နိဗ္ဗာနဂါမိနိပဋိပဒါ-တတိယတွဲ/ပဋိစ္စသမုပ္ပါဒ် ပထမနည်း
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (ခ)
ပဋိစ္စသမုပ္ပါဒ် ပထမနည်း
အနုလောမ ပဋိစ္စသမုပ္ပါဒ်ရှုကွက်
အဝိဇ္ဇာ
ယခုအခါတွင် ပဋိစ္စသမုပ္ပါဒ် ပထမနည်းဟု ခေါ်ဆိုအပ်သော အနုလောမ ပဋိစ္စသမုပ္ပါဒ်ရှုကွက်ကို ဆက်လက်၍ တင်ပြပေအံ့ ---
သုတ္တန်နည်းအရ ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောသစ္စာ, မဂ္ဂသစ္စာဟူသော သစ္စာလေးပါးတို့၌ တစ်နည်း ဆိုသော် သစ္စာလေးပါးဖြင့် သိမ်းကျုံးရေတွက်ထားအပ်သော ပရမတ္ထဓာတ်သား အသီးအသီး၌ ယင်းပရမတ္ထ ဓာတ်သား အသီးအသီး၏ မဖောက်မပြန် ဟုတ်မှန်တိုင်းသော မိမိ မိမိ၏ ကိုယ်ပိုင် သဘာဝလက္ခဏာ အသီးအသီး ကို သိခြင်းငှာ မြင်ခြင်းငှာ ဉာဏ်ဖြင့် ထွင်းဖောက်သိမြင်ခြင်းငှာ သိခြင်းကို မြင်ခြင်းကို ဉာဏ်ဖြင့်ထွင်းဖောက် သိမြင်ခြင်းကို မပေးဘဲ ဖုံးလွှမ်း၍ မြှေးယှက်၍ ထုံးဖွဲ့၍ တည်တတ်သော သဘောတရားသည် အဝိဇ္ဇာ မည်၏။
အဘိဓမ္မာနည်းအရ သစ္စာလေးပါး၌ အကျုံးဝင်သော ပရမတ္ထဓာတ်သား အသီးအသီး၏ လည်းကောင်း, ပုဗ္ဗန္တအမည်ရသော အတိတ် ခန္ဓာ-ဓာတ်-အာယတနတရား, အပရန္တအမည်ရသော အနာဂတ် ခန္ဓာ-ဓာတ်-အာယတနတရား, ပုဗ္ဗန္တာပရန္တ အမည်ရသော အတိတ် အနာဂတ် ခန္ဓာ-ဓာတ်-အာယတနတရား, ကြောင်း-ကျိုးဆက် = ပဋိစ္စသမုပ္ပါဒ် သဘောတရား -- တို့၌ အကျုံးဝင်သော ပရမတ္ထဓာတ်သား အသီးအသီး၏လည်းကောင်း --- ဤ (၈)ဌာနတို့၌ အကျုံးဝင်သော ပရမတ္ထဓာတ်သား အသီးအသီး၏ မဖောက်မပြန် ဟုတ်မှန်တိုင်း သော မိမိ မိမိ၏ ကိုယ်ပိုင် သဘာဝလက္ခဏာ အသီးအသီးကို သိခြင်းငှာ မြင်ခြင်းငှာ ဉာဏ်ဖြင့် ထွင်းဖောက် သိမြင်ခြင်းငှာ သိခြင်းကို မြင်ခြင်းကို ဉာဏ်ဖြင့်ထွင်းဖောက် သိမြင်ခြင်းကို မပေးဘဲ ဖုံးလွှမ်း၍ မြှေးယှက်၍ ထုံးဖွဲ့၍ တည်တတ်သော သဘောတရားသည် အဝိဇ္ဇာ မည်ပေသည်။ (အဘိ၊ဋ္ဌ၊၂၊၁၃၁။ ဝိသုဒ္ဓိ၊၂၊၁၆၁။)
ပရမတ္ထတော အဝိဇ္ဇမာနေသု ဣတ္ထိပုရိသာဒီသု ဇဝတိ၊ ဝိဇ္ဇမာနေသုပိ ခန္ဓာဒီသု န ဇဝတီတိ အဝိဇ္ဇာ။ အပိစ စက္ခုဝိညာဏာဒီနံ ဝတ္ထာရမ္မဏာနံ ပဋိစ္စသမုပ္ပါဒပဋိစ္စသမုပ္ပန္နာနဉ္စ ဓမ္မာနံ ဆာဒနတောပိ အဝိဇ္ဇာ။ (ဝိသုဒ္ဓိ၊၂၊၁၅၇-၁၅၈။)
= ပရမတ်အားဖြင့် ထင်ရှားမရှိကုန်သော မိန်းမ ယောက်ျားစသော ပညတ်တို့၌ ဖြစ်တတ်၍ ပရမတ်အားဖြင့် ထင်ရှားရှိသည်လည်း ဖြစ်ကုန်သော ခန္ဓာ-အာယတန-ဓာတ်-သစ္စာ-ပဋိစ္စသမုပ္ပါဒ်စသော သဘောတရားတို့၌ မဖြစ်တတ်သောကြောင့် အဝိဇ္ဇာမည်၏။ (ခန္ဓာ-အာယတန-ဓာတ်-သစ္စာ-ပဋိစ္စသမုပ္ပါဒ် ကြောင်း-ကျိုးဆက် သဘောတရားများဟု မသိဘဲ ယောက်ျား မိန်းမစသည်ဖြင့် ပြောင်းပြန် သိနေတတ်သော အသိမှားနေသော သဘောဟုဆိုလိုသည်။)
တစ်နည်း --- စက္ခုဝိညာဏ်စသော တရားတို့၏ ဤကား မှီရာ ဝတ္ထုရုပ်တရားတည်း၊ ဤကား အာရုံတရား တည်းဟု ဝတ္ထု အာရုံတရားတို့ကိုလည်းကောင်း, ပဋိစ္စသမုပ္ပါဒ် အမည်ရသော အဝိဇ္ဇာစသော အကြောင်းတရား, ပဋိစ္စသမုပ္ပန္နအမည်ရသော ဇရာမရဏစသော အကျိုးတရားတို့ကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ ပရမတ္ထဓမ္မ သဘာဝလက္ခဏာသို့ ဆိုက်အောင် သိခွင့်မပေးဘဲ ဖုံးလွှမ်းထားတတ်သည်၏ အဖြစ်ကြောင့်လည်း အဝိဇ္ဇာ မည်ပေသည်။
အဝိဇ္ဇာ၏ အကြောင်းရင်း
အဝိဇ္ဇာသမုဒယာ အာသဝသမုဒယော။ အဝိဇ္ဇာနိရောဓာ အာသဝနိရောဓော။ (မ၊၁၊၆၇။)
အာသဝသမုဒယာ အဝိဇ္ဇာသမုဒယော၊ အာသဝနိရောဓာ အဝိဇ္ဇာနိရောဓော။ (မ၊၁၊၆၈။)
အဝိဇ္ဇာသမုဒယာ အာသဝသမုဒယော။ (ဒီ၊၂၊၂၆။ သံ၊၁၊၂၄၆။)
အာသဝသမုဒယာတိ ဧတ္ထ ပန ကာမာသဝဘဝါသဝါ သဟဇာတာဒိဝသေန အဝိဇ္ဇာယ ပစ္စယာ ဟောန္တိ။ အဝိဇ္ဇာသဝေါ ဥပနိဿယဝသေနေဝ။ ပုဗ္ဗုပ္ပန္နာ စေတ္ထ အဝိဇ္ဇာ အဝိဇ္ဇာသဝေါတိ ဝေဒိတဗ္ဗော။ သာ အပရာပရုပ္ပန္နာယ အဝိဇ္ဇာယ ဥပနိဿယပစ္စယော ဟောတိ။ (မ၊ဋ္ဌ၊၁၊၂၂၉။)
အဝိဇ္ဇာသမုဒယာတိ ဧတ္ထ အဝိဇ္ဇာ ကာမာသဝဘဝါသဝါနံ သဟဇာတာဒိဝသေန ပစ္စယော ဟောတိ။ အဝိဇ္ဇာသဝဿ ဥပနိဿယဝသေနေဝ။ အပရာပရုပ္ပန္နာ စေတ္ထ အဝိဇ္ဇာ အဝိဇ္ဇာသဝေါတိ ဝေဒိတဗ္ဗာ။ ပုဗ္ဗုပ္ပန္နာ အဝိဇ္ဇာယေဝဿ အပရာပရုပန္နဿ အဝိဇ္ဇာသဝဿ ဥပနိဿယပစ္စယော ဟောတိ။ ပ ။ အယံ ဝါရော ယာ ဧသာ ပဋိစ္စသမုပ္ပါဒပဒေသု ဇေဋ္ဌိကာ အဝိဇ္ဇာ၊ တဿာပိ ပစ္စယဒဿနဝသေန ဝုတ္တော။ ဧဝံ ဝုတ္တေန ဝါရေန သံသာရဿ အနမတဂ္ဂတာ သာဓိတာ ဟောတိ။ ကထံ? အာသဝသမုဒယေန ဟိ အဝိဇ္ဇာသမုဒယော။ အဝိဇ္ဇာသမုဒယေနာပိ အာသဝသမုဒယော။ ဧဝံ အာသဝါ အဝိဇ္ဇာယ အဝိဇ္ဇာပိ အာသဝါနံ ပစ္စယောတိ ကတွာ ပုဗ္ဗကောဋိ န ပညာယတိ အဝိဇ္ဇာယ၊ တဿာ အပညာယနတော သံသာရဿ အနမတဂ္ဂတာ သိဒ္ဓါ ဟောတီတိ။ (မ၊ဋ္ဌ၊၁၊၂၂၉။)
အာသဝသမုဒယေနာတိ အတီတဘဝေ အာသဝါနံ သမုဒယေန ဧတရဟိ အဝိဇ္ဇာယ သမုဒယော။ ဧတရဟိ အဝိဇ္ဇာယ သမုဒယေန အနာဂတေ အာသဝသမုဒယောတိ ဧဝံ အာသဝါဝိဇ္ဇာနံ ပစ္စယပစ္စယုပ္ပန္နကဘာဝေန အပရာပရံ ပဝတ္တမာနံ အာဒိကောဋိအဘာဝေနေဝ တန္နိမိတ္တဿ သံသာရဿ အာဒိကောဋိ အဘာဝတော အနမတဂ္ဂတာသိဒ္ဓိ ဝေဒိတဗ္ဗာ။ (မ၊ဋီ၊၁၊၃၂၇။)
အဝိဇ္ဇာဖြစ်ခြင်းကြောင့် အာသဝဖြစ်၏၊ အဝိဇ္ဇာချုပ်ခြင်းကြောင့် အာသဝချုပ်၏။ ပ ။ အာသဝဖြစ်ခြင်း ကြောင့် အဝိဇ္ဇာဖြစ်၏။ အာသဝချုပ်ခြင်းကြောင့် အဝိဇ္ဇာချုပ်၏။ (မ၊၁၊၆၇-၆၈။)
ဤပါဠိတော်၏ ဆိုလိုရင်းမှာ ဤသို့ဖြစ်၏ --- အတိတ်ဘဝ၌ အာသဝေါတရားတို့၏ ဖြစ်ခဲ့ခြင်းကြောင့် ယခုပစ္စုပ္ပန်ဘဝ၌ အဝိဇ္ဇာသည် ထင်ရှားဖြစ်ပေါ်လာ၏။ ယခုပစ္စုပ္ပန်ဘဝ၌ အဝိဇ္ဇာ၏ ထင်ရှားဖြစ်ခြင်းကြောင့် နောင်အနာဂတ်၌ အာသဝေါတရားတို့သည် ထင်ရှား ဖြစ်ကြရပြန်၏။ တစ်ဖန် အဝိဇ္ဇာ ချုပ်ငြိမ်းခြင်းကြောင့် အာသဝေါတရားလည်း ချုပ်ငြိမ်းသွား၏၊ အာသဝေါတရား ချုပ်ငြိမ်းခြင်းကြောင့်လည်း အဝိဇ္ဇာသည် ချုပ်ငြိမ်းသွား၏။ --- ဤကား အထက်ပါ ပါဠိတော်၏ ဆိုလိုရင်းတည်း။
ဤသို့လျှင် အဝိဇ္ဇာနှင့် အာသဝတို့သည် အကြောင်း အကျိုး အဖြစ်ဖြင့် တပြောင်းပြန်ပြန် ဖြစ်ပေါ်ခဲ့သော် အာဒိကောဋိဟူသော အစအစွန်းမရှိ ဖြစ်နေ၏။ ယင်းသို့လျှင် အဝိဇ္ဇာနှင့် အာသဝတို့၏ အစအစွန်းမရှိသည်၏ အဖြစ်ကြောင့်ပင်လျှင် ထိုအဝိဇ္ဇာ အာသဝတို့လျှင် အကြောင်းရင်းခံရှိသော ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ်၏ အစအစွန်း = အာဒိကောဋိလည်း မရှိဖြစ်၏။ ထိုကြောင့် သံသရာ၏ အနမတဂ္ဂ = ဉာဏ်ဖြင့် အစဉ်လျှောက်၍ သော်လည်း မသိအပ် မသိနိုင်သော အစရှိမှုသဘောသည်လည်း ပြီးစီးသွား၏ဟု သိရှိပါလေ။
အာသဝ - ဟူသည်
၁။ ကာမာသဝ --- ဝတ္ထုအာရုံ ကာမဂုဏ်၌ တပ်မက်သော တဏှာတည်း။ တရားကိုယ်ကား လောဘမူစိတ် (၈)ခု၌ ရှိသော လောဘစေတသိက်တည်း။ ကာမ (၁၁)ဘုံအတွင်း၌ တည်ရှိသော သက်ရှိ သက်မဲ့ ကာမဝတ္ထု အစုစုအပေါ်၌ တွယ်တာ တပ်မက်သော တဏှာလောဘတည်း။
၂။ ဘဝါသဝ ---- ဘဝအရ ရူပ အရူပစျာန်နှင့် ထိုစျာန်၏ အကျိုးဝိပါက်ကို ကောက်ယူပါ။ ထိုဘဝ၌ နှစ်သက်မှု တဏှာကို ဘဝါသဝဟု ဆို၏။ တရားကိုယ်မှာ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် = ဒိဋ္ဌိနှင့်မယှဉ်သော လောဘမူစိတ် (၄)မျိုး၌ ယှဉ်သော လောဘတည်း။ ဘဝါသဝမှ ကြွင်းသော လောဘမှန်သမျှသည် ကာမာသဝချည်းပင် တည်း။
၃။ ဒိဋ္ဌာသဝ --- မှားယွင်းသော မိစ္ဆာဒိဋ္ဌိ အယူဝါဒ အမျိုးမျိုး အပေါ်၌ စွဲလမ်းယုံကြည်မှု = ခံယူချက် မှားမှုတည်း။ လောဘမူ ဒိဋ္ဌိနှင့် ယှဉ်သော ဒိဋ္ဌိဂတသမ္ပယုတ်စိတ် (၄)မျိုး၌ ယှဉ်သော ဒိဋ္ဌိစေတသိက်တည်း။
၄။ အဝိဇ္ဇာသဝ --- အသိမှားမှု အဝိဇ္ဇာတည်း။ အကုသိုလ်စိတ် (၁၂)မျိုး၌ ယှဉ်သော မောဟတည်း။
ဤလောဘ-ဒိဋ္ဌိ-မောဟဟူသော အာသဝေါတရားတို့သည် အနမတဂ္ဂသံသရာတစ်ခွင်ဝယ် ခန္ဓာအစဉ်၌ ကြာမြင့်စွာ ထုံအပ်သည်၏အဖြစ်ဟူသော အနက်ကြောင့် အာသဝတို့မည်ကုန်၏။
တစ်နည်း ဤလောဘ-ဒိဋ္ဌိ-မောဟတည်းဟူသော အာသဝေါတရားတို့သည် ကြာမြင့်စွာ ထုံထားအပ်သော အရက်စိမ်ရည်နှင့် တူသည်၏အဖြစ်ကြောင့် သဒိသူပစာရနည်းအားဖြင့် အာသဝတို့မည်ကုန်၏။
ဤလောက၌ ကြာမြင့်စွာထုံအပ် စိမ်ထားအပ်သော အရက်စိမ်ရည်သည် သုံးစွဲစားသောက်သူ ဟူသမျှကို မူးယစ်စေကုန်၏၊ သောက်စားမိလျှင် အကောင်းအဆိုး အကျိုးအပြစ်ကို မမြင်နိုင်ဘဲ တမူးထဲမူးကာ ထင်မိ ထင်ရာကို ပြုတတ်ကြ၏၊ ဒုက္ခအမျိုးမျိုးကို တွေ့ရတတ်၏။ ဆင်းရဲဒုက္ခ မတွေ့ရစေကာမူ ဘုရားအစရှိသော ပညာရှိသူတော်ကောင်းတို့၏ အထင်အမြင်သေးခြင်း ကဲ့ရဲ့ခြင်းကိုကား မုချခံရတော့၏။
ထို့အတူ ကိလေသာထူပြောသည့် ပုထုဇန်တို့၏ ခန္ဓာကိုယ်ဆိုး အရက်အိုးဝယ် အစမထင် အနမတဂ္ဂ သံသရာတစ်ခွင်၌ ကြာမြင့်စွာ ထုံထားအပ်သော လောဘ-ဒိဋ္ဌိ-မောဟ (= အဝိဇ္ဇာ)တို့သည်လည်း မိမိတို့ ထကြွ လာသည့်အခါ ပုထုဇန် သတ္တဝါများကို တွေဝေယစ်မူးစေကြကုန်၏၊ အရူးဖြစ်စေကြကုန်၏၊ ထိုလောဘ-ဒိဋ္ဌိ-မောဟဟူသော အာသဝေါတရားစုကြောင့်, တစ်နည်းဆိုသော် အဝိဇ္ဇာ၏ အမှန်တရားကို မသိအောင် ပိတ်ဖုံး ကာကွယ်ထားမှု, တဏှာလောဘ၏ တွယ်တာမက်မောမှု အရှိန်အဝါအားကောင်းမှု, ဒိဋ္ဌိ၏ ခံယူချက်မှားမှု တို့ကြောင့် သတ္တဝါတို့သည် မကောင်းမှုဒုစရိုက်များကိုပင် အကောင်းထင်လျက် ခင်ခင်မင်မင် မက်မက်မောမော ရက်ရက်ရောရော ပြုနိုင်ကြကုန်၏၊ ထိုဒုစရိုက်မှုတွေကြောင့် ပုထုဇန် သတ္တဝါအများတို့သည် အပါယ်လေးပါး တည်းဟူသော ဇာတ်ခုံ၌ ကပြ အသုံးတော်ခံကြရပြန်ကုန်၏။ ဒုစရိုက်ကံများ၏ အကျိုးပေးဖို့ရန် အခါအခွင့် မသင့်သေး မရင့်ကျက်သေးခြင်းကြောင့် တကယ် ဒုက္ခနှင့် မတွေ့ရသေးစေကာမူ ဘုရားအစရှိသော အရိယာ သူတော်ကောင်းတို့၏ အထင်အမြင်သေးခြင်း ကဲ့ရဲ့ခြင်းကိုကား ဧကန်မုချ ခံကြရတော့၏၊ ထိုကြောင့် လောဘ-ဒိဋ္ဌိ-မောဟတို့သည် ကြာမြင့်စွာ ထုံထားအပ်သော စိမ်ရည်အရက်များနှင့် အလားတူကြသဖြင့် သဒိသူပစာရ အားဖြင့် အာသဝဟူသော အမည်ကို ရရှိကြလေသည်။
တစ်နည်း --- ယင်း လောဘ-ဒိဋ္ဌိ-မောဟ (= အဝိဇ္ဇာ)တည်းဟူသော အာသဝေါတရားတို့သည် ဘုံအားဖြင့် ဘဝဂ်တိုင်အောင် အာရုံပြုနိုင်ကြ၏၊ ဓမ္မအားဖြင့် အရိယမဂ်တို့၏ ရှေး၌ရှိသော ဂေါတြဘု, ဝေါဒါန်တိုင်အောင်, အရိယဖိုလ်တို့၏ ရှေး၌ရှိသော ပရိကံတိုင်အောင် အာရုံပြုနိုင်ကြ၏။ ယင်းသို့ အာရုံပြုနိုင်ခြင်းကိုပင် ဘုံအားဖြင့် ဘဝဂ်တိုင်အောင် ဓမ္မအားဖြင့် ဂေါတြဘု (ဝေါဒါန် - ပရိကံ)တိုင်အောင် ယိုစီးစိမ့်ဝင်တတ်၏ဟုဆို၏။ ဤသို့လျှင် လောဘ-ဒိဋ္ဌိ-မောဟ တရားဆိုးတို့သည် ဘုံအားဖြင့်ဘဝဂ်တိုင်အောင်, ဓမ္မအားဖြင့် ဂေါတြဘုတိုင်အောင် ယိုစီးစိမ့်ဝင်တတ်သောကြောင့်လည်း အာသဝဟူသော အမည်ကို ရရှိကြလေသည်။ အနာမှ ပြည်စေးများ ယိုစီး၍ ကျလာသကဲ့သို့ စက္ခုဒွါရစသော ဒွါရ ၆-ပါး (= တံခါး ၆-ပေါက်)မှ ထိုလောဘ-ဒိဋ္ဌိ-မောဟတည်းဟူသော စက်ဆုပ်ဖွယ် ကိလေသာပြည်ပုပ်တို့သည် ယိုစီးထွက်ပေါ်လာကြသည်ဟု ဆိုလိုသည်။
ဤအာသဝေါတရားလေးပါးတို့တွင် ကာမာသဝ ဘဝါသဝအမည်ရသော တဏှာလောဘသည် အဝိဇ္ဇာသဝ အမည်ရသော အဝိဇ္ဇာ (= မောဟ)နှင့်အတူ စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ၍လည်း ဖြစ်နိုင်၏။ လောဘဒိဋ္ဌိအုပ်စု, လောဘမာနအုပ်စုဟူသော လောဘမူစိတ်နှင့် ယှဉ်တွဲနေသော မောဟကို ဆိုလိုသည်။ တဏှာလောဘဖြစ်လျှင် အပြစ်ကို မမြင်အောင် ကွယ်ကာတားဆီးတတ်သည့် (= မိမိတွယ်တာနေသော ကာမဘဝ ရူပဘဝ အရူပဘဝတို့၌ တည်ရှိသော ရုပ်နာမ်ပရမတ္ထဓာတ်သားတို့၏ သဘာဝလက္ခဏာ သာမညလက္ခဏာဟု ခေါ်ဆိုအပ်သော သဘာဝမှန်ကို မသိမမြင်အောင် အနိစ္စအပြစ် ဒုက္ခအပြစ် ဖောက်ပြန် ပြောင်းလဲနေသည့် ဝိပရိဏာမအပြစ်တို့ကို မမြင်အောင် ကွယ်ကာတားဆီး ပိတ်ပင်ထားတတ်သည့် )မောဟလည်း ပါဝင်လျက်ရှိ၏။ တွယ်တာတပ်မက်မှု ဒဏ်ချက်က သိပ်ပြင်းထန်လျှင် ယင်းအပြစ်များကိုပင် မမြင်နိုင်ပေ။ သို့အတွက် ကာမာသဝ ဘဝါသဝ အမည်ရသော တဏှာလောဘသည် အဝိဇ္ဇာသဝ အမည်ရသော အဝိဇ္ဇာအား သဟဇာတစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးလျက်ရှိ၏။
တစ်ဖန် အဝိဇ္ဇာသဝကြောင့်လည်း အဝိဇ္ဇာဖြစ်နိုင်ပြန်၏။ အဝိဇ္ဇာသဝဟူသည် အဆင့်ဆင့် ဖြစ်ပေါ်နေသော ရှေးရှေးက ဖြစ်ပေါ်သွားသော အဝိဇ္ဇာတည်း။ ထိုရှေးရှေးက ဖြစ်သော အဝိဇ္ဇာသည် နောက်နောက်၌ ဖြစ်သော အဝိဇ္ဇာအား အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေး၏။
တစ်ဖန် အဝိဇ္ဇာဖြစ်ခြင်းကြောင့် အာသဝေါတရားတို့ ဖြစ်ကုန်၏ဟူရာ၌ အဝိဇ္ဇာသည် ကာမာသဝ ဘဝါသဝ အမည်ရသော ထိုထိုဘုံဘဝ၌ တွယ်တာ တပ်မက်သည့် တဏှာလောဘအား သဟဇာတစသော ပစ္စယသတ္တိ တို့ဖြင့် ကျေးဇူးပြုပေး၏။ ရှေးရှေး၌ ဖြစ်သော အဝိဇ္ဇာသည်ပင် နောက်နောက်၌ အဆင့်ဆင့် ဖြစ်နေသော ထိုအဝိဇ္ဇာသဝအား အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေး၏။
ကာမဘဝ, ရူပဘဝ, အရူပဘဝတို့၌ တည်ရှိကြသော ရုပ်တရားအစုအပုံ, နာမ်တရားအစုအပုံ, ရုပ်နာမ် အစုအပုံတို့၏ ပရမတ္ထဓမ္မသဘာဝမှန်ကို မသိမမြင်ခြင်း, ယင်းပရမတ္ထဓမ္မသဘာဝတို့၏ အနိစ္စအချက် ဒုက္ခ အချက် အနတ္တအချက်တို့ကို ဟုတ်တိုင်းမှန်စွာ မသိခြင်း, ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာစသည် ဖြင့် အသိမှားခြင်း (= အဝိဇ္ဇာ)ကို အကြောင်းခံ၍ ထိုကာမဘဝ ရူပဘဝ အရူပဘဝတို့၌ တွယ်တာတပ်မက်မှု ကာမာသဝ ဘဝါသဝတည်းဟူသော တဏှာလောဘသည် အရှိန်အဝါ ပိုမို၍ အားကောင်းလာခြင်း ဖြစ်၏။
တစ်ဖန် အသိမှားမှု အဝိဇ္ဇာတစ်ခုကို အခြေခံ အကြောင်းခံ၍ နောက်ထပ် အသိမှားမှု အဝိဇ္ဇာများ ထပ်ကာထပ်ကာ ဖြစ်နိုင်ကြပြန်၏။ ရုပ်နာမ် သဘာဝမှန်ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် မမြင်သေးခင်က ရုပ်နာမ်အစုအပုံ တစ်ခုကို အမေဟု တစ်ခါ အသိမှားထား၏။ နောက်ထပ် အမေဟု သမုတ်ထားအပ်သော ယင်းရုပ်နာမ်အစုအပုံကို တွေ့တိုင်းတွေ့တိုင်း အမေဟုပင် ထပ်ကာထပ်ကာ အသိမှား ပြန်၏။ ရုပ်နာမ်အစုအပုံ တစ်ခုကို အဖေဟု တစ်ခါ အသိမှားထား၏။ နောက်ထပ် အဖေဟု သမုတ်ထားအပ်သော ယင်းရုပ်နာမ် အစုအပုံကို တွေ့တိုင်းတွေ့တိုင်း အဖေဟုပင် ထပ်ကာထပ်ကာ အသိမှားပြန်၏။ ဤသို့ စသည်ဖြင့် သဘောပေါက် ပါလေ။
တစ်ဖန် သစ္စာလေးပါး အမှန်တရားကို မသိမှု ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ စသည်ဖြင့် အသိမှားမှု အဝိဇ္ဇာကို အခြေခံ၍ ကမ္ဘာလောကကြီးနှင့်တကွ သတ္တဝါအားလုံးကို မဟာဗြဟ္မာကြီးက ဖန်ဆင်းပါသည်ဟူသော ခံယူချက်မှားမှု ဒိဋ္ဌာသဝမှာလည်း လွန်စွာတိုးပွား၍ လာနိုင်၏။ ဤကား အဝိဇ္ဇာကြောင့် အာသဝေါတရားတို့ ဖြစ်ပုံတည်း။
အာသဝဖြစ်ခြင်းကြောင့် အဝိဇ္ဇာဖြစ်၏။ ပ ။ အဝိဇ္ဇာဖြစ်ခြင်းကြောင့် အာသဝဖြစ်၏ဟူသော ဤဝါရကို ပဋိစ္စသမုပ္ပါဒ် (= ကြောင်း-ကျိုးဆက်နွယ်မှု) သဘောတရားတို့၌ အကြီးအကဲဖြစ်သော အဝိဇ္ဇာ၏လည်း အကြောင်းတရားရှိသည်၏ အဖြစ်ကို ထင်ရှားပြသည်၏ အစွမ်းဖြင့် ဟောကြားထားတော်မူအပ်ပေသည်။ ဤသို့ ဟောကြားတော်မူအပ်သော ဝါရဖြင့် သံသရာ၏ ဉာဏ်ဖြင့် အစဉ်လျှောက်၍ မသိအပ် မသိနိုင်သော အစရှိမှု (= အနမတဂ္ဂသဘော)လည်း ပြီးစီးပြီး ဖြစ်သွား၏။ အဘယ်သို့ ပြီးစီးသနည်းဟူမူ ---
အာသဝ ဖြစ်ခြင်းကြောင့် အဝိဇ္ဇာ ဖြစ်၏၊ အဝိဇ္ဇာ ဖြစ်ခြင်းကြောင့်လည်း အာသဝ ဖြစ်၏။ -- ဤသို့လျှင် အာသဝသည် အဝိဇ္ဇာ၏, အဝိဇ္ဇာသည် အာသဝတို့၏ အကြောင်းတရား ဖြစ်မှုကို နှလုံးသွင်းနိုင်ခဲ့သော် အဝိဇ္ဇာ၏ ပုဗ္ဗကောဋိဟု ခေါ်ဆိုအပ်သော ေ့ရှအစွန်းသည်လည်း မထင်ရှားတော့ပေ။ ထိုအဝိဇ္ဇာ၏ ေ့ရှအစွန်း မထင်နိုင်ခြင်းကြောင့် သံသရာ၏ ဉာဏ်ဖြင့် အစဉ်လျှောက်၍သော်လည်း မသိအပ် မသိနိုင်သော အစရှိမှု (= အနမတဂ္ဂ သဘောတရား)လည်း ပြီးစီးပြီး ဖြစ်သွားပေသည် --- ဟုဆိုလိုသည်။ ဤကား အထက်ပါ အဋ္ဌကထာဋီကာတို့၏ ဆိုလိုရင်းတည်း။
ထပ်မံရှင်းလင်းချက်
ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ်၏ လည်ပတ်ပုံကို ဟောပြရာဝယ် အဝိဇ္ဇာကို အစထား၍ ဇာတိ-ဇရာမရဏ-သောက-ပရိဒေဝ-ဒုက္ခ-ဒေါမနဿ-ဥပါယာသဟူသော ဒုက္ခတွေကို အထွဋ်တင်လျက် ဟောကြား ထားတော်မူခဲ့၏။ အဝိဇ္ဇာ သင်္ခါရစသော တရားများကို ပေါင်းရုံးလိုက်လျှင် ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာမရှိ၊ အကြောင်း အကျိုးဟု ခေါ်ဆိုအပ်သော ရုပ်နာမ်အစုအပုံသာ ရှိ၏။ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းအကြောင်း အကျိုး အစုအပုံဟူသော ရုပ်နာမ် အစုအပုံတို့ကို သိမြင်အောင် သိမ်းဆည်း ရှုပွားရမည် ဖြစ်၏။ ယင်းသို့ သိမ်းဆည်း ရှုပွားသောအခါ အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါးလုံး၌ အကြောင်း-အကျိုး (= ရုပ်နာမ် အစုအပုံ)သာ ရှိသည်ဟု သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ခဲ့သော် ထိုအကြောင်း အကျိုး (= ရုပ်နာမ်အစုအပုံ)ပေါ်၌ ဇာတိ-ဇရာမရဏ-သောက-ပရိဒေဝ-ဒုက္ခ-ဒေါမနဿ-ဥပါယာသဟူသော အထွဋ်များကိုလည်း ယောဂါဝစရပုဂ္ဂိုလ်သည် တွေ့မြင်တော့မည်သာ ဖြစ်၏။ ထိုသို့ သိမြင်သဖြင့် အကြောင်း-အကျိုး (= ရုပ်နာမ်အားလုံး)သည် ဒုက္ခတုံး ဒုက္ခအစုအပုံသာ ဖြစ်ကြောင်းကို အသိဉာဏ်၌ အကြမ်းအားဖြင့် ထင်ရှားပြီ ဖြစ်၏။
နောက်နောက်သော ရုပ်နာမ်အစုအပုံကို ရရှိဖို့ရန် ရှေးရှေးအဖို့၌ ဒုက္ခခံ၍ သင်္ခါရမှုတို့ကို ပြုလုပ်စီမံရ၏။ ဒါနမှု သီလမှု ဘာဝနာမှုတို့ကို အထက်သုဂတိ သံသရာခရီး၌ တည်ရှိကြသော ရုပ်နာမ်တို့ကို လိုလားတောင့်တ သူတို့သည် ပြုစုပျိုးထောင်ကြရ၏။ ဒါနဟူသည် သူဌေးတစ်ယောက်ကို နေ့ချင်းမွဲစေနိုင်၏၊ တစ်ဖန် ဒါနဝတ္ထုကို ရရှိဖို့ရန် ကာယိကဒုက္ခ စေတသိကဒုက္ခ အဝဝကို ရင်းနှီးရ၏။ သီလကံကို ပြုစုပျိုးထောင်ရာ၌ ကာယကံမှု ဝီစကံမှု မနောကံမှုတို့ကို အထူးလုံခြုံအောင် ကြပ်တည်းစွာ စောင့်စည်းရ၏။ ဆာလောင်မွတ်သိပ်မှုစသည့် ကာယိကဒုက္ခ စေတသိကဒုက္ခ အဝဝကို ရင်းနှီးရ၏။ ဘာဝနာကံကို ပြုစုပျိုးထောင်ရာ၌ကား အလွန် ပြင်းထန်သော ကာယိကဝီရိယ, စေတသိကဝီရိယတို့ဖြင့် အပြင်းအထန် ကြိုးပမ်းရ၏။ ဤသို့လျှင် ဒါနမှု သီလမှု ဘာဝနာမှုတို့ကို ပြုစု ပျိုးထောင်ရာ၌လည်း ကာယိကဒုက္ခ စေတသိကဒုက္ခများ မကင်းနိုင်ပုံကို ယောဂီ သူတော်ကောင်းတို့သည် ယခု ပစ္စက္ခဘဝတွင်ပင် လွယ်လွယ်နှင့် သိနိုင် မြင်နိုင်၏။ ဤကား အဝိဇ္ဇာ သင်္ခါရတို့၏ နယ်မြေအတွင်း၌ ဒုက္ခ မကင်းပုံတည်း။
အဝိဇ္ဇာကို အကြောင်းခံလျက် ထိုသင်္ခါရဒုက္ခကို တည်ထောင် ဖန်ဆင်းပြီးနောက် ယင်းသင်္ခါရကြောင့် ဝိညာဏ် နာမ်ရုပ်စသော အကျိုးတရားများသည် ဘဝခြားလျက် ထင်ရှား ဖြစ်ပေါ်လာကြပြန်၏။ အကယ်၍ သတ္တဝါတစ်ဦးသည် အကုသိုလ် သင်္ခါရတို့ကို ပြုစုပျိုးထောင်ခဲ့မိပါက ယင်းအကုသိုလ်သင်္ခါရတို့က ထိုသတ္တဝါ၏ ရုပ်နာမ် သန္တာန်အစဉ်ကို အပါယ်သို့ ပစ်ချကြ၏၊ အပါယ်ဘုံ၌ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ စသော အကျိုးတရားများကို ရရှိပြန်၏၊ ဆင်းရဲအတိသာဖြစ်၏။
အပါယ်၌ ဒုက္ခအတိ ဖြစ်ပုံကိုမဆိုထားဘိ ကုသိုလ်သင်္ခါရကို ပြုစုပျိုးထောင်ခဲ့ခြင်းကြောင့် ရရှိလာသော လူ့ဘုံ၌ပင်လျှင် ဇာတိ ဇရာမရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသစသော ဒုက္ခများ စုပုံလျက်သာ ရှိသည်ကို တွေ့နိုင်၏၊ (၃၁)ဘုံတွင် ချမ်းသာအရာတွင် ထိပ်တန်း၌ တည်ကြသောချမ်းသာပါပေ့ဆိုသည့် နတ် ဗြဟ္မာဘုံများ၌လည်း ဖောက်ပြန်ပျက်စီးရခြင်း ဝိပရိဏာမဒုက္ခဟူသော အဆုံးသတ် ဒုက္ခနှင့် မုချ တွေ့ကြရ၏။
သို့ဖြစ်၍ ဒုက္ခမှ လွတ်လျက် သက်သက်ချမ်းသာသော အရာမည်သည် (၃၁)ဘုံ အတွင်း၌ မရှိပေ။ သင်္ခါရဒုက္ခ, ဒုက္ခဒုက္ခ, ဝိပရိဏာမဒုက္ခတွေသာ လွှမ်းမိုးနေသောကြောင့် ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ (= ချမ်းသာမဖက် သက်သက်သော ဒုက္ခတုံး ဒုက္ခအစုအပုံကြီး ဖြစ်နေသည်)ဟု ဟောတော်မူပေသည်။
၁။ ဒုက္ခသဟဂုတ် ကာယဝိညာဏ်နှင့် ယှဉ်သော ကိုယ်၌ဖြစ်သော ကာယိက ဒုက္ခဝေဒနာ, ဒေါသမူဒွေ၌ ယှဉ်သော စိတ်မချမ်းသာခြင်း ဒေါမနဿဝေဒနာဟူသော စိတ်၌ဖြစ်သော စေတသိက ဒုက္ခဝေဒနာ -- ဤနှစ်မျိုး သော ဒုက္ခဝေဒနာသည် သဘာဝအားဖြင့်လည်းကောင်း အမည်နာမအားဖြင့်လည်းကောင်း တကယ် ဆင်းရဲသည့် ဒုက္ခအစစ်ဖြစ်သောကြောင့် ဒုက္ခဒုက္ခမည်၏။ ငရဲကား ယင်းဒုက္ခဒုက္ခတို့ဖြင့် အတိပြီးသော ထိပ်ဆုံးဘုံတည်း။
၂။ သုခဝေဒနာသည် ဖောက်ပြန်ပျက်စီးခြင်းဖြင့် ဆင်းရဲဒုက္ခ၏ အကြောင်းဖြစ်သောကြောင့် ဝိပရိဏာမ ဒုက္ခမည်၏။
၃။ ဥပေက္ခာဝေဒနာသည်လည်းကောင်း ကြွင်းသော ကာမ ရူပ အရူပတည်းဟူသော ဘုံသုံးပါးအတွင်း၌ တည်ရှိသော တေဘူမက သင်္ခါရတရားမှန်သမျှတို့သည်လည်းကောင်း ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်းနှိပ်စက်ခံနေရသည့် အတွက်ကြောင့် သင်္ခါရဒုက္ခမည်၏။ (အဘိ၊ဋ္ဌ၊၂၊၈၈။)
ယင်းသို့လျှင် အဝိဇ္ဇာကို ရှေးဦးအစထား၍ သောကစသည်ကို အဆုံးသတ်လျက် ဟောကြားထားသဖြင့် အဝိဇ္ဇာသည် အကြောင်းမရှိဘဲ ဖြစ်လေသလောဟု စောကြောဖွယ်ရာရှိ၍ အာသဝကြောင့် ဖြစ်ရ၏ဟု ဖြေဆိုထား ၏။ တစ်ဖန် ဘဝစက်ကို သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတို့တွင် အဆုံးသတ်ထားသဖြင့် ဘဝစက်သည် ဥပါယာသတွင်ပင် ပြတ်ပါသလောဟုလည်း မေးဖွယ်ရာရှိလာပြန်၏၊ အဖြေမှာ ဤသို့ဖြစ်၏ ---
သောကစသည်
သောက ဒေါမနဿ ဥပါယာသတရားတို့သည် ဒေါသမူစိတ်၌ ယှဉ်သော တရားများတည်း။ ထိုကြောင့် ထိုသောက ဒေါမနဿ ဥပါယာသတို့ဖြစ်တိုင်း အဝိဇ္ဇာဟူသော မောဟတရားလည်း အမြဲယှဉ်လျက်ပါ၏။ (နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ဒေါသအုပ်စု နာမ်တရားစုတို့ကို ပြန်ကြည့်ပါ။)
ဥပမာ -- သားကို အကြောင်းပြု၍ သောက ဒေါမနဿ ဥပါယာသ ဖြစ်ရလျှင် သားဟု အသိမှားမှု (= ရုပ် နာမ်အစုအပုံဟု မသိမှုအဝိဇ္ဇာ)လည်း ကပ်လျက်ပါ၏။ ရွှေ-ငွေကို အကြောင်းပြု၍ သောက ဒေါမနဿ ဥပါယာသ ဖြစ်ရလျှင် ရွှေ-ငွေဟု အသိမှားမှု (= ယင်းရွှေငွေကို အဋ္ဌကလာပ်ရုပ်တို့၏ အပေါင်းအစုဟု မသိမှု အဝိဇ္ဇာ)လည်း ကပ်လျက်ပါ၏။ ဤသို့စသည်ဖြင့် သဘောပေါက်ပါ။
တစ်ဖန် ပရိဒေဝဟူသော ငိုကြွေးမှုမှာလည်း ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့၌ ပရမတ်သို့ ဆိုက်အောင် အမှန်မမြင်သူ တွေဝေသူ အဝိဇ္ဇာမကင်းသူ၌သာ ဖြစ်လေ့ရှိ၏။ သားအတွက် ငိုကြွေးရလျှင် သားဟု အသိမှားမှု, ရွှေ-ငွေအတွက် ငိုကြွေးရလျှင် ရွှေငွေဟု အသိမှားမှု အဝိဇ္ဇာ ကပ်လျက်ပါနေ၏။
တစ်ဖန် ပရိဒေဝနောင်၌ ဆက်လက်ဖော်ပြထားသော ဒုက္ခကား ဒုက္ခသဟဂုတ် ကာယဝိညာဏ်၌ ယှဉ်သော ဝေဒနာတည်း။ ယင်းဒုက္ခသဟဂုတ် ကာယဝိညာဏ်၌ အဝိဇ္ဇာကား တိုက်ရိုက် မယှဉ်နိုင်။ သို့သော် အဝိဇ္ဇာမကင်းသေးသူတို့အဖို့ ယင်းကာယိကဒုက္ခကို ခံစားရာ၌ အယောနိသောမနသိကာရဖြစ်နေ၍ ဒေါမနဿဝေဒနာဖြစ်နေ လျှင် ရှေးအဖို့ နောက်အဖို့၌ အဝိဇ္ဇာယှဉ်လျက်ပါ၏။ သားသမီးအတွက် အပင်ပန်း အဆင်းရဲခံ၏၊ ရွှေ ငွေ ရရှိရေးအတွက် အပင်ပန်း အဆင်းရဲခံ၏၊ လူဘဝ နတ်ဘဝရရှိရေးအတွက် အပင်ပန်း အဆင်းရဲခံ၏။ ထိုသို့ အပင်ပန်း အဆင်းရဲခံရာ၌ အဝိဇ္ဇာမကင်းသေးသူ ယောနိသောမနသိကာရ မရှိသူ အယောနိသောမနသိကာရ ဖြစ်နေသူတို့အဖို့ သား သမီး ရွှေ ငွေ လူဘဝ နတ်ဘဝဟု အသိမှားမှုများသည် ထိုကာယိကဒုက္ခ၏ ေ့ရှအဖို့ နောက်အဖို့တို့တွင် ခြံရံလျက်ရှိ၏။ ရုပ်တရားအစုအပုံ နာမ်တရားအစုအပုံ ရုပ်နာမ်အစုအပုံဟု မသိဘဲ သား သမီး ရွှေ ငွေ လူဘဝ နတ်ဘဝစသည်ဖြင့် အသိမှားမှုကား အဝိဇ္ဇာတည်း။
ထိုကြောင့် သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတို့ ဖြစ်တိုင်း အဝိဇ္ဇာလည်း အတူတကွဖြစ်စေ ေ့ရှအဖို့ နောက်အဖို့၌ဖြစ်စေ ပါဝင်လျက် ရှိပေသည်။ အဝိဇ္ဇာထင်ရှား ဖြစ်ပေါ်လာလျှင် သင်္ခါရစသည်တို့ သည်လည်း ဖြစ်ကြမြဲ ဓမ္မတာသာတည်း။ ဤနည်းအားဖြင့် ပဋိစ္စသမုပ္ပါဒ် သံသရာဘဝစက်သည် ပြတ်၍ မသွားဘဲ အဝိဇ္ဇာထပ်လျက် လည်ပတ်နေသည်ဟု မှတ်ပါ။ (အဘိ၊ဋ္ဌ၊၂၊၁၇၉။ ဝိသုဒ္ဓိ၊၂၊၂၁၁-ကြည့်။)
သောကစသည် ဖြစ်ကြောင်း
ဤနည်း၌ --- သောကစသည် ဖြစ်လျှင် အဝိဇ္ဇာ ပါဝင်နေ၏ --- ဟုဆိုလျှင် ထိုသောကစသည်တို့ကား အဘယ်အကြောင်းကြောင့် ဖြစ်ပါကုန်သနည်းဟု မေးဖွယ်ရှိ၏။ မှန်ပေသည် --- ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ = ဇာတိအကြောင်းခံကြောင့် ဇရာမရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတို့သည် ဖြစ်ပေါ်လာကြကုန်၏ --- ဟု ဟောကြားထားတော်မူအပ်သော်လည်း သောကစသည်တို့သည် ဇာတိ၏ အကျိုးရင်းမဟုတ်၊ အဆက်ဆက် ဖြစ်တတ်သော အကျိုးဆက်မျှသာ ဖြစ်ရကား ထိုသောကစသည်တို့၏ အကြောင်းကိုလည်း မေးသင့်၏ ---- ထိုအကြောင်းကား အဘယ်ပါနည်းဆိုသော် အဖြေကား အောက်ပါအတိုင်း ဖြစ်၏ ---
ဇရာမရဏဟူသော အိုခြင်း သေခြင်း ဒုက္ခတရားတို့သည် တွေ့ထိ နှိပ်စက်အပ်သောကြောင့် ဖြစ်စေ, ဆွေမျိုးတို့၏ ပျက်စီးခြင်း ဉာတိဗျသန, စည်းစိမ်ဥစ္စာတို့၏ ပျက်စီးခြင်း ဘောဂဗျသန, အနာရောဂါကြောင့် ပျက်စီးခြင်း ရောဂဗျသန, သီလ၏ ပျက်စီးခြင်း သီလဗျသန, မှန်ကန်သောသမ္မာဒိဋ္ဌိ အယူဝါဒ၏ ပျက်စီးခြင်း ဒိဋ္ဌိဗျသနဟူသော ဗျသနတရား တစ်ပါးပါးဖြင့် တွေ့ထိ နှိပ်စက်အပ်သောကြောင့် ဖြစ်စေ သောကစသည်တို့သည် ဖြစ်တတ်ရကား ဇရာမရဏဟူသော ဒုက္ခဓမ္မနှင့် တွေ့ထိခြင်းသည်လည်းကောင်း, ဉာတိဗျသနစသော ဗျသန တရား တစ်မျိုးမျိုးနှင့် တွေ့ထိခြင်းသည်လည်းကောင်း သောကစသည်တို့၏ အကြောင်း ဖြစ်သည်။
သောကစသည် ဖြစ်သောအခါ အဝိဇ္ဇာလည်း ပါဝင်ပြီးစီးပုံကို တစ်နည်းပြလိုပြန်သဖြင့် နောက်တစ်နည်းကို အောက်ပါအတိုင်း ဆက်လက်ဖွင့်ဆိုပြန်သည်။ ---
တစ်နည်းအဖြေ
(အဘိ၊ဋ္ဌ၊၂၊၁၇၉-၁၈၀။ ဝိသုဒ္ဓိ၊၂၊၂၁၁။)
အာသဝသမုဒယာ အဝိဇ္ဇာသမုဒယော (= အာသဝ ဖြစ်ခြင်းကြောင့် အဝိဇ္ဇာ ဖြစ်၏)ဟု ဘုရားရှင်သည် ဟောကြားထားတော်မူ၏။ အာသဝဖြစ်ခြင်းကြောင့်လည်း ထိုသောက စသည်တို့သည် ဖြစ်ပေါ် လာကြကုန်၏။ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်တွင် ဇာတိကြောင့် ဇရာမရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတရား တို့ ဖြစ်ပေါ်လာကြောင်းကို ဟောကြားထားတော်မူသော်လည်း ဇာတိမှာ သောကစသည်တို့ ဖြစ်ပေါ်လာဖို့ရန် မကင်းစကောင်းသော ဝေးသော အကြောင်းတရားသာတည်း။ သောကစသည်တို့ ဖြစ်ပေါ်လာဖို့ရန် အနီးစပ်ဆုံး အကြောင်းတရားများမှာ အာသဝေါတရားတို့ပင် ဖြစ်ကြသည်။
ကာမာသဝကြောင့် သောကစသည်ဖြစ်ပုံ
တဿ စေ ကာမယာနဿ၊ ဆန္ဒဇာတဿ ဇန္တုနော။
တေ ကာမာ ပရိဟာယန္တိ၊ သလ္လဝိဒ္ဓေါဝ ရုပ္ပတိ။ (ခု၊၁၊၃၉၉။)
ကာမတော ဇာယတီ သောကော။ (ခု၊၁၊၄၅။)
ဤဒေသနာတော်များနှင့် အညီ ---- သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုကို လိုလားတောင့်တနေသော သတ္တဝါအဖို့ ထိုကာမဝတ္ထု အစုစုတို့၏ ဖောက်ပြန်ပျက်စီးသွားသောအခါ မြှားဖြင့် ပစ်ခွင်းခံရသော သားကောင် ကဲ့သို့ သောကစသော မြှားငြောင့်တို့၏ စူးဝင်ခံရမှုကြောင့် စိတ်ဖောက်ပြန်လာတတ်ပေသည်။ ထိုသို့ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့၏ ပျက်စီး၍ သောကစသည်တို့ ဖြစ်ပေါ်လာရာ၌ ထိုသက်ရှိသက်မဲ့ ကာမဝတ္ထုအစုစု အပေါ်၌ ချစ်ခင်တွယ်တာ မက်မောမှု လိုလားတောင့်တမှု ကာမာသဝကို အကြောင်းခံလျက် ရှိ၏။ ယင်းကာမာသဝဖြစ်လျှင် ယင်းသက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့အပေါ်၌ သား သမီး ဇနီး မြေး ရွှေ ငွေစသည်ဖြင့် အသိမှားမှု အဝိဇ္ဇာ လည်း ကပ်လျက်ပါလာ၏။ အလားတူပင်လျှင် ယင်းသက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့ကို အကြောင်းပြု၍ သောကစသည်ဖြစ်ရာ၌လည်း ယင်းအဝိဇ္ဇာသည် ကပ်လျက်ပါနေ၏။ သို့သော် တပ်မက်မှု ကာမာသဝ အားကောင်းနေပါလျှင် ယင်းသက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုဟူသော ရုပ်နာမ် အစုအပုံကို ပရမတ်သို့ ဆိုက်အောင် မမြင်တတ်ပေ။ မြင်အောင် မကြိုးစားသော်လည်း ရှိတတ်၏။ သောကစသည် ဖြစ်ရာ၌လည်း နည်းတူပင် ဖြစ်သည်။
ဒိဋ္ဌာသဝကြောင့် သောကစသည်ဖြစ်ပုံ
တဿ အဟံ ရူပံ မမ ရူပန္တိ ပရိယုဋ္ဌဋ္ဌာယိနော ရူပဝိပရိဏာမညထာဘာဝါ ဥပ္ပဇ္ဇန္တိ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ။ (သံ၊၂၊၃။)
ရုပ်ဟူသည် ငါတည်း၊ ငါ၏ ရုပ်တရားတည်းဟု ဒိဋ္ဌာသဝဖြင့် လုလုယက်ယက် စွဲလမ်းလျက် တည်နေသူမှာ ရုပ်တရား၏ ဖောက်ပြန်မှု တစ်မျိုးတစ်မည် ပြောင်းလဲမှုကြောင့် သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ တို့သည် ဖြစ်ပေါ်လာကြရလေသည်။ ဤ၌ ရုပ်တရားကိုပင် အတ္တဟုလည်းကောင်း, အတ္တ၏ ရုပ်တရားဟု လည်းကောင်း စွဲလမ်း ယုံကြည်နေ၏။ ထိုသို့ စွဲလမ်းယုံကြည်နေသူ၏ သန္တာန်၌ ခံယူချက်မှားမှု ဒိဋ္ဌာသဝသည် တည်ရှိနေ၏။ ရုပ်တရားကို အတ္တဟု, အတ္တ၏ ရုပ်တရားဟု --- ခံယူချက်မှားမှု သဘောကား ဒိဋ္ဌိတည်း ဒိဋ္ဌာသဝတည်း။ ရုပ်တရားကို အတ္တဟု, အတ္တ၏ရုပ်တရားဟု --- အသိမှားမှု သဘောကား အဝိဇ္ဇာတည်း အဝိဇ္ဇာသဝတည်း။ ထိုကြောင့် ရုပ်တရားအပေါ်၌ ဒိဋ္ဌာသဝဖြင့် လုလုယက်ယက် စွဲလမ်းလျက် တည်နေသူမှာ ရုပ်တရား၏ ဖောက်ပြန်ပျက်စီးမှု တစ်မျိုးတစ်မည် ပြောင်းလဲမှုကြောင့် သောကစသည်တို့ ဖြစ်ရာ၌လည်းကောင်း, ဒိဋ္ဌာသဝဖြစ်ရာ၌လည်းကောင်း ငါ, ငါ၏ရုပ်ဟု အသိမှားမှု အဝိဇ္ဇာလည်း ကပ်လျက်ပင် ပါဝင်နေသည်ကို သိရှိပါလေ။
ဘဝါသဝကြောင့် သောကစသည် ဖြစ်ပုံ
ယေပိ တေ ဘိက္ခဝေ ဒေဝါ ဒီဃာယုကာ ဝဏ္ဏဝန္တော သုခဗဟုလာ ဥစ္စေသု ဝိမာနေသု စိရဋ္ဌိတိကာ၊ တေပိ တထာဂတဿ ဓမ္မဒေသနံ သုတွာ ယေဘုယျေန ဘယံ သံဝေဂံ သန္တာသံ အာပဇ္ဇန္တိ။ (သံ၊၂၊ရဝ။ အံ၊၁၊၃၄၂။)
= ရဟန်းတို့ ...အသက်ရှည်၍ အဆင်းလှကာ သုခများလျက် အလွန်မြင့်မောက် အထက်တန်းသို့ ရောက်နေသည့် ဘုံဗိမာန်တို့ဝယ် ကြာမြင့်စွာ တည်နေရသည့်အတွက် မိမိ၏ ဗြဟ္မာဘဝကို တွယ်တာ တပ်မက်သည့် ဘဝါသဝဖြင့် အားရနှစ်သက်ကြသော ဗြဟ္မာတို့သည် ဘုရားရှင်၏ အနိစ္စ ဒုက္ခ အနတ္တနှင့် စပ်သည့် တရားဒေသနာသံကို ကြားနာကြရသည့်အခါ များသောအားဖြင့် မိမိတို့ဘဝ၏ မမြဲသော အချက်ကို တွေးတော မိကာ လွန်စွာ ကြောက်ရွံ့ထိတ်လန့်လျက် သံဝေဂ ဖြစ်ကြရလေသည်။ (သံ၊၂၊ရဝ။ အံ၊၁၊၃၄၂။)
ဤ၌လည်း မိမိတို့၏ ဘဝကို နတ်ဗြဟ္မာဟု အသိမှားမှု, ငါတို့ဟု အသိမှားမှု အဝိဇ္ဇာများ ကပ်လျက် ပါဝင်နေသည်ကို သတိပြုပါ။ ဤဗြဟ္မာတို့ကား အလွန် အသက်ရှည်ကြ၏။ ဘုရားရှင်၏တရားတော်ကို နာကြားရ သဖြင့် အနိစ္စဟု မိမိတို့၏ဘဝကို သိမြင်လာသောအခါ အလွန် ကြောက်ရွံ့ ထိတ်လန့်လာကြကုန်၏။ နတ်တို့သည် နတ်သက်ကြွေခါနီး ကာလဝယ် ပုဗ္ဗနိမိတ် (၅)ပါးတို့ကို တွေ့မြင်ကြရသဖြင့် သေဘေးမှ အလွန် ကြောက်လန့်ကြ ကုန်၏၊ သေဘေးဆိုးကြီးက လွန်စွာ ခြိမ်းခြောက်အပ်ကုန်သော နတ်တို့သည် လွန်စွာ ကြောက်ရွံ့ထိတ်လန့် လျက် ဒေါသ ဒေါမနဿ ဖြစ်ကြရကုန်သကဲ့သို့ အလားတူပင် ယင်းဗြဟ္မာတို့သည်လည်း လွန်စွာ ကြောက်ရွံ့ ထိတ်လန့်လျက် သံဝေဂ ဖြစ်ကြရလေသည်။
ပုဗ္ဗနိမိတ် (၅) ပါး
မာလာ မိလာယန္တိ၊ ဝတ္ထာနိ ကိလိဿန္တိ၊ ကစ္ဆေဟိ သေဒါ မုစ္စန္တိ၊ ကာယေ ဝေဝဏ္ဏိယံ ဩက္ကမတိ၊ ဒေဝေါ ဒေဝါသနေ နာဘိရမတိ။ (ခု၊၁၊၂၄၇။)
၁။ နတ်ပန်းတို့သည် ညှိုးနွမ်းကုန်၏။
၂။ နတ်အဝတ်တို့သည် ညစ်နွမ်းကုန်၏။
၃။ လက်ကတီးကြားတို့မှ (= ချိုင်းကြားတို့မှ) ချွေးတို့သည် ယိုထွက်ကုန်၏။
၄။ ကိုယ်၌ ဖောက်ပြန်သော အရေအဆင်း ရှိသူ၏အဖြစ်သည် သက်ရောက်လာ၏။
(အသားအရောင် ပြောင်းလဲလာ၏။)
၅။ နတ်သည် နတ်တို့၏နေရာ ဘုံဗိမာန်၌ မမွေ့လျော် ဖြစ်နေ၏။
ဤ (၅)ပါးတို့ကား နတ်တို့ သေခါနီးကာလဝယ် သေခြင်းေ့ရှပြေး နိမိတ်တို့တည်း။ (ခု၊၁၊၂၄၇-ဣတိဝုတ်ပါဠိတော်။)
အဝိဇ္ဇာသဝကြောင့် သောကစသည် ဖြစ်ပုံ
သ ခေါ သော ဘိက္ခဝေ ဗာလော တိဝိဓံ ဒိဋ္ဌေဝ ဓမ္မေ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ။ (မ၊၃၊၂၀၂။)
= ရဟန်းတို့ ...ထိုအဝိဇ္ဇာမကင်းသေးသည့် လူဖျင်း လူအ လူ့ဗာလသည် အဝိဇ္ဇာသဝကြောင့် မျက်မှောက်ဘဝမှာပင် ---
၁။ ဒုက္ခသဟဂုတ် ကာယဝိညာဏ်၌ ယှဉ်သော ကာယိက ဒုက္ခဝေဒနာ,
၂။ ဒေါသမူဒွေ၌ ယှဉ်သော အသင်္ခါရိက စေတသိက ဒေါမနဿဝေဒနာ,
၃။ သသင်္ခါရိက စေတသိက ဒေါမနဿဝေဒနာ,
ဤ (၃)မျိုးသော ဒုက္ခဝေဒနာကို ခံစားရပေသည်။ ယင်းဝေဒနာ (၃)မျိုးတို့၏ အကြောင်းရင်း နိဒါန်းမှာ သုံးမျိုးပင်ရှိ၏။ ---
၁။ တဿာရုပ္ပကထာသဝန = မကောင်းမှု ဒုစရိုက် အကုသိုလ်တို့ကို ပြုမိသဖြင့် ယင်းမကောင်းမှုအား လျောက်ပတ်သော ကဲ့ရဲ့စကားကို ကြားနာရခြင်း,
၂။ ကမ္မကာရဏာဒဿန = (၃၂)ပါးသော ကံကြမ္မာဟူသော ညှဉ်းပန်းနှိပ်စက်မှုကို တွေ့မြင်နေရခြင်း,
၃။ မရဏကာလကမ္မောပဋ္ဌာန =သေရာညောင်စောင်း လျောင်းစက်ရာအခါ၌ အကုသိုလ်ကံအာရုံ ထင်လာခြင်း
ဤအကြောင်း (၃)ရပ်ကို (မူလဋီကာ၊၂၊၁၂၅။)၌ ဖော်ပြထား၏။ ယင်းအကြောင်း (၃)မျိုးကြောင့် (၃)မျိုးသော ဒုက္ခဝေဒနာကို ခံစားရာ၌လည်းကောင်း, မကောင်းမှု ဒုစရိုက်တို့ကို လွန်ကျူးရာ၌လည်းကောင်း ငါ သူတစ်ပါးစသည်ဖြင့် အသိမှားမှု အဝိဇ္ဇာသည် အကြောင်းခံလျက်ပင်ရှိ၏။
ဣတိ ယသ္မာ အာသဝသမုဒယာ ဧတေ ဓမ္မာ ဟောန္တိ၊ တသ္မာ ဧတေ သိဇ္ဈမာနာ အဝိဇ္ဇာယ ဟေတုဘူတေ အာသဝေ သာဓေန္တိ။ အာသဝေသု စ သိဒ္ဓေသု ပစ္စယဘာဝေ ဘာဝတော အဝိဇ္ဇာပိ သိဒ္ဓါဝ ဟောတီတိ။ (အဘိ၊ဋ္ဌ၊၂၊၁၈၀။ ဝိသုဒ္ဓိ၊၂၊၂၁၂။)
ဤသို့လျှင် အာသဝေါတရားတို့၏ ထင်ရှား ဖြစ်ခြင်းကြောင့် သောကစသည်တို့သည် ထင်ရှား ဖြစ်ပေါ် လာကုန်၏။ ထိုကြောင့် ထိုသောကစသည်တို့၏ ဖြစ်မှုသည် ပြီးစီးကုန်လတ်သော် အဝိဇ္ဇာ၏ အကြောင်းရင်း ဖြစ်သော အာသဝေါတရားတို့၏ ဖြစ်မှုသည်လည်း ပြီးစီးပြီးသာ ဖြစ်ကုန်၏။
အောက်အကြေ၌ ရေတိုးလာသည်ကို မြင်လျှင် အထက်အညာ၌ မိုးရွာပြီဟု သိရသကဲ့သို့, အလားတူပင် သောကစသည့် အကျိုးတရားကို မြင်ရသဖြင့် အကြောင်း အာသဝေါတရားတို့ကိုလည်း ထိုအကျိုးက သိစေနိုင် ပေသည်။ ယင်းသို့ သိစေနိုင်ခြင်းကိုပင် ဤ၌ အာသဝေါတရားတို့ကို ပြီးစီးစေနိုင်ကုန်၏ဟု ဆိုသည်။
အာသဝေါတရားတို့၏ ဖြစ်မှုသည် ပြီးစီးခဲ့သော် အာသဝေါတရားတည်းဟူသော အကြောင်းတရားသည် ထင်ရှားဖြစ်ခဲ့သော် အဝိဇ္ဇာဟူသော အကျိုးတရားသည်လည်း ထင်ရှား ဖြစ်ခြင်းကြောင့် အဝိဇ္ဇာ၏ ထင်ရှား ဖြစ်ပေါ်မှုသည်လည်း ပြီးစီးပြီးသားသာ ဖြစ်သွား၏။ ယင်းသို့ အဝိဇ္ဇာ၏ ထင်ရှားဖြစ်မှုသည် ပြီးစီးခဲ့သော် တစ်ဖန် အဝိဇ္ဇာ အကြောင်းခံကြောင့် သင်္ခါရတို့သည် ဖြစ်ကြပြန်ကုန်၏၊ တစ်ဖန် သင်္ခါရကြောင့် ဝိညာဏ်သည် ဖြစ်ပြန်၏။ ဤသို့လျှင် အကြောင်းနှင့် အကျိုး အဆက်ဆက်အားဖြင့် အဆုံးအပိုင်းအခြား မရှိတော့ပေ။
ဤသို့လျှင် အာသဝေါတရားများကြောင့် အဝိဇ္ဇာဖြစ်၍ အဝိဇ္ဇာကြောင့်လည်း အာသဝေါတရားများ ဖြစ်ကြရ ပြန်သည်။ အဝိဇ္ဇာကြောင့် အာသဝေါတရားများ ဖြစ်ပေါ်လာရာ၌ ကာမာသဝ, ဘဝါသဝ, ဒိဋ္ဌာသဝတို့သည် အဝိဇ္ဇာနှင့် သဟဇာတစသော သဘောအားဖြင့် အတူယှဉ်တွဲ၍လည်း ဖြစ်နိုင်ကုန်၏။ အဝိဇ္ဇာက ဥပနိဿယ သတ္တိဖြင့် ကျေးဇူးပြုပေးလိုက်သဖြင့် စိတ္တက္ခဏပေါင်းများစွာ ခြားလျက်လည်း ဖြစ်နိုင်ကုန်၏။ အဝိဇ္ဇာနှင့် ယှဉ်တွဲ၍ ဖြစ်ရာ၌ အဝိဇ္ဇာ၏ အကူအညီ အကြောင်းတရားများ အဖြစ် အဝိဇ္ဇာအား သဟဇာတစသော သတ္တိဖြင့် ကျေးဇူးပြု ပေး၏၊ တစ်ဖန် အဝိဇ္ဇာကလည်း ယင်းအာသဝေါတရားတို့အား သဟဇာတစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု ပေး၏။
တစ်ဖန် အဝိဇ္ဇာက ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးလိုက်သဖြင့် အဝိဇ္ဇာနှင့် စိတ္တက္ခဏပေါင်းများစွာ ကွာခြား၍လည်း အာသဝေါတရားတို့သည် ဖြစ်ခဲ့သော် ယင်းအာသဝတို့သည် သင်္ခါရနှင့် ကမ္မဘဝ (= ကံ) တို့တွင် ထိုက်သလို အကျုံးဝင်ကြ၏၊ အပုညာဘိသင်္ခါရနှင့် အကုသိုလ်ကံတရားများ ဖြစ်ကြ၏။ ယင်းအပုညာဘိ သင်္ခါရနှင့် အကုသိုလ်ကံတို့ ဖြစ်ပေါ်လာရာ၌လည်း အဝိဇ္ဇာသည် ယင်းအပုညာဘိသင်္ခါရနှင့် အကုသိုလ်ကံ တို့အား ဥပနိဿယသတ္တိဖြင့်လည်းကောင်း, သဟဇာတစသော သတ္တိဖြင့်လည်းကောင်း ကျေးဇူးပြုပေးလျက်ပင် ရှိသည်။ ရှေးရှေးသော အဝိဇ္ဇာသည် နောက်နောက်သော အပုညာဘိသင်္ခါရ, အကုသိုလ်ကံတို့အား ဥပနိဿယ သတ္တိဖြင့်, စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ ဖြစ်သော အဝိဇ္ဇာသည် မိမိနှင့် ယှဉ်ဖက် သမ္ပယုတ် ဖြစ်သော အပုညာဘိသင်္ခါရ, အကုသိုလ်ကံတို့အား သဟဇာတစသော သတ္တိဖြင့် ကျေးဇူးပြုပေး၏ဟု ဆိုလိုသည်။ (အဝိဇ္ဇာက ပုညာဘိသင်္ခါရ အာနေဉ္ဇာဘိသင်္ခါရတို့အား ကျေးဇူးပြုပုံသည် နောက်တွင် ထင်ရှား လတ္တံ့။) သို့အတွက် အဝိဇ္ဇာနှင့် အာသဝတို့သည် အစနှင့် အဆုံးကို ရှာဖွေ၍ မရနိုင်လောက်အောင် သံသရာ စက်ရဟတ်ကို ရှည်လျားစွာ လည်ပတ်စေသော ဓာတ်ငွေ့များ ဖြစ်ကြသည်ဟု သဘောပေါက်ပါလေ။
အဝိဇ္ဇာကို အစထား၍ ဟောတော်မူရခြင်း အကြောင်း
အာသဝကြောင့် အဝိဇ္ဇာဖြစ်လျှင် အဘယ်ကြောင့် အဝိဇ္ဇာကို အစဆုံး ဟောပြတော်မူရသနည်းဟု မေးသင့် ပြန်၏။ အဝိဇ္ဇာသည် ဝဋ်တရားအပေါင်းတို့တွင် ဦးခေါင်းပမာ လွန်စွာ အရေးကြီး၏။ သံသရာစက်ရဟတ်၏ လည်ပတ်နေပုံအကြောင်းကို ဟောပြသော ဒေသနာတော်သည် ဝဋ္ဋကထာမည်၏။ အဝိဇ္ဇာကား ယင်းဝဋ္ဋကထာ တရားစကား၏ အဦးပဓာန ဖြစ်၏။ သံသရာစက်ရဟတ်ကို လည်ပတ်စေတတ် ဖြစ်စေတတ်သော အကြောင်းရင်း ကား ကံတရားဖြစ်၏၊ အဝိဇ္ဇာသည် ယင်းကံတရား၏ အကြောင်းရင်းဖြစ်၏။
ထင်ရှားစေအံ့ --- ဘုရားရှင်သည် ဝဋ္ဋကထာ ဒေသနာတော်ကို ဟောကြားတော်မူသည်ရှိသော် အဝိဇ္ဇာကို သော်လည်းကောင်း, ဘဝတဏှာကိုသော်လည်းကောင်း နှစ်ပါးကုန်သောတရားတို့ကို အဦးပဓာနပြု၍ ဟောကြား တော်မူလေသည်။ အဝိဇ္ဇာကို အဦးပဓာနထား၍ ဟောကြားတော်မူပုံကား ဤသို့တည်း ---
ပုရိမာ ဘိက္ခဝေ ကောဋိ န ပညာယတိ အဝိဇ္ဇာယ ဣတော ပုဗ္ဗေ အဝိဇ္ဇာ နာဟောသိ၊ အထ ပစ္ဆာ သမဘဝီတိ။ ဧဝေဉ္စတံ ဘိက္ခဝေ ဝုစ္စတိ၊ အထ စ ပန ပညာယတိ ဣဒပ္ပစ္စယာ အဝိဇ္ဇာတိ။ (အံ၊၃၊၃၄၆။)
= ရဟန်းတို့ ...ဤမည်သော မင်း, ဤမည်သော ဘုရားရှင်၏ လက်ထက်တော်မှ ရှေး၌ အဝိဇ္ဇာသည် မဖြစ်ပေါ်ခဲ့သေး၊ ထိုမည်သော မင်း, ထိုမည်သော ဘုရားရှင်၏ လက်ထက်တော်မှ နောက်ပိုင်းကာလ၌သာ စ၍ ဖြစ်ခဲ့ပြီဟု ဤသို့လျှင် အဝိဇ္ဇာ၏ ရှေး၌ဖြစ်သော အစွန်းအစ အပိုင်းအခြားသည် မထင်ရှားပေ။ ရဟန်းတို့ ဤသို့လျှင် ဤအဝိဇ္ဇာ၏ ရှေး၌ဖြစ်သော အစွန်းအစ အပိုင်းအခြား၏ မထင်ရှားခြင်းကို ဆိုအပ်၏။ ထိုသို့ပင် ဆိုအပ်သော်လည်း ဤအာသဝေါတရားဟူသော အကြောင်းကြောင့် အဝိဇ္ဇာသည် ထင်ရှား၏ (= ထင်ရှား ဖြစ်ပေါ်လာ၏။) (အံ၊၃၊၃၄၆။)
တစ်ဖန် ဘဝတဏှာကို အဦးပဓာန ထား၍ ဟောတော်မူပုံမှာ ဤသို့ ဖြစ်၏ ---
ပုရိမာ ဘိက္ခဝေ ကောဋိ န ပညာယတိ ဘဝတဏှာယ ဣတော ပုဗ္ဗေ ဘဝတဏှာ နာဟောသိ၊ အထ ပစ္ဆာ သမဘဝီတိ။ ဧဝေဉ္စတံ ဘိက္ခဝေ ဝုစ္စတိ၊ အထ စ ပန ပညာယတိ ဣဒပ္ပစ္စယာ ဘဝတဏှာတိ။ (အံ၊၃၊၃၄၈။)
= ရဟန်းတို့ ...ဤမည်သော မင်း, ဤမည်သော ဘုရားရှင်၏ လက်ထက်တော်မှ ရှေး၌ ဘဝတဏှာ သည် မဖြစ်ပေါ်ခဲ့သေး၊ ထိုမည်သော မင်း, ထိုမည်သော ဘုရားရှင်၏ လက်ထက်တော်မှ နောက်ပိုင်းကာလ၌သာ စ၍ ဖြစ်ခဲ့ပြီ --- ဟု ဤသို့လျှင် ဘဝတဏှာ၏ ရှေး၌ဖြစ်သော အစွန်းအစ အပိုင်းအခြားသည် မထင်ရှားပေ။ ရဟန်းတို့ ...ဤသို့လျှင် ဤဘဝတဏှာ၏ ရှေး၌ ဖြစ်သော အစွန်းအစ အပိုင်းအခြား၏ မထင်ရှားခြင်းကို ဆိုအပ်၏။ ထိုသို့ပင်ဆိုအပ်သော်လည်း ဤဝေဒနာဟူသော အကြောင်းကြောင့် ဘဝတဏှာသည် ထင်ရှား၏။ (အံ၊၃၊၃၄၈၊၊)
အကြောင်းပြချက်
ဘုရားရှင်သည် အဘယ်ကြောင့် ဝဋ္ဋကထာ တရားဒေသနာတော်ကို ဟောကြားတော်မူရာဝယ် ဤအဝိဇ္ဇာ နှင့် ဘဝတဏှာဟူသော တရား (၂)ပါးကို အဦးပဓာနထား၍ ဟောကြားတော်မူအပ်ပါသနည်း ဟူမူ ---
သုဂတိဒုဂ္ဂတိဂါမိနော ကမ္မဿ ဝိသေသဟေတုဘူတတာ။ (အဘိ၊ဋ္ဌ၊၂၊၁၂၆။ ဝိသုဒ္ဓိ၊၂၊၁၅၆။)
သုဂတိ ဒုဂ္ဂတိဟူသော ထိုထို ဘုံဘဝ ရောက်ကြောင်းဖြစ်သော ကံတရား၏ ထူးကဲသော အကြောင်းတရား များ ဖြစ်သောကြောင့် ဤအဝိဇ္ဇာနှင့် ဘဝတဏှာတရား (၂)ပါးကို အဦးပဓာနထား၍ ဟောကြားတော်မူအပ်ပါ၏-ဟူပေ။
အဝိဇ္ဇာ --- အဝိဇ္ဇာသည် ဒုဂ္ဂတိဘဝသို့ ရောက်ကြောင်းဖြစ်သော အကုသိုလ်ကံ၏ ထူးကဲသော အကြောင်း တရားဖြစ်၏။ သစ္စာလေးချက် သဘောနက်ကို ပြက်ပြက် ထင်ထင် လင်းလင်းကြီး မသိမမြင်ဘဲ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာစသည်ဖြင့်လည်းကောင်း, ထိန်ထိန်လျှံတောက်သည့် ရွှေ ငွေ စိန် ကျောက် စသည်ဖြင့်လည်းကောင်း အသိမှားမှု အဝိဇ္ဇာ အမှောင်ထုသည် လွှမ်းမိုးဖိစီး နှိပ်စက်အပ်သော ပုထုဇန်သည် -မီးဖြင့် ပြင်းထန်စွာ လောင်မြိုက်ခံရခြင်း လက်ရိုက်ဖြင့် ပြင်းထန်စွာ အရိုက်အနှက်ခံရခြင်းကြောင့်ဖြစ်သော ပင်ပန်းဆင်းရဲခြင်းသည် လွှမ်းမိုးနှိပ်စက်အပ်သော သတ်ထိုက်သော သတ်ရန် အသင့်ဖြစ်နေသော နွားမသည် ထိုပင်ပန်းဆင်းရဲခြင်းဖြင့် လွန်စွာနာကျင်သည်၏ အဖြစ်ကြောင့် မသာယာသင့် မသာယာထိုက်သည်လည်း ဖြစ်သော မိမိ၏ အကျိုးစီးပွားမဲ့ကို ဆောင်နိုင်သည်လည်း ဖြစ်သော ရေပူကိုသော်လည်း သောက်ခြင်းကို အားထုတ်ဘိသကဲ့သို့ --- ထိုအတူ ကိလေသာ အပူမီး၏ ပြင်းထန်စွာ လောင်မြိုက်မှုကြောင့် မသာယာသင့် မသာယာထိုက်သည်လည်း ဖြစ်သော အပါယ်ဒုဂ္ဂတိဘုံဘဝသို့ ကျရောက်စေနိုင်ခြင်းကြောင့် မိမိ၏ အကျိုး စီးပွားမဲ့ကို ရွက်ဆောင်နိုင်သည်လည်းဖြစ်သော ပါဏာတိပါတစသော တစ်ပါးမက များပြားလှသော ဒုဂ္ဂတိ ဘဝသို့ ရောက်ကြောင်း အကုသိုလ်ကံကို အားထုတ်မိ၏။ (အဘိ၊ဋ္ဌ၊၂၊၁၂၆။ ဝိသုဒ္ဓိ၊၂၊၁၅၆-၁၅၇။)
ဘဝတဏှာ --- တစ်ဖန် ထိုထို ဘုံဘဝကို လိုလားတောင့်တတတ် တွယ်တာတပ်မက်တတ်သော ဘဝတဏှာ သည် သုဂတိဘုံဘဝသို့ ရောက်ကြောင်းဖြစ်သော ကုသိုလ်ကံ၏ ထူးကဲသော အကြောင်းတရား ဖြစ်၏။ --- ဘဝတဏှာသည် လွှမ်းမိုးနှိပ်စက်အပ်သော (= လူဖြစ်ချင်သည့် နတ်ဖြစ်ချင်သည့် ဗြဟ္မာဖြစ်ချင်သည့် လူ့ဘဝ နတ်ဘဝ ဗြဟ္မာဘဝကို တပ်မက်မောသည့် တဏှာသည် နှိပ်စက်အပ်သော) ပုထုဇန်သည် --- အထက်တွင် ဖော်ပြခဲ့သော နွားမမျိုးသည် ရေအေး၌ တပ်မက်မောသော တဏှာဖြင့် သာယာဖွယ်နှင့်လည်း တကွဖြစ်သော မိမိ၏ ပင်ပန်းနွမ်းနယ်မှုကို ပယ်ဖျောက်ပေးနိုင်သည်လည်းဖြစ်သော ရေအေးကို သောက်ခြင်းကို အားထုတ်ဘိ သကဲ့သို့ --- ထို့အတူ ကိလေသာ အပူဓာတ်မီး၏ ပြင်းထန်စွာ ပူလောင်ခြင်း ဒဏ်ချက်မှ ကင်းခြင်းကြောင့် သာယာဖွယ်နှင့်လည်းတကွဖြစ်သော, သုဂတိဘုံဘဝသို့ ကောင်းစွာ ရောက်စေနိုင်ခြင်းကြောင့် (မိမိ၏ ဒုဂ္ဂတိ ဒုက္ခတည်းဟူသော ပင်ပန်းခြင်းကို ပယ်ဖျောက်နိုင်သည်လည်း ဖြစ်သော) ပါဏာတိပါတမှ ရှောင်ကြဉ်ခြင်းစသော များပြားလှသော သုဂတိဘုံဘဝသို့ ရောက်ကြောင်းကံကို အားထုတ်၏။ (အဘိ၊ဋ္ဌ၊၂၊၁၂၆။ ဝိသုဒ္ဓိ၊၂၊၁၅၇။)
ဆိုလိုသည့်သဘောတရား
ရှေးယခင်က နွားသတ်သမား လူရိုင်းတို့သည် နွားမကို မီးဖြင့်တိုက်၍ ထုရိုက်သောအခါ အသားနှင့်အရိုး တို့ကို ကပ်နေအောင် ဖွဲ့စပ်ထားသော အသားမျှင်ကလေးများ အကြောမျှင်ကလေးများသည် ပြတ်ပြီးလျှင် ဖူးရောင်၍ နေ၏။ ထိုအခါ နွားမကို ရေနွေး တိုက်ကြ၏။ နွားမက ရေနွေးကို သောက်လိုက်သောအခါ ဝမ်းလျှောလာသဖြင့် အညစ်အကြေးတို့မှ ကင်းဆိတ်သွား၏။ အသားလည်း အရိုးမှ လွတ်လာလေပြီ၊ ထိုအခါ ရောက်မှ နွားမကို သတ်ကြသော ဟူ၏။ ထိုကြောင့် အထက်ပါ ဥပမာစကားရပ်ကို အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်သည်။
ထိုဥပမာစကားရပ်၌ သတ်ထိုက်သော နွားမသည်လည်း အဝိဇ္ဇာသည် လွှမ်းမိုးအပ်သည်၏ အဖြစ်ကြောင့် ဆိုအပ်ခဲ့ပြီးသော ရေပူကို သောက်ခြင်းကို အားထုတ်သကဲ့သို့ အလားတူပင် ပုထုဇန် ငမိုက်သားသည် အထက်၌ ဆိုအပ်ခဲ့ပြီးသော ဒုဂ္ဂတိဘဝသို့ ရောက်ကြောင်း ဖြစ်သည့် ဒုစရိုက် အကုသိုလ်ကံကို အဝိဇ္ဇာဖုံးလွှမ်းထားသည့် အတွက်ကြောင့် အားထုတ်မိခြင်း ဖြစ်၏။
တစ်ဖန် ထိုနွားမသည် ရေပူကိုသောက်ခြင်း၌ အပြစ်ကိုမြင်၍ တပ်မက်မှု တဏှာ၏ အစွမ်းဖြင့် ရေအေးကို သောက်ခြင်းကို အားထုတ်ဘိသကဲ့သို့ အလားတူပင် ဤပုထုဇန် ငမိုက်သားသည် အဝိဇ္ဇာအားနည်းသည်၏ အဖြစ်ကြောင့် ဒုဂ္ဂတိဘဝသို့ ရောက်ကြောင်း ဖြစ်သည့် အကုသိုလ်ကံ၌ အပြစ်ကိုမြင်၍ တပ်မက်မှု တဏှာ၏ အစွမ်းဖြင့် သုဂတိဘဝသို့ ရောက်ကြောင်းဖြစ်သည့် ကုသိုလ်ကံကို အားထုတ်၏။
ဒုက္ခေ ဟိ အဝိဇ္ဇံ တဏှာ အနုဝတ္တတိ၊ သုခေ တဏှံ အဝိဇ္ဇာတိ။ (မူလဋီ၊၂၊၈၈။)
မှန်ပေသည် ဒုက္ခရောက်ကြောင်း ဖြစ်သော ဒုဂ္ဂတိကံ (= အကုသိုလ်ကံ)ကို ပြုလုပ်သောအခါ အဝိဇ္ဇာသည် ေ့ရှသွားဖြစ်၍ တဏှာသည် အဝိဇ္ဇာ၏ နောက်လိုက်ဖြစ်၏။ သုဂတိဘုံဘဝသို့ ရောက်ကြောင်း ချမ်းသာကြောင်း ဖြစ်သည့် သုဂတိကံ (= ကုသိုလ်ကံ)ကို ပြုစုပျိုးထောင်သောအခါ၌ တဏှာသည် ေ့ရှသွားဖြစ်၍ အဝိဇ္ဇာသည် တဏှာ၏ နောက်လိုက် ဖြစ်ပေသည်။ အကုသိုလ်ကို ပြုလုပ်ရာ၌ အဝိဇ္ဇာထုထည်သည် အားကြီး၏၊ ယင်းအဝိဇ္ဇာ ထုထည်ကို တဏှာက မလွှမ်းမိုးနိုင်။ သုဂတိဘုံဘဝသို့ ရောက်ကြောင်း ဖြစ်သည့် ကုသိုလ်ကံကို ပြုစုပျိုးထောင် ရာ၌ တဏှာထုထည်သည် အားကြီး၏၊ ယင်းတဏှာထုထည်ကို အဝိဇ္ဇာက မလွှမ်းမိုးနိုင်။ သို့အတွက် အကု သိုလ်မှု၌ အဝိဇ္ဇာနောက်သို့ တဏှာကလိုက်ရ၍ ကုသိုလ်မှု၌ တဏှာနောက်သို့ အဝိဇ္ဇာက လိုက်ပါရပေသည်။ (မူလဋီ၊၂၊၈၇-၈၈။ အနုဋီ၊၂၊၉၄။)
တစ်ဖန် ဝဋ္ဋကထာ၏ ဦးခေါင်းသဖွယ် အဦးပဓာနဖြစ်၍ ဖြစ်ကုန်သော အဝိဇ္ဇာ - ဘဝတဏှာ တရား (၂)မျိုးတို့တွင် အချို့သော သုတ္တန်၌ ဘုရားရှင်သည် သံသရာဝဋ်မြစ်တရား တစ်မျိုးသာပါသော ဒေသနာကို ဟောကြားထားတော်မူ၏။ အချို့သော သုတ္တန်၌ သံသရာဝဋ်မြစ်တရား နှစ်မျိုးလုံးကိုပင် မူလထား၍ ဟောကြား ထားတော်မူ၏။
အဝိဇ္ဇာကို မူလထား၍ ဟောကြားထားတော်မူပုံ
ဣတိ ခေါ ဘိက္ခဝေ အဝိဇ္ဇူပနိသာ သင်္ခါရာ၊ သင်္ခါရူပနိသံ ဝိညာဏံ။ (သံ၊၁၊၂၆၉။)
= ရဟန်းတို့ ...ဤသို့လျှင် သင်္ခါရတို့သည် အဝိဇ္ဇာဟူသော မှီရာ အကြောင်းရှိကုန်၏၊ ဝိညာဏ်သည် သင်္ခါရဟူသော မှီရာအကြောင်းရှိ၏။ (သံ၊၁၊၂၆၉။) ---
ဤသို့စသော ဒေသနာတော်တည်း။ (နိဒါနဝဂ္ဂသံယုတ် ဒသဗလဝဂ် ဥပနိသသုတ်။)
တဏှာကို မူလထား၍ ဟောကြားထားတော်မူပုံ
ဥပါဒါနိယေသု ဘိက္ခဝေ ဓမ္မေသု အဿာဒါနုပဿိနော ဝိဟရတော တဏှာ ပဝဍ္ဎတိ၊ တဏှာပစ္စယာ ဥပါဒါနံ။ (သံ၊၁၊၃၁၁။)
= ရဟန်းတို့ ...ဥပါဒါန်၏ အာရုံဖြစ်ကုန်သော ဘုံသုံးပါးအတွင်း၌ တည်ရှိကြကုန်သော သင်္ခါရတရား တို့၌ သာယာဖွယ်ဟု အဖန်ဖန် ရှုလေ့ရှိသည် ဖြစ်၍နေသော ပုဂ္ဂိုလ်၏ သန္တာန်ဝယ် တဏှာသည် တိုးပွားလာ၏၊ တဏှာဟူသော အကြောင်းတရား၏ ထင်ရှား ဖြစ်ပေါ်မှုကြောင့် ဥပါဒါန်သည် ထင်ရှားဖြစ်ပေါ်လာ၏။ (သံ၊၁၊၃၁၁။)
ဤသို့စသော ဥပါဒါနသုတ္တန်ဒေသနာတော်တည်း။
အဝိဇ္ဇာ တဏှာ နှစ်မျိုးလုံးကို မူလထား၍ ဟောကြားထားတော်မူပုံ
အဝိဇ္ဇာနီဝရဏဿ ဘိက္ခဝေ ဗာလဿ တဏှာယ သမ္ပယုတ္တဿ ဧဝမယံ ကာယော သမုဒါဂတော။ ဣတိ အယဉ္စေဝ ကာယော ဗဟိဒ္ဓါ စ နာမရူပံ၊ ဣတ္ထေတံ ဒွယံ၊ ဒွယံ ပဋိစ္စ ဖေဿာ သဠေဝါယတနာနိ၊ ယေဟိ ဖုဋ္ဌော ဗာလော သုခဒုက္ခံ ပဋိသံဝေဒေတိ။ (သံ၊၁၊၂၆၂။)
ရဟန်းတို့ ...အဝိဇ္ဇာအမှောင်ထုသည် ပိတ်ဖုံး ကာဆီးအပ်သော တဏှာနှင့် ယှဉ်တွဲလျက်ရှိသော (= တဏှာသံယောဇဉ်ကြိုးဖြင့် နှောင်ဖွဲ့ခံရသော) လူမိုက်အား (လူမိုက်၏) ဤဆိုအပ်ပြီးသော အဝိဇ္ဇာ တဏှာ ဟူသော အကြောင်းကြောင့် ဤသဝိညာဏက ခန္ဓာ (၅)ပါးတို့၏ အပေါင်းဟူသော ကိုယ်သည် ဖြစ်ပေါ်လာ၏။ ဤသို့လျှင် ဤအဇ္ဈတ္တဖြစ်သော ကိုယ်သည်လည်းကောင်း, ဗဟိဒ္ဓဖြစ်သော နာမ်ရုပ်သည်လည်းကောင်း ဤသို့ အပြားရှိသော ဤတရား (၂)ပါး အပေါင်းသည် ဖြစ်ပေါ်လာ၏။ ဤတရား (၂)ပါး အပေါင်းကို အစွဲပြု၍ ဖဿသည်လည်းကောင်း, အာယတန (၆)ပါးတို့သည်လည်းကောင်း ဖြစ်ပေါ်လာကြကုန်၏။ ယင်း (၆)ပါး ကုန်သော အာယတနတို့ကြောင့် ဖြစ်ပေါ်လာသော ဖဿသည် တွေ့ထိအပ်သော လူမိုက်သည် သုခဝေဒနာ ဒုက္ခဝေဒနာကို ခံစားရ၏။ (သံ၊၁၊၂၆၂။) (နိဒါနဝဂ္ဂသံယုတ် ဗာလပဏ္ဍိတသုတ်။)
ဤသို့စသော ဒေသနာတည်း။
ဤသို့ဟောကြားတော်မူအပ်သော ဒေသနာအမျိုးမျိုးတို့တွင် ဤအနုလောမ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော် အရာ၌ ဤအဝိဇ္ဇာပစ္စယာ သင်္ခါရာစသည်ဖြင့် ဟောကြားတော်မူအပ်သော ဤဒေသနာတော်သည် အဝိဇ္ဇာ၏ အစွမ်းဖြင့် အဝိဇ္ဇာကို အဦးပဓာနထား၍ အဝိဇ္ဇာဟူသော တရားတစ်ခုကိုသာ မူလထား၍ ဟောကြားတော် မူအပ်သော ဒေသနာတော်ဖြစ်သည်ဟု သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၂၊၁၂၆-၁၂၇၊ ဝိသုဒ္ဓိ၊၂၊၁၅၆-၁၅၇။)
အဝိဇ္ဇာ-တဏှာဟူသော သံသရာဝဋ်မြစ် မူလတရား (၂)ပါးတို့သည် ပဋိစ္စသမုပ္ပါဒ် ဝဋ်တရား အပေါင်းတွင် ဦးခေါင်းပမာ လွန်စွာ အရေးကြီး၏။ ထိုထိုသံသရာဝဋ်ကို လည်ပတ်စေတတ်သော သံသရာဝဋ်၏ အကြောင်းရင်း သင်္ခါရ-ကံတို့ကို ပြုစုပျိုးထောင်ရာ၌ အဝိဇ္ဇာက အမှန်တရားကို မသိအောင် ဖုံးကွယ်ထားသည့် အတွက် (= ငါ-သူတစ်ပါး ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာစသည်ဖြင့် အသိမှားနေသည့် အတွက်) တဏှာဖြင့် မက်မောမိ၍ ပြုမိကြခြင်း ဖြစ်သည်။ သို့အတွက် ထိုအဝိဇ္ဇာ-တဏှာတို့တွင် အဝိဇ္ဇာသည် ဘဝတဏှာ၏လည်း အကြောင်းရင်း ဖြစ်၏။ အဝိဇ္ဇာသည် ဖုံးလွှမ်းအပ်သော အပြစ်ရှိသော လူ့ဘဝ နတ်ဘဝ ဗြဟ္မာဘဝစသော ထိုထိုဘဝ၌သာလျှင် တဏှာက မက်မောနေသောကြောင့် ဖြစ်၏။ လူ့ဘဝ နတ်ဘဝ ဗြဟ္မာဘဝ စသည်၌ တည်ရှိကြသော ရုပ်ခန္ဓာ, နာမ်ခန္ဓာ, ရုပ်နာမ်ခန္ဓာတို့ကို ပရမတ်သို့ ဆိုက်အောင် မသိမမြင်မှု, ယင်းခန္ဓာတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက် ဝိပရိဏာမအချက်တို့ကို မသိမမြင်မှုသည်ပင် အဝိဇ္ဇာဖြစ်၏။ အဝိဇ္ဇာက ထိုထိုဘဝ၏ ယင်းအနိစ္စ ဒုက္ခ အနတ္တ ဝိပရိဏာမ အပြစ်တို့ကို မသိမမြင်အောင် ဖုံးထားသဖြင့် လူမိုက်တို့သည် ထိုထိုဘဝ၌ တွယ်တာတပ်မက်ကြခြင်း ဖြစ်၏။ ဤသို့လျှင် ဘဝထိုထို၌ တွယ်တာ တပ်မက်မှု ဘဝတဏှာသည် အဝိဇ္ဇာလျှင် အကြောင်းရင်းခံရှိသောကြောင့် အဝိဇ္ဇာသည် ဘဝတဏှာ၏ အကြောင်းရင်း ဖြစ်၏။ ဤသို့လျှင် ဝဋ်တရား၌ ဦးခေါင်းပမာ လွန်စွာ အရေးကြီးသော တရားဖြစ်၍ အဝိဇ္ဇာကို ရှေးဦးအစ၌ထား၍ ဟောပြတော်မူရသည်။ (ဖြစ်စဉ်မှာ အဝိဇ္ဇာက အစဆုံး ဖြစ်သည် မဟုတ်၊ အဝိဇ္ဇာ ဖြစ်ဖို့ရာလည်း အာသဝေါတရားဟူသော အကြောင်းတရားများ ထင်ရှားရှိကြသည်သာ ဖြစ်ပေသည်။) (အဘိ၊ဋ္ဌ၊၂၊၁၂၆-၁၂၇။ ဝိသုဒ္ဓိ၊၂၊၁၅၆-၁၅၇ ကြည့်။)
အဝိဇ္ဇာ၏ သဘောလက္ခဏာ
တတ္ထ ကတမာ အဝိဇ္ဇာ၊ ယံ အညာဏံ အဒဿနံ အနဘိသမယော အနနုဗောဓော အသမ္ဗောဓော အပ္ပဋိဝေဓော အသင်္ဂါဟဏာ (အသင်္ဂါဟနာ) အပရိယောဂါဟဏာ (အပရိယောဂါဟနာ) အသမပေက္ခဏာ အပစ္စဝေက္ခဏာ အပစ္စက္ခကမ္မံ ဒုမ္မေဇ္ဈံ ဗာလျံ အသမ္ပဇညံ မောဟော ပမောဟော သမ္မောဟော အဝိဇ္ဇာ အဝိဇ္ဇောဃော အဝိဇ္ဇာယောဂေါ အဝိဇ္ဇာနုသယော အဝိဇ္ဇာပရိယုဋ္ဌာနံ၊ အဝိဇ္ဇာလင်္ဂီ မောဟော အကုသလမူလံ။ အယံ ဝုစ္စတိ အဝိဇ္ဇာ။ (အဘိ၊၂၊၁၅၀။)
၁။ အညာဏ --- ဉာဏ်မည်သည်ကား အပြားအားဖြင့် သိတတ်သော ပညာတည်း။ ဉာဏအမည်ရသော ထိုပညာဟူသည် အကျိုး၏ အကျိုးကိုလည်းကောင်း, တစ်နည်းဆိုသော် အကျိုးတိုင်းကိုလည်းကောင်း, မှန်ကန် သော အကျိုးကိုလည်းကောင်း, အကြောင်း၏ အကြောင်းကိုလည်းကောင်း, တစ်နည်းဆိုသော် အကြောင်းတိုင်းကို လည်းကောင်း, မှန်ကန်သော အကြောင်းကိုလည်းကောင်း, အရိယသစ္စာလေးရပ် တရားမြတ်ကိုလည်းကောင်း ထင်ရှားသည်ကို ပြုလုပ်တတ်၏။ သို့သော် ဤအဝိဇ္ဇာသည်ကား ဖြစ်ပေါ်၍ လာလတ်သော် ထိုမှန်ကန်သော အကျိုးတရား, မှန်ကန်သော အကြောင်းတရား, မှန်ကန်သော သစ္စာလေးပါးကို ထင်ထင်ရှားရှား သိခွင့် ထင်ထင် ရှားရှား သိအောင် ပြုခွင့်ကို မပေးပေ။ ဤသို့လျှင် ဉာဏအမည်ရသော ပညာ၏ ဆန့်ကျင်ဘက် ဖြစ်သောကြောင့် ဤအဝိဇ္ဇာသည် အညာဏ မည်၏။
၂။ အဒဿန --- မြင်တတ်သော သဘောတရား (= ဒဿန) ဟူသည်လည်း ပညာပင်တည်း။ ထိုဒဿန မည်သော ပညာသည်လည်း ---
(က) အတ္ထတ္ထ = မှန်ကန်သော အကျိုးတရား,
( ခ ) ကာရဏကာရဏ = မှန်ကန်သော အကြောင်းတရား,
( ဂ ) စတုသစ္စဓမ္မ = သစ္စာလေးပါး ---
ဟူသော ထိုအခြင်းအရာ အာကာရကို မြင်တတ်၏။ သို့သော် အဝိဇ္ဇာသည်ကား ဖြစ်ပေါ်လာလတ်သော် ထိုအတ္ထတ္ထ, ကာရဏကာရဏ, စတုသစ္စဓမ္မဟူသော သုံးမျိုးသော အခြင်းအရာကို မြင်ခြင်းကို မြင်ခွင့်ကို မပေး တတ်ပေ။ ထိုကြောင့် ယင်းအဝိဇ္ဇာသည် အဒဿနမည်၏။
၃။ အနဘိသမယ --- ထိုးထွင်း၍ သိတတ်သော သဘောတရား (= အဘိသမယ)ဟူသည်လည်း ပညာပင် တည်း။ ထိုအဘိသမယအမည်ရသော ပညာသည် --- ထို အတ္ထတ္ထ, ကာရဏကာရဏ, စတုသစ္စဓမ္မဟူသော ထိုအခြင်းအရာကို ထိုးထွင်း၍ သိတတ်၏၊ သို့သော် အဝိဇ္ဇာသည်ကား ဖြစ်ပေါ်၍လာလတ်သော် ထိုအတ္ထတ္ထ, ကာရဏကာရဏ, စတုသစ္စဓမ္မဟူသော အခြင်းအရာကို ထိုးထွင်း၍ သိခြင်းငှာ ထိုးထွင်း၍ သိခွင့်ကို မပေးတတ် ပေ။ ထိုကြောင့် ယင်းအဝိဇ္ဇာသည် အနဘိသမယမည်၏။
၄။ အနနုဗောဓ, ၅။ အသမ္ဗောဓ, ၆။ အပ္ပဋိဝေဓ --- လျော်စွာသိတတ်သော သဘောတရား (= အနုဗောဓ) ဟူသည်လည်း ပညာပင်တည်း။ မဖောက်မပြန် အမှန်အတိုင်း သိတတ်သော သဘောတရား (= သမ္ဗောဓ)ဟူသည် လည်း ပညာပင်တည်း။ ထိုးထွင်း၍ သိတတ်သော သဘောတရား (= ပဋိဝေဓ)ဟူသည်လည်း ပညာပင်တည်း။ ထိုအနုဗောဓ, သမ္ဗောဓ, ပဋိဝေဓအမည်ရသော ပညာသည် ထိုအတ္ထတ္ထ, ကာရဏကာရဏ, စတုသစ္စဓမ္မဟူသော အခြင်းအရာကို လျော်စွာသိတတ်၏၊ မဖောက်မပြန် အမှန်အတိုင်း သိတတ်၏၊ ထိုးထွင်း၍ သိတတ်၏။ သို့သော် အဝိဇ္ဇာသည်ကား ဖြစ်ပေါ်လာလတ်သော် ထိုအတ္ထတ္ထ, ကာရဏကာရဏ, စတုသစ္စဓမ္မဟူသော အခြင်းအရာကို လျော်စွာသိခြင်းငှာ, မဖောက်မပြန် အမှန်အတိုင်း သိခြင်းငှာ, ထိုးထွင်း၍ သိခြင်းငှာ, လျော်စွာသိခွင့်ကို မဖောက် မပြန် အမှန်အတိုင်း သိခွင့်ကို, ထိုးထွင်း၍ သိခွင့်ကို မပေးတတ်ပေ။ ထိုကြောင့် ယင်းအဝိဇ္ဇာသည် အနနုဗောဓ, အသမ္ဗောဓ, အပ္ပဋိဝေဓမည်၏။
၇။ အသင်္ဂါဟနာ --- သက်ဝင်တတ်သောသဘောတရား (= သင်္ဂါဟနာ)ဟူသည်လည်း ပညာပင်တည်း။ ထိုသင်္ဂါဟနာ အမည်ရသော ပညာသည်လည်း ထိုအတ္ထတ္ထ, ကာရဏကာရဏ, စတုသစ္စဓမ္မဟူသော အခြင်းအရာ သို့ သက်ဝင်၍ ပွတ်တိုက်၍ သိမ်းဆည်းတတ်၏ ရယူတတ်၏။ သို့သော် အဝိဇ္ဇာသည်ကား ဖြစ်ပေါ်၍ လာလတ် သော် ထိုအတ္ထတ္ထ, ကာရဏကာရဏ, စတုသစ္စဓမ္မဟူသော အခြင်းအရာသို့ သက်ဝင်၍ ပွတ်တိုက်၍ သိမ်းဆည်း ခြင်းငှာ ရယူခြင်းငှာ သိမ်းဆည်းနိုင်ခွင့် ရယူနိုင်ခွင့်ကို မပေးတတ်၊ ထိုကြောင့် ယင်းအဝိဇ္ဇာသည် အသင်္ဂါဟနာ မည်၏။
၈။ အပရိယောဂါဟနာ --- ထက်ဝန်းကျင် သက်ဝင်တတ်သော သဘောတရား (= ပရိယောဂါဟနာ) ဟူသည်လည်း ပညာပင်တည်း။ ထိုပရိယောဂါဟနာ အမည်ရသော ပညာသည် ထိုအတ္ထတ္ထ, ကာရဏကာရဏ, စတုသစ္စဓမ္မဟူသော အခြင်းအရာကို သက်ဝင်၍ အစဉ်အတိုင်း ဝင်၍ ရယူတတ်၏။ သို့သော် အဝိဇ္ဇာသည်ကား ဖြစ်ပေါ်လာလတ်သော် ထိုအခြင်းအရာကို သက်ဝင်၍ အစဉ်အတိုင်းဝင်၍ ရယူခြင်းငှာ ရယူခွင့်ကို မပေးတတ်ပေ။ ထိုကြောင့် ယင်းအဝိဇ္ဇာသည် အပရိယောဂါဟနာမည်၏။
၉။ အသမပေက္ခဏာ --- အညီအမျှ ရှုတတ်သော သဘောတရား (= သမပေက္ခဏာ)ဟူသည်လည်း ပညာပင်တည်း။ ထိုသမပေက္ခဏာအမည်ရသော ပညာသည် ထိုအတ္ထတ္ထ, ကာရဏကာရဏ, စတုသစ္စဓမ္မဟူသော အခြင်းအရာကို အညီအမျှလည်းကောင်း, ကောင်းစွာလည်းကောင်း ရှုတတ်၏။ သို့သော် အဝိဇ္ဇာသည်ကား ဖြစ်ပေါ်လာလတ်သော် ထိုအခြင်းအရာကို အညီအမျှလည်းကောင်း, ကောင်းစွာလည်းကောင်း ရှုခြင်းငှာ ရှုခွင့်ကို မပေးတတ်ပေ။ ထိုကြောင့် ယင်းအဝိဇ္ဇာသည် အသမပေက္ခဏာ မည်၏။
၁၀။ အပစ္စဝေက္ခဏာ --- တစ်ဖန်ရှုတတ်သော သဘောတရား (= ပစ္စဝေက္ခဏာ)ဟူသည်လည်း ပညာပင်တည်း။ ထိုပစ္စဝေက္ခဏာအမည်ရသော ပညာသည် ထိုအတ္ထတ္ထ, ကာရဏကာရဏ, စတုသစ္စဓမ္မဟူသော အခြင်းအရာကို တစ်ဖန် ရှုတတ်၏၊ သို့သော် အဝိဇ္ဇာသည်ကား ဖြစ်ပေါ်လာလတ်သော် ထိုအခြင်းအရာကို တစ်ဖန်ရှုခြင်းငှာ တစ်ဖန် ရှုခွင့်ကို မပေးတတ်ပေ၊ ထိုကြောင့် ယင်းအဝိဇ္ဇာသည် အပစ္စဝေက္ခဏာမည်၏။
၁၁။ အပစ္စက္ခကမ္မ --- ထိုအဝိဇ္ဇာ၏ မျက်မှောက်ပြုအပ်သော တစ်စုံတစ်ခုသော အမှုသည် မရှိ၊ အဝိဇ္ဇာဟူသော မိမိကိုယ်တိုင်လည်း မစူးစမ်း မဆင်ခြင်ဘဲ အလုပ်ကို ပြုလုပ်အပ်၏၊ ထိုကြောင့် ယင်းအဝိဇ္ဇာသည် အပစ္စက္ခကမ္မမည်၏။
၁၂။ ဒုမ္မေဇ္ဈ --- ယင်းအဝိဇ္ဇာသည် ပညာမရှိသူ၏ ဖြစ်ကြောင်းဖြစ်ရာ ဖြစ်သောကြောင့် ဒုမ္မေဇ္ဈမည်၏။
၁၃။ ဗာလျ --- မလိမ္မာသူ၏ ဖြစ်ကြောင်းဖြစ်ရာ လူမိုက်ဖြစ်ကြောင်းဖြစ်ရာ ဖြစ်သောကြောင့် ဗာလျမည်၏။
၁၄။ အသမ္ပဇည --- ကောင်းစွာ အပြားအားဖြင့် သိတတ်သောသဘောတရား (= သမ္ပဇည)ဟူသည်လည်း ပညာပင်တည်း။ ထိုသမ္ပဇညမည်သော ပညာသည် အတ္ထတ္ထ, ကာရဏကာရဏ, စတုသစ္စဓမ္မဟူသော မှန်ကန် သော အကျိုး, မှန်ကန်သော အကြောင်း, သစ္စာလေးပါးတို့ကို ကောင်းမွန်မှန်ကန်စွာ ကွဲကွဲပြားပြား သိတတ်၏၊ သို့သော် အဝိဇ္ဇာသည်ကား ဖြစ်ပေါ်လာလတ်သော် ထိုအတ္ထတ္ထ, ကာရဏကာရဏ, စတုသစ္စဓမ္မဟူသော အခြင်းအရာကို ကွဲကွဲပြားပြား သိခြင်းငှာ ကွဲကွဲပြားပြား သိခွင့်ကို မပေးတတ်ပေ။ ထိုကြောင့် ယင်းအဝိဇ္ဇာသည် အသမ္ပဇညမည်၏။
၁၅။ မောဟ, ၆။ ပမောဟ, ၇။ သမ္မောဟ --- ယင်း အဝိဇ္ဇာသည် တွေဝေခြင်း၏ အစွမ်းဖြင့် မောဟမည်၏၊ အားကြီးသော တွေဝေခြင်း၏ အစွမ်းဖြင့် ပမောဟမည်၏၊ ထက်ဝန်းကျင် တွေဝေခြင်း၏ အစွမ်းဖြင့် သမ္မောဟ မည်၏။
၁၈။ အဝိဇ္ဇာ --- ဝိန္ဒတီတိ ဝိဇ္ဇာ = မရထိုက်သော ဒုစရိုက်ကို မရဘဲ, ရထိုက်သော သုစရိုက်ကို ရတတ်သော ကြောင့် ဉာဏ်သည် ဝိဇ္ဇာမည်၏။ န+ဝိဇ္ဇာ = အဝိဇ္ဇာ = ဝိဇ္ဇာ၏ ဆန့်ကျင်ဘက်ဖြစ်သော မောဟသည် အဝိဇ္ဇာ မည်၏။
ဖြည့်ကျင့်ခြင်းငှာ မသင့်သည်၏ အဖြစ်ဟူသော အနက်သဘောကြောင့် (= ပြည့်လေ မကောင်းလေ ဖြစ်သောကြောင့်) ကာယဒုစရိုက်စသည့် မကောင်းမှုဟူသမျှသည် အဝိန္ဒိယမည်၏၊ မရထိုက်သော တရားမည်၏။ မောဟဟူသော သဘောတရားသည် ထိုမရထိုက်သော ကာယဒုစရိုက်စသော မကောင်းမှုကို ရတတ်သည်၏ အဖြစ်ကြောင့် အဝိဇ္ဇာမည်၏။ ထိုအဝိန္ဒိယ၏ ပြောင်းပြန်အားဖြင့် ကာယသုစရိုက်စသော ကောင်းမှုသည် ရထိုက်သောကြောင့် ဝိန္ဒိယမည်၏။ မောဟသဘောတရားသည် ထိုရထိုက်သော ကာယသုစရိုက်စသော ကောင်းမှုကို မရတတ်သည်၏ အဖြစ်ကြောင့် အဝိဇ္ဇာမည်၏။
ယင်းမောဟသည် ခန္ဓာတို့၏အစုဟူသော အနက်ကိုလည်းကောင်း, စက္ခုစသော အာယတနတို့၏ မိမိ၌ မှီသော စက္ခုဝိညာဏ် အစရှိသော တရားတို့ကို ဖြစ်စေတတ်သည်၏ အဖြစ်ဟူသော အနက်ကိုလည်းကောင်း, ဓာတ်တို့၏ သတ္တ အတ္တဇီဝမှ ကင်းဆိတ်သည်၏အဖြစ်ဟူသော အနက်ကိုလည်းကောင်း, သစ္စာတို့၏ မှန်ကန်သည် ၏အဖြစ်ဟူသော အနက်ကိုလည်းကောင်း, ဣန္ဒြေတို့၏ အကြီးအကဲ၏အဖြစ်ဟူသော အနက်ကိုလည်းကောင်း မသိအောင် ပြုလုပ်တတ်၏၊ ထိုကြောင့် ထိုမောဟသည် အဝိဇ္ဇာမည်၏။
ဒုက္ခသစ္စာစသည်တို့၏ ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အညှဉ်းပန်း အနှိပ်စက်ခံရခြင်း ပီဠနသဘော အစရှိသည်တို့၏ အဖြစ်ဖြင့် ဖွင့်ဆိုထားအပ်သော (၄)မျိုး, (၄)မျိုးပြားသော သစ္စာအနက် (၁၆)ချက်ကို မသိအောင် ပြုလုပ်တတ်သောကြောင့် မောဟသည် အဝိဇ္ဇာမည်၏။
ဒီဃော ဗာလာန သံသာရော (ခု၊၁၊၂၂။ ဓမ္မပဒ။) --- ဟူသည်နှင့် အညီ အဝိဇ္ဇာအားကြီးသော လူမိုက်များ အတွက် သံသရာသည် အဆုံးမရှိ ရှည်လျားလှ၏။ ယင်းသို့ အဆုံးမှကင်းသော သံသရာ၌ အလုံးစုံသော ယောနိ, အလုံးစုံသော ဂတိ, အလုံးစုံသော ဘဝ, အလုံးစုံသော ဝိညာဏဋ္ဌိတိ, အလုံးစုံသော သတ္တာဝါသတို့၌ သတ္တဝါတို့ကို သွားစေတတ်သောကြောင့် မောဟသည် အဝိဇ္ဇာမည်၏။
ပရမတ်အားဖြင့် ထင်ရှား မရှိကုန်သော မိန်းမ ယောက်ျားစသော ပညတ်တို့၌ ဖြစ်တတ်သောကြောင့်, ပရမတ်အားဖြင့် ထင်ရှား ရှိသည်လည်း ဖြစ်ကုန်သော ခန္ဓာစသော တရားတို့၌ မဖြစ်တတ်သောကြောင့် မောဟသည် အဝိဇ္ဇာမည်၏။
စက္ခုဝိညာဏ်စသည်တို့၏ ဝတ္ထုအာရုံ ဖြစ်ကုန်သော တရားတို့ကိုလည်းကောင်း အဝိဇ္ဇာအစရှိသော အကြောင်း ပဋိစ္စသမုပ္ပါဒ်, သင်္ခါရအစရှိကုန်သော အကျိုး ပဋိစ္စသမုပ္ပါဒ်ဖြစ်ကုန်သော တရားတို့ကိုလည်းကောင်း ဖုံးလွှမ်းတတ်သည်၏ အဖြစ်ကြောင့်လည်း အဝိဇ္ဇာမည်၏။
၁၉။ အဝိဇ္ဇောဃ --- သံသရာဝဋ်ဆင်းရဲ၌ နှစ်သက်တတ်၏၊ နစ်မြုပ်စေတတ်၏၊ ထိုကြောင့် အဝိဇ္ဇောဃမည်၏။
၂၀။ အဝိဇ္ဇာယောဂ --- သံသရာဝဋ်ဆင်းရဲ၌ ယှဉ်စေတတ်သောကြောင့် အဝိဇ္ဇာယောဂမည်၏။
၂၁။ အဝိဇ္ဇာနုသယ --- အရိယမဂ်ဖြင့် မပယ်သတ်အပ်သေးသည်၏ အဖြစ်ကြောင့်လည်းကောင်း, အဖန်ဖန် အထပ်ထပ် ဖြစ်ခြင်းကြောင့်လည်းကောင်း အဝိဇ္ဇာနုသယမည်၏။
၂၂။ အဝိဇ္ဇာပရိယုဋ္ဌာန --- လမ်းခရီး၌ ထကြွ သောင်းကျန်းကုန်သော ခိုးသားဓားပြတို့သည် ခရီးသွားသူတို့ကို လုယက်ကုန်သကဲ့သို့ ထို့အတူ ကုသိုလ်စိတ်ကို လုယူတတ်သောကြောင့် ယူဆောင်သွားတတ်သောကြောင့် လုယက်တတ်သောကြောင့် အဝိဇ္ဇာပရိယုဋ္ဌာနမည်၏။
၂၃။ အဝိဇ္ဇာလင်္ဂီ --- မြို့တံခါးပေါက်၌ ပလိဃဟု ခေါ်ဆိုအပ်သော တံခါးကျည်သည် ကျပြီးလတ်သော် (= တံခါးကျည်ကို ချအပ်ပြီးလတ်သော်) မြို့တွင်း၌ တည်နေကြသော လူတို့၏ မြို့ပြင်သို့ သွားခြင်းသည် လည်းကောင်း, မြို့ပြင်၌ တည်နေကြကုန်သော လူတို့၏ မြို့တွင်းသို့ ဝင်ခြင်းသည်လည်းကောင်း ပြတ်စဲသကဲ့သို့ ဤဥပမာအတူပင်လျှင် --- အကြင်ပုဂ္ဂိုလ်၏ ပရမတ်အားဖြင့် ထင်ရှားရှိသော ခန္ဓာ (၅)ပါးတို့၏ အပေါင်းအစု ဟူသော သက္ကာယမြို့၌ ဤအဝိဇ္ဇာတံခါးကျည် (= မင်းတုပ်)သည် ကျနေ၏ ချထားပြီး ဖြစ်၏၊ ထိုပုဂ္ဂိုလ်၏ နိဗ္ဗာန်သို့ ရောက်စေနိုင် သော ဉာဏ်၏ သွားခြင်းသည် ပြတ်စဲ၍ သွားလေ၏၊ ထိုကြောင့် အဝိဇ္ဇာသည် လင်္ဂီမည်၏။
၂၄။ မောဟ --- ပရမတ္ထဓမ္မသဘာဝမှန်ကို မသိမှုသဘော ---
၂၅။ အကုသလမူလ --- ယင်းမောဟသည် အကုသိုလ်လည်း ဟုတ်၏၊ အကုသိုလ်တရားတို့၏ အရင်းအမြစ် မူလလည်း ဟုတ်၏၊ ထိုကြောင့် ထိုမောဟသည် အကုသလမူလ မည်၏။ တစ်နည်း အကုသိုလ်ဖြစ်ကုန်သော စိတ်စေတသိက်တို့၏ အရင်းအမြစ် မူလဖြစ်သောကြောင့် အကုသလမူလ မည်၏။
ထိုအကုသလမူလဟူသည် မောဟမှ အခြားတစ်ပါးသော တရားကားမဟုတ်၊ ဤအဝိဇ္ဇာကို အကျယ် ပြဆိုရာအပိုင်း၌ အဝိဇ္ဇာဟု အလိုရှိအပ်သော တရားမှာ မောဟပင် ဖြစ်သည်။ ထိုကြောင့် မောဟသည် အကုသလမူလတရားတည်း။ အကုသိုလ်တို့၏ အရင်းအမြစ်တည်း။
ဤသို့ လက္ခဏာရှိသော ဤသဘောတရားကို အဝိဇ္ဇာမည်၏ဟူ၍ ဆိုအပ်၏၊ ဤသို့လျှင် (၂၅)ပါးသော ပုဒ်တို့၏ အပြားအားဖြင့် အဝိဇ္ဇာ၏ မှတ်သားထိုက်သော သဘောလက္ခဏာကို သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၂၊၁၃၂-၁၃၃။)
အဝိဇ္ဇာ၏ စွမ်းအင်
တစ်ဖန် ဤသို့သော လက္ခဏာရှိသော ဤအဝိဇ္ဇာသည်ကား ဒုက္ခသစ္စာစသော သစ္စာ (၄)ပါးတို့၌ သိတတ်သော ဉာဏ်၏ ဆန့်ကျင်ဘက် မောဟတည်း။ ဤသို့ဆိုအပ်ပြီးသည် ဖြစ်ပါသော်လည်း ဤအဝိဇ္ဇာကား တရားကိုယ်အားဖြင့် ဒုက္ခသစ္စာတွင် ပါဝင်သော မောဟဖြစ်သောကြောင့် ဒုက္ခသစ္စာ၏ တစ်စိတ်တစ်ဖို့ ဖြစ်၏။ ဒုက္ခသစ္စာနှင့် အတူတကွ ဖြစ်၏။ ထိုဒုက္ခသစ္စာကို အာရုံပြုနိုင်၏၊ ထိုဒုက္ခသစ္စာကို မသိအောင် ဖုံးလွှမ်းနိုင်၏။
သမုဒယသစ္စာ၏ အစိတ်အပိုင်းတစ်ခု (= တစ်စိတ်တစ်ဖို့)ကား မဟုတ်။ (တဏှာကိုသာ သမုဒယသစ္စာဟု ကောက်ယူထားသောကြောင့် ဖြစ်၏။) လောဘမူစိတ် ဖြစ်ခိုက်၌ အဝိဇ္ဇာနှင့် တဏှာတို့သည် စိတ္တက္ခဏတစ်ခု အတွင်း၌ အတူယှဉ်တွဲ ဖြစ်နိုင်ကြသဖြင့် ဒုက္ခသစ္စာအမည်ရသော ယင်းအဝိဇ္ဇာသည် သမုဒယသစ္စာအမည်ရသော တဏှာနှင့် အတူတကွ ဖြစ်၏၊ ထိုသမုဒယသစ္စာကို အာရုံပြုနိုင်၏၊ ထိုသမုဒယသစ္စာကို မသိအောင် ဖုံးလွှမ်းနိုင်၏။
ယင်းအဝိဇ္ဇာသည် နိရောဓသစ္စာ၏ တစ်စိတ်တစ်ဖို့လည်း မဟုတ်ပေ၊ နိရောဓသစ္စာနှင့် အတူတကွလည်း မဖြစ်ပေ။ ထိုနိရောဓသစ္စာကို အာရုံမပြုနိုင်၊ ထိုနိရောဓသစ္စာကို မသိအောင် သက်သက် ဖုံးလွှမ်းနိုင်၏။
မဂ္ဂသစ္စာ၏လည်း တစ်စိတ်တစ်ဒေသ မဟုတ်၊ မဂ္ဂသစ္စာနှင့် အတူတကွ မဖြစ်၊ ထိုမဂ္ဂသစ္စာကို အာရုံ မပြုနိုင်။ ထိုမဂ္ဂသစ္စာကို မသိအောင် သက်သက် ဖုံးလွှမ်းထားနိုင်၏။
ဒုက္ခသစ္စာဟူသော အာရုံရှိသည်၏အဖြစ်ဖြင့် အဝိဇ္ဇာသည် ဖြစ်ပေါ်လာ၏၊ ထိုဒုက္ခသစ္စာကိုလည်း မသိအောင် ဖုံးလွှမ်းနိုင်၏။ သမုဒယသစ္စာဟူသော အာရုံရှိသည်၏အဖြစ်ဖြင့် အဝိဇ္ဇာသည် ဖြစ်ပေါ်လာ၏၊ ထိုသမုဒယသစ္စာကိုလည်း မသိအောင် ဖုံးလွှမ်းထားနိုင်၏။ နိရောဓသစ္စာဟူသော အာရုံရှိသည်၏အဖြစ်ဖြင့် အဝိဇ္ဇာသည် ဖြစ်ပေါ်၍မလာ။ ထိုနိရောဓသစ္စာကိုကား မသိအောင် ဖုံးလွှမ်းထားနိုင်၏။ မဂ္ဂသစ္စာဟူသော အာရုံရှိသည်၏အဖြစ်ဖြင့် အဝိဇ္ဇာသည် ဖြစ်ပေါ်၍မလာ၊ သို့သော် ထိုမဂ္ဂသစ္စာကိုကား မသိအောင် ဖုံးလွှမ်း ထားနိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၁၃၃။)
ဒုက္ခသစ္စာ သမုဒယသစ္စာ (၂)ပါးတို့သည် မြင်နိုင်ခဲကုန်သည်၏ အဖြစ်ကြောင့် နက်နဲကုန်၏။ နိရောဓသစ္စာ မဂ္ဂသစ္စာတရား (၂)ပါးတို့သည် သဘောအားဖြင့် နက်နဲကုန်သည်၏အဖြစ်ကြောင့် မြင်နိုင်ခဲကုန်၏။ သည်မျှသာ မကသေး --- ဒုက္ခနိရောဓအရိယသစ္စာသည် နက်လည်းနက်နဲ၏ မြင်လည်း မြင်နိုင်ခဲ၏။ ထိုသစ္စာတို့တွင် ဒုက္ခမည်သည်ကား ထင်ရှား၏၊ ထိုသို့ပင် ထင်ရှားပါသော်လည်း ဒုက္ခသစ္စာအမည်ရသော ပရမတ္ထဓာတ်သား အသီးအသီးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာနှင့် သာမညလက္ခဏာကိုကား မြင်နိုင်ခဲသည့် အတွက်ကြောင့် နက်နဲသည် မည်ခြင်းဖြစ်ပေသည်။ သမုဒယသစ္စာ၌လည်း ဤနည်းပင်တည်း။
နို့ဓမ်းကို ဒလက်ဖြင့် မွှေ၍ ဆီဦး အမည်ရသော အဆီကို ထုတ်ယူရသကဲ့သို့ မဟာသမုဒ္ဒရာကို မွှေတံဖြင့် မွှေ၍ အဆီဩဇာကို ထုတ်ဆောင်ရခြင်း မည်သည် အလွန်ဝန်လေးဖွယ် ဖြစ်သကဲ့သို့လည်းကောင်း, မြင်းမိုရ်တောင်ခြေမှ သဲကို ထုတ်ဆောင်ယူရခြင်း မည်သည် အလွန်ဝန်လေးဖွယ် ဖြစ်သကဲ့သို့လည်းကောင်း, မြင်းမိုရ်တောင်ကို ညှစ်၍ ရသရည်ကို ထုတ်ဆောင်ယူရခြင်း မည်သည် အလွန်ဝန်လေးဖွယ် ဖြစ်သကဲ့သို့ လည်းကောင်း --- ဤဥပမာအတူပင်လျှင် ---
နိရောဓသစ္စာ မဂ္ဂသစ္စာတရား (၂)ပါးတို့သည်ကား နက်နဲကုန်သည်၏အဖြစ်ကြောင့်ပင်လျှင် မြင်နိုင်ခဲ ကုန်၏။ နိရောဓသစ္စာသည်ကား မဂ္ဂသစ္စာထက် သာလွန်၍ နက်နဲသည်လည်းကောင်း, မဂ္ဂသစ္စာထက်သာလွန်၍ မြင်နိုင်ခဲသည်လည်းကောင်း ဖြစ်၏။
ဤသို့လျှင် မြင်နိုင်ခဲကုန်သည်၏ အဖြစ်ကြောင့် နက်နဲကုန်သော, နက်နဲကုန်သည်၏ အဖြစ်ကြောင့် မြင်နိုင်ခဲကုန်သော အရိယသစ္စာလေးပါးတို့ကို ဖုံးလွှမ်းတတ်သော မောဟတည်းဟူသော အမိုက်တိုက်ဖြစ်သော ဤသဘောတရားကို အဝိဇ္ဇာဟူ၍ ဆိုအပ်၏။ (အဘိ၊ဋ္ဌ၊၂၊၁၃၄။)
သတိ --- ဤပဋိစ္စသမုပ္ပါဒ် ပထမနည်းစသည့် ပဋိစ္စသမုပ္ပါဒ်တရားတို့ကို လေ့လာဆည်းပူးလိုသော အသင်သူတော်ကောင်းသည် ဤပဋိစ္စသမုပ္ပါဒ်ပိုင်း အစတွင် ရေးသားတင်ပြခဲ့သော ပဋိစ္စသမုပ္ပါဒ် ဝိဘင်း ပါဠိတော်ကြီးနှင့် နိဿယအနက်တို့ကို ပြန်လည်၍ အာရုံယူထားပါ။ သို့မှသာလျှင် ရေးသားတင်ပြလတ္တံ့သော အကြောင်းအရာတို့ကို ကောင်းမွန်စွာ နားလည်သဘောပေါက်နိုင်မည်၊ ရှုကွက်ကိုလည်း ရှုတတ်မည်ဖြစ်သည်။
__________