နိဗ္ဗာနဂါမိနိပဋိပဒါ-တတိယတွဲ/ဝိညာဏပစ္စယာ နာမရူပံ
ဝိညာဏပစ္စယာ နာမရူပံ
ဝိညာဏ်ဖြစ်ခြင်းကြောင့် နာမ်ရုပ်ဖြစ်၏။
ဝိညာဏ်အရ - တရားကိုယ်ကောက်ယူပုံ
နာမရူပဿ ယံ ဟေတု၊ ဝိညာဏံ တံ ဒွိဓာ မတံ။
ဝိပါကမဝိပါကဉ္စ၊ ယုတ္တမေဝ ယတော ဣဒံ။ (အဘိ၊ဋ္ဌ၊၂၊၁၆၃။ ဝိသုဒ္ဓိ၊၂၊၁၉၄။)
ဝိညာဏ် --- နာမ်ရုပ်၏ အကြောင်းရင်းဖြစ်သော ဝိညာဏ်မှာ ဝိပါကဝိညာဏ်, အဝိပါကဝိညာဏ်ဟု နှစ်မျိုးရှိ၏။ ထိုတွင် ပဋိသန္ဓေဝိညာဏ်, ဘဝင်ဝိညာဏ်, စုတိဝိညာဏ်တို့မှာ ဝီထိမှ အလွတ်ဖြစ်သော ဝီထိမုတ်စိတ် ဝိပါက်ဝိညာဏ်များ ဖြစ်ကြ၏။ ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံ ဝိပါက်ဝိညာဏ်တို့မှာ ဝီထိစိတ်အစဉ်အတွင်း၌ တည်ရှိကြသော ဝိပါက်ဝိညာဏ်တို့ ဖြစ်ကြ၏။ ကုသိုလ်ဝိညာဏ်, အကုသိုလ် ဝိညာဏ်, ကြိယာဝိညာဏ်တို့ကား အဝိပါကဝိညာဏ်တို့ ဖြစ်ကြ၏။
ယင်းအဝိပါကဝိညာဏ်တို့တွင် ကုသိုလ်ဝိညာဏ် အကုသိုလ်ဝိညာဏ်တို့လည်း ပါဝင်ကြ၏။ ယင်း ကုသိုလ်ဝိညာဏ် အကုသိုလ်ဝိညာဏ်တို့ကို အဘိသင်္ခါရဝိညာဏ်ဟုလည်း ခေါ်ဆို၏။ ကမ္မဝိညာဏ်ဟုလည်း ခေါ်ဆို၏။ (အဘိ၊ဋ္ဌ၊၂၊၁၆၃။ မူလဋီ၊၂၊၁၁၅။)
ယင်းအဘိသင်္ခါရဝိညာဏ် = ကမ္မဝိညာဏ်မှာလည်း အတိတ်က ပြုစုပျိုးထောင်ခဲ့သော အဘိသင်္ခါရ ဝိညာဏ် = ကမ္မဝိညာဏ်, ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်နေသော အဘိသင်္ခါရဝိညာဏ် = ကမ္မဝိညာဏ်ဟု နှစ်မျိုးရှိ၏။ အကယ်၍ အနာဂတ်ဘဝများ ထင်ရှားရှိနေသေးသော သူတော်ကောင်းဖြစ်မူကား အနာဂတ်တွင် ပြုစုပျိုးထောင်လတ္တံ့သော အဘိသင်္ခါရဝိညာဏ် = ကမ္မဝိညာဏ်လည်း ရှိနိုင်ပေသည်။
ပုညာဘိသင်္ခါရသဟဂတံ ဝိညာဏန္တိ တေရသဝိဓပုညာဘိသင်္ခါရသမ္ပယုတ္တံ ကမ္မဝိညာဏံ။ အပုညာဘိသင်္ခါရသဟဂတံ ဝိညာဏန္တိ ဒွါဒသဝိဓအပုညာဘိသင်္ခါရသမ္ပယုတ္တံ ကမ္မဝိညာဏံ။ အာနေဉ္ဇာဘိသင်္ခါရသဟဂတံ ဝိညာဏန္တိ စတုဗ္ဗိဓံ အာနေဉ္ဇာဘိသင်္ခါရသဟဂတံ ကမ္မဝိညာဏံ။ (စူဠနိ၊ဋ္ဌ၊၂၄။)
မဟာကုသိုလ်စေတနာ (၈)မျိုး, ရူပါဝစရကုသိုလ်စေတနာ (၅)မျိုး ပေါင်း (၁၃)မျိုးသော ပုညာဘိသင်္ခါရ အမည်ရသော ကုသိုလ်စေတနာနှင့်ယှဉ်သော ကမ္မဝိညာဏ်သည် ပုညာဘိသင်္ခါရနှင့် အတူတကွဖြစ်သော ပုညာဘိသင်္ခါရဝိညာဏ် မည်၏။ အကုသိုလ်စေတနာ (၁၂)မျိုးဟူသော အပုညာဘိသင်္ခါရနှင့် ယှဉ်သော ကမ္မဝိညာဏ်သည် အပုညာဘိသင်္ခါရနှင့် အတူတကွဖြစ်သော အပုညာဘိသင်္ခါရဝိညာဏ် မည်၏။ အရူပါဝစရ ကုသိုလ်စေတနာ (၄)မျိုးဟူသော အာနေဉ္ဇာဘိသင်္ခါရနှင့် အတူတကွဖြစ်သော ကမ္မဝိညာဏ်သည် အာနေဉ္ဇာဘိ သင်္ခါရနှင့် အတူတကွဖြစ်သော အာနေဉ္ဇာဘိသင်္ခါရ ဝိညာဏ် မည်၏။ (စူဠနိ၊ဋ္ဌ၊၂၄။)
ယင်းကမ္မဝိညာဏ်သည် လူ့ဘုံ နတ်ဘုံ၌ ဖြစ်ခြင်း အစရှိသော အထူးထူး အပြားပြားသော ပဋိသန္ဓေကို လည်းကောင်း, ဖြစ်ရာဘုံဘဝ၌ အသွင်သဏ္ဌာန် တင့်တယ်ခြင်း မတင့်တယ်ခြင်း အမျိုးမြတ်ခြင်း အမျိုးယုတ်ခြင်း စသော အထူးထူး အပြားပြားသော အကျိုးဝိပါက်ကိုလည်းကောင်း ဖြစ်ပေါ်စေရန် = ဝိပါက်ဝိညာဏ်နှင့် ကမ္မဇရုပ်တို့ကို ဖြစ်ပေါ်စေရန် စီမံခန့်ခွဲမှုကို အလွန်ပြုတတ်၏၊ ထိုကြောင့် ယင်းကမ္မဝိညာဏ်ကို အဘိသင်္ခါရဝိညာဏ်ဟုလည်း ခေါ်ဆို၏။ (စူဠနိ၊ဋ္ဌ၊၁၆၇။ အဘိ၊ဋ္ဌ၊၁၊၁၀၇။ အဘိ၊ဋ္ဌ၊၂၊၁၃၄။ အံ၊ဋ္ဌ၊၂၊၂၀၄။ အံ၊ဋီ၊၂၊၁၈၃။)
တစ်နည်းအားဖြင့် ယင်းဝိပါကဝိညာဏ်, အဝိပါကဝိညာဏ်တို့ကို ကမ္မဝိညာဏ်, သဟဇာတဝိညာဏ်, ပစ္ဆာဇာတဝိညာဏ်ဟုလည်း ခေါ်ဆို၏။ (မူလဋီ၊၂၊၁၁၅။)
အတိတ်ဘဝ သံသရာက ပြုစုပျိုးထောင်ခဲ့သော ပုညာဘိသင်္ခါရဝိညာဏ်, အပုညာဘိသင်္ခါရဝိညာဏ်, အာနေဉ္ဇာဘိသင်္ခါရဝိညာဏ်တို့သည် ကမ္မဝိညာဏ်မည်၏။ ပဋိသန္ဓေမှစ၍ ဘဝတစ်လျှောက်တွင် ဖြစ်ပေါ်နေသော စေတသိက်နာမ်နှင့် စိတ္တဇရုပ်ကို ဖြစ်စေနိုင်သော အကျိုးနာမ်ရုပ်နှင့် အတူဥပါဒ်သော = ပြိုင်တူ ဖြစ်သော ကုသိုလ်ဝိညာဏ်, အကုသိုလ်ဝိညာဏ်, ဝိပါက်ဝိညာဏ်, ကြိယာဝိညာဏ်တို့သည် သဟဇာတဝိညာဏ် မည်၏။ ဒွေပဉ္စဝိညာဏ်တို့ကား စေတသိက်နာမ်ကိုသာ ဖြစ်စေနိုင်၍ စိတ္တဇရုပ်ကို မဖြစ်စေနိုင်သော သဟဇာတဝိညာဏ်များတည်း။ ရှေးရှေးသော စိတ်တို့နှင့် အတူဥပါဒ်သော ရုပ်တရားတို့ကို သက်တမ်း ကုန်ဆုံးသည့်တိုင်အောင် အရှည်ခိုင်ခံ့ တည်တံ့အောင် အားပေးထောက်ပံ့တတ်သော = ပစ္ဆာဇာတပစ္စယ သတ္တိဖြင့် ကျေးဇူးပြုတတ်သော နောက်နောက်သော စိတ်ဝိညာဏ်ဟူသမျှသည် ပစ္ဆာဇာတဝိညာဏ် မည်၏။
ဤကမ္မဝိညာဏ် သဟဇာတဝိညာဏ် ပစ္ဆာဇာတဝိညာဏ် သုံးမျိုးတို့တွင် ကမ္မဝိညာဏ်နှင့် ပစ္ဆာဇာတ ဝိညာဏ်ကို အသဟဇာတဝိညာဏ်ဟုလည်း ခေါ်၏။ အကျိုးနာမ်ရုပ်နှင့် အတူမဖြစ်သော ဝိညာဏ်ဟု ဆိုလိုသည်။ (အနုဋီ၊၂၊၁၂၈။)
ဤ၌ အကျိုးနာမ်ရုပ်ကို ဖြစ်စေတတ်သော သဟဇာတဝိညာဏ်အုပ်စုတွင် ကြိယာဝိညာဏ်များလည်း ပါဝင်နေ၏။ ပုထုဇန်အဆင့်တွင် တည်ရှိနေသော အသင်သူတော်ကောင်း၏ သန္တာန်၌ ဖြစ်နိုင်သော ကြိယာစိတ် တို့မှာ အာဝဇ္ဇန်းကိစ္စ ဝုဋ္ဌောကိစ္စတို့ကို ရွက်ဆောင်တတ်သော ပဉ္စဒွါရာဝဇ္ဇန်း, မနောဒွါရာဝဇ္ဇန်း, ဝိညာဏ် တို့ပင် ဖြစ်ကြသည်။ မနောဒွါရာဝဇ္ဇန်းသည် ပဉ္စဒွါရဝီထိ၌ ဝုဋ္ဌောကိစ္စ, မနောဒွါရဝီထိ၌ အာဝဇ္ဇန်းကိစ္စကို ရွက်ဆောင်သည်။
တစ်ဖန် ယင်းသဟဇာတဝိညာဏ်အုပ်စုတွင် ပဋိသန္ဓေဝိညာဏ်လည်း ပါဝင်နေ၏။ ယင်းပဋိသန္ဓေ ဝိညာဏ်သည် မိမိနှင့် အတူဥပါဒ်သည့် စေတသိက်နာမ်တရားကိုလည်း ဖြစ်ပေါ်လာအောင် သဟဇာတစသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ ယင်းပဋိသန္ဓေစိတ်သည် စိတ္တဇရုပ်ကို မဖြစ်စေနိုင်သော်လည်း မိမိနှင့် အတူဥပါဒ်သည့် ကမ္မဇရုပ်ကိုကား သဟဇာတစသော ပစ္စယသတ္တိဖြင့် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေး နိုင်၏။ ထိုကြောင့် ပရိယာယ်တစ်မျိုးအားဖြင့် ပဋိသန္ဓေဝိညာဏ်သည်လည်း နာမ်ရုပ်ကို ဖြစ်စေနိုင်၏ဟု မှတ်ပါ။ အကြောင်းဖြစ်သော ဝိညာဏ်အရ တရားကိုယ်ကောက်ယူပုံကို ပြပြီး၍ အကျိုးဖြစ်သော နာမ်ရုပ်အရ တရားကိုယ်ကောက်ယူပုံကို ဆက်လက်တင်ပြအပ်ပါသည်။
ရုပ်-အရ တရားကိုယ်ကောက်ယူပုံ
တတ္ထ ကတမံ ရူပံ၊ စတ္တာရော စ မဟာဘူတာ စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယရူပံ။ ဣဒံ ဝုစ္စတိ ရူပံ။ (အဘိ၊၂၊၁၄၂-၁၄၃။ သံ၊၁၊၂၄၅။ မ၊၁၊၆၅-၆၆။)
ဤအထက်ပါ အဘိဓမ္မာပါဠိတော်နှင့် သုတ္တန်ပါဠိတော်တို့၌ နာမရူပံပုဒ်ဝယ် ပါဝင်သော ရုပ်တရားအရ ဘူတရုပ် ဥပါဒါရုပ်တို့ကိုပင် တရားကိုယ်ကောက်ယူရန် တစ်ညီတစ်ညွတ်တည်း အကွဲအပြားမရှိ ဟောကြား ထားတော်မူ၏။ (အဘိ၊ဋ္ဌ၊၂-၁၆၀။)
နာမ်-အရ တရားကိုယ်ကောက်ယူပုံ
တတ္ထ ကတမံ နာမံ၊ ဝေဒနာ သညာ စေတနာ ဖေဿာ မနသိကာရော။ (သံ၊၁၊၂၄၅။ မ၊၁၊၆၅-၆၆။)
တတ္ထ ကတမံ နာမံ၊ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော၊ ဣဒံ ဝုစ္စတိ နာမံ။ (အဘိ၊၂၊၁၄၃။)
သုတ္တန်ပါဠိတော်တို့၌ ဝိညာဏပစ္စယာ နာမရူပံပုဒ်တွင် ပါဝင်သော နာမ်အရ ဝေဒနာ သညာ စေတနာ ဖဿ မနသိကာရတို့ကို အရကောက်ယူရန် ဟောကြားထားတော်မူ၏။ ဤအဘိဓမ္မာဝိဘင်းပါဠိတော်၌ကား နာမ်အရ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာတို့ကို အရကောက်ယူရန် ညွှန်ကြားထားတော်မူ၏။
စိတ္တဿ ဌိတိ --- စိတ်၏ တည်ကြောင်းဖြစ်သော ဇီဝိတိန္ဒြေနာမ်တရား၊ အရူပီနံ ဓမ္မာနံ အာယု = နာမ်တရားတို့၏ အသက်ဇီဝိတိန္ဒြေ --- ဤ၌ စိတ်၏ တည်ကြောင်းဖြစ်သော ဇီဝိတိန္ဒြေနာမ်သည် စိတ်ဟူသော အခြားတရားကို မှီ၍ ဟောပါမှ ထင်ရှား၏။ တည်ကြောင်းတရား တည်ကြောင်းတရားဟု ဆို၏။ အဘယ်တရား၏ တည်ကြောင်းတရားပါနည်းဟု မေးရန် ရှိလာ၏။ စိတ်၏တည်ကြောင်းတရားဟု ဤသို့ ဟောပါမှ ထင်ရှား၏။ အလားတူပင် --- နာမ်တရားတို့၏ အသက်ဟူရာ၌ အာယု = အသက်ဖြစ်သော ဇီဝိတိန္ဒြေနာမ်သည် အခြားသော အရူပီမည်သော နာမ်တရားတို့ကို မှီ၍ ဟောပါမှ ထင်ရှား၏။ အာယု = အသက်ဟူသည် အဘယ်တရားတို့၏ အသက်ပါနည်းဟု မေးရန်ရှိလာ၏၊ နာမ်တရားတို့၏ အသက်ဟု ဖြေခဲ့သော် ပြည့်စုံ သွား၏။ အာယု = ဇီဝိတိန္ဒြေမှ အခြားတစ်ပါးသော နာမ်တရားတို့ကို မှီ၍ ဟောပါမှ ထင်ရှား၏။ မှီဟူရာ၌ အခြားတရားတို့နှင့် ဆက်သွယ်၍ ဟောတော်မူခြင်းတည်း။
စက္ခုဝိညာဏ်ကြောင့် ဖြစ်သော (စေတသိက်)နာမ်တရားသည် ဤသို့ အခြားတရားကို မမှီဘဲ ဉာဏ်ဖြင့် ယူအပ်သောကြောင့် ယူနိုင်သောကြောင့် ဝေဒနာ သညာ စေတနာ ဖဿ မနသိကာရအားဖြင့် ထင်ရှား၏။ ထိုထင်ရှားသော တရားတို့ကို ပြတော်မူလိုသောကြောင့် သုတ္တန်ပါဠိတော်၌ စေတနာ ဖဿ မနသိကာရ အားဖြင့် သင်္ခါရက္ခန္ဓာကို သုံးပါးခွဲခြား၍ ဝေဒနာ, သညာ ဟူသော ခန္ဓာနှစ်ပါးနှင့် အတူတကွ ဟောတော် မူသည်။ (သင်္ခါရက္ခန္ဓာ၌ ဖဿ စေတနာ မနသိကာရတို့ကား ထင်ရှား၏။ ပြဓာန်းသည့် ပဓာနနည်း, ထင်ရှားသည့် ပါကဋနည်းအားဖြင့် သင်္ခါရက္ခန္ဓာတရားတို့ကို ယင်းသုံးပါး၌ စုပေါင်း၍ ဟောတော်မူခြင်း ဖြစ်၏။ အားလုံးပေါင်းသော် ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာဟု ခန္ဓာသုံးပါးပင် ဖြစ်သည်။)
ဤအဘိဓမ္မာဝိဘင်းပါဠိတော်၌ကား ထိုသုတ္တန်ပါဠိတော်၌ ဟောအပ်ပြီးသော နာမ်တရားကို လည်းကောင်း, မဟောအပ်သော နာမ်တရားကိုလည်းကောင်း အလုံးစုံသော နာမ်တရားကို သိမ်းယူတော် မူလိုသည်၏ အဖြစ်ကြောင့် --- ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာဟူသော နာမ်ခန္ဓာသုံးပါးတို့ကို နာမ်တရားဟူ၍ ဟောတော်မူ၏။ (အဘိ၊ဋ္ဌ၊၂၊၁၆၀။)
ဤတရားကိုယ်ကောက်ယူပုံ၌ အကြောင်းဖြစ်သော ဝိညာဏ်နှင့် အကျိုးဖြစ်သော ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာဟူသော စေတသိက်နာမ်တရားတို့သည် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ ဖြစ်ကြသည့် သဟဇာတတရားတို့ ဖြစ်ကြ၏။ ပဋိသန္ဓေမှစ၍ စုတိတိုင်အောင် ဘဝတစ်လျှောက်အတွင်း၌ ဖြစ်ပေါ်သွားကြသော ဝီထိစိတ် ဝီထိမုတ်စိတ်အားလုံး ပါဝင်၏။ သဟဇာတဝိညာဏ်ကြောင့် သဟဇာတ နာမ်ရုပ်ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား, အကျိုးတရားတို့ကို သိမ်းဆည်းရမည် ဖြစ်ပေသည်။
မေးမြန်းဖွယ် အချက်တစ်ရပ်
ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဟူသော ခန္ဓာသုံးပါးတို့သည်သာလျှင် နာမ်မည်လေသလော၊ ဝိညာဏ်သည်လည်း နာမ်မမည်လေသလော --- ဤကား အမေးတည်း --- ။
အဖြေ --- စိတ် စေတသိက်တရားအားလုံးတို့သည် အာရုံသို့ ညွတ်တတ်သော သဘောရှိသောကြောင့် နာမ်ဟူသော အမည်ကို ရနိုင်သည်ချည်းသာတည်း။ ထိုကြောင့် ဝိညာဏ်သည်လည်း နာမ်မမည်သည်ကား မဟုတ်၊ နာမ်မည်သည်သာ ဖြစ်၏။ ထိုသို့ပင် ဝိညာဏ်သည် နာမ်တရား ဖြစ်ပါသော်လည်း ထိုဝိညာဏ်ကို နာမရူပဝယ် နာမ = နာမ်အရ၌ ထည့်သွင်း၍ ကောက်ယူခဲ့သော် နာမဝိညာဏ = နာမအရတွင် ပါဝင်သော အကျိုးဝိညာဏ်နှင့် ဝိညာဏပစ္စယာတွင် အကျုံးဝင်သော အကြောင်းဝိညာဏ်ဟူသော နှစ်မျိုးသော ဝိညာဏ် တို့၏ အတူတကွ ဖြစ်ခြင်း = ပြိုင်တူ ဖြစ်ခြင်းဟူသော အပြစ်သည် ရောက်ရှိလာလေရာ၏။ ထိုကြောင့် ဝိညာဏ်ကို အကြောင်းတရားနေရာ၌ ထားပြီး၍ ဝိညာဏ်ဟူသော အကြောင်းကြောင့် ဖြစ်သော စေတသိက် နာမ်ကို ညွှန်ကြားပြသတော် မူခြင်းငှာ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာဟူသော နာမ်ခန္ဓာ (၃)ပါး တို့ကိုသာလျှင် ဟောတော်မူအပ်ကုန်ပြီဟု မှတ်ပါ။ (အဘိ၊ဋ္ဌ၊၂၊၁၆၀။)
ပဋိသန္ဓေအခိုက် ရှုကွက်
အသင်သူတော်ကောင်းသည် သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက ပထမ မဟာဝိပါက် စိတ်ဖြင့် ပဋိသန္ဓေတည်နေခဲ့သူ ဖြစ်အံ့။ ပဋိသန္ဓေအခိုက်၌ နာမ်တရား (၃၄) ကမ္မဇရုပ် (၃၀)ရှိမည် ဖြစ်၏။ ပဋိသန္ဓေနာမ်တရား (၃၄)တွင် ပါဝင်သော ပဋိသန္ဓေဝိညာဏ်ကို အကြောင်းတရား နေရာ၌ ထား၍ ယင်းပဋိသန္ဓေဝိညာဏ်ကြောင့် စေတသိက်နာမ်တရား (၃၃)နှင့် ကမ္မဇရုပ် (၃၀)တို့ ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ---
ပဋိသန္ဓေဝိညာဏ် ဖြစ်ခြင်းကြောင့် ပဋိသန္ဓေနာမ်ရုပ် ဖြစ်၏။
ပဋိသန္ဓေဝိညာဏ်က အကြောင်းတရား၊ ပဋိသန္ဓေနာမ်ရုပ်က အကျိုးတရား။
ဤသို့ အကြောင်းအကျိုး သိမ်းဆည်းပါ။ ပဋိသန္ဓေ၏ ဌီကာလ၌ကား ဥတုဇရုပ်များ စတင်၍ ဖြစ်ကြပြီ ဖြစ်၏။ စိတ္တဇရုပ် အာဟာရဇရုပ်တို့ကား မဖြစ်နိုင်ကြသေးပေ။ သို့အတွက် ယင်းဥတုဇရုပ်တို့ကိုပါ ရောနှော၍ ရှုလိုက ရှုပါ။ အကယ်၍ အသင်သူတော်ကောင်းသည် ဘဝတစ်ခုတွင် ဘာဝရုပ် ချို့တဲ့သူဖြစ်လျှင် ထိုဘဝ၌ ကမ္မဇရုပ်မှာ (၃၀)မရှိဘဲ (၂၀)သာ ရှိပေမည်။
အကယ်၍ အသင်သူတော်ကောင်းသည် အတိတ်ဘဝတစ်ခုတွင် ဣန္ဒြေပြည့်စုံသည့် ဩပပါတိက နတ်သား ဖြစ်ခဲ့ဖူးလျှင် ထိုဘဝ၌ ထိုဩပပါတိက ပဋိသန္ဓေအခိုက်ဝယ် (တိဟိတ် သောမနဿ ပဋိသန္ဓေ ဖြစ်လျှင်) နာမ်တရား (၃၄), ရုပ် (ရဝ)တို့ ရှိကြမည် ဖြစ်သည်။ စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, ဘာဝ, ဟဒယ ဟူသော ဒသကကလာပ် (၇)စည်း ရှိသဖြင့် ရုပ် (ရဝ) ဖြစ်သည်။ ထိုတွင် ပဋိသန္ဓေဝိညာဏ်ကြောင့် ပဋိသန္ဓေနာမ်တရား (၃၃), ရုပ် (ရဝ) ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရား တို့ကို သိမ်းဆည်းပါ။
အကယ်၍ အသင်သူတော်ကောင်းသည် အတိတ်ဘဝတစ်ခုတွင် ရူပဗြဟ္မာပြည်သို့ ရောက်ခဲ့ဖူးလျှင် ဃာန, ဇိဝှါ, ကာယ, ဘာဝဟူသော ဒသကကလာပ် (၄)မျိုး လျော့သွားမည် ဖြစ်၏။ ပဋိသန္ဓေအခိုက်၌ စက္ခုဒသကကလာပ် သောတဒသကကလာပ် ဟဒယဝတ္ထုဒသကကလာပ် ဇီဝိတနဝကကလာပ်ဟူသော ရုပ်ကလာပ်အမျိုးအစား (၄)မျိုး ရုပ်အမျိုးအစား (၃၉), ပထမစျာန် ဝိပါက် ပဋိသန္ဓေဖြစ်လျှင် နာမ်တရား (၃၄) ရှိကြမည် ဖြစ်၏။ (ကရုဏာစျာန်၌ ကရုဏာ ထပ်တိုးပါ။ မုဒိတာစျာန်၌ မုဒိတာ ထပ်တိုးပါ။ အကယ်၍ ဒုတိယစျာန် ဝိပါက် ပဋိသန္ဓေဖြစ်လျှင် ဝိတက် ဝိစာရ မပါ၊ တတိယစျာန် ဝိပါက် ပဋိသန္ဓေဖြစ်လျှင် ပီတိမပါ ဤသို့စသည်ဖြင့် သဘောပေါက်ပါ။) ယင်းပဋိသန္ဓေဝိညာဏ် အသီးအသီးကြောင့် ပဋိသန္ဓေနာမ်ရုပ် အသီးအသီး ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်း အကျိုး သိမ်းဆည်းပါ။
ထိုထို ဘဝ၌ ထိုထို ပဋိသန္ဓေဝိညာဏ်ကြောင့် ထိုထို ထိုက်သင့်ရာ နာမ်ရုပ် ဖြစ်ခဲ့ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းအကျိုး သိမ်းဆည်းပါ။ အနာဂတ်၌လည်း နည်းတူပင် သဘောပေါက်ပါ။
အရူပဘုံ၌ ပဋိသန္ဓေဝိညာဏ်ကြောင့် နာမ်ခန္ဓာသုံးပါးသာ ဖြစ်၏။ အသညသတ်သတ္တဝါတို့၏ သန္တာန်၌ ကား အသညသတ်ဘုံသို့ မရောက်မီဘဝက ထူထောင်ခဲ့သော အဘိသင်္ခါရဝိညာဏ် = ကမ္မဝိညာဏ်ကြောင့် ဇီဝိတနဝကကလာပ်ဟူသော ရုပ်ပဋိသန္ဓေသာ ဖြစ်၏။
ပဝတ္တိအခါ၌ကား ဥတုဇရုပ်များ ဖြစ်သည့်အချိန် စိတ္တဇရုပ်များ ဖြစ်သည့်အချိန် အာဟာရဇရုပ်များ ဖြစ်သည့်အချိန်မှ စ၍ ကမ္မဇရုပ် စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်ဟူသော စတုသမုဋ္ဌာနိကရုပ် အားလုံး ကိုပင် ခြုံငုံ၍ ရှုနိုင်ပါသည်။ သဟဇာတဝိညာဏ်ကြောင့် ဖြစ်နိုင်သော ရုပ်တရားတို့မှာ ---- စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော၊ (ပဋ္ဌာန၊၁၊၅။) --- ဟူသည်နှင့်အညီ စိတ္တဇရုပ်တို့သာ ဖြစ်ကြ၏။ သို့သော် ---
ယံ ပနေတမေတ္ထ ကမ္မဇရူပံ၊ တံ ဘဝယောနိဂတိဝိညာဏဋ္ဌိတိသတ္တာဝါသေသု သဗ္ဗပထမံ ပတိဋ္ဌဟန္တမ္ပိ တိသမုဋ္ဌာနိကရူပေန အနုပတ္ထဒ္ဓံ န သက္ကောတိ သဏ္ဌာတုံ၊ နာပိ တိသမုဋ္ဌာနိကံ တေန အနုပတ္ထဒ္ဓံ။ (အဘိ၊ဋ္ဌ၊၂၊၁၆၂။ ဝိသုဒ္ဓိ၊၂၊၁၉၄။)
ဤ ကံ စိတ် ဥတု အာဟာရတို့ကြောင့် ဖြစ်ကုန်သော စတုသမုဋ္ဌာနိကရုပ်တို့တွင် ကမ္မဇရုပ်ကား ဘဝ ယောနိ ဂတိ ဝိညာဏဋ္ဌိတိ သတ္တာဝါသတို့၌ အလုံးစုံသော ရုပ်တို့၏ ရှေးဦးစွာ တည်ရပါသော်လည်း စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်ဟူသော တိသမုဋ္ဌာနိကရုပ်သည် မထောက်ပံ့အပ်သည် ဖြစ်လတ်သော် ကောင်းစွာ တည်ခြင်းငှာ မစွမ်းနိုင်၊ တိသမုဋ္ဌာနိကရုပ်သည်လည်း ထိုကမ္မဇရုပ်သည် မထောက်ပံ့အပ်သည် ဖြစ်လတ်သော် ကောင်းစွာ တည်ခြင်းငှာ မစွမ်းနိုင်။ စင်စစ်သော်ကား --- ထိပ်ချင်းဆိုင်၍ အောက်ခြေဘက်က ကား၍ ထောင်ထားအပ်သော ကျူစည်း (၄)စည်းတို့သည် လေတိုက်ခတ်မှုဒဏ်ကို ခံရသော်လည်း အချင်းချင်း ထောက်ပံ့ ထားသဖြင့် မလဲမပြိုနိုင်သကဲ့သို့, လှေတစ်စင်းနှင့် တစ်စင်း တွဲဖက်၍ ဆိပ်ကမ်း တစ်နေရာ၌ စုပြုံတည်နေရာဝယ် လေတိုက်ခတ်သဖြင့် လှိုင်းပုတ်ခတ်စေကာမူ လှေတို့သည် အချင်းချင်း တစ်စင်းနှင့် တစ်စင်း ထောက်ပံ့ထားသဖြင့် ကွဲကွာ၍ မသွားနိုင်သကဲ့သို့ ---- ထို့အတူ ကမ္မဇရုပ်နှင့် တိသမုဋ္ဌာနိက ရုပ်များသည် ခန္ဓာကိုယ် တစ်ကိုယ်တည်းဝယ် အချင်းချင်း ထောက်မှီ၍ တစ်သက်တာပတ်လုံး တည်နေကြပေသည်။ (အဘိ၊ဋ္ဌ၊၂၊၁၆၂။ ဝိသုဒ္ဓိ၊၂၊၁၉၄။)
ထိုကြောင့် သဟဇာတဝိညာဏ်ကြောင့် ဖြစ်သော ရုပ်တရားအရ စိတ္တဇရုပ်ကိုသာ မကောက်ယူဘဲ မကင်းစကောင်းသော အဝိနာဘာဝနည်းအရ စတုသမုဋ္ဌာနိကရုပ် အားလုံးကိုပင် အရကောက်ယူပါ။ စတုသမုဋ္ဌာနိက ဘူတရုပ် ဥပါဒါရုပ်အားလုံးကိုပင် ရုပ်ဟု ဆိုလိုသည်။ ရောနှော၍ ဝိပဿနာရှုပါက အပြစ် မဖြစ်ပါ။
သဟဇာတဝိညာဏ်ကြောင့် ဖြစ်သော ယှဉ်ဖက် စေတသိက်နာမ်အရ နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် တင်ပြထားသည့်အတိုင်း ထိုထို စိတ္တက္ခဏ၌ ထိုက်သလို ကောက်ယူပါ။
၁။ စတုဝေါကာရအမည်ရသော အရူပလေးဘုံတို့၌ ပဝတ္တိအခါ ပဋိသန္ဓေအခါ အားလုံးတို့၌ သဟဇာတ ဝိညာဏ်ကြောင့် စေတသိက်နာမ်သာလျှင် ဖြစ်၏။ ရုပ်မဖြစ်ပေ။
၂။ ပဉ္စဝေါကာရဘုံ၌ ပဝတ္တိအခါဝယ် ဒွေပဉ္စဝိညာဏ်တို့သည် စိတ္တဇရုပ်ကို မဖြစ်စေနိုင်ကုန်။ မူလဋီကာ ဆရာတော်၏ အလိုအားဖြင့် စုတိစိတ်အားလုံးသည်လည်း စိတ္တဇရုပ်ကို မဖြစ်စေနိုင်။ (မူလဋီ၊၁၊၁၅၂။) ထိုကြောင့် ဒွေပဉ္စဝိညာဏ်ဟူသော သဟဇာတဝိညာဏ်ကြောင့် စေတသိက်နာမ်သာ ဖြစ်၏၊ ရုပ်မဖြစ်။ မူလဋီကာဆရာတော် အလိုအားဖြင့် စုတိစိတ်ဟူသော သဟဇာတဝိညာဏ်ကြောင့်လည်း စေတသိက်နာမ်သာ ဖြစ်၏၊ ရုပ်မဖြစ်နိုင်။ သို့သော် ပဉ္စဝိညာဏ်အခိုက်၌ စိတ္တဇရုပ်မဖြစ်သော်လည်း ကမ္မဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့ကား ဖြစ်လျက်ပင် ရှိ၏။ မကင်းစကောင်းသော အဝိနာဘာဝနည်းအရ ထိုရုပ်တို့ကိုပါ ရောနှော၍ သိမ်းဆည်းရှုပွားလျှင်လည်း အပြစ် မဖြစ်နိုင်ပါ။ (ပဉ္စဝိညာဏ်တို့သည် ပဉ္စဒွါရာဝဇ္ဇန်းဟူသော မိမိတို့၏ ရှေးစိတ္တက္ခဏက ဖြစ်ခဲ့သော ရုပ်၏ ဌီကာလသို့ ရောက်ရှိနေကြသော စတုသမုဋ္ဌာနိကရုပ်တို့အား ပစ္ဆာဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုလျက်ကား ရှိ၏။)
၃။ အသညသတ်ဘုံတို့၌ ပဝတ္တိအခါ ပဋိသန္ဓေအခါ အားလုံးတို့၌ အသညသတ်ဘုံသို့ မရောက်မီဘဝက ပြုစုပျိုးထောင်ခဲ့သော ရူပါဝစရပုညာဘိသင်္ခါရဟူသော စတုက္ကနည်းအရ စတုတ္ထစျာန်, ပဉ္စကနည်းအရ ပဉ္စမစျာန် ကမ္မဝိညာဏ်ကြောင့် ဇီဝိတနဝကကလာပ်ဟူသော ရုပ်သာလျှင် ဖြစ်၏။ နာမ်မဖြစ်ပေ။
၄။ ပဉ္စဝေါကာရဘုံဝယ် ပဝတ္တိအခါ၌ ပစ္စုပ္ပန်ဘဝ၏ ပဋိသန္ဓေနောင် ပထမဘဝင်အစရှိသော ဝိပါက် နာမ်တရား ဝိပါက် ကမ္မဇရုပ်တရားတို့သည် အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော ကံကြောင့် = ကမ္မဝိညာဏ်ကြောင့် ဖြစ်ကြရ၏။ ယင်းဘဝင်စသော ဝိပါက် ရုပ်နာမ်ကို ဖြစ်စေတတ်သော ကံမှ အခြားတစ်ပါးသော ကံကြောင့်လည်း ကမ္မဇရုပ်တရားများ ဖြစ်နိုင်၏။ ဤသို့လျှင် ဘဝင်စသော ဝိပါက်ဝိညာဏ်များ ဖြစ်ခိုက်ဝယ်--
(က) ဘဝင်စသော ဝိပါက်ဝိညာဏ်ကို ဖြစ်စေတတ်သော ကံကြောင့်ဖြစ်သော ရုပ်,
( ခ ) ယင်းကံမှ အခြားတစ်ပါးသော ကံကြောင့်ဖြစ်သော ရုပ်ဟု ကမ္မဇရုပ် နှစ်မျိုးရှိနိုင်၏။
ဥပမာ - ဘုရားရှင်၏ ဝိပါက်တော်များကိုပင် ပြန်လည်၍ အာရုံယူကြည့်ပါ။
တတ္ထ သဗ္ဗေပိ သဗ္ဗညုဗောဓိသတ္တာ ပစ္ဆိမပဋိသန္ဓိဂ္ဂဟဏေ ပဌမေန သောမနဿသဟဂတတိဟေတုက အသင်္ခါရိကမဟာဝိပါကစိတ္တေန ပဋိသန္ဓိံ ဂဏှန္တိ။ တံ ပန မေတ္တာပုဗ္ဗဘာဂစိတ္တဿ ဝိပါကံ ဟောတိ။ (အဘိ၊ဋ္ဌ၊၁၊၃၀၇။)
သဗ္ဗညုဘုရားအလောင်းတော် မှန်သမျှတို့သည် မေတ္တာလျှင် ေ့ရှသွားရှိသော မေတ္တာပြဓာန်းသော သောမနဿဝေဒနာနှင့် အတူတကွဖြစ်သော ပထမ မဟာကုသိုလ် ဉာဏသမ္ပယုတ် အသင်္ခါရိကစေတနာကံကြောင့် ပထမ သောမနဿသဟဂုတ် တိဟိတ် အသင်္ခါရိက မဟာဝိပါက်စိတ်ဖြင့် ပဋိသန္ဓေယူတော်မူကြ၏။ (အဘိ၊ဋ္ဌ၊၁၊၃၀၇။)
တစ်ဖန် ဘုရားရှင်သည် ခေါင်းခဲတော်မူရ၏၊ ခါးနာတော်မူရ၏။ ဦးခေါင်းတော်ခဲရသည့်အခိုက်, ခါးနာတော်မူရသည့်အခိုက်တို့၌ ဒုက္ခသဟဂုတ် အကုသလ ဝိပါက်ဝိညာဏ်နှင့် အကုသိုလ်ကမ္မဇရုပ်တို့လည်း ဖြစ်ပေါ်နေကြ၏။ ဦးခေါင်းတော်ခဲရခြင်းမှာ တံငါသည်ရွာတွင် အလောင်းတော်ဘဝက လူဖြစ်ခဲ့စဉ်က ဆွေမျိုးတို့ ငါးများများရသည်ကို မြင်ရ၍ ဝမ်းသာဖူးသည့် အကုသိုလ်ကံကြောင့် ဖြစ်ရ၏။ ခါးနာတော် မူရခြင်းမှာ အလောင်းတော် ဖြစ်စဉ်က တစ်ခုသောဘဝဝယ် လက်ဝှေ့သမားဖြစ်စဉ် လက်ဝှေ့သမားချင်း ခါးကို ကျိုးအောင် ရိုက်ချိုးခဲ့ဖူးသော အကုသိုလ်ကံကြောင့် ဖြစ်ရ၏။
ယင်းအကုသိုလ်ကံများကြောင့် အကုသလ ဝိပါက် နာမ်တရားစုနှင့် အကုသိုလ်ကမ္မဇရုပ်တို့ ဖြစ်နေချိန်ဝယ် အထက်တွင် ဖော်ပြထားသော မေတ္တာပြဓာန်းသည့် မဟာကုသိုလ်ကံကြောင့်လည်း ကမ္မဇရုပ်တို့ကား ထင်ရှား ဖြစ်နေကြသည်သာ ဖြစ်၏။ ထိုအချိန်တွင် (၃၂)ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်များ မပျောက်ကွယ်ဘဲ ထင်ရှားရှိနေဆဲပင် ဖြစ်သည်ကို သတိပြုပါ။
တစ်ဖန် ယင်းမေတ္တာပြဓာန်းသည့် မဟာကုသိုလ်ကံကြောင့် = ကမ္မဝိညာဏ်ကြောင့် ဘဝင်စသော ဝိပါက် နာမ်တရားစုနှင့် ကမ္မဇရုပ်တို့ ဖြစ်နေချိန်ဝယ် ခါးနာသော အခြင်းအရာ, ခေါင်းခဲသော အခြင်းအရာအားဖြင့် ဖြစ်ပေါ်နေကြသော ကမ္မဇရုပ်တို့လည်း ထင်ရှား ဖြစ်နေကြဆဲသာ ဖြစ်ကြ၏။ ဘဝင်စသော ဝိပါက်နာမ် တရားစုတို့ ဖြစ်ချိန်ဝယ် ဒုက္ခသဟဂုတ် အကုသလ ဝိပါက်ဝိညာဏ်နာမ်တရားစုတို့ ဖြစ်ခွင့် မရကြသော်လည်း အကုသိုလ် ကမ္မဇရုပ်တို့ကား ဖြစ်ခွင့်ရနေကြ၏။
ထိုကြောင့် ဘဝင်စသော ကုသလ ဝိပါက်ဝိညာဏ် နာမ်တရားစုတို့ ဖြစ်ခိုက်ဝယ် ဖြစ်ခွင့်ရနေသော အကုသလ ဝိပါက် ကမ္မဇရုပ်များသည်လည်းကောင်း, အကုသလ ဝိပါက်ဝိညာဏ် နာမ်တရားစုတို့ ဖြစ်ခိုက် ဖြစ်ခွင့်ရနေသော ကုသိုလ် ဝိပါက် ကမ္မဇရုပ်တို့သည်လည်းကောင်း ကမ္မဝိညာဏ်ကြောင့်ဖြစ်သော ရုပ်တရား များသာ ဖြစ်ကြ၏။ ကမ္မဝိညာဏ်ကြောင့် ရုပ်သက်သက် ဖြစ်ပုံတည်း။
တစ်ဖန် ဘုရားရှင်၏ သန္တာန်တော်၌ မေတ္တာပြဓာန်းသည့် မဟာကုသိုလ် စေတနာကံကြောင့် = ကမ္မဝိညာဏ်ကြောင့် ဘဝင်စသော ဝိပါက်နာမ်တရားစုများနှင့် ကုသိုလ်ကမ္မဇရုပ်များ ဖြစ်ကြရသကဲ့သို့ အလားတူပင် အခြားအခြားသော ကောင်းမှုကုသိုလ်ကံများကြောင့်လည်း ပဝတ္တိအခါဝယ် အခြားအခြားသော ကုသလ ဝိပါက်ဝိညာဏ် နာမ်တရားစုများနှင့် ကုသိုလ်ကမ္မဇရုပ်များလည်း သို့မဟုတ် ကမ္မပစ္စယဥတုဇရုပ် များလည်း ထိုက်သလို ဖြစ်နိုင်ကြ၏။
ဥပမာ - အရှင်သုသိမပစ္စေကဗုဒ္ဓါအရှင်မြတ်၏ ပရိနိဗ္ဗာန် စံဝင်တော်မူပြီးနောက် ကြွင်းကျန်ရစ်သော ဓာတုစေတီတော်၌ မြက်နှုတ်ခြင်း, သဲဖြူခင်းခြင်း, ရေဖျန်းခြင်း, ထီးတံခွန်လှူခြင်းတည်းဟူသော ကုသိုလ်ကံ ကြောင့် = ကမ္မဝိညာဏ်ကြောင့် ရတနသုတ္တန်ကို ဟောကြားတော်မူရန် ရာဇဂြိုဟ်မှ ဝေသာလီသို့ ကြွတော်မူရာ လမ်းခရီးတစ်လျှောက်၌ နဂါး လူ နတ် ဗြဟ္မာတို့၏ အပူဇော်ကို ခံယူတော်မူရခြင်းကဲ့သို့ မှတ်ပါ။
ထိုကဲ့သို့ ဘဝင်စသော ဝိပါက်ဝိညာဏ် နာမ်တရားစုများနှင့် ကမ္မဇရုပ်များကို ဖြစ်စေတတ်သော မေတ္တာပြဓာန်းသည့် မဟာကုသိုလ်ကံမှ တစ်ပါးသော အခြားအခြားသော ကံများကြောင့် ဝိပါက်နာမ်တရားစုနှင့် ကမ္မဇရုပ်တို့ ဖြစ်ချိန်ဝယ် ယင်းမေတ္တာပြဓာန်းသည့် မဟာကုသိုလ်ကံဟူသော ကမ္မဝိညာဏ်ကြောင့် ကမ္မဇရုပ် များသာ ဖြစ်ခွင့်ရနိုင်၏။ အလားတူပင် ဘဝင်စသော ဝိပါက်နာမ်တရားစုတို့ ဖြစ်ချိန်ဝယ် ယင်းအခြားအခြား သော ကုသိုလ်ကံများကြောင့် ဝိပါက်နာမ်တရားစုတို့ ဖြစ်ခွင့်မရကြဘဲ ကမ္မဇရုပ်တို့သာ ဖြစ်ခွင့်ရကြ၏။ ယင်းကမ္မဇရုပ်တို့မှာလည်း အတိတ်က ကမ္မဝိညာဏ်ကြောင့် ဖြစ်သည့် ရုပ်တရားတို့သာ ဖြစ်ကြသည်။ ဝိညာဏ်ကြောင့် ရုပ်သက်သက် ဖြစ်ပုံတည်း။
အသင်သူတော်ကောင်း၏ သန္တာန်၌လည်း အထက်ပါ ပုံစံများကို နည်းမှီး၍ ဝိညာဏ်ကြောင့် ရုပ် သက်သက် ဖြစ်ပုံကို သဘောပေါက်ပါ။
တစ်ဖန် နိရောဓသမာပတ်ကို ဝင်စားတော်မူရာ အချိန်အခါကာလ၌ စိတ်+စေတသိက်+စိတ္တဇရုပ် တို့ကား ချုပ်နေ၏။ ကမ္မဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့သာ ဖြစ်နေကြ၏။ ထိုအချိန်အခါဝယ် ပဉ္စဝေါကာရ ဘုံ၌ ပဝတ္တိအခါ အတိတ်က ကမ္မဝိညာဏ်ကြောင့် ရုပ်သက်သက်သာ ဖြစ်နေသည့် အချိန်အခါဖြစ်သည်။ (မူလဋီ၊၂၊၁၁၅။ မဟာဋီ၊၂၊၃၁၉။)
တစ်ဖန် ဘုရားရှင်သည် ပရိနိဗ္ဗာန်မစံမီ (၁၀)လမြောက် ဝါဆိုလပြည့်နေ့မှ စ၍ ဖြစ်ပေါ်လာသော မရဏန္တိက ဒုက္ခဝေဒနာကို ပယ်ခွာတော်မူရန် ဦးတည်ချက်ဖြင့် ရူပသတ္တကရှုနည်း အရူပသတ္တကရှုနည်း ဟူသော ဝိပဿနာရှုနည်းတို့ဖြင့် အရဟတ္တဖိုလ်သမာပတ်ကို ဝင်စားတော်မူ၏။ ယင်းဝိပဿနာဇောများ စောခိုက်၌လည်း အတိတ်က မေတ္တာပြဓာန်းသည့် မဟာကုသိုလ်ကံကြောင့် ဖြစ်နေသည့် ကမ္မဇရုပ်များသည် လည်းကောင်း, အခြားအခြားသော ကုသိုလ်ကံကြောင့်ဖြစ်သည့် ကုသိုလ် ကမ္မဇရုပ်များသည်လည်းကောင်း, ခါးနာသော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာသော အကုသိုလ် ကမ္မဇရုပ်များသည်လည်းကောင်း ဖြစ်နေ ကြသည်သာ ဖြစ်၏။ ယင်းကမ္မဇရုပ်တို့မှာလည်း အတိတ်က ကမ္မဝိညာဏ်ကြောင့် ဖြစ်ကြရသည့် ရုပ်တရား တို့သာ ဖြစ်ကြသည်။ ဝိညာဏ်ကြောင့် ရုပ်သက်သက် ဖြစ်ပုံပင်တည်း။
၅။ ယဉ္စ ပဉ္စဝေါကာရဘဝေ သဗ္ဗတ္ထ ဝိညာဏပစ္စယာ နာမရူပံ။ (အဘိ၊ဋ္ဌ၊၂၊၁၆၃။ ဝိသုဒ္ဓိ၊၂၊၁၉၄။)
သဗ္ဗတ္ထာတိ ပဋိသန္ဓိယံ ပဝတ္တေ စ။ သဟဇာတဝိညာဏပစ္စယာ နာမရူပံ, ကမ္မဝိညာဏပစ္စယာ စ နာမရူပဉ္စ ယထာသမ္ဘဝံ ယောဇေတဗ္ဗံ။ (မူလဋီ၊၂၊၁၁၅။)
ပဉ္စဝေါကာရဘုံ၌ ပဋိသန္ဓေအခါ ပဝတ္တိအခါ အားလုံးတို့၌ ---
(က) ဤဘဝ သဟဇာတဝိညာဏ်ကြောင့် စေတသိက်နာမ်လည်း ဖြစ်နိုင်၏၊ စိတ္တဇရုပ်လည်း ဖြစ်နိုင်၏။
( ခ ) အတိတ်က ပြုစုပျိုးထောင်ခဲ့သော ကမ္မဝိညာဏ်ကြောင့် ဝိပါက်နာမ်တရားလည်း ဖြစ်နိုင်၏၊ ကမ္မဇရုပ်လည်း ဖြစ်နိုင်၏။
သဟဇာတဝိညာဏ်ကြောင့် ဖြစ်သော နာမ်တရားမှာ စေတသိက်နာမ်တရားသာ ဖြစ်၏၊ ရုပ်တရားမှာ စိတ္တဇရုပ်သာ ဖြစ်၏။ ကမ္မဝိညာဏ်ကြောင့် ဖြစ်သော နာမ်တရားမှာ ဝိပါက်-စိတ်+စေတသိက် နာမ်တရား အားလုံး ဖြစ်၏၊ ရုပ်မှာ ကမ္မဇရုပ် ဖြစ်၏။ ပစ္ဆာဇာတဝိညာဏ်ကြောင့် ဖြစ်သော တရားများမှာ ရှေးရှေးသော စတုသမုဋ္ဌာနိက ရုပ်တရားများသာ ဖြစ်ကြပေသည်။ (မူလဋီ၊၂၊၁၁၅- ကြည့်ပါ။)
ဤအထက်ပါ ရှင်းလင်းချက်များနှင့် အညီ ---
၁။ ဝိညာဏ်ကြောင့် ရုပ်သက်သက် ဖြစ်သည်လည်း ရှိ၏။
၂။ ဝိညာဏ်ကြောင့် နာမ်သက်သက် ဖြစ်သည်လည်း ရှိ၏။
၃။ ဝိညာဏ်ကြောင့် နာမ်+ရုပ် ဖြစ်သည်လည်း ရှိ၏။
ထိုကြောင့် -- နာမဉ္စ ရူပဉ္စ နာမရူပဉ္စ နာမရူပံ --- ဟူသော ဧကဒေသသရူပေကသေသ နည်းအားဖြင့် (= တစ်စိတ်တစ်ပိုင်းအားဖြင့် တူသော ရုပ်သွင်ရှိသော ပုဒ်တို့၏ တစ်ပုဒ်တည်း ကြွင်းကျန်သော နည်းအားဖြင့် သိမ်းယူ၍) ဝိညာဏပစ္စယာ နာမရူပံ --- ဟု ဟောတော်မူသည်ဟု သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၂၊၁၆၃။ ဝိသုဒ္ဓိ၊၂၊၁၉၄။)
ဧကဒေသသရူပေကသေသ = နာမဉ္စ+ရူပဉ္စ+နာမရူပဉ္စ --- ဟူသော ပုဒ်သုံးမျိုးတို့တွင် တတိယဖြစ်သော နာမရူပံ၏ မိမိနှင့် တစ်စိတ်တစ်ဒေသတူသော (၁) နံပါတ် နာမံသို့လည်းကောင်း, (၂) နံပါတ် ရူပံသို့ လည်းကောင်း ပေါင်း၍ မိမိဟူသော နာမရူပံ ပုဒ်က ကျေခြင်းကို ဧကဒေသသရူပေကသေသဟု ဆိုသည်။
ယခုအခါ၌ အထက်ပါ ရှင်းလင်းချက်များနှင့် အညီ (၁) ကမ္မဝိညာဏ်, (၂) သဟဇာတဝိညာဏ်, (၃) ပစ္ဆာဇာတဝိညာဏ် --- ဤ ဝိညာဏ်သုံးမျိုးကြောင့် နာမ်ရုပ်ဖြစ်ပုံ ရှုကွက်ကို ဆက်လက်၍ တင်ပြအပ်ပါသည်။ ရှေးဦးစွာ အသင်သူတော်ကောင်း၏ လက်ရှိ လူဘဝနာမ်ရုပ်သည် ဝိညာဏ်အသီးအသီးကြောင့် ဖြစ်ပုံကိုသာ ရှုနှင့်ပါဦး။ အတိတ်အဆက်ဆက် အနာဂတ်အဆက်ဆက်သို့ ဉာဏ်ကို စေလွှတ်၍ ရှုနိုင်သောအခါ၌မူကား အပါယ်ဘဝ, လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာဘဝစသည့် ထိုထိုဘဝ၌ ဆိုင်ရာဆိုင်ရာ ဝိညာဏ်ကြောင့် ဆိုင်ရာဆိုင်ရာ ရုပ်ဖြစ်ပုံ, နာမ်ဖြစ်ပုံ, ရုပ်နာမ်ဖြစ်ပုံတို့ကို ထိုက်သလို ရှုပါ။ အသညသတ်ဘုံ ရောက်ခိုက်ဖြစ်လျှင် အဘိသင်္ခါရ ဝိညာဏ်ကြောင့် ရုပ်ဖြစ်ပုံကိုလည်းကောင်း, အရူပဘုံသို့ရောက်ခိုက် ဖြစ်လျှင် ကမ္မဝိညာဏ်ကြောင့် နာမ် ဖြစ်ပုံ သဟဇာတဝိညာဏ်ကြောင့် နာမ်ဖြစ်ပုံကိုလည်းကောင်း, -- လူ့ပြည် နတ်ပြည် ရူပဗြဟ္မာ့ပြည်သို့ ရောက်ခိုက် ဖြစ်လျှင် ကမ္မဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်ပုံ, သဟဇာတဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်ပုံ, ပစ္ဆာဇာတဝိညာဏ် ကြောင့် ရုပ်ဖြစ်ပုံတို့ကိုလည်းကောင်း -- ဤသို့စသည်ဖြင့် ထိုက်သလို အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်း ရှုပွားရမည် ဖြစ်ပေသည်။
၁။ ဝိညာဏပစ္စယာ - နာမရူပံ
(က) ကမ္မဝိညာဏ်ကြောင့် နာမ်ရုပ် ဖြစ်ပုံ
ကမ္မဝိညာဏ်အရ အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော အဘိသင်္ခါရ = ပုညာဘိသင်္ခါရ+အပုညာဘိသင်္ခါရနှင့် ယှဉ်တွဲနေသော အသိစိတ်ဝိညာဏ်ကို အရကောက်ယူပါ။ နာမ်အရ ယင်းပုညာဘိသင်္ခါရ ဝိညာဏ်ကြောင့် ဖြစ်သော ကုသလ ဝိပါက် စိတ်+စေတသိက် = နာမ်တရားတို့ကိုလည်းကောင်း, အပုညာဘိသင်္ခါရ ဝိညာဏ်ကြောင့် ဖြစ်သော အကုသလ ဝိပါက် စိတ်+စေတသိက် = နာမ်တရားတို့ကိုလည်းကောင်း ထိုက်သလို ကောက်ယူပါ။ ရုပ်အရ ပုညာဘိသင်္ခါရကြောင့်ဖြစ်သော ကုသိုလ် ကမ္မဇရုပ်, အပုညာဘိသင်္ခါရ ကြောင့်ဖြစ်သော အကုသိုလ် ကမ္မဇရုပ်တို့ကို ထိုက်သလိုကောက်ယူပါ။ ရှေးဦးစွာ ကုသိုလ် ပုညာဘိသင်္ခါရ ဝိညာဏ်ကြောင့် နာမ်ရုပ် ဖြစ်ပုံ ရှုကွက်ကို တင်ပြအပ်ပါသည် --- အတိတ် ကမ္မဝိညာဏ်ကြောင့် ဝိပါက် နာမ်ရုပ်ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အောက်ပါအတိုင်း အကြောင်း အကျိုး သိမ်းဆည်းပါ။
၁။ အတိတ် ကမ္မဝိညာဏ် ဖြစ်ခြင်းကြောင့် ပဋိသန္ဓေနာမ်ရုပ် ဖြစ်၏။
အတိတ် ကမ္မဝိညာဏ်က အကြောင်းတရား၊ ပဋိသန္ဓေနာမ်ရုပ်က အကျိုးတရား။
၂။ အတိတ် ကမ္မဝိညာဏ် ဖြစ်ခြင်းကြောင့် ဘဝင်နာမ်ရုပ် ဖြစ်၏။
အတိတ် ကမ္မဝိညာဏ်က အကြောင်းတရား၊ ဘဝင်နာမ်ရုပ်က အကျိုးတရား။
၃။ အတိတ် ကမ္မဝိညာဏ် ဖြစ်ခြင်းကြောင့် စုတိနာမ်ရုပ် ဖြစ်၏။
အတိတ် ကမ္မဝိညာဏ်က အကြောင်းတရား၊ စုတိနာမ်ရုပ်က အကျိုးတရား။
[မှတ်ချက် --- ဤကား ဝီထိမုတ်စိတ် (၃)မျိုးအတွက် ရှုကွက် ဖြစ်ပါသည်။ ကမ္မဝိညာဏ်၌ တိဟိတ် ဥက္ကဋ္ဌ သောမနဿ မဟာကုသိုလ် ဖြစ်သော် နာမ်တရား (၃၄) ရှိ၏။ မနောဒွါရဝီထိ ဖြစ်၏။ ယင်းနာမ်တရားတို့ကို ဃနအသီးအသီး ပြိုအောင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းပါ။ ပဋိသန္ဓေ-ဘဝင်-စုတိ တို့၌လည်း တိဟိတ် သောမနဿ ပဋိသန္ဓေ-ဘဝင်-စုတိ ဖြစ်လျှင် နာမ်တရား (၃၄)လုံးစီ အသီးအသီး ရှိ၏။ ယင်းနာမ်တရားတို့ကိုလည်း ဃနပြိုအောင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းပါ။ ရုပ်မှာ ကမ္မဇရုပ်တို့ပင် ဖြစ်ကြ၏၊ မကင်းစကောင်းသော အဝိနာဘာဝနည်းအရ စတုသမုဋ္ဌာနိက ရုပ်အားလုံးကိုပါ ရောနှော ခြုံငုံ၍ ရှုပါ။ ပရမတ်အချင်းချင်း ကြောင်း-ကျိုး ဆက်နွယ်မှု သဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အထက်ပါအတိုင်း အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ အရာရာတွင် နည်းတူပင် သဘောပေါက်ပါ။ ယခုအခါ ဝီထိစိတ်အစဉ်များ အတွင်း၌ ကမ္မဝိညာဏ်ကြောင့် ဖြစ်ပေါ်လာသော ဝိပါက် နာမ်ရုပ်တို့ကို သိမ်းဆည်းပုံကို အရိပ်အမြွက်မျှ တင်ပြအပ်ပါသည်။]
ခြုံ၍ရှုသော ရှုကွက်ပုံစံ အချို့
၁။ အတိတ် ကမ္မဝိညာဏ် ဖြစ်ခြင်းကြောင့် စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံ ဝိပါက်နာမ်ရုပ် ဖြစ်၏၊ အတိတ် ကမ္မဝိညာဏ်က အကြောင်းတရား၊ စက္ခုဝိညာဏ် သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံ ဝိပါက် နာမ်ရုပ်က အကျိုးတရား။
၂။ အတိတ် ကမ္မဝိညာဏ် ဖြစ်ခြင်းကြောင့် သောတဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံ ဝိပါက်နာမ်ရုပ် ဖြစ်၏၊ အတိတ် ကမ္မဝိညာဏ်က အကြောင်းတရား၊ သောတဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံ ဝိပါက် နာမ်ရုပ်က အကျိုးတရား။
၃။ အတိတ် ကမ္မဝိညာဏ် ဖြစ်ခြင်းကြောင့် ဃာနဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံ ဝိပါက်နာမ်ရုပ် ဖြစ်၏။ အတိတ် ကမ္မဝိညာဏ်က အကြောင်းတရား၊ ဃာနဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံ ဝိပါက် နာမ်ရုပ်က အကျိုးတရား။
၄။ အတိတ် ကမ္မဝိညာဏ် ဖြစ်ခြင်းကြောင့် ဇိဝှါဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံ ဝိပါက်နာမ်ရုပ် ဖြစ်၏၊ အတိတ် ကမ္မဝိညာဏ်က အကြောင်းတရား၊ ဇိဝှါဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံ ဝိပါက် နာမ်ရုပ်က အကျိုးတရား။
၅။ အတိတ် ကမ္မဝိညာဏ် ဖြစ်ခြင်းကြောင့် ကာယဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံ ဝိပါက်နာမ်ရုပ် ဖြစ်၏၊ အတိတ် ကမ္မဝိညာဏ်က အကြောင်းတရား၊ ကာယဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံ ဝိပါက် နာမ်ရုပ်က အကျိုးတရား။
၆။ အတိတ် ကမ္မဝိညာဏ် ဖြစ်ခြင်းကြောင့် တဒါရုံ ဝိပါက်နာမ်ရုပ် ဖြစ်၏။
အတိတ် ကမ္မဝိညာဏ်က အကြောင်းတရား၊ တဒါရုံ ဝိပါက်နာမ်ရုပ်က အကျိုးတရား။
[မှတ်ချက် --- အနာဂတ် ဘဝတစ်ခုခုအတွက် ရည်ရွယ်၍ ပြုစုပျိုးထောင်နေသော ပစ္စုပ္ပန် သင်္ခါရကံ တို့နှင့် စိတ္တက္ခဏတစ်ခုအတွင်း၌ အတူယှဉ်တွဲ၍ ဖြစ်နေသော ကုသိုလ် အကုသိုလ် ဝိညာဏ်သည်လည်း ကမ္မဝိညာဏ်ပင် ဖြစ်သည်။ ယင်းပစ္စုပ္ပန် ကမ္မဝိညာဏ်ကြောင့် အနာဂတ်ဘဝတွင် ပဋိသန္ဓေ နာမ်ရုပ်စသော ဝိပါက်နာမ်ရုပ်များ ဖြစ်ပုံကိုလည်း ရှုရမည်သာ ဖြစ်သည်။ သို့သော် ယင်းရှုကွက်ကား ဘဝပစ္စယာ ဇာတိ --- ဟူသော ရှုကွက်တွင် အကျုံးဝင်ပေသည်။ ဤသို့ ခြုံ၍ ရှုရာ၌ စက္ခုဒွါရဝီထိ မနောဒွါရဝီထိစသည်တို့၌ နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများအတိုင်း အတန်းတိုင်းတွင် အကောင်းအုပ်စု မကောင်းအုပ်စုများကို ကုန်စင် အောင် ရှုပါ။ ထိုသို့ရှုရာ၌ စက္ခုဒွါရ ဝီထိ၌ တည်ရှိသော တဒါရုံ, နောက်လိုက်မနောဒွါရဝီထိ စသော မနောဒွါရဝီထိ၌ တည်ရှိသော တဒါရုံ --- ဟူသော တဒါရုံ နှစ်မျိုးလုံး ပါဝင်ပါစေ။ အရာရာတွင် နည်းတူမှတ်ပါ။ သို့သော် အောက်ပါအတိုင်း ခွဲ၍ ရှုခြင်းက ပို၍ အသိဉာဏ်သန့်ရှင်းပေသည်။]
ခွဲ၍ရှုပုံ ပုံစံအချို့
၁။ အတိတ် ကမ္မဝိညာဏ် ဖြစ်ခြင်းကြောင့် စက္ခုဝိညာဏ် နာမ်ရုပ် ဖြစ်၏။
အတိတ် ကမ္မဝိညာဏ်က အကြောင်း တရား၊ စက္ခုဝိညာဏ် နာမ်ရုပ်က အကျိုးတရား။
၂။ အတိတ် ကမ္မဝိညာဏ် ဖြစ်ခြင်းကြောင့် သမ္ပဋိစ္ဆိုင်း နာမ်ရုပ် ဖြစ်၏။
အတိတ် ကမ္မဝိညာဏ်က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း နာမ်ရုပ်က အကျိုးတရား။
၃။ အတိတ် ကမ္မဝိညာဏ် ဖြစ်ခြင်းကြောင့် သန္တီရဏ နာမ်ရုပ် ဖြစ်၏။
အတိတ် ကမ္မဝိညာဏ်က အကြောင်းတရား၊ သန္တီရဏနာမ်ရုပ်က အကျိုးတရား။
၄။ အတိတ် ကမ္မဝိညာဏ် ဖြစ်ခြင်းကြောင့် တဒါရုံ နာမ်ရုပ် ဖြစ်၏၊
အတိတ် ကမ္မဝိညာဏ်က အကြောင်းတရား၊ တဒါရုံ နာမ်ရုပ်က အကျိုးတရား။
ဤမျှဆိုလျှင် နည်းမှီးနိုင်လောက်ပေပြီ။ အတန်းတိုင်း၌ အကောင်းအုပ်စု မကောင်းအုပ်စုများကို ကုန်စင်အောင် ရှုပါ။ သောတဒွါရဝီထိစသည်တို့၌လည်း နည်းမှီး၍သာ ရှုပါ။ အတိတ်က ပြုစုပျိုးထောင်ခဲ့သည့် ကုသိုလ် ကမ္မဝိညာဏ်ကြောင့် နာမ်ရုပ် ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရား တို့ကို သိမ်းဆည်းရှုပွားသကဲ့သို့ အလားတူပင် အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့မိသည့် အကုသိုလ် ကမ္မဝိညာဏ်ကြောင့် နာမ်ရုပ် ဖြစ်ပုံကိုလည်း ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်း ရှုပွားပါ။ အလားတူပင် ပဋိသန္ဓေ ဘဝင်စသော ဝိပါက်နာမ်ရုပ်တို့ကို ဖြစ်စေတတ်သော ကံမှ အခြားတစ်ပါးသော ကုသိုလ်ကံကြောင့် ဝိပါက်နာမ်ရုပ် ဖြစ်ပုံကိုလည်း ဤအပိုင်းတွင် ထည့်သွင်း၍ ရှုနိုင်ပါသည်။ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းနိုင်ပါသည်။
(ခ) ဝိညာဏပစ္စယာ ရူပံ
ယံ အသညေသု သဗ္ဗတ္ထ, ပဉ္စဝေါကာရဘဝေ စ ပဝတ္တိယံ ဝိညာဏပစ္စယာ ရူပမေဝ။ (အဘိ၊ဋ္ဌ၊၂၊၁၆၃။ ဝိသုဒ္ဓိ၊၂၊၁၉၄။)
အသညေသူတိအာဒိ ကမ္မဝိညာဏပစ္စယံ သန္ဓာယ ဝုတ္တံ။ ပဉ္စဝေါကာရဘဝေ စ ပဝတ္တိယန္တိ ဘဝင်္ဂါဒိဇနကကမ္မတော အညေန ရူပုပ္ပတ္တိကာလံ, နိရောဓသမာပတ္တိကာလံ, ဘဝင်္ဂါဒိဥပ္ပတ္တိကာလတော အညကာလဉ္စ သန္ဓာယ ဝုတ္တန္တိ ယုတ္တံ။ (မူလဋီ၊၂၊၁၁၅။ မဟာဋီ၊၂၊၃၁၉။)
အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ပဋိသန္ဓေ ဘဝင်စသော နာမ်ဝိပါက်ကို ဖြစ်စေတတ်သော ရှေးကံမှ တစ်ပါးသော အခြားအခြားသော ရှေးအတိတ်ကုသိုလ်ကံကြောင့် သို့မဟုတ် အကုသိုလ်ကံကြောင့် ရုပ်ကိုသာ ဖြစ်စေရာအခါ၌ --- အတိတ် ကမ္မဝိညာဏ်ကြောင့် ရုပ်သာလျှင် ဖြစ်၏။ နိရောဓသမာပတ် ဝင်စားရာအခါ၌လည်း ရှေးကမ္မဝိညာဏ်ကြောင့် ရုပ်သာဖြစ်၏။ ပဉ္စဝေါကာရဘုံဝယ် ပဝတ္တိအခါ၌ ဘဝင်စသော ဝိပါက်စိတ်ဖြစ်ရာ အခါမှ တစ်ပါးသော ပဉ္စဒွါရဝီထိများ၌ ပဉ္စဒွါရာဝဇ္ဇန်း, ဝုဋ္ဌော, ဇော, မနောဒွါရဝီထိများ၌ မနောဒွါရာဝဇ္ဇန်း, ဇောဟူသော စိတ်တို့ ဖြစ်ရာအခါ၌လည်း အတိတ် ကမ္မဝိညာဏ်ကြောင့် ရုပ်သာ (ကမ္မဇရုပ်သာ) ဖြစ်၏။ (မူလဋီ၊၂၊၁၁၅။ မဟာဋီ၊၂၊၃၁၉။)
နိရောဓသမာပတ်အခိုက် ကမ္မဝိညာဏ်ကြောင့် ရုပ်ဖြစ်ပုံအပိုင်းကား အသင်သူတော်ကောင်းနှင့် မသက်ဆိုင်သေးသဖြင့် (ပုထုဇန်များနှင့် မသက်ဆိုင်သေးသဖြင့် ခေတ္တ ချန်လှပ်ထားပါ။) သို့အတွက် အသင် သူတော်ကောင်းအဖို့ ဝိညာဏ်ကြောင့် ရုပ်သက်သက် ဖြစ်ပုံကို ရှုရမည့် အပိုင်းမှာ (၂)ပိုင်း ရှိပေသည်။
၁။ အတိတ် ကမ္မဝိညာဏ် တစ်ခုကြောင့် ဘဝင် (စုတိ) ပဉ္စဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံ စသည့် ဝိပါက်နာမ်ရုပ်တို့ ဖြစ်ခိုက်ဝယ်, ယင်းကမ္မဝိညာဏ်မှ အခြားတစ်ပါးသော အတိတ်က ပြုစုပျိုးထောင်ခဲ့သည့် ကုသိုလ်ကံ, သို့မဟုတ် အကုသိုလ်ကံကြောင့် ကမ္မဇရုပ်တို့လည်း ဖြစ်နိုင်ကြ၏။ ယင်းအခြားတစ်ပါးသော ကံကြောင့် ကမ္မဇရုပ် ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ---
ကမ္မဝိညာဏ်ဖြစ်ခြင်းကြောင့် (ကမ္မဇ)ရုပ် ဖြစ်၏။
ကမ္မဝိညာဏ်က အကြောင်းတရား၊ (ကမ္မဇ)ရုပ်က အကျိုးတရား။ ဤသို့ အကြောင်းတရား အကျိုးတရား တို့ကို သိမ်းဆည်းပါ။
၂။ ပဉ္စဒွါရာဝဇ္ဇန်း, ဝုဋ္ဌော, ဇော၊ မနောဒွါရာဝဇ္ဇန်း, ဇော ဟူသော ကြိယာစိတ် ကုသိုလ်စိတ် အကုသိုလ်စိတ်တို့ ဖြစ်ခိုက်၌လည်း ပဋိသန္ဓေ ဘဝင်စသော ဝိပါက် နာမ်ရုပ်တို့ကို ဖြစ်စေတတ်သော ပုညာဘိသင်္ခါရအမည်ရသော ကုသိုလ်ဝိညာဏ်ကြောင့်လည်းကောင်း, ယင်းပဋိသန္ဓေ ဘဝင်စသည့် ဝိပါက်နာမ်ရုပ်ကို ဖြစ်စေတတ်သော ကံမှ အခြားတစ်ပါးသော ကုသိုလ်ကံ အကုသိုလ်ကံ = ကုသိုလ်ကမ္မဝိညာဏ် အကုသိုလ် ကမ္မဝိညာဏ်ကြောင့် လည်းကောင်း ကမ္မဇရုပ်တို့သည် ဖြစ်နေကြ၏။ (ဤရှုကွက်ကို ရှုရာ၌ ပဋိသန္ဓေမှစ၍ စုတိစိတ်မှ ပြန်၍ ရေတွက်သော် (၁၇)ချက်မြောက်သော စိတ်သို့တိုင်အောင် ဘဝတစ်လျှောက်လုံး၌ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း, ဌီကာလတိုင်း, ဘင်ကာလတိုင်း၌ ကမ္မဇရုပ်တို့သည် အမြဲ ဖြစ်နေကြသည်ဟူသော ကျမ်းဂန်အဆိုအမိန့်များကို မမေ့ပါနှင့်။) ယင်းကမ္မဝိညာဏ်တို့ကြောင့် ပဉ္စဒွါရာဝဇ္ဇန်း, ဝုဋ္ဌော, ဇော၊ မနောဒွါရာဝဇ္ဇန်း, ဇောစိတ်တို့ အခိုက်၌ ကမ္မဇရုပ်ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ---
အတိတ် ကမ္မဝိညာဏ် ဖြစ်ခြင်းကြောင့် (ကမ္မဇ)ရုပ် ဖြစ်၏၊
အတိတ် ကမ္မဝိညာဏ်က အကြောင်းတရား၊ (ကမ္မဇ)ရုပ်က အကျိုးတရား။
ဤသို့ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ ဤအမှတ် (၁)နှင့် အမှတ် (၂) ရှုကွက် နှစ်ခုကို ဆက်စပ်ကြည့်ပါက ပဉ္စဝေါကာရဘုံဝယ် ပဝတ္တိအခါ၌ --- ဘဝင်စိတ်တို့ ဖြစ်ခိုက်၌သော်လည်းကောင်း ဝီထိစိတ်တို့ ဖြစ်ခိုက်၌သော်လည်းကောင်း အတိတ် ကမ္မဝိညာဏ်ကြောင့် ကမ္မဇရုပ်ဖြစ်ပုံကို သိမ်းဆည်း ရှုပွား နိုင်၏ဟု အဖြေထွက်နေပေသည်။ သို့သော် ကမ္မဝိညာဏ်ကို အရကောက်ယူပုံနှင့် ကမ္မဇရုပ်ကို အရကောက် ယူပုံတို့ကို အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ခွဲခြား၍ကား မှတ်သားပါ။
ထိုကြောင့် ဆိုင်ရာဆိုင်ရာ အတိတ် ကမ္မဝိညာဏ်ကြောင့် ဆိုင်ရာဆိုင်ရာ ကမ္မဇရုပ် သက်သက်ဖြစ်ပုံကို အာရုံယူ၍ အကြောင်းအကျိုး သိမ်းဆည်းရာ၌ မှတ်သားလွယ်ကူစေရန် ဘဝင်အခိုက်၌ ကမ္မဇရုပ်သက်သက် ဖြစ်ပုံကို သိမ်းဆည်းပြီးသောအခါ စက္ခုဒွါရဝီထိစသော ထိုထို ဝီထိစိတ္တက္ခဏတို့၌လည်း ဆိုင်ရာဆိုင်ရာ အတိတ် ကမ္မဝိညာဏ်ကြောင့် ကမ္မဇရုပ်ဟူသော ရုပ်သက်သက်ဖြစ်ပုံကိုလည်း ဝီထိစိတ် ဖြစ်စဉ်အတိုင်း အစဉ် အတိုင်း သိမ်းဆည်းနိုင်ပါသည်။ တစ်ဖန် အကယ်၍ အသင်သူတော်ကောင်းသည် အတိတ်ဘဝတစ်ခုခုတွင် အသညသတ်ဘုံသို့ ရောက်ခဲ့ဖူးသည်ကို ဉာဏ်ဖြင့် တွေ့မြင်သည် ဖြစ်အံ့ ---- ထိုအခါတွင်လည်း ရူပါဝစရ စတုတ္ထစျာန် သို့မဟုတ် ပဉ္စမစျာန်ဟူသော ရူပါဝစရ ပုညာဘိသင်္ခါရကြောင့် ဇီဝိတနဝကကလာပ်ဟူသော ရုပ်သက်သက် ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းအကျိုးတို့ကို သိမ်းဆည်းပါ။
(ဂ) ဝိညာဏပစ္စယာ နာမံ
ယံ အာရုပ္ပေ ပဝတ္တိပဋိသန္ဓီသု, ပဉ္စဝေါကာရဘဝေ စ ပဝတ္တိယံ ဝိညာဏပစ္စယာ နာမမေဝ။ (အဘိ၊ဋ္ဌ၊၂၊၁၆၃။ ဝိသုဒ္ဓိ၊၂၊၁၉၄။)
အသင်သူတော်ကောင်းသည် အတိတ်ဘဝတစ်ခုဝယ် အရူပဘုံ၌ ပဋိသန္ဓေတည်နေခဲ့ဖူးအံ့၊ အာနေဉ္ဇာဘိသင်္ခါရ အမည်ရသော ကမ္မဝိညာဏ်ကြောင့် နာမ်ခန္ဓာလေးပါးဟူသော နာမ်သာ ထိုအခါ၌ ဖြစ်နိုင်၏။ ယင်းကမ္မဝိညာဏ်ကြောင့် နာမ်သာ ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အကြောင်းတရား အကျိုးတရား တို့ကို သိမ်းဆည်းရမည် ဖြစ်ပါသည်။
သို့သော် ယခု ဤဘဝတွင်ကား ပဉ္စဝိညာဏ်ကြောင့် သဗ္ဗစိတ္တသာဓာရဏ စေတသိက် (၇)လုံးဟူသော စေတသိက်နာမ်သာ ဖြစ်ပုံကို သိမ်းဆည်းရမည် ဖြစ်သည်။ ပဉ္စဝိညာဏ်နှင့် ယှဉ်ဖက်စေတသိက် နာမ်တရားတို့မှာ စိတ္တက္ခဏ တစ်ခု၏ အတွင်း၌ ပြိုင်တူဖြစ်ကြသော တရားများဖြစ်ကြ၏။ ထိုကြောင့် ယင်းပဉ္စဝိညာဏ်တို့ကို အကျိုး စေတသိက်နာမ်နှင့် ပြိုင်တူဖြစ်သောကြောင့် သဟဇာတဝိညာဏ်ဟု ခေါ်ဆို၏။ ထိုကြောင့် ဤရှုကွက်ကို သဟဇာတဝိညာဏ်ပိုင်းတွင် ရောနှော၍ ရှုပါ။ ယင်း ပဉ္စဝိညာဏ်တို့သည် စိတ္တဇရုပ်ကို မဖြစ်စေနိုင်ဘဲ စေတသိက် နာမ်ကိုသာ ဖြစ်စေနိုင်ကြသည်။ စုတိစိတ်၌လည်း နည်းတူ မှတ်ပါ။ ပဉ္စဝေါကာရဘုံ၌ကား ကမ္မဝိညာဏ်ကြောင့် နာမ်ရုပ် နှစ်မျိုးလုံးပင် အခါခပ်သိမ်း ဖြစ်၏ဟု ဆိုသင့်ပေသည်။ (မူလဋီ၊၂၊၁၁၅။)
သင်္ခါရနှင့် ကမ္မဘဝ = ကံ
အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းနေသည့် ဤပစ္စယပရိဂ္ဂဟဉာဏ်ပိုင်း၌ကား နာနာက္ခဏိကကမ္မပစ္စယသတ္တိနှင့် ဝိပါက်နာမ်ရုပ်တို့၏ အကြောင်းနှင့်အကျိုး ဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရ၏။ သို့သော် ဝိပဿနာရှုရာ၌ကား ယင်းကမ္မသတ္တိကို လက္ခဏာယာဉ် သုံးချက်တင်၍ ဝိပဿနာမရှုကောင်းသဖြင့် ဝိပဿနာရှု၍ ရကောင်းသော သင်္ခါရနှင့် ကမ္မဘဝ = ကံတို့၏ အထူးကိုလည်း မှတ်သားထားသင့်၏။
၁။ ထိုထို ကုသိုလ်ဖြစ်ကြောင်းအမှု အကုသိုလ်ဖြစ်ကြောင်းအမှုတို့ကို ပြုလုပ်ရာ၌ အထမမြောက်မီ ရှေးအဖို့၌ ဖြစ်သော စေတနာသည် သင်္ခါရမည်၏၊ အထမြောက်သော မုဉ္စစေတနာသည် သို့မဟုတ် သန္နဋ္ဌာပကစေတနာ သည် ကမ္မဘဝမည်၏။
၂။ တစ်နည်း ---- ထိုထို ကောင်းမှု မကောင်းမှုတို့ကို ပြုလုပ်နေစဉ် အချိန်ကာလများအတွင်း၌ ဖြစ်ပေါ် နေကြသော ဝီထိစိတ်အစဉ်များစွာတို့တွင် ဝီထိအသီးအသီး၌ ပါရှိသော ဇော (၇) ကြိမ်အနက် ရှေးဇော (၆) ကြိမ်တို့နှင့် ယှဉ်သော စေတနာသည် သင်္ခါရမည်၏။ သတ္တမဇောနှင့် ယှဉ်သော စေတနာသည် ကမ္မဘဝမည်၏။
၃။ တစ်နည်း ---- ထိုဇောအသီးအသီးဟူသော ဇောစိတ္တက္ခဏတိုင်း ဇောစိတ္တက္ခဏတိုင်း၌ ပါရှိသော ကုသိုလ်စေတနာ သို့မဟုတ် အကုသိုလ်စေတနာနှင့် ယှဉ်သော စိတ် စေတသိက် သမ္ပယုတ်တရားဟူသမျှသည် သင်္ခါရမည်၏၊ ကုသိုလ်စေတနာ သို့မဟုတ် အကုသိုလ်စေတနာ ဟူသမျှသည် ကမ္မဘဝမည်၏။ ဤကား သင်္ခါရနှင့် ကမ္မဘဝ အထူးတည်း။ (အဘိ၊ဋ္ဌ၊၂၊၁၈၂-၁၈၃။)
ဤသတ်မှတ်ချက်အရ -- ထိုထိုကောင်းမှု သို့မဟုတ် မကောင်းမှုကို မပြုမီ, ပြုဆဲ, ပြုပြီးကာလတို့၌ ဖြစ်ပြီး ဖြစ်ဆဲ ဝီထိစိတ်အစဉ်တို့ကို နာမ်တုံး နာမ်ခဲဟူသော နာမ်ဃန အသီးအသီးကို ပြိုအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းနိုင်လျှင် ဝိပဿနာရှုနိုင်လျှင်ကား သင်္ခါရနှင့် ကမ္မဘဝ နှစ်မျိုးလုံး ပါဝင်ပြီးပင် ဖြစ်တော့သည်။ ဤသင်္ခါရနှင့် ကမ္မဘဝတို့ကိုကား ဝိပဿနာရှုကောင်း၏။
၂။ သဟဇာတဝိညာဏ်ကြောင့် သဟဇာတနာမ်ရုပ် ဖြစ်ပုံ ရှုကွက်ပုံစံအချို့
ဝိညာဏပစ္စယာ နာမရူပံ - ဝယ် ဝိညာဏ်အရ အတိတ် ကမ္မဝိညာဏ်ကို အရကောက်ယူလျှင် နာမရူပံ၌ ပါဝင်သော နာမ်တရားအရ ဝိပါက်ဝိညာဏ် စိတ်+စေတသိက် = နာမ်တရားအားလုံးကို ကောက်ယူရ၏။ ဝိညာဏ်အရ ပစ္စုပ္ပန်ဘဝတွင် အကျုံးဝင်သော အကျိုးဖြစ်သော နာမ်တရားနှင့် အတူယှဉ်တွဲဖြစ်သော သဟဇာတဝိညာဏ်ကို အရကောက်ယူလျှင် အကျိုးနာမ်အရ ယင်းသဟဇာတဝိညာဏ်နှင့် ယှဉ်ဖက် သမ္ပယုတ်တရား ဖြစ်သော စေတသိက်ကိုသာ ကောက်ယူရ၏။ အကျိုးရုပ်တရားအရ စိတ္တဇရုပ်ကိုသာ ပဓာနနည်းအားဖြင့် ကောက်ယူရ၏။ မကင်းစကောင်းသော အဝိနာဘာဝနည်းအားဖြင့်ကား စတုသမုဋ္ဌာနိက ရုပ်အားလုံးကိုပင် သိမ်းကျုံး၍ ဝိပဿနာ ရှုနိုင်၏။ စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ၍ ဖြစ်ကြသော စိတ်နှင့်စေတသိက် တို့တွင် စိတ်က စေတသိက်အားလည်းကောင်း စိတ္တဇရုပ်အားလည်းကောင်း ကျေးဇူးပြုပုံကို ဟောကြား တော်မူသည့်အပိုင်း ဖြစ်၏။ သို့အတွက် သဟဇာတဝိညာဏ်ပိုင်း၌ ဝိပါက်ဝိညာဏ်ကိုသာ မကောက်ယူဘဲ ကုသိုလ် အကုသိုလ် ဝိပါက် ကြိယာဝိညာဏ် အားလုံးကိုပင် အရကောက်ယူ၍ နာမ်အရ ယှဉ်ဖက်စေတသိက် အားလုံးကိုပင် ထိုက်သလို ကောက်ယူပါ။ တစ်ဖန် ပဉ္စဝိညာဏ်တို့သည် ရုပ်ကို မဖြစ်စေနိုင်သဖြင့် ပဉ္စဝိညာဏ် ကြောင့် နာမ်သာ ဖြစ်၏ဟု မှတ်ပါ။ ရှေးဦးစွာ စိတ္တက္ခဏ တစ်ခုအတွင်း၌ အတူဖြစ်ကြသော စိတ်စေတသိက် စိတ္တဇရုပ်များကို ဉာဏ်ဖြင့် မြင်အောင်ကြည့်ပါ။ ထိုတွင် အသိစိတ်ဝိညာဏ်၏ ဦးဆောင်မှုကြောင့် ယှဉ်ဖက် စေတသိက် နာမ်တရားများ ဖြစ်ပေါ်လာပုံနှင့် ယင်းစိတ်စေတသိက်တို့ကြောင့် စိတ္တဇရုပ်များ ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင် တစ်ဖန် ထပ်ကြည့်ပါ။ ဉာဏ်မျက်စိဖြင့် ကိုယ်တိုင် သိမြင်သောအခါတွင် အောက်ပါအတိုင်း အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။
၁။ ပဋိသန္ဓေဝိညာဏ် ဖြစ်ခြင်းကြောင့် ပဋိသန္ဓေနာမ်ရုပ် ဖြစ်၏။
ပဋိသန္ဓေဝိညာဏ်က အကြောင်းတရား၊ ပဋိသန္ဓေနာမ်ရုပ်က အကျိုးတရား။
(နာမ် = စေတသိက် - ၃၃။ ရုပ် = ကမ္မဇရုပ် - ၃၀။)
၂။ ဘဝင်ဝိညာဏ် ဖြစ်ခြင်းကြောင့် ဘဝင်နာမ်ရုပ် ဖြစ်၏။
ဘဝင်ဝိညာဏ်က အကြောင်းတရား၊ ဘဝင်နာမ်ရုပ်က အကျိုးတရား။
(နာမ် = စေတသိက် - ၃၃။ ရုပ် = စိတ္တဇရုပ်။)
၃။ စုတိဝိညာဏ် ဖြစ်ခြင်းကြောင့်၊ စုတိနာမ် ဖြစ်၏။
စုတိဝိညာဏ်က အကြောင်းတရား၊ စုတိနာမ်က အကျိုးတရား။
(ဝါဒကွဲ၌ စုတိစိတ်ကလည်း စိတ္တဇရုပ်ကို ဖြစ်စေနိုင်၏။)
ဤကား ဝီထိမုတ်စိတ်တို့၌ ရှုကွက် ဖြစ်သည်။ ဝီထိစိတ်တို့၌ ရှုကွက်မှာ အောက်ပါအတိုင်း ဖြစ်၏။
၁။ ပဉ္စဒွါရာဝဇ္ဇန်း ဝိညာဏ် ဖြစ်ခြင်းကြောင့် ပဉ္စဒွါရာဝဇ္ဇန်း နာမ်ရုပ် ဖြစ်၏။
ပဉ္စဒွါရာဝဇ္ဇန်း ဝိညာဏ်က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း နာမ်ရုပ်က အကျိုးတရား။
(နာမ် = စေတသိက် - ၁၀။ ရုပ် = စိတ္တဇရုပ်။)
၂။ စက္ခုဝိညာဏ် ဖြစ်ခြင်းကြောင့်၊ စက္ခုဝိညာဏ် နာမ် ဖြစ်၏။
စက္ခုဝိညာဏ်က အကြောင်းတရား၊ စက္ခုဝိညာဏ် နာမ်က အကျိုးတရား။
(နာမ် = စေတသိက် - ၇။)
သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယဝိညာဏ်တို့၌လည်း နည်းတူရှုပါ။
၃။ သမ္ပဋိစ္ဆိုင်း ဝိညာဏ် ဖြစ်ခြင်းကြောင့် သမ္ပဋိစ္ဆိုင်း နာမ်ရုပ် ဖြစ်၏။
သမ္ပဋိစ္ဆိုင်း ဝိညာဏ်က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း နာမ်ရုပ်က အကျိုးတရား။
(နာမ် = စေတသိက် - ၁၀။ ရုပ် = စိတ္တဇရုပ်။)
၄။ သန္တီရဏ ဝိညာဏ် ဖြစ်ခြင်းကြောင့် သန္တီရဏ နာမ်ရုပ် ဖြစ်၏။
သန္တီရဏ ဝိညာဏ်က အကြောင်းတရား၊ သန္တီရဏ နာမ်ရုပ်က အကျိုးတရား။
(နာမ် = ၁၁ သို့မဟုတ် - ၁၀။ ရုပ် = စိတ္တဇရုပ်။)
၅။ ဝုဋ္ဌော ဝိညာဏ် ဖြစ်ခြင်းကြောင့် ဝုဋ္ဌော နာမ်ရုပ် ဖြစ်၏။
ဝုဋ္ဌော ဝိညာဏ်က အကြောင်းတရား၊ ဝုဋ္ဌော နာမ်ရုပ်က အကျိုးတရား။
(နာမ် = စေတသိက် - ၁၁။ ရုပ် = စိတ္တဇရုပ်။)
၆။ ဇော ဝိညာဏ် ဖြစ်ခြင်းကြောင့် ဇော နာမ်ရုပ် ဖြစ်၏။
ဇော ဝိညာဏ်က အကြောင်းတရား၊ ဇော နာမ်ရုပ်က အကျိုးတရား။
(နာမ် = ယှဉ်ဖက်စေတသိက်များကို ထိုက်သလို ကောက်ယူပါ။ ရုပ် = စိတ္တဇရုပ်။)
၇။ တဒါရုံ ဝိညာဏ် ဖြစ်ခြင်းကြောင့် တဒါရုံ နာမ်ရုပ် ဖြစ်၏။
တဒါရုံ ဝိညာဏ်က အကြောင်းတရား၊ တဒါရုံ နာမ်ရုပ်က အကျိုးတရား။
(နာမ် = ယှဉ်ဖက်စေတသိက်ကို ထိုက်သလို ကောက်ပါ။ ရုပ် = စိတ္တဇရုပ်။)
(၆)လိုင်းလုံး၌ အကောင်းအုပ်စု မကောင်းအုပ်စုများကို ကုန်စင်အောင် ရှုပါ။ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ဖော်ပြထားသည့်အတိုင်း သန္တီရဏ ဇော တဒါရုံတို့၌ ယှဉ်ဖက်စေတသိက် အရေအတွက်ကို ထိုက်သလို ကောက်ယူပါ။ ဇော၌ (၇)ကြိမ်, တဒါရုံ၌ (၂)ကြိမ် အကွက်စေ့အောင် ရှုပါ။ စိတ္တက္ခဏတိုင်း၌ အကြောင်း အကျိုး သိမ်းဆည်းနိုင်အောင် ဇယားအတိုင်း ရှုပါ။
၃။ ပစ္ဆာဇာတ ဝိညာဏ် ဖြစ်ခြင်းကြောင့် ရုပ် ဖြစ်ပုံ
ပထမဘဝင်မှစ၍ ဝီထိစိတ် ဝီထိမုတ်စိတ်အားလုံးတို့သည် မိမိ မိမိတို့၏ ရှေးရှေးစိတ်တို့နှင့် အတူ ဥပါဒ်၍ ရုပ်၏ ဌီကာလသို့ ရောက်ရှိနေသော စတုသမုဋ္ဌာနိကရုပ်တို့အား ဘင်မတိုင်မီ တည်တံ့ ခိုင်ခံ့အောင် အားပေး ထောက်ပံ့တတ်၏။ ပစ္ဆာဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ ဤသဘောတရားကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ --- အောက်ပါအတိုင်း အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။
၁။ ပစ္ဆာဇာတ ဝိညာဏ် ဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏။
ပစ္ဆာဇာတ ဝိညာဏ်က အကြောင်းတရား၊ ရုပ်က အကျိုးတရား။
နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ဖော်ပြထားသည့်အတိုင်း တစ်တန်း တစ်တန်း၌ စက္ခုဒွါရဝီထိ၌ တစ်ချက်, နောက်လိုက် မနောဒွါရဝီထိ၌ တစ်ချက် ---- ဤသို့ အနည်းဆုံး နှစ်ကြိမ်စီခွဲ၍ အကြောင်း အကျိုး သိမ်းဆည်းပါ။ (၆)လိုင်းလုံး၌ အကောင်းအုပ်စု မကောင်းအုပ်စုများကို ကုန်အောင်ရှုပါ။ ဥပမာ - စက္ခုဒွါရဝီထိ ပစ္ဆာဇာတဝိညာဏ် ဖြစ်ခြင်းကြောင့် ရုပ် ဖြစ်၏။ စက္ခုဒွါရဝီထိ ပစ္ဆာဇာတဝိညာဏ်က အကြောင်းတရား၊ ရုပ်က အကျိုးတရား ---- ဤသို့ စသည်ဖြင့် ခြုံရှုနည်းမျိုးတည်း။ သို့သော် စိတ္တက္ခဏတိုင်း၌ တစ်လုံးစီ တစ်လုံးစီ ခွဲရှုခြင်းကား ပို၍ ကောင်းပါသည်။ ပို၍ အသိဉာဏ် သန့်ရှင်းပါသည်။
စိတ္တက္ခဏခွဲ၍ အကြောင်း အကျိုး သိမ်းဆည်းပုံ
၁။ ပစ္ဆာဇာတ (ဘဝင်) ဝိညာဏ် ဖြစ်ခြင်းကြောင့် ရုပ် ဖြစ်၏။
ပစ္ဆာဇာတ (ဘဝင်) ဝိညာဏ်က အကြောင်းတရား၊ ရုပ်က အကျိုးတရား။
(ဘဝင်မှာ ပဋိသန္ဓေနောင် ပထမဘဝင်စသော အမှတ်မထား တစ်ပါးပါးသော ဘဝင် ဝိညာဏ်တည်း။ ရုပ်မှာ ပဋိသန္ဓေအစရှိသော အမှတ်မထား တစ်ပါးပါးသော မိမိ၏ ရှေးစိတ်နှင့် အတူဥပါဒ်သော ရုပ်၏ ဌီကာလသို့ ရောက်ရှိ၍နေသော စတုသမုဋ္ဌာနိကရုပ်တည်း။)
၂။ ပစ္ဆာဇာတ (ပဉ္စဒွါရာဝဇ္ဇန်း) ဝိညာဏ် ဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏။
ပစ္ဆာဇာတ (ပဉ္စဒွါရာဝဇ္ဇန်း) ဝိညာဏ်က အကြောင်းတရား၊ ရုပ်က အကျိုးတရား။
(ရုပ် = မိမိ၏ေ့ရှ ဘဝင်္ဂုပစ္ဆေဒနှင့် အတူဥပါဒ်သော ရုပ်၏ ဌီကာလသို့ရောက်သော စတုသမုဋ္ဌာနိကရုပ် တည်း။)
၃။ ပစ္ဆာဇာတ စက္ခုဝိညာဏ် ဖြစ်ခြင်းကြောင့် ရုပ် ဖြစ်၏။
ပစ္ဆာဇာတ စက္ခုဝိညာဏ်က အကြောင်းတရား၊ ရုပ်က အကျိုးတရား။
(ရုပ် = ပဉ္စဒွါရာဝဇ္ဇန်းနှင့် အတူဥပါဒ်သော ရုပ်၏ ဌီကာလသို့ ရောက်သော စတုသမုဋ္ဌာနိကရုပ်တည်း၊၊)
၄။ ပစ္ဆာဇာတ (သမ္ပဋိစ္ဆိုင်း) ဝိညာဏ် ဖြစ်ခြင်းကြောင့် ရုပ် ဖြစ်၏။
ပစ္ဆာဇာတ (သမ္ပဋိစ္ဆိုင်း) ဝိညာဏ်က အကြောင်းတရား၊ ရုပ်က အကျိုးတရား။
(ရုပ် = စက္ခုဝိညာဏ်နှင့် အတူဥပါဒ်သော ရုပ်၏ ဌီကာလသို့ ရောက်နေသော ကမ္မဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်ဟူသော တိဇရုပ်တရားတည်း။ ပဉ္စဝိညာဏ်တို့သည် စိတ္တဇရုပ်ကို မဖြစ်စေနိုင် သောကြောင့် စိတ္တဇရုပ်လျော့သည်။)
၅။ ပစ္ဆာဇာတ (သန္တီရဏ) ဝိညာဏ် ဖြစ်ခြင်းကြောင့် ရုပ် ဖြစ်၏။
ပစ္ဆာဇာတ (သန္တီရဏ) ဝိညာဏ်က အကြောင်းတရား၊ ရုပ်က အကျိုးတရား။
(ရုပ် = သမ္ပဋိစ္ဆိုင်း ဝိညာဏ်နှင့် အတူဥပါဒ်သော စတုသမုဋ္ဌာနိကရုပ်တည်း။)
၆။ ပစ္ဆာဇာတ (ဝုဋ္ဌော) ဝိညာဏ် ဖြစ်ခြင်းကြောင့် ရုပ် ဖြစ်၏။
ပစ္ဆာဇာတ (ဝုဋ္ဌော) ဝိညာဏ်က အကြောင်းတရား၊ ရုပ်က အကျိုးတရား။
(ရုပ် = သန္တီရဏဝိညာဏ်နှင့် အတူဥပါဒ်သော စတုသမုဋ္ဌာနိကရုပ်တည်း။)
၇။ ပစ္ဆာဇာတ (ပထမဇော) ဝိညာဏ် ဖြစ်ခြင်းကြောင့် ရုပ် ဖြစ်၏။
ပစ္ဆာဇာတ (ပထမဇော) ဝိညာဏ်က အကြောင်းတရား၊ ရုပ်က အကျိုးတရား။
(ရုပ် = ဝုဋ္ဌောဝိညာဏ်နှင့် အတူဥပါဒ်သော စတုသမုဋ္ဌာနိကရုပ်တည်း။)
၈။ ပစ္ဆာဇာတ (ဒုတိယဇော) ဝိညာဏ် ဖြစ်ခြင်းကြောင့် ရုပ် ဖြစ်၏။
ပစ္ဆာဇာတ (ဒုတိယဇော) ဝိညာဏ်က အကြောင်းတရား၊ ရုပ်က အကျိုးတရား။
(ရုပ် = ပထမဇော ဝိညာဏ်နှင့် အတူဥပါဒ်သော စတုသမုဋ္ဌာနိကရုပ်တည်း။)
ဤမျှဆိုလျှင် ရှုကွက်ကို သဘောပေါက်သင့်ပြီ။ မိမိ ဝိညာဏ်၏ ရှေးရှေးစိတ်နှင့် အတူဥပါဒ်သော ရုပ်၏ ဌီကာလသို့ ရောက်နေသော ရုပ်တရားမှန်သမျှကို နောက်နောက်စိတ်က ပစ္ဆာဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု သည်သာ ဖြစ်သည်။ (၆)လိုင်းလုံး၌ အကောင်းအုပ်စု မကောင်းအုပ်စု ကုန်စင်အောင်ရှုပါ။
ပစ္စယနယ = ပစ္စယသတ္တိ
၁။ ဝိပါက်ဝိညာဏ်သည် ပဋိသန္ဓေအခါ၌သော်လည်းကောင်း, ပဝတ္တိအခါ၌သော်လည်းကောင်း (ပဉ္စဝေါကာရဘုံ၌ ရုပ်နှင့် ရောနှောနေသော, စတုဝေါကာရဘုံ၌ ရုပ်နှင့် မရောနှောသော) မိမိနှင့် ယှဉ်ဖက် သမ္ပယုတ် နာမ်ခန္ဓာ (၃)ပါးအား သဟဇာတ အညမည နိဿယ သမ္ပယုတ္တ ဝိပါက အာဟာရ ဣန္ဒြိယ အတ္ထိ အဝိဂတ ဟူသော (၉) ပစ္စယသတ္တိတို့ဖြင့် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေး၏။
၂။ ပဋိသန္ဓေအခါ၌ ပဋိသန္ဓေ ဝိပါက်ဝိညာဏ်သည် ဟဒယဝတ္ထုရုပ်အား သဟဇာတ အညမည နိဿယ ဝိပါက အာဟာရ ဣန္ဒြိယ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတ ဟူသော (၉) ပစ္စယသတ္တိတို့ဖြင့် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေး၏။
၃။ ယင်းပဋိသန္ဓေ ဝိပါက်ဝိညာဏ်သည် ပဋိသန္ဓေအခါ၌ ဟဒယဝတ္ထုမှ တစ်ပါးသော ကျန်ရုပ်တရားတို့အား (အသင်သူတော်ကောင်းအဖို့မူ ကျန် -၂၉ - မျိုးသော ရုပ်တရားတို့အား) သဟဇာတ နိဿယ ဝိပါက အာဟာရ ဣန္ဒြိယ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတ ဟူသော (၈) ပစ္စယသတ္တိတို့ဖြင့် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေး၏။ (အဘိ၊ဋ္ဌ၊၂၊၁၆၃။ ဝိသုဒ္ဓိ၊၂၊၁၉၅။)
၄။ အဘိသင်္ခါရဝိညာဏ် = ကမ္မဝိညာဏ်သည် အသညသတ် သတ္တဝါတို့၏ ရုပ်အားလည်းကောင်း, ပဉ္စဝေါကာရဘုံ၌ ကမ္မဇရုပ်အားလည်းကောင်း သုတ္တန်ဒေသနာတော်နည်းအားဖြင့် ဥပနိဿယပစ္စယသတ္တိ တစ်မျိုးတည်းဖြင့်သာလျှင် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေး၏။ (အဘိ၊ဋ္ဌ၊၂၊၁၆၃။ ဝိသုဒ္ဓိ၊၂၊၁၉၅။)
(ဝိညာဏ်ကို နာနာက္ခဏိကကမ္မပစ္စယသတ္တိဖြင့် မဟော၊ စေတနာကိုသာ ဟောထားသည်။ သတိပြုလေ၊၊)
သုတ္တန္တိကပရိယာယ --- ပဋ္ဌာန်းဒေသနာတော်၌ ရုပ်တရားတို့အား အဘိသင်္ခါရဝိညာဏ်က ပကတူပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုကြောင်းကို ဟောတော်မမူ။ သုတ္တန်ဒေသနာတော်များ၌ကား --- ယသ္မိံ သတိ ယံ ဟောတိ၊ အသတိ စ န ဟောတိ၊ သော တဿ ဥပနိဿယော နိဒါနံ ဟေတု ပဘဝေါ = အကြင် အကြောင်းတရားသည် ရှိလတ်သော် အကြင် အကျိုးတရားသည် ဖြစ်ပေါ်လာ၏၊ အကြင် အကြောင်းတရားသည် မရှိလတ်သော် အကြင် အကျိုးတရားသည် မဖြစ်ပေါ်လာပေ။ ထိုအကြောင်းတရားသည် ထိုအကျိုးတရား၏ အားကြီးသောမှီရာ ဥပနိဿယအကြောင်းတည်း၊ အကြောင်းရင်း နိဒါန်းတည်း၊ မူလအကြောင်းတည်း၊ လက်မွန် ပထမအကြောင်းတည်း -- ဤသို့ နှလုံးပိုက်တော်မူ၍ -- ဝိညာဏူပနိသံ နာမရူပံ = နာမ်ရုပ်သည် ဝိညာဏ်ဟူသော အားကြီးသောမှီရာ အကြောင်းရှိ၏။ --- ဟူ၍ ရုပ်တရား၏လည်း ဝိညာဏ်ဟူသော အားကြီးသောမှီရာ အကြောင်း ရှိသည်၏ အဖြစ်ကို ဟောတော်မူအပ်ပြီ။
သည်မျှသာမကသေး ဝနပတ္ထဒေသနာတော်၌ တောအုပ်, ရွာ, နိဂုံး, မြို့, ပုဂ္ဂိုလ်ဟူသော အားကြီးသော မှီရာ အကြောင်းရှိသော ဣရိယာပထဝိဟာရဟူသော ဣရိယာပုထ် (၄)ပါးဖြင့် နေခြင်းကို ဟောကြားထားတော် မူ၏။ ထိုဣရိယာပုထ်ဟူသော နေခြင်းကြောင့်လည်း သင်္ကန်းအစရှိကုန်သော အသက်၏ အရံအတားဖြစ်သော အသုံးအဆောင် ပရိက္ခရာ အဆောက်အဦတို့၏ ငြိုငြင် ပင်ပန်းသဖြင့်လည်းကောင်း, မငြိုငြင် မပင်ပန်းသဖြင့် လည်းကောင်း ကောင်းစွာ ဖြစ်ပေါ်၍လာခြင်းကို ဟောတော်မူအပ်ပြီ။ တစ်ဖန် တောအုပ်စသည်တို့သည် ဣရိယာပုထ်တို့၏လည်းကောင်း, သင်္ကန်းစသည်တို့၏ ကောင်းစွာ ဖြစ်ပေါ်လာခြင်း၏လည်းကောင်း အာရမ္မဏူပနိဿယ ပကတူပနိဿယစသည်၏ အဖြစ်သို့ကား မကပ်ရောက်ကုန်။ မသက်ဝင်ကုန်။ ထိုကြောင့် အကြောင်းနှင့် ကင်း၍ မဖြစ်ခြင်းကိုသာလျှင် သုတ္တန်ဒေသနာတော်နည်းအားဖြင့် ဥပနိဿယ၏ အဖြစ်ဟူ၍ မှတ်ထိုက်၏။ (မူလဋီ၊၂၊၁၁၆။)
ပဋိသန္ဓေ ဘဝင် စုတိဟူသော ဝိပါက်နာမ်တရားတို့သည် အတိတ်ဘဝက မရဏာသန္နဇောသည် ယူအပ်ခဲ့သော ကံ-ကမ္မနိမိတ်-ဂတိနိမိတ် ဟူသော အာရုံသုံးမျိုးတို့တွင် တစ်မျိုးမျိုးကို အာရုံပြုမြဲ ဓမ္မတာ ဖြစ်၏။ အကယ်၍ ပဋိသန္ဓေ နာမ်တရားစုသည် ကံ - အာရုံကို အာရုံပြုလျှင် အဘိသင်္ခါရဝိညာဏ်ကို အာရုံ ပြုသည်ဟု ဆိုသည်နှင့် အတူတူပင် ဖြစ်၏။ ကံဟူသော အဘိသင်္ခါရဝိညာဏ်ကို အာရုံပြု၍ ပဋိသန္ဓေ နာမ်တရားစုတို့ ဖြစ်ရာအခါ၌ အဘိသင်္ခါရဝိညာဏ်ဟူသော ကံသည် ပဋိသန္ဓေနာမ်အား ကျေးဇူးပြု၏။ --- ဤ အကြောင်းအရာကား ဆိုဖွယ်မရှိ အလွန်ထင်ရှား၏၊ ထိုကြောင့် ရုပ်အားသာလျှင် သုတ္တန္တိကဒေသနာတော်နည်း အားဖြင့် ဥပနိဿယပစ္စယသတ္တိဟူသော တစ်မျိုးသော ပစ္စယသတ္တိဖြင့်သာ ကျေးဇူးပြုသည်၏ အဖြစ်ကို အဋ္ဌကထာက ဖွင့်ဆိုခြင်း ဖြစ်သည်။ မှန်ပေသည် ယုံမှားဖွယ်နှင့်တကွ ဖြစ်သော = ယုံမှားသံသယ ဖြစ်ထိုက် သော ရုပ်တရား၏ ထိုအဘိသင်္ခါရဝိညာဏ်သည် အကြောင်းတရားဖြစ်သည်ဟု ဆိုလိုက်လျှင် သံသယရှိဖွယ် မလိုသော နာမ်တရား၏လည်း ထိုအဘိသင်္ခါရဝိညာဏ်သည် အကြောင်းတရားဖြစ်၏ဟူသော ဤအနက် အဓိပ္ပါယ်သည် ဆိုဖွယ်သည်ပင် မရှိတော့ပေဟု မှတ်ပါ။ (မူလဋီ၊၂၊၁၁၆။)
၁။ အဘိသင်္ခါရဝိညာဏ်မှ ကြွင်းသော ပဋိသန္ဓေနောင် ပထမဘဝင်မှ စ၍ အလုံးစုံသော ဝိညာဏ်ဟူသမျှ သည် (ပဉ္စဝိညာဏ်မှ တစ်ပါးသော ဝိညာဏ်ဟူသမျှသည်) = (သဟဇာတ ဝိညာဏ်ကို ဆိုလိုသည်။) ထိုထို နာမ်ရုပ်အား ထိုက်သည့်အားလျော်စွာ ထိုထိုပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ (သဟဇာတစသော ပစ္စယသတ္တိ တို့ဖြင့် ကျေးဇူးပြုမှုတည်း။ ပဋ္ဌာန်း ပြန်ကြည့်ပါ။)
အဘယ်ကြောင့် သိနိုင်ပါသလဲ?
ပဋိသန္ဓေ နာမ်ရုပ်သည် ဝိညာဏ်ကြောင့် ဖြစ်၏ဟူသော ဤအနက်အဓိပ္ပါယ်ကို အဘယ်နည်းဖြင့် သိထိုက်ပါသနည်း -- ဟု မေးရန် ရှိ၏။ သုတ္တ = ပါဠိတော်အားဖြင့်လည်းကောင်း အသင့်ယုတ္တိအားဖြင့် လည်းကောင်း သိထိုက်၏ ဟူပေ။
ဓမ္မသင်္ဂဏီပါဠိတော် (အဘိ၊၁၊၁၀။)၌ စိတ္တာနုပရိဝတ္တိနော ဓမ္မာ = စေတသိက်တရားတို့ကို စိတ်ကို အစဉ်လိုက်တတ်သော တရားတို့ဟူ၍ ဟောကြားထားတော်မူ၏။ ဤသို့စသော ဒေသနာနည်းများနှင့် အညီ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာဟူသော နာမ်ခန္ဓာသုံးပါးတို့၏ ဝိညာဏ်ဟူသော အကြောင်းတရား ထင်ရှားရှိကုန်သည်၏ အဖြစ်သည် ပြီးစီး၏။
တစ်ဖန် အသင့်ယုတ္တိအားဖြင့်ကား ---- လောက၌ သတ္တဝါတစ်ဦး၏ စိတ်ဓာတ်သည် ကြည်လင် သန့်ရှင်းသော် ထိုသတ္တဝါ၏ ရုပ်တရားတို့သည်လည်း ကြည်လင်သန့်ရှင်းစွာ ဖြစ်ပေါ်နေတတ်ကြကုန်၏။ သတ္တဝါတစ်ဦး၏ စိတ်ဓာတ်သည် မကြည်လင် မသန့်ရှင်းသော် ထိုသတ္တဝါ၏ ရုပ်တို့သည်လည်း မကြည်မလင် ဖြစ်ပေါ်လာတတ်ကြကုန်၏။ စိတ်ကြည်လင်သော် ရုပ်ကြည်လင်ခြင်း စိတ်မကြည်လင်သော် ရုပ်မကြည်လင် ခြင်းတို့ကို တိုက်ရိုက် တွေ့မြင်နိုင်ကုန်၏။ တိုက်ရိုက် တွေ့မြင်အပ်သော စိတ္တဇရုပ်ဖြင့်လည်း တိုက်ရိုက် မမြင်အပ်သော ရုပ်ကို လျော်စွာ သိတတ်သော အနုမာနဉာဏ်သည် = မှန်းဆသိခြင်းသည် ဖြစ်ပေါ်လာ၏။ ထိုကြောင့် ဤလောက၌ တိုက်ရိုက် မြင်အပ်သော စိတ္တဇရုပ်ကြောင့် တိုက်ရိုက် မမြင်အပ်သည်လည်း ဖြစ်သော ပဋိသန္ဓေကမ္မဇရုပ်အား ပဋိသန္ဓေ ဝိညာဏ်သည် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုနိုင်၏။ ---- ဤအနက် အဓိပ္ပါယ်ကို သိနိုင်ပါ၏။
ကမ္မသမုဋ္ဌာနဿာပိ ဟိ တဿ စိတ္တသမုဋ္ဌာနေဿဝ ဝိညာဏပစ္စယတာ ပဋ္ဌာနေ အာဂတာ။ (အဘိ၊ဋ္ဌ၊၂၊၁၆၄။)
ပဋိသန္ဓိက္ခဏေ ဝိပါကာဗျာကတော ဧကော ခန္ဓော တိဏ္ဏန္နံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၁၄၀။)
မှန်ပေသည် --- ပဋ္ဌာန်းဒေသနာတော်ဝယ် ပဝတ္တိအခါ ဝိပါက် အဗျာကတ နာမ်ခန္ဓာသုံးပါးတို့သည် လည်းကောင်း စိတ္တဇရုပ်တို့သည်လည်းကောင်း ဝိပါက် အဗျာကတ ဝိညာဏ်ကြောင့် ဖြစ်သည်ဟု ဟောကြား ထားတော်မူသကဲ့သို့ အလားတူပင် ပဋိသန္ဓေအခါ၌ ဝိပါက်အဗျာကတ ဝိညာဏ်သည် နာမ်ခန္ဓာ သုံးပါးတို့အား လည်းကောင်း ကဋတ္တာရုပ် = ကမ္မဇရုပ်တို့အားလည်းကောင်း သဟဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏ဟု လာရှိပေသည်။ (အဘိ၊ဋ္ဌ၊၂၊၁၆၄။)
တစ်ဖန် ဤပဋိစ္စသမုပ္ပါဒ် ဝိဘင်းပါဠိတော်၌ --- ဝိညာဏပစ္စယာ နာမရူပံ = ဝိညာဏ်ကြောင့် နာမ်ရုပ် ဖြစ်၏။ --- ဟု ဟောကြားတော်မူသော ဘုရားရှင်သည် စူးစမ်းဆင်ခြင်တတ်ကုန်သော = သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် သိမ်းဆည်းရှုပွားနိုင်ကုန်သော ပညာရှိသူတော်ကောင်း တို့၏ ဉာဏ်၌ ပရမတ်အားဖြင့် နာမ်ရုပ်မျှကိုသာ ဖြစ်သည်ကို တွေ့မြင်အပ်၏၊ သတ္တဝါကို မတွေ့မမြင်အပ်၊ ယောက်ျားကို မတွေ့မမြင်အပ်။ ထိုကြောင့် သမဏ အမည်ရသူသည်သော်လည်းကောင်း, ဗြာဟ္မဏ အမည် ရသူသည်သော်လည်းကောင်း, နတ်သည်သော်လည်းကောင်း, မာရ်နတ်သည်သော်လည်းကောင်း, ဗြဟ္မာသည် သော်လည်းကောင်း, လောက၌ တစ်စုံတစ်ယောက်သောသူသည်သော်လည်းကောင်း ဆန့်ကျင်ဘက် မလည် စေအပ် မလည်စေနိုင်သော = မတွန်းလှန်အပ် မတွန်းလှန်နိုင်သော အတုမရှိ မြတ်သော တရားဓမ္မစက်ကို လည်စေတော်မူအပ်ပေပြီ။ (အဘိ၊ဋ္ဌ၊၂၊၁၆၄။)
ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ဝိညာဏ်ကြောင့် နာမ်ရုပ်မျှသာ ဖြစ်သည်ကို တွေ့မြင်၏၊ ပုဂ္ဂိုလ် သတ္တဝါ ဖြစ်သည်ကို မတွေ့မြင်။ ထိုကြောင့် --- ဝိညာဏပစ္စယာ နာမရူပံ = ဝိညာဏ်ကြောင့် နာမ်ရုပ် ဖြစ်၏ --- ဟု ဟောတော်မူသော ဘုရားရှင်သည် ဝိညာဏ်ကြောင့် နာမ်ရုပ်မျှသာ ဖြစ်၏၊ ပုဂ္ဂိုလ် သတ္တဝါ မဖြစ်၊ ပုဂ္ဂိုလ် သတ္တဝါမရှိဟု ဟောတော်မူရာ ရောက်၏။ ထိုဟောတော်မူအပ်သော တရားတော်ကို မည်သူမျှ မတွန်းလှန် မပယ်ဖျက်နိုင်။ ထိုကြောင့် ထိုဝိညာဏ်ကြောင့် နာမ်ရုပ် ဖြစ်ပုံကိုသာ ဟောတော်မူသော မြတ်စွာဘုရားသည် အတုမရှိ မြတ်သော တရားဓမ္မစက်ကို လည်စေတော်မူအပ်ပြီ။ မှန်ပေသည် တရားဓမ္မစက်ကို လည်စေခြင်း ဖြစ်စေခြင်းဟူသည် အတ္တမှ ကင်းဆိတ်သည်၏အဖြစ်ကို ပြခြင်းတည်း။ ဤကား အဋ္ဌကထာ၏ ဆိုလိုရင်းတည်း။ (မူလဋီ၊၂၊၁၁၆။)
တစ်နည်း --- နာမ်ရုပ်သာရှိ၏။ --- ဟု ပြကြောင်းဖြစ်သော ဝိညာဏပစ္စယာ နာမရူပံ --- ဟူသော တရားတော်ဖြင့် အဆက်မပြတ် ဖြစ်၍နေသော နာမ်ရုပ်၏ ဒုက္ခသစ္စာ ဖြစ်ကြောင်းကို ပြတော်မူ၏။ ဒုက္ခသစ္စာကို တိုက်ရိုက်ပြတော်မူသဖြင့် ထိုဒုက္ခသစ္စာ၏ အကြောင်းရင်းဖြစ်သော တဏှာ = သမုဒယသစ္စာကိုလည်း ဖလူပစာရအားဖြင့် ပြတော်မူပြီး ဖြစ်၏။ ထိုဒုက္ခ၏ ချုပ်ကြောင်း နိရောဓသစ္စာကိုလည်းကောင်း, ထိုနိရောဓ၏ အကြောင်း ဖြစ်သော မဂ္ဂသစ္စာကိုလည်းကောင်း အဝိနာဘာဝနည်းအားဖြင့် = မကင်းစကောင်းသော နည်းအားဖြင့် တစ်နွယ်ငင် တစ်စင်ပါ ဟူ၏သို့ ပြတော်မူပြီး ဖြစ်၏။ အဘယ်ကြောင့်နည်း --- အကြောင်း မရှိသော ဒုက္ခသစ္စာတရားဟူသည် မရှိခြင်းကြောင့်လည်းကောင်း, အကြောင်း သမုဒယသစ္စာ၏ ချုပ်ခြင်း ကြောင့် မချုပ်သော အကျိုးတရား ဒုက္ခသစ္စာဟူသည် မရှိခြင်းကြောင့်လည်းကောင်း ဒုက္ခသစ္စာကို တိုက်ရိုက် ဟောပြတော်မူလိုက်သဖြင့် ထိုဒုက္ခသစ္စာ၏ အကြောင်းရင်းဖြစ်သော တဏှာ = သမုဒယသစ္စာကိုလည်း ဖလူပစာရအားဖြင့် ဟောပြတော်မူပြီးပင် ဖြစ်သည်။ တစ်ဖန် ဒုက္ခ သမုဒယတို့၏ ချုပ်ရာ ချုပ်ကြောင်း ဖြစ်သည့် နိရောဓသစ္စာတရားဟူသည်ကို အကြောင်းဖြစ်သော မဂ္ဂသစ္စာနှင့် ကင်း၍ = မဂ္ဂသစ္စာနှင့် မပြည့်စုံဘဲ မရထိုက်သည်၏ အဖြစ်ကြောင့် နိရောဓ-မဂ္ဂ သစ္စာနှစ်ပါးကိုလည်း ဟောပြတော်မူပြီးပင် ဖြစ်သည်။ --- ဤသို့ သစ္စာလေးပါးကို ပြတော်မူသော တရားတော်သည် ဓမ္မစက္ကပဝတ္တနသုတ်တော်ပင်တည်း။ မှန်ပေသည် --- ဓမ္မစက္ကပဝတ္တနသုတ်၌ ဣဒံ ဒုက္ခံ အရိယသစ္စန္တိ မေ ဘိက္ခဝေ --- စသည်ဖြင့် သစ္စာလေးပါးကို ထင်ရှား ပြခြင်းကိုပင် -- အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ = အတုမရှိ မြတ်သော တရားဓမ္မစက်ကို လည်စေတော်မူအပ်ပြီ ဟု ဟောတော်မူသည်။ (မူလဋီ၊၂၊၁၁၆-၁၁၇။)
__________