နိဗ္ဗာနဂါမိနိပဋိပဒါ-တတိယတွဲ/ပဋ္ဌာန်းပစ္စည်းများ
ပဋ္ဌာန်းပစ္စည်းများ
ဤပဋိစ္စသမုပ္ပါဒ်တရားတော်၌ အဝိဇ္ဇာ ထင်ရှား ရှိခြင်းကြောင့် သင်္ခါရသည် ထင်ရှား ဖြစ်ပေါ်လာ၏၊ တစ်နည်းဆိုသော် --- အကြောင်းတရား ထင်ရှား ဖြစ်ပေါ်လာခြင်းကြောင့် အကျိုးတရားသည် ထင်ရှား ဖြစ်ပေါ်လာ၏ဟု ဆိုရာ၌ အကြောင်းတရားများက အကျိုးတရားများကို ဖြစ်ပေါ်လာအောင် မည်သို့မည်ပုံ ကျေးဇူးပြုပေး ပါသနည်း၊ မည်သည့် ပစ္စယသတ္တိများဖြင့် ကျေးဇူးပြုပေးပါသနည်းဟု မေးမြန်းဖွယ်ရာ ရှိ၏၊ ကြောင်း-ကျိုး ဆက်နွယ်မှု သဘောတရားများ၌ ဉာဏ်ကျက်စားနိုင်ရန် အလို့ငှာ ဤတွင် ပဋ္ဌာန်း (၂၄)ပစ္စည်းကို အကျဉ်းချုပ်၍ ရေးသားတင်ပြပေအံ့ ---
(၂၄) ပစ္စည်း ဥဒ္ဒေသပါဠိတော်
ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော၊ အဓိပတိပစ္စယော၊ အနန္တရပစ္စယော၊ သမနန္တရပစ္စယော၊ သဟဇာတပစ္စယော၊ အညမညပစ္စယော၊ နိဿယပစ္စယော၊ ဥပနိဿယပစ္စယော၊ ပုရေဇာတပစ္စယော၊ ပစ္ဆာဇာတပစ္စယော၊ အာသေဝနပစ္စယော၊ ကမ္မပစ္စယော၊ ဝိပါကပစ္စယော၊ အာဟာရပစ္စယော၊ ဣန္ဒြိယပစ္စယော၊ စျာနပစ္စယော၊ မဂ္ဂပစ္စယော၊ သမ္ပယုတ္တပစ္စယော၊ ဝိပ္ပယုတ္တပစ္စယော၊ အတ္ထိပစ္စယော၊ နတ္ထိပစ္စယော၊ ဝိဂတပစ္စယော၊ အဝိဂတပစ္စယောတိ။ (ပဋ္ဌာန၊၁၊၁။)
ဟေတုပစ္စည်း
ဟေတု-သဒ္ဒါသည် အရင်းအမြစ် (= မူလ)ကို ဟောသောသဒ္ဒါ ဖြစ်၏။ လောဘ-ဒေါသ-မောဟတရား (၃)ပါးသည် အကုသိုလ်တရားတို့၏ အရင်းအမြစ် (= မူလတရား) ဖြစ်၏။ အကုသလမူလတရားဟု ခေါ်၏၊ အကုသိုလ်ဟိတ်ဟုလည်း ခေါ်၏။ အလောဘ-အဒေါသ-အမောဟဟူသော တရား (၃)ပါးသည် ကုသိုလ်တရား နှင့် အချို့သော အဗျာကတတရားတို့၏ အရင်း-အမြစ်-မူလတရား ဖြစ်၏၊ ကုသလမူလတရား အဗျာကတမူလ တရားဟုခေါ်၏၊ ကုသိုလ်ဟိတ်, အဗျာကတဟိတ်ဟုလည်း ခေါ်၏။
ပစ္စယ = ပစ္စည်း
ပစ္စယောတိ ဧတ္ထ ပန အယံ ဝစနတ္ထော၊ ပဋိစ္စ ဧတသ္မာ ဧတီတိ ပစ္စယော။ အပစ္စက္ခာယ နံ ဝတ္တတီတိ အတ္ထော။ ယော ဟိ ဓမ္မော ယံ ဓမ္မံ အပစ္စက္ခာယ တိဋ္ဌတိ ဝါ ဥပ္ပဇ္ဇတိ ဝါ၊ သော တဿ ပစ္စယောတိ ဝုတ္တံ ဟောတိ။ လက္ခဏတော ပန ဥပကာရကလက္ခဏော ပစ္စယော။ ယော ဟိ ဓမ္မော ယဿ ဓမ္မဿ ဌိတိယာ ဝါ ဥပ္ပတ္တိယာ ဝါ ဥပကာရကော ဟောတိ၊ သော တဿ ပစ္စယောတိ ဝုစ္စတိ။ ပစ္စယော, ဟေတု, ကာရဏံ, နိဒါနံ, သမ္ဘဝေါ, ပဘဝေါတိအာဒိ အတ္ထတော ဧကံ၊ ဗျဉ္ဇနတော နာနံ။ ဣတိ မူလဋ္ဌေန ဟေတု၊ ဥပကာရကဋ္ဌေန ပစ္စယောတိ သင်္ခေပတော မူလဋ္ဌေန ဥပကာရကော ဓမ္မော ဟေတုပစ္စယော။ (အဘိ၊ဋ္ဌ၊၃၊၃၄၄။ ဝိသုဒ္ဓိ၊၂၊၁၆၄။)
အကျိုးတရားသည် ဤအကြောင်းတရားမှ စွဲ၍ ဖြစ်ရ၏ တည်ရ၏၊ ထိုသို့ အကျိုးတရား၏ စွဲ၍ ဖြစ်ခဲ့ရာ စွဲ၍ တည်ခဲ့ရာ အကြောင်း၏ အဖြစ်ကြောင့် ထိုအကြောင်းတရားသည် ပစ္စယ = ပစ္စည်း မည်၏။ ထိုအကြောင်း တရားကို မပယ်စွန့်မူ၍ ဖြစ်ရ၏ တည်ရ၏ဟု ဆိုလိုသည်။ ထင်ရှားစေအံ့ --- အကြင်အကျိုးတရားသည် အကြင် အကြောင်းတရားကို မပယ်စွန့်မူ၍ မကင်းမူ၍ တည်မူလည်း တည်ရ၏၊ ဖြစ်မူလည်း ဖြစ်ရ၏။ ထိုအကြောင်း တရားသည် ထိုအကျိုးတရား၏ စွဲ၍တည်ခဲ့ရာ စွဲ၍ဖြစ်ခဲ့ရာ အကြောင်းတရားပင်တည်း။
[မှတ်ချက် --- ပစ္ဆာဇာတပစ္စည်းသည် (= နောက်နောက်၌ ဖြစ်သော နာမ်တရားစုသည်) ပုရေဇာတ (= မိမိ၏ ရှေးက ကြိုတင်၍ ဖြစ်နှင့်သော ရုပ်တရားစု)အား တည်ဖို့ရန်သာ ကျေးဇူးပြု၏၊ ဖြစ်ဖို့ရန်ကား ကျေးဇူးမပြု။ အနန္တရစသော ပစ္စည်းသည် (= ရှေးရှေးသော နာမ်တရားစုသည်) နောက်နောက်သော နာမ်တရားစုအား ဖြစ်ဖို့ရန်သာ ကျေးဇူးပြု၏၊ တည်ဖို့ရန်ကား ကျေးဇူးမပြု။ ဟေတုစသော ပစ္စည်းတို့ကား တည်ဖို့ရန် ဖြစ်ဖို့ရန် နှစ်မျိုးလုံးအတွက် ကျေးဇူးပြုကြသည်။ ထိုကြောင့် တိဋ္ဌတိ ဝါ ဥပ္ပဇ္ဇတိ ဝါ - ဟု အနိယမတ္ထအနက် ရှိသော (= မမြဲသောအနက် ရှိသော) ဝါ-သဒ္ဒါဖြင့် ဖွင့်ဆိုသည်။ တိဋ္ဌတိ-ကား ဌီအခိုက်၌ တည်သောအားဖြင့် ဖြစ်ခြင်းတည်း၊ ဥပ္ပဇ္ဇတိ-ကား ဥပါဒ်အခိုက်၌ ဥပါဒ်သောအားဖြင့် ဖြစ်ခြင်းတည်း။]
ဤအထက်ပါ ဖွင့်ဆိုချက်များနှင့် အညီ အကြောင်းတရားများကို ပစ္စည်း၊ အကျိုးတရားများကို ပစ္စယုပ္ပန်ဟု မှတ်သားထားပါ။
ဥပကာရကလက္ခဏာ
ပစ္စယသဒ္ဒါ၏ အကြောင်းဟူသောအနက်သည် သဒ္ဒတ္ထတည်း = သဒ္ဒါနက်တည်း။ ဥပကာရက-အနက်ကား အကြောင်းတရားအားလုံး၏ သဘောကိုပြသော လက္ခဏတ္ထတည်း။ သဘာဝလက္ခဏ အနက်သဘောတည်း။
ဥပကာရက --- ဟူသည် ပစ္စယုပ္ပန်အကျိုးတရားတို့၏ လျော်သောဂုဏ်ရှိသည်၏အဖြစ်ကို ပြီးစေခြင်း = ပြုခြင်းတည်း။ ယင်းသို့ ပြုခြင်းဟူသည် အကြောင်းတရားနှင့်လျော်သော အကျိုးတရား၏ ဖြစ်နိုင်ခြင်း တည်ခြင်း ပင်တည်း။ ထိုသို့ အကြောင်းတရားနှင့် လျော်သော အကျိုးတရား၏ ဖြစ်နိုင်အောင် တည်နိုင်အောင် အကြောင်း တရားများက အကျိုးတရားများကို ပြုပေးသည် ဟူလိုသည်။ ယင်းသို့ ပြုပေးနိုင်ခြင်းကိုပင် အကြောင်းပစ္စည်း တရားတို့က အကျိုးပစ္စယုပ္ပန်တရားတို့ကို အကြောင်းတရားနှင့် လျော်သော အကျိုးတရားဖြစ်အောင် တည်အောင် ကျေးဇူးပြုပေးသည်ဟု ခေါ်ဆိုကြသည်။ ယင်းသို့ ကျေးဇူးပြုပေးသော ထိုအကျိုးတရား၏ ထိုအကြောင်းတရားကို ပစ္စယ = ပစ္စည်း-ဟုခေါ်ဆိုသည်။
အကျဉ်းချုပ်အားဖြင့်ကား အရင်းအမြစ်မူလ၏အဖြစ်ဖြင့် အကျိုးတရားတို့ကို လျော်သော အကျိုးကျေးဇူး ရှိသည်၏အဖြစ်ကို ပြုပေးတတ်သော (= လျော်သော အကျိုးကျေးဇူး ဖြစ်အောင် တည်အောင် ပြုပေးတတ်သော) ဟိတ် (၆)ပါး အကြောင်းတရားသည် ဟေတုပစ္စည်းမည်၏။
မူလဋ္ဌ = အရင်းအမြစ် အနက်သဘော
လဒ္ဓဟေတုပစ္စယာ ဟိ ဓမ္မာ ဝိရူဠှမူလာ ဝိယ ပါဒပါ ထိရာ ဟောန္တိ သုပ္ပတိဋ္ဌိတာ၊ အဟေတုကာ တိလဗီဇကာဒိသေဝါလာ ဝိယ န သုပ္ပတိဋ္ဌိတာ။ ဣတိ မူလဋ္ဌေန ဥပကာရကောတိ သုပ္ပတိဋ္ဌိတဘာဝသာဓနေန ဥပကာရကော ဓမ္မော ဟေတုပစ္စယောတိ ဝေဒိတဗ္ဗော။ (အဘိ၊ဋ္ဌ၊၃၊၃၄၅။ ဝိသုဒ္ဓိ၊၂၊၁၆၅။)
အရင်းအမြစ် --- ဟူသည် အကျိုးတရားတို့၏ ကောင်းစွာတည်သည်၏ အဖြစ်ကို ပြီးစေခြင်းတည်း။ စည်ပင်ပြန့်ပွားသော အမြစ်ရှိကုန်သော သစ်ပင်တို့သည် ခိုင်မြဲကုန် ကောင်းစွာတည်ကုန်သကဲ့သို့ ရအပ်သော ဟေတုပစ္စည်း (= ဟိတ်အကြောင်းတရား) ရှိကုန်သော ပစ္စယုပ္ပန်တရားတို့သည် ခိုင်မြဲကုန် ကောင်းစွာ တည်ကြ ကုန်၏။ အဟိတ်တရားတို့ကား နှမ်းစေ့ပမာဏရှိသော --- မှော်နှမ်း --- အစရှိသော မှော်တို့ကဲ့သို့ ကောင်းစွာ မတည်နိုင်ကြကုန်။ သို့အတွက် -- အရင်းအမြစ်မူလ၏ အဖြစ်ဖြင့် အကျိုးတရားတို့ကို လျော်သော အကျိုးကျေးဇူး ရှိသည်၏ အဖြစ်ကို ပြုပေးတတ် (= ကျေးဇူးပြုပေးတတ်)၏ ဟူသော စကားရပ်၌ --- အကျိုးပစ္စယုပ္ပန်တရားတို့၏ ကောင်းစွာတည်သည်၏ အဖြစ်ကို ပြီးစေခြင်းအားဖြင့် အကျိုးတရားတို့ကို အကြောင်းတရားနှင့် လျော်သော ဂုဏ်ရှိသည်၏အဖြစ်ကို ပြုပေးတတ် ကျေးဇူးပြုပေးတတ်သော ဟိတ် (၆)ပါးတရားသည် ဟေတုပစ္စည်းမည်၏ဟု သိရှိပါလေ။ (အာရမ္မဏပစ္စည်း စသည်တို့၌လည်း ဤနည်းကို နည်းမှီး၍ သဘောပေါက်ပါလေ။)
ကျေးဇူးပြုသည် --- ပစ္စည်းတရားတို့က ပစ္စယုပ္ပန်တရားတို့အား ကျေးဇူးပြုသည်ဟု ဆိုရာ၌ -- (၁) မဖြစ်သေးသော ပစ္စယုပ္ပန်တရားတို့ကို ဖြစ်စေခြင်း, (၂) ဖြစ်ပြီးသော ပစ္စယုပ္ပန်တရားတို့ကို တည်တံ့အောင် ထောက်ပံ့ ထားခြင်းကို ကျေးဇူးပြုသည်ဟု ခေါ်ဆိုသည် မှတ်ပါ။
ပစ္စည်းနှင့် ပစ္စယုပ္ပန်
ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၁။)
ဟေတုပစ္စည်းတရားကား --- လောဘ ဒေါသ မောဟ, အလောဘ အဒေါသ အမောဟဟူသော ဟိတ် (၆)ပါး တရားတည်း။
ဟေတုပစ္စယုပ္ပန်တရားကား --- သဟိတ်စိတ် (၇၁)ပါး၊ မောဟမူဒွေ၌ မောဟကြဉ်သော စေတသိက် (၅၂)ပါး၊ ပဝတ္တိအခါ သဟိတ် စိတ္တဇရုပ်၊ ပဋိသန္ဓေအခါ သဟိတ် ပဋိသန္ဓေကမ္မဇရုပ်တည်း။
ပဋိသန္ဓေကမ္မဇရုပ်နှင့် ပဝတ္တိစိတ္တဇရုပ်တို့ကား ဟိတ် (၆)ပါး ပစ္စည်းတရားနှင့် ထိုက်သလို အတူတကွ ဖြစ်သော သဟဇာတ = သဟဇာတ်ရုပ်တို့တည်း။ ဟိတ် (၆)ပါးပစ္စည်းတရားတို့သည် သမ္ပယုတ္တခန္ဓာ = စိတ္တက္ခဏ တစ်ခု၏ အတွင်း၌ အတူယှဉ်တွဲဖြစ်သည့် နာမ်ခန္ဓာနှင့် သဟဇာတ်ရုပ်ဟူသော ပစ္စယုပ္ပန်တရားအားသာ ကျေးဇူးပြုပေးသဖြင့် စိတ္တက္ခဏတစ်ခုအတွင်း၌ ကျေးဇူးပြုပေးမှုကိုသာ ရည်ညွှန်းထားသည့် ပစ္စုပ္ပန်ကာလ ပစ္စည်းတရားစု ဟု မှတ်ပါ။ အကြောင်းတရားများကား နာမ်တရားစုတို့သာ ဖြစ်ကြ၏။ အကျိုးတရားများကား နာမ်ရုပ် နှစ်မျိုးလုံး ဖြစ်ကြ၏။ သို့အတွက် ဤဟေတုပစ္စည်းသည် နာမ်က နာမ်ရုပ်အား ကျေးဇူးပြုသော ပစ္စည်းတရားတည်း။
ကမ္မံ ခေတ္တံ၊ ဝိညာဏံ ဗီဇံ၊ တဏှာ သ္နေဟော။ (အံ၊၁၊၂၂၄။)
၁။ ကံသည် လယ်ယာနှင့် တူ၏။
၂။ ပဋိသန္ဓေဝိညာဏ်သည် မျိုးစေ့နှင့် တူ၏။
၃။ တဏှာသည် ရေအစေးနှင့် တူ၏။ (အံ၊၁၊၂၂၄။)
ဤအရာဝယ် ဟေတုပစ္စည်းတရားများက ပဋိသန္ဓေကမ္မဇရုပ်တို့အားသာ ကျေးဇူးပြုပေး၍ ပဝတ္တိကမ္မဇရုပ်တို့အား ကျေးဇူးမပြုခြင်း၏ အကြောင်းမှာ ပဋိသန္ဓေကမ္မဇရုပ်တို့သည် ပဋိသန္ဓေဝိညာဏ်စိတ်နှင့်သာ ဆက်စပ်သော ဖြစ်ခြင်း ရှိသည့်အတွက်ကြောင့် ဖြစ်၏။ ပဋိသန္ဓေအခါဝယ် ကမ္မဇရုပ်တို့သည် ပဋိသန္ဓေစိတ်နှင့် စပ်သော ဖြစ်ခြင်း ရှိကြကုန်၏။ ပဋိသန္ဓေစိတ်နှင့် စပ်သဖြင့်သာလျှင် ဖြစ်လည်း ဖြစ်ကြကုန်၏၊ တည်လည်း တည်ကြကုန်၏။ မှန်ပေသည် ---- ထိုပဋိသန္ဓေခဏ၌ ပဋိသန္ဓေစိတ်သည် စိတ္တဇရုပ်ကို မဖြစ်စေနိုင်။ (အကြောင်း ပြချက်ကို ရှေးရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ပြန်ကြည့်ပါ။) ထိုကမ္မဇရုပ်တို့သည်လည်း ပဋိသန္ဓေဝိညာဏ် တွယ်မှသာလျှင် ဖြစ်နိုင်ခွင့် ရှိကြသဖြင့် ပဋိသန္ဓေဝိညာဏ်နှင့် ကင်း၍ ဖြစ်ခြင်းငှာလည်းကောင်း, တည်ခြင်းငှာလည်းကောင်း မစွမ်းနိုင်ကြကုန်။ ထိုကြောင့်ပင်လျှင် ဘုရားရှင်သည် ---
ဝိညာဏပစ္စယာ နာမရူပံ။ ။ တသ္မိံ ပတိဋ္ဌိတေ ဝိညာဏေ ဝိရူဠှေ နာမရူပဿ အဝက္ကန္တိ ဟောတိ။ (သံ၊၁၊၂၉၆။)
ပဋိသန္ဓေဝိညာဏ်ဟူသော အကြောင်းကြောင့် ပဋိသန္ဓေနာမ်ရုပ်သည် ဖြစ်ပေါ်လာ၏။ ။ ထိုပဋိသန္ဓေဝိညာဏ်သည် တည်လတ်သော် ပဋိသန္ဓေနာမ်ရုပ်၏ သက်ရောက်ခြင်းသည် ဖြစ်ပေါ်လာ၏။ --- ဟု ဟောတော်မူပြီ။ (နိဒါနဝဂ္ဂသံယုတ် ကဠာရဝဂ်, ဒုတိယ စေတနာသုတ်။)
တစ်ဖန် ပဝတ္တိအခါ၌ကား ထိုကမ္မဇရုပ်တို့သည် စိတ် (= ဝိညာဏ်)သည် ထင်ရှားမရှိပါသော်လည်း ကံ၌ စပ်၍သာ ဖြစ်၏၊ ကံနှင့် ဆက်စပ်လျက်သာလျှင် ဖြစ်၏၊ စိတ်နှင့် စပ်သော ဖြစ်ခြင်းကား မရှိပေ။ မှန်ပေသည်- စိတ်စေတသိက် စိတ္တဇရုပ်တို့ ချုပ်ငြိမ်းနေကြသဖြင့် စိတ်ထင်ရှား မရှိကြကုန်သော နိရောဓသမာပတ်ကို ဝင်စားတော်မူကြကုန်သော အနာဂါမ် ရဟန္တာ အရှင်မြတ်တို့၏ သန္တာန်၌သော်လည်း ထိုကမ္မဇရုပ်တို့သည် ဆက်လက်၍ ဖြစ်နေကြသောကြောင့် ဖြစ်၏။
တစ်ဖန် ပဋိသန္ဓေစိတ်သည် စိတ္တဇရုပ်ကို ဖြစ်စေနိုင်စွမ်း မရှိသဖြင့် ကမ္မဇရုပ်သည်သာလျှင် ထိုပဋိသန္ဓေစိတ်၏ စိတ္တသမုဋ္ဌာန်ရုပ်၏ နေရာ၌ တည်နေ၏။ ထိုပဋိသန္ဓေစိတ်သည်လည်း ကမ္မဇရုပ်၏သာ မျိုးစေ့နေရာ၌ တည်နေ၏။ ကံသည်မူကား ထိုကမ္မဇရုပ် ဖြစ်ထွန်းရာ လယ်ယာနှင့်တူ၏။ တဏှာစသည့် ကိလေသာတို့သည် ရေနှင့် တူကုန်၏။
ထိုကြောင့် လယ်ယာသည်လည်းကောင်း ရေသည်လည်းကောင်း ထင်ရှားရှိပါသော်လည်း ရှေးဦးစွာ ဖြစ်ခြင်း၌ မျိုးစေ့၏ အာနုဘော်ကြောင့် သစ်ပင်သည် ဖြစ်ပေါ်လာနိုင်သကဲ့သို့ ပဋိသန္ဓေခဏ၌ ပဋိသန္ဓေစိတ်၏ အာနုဘော်ကြောင့် ကမ္မဇရုပ်အပေါင်းသည် ဖြစ်ပေါ်လာရ၏။
မျိုးစေ့သည် အပင်ပေါက်ပြီးသောအခါ တဖြည်းဖြည်း ဆွေးမြည့်၍ ကင်းပျောက်သွားသော်လည်း လယ်ယာမြေဓာတ်နှင့် ရေဓာတ်တို့၏ အာနုဘော်ကြောင့် သစ်ပင်၏ အဆက်ဆက် တိုးတက်ကြီးပွား ဖြစ်ထွန်းခြင်းသည် ဖြစ်နိုင်သကဲ့သို့ ပဝတ္တိအခါ၌ကား စိတ်နှင့် ကင်း၍ ကံကြောင့်သာလျှင် ကမ္မဇရုပ်တို့သည် ဖြစ်နိုင်ကုန်၏ဟု သိရှိပါလေ။ ထိုကြောင့် ဘုရားရှင်သည် ---
၁။ ကံသည် လယ်ယာနှင့် တူ၏။
၂။ ပဋိသန္ဓေဝိညာဏ်သည် မျိုးစေ့နှင့် တူ၏။
၃။ တဏှာသည် ရေအစေးနှင့် တူ၏ --- ဟု
ဤစကားတော်ကို ဟောကြားတော်မူခဲ့ပေသည်။ (အဘိ၊ဋ္ဌ၊၃၊၃၅၅-၃၅၆။)
အာရမ္မဏပစ္စည်း
အာရုံ၏ အစွမ်းဖြင့် ကျေးဇူးပြုတတ်သော တရားသည် အာရမ္မဏပစ္စည်းတည်း။ အားမရှိသော ယောက်ျား သည် တုတ်ကိုသော်လည်းကောင်း, ကြိုးကိုသော်လည်းကောင်း ဆွဲမှီ၍သာလျှင် ထလည်း ထရသကဲ့သို့ လည်းကောင်း, ရပ်လည်း ရပ်ရသကဲ့သို့လည်းကောင်း အလားတူပင် စိတ်စေတသိက်တရားတို့သည် ရူပါရုံစသော အာရုံကို အာရုံပြု၍သာလျှင် ဖြစ်လည်း ဖြစ်ကြရကုန်၏၊ တည်လည်း တည်ကြရကုန်၏၊ ထိုကြောင့် စိတ်စေတသိက် တို့၏ အာရုံဖြစ်ကုန်သော အာရုံ (၆)ပါးလုံးကိုပင် အာရမ္မဏပစ္စည်း = အာရုံအကြောင်းတရားဟူ၍ သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၃၊၃၄၅။ ဝိသုဒ္ဓိ၊၂၊၁၆၅။)
အာရမ္မဏပစ္စည်းတရားကား အာရုံ (၆)ပါးတည်း။
အာရမ္မဏပစ္စယုပ္ပန်တရားကား စိတ်စေတသိက်တရားစုတည်း။
[မှတ်ချက် --- ဝိပဿနာပိုင်းဝယ် ဝိပဿနာဉာဏ်၏ အရှုခံအာရုံကိုသာ ကွက်၍ ပြောဆိုရပါမူ --- အာရုံဘက်၌ ရုပ် (၂၈)ပါးနှင့် လောကီ စိတ်စေတသိက် နာမ်တရားစုတို့ တည်ရှိကြ၏။ အာရမ္မဏိက (= အာရုံယူတတ်သော ပစ္စယုပ္ပန်တရား)ဘက်၌ နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ဖော်ပြခဲ့သည့်အတိုင်း အာရုံ (၆)ပါးလုံး ကို ထိုက်သလို အာရုံပြုကြသည့် (၆)လိုင်းလုံး အတွင်း၌ တည်ရှိကြသော နာမ်တရားစုတို့ပင် ဖြစ်ကြသည်၊၊]
၁။ ရူပါရုံသည် ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော စက္ခုဒွါရဝီထိ, မနောဒွါရဝီထိ စိတ်-စေတသိက် နာမ်တရားစုတို့အား,
၂။ သဒ္ဒါရုံသည် သဒ္ဒါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော သောတဒွါရဝီထိ, မနောဒွါရဝီထိ စိတ်-စေတသိက် နာမ်တရားစုတို့အား,
၃။ ဂန္ဓာရုံသည် ဂန္ဓာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော ဃာနဒွါရဝီထိ, မနောဒွါရဝီထိ စိတ်- စေတသိက် နာမ်တရားစုတို့အား,
၄။ ရသာရုံသည် ရသာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော ဇိဝှါဒွါရဝီထိ, မနောဒွါရဝီထိ စိတ်- စေတသိက် နာမ်တရားစုတို့အား,
၅။ ဖောဋ္ဌဗ္ဗာရုံသည် ဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော ကာယဒွါရဝီထိ, မနောဒွါရဝီထိ စိတ်-စေတသိက် နာမ်တရားစုတို့အား,
၆။ ဓမ္မာရုံသည် ဓမ္မာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော မနောဒွါရဝီထိ စိတ်စေတသိက် နာမ်တရားစု တို့အား, --- အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေး၏။
(၁)ပညတ်, (၂)နာမ်, (၃)ရုပ် ပစ္စည်းတရားတို့က ပစ္စယုပ္ပန် နာမ်တရားတို့အား ကျေးဇူးပြုသော ပစ္စည်းမျိုးတည်း။ ပစ္စည်းတရားဘက်တွင် ကာလသုံးပါးအတွင်းရှိ ရုပ်နာမ်ပရမတ်တရား အားလုံးနှင့် ကာလဝိမုတ် ဖြစ်သော နိဗ္ဗာန်ပညတ် ပစ္စည်းတရားများ ပါဝင်ကြ၏။ ကသိုဏ်းပဋိဘာဂနိမိတ် အာနာပါနပဋိဘာဂနိမိတ် စသော ပညတ်အာရုံတို့လည်း ဓမ္မာရုံအရတွင် ပါဝင်ကြ၏။ ကသိုဏ်း ပဋိဘာဂနိမိတ်များက ကသိုဏ်းစျာန် နာမ်တရားတို့အား, အာနာပါနပဋိဘာဂနိမိတ်က အာနာပါနစျာန်နာမ်တရားတို့အား အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးလျက်ပင် ရှိ၏။ သို့အတွက် အာရမ္မဏပစ္စည်းပိုင်း၌ အောက်ပါလိုရင်း အတိုချုပ်ကို မှတ်သားထားပါ။
ယံ ယံ ဓမ္မံ အာရဗ္ဘ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၂။)
= ပညတ် ပရမတ်မဟူ မည်သည့်တရားကိုမဆို အာရုံပြု၍ အကြင်အကြင် စိတ်စေတသိက်တရားတို့သည် ဖြစ်ပေါ်လာကြကုန်၏၊ ထိုထို အာရုံတရားတို့သည် ထိုထို စိတ်စေတသိက်တရားတို့အား အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုလျက်ရှိ၏။ သိစရာ = အာရုံရှိပါမှ သိမှု ဖြစ်နိုင်သည် ဟူလို။
အဓိပတိပစ္စည်း
အကြီးအကဲ၏ အဖြစ်ဖြင့် ပစ္စယုပ္ပန်တရားတို့ကို လျော်သော ဂုဏ်ကျေးဇူးကို ပြုတတ်သော တရားသည် အဓိပတိပစ္စည်းမည်၏။ ထိုအဓိပတိ ပစ္စည်းသည် သဟဇာတာဓိပတိပစ္စည်း အာရမ္မဏာဓိပတိပစ္စည်းတို့၏ အပြား အားဖြင့် (၂)မျိုး အပြားရှိ၏။ ထို (၂)မျိုးသော အဓိပတိပစ္စည်းတို့တွင် --- သဟဇာတာဓိပတိပစ္စည်းသည် (၄)မျိုး ရှိ၏ ---
သဟဇာတာဓိပတိပစ္စည်း
ဆန္ဒာဓိပတိ ဆန္ဒသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၂။)
ဆန္ဒာဓိပတိတရားသည် ဆန္ဒနှင့် ယှဉ်ဖက် စိတ်စေတသိက် သမ္ပယုတ်တရားတို့အားလည်းကောင်း, ထို စိတ်စေတသိက်တို့ကြောင့် ဖြစ်ကုန်သော ရုပ်တို့အားလည်းကောင်း အဓိပတိပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ ---
ဤသို့စသည်ဖြင့် ဘုရားရှင်သည် ဟောကြားထားတော်မူအပ်သော ဆန္ဒ-ဝီရိယ-စိတ္တ-ဝီမံသ (= ပညာ)ဟု ခေါ်ဆိုအပ်ကုန်သော (၄)ပါးကုန်သော တရားတို့ကို အဓိပတိပစ္စည်းတရားတို့ဟူ၍ သိရှိပါလေ။ စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူဖြစ်ကြသော သဟဇာတတရားတို့အား အကြီးအကဲအဖြစ် ကျေးဇူးပြုတတ်သော တရားတို့ ပင်တည်း။ ယင်း (၄)မျိုးလုံးသည် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ကား အတူယှဉ်တွဲ၍ ဖြစ်နိုင်၏၊ သို့သော် (၄)မျိုးလုံးသည် ပြိုင်တူ အဓိပတိကိစ္စကား မတပ်ပေ။ အကြင်အခါ၌ ဆန္ဒကို အဦးပြု၍ အကြီးအကဲပြု၍ စိတ်သည် ဖြစ်ပေါ်လာ၏၊ ထိုအခါ၌ ဆန္ဒသည်သာလျှင် အဓိပတိ ကိစ္စတပ်ပေသည်။ ဝီရိယ-ဝီမံသ-စိတ္တတို့ကား အဓိပတိ ကိစ္စမတပ်ပေ။ ဝီရိယ-ဝီမံသ-စိတ္တတို့၌လည်း နည်းတူမှတ်ပါ။ စိတ္တက္ခဏတစ်ခု၏ အတွင်း၌ ယင်း (၄)မျိုးတို့တွင် တစ်မျိုးသည်သာလျှင် အဓိပတိကိစ္စကို ဆောင်ရွက်နိုင်သည်။
၁။ ဆန္ဒာဓိပတိ --- ဆန္ဒကို အဦးပြု၍ အကြီးအကဲပြု၍ စိတ်သည် ဖြစ်ပေါ်လာရာ၌ ဆန္ဒကား အဓိပတိ ပစ္စည်းတရားတည်း။ ယင်းဆန္ဒနှင့် ယှဉ်သော သာဓိပတိဇောစိတ်, ဆန္ဒ ဝိစိကိစ္ဆာကြဉ်သော စေတသိက်တရားစု, ယင်းစိတ်စေတသိက်တို့ကြောင့် ဖြစ်ကုန်သော စိတ္တဇရုပ်တို့ကား ပစ္စယုပ္ပန်တရားစုတည်း။
၂။ ဝီရိယာဓိပတိ --- ဝီရိယကို အဦးပြု၍ အကြီးအကဲပြု၍ စိတ်သည် ဖြစ်ပေါ်လာရာ၌ ဝီရိယကား အဓိပတိ ပစ္စည်းတရားတည်း။ ယင်းဝီရိယနှင့် ယှဉ်သော သာဓိပတိဇောစိတ်, ဝီရိယ ဝိစိကိစ္ဆာကြဉ်သော စေတသိက်တရားစု, ယင်းစိတ်စေတသိက်တို့ကြောင့် ဖြစ်ကုန်သော စိတ္တဇရုပ်တို့ကား ပစ္စယုပ္ပန်တရားစုတည်း။
၃။ ဝီမံသာဓိပတိ --- ပညာကို အဦးပြု၍ အကြီးအကဲပြု၍ စိတ်သည် ဖြစ်ပေါ်လာရာ၌ ပညာကား အဓိပတိ ပစ္စည်းတရားတည်း။ ယင်းပညာနှင့် ယှဉ်သော သာဓိပတိဇောစိတ်, ပညာ ဝိစိကိစ္ဆာကြဉ်သော စေတသိက်တရားစု, ယင်းစိတ်စေတသိက်တို့ကြောင့် ဖြစ်ကုန်သော စိတ္တဇရုပ်တို့ကား ပစ္စယုပ္ပန်တရားစုတည်း။
၄။ စိတ္တာဓိပတိ --- စိတ်ဓာတ်ကို အဦးပြု၍ အကြီးအကဲပြု၍ စိတ်သည် ဖြစ်ပေါ်လာရာ၌ သာဓိပတိဇောစိတ်ကား အဓိပတိပစ္စည်းတရားတည်း။ ယင်းသာဓိပတိဇောစိတ်နှင့် ယှဉ်သော ဝိစိကိစ္ဆာကြဉ်သော သမ္ပယုတ် စေတသိက်တရားစုနှင့် ယင်းစိတ်စေတသိက်တို့ကြောင့် ဖြစ်ကုန်သော စိတ္တဇရုပ်တို့ကား ပစ္စယုပ္ပန်တရားစုတည်း။
၁။ ဆန္ဒဝတော ကိံ နာမ န သိဇ္ဈတိ။
၂။ ဝီရိယဝတော ကိံ နာမ န သိဇ္ဈတိ။
၃။ ပညာဝတော ကိံ နာမ န သိဇ္ဈတိ။
၄။ စိတ္တဝတော ကိံ နာမ န သိဇ္ဈတိ။
၁။ ဆန္ဒရှိသသူအား အဘယ်မည်သော အကျိုးသည် မပြီးစီးဘဲ ရှိနိုင်ပါအံ့နည်း၊ (ပြီးစီးရမည်သာ)။
၂။ ဝီရိယရှိသသူအား အဘယ်မည်သော အကျိုးသည် မပြီးစီးဘဲ ရှိနိုင်ပါအံ့နည်း၊ (ပြီးစီးရမည်သာ)။
၃။ ပညာရှိသသူအား အဘယ်မည်သော အကျိုးသည် မပြီးစီးဘဲ ရှိနိုင်ပါအံ့နည်း၊ (ပြီးစီးရမည်သာ)။
၄။ ထက်သန်ပြင်းထန်သော စိတ်ဓာတ်ရှိသသူအား အဘယ်မည်သော အကျိုးသည် မပြီးစီးဘဲ ရှိနိုင်ပါအံ့နည်း၊ (ပြီးစီးရမည်သာ)။
စိတ်ဓာတ်ကို ပြုပြင်ပေးပါ
ဆန္ဒာဓိပတိမဖြစ်မီ ေ့ရှအဖို့၌ --- ဆန္ဒရှိလျှင် အဘယ်မည်သော အကျိုးသည် မပြီးစီးဘဲ ရှိနိုင်ပါအံ့နည်း-ဟု စိတ်ဓာတ်ကို (= စိတ်စေတသိက်တရားစုကို) ပြုပြင်ပေးရ၏။ ထိုရှေးအဖို့၌ ပြီးစီးသော စိတ်ဓာတ်ကို အားတက်အောင် ပြုပြင်မှုသည် နောက်နောက်စိတ်အား ပင်ကိုပကတိ သဘောအတိုင်း အားကြီးသောမှီရာဟူသော ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြု၏။ ထိုသို့ ကျေးဇူးပြုသောကြောင့် နောက်နောက်စိတ် ဖြစ်သောအခါ ဆန္ဒသည် အကြီးအကဲဖြစ်လာ၏။ ထိုသို့ အကြီးအကဲဖြစ်လာသော ဆန္ဒကို ဆန္ဒာဓိပတိဟု ခေါ်ရသည်။ ဝီရိယစသည်တို့ အဓိပတိဖြစ်ရာ၌လည်း ဤနည်းပင်တည်း။
ဆန္ဒရှိလျှင် အဘယ်မည်သော အကျိုးသည် မပြီးစီးဘဲ နေနိုင်ပါအံ့နည်း --- ဤသို့ စသော ရှေးအဖို့၌ ပြီးစီးသော စိတ်ဓာတ်ကို အားတက်အောင်ပြုပြင်မှု ဟူသော ပကတိ အားကြီးသောမှီရာ ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြုမှုကို ရရှိသောအခါ ဖြစ်ပေါ်လာကြကုန်သော နောက်နောက်သောစိတ်၌ (= စိတ်စေတသိက် အပေါင်း၌) ယှဉ်ကုန်သော ဆန္ဒစသော တရားတို့သည် အဦးပဓာန ဖြစ်ကြကုန်၏၊ အကြီးအကဲ ဖြစ်ကြကုန်၏။ မိမိတို့ ဆန္ဒ စသည်တို့ ကိုယ်တိုင် ယှဉ်ဖက်သမ္ပယုတ်တရားတို့ကို မိမိတို့ ဆန္ဒစသည်တို့၏ အလိုအတိုင်း ပြီးစေကုန်သည် ဖြစ်၍ ဖြစ်ပေါ်လာကြကုန်၏။ ထိုဆန္ဒစသည်တို့နှင့် ယှဉ်ဖက်သမ္ပယုတ်တရားတို့သည်လည်း ထိုဆန္ဒစသည်တို့၏ အလိုအတိုင်း ဖြစ်ပေါ်လာကြကုန်၏။ အကြောင်းမူ --- ဟီနစသည်တို့၏ အဖြစ်ဖြင့် ထိုဆန္ဒစသည်တို့သို့ အစဉ်လိုက်၍ ဖြစ်ရခြင်းကြောင့်တည်း။
ဆန္ဒ-ဝီရိယ-ဝီမံသ-စိတ္တတို့တွင် တရားတစ်ခုခုက ဟီနဖြစ်လျှင် (= ယုတ်ညံ့နေလျှင်) သမ္ပယုတ်တရား တို့သည်လည်း ဟီနပင် ဖြစ်ကြရ၏။ ယင်းတရားတစ်ခုခုက မဇ္ဈိမဖြစ်လျှင် (= အလယ်အလတ်တန်းစား ဖြစ်နေလျှင်) သမ္ပယုတ်တရားတို့သည်လည်း မဇ္ဈိမပင် ဖြစ်ကြရ၏။ ယင်းတရားတစ်ခုခုက ပဏီတဖြစ်လျှင် (= မွန်မြတ်နေလျှင် အထက်တန်းစား ဖြစ်နေလျှင်) သမ္ပယုတ်တရားတို့သည်လည်း ပဏီတပင် ဖြစ်ကြရ၏၊ အထက်တန်းစားများ ဖြစ်သွားကြ၏။ ထိုကြောင့် သမ္ပယုတ်တရားတို့သည် ဆန္ဒစသည်တို့သို့ အစဉ်လိုက်၍ ဖြစ်ကြရ၏ဟု ဆိုခြင်း ဖြစ်သည်။
ထိုသို့ ဆန္ဒစသည်တို့က သမ္ပယုတ်တရားတို့ကို မိမိ၏ အလို၌ ဖြစ်စေခြင်းကြောင့်, သမ္ပယုတ္တဓမ္မတို့၏ မိမိ၏ အလို၌ ဖြစ်ခြင်းကြောင့် ထိုဆန္ဒ-ဝီရိယ-ဝီမံသ-စိတ္တတို့သည် အဓိပတိပစ္စည်းတရားတို့ ဖြစ်ကြကုန်၏။ ဤသို့ သန္နိဋ္ဌာန်ကျ မှတ်သားပါလေ။ (မူလဋီ၊၃၊၁၆၉။)
တိုက်တွန်းချက်
ထိုကြောင့် အသင်သူတော်ကောင်းသည် --- နိဗ္ဗာန်ကို ရရှိရေးအတွက် ---
၁။ အလွန်ပြင်းထန်သော ဆန္ဒဓာတ်ကို မွေးမြူပါ။
၂။ အလွန်ပြင်းထန်သော ဝီရိယဓာတ်ကို မွေးမြူပါ။
၃။ အလွန်ပြင်းထန်သော ဝီမံသဓာတ်ကို မွေးမြူပါ။
၄။ အလွန်ပြင်းထန်သော စိတ်ဓာတ်ကို မွေးမြူပါ။
ဤဆန္ဒ-ဝီရိယ-ဝီမံသ-စိတ္တ-တရားစုတို့က အသင် သူတော်ကောင်း၏ စိတ်အစဉ်ကို နိဗ္ဗာန်ဘက်သို့ ရောက်ရှိအောင် သယ်ဆောင်သွားမည်သာ ဖြစ်ပေသည်။ စိတ်အစဉ်ကို မိမိတို့အလို၌ ဖြစ်စေနိုင်သော စွမ်းအားကြီးများ ဖြစ်သောကြောင့်တည်း။
အာရမ္မဏာဓိပတိပစ္စည်း
ယံ ယံ ဓမ္မံ ဂရုံ ကတွာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အဓိပတိပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၂။)
အကြင်အကြင် အာရုံဓမ္မကို အလေးဂရုပြု၍ စိတ်စေတသိက်တရား ဖြစ်ကုန်သော အကြင်အကြင် ဓမ္မ သဘောတရားတို့သည် ဖြစ်ပေါ်လာကြကုန်၏၊ ထိုထို အာရုံဓမ္မတို့သည် ထိုထို စိတ်စေတသိက် ဓမ္မတို့အား အာရမ္မဏာဓိပတိ ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ (ပဋ္ဌာန၊၁၊၂။)
အကြင်အာရုံကို အလေးဂရုပြု၍ နာမ်တရားတို့သည် ဖြစ်ပေါ်လာကြ၏။ ထိုအလေးဂရုပြုရာ အာရုံသည် ထိုနာမ်တရားတို့၏ အာရမ္မဏာဓိပတိပစ္စည်းတည်း။ (အဘိ၊ဋ္ဌ၊၃၊၃၄၅။ ဝိသုဒ္ဓိ၊၂၊၁၆၅။)
အလေးဂရုပြုထိုက်သည်လည်းဖြစ်သော အာရုံသည် ထိုအာရုံ၌ ညွတ်ကုန်သော, ထိုအာရုံ၌ ကိုင်းကုန်သော, ထိုအာရုံ၌ ရှိုင်းကုန်သော ဆင်ခြင်ကြောင်းဖြစ်သော စိတ်, သာယာတတ်သော စိတ်, မဂ်စိတ် ဖိုလ်စိတ်တို့ကို မိမိ၏အလို၌ ဖြစ်စေသကဲ့သို့ လျော်သော ဂုဏ်ကျေးဇူးကို ပြုတတ်၏။ ထိုသို့ အလေးဂရုပြုထိုက်သော အာရုံက မိမိသို့ ညွတ်ကိုင်းရှိုင်းနေသော စိတ်တို့အား လျော်သော ဂုဏ်ကျေးဇူးကို ပြုတတ်သည်၏ အဖြစ်ကြောင့် မိမိနှင့် စပ်ကုန်သော စိတ်စေတသိက် ပစ္စယုပ္ပန်တရားတို့၏ အရှင်သခင်၏အဖြစ်ဖြင့် ဤလျော်သော ဂုဏ်ကျေးဇူးကို ပြုတတ်သည်၏ အဖြစ်ကို အဓိပတိပစ္စည်း (= အာရမ္မဏာဓိပတိပစ္စည်း)၏ အဖြစ်ဟူ၍ မှတ်သားထိုက်ပေသည်။ (မူလဋီ၊၃၊၁၆၉။)
ပစ္စည်းတရား --- အလေးအမြတ်ပြုအပ်သော ရုပ်အစစ် (၁၈), ဒေါသမူဒွေ, မောဟမူဒွေ, ဒုက္ခသဟဂုတ် ကာယဝိညာဏ်ကြဉ်သော စိတ် (၈၄)ခု, ဒေါသ ဣဿာ မစ္ဆရိယ ကုက္ကုစ္စ ဝိစိကိစ္ဆာကြဉ်သော စေတသိက် (၄၇)ခု၊ နိဗ္ဗာန်တို့ကား အာရမ္မဏာဓိပတိပစ္စည်းတရားတို့တည်း။ (အသင်ယောဂီသူတော်ကောင်းအတွက် ဝိပဿနာရှုကွက် အနေဖြင့် သီးသန့်ထုတ်နှုတ်၍ ကွက်၍ ပြောဆိုရပါမူ --- ရုပ်အစစ် (၁၈), ဒုက္ခသဟဂုတ် ကာယဝိညာဏ်မှ တစ်ပါး, လောဘဇော မဟာကုသိုလ်ဇောများ ပါဝင်သည့် အာရုံ (၆)ပါးကို ထိုက်သလို အလေးဂရုပြု လျက် အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော ဝီထိ (၆)မျိုးတို့၏ အတွင်း၌ တည်ရှိကြကုန်သော နာမ်တရားစုများ, အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန် နာမ်တရားစုများသည် အာရမ္မဏာဓိပတိပစ္စည်းတရားတည်း။)
ပစ္စယုပ္ပန်တရား --- အလေးအမြတ်ပြုတတ်သော လောဘမူဇော (၈)ခု၊ မဟာကုသိုလ်ဇော (၈)ခု၊ မဟာကြိယာ ဉာဏသမ္ပယုတ်ဇော (၄)ခု၊ လောကုတ္တရာစိတ် (၈)ခု၊ ဒေါသ ဣဿာ မစ္ဆရိယ ကုက္ကုစ္စ ဝိစိကိစ္ဆာ အပ္ပမညာကြဉ်သော စေတသိက် (၄၅)ခုသည် အာရမ္မဏာဓိပတိ ပစ္စယုပ္ပန်တရားစုတည်း။ (အသင်ယောဂီသူတော်ကောင်းအတွက် ကွက်၍ ဆိုရမူ လောဘမူဇော နာမ်တရားစု, အပ္ပမညာစေတသိက်တို့ မပါဝင်သည့် မဟာကုသိုလ်ဇော နာမ်တရားစုတို့သည် အာရမ္မဏာဓိပတိ ပစ္စယုပ္ပန်တရားစုတည်း)
နာမ်ရုပ်က နာမ်ရုပ်အား ကျေးဇူးပြုတတ်သော ပစ္စည်းတည်း။
ဤပစ္စည်းတရားတို့ကား ကာလ (၃)ပါးနှင့် ကာလဝိမုတ်၌ ဖြစ်၏။
အနန္တရပစ္စည်း - သမနန္တရပစ္စည်း
အကြောင်းပစ္စည်းတရားနှင့် အကျိုးပစ္စယုပ္ပန်တရားတို့၏ အကြားတွင် ခြားကွယ်တတ်သော တရားတစ်ပါး မရှိသည်၏ အဖြစ်ကြောင့် အကြားမရှိ အခြားမရှိသည်၏ အဖြစ်ဖြင့် ပစ္စယုပ္ပန်တရားတို့ကို လျော်သော ဂုဏ်ကျေးဇူးတို့ကို ဖြစ်ပေါ်လာအောင် ပြုပေးတတ်သော တရားသည် အနန္တရပစ္စည်း မည်၏။
အကြောင်းပစ္စည်းတရားနှင့် အကျိုးပစ္စယုပ္ပန်တရားတို့၏ အကြားတွင် လွန်စွာ ခြားကွယ်တတ်သော တရားတစ်ပါး မရှိသည်၏ အဖြစ်ကြောင့် လွန်စွာ အကြားမရှိ အခြားမရှိသည်၏ အဖြစ်ဖြင့် ပစ္စယုပ္ပန်တရားတို့ကို လျော်သော ဂုဏ်ကျေးဇူးကို ဖြစ်ပေါ်လာအောင် ပြုပေးတတ်သော တရားသည် သမနန္တရပစ္စည်း မည်၏။
အနှစ်သာရအားဖြင့် မှတ်သားရန်
စက္ခုဝိညာဏ်၏ အခြားမဲ့၌ သမ္ပဋိစ္ဆိုင်းဟူသော မနောဓာတ်သည် ဖြစ်ပေါ်လာ၏၊ သမ္ပဋိစ္ဆိုင်းဟူသော မနောဓာတ်၏ အခြားမဲ့၌ သန္တီရဏဟူသော မနောဝိညာဏဓာတ်သည် ဖြစ်ပေါ်လာ၏၊ သန္တီရဏဟူသော မနောဝိညာဏဓာတ်၏ အခြားမဲ့၌ ဝုဋ္ဌောဟူသော မနောဝိညာဏဓာတ်သည် ဖြစ်ပေါ်လာ၏။ စုတိ၏ အခြားမဲ့၌ ပဋိသန္ဓေသည် ဖြစ်ပေါ်လာ၏။ --- ဤသို့လျှင် အကြင်အကြင်စိတ်၏ အခြားမဲ့၌ အကြင်အကြင်စိတ်သည် ဖြစ်ပေါ်လာ၏၊ ထိုထိုစိတ်၏ ထိုရှေးစိတ်၏ အခြားမဲ့၌ ဖြစ်ခြင်းမြဲသော သဘောသည် စိတ္တနိယာမတည်း။
ထိုစိတ္တနိယာမသဘောသည် ထိုထို အတူတကွ အကျိုးတရားကို ဖြစ်ပေါ်လာအောင် ပြုလေ့ရှိသော အာရုံစသော အကြောင်းတရားသည် အထူးပြုအပ်သော ရှေးရှေး၌ ဖြစ်သော စိတ်၏သာလျှင် စွမ်းအားကြောင့် ပြီးစီးရ၏၊ ရှေးရှေးစိတ်၏ စွမ်းအားမှ တစ်ပါး အခြားအခြားသော တရား၏ စွမ်းအားကြောင့် ပြီးစီးသည်မဟုတ်။ ထိုကြောင့် မိမိ မိမိ၏ အခြားမဲ့၌ လျော်သော စိတ်စေတသိက်ကို ဖြစ်စေခြင်း၌ စွမ်းနိုင်သည်သာလျှင် ဖြစ်သော ဓမ္မသဘောတရားသည် အနန္တရပစ္စည်းမည်၏။ ထိုသို့ မိမိ၏ အခြားမဲ့၌ လျော်သော စိတ္တုပ္ပါဒ်ကို ဖြစ်စေခြင်း၌ စွမ်းနိုင်သော တရား၏သာလျှင် အနန္တရပစ္စည်းမည်သည်၏ အဖြစ်ကြောင့်ပင်လျှင် ဘုရားရှင်သည် ---
အနန္တရပစ္စယောတိ စက္ခုဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၂။)
= စက္ခုဝိညာဏဓာတ်သည်လည်းကောင်း, ထိုစက္ခုဝိညာဏဓာတ်နှင့် ယှဉ်ဖက်သမ္ပယုတ်တရားတို့သည် လည်းကောင်း, သမ္ပဋိစ္ဆိုင်း မနောဓာတ်အားလည်းကောင်း, ထိုသမ္ပဋိစ္ဆိုင်း မနောဓာတ်နှင့် ယှဉ်ဖက် သမ္ပယုတ် တရားတို့အားလည်းကောင်း အနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ --- ဤသို့စသည့် ဒေသနာတော်ကို ဟောကြားတော်မူပေသည်။
အနန္တရပစ္စည်းမည်သော ထိုတရားသည်ပင်လျှင် သမနန္တရပစ္စည်းမည်၏။ မှန်ပေသည် --- ဤအနန္တရ ပစ္စည်း သမနန္တရပစ္စည်းဟူသော ပစ္စည်း (၂)ပါးတို့၌ သဒ္ဒါမျှသာ ထူး၏။ ဥပစယနှင့် သန္တတိပုဒ်တို့၌ကဲ့သို့ လည်းကောင်း, အဓိဝစနဒုက်နှင့် နိရုတ္တိဒုက် စသည်တို့၌ကဲ့သို့လည်းကောင်း သဒ္ဒါသာလျှင် ထူး၏။ တရားကိုယ် အနက်သဘောအားဖြင့်ကား အထူးမရှိ။ (အဘိ၊ဋ္ဌ၊၃၊၃၄၆။ ဝိသုဒ္ဓိ၊၂၊၁၆၆။)
ထူးသောအကြောင်း ရိုးရာအကြောင်း
အထက်ပါ စကားရပ်၌ --- အတူတကွ ပစ္စယုပ္ပန်အကျိုးတရားကို ဖြစ်ပေါ်လာအောင် ပြုလေ့ရှိသော ထိုထိုအာရုံစသော အကြောင်း --- ဟူသည် ကုသလဝိပါက် စက္ခုဝိညာဏ်, အကုသလဝိပါက် စက္ခုဝိညာဏ် ဟူသော စက္ခုဝိညာဏ်နှစ်မျိုးတွင် ကုသလဝိပါက် စက္ခုဝိညာဏ် ဖြစ်ဖို့ရန် ဣဋ္ဌာရုံသည် ထူးသောအကြောင်းတည်း၊ အာလောက မနသိကာရတို့ကား ရိုးရာအကြောင်းတည်း = ကုသလဝိပါက် အကုသလဝိပါက် နှစ်မျိုးလုံးနှင့် ဆက်ဆံသော သာဓာရဏအကြောင်းတည်း။ အကုသလဝိပါက် စက္ခုဝိညာဏ် ဖြစ်ဖို့ရန် အနိဋ္ဌာရုံသည် ထူးသော အကြောင်းတည်း၊ အာလောက မနသိကာရတို့ကား ရိုးရာအကြောင်းတည်း = သာဓာရဏ အကြောင်းတည်း။ သမ္ပဋိစ္ဆိုင်း သန္တီရဏစသည်တို့ ဖြစ်ရာ၌လည်း နည်းတူ မှတ်ပါ။
ဝါဒန္တရ အယူအဆများ
အနက်ဒြပ်ဟူသော ခြားကွယ်တတ်သော တရားမရှိသည်၏ အဖြစ်ကြောင့် အနန္တရပစ္စည်းမည်၏၊ အချိန် ကာလဟူသော ခြားကွယ်တတ်သော တရားမရှိသည်၏ အဖြစ်ကြောင့် သမနန္တရပစ္စည်း မည်၏ --- ဤသို့ ရေဝတဆရာတို့၏ အယူဝါဒသည် ရှိ၏။ ထိုအယူဝါဒကား ---
နိရောဓာ ဝုဋ္ဌဟန္တဿ နေဝသညာနာသညာယတနကုသလံ ဖလသမာပတ္တိယာ သမနန္တရပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၁၃၈။)
ဤသို့စသော ဒေသနာတော်များနှင့် ဆန့်ကျင်လျက်ရှိ၏။
အရှင်ရေဝတဆရာတို့ကား ပစ္စည်းနှင့် ပစ္စယုပ္ပန်နှစ်ပါး၏ အကြား၌ ခြားကွယ်တတ်သော အနက်ဒြပ် = တရားဒြပ် = ပရမတ္ထဓာတ်သား မရှိ၊ ခြားကွယ်တတ်သော တရားတစ်ပါး မရှိခြင်းကြောင့် အနန္တရပစ္စည်းဖြစ်၏။ ထိုပစ္စည်းနှင့် ပစ္စယုပ္ပန်နှစ်ပါး၏ အကြား၌ ခြားကွယ်တတ်သောကာလ မရှိခြင်းကြောင့် (= ရှေးစိတ်၏ ဘင်နှင့် နောက်စိတ်၏ ဥပါဒ်အကြားဝယ် ကာလအပိုမရှိခြင်းကြောင့်) သမနန္တရပစ္စည်း ဖြစ်၏။ ဤသို့ ပစ္စည်းနှစ်ပါးတို့၏ အထူးကို အလိုရှိကြသည်။
နိရောဓသမာပတ်မဝင်စားမီ အနာဂါမ်အရိယာသူတော်ကောင်းသည် ယုဂနဒ္ဓနည်းအားဖြင့် လောကီ စျာန်သမာပတ်တို့ကို အစဉ်အတိုင်း ဝိပဿနာ ရှုပွားသုံးသပ်တော်မူ၏။ နောက်ဆုံး နိရောဓသမာပတ်ကို မဝင်စားမီ နေဝသညာနာသညာယတနကုသိုလ် သမာပတ်ကို ဝင်စားတော်မူ၏။ နေဝသညာနာသညာယတနကုသိုလ်ဇော တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် စောပြီးနောက် နိရောဓသမာပတ်သို့ ဆိုက်ရောက်တော်မူသွား၏။ နိရောဓသမာပတ် ၏ အတွင်း၌ ခဏဖြစ်စေ ခုနစ်ရက်တိုင်အောင်ဖြစ်စေ တည်နေပြီးနောက် နိရောဓသမာပတ်မှ ထသောအခါ အနာဂါမိဖိုလ်စိတ် ဖြစ်၏၊ ထိုနေဝသညာနာသညာယတနကုသိုလ်ဇောက အနာဂါမိဖိုလ်ဇောအား သမနန္တရ သတ္တိဖြင့် ကျေးဇူးပြုသောကြောင့် ထိုရေဝတဆရာတို့၏ -- ခြားကွယ်တတ်သော ကာလမရှိခြင်းကြောင့် သမနန္တရ ပစ္စည်းဖြစ်၏ - ဟူသော ဤအယူသည် ဤအထက်ပါ ပါဠိတော်နှင့် ဆန့်ကျင်သောကြောင့် မသင့်ပါဟု ဆိုလိုသည်။ တစ်ဖန် ဤအရှင်ရေဝတဆရာတို့၏ အယူဝါဒသည် --- နိရောဓသမာပတ်ကို ဝင်စားတော်မူကြသော ရဟန္တာ အရှင်မြတ်တို့၏ မဝင်စားမီ နောက်ဆုံးဖြစ်သော နေဝသညာနာသညာယတန ကြိယာဇောက နိရောဓသမာပတ်မှ ထသောအခါ ပထမဆုံးဖြစ်သော အရဟတ္တဖိုလ်စိတ်အား ကျေးဇူးပြုပုံကို ပြသော ပါဠိတော်နှင့် အသညသတ် ဘုံသို့ မရောက်မီ ကာမဘုံမှ စုတိသည် အသညသတ်ဘုံဝယ် ကမ္ဘာငါးရာခြားပြီးမှ ကာမဘုံ၌ တစ်ဖန်ပြန်၍ ပဋိသန္ဓေတည်လာရာ ယင်းပဋိသန္ဓေစိတ်အား ကျေးဇူးပြုပုံကိုပြသော ပါဠိတော်တို့နှင့်လည်း ဆန့်ကျင်ပေသည်။ (အဘိ၊ဋ္ဌ၊၃၊၃၄၆။ ဝိသုဒ္ဓိ၊၂၊၁၆၆။)
[ကာမစုတိ၏ အသညသတ်ဘဝခြားပြီးမှ ကာမပဋိသန္ဓေအား ကျေးဇူးပြုပုံမှာ ပါဠိတော် သီးခြားမရှိ။ - ပုရိမာ ပုရိမာ အဗျာကတာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၄။) ---- ဟူသော ပါဠိတော်၌ပင် အကျုံးဝင်ပေသည်။]
ထိုနိရောဓသမာပတ်မှ ထသော ပုဂ္ဂိုလ်၏ နိရောဓသမာပတ်သို့ မဆိုက်မီ နေဝသညာနာသညာယတန ကုသိုလ်၏ နိရောဓသမာပတ်မှ ထသောအခါ ဖလသမာပတ်အား သမနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးပြုရာ စသည်တို့၌ --- နေဝသညာနာသညာယတနဇောက ဖလသမာပတ်အား ချက်ချင်းဖြစ်အောင် ကျေးဇူးမပြုသော် လည်း ကျေးဇူးပြုနိုင်သော သမနန္တရသတ္တိကား မယုတ်လျော့ပါ။ နိရောဓသမာပတ် ဝင်စားခိုက်၌ ဖိုလ်ဇော မဖြစ်အောင် နိရောဓသမာပတ်ဝင်စားကြောင်း ဘာဝနာစွမ်းအားက တားမြစ်ထားသောကြောင့်သာ သမနန္တရ ဖြစ်လောက်အောင် ဖိုလ်ဇောမဖြစ်ဘဲ လစ်လပ်ရပါသည်ဟု ထိုဆရာတို့က ဆိုကြ၏။
ထိုဆရာတို့၏ စကားကို ကောက်ချက်ချလျှင် ထိုဆရာတို့၏ စကားသည် ကာလအခြား မရှိသည်၏ အဖြစ်၏ မရှိခြင်းကိုပင် = ကာလခြားမှုရှိနေခြင်းကိုပင် ပြီးစေသည်။ မှန်ပေသည် --- ထိုနေဝသညာနာသညာယတနကုသိုလ်က နိရောဓသမာပတ်မှ ထသောအခါ ဖလသမာပတ်အား သမနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးပြု ရာ၌ ဘာဝနာစွမ်းအားကြောင့် အချိန်ကာလဟူသော ခြားကွယ်တတ်သော တရားမရှိသည်၏ အဖြစ်သည်မရှိ၊ အချိန်ကာလဟူသော ခြားကွယ်တတ်သော တရားကား ရှိနေ၏။ ငါတို့ကလည်း (အဋ္ဌကထာဆရာတို့ကလည်း) အချိန်ကာလဟူသော ခြားကွယ်တတ်သော တရားရှိမှုကိုပင် ဆိုလိုကုန်၏။
ထိုသို့ ကာလအကြား ရှိနေသော = အချိန်ကာလဟူသော ခြားကွယ်တတ်သော တရားရှိနေသောကြောင့်-ကာလအခြား မရှိခြင်းကြောင့် သမနန္တရပစ္စည်းဖြစ်၏။ ဟူသော ထိုဆရာတို့၏ အယူဝါဒကား မသင့်မြတ် သည်သာ ဖြစ်၏။ ထိုဆရာတို့၏ အလိုအားဖြင့် နေဝသညာနာသညာယတနဇောသည် နိရောဓသမာပတ်မှ ထသော ဖိုလ်ဇောအား သမနန္တရပစ္စည်း မဖြစ်နိုင်တော့ပေ။ ထိုကြောင့် အနန္တရနှင့် သမနန္တရပစ္စည်းတို့သည် သဒ္ဒါမျှသာထူး၏ အနက်အရကောက် မထူးဟု နှလုံးသွင်းခြင်းထက် ပိုလွန်၍ အတ္ထာနန္တရကြောင့် အနန္တရ ပစ္စည်းဖြစ်၏၊ ကာလာနန္တရကြောင့် သမနန္တရပစ္စည်း ဖြစ်၏ဟု နှလုံးသွင်းမှုကို မပြုမူ၍ ဤပစ္စည်းနှစ်မျိုးတို့၌ သဒ္ဒါမျှသာထူး၏၊ အနက်အရကောက်မထူးဟုသာ မှတ်ပါ။
ပစ္စည်းတရားနှင့် ပစ္စယုပ္ပန်တရားတို့၏ အကြား၌ ခြားကွယ်တတ်သော တရားတစ်ပါး မရှိကုန်သည်၏ အဖြစ်ကြောင့် ထိုပစ္စည်းတရားတို့သည် အနန္တရတို့ မည်ကုန်၏။ ပစ္စည်းတရားနှင့် ပစ္စယုပ္ပန်တရားတို့၏ အကြား၌ ပုံသဏ္ဌာန်၏ မရှိခြင်းကြောင့် လွန်စွာ ခြားကွယ်တတ်သော တရားတစ်ပါး မရှိသောကြောင့် ထိုပစ္စည်း တရားတို့သည် သမနန္တရတို့မည်ကုန်၏။
ပစ္စည်းတရား --- ရဟန္တာပုဂ္ဂိုလ်တို့၏ စုတိစိတ်ကြဉ်သော ရှေးရှေးသော စိတ်စေတသိက်တရား အားလုံးသည် အနန္တရပစ္စည်း သမနန္တရပစ္စည်းတရား မည်၏။
ပစ္စယုပ္ပန်တရား --- ရဟန္တာအရှင်မြတ်တို့၏ စုတိစိတ်နှင့်တကွ နောက်နောက်၌ ဖြစ်သော စိတ်စေတသိက် တရားစုအားလုံးသည် ပစ္စယုပ္ပန်တရား မည်၏။ နာမ်က နာမ်အား ကျေးဇူးပြုသော ပစ္စည်းတရားတည်း။
အကျဉ်းချုပ် မှတ်သားရန်
ယေသံ ယေသံ ဓမ္မာနံ အနန္တရာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ သမနန္တရပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၃-၄။)
အကြင်အကြင် ရဟန္တာတို့၏ စုတိကြဉ်သော ရှေးရှေးသော စိတ်စေတသိက်တရားတို့၏ အခြားမဲ့၌ အကြင် အကြင် ရဟန္တာတို့ု့၏ စုတိနှင့်တကွသော နောက်နောက်သော စိတ်စေတသိက်တရားတို့သည် ဖြစ်ပေါ်လာကြ ကုန်၏။ ရဟန္တာတို့၏ စုတိကြဉ်သော ထိုထို ရှေးရှေးသော စိတ်စေတသိက်တရားတို့သည် ရဟန္တာတို့၏ စုတိနှင့် တကွသော ထိုထို နောက်နောက်သော စိတ်စေတသိက်တရားတို့အား အနန္တရပစ္စယသတ္တိဖြင့် သမနန္တရပစ္စယ သတ္တိဖြင့် ကျေးဇူးပြု၏။ (ပဋ္ဌာန၊၁၊၃-၄။)
ရှေးစိတ်က နောက်စိတ်ဖြစ်နိုင်အောင် ကျေးဇူးပြုပြီးမှ ချုပ်ပျက်သွားသည်။ ဤသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ရှုပါ။
နိရောဓသမာပတ်နှင့် အသညသတ်
(မူလဋီကာ၏ အယူအဆ)
အဋ္ဌကထာ၌ --- နိရောဓသမာပတ် ဝင်စားရာဝယ် နိရောဓသမာပတ်သို့ မဆိုက်မီ နောက်ဆုံး ဖြစ်ပေါ်သွားသော နာမ်တရား (= နေဝသညာနာသညာယတနဇော)နှင့် နိရောဓသမာပတ်မှ ထသောအခါ အစဆုံး ဖြစ်သည့် နာမ်တရား (= အနာဂါမိဖိုလ်ဇော သို့မဟုတ် အရဟတ္တဖိုလ်ဇော)တို့၏ အကြား၌ ကာလခြားလျက် ရှိ၏ဟု ယူဆ၍ အရှင်ရေဝတဆရာတို့၏ ကာလန္တရတာယ သမနန္တရပစ္စယော = ကာလခြားသောကြောင့် သမနန္တရပစ္စည်း ဖြစ်၏ --- ဟူသော စကားကို မသင့်ဟု ဖွင့်ဆိုထား၏။ ထိုစကားရပ်ကို မူလဋီကာဆရာတော်က လက်မခံလိုသောကြောင့် ဓမ္မာနံ ပဝတ္တိမေဝ စ ဥပါဒါယ --- (မူလဋီ၊၃၊၁၇၀။) စသည်ဖြင့် ဖွင့်ဆိုထား၏။ ယင်းမူလဋီကာ၏ ဆိုလိုရင်းမှာ ဤသို့ဖြစ်၏ ---
ကာလဟူသည် ဓမ္မတို့၏ ဖြစ်ခြင်းကို အစွဲပြု၍ ခေါ်ဝေါ်အပ်သော ဝေါဟာရတစ်မျိုးတည်း။ နိရောဓ သမာပတ် ဝင်စားရာအခါ, အသညသတ်ဘုံဝယ် ဖြစ်ရာအခါတို့၌ နာမ်ဓမ္မတို့၏ ဖြစ်ခြင်း မရှိရကား ကာလ အကြား မရှိဟု မှတ်ပါ။ ထိုကြောင့် နိရောဓသမာပတ်မှထသော အနာဂါမ် ရဟန္တာပုဂ္ဂိုလ်၏ နိရောဓသမာပတ်သို့ မဆိုက်မီ ရှေးဖြစ်သော နေဝသညာနာသညာယတနဇော, နိရောဓသမာပတ်မှ ထပြီးနောက် ဖြစ်သော ဖလသမာပတ် (= ဖိုလ်ဇော)တို့၏လည်းကောင်း, အသညသတ်ဘုံမှ စုတေသော ပုဂ္ဂိုလ်၏ အသညသတ်ဘုံသို့ မဆိုက်မီ ရှေးဘဝ၌ ဖြစ်သော စုတိ, အသညသတ်ဘုံမှနောက် ကာမဘဝ၌ ဖြစ်သော ပဋိသန္ဓေတို့၏လည်းကောင်း ချုပ်ခြင်း ဖြစ်ခြင်းတို့၏ အကြား မရှိကုန်သည်၏ အဖြစ်ကြောင့် ကာလအကြားရှိသည်၏ အဖြစ်သည် မရှိဟု မှတ်ထိုက်၏။
[နိရောဓသမာပတ်သို့ မဆိုက်မီ နောက်ဆုံးဖြစ်သွားသော နေဝသညာနာသညာယတနဇောနှင့် နိရောဓ သမာပတ်မှအထ ဦးစွာဖြစ်သော အနာဂါမိဖိုလ်ဇော အရဟတ္တဖိုလ်ဇောတို့၏ အကြား၌ နာမ်တရားများ လုံးဝ မဖြစ်ကြသဖြင့် ကာလအကြားမရှိ။ ကာမဘုံမှ စုတေ၍ သို့မဟုတ် ထိုက်သင့်ရာ ရူပတစ်ဘုံဘုံမှ စုတေ၍ အသညသတ်ဘုံ၌ ကမ္ဘာ (၅၀၀)တည်နေပြီးနောက် အသညသတ်ဘုံမှ စုတေ၍ ကာမဘုံ၌ တစ်ဖန်ပြန်၍ ပဋိသန္ဓေတည်လာရာဝယ် အသညသတ်ဘုံသို့ မဆိုက်မီက ကာမစုတိ သို့မဟုတ် ရူပါဝစရစုတိနှင့် အသညသတ် ဘုံမှ ဆင်းလာသောအခါ ဖြစ်ပေါ်လာသော ကာမပဋိသန္ဓေတို့၏ အကြား၌လည်း နာမ်တရားများ လုံးဝ မဖြစ်ကြသဖြင့် ကာလအကြားမရှိ။ ကာလဟူသည် ဓမ္မတို့၏ ဖြစ်ခြင်းကို အစွဲပြု၍ ခေါ်ဝေါ်အပ်သော ဝေါဟာရ တစ်မျိုးတည်း၊ နိရောဓသမာပတ်ဝင်စားရာအခါ အသညသတ်ဘုံဝယ် ဖြစ်ရာအခါတို့၌ နာမ်ဓမ္မတို့၏ ဖြစ်ခြင်း မရှိရကား ကာလအကြားမရှိ - ဟု မှတ်ထိုက်၏ --- ဟူလိုသည်။]
မှန်ပေသည် --- ထိုနိရောဓသမာပတ်မှ ထသော ပုဂ္ဂိုလ်၏ ရှေး၌ဖြစ်သော နေဝသညာနာသညာယတနဇော, နောက်၌ဖြစ်သော အနာဂါမိဖိုလ်ဇော, သို့မဟုတ် အရဟတ္တဖိုလ်ဇော, အသညသတ်ဘုံမှ စုတေသော ပုဂ္ဂိုလ်၏ ရှေးဘဝ၌ ဖြစ်သော စုတိ, နောက်ဘဝ၌ ဖြစ်သော ကာမပဋိသန္ဓေတို့၏ အကြား၌ နာမ်တရားတို့၏ အကြင် ဖြစ်ခြင်းကို အစွဲပြု၍ ကာလအကြားရှိသည်၏ အဖြစ်ကို ဆိုရာ၏၊ နာမ်တရားတို့၏ ထိုဖြစ်ခြင်းသဘော သည်ကား မရှိ ဖြစ်ခဲ့၏။
တစ်ဖန် ရုပ်တရားတို့၏ ဖြစ်ခြင်းသည် နာမ်တရားတို့၏ ဖြစ်ခြင်း၏ အကြားကို (= ခြားကွယ်မှုကို) မပြုတတ်ပေ။ အဘယ့်ကြောင့်နည်း? --- နာမ်အစဉ်မှ တစ်ပါးသော ရုပ်အစဉ်၏ အဖြစ်ကြောင့်တည်း။ နှစ်မျိုးကုန်သော ရုပ်သန္တတိအစဉ် နာမ်သန္တတိအစဉ်တို့သည် အချင်းချင်း မတူကွဲပြားသော သဘောရှိကုန်သည်၏ အဖြစ်ကြောင့် အချင်းချင်း လျော်သော ဂုဏ်ကျေးဇူးရှိကုန်သည်၏ အဖြစ်ကို ပြုတတ်ကုန်သည်၏ အဖြစ်ဖြင့် ဖြစ်ပါကုန်သော်လည်း (= သဟဇာတပစ္စယသတ္တိ စသောအားဖြင့် အချင်းချင်း ကျေးဇူးပြုကြပါသော်လည်း) ရုပ်နှင့်နာမ်တို့သည် တစ်သီးတစ်ခြားသာ ဖြစ်ကြကုန်၏။
တစ်ဖန် တစ်ခုသော ရုပ်သန္တတိအစဉ်၌ သို့မဟုတ် တစ်ခုသော နာမ်သန္တတိအစဉ်၌ ရှေး၌ဖြစ်သောတရား နောက်၌ဖြစ်သောတရားတို့၏ အလယ်၌ ဖြစ်သောတရားသည် ထိုသန္တတိအစဉ်၌ အကျုံးဝင်သည်၏အဖြစ် ကြောင့် ထိုအလယ်၌ ဖြစ်သောတရားသည် ေ့ရှ နောက်တရားတို့၏ အကြားကို ပြုတတ်၏ = ခြားကွယ်မှုကို ပြုတတ်၏။ ထိုကဲ့သို့ ခြားကွယ်မှုကို အကြားကို ပြုလုပ်တတ်သော ထိုနာမ်သန္တတိအစဉ်၌ အကျုံးဝင်သော တစ်စုံတစ်ခုသော တရားသည်လည်း နိရောဓသမာပတ်၏ ရှေး၌ဖြစ်သော နေဝသညာနာသညာယတနဇော, နောက်၌ဖြစ်သော အနာဂါမိဖိုလ်ဇော သို့မဟုတ် အရဟတ္တဖိုလ်ဇောတို့၏ အလယ်၌ မရှိဖြစ်ခဲ့၏။
တစ်ဖန် မရှိခြင်းဟူသော အဘာဝပညတ်သည် အကြားကို ပြုတတ်သည် ခြားကွယ်တတ်သည်လည်း မဟုတ်၊ အဘယ်ကြောင့်နည်း အဘာဝပညတ်ဟူသည် ပရမတ်အားဖြင့် ထင်ရှားမရှိသည်၏ အဖြစ်ကြောင့် ပင်တည်း။ ထိုသို့ အဘာဝပညတ်၏ ပရမတ်အားဖြင့် ထင်ရှားမရှိသည့်အတွက် အကြားကို မပြုတတ် ခြားကွယ်မှုကို မပြုတတ်သည်၏ အဖြစ်ကြောင့် ရှေးဇော၏ အခြားမဲ့၌ ဖြစ်သော နောက်ဇော၏ အခြားမရှိ သကဲ့သို့လည်းကောင်း, ရှေးဘဝင်၏ အခြားမဲ့၌ ဖြစ်သော နောက်ဘဝင်၏ အခြားမရှိသကဲ့သို့လည်းကောင်း အကြားမရှိသည်၏ အဖြစ်သည် လွန်စွာအကြားမရှိသည်၏ အဖြစ်သည်လည်း ဖြစ်ပေ၏။ ထိုကြောင့် နိရောဓ သမာပတ်၏ ရှေး၌ဖြစ်သော နေဝသညာနာသညာယတနဇော, အသညသတ်ဘုံသို့ မဆိုက်မီ ရှေး၌ ဖြစ်သော စုတိတို့၏လည်း ထိုလွန်စွာ အကြားမရှိသည်၏ အဖြစ်ဟူသော အခြင်းအရာအားဖြင့် အနာဂါမိဖိုလ်ဇော (သို့မဟုတ် အရဟတ္တဖိုလ်ဇော) ဟူသော ပစ္စယုပ္ပန်တရား, (အသညသတ်ဘုံမှ စုတေသူ၏) ကာမပဋိသန္ဓေ ဟူသော ပစ္စယုပ္ပန်တရားကို ဖြစ်စေခြင်း၌ စွမ်းနိုင်သည်၏ အဖြစ်ကို မှတ်သားထိုက်၏။
အထူးကား ---- ဤအနန္တရပစ္စည်း သမနန္တရပစ္စည်းတို့၏ ကျေးဇူးပြုပုံကို ပြဆိုရာ၌ အနန္တရပစ္စည်း သမနန္တရပစ္စည်းတို့၏ ဖြစ်ဖို့ရာ ကျေးဇူးပြုတတ်သည်၏ အဖြစ်သည် ထင်ရှား၏၊ ထိုကြောင့် ပစ္စယုပ္ပန်တရားတို့ကို ဖြစ်စေခြင်း၌ စွမ်းနိုင်သည်၏အဖြစ်ကိုသာလျှင် အဋ္ဌကထာဆရာတော်က ဖွင့်ဆိုအပ်၏။ ထိုသို့ပင် ပစ္စယုပ္ပန် တရားတို့ကို ဖြစ်စေခြင်း၌ စွမ်းနိုင်သည်၏ အဖြစ်ကိုသာ ဖွင့်ဆိုအပ်ပါသော်လည်း ဥပါဒ်ဟူသော ေ့ရှအပိုင်းအခြား ဘင်ဟူသော နောက်အပိုင်းအခြားအားဖြင့် ယူအပ်ကုန်သည်ဖြစ်၍ ---- ဥပါဒ်-ဌီ-ဘင်ဟူသော ခဏတ္တယ (= ခဏသုံးပါး အပေါင်း)၌ အကျုံးဝင်ကုန်သော ဥပ္ပဇ္ဇတိ = ဖြစ်ဆဲတရားဟူသော အမည်ကို မရနိုင်ကုန်သော (ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက်ဟူသော အမည်ကိုသာ ရနိုင်ကုန်သော) ပစ္စုပ္ပန်တရားတို့၏ ---
အတီတော ဓမ္မော ပစ္စုပ္ပန္နဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၄၁၃။)
= အတိတ်ဖြစ်သော တရားသည် ပစ္စုပ္ပန်ဖြစ်သော တရားအား အနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏ ---
ဤသို့စသော ပါဠိရပ်ဖြင့် အနန္တရစသော ပစ္စည်းတို့၏အဖြစ်ကို ဘုရားရှင်သည် ဟောကြားတော်မူအပ်ပြီ၊ ထိုကြောင့် ထိုအနန္တရအစရှိသော ပစ္စည်းကို ဥပါဒ်အခိုက်၌သာ ဟောတော်မူအပ်သည်မဟုတ် (ဥပါဒ်-ဌီ-ဘင်-ခဏသုံးပါးအပေါင်းကိုပင် ရည်ညွှန်း၍ ဟောတော်မူအပ်၏)ဟု သိအပ်ပေ၏။
မှန်ပေသည် --- ကုသလ - ကုသိုလ်ဟုဆိုရာ၌ ပစ္စုပ္ပန် ကုသိုလ်, အတိတ်ကုသိုလ်, အနာဂတ်ကုသိုလ်ဟု ကာလအားဖြင့် အပိုင်းအခြားမရှိသကဲ့သို့ ပစ္စုပ္ပန္နသဒ္ဒါသည် ကာလအားဖြင့် အပိုင်းအခြားမရှိသော သဒ္ဒါမဟုတ်၊ အပိုင်းအခြားရှိသော သဒ္ဒါသာဖြစ်သည်။ ကုသလသဒ္ဒါသည် ေ့ရှအဖို့ဟူသော ဥပါဒ်အပိုင်းအခြား နောက်အဖို့ ဟူသော ဘင်အပိုင်းအခြား၏ အစွမ်းဖြင့် ကာလအပိုင်းအခြား မရှိသောကြောင့် ဥပါဒ်မျှနှင့် ပြည့်စုံခြင်းရှိသော တရားတို့ကိုသာ အရကောက်ယူခြင်းသည်လည်း ဖြစ်နိုင်၏။ သို့သော် ပစ္စုပ္ပန္နသဒ္ဒါကား ထိုကာလအားဖြင့် အပိုင်းအခြားမရှိသော သဒ္ဒါမဟုတ်၊ ကာလအားဖြင့် အပိုင်းအခြားရှိသော သဒ္ဒါသာ ဖြစ်၏။ ထိုသို့ ပစ္စုပ္ပန္နသဒ္ဒါ၏ ဥပါဒ်-ဌီ-ဘင် (= ဖြစ်-တည်-ပျက်)ဟူသော ကာလအားဖြင့် ပိုင်းခြား၍သာ တရားကိုယူခြင်းကြောင့် အတီတ တိက်၌ ပဋိစ္စဝါရ အစရှိသော ဝါရတို့သည် မရှိကုန်။ (မူလဋီ၊၃၊၁၇၀။)
ဤအနန္တရပစ္စည်း သမနန္တရပစ္စည်းတို့၌ ပစ္စည်းတရားတို့ကား လွန်ပြီးစ အတိတ် စိတ္တက္ခဏအတွင်း၌ တည်ရှိကြသော စိတ်စေတသိက်တို့ ဖြစ်ကြ၍ ပစ္စယုပ္ပန်တရားတို့မှာ ဥပါဒ်-ဌီ-ဘင်ဟူသော ခဏသုံးပါးအပေါင်း (= ခဏတ္တယ)သို့ ရောက်ဆဲ ပစ္စုပ္ပန်တည့်တည့် ခဏပစ္စုပ္ပန် စိတ်စေတသိက်တရားစုတို့ ဖြစ်ကြသည်။ အဒ္ဓါပစ္စုပ္ပန် သန္တတိပစ္စုပ္ပန် ခဏပစ္စုပ္ပန်ဟူသော ပစ္စုပ္ပန် (၃)မျိုးတို့တွင် ခဏပစ္စုပ္ပန်နည်းအားဖြင့်ဆိုသော် ပစ္စည်းတရားကား အတိတ်, ပစ္စယုပ္ပန်တရားကား ပစ္စုပ္ပန်တည်း။ နာမ်က နာမ်အား ကျေးဇူးပြုသော ပစ္စည်းတည်း။ ရဟန္တာတို့၏ စုတိမှတစ်ပါးသော ပဋိသန္ဓေ ဘဝင် စုတိဟူသော ဝီထိမုတ်စိတ်တို့လည်း ပါဝင်ကြသည်။
သဟဇာတပစ္စည်း
မိမိဖြစ်လျှင် ဖြစ်ခြင်း မိမိဥပါဒ်ဆဲခဏ၌ ပစ္စယုပ္ပန်တရားတို့ကို မိမိနှင့် အတူတကွ ဖြစ်စေသည်၏အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော ပစ္စည်းတရားသည် သဟဇာတပစ္စည်း မည်၏။ ဆီမီးသည် အလင်းရောင်အား ကျေးဇူးပြု သကဲ့သို့ မှတ်ပါ။
ဥပါဒ်-ဌီ-ဘင် (= ဖြစ်-တည်-ပျက်)ဟူသော ခဏသုံးပါးအပေါင်း၏ အတွင်း၌ အတူဖြစ်ကြသော ပရမတ် တရားတို့သည် အချင်းချင်း တရားတစ်ပါးက တရားတစ်ပါးကို ---- ဆီမီးသည် မီးတောက်သည်နှင့် တစ်ပြိုင်နက် အလင်းရောင် ပေါ်လာအောင်လည်းကောင်း, အလင်းရောင် တည်နေအောင်လည်းကောင်း ကျေးဇူးပြုသကဲ့သို့ ထို့အတူ ---- မိမိဖြစ်သည်နှင့် တစ်ပြိုင်နက် ပစ္စယုပ္ပန်တရားတို့ကို ဖြစ်အောင်လည်းကောင်း, မိမိတည်သည်နှင့် တစ်ပြိုင်နက် ပစ္စယုပ္ပန်တရားတို့ကို တည်အောင်လည်းကောင်း ကျေးဇူးပြုသောတရားသည် သဟဇာတပစ္စည်း မည်၏။
သဟဇာတပစ္စည်း (၆) မျိုး
၁။ စတ္တာရော ခန္ဓာ အရူပိနော အညမညံ သဟဇာတပစ္စယေန ပစ္စယော။
၂။ စတ္တာရော မဟာဘူတာ အညမညံ သဟဇာတပစ္စယေန ပစ္စယော။
၃။ ဩက္ကန္တိက္ခဏေ နာမရူပံ အညမညံ သဟဇာတပစ္စယေန ပစ္စယော။
၄။ စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော။
၅။ မဟာဘူတာ ဥပါဒါရူပါနံ သဟဇာတပစ္စယေန ပစ္စယော။
၆။ ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ကိဉ္စိကာလေ သဟဇာတပစ္စယေန ပစ္စယော။ ကိဉ္စိကာလေ န သဟဇာတပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၅။)
အညမညန္တိ အညော အညဿ။ ဣမိနာ ဧတေသံ ဓမ္မာနံ ဧကက္ခဏေ ပစ္စယဘာဝဉ္စေဝ ပစ္စယုပ္ပန္နဘာဝဉ္စ ဒီပေတိ။ (အဘိ၊ဋ္ဌ၊၃၊၃၆၅။)
၁။ စိတ္တက္ခဏတစ်ခု၏ အတွင်း၌ တည်ရှိကြသော နာမ်ခန္ဓာလေးပါးတို့သည် အချင်းချင်း တစ်ပါးသည် တစ်ပါးအား သဟဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
၂။ ဥပါဒ်-ဌီ-ဘင်ဟူသော ခဏသုံးပါးနှင့် ပြည့်စုံခိုက် ကလာပ်တူ မဟာဘုတ်တို့သည် အချင်းချင်းအား, (၃)ပါးက (၁)ပါးအား, (၁)ပါးက (၃)ပါးအား, (၂)ပါးက (၂)ပါးအား, သဟဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
၃။ ပဉ္စဝေါကာရ ပဋိသန္ဓေခဏ၌ နာမ်ရုပ်သည် အချင်းချင်းအား,
၄။ ဒွေပဉ္စဝိညာဏ် (၁၀), အရူပဝိပါက် (၄)ခု, ရဟန္တာတို့၏ စုတိကြဉ်သော စိတ်စေတသိက်တရားတို့သည် စိတ္တသမုဋ္ဌာန်ရုပ်တို့အား (အဋ္ဌကထာနည်း), စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်တို့အား (ဆရာနည်း),
၅။ ကလာပ်တူ မဟာဘုတ်တို့သည် ကလာပ်တူ ဥပါဒါရုပ်တို့အား,
၆။ ဟဒယဝတ္ထုရုပ်တရားတို့သည် ပဉ္စဝေါကာရ ပဋိသန္ဓေနာမက္ခန္ဓာတို့အား ပဋိသန္ဓေကာလ၌ သဟဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏၊ ပဝတ္တိကာလ၌ သဟဇာတပစ္စယသတ္တိဖြင့် ကျေးဇူးမပြု။
[မှတ်ချက် ---- ပဋိသန္ဓေအခါ၌ မှီရာ ဟဒယဝတ္ထုနှင့် ပဋိသန္ဓေနာမ်တရားစုတို့သည် ဥပါဒ်ချင်းပြိုင်လျက် ပြိုင်တူ ဖြစ်ကြသောကြောင့် သဟဇာတသတ္တိဖြင့် ဟဒယဝတ္ထုက ပဋိသန္ဓေနာမ်တရားစုအား ကျေးဇူးပြုခြင်း ဖြစ်၏။ ပဝတ္တိအခါ၌ကား ပဉ္စဝေါကာရဘုံဝယ် ဟဒယဝတ္ထုရုပ်ကို မှီကြသည့် နာမ်တရားစုတို့သည် မိမိတို့ မဥပါဒ်မီ ရှေးရှေးစိတ္တက္ခဏက ဖြစ်ခဲ့သော ဟဒယဝတ္ထုရုပ်ကိုသာ မှီဖြစ်ကြ၍ မိမိတို့နှင့် ပြိုင်တူ ဥပါဒ်သည့် ဟဒယဝတ္ထုရုပ်ကို မမှီကြသဖြင့် ပဝတ္တိအခါ၌ ဟဒယဝတ္ထုက နာမ်တရားတို့အား သဟဇာတပစ္စယသတ္တိဖြင့် ကျေးဇူးမပြုကြခြင်း ဖြစ်သည်။]
စိတ္တစေတသိကာတိ ပဝတ္တိယံ စတ္တာရော ခန္ဓာ။ (အဘိ၊ဋ္ဌ၊၃၊၃၆၅။)
အမှတ် (၄)၌ စိတ္တသမုဋ္ဌာန်ရုပ်တို့အား သဟဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးသော စိတ်စေတသိက်တို့ အရ ပဝတ္တိအခါ၌ ဖြစ်သော စိတ်စေတသိက်တရားတို့ကို အရကောက်ယူရန် အဋ္ဌကထာက ဖွင့်ဆိုထား၏။ သို့သော် ပဋ္ဌာန်းအရကောက် ဆရာတော်ကား ပဋိသန္ဓေနာမ်တရားစုတို့ကိုလည်း အာစရိယဝါဒအရ အရကောက် ယူရန် တင်ပြထား၏။ အဋ္ဌကထာကား အမှတ် (၃) ဖြစ်သည့် ဩက္ကန္တိက္ခဏေ နာမရူပံ အရတွင် ပဋိသန္ဓေ နာမ်ရုပ်တို့ ပါဝင်ပြီး ဖြစ်သည်ဟု ယူဆ၍ မဖွင့်ဆိုခြင်း ဖြစ်တန်ရာသည်။
ဩက္ကန္တိက္ခဏေတိ ပဉ္စဝေါကာရဘဝေ ပဋိသန္ဓိက္ခဏေ။ တသ္မိံဥှိ ခဏေ နာမရူပံ ဩက္ကန္တံ ဝိယ ပက္ခန္ဒန္တံ ဝိယ ပရလောကတော ဣမံ လောကံ အာဂန္တွာ ပဝိသန္တံ ဝိယ ဥပ္ပဇ္ဇတိ၊ တသ္မာ သော ခဏော ဩက္ကန္တိက္ခဏောတိ ဝုစ္စတိ။ (အဘိ၊ဋ္ဌ၊၃၊၃၆၅။)
= ဩက္ကန္တိက္ခဏဟူသည် ပဉ္စဝေါကာရဘုံ၌ ပဋိသန္ဓေခဏတည်း။ ထိုပဋိသန္ဓေခဏ၌ နာမ်နှင့်ရုပ်သည် တမလွန်လောကမှ ဤလောကသို့ လာ၍ အမိဝမ်း၌ ပဋိသန္ဓေတည်နေရမည့် ဂဗ္ဘသေယျကဖြစ်မည့်သူက အမိဝမ်းသို့ ဝင်သကဲ့သို့လည်းကောင်း, သံသေဒဇ ဩပပါတိက ဖြစ်မည့်သူတို့က ဆိုင်ရာ အရပ်သို့ ဝင်ရောက် သကဲ့သို့လည်းကောင်း ဖြစ်၏။ ထိုကြောင့် ထိုပဋိသန္ဓေခဏကို ဩက္ကန္တိက္ခဏဟု ဆို၏။ (အဘိ၊ဋ္ဌ၊၃၊၃၆၅။)
အညမညပစ္စည်း
အချင်းချင်း ဖြစ်စေတတ် ထောက်ပံ့တတ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားသည် အညမညပစ္စည်း မည်၏။ အချင်းချင်း ထောက်ပံ့တတ်သော တုတ် (၃)ချောင်းကဲ့သို့မှတ်ပါ။ (အဘိ၊ဋ္ဌ၊၃၊၃၄၇။ ဝိသုဒ္ဓိ၊၂၊၁၆၇။)
တုတ်ချောင်း (၃)ချောင်းကို အဖျား၌ စုချည်ပြီးလျှင် ထောင်၍ အောက်ဖက်၌ ခြေ (၃)ချောင်းကို မျှအောင် ကားထားလိုက်သောအခါ မလဲအောင် အချင်းချင်း ထောက်ပံ့ထားသကဲ့သို့ တစ်နည်းဆိုသော် (၃)ချောင်းထောက် ထိုင်ခုံ၌ ခြေထောက် (၃)ခုတို့ကို အချင်းချင်း ထောက်ပံ့ထားသောကြောင့် မလဲသကဲ့သို့ ထို့အတူ ပစ္စည်း ပစ္စယုပ္ပန် ကွဲပြားသော်လည်း အပြန်အလှန် ပစ္စည်းဖြစ်နိုင် ပစ္စယုပ္ပန်လည်း ဖြစ်နိုင်၍ ပစ္စည်းဖြစ်ခိုက်၌ အချင်းချင်း ဖြစ်စေနိုင် ထောက်ပံ့နိုင်သော သတ္တိကို အညမညပစ္စည်းဟု ခေါ်သည်။
သဟဇာတပစ္စည်းတုန်းက ---- ဥပ္ပဇ္ဇမာနောဝ သဟ ဥပ္ပါဒနဘာဝေန ဥပကာရကော ဓမ္မော - (အဘိ၊ဋ္ဌ၊ ၃၊၃၄၆။ ဝိသုဒ္ဓိ၊၂၊၁၆၆။) = မိမိဖြစ်လျှင် ဖြစ်ခြင်း မိမိဥပါဒ်ဆဲ ခဏ၌ ပစ္စယုပ္ပန်တရားတို့ကို မိမိနှင့် အတူတကွ ဖြစ်စေသည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရားသည် သဟဇာတပစ္စည်းမည်၏ဟု ဖော်ပြထား၏။ ယင်းသို့ ဖော်ပြထားသော စကားသည် ဖြစ်စေဖို့ရန် ကျေးဇူးပြုခြင်းက ထင်ရှားသောကြောင့် ဆိုအပ်သော စကားဖြစ်၏။ ထိုစကားကို နိဒဿနနည်းဟု ယူ၍ တည်ဖို့ရန်လည်း ကျေးဇူးပြုခြင်းကို ညွှန်ပြသောစကားဟု မှတ်ပါ။ (မဟာဋီ၊၂၊၂၇၄၊ စာပိုဒ်-၅၉၉။)
ဤအညမညပစ္စည်း၌ကား ---- အညမညံ ဥပ္ပါဒနုပတ္ထမ္ဘနဘာဝေန ဥပကာရကော ဓမ္မော ---- ။ (အဘိ၊ဋ္ဌ၊၃၊၃၄၇။ ဝိသုဒ္ဓိ၊၂၊၁၆၇။) အယဉ္စ ဥပ္ပတ္တိယာ ဌိတိယာစ ဥပကာရကောတိ ဝေဒိတဗ္ဗော။ (မဟာဋီ၊၂၊၂၇၅၊၊)
= ဤအညမညပစ္စည်းသည် အချင်းချင်း ဖြစ်စေတတ် ထောက်ပံ့တတ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားတည်း။ ဤအညမည ပစ္စည်းတရားသည် ဖြစ်ပေါ်လာအောင်လည်းကောင်း, တည်တံ့အောင် လည်းကောင်း ကျေးဇူးပြုတတ်သော တရားတည်း ---- ဟု ဤသို့ ဖွင့်ဆိုထား၏။
ထိုကြောင့် ဤသဟဇာတပစ္စည်းနှင့် အညမညပစ္စည်းတို့သည် ပစ္စယုပ္ပန်တရားတို့ကို ဖြစ်ပေါ်လာအောင် လည်းကောင်း, တည်တံ့အောင်လည်းကောင်း နှစ်မျိုးလုံး ကျေးဇူးပြုသည်ဟု မှတ်ပါ။
အညမညပစ္စည်း (၃) မျိုး
၁။ စတ္တာရော ခန္ဓာ အရူပိနော အညမညပစ္စယေန ပစ္စယော။
၂။ စတ္တာရော မဟာဘူတာ အညမညပစ္စယေန ပစ္စယော။
၃။ ဩက္ကန္တိက္ခဏေ နာမရူပံ အညမညပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၅။)
၁။ နာမ်ခန္ဓာ (၄)ပါးတို့သည် အချင်းချင်းအား,
၂။ မဟာဘုတ် (၄)ပါးတို့သည် အချင်းချင်းအား,
၃။ ပဉ္စဝေါကာရ ပဋိသန္ဓေခဏ၌ နာမ်ရုပ်သည် အချင်းချင်းအား အညမညပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
အချင်းချင်း ကောက်ယူပုံ
(က) နာမက္ခန္ဓာ = နာမ်ခန္ဓာအချင်းချင်း
၁။ (၃)ပါး, (၃)ပါးသော နာမက္ခန္ဓာအား ကျေးဇူးပြုတတ်သော (၁)ပါး (၁)ပါးသော နာမက္ခန္ဓာ ပစ္စည်းတရား။
၂။ (၁)ပါး (၁)ပါးသော နာမက္ခန္ဓာအား ကျေးဇူးပြုတတ်သော (၃)ပါး (၃)ပါးသော နာမက္ခန္ဓာ ပစ္စည်းတရား။
၃။ (၂)ပါး (၂)ပါးသော နာမက္ခန္ဓာအား ကျေးဇူးပြုတတ်သော (၂)ပါး (၂)ပါးသော နာမက္ခန္ဓာ ပစ္စည်းတရား။
ဤသို့လျှင် နာမ်ခန္ဓာအချင်းချင်း၌ ပစ္စည်း ပစ္စယုပ္ပန် (၃)မျိုး ခွဲယူပါ။ ဤခွဲထားသတ်မှတ်ချက်များအရ ရှေးအကြောင်း အကျိုးတို့ကို သိမ်းဆည်းသည့် အပိုင်းတွင် စိတ္တက္ခဏ တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိကြသော နာမ်တရားစုတို့တွင် နာမ်တရား (၁)လုံးကို သို့မဟုတ် နာမ်ခန္ဓာ (၁)ခုကို အကျိုးယူပါက ကြွင်းကျန်သော နာမ်ခန္ဓာ (= နာမ်တရားစု)တို့မှာ အကြောင်းတရားများ ဖြစ်ကြသည်ဟုလည်းကောင်း, နာမ်ခန္ဓာ (၂)ခု (၃)ခုစသည်ကို အကျိုးယူပါက ကြွင်းကျန်သော နာမ်ခန္ဓာမှာ အကြောင်းတရား ဖြစ်သည်ဟုလည်းကောင်း ဖော်ပြခဲ့ခြင်း ဖြစ်သည်။
(ခ) မဟာဘုတ်အချင်းချင်း
၁။ (၃)ပါး (၃)ပါးသော မဟာဘုတ်အား ကျေးဇူးပြုတတ်သော (၁)ပါး (၁)ပါးသော မဟာဘုတ် ပစ္စည်းတရား၊
၂။ (၁)ပါး (၁)ပါးသော မဟာဘုတ်အား ကျေးဇူးပြုတတ်သော (၃)ပါး (၃)ပါးသော မဟာဘုတ် ပစ္စည်းတရား၊
၃။ (၂)ပါး (၂)ပါးသော မဟာဘုတ်အား ကျေးဇူးပြုတတ်သော (၂)ပါး (၂)ပါးသော မဟာဘုတ် ပစ္စည်းတရား။
ဤသို့လျှင် မဟာဘုတ်အချင်းချင်း၌ ပစ္စည်း ပစ္စယုပ္ပန် (၃)မျိုး ခွဲယူပါ။ လက္ခဏာဒိစတုက္ကပိုင်းတွင် ဖော်ပြလတ္တံ့သော အဝသေသဓာတုတ္တယ ပဒဋ္ဌာနာ = ဓာတ်တစ်ပါးသည် မိမိမှကြွင်းသော ဓာတ်သုံးပါးလျှင် အနီးစပ်ဆုံးသော အကြောင်းတရားရှိ၏ ---- (ဝိသုဒ္ဓိ၊၂၊၇၃။)ဟူသော အဋ္ဌကထာအဖွင့်များမှာ ဤပါဠိတော်နှင့် အညီ ပင်တည်း။
ဤနာမ်ခန္ဓာအချင်းချင်း ကျေးဇူးပြုပုံ, မဟာဘုတ်အချင်းချင်း ကျေးဇူးပြုပုံ ခွဲထားသတ်မှတ်ချက်သည် သဟဇာတ အညမည ပစ္စည်းနှစ်မျိုးလုံးနှင့် သက်ဆိုင်၏။ ဤသဟဇာတနှင့် အညမညပစ္စည်းတို့သည် စိတ္တက္ခဏ တစ်ခုအတွင်း၌, ရုပ်ကလာပ် တစ်ခုအတွင်း၌ ကလာပ်တူ နာမ်တရား ရုပ်တရားတို့၏ အချင်းချင်း ကျေးဇူးပြုသည့် တရားများသာဖြစ်ရကား ပစ္စည်း ပစ္စယုပ္ပန် နှစ်မျိုးလုံးသည် ဥပါဒ်-ဌီ-ဘင်ဟူသော ခဏသုံးပါး အပေါင်းနှင့် ပြည့်စုံခိုက် (= ခဏတ္တယသမင်္ဂီ) အတွင်း၌ တည်ရှိကြသော ပစ္စုပ္ပန်တရားတို့သာ ဖြစ်ကြ၏။ နာမ်ရုပ်က နာမ်ရုပ်အား ကျေးဇူးပြုသော ပစ္စည်းများ ဖြစ်ကြ၏။
နိဿယပစ္စည်း
မဟာပထဝီမြေကြီးသည် သစ်ပင်၏, ကားပေါင်အဝတ်သည် ဆန်းကြယ်စွာ ပြုအပ်သော ပန်းချီဆေးရေးရုပ် စသည်တို့၏ တည်ရာတို့သည်လည်းကောင်း, မှီရာတို့သည်လည်းကောင်း ဖြစ်ကုန်သကဲ့သို့ ဤအတူ တည်ရာ၏ အဖြစ်ဟူသော အခြင်းအရာအားဖြင့်လည်းကောင်း, မှီရာ၏အဖြစ်ဟူသော အခြင်းအရာအားဖြင့်လည်းကောင်း ကျေးဇူးပြုတတ်သော ပစ္စည်းတရားသည် နိဿယပစ္စည်း မည်၏။
ထိုနိဿယပစ္စည်းသည် (၁) သဟဇာတနိဿယ, (၂) ပုရေဇာတနိဿယဟု (၂)မျိုး ရှိ၏။
(၁) သဟဇာတနိဿယပစ္စည်း
ခန္ဓာစသော ပစ္စည်းတရားတို့သည် ထိုထို မိမိတို့အား စွဲမှီ၍ ဖြစ်ကြကုန်သော ခန္ဓာစသည်တို့၏ မှီရာ၏ အဖြစ်ဟူသော အခြင်းအရာအားဖြင့် ကျေးဇူးပြုကြ၏။ ဥပမာ - ပန်းချီအရုပ်ရေးရာ၌ ထောင်ထားအပ်သော ကားပုံအတွင်းက အဝတ်သည် အရုပ်၏မှီရာ ဖြစ်သကဲ့သို့တည်း။ သဟဇာတ၌ ဖော်ပြခဲ့သော (၁)မှ (၅) တိုင်အောင်သော ပစ္စည်းတရား ပစ္စယုပ္ပန်တရားတို့တည်း။ နံပါတ် (၆)အစား အောက်ပါ ပုရေဇာတနိဿယ ပစ္စည်းကို ပြောင်းလဲ၍ ဟောထားတော်မူသည်။ (မူလဋီ၊၃၊၁၇၁။)
(၂) ပုရေဇာတနိဿယပစ္စည်း
ပထဝီဓာတ်က ကြွင်းဓာတ်ကြီး (၃)ပါးတို့အားလည်းကောင်း, စက္ခုအကြည်ဓာတ်စသည်တို့က စက္ခုဝိညာဏဓာတ်စသည်တို့အားလည်းကောင်း တည်ရာ၏ အဖြစ်ဖြင့် ကျေးဇူးပြုကြ၏။ ဥပမာ ---- မြေကြီးသည် မြက် သစ်ပင်စသည်တို့၏ တည်ရာဖြစ်သကဲ့သို့တည်း။ (မူလဋီ၊၃၊၁၇၁။) ယင်းပုရေဇာတနိဿယပစ္စည်းမှာ အောက်ပါ အတိုင်း ဖြစ်၏။ ----
၁။ စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။
၂။ သောတာယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။
၃။ ဃာနာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။
၄။ ဇိဝှါယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။
၅။ ကာယာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။
၆။ ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၅။)
၁။ စက္ခာယတနသည် စက္ခုဝိညာဏဓာတ်နှင့် သမ္ပယုတ်တရားစုတို့အား,
၂။ သောတာယတနသည် သောတဝိညာဏဓာတ်နှင့် သမ္ပယုတ်တရားစုတို့အား,
၃။ ဃာနာယတနသည် ဃာနဝိညာဏဓာတ်နှင့် သမ္ပယုတ်တရားစုတို့အား,
၄။ ဇိဝှါယတနသည် ဇိဝှါဝိညာဏဓာတ်နှင့် သမ္ပယုတ်တရားစုတို့အား,
၅။ ကာယာယတနသည် ကာယဝိညာဏဓာတ်နှင့် သမ္ပယုတ်တရားစုတို့အား,
၆။ ဟဒယဝတ္ထုသည် မနောဓာတ်, မနောဝိညာဏဓာတ်နှင့် သမ္ပယုတ်တရားစုတို့အား,
တည်ရာ၏ အဖြစ်ဖြင့် အသီးအသီး ကျေးဇူးပြု၏။
ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်း ရှုကွက်တွင် ----
။ ဝတ္ထုဖြစ်ခြင်းကြောင့် ဝေဒနာက္ခန္ဓာဖြစ်၏။
။ ဝတ္ထုက အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။ ----
ဤသို့စသော ရှုကွက်မျိုးတည်း။ (အဘိ၊ဋ္ဌ၊၃၊၃၄၇။ ဝိသုဒ္ဓိ၊၂၊၁၆၇။)
ပုရေဇာတ = ရှေးကဖြစ်သော, နိဿယ = မှီရာတရား။ ---- စက္ခုဝိညာဏဓာတ်နှင့် သမ္ပယုတ်တရားစုသည် မိမိတို့ မဥပါဒ်မီ (= မဖြစ်မီ) သက်တမ်း အလယ်အလတ်ရှိသော မဇ္ဈိမာယုကဖြစ်၍ အတီတဘဝင်နှင့် ဥပါဒ်ပြိုင်သော စက္ခုဝတ္ထု (= စက္ခာယတန)ကို မှီ၍ ဖြစ်ကြရ၏။ မိမိတို့နှင့် ဥပါဒ်ချင်းပြိုင်၍ဖြစ်သော စက္ခာယတနကို လည်းကောင်း, မိမိတို့ မဥပါဒ်မီ ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, ပဉ္စဒွါရာဝဇ္ဇန်းစိတ်တို့နှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်ကြကုန်သော စက္ခာယတနတို့ကိုလည်းကောင်း မှီ၍ မဖြစ်ကြကုန်။ မိမိတို့ မဥပါဒ်မီ စိတ္တက္ခဏ (၄)ချက်ခန့်တွင် ရှိသော အတီတဘဝင်နှင့် ဥပါဒ်ချင်းပြိုင်၍ဖြစ်သော စက္ခာယတနကိုသာ မှီ၍ ဖြစ်ကြသည်။ ထိုကြောင့် မိမိတို့ မဖြစ်မီ စိတ္တက္ခဏ (၄)ချက်က ကြိုတင်၍ ဖြစ်ခဲ့သော စက္ခာယတနက မိမိတို့အား မှီရာနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးသဖြင့် ပုရေဇာတနိဿယ ---- ဟု ခေါ်ခြင်းဖြစ်သည်။ အကျိုးတရား မဖြစ်မီ ရှေးကကြိုတင်၍ ဖြစ်နှင့်သော မှီရာ အကြောင်းပစ္စည်းတရားဟု ဆိုလိုသည်။
သောတဝိညာဏဓာတ်မှသည် ကာယဝိညာဏဓာတ်သို့ တိုင်အောင်သော ဝိညာဏဓာတ်တို့နှင့် သမ္ပယုတ် တရားစုတို့၏ မှီရာဖြစ်ကြသော သောတာယတန, ဃာနာယတန, ဇိဝှါယတန, ကာယာယတနတို့၌လည်း နည်းတူ မှတ်ပါ။
မနောဓာတ် မနောဝိညာဏဓာတ်နှင့် သမ္ပယုတ်တရားစုတို့၏ မှီရာဖြစ်သော ဟဒယဝတ္ထုသည်လည်း မိမိတို့ မဥပါဒ်မီ မမြဲသော = အနိယမ သဘောအားဖြင့် ပဋိသန္ဓေအစရှိသော ရှေးရှေးသော စိတ်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထု ပစ္စည်းတရားကိုသာ မှီ၍ ဖြစ်ကြရသည်။ သို့အတွက် - ပုရေဇာတနိဿယ - ဟု ခေါ်သည်။
အဓိဋ္ဌာနာကာရ ---- အာဓာရာကာရော စေတ္ထ တေသံ သာတိသယံ တဒဓီနဝုတ္တိတာယ ဝေဒိတဗ္ဗော။ (မဟာဋီ၊၂၊၂၇၆။)
ဤအရာဝယ် ဆိုင်ရာ ဝတ္ထုရုပ်တရားတို့က ဆိုင်ရာ နာမ်တရားစုတို့အား တည်ရာ၏ အဖြစ်ဟူသော အခြင်းအရာအားဖြင့် ကျေးဇူးပြု၏ဟု ဆိုရာ အာဓာရာကာရ (= တည်ရာ၏ အဖြစ်ဟူသော အခြင်းအရာ)ဟူသည် ထိုပစ္စယုပ္ပန်တရားတို့၏ အလွန်အကဲနှင့်တကွ ထိုပစ္စည်းတရား၌ ဆက်စပ်သော ဖြစ်ခြင်းရှိသည်၏ အဖြစ်တည်း။
န ဟိ ယထာဝုတ္တံ တဒဓီနဝုတ္တိတာ ဝိသေသံ မုဉ္စိတွာ အညော စက္ခာဒီသု အဒေသကာနံ အရူပဓမ္မာနံ အဓိဋ္ဌာနာကာရော သမ္ဘဝတိ။ (မဟာဋီ၊၂၊၂၇၆။)
ယင်းကဲ့သို့ အာဓာရ (= တည်ရာ မှီရာ)ဟူသည် တကယ်တည်နေရာ မှီနေရာ မဟုတ်ဘဲ ဆက်စပ်သော ဖြစ်ခြင်းရှိမှုကို ဆိုလိုခြင်းကြောင့် မဟာဘုတ်တို့ကို မည်သည့် မဟာဘုတ်အပေါ်၌ တည်၏ဟု ညွှန်ပြအပ်သော အရပ်မရှိကြဟု ဆိုအပ်ကုန်၏။ ဆိုလိုရင်းကား စက္ခုပသာဒ၌ စက္ခုဝိညာဏ်နှင့် သမ္ပယုတ်တရားစုတို့သည် မှီ၍ ဖြစ်ကြ၏ ဆိုရာ၌လည်း စက္ခုဝိညာဏ်နှင့် သမ္ပယုတ်တရားစုက စက္ခုပသာဒ (= စက္ခာယတန) အပေါ်မှာပူးကပ်၍ တည်နေသည် မှီနေသည်ဟု မဆိုလို။ စက္ခုပသာဒ (= စက္ခာယတန)မရှိလျှင် စက္ခုဝိညာဏ်နှင့် သမ္ပယုတ်တရားစု သည် မဖြစ်နိုင်သောကြောင့် စက္ခုဝိညာဏ်နှင့် သမ္ပယုတ်တရားစု ဖြစ်ဖို့ရန် စက္ခာယတနက အားကြီးသော မှီရာအကြောင်းတရား ဖြစ်သည်ဟုသာ ဆိုလိုရင်း ဖြစ်သည်။ ဟဒယဝတ္ထုကို မနောဓာတ် မနောဝိညာဏဓာတ် တို့နှင့် သမ္ပယုတ်တရားစုတို့က မှီသည်ဟု ဆိုရာ၌လည်း ဤအဓိပ္ပါယ်ပင်တည်း။ မှန်ပေသည် ပုံသဏ္ဌာန် မရှိကြ ကုန်သော နာမ်တရားတို့သည် မည်သည့်အရပ်၌ ဖြစ်ကြ၏ဟု ဆိုဖို့ရာ အရပ်ဒေသလည်း မရှိသောကြောင့် တည်ရာ မှီရာ ဝတ္ထုရုပ်တို့နှင့် ဆက်စပ်၍ ဖြစ်ရခြင်းမှတစ်ပါး အခြားသော တည်ရာဒေသ မရှိနိုင်ပေ။
တံနိဿယတာ စဿ န ဧကဒေသေန အလ္လီယနဝသေန ဣစ္ဆိတဗ္ဗာ အရူပဘာဝတော၊ အထ ခေါ ဂရုရာဇာဒီသု သိဿရာဇပုရိသာဒီနံ ဝိယ တပ္ပဋိဗဒ္ဓဝုတ္တိတာယ။ (အနုဋီ၊၂၊၅၆။)
ဥပမာ ဆရာသမား အရှင်သခင် အမိအဖ စသူတို့ကို မှီခိုရသဖြင့် တပည့်များ, မင်းခယောက်ျားများ, သားသမီးများသည် ကြီးပွားကြသည်ဟု ဆိုရာ၌ ဆရာသမား, အရှင်သခင်, အမိအဖ စသူတို့၏ အထောက်အပံ့ အရှိန်အဝါ ဩဝါဒကြောင့် တပည့်စသူတို့၏ ကြီးပွားကြရသည်ကိုပင် ဆရာသမားစသူတို့ကို တပည့်စသူတို့က မှီသည်ဟု ဆိုရသကဲ့သို့တည်း။ (အနုဋီ၊၂၊၅၆။)
ဤနိဿယပစ္စည်းသည်လည်း နာမ်ရုပ်က နာမ်ရုပ်အား ကျေးဇူးပြုသောပစ္စည်းပင် ဖြစ်သည်။
ဥပနိဿယပစ္စည်း
အကျိုးတရား မှန်သမျှသည် မိမိဆိုင်ရာ အကြောင်းတရားနှင့် ဆက်စပ်လျက်သာလျှင် ဖြစ်ရ၏။ အကြောင်း တရား မှန်သမျှသည်လည်း မိမိဆိုင်ရာ အကျိုးတရားနှင့် ဆက်စပ်လျက်သာလျှင် ဖြစ်ရိုးဓမ္မတာရှိ၏။ သို့အတွက် သက်ဆိုင်ရာ အကျိုးတရား၏ ဆက်စပ်၍ဖြစ်ရာ မှီအပ်သော အကြောင်းတရားဟူသမျှကို နိဿယဟု ခေါ်ဆိုနိုင်ပေသည်။ ဤ၌ မှီ ဟူသည်လည်း ဆိုင်ရာ အကြောင်းတရားက ဆိုင်ရာ အကျိုးတရားကို မပယ်စွန့်ခြင်းပင်တည်း။ ယင်းနိဿယမည်သော အကြောင်းတရားဟူသမျှတို့တွင် အားကြီးသော အကြောင်းတရားသည် ဥပနိဿယ မည်၏။ ထိုကြောင့် အားကြီးသော အကြောင်းတရားအဖြစ်ဖြင့် အကျိုးပစ္စယုပ္ပန်တရားတို့ကို ကျေးဇူးပြုတတ်သော တရားကို ဥပနိဿယပစ္စည်းတရားဟူ၍ သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၃၊၃၄၇။)
ထိုဥပနိဿယပစ္စည်းသည် (၁) အာရမ္မဏူပနိဿယ, (၂) အနန္တရူပနိဿယ, (၃) ပကတူပနိဿယဟု (၃)မျိုး ရှိ၏။ ထို (၃)မျိုးတို့တွင် အာရမ္မဏူပနိဿယမှာ ဤသို့ဖြစ်၏။
၁။ အာရမ္မဏူပနိဿယ
လှူအပ်သောဝတ္ထုကို ပေးလှူပြီး၍ တစ်နည်း ပေးလှူကြောင်း စေတနာကို ဖြူစင်စေ၍, (၅)ပါးသီလစသော နိစ္စသီလကို ဆောက်တည်၍, ဥပုသ်ကျင့်သုံးခြင်းအမှုကို ပြု၍, ထို ဒါန သီလ ဥပေါသထ စေတနာကို အလေး အမြတ်ပြု၍ ဆင်ခြင်၏။ ရှေးရှေးက ကောင်းစွာ လေ့ကျက်အပ်ပြီးကုန်သော ဒါန သီလ ဥပေါသထ စေတနာတို့ကို အလေးဂရုပြု၍ ဆင်ခြင်၏။ စျာန်မှထ၍ စျာန်ကို အလေးဂရုပြု၍ ဆင်ခြင်၏။ သောတာပန်ပုဂ္ဂိုလ်တို့သည် သောတာပတ္တိမဂ်၏ အနီးအပါး၌ရှိသော ဂေါတြဘုကို အလေးအမြတ်ပြု၍ ဆင်ခြင်ကုန်၏၊ သကဒါဂါမ် အနာဂါမ် ပုဂ္ဂိုလ်တို့သည် အထက်မဂ်၏ အနီး၌ရှိသော ဝေါဒါန်ကို အလေးဂရုပြု၍ ဆင်ခြင်ကုန်၏၊ သေက္ခပုဂ္ဂိုလ်တို့သည် အရိယမဂ်မှ ထ၍ အရိယမဂ်ကို အလေးအမြတ်ပြု၍ ဆင်ခြင်ကုန်၏။
ဤသို့စသောနည်းဖြင့် အာရမ္မဏူပနိဿယကို ရှေးဦးစွာ အာရမ္မဏာဓိပတိနှင့် အတူတကွ ထူးခြားမှုကို မပြုမူ၍ ဝေဖန်ဟောကြားတော်မူအပ်ပြီ။ ထိုအာရမ္မဏာဓိပတိပစ္စည်း အာရမ္မဏူပနိဿယပစ္စည်းတို့တွင် အကြင် အာရုံကို အလေးအမြတ်ပြု၍ စိတ်စေတသိက်တရားတို့သည် ဖြစ်ပေါ်ကုန်၏၊ ထိုအလေးအမြတ်ပြုအပ်သော အာရုံသည် မြဲသောအားဖြင့် ထိုစိတ်စေတသိက်တရားတို့၏ အာရုံတို့တွင် အားကြီးသော အားကောင်းသော အာရုံ ဖြစ်၏၊ ထိုကြောင့် အလေးအမြတ်ပြုထိုက်သည်၏ အဖြစ်မျှဟူသော အနက်သဘောကြောင့် အာရမ္မဏာဓိပတိ မည်၏။ အားရှိသော အားကောင်းသော အကြောင်းတရား၏အဖြစ်ဟူသော အနက်ကြောင့် အာရမ္မဏူပနိဿယ မည်၏။ ဤသို့လျှင် ထိုအာရမ္မဏာဓိပတိပစ္စည်း အာရမ္မဏူပနိဿယပစ္စည်းတို့၏ ထူးခြားမှုကို သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၃၊၃၄၇-၃၄၈။)
ဤအထက်၌ ဖော်ပြထားသော ပုံစံတို့မှာ ကုသိုလ်ဖြစ်ထိုက်သည့် အလေးအမြတ်ပြုထိုက်သည့် အာရုံ တို့ကို အာရုံပြု၍ ကုသိုလ်စိတ်စေတသိက်တို့ ဖြစ်ပုံများတည်း။ (ကြိယာဖြစ်ပုံကား အသင်သူတော်ကောင်းနှင့် မသက်ဆိုင်သေး၍ ချန်လှပ်ထားပါသည်။) ယင်းအာရုံတို့ကို အလေးအမြတ်ပြု၍ အကုသိုလ်လည်း ဖြစ်နိုင်၏။
ပုံစံ ---- ဒါနပြု၍ နိစ္စသီလဆောက်တည်၍ ဥပုသ်ကျင့်သုံး၍ ထိုဒါန, သီလ, ဥပေါသထစေတနာကို အလေးအမြတ်ပြု၍ လွန်စွာ သာယာ၏၊ လွန်စွာနှစ်သက်၏၊ ထို ဒါနစေတနာကို, သို့မဟုတ် သီလစေတနာကို, သို့မဟုတ် ဥပေါသထစေတနာကို အလေးအမြတ်ပြု၍ ရာဂဖြစ်၏ ဒိဋ္ဌိဖြစ်၏ (= ငါ့ဟာဟု တပ်မက်စွဲလမ်း၏၊ ငါဟု စွဲယူ၏၊ ငါ့ဒါန, ငါ့သီလ, ငါ့ဥပုသ် စသည်ဖြင့် စွဲယူ၏။) ရှေးရှေးက ကောင်းစွာ လေ့ကျက်အပ်ဖူးကုန်သော ဒါန သီလ ဥပေါသထစေတနာစသော ကာမာဝစရကုသိုလ်တို့ကို အလေးအမြတ်ပြု၍ လွန်စွာ သာယာ၏၊ လွန်စွာ နှစ်သက်၏၊ ထိုကုသိုလ်ကို အလေးအမြတ်ပြု၍ ရာဂဖြစ်၏၊ ဒိဋ္ဌိဖြစ်၏။ စျာန်မှထ၍ စျာန်ကို အလေးအမြတ်ပြု၍ လွန်စွာ သာယာ၏၊ လွန်စွာ နှစ်သက်၏၊ ထိုစျာန်ကို အလေးအမြတ်ပြု၍ ရာဂဖြစ်၏၊ ဒိဋ္ဌိဖြစ်၏။ ရှေးရှေးသော ကုသိုလ်တရားတို့က နောက်နောက်သော ရာဂ ဒိဋ္ဌိပြဓာန်းသည့် လောဘမူ အကုသိုလ်တရားတို့အား အာရမ္မဏူပနိဿယသတ္တိဖြင့် ကျေးဇူးပြု၏။
၂။ အနန္တရူပနိဿယ
အနန္တရပစ္စည်းနှင့် လိုရင်း အနက်သဘောအားဖြင့်ကား တူ၏။ သို့တူသော်ငြားလည်း မိမိ မိမိ၏ အခြားမဲ့၌ လျောက်ပတ်သော စိတ္တုပ္ပါဒ် (= စိတ်+စေတသိက်)ကို ဖြစ်စေခြင်း၌ စွမ်းနိုင်သည်၏ အဖြစ်ကြောင့် အနန္တရ၏ အဖြစ်ကိုလည်းကောင်း, ရှေးဖြစ်သော စိတ်၏ နောက်ဖြစ်သော စိတ်ကို ဖြစ်စေခြင်း၌ အားရှိသည်၏ အဖြစ်ကြောင့် အနန္တရူပနိဿယ၏ အဖြစ်ကိုလည်းကောင်း ခွဲခြား၍ သိပါလေ။ ဟေတုပစ္စည်း စသည်တို့၌ တစ်စုံတစ်ခုသော တရားဓမ္မကို ကြဉ်၍လည်း စိတ်သည် ဖြစ်နိုင်သကဲ့သို့ အလားတူပင် အခြားမဲ့ဖြစ်သော ရှေးစိတ်ကို ကြဉ်၍ နောက်စိတ်၏ ဖြစ်ခြင်းမည်သည် မရှိနိုင်၊ ထိုကြောင့် နောက်စိတ် ဖြစ်ဖို့ရာ ရှေးရှေးစိတ်သည် အားကြီးသော အကြောင်းတရား ဖြစ်ရ၏။ ထိုကြောင့် မိမိ မိမိ၏ အခြားမဲ့၌ လျောက်ပတ်သော စိတ်ကို ဖြစ်စေခြင်း၏ အစွမ်းဖြင့် အနန္တရပစ္စည်းတရားသည် ဖြစ်၏။ အားရှိသော အကြောင်းတရား၏ အဖြစ်ဖြင့် အနန္တရူပနိဿယပစ္စည်းသည် ဖြစ်၏ ---- ဟု ဤသို့ ထိုအနန္တရပစ္စည်း အနန္တရူပနိဿယပစ္စည်းတို့၏ ထူးခြားမှုကို သိပါ။ (အဘိ၊ဋ္ဌ၊၃၊၃၄၈။)
၃။ ပကတူပနိဿယ
ကောင်းစွာပြုအပ်သော အားကြီးသော မှီအပ်သော အကြောင်းတရားသည် ပကတူပနိဿယမည်၏။ ပကတမည်သည်ကား ----- မိမိ၏ ခန္ဓာအစဉ်၌ ပြီးစေအပ်သော သဒ္ဓါ သီလ သုတ စာဂ ပညာစသော အကြောင်းတရားသည်လည်းကောင်း မိမိသည် မှီဝဲအပ်သော ဥတု ဘောဇဉ်စသော အကြောင်းတရားသည် လည်းကောင်း ပကတမည်၏။ တစ်နည်းဆိုသော် ပင်ကိုယ်သဘောအားဖြင့်သာလျှင် အားကြီးသော မှီအပ်သော အကြောင်းတရားသည် ပကတူပနိဿယပစ္စည်း မည်၏။ အာရမ္မဏပစ္စည်း အနန္တရပစ္စည်းတို့နှင့် မရောနှောသော ပစ္စည်းတရားဟု ဆိုလိုပေသည်။
ပုံစံ ---- မိမိသန္တာန်၌ ဖြစ်စေအပ်သော သဒ္ဓါတရားကို အားကြီးသော အမှီသဟဲပြု၍ ဒါနကို ပေးလှူ၏၊ သီလကို ဆောက်တည်၏၊ ဥပုသ်ကို ကျင့်သုံး၏၊ စျာန်ကို ဖြစ်စေ၏၊ ဝိပဿနာကိုဖြစ်စေ၏၊ မဂ်ကိုဖြစ်စေ၏၊ အဘိညာဏ်ကို ဖြစ်စေ၏၊ သမာပတ်ကို ဖြစ်စေ၏။ ။ သီလကို ။ ပ ။ သုတကို ။ ပ ။ စာဂကို ။ ပ ။ ပညာကို အားကြီးသော အမှီသဟဲပြု၍ ဒါနကို ပေးလှူ၏။ ပ ။ သမာပတ်ကို ဖြစ်စေ၏။
ရှေးရှေးသော မိမိသန္တာန်၌ ဖြစ်သော သဒ္ဓါသည် ။ ပ ။ သီလသည် ။ ပ ။ သုတသည် ။ ပ ။ စာဂသည် ။ ပ ။ ပညာသည် နောက်နောက်၌ ဖြစ်လတ္တံ့သော သဒ္ဓါအား ။ ပ ။ သီလအား ။ ပ ။ သုတအား ။ ပ ။ စာဂအား ။ ပ ။ ပညာအား ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြု၏။ (ကုသိုလ်က ကုသိုလ်အား ကျေးဇူးပြုပုံတည်း၊၊)
တစ်ဖန် မိမိသန္တာန်၌ ဖြစ်စေအပ်သော သဒ္ဓါကို အားကြီးသော အမှီသဟဲပြု၍ မာနကို ဖြစ်စေ၏၊ ဒိဋ္ဌိကို စွဲယူ၏။ (ငါမို့ ဒီသဒ္ဓါတရားမျိုးရှိတာ၊ ဒီသဒ္ဓါတရားသည် ငါပဲ ---- စသည်ဖြင့် စွဲယူမှုတည်း။) သီလကို ။ ပ ။ သုတကို ။ ပ ။ စာဂကို ။ ပ ။ ပညာကို အားကြီးသော အမှီသဟဲပြု၍ မာနကို ဖြစ်စေ၏၊ ဒိဋ္ဌိကို စွဲယူ၏။ မိမိ သန္တာန်၌ ဖြစ်စေအပ်သော သဒ္ဓါသည် ။ ပ ။ သီလသည် ။ ပ ။ သုတသည် ။ ပ ။ စာဂသည် ။ ပ ။ ပညာသည် ရာဂအား ။ ပ ။ ဒေါသအား ။ ပ ။ မောဟအား ။ ပ ။ မာနအား ။ ပ ။ ဒိဋ္ဌိအား ။ ပ ။ ဘဝသမ္ပတ္တိ ဘောဂသမ္ပတ္တိကို တောင့်တတတ်သော တဏှာအား ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြု၏။ (အဘိ၊ဋ္ဌ၊၃၊၃၆၈-၃၆၉။ ၃၄၇-၃၄၈။ ဝိသုဒ္ဓိ၊၂၊၁၆၇-၁၆၈။) (ကုသိုလ်က အကုသိုလ်အား ကျေးဇူးပြုပုံတည်း။)
တစ်ဖန် ရာဂကို အားကြီးသော မှီရာပြု၍ ဒါနကို ပေးလှူ၏၊ နိစ္စသီလကို ဆောက်တည်၏၊ ဥပုသ်ကို ကျင့်သုံး၏၊ စျာန်ကို ဖြစ်စေ၏၊ ဝိပဿနာကို ဖြစ်စေ၏။ မဂ်ကို ဖြစ်စေ၏၊ အဘိညာဏ်ကို ဖြစ်စေ၏၊ သမာပတ်ကို ဖြစ်စေ၏။ ဒေါသကို ။ ပ ။ မောဟကို ။ ပ ။ မာနကို ။ ပ ။ ဒိဋ္ဌိကို ။ ပ ။ ဘဝသမ္ပတ္တိ ဘောဂသမ္ပတ္တိတို့ကို တောင့်တတတ်သော တဏှာကို အားကြီးသော မှီရာပြု၍ ဒါနကို ပေးလှူ၏။ ပ ။ သမာပတ်ကို ဖြစ်စေ၏။ ရာဂသည် ။ ပ ။ ဒေါသသည် ။ ပ ။ မောဟသည် ။ ပ ။ မာနသည် ။ ပ ။ ဒိဋ္ဌိသည် ။ ပ ။ ဘဝသမ္ပတ္တိ ဘောဂ-သမ္ပတ္တိတို့ကို တောင့်တတတ်သော တဏှာသည် သဒ္ဓါအား ။ ပ ။ သီလအား ။ ပ ။ သုတအား ။ ပ ။ စာဂအား ။ ပ ။ ပညာအား အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ (အဘိ၊ဋ္ဌ၊၃၊၃၆၉။)
[အကုသိုလ်က ကုသိုလ်အား ကျေးဇူးပြုပုံတည်း။ အကုသိုလ်က ကုသိုလ်အား ကျေးဇူးပြုရာ၌ ဤပကတူပနိဿယ တစ်မျိုးသာ ရ၏၊ အနန္တရူပနိဿယ အာရမ္မဏူပနိဿယ နှစ်မျိုး မရနိုင်။ အကုသိုလ်ကို အလေးအမြတ် ပြု၍ အလေးဂရုပြု၍ ကုသိုလ်တရား၏ မဖြစ်သင့်ခြင်း မဖြစ်ခြင်းကြောင့်တည်း။ (အဘိ၊ဋ္ဌ၊၃၊၃၆၉။)]
ထူးခြားမှု - မှတ်သားရန်
ပုရိမာ ပုရိမာတိ အနန္တရူပနိဿယေ သမနန္တရာတီတာ လဗ္ဘန္တိ၊ အာရမ္မဏူပနိဿယပကတူပနိဿယေသု နာနာဝီထိဝသေန ပုရိမတရာ။ (အဘိ၊ဋ္ဌ၊၃၊၃၆၈။)
ရှေးရှေး၌ ဖြစ်ကုန်သော တရားများ ---- အရ အနန္တရူပနိဿယ၌ ကောင်းစွာ အခြားမဲ့ဖြစ်၍ လွန်ပြီး ကုန်သော တရားတို့ကို ရအပ်ကုန်၏။ အာရမ္မဏူပနိဿယ, ပကတူပနိဿယတို့၌ အထူးထူးသော ဝီထိတို့၏ အစွမ်းဖြင့် (ဝီထိပေါင်းများစွာ ခြားလျက် ရှိကြကုန်သော) သာ၍ ရှေး၌ ဖြစ်ကုန်သော တရားတို့ကို ရအပ်ကုန်၏။ (အဘိ၊ဋ္ဌ၊၃၊၃၆၈။)
ဆိုလိုသည်မှာ ---- ရှေးရှေးတရားတို့က နောက်နောက်တရားတို့အား အားကြီးသောမှီရာ ဥပနိဿယ သတ္တိဖြင့် ကျေးဇူးပြုကြောင်းကို ---- ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၅။) ---- ဤသို့ စသည်ဖြင့် ဘုရားရှင်သည် ဟောကြားထားတော်မူရာဝယ် ရှေးရှေးတရားတို့မှာ ပစ္စည်းတရားများ ဖြစ်ကြ၏၊ နောက်နောက်တရားတို့မှာ ပစ္စယုပ္ပန်တရားတို့ ဖြစ်ကြ၏။ အနန္တရူပနိဿယ၌ ပစ္စည်းတရားနှင့် ပစ္စယုပ္ပန်တရားတို့သည် အခြားမရှိ၊ စိတ္တက္ခဏ ကာကွယ်ခြားနားမှု မရှိ။ ရှေးစိတ္တက္ခဏ၌ တည်ရှိကြသော တရားစုတို့က ပစ္စည်းတရား, နောက်စိတ္တက္ခဏ၌ တည်ရှိကြသော တရားစုတို့က ပစ္စယုပ္ပန်တရားဟု ဤသို့ အသီးအသီး ပစ္စည်း ပစ္စယုပ္ပန်ကို ကောက်ယူရ၏။
အာရမ္မဏူပနိဿယ ပကတူပနိဿယတို့၌ကား ပစ္စည်းတရားနှင့် ပစ္စယုပ္ပန်တရားတို့သည် ဝီထိပေါင်း များစွာ ကွာခြားနိုင်၏။ ရှေးရှေးဝီထိများ၏ အတွင်း၌ တည်ရှိကြသော သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာစသော ပစ္စည်းတရားတို့က နောက်နောက်သော ဝီထိများ၏ အတွင်း၌ တည်ရှိကြသော သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာစသော ပစ္စယုပ္ပန်တရားတို့အား အာရမ္မဏူပနိဿယ ပကတူပနိဿယ ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးနိုင်၏ဟု ဆိုလိုသည်။
ဥတု - ဘောဇဉ် - ပုဂ္ဂလ - သေနာသန
ဥတုဘောဇနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော။ ပုဂ္ဂလောပိ ဥပနိဿယပစ္စယေန ပစ္စယော။ သေနာသနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၆။)
ပုဂ္ဂလောပိ သေနာသနမ္ပီတိ ဣဒံ ဒွယံ ပကတူပနိဿယဝသေန ဝုတ္တံ။ ဣဒဥှိ ဒွယံ ကုသလာကုသလပဝတ္တိယာ ဗလဝပစ္စယော ဟောတိ။ ပစ္စယဘာဝေါ စဿ ပနေတ္ထ ပရိယာယဝသေန ဝေဒိတဗ္ဗောတိ။ (အဘိ၊ဋ္ဌ၊၃၊၃၆၉-၃၇၀။)
ပုဂ္ဂလောပိ သေနာသနမ္ပီတိ ပုဂ္ဂလသေနာသနဂ္ဂဟနဝသေန ဥပနိဿယဘာဝံ ဘဇန္တေ ဓမ္မေ ဒေဿတိ။ (မူလဋီ၊၃၊၁၈၆။)
ဓမ္မေတိ ပုဂ္ဂလသေနာသနပညတ္တီနံ ဥပါဒါနဘူတေ ဓမ္မေ။ (အနုဋီ၊၃၊၂၅၃။)
ပိ ၊ သဒ္ဒေန စီဝရာရညရုက္ခပဗ္ဗတာဒိဂ္ဂဟဏဝသေန ဥပနိဿယဘာဝံ ဘဇန္တေ သဗ္ဗေ သင်္ဂဏှာတိ။ (မူလဋီ၊၃၊၁၈၆။)
ဥတုနှင့် ဘောဇဉ်ကလည်း ကုသိုလ်တရား အကုသိုလ်တရားဖြစ်ရေးအတွက် ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေး၏။ ပုဂ္ဂိုလ်နှင့် ကျောင်း အိပ်ရာ နေရာ အသုံးအဆောင်တို့ကလည်း ကုသိုလ်ဖြစ်ရေး အကုသိုလ် ဖြစ်ရေးအတွက် ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေး၏။ ထိုတွင် ဥတု (= ပူမှု အေးမှု)နှင့် ဘောဇဉ် (= ရသဓာတ်) တို့မှာ ပရမတ်တရားတို့ ဖြစ်ကြ၏။
ပုဂ္ဂလနှင့် သေနာသန နှစ်မျိုးသည်လည်း ကုသိုလ်တရား အကုသိုလ်တရားဖြစ်ခြင်း၏ အားကြီးသော မှီရာ အကြောင်းတရားပင် ဖြစ်၏။ ထိုပုဂ္ဂလ (= ပုဂ္ဂိုလ်)နှင့် သေနာသန (= ကျောင်းအိပ်ရာနေရာ) နှစ်မျိုးတို့၏ အကြောင်းပစ္စည်းတရား အဖြစ်ကိုလည်း ဤပကတူပနိဿယ ပစ္စည်း၌ ပရိယာယ်၏ အစွမ်းဖြင့်သာ သိပါ။
ပရိယာယ် ---- ပုဂ္ဂလ သေနာသနတို့က ကုသိုလ်တရားဖြစ်ရေး, အကုသိုလ်တရားဖြစ်ရေးအတွက် ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြုသည်ဟု ဆိုသော်လည်း ပုဂ္ဂလ, သေနာသနဟူသော နာမပညတ် သမူဟ ပညတ်တို့က ကျေးဇူးပြုသည် မဟုတ်။ ပုဂ္ဂလဟူသော နာမပညတ် သမူဟပညတ်တို့၏ စွဲမှီရာ ရုပ်နာမ်တို့က လည်းကောင်း, သေနာသနဟူသော နာမပညတ် သမူဟပညတ်တို့၏ စွဲမှီရာ ရုပ်တရားတို့ကလည်းကောင်း, ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြုသည်။
သပ္ပါယမျှတသော ပုဂ္ဂလ, သပ္ပါယမျှတသော သေနာသနတို့က ကာယိကသုခအား, အသပ္ပါယဖြစ်သော ပုဂ္ဂလ သေနာသနတို့က ကာယိကဒုက္ခအား စေတသိကဒုက္ခအား ဤသို့ စသည်ဖြင့် ကျေးဇူးပြုမှုမျိုးတည်း။ ဘုရားရှင်ကဲ့သို့သော ကလျာဏမိတ္တ (= မိတ်ကောင်း ဆွေကောင်း) ပုဂ္ဂိုလ်က သာဝကတို့၏ သန္တာန်ဝယ် သဒ္ဓါ သီလ သုတ စာဂ ပညာ ကုသိုလ်တရားများ တိုးပွားအောင် ဝိပဿနာဉာဏ် မဂ်ဉာဏ်တို့ ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေး၏။ အရှင်ဒေဝဒတ်တို့ကဲ့သို့သော ပုဂ္ဂိုလ်က အဇာတသတ်တို့ကဲ့သို့သော သာဝက၏ သန္တာန်၌ အဖကိုသတ်ခြင်း (= ပိတုဃာတက) အကုသိုလ်ကံစသည့် အကုသိုလ်တရားများကို ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေး၏။ ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြုမှုမျိုးပင်တည်း။ ထိုသို့ ကျေးဇူးပြုရာ၌ ပုဂ္ဂလအမည် ရသော ရုပ်နာမ် ပရမတ်တရားတို့ကသာလျှင် သေနာသနအမည်ရသော ရုပ်ပရမတ်တရားတို့ကသာလျှင် ကုသိုလ်တရားများ ဖြစ်ပေါ်လာအောင်, သို့မဟုတ် အကုသိုလ်တရားများ ဖြစ်ပေါ်လာအောင် ပကတူပနိဿယ သတ္တိဖြင့် ကျေးဇူးပြုသည်။
ထိုကြောင့် ပုဂ္ဂလက ကျေးဇူးပြု၏၊ သေနာသနက ကျေးဇူးပြု၏။ ---- ဟူသောစကားသည် ပရိယာယ် စကားသာတည်း။ ပရိယာယ်ဟူရာ၌ ဌာနီဖြစ်သော နာမပညတ် သမူဟပညတ်၏ အမည်ကို ဌာနဖြစ်သော ရုပ်-နာမ်အပေါ်၌ တင်စားထားသော ဌာနျူပစာရစကား ဟူလိုသည်။
သေနာသနမ္ပိ ---- စသည်၌ပါသော ပိ-သဒ္ဒါဖြင့် သင်္ကန်း-သစ်ပင်-တော-တောင် စသည်တို့ကို သိမ်းကျုံးယူခြင်း၏ အစွမ်းဖြင့် ဥပနိဿယပစ္စည်းအဖြစ်ဖြင့် ဘုရားရှင်သည် ခွဲခြားဝေဖန်၍ ဟောကြားထားတော်မူအပ်ကုန်သော ခပ်သိမ်းကုန်သော တရားတို့ကို သိမ်းယူပါ။ ပစ္စုပ္ပန်ဖြစ်သော သက်ရှိ ရုပ်နာမ်အားလုံးနှင့် သက်မဲ့ ရုပ်ဝတ္ထုအားလုံးတို့သည် ပကတူပနိဿယပစ္စည်း ဖြစ်နိုင်ကုန်သည်သာတည်း။
ပညတ်-နာမ်-ရုပ် က နာမ်အား ကျေးဇူးပြုသော ပစ္စည်းတည်း။ ရုပ်-နာမ် ပစ္စည်းတရားတို့သည် ကာလ သုံးပါးလုံး၌ ဖြစ်ကုန်၏။ ပညတ်နှင့် နိဗ္ဗာန်ပစ္စည်းတရားတို့ကား ကာလဝိမုတ်တရားတို့တည်း။ အနာဂတ်၌ တည်ရှိသော ဘဝသမ္ပတ္တိ ဘောဂသမ္ပတ္တိတို့ကို တောင့်တမူ, ယင်းဘဝသမ္ပတ္တိ ဘောဂသမ္ပတ္တိဟူသော ရုပ်နာမ် တရားစုတို့ကား အနာဂတ်ပစ္စည်းတရားစုတည်း။ ဤသို့စသည်ဖြင့် သဘောပေါက်ပါလေ။
ပုရေဇာတပစ္စည်း
စက္ခုဝိညာဏ်စသော ပစ္စယုပ္ပန်တရားတို့ မဖြစ်မီ ရှေးဦးစွာဖြစ်ပြီး၍ ဖြစ်နှင့်၍ စက္ခုဝိညာဏ်စသည့် ပစ္စယုပ္ပန်တရားတို့ ဖြစ်သောအခါ ဌီအခိုက်၌ ဖြစ်တည်ဆဲအဖြစ်ဖြင့် ကျေးဇူးပြုသော စက္ခာယတနစသော တရားသည် ပုရေဇာတပစ္စည်းမည်၏။ (အဘိ၊ဋ္ဌ၊၃၊၃၄၈-၃၄၉။)
ထိုပုရေဇာတပစ္စည်းသည် (၁) ဝတ္ထုပုရေဇာတပစ္စည်း, (၂) အာရမ္မဏပုရေဇာတပစ္စည်းဟု (၂)မျိုး ရှိ၏။
၁။ ဝတ္ထုပုရေဇာတပစ္စည်း
၁။ စက္ခာယတနသည် စက္ခုဝိညာဏ်နှင့် သမ္ပယုတ်တရားစုအား,
၂။ သောတာယတနသည် သောတဝိညာဏ်နှင့် သမ္ပယုတ်တရားစုအား,
၃။ ဃာနာယတနသည် ဃာနဝိညာဏ်နှင့် သမ္ပယုတ်တရားစုအား,
၄။ ဇိဝှါယတနသည် ဇိဝှါဝိညာဏ်နှင့် သမ္ပယုတ်တရားစုအား,
၅။ ကာယာယတနသည် ကာယဝိညာဏ်နှင့် သမ္ပယုတ်တရားစုအား,
ဝတ္ထုပုရေဇာတ (နိဿယ)ပစ္စယသတ္တိဖြင့် အသီးအသီး ကျေးဇူးပြု၏။
၂။ အာရမ္မဏပုရေဇာတပစ္စည်း
၆။ ရူပါရုံသည် စက္ခုဝိညာဏ်နှင့် သမ္ပယုတ်တရားစုအား,
၇။ သဒ္ဒါရုံသည် သောတဝိညာဏ်နှင့် သမ္ပယုတ်တရားစုအား,
၈။ ဂန္ဓာရုံသည် ဃာနဝိညာဏ်နှင့် သမ္ပယုတ်တရားစုအား,
၉။ ရသာရုံသည် ဇိဝှါဝိညာဏ်နှင့် သမ္ပယုတ်တရားစုအား,
၁၀။ ဖောဋ္ဌဗ္ဗာရုံသည် ကာယဝိညာဏ်နှင့် သမ္ပယုတ်တရားစုအား,
ရူပါရုံ - သဒ္ဒါရုံ - ဂန္ဓာရုံ - ရသာရုံ - ဖောဋ္ဌဗ္ဗာရုံဟူသော ပဉ္စာရုံသည် ပဉ္စဒွါရာဝဇ္ဇန်း သမ္ပဋိစ္ဆိုင်းဒွေဟူသော မနောဓာတ် (၃)ပါး, ယင်းတို့နှင့်ယှဉ်သော ဆန္ဒ - ပီတိ - ဝီရိယကြဉ်သော အညသမာန်းစေတသိက် (= ၁၀)အား-
အာရမ္မဏပုရေဇာတပစ္စယသတ္တိဖြင့် အသီးအသီး ကျေးဇူးပြု၏။
၁၁။ ဟဒယဝတ္ထုသည် ယင်းမနောဓာတ် (၃)ပါးနှင့် သမ္ပယုတ်တရားစုအား ဝတ္ထုပုရေဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ ဟဒယဝတ္ထုသည် မနောဝိညာဏဓာတ်နှင့် သမ္ပယုတ်တရားစုအား ပဝတ္တိအခါ၌ ဝတ္ထုပုရေဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏၊ ပဋိသန္ဓေအခါ၌ ဝတ္ထုပုရေဇာတပစ္စယသတ္တိဖြင့် ကျေးဇူးမပြု။ (ပဋ္ဌာန၊၁၊၆-၇။)
ဤ၌ စက္ခု-သောတ-ဃာန-ဇိဝှါ-ကာယ ဝတ္ထုရုပ်တို့သည် မဇ္ဈိမာယုကဖြစ်၍ အတီတဘဝင်နှင့် ဥပါဒ်ချင်း ပြိုင်လျက် ဖြစ်ကြသော ဝတ္ထုရုပ်တရားတို့ကို ဆိုလိုသည်။ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့ကား စိတ္တက္ခဏ (၁၇)ချက် အသက်မစေ့သေးသော သက်တမ်းမကုန်ဆုံးသေးသော ပစ္စုပ္ပန်အာရုံတို့တည်း။ မနောဓာတ် (၃)ပါး၏ အာရုံမှာ ပစ္စုပ္ပန်ပဉ္စာရုံဖြစ်၏။ မနောဝိညာဏဓာတ်၏ အာရုံမှာကား အာရုံ (၆)ပါးလုံးပင် ထိုက်သလို ဖြစ်သည်။ အာရမ္မဏပစ္စည်း၌ သဗ္ဗေဓမ္မာဟု ဟောခဲ့၏။ ဤတွင်ကား မနောဝိညာဏဓာတ်အတွက် အာရမ္မဏပုရေဇာတကို မဟောဘဲ ဝတ္ထုပုရေဇာတ တစ်မျိုးကိုသာ ဟောထားတော်မူသည်။ ယင်းဝတ္ထုပုရေဇာတ ဟဒယဝတ္ထုကား အမှတ်မရှိသော ရှေးရှေးစိတ်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထုပင်တည်း။ ပဋိသန္ဓေအခါ၌ မှီရာ ဟဒယဝတ္ထုနှင့် ပဋိသန္ဓေမနောဝိညာဏဓာတ် နာမ်တရားစုတို့သည် ပြိုင်တူဖြစ်ကြသောကြောင့် ဝတ္ထုပုရေဇာတ ပစ္စည်းကို မရရှိပေ။ မနောဝိညာဏဓာတ်၏ အာရမ္မဏပုရေဇာတကို မဟောခြင်းမှာလည်း မနောဒွါရိကဇောဝီထိ တို့သည် ကာလသုံးပါးအတွင်း၌ တည်ရှိကြသော ရုပ်တရားတို့ကို အာရုံယူနိုင်သောကြောင့် ဖြစ်သည်။
အယံ ပန ပုရေဇာတပစ္စယော သုဒ္ဓရူပမေဝ ဟောတိ၊ တဉ္စ ခေါ ဥပ္ပါဒက္ခဏံ အတိက္ကမိတွာ ဌိတိပ္ပတ္တံ အဋ္ဌာရသဝိဓံ ရူပရူပမေဝ။ (အဘိ၊ဋ္ဌ၊၃၊၃၇၁။)
ဤပုရေဇာတပစ္စည်းတရားကား ရုပ်သက်သက်သာတည်း၊ ထိုရုပ်သည်လည်း ဥပါဒ်ခဏကို ကျော်လွန်၍ ရုပ်၏ ဌီကာလသို့ ရောက်ရှိနေသော (၁၈)မျိုးသော ရုပ်အစစ်သာလျှင်တည်း။ ရုပ်က နာမ်အား ကျေးဇူးပြုပုံကို ဟောသော ပစ္စည်းတည်း။
ပစ္ဆာဇာတပစ္စည်း
ပစ္စည်းတရား မဖြစ်ခင် ပစ္စယုပ္ပန်တရားတို့က မိမိ မိမိတို့ ဆိုင်ရာ အကြောင်းတရားအားလျော်စွာ ဖြစ်ပြီး ဥပါဒ်ပြီး ဖြစ်ကြ၏။ ဤပစ္ဆာဇာတပစ္စည်းတရားကား ယင်းဖြစ်ပြီး ဥပါဒ်ပြီးတရားများကို ဖြစ်အောင် ကျေးဇူးပြုပေးဖို့ မလို၊ အကျိုးပစ္စယုပ္ပန်တရားတို့မှာ မိမိမဖြစ်ခင်က ကြိုတင်၍ ဖြစ်ပြီး ဖြစ်နေသောကြောင့် ဖြစ်၏။ သို့သော် ယင်းဖြစ်ပြီး ဥပါဒ်ပြီး တရားကို တည်တံ့အောင်ကား ကျေးဇူးပြု၏။ သို့အတွက် ပစ္စည်းတရားတို့ (= အကြောင်း တရားတို့) မဖြစ်မီ ရှေးဦးစွာ ဖြစ်ပြီးကုန်သော ရုပ်တရားတို့အား (= ရုပ်တရားတို့ကို) ထောက်ပံ့တတ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော ပစ္စည်းတရားသည် ပစ္ဆာဇာတပစ္စည်းတရား မည်၏။
ဂိဇ္ဈပေါတကသရီရာနံ အာဟာရာသာစေတနာ ဝိယ။ (ဝိသုဒ္ဓိ၊၂၊၁၆၉။ အဘိ၊ဋ္ဌ၊၃၊၃၄၉။)
လင်းတပေါက်စ လင်းတငယ်ကလေးတို့၌ အမိလင်းတကြီး အစာရှာထွက်သွားသောအခါ အမိပြန်လာ လျှင် အစာရလိမ့်မည်ဟု မျှော်လင့်သော အာသာတဏှာဆန္ဒ ဖြစ်၏။ ထိုအာသာတဏှာဆန္ဒနှင့် ယှဉ်ဖက် စေတနာသည် မနောသေဉ္စတနာဟာရပင်တည်း။ ထိုမနောသေဉ္စတနာဟာရသည် လင်းတကလေးတို့၏ ကိုယ်၌ (= ခန္ဓာအစဉ်၌) ပစ္စုပ္ပန်အခိုက်ဝယ် နာမ်သန္တတိအစဉ်အားဖြင့် ထင်ရှားရှိနေ၏။ ထိုထင်ရှားရှိနေသော အာဟာရာသာစေတနာက (= စေတနာနှင့်တကွသော နာမ်တရားစုက) မိမိ မဖြစ်မီ ဖြစ်နှင့်၍ ဌီအခိုက်သို့ ရောက်နေ ကြသော စတုသမုဋ္ဌာနိကရုပ်အစဉ်အား ဤပစ္ဆာဇာတပစ္စယသတ္တိဖြင့်ပင် ကျေးဇူးပြုလျက်ရှိသောကြောင့် လင်းတကလေးတို့၏ ကိုယ်သည် မပျက်မစီးဘဲ တည်ရှိနိုင်ကြသကဲ့သို့တည်း။ ထိုကြောင့် ---- ဂိဇ္ဈပေါတကသရီရာနံ အာဟာရာသာစေတနာဝိယ ---- ဟူသော လင်းတသားငယ်တို့၏ ဥပါဒ်ပြီး ရုပ်သန္တတိအစဉ်အား နောက်မှ ဥပါဒ်သော အာဟာရာသာစေတနာ နာမ်တရားစုက ကျေးဇူးပြုပုံကို ဖော်ပြသော ဥပမာသည် ဥပမာ ဖြစ်ရုံမျှမက ပစ္ဆာဇာတ စေတနာက ကျေးဇူးပြုပုံကိုလည်း ပြသော ဥဒါဟရုဏ်လည်း ဖြစ်သည်ဟု မှတ်ပါ။ (မဟာဋီ၊၂၊၂၈၀။)
ပစ္ဆာဇာတာ စိတ္တစေတသိကာ ဓမ္မာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၇။)
ပစ္ဆာဇာတာတိ ယဿ ကာယဿ ပစ္စယာ ဟောန္တိ၊ တသ္မိံ ဥပ္ပဇ္ဇိတွာ ဌိတေ ဇာတာ။ ပုရေဇာတဿာတိ တေသံ ဥပ္ပါဒတော ပဌမတရံ ဇာတဿ ဇာတိက္ခဏံ အတိက္ကမိတွာ ဌိတိပ္ပတ္တဿ။ ဣမဿ ကာယဿာတိ ဣမဿ စတုသမုဋ္ဌာနိကတိသမုဋ္ဌာနိကဘူတဥပါဒါရူပသင်္ခါတဿ ကာယဿ။ ဧတ္ထ စ တိသမုဋ္ဌာနိကကာယောတိ အာဟာရသမုဋ္ဌာနဿ အဘာဝတော ဗြဟ္မပါရိသဇ္ဇာဒီနံ ကာယော ဝေဒိတဗ္ဗော။ (အဘိ၊ဋ္ဌ၊၃၊၃၇၂။)
ပဉ္စဝေါကာရဘုံ၌ အရူပဝိပါက် (၄)ခုကြဉ်သော ပဋိသန္ဓေနောင် ပထမဘဝင်မှ စ၍ ဘဝတစ်လျှောက် အတွင်း၌ ဖြစ်ကြကုန်သော ကာမာဝစရ, ရူပါဝစရ, အရူပါဝစရ, လောကုတ္တရာဟု ဆိုအပ်ကုန်သော ကုသိုလ်-အကုသိုလ်-ဝိပါက်-ကြိယာ-စိတ်စေတသိက်တရားစုတို့သည် မိမိ ပစ္စည်းတရားတို့ မဖြစ်မီ ရှေး၌ ဖြစ်ပြီး၍ ရုပ်၏ ဌီကာလ၌ တည်ရှိကြကုန်သော ကမ္မဇရုပ်, စိတ္တဇရုပ်, ဥတုဇရုပ်ဟူသော တိဇကာယ (ရူပါဝစရဘုံကို ရည်သည်၊၊), ကမ္မဇရုပ်, စိတ္တဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ်ဟူသော စတုဇကာယ (ကာမာဝစရဘုံကို ရည်သည်။)အား ပစ္ဆာဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
ဝိပါကေပိ ဌပေတွာ ပဋိသန္ဓိဝိပါကံ အဝသေသော ကာမာဝစရရူပါဝစရဝိပါကော တေဿဝ ဧကန္တေန ပစ္ဆာဇာတပစ္စယော ဟောတိ။ (အဘိ၊ဋ္ဌ၊၃၊၃၇၂။)
ဤအဋ္ဌကထာ၏ ဖွင့်ဆိုချက်နှင့် အညီ ဝိပါက်တရားတို့တွင် ပဋိသန္ဓေဝိပါက်ကို ချန်လှပ်ထားပါ။ ဤ ပစ္ဆာဇာတပစ္စည်းသည် အတ္ထိပစ္စည်း အဝိဂတပစ္စည်းတို့နှင့် ယှဉ်တွဲ၍ အမြဲဖြစ်၏။ အတ္ထိပစ္စည်းဟူသည် ပစ္စည်း ပစ္စယုပ္ပန် နှစ်မျိုးလုံး ထင်ရှား တည်ရှိနေခိုက်၌လည်းကောင်း, အဝိဂတပစ္စည်းဟူသည် ပစ္စည်း ပစ္စယုပ္ပန် နှစ်မျိုးလုံး မကင်းသေးဘဲ တည်ရှိနေခိုက်၌လည်းကောင်း ကျေးဇူးပြုသော ပစ္စည်းတို့သာ ဖြစ်ကြ၏။ သို့အတွက် ဤပစ္ဆာဇာတ ပစ္စည်းသည် ခဏတ္တယသမင်္ဂီ အတွင်း၌သာရှိသော (= ဥပါဒ်-ဌီ-ဘင်ဟူသော ခဏသုံးပါးအပေါင်းနှင့် ပြည့်စုံခိုက် ကာလအတွင်း၌သာ ရှိသော) ပစ္စုပ္ပန်တရားသာ ဖြစ်သည်ဟု မှတ်ပါ။
နာမ်က ရုပ်အား ကျေးဇူးပြုသော ပစ္စည်းတည်း။
ဣရိယာပထပိုင်း - သမ္ပဇညပိုင်း
ဣရိယာပထပိုင်း သမ္ပဇညပိုင်းဆိုင်ရာ ရုပ်တရားတို့မှာ ဤပစ္စည်း၏ ကျေးဇူးပြုမှု မကင်းဟု သိပါ။ ဥပမာ - ကွေးလိုသော စိတ်ကြောင့် ကွေးမှုဖြစ်ရာဝယ် ကွေးလိုသောစိတ် မဥပါဒ်မီက ကြိုတင်၍ ဖြစ်နှင့်ကြသော ရုပ်၏ ဌီကာလသို့ ရောက်ရှိနေခိုက် ဖြစ်ကြကုန်သော စတုသမုဋ္ဌာနိက (= စတုဇ)ရုပ်တို့သည် ကွေးလိုသော စိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ်တို့တွင် ပါဝင်သော ဝါယောဓာတ်၏ နောက်သို့ အားလုံး လိုက်လျောညီထွေ ဖြစ်ကြရ၏။ ကွေးသော အခြင်းအရာအားဖြင့် အားလုံး ဖြစ်ကြရ၏။ အလားတူပင် သွားလိုသောစိတ် မဥပါဒ်မီ အတွင်း ကြိုတင်၍ ဖြစ်နေလျက် ရုပ်၏ ဌီကာလသို့ ရောက်ရှိနေခိုက် ဖြစ်ကြကုန်သော ရုပ်တရားတို့သည် သွားလိုသော စိတ်ကြောင့် ဖြစ်ကုန်သော စိတ္တဇရုပ်တို့တွင် ပါဝင်သော ဝါယောဓာတ်၏ ဦးဆောင်မှု နောက်သို့ လိုက်လျောကြရ၏၊ သွားသော အခြင်းအရာအားဖြင့် အားလုံးဖြစ်ကြရ၏။ ထိုစိတ္တဇဝါယောဓာတ်ကြောင့် ဖြစ်ပေါ်လာသော ကာယဝိညတ်ရုပ်၏ ပဲ့ကိုင်သည့်အတိုင်း ဖြစ်ကြရ၏။ ယင်းသို့ ဖြစ်ကြရခြင်းမှာ ပစ္ဆာဇာတ အမည်ရသော စိတ်က (= စိတ်-စေတသိက်တရားစုက) ကျေးဇူးပြုပေးနေသောကြောင့်ပင် ဖြစ်သည်။ ဤသို့စသည်ဖြင့် သဘောပေါက်ပါလေ။
အာသေဝနပစ္စည်း
ပစ္စယုပ္ပန်တရားတို့ကို သာလွန်သော ဂုဏ်သတ္တိရှိသော တရားတို့ဖြစ်အောင် အဖန်ဖန် အထပ်ထပ်ပြုခြင်း ဖြစ်စေခြင်း အနက်သဘောဖြင့် အခြားမဲ့၌ ဖြစ်သော ပထမဇော ဖိုလ်ဇော ကြဉ်သော နောက်နောက်သော ဇော (၅၁)ပါး, စေတသိက် (၅၂)ပါး ဟူသော ပစ္စယုပ္ပန်တရားတို့အား သာလွန်သော ဂုဏ်သတ္တိရှိကုန်သည်၏ အဖြစ် အားရှိကုန်သည်၏အဖြစ် အကျိုးငှာ ကျေးဇူးပြုတတ်သော ရှေးရှေးဇောပစ္စည်းတရားသည် အာသေဝန ပစ္စည်း မည်၏။ ဥပမာ - စာပေကျမ်းဂန်သင်ယူခြင်းစသည်တို့တွင် ရှေးရှေး၌ဖြစ်သော အားထုတ်ခြင်းသည် နောက်နောက်၌ ဖြစ်သော အားထုတ်ခြင်းအား လျော်သော ဂုဏ်ကျေးဇူးကို ပြုသကဲ့သို့တည်း။ (အဘိ၊ဋ္ဌ၊၃၊၃၄၉။ ဝိသုဒ္ဓိ၊၂၊၁၆၉။)
ရှေးရှေးဇောသည် နောက်နောက်ဇောအား အာသေဝနသတ္တိဖြင့် ကျေးဇူးပြုရာ၌ နောက်နောက် ဇောသည် ရှေးရှေးဇောထက် ဂုဏ်သတ္တိ ပိုလွန်၍ အားလည်းပိုရှိသည်၊ ထိုကြောင့် ဇော (၇)ကြိမ်တွင် အာသေဝနသတ္တိဖြင့် ကျေးဇူးအပြုမခံရသော ပထမဇောသည် သတ္တိအနည်းဆုံးဖြစ်၍ သတ္တမဇောကား အဆင့်ဆင့် ကျေးဇူးအပြုခံရသောကြောင့် သတ္တိအထက်မြက်ဆုံး ဖြစ်သည်။ ဤကား ဇော (၇)ကြိမ် စောသော ဝီထိများအတွင်း၌ ဇောများကို ရည်ရွယ်၍ ပြောခြင်းတည်း။ ဇော (၇)ကြိမ်ထက် အလွန် ပို၍ အကြိမ်များစွာ စောသော စျာန်ဝင်စားရာအခါ စသည်တို့၌ ဖြစ်သော သမာပဇ္ဇနဝီထိတို့၌ ရှေးရှေးဇောများသည် နောက်နောက် ဇောအား အာသေဝနသတ္တိဖြင့် ကျေးဇူးပြုသည်သာ ဖြစ်သည်။ စာပေကျမ်းဂန်သင်အံခြင်း, အတတ်ပညာ အမျိုးမျိုးတို့ကို သင်ယူခြင်းတို့၌ ရှေးရှေး သင်အံမှု သင်ယူမှုသည် နောက်နောက် သင်အံမှု သင်ယူမှုအား ပို၍ အားရှိလာအောင် ပို၍ တတ်သိလာအောင် ကျေးဇူးပြုသကဲ့သို့ ထို့အတူ ရှေးရှေးဇောက နောက်နောက်ဇောအား သတ္တိအင်အား ကြီးမားလာအောင် ကျေးဇူးပြုသည်ဟု မှတ်ပါ။
၁။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော။
၂။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော။
၃။ ပုရိမာ ပုရိမာ ကိရိယာဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကိရိယာဗျာကတာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၇။)
၁။ အဆုံးဇောကြဉ်သော ရှေးရှေးသော လောကီကုသိုလ်ဇော (၁၇)ကား ပစ္စည်းတရားတည်း။ ပထမဇော ကြဉ်သော နောက်နောက်သော ကုသိုလ်ဇော (၂၁)ပါးကား ပစ္စယုပ္ပန်တရားတည်း။
[မှတ်ချက် ---- ကာမာဝစရကုသိုလ်ဇောသည် မိမိ၏ အခြားမဲ့၌ဖြစ်သော ကာမာဝစရကုသိုလ်ဇောအား သာလျှင် ယေဘုယျအားဖြင့် ကျေးဇူးပြု၏။ အထူးမှာ ကာမာဝစရကုသိုလ်ဇောတို့တွင် မဟာကုသိုလ် ဉာဏသမ္ပယုတ် ကာမာဝစရကုသိုလ်ဇောသည် မိမိနှင့် တူသော ဝေဒနာရှိသော ရူပါဝစရ ကုသိုလ်ဇောအားလည်းကောင်း, အရူပါဝစရ ကုသိုလ်ဇောအားလည်းကောင်း, လောကုတ္တရာ ကုသိုလ်ဇောအားလည်းကောင်း အာသေဝနပစ္စယ သတ္တိဖြင့် ကျေးဇူးပြုပေး၏။ စျာနဝီထိ မဂ္ဂဝီထိတို့၏ အတွင်း၌ စျာန်ဇော မဂ်ဇောတို့၏ ရှေး၌ရှိသော ကာမဇော များကို ရည်ညွှန်းထားသည်။ လောကုတ္တရော အာသေဝနပစ္စယော နာမ နတ္ထိ။ (အဘိ၊ဋ္ဌ၊၃၊၃၇၃။) = လောကုတ္တရာဇောတို့၌ အာသေဝနပစ္စည်းတရား မရကောင်း၍ ပစ္စည်းတရားဘက်၌ လောကီကုသိုလ်ဇောများ ကိုသာ ကောက်ယူထားသည်။ သို့သော် လောကုတ္တရာဇောတို့သည် ပစ္စယုပ္ပန်တရားတို့ကား ဖြစ်နိုင်ကြ၏။ ထိုကြောင့် ပစ္စယုပ္ပန်တရားဘက်၌ လောကုတ္တရာမဂ်ဇောများကို ထည့်၍ ကောက်ယူထားသည်။]
၂။ အဆုံးဇောကြဉ်သော ရှေးရှေးသော အကုသိုလ်ဇော (၁၂)က ပစ္စည်းတရားတည်း။ ပထမဇောကြဉ်သော နောက်နောက်သော အကုသိုလ်ဇော (၁၂)က ပစ္စယုပ္ပန်တရားတည်း။
၃။ အဆုံးဇောကြဉ်သော ရှေးရှေးသော ကြိယာဇော (၁၈)က ပစ္စည်းတရားတည်း။ ပထမဇောကြဉ်သော နောက်နောက်သော ကြိယာဇော (၁၈)က ပစ္စယုပ္ပန်တရားတည်း။ ဤသို့လျှင် အကျဉ်းအားဖြင့် (၃)မျိုး တည်း။
ယင်းပစ္စည်းတရားတို့သည် ပစ္စယုပ္ပန်တရားတို့အား အာသေဝနပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ ပစ္စည်းတရားတို့ကား ခဏတ္တယကိုလွန်ပြီး အတိတ်တရားစုတည်း။ ပစ္စယုပ္ပန်တရားတို့ကား ခဏတ္တယသို့ ရောက်ဆဲ ပစ္စုပ္ပန်တရားစုတည်း။
နာမ်က နာမ်အား ကျေးဇူးပြုသော ပစ္စည်းတည်း။
ကမ္မပစ္စည်း
စိတ္တပယောဂ ---- စိတ်၏ အပြားအားဖြင့် အားထုတ်ခြင်းဟူသည် စိတ်၏ ထူးခြားသော အမူအရာတည်း၊ ထိုအမူအရာကို အာယူဟနဟုလည်း ခေါ်၏။ ဗျာပါရဟုလည်း ခေါ်၏။ ကိုယ်၏ ထူးခြားသော အမူအရာသည် ကာယဝိညတ်ဖြစ်၍ နှုတ်၏ထူးခြားသော အမူအရာသည် ဝစီဝိညတ်ဖြစ်သကဲ့သို့ ထို့အတူ စိတ်၏ ထူးခြားသော အမူအရာကို စေတနာ (= စေ့ဆော်ခြင်းသဘော)ဟု ခေါ်သည်။ ယင်းစေ့ဆော်မှုဟူသည် လုပ်ငန်းရပ်တစ်ခု ဖြစ်မြောက်ရေးအတွက် စိတ်၏ အားထုတ်မှု (= စိတ္တပယောဂ), ကြောင့်ကြ ဗျာပါရပြုမှုပင်တည်း။ လက်သမား ဆရာကြီး၏ လက်ထောက်တပည့်ကြီးသည် လက်သမားဆရာကြီး၏ လက်အောက်ငယ်သားတို့ထက် အလုပ် ကိစ္စ၌ ဗျာပါရများသကဲ့သို့ ထိုထိုကိစ္စ၌ ဗျာပါရများသော အမူအရာတည်း။
ယင်းစိတ်၏ အပြားအားဖြင့် အားထုတ်ခြင်း (= စိတ္တပယောဂ)ဟု ဆိုအပ်သော အမူအရာ၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော စေတနာတရားသည် ကမ္မပစ္စည်း မည်၏။ (ကိုယ်မှု နှုတ်မှု စိတ်မှုကို ပြုကြောင်း စေတနာကို ကမ္မဟု ခေါ်သည်။ ကမ္မပစ္စည်းဟုလည်း ခေါ်သည်။) ထိုကမ္မပစ္စည်းသည် နာနာက္ခဏိကကမ္မ, သဟဇာတကမ္မဟု နှစ်မျိုးရှိ၏။
၁။ ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (နာနာက္ခဏိကကမ္မ၊၊)
၂။ စေတနာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (သဟဇာတကမ္မ။) (ပဋ္ဌာန၊၁၊၇။)
၁။ နာနာက္ခဏိကကမ္မ ---- ရှေးရှေး သင်ယူအပ်သော အတတ်သင်ယူမှုသည် နောက်နောက် အတတ်သင်ယူမှု အား အခြေခံအဖြစ်ဖြင့် ကျေးဇူးပြုရာ၌ ကာလချင်း မတူဘဲ ကာလတစ်ပါးသို့ ရောက်မှ ကျေးဇူးပြုသကဲ့သို့ ကံဟူသော စေတနာသည်လည်း ပြုရာခဏ မိမိ ဖြစ်ဆဲခဏ၌ ကျေးဇူးမပြု၊ နောက်နောက်ခဏ ရောက်မှ ကျေးဇူးပြု၏။ ထိုကြောင့် အကျိုးပေးရာ ခဏမှ အသီးအသီးဖြစ်သော ကွဲပြားသောခဏ၌ ဖြစ်သော စေတနာကို နာနာက္ခဏိကကမ္မ စေတနာဟု ခေါ်၏။ ထိုစေတနာသည် များပြားလှကုန်သော ကမ္ဘာပေါင်း ကုဋေတို့၏ အထက်၌သော်လည်း ဖြစ်ခဲ့စေကာမူ မိမိ၏ အကျိုးတရားကို ဖြစ်စေခြင်းငှာ စွမ်းနိုင်သော နာနာက္ခဏိကကမ္မ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေး၏။ မှန်ပေသည် ---- ကုသိုလ်ကံ အကုသိုလ်ကံသည် ဝိပါက် နာမ်ခန္ဓာတို့အား လည်းကောင်း, ကဋတ္တာရုပ် (= ကမ္မဇရုပ်)တို့အားလည်းကောင်း နာနာက္ခဏိကကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြု ပေးသည်ဟု ဆိုသော်လည်း ထိုကံသည် မိမိဖြစ်ဆဲခဏ၌ (= ဥပါဒ်-ဌီ-ဘင် ခဏတ္တယအတွင်း၌) အကျိုး မပေးနိုင်သေးပေ။ အကယ်၍ ပေးနိုင်ငြားအံ့၊ လူသားတစ်ဦးသည် နတ်ပြည်သို့ ရောက်ကြောင်း ကုသိုလ်ကံ တစ်ခုကို ပြုလုပ်၏၊ ထိုလူသားသည် ထိုကုသိုလ်ကံ၏ အာနုဘော်ကြောင့် ထိုကံကိုပြုဆဲ ခဏမှာပင်လျှင် နတ်သားဖြစ်လေရာ၏။
အလျော်အားဖြင့် ဆိုရမူ ----- အကြင်ခဏ၌ ကံကို ပြု၏၊ ထိုကံပြုရာ ခဏမှ တစ်ပါးသော ခဏ၌ ထိုစေတနာသည် သင်္ခတပရမတ်တရားတို့၏ ဓမ္မတာအတိုင်း အနိစ္စတရားစင်စစ်သာ ဖြစ်၍ ချုပ်ပျက်သွား၏။ ကုသိုလ်ဇော စေတနာ ဖြစ်စေ အကုသိုလ်ဇော စေတနာ ဖြစ်စေ အကြင်ခန္ဓာအစဉ်ဝယ် ဖြစ်ပြီး၍ ချုပ်ရသည် ရှိသော် ဝိပါက်တရားတို့ကဲ့သို့ ပြီးပြီးပျောက်ပျောက် အနေအားဖြင့် ဘာမျှ မကျန်အောင် ချုပ်ပျောက်သွားသည်ကား မဟုတ်၊ မိမိ၏ ထူးခြားသော ကမ္မသတ္တိကို ထိုရုပ်နာမ်ခန္ဓာ အစဉ်ဝယ် မြှုပ်သွင်း၍သာလျှင် ချုပ်ပျောက်သွား၏။ ထိုသို့ ချုပ်ပျောက်သွားသဖြင့် ယင်းကုသိုလ်စေတနာ သို့မဟုတ် အကုသိုလ်စေတနာသည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား မရှိပါသော်လည်း ပြုအပ်ခဲ့သောကံနှင့် (= စေတနာနှင့်) မဖက် သက်သက် ကံကို ပြုအပ်ပြီးသည့် အတွက်ကြောင့်သာလျှင် ----
၁။ ဒိဋ္ဌဓမ္မဝေဒနီယကံဖြစ်လျှင် မျက်မှောက်ထင်ထင် ရှုမြင်အပ်သော ပစ္စုပ္ပန်ဘဝ၌သော်လည်းကောင်း
၂။ ဥပပဇ္ဇဝေဒနီယကံဖြစ်လျှင် ကပ်၍ဖြစ်ရာ ဒုတိယဘဝ၌ သော်လည်းကောင်း,
၃။ အပရာပရိယဝေဒနီယကံဖြစ်လျှင် မျက်မှောက်ဘဝ ဒုတိယဘဝမှတစ်ပါးသော အဆက်ဆက် ရောက်ထိုက်သော ဘဝ၌သော်လည်းကောင်း,
ကာလ-ဂတိ-ဥပဓိ-ပယောဂ ဟူသော ကြွင်းသော အကြောင်းတရားတို့နှင့် ပေါင်းဆုံမိခြင်းသည် ရှိခဲ့သော် အကျိုးတရားကို ဖြစ်စေနိုင်၏။ ထိုကြောင့် ---- နာနာက္ခဏိကကမ္မပစ္စည်း = အကျိုးပေးရာ ခဏမှ (= အကျိုးဖြစ် ပေါ်ရာ ခဏမှ) မတူထူးခြား ကွဲပြားသော အတိတ်ခဏ၌ ဖြစ်သော ကမ္မပစ္စည်းဟူ၍ ခေါ်ဆိုပေသည်။ (အဘိ၊ဋ္ဌ၊၃၊၃၇၄။ မူလဋီ၊၃၊၁၇၂။)
ဤ၌ အကျိုးပေးရာ ခဏမှ (= အကျိုးဖြစ်ပေါ်လာရာ ခဏမှ) မတူထူးခြား ကွဲပြားသော အသီးအသီးသော အတိတ်ခဏ၌ ဖြစ်ခဲ့သော ကုသိုလ်စေတနာ (၂၁) အကုသိုလ်စေတနာ (၁၂)တို့ကား ပစ္စည်းတရားတည်း။ ဝိပါက် နာမ်ခန္ဓာတို့နှင့် ကဋတ္တာရုပ် (= ကမ္မဇရုပ်)တို့ကား ပစ္စယုပ္ပန်တရားတည်း။
ပစ္စည်းကား အတိတ်၊ ပစ္စယုပ္ပန်ကား ပစ္စုပ္ပန်တည်း။
၂။ သဟဇာတကမ္မ ---- စိတ် တစ်ခုယုတ် (၉၀)ဟု သတ်မှတ်ထားသော စိတ်အားလုံး၌ ယှဉ်သော စေတနာ သည် မိမိနှင့်ယှဉ်ဖက် သမ္ပယုတ်တရားစုတို့အားလည်းကောင်း, ထိုစိတ်ကြောင့် ဖြစ်ကုန်သော ပဋိသန္ဓေခဏ ဖြစ်လျှင် ပဋိသန္ဓေကမ္မဇရုပ်တို့အား ကြွင်းသောခဏဖြစ်လျှင် စိတ္တဇရုပ်တို့အားလည်းကောင်း သဟဇာတကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေး၏။ မှန်ပေသည် ကုသိုလ်စေတနာ အကုသိုလ်စေတနာ စသည်တို့တွင် အမှတ် မထား တစ်ပါးပါးသော စေတနာသည် ကြွင်းသောတရားတို့အား စိတ္တပယောဂဟု ခေါ်ဆိုအပ်သော အမူအရာ၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်၏။ ထိုကြောင့် သဟဇာတကမ္မပစ္စည်းဟူ၍ ခေါ်ဆိုအပ်ပေသည်။ (ကာယဝိညတ်သည် ကာယပယောဂ မည်၏၊ ဝစီဝိညတ်သည် ဝစီပယောဂ မည်၏၊ စေတနာသည် စိတ္တပယောဂ မည်၏။) (အဘိ၊ဋ္ဌ၊၃၊၃၇၄-၃၇၅။)
ဤသဟဇာတကမ္မ၌ ပစ္စည်းတရားကား စိတ် တစ်ခုယုတ် (၉၀)၌ရှိသော စေတနာတည်း။ ပစ္စယုပ္ပန်တရားကား စိတ် တစ်ခုယုတ် (၉၀), စေတနာကြဉ်သော စေတသိက် (= ၅၁)ဟု ဆိုအပ်သော သမ္ပယုတ္တခန္ဓာ, စိတ္တဇရုပ်, ပဋိသန္ဓေကမ္မဇရုပ်တည်း။ ဤသဟဇာတကမ္မ၌ ပစ္စည်း ပစ္စယုပ္ပန် နှစ်မျိုးလုံးသည် ပစ္စုပ္ပန်တရားချည်းသာတည်း။
သဟဇာတကမ္မနှင့် နာနာက္ခဏိကကမ္မ
ကုသိုလ်စေတနာ အကုသိုလ်စေတနာများသည် အချိန်အခါသို့လိုက်၍ သဟဇာတကမ္မ နာနာက္ခဏိကကမ္မ အမည်နှစ်မျိုး ရနိုင်ကြသည်။
၁။ ဒါန သီလ ဘာဝနာဖြင့် သိမ်းကျုံးရေတွက်အပ်သော သဟဇာတ ကာမာဝစရ ကုသိုလ်စေတနာသည် ပဉ္စဝေါကာရဘုံ၌ မိမိ ဥပါဒ်ခိုက် ထင်ရှားရှိခိုက် မိမိနှင့် အတူယှဉ်ဖက် သမ္ပယုတ်ကုသိုလ်တရားစုတို့အား လည်းကောင်း, စိတ္တသမုဋ္ဌာန်ရုပ်အားလည်းကောင်း, စတုဝေါကာရဘုံ၌ သမ္ပယုတ်ကုသိုလ်တရားစုတို့အား လည်းကောင်း သဟဇာတကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
ဖြစ်ပြီး၍ ချုပ်ပျက်သွားပြီးသော ယင်း (ဒါန-သီလ-ဘာဝနာ) ကာမာဝစရ ကုသိုလ်စေတနာသည် မိမိ၏ ကာမာဝစရ အကျိုးဝိပါက်ခန္ဓာတို့အားလည်းကောင်း (= ပဋိသန္ဓေ-ဘဝင်-စုတိ-ပဉ္စဝိညာဏ်-သမ္ပဋိစ္ဆိုင်း- သန္တီရဏ-တဒါရုံဝိပါက်ခန္ဓာတို့ကို ဆိုလိုသည်။) ကဋတ္တာရုပ် (= ကမ္မဇရုပ်)တို့အားလည်းကောင်း နာနာက္ခဏိကကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေး၏။ ဤသို့ ကျေးဇူးပြုမှုမှာလည်း ပဉ္စဝေါကာရဘုံ၌သာလျှင် ကျေးဇူးပြုသည်၊ အခြားသောဘုံ၌ ကျေးဇူးမပြု။ (ရူပါဝစရဘုံ၌ကား - စက္ခုဝိညာဏ်-သောတဝိညာဏ်-သမ္ပဋိစ္ဆိုင်း-သန္တီရဏ ဝိပါက်ခန္ဓာတို့ကို ဖြစ်ပေါ်လာအောင် ကျေးဇူးပြုသည်။) (အဘိ၊ဋ္ဌ၊၃၊၃၇၅။)
၂။ အတူဖြစ်သော သဟဇာတ ရူပါဝစရစျာန် ကုသိုလ်စေတနာသည် မိမိနှင့် ယှဉ်ဖက် သမ္ပယုတ်တရားစုတို့အား လည်းကောင်း, စိတ္တသမုဋ္ဌာန်ရုပ်တို့အားလည်းကောင်း ဧကန်အားဖြင့်သာလျှင် သဟဇာတကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
တစ်ဖန် မိမိဖြစ်ပြီး၍ ချုပ်ပျက်သွားသော် ယင်းရူပါဝစရစျာန် ကုသိုလ်စေတနာသည် မိမိ၏ ရူပါဝစရ အကျိုးဝိပါက်ခန္ဓာတို့အားလည်းကောင်း ကဋတ္တာရုပ် (= ကမ္မဇရုပ်)တို့အားလည်းကောင်း (ရူပါဝစရဘုံ၌) နာနာက္ခဏိကကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ (အဘိ၊ဋ္ဌ၊၃၊၃၇၅။)
၃။ အရူပါဝစရကုသိုလ်နှင့် ယှဉ်သော သဟဇာတ ကုသိုလ်စေတနာ, လောကုတ္တရာမဂ်ကုသိုလ်နှင့် ယှဉ်သော သဟဇာတ ကုသိုလ်စေတနာသည် ပဉ္စဝေါကာရဘုံ၌ မိမိနှင့်ယှဉ်ဖက် သမ္ပယုတ်တရားစုတို့အားလည်းကောင်း, စိတ္တသမုဋ္ဌာန်ရုပ်တို့အားလည်းကောင်း, စတုဝေါကာရဘုံ၌ မိမိနှင့်ယှဉ်ဖက် သမ္ပယုတ်ခန္ဓာတို့အားလည်းကောင်း သဟဇာတကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
ဖြစ်ပြီး၍ ချုပ်ပျောက်သွားသော်ကား ယင်းအရူပါဝစရ ကုသိုလ်စေတနာ, လောကုတ္တရာ ကုသိုလ်စေတနာ နှစ်မျိုးလုံးသည် မိမိ မိမိ၏ ဆိုင်ရာ ဆိုင်ရာ ဝိပါက် နာမက္ခန္ဓာတို့အားသာလျှင် နာနာက္ခဏိကကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေး၏။ အရူပကုသိုလ်စေတနာက ဆိုင်ရာ အရူပဝိပါက် နာမက္ခန္ဓာကို ဘဝဟူသော အချိန်ကာလ ခဏခြားလျက် အကျိုးပေး၏၊ ကျေးဇူးပြုပေး၏။ လောကုတ္တရာမဂ်ကုသိုလ်ကား မိမိဖြစ်ပြီးသည်၏ အခြားမဲ့၌ သာလျှင် စိတ္တက္ခဏမခြားဘဲ ဆိုင်ရာ အရိယဖိုလ်ဟူသော အကျိုးဝိပါက်ကို ကျေးဇူးပြု၏၊ အကျိုးပေး၏။ သို့သော် မဂ်ကုသိုလ်စေတနာကား စိတ္တက္ခဏတစ်ခု၊ အရိယဖိုလ်ဟူသော ဝိပါက်တရားကား စိတ္တက္ခဏတစ်ခု၊ ဤသို့ စိတ္တက္ခဏ မတူသဖြင့် ခဏကွဲပြား၍ နာနာက္ခဏိကကမ္မ အမည်ရသည်။ (အဘိ၊ဋ္ဌ၊၃၊၃၇၅။)
၄။ အတူဖြစ်သော သဟဇာတ အကုသိုလ်စေတနာသည် ပဉ္စဝေါကာရဘုံ၌ မိမိနှင့် အတူယှဉ်ဖက် သမ္ပယုတ် နာမက္ခန္ဓာတို့အားလည်းကောင်း, စိတ္တသမုဋ္ဌာန်ရုပ်တို့အားလည်းကောင်း, စတုဝေါကာရဘုံ၌ အတူယှဉ်ဖက် သမ္ပယုတ် နာမက္ခန္ဓာတို့အားသာလျှင်လည်းကောင်း သဟဇာတကမ္မပစ္စယသတ္တိဖြင့်ကျေးဇူးပြု၏။
တစ်ဖန် ဖြစ်ပြီး၍ ချုပ်ပျက်သွားခဲ့သော်ကား (အပါယ်ဘုံ, ပဉ္စဝေါကာရဘုံ၌) အကုသလဝိပါက် နာမက္ခန္ဓာတို့အားလည်းကောင်း ကဋတ္တာရုပ် (= ကမ္မဇရုပ်)တို့အားလည်းကောင်း နာနာက္ခဏိကကမ္မပစ္စယ သတ္တိဖြင့် ကျေးဇူးပြု၏။ (အဘိ၊ဋ္ဌ၊၃၊၃၇၅။)
[မှတ်ချက် --- ဤအဋ္ဌကထာ အဖွင့်များနှင့်အညီ ကုသိုလ်စေတနာ အကုသိုလ်စေတနာတို့သည် မိမိတို့ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားရှိခိုက်၌ မိမိတို့နှင့် စိတ္တက္ခဏတစ်ခုအတွင်း၌ အတူယှဉ်တွဲ ဖြစ်ကြသည့် သမ္ပယုတ် နာမက္ခန္ဓာနှင့် ဥပါဒ်ချင်း ပြိုင်၍ ဖြစ်ကြသော စိတ္တဇရုပ်တည်းဟူသော ပစ္စယုပ္ပန်တရားတို့အား သဟဇာတကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြု၍ မိမိတို့ ဖြစ်ပြီး ချုပ်ပြီးနောက် ခဏခြားရာ ကာလခြားရာ ဘဝခြားရာ၌ကား ပစ္စယုပ္ပန်တရားတို့အား (= ဝိပါက်နာမက္ခန္ဓာနှင့် ကမ္မဇရုပ်တို့အား) နာနာက္ခဏိကကမ္မပစ္စယ သတ္တိဖြင့် ကျေးဇူးပြု၏ဟု မှတ်ပါ။ ယင်းနာနာက္ခဏိကကမ္မသတ္တိကိုပင် ရည်ရွယ်၍ ရှေး အကြောင်း အကျိုး သိမ်းဆည်းသည့် အပိုင်း၌ ကံဖြစ်ခြင်းကြောင့် (ကမ္မဇရုပ်)ရူပက္ခန္ဓာဖြစ်၏၊ ကံက အကြောင်းတရား, (ကမ္မဇရုပ်)ရူပက္ခန္ဓာက အကျိုးတရား --- ဤသို့ စသည်ဖြင့် ဖော်ပြခဲ့ပေသည်။]
ဝိပါက်စေတနာ - ကြိယာစေတနာ
၅။ ကာမာဝစရ ဝိပါက်စေတနာ ရူပါဝစရ ဝိပါက်စေတနာသည် မိမိနှင့်ယှဉ်ဖက် (ဝိပါက်)သမ္ပယုတ်တရား တို့အားလည်းကောင်း, ပဝတ္တိအခါ၌ စိတ္တသမုဋ္ဌာန်ရုပ်တို့အား လည်းကောင်း, ပဋိသန္ဓေအခါ၌ ကဋတ္တာရုပ်တို့အား လည်းကောင်း သဟဇာတကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
၆။ အရူပါဝစရ ဝိပါက်စေတနာသည် မိမိနှင့်ယှဉ်ဖက် (ဆိုင်ရာဝိပါက်)သမ္ပယုတ်တရားစုတို့အားသာလျှင် သဟဇာတကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
၇။ လောကုတ္တရာ ဝိပါက်စေတနာ (= အရိယဖိုလ်စေတနာ)သည် ပဉ္စဝေါကာရဘုံ၌ မိမိနှင့်ယှဉ်ဖက် သမ္ပယုတ်တရားတို့အားလည်းကောင်း ပဝတ္တိအခါ၌ စိတ္တသမုဋ္ဌာန်ရုပ်တို့အားလည်းကောင်း, စတုဝေါကာရဘုံ၌ နာမ်တရားအားသာလျှင်လည်းကောင်း သဟဇာတကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ (အဘိ၊ဋ္ဌ၊၃၊၃၇၅။)
၈။ ကာမ ရူပ အရူပတည်းဟူသော ဘုံသုံးပါးအတွင်း၌ တည်ရှိသော ကာမ ကြိယာစေတနာ ရူပ ကြိယာစေတနာ အရူပ ကြိယာစေတနာသည် ပဉ္စဝေါကာရဘုံ၌ မိမိနှင့်ယှဉ်ဖက် သမ္ပယုတ်တရားတို့အားလည်းကောင်း, စိတ္တသမုဋ္ဌာန်ရုပ်အားလည်းကောင်း, သဟဇာတကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ ယင်းကာမ ရူပ အရူပ ကြိယာစေတနာသည် အရူပဘုံ၌ဖြစ်မူ နာမ်တရားတို့အားသာလျှင် (= သမ္ပယုတ် နာမက္ခန္ဓာတို့အားသာလျှင်) သဟဇာတကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ (အဘိ၊ဋ္ဌ၊၃၊၃၇၅-၃၇၆။)
နာမ်က နာမ်ရုပ်အား ကျေးဇူးပြုသော ပစ္စည်းဟု မှတ်ပါ။
ဝိပါကပစ္စည်း
အားထုတ်မှု ဗျာပါရမရှိသော ငြိမ်သက်သည်၏အဖြစ်ဖြင့် အားထုတ်မှု ဗျာပါရမရှိသော ငြိမ်သက်သည်၏ အဖြစ် အကျိုးငှာ ကျေးဇူးပြုတတ်သော ဝိပါက်တရား (= ဝိပါက်နာမ်ခန္ဓာလေးပါး)သည် ဝိပါကပစ္စည်း မည်၏။ (အဘိ၊ဋ္ဌ၊၃၊၃၄၉။)
ရှင်းလင်းချက်
ဥဿာဟောတိ စ ကိရိယမယစိတ္တုပ္ပါဒဿ ပဝတ္တိအာကာရော ဝေဒိတဗ္ဗော၊ ယော ဗျာပါရောတိ စ ဝုစ္စတိ, န ဝီရိယုဿာဟော။ (အနုဋီ၊၃၊၂၃၂။)
ကိုယ်နှုတ်တို့၏ အမူအရာကို ဖြစ်စေတတ် ပြီးစေတတ်သော စိတ္တုပ္ပါဒ်၏ ဖြစ်ပုံအခြင်းအရာ တစ်မျိုးကို ဥဿာဟဟုခေါ်၏၊ ယင်းအခြင်းအရာကိုပင် ဗျာပါရဟုလည်း ခေါ်၏။ ဝီရိယကား မဟုတ်ပေ။ ကုသိုလ် အကုသိုလ်စသော တရားတို့၏ ကိုယ်နှုတ်နှင့်စပ်သော အမူအရာကို ဖြစ်စေဖို့ရန် ကြောင့်ကြဗျာပါရကို ဥဿာဟ ဟု ခေါ်သည်။ ကုသိုလ်ဇော အကုသိုလ်ဇောတို့မှာ အကျိုးပေးဖို့ရန် အကျိုးကို ဖြစ်စေဖို့ရန် ဗျာပါရရှိနေသည့် အတွက် မိမိတို့ ဖြစ်ခိုက်၌ ငြိမ်ငြိမ်သက်သက် မဖြစ်နိုင်ကြပေ။
ဝိပါက် ကြိယာစိတ်တို့၌ကား အကျိုးပေးဖို့ရန် ဗျာပါရမရှိသည့်အတွက် မိမိတို့ဖြစ်ခိုက်၌ ငြိမ်ငြိမ် သက်သက် ဖြစ်နိုင်ကြ၏။
ကြိယာဇော ---- ကြိယာဇောတို့ကား အနုသယဓာတ် ကင်းစင်တော်မူကြသော ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌သာ ဖြစ်နိုင်ကြ၏။ ထိုအနုသယဓာတ် ကင်းစင်တော်မူကြသော ရဟန္တာအရှင်မြတ်တို့၏ သန္တာန်ဝယ် အကျိုးဝိပါက်ကို ဖြစ်စေရန် အလွန်အကဲနှင့်တကွသော ဗျာပါရကို မရနိုင်ခြင်းကြောင့်ပင်လျှင် ထိုအနုသယဓာတ် ကင်းစင်တော်မူကြသော ရဟန္တာအရှင်မြတ်တို့၏ သန္တာန်ဝယ် ဖြစ်ကြသော ကြိယာဇောတို့သည် ငြိမ်သက်သော သဘောရှိကြကုန်၏။ အကျိုးကို ဖြစ်စေခြင်း၌ ဗျာပါရကင်းကြကုန်သည်သာ ဖြစ်ကုန်၏။
ဝိပါက်တရားများ --- ဝိပါက်စိတ်တို့သည် ကာယဝိညတ် ဝစီဝိညတ်ဟူသော ကိုယ်အမူအရာ နှုတ်အမူအရာ ကို ဖြစ်စေနိုင်သော ကြိယာမယ စိတ္တုပ္ပါဒ်များ မဟုတ်ကြပေ။ ထိုကြောင့် အကျိုးတစ်စုံတစ်ရာကို ဖြစ်စေဖို့ရန် အားထုတ်ခြင်း ဥဿာဟလည်း ကင်းကုန်၏။ အကျိုးဝိပါက်ကို ဖြစ်စေဖို့ရန် ကြောင့်ကြဗျာပါရ မရှိသောကြောင့် ငြိမ်လည်း ငြိမ်သက်ကုန်၏။ ထိုကြောင့် ဝိပါက်စိတ်တို့ကို နိရုဿာဟသန္တဘာဝ = အားထုတ်မှု ဗျာပါရမရှိသော ငြိမ်သက်သော သဘောတရားများဟု ခေါ်ဆိုရသည်။ ထိုကြောင့် အဋ္ဌကထာက အောက်ပါအတိုင်း ဖွင့်ဆိုထား၏။
နိရုဿာဟသန္တဘာဝေန နိရုဿာဟသန္တဘာဝါယ ဥပကာရကော ဝိပါကဓမ္မော ဝိပါကပစ္စယော။ (အဘိ၊ဋ္ဌ၊၃၊၃၄၉။)
= အားထုတ်မှု ဗျာပါရမရှိသော ငြိမ်သက်သည်၏အဖြစ်ဖြင့် အားထုတ်မှု ဗျာပါရမရှိသော ငြိမ်သက်သည်၏ အဖြစ် အကျိုးငှာ ကျေးဇူးပြုတတ်သော ဝိပါက်တရားသည် ဝိပါကပစ္စည်း မည်၏။ (အဘိ၊ဋ္ဌ၊၃၊၃၄၉။)
အတိုချုပ် မှတ်သားရန်
၁။ ကုသိုလ် အကုသိုလ်တို့သည် (ကာယပယောဂ ဝစီပယောဂဟူသော) ကိုယ်အမူအရာ နှုတ်အမူအရာကို ဖြစ်စေတတ်သော ဗျာပါရနှင့်တကွ ဖြစ်သောကြောင့်လည်းကောင်း, အကျိုးပေးဖို့ရန် ဗျာပါရလည်း ရှိသောကြောင့်လည်းကောင်း အားထုတ်ခြင်း ဗျာပါရနှင့်တကွ ဖြစ်၍ မငြိမ်သက်သော သဘောတရားတို့သာတည်း။
၂။ ကြိယာဇောတို့သည် ကာယပယောဂ ဝစီပယောဂကို ဖြစ်စေဖို့ရန် ဗျာပါရ ရှိသော်လည်း အကျိုးပေးဖို့ရန် ဗျာပါရ မရှိသောကြောင့် အားထုတ်ခြင်း ဗျာပါရနှင့်တကွ ဖြစ်၍ ငြိမ်သက်သော သဘောတရားတို့သာ တည်း။
၃။ ဝိပါက်တရားတို့ကား ကာယပယောဂ ဝစီပယောဂကိုလည်း မဖြစ်စေနိုင်, အကျိုးပေးဖို့ရန် ဗျာပါရလည်း မရှိသောကြောင့် အားထုတ်မှု ဗျာပါရမရှိသော ငြိမ်သက်သော သဘောတရားတို့သာတည်း။
ထိုဝိပါကပစ္စည်းတရားသည် ပဝတ္တိအခါ၌ မိမိဝိပါက်စိတ်ကြောင့် ဖြစ်ကုန်သော စိတ္တသမုဋ္ဌာန်ရုပ်တို့အား လည်းကောင်း, ပဋိသန္ဓေအခါ၌ ကမ္မဇရုပ်တို့အားလည်းကောင်း, အလုံးစုံသော ပဝတ္တိအခါ ပဋိသန္ဓေအခါတို့၌ သမ္ပယုတ်တရားတို့အားလည်းကောင်း ဝိပါကပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ (အဘိ၊ဋ္ဌ၊၃၊၃၄၉-၃၅၀။)
၁။ ပဝတ္တိအခါ၌ ---- ဝိပါက်အဗျာကတ နာမ်ခန္ဓာ (၁)ပါးသည် ဝိပါက်အဗျာကတ နာမ်ခန္ဓာ (၃)ပါးတို့အား လည်းကောင်း, စိတ္တသမုဋ္ဌာန်ရုပ်တို့အားလည်းကောင်း,
၂။ ဝိပါက်အဗျာကတ နာမ်ခန္ဓာ (၂)ပါးသည် ဝိပါက်အဗျာကတ နာမ်ခန္ဓာ (၂)ပါးအားလည်းကောင်း, စိတ္တသမုဋ္ဌာန်ရုပ်တို့အားလည်းကောင်း,
၃။ ဝိပါက်အဗျာကတ နာမ်ခန္ဓာ (၃)ပါးသည် ဝိပါက်အဗျာကတ နာမ်ခန္ဓာ (၁)ပါးအားလည်းကောင်း, စိတ္တသမုဋ္ဌာန်ရုပ်တို့အားလည်းကောင်း ဝိပါကပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
၄။ ပဋိသန္ဓေခဏ၌ ---- ဝိပါက်အဗျာကတ နာမ်ခန္ဓာ (၁)ပါးသည် ဝိပါက်အဗျာကတ နာမ်ခန္ဓာ (၃)ပါးအား လည်းကောင်း, ကဋတ္တာရုပ်တို့အားလည်းကောင်း,
၅။ ဝိပါက်အဗျာကတ နာမ်ခန္ဓာ (၃)ပါးတို့သည် ဝိပါက်အဗျာကတ နာမ်ခန္ဓာ (၁)ပါးအားလည်းကောင်း, ကဋတ္တာရုပ်တို့အားလည်းကောင်း,
၆။ ဝိပါက်အဗျာကတ နာမ်ခန္ဓာ (၂)ပါးတို့သည် ဝိပါက်အဗျာကတ နာမ်ခန္ဓာ (၂)ပါးတို့အားလည်းကောင်း, ကဋတ္တာရုပ်တို့အားလည်းကောင်း ဝိပါကပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
၇။ ပဉ္စဝေါကာရ ပဋိသန္ဓေနာမက္ခန္ဓာတို့သည် ဟဒယဝတ္ထုအား ဝိပါကပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ (အဘိ၊ဋ္ဌ၊၃၊၃၅၀။)
ဤပစ္စည်း၌လည်း ပစ္စည်း ပစ္စယုပ္ပန် နှစ်မျိုးလုံးသည် ခဏတ္တယသမင်္ဂီအခိုက်၌ တည်ရှိကြသော ပစ္စုပ္ပန်တရားချည်းသာတည်း။
နာမ်က နာမ်ရုပ်အား ကျေးဇူးပြုသော ပစ္စည်းတည်း။
အာဟာရပစ္စည်း
ရူပါရူပါနံ ဥပတ္ထမ္ဘကဋ္ဌေန ဥပကာရကာ စတ္တာရော အာဟာရာ အာဟာရပစ္စယော။ (အဘိ၊ဋ္ဌ၊၃၊၃၅၀၊၊)
ရုပ်တရား နာမ်တရားတို့အား ထောက်ပံ့တတ်ကုန်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်ကုန်သော အာဟာရ (၄)မျိုးတို့သည် အာဟာရပစ္စည်းမည်၏။
ကဗဠီကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော။ အရူပိနော အာဟာရာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၇။)။ ပဋိသန္ဓိက္ခဏေ ဝိပါကာဗျာကတာ အာဟာရာ သမ္ပယုတ္တကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၁၅၆။)
၁။ အလုတ်အလွေး မဟုတ်သော်လည်း အလုတ်အလွေးကဲ့သို့ ပြုအပ်သော ကမ္မဇ - စိတ္တဇ - ဥတုဇ -အာဟာရဇဩဇာသည် ကလာပ်တူ ဩဇာကြဉ်သော ကလာပ်တူ ကလာပ်ပြား ဖြစ်သော စတုဇကာယ တိဇကာယ အား ရုပ်အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
၂။ ဖဿ - စေတနာ - ဝိညာဏ်ဟူသော နာမ်အာဟာရတို့သည် ယှဉ်ဖက် သမ္ပယုတ်တရားတို့အား လည်းကောင်း, ထိုနာမ်အာဟာရလျှင် ဖြစ်ကြောင်းရှိကုန်သော ပဋိသန္ဓေအခါ၌ ကဋတ္တာရုပ်၊ ပဝတ္တိအခါ၌ စိတ္တသမုဋ္ဌာန်ရုပ်တို့အားလည်းကောင်း နာမ်အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ (ပဋ္ဌာန၊၁၊၇။)
၃။ ပဋိသန္ဓေခဏ၌ ဝိပါက်အဗျာကတ ဖြစ်ကုန်သော ဖဿ - စေတနာ - ဝိညာဏ် နာမ်အာဟာရတို့သည် ယှဉ်ဖက် သမ္ပယုတ် နာမ်ခန္ဓာတို့အားလည်းကောင်း, ကဋတ္တာရုပ်တို့အားလည်းကောင်း, အာဟာရပစ္စယသတ္တိ ဖြင့် ကျေးဇူးပြု၏။ (ပဋ္ဌာန၊၁၊၁၅၆။)
ကဗဠီကာရအာဟာရ
ကဗဠီကာရော အာဟာရောတိ စတုသန္တတိသမုဋ္ဌာနေ ရူပေ ဩဇာ အာဟာရော နာမ။ သော ပန ယသ္မာ ကဗဠံ ကရိတွာ အဇ္ဈောဟရိတောဝ အာဟာရကိစ္စံ ကရောတိ၊ န ဗဟိ ဌိတော၊ တသ္မာ အာဟာရောတိ အဝတွာ ကဗဠီကာရော အာဟာရောတိ ဝုတ္တံ။ ကဗဠံ ကရိတွာ အဇ္ဈောဟရိတဗ္ဗဝတ္ထုကတ္တာ ဝါ ကဗဠီကာရောတိ နာမမေတံ တဿ။ (အဘိ၊ဋ္ဌ၊၃၊၃၇၇။)
ကဗဠီကာရအာဟာရဟုပင် ဆိုသော်လည်း ဗဟိဒ္ဓ၌တည်သော စားမျိုထိုက်သော ဥတုဇဩဇာကိုသာ ကဗဠီကာရအာဟာရအရ မကောက်ယူရ။ စတုသမုဋ္ဌာနိကဩဇာကို ကောက်ယူပါ။ ကမ္မဇရုပ်သန္တတိအစဉ်, စိတ္တဇရုပ်သန္တတိအစဉ်, ဥတုဇရုပ်သန္တတိအစဉ်, အာဟာရဇရုပ်သန္တတိအစဉ်ဟူသော ရုပ်သန္တတိအစဉ် (၄)မျိုး၌ ပါဝင်တည်နေသော စတုသမုဋ္ဌာနိကဩဇာသည် အာဟာရမည်ပေသည်။ ထိုသို့ စတုသမုဋ္ဌာနိက ဩဇာသည် အာဟာရမည်ပါသော်လည်း ---- ထိုအာဟာရသည် ထမင်းလုတ်စသည်ကို ပြုလုပ်၍ မျိုအပ်သည် ဖြစ်မှသာလျှင် အာဟာရကိစ္စကို ပြုလုပ်နိုင်၏၊ အပြင်အပ၌ တည်နေသည် ဖြစ်လတ်သော် အာဟာရကိစ္စကို မပြုလုပ်နိုင်။ ထိုသို့ ထမင်းလုတ်စသည်ကို စားမျိုမှသာ အာဟာရကိစ္စကို ပြုနိုင်သည်၏ အဖြစ်ကြောင့် ကဗဠီကာရသဒ္ဒါ မပါဘဲ အာဟာရဟူ၍သာ မဟောမူ၍ ကဗဠီကာရအာဟာရဟူ၍ ဘုရားရှင်သည် ဟောကြားတော်မူအပ်ပေ၏။ တစ်နည်းဆိုရသော် စားမျိုထိုက်သော အစာဟူသော တည်ရာရှိသည်၏ အဖြစ်ကြောင့် ကဗဠီကာရဟူသော ဤအမည်သည် ထိုစတုသမုဋ္ဌာနိကဩဇာ၏ အမည်တည်း။ (အဘိ၊ဋ္ဌ၊၃၊၃၇၇။)
ထိုစတုသမုဋ္ဌာနိကဩဇာဟူသော အာဟာရက အလုတ်အလွေး ပြုအပ်သော အစာ၌ တည်သောကြောင့် တည်ရာဖြစ်သော အစာ၏ ကဗဠီကာရအမည်ကို တည်တတ်သော အာဟာရ၌ (= စတုသမုဋ္ဌာနိကဩဇာ၌) တင်စား၍ စတုသမုဋ္ဌာနိကဩဇာဟူသော အာဟာရကိုလည်း ဌာနျူပစာရအားဖြင့် ကဗဠီကာရဟု ခေါ်နိုင်သည် ဟူလိုသည်။ (အဓိပ္ပါယ်အကျယ်ကို ရုပ်ကမ္မဋ္ဌာန်းပိုင်း၌ ပြန်ကြည့်ပါ။)
ဥပတ္ထမ္ဘကတ္တ - သဘော
သတိပိ ဇနကတ္တေ ဥပတ္ထမ္ဘကတ္တံ အာဟာရာနံ ပဓာနကိစ္စန္တိ အာဟ ရူပါရူပါနံ ဥပတ္ထမ္ဘကတ္တေနာတိ။ (မူလဋီ၊၃၊၁၇၂။)
ကဗဠီကာရအမည်ရသော စားမျိုအပ်သော အစာအာဟာရဟူသော ဗဟိဒ္ဓ ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ် တို့၌ တည်သော ဩဇာသည် မိမိတည်းဟူသော အာဟာရကြောင့်ဖြစ်သော ဩဇဋ္ဌမကအာဟာရဇရုပ်ကို တိုက်ရိုက် ဖြစ်စေတတ်သော ဇနကသတ္တိကား ရှိ၏။ သို့သော် ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာနှင့် ရှေးရှေးသော အခြားအခြားသော ဩဇဋ္ဌမကအာဟာရဇကလာပ်တို့၌ တည်သော အာဟာရဇဩဇာတို့ကိုကား ထောက်ပံ့တတ်သော ဥပတ္ထမ္ဘကသတ္တိသာ ပဓာနကိစ္စ ရှိပေသည်။ ထောက်ပံ့ဆိုသည်ကား ထို (၄)မျိုးသော ဩဇာဓာတ်ကြောင့်ဖြစ်သည့် ဩဇဋ္ဌမကရုပ်များကို အဆက်မပြတ်အောင် ဖြစ်နိုင်အောင် အားပေးထောက်ပံ့ခြင်း တည်း။ ယင်းကဗဠီကာရ အာဟာရဇဩဇာ၏ အထောက်အပံ့ကို ရရှိပါမှ အထက်ပါ (၄)မျိုးသော ဩဇာတို့က ဆိုင်ရာ ဩဇဋ္ဌမကရုပ်များကို ဖြစ်စေနိုင်ကြသည်။ (ရုပ်ကမ္မဋ္ဌာန်းပိုင်း၌ ပြန်ကြည့်ပါ။)
အစာကို စားလိုက်သောအခါ ထိုအစာ၌ပါသော ဥတုဇဩဇဋ္ဌမကကလာပ် အသီးအသီး၌ တည်သော ဩဇာတို့က ကမ္မဇဝမ်းမီး၏ အကူအညီဖြင့် ဖြစ်စေအပ်သော အာဟာရဇဩဇဋ္ဌမကရုပ်တို့က ခန္ဓာကိုယ်ဝယ် ပျံ့နှံ့သလောက် ယင်းအာဟာရဇဩဇာက အခြားသော စတုသမုဋ္ဌာနိက ရုပ်ကလာပ်များ၏ အတွင်း၌ တည်ရှိကြ သော စတုသမုဋ္ဌာနိကဩဇာရုပ်များကိုလည်း အားပေးထောက်ပံ့သဖြင့် ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ် ဆင့်ကာဆင့်ကာ ဖြစ်ပွားလာသောအခါ ခန္ဓာကိုယ်တစ်ကိုယ်လုံး၌ ရုပ်တရားတွေ လန်းလန်းဆန်းဆန်း ဖြစ်ကာ အသားအရေ ပြည့်ဖြိုးလာပုံကို သတိပြု ကြည့်ပါလေ။
နာမ်အာဟာရ ---- ဖဿ - စေတနာ - ဝိညာဏ်ဟူသော နာမ်အာဟာရတို့ကလည်း အတူတကွဖြစ်ဖက် စိတ်-စေတသိက် စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်တို့ကို ဖြစ်စေတတ်သော ဇနကသတ္တိရှိကြပေ၏။
အထက်တွင် နွယ်ခွေယောက်ျား ဥပမာဖြင့် ရှင်းလင်းတင်ပြခဲ့သော ပဋိစ္စသမုပ္ပါဒ်ဒေသနာနည်းတို့တွင် အာဟာရလေးပါးမှ စတင်၍ ဟောကြားထားတော်မူသော နည်းလည်းပါဝင်၏။ အထူးသဖြင့် အတိတ် ကမ္မဝဋ်တွင် အကျုံးဝင်သော အကုသိုလ်ဇော ကုသိုလ်ဇောတို့နှင့် ယှဉ်သော ဖဿ - စေတနာ - ဝိညာဏ်ဟူသော နာမ်အာဟာရတို့မှာ ပစ္စုပ္ပန်ပဋိသန္ဓေစသော ဝိပါကဝဋ်တရားများကို တိုက်ရိုက် ဖြစ်စေနိုင်သော ဇနကသတ္တိများ ရှိကြပါပေ၏။ အလားတူပင် ပစ္စုပ္ပန် ကမ္မဝဋ်တွင် အကျုံးဝင်သော နာမ်အာဟာရတို့သည်လည်း အနာဂတ် ပဋိသန္ဓေစသော ဝိပါကဝဋ်တရားများကို တိုက်ရိုက် ဖြစ်စေနိုင်သော ဇနကသတ္တိများ ရှိကြပါပေ၏။ သို့သော် ဤအာဟာရ ပစ္စည်းပိုင်းတွင်ကား ယင်းဇနကသတ္တိများကို မရည်ညွှန်းထားပါ။
ယင်းသို့လျှင် ရုပ်အာဟာရ နာမ်အာဟာရတို့၌ ဇနကသတ္တိ ရှိပင် ရှိငြားသော်လည်း ဇနကသတ္တိထက် ထောက်ပံ့တတ်သော ဥပတ္ထမ္ဘကသတ္တိက သာ၍လွန်ကဲသောကြောင့် ----ရူပါရူပါနံ ဥပတ္ထမ္ဘကတ္တေန = ရုပ်တရား နာမ်တရားတို့အား ထောက်ပံ့တတ်ကုန်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်ကုန်သော အာဟာရ (၄)မျိုး တို့သည် အာဟာရပစ္စည်း မည်၏ ---- ဟု အဋ္ဌကထာက ဖွင့်ဆိုတော်မူခြင်းဖြစ်သည်။ (မူလဋီ၊၃၊၁၇၂။)
ပစ္စည်း ပစ္စယုပ္ပန် နှစ်မျိုးလုံးတို့ကား ပစ္စုပ္ပန်တရားတို့ချည်းသာတည်း။
နာမ်ရုပ်က နာမ်ရုပ်အား ကျေးဇူးပြုသော ပစ္စည်းတည်း။
ကဗဠီကာရအာဟာရ
စတုသန္တတိသမုဋ္ဌာနော ကဗဠီကာရာဟာရော ကိဉ္စာပိ ဣမဿ ကာယဿာတိ အဝိသေသတော ဝုတ္တော၊ ဝိသေသတော ပနာယမေတ္ထ အာဟာရသမုဋ္ဌာနရူပဿ ဇနကော စေဝ အနုပါလကော စ ဟုတွာ အာဟာရပစ္စယေန ပစ္စယော ဟောတိ၊ သေသတိသန္တတိ သမုဋ္ဌာနဿ အနုပါလကောဝ ဟုတွာ အာဟာရပစ္စယေန ပစ္စယော ဟောတိ။ (အဘိ၊ဋ္ဌ၊၃၊၃၇၈။)
လေးမျိုးသော ရုပ်သန္တတိအစဉ်၌ အကျုံးဝင်သော စတုသမုဋ္ဌာနိကဩဇာဟူသော ကဗဠီကာရအာဟာရ သည် ဤရူပကာယအား အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုကြောင်းကို အထူးမမသာမညအားဖြင့် ဘုရားရှင် ဟောကြားတော်မူအပ်သည်ကား မှန်၏၊ ထိုသို့ပင် ဤရူပကာယအား ကျေးဇူးပြု၏ဟူ၍ သာမညအားဖြင့် ဟောကြားထားတော်မူအပ်ပါသော်လည်း အထူးအားဖြင့်ကား ကဗဠီကာရာဟာရ အမည်ရသော ဩဇာသည် ဤစတုသမုဋ္ဌာနိကရုပ်အပေါင်းတွင် အာဟာရသမုဋ္ဌာန်ရုပ်အား ဖြစ်စေတတ်သည်လည်းကောင်း စောင့်ရှောက် တတ်သည်လည်းကောင်းဖြစ်၍ အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ ကြွင်းသော ရုပ်သန္တတိအစဉ် သုံးမျိုးဖြစ်သော ကမ္မသမုဋ္ဌာန်ရုပ်, စိတ္တသမုဋ္ဌာန်ရုပ်, ဥတုသမုဋ္ဌာန်ရုပ်အား စောင့်ရှောက်တတ်သည်သာ ဖြစ်၍ အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ (အဘိ၊ဋ္ဌ၊၃၊၃၇၈။) (စိစစ်ချက်များကို ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ပြန်ကြည့်ပါ၊၊)
ဣန္ဒြိယပစ္စည်း
အစိုးရသည်၏ အဖြစ်ဟူသော သဘော, မိမိနှင့် စပ်သော တရားတို့၏ အရှင်သခင်၏ အဖြစ်ဟူသော သဘောဖြင့် ကျေးဇူးပြုတတ်ကုန်သော ဣတ္ထိန္ဒြေ ပုရိသိန္ဒြေမှ တစ်ပါးသော (၂၀)ကုန်သော ဣန္ဒြေတို့သည် ဣန္ဒြိယပစ္စည်း မည်၏။
ဣန္ဒြေ (၂၀)
၁။ စက္ခုန္ဒြေ = စက္ခုပသာဒ = စက္ခုအကြည်,
၂။ သောတိန္ဒြေ = သောတပသာဒ = သောတအကြည်,
၃။ ဃာနိန္ဒြေ = ဃာနပသာဒ = ဃာနအကြည်,
၄။ ဇိဝှိန္ဒြေ = ဇိဝှါပသာဒ = ဇိဝှါအကြည်,
၅။ ကာယိန္ဒြေ = ကာယပသာဒ = ကာယအကြည်,
၆။ ဇီဝိတိန္ဒြေ = ရုပ်ဇီဝိတ+နာမ်ဇီဝိတ-နှစ်မျိုးလုံး,
၇။ မနိန္ဒြေ = စိတ်အားလုံး,
၈။ သုခိန္ဒြေ = သုခသဟဂုတ် ကာယဝိညာဏ်နှင့် ယှဉ်သော ဝေဒနာ (= သုခဝေဒနာ),
၉။ ဒုက္ခိန္ဒြေ = ဒုက္ခသဟဂုတ် ကာယဝိညာဏ်နှင့် ယှဉ်သော ဝေဒနာ (= ဒုက္ခဝေဒနာ),
၁၀။ သောမနဿိန္ဒြေ = သောမနဿသဟဂုတ်စိတ် (၆၂)၌ ယှဉ်သော သောမနဿဝေဒနာ,
၁၁။ ဒေါမနဿိန္ဒြေ = ဒေါသမူဒွေ၌ ယှဉ်သော ဝေဒနာ (= ဒေါမနဿဝေဒနာ),
၁၂။ ဥပေက္ခိန္ဒြေ = ဥပေက္ခာသဟဂုတ်စိတ် (၅၅)၌ ယှဉ်သော ဝေဒနာ (= ဥပေက္ခာဝေဒနာ),
၁၃။ သဒ္ဓိန္ဒြေ = သောဘဏစိတ်၌ ယှဉ်သော သဒ္ဓါစေတသိက်,
၁၄။ သတိန္ဒြေ = သောဘဏစိတ်၌ ယှဉ်သော သတိစေတသိက်,
၁၅။ ဝီရိယိန္ဒြေ = ဝီရိယယှဉ်ရာ စိတ် (၇၃)၌ ယှဉ်သော ဝီရိယစေတသိက်,
၁၆။ သမာဓိန္ဒြေ = ဝီရိယနှင့် မယှဉ်သော စိတ် (၁၆), ဝိစိကိစ္ဆာသဟဂုတ် စိတ်မှတစ်ပါး ကျန်စိတ် (၇၂)ပါး၌ ယှဉ်သော ဧကဂ္ဂတာစေတသိက်,
၁၇။ ပညိန္ဒြေ = တိဟိတ်စိတ် (၄၇)၌ ယှဉ်သော ပညာ,
၁၈။ အနညာတညာသာမီတိန္ဒြေ = သောတာပတ္တိမဂ်စိတ်၌ ယှဉ်သော ပညာ,
၁၉။ အညိန္ဒြေ = အထက်မဂ်သုံးပါး, အောက်ဖိုလ်သုံးပါး၌ ယှဉ်သော ပညာ,
၂၀။ အညာတာဝိန္ဒြေ = အရဟတ္တဖိုလ်၌ ယှဉ်သော ပညာ,
ဤကား ဣန္ဒြိယပစ္စည်း ဖြစ်ထိုက်သော ဣန္ဒြေ အပါး (၂၀)တည်း။
စက္ခုန္ဒြိယံ စက္ခုဝိညာဏဓာတုယာ၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယိန္ဒြိယံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
ရူပဇီဝိတိန္ဒြိယံ ကဋတ္တာရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ အရူပိနော ဣန္ဒြိယာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၇-၈။)
ပဋိသန္ဓိက္ခဏေ ဝိပါကာဗျာကတာ ဣန္ဒြိယာ သမ္ပယုတ္တကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၁၅၇။)
အရူပိနော ဣန္ဒြိယာတိ ဧတ္ထ အရူပဇီဝိတိန္ဒြိယမ္ပိ သင်္ဂဟိတံ။ (အဘိ၊ဋ္ဌ၊၃၊၃၇၈။)
ဝတ္ထုပုရေဇာတိန္ဒြိယ
မဇ္ဈိမာယုက ဖြစ်၍ အတီတဘဝင်နှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်ကြသော စက္ခု-သောတ-ဃာန-ဇိဝှါ-ကာယ ဟူသော ဣန္ဒြေ (၅)မျိုးတို့သည် မိမိတို့ကို စွဲမှီ၍ ဖြစ်ကြသော ဆိုင်ရာနာမ်တရားတို့အားသာလျှင် ဝတ္ထုပုရေဇာတိန္ဒြိယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
၁။ စက္ခုန္ဒြေသည် စက္ခုဝိညာဏဓာတ်နှင့် သမ္ပယုတ်တရားစုတို့အား -
၂။ သောတိန္ဒြေသည် သောတဝိညာဏဓာတ်နှင့် သမ္ပယုတ်တရားစုတို့အား -
၃။ ဃာနိန္ဒြေသည် ဃာနဝိညာဏဓာတ်နှင့် သမ္ပယုတ်တရားစုတို့အား -
၄။ ဇိဝှိန္ဒြေသည် ဇိဝှါဝိညာဏဓာတ်နှင့် သမ္ပယုတ်တရားစုတို့အား -
၅။ ကာယိန္ဒြေသည် ကာယဝိညာဏဓာတ်နှင့် သမ္ပယုတ်တရားစုတို့အား -
ဝတ္ထုပုရေဇာတိန္ဒြိယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
ယင်းမှီရာဝတ္ထုရုပ်တို့သည် ပဉ္စဝိညာဏ်နှင့် သမ္ပယုတ်တရားစုတို့ မဖြစ်မီ လေးခုမြောက်စိတ်ဖြစ်သော အတီတဘဝင်နှင့် ဥပါဒ်ချင်းပြိုင်၍ ရှေးကကြိုတင် ဖြစ်နှင့်ကြပြီးလျှင် ဆိုင်ရာ ပဉ္စဝိညာဏ်နှင့် သမ္ပယုတ်တရားစု တို့၏ မှီရာဝတ္ထုရုပ်လည်း ဖြစ်သောကြောင့် ဝတ္ထုပုရေဇာတမည်၏။ ယင်းဝတ္ထုပုရေဇာတ အမည်ရကြသော ဝတ္ထုရုပ်တို့သည် မိမိတို့ကို စွဲမှီ၍ ဖြစ်ကြသည့် ဆိုင်ရာ ဆိုင်ရာ နာမ်တရားစုတို့အား အစိုးရသည်၏အဖြစ် ဟူသော သဘော, အရှင်သခင်၏ အဖြစ်ဟူသော သဘောဖြင့် ကျေးဇူးပြုတတ်ကုန်၏။ ထိုကြောင့် ဝတ္ထုပုရေဇာတိန္ဒြိယပစ္စည်းတရားတို့ မည်ကြ၏။ ယင်းပစ္စည်းတရားတို့သည် ပစ္စယုပ္ပန်တရားတို့အား ဥပါဒ်မှသည် ဘင်သို့တိုင်အောင် ဣန္ဒြိယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ စက္ခုဝတ္ထုမရှိက စက္ခုဝိညာဏ်နှင့် သမ္ပယုတ် တရားစုတို့ မဖြစ်နိုင်ပုံကို သဘောပေါက်ပါ။
စက္ခုဝတ္ထု ဖြစ်ခြင်းကြောင့် စက္ခုဝိညာဏ် ဝေဒနာက္ခန္ဓာ ဖြစ်၏။
စက္ခုဝတ္ထုက အကြောင်းတရား၊ စက္ခုဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား - ဤသို့စသည်ဖြင့် ဖော်ပြခဲ့သော ရှုကွက်များပင်တည်း။
ရူပဇီဝိတိန္ဒြိယ
၆။ ရုပ်ဇီဝိတိန္ဒြေသည် မိမိနှင့် အတူဥပါဒ်သည့် ကလာပ်တူ ကမ္မဇရုပ်တို့အား ဣန္ဒြိယပစ္စယသတ္တိဖြင့် ကျေးဇူးပြု ၏။ [စက္ခုဒသကကလာပ်ကဲ့သို့သော ဒသကကလာပ် ဖြစ်လျှင် ဇီဝိတသည် မိမိမှကြွင်းသော ကလာပ်တူ ကမ္မဇရုပ် (၉)မျိုးတို့အား, ဇီဝိတနဝကကလာပ်ကဲ့သို့သော နဝကကလာပ်ဖြစ်လျှင် ဇီဝိတသည် မိမိမှကြွင်းသော ကလာပ်တူ ကမ္မဇရုပ် (၈)မျိုးတို့အား ဌီခဏ၌ ဣန္ဒြိယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ (အဘိ၊ဋ္ဌ၊၃၊၃၇၉။)]
သဟဇာတိန္ဒြိယ
၇။ နာမ်ဇီဝိတိန္ဒြေ အဝင်အပါဖြစ်သော နာမ်ဣန္ဒြေတို့သည် မိမိ မိမိတို့နှင့် ယှဉ်ဖက် သမ္ပယုတ်တရားတို့အား လည်းကောင်း, မိမိတို့ကြောင့်ဖြစ်သည့် ပဋိသန္ဓေကမ္မဇရုပ် (= ကဋတ္တာရုပ်)တို့အားလည်းကောင်း, စိတ္တသမုဋ္ဌာန်ရုပ်တို့အားလည်းကောင်း သဟဇာတိန္ဒြိယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
နာမ်ဣန္ဒြေပစ္စည်းတရားတို့က သမ္ပယုတ်တရားတို့အားလည်းကောင်း, တံသမုဋ္ဌာနရုပ်တို့အားလည်းကောင်း ဣန္ဒြိယပစ္စယသတ္တိဖြင့် ကျေးဇူးပြုရာဝယ် တံသမုဋ္ဌာနရုပ်တရားအရ စိတ္တဇရုပ်တွင်သာမက ကဋတ္တာရုပ် (= ပဋိသန္ဓေကမ္မဇရုပ်)တို့ကိုပါ ထည့်သွင်းယူပါ။ ပဥှာဝါရပါဠိတော်၌ ဘုရားရှင်သည် ဤသို့ ဟောကြားထားတော်မူ၏---
၈။ ပဋိသန္ဓေခဏ၌ ဝိပါက်အဗျာကတ ဖြစ်ကုန်သော နာမ်ဣန္ဒြေပစ္စည်းတရားတို့သည် ယှဉ်ဖက် သမ္ပယုတ် နာမ်ခန္ဓာတို့အားလည်းကောင်း, ကဋတ္တာရုပ်တို့အားလည်းကောင်း သဟဇာတိန္ဒြိယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ (ပဋ္ဌာန၊၁၊၁၅၇။)
ဣတ္ထိန္ဒြေ ပုရိသိန္ဒြေ
ဣတ္ထိန္ဒြေ (= ဣတ္ထိဘာဝရုပ်)ရှိရာ အမျိုးသမီးတို့၏ သန္တာန်၌ သေးသွယ်သော လက်ခြေစသော လိင်္ဂ, ပြုံးဟန် ရယ်ဟန်စသော နိမိတ္တ, အမျိုးသမီးငယ်တို့၏ ဗန်းငယ် စကောငယ်တို့ဖြင့် ကစားနည်းစသော ကုတ္တ, အမျိုးသမီးတို့၏ သွားလာပုံ အမူအရာစသော အာကပ္ပတို့ ဖြစ်ကြသည်။ ပုရိသိန္ဒြေ (= ပုရိသဘာဝရုပ်)ရှိရာ အမျိုးသားတို့၏ သန္တာန်၌ ကြီးမားသော လက်ခြေစသော လိင်္ဂ, ပြုံးဟန် ရယ်ဟန်စသော နိမိတ္တ, အမျိုးသားတို့၏ ကစားနည်းစသော ကုတ္တ, အမျိုးသားတို့၏ သွားလာပုံ အမူအရာစသော အာကပ္ပတို့ ဖြစ်ကြသည်။
ဣတ္ထိန္ဒြေ ပုရိသိန္ဒြေတို့သည် ဣတ္ထိလိင်္ဂ ပုရိသလိင်္ဂ, ဣတ္ထိနိမိတ္တ, ပုရိသနိမိတ္တ, ဣတ္ထိကုတ္တ ပုရိသကုတ္တ, ဣတ္ထိအာကပ္ပ ပုရိသအာကပ္ပတို့၏ မျိုးစေ့တို့ ဖြစ်ကြကုန်သည်ကား မှန်၏၊ သို့သော်လည်း ကလလရေကြည် အမြှုပ်စသည်တို့ ဖြစ်ရာအခါ၌ ထိုဣတ္ထိန္ဒြေ ပုရိသိန္ဒြေတို့ ထင်ရှားရှိကြကုန်သော်လည်း ဣတ္ထိလိင်္ဂ ပုရိသလိင်္ဂ ဣတ္ထိနိမိတ္တ, ပုရိသနိမိတ္တ စသည်တို့၏ ထင်ရှားမရှိခြင်းကြောင့် ထိုဣတ္ထိန္ဒြေ ပုရိသိန္ဒြေတို့သည် ထိုဣတ္ထိလိင်္ဂ ပုရိသလိင်္ဂစသည်တို့၏ အပေါ်၌ ဣန္ဒြိယပစ္စယသတ္တိကို မဖြန့်နိုင်ကုန်။ ဣတ္ထိလိင်္ဂ ပုရိသလိင်္ဂ စသည်တို့မှ တစ်ပါး တစ်ခြားသော ကလာပ်တူ ကမ္မဇရုပ်တို့၏ အပေါ်၌ ဣန္ဒြိယပစ္စည်း အဖြစ်ကိုလည်း မဖြန့်နိုင်ကြကုန်။ မှန်သည် ဣန္ဒြိယပစ္စည်းမည်သည် မိမိထင်ရှားရှိဆဲ ခဏ၌ အသီးအသီး မခွဲခြားအပ် မခွဲခြားနိုင်ကုန်သော ခွဲခြား၍ မဖြစ်ကြသဖြင့် ခွဲခြား၍ မရကောင်းကုန်သော (= ရုပ်ကလာပ် နာမ်ကလာပ် အလိုက်သာ ခွဲခြား၍ မရကောင်းကုန်သော, သို့သော် ဉာဏ်ဖြင့်ကား တစ်လုံးစီ တစ်လုံးစီ ခွဲခြားစိတ်ဖြာ၍ သိနိုင်ကုန်သော) ရုပ်တရား နာမ်တရားတို့ အပေါ်၌ ဣန္ဒြိယပစ္စည်း၏အဖြစ်ကို မဖြန့်နိုင်သည် မည်သည် မရှိစကောင်းပေ။ ထိုကြောင့် ထိုဣတ္ထိန္ဒြေ ပုရိသိန္ဒြေတို့သည် ဣန္ဒြိယပစ္စည်းတရားတို့ မဖြစ်ကြကုန်။ (အဘိ၊ဋ္ဌ၊၃၊၃၇၈။)
ထိုသို့ ဣတ္ထိန္ဒြေ ပုရိသိန္ဒြေတို့သည် ဣန္ဒြိယပစ္စည်း မဖြစ်ပါကုန်သော်လည်း ဤဣတ္ထိန္ဒြေပုရိသိန္ဒြေတို့သည် အကြင် ဣတ္ထိလိင်္ဂ ပုရိသလိင်္ဂစသည်တို့၏ မျိုးစေ့တို့ကား ဖြစ်ကြကုန်၏။ ထိုဣတ္ထိလိင်္ဂ ပုရိသလိင်္ဂစသည်တို့၏ ထို ဣတ္ထိန္ဒြေ ပုရိသိန္ဒြေတို့သည် သုတ္တန္တိကပရိယာယ = သုတ္တန်၌လာသော ဒေသနာနည်းအားဖြင့် ပကတိ အားကြီးသော မှီရာဟူသော ပကတူပနိဿယပစ္စည်း၏ အဖြစ်သို့ကား ကပ်ရောက်ကြကုန်၏။ ထိုကြောင့် ဣန္ဒြိယ ပစ္စည်းတရားသည် အမျှ (၂၀)သော ဣန္ဒြေတို့၏ အစွမ်းဖြင့် တည်သည်ဟု သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၃၊၃၇၈။)
နာမ်ရုပ်က နာမ်ရုပ်အား ကျေးဇူးပြုသော ပစ္စည်းတည်း။
ပစ္စည်း ပစ္စယုပ္ပန် နှစ်မျိုးလုံးတို့သည် ပစ္စုပ္ပန်တရားတို့သာတည်း။
စျာနပစ္စည်း
စျာနန္တိ ဒုဝိဓံ စျာနံ အာရမ္မဏူပနိဇ္ဈာနံ လက္ခဏူပနိဇ္ဈာနန္တိ။ တတ္ထ အဋ္ဌ သမာပတ္တိယော ပထဝိကသိဏာဒိအာရမ္မဏံ ဥပနိဇ္ဈာယန္တီတိ အာရမ္မဏူပနိဇ္ဈာနန္တိ သင်္ချံ ဂတာ။ ဝိပဿနာမဂ္ဂဖလာနိ ပန လက္ခဏူပနိဇ္ဈာနံ နာမ။ တတ္ထ ဝိပဿနာ အနိစ္စာဒိလက္ခဏဿ ဥပနိဇ္ဈာနတော လက္ခဏူပနိဇ္ဈာနံ။ ဝိပဿနာယ ကတကိစ္စဿ မဂ္ဂေန ဣဇ္ဈနတော မဂ္ဂေါ လက္ခဏူပနိဇ္ဈာနံ။ ဖလံ ပန နိရောဓသစ္စံ တထလက္ခဏံ ဥပနိဇ္ဈာယတီတိ လက္ခဏူပနိဇ္ဈာနံ နာမ။ (အဘိ၊ဋ္ဌ၊၁၊၂၁၁။)
စျာန် ---- ဟူသည် အာရမ္မဏူပနိဇ္ဈာနစျာန် လက္ခဏူပနိဇ္ဈာနစျာန်ဟု စျာန် (၂)မျိုး ရှိ၏။ ထို (၂)မျိုးတို့တွင် သမာပတ် (၈)ပါးတို့ကို ပထဝီကသိုဏ်းစသော သမထနိမိတ်အာရုံကို ကပ်၍ စိုက်စိုက်စူးစူး ရှုတတ်ကုန်သောကြောင့် အာရမ္မဏူပနိဇ္ဈာနစျာန်ဟူ၍ ခေါ်၏။ ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့သည် လက္ခဏူပနိဇ္ဈာနစျာန် မည်၏။ ထိုတွင် ဝိပဿနာဉာဏ်သည် သင်္ခါရတရားတို့၏ အနိစ္စစသော လက္ခဏာကို ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သောကြောင့် လက္ခဏူပနိဇ္ဈာနစျာန် မည်၏။ ဝိပဿနာဉာဏ်၏ ပြုသင့်ပြုထိုက်သော သင်္ခါရတရားတို့၏ အနိစ္စစသော လက္ခဏာကို စူးစူးစိုက်စိုက် ရှုခြင်းလုပ်ငန်းကိစ္စ၏ မဂ်ဉာဏ်ကြောင့် ပြီးစီးပြည့်စုံလာရကား မဂ်ဉာဏ်သည် လက္ခဏူပနိဇ္ဈာနစျာန် မည်၏။ (အရိယမဂ်တရားသည် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီး၏ အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု သတ္တိအရှိန်အဝါကို ရရှိသဖြင့် သင်္ခါရတရား တို့၏ အနိစ္စစသော လက္ခဏာကို မသိအောင် ဖုံးလွှမ်းထားတတ်သော မောဟကို အကြွင်းမဲ့ ပယ်သတ်လိုက်၏။ မသိမှုကို ပယ်သတ်လိုက်သဖြင့် သိမှုသည် ပြီးစီးပြည့်စုံသွား၏။ ဤသို့ ပြီးစီးပြည့်စုံခြင်းကို ကိစ္စသိဒ္ဓိအားဖြင့် ပြီးစီးပြည့်စုံခြင်းဟု ဆို၏။ ထိုကြောင့် အရိယမဂ်တရားသည် ကိစ္စသိဒ္ဓိအားဖြင့် လက္ခဏူပနိဇ္ဈာနစျာန် မည်၏- ဟူလိုသည်။) အရိယဖိုလ်တရားသည်ကား နိရောဓသစ္စာအမည်ရသော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်၏ ဟုတ်မှန်တိုင်းသော သန္တိလက္ခဏာကို ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သောကြောင့် လက္ခဏူပနိဇ္ဈာနစျာန် မည်၏။ (အဘိ၊ဋ္ဌ၊၁၊၂၁၁။)
အနိစ္စတာစသော လက္ခဏာ, ကသိုဏ်းပညတ်စသော အာရုံကို ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သည်၏ အဖြစ်ဟူသော သဘောဖြင့် ကျေးဇူးပြုတတ်ကုန်သော ဒွေပဉ္စဝိညာဏ်တို့၌ ကာယိကသုခဝေဒနာ, ကာယိက ဒုက္ခဝေဒနာ နှစ်ပါးအပေါင်းကို ထား၍ အလုံးစုံလည်း ဖြစ်ကုန်သော ကုသိုလ် အကုသိုလ် အဗျာကတ အထူးရှိကုန်သော ဝိတက် ဝိစာရ ပီတိ ဧကဂ္ဂတာ သောမနဿ ဒေါမနဿ ဥပေက္ခာဟု ဆိုအပ်ကုန်သော စျာန်အင်္ဂါတို့သည် စျာနပစ္စည်း မည်ကုန်၏။ (ကာယိကသုခဝေဒနာ, ကာယိကဒုက္ခဝေဒနာ နှစ်ပါးကား ဧကန် စျာနပစ္စည်း မထိုက်သောကြောင့် သီးသန့့်ထုတ်၍ဆိုသည်။)
၁။ စျာနင်္ဂါနိ စျာနသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ စျာနပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၈)။
၂။ ပဋိသန္ဓိက္ခဏေ ဝိပါကာဗျာကတာနိ စျာနင်္ဂါနိ သမ္ပယုတ္တကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ စျာနပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၁၅၈။)
၁။ စျာနင်တရားတို့သည် မိမိတို့နှင့် ယှဉ်ဖက် စျာနသမ္ပယုတ်တရားတို့အားလည်းကောင်း, တံသမုဋ္ဌာနရုပ်တို့အားလည်းကောင်း စျာနပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ (တံသမုဋ္ဌာနရုပ် = စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်တည်း။)
၂။ ပဋိသန္ဓေခဏ၌ ဝိပါက်အဗျာကတ ဖြစ်ကုန်သော စျာနင်တို့သည် မိမိတို့နှင့် ယှဉ်ဖက် သမ္ပယုတ်နာမ်ခန္ဓာတို့အားလည်းကောင်း, ကဋတ္တာရုပ်တို့အားလည်းကောင်း စျာနပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ (အဘိ၊ဋ္ဌ၊၃၊၃၅၀။ ဝိသုဒ္ဓိ၊၂၊၁၇၀-၁၇၁။)
စျာန်အင်္ဂါ (၇)ပါး, တရားကိုယ်အားဖြင့် ဝိတက် ဝိစာရ ပီတိ ဝေဒနာ ဧကဂ္ဂတာဟု (၅)ပါးကား ပစ္စည်းတရား တည်း။ ဒွေပဉ္စဝိညာဏ် (၁၀)ကြဉ်သော စိတ် (၇၉), စေတသိက် (၅၂) စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်ကား ပစ္စယုပ္ပန်တရားစုတည်း။
ဒွေပဉ္စဝိညာဏ်
ဒွေပဉ္စဝိညာဏ်အပေါင်းတို့၏ ရူပါရုံစသည့် သက်ဆိုင်ရာ အာရုံပေါ်သို့ ရှေးရှု ကျခြင်းသဘောမျှ ရှိကုန်သည်၏ အဖြစ်ကြောင့် ထိုပဉ္စဝိညာဏကာယတို့၌ ထင်ရှားရှိသည်လည်း ဖြစ်ကုန်သော ဥပေက္ခာ-သုခ-ဒုက္ခဝေဒနာတို့ကို အနိစ္စတာစသော လက္ခဏာနှင့် ကသိုဏ်းပညတ်စသော အာရုံကို ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သည်၏ အဖြစ်ဟူသော အခြင်းအရာ၏ မရှိခြင်းကြောင့် စျာန်အင်္ဂါတို့ဟူ၍ ဓမ္မသင်္ဂဏီပါဠိတော်၌ ထုတ်ပြတော်မမူအပ်ကုန်၊ တစ်ဖန် ထိုပဉ္စဝိညာဏကာယတို့၌ စျာန်အင်္ဂါ၏ ပြတ်ပြီးသည်၏ အဖြစ်ကြောင့် ဒွေပဉ္စဝိညာဏ်မှ ကြွင်းသော အဟိတ်စိတ်တို့၌လည်း စျာန်အင်္ဂါကို ထုတ်ပြတော်မမူဟူ၍သာ မှတ်ပါ။ (အဘိ၊ဋ္ဌ၊၃၊၃၇၉။)
ဤအဋ္ဌကထာအဖွင့်အရ -- အဟိတ်စိတ်၌ ရှိသော စျာန်အင်္ဂါတရားတို့သည် စျာနပစ္စည်းမဖြစ်ဟု မှတ်ပါ။ သို့သော် ဤဖွင့်ဆိုချက်နှင့် ပတ်သက်၍ (မူလဋီ၊၃၊၁၇၄၊ မဟာဋီ၊၂၊၂၈၃-၂၈၄။)တို့၌ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ဆန်းစစ်ထားပေသည်။ လိုရင်းမှာ ဤသို့ဖြစ်၏ ----
တေန သဝိတက္ကာဟေတုကစိတ္တေသု စျာနပစ္စယဿ သမ္ဘဝေါ အနုညာတော ဟောတိ။ (မဟာဋီ၊၂၊၂၈၄။)
= ဝိတက်နှင့် ယှဉ်သော အဟိတ်စိတ်တို့၌ ရှိသော စျာန်အင်္ဂါတို့သည် စျာနပစ္စည်းတရား ဖြစ်သင့်သော ဟူ၏။
နာမ်က နာမ်ရုပ်အား ကျေးဇူးပြုသော ပစ္စည်းတည်း။
ပစ္စည်း ပစ္စယုပ္ပန် နှစ်မျိုးလုံးတို့သည် ပစ္စုပ္ပန်တရားတို့သာတည်း။
မဂ္ဂပစ္စည်း
အမှတ်မထား တစ်ပါးပါးသော ဒုဂ္ဂတိ သုဂတိမှလည်း, တစ်နည်း အမှတ်မထား တစ်ပါးပါးသော သံကိလေသ (= စိတ်အစဉ်ကို ညစ်နွမ်းစေကြောင်းတရား), ဝေါဒါန (= စိတ်အစဉ်ကို ဖြူစင်စေကြောင်း တရား)မှလည်း, တစ်နည်း သမ္မာအယူ မိစ္ဆာအယူမှလည်း ထွက်မြောက်ကြောင်း၏ အဖြစ်ဟူသော သဘောဖြင့် ကျေးဇူးပြုတတ်ကုန်သော ကုသိုလ်စသည်အပြား ရှိကုန်သော သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ မိစ္ဆာဒိဋ္ဌိ မိစ္ဆာသင်္ကပ္ပ မိစ္ဆာဝါယာမ မိစ္ဆာသမာဓိ ---- ဟူသော (၁၂)ပါးကုန်သော မဂ္ဂင်တို့သည် မဂ္ဂပစ္စည်း မည်၏။
၁။ မဂ္ဂင်္ဂါနိ မဂ္ဂသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ မဂ္ဂပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၈။)
၂။ ပဋိသန္ဓိက္ခဏေ ဝိပါကာဗျာကတာနိ မဂ္ဂင်္ဂါနိ သမ္ပယုတ္တကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ မဂ္ဂပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၁၅၈။)
၁။ မဂ္ဂင်တရားကိုယ် (၁၂)ပါးတို့သည် မိမိ မဂ္ဂင်နှင့် ယှဉ်ကုန်သော သမ္ပယုတ်နာမ်ခန္ဓာတို့အားလည်းကောင်း, တံသမုဋ္ဌာနရုပ် (= သဟိတ် စိတ္တဇရုပ်, သဟိတ် ပဋိသန္ဓေကမ္မဇရုပ်)တို့အားလည်းကောင်း မဂ္ဂပစ္စယ သတ္တိဖြင့် ကျေးဇူးပြု၏။ (ပဋ္ဌာန၊၁၊၈။)
၂။ ပဋိသန္ဓေခဏ၌ ဝိပါက်အဗျာကတဖြစ်ကုန်သော မဂ္ဂင်တို့သည် သမ္ပယုတ် နာမ်ခန္ဓာတို့အားလည်းကောင်း, ကဋတ္တာရုပ် (= ပဋိသန္ဓေကမ္မဇရုပ်)တို့အားလည်းကောင်း မဂ္ဂပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ (ပဋ္ဌာန၊၁၊၁၅၈။)
ဧတေ ပန ဒွေပိ စျာနမဂ္ဂပစ္စယာ ဒွိပဉ္စဝိညာဏာဟေတုကစိတ္တေသု န လဗ္ဘန္တီတိ ဝေဒိတဗ္ဗာ။ (ဝိသုဒ္ဓိ၊၂၊၁၇၁။)
န ဧတေ ပန ဒွေပိ စျာနမဂ္ဂပစ္စယာ ယထာသင်္ချံ ဒွိပဉ္စဝိညာဏာဟေတုကစိတ္တေသု လဗ္ဘန္တီတိ ဝေဒိတဗ္ဗာ။ (အဘိ၊ဋ္ဌ၊၃၊၃၅၁။)
= ဤ စျာနပစ္စည်းကို ဒွိပဉ္စဝိညာဏ်တို့၌ မရအပ်ကုန်။ ဤမဂ္ဂပစ္စည်းကို အဟိတ်စိတ်တို့၌ မရအပ်ကုန်ဟု သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၃၊၃၅၁။)
မဂ္ဂဿ ပန ဟေတုပစ္ဆိမကတ္တာ အဟေတုကစိတ္တေသု မဂ္ဂင်္ဂါနိ န ဥဒ္ဓဋာနိ။ (အဘိ၊ဋ္ဌ၊၃၊၃၈၀။)
= ဟိတ်မယှဉ်လျှင် မဂ္ဂပစ္စည်း မတပ်သောကြောင့် မဂ္ဂပစ္စည်းသည် ဟေတုပစ္ဆိမက = ဟိတ်ဟူသော နောက်ဆုံးရှိသော ပစ္စည်းတရားဖြစ်၏။ ထိုသို့လျှင် မဂ္ဂပစ္စည်း၏ ဟိတ်ဟူသော နောက်ဆုံးရှိသည့် ပစ္စည်း တရား၏ အဖြစ်ကြောင့် အဟိတ်စိတ်တို့၌ မဂ္ဂင်တို့ကို မထုတ်ဆောင်အပ်ကုန်။ (အဟိတ်စိတ်တို့၌ ယှဉ်ကုန်သော မဂ္ဂင်တရားကိုယ်တို့သည် မဂ္ဂပစ္စည်းမထိုက်ကုန်ဟု ဆိုလိုသည်။)
ဤစျာနပစ္စည်း မဂ္ဂပစ္စည်း နှစ်မျိုးလုံးတို့၌ တံသမုဋ္ဌာနရုပ်အရ စိတ္တဇရုပ်သာမက ပဋိသန္ဓေကမ္မဇရုပ် တို့ကိုပါ သိမ်းကျုံးရေတွက်ပါ။ (အဘိ၊ဋ္ဌ၊၃၊၃၇၉-၃၈၀။)
ပစ္စည်းတရားကား မဂ္ဂင် (၁၂)ပါးတည်း။ သဘောတူရာပေါင်း၍ တရားကိုယ်အားဖြင့် ရေတွက်သော် မဂ္ဂင်တရားကိုယ် (၉)ပါးတည်း။ ပစ္စယုပ္ပန်တရားကား သဟိတ်စိတ် (၇၁), စေတသိက် (၅၂), သဟိတ်စိတ္တဇရုပ် သဟိတ်ပဋိသန္ဓေကမ္မဇရုပ်တည်း။ ပစ္စည်း ပစ္စယုပ္ပန် နှစ်မျိုးလုံးသည် ပစ္စုပ္ပန်တရားချည်းသာတည်း။ နာမ်က နာမ်ရုပ်အား ကျေးဇူးပြုသောပစ္စည်းတည်း။
သမ္ပယုတ္တပစ္စည်း
၁။ တူသော မှီရာဝတ္ထုရှိကုန်သည်၏ အဖြစ်, (ပဉ္စဝေါကာရဘုံကို ရည်သည်။)
၂။ တူသော အာရုံရှိကုန်သည်၏ အဖြစ်,
၃။ တူသော ဖြစ်ခြင်းရှိကုန်သည်၏ အဖြစ်,
၄။ တူသော ချုပ်ခြင်းရှိကုန်သည်၏ အဖြစ်ဟု ဆိုအပ်သော
ဤသို့သော အညီအမျှ တူသော မှီရာရှိကုန်သည်၏အဖြစ် အစရှိသော အပြားတို့ဖြင့် ယှဉ်ကုန်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်ကုန်သော နာမ်တရားတို့သည် သမ္ပယုတ္တပစ္စည်း မည်၏။ (အဘိ၊ဋ္ဌ၊၃၊၃၅၁။ ဝိသုဒ္ဓိ၊၂၊၁၇၁။)
စတ္တာရော ခန္ဓာ အရူပိနော အညမညံ သမ္ပယုတ္တပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၈။)
= နာမ်ခန္ဓာ (၄)ပါးတို့သည် အချင်းချင်း သမ္ပယုတ္တပစ္စယသတ္တိဖြင့် ကျေးဇူးပြုကုန်၏။ (ပဋ္ဌာန၊၁၊၈။)
၁။ နာမ်ခန္ဓာ (၁)ပါးသည် နာမ်ခန္ဓာ (၃)ပါးတို့အား,
၂။ နာမ်ခန္ဓာ (၃)ပါးတို့သည် နာမ်ခန္ဓာ (၁)ပါးအား,
၃။ နာမ်ခန္ဓာ (၂)ပါးတို့သည် နာမ်ခန္ဓာ (၂)ပါးတို့အား ကျေးဇူးပြု၏။ (အဘိ၊ဋ္ဌ၊၃၊၃၈၁။)
ဧကဝတ္ထုကဧကာရမ္မဏဧကုပ္ပါဒေကနိရောဓသင်္ခါတေန သမ္ပယုတ္တဘာဝေန ဥပကာရကာ အရူပဓမ္မာ သမ္ပယုတ္တပစ္စယော။ (အဘိ၊ဋ္ဌ၊၃၊၃၅၁။)
ဤအထက်ပါ အဋ္ဌကထာ၌ သမ္ပယုတ္တလက္ခဏာ (၄)ပါးကို စဉ်ပုံသည် အဘိဓမ္မတ္ထသင်္ဂဟ အမည်ရသော သင်္ဂြိုဟ်ကျမ်းဝယ် စေတသိက်ပိုင်း၌ စဉ်ထားပုံနှင့် မတူပေ။ သို့အတွက် ဝိသုဒ္ဓိမဂ်မဟာဋီကာ (၂၊၂၈၄-၂၈၅၊၊)၌ ဖွင့်ဆိုထားပုံကို မှတ်သားသင့်ပေသည်။
အညီအညွတ် ကောင်းစွာ အတူတကွ အပြားတို့ဖြင့် ယှဉ်သည်၏ အဖြစ်ကြောင့် တစ်ခုတည်း၏ အဖြစ်သို့ ရောက်သကဲ့သို့ ကျေးဇူးပြုတတ်သည်၏ အဖြစ်သည် သမ္ပယုတ္တပစ္စည်းအဖြစ် မည်၏။ အပြားတို့ဖြင့် ထိုယှဉ်သည်၏ အဖြစ်သည် အဘယ်ပါနည်းဟု မေးဖွယ်ရှိသောကြောင့် ဧကဝတ္ထုက - ဧကာရမ္မဏ - ဧကုပ္ပါဒ- ဧကနိရောဓ သင်္ခါတေန ---- ဟု အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသည်။
၁။ ဧကဝတ္ထုက = တူသော မှီရာဝတ္ထု ရှိခြင်း,
၂။ ဧကာရမ္မဏ = တူသော အာရုံ ရှိခြင်း,
၃။ ဧကုပ္ပါဒ = တူသော ဖြစ်ခြင်း ရှိခြင်း = အဖြစ်တူခြင်း,
၄။ ဧကနိရောဓ = တူသော ချုပ်ခြင်း ရှိခြင်း = အချုပ်တူခြင်း,
ဤသို့လျှင် သမ္ပယုတ္တလက္ခဏာ (၄)ပါးရှိ၏။ သမ္ပယုတ္တ = ယှဉ်ပုံနှင့် ပက်သက်၍ မဟာဋီကာဆရာတော် ကိုယ်တိုင် အနုဋီကာတွင် (အနုဋီ၊၃၊၂၃၇။) ဤသို့ ဖွင့်ဆို ရှင်းလင်းထား၏ ----
မြင်းကယှဉ်အပ်သော (= မြင်းကပ်ယှဉ်အပ်သော) ရထားဟူရာ၌ မြင်းနှင့် ရထားသည် ရောနှောသော အားဖြင့် ယှဉ်ခြင်းမဟုတ်၊ မြင်းနှင့် ရထားတို့ ပူးကပ်ယှဉ်ရုံသာ ဖြစ်၏။ စိတ်နှင့် စေတသိက်တို့ ယှဉ်ရာ၌ကား စတုမဓုကျိုရာဝယ် ထောပတ် ဆီ ပျားရည် တင်လဲတို့သည် ယှဉ်ရုံမျှမက ခွဲ၍မရအောင် ရောနှောကြသကဲ့သို့ စိတ်နှင့် စေတသိက်တို့သည်လည်း ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးရှိကြ၍ သဘောချင်း မတူဘဲလျက် ခွဲဖို့မလွယ်အောင် ရောနှောမိကြသည်ကိုပင် သမ္ပယုတ္တ = ယှဉ်သည်ဟု ဆိုရသည်။ ယင်းယှဉ်မှုဟူသည် သမနေအောင် ရောနှောကြခြင်းပင် ဖြစ်၏။ ထိုသို့ သမအောင် ရောနှောမိခြင်းဟူသည်လည်း စိတ် (၁)ခု၌ အနည်းဆုံး စေတသိက် (၇)ပါး ယှဉ်သောကြောင့် တရားကိုယ်သဘောအားဖြင့် များနေပါကုန်သော်လည်း ထိုစိတ် စေတသိက်တို့၏ တစ်ခုတည်း၏အဖြစ်သို့ ရောက်သကဲ့သို့ ဖြစ်ခြင်းပင်တည်း။ ဤသို့ တစ်ခုတည်းအဖြစ်သို့ ရောက်သကဲ့သို့ ကျေးဇူးပြုနိုင်ပုံကိုလည်း များစွာကုန်သော ထိုစိတ်စေတသိက်တို့၏ တစ်ခုစီ မခွဲဘဲ ပေါင်းစု၍ တစ်ခုတည်း အဖြစ်ဖြင့် ဆိုင်ရာကိစ္စကို ပြုလေ့ရှိသည်၏ အဖြစ်ဖြင့် ညွှန်ပြထိုက်ပေသည်။ (အနုဋီ၊၃၊၂၃၇။)
ဧကာရမ္မဏ ----တူသော မှီရာဝတ္ထုရုပ်ရှိကုန်သော = ဧကဝတ္ထုကနာမ်တရားတို့သည် သမ္ပယုတ္တ ဖြစ်ကုန်၏ --- ဟု ဧကဝတ္ထုကလက္ခဏာ (၁)ပါးကိုသာ ဆိုအပ်လျှင် တစ်ခုစီ ခွဲခြား၍ မရကောင်းသော အဝိနိဗ္ဘောဂရုပ်တို့တွင် (= ရုပ်ကလာပ်တစ်ခု၏အတွင်း၌ တည်ရှိကြသော ရုပ်တို့တွင်) မဟာဘုတ် (၁)ပါးသည် ကြွင်းမဟာဘုတ် (၃)ပါးနှင့် ဥပါဒါရုပ်တို့အား စွဲမှီ၍ဖြစ်ရာ နိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏၊ ထိုကြောင့် မဟာဘုတ် (၃)ပါးနှင့် ဥပါဒါရုပ်တို့သည် တူသော မှီရာဝတ္ထုရုပ်ရှိသည့် ဧကဝတ္ထုကတရားများ ဖြစ်ကြ၏ဟု ကြံစည်သောသူအား ထိုရုပ်တရားတို့၏ သမ္ပယုတ္တ ပစ္စည်း ပစ္စယုပ္ပန် အဖြစ်သို့ ရောက်ခြင်း ဖြစ်လေရာသည်။
တစ်နည်းဆိုရသော် ---- စက္ခုဝတ္ထုစသော ဥပါဒါရုပ် (= ဝတ္ထုရုပ်)တို့သည် မိမိတို့၏ ကလာပ်တူ မဟာဘုတ် တို့ကို အသီးအသီး မှီ၍ ဖြစ်ကြရကုန်၏။ ထိုကြောင့် ထိုမဟာဘုတ် (၄)ပါးတို့သည် မှီတတ်သော စက္ခုဝတ္ထု စသော ဝတ္ထုရုပ် (၁)ခု ရှိသောကြောင့် ဧကဝတ္ထုကဖြစ်ကုန်၏ဟု ကြံစည်သောသူ၏ သန္တာန်၌ ထိုရုပ်တရားတို့၏ သမ္ပယုတ္တ ပစ္စည်း ပစ္စယုပ္ပန် အဖြစ်သို့ ရောက်ရှိခြင်းသည် ဖြစ်လေရာသည်။ ထိုကြောင့် ထိုရုပ်တရားတို့၏ သမ္ပယုတ္တ ပစ္စည်း ပစ္စယုပ္ပန် အဖြစ်ကို တားမြစ်ခြင်း အကျိုးငှာ ဧကာရမ္မဏဟု လက္ခဏာတစ်ပါးကို ထပ်၍ ပြရလေသည်။ ထိုရုပ်တရားတို့သည် အာရုံကို မယူတတ်သော အနာရမ္မဏတရားတို့သာ ဖြစ်ကြသောကြောင့် ဧကာရမ္မဏ မဖြစ်နိုင်ရကား သမ္ပယုတ်လေလား-ဟု ယုံမှားဖွယ် မရှိပါ ဟူလိုသည်။
ဧကုပ္ပါဒ ---- မရဏာသန္နဝီထိသည် ပဉ္စဒွါရဝီထိတို့တွင် တစ်ခုခုသော ဝီထိဖြစ်ခဲ့လျှင် ထိုမရဏာသန္နဝီထိ၌ ပါသော သမ္ပဋိစ္ဆိုင်း သန္တီရဏစသော ဝီထိစိတ်တို့သည် မှီရာအားဖြင့် စုတိစိတ်မှ ပြန်၍ရေတွက်သော် (၁၇)ချက်မြောက်သော စိတ်၏ ဥပါဒ်ကာလ၌ နောက်ဆုံးဖြစ်သော ဟဒယဝတ္ထုရုပ်ကို မှီ၍, အာရုံအားဖြင့် ရူပါရုံစသော ပဉ္စာရုံတို့တွင် တစ်ခုခုကိုပင် ထိုက်သလို အာရုံပြုရသောကြောင့် ဧကဝတ္ထုက, ဧကာရမ္မဏ ဖြစ်ကြရကား သမ္ပယုတ် ပစ္စည်း ပစ္စယုပ္ပန်တရားတို့လေလောဟု ယုံမှားဖွယ်ရာရှိ၏၊ ထိုကြောင့် ဧကုပ္ပါဒ = အတူမဖြစ်ကြ ကုန်သော ပြိုင်တူ မဥပါဒ်ကြကုန်သော ထိုစိတ်တို့ကို တားမြစ်ခြင်းငှာ ဧကုပ္ပါဒ --- ဟူသော လက္ခဏာကို ပြရ ပြန်သည်။ ထိုစိတ်တို့တွင် သမ္ပဋိစ္ဆိုင်း ဖြစ်ပြီးမှ သန္တီရဏ, သန္တီရဏ ဖြစ်ပြီးမှ ဝုဋ္ဌော, ဝုဋ္ဌော ဖြစ်ပြီးမှ ဇော, -- ဤသို့စသည်ဖြင့် အချိန်ကာလ မတူဘဲ စိတ္တက္ခဏချင်း မတူဘဲ စိတ်တစ်ခုပြီးမှ စိတ်တစ်ခု ဖြစ်ကြရ၏၊ သို့အတွက် ယင်းစိတ်တို့သည် ဧကဝတ္ထုက, ဧကာရမ္မဏဖြစ်သော်လည်း ဧကုပ္ပါဒမဖြစ်၍ စိတ်တစ်ခုနှင့် စိတ်တစ်ခုသည် သမ္ပယုတ္တ ပစ္စည်း ပစ္စယုပ္ပန်တရားတို့ မဟုတ်ဟူလိုသည်။ (စိတ်တစ်ခုနှင့် စိတ်တစ်ခုသည် သမ္ပယုတ္တ ပစ္စည်း ပစ္စယုပ္ပန် မဟုတ်သော်လည်း ယင်းစိတ်တို့၏ စိတ္တက္ခဏတစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိကြသော စိတ်+ စေတသိက် (= နာမ်တရား)တို့ကား အချင်းချင်း အပြန်အလှန် သမ္ပယုတ္တပစ္စည်း သမ္ပယုတ္တပစ္စယုပ္ပန်တရားများ ဖြစ်ကြသည်သာတည်း။)
ဧကနိရောဓ --- အချင်းချင်း ချုပ်မှု မတူကြသော တရားများသည်လည်း ဤသို့ လက္ခဏာ (၃)ပါးနှင့် ပြည့်စုံနိုင်ပါကုန်သလော၊ သို့မဟုတ် တူသောချုပ်ခြင်း ရှိပါမှ ဤလက္ခဏာ (၃)ပါးနှင့် ပြည့်စုံနိုင်ပါသလောဟု စိစစ်သောအခါ တူသော ချုပ်ခြင်းရှိသောတရားတို့သာ ဤလက္ခဏာ (၃)ပါးနှင့် ပြည့်စုံနိုင်ကြ၏ဟု ပြခြင်း အကျိုးငှာ ဧကနိရောဓဟူသော လက္ခဏာကို ပြပြန်သည်။
နောက်တစ်နည်း ဖွင့်ဆိုထားပုံ
တစ်ဖန် ပြောင်းပြန် ပဋိလောမအားဖြင့် ဆိုရသော် ဤသို့တည်း --- တူသော ချုပ်ခြင်းရှိသော ဧကနိရောဓ တရားတို့သည် သမ္ပယုတ္တမည်ကုန်၏ဟု ဆိုအပ်သည်ရှိသော် တစ်ခုတည်းသော ခဏ၌ အတူချုပ်ကြကုန်သော ရုပ်နာမ်တရားတို့၏ သမ္ပယုတ္တအဖြစ် ရောက်လေရာ၏၊ ထိုကြောင့် ဧကုပ္ပါဒ-ဟူ၍ ဆိုအပ်ပြန်သည်။
ဤသို့ ဆိုအပ်ပြန်ပါသော်လည်း ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိကြကုန်သော ခွဲခြား၍ မရ ကောင်းကုန် ခွဲခြား၍ တစ်လုံးစီ တစ်လုံးစီ မဖြစ်နိုင်ကြကုန်သော အဝိနိဗ္ဘောဂဖြစ်သည့် ကလာပ်တူရုပ်တရား တို့၏ ဧကုပ္ပါဒ ဧကနိရောဓ အဖြစ် (= ဖြစ်မှု ချုပ်မှု တူမှုသဘော)သည် ထင်ရှားရှိရကား ထိုရုပ်တရားတို့၏လည်း သမ္ပယုတ္တအဖြစ်သည် ရောက်ရှိလေရာ၏၊ ထိုကြောင့် ထိုကလာပ်တူ ရုပ်တရားတို့၏ သမ္ပယုတ္တအဖြစ်ကို တားမြစ်ခြင်း အကျိုးငှာ ဧကာရမ္မဏ သဒ္ဒါကို ထပ်မံ ပြုပေးရပြန်သည်။ အာရုံကို ယူတတ်သော သာရမ္မဏဓမ္မ အမည်ရသည့် နာမ်တရားတို့အတွက်သာ သမ္ပယုတ္တအဖြစ်ကို ဟောတော်မူသည် ဟူလိုသည်။
အကြင်တရားတို့သည် ---
၁။ ဧကာရမ္မဏ = တူသော အာရုံ ရှိကုန်၏၊
၂။ ဧကုပ္ပါဒ = တူသော ဖြစ်ခြင်း ရှိကုန်၏၊
၃။ ဧကနိရောဓ = တူသော ချုပ်ခြင်း ရှိကုန်၏။ ---
ထိုတရားတို့သည် သမ္ပယုတ္တမည်ကုန်၏။ ဤနည်းကိုလည်း (ပဉ္စဝေါကာရဘုံဝယ်) တူသော မှီရာဝတ္ထု ရှိသော နာမ်တရားတို့၌သာလျှင် ရအပ်၏၊ ကွဲပြားသော မှီရာဝတ္ထုရှိသော နာမ်တရားတို့၌ မရအပ်ဟု ပြခြင်း အကျိုးငှာ ဧကဝတ္ထုက သဒ္ဒါကို ပြုတော်မူရပြန်သည်။
အကြင်တရားတို့သည် တူသောမှီရာ, တူသောအာရုံ, တူသောဖြစ်ခြင်း, တူသောချုပ်ခြင်း ရှိကြကုန်၏၊ ထိုတရားတို့သည် သမ္ပယုတ္တမည်ကုန်၏ - ဟူသော ဤစကားကို ဆိုရာဝယ် တူသော မှီရာဝတ္ထုရုပ်ရှိခြင်းဟူသော စကားသည် ပဉ္စဝေါကာရဘုံကို ငဲ့၍ဆိုသော စကားဖြစ်၏၊ အရူပဘုံ၌ကား မှီရာဝတ္ထုရုပ်သည်ပင် လုံးလုံးမရှိရကား အဘယ်မှာလျှင် ဧကဝတ္ထုက သဒ္ဒါ၏ အကျိုးသက်ရောက်ခွင့် ရှိနိုင်ပါအံ့နည်း၊ မရှိနိုင်သည်သာ ဟူလို။ (မဟာဋီ၊၂၊၂၈၄-၂၈၅။)
ဤသမ္ပယုတ္တပစ္စည်းသည်လည်း နာမ်က နာမ်အား ကျေးဇူးပြုသော ပစ္စည်းသာဖြစ်၏။ ပစ္စည်း ပစ္စယုပ္ပန် နှစ်မျိုးလုံးသည် ခဏတ္တယသို့ရောက်ဆဲ ပစ္စုပ္ပန်တရားစုများသာ ဖြစ်သည်။
ဝိပ္ပယုတ္တပစ္စည်း
တူသောမှီရာဝတ္ထုရုပ် ရှိခြင်း, တူသောအာရုံ ရှိခြင်း, တူသောဖြစ်ခြင်း ရှိခြင်း, တူသောချုပ်ခြင်း ရှိခြင်း -ဟူသော သဘောလက္ခဏာ (၄)ချက်သို့ မကပ်ရောက်ခြင်းအားဖြင့် ကျေးဇူးပြုတတ်ကုန်သော ---
၁။ ရုပ်တရားတို့သည် နာမ်တရားတို့အား,
၂။ နာမ်တရားတို့သည်လည်း ရုပ်တရားတို့အား,
ဝိပ္ပယုတ္တပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ ထိုဝိပ္ပယုတ္တပစ္စည်းသည် ---
၁။ သဟဇာတဝိပ္ပယုတ္တပစ္စည်း,
၂။ ပစ္ဆာဇာတဝိပ္ပယုတ္တပစ္စည်း,
၃။ ပုရေဇာတဝိပ္ပယုတ္တပစ္စည်းဟု (၃)မျိုး ရှိ၏။
ရူပံ နာမဿ = ရုပ်က နာမ်အား ကျေးဇူးပြုပုံ
ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၈။)
၁။ ပဉ္စဝေါကာရ ပဋိသန္ဓေနှင့် အတူဥပါဒ်သော ဟဒယဝတ္ထုရုပ်ပစ္စည်းတရားသည် ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားစုအား သဟဇာတဝိပ္ပယုတ္တပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ (အဘိ၊ဋ္ဌ၊၃၊၃၅၁။ ဝိသုဒ္ဓိ၊၂၊၁၇၁။)
၂။ မဇ္ဈိမာယုကဖြစ်၍ အတီတဘဝင်နှင့် ဥပါဒ်ချင်း ပြိုင်၍ ဖြစ်သော ---
(က) စက္ခုဝတ္ထုသည် စက္ခုဝိညာဏဓာတ်နှင့် သမ္ပယုတ်တရားစုအား,
( ခ ) သောတဝတ္ထုသည် သောတဝိညာဏဓာတ်နှင့် သမ္ပယုတ်တရားစုအား,
( ဂ ) ဃာနဝတ္ထုသည် ဃာနဝိညာဏဓာတ်နှင့် သမ္ပယုတ်တရားစုအား,
(ဃ) ဇိဝှါဝတ္ထုသည် ဇိဝှါဝိညာဏဓာတ်နှင့် သမ္ပယုတ်တရားစုအား,
( င ) ကာယဝတ္ထုသည် ကာယဝိညာဏဓာတ်နှင့် သမ္ပယုတ်တရားစုအား,
ပုရေဇာတဝိပ္ပယုတ္တပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
( စ ) မိမိတို့၏ ရှေးရှေးစိတ်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထုသည် အရူပဝိပါက်လေးခုကြဉ်သော မနောဓာတ် မနောဝိညာဏဓာတ်နှင့် သမ္ပယုတ်တရားစုအား --- ပုရေဇာတဝိပ္ပယုတ္တပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ (အဘိ၊ဋ္ဌ၊၃၊၃၅၁။)
နာမံ ရူပဿ = နာမ်က ရုပ်အား ကျေးဇူးပြုပုံ
အရူပိနော ဓမ္မာ ရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၈။)
၁။ ပဉ္စဝေါကာရဘုံ၌ အရူပဝိပါက် (၄)ခု၊ ဒွေပဉ္စဝိညာဏ် (၁၀), ရဟန္တာတို့၏ စုတိစိတ်ကြဉ်သော စိတ် (၇၅)ခု၊ စေတသိက် (၅၂)ခု, ပဝတ္တိ ပဋိသန္ဓေနာမ်ခန္ဓာ (၄)ပါး ပစ္စည်းတရားတို့သည် မိမိတို့ကြောင့် ဖြစ်ကုန်သော စိတ္တဇရုပ်နှင့် ပဋိသန္ဓေကမ္မဇရုပ် ပစ္စယုပ္ပန်တရားတို့အား (= ပဝတ္တိ နာမ်ခန္ဓာတို့က စိတ္တဇရုပ်တို့အား, ပဋိသန္ဓေ နာမ်ခန္ဓာတို့က ကမ္မဇရုပ်တို့အား) သဟဇာတဝိပ္ပယုတ္တပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ (အဘိ၊ဋ္ဌ၊၃၊၃၅၁။)
၂။ ပဋိသန္ဓေအစရှိသော ရှေးရှေးဖြစ်သော စိတ်နှင့် အတူဥပါဒ်၍ ရုပ်၏ ဌီကာလသို့ရောက်သော (ဧကဇကာယ, ဒွိဇကာယ,) တိဇကာယ စတုဇကာယ ရုပ်တရားအပေါင်းအား ကျေးဇူးပြုတတ်သော ပဉ္စဝေါကာရဘုံ၌ အရူပဝိပါက် (၄)ခုကြဉ်သော ပဋိသန္ဓေနောင် ပထမဘဝင် အစရှိသော နောက်နောက်ဖြစ်သော စိတ် (၈၅)ခု၊ စေတသိက် (၅၂)ခု ဟူသော နာမ်ခန္ဓာလေးပါး ပစ္စည်းတရားသည် --- ပဋိသန္ဓေ အစရှိသော ရှေးရှေးဖြစ်သော စိတ်နှင့် အတူဥပါဒ်၍ ရုပ်၏ ဌီကာလသို့ရောက်သော (ဧကဇကာယ, ဒွိဇကာယ) တိဇကာယ, စတုဇကာယ ရုပ်တရားအပေါင်းဟူသော ပစ္စယုပ္ပန်တရားအား ပစ္ဆာဇာတဝိပ္ပယုတ္တပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
ရူပါရုံစသည်တို့သည် ဝိပ္ပယုတ္တပစ္စည်း မဖြစ်
ရုပ်တရားတို့တွင် စက္ခု-သောတ-ဃာန-ဇိဝှါ-ကာယ-ဟဒယ ဟူသော ဝတ္ထုရုပ် (၆)ပါး အဖို့အစု တို့သည်သာလျှင် နာမ်ခန္ဓာတို့အား ဝိပ္ပယုတ္တပစ္စယသတ္တိဖြင့် ကျေးဇူးပြုကြကုန်၏။ ရူပါရုံအစရှိကုန်သော အာရုံရုပ်တရားတို့သည် အာရမ္မဏိက = အာရုံယူတတ်သော နာမ်တရားတို့နှင့် အကယ်၍ကား ဝိပ္ပယုတ္တ တရားတို့ ဖြစ်ကုန်၏၊ သို့သော် ဝိပ္ပယုတ္တပစ္စည်းတရားတို့ကား မဖြစ်ကြကုန်။ အဘယ်ကြောင့်နည်းဟူမူ --- သမ္ပယုတ်ဖြစ်မှု၌ ယုံမှားဖွယ်၏ မရှိသောကြောင့် ဟောတော်မမူ။
အကျယ် --- အဖြေ --- ။ စက္ခုဝိညာဏ်အစရှိသော နာမ်ခန္ဓာတို့သည် စက္ခုအစရှိကုန်သော မှီရာဝတ္ထုရုပ်တို့၏အတွင်းမှ ထွက်ပေါ်လာသကဲ့သို့ ဖြစ်ကုန်၏၊ ထိုကြောင့် ဝတ္ထုပုရေဇာတအရာ၌ ယင်းမှီရာဝတ္ထုရုပ်တို့သည် မှီတတ်သော နာမ်တရားတို့နှင့် သမ္ပယုတ်ဖြစ်လေသလော၊ ဝိပ္ပယုတ်ဖြစ်လေသလောဟု ယုံမှားဖွယ်ရှိသောကြောင့် ယင်းဝတ္ထုရုပ်တို့၏ ဝတ္ထုပုရေဇာတဝိပ္ပယုတ္တပစ္စည်း ဖြစ်ကြောင်းကို ဟောတော်မူသည်။ ရူပါရုံစသော အာရုံတရား တို့သည်ကား စက္ခုဝတ္ထုအစရှိသော မှီရာအားဖြင့် = စက္ခုဝတ္ထုစသည့် ရုပ်တရားတို့ကို မှီ၍ ဖြစ်ပေါ်လာကုန်သော စက္ခုဝိညာဏ်အစရှိသော နာမ်တရားတို့၏ သိစရာ အာရုံမျှသာ ဖြစ်ကြကုန်၏၊ ထိုကြောင့် ထိုရူပါရုံစသော အာရမ္မဏဓမ္မရုပ်တရားတို့၌ စက္ခုဝိညာဏ်စသော နာမ်တရားတို့နှင့် သမ္ပယောဂအဖြစ် လျဉ်းပါးဖွယ် ယုံမှား ဖွယ်သည် မရှိပေ။ ဤသို့ သမ္ပယောဂအဖြစ် = သမ္ပယုတ္တအဖြစ် လျဉ်းပါးဖွယ် ယုံမှားဖွယ်၏ မရှိသောကြောင့် ထိုရူပါရုံစသည့် ရုပ်အာရမ္မဏဓမ္မတို့သည် ဝိပ္ပယုတ္တပစ္စည်းတရားတို့ မဖြစ်ကြကုန်။ ဟဒယဝတ္ထုစသည့် ဝတ္ထုရုပ် တို့၌သာလျှင် ဤဝိပ္ပယုတ္တပစ္စည်းဖြစ်မှုကို သိရှိပါလေ။ အောက်ပါ ပဥှာဝါရပါဠိတော်ကို ထောက်ရှုပါ။ ---
ဝတ္ထု ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ။ ပုရေဇာတံ စက္ခာယတနံ စက္ခုဝိညာဏဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ သောတာယတနံ။ ပ ။ ဃာနာယတနံ။ ပ ။ ဇိဝှါယတနံ။ ပ ။ ကာယာယတနံ ကာယဝိညာဏဿ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ဝတ္ထု ဝိပါကာဗျာကတာနံ ကိရိယာဗျာကတာနံ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပ ။ ပုရေဇာတံ ဝတ္ထု ကုသလာနံ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ ပုရေဇာတံ ဝတ္ထု အကုသလာနံ ခန္ဓာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၁၅၉-၁၆၀။) (အဘိ၊ဋ္ဌ၊၃၊၃၈၁-၃၈၂။)
အရူပိနော ဓမ္မာ ရူပီနံ ဓမ္မာနံ
နာမ်တရားတို့က ရုပ်တရားတို့အား ဝိပ္ပယုတ္တပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏ဟု ဆိုရာ၌ အရူပဓမ္မ အမည်ရကြသော နာမ်တရားတို့တွင် နာမ်ခန္ဓာ (၄)ပါးတို့၏ အစွမ်းဖြင့် သိရှိပါလေ။ အရူပဓမ္မ အမည်ရကြသော နာမ်တရားတို့တွင် နာမ်ခန္ဓာ (၄)ပါးတို့သည်သာလျှင် သဟဇာတ ပုရေဇာတဖြစ်ကုန်သော ရုပ်တရားတို့၏ = အတူဖြစ်သော ရုပ်တရား, မိမိ နာမ်တရားတို့၏ ရှေးက ဖြစ်နှင့်၍ ရုပ်ဌီကာလသို့ရောက်ရှိနေကြကုန်သော ရုပ်တရားတို့၏ ဝိပ္ပယုတ္တပစ္စည်းတရားတို့ ဖြစ်ကြကုန်၏။
နိဗ္ဗာနံ ပန အရူပမ္ပိ သမာနံ ရူပဿ ဝိပ္ပယုတ္တပစ္စယော န ဟောတိ။ စတူဟိ သမ္ပယောဂေါ စတူဟိ ဝိပ္ပယောဂေါတိ ဟိ ဝုတ္တံ။ (အဘိ၊ဋ္ဌ၊၃၊၃၈၂။)
နိဗ္ဗာန်တရားတော်မြတ်ကြီးသည်ကား အရူပတရား (= နာမ်တရား)ဖြစ်သော်ငြားလည်း ရုပ်တရား၏ ဝိပ္ပယုတ္တပစ္စည်းတရား မဖြစ်ပေ။ စတူဟိ သမ္ပယောဂေါ စတူဟိ ဝိပ္ပယောဂေါ - ဟု ဘုရားရှင် ဟောကြားထားတော်မူပေသည်။ ထိုကြောင့် နာမ်ခန္ဓာ (၄)ပါး တို့၏သာလျှင် ဝိပ္ပယုတ္တပစ္စည်းဖြစ်မှုကို သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၃၊၃၈၂။ ပဋ္ဌာန၊၁၊၁၅၉။)
စတူဟိ သမ္ပယောဂေါ စတူဟိ ဝိပ္ပယောဂေါ --- ဟူသော စကားတော်သည် သမ္ပယုတ်၏ လက္ခဏာ, ဝိပ္ပယုတ်၏ လက္ခဏာကို ပြသော ဓာတုကထာ လက္ခဏ မာတိကာ စကားတော်တည်း။ ထိုသို့နာမ်ခန္ဓာ (၄)ပါးတို့ အချင်းချင်း သမ္ပယုတ်ဖြစ်သောကြောင့် သမ္ပယုတ္တပစ္စည်းဟု ဘုရားရှင်သည် ဟောကြားတော်မူခဲ့၏။ နာမ်နှင့် ရုပ်သည်လည်းကောင်း၊ ရုပ်နှင့် နာမ်သည်လည်းကောင်း အတူတကွဖြစ်ကြရာ၌ သမ္ပယုတ်လေလားဟု ယုံမှားဖွယ် ရှိသောကြောင့် ဝိပ္ပယုတ္တပစ္စည်း အဖြစ်ဖြင့် ဟောတော်မူသည်။ ရုပ်အချင်းချင်းမှာ ထိုကဲ့သို့ ယုံမှားဖွယ် မရှိသောကြောင့် ဝိပ္ပယုတ္တဟု အထူးဟောတော်မမူ။ နိဗ္ဗာန်တရားတော်မြတ်သည်လည်း ရုပ်တရားနှင့် သမ္ပယုတ္တလေလော ဝိပ္ပယုတ္တလေလောဟု ယုံမှားဖွယ် မရှိသောကြောင့် ဝိပ္ပယုတ္တပစ္စည်း အဖြစ် ဘုရားရှင်သည် ဟောကြားတော်မမူပေ။
ဤဝိပ္ပယုတ္တပစ္စည်းသည် နာမ်က ရုပ်အား, ရုပ်က နာမ်အား ကျေးဇူးပြုသော ပစ္စည်းတည်း။ ပစ္စည်း ပစ္စယုပ္ပန် နှစ်မျိုးလုံးသည် ပစ္စုပ္ပန်တရားချည်းသာတည်း။
အတ္ထိပစ္စည်း
ပစ္စုပ္ပန္နလက္ခဏေန အတ္ထိဘာဝေန တာဒိသေဿဝ ဓမ္မဿ ဥပတ္ထမ္ဘကတ္တေန ဥပကာရကော ဓမ္မော အတ္ထိပစ္စယော။ (အဘိ၊ဋ္ဌ၊၃၊၃၅၁။ ဝိသုဒ္ဓိ၊၂၊၁၇၁။)
ပစ္စုပ္ပန်ဟု မှတ်သားအပ်သော သဘောဖြစ်သော ထင်ရှားရှိသည်၏ အဖြစ်ဖြင့် ထိုသို့ ထင်ရှားရှိသည်သာလျှင်ဖြစ်သော တရားကို အားပေးထောက်ပံ့တတ်သည်၏ အဖြစ်ဟူသော သဘောဖြင့် ကျေးဇူးပြုတတ်သော တရားသည် အတ္ထိပစ္စည်းမည်၏။
ပစ္စုပ္ပန်လက္ခဏာ
ပစ္စုပ္ပန္နလက္ခဏေနာတိ ပစ္စုပ္ပန္နသဘာဝေန။ (မဟာဋီ၊၂၊၂၈၆။)
လက္ခဏကို သဘာဝဟု ဖွင့်၏။ ယင်းအလိုအားဖြင့် ပစ္စုပ္ပန်ဟူသည် ဥပါဒ်အဖြစ်ဖြင့် စတည်ပြီး၍ မပြီးဆုံးသေးသော ပရမတ်တရားဖြစ်လျှင် ဘင်အခိုက်သို့ မရောက်ရှိသေးသော သဘောတရားတည်း။
အာရဒ္ဓါနိဋ္ဌိတော ဘာဝေါ ပစ္စုပ္ပန္နော။ (ကစ္စာယနသာရ-၂၂-ဂါထာ။) = စတည်ပြီး၍ မပြီးဆုံးသေးသော ကြိယာသည် ပစ္စုပ္ပန်မည်၏။
အတ္ထိဘာဝ = ထင်ရှားရှိသည်၏အဖြစ် (၃) မျိုး
၁။ နိဗ္ဗတ္တတာလက္ခဏ-အတ္ထိဘာဝ = ဖြစ်ပြီးသည်၏ အဖြစ်ဟူသော သဘောလက္ခဏာရှိသော အတ္ထိဘာဝ,
၂။ ဥပလဗ္ဘမာနတာလက္ခဏ-အတ္ထိဘာဝ = လောကပြောရိုးအားဖြင့် ရအပ်သည်၏အဖြစ်ဟူသော သဘော လက္ခဏာရှိသော အတ္ထိဘာဝ,
၃။ ပစ္စုပ္ပန္နလက္ခဏ-အတ္ထိဘာဝ = ပစ္စုပ္ပန်သဘောလက္ခဏာဖြစ်သော အတ္ထိဘာဝ,
ဤသို့လျှင် အတ္ထိဘာဝ = ထင်ရှားရှိသည်၏အဖြစ် (၃)မျိုး ရှိ၏။ ထိုတွင် ရှေး (၂)မျိုးကို တားမြစ်လိုသော ကြောင့် - ပစ္စုပ္ပန္နလက္ခဏေန - ဟု အဋ္ဌကထာဆရာတော်က ဝိသေသနပြုသည်။
၁။ နိဗ္ဗတ္တတာလက္ခဏ - အတ္ထိဘာဝ
အတ္ထိ မေ ပါပကမ္မံ ကတံ = ငါသည် (ငါ့မှာ) ပြုအပ်ပြီးသော မကောင်းမှုရှိ၏၊ --- (မ၊၃၊၂၀၃။) --- ဟူရာ၌ ဤသို့ ပြုအပ်ပြီးသည်၏အဖြစ်ဖြင့် အထူးပြုအပ်သော အတ္ထိဘာဝသည် ဥပါဒ်-ဌီ-ဘင်ဟူသော ခဏတ္တယ ပစ္စုပ္ပန်ဆတ်ဆတ် ရကောင်းသော အတ္ထိဘာဝမဟုတ်၊ သရုပ်အားဖြင့်ကား ပြုအပ်ပြီးသော ကံ၏ အကျိုးမပြီးသေး အကျိုးမပေးသေးသည်၏ အဖြစ်ကြောင့်သာလျှင် ငါ့ဝယ် ခွေးပုပ်လည်ဆွဲ အမြဲတစေ ရုပ်နာမ်အစဉ်တွင် မြှုပ်နှံထားအပ်သော မကောင်းကျိုးခံစရာ အကုသိုလ်ကံ (ကမ္မသတ္တိ)သည် ရှိချေသေး၏ဟု လောကတွင် ဆိုကြသော အတ္ထိဘာဝဖြစ်သည်။ ယင်းအတ္ထိဘာဝကို နိဗ္ဗတ္တတာလက္ခဏ-အတ္ထိဘာဝ = ဖြစ်ပြီးသည်၏အဖြစ် ဟူသော သဘောလက္ခဏာရှိသော အတ္ထိဘာဝဟု ခေါ်ဆိုသည်။
အတ္ထိ မေ ပါပကမ္မံ ကတံ - ဝယ် ကတံ၌ တ ပစ္စည်းသည် အတိတ်အနက်ဟောတည်း။ ထိုကြောင့် ပြုအပ်ပြီးသော မကောင်းမှုရှိ၏။ - ဟူရာ၌ ပစ္စုပ္ပန်သဘောဖြစ်သော အတ္ထိ မဟုတ်။ အတိတ်ဖြစ်လျှင်လည်း လွန်ပြီး ချုပ်ပြီးသာ ဖြစ်၏။ သို့ပါလျက် အဘယ်ကြောင့် အတ္ထိ = ရှိ၏ = ရှိနေ၏ဟု ဆိုရပါသနည်းဟု မေးဖွယ် ရှိ၏။ အဖြေကား --- အကျိုးမပေးရသေးသမျှ ခန္ဓာအစဉ်၌ ကမ္မသတ္တိအဖြစ်ဖြင့် ရှိနေသောကြောင့် အတ္ထိ = ရှိ၏ဟု ဆိုရပါသည်။ (မူလဋီ၊၃၊၁၇၅။)
ပြုအပ်ပြီးသည်၏အဖြစ်သည် အထူးပြုအပ်သော ပြောဆိုဆဲ အတ္ထိ၏အဖြစ်သည် ပြုခြင်းကိရိယာ၏ ပြီးပြီး၏အဖြစ်ကိုသာ ပြ၏၊ ပြီးဆဲအဖြစ်ကို မပြ။ ထိုကြောင့် နိဗ္ဗတ္တတာလက္ခဏ အတ္ထိဘာဝဟု ဆိုသည်။ ဆိုလိုရင်း အနက်သဘောအားဖြင့်ကား ကံ၏ အကျိုးက ဖြစ်ပြီး မဟုတ်သည်၏ အဖြစ်ကြောင့်သာလျှင် ဤ အတ္ထိ မေ ပါပကမ္မံ ကတံ --- ဟူသော ပါဌ်၌ အတ္ထိအဖြစ်ကို သိထိုက်၏။ (အနုဋီ၊၃၊၂၃၈။)
၂။ ဥပလဗ္ဘမာနတာလက္ခဏ - အတ္ထိဘာဝ
အတ္ထေကစ္စော ပုဂ္ဂလော (အတ္ထိပုဂ္ဂလော) အတ္တဟိတာယ ပဋိပန္နော။ (အဘိ၊၃၊၁၀၉။)
= မိမိ အကျိုးစီးပွားအတွက် ကျင့်သော အချို့သော ပုဂ္ဂိုလ်သည်ရှိ၏၊ --- ဟူရာဝယ် ပုဂ္ဂလဟူသော ဝေါဟာရပညတ်၏ လောက၌ ရစကောင်းသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ထိုပညတ်၏စွဲယူရာ ခန္ဓာငါးပါး၏ သန္တတိအစဉ် မပြတ်သေးသည်၏ အဖြစ်ကြောင့်လည်းကောင်း ဥပလဗ္ဘမာနတာလက္ခဏ အတ္ထိဘာဝ = လောက ပြောရိုးအားဖြင့် ရအပ်သည်၏အဖြစ်ဟူသော သဘောလက္ခဏာရှိသော အတ္ထိဘာဝ ဖြစ်သည်။ စင်စစ်မှာမူ မုချဆတ်ဆတ် ပရမတ်သဘောအားဖြင့် ပစ္စုပ္ပန်ခဏတ္တယ ရစကောင်းသော အတ္ထိဘာဝမဟုတ်။ ဤသို့ မလိုအပ် သော အတ္ထိဘာဝ အရှုပ်ရှုပ် လျဉ်းပါးဖွယ်ကို ပယ်မြစ်ခြင်းငှာ --- ပစ္စုပ္ပန္နလက္ခဏေန --- ဟု အဋ္ဌကထာဆရာတော်က ဝိသေသန ကူမတော်မူသည် ဟူလိုသော်။ (မူလဋီ၊၃၊၁၇၅။)
ပုဂ္ဂိုလ်ဟူသည် ပရမတ်အားဖြင့် ထင်ရှားမရှိ။ သို့သော် လူတို့ခေါ်ဝေါ်အပ်သော နာမည်ပညတ်သည် စိတ်ဖြင့်ယူ၍ ရအပ် ရနိုင်လောက်အောင် ထင်ရှားနေသောကြောင့် ဥပလဗ္ဘမာနတာလက္ခဏ အတ္ထိဘာဝဟု ဆိုသည်။ ဥပလဗ္ဘမာန --- ဟူသည် ပုဂ္ဂိုလ်ဟူသော လူတို့ခေါ်ဝေါ်သည့် နာမပညတ်ကို လောကသင်္ကေတ အဖြစ်ဖြင့် စိတ်ထဲဝယ် ရအပ်ခြင်းပင်တည်း။
တစ်နည်း --- ပုဂ္ဂိုလ်ဟူသော နာမည်ပညတ်၏ စွဲမှီရာက ခန္ဓာ (၅)ပါး ဖြစ်သောကြောင့်လည်းကောင်း, ထိုခန္ဓာအစဉ်ကလည်း မပြတ်မစဲ ရှိနေသောကြောင့်လည်းကောင်း ---- ဥပလဗ္ဘမာနလက္ခဏာရှိသောအတ္ထိဘာဝ ဟု ဆိုသည်။ ဤနည်း၌ကား ပုဂ္ဂိုလ်ဟူသည် လောကသင်္ကေတအဖြစ်ဖြင့် ရအပ်ရုံသာမက သဘာဝအဖြစ်ဖြင့် လည်း ရအပ်သောကြောင့် ဥပလဗ္ဘမာနတာ အတ္ထိဘာဝ --- ဟု ဆိုလိုသည်။ (အနုဋီ၊၃၊၂၃၈။)
၃။ ပစ္စုပ္ပန္နလက္ခဏ - အတ္ထိဘာဝ
ပစ္စည်း ပစ္စယုပ္ပန် နှစ်မျိုးလုံးသည် မုချဆတ်ဆတ် ပရမတ်သာဖြစ်၍ ဥပါဒ်ပြီးနောက် ဘင်အခိုက်သို့ မရောက်သေးသော သဘောလက္ခဏာအားဖြင့် ပစ္စုပ္ပန်ဟု မှတ်သားအပ်သော သဘောဖြစ်သော ထင်ရှားရှိမှု တည်း။ ယင်းထင်ရှားရှိမှုကိုသာ ဤ၌ အလိုရှိအပ်ပေသည်။ ပစ္စည်းတရားတို့သည် ဖြစ်ပြီး၍ မချုပ်ပျောက်သေးဘဲ မုချဆတ်ဆတ် ပရမတ်အနေအားဖြင့် ထင်ရှား တည်ရှိနေခြင်းသည်ပင် ပစ္စယုပ္ပန်တရားတို့ ဖြစ်ပေါ်လာရန် အကြောင်းတရားဖြစ်၏။ ယင်းထင်ရှားရှိမှု အကြောင်းတရားကိုပင် အတ္ထိပစ္စည်းဟု ခေါ်သည်ဟူလိုသည်။
အပိစေသ အတ္ထိပစ္စယော နာမ သင်္ခေပတော ခဏတ္တယပ္ပတ္တံ နာမဉ္စေဝ ရူပဉ္စ၊ ဝတ္တမာနာ ပဉ္စက္ခန္ဓာတိပိဝတ္တုံ ဝဋ္ဋတိ။ (အဘိ၊ဋ္ဌ၊၃၊၃၈၄။)
= တစ်နည်းဆိုရသော် ဤအတ္ထိပစ္စည်း မည်သည်ကား အချုပ်အားဖြင့် ဥပါဒ်-ဌီ-ဘင် ဟူသော ခဏတ္တယ သို့ ရောက်ဆဲဖြစ်သော နာမ်သည်လည်းကောင်း, ရုပ်သည်လည်းကောင်း ဖြစ်ပေသည်။ ပစ္စုပ္ပန် ဆတ်ဆတ် ဖြစ်ဆဲ ဖြစ်ကုန်သော ခန္ဓာငါးပါးတို့ ဖြစ်ကုန်၏ဟုလည်း ဆိုသင့်သည်သာ ဖြစ်သည်။ (အဘိ၊ဋ္ဌ၊၃၊၃၈၄။)
ဥပတ္ထမ္ဘကတ္တ
သတိပိ ဇနကတ္တေ ဥပတ္ထမ္ဘကတ္တပ္ပဓာနာ အတ္ထိဘာဝေန ဥပကာရကတာတိ အာဟ ဥပတ္ထမ္ဘကတ္တေနာတိ။ ဣဒဉ္စ ဥပတ္ထမ္ဘကတ္တံ ဝတ္ထာရမ္မဏသဟဇာတာဒီနံ သာဓာရဏံ အတ္ထိဘာဝေန ဥပကာရကတ္တန္တိ ဒဋ္ဌဗ္ဗံ။ (မူလဋီ၊၃၊၁၇၅။ မဟာဋီ၊၂၊၂၈၆။)
= မုချဆတ်ဆတ် ပစ္စုပ္ပန်ကျကျ ခဏတ္တယသို့ ရောက်ဆဲဖြစ်သဖြင့် ပစ္စုပ္ပန္နပရမတ္ထဓမ္မ အမည်ရသော ရုပ်တရား နာမ်တရား၏ ဥပါဒ်မှစ၍ ဘင်သို့တိုင်အောင် ရစကောင်းသော အတ္ထိဘာဝ ဖြစ်သော်လည်း ဥပါဒ် ခဏထက် ဌီခဏ၌ အလွန်အကဲနှင့်တကွသော ဗျာပါရရှိ၍ ဥပတ္ထမ္ဘကတ္တ-ပဓာနဖြစ်ရကား = အားပေးထောက်ပံ့ တတ်သည်၏အဖြစ်က ပြဓာန်းရကား ဖြစ်စေတတ်သော ဇနကသတ္တိရှိသည်ကို အလေးမမူပဲ အားပေးထောက်ပံ့ တတ်သည့် ဥပတ္ထမ္ဘကသတ္တိကိုသာ အလေးမူ၍ ဖွင့်ဆိုထားသည် ဟူလိုသည်။ ဤဥပတ္ထမ္ဘက၏အဖြစ်ကိုလည်း ဝတ္ထာရမ္မဏ, သဟဇာတ, ပုရေဇာတ, ပစ္ဆာဇာတစသည်တို့နှင့် ဆက်ဆံသော ထင်ရှားရှိမှု အတ္ထိဘာဝဖြင့် ကျေးဇူးပြုသည်၏ အဖြစ်ဟု မှတ်ပါ။ (အနုဋီ၊၃၊၂၃၈။)
ထိုအတ္ထိပစ္စည်းတရားသည် ---
၁။ သဟဇာတတ္ထိ -
၂။ ပုရေဇာတတ္ထိ -
၃။ သဟဇာတပုရေဇာတတ္ထိ -
၄။ ပစ္ဆာဇာတတ္ထိ -
၅။ အာဟာရတ္ထိ -
၆။ ဣန္ဒြိယတ္ထိ - ဟု (၆)မျိုး ရှိ၏။
၁။ သဟဇာတတ္ထိ
၁။ နာမ်ခန္ဓာ (၄)ပါးတို့သည် အချင်းချင်းအား = [(၁)ပါးသည် (၃)ပါးအား, (၃)ပါးသည် (၁)ပါးအား, (၂)ပါးသည် (၂)ပါးအား,]
၂။ မဟာဘုတ် (၄)ပါးတို့သည် အချင်းချင်းအား = [(၁)ပါးသည် (၃)ပါးအား, (၃)ပါးသည် (၁)ပါးအား, (၂)ပါးသည် (၂)ပါးအား,]
၃။ ပဉ္စဝေါကာရ ပဋိသန္ဓေခဏ၌ နာမ်ရုပ်သည် အချင်းချင်းအား [ပဉ္စဝေါကာရ ပဋိသန္ဓေနာမက္ခန္ဓာနှင့် ဟဒယဝတ္ထုသည် အချင်းချင်းအား]
၄။ ပဉ္စဝေါကာရဘုံ၌ အရူပဝိပါက် (၄)ခု, ဒွေပဉ္စဝိညာဏ် (၁၀), ရဟန္တာတို့၏ စုတိကြဉ်သော စိတ် (၇၅) စေတသိက် (၅၂)တို့သည် စိတ္တဇရုပ်တို့အား,
၅။ မဟာဘုတ်တို့သည် ဥပါဒါရုပ်တို့အား --- သဟဇာတတ္ထိပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
၂။ ပုရေဇာတတ္ထိ
မဇ္ဈိမာယုကဖြစ်သော အတီတဘဝင်နှင့် ဥပါဒ်ပြိုင်သော ---
၁။ စက္ခာယတနသည် စက္ခုဝိညာဏဓာတ်နှင့် သမ္ပယုတ်တရားစုတို့အား,
၂။ သောတာယတနသည် သောတဝိညာဏဓာတ်နှင့် သမ္ပယုတ်တရားစုတို့အား,
၃။ ဃာနာယတနသည် ဃာနဝိညာဏဓာတ်နှင့် သမ္ပယုတ်တရားစုတို့အား,
၄။ ဇိဝှါယတနသည် ဇိဝှါဝိညာဏဓာတ်နှင့် သမ္ပယုတ်တရားစုတို့အား,
၅။ ကာယာယတနသည် ကာယဝိညာဏဓာတ်နှင့် သမ္ပယုတ်တရားစုတို့အား, ဝတ္ထုပုရေဇာတတ္ထိပစ္စယသတ္တိဖြင့် အသီးအသီး ကျေးဇူးပြု၏။
(ဤ၌ မှီရာဝတ္ထုရုပ် ပစ္စည်းတရားတို့သည် မှီတတ်သည့် ဆိုင်ရာ ဆိုင်ရာ နာမ်တရားစုတို့ မဖြစ်မီ မဥပါဒ်မီက ကြိုတင်ဥပါဒ်ကြ၍ ယင်းပစ္စယုပ္ပန် နာမ်တရားတို့ ဥပါဒ်-ဌီ-ဘင်-ဟူသော ခဏတ္တယသို့ ရောက်ခိုက်၌ သက်တမ်း မကုန်သေးသဖြင့် ထင်ရှားရှိခိုက် ပစ္စည်းတရားများ ဖြစ်ကြ၍ ဝတ္ထုပုရေဇာတတ္ထိပစ္စည်းဟု ခေါ်သည်။)
၆။ ပစ္စုပ္ပန် ရူပါရုံသည် စက္ခုဝိညာဏဓာတ်နှင့် သမ္ပယုတ်တရားစုတို့အား,
၇။ ပစ္စုပ္ပန် သဒ္ဒါရုံသည် သောတဝိညာဏဓာတ်နှင့် သမ္ပယုတ်တရားစုတို့အား,
၈။ ပစ္စုပ္ပန် ဂန္ဓာရုံသည် ဃာနဝိညာဏဓာတ်နှင့် သမ္ပယုတ်တရားစုတို့အား,
၉။ ပစ္စုပ္ပန် ရသာရုံသည် ဇိဝှါဝိညာဏဓာတ်နှင့် သမ္ပယုတ်တရားစုတို့အား,
၁၀။ ပစ္စုပ္ပန် ဖောဋ္ဌဗ္ဗာရုံသည် ကာယဝိညာဏဓာတ်နှင့် သမ္ပယုတ်တရားစုတို့အား,
၁၁။ ပစ္စုပ္ပန် ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံသည် ပဉ္စဒွါရာဝဇ္ဇန်း, သမ္ပဋိစ္ဆိုင်း (၂)ဟူသော မနောဓာတ်နှင့် သမ္ပယုတ်တရားစုတို့အား -- အာရမ္မဏပုရေဇာတတ္ထိပစ္စယသတ္တိဖြင့် အသီးအသီး ကျေးဇူးပြု၏။
(ဤ၌ အာရုံပစ္စည်းတရားတို့သည် အာရမ္မဏိကပစ္စယုပ္ပန်တရားတို့ မဖြစ်မီ မဥပါဒ်မီက ကြိုတင်ဥပါဒ်ကြ၍ အာရမ္မဏိကပစ္စယုပ္ပန်တရားတို့ ဥပါဒ်-ဌီ-ဘင်ဟူသော ခဏတ္တယသို့ ရောက်ခိုက်၌ သက်တမ်းမကုန်သေးသဖြင့် ထင်ရှားရှိခိုက် ပစ္စည်းတရားများ ဖြစ်ကြ၍ အာရမ္မဏပုရေဇာတတ္ထိပစ္စည်းဟု ခေါ်သည်။)
၃။ သဟဇာတ - ပုရေဇာတတ္ထိ
ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၉။)
၁။ ပဉ္စဝေါကာရ ပဋိသန္ဓေခဏ၌ ဟဒယဝတ္ထုတရားသည် ပဉ္စဝေါကာရ ပဋိသန္ဓေနာမ်တရားအား သဟဇာတတ္ထိပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
၂။ ပဝတ္တိအခါ၌ ဟဒယဝတ္ထုပစ္စည်းတရားသည် မနောဓာတ် (၃)ခု ၊ အရူပဝိပါက် (၄)ခု ကြဉ်သော မနောဝိညာဏဓာတ် (၇၂)ခု၊ ယင်းမနောဓာတ်, မနောဝိညာဏဓာတ်တို့နှင့် ယှဉ်သော စေတသိက်သမ္ပယုတ် တရားစု (၅၂)တို့အား ဝတ္ထုပုရေဇာတတ္ထိပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
[ပဉ္စဝေါကာရ ပဋိသန္ဓေခဏ၌ ဟဒယဝတ္ထုရုပ်နှင့် ပဋိသန္ဓေနာမက္ခန္ဓာ (၄)ပါးတို့သည် ပြိုင်တူ ဥပါဒ်ကြ ဖြစ်ကြ၍ ပစ္စည်း ပစ္စယုပ္ပန် နှစ်မျိုးလုံးသည် ထင်ရှားရှိနေခိုက် ဖြစ်သဖြင့် ယင်းဟဒယဝတ္ထုရုပ်သည် သဟဇာတတ္ထိ ပစ္စည်းတရား ဖြစ်သည်။ ပဋိသန္ဓေနာမက္ခန္ဓာတို့သည် သဟဇာတတ္ထိပစ္စယုပ္ပန်တရားတို့ ဖြစ်ကြသည်။ ပဝတ္တိ အခါ၌ကား မနောဓာတ် မနောဝိညာဏ်ဓာတ်နှင့် သမ္ပယုတ်တရားစုတို့သည် ပဋိသန္ဓေ အစရှိသော မိမိတို့၏ ရှေးရှေးသော စိတ်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထုရုပ်ကိုသာ မှီ၍ ဖြစ်ကြသဖြင့် ယင်းဟဒယဝတ္ထုရုပ်သည် ဝတ္ထုပုရေဇာတတ္ထိပစ္စည်းတရား ဖြစ်သည်။ ပဝတ္တိနာမက္ခန္ဓာတရား (= မနောဓာတ် မနောဝိညာဏဓာတ်နှင့် သမ္ပယုတ်တရားစု)တို့ကား ဝတ္ထုပုရေဇာတတ္ထိပစ္စယုပ္ပန်တရားတို့ ဖြစ်ကြသည်။ ဤသဘောတရားကို ရည်ရွယ် တော်မူ၍ အဋ္ဌကထာက ဤသို့ဖွင့်ဆိုထား၏ ---
ယံ ရူပံ နိဿာယာတိ ဧတ္ထ သဟဇာတပုရေဇာတဝသေန အတ္ထိပစ္စယော နိဒ္ဒိဋ္ဌော။ (အဘိ၊ဋ္ဌ၊၃၊၃၈၃။)
ဟဒယဝတ္ထု သဟဇာတံ ဝါ ဟောတိ ပုရေဇာတံ ဝါ။ (အဘိ၊ဋ္ဌ၊၃၊၃၈၄။)]
အတ္ထိပစ္စည်း (၂) မျိုး ခွဲပုံ
အထက်တွင် ဖော်ပြထားသော သဟဇာတတ္ထိ, ပုရေဇာတတ္ထိ, သဟဇာတပုရေဇာတတ္ထိ ပစ္စည်းများကို ခွဲလိုက်သော် ---
၁။ အညမည = အချင်းချင်း ကျေးဇူးပြုသော အတ္ထိပစ္စည်း၊
၂။ န အညမည = အချင်းချင်း ကျေးဇူးမပြုသော အတ္ထိပစ္စည်း --- ဟု နှစ်မျိုးပြား၏။
ထိုတွင် အညမညသည် (၃)မျိုး ပြား၏ ---
၁။ နာမ်က နာမ်ကို = နာမ်ခန္ဓာ (၄)ပါး အချင်းချင်း -
၂။ ရုပ်က ရုပ်ကို = မဟာဘုတ် အချင်းချင်း,
၃။ နာမ်ရုပ်က နာမ်ရုပ်ကို = ပဉ္စဝေါကာရ ပဋိသန္ဓေနာမ်ရုပ် အချင်းချင်း --- ဟု အချင်းချင်း အတ္ထိပစ္စည်းဖြင့် ကျေးဇူးပြုမှု (၃)မျိုးရှိ၏။
ရုပ်က ရုပ်ကို = မဟာဘုတ်အချင်းချင်း ကျေးဇူးပြုရာ၌ သဗ္ဗသန္တတိဝသေန = (အဘိ၊ဋ္ဌ၊၃၊၃၈၃။) အလုံးစုံသော ရုပ်သန္တတိအစဉ်၏ အစွမ်းဖြင့် ကျေးဇူးပြု၏ဟု ဖွင့်ဆိုထား၏။
တစ်ဖန် - န အညမညသည်လည်း (၃)မျိုး ပြား၏။
၁။ နာမ်က ရုပ်အား = ဒွေပဉ္စဝိညာဏ် (၁၀), ရဟန္တာတို့၏ စုတိကြဉ်သော ပဉ္စဝေါကာရ စိတ်စေတသိက် တရားတို့သည် စိတ္တဇရုပ်တို့အား,
၂။ ရုပ်က ရုပ်အား = မဟာဘုတ်သည် ကလာပ်တူ ဥပါဒါရုပ်တို့အား,
၃။ ရုပ်က နာမ်အား = စက္ခာယတနသည် စက္ခုဝိညာဏဓာတ်နှင့် သမ္ပယုတ်တရားစုတို့အား,
ရူပါရုံသည် စက္ခုဝိညာဏဓာတ်နှင့် သမ္ပယုတ်တရားစုတို့အား, ---
ဤသို့စသည်ဖြင့် ဟောကြားထားတော်မူသော ဝတ္ထုပုရေဇာတတ္ထိ အာရမ္မဏပုရေဇာတတ္ထိ ပစ္စည်းတရား တို့သည် ပစ္စယုပ္ပန်တရားတို့အား အတ္ထိပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ (အဘိ၊ဋ္ဌ၊၃၊၃၈၃-၃၈၄။)
ရုပ်က ရုပ်အား = မဟာဘုတ်က ကလာပ်တူ ဥပါဒါရုပ်တို့အား ကျေးဇူးပြုရာ၌ သဗ္ဗသန္တတိဝသေန (အဘိ၊ဋ္ဌ၊၃၊၃၈၄။) = အလုံးစုံသော ရုပ်သန္တတိအစဉ်၏ အစွမ်းဖြင့် ကျေးဇူးပြု၏ဟု ဖွင့်ဆိုထား၏။
၄။ ပစ္ဆာဇာတတ္ထိ
ပဉ္စဝေါကာရဘုံ၌ ဖြစ်သော အရူပဝိပါက် (၄)ခု ကြဉ်သော ပထမဘဝင်အစရှိသော နောက်နောက်၌ ဖြစ်သော ကုသိုလ် အကုသိုလ် ဝိပါက် ကြိယာစိတ် (၈၅) စေတသိက် (၅၂) ပစ္စည်းတရားတို့သည် ရုပ်၏ ဌီကာလသို့ ရောက်သော တိသမုဋ္ဌာနိကကာယ စတုသမုဋ္ဌာနိကကာယဟု ခေါ်ဆိုအပ်သော ဘူတရုပ် ဥပါဒါရုပ် အပေါင်းဟူသော ပစ္စယုပ္ပန်တရားအား --- ပစ္ဆာဇာတတ္ထိပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ (ပစ္စည်း ပစ္စယုပ္ပန် နှစ်မျိုးလုံးသည် ထင်ရှားရှိနေခိုက်ပင် ဖြစ်သည်။) (အဘိ၊ဋ္ဌ၊၃၊၃၈၄-၃၈၅။)
၅။ အာဟာရတ္ထိ
ကဗဠီကာရော အာဟာရော ဣမဿ ကာယဿ အတ္ထိပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၆။)
ရုပ်အာဟာရ --- ကံ-စိတ်-ဥတု-အာဟာရဟူသော အကြောင်းတရား (၄)မျိုးကြောင့် ဖြစ်သော ထိုထို ရုပ်ကလာပ်တို့၌ တည်ရှိသော အသီးအသီးသော စတုသမုဋ္ဌာနိကဩဇာသည် (အာဟာရဇဩဇာ၏ အထောက် အပံ့ကို ရရှိသောအခါ) ကလာပ်တူ ကလာပ်ပြားဖြစ်သော စတုသမုဋ္ဌာနိက ရုပ်တရားအပေါင်းအား အာဟာရတ္ထိပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ (ရုပ်ကမ္မဋ္ဌာန်းပိုင်းကို ပြန်ကြည့်ပါ။ ဩဇာက ရုပ်ကို ဖြစ်စေပုံနှင့် အားပေးထောက်ပံ့ပုံကို ရှင်းပြထားသည်။)
ဣဓ ပနေသ အတ္တနော အနိရုဒ္ဓက္ခဏေ ပစ္စယဘာဝေန အတ္ထိပစ္စယောတိ ဝုတ္တော။ (အဘိ၊ဋ္ဌ၊၃၊၃၈၅၊၊)
ဤပဥှာဝါရ အတ္ထိပစ္စည်းပိုင်း၌ ဤရုပ်အာဟာရတ္ထိပစ္စည်းကို မိမိ ကဗဠီကာရအာဟာရဩဇာ၏ မချုပ်ဆုံးမီ အချိန်အတွင်း၌ ဆိုင်ရာ ပစ္စယုပ္ပန် ကလာပ်တူ ကလာပ်ပြား ဖြစ်သော စတုသမုဋ္ဌာနိကရုပ်တရား အပေါင်းအား ကျေးဇူးပြုတတ်သည်၏ အဖြစ်ကြောင့် အတ္ထိပစ္စည်းဟု ဘုရားရှင်သည် ဟောကြားတော် မူအပ်ပေသည်။
၆။ ဣန္ဒြိယတ္ထိ = ရူပဇီဝိတိန္ဒြိယတ္ထိ
ရူပဇီဝိတိန္ဒြိယံ ကဋတ္တာရူပါနံ အတ္ထိပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၁၆၂။)
ဣဓ ပနေတမ္ပိ အတ္တနော အနိရုဒ္ဓက္ခဏေယေဝ ပစ္စယဘာဝေန အတ္ထိပစ္စယောတိ ဝုတ္တံ။ (အဘိ၊ဋ္ဌ၊၃၊၃၈၅။)
ကမ္မဇရုပ်ကလာပ်တို့၌ တည်ရှိသော ရုပ်ဇီဝိတိန္ဒြေသည် မိမိမှတစ်ပါးသော ကလာပ်တူ ကမ္မဇရုပ်တို့အား ရူပဇီဝိတိန္ဒြိယတ္ထိပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ ကလာပ်တူ ကမ္မဇရုပ်တို့ကို စောင့်ရှောက်ခြင်း၌ အစိုးရ၏ ဟူလို သည်။ ဤပဥှာဝါရ၌ ဤရူပဇီဝိတိန္ဒြိယတ္ထိပစ္စည်းကိုလည်း မိမိ ရုပ်ဇီဝိတိန္ဒြေ၏ မချုပ်ဆုံးမီ အချိန်အတွင်း၌ ကလာပ်တူ ကမ္မဇရုပ်တို့အား ကျေးဇူးပြုတတ်သည်၏အဖြစ်ကြောင့် အတ္ထိပစ္စည်းဟု ဘုရားရှင် ဟောကြားတော် မူအပ်ပေသည်။
နာမ်အတ္ထိပစ္စည်း - ရုပ်အတ္ထိပစ္စည်း
နာမ်တရားများက အတ္ထိပစ္စည်းကိစ္စကို ပြုလုပ်တတ်သော အတ္ထိပစ္စည်း အမျိုးအစားများမှာ ---
(၁) သဟဇာတတ္ထိ, (၂) ပစ္ဆာဇာတတ္ထိတို့၌ ထိုက်သလို အကျုံးဝင်၏။
ရုပ်ဟုဆိုအပ်သော အတ္ထိပစ္စည်းများမှာ ---
(၁) သဟဇာတတ္ထိ, (၂) ပုရေဇာတတ္ထိ, (၃) အာဟာရတ္ထိ, (၄) ဣန္ဒြိယတ္ထိ --- ဟု (၄)မျိုး ပြားပေသည်။
အဘိဓမ္မတ္ထသင်္ဂဟ အမည်ရသော သင်္ဂြိုဟ်ကျမ်း၌ကား အတ္ထိပစ္စည်းကို သဟဇာတတ္ထိ, ပုရေဇာတတ္ထိ, ပစ္ဆာဇာတတ္ထိ, ကဗဠီကာရာဟာရတ္ထိ, ရူပဇီဝိတိန္ဒြိယတ္ထိ --- ဟု (၅)မျိုး ပြထား၏။
ဤကျမ်း၌ကား ---
ယံ ရူပံ နိဿာယာတိ ဧတ္ထ သဟဇာတပုရေဇာတဝသေန အတ္ထိပစ္စယော နိဒ္ဒိဋ္ဌော။ (အဘိ၊ဋ္ဌ၊၃၊၃၈၃။)
ဤအဋ္ဌကထာအဖွင့်နှင့် အညီ သဟဇာတပုရေဇာတတ္ထိ တစ်မျိုးတိုး၍ (၆)မျိုးဟု ဖော်ပြထားပါသည်။ ယင်းသဟဇာတပုရေဇာတတ္ထိမှာလည်း သဟဇာတတ္ထိနှင့် ပုရေဇာတတ္ထိ အတွင်းသို့ပင် ထိုက်သလို ဝင်သွားရကား အတ္ထိပစ္စည်း (၅)မျိုးပင် ပြန်ဖြစ်သည်ဟု မှတ်ပါ။
ဤအတ္ထိပစ္စည်းသည် ခြုံ၍ ဆိုရသော် ---
၁။ နာမ်က နာမ်အား,
၂။ နာမ်က ရုပ်အား,
၃။ ရုပ်က ရုပ်အား,
၄။ ရုပ်က နာမ်အား,
၅။ နာမ်ရုပ်က နာမ်ရုပ်အား ကျေးဇူးပြုသော ပစ္စည်းပင် ဖြစ်သည်။
ပစ္စည်း ပစ္စယုပ္ပန် (၂)မျိုးလုံးတို့သည် အတ္ထိ = ထင်ရှားရှိနေဆဲ ပစ္စုပ္ပန်တရားတို့သာ ဖြစ်ကြသည်။
နတ္ထိပစ္စည်း
အတ္တနော အနန္တရံ ဥပ္ပဇ္ဇမာနာနံ အရူပဓမ္မာနံ ပဝတ္တိဩကာသဿ ဒါနေန ဥပကာရကာ သမနန္တရနိရုဒ္ဓါ အရူပဓမ္မာ နတ္ထိပစ္စယော။ (အဘိ၊ဋ္ဌ၊၃၊၃၅၂။ ဝိသုဒ္ဓိ၊၂၊၁၇၂။)
သမနန္တရနိရုဒ္ဓါ စိတ္တစေတသိကာဓမ္မာ ပဋုပ္ပန္နာနံ စိတ္တစေတသိကာနံ ဓမ္မာနံ နတ္ထိပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၉။)
မိမိ = ပစ္စည်းတရား၏ အခြားမဲ့၌ ဖြစ်ကြကုန်သော နာမ်တရားတို့အား ဖြစ်ခြင်း၏ အခါအခွင့်ကို ပေးခြင်းဖြင့် ကျေးဇူးပြုတတ်ကုန်သော ကောင်းစွာ အခြားမဲ့ဖြစ်၍ ချုပ်ပြီးကုန်သော နာမ်တရားတို့သည် နတ္ထိပစ္စည်းမည်ကုန်၏။
ကောင်းစွာအခြားမဲ့ ဖြစ်၍ ချုပ်ပြီးကုန်သော ရဟန္တာတို့၏ စုတိစိတ်ကြဉ်သော ရှေးရှေးသော စိတ် (၈၉), စေတသိက် (၅၂) ပစ္စည်းတရားတို့သည် ရဟန္တာတို့၏ စုတိစိတ်နှင့် တကွ နောက်နောက်သော စိတ် (၈၉), စေတသိက် (၅၂) ပစ္စယုပ္ပန်တရားတို့အား နတ္ထိပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ (ပဋ္ဌာန၊၁၊၉။ အဘိ၊ဋ္ဌ၊၃၊၃၅၂။ ဝိသုဒ္ဓိ၊၂၊၁၇၂။)
နာမ်တရားတို့၏ ဓမ္မတာ
ဥပါဒ်-ဌီ-ဘင်-ဟူသော စိတ္တက္ခဏတစ်ခုအတွင်း၌ စိတ်(၂)မျိုး (၃)မျိုးစသည် အတူပြိုင်၍ ဥပါဒ်ရိုး ဖြစ်ရိုးဓမ္မတာ မရှိပေ။ စိတ္တက္ခဏ (၁)မျိုး (၁)မျိုး၌လည်း ဆိုင်ရာ ယှဉ်ဖက်စေတသိက်တို့သည် အတူယှဉ်တွဲ၍ များစွာ ဖြစ်ရိုးဓမ္မတာ ရှိကြ၏။ သို့သော် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ စိတ်ပေါင်းများစွာ ဖဿပေါင်းများစွာ ဝေဒနာပေါင်းများစွာ သညာပေါင်းများစွာ စေတနာပေါင်းများစွာ ဖြစ်ရိုးဓမ္မတာကား မရှိ။ အသိစိတ်တစ်မျိုး, ဖဿတစ်မျိုး, ဝေဒနာတစ်မျိုး, သညာတစ်မျိုး, စေတနာတစ်မျိုးစသည်ဖြင့် တစ်မျိုး တစ်မျိုးစီသာ ဖြစ်နိုင်၏။ ယင်းသို့ စိတ္တက္ခဏတစ်ခုအတွင်း၌ သမ္ပယုတ္တ ပစ္စည်း ပစ္စယုပ္ပန် ဖြစ်ထိုက်သော ဆိုင်ရာ စိတ်စေတသိက်တရားစုတို့ ပြိုင်တူယှဉ်တွဲ၍ ဖြစ်ခိုက်၌ အခြား သမ္ပယုတ္တ ပစ္စည်း ပစ္စယုပ္ပန် ဖြစ်ထိုက်သော စိတ်စေတသိက်တရားအပေါင်း တို့ကား မဖြစ်နိုင်ကြပေ။ သို့သော် တစ်ခုသော စိတ္တက္ခဏအတွင်း၌ တည်ရှိသော နာမ်တရားအပေါင်းသည် ချုပ်ပြီး၍ မရှိလတ်သော် ဒုတိယ နာမ်တရားအပေါင်းသည် ဖြစ်ပေါ်လာ၏။ ထိုကြောင့် ရှေးစိတ္တက္ခဏ၌ ရှိသော နာမ်တရားအပေါင်းတို့၏ မရှိကုန်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သည်၏ အဖြစ်သည် နတ္ထိပစ္စည်းတည်း။
သာ၍ ရှေးကျကုန်သော စိတ်တို့၏ မရှိကုန်သည်၏ အဖြစ်သည် ရှိပါသော်လည်း ထိုသာ၍ ရှေးကျသော စိတ်တို့သည် နတ္ထိပစ္စယသတ္တိအဖြစ်ဖြင့် ကျေးဇူးမပြုတတ်ကြပါကုန်။ အလျော်အားဖြင့်မူ အခြားမဲ့ဖြစ်သော စိတ်သည် (= ရှေးစိတ် နောက်စိတ် နှစ်မျိုးတို့တွင် နောက်စိတ်နှင့်ကပ်နေသော ရှေးစိတ်သည်) ပစ္စည်းတရား ဖြစ်သော မိမိ၏ ထင်ရှားရှိနေမှုကြောင့် ဖြစ်ခွင့်ကို မရကြကုန်သော ပစ္စယုပ္ပန်တရားတို့အား ပစ္စည်းတရား ဖြစ်သော မိမိ၏ ထင်ရှားမရှိသည်၏ အဖြစ်ဖြင့် ဖြစ်ခွင့်ကို ပေးသကဲ့သို့ ကျေးဇူးပြုတတ်၏၊ ထိုကြောင့် -- ဖြစ်ခွင့်ကို ပေးခြင်းဖြင့် ကျေးဇူးပြုတတ်ကုန်သော --- ဟု အဋ္ဌကထာဆရာတော်က ဖွင့်ဆိုခြင်း ဖြစ်သည်။ (မူလဋီ၊၃၊၁၇၅။)
ဤ၌ ဖြစ်ခွင့်ကို ပေးသကဲ့သို့ ---- ဟူသော စကားကို ပစ္စည်းတရားတို့မှာ ထိုသို့ ဖြစ်ခွင့်ပေးလိုသော အဇ္ဈာသယဓာတ် မရှိပါသော်လည်း ဖြစ်ခွင့်ပေးလိုသော အဇ္ဈာသယဓာတ် ရှိသကဲ့သို့ တင်စား၍ တဒ္ဓမ္မူပစာရ အားဖြင့် ဆိုထားသည်မှတ်ပါ။ (အနုဋီ၊၃၊၂၃၈။)
နာမ်က နာမ်အား ကျေးဇူးပြုသော ပစ္စည်း ဖြစ်၏။ ပစ္စည်းတရားတို့ကား အတိတ်တရားစုတို့တည်း။ ပစ္စယုပ္ပန်တရားတို့ကား မုချဆတ်ဆတ် ခဏပစ္စုပ္ပန်တရားစုတို့တည်း။
ဝိဂတပစ္စည်း
ထိုကောင်းစွာ အခြားမဲ့ဖြစ်၍ ချုပ်ပြီးကုန်သော နာမ်တရားတို့သည်ပင်လျှင် (ထင်ရှားမရှိတော့သည့် အတွက်) ကင်းသည်၏ အဖြစ်ဖြင့် မိမိ၏ အခြားမဲ့၌ ဖြစ်ကုန်သော နာမ်တရားတို့အား ဖြစ်ခြင်း၏ အခါအခွင့်ကို ပေးခြင်းဖြင့် ကျေးဇူးပြုတတ်ကုန်သောကြောင့် ဝိဂတပစ္စည်းမည်၏။ (အဘိ၊ဋ္ဌ၊၃၊၃၅၂။)
သမနန္တရဝိဂတာ စိတ္တစေတသိကာ ဓမ္မာ ပဋုပ္ပန္နာနံ စိတ္တစေတသိကာနံ ဓမ္မာနံ ဝိဂတပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၉။)
ကောင်းစွာအခြားမဲ့၌ ဖြစ်၍ ကင်းပြီးကုန်သော ရဟန္တာတို့၏ စုတိစိတ်ကြဉ်သော ရှေးရှေးသော စိတ်(၈၉), စေတသိက် (၅၂)ပစ္စည်းတရားတို့သည် ရဟန္တာတို့၏ စုတိစိတ်နှင့်တကွ နောက်နောက်သော စိတ် (၈၉), စေတသိက် (၅၂) ပစ္စယုပ္ပန်တရားတို့အား ဝိဂတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
နာမ်က နာမ်အား ကျေးဇူးပြုသော ပစ္စည်းပင် ဖြစ်၏။ ပစ္စည်းတရားတို့ကား --- သမနန္တရဝိဂတာ --- ဟူသည်နှင့် အညီ အတိတ် စိတ်စေတသိက်တရားတို့ ဖြစ်ကြ၏။ ပစ္စယုပ္ပန်တရားတို့ကား --- ပဋုပ္ပန္နာနန္တိ ပစ္စုပ္ပန္နာနံ။ = (အဘိ၊ဋ္ဌ၊၃၊၃၈၆။) ဟူသော အဋ္ဌကထာအဖွင့်နှင့် အညီ --- မုချဆတ်ဆတ် ပစ္စုပ္ပန် နာမ်ပရမတ် တရားတို့သာ ဖြစ်ကြသည်။
ဤ --- နတ္ထိ - ဝိဂတပစ္စည်းဟူသည် အကြောင်းတရားဖြစ်သော ရှေးရှေး စိတ်စေတသိက်တို့ ထင်ရှား မရှိခြင်း ကင်းခြင်း သဘောတရားတည်း။ ယင်းသို့ ထင်ရှား မရှိခြင်း ကင်းခြင်းသည်ပင် နောက်နောက်သော စိတ်စေတသိက်တို့ဖြစ်ရန် အခွင့်ပေးသော အကြောင်းတစ်ရပ် ဖြစ်သည်။ ယင်းအကြောင်းတရားကိုပင် ပါဠိလို နတ္ထိအကြောင်း ဝိဂတအကြောင်းဟု ခေါ်ခြင်းဖြစ်သည်။ သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း --- ဟူ၏သို့ မှတ်ပါ။
အဝိဂတပစ္စည်း
အတ္ထိပစ္စည်းတရားတို့ကိုပင် မကင်းသေးကုန်သည်၏ အဖြစ်ဖြင့် ဆိုင်ရာ ပစ္စယုပ္ပန်တရားတို့အား ကျေးဇူးပြုတတ်သောကြောင့် အဝိဂတပစ္စည်းဟူ၍ သိရှိပါလေ။ (မချုပ်ပျောက်သေးဘဲ ထင်ရှားရှိနေသေးမှုကို မကင်းသေးဟု ဆိုသည်။ အတ္ထိပစ္စည်းနှင့် အားလုံးတူသည်။) (အဘိ၊ဋ္ဌ၊၃၊၃၅၂။)
ဒေသနာတော်ကို တင့်တယ်စမ္ပါယ်အောင် တန်ဆာဆင်တတ်သဖြင့် ဒေသနာတော်၏ တင့်တယ် စမ္ပါယ်ကြောင်း ဖြစ်သော သဗ္ဗညုတဉာဏ်တော်ကြောင့်လည်းကောင်း, ထိုဝိဂတပစ္စည်း အဝိဂတပစ္စည်းတို့၏ အဖြစ်ဖြင့် ဟောတော်မူအပ်သော အခြင်းအရာအားဖြင့် ကျွတ်ထိုက်သသူ ဆုံးမထိုက်သူ ဝေနေယျတို့၏ အလိုအဇ္ဈာသယ ဓာတ်ခံကြောင့်လည်းကောင်း ဤဝိဂတပစ္စည်း အဝိဂတပစ္စည်း နှစ်ခုအပေါင်းကို အတ္ထိပစ္စည်း နတ္ထိပစ္စည်းတို့နှင့် တရားကိုယ် အနက်သဘောအားဖြင့် တူညီသော်လည်း ထပ်မံ၍ ဟောကြားတော်မူရပြန်ပေသည်။ သဟေတုက ဒုက်ကို ဟောပြီး ဖြစ်လျက်လည်း ဟေတုသမ္ပယုတ္တဒုက်ကို ထပ်မံ၍ ဟောတော်မူရပြန်သကဲ့သို့ မှတ်ပါ။ (အဘိ၊ဋ္ဌ၊၃၊၃၅၂။ ဝိသုဒ္ဓိ၊၂၊၁၇၄။)
နတ္ထိ - ဝိဂတ။ အတ္ထိ - အဝိဂတ။
နတ္ထိဘာဝ = မရှိသည်၏အဖြစ်နှင့် ဝိဂတဘာဝ = ကင်းသည်၏အဖြစ်သည် ပစ္စည်းတရား၏ မရှိတော့ခြင်း အားဖြင့် တူသည် မဟုတ်ပါလော၊ အဘယ်သို့ ထူးပါသနည်းဟု မေးဖွယ်ရာရှိ၏။ အဖြေ --- နတ္ထိဘာဝနှင့် ဝိဂတဘာဝသည် မရှိခြင်းအားဖြင့် တူမျှသော်လည်း မိမိရှိနေသမျှ နောက်စိတ်ဖြစ်ခွင့် မရသောကြောင့် မိမိ ဖြစ်ပြီးနောက် မရှိခြင်းမျှဖြင့် ကျေးဇူးပြုခြင်း = ပစ္စယုပ္ပန်တရားတို့ကို ဖြစ်ခွင့်ပေးခြင်းသည် နတ္ထိပစ္စည်း၏ အဖြစ်တည်း။ မိမိပစ္စည်းတရားတည်းဟူသော သဘာဝဓမ္မ မကင်းသေးသမျှ နောက်သဘာဝဓမ္မ ဖြစ်ခွင့် မရသောကြောင့် မိမိတည်းဟူသော သဘာဝဓမ္မ၏ ကင်းခြင်းဖြင့် ပစ္စယုပ္ပန်တရားတို့အား ကျေးဇူးပြုတတ်သည်၏ အဖြစ်သည် ဝိဂတပစ္စည်း၏ အဖြစ်တည်း။ (မူလဋီ၊၃၊၁၇၅။)
နတ္ထိတာ စ နိရောဓာနန္တရသုညတာ၊ ဝိဂတတာ နိရောဓပ္ပတ္တတာ။ (မူလဋီ၊၃၊၁၇၅။)
အဘာဝမတ္တေနာတိ ဟုတွာ အဘာဝမတ္တေန ။ ပ ။ သဘာဝဝိဂမေနာတိ ဧတေန နိရောဓတော ပရမ္ပိ ယတော ဝိဂတတာ နိရောဓပ္ပတ္တတာတိ ဝုတ္တံ။ (အနုဋီ၊၃၊၂၃၈။)
ပစ္စည်းတရားချုပ်ပြီးသည်၏ အခြားမဲ့၌ ထိုပစ္စည်းတရားနှင့် ဆိုင်ရာ ဘာမျှမကျန်တော့ဘဲ သုညဖြစ်ခြင်း သည် နတ္ထိပစ္စည်း၏ အဖြစ်တည်း။ ပစ္စည်းတရား၏ ချုပ်ခြင်းသို့ ရောက်ပြီးသည်၏ အဖြစ်သည် ဝိဂတပစ္စည်း၏ အဖြစ်တည်း။ ဤကား ထိုပစ္စည်းနှစ်ပါးတို့၏ အထူးတည်း။ နတ္ထိသဘောသည် ဘင်အခိုက်၌ ထင်ရှား၏။ ဝိဂတသဘောသည် ချုပ်ပြီးနောက် = ဘင်၏ နောက်ကာလ၌ ထင်ရှား၏။
အတ္ထိ - အဝိဂတ -- ပစ္စည်းတရား၏ မိမိဆိုင်ရာ သဘာဝလက္ခဏာအားဖြင့် ထင်ရှားရှိနေသည်၏ အဖြစ်ဖြင့် ပစ္စယုပ္ပန်တရားတို့အား ကျေးဇူးပြုတတ်သည်၏အဖြစ်သည် အတ္ထိပစ္စည်း၏အဖြစ်တည်း။ ပစ္စည်း တရား၏ မိမိတို့ ဆိုင်ရာ သဘာဝလက္ခဏာ မကင်းသေးသဖြင့် ချုပ်ခြင်းသို့ မရောက်သေးခြင်းဖြင့် ပစ္စယုပ္ပန် တရားတို့အား ကျေးဇူးပြုတတ်သည်၏ အဖြစ်သည် အဝိဂတပစ္စည်း၏ အဖြစ်တည်း။ (မူလဋီ၊၃၊၁၇၅။)
ပစ္စည်းတရား၏ ထင်ရှားရှိနေသေးခြင်းသည် အတ္ထိတည်း။ ပစ္စည်းတရား၏ ချုပ်ခြင်းသို့ မရောက်သေးခြင်း သည် အဝိဂတတည်း။ (အနုဋီ၊၃၊၂၃၉။)
ပစ္စည်း (၆) မျိုး
ဤ (၂၄)ပစ္စည်းတို့ကို သဘောတူရာ စုပေါင်း၍ (၆)မျိုး ခွဲနိုင်၏။
၁။ နာမ်သည် နာမ်အား --- ကျေးဇူးပြုသော ပစ္စည်း (၆)မျိုး --- အနန္တရ, သမနန္တရ, အာသေဝန, သမ္ပယုတ္တ, နတ္ထိ, ဝိဂတ ပစ္စည်းများတည်း။
၂။ နာမ်သည် နာမ်ရုပ်အား --- ကျေးဇူးပြုသော ပစ္စည်း (၅)မျိုး --- ဟေတု, စျာန, မဂ္ဂ, ကမ္မ, ဝိပါက ပစ္စည်း များတည်း။
၃။ နာမ်သည် ရုပ်အား --- ကျေးဇူးပြုသော ပစ္စည်း (၁)မျိုး --- ပစ္ဆာဇာတ ပစ္စည်းတည်း။
၄။ ရုပ်သည် နာမ်အား --- ကျေးဇူးပြုသော ပစ္စည်း (၁)မျိုး --- ပုရေဇာတပစ္စည်းတည်း။
၅။ ပညတ် - နာမ်ရုပ်တို့သည် နာမ်အား --- ကျေးဇူးပြုသောပစ္စည်း (၂)မျိုး, အာရမ္မဏ, ဥပနိဿယ ပစ္စည်းများ တည်း။
၆။ နာမ်ရုပ်သည် နာမ်ရုပ်အား --- ကျေးဇူးပြုသော ပစ္စည်း (၉)မျိုး --- အဓိပတိ, သဟဇာတ, အညမည, နိဿယ, အာဟာရ, ဣန္ဒြိယ, ဝိပ္ပယုတ္တ, အတ္ထိ, အဝိဂတ ပစ္စည်းများတည်း။
ဓမ္မအားဖြင့် ခွဲပုံ
၁။ ဟေတုပစ္စည်းတရားကား ဟိတ် (၆)ပါးတရားသာ ဖြစ်၍ နာမ်တစ်စိတ်တစ်ဒေသသာတည်း။
၂။ အာရမ္မဏပစ္စည်းတရားကား ပညတ်နှင့် နာမ်ရုပ်အားလုံးတည်း။ (နာမ်၌ နိဗ္ဗာန်ပါဝင်သည်။)
၃။ အဓိပတိပစ္စည်း၌ သဟဇာတာဓိပတိ ပစ္စည်းတရားကား နာမ်တစ်စိတ်တစ်ဒေသသာတည်း။
၄။ ကမ္မ-မဂ္ဂ-စျာန ပစ္စည်းတရားတို့လည်း နာမ်တစ်စိတ်တစ်ဒေသတို့သာတည်း။
၅။ အာရမ္မဏာဓိပတိပစ္စည်းတရားကား အလေးပြုထိုက်သော အာရုံအားလုံးတည်း။
၆။ အနန္တရ, သမနန္တရ, ပစ္ဆာဇာတ, အာသေဝန, ဝိပါက, သမ္ပယုတ္တ, နတ္ထိ, ဝိဂတ ပစ္စည်းတရားတို့ကား နာမ်တရားတို့သာတည်း။
၇။ နိဗ္ဗာန်ကို အနန္တရစသော ပစ္စည်းတရားတို့ မသိမ်းယူအပ်သည်၏ အဖြစ်ကြောင့် နာမ်တရားတို့၏ တစ်စိတ် တစ်ဒေသဟုလည်း ဆိုသင့်၏။
၈။ ပုရေဇာတပစ္စည်းကား ရုပ်တစ်စိတ်တစ်ဒေသတည်း။
၉။ ကြွင်းကျန်ကုန်သော ပစ္စည်းတရားတို့ကား ရထိုက်သော ပစ္စည်းတရားတို့နှင့် စပ်သဖြင့် နာမ်တရား ရုပ်တရားတို့တည်း။ (အဘိ၊ဋ္ဌ၊၃၊၃၅၂။)
ကာလအားဖြင့် ခွဲပုံ
၁။ ဟေတု, သဟဇာတ, အညမည, နိဿယ, ပုရေဇာတ, ပစ္ဆာဇာတ, ဝိပါက, အာဟာရ, ဣန္ဒြိယ, စျာန, မဂ္ဂ, သမ္ပယုတ္တ, ဝိပ္ပယုတ္တ, အတ္ထိ, အဝိဂတ, ဤ (၁၅)ပစ္စည်းတရားတို့ကား ပစ္စုပ္ပန်တရားတို့သာ ဖြစ်ကြကုန်၏။
၂။ အနန္တရ, သမနန္တရ, အာသေဝန, နတ္ထိ, ဝိဂတ - ဤ (၅)ပစ္စည်းတို့ကား အတိတ်တရားတို့သာ ဖြစ်ကြကုန်၏။
၃။ ကမ္မပစ္စည်းတစ်မျိုးကား ပစ္စုပ္ပန် အတိတ်ဟူသော ထိုကာလနှစ်ပါးတို့ကို မှီ၍ ဖြစ်၏။ (သဟဇာတကမ္မကား ပစ္စုပ္ပန်, နာနာက္ခဏိကကမ္မကား အတိတ်ဟူလိုသည်။)
၄။ ကျန်အာရမ္မဏ, အဓိပတိ, ဥပနိဿယ ဤသုံးပစ္စည်းတို့ကား ကာလ (၃)ပါးလုံး၌လည်း ယှဉ်ကုန်၏။ ပညတ်နှင့် နိဗ္ဗာန်ကိုပါ ပစ္စည်းတရားအဖြစ် ထည့်သွင်းယူထားသောကြောင့် ကာလဝိမုတ်လည်း ဖြစ်ကုန်၏ ဟု မှတ်ပါ။ (အဘိ၊ဋ္ဌ၊၃၊၃၅၃။)
ပစ္စယုပ္ပန်အားဖြင့် ခွဲပုံ
၁။ အာရမ္မဏ, အနန္တရ, သမနန္တရ, ဥပနိဿယ, ပုရေဇာတ, အာသေဝန, သမ္ပယုတ္တ, နတ္ထိ, ဝိဂတ --- ပစ္စည်းတရားတို့သည် ပစ္စယုပ္ပန် နာမ်တရားတို့အားသာလျှင် ကျေးဇူးပြုကုန်၏။
၂။ ပစ္ဆာဇာတပစ္စည်းသည် ပစ္စယုပ္ပန် ရုပ်တရားအားသာလျှင် ကျေးဇူးပြု၏။
၃။ ကျန် (၁၄)ပစ္စည်းတို့ကား ပစ္စယုပ္ပန် ရုပ်-နာမ် (၂)မျိုးလုံးတို့အား ကျေးဇူးပြုကုန်၏။ (မဟာဋီ၊၂၊၂၈၈။)
ဇနက ဥပတ္ထမ္ဘကအားဖြင့် ခွဲပုံ
၁။ အနန္တရ, သမနန္တရ, အနန္တရူပနိဿယ, ပကတူပနိဿယ, အာသေဝန, နာနာက္ခဏိကကမ္မ, နတ္ထိ, ဝိဂတ-ပစ္စည်းတရားတို့ကား ပစ္စယုပ္ပန်အကျိုးတရားတို့ကို တိုက်ရိုက်ဖြစ်စေတတ်ကုန်သော ဇနကပစ္စည်းတရား တို့သာ ဖြစ်ကုန်၏။ အားပေးထောက်ပံ့တတ်ကုန်သော ဥပတ္ထမ္ဘကပစ္စည်းတရားတို့ မဟုတ်ကုန်။
၂။ ပစ္ဆာဇာတပစ္စည်းကား ပစ္စယုပ္ပန်အကျိုးတရားတို့အား အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘကပစ္စည်း တရားသာလျှင် ဖြစ်၏၊ တိုက်ရိုက် ဖြစ်စေတတ်သော ဇနကပစ္စည်းတရားကား မဟုတ်ပေ။
၃။ ကြွင်းကုန်သော ပစ္စည်းတရားတို့ကား ပစ္စယုပ္ပန်တရားတို့အား တိုက်ရိုက် ဖြစ်စေတတ်ကုန်သော ဇနက ပစ္စည်းတရားတို့လည်း ဟုတ်ကုန်၏။ အားပေးထောက်ပံ့ ခိုင်ခံ့စေတတ်ကုန်သော တည်တံ့စေတတ် ကုန်သော ဥပတ္ထမ္ဘကပစ္စည်းတရားတို့လည်း ဟုတ်ကုန်၏။ (မဟာဋီ၊၂၊၂၈၈-၂၈၉။)
(၂၄) ပစ္စည်း အကျဉ်းချုပ်
အာရမ္မဏူပနိဿယကမ္မတ္ထိပစ္စယေသု စ သဗ္ဗေပိ ပစ္စယာ သမောဓာနံ ဂစ္ဆန္တိ။ (အဘိဓမ္မတ္ထသင်္ဂဟ။)
(၂၄)ပစ္စည်းတို့ကို ထိုက်သလို သွင်းယူလျှင် အာရမ္မဏပစ္စည်း, ဥပနိဿယပစ္စည်း, ကမ္မပစ္စည်း, အတ္ထိပစ္စည်း --- ဤ (၄)ပစ္စည်းတို့၌ ဝင်၏။
၁။ အာရမ္မဏပစ္စည်း --- အာရမ္မဏာဓိပတိနှင့် အာရမ္မဏူပနိဿယ (၂)ပါးတို့သည် အာရမ္မဏပစ္စည်း၌ အတွင်းဝင်ကြ၏။ ပစ္စယုပ္ပန်တရားတို့အား သိစရာအာရုံအဖြစ် ရပ်တည်၍ ကျေးဇူးပြုပေးကြသော ပစ္စည်းတို့တည်း။
၂။ ဥပနိဿယပစ္စည်း --- အနန္တရ သမနန္တရ အနန္တရူပနိဿယ အာသေဝန နတ္ထိ ဝိဂတ --- ဤပစ္စည်း (၆)မျိုးတို့သည် ဥပနိဿယပစ္စည်း၌ အတွင်းဝင်ကြ၏။ အကြောင်းတရားတို့ကား ရှေးစိတ္တက္ခဏ, အကျိုးတရားတို့ ကား နောက်စိတ္တက္ခဏတရားစုတို့တည်း။ အကြောင်းချုပ်ပြီးမှ အကျိုးဖြစ်ပေါ်လာရသည်။
၃။ ကမ္မပစ္စည်း --- ပကတူပနိဿယနှင့် နာနာက္ခဏိကကမ္မ ပစ္စည်း (၂)ပါးတို့သည် ကမ္မပစ္စည်း၌ အတွင်းဝင် ကြ၏။ အကြောင်းနှင့် အကျိုးတို့သည် ဝီထိပေါင်းများစွာ ဘဝပေါင်းများစွာ ကမ္ဘာပေါင်းများစွာ ကွာခြားနိုင်၏။
၄။ အတ္ထိပစ္စည်း --- ဟေတု, သဟဇာတာဓိပတိ, သဟဇာတ, အညမည, သဟဇာတနိဿယ, သဟဇာတကမ္မ, ဝိပါက, နာမ်အာဟာရ, သဟဇာတိန္ဒြိယ, ရူပဇီဝိတိန္ဒြိယ, စျာန, မဂ္ဂ, သမ္ပယုတ္တ, သဟဇာတဝိပ္ပယုတ္တ, သဟဇာတတ္ထိ, သဟဇာတအဝိဂတ --- ဟူသော သဟဇာတမျိုး (၁၆)ပစ္စည်း, ပုရေဇာတ, ပုရေဇာတနိဿယ, ပုရေဇာတိန္ဒြိယ, ပုရေဇာတဝိပ္ပယုတ္တ, ပုရေဇာတတ္ထိ, ပုရေဇာတအဝိဂတ, ရူပအာဟာရ --- ဟူသော ပုရေဇာတမျိုး (၇)ပစ္စည်း, ပစ္ဆာဇာတ, ပစ္ဆာဇာတဝိပ္ပယုတ္တ, ပစ္ဆာဇာတတ္ထိ, ပစ္ဆာဇာတအဝိဂတ, ရူပအာဟာရဟူသော ပစ္ဆာဇာတမျိုး (၅)ပစ္စည်း ဤပစ္စည်းတို့သည် အတ္ထိပစ္စည်း၌ အတွင်းဝင်ကြ၏။ အကြောင်းတရားနှင့် အကျိုးတရား (၂)မျိုးလုံးတို့သည် ထင်ရှားရှိနေခိုက် ကျေးဇူးပြုကြသော ပစ္စည်းတရားများတည်း။
ဤတွင် ပဋ္ဌာန်း (၂၄)ပစ္စည်း အကျဉ်းချုပ် ပြီးစီးပြီ ဖြစ်၏။ ပဋိစ္စသမုပ္ပါဒ် = ကြောင်း-ကျိုးဆက်နွယ်မှု သဘောတရားတို့၌ ပဋ္ဌာန်းပစ္စည်းဆက်သွယ်ပုံကို ရောနှော၍ ဆက်လက်ကာ ရေးသားတင်ပြပေအံ့ ---
__________