မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာနဂါမိနိပဋိပဒါ-တတိယတွဲ/ဖဿပစ္စယာ ဝေဒနာ

ဝီကီရင်းမြစ် မှ

ဖဿပစ္စယာ ဝေဒနာ

ဖဿ ဖြစ်ခြင်းကြောင့် ဝေဒနာ ဖြစ်၏။

ဝေဒနာသု ပနေတာသု၊ ဣဓ ဗာတ္တိံသ ဝေဒနာ။

ဝိပါကစိတ္တယုတ္တာဝ၊ အဓိပ္ပေတာတိ ဘာသိတာ။ (အဘိ၊ဋ္ဌ၊၂၊၁၆၉။ ဝိသုဒ္ဓိ၊၂၊၂၀၁။)

ဝေဒနာ ---- စက္ခုသမ္ဖဿဇာ ဝေဒနာ, သောတသမ္ဖဿဇာ ဝေဒနာ, ဃာနသမ္ဖဿဇာ ဝေဒနာ, ဇိဝှါသမ္ဖဿဇာ ဝေဒနာ, ကာယသမ္ဖဿဇာ ဝေဒနာ, မနောသမ္ဖဿဇာ ဝေဒနာဟု ဒွါရအားဖြင့် ဝေဒနာ (၆)ပါးတည်း။ အပြားအားဖြင့် စိတ် တစ်ခုယုတ် (၉၀)၌ ယှဉ်သော ဝေဒနာတည်း။ သို့သော် ဤ၌ကား လောကီ ဝိပါက်စိတ် (၃၂)ပါး၌ ယှဉ်သော ဝိပါကဝေဒနာကိုသာ ဝေဒနာအရ တရားကိုယ် ကောက်ယူပါ။ (အဘိ၊ဋ္ဌ၊၂၊၁၆၉။ ဝိသုဒ္ဓိ၊၂၊၂၀၁။)

စက္ခုသမ္ဖဿဇာ ဝေဒနာ

စက္ခုသမ္ဖဿဇာ ဝေဒနာ။ ပ ။ မနောသမ္ဖဿဇာ ဝေဒနာတိ ဧတံ စက္ခုသမ္ဖဿဇာ ဝေဒနာ အတ္ထိ ကုသလာ၊ အတ္ထိ အကုသလာ၊ အတ္ထိ အဗျာကတာတိ ဧဝံ ဝိဘင်္ဂေ အာဂတတ္တာ စက္ခုဒွါရာဒီသု ပဝတ္တာနံ ကုသလာကုသလာဗျာကတဝေဒနာနံ သာရိပုတ္တော မန္တာဏိပုတ္တောတိ ဧဝမာဒီသု မာတိတော နာမံ ဝိယ မာတိသဒိသတော ဝတ္ထုတော နာမံ။ ဝစနတ္ထော ပနေတ္ထ --- စက္ခုသမ္ဖဿဟေတု ဇာတာ ဝေဒနာ စက္ခုသမ္ဖဿဇာဝေဒနာတိ။ ဧသေဝ နယော သဗ္ဗတ္ထ။ အယံ တာဝေတ္ထ သဗ္ဗသင်္ဂါဟိကာ ကထာ။ ဝိပါကဝသေန ပန စက္ခုဒွါရေ ဒွေ စက္ခုဝိညာဏာနိ, ဒွေ မနောဓာတုယော, တိဿော မနောဝိညာဏဓာတုယောတိ ဧတာဟိ သမ္ပယုတ္တဝသေန ဝေဒနာ ဝေဒိတဗ္ဗာ။ ဧသေဝ နယော သောတဒွါရာဒီသု။ မနောဒွါရေ မနောဝိညာဏဓာတုသမ္ပယုတ္တာဝ။ (သံ၊ဋ္ဌ၊၂၊၁၅။ မ၊ဋ္ဌ၊၁၊၂၂၆။)

(ဆိုလိုရင်း) --- အဘိဓမ္မာ ဝိဘင်းပါဠိတော် (အဘိ၊၂၊၁၆။)၌ --- စက္ခုသမ္ဖဿဇာဝေဒနာသည် ကုသိုလ်လည်း ရှိ၏၊ အကုသိုလ်လည်း ရှိ၏၊ အဗျာကတလည်း ရှိ၏ --- ဟု ဟောကြားထားတော်မူသောကြောင့် စက္ခုဒွါရ၌ ဖြစ်ကုန်သော ကုသိုလ်ဝေဒနာ အကုသိုလ်ဝေဒနာ အဗျာကတဝေဒနာတို့သည် စက္ခုသမ္ဖဿဇာ ဝေဒနာ မည်ကုန် ၏။ သာရီပုဏ္ဏေးမ၏သား = သာရိပုတ္တ, မန္တာဏီပုဏ္ဏေးမ၏သား = မန္တာဏိပုတ္တ --- ဟူသော အမည်များသည် အမိမှ ဆင်းသက်လာသော အမည်ဖြစ်သကဲ့သို့ အလားတူပင် မိခင်နှင့် တူသော စက္ခုဝတ္ထု ဟူသော မှီရာဝတ္ထုရုပ်မှ ဆင်းသက်လာသော အမည်ဖြစ်သည်။ ဝစနတ္ထအားဖြင့်ကား --- စက္ခုသမ္ဖဿကြောင့် ဖြစ်ပေါ်လာသော ဝေဒနာသည် စက္ခုသမ္ဖဿဇာ ဝေဒနာ မည်၏။ သောတသမ္ဖဿဇာ ဝေဒနာစသည့် ဝေဒနာအားလုံးတို့၌ နည်းတူမှတ်ပါ။ ဤကား စက္ခုသမ္ဖဿကြောင့် ဖြစ်နိုင်သည့် ဝေဒနာမှန်သမျှကို အားလုံးသိမ်းကျုံး၍ ရေတွက်သော နည်းတည်း။ ဤ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်၌ကား ဝိပါက်ဝေဒနာကိုသာ အလိုရှိအပ်ပေသည်။ စက္ခုဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံတို့နှင့် ယှဉ်သော ဝိပါက်ဝေဒနာများကိုသာ စက္ခုသမ္ဖဿဇာ ဝေဒနာအရ ကောက်ယူ ပါ။ ကုသလဝိပါက် ဝေဒနာ, အကုသလဝိပါက် ဝေဒနာ နှစ်မျိုးလုံး ဖြစ်နိုင်သည်။ သောတသမ္ဖဿဇာ ဝေဒနာ စသည်တို့၌လည်း ဤနည်းပင်တည်း။ မနောသမ္ဖဿဇာ ဝေဒနာအရ မနောဝိညာဏဓာတ်နှင့်ယှဉ်သော ဝေဒနာ အားလုံးကို ကောက်ယူပါ။ အထူးသဖြင့် ဤ၌ ဝိပါက် မနောဝိညာဏဓာတ်နှင့် ယှဉ်သော ဝေဒနာတို့ကိုသာ ကောက်ယူပါ။ (သံ၊ဋ္ဌ၊၂၊၁၅။ မ၊ဋ္ဌ၊၁၊၂၂၆။)

စက္ခုသမ္ဖဿပစ္စယာ ဝေဒနာ

စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတန္တိ စက္ခုသမ္ဖဿံ မူလပစ္စယံ ကတွာ ဥပ္ပန္နာ သမ္ပဋိစ္ဆနသန္တီရဏဝေါဋ္ဌဗ္ဗနဇဝနဝေဒနာ။ စက္ခုဝိညာဏသမ္ပယုတ္တာယ ပန ဝတ္တဗ္ဗမေဝ နတ္ထိ။ သောတဒွါရာဒိဝေဒနာပစ္စယာဒီသုပိ ဧသေဝ နယော။ (သံ၊ဋ္ဌ၊၃၊၅။)

စက္ခုသမ္ဖဿပစ္စယာ ဝေဒနာ --- ဟူသည် စက္ခုသမ္ဖဿကို မူလအကြောင်းရင်းခံပြု၍ ဖြစ်ပေါ်လာသော သမ္ပဋိစ္ဆိုင်း သန္တီရဏ ဝုဋ္ဌော ဇော (တဒါရုံ) ဝေဒနာတို့တည်း။ စက္ခုဝိညာဏ်နှင့် ယှဉ်သော ဝေဒနာ၌ စက္ခုသမ္ဖဿပစ္စယာ ဝေဒနာ အမည်ရမှုမှာ ဆိုဖွယ်ရာပင် မရှိတော့ပြီ။ သောတသမ္ဖဿပစ္စယာ ဝေဒနာ - စသည် တို့၌လည်း ဤနည်းပင်တည်း။ (သံ၊ဋ္ဌ၊၃၊၅။)

ဤအထက်ပါ အဋ္ဌကထာများ၏ ဖွင့်ဆိုချက်များနှင့်အညီ - စက္ခုသမ္ဖဿဇာ ဝေဒနာ, စက္ခုသမ္ဖဿ ပစ္စယာ ဝေဒနာဟူသည် စက္ခုဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ ဝုဋ္ဌော ဇော တဒါရုံတို့နှင့် ယှဉ်သော ဝေဒနာ များတည်း။ စက္ခုဒွါရဝီထိနောင် ဆက်လက်၍ ဖြစ်ကြသည့် ရူပါရုံကိုပင် ဆက်လက်၍ အာရုံယူကြသည့် မနောဒွါရာဝဇ္ဇန်း ဇော တဒါရုံတို့နှင့် ယှဉ်ကြသည့် မနောဒွါရိက ဝေဒနာတို့အားလည်း စက္ခုသမ္ဖဿက ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုနိုင်သောကြောင့် ယင်းဝေဒနာတို့သည်လည်း စက္ခုသမ္ဖဿဇာ ဝေဒနာ စက္ခုသမ္ဖဿပစ္စယာ ဝေဒနာတို့ပင် ဖြစ်ကြသည်။ (အဘိ၊ဋ္ဌ၊၃၊၃၆၈။) (ဤပဋိစ္စသမုပ္ပါဒ်ပိုင်း ၅၁၁-၅၁၂ - စသည် တို့၌လည်း ကြည့်ပါ။)

ဝိပဿနာရှုရာ၌ကား --- ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒနာဂတံ သညာဂတံ သင်္ခါရဂတံ ဝိညာဏဂတံ၊ တမ္ပိ နိစ္စံ ဝါ အနိစ္စံ ဝါတိ။ အနိစ္စံ ဘန္တေ။ (မ၊၃၊၃၂၄-၃၂၅။) --- ဤသို့ စသည့် စူဠရာဟုလောဝါဒ သုတ္တန်များ၌ ဘုရားရှင် ညွှန်ကြားထားတော်မူသည်နှင့်အညီ စက္ခုသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာ ကြ ကုန်သော စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ဝေဒနာကို အဦးမူ၍ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာဟူသော ဝေဒနာနှင့် ယှဉ်ဖက် သမ္ပယုတ်တရားအားလုံးကိုပင် သိမ်းကျုံး၍ ဝိပဿနာရှုပါ။ အကြောင်းနှင့် အကျိုး ဆက်စပ်လျက် အကြောင်း အကျိုး သိမ်းဆည်းရာ၌သာ ဝေဒနာကို ပဓာနထား၍ ရှုပါ၊ အကြောင်း အကျိုး သိမ်းဆည်းပါ။ သောတသမ္ဖဿဇာ ဝေဒနာစသည်တို့၌လည်း နည်းတူပင် သဘောပေါက်ပါ။

ပဋ္ဌာန်းပစ္စည်း ဆက်သွယ်ပုံ

၁။ စက္ခုသမ္ဖဿသည် မိမိနှင့် သမ္ပယုတ်ဖြစ်သော စက္ခုဝတ္ထုကိုပင် မှီ၍ ဖြစ်သော စက္ခုသမ္ဖဿဇာ ဝေဒနာ အား,

၂။ သောတသမ္ဖဿသည် မိမိနှင့် သမ္ပယုတ်ဖြစ်သော သောတဝတ္ထုကိုပင် မှီ၍ ဖြစ်သော သောတသမ္ဖဿဇာ ဝေဒနာအား,

၃။ ဃာနသမ္ဖဿသည် မိမိနှင့် သမ္ပယုတ်ဖြစ်သော ဃာနဝတ္ထုကိုပင် မှီ၍ ဖြစ်သော ဃာနသမ္ဖဿဇာ ဝေဒနာအား,

၄။ ဇိဝှါသမ္ဖဿသည် မိမိနှင့် သမ္ပယုတ်ဖြစ်သော ဇိဝှါဝတ္ထုကိုပင် မှီ၍ ဖြစ်သော ဇိဝှါသမ္ဖဿဇာ ဝေဒနာအား,

၅။ ကာယသမ္ဖဿသည် မိမိနှင့် သမ္ပယုတ်ဖြစ်သော ကာယဝတ္ထုကိုပင် မှီ၍ ဖြစ်သော ကာယသမ္ဖဿဇာ ဝေဒနာအား,

သဟဇာတ အညမည နိဿယ ဝိပါက အာဟာရ သမ္ပယုတ္တ အတ္ထိ အဝိဂတ၏ အစွမ်းဖြင့် ပစ္စယသတ္တိ ရှစ်မျိုးစီဖြင့် အသီးအသီး ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေး၏။ (အဘိ၊ဋ္ဌ၊၂၊၁၇၀။ ဝိသုဒ္ဓိ၊၂၊၂၀၁။)

၁။ စက္ခုသမ္ဖဿသည် စက္ခုဒွါရဝီထိ၌ သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာကုန်သော ကာမာဝစရ ဝိပါက်ဝေဒနာတို့အား,

၂။ သောတသမ္ဖဿသည် သောတဒွါရဝီထိ၌ သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာကုန် သော ကာမာဝစရ ဝိပါက်ဝေဒနာတို့အား,

၃။ ဃာနသမ္ဖဿသည် ဃာနဒွါရဝီထိ၌ သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာကုန်သော ကာမာဝစရ ဝိပါက်ဝေဒနာတို့အား,

၄။ ဇိဝှါသမ္ဖဿသည် ဇိဝှါဒွါရဝီထိ၌ သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာကုန်သော ကာမာဝစရ ဝိပါက်ဝေဒနာတို့အား,

၅။ ကာယသမ္ဖဿသည် ကာယဒွါရဝီထိ၌ သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံ၏ အစွမ်းဖြင့်ဖြစ်ပေါ်လာကုန်သော ကာမာဝစရ ဝိပါက်ဝေဒနာတို့အား, --- ဥပနိဿယပစ္စယသတ္တိ တစ်မျိုးဖြင့်သာ ဖြစ်ပေါ်လာအောင် ကျေးဇူးပြု၏။ (အဘိ၊ဋ္ဌ၊၂၊၁၇၀။ ဝိသုဒ္ဓိ၊၂၊၂၀၁။)

ဤ၌ စက္ခုသမ္ဖဿစသော (၅)မျိုးသော အသီးအသီးသော ဖဿသည် မိမိ မိမိ၏ အခြားမဲ့၌ဖြစ်သော သမ္ပဋိစ္ဆိုင်းနှင့် သမ္ပယုတ်ဖြစ်သော ဝိပါက်ဝေဒနာ အသီးအသီးအား အနန္တရ သမနန္တရ အနန္တရူပနိဿယ နတ္ထိ ဝိဂတ ပစ္စယသတ္တိတို့ဖြင့်ကား အကယ်၍ ကျေးဇူးပြုပါပေ၏။ နတ္ထိ ဝိဂတပစ္စည်းတို့သည် အနန္တရ သမနန္တရ ပစ္စည်း၌, အနန္တရ သမနန္တရပစ္စည်းတို့သည် အနန္တရူပနိဿယ၌ အတွင်းဝင်ကုန်သည်၏ အဖြစ်ကြောင့် လည်းကောင်း, သန္တီရဏ တဒါရုံတို့နှင့် ယှဉ်သော ဝေဒနာအားမူ ဖဿသည် ပကတူပနိဿယပစ္စယသတ္တိ တစ်မျိုးတည်းဖြင့်သာ ကျေးဇူးပြုသဖြင့် သန္တီရဏ တဒါရုံတို့နှင့် ဆက်ဆံသော ထိုဥပနိဿယပစ္စည်း၏ အစွမ်းဖြင့်လည်းကောင်း ကျေးဇူးပြုပုံကို ဖော်ပြလိုသဖြင့် အဋ္ဌကထာက ဥပနိဿယသတ္တိတစ်မျိုးဖြင့်သာ ကျေးဇူးပြု၏ဟု ဖွင့်ဆိုခြင်း ဖြစ်သည်။ (မူလဋီ၊၂၊၁၂၀။ မဟာဋီ၊၂၊၃၂၅။ အနုဋီ၊၂၊၁၃၂။)

သဟဇာတဖဿ

မနောဒွါရေပိ သော တထာတိ မနောဒွါရေပိ ဟိ တဒါရမ္မဏဝသေန ပဝတ္တာနံ ကာမာဝစရဝိပါကဝေဒနာနံ သော သဟဇာတမနောသမ္ဖဿသင်္ခါတော ဖေဿာ တထေဝ အဋ္ဌဓာ ပစ္စယော ဟောတိ။ (အဘိ၊ဋ္ဌ၊၂၊၁၇၀။ ဝိသုဒ္ဓိ၊၂၊၂၀၁။)

ဧကေကသ္မိံ ဒွါရေ ဟိ စက္ခုဒွါရာဒီသု ဥပ္ပန္နစက္ခုဝိညာဏာဒီဟိ သဟဇာတာ ဖဿာ သကသကဝီထီသု သမ္ပဋိစ္ဆနာဒီဟိ သမ္ပယုတ္တဝေဒနာနံ, မနောဒွါရေ တဒါရမ္မဏဝသေနေဝ ပဝတ္တာနံ တေဘူမကဝိပါကဝေဒနာနမ္ပိ သဟဇာတမနောသမ္ဖဿသင်္ခါတော သော ဖေဿာ အဋ္ဌဓာ ပစ္စယော ဟောတီတိ ယောဇေတဗ္ဗံ။ (မဟာဋီ၊၂၊၃၂၅။)

မနောဒွါရဝီထိ၌လည်း တဒါရုံ၏ အစွမ်းဖြင့် ဖြစ်ကုန်သော ဝိပါက်ဝေဒနာတို့အား ထိုတဒါရုံနှင့် အတူ ဖြစ်သော သဟဇာတမနောသမ္ဖဿဟု ခေါ်ဆိုအပ်သော သမ္ပယုတ် ဖဿသည် ထို့အတူပင် ပစ္စယသတ္တိ (၈)မျိုး တို့ဖြင့် ကျေးဇူးပြု၏။ (အဘိ၊ဋ္ဌ၊၂၊၁၇၀။ ဝိသုဒ္ဓိ၊၂၊၂၀၁။)

စက္ခုဒွါရဝီထိ အစရှိကုန်သော တစ်ခုတစ်ခုသော ဒွါရ၌ စက္ခုဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံ ဝိပါက်စိတ်တို့နှင့် အတူယှဉ်တွဲ ဖြစ်ကုန်သော ဖဿ အသီးအသီးတို့သည် မိမိ မိမိတို့၏ ဝီထိအတွင်း၌ ရှိကုန် သော သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံဝိပါက်တို့နှင့် သမ္ပယုတ်ဖြစ်ကုန်သော ဝေဒနာ အသီးအသီးတို့အားလည်း ပစ္စယသတ္တိ (၈)မျိုးတို့ဖြင့် ကျေးဇူးပြု၏။ မနောဒွါရ၌ တဒါရုံ၏ အစွမ်းဖြင့်သာလျှင် ဖြစ်ကုန်သော ဝိပါက် ဝေဒနာတို့အားလည်း တဒါရုံနှင့် အတူ ယှဉ်တွဲဖြစ်သော သဟဇာတမနောသမ္ဖဿဟု ခေါ်ဆိုအပ်သော ထိုတဒါရုံဖဿသည် ပစ္စယသတ္တိ (၈)မျိုးဖြင့် ကျေးဇူးပြု၏။ ဤသို့ အဓိပ္ပါယ်ကို ယှဉ်စပ် ယူပါ။ (မဟာဋီ၊၂၊၃၂၅။)

စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ ဖြစ်ကြကုန်သော စိတ်စေတသိက်တရားစုတို့တွင် ဖဿက ဝေဒနာအား ကျေးဇူးပြုပုံကို ဖွင့်ဆိုခြင်း ဖြစ်၏။ သမ္ပဋိစ္ဆိုင်းနှင့် ယှဉ်သော ဖဿသည် မိမိနှင့် အတူယှဉ်တွဲ ဖြစ်သော သမ္ပယုတ်ဖြစ်သော သမ္ပဋိစ္ဆိုင်းဝေဒနာအား ပစ္စယသတ္တိ (၈)မျိုးဖြင့် ကျေးဇူးပြု၏။ သန္တီရဏနှင့် ယှဉ်သော ဖဿသည် မိမိနှင့် အတူယှဉ်တွဲဖြစ်သော သမ္ပယုတ်ဖြစ်သော သန္တီရဏဝေဒနာအား ပစ္စယသတ္တိ (၈)မျိုးဖြင့် ကျေးဇူးပြု၏။ တဒါရုံနှင့် ယှဉ်သော ဖဿသည် မိမိနှင့် အတူယှဉ်တွဲဖြစ်သော သမ္ပယုတ်ဖြစ်သော တဒါရုံ ဝေဒနာအား ပစ္စယသတ္တိ (၈)မျိုးဖြင့် ကျေးဇူးပြု၏။ မနောဒွါရဝီထိ၌ ပါဝင်သော တဒါရုံ၌လည်း နည်းတူမှတ်ပါ။ ဤသို့ ဆိုလိုပေသည်။ ဤဖွင့်ဆိုချက်များအရ ---

၁။ သမ္ပဋိစ္ဆိုင်း ဝေဒနာအား စက္ခုသမ္ဖဿနှင့် သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿက,

၂။ သန္တီရဏ ဝေဒနာအား စက္ခုသမ္ဖဿနှင့် သန္တီရဏ မနောသမ္ဖဿက,

၃။ တဒါရုံ ဝေဒနာအား စက္ခုသမ္ဖဿနှင့် တဒါရုံ မနောသမ္ဖဿက အသီးအသီး ကျေးဇူးပြု၏ဟု မှတ်သားပါ။

သမ္ပဋိစ္ဆိုင်း ဝေဒနာအား စက္ခုသမ္ဖဿက ဥပနိဿယသတ္တိဖြင့်, သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿက ပစ္စယ သတ္တိ (၈)မျိုးဖြင့် ကျေးဇူးပြု၏။ သန္တီရဏ တဒါရုံတို့၌လည်း နည်းတူမှတ်ပါ။

အာရမ္မဏူပနိဿယ - ပကတူပနိဿယ

အာရမ္မဏူပနိဿယပကတူပနိဿယေသု နာနာဝီထိဝသေန ပုရိမတရာ။ (အဘိ၊ဋ္ဌ၊၃၊၃၆၈။)

ဤအထက်ပါ ပဋ္ဌာန်းအဋ္ဌကထာအဖွင့်အရမူ အာရမ္မဏူပနိဿယ, ပကတူပနိဿယတို့၌ ဝီထိတစ်ခုနှင့် ဝီထိတစ်ခုလည်း ကျေးဇူးပြုနိုင်၏ဟု မှတ်ပါ။ သို့အတွက် စက္ခုသမ္ဖဿသည် စက္ခုဒွါရဝီထိအတွင်း၌ ရှိသော ဝေဒနာနှင့် တကွသော နာမ်တရားစုတို့အားသာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုသည် မဟုတ်သေး၊ ရူပါရုံကိုပင် ဆက်လက် အာရုံယူကြသည့် နောက်လိုက် မနောဒွါရဝီထိစသည့် မနောဒွါရဝီထိ နာမ်တရားစု တို့အားလည်း ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုသည်သာဟု မှတ်ပါ။ မျက်စိအမြင်ရှိသူ၏ သန္တာန်၌ ရူပါရုံကို အာရုံပြု၍ ကုသိုလ် အကုသိုလ် အဗျာကတတရားတို့ တိုးပွားလာနိုင်သည်မှာ စက္ခုသမ္ဖဿ၏ ကျေးဇူး ပြုမှု မကင်းသည်ကို သဘောပေါက်လေရာသည်။

ပဋိသန္ဓေ - ဘဝင် - စုတိ

ကာမ ရူပ အရူပတည်းဟူသော ဘုံသုံးပါးအတွင်း၌ ဖြစ်သော ပဋိသန္ဓေဝိပါက်နှင့် ယှဉ်သော ဖဿသည် မိမိနှင့် သဟဇာတဖြစ်သော = အတူဖြစ်သော ပဋိသန္ဓေ ဝိပါက်ဝေဒနာအား, ဘဝင်ဝိပါက်နှင့် ယှဉ်သော ဖဿသည် မိမိနှင့် သဟဇာတဖြစ်သော ဘဝင် ဝိပါက်ဝေဒနာအား, စုတိဝိပါက်နှင့်ယှဉ်သော ဖဿသည် မိမိနှင့် သဟဇာတဖြစ်သော စုတိ ဝိပါက်ဝေဒနာအား ပစ္စယသတ္တိ (၈)မျိုးတို့ဖြင့်ပင် ကျေးဇူးပြု၏။ (အဘိ၊ဋ္ဌ၊၂၊၁၇၀။ ဝိသုဒ္ဓိ၊၂၊၂၀၁။)

မနောဒွါရာဝဇ္ဇန်း - မနောသမ္ဖဿ

ယာ ပနေတာ မနောဒွါရေ တဒါရမ္မဏဝသေန ပဝတ္တာ ကာမာဝစရဝေဒနာ၊ တာသံ မနောဒွါရေ အာဝဇ္ဇနသမ္ပယုတ္တော မနောသမ္ဖေဿာ ဥပနိဿယဝသေန ဧကဓာ ပစ္စယော ဟောတိ။ (အဘိ၊ဋ္ဌ၊၂၊၁၇၀။ ဝိသုဒ္ဓိ၊၂၊၂၀၁-၂၀၂။)

ပစ္စယံ အနုပါဒိန္နမ္ပိ ကေစိ ဣစ္ဆန္တီတိ ယာ ပနာတိအာဒိနာ မနောဒွါရာဝဇ္ဇနဖဿဿ ပစ္စယဘာဝေါ ဝုတ္တော၊ တဉ္စ မုခမတ္တဒဿနတ္ထံ ဒဋ္ဌဗ္ဗံ။ ဧတေန နယေန သဗ္ဗဿ အနန္တရဿ အနာနန္တရဿ စ ဖဿဿ တဿာ တဿာ ဝိပါကဝေဒနာယ ဥပနိဿယတာ ယောဇေတဗ္ဗာ။ (မူလဋီ၊၂၊၁၂၀။)

သဗ္ဗဿာတိ ဝိပါကဿ, အဝိပါကဿ စ။ ပ ။ အနန္တရော အနန္တရာဒိနာ, အနာနန္တရော ဥပနိဿယဝသေနေဝ ပစ္စယော ဟောတိ။ သမ္ဘဝဒဿနံ စေတံ။ န တာသံ မနောဒွါရိကဘာဝဒဿနန္တိ ဒဋ္ဌဗ္ဗံ။ (အနုဋီ၊၂၊၁၃၂။)

မနောဒွါရဝီထိ၌ မနောဒွါရာဝဇ္ဇန်းနှင့် ယှဉ်သော မနောသမ္ဖဿသည် ယင်းမနောဒွါရဝီထိအတွင်း၌ ရှိသော တဒါရုံ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော ကာမာဝစရ ဝိပါက်ဝေဒနာတို့အား ဥပနိဿယပစ္စယသတ္တိ၏ အစွမ်းဖြင့် တစ်မျိုးတည်းသော ပစ္စယသတ္တိဖြင့် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေး၏။ (အဘိ၊ဋ္ဌ၊၂၊၁၇၀။ ဝိသုဒ္ဓိ၊၂၊၂၀၁-၂၀၂။)

တဏှာဒိဋ္ဌိတို့သည် ကပ်ရောက်အပ်သော ခြံရံထားအပ်သော ကံသည် ငါ၏ အကျိုးဟု အကျိုး၏ အဖြစ်ဖြင့် စွဲယူအပ်သော အကျိုးဝိပါက်တရားများကို ဥပါဒိန္န = ဥပါဒိဏ္ဏတရားဟု ခေါ်၏။ တစ်နည်း ဆိုရသော် အဝိဇ္ဇာ တဏှာ ဥပါဒါန်ဟူသော ကိလေသဝဋ်ကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော သင်္ခါရ-ကံ ဟူသော ကမ္မဝဋ်သည် ရှိ၏။ ယင်းအဝိဇ္ဇာ-တဏှာ-ဥပါဒါန်တည်းဟူသော ကိလေသဝဋ်တို့ ခြံရံထားအပ်သော သင်္ခါရ-ကံဟူသော ကမ္မဝဋ်ကြောင့် ဖြစ်သော ဝိပါကဝဋ်တရားစုသည် ဥပါဒိန္နတရားစု မည်၏။ ကုသိုလ် အကုသိုလ် ကြိယာတရားစုတို့ကား ဥပါဒိန္နတရားများ မဟုတ်ကြပေ။ အနုပါဒိန္နတရားများသာ ဖြစ်ကြ၏။

ကေစိဆရာတော်တို့ကား ယင်းအနုပါဒိန္နဖြစ်သော ကုသိုလ် အကုသိုလ် ကြိယာတို့နှင့် ယှဉ်သော ဖဿသည် ဝိပါက်ဝေဒနာတို့အား ကျေးဇူးပြုတတ်သော ပစ္စည်းတရားဖြစ်ကြောင်းကို အလိုရှိကြကုန်၏။ ထိုကြောင့် အဋ္ဌကထာဆရာတော်က မနောဒွါရာဝဇ္ဇန်း မနောသမ္ဖဿသည် တဒါရုံ ဝိပါက်ဝေဒနာအား ကျေးဇူးပြုတတ်သော ပစ္စည်းတရား ဖြစ်ကြောင်းကို ဖွင့်ဆိုအပ်ပေသည်။ ထိုစကားကိုလည်း မုခမတ္တဒဿန = အကျဉ်းအရိပ်အမြွက်မျှကို ဖော်ပြသော စကားဟု မှတ်ပါ။ ဤနည်းကို နည်းမှီး၍ အခြားမဲ့၌ တည်သော အနန္တရဖြစ်သော ကုသိုလ် အကုသိုလ် ဝိပါက် ကြိယာ ဖဿ မှန်သမျှသည် ဝိပါက်ဝေဒနာအား အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတ ပစ္စယသတ္တိ (၅)မျိုးဖြင့် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေး၏ဟုလည်း ကောင်း, အနန္တရမဟုတ်သော = အခြားမဲ့မဟုတ်သော စိတ္တက္ခဏချင်း ကွာခြားနေသော ဝေးကွာနေသော ကုသိုလ် အကုသိုလ် ဝိပါက် ကြိယာ ဖဿသည် ဝိပါက် ဝေဒနာအား ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြု၏ဟု လည်းကောင်း ယှဉ်စေထိုက်၏။ ဤစကားရပ်ကိုလည်း --- ဖဿနှင့် ဝေဒနာတို့၏ ကြောင်း-ကျိုးဆက်နွယ်လျက် ဖြစ်ပေါ်ပုံကို ညွှန်ပြကြောင်း စကားရပ်သာ ဖြစ်သည်၊ ထိုဖဿ ဝေဒနာတို့၏ မနောဒွါရိက အဖြစ်ကို ညွှန်ပြကြောင်း စကားရပ် မဟုတ် --- ဟု မှတ်သားပါ။ (မူလဋီ၊၂၊၁၂၀။ မဟာဋီ၊၂၊၃၂၅။ အနုဋီ၊၂၊၁၃၂။)

ဤဋီကာဆရာတော်တို့၏ ဖွင့်ဆိုချက်ကို ပဉ္စဒွါရဝီထိတို့၌လည်း နည်းတူပင် မှတ်ရာ၏။

ကြိုတင်သိထားသင့်သော လိုရင်းအချက်များ

ဤအပိုင်းတွင် ရှေးဦးစွာ အောက်ပါအချက်များကို ကြိုတင် မှတ်သားထားပါ။

၁။ စက္ခုသမ္ဖဿ --- စက္ခုဝိညာဏသဟဇာတော ဟိ ဖေဿာ စက္ခုသမ္ဖေဿာ နာမ။ (အဘိ၊ဋ္ဌ၊၁၊၁၃၈။)

= စက္ခုဝိညာဏ်နှင့် အတူယှဉ်တွဲဖြစ်သော ဖဿသည် စက္ခုသမ္ဖဿ မည်၏။

၂။ စက္ခုသမ္ဖဿဇာ ဝေဒနာ --- အားလုံးကို သိမ်းကျုံး၍ ဆိုရသော် - စက္ခုဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ ဝုဋ္ဌော ဇော တဒါရုံတို့နှင့် ယှဉ်သော ဝေဒနာများသည် စက္ခုသမ္ဖဿဇာ ဝေဒနာ မည်၏။ (မ၊ဋ္ဌ၊၁၊၂၂၆၊ သံ၊ဋ္ဌ၊၂၊၁၅။)

၃။ စက္ခုသမ္ဖဿပစ္စယာ ဝေဒနာ --- စက္ခုသမ္ဖဿကို မူလအကြောင်းရင်းခံပြု၍ ဖြစ်ပေါ်လာသော စက္ခုဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ ဝုဋ္ဌော ဇော (တဒါရုံ) ဝေဒနာတို့သည် စက္ခုသမ္ဖဿပစ္စယာ ဝေဒနာတို့ မည်၏။ (သံ၊ဋ္ဌ၊၃၊၅။)

ပဋ္ဌာန်းအဋ္ဌကထာအရမူ (အဘိ၊ဋ္ဌ၊၃၊၃၆၈။) ရူပါရုံကိုပင် ဆက်လက်၍ အာရုံပြုကြသည့် မနောဒွါရဝီထိ၌ ရှိသော ဝေဒနာတို့အားလည်း (နာမ်တရားစုတို့အားလည်း) စက္ခုသမ္ဖဿက (စက္ခုဝိညာဏ် နာမ်တရားစုက) ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုသောကြောင့် ယင်းမနောဒွါရိက ဝေဒနာတို့သည်လည်း စက္ခုသမ္ဖဿဇာ ဝေဒနာ စက္ခုသမ္ဖဿပစ္စယာ ဝေဒနာတို့ပင်ဟူ၍လည်း ဆိုနိုင်ပါ၏၊ သို့သော် မနောသမ္ဖဿဇာ ဝေဒနာ = မနောသမ္ဖဿပစ္စယာ ဝေဒနာဟူသော အမည်ထူးကို ရရှိထားသဖြင့် မနောဒွါရိက ဝေဒနာတို့ကို စက္ခုသမ္ဖဿဇာ ဝေဒနာ စက္ခုသမ္ဖဿပစ္စယာ ဝေဒနာဟု မခေါ်ဆို မှတ်ပါ။ သောတသမ္ဖဿဇာ ဝေဒနာ စသည်တို့၌လည်း နည်းတူပင် မှတ်ပါ။

(အဘိ၊ဋ္ဌ၊၃၊၃၆၈။) ပဋ္ဌာန်းအဋ္ဌကထာ စကားမှာ ရှေးရှေးသော ကုသိုလ်တရားက နောက်နောက်သော ကုသိုလ်တရား, အကုသိုလ်တရား, အဗျာကတတရားအား, ရှေးရှေးသော အကုသိုလ်တရားက နောက်နောက်သော အကုသိုလ်တရား, ကုသိုလ်တရား, အဗျာကတရားအား, ရှေးရှေးသော အဗျာကတတရားက နောက်နောက်သော အဗျာကတတရား, ကုသိုလ်တရား, အကုသိုလ်တရားအား ကျေးဇူးပြုပုံနှင့် ဆက်စပ်၍ ဖွင့်ဆိုထားသော စကား ဖြစ်၏။ ထိုတွင် အကြောင်းနှင့် အကျိုးတို့သည် နာနာဝီထိ = ဝီထိချင်းကွာခြားမှု ရှိကြောင်း ဖွင့်ဆိုထား၏။ စက္ခုဒွါရဝီထိ နာမ်တရားစုတို့က မနောဒွါရဝီထိ နာမ်တရားစုတို့အား ထိုက်သလို ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုနိုင်၏။ တစ်နည်းဆိုသော် စက္ခုဒွါရဝီထိ၌ရှိသော ကုသိုလ် သို့မဟုတ် အကုသိုလ် အဗျာကတ တရားတို့က မနောဒွါရဝီထိ၌ရှိသော ကုသိုလ် သို့မဟုတ် အကုသိုလ် အဗျာကတတရားတို့အား ထိုက်သလို ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုနိုင်၏။ စက္ခုဒွါရဝီထိ အဗျာကတတရားစုတွင် စက္ခုသမ္ဖဿလည်း အကျုံးဝင်၍ မနောဒွါရဝီထိတွင် ဝေဒနာလည်း ပါဝင်နေသဖြင့် စက္ခုသမ္ဖဿက ရူပါရုံကို ဆက်လက် အာရုံယူသည့် မနောဒွါရိက ဝေဒနာတို့အား ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုနိုင်ကြောင်းကို ဆိုခဲ့ခြင်းပင် ဖြစ်သည်။ အဋ္ဌကထာယံ ပန သမာနဝီထိယံ စက္ခုသမ္ဖဿပစ္စယာဒိကတာ ဧကန္တိကာတိ ကတွာ ဧတ္ထ လဗ္ဘမာနတာ ဒဿိတာ၊ န ပန အသမာနဝီထိယံ လဗ္ဘမာနတာ ပဋိက္ခိတ္တာ။ (မူလဋီ၊၂၊၃၀။) ---- ဤမူလဋီကာ အဆိုကို ထောက်ရှုပါ။ စက္ခုဒွါရဝီထိအတွင်း၌ စက္ခုသမ္ဖဿ၏ ကျေးဇူးပြုမှုကား ဧကန် ဖြစ်၍ အဋ္ဌကထာက သတ်မှတ်ဖွင့်ဆိုခြင်း ဖြစ်သည်။ စက္ခုဒွါရဝီထိနှင့် ဝီထိချင်း မတူညီသော မနောဒွါရဝီထိ၌ ကျေးဇူးပြုမှုကိုလည်း မပယ်မြစ်ဟု မှတ်ပါ။

ကုသိုလ် အကုသိုလ် အဗျာကတ ဝေဒနာ

စက္ခုသမ္ဖဿပစ္စယာ ဝေဒနာက္ခန္ဓော အတ္ထိ ကုသလောတိ ကာမာဝစရအဋ္ဌကုသလစိတ္တဝသေန ဝေဒိတဗ္ဗော။ အတ္ထိ အကုသလောတိ ဒွါဒသအကုသလစိတ္တဝသေန ဝေဒိတဗ္ဗော။ အတ္ထိ အဗျာကတောတိ တိဿော မနောဓာတုယော, တိဿော အဟေတုကမနောဝိညာဏဓာတုယော, အဋ္ဌ မဟာဝိပါကာနိ, ဒသ ကာမာဝစရကိရိယာတိ စတုဝီသတိယာ စိတ္တာနံ ဝသေန ဝေဒိတဗ္ဗော။

တတ္ထ အဋ္ဌ ကုသလာနိ ဒွါဒသ အကုသလာနိ စ ဇဝနဝသေန လဗ္ဘန္တိ။ ကိရိယမနောဓာတု အာဝဇ္ဇနဝသေန လဗ္ဘတိ။ ဒွေ ဝိပါကမနောဓာတုယော သမ္ပဋိစ္ဆနဝသေန၊ တိဿော ဝိပါကမနောဝိညာဏဓာတုယော သန္တီရဏတဒါရမ္မဏဝသေန၊ ကိရိယာဟေတုကမနောဝိညာဏဓာတု ဝေါဋ္ဌဗ္ဗနဝသေန၊ အဋ္ဌ မဟာဝိပါကစိတ္တာနိ တဒါရမ္မဏဝသေန၊ နဝ ကိရိယစိတ္တာနိ ဇဝနဝသေန လဗ္ဘန္တိ။ သောတဃာနဇိဝှါကာယဒွါရေသုပိ ဧသေဝ နယော။ (အဘိ၊ဋ္ဌ၊၂၊၃၆။)

စက္ခုသမ္ဖဿပစ္စယာ ဝေဒနာ ဟူသည် ---

၁။ ကာမာဝစရ မဟာကုသိုလ်ဇောစိတ် (၈)မျိုးနှင့် ယှဉ်သော ဝေဒနာ,

၂။ အကုသိုလ်ဇောစိတ် (၁၂)မျိုးနှင့် ယှဉ်သော ဝေဒနာ,

၃။ ပဉ္စဒွါရာဝဇ္ဇန်းနှင့် ယှဉ်သော ဝေဒနာ,

၄။ သမ္ပဋိစ္ဆိုင်းဒွေနှင့် ယှဉ်သော ဝေဒနာ,

၅။ အဟိတ် သန္တီရဏစိတ် (၃)မျိုးနှင့် ယှဉ်သော ဝေဒနာ,

၆။ အဟိတ် ကိရိယာ မနောဝိညာဏဓာတ်ဟူသော (မနောဒွါရာဝဇ္ဇန်း) ဝုဋ္ဌောနှင့် ယှဉ်သော ဝေဒနာ,

၇။ တဒါရုံကိစ္စကို ရွက်ဆောင်သော မဟာဝိပါက်စိတ် (၈)မျိုးနှင့် ယှဉ်သော ဝေဒနာ။

၈။ ဟသိတုပ္ပါဒ်ဇောစိတ် မဟာကြိယာဇောစိတ် ဟူသော ကြိယာဇောစိတ် (၉)မျိုးနှင့် ယှဉ်သော ဝေဒနာ -ဤ (၄၄)မျိုးသော စိတ်တို့နှင့် ယှဉ်သော ဝေဒနာတို့တည်း။ စက္ခုဝိညာဏ်ဒွေ၌ ယှဉ်သော ဝေဒနာတို့တည်း။ စက္ခုဝိညာဏ်ဒွေ၌ ယှဉ်သော ဝေဒနာကိုပါ ပေါင်းသော် (၄၆)မျိုးသော ဝေဒနာတို့တည်း။ သောတဒွါရ ဃာနဒွါရ ဇိဝှါဒွါရ ကာယဒွါရတို့၌လည်း နည်းတူပင်တည်း။ (အဘိ၊ဋ္ဌ၊၂၊၃၆။)

ပဉ္စဒွါရာဝဇ္ဇန်းနှင့် ယှဉ်သော ဝေဒနာ

အာဝဇ္ဇနဝေဒနံ ဝိနာ စက္ခုသမ္ဖဿဿ ဥပ္ပတ္တိ နတ္ထီတိ တဒုပ္ပါဒိကာ သာ တပ္ပယောဇနတ္တာ ပရိယာယေန စက္ခုသမ္ဖဿပစ္စယာတိ ဝတ္တုံ ယုတ္တာတိ၊ နိပ္ပရိယာယေန ပန စက္ခုသမ္ဖဿဿ ပရတောဝ ဝေဒနာ လဗ္ဘန္တိ။ (မူလဋီ၊၂၊၃၀။)

အထက်ပါ သမ္မောဟဝိနောဒနီ အဋ္ဌကထာ၌ ပဉ္စဒွါရာဝဇ္ဇန်းနှင့် ယှဉ်သော ဝေဒနာကို စက္ခုသမ္ဖဿပစ္စယာ ဝေဒနာဟု ဖွင့်ဆိုခြင်းမှာ ပရိယာယ်အားဖြင့် ဆိုခြင်းဟု မှတ်ပါ --- ဆိုလိုရင်း အဓိပ္ပါယ်မှာ ဤသို့ ဖြစ်၏ --- ပဉ္စဒွါရာဝဇ္ဇန်းဟူသော အာဝဇ္ဇန်းဝေဒနာနှင့် ကင်း၍ စက္ခုသမ္ဖဿ၏ ဖြစ်ခြင်းမည်သည်ကား မရှိနိုင်၊ ထိုကြောင့် ထိုစက္ခုသမ္ဖဿကို ဖြစ်စေတတ်သော ထိုပဉ္စဒွါရာဝဇ္ဇန်းဝေဒနာကို ထိုစက္ခုသမ္ဖဿဟူသော အကျိုးတရားနှင့် ယှဉ်သောကြောင့် ပရိယာယ်အားဖြင့် စက္ခုသမ္ဖဿကြောင့် ဖြစ်၏ဟု ဆိုခြင်းငှာ သင့်သောကြောင့် ထိုသို့ ဖွင့်ဆို ခြင်း ဖြစ်သည်။ ပရိယာယ်မဖက် မုချသက်သက်အားဖြင့်မူကား စက္ခုသမ္ဖဿ၏ နောက်ပိုင်း၌ ဖြစ်သော ဝေဒနာ ကိုသာလျှင် စက္ခုသမ္ဖဿပစ္စယာ ဝေဒနာအဖြစ် အရကောက်၍ ယူအပ်ကုန်၏ဟု မှတ်ပါ။ (မူလဋီ၊၂၊၃၀။)

ဝိဘင်းပါဠိတော် အဋ္ဌကထာ ဋီကာ အဆို

အဘိဓမ္မဝိဘင်းပါဠိတော် (အဘိ၊၂၊၂၅။), သမ္မောဟဝိနောဒနီအဋ္ဌကထာ (အဘိ၊ဋ္ဌ၊၂၊၃၆။), မူလဋီကာ (မူလဋီ၊၂၊၃၀။) တို့၌ကား စက္ခုသမ္ဖဿပစ္စယာ ဝေဒနာနှင့် စက္ခုသမ္ဖဿဇာ ဝေဒနာတို့ကို ဤသို့ ခွဲထား၏။

စက္ခုသမ္ဖဿပစ္စယာ ဝေဒနာ --- စက္ခုသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော သမ္ပဋိစ္ဆိုင်း သန္တီရဏ ဝုဋ္ဌော ဇော တဒါရုံတို့နှင့် ယှဉ်သော ဝေဒနာသည် စက္ခုသမ္ဖဿပစ္စယာ ဝေဒနာမည်၏။ (အဘိ၊ဋ္ဌ၊၂၊၃၆။)

စက္ခုသမ္ဖဿဇာဝေဒနာ --- စက္ခုသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော စက္ခုဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ ဝုဋ္ဌော ဇော တဒါရုံတို့နှင့်ယှဉ်သော ဝေဒနာသည် စက္ခုသမ္ဖဿဇာ ဝေဒနာမည်၏။ (အဘိ၊ဋ္ဌ၊၂၊၁၆၉။)

စက္ခုဝိညာဏ်နှင့်ယှဉ်သော ဝေဒနာသည် စက္ခုသမ္ဖဿဇာ ဝေဒနာဟူသော အမည်တစ်မျိုးသာ ရ၏။ သမ္ပဋိစ္ဆိုင်း သန္တီရဏ ဝုဋ္ဌော ဇော တဒါရုံတို့နှင့် ယှဉ်သော ဝေဒနာသည် စက္ခုသမ္ဖဿပစ္စယာ ဝေဒနာ စက္ခုသမ္ဖဿဇာ ဝေဒနာဟူသော အမည် နှစ်မျိုးကို ရရှိပေသည်။

ဝိပဿနာရှုရာ၌ကား --- ဝေဒနာကို အဦးမူ၍ ဆိုင်ရာဝေဒနာနှင့် ယှဉ်ဖက် သမ္ပယုတ်တရားတို့ကိုပါ ရောနှောသိမ်းဆည်းလျက် လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာရှုပါ။ အကောင်းအုပ်စု မကောင်းအုပ်စု ကုန်စင်အောင် ရှုပါ။ သောတဒွါရဝီထိစသည်တို့၌လည်း သောတသမ္ဖဿပစ္စယာ ဝေဒနာ သောတသမ္ဖဿဇာ ဝေဒနာစသည်ဖြင့် အမည်ရရှိပုံကိုလည်းကောင်း ဝိပဿနာရှုပုံကိုလည်းကောင်း နည်းတူ သဘောပေါက်ပါလေ။

အကြောင်း အကျိုး သိမ်းဆည်းပုံ

၁။ စက္ခုသမ္ဖဿ ဖြစ်ခြင်းကြောင့် စက္ခုသမ္ဖဿဇာ ဝေဒနာ ဖြစ်၏။

စက္ခုသမ္ဖဿက အကြောင်းတရား၊ စက္ခုသမ္ဖဿဇာ ဝေဒနာက အကျိုးတရား။

[မှတ်ချက် --- အကြောင်းတရားဘက်၌ စက္ခုဝိညာဏ်နှင့် ယှဉ်သော ဖဿ ရှိ၏။ အကျိုးတရားဘက် ၌ကား - (ပဉ္စဒွါရာဝဇ္ဇန်း) စက္ခုဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ ဝုဋ္ဌော ဇော တဒါရုံဝေဒနာဟူသော စက္ခုဒွါရိက ဝေဒနာ, မနောဒွါရာဝဇ္ဇန်း ဇော တဒါရုံဝေဒနာဟူသော ရူပါရုံကို ဆက်လက် အာရုံယူသည့် မနောဒွါရိက ဝေဒနာများ အားလုံးပါဝင်သည်ဟု မှတ်ပါ။ ယင်းစက္ခုသမ္ဖဿသည် စက္ခုဝိညာဏ်နှင့် ယှဉ်သော စက္ခုသမ္ဖဿဇာ ဝေဒနာအား သဟဇာတ အညမည နိဿယ ဝိပါက အာဟာရ သမ္ပယုတ္တ အတ္ထိ အဝိဂတ ဟူသော (၈)ပစ္စယသတ္တိတို့ဖြင့် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေး၏။ သမ္ပဋိစ္ဆိုင်းဝေဒနာအား အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတဟူသော (၅)ပစ္စယသတ္တိတို့ဖြင့် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေး၏။ သန္တီရဏ ဝုဋ္ဌော ဇော တဒါရုံ, မနောဒွါရာဝဇ္ဇန်း ဇော တဒါရုံဝေဒနာတို့အား ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေး၏။ သောတသမ္ဖဿစသည်တို့က သောတသမ္ဖဿဇာ ဝေဒနာ စသည်တို့အား ကျေးဇူးပြုရာ၌လည်း နည်းတူ မှတ်ပါ။ နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ဖော်ပြထားသည့်အတိုင်း အတန်းတိုင်း အတန်းတိုင်း၌ တစ်ချက်စီ ခြုံ၍ ရှုပါ။]

၂။ သောတသမ္ဖဿ ဖြစ်ခြင်းကြောင့် သောတသမ္ဖဿဇာ ဝေဒနာ ဖြစ်၏။

သောတသမ္ဖဿက အကြောင်းတရား၊ သောတသမ္ဖဿဇာ ဝေဒနာက အကျိုးတရား။

၃။ ဃာနသမ္ဖဿ ဖြစ်ခြင်းကြောင့် ဃာနသမ္ဖဿဇာ ဝေဒနာဖြစ်၏။

ဃာနသမ္ဖဿက အကြောင်းတရား၊ ဃာနသမ္ဖဿဇာ ဝေဒနာက အကျိုးတရား။

၄။ ဇိဝှါသမ္ဖဿ ဖြစ်ခြင်းကြောင့် ဇိဝှါသမ္ဖဿဇာ ဝေဒနာ ဖြစ်၏။

ဇိဝှါသမ္ဖဿက အကြောင်းတရား၊ ဇိဝှါသမ္ဖဿဇာ ဝေဒနာက အကျိုးတရား။

၅။ ကာယသမ္ဖဿ ဖြစ်ခြင်းကြောင့် ကာယသမ္ဖဿဇာ ဝေဒနာ ဖြစ်၏။

ကာယသမ္ဖဿက အကြောင်းတရား၊ ကာယသမ္ဖဿဇာ ဝေဒနာက အကျိုးတရား။

၆။ မနောသမ္ဖဿ ဖြစ်ခြင်းကြောင့် မနောသမ္ဖဿဇာ ဝေဒနာ ဖြစ်၏။

မနောသမ္ဖဿက အကြောင်းတရား၊ မနောသမ္ဖဿဇာ ဝေဒနာက အကျိုးတရား။

မနောသမ္ဖဿ --- မနောသမ္ဖဿအရ မနောဒွါရဝီထိများတွင် အကျုံးဝင်သော တဒါရုံဝိပါက်နှင့် ယှဉ်သော ဖဿကို အရကောက်ယူပါ။ မနောသမ္ဖဿဇာ ဝေဒနာအရ ယင်းတဒါရုံဝိပါက်နှင့် ယှဉ်သော ဝေဒနာကိုပင် အရကောက်ယူပါ။ ယင်းမနောသမ္ဖဿက ယင်းမနောသမ္ဖဿဇာ ဝေဒနာအား အထက်ပါ (၈)ပစ္စယသတ္တိတို့ဖြင့်ပင်လျှင် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေး၏။ (အဘိ၊ဋ္ဌ၊၂၊၁၇၀။)

တစ်နည်း --- မနောသမ္ဖဿအရ မနောဒွါရဝီထိ၌ ပါဝင်သော မနောဒွါရာဝဇ္ဇန်းနှင့် ယှဉ်သော ဖဿကို ကောက်ယူပါ။ မနောသမ္ဖဿဇာ ဝေဒနာအရ ယင်းမနောဒွါရဝီထိ၌ရှိသော တဒါရုံဝိပါက်နှင့် ယှဉ်သော ဝေဒနာကို ကောက်ယူပါ။ ယင်းမနောဒွါရာဝဇ္ဇန်း မနောသမ္ဖဿက တဒါရုံ မနောသမ္ဖဿဇာ ဝေဒနာအား ဥပနိဿယပစ္စယသတ္တိ တစ်မျိုးတည်းဖြင့် ဖြစ်ပေါ်လာအောင် ကျေးဇူးပြု၏။ (အဘိ၊ဋ္ဌ၊၂၊၁၇၀။) ရှုကွက်မှာ အထက်ပါ ရှုကွက်အတိုင်းပင် ဖြစ်သည်။

၆။ မနောသမ္ဖဿ ဖြစ်ခြင်းကြောင့် မနောသမ္ဖဿဇာ ဝေဒနာ ဖြစ်၏။

မနောသမ္ဖဿက အကြောင်းတရား၊ မနောသမ္ဖဿဇာ ဝေဒနာက အကျိုးတရား။

တစ်နည်း --- ဇောမနောသမ္ဖဿတို့ကလည်း တဒါရုံ မနောသမ္ဖဿဇာ ဝေဒနာအား ဥပနိဿယ ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ (မူလဋီ၊၂၊၁၂၀။) ရှုကွက်မှာ အထက်ပါ ရှုကွက်အတိုင်း ဖြစ်သည်။

၆။ ဇော မနောသမ္ဖဿ ဖြစ်ခြင်းကြောင့် တဒါရုံ မနောသမ္ဖဿဇာ ဝေဒနာ ဖြစ်၏။

ဇော မနောသမ္ဖဿက အကြောင်းတရား၊ တဒါရုံ မနောသမ္ဖဿဇာဝေဒနာက အကျိုးတရား။

တစ်နည်း မနောသမ္ဖဿ = ဘဝင် မနောသမ္ဖဿ

မနောသမ္ဖေဿာတိ ဘဝင်္ဂသဟဇာတော သမ္ဖေဿာ။ (သံ၊ဋ္ဌ၊၃၊၅။)

မနောသမ္ဖဿအရ မနောဒွါရာဝဇ္ဇန်း၏ ရှေး၌ရှိသော ဘဝင် မနောသမ္ဖဿကို အရကောက်ယူပါ။

ဝေဒယိတန္တိ ဇဝနသဟဇာတာ ဝေဒနာ၊ သဟာဝဇ္ဇနေန ဘဝင်္ဂသဟဇာတာပိ ဝဋ္ဋတိယေဝ။(သံ၊ဋ္ဌ၊၃၊၅၊၊)

ဤအထက်ပါ အဋ္ဌကထာအဖွင့်နှင့်အညီ -- ဘဝင်နှင့် ယှဉ်သော ဝေဒနာ, မနောဒွါရာဝဇ္ဇန်းနှင့် ယှဉ်သော ဝေဒနာ, ဇောနှင့် ယှဉ်သော ဝေဒနာ (တဒါရုံနှင့် ယှဉ်သော ဝေဒနာ)တို့ကို ဝေဒနာအရ အရကောက်ယူပါ။ ရှုကွက်မှာ ဤသို့ ဖြစ်၏ -- (ဇောအရ ကုသိုလ် အကုသိုလ် ကြိယာ လောကီ လောကုတ္တရာဇော အားလုံးကိုယူပါ၊၊)

၆။ ဘဝင် မနောသမ္ဖဿ ဖြစ်ခြင်းကြောင့် မနောသမ္ဖဿဇာ ဝေဒနာ ဖြစ်၏။

ဘဝင် မနောသမ္ဖဿက အကြောင်းတရား၊ မနောသမ္ဖဿဇာ ဝေဒနာက အကျိုးတရား။

(ဘဝင်နှင့်တကွ မနောဒွါရဝီထိ တစ်ခုလုံး၌ရှိသော ဝေဒနာအားလုံးကို ခြုံရှုပါ။)

ဤအထက်တွင် ဖော်ပြထားသော ရှုကွက်တို့မှာ ----

၁။ ရူပါရုံလိုင်း၌ စက္ခုဒွါရဝီထိ မနောဒွါရဝီထိတို့၌ရှိသော ဝေဒနာ,

၂။ သဒ္ဒါရုံလိုင်း၌ သောတဒွါရဝီထိ မနောဒွါရဝီထိတို့၌ရှိသော ဝေဒနာ,

၃။ ဂန္ဓာရုံလိုင်း၌ ဃာနဒွါရဝီထိ မနောဒွါရဝီထိတို့၌ရှိသော ဝေဒနာ,

၄။ ရသာရုံလိုင်း၌ ဇိဝှါဒွါရဝီထိ မနောဒွါရဝီထိတို့၌ရှိသော ဝေဒနာ,

၅။ ဖောဋ္ဌဗ္ဗာရုံလိုင်း၌ ကာယဒွါရဝီထိ မနောဒွါရဝီထိတို့၌ရှိသော ဝေဒနာ,

၆။ ဓမ္မာရုံလိုင်း၌ ဘဝင်နှင့်တကွသော မနောဒွါရဝီထိတို့၌ရှိသော ဝေဒနာ,

ဆိုင်ရာဖဿကြောင့် ဤအကျိုးဝေဒနာအားလုံး ဖြစ်ပုံကို ခြုံငုံ၍ ရှုသော စနစ် ဖြစ်၏။ အကယ်၍ အသင်သူတော်ကောင်း၏ ဉာဏ်သည် မခြုံနိုင် မငုံနိုင် ဖြစ်နေပါက အောက်ပါအတိုင်း စိတ္တက္ခဏတစ်ခုချင်း၌ ခွဲ၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။

စိတ္တက္ခဏခွဲ၍ အကြောင်း အကျိုး သိမ်းဆည်းပုံ

၁။ စက္ခုသမ္ဖဿ ဖြစ်ခြင်းကြောင့် (ပဉ္စဒွါရာဝဇ္ဇန်း) စက္ခုသမ္ဖဿဇာ ဝေဒနာ ဖြစ်၏။

စက္ခုသမ္ဖဿက အကြောင်းတရား၊ (ပဉ္စဒွါရာဝဇ္ဇန်း) စက္ခုသမ္ဖဿဇာ ဝေဒနာက အကျိုးတရား။

၂။ စက္ခုသမ္ဖဿ ဖြစ်ခြင်းကြောင့် (စက္ခုဝိညာဏ်) စက္ခုသမ္ဖဿဇာ ဝေဒနာ ဖြစ်၏။

စက္ခုသမ္ဖဿက အကြောင်းတရား၊ (စက္ခုဝိညာဏ်) စက္ခုသမ္ဖဿဇာ ဝေဒနာက အကျိုးတရား။

၃။ စက္ခုသမ္ဖဿ ဖြစ်ခြင်းကြောင့် (သမ္ပဋိစ္ဆိုင်း) စက္ခုသမ္ဖဿဇာ ဝေဒနာ ဖြစ်၏။

စက္ခုသမ္ဖဿက အကြောင်းတရား၊ (သမ္ပဋိစ္ဆိုင်း) စက္ခုသမ္ဖဿဇာ ဝေဒနာက အကျိုးတရား။

၄။ စက္ခုသမ္ဖဿ ဖြစ်ခြင်းကြောင့် (သန္တီရဏ) စက္ခုသမ္ဖဿဇာ ဝေဒနာ ဖြစ်၏။

စက္ခုသမ္ဖဿက အကြောင်းတရား၊ (သန္တီရဏ) စက္ခုသမ္ဖဿဇာ ဝေဒနာက အကျိုးတရား။

၅။ စက္ခုသမ္ဖဿ ဖြစ်ခြင်းကြောင့် (ဝုဋ္ဌော) စက္ခုသမ္ဖဿဇာ ဝေဒနာ ဖြစ်၏။

စက္ခုသမ္ဖဿက အကြောင်းတရား၊ (ဝုဋ္ဌော) စက္ခုသမ္ဖဿဇာ ဝေဒနာက အကျိုးတရား။

၆။ စက္ခုသမ္ဖဿ ဖြစ်ခြင်းကြောင့် (ဇော) စက္ခုသမ္ဖဿဇာ ဝေဒနာ ဖြစ်၏။

စက္ခုသမ္ဖဿက အကြောင်းတရား၊ (ဇော) စက္ခုသမ္ဖဿဇာ ဝေဒနာက အကျိုးတရား။

(ဇော-၇- ကြိမ် စေ့အောင် ရှုပါ။)

၇။ စက္ခုသမ္ဖဿ ဖြစ်ခြင်းကြောင့် (တဒါရုံ) စက္ခုသမ္ဖဿဇာ ဝေဒနာ ဖြစ်၏။

စက္ခုသမ္ဖဿက အကြောင်းတရား၊ (တဒါရုံ) စက္ခုသမ္ဖဿဇာ ဝေဒနာက အကျိုးတရား။

(တဒါရုံ၌ နှစ်ကြိမ်စေ့အောင် ရှုပါ။)

၈။ စက္ခုသမ္ဖဿ ဖြစ်ခြင်းကြောင့် (မနောဒွါရာဝဇ္ဇန်း) စက္ခုသမ္ဖဿဇာ ဝေဒနာ ဖြစ်၏။

စက္ခုသမ္ဖဿက အကြောင်းတရား၊ (မနောဒွါရာဝဇ္ဇန်း) စက္ခုသမ္ဖဿဇာ ဝေဒနာက အကျိုးတရား။

ဇော တဒါရုံတို့၌ အထက်ပါ စက္ခုဒွါရိက ဇော တဒါရုံအတိုင်း နည်းမှီး၍ရှုပါ။ ပဉ္စဒွါရဝီထိ၌ ပဉ္စဒွါရာဝဇ္ဇန်း ဝုဋ္ဌော ဇော, မနောဒွါရဝီထိ၌ မနောဒွါရာဝဇ္ဇန်း ဇောတို့ကို ပရမတ္ထဓာတ်သားများ မကြွင်းမကျန်စေလို၍ ရှုပါက အပြစ် မဖြစ်ပါ။ တစ်ဖန် အကြောင်းဖဿဘက်၌ ယှဉ်ဖက် စိတ်စေတသိက် သမ္ပယုတ်တရားအားလုံးကို လည်းကောင်း, အကျိုး စက္ခုသမ္ဖဿဇာ ဝေဒနာဘက်၌လည်း စိတ္တက္ခဏတိုင်းဝယ် ထိုက်သလို ယှဉ်တွဲဖြစ်ကြသည့် စိတ်စေတသိက် သမ္ပယုတ်တရားစုတို့ကိုလည်းကောင်း ရောနှောခြုံငုံ၍ ဝိပဿနာပိုင်းသို့ ရောက်သောအခါ ဝိပဿနာရှုပါ။ ဃနပြိုရေး ပရမတ်သို့ ဉာဏ်အမြင်ဆိုက်ရေး အတွက်ပင် ဖြစ်သည်။ သောတသမ္ဖဿ, သောတသမ္ဖဿဇာ ဝေဒနာ စသည်တို့၌လည်း နည်းမှီး၍ ရှုပါ။ (၆)လိုင်းလုံး၌ နာမ် ကမ္မဋ္ဌာန်းပိုင်း ဇယားများအတိုင်း အကောင်းအုပ်စု မကောင်းအုပ်စုများ၌ စိတ္တက္ခဏတိုင်းဝယ် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်းတွင် ---

၁။ စက္ခုသမ္ဖဿ (၈) ဖြစ်ခြင်းကြောင့် ဝေဒနာက္ခန္ဓာ ဖြစ်၏။

စက္ခုသမ္ဖဿ (၈)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။

ဟူသော ရှုကွက်များနှင့် အတူတူပင် ဖြစ်သည်။

ဖဿတို့၏ စွမ်းအင်များ

စက္ခုသမ္ဖဿသည် ဥပနိဿယကောဋိအားဖြင့်လည်းကောင်း, သမတိက္ကမ၏ အစွမ်းဖြင့်လည်းကောင်း, ဘာဝနာ၏ အစွမ်းဖြင့်လည်းကောင်း စတုဘူမိက = ကာမ-ရူပ-အရူပ-လောကုတ္တရာတည်းဟူသော ဘုံလေးပါး အတွင်း၌ ရှိသော ဝေဒနာအား မဂ်ဉာဏ် ဖိုလ်ဉာဏ်တိုင်အောင် = မဂ္ဂသမ္ပယုတ္တဝေဒနာ ဖလသမ္ပယုတ္တဝေဒနာ ဖြစ်ပေါ်လာသည်တိုင်အောင် ကျေးဇူးပြုပေးတတ်၏ ---

၁။ ဥပနိဿယကောဋိ ---- သံသရာမှ လွတ်မြောက်ကြောင်း ဝိဝဋ္ဋူပနိဿယ အဇ္ဈာသယဓာတ်ခံနှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် ကသိုဏ်းဝန်းတစ်ခုကို တွေ့မြင်ခဲ့သော် ဤကသိုဏ်းပရိကံကို ပွားများ၍ စျာန်တို့ကို ဖြစ်စေ၍ စျာန်သမာပတ်လျှင် အနီးကပ်ဆုံးသော အကြောင်းရင်းရှိသော ဝိပဿနာ ဉာဏ်ကို တိုးပွားစေနိုင်သော် အရဟတ္တဖိုလ်သို့ ရောက်နိုင်၏ဟူသော သတင်းကောင်းကိုပါ ကြားသိရသဖြင့်-- သီလကို စင်ကြယ်အောင် ဆေးကြောသုတ်သင်ခြင်း စသည်ဖြင့် သီလဝိသုဒ္ဓိဖြစ်အောင် ကြိုးစားအားထုတ်၍ ထိုကသိုဏ်းဝန်း၌ ပရိကမ္မဘာဝနာ လုပ်ငန်းရပ်ကို ကြိုးစားအားထုတ်လျက် အစဉ်အတိုင်း သမာပတ် (၈)ပါးတို့ကို ဖြစ်စေ၏။ ထိုသမာပတ်တို့ကို ဝိပဿနာ၏ အခြေခံအကြောင်းရင်း = ပါဒကပြု၍ ဝိပဿနာဉာဏ်ကို တိုးပွား စေသည်ရှိသော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်၏။ ထိုပရိကမ္မဘာဝနာစသည့် လုပ်ငန်းရပ်တို့၌ အလုံးစုံသော ပရိကမ္မဝေဒနာတို့ကား ကာမာဝစရတရားတို့တည်း။ သမာပတ် (၈)ပါး၌ ယှဉ်သော ဝေဒနာတို့ကား ရူပါဝစရ အရူပါဝစရတရားတို့တည်း။ မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့နှင့်ယှဉ်သော ဝေဒနာတို့ကား လောကုတ္တရာတရားတို့တည်း။ ဤသို့လျှင် ကသိုဏ်းဝန်းကို တွေ့မြင်သော စက္ခုဝိညာဏ်သည် ကာမ ရူပ အရူပ လောကုတ္တရာတည်းဟူသော ဘုံလေးပါးအတွင်း၌ ရှိသော စတုဘူမိကဝေဒနာ ဖြစ်ခြင်း၏ အားကြီးသောမှီရာ အကြောင်းတရား = ဥပနိဿယ ဖြစ်၏။ ထိုကြောင့် ယင်းစတုဘူမိကဝေဒနာသည် ေ့ရှဦးအစ ကသိုဏ်းဝန်းကို တွေ့မြင်သော စက္ခုဝိညာဏ်နှင့် ယှဉ်သော စက္ခုသမ္ဖဿဟူသော အကြောင်းတရားရှိသော ဝေဒနာ ဖြစ်ပေသည်။ ကသိုဏ်းဝန်းကို မြင်တွေ့ရခြင်းဟူသော စက္ခုသမ္ဖဿကို အကြောင်းရင်းခံ၍ ဖြစ်ပေါ်လာရသော ဝေဒနာများ ဖြစ်သောကြောင့် စက္ခုသမ္ဖဿပစ္စယာ ဝေဒနာများ ဖြစ်ကြရသည်။ ဤသို့လျှင် ရှေးဦးစွာ ညွှန်ပြအပ်သော ပကတူပနိဿယ၏ အစွမ်းဖြင့် စတုဘူမိကစိတ်တို့ကို ရအပ်ကုန်၏။ (အဘိ၊ဋ္ဌ၊၂၊၃၆-၃၇။)

၂။ သမတိက္ကမ --- စက္ခုဒွါရ၌ ရူပါရုံသည် ထင်လာလတ်သော် --- ငါ၏ သန္တာန်ဝယ် ဣဋ္ဌဖြစ်သော အာရုံ၌ ရာဂသည် ဖြစ်ပေါ်ခဲ့လေပြီ၊ အနိဋ္ဌဖြစ်သော အာရုံ၌ စိတ်ထိခိုက်မှု ဒေါသသည် ဖြစ်ပေါ်ခဲ့လေပြီ။ ထင်လာသော အာရုံ၏ ပရမတ္ထဓမ္မသဘာဝအမှန်ကို တိတိကျကျ သိအောင် မရှုနိုင်ခြင်းကြောင့် မောဟသည် ဖြစ်ပေါ်ခဲ့လေပြီ။ ရုပ် ဝေဒနာစသည်တို့၌ ငါဟု စွဲလမ်းထင်မှတ်တတ်သော ငါ၏ သန္တာန်ဝယ် မာနသည် ဖြစ်ပေါ်ခဲ့လေပြီ။ ရုပ် ဝေဒနာစသည်တို့၌ အတ္တဟု မှားသောအားဖြင့် သုံးသပ်တတ်သော ငါ၏ သန္တာန်ဝယ် ဒိဋ္ဌိသည် ဖြစ်ပေါ်ခဲ့လေပြီ။ ရုပ် ဝေဒနာစသည့် အာရုံတို့၌ စိတ်ပျံ့လွင့်ခြင်းသို့ ရောက်သော ငါ၏ သန္တာန်ဝယ် ဥဒ္ဓစ္စသည် ဖြစ်ပေါ်ခဲ့လေပြီ။ ဆုံးဖြတ်ချက် မချနိုင်သော ယုံမှားသံသယရှိနေသော ငါ၏ သန္တာန်ဝယ် ဝိစိကိစ္ဆာ သည် ဖြစ်ပေါ်ခဲ့လေပြီ။ အားရှိသည်၏ အဖြစ်သို့ရောက်သော ကိလေသာရှိသော ငါ၏ သန္တာန်ဝယ် အနုသယ ကိလေသာသည် ဖြစ်ပေါ်ခဲ့လေပြီ၊၊

ဤသို့ ရာဂ ဒေါသ မောဟ မာန ဒိဋ္ဌိ ဥဒ္ဓစ္စ ဝိစိကိစ္ဆာ စသော ကိလေသာများ ဖြစ်မှုကို ပိုင်းခြား၍ ယူတတ်သော ဉာဏ်၌တည်သော အမျိုးကောင်းသားသည် မိမိ၏ သန္တာန်၌ ကိလေသာတို့၏ ဖြစ်ခြင်းကို သိ၍ ကိလေသာကြောင့် အကျိုးမဲ့ ပျက်စီးခြင်းသို့ မရောက်လိုရကား --- ငါ၏ သန္တာန်၌ ဤကိလေသာတို့သည် တိုးပွားကုန်လတ်သော် အကျိုးမဲ့ ပျက်စီးခြင်းငှာ ဖြစ်ကုန်လတ္တံ့။ ယခုချက်ခြင်း ထိုကိလေသာတို့ကို နှိပ်ကွပ် ပေတော့အံ့ --- ဤသို့ စဉ်းစားပြီး၍ --- အိပ်၍သာနေသော ငါသည် ကိလေသာတို့ကို နှိပ်ကွပ်ခြင်းငှာ မစွမ်းနိုင်လေရာ၊ ရှေးဦးစွာ သီလစင်ကြယ်အောင် ဝီရိယကို ပြုသင့်၏ဟု ကြံစည် စိတ်ကူးပြီးလျှင် သီလကို စင်ကြယ်အောင် သုတ်သင်၏၊ ကမ္မဋ္ဌာန်းကို သင်ယူ၍ ကသိုဏ်းပရိကံကို ပြု၍ သမာပတ်တို့ကို ဖြစ်စေ၍ သမာပတ်လျှင် အနီးကပ်ဆုံးသော အကြောင်းရင်းရှိသော ဝိပဿနာကို တိုးပွားစေလျက် ကျင့်လေသော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်၏။ ထိုသို့ ကျင့်ရာ၌ ပရိကမ္မဝေဒနာတို့ကား ကာမာဝစရတရားတို့တည်း၊ (၈)ပါးကုန်သော စျာန်သမာပတ် ဝေဒနာတို့ကား ရူပါဝစရ အရူပါဝစရတရားတို့တည်း။ မဂ္ဂဝေဒနာ ဖလ ဝေဒနာတို့ကား လောကုတ္တရာတရားတို့တည်း။ ဤသို့လျှင် ရူပါရုံ၌ ဖြစ်ပေါ်လာသော ကိလေသာကို ကျော်လွှား လွန်မြောက်၍ ဖြစ်သောကြောင့် ဤစတုဘူမိက ဝေဒနာသည် စက္ခုသမ္ဖဿပစ္စယာ ဝေဒနာပင် အမည်ရသည် ဖြစ်ပေသည်။ ဤသို့လျှင် ဤစတုဘူမိကစိတ်တို့သည် သမတိက္ကမ၏ အစွမ်းဖြင့် ရအပ်ပေကုန်သည်။ (အဘိ၊ ဋ္ဌ၊၂၊၃၇။) ကိလေသာတို့ကို ကျော်လွှားလွန်မြောက်ရန် ကျင့်ခြင်းကို သမတိက္ကမဟု ဆိုသည်။

၃။ ဘာဝနာစွမ်းအား --- စက္ခုဒွါရ၌ ရူပါရုံသည် ထင်လာလတ်သော် ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးကား ဤရူပါရုံသည် အဘယ်ကို မှီ၍ ဖြစ်သနည်းဟု ပိုင်းခြား၍ ယူတတ်သောဉာဏ်ကို ရှေးရှု ဖြစ်စေ၏။ ထိုနောင် ထိုရူပါရုံကို ဤရူပါရုံကား ဘူတရုပ်ဓာတ်ကြီးလေးပါးကို မှီ၍ ဖြစ်၏။ဟု သိ၍ မဟာဘုတ်လေးပါးတို့ကို လည်းကောင်း, မဟာဘုတ်လေးပါးတို့ကို စွဲမှီ၍ ဖြစ်သော ဥပါဒါရုပ်ကိုလည်းကောင်း ရုပ်တရားဟု သိမ်းဆည်း၏။ ထိုရုပ်တရားလျှင် အာရုံရှိကုန်သော ထိုရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာကုန်သော စက္ခုဝိညာဏ်စသော တရားတို့ကို နာမ်တရားဟူ၍ သိမ်းဆည်း၏။ ထိုနောင် အကြောင်းတရားနှင့်တကွသော နာမ်ရုပ်ကို သိမ်းဆည်း၍ လက္ခဏာယာဉ်သုံးချက်သို့တင်၍ ဝိပဿနာဉာဏ်စဉ် အဆင့်ဆင့်အားဖြင့် ရုပ်နာမ် ကြောင်းကျိုး = သင်္ခါရတရား တို့ကို ဝိပဿနာရှုပွားသုံးသပ်သဖြင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်၏။ ထိုသို့ အားထုတ်ရာ၌ ကာမာဝစရ ပရိကမ္မဝေဒနာ, ရူပါဝစရ အရူပါဝစရဖြစ်သော သမာပတ္တိဝေဒနာ, လောကုတ္တရာ ဖြစ်သော မဂ္ဂဝေဒနာ ဖလဝေဒနာ ဤစတုဘူမိကဝေဒနာ အားလုံးတို့သည် ရူပါရုံကို = (ရူပါရုံနှင့်တကွသော သင်္ခါရတရားကို) လက္ခဏာယာဉ်တင်ကာ သုံးသပ်၍ ဖြစ်စေအပ်သော ဝေဒနာဖြစ်ရကား စက္ခုသမ္ဖဿပစ္စယာ ဝေဒနာ အမည်ရသည်ပင် ဖြစ်ပေသည်။ ဤသို့လျှင် ဘာဝနာ၏ အစွမ်းဖြင့် ဤစတုဘူမိကစိတ်တို့ကို ရအပ်ပေကုန်သည်။ (အကျယ်ကို-အဘိ၊ဋ္ဌ၊၂၊၃၆-၃၇-၃၈-တို့၌ ကြည့်ပါ။)

သောတဒွါရ မနောဒွါရတို့၌ စက္ခုဒွါရနည်းတူပင် ဥပနိဿယကောဋိ - သမတိက္ကမ - ဘာဝနာ အစွမ်းဟူသော သုံးမျိုးသောအခြင်းအရာတို့ဖြင့် စတုဘူမိကဝေဒနာတို့သည် သောတသမ္ဖဿပစ္စယာ ဝေဒနာ၊ မနောသမ္ဖဿပစ္စယာ ဝေဒနာဟူသော အမည်ကို ရကြကုန်၏။ ဃာနဒွါရ ဇိဝှါဒွါရ ကာယဒွါရတို့၌ကား သမတိက္ကမနှင့် ဘာဝနာ၏ အစွမ်းဖြင့်သာ စတုဘူမိကဝေဒနာတို့သည် ဃာနသမ္ဖဿပစ္စယာ ဝေဒနာ, ဇိဝှါသမ္ဖဿ ပစ္စယာ ဝေဒနာ, ကာယသမ္ဖဿပစ္စယာ ဝေဒနာဟူသော အမည်ကို ရကြကုန်၏။ (အဘိ၊ဋ္ဌ၊၂၊၃၈- ၃၉။)

ဤ၌ အကြောင်းဖြစ်သော စက္ခုသမ္ဖဿနှင့် အကျိုးဖြစ်သော စက္ခုသမ္ဖဿပစ္စယာ ဝေဒနာ (= စတု ဘူမိက နာမ်ခန္ဓာလေးပါး)တို့သည် ဝီထိပေါင်းများစွာ ကွာခြားနေသည်ကိုကား အထူး သတိပြုပါလေ။ ထိုကြောင့် ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်း ရှုကွက်တွင် --- ရူပါရုံကိုပင် ဆက်လက်၍ အာရုံယူကြသည့် မနောဒွါရ ဝီထိတို့၌လည်း - စက္ခုသမ္ဖဿကိုလည်း အကြောင်းတရားတစ်ခုအဖြစ်ဖြင့် ထည့်သွင်း၍ ဖော်ပြထားခြင်း ဖြစ်ပေသည်။ သောတ သမ္ဖဿနှင့် သောတသမ္ဖဿပစ္စယာ ဝေဒနာ စသည်တို့၌လည်း နည်းတူပင် သဘောပေါက်ပါလေ။

__________