မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာနဂါမိနိပဋိပဒါ-တတိယတွဲ/ဘဝပစ္စယာ ဇာတိ

ဝီကီရင်းမြစ် မှ

ဘဝပစ္စယာ ဇာတိ

ဘဝေါတိ ပနေတ္ထ ကမ္မဘဝေါဝ အဓိပ္ပေတော၊ သော ဟိ ဇာတိယာ ပစ္စယော၊ န ဥပပတ္တိဘဝေါ။ (အဘိ၊ဋ္ဌ၊၂၊၁၇၈။ ဝိသုဒ္ဓိ၊၂၊၂၁၀။)

ဘဝပစ္စယာ ဇာတိ၌ ဘဝအရ ကမ္မဘဝသည်သာလျှင် ဇာတိ၏ အကြောင်းရင်းဖြစ်သောကြောင့် ကမ္မဘဝ ကိုသာ ကောက်ယူပါ။ ဥပပတ္တိဘဝကား ဇာတိ၏ အကြောင်းရင်း မဟုတ်သည့်အတွက် ဘဝအရ ဥပပတ္တိဘဝကို မကောက်ယူပါနှင့်။ ဤကား အဋ္ဌကထာကြီးတို့၏ အလိုတည်း။ ဋီကာဆရာတော်များကား အောက်ပါအတိုင်း တစ်နည်း ကြံတော်မူကြပြန်သည်။

ဥပပတ္တိဘဝုပ္ပတ္တိယေဝ ဇာတီတိ အာဟ န ဥပပတ္တိဘဝေါတိ။ ဇာယမာနဿ ပန ဇာတိ ဇာတီတိ ဥပပတ္တိဘဝေါပိ အသတိ အဘာဝါ ဇာတိယာ ပစ္စယောတိ သက္ကာ ဝတ္တုံ။ ဇာယမာနရူပပဒဋ္ဌာနတာပိ ဟိ ရူပဇာတိယာ ဝုတ္တာ ဥပစိတရူပပဒဋ္ဌာနော ဥပစယော၊ အနုပ္ပဗန္ဓရူပပဒဋ္ဌာနာ သန္တတီတိ။ (မူလဋီ၊၂၊၁၂၄။ မဟာဋီ၊၂၊၃၃၄။)

ဘဝတစ်ခုဝယ် အကျိုး ဝိပါကဝဋ် ဖြစ်သော ရုပ်ခန္ဓာ နာမ်ခန္ဓာတည်းဟူသော ဥပပတ္တိဘဝ၏ ရှေးဦးအစစွာ ဖြစ်ခြင်းသည်ပင် ဇာတိဖြစ်ရကား ဥပပတ္တိဘဝသည် ဇာတိ၏ အကြောင်းတရား မဟုတ်၊ ဘဝပစ္စယာ ဇာတိဝယ် ဘဝအရ ဥပပတ္တိဘဝကို မကောက်ယူပါနှင့်ဟု အဋ္ဌကထာဆရာတော်က မိန့်ဆိုတော်မူခြင်း ဖြစ်သည်။ သို့သော်-

ဘဝသစ်တစ်ခု၌ ဖြစ်ဆဲဖြစ်သော ခန္ဓာ၏ လက်ဦးအစ ဖြစ်ခြင်းဟု ဆိုအပ်သော အခြင်းအရာအထူး ဝိကာရသည် ဘဝပစ္စယာ ဇာတိ၌ ဇာတိမည်ရကား ဥပပတ္တိဘဝသည် မရှိခဲ့သော် ဇာတိ၏ မရှိခြင်းကြောင့်, ကမ္မဘဝသည်သာမက ဥပပတ္တိဘဝသည်လည်း ဇာတိအား ကျေးဇူးပြုတတ်၏ = ဇာတိ၏ အကြောင်းတရား ဖြစ်၏ဟု ဆိုခြင်းငှာ သင့်မြတ်သည်သာ ဖြစ်သည်။ မှန်ပေသည် --- ဥပစယသည် ဖြစ်စရုပ်လျှင် နီးစွာသော အကြောင်းရှိ၏၊ သန္တတိသည် အစဉ်အဆက်အားဖြင့်ဖြစ်သော ရုပ်လျှင် နီးစွာသော အကြောင်းရှိ၏ဟု (အဘိ၊ ဋ္ဌ၊၁၊၃၆၄။)၌ ရုပ်ဇာတိ၏ ဖြစ်ဆဲရုပ်လျှင် နီးစွာသော အကြောင်းရှိသည်၏ အဖြစ်ကိုလည်း အဋ္ဌကထာ ဆရာတော်က ဖွင့်ဆိုတော်မူခဲ့ပေသည်။ သို့အတွက် ကမ္မဘဝသည်သာ ဇာတိ၏ အကြောင်းတရား ဖြစ်သည် မဟုတ်သေး၊ ဥပပတ္တိဘဝသည်လည်း ဇာတိ၏ အကြောင်းတရားပင် ဖြစ်သည်။ (မူလဋီ၊၂၊၁၂၄။ မဟာဋီ၊၂၊၃၃၄။)

ပဋ္ဌာန်းပစ္စည်း ဆက်သွယ်ပုံ

ထိုဘဝသည် ဇာတိအား (= ကမ္မဘဝသည် ဥပပတ္တိဘဝအား) နာနာက္ခဏိကကမ္မပစ္စယသတ္တိ, ဥပနိဿယပစ္စယသတ္တိ နှစ်မျိုးတို့ဖြင့်သာ ကျေးဇူးပြုသည်။ (အဘိ၊ဋ္ဌ၊၂၊၁၇၈။ ဝိသုဒ္ဓိ၊၂၊၂၁၀။)

အမေးနှင့် အဖြေ

ဤအရာဝယ် ကမ္မဘဝသည် ဇာတိ၏ အကြောင်းတရားဖြစ်သည်ဟု ဘယ်ပုံဘယ်ပန်း ဘယ်နည်းလမ်းဖြင့် သိထိုက်ပါသနည်းဟူမူ အဖြေမှာ ဤသို့ဖြစ်၏။ ---

အပြင်အပ ဖြစ်ကုန်သော အကြောင်းတရားတို့၏ တူညီကုန်သည်၏ အဖြစ်သည် ရှိပါသော်လည်း သတ္တဝါတို့၏ တစ်ဦးနှင့် တစ်ဦး မတူညီဘဲ ယုတ်ညံ့သည်၏အဖြစ် မြင့်မြတ်သည်၏အဖြစ် အစရှိသော ထူးထွေ ဆန်းပြားမှုကို တွေ့မြင်နေရခြင်းကြောင့် ကမ္မဘဝသည် ဇာတိ၏ အကြောင်းရင်းစစ် ဖြစ်သည်ဟူသော ဤ အနက်သဘောတရားကို သိနိုင်ပေသည်။

ထပ်မံရှင်းလင်းချက် --- သတ္တဝါ အသီးအသီး၏ အဇ္ဈတ္တ ရုပ်နာမ်သန္တာန်အစဉ်မှ အပဖြစ်ကုန်သော, သတ္တဝါတစ်ဦး ဖြစ်ပေါ်လာရေးအတွက် ဥပနိဿယစသော ပစ္စယသတ္တိတို့ဖြင့် ဝိုင်းဝန်း ကျေးဇူးပြုပေးတတ် ကြကုန်သော ---

၁။ ဖြစ်စေတတ်သော ဖခင်၏ သုက်သွေး,

၂။ ဖြစ်စေတတ်သော မိခင်၏ သုက်သွေး,

၃။ အစာအာဟာရ,

ဤသို့အစရှိကုန်သော အကြောင်းတရားတို့၏ တူမျှကုန်သည်၏အဖြစ် ရှိပါကုန်သော်လည်း အမြွှာပူး ဖြစ်ကြကုန်သော သတ္တဝါတို့သော်မှလည်း တစ်ဦးနှင့် တစ်ဦး ---

၁။ ဖြစ်ပြီးသော ခန္ဓာတို့၏ အောက်တန်းစားဟု အသိအမှတ်ပြုအပ်သည်၏ အဖြစ်ဟူသော ယုတ်ညံ့မှု -

၂။ ဖြစ်ပြီးသော ခန္ဓာတို့၏ အထက်တန်းစားဟု အသိအမှတ်ပြုအပ်သည်၏ အဖြစ်ဟူသော မြင့်မြတ်မှု -

၃။ အဆင်းလှမှု -

၄။ အဆင်းမလှမှု -

၅။ အသက်ရှည်မှု -

၆။ အသက်တိုမှု -

၇။ စည်းစိမ်ဥစ္စာ ကြွယ်ဝချမ်းသာမှု -

၈။ စည်းစိမ်ဥစ္စာ ဆင်းရဲနွမ်းပါးမှု -

၉။ အခြံအရံ များမှု -

၁၀။ အခြံအရံ နည်းပါးမှု -

၁၁။ အနာရောဂါ ထူပြောမှု မကျန်းမာမှု -

၁၂။ အနာရောဂါ ကင်းရှင်းမှု ကျန်းမာမှု -

ဤသို့စသော ထူးခြားမှုများကို တွေ့မြင်ရ၏။ ထိုထူးခြား ကွဲလွဲမှုများသည် အကြောင်းမရှိသည်ကား မဟုတ်ပေ။ အကြောင်းရှိသည်သာ ဖြစ်၏။ အဘယ်ကြောင့်နည်းဟူမူ ထိုထူးခြားကွဲပြားမှုသည် အခါခပ်သိမ်း လည်းကောင်း အလုံးစုံသော သတ္တဝါတို့ သန္တာန်၌လည်းကောင်း မရှိခြင်းကြောင့် ဖြစ်ပေသည်။ တစ်ဖန် ထို အကြောင်းတရားဟူသည်မှာလည်း ကမ္မဘဝမှ တစ်ပါးသော အကြောင်းတရားကား မဖြစ်နိုင်ပေ။ အဘယ် ကြောင့်နည်းဟူမူ ---- ထိုကမ္မဘဝကြောင့် ဖြစ်ကြရသော သတ္တဝါတို့၏ သန္တာန်၌ ကမ္မဘဝမှ တစ်ပါးသော အကြောင်းတရား၏ မရှိခြင်းကြောင့်ပင် ဖြစ်သည်။ ထိုကြောင့် ယုတ်ညံ့မှု မြင့်မြတ်မှုစသော ထူးခြားကွဲပြားမှု သည် ကမ္မဘဝဟူသော အကြောင်းတရား ရှိသည်သာလျှင် ဖြစ်ပေသည်။ မှန်ပေသည် ကမ္မဘဝသည် (= ကံသည်) သတ္တဝါတို့၏ ယုတ်ညံ့မှု မြင့်မြတ်မှုစသော ထူးခြားကွဲပြားမှု၏ အကြောင်းရင်းပင် ဖြစ်သည်။ ဘုရားရှင် ကိုယ်တော်တိုင်ကလည်း ---

ကမ္မံ သတ္တေ ဝိဘဇတိ ယဒိဒံ ဟီနပ္ပဏီတတာယ။ (မ၊၃၊၂၄၄။)

= ယုတ်ညံ့သည်၏ အဖြစ် မြင့်မြတ်သည်၏ အဖြစ်ဖြင့် ကံသည် သတ္တဝါတို့ကို ခွဲခြားဝေဖန်၏။ (မ၊၃၊၂၄၄။)

ဤသို့ စူဠကမ္မဝိဘင်္ဂသုတ္တန်တွင် ဟောကြားထားတော်မူခဲ့၏။ ထိုကြောင့် ကမ္မဘဝသည် ဇာတိ၏ အကြောင်းရင်း ဖြစ်သည်ဟူသော ဤသဘောတရားကို သိအပ် သိနိုင်ပါပေသည်။

__________