မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာနဂါမိနိပဋိပဒါ-တတိယတွဲ/ဝေဒနာပစ္စယာ တဏှာ

ဝီကီရင်းမြစ် မှ

ဝေဒနာပစ္စယာ တဏှာ

ဝေဒနာဖြစ်ခြင်းကြောင့် တဏှာဖြစ်၏။

ဤဝေဒနာကြောင့် တဏှာဖြစ်ပုံ အကျယ်ကို ညွှန်ပြရာ၌ --- သေဋ္ဌိပုတ္တ = သူဌေးသား, ဗြာဟ္မဏပုတ္တ = ပုဏ္ဏား၏ သား --- ဤသို့လျှင် အဖဘက်မှ ဆင်းသက်လာသော နာမည်၏ အစွမ်းဖြင့် သားကို ထင်ရှားအောင် ပြသကဲ့သို့ အလားတူပင် ---

၁။ ရူပတဏှာ = ရူပါရုံ၌ တပ်မက်တတ်သော တဏှာ,

၂။ သဒ္ဒတဏှာ = သဒ္ဒါရုံ၌ တပ်မက်တတ်သော တဏှာ,

၃။ ဂန္ဓတဏှာ = ဂန္ဓာရုံ၌ တပ်မက်တတ်သော တဏှာ,

၄။ ရသတဏှာ = ရသာရုံ၌ တပ်မက်တတ်သော တဏှာ,

၅။ ဖောဋ္ဌဗ္ဗတဏှာ = ဖောဋ္ဌဗ္ဗာရုံ၌ တပ်မက်တတ်သော တဏှာ,

၆။ ဓမ္မတဏှာ = ဓမ္မာရုံ၌ တပ်မက်တတ်သော တဏှာ --- ဟု

အာရုံမှ ဆင်းသက်လာသော နာမည်၏ အစွမ်းဖြင့် ဝိဘင်းပါဠိတော်၌ တဏှာ (၆)ပါးတို့ကို ဘုရားရှင်သည် ထင်ရှားပြသ ဟောကြားတော်မူအပ်ကုန်ပြီ။

ထိုတဏှာတို့တွင် တစ်မျိုး တစ်မျိုးသော တဏှာသည် ဖြစ်ပုံအခြင်းအရာအားဖြင့် ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာဟူ၍ သုံးမျိုးစီ ပြား၏။

၁။ ကာမတဏှာ --- စက္ခုပသာဒဝယ် ရူပါရုံ ထင်လာသောအခါ ထိုရူပါရုံတည်းဟူသော လိုချင်စရာ ဝတ္ထုကာမကို လွန်စွာသာယာခြင်း၏ အစွမ်းဖြင့် လွန်စွာသာယာလျက် ဖြစ်ပေါ်လာသော ရူပတဏှာသည်ပင် ကာမတဏှာ မည်၏။

၂။ ဘဝတဏှာ --- ထိုရူပါရုံကိုပင် မြဲ၏၊ အခါခပ်သိမ်း ထင်ရှား တည်ရှိ၏ --- ဟု ဖြစ်ပေါ်လာသော သဿတဒိဋ္ဌိနှင့် အတူတကွဖြစ်သော ရူပတဏှာသည် ဘဝတဏှာမည်၏။ မှန်ပေသည် --- သဿတဒိဋ္ဌိနှင့် အတူတကွဖြစ်သော ရာဂကို ဘဝတဏှာဟူ၍ ခေါ်ဆိုအပ်ပေသည်။

၃။ ဝိဘဝတဏှာ --- ထိုရူပါရုံကိုပင် ပြတ်၏ = သေလျှင် ပြတ်၏၊ ပျက်စီး၏ --- ဟု ဖြစ်ပေါ်လာသော ဥစ္ဆေဒဒိဋ္ဌိနှင့် အတူတကွဖြစ်သော ရူပတဏှာသည်ပင် ဝိဘဝတဏှာ မည်၏။ မှန်ပေသည် --- ဥစ္ဆေဒဒိဋ္ဌိနှင့် အတူတကွဖြစ်သော ရာဂကို ဝိဘဝတဏှာဟူ၍ ခေါ်ဆိုအပ်ပေသည်။ သဒ္ဒတဏှာ စသည်တို့၌လည်း နည်းတူ ပင်တည်း။ ဤသို့လျှင် တဏှာသည် (၃_၆ = ၁၈)မျိုး ဖြစ်၏။

အဇ္ဈတ္တအာရုံ (၆)ပါး၌ (၁၈)မျိုး, ဗဟိဒ္ဓအာရုံ (၆)ပါး၌ (၁၈)မျိုး ဖြစ်ရကား တဏှာ (၃၆)မျိုးတည်း။ အတိတ်၌လည်း တဏှာ (၃၆)မျိုး, အနာဂတ်၌လည်း တဏှာ (၃၆)မျိုး, ပစ္စုပ္ပန်၌လည်း တဏှာ (၃၆)မျိုး ပြားသဖြင့် ကာလသုံးပါးလုံး၌ ပေါင်းလိုက်သော် တဏှာ (၁၀၈)မျိုးတည်း။ ယင်းတို့ကို အကျဉ်းချုံးလိုက်သော် ရူပတဏှာ စသည်ဖြင့် (၆)မျိုး, ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာဟု (၃)မျိုး ဖြစ်သည်။ (အဘိ၊ဋ္ဌ၊၂၊၁၇၀-၁၇၁။ ဝိသုဒ္ဓိ၊၂၊၂၀၂။)

ရူပါရုံကို ဖြစ်စေ၊ သဒ္ဒစသော အာရုံတစ်ပါးပါးကို ဖြစ်စေ အတ္တဟု စွဲယူ၍ ထိုအတ္တသည် မြဲ၏ဟု စွဲယူတတ်သော သဿတဒိဋ္ဌိကို ဘဝဟု ခေါ်၏။ ထိုဘဝအမည်ရသော သဿတဒိဋ္ဌိနှင့် အတူတကွဖြစ်သော တဏှာသည် ဘဝတဏှာ မည်၏။ အာရုံ (၆)ပါး တစ်ပါးပါးကိုပင် အတ္တဟု စွဲယူ၍ အတ္တသည် အမြဲ မဖြစ် သေလျှင် ပြတ်၏ ---- ဟု စွဲယူတတ်သော ဥစ္ဆေဒဒိဋ္ဌိကို ဝိဘဝဟု ခေါ်၏။ ထိုဝိဘဝအမည်ရသော ဥစ္ဆေဒဒိဋ္ဌိနှင့် အတူတကွဖြစ်သော တဏှာသည် ဝိဘဝတဏှာ မည်၏။

ဝေဒနာကြောင့် တဏှာဖြစ်ပုံ

ဤသတ္တဝါတို့ကား သားကို လွန်စွာသာယာခြင်းကြောင့် သား၌ ငါ့သားဟု မြတ်နိုးတတ်ရကား နို့ချိုတိုက်ကျွေးကာ မွေးပေးတတ်သော နို့ထိန်းအား များစွာ အဖိုးအခပေးမှုကို ပြုရကုန်သကဲ့သို့ ထို့အတူ ရူပါရုံစသည်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော သားနှင့်တူသော ဝေဒနာကို လွန်စွာ သာယာခြင်းကြောင့် ဝေဒနာ၌ ငါ့ဝေဒနာ ငါ့ဥစ္စာဟု မြတ်နိုးတတ်ရကား နို့ထိန်းနှင့်တူစွာ ရူပါရုံ အစရှိသည့် အာရုံကို ပေးတတ်ကုန်သော ---

၁။ ရူပါရုံလှလှကို ရေးဆွဲတတ် ထုလုပ်တတ်သော ပန်းချီဆရာ ပန်းပုဆရာ,

၂။ အသံကောင်းကောင်း တီးပြတတ်သော စောင်းသမား,

၃။ အနံ့ကောင်းကောင်း ပြုလုပ်တတ်သော နံ့သာသည်,

၄။ အရသာကောင်းကောင်း ချက်ပြုတ်တတ်သော စားဖိုသည်,

၅။ အတွေ့အထိကောင်းသော အဝတ်တို့ကို ရက်လုပ်ပေးတတ်သော ရက်ကန်းသည်,

၆။ ဩဇာရုပ် ကောင်းကောင်းပါသော ရသာယနဆေးကို စီမံဖော်စပ်တတ်သော သမားတော် ---

ဤသို့ စသူတို့အား များစွာသော အဖိုးအခပေးမှုကို ပြုလုပ်ကြရကုန်၏။ ထိုကြောင့် ဤတဏှာသည် ဝေဒနာကြောင့် ဖြစ်၏ဟု သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၂၊၁၇၁။ ဝိသုဒ္ဓိ၊၂၊၂၀၂-၂၀၃။)

ဝေဒနာ --- တဏှာ၏ အကြောင်းရင်းခံဖြစ်သော ဝေဒနာမှာ ဝိပါက်ဝိညာဏ်နှင့် ယှဉ်သော သုခဝေဒနာတည်း။ ယင်းဝိပါက သုခဝေဒနာသည် တဏှာအား ဥပနိဿယပစ္စယသတ္တိ တစ်မျိုးတည်းဖြင့် ကျေးဇူးပြု၏။ (အဘိ၊ဋ္ဌ၊၂၊၁၇၁။ ဝိသုဒ္ဓိ၊၂၊၂၀၃။)

အာရမ္မဏနှင့် ဥပနိဿယ --- အာရမ္မဏပစ္စည်းသည် ဖြစ်ဆဲ ပစ္စယုပ္ပန်တရား၏ အာရုံမျှသည်သာ ဖြစ်၏။ ဥပနိဿယပစ္စည်းကဲ့သို့ အကျိုးတရားကို ဖြစ်စေတတ်သည်ကား မဟုတ်ပေ။ ထိုကြောင့် ဖြစ်စေတတ်သော ဥပနိဿယပစ္စည်း၏ အစွမ်းဖြင့် တစ်မျိုးတည်းသော ပစ္စယသတ္တိဖြင့်သာ ကျေးဇူးပြု၏ဟု အဋ္ဌကထာက ဖွင့်ဆိုခြင်း ဖြစ်သည်။ တစ်နည်းဆိုသော် ဥပနိဿယပစ္စည်းဟု ဆိုလိုက်သဖြင့် အာရမ္မဏူပနိဿယပစ္စည်းကိုလည်း သိမ်းယူပြီးပင် ဖြစ်၏၊ ထိုအာရမ္မဏူပနိဿယပစ္စည်းဖြင့် အာရုံအဖြစ်ဖြင့် ကျေးဇူးပြုတတ်သော သဘောရှိသော အာရမ္မဏူပနိဿယပစ္စည်းမှ တစ်ပါးသော အာရမ္မဏပစ္စည်းကိုလည်း ပြအပ်ပြီး ဖြစ်ရကား ဥပနိဿယပစ္စည်း၏ အဖြစ်ဖြင့်သာ ကျေးဇူးပြုတတ်သည်၏ အဖြစ်ကို အဋ္ဌကထာဆရာတော်က မိန့်ဆိုတော်မူအပ်သည်ဟု သိရှိပါလေ။ (မူလဋီ၊၂၊၁၂၀၊ မဟာဋီ၊၂၊၃၂၅-၃၂၆။)

တစ်နည်း ဝေဒနာ (၃) မျိုးလုံးကို ကောက်ယူပုံ

ဆင်းရဲခြင်းရှိသော ပုဂ္ဂိုလ်သည် ချမ်းသာသုခကို တောင့်တတတ်၏၊ ချမ်းသာခြင်းရှိသော ပုဂ္ဂိုလ်သည်လည်း အလွန်တိုး၍ တိုး၍သာ ချမ်းသာသုခကို အလိုရှိတတ်၏။ ဥပေက္ခာဝေဒနာသည် ဖြစ်ပုံငြိမ်သက်ရကား သုခဟုပင် ဆိုရ၏။

ထိုကြောင့် ဝေဒနာပစ္စယာ တဏှာ ဟူ၍ ဘုရားရှင်တို့သည် ဟောတော်မူအပ်ကုန်၏။ ဝေဒနာသုံးမျိုးလုံးတို့ သည်ပင်လျှင် တဏှာ၏ အကြောင်းတရားများ ဖြစ်ကြကုန်၏။ (အဘိ၊ဋ္ဌ၊၂၊၁၇၁။ ဝိသုဒ္ဓိ၊၂၊၂၀၃။)

၁။ ဆင်းရဲခြင်းရှိသော ပုဂ္ဂိုလ်သည် ချမ်းသာသုခကို တောင့်တတတ်၏ ဟူသော စကားရပ်ဖြင့် ဒုက္ခဝေဒနာက သုခကိုတောင့်တတတ်သော တဏှာအား ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပုံကို ဖော်ပြ၏။

၂။ ချမ်းသာခြင်းရှိသော ပုဂ္ဂိုလ်သည်လည်း အလွန် တိုး၍ တိုး၍သာ ချမ်းသာသုခကို အလိုရှိတတ်၏ - ဟူသော စကားရပ်ဖြင့် သုခဝေဒနာက နဂိုရ်ရအပ်ပြီးသော သုခထက် တိုး၍ တိုး၍ တောင့်တတတ်သော တဏှာအား ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပုံကို ပြ၏။

၃။ ဥပေက္ခာဝေဒနာသည် ဖြစ်ပုံ ငြိမ်သက်ရကား သုခဟုပင် ဆိုရ၏ဟူသော စကားရပ်ဖြင့် ဥပေက္ခာ ဝေဒနာကလည်း သုခကဲ့သို့ပင် သုခကို သာလွန်၍ လိုလားတောင့်တတတ်သော တဏှာအား ဥပနိဿယ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပုံကို ပြ၏။

၄။ ဤတွင် ဥပေက္ခာဟူရာ၌ အကုသလ ဝိပါက် ဥပေက္ခာဝေဒနာမှ တစ်ပါးသော အခြားသော ကုသလ ဝိပါက် ဥပေက္ခာဝေဒနာနှင့် လောကီ ကုသိုလ် အကုသိုလ်၌ယှဉ်သော ဥပေက္ခာဝေဒနာကိုသာ သုခဝေဒနာ၌ သွတ်သွင်းယူပါ၊ အကုသလ ဝိပါက် ဥပေက္ခာ ဝေဒနာကိုကား အနိဋ္ဌစင်စစ် ဖြစ်သောကြောင့် ဒုက္ခဝေဒနာ၌ သွတ်သွင်းယူပါ။ ထိုကြောင့် ဒုက္ခ၌ သွင်းယူထားသော ဥပေက္ခာဝေဒနာသည် ဒုက္ခဝေဒနာကဲ့သို့, သုခဝေဒနာ၌ သွင်းယူထားသော ဥပေက္ခာ ဝေဒနာသည် သုခဝေဒနာကဲ့သို့ ချမ်းသာသုခကို တောင့်တတတ်သော တဏှာအား ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏ဟု ဆိုသင့်ပေသည်။ (မူလဋီ၊၂၊၁၂၀-၁၂၁။ မဟာဋီ၊၂၊၃၂၆။)

၅။ သတ္တဝါတို့ကား ကံကြောင့် ဖြစ်ပေါ်လာမည့် အကျိုးတရားကို အလွန် လိုလား တောင့်တသည်၏ အစွမ်းဖြင့် ကံတို့ကိုလည်း ကြိုးစားပမ်းစား အားထုတ်တတ်ကြကုန်၏၊ သို့ရကား ဝိပါကဝေဒနာသည်သာလျှင် လွန်လွန်ကဲကဲ တဏှာအား ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုတတ်၏။ အထူးမမ သာမညအားဖြင့် ဆိုရမူ ကုသိုလ်ဝေဒနာ အကုသိုလ်ဝေဒနာတို့ကား ဝိပါက်ဝေဒနာကဲ့သို့ လွန်လွန်ကဲကဲ တဏှာအား ဥပနိဿယ ပစ္စယသတ္တိဖြင့် ကျေးဇူးမပြုပေ။ သာမညအားဖြင့်သာ ကျေးဇူးပြုသည်ဟု မှတ်ပါ။ (မူလဋီ၊၂၊၁၂၀။ မဟာဋီ၊၂၊၃၂၆။ အနုဋီ၊၂၊၁၃၂၊၊)

အနုသယဓာတ်ရှိသူ၌သာ

ဝေဒနာကြောင့် တဏှာဖြစ်ရာ၌ ခန္ဓာအစဉ်ဝယ် အနုသယဓာတ်အဖြစ်ဖြင့် ကိန်းဝပ်နေသော တဏှာရှိသူသန္တာန်၌သာ ဝေဒနာကြောင့် ပရိယုဋ္ဌာနတဏှာ = စိတ်အစဉ်ဝယ် ဥပါဒ် ဌီ ဘင် အနေအားဖြင့် ထကြွ ဖြစ်ပေါ်လာသော တဏှာ ဖြစ်နိုင်၏။ ပင်ကိုယ်က အနုသယတဏှာ ကုန်ပြီးသော မဂ္ဂဗြဟ္မစရိယကို ကျင့်သုံး ပြီးသော မကောင်းမှု အကုသိုလ်မှန်သမျှမှ အပပြုအပ်ပြီးသော မကောင်းမှု အကုသိုလ်မှန်သမျှကို မျှောပြီးသော ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌ကား ဝေဒနာကြောင့် တဏှာ မဖြစ်နိုင်ပေ။ အနုသယဓာတ်မှ ကင်းသော ရဟန္တာပုဂ္ဂိုလ်၏ သန္တာန်၌ အနာဂတ် သံသရာဝဋ်ဒုက္ခ၏ မရှိခြင်းကြောင့် အနုသယဓာတ်နှင့် ရုပ်နာမ်သန္တတိ အစဉ်တစ်ခု၌ အတူတကွ ဖြစ်ပွား ကျရောက်လျက်ရှိသော ဝေဒနာသည်သာလျှင် တဏှာ၏ အကြောင်းတရား ဖြစ်၏။ ဤသို့ စွမ်းအင်သဘောအားဖြင့် ဤအနက်အဓိပ္ပါယ်ကို ဆိုလို၏ဟု မှတ်ပါ။

(အဘိ၊ဋ္ဌ၊၂၊၁၇၁။ ဝိသုဒ္ဓိ၊၂၊၂၀၃။)

ကြိုတင်သတိပြုရန်

အဘိဓမ္မာအဋ္ဌကထာ (အဘိ၊ဋ္ဌ၊၂၊၁၇၁။)နှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၂၀၃။)တို့၌ စက္ခုဒွါရဝီထိစသော ထိုထိုဝီထိများ၏ အတွင်း၌ရှိသော ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံတို့နှင့် ယှဉ်သော ဝိပါက်ဝေဒနာ တို့ကသာလျှင် လောဘမူစိတ္တုပ္ပါဒ်များ ပါဝင်သော တဏှာ = လောဘအား ဥပနိဿယပစ္စယသတ္တိဖြင့် ထူးထူးကဲကဲ ကျေးဇူးပြု၍ အာဝဇ္ဇန်း ဝုဋ္ဌော ဇော ဝေဒနာတို့က သာမညအားဖြင့်သာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏ဟု ဆို၏။ အကြောင်းတရားဘက်၌ ဝိပါက်ဝေဒနာကိုသာ ပဓာနကောက်ယူရသဖြင့် အကြောင်း ဝေဒနာနှင့် အကျိုးတဏှာတို့မှာ များသောအားဖြင့် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ မဖြစ်ဘဲ စိတ္တက္ခဏ တစ်ခု သော်လည်းကောင်း, စိတ္တက္ခဏ များစွာသော်လည်းကောင်း, ဝီထိပေါင်းများစွာသော်လည်းကောင်း ဝေးကွာမှု ကွာခြားမှု ရှိကောင်းရှိနိုင်မည်ကို သတိပြုပါ။ ယေဘုယျအားဖြင့်ကား ဥပနိဿယပစ္စည်းတို့၏ သဘောသည် နာနာဝီထိ = ဝီထိ အသီးအသီး ဖြစ်တတ်သဖြင့် အကြောင်းဝေဒနာနှင့် အကျိုးတဏှာတို့မှာ ဝီထိခြားလျက်ပင် ရှိနေတတ်သည်က များ၏။

ထိုကြောင့် အကြောင်းတရားဘက်တွင် တည်ရှိသော စက္ခုသမ္ဖဿဇာ ဝေဒနာအရ စက္ခုဒွါရဝီထိ အတွင်းဝယ် စိတ္တက္ခဏ အသီးအသီး၌ ယှဉ်သော ဝေဒနာနှင့် နောက်လိုက် မနောဒွါရဝီထိစသော ရူပါရုံကို အာရုံပြုသည့် မနောဒွါရဝီထိများ၏ အတွင်းဝယ် စိတ္တက္ခဏ အသီးအသီး၌ ယှဉ်သော ဝေဒနာများကိုပင် ရူပါရုံကို တွယ်တာ တပ်မက်သည့် ရူပတဏှာ၏ အကြောင်းတရားအဖြစ် ထိုက်သလို ကောက်ယူရ၏။ သဒ္ဒတဏှာစသည်၏ အကြောင်းရင်းဖြစ်သော သောတသမ္ဖဿဇာ ဝေဒနာ စသည်တို့၌လည်း နည်းတူမှတ်ပါ။

အနာဂတ် ဝဋ္ဋကထာပိုင်း

အသင်သူတော်ကောင်း၏ ဘဝတစ်လျှောက်တွင် အသင်သူတော်ကောင်း၏ သန္တာန်၌ ဝေဒနာ (၆)မျိုးကို အကြောင်းပြု၍ တဏှာ (၆)မျိုးပေါင်း အကြိမ်များစွာ ထိုက်သလို ဖြစ်ခဲ့မည်သာ ဖြစ်၏။ ထိုတဏှာတို့ကို ကုန်စင်အောင်ကား မသိမ်းဆည်းနိုင် ဉာဏ်ဖြင့် ပိုင်းခြားကာ မယူနိုင်ပေ။

ဣဒါနိ ဟေတဝေါ ပဉ္စ၊ အာယတိံ ဖလပဉ္စကံ --- ဟူသော (အဘိ၊ဋ္ဌ၊၂၊၁၈၂။) အဋ္ဌကထာများနှင့်အညီ ဤဘဝတွင် ပြုစုပျိုးထောင်နေသော အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ တို့ကား နောက်အနာဂတ်ဘဝတွင် ဖြစ်ပေါ်လာမည့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတို့၏ အကြောင်းရင်းများ ဖြစ်ကြ၏။ ထိုကြောင့် ဤအပိုင်းကား ဝဋ္ဋကထာ = သံသရာဝဋ် လည်ပတ်ပုံကို ပြသော အပိုင်းဖြစ်သဖြင့် အသင်သူတော်ကောင်း၏ သန္တာန်ဝယ် အနာဂတ်ဘဝတစ်ခုခုအတွက် ရည်ရွယ်၍ ပြုစုပျိုးထောင်နေသော စီမံကိန်းများနှင့်သာ သက်ဆိုင် သောအပိုင်း ဖြစ်သည်။ သို့အတွက် ဝေဒနာကြောင့် အနာဂတ်ဘဝသစ်ကို တွယ်တာတပ်မက်သည့် တဏှာ ဖြစ်ပုံကိုသာ ပဓာနထား၍ ရှုပါ။ ဤတဏှာနှင့်တကွ နောက်တွင် ဆက်လက်ဖော်ပြမည့် ဥပါဒါန် ကမ္မဘဝ တို့မှာ နိဗ္ဗာန်ကို မရမီစပ်ကြား၌ ရရှိနိုင်မည့် အနာဂတ်ဘဝတစ်ခုခုကို ရည်မြော်၍ ပြုစုပျိုးထောင်နေသော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ ဟူသော ပစ္စုပ္ပန် အကြောင်းတရားပိုင်းသာ ဖြစ်သည်။ ထိုကြောင့် မိမိ အနာဂတ်အတွက် ပြုစုပျိုးထောင်နေသော (အဝိဇ္ဇာ) တဏှာ, ဥပါဒါန် (သင်္ခါရ) ကံတို့ကိုသာ ပဓာနထား၍ရှုပါ။

အကြောင်း အကျိုး သိမ်းဆည်းပုံ

၁။ စက္ခုသမ္ဖဿဇာ ဝေဒနာ ဖြစ်ခြင်းကြောင့် ရူပတဏှာ ဖြစ်၏။

စက္ခုသမ္ဖဿဇာ ဝေဒနာက အကြောင်းတရား၊ ရူပတဏှာက အကျိုးတရား။

၂။ သောတသမ္ဖဿဇာ ဝေဒနာ ဖြစ်ခြင်းကြောင့် သဒ္ဒတဏှာ ဖြစ်၏။

သောတသမ္ဖဿဇာ ဝေဒနာက အကြောင်းတရား၊ သဒ္ဒတဏှာက အကျိုးတရား။

၃။ ဃာနသမ္ဖဿဇာ ဝေဒနာ ဖြစ်ခြင်းကြောင့် ဂန္ဓတဏှာ ဖြစ်၏။

ဃာနသမ္ဖဿဇာ ဝေဒနာက အကြောင်းတရား၊ ဂန္ဓတဏှာက အကျိုးတရား။

၄။ ဇိဝှါသမ္ဖဿဇာ ဝေဒနာ ဖြစ်ခြင်းကြောင့် ရသတဏှာ ဖြစ်၏။

ဇိဝှါသမ္ဖဿဇာ ဝေဒနာက အကြောင်းတရား၊ ရသတဏှာက အကျိုးတရား။

၅။ ကာယသမ္ဖဿဇာ ဝေဒနာ ဖြစ်ခြင်းကြောင့် ဖောဋ္ဌဗ္ဗတဏှာ ဖြစ်၏။

ကာယသမ္ဖဿဇာ ဝေဒနာက အကြောင်းတရား၊ ဖောဋ္ဌဗ္ဗတဏှာက အကျိုးတရား။

၆။ မနောသမ္ဖဿဇာ ဝေဒနာ ဖြစ်ခြင်းကြောင့် ဓမ္မတဏှာ ဖြစ်၏။

မနောသမ္ဖဿဇာ ဝေဒနာက အကြောင်းတရား၊ ဓမ္မတဏှာက အကျိုးတရား။

ဓမ္မတဏှာ --- အဆင်း အသံ အနံ့ အရသာ အတွေ့အထိ ဟူသော အာရုံ (၅)ပါးမှ ကြွင်းသော စိတ်စေတသိက် ရုပ်တရားတို့နှင့် ပညတ်အာရုံ အမျိုးမျိုးတို့၏ အပေါ်၌ တွယ်တာတပ်မက်သည့် တဏှာသည် ဓမ္မတဏှာမည်၏။

မဟာကစ္စာနဘဒ္ဒေကရတ္တသုတ္တန်

ဤမျှဖြင့် ရှုကွက်ကို သဘောမပေါက်နိုင်သေးသူတို့အတွက် မဟာကစ္စာနဘဒ္ဒေကရတ္တသုတ္တန်မှ ရှုကွက် ကို ကောက်နှုတ်၍ ဆက်လက် တင်ပြအပ်ပါသည်။

ကထဉ္စ အာဝုသော အနာဂတံ ပဋိကင်္ခတိ။ ဣတိ မေ စက္ခု သိယာ အနာဂတမဒ္ဓါနံ၊ ဣတိ ရူပါတိ အပ္ပဋိလဒ္ဓဿ ပဋိလာဘာယ စိတ္တံ ပဏိဒဟတိ၊ စေတသော ပဏိဓာနပစ္စယာ တဒဘိနန္ဒတိ၊ တဒဘိနန္ဒန္တော အနာဂတံ ပဋိကင်္ခတိ။ (မ၊၃၊၂၃၇။)

နောင်အနာဂတ် ကာလ၌ ငါ၏ စက္ခုအကြည်ဓာတ်သည် ဤသို့ဖြစ်ရလို၏၊ ငါ၏ ရူပါရုံတို့သည် ဤသို့ ဖြစ်ရလိုကုန်၏၊ ---- ဤသို့လျှင် မရရှိသေးသော စက္ခုပသာဒ ရူပါရုံကို ရရှိခြင်းငှာ စိတ်ကို ဆောက်တည်၏ = ဆုတောင်း၏။ စိတ်ကို ဆောက်တည်ခြင်းတည်းဟူသော အကြောင်းကြောင့် = ဆုတောင်းခြင်းတည်းဟူသော အကြောင်းကြောင့် ထိုအနာဂတ် စက္ခုပသာဒ ရူပါရုံကို နှစ်သက်သည်မည်၏။ ထိုအနာဂတ် စက္ခုပသာဒ ရူပါရုံ ကို နှစ်သက်ခဲ့သော် (= တဏှာ ဖြစ်ခဲ့သော်) အနာဂတ်ကို မြော်လင့်တောင့်တသည် မည်၏။ (မ၊၃၊၂၃၇။)

အာယတန (၁၂)ပါးလုံး၌ ပုံစံတူပင် ဟောကြားထားတော်မူ၏။ ဘုရားရှင်ကိုယ်တော်တိုင်ကလည်း ဘဒ္ဒေကရတ္တသုတ္တန်တွင် (မ၊၃၊၂၂၇။) ခန္ဓာငါးပါးနည်းဖြင့် ပုံစံတူပင် ဟောကြားထားတော်မူ၏။

ဤဒေသနာတော်များနှင့် အညီ အနာဂတ်ခန္ဓာ (၅)ပါး, အာယတန (၁၂)ပါးတို့ကို အာရုံပြု၍ ယင်း အနာဂတ် ခန္ဓာ အာယတနတို့အပေါ်၌ တွယ်တာတပ်မက်သည့် တဏှာလည်း ဖြစ်နိုင်ပေ၏။ ဤရှုကွက်ကို ယူ၍ ရှုပါက ပို၍ သဘောပေါက် မြန်တတ်ပါသည်။

အာရုံမှာ အနာဂတ်ဖြစ်သော်လည်း တဏှာမှာ (အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံတို့မှာ) ပစ္စုပ္ပန်ပင် ဖြစ်၏။ အကယ်၍ အသင်သူတော်ကောင်းသည် နောင်အနာဂတ်၌ ရဟန်းဘဝကို ဆုတောင်းထားသည် ဖြစ်အံ့၊ ရဟန်းဘဝ၌ တည်ရှိသော ခန္ဓာ အာယတနတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာသော တဏှာကို ရှုနိုင်ပါသည်။ အကယ်၍ အသင်သူတော်ကောင်းသည် နောင်အနာဂတ်၌ ဓမ္မကထိကနတ်သားဘဝကို ဆုတောင်း ပန်ထွာ ထားသည် ဖြစ်အံ့၊ ထိုဓမ္မကထိက နတ်သားဘဝ၌ တည်ရှိသော ခန္ဓာ (၅)ပါး အာယတန (၁၂)ပါးတို့ကို အာရုံ ပြု၍ ဖြစ်ပေါ်လာကြကုန်သော တဏှာတို့ကို ဤအပိုင်းတွင် ရှုနိုင်ပါသည်။

ဤရှုကွက်ကိုလည်း သဘောမပေါက် ဖြစ်နေခဲ့သော် မိမိ ရုပ်နာမ်အစဉ်တွင် ဖြစ်လေ့ဖြစ်ထရှိသော ဝေဒနာနှင့် တဏှာကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ရှုပါ။ တဏှာဖြစ်နေကျ အာရုံကို အာရုံပြု၍ ရှုပါက ပို၍ သဘောပေါက်မြန်နိုင်၏။

ဥပမာ ---- အထက်တွင် ဖော်ပြထားသော သမ္မောဟဝိနောဒနီ အဋ္ဌကထာ အဖွင့်အတိုင်း ပထဝီကသိုဏ်း စသည့် ကသိုဏ်းဝန်း တစ်ခုကိုပင် အာရုံယူကြည့်ပါ။ အာနာပါန ကျင့်စဉ်လမ်းမှ စတုတ္ထစျာန်သမာဓိသို့ တိုင်အောင် သမာဓိထူထောင်ထားပြီးသော အသင်သူတော်ကောင်းအဖို့ ထိုကသိုဏ်းဝန်းကို အာရုံယူ၍ စတုတ္ထ စျာန်သမာဓိသို့ ဆိုက်ရောက်အောင် သမာဓိကိုထူထောင်ဖို့ရန်မှာ ဝန်မလေးတော့ပြီ ဖြစ်၏။ ဗြဟ္မာဘဝကို တောင့်တကြည့်ပါ။ စိတ်က ဆုတောင်းကြည့်ပါ။ ကသိုဏ်းပရိကံကို စီးဖြန်းကြည့်ပါ။ စတုတ္ထစျာန်သမာဓိသို့ ဆိုက်အောင် ကြိုးစားအားထုတ်ပါ။ ကသိုဏ်းဝန်းကို မြင်တွေ့ရခြင်း စက္ခုသမ္ဖဿကြောင့် စက္ခုသမ္ဖဿဇာ ဝေဒနာဖြစ်ပုံကိုလည်းကောင်း၊ ယင်းစက္ခုသမ္ဖဿဇာ ဝေဒနာကြောင့် ရူပဘဝ၌ရှိသော ရူပါရုံကို တွယ်တာ တပ်မက်သည့် ရူပတဏှာ ဖြစ်ပုံကိုလည်းကောင်း ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရား တို့ကို သိမ်းဆည်းပါ။

စျာန်သမာပတ်တို့ကို ဖြစ်စေနိုင်ခဲ့သော် ရူပဘဝကို ရရှိနိုင်၏ဟု ကြားဖူးထား၏။ ထိုဗဟုဿုတဖြင့် ကသိုဏ်းဝန်းကို တွေ့မြင်သောအခါ ကသိုဏ်းပရိကံတို့ကို စီးဖြန်း၏။ ရူပဗြဟ္မာဘဝကို ရရှိရန်လည်း ဦးတည် ချက်ရှိ၏။ တွယ်တာတပ်မက်မှု ရှိ၏။ ရူပါဝစရစျာန်သမာပတ်တို့ကိုလည်း ရရှိ၏။ သောတသမ္ဖဿကို အကြောင်း ခံ၍ စက္ခုသမ္ဖဿကို အကြောင်းခံ၍ ဝေဒနာ, တဏှာ, ဥပါဒါန်, ကံ (ကမ္မဘဝ)တို့ ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အကြောင်း အကျိုး သိမ်းဆည်းပါ။

တဏှာပစ္စယာ ဥပါဒါနံ

တဏှာ ဖြစ်ခြင်းကြောင့် ဥပါဒါန် ဖြစ်၏

ပြင်းစွာ စွဲမြဲစွာ ယူတတ်သော သဘောတရားတို့သည် ဥပါဒါန် မည်ကုန်၏။ ထိုဥပါဒါန်တို့သည် ကာမုပါဒါန် ဒိဋ္ဌုပါဒါန် သီလဗ္ဗတုပါဒါန် အတ္တဝါဒုပါဒါန်ဟု (၄)မျိုး ရှိကုန်၏။

၁။ ကာမုပါဒါန် = ကာမတို့၌ စွဲမြဲစွာ ယူတတ်သော ပြင်းစွာ စွဲလမ်းတတ်သော သဘောတရား၊

၂။ ဒိဋ္ဌုပါဒါန် = မိစ္ဆာဒိဋ္ဌိဝါဒကို စွဲမြဲစွာ ယူတတ်သော ပြင်းစွာ စွဲလမ်းတတ်သော သဘောတရား၊

၃။ သီလဗ္ဗတုပါဒါန် = သီလဗ္ဗတအကျင့်ကို စွဲမြဲစွာ ယူတတ်သော ပြင်းစွာ စွဲလမ်းတတ်သော သဘောတရား၊

၄။ အတ္တဝါဒုပါဒါန် = အတ္တဝါဒကို စွဲမြဲစွာ ယူတတ်သော ပြင်းစွာ စွဲလမ်းတတ်သော သဘောတရား၊

၁။ ကာမုပါဒါန် ---- အာရုံငါးပါး ကာမဂုဏ်တရားတို့သည် လိုချင်စရာ ဝတ္ထုကာမတို့ မည်ကုန်၏။ ယင်း ဝတ္ထုကာမတို့၌ တွယ်တာ တပ်မက်တတ်သော တဏှာသည် ကာမတဏှာ မည်၏၊ ကိလေသကာမ မည်၏။ ရှေးရှေးသော ကာမတဏှာက အားကြီးသောမှီရာ = ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးသဖြင့် မြဲမြံ ခိုင်ခံ့သည်ဖြစ်၍ ဖြစ်သော မြဲမြံခိုင်ခံ့သည်၏ အဖြစ်သို့ ရောက်ရှိနေသော နောက်နောက်သော ကာမတဏှာသည် ကာမုပါဒါန် မည်၏။

တဏှာဒဠှတ္တံ နာမ ပုရိမတဏှာဥပနိဿယပစ္စယေန ဒဠှသမ္ဘူတာ ဥတ္တရတဏှာ ဧဝ။ (အဘိ၊ဋ္ဌ၊၂၊၁၇၂။ ဝိသုဒ္ဓိ၊၂၊၂၀၄။)

ရှေးရှေးသော တဏှာက အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးသဖြင့် မြဲမြံ ခိုင်ခံ့သည်ဖြစ်၍ ဖြစ်သော နောက်နောက်သော တဏှာသည်သာလျှင် တဏှာဒဠှတ္တ မည်၏၊ ခိုင်မြဲသော တဏှာ မည်၏၊ မြဲစွာ စွဲယူတတ်သော တဏှာ မည်၏။ ယင်းခိုင်မြဲသော မြဲစွာစွဲယူတတ်သော နောက်တဏှာသည် ပင်လျှင် ကာမုပါဒါန် မည်ပေသည်။

ထိုတဏှာ ဥပါဒါန် တရားနှစ်မျိုးတို့တွင် တဏှာကား အာရုံဘက်သို့ ရှေးရှု မျက်နှာမူတတ်သော သဘောတရား ဖြစ်ခြင်းကြောင့် အလိုနည်းခြင်း အပ္ပိစ္ဆတာဂုဏ်၏ ထိပ်တိုက် ဆန့်ကျင်ဘက် ဖြစ်၏။ ဥပါဒါန်ကား ခိုင်မြဲသော တဏှာအဖြစ်သို့ ရောက်သည်ဖြစ်၍ အလွန် အလိုကြီးတတ်ခြင်းသဘော ရှိရကား ရောင့်ရဲလွယ်ခြင်း သန္တုဋ္ဌိဂုဏ်နှင့် ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်၏။

တဏှာသည် ကာမတို့ကို ရှာမှီးရခြင်း ပရိယေသနဒုက္ခ၏ အရင်းခံ မူလဖြစ်၏။ ဥပါဒါန်သည် ကာမတို့ကို စောင့်ရှောက်ရခြင်း အာရက္ခဒုက္ခ၏ အရင်းခံမူလ ဖြစ်၏။ ရှေးတွင် ဆိုခဲ့ပြီးသော (၁၀၈)မျိုးသော တဏှာ၏ ခိုင်မြဲမှုသည် = ခိုင်မြဲသည်၏အဖြစ်သို့ ရောက်ရှိနေသော နောက်နောက်တဏှာသည် ကာမုပါဒါန်ပင်တည်း။ (အဘိ၊ဋ္ဌ၊၂၊၁၇၂။ ဝိသုဒ္ဓိ၊၂၊၂၀၄။)

၂။ ဒိဋ္ဌုပါဒါန် ---- သီလဗ္ဗတုပါဒါန် အတ္တဝါဒုပါဒါန်မှ တစ်ပါးသော နတ္ထိကဒိဋ္ဌိ အဟေတုကဒိဋ္ဌိ အကိရိယဒိဋ္ဌိ စသော ကံ ကံ၏ အကျိုးတရားကို ပစ်ပယ်သော ဒိဋ္ဌိကြီးတို့နှင့် တကွ မိစ္ဆာဒိဋ္ဌိအယူဝါဒ မှန်သမျှ၌ ပြင်းစွာ စွဲလမ်းသော စွဲမြဲစွာ ယူသော နောက်နောက်သော ဒိဋ္ဌိသည် ဒိဋ္ဌုပါဒါန် မည်၏။ ကံ ကံ၏ အကျိုးတရားကို လက်မခံနိုင်သော မိစ္ဆာဝါဒ မှန်သမျှ၌ စွဲလမ်းမှု စွဲမြဲစွာ ခံယူထားမှု ခံယူချက် အပြည့်အဝရှိမှု ဟူသမျှသည် ဒိဋ္ဌုပါဒါန်ချည်းပင်တည်း။

သဿတော အတ္တာ စ လောကော စ။ (ဒီ၊၁၊၁၂။) = အတ္တသည်လည်းကောင်း လောကသည်လည်းကောင်း မြဲ၏ ---- ဟု ယူထားသော ရှေးအယူမှားကို တစ်ဖန် ထပ်၍ စွဲမြဲစွာ ယူထားသော နောက်အယူမှားသည် ဒိဋ္ဌုပါဒါန်ပင် ဖြစ်သည်။ (အဘိ၊ဋ္ဌ၊၂၊၁၇၂။ ဝိသုဒ္ဓိ၊၂၊၂၀၃။)

ဤအဋ္ဌကထာက ထုတ်ပြထားအပ်သော ---- သဿတော အတ္တာ စ လောကော စ ---- ဟူသော ပုံစံသည် ဒိဋ္ဌုပါဒါန်အတွက် ပုံစံ မဟုတ်ပေ။ ရှေးရှေးဒိဋ္ဌိကို နောက်နောက်ဒိဋ္ဌိက ခိုင်မြဲစွာယူပုံကို အရိပ်ပြ အကောင်ထင် အောင် နိဒဿနနည်းအားဖြင့် ညွှန်ပြထားသော ပုံစံသာဖြစ်သည်။ သဿတော အတ္တာ စ = အတ္တသည် မြဲ၏ = အမြဲတည်ရှိ၏ ---- စသော စကားသည် အတ္တစွဲလမ်းမှုကို ဖော်ပြသော အတ္တဝါဒုပါဒါန်သာ ဖြစ်၏။ ဒိဋ္ဌုပါဒါန်၏ ပုံစံပြစကားမဟုတ်ဟု မှတ်ပါ။ (မူလဋီ၊၂၊၁၂၁။)

တစ်နည်းယူပုံ ---- သဿတော အတ္တာ စ လောကော စ ---- ဟု အတ္တနှင့်လောက ပုံစံနှစ်မျိုးကို ဖော်ပြ ထားရာ၌ အတ္တာ စ ဖြင့် အတ္တဝါဒုပါဒါန်၏ ပုံစံကိုပြ၏။ လောကော စ အရ၌ အတ္တစွဲလမ်းမှုကို ရုပ်ကို အတ္တဟု ယူလျှင် နာမ်ခန္ဓာ (၄)ပါးကို လောကဟု ယူနိုင်သောကြောင့် သဿတော လောကော စ ဖြင့် ဒိဋ္ဌုပါဒါန် ပုံစံကို ပြ၏။ နာမ်ခန္ဓာ (၄)ပါးကို လောကဟု စွဲယူထားသော ရှေးဒိဋ္ဌိကို မြဲ၏ဟု နောက်ဒိဋ္ဌိဖြင့် စွဲယူပြန်သည် ဟူလိုသည်။ ဤသို့လည်း တစ်နည်းယူပါ။ (ဤနည်း၌ ခန္ဓာတစ်ပါးပါးကို အတ္တဟုယူလျှင် ကျန်ခန္ဓာလေးပါးကို လောကဟု ယူပါ။) (မူလဋီ၊၂၊၁၂၁။) အဋ္ဌကထာနှင့် မဆန့်ကျင်အောင် ယူသောနည်းတည်း။

၃။ သီလဗ္ဗတုပါဒါန် ---- နွားအကျင့် နွားအလေ့, ခွေးအကျင့် ခွေးအလေ့စသည်ကို ပြုကျင့်ခြင်းဖြင့် ကိလေသာတို့မှ စင်ကြယ်နိုင်၏၊ သံသရာမှ လွတ်မြောက်နိုင်၏ဟု မှားသောအားဖြင့် သုံးသပ်တတ်သော စွဲမြဲစွာ ယူတတ်သော မိစ္ဆာဒိဋ္ဌိသည် သီလဗ္ဗတုပါဒါန် မည်၏။

တစ်ဘက်တွင် ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ကို မဆည်းကပ်မိဘဲ, တစ်ဘက်တွင် သံသရာမှ လွတ်မြောက်ခြင်းကို အလိုရှိကြသော အချို့လူသားတို့သည် ---- ငါတို့သန္တာန်၌ ရှေးကပြုခဲ့မိသော အကုသိုလ်တွေ ရှိချေသေး၏၊ ထိုအကုသိုလ်များကို ယခုဘဝ၌ပင် အလုံးစုံ အကျိုးပေးပြီး ဖြစ်အောင် အကြွေး ဆပ်လျက် နောက်ထပ် အကုသိုလ်ကို မပြုလျှင် ကိလေသာမှလည်း စင်ကြယ်၍ သံသရာမှလည်း လွတ်မြောက်ဖွယ် ရှိသည်။ဟု စဉ်းစားမိကြလေသည်။ ထိုသို့ စဉ်းစားမိသည်အားလျော်စွာ ရှေးက အကုသိုလ် အပြစ်ဒဏ်ကို ယခုဘဝ၌ ခံသောအားဖြင့် အချို့က နွားတို့၏အလေ့ နွားတို့၏အကျင့်များကို ဆောက်တည်လျက် ကြိုးကြိုးစားစား ကျင့်၏၊ အဝတ်မဝတ်ဘဲ နွားလိုသွား၏ နွားလိုစား၏ နွားလိုအိပ်၏။ အချို့က ခွေးတို့၏အလေ့ ခွေးတို့၏ အကျင့်များကို ဆောက်တည်လျက် ကြိုးကြိုးစားစား ကျင့်၏၊ အဝတ်မဝတ်ဘဲ ခွေးလိုသွား၏ ခွေးလိုစား၏ ခွေးလိုအိပ်၏။ နွားအကျင့် နွားအလေ့ ခွေးအကျင့် ခွေးအလေ့ကို သာယာ၏။ အချို့က ထိုအကျင့်များဖြင့် နတ်ရွာသုဂတိကိုပင် ရနိုင်၏ဟု အယူရှိကြ၏။

ခွေးအကျင့်ကို ပြည့်ပြည့်စုံစုံ ကျကျနန ကျင့်သူသည် သေလျှင် ခွေးဖြစ်၍ နွားအကျင့်ကို ပြည့်ပြည့်စုံစုံ ကျကျနန သေသေချာချာ ကျင့်သူမှာ သေလျှင် နွားဖြစ်၏။ ငါသည် ဤအလေ့အထ ဤဝတ် ဤအကျင့် ဤမြတ်သော အကျင့်ဖြင့် ထင်ရှားသော နတ်သည်သော်လည်းကောင်း မထင်ရှားသော နတ်သည်သော်လည်းကောင်း ဖြစ်ရလိမ့်မည် --- ဟု အကယ်၍ မိစ္ဆာအယူရှိခဲ့လျှင် ထိုမိစ္ဆာဒိဋ္ဌိ အယူဝါဒကြောင့် ငရဲနှင့်တိရစ္ဆာန် နှစ်မျိုး တစ်မျိုးမျိုးသော ဂတိသို့ လျော်သလို ရောက်နိုင်ကြောင်းကို မဇ္ဈိမပဏ္ဏာသ ကုက္ကုရဝတိကသုတ္တန် (မ၊၂၊၅၀-၅၁။)၌ ဟောကြားချက် လာရှိပေ၏။

၄။ အတ္တဝါဒုပါဒါန် --- အတ္တရှိသည် စသည်ဖြင့် အတ္တကို ပြောဆိုကြောင်း မိစ္ဆာအယူဝါဒ၌ စွဲမြဲစွာ ယူတတ် သော အယူသည် အတ္တဝါဒုပါဒါန် မည်၏။ တရားကိုယ်မှာ ဒိဋ္ဌိစေတသိက်ပင် ဖြစ်သည်။ ဤအတ္တဝါဒုပါဒါန် အယူရှိနေသမျှ ရုပ်နာမ်တရားတို့၏ အနတ္တဖြစ်ပုံကို သဘောမတူနိုင်ဘဲ အတ္တရှိသည်ဟုသာ ပြောဆိုလေ့ ရှိနေမည် ဖြစ်၏။ ပုထုဇန်အများတို့ စွဲလမ်းထင်မှားအပ်သော ထိုအတ္တသည် ---

၁။ ပရမတ္တ = ပရမအတ္တ

၂။ ဇီဝအတ္တဟု နှစ်မျိုးရှိ၏။

၁။ ပရမအတ္တ --- ပရမတ္တ = ပရမအတ္တဟူသည် ကမ္ဘာလောကကြီးနှင့်တကွ သတ္တဝါတွေကို စီမံဖန်ဆင်းနိုင်သူ ဖန်ဆင်းရှင် တကယ်ထင်ရှားရှိ၏ဟု စွဲလမ်းထင်မှားအပ်သော အတ္တစွဲတည်း။

၂။ ဇီဝအတ္တ --- ဟူသည် သတ္တဝါတစ်ယောက် တစ်ယောက်၏ သန္တာန်၌ အသက်ဟု စွဲလမ်း ထင်မှားအပ်သော အဖန်ဆင်းခံ အတ္တတည်း။

၁။ ပရမတ္တ --- ပရမအတ္တစွဲ --- ကမ္ဘာပျက်ပြီးနောက် ကမ္ဘာသစ်ပြန်တည်မိ၍ ပထမစျာန် (၃)ဘုံ စ၍ ဖြစ်သည့်အခါ အထက်ဗြဟ္မာ့ဘုံမှ ကံအဟုန်ကုန်သဖြင့် စုတေ၍ ပထမစျာန်ဘုံ၌ ရှေးဦးစွာ ဖြစ်သော ဗြဟ္မာကြီး သည် တစ်ယောက်တည်းနေရသည့်အတွက် ပျင်းရိလှသဖြင့် အခြားဗြဟ္မာများဖြစ်လာဖို့ရာ တောင့်တခိုက် မှာပင် အခြားဗြဟ္မာများလည်း ကံအဟုန်ကုန်သဖြင့် အထက်ဘုံမှ စုတေ၍ ပထမစျာန်ဘုံသို့ ရောက်လာကြ လေသည်။ ထိုအခါ မူလရှိရင်း ဗြဟ္မာကြီးက သူတောင့်တတိုင်း ဖြစ်ပေါ်လာသောကြောင့် နောက်မှရောက်ရှိ လာသည့် ဗြဟ္မာများကို သူဖန်ဆင်းတာဘဲဟု အထင်ကြီးလေ၏။ နောက်မှ ရောက်ရှိလာသော ဗြဟ္မာများကလည်း ထိုပထမဗြဟ္မာကြီးက မိမိတို့ထက် ကိုယ်ရောင်ကိုယ်ဝါ အရာရာသာလွန်သည်ကို မြင်ရ၍ မိမိတို့ကို ထိုဗြဟ္မာ ကြီးက ဖန်ဆင်းပေးသည်ဟု အထင်မှားလျက် ထိုဗြဟ္မာကြီးကို ခစားကြလေသည်။ (အမှန်မှာ --- ထန်းသီး ကြွေခိုက် ကျီးနင်းခိုက် --- သဘောမျိုးသာ ဖြစ်သည်။)

ဤသို့ ဗြဟ္မာပြည်တုန်းကပင် ထိုဗြဟ္မာကြီး၏ အပေါ်၌ အထင်အမြင်ကြီးလာခဲ့ပြီးနောက် အချို့ဗြဟ္မာများသည် ကံအဟုန် ကုန်သဖြင့် လူ့ပြည်သို့ ရောက်ရှိလာကြပြန်သည်။ အချို့ဗြဟ္မာများသည် ဩပပါတိက လူသားအဖြစ်ဖြင့် လူ့ပြည်သို့ ရောက်ရှိလာသည့်တိုင်အောင် ထိုဗြဟ္မာကြီးမှာ ဗြဟ္မာငယ်များထက် (၃)ပုံ, (၂)ပုံ, (၁)ပုံခန့် ပိုမို၍ အသက်ရှည်လျက် ကျန်ရစ်ခဲ့လေသည်။ ထိုအခါ လူ့ပြည်သို့ ရောက်ရှိလာသူတို့သည် စျာန် အဘိညာဏ်များကို အားထုတ်ကြ၍ စျာန် အဘိညာဏ် ရလေလျှင် ယခင်ဗြဟ္မာကြီးကို ပြန်၍ မြင်ကြရသဖြင့် ရှေးကထက် ခိုင်မြဲစွာ အထင်အမြင်ကြီးကြလျက် -- ဤကမ္ဘာကြီးနှင့်တကွ သတ္တဝါတွေကို မဟာဗြဟ္မာမင်းကြီးက တည်ထောင်ဖန်ဆင်းသည် --- ဟူသော အယူဝါဒသည် လူ့ပြည်လောက၌ ထို ကမ္ဘာဦးကာလကပင် တစ်စ တစ်စ ပြန့်ပွားခဲ့ရလေသည်။ ထိုအယူဝါဒ အလိုအားဖြင့် မဟာဗြဟ္မာကြီးသည် ကမ္ဘာကို ဖန်ဆင်းနိုင်သော ပရမတ္တ = ပရမအတ္တ = အလွန်မြတ်သော မပျက်စီးနိုင်သော အတ္တတော်ကြီးပေတည်း။ ထိုဖန်ဆင်းရှင် ပရမတ္တကိုပင် စွဲမြဲစွာ ယူသော အတ္တဒိဋ္ဌိသည် အတ္တဝါဒုပါဒါန် မည်ပေသည်။ (အကျယ်ကို ဗြဟ္မဇာလသုတ်တွင် ကြည့်ပါ။)

၂။ ဇီဝအတ္တ --- ဤ ခန္ဓာကိုယ်တွင်း၌ ဖန်ဆင်းရှင် ပရမတ္တက တည်ထောင် ဖန်ဆင်းထားသော အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင်ဟု ခေါ်ဆိုသော အတ္တသည် ရှိ၏။ ထိုအတ္တသည် အလွန် သတ္တိကောင်း၏။ ထိုအတ္တကား ကာရက ဝေဒက သာမီ နိဝါသီ သယံဝသီ အတ္တတည်း။

ကာရက = ထိုအတ္တသည် ပြုလုပ်ဖွယ် မှန်သမျှ ကို ပြုလုပ်တတ်၏။ သွားခြင်း လာခြင်း ကွေးခြင်း ဆန့်ခြင်း စသည့် ကိုယ်အမူအရာ မှန်သမျှကို အတ္တက ပြုလုပ်၏။ အတ္တ၏ သတ္တိကြောင့် အတ္တ၏ အလိုအတိုင်း ပြုလုပ်ခြင်း ဖြစ်၏။ ကောင်းမှု မကောင်းမှု အစုစုကို ထိုအတ္တ၏ သတ္တိကြောင့် ပြုမိကြ၏။ အတ္တက ကောင်းမှုကို ပြုချင်လျှင် အတ္တ၏ အမိန့်အတိုင်း ကိုယ်နှုတ်တို့က ကောင်းမှုကို ပြုကြ၏။ အတ္တက မကောင်းမှုကို ပြုချင်လျှင် အတ္တ၏ အမိန့်အတိုင်း ကိုယ်နှုတ်တို့က မကောင်းမှုကို ပြုကြ၏။ ဤသို့ စွဲယူ၏။

ဝေဒက --- ကောင်းမှု မကောင်းမှု၏ အကျိုးကိုလည်း အတ္တသည်ပင် ခံစား၏၊ ယခုအခါ၌ ခံစားဖွယ် မှန်သမျှကို အတ္တကပင် ခံစားသကဲ့သို့ နောင်အခါ၌ ကောင်းကျိုး ဆိုးပြစ်များကိုလည်း အတ္တကပင် ခံစားရလိမ့်မည်ဟု စွဲယူ၏။

သာမီ --- ခန္ဓာအိမ်နှင့် ဆိုင်ရာဝယ် ပိုင်နိုင်အုပ်စိုးနိုင်သောကြောင့် ထိုအတ္တသည် ခန္ဓာအိမ်၏ အရှင် ခန္ဓာအိမ်၏ ပိုင်ရှင်ဖြစ်၏ဟု စွဲယူ၏။

နိဝါသီ --- ထိုအတ္တသည် ခန္ဓာအိမ်၌ အမြဲနေထိုင်သူ ဖြစ်၏၊ ခန္ဓာအိမ် အဟောင်း ဆွေးမြည့်ပျက်စီးသော အခါ ခန္ဓာအိမ်အသစ်သို့ ရွှေ့ပြောင်း နေထိုင်တတ်သောကြောင့် ခန္ဓာအိမ်သာ ပျက်၏၊ အတ္တကား အပျက်အစီး မရှိ၊ အမြဲတည်၏ဟု စွဲယူ၏။ အချို့ကား ဤဇီဝအတ္တသည် ပရမတ္တ = ပရမအတ္တ၏ ပညတ်တော်အတိုင်း ရိုသေစွာ လိုက်နာကျင့်ကြံ နေထိုင်ခဲ့ပါမူ ပရမတ္တ၏ အစိတ်အပိုင်း ဖြစ်၍ ခန္ဓာအိမ် ပျက်ချိန်ကြသည့်အခါ မူလဖန်ဆင်းလိုက်သော ဖန်ဆင်းရှင် ပရမတ္တထံသို့ ပြန်သွားသည်၊ ပရမတ္တနှင့် ပြန်လည် ပူးပေါင်းမိသည်ဟု စွဲယူ၏။ ဘုရားသခင်၏ ရင်ခွင်တော်၌ အိပ်ပျော်တော်မူခြင်းဟူသော အယူဝါဒမျိုးတည်း။

သယံဝသီ --- ထိုအတ္တသည် ခန္ဓာအိမ်နှင့် ဆိုင်ရာဝယ် မိမိအတ္တ၏ အလိုသို့ လိုက်ပါစေနိုင်သည်ဟု စွဲယူ၏။ ခန္ဓာအိမ်နှင့် ဆိုင်သော မြင်သိ ကြားသိ နံသိ အရသာသိ အတွေ့အထိသိ ဓမ္မသဘောသိ ဟူသည့် အသိကိစ္စဟူသမျှကို မိမိအတ္တ၏ အလိုသို့ လိုက်ပါစေတတ်၏ဟု စွဲယူ၏။

ဤနိဝါသီနှင့် သယံဝသီ ပုဒ်တို့အရ အတ္တသည် မပျက်မစီးဘဲ အမြဲတည်သည့် အနှစ်သာရ အမာခံ အထည်ကိုယ်တည်း၊ မိမိအလိုသို့ လိုက်ပါစေနိုင်သော ဝသဝတ္တန သဘောရှိ၏ဟု စွဲလမ်း မှတ်ထင်ကြလေသည်။ ဤသို့ ဒိဋ္ဌိဖြင့် မှတ်ထင်အပ်သော ပရမတ်အားဖြင့် တကယ်ထင်ရှားလည်း မရှိသော အတ္တအကြောင်းကို ပြောဆို မှုကို အတ္တဝါဒဟု ခေါ်၏။ ဤ ပရမအတ္တဝါဒ, ဇီဝအတ္တဝါဒ နှစ်မျိုးအပေါ်၌ စွဲလမ်းမှု စွဲမြဲစွာ ခံယူထားမှုကိုပင် အတ္တဝါဒုပါဒါန်ဟု ခေါ်ဆိုလေသည်။

သက္ကာယဒိဋ္ဌိ (၂၀)

ဤသို့ အတ္တဝါဒကို စွဲလမ်းရာ၌ ခန္ဓာ (၅)ပါးလုံးကိုသော်လည်းကောင်း, ခန္ဓာ (၅)ပါးတို့တွင် တစ်ပါးပါးကို သော်လည်းကောင်း အတ္တဟု စွဲလမ်းတတ်ကြ၏။ ဤသို့ ခန္ဓာ (၅)ပါး၌ အတ္တဟု စွဲလမ်းသောအမှုကို သက္ကာယဒိဋ္ဌိ ဟု ခေါ်၏။ ပရမတ်အားဖြင့် ထင်ရှားရှိသော ခန္ဓာ (၅)ပါး အပေါင်းသည် --- သန္တော ကာယော သက္ကာယော - ဟူသည်နှင့်အညီ သက္ကာယမည်၏၊ ထိုသက္ကာယမည်သော ခန္ဓာ (၅)ပါး အပေါင်း၌ဖြစ်သော အယူမှားမှုဒိဋ္ဌိသည် သက္ကာယဒိဋ္ဌိ မည်၏။

ရူပက္ခန္ဓာ၌ စွဲလမ်းပုံ = သက္ကာယဒိဋ္ဌိ ဖြစ်ပုံ (၄) မျိုး

၁။ ရူပံ အတ္တတော သမနုပဿတိ = ရုပ်ကို အတ္တအားဖြင့် = အတ္တအဖြစ်ဖြင့် = အတ္တဟု ရှု၏။ --- ယံ ရူပံ၊ သော အဟံ။ ယော အဟံ၊ တံ ရူပံ။ --- အကြင်ရုပ်သည် ထိုငါတည်း၊ အကြင်ငါသည် ထိုရုပ်တည်း။ဟု ရုပ်နှင့် အတ္တကို နှစ်မျိုးမဟုတ် တစ်မျိုးတည်းဟု ရှုမြင်၏။ ဥပမာ မီးတောက်လောင်နေသော ဆီမီးဝယ် - အကြင် မီးလျှံသည်ပင် ထိုမီးရောင်တည်း၊ အကြင်မီးရောင်သည်ပင် ထိုမီးလျှံတည်းဟု ဆီမီးလျှံနှင့် ဆီမီးရောင်ကို နှစ်မျိုးမဟုတ် တစ်မျိုးတည်းဟု ရှုမြင်သကဲ့သို့ မှတ်ပါ။ ရူပါရုံကိုပင် အတ္တဟု စွဲယူမှုမျိုးပင်တည်း။

၂။ ရူပဝန္တံ ဝါ အတ္တာနံ = ရုပ်ရှိသော အတ္တဟုရှု၏။ နာမ်တရားကို အတ္တဟု စွဲယူထား၍ အရိပ်ရှိသော သစ်ပင်ကိုကဲ့သို့ ထိုအတ္တကို ရုပ်ရှိ၏ဟူ၍ အဖန်ဖန် အထပ်ထပ်ရှု၏။

၃။ အတ္တနိ ဝါ ရူပံ = အတ္တ၌ ရုပ်ဟု = အတ္တ၌ ရုပ်ရှိ၏ဟု ရှု၏။ နာမ်တရားကိုပင် အတ္တဟု စွဲယူထား၍ ပန်း၌ အနံ့ကိုကဲ့သို့ အတ္တ၌ ရုပ်ကို အဖန်ဖန် အထပ်ထပ် ရှု၏။ ပန်း၌ အနံ့တည်ရှိသကဲ့သို့ အတ္တ၌ ရုပ်တည်ရှိသည် မှီနေသည်ဟု စွဲယူမှုတည်း။

၄။ ရူပသ္မိံဝါ အတ္တာနံ = ရုပ်၌ အတ္တဟု = ရုပ်၌ အတ္တရှိ၏ဟု ရှု၏။ ပတ္တမြားကြုတ်၌ ပတ္တမြားကိုကဲ့သို့ နာမ်တရားကိုပင် အတ္တဟုစွဲယူ၍ ရုပ်၌ အတ္တကို အဖန်ဖန် အထပ်ထပ် ရှု၏။ ရုပ်၌ အတ္တတည်ရှိသည် ရုပ်၌ အတ္တသည် မှီသည် မှီဖြစ်နေသည်ဟု စွဲယူမှုမျိုးတည်း။ (အဘိ၊ဋ္ဌ၊၁၊၃၈၇။ မူလဋီ၊၁၊၁၆၃။)

(ရူပံ) ဧတံ မမ = ရုပ်သည် ငါ၏ဥစ္စာ ဖြစ်၏ --- ရုပ်နှင့် အတ္တကို တစ်ခြားစီထား၍ စွဲယူမှုမျိုးတည်း။

(ရူပံ) ဧသောဟမသ္မိ = ရုပ်သည် ငါ ဖြစ်၏ --- ရုပ်နှင့် အတ္တကို တစ်မျိုးတည်း တစ်ခုတည်း ပြု၍ စွဲယူမှုမျိုးတည်း။

(ရူပံ) ဧသော မေ အတ္တာ = ရုပ်သည် ငါ၏ အတ္တတည်း --- ရုပ်နှင့် အတ္တကို တစ်ခြားစီ ထား၍ စွဲယူမှုမျိုးတည်း။

ဤ၌ ဖော်ပြထားခဲ့သော ---

၁။ ဝဏ္ဏ = ဆီမီးရောင် (ဆီမီးနှင့် အရောင်)

၂။ ရုက္ခ = သစ်ပင် (သစ်ပင်နှင့် အရိပ်)

၃။ ပုပ္ဖ = ပန်း (ပန်းနှင့် အနံ့)

၄။ မဏိ = ပတ္တမြား (ပတ္တမြားနှင့် ကြုတ်)

ဤဥပမာ (၄)ရပ်တို့ကို ကျန်နာမ်ခန္ဓာ (၄)ပါးတို့၌လည်း နည်းတူ ယှဉ်စပ်ပါ။ (အဘိ၊ဋ္ဌ၊၁၊၃၈၇-၃၈၈။)

သဘောပေါက်ရန် ထပ်မံ ရှင်းလင်းချက်

ပထဝီဓာတ် --- မာမှု ပျော့မှု ကြမ်းမှု ချောမှု လေးမှု ပေါ့မှု သဘောတရားသည် ပထဝီဓာတ်တည်း၊ ယင်း သဘောတရားသည် ခန္ဓာကိုယ်၌ အပြည့်တည်ရှိ၏။

၁။ ယင်းပထဝီဓာတ်ကိုပင် ရံခါ ငါပြု၍ --- ငါ မာ၏၊ ငါ ပျော့၏ဟု စွဲလမ်း ပြောဆို၏၊ ငါနှင့် မာမှုကို အတူတစ်ပေါင်းတည်း တစ်ခုတည်းပြု၍ ပြောဆိုခြင်းတည်း။

၂။ ရံခါ ခက်မာမှု နူးညံ့မှု ရှိတဲ့ ငါဟု စွဲလမ်း ပြောဆို၏၊ ခက်မာမှု နူးညံ့မှုနှင့် ငါကို တစ်ခြားစီထား၍ ငါ့မှာ ခက်မာမှု နူးညံ့မှု ရှိသည်ကိုပြု၍ ပြောဆိုခြင်းတည်း။

၃။ ရံခါ ငါ၌ ခက်မာမှု နူးညံ့မှု မှီ၏ဟု ငါ၌ ခက်မာမှု နူးညံ့မှု မှီသည်ကိုပြု၍ ပြောဆို၏။

၄။ ရံခါ ခက်မာမှု နူးညံ့မှု၌ ငါမှီ၏ဟု ခက်မာမှု နူးညံ့မှု၌ ငါမှီသည်ကိုပြု၍ စွဲလမ်း ပြောဆို၏။

ပထမစွဲလမ်းချက်မှာ ခက်မာမှု နူးညံ့မှုကိုပင် ငါပြု၍ စွဲလမ်းသည်။ ငါနှင့် ခက်မာမှု နူးညံ့မှုကို တစ်ခုတည်း ယူထားသည်။ နောက် (၃)ချက်မှာ ငါတစ်ခြား ခက်မာမှု နူးညံ့မှု တစ်ခြားထား၍ စွဲလမ်းသည်။

ကြွင်းကျန်သော ရုပ် (၂၇)ပါးတို့၌လည်းကောင်း ဗဟိဒ္ဓ၌လည်းကောင်း နည်းတူ သဘောပေါက်ပါလေ။ ဗဟိဒ္ဓ၌ သူမာ၏ သူနူးညံ့၏ စသည်ဖြင့် စွဲယူမှုမျိုးပင်တည်း။

ဝေဒနာက္ခန္ဓာ၌ သက္ကာယဒိဋ္ဌိဖြစ်ပုံ (၄) မျိုး

၁။ ဝေဒနံ အတ္တတော သမနုပဿတိ = ဝေဒနာကို အတ္တဟု ရှု၏။

၂။ ဝေဒနာဝန္တံ ဝါ အတ္တာနံ = ဝေဒနာရှိသော အတ္တဟု ရှု၏။

၃။ အတ္တနိ ဝါ ဝေဒနံ = အတ္တ၌ ဝေဒနာဟု (ဝေဒနာရှိ၏ဟု) ရှု၏။

၄။ ဝေဒနာယ ဝါ အတ္တာနံ = ဝေဒနာ၌ အတ္တဟု (အတ္တ ရှိ၏ဟု) ရှု၏။

နံပါတ် (၁) ဖြစ်သည့် ဝေဒနာကို အတ္တဟု ရှုမှုသည် ဝေဒနာသည်ပင် အတ္တ, အတ္တသည်ပင် ဝေဒနာဟု ဝေဒနာနှင့် အတ္တကို နှစ်မျိုးမခွဲဘဲ တစ်ခုတည်း တစ်မျိုးတည်းသာဟု စွဲယူမှုမျိုးတည်း။ (၂၊၃၊၄)တို့ကား ရုပ်-သညာ-သင်္ခါရ-ဝိညာဏ်တို့ကို အတ္တဟု စွဲယူ၍ ဝေဒနာတစ်ခြား အတ္တတစ်ခြားဟု စွဲယူမှုမျိုးတည်း။

သဘောပေါက်နိုင်ရန် ပုံစံများ

၁။ ငါ ကြည့်ကောင်းသည်။ (သုခဝေဒနာ၌ စွဲယူပုံတည်း။)

၂။ ငါ ကြည့်မကောင်း။ (ဒုက္ခဝေဒနာ၌ စွဲယူပုံတည်း။)

၃။ ငါ ကြည့်ကောင်းသည်လည်း မဟုတ်၊ ကြည့်မကောင်းသည်လည်း မဟုတ်။ မြင်တော့ မြင်သည်။ (ဥပေက္ခာဝေဒနာ၌ စွဲယူပုံတည်း။)

အာရုံ (၆)ပါးလုံး၌ နည်းတူ သဘောပေါက်ပါ။

ဝေဒနာသည် ငါဖြစ်၏။ (ဝေဒနာနှင့် အတ္တကို တစ်ခုတည်း စွဲယူမှုတည်း။)

ဝေဒနာသည် ငါ၏ ဥစ္စာဖြစ်၏ = ခံစားမှုသည် ငါ၏ ခံစားမှုတည်း။ ငါ၏ ခံစားရချက်သည် ကောင်း၏၊ ငါ၏ ခံစားရချက်သည် နစ်နာ၏၊ ငါ၏ ခံစားရချက်သည် အနေတော်ဖြစ်၏။ (ဝေဒနာနှင့် အတ္တကို တစ်မျိုးစီ တစ်ခြားစီထား၍ စွဲယူမှုတည်း။)

သညာက္ခန္ဓာ၌ သက္ကာယဒိဋ္ဌိဖြစ်ပုံ (၄) မျိုး

၁။ သညံ အတ္တတော သမနုပဿတိ = သညာကို အတ္တဟု ရှု၏။

၂။ သညာဝန္တံ ဝါ အတ္တာနံ = သညာရှိသော အတ္တဟု ရှု၏။

၃။ အတ္တနိ ဝါ သညံ = အတ္တ၌ သညာဟု (သညာရှိ၏ဟု) ရှု၏။

၄။ သညာယ ဝါ အတ္တာနံ = သညာ၌ အတ္တဟု (အတ္တရှိ၏ဟု) ရှု၏။

နံပါတ် (၁)ကား သညာနှင့် အတ္တကို တစ်ခုတည်းယူ၍ သညာသည်ပင် အတ္တ, အတ္တသည်ပင် သညာဟု စွဲယူမှုတည်း။ နံပါတ် (၂၊၃၊၄)တို့ကား ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့ကို အတ္တဟု စွဲယူ၍ သညာက တစ်ခြား အတ္တက တစ်ခြားဟု စွဲယူမှုတည်း။

သဘောပေါက်နိုင်ရန် ပုံစံများ

သညာသည် ငါဖြစ်၏၊ ငါမှတ်သားတတ်၏ ငါမှတ်မိ၏။ (နံပါတ် - ၁ - စွဲယူမှုမျိုးတည်း။)

သညာသည် ငါ၏ ဥစ္စာဖြစ်၏။ (သညာတစ်ခြား အတ္တတစ်ခြား စွဲယူမှုမျိုးတည်း။)

ရူပသညာ --- ထိုထိုဝတ္ထုကို မြင်ရာ၌ ဤသူကို ငါသိ၏ = ငါမှတ်မိ၏။ ဤအမှုကို ငါသိ၏ = ငါမှတ်မိ၏ဟု စိတ်ဖြစ်သည်ကား ရူပသညာ၌ ဖြစ်သောဒိဋ္ဌိတည်း။ သဒ္ဒသညာစသည်၌ နည်းတူ မှတ်ပါ။

သင်္ခါရက္ခန္ဓာ၌ သက္ကာယဒိဋ္ဌိဖြစ်ပုံ (၄) မျိုး

၁။ သင်္ခါရေ အတ္တတော သမနုပဿတိ = သင်္ခါရတို့ကို အတ္တဟု ရှု၏။

၂။ သင်္ခါရဝန္တံ ဝါ အတ္တာနံ = သင်္ခါရ ရှိသော အတ္တဟု ရှု၏။

၃။ အတ္တနိ ဝါ သင်္ခါရေ = အတ္တ၌ သင်္ခါရတို့ဟူ၍ (သင်္ခါရတို့ ရှိ၏ဟူ၍) ရှု၏။

၄။ သင်္ခါရေသု ဝါ အတ္တာနံ = သင်္ခါရတို့၌ အတ္တဟူ၍ (သင်္ခါရတို့၌ အတ္တရှိ၏ဟူ၍) ရှု၏။

အမှတ် (၁)၌ သင်္ခါရတို့နှင့် အတ္တကို တစ်ခုတည်းပြု၍ သင်္ခါရတို့သည်ပင် အတ္တ, အတ္တသည်ပင် သင်္ခါရတို့ ဟူ၍ သင်္ခါရတို့နှင့် အတ္တကို နှစ်မျိုးမခွဲဘဲ တစ်ခုတည်း တစ်မျိုးတည်းသာဟု စွဲယူ၏။ အမှတ် (၂၊၃၊၄)တို့၌ကား သင်္ခါရတို့နှင့် အတ္တကို တစ်ခြားစီယူ၍ စွဲယူ၏။ အမှတ် (၁)ကား သင်္ခါရကိုပင် အတ္တဟု စွဲယူ၏။ အမှတ် (၂၊၃၊၄)တို့ကား ရုပ်-ဝေဒနာ-သညာ-ဝိညာဏ်တို့ကို အတ္တဟု စွဲယူ၍ အတ္တက တစ်ခြား သင်္ခါရက တစ်ခြားဟု စွဲယူ၏။

သဘောပေါက်နိုင်ရန် ပုံစံများ

သင်္ခါရတို့သည် ငါ ဖြစ်၏။ (သင်္ခါရတို့နှင့် အတ္တကို တစ်မျိုးတည်းထား၍ စွဲယူမှုမျိုးတည်း။)

သင်္ခါရတို့သည် ငါ၏ ဥစ္စာတို့ ဖြစ်ကုန်၏။ (သင်္ခါရတို့နှင့် အတ္တကို တစ်ခြားစီထား၍ စွဲယူမှုမျိုးတည်း။)

ထိုထိုရူပါရုံကို မြင်အောင် ကိုယ်နှုတ်စိတ်တို့ဖြင့် ကြောင့်ကြဗျာပါရ ပြုရာ၌ --- ငါ မြင်အောင် သွားသည်၊ ငါ မြင်အောင် လာသည်၊ ငါ မြင်အောင် ပြုပြင်သည် စသည်ဖြစ်သောအခါ ရူပသေဉ္စတနာ၌ဖြစ်သော ဒိဋ္ဌိတည်း။ သဒ္ဒသေဉ္စတနာ စသည်၌ နည်းတူမှတ်ပါ။

ငါ ကံကောင်းသည်၊ ငါ စေတနာကောင်းသည်။ ငါ့စေတနာက သူများစေတနာနှင့် မတူ။ (စေတနာ၌ ဖြစ်သော ဒိဋ္ဌိတည်း။)

ငါ သမာဓိကောင်းသည်၊ ငါ စိတ်တည်ငြိမ်သည်။ ငါ စိတ်မတည်ငြိမ်၊ ငါ သမာဓိမကောင်း။ (ဧကဂ္ဂတာ = သမာဓိ၌ ဖြစ်သော ဒိဋ္ဌိတည်း။)

ထွေထွေလာလာ ငါ ကြံသည်။ (ဝိတက်၌ ဖြစ်သော ဒိဋ္ဌိတည်း။)

တစ်ရစ်ပတ်ပတ် ငါ ကြံသည်၊ ထပ်ကာထပ်ကာ ငါ စဉ်းစားနေသည်။ (ဝိစာရ၌ ဖြစ်သော ဒိဋ္ဌိတည်း။)

ထိုထိုအမှုကို ငါ ကြိုးစားအားထုတ်သည်။ (ဝီရိယ၌ ဖြစ်သော ဒိဋ္ဌိတည်း။)

ထိုထိုအရာကို ငါ နှစ်သက်သည်။ (ပီတိ၌ ဖြစ်သော ဒိဋ္ဌိတည်း။)

ထိုထိုဝတ္ထုကို ထိုထိုအရာကို ငါ လိုချင်သည်၊ ငါ ရချင်သည်၊ ငါ ပြုချင်သည်၊ ငါ သွားချင်သည်၊ ငါ ရောက်ချင်သည်၊ ငါ ပြောချင်သည်၊ ငါ ဆိုချင်သည်၊ ငါ ကြည့်ချင်သည် စသည်ဖြစ်သည်ကား ဆန္ဒ၌စွဲသော ဒိဋ္ဌိတည်း။

ပရမတ်တရားနှင့် စပ်၍ ဘယ်တရားကို ငါ မသိ, ငါ မမြင်, ငါ မထင်။ (မောဟ၌ စွဲသော ဒိဋ္ဌိတည်း။)

မကောင်းမှုနှင့် တွေ့လျှင် ငါ မရှက်တတ်။ (အဟိရိက၌ စွဲသော ဒိဋ္ဌိတည်း။)

မကောင်းမှုနှင့် တွေ့လျှင် ငါ မကြောက်တတ်။ (အနောတ္တပ္ပ၌ စွဲသော ဒိဋ္ဌိတည်း။)

သားမယား စည်းစိမ်ဥစ္စာစသည့် သက်ရှိ သက်မဲ့ ကာမဝတ္ထု အစုစုတို့၌ ဘယ်သူ့ကို ဘယ်ဟာကို ငါ လိုချင်သည် ငါ ခင်မင်သည် ငါ ချစ်ခင်စုံမက်သည် ငါ သာယာတွယ်တာသည်။ (လောဘ၌ ဖြစ်သော ဒိဋ္ဌိတည်း၊၊)

ငါ စိတ်ဆိုးသည်၊ ငါ စိတ်ပျက်သည်၊ ငါ စိတ်ညစ်သည်၊ ငါ မုန်းသည်၊ ငါ မြင်ပြင်းကပ်သည်၊ ငါ ဒေါသ ဖြစ်သည်။ (ဒေါသ၌ ဖြစ်သော ဒိဋ္ဌိတည်း။)

ငါ အညံ့မခံနိုင်၊ ငါ အလျှော့မပေးနိုင်၊ ငါ မနှိမ်ချနိုင်၊ ငါ အနိုင်ယူမည်။ (မာန၌ ဖြစ်သော ဒိဋ္ဌိတည်း။)

ငါ အယူမှားသည်၊ ငါ၏ အယူသာ မှန်သည်၊ ဤငါ၏ အတ္တဝါဒသာ မှန်သည်၊ ငါ၏ သဿတဝါဒသာ မှန်သည်၊ ငါ၏ ဥစ္ဆေဒဝါဒသာ မှန်သည်၊ ဤငါ၏ နတ္ထိကဒိဋ္ဌိ အယူသာ မှန်သည်၊ ဤငါ၏ အဟေတုကဒိဋ္ဌိ အယူသာ မှန်သည်၊ ဤငါ၏ အကိရိယဒိဋ္ဌိ အယူသာ မှန်သည် -- ဤသို့ စသည်ဖြင့် စွဲယူသည်ကား ဒိဋ္ဌိ၌ စွဲယူထားသော သက္ကာယဒိဋ္ဌိတည်း။

ငါ ငြူစူသည်။ (ဣဿာ၌ စွဲယူသော သက္ကာယဒိဋ္ဌိ)

ငါ ဝန်တိုသည်, ငါ နှမြောသည်။ (မစ္ဆရိယ၌ စွဲယူသော သက္ကာယဒိဋ္ဌိ)

ငါ ပြုခဲ့မိသည့် ဒုစရိုက်အတွက် ငါ စိတ်ပူသည်၊ ငါ နှလုံးပူသည်၊ ငါ စိတ်မကောင်း ဖြစ်နေမိသည်၊ ငါ ဥပုသ်မစောင့်လိုက်ရ၍ စိတ်မကောင်း ဖြစ်မိသည်။ (ကုက္ကုစ္စ၌ ဖြစ်သော သက္ကာယဒိဋ္ဌိတည်း။)

တရားဓမ္မနှင့် စပ်၍ ထိုထို လုပ်ငန်းရပ်နှင့် စပ်၍ ငါ ငြီးငွေ့သည် ငါ ပျင်းရိသည်။ (ထိနမိဒ္ဓ၌ စွဲယူသော သက္ကာယဒိဋ္ဌိတည်း။)

ရတနာသုံးတန်, ကံ ကံ၏အကျိုး, အတိတ်ဘဝ အနာဂတ်ဘဝ စသည်တို့၌ ငါ မယုံကြည်နိုင်၊ ငါ ယုံမှားသည်၊ ငါ နှစ်လုံးနှစ်ခွ ရှိသည်။ (ဝိစိကိစ္ဆာ၌ စွဲယူသော သက္ကာယဒိဋ္ဌိတည်း။)

ငါ စိတ်ပျံ့လွင့်သည်၊ ငါ စိတ်မငြိမ်။ (ဥဒ္ဓစ္စ၌ ဖြစ်သော သက္ကာယဒိဋ္ဌိတည်း။)

ရတနာသုံးတန်, ကံ ကံ၏ အကျိုး, အတိတ်ဘဝ အနာဂတ်ဘဝစသည်တို့၌ ငါ ယုံကြည်သည်၊ ငါ ကြည်ညိုသည်၊ ငါ ကြည်ဖြူသည်၊ ငါ နှလုံးကြည်သည်။ (သဒ္ဓါ၌ စွဲယူသော သက္ကာယဒိဋ္ဌိတည်း။)

ကောင်းသောအမှုတို့၌ ငါ မမေ့တတ်၊ ငါ သတိကောင်းသည်၊ ငါ အမှတ်ရသည်၊ ရုပ်နာမ်တွေကို ငါ ရှုလို့ ရသည်၊ အကြောင်း အကျိုးတရားတွေကို ငါ ရှုလို့ရသည်၊ ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အချက်တို့ကို ငါ ရှုလို့ရသည်။ (သတိ၌ စွဲယူထားသော သက္ကာယဒိဋ္ဌိတည်း။)

မကောင်းမှု ဒုစရိုက်တို့၌ ငါ ရှက်တတ်သည်။ (ဟိရီ၌ စွဲယူသော သက္ကာယဒိဋ္ဌိတည်း။)

မကောင်းမှု ဒုစရိုက်တို့မှ ငါ ကြောက်တတ်သည်။ (ဩတ္တပ္ပ၌ စွဲယူသော သက္ကာယဒိဋ္ဌိတည်း။)

ငါ မတွယ်တာတတ်။ (အလောဘ၌ စွဲယူသော သက္ကာယဒိဋ္ဌိတည်း။)

ငါ အမျက်မထွက်တတ်၊ ငါ စိတ်မဆိုးတတ်။ (အဒေါသ၌ စွဲယူသော သက္ကာယဒိဋ္ဌိတည်း။)

ရုပ်နာမ်တို့ အပေါ်၌ ငါ ဥပေက္ခာထားလို့ရသည်။ (တတြမဇ္ဈတ္တတာစေတသိက်၌ စွဲယူသော သက္ကာယဒိဋ္ဌိ တည်း။)

တရားရှုရလို့ ငါ အေးချမ်းသည်။ (ပဿဒ္ဓိ စေတသိက်တို့၌ စွဲယူသော သက္ကာယဒိဋ္ဌိ။)

တရားရှုရတာ ငါ ပေါ့ပါးသည်။ (လဟုတာစေတသိက်တို့၌ စွဲယူသော သက္ကာယဒိဋ္ဌိ။)

တရားရှုရတာ ငါ နူးညံ့သည်။ (မုဒုတာစေတသိက်တို့၌ စွဲယူသော သက္ကာယဒိဋ္ဌိ။)

တရားရှုရတာ ငါ အဆင်ပြေသည်။ (ကမ္မညတာစေတသိက်တို့၌ စွဲယူသော သက္ကာယဒိဋ္ဌိ။)

တရားရှုလို့ ငါ ကျွမ်းကျင်သည်။ (ပါဂုညတာစေတသိက်တို့၌ စွဲယူသော သက္ကာယဒိဋ္ဌိ။)

ငါ စိတ်ထား ဖြောင့်မတ် ဖြူစင်သည်။ (ဥဇုကတာစေတသိက်တို့၌ စွဲယူသော သက္ကာယဒိဋ္ဌိ။)

ကာယဒုစရိုက်တို့မှ ငါ လုံခြုံသည်။ (သမ္မာကမ္မန္တ၌ စွဲယူသော သက္ကာယဒိဋ္ဌိ။)

ဝစီဒုစရိုက်တို့မှ ငါ ရှောင်ကြဉ်သည်။ (သမ္မာဝါစာ၌ စွဲယူသော သက္ကာယဒိဋ္ဌိ။)

မိစ္ဆာဇီဝမှ ငါ ရှောင်ကြဉ်သည်။ (သမ္မာအာဇီဝ၌ စွဲယူသော သက္ကာယဒိဋ္ဌိ။)

ငါ ဥပုသ်သီတင်း စောင့်သုံးသည်၊ ငါ ကိုယ်ကျင့်သီလ မြဲသည်၊ သူ့အသက်ကို သတ်ခြင်းမှ ငါ ရှောင်ကြဉ် သည်။ (ဝိရတိစေတသိက်တို့၌ စွဲယူသော သက္ကာယဒိဋ္ဌိ။)

ဒုက္ခိတသတ္တဝါကို ငါ သနားသည်။ (ကရုဏာ၌ စွဲယူသော သက္ကာယဒိဋ္ဌိ။)

သုခိတသတ္တဝါကို ငါ ဝမ်းမြောက်သည်။ (မုဒိတာ၌ စွဲယူသော သက္ကာယဒိဋ္ဌိ။)

ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတွေကို ငါ ထွင်းဖောက် သိမြင်သည်။ (ပညိန္ဒြေစေတသိက်၌ စွဲယူထားသော သက္ကာယဒိဋ္ဌိတည်း။)

ဤကား သင်္ခါရက္ခန္ဓာ စေတသိက်တို့အပေါ် သက္ကာယဒိဋ္ဌိဖြစ်ပုံ အရိပ်အမြွက်တည်း။ ယင်းအရိပ်အမြွက်ကို နည်းမှီး၍ သက္ကာယဒိဋ္ဌိ (၄)မျိုးလုံး ဖြစ်ပုံကို သဘောပေါက်ပါ။

ပုံစံ (၁) ခု

၁။ စေတနာသည် ငါပင်တည်း။

၂။ စေတနာရှိသော ငါ။

၃။ ငါ၌ ရှိသော စေတနာ။

၄။ စေတနာတို့၌ တည်ရှိသော ငါ --- ဟု အသီးအသီး စွဲယူ၏။ ဤသို့စသည်ဖြင့် သင်္ခါရက္ခန္ဓာ အမည်ရသော စေတသိက် (၅၀)တို့၌ နည်းတူ သဘောပေါက်ပါ။

ဝိညာဏက္ခန္ဓာ၌ သက္ကာယဒိဋ္ဌိဖြစ်ပုံ (၄) မျိုး

၁။ ဝိညာဏံ အတ္တတော သမနုပဿတိ = ဝိညာဏ်ကို အတ္တဟု ရှု၏။

၂။ ဝိညာဏဝန္တံ ဝါ အတ္တာနံ = ဝိညာဏ်ရှိသော အတ္တဟု ရှု၏။

၃။ အတ္တနိ ဝါ ဝိညာဏံ = အတ္တ၌ ဝိညာဏ်ဟု (ဝိညာဏ်ရှိ၏ဟု) ရှု၏။

၄။ ဝိညာဏသ္မိံ ဝါ အတ္တာနံ = ဝိညာဏ်၌ အတ္တဟု (အတ္တရှိ၏ဟု) ရှု၏။

အမှတ် (၁)ကား ဝိညာဏ်နှင့် အတ္တကို တစ်ခုတည်းပြု၍ ဝိညာဏ်သည်ပင် အတ္တ, အတ္တသည်ပင် ဝိညာဏ်ဟု စွဲယူ၏။ အမှတ် (၂၊၃၊၄)တို့ကား ဝိညာဏ်နှင့် အတ္တကို တစ်ခြားစီပြု၍ စွဲယူမှုတည်း။ တစ်ဖန် အမှတ် (၁)ကား ဝိညာဏ်ကို အတ္တဟု စွဲယူ၏။ အမှတ် (၂၊၃၊၄)တို့ကား ရုပ်-ဝေဒနာ-သညာ-သင်္ခါရတို့ကို အတ္တဟု စွဲယူ၍ အတ္တက တစ်ခြား ဝိညာဏ်က တစ်ခြားဟု စွဲယူသည်။

သဘောပေါက်လွယ်ရန် ပုံစံများ

၁။ ဝိညာဏ်သည် ငါ ဖြစ်၏။ (ဝိညာဏ်နှင့် အတ္တကို တစ်ခုတည်းပြု၍ စွဲယူပုံတည်း။)

၂။ ဝိညာဏ်သည် ငါ၏ဥစ္စာ ဖြစ်၏။ (ဝိညာဏ်နှင့် အတ္တကို တစ်ခြားစီထား၍ စွဲယူပုံတည်း။)

အဘယ်သူကို အဘယ်ဝတ္ထုကို ---

၁။ ငါ မြင်သည် ငါ ကြည့်သည် ငါ ရှုသည်။ (စက္ခုဝိညာဏ်၌ စွဲယူသော သက္ကာယဒိဋ္ဌိ တည်း။)

၂။ ငါ ကြားသည် ငါ နာယူသည် ငါ နားထောင်သည်။ (သောတဝိညာဏ်၌ စွဲယူသော သက္ကာယဒိဋ္ဌိတည်း၊၊)

၃။ ငါ နံသည် ငါ မွှေးသည်။ (ဃာနဝိညာဏ်၌ စွဲယူသော သက္ကာယဒိဋ္ဌိတည်း။)

၄။ အချိုအချဉ် အရသာကို ငါ သိသည်။ (ဇိဝှါဝိညာဏ်၌ စွဲယူသော သက္ကာယဒိဋ္ဌိတည်း။)

၅။ အချမ်းအပူ အကြမ်းအနု လှုပ်ရှားမှုတို့ကို တွေ့ထိ၍ ငါ သိသည်။ (ကာယဝိညာဏ်၌ စွဲယူသော သက္ကာယဒိဋ္ဌိတည်း။)

၆။ မနောနှလုံးနှင့် ငါ ကြံသည် ငါ တွေးသည် ငါ သိသည်။ (မနောဝိညာဏ်၌ စွဲယူထားသော သက္ကာယဒိဋ္ဌိ အသီးအသီးတည်း။)

ခန္ဓာ (၅) ပါးလုံး အပေါ်၌ စွဲယူမှု

ဤ၌ဆိုခဲ့ပြီးသည်ကား ခန္ဓာ (၅)ပါး တစ်ပါးပါး အပေါ်၌ စွဲယူမှုတည်း။ တစ်ဖန် အပေါင်းအားဖြင့် ခန္ဓာ ငါးပါးလုံးကို ခြုံ၍ ငါဟူ၍လည်းကောင်း, ငါ သွားသည် ငါ လာသည် ငါ ပြုသည် ငါ ပြောသည် ငါ ဆိုသည် အစရှိသည်ဖြင့်လည်းကောင်း အပေါင်းကို ခြုံငုံ၍ စွဲလမ်းပြောဆိုသမျှလည်း သက္ကာယဒိဋ္ဌိချည်းပင်တည်း။

ပုဂ္ဂိုလ် အဟုတ်ရှိ၏၊ သတ္တဝါ အဟုတ်ရှိ၏၊ လူ အဟုတ်ရှိ၏၊ နတ် အဟုတ်ရှိ၏၊ မိန်းမ အဟုတ်ရှိ၏၊ ယောက်ျား အဟုတ်ရှိ၏၊ ငါ အဟုတ်ရှိ၏၊ သူတစ်ပါး အဟုတ်ရှိ၏ --- ဟု မှတ်ထင်ခြင်း အရင်းခံ ရှိကြကုန်သော ပုထုဇန်သတ္တဝါတို့သည် --- ငါဟူသော စကား, ကိုယ်ဟူသော စကား, သူဟူသော စကားကို --- တစ်လောကလုံး တအုန်းအုန်းလည်း ပြောကြကုန်၏၊ ပြောတိုင်း ပြောတိုင်းလည်း စိတ်အထင်ပါကြကုန်၏။ သက္ကာယဒိဋ္ဌိကို ပယ်ပြီးသော အရိယာသူတော်ကောင်းကြီးတို့သည်ကား အပြောမှာ သမုတိသစ္စာ ဝေါဟာရသို့လိုက်၍ အများ နည်းတူပင် ပြောကြကုန်၏။ စိတ်အထင်မူကား မရှိပြီ၊ ငါဟူ၍ ပြောကြကုန်သော်လည်း စိတ်မှာ တကယ်ဟုတ်သည်ဟု မထင်ကြကုန်ပြီ။

ဤပြဆိုခဲ့ပြီးသော သက္ကာယဒိဋ္ဌိအချက်စုမှာ ဒိဋ္ဌိနှင့် စွဲလမ်းထင်မြင်သည်လည်းရှိသည်။ သညာနှင့် စွဲလမ်းထင်မြင်သည်လည်းရှိသည်။ စိတ်ဝိညာဏ်နှင့် စွဲလမ်းထင်မြင်သည်လည်း ရှိသည်ဟု မှတ်ပါ။

သဿတဒိဋ္ဌိနှင့် ဥစ္ဆေဒဒိဋ္ဌိ

အတ္တသည် သေလျှင်ပြတ်၏ --- ဟု စွဲယူသော အယူသည် ဥစ္ဆေဒဒိဋ္ဌိတည်း။ အတ္တသည် မပြတ်မစဲ အမြဲ တည်ရှိ၏ဟု စွဲယူသော အယူသည် သဿတဒိဋ္ဌိတည်း။

၁။ ရုပ်ကိုအတ္တဟု (= ရူပံ အတ္တတော သမနုပဿတိ။)

၂။ ဝေဒနာကို အတ္တဟု (= ဝေဒနံ အတ္တတော သမနုပဿတိ။)

၃။ သညာကို အတ္တဟု (= သညံ အတ္တတော သမနုပဿတိ။)

၄။ သင်္ခါရကို အတ္တဟု (= သင်္ခါရေ အတ္တတော သမနုပဿတိ။)

၅။ ဝိညာဏ်ကို အတ္တဟု (= ဝိညာဏံ အတ္တတော သမနုပဿတိ။)

ဤသို့ အသီးအသီး စွဲယူရာ၌ ထို ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့၏ ပျက်စီးမှုသည် ထင်ရှားသော ကြောင့် အတ္တသည် ပျက်စီး၏၊ အတ္တသည် ပြတ်၏ --- ဟု စွဲယူရကား ဥစ္ဆေဒဒိဋ္ဌိလည်း ဖြစ်၏၊ အတ္တဒိဋ္ဌိ သက္ကာယဒိဋ္ဌိလည်း ဖြစ်၏။ ယင်းဥစ္ဆေဒဒိဋ္ဌိကိုပင် ဝိဘဝဒိဋ္ဌိဟုလည်း ခေါ်၏။

တစ်ဖန် ရုပ်ရှိသော အတ္တ, ဝေဒနာရှိသော အတ္တ, သညာရှိသော အတ္တ, သင်္ခါရရှိသော အတ္တ, ဝိညာဏ်ရှိသော အတ္တ စသည်ဖြင့် စွဲယူရာ၌ကား ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်က တစ်ခြား အတ္တက တစ်ခြားဟု စွဲယူထားသဖြင့် ထို ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့ ပျက်စီးသော်လည်း အတ္တကားမပျက်စီးဟု ယူသော ကြောင့် သဿတဒိဋ္ဌိလည်း ဖြစ်၏၊ သက္ကာယဒိဋ္ဌိလည်း ဖြစ်၏။ ယင်းသဿတဒိဋ္ဌိကို ဘဝဒိဋ္ဌိဟုလည်း ခေါ်ဆို၏။

ဗြဟ္မဇာလသုတ်စသည်၌ ဟောကြားတော်မူအပ်သော မိစ္ဆာဒိဋ္ဌိ (၆၂)မျိုးစသည့် မိစ္ဆာဒိဋ္ဌိ အယူဝါဒ မှန်သမျှတို့သည် ဤသက္ကာယဒိဋ္ဌိမှ ဆက်သွယ်ဖြစ်ပွား ပေါ်ပေါက်၍ လာကြကုန်၏၊ ဤသက္ကာယဒိဋ္ဌိသည် မိစ္ဆာဒိဋ္ဌိ မှန်သမျှ၏ အရင်းခံ မျိုးစေ့ ဖြစ်၏။ ဤမိစ္ဆာဒိဋ္ဌိအယူတို့သည် သက္ကာယဒိဋ္ဌိ ရှိသော် ဖြစ်ကုန်၏၊ သက္ကာယဒိဋ္ဌိ မရှိသော် မဖြစ်ကုန်ဟု သဠာယတနဝဂ္ဂသံယုတ် စိတ္တသံယုတ် ဒုတိယ ဣသိဒတ္တသုတ္တန်၌ လာရှိ၏။

ယာနိ စိမာနိ ဒွါသဋ္ဌိ ဒိဋ္ဌိဂတာနိ ဗြဟ္မဇာလေ ဘဏိတာနိ၊ ဣမာ ခေါ ဂဟပတိ ဒိဋ္ဌိယော သက္ကာယဒိဋ္ဌိယာ သတိ ဟောန္တိ၊ သက္ကာယဒိဋ္ဌိယာ အသတိ န ဟောန္တီတိ။ (သံ၊၂၊၄၇၈။)

မရေရာသော သက္ကာယဒိဋ္ဌိ

ယခုအခါ မြန်မာနိုင်ငံအတွင်း၌ရှိသော ဗုဒ္ဓဘာသာဝင် အချို့တို့သည်လည်း ဘယ်အရာဟု ကျကျနန မပြောတတ်ကြသော်လည်း ရုပ်နာမ်ခန္ဓာ တစ်စုံတစ်ခုအပေါ်၌ အထူးသဖြင့် ဝိညာဏ်အပေါ်၌ အတ္တဟုပင် စွဲလမ်းလျက် ရှိကြ၏။ အတ္တဟူသော အမည်ကို မသုံးကြစေကာမူ ယင်းအတ္တစကားလုံးနှင့် အဓိပ္ပါယ်တူညီ သည့် -- အသက်ကောင်, လိပ်ပြာ, ဝိညာဏ် --- ဟူသော စကားလုံးများဖြင့် ခေါ်ဝေါ်သုံးစွဲကြ၏။ လူတစ်ယောက် စုတေသည့်အခါ အသက်ထွက်သွားပြီဟုလည်းကောင်း, လူတစ်ယောက် ဖျားနာ၍ မေ့မျောသွားသည့်အခါ လိပ်ပြာ ထွက်သွားသဖြင့် လိပ်ပြာ ပြန်ခေါ်တတ်သော ဆရာနှင့် လိပ်ပြာ ပြန်ခေါ်သည်ဟုလည်းကောင်း, လူတစ်ဦးတစ်ယောက် အမှတ်တမဲ့ လန့်သွားသည့်အခါ --- လိပ်ပြာကို လွင့်သွားတာပဲဟုလည်းကောင်း, ကလေးများကို ချောက်လှန့်ခဲ့သော်ကလေးများကို မချောက်လှန့်နဲ့ ၊ လိပ်ပြာ လွင့်သွားတတ်တယ်ဟုလည်းကောင်း, သေသွားသူ၏ လိပ်ပြာသည် ချစ်ခင်သူ၏ လိပ်ပြာကို လာရောက်ခေါ်ယူနေသည်၊ သေသွားသူ၏ လိပ်ပြာနှင့် ချစ်ခင်သူ၏ လိပ်ပြာနှစ်ဦးတို့ လိပ်ပြာချင်း ပူးနေသည်၊ သို့အတွက် လိပ်ပြာချင်း ခွဲပေးရမည်ဟု လည်းကောင်း --- ဤသို့စသည်ဖြင့် ပြောဆိုတတ်ကြ၏။ သေလျှင် ဝိညာဏ်သည် ဘဝတစ်ခုမှ ဘဝတစ်ခုသို့ ပြောင်းရွှေ့သွားသည်ဟုလည်း ယူဆတတ်ကြ၏။ ဤအတ္တစွဲလမ်းမှုကား နယ်ကျယ်လှ၏၊ ခန္ဓာကိုယ်၌ သာမက အပြင်အပ သက်မဲ့လောက အကယ်စင်စစ်ဖြစ်သည့် သစ်ပင် တောတောင် ရေမြေတို့မှာပင် အသက်ဇီဝ အတ္တရှိ၏ဟု စွဲလမ်းတတ်ကြ၏။

ဇီဝသညိနော ဟိ မောဃပုရိသာ မနုဿာ ရုက္ခသ္မိံ။ (ဝိ၊၂၊၅၁-၅၂။)

မဂ်ကို တားနိုင်သည်

တာ သဗ္ဗာပိ မဂ္ဂါဝရဏာ၊ န သဂ္ဂါဝရဏာ၊ ပထမမဂ္ဂဝဇ္ဈာတိ ဝေဒိတဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၃၈၈။)

ဤဖော်ပြခဲ့သည့် ဘဝဒိဋ္ဌိ (၁၅)မျိုး, ဝိဘဝဒိဋ္ဌိ (၅)မျိုးဟူသော (၂၀)သော သက္ကာယဒိဋ္ဌိတို့သည် မဂ်ဉာဏ် ကို မရအောင် တားထားနိုင်ကုန်၏။ သို့သော် ယင်းသက္ကာယဒိဋ္ဌိ (၂၀)တို့သည် နတ်ရွာသုဂတိကိုကား မရောက် အောင် တားမထားနိုင်ကုန်။ ယင်းသက္ကာယဒိဋ္ဌိ (၂၀)တို့ကား ပထမ သောတာပတ္တိမဂ်ဉာဏ်က ပယ်သတ်ရမည့် တရားစုတို့သာ ဖြစ်ကြသည်။ (အဘိ၊ဋ္ဌ၊၁၊၃၈၈။)

သင်္ခါရတရားတို့ကို လက္ခဏာယာဉ်သုံးတန်လုံး တစ်လှည့်စီတင်ကာ ဝိပဿနာ ရှုပွားသုံးသပ်နိုင်ပါမှ အရိယမဂ်သို့ ဆိုက်နိုင်၏။ အနိစ္စသက်သက်, သို့မဟုတ် ဒုက္ခသက်သက်, သို့မဟုတ် အနတ္တသက်သက် ဝိပဿနာ ရှုနေရုံမျှဖြင့်ကား အရိယမဂ်သို့ မဆိုက်ရောက်နိုင်ပြီ။ (ဝိသုဒ္ဓိ၊၂၊၃၀၁။)

ထိုလက္ခဏာရေးသုံးတန်တို့တွင် အနတ္တာနုပဿနာဉာဏ်လည်း ပါဝင်လျက်ရှိ၏။ အနတ္တာနုပဿနာဉာဏ်ဖြင့်လည်း သင်္ခါရတရားတို့ကို အနတ္တဟု အဖန်ဖန် ရှုနိုင်ပါမှ သိနိုင်ပါမှ ဉာဏ်ဖြင့် မြင်နိုင်ပါမှလည်း မဂ် ဖိုလ်ကို ရနိုင် ဆိုက်ရောက်နိုင်သောကြောင့်, သက္ကာယဒိဋ္ဌိဖြင့် သင်္ခါရတရားတို့ကို အတ္တဟု ရှုလေသမျှ ရှုနေသမျှ အနတ္တသို့ ဉာဏ်အမြင်မဆိုက်နိုင်ရကား မဂ်ဖိုလ်ကို မရနိုင် မဂ်ဖိုလ်သို့ မဆိုက်ရောက်နိုင်။ ထိုကြောင့် ဤသက္ကာယဒိဋ္ဌိကို မဂ္ဂါဝရဏ = မဂ်ကို မရအောင် တားထားနိုင်၏ဟု ဆိုသည်။ သို့သော် ယင်းသက္ကာယဒိဋ္ဌိ တို့သည် တင်းလင်းရှိကုန်သော်လည်း နတ်ရွာသုဂတိကိုကား ရောက်နိုင်သဖြင့် နတ်ရွာ သုဂတိကို မရောက် အောင် တားနိုင်သည့် သဂ္ဂါဝရဏတရားတို့ကား မဟုတ်ကြကုန်။

ဤသက္ကာယဒိဋ္ဌိ (၂၀)တို့ အပေါ်၌ အခြေစိုက်လျက် အတ္တကို ပြောဆိုကြောင်း စွဲမြဲစွာယူကြောင်း သဘောတရားတည်းဟူသော အတ္တဝါဒုပါဒါန်သည်, တစ်နည်း အတ္တဟု စွဲမြဲစွာယူကြောင်းဖြစ်သော အတ္တဝါဒမျှ သာလျှင် ဖြစ်သော အတ္တဝါဒုပါဒါန်သည် ဖြစ်ပေါ်နေပေသည်။

ဥပ္ပတ္တိက္ကမ - ပဟာနက္ကမ - ဒေသနာက္ကမ

၁။ ဥပ္ပတ္တိက္ကမ = ဖြစ်စဉ် -

၂။ ပဟာနက္ကမ = အရိယမဂ်ဖြင့် ပယ်စဉ် -

၃။ ဒေသနာက္ကမ = ဒေသနာဟောစဉ် - ဟု အစဉ်သုံးမျိုးရှိ၏။

၁။ ဥပ္ပတ္တိက္ကမ --- အစမထင် သံသရာတစ်ခွင်၌ ဤကိလေသာကား ရှေးဦးစွာ ဖြစ်ခြင်း ထင်ရှား၏ --- ဟု ဆိုဖွယ် မရှိခြင်းကြောင့် အဝိဇ္ဇာ တဏှာ စသော ကိလေသာတို့၏ ဖြစ်စဉ်ကို = ဥပ္ပတ္တိက္ကမကို မုချအားဖြင့် မဆိုနိုင်ပေ။ သို့သော် ပရိယာယ်အားဖြင့် ဆိုရသော် ယေဘုယျအားဖြင့် ဘဝတစ်ခု၌ အတ္တဟု စွဲယူခြင်းလျှင် ရှေးသွားရှိသော အတ္တသည် မြဲ၏ဟု သဿတဒိဋ္ဌိအားဖြင့်လည်းကောင်း, အတ္တသည် သေလျှင် ပြတ်၏ဟု ဥစ္ဆေဒဒိဋ္ဌိအားဖြင့်သော်လည်းကောင်း မှားမှားယွင်းယွင်း စွဲမြဲစွာ နှလုံးသွင်းခြင်း ဒိဋ္ဌုပါဒါန် ဖြစ်တတ်၏။

ထိုနောင် ဤအတ္တသည် အခါခပ်သိမ်း ထင်ရှားရှိ၏ မြဲ၏ --- ဤသို့စွဲယူသော ပုဂ္ဂိုလ်၏ သန္တာန်၌ အတ္တ၏ စင်ကြယ်ခြင်း အကျိုးငှာ သီလဗ္ဗတုပါဒါန် ဖြစ်ပေါ်လာတတ်၏။

တစ်ဖန် ဤအတ္တသည် သေလျှင် ပြတ်၏ဟု ဤသို့စွဲယူသော ဥစ္ဆေဒအယူ ရှိသောကြောင့် တမလွန် ပရလောကကို ငဲ့ခြင်းမရှိသော တမလွန်ပရလောက မရှိဟုယူသော ပုဂ္ဂိုလ်၏သန္တာန်၌ ကာမဂုဏ်တို့၌ စွဲလမ်းတပ်မက်ခြင်း ကာမုပါဒါန် ဖြစ်ပေါ်လာတတ်၏။ ဤသို့လျှင် ပထမအတ္တဝါဒုပါဒါန် ထိုနောင် ဒိဋ္ဌုပါဒါန် သီလဗ္ဗတုပါဒါန် ကာမုပါဒါန်တို့ ဖြစ်ပေါ်လာတတ်ကြကုန်၏။ ဤကား ဥပါဒါန် (၄)ပါးတို့၏ ဘဝတစ်ခု၌ ဖြစ်စဉ် ဥပ္ပတ္တိက္ကမတည်း။ (အဘိ၊ဋ္ဌ၊၂၊၁၇၃။ ဝိသုဒ္ဓိ၊၂၊၂၀၄-၂၀၅။)

၂။ ပဟာနက္ကမ ---- ဒိဋ္ဌုပါဒါန် သီလဗ္ဗတုပါဒါန် အတ္တဝါဒုပါဒါန်တို့ကို ရှေးဦးစွာ ပယ်အပ်၏။ သောတာပတ္တိမဂ်သည် ပယ်သတ်ထိုက်သော တရားတို့ ဖြစ်ခြင်းကြောင့်တည်း။ ကာမုပါဒါန်ကား အရဟတ္တမဂ်ဖြင့် ပယ်သတ်အပ်သော တရားဖြစ်ခြင်းကြောင့် နောက်မှ ပယ်သတ်အပ်သော ဥပါဒါန်တည်း။ (အဘိ၊ဋ္ဌ၊၂၊၁၇၃။ ဝိသုဒ္ဓိ၊၂၊၂၀၅။)

၃။ ဒေသနာက္ကမ --- ကာမုပါဒါန်က အရာကျယ်သောကြောင့်လည်းကောင်း, လောက၌ ထင်ရှားသောကြောင့် လည်းကောင်း ဥပါဒါန် (၄)မျိုးတို့တွင် ကာမုပါဒါန်ကို ရှေးဦးစွာ ဟောတော်မူသည်။ ထိုကာမုပါဒါန်သည် လောဘမူစိတ် (၈)ပါးလုံး၌ ယှဉ်ရကား အရာကျယ်၏။ ကျန်ဥပါဒါန်သုံးမျိုးတို့ကား ဒိဋ္ဌိဂတသမ္ပယုတ် လောဘမူ စိတ် (၄)မျိုးနှင့်သာ ယှဉ်ရကား အရာကျဉ်း၏။ ယေဘုယျအားဖြင့် ငြိကပ်တွယ်တာရာ ဥပါဒါနက္ခန္ဓာငါးပါး၌ မွေ့လျော်ခြင်းရှိသော သတ္တဝါအပေါင်း၌ ကာမုပါဒါန်ကား ထင်ရှား၏။ ကျန်ဥပါဒါန်တို့ကား မထင်ရှားကုန်။

ကာမုပါဒါန် အားကြီးသော ပုဂ္ဂိုလ်သည် သက်ရှိ သက်မဲ့ ကာမဝတ္ထု အစုစုကို ရရှိရန်အလို့ငှာ ကံ ကံ၏ အကျိုးကို ယုံကြည်မှုမရှိဘဲ, ရှိသော်လည်း အလေးမမူဘဲ ဒိဋ္ဌမင်္ဂလာ, သုတမင်္ဂလာ, မုတမင်္ဂလာစသော လောကီ မင်္ဂလာတို့ကိုသာ လေ့လာလိုက်စားမှု များ၏။ ထိုပုဂ္ဂိုလ်၏ ထိုလောကီမင်္ဂလာတို့အပေါ်၌ ယုံကြည်မှုသည် စွဲလမ်းမှုသည် ဒိဋ္ဌုပါဒါန်ပင်တည်း။ ထိုကြောင့် ကာမုပါဒါန်၏ အခြားမဲ့၌ ဒိဋ္ဌုပါဒါန်ကို ဟောတော်မူသည်။

ထိုဒိဋ္ဌုပါဒါန်သည် ကွဲပြားလတ်ပြန်သော် သီလဗ္ဗတုပါဒါန် အတ္တဝါဒုပါဒါန်အားဖြင့် နှစ်မျိုး ပြားပြန်၏။ ထိုနှစ်မျိုးတို့တွင် နွားတို့၏ အမူအရာကိုသော်လည်းကောင်း ခွေးတို့၏ အမူအရာကိုသော်လည်းကောင်း မြင်ရုံဖြင့်လည်း သိထိုက်သည်၏ အဖြစ်ကြောင့် ပေါ်လွင်ထင်ရှားရကား သီလဗ္ဗတုပါဒါန်ကို ပထမရှေးဦးစွာ ဟောတော်မူ၏။ သိမ်မွေ့သည်၏ အဖြစ်ကြောင့် အဆုံး၌ အတ္တဝါဒုပါဒါန်ကို ဟောတော်မူ၏။ ဤကား ဒေသနာက္ကမ = ဒေသနာတော်အစဉ်တည်း။ (အဘိ၊ဋ္ဌ၊၂၊၁၇၃။ ဝိသုဒ္ဓိ၊၂၊၂၀၅။)

ပဋ္ဌာန်းပစ္စည်း ဆက်သွယ်ပုံ

၁။ ကာမတဏှာသည် ကာမုပါဒါန်အား ဥပနိဿယပစ္စယသတ္တိ တစ်မျိုးတည်းဖြင့်သာ ကျေးဇူးပြု၏။ တဏှာဖြင့် လွန်စွာ နှစ်သက်အပ်ကုန်သော အာရုံတို့၌ ကာမုပါဒါန်၏ ဖြစ်ခြင်းကြောင့်တည်း။ (အဘိ၊ဋ္ဌ၊၂၊၁၇၃။ ဝိသုဒ္ဓိ၊၂၊၂၀၅။)

ဤ၌ ဥပနိဿယဟုဆိုသဖြင့် အာရမ္မဏူပနိဿယ, အနန္တရူပနိဿယ, ပကတူပနိဿယ (၃)မျိုးလုံးကိုပင် ဆိုသည်မှတ်ပါ။ အနန္တရ သမနန္တရ နတ္ထိ ဝိဂတပစ္စည်းတို့သည် အနန္တရူပနိဿယ၌ပင် အကျုံးဝင်သည်ဟု မှတ်ပါ။ အောက်၌လည်း နည်းတူမှတ်ပါ။ (မူလဋီ၊၂၊၁၂၂။)

တစ်ဖန် ယင်းကာမတဏှာသည် ဒိဋ္ဌုပါဒါန် သီလဗ္ဗတုပါဒါန် အတ္တဝါဒုပါဒါန်ဟူသော ဥပါဒါန်သုံးမျိုးအား သဟဇာတ အညမည နိဿယ သမ္ပယုတ္တ အတ္ထိ အဝိဂတ ဟေတုဟူသော ပစ္စယသတ္တိ (၇)မျိုးတို့ဖြင့် လည်းကောင်း, ဥပနိဿယပစ္စည်းနှင့်တကွ (၈)မျိုးတို့ဖြင့်လည်းကောင်း ဖြစ်ပေါ်လာအောင် ကျေးဇူးပြု၏။ အကြင် အခါ၌ ယင်းတဏှာသည် ယင်းဥပါဒါန်သုံးပါးအား ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏၊ ထိုအခါ၌ ယင်းတဏှာနှင့် ဥပါဒါန်တို့သည် အသဟဇာတ = စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူ ယှဉ်တွဲဖြစ်ကြသော သဟဇာတတရားများ မဟုတ်ကြဟု သိရှိပါလေ။ (စိတ္တက္ခဏပေါင်းများစွာ ကွာခြားနေမည် ဟူလိုသည်။)

အကြောင်း အကျိုး သိမ်းဆည်းပုံ

ဤအပိုင်းကား ယခုမျက်မှောက် ဤပစ္စုပ္ပန်ဘဝကို ဗဟိုထား၍ ကြည့်ရှုသုံးသပ်ပါက အနာဂတ် အကျိုး တရားများကို ရည်ရွယ်တောင့်တ၍ ထိုအကျိုးတရားများကို ရရှိနိုင်သည့် အကြောင်းတရားတို့ကို ပြုစုပျိုးထောင် သည့် ပစ္စုပ္ပန်အကြောင်းတရားပိုင်းပင် ဖြစ်သည်။ အထူးသဖြင့် အနာဂတ်ဘဝတစ်ခုအတွက် ရည်ရွယ်၍ ပြုစု ပျိုးထောင်နေသော ကိလေသဝဋ် ကမ္မဝဋ်တို့တွင် အကျုံးဝင်သော တဏှာကြောင့် ဥပါဒါန် ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်း အကျိုးတို့ကို သိမ်းဆည်းရမည့် အပိုင်းဖြစ်သည်။ သို့အတွက် အနာဂတ် ဘဝ တစ်ခုခုအတွက် မိမိ ပြုစုပျိုးထောင်နေကျ ကိလေသဝဋ် ကမ္မဝဋ် တစ်ခုခုနှင့် ပူးကပ်၍ ရှုပါက ပို၍ ကောင်းမွန် သည်၊ ပို၍ သဘောပေါက် မြန်နိုင်သည်။

ဥပမာ --- အသင်သူတော်ကောင်းသည် အနာဂတ်ဘဝ၌ ဓမ္မကထိကနတ်သားဖြစ်ရန် ရည်ရွယ်တောင့်တ၍ ကိလေသဝဋ် ကမ္မဝဋ်တို့ကို အကြိမ်များစွာ အခါအခွင့်သင့်သလို ပြုစုပျိုးထောင်နေသည် ဖြစ်အံ့။ ထိုကိလေသ ဝဋ် ကမ္မဝဋ်များထဲမှ နှစ်နှစ်ကာကာ အဖြစ်ဆုံး ကိလေသဝဋ် ကမ္မဝဋ် တစ်ခုခုကို ရွေးချယ်ပါ။

၁။ ဓမ္မကထိက နတ်သားဟု အသိမှားခြင်းသဘောကား အဝိဇ္ဇာတည်း။

၂။ ယင်းဓမ္မကထိကနတ်သားဘဝဟူသော ဘဝသမ္ပတ္တိ, နတ်ကာမဂုဏ် နတ်စည်းစိမ်တည်းဟူသော ဘောဂသမ္ပတ္တိ ---- ဤဘဝသမ္ပတ္တိ ဘောဂသမ္ပတ္တိတို့ကို လိုလားတပ်မက်ခြင်း သဘောကား ကာမတဏှာတည်း။ တစ်နည်းဆိုသော် ဓမ္မကထိကနတ်သား တကယ်ထင်ရှားရှိ၏ဟု စွဲလမ်းယုံကြည်သော ဘဝဒိဋ္ဌိ အတ္တဒိဋ္ဌိနှင့် ယှဉ်သော ဓမ္မကထိကနတ်သားဘဝကို တွယ်တာတပ်မက်သော တဏှာသည် ဘဝတဏှာတည်း။

၃။ ယင်းကာမတဏှာကြောင့် နတ်သားဘဝ နတ်စည်းစိမ်ကို စွဲလမ်းသော ကာမုပါဒါန် ဖြစ်၏။ တစ်နည်း ယင်းဘဝတဏှာကြောင့် အတ္တဝါဒုပါဒါန် ဖြစ်၏။

အကယ်၍ ဓမ္မကထိကနတ်သားဘဝ၌ ရရှိမည့် သက်ရှိ သက်မဲ့ ကာမဝတ္ထု အစုစုအပေါ်၌ တွယ်တာ တပ်မက်မှု ကာမတဏှာ အရင်းခံလျက် ယင်းကာမဝတ္ထု အစုစုအပေါ်၌ စွဲလမ်းမှု ကာမုပါဒါန်ဖြစ်လျှင် ယင်းနတ်သားဘဝနှင့်တကွသော သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုအပေါ်၌ တွယ်တာတပ်မက်သည့် ကာမတဏှာကြောင့် ယင်းကာမုပါဒါန် ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ (ကောင်းမှုကုသိုလ်ပြုစဉ်က ရုပ်နာမ် တို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းလျက် ထိုစဉ်က ကိလေသဝဋ်များ ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍)

၁။ ကာမတဏှာ ဖြစ်ခြင်းကြောင့် ကာမုပါဒါန် ဖြစ်၏။

ကာမတဏှာက အကြောင်းတရား၊ ကာမုပါဒါန်က အကျိုးတရား။

ဤသို့အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ တစ်နည်း ဓမ္မကထိကနတ်သား ထင်ရှား ဧကန် အမှန်ရှိ၏ဟူသော သက္ကာယဒိဋ္ဌိ၌ အခြေစိုက်လျက် ဓမ္မကထိကနတ်သားဟု စွဲယူသော အတ္တဒိဋ္ဌိနှင့် ယှဉ်သော ဘဝတဏှာဖြစ်လျှင် ယင်းဘဝတဏှာကြောင့် အတ္တဝါဒုပါဒါန် ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အောက်ပါအတိုင်း အကြောင်း အကျိုး သိမ်းဆည်းပါ။

၂။ ဘဝတဏှာ ဖြစ်ခြင်းကြောင့် အတ္တဝါဒုပါဒါန် ဖြစ်၏။

ဘဝတဏှာက အကြောင်းတရား၊ အတ္တဝါဒုပါဒါန်က အကျိုးတရား။

လောကော စာတိ ဝါ အတ္တဂ္ဂဟဏဝိနိမုတ္တံ ဂဟဏံ ဒိဋ္ဌုပါဒါနဘူတံ ဣဓ ပုရိမဒိဋ္ဌိဥတ္တရဒိဋ္ဌိဝစနေဟိ ဝုတ္တန္တိ ဝေဒိတဗ္ဗံ။ (မူလဋီ၊၂၊၁၂၁။)

ဤမူလဋီကာအဖွင့်၏ အဓိပ္ပါယ်ကို ရှေးစာမျက်နှာ (၅၂၆)၌ ---- တစ်နည်းယူပုံ ---- ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြထားခဲ့၏။ ခန္ဓာ (၅)ပါးတို့တွင် တစ်ပါးပါးကို အတ္တဟုယူလျှင် ကျန်ခန္ဓာလေးပါးကို လောကဟု ယူနိုင် သောကြောင့် လောကသည်မြဲ၏ဟု စွဲယူသော အယူဝါဒမှာ မိစ္ဆာဒိဋ္ဌိပင် ဖြစ်၏။ ရှေးရှေး မိစ္ဆာဒိဋ္ဌိကို နောက်နောက် မိစ္ဆာဒိဋ္ဌိဖြင့် စွဲယူပြန်သော် နောက်နောက်သော မိစ္ဆာဒိဋ္ဌိမှာ ဒိဋ္ဌုပါဒါန်ပင် ဖြစ်၏။ ရှေးရှေး မိစ္ဆာဒိဋ္ဌိနှင့် ယှဉ်သော တဏှာမှာ ဘဝတဏှာ ဖြစ်၏။ ယင်းဘဝတဏှာကြောင့် နောက်နောက်သော မိစ္ဆာဒိဋ္ဌိတည်းဟူသော ဒိဋ္ဌုပါဒါန် ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အောက်ပါအတိုင်း အကြောင်း အကျိုး သိမ်းဆည်းပါ။

၃။ ဘဝတဏှာ ဖြစ်ခြင်းကြောင့် ဒိဋ္ဌုပါဒါန် ဖြစ်၏။

ဘဝတဏှာက အကြောင်းတရား၊ ဒိဋ္ဌုပါဒါန်က အကျိုးတရား။

ဤအဆင့်အထိ အသိဉာဏ်ရှိနေသော သူတော်ကောင်းတစ်ဦးအတွက် နောင်အနာဂတ်ကို မြော်မှန်း၍ သီလဗ္ဗတုပါဒါန်ကား အလွန်ဖြစ်ခဲဖွယ်ရာ ရှိသည်။ အတိတ် သံသရာတစ်လျှောက်၌သာ ထိုက်သလို ဖြစ်နိုင်ခဲ့ ပေမည်။ --- ဤသည်မှာ ခြုံ၍ အကြောင်းအကျိုး သိမ်းဆည်းပုံတည်း။ အကယ်၍ ခွဲရှုလိုပါက အောက်ပါအတိုင်း ရှုပါ။ ---

တစ်နည်း ခွဲ၍ အကြောင်း အကျိုး သိမ်းဆည်းပုံ

၁။ ဓမ္မကထိက နတ်သားဘဝ၌ ရရှိမည့် ရူပါရုံကိုပင် လွန်စွာသာယာလျက် ဖြစ်ပေါ်လာသော ရူပတဏှာ သည် ကာမတဏှာ မည်၏။

၂။ ထိုရူပါရုံကိုပင် --- မြဲ၏၊ အခါခပ်သိမ်း တည်ရှိ၏ ---ဟု ဖြစ်ပေါ်လာသော သဿတဒိဋ္ဌိနှင့် အတူတကွ ဖြစ်သော ရူပတဏှာသည် ဘဝတဏှာ မည်၏။

၃။ ထိုရူပါရုံကိုပင် --- သေလျှင် ပြတ်၏၊ ပျက်စီး၏ဟု ဖြစ်ပေါ်လာသော ဥစ္ဆေဒဒိဋ္ဌိနှင့် အတူတကွဖြစ်သော ရူပတဏှာသည် ဝိဘဝတဏှာ မည်၏။

ဤသို့လျှင် ရူပတဏှာသည် ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာဟု သုံးမျိုးပြား၏။ သဒ္ဒတဏှာ၊ ဂန္ဓတဏှာ၊ ရသတဏှာ၊ ဖောဋ္ဌဗ္ဗတဏှာ၊ ဓမ္မတဏှာတို့၌လည်း အလားတူပင် သုံးမျိုးစီပြား၏။ ရူပ ကာမတဏှာစသည်ကြောင့် ကာမုပါဒါန်စသည့် ဥပါဒါန်များ ထင်ရှားဖြစ်ပေါ်လာပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အောက်ပါအတိုင်း အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။

၁။ ရူပ ကာမတဏှာ ဖြစ်ခြင်းကြောင့် ကာမုပါဒါန် ဖြစ်၏။

ရူပ ကာမတဏှာက အကြောင်းတရား ၊ ကာမုပါဒါန်က အကျိုးတရား။

၂။ ရူပ ဘဝတဏှာ ဖြစ်ခြင်းကြောင့် ဒိဋ္ဌုပါဒါန် ဖြစ်၏။ (သဿတဒိဋ္ဌိ။)

ရူပ ဘဝတဏှာက အကြောင်းတရား၊ ဒိဋ္ဌုပါဒါန်က အကျိုးတရား။

၃။ ရူပ ဝိဘဝတဏှာ ဖြစ်ခြင်းကြောင့် ဒိဋ္ဌုပါဒါန် ဖြစ်၏။ (ဥစ္ဆေဒဒိဋ္ဌိ။)

ရူပ ဝိဘဝတဏှာက အကြောင်းတရား၊ ဒိဋ္ဌုပါဒါန်က အကျိုးတရား။

တစ်နည်းအားဖြင့် ရှုကွက်

သဿတဝါဒနှင့် တွဲနေသော ဘဝတဏှာ၊ ဥစ္ဆေဒဝါဒနှင့် တွဲနေသော ဝိဘဝတဏှာတို့မှာ အတ္တဝါဒ အပေါ် အခြေတည်၍ (ထိုရူပါရုံစသည်ကိုပင် အတ္တဟု စွဲယူ၍) ဖြစ်ပေါ်လာသော တဏှာများပင် ဖြစ်ကြသဖြင့် အောက်ပါအတိုင်းလည်း ရှုနိုင်သည်။

၁။ ရူပ ဘဝတဏှာ ဖြစ်ခြင်းကြောင့် အတ္တဝါဒုပါဒါန် ဖြစ်၏။

ရူပ ဘဝတဏှာက အကြောင်းတရား၊ အတ္တဝါဒုပါဒါန်က အကျိုးတရား။

၂။ ရူပ ဝိဘဝတဏှာ ဖြစ်ခြင်းကြောင့် အတ္တဝါဒုပါဒါန် ဖြစ်၏။

ရူပ ဝိဘဝတဏှာက အကြောင်းတရား၊ အတ္တဝါဒုပါဒါန်က အကျိုးတရား။

သဒ္ဒတဏှာ ။ ပ ။ ဓမ္မတဏှာတို့၌လည်း နည်းမှီး၍ရှုပါ။ အကယ်၍ အသင်သူတော်ကောင်းသည် နောင်အနာဂတ်၌ သာသနာပြုနိုင်သည့် ရဟန်းဘဝကို လိုလားတောင့်တ၍ ပါရမီမျိုးစေ့တို့ကို ထူထောင်နေခဲ့လျှင်လည်း, သို့မဟုတ် ဗြဟ္မာဘဝကို ရည်ရွယ်မှန်းထား၍ စျာန်တို့ကို အမြတ်စား ပွားများထားလျှင်လည်း ဤဖော်ပြပါ ဓမ္မကထိကနတ်သားပုံစံကို နည်းမှီး၍ ရှုပါလေ။

ဤပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းအထိ အသိဉာဏ်ကို ရရှိထားပြီးသော အသင်သူတော်ကောင်း အဖို့ကား ဒိဋ္ဌုပါဒါန် သီလဗ္ဗတုပါဒါန် အတ္တဝါဒုပါဒါန်တို့ကား အလွန်ဖြစ်ခဲဖွယ်ရာ ရှိပါသည်။ ကာမုပါဒါန် တစ်ခုသာ အဖြစ်များဖွယ်ရာ ရှိပေသည်။ အကယ်၍ နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်ကို မရရှိဖူးသေးသူ ဖြစ်မူကား ဥပါဒါန်လေးမျိုးလုံးပင် ထိုက်သလို ဖြစ်နိုင်ပါသည်။ အသင်သူတော်ကောင်း အနေဖြင့် ကာမုပါဒါန် တစ်ခုသာ ရှု၍ရရှိပါက ကာမုပါဒါန်တစ်ခုနှင့်ပင် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ ဥပါဒါန် (၄)မျိုးတို့ကား သတ္တဝါအားလုံးတို့အတွက် ခြုံငုံ၍ ဟောကြားထားတော်မူသော ဒေသနာတော်သာ ဖြစ်ပေသည်။ သို့အတွက် အဖြစ်များသော ကာမတဏှာနှင့် ကာမုပါဒါန် ဝီထိစဉ်ကို ပုံစံအဖြစ် ဖော်ပြအပ်ပါသည်။

ရံခါ ပီတိမပါသော ဥပေက္ခာဝေဒနာနှင့် ယှဉ်သော ဇောများ တဒါရုံများလည်း ဖြစ်နိုင်သည်။ အနာဂတ် ဘဝအတွက် ပြုစုပျိုးထောင်နေသော ကိလေသဝဋ် အုပ်စုတွင် သေချာစွာ စိုက်ရှုပါ။ အကြောင်းတရားဖြစ်သော ကာမတဏှာဘက်တွင်လည်းကောင်း, အကျိုးတရားဖြစ်သော ကာမုပါဒါန်ဘက်တွင်လည်းကောင်း နှစ်ဘက် လုံး၌ နာမ်တုံး နာမ်ခဲတည်းဟူသော နာမ်ဃန အသီးအသီးကို ပြိုကွဲအောင် ဉာဏ်ဖြင့် ဖြိုခွဲ ဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းပါ။ ရံခါ တဒါရုံ မကျသော်လည်း ရှိရာ၏။

__________