မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာနဂါမိနိပဋိပဒါ-တတိယတွဲ/ပဋိသန္ဓေအကြောင်း သိကောင်းစရာ

ဝီကီရင်းမြစ် မှ
5494နိဗ္ဗာနဂါမိနိပဋိပဒါ-တတိယတွဲပဋိသန္ဓေအကြောင်း သိကောင်းစရာဖားအောက်တောရဆရာတော်

ပဋိသန္ဓေအကြောင်း သိကောင်းစရာ

ပဋိသန္ဓေအမျိုးအစားနှင့် ထိုက်သင့်ရာ ဘုံဌာန

အတိတ်အဆက်ဆက် အနာဂတ်အဆက်ဆက်တို့၌ အကြောင်းတရားနှင့် အကျိုးတရားတို့ကို သိမ်းဆည်း ရာဝယ် ပဋိသန္ဓေအကြောင်းအရာများကိုလည်း သိထားသင့်ပေသည်။ သို့မှသာလျှင် မည်သည့်ဘဝ၌ မည်သည့် ပဋိသန္ဓေ အမျိုးအစားမျိုး ဖြစ်ခဲ့သည် စိတ်စေတသိက် မည်ရွေ့မည်မျှ ရှိသည် ---- မည်သည့်ကံကြောင့် ဖြစ်ပေါ် လာရသည်ဟူသော အချက်တို့ကို တိတိကျကျ သိရှိနိုင်မည် သိမ်းဆည်းနိုင်မည် ဖြစ်ပေသည်။

၁။ ပဋိသန္ဓေတို့သည် အဘယ်မျှ ရှိကုန်သနည်း။

၂။ ပဋိသန္ဓေစိတ်တို့သည် အဘယ်မျှ ရှိကုန်သနည်း။

၃။ အဘယ်စိတ်ဖြင့် အဘယ်ဘဝ၌ ပဋိသန္ဓေ တည်နေရသနည်း။

၄။ ပဋိသန္ဓေ၏ အာရုံသည်ကား အဘယ်နည်း။

၁။ အသညသတ် ပဋိသန္ဓေနှင့်တကွ ပဋိသန္ဓေ အမျိုးအစား (၂၀)ရှိ၏။

၂။ ပဋိသန္ဓေစိတ်တို့သည် (၁၉)မျိုး ရှိကြ၏။

(က) အကုသလဝိပါက် အဟိတ် မနောဝိညာဏဓာတ် = အဟိတ် အကုသလဝိပါက် ဥပေက္ခာသန္တီရဏ စိတ် တစ်ခု။

( ခ ) ကုသလဝိပါက် အဟိတ် မနောဝိညာဏဓာတ် = အဟိတ် ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ် တစ်ခု။

( ဂ ) မဟာဝိပါက်စိတ် ရှစ်ခု။

(ဃ) ရူပါဝစရဝိပါက်စိတ် ငါးခု။ (ပဉ္စကနည်း။)

( င ) အရူပါဝစရဝိပါက်စိတ် လေးခု။

အားလုံးပေါင်းသော် ပဋိသန္ဓေစိတ်အမျိုးအစား (၁၉)မျိုး ရှိ၏။

၃။ ထို (၁၉)မျိုးသော ပဋိသန္ဓေစိတ်တို့တွင် ----

(က) အကုသလဝိပါက် အဟိတ် မနောဝိညာဏဓာတ် အမည်ရသော အဟိတ် အကုသလဝိပါက် ဥပေက္ခာ သန္တီရဏစိတ်ဖြင့် အပါယ်လေးဘုံတို့၌ ပဋိသန္ဓေတည်နေရ၏။ အသင်သူတော်ကောင်းသည် အကယ်၍ အတိတ်ဘဝတစ်ခုတွင် အပါယ်လေးဘုံတွင် တစ်ဘုံဘုံ၌ ဖြစ်ခဲ့ရဖူးသည် ဖြစ်ငြားအံ့၊ ထိုပဋိသန္ဓေသည် အပါယ်ပဋိသန္ဓေမှန်ခဲ့လျှင် နာမ်တရား (၁၁)လုံး ရှိပေမည်။ (နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ပြန်ကြည့်ပါ။)

( ခ ) ကုသလဝိပါက် အဟိတ် မနောဝိညာဏဓာတ် အမည်ရသော အဟိတ် ကုသလဝိပါက် ဥပေက္ခာ သန္တီရဏစိတ်ဖြင့် လူ့ပြည် လူ့လောက၌ ပဋိသန္ဓေအားဖြင့် စက္ခုချို့တဲ့သောသူ, ပဋိသန္ဓေအားဖြင့် သောတချို့တဲ့သောသူ, ပဋိသန္ဓေအားဖြင့် ရူးသောသူ, ပဋိသန္ဓေအားဖြင့် ဆွံ့အသောသူ, နပုံးပဏ္ဍုက် စသူတို့သည် ပဋိသန္ဓေတည်နေရကုန်၏။

( ဂ ) သဟိတ် ကာမာဝစရဝိပါက် = မဟာဝိပါက်စိတ် (၈)မျိုးတို့ဖြင့် ကာမာဝစရနတ်ပြည် (၆)ထပ်တို့၌ လည်းကောင်း, လူ့ပြည်လောကတို့၌လည်းကောင်း ဘုန်းကံကြီးမားသောသူတို့သည် ထိုက်သလို ပဋိသန္ဓေတည်နေရကုန်၏။

(ဃ) ရူပါဝစရဝိပါက် ငါးမျိုးတို့ဖြင့် ရူပါဝစရဗြဟ္မာဘုံ၌ ထိုက်သလို ပဋိသန္ဓေတည်နေကြကုန်၏။

( င ) အရူပါဝစရဝိပါက် လေးမျိုးတို့ဖြင့် အရူပဗြဟ္မာ့ပြည်၌ ထိုက်သလို ပဋိသန္ဓေတည်နေကြရကုန်၏။

အကြင် ပဋိသန္ဓေစိတ်ဖြင့် အကြင်ဘုံ၌ ပဋိသန္ဓေတည်နေရ၏၊ ထိုပဋိသန္ဓေသည်ပင်လျှင် ထိုပဋိသန္ဓေစိတ်အားလျော်သော ပဋိသန္ဓေမည်၏။ (ဝိသုဒ္ဓိ၊၂၊၁၈၀-၁၈၁။)

၄။ တစ်နည်း ပဋိသန္ဓေ၏ အာရုံ (၃) မျိုး

(က) အတိတ်ဖြစ်သော အာရုံ,

( ခ ) ပစ္စုပ္ပန်ဖြစ်သော အာရုံ,

( ဂ ) အတိတ် ပစ္စုပ္ပန်ဟု မဆိုထိုက်သော ပညတ်အာရုံ,

ဤသို့လျှင် ပဋိသန္ဓေစိတ်၏ အာရုံတို့သည် သုံးမျိုးတို့ ရှိကြ၏။ အသညသတ်ပဋိသန္ဓေကား ဇီဝိတနဝက ကလာပ်ရုပ်ဟူသော ရုပ်ပဋိသန္ဓေမျှသာ ဖြစ်သဖြင့် ရုပ်တရားတို့မည်သည် အာရုံကို မယူတတ်သည့် အနာရမ္မဏ တရားသာ ဖြစ်ခြင်းကြောင့် အသညသတ်ပဋိသန္ဓေကား အာရုံမရှိဟု မှတ်ပါ။ ထိုပဋိသန္ဓေ၏ အာရုံသုံးမျိုး တို့တွင် ----

၁။ အတိတ်အာရုံ ---- ဝိညာဏဉ္စာယတနပဋိသန္ဓေနှင့် နေဝသညာနာသညာယတနပဋိသန္ဓေတို့၏ အာရုံသည် အတိတ်အာရုံသာလျှင် ဖြစ်၏။ ဝိညာဏဉ္စာယတနပဋိသန္ဓေကား ဝိညာဏဉ္စာယတနစျာန်ကုသိုလ်ကြောင့် ဖြစ်ပေါ်လာရသော ပဋိသန္ဓေ ဖြစ်၏။ ဝိညာဏဉ္စာယတနစျာန်ကုသိုလ်သည် ပထမာရုပ္ပဝိညာဏ်ဟု ခေါ်ဆိုသော အာကာသာနဉ္စာယတနဝိညာဏ်ကို အာရုံပြု၏။ အလားတူပင် ဝိညာဏဉ္စာယတန ပဋိသန္ဓေစိတ်သည်လည်း ယင်းအာကာသာနဉ္စာယတနဝိညာဏ်ကိုပင် အာရုံပြုပေသည်။ ထိုအာကာသာနဉ္စာယတနဝိညာဏ်ကား ဝိညာဏဉ္စာယတနဝိညာဏ် မဖြစ်ခင်က ဖြစ်ခဲ့သော ဝိညာဏ်ဖြစ်သဖြင့် အတိတ်တရားသာလျှင် ဖြစ်၏။ အလားတူပင် နေဝသညာနာသညာယတနဝိညာဏ်သည်လည်း တတိယာရုပ္ပဝိညာဏ်ဟူသော အာကိဉ္စညာယတနဝိညာဏ်ကို အာရုံပြု၏။ ယင်းအာကိဉ္စညာယတနဝိညာဏ်သည်လည်း နေဝသညာနာသညာယတန ဝိညာဏ် မဖြစ်ခင်က ဖြစ်ခဲ့သော အတိတ်တရားသာတည်း။ ထိုကြောင့် နေဝသညာနာသညာယတနကုသိုလ်ကြောင့် ဖြစ်ပေါ်လာရ သော နေဝသညာနာသညာယတနဝိပါက် ပဋိသန္ဓေစိတ်သည်လည်း ထိုအတိတ်ဖြစ်သော အာကိဉ္စညာယတန ကုသိုလ်ကိုပင် အာရုံပြုပေသည်။ ထိုကြောင့် ----

က။ ဝိညာဏဉ္စာယတနပဋိသန္ဓေ၏ အာရုံသည် အာကာသာနဉ္စာယတနကုသိုလ်ဟူသော အတိတ်မဟဂ္ဂုတ် ကမ္မနိမိတ်အာရုံတည်း။

ခ။ နေဝသညာနာသညာယတနပဋိသန္ဓေ၏ အာရုံသည် အာကိဉ္စညာယတနကုသိုလ်ဟူသော အတိတ် မဟဂ္ဂုတ် ကမ္မနိမိတ်အာရုံတည်း။

၂။ အတိတ်နှင့် ပစ္စုပ္ပန်အာရုံ ---- အဟိတ် ကုသလဝိပါက် ဥပေက္ခာသန္တီရဏ+အဟိတ် အကုသလဝိပါက် ဥပေက္ခာသန္တီရဏ+မဟာဝိပါက်ရှစ်ပါး ---- ဟူသော ကာမာဝစရပဋိသန္ဓေ (၁၀)မျိုးတို့၏ အာရုံကား အတိတ် အာရုံလည်း ဖြစ်နိုင်၏။ ပစ္စုပ္ပန်အာရုံလည်း ဖြစ်နိုင်၏။

၃။ ပညတ်အာရုံ = နဝတ္တဗ္ဗာရုံ ---- ရူပါဝစရပဋိသန္ဓေငါးမျိုး, အာကာသာနဉ္စာယတနပဋိသန္ဓေ, အာကိဉ္စညာ ယတနပဋိသန္ဓေ ---- ဤပဋိသန္ဓေ (၇)မျိုးတို့၏ အာရုံကား အတိတ် ပစ္စုပ္ပန်ဟူ၍ မဆိုထိုက်သော ပညတ်အာရုံ တည်း။ (အဘိ၊ဋ္ဌ၊၂၊၁၄၉။ ဝိသုဒ္ဓိ၊၂၊၁၈၁။)

ဆက်၍ ဆိုပေဦးအံ့ ---- ဤသို့လျှင် သုံးမျိုးကုန်သော အာရုံတို့၌ ထိုက်သလို အာရုံပြု၍ ဖြစ်ပေါ်လာသော ပဋိသန္ဓေသည် အတိတ်တရားလျှင် အာရုံရှိသည်မူလည်းဖြစ်သော, အတိတ် ပစ္စုပ္ပန်ဟု မဆိုထိုက်သော ပညတ် တရားလျှင် အာရုံရှိသည်မူလည်း ဖြစ်သော စုတိစိတ်၏ အခြားမဲ့၌သာလျှင် ဖြစ်ပေါ်လာ၏။ ပစ္စုပ္ပန်တရားလျှင် အာရုံရှိသော စုတိစိတ်မည်သည် မရှိကောင်းသောကြောင့် ဖြစ်၏။ ထိုကြောင့် အတိတ်တရား ပညတ်တရားဟူ သော နှစ်မျိုးသောအာရုံတို့တွင် အမှတ်မထား တစ်မျိုးမျိုးသောတရားလျှင် အာရုံရှိသော စုတိစိတ်၏ အခြားမဲ့၌ အတိတ် ပစ္စုပ္ပန် ပညတ်ဟူသော အာရုံသုံးမျိုးတို့တွင် အမှတ်မထား တစ်မျိုးမျိုးသောတရားလျှင် အာရုံရှိသော ပဋိသန္ဓေ၏ သုဂတိပဋိသန္ဓေ ဒုဂ္ဂတိပဋိသန္ဓေ၏ အစွမ်းဖြင့် ဖြစ်ပုံအခြင်းအရာကို သိသင့်ပေသည်။ (အဘိ၊ဋ္ဌ၊၂၊၁၄၉။ ဝိသုဒ္ဓိ၊၂၊၁၈၁။)

ကာမသုဂတိမှ ဒုဂ္ဂတိသို့ ဖြစ်ပုံအခြင်းအရာ

ဖြစ်ပုံအခြင်းအရာဟူသည် အဘယ်နည်း? ----

ရှေးဦးစွာ ကာမသုဂတိမှ ဒုဂ္ဂတိသို့ သွားပုံအခြင်းအရာကို ဆိုပေအံ့ ---- ကာမသုဂတိဘုံ၌ တည်နေသော မကောင်းမှု အကုသိုလ်ကံရှိသော မကောင်းမှု အကုသိုလ်ကံကို ပြုစုပျိုးထောင်ထားသော ပုဂ္ဂိုလ်သည် တာနိဿ တသ္မိံ သမယေ ဩလမ္ဗန္တိ = ထိုရှေး၌ ပြုအပ်ကုန်ပြီးသော အကုသိုလ်ကံတို့သည် ထိုနီးကပ်သော သေခြင်းတရား ရှိနေသော ပုဂ္ဂိုလ်အား ထိုသေအံ့ဆဲဆဲအခါ၌ ညနေချမ်းအခါဝယ် ကြီးစွာသော တောင်ထွဋ်တို့၏ အရိပ်သည် တောင်၏ အနောက်ဘက်၌ တည်ရှိသော နေရောင်ခြည်၏ စွမ်းအားကြောင့် တောင်၏ အေ့ရှဘက်မြေပြင်၌ လွှမ်းခြုံထားသကဲ့သို့ တွဲရရွဲဆွဲကုန်သကဲ့သို့ မနောဒွါရ၌ လွှမ်းမိုးလျက် တွဲရရွဲဆွဲသကဲ့သို့ ထင်ပေါ်ကုန်၏---- (မ၊၁၊၂၀၃။) ဤသို့စသော စကားတော်ကို ဘုန်းတော်ကြီးမြတ်တော်မူသော သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်သည် ဟောကြားထားတော်မူခြင်းကြောင့် သေရာညောင်စောင်းထက်၌ လျောင်းစက်စဉ် အကြင် အကြင် ဆည်းပူးအပ်ပြီး သော ပြုစုပျိုးထောင်အပ်ပြီးသော မကောင်းမှု အကုသိုလ်ကံသည်သော်လည်းကောင်း ကမ္မနိမိတ်သည်သော် လည်းကောင်း = (ကံ၏ အာရုံဖြစ်သော တုတ်, လှံတန်, ဓား, လှံ, လေးမြား, သားကောင် သားတစ် အရိုးစုစသော အာရုံသည်သော်လည်းကောင်း) မနောဒွါရ၌ ထင်ခြင်းသို့ ရောက်ရှိလာ၏၊ ရှေးရှူ ကျရောက်လာ၏။ ထိုထင်လာ သော ရှေးရှူ ကျရောက်လာသော ကံ ကမ္မနိမိတ် အာရုံတစ်မျိုးမျိုးကို အာရုံပြု၍ ဖြစ်ပေါ်လာသော ----

(က) တဒါရုံအဆုံးရှိသော ဇောဝီထိ၏သော်လည်းကောင်း,

( ခ ) တဒါရုံမဖက် သက်သက်သော ဇောဝီထိ၏သော်လည်းကောင်း,

အခြားမဲ့၌ ဘဝင်၏အာရုံကို အာရုံပြု၍ စုတိစိတ်သည် ဖြစ်ပေါ်လာ၏။ [တစ်ဘဝ၌ ပဋိသန္ဓေ ဘဝင် စုတိတို့မှာ အာရုံတူမြဲ ဖြစ်သောကြောင့် ဘဝင်၏ အာရုံကို အာရုံပြု၍ စုတိစိတ်ဖြစ်ပေါ်လာ၏ဟု ဖွင့်ဆိုခြင်း ဖြစ်သည်။ ဤစကားရပ်များဖြင့် တဒါရုံနောင် စုတိကျသော ဝါရ, ဇောနောင် စုတိကျသော ဝါရတို့ကို ဖော်ပြ၏။ ေ့ရှပိုင်းတွင် တဒါရုံနောင် ဘဝင်ကျ၍ ဘဝင်နောင် စုတိကျသော ဝါရ, ဇောနောင် ဘဝင်ကျ၍ ဘဝင်နောင် စုတိကျသော ဝါရများကို ဖော်ပြခဲ့ပြီးပြီ။]

ထိုစုတိစိတ်သည် ချုပ်ပြီးလတ်သော် မရဏာသန္န သေခါနီးအခါဝယ် မနောဒွါရ၌ ထင်လာသော ရှေးရှူကျခြင်းသို့ ရောက်ရှိလာသော ထိုမရဏာသန္နဇောဝီထိ၏ပင်လျှင် အာရုံဖြစ်သော ထိုကံအာရုံကိုပင်သော် လည်းကောင်း, ထိုကမ္မနိမိတ်အာရုံကိုပင်သော်လည်းကောင်း အာရုံပြု၍ အရိယမဂ်တရားဖြင့် မပယ်ဖြတ်အပ် သေးသော အဝိဇ္ဇာ တဏှာစသော ကိလေသာတို့၏ စွမ်းအားသည် ညွတ်စေအပ်သော အပါယ်ဒုဂ္ဂတိဘုံ၌ အကျုံးဝင်သော ပဋိသန္ဓေစိတ်သည် ဖြစ်ပေါ်လာ၏။ ဤသည်ကား အတိတ်တရားလျှင် အာရုံရှိသော စုတိ၏ အခြားမဲ့၌ဖြစ်သော အတိတ်တရားလျှင် အာရုံရှိသော ပဋိသန္ဓေတည်း။ (အဘိ၊ဋ္ဌ၊၂၊၁၄၉။ ဝိသုဒ္ဓိ၊၂၊၁၈၁။)

အနုပစ္ဆိန္နကိလေသဗလဝိနာမိတံ ---- အဝိဇ္ဇာ တဏှာအစရှိသော ကိလေသာတို့ကို အရိယမဂ်တရားဖြင့် မပယ်ဖြတ်အပ်ကုန်မီသာလျှင် ကံအစရှိသော အာရုံတစ်မျိုးမျိုး၏ မနောဒွါရ၌ သေခါနီးကာလဝယ် ထင်လာ ခြင်းသည် ဖြစ်နိုင်၏။ ထိုကံစသော အာရုံသုံးမျိုးတို့တွင် တစ်မျိုးမျိုးကိုသာလျှင် အာရုံပြု၍ စိတ်အစဉ်၏ ဘဝသစ် ဟူသော ဘဝတစ်ပါး၌ ညွတ်သည်၏အဖြစ် ကိုင်းသည်၏အဖြစ် ရှိုင်းသည်၏အဖြစ်သည် ဖြစ်နိုင်၏၊ ထိုကြောင့်- အနုပစ္ဆိန္နကိလေသဗလဝိနာမိတံ = အရိယမဂ်တရားဖြင့် မပယ်ဖြတ်အပ်သေးသော အဝိဇ္ဇာ တဏှာစသော ကိလေသာတို့၏ စွမ်းအားသည် ညွတ်စေအပ်သော ပဋိသန္ဓေစိတ်သည် ဖြစ်ပေါ်လာ၏ဟု အဋ္ဌကထာက ဖွင့်ဆိုခြင်း ဖြစ်၏။

မှန်ပေသည် စိတ်အစဉ်ကို ညွတ်စေအပ်ပြီးသော် ထိုစိတ်အစဉ်၏ တစ်စိတ်တစ်ဒေသ ဖြစ်၍ ဖြစ်သော ပဋိသန္ဓေစိတ်ကိုလည်း ညွတ်စေအပ်သည်သာလျှင် ဖြစ်၏၊ တစ်စိတ်တစ်ဒေသကို ညွတ်စေအပ်သည်၏ အဖြစ်နှင့် ကင်း၍ စိတ်အစဉ် တစ်တန်းလုံး၏ ညွတ်စေအပ်သည်၏ အဖြစ်သည် မရှိနိုင်ဟုမှတ်ပါ။ (မူလဋီ၊၂၊၁၀၅။)

သေခါနီးကာလဝယ် ကံစသော အာရုံတစ်မျိုးမျိုးသည် မနောဒွါရ၌ ထင်လာသောအခါ ထိုအာရုံကို အာရုံပြု၍ သေခါနီး စိတ်အစဉ်သည် လာမည့်ဘဝ၌ ညွတ်ယိမ်း ကိုင်းရှိုင်း၍ နေ၏။ ဥပမာ --- ခရီးသွားစရာရှိ၍ ပြင်ဆင်နေပါသော်လည်း စိတ်အစဉ်သည် သွားရမည့်ခရီးသို့ ညွတ်၍ နေသကဲ့သို့တည်း။ စိတ်အစဉ် တစ်တန်း လုံးသည် ဘဝသစ်သို့ ညွတ်၍နေလျှင် ထိုစိတ်အစဉ်တွင်ပါဝင်သော ပဋိသန္ဓေစိတ်ကိုလည်း ဘဝသစ်၌ ညွတ်စေအပ်သည်ပင် ဖြစ်တော့၏။ မှန်ပေသည် ---- စိတ်သန္တာန်အစဉ်တွင် ပါဝင်သော ပဋိသန္ဓေစိတ်ကို မညွတ်စေဘဲ စိတ်သန္တာန်အစဉ် တစ်စဉ်တစ်တန်းလုံးကို ညွတ်စေရာမရောက်နိုင်။

ဘဝသစ်၌ ညွတ်ကိုင်းရှိုင်းမှုကား ဘဝကို လိုလားတောင့်တသော တဏှာဖြင့် စိတ်အစဉ်သန္တာန်ကို ထိုသို့ဘဝသစ်၌ ညွတ်စေလောက်အောင် ကုသိုလ်သင်္ခါရ အကုသိုလ်သင်္ခါရတို့ကို ပြုစုပျိုးထောင်ထားအပ်ပြီး ပြင်ဆင်ထားအပ်ပြီးသည်၏ အဖြစ်ကြောင့်တည်း။ မှန်ပေသည် ပုထုဇန် သေက္ခပုဂ္ဂိုလ်တို့၏ အကြင် စိတ်အစဉ် သန္တာန်၌ ပုညာဘိသင်္ခါရစသော စေတနာကဲ့သို့ ဘဝကို တောင့်တတတ်သော တဏှာဖြင့် ထုံမွမ်းမှုသည်လည်း မပြတ်မစဲ ရှိနေသေး၏။ ထိုစိတ်အစဉ်သန္တာန်၌သာလျှင် ဘဝတစ်ပါး၌ အကျုံးဝင်သော ပဋိသန္ဓေစိတ်သည် ဖြစ်ပေါ်လာ၏။ ထိုစိတ်သည် ထိုဘဝသစ်၌ ဖြစ်လတ်သော် ထိုတဏှာသည် ညွတ်စေအပ်သကဲ့သို့ ဖြစ်သည်။ ထိုကြောင့် ---- အနုပစ္ဆိန္နကိလေသဗလဝိနာမိတံဟု ဆိုသည်။ (အနုဋီ၊၂၊၁၁၅။)

သဗ္ဗတ္ထ ပန ဒုဂ္ဂတိပဋိသန္ဓိနိန္နာယ စုတိယာ ပုရိမဇဝနာနိ အကုသလာနိ၊ ဣတရာယ စ ကုသလာနီတိ နိစ္ဆိနန္တိ။ နိမိတ္တဿာဒဂဓိတံ ဝါ ဘိက္ခဝေ ဝိညာဏံ တိဋ္ဌမာနံ တိဋ္ဌတိ (တိဋ္ဌေယျ) အနုဗျဉ္ဇနဿာဒဂဓိတံ ဝါ။ တသ္မိံစေ သမယေ ကာလံ ကရောတိ (ကရေယျ)၊ ဌာနမေတံ ဝိဇ္ဇတိ၊ ယံ ဒွိန္နံ ဂတီနံ အညတရံ ဂတိံ ဥပပဇ္ဇေယျ (ဂစ္ဆေယျ) နိရယံ ဝါ တိရစ္ဆာနယောနိ ဝါတိ (သံ၊၂၊၃၇၇။) ဟိ ဝုတ္တံ။ တသ္မာ အာသန္နံ အကုသလံ ဒုဂ္ဂတိယံ, ကုသလဉ္စ သုဂတိယံ ပဋိသန္ဓိယာ ဥပနိဿယော ဟောတီတိ။ (မူလဋီ၊၂၊၁၀၅။)

အကုသလေ ဟိ ဒုဂ္ဂတူပနိဿယေ နိယမိတေ ကုသလံ သုဂတူပနိဿယောတိ နိယမိတမေဝ ဟောတီတိ။ (အနုဋီ၊၂၊၁၁၅။)

ဝိညာဏန္တိ ကမ္မဝိညာဏံ။ တသ္မိံ စေ သမယေ ကာလံ ကရေယျာတိ န ကောစိ သံကိလိဋ္ဌေန စိတ္တေန ကာလံ ကရောန္တော နာမ အတ္ထိ။ သဗ္ဗသတ္တာနံ ဟိ ဘဝင်္ဂေနေဝ ကာလကိရိယာ ဟောတိ။ ကိလေသဘယံ ပန ဒေဿန္တော ဧဝမာဟ။ သမယဝသေန ဝါ ဧဝံ ဝုတ္တံ။ စက္ခုဒွါရသ္မိဥှိ အာပါထဂတေ အာရမ္မဏေ ရတ္တစိတ္တံ ဝါ ဒုဋ္ဌစိတ္တံ ဝါ မူဠှစိတ္တံ ဝါ အာရမ္မဏရသံ အနုဘဝိတွာ ဘဝင်္ဂံ ဩတရတိ၊ ဘဝင်္ဂေ ဌတွာ ကာလကိရိယံ ကရောတိ။ တသ္မိံ သမယေ ကာလံ ကရောန္တဿ ဒွေဝ ဂတိယာ ပါဋိကင်္ခါ၊ ဣမဿ သမယဿ ဝသေနေတံ ဝုတ္တံ။ (သံ၊ဋ္ဌ၊၃၊၅၁။)

ဘဝင်္ဂေနေဝါတိ မူလဘဝင်္ဂေနေဝ။ (သံ၊ဋီ၊၂၊၃၂၃။)

ဘဝင်္ဂမေဝ ဟိ စုတိစိတ္တံ ဟုတွာ ပဝတ္တတီတိ စုတိစိတ္တံ ဣဓ ဘဝင်္ဂန္တိ ဝုတ္တန္တိ။ (မူလဋီ၊၂၊၁၀၄။)

အလုံးစုံသော သုဂတိ ဒုဂ္ဂတိပဋိသန္ဓေတို့၌ ဒုဂ္ဂတိပဋိသန္ဓေသို့ ညွတ်သော စုတိ၏ ရှေး၌ဖြစ်ကုန်သော မရဏာသန္နဇောတို့သည်ကား အကုသိုလ်ဇောတို့သာတည်း။ သုဂတိပဋိသန္ဓေသို့ ညွတ်သော စုတိ၏ ရှေး၌ ဖြစ်ကုန်သော ဇောတို့သည်ကား ကုသိုလ်ဇောတို့သာတည်း၊ ဤသို့ ဆရာမြတ်တို့သည် ဆုံးဖြတ်တော်မူကြကုန်၏။ ဘုရားဟောဒေသနာတော် အာဂုံသာဓကကား အောက်ပါ အာဒိတ္တပရိယာယသုတ္တန် ဒေသနာတော်ပင် ဖြစ်သည်။

ရဟန်းတို့ ---- (ရူပါရုံစသည့် အာရုံ တစ်မျိုးမျိုးကို တွေ့မြင်ရာ၌ ယောက်ျား မိန်းမ လှ မလှ စသည်ဖြင့် သိမှတ်ကြောင်းဖြစ်သော ပုံသဏ္ဌာန်နိမိတ် အတုံးအခဲကြီးကို ယောက်ျားဟုလည်းကောင်း, မိန်းမဟုလည်းကောင်း, လှ၏ဟုလည်းကောင်း မလှဟုလည်းကောင်း စွဲယူခဲ့သော် ကိလေသာတို့ကို ထင်ရှားအောင် ပြတတ်သော မျက်လုံး မျက်ခုံး လက်ခြေ သဏ္ဌာန် ပြုံးဟန် ရယ်ဟန်စသော ကိုယ်အင်္ဂါအစိတ်အပိုင်း အမှတ်နိမိတ်ငယ်ကို မျက်လုံး မျက်ခုံး လက်ခြေစသည်ဖြင့် စွဲယူခဲ့သော် ထိုသို့ စွဲယူသူ၏ သန္တာန်၌ ထိုအချိန်အခါဝယ်) ယောက်ျားဟုလည်းကောင်း, မိန်းမဟုလည်းကောင်း သိမှတ်ကြောင်းဖြစ်သော ပုံသဏ္ဌာန်နိမိတ်ကြီးကို နှစ်သက်သာယာမှုဖြင့် ရစ်ပတ် နှောင်ဖွဲ့၍တည်နေသော ကမ္မဝိညာဏ် = (နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ပေးနိုင်သော စွမ်းအား ရှိသော ကမ္မဝိညာဏ်)ဟု ခေါ်ဆိုအပ်သော စိတ်အစဉ်သည်သော်လည်း တည်နေသော် တည်နေလေရာ၏။ ကိလေသာတို့ကို ထင်ရှားအောင်ပြတတ်သော မျက်လုံး မျက်ခုံး လက်ခြေ သဏ္ဌာန် ပြုံးဟန် ရယ်ဟန်စသော ကိုယ်အင်္ဂါအစိတ်အပိုင်း အမှတ်နိမိတ်ငယ်ကို နှစ်သက် သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော ကမ္မဝိညာဏ်ဟု ခေါ်ဆိုသော စိတ်အစဉ်သည်သော်လည်း တည်နေသော် တည်နေလေရာ၏။

ထိုကဲ့သို့ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော ထိုအချိန်အခါမျိုး၌ အကယ်၍ သေသွား ငြားအံ့၊ ဤသို့သေခဲ့သည်ရှိသော် ငရဲနှင့် တိရစ္ဆာန်နှစ်မျိုး တစ်မျိုးမျိုးသော ဂတိသို့ ကပ်ရောက်ရာ၏ဟူသော ဤအကြောင်းတရားသည် ထင်ရှားရှိသည်သာတည်း။ ----

ဤသို့ ဘုရားရှင်သည် ဟောကြားထားတော်မူ၏။ ထိုကြောင့် စုတိနှင့် နီးကပ်သော အကုသိုလ်ဇောသည် ဒုဂ္ဂတိဘုံဘဝ၌ ပဋိသန္ဓေ၏ အားကြီးသောမှီရာ အကြောင်းတရားဖြစ်၏။ စုတိနှင့် နီးကပ်သော ကုသိုလ်ဇော သည်လည်း သုဂတိဘုံဘဝ၌ ပဋိသန္ဓေ၏ အားကြီးသောမှီရာ အကြောင်းတရားဖြစ်၏ဟု မှတ်ပါ။ (မူလဋီ၊၂၊၁၀၅။)

ဤသဠာယတနဝဂ္ဂသံယုတ် အာဒိတ္တပရိယာယသုတ်တော်ဝယ် မရဏာသန္နဇော၌ သာယာဖွယ်ကောင်း သည့် လောဘဖြစ်ထိုက်သည့် အာရုံများထင်နေလျှင် ထိုအာရုံကို အာရုံပြု၍ လောဘဇော စောခဲ့သော် ဧကန်မုချ ငရဲနှင့်တိရစ္ဆာန် ဂတိနှစ်ပါးတွင် တစ်ပါးပါး၌ ဖြစ်ရမည်ဟု ဟောကြားထားတော်မူ၏။ ငရဲနှင့်တိရစ္ဆာန်ကို တိုက်ရိုက်ပြသဖြင့် ပေတဂတိ၌လည်း ဖြစ်ခွင့်ရှိကြောင်းကို သိပါ။ အလားတူပင် မရဏာသန္နဇောသည် ဒေါသဇော မောဟဇော စောခဲ့သော် အပါယ်ဒုဂ္ဂတိသို့ ဧကန်မုချ ရောက်နိုင်သည်ဟုပင် မှတ်ပါ။

ထိုကြောင့် မရဏာသန္နဇော၌ အကုသိုလ်ဇောများ မစောမိအောင် ကြိုတင်၍ကား ပြင်ဆင်သင့်လှပေသည်။ ဤကား အတိတ်တရားလျှင် အာရုံရှိသော စုတိ၏ အခြားမဲ့၌ အတိတ်ဖြစ်သော ကံအာရုံ သို့မဟုတ် ကမ္မနိမိတ် အာရုံလျှင် အာရုံရှိသော ဒုဂ္ဂတိပဋိသန္ဓေ ဖြစ်ပုံတည်း။

ရဟန္တာအရှင်မြတ်များ

အရဟတော ပန သဗ္ဗသော ကိလေသာနံ ဥပစ္ဆိန္နတ္တာ ပဋိပဿဒ္ဓသဗ္ဗဘဝုဿုက္ကတာယ ကမ္မာဒိနိမိတ္တံ န ဥပဋ္ဌဟတိ၊ တတော ဝိဇ္ဇမာနမ္ပိ ကမ္မံ အလဒ္ဓသဟာယတ္တာ ပဋိသန္ဓိံ န ဇနေတိ။ (မဟာဋီ၊၂၊၂၉၉။)

ရဟန္တာအရှင်မြတ်အား ခပ်သိမ်းသော အခြင်းအရာအားဖြင့် ကိလေသာတို့၏ အရိယမဂ်တရားဖြင့် အကြွင်းမဲ့ ပယ်ဖြတ်အပ်ပြီးသည်၏ အဖြစ်ကြောင့် ဘဝဟူသမျှတို့၌ ဖြစ်ပေါ်လာအောင် ကြောင့်ကြစိုက်ထုတ်ခြင်း ငြိမ်းပြီးသည်၏ အဖြစ်ကြောင့် သေခါနီး မရဏာသန္နအခါဝယ် = ပရိနိဗ္ဗာန်စံတော်မူခါနီးအခါဝယ် ကံ ကမ္မနိမိတ် ဂတိနိမိတ်ဟူသော အာရုံတစ်မျိုးမျိုးသည် မနောဒွါရ၌ မထင်လာတော့ပေ။ ထိုသို့ မထင်လာခြင်းကြောင့် ထင်ရှား ရှိသည်လည်းဖြစ်သော သံသရာဘဝအဆက်ဆက်က ပြုစုပျိုးထောင်ခဲ့သော ကံသည် ကိလေသာတည်းဟူသော အဖော်သဟာယ်ကို မရသည့်အတွက်ကြောင့် ပဋိသန္ဓေကို မဖြစ်စေနိုင်တော့ပေ။ (မဟာဋီ၊၂၊၂၉၉။)

ဒုဂ္ဂတိ ဂတိနိမိတ်

အခြားတစ်ဦးသော သတ္တဝါ၏ သန္တာန်ဝယ် သေရာညောင်စောင်း လျောင်းစက်သောအခါ၌ ဆိုအပ်ခဲ့သည့် အတိုင်း မသေခင်က ပြုစုပျိုးထောင်ခဲ့သော အကုသိုလ်ကံ၏ စွမ်းအားကြောင့် ငရဲစသည်တို့၌ ဖြစ်ကုန်သော မီးတောက်မီးလျှံ အရောင်အဆင်းစသော ဒုဂ္ဂတိနိမိတ်သည် မနောဒွါရ၌ ထင်ခြင်းသို့ ရှေးရှူကျခြင်းသို့ ရောက်ရှိ လာ၏။ ထိုသတ္တဝါ၏ သန္တာန်ဝယ် ဘဝင်နှစ်ကြိမ် ဖြစ်ပြီးနောက် ချုပ်လတ်သော် ထိုထင်လာသော ဂတိနိမိတ် အာရုံကို အာရုံပြု၍ ---

၁။ မနောဒွါရာဝဇ္ဇန်း တစ်ကြိမ်,

၂။ သေခြင်း၏ နီးကပ်နေသည့်အတွက် နုံ့သည့် အဟုန်ရှိကုန်သည်၏ အဖြစ်ကြောင့် မရဏာသန္နဇော ငါးကြိမ်,

၃။ တဒါရုံ နှစ်ကြိမ် -

ဤသို့လျှင် သုံးမျိုးကုန်သော ဝီထိစိတ်တို့သည် ဖြစ်ပေါ်လာကြကုန်၏။ ထိုနောင် ဘဝင်၏ အာရုံကိုပင် အာရုံပြု၍ တစ်ခုသော စုတိစိတ်သည် ဖြစ်ပေါ်လာ၏။ ဤမျှ အတိုင်းအရှည်ရှိသော စိတ်အစဉ်ဖြင့် (ဘဝင်နှစ်ကြိမ်၊ ဝီထိစိတ်ရှစ်ကြိမ်၊ စုတိစိတ်တစ်ကြိမ်၊) (၁၁)ချက်ကုန်သော စိတ္တက္ခဏတို့သည် ကုန်လွန်ပြီး ဖြစ်ကုန်၏။ (တဒါရုံ နောင် စုတိကျသော ဝါရတည်း။) ထိုနောက်၌ ကြွင်းကျန်သော ငါးချက်သော စိတ္တက္ခဏ အသက်ရှိသေးသော ထိုမရဏာသန္နဇော၏ (= မရဏာသန္နဝီထိ၏) အာရုံဖြစ်သော ထိုဂတိနိမိတ်အာရုံ၌ပင်လျှင် ပဋိသန္ဓေစိတ်သည် ဖြစ်ပေါ်လာ၏။ [ဤ၌ ဂတိနိမိတ်ဖြစ်သော ရူပါရုံ၏ သက်တမ်းကို စိတ္တက္ခဏ (၁၆)ချက်ဖြင့် ပိုင်းခြားထား၏။] ဤသည်ကား အတိတ်တရားလျှင် အာရုံရှိသော စုတိ၏ အခြားမဲ့၌ ပစ္စုပ္ပန်တရားလျှင် အာရုံရှိသော ပဋိသန္ဓေ ဖြစ်ပုံတည်း။ (အဘိ၊ဋ္ဌ၊၂၊၁၄၉-၁၅၀။ ဝိသုဒ္ဓိ၊၂၊၁၈၁။)

၁၆-ချက်၊ ၁၇-ချက် ---- ဤဂတိနိမိတ်ဖြစ်သော ရူပါရုံ၏ သက်တမ်းကို စိတ္တက္ခဏ (၁၆)ချက်ဖြင့် ဖွင့်ဆိုချက်သည် ရုပ်တရားတို့သည် စိတ္တက္ခဏ (၁၇)ချက်, ခဏငယ် (၅၁)ချက် သက်တမ်းရှိကြောင်းကို ဖွင့်ဆိုထားသော အဋ္ဌကထာ ဋီကာတို့နှင့် မဆန့်ကျင်ပြီလောဟု မေးရန်ရှိ၏။ မဆန့်ကျင်ဟူပေ။ ဤအထက်ပါ အဋ္ဌကထာများ၌ ဘဝင်္ဂစလနစိတ် ဖြစ်ခြင်းအား ကျေးဇူးပြုသည်အားလျော်သော ထိုဂတိနိမိတ် ရူပါရုံ၏ ဌီခဏ၏ အစွမ်းဖြင့် ထိုရူပါရုံ၏ ဌီခဏမှစ၍ ရေတွက်သော (၁၆)ချက် စိတ္တက္ခဏနည်းကို အဋ္ဌကထာဆရာတော်က ဆောင်ပြတော်မူခြင်း ဖြစ်၏။ ထိုဂတိနိမိတ် ရူပါရုံ၏ ဥပါဒ်ခဏသည် ဘဝင်စိတ်ဖြစ်ဖို့ရန် ကျေးဇူးပြုသည်အား လျော်သောခဏ မဖြစ်သေးသောကြောင့် ဌီခဏ၏ အစွမ်းဖြင့်သာ ဌီခဏမှစ၍ ရေတွက်သောနည်းဖြင့် စိတ္တက္ခဏ (၁၆)ချက်ဟူသော နည်းကို ဆောင်ပြတော်မူအပ်ပေသည်။ အဘယ်ကြောင့် ဌီခဏကသာလျှင် ဘဝင်္ဂစလန ဖြစ်ဖို့ရန် ကျေးဇူးပြုသည်အား လျော်သင့်သော ခဏ၌ ဖြစ်လေသနည်း၊ ဥပါဒ်ခဏသည်လည်း လျော်သင့်သော ခဏပင် ဖြစ်ရာသည် မဟုတ်လော ဟူမူ ---- အောက်ထစ်ဆုံး အပိုင်းအခြားအားဖြင့် စိတ္တက္ခဏ တစ်ချက်ကို လွန်မှသာလျှင် ရူပါရုံ၏ ဒွါရ၌ ထင်ခြင်းသို့ ရောက်သဖြင့် စွမ်းနိုင်သည်၊ မလွန်လျှင် မစွမ်းနိုင်။ ထိုကြောင့် ဌီခဏသာလျှင် လျော်သင့်သော ခဏဖြစ်သည် ဟူလို။ (အဘိဓမ္မတ္ထဝိဘာဝနီဋီကာ။)

တတ္ထ စိတ္တပ္ပဝတ္တိယာ ပစ္စယဘာဝယောဂျက္ခဏဝသေန နယော နီတော။ ဟေဋ္ဌိမကောဋိယာ ဟိ ဧကစိတ္တက္ခဏမ္ပိ အတိက္ကန္တေဿဝ ရူပဿ အာပါထဂမနသာမတ္ထိယံ။ (အဘိဓမ္မတ္ထဝိဘာဝနီ။)

ငရဲမီးတောက်မီးလျှံ

နရကာဒီသု အဂ္ဂိဇာလဝဏ္ဏာဒိကန္တိ ဣဒံ တံသဒိသတာဝသေန ဝုတ္တံ။ န ဟိ သော ဧဝ နိရယဂ္ဂိဝဏ္ဏာဒိ တဒါ တဿ အာပါထံ အာဂစ္ဆတိ။ တတ္ထ အဂ္ဂိဇာလဝဏ္ဏာဒိကန္တိ အာဒိ-သဒ္ဒေန ဝေတ္တရဏီသိမ္ဗလိအသိပတ္တဝနာဒိဝဏ္ဏံ သင်္ဂဏှာတိ။ နရကာဒီသူတိ ပန အာဒိ-သဒ္ဒေန ပေတတိရစ္ဆာနာနံ နိဗဒ္ဓသဉ္စရဏဋ္ဌာနပရိယာပန္နဝဏ္ဏံ။ မနောဒွါရေ အာပါထမာဂစ္ဆတီတိ ကမ္မဗလေန ဥပဋ္ဌာပိတဝဏ္ဏာယတနံ သုပိနံ ပဿန္တဿ ဝိယ, ဒိဗ္ဗစက္ခုဿ ဝိယ စ မနောဒွါရေ ဧဝ ဂေါစရဘာဝံ ဂစ္ဆတိ။ ဧကံ အာဝဇ္ဇနံ၊ ပဉ္စ ဇဝနာနိ၊ ဒွေ တဒါရမ္မဏာနီတိ တီဏိ ဝီထိစိတ္တာနိ။ (မဟာဋီ၊၂၊၂၉၉-၃၀၀။)

ငရဲစသည်တို့၌ ငရဲမီးတောက်မီးလျှံ အဆင်းအရောင် စသည်တို့သည် သေခါနီးသတ္တဝါ၏ မရဏာသန္န အခါဝယ် မနောဒွါရ၌ ထင်လာကြောင်း ဖွင့်ဆိုထားသော အထက်ပါ အဋ္ဌကထာစကားကို ထိုငရဲစသည်တို့၌ ဖြစ်ကုန်သော မီးတောက်မီးလျှံအဆင်းစသည်နှင့် တူသည်၏ အစွမ်းဖြင့် အဋ္ဌကထာက ဖွင့်ဆိုခြင်း ဖြစ်၏။ မှန်ပေသည် ထိုငရဲမီးစသည်သည်သာလျှင် ထိုပုဂ္ဂိုလ်အား ထင်ခြင်းသို့ ရောက်ရှိလာသည်ကား မဟုတ်ပေ။ ဤနရကာဒီသုစသော စကားတို့၌ = ငရဲမီးတောက်မီးလျှံစသော စကား၌ ကြိမ်ပိုက်ချောင်းငရဲ, လက်ပံတောငရဲ, သန်လျက်ရွက်တောငရဲ စသည်တို့၏ အရောင်အဆင်းများကိုလည်း ပေါင်းယူပါ။ နရကာဒီသု၌ အာဒိသဒ္ဒါဖြင့် ပြိတ္တာ တိရစ္ဆာန်တို့၏ အမြဲတမ်း သွားလာကျက်စားရာ ဌာန၌ အကျုံးဝင်သော အရောင်အဆင်းကိုလည်း သိမ်းကျုံးယူပါ။

မနောဒွါရ၌ ထင်ခြင်းသို့ရောက်၏ ဟူသည်ကား အကျိုးပေးတော့မည့်ကံ၏ စွမ်းအင်သတ္တိက ထင်စေအပ် သော ရူပါရုံအဆင်း ရူပါယတနသည်, အိပ်မက်ကို မြင်မက်သူ၏ မနောဒွါရအား အိပ်မက်အာရုံ အမျိုးမျိုးသည် ထင်လာသကဲ့သို့လည်းကောင်း, ဒိဗ္ဗစက္ခုအဘိညာဏ်ကို ရရှိတော်မူသော သူတော်ကောင်း၏ သန္တာန်ဝယ် မနောဒွါရ၌ ဒိဗ္ဗစက္ခုအဘိညာဏ်၏ အာရုံဖြစ်သော ရူပါရုံအမျိုးမျိုးသည် ထင်လာသကဲ့သို့လည်းကောင်း, အလားတူပင် ငရဲသို့ သွားတော့မည့် သတ္တဝါ၏ သန္တာန်ဝယ် သေခါနီးမရဏာသန္နအခါ၌ ယင်းသတ္တဝါ၏ မနောဒွါရ၌ပင်လျှင် အာရုံ၏ အဖြစ်သို့ ရောက်ရှိလာ၏။ (မဟာဋီ၊၂၊၂၉၉-၃၀၀။)

ဤအဖွင့်အရ ငရဲသွားတော့မည့် သတ္တဝါ၏ မနောဒွါရ၌ သေခါနီး မရဏာသန္နအခါ ထင်လာသော ငရဲမီးတောက်မီးလျှံစသော ရူပါရုံသည် တကယ့် ငရဲမီးတောက်မီးလျှံ မဟုတ်၊ ကံ၏စွမ်းဟုန်ကြောင့် ဖြစ်ပေါ် လာသော ငရဲမီးတောက် မီးလျှံနှင့်တူသော ဂတိနိမိတ် ရူပါရုံသာ ဖြစ်သည်ဟု မှတ်ပါ။

ပဉ္စဒွါရ၌ နိမိတ်ထင်ပုံ

အခြားတစ်ဦးသော သတ္တဝါ၏ သန္တာန်ဝယ် သေရာညောင်စောင်း လျောင်းစက်သော အချိန်အခါ၌ ပဉ္စဒွါရ = ငါးဒွါရတို့တွင် အမှတ်မထား တစ်ပါးပါးသော ဒွါရ၌ ရာဂစသည်တို့၏ အကြောင်းတရား ဖြစ်၍ဖြစ်သော ယုတ်ညံ့သော အာရုံသည် ထင်ခြင်းသို့ ရှေးရှူကျခြင်းသို့ ရောက်ရှိလာ၏၊ ထိုသတ္တဝါ၏ သန္တာန်ဝယ် အကြင် အကြင် ဝီထိစိတ်အစဉ်အားဖြင့် ဖြစ်ပေါ်လာသော ဝုဋ္ဌောစိတ်၏ အဆုံး၌ သေခြင်းတရား၏ အလွန်နီးကပ် နေသည့်အတွက် နုံ့သည် အားပျော့သည်ဖြစ်၍ ဖြစ်သော အရှိန်အဟုန် ရှိသည်၏ အဖြစ်ကြောင့် ဇောငါးကြိမ် တို့သည်လည်းကောင်း, တဒါရုံနှစ်ကြိမ်တို့သည်လည်းကောင်း ဖြစ်ပေါ်လာကြကုန်၏၊ ထိုနောင် ဘဝင်၏ အာရုံ ကိုပင် အာရုံပြု၍ တစ်ခုသော စုတိစိတ်သည် ဖြစ်ပေါ်လာ၏။ ဤမျှသော အတိုင်းအရှည်ဖြင့် ----

။ ဘဝင် (၂) ကြိမ်၊

၁။ ပဉ္စဒွါရာဝဇ္ဇန်း (၁) ကြိမ်၊

၂။ စက္ခုဝိညာဏ် (၁) ကြိမ်၊

၃။ သမ္ပဋိစ္ဆိုင်း (၁) ကြိမ်၊

၄။ သန္တီရဏ (၁) ကြိမ်၊

၅။ ဝုဋ္ဌော (၁) ကြိမ်၊

၆။ ဇော (၅) ကြိမ်၊

၇။ တဒါရုံ (၂) ကြိမ်၊

။ စုတိစိတ် (၁) ကြိမ်၊

ဤသို့လျှင် စိတ္တက္ခဏ (၁၅)ချက်တို့သည် လွန်ပြီး ဖြစ်ကုန်၏၊ ထိုမှနောက်ဝယ် ကြွင်းသော စိတ္တက္ခဏ (၁)ချက်သာလျှင် သက်တမ်းရှိတော့သော ထိုယုတ်ညံ့သော အာရုံ၌ပင်လျှင် ပဋိသန္ဓေစိတ်သည် ဖြစ်ပေါ်လာ၏၊ ဤပဋိသန္ဓေသည်လည်း အတိတ်တရားလျှင် အာရုံရှိသော စုတိ၏ အခြားမဲ့၌ ပစ္စုပ္ပန်တရားလျှင် အာရုံရှိသော ပဋိသန္ဓေတည်း။ ဤသည်ကား ရှေးဦးစွာ ညွှန်ပြအပ်သော အတိတ်တရားလျှင် အာရုံရှိသော သုဂတိစုတိ၏ အခြားမဲ့၌ ----

၁။ အတိတ်တရားလျှင် အာရုံရှိသော ဒုဂ္ဂတိပဋိသန္ဓေ,

၂။ ပစ္စုပ္ပန်တရားလျှင် အာရုံရှိသော ဒုဂ္ဂတိပဋိသန္ဓေ,

ဤပဋိသန္ဓေနှစ်မျိုးတို့၏ ဖြစ်ပုံအခြင်းအရာတည်း။ (အဘိ၊ဋ္ဌ၊၂၊၁၅၀၊ ဝိသုဒ္ဓိ၊၂၊၁၈၂။)

ရာဂါဒိဟေတုဘူတံ ဟီနမာရမ္မဏံ ---- ရာဂစသည်တို့၏ အကြောင်းတရားဖြစ်၍ ဖြစ်သော ယုတ်ညံ့သော အာရုံဟူသည် အကုသလဝိပါက် နာမ်တရားစု၏ အာရုံဖြစ်ခြင်းငှာ ထိုက်သော အနိဋ္ဌအာရုံကို ဆိုလို၏။ မှန်ပေသည် ထိုရာဂစသည်တို့၏ အကြောင်းဖြစ်သော ထိုအနိဋ္ဌအာရုံသည်လည်း အဖန်ဖန် ကြံစည်ခြင်း သင်္ကပ္ပ၏ အစွမ်းဖြင့် ရာဂ၏လည်း အကြောင်းတရားသည် ဖြစ်နိုင်၏ဟု မှတ်ပါ။ (မူလဋီ၊၂၊၃၀၀။)

ဣဋ္ဌဟူရာ၌ သဘာဝဣဋ္ဌ = ပင်ကိုယ်သဘာဝအတိုင်း ဣဋ္ဌဖြစ်နေသော အစစ်အမှန် ဣဋ္ဌာရုံလည်း ရှိ၏။ ပရိကပ္ပဣဋ္ဌ = ဣဋ္ဌဖြစ်အောင် အဖန်ဖန် ကြံစည်သဖြင့် ဣဋ္ဌဖြစ်လာသော ဣဋ္ဌာရုံလည်း ရှိ၏။ ထိုပရိကပ္ပဣဋ္ဌ ဟူသည် အနိဋ္ဌာရုံပင်တည်း။ ယင်းအနိဋ္ဌာရုံကိုပင် ဣဋ္ဌဖြစ်အောင် ကြံစည်သဖြင့် ဣဋ္ဌဟု စွဲယူခဲ့သော် ယင်းအနိဋ္ဌာရုံသည် ပရိကပ္ပဣဋ္ဌာရုံ ဖြစ်၏။ ထိုကြောင့် အနိဋ္ဌာရုံသည်လည်း အဖန်ဖန် ကြံစည်သည်၏ အစွမ်းဖြင့် ရာဂ၏အကြောင်း ဖြစ်နိုင်သည် ဟူလိုသည်။ မစင်သည် ခွေးသတ္တဝါတို့၏ ဣဋ္ဌာရုံ ဖြစ်သကဲ့သို့တည်း။

တစ်နည်း --- အကုသလဝိပါက်ကို ဖြစ်စေတတ်သော ဇနကကံနှင့် အတူတကွဖြစ်သည်လည်း ဖြစ်ကုန်သော (= အကုသလဝိပါက်ဟူသော အပါယ်ပဋိသန္ဓေအကျိုးကို ပေးတတ်သော အတိတ်က ပြုစုပျိုးထောင်ထားအပ် သော ဇနကကံနှင့် အတူတကွမူလည်း ဖြစ်ကုန်သော) ထိုအကုသလဝိပါက် အကျိုးတရားကို ဖြစ်စေတတ်သော ဇနကကံနှင့် အလားတူသော စုတိ၏အနီးဖြစ်သော မရဏာသန္နဇော စေတနာနှင့် အတူတကွ ဖြစ်သည်မူလည်း ဖြစ်ကုန်သော ရာဂစသည်တို့၏ အကြောင်းတရား၏ အဖြစ်သည်သာလျှင် ဟီန = ယုတ်ညံ့သည်၏ အဖြစ်မည်၏။ (မရဏာသန္နဇောစေတနာတို့သည် အကုသလဝိပါက် ပဋိသန္ဓေအကျိုးကို ဖြစ်စေတတ်သော အကုသိုလ်ဇနကကံ နှင့် ကံဖြစ်ခြင်းလည်း တူ၏၊ အာရုံ ကမ္မနိမိတ်ချင်းလည်း တူ၏၊ ထိုသို့တူသောကြောင့် တံ သဒိသဟုဆိုသည်၊၊)

မှန်ပေသည် ---- ထိုအာရုံသည် နောင်တစ်ဖန်ပူပန်ခြင်းကို ဖြစ်စေတတ်ကုန်သော အကုသိုလ်ကံတို့၏ အာရုံဖြစ်၍ ကံ၏ အစွမ်းဖြင့် အလိုမရှိထိုက်သော အကုသလဝိပါက်၏ အာရုံလည်း ဖြစ်ပေသည်။ (မူလဋီ၊၂၊၁၀၅။)

ကမ္မဝသေန အနိဋ္ဌန္တိ ဟီနဿ အကုသလကမ္မဿ အာရမ္မဏတော အာရမ္မဏတာဝသေန ဟီနန္တိ ကတွာ အနိဋ္ဌံ၊ သဘာဝေန ဣဋ္ဌမ္ပီတိ အဓိပ္ပါယော၊ (အနုဋီ၊၂၊၁၁၅။)

သဘာဝဣဋ္ဌာရုံ ဖြစ်လျှင်မူလည်း ယုတ်ညံ့သော အကုသိုလ်ကံ၏ အာရုံဖြစ်ခြင်းကြောင့် အာရမ္မဏပစ္စယ သတ္တိသဘောအားဖြင့် ယုတ်ညံ့ခဲ့ရကား အနိဋ္ဌဖြစ်လေသည်။ အနိဋ္ဌဖြစ်သောကြောင့် အကုသလဝိပါက်၏ အာရုံ ဖြစ်လေသည် ဟူလို။ (အနုဋီ၊၂၊၁၁၅။)

ဣဋ္ဌာရုံဖြစ်သော် အဘယ်အပြစ် ဖြစ်ရာသနည်း ဟူမူ ---- အကုသလဝိပါက်သည် ဣဋ္ဌာရုံလျှင် အာရုံရှိသည့် ဣဋ္ဌာရမ္မဏတရား ဖြစ်ခြင်းငှာ မထိုက်ရကား ဣဋ္ဌအာရုံ၌ ဖြစ်သော အကုသိုလ်ကံ၏ အကျိုးဝိပါက်သည် အကုသိုလ်ကမ္မနိမိတ်အာရုံရှိသည် မဖြစ်ခဲ့လေရာ။ ဤသို့ အပြစ်ဖြစ်ရာသည်။ (မူလဋီ၊၂၊၁၀၅။)

ရာဂါဒိဟေတုဘူတံ ဟီနာရမ္မဏံ၏ အရကို = (ရာဂစသည်တို့၏ အကြောင်းဖြစ်သော ယုတ်ညံ့သော အာရုံ၏အရကို)လည်း ကမ္မနိမိတ်ကိုသာ အလိုရှိအပ်ခဲ့၏၊ ကမ္မနိမိတ်ဖြစ်ကလည်း အတိတ်သာဖြစ်ခဲ့၏၊ အလွန် အားနည်းသည် ဖြစ်ကုန်သော ပဉ္စဒွါရိကဇောတို့သည်လည်း ပဋိသန္ဓေအကျိုးကို မပေးနိုင်ခဲ့ကုန်၊ အဘယ်သို့လျှင် ပဋိသန္ဓေစိတ်သည် ပစ္စုပ္ပန် ကမ္မနိမိတ်အာရုံလျှင် အာရုံရှိသည်ဖြစ်၍ ပစ္စုပ္ပန္နာရမ္မဏာပဋိသန္ဓိဟု မိန့်အပ်လေ သနည်း ဟူမူ ----

အဖြေမှာ ဤသို့ဖြစ်၏ ---- သေခါနီး မရဏာသန္နအခါဝယ် ပဉ္စဒွါရ၌ထင်ခြင်းသို့ ရှေးရှုကျခြင်းသို့ ရောက် ရှိလာသော ပစ္စုပ္ပန်ဖြစ်သော ကမ္မနိမိတ်အာရုံသည် စုတိစိတ်ကျခါနီး သေခါနီးကာလ၏ အနီး၌ ပြုအပ်သော ကံ၏ အာရုံအစဉ်သန္တတိ၌ ဖြစ်လည်းဖြစ်၏၊ ထိုကမ္မနိမိတ်အာရုံနှင့် အလားလည်းတူ၏။ ဤသို့မှတ်ပါ။ (မူလဋီ၊၂၊၁၀၅။)

မနောဒွါရ၌ ကံ ကမ္မနိမိတ် ထင်ပုံကို ဖွင့်ပြပြီး၍ ပဉ္စဒွါရ၌ ကမ္မနိမိတ်ထင်ပုံကို ပြလိုသောကြောင့် အထက်ပါ ပဉ္စဒွါရ၌ ကမ္မနိမိတ်အာရုံထင်ပုံ အပိုင်းကို အဋ္ဌကထာက ဖွင့်ဆိုပြခြင်း ဖြစ်၏။ ယင်းအဋ္ဌကထာ၏ သတ်မှတ်ချက် အရ ငါးဒွါရ၌ ပစ္စုပ္ပန်ကမ္မနိမိတ်တစ်မျိုးသာ ထင်နိုင်၏ဟု မှတ်ပါ။ ကမ္မနိမိတ္တ = ကံ၏ အာရုံဟူရာ၌ ပဉ္စဒွါရမရဏာ သန္နဇောဝီထိ၏ ရှေးအနီးအပါး၌ ဖြစ်သော မနောဒွါရဝီထိ၌ ပါဝင်တည်ရှိသော ဇောအသီးအသီးနှင့်ယှဉ်သော စေတနာကို ကံဟု ခေါ်ဆို၍ ထိုကံ၏ အာရုံကို ကမ္မနိမိတ္တ = ကမ္မနိမိတ်ဟု ခေါ်ဆိုသည်။ ထိုကမ္မနိမိတ်အာရုံ သည် ဆရာမိဘ စသူတို့က ယူဆောင်၍ ပြအပ်သော ပန်းစသော အာရုံဖြစ်လျှင် ထိုအာရုံသည် စက္ခုဒွါရ မရဏာသန္နဇောဝီထိ ဖြစ်ရာအခါ၌လည်း ထင်ရှားရှိဆဲ ပစ္စုပ္ပန်ပင်ဖြစ်၏။ ပစ္စုပ္ပန်သုံးမျိုးတို့တွင် သန္တတိပစ္စုပ္ပန်ဟု ခေါ်ဆိုအပ်သော ကမ္မနိမိတ်အာရုံတည်း။ စက္ခုဒွါရမရဏာသန္နဇောဝီထိ မဖြစ်မီ ရှေးကဖြစ်ခဲ့သော မနောဒွါရ ဝီထိ၏ အာရုံအစဉ်သန္တတိ၌ ဖြစ်မြဲ ဖြစ်နေသောကြောင့် ထိုစက္ခုဒွါရဝီထိ၏ ကမ္မနိမိတ်အာရုံကို ---- အာသန္နကတကမ္မာရမ္မဏသန္တတိယံ ဥပ္ပန္နံ = စုတိစိတ်ကျခါနီး သေခါနီးကာလ၏ အနီး၌ ပြုအပ်သော ကံ၏ အာရုံအစဉ် သန္တတိ၌ ဖြစ်၏ ---- ဟုလည်းကောင်း, ယင်းမနောဒွါရဝီထိ၏ အာရုံဖြစ်သည့် ကမ္မနိမိတ်အာရုံနှင့် စက္ခုဒွါရ မရဏာသန္နဇောဝီထိ၏ အာရုံဖြစ်သည့် ကမ္မနိမိတ်အာရုံသည် သန္တတိပစ္စုပ္ပန်သဘောအားဖြင့် ပန်းစသော အာရုံချင်း တူသောကြောင့် ---- တံ သဒိသ = ထိုကမ္မနိမိတ် အာရုံချင်းလည်း တူ၏ဟုလည်းကောင်း မူလဋီကာ ဆရာတော် ဖွင့်ဆိုတော်မူခြင်း ဖြစ်သည်။ ဤစကားအရ ---- ပဉ္စဒွါရ မရဏာသန္နဇောဝီထိ ဖြစ်ရာ၌ ထိုဝီထိ၏ အာရုံသည် မုချ ပစ္စုပ္ပန်ကမ္မနိမိတ်အာရုံမဟုတ်၊ ရှေးကမ္မနိမိတ်၏ သန္တတိအစဉ်၌ ဖြစ်သောကြောင့် သန္တတိ ပစ္စုပ္ပန်ဖြစ်သော, ရှေးရှေး မနောဒွါရဝီထိ၏ အာရုံဖြစ်သော ထိုကမ္မနိမိတ်နှင့် တစ်ထပ်တည်းတူသောကြောင့် သဒိသူပစာလည်း ဖြစ်သော ကမ္မနိမိတ်ဟု မှတ်ပါ။ အဘယ်ကြောင့်နည်း၊ ပဉ္စဒွါရဇောစေတနာတို့က အထူးသဖြင့် ပဉ္စဒွါရ မရဏာသန္နဇော စေတနာတို့က ပဋိသန္ဓေအကျိုးကို ဖြစ်စေနိုင်လောက်အောင် ကံ အထမမြောက်သည့် အတွက် ထိုပဉ္စဒွါရဇော၏ အာရုံကို မုချအားဖြင့် ကမ္မနိမိတ် = ကံ၏ အာရုံဟု မခေါ်ဆိုနိုင်သောကြောင့်တည်း။ သို့အတွက် အသင်သူတော်ကောင်းသည် အကြောင်းတရားတို့ကို ရှာဖွေရာ၌ ပဉ္စဒွါရဇောစေတနာတို့၏ ကမ္မသတ္တိကို မရှာဖွေဘဲ မနောဒွါရဝီထိတို့တွင် အကျုံးဝင်သော ဇောစေတနာတို့၏ ကမ္မသတ္တိကိုသာ ရှာဖွေပါ။

ပဉ္စဒွါရ မရဏာသန္နဇောဝီထိ၏ အာရုံကို သန္တတိပစ္စုပ္ပန်ဖြစ်သော သဒိသကမ္မနိမိတ်ဟု မယူဘဲ ခဏ ပစ္စုပ္ပန်ဖြစ်သော မုချကမ္မနိမိတ်ဟုယူလျှင် အဘယ်အပြစ် ရှိပြန်ပါသနည်းဟု မေးဖွယ်ရှိ၏ ---- အဖြေကား ဤသို့ တည်း ----

မရဏာသန္နဇောဝီထိ၏ အာရုံဖြစ်သော ကမ္မနိမိတ်ကို သန္တတိပစ္စုပ္ပန်ဟုလည်းကောင်း, မရဏာသန္နဇော ဝီထိ၏ ရှေး၌ ဖြစ်ခဲ့သော မနောဒွါရဝီထိ၏ ကမ္မနိမိတ်အာရုံနှင့် တစ်ထပ်တည်းတူညီသော သဒိသကမ္မနိမိတ်ဟု လည်းကောင်း = (သဒိသူပစာရအားဖြင့် တင်စားထားသော ကမ္မနိမိတ်ဟုလည်းကောင်း) မှတ်ယူထိုက်၏ဟူသော အခြင်းအရာမှ တစ်ပါးသော ခဏပစ္စုပ္ပန်ဟူသော အခြင်းအရာ, မုချ ကမ္မနိမိတ်ဟူသော အခြင်းအရာအားဖြင့် အနက်အဓိပ္ပါယ်ကို ယူအပ်သော် ထိုမရဏာသန္နဇောသည်ပင် (ပဉ္စဒွါရမရဏာသန္နဇောသည်ပင်) ပဋိသန္ဓေ၏ အာရုံကို ထင်စေတတ်သည့် ကံသည်လည်းကောင်း, ထိုမရဏာသန္နဇောသည်ပင် ပဋိသန္ဓေအကျိုးကို ဖြစ်စေတတ် သည့် ဇနကကံသည်လည်းကောင်း ဖြစ်လေရာ၏။ (မူလဋီ၊၂၊၁၀၅။)

ထိုမရဏာသန္န ပဉ္စဒွါရိကဇောစေတနာသည် ပဋိသန္ဓေ၏ အာရုံကို ထင်စေတတ်သော ကံအထမြောက် သော ဇောစေတနာလည်း ဖြစ်နိုင်၍ ပဋိသန္ဓေအကျိုးကို ပေးတတ်သော ဇနကကံ ဇောစေတနာလည်း ဖြစ်နိုင်သည် မဟုတ်လောဟု မေးဖွယ်ရှိသောကြောင့် အောက်ပါစကားရပ်တို့ကို မူလဋီကာဆရာတော်က အောက် ပါအတိုင်း ဆက်လက် ဖွင့်ဆိုတော်မူပြန်သည်။

ပဋိသန္ဓေ၏အနီး ဥပစာကဲ့သို့ ဖြစ်ကုန်သည်လည်းကောင်း, သင့်ပဋိသန္ဓေသည် ဤအာရုံ၌ ဖြစ်ရမည်ဟု ပဋိသန္ဓေစိတ် စေတသိက်အား အာရုံကို အပ်နှင်းပေးကုန်သကဲ့သို့လည်းကောင်း ဖြစ်ပေါ်လာကုန်သော စုတိ၏ အနီး၌ ဖြစ်ကုန်သော မရဏာသန္နဇောတို့သည် ပဋိသန္ဓေကို ဖြစ်စေနိုင်ကုန်သော ဇောတို့သည် မဖြစ်နိုင်ကုန်ရာ။ မှန်ပေသည် ----

ကတတ္တာ ဥပစိတတ္တာ ---- (အဘိ၊၁၊၁၀၄။) ကံကို ပြုအပ်ပြီးသည်၏ အဖြစ်ကြောင့် ဆည်းပူးအပ်ပြီးသည်၏ အဖြစ်ကြောင့် ရူပါရုံလျှင် အာရုံရှိသော ဥပေက္ခာဝေဒနာနှင့် အတူတကွဖြစ်သော စက္ခုဝိညာဏ်သည် ဖြစ်ပေါ်လာ၏ -- ဟု ဓမ္မသင်္ဂဏီပါဠိတော်၌ ဘုရားရှင် ဟောကြားထားတော်မူအပ်ပြီ။

[ကတ ---- ဟူသည် တစ်ကြိမ်တစ်ခါ ပြုမှုတည်း၊ ဥပစိတ ---- ဟူသည် အထပ်ထပ် ပွားစေမှု များစေမှု အခါခါ ပြုမှုတည်း။ ကံတို့မည်သည် တစ်ကြိမ်တစ်ခါ ပြုကာမျှဖြင့် အကျိုးပေးနိုင်ခဲ၏။ အထပ်ထပ် ပြုပါမှသာလျှင် အကျိုးပေးရန် အခွင့်အလမ်းသာတတ်သည်။]

ဆက်ဦးအံ့ ---- ထို မရဏာသန္နအခါ၌ ထိုပဋိသန္ဓေနှင့် တူမျှသော တစ်ဝီထိတည်း၌ကဲ့သို့ ဖြစ်ရသော မရဏာသန္နဇောတို့သည် အဘယ်သို့လျှင် ပြုအပ်ပြီး ဆည်းပူးအပ်ပြီးသည့် ကံတို့သည် ဖြစ်နိုင်ကုန်ရာအံ့နည်း၊ မဖြစ်နိုင်ကုန်လေရာ။ သည်မျှသာမကသေး၊ ထိုမရဏာသန္နအခါ၌ ထင်လာသော ကမ္မနိမိတ်အာရုံကို (မရဏာသန္န ဇောတို့၏ အလွန်အားပျော့နေသည့်အတွက်) လွန်လွန်မင်းမင်း သာယာမှုတို့သည်လည်း မဖြစ်နိုင်ကုန်ရာ။

လောကီဇောတို့ကား လောကုတ္တရာမဂ်ဇောတို့ကဲ့သို့ တစ်ဝီထိတည်းအတွင်း၌ အကျိုးပေးနိုင်ကြသည်ကား မဟုတ်ကြလေကုန် ----

ပုဗ္ဗေ ဝါဿ တံ ကတံ ဟောတိ ပါပကမ္မံ ဒုက္ခဝေဒနီယံ၊ ပစ္ဆာ ဝါဿ တံ ကတံ ဟောတိ ပါပကမ္မံ ဒုက္ခဝေဒနီယံ၊ မရဏကာလေ ဝါဿ ဟောတိ မိစ္ဆာဒိဋ္ဌိ သမတ္တာ သမာဒိန္နာ၊ တေန သော ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ။ (မ၊၃၊၂၅၇။)

ထိုသတ္တဝါသည် ရှေးရှေးဘဝ၌သော်လည်း ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော မကောင်းမှု အကုသိုလ် ကံကို ပြုအပ်ပြီးဖြစ်၏၊ ထိုသတ္တဝါသည် နောက်ဖြစ်သော ပစ္စုပ္ပန်ဘဝ၌သော်လည်း ဒုက္ခဝေဒနာ၏ အကြောင်း ဖြစ်သော ထိုမကောင်းမှု အကုသိုလ်ကံကို ပြုအပ်ပြီး ဖြစ်၏၊ ထိုသတ္တဝါသည် သေခါနီးအခါ၌သော်လည်း မိစ္ဆာ အယူကို ပြည့်ပြည့်စုံစုံ အကျိုးပေးဖို့ရန် စွမ်းနိုင်လောက်အောင် ဆောက်တည်အပ်ပြီး ဖြစ်၏။ ထိုကြောင့် ထို သတ္တဝါသည် ကိုယ်ခန္ဓာ၏ ပျက်စီးခြင်းကြောင့် စုတိပြတ်ကြွေ သေလွန်သည်မှ နောက်ကာလ၌ ချမ်းသာဟူ၍ မြူငွေ့မျှမရှိသော မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာဖြစ်သော အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာဖြစ်သော ငရဲသို့ ပဋိသန္ဓေအားဖြင့်ကပ်ရောက်ရ၏။ (မ၊၃၊၂၅၇။)

ဤသို့စသည်ဖြင့် ဥပရိပဏ္ဏာသပါဠိတော် မဟာကမ္မဝိဘင်္ဂသုတ်ပါဠိတော်၌ သေရာညောင်စောင်း လျောင်းစက်သောအခါ၌ ပြည့်ပြည့်စုံစုံ အကျိုးပေးစွမ်းနိုင်လောက်အောင် ဆောက်တည်ထားအပ်သော မိစ္ဆာဒိဋ္ဌိနှင့်လည်းကောင်း, သမ္မာဒိဋ္ဌိနှင့်လည်းကောင်း အတူတကွဖြစ်သော ဇောစေတနာ၏ ပဋိသန္ဓေအကျိုးကို ပေးခြင်းကို ဘုရားရှင်သည် ဟောကြားထားတော်မူအပ်ပြီ။

တစ်ဖန် အားမရှိကုန်သော ပဉ္စဒွါရိကဇောတို့ဖြင့် မိစ္ဆာဒိဋ္ဌိကိုသော်လည်းကောင်း သမ္မာဒိဋ္ဌိကိုသော် လည်းကောင်း ပြည့်ပြည့်စုံစုံ အကျိုးပေးစွမ်းနိုင်လောက်အောင် ဆောက်တည်အပ်ပြီးကား မဖြစ်နိုင်။ အဋ္ဌကထာ ဆရာတော် ကိုယ်တိုင်ကလည်း အဘိဓမ္မာ ဉာဏဝိဘင်းအဋ္ဌကထာ၌ (အဘိ၊ဋ္ဌ၊၂၊၃၈၈။) ဤသို့ ဖွင့်ဆိုလတ္တံ့ ဖြစ်၏ ----

သဗ္ဗမ္ပိ ဟေတံ ကုသလာကုသလဓမ္မပဋိဝိဇာနနာဒိစဝနပရိယောသာနံ ကိစ္စံ မနောဒွါရိကစိတ္တေနေဝ ဟောတိ၊ န ပဉ္စဒွါရိကေနာတိ သဗ္ဗဿာပေတဿ ကိစ္စဿ ကရဏေ သဟဇဝနကာနိ ဝီထိစိတ္တာနိ ပဋိက္ခိတ္တာနိ။ (အဘိ၊ဋ္ဌ၊၂၊၃၈၈။)

မှန်ပေသည် ကုသိုလ်တရား အကုသိုလ်တရားကို သိခြင်းအစ စုတိအဆုံးရှိသော ဤကိစ္စအားလုံးသည် မနောဒွါရိကစိတ်ဖြင့်သာ ဖြစ်နိုင်၏၊ ပဉ္စဒွါရိက စိတ်ဖြင့်ကား မဖြစ်နိုင်ဟု အလုံးစုံလည်းဖြစ်သော ကုသိုလ်တရား အကုသိုလ်တရားကို သိခြင်းအစ စုတိအဆုံးရှိသော ဤကိစ္စကိုပြုခြင်း၌ ဇောနှင့်တကွဖြစ်ကုန်သော ပဉ္စဒွါရိက ဝီထိစိတ်တို့ကို ပယ်မြစ်အပ်ကုန်ပြီ။

မှန်ပေသည် ထိုအဋ္ဌကထာ၌ပင် ---- မနောပုဗ္ဗင်္ဂမာ ဓမ္မာ ---- ဤသို့စသည်ဖြင့် ဟောကြားထားတော် မူအပ်သော ကုသိုလ်ကိုလည်းကောင်း, အကုသိုလ်ကိုလည်းကောင်း တစ်စုံတစ်ခုသော တရားကိုမျှ ပဉ္စဒွါရိက ဝီထိစိတ်တို့ဖြင့် မသိ ---- ဤသို့လည်း ဖွင့်ဆိုထားလေပြီ။ ကုသိုလ်တရားတို့သည် ယောနိသောမနသိကာရကြောင့် အကုသိုလ်တရားတို့သည် အယောနိသောမနသိကာရကြောင့် ပြီးစီးဖြစ်ပေါ်လာကြရ၏၊ ယင်းကုသိုလ်တရား အကုသိုလ်တရားတို့၌ အကျိုးဝိပါက်ကို ပြီးစီးစေတတ်သော စွမ်းအားရှိကြ၏၊ ယင်းစွမ်းအင် ကမ္မသတ္တိသည် အကျိုးကိုဖြစ်စေတော့မည် မှန်လျှင် သေခါနီး မရဏာသန္နအခါ၌ ယင်းကံ၏ စွမ်းအင်သတ္တိကြောင့် ကံ ကမ္မနိမိတ် ဂတိနိမိတ်ဟူသော နိမိတ်သုံးမျိုးတို့တွင် တစ်မျိုးမျိုးသည် ဒွါရ (၆)ပါးတို့၌ ထိုက်သလို ထင်လာ၏။ ထိုအာရုံကိုပင် အာရုံပြု၍ ဘဝသစ်၌ ပဋိသန္ဓေသည် ဖြစ်ပေါ်လာ၏။ အကြင်ကုသိုလ်တရား အကုသိုလ်တရားတို့၏ တစ်ဖန် ယင်းကဲ့သို့ အကျိုးတရားကို ထင်စွာဖြစ်စေခြင်းဟူသော ဖြစ်ခြင်းသဘောရှိသောကြောင့် သုခသည်သော် လည်းကောင်း ဒုက္ခသည်သော်လည်းကောင်း ထိုပဋိသန္ဓေ၏နောင်၌ ဆက်လက်ဖြစ်ပေါ်လာသော ရုပ်နာမ်သန္တာန် အစဉ်၌ အစဉ်တစိုက် လိုက်ပါနေ၏။ ထိုကုသိုလ်တရား အကုသိုလ်တရားတို့၏ ထိုကဲ့သို့သော ဖြစ်ခြင်းမျိုးကို ပဉ္စဒွါရ၌ (= ပဉ္စဒွါရိက ကုသိုလ် အကုသိုလ်၌) ပယ်မြစ်အပ်ပြီး ဖြစ်၏။ ကုသိုလ်ကံ အကုသိုလ်ကံကို ဆောက်တည် ခြင်းကိုလည်း ပဉ္စဒွါရိကဇော၌ အလားတူ ပယ်မြစ်အပ်သည်သာလျှင်တည်း။ ကုသိုလ်တရား အကုသိုလ်တရား တို့၏ ယင်းသို့လျှင် အကျိုးကို ဖြစ်စေနိုင်မှုသဘောကို ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိသော သူတော်ကောင်းသည် တစ်ဖန်ပြန်၍ ဉာဏ်ဖြင့်ရှုကြည့်သော် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်နိုင်၏။ ယင်းသို့ တစ်ဖန်ပြန်၍ သိခြင်း အသိဉာဏ်၌ ထင်စေခြင်းသည်လည်း မနောဒွါရိကဇောတို့ဖြင့်သာ သိနိုင်၏၊ ထင်စေနိုင်၏၊ ပဉ္စဒွါရိကဇောတို့ဖြင့် တစ်ဖန်ပြန်၍ သိမှု ထင်စေမှုကို ပယ်မြစ်အပ်ပြီးသာလျှင်တည်း။ ဤသို့ မှတ်သားပါလေ။ (မူလဋီ၊၂၊၁၀၆။ အနုဋီ၊၂၊၁၁၆။) ပဉ္စဒွါရ၌ ကုသိုလ် အကုသိုလ်ကို တစ်ဖန်ပြန်၍ သိခြင်းကို ပယ်သကဲ့သို့ ကုသိုလ်ကံ အကုသိုလ်ကံကို ဆောက်တည်ခြင်းကိုလည်း ပယ်အပ်သည်သာဟု ဆိုလိုသည်။

ပဉ္စဒွါရ၌, ဖွင့်ဆိုအပ်ခဲ့ပြီးသော ကိစ္စရပ်အားလုံးကို ပြုလုပ်ခြင်း၌ ဇောနှင့်တကွသော ဝီထိစိတ်အားလုံးတို့ကို ပယ်ရှားအပ်ကုန်သည် ဖြစ်အံ့၊ အဘယ်သို့လျှင် ထိုပဉ္စဒွါရ၌ စုတေခြင်း ပဋိသန္ဓေနေခြင်းတို့သည် ဖြစ်နိုင်ကုန်တော့ အံ့နည်း၊ အဖြေကား ----

ပဉ္စဒွါရမရဏာသန္နဝီထိဝယ် တဒါရုံ၏ အခြားမဲ့၌ စုတိသည်လည်းကောင်း, ထိုစုတိ၏ အခြားမဲ့၌ဖြစ်သော ပဋိသန္ဓေသည်လည်းကောင်း မနောဒွါရ၌ ဖြစ်သည်သာလျှင်တည်း။ ယင်းစုတိစိတ် ပဋိသန္ဓေစိတ်တို့သည် ဇောနှင့်တကွသော ဝီထိစိတ်၌ အကျုံးမဝင်သော စိတ်တို့သာတည်း။ ဤသို့သော အဓိပ္ပါယ်အားဖြင့် ဤပဋိသန္ဓေ၏ အာရုံကို ပြရာ၌ ပဉ္စဒွါရ၌ဖြစ်သော တဒါရုံ၏ အခြားမဲ့၌ စုတိကိုလည်းကောင်း, ထိုစုတိ၏ အခြားမဲ့၌ ပဋိသန္ဓေကို လည်းကောင်း အဋ္ဌကထာ၌ ဖွင့်ဆိုအပ်ပြီ၊ ဤသို့ မှတ်သားအပ်ပေသည်။ (ဣမိနာ အဓိပ္ပါယေန = ဤသို့သော အဓိပ္ပါယ်အားဖြင့်ဟူသော စကားရပ်ဖြင့် မနောဒွါရိကဇဝနအရ မနောဒွါရိက အစစ်မဟုတ်, ဒွါရဝိမုတ် = ဒွါရမှ အလွတ်ဖြစ်သော စိတ်တို့သာဟု ပြ၏။) (မူလဋီ၊၂၊၁၀၆။) (အဘိ၊ဋ္ဌ၊၂၊၃၈၈ ကြည့်။)

ထိုပဋိသန္ဓေစိတ်၏ အာရုံကို ပြရာ၌ စုတိကျပြီးသည်တိုင်အောင် ကြွင်းသော စိတ္တက္ခဏ (၅)ချက် အသက် ရှိနေသေးသော ရူပါရုံအစရှိသော အာရုံ၌ အာရုံပြု၍ ဖြစ်ပေါ်လာသော ပဋိသန္ဓေကို ရည်ရွယ်တော်မူ၍ ပဋ္ဌာန်းဒေသနာတော်၌ ----

ပစ္စုပ္ပန္နာရမ္မဏံ ဥပပတ္တိစိတ္တံ ပစ္စုပ္ပန္နာရမ္မဏဿ ဘဝင်္ဂဿ အနန္တရပစ္စယေန ပစ္စယော။ (အဘိ၊၉၊၄၂၈၊၊)

ပစ္စုပ္ပန် (ကမ္မနိမိတ်)တရားလျှင် အာရုံရှိသော ပဋိသန္ဓေစိတ်သည် ပစ္စုပ္ပန် (ကမ္မနိမိတ်)တရားလျှင် အာရုံရှိသော ဘဝင်အား အခြားမဲ့ဖြစ်၍ = အခြားမရှိမူ၍ ကျေးဇူးပြုပေးခြင်းတည်းဟူသော အနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးတတ်၏။ (အဘိ၊၉၊၄၂၈။) ဤသို့လည်းကောင်း,

ကြွင်းသော စိတ္တက္ခဏ (၁)ချက်သာ သက်တမ်းရှိတော့သော ရူပါရုံစသည်၌ အာရုံပြု၍ ဖြစ်ပေါ်လာသော ပဋိသန္ဓေကိုလည်း ရည်ရွယ်တော်မူ၍ ----

ပစ္စုပ္ပန္နာရမ္မဏံ ဥပပတ္တိစိတ္တံ အတီတာရမ္မဏဿ ဘဝင်္ဂဿ အနန္တရပစ္စယေန ပစ္စယော။ (အဘိ၊၉၊၄၂၇၊၊)

ပစ္စုပ္ပန် (ကမ္မနိမိတ်)တရားလျှင် အာရုံရှိသော ပဋိသန္ဓေစိတ်သည် အတိတ် (ကမ္မနိမိတ်)တရားလျှင် အာရုံရှိသော ဘဝင်အား အခြားမဲ့ဖြစ်၍ ကျေးဇူးပြုပေးခြင်းတည်းဟူသော အနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေး တတ်၏။ (အဘိ၊၉၊၄၂၇။) ဤသို့လည်းကောင်း ဟောကြားတော်မူအပ်၏ဟု သိရှိပါလေ။ (မူလဋီ၊၂၊၁၀၆-၁၀၇။)

ဒုဂ္ဂတိမှ သုဂတိသို့

နောက်တစ်မျိုးကား ---- သတ္တဝါတစ်ဦးသည် အပါယ်ဒုဂ္ဂတိ တစ်ဘုံဘုံ၌ တည်နေ၏။ အကယ်၍ ပါလိလေယျကဆင်, ဆဒ္ဒန်ဆင်တို့ကဲ့သို့သော တိရစ္ဆာန်ဒုဂ္ဂတိဘဝ၌ တည်နေသော သတ္တဝါဖြစ်မူ ထိုဒုဂ္ဂတိဘဝ၌လည်း အပြစ်ကင်းလတ် ကောင်းမြတ်သော ကောင်းမှုကုသိုလ်ကံတို့ကို ပြုစုပျိုးထောင်ခွင့်ကား ရရှိနိုင်၏။ သို့အတွက် ဒုဂ္ဂတိဘဝ၌ တည်နေသော (ထိုဘဝ၌ ဖြစ်စေ, အတိတ်ဘဝ အဆက်ဆက်က ဖြစ်စေ) ပြုစုပျိုးထောင်အပ်ပြီး ဆည်းပူးထားအပ်ပြီးသော အပြစ်မရှိသော ကောင်းမှုကုသိုလ်ကံရှိသော အပါယ်ဘုံသား သတ္တဝါ၏ သန္တာန်ဝယ် သေခါနီး မရဏာသန္နအခါဝယ် ဖွင့်ဆိုအပ်ခဲ့ပြီးသော နည်းအတိုင်းသာလျှင် ----

၁။ ထိုအပြစ်ကင်းလတ် ကောင်းမြတ်သော ကုသိုလ်ကံသည်သော်လည်းကောင်း,

၂။ ထိုအပြစ်ကင်းလတ် ကောင်းမြတ်သော ကုသိုလ်ကံ၏ အာရုံ = ကမ္မနိမိတ်သည်သော်လည်းကောင်း,

မနောဒွါရ၌ ထင်ခြင်းသို့ ရှေးရှုကျခြင်းသို့ ရောက်ရှိလာ၏။ ထိုကံအာရုံ သို့မဟုတ် ကမ္မနိမိတ်အာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော တဒါရုံ အဆုံးရှိသော ဇောဝီထိ၏သော်လည်းကောင်း, တဒါရုံမဖက် သက်သက်သော ဇောဝီထိ၏သော်လည်းကောင်း အခြားမဲ့၌ ဘဝင်၏အာရုံကို အာရုံပြု၍ စုတိစိတ်သည် ဖြစ်ပေါ်လာ၏။ ထိုစုတိ စိတ်သည် ချုပ်ပြီးလတ်သော် မနောဒွါရ၌ ထင်ခြင်းသို့ ရှေးရှုကျခြင်းသို့ ရောက်ရှိလာသော ထိုကံအာရုံကိုသော် လည်းကောင်း, ထိုကမ္မနိမိတ် အာရုံကိုသော်လည်းကောင်း အာရုံပြု၍ အရိယမဂ်တရားဖြင့် မပယ်ဖြတ်အပ်သေး သော အဝိဇ္ဇာ တဏှာစသော ကိလေသာတို့၏ စွမ်းအားသည် ညွတ်စေအပ်သော သုဂတိဘုံဘဝ၌ အကျုံးဝင်သော ပဋိသန္ဓေစိတ်သည် ဖြစ်ပေါ်လာ၏။ ဤသည်ကား အတိတ်တရားလျှင် အာရုံရှိသော စုတိ၏ အခြားမဲ့၌ အတိတ် တရားလျှင် အာရုံရှိသော ပဋိသန္ဓေဖြစ်ပုံ အခြင်းအရာတည်း။ (အဘိ၊ဋ္ဌ၊၂၊၁၅၀။)

အခြားတစ်ဦးသော ဒုဂ္ဂတိဘုံဘဝ၌ တည်နေသော သတ္တဝါ၏ သန္တာန်ဝယ် လူလောက၌ ဖြစ်တော့မည့် သတ္တဝါအဖို့ ကမ္ဗလာနီအဆင်းနှင့်တူသော မိမိကိန်းအောင်းရတော့မည့် အမိဝမ်းရေအရောင်အဆင်းဟု ခေါ်ဆို အပ်သော သုဂတိနိမိတ်သည်လည်းကောင်း, နတ်လောက၌ ဖြစ်ရတော့မည့် သတ္တဝါဖြစ်မူ မိမိသုံးဆောင် ခံစားရတော့မည့် ဥယျာဉ် ဗိမာန် ပဒေသာပင်စသည့် အရောင်အဆင်းဟု ခေါ်ဆိုအပ်သော သုဂတိနိမိတ်သည် လည်းကောင်း မနောဒွါရ၌ ထင်ခြင်းသို့ ရှေးရှုကျခြင်းသို့ ရောက်ရှိလာ၏။ ထိုသုဂတိဘဝသို့ သွားရတော့မည့် ထိုဒုဂ္ဂတိသတ္တဝါ၏ သန္တာန်ဝယ် ဘဝင်နှစ်ကြိမ် ဖြစ်ပြီး၍ ချုပ်ပြီးလတ်သော် ထိုထင်လာသော ဂတိနိမိတ်အာရုံကို အာရုံပြု၍ ----

၁။ မနောဒွါရာဝဇ္ဇန်း (၁)ကြိမ်လည်းကောင်း,

၂။ သေခြင်းတရား၏ အလွန်နီးကပ်နေသည့်အတွက် နုံ့သည်ဖြစ်၍ ဖြစ်သော အဟုန်အရှိန်ရှိကုန်သည်၏ အဖြစ်ကြောင့် ဇော (၅)ကြိမ်တို့လည်းကောင်း,

၃။ တဒါရုံ (၂)ကြိမ်တို့လည်းကောင်း,

ဤသို့လျှင် သုံးမျိုးသော ဝီထိစိတ်တို့သည် ဖြစ်ပေါ်လာကြကုန်၏။ ထိုမှနောက်၌ ဘဝင်၏အာရုံကို အာရုံ ပြု၍ တစ်ခုသော စုတိစိတ်သည် ဖြစ်ပေါ်လာ၏။ ဤမျှ အတိုင်းအရှည်ရှိသော စိတ်အစဉ်ဖြင့် (၁၁)ချက်ကုန်သော စိတ္တက္ခဏတို့သည် ကုန်လွန်ပြီး ဖြစ်ကုန်၏။ ထိုမှနောက်၌ ကြွင်းကျန်သော (၅)ချက်သော စိတ္တက္ခဏ သက်တမ်း ရှိနေသေးသော ထိုဂတိနိမိတ်အာရုံ၌ပင်လျှင် ပဋိသန္ဓေစိတ်သည် ဖြစ်ပေါ်လာ၏။ အခြားတစ်ဦးသော ဒုဂ္ဂတိ သတ္တဝါတစ်ဦး၏ သန္တာန်ဝယ် သေရာညောင်စောင်း လျောင်းစက်ရာအခါ၌ ပဉ္စဒွါရ = ငါးဒွါရတို့တွင် ဒွါရ တစ်ခုခု၌ ရာဂစသည်တို့၏ အကြောင်းတရား ဖြစ်၍ ဖြစ်သော အာရုံသည် ထင်ခြင်းသို့ ရှေးရှုကျခြင်းသို့ ရောက်ရှိလာ၏။ ထိုဒုဂ္ဂတိသတ္တဝါ၏ သန္တာန်ဝယ် အကြင် အကြင် ဝီထိစိတ်အစဉ်အားဖြင့် ဖြစ်ပေါ်သွားသော ဝုဋ္ဌောစိတ်၏ အဆုံး၌ သေခြင်းတရား၏ အလွန်နီးကပ်နေသည့်အတွက် နုံ့သည် ဖြစ်၍ ဖြစ်သော အဟုန်အရှိန် ရှိကုန်သည်၏ အဖြစ်ကြောင့် ဇော (၅)ကြိမ်တို့သည်လည်းကောင်း, တဒါရုံ (၂)ကြိမ်တို့သည်လည်းကောင်း ဖြစ်ပေါ်သွားကြကုန်၏။ ထိုတဒါရုံမှနောက်၌ ဘဝင်၏အာရုံကို အာရုံပြု၍ တစ်ခုသော စုတိစိတ်သည် ဖြစ်ပေါ်လာ၏။ ဤမျှသော အတိုင်းအရှည်ဖြင့် ----

။ ဘဝင် (၂)ကြိမ်၊

၁။ ပဉ္စဒွါရာဝဇ္ဇန်း (၁)ကြိမ်၊

၂။ စက္ခုဝိညာဏ် (၁)ကြိမ်၊

၃။ သမ္ပဋိစ္ဆိုင်း (၁)ကြိမ်၊

၄။ သန္တီရဏ (၁)ကြိမ်၊

၅။ ဝုဋ္ဌော (၁)ကြိမ်၊

၆။ ဇော (၅)ကြိမ်၊

၇။ တဒါရုံ (၂)ကြိမ်၊

။ စုတိစိတ် (၁)ကြိမ်၊

ဤသို့လျှင် (၁၅)ချက်ကုန်သော စိတ္တက္ခဏတို့သည် လွန်ပြီးဖြစ်ကြကုန်၏၊ ထိုမှ နောက်၌ ကြွင်းကျန်သော စိတ္တက္ခဏ တစ်ချက်သာ သက်တမ်းရှိတော့သော ထိုသုဂတိနိမိတ်အာရုံ၌ပင်လျှင် သုဂတိဘဝ၌ အကျုံးဝင်သော သုဂတိပဋိသန္ဓေစိတ်သည် ဖြစ်ပေါ်လာ၏။ ဤပဋိသန္ဓေသည်လည်း အတိတ်တရားလျှင် အာရုံရှိသော စုတိ၏ အခြားမဲ့၌ ပစ္စုပ္ပန်တရားလျှင် အာရုံရှိသော သုဂတိပဋိသန္ဓေတည်း။ (ဘဝတစ်ခု၌ ပဋိသန္ဓေ ဘဝင် စုတိတို့ကား အာရုံတူမြဲ ဖြစ်ကြ၏။ သို့အတွက် စုတိစိတ်သည် သေခါနီးမရဏာသန္နအခါ၌ ထင်လာသော ယင်းဂတိနိမိတ် အာရုံကို အာရုံမပြုဘဲ ထိုဒုဂ္ဂတိဘဝ၏ ဘဝင်၏ အာရုံကိုသာ အာရုံပြုသည်။ သုဂတိပဋိသန္ဓေအသစ်ကား ထိုဒုဂ္ဂတိဘဝ၏ မရဏာသန္နဇော၏ အာရုံဖြစ်သည့် သုဂတိနိမိတ် အာရုံကို အာရုံပြုသည်။)

ဤသည်ကား အတိတ်တရားလျှင် အာရုံရှိသော ဒုဂ္ဂတိစုတိ၏ အခြားမဲ့၌ ----

၁။ အတိတ်တရားလျှင် အာရုံရှိသော သုဂတိပဋိသန္ဓေ,

၂။ ပစ္စုပ္ပန်တရားလျှင် အာရုံရှိသော သုဂတိပဋိသန္ဓေ,

ဤနှစ်မျိုးသော သုဂတိပဋိသန္ဓေတို့၏ ဖြစ်ပုံအခြင်းအရာတည်း။ (အဘိ၊ဋ္ဌ၊၂၊၁၅၀။)

ကံ ကမ္မနိမိတ်၏ အစွမ်းဖြင့် အတိတ်အာရုံရှိသော ပဋိသန္ဓေ, အမိဝမ်းရေ၏ အရောင်အဆင်းစသည့် သုဂတိနိမိတ်၏ အစွမ်းဖြင့် ပစ္စုပ္ပန်အာရုံရှိသော ပဋိသန္ဓေဟု ခွဲခြား၍ မှတ်ပါ။ (မဟာဋီ၊၂၊၃၀၁။)

ဘဝင်၏ အာရုံ

ထိုအပါယ်သား ဒုဂ္ဂတိသတ္တဝါ၏ ဘဝင်အာရုံဟူသည် ထိုဒုဂ္ဂတိဘဝကို မရမီ မရောက်မီဘဝက မရဏာ သန္နဇောသည် ယူထားအပ်ခဲ့သော အာရုံပင်တည်း။ ထိုဒုဂ္ဂတိဘဝကို မရမီ ထိုဒုဂ္ဂတိဘဝသို့ မရောက်မီ ဘဝဟူသည် သုဂတိဘဝမှ ထိုဒုဂ္ဂတိဘဝသို့ ရောက်သူအတွက် ထိုသုဂတိဘဝတည်း။ ဒုဂ္ဂတိဘဝမှပင် ထိုဒုဂ္ဂတိ ဘဝသို့ ရောက်သူ အတွက် ထိုဒုဂ္ဂတိဘဝပင်တည်း။

ရှင်းလင်းသွားအောင် ထပ်၍ ဆိုရသော် ဒုဂ္ဂတိဘဝမှ သုဂတိဘဝသို့ ရောက်ရှိလာသူအဖို့ သုဂတိဘဝကား ပစ္စုပ္ပန်ဘဝတည်း၊ ထိုဒုဂ္ဂတိဘဝကား ပထမအတိတ်ဘဝတည်း၊ ထိုပထမအတိတ် ဒုဂ္ဂတိဘဝ၏ ပဋိသန္ဓေ ဘဝင် စုတိတို့၏ အာရုံကား ဒုတိယအတိတ်ဘဝ မရဏာသန္နဇောက ယူအပ်ခဲ့သော အာရုံပင်တည်း။ လက်ရှိပစ္စုပ္ပန် သုဂတိဘဝ၏ ပဋိသန္ဓေ၏ အာရုံကား တစ်နည်းဆိုသော် ပဋိသန္ဓေ ဘဝင် စုတိတို့၏ အာရုံကား ပထမအတိတ် ဒုဂ္ဂတိဘဝ၌ အကျုံးဝင်သော မရဏာသန္နဇောက ယူအပ်ခဲ့သော သုဂတိနိမိတ်အာရုံတည်း။ (ကံ ကမ္မနိမိတ် အာရုံတို့၌လည်း နည်းတူပင် မှတ်သားပါ။)

သုဂတိမှ သုဂတိသို့

နောက်တစ်မျိုးကား ---- သုဂတိဘုံဘဝ၌ တည်နေသော (ဤဘဝ၌ ဖြစ်စေ အတိတ်ဘဝအဆက်ဆက်က ဖြစ်စေ) ပြုစုပျိုးထောင်အပ်ခဲ့ပြီး ဆည်းပူးအပ်ပြီးသော အပြစ်ကင်းသော ကောင်းမှုကုသိုလ်ကံရှိသော သတ္တဝါအား ---- တာနိဿ တမှိ သမယေ ဩလမ္ဗန္တိ = ထိုရှေး၌ ပြုအပ်ကုန်ပြီးသော ကုသိုလ်ကံတို့သည် ထိုနီးကပ်သော သေခြင်းတရားရှိနေသော ပုဂ္ဂိုလ်အား ထိုသေအံ့ဆဲဆဲအခါ၌ ညနေချမ်းအခါဝယ် ကြီးစွာသော တောင်ထွဋ်တို့၏ အရိပ်သည် တောင်၏အနောက်ဘက်၌ တည်ရှိသော နေရောင်ခြည်၏ စွမ်းအားကြောင့် တောင်၏အေ့ရှဘက် မြေပြင်၌ လွှမ်းခြုံထားသကဲ့သို့ တွဲရရွဲဆွဲကုန်သကဲ့သို့ မနောဒွါရ၌ လွှမ်းမိုးလျက် တွဲရရွဲဆွဲသကဲ့သို့ ထင်ပေါ်ကုန်၏။ (မ၊၁၊၂၀၃။) ---- ဤသို့စသော စကားတော်ကို သဗ္ဗညု သမ္မာသမ္ဗုဒ္ဓဘုရားရှင်သည် ဟောကြားထားတော်မူခြင်း ကြောင့် သေရာညောင်စောင်းထက်၌ လျောင်းစက်စဉ် အကြင် အကြင် ပြုစုပျိုးထောင်အပ်ပြီး ဆည်းပူးအပ် ပြီးသော ----

၁။ အပြစ်ကင်းလတ် ကောင်းမြတ်သော ကုသိုလ်ကံသည်သော်လည်းကောင်း,

၂။ ထိုကုသိုလ်ကံ၏ အာရုံနိမိတ် = ကမ္မနိမိတ်သည်သော်လည်းကောင်း,

မနောဒွါရ၌ ထင်ခြင်းသို့ ရှေးရှုကျရောက်ခြင်းသို့ ရောက်ရှိလာ၏၊ ထို ကံ ကမ္မနိမိတ် အာရုံသည်လည်း ဆည်းပူးထားအပ်ပြီးသော အပြစ်ကင်းလတ် ကောင်းမြတ်သော ကာမာဝစရကုသိုလ်ကံရှိသော ပုဂ္ဂိုလ်၏သာလျှင် မနောဒွါရ၌ ထင်ခြင်းသို့ ရှေးရှုကျခြင်းသို့ ရောက်ရှိနိုင်၏။

နောက်တစ်မျိုးကား ပြုစုပျိုးထောင်အပ်ပြီးသော ဆည်းပူးထားအပ်ပြီးသော မဟဂ္ဂုတ် ကုသိုလ်ကံရှိသော (= စျာန်ရရှိထားပြီးသည့်အတွက် စျာန်ကုသိုလ်ကံ ထင်ရှား ရှိနေသေးသော) ပုဂ္ဂိုလ်၏ သန္တာန်၌ ကမ္မနိမိတ် အာရုံသည်သာလျှင် ထင်ခြင်းသို့ ရှေးရှုကျခြင်းသို့ ရောက်ရှိလာ၏။ (မဟဂ္ဂုတ် ဝိပါက်တရား၏ ဧကန်အားဖြင့် မိမိ၏ ကံ၏ အာရုံလျှင် အာရုံရှိသည်၏ အဖြစ်ကြောင့်တည်း။) (အဘိ၊ဋ္ဌ၊၂၊၁၅၀။)

ဥပမာ ---- ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် ဗြဟ္မာဘဝကို တွယ်တာတပ်မက်သည့် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံလျက် အာနာပါနစတုတ္ထစျာန်ကို အမြတ်စား ပွားများထား၏။ ထိုစတုတ္ထစျာန်၏ အာရုံကား အလွန် ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ် အာရုံပင်တည်း။ ယင်းအာနာပါနစတုတ္ထစျာန်ကား မဟဂ္ဂုတ်ကံပင်တည်း။ ယင်းမဟဂ္ဂုတ်ကုသိုလ်ကံ၏ အာရုံဖြစ်သော ယင်းအာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင် ကမ္မနိမိတ်ဟု ခေါ်ဆိုပေသည်။

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် ဗြဟ္မာပြည်ကို ရည်ရွယ်မှန်းထား၍ ဗြဟ္မာဘဝကိုပင် တွယ်တာတပ်မက်သည့် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံလျက် ဩဒါတကသိုဏ်း = အဖြူရောင်ကသိုဏ်းစျာန်ကို အမြတ်စားပွားထားသည် ဖြစ်အံ့၊ ထိုဩဒါတကသိုဏ်း စတုတ္ထစျာန်၏ အာရုံကား အဖြူရောင်ကသိုဏ်းပဋိဘာဂနိမိတ်အာရုံပင်တည်း။ အလွန် ကြည်လင်တောက်ပနေသော အဖြူရောင်နိမိတ်အာရုံတည်း။ ယင်းဩဒါတကသိုဏ်း ပဋိဘာဂနိမိတ်လျှင် အာရုံရှိသော ဩဒါတကသိုဏ်း စတုတ္ထစျာန်သည်လည်း မဟဂ္ဂုတ်ကံပင်တည်း။ ယင်း မဟဂ္ဂုတ်ကံ၏ အာရုံဖြစ်သော ဩဒါတကသိုဏ်း ပဋိဘာဂနိမိတ်အာရုံကိုလည်း ကမ္မနိမိတ်ဟုပင် ခေါ်ဆိုပေသည်။ ဤသို့စသည်ဖြင့် သဘောပေါက်ပါလေ။

ထိုသို့ ဆည်းပူးထားအပ်သော မဟဂ္ဂုတ်ကုသိုလ်ကံရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌ကား သေရာညောင်စောင်း လျောင်းစက်ရာအခါ၌ မလျှောကျသော စျာန်ရှိသဖြင့် ဗြဟ္မာ့ပြည်သို့ ရောက်တော့မည် ဧကန်မှန်လျှင် ယင်း မဟဂ္ဂုတ်ကုသိုလ်ကံအာရုံသည် မနောဒွါရ၌ မထင်လာတော့ဘဲ ယင်းမဟဂ္ဂုတ်ကုသိုလ်ကံ၏ အာရုံဖြစ်သည့် ကမ္မနိမိတ်အာရုံသည်သာလျှင် မနောဒွါရ၌ ထင်ခြင်းသို့ ရှေးရှူကျခြင်းသို့ ရောက်ရှိလာ၏။

ဤပစ္စုပ္ပန်ဘဝ၌သော်လည်းကောင်း, အတိတ်သံသရာ ဘဝအဆက်ဆက်ကသော်လည်းကောင်း ဆည်းပူး ထားအပ်ပြီးသော အပြစ်ကင်းလတ် ကောင်းမြတ်သော ကာမာဝစရကံရှိသော သတ္တဝါ၏ သန္တာန်ဝယ် မနောဒွါရ၌ ထင်လာသော ထိုကံအာရုံကို သို့မဟုတ် ကမ္မနိမိတ်အာရုံကို, ဆည်းပူးထားအပ်ပြီးသော မဟဂ္ဂုတ်ကံရှိသော သတ္တဝါ၏ သန္တာန်ဝယ် မနောဒွါရ၌ ထင်လာသော ထိုကမ္မနိမိတ်အာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော တဒါရုံ အဆုံးရှိသည်မူလည်း ဖြစ်သော မရဏာသန္နဇောဝီထိ၏သော်လည်းကောင်း, မဟဂ္ဂုတ် ကမ္မနိမိတ်အာရုံရှိသဖြင့် တဒါရုံဝိပါက်မဖက် သက်သက်မူလည်းဖြစ်သော မရဏာသန္နဇောဝီထိ၏သော်လည်းကောင်း အခြားမဲ့၌ ဘဝင်၏ အာရုံကို အာရုံပြု၍ စုတိစိတ်သည် ဖြစ်ပေါ်လာ၏။ ထိုစုတိစိတ်သည် ချုပ်ပြီးလတ်သော် ထိုကံကိုသော် လည်းကောင်း, ထိုကမ္မနိမိတ်ကိုသော်လည်းကောင်း အာရုံပြု၍ အရိယမဂ်ဖြင့် မပယ်ဖြတ်အပ်သေးသော အဝိဇ္ဇာ တဏှာစသော ကိလေသာတို့၏ စွမ်းအားသည် ညွတ်စေအပ်သော သုဂတိဘုံဘဝ၌ အကျုံးဝင်သော ပဋိသန္ဓေ စိတ်သည် ဖြစ်ပေါ်လာ၏။ ဤဆိုအပ်ပြီးသည်ကား အတိတ်တရားလျှင် အာရုံရှိသော စုတိ၏ အခြားမဲ့၌ ----

၁။ အတိတ်တရားလျှင် အာရုံရှိသည်မူလည်း ဖြစ်သော,

၂။ အတိတ် ပစ္စုပ္ပန်ဟု မဆိုထိုက်သော ပညတ်တရားလျှင် အာရုံရှိသည်မူလည်း ဖြစ်သော, ပဋိသန္ဓေတည်း။ (အဘိ၊ဋ္ဌ၊၂၊၁၅၀။)

ဥပစာရ ---- ထိုမဟဂ္ဂုတ် ကမ္မနိမိတ်လျှင် အာရုံရှိသော မရဏာသန္နဇောဝီထိကို မဟဂ္ဂုတ် ဝိပါက်ပဋိသန္ဓေ၏ အနီး ဥပစာကဲ့သို့ မှတ်ထိုက်၏။ အကြောင်းကား ---- ထိုမရဏာသန္နဇောဝီထိသည် နောက်ဖြစ်မည့် မဟဂ္ဂုတ် ပဋိသန္ဓေနှင့် တူသောအာရုံရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း, ထိုမရဏာသန္နဇောဝီထိသည် မဟဂ္ဂုတ် ပဋိသန္ဓေ၏ အကြောင်းနိမိတ် ဖြစ်သောကြောင့်လည်းကောင်း ဖြစ်သည်။ (မရဏာသန္နဇောဝီထိက အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြုလျှင် ဘဝသစ် မဟဂ္ဂုတ် ပဋိသန္ဓေကလည်း ယင်းအာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင် အာရုံပြု၏။ မရဏာသန္နဇောဝီထိက ဩဒါတကသိုဏ်းပဋိဘာဂနိမိတ်ကို အာရုံပြုလျှင် ဘဝသစ် မဟဂ္ဂုတ် ပဋိသန္ဓေကလည်း ယင်းဩဒါတကသိုဏ်းပဋိဘာဂနိမိတ်အာရုံကိုပင် အာရုံပြု၏။ ဤသို့စသည်ဖြင့် သဘောပေါက်ပါ။) (မူလဋီ၊၂၊၁၀၇။ အနုဋီ၊၂၊၁၁၆။)

မဟဂ္ဂတာဝသာနံ ---- ဓမ္မသိရိမထေရ်ဟူသော အချို့သော ဆရာတို့သည် ထိုမရဏာသန္နဇောဝီထိကို မဟဂ္ဂုတ်ဇော အဆုံးရှိ၏ဟူ၍ ဆိုကြကုန်၏။ အကြောင်းအားလျော်စွာ မဟဂ္ဂုတ်သမာပတ်ကို ဝင်စားပြီး၍ ထိုသမာပတ်မှ ထသော ပုဂ္ဂိုလ်၏ သန္တာန်၌ ထိုမရဏာသန္နဝီထိ ဖြစ်ပေါ်လာ၏။ ထိုမရဏာသန္နဝီထိ၏ နောက်ဝယ် စုတိစိတ်ကျ၏၊ ထိုကြောင့် ထိုဝီထိကို မဟဂ္ဂုတ်ဇော အဆုံးရှိသော ဝီထိဟူ၍ဆိုကြသည်။ (မူလဋီ၊၂၊၁၀၇။ အနုဋီ၊၂၊၁၁၆-၁၁၇။)

ဓမ္မသိရိမထေရ်ကား စျာနသမာပတ္တိဝီထိ၏ နောက်ဝယ် မရဏာသန္နဇောဝီထိကျ၏ဟု အယူရှိတော်မူ၏။ မူလဋီကာဆရာတော်ကား စျာနသမာပတ္တိဝီထိနှင့် မရဏာသန္နဇောဝီထိတို့၏ အကြားဝယ် မနောဒွါရဝီထိများ လည်း ထိုက်သလို ဖြစ်နိုင်သေး၏ဟု အယူရှိတော်မူ၏။

နဝတ္တဗ္ဗာရမ္မဏ ---- အတိတ် ပစ္စုပ္ပန်ဟု မဆိုထိုက်သော ပညတ်တရားလျှင် အာရုံရှိသည်မူလည်းဖြစ်သော ဟူသော ဤစကားကို ရူပါဝစရပဋိသန္ဓေကိုလည်းကောင်း, အရူပပဋိသန္ဓေတို့တွင် အာကာသာနဉ္စာယတန ပဋိသန္ဓေကိုလည်းကောင်း, အာကိဉ္စညာယတနပဋိသန္ဓေကိုလည်းကောင်း ရည်ရွယ်တော်မူ၍ အဋ္ဌကထာက ဖွင့်ဆိုတော်မူခြင်းဖြစ်၏။ ဝိညာဏဉ္စာယတနပဋိသန္ဓေ နေဝသညာနာသညာယတနပဋိသန္ဓေတို့ကိုကား အတိတ်တရားလျှင် အာရုံရှိသော ပဋိသန္ဓေဟူသော စကားရပ်ဖြင့်ပင်လျှင် သိမ်းကျုံးရေတွက် ပေါင်းယူထား ပေသည်။ (မဟာဋီ၊၂၊၃၈၂။)

ဤအထက်ပါ အဋ္ဌကထာ အဖွင့်တို့အရ ----

၁။ အတိတ်တရားလျှင် အာရုံရှိသော ပဋိသန္ဓေ (၁၁)မျိုး,

၂။ အတိတ် ပစ္စုပ္ပန်ဟု မဆိုထိုက်သော ပညတ်တရားလျှင် အာရုံရှိသော ပဋိသန္ဓေ (၇)မျိုးရှိ၏ဟု မှတ်ပါ။

မဟာဝိပါက် ပဋိသန္ဓေ (၈)မျိုး,

ကုသလဝိပါက် ဥပေက္ခာသန္တီရဏ ပဋိသန္ဓေ (၁)မျိုး,

ဝိညာဏဉ္စာယတန ပဋိသန္ဓေ (၁)မျိုး,

နေဝသညာနာသညာယတန ပဋိသန္ဓေ (၁)မျိုး,

ဤ (၁၁)မျိုးသော ပဋိသန္ဓေတို့ကား အတိတ်တရားလျှင် အာရုံရှိသော ပဋိသန္ဓေတို့တည်း။

ရူပါဝစရ ပဋိသန္ဓေ (၅)မျိုး, (ပဉ္စကနည်း)

အာကာသာနဉ္စာယတန ပဋိသန္ဓေ (၁)မျိုး,

အာကိဉ္စညာယတန ပဋိသန္ဓေ (၁)မျိုး,

ဤ (၇)မျိုးသော ပဋိသန္ဓေတို့ကား အတိတ် ပစ္စုပ္ပန်ဟု မဆိုထိုက်သော ပညတ်တရားလျှင် အာရုံရှိသော ပဋိသန္ဓေတို့တည်း။ (မူလဋီ၊၂၊၁၀၇။) (ပစ္စုပ္ပန်တရားလျှင် အာရုံရှိသော ပဋိသန္ဓေနှင့် ဒုဂ္ဂတိပဋိသန္ဓေတို့ကိုကား အောက်တွင် ဖွင့်ဆိုလတ္တံ့။)

ပစ္စုပ္ပန်ကို အာရုံပြုသော ပဋိသန္ဓေ

အခြားတစ်ဦးသော သတ္တဝါအား သေရာညောင်စောင်း လျောင်းစက်ရာ သေခါနီးကာလ၌ ကာမာဝစရ ဖြစ်သော အပြစ်ကင်းလတ် ကောင်းမြတ်သော ကောင်းမှုကုသိုလ်ကံ၏ အစွမ်းဖြင့် လူ့ပြည် လူ့လောက၌ အမိ၏ ဝမ်းရေအရောင်အဆင်းဟု ဆိုအပ်သည်မူလည်းဖြစ်သော, နတ်ပြည် နတ်လောက၌ ဥယျာဉ် ပဒေသာပင် စသည်တို့၏ အရောင်အဆင်းဟု ဆိုအပ်သည်မူလည်းဖြစ်သော သုဂတိနိမိတ်ဖြစ်သော ရူပါရုံသည် မနောဒွါရ၌ ထင်ခြင်းသို့ ရှေးရှုကျခြင်းသို့ ရောက်ရှိလာ၏။ ထိုသတ္တဝါ၏ သန္တာန်ဝယ် ---- ဘဝင်နှစ်ကြိမ် ဖြစ်ပြီးနောက် ချုပ်လတ်သော် ထိုသုဂတိနိမိတ်အာရုံကိုပင် အာရုံပြု၍ ----

၁။ မနောဒွါရာဝဇ္ဇန်း (၁)ကြိမ်၊

၂။ သေခြင်းတရား၏ အလွန်နီးကပ်သည့်အတွက် နုံ့သည်ဖြစ်၍ဖြစ်ကုန်သော အဟုန်အရှိန် ရှိကုန်သည်၏ အဖြစ်ကြောင့် မရဏာသန္နဇော (၅)ကြိမ် ၊

၃။ တဒါရုံ (၂)ကြိမ်၊

ဤသို့လျှင် ဝီထိစိတ်အမျိုးအစား သုံးမျိုးတို့သည် ဖြစ်ပေါ်လာကြကုန်၏။ ထိုနောင် ဘဝင်၏ အာရုံကို အာရုံပြု၍ တစ်ခုသော စုတိစိတ်သည် ဖြစ်ပေါ်လာ၏၊ ဤမျှအတိုင်းအရှည်ရှိသော စိတ်သန္တတိအစဉ်အားဖြင့် စိတ္တက္ခဏ (၁၁)ချက်တို့သည် လွန်ပြီးဖြစ်ကုန်၏။ ထိုစုတိကျပြီးနောက်၌ ကြွင်းကျန်သော စိတ္တက္ခဏ (၅)ချက် သက်တမ်းရှိသေးသော ထိုသုဂတိနိမိတ်အာရုံ၌ပင်လျှင် ပဋိသန္ဓေစိတ်သည် ဖြစ်ပေါ်လာ၏။ ဤသည်ကား အတိတ်တရားလျှင် အာရုံရှိသော စုတိ၏ အခြားမဲ့၌ ပစ္စုပ္ပန်တရားလျှင် အာရုံရှိသော ပဋိသန္ဓေတည်း။ (အဘိ၊ဋ္ဌ၊၂၊၁၅၁။)

မာတုကုစ္ဆိဝဏ္ဏသင်္ခါတန္တိ အာဒိနာ ဝဏ္ဏောဧဝ ဂတိနိမိတ္တဘာဝေန အာဂတော။ တတ္ထ သဒ္ဒေါ တာဝ အနုပါဒိန္နဘာဝေန သုဂတိပရိယာပန္နတာယ ဂတိနိမိတ္တဘာဝေန အဋ္ဌကထာသု နာဂတောတိ ယုတ္တမေတံ၊ ဂန္ဓာဒီနံ ပန အနာဂမနေ ဝီမံသိတဗ္ဗံ။ (မဟာဋီ၊၂၊၃၀၂။)

အမိဝမ်းရေအရောင်အဆင်းဟု ခေါ်ဆိုအပ်သော သုဂတိနိမိတ် ---- ဤသို့စသည်ဖြင့် ရူပါရုံအရောင် အဆင်းသည်သာလျှင် ဂတိနိမိတ်အဖြစ်ဖြင့် အဋ္ဌကထာတို့၌ လာရှိ၏။ ထိုသို့လာရှိရာ၌ ရှေးဦးစွာ အသံ = သဒ္ဒါရုံကား တဏှာ ဒိဋ္ဌိတို့က ငါ ငါ့ဟာ, ငါ၏အကျိုးတရားဟု စွဲယူအပ်သည့် ကံကြောင့်ဖြစ်သည့် ကမ္မဇရုပ် မဟုတ်ခြင်းကြောင့် (စိတ်ကြောင့်ဖြစ်သည့် သဒ္ဒါရုံ, ဥတုကြောင့်ဖြစ်သည့် သဒ္ဒါရုံသာ ရှိသောကြောင့်) သုဂတိဘဝ၌ အကျုံးဝင်နေသည့်အတွက် ဂတိနိမိတ်အဖြစ်ဖြင့် အဋ္ဌကထာတို့၌မလာဟူသော ဤစကားသည် သင့်တန်စေ၊ ဂန္ဓာရုံစသည်တို့၏ကား ဂတိနိမိတ်အဖြစ်ဖြင့် မလာခြင်း၌ အကြောင်းကို စူးစမ်းဆင်ခြင်သင့်၏။ (မဟာဋီ၊၂၊၃၀၂။)

အခြားတစ်ဦးသော (အထူးသဖြင့် လူသားဖြစ်သော)သတ္တဝါအား သေရာညောင်စောင်း လျောင်းစက်ရာ အခါ၌ ဆွေမျိုးတို့က ---- အမောင် ... သင့်အတွက် ဤဘုရားကို ပူဇော်ခြင်းကို ပြုလုပ်အပ်၏၊ သင်၏ စိတ်ကို ကြည်လင်စေပါလော့ ---- ဤသို့ ပြောဆို၍ ----

၁။ ပန်းကုံး, တံခွန်, ကုက္ကား စသည်တို့၏ အပြားအားဖြင့် ရူပါရုံကိုသော်လည်းကောင်း,

၂။ တရားနာခြင်း, တူရိယာဖြင့်ပူဇော်ခြင်းစသည်တို့၏ အပြားအားဖြင့် သဒ္ဒါရုံကိုသော်လည်းကောင်း,

၃။ အခိုး အထုံ အနံ့ စသည်တို့၏ အပြားအားဖြင့် ဂန္ဓာရုံကိုသော်လည်းကောင်း,

၄။ အမောင် ...ဤလျက်ဖွယ်ကို သာယာစမ်းပါလော့၊ သင့်အတွက် ပေးလှူထိုက်သော လှူဖွယ်ဝတ္ထုတည်း၊-ဤသို့ ပြောပြ၍ ပျားရည်, တင်လဲစသည်တို့၏ အပြားအားဖြင့် ရသာရုံကိုသော်လည်းကောင်း,

၅။ အမောင် ...ဤဝတ္ထုကို တွေ့ထိကြည့်စမ်းပါ။ သင့်အတွက် ပေးလှူထိုက်သည့် လှူဖွယ်တည်း ---- ဤသို့ ပြောပြ၍ စိန့်တိုင်း၌ ဖြစ်သော အဝတ်, သောမာရတိုင်း၌ ဖြစ်သော အဝတ်စသည်တို့၏ အပြားအားဖြင့် ဖောဋ္ဌဗ္ဗာရုံကိုသော်လည်းကောင်း,

ဤအာရုံ အသီးအသီးကို ထိုက်သလို ပဉ္စဒွါရ၌ ကပ်၍ ဆောင်ကြကုန်၏။

ထိုသတ္တဝါသည် ရှေးရှုကျခြင်းသို့ ထင်ခြင်းသို့ ရောက်ရှိလာသော ထိုရူပါရုံစသည့် အာရုံ၌ အကြင် အကြင် စက္ခုဒွါရဝီထိစသော ဝီထိစိတ်အစဉ်အားဖြင့် ဖြစ်ပေါ်သွားသော ဝုဋ္ဌော၏အဆုံး၌ သေခြင်းတရား၏ အလွန် နီးကပ်နေသည့်အတွက် နုံ့သည် ဖြစ်၍ ဖြစ်သော အဟုန်အရှိန် ရှိကုန်သည်၏ အဖြစ်ကြောင့် မရဏာသန္နဇော (၅)ကြိမ်တို့သည်လည်းကောင်း, တဒါရုံ (၂)ကြိမ်တို့သည်လည်းကောင်း ဖြစ်ပေါ်လာကြကုန်၏၊ ထိုမှနောက်၌ (ကံ ကမ္မနိမိတ် ဂတိနိမိတ်တို့တွင် တစ်မျိုးမျိုးသော) ဘဝင်၏အာရုံကို အာရုံပြု၍ တစ်ခုသော စုတိစိတ်သည် ဖြစ်ပေါ်လာ၏၊ ထိုစုတိစိတ်၏အဆုံး၌ စိတ္တက္ခဏ (၁)ချက်မျှသာ တည်ခြင်းရှိသော ထိုမရဏာသန္နဇော၏ အာရုံ၌ ပင်လျှင် အာရုံပြု၍ ပဋိသန္ဓေစိတ်သည် ဖြစ်ပေါ်လာ၏။ ဤပဋိသန္ဓေသည်လည်း အတိတ်တရားလျှင် အာရုံရှိသော စုတိ၏အခြားမဲ့၌ ဖြစ်ပေါ်လာသော ပစ္စုပ္ပန်တရားလျှင် အာရုံရှိသော ပဋိသန္ဓေတည်း။ (အဘိ၊ဋ္ဌ၊၂၊၁၅၁။)

ဝိပဿနာကံ၏ အာရုံ = ကမ္မနိမိတ်

သူတော်ကောင်းတစ်ဦးသည် ရုပ်နာမ် ကြောင်းကျိုး = သင်္ခါရတရားတို့ကို သိမ်းဆည်းတတ်ပြီး ဉာဏ်ဖြင့် ပိုင်းခြားယူထားပြီး ဖြစ်သဖြင့် နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်တို့ကို ရရှိထား၏။ ထိုသူတော်ကောင်း သည် ယင်းသင်္ခါရတရားတို့ကို ----

၁။ ဖြစ်ပြီးလျှင် ပျက်သွားသည့်သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟုလည်းကောင်း,

၂။ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်းနှိပ်စက်ခံနေရသည့် သဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ဒုက္ခဟုလည်းကောင်း,

၃။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် အမြဲတည်နေသည့် အတ္တမရှိသည့် သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနတ္တဟုလည်းကောင်း,

ဤသို့လျှင် လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ကာ တွင်တွင်ကြီး ဝိပဿနာရှုနေ၏။ အထက်တွင် ဖော်ပြထားခဲ့ပြီးသော စေတနာသုတ္တန် ဒေသနာတော်နှင့်အညီ အနုသယဓာတ် ကိန်းဝပ်နေသူ၏ သန္တာန်ဝယ် အခြားကံများက အကျိုးပေးဖို့ရန် အခါအခွင့်မသာသဖြင့် ယင်းဝိပဿနာကံတို့က အကျိုးပေးဖို့ရန် အခါအခွင့် သာလာ၏။ ထိုအခါ ထိုသူတော်ကောင်း၏ သန္တာန်ဝယ် ထိုသင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာ တစ်ခုခုကို အာရုံပြုနေသော ဝိပဿနာကံတို့သည် သေခါနီး မရဏာသန္နအခါဝယ် ဆက်တိုက်ဖြစ်နေ၏၊ မရဏာသန္နဇောသည်လည်း ယင်းသင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ သို့မဟုတ် ဒုက္ခအခြင်းအရာ သို့မဟုတ် အနတ္တအခြင်းအရာကိုပင် အာရုံယူနိုင်ခဲ့သော် ယင်းမရဏာသန္နဇော၏ အာရုံမှာ ပစ္စုပ္ပန် ကမ္မနိမိတ်အာရုံပင် ဖြစ်နိုင်လေသည်။ မနောဒွါရ၌ ထင်လာသော ပစ္စုပ္ပန် ကမ္မနိမိတ်အာရုံပင်တည်း။ ဤ၌ ကမ္မနိမိတ်ဟူသည် ဝိပဿနာဇောစေတနာကံ၏ အာရုံဟု ဆိုလိုသည်။ ဤကား မနောဒွါရ၌ ထင်လာသော ပစ္စုပ္ပန် ဓမ္မာရုံကမ္မနိမိတ်အာရုံတည်း။ ဤနည်းဖြင့်ဒွါရ (၆)ပါးဝယ် အာရုံ (၆)ပါးတို့သည် ထိုက်သည်အားလျော်စွာ ပစ္စုပ္ပန် ကမ္မနိမိတ် ဖြစ်နိုင်လေသည်။ ထိုအခါမျိုး၌ ဘဝသစ်ပဋိသန္ဓေနှင့် ဘဝသစ်ပဋိသန္ဓေနောင် ဆက်လက် ဖြစ်သော ပထမဘဝင်စသည့် ဘဝင်အနည်းငယ်သည်လည်း ပစ္စုပ္ပန်ကမ္မနိမိတ်အာရုံလျှင် အာရုံရှိသည်လည်း ရံခါဖြစ်နိုင်၏။ ထိုပစ္စုပ္ပန် ကမ္မနိမိတ်အာရုံသည် ပဋိသန္ဓေတွင် သက်တမ်းစေ့သွားပါက ယင်းဘဝသစ်ပဋိသန္ဓေ သည် ပစ္စုပ္ပန်ကမ္မနိမိတ်ကို, ယင်းဘဝသစ် ပဋိသန္ဓေနောင် ဖြစ်ကြသည့် ဘဝင်ဟူသမျှသည် အတိတ်ကမ္မနိမိတ် တရားကို အာရုံပြုလေ၏။

ဘုရားအား ပူဇော်ခြင်း

အထက်ပါ အဋ္ဌကထာစကားရပ်ဝယ် -- အယံ တာတ တဝတ္ထာယ ဗုဒ္ဓပူဇာ ကရီယတိ --- အမောင် ... သင့်အတွက် ဘုရားအားပူဇော်ခြင်းကို ပြုလုပ်အပ်၏ ---- ဤသို့စသော စကားရပ်တို့၌ မရဏာသန္နဇော မစောမီ ရှေးပိုင်း၌ ဖြစ်ပေါ်သွားကြသော ပုဗ္ဗစေတနာတို့၏ အစွမ်းဖြင့် ကောင်းမှုကုသိုလ်သည် ဖြစ်၏။ ပုဗ္ဗစေတနာတို့၏ အစွမ်းဖြင့် ကမ္မပထမြောက်သော ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ပေးနိုင်သော စွမ်းအားရှိသော ဇနကကံသည် ဖြစ်ပေါ်လာ၏။ မရဏာသန္နဇောစေတနာကား ဇနကကံဖြစ်သည့် ကောင်းမှုကုသိုလ် မဟုတ်ပေ။ သို့သော် ဆရာမြတ်တို့ကား အလုံးစုံသော ကုသိုလ်ဇောစေတနာတို့၏ အဆုံးဖြစ်သော မရဏာသန္နဇောဝီထိ မတိုင်မီ နောက်ဆုံးဖြစ်သွားသော မနောဒွါရဝီထိ၌ အကျုံးဝင်သော သတ္တမဇောအခိုက်၌ ဖြစ်ဆဲဖြစ်သော ကုသိုလ် စေတနာ၏ အစွမ်းဖြင့်လည်း ကောင်းမှုကုသိုလ်သည် ဖြစ်ပေါ်လာနိုင်၏ဟု ဆိုကြ၏။ (ဤဆရာမြတ်တို့ကား ရှေးရှေးဇောများ၌ ဖြစ်ပေါ်သွားကြသော ပုဗ္ဗစေတနာတို့၏ အစွမ်းဖြင့် ကောင်းမှုကုသိုလ် ဖြစ်မှုကို = ဇနကကံ ဖြစ်မှုကိုလည်း မတားမြစ်ပါ။ မရဏာသန္နဝီထိ မတိုင်မီ နောက်ဆုံးဖြစ်သွားသော မနောဒွါရဝီထိ၏ သတ္တမဇော စေတနာ၏ စွမ်းအားဖြင့်လည်း ဇနကကံ ဖြစ်နိုင်ကြောင်းကို မိန့်ဆိုတော်မူခြင်းသာ ဖြစ်သည်ဟုမှတ်ပါ။) (မဟာဋီ၊၂၊၃၀၂။)

ရူပဘုံမှ ကာမသုဂတိဘုံ, ရူပဘုံ, အရူပဘုံသို့

နောက်တစ်မျိုးကား အခြားတစ်ဦးသော သတ္တဝါ၏ သန္တာန်ဝယ် ပထဝီကသိုဏ်းလျှင် အာရုံရှိသောစျာန်, ဩဒါတကသိုဏ်းလျှင် အာရုံရှိသောစျာန်စသည်တို့၏ အစွမ်းဖြင့် ရအပ်ပြီးသော မဟဂ္ဂုတ်စျာန်ရှိသည်ဖြစ်၍ = (စျာန်သမာပတ် (၈)ပါးလုံးကိုပင် ရရှိထားပြီးသည်ဖြစ်၍) ရူပါဝစရသုဂတိဘဝ၌ တည်နေစဉ် သေရာညောင်စောင်း လျောင်းစက်သောအခါ၌ ကာမသုဂတိဘုံ၌ ပဋိသန္ဓေ နေလတ္တံ့သော ပုဂ္ဂိုလ်ဖြစ်မူ ----

၁။ ကာမာဝစရကုသိုလ်ကံ, (အကျိုးပေးတော့မည့် ကာမာဝစရကုသိုလ်ကံ)

၂။ ယင်း ကာမာဝစရကုသိုလ်ကံ၏ အာရုံ = ကမ္မနိမိတ်,

၃။ ကာမသုဂတိဟူသော ဂတိနိမိတ်,

ဤနိမိတ်သုံးမျိုးတို့တွင် တစ်မျိုးမျိုးသည် မနောဒွါရ၌ ထင်ခြင်းသို့ ရှေးရှုကျခြင်းသို့ ရောက်ရှိလာ၏။

ရူပဘုံ, အာကာသာနဉ္စာယတနဘုံ, အာကိဉ္စညာယတနဘုံဟူသော အရူပဘုံ၌ ပဋိသန္ဓေ နေလတ္တံ့သော ပုဂ္ဂိုလ်ဖြစ်မူ ပထဝီကသိုဏ်း ဩဒါတကသိုဏ်း အစရှိသော ကမ္မနိမိတ်အာရုံသည် မနောဒွါရ၌ ထင်ခြင်းသို့ ရှေးရှုကျခြင်းသို့ ရောက်ရှိလာ၏။ [အာကာသာနဉ္စာယတနဘုံ၌ ပဋိသန္ဓေတည်နေလတ္တံ့သော ပုဂ္ဂိုလ်အတွက် အာကာသပညတ်, အာကိဉ္စညာယတနဘုံ၌ ပဋိသန္ဓေတည်နေလတ္တံ့သော ပုဂ္ဂိုလ်အတွက် နတ္ထိဘောပညတ် ဟူသော ကမ္မနိမိတ် အာရုံသည် မနောဒွါရ၌ ထင်ခြင်းသို့ ရှေးရှုကျခြင်းသို့ ရောက်ရှိလာ၏။]

ဝိညာဏဉ္စာယတနဘုံ၌ ပဋိသန္ဓေ တည်နေလတ္တံ့သော ပုဂ္ဂိုလ်ဖြစ်မူ အာကာသာနဉ္စာယတန ကုသိုလ်ကံ အာရုံဟူသော မဟဂ္ဂုတ်စိတ်သည် မနောဒွါရ၌ ထင်ခြင်းသို့ ရှေးရှုကျခြင်းသို့ ရောက်ရှိလာ၏။

နေဝသညာနာသညာယတနဘုံ၌ ပဋိသန္ဓေတည်နေလတ္တံ့သော ပုဂ္ဂိုလ်ဖြစ်မူ အာကိဉ္စညာယတန ကုသိုလ်ကံအာရုံဟူသော မဟဂ္ဂုတ် ကုသိုလ်စိတ်သည် မနောဒွါရ၌ ထင်ခြင်းသို့ ရှေးရှုကျခြင်းသို့ ရောက်ရှိလာ၏။

[ကာမသုဂတိဘုံသို့ ဆင်းတော့မည့် ပဋိသန္ဓေတည်နေတော့မည့် ရူပါဝစရဘုံ၌ တည်နေသော ရူပဗြဟ္မာ၏ သန္တာန်ဝယ် သေခါနီး မရဏာသန္နဇောအခိုက် မနောဒွါရ၌ ထင်လာသော ကံအာရုံဟူသည် အာဒိကမ္မိကစျာနဝီထိ, စျာနသမာပတ္တိဝီထိတို့၏ အတွင်း၌ အကျုံးဝင်သော ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘုဟူသော အမည်ကို အသီးအသီးရရှိသော ကုသိုလ်စေတနာတို့လည်း ဖြစ်နိုင်၏။ ထိုအာဒိကမ္မိက စျာနဝီထိ, စျာနသမာပတ္တိဝီထိတို့ မဖြစ်ခင် မဖြစ်မီ မရသေးသောစျာန်ကို ရရှိအောင်, ရရှိပြီးစျာန်ကို ဝင်စားနိုင်အောင် ကြိုးပမ်းခိုက် အာဒိကမ္မိက စျာနဝီထိသို့ မဆိုက်မီ, စျာနသမာပတ္တိဝီထိသို့ မဆိုက်မီ ပထဝီကသိုဏ်း ဩဒါတကသိုဏ်းစသော ထိုထို စျာန်ရကြောင်း ကမ္မဋ္ဌာန်းအာရုံတို့ကို စီးဖြန်းခိုက် ဖြစ်ပေါ်သွားကြသော မဟာကုသိုလ် မနောဒွါရိကဇောစေတနာတို့လည်း ဖြစ်နိုင်၏။ အောက်တွင် ဖော်ပြလတ္တံ့သော ရူပဘုံ၌ ဆည်းပူးထားအပ်သော စက္ခုဒွါရ, သောတဒွါရဝီထိများနောင်၌ ဆက်လက်ဖြစ်ပေါ်လာသော မနောဒွါရဝီထိ မဟာကုသိုလ်စေတနာတို့လည်း ဖြစ်နိုင်၏။ ရူပဘုံသို့ မရောက်မီက ဆည်းပူးထားအပ်သော ကာမာဝစရကုသိုလ်ကံတို့လည်း ဖြစ်နိုင်၏။ ဤသို့ စသည်ဖြင့် သဘောပေါက်ပါလေ။]

(မနောဒွါရ၌သာ ယင်းကံ ကမ္မနိမိတ် ဂတိနိမိတ်တို့တွင် တစ်မျိုးမျိုးသည် အထက်ဖော်ပြပါအတိုင်း ထင်လာသည်မဟုတ်သေး။) စက္ခုဒွါရ, သောတဒွါရတို့တွင် အမှတ်မထား တစ်ပါးပါးသောဒွါရ၌ ကုသိုလ်ဖြစ်ခြင်း၏ အကြောင်း ဖြစ်၍ ဖြစ်သော မွန်မြတ်သော ဣဋ္ဌဖြစ်သော အာရုံသည်မူလည်း ထင်ခြင်းသို့ ရှေးရှုကျခြင်းသို့ ရောက်ရှိလာ၏။ (ထိုမွန်မြတ်သော ဣဋ္ဌဖြစ်သော အာရုံသည် ရူပါရုံဖြစ်လျှင် စက္ခုဒွါရ မနောဒွါရ၌, သဒ္ဒါရုံဖြစ်လျှင် သောတဒွါရ မနောဒွါရ၌ ထင်လာမှုကို ဆိုလိုသည်ဟု မှတ်ပါ။)

ထိုရူပါဝစရသတ္တဝါ၏ သန္တာန်ဝယ် အကြင် အကြင် စက္ခုဒွါရဝီထိ သောတဒွါရဝီထိဟူသော ဝီထိစိတ်အစဉ် အားဖြင့် ဖြစ်ပေါ်လာသော ဝုဋ္ဌောစိတ်၏ အဆုံး၌ သေခြင်းတရား၏ အလွန်နီးကပ်နေသည့်အတွက် နုံ့သည် ဖြစ်၍ ဖြစ်သော အဟုန်အရှိန် ရှိကုန်သည်၏ အဖြစ်ကြောင့် မရဏာသန္နဇောတို့သည် (၅)ကြိမ်တို့ ဖြစ်ကြကုန်၏။ (ကာမဇော, ကာမသတ္တဝါ, ကာမအာရုံ ဖြစ်ပါမှ တဒါရုံကျခွင့်ရှိသောကြောင့် ကာမသတ္တဝါမဟုတ်သည့်) မဟဂ္ဂုတ် ဂတိ၌ တည်ကုန်သော ပုဂ္ဂိုလ်တို့အား တဒါရုံသည် ကျခွင့်မရှိပေ။ ထိုကြောင့် မရဏာသန္နဇော၏ အခြားမဲ့၌ သာလျှင် ဘဝင်၏အာရုံကို အာရုံပြု၍ တစ်ခုသော စုတိစိတ်သည် ဖြစ်ပေါ်လာ၏။ ထိုစုတိစိတ်၏ အဆုံး၌ ကာမာဝစရသုဂတိ, မဟဂ္ဂုတ်သုဂတိတို့တွင် တစ်ပါးပါးသော သုဂတိ၌ အကျုံးဝင်သော အကြင် အကြင် ကံကြောင့် မရဏာသန္နအခါဝယ် ရှေးရှုထင်လာပြီးကုန်သော အာရုံတို့တွင် အမှတ်မထား တစ်ပါးပါးသော အာရုံလျှင် အာရုံ ရှိသော ပဋိသန္ဓေစိတ်သည် ဖြစ်ပေါ်လာ၏။ (ကာမသုဂတိပဋိသန္ဓေ, ရူပါဝစရပဋိသန္ဓေ, အရူပါဝစရပဋိသန္ဓေ တို့တွင် တစ်မျိုးမျိုးသော ပဋိသန္ဓေသည် ကံနှင့်လျော်ညီစွာ ထိုက်သည့်အားလျော်စွာ မရဏာသန္နဇော၏ အာရုံကိုပင် အာရုံယူ၍ ဖြစ်ပေါ်လာ၏ဟု ဆိုလိုသည်။)

ဤပဋိသန္ဓေကား အတိတ် ပစ္စုပ္ပန်ဟု မဆိုထိုက်သော ပညတ်တရားလျှင် အာရုံရှိသော ရူပါဝစရ သုဂတိစုတိ၏ အခြားမဲ့၌ ---- အတိတ်အာရုံ, ပစ္စုပ္ပန်အာရုံ, ပညတ်အာရုံတို့တွင် အမှတ်မထား တစ်ပါးပါးသော အာရုံပင်လျှင် အာရုံရှိသော ပဋိသန္ဓေတည်း။ (အဘိ၊ဋ္ဌ၊၂၊၁၅၁။)

ဥပစိတမဟဂ္ဂတကမ္မဿ ပန ကမ္မနိမိတ္တမေဝ အာပါထမာဂစ္ဆတိ။ (အဘိ၊ဋ္ဌ၊၂၊၁၅၀။) ---- ဆည်းပူး ထားအပ်ပြီးသော မဟဂ္ဂုတ်ကုသိုလ်ကံရှိသောစျာန်ကို ရရှိထားပြီးသည့်အတွက် စျာန်ကုသိုလ်ကံ ထင်ရှားရှိနေ သေးသော ပုဂ္ဂိုလ်၏ သန္တာန်၌ မရဏာသန္နဇောအခိုက်၌ (ရူပဘုံသို့ ပဋိသန္ဓေတည်နေတော့မည် မှန်လျှင်) ကမ္မနိမိတ်အာရုံသည်သာလျှင် ထင်လာ၏။ ကမ္မနိမိတ် = ရူပါဝစရကုသိုလ်ကံ၏ အာရုံဟူသည် ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်စသော ကသိုဏ်းပညတ်အာရုံပင်တည်း။ ယင်းပညတ်အာရုံကိုပင် ရူပါဝစရသတ္တဝါ၏ ပဋိသန္ဓေ ဘဝင် စုတိတို့က အာရုံပြုကြ၏။ ထိုကြောင့် ပညတ်တရားလျှင် အာရုံရှိသော ရူပါဝစရစုတိဟု ဆိုခြင်းဖြစ်သည်။

အရူပဘုံမှ အရူပဘုံသို့, ကာမသုဂတိဘုံသို့

အရူပါဝစရစုတိ၏ အခြားမဲ့၌ ရူပါဝစရပဋိသန္ဓေ မရှိနိုင်။ အရူပါဝစရဘုံ၌လည်း အထက်အထက်သော အရူပါဝစရစုတိ၏ အခြားမဲ့၌ အောက်အောက်၌ ဖြစ်သော အရူပါဝစရပဋိသန္ဓေသည် မရှိနိုင်။ ထိုကြောင့် နေဝသညာနာသညာယတနစုတိ၏ အခြားမဲ့၌ ပညတ်ကမ္မနိမိတ်လျှင် အာရုံရှိသော ရူပါဝစရပဋိသန္ဓေလည်း မရှိနိုင်။ ထိုကြောင့် ထိုနေဝသညာနာသညာယတနစုတိမှ အခြားမဲ့၌ ထိုနေဝသညာနာသညာယတနဘုံ၌ပင် အတိတ်အာရုံရှိသော နေဝသညာနာသညာယတန ပဋိသန္ဓေကိုလည်းကောင်း, ထိုနေဝသညာနာသညာယတန စုတိမှ အခြားမဲ့၌ ကာမာဝစရဘုံ၌ အတိတ်အာရုံ, ပစ္စုပ္ပန် အာရုံရှိသော ကာမသုဂတိ ပဋိသန္ဓေကိုလည်းကောင်း ယှဉ်စေထိုက်၏။ (မူလဋီ၊၂၊၁၀၇။)

အာရုပ္ပစုတိယာ ဟောန္တိ၊ ဟေဋ္ဌိမာရုပ္ပဝဇ္ဇိတာ။

ပရမာရုပ္ပသန္ဓီ စ၊ တထာ ကာမတိဟေတုကာ။ (အဘိဓမ္မတ္ထသင်္ဂဟ။)

အရူပစုတိနောင် အောက်အောက် အရူပပဋိသန္ဓေ မဖြစ်နိုင်ဟု ဆိုသောကြောင့် အရူပဘုံမှ စုတေလျှင် မိမိဘုံ၌ကား ထပ်၍ ဖြစ်နိုင်၏၊ အထက်အထက် အရူပဘုံ၌လည်း ဖြစ်နိုင်၏၊ ကာမသုဂတိ (၇)ဘုံ၌လည်း တိဟိတ်ပဋိသန္ဓေ နေနိုင်၏။ ဤအဖွင့်များနှင့် အညီ အောက်ပါအတိုင်း အတိုချုပ် မှတ်သားပါ။ ---- အာကာသာနဉ္စာယတန ပဋိသန္ဓေသည် ကောင်းကင်ပညတ်ကို အာရုံပြုသဖြင့် အာကာသာနဉ္စာယတန စုတိသည်လည်း ကောင်းကင်ပညတ်ကိုပင် အာရုံပြု၏။ ထိုကောင်းကင်ပညတ်လျှင် အာရုံရှိသော အာကာသာနဉ္စာယတနစုတိ၏ အခြားမဲ့၌ ----

၁။ ကောင်းကင်ပညတ်လျှင် အာရုံရှိသော အာကာသာနဉ္စာယတန ပဋိသန္ဓေ,

၂။ အတိတ် အာကာသာနဉ္စာယတနဝိညာဏ်ကို အာရုံပြုသော ဝိညာဏဉ္စာယတန ပဋိသန္ဓေ,

၃။ အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိမှုသဘော = နတ္ထိဘောပညတ်ကို အာရုံပြုသော အာကိဉ္စညာယတန ပဋိသန္ဓေ,

၄။ အတိတ် အာကိဉ္စညာယတနဝိညာဏ်လျှင် အာရုံရှိသော နေဝသညာနာသညာယတန ပဋိသန္ဓေ,

၅။ အတိတ် ပစ္စုပ္ပန် ပညတ်ဟု ထိုက်သလို ခေါ်ဆိုထိုက်သော ကံ ကမ္မနိမိတ် ဂတိနိမိတ် အာရုံသုံးမျိုးတို့တွင် တစ်မျိုးမျိုးကို အာရုံပြုသော ကာမ တိဟိတ် ပဋိသန္ဓေ (၄)မျိုး ----

ဤ (၈)မျိုးသော ပဋိသန္ဓေတို့တွင် တစ်မျိုးမျိုးသော ပဋိသန္ဓေသည် ဖြစ်နိုင်၏။

အတိတ် အာကာသာနဉ္စာယတနဝိညာဏ်လျှင် တည်ရာအာရုံရှိသော ဝိညာဏဉ္စာယတနစုတိ၏ နောက်၌ အထက်ပါ ပဋိသန္ဓေ (၈)မျိုးတို့တွင် အာကာသာနဉ္စာယတနပဋိသန္ဓေမှတစ်ပါး ကြွင်းကျန်သော ပဋိသန္ဓေ (၇)မျိုးတို့တွင် တစ်မျိုးမျိုးသည် ဖြစ်နိုင်၏။

အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိမှုသဘော = နတ္ထိဘောပညတ်လျှင် အာရုံရှိသော အာကိဉ္စညာယတနစုတိ၏ နောက်၌ အထက်ပါ ပဋိသန္ဓေ (၇)မျိုးတို့တွင် ဝိညာဏဉ္စာယတန ပဋိသန္ဓေကို နှုတ်၍ ကြွင်းကျန် သော ပဋိသန္ဓေ (၆)မျိုးတို့တွင် တစ်မျိုးမျိုးသော ပဋိသန္ဓေသည် ဖြစ်နိုင်။

အတိတ် အာကိဉ္စညာယတနဝိညာဏ်လျှင် တည်ရာအာရုံရှိသော နေဝသညာနာသညာယတနစုတိ၏ နောက်၌ နေဝသညာနာသညာယတန ပဋိသန္ဓေ တစ်မျိုးနှင့် ကာမ တိဟိတ် ပဋိသန္ဓေ (၄)မျိုး ပေါင်း (၅)မျိုးသော ပဋိသန္ဓေတို့တွင် တစ်မျိုးမျိုးသော ပဋိသန္ဓေသည် ဖြစ်နိုင်၏။

ဤကား အတိတ်တရား, ပညတ်တရားလျှင် အာရုံရှိသော အရူပါဝစရသုဂတိစုတိ၏ အခြားမဲ့၌ အတိတ် တရား, ပညတ်တရား, ပစ္စုပ္ပန်တရားလျှင် အာရုံရှိသော ပဋိသန္ဓေ၏ ဖြစ်ပုံ အခြင်းအရာတည်း။ (အဘိ၊ဋ္ဌ၊၂၊၁၅၁။)

ဥပရုပရိ အာရုပ္ပါ၊ န အာယူဟန္တိ ဟေဋ္ဌိမံ။

ဗလိတ္တာစုပစာရဿ၊ တိဟေတုကာဝ ယောနိယော။

အထက်အထက် အရူပဘုံသို့ ရောက်သည့်အခါ ရှေးဘဝက ရအပ်ပြီးသော အောက်အောက် အရူပစျာန်နှင့် ရူပစျာန်များသည် ငြိမ်းသွားကြ၏။ ရူပစျာန်ကို အခြေခံပြီးမှ အာကာသာနဉ္စာယတနစျာန်သို့ တက်ရ၍ အာကာသာနဉ္စာယတနစျာန်ကို အခြေခံပြီးမှ ဝိညာဏဉ္စာယတနစျာန်သို့ တက်ရသဖြင့် အခြေခံစရာ အောက်စျာန်များ မရှိတော့ရကား အရူပပုဂ္ဂိုလ်တို့သည် အောက်အောက်စျာန်ကို အားမထုတ်ကြကုန်။ ယခုရောက်နေဆဲဘုံနှင့် သက်ဆိုင်သော စျာန်ကိုလည်းကောင်း, ထိုစျာန်ကို အခြေခံ၍ အထက်အထက် စျာန်ကိုလည်းကောင်း ရနိုင်ခွင့်ကား ရှိကြသည်။ ထိုကြောင့် အရူပဗြဟ္မာတို့သည် မိမိဖြစ်နေဆဲဘုံ၌လည်း ထပ်၍ ပဋိသန္ဓေနေခွင့် ရှိကြ၏။ အထက် အထက် အရူပဘုံ၌လည်း ပဋိသန္ဓေတည်နေခွင့် ရှိကြ၏။ လုံးလုံး စျာန်အသစ်အသစ်ကို မရတော့လျှင် = (ရပြီးစျာန်ကိုဖြစ်စေ အထက်အထက် စျာန်ကိုဖြစ်စေ အားထုတ်၍ မရတော့လျှင်) အဟောင်း အရူပစျာန်ကို မရခင် ရခါနီး၌ ဖြစ်ခဲ့ကြကုန်သော ဥပစာရစျာန်ဟု ခေါ်ဆိုသော ကာမာဝစရဘာဝနာများ ရှိကြ၏။ ထိုဘာဝနာ သည် အလွန်ထက်မြက်သော တိဟိတ် ဥက္ကဌ် ကာမာဝစရကုသိုလ်တည်း။ ထိုအရူပဗြဟ္မာ၏ သန္တာန်ဝယ် ကာမာဝစရကုသိုလ်ကံတို့တွင် ထိုဥပစာရဘာဝနာကုသိုလ်ကံထက် အားကောင်းသော ကာမာဝစရကုသိုလ်ကံ ကား မရှိပြီ။ ထိုဥပစာရဘာဝနာကာမာဝစရ ကုသိုလ်ကံကြောင့် ကာမသုဂတိဘုံ (၇)ဘုံတို့တွင် တစ်ဘုံဘုံ၌ ပဋိသန္ဓေတည်နေလာရပေသည်။ (မူလဋီ၊၂၊၁၀၉ ကြည့်။)

ဝေဟပ္ဖလေ အကနိဋ္ဌေ၊ ဘဝဂ္ဂေ စ ပတိဋ္ဌိတာ။

န ပုနညတ္ထ ဇာယန္တိ၊ သဗ္ဗေ အရိယပုဂ္ဂလာ။

န ပုန တတ္ထ ဇာယန္တိ၊ သဗ္ဗေပိ သုဒ္ဓဝါသိကာ။

ဗြဟ္မလောကဂတာ ဟေဋ္ဌာ၊ အရိယာ နောပပဇ္ဇရေ။

အရူပစုတိနောင်၌ ပဋိသန္ဓေဖြစ်ပုံကို ဖော်ပြသော အထက်ပါ စကားရပ်တို့မှာ ပုထုဇန်နှင့် အရိယာတို့ကို ရောနှော၍ပြသော စကားတို့တည်း။ အရိယာ သူတော်ကောင်းတို့မှာ အရူပဗြဟ္မာ့ဘုံသို့ရောက်လျှင် သောတာပန် သကဒါဂါမ်ပင် ဖြစ်သော်လည်း ကာမဘုံသို့ မပြန်လာတော့ပြီ။ ထိုပုဂ္ဂိုလ်များကို စျာနအနာဂါမ် = စျာန်ရသည့် အတွက် ကာမဘုံသို့ မပြန်လာသူဟု ခေါ်၏။ အရူပဗြဟ္မာဘုံတို့တွင်လည်း အထက်အထက်ဘုံသို့ ရောက်ပြီးက အောက်အောက်ဘုံသို့ ပဋိသန္ဓေ ပြန်မနေတော့ပြီ။

သုဒ္ဓါဝါသ - ဖူး - မရ၊ အကနိဋ္ဌ - တု - မရ

ထို့ပြင် ဘူမိသီသဟု ခေါ်ရသော ဘုံ (၃)ဘုံရှိ၏၊ ဝေဟပ္ဖိုလ်ဘုံ, အကနိဋ္ဌဘုံ, နေဝသညာနာသညာယတနဘုံတည်း။ ထိုတွင် ဝေဟပ္ဖိုလ်ဘုံသည် သုဒ္ဓါဝါသမှ တစ်ပါးသော ရူပဘုံများတွင် သီသ = ဦးထိပ်တည်း။ အကနိဋ္ဌဘုံသည် သုဒ္ဓါဝါသဘုံတို့၏ သီသတည်း။ နေဝသညာနာသညာယတနဘုံကား အရူပဘုံ၏ သီသတည်း။ ထိုဘူမိသီသ၌ တည်မိထိုင်မိကြသော အရိယာသူတော်ကောင်းတို့သည် တစ်ပါးသောဘုံသို့ ပြောင်း၍ ပဋိသန္ဓေ မနေကြတော့ကုန်။ ရဟန္တာ မဖြစ်ကြသေးလျှင် ဝေဟပ္ဖိုလ်ဘုံ၌ တည်ရှိကြသော အရိယာသူတော်ကောင်းတို့သည် ဝေဟပ္ဖိုလ်ဘုံ၌ ထပ်၍ ဖြစ်ကြသေး၏။ နေဝသညာနာသညာယတနဘုံ၌ တည်ရှိကြကုန်သော အရိယာသူတော် ကောင်းတို့သည်လည်း ရဟန္တာမဖြစ်သေးလျှင် နေဝသညာနာသညာယတနဘုံ၌ ထပ်၍ ဖြစ်နိုင်ကြသေး၏။ သို့သော် အကနိဋ္ဌဘုံ၌ တည်မိ ထိုင်မိကြသော အနာဂါမ်အရိယာ သူတော်ကောင်းကြီးတို့သည်ကား အကနိဋ္ဌ ဘုံ၌လည်း ထပ်၍မဖြစ်ကြဘဲ, အခြားအခြားဘုံသို့လည်း ပြောင်းရွှေ့ မဖြစ်ကြဘဲ, ထိုအကနိဋ္ဌဘုံမှာပင် ဧကန် ရဟန္တာ ဖြစ်ကြရလေသည်။ အကနိဋ္ဌဘုံ၌ တည်ရှိကြသော အနာဂါမ် အရိယာသူတော်ကောင်းတို့သာမက, အောက်အောက်သော သုဒ္ဓါဝါသ (၄)ဘုံ၌ တည်မိထိုင်မိကြသော အနာဂါမ် အရိယာသူတော်ကောင်းကြီးတို့ သည်လည်း ရဟန္တာမဖြစ်ကြသေးပါက မိမိတို့ တည်ရာဘုံ၌ ဖြစ်ရိုးဓမ္မတာ မရှိကြဘဲ အထက်အထက် သုဒ္ဓါဝါသဘုံ သို့သာ ပြောင်းရွှေ့ကြလေသည်။ သုဒ္ဓါဝါသ (၅)ဘုံတို့တွင် တစ်ဘုံတစ်ဘုံ၌ နှစ်ကြိမ်ထပ်၍ ဖြစ်ဖူးသော သတ္တဝါ မည်သည် မရှိ။ အကနိဋ္ဌဘုံ၌ နောက်ဆုံးဘဝရှိသည့် ပစ္ဆိမဘဝိကအစစ်သာ ရှိသည်။ ထိုကြောင့် သုဒ္ဓါဝါသ - ဖူးမရ၊ အကနိဋ္ဌ - တုမရ ---- ဟု ဆရာမြတ်တို့ ဆိုရိုးပြုကြသည်။ သုဒ္ဓါဝါသဘုံ၌ နှစ်ကြိမ် ဖြစ်ဖူးသူမရှိ၊ အကနိဋ္ဌ ဘုံ၌ ပစ္ဆိမဘဝိကအစစ်သာ ရှိသည်၊ အတုမရှိ ဟူလိုသည်။

စုတိနှင့် ပဋိသန္ဓေ အပေါင်း

ဒွိဒွိပဉ္စပ္ပကာရာ စ၊ ပဉ္စာဋ္ဌဒုဝိဓာပိ စ။

စတုဝီသတိ သဗ္ဗာပိ၊ တာ ဟောန္တိ ပဋိသန္ဓိယော။ (မူလဋီ၊၂၊၁၀၇။)

ဤသို့ ဆိုအပ်ခဲ့ပြီးသောနည်းဖြင့် အာရုံ၏ အစွမ်းဖြင့် သဘောတူရာကို ပေါင်းရုံးရေတွက်သော် ပဋိသန္ဓေ အမျိုးအစားတို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏ ----

၁။ အတိတ်တရားလျှင် အာရုံရှိသော ကာမသုဂတိစုတိ၏ အခြားမဲ့၌ ----

(က) အတိတ်တရားလျှင် အာရုံရှိသော ဒုဂ္ဂတိပဋိသန္ဓေ,

( ခ ) ပစ္စုပ္ပန်တရားလျှင် အာရုံရှိသော ဒုဂ္ဂတိပဋိသန္ဓေ, (ဒွိ)

၂။ အတိတ်တရားလျှင် အာရုံရှိသော ဒုဂ္ဂတိစုတိ၏ အခြားမဲ့၌ ----

(က) အတိတ်တရားလျှင် အာရုံရှိသော သုဂတိပဋိသန္ဓေ,

( ခ ) ပစ္စုပ္ပန်တရားလျှင် အာရုံရှိသော သုဂတိပဋိသန္ဓေ, (ဒွိ)

၃။ အတိတ်တရားလျှင် အာရုံရှိသော ကာမသုဂတိစုတိ၏ အခြားမဲ့၌ ----

(က) အတိတ်တရားလျှင် အာရုံရှိသော ကာမသုဂတိပဋိသန္ဓေ,

( ခ ) ပစ္စုပ္ပန်တရားလျှင် အာရုံရှိသော ကာမသုဂတိပဋိသန္ဓေ,

( ဂ ) ပညတ်တရားလျှင် အာရုံရှိသော ရူပါဝစရပဋိသန္ဓေ,

(ဃ) အတိတ်တရားလျှင် အာရုံရှိသော အရူပပဋိသန္ဓေ,

( င ) ပညတ်တရားလျှင် အာရုံရှိသော အရူပပဋိသန္ဓေ, (ပဉ္စ)

၄။ ပညတ်တရားလျှင် အာရုံရှိသော ရူပါဝစရစုတိ၏ အခြားမဲ့၌ ----

(က) အတိတ်တရားလျှင် အာရုံရှိသော ကာမသုဂတိပဋိသန္ဓေ,

( ခ ) ပစ္စုပ္ပန်တရားလျှင် အာရုံရှိသော ကာမသုဂတိ ပဋိသန္ဓေ,

( ဂ ) ပညတ်တရားလျှင် အာရုံရှိသော ရူပါဝစရပဋိသန္ဓေ,

(ဃ) အတိတ်တရားလျှင် အာရုံရှိသော အရူပပဋိသန္ဓေ,

( င ) ပညတ်တရားလျှင် အာရုံရှိသော အရူပပဋိသန္ဓေ, (ပဉ္စ)

၅။ ကောင်းကင်ပညတ်ကို အာရုံပြုသော အာကာသာနဉ္စာယတနစုတိ, နတ္ထိဘောပညတ်ကိုအာရုံပြုသော အာကိဉ္စညာယတနစုတိ၏ အခြားမဲ့၌ ----

(က) အတိတ်တရားလျှင် အာရုံရှိသော ကာမသုဂတိပဋိသန္ဓေ,

( ခ ) ပစ္စုပ္ပန်တရားလျှင် အာရုံရှိသော ကာမသုဂတိပဋိသန္ဓေ,

( ဂ ) ပညတ်တရားလျှင် အာရုံရှိသော အရူပပဋိသန္ဓေ,

(ဃ) အတိတ်တရားလျှင် အာရုံရှိသော အရူပပဋိသန္ဓေ,

၆။ အာကာသာနဉ္စာယတနဝိညာဏ်ဟူသော အတိတ်တရားကို အာရုံပြုသော ဝိညာဏဉ္စာယတနစုတိ, အာကိဉ္စညာယတနဝိညာဏ်ဟူသော အတိတ်တရားကို အာရုံပြုသော နေဝသညာနာသညာယတနစုတိ, ဤ အတိတ်ကို အာရုံပြုသော စုတိနှစ်မျိုး၏ အခြားမဲ့၌ ----

(က) အတိတ်တရားလျှင် အာရုံရှိသော ကာမသုဂတိပဋိသန္ဓေ,

( ခ ) ပစ္စုပ္ပန်တရားလျှင် အာရုံရှိသော ကာမသုဂတိပဋိသန္ဓေ,

( ဂ ) ပညတ်တရားလျှင် အာရုံရှိသော အရူပပဋိသန္ဓေ,

(ဃ) အတိတ်တရားလျှင် အာရုံရှိသော အရူပပဋိသန္ဓေ,

ဤသို့လျှင် အရူပစုတိနောင် ပဋိသန္ဓေ (၈)မျိုး- (အဋ္ဌ)

[မှတ်ချက် ---- အာကာသာနဉ္စာယတနဝိညာဏ်၏ နောင်၌ အတိတ်တရားနှင့် ပညတ်တရားကို အာရုံပြု သော အရူပပဋိသန္ဓေ နှစ်မျိုးလုံး ဖြစ်နိုင်သော်လည်း, နေဝသညာနာသညာယတနဝိညာဏ်၏ နောင်၌ကား အတိတ်တရားလျှင် အာရုံရှိသော နေဝသညာနာသညာယတန အရူပပဋိသန္ဓေသာ ဖြစ်နိုင်သည်။ ဤသို့ယူပါ။ အတိတ်ကို အာရုံပြုသော စုတိချင်းတူ၍ ပေါင်းစုဆိုခြင်းဖြစ်သည်။ ယင်းစုတိ နှစ်မျိုးလုံးနောင်၌ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ကာမသုဂတိပဋိသန္ဓေလည်း ထိုက်သလို ဖြစ်နိုင်၏။]

၇။ အတိတ်တရားလျှင် အာရုံရှိသော ဒုဂ္ဂတိစုတိ၏ အခြားမဲ့၌ ----

(က) အတိတ်တရားလျှင် အာရုံရှိသော ဒုဂ္ဂတိပဋိသန္ဓေ,

( ခ ) ပစ္စုပ္ပန်တရားလျှင် အာရုံရှိသော ဒုဂ္ဂတိပဋိသန္ဓေ, (ဒုဝိဓာ),

အားလုံးပေါင်းသော် အာရုံ၏အစွမ်းဖြင့် ပဋိသန္ဓေ (၂၄)မျိုးတည်း။ ထိုတွင် ဒုဂ္ဂတိစုတိနောင်၌ ဒုဂ္ဂတိ ပဋိသန္ဓေ (၂)မျိုးကို အဋ္ဌကထာက အောက်ပါအတိုင်း ဆက်လက်၍ ဖွင့်ဆိုထား၏။ ---- (မူလဋီ၊၂၊၁၀၇။ အနုဋီ၊၂၊၁၁၇-၁၁၈။)

ဒုဂ္ဂတိမှ ဒုဂ္ဂတိသို့

တစ်ဖန် ---- ဒုဂ္ဂတိဘုံ၌တည်နေသော မကောင်းမှုအကုသိုလ်ကံ ရှိနေသေးသော သတ္တဝါ၏ သန္တာန်ဝယ် ဖွင့်ဆိုအပ်ခဲ့ပြီးသော နည်းအတိုင်းပင်လျှင် သေခါနီးအခါ၌ ----

၁။ ထိုအကုသိုလ်ကံသည်သော်လည်းကောင်း,

၂။ ထိုအကုသိုလ်ကံ၏ အာရုံ = ကမ္မနိမိတ်အာရုံသည်သော်လည်းကောင်း,

၃။ ဒုဂ္ဂတိနိမိတ်အာရုံသည်သော်လည်းကောင်း,

ဤအာရုံ (၃)မျိုးတို့တွင် တစ်မျိုးမျိုးသည် မနောဒွါရ၌ ထင်လာ၏၊ ရှေးရှုကျရောက်လာ၏။ ပဉ္စဒွါရ၌ကား အကုသိုလ်ဖြစ်ခြင်း၏အကြောင်း ဖြစ်၍ ဖြစ်သော အာရုံသည် ထင်ခြင်းသို့ ရှေးရှုကျခြင်းသို့ ရောက်ရှိလာ၏။ ထိုအခါ၌ ထိုသတ္တဝါ၏ သန္တာန်ဝယ် အကြင် အကြင် အစဉ်အားဖြင့် ဖြစ်ပေါ်သွားသော စုတိစိတ်၏ အဆုံး၌ ဒုဂ္ဂတိဘုံ၌ အကျုံးဝင်သော ထိုကံ, ကမ္မနိမိတ်, ဂတိနိမိတ် အာရုံတို့တွင် အမှတ်မထား တစ်ပါးပါးသော အာရုံရှိသော ပဋိသန္ဓေစိတ်သည် ဖြစ်ပေါ်လာ၏။ ဤဆိုအပ်ခဲ့ပြီးသည်ကား အတိတ်တရားလျှင် အာရုံရှိသော ဒုဂ္ဂတိစုတိ၏ အခြားမဲ့၌ ----

၁။ အတိတ်တရားလျှင် အာရုံရှိသော ဒုဂ္ဂတိပဋိသန္ဓေ,

၂။ ပစ္စုပ္ပန်တရားလျှင် အာရုံရှိသော ဒုဂ္ဂတိပဋိသန္ဓေ,

ဤ (၂)မျိုးသော ပဋိသန္ဓေ၏ ဖြစ်ပုံအခြင်းအရာတည်း။ ဤမျှအတိုင်းအရှည်ရှိသော စကားအစဉ်ဖြင့် တစ်ခုယုတ် (၂၀) အပြားရှိသည်လည်း ဖြစ်သော (၁၉-မျိုး ဟူလိုသည်။) ပဋိသန္ဓေ ဘဝင် စုတိကိစ္စတပ်သော ဝိညာဏ်၏ ပဋိသန္ဓေ၏ အဖြစ်ဖြင့် ဖြစ်ပုံကို ပြအပ်ပြီး ဖြစ်ပေသည်။ (အဘိ၊ဋ္ဌ၊၂၊၁၅၂။)

နာနာက္ခဏိကနှင့် ဥပနိဿယ

ဤ (၁၉)မျိုးသော ဝိပါက်ဝိညာဏ်သည် ပဋိသန္ဓေအခါ၌ ဖြစ်ပေါ်လာလတ်သည်ရှိသော် နှစ်မျိုးသော ပစ္စယသတ္တိရှိသော ကံကြောင့် ဖြစ်ပေါ်လာရ၏။ မှန်ပေသည် ---- အကြင် အကြင် မိမိဥစ္စာဖြစ်သော ထိုပဋိသန္ဓေ ဝိညာဏ်ကို ဖြစ်စေတတ်သော ဇနကကံသည် နာနာက္ခဏိကကမ္မပစ္စယသတ္တိဖြင့်လည်းကောင်း, ပကတူပနိဿယ ပစ္စယသတ္တိဖြင့်လည်းကောင်း ကျေးဇူးပြုပေးတတ်၏။ မှန်ပေသည် ဘုရားရှင်သည် ဤသို့ ဟောကြားထား တော်မူ၏။

ယသ္မိံ သမယေ ကာမာဝစရဿ ကုသလဿ ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ဝိပါကာမနောဝိညာဏဓာတု ဥပ္ပန္နာ ဟောတိ သောမနဿသဟဂတာ ဉာဏသမ္ပယုတ္တာ။ (အဘိ၊၁၊၁၁၆။)

ကုသလာကုသလံ ကမ္မံ ဝိပါကဿ ဥပနိဿယပစ္စယေန ပစ္စယော။ (အဘိ၊၈၊၁၄၇-၁၅၀။)

အကြင်အခါ ကာမာဝစရ ကုသိုလ်ကံကို ပြုစုပျိုးထောင်အပ်ပြီးသည်၏ အဖြစ်ကြောင့် အဖန်ဖန် အထပ်ထပ် ဆည်းပူးအပ်ပြီး ပွားများစေအပ်ပြီးသည်၏ အဖြစ်ကြောင့် သောမနဿဝေဒနာနှင့် အတူတကွဖြစ်သော ဉာဏ်နှင့် ယှဉ်သော မဟာဝိပါက် မနောဝိညာဏဓာတ်သည် ဖြစ်ပေါ်လာ၏။ (နာနာက္ခဏိက ကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြုပုံသာဓက။)

ကုသိုလ်ကံသည် ကုသလဝိပါက်ဝိညာဏ်အား, အကုသိုလ်ကံသည် အကုသလဝိပါက် ဝိညာဏ်အား ပကတူပနိဿယပစ္စယသတ္တိဖြင့် = (ပကတိအားကောင်းသော အားကြီးသော မှီရာအကြောင်းတရား အဖြစ်ဖြင့်) ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေး၏။ (ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပုံသာဓက။)

ပဋိသန္ဓေ အမျိုးအစားများ

သတ္တဝါတစ်ဦးအတွက် ဘဝတစ်ခုဝယ် ဖြစ်သင့်သော ပဋိသန္ဓေမှာ တစ်မျိုးတစ်စားတည်းသာ ဖြစ်သော် လည်း အတိတ်အဆက်ဆက်မှသည် အနာဂတ်သို့တိုင်အောင် ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့ ပဋိသန္ဓေတို့ကား အမျိုးမျိုးပင် ရှိနိုင်၏။ သုဒ္ဓါဝါသ (၅) ဘုံကလွဲလျှင် သတ္တဝါတစ်ဦးသည် ထိုထိုဘဝ၌ အနည်းနှင့် အများ ဖြစ်ခဲ့ဖူးသည် ချည်းသာတည်း။ ထိုကြောင့် ကြောင်း-ကျိုးဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို ရှုရာ၌ ပဋိသန္ဓေ အမျိုးအစားများအကြောင်းကိုလည်း နားလည်ထားသင့်ပေသည်။

ဤဝိပါက်ဝိညာဏ်သည် ပဋိသန္ဓေအဖြစ်ဖြင့် ဖြစ်လတ်သော် ဘဝတစ်ခုဝယ် သတ္တဝါတစ်ဦးအတွက် တစ်မျိုးသာ ဖြစ်သော်လည်း ----

၁။ ရုပ်နှင့် အတူတကွ ရောနှော၍ ဖြစ်သော ပဋိသန္ဓေ,

၂။ ရုပ်နှင့် အတူတကွ မရောနှောဘဲ ဖြစ်သော ပဋိသန္ဓေ-ဟု နှစ်မျိုးရှိ၏။

ကာမဘဝ, ရူပဘဝ, အရူပဘဝတို့၏ အပြားအားဖြင့် သုံးမျိုးရှိ၏။

၁။ အဏ္ဍဇယောနိ = ဥခွံအတွင်း၌ ဖြစ်သော ပဋိသန္ဓေ,

၂။ ဇလာဗုဇယောနိ = သားအိမ်အတွင်း၌ ဖြစ်သော ပဋိသန္ဓေ,

၃။ သံသေဒဇယောနိ = ရေညှိစသည့် အညှိကို အစွဲပြု၍ ဖြစ်သော ပဋိသန္ဓေ,

၄။ ဩပပါတိကယောနိ = ကိုယ်ထင်ရှား ဖြစ်သော ပဋိသန္ဓေ,

ဤသို့ ယောနိ၏ အစွမ်းဖြင့် (၄)မျိုးရှိ၏။

၁။ နိရယဂတိ = ငရဲဂတိ,

၂။ ပေတဂတိ = ပြိတ္တာဂတိ,

၃။ တိရစ္ဆာနဂတိ = တိရစ္ဆာန်ဂတိ,

၄။ မနုဿဂတိ = လူ့ပြည်ဂတိ,

၅။ ဒေဝဂတိ = နတ် ဗြဟ္မာဂတိ,

ဤသို့ ဂတိ၏ အစွမ်းဖြင့် (၅)မျိုး ရှိ၏။ ဝိညာဏဋ္ဌိတိ၏ အစွမ်းဖြင့် (၇)မျိုး, သတ္တာဝါသ၏ အစွမ်းဖြင့် (၈)မျိုး ရှိ၏။ (အဘိ၊ဋ္ဌ၊၂၊၁၅၂။)

၁။ ဧကဝေါကာရ အမည်ရသော ခန္ဓာ (၁)ပါးသာရှိသော အသညသတ်ဘုံ၌ ဇီဝိတနဝကကလာပ်ဟူသော ရုပ်ပဋိသန္ဓေသက်သက် ဖြစ်၏။

၂။ စတုဝေါကာရ အမည်ရသော နာမ်ခန္ဓာ (၄)ပါးသာရှိသော အရူပ (၄)ဘုံ၌ ရုပ်နှင့်မရောသော နာမ်ပဋိသန္ဓေ သက်သက် ဖြစ်၏။

၃။ ပဉ္စဝေါကာရ အမည်ရသော ခန္ဓာငါးပါးရှိသော အသညသတ်နှင့် အရူပ (၄)ဘုံမှ ကြွင်းသော ကာမ (၁၁)ဘုံ, ရူပ (၁၅)ဘုံတို့၌ ရုပ်နှင့်အတူ ရောနှောသော ပဋိသန္ဓေဝိညာဏ် ဖြစ်၏။ (ခန္ဓာငါးပါး ဖြစ်၏။)

ထိုသို့ ဖြစ်ရာ၌ ရူပဘုံ၌ ဣတ္ထိဘာဝရုပ်, ပုရိသဘာဝရုပ်မပါသည့် ပဋိသန္ဓေဝိညာဏ်သာ ဖြစ်၏။ ကာမဘဝ၌လည်း ဇာတိပဏ္ဍက = ပဋိသန္ဓေအားဖြင့် ပဏ္ဍုက်ဖြစ်သူ၏ ပဋိသန္ဓေ၌ ဘာဝရုပ်မပါ။ ဇာတိပဏ္ဍက ပဋိသန္ဓေမှတစ်ပါး ကာမဘဝ၌ ပဋိသန္ဓေဝိညာဏ်သည် ဘာဝရုပ်နှင့် အတူတကွ ဖြစ်၏။

ဘာဝရုပ်ရှိသော ပဋိသန္ဓေ၌လည်း ဣတ္ထိဘာဝရုပ်ရှိသော ပဋိသန္ဓေ, ပုရိသဘာဝရုပ်ရှိသော ပဋိသန္ဓေဟု နှစ်မျိုး ရှိ၏။ သို့အတွက် ရုပ်နှင့်ရောနှော၍ ဖြစ်သော ပဋိသန္ဓေ၌ ဇာတိပဏ္ဍက ပဋိသန္ဓေဖြစ်မူ ထိုပဋိသန္ဓေ ဝိညာဏ်နှင့်အတူတကွ ဝတ္ထုဒသကကလာပ်, ကာယဒသကကလာပ်၏ အစွမ်းဖြင့် ရုပ်ကလာပ် (၂)မျိုး, သဘာဝ = ဘာဝရုပ်ရှိသော ပဋိသန္ဓေဖြစ်မူ ထိုပဋိသန္ဓေဝိညာဏ်နှင့် အတူတကွ ဝတ္ထုဒသကကလာပ်, ကာယဒသက ကလာပ်, ဘာဝဒသကကလာပ် (၃)မျိုး အနည်းဆုံး ဖြစ်ကြ၏။ ဤထက်ပိုလွန်၍ ရုပ်တို့၏ ယုတ်လျော့ခြင်း မည်သည် မရှိစကောင်းပေ။

ကလလရေကြည်

ဤသို့ဆိုခဲ့သည့်အတိုင်း ပဋိသန္ဓေဝိညာဏ်နှင့် ရောနှော၍ဖြစ်သော ရုပ်သည် ယုတ်လျော့သော အတိုင်း အရှည်ရှိသည်ဖြစ်၍ ဖြစ်လတ်သော် အဏ္ဍဇယောနိ = ဥခွံတွင်း ပဋိသန္ဓေမျိုး, ဇလာဗုဇယောနိ = သားအိမ်တွင်း ပဋိသန္ဓေမျိုးတို့၌ ဦးစွာ ပဋိသန္ဓေတည်စအခိုက်ဝယ် တည်ရှိသော ရုပ်တို့၏ အပေါင်းအစုကို ---- ကလလရေကြည် ဟု ခေါ်ဆို၏။ ထိုကလလရေကြည်၏ ပမာဏမှာ ---- ဖွားသစ်စကာလ၌ ဖြစ်သော သိုးငယ်၏ အမွေး၏ တစ်နည်းဆိုသော် ---- အမိဝမ်းဝယ် ပဋိသန္ဓေ တည်နေစဉ် ခွဲထုတ်၍ ယူရသော သိုးငယ်၏ အမွေး၏ တစ်မျှင်သော အမွေးမျှင်ဖြင့် ဆီကြည်, ထောပတ်ဆီကြည် အတွင်းသို့ နှစ်၍ ထိုသိုးမွေးကို ပြန်လည် ထုတ်ဆောင်ယူလိုက်သော် ထိုသိုးမွေးမျှင်၏ ထိပ်ဖျား၌ ကပ်ပါလာသော ဆီကြည်, ထောပတ်ကြည် ပမာဏရှိ၏။ ထိုမျှပမာဏရှိသော ကလလရေကြည်၌ (ဟဒယ)ဝတ္ထုဒသကကလာပ်, ကာယဒသကကလာပ်, ဘာဝဒသကကလာပ်တို့ စုဝေးတည်နေ ကြ၏။ ယင်းရုပ်တရားတို့တွင် ပါဝင်သော ဟဒယဝတ္ထုရုပ်ကို မှီတွယ်၍ ပဋိသန္ဓေဝိညာဏ် ဦးဆောင်သည့် နာမ်တရားစုသည် (တိဟိတ် သောမနဿပဋိသန္ဓေ ဖြစ်လျှင် နာမ်တရား-၃၄-မျိုးသည်) ဖြစ်ပေါ်လာ၏။

သတိပြုရန် ---- အသင်သူတော်ကောင်းသည် ပဋိသန္ဓေကလလရေကြည်အခိုက်၌ တည်ရှိခဲ့ကြသော ရုပ်တရား နာမ်တရားတို့ကို သိမ်းဆည်းရာ၌ ပဋိသန္ဓေတည်စ (၇)ရက်အတွင်း၌ တည်ရှိသော ရုပ်တို့၏ အစဉ်အတန်း အတုံးအခဲ ပညတ်ကို ပဌမံ ကလလံ ဟောတိ ...(သံ၊၁၊၂၀၈။) ဟူသော ဒေသနာတော်နှင့် အညီ ကလလရေကြည်ဟု ခေါ်ဆိုသဖြင့် မြင်တွေ့နေသော ထိုကလလရေကြည် အတုံးအခဲမှာ ကြီးနေသေးပါက သို့မဟုတ် အတုံးအခဲ ခပ်ကြီးကြီးကိုသာ ဉာဏ်ဖြင့် တွေ့မြင်နေသေးပါက ထိုအတုံးအခဲ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကိုသာ မြင်အောင်စိုက်ရှုပါ။ အာကာသဓာတ်ကို မြင်အောင်ကြည့်ပါ။ တဖြည်းဖြည်း အတုံးအခဲမှာ ပြိုကွဲသွား၍ ကလလရေကြည်တည်စအခိုက် ရုပ်ကလာပ်တို့ကို တွေ့မြင်နိုင်ပါသည်။ ထိုအခါ ပဋိသန္ဓေ ရုပ်တရား နာမ်တရားတို့ကို သိမ်းဆည်းပါ။

ယောနိနှင့် ဂတိ

ဤအရာဝယ် ဤမည်သော ဂတိတို့၌ ဤမည်သော ယောနိတို့သည် ဖြစ်သင့်ကုန်၏၊ ဤမည်သော ဂတိတို့၌ ဤမည်သော ယောနိတို့သည် မဖြစ်သင့်ကုန်ဟု ယောနိတို့၏ ဂတိတို့၏ အစွမ်းဖြင့် ဖြစ်သင့် မဖြစ်သင့် အထူးကို သိသင့်ပေသည်။

ယောနိ ---- ယဝန္တိ ဧတ္ထ သတ္တာ ဧကဇာတိသမနွယေန အညမညမိဿိတာ ဟောန္တီတိ ယောနိယော။ (မဟာဋီ၊၂၊၃၀၃။)

ယဝန္တိ တာယ သတ္တာ အမိဿိတာပိ သမာနဇာတိတာယ မိဿိတာဝိယ ဟောန္တီတိ ယောနိ။ သာ ပန အတ္ထတော အဏ္ဍာဒိဥပ္ပတ္တိဋ္ဌာနဝိသိဋ္ဌော ခန္ဓာနံ ဘာဂသော ပဝတ္တိ ဝိသေသောတိ အာဟ ခန္ဓကောဋ္ဌာသော ယောနိ နာမာတိ။ (မ၊ဋီ၊၂၊၂၉။)

ယောနိသဒ္ဒါသည် ခန္ဓကောဋ္ဌာသ = ခန္ဓာတို့၏ အဖို့အစုဟူသော အနက်ကို ဤ၌ ဟော၏။ ခန္ဓာတို့၏ အဖို့အစုဟူရာ၌ အစုသာမည မဟုတ်၊ ခန္ဓာတို့၏ အစုအားဖြင့် တစ်စုနှင့် တစ်စု မတူသော ဖြစ်နေပုံ အထူးတည်း။ ဥခွံတွင်း၌ ဖြစ်ကုန်သော အဏ္ဍဇသတ္တဝါတို့၏ ခန္ဓာအစုအပုံ ဖြစ်နေပုံ တည်နေပုံသည် ပဋိသန္ဓေတည်စကပင် စ၍ ဇလာဗုဇ, သံသေဒဇ, ဩပပါတိက သတ္တဝါတို့၏ ခန္ဓာတို့၏ ဖြစ်နေပုံ စုဝေးတည်နေပုံနှင့် မတူညီပေ။ တစ်ဖန် အဏ္ဍဇသတ္တဝါ အချင်းချင်းလည်း တစ်စုနှင့်တစ်စု ခန္ဓာစု၏ ဖြစ်နေပုံ တည်ရှိနေပုံချင်း မတူ ရှိပြန်၏။ အမျိုးဇာတ်အားဖြင့် ကြက်မျိုး ငှက်မျိုးစသည်ဖြင့် ခွဲခြားနိုင်သေး၏။ သတ္တဝါတို့သည် ပင်ကိုယ်က အချင်းချင်း မရောနှောကြသော်လည်း (= ခန္ဓကောဋ္ဌာသ = ခန္ဓာအပေါင်းအစု တစ်ခုစီသာ ဖြစ်သော်လည်း) အကြင် အကြင် ခန္ဓကောဋ္ဌာသ = ခန္ဓာအပေါင်းအစုတို့၏ ဖြစ်ပုံ တည်ရှိပုံ အထူးကြောင့် တူသောဇာတ် ရှိသည့်အတွက် ဇာတ် အချင်းချင်း အတူတကွ ဖြစ်ခြင်းအားဖြင့် ရောနှောလျက် ဖြစ်ကြကုန်၏၊ ထိုကြောင့် ယောနိအမည်ရသည်။ ဤ ဋီကာစကားအရ ဥခွံစသော ဖြစ်ရာဌာနအားဖြင့် အထူးပြုအပ် ခွဲခြားအပ်သော ခန္ဓာတို့၏ ကိုယ့်အုပ်စုနှင့်ကိုယ် ဖြစ်နေပုံ အထူးကို ယောနိခေါ်သည်ဟု မှတ်ပါ။

နိရယဂတိ၌လည်းကောင်း, ဘုမ္မဇိုဝ်းနတ်သည် ကြဉ်အပ်ကုန်သော ဘုမ္မဇိုဝ်းနတ်မှတစ်ပါးကုန်သော ဒေဝဂတိတို့၌လည်းကောင်း (= နတ်ပြည် ဗြဟ္မာ့ပြည်တို့၌လည်းကောင်း), အမြဲမီးလောင်ခံနေရသော နိဇ္ဈာမတဏှိကပြိတ္တာ တို့၌လည်းကောင်း အဏ္ဍဇ, ဇလာဗုဇ, သံသေဒဇ ဟူသော ယောနိသုံးမျိုးတို့သည် မရှိကြကုန်။ ထိုသတ္တဝါတို့၌ တစ်နည်းဆိုသော် ထိုဂတိတို့၌ ဩပပါတိကယောနိ = ကိုယ်ထင်ရှားဖြစ်ခြင်း ပဋိသန္ဓေတစ်မျိုးသာ ရှိသည်။ နိဇ္ဈာမတဏှိကပြိတ္တာတို့ကား မီးလောင်မြိုက်ခံရသည့် ဆင်းရဲဖြင့် အမြဲ နာကျင်နေရသည့်အတွက် ကာမဂုဏ်ကို မှီဝဲ၍ ကိုယ်ဝန်ကို မယူနိုင်ကြကုန်။

တိရစ္ဆာနဂတိ, နိဇ္ဈာမတဏှိကပြိတ္တာမှ ကြွင်းသော ပေတဂတိ, မနုဿဂတိ, ဘုမ္မဇိုဝ်းနတ်ဟူသော ဒေဝဂတိတို့၌ အဏ္ဍဇ, ဇလာဗုဇ, သံသေဒဇ, ဩပပါတိက ဟူသော ယောနိ လေးမျိုးလုံးတို့သည် ရှိကြကုန်၏။

ကိုယ်ထင်ရှား ဖြစ်ကြသော ဩပပါတိကယောနိတို့တွင် အကျုံးဝင်သော ရူပါဝစရဗြဟ္မာတို့တွင် အသညသတ် မှ တစ်ပါးသော ရူပဗြဟ္မာတို့၌ စက္ခုဒသကကလာပ်, သောတဒသကကလာပ်, ဟဒယဝတ္ထုဒသကကလာပ် ဟူကုန်သော (၃၀)ကုန်သော ရုပ်အမျိုးအစားတို့သည် ပဋိသန္ဓေဝိညာဏ်နှင့် အတူတကွ ဖြစ်ကုန်၏။ အသညသတ်ဗြဟ္မာတို့၌ ဇီဝိတနဝကကလာပ် ရုပ်တရားတို့သည်သာလျှင် ပဋိသန္ဓေ အဖြစ်ဖြင့် ဖြစ်ကြကုန်၏။

သံသေဒဇသတ္တဝါတို့၌လည်းကောင်း, ရူပဗြဟ္မာမှကြွင်းသော ကာမသုဂတိ၌ အကျုံးဝင်သော ဩပပါတိကသတ္တဝါ = ကိုယ်ထင်ရှားဖြစ်သော သတ္တဝါတို့၌လည်းကောင်း အလွန်ဆုံးပမာဏအားဖြင့် စက္ခုဒသက ကလာပ်, သောတဒသကကလာပ်, ဃာနဒသကကလာပ်, ဇိဝှါဒသကကလာပ်, ကာယဒသကကလာပ်, (ဟဒယ)ဝတ္ထုဒသကကလာပ်, ဘာဝဒသကကလာပ်ဟူကုန်သော ရုပ်ကလာပ်အမျိုးအစား (၇)မျိုး, ရုပ်အမျိုးအစား (ရဝ)တို့သည် ပဋိသန္ဓေဝိညာဏ်နှင့် အတူတကွ ဖြစ်ကြကုန်၏။ (အဘိ၊ဋ္ဌ၊၂၊၁၅၃။) အနည်းဆုံး ပမာဏအားဖြင့် မျက်စိကာဏ်းသူ နားပင်းသူ နှာခေါင်းမရှိသူ နပုံးပဏ္ဍုက်ဖြစ်အံ့ ဇိဝှါဒသကကလာပ် ကာယဒသကကလာပ် ဝတ္ထုဒသကကလာပ်တို့၏ အစွမ်းဖြင့် (၃၀)ကုန်သော ရုပ်တရားတို့သည် ဖြစ်ကြကုန်၏။ အလွန်ဖြစ်သော ရုပ် (ရဝ) အလျော့ဖြစ်သော ရုပ် (၃၀) ဤနှစ်မျိုးတို့၏ အကြား၌ အလျော်အားဖြင့် အထူးပြုသော အစီအရင်ကို အယုတ်အပိုကို ထိုက်သလို သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၂၊၁၅၃။)

သတိပြု၍ ဆန်းစစ်ကြည့်ပါ ---- အသင်သူတော်ကောင်းသည် အတိတ်၌လည်း ဗြဟ္မာဖြစ်ဖူးကောင်း ဖြစ်ဖူးပေမည်။ နောင်အနာဂတ်တွင်လည်း ဗြဟ္မာဘဝကို ရည်ရွယ်မှန်းထား၍ စျာန်တရားတို့ကို အမြတ်စား ပွားများထားသူ ဖြစ်ပါက ဗြဟ္မာဖြစ်ကောင်း ဖြစ်နိုင်သည်။ ထိုဖြစ်ခဲ့သော ဗြဟ္မာဘဝ, ဖြစ်လတ္တံ့သော ဗြဟ္မာဘဝတို့၌ ဩပပါတိက = ကိုယ်ထင်ရှား ဖြစ်မဖြစ်ကိုလည်းကောင်း, အကယ်၍ ဩပပါတိကပဋိသန္ဓေတည်နေရသည်ကို တိတိကျကျရှု၍ ရရှိပါက ထိုခေါင်ဆုံးဖြစ်သည့် ဩပပါတိကပဋိသန္ဓေအခိုက်၌ ရုပ်အမျိုးအစား (၃၀) ရှိမရှိကို လည်းကောင်း ဆန်းစစ်ကြည့်ပါ။ တစ်ဖန် မည်သည့်စျာန်ကြောင့် မည်သည့် ပဋိသန္ဓေ ဖြစ်ခဲ့ရသည် ဖြစ်လတ္တံ့ ဖြစ်သည်ဟူသော အချက်ကိုလည်း ထပ်မံ၍ ဆန်းစစ်ကြည့်ပါ။ ဥပမာ ပထမစျာန်ကုသိုလ်ကြောင့် ရူပဗြဟ္မာပြည်၌ ဖြစ်ခဲ့ရလျှင် ထိုဩပပါတိကပဋိသန္ဓေအခိုက်၌ ရုပ်အမျိုးအစား (၃၀), ပဋိသန္ဓေ နာမ်တရား (၃၄)တို့ ရှိခဲ့ကြ၏။ အကယ်၍ ဒုတိယစျာန်ကုသိုလ်ကြောင့် ရူပဗြဟ္မာ့ပြည်၌ ဖြစ်ခဲ့ရလျှင် ဩပပါတိကပဋိသန္ဓေအခိုက်၌ ရုပ်အမျိုးအစား (၃၀) နာမ်တရား (၃၂)တို့ ဖြစ်ခဲ့ကြ၏။ ဤသို့စသည်ဖြင့် သဘောပေါက်ပါ။ အနာဂတ်၌လည်း နည်းတူ မှတ်ပါ။ အကယ်၍ နတ်ပြည် နတ်လောက၌ ဩပပါတိကပဋိသန္ဓေ တည်နေခဲ့ရဖူးသည်ကို ရှု၍ရသည် ဖြစ်အံ့၊ ဩပပါတိကပဋိသန္ဓေ တည်နေခဲ့ရသည် ဖြစ်အံ့၊ ထိုပဋိသန္ဓေအခိုက်၌ ရုပ်အမျိုးအစား (ရဝ)တို့သည် ပြိုင်တူ ထင်ရှား ဖြစ်မဖြစ်ကိုလည်း ဆန်းစစ်ကြည့်ပါ။ တိဟိတ် သောမနဿပဋိသန္ဓေဖြစ်က နာမ်တရား (၃၄), တိဟိတ် ဥပေက္ခာ ပဋိသန္ဓေဖြစ်က နာမ်တရား (၃၃)တို့သည် ထိုပဋိသန္ဓေအခိုက်၌ ဖြစ်မဖြစ်ကို ဆန်းစစ်ကြည့်ပါ။ အနာဂတ် နတ်ဘဝ၌လည်း နည်းတူပင် မှတ်ပါ။ ဤအချက်တို့ကား အတိတ် အနာဂတ် ပဋိသန္ဓေတို့ကို ဆန်းစစ်ရာ၌ အရေးကြီးသော အချက်အလက်များ ဖြစ်ကြ၏။ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရာ၌ အရေးပါသော သော့ချက်များ ဖြစ်ကြ၏။ ပူတာတံတင်းနှင့်တူသော ကြီးစွာသော ပန်းကပ်ကို သံလျက်ဖျားဖြင့် ကပ်၍ ဖွင့်သကဲ့သို့ ---- သီလတည်းဟူသော မြေပေါ်၌ ရပ်တည်၍ သမာဓိတည်းဟူသော မြတ်သော ကျောက်ဖျာထက်၌ မြမြထက်အောင် သွေး၍ ထားအပ်သော ဉာဏ်တည်းဟူသော သံလျက်ဖြင့် ကပ်၍ဖွင့်ကြည့်ရမည့် အရာဝတ္ထုတို့သာ ဖြစ်ကြသည်။ ဣန္ဒြေချို့တဲ့ရာ၌လည်း နည်းတူပင် သဘောပေါက်ပါ။ ချို့တဲ့သည့် ဣန္ဒြေကို ဆန်းစစ်ကြည့်ပါ။

မူလဋီကာဆရာတော်ကား (အဘိ၊၂၊၄၂၆။) ဓမ္မဟဒယဝိဘင်းပါဠိတော်ကို ကိုးကား၍ ကာမာဝစရ သံသေဒဇ ဩပပါတိက သတ္တဝါတို့အတွက် ဃာနပသာဒမရှိသော သတ္တဝါတို့၏ ပဋိသန္ဓေ မရှိနိုင်ကြောင်းကို ဆုံးဖြတ်ထားတော်မူ၏။ (မူလဋီ၊၂၊၁၀၉။)

အနုဋီကာ၏ ဖြေရှင်းချက်

အဋ္ဌကထာ၌ ---- သံသေဒဇောပပါတီသု၊ အထ ဝါ အဝကံသတော တိံသ ---- (အဘိ၊ ဋ္ဌ၊ ၂၊ ၁၅၃။) = သံသေဒဇ ဩပပါတိက သတ္တဝါတို့ ပဋိသန္ဓေအခိုက် အနည်းဆုံး ရုပ်အမျိုးအစား (၃၀) ရှိကြောင်းကို တစ်လုံး တစ်စုတည်း တစ်ပေါင်းတည်း ဆိုထားသော်လည်း ---- သတ္တတိ ဥက္ကံသတောဝ ရူပါနိ = အလွန်ဆုံး ပမာဏအားဖြင့် ရုပ်အမျိုးအစား (ရဝ)ရှိ၏ ဟူသော စကားရပ်နှင့်တွဲခိုက် သံသေဒဇ, ဩပပါတိကယောနိ နှစ်မျိုးလုံးကိုယူပါ။ ကာမဘုံဝယ် သံသေဒဇ, ဩပပါတိကယောနိအခိုက် အလွန်ဆုံးပမာဏအားဖြင့် ရုပ်အမျိုးအစား (ရဝ) ရှိနိုင်၏ ဟု ဆိုလိုသည်။ အနည်းဆုံးပမာဏအားဖြင့် ရုပ်အမျိုးအစား (၃၀)ရှိ၏ဟု ဆိုသော စကားရပ်နှင့် တွဲခိုက်၌ကား ဩပပါတိကယောနိနှင့် မတွဲဘဲ သံသေဒဇယောနိနှင့်သာ တွဲပါ။ အနည်းဆုံးပမာဏအားဖြင့် သံသေဒဇသတ္တဝါတို့၌ ပဋိသန္ဓေအခိုက် ရုပ်အမျိုးအစား (၃၀)ရှိ၏ဟု ဆိုလိုသည်။ ဩပပါတိကယောနိကို မဆိုလိုပါ။ ဤသို့ အဓိပ္ပါယ် ယူဆရန် အနုဋီကာက ဖွင့်ဆိုထား၏။ အောက်ပါ အာယတနယမိုက် အဋ္ဌကထာကို ကိုးကားတင်ပြသွား၏ ---

ဧဝဉ္စ ကတွာ အာယတနယမကဝဏ္ဏနာယ ---- ကာမဓာတုယံ ပန အဃာနကော ဩပပါတိကော နတ္ထိ။ ယဒိ ဘဝေယျ၊ ကဿစိ အဋ္ဌာယတနာနိ ပါတုဘဝန္တီတိ ဝဒေယျာတိ ဝက္ခတိ။ (အနုဋီ၊၂၊၁၂၃။ အဘိ၊ဋ္ဌ၊၃၊၃၀၉။)

ကာမဓာတ် ကာမဘုံ၌ ဃာနချို့တဲ့သော အဃာနကဩပပါတိကသတ္တဝါသည် မရှိစကောင်းပါ၊ အကယ်၍ ရှိခဲ့ငြားအံ့ ---- အချို့သော သတ္တဝါအား အာယတန (၈)ပါးတို့သည် ထင်ရှား ဖြစ်ပေါ်ကုန်၏ဟု ဘုရားရှင် ဟောတော်မူလေရာ၏ ---- ဤသို့ စသည်ဖြင့် အာယတနယမိုက် အဋ္ဌကထာ၌ အဋ္ဌကထာဆရာတော်ကိုယ်တိုင်က ဖွင့်ဆိုလတ္တံ့ ဖြစ်ပါသည်။ သို့အတွက် ဃာနပသာဒမှကင်းသော ဃာနပသာဒချို့တဲ့သော ဩပပါတိက သတ္တဝါကား မရှိပါ။ (အကျယ်ကို အနုဋီ၊၂၊၁၂၃-၁၂၄ ကြည့်ပါ။)

သဗ္ဗံ တံ ဝီမံသိတွာ ဂဟေတဗ္ဗံ ---- (အနုဋီ၊၂၊၁၂၄။) ----

ထိုအားလုံးကား ယောဂါဝစရပုဂ္ဂိုလ်တို့သည် ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်၍ ယူရမည့်တရားတို့သာ ဖြစ်ပေ သည်။ ဤအရာမျိုး၌ အသင်သူတော်ကောင်း၏ ဉာဏ်ကို အသုံးပြုပါ။ အတိတ် သံသရာခရီးတစ်ကွေ့၌ သံသေဒဇသတ္တဝါ ဩပပါတိကသတ္တဝါ ဖြစ်ခဲ့ဖူးလျှင် တိတိကျကျ ဂဃနဏသိအောင် ဉာဏ်ဖြင့် စူးစမ်းဆင်ခြင် ကြည့်ပါ။ သိမ်းဆည်းကြည့်ပါ။

စက္ခုဒသကကလာပ်

တတ္ထ ဝဏ္ဏော ဂန္ဓော ရသော ဩဇာ စတေဿာ စာပိ ဓာတုယော စက္ခုပသာဒေါ ဇီဝိတိန္ဒြိယန္တိ အယံ ဒသ ရူပပရိမာဏော ရူပပုေဉ္ဇာ စက္ခုဒသကော နာမ။ ဧဝံ သေသာ ဝေဒိတဗ္ဗာ။ (အဘိ၊ဋ္ဌ၊၂၊၁၅၃။)

စက္ခုဒသကကလာပ်ဟူသည် ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာ ဇီဝိတ စက္ခုပသာဒ ဟူသော (၁၀)မျိုးသောရုပ် အတိုင်းအတာ ပမာဏရှိသော ရုပ်တရားအစုအပုံ ဖြစ်သည်။ အလားတူပင် ကြွင်းသော ဒသကကလာပ်တို့ကိုလည်း သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၂၊၁၅၃။)

စက္ခုဒသကကလာပ်ကား ရုပ်တရားမဟုတ်၊ အထက်ပါ (၁၀)မျိုးသော အတိုင်းအတာပမာဏရှိသော ရုပ်တရားအစုအပုံသည်သာလျှင် ပရမတ်ရုပ်တရားအစစ်တို့ ဖြစ်ကြ၏။ ယင်းပရမတ်ရုပ်တရားတို့ကို ယောဂီ သူတော်ကောင်းတို့သည် ဉာဏ်ဖြင့် မြင်အောင် သိမ်းဆည်း ရှုပွားရ၏။

မူလဋီကာနှင့် အနုဋီကာတို့၏ အယူအဆ

ပဋိသန္ဓေအခိုက်၌ အနည်းဆုံး ဒသကကလာပ်နှစ်မျိုး သို့မဟုတ် သုံးမျိုးတို့ဖြစ်ကြောင်းကို အဋ္ဌကထာက ဖွင့်ဆိုခြင်းသည် ဂဗ္ဘသေယျက = အမိဝမ်း၌ ပဋိသန္ဓေတည်နေကြရသော သတ္တဝါတို့အား ရည်ရွယ်၍ ဖွင့်ဆိုခြင်း သာ ဖြစ်သည်။ မှန်ပေသည် ---- အဏ္ဍဇ, ဇလာဗုဇ အမည်ရသော ဂဗ္ဘသေယျကယောနိမှ တစ်ပါးသော သံသေဒဇ ဩပပါတိကယောနိတို့၌ များစွာကုန်သော ရုပ်ကလာပ်တို့သည် ပဋိသန္ဓေခဏ၌ အတူတကွ ပြိုင်တူ ဖြစ်ကြကုန်၏။ မှန်ပေသည် --- ဂါဝုတ်ပေါင်းများစွာ အတိုင်းအရှည် ပမာဏရှိသော ဗြဟ္မာ၏ အတ္တဘော၌လည်း များစွာကုန်သော ရုပ်ကလာပ်တို့သည် ဩပပါတိက ပဋိသန္ဓေခဏ၌ အတူတကွ ပြိုင်တူ ဖြစ်ကြကုန်သည်သာတည်း။ ထိုကြောင့် ရုပ်အမျိုးအစား (၃၀)ထက် ပိုလွန်သည်သာလျှင် ဖြစ်ကြကုန်သော ရုပ်တို့သည် ပဋိသန္ဓေခဏ၌ ပြိုင်တူ ဖြစ်ကြ ကုန်၏။

အဘယ်ကြောင့် သိနိုင်ပါသနည်းဟူမူ ---- ဂန္ဓ ရသ အာဟာရ (= ဩဇာ)တို့ကို အာယတနယမိုက် စသည်တို့၌ မဟောကြားဘဲ ပယ်ထားအပ်ကုန်သည့်အတွက် စက္ခုသတ္တက၏အဖြစ် သောတသတ္တက၏အဖြစ် ဝတ္ထုသတ္တက၏ အဖြစ် ဇီဝိတဆက္ကအဖြစ်သည် ဖြစ်ပါသော်လည်း ထိုစက္ခုသတ္တကစသော ရုပ်တို့၏ များသည်၏ အဖြစ်ကြောင့် သိရှိနိုင်ပါ၏ ဟူလိုသည်။ (မူလဋီ၊၂၊၁၀၈။)

မူလဋီကာဆရာတော်ကား အာယတနယမိုက်စသည်၌ ဂန္ဓ ရသ အာဟာရ (= ဩဇာ) တို့ကို မဟောခြင်းကိုပင် ပယ်သည်ဟု ယူဆတော်မူ၏။ ရုပ်ကလာပ် တစ်ခုအတွင်း၌ ဂန္ဓ ရသ ဩဇာတို့ မပါဝင်ကြသဖြင့် ရူပဘုံ၌ ရုပ်ကလာပ်တို့သည် စက္ခုဒသကကလာပ် မဖြစ်ဘဲ, စက္ခုသတ္တကကလာပ်သာ ဖြစ်၏၊ အလားတူပင် သောတသတ္တကကလာပ် ဝတ္ထုသတ္တကကလာပ်တို့သာ ဖြစ်ကြ၏။ ဇီဝိတနဝကကလာပ်အရာ၌ ဇီဝိတဆက္ကကလာပ်သာ ဖြစ်၏ --- ဤသို့ မူလဋီကာဆရာတော်က ယူဆတော်မူ၏။ တစ်ဖန် မူလဋီကာဆရာတော်က အောက်ပါအတိုင်း ဆက်လက် တင်ပြထားတော်မူပြန်၏ ----

အဋ္ဌကထာဝယ် ထိုဗြဟ္မာ့အတ္တဘော၌ စက္ခုဒသကကလာပ် သောတဒသကကလာပ် ဝတ္ထုဒသကကလာပ်, ဇီဝိတနဝကကလာပ်တို့၏ ဖြစ်ခြင်းကို ဖွင့်ဆိုထားသော်လည်း နောက်၌ လာမည့် ဓမ္မဟဒယဝိဘင်းပါဠိတော် ဝယ် ---- ရူပဓာတုယာ ဥပပတ္တိက္ခဏေ ဌပေတွာ အသညသတ္တာနံ ဒေဝါနံ ပဉ္စာယတနာနိ ပါတုဘဝန္တိ၊ ပဉ္စဓာတုယော ပါတုဘဝန္တိ။ (အဘိ၊၂၊၄၃၃။) = ရူပဓာတ်၏ ပဋိသန္ဓေခဏ၌ အသညသတ်ဗြဟ္မာတို့၏ ပဋိသန္ဓေခဏကို ထား၍ ငါးပါးကုန်သော အာယတနတို့သည် ထင်ရှားဖြစ်ကုန်၏၊ ငါးပါးကုန်သော ဓာတ်တို့သည် ထင်ရှားဖြစ်ကုန်၏။ (အဘိ၊၂၊၄၃၃။) ဤသို့စသည်ဖြင့်လည်းကောင်း, ပဝတ္တိအခါဝယ် ရူပဓာတ်၌ (ရူပဗြဟ္မာ ပြည်၌) ရထိုက်သမျှ တရားအားလုံးကို သိမ်းကျုံး၍ ---- ရူပဓာတုယာ ဆ အာယတနာနိ နဝဓာတုယော။ (အဘိ၊၂၊၄၁၉။) = ရူပဓာတ်၌ အာယတန (၆)ပါးတို့သည်လည်းကောင်း, ဓာတ် (၉)ပါးတို့သည်လည်းကောင်း ထင်ရှားဖြစ်ကုန်၏ ---- ဤသို့စသည်ဖြင့်လည်းကောင်း ထိုရူပဓာတ်၌ ထင်ရှားရှိသော အာယတနဓာတ်တို့ကို ပြခြင်းငှာ ဟောကြားထားတော်မူသည်။ (မူလဋီ၊၂၊၁၀၈၊၊)

[ပဉ္စအာယတန = အာယတန-၅-ပါးဟူသည် စက္ခာယတန, သောတာယတန, မနာယတန, ရူပါယတန, ဓမ္မာယတနတည်း။ ဓာတ်-၅-ပါးလည်း နည်းတူပင်တည်း။ ဆအာယတန = အာယတန-၆-ပါးဟူသည် ယင်း ၅-ပါးနှင့် သဒ္ဒါယတနတည်း။ နဝဓာတု = ဓာတ်-၉-ပါးဟူသည် စက္ခုဓာတ်, ရူပဓာတ်, စက္ခုဝိညာဏဓာတ်, သောတဓာတ်, သဒ္ဒဓာတ်, သောတဝိညာဏဓာတ်, မနောဓာတ်, ဓမ္မဓာတ်, မနောဝိညာဏဓာတ်တို့တည်း။ ဤ၌ ဂန္ဓာယတန, ရသာယတန, ဖောဋ္ဌဗ္ဗာယတနတို့ မပါဝင်ပုံကိုသတိပြုပါ။]

ဓမ္မဟဒယဝိဘင်း၌သာ ဂန္ဓ ရသ ဩဇာတို့ကို ပယ်အပ်ကုန်သည် မဟုတ်သေး ကထာဝတ္ထုကျမ်း၌လည်း ဃာနာယတန, ဇှိဝါယတန, ကာယာယတနတို့ကို ရူပဗြဟ္မာ့ပြည်၌ ထင်ရှားဖြစ်မှုကို ပယ်အပ်သကဲ့သို့ ဂန္ဓာယတန, ရသာယတန, ဩဇာတို့၏ ထင်ရှားဖြစ်မှုကိုလည်း ပယ်အပ်သည်သာ ဖြစ်၏။

အတ္ထိ တတ္ထ ဃာနာယတနန္တိ? အာမန္တာ = ထိုရူပဗြဟ္မာ့ပြည်၌ ဃာနာယတန ရှိပါသလားဟု သကဝါဒီ = (သာသနာတွင်း အယူအဆရှိသူ)က မေးမြန်း၏။ ပရဝါဒီ = (သာသနာတော်၏ပြင်ပ အယူအဆရှိသူ)က ဗြဟ္မာတို့၌ နှာခေါင်းပုံသဏ္ဌာန် ရှိနေသည် ဖြစ်၍ ---- အာမန္တာ = ရှိပါ၏- ဟု ဖြေသည်။ (အဖြေမှားဟူလိုသည်။) ထိုနောက် သကဝါဒီပုဂ္ဂိုလ်က အတ္ထိ ဂန္ဓာယတနံ = ထိုဗြဟ္မာ့ပြည်၌ ဃာနာယတနရှိလျှင် ဂန္ဓာယတနကော ရှိပါသလားဟု ထပ်မေးလေရာ, ---- န ဟေဝံ ဝတ္တဗ္ဗေ = ဤလိုတော့မဆိုနိုင်ပါဟု ပရဝါဒီပုဂ္ဂိုလ်က အမှန်အတိုင်း ပြန်ဖြေသည်။ (မူလဋီ၊၂၊၁၀၈။)

ဤအမေးအဖြေအရ အသညသတ်မှ တစ်ပါးသော ရူပဗြဟ္မာဘုံတို့၌လည်း ဃာနာယတန, ဇိဝှါယတန, ကာယာယတန, ဂန္ဓာယတန, ရသာယတန, အာဟာရ = ဩဇာတို့သည် မရှိဟု မူလဋီကာဆရာတော်က ဆိုလို သည်။ ဗြဟ္မာတို့၌ နှာခေါင်းပုံသဏ္ဌာန် တည်ရှိသော်လည်း ဃာနပသာဒ = နှာအကြည်ဓာတ် ပရမတ်တရားကား မရှိ၊ သို့အတွက် အနံ့ဂန္ဓာရုံကိုသိသော ဃာနဝိညာဏ်စိတ်လည်း မဖြစ်နိုင်။ အလားတူပင် လျှာပုံသဏ္ဌာန် တည်ရှိ သော်လည်း ဇိဝှါပသာဒ = လျှာအကြည်ဓာတ် ပရမတ်တရားကား မရှိ၊ သို့အတွက် ရသာရုံကို သိသည့် ဇိဝှါဝိညာဏ် စိတ်လည်း မဖြစ်နိုင်။ ကိုယ်ပုံသဏ္ဌာန် ရှိသော်လည်း ကာယပသာဒ = ကိုယ်အကြည်ဓာတ် ပရမတ်ရုပ်တရားကား မရှိ၊ သို့အတွက် ထိမှုကို သိသည့် = ဖောဋ္ဌဗ္ဗာရုံကို သိသည့် ကာယဝိညာဏ်စိတ်လည်း မဖြစ်နိုင်။ ယောက်ျားအသွင် သဏ္ဌာန်ရှိသော်လည်း ဘာဝရုပ် နှစ်မျိုးလုံးကား မရှိပေ။ ဘာဝနာ၏ စွမ်းအားဖြင့် ကာမရာဂကို ပယ်ရှားထားပြီး ဖြစ်ကြ၏။ ပီတိဘက္ခာ = စျာန်နှင့်ယှဉ်သော ပီတိလျှင် အစာအာဟာရ ရှိကြသဖြင့် ကဗဠီကာရအာဟာရကိုလည်း သုံးဆောင်ခံစားမှု မရှိကုန်။

ဝိသဒိသူပမာ ---- ရူပဘုံ၌ ဖောဋ္ဌဗ္ဗာယတနအဖြစ်မှ ကင်းသော = ကာယပသာဒကို မှီဖြစ်သည့် ကာယ ဝိညာဏ်စိတ်၏ (တစ်နည်း ကာယဒွါရဝီထိ၏) အာရုံမဟုတ်သည့် ပထဝီ တေဇော ဝါယောဟူသော ဓာတ်ကြီး (၃) ပါးတို့သည် ရုပ်ကလာပ်တိုင်း၌ ရှိကြ၏။ ထိုသို့ ရူပဗြဟ္မာတို့၏ သန္တာန်ဝယ် ရုပ်ကလာပ်တိုင်း၌ ဖောဋ္ဌဗ္ဗာယတန မဟုတ်သည့် ဓာတ်ကြီး (၃)ပါးတို့၏ ရှိမှုကို ဆိုသင့်သကဲ့သို့ ဂန္ဓာယတန, ရသာယတနအဖြစ် မရှိကုန်သော ဂန္ဓာယတန, ရသာယတနအဖြစ်မှ ကင်းကုန်သော ဂန္ဓာရုံ, ရသာရုံတို့၏ ထိုရူပဗြဟ္မာဘုံ၌ ရှိခြင်းကို ဆိုခြင်းငှာ မတတ်ကောင်းပေ။ အဘယ်ကြောင့်နည်း ---- တွေ့ထိခြင်းငှာ တတ်ကောင်းသော ပထဝီဓာတ်စသည် အဖြစ်မှ လွတ်ကင်းသော တွေ့ထိခြင်းငှာ မတတ်ကောင်းသော ပထဝီဓာတ်စသော ဓာတ်သဘော၏ ထိုရူပဗြဟ္မာပြည်၌ ဖြစ်ခြင်းကဲ့သို့ ထို့အတူ ဂန္ဓအဖြစ် ရသအဖြစ်မှလွတ်သော ဂန္ဓ ရသသဘော၏ ရူပဗြဟ္မာ့ဘုံ၌ မရှိသောကြောင့် တည်း။ (မူလဋီ၊၂၊၁၀၈။)

အာယတနသဒ္ဒါသည် အကြောင်းဟူသော အနက်ကို ဟော၏။ ရူပဗြဟ္မာ့ဘုံ၌ ဂန္ဓ, ရသတို့ ရှိပါလျက် ဃာနပသာဒစသည်တို့ မရှိသည့်အတွက် ဃာနသမ္ဖဿစသည်တို့၏ အကြောင်းမဟုတ်သောကြောင့် ထိုဂန္ဓ ရသတို့ကို အာယတနအမည်ဖြင့် မဟောကြားအပ်ကုန်ဟု ဆိုလျှင် အဘယ်အပြစ် ရှိသနည်းဟု မေးဖွယ်ရှိ၏။ အဖြေမှာ ဤသို့ဖြစ်၏ ----

ဃာနသမ္ဖဿစသည်တို့၏ အကြောင်းတရားဖြစ်မှု မရှိသောကြောင့် အာယတနတို့ဟူ၍ ထိုဂန္ဓရသတို့ကို အကယ်၍ မဟောအပ်ကုန်သည် ဖြစ်ငြားအံ့၊ ထိုသို့ပင် မဟောအပ်ပါကုန်သော်လည်း ဓာတုသဒ္ဒါကား နိဿတ္တ နိဇ္ဇီဝ = သတ္တဝါမဟုတ် ဇီဝကောင်မဟုတ်ဟူသော အနက်ကို ဟော၏။ ထိုကြောင့် ဂန္ဓာယတနစသည်ဖြင့် နာမည်တပ်၍ မဟောနိုင်လျှင် ရှိပါစေဦးတော့။ ဓာတုသဒ္ဒါကား နိဿတ္တ နိဇ္ဇီဝအနက်ကို ဟောနေသည့်အတွက် ဂန္ဓရသတို့လည်း နိဿတ္တ နိဇ္ဇီဝတို့ပင် ဖြစ်ရကား ဂန္ဓဓာတု, ရသဓာတုဟု မဟောနိုင်စရာအကြောင်းကား မရှိ ဖြစ်ခဲ့၏။ ဓမ္မဟဒယဝိဘင်းပါဠိတော်၌ ပဉ္စဓာတုယောဟု ဟောတော်မူရာဝယ် ထိုဂန္ဓဓာတု, ရသဓာတုတို့ကား မပါဝင်ကြပေ။ ထိုသို့ မပါဝင်သည့်အတွက် ရူပဗြဟ္မာ့ပြည်၌ ဂန္ဓ, ရသတို့ မရှိကြဟု သိနိုင်ပါသည် ဟူပေ။ (မူလဋီ၊၂၊၁၀၈။)

တစ်ဖန် ---- ဓမ္မဟူသမျှသည် မိမိသဘောလက္ခဏာကို မိမိဆောင်ထားတတ်သောကြောင့် ဓမ္မဟူသော အမည်ကို ရရှိကြသည်ချည်း ဖြစ်၏။ ဓမ္မဟူသမျှ၌လည်း မိမိ၏ ကိုယ်ပိုင် သဘာဝလက္ခဏာ အသီးအသီး ကိုယ်စီ ကိုယ်စီ ရှိ၏။ ဗြဟ္မာ့ပြည်၌ ဂန္ဓ ရသတို့ ရှိရိုးမှန်လျှင် မိမိ၏ ကိုယ်ပိုင်သဘာဝလက္ခဏာကို မိမိဆောင်ထား နိုင်သည့် သဘာဝဓာရဏလက္ခဏာ ရှိရမည် ဖြစ်သောကြောင့် ဂန္ဓဓမ္မ ရသဓမ္မတို့၏ အဖြစ်ကိုကား ဧကန် အလိုရှိထိုက်၏။ ဓမ္မတိုင်း၌ မိမိ၏ ကိုယ်ပိုင်သဘာဝလက္ခဏာကို ဆောင်ထားခြင်းစသော လက္ခဏာမှ အခြားတစ်ပါးသော လက္ခဏာ၏ မရှိခြင်းကြောင့်တည်း။ (စသော-ဟူသော စကားဖြင့် သာမညလက္ခဏာကို ယူပါ။) ဂန္ဓဓမ္မ ရသဓမ္မ ဖြစ်လျှင်လည်း ---- ဓမ္မဟူသမျှကို ---- ဓမ္မော အာယတနန္တိ အာမန္တာ ---- ဟူ၍ ဓမ္မာယတန အဖြစ်ဖြင့် ယမိုက်ပါဠိတော်၌ ဟောတော်မူအပ်ပြီး ဖြစ်၏။ ထိုကြောင့် ထိုဂန္ဓ ရသတို့၏ ဂန္ဓာယတန၏အဖြစ် ရသာယတန၏ အဖြစ်၏ မရှိခြင်းသည် ရှိပါသော်လည်း တစ်စုံတစ်ခုသော အာယတန၏သဘောကို ဟောတော်မူ ထိုက်သည် ဖြစ်ရာ၏။ [ဂန္ဓ ရသတို့သည် ဓမ္မဖြစ်ရိုးမှန်လျှင် ဓမ္မဟူသမျှကိုလည်း ဓမ္မာယတနအဖြစ်ဖြင့် ဟောတော်မူအပ်ပြီး ဖြစ်သောကြောင့် ဂန္ဓ ရသတို့၏ ဂန္ဓာယတနအဖြစ် ရသာယတနအဖြစ် မရှိစေကာမူ ဓမ္မာယတနအဖြစ်ကိုကား ဟောတော်မူထိုက်၏၊ ထိုသို့လည်း ဓမ္မာယတနအဖြစ်ဖြင့် ဟောတော်မမူအပ်၊ ထိုကြောင့် ရူပဘုံ၌ ဂန္ဓ ရသတို့သည် မရှိကြဟုသာ ဆုံးဖြတ်ထိုက်သည် ဟူလိုသည်။]

ဂန္ဓ ရသတို့သည် ရူပဘုံ၌ ဂန္ဓ ရသ အဖြစ်ဖြင့် မရှိဘဲ ဓမ္မအဖြစ်ဖြင့် ရှိသည်ဟု ယူလျှင် ထိုဂန္ဓ ရသတို့ကို ဓမ္မာယတန၌ သွင်းယူစရာရှိ၏။ ဥပမာ ဖောဋ္ဌဗ္ဗအဖြစ်မှ အခြားတစ်ပါးသော ပထဝီဓာတ်စသည့် ဓာတ်သုံးပါးကို ဓမ္မာယတန၌ သွင်းယူရသကဲ့သို့တည်း။ ဓမ္မအဖြစ်ဖြင့် ရှိသည်မဟုတ်ဘဲ ဂန္ဓ ရသအဖြစ်ဖြင့်သာ ရှိလျှင် ဓမ္မာယတန၌ ပထဝီစသော ဓာတ်သုံးပါးတို့၏ အာယတနအဖြစ် ရှိသကဲ့သို့ ဂန္ဓ ရသတို့၏လည်း အာယတန အဖြစ်လည်း ရှိရာ၏။ ထိုသို့ ဂန္ဓ ရသအဖြစ် အာယတနအဖြစ် နှစ်မျိုးလုံး ရှိခဲ့လျှင်ကား ဂန္ဓ ရသတို့နှင့် အာယတနကို ကမ္မဓာရည်းသမာသ်တွဲ၍ = (ဂန္ဓော စ သော အာယတနဉ္စာတိ ဂန္ဓာယတနံ၊ ရသော စ သော အာယတနဉ္စာတိ ရသာယတနံ - ဟု သမာသ်တွဲ၍)ဂန္ဓာယတန, ရသာယတနဟူသော ဤအမည်သည် အတ္ထာပန္နနည်းအားဖြင့် ကျရောက်ပြီး ဖြစ်တော့၏။ ထိုသို့ ကျရောက်လျှင် ရူပဗြဟ္မာ့ဘုံ၌ ဂန္ဓာယတန ရသာယတန ရှိခြင်းကိုလည်း မတားမြစ်သင့်တော့ပေ။ (မူလဋီ၊၂၊၁၀၈-၁၀၉။)

တယော အာဟာရာ (အဘိ၊၂၊၄၁၉။) အသညသတ်မပါသည့် ရူပဗြဟ္မာ့ဘုံ၌ ဖဿာဟာရ, စေတနာ ဟာရ, ဝိညာဏာဟာရဟူသော အာဟာရသုံးပါးရှိကြောင်းကို ဘုရားရှင် ဟောကြားထားတော်မူသောကြောင့် ကဗဠီကာရအာဟာရ၏ ထိုရူပဘုံ၌ မရှိခြင်းကို သိအပ်၏။

ထိုကြောင့် အကြင် အခြင်းအရာအားဖြင့် ယင်းရူပဘုံ၌ တည်ရှိကြသော ဗြဟ္မာတို့၏ သန္တာန်၌ ရှိဆဲ ရုပ် တရားတို့၏ အရေအတွက်ကို ရေတွက်မှုကို ပြုသည်ရှိသော် ပါဠိတော်နှင့် မဆန့်ကျင်ခြင်းသည် ဖြစ်၏၊ ထိုသို့ ပါဠိတော်နှင့် မဆန့်ကျင်လောက်သော အခြင်းအရာအားဖြင့် ရုပ်တို့ကို ရေတွက်ခြင်းကို ပြုသင့် ပြုထိုက်၏။ ဤသို့ရေတွက်သော် ဓမ္မတာနှင့် ဆန့်ကျင်ဘက် မဖြစ်တော့ပေ။ (ဤ၌ ဓမ္မတာဟူသည် ပါဠိတရားတော်ကို ဆိုလို၏၊ တစ်နည်း ရူပဘုံ၌ ဖြစ်နိုင်သော ရုပ်တရားသဘောကို ဆိုလို၏။) (မူလဋီ၊၂၊၁၀၉။ အနုဋီ၊၂၊၁၁၈-၁၁၉-၁၂၀။)

အနုဋီကာ၌ကား အထက်ပါ မူလဋီကာဆရာတော်၏ စကားကို လက်မခံဘဲ အဋ္ဌကထာကို ထောက်ခံလျက် ကျယ်ပြန့်စွာ ဖွင့်ဆိုထား၏။ လိုရင်းကို ကောက်နှုတ်လျက် ဖော်ပြအပ်ပါသည် ----

ဧတ္ထ စ ရူပါဝစရသတ္တာနံ ဃာနဇိဝှါယတနာဘာဝတော ဝိဇ္ဇမာနာပိ ဂန္ဓရသာ အာယတနကိစ္စံ န ကရောန္တီတိ တေ အနာမသိတွာ ပါဠိယံ ပဉ္စာယတနာနိ ပါတုဘဝန္တိ၊ ဆ အာယတနာနီတိအာဒိ ဝုတ္တံ။ တယော အာဟာရာတိ စ အဇ္ဈောဟရိတဗ္ဗဿ အာဟာရဿ အဘာဝေန ဩဇဋ္ဌမကရူပသမုဋ္ဌာပနသင်္ခါတဿ အာဟာရကိစ္စဿ အကရဏတော၊ န သဗ္ဗေန သဗ္ဗံ ဂန္ဓရသာနံ, ဩဇာယ စ အဘာဝတော။ (အနုဋီ၊၂၊၁၂၀၊၊)

ဤအရာဝယ် ရူပါဝစရသတ္တဝါတို့၏ သန္တာန်ဝယ် ဃာနာယတန ဇိဝှါယတနတို့ မရှိသည့်အတွက် ထင်ရှားရှိကြသော ဂန္ဓ ရသတို့သည်လည်း အာယတနကိစ္စကို မပြုလုပ် မဆောင်ရွက်နိုင်ကြကုန်။ (ရူပဗြဟ္မာတို့၏ သန္တာန်ဝယ် ဃာနာယတန ဇိဝှါယတနတို့ မရှိခြင်းကြောင့် ဃာနဒွါရဝီထိ ဇိဝှါဒွါရဝီထိတို့လည်း ဖြစ်ခွင့်မရှိကြ၊ ဃာနသမ္ဖဿ ဇိဝှါသမ္ဖဿတို့လည်း ဖြစ်ခွင့်မရှိကြ။ သို့အတွက် ဂန္ဓာရုံသည် ဃာနသမ္ဖဿ၏, ရသာရုံသည် ဇိဝှါသမ္ဖဿ၏ အကြောင်းတရား ဖြစ်ခြင်းကိစ္စကို မပြုလုပ် မဆောင်ရွက်နိုင်ဟု ဆိုလိုသည်။)

ထိုကြောင့် ဂန္ဓ ရသတို့ကို အာယတနအဖြစ် မသုံးသပ်ဘဲ ---- အာယတန ငါးပါးတို့သည် ထင်ရှား ဖြစ်ပေါ်လာကြကုန်၏၊ အာယတနခြောက်ပါးတို့သည် ထင်ရှားဖြစ်ပေါ်လာကြကုန်၏၊ ---- ဤသို့စသည်ကို ဟောကြားတော်မူအပ်ပေသည်။ တယော အာဟာရာ - ဟု အာဟာရသုံးပါးတို့ ရှိကြောင်းကို ဟောတော်မူခြင်း မှာလည်း စားမျို ဝါးမျိုထိုက်သော ကဗဠီကာရအာဟာရဩဇာ၏ မရှိခြင်းကြောင့် ဩဇဋ္ဌမကရုပ်တရားတို့ကို ဖြစ်စေခြင်းဟု ခေါ်ဆိုအပ်သော အာဟာရကိစ္စကို မပြုလုပ် မဆောင်ရွက်နိုင်ခြင်းကြောင့် ဟောတော်မူခြင်း ဖြစ်၏။ အချင်းခပ်သိမ်း ဂန္ဓ ရသတို့၏လည်းကောင်း, ဩဇာ၏လည်းကောင်း မရှိခြင်းကြောင့် ဟောကြားတော်မူ သည်ကား မဟုတ်ပေ။ (အနုဋီ၊၂၊၁၂၀။)

ဤအနုဋီကာအဖွင့်အရ အသညသတ်မှတစ်ပါးသော ရူပဗြဟ္မာတို့ သန္တာန်၌ ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာတို့ကား ရှိလျက်ပင်။ ယင်းဩဇာတို့သည် အာဟာရဇဩဇာ၏ အထောက်အပံ့ကို မရရှိကြသဖြင့် ဩဇဋ္ဌမကရုပ်ကလာပ် အသစ် အသစ်ကိုကား မဖြစ်စေနိုင်ကုန်။ ယင်းသို့ မဖြစ်စေနိုင်သဖြင့် အာဟာရကိစ္စကို ယင်းဩဇာတို့က မရွက်ဆောင်နိုင်ကြကုန်။ ယင်းသို့ မရွက်ဆောင်နိုင်သဖြင့် အာဟာရ သုံးပါးရှိကြောင်းကိုသာ ဘုရားရှင် ဟောကြားတော်မူခြင်း ဖြစ်သည်ဟုမှတ်ပါ။ အနုဋီကာဆရာတော်၏ ပြန်လည်ချေပချက်တို့တွင် စိတ်ဝင် စားဖွယ် အချက်တစ်ခုကို ထပ်မံတင်ပြအပ်ပါသည်။

အသညသတ်ဗြဟ္မာတို့၏ သန္တာန်ဝယ် စက္ခာယတနကား မရှိ။ ဝိသယီ ဖြစ်သော စက္ခာယတနမရှိလျှင် ဝိသယဖြစ်သော ရူပါယတနလည်း မရှိဟုကား မယူသင့်ပေ။ အကြောင်းမူ အသညသတ်မှ တစ်ပါးသော အခြားသော သတ္တဝါတို့အဖို့ အသညသတ်ဗြဟ္မာတို့၏ ရူပါရုံသည် အာရုံဖြစ်နိုင်သောကြောင့်တည်း။ အလားတူပင် ရူပဗြဟ္မာတို့၌ ဝိသယီဖြစ်သော ဃာနာယတန ဇိဝှါယတနတို့ မရှိကြသဖြင့် ဝိသယဖြစ်သော ဂန္ဓ ရသတို့လည်း မရှိဟု မယူသင့်ပေ။ ကာယာယတနဟူသော ဝိသယီ မရှိသော်လည်း ဖောဋ္ဌဗ္ဗဓာတ်မဟုတ်သော ဝိသယဖြစ်သော ပထဝီဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟူသော ဓာတ်သုံးပါးတို့ ရှိသကဲ့သို့ မှတ်ပါ။ (အနုဋီ၊၂၊၁၂၀။)

အကယ်၍ ဝိသယီ ဖြစ်သော ဃာနာယတန ဇိဝှါယတနတို့ မရှိကြသဖြင့် ဝိသယဖြစ်သော ဂန္ဓ ရသတို့မရှိဟု ယူခဲ့လျှင် အသညသတ်ဗြဟ္မာတို့၌ ဝိသယီဖြစ်သော စက္ခာယတန မရှိသဖြင့် ဝိသယဖြစ်သော ရူပါယတနလည်း မရှိသင့်လေရာ။ ယင်းသို့ဖြစ်သော် အသညသတ်ဘုံ၌ ဇီဝိတနဝကကလာပ်မဖြစ်ဘဲ ဇီဝိတဆက္ကကလာပ်သာ ဖြစ်သည်ဟု မူလဋီကာဆရာတော်က ဖွင့်ဆိုထားသဖြင့် စက္ခာယတနဟူသော ဝိသယီမရှိသဖြင့် ရူပါယတန ဟူသော ဝိသယလည်း မရှိနိုင်ဟု လက်ခံနိုင်ပါလျှင် ဇီဝိတဆက္ကကလာပ် မဖြစ်ဘဲ ဇီဝိတပဉ္စကကလာပ်သာ ဖြစ်ခွင့်ရှိနိုင်တော့သည်။ (ပထဝီ အာပေါ တေဇော ဝါယော ဇီဝိတဟု ရုပ်ငါးမျိုးသာ ဖြစ်ခွင့်ရှိတော့မည်။)

[ဝိသယ-ဝိသယီ ---- ရူပါရုံစသော အာရုံသည် ဝိသယမည်၏၊ ရူပါရုံ၏ ထင်လာဖို့ရာ လျောက်ပတ်သည်၏ အဖြစ်ဟူသော လက္ခဏာရှိသောကြောင့် ရူပါရုံဟူသော အာရုံရှိသည့် စက္ခုသည် ဝိသယီမည်၏။ သောတစသည် တို့၌လည်း ဤနည်းကိုမှီးပါ။]

ဆန်းစစ်သင့်သော အရာများသာ ဖြစ်သည်

အဋ္ဌကထာနှင့် တကွသော ပိဋကပါဠိတော်များကို ထုံးကဲ့သို့မွှေ၍ ရေကဲ့သို့နှောက်နိုင်သော ဉာဏ်ကြီးရှင် တို့၏ ဉာဏ်၏ ကွန့်မြူးရာ စခန်းများဖြစ်ကြ၏။ အသင်သူတော်ကောင်းကိုယ်တိုင် အတိတ် အနာဂတ် ဗြဟ္မာဘဝ တို့၌ ရုပ်အမျိုးအစားပေါင်း မည်ရွေ့မည်မျှ ရှိသည်ကို တိတိကျကျ ဂဃနဏသိအောင် သိမ်းဆည်း ရှုပွား သင့်သော အပိုင်းများသာ ဖြစ်ကြသည်။ ယောဂီအများစုကို သုတေသနပြုကြည့်ရာ၌ အဋ္ဌကထာ၏ အဆိုအမိန့်ကို ထောက်ခံသော ယောဂီအရေအတွက်များများကို တွေ့ရှိရပေသည်။ အသင်သူတော်ကောင်းသည်လည်း သီလတည်းဟူသော မြေပေါ်၌ ရပ်တည်၍ သမာဓိတည်းဟူသော မြတ်သော ကျောက်ဖျာထက်၌ မြမြထက်အောင် သွေး၍ ထားအပ်သော ဉာဏ်တည်းဟူသော သန်လျက်ဖြင့် ဖောက်ခွဲ၍သာ ကြည့်ပါလေ။

(က) ခန္ဓာ (၄) ပါးရှိသော အရူပဘုံအချင်းချင်း

၁။ အာကာသာနဉ္စာယတနဘုံမှ စုတေ၍ အာကာသာနဉ္စာယတနဘုံ၌ပင် ထပ်၍ ပဋိသန္ဓေတည်နေရာ၌ အာကာသာနဉ္စာယတနစုတိသည် ဗဟိဒ္ဓဖြစ်သော ကောင်းကင်ပညတ်ကို အာရုံပြု၍ ယင်းစုတိနောင် ထပ်၍ ဖြစ်သော အာကာသာနဉ္စာယတန ပဋိသန္ဓေသစ်က မရဏာသန္နဇောသည် ယူအပ်ခဲ့သော ဗဟိဒ္ဓဖြစ်သော ကောင်းကင်ပညတ်ကိုပင် အာရုံပြု၍ ဖြစ်ပေါ်လာ၏။ (ခန္ဓာနှင့်အာရုံ နှစ်ပါးစုံ မကွဲပြားပုံတည်း။)

၂။ အာကာသာနဉ္စာယတနဘုံမှ စုတေ၍ ဝိညာဏဉ္စာယတနဘုံ၌ ပဋိသန္ဓေတည်နေရာဝယ် အာကာသာနဉ္စာယတနစုတိသည် ဗဟိဒ္ဓဖြစ်သော ကောင်းကင်ပညတ်ကို အာရုံပြု၍ ဝိညာဏဉ္စာယတနပဋိသန္ဓေသည် အဇ္ဈတ္တ ဖြစ်သော အာကာသာနဉ္စာယတနကုသိုလ်စျာန်ကို အာရုံပြု၍ ဖြစ်ပေါ်လာသည်။ (ခန္ဓာမကွဲပြား အာရုံသာ ကွဲပြားသည်။)

၃။ အာကာသာနဉ္စာယတနဘုံမှ စုတေ၍ အာကိဉ္စညာယတနဘုံ၌ ပဋိသန္ဓေတည်နေရာဝယ် အာကာသာနဉ္စာယတနစုတိသည် ဗဟိဒ္ဓဖြစ်သော ကောင်းကင်ပညတ်ကို အာရုံပြု၍ အာကိဉ္စညာယတနပဋိသန္ဓေသည် ဗဟိဒ္ဓဖြစ်သော အာကာသာနဉ္စာယတန ကုသိုလ်ဝိညာဏ်၏ မရှိခြင်းသဘောဟူသော နတ္ထိဘောပညတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာ၏။ (ခန္ဓာမကွဲပြား၊ အာရုံပြား၏။)

၄။ အာကာသာနဉ္စာယတနဘုံမှ စုတေ၍ နေဝသညာနာသညာယတနဘုံ၌ ပဋိသန္ဓေတည်နေရာဝယ် အာကာသာနဉ္စာယတနစုတိသည် ဗဟိဒ္ဓဖြစ်သော ကောင်းကင်ပညတ်ကို အာရုံပြု၍ နေဝသညာနာသညာယတန ပဋိသန္ဓေသည် အဇ္ဈတ္တဖြစ်သော အာကိဉ္စညာယတနကုသိုလ်စျာန်ကို အာရုံပြု၍ ဖြစ်ပေါ်လာ၏။ (အာရုံသာကွဲ၏၊၊)

၅။ ဝိညာဏဉ္စာယတနဘုံမှ စုတေ၍ ဝိညာဏဉ္စာယတနဘုံ၌ပင် ထပ်၍ ပဋိသန္ဓေတည်နေရာ၌ ဝိညာဏဉ္စာယတနစုတိသည် အဇ္ဈတ္တဖြစ်သော အာကာသာနဉ္စာယတနကုသိုလ်စျာန်ကို အာရုံပြု၍ ယင်းစုတိနောင် ထပ်၍ ဖြစ်သော ဝိညာဏဉ္စာယတနပဋိသန္ဓေသစ်သည် မရဏာသန္နဇောက ယူအပ်ခဲ့သော အဇ္ဈတ္တဖြစ်သော အာကာသာနဉ္စာယတနကုသိုလ်စျာန်ကိုပင် အာရုံပြု၍ ဖြစ်ပေါ်လာ၏။ (ခန္ဓာလည်း မကွဲပြား၊ အာရုံလည်း မကွဲပြားပုံ တည်း။)

၆။ ဝိညာဏဉ္စာယတနဘုံမှ စုတေ၍ အာကိဉ္စညာယတနဘုံ၌ ပဋိသန္ဓေတည်နေရာ၌ ဝိညာဏဉ္စာယတနစုတိ သည် အဇ္ဈတ္တဖြစ်သော အာကာသာနဉ္စာယတန ကုသိုလ်စျာန်ကို အာရုံပြု၍ အာကိဉ္စညာယတနပဋိသန္ဓေသည် ဗဟိဒ္ဓဖြစ်သော အာကာသာနဉ္စာယတန ကုသိုလ်ဝိညာဏ်၏ မရှိခြင်းသဘောဟူသော နတ္ထိဘောပညတ်ကို အာရုံ ပြု၍ ဖြစ်ပေါ်လာ၏။ (ခန္ဓာမကွဲပြား၊ အာရုံသာ ကွဲပြား၏။)

၇။ ဝိညာဏဉ္စာယတနဘုံမှ စုတေ၍ နေဝသညာနာသညာယတနဘုံ၌ ပဋိသန္ဓေတည်နေရာဝယ် ဝိညာဏဉ္စာယတနစုတိသည် အဇ္ဈတ္တဖြစ်သော အာကာသာနဉ္စာယတနကုသိုလ်စျာန်ကို အာရုံပြု၍ နေဝသညာနာသညာယတနပဋိသန္ဓေသည် အဇ္ဈတ္တဖြစ်သော အာကိဉ္စညာယတနကုသိုလ်စျာန်ကို အာရုံပြု၍ ဖြစ်ပေါ်လာ၏။ (ခန္ဓာမပြား၊ အာရုံသာ ပြား၏။)

၈။ အာကိဉ္စညာယတနဘုံမှ စုတေ၍ အာကိဉ္စညာယတနဘုံ၌ပင် ထပ်၍ ပဋိသန္ဓေတည်နေရာဝယ် အာကိဉ္စညာယတနစုတိသည် ဗဟိဒ္ဓဖြစ်သော အာကာသာနဉ္စာယတန ကုသိုလ်ဝိညာဏ်၏ မရှိခြင်းသဘောဟူသော နတ္ထိဘောပညတ်ကို အာရုံပြု၍ ယင်းစုတိနောင် ထပ်၍ ဖြစ်လာသော အာကိဉ္စညာယတနပဋိသန္ဓေသစ်သည် မရဏာသန္နဇောက ယူအပ်ခဲ့သော ဗဟိဒ္ဓဖြစ်သော အာကာသာနဉ္စာယတန ကုသိုလ်ဝိညာဏ်၏ မရှိခြင်းသဘော ဟူသော နတ္ထိဘောပညတ်ကိုပင် အာရုံပြု၍ ဖြစ်ပေါ်လာ၏။ (ခန္ဓာလည်း မကွဲပြား၊ အာရုံလည်း မကွဲပြား။)

၉။ အာကိဉ္စညာယတနဘုံမှ စုတေ၍ နေဝသညာနာသညာယတနဘုံ၌ ပဋိသန္ဓေ တည်နေရာဝယ် အာကိဉ္စညာယတနစုတိသည် ဗဟိဒ္ဓဖြစ်သော အာကာသာနဉ္စာယတန ကုသိုလ်ဝိညာဏ်၏ မရှိခြင်းသဘော ဟူသော နတ္ထိဘောပညတ်ကို အာရုံပြု၍ နေဝသညာနာသညာယတန ပဋိသန္ဓေသည် အဇ္ဈတ္တဖြစ်သော အာကိဉ္စညာယတန ကုသိုလ်စျာန်ကို အာရုံပြု၍ ဖြစ်ပေါ်လာ၏။ (အာရုံသာ ကွဲပြား၏။)

၁၀။ နေဝသညာနာသညာယတနဘုံမှ စုတေ၍ နေဝသညာနာသညာယတနဘုံ၌ပင် ထပ်၍ ပဋိသန္ဓေ တည်နေရာဝယ် နေဝသညာနာသညာယတနစုတိသည် အဇ္ဈတ္တဖြစ်သော အာကိဉ္စညာယတနကုသိုလ်စျာန်ကို အာရုံပြု၍ ယင်းစုတိနောင် ထပ်၍ ဖြစ်လာသော နေဝသညာနာသညာယတန ပဋိသန္ဓေသစ်သည် မရဏာသန္နဇောက ယူအပ်ခဲ့သော အဇ္ဈတ္တဖြစ်သော အာကိဉ္စညာယတနကုသိုလ်ကို အာရုံပြု၍ ဖြစ်ပေါ်လာ၏။ (အဘိ၊ ဋ္ဌ၊၂၊၁၅၄။) (ခန္ဓာလည်း မကွဲပြား၊ အာရုံလည်း မကွဲပြားပေ။)

ဤပြခဲ့သောနည်းသည် အရူပဘုံ အချင်းချင်း၌ဖြစ်သော စုတိ ပဋိသန္ဓေသာတည်း။

( ခ ) ရံခါ ခန္ဓာ (၄)ပါးရှိသော အရူပစုတိ၏ အခြားမဲ့၌ ခန္ဓာ (၅)ပါးရှိသော တိဟိတ် ကာမာဝစရပဋိသန္ဓေ ဖြစ်၏။ (ခန္ဓာကွဲပြားပုံတည်း။)

( ဂ ) ရံခါ ခန္ဓာ(၅)ပါးရှိသော ကာမာဝစရစုတိ၏သော်လည်းကောင်း, ရူပါဝစရစုတိ၏သော်လည်းကောင်း အခြားမဲ့၌ ခန္ဓာ (၄)ပါးရှိသော အရူပပဋိသန္ဓေသည် ဖြစ်ပေါ်လာ၏။ (ခန္ဓာနှင့်အာရုံ နှစ်ပါးစုံ ကွဲပြားပုံ တည်း။)

(ဃ) ဤသို့လျှင် အတိတ်တရားလျှင် အာရုံရှိသော စုတိ၏ အခြားမဲ့၌ အတိတ်အာရုံ, ပညတ်အာရုံ, ပစ္စုပ္ပန် အာရုံရှိသော ပဋိသန္ဓေသည် ဖြစ်ပေါ်လာ၏။ (အာရုံ ကွဲပြားပုံတည်း။)

( င ) အချို့သော ကာမသုဂတိစုတိ၏ အခြားမဲ့၌ အချို့သော ဒုဂ္ဂတိပဋိသန္ဓေသည် ဖြစ်ပေါ်လာ၏။ (ဂတိကွဲပြား သည်ကို ပြသည်။)

ဧကစ္စသုဂတိစုတိ ---- ရူပါရူပါဝစရာနံ ဥပစာရဿ ဗလဝတာယ တတော စဝိတွာ ဒုဂ္ဂတိယံ ဥပပတ္တိ နတ္ထီတိ ဧကစ္စသုဂတိစုတိယာတိ အာဟ။ (မူလဋီ၊၂၊၁၀၉။)

ရူပ အရူပ စုတိနောင် အပါယ်ဒုဂ္ဂတိပဋိသန္ဓေ မဖြစ်နိုင်၊ အဘယ်ကြောင့်နည်းဟူမူ ကာမဘုံသို့ လားရတော့ မည့် ရူပါဝစရ အရူပါဝစရ သတ္တဝါတို့၏ သန္တာန်ဝယ် အားအကောင်းဆုံးသော ကာမာဝစရကံတို့မှာ ထိုရူပစျာန် အရူပစျာန်တို့၏ ရှေး၌ဖြစ်သော ဥပစာရ ကာမာဝစရစျာန်တို့တည်း။ ယင်းဥပစာရစျာန်တည်းဟူသော ကာမာဝစရကုသိုလ်ကံတို့က အလွန်အားကောင်းနေသည့် အတွက်ကြောင့် ထိုရူပ အရူပဗြဟ္မာ့ပြည်မှ စုတိလာ သောအခါ ဒုဂ္ဂတိဘုံ၌ ပဋိသန္ဓေနေခွင့် မရနိုင်တော့ဘဲ ကာမသုဂတိဘုံ၌သာလျှင် ပဋိသန္ဓေနေခွင့်ရလေသည်။ (မူလဋီ၊၂၊၁၀၉။)

ဧကစ္စဒုဂ္ဂတိပဋိသန္ဓေ ---- ဤ၌ ဧကစ္စ = အချို့ဟူသော သဒ္ဒါကို ဆိုခြင်း၌ အကျိုးကား ဤသို့တည်း ---- နာနတ္တကာယ နာနတ္တသညီ - ဟူသည် လူနှင့် နတ်များတည်း။ ထိုနတ်တို့တွင် ဝိနိပါတိကအသုရာနတ်တို့လည်း ပါဝင်ကြ၏။ ယင်းဝိနိပါတိကအသုရာနတ်တို့တွင် အချို့ကား တိဟိတ်ပဋိသန္ဓေရှိသူတို့ ဖြစ်ကြ၏။ ထိုဝိနိပါတိက နတ်တို့၏ တိဟိတ်, ဒွိဟိတ်, သုဂတိအဟိတ်ပဋိသန္ဓေကို --- အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ --- စသည်ဖြင့် ဟောကြား တော်မူလေ့ရှိသော စကားရပ်များတွင် ဝိနိပါတအဖြစ် ပါဝင်နေသောကြောင့် ဒုဂ္ဂတိပဋိသန္ဓေဟုယူ၍ ထိုသို့ ဒုဂ္ဂတိပဋိသန္ဓေအစစ်မဟုတ်သည့် ထိုဝိနိပါတိကအသုရာတို့၏ ဒုဂ္ဂတိပဋိသန္ဓေသည် ကာမ ရူပ အရူပတည်းဟူ သော သုဂတိစုတိအားလုံးတို့၏ နောင်၌ ဖြစ်ခွင့်ရှိသော ဒုဂ္ဂတိပဋိသန္ဓေမျိုးသာဖြစ်၏။ အချို့သော သုဂတိစုတိ၏ နောင်၌သာ ဖြစ်ခွင့်ရှိသော ဒုဂ္ဂတိပဋိသန္ဓေမျိုးကား မဟုတ်ပေ။ ထိုကြောင့် ဒုဂ္ဂတိပဋိသန္ဓေ မဟုတ်ပါဘဲလျက် ဒုဂ္ဂတိပဋိသန္ဓေဟု အမည်တပ်ခံရသော ထိုဝိနိပါတိကအသုရာတို့၏ ပဋိသန္ဓေကို နစ်စေခြင်းငှာ ဖယ်ကြဉ်လို သောကြောင့် ဧကစ္စဒုဂ္ဂတိဟုဆိုသည်။ မှန်ပေသည် အပါယ်ပဋိသန္ဓေသည်သာလျှင် အချို့သော ကာမ သုဂတိစုတိ၏ အခြားမဲ့၌ ဖြစ်နိုင်၏ ဖြစ်ခွင့်ရှိ၏။ ကာမ ရူပ အရူပတည်းဟူသော သုဂတိစုတိအားလုံး၏ အခြားမဲ့၌ မဖြစ်နိုင်ပေ။ ဖြစ်ခွင့်မရှိပေ။ (မူလဋီ၊၂၊၁၀၉-၁၁၀။)

တစ်နည်း ဒုဂ္ဂတိပဋိသန္ဓေသည် ---- အချို့သော သုဂတိစုတိ၏ အခြားမဲ့၌ ဖြစ်သော ဒုဂ္ဂတိပဋိသန္ဓေ, ဒုဂ္ဂတိစုတိ၏ အခြားမဲ့၌ ဖြစ်သော ဒုဂ္ဂတိပဋိသန္ဓေဟု နှစ်မျိုးရှိရာ ဒုဂ္ဂတိစုတိ၏ အခြားမဲ့၌ ဖြစ်သော ဒုဂ္ဂတိ ပဋိသန္ဓေကို ကြဉ်ဖယ်၍ အချို့သော သုဂတိစုတိ၏ အခြားမဲ့၌ ဖြစ်သော ဒုဂ္ဂတိပဋိသန္ဓေကို ယူခြင်းငှာ ဧကစ္စဒုဂ္ဂတိပဋိသန္ဓေဟု ဧကစ္စသဒ္ဒါဖြင့် လောင်းစွက်၍ အချို့ဒုဂ္ဂတိပဋိသန္ဓေဟုဆိုသည်။ (မူလဋီ၊၂၊၁၁၀။)

( စ ) အဟေတုကစုတိ = ဟိတ်မယှဉ်သော စုတိ၏ အခြားမဲ့၌ သဟေတုကပဋိသန္ဓိ = ဟိတ်ယှဉ်သော ပဋိသန္ဓေလည်း ဖြစ်နိုင်၏။

(ဆ) ဒုဟေတုကစုတိ = ဟိတ်နှစ်ပါးနှင့်သာယှဉ်သော (အလောဘ အဒေါသ ဟိတ်နှစ်ပါးနှင့်သာ ယှဉ်သော) စုတိ၏ အခြားမဲ့၌ တိဟေတုကပဋိသန္ဓိ = (အလောဘ အဒေါသ အမောဟဟူသော ဟိတ်သုံးပါးနှင့် ယှဉ်သော) တိဟိတ်ပဋိသန္ဓေလည်း ဖြစ်နိုင်၏။

( ဇ ) ဥပေက္ခာဝေဒနာနှင့် အတူတကွဖြစ်သော ဥပေက္ခာသဟဂုတ် စုတိ၏ အခြားမဲ့၌ သောမနဿဝေဒနာနှင့် အတူတကွဖြစ်သော သောမနဿသဟဂုတ် ပဋိသန္ဓေလည်း ဖြစ်နိုင်၏။

( စျ ) ပီတိနှင့်မယှဉ်သော အပ္ပီတိကစုတိ၏ အခြားမဲ့၌ ပီတိနှင့်ယှဉ်သော သပ္ပီတိကပဋိသန္ဓေလည်း ဖြစ်နိုင်၏။

(ည) ဝိတက်နှင့်မယှဉ်သော အဝိတက္ကစုတိ၏ အခြားမဲ့၌ ဝိတက်နှင့်ယှဉ်သော သဝိတက္ကပဋိသန္ဓေလည်း ဖြစ်နိုင်၏။

( ဋ ) ဝိစာရနှင့်မယှဉ်သော အဝိစာရစုတိ၏ အခြားမဲ့၌ ဝိစာရနှင့်ယှဉ်သော သဝိစာရပဋိသန္ဓေလည်း ဖြစ်နိုင်၏။

( ဌ ) ဝိတက်နှင့်လည်း မယှဉ် ဝိစာရနှင့်လည်း မယှဉ်သော အဝိတက္က အဝိစာရ စုတိ၏ အခြားမဲ့၌ ဝိတက်နှင့် လည်းယှဉ်, ဝိစာရနှင့်လည်း ယှဉ်သော သဝိတက္က သဝိစာရ ပဋိသန္ဓေလည်း ဖြစ်နိုင်၏။

ဤသို့လျှင် ထိုထို ယှဉ်စပ်အပ်ပြီးသောနည်း၏ ပြောင်းပြန်အားဖြင့်လည်း အကြင် အကြင် ယှဉ်ထိုက်သော အနက်ကို ယှဉ်စေရာ၏။

ပြောင်းပြန် ယှဉ်စေထိုက်သော အနက်

အချို့သော ဒုဂ္ဂတိစုတိ၏ အခြားမဲ့၌ အချို့သော သုဂတိပဋိသန္ဓေဖြစ်နိုင်၏ ---- ဤသို့ စသည်ဖြင့် သင့်လျော်သော ယှဉ်စပ်ထိုက်သော အနက်သဘောတရားကို ဆိုလိုသည်ဟု မှတ်ပါ။

ပြောင်းပြန် မယှဉ်စေထိုက်သော အနက်

အမဟဂ္ဂတဗဟိဒ္ဓါရမ္မဏာယ မဟဂ္ဂတအဇ္ဈတ္တာရမ္မဏာတိ အာဒီသု ပန ဝိပရီတယောဇနာ န ကာတဗ္ဗာ။ န ဟိ မဟဂ္ဂတအဇ္ဈတ္တာရမ္မဏာယ စုတိယာ အရူပဘူမီသု အမဟဂ္ဂတဗဟိဒ္ဓါရမ္မဏာ ပဋိသန္ဓိ အတ္ထိ။ (မူလဋီ၊၂၊၁၁၀။)

ကဒါစိ ဟိ စတုက္ခန္ဓာယ အာရုပ္ပစုတိယာ အနန္တရာ စတုက္ခန္ဓာဝ အာရမ္မဏတောပိ အဘိန္နာ ပဋိသန္ဓိ ဟောတိ။ ကဒါစိ အမဟဂ္ဂတဗဟိဒ္ဓါရမ္မဏာယ မဟဂ္ဂတအဇ္ဈတ္တာရမ္မဏာ။ အယံ တာဝ အရူပဘူမီသုယေဝ နယော။ (ဝိသုဒ္ဓိ၊၂၊၁၈၆။)

(၁) ရံခါ ခန္ဓာလေးပါးရှိသော အရူပစုတိ၏ အခြားမဲ့၌ ခန္ဓာလေးပါးသာလျှင်ရှိသော အာရုံအားဖြင့်လည်း မပြားသော အရူပပဋိသန္ဓေသည် ဖြစ်ပေါ်လာ၏။ [ခန္ဓာလည်း မကွဲပြား, အာရုံလည်းမကွဲပြားသော စုတိနှင့် ပဋိသန္ဓေကို ပြသည်။ မိမိဖြစ်ခိုက်ဘုံ၌ ထပ်၍ ဖြစ်သော အရူပပုဂ္ဂိုလ် (၄)မျိုးလုံးကို ရည်ညွှန်းထားသည်။]

(၂) မဟဂ္ဂုတ်မဟုတ်သော ဗဟိဒ္ဓအာရုံရှိသော အရူပစုတိ၏ အခြားမဲ့၌ မဟဂ္ဂုတ်ဖြစ်သော အဇ္ဈတ္တအာရုံရှိသော အာရုံအားဖြင့် ကွဲပြားသော ခန္ဓာအားဖြင့် မကွဲပြားသော ပဋိသန္ဓေသည် ဖြစ်ပေါ်လာ၏။ [စုတိနှင့် ပဋိသန္ဓေတို့ သည် နာမ်ခန္ဓာလေးပါးချည်း ဖြစ်ကြ၍ ခန္ဓာကားမပြား အာရုံကား ကွဲပြားကြသည်။ အာကာသာနဉ္စာယတနဘုံမှ စုတေ၍ ဝိညာဏဉ္စာယတနဘုံ, နေဝသညာနာသညာယတနဘုံတို့၌ ဖြစ်သော ပုဂ္ဂိုလ်ကိုလည်းကောင်း, အာကိဉ္စညာယတနဘုံမှ စုတေ၍ နေဝသညာနာသညာယတနဘုံ၌ ဖြစ်သော ပုဂ္ဂိုလ်ကိုလည်းကောင်း ရည်ညွှန်း ထားသည်။]

ဤအမှတ် (၂)၌ ပြောင်းပြန် ယှဉ်စေထိုက်သော အနက်ကို မရသင့်ပေ။ အကြောင်းကား မဟဂ္ဂုတ် အဇ္ဈတ္တ တရားလျှင် အာရုံရှိသော စုတိ၏ အခြားမဲ့၌ မဟဂ္ဂုတ်မဟုတ်သော ဗဟိဒ္ဓတရားလျှင်အာရုံရှိသော အရူပပဋိသန္ဓေ သည် မရှိပေ။ (မူလဋီ၊၂၊၁၁၀။) ဤစကားအရ အာကာသာနဉ္စာယတန ဝိညာဏ်ဟူသော မဟဂ္ဂုတ်တရားလျှင် အာရုံရှိသော ဝိညာဏဉ္စာယတနစုတိ၏ အခြားမဲ့၌ ယင်းအာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်း နတ္ထိဘော ပညတ်ဟူသော ဗဟိဒ္ဓအာရုံရှိသော အာကိဉ္စညာယတနပဋိသန္ဓေသည် မဖြစ်နိုင်ဟု အဓိပ္ပါယ်စကားကျ၏။

ဘဝဟောင်းနှင့် ဘဝသစ်

လဒ္ဓပ္ပစ္စယမိတိဓမ္မ ---- မတ္တမေတံ ဘဝန္တရမုပေတိ။

နာဿ တတော သင်္ကန္တိ၊ န တတော ဟေတုံ ဝိနာ ဟောတိ။

ဣတိ ဟေတံ လဒ္ဓပစ္စယံ ရူပါရူပဓမ္မမတ္တံ ဥပ္ပဇ္ဇမာနံ ဘဝန္တရံ ဥပေတီတိ ဝုစ္စတိ၊ န သတ္တော၊ န ဇီဝေါ။ တဿ နာပိ အတီတဘဝတော ဣဓ သင်္ကန္တိ အတ္ထိ၊ နာပိ တတော ဟေတုံ ဝိနာ ဣဓ ပါတုဘာဝေါ။ (အဘိ၊ဋ္ဌ၊၂၊၁၅၄။)

ဤဆိုအပ်ပြီးသောနည်းဖြင့် ပဋိသန္ဓေအကျိုးကို ပေးဖို့ရန် ကံစသော ရအပ်သော အကြောင်းတရားရှိသည် ဖြစ်၍ ပဋိသန္ဓေအခါ၌ ဖြစ်ပေါ်လာသော ဤရုပ်တရား နာမ်တရားမျှသည် ဘဝတစ်ပါးသို့ ကပ်ရောက်၏ဟု ဆိုရ၏။ သတ္တဝါသည် ကပ်ရောက်သည် မဟုတ်၊ အသက်ကောင် ဇီဝသည် = (အတ္တသည်) ကပ်ရောက်သည် မဟုတ်။ ထိုရုပ်တရား နာမ်တရား၏ အတိတ်ဘဝမှ ဤပစ္စုပ္ပန်ဘဝသို့ ပြောင်းရွှေ့ခြင်းသည်လည်း မရှိပေ။ အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော ကံစသော အကြောင်းတရားကို ကြဉ်၍လည်း ဤပစ္စုပ္ပန်ဘဝ၌ ထင်ရှား ဖြစ်ခြင်းသည် မရှိပေ။ (အဘိ၊ဋ္ဌ၊၂၊၁၅၄။)

ဤဂါထာ၌ ---- လဒ္ဓပစ္စယမိတိဓမ္မ - မတ္တမေတံ ဘဝန္တရမုပေတိ = ပဋိသန္ဓေအကျိုးကိုပေးဖို့ရန် ကံစသော ရအပ်သော အကြောင်းတရားရှိသည်ဖြစ်၍ ပဋိသန္ဓေအခါ၌ ဖြစ်ပေါ်လာသော ဤရုပ်တရား နာမ်တရားမျှသည် ဘဝတစ်ပါးသို့ ကပ်ရောက်၏ဟု ဆိုရ၏ ---- ဟူသော ဤစကားရပ်ဖြင့် ရှေးရှေးဘဝက ပြုစုပျိုးထောင်ခဲ့သော ကံစသော အကြောင်းတရားကို ရရှိသည်ဖြစ်၍ ရုပ်တရား နာမ်တရားများသည် ဘဝသစ်သို့ ပဋိသန္ဓေအဖြစ်ဖြင့် ကပ်ရောက်၏ဟု ဆိုသောကြောင့် သတ္တဝါသည် = အတ္တသည် သေလျှင် ပြတ်၏ဟု ယူဆသော ဥစ္ဆေဒဒိဋ္ဌိကို ပယ်ပြီးဖြစ်၏။

နာဿ တတော သင်္ကန္တိ = ထိုရုပ်တရား နာမ်တရား၏ အတိတ်ဘဝမှ ဤပစ္စုပ္ပန်ဘဝသို့ ပြောင်းရွှေ့ခြင်း သည်လည်း မရှိပေ ---- ဟူသော ဤစကားရပ်ဖြင့် ---- ရှေးဘဝက ရုပ်တရားနာမ်တရား = (အတ္တသည်) ဤဘဝသို့ ပြောင်းရွှေ့၍ လာ၏ဟု ယူဆသော သဿတဒိဋ္ဌိကိုလည်း တားမြစ်ပြီး ဖြစ်၏။

န တတော ဟေတုံ ဝိနာ ဟောတိ = ထိုအတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော ကံစသော အကြောင်းတရား ကို ကြဉ်၍လည်း ဤပစ္စုပ္ပန်ဘဝ၌ ထင်ရှားဖြစ်ခြင်းသည် မရှိပေ။ ---- ဟူသော ဤစကားရပ်ဖြင့် ---- သတ္တဝါသည် အတ္တသည် ပရမတ္တ = ပရမအတ္တ အမည်ရသော ဖန်ဆင်းရှင် တစ်စုံတစ်ယောက်က ဖန်ဆင်းမှုကြောင့် ယခုမှ သတ္တဝါအသစ် ဖြစ်ပေါ်လာ၏ဟူသော နဝသတ္တပါတုဘာဝဒိဋ္ဌိကိုလည်း (ဖန်ဆင်းရှင်ကြောင့် သတ္တဝါအသစ် ယခုမှ စတင်၍ ထင်ရှားဖြစ်ပေါ်လာ၏ဟူသော အယူမှားကို) ပယ်ပြီး ဖြစ်၏။

ထိုဆိုအပ်ခဲ့ပြီးသော ကံစသော ရအပ်သော အကြောင်းတရားရှိသော ရုပ်တရား နာမ်တရားမျှသည်သာလျှင် ဘဝတစ်ပါးသို့ ကပ်ရောက်၏ ဟူသော အနက်သဘောတရားကို ထင်ရှားသော လူတို့၏ စုတိ ပဋိသန္ဓေအစဉ်ဖြင့် ထင်ရှားပြကုန်အံ့ ----

အကျယ် ---- လွန်ခဲ့ပြီးသော အတိတ်ဘဝ၌ မိမိသဘောအားဖြင့် (ကုန်ပြီးသော အာယုသင်္ခါရ သက်တမ်း ရှိသည်၏ အဖြစ်ဖြင့်) အလွန်နီးကပ်သော သေခြင်းတရား ရှိသည်မူလည်းဖြစ်သော, မိမိကိုယ်တိုင် အဆိပ်သောက် ခြင်းစသော မိမိ၏ လုံ့လပယောဂ, သူတစ်ပါးတို့က သတ်ခြင်းစသော သူတစ်ပါးတို့၏ လုံ့လပယောဂကြောင့် အလွန်နီးကပ်သော သေခြင်းရှိသည်မူလည်းဖြစ်သော, သည်းညည်းမခံနိုင်ကောင်းကုန်သော အလုံးစုံသော ကိုယ်အင်္ဂါကြီးငယ်တို့၏ အဆက်အစပ်တို့ကို နှောင်ဖွဲ့တတ်သော အကြောတို့ကို ဖြတ်တောက်တတ်ကုန်သော သေခြင်းဟူသော အဆုံးအပိုင်းအခြား ရှိကုန်သော ဝေဒနာတည်းဟူသော ဓားလက်နက်တို့၏ ပြင်းထန်စွာ ကျရောက်လာခြင်းကို သည်းမခံနိုင်သော သတ္တဝါတို့၏သန္တာန်ဝယ်, နေပူထဲ၌ ပစ်ချထားအပ်သော စိမ်းစိုသော ထန်းရွက်ကဲ့သို့ အစဉ်သဖြင့် ခန္ဓာကိုယ်သည် ခြောက်ကပ်လာလတ်သော် စက္ခုစသော ဣန္ဒြေတို့သည် အလွန် အားနည်းကုန်လတ်သော် ဟဒယဝတ္ထုမျှသည်လည်းကောင်း, ကာယိန္ဒြေ ဇီဝိတိန္ဒြေ မနိန္ဒြေတို့သည်လည်းကောင်း ဤမျှသာ တည်ရှိကုန်လတ်သေးသော်, ထိုသေခါနီးအခါ၌ ကြွင်းကျန်သော ဟဒယဝတ္ထုကို ကောင်းစွာ မှီသော ဝိညာဏ်သည် ဂရုကံ, သို့မဟုတ် အမြဲမှီဝဲအပ်သော အာစိဏ္ဏကံ, သေခါနီးအခါ၌ ပြုအပ်သော အာသန္နကံ, ရှေးရှေးဘဝ ရှေးရှေးကာလ၌ ပြုအပ်သော ကဋတ္တာကံတို့တွင် အမှတ်မထား တစ်ပါးပါးသော, ရအပ်ပြီးသော ဂတိ ဥပဓိ ကာလ ပယောဂဟူသော ကြွင်းသော အကြောင်းအထောက်အပံ့ ရှိသော သင်္ခါရဟု ခေါ်ဆိုအပ်သော ကံကိုလည်းကောင်း, ထိုကံသည် ထင်စေအပ်သော ကမ္မနိမိတ် ဂတိနိမိတ်ဟု ခေါ်ဆိုအပ်သော အာရုံကိုသော်လည်း အာရုံပြု၍ ဖြစ်ပေါ်လာ၏။ (အဘိ၊ဋ္ဌ၊၂၊၁၅၄။)

[ဤ၌ သေခါနီးအခါဝယ် မျက်စိမမြင်မှု, နားမကြားမှု, နှာခေါင်း အနံ့မရမှု, လျှာ၏ အရသာမတွေ့မှု စသည်တို့ ဖြစ်တတ်ကြ၏။ စက္ခုဒသကကလာပ်စသော အချို့အချို့သော ကမ္မဇရုပ်ကလာပ်တို့၏ အလွန် အရေအတွက်နည်းပါးစွာ ဖြစ်မှု, ဖြစ်ဆဲ ကမ္မဇရုပ်တို့၏လည်း အလွန် အားနည်းနေကြမှုကြောင့်တည်း။ ယင်းသို့ အလွန်အားနည်းမှုကိုပင် ချုပ်ကုန်လတ်သော်ဟု အဋ္ဌကထာက ခေါ်ဝေါ်သုံးစွဲထားပေသည်။ မရဏာသန္နဇော ဝီထိသည် စက္ခုဒွါရဝီထိစသော ပဉ္စဒွါရဝီထိများလည်း ဖြစ်နိုင်ကြောင်းကို ရှေးတွင် ဖွင့်ဆိုခဲ့ပြီ။ ---- အတိမန္ဒ ဘာဝူပဂမနတံ ဝါ သန္ဓာယ နိရုဒ္ဓေသူတိ ဝုတ္တံ၊ န အနဝသေသနိရောဓံ။ ---- (မဟာဋီ၊၂၊၃၁၁။)]

ဤသို့လျှင် ကံ ကမ္မနိမိတ် ဂတိနိမိတ်ဟူသော အာရုံသုံးမျိုးတို့တွင် တစ်မျိုးမျိုးကို အာရုံပြု၍ ဖြစ်ပေါ်လာ သော ထိုဝိညာဏ်ကို (ဧကတ္တနည်းအရ ဆိုခြင်းတည်း။ စိတ်သန္တတိအစဉ်ကိုဟု ဆိုလိုသည်။), တဏှာ အဝိဇ္ဇာ တရားတို့ကို အရိယမဂ်တရားဖြင့် မပယ်ရှားအပ်သေးသည့်အတွက် သံသရာ၏အပြစ် ဘဝ၏အပြစ်ကို မမြင်အောင် အဝိဇ္ဇာက ဖုံးလွှမ်းထားအပ်သည် ဖြစ်၍ ထို ကံစသော အာရုံတစ်ပါးပါး၌ တဏှာသည် ညွတ်စေ၏၊ ဝိညာဏ်နှင့် အတူတကွသော သင်္ခါရတို့သည် ပစ်ချသကဲ့သို့ ဖြစ်ကုန်၏။ (အဘိ၊ဋ္ဌ၊၂၊၁၅၄-၁၅၅။)

တဏှာက ညွတ်စေမှု - ဟူသည်

စုတေခါနီး၌ တဏှာက ကံစသော အာရုံတစ်မျိုးမျိုးကို အာရုံပြု၍နေသော စိတ်ဝိညာဏ်ကို ညွတ်စေ သည်ဟု ဆိုရာ၌ တဏှာသည် ထိုအချိန်၌ ဖြစ်ဆဲမဟုတ်ပါဘဲလျက် အဘယ်နည်းဖြင့် ညွတ်စေအပ်ပါသနည်းဟု မေးဖွယ် ရှိ၏။ တဏှာသည် အရိယမဂ်တရားဖြင့် မပယ်သတ်အပ်သေးသောကြောင့်လည်းကောင်း, စုတေခါနီး စိတ်ဝိညာဏ် အစဉ်ကလည်း ရင့်ကျက်၍ အဆုံးသို့ ရောက်နေသောကြောင့်လည်းကောင်း စိတ်ဝိညာဏ်အစဉ် သည် ပဋိသန္ဓေ၏ တည်ရာအကြောင်းဖြစ်သော ကံစသော အာရုံတစ်မျိုးမျိုးသို့ ညွတ်ယိမ်း ကိုင်းရှိုင်းနေ၏။ ထိုသို့ ဖြစ်ခြင်းကိုပင် တဏှာက ညွတ်စေသည်ဟု ဆိုသည်။ မရဏာသန္နအခါ ထင်လာသော ကံစသော အာရုံ တစ်မျိုးမျိုး၌ အကြိမ်များစွာ ဖြစ်ခြင်းဖြင့် စိတ်ဝိညာဏ်အစဉ်ကို ပြုပြင်ခြင်းသည် ထိုကံစသော အာရုံတစ်မျိုးမျိုး၌ ပဋိသန္ဓေဝိညာဏ်တည်ရှိခြင်း၏ အကြောင်းတရားပင် ဖြစ်ပေသည်။ ပဋိသန္ဓေအကျိုးကို ပေးတော့မည့်ကံကို ထူထောင်ခဲ့စဉ်က ထိုကံကို ခြံရံထားခဲ့သော အကြိမ်များစွာ ဖြစ်ခဲ့သော တဏှာက, သို့မဟုတ် အနုသယဓာတ် အဖြစ် ကိန်းဝပ်ခဲ့သော တဏှာက ယခုကဲ့သို့ သေခါနီးအခါဝယ် ထိုကံက အကျိုးပေးတော့မည် မှန်လျှင် ထိုကံ၏ စွမ်းဟုန်ကြောင့် ထင်လာသော ကံစသော အာရုံတစ်မျိုးမျိုး၌ စိတ်ဝိညာဏ်အစဉ်ကို ညွတ်စေမှုကို ဆိုလိုသည်။ ယင်းသို့ တဏှာက ညွတ်စေနိုင်မှုမှာ ယင်းတဏှာကို အရိယမဂ်တရားဖြင့် မပယ်ရှားရသေးသော သတ္တဝါတို့၏ သန္တာန်၌သာ ဖြစ်နိုင်သည်။ အရိယမဂ်တရားဖြင့် ပယ်ရှားအပ်ပြီးသော ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌ကား မဖြစ်နိုင်ဟူလိုသည်။ (မူလဋီ၊၂၊၁၁၁။ အနုဋီ၊၂၊၁၂၅။)

သဟဇာတ သင်္ခါရတရားတို့က ပစ်ချမှု

သဟဇာတသင်္ခါရ အရ စုတိ၏ အနီး ဇောဝိညာဏ်နှင့် အတူတကွဖြစ်သော ဇောစေတနာကို ကောက်ယူပါ။ တစ်နည်း ယင်းစေတနာနှင့် အတူတကွဖြစ်သော ယှဉ်ဖက် စေတသိက်များကို ကောက်ယူပါ။ ထိုသင်္ခါရတရားတို့က ပဋိသန္ဓေဝိညာဏ်ကို ကံ ကမ္မနိမိတ် ဂတိနိမိတ်ဟူသော အာရုံသုံးမျိုးတို့တွင် မရဏာသန္န ဇောအခါ၌ ထင်လာသော အာရုံတစ်မျိုးမျိုးပေါ်သို့ ရောက်အောင် ပစ်ချကြသည် ဟူလို။ ဤ၌ ပစ်ချကြသည် ဟု ဆိုသော်လည်း ပရမတ်တရားတို့၌ ဗျာပါရမရှိသောကြောင့် တကယ် ပစ်ချကြသည်ကား မဟုတ်၊ ထိုကံ စသော အာရုံတစ်မျိုးမျိုး၌ ပဋိသန္ဓေဝိညာဏ် တည်ခြင်း၏အကြောင်း ဖြစ်လောက်အောင် သဟဇာတသင်္ခါရ တရားတို့က ဖြစ်နေကြသည်ကိုပင် ကျေးဇူးပြုနေကြသည်ကိုပင် ပစ်ချသကဲ့သို့ ဖြစ်နေရကား ပစ်ချကြသည်ဟု ဆိုခြင်းဖြစ်သည်။ (မူလဋီ၊၂၊၁၁၁။)

စုတိနှင့် နီးကပ်နေသောဝိညာဏ်, စုတိဝိညာဏ်, ပဋိသန္ဓေဝိညာဏ်ဟူသော ဝိညာဏ်သန္တတိအစဉ်၏ အစွမ်းဖြင့် ဖြစ်ပေါ်နေသော ထိုဝိညာဏ်သည် တဏှာသည် ကံစသော အာရုံတစ်မျိုးမျိုး၌ ညွတ်စေအပ်သည် ဖြစ်၍ မရဏာသန္နဇောဝိညာဏ်နှင့် အတူတကွ ဖြစ်ကုန်သော သင်္ခါရတရားတို့သည် ပစ်ချအပ်ကုန်သည် ဖြစ်၍ တစ်နည်း ပစ်ချအပ်ကုန်သကဲ့သို့ ဖြစ်၍ ဤမှာဘက်ကမ်း သစ်ပင်၌ ဖွဲ့ချည်ထားအပ်သော ကြိုးကို ဆွဲကိုင်၍ မြောင်းကို ခုန်ကျော်သော ယောက်ျားကဲ့သို့ ရှေး၌ဖြစ်သော မှီရာအာရုံကိုလည်းကောင်း မှီရာဝတ္ထုကိုလည်းကောင်း စွန့်လွှတ်လိုက်၏။ နောက်၌ဖြစ်သော ကံသည်ဖြစ်စေအပ်သော မှီရာအာရုံကို သာယာလျက်လည်းကောင်း, မှီရာဝတ္ထုရုပ်ကို ရလျက်သော်လည်းကောင်း (ပဉ္စဝေါကာရဘုံသားတို့ကို ရည်သည်။), နောက်၌ ဖြစ်သော ကံသည် ဖြစ်စေအပ်သော မှီရာအာရုံကို သာယာလျက်သော်လည်းကောင်း မှီရာဝတ္ထုရုပ်ကို မရလျက်သော်လည်းကောင်း (စတုဝေါကာရကို ရည်သည်။)

၁။ အာရမ္မဏပစ္စည်း = အာရုံ အကြောင်းတရား,

၂။ သမ္ပယုတ္တပစ္စည်း = ယှဉ်ဖက်သမ္ပယုတ် အကြောင်းတရား,

၃။ ကမ္မပစ္စည်း = နာနာက္ခဏိကကမ္မသတ္တိ အကြောင်းတရား, ဤအကြောင်းတရားတို့ကြောင့်သာလျှင် ဖြစ်ပေါ်လာ၏။ (အဘိ၊ဋ္ဌ၊၂၊၁၅၅။)

တံ ဝိညာဏံ ---- စုတိ၏ အနီး၌ဖြစ်သော ဝိညာဏ်, စုတိဝိညာဏ်, ပဋိသန္ဓေဝိညာဏ် ---- ဤဝိညာဏ် အစဉ်အတန်းအားလုံးကို တစ်စဉ်တစ်တန်းတည်းဖြစ်သောကြောင့် ဧကတ္တနည်းအရ ထိုဝိညာဏ်ဟု ဆိုသည်။ ထိုသို့ တစ်စဉ်တစ်တန်းတည်း တစ်သန္တာန်တည်း ဖြစ်ကြသော ဝိညာဏ်အများတွင် တဏှာက ညွတ်စေအပ်သော ဝိညာဏ်ဟူသည် စုတိ၏အနီး စုတိ၏ရှေးကဖြစ်သော ဝိညာဏ်အစဉ်အတန်းတည်း။ ဝီထိအနည်းငယ်လည်း ဖြစ်နိုင်၏၊ ဝီထိပေါင်းများစွာလည်း ဖြစ်နိုင်၏။ သင်္ခါရတို့က ပစ်ချအပ်သော ဝိညာဏ်ဟူသည် နောက်ဘဝ ပဋိသန္ဓေဝိညာဏ်တည်း။

ဤမှာဘက်ကမ်းမှ ထိုမှာဘက်ကမ်းသို့

ရေမြောင်း၏ အနီးအပါး၌ ပေါက်သော သစ်ပင်ဝယ် ဖွဲ့ချည်ထားအပ်သော ကြိုးကို ဆွဲကိုင်၍ မိမိကိုယ်ကို လွှဲ၍ မြောင်း၏ ထိုမှာဘက်ကမ်းသို့ ခုန်ကူးလိုက်သော ယောက်ျားသည် ဤမှာဘက်ကမ်း၌ တည်သော ကြိုးကို လွှတ်၍ ထိုမှာဘက်ကမ်းမြေ၌ ရပ်တည်ရသကဲ့သို့ --- -

၁။ ရှေးဘဝ အတ္တဘော၌ ဖွဲ့စပ်နေသော မရဏာသန္နအခါ ထင်လာသော ကံစသည့် အာရုံတို့တွင် အာရုံ တစ်မျိုးမျိုးကို ကြိုးနှင့်တူ၏ဟုလည်းကောင်း,

၂။ တဏှာကို ထိုမှာဘက်ကမ်းသို့ ကူးလိုသော ဆန္ဒနှင့်တူ၏ဟုလည်းကောင်း,

၃။ ပစ်ချသော သင်္ခါရတရားတို့ကို ထိုမှာဘက်ကမ်းသို့ ခုန်လိုက်သော လုံ့လပယောဂနှင့် တူ၏ဟုလည်းကောင်း မှတ်ပါ။

၄။ ထိုမှာဘက်ကမ်းသို့ ရောက်ရှိသွားသော ထိုမှာဘက်ကမ်း၌ တည်နေသော ယောက်ျားသည် ထိုမှာ ဘက်ကမ်း၌ သစ်ပင်ကို ဖွဲ့ချည်ထားအပ်သော ကြိုးကဲ့သို့ ဆွဲကိုင်စရာ တစ်ခုခုကို ရရှိလျှင် ဆွဲကိုင်၍ မြေ၌ ရပ်တည်၏။ ဆွဲကိုင်စရာ မရှိလျှင် မိမိအားအစွမ်း မိမိလုံ့လပယောဂဖြင့် မြေ၌ ရပ်တည်၏။ ထိုအတူ ပဋိသန္ဓေ ဝိညာဏ်သည် --- - ပဉ္စဝေါကာရဘုံ၌ ဘဝသစ် အတ္တဘောနှင့် ဖွဲ့စပ်ထားသော ဟဒယဝတ္ထုရုပ်ကို မှီ၍ ရလျက် ရောက်လျက် ဖြစ်ပေါ်လာ၏။ စတုဝေါကာရဘုံ၌ မှီရာဝတ္ထုရုပ်ကို မရဘဲ အာရမ္မဏပစ္စည်း သမ္ပယုတ္တပစ္စည်း ကမ္မပစ္စည်းတို့၏ အစွမ်းသက်သက်ကြောင့် ဖြစ်ပေါ်တည်နေရ၏။ (မူလဋီ၊၂၊၁၁၁။)

စုတိနှင့် ပဋိသန္ဓေ

ဤစုတိနှင့် ပဋိသန္ဓေဝိညာဏ်တို့တွင် ရှေးစိတ်ကို ပစ္စုပ္ပန်ဘဝမှ ရွေ့လျောတတ်သည်၏ အဖြစ်ကြောင့် စုတိစိတ်ဟူ၍ ခေါ်ဆို၏။ နောက်ဖြစ်သောစိတ်ကို ဘဝဟောင်း အပြတ်တွင် တစ်ပါးသော ဘဝသစ်ကို အစစွာ ဆက်စပ်တတ်သည်၏ အဖြစ်ကြောင့် ပဋိသန္ဓေစိတ်ဟူ၍ ခေါ်ဆို၏။ တစ်နည်း --- - ဘဝဟောင်း အပြတ်တွင် တစ်ပါးသော ဘဝသစ်ကို ယောနိ ဂတိ ဝိညာဏဋ္ဌိတိ သတ္တာဝါသတို့ကို ဆက်စပ်တတ်သည်၏ အဖြစ်ကြောင့် ပဋိသန္ဓေစိတ်ဟူ၍ ခေါ်ဆို၏။ (အဘိ၊ဋ္ဌ၊၂၊၁၅၅။)

တဒေတံ နာပိ ပုရိမဘဝါ ဣဓာဂတံ၊ နာပိ တတော ကမ္မသင်္ခါရနတိဝိသယာဒိဟေတုံ ဝိနာ ပါတုဘူတန္တိ ဝေဒိတဗ္ဗံ။ (အဘိ၊ဋ္ဌ၊၂၊၁၅၅။)

ဤပဋိသန္ဓေဝိညာဏ်သည် ရှေးအတိတ်ဘဝမှ ဤပစ္စုပ္ပန်ဘဝသို့ ရောက်လာသည်လည်း မဟုတ်၊ ဤပစ္စုပ္ပန်ဘဝ၌ပင်လျှင် ဖြစ်ပေါ်လာသောကြောင့်တည်း။ ရှေးဖြစ်သော အတိတ်ဘဝက --- -

၁။ ပြုစုပျိုးထောင်ခဲ့သော ပဋိသန္ဓေအကျိုးကို ဖြစ်စေတတ်သော ဇနကကံ,

၂။ စုတိ၏ အနီး၌ ဖြစ်သော မရဏာသန္နဇောဝိညာဏ်နှင့် အတူတကွ ဖဿစသော သင်္ခါရတရားစု, သို့မဟုတ် စေတနာသင်္ခါရ,

၃။ စိတ်အစဉ်သန္တတိကို ဘဝသစ်သို့ ညွတ်စေတတ်သော အခြင်းအရာအားဖြင့် ဖြစ်သော = နတိ အမည်ရသော တဏှာ,

၄။ ကံ ကမ္မနိမိတ် ဂတိနိမိတ်တို့တွင် တစ်မျိုးမျိုးသော အာရုံ --- -

၅။ အဝိဇ္ဇာ၏ ဖုံးလွှမ်းခြင်း --- -

ဤသို့စသော အကြောင်းတရားကို ကြဉ်၍ ထင်ရှား ဖြစ်ပေါ်လာသည်လည်း မဟုတ်ဟု သိရှိပါလေ။

ပဲ့တင်သံ ----- - တောင်၏ အနီး၌ ဟစ်အော်လိုက်သောအခါ အသံသည် တောင်နံရံ၌ ထိခိုက်၍ ထိုတောင်နံရံမှ တန်ပြန် အသံတစ်ခု ဖြစ်ပေါ်လာ၏၊ ထိုအသံကို ပဲ့တင်သံဟု ခေါ်ကြ၏။ ထိုပဲ့တင်သံသည် မူလ ဟစ်အော်သော သူ၏ အသံလည်း မဟုတ်၊ ထိုမူလဟစ်အော်သော သူ၏ အသံနှင့်လည်း ကင်း၍ မဖြစ်သကဲ့သို့ ထို့အတူ ဤပဋိသန္ဓေဝိညာဏ်သည်လည်း မူလဘဝဟောင်းမှ ဤဘဝသစ်သို့ ဆိုက်ရောက်လာသည်လည်း မဟုတ်၊ မူလ ဘဝဟောင်းက ထူထောင်ခဲ့သော ကံစသော အကြောင်းတရားများနှင့် ကင်း၍လည်း မဖြစ်နိုင်ပေ။

ဆီမီး --- - မူလဆီမီးမှ ကူးယူအပ်သော နောက်ဆီမီးသည် မူလဆီမီးမှ ကူးပြောင်းလာသည်လည်း မဟုတ်၊ မူလဆီမီးနှင့် ကင်း၍လည်း မဖြစ်သကဲ့သို့လည်းကောင်း,

တံဆိပ်ရာ --- - တံဆိပ်တုံးကို စက္ကူ၌ နှိပ်လိုက်သောအခါ ထင်လာသော တံဆိပ်ရာသည် မူလတံဆိပ်တုံးမှ ပြောင်းရွှေ့လာသည်လည်းမဟုတ်၊ မူလတံဆိပ်တုံးနှင့် ကင်း၍လည်း မဖြစ်သကဲ့သို့လည်းကောင်း,

ပဋိဗိမ္ဗ = အတုရုပ် --- - မှန်ကြည့်သောအခါ မှန်ထဲ၌ ထင်လာသော မျက်နှာရိပ်သည် မူလမျက်နှာမှ ပြောင်းရွှေ့လာသည်လည်း မဟုတ်၊ မူလမျက်နှာနှင့် ကင်း၍လည်း မဖြစ်နိုင်သကဲ့သို့လည်းကောင်း ဤဥပမာများ အတူပင် ဤပဋိသန္ဓေဝိညာဏ်သည် မူလဘဝဟောင်းမှ ဤဘဝသစ်သို့ ဆိုက်ရောက်လာသည်လည်း မဟုတ်၊ ပြောင်းရွှေ့လာသည်လည်း မဟုတ်၊ မူလဘဝဟောင်းက ထူထောင်ခဲ့သော ကံစသော အကြောင်းတရားများနှင့် ကင်း၍လည်း မဖြစ်နိုင်ပေ။ (အဘိ၊ဋ္ဌ၊၂၊၁၅၅။)

ပဲ့တင်သံသည် အော်လိုက်သော မူရင်းအသံလျှင် အကြောင်းရင်း ရှိ၏။ နောက်ဆီမီးသည် မူလဆီမီး, ဆီမီးစာ စသည်လျှင် အကြောင်းရင်း ရှိ၏။ တံဆိပ်ရာသည် တံဆိပ်တုံးလျှင် အကြောင်းရင်း ရှိ၏။ ကြေးမုံမှန်၌ ထင်လာသော မျက်နှာရိပ်သည် သို့မဟုတ် အတုရုပ်သည် ကြေးမုံမှန်စသည်သို့ ရှေးရှုသော မျက်နှာစသည်လျှင် အကြောင်းရင်းရှိ၏။

ပဲ့တင်သံသည် အော်လိုက်သော မူရင်းအသံ မရှိခင်က မဖြစ်ခင်က ထင်ရှား မရှိသေးသောကြောင့် နောက် ဆီမီးသည် မူလဆီမီးစသည် မရှိခင်က ထင်ရှား မရှိသေးသောကြောင့်, တံဆိပ်ရာသည် တံဆိပ်တုံး မနှိပ်လိုက်ခင် က ထင်ရှားမရှိသေးသောကြောင့်, ကြေးမုံမှန်၌ ထင်လာသော မျက်နှာရိပ်သည် = မျက်နှာရိပ် အတုရုပ်သည် မျက်နှာစသည်ကို ကြေးမုံမှန်သို့ မရှေးရှုခင်က ထင်ရှားမရှိသေးသောကြောင့် --- - ပဲ့တင်သံသည် မူလအသံဖြစ်ရာ အရပ်သို့ မသွားရောက်မူ၍ မူလအော်လိုက်သော အသံလျှင် အကြောင်းရင်း ရှိသည်ဖြစ်၍ ဖြစ်ပေါ်လာ၏၊ ကူးယူအပ်သော နောက်ဆီမီး စသည်သည်လည်း မူလဆီမီးစသည်ရှိရာ အရပ်သို့ မသွား မကပ်ရောက်မူ၍ သာလျှင် ပထမဆီမီးစသည်လျှင် အကြောင်းရင်းရှိသည်ဖြစ်၍ ဖြစ်ပေါ်လာ၏။

အလားတူပင် ပဋိသန္ဓေဝိညာဏ်ဟူသော အကျိုးတရားသည် ကံစသော အကြောင်းတရားရှိရာသို့ မသွားရောက်မူ၍သာလျှင် ကံစသော အကြောင်းတရားလျှင် အကြောင်းရင်းရှိသည် ဖြစ်၍ ဖြစ်ပေါ်လာ၏။ အကြောင်းမူ ထိုကံစသည်၏ ဖြစ်ခြင်းမှ ရှေး၌ = ကံစသော အကြောင်းတရား မဖြစ်ခင်က မဖြစ်မီက ယင်းပဋိသန္ဓေဝိညာဏ်ဟူသော အကြောင်းတရား၏ ထင်ရှားမရှိသေးခြင်းကြောင့်တည်း။ ထိုကြောင့် ပဲ့တင်သံစသည် တို့သည် ထိုထိုအသံရင်းစသည် ဖြစ်ပေါ်ရာ အရပ်သို့ မသွားမူ၍ ထိုအသံရင်းစသည်လျှင် အကြောင်းရင်း ရှိကုန်သကဲ့သို့ ထိုအတူ ဤပဋိသန္ဓေဝိညာဏ်သည် ကံစသော အကြောင်းတရား၏ တည်ရာအရပ်သို့ မသွားမူ၍ ထိုကံစသည်လျှင် အကြောင်းရင်းရှိသည်၏ အဖြစ်ကြောင့် ---- ဤပဋိသန္ဓေဝိညာဏ်သည် ကံစသော အကြောင်း တရားတို့၏ ဖြစ်ရာဒေသ ဖြစ်သော ရှေးဘဝမှ ဤပစ္စုပ္ပန်ဘဝသို့ လာသည်လည်း မဟုတ်။ ပဲ့တင်သံစသည်တို့သည် အသံဖြစ်ရာ အရပ်စသည်မှ မလာကုန်သကဲ့သို့တည်း။ ထိုရှေးဘဝ၌ ပြုစုပျိုးထောင်ခဲ့သော ကံစသော အကြောင်းတရားနှင့် ကင်း၍ ဖြစ်ပေါ်လာသည်လည်း မဟုတ်။ မူလအော်လိုက်သော အသံရင်းစသည်တို့နှင့် ကင်း၍ ပဲ့တင်သံစသည်တို့သည် မဖြစ်ကုန်သကဲ့သို့တည်း။ ဤကား ဆိုလိုရင်း သဘောတည်း။ (မူလဋီ၊၂၊၁၁၂။)

တစ်နည်း --- ပဲ့တင်သံစသည်တို့သည် မူရင်းအသံစသည်တို့၏ ဖြစ်ခြင်းမှရှေး၌ (= မူရင်းအသံစသည်တို့၏ မဖြစ်ခင်က) ထင်ရှားမရှိသေးခြင်းကြောင့် ယင်းပဲ့တင်သံစသည်တို့သည် ရှေးမဆွကပင် (မူရင်းအသံစသော) အကြောင်းဖြစ်ရာအရပ်၌ အကြောင်းတရားနှင့် အတူ အညီအညွတ် စုဝေးတည်နေပြီးနောက် အကြောင်းဖြစ်ရာ အရပ်မှ အကျိုးဖြစ်ရာအရပ်သို့ မသွားခြင်း (မလာခြင်း)ကဲ့သို့, (= မူလအသံရင်းစသော အကြောင်းရှိရာအရပ်မှ ပဲ့တင်သံစသည်တို့သည် ပြောင်းရွှေ့၍လာသည် မဟုတ်သကဲ့သို့), မူလအသံရင်းစသည်လျှင် အကြောင်းရင်း မရှိသည်လည်း မဟုတ်သကဲ့သို့ = မူလအသံရင်းစသည်လျှင် အကြောင်းရင်း ရှိသည်သာ ဖြစ်သကဲ့သို့ ---- ဤ ဥပမာအတူပင် ဤပဋိသန္ဓေဝိညာဏ်သည်လည်း အကြောင်းကံ စသည်နှင့် အတူတကွ အညီအညွတ် ကံစသော အကြောင်းတရား ဖြစ်ရာအရပ်၌ စုဝေးတည်နေပြီးနောက် ထိုအကြောင်းတရား ဖြစ်ရာအရပ်မှ အကျိုးဖြစ်ရာ အရပ်သို့ မသွားပေ၊ မလာပေ။ ကံစသော အကြောင်းတရားနှင့် ကင်း၍ မဖြစ်သည်လည်းမဟုတ် ဖြစ်သည်သာလျှင်တည်း။ အကြောင်းမူ ထိုကံစသော အကြောင်းတရားတို့ မဖြစ်မီ ရှေးမဆွက ဤပဋိသန္ဓေဝိညာဏ်၏ ထင်ရှားမရှိခဲ့သောကြောင့်ပင် ဖြစ်၏။ (မူလဋီ၊၂၊၁၁၂။)

ဆိုလိုရင်းသဘော ---- ဤအဖွင့် နှစ်မျိုးတို့၏ ဆိုလိုရင်း အတိုချုပ်မှာ ဤသို့ဖြစ်၏။

၁။ ပဋိသန္ဓေဝိညာဏ်သည် ရှေးဘဝဟူသော ကံစသော အကြောင်းတရား၏ တည်ရာအရပ်၌ အကြောင်း တရားနှင့်အတူ စုဝေးတည်နေပြီးမှ ထိုရှေးဘဝဟူသော ကံစသော အကြောင်းတရား၏ တည်ရာအရပ်မှ အခြား တစ်ပါးသော ဘဝသစ်ဟူသော ဘဝတစ်ပါး၌ ထိုဘဝသစ်သို့ ကပ်ရောက်၍ ထိုကံစသည်လျှင် ဖြစ်ကြောင်း ရှိသည်ဖြစ်၍ ဖြစ်ပေါ်လာသည်ကား မဟုတ်။ ကံစသော အကြောင်းတရားကြောင့် ထင်ရှားဖြစ်ပေါ်လာရသော ပဋိသန္ဓေဝိညာဏ်ဟူသော အကျိုးတရားသည် အကြောင်းတရားရှိရာ အရပ်သို့ မကပ်ရောက်သည် ဖြစ်၍သာလျှင် ဖြစ်ပေါ်လာ၏။ ---- ဤကား ပထမအဖွင့်၏ ဆိုလိုရင်းတည်း။ (အနုဋီ၊၂၊၁၂၅။)

၂။ ဤပဋိသန္ဓေဝိညာဏ်သည် ရှေးဦးစွာ ကံစသော မိမိ၏ အကြောင်းတရားနှင့် အညီအညွတ် စုဝေးတည်နေပြီးနောက် ထိုအကြောင်းတရား၏ တည်ရာအရပ်မှ တစ်ပါးသော ဘဝသစ်အရပ်သို့ သွား၍ အကျိုးတရား အဖြစ်သို့ ကပ်ရောက်သည်ကား မဟုတ်။ ဤကား ဒုတိယအဖွင့်၏ ဆိုလိုရင်းတည်း။ (အနုဋီ၊၂၊၁၂၅။)

ထိုဖွင့်ဆိုသည့်အတိုင်း ပဋိသန္ဓေဝိညာဏ်သည် အကြောင်းကံစသည်နှင့် အကြောင်းကံစသည် ဖြစ်ရာ အရပ်၌ အတူရပ်တည်ပြီး၍ ထိုနောက်မှ ခွာ၍ အကျိုး ပဋိသန္ဓေဖြစ်ရာ အရပ်သို့ မသွားပါဟု မှတ်ပါ။ အကြောင်း ရှိရာသို့လည်းမသွား, အကျိုးရှိရာသို့လည်း မလာဟူလိုသည်။

ဧကတာ - နာနတာ နတ္ထိ

ဘဝဟောင်းက ပြုစုပျိုးထောင်ခဲ့သော အကြောင်းတရားတို့ကြောင့် ဤပဋိသန္ဓေဝိညာဏ် ဖြစ်ရာ၌ ရုပ်သန္တတိအစဉ် နာမ်သန္တတိအစဉ်အားဖြင့် အတိတ်ဘဝ အကြောင်းတရားနှင့် အကျိုး ပစ္စုပ္ပန်ပဋိသန္ဓေကို ဖွဲ့စပ်ထားခြင်းကြောင့် တစ်ခုတည်း၏ အဖြစ်သည်လည်း မရှိ၊ တစ်သီးတစ်ခြား ကွဲပြားသည်၏ အဖြစ်သည်လည်း မရှိ။ (အဘိ၊ဋ္ဌ၊၂၊၁၅၅။)

တစ်ခုသော ရုပ်နာမ်သန္တာန်အစဉ်အားဖြင့် ဧကတ္တ = တစ်ခုတည်း၏အဖြစ် ရှိပါသော်လည်း အခြား တစ်ပါးသာလျှင် ဖြစ်သော ပဋိသန္ဓေဝိညာဏ်အသစ်၏ ထင်ရှားဖြစ်ပေါ်လာခြင်းကြောင့် တစ်ခုတည်း၏ အဖြစ်သည်လည်း မရှိ။ ရုပ်နာမ်သန္တာန်အစဉ်အားဖြင့် အတိတ်အကြောင်းတရားနှင့် ပစ္စုပ္ပန်အကျိုးတရား တို့သည် ဖွဲ့စပ်လျက် တည်နေခြင်းကြောင့် တစ်သီးတစ်ခြား ကွဲပြားသည်၏ အဖြစ်သည်လည်း မရှိ။ ဆီမီးကဲ့သို့ တည်း။ ဆီမီးဟူသည် ဥတုဇ ဩဇဋ္ဌမကရုပ်တို့၏ အပေါင်းအစုသာတည်း။ ဆီမီး၌ တည်ရှိသော ဓာတ်ကြီးလေးပါး ကို မြင်အောင် စိုက်ရှုလိုက်နိုင်ပါက ရုပ်ကလာပ်အမှုန်များကိုသာ တွေ့ရှိနိုင်၏။ ရုပ်ကလာပ်တစ်ခုတွင် ပါဝင်သော တေဇောဓာတ် = ဥတုကြောင့် ရုပ်ကလာပ် အသစ်အသစ်တို့ ထပ်ဆင့် ဖြစ်ပွားနေကြသည့် ဩဇာလျှင် (၈)ခုမြောက် ရှိသော ဥတုဇ ဩဇဋ္ဌမကရုပ်အစုတို့သာတည်း။ ယင်းဥတုဇ ဩဇဋ္ဌမကရုပ်တို့သည် ဥပါဒ် ဌီ ဘင် = ဖြစ် တည် ပျက်ဟူသော ခဏငယ် သုံးချက်စေ့က ပျက်သွားကြ၏။ တစ်ခဏသာ သက်တမ်းရှိသော တရားစုတို့တည်း။ အကြောင်း တေဇောဓာတ်၏ ကျေးဇူးပြုပေးမှု အရှိန်အဝါ မကုန်သေးပါက ဤနည်းအတိုင်း အဆက်မပြတ် ဖြစ်နေကြ၏။ တစ်ခဏသာ သက်တမ်းရှိသော ခဏိကဖြစ်သော ဆီမီးလျှံ၏ ဥတုဇရုပ်သန္တာန်အစဉ်အားဖြင့် တစ်ခုတည်းသာ ဖြစ်မှုကို အစွဲပြု၍ ထိုဆီမီးပင်ဟူ၍ ခေါ်ဆို၏။ လိုအပ်သော အကျိုးကိစ္စကိုလည်း (= ဆီမီးဖြင့် ပြုလုပ်ရမည့် လိုအပ်သော အကျိုးကိစ္စကိုလည်း) ပြီးစီးစေတတ်၏။ ဤအတူ ဤပဋိသန္ဓေဝိညာဏ်အရာ၌လည်း မှတ်ပါ။ (မဟာဋီ၊၂၊၃၁၄။)

ရရှိနိုင်သော အပြစ်

ရုပ်နာမ်သန္တာန်အစဉ်အားဖြင့် အကြောင်းတရားနှင့် အကျိုးတရားကို ဖွဲ့စပ်ထားသည့်အတွက် စင်စစ် တစ်ခုတည်း၏ အဖြစ်သည် အကယ်၍ ဖြစ်ငြားအံ့၊ ဤသန္တာန်အစဉ်အားဖြင့် ဖွဲ့စပ်ထားသည့်အတွက် တစ်ခုတည်း ဖြစ်ခဲ့သော် = (ဧကတ္တဖြစ်ခဲ့သော်) ေ့ရှအဖို့ဖြစ်သော နို့ရည်မှ နောက်အဖို့ဖြစ်သော နို့ဓမ်းသည် (= နို့ချဉ်သည်) ကောင်းစွာ ဖြစ်ပေါ်လာသည် မဖြစ်နိုင်တန်လေရာ။ (တစ်ခုတည်းဖြစ်သောကြောင့် နို့ရည် နို့ဓမ်း၊၂၊မျိုး မဖြစ် နိုင်ရာ ဟူလို။) စင်စစ်ဧကန်အားဖြင့် တစ်သီးတစ်ခြား ကွဲပြားသည်၏အဖြစ်သည် အကယ်၍မူလည်း ဖြစ်ငြားအံ့၊ ဤသို့ (ဧကန္တနာနတ္တ)ဖြစ်ခဲ့သော် နို့ဓမ်းသည် နို့ရည်နှင့် ဆက်စပ်မှုရှိသည် မဖြစ်လေရာ။ အလုံးစုံသော အကြောင်းတရား, အကြောင်းတရားကြောင့် ဖြစ်ပေါ်လာရသော အလုံးစုံသော အကျိုးတရားတို့၌ ဤဆိုအပ်ပြီးသောနည်းကို မှတ်သားပါ။ (အဘိ၊ဋ္ဌ၊၂၊၁၅၅။)

ဤသို့ ----- ဧကန္တ ဧကတ္တာ = စင်စစ်တစ်ခုတည်း၏ အဖြစ်, ဧကန္တနာနတ္တာ = စင်စစ် တစ်သီးတစ်ခြား ကွဲပြားသည်၏အဖြစ်သည် ရှိခဲ့သော် သဗ္ဗလောကဝေါဟာရလောပ = လောက၏ အသုံးအနှုန်းမှန်သမျှ၏ ကျေပျောက် ပျက်စီးခြင်းသည် ဖြစ်လေရာ၏။ ထိုလောက၏ အသုံးအနှုန်းမှန်သမျှ ကျေပျောက် ပျက်စီးခြင်း ကိုလည်း အလိုမရှိထိုက်ပေ။ ထိုကြောင့် ဤတစ်ခုတည်းသော ရုပ်နာမ်သန္တာန်အစဉ်၌ = (ရုပ်အစဉ်, နာမ်အစဉ်, ရုပ်နာမ် သန္တာန်အစဉ်၌) စင်စစ် တစ်ခုတည်း၏ အဖြစ်သို့လည်းကောင်း, စင်စစ် တစ်သီးတစ်ခြား ကွဲပြားသည်၏ အဖြစ်သို့လည်းကောင်း ဉာဏ်ဖြင့် မကပ်ရောက်ထိုက်၊ ဤသို့မှတ်သားပါလေ။

သဗ္ဗလောက ဝေါဟာရလောပ - ဟူသည် လောကဝေါဟာရ အသုံးအနှုန်းမှန်သမျှ၏ ပျောက်ပျက် ခြင်းတည်း။ ကံစသော အကြောင်းတရားနှင့် အကြောင်းတရားကြောင့် ဖြစ်ပေါ်လာကြရသော အကျိုးဝိညာဏ် တို့၏ စင်စစ် တစ်ခုတည်း၏ အဖြစ်သည် ရှိလတ်သော် မနုဿဂတိရှိနေသော ပုဂ္ဂိုလ်သည် ဒေဝဂတိသို့ ရောက်ရှိသည် မဖြစ်တော့လေရာ။ ဧကန်အားဖြင့် တစ်သီးတစ်ခြား၏ အဖြစ်သည် ရှိလတ်သော် ကံတရား ထင်ရှားရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌ ကံနှင့်လျော်ညီသော အကျိုးတရားသည် မဖြစ်နိုင်တော့လေရာ။ (ကံပြုရာ သန္တာန်အစဉ်အတန်းက တစ်ခြား, အကျိုးပေးရာ သန္တာန်အစဉ်အတန်းက တစ်ခြား ဖြစ်စရာရှိသည် ဟူလို။)

အကြောင်းတရားနှင့် အကျိုးတရားသည် ယင်းသို့ ဧကတာ = တစ်ခုတည်း ဖြစ်လျှင်လည်းကောင်း, နာနတာ = တစ်သီးတစ်ခြား ကွဲပြားသည် ဖြစ်လျှင်လည်းကောင်း,ငါသည် ရှေးတုန်းက ရောဟိတဿမည်သော ရသေ့ ဖြစ်ခဲ့ပြီ စသော အသုံးအနှုန်းမျိုး မဖြစ်နိုင်တော့ ဟူလို။ အဘယ်ကြောင့်နည်း ------ တစ်ခုတည်းဖြစ်လျှင် ရှေးတုန်းက+ငါဟုပင် မရှိနိုင်။ အသီးအသီး ဖြစ်လျှင် ရောဟိတဿရသေ့လည်း တစ်ခြား ယခုငါလည်း တစ်ခြားပင် ဖြစ်ရကား ရှေးတုန်းက+ငါဟု မရှိနိုင်။ ထိုကြောင့် ရတ္တ၏ မျိုးစေ့၊ ရတ္တ၏ အကျိုးတရား ----- ဤသို့စသည့် လောကဝေါဟာရ အသုံးအနှုန်းများကဲ့သို့သော လောက အသုံးအနှုန်းဟူသမျှသည် ပျောက်ကွယ်စရာ ရှိတော့သည် ဟူလိုသည်။

ထိုကြောင့် ဤဘဝဟောင်းက ကံစသော အကြောင်းတရားတို့ကြောင့် ပဋိသန္ဓေဝိညာဏ် အကျိုးတရား ဖြစ်ပေါ်လာရာ၌ ရုပ်နာမ်သန္တာန်အစဉ်အားဖြင့် အကြောင်းတရားနှင့် အကျိုးတရားတို့သည် ဆက်စပ်မှု ရှိသောကြောင့် အကြောင်းတရား, အကြောင်းတရားကြောင့် ဖြစ်သော အကျိုးတရားတို့၌ စင်စစ် ဧကန် အမှန်သာလျှင် ဧကတ္တာ = တစ်ခုတည်း၏ အဖြစ်သို့လည်းကောင်း, နာနတ္တာ = တစ်သီးတစ်ခြား၏ အဖြစ်သို့လည်းကောင်း ဉာဏ်ဖြင့် မကပ်ရောက်ထိုက်ပေ။ (မူလဋီ၊၂၊၁၁၂။)

ဧတ္ထ စ ဧကန္တဧကတာပဋိသေဓေန သယံ ကတံ သုခံ ဒုက္ခန္တိ ဣမံ ဒိဋ္ဌိံ နိဝါရေတိ။ ဧကန္တနာနတာပဋိသေဓေန ပရံ ကတံ သုခံ ဒုက္ခန္တိ။ ဟေတုဟေတုသမုပ္ပန္နဘာဝဝစနေန အဓိစ္စသမုပ္ပန္နန္တိ။ (မူလဋီ၊၂၊၁၁၂။)

ဤဧကတာ နာနတာတို့တွင် ဧကန်တစ်ခုတည်း၏ အဖြစ်ကို တားမြစ်ခြင်းဖြင့် ----- သုခကိုလည်းကောင်း, ဒုက္ခကိုလည်းကောင်း မိမိကိုယ်တိုင် ပြုအပ်ခဲ့ပြီ ----- ဟူသော ဤသဿတဒိဋ္ဌိ မိစ္ဆာအယူကို တားမြစ်၏။ (အကြောင်းရုပ်နာမ်နှင့် အကျိုးရုပ်နာမ်တို့၏ ရုပ်နာမ်သန္တာန်အစဉ်အားဖြင့် ဖွဲ့စပ်၍ တည်နေကုန်သော အကြောင်း အကျိုး ဓမ္မသဘာဝတို့၌ အကြောင်းအကျိုး နှစ်ရပ်လုံးတို့သည် အနိစ္စတရားတို့ချည်းသာ ဖြစ်ကြသဖြင့် တရားတစ်မျိုးတည်းသာ မဟုတ်ရကား သုခ ဒုက္ခကို တစ်ယောက်တည်း ပြုအပ်သည် မဖြစ်နိုင်။ အကြောင်း တရားတို့လည်း ရုပ်နာမ်အစုအပုံတို့သာ ဖြစ်ကြ၏၊ အနိစ္စတရားတို့သာ ဖြစ်ကြ၏။ အကျိုးတရားတို့လည်း ရုပ်နာမ်အစုအပုံတို့သာ ဖြစ်ကြ၏၊ အနိစ္စတရားတို့သာ ဖြစ်ကြ၏။ ပုဂ္ဂိုလ်သတ္တဝါကား မဟုတ်ကြပေ။ ထိုကြောင့် ထိုသူသည်ပင် ပြုလုပ်၏၊ ထိုသူသည်ပင် ခံစား၏ဟူသော သဿတဒိဋ္ဌိကို တားမြစ်ပြီးဖြစ်သောကြောင့် အကြောင်းနှင့် အကျိုးတို့၏ ဧကန်တစ်ခုတည်း၏ အဖြစ်ကို တားမြစ်ခြင်းဖြင့် ----- သုခ ဒုက္ခကို ကိုယ်တိုင် ပြု၏ဟူသော ဤမိစ္ဆာအယူကို တားမြစ်၏ဟု ဖွင့်ဆိုခြင်း ဖြစ်သည်။) (မူလဋီ၊၂၊၁၁၂။ အနုဋီ၊၂၊၁၂၅-၁၂၆၊၊)

အကြောင်းနှင့်အကျိုးတို့၏ ဧကန် တစ်သီးတစ်ခြား၏ အဖြစ်ကို တားမြစ်ခြင်းဖြင့် ---- သုခကိုလည်းကောင်း, ဒုက္ခကိုလည်းကောင်း သူတစ်ပါးသည် ပြုအပ်ပြီ ---- ဤဥစ္ဆေဒဒိဋ္ဌိ မိစ္ဆာအယူကို တားမြစ်၏။ ပြုသူတစ်ယောက်, ခံစားသူတစ်ယောက်ဟူသော ဥစ္ဆေဒဝါဒကို ပယ်၏။

အကြောင်းတရားရှိမှု, အကြောင်းတရားကြောင့်ဖြစ်သော အကျိုးတရားရှိမှုကို ဆိုခြင်းဖြင့် သုခသည်လည်းကောင်း, ဒုက္ခသည်လည်းကောင်း အကြောင်းမရှိဘဲ အလိုလိုဖြစ်၏ဟုယူသော အဓိစ္စသမုပ္ပန္နဝါဒ, သဘာဝအတိုင်း အမြဲဖြစ်နေ၏ဟု ယူသော နိယတိသဘာဝဝါဒကို တားမြစ်ပြီး ဖြစ်၏။ (မူလဋီ၊၂၊၁၁၂။ အနုဋီ၊၂၊၁၂၆။)

မေးမြန်းဖွယ်အချက်

ဤအရာ၌ မေးမြန်းဖွယ်ရှိလာ၏။ ပဋိသန္ဓေဝိညာဏ်၏ ဘဝဟောင်းမှ မပြောင်းခဲ့ဘဲ ဘဝသစ်၌ ထင်ရှား ဖြစ်ခြင်း ရှိခဲ့ပါလျှင် ဤလူ့အတ္တဘော၌ တည်ရှိကြသော ခန္ဓာတို့သည် ချုပ်ပြီး ဖြစ်ခြင်း, နောက်ဘဝ၌ အကျိုး ပေးတော့မည့် ကံကလည်း ထိုနောက်ဘဝသို့ မသွားခြင်းကြောင့် ---- ကံကိုပြုသော ပုဂ္ဂိုလ်မှ အခြားတစ်ပါးသော ပုဂ္ဂိုလ်၏ သန္တာန်၌ ထိုသူပြုအပ်သော ကံမှတစ်ပါး အခြားသူပြုအပ်သော ကံကြောင့် ထိုအကျိုးတရားသည် ဖြစ်စရာရှိသည် မဟုတ်ပါလော = (ကံကို ပြုသူတစ်ယောက် ကံ၏အကျိုးကို ခံစားသူတစ်ယောက်, တစ်ယောက်စီ ဖြစ်နိုင်သည် မဟုတ်ပါလော - ဟူလိုသည်။) ကံ၏အကျိုးတရားကို ခံစားတတ်သော ပုဂ္ဂိုလ်သည် မရှိလတ်သော် ခံစားမည့်သူ မရှိလျှင်လည်း အဘယ်သူ၏ သန္တာန်၌ ထိုအကျိုးတရားသည် ဖြစ်စရာ ရှိနိုင်တော့အံ့နည်း။ ထိုကြောင့် ဧကန္တဧကတာ = စင်စစ် တစ်ခုတည်း၏ အဖြစ်သို့, ဧကန္တနာနတာ = စင်စစ် တစ်သီးတစ်ခြား၏ အဖြစ်သို့ မရောက်ထိုက် ---- ဟူသော ဆိုအပ်ပြီးသော ဤအစီအရင်သည် မကောင်းပါဟု ဤသို့ စောဒနာလာ၏။

စောဒကအာဘော်ကား ---- ပဋိသန္ဓေဝိညာဏ်သည် ဘဝဟောင်းမှ ဘဝသစ်သို့ မပြောင်းခဲ့သော် ဘဝဟောင်း၌လည်း ခန္ဓာအပေါင်း၏ ချုပ်ပြီးဖြစ်ရကား, ဘဝသစ်၌ဖြစ်သော ပဋိသန္ဓေဝိညာဏ်စသော အကျိုး တရား၏ အကြောင်းဖြစ်သော ကံသည်လည်း ဘဝသစ်အကျိုးဖြစ်ရာသို့ မသွားခဲ့ရကား (မရောက်လာခဲ့ရကား), ကံပြုသူကား တစ်ယောက်, ကံ၏ အကျိုးကို ခံစားသူကား တစ်ယောက်ဖြစ်၍ ကံပြုသူမှ တစ်ပါးသော သူအား ထိုအကျိုးသည် ဖြစ်ရာသလော၊ အကြင်ကံကို ဤဘဝ၌ ဖြစ်စေအပ်၏၊ ထိုကံလည်း မသွားခဲ့သောကြောင့် ထိုဖြစ်စေအပ်သော ကံမှ အခြားတစ်ပါးသော ကံကြောင့် ဘဝသစ် အကျိုးသည် ဖြစ်ရာသလော၊ ရူပါရူပဓမ္မမတ္တံ ဥပ္ပဇ္ဇမာနံ ဘဝန္တရမုပေတိ။ (ဝိသုဒ္ဓိ၊၂၊၁၈၆။) = ရုပ်နာမ်ဓမ္မ အစုအပုံမျှသည်သာလျှင် ဖြစ်ဆဲဖြစ်လျက် ဘဝတစ်ပါးသို့ ကပ်ရောက်၏ ---- န သတ္တော န ဇီဝေါ = ပုဂ္ဂိုလ်သတ္တဝါသည်လည်းကောင်း ဇီဝအတ္တသည်လည်းကောင်း ကပ်ရောက်သည်မဟုတ်ဟု ဆိုခဲ့သောကြောင့် ဓမ္မအစုသည်လည်း မခံစားတတ်၊ အကျိုးကို ခံစားတတ်သော သတ္တဇီဝလည်း မရှိခဲ့သော် ထိုဘဝသစ်အကျိုးကို အဘယ်သူသည် ခံစားပါမည်နည်း၊ ခံစားသူ မရှိခဲ့သော် ထိုအကျိုးတရားသည်လည်း အဘယ်သူအား ဖြစ်ပါမည်နည်း၊ ထိုကြောင့် ဧကန္တဧကတာ, ဧကန္တနာနတာသို့ မရောက်ထိုက်ဟူသော ဤအစီအရင်သည် မကောင်းပါဟု ဆိုလိုသည်။

သန္တာနေ ယံ ဖလံ ဧတံ၊ နာညဿ န စ အညတော။

ဗီဇာနံ အဘိသင်္ခါရော၊ ဧတဿတ္ထဿ သာဓကော။ (အဘိ၊ဋ္ဌ၊၂၊၁၅၅။)

ဤစိစစ်စောကြောလာရာ၌ ပညာရှိသူတော်ကောင်းသည် ဤအဖြေကို ဆိုအပ်ပေ၏ ---- အကြင်တရား အစုအပုံဟူသော ခန္ဓာအစဉ်၌ ကံတရားသည် ထင်ရှား ဖြစ်ပေါ်ခဲ့၏။ ထိုတရားအစုအပုံဟူသော တစ်ခုတည်းသော ခန္ဓာအစဉ်၌ ကံ၏ အကျိုးတရားသည် ထင်ရှား ဖြစ်ပေါ်လာသည်ရှိသော် ထိုကံဖြစ်ရာ တစ်ခုတည်းသော တရား အစုအပုံဟူသော ခန္ဓာအစဉ်၌ စင်စစ် တစ်ခုတည်း၏ အဖြစ်, တစ်သီးတစ်ခြား ကွဲပြားကုန်သည်၏ အဖြစ်တို့ကို တားမြစ်အပ်ကုန်ပြီးသည်၏ အဖြစ်ကြောင့် ကံပြုသူမှ တစ်ပါးသော အခြားသောပုဂ္ဂိုလ်၏ သန္တာန်၌ ထိုအကျိုးတရားသည် ဖြစ်၏ဟုလည်းကောင်း, ဖြစ်စေအပ် ပြုစုပျိုးထောင်ခဲ့အပ်သော ကံမှ တစ်ပါးသော ကံကြောင့် တစ်နည်း အခြားသူ ပြုအပ်သော ကံကြောင့် ထိုအကျိုးတရားသည် ဖြစ်ပေါ်လာ၏ဟုလည်းကောင်း ဤသို့ ဆိုထိုက်သည်ကား မဖြစ်ပေ။ မျိုးစေ့တို့ကို ပြုပြင်စီရင်ခြင်းသည် ဤဆိုအပ်ခဲ့သော စကား၏ အနက်အဓိပ္ပါယ်ကို ပြီးစီးစေတတ်၏။

ပြုပြင်ပုံ ---- သရက်စေ့မှ သာ၍ချိုသော အသီးရှိသော သရက်ပင် ပေါက်လာဖို့ရန် သရက်စေ့ကို စတုမဓုရည်ထဲ၌ စိမ်သောအားဖြင့် ဓာတ်ခိုး ဓာတ်ငွေ့များကို ထုံစေရ၏။ အချိုရည်များကို သွန်းလောင်းပေးရ၏။ နီမြန်းသော အမြွှာ အသား အဆံ ဖြစ်စေရန် ရှောက်စေ့ကို (တစ်နည်း ရှောက်ပန်းသီးမျိုးစေ့ကို) ချိပ်ရည်ဖြင့် သွန်းလောင်းသောအားဖြင့် ထုံစေရ၏။ ဤသို့ ထုံစေခြင်းကို မျိုးစေ့တို့ကို ပြုပြင်ခြင်းဟု ဆိုသည်။ (မူလဋီ၊၂၊၁၁၂။ မဟာဋီ၊၂၊၃၁၅။)

အရသာမကောင်းအောင် ထုံစေခြင်းလည်း ရှိသေး၏ ---- သရက်ပင်၏ အနီးအပါး၌ ခါးတောက်မြစ် (= ခွေးတောက်မြစ်)ကို စိုက်လျှင် ထိုသရက်ပင်၏ အသီး၏ အရသာသည် ပျက်စီးနိုင်၏ဟု ဒုကနိပါတ် ဒဓိဝါဟန ဇာတ်တော်၌ ဆိုသည် ---- ခါးတောက်မြစ်ယှက်, စိုက်ရောဖက်သား, သရက်ပင်မင်း, သီးချိုကင်းသို့ ---- (စတုဓမ္မသာရကိုးခန်းပျို့။)

မာတုလုင်္ဂ ---- မာတုလုင်္ဂကို ရှောက်ဟုပင် ဘာသာပြန်ဆိုတော်မူကြ၏။ သို့သော် မဟာစည်ဆရာတော်ဘုရားကြီးက မိမိ၏ မဟာဋီကာနိဿယတွင် အောက်ပါအတိုင်း မှတ်ချက်ချထား၏ ----

ဤဋီကာစကားရပ်သည် မူလဋီကာဆရာ၏ စကားများပင် ဖြစ်သည်။ ဤစကားရပ်တို့၌ မာတုလုင်္ဂ မည်သော အသီး၏ နီသော အမြွှာအဆံ ရှိကြောင်းကို ပြဆိုထားသောကြောင့် သီဟိုဠ်ဆရာတို့၏ အလိုအားဖြင့် မာတုလုင်္ဂဟူသည်မှာ ရှောက်ပန်းသီး ကျွဲကောသီးပင် ဖြစ်ကြောင်း ထင်ရှား၏။ (မဟာဋီကာနိဿယ၊၄၊၁၁၅၊၊)

ဤသို့လျှင် သရက်မျိုးစေ့ စသည်တို့ကို ပြုပြင်စီရင်မှုတို့ကို ပြုအပ်ပြီးကုန်သော် ထိုမျိုးစေ့၏ သန္တာန်အစဉ်၌ ရအပ်ပြီးသော ပြုပြင်မှု အကြောင်းအထောက်အပံ့ ရှိသည်ဖြစ်၍ ပြုပြင်ရာကာလမှ အခြားတစ်ပါးသော ကာလ၌ အသီးဟူသော အကျိုးထူးသည် ဖြစ်ပေါ်လာလတ်သော် အခြားမျိုးစေ့တို့အတွက် ဖြစ်သည်ကားမဟုတ် = သရက် မျိုးစေ့မှ တစ်ပါးသော အခြားသော မျိုးစေ့တို့၏ အသီးကား မဟုတ်။ အခြားတစ်ပါးသော မျိုးစေ့ကို ပြုပြင်ခြင်း တည်းဟူသော အကြောင်းကြောင့်လည်း ထိုချိုသော သရက်သီးဟူသော အကျိုးသည် ဖြစ်ပေါ်လာသည်လည်း မဟုတ်။ ထိုမျိုးစေ့တို့သည်လည်းကောင်း, ထိုပြုပြင်စီရင်ခြင်းတို့သည်လည်းကောင်း ရောက်လည်း မရောက်ကုန်။ ဤဥပမာအတူ မချွတ်မယွင်း ပြီးစီးခြင်းရှိသော ဤ ဥပမာနကို သိရှိအပ်ပေ၏။ (အဘိ၊ဋ္ဌ၊၂၊၁၅၅-၁၅၆။)

ဤစကားရပ်၌ ----

၁။ မျိုးစေ့နှင့် ကံရှိသော သတ္တဝါသည် တူ၏။

၂။ မျိုးစေ့ကို ပြုပြင်ခြင်းနှင့် ကံသည် တူ၏။

၃။ မျိုးစေ့၏ အညှောက် ပင်စည် အခက် အရွက်စသော အစဉ်အဆက်နှင့် သတ္တဝါ၏ ပဋိသန္ဓေဝိညာဏ် စသော ခန္ဓာအစဉ်အဆက်သည် တူ၏။

၄။ ထိုအညှောက် ပင်စည် စသည်အားဖြင့် ဖြစ်သော သစ်ပင်၏ ရုပ်သန္တတိအစဉ်၌ ကျရောက်ဖြစ်ပေါ်လာသော ချိုမြိန်သော အခွံအတွင်း၌ နီမြန်းသော အဆံအမြွှာ၏သော်လည်းကောင်း, ချိုမြိန်သော အသီး၏သော်လည်းကောင်း, ထိုမျိုးစေ့၏သာလျှင်လည်းကောင်း, ထိုမျိုးစေ့ကို ပြုပြင်ခြင်းကြောင့်သာလျှင်လည်းကောင်း ဖြစ်ခြင်းကဲ့သို့ ကံကို ပြုသူသာလျှင် ဖြစ်သော သတ္တဝါ၏ သန္တာန်၌လည်းကောင်း, ထိုကံကြောင့်သာလျှင် လည်းကောင်း အကျိုး၏ ဖြစ်ခြင်းသည် တူ၏။ (မူလဋီ၊၂၊၁၁၂-၁၁၃။)

ကလေးဘဝက စိတ်မှုပညာ နှုတ်မှုပညာ လက်မှုပညာ အတတ်တို့ကို သင်ယူခဲ့၏။ ကလေးဘဝက ကျန်းမာရေးအတွက် ဆေးဝါးတို့ကို မှီဝဲသုံးစွဲခဲ့၏။ ကလေးဘဝက စိတ်မှု နှုတ်မှု လက်မှုပညာတို့ကို သင်ယူခြင်း, ဆေးဝါးတို့ကို မှီဝဲသုံးစွဲခဲ့ခြင်းတို့သည် ကြီးရင့်သော ကိုယ်သို့ လိုက်ပါ၍ကား မလာကြကုန်၊ ထိုသို့ လိုက်ပါမလာ ကြကုန်ပါဘဲလျက် ထိုစိတ်မှု နှုတ်မှု လက်မှုပညာတို့ကို သင်ယူခြင်း ဆေးဝါးတို့ကို မှီဝဲခြင်းလျှင် အကြောင်းရင်း ရှိသော စိတ်မှု နှုတ်မှု လက်မှုပညာ၏ ထက်မြက်စူးရှသည်၏ အဖြစ်သည်လည်းကောင်း, စိတ်မှု နှုတ်မှု လက်မှု ပညာ အတတ်ကို တတ်ခြင်း ကျွမ်းကျင်ခြင်းသည်လည်းကောင်း အနာရောဂါမရှိသည်၏ အဖြစ်သည်လည်းကောင်း အသက်အရွယ် ကြီးရင့်လာသော ခန္ဓာကိုယ်၌ ဖြစ်ပေါ်လာ၏။ (အတတ်ပညာများကို လေ့ကျက်ပါ များပါက ကျွမ်းကျင်လာမှုမျိုးတည်း။) ထိုအကျိုးတရားသည် အခြားသူ၏ သန္တာန်၌ ဖြစ်ပေါ်လာသည်ကား မဟုတ်။ အဘယ့်ကြောင့်နည်းဟူမူ ----- ငယ်စဉ်က အတတ်ပညာ သင်ကြားခဲ့သည့် ငယ်စဉ်က ဆေးဝါးကို မှီဝဲခဲ့သည့် ထိုရုပ်နာမ်သန္တာန်အစဉ်၌ အကျုံးဝင်သည်သာလျှင် ဖြစ်သော အသက်အရွယ်ကြီးရင့်လာသော ခန္ဓာကိုယ်၌ သာလျှင် (= အသက်အရွယ် ကြီးရင့်ခြင်းသို့ ရောက်ရှိလာသော ရုပ်နာမ်ခန္ဓာအစဉ်၌သာလျှင်) ထိုအကျိုး တရားသည် ဖြစ်ပေါ်လာခြင်းကြောင့်တည်း။

သည်မျှသာမကသေး အကြင် အကြင် လေ့ကျင့်ခဲ့သော ယှဉ်စပ်သုံးစွဲခဲ့သော စိတ်မှု နှုတ်မှု လက်မှုပညာကို သင်ခြင်း ဆေးဝါးမှီဝဲခြင်း အစရှိသည်နှင့် ကင်း၍ အခြားသော အကြောင်းတရားကြောင့် ထိုအကျိုးတရားသည် ဖြစ်ပေါ်လာသည်လည်း မဟုတ်ပေ။ အဘယ်ကြောင့်နည်းဟူမူ ---- ထိုစိတ်မှု နှုတ်မှု လက်မှုပညာတို့ကို သင်ယူခဲ့ခြင်း, ဆေးဝါးမှီဝဲခဲ့ခြင်း စသည်တို့ မရှိလတ်သော် ထိုစိတ်မှု နှုတ်မှု လက်မှုပညာတို့၌ ဉာဏ်၏ ထက်မြက်ခြင်း တတ်မြောက်ခြင်း ကျွမ်းကျင်ခြင်း ကျန်းမာခြင်းစသည်တို့၏ မရှိခြင်းကြောင့်တည်း။

ဤဥပမာအတူ ဤကံကြောင့် ပဋိသန္ဓေဝိညာဏ် ဖြစ်ရာ၌လည်း ရုပ်နာမ်ခန္ဓာအစဉ်၌ အကြင် အကျိုး တရားသည် ရှိ၏၊ ဤအကျိုးတရားသည် အခြားသူ၏ သန္တာန်၌ ဖြစ်သည်လည်းမဟုတ်၊ အခြားသူပြုအပ်သော ကံကြောင့်လည်း ဖြစ်သည်ကားမဟုတ်၊ ဤသို့သော အနက်အဓိပ္ပါယ်ကို ယှဉ်စေထိုက်၏။

သည်မျှသာမကသေး ---- န အညတော = အခြားသူ ပြုအပ်သော ကံကြောင့် ဖြစ်သည်မဟုတ် ---- ဟူသော ဤစကားရပ်ဖြင့် အကြောင်း သင်္ခါရတရားတို့၏ မရှိခြင်းသည် ဖြစ်လတ်သော် အကျိုးဖြစ်သော ပဋိသန္ဓေဝိညာဏ်စသော ဝိပါက်ဝိညာဏ်၏ မရှိခြင်းကိုသာလျှင် ညွှန်ပြ၏။ (ဂတိ ဥပဓိ ကာလ ပယောဂဟူသော) အခြားသော အကြောင်းတရားကို တားမြစ်ခြင်းကို မပြုဟု မှတ်ပါ။ (မူလဋီ၊၂၊၁၁၃။)

အကျိုးကို ခံစားတတ်သူ

ဖလဿုပ္ပတ္တိယာ ဧဝ၊ သိဒ္ဓါ ဘုဉ္ဇကသမ္မုတိ။

ဖလုပ္ပါဒေန ရုက္ခဿ၊ ယထာ ဖလတိ သမ္မုတိ။ (အဘိ၊ဋ္ဌ၊၂၊၁၅၆။)

ခံစားတတ်သော ပုဂ္ဂိုလ်သတ္တဝါဟူ၍ မရှိဟု တရားတော်အရ ပုဂ္ဂိုလ်သတ္တဝါကို ပယ်ပြီးဖြစ်၏၊ ထိုသို့ မရှိလျှင် ကံစသော အကြောင်းတရားကြောင့် ထင်ရှားဖြစ်ပေါ်လာရသော ထိုအကျိုးတရားသည် အဘယ်သူ၏ အကျိုးတရား ဖြစ်နိုင်ပါသနည်း၊ အဘယ်သူ၏ အပေါ်၌ ဖြစ်မည်နည်း၊ ----

အဖြေ ---- သစ်ပင်ဟု သမ္မုတိသစ္စာနယ်၌ ခေါ်ဝေါ်ပညတ်အပ်ကုန်သော ဥတုဇဩဇဋ္ဌမကရုပ်တရား အဆက်အဆက်တို့၏ တစ်စိတ်တစ်ဒေသ ဖြစ်၍ ဖြစ်သော သစ်သီး၏ (= သစ်သီးဟု ခေါ်ဆိုအပ်သော ဥတုဇဩဇဋ္ဌမက ရုပ်တရားအပေါင်း၏) ဖြစ်ခြင်းကြောင့်သာလျှင် သစ်ပင်ကို အသီး သီး၏ ဟူ၍လည်းကောင်း, ဖြစ်သောအသီး ရှိ၏ ဟူ၍လည်းကောင်း ဆိုအပ်သကဲ့သို့ ထို့အတူ နတ်လူဟု ခေါ်ဝေါ် ပညတ်အပ်ကုန်သော ရုပ်နာမ်ခန္ဓာတို့၏ တစ်စိတ်တစ်ဒေသ ဖြစ်၍ ဖြစ်သော သုံးဆောင်ခံစားဖွယ်ဟု ခေါ်ဆိုအပ်သော ချမ်းသာ ဆင်းရဲဟူသော အသီး၏ (= ချမ်းသာ ဆင်းရဲဟူသော အကျိုးတရား၏) ဖြစ်ပေါ်လာခြင်းကြောင့်သာလျှင် နတ်ကို သော်လည်းကောင်း, လူကိုသော်လည်းကောင်း သုံးဆောင်ခံစားတတ်၏ ဟူ၍သော်လည်းကောင်း, ဖြစ်သော ချမ်းသာခြင်း ရှိ၏ ဟူ၍သော်လည်းကောင်း, ဖြစ်သောဆင်းရဲခြင်းရှိ၏ ဟူ၍သော်လည်းကောင်း ခေါ်ဆိုအပ်၏။ ထိုကြောင့် ဤတစ်ခုသော ခန္ဓာအစဉ်၌ အကျိုးတရား ဖြစ်ခြင်းမှ အခြားသော သုံးဆောင်ခံစားတတ်သူ မည်သော ပုဂ္ဂိုလ်သတ္တဝါဖြင့် တစ်စုံတစ်ခုသော အကျိုးတရားသည် မရှိနိုင်။ ဤသို့ မှတ်သားပါ။ (အဘိ၊ဋ္ဌ၊၂၊၁၅၆။)

[ခံစားတတ်သူ ပုဂ္ဂိုလ်သတ္တဝါဟု မရှိပါ၊ ရုပ်နာမ်ခန္ဓာ အစဉ်သန္တာန် တစ်ခု၌ ကံစသော အကြောင်းတရားနှင့် ထိုကံ၏ အကျိုးအဖြစ်ဖြင့် ရုပ်နာမ်သာရှိ၏၊ ထိုသို့ အကျိုးရုပ်နာမ် ဖြစ်လာသောအခါ ခံစားတတ်သူ ဟူသော နာမည်ပညတ်သည် အလိုလို ပြီးစီးတော့သည်ဟု ဆိုလိုသည်။ တစ်နည်း ---- တစ်ခုသော ရုပ်နာမ်ခန္ဓာအစဉ်သန္တာန်၌ ကုသိုလ်စေတနာ အကုသိုလ်စေတနာဖြစ်သည်ရှိသော် ---- ပုညံ ကရောတိ = ကောင်းမှုကုသိုလ်ကို ပြုလုပ်၏၊ အပုညံ ကရောတိ = မကောင်းမှုအကုသိုလ်ကို ပြုလုပ်၏ဟု ပြုလုပ်တတ်သူ ဝေါဟာရသည် ဖြစ်ပေါ်လာ သကဲ့သို့ ထိုအတူ ထိုကုသိုလ် အကုသိုလ်၏ အကျိုးတရားသည် ထင်ရှားဖြစ်လတ်သော် သုခံ အနုဘဝတိ = ချမ်းသာကို ခံစား၏၊ ဒုက္ခံ အနုဘဝတိ = ဆင်းရဲကို ခံစား၏ ---- ဟု ခံစားတတ်သူ ---- ဟူသော အမည်နာမ ပညတ်သည် အလိုလို ပြီးစီးတော့သည်ဟု ဆိုလိုသည်။ (မဟာဋီ၊၂၊၃၁၅။)]

ထိုကြောင့် ခံစားတတ်သော ပုဂ္ဂိုလ်သတ္တဝါကို ရှာဖွေနေခြင်းသည် အကျိုးမရှိဟုသာ မှတ်သားပါလေ။

သင်္ခါရ၏ ထင်ရှား ရှိမှု မရှိမှု

သာသနာပ အယူအဆရှိသူ ပရဝါဒီပုဂ္ဂိုလ်တစ်ဦးသည် ဤသို့ ပြောဆိုလာပြန်၏ ---- ဤသို့ ပဋိသန္ဓေ ဝိညာဏ်သည် တစ်ဘဝမှ တစ်ဘဝသို့ မပြောင်းရွှေ့ဘဲ ကံစွမ်းအားကြောင့် ထင်ရှားဖြစ်ပေါ်လာခြင်းနှင့် ထိုသို့ ဖြစ်ရာ၌ ပေါ်လာမည့် စောဒနာကို ဖြေရှင်း ပြီးမြောက်ခြင်းသည် ထင်ရှားရှိပါသော်လည်း ဤဝိပါက်ဝိညာဏ်ကို ဖြစ်စေတတ်ကုန်သော ဤသင်္ခါရတရားတို့သည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားရှိကုန်သည် ဖြစ်၍မူလည်း အကျိုး၏ အကြောင်းတို့သည် ဖြစ်ကုန်ရာသလော၊ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားမရှိကုန်မူ၍လည်း အကျိုး၏ အကြောင်းတို့သည် ဖြစ်ကုန်ရာသလော၊

သင်္ခါရတို့သည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားရှိနေကုန်စဉ်မှာပင် အကျိုး၏အကြောင်းတို့သည် အကယ်၍ ဖြစ်ကုန်ငြားအံ့၊ ဤသို့ ဖြစ်လတ်သော် သင်္ခါရတို့၏ ဖြစ်နေဆဲ ခဏ၌ပင်လျှင် ထိုသင်္ခါရတို့၏ အကျိုး ဝိပါက်သည် ဖြစ်ရာရောက်၏။ ထိုသို့ မဟုတ်ဘဲ သင်္ခါရတို့သည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား မရှိကုန်မှ သာလျှင် ဤသင်္ခါရတို့သည် အကျိုး၏ အကြောင်းတို့သည် အကယ်၍ ဖြစ်ကုန်ငြားအံ့၊ ဤသို့ ဖြစ်လတ်သော် သင်္ခါရတို့၏ ဖြစ်ဆဲခဏမှ (= ကံကို အားထုတ်ဆဲ ခဏမှ) ရှေး၌ လည်းကောင်း, (အကျိုးကို ဖြစ်စေခြင်း ရင့်စေခြင်း မှည့်စေခြင်း ကျက်စေခြင်း၏ ဖြစ်ခြင်းမှ) နောက်၌လည်းကောင်း, အမြဲ အကျိုးကို ရွက်ဆောင်ထားကြကုန်သည် ဖြစ်ကုန်ရာ၏ ---- ဤသို့လျှင် အကြင် အယူမညီ ပရဝါဒီပုဂ္ဂိုလ်သည်လည်း ပြောဆိုလေရာ၏။ ထိုပရဝါဒီပုဂ္ဂိုလ်ကို သာသနာတွင်း အယူအဆရှိသောပုဂ္ဂိုလ်သည် ဤဆိုလတ္တံ့သောနည်းဖြင့် ဆိတ်ဆိတ်မနေ ဖြေဆိုထိုက်ပေ၏။

ကတတ္တာ ပစ္စယာ ဧတေ၊ န စ နိစ္စံ ဖလာဝဟာ။

ပါဋိဘောဂါဒိကံ တတ္ထ၊ ဝေဒိတဗ္ဗံ နိဒဿနံ။ (အဘိ၊ဋ္ဌ၊၂၊၁၅၆။)

သင်္ခါရတို့သည် ပြုအပ်ကုန်ပြီးသည်၏ အဖြစ်ကြောင့်သာလျှင် = ပြုပြီးပါမှသာလျှင် မိမိ၏ အကျိုးတရား၏ အကြောင်းတရားတို့သည် ဖြစ်နိုင်ကြကုန်၏။ ထင်ရှားရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း, ထင်ရှားမရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း အကျိုး၏ အကြောင်းတို့သည် = အကျိုးအား ဖြစ်ပေါ်လာအောင် ကျေးဇူးပြုတတ် ကုန်သည်ကား မဟုတ်ကုန်။

ကာမာဝစရဿ ကုသလဿ ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ဝိပါကံ စက္ခုဝိညာဏံ ဥပ္ပန္နံ ဟောတိ။ (အဘိ၊၁၊၁၀၄။)

ကာမာဝစရ ကုသိုလ်ကံကို ပြုအပ်ပြီးသည်၏ အဖြစ်ကြောင့်သာလျှင် ဆည်းပူးအပ်ပြီးသည်၏ အဖြစ်ကြောင့် သာလျှင် အကျိုးဖြစ်သော စက္ခုဝိညာဏ်သည် ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှားဖြစ်ပေါ်လာ၏။ (အဘိ၊၁၊၁၀၄၊၊)

ဤစကားတော်ကို ဘုရားရှင်သည် ဟောကြားထားတော်မူ၏၊ တစ်ဖန် ---- ထိုက်တန်သည်အားလျော်သော မိမိအကျိုးတရား၏ အကြောင်းတရားတို့ ဖြစ်ပြီး၍ (= ထိုက်ထိုက်တန်တန် အကျိုးပေးပြီး၍) နောက်ထပ်တစ်ဖန် အကျိုးကို ဆောင်နိုင်ကုန်သည် (= နောက်ထပ် ထပ်၍ အကျိုးပေးကုန်သည်) မဖြစ်ကြကုန်။ အဘယ်ကြောင့်နည်း ဟူမူ ဖြစ်စေအပ်ပြီး ရင့်ကျက်စေအပ်ပြီးသော အကျိုးရှိကုန်သည်၏ အဖြစ်ကြောင့်တည်း = အကျိုးပေးပြီး ကုန်သည်၏ အဖြစ်ကြောင့်တည်း။

ဘဏ္ဍာကို ဝယ်ယူလျှင် ဘဏ္ဍာဖိုးကို ပြန်၍ ပေးရ၏။ ကြွေးကိုယူလျှင် အတိုးနှင့်တကွ ကြွေးကို ပြန်ဆပ်ရ၏။ ထိုကြောင့် ဘဏ္ဍာကို ဝယ်ခြင်းသည်ပင် အဖိုးပေးပါမည်ဟု အာမခံရာ ရောက်၏၊ အကြွေးယူခြင်းသည်ပင် ပြန်၍ဆပ်ပါမည်ဟု အာမခံရာ ရောက်၏။ ထိုသူ၏ အာမခံမှုကို ပြုရုံသာလျှင် ကြွေးဆပ်ဖို့အတွက် အကြောင်း ဖြစ်သည်၊ ထိုအာမခံခြင်း ကြိယာ၏ ထိုအခိုက်၌ ထင်ရှားရှိခြင်း မရှိခြင်းမှာ လိုရင်းမဟုတ်ပေ။

ဤဥပမာအတူပင် ပြုအပ်ကုန်ပြီးသည်၏ အဖြစ်ကြောင့်သာလျှင် ကံဟူသော သင်္ခါရတို့သည်လည်း မိမိ၏ အကျိုးတရား၏ အကြောင်းတရားတို့သည် ဖြစ်ကြကုန်၏။ သည်မျှသာမကသေး ---- ထိုက်သည့်အားလျော်စွာ အကျိုးပေးပြီးရာအခါမှ နောက်၌လည်း အကျိုးကို ရွက်ဆောင်ထားကုန်သည် မဖြစ်ကုန်။ ဤသို့ မှတ်သားပါ။ (အဘိ၊ဋ္ဌ၊၂၊၁၈၈-၁၈၉။)

ကံဟူသော သင်္ခါရတို့သည် ထိုက်တန်သော အကျိုးကို ပေးပြီးရာကာလမှ နောက်၌ ခန္ဓာအစဉ်ဝယ် ကံ အဖြစ်ဖြင့် ဆက်၍ တည်ကြတော့သည် မဟုတ်၊ ကြွေးဆပ်ပြီးသောအခါ အာမခံသူသည် ဆက်လက်၍ တာဝန်ကို မဆောင်ယူရတော့သကဲ့သို့ အကျိုးပေးပြီးသည့် ကံတို့သည် ထပ်မံ၍ အကျိုးပေးဖို့ရန် တာဝန်ကို မထမ်းဆောင်ကြ ရတော့ချေ။ ထိုကြောင့် အပရာပရိယဝေဒနီယကံသည် ကံကို ထူထောင်သည့်ဘဝမှ စ၍ ရေတွက်သော် တတိယမြောက်ဘဝမှ စ၍ နိဗ္ဗာန်မရမီအထိ အကျိုးပေးသည်ဟု ဆိုသော်လည်း ဆိုင်ရာ အကျိုးကို မပေးရသေး လျှင်သာ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင် လိုက်သည်၊ ဆိုင်ရာ အကျိုးကိုပေးပြီး ဖြစ်လျှင်ကား နိဗ္ဗာန်ရသည့် ဘဝတိုင်အောင် မလိုက်နိုင်ဟု မှတ်ပါ။ သို့သော် ကံတစ်ခုကို ပြုစုပျိုးထောင်နေရာ၌ ပုဗ္ဗစေတနာ, မုဉ္စစေတနာ = သန္နိဋ္ဌာပကစေတနာ, အပရစေတနာဟု မပြုမီ, ပြုဆဲ, ပြုပြီး အချိန်ပိုင်းတို့၌ စေတနာပေါင်း ကုဋေပေါင်း များစွာကား ဖြစ်နိုင်၏။ ထိုစေတနာပေါင်းများစွာတို့ဝယ် အကျိုးပေးပြီး စေတနာတို့က နောက်ထပ် ထပ်၍ အကျိုးမပေးတော့သော်လည်း အကျိုးမပေးရသေးသော စေတနာတို့က အခါအခွင့်သင့်က သင့်ရာဘဝတွင် အကျိုးကိုကား ဖြစ်စေနိုင်သည်သာဟုလည်း မှတ်သားပါလေ။

သမင်္ဂီ (၅) ပါး = သမင်္ဂိတာ (၅) ပါး

ကံအကြောင်းတရားပိုင်းတွင် သမင်္ဂီ (၅)ပါးတို့၏ အကြောင်းကိုလည်း နားလည်ထားသင့်ပေသည်။ ကံတစ်ခုကို အပြည့်အစုံ အားထုတ်ခြင်းရှိသော ပုဂ္ဂိုလ်ကို သမင်္ဂီဟု ခေါ်ဆို၏။ ကံတစ်ခုကို ပြည့်ပြည့်စုံစုံ အားထုတ်ခြင်းရှိသူ (သမင်္ဂီ) ဖြစ်ဖို့ရန် ပြည့်ပြည့်စုံစုံ ဖြစ်ပေါ်လာသော ဖြစ်ကြောင်းဖြစ်ရာ တရားစုသည် သမင်္ဂိတာ မည်၏။ ထိုသမင်္ဂိတာသည် (၅)မျိုးရှိ၏၊ ----

သမင်္ဂီတိ ပဉ္စဝိဓာ သမင်္ဂိတာ အာယူဟနသမင်္ဂိတာ, စေတနာသမင်္ဂိတာ, ကမ္မသမင်္ဂိတာ, ဝိပါကသမင်္ဂိတာ, ဥပဋ္ဌာနသမင်္ဂိတာတိ။ (အဘိ၊ဋ္ဌ၊၂၊၄၁၉။)

၁။ အာယူဟနသမင်္ဂိတာ,

၂။ စေတနာသမင်္ဂိတာ,

၃။ ကမ္မသမင်္ဂိတာ,

၄။ ဝိပါကသမင်္ဂိတာ,

၅။ ဥပဋ္ဌာနသမင်္ဂိတာ ---- ဟူ၍ သမင်္ဂိတာ (၅)မျိုး ရှိ၏။

တတ္ထ ကုသလာကုသလကမ္မာယူဟနက္ခဏေ အာယူဟနသမင်္ဂိတာတိ ဝုစ္စတိ၊ တထာ စေတနာသမင်္ဂိတာ။ ယာဝ ပန အရဟတ္တံ န ပါပုဏန္တိ၊ တာဝ သဗ္ဗေပိ သတ္တာ ပုဗ္ဗေ ဥပစိတံ ဝိပါကာရဟံ ကမ္မံ သန္ဓာယ ကမ္မသမင်္ဂိနောတိ ဝုစ္စန္တိ။ ဧသာ ကမ္မသမင်္ဂိတာ။ ဝိပါကသမင်္ဂိတာ ပန ဝိပါကက္ခဏေယေဝ ဝေဒိတဗ္ဗာ။ ယာဝ ပန သတ္တာ အရဟတ္တံ န ပါပုဏန္တိ၊ တာဝ တေသံ တတော တတော စဝိတွာ နိရယေ တာဝ ဥပပဇ္ဇမာနာနံ အဂ္ဂိဇာလလောဟကုမီ႓အာဒီဟိ ဥပဋ္ဌာနာကာရေဟိ နိရယော, ဂဗ္ဘသေယျကတ္တံ အာပဇ္ဇမာနာနံ မာတုကုစ္ဆိ, ဒေဝေသု ဥပ္ပဇ္ဇမာနာနံ ကပ္ပရုက္ခဝိမာနာဒီဟိ ဥပဋ္ဌာနာကာရေဟိ ဒေဝလောကောတိ ဧဝံ ဥပ္ပတ္တိနိမိတ္တံ ဥပဋ္ဌာတိ၊ ဣတိ နေသံ ဣမိနာ ဥပ္ပတ္တိနိမိတ္တုပဋ္ဌာနေန အပရိမုတ္တတ္တာ ဥပဋ္ဌာနသမင်္ဂိတာ နာမ။ (အဘိ၊ဋ္ဌ၊၂၊၄၁၉-၄၂၀။)

ပုဗ္ဗဘာဂေ အာယူဟနဝသေန အာယူဟနသမင်္ဂိတာ, သန္နိဋ္ဌာနစေတနာဝသေန စေတနာသမင်္ဂိတာ စ ဝေဒိတဗ္ဗာ၊ သန္တတိခဏဝသေန ဝါ။ ဝိပါကာရဟန္တိ ဒုတိယဘဝါဒီသု ဝိပစ္စနပကတိတံ သန္ဓာယ ဝဒတိ။ (မူလဋီ၊၂၊၂၁၀။)

သန္တတိခဏဝသေနာတိ သန္တတိဝသေန အာယူဟနသမင်္ဂိတာ, သပုဗ္ဗပစ္ဆာဘာဂဿ ဂဟဏဝသေန စေတနာက္ခဏဝသေန စေတနာသမင်္ဂိတာတိ ယောဇေတဗ္ဗာ။ (အနုဋီ၊၂၊၂၁၁။)

ဤသမင်္ဂိတာ (၅)မျိုးတို့ကို ယောဂါဝစရပုဂ္ဂိုလ်များ လုပ်ငန်းခွင်ကို ပိုမိုနက်ရှိုင်းစွာ သဘောပေါက်စေရန် ရည်သန်၍ ဝိပါကသမင်္ဂိတာကို နောက်ဆုံးထားလျက် အစဉ်အတိုင်း ရှင်းလင်းတင်ပြအပ်ပါသည်။ ----

၁။ အာယူဟနသမင်္ဂိတာ ---- ကုသိုလ်ကံ သို့မဟုတ် အကုသိုလ်ကံကို အားထုတ်ရာခဏ၌ အာယူဟနသမင်္ဂိတာ = ကံကို အားထုတ်ခြင်းနှင့် ပြည့်စုံခြင်းရှိသူ၏ အဖြစ်ဟူ၍ ခေါ်ဆို၏။

၂။ စေတနာသမင်္ဂိတာ ---- ကုသိုလ်ကံ သို့မဟုတ် အကုသိုလ်ကံကို အားထုတ်ရာခဏ၌ စေတနာသမင်္ဂိတာ = ကုသိုလ်စေတနာ သို့မဟုတ် အကုသိုလ်စေတနာနှင့် ပြည့်စုံခြင်းရှိသူ၏ အဖြစ်ဟူ၍လည်း ဆိုအပ်၏။ (အဘိ၊ဋ္ဌ၊၂၊၄၁၉။)

ကံမပြုမီ ရှေးအဖို့၌ အားထုတ်ခြင်း၏ အစွမ်းဖြင့် တစ်နည်း အားထုတ်ခြင်းနှင့် စပ်သဖြင့် ဖြစ်ပေါ်လာသော စိတ်အစဉ်ကို အာယူဟနသမင်္ဂိတာဟုလည်းကောင်း, ကံကို ပြုဆဲခဏ၌ ဆုံးဖြတ်ချက်ချကြောင်း သန္နိဋ္ဌာန စေတနာ၏ အစွမ်းဖြင့် တစ်နည်း သန္နိဋ္ဌာနစေတနာနှင့် စပ်သဖြင့် ဖြစ်ပေါ်လာသော စေတနာကို စေတနာ သမင်္ဂိတာဟုလည်းကောင်း သိရှိပါလေ။

တစ်နည်း ကံတစ်ခုကို ပြုစုပျိုးထောင်ရာဝယ် ကံကိုပြုဆဲခဏ၌ သန္တတိပစ္စုပ္ပန်၏ အစွမ်းဖြင့် ဖြစ်ပေါ် သွားသော စိတ်အစဉ်ကို အာယူဟနသမင်္ဂိတာဟုလည်းကောင်း, ပုဗ္ဗစေတနာ, အပရစေတနာတို့နှင့် တကွသော မုဉ္စစေတနာ၏ ခဏပစ္စုပ္ပန်၏ အစွမ်းဖြင့် ဖြစ်ဆဲခဏကို စေတနာသမင်္ဂိတာဟုလည်းကောင်း မှတ်ပါ။ (မူလဋီ၊၂၊၂၁၀။ အနုဋီ၊၂၊၂၁၁။)

[အချို့ကျမ်းဂန်များ၌ ဤအာယူဟနသမင်္ဂိတာနှင့် စေတနာသမင်္ဂိတာနှစ်မျိုးတို့ကို အာယူဟနသမင်္ဂိတာ ဟု အမည်တစ်မျိုးတည်းဖြင့် ဖော်ပြကြသည်။]

၃။ ကမ္မသမင်္ဂိတာ ---- အရဟတ္တဖိုလ်သို့ မဆိုက်ရောက်သေးသမျှ ကာလပတ်လုံး ခပ်သိမ်းဥဿုံ အလုံးစုံလည်း ဖြစ်ကုန်သော သတ္တဝါတို့ကို ရှေး၌ ဆည်းပူးထားအပ်သော အကျိုးပေးထိုက်သော ကံကို ရည်ရွယ်၍ ကံနှင့် ပြည့်စုံခြင်း ရှိသူတို့ဟူ၍ ဆိုအပ်ကုန်၏၊ ဤကံနှင့် ပြည့်စုံခြင်း ရှိသူ၏ အဖြစ်သည် ကမ္မသမင်္ဂိတာ မည်၏။ (အဘိ၊ဋ္ဌ၊၂၊၄၁၉။)

ကမ္မပစ္စယေနာတိ အနေကာနမ္ပိ ကပ္ပကောဋီနံ မတ္ထကေ အတ္တနော ဖလံ ဥပ္ပါဒေတုံ သမတ္ထေန နာနာက္ခဏိကကမ္မပစ္စယေနာတိ အတ္ထော။ ကုသလာကုသလဥှိ ကမ္မံ အတ္တနော ပဝတ္တိက္ခဏေ ဖလံ န ဒေတိ။ ယဒိ ဒဒေယျ၊ ယံ မနုေဿာ ဒေဝလောကူပဂံ ကုသလကမ္မံ ကရောတိ၊ တဿာနုဘာဝေန တသ္မိံယေဝ ခဏေ ဒေဝေါ ဘဝေယျ။ ယသ္မိံ ပန ခဏေ တံ ကတံ၊ တတော အညသ္မိံ ခဏေ အဝိဇ္ဇမာနမ္ပိ ကေဝလံ ကဋတ္တာယေဝ ဒိဋ္ဌေဝ ဓမ္မေ ဥပပဇ္ဇေ ဝါ အပရေ ဝါ ပရိယာယေ အဝသေသပစ္စယသမာယောဂေ သတိ ဖလံ ဥပ္ပါဒေတိ နိရုဒ္ဓါပိ ပုရိမသိပ္ပါဒိကိရိယာ ဝိယ ကာလန္တရေ ပစ္ဆိမသိပ္ပါဒိကိရိယာယ။ တသ္မာ နာနာက္ခဏိကကမ္မပစ္စယောတိ ဝုစ္စတိ။ (အဘိ၊ဋ္ဌ၊၃၊၃၇၄။)

အတ္တနော ဖလံ ဥပ္ပာဒေတုံ သမတ္ထေနာတိ ကမ္မဿ သမတ္ထတာ တဿ ကမ္မပစ္စယဘာဝေါ ဝုတ္တာတိ ဒဋ္ဌဗ္ဗာ။ (မူလဋီ၊၃၊၁၈၉။)

ကမ္မပစ္စည်း = ကံအကြောင်းတရားဟူသည် တစ်ကမ္ဘာမက များပြားကုန်သော ကမ္ဘာကုဋေတို့၏သော်လည်း အထက်၌ ပြုစုပျိုးထောင်ခဲ့သော မိမိ၏ အကျိုးတရားကို ဖြစ်စေခြင်းငှာ စွမ်းနိုင်သော နာနာက္ခဏိကကမ္မပစ္စည်း အကြောင်းတရားတည်း။ အကျိုးပေးရာ ခဏမှ = အကျိုးဖြစ်ပေါ်လာရာ ခဏမှ အသီးအသီးဖြစ်သော ကွဲပြားသော ခဏ၌ဖြစ်သော = ဖြစ်ခဲ့သော စေတနာသည် နာနာက္ခဏိကကမ္မပစ္စည်း အကြောင်းတရားတည်း။

ကုသိုလ်ကံ အကုသိုလ်ကံသည် မိမိ၏ ဖြစ်ဆဲခဏ၌ အကျိုးကိုမပေး။ အကယ်၍ ကုသိုလ်ကံ အကုသိုလ် ကံသည် မိမိ၏ ဖြစ်ဆဲခဏ၌ပင်လျှင် အကျိုးပေးငြားအံ့၊ ယင်းသို့ အကျိုးပေးနိုင်ခဲ့သော် ---- လူသား တစ်ဦးသည် နတ်ပြည်သို့ ကပ်ရောက်ကြောင်းဖြစ်သော အကြင်ကုသိုလ်ကံကို ပြုစုပျိုးထောင်၏၊ ထိုကုသိုလ်ကံ၏ အာနုဘော် ကြောင့် ထိုကံကို ပြုစုပျိုးထောင်ဆဲ ခဏ၌ပင်လျှင် နတ်သားဖြစ်လေရာ၏ နတ်သမီးဖြစ်လေရာ၏။

အလျော်အားဖြင့်ဆိုရမူ ---- အကြင်ခဏ၌ ထိုကံကို ပြုစုပျိုးထောင်ထား၏၊ ထိုကံကို ပြုစုပျိုးထောင်ရာခဏမှ အခြားတစ်ပါးသော ခဏ၌ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားမရှိပါသော်လည်း ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားမရှိသော ကံသည်လည်း ပြုအပ်သော စေတနာကံနှင့်မဖက် သက်သက်ကံကို ပြုအပ်ပြီးသည်၏ အဖြစ်ကြောင့်သာလျှင် ထိုကံသည် ----

၁။ ဒိဋ္ဌဓမ္မဝေဒနီယကံဖြစ်လျှင် မျက်မှောက်ထင်ထင် ရှုမြင်အပ်သော ပစ္စုပ္ပန်ဘဝ၌သော်လည်းကောင်း,

၂။ ဥပပဇ္ဇဝေဒနီယကံဖြစ်လျှင် ကပ်၍ဖြစ်ရာ ဒုတိယဘဝ၌သော်လည်းကောင်း,

၃။ အပရာပရိယဝေဒနီယကံဖြစ်လျှင် ဒိဋ္ဌဓမ္မဘဝ, ဥပပဇ္ဇဘဝမှ အခြားသော အဆက်ဆက် ရောက်ထိုက်သော ဘဝ၌သော်လည်းကောင်း,

(ဂတိ ဥပဓိ ကာလ ပယောဂဟူသော) ကြွင်းသော အကြောင်းတရားတို့နှင့် ပေါင်းဆုံခြင်းသည် ထင်ရှား ရှိလတ်သော် အကျိုးတရားကို ဖြစ်စေနိုင်၏။

ဥပမာ ---- ရှေးရှေး သင်ယူအပ်သော အတတ်သင်ယူမှုသည် နောက်နောက် အတတ်သင်ယူမှုအား အခြေခံအဖြစ်ဖြင့် ကျေးဇူးပြုရာ၌ ကာလချင်း မတူဘဲ ကာလတစ်ပါး၌ ရောက်ရှိပါမှ ကျေးဇူးပြုသကဲ့သို့ ကံဟူသော စေတနာသည်လည်း ပြုစုပျိုးထောင်ဆဲခဏ၌ (ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားရှိနေဆဲ ခဏ၌) အကျိုးဝိပါက်တရားကို ဖြစ်ပေါ်လာအောင် ကျေးဇူးမပြု။ နောက်နောက်ခဏသို့ ရောက်ရှိပါမှသာလျှင် အကျိုး ဝိပါက်တရားကို ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးနိုင်၏။ ထိုကြောင့် နာနာက္ခဏိကကမ္မပစ္စယ = အကျိုးပေးရာ ခဏမှ မတူထူးခြား ကွဲပြားသော ခဏ၌ဖြစ်သော ကမ္မပစ္စည်းဟူ၍ ဆိုအပ်၏။ (အဘိ၊ဋ္ဌ၊၃၊၃၇၄။)

ကုသိုလ်စေတနာ အကုသိုလ်စေတနာသည် မိမိဖြစ်ဆဲခဏ၌ အကျိုးဝိပါက်ကို မဖြစ်စေနိုင်သေးသော်လည်း အကျိုးကိုဖြစ်စေနိုင်သည့် စွမ်းအင် ကမ္မသတ္တိကိုကား ရုပ်နာမ် အစဉ်တွင် မြှုပ်နှံ၍ ထားခဲ့၏။ ကမ္မဿ သမတ္ထတာ တဿ ကမ္မပစ္စယဘာဝေါ ---- ဟူသော မူလဋီကာနှင့်အညီ ကံ၏ အကျိုးကိုဖြစ်စေနိုင်သည့် စွမ်းအားသည်ပင် ထိုမိမိအကျိုးတရား၏ ကံဟူသော ပစ္စည်းအကြောင်းတရား ဖြစ်ရပေသည်။ ပြုစုပျိုးထောင်ခဲ့သော ကုသိုလ်စေတနာ အကုသိုလ်စေတနာ၏ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားရှိမှု မရှိမှုသည်ကား ဤအရာ၌ လိုရင်းမဟုတ်ပေ။ ပြုအပ်ပြီးသော ကံ၏ ပြုအပ်ပြီး ဆည်းပူးအပ်ပြီးသည့်အတွက် အကျိုးကို ဖြစ်စေနိုင်သည့် စွမ်းအင် စွမ်းအား၏ တည်ရှိနေမှုသည်သာ ဤအပိုင်း၌ လိုရင်းဖြစ်သည်၊ ကံအကြောင်းတရားဖြစ်သည် = ကမ္မပစ္စည်းဖြစ်သည်။

ယခုအခါ၌ အသင်သူတော်ကောင်းသည်လည်း ရှေးရှေးဘဝက ပြုအပ်ခဲ့သော ကုသိုလ်ကံ အကုသိုလ်ကံ တို့နှင့် အမြဲပြည့်စုံသော ကမ္မသမင်္ဂိတာ ပုဂ္ဂိုလ်သာ ဖြစ်၏။ လှည်း၌ တပ်ဆင်ထားအပ်သော နွား၏နောက်သို့ လှည်းဘီးသည် အစဉ်လိုက်သကဲ့သို့လည်းကောင်း, လူ၏ သွားလေရာရာ၌ အရိပ်သည် ကပ်ပါနေသကဲ့သို့ လည်းကောင်း ထိုပြည့်ပြည့်စုံစုံ ထူထောင်ခဲ့သော ကံသည် အစဉ်လိုက်ပါ၍ နေပေ၏။ သို့သော် အတိတ်ဘဝ အဆက်ဆက်က ထူထောင်ခဲ့သော ထိုကံတို့သည်ကား အကျိုးမပေးဘဲ မနေသာသော ဂရုကကံများကား မဟုတ် ကြပေ။ ကာလ, ဂတိ, ဥပဓိ, ပယောဂတို့နှင့် ပြည့်စုံမှု မပြည့်စုံမှုသို့လိုက်၍ အကျိုးပေးဖို့ရန် လိုက်ပါနေကြပေသည်။ (အကျယ်ကို အဘိ၊ဋ္ဌ၊၂၊၄၂၁-၄၃၄ တို့၌ ကြည့်ပါ။)

ထိုကြောင့် အမြော်အမြင်ရှိသော ပညာရှိသူတော်ကောင်းတို့သည် အကုသိုလ်ကံများ အကျိုးပေးခွင့် မရလေအောင် ယခုဘဝ၌ ကုသိုလ်ကံတို့ကို များစွာ အားရှိသည်ထက် အားရှိအောင် စွမ်းအားကြီးမားအောင် ပြုစုပျိုးထောင်ကြ၏၊ သမထဘာဝနာတို့ကို ပွားများခြင်းဖြင့် မဟဂ္ဂုတ် ဂရုကံများကို ရရှိအောင် ကြိုးပမ်းကြ၏၊ ထိုထက် သံဝေဂဉာဏ် ကြီးမားရင့်သန်တော်မူကြသော သူတော်ကောင်း သူမြတ်လောင်းတို့သည်ကား ဤဘဝ၌ပင် လည်ပတ်နေသော ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ်ကြီးကို အပြီးတိုင် ရပ်စဲအောင် သမထ ဝိပဿနာ ဘာဝနာတို့ကို အားသွန်ခွန်စိုက် ကြိုးပမ်းတော်မူကြ၏။ ထိုသို့ ကြိုးစားအားထုတ်သော ပုဂ္ဂိုလ်တို့၏ သန္တာန်၌ ကုသိုလ်ကံတို့က အခွင့်သာ၍ ဆက်ကာဆက်ကာ အကျိုးပေးနေသောကြောင့် အကုသိုလ်ကံတို့သည် အကျိုးပေးခွင့် မရတော့ဘဲ အဟောသိကံ ဖြစ်ကြရလေသည်။ အကယ်၍ အရဟတ္တဖိုလ်သို့တိုင်အောင် ဆိုက်ရောက်သွားပါက အဟောင်းဖြစ်သော ကုသိုလ်ကံ အကုသိုလ်ကံမှန်သမျှတို့သည် အမြစ်အရင်းနှင့်တကွ ကုန်ဆုံးပျက်ပြုန်းကြပြီးလျှင် အသစ်ဖြစ်သော ကုသိုလ်ကံ အကုသိုလ်ကံ မှန်သမျှတို့သည်လည်း နောက်ထပ် တစ်ဖန် ဖြစ်ပေါ်ခြင်း အလျှင်းမရှိတော့ပေ။ တောက်လောင်နေသော ဆီမီးသည် ငြိမ်းလေဘိသကဲ့သို့ သံသရာဝဋ်ဒုက္ခ မီးပုံကြီးသည် အပြီးတိုင် ငြိမ်းလေတော့သည်။

၄။ ဥပဋ္ဌာနသမင်္ဂိတာ ---- သတ္တဝါတို့သည် အရဟတ္တဖိုလ်သို့ မဆိုက်ရောက်သေးသမျှ ကာလပတ်လုံး ထိုထိုဘဝမှ စုတေ၍ ဘဝသစ်၌ ဖြစ်ကြရကုန်လတ်သော် စုတေမတိုင်မီ သေခါနီး မရဏာသန္နအခါ၌ ဘဝသစ်ကို ဖြစ်စေတော့မည့် ကံ၏ စွမ်းအားကြောင့်, ကံ ကမ္မနိမိတ် ဂတိနိမိတ်ဟူသော နိမိတ်သုံးမျိုးတို့တွင် တစ်မျိုးမျိုးသည် ထင်လာမြဲ ဓမ္မတာဖြစ်၏။

(က) ငရဲ၌ ဖြစ်ကြရကုန်လတ်သော် မီးတောက် မီးလျှံ ငရဲအိုးကြီးစသော ငရဲနိမိတ်သည် ထင်လာ၏။

( ခ ) အမိဝမ်းခေါင်း၌ ကိန်းအောင်းရသူ၏ အဖြစ်သို့ ကပ်ရောက်ရကုန်လတ်သော် အမိဝမ်းရေဟူသော ဂတိနိမိတ်သော်လည်း ထင်လာ၏။

( ဂ ) နတ်ပြည်တို့၌ ဖြစ်ကြရကုန်လတ်သော် ပဒေသာပင် ဘုံဗိမာန်အစရှိသော နတ်လောက နိမိတ်သော်လည်း ထင်လာ၏။

ဤသို့လျှင် ပဋိသန္ဓေတည်နေရခြင်း၏ နိမိတ်သည် စုတေခါနီး ကာလဝယ် ထင်လာ၏။ ဤသို့လျှင် ထိုသတ္တဝါတို့၏ ဤသို့သော ပဋိသန္ဓေတည်နေရခြင်း၏ အကြောင်းအာရုံ၏ ထင်လာခြင်းမှ မလွတ်နိုင်ကုန်သည်၏ အဖြစ်ကြောင့် ဥပဋ္ဌာနသမင်္ဂိတာ = ထင်လာသော အာရုံနှင့် ပြည့်စုံခြင်း ရှိသူတို့၏အဖြစ် မည်၏။

၅။ ဝိပါကသမင်္ဂိတာ ---- ဥပဋ္ဌာနသမင်္ဂိတာနှင့် ပြည့်စုံသော သတ္တဝါ၏ သန္တာန်ဝယ် စုတေခါနီးလတ်သော် မရဏာသန္နဇောသည် ယင်းထင်လာသော တစ်မျိုးမျိုးသော အာရုံကို အာရုံပြု၍ စောလေ၏။ စုတိ၏ အခြားမဲ့၌ ဖြစ်ပေါ်လာသော ဘဝသစ် ပဋိသန္ဓေဝိညာဏ်သည် ယင်းမရဏာသန္နဇောကယူအပ်ခဲ့သော အာရုံကိုပင် အာရုံ ပြု၍ ဖြစ်ပေါ်လာ၏။ ယင်းပဋိသန္ဓေဝိညာဏ်စသော အကျိုးဝိပါက်၏ ဖြစ်ဆဲခဏ၌ ဝိပါကသမင်္ဂိတာ = အကျိုး ဝိပါက်နှင့် ပြည့်စုံခြင်းရှိသူ၏အဖြစ် မည်၏။ (အဘိ၊ဋ္ဌ၊၂၊၄၁၉-၄၂၀။)

နိမိတ် အပြောင်းအလဲ

ထိုသမင်္ဂိတာ (၅)မျိုးတို့တွင် ဥပဋ္ဌာနသမင်္ဂိတာသည် ရွေ့လျားတတ်၏၊ ပြောင်းလဲတတ်၏။ ကြွင်းကုန်သော သမင်္ဂိတာ (၄)မျိုးတို့သည် မရွေ့လျားတတ်ကုန်၊ မပြောင်းလဲတတ်ကုန်။

ငရဲနိမိတ်သည် ထင်လာပါသော်လည်း နတ်ပြည်လောကနိမိတ်သည် ပြောင်းလဲ၍ ထင်နိုင်၏။ နတ်ပြည် လောကနိမိတ်သည် ထင်လာပါသော်လည်း ငရဲနိမိတ်သည် ပြောင်းလဲ၍ ထင်လာနိုင်၏၊ လူ့လောကနိမိတ်သည် ထင်လာပါသော်လည်း တိရစ္ဆာန်ယောနိ နိမိတ်သည် ပြောင်းလဲ၍ ထင်လာနိုင်၏၊ တိရစ္ဆာန်ယောနိ နိမိတ်သည် ထင်လာပါသော်လည်း လူ့လောကနိမိတ်သည် ပြောင်းလဲ၍ ထင်လာနိုင်သည်သာတည်း။ (အဘိ၊ဋ္ဌ၊၂၊၄၂၀-၄၂၁။)

ဤနိမိတ်တို့၏ ပြောင်းလဲမှုမှာ မရဏာသန္နဇောအခိုက်၌ ပြောင်းလဲသည်ကားမဟုတ်၊ မရဏာသန္နဇော မဆိုက်မီ သေခါနီး ပတ်ဝန်းကျင်၌ ထင်လာသော နိမိတ်တို့သည်သာလျှင် ယောနိသောမနသိကာရစသည့် အကြောင်းအားလျော်စွာ ပြောင်းလဲတတ်ခြင်းသာ ဖြစ်၏။ မရဏာသန္နဇော စောခိုက်၌ကား အပြောင်းအလဲ မရှိနိုင်တော့ပြီ။

သောဏဂိရိ အမည်ရသော သောဏတောင်ခြေ အစေလတောင်ကျောင်း၌ သီတင်းသုံးတော်မူသော ဓမ္မကထိက အရှင်သောဏမထေရ်မြတ်ကြီး၏ ဖခင်ဖြစ်သူ ဦးပဉ္စင်းကြီး၏ သန္တာန်၌ သေခါနီးကာလဝယ် ရှေးဦးစွာ ငရဲနိမိတ် ထင်ပြီးမှ သားဖြစ်သူ အရှင်သောဏမထေရ်က စေတီတော်အား ပန်းပူဇော်ပေးသည့် အာရုံနိမိတ်ကို ဦးပဉ္စင်းကြီးက ပြောင်း၍ အာရုံယူနိုင်သဖြင့် နတ်ပြည်လောကနိမိတ်များ ပြောင်းလဲ၍ ထင်လာကြောင်းကို (အဘိ၊ဋ္ဌ၊၂၊၄၂၀-၄၂၁။) တို့၌ ဖွင့်ဆိုထား၏။

ဤကဲ့သို့သော နိမိတ်အပြောင်းအလဲများကြောင့်လည်း အတိတ်အကြောင်းတရားတို့ကို စူးစမ်းရှာဖွေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ ပဋိသန္ဓေကျိုးကို ဖြစ်စေတတ်သည့် ဇနကကံကို အရင်မတွေ့ဘဲ ရံခါ ဥပတ္ထမ္ဘကကံ = အားပေးထောက်ပံ့တတ်သောကံကို အရင်ရှေးဦးစွာ တွေ့မြင်တတ်သည်လည်း ရှိတတ်၏။ ရံခါ အတိတ်ကို လှမ်း၍ အကြောင်းတရားတို့ကို စူးစမ်းရှာဖွေရာ၌ မရဏာသန္နဇော၏ အာရုံကို ကျော်လွန်၍ မရဏာသန္နဇော မစောမီ အချိန်ကာလများက မနောဒွါရ၌ ထင်နေသော ထိုအတိတ်နာမ်သန္တတိအစဉ်၏ အာရုံများကို ကျော်လွန်၍ ရှုမိသောကြောင့် မရဏာသန္နဇောမတိုင်မီ နိမိတ်နှင့် မရဏာသန္နဇော၏ နိမိတ်တို့ မတူညီကြခြင်းလည်း ဖြစ်နိုင်၏။ အကျိုးပေးတော့မည့် ကံများသည် ရံခါ သေခါနီးကာလဝယ် အလုအယက် ဖြစ်နေတတ်၏။ နွားခြံကို ဖွင့်ထုတ်လိုက်သောအခါ နွားခြံဝ၌ နွားတို့သည် စုပြုံ၍ တိုးနေသကဲ့သို့ သေခါနီးဝန်းကျင်တွင် အကျိုးကို ဖြစ်စေနိုင်သည့် စွမ်းအားရှိသော ကံများမှာ အလုအယက် ဖြစ်နေတတ်၏။ ထိုကံအမျိုးမျိုးတို့၏ စွမ်းအားကြောင့်လည်း သေခါနီး ပတ်ဝန်းကျင်တွင် နိမိတ်အမျိုးမျိုး ထင်လာတတ်သည်လည်းရှိ၏၊ ထိုအခါမျိုး၌ ဥပတ္ထမ္ဘက ကံကို ဉာဏ်ဖြင့် အရင်တွေ့မြင်တတ်၍ နောက်ပိုင်းပြန်လည် ဆန်းစစ်ကြည့်ပါမှ ဇနကကံကို တွေ့တတ်ပေသည်။

တစ်ဖန် မရဏာသန္နဇောမတိုင်မီ၌ ထင်လာသော အာရုံနိမိတ်တို့မှာ ကံတို့၏ စွမ်းအားအပေါ် အခြေစိုက်၍ အမျိုးမျိုး ဖြစ်ချင်လည်း ဖြစ်နိုင်၏၊ ရံခါ မရဏာသန္နဇော၏ အာရုံသည်ပင် မရဏာသန္နဇောမတိုင်မီ အချိန်ခပ်စောစောကပင် ကြိုတင်၍ ထင်နေသည်လည်း ဖြစ်တတ်၏။ ဓမ္မိကဥပါသကာကြီး ကွယ်လွန်ခါနီးတွင် နတ်ပြည်ခြောက်ထပ်မှ နတ်ရထား ခြောက်စီးတို့ ထင်လာသည့် နိမိတ်မျိုးပင်တည်း။ ထိုနတ်ရထားခြောက်စီးတို့တွင် ဓမ္မိကဥပါသကာကြီးက တုသိတာနတ်ပြည်ကို ရွေးချယ်လိုက်သောအခါ တုသိတာနတ်ရထား တစ်စီးသာ နောက်ဆုံး မရဏာသန္နဇောအခိုက်၌ ထင်နေပေတော့သည်။

__________