မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာနဂါမိနိပဋိပဒါ-တတိယတွဲ/သင်္ခါရပစ္စယာ ဝိညာဏံ

ဝီကီရင်းမြစ် မှ

သင်္ခါရပစ္စယာ ဝိညာဏံ

သင်္ခါရ ဖြစ်ခြင်းကြောင့် ဝိညာဏ် ဖြစ်၏။

သင်္ခါရကြောင့်ဖြစ်သော ဝိညာဏ်တို့မှာ လောကီ ဝိပါက် ဝိညာဏ် (၃၂)ပါးတို့ ဖြစ်ကြ၏။ ယင်း (၃၂)ပါး တို့မှာ ----

၁။ အဟိတ် အကုသလဝိပါက် ဝိညာဏ် --- (၇) ပါး-

၂။ အဟိတ် ကုသလဝိပါက် ဝိညာဏ် --- (၈) ပါး-

၃။ မဟာဝိပါက် ဝိညာဏ် --- (၈) ပါး-

၄။ ပဉ္စကနည်းအရ ရူပါဝစရဝိပါက် ဝိညာဏ် --- (၅) ပါး-

၅။ အရူပါဝစရဝိပါက် ဝိညာဏ် --- (၄) ပါး-

အားလုံးပေါင်းသော် --- ၃၂-ပါးတို့တည်း။

ယင်း (၃၂)ပါးတို့ကို တစ်နည်းတစ်ဖုံအားဖြင့် အကျဉ်းချုံး၍ ရေတွက်သော် စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယဝိညာဏ်၊ မနောဝိညာဏ်ဟု ဝိညာဏဓာတ် (၆)ပါးတို့ ဖြစ်ကြသည်။

ကုသလဝိပါက် စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယဝိညာဏ် - (၅)ပါး, အကုသလဝိပါက် စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယဝိညာဏ် - (၅)ပါး၊ နှစ်ရပ်ပေါင်းသော် (၁၀)ပါးတည်း။ ယင်း (၁၀)ပါးကို ဒွိပဉ္စဝိညာဏ = ဒွေပဉ္စဝိညာဏ် (၁၀)ဟု ခေါ်၏။ ယင်းဒွေပဉ္စဝိညာဏ် (၁၀)မှ ကြွင်းသော ဝိပါက်ဝိညာဏ် (၂၂)မျိုးသည် မနောဝိညာဏ် မည်ပေသည်။

တစ်နည်းဆိုရသော် ----- သင်္ခါရကြောင့် ဖြစ်သော ဝိပါက်ဝိညာဏ်တို့မှာ ပဋိသန္ဓေ-ဘဝင်-စုတိ- ပဉ္စဝိညာဏ်-သမ္ပဋိစ္ဆိုင်း-သန္တီရဏ-တဒါရုံ --- ဝိပါက်ဝိညာဏ်တို့ပင် ဖြစ်ကြသည်။ အသင်သူတော်ကောင်း၏ သန္တာန်၌ ယခု ဤပစ္စက္ခ လူ့ဘဝတွင် ရူပါဝစရဝိပါက်, အရူပါဝစရဝိပါက်ဝိညာဏ်တို့မှာ ဖြစ်နိုင်ခွင့် မရှိသေးပါ။ အတိတ်သံသရာ အဆက်ဆက်ကသော်လည်းကောင်း, အကြောင်းညီညွတ်ခဲ့သော် နောင်အနာဂတ် သံသရာ တွင်သော်လည်းကောင်း ဖြစ်ခဲ့သော်, ဖြစ်နိုင်သော ဝိပါက်ဝိညာဏ်များသာ ဖြစ်ကြသည်။ အဟိတ် အကုသလ ဝိပါက်ဝိညာဏ် (၇)မျိုး, အဟိတ် ကုသလ ဝိပါက်ဝိညာဏ် (၈)မျိုး, မဟာဝိပါက်ဝိညာဏ် (၈)မျိုး, အားလုံး ပေါင်းသော် (၂၃)မျိုးသော ဝိပါက်ဝိညာဏ်တို့သည်သာလျှင် ဤဘဝ၌ ထိုက်သလို ဖြစ်ခွင့် ရှိနိုင်ပေသည်။

သဗ္ဗာနိပိ ဗာတ္တိံသ လောကိယဝိပါကဝိညာဏာနိ သင်္ဂဟိတာနိ ဟောန္တိ။ လောကုတ္တရာနိ ပန ဝဋ္ဋကထာယံ န ယုဇ္ဇန္တီတိ န ဂဟိတာနိ။ (အဘိ၊ဋ္ဌ၊၂၊၁၄၃။ ဝိသုဒ္ဓိ၊၂၊၁၇၇။)

ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကား သံသရာဝဋ် လည်ပတ်ပုံကို ပြဆိုသော ဝဋ္ဋကထာဒေသနာတော်တည်း။ ယင်းဝဋ္ဋကထာ ဒေသနာပိုင်း၌ လောကုတ္တရာ ဝိပါက်ဝိညာဏ်ဟူသော အရိယဖိုလ်စိတ်တို့ကား ဖြစ်ခွင့် မရနိုင်ကြပေ။ မဖြစ်သင့်ကြပေ။ ထိုကြောင့် ---- ဝိညာဏအရ လောကုတ္တရာ ဝိပါက်ဝိညာဏ်တို့ကို မကောက်ယူဘဲ လောကီ ဝိပါက်ဝိညာဏ်တို့ကိုသာ ကောက်ယူအပ်ကုန်၏။ (အဘိ၊ဋ္ဌ၊၂၊ ၁၄၃။ ဝိသုဒ္ဓိ၊၂၊၁၇၇။)

အဘယ်ကြောင့် သိနိုင်ပါသလဲ?

သင်္ခါရကြောင့် ဝိပါက်ဝိညာဏ် ဖြစ်မှုကို မည်သို့မည်ပုံ သိရှိနိုင်ပါသနည်းဟု မေးမြန်းဖွယ်ရာ ရှိ၏။ အဖြေမှာ အောက်ပါအတိုင်း ဖြစ်၏ ----

ဥပစိတကမ္မာဘာဝေ ဝိပါကာဘာဝတော။ ဝိပါကေဥှတံ၊ ဝိပါကဉ္စ န ဥပစိတကမ္မာဘာဝေ ဥပ္ပဇ္ဇတိ။ ယဒိ ဥပ္ပဇ္ဇေယျ၊ သဗ္ဗေသံ သဗ္ဗဝိပါကာနိ ဥပ္ပဇ္ဇေယျုံ၊ န စ ဥပ္ပဇ္ဇ္ဇန္တီတိ ဇာနိတဗ္ဗမေတံ သင်္ခါရပစ္စယာ ဣဒံ ဝိညာဏံ ဟောတီတိ။ (အဘိ၊ဋ္ဌ၊၂၊၁၄၃။ ဝိသုဒ္ဓိ၊၂၊၁၇၇။)

ဆည်းပူးထားအပ်ပြီးသော ကံတရားသည် ထင်ရှားမရှိလတ်သော် အကျိုး ဝိပါက်ဝိညာဏ်၏ မဖြစ်ခြင်း ကြောင့် သင်္ခါရကြောင့် ဝိပါက်ဝိညာဏ် ဖြစ်မှုကို သိနိုင်ပါ၏ ဟူပေ။ ဤသင်္ခါရကြောင့် ဖြစ်ပေါ်လာရသော ဝိညာဏ်ကား ဝိပါက်ဝိညာဏ်သာ ဖြစ်၏။ ဝိပါက်ဝိညာဏ် မည်သည်လည်း ဆည်းပူးထားအပ်ပြီးသော ကံတရား သည် ထင်ရှားမရှိလတ်သော် မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ပေ။ အကယ်၍ ဖြစ်နိုင်ခဲ့ပါမူ အလုံးစုံသော သတ္တဝါတို့၏ သန္တာန်၌ အလုံးစုံကုန်သော ဝိပါက်ဝိညာဏ်တို့သည် ဖြစ်နိုင်ကုန်ရာ၏၊ စင်စစ်ကား အလုံးစုံသော သတ္တဝါတို့၏ သန္တာန်၌ အလုံးစုံကုန်သော ဝိပါက်ဝိညာဏ်တို့သည် ဖြစ်ကား မဖြစ်ခဲ့ကုန်။ ထိုကြောင့် ---- သင်္ခါရကြောင့် ဤဝိပါက်ဝိညာဏ်သည် ဖြစ်၏ ---- ဟူသော ဤအနက်သဘောတရားကို သိနိုင်ပေသည်။ (အဘိ၊ဋ္ဌ၊၂၊၁၄၃။ ဝိသုဒ္ဓိ၊၂၊၁၇၇။)

၁။ ကာမာဝစရပုညာဘိသင်္ခါရ ---- အတိတ်ဘဝက အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တို့ ခြံရံလျက် ပြုစုပျိုးထောင် ခဲ့သော ဒါနကုသိုလ်စေတနာ, သီလကုသိုလ်စေတနာ, ပရိကမ္မဘာဝနာ ဥပစာရဘာဝနာကုသိုလ်စေတနာ, ဝိပဿနာဘာဝနာကုသိုလ်စေတနာတို့သည် ကာမာဝစရပုညာဘိသင်္ခါရ အမည်ရသော မဟာကုသိုလ် စေတနာတို့ ဖြစ်ကြ၏။ မဟာကုသိုလ်စိတ် (၈)မျိုး၌ ယှဉ်သော စေတနာတို့ပင်တည်း။ ယင်းမဟာကုသိုလ် စေတနာကြောင့် အဟိတ် ကုသလဝိပါက် (၈)ပါး, မဟာဝိပါက် (၈)ပါး၊ ပေါင်းသော် (၁၆)ပါးသော ဝိပါက် ဝိညာဏ်များ ဖြစ်ပေါ်လာ၏။ (အဘိ၊၁၊၁၀၄-၁၁၆။)

ပဋိသန္ဓေ-ဘဝင်-စုတိ ကိစ္စတပ်သော ဝိပါက်စိတ်များနှင့် ဣဋ္ဌာရုံဖြစ်သည့် အာရုံ (၆)ပါးကို ထိုက်သလို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော စက္ခုဝိညာဏ် (သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှါဝိညာဏ် ကာယဝိညာဏ်) သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံ ဝိပါက်ဝိညာဏ်တို့ပင် ဖြစ်ကြသည်။

၂။ ရူပါဝစရ ပုညာဘိသင်္ခါရ ---- အမည်ရသော ရူပါဝစရကုသိုလ်စေတနာ (၅)မျိုးကြောင့် ရူပါဝစရ ဝိပါက် ဝိညာဏ် (၅)မျိုး ဖြစ်ပေါ်လာ၏။ အသညသတ်မှ တစ်ပါးသော ရူပါဝစရ (၁၅)ဘုံ၌ ထိုက်သလိုဖြစ်သော ပဋိသန္ဓေ-ဘဝင်-စုတိ ကိစ္စတပ်သော ဝိပါက်ဝိညာဏ်တည်း။ အသညသတ်ဘုံ၌ကား ဇီဝိတနဝကကလာပ် ဟူသော ရုပ်ပဋိသန္ဓေကိုသာ ယင်းရူပါဝစရ ပုညာဘိသင်္ခါရက ဖြစ်စေသည်။ (အဘိ၊၁၊၁၁၆။)

၃။ အပုညာဘိသင်္ခါရ ---- အမည်ရသော အကုသိုလ်စေတနာ (၁၂)မျိုးတို့ကြောင့် အဟိတ် အကုသလ ဝိပါက်ဝိညာဏ် (၇)ပါး ဖြစ်၏။ အနိဋ္ဌဖြစ်သော အာရုံ (၆)ပါးကို ထိုက်သလို အာရုံပြု၍ ဖြစ်ပေါ်လာကြ ကုန်သော စက္ခုဝိညာဏ် (သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှါဝိညာဏ် ကာယဝိညာဏ်) သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံ ဝိပါက်ဝိညာဏ်များနှင့် အပါယ်ဘုံ၌ ပဋိသန္ဓေ-ဘဝင်-စုတိ ကိစ္စတပ်သော ဥပေက္ခာသဟဂုတ် သန္တီရဏ ဝိပါက်ဝိညာဏ်များတည်း။ (အဘိ၊၁၊၁၃၆။)

၄။ အာနေဉ္ဇာဘိသင်္ခါရ ---- အမည်ရသော အရူပါဝစရ ကုသိုလ်စေတနာ (၄)မျိုးကြောင့် အရူပ ဝိပါက် ဝိညာဏ် (၄)မျိုး ထိုက်သလို ဖြစ်၏။ အရူပဘုံ၌ ထိုက်သည့်အားလျော်စွာ ပဋိသန္ဓေ-ဘဝင်-စုတိ ကိစ္စတပ်သော ဝိပါက်ဝိညာဏ်များတည်း။ (အဘိ၊၁၊၁၁၇။)

ပဝတ္တိ - ပဋိသန္ဓေ ဝိပါက်ဝိညာဏ်

ဤဝိပါက်ဝိညာဏ်များမှာ ----

၁။ ပဝတ္တိ ဝိပါက်ဝိညာဏ်-

၂။ ပဋိသန္ဓေ ဝိပါက်ဝိညာဏ် - ဟု နှစ်မျိုးပြား၏။

ထို (၂)မျိုးတို့တွင် ----

ဒွေပဉ္စဝိညာဏ် --- ၁၀၊

သမ္ပဋိစ္ဆိုင်း --- ၂၊

သောမနဿသန္တီရဏ --- ၁၊

ဤ (၁၃)မျိုးသော အဟိတ် ဝိပါက်ဝိညာဏ်တို့သည် ပဉ္စဝေါကာရဘုံ၌ ပဝတ္တိအခါ၌သာလျှင် ဖြစ်ကြကုန်၏။ ဣဋ္ဌာရုံ ဣဋ္ဌမဇ္ဈတ္တာရုံတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော အဟိတ် ကုသလ ဝိပါက် ပဉ္စဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, သောမနဿ သန္တီရဏ တဒါရုံ ဝိညာဏ်များနှင့် အနိဋ္ဌာရုံ အနိဋ္ဌမဇ္ဈတ္တာရုံ တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော အဟိတ် အကုသလ ဝိပါက် ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း ဝိညာဏ်များ ပင်တည်း။

(ပဋိသန္ဓေကိစ္စ, ဘဝင်ကိစ္စ, စုတိကိစ္စ, သန္တီရဏကိစ္စ, တဒါရုံကိစ္စတို့ကို ထိုက်သလို ရွက်ဆောင် တတ်သော) ပဋိသန္ဓေစိတ် (၁၉)မျိုးတို့သည် ကာမ ရူပ အရူပတည်းဟူသော ဘုံသုံးပါးတို့၌ ထိုက်သည့်အားလျော်စွာ ပဝတ္တိအခါ၌လည်းကောင်း, ပဋိသန္ဓေအခါ၌လည်းကောင်း ဖြစ်ကြကုန်၏။ (အဘိ၊ဋ္ဌ၊၂၊၁၄၄-၁၄၅။)

ဖြစ်ပုံအခြင်းအရာ

ကုသလဝိပါက် ဖြစ်ကုန်သော စက္ခုဝိညာဏ်စသော ပဉ္စဝိညာဏ်တို့သည် ---- သုဂတိဘုံ၌ ကုသလ ဝိပါက်ဝိညာဏ်ဖြင့်သော်လည်းကောင်း, ဒုဂ္ဂတိဘုံ၌ အကုသလ ဝိပါက်ဝိညာဏ်ဖြင့်သော်လည်းကောင်း ပဋိသန္ဓေတည်နေဖြစ်ပေါ်လာရသော အစဉ်အတိုင်း ရင့်ကျက်ခြင်းသို့ ကပ်ရောက်သော ဣန္ဒြေရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌ စက္ခုပသာဒစသည်တို့အား ထင်ခြင်းသို့ ရောက်ရှိလာသော ဣဋ္ဌမူလည်းဖြစ်သော ဣဋ္ဌမဇ္ဈတ္တမူလည်း ဖြစ်သော ရူပါရုံစသော အာရုံကို အာရုံပြု၍ စက္ခုစသော ပသာဒရုပ်ကို အမှီပြု၍ ဒဿနကိစ္စ = မြင်ခြင်းကိစ္စ, သဝနကိစ္စ = ကြားခြင်းကိစ္စ, ဃာယနကိစ္စ = နံခြင်းကိစ္စ, သာယနကိစ္စ = သာယာခြင်းကိစ္စ = လျက်ခြင်းကိစ္စ, ဖုသနကိစ္စ = တွေ့ထိခြင်းကိစ္စတို့ကို ပြီးစေကုန်လျက် ဖြစ်ပေါ်လာကြကုန်၏။

အလားတူပင် အကုသလဝိပါက် ပဉ္စဝိညာဏ်တို့သည် အနိဋ္ဌမူလည်းဖြစ်သော, အနိဋ္ဌမဇ္ဈတ္တမူလည်း ဖြစ်သော ရူပါရုံစသော ပဉ္စာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်၏။ ဤဒွေပဉ္စဝိညာဏ် (၁၀)တို့သည် မြဲသော ဒွါရ, မြဲသော အာရုံ, မြဲသော မှီရာဝတ္ထု, မြဲသော ဌာန ရှိကုန်သည်လည်းကောင်း, မြဲသော ကိစ္စ ရှိကုန်သည်လည်းကောင်း ဖြစ်ကြကုန်၏။ (အဘိ၊ဋ္ဌ၊၂၊၁၄၅။)

၁။ စက္ခုဝိညာဏ်တို့သည် စက္ခုဒွါရ၌သာ ရူပါရုံကို အာရုံပြု၍သာ, စက္ခုဝတ္ထုရုပ်ကို မှီ၍သာ ပဉ္စဝိညာဏ်ဌာန၌သာ ဒဿနကိစ္စရှိသည် ဖြစ်၍ အမြဲဖြစ်ကြ၏။

၂။ သောတဝိညာဏ်တို့သည် သောတဒွါရ၌သာ သဒ္ဒါရုံကို အာရုံပြု၍သာ, သောတဝတ္ထုရုပ်ကို မှီ၍သာ ပဉ္စဝိညာဏ်ဌာန၌သာ သဝနကိစ္စရှိသည်ဖြစ်၍ အမြဲ ဖြစ်ကြ၏။

၃။ ဃာနဝိညာဏ်တို့သည် ဃာနဒွါရ၌သာ ဂန္ဓာရုံကို အာရုံပြု၍သာ ဃာနဝတ္ထုရုပ်ကို မှီ၍သာ ပဉ္စဝိညာဏ်ဌာန၌သာ ဃာယနကိစ္စရှိသည်ဖြစ်၍ အမြဲ ဖြစ်ကြ၏။

၄။ ဇိဝှါဝိညာဏ်တို့သည် ဇိဝှါဒွါရ၌သာ ရသာရုံကို အာရုံပြု၍သာ ဇိဝှါဝတ္ထုရုပ်ကို မှီ၍သာ ပဉ္စဝိညာဏ်ဌာန၌သာ သာယနကိစ္စ ရှိသည် ဖြစ်၍ အမြဲ ဖြစ်ကြ၏။

၅။ ကာယဝိညာဏ်တို့သည် ကာယဒွါရ၌သာ ဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၍သာ ကာယဝတ္ထုရုပ်ကိုမှီ၍သာ ပဉ္စဝိညာဏ်ဌာန၌သာ ဖုသနကိစ္စ ရှိသည်ဖြစ်၍ အမြဲ ဖြစ်ကြ၏။

တစ်ဖန် အကုသလ ဝိပါက် စက္ခုဝိညာဏ်သည် အနိဋ္ဌာရုံ, အနိဋ္ဌမဇ္ဈတ္တာရုံဖြစ်သည့် ရူပါရုံကို အာရုံ ပြု၏။ ကုသလ ဝိပါက် စက္ခုဝိညာဏ်သည် ဣဋ္ဌာရုံ, ဣဋ္ဌမဇ္ဈတ္တာရုံ ဖြစ်သည့် ရူပါရုံကို အာရုံပြု၏။ အကုသလ ဝိပါက် သောတဝိညာဏ်, ကုသလ ဝိပါက် သောတဝိညာဏ်စသည်တို့၌လည်း နည်းတူပင် သဘောပေါက်ပါ။ ထိုကြောင့် အောက်ပါအတိုင်း မှတ်သားပါ။

၁။ ဣဋ္ဌ - ဣဋ္ဌမဇ္ဈတ္တ ဖြစ်သည့် ရူပါရုံကို အာရုံပြု၍ ကုသလ ဝိပါက် စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံ ဝိပါက်ဝိညာဏ်တို့ ဖြစ်ကြ၏။ အနိဋ္ဌ - အနိဋ္ဌမဇ္ဈတ္တဖြစ်သည့် ရူပါရုံကို အာရုံပြု၍ အကုသလ ဝိပါက် စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံ ဝိပါက်ဝိညာဏ်တို့ ဖြစ်ကြ၏။

၂။ ဣဋ္ဌ - ဣဋ္ဌမဇ္ဈတ္တ ဖြစ်သည့် သဒ္ဒါရုံကို အာရုံပြု၍ ကုသလဝိပါက် သောတဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံ ဝိပါက်ဝိညာဏ်တို့ ဖြစ်ကြ၏။ အနိဋ္ဌ-အနိဋ္ဌမဇ္ဈတ္တ ဖြစ်သည့် သဒ္ဒါရုံကို အာရုံပြု၍ အကုသလဝိပါက် သောတဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံ ဝိပါက်ဝိညာဏ်တို့ ဖြစ်ကြ၏။

၃။ ဣဋ္ဌ - ဣဋ္ဌမဇ္ဈတ္တ ဖြစ်သည့် ဂန္ဓာရုံကို အာရုံပြု၍ ကုသလ ဝိပါက် ဃာနဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံ ဝိပါက်ဝိညာဏ်တို့ ဖြစ်ကြ၏။ အနိဋ္ဌ - အနိဋ္ဌမဇ္ဈတ္တဖြစ်သည့် ဂန္ဓာရုံကို အာရုံပြု၍ အကုသလဝိပါက် ဃာနဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံ ဝိပါက်ဝိညာဏ်တို့ ဖြစ်ကြ၏။

၄။ ဣဋ္ဌ - ဣဋ္ဌမဇ္ဈတ္တ ဖြစ်သည့် ရသာရုံကို အာရုံပြု၍ ကုသလဝိပါက် ဇိဝှါဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံ ဝိပါက်ဝိညာဏ်တို့ ဖြစ်ကြ၏။ အနိဋ္ဌ - အနိဋ္ဌမဇ္ဈတ္တ ဖြစ်သည့် ရသာရုံကို အာရုံပြု၍ အကုသလဝိပါက် ဇိဝှါဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံ ဝိပါက်ဝိညာဏ်တို့ ဖြစ်ကြ၏။

၅။ ဣဋ္ဌ - ဣဋ္ဌမဇ္ဈတ္တ ဖြစ်သည့် ဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၍ ကုသလဝိပါက် ကာယဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံ ဝိပါက်ဝိညာဏ်တို့ ဖြစ်ကြ၏။ အနိဋ္ဌ - အနိဋ္ဌမဇ္ဈတ္တ ဖြစ်သည့် ဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၍ အကုသလဝိပါက် ကာယဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံ ဝိပါက်ဝိညာဏ်တို့ ဖြစ်ကြ၏။ --- ဤသို့ အသီးအသီး မှတ်သားပါ။

ထိုတွင် သမ္ပဋိစ္ဆိုင်းနှင့် သန္တီရဏတို့သည် မမြဲသော ဒွါရရှိကြ၏။ မမြဲသော အာရုံရှိကြ၏။ ရံခါ စက္ခုဒွါရ၌ ဖြစ်၏၊ ရူပါရုံကို အာရုံပြု၏။ ရံခါ သောတဒွါရ၌ ဖြစ်၏၊ သဒ္ဒါရုံကို အာရုံပြု၏။ ရံခါ ဃာနဒွါရ၌ ဖြစ်၏၊ ဂန္ဓာရုံကို အာရုံပြု၏။ ရံခါ ဇိဝှါဒွါရ၌ ဖြစ်၏၊ ရသာရုံကို အာရုံပြု၏။ ရံခါ ကာယဒွါရ၌ ဖြစ်၏၊ ဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၏။ ဤသို့လျှင် မမြဲသော ဒွါရ အာရုံရှိ၏။ သို့သော် ယင်းစိတ်တို့သည် ဟဒယဝတ္ထုကို အမြဲမှီ၏၊ မြဲသော မှီရာဝတ္ထုဌာန ရှိ၏။ သမ္ပဋိစ္ဆိုင်းသည် သမ္ပဋိစ္ဆနကိစ္စ = အာရုံကို လက်ခံခြင်းကိစ္စ, သန္တီရဏသည် သန္တီရဏကိစ္စ = အာရုံကို စူးစမ်းခြင်းကိစ္စကို အမြဲပြု၏။ မြဲသောကိစ္စ ရှိ၏။

တဒါရုံကား အာရုံ (၆)ပါးကို ထိုက်သလို အာရုံပြု၏၊ ဒွါရ (၆)ပါး၌ ထိုက်သလိုဖြစ်၏။ မမြဲသော ဒွါရ အာရုံရှိ၏။ ဟဒယဝတ္ထုကို အမြဲမှီ၏။ တဒါရုံကိစ္စကို အမြဲဆောင်ရွက်၏။ မြဲသော မှီရာဝတ္ထု မြဲသော ကိစ္စရှိ၏။

တဒါရုံ၌ သတိပြု၍ မှတ်သားသင့်သော အချက်

သောမနဿသဟဂတာ ပန အဟေတုကမနောဝိညာဏဓာတု ။ ပ ။ ဆသု ဒွါရေသု ဗလဝါရမ္မဏေ ကာမာဝစရသတ္တာနံ ယေဘုယျေန လောဘသမ္ပယုတ္တဇဝနာဝသာနေ ဘဝင်္ဂဝီထိံပစ္ဆိန္ဒိတွာ ဇဝနေန ဂဟိတာရမ္မဏေ တဒါရမ္မဏဝသေန စ သကိံ ဝါ ဒွိက္ခတ္တုံ ဝါ ပဝတ္တတီတိ မဇ္ဈိမဋ္ဌကထာယံ ဝုတ္တံ။ အဘိဓမ္မဋ္ဌကထာယံ ပန တဒါရမ္မဏေ ဒွေ စိတ္တဝါရာ အာဂတာ။ (ဝိသုဒ္ဓိ၊၂၊၁၇၉။ အဘိ၊ဋ္ဌ၊၂၊၁၄၅။)

သောမနဿ သန္တီရဏစိတ်သည် သမ္ပဋိစ္ဆိုင်းစိတ်၏ အခြားမဲ့၌ ထိုသမ္ပဋိစ္ဆိုင်းစိတ်က လက်ခံထားသော အာရုံကိုပင်လျှင် အာရုံပြု၍ ဟဒယဝတ္ထုကို မှီ၍ အာရုံကို စူးစမ်းခြင်း သန္တီရဏကိစ္စကို ပြီးစေသည် ဖြစ်၍ လည်းကောင်း, ဒွါရ (၆)ပါးတို့၌ ထင်လာသော အာရုံက အားရှိသော ဗလဝအာရုံဖြစ်လျှင် ထိုအာရုံကို အာရုံပြု၍ ကာမာဝစရသတ္တဝါတို့၏ သန္တာန်ဝယ် ယေဘုယျအားဖြင့် လောဘဇောတို့၏ အဆုံး၌ ဘဝင်အစဉ်ကို ဖြတ်၍ ဇောယူထားသည့် အာရုံ၌ ထိုအာရုံကိုပင် အာရုံပြုသည်၏ အစွမ်းဖြင့် = တဒါရုံ၏ အစွမ်းဖြင့် လည်းကောင်း, တစ်ကြိမ်သော်လည်းကောင်း နှစ်ကြိမ်သော်လည်းကောင်း ဖြစ်၏ဟု မဇ္ဈိမအဋ္ဌကထာ၌ ဖွင့်ဆို ထား၏။ အဘိဓမ္မာအဋ္ဌကထာ (အဘိ၊ဋ္ဌ၊၂၊၁၄၅။)၌ကား တဒါရုံ၌ နှစ်ကြိမ်ကုန်သော စိတ္တဝါရတို့ လာရှိကုန်၏။ (ဝိသုဒ္ဓိ၊၂၊၁၇၉၊၊)

ယေဘုယျ --- သောမနဿ သန္တီရဏစိတ်သည် သန္တီရဏကိစ္စကို ရွက်ဆောင်ပြီးနောက်, နောက်ထပ် သောမနဿ သန္တီရဏစိတ်တစ်မျိုးသည် လောဘဇော၏ အဆုံး၌ တဒါရုံကိစ္စကို ဆက်လက်၍ ရွက်ဆောင်ပြန်၏။ ဤသည်မှာ ယေဘုယျ သတ်မှတ်ချက် ဖြစ်၏။ ဤသတ်မှတ်ချက်အရ ဇယားများတွင် အကုသိုလ် ဇောများ၏ နောင်၌ အဟိတ်တဒါရုံ သုံးမျိုးကို ဦးစားပေး၍ ထိုက်သလို ချပြထားပေသည်။

အာဝဇ္ဇန်းနှင့် ဇော

အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော သင်္ခါရကြောင့် ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံ ဝိပါက် ဝိညာဏ်တို့ ဖြစ်ပေါ်လာပုံကို သိမ်းဆည်းရှုပွားလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် အကြောင်း အကျိုး နှစ်ဘက်လုံး၌ တည်ရှိကြသော နာမ်တရားတို့ကို နာမ်တုံးနာမ်ခဲတည်းဟူသော နာမ်ဃန အသီးအသီးကို ပြိုကွဲသွားအောင် ဉာဏ်ဖြင့် ဖြိုခွဲ ဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်း ရှုပွားလိုခဲ့သော် သန္တီရဏနှင့် တဒါရုံအကြား၌ တည်ရှိသော ဇောကိုလည်း ချန်လှပ်ထားခဲ့၍ကား မဖြစ်နိုင်ပေ။ တစ်ဖန် မနောဒွါရဝီထိ၌ တည်ရှိသော တဒါရုံ ဝိပါက်ဝိညာဏ်၌လည်း သင်္ခါရကြောင့် ယင်းဝိညာဏ်ဖြစ်ပုံကို သိမ်းဆည်းလိုခဲ့သော် ယင်းတဒါရုံသည်လည်း ရှေးက ဇောမပါဘဲ ဖြစ်နိုင်သည့် စွမ်းအားမရှိပေ။ တဒါရုံဟူသည် ဇောယူသည့် အာရုံကိုသာ ဆက်ခံသည့် ဇောပြီးမှ ဖြစ်ရသည့် စိတ်တစ်မျိုး ဖြစ်၏။ ဇော၏ ေ့ရှတွင်တည်ရှိသော သန္တီရဏကို ရှုပြီးသောအခါ ဇောကို မမြင်ယောင်ဆောင်၍ တဒါရုံကို ကျော်ရှုလျှင် သန္တတိဃနစသော နာမ်တုံး နာမ်ခဲ နာမ်ဃန အသီးအသီးတို့ ပြိုနိုင်မည် မဟုတ်ပေ။ ပရမတ်သို့လည်း ဉာဏ်အမြင်ဆိုက်နိုင်မည် မဟုတ်ပေ။

တစ်ဖန် ဃနအတုံးအခဲပြိုရေးအတွက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်ရေးအတွက် ဇောကိုပါ ထည့်သွင်း၍ ရှုခဲ့သော် ယင်းဇောသည်လည်း အတိတ်က သင်္ခါရကြောင့် ဖြစ်လေသလောဟု မေးရန်ရှိ၏။ သင်္ခါရကြောင့် ဖြစ်၍ သိမ်းဆည်း ရှုပွားသည်ကား မဟုတ်၊ စိတ္တနိယာမ သဘောတရားအရ ဖြစ်ပေါ်၍ နေကြသော ယင်းနာမ်တရားစုတို့ကို ဃနအသီးအသီး ပြိုရေးအတွက်သာ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်ရေးအတွက်သာ သိမ်းဆည်း ရှုပွားခြင်း ဖြစ်သည်။ အကြောင်း အကျိုးစပ်ရာ သိမ်းဆည်းရာ၌ကား အတိတ်သင်္ခါရတရားနှင့် ပစ္စုပ္ပန် ပဝတ္တိ ဝိပါက်ဝိညာဏ်များဖြစ်ကြသည့် ပဉ္စဒွါရဝီထိဝယ် ပဉ္စဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံ, မနောဒွါရဝီထိဝယ် တဒါရုံတို့ကိုသာ အကြောင်းအကျိုးစပ်၍ သိမ်းဆည်းရမည် ဖြစ်သည်။

တစ်ဖန် ယင်းဝိပါက်ဝိညာဏ်တို့သည် အာဝဇ္ဇန်းနှင့်ကင်း၍ ယင်းတို့ချည်းသက်သက် မဖြစ်နိုင်ကြပေ။ စိတ္တနိယာမသဘောတရားအရ ယင်းဝိပါက်ဝိညာဏ်များ အပါအဝင် ဝီထိစိတ်တို့သည် ယေဘုယျအားဖြင့် အာဝဇ္ဇန်းကင်းလျက် မဖြစ်နိုင်ကြသောကြောင့် ဖြစ်၏။ သို့အတွက် ယင်းဝိပါက်ဝိညာဏ်များကို သိမ်းဆည်းရာ၌ မပါလျှင် မဖြစ်နိုင်သည့် အာဝဇ္ဇန်းများ ဖြစ်ကြသော ပဉ္စဒွါရာဝဇ္ဇန်း မနောဒွါရာဝဇ္ဇန်းနှင့် ဝုဋ္ဌော အမည် ရှိသော မနောဒွါရာဝဇ္ဇန်းတို့ကိုပါ ရောနှော၍ သိမ်းဆည်းရမည် ဖြစ်သည်။ ဃန အသီးအသီး ပြိုရေး အတွက်လည်း ဖြစ်၏။ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်ရေးအတွက်လည်း ဖြစ်၏။ ယင်းအာဝဇ္ဇန်း, ဝုဋ္ဌော, ဇောတို့၌လည်း မိမိတို့ဆိုင်ရာ အကြောင်းတရားများသည် ထင်ရှား ရှိကြသည်သာဟု သိရှိရေးအတွက်လည်း ဖြစ်ပေသည်။ သို့သော် ယင်းအာဝဇ္ဇန်းနှင့် ဇောတို့မှာ အတိတ်က သင်္ခါရကြောင့် ဖြစ်ကြသည် မဟုတ်ရကား အတိတ်သင်္ခါရနှင့် အကြောင်း အကျိုးစပ်၍ သိမ်းဆည်းရာ၌ကား မပါဝင်နိုင်ဟု မှတ်ပါ။

တစ်ဖန် ပဉ္စဒွါရဝီထိများ၏ နောက်တွင် တဒနုဝတ္တကမနောဒွါရဝီထိ = ပဉ္စဒွါရဝီထိသို့ အစဉ်လိုက်သော နောက်လိုက် မနောဒွါရဝီထိနှင့် သုဒ္ဓမနောဒွါရဝီထိ = သက်သက်သော မနောဒွါရဝီထိတို့သည် ဆက်လက်၍ ဘဝင်ခြားကာ အကြိမ်များစွာ ဖြစ်နိုင်ကြ၏။ ယင်းမနောဒွါရဝီထိတို့၏ အာရုံသည် ဗလဝဖြစ်နေလျှင် ဝိဘူတာရုံ ဖြစ်နေလျှင် တဒါရုံလည်း ကျနိုင်၏။ ယင်းတဒါရုံဝိပါက်များကိုလည်း အတိတ်က သင်္ခါရတရားနှင့် အကြောင်း အကျိုးစပ်လျက် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။

ယင်းသို့ သိမ်းဆည်းရာဝယ် ယင်းဝီထိစိတ်တို့၏ အကြားအကြား၌ ဘဝင်များလည်း ထိုက်သလို ဖြစ်နေကြ၏၊ ယင်းဘဝင် ဝိပါက်ဝိညာဏ်အမျိုးအစားတို့သည် ပဋိသန္ဓေအခါ ပဝတ္တိအခါတို့၌ ထိုက်သလို ဖြစ်နိုင်ကြသော ဝိပါက်ဝိညာဏ်တို့တည်း။

ပဋိသန္ဓေ - ပဝတ္တိ ဝိပါက်ဝိညာဏ်

၁။ အဟိတ် အကုသလ ဝိပါက် ဥပေက္ခာသန္တီရဏ = အပါယ် ပဋိသန္ဓေဝိညာဏ် -

၂။ အဟိတ် ကုသလ ဝိပါက် ဥပေက္ခာသန္တီရဏ = သုဂတိ အဟိတ် ပဋိသန္ဓေဝိညာဏ် -

၃။ မဟာဝိပါက်စိတ် (၈)ပါး = ကာမသုဂတိ ဒွိဟိတ်, တိဟိတ် ပဋိသန္ဓေဝိညာဏ် -

၄။ ရူပါဝစရ ဝိပါက်စိတ် (၅)ပါး = ရူပါဝစရ ပဋိသန္ဓေဝိညာဏ် -

၅။ အရူပါဝစရ ဝိပါက်စိတ် (၄)ပါး = အရူပါဝစရ ပဋိသန္ဓေဝိညာဏ် -

ဤ (၁၉)ပါးသော ဝိပါက်ဝိညာဏ်တို့သည် အပါယ်ဘုံ ကာမဘုံ ရူပဘုံ အရူပဘုံတို့၌ ထိုက်သည်အားလျော်စွာ ပဝတ္တိအခါ၌လည်းကောင်း ပဋိသန္ဓေအခါ၌လည်းကောင်း ဖြစ်ကြကုန်၏။ အသညသတ် ပဋိသန္ဓေနှင့်တကွ အားလုံးပေါင်းသော် ပဋိသန္ဓေ (၂၀) ဖြစ်၏။ (အဘိ၊ဋ္ဌ၊၂၊၁၄၈။)

၁။ အပါယ်ပဋိသန္ဓေဖြစ်သော အကုသလဝိပါက် ဥပေက္ခာသန္တီရဏသည် အပါယ်ဘုံ၌ ပဋိသန္ဓေအခါ ပဋိသန္ဓေကိစ္စ, ပဝတ္တိအခါ၌ ဘဝင်ကိစ္စ သန္တီရဏကိစ္စ တဒါရုံကိစ္စ, အဆုံး၌ စုတိကိစ္စကို ဆောင်ရွက်သည်။ ကာမသုဂတိဘုံဝယ် ပဝတ္တိအခါ၌ အနိဋ္ဌာရုံနှင့် တွေ့ကြုံခိုက် သန္တီရဏကိစ္စ တဒါရုံကိစ္စကို ဆောင်ရွက်သည်။

ရူပဗြဟ္မာပြည်၌ အနိဋ္ဌာရုံမရှိသော်လည်း ရူပဗြဟ္မာတို့သည် လူ့ပြည် လူ့လောကကဲ့သို့သော ကာမဘုံသို့ ခေတ္တလာခိုက် အနိဋ္ဌာရုံများနှင့် ရံခါ တွေ့ကြုံနိုင်၏။ ထို့ကြောင့် ရူပဗြဟ္မာတို့သည် ကာမဘုံသို့ ခေတ္တ ရောက်ခိုက်ဟူသော ပဝတ္တိအခါဝယ် အနိဋ္ဌာရုံနှင့် တွေ့ကြုံခိုက် ယင်းအကုသလဝိပါက် ဥပေက္ခာသန္တီရဏသည် သန္တီရဏကိစ္စကို ဆောင်ရွက်သည်။

၂။ ကုသလ ဝိပါက် ဥပေက္ခာသန္တီရဏသည် ကာမသုဂတိဘုံ၌ ဝမ်းတွင်းကာဏ်း = ဇစ္စန္ဓစသော ပုဂ္ဂိုလ်တို့၏ သန္တာန်၌ ပဋိသန္ဓေအခါ၌ ပဋိသန္ဓေကိစ္စကို ဆောင်ရွက်၍ ပဝတ္တိအခါ၌ ဘဝင်ကိစ္စ သန္တီရဏကိစ္စ, တဒါရုံ ကိစ္စ, အဆုံး၌ စုတိကိစ္စကို ဆောင်ရွက်သည်။ ကျန်ဒွိဟိတ် တိဟိတ် ကာမဘုံသားတို့၏ သန္တာန်ဝယ် ပဝတ္တိ အခါ၌ ဣဋ္ဌာရုံနှင့် တွေ့ကြုံခိုက် သန္တီရဏကိစ္စ တဒါရုံကိစ္စများကို ဆောင်ရွက်၏။ ရူပဘုံ၌ ဣဋ္ဌာရုံနှင့် တွေ့ကြုံခိုက် သန္တီရဏကိစ္စကို ဆောင်ရွက်၏။

၃။ မဟာဝိပါက်ဝိညာဏ် (၈)မျိုးတို့တွင် ဉာဏဝိပ္ပယုတ် ဒွိဟိတ် မဟာဝိပါက် ဝိညာဏ် (၄)မျိုးတို့သည် ကာမသုဂတိဘုံ၌ ဒွိဟိတ်ပုဂ္ဂိုလ်တို့၏ သန္တာန်ဝယ် ပဋိသန္ဓေအခါ၌ ပဋိသန္ဓေကိစ္စ, ပဝတ္တိအခါ၌ ဘဝင်ကိစ္စ တဒါရုံကိစ္စ, အဆုံး၌ စုတိကိစ္စကို ဆောင်ရွက်၏။ ယင်း ဝိပါက်ဝိညာဏ် (၄)မျိုးတို့သည် ကာမဘုံဝယ် သုဂတိ အဟိတ်ပုဂ္ဂိုလ် တိဟိတ်ပုဂ္ဂိုလ်တို့၏ သန္တာန်၌လည်း ပဝတ္တိအခါ ဣဋ္ဌာရုံနှင့် တွေ့ကြုံခိုက်ဝယ် တဒါရုံကိစ္စကို ထိုက်သလို ဆောင်ရွက်သည်။

မဟာဝိပါက် ဉာဏသမ္ပယုတ် တိဟိတ် ဝိပါက်ဝိညာဏ် (၄)မျိုးတို့သည် ကာမသုဂတိဘုံ၌ တိဟိတ်ပုဂ္ဂိုလ် တို့၏ သန္တာန်ဝယ် ပဋိသန္ဓေအခါ၌ ပဋိသန္ဓေကိစ္စ, ပဝတ္တိအခါ၌ ဘဝင်ကိစ္စ, အဆုံး၌ စုတိကိစ္စကို ထိုက်သလို ဆောင်ရွက်သည်။ ပဝတ္တိအခါဝယ် ဣဋ္ဌာရုံနှင့် တွေ့ကြုံခိုက် တဒါရုံကိစ္စကိုလည်း ထိုက်သလို ဆောင်ရွက်သည်။

၄။ ရူပါဝစရဝိပါက် (၅)ခုသည် မိမိတို့ဆိုင်ရာ ပထမစျာန်ဘုံစသော ထိုထိုဘုံ၌ ပဋိသန္ဓေကိစ္စ ဘဝင်ကိစ္စ စုတိကိစ္စတို့ကို ဆောင်ရွက်သည်။

၅။ အရူပဝိပါက် (၄)ခုသည်လည်း မိမိတို့ဆိုင်ရာ ဘုံအသီးအသီး၌ ပဋိသန္ဓေကိစ္စ, ဘဝင်ကိစ္စ စုတိကိစ္စတို့ကို ဆောင်ရွက်သည်။

အတ္ထိဘာဝသဘော

တတြဿ တေ တေ သင်္ခါရာ ကမ္မပစ္စယေန စ ဥပနိဿယပစ္စယေန စ ပစ္စယာ ဟောန္တိ။ (အဘိ၊ဋ္ဌ၊၂၊၁၄၆။)

ပဋိသန္ဓိယံ နာနာက္ခဏိကကမ္မပစ္စယေန စေဝ ဥပနိဿယပစ္စယေန စာတိ ဒွိဓာ ပစ္စယော။ (အဘိ၊ဋ္ဌ၊၂၊၁၅၈။)

ဤအထက်ပါ အဋ္ဌကထာ အဖွင့်များနှင့်အညီ အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော သင်္ခါရကံတို့သည် ပဋိသန္ဓေ ဝိပါက်ဝိညာဏ် ပဝတ္တိ ဝိပါက်ဝိညာဏ်တို့အား နာနာက္ခဏိကကမ္မပစ္စယသတ္တိ ဥပနိဿယပစ္စယ သတ္တိတို့ဖြင့် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေး၏။

အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ရာ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ရာတို့၌ အဝိဇ္ဇာနှင့် သင်္ခါရတို့၏ သဘာဝသတ္တိ စွမ်းအင်များ ထင်ရှားရှိမှု အတ္ထိဘာဝသဘောကို ဆိုလိုသည်။ အဝိဇ္ဇာနှင့် သင်္ခါရတို့မှာ ယေဘုယျအားဖြင့် စိတ္တက္ခဏပေါင်းများစွာ ဝီထိစိတ်အစဉ်ပေါင်းများစွာ ကွာခြားလျက် ရှိကြ၏။ ရံခါ အဝိဇ္ဇာနှင့် အကုသိုလ် သင်္ခါရတို့မှာ စိတ္တက္ခဏ တစ်ခုအတွင်း ဝီထိစိတ်အစဉ် တစ်ခုတွင်း၌ အတူယှဉ်တွဲ၍ ဖြစ်သည်လည်း ရှိ၏။ သို့သော် လူသားတို့၏ လက်ရှိဘဝ ပဋိသန္ဓေ ဝိပါက်ဝိညာဏ်စသော ကုသလဝိပါက်ဝိညာဏ်များကို ဖြစ်စေ တတ်သော ကုသိုလ်သင်္ခါရနှင့်ကား ယင်းအဝိဇ္ဇာသည် ဝီထိပေါင်းများစွာသော်လည်း ဝေးကွာလျက် ရှိနိုင်ပေသည်။

အလားတူပင် သင်္ခါရကြောင့် ဝိပါက်ဝိညာဏ်များ ဖြစ်ပွားလာရာ၌လည်း သင်္ခါရနှင့် ဝိပါက်ဝိညာဏ် တို့မှာ ဘဝခြားလျက်ပင် ရှိနေပေ၏။ သို့အတွက် အကျိုးတရားများသည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား ဖြစ်ပွားလာချိန်တွင် အကြောင်းတရားများမှာ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားမရှိကြတော့သော အချိန်ဖြစ်၏။ သို့အတွက် အဝိဇ္ဇာ သင်္ခါရတို့က မိမိတို့ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားမရှိကြသော အခါကျမှ အကျိုး ဝိပါကဝဋ်တရားများကို ဖြစ်စေနိုင်ကြသဖြင့် အဝိဇ္ဇာ သင်္ခါရတို့ ဖြစ်ခြင်းကြောင့် ဆိုင်ရာ အကျိုးဝိပါကဝဋ်တရားတို့ ဖြစ်ကြ၏ -- ဟူရာဝယ် အဝိဇ္ဇာ သင်္ခါရတို့၏ ဆိုင်ရာ အကျိုးတရားတို့ကို ဖြစ်စေနိုင်သော သဘာဝသတ္တိစွမ်းအင်များ = ကမ္မသတ္တိထူးများ ထင်ရှားရှိနေမှုကိုသာ ဆိုလိုသည်။

အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံထားအပ်သည့် ယင်းသင်္ခါရစေတနာတို့သည် ဥပါဒ်-ဌီ-ဘင် သက်တမ်း စေ့၍ ချုပ်ပျက်သွားကြသော်လည်း ဝိပါက်စေတနာတို့ကဲ့သို့ စွမ်းအင်သတ္တိ တစ်စုံတစ်ရာမထားခဲ့ဘဲ ချုပ်ပျက် သွားကြသည်ကား မဟုတ်၊ နောင်တစ်ချိန်တွင် ရင့်ကျက်လာသောအခါ လူ့ဘဝ နတ်ဘဝ ဗြဟ္မာဘဝစသည့် ထိုထို ဘဝတို့ကို ဖြစ်စေနိုင်သည့် စွမ်းအင် ကမ္မသတ္တိထူးကို ရုပ်နာမ်အစဉ်တွင် မြှုပ်နှံပြီးမှသာလျှင် ချုပ်ပျက် သွားကြ၏။ အသင်သူတော်ကောင်းသည်, ထိုက်တန်သော အကျိုးကို မပေးရသေးလျှင် ယေဘုယျအားဖြင့် ရုပ်နာမ် အစဉ်တွင် ထင်ရှား တည်ရှိနေသော ယင်းကမ္မသတ္တိထူးကို ဉာဏ်ဖြင့် တွေ့မြင်အောင် ရှာဖွေ၍ ယင်းကမ္မသတ္တိထူးကြောင့် ပဋိသန္ဓေ ဝိပါက်ဝိညာဏ်စသည့် ဝိပါက်ဝိညာဏ်များ ထင်ရှားဖြစ်ပွားလာပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အောက်ပါအတိုင်း အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။

အကြောင်း အကျိုး သိမ်းဆည်းပုံ ပုံစံများ

၁။ သင်္ခါရဖြစ်ခြင်းကြောင့် ပဋိသန္ဓေဝိညာဏ်ဖြစ်၏။

သင်္ခါရက အကြောင်းတရား၊ ပဋိသန္ဓေဝိညာဏ်က အကျိုးတရား။

၂။ သင်္ခါရဖြစ်ခြင်းကြောင့် ဘဝင်ဝိညာဏ်ဖြစ်၏။

သင်္ခါရက အကြောင်းတရား၊ ဘဝင်ဝိညာဏ်က အကျိုးတရား။

၃။ သင်္ခါရဖြစ်ခြင်းကြောင့် စုတိဝိညာဏ်ဖြစ်၏။

သင်္ခါရက အကြောင်းတရား၊ စုတိဝိညာဏ်က အကျိုးတရား။

ခြုံ၍ အကြောင်း အကျိုး သိမ်းဆည်းပုံ

၁။ သင်္ခါရဖြစ်ခြင်းကြောင့် စက္ခုဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံ ဝိပါက်ဝိညာဏ်ဖြစ်၏၊ သင်္ခါရက အကြောင်းတရား၊ စက္ခုဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံ ဝိပါက်ဝိညာဏ်က အကျိုးတရား။ (စက္ခုဒွါရဝီထိ)

၂။ သင်္ခါရဖြစ်ခြင်းကြောင့် သောတဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံ ဝိပါက်ဝိညာဏ်ဖြစ်၏၊ သင်္ခါရက အကြောင်းတရား၊ သောတဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံ ဝိပါက်ဝိညာဏ်က အကျိုးတရား။ (သောတဒွါရဝီထိ)

၃။ သင်္ခါရဖြစ်ခြင်းကြောင့် ဃာနဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံ ဝိပါက်ဝိညာဏ်ဖြစ်၏၊ သင်္ခါရက အကြောင်းတရား၊ ဃာနဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံ ဝိပါက်ဝိညာဏ်က အကျိုးတရား။ (ဃာနဒွါရဝီထိ)

၄။ သင်္ခါရဖြစ်ခြင်းကြောင့် ဇိဝှါဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံ ဝိပါက်ဝိညာဏ်ဖြစ်၏၊ သင်္ခါရက အကြောင်းတရား၊ ဇိဝှါဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံ ဝိပါက်ဝိညာဏ်က အကျိုးတရား။ (ဇိဝှါဒွါရဝီထိ)

၅။ သင်္ခါရဖြစ်ခြင်းကြောင့် ကာယဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံ ဝိပါက်ဝိညာဏ်ဖြစ်၏၊ သင်္ခါရက အကြောင်းတရား၊ ကာယဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံ ဝိပါက်ဝိညာဏ်က အကျိုးတရား။ (ကာယဒွါရဝီထိ)

၆။ သင်္ခါရဖြစ်ခြင်းကြောင့် တဒါရုံ ဝိပါက်ဝိညာဏ်ဖြစ်၏။ သင်္ခါရက အကြောင်းတရား၊ တဒါရုံ ဝိပါက် ဝိညာဏ်က အကျိုးတရား။ (မနောဒွါရဝီထိ။)

ဤရှုကွက်မှာ ဉာဏ်ထက်မြက်သူ သူတော်ကောင်းများအတွက် ဖြစ်၏။ ဉာဏ်ပညာ ထက်မြက်သူ များကား စက္ခုဒွါရဝီထိစသည့် ဝီထိစဉ်တစ်ခုတစ်ခု၏ အတွင်း၌ ပါဝင်တည်ရှိကြသော စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံဟူသော ဝိပါက်ဝိညာဏ်များ အားလုံးကိုပင် အတိတ်က သင်္ခါရကြောင့် ဖြစ်ပုံကို ဉာဏ်ဖြင့် ခြုံငုံ၍ ရှုနိုင်ကြ၏။ သို့သော် ဉာဏ်နုံ့သူများကား ထိုသို့ ခြုံငုံ၍ ရှုရာ၌ မငုံမိ ရှိတတ်ကြ၏။ ဉာဏ်မငုံမိ ပါက တစ်လုံးစီ ခွဲ၍လည်း ရှုနိုင်ပါသည်။ များသောအားဖြင့် ယောဂီပုဂ္ဂိုလ်အများစုတို့၌ ခွဲ၍ ရှုပါက အသိဉာဏ် ပို၍ သန့်ရှင်းသည်ကို တွေ့ရပေ၏။

တစ်ဖန် အထက်တွင် ဖော်ပြထားသော ဝိပါက်ဝိညာဏ်များမှာ ဣဋ္ဌာရုံ ဣဋ္ဌမဇ္ဈတ္တာရုံ ဖြစ်သည့် အာရုံ (၆)ပါးကို ထိုက်သလို အာရုံပြု၍ ဖြစ်ပေါ်လာကြသော အတိတ်က ကုသိုလ်သင်္ခါရကြောင့်ဖြစ်သည့် ကုသလ ဝိပါက်ဝိညာဏ်များသာ ဖြစ်ကြသည်။ အနိဋ္ဌာရုံ အနိဋ္ဌမဇ္ဈတ္တာရုံ ဖြစ်သည့် အာရုံ (၆)ပါးကို ထိုက်သလို အာရုံပြု၍ ဖြစ်ပေါ်လာကြသော အတိတ်က ပြုစုပျိုးထောင်ခဲ့သည့် အကုသိုလ်သင်္ခါရကြောင့် ဖြစ်သည့် အကုသလ ဝိပါက်ဝိညာဏ်များကို အကြောင်းအကျိုးစပ်လျက် သိမ်းဆည်းပုံအပိုင်းကိုကား အကုသိုလ်သင်္ခါရ တို့ကို သိမ်းဆည်းနိုင်သောအခါ ထပ်မံရှုပါ။ ယခု ဤအပိုင်းတွင်ကား အတိတ်က ပြုစုပျိုးထောင်ခဲ့သည့် ကုသိုလ်သင်္ခါရကြောင့် ဖြစ်သည့် ကုသလ ဝိပါက်ဝိညာဏ်များကိုသာ ဦးစားပေး၍ ရှုကွက်ကို တင်ပြထားပါသည်။ ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်း၌ ကျွမ်းကျင်ပြီးဖြစ်သော အသင်သူတော်ကောင်းသည် အတိတ်က ပြုစုပျိုးထောင်မိ ခဲ့သည့် အကုသိုလ် သင်္ခါရကြောင့် အကုသလ ဝိပါက်ဝိညာဏ်များ ဖြစ်ပုံကိုလည်း ရှုထားပြီး ရှုနိုင်ပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ ယင်းသို့ဖြစ်သော် ယင်းအကုသိုလ်သင်္ခါရကြောင့် ပဝတ္တိ အကုသလ ဝိပါက်ဝိညာဏ်များ ဖြစ်ပုံကိုလည်း ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ တစ်ပါတည်း အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။

ဇော --- ဝိပါက်ဝိညာဏ်များမှာ ဣဋ္ဌာရုံ, ဣဋ္ဌမဇ္ဈတ္တာရုံ ဖြစ်က ကုသလ ဝိပါက်, အနိဋ္ဌာရုံ အနိဋ္ဌမဇ္ဈတ္တာရုံ ဖြစ်က အကုသလ ဝိပါက်များ ထိုက်သလို ဖြစ်ကြသော်လည်း, အာရုံမှာ ဣဋ္ဌာရုံ ဣဋ္ဌမဇ္ဈတ္တာရုံ ဖြစ်ချင် ဖြစ်ပါစေ, အနိဋ္ဌာရုံ အနိဋ္ဌမဇ္ဈတ္တာရုံ ဖြစ်ချင်လည်း ဖြစ်ပါစေ, ဇောမှာ ယောနိသောမနသိကာရဖြစ်က ကုသိုလ်ဇော, အယောနိသောမနသိကာရဖြစ်က အကုသိုလ်ဇော ထိုက်သလို စောပေသည်။ ထိုကြောင့် ကုသိုလ်ဇော စောသည့် ပဉ္စဒွါရဝီထိ မနောဒွါရဝီထိ, အကုသိုလ်ဇောစောသည့် ပဉ္စဒွါရဝီထိ မနောဒွါရဝီထိ အားလုံးတို့၌ပင် တည်ရှိကြသော ဝိပါက်ဝိညာဏ် အားလုံးကိုပင် နာမ်ကမ္မဋ္ဌာန်းဇယားများတွင် ဖော်ပြထား သည့်အတိုင်း တစ်တန်းပြီး တစ်တန်း အတန်းလိုက် ကုန်စင်အောင် ရှုပါ။

တဒါရုံ --- တဒါရုံအရ ပဉ္စဒွါရဝီထိများအတွင်း၌ တည်ရှိသော တဒါရုံ, နောက်လိုက် မနောဒွါရဝီထိ စသော မနောဒွါရဝီထိများ၌ တည်ရှိသော တဒါရုံတို့ကို အားလုံးခြုံငုံ၍ ရှုပါ။

အာဝဇ္ဇန်း-ဝုဋ္ဌော-ဇော --- သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ပုံ အပိုင်းတွင် ပဉ္စဒွါရဝီထိများ၌ တည်ရှိကြသော ပဉ္စဒွါရာဝဇ္ဇန်း၊ ဝုဋ္ဌော၊ ဇော၊ မနောဒွါရဝီထိများ၌ တည်ရှိကြသော မနောဒွါရာဝဇ္ဇန်း၊ ဇောတို့သည် ဝိပါက် ဝိညာဏ်များ မဟုတ်ကြသဖြင့် အကြောင်းအကျိုး သိမ်းဆည်းရာဝယ် ကြွင်းကျန်နေပေသည်။ သင်္ခါရကြောင့် ဖြစ်သည့် ဝိပါက်ဝိညာဏ်များ မဟုတ်သောကြောင့် ကြွင်းကျန်နေခြင်း ဖြစ်၏။ သို့သော် ဝိပဿနာရှုရာ၌ကား ပရမတ္ထဓာတ်သားများကို မကြွင်းမကျန်စေလိုသော ရည်ရွယ်ချက် ဦးတည်ချက်ဖြင့် ပဉ္စဒွါရာဝဇ္ဇန်း, ဝုဋ္ဌော, ဇော, မနောဒွါရာဝဇ္ဇန်း, ဇောတို့ကိုပါ ရောနှော၍ ဝိပဿနာရှုပါက အပြစ်မဖြစ်နိုင်ပါ။ ရှေးက ပဉ္စဒွါရာဝဇ္ဇန်း ဟူသော အာဝဇ္ဇန်းမပါဘဲ စက္ခုဝိညာဏ်စသော ဝိပါက်ဝိညာဏ်များ မဖြစ်နိုင်ပုံကိုလည်းကောင်း, ရှေးက ဇောမပါဘဲ တဒါရုံ မကျနိုင်ပုံကိုလည်းကောင်း သဘောပေါက်ပါ။ မနောဒွါရဝီထိများ၌လည်း အလားတူပင် မနောဒွါရာဝဇ္ဇန်း မပါဘဲ ဝီထိစိတ်များ မဖြစ်နိုင်ပုံကိုလည်းကောင်း ဇောမကျဘဲ တဒါရုံ မကျနိုင်ပုံကို လည်းကောင်း သဘောပေါက်ပါ။

တစ်နည်း ခွဲ၍ အကြောင်းအကျိုး သိမ်းဆည်းပုံ

၁။ သင်္ခါရဖြစ်ခြင်းကြောင့် စက္ခုဝိညာဏ်ဖြစ်၏။

သင်္ခါရက အကြောင်းတရား၊ စက္ခုဝိညာဏ်က အကျိုးတရား။

၂။ သင်္ခါရဖြစ်ခြင်းကြောင့် သမ္ပဋိစ္ဆိုင်းဝိညာဏ်ဖြစ်၏။

သင်္ခါရက အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်းဝိညာဏ်က အကျိုးတရား။

၃။ သင်္ခါရဖြစ်ခြင်းကြောင့် သန္တီရဏဝိညာဏ်ဖြစ်၏။

သင်္ခါရက အကြောင်းတရား၊ သန္တီရဏဝိညာဏ်က အကျိုးတရား။

၄။ သင်္ခါရဖြစ်ခြင်းကြောင့် တဒါရုံ ဝိညာဏ်ဖြစ်၏။

သင်္ခါရက အကြောင်းတရား၊ တဒါရုံ ဝိညာဏ်က အကျိုးတရား။

[မှတ်ချက် --- တဒါရုံ၌ ပဉ္စဒွါရဝီထိ၌ (၂)ကြိမ် ခွဲရှုပါ။ မနောဒွါရဝီထိ၌လည်း (၂)ကြိမ်ပင် ခွဲရှုပါ။ အားလုံး (၄)ကြိမ် ရှုပါ။ မနောဒွါရဝီထိပေါင်းများစွာ၌ တဒါရုံပေါင်း များစွာကိုလည်း ဆက်ရှုနိုင်ပါသည်။ အထက်တွင် တင်ပြထားသည့်အတိုင်း စက္ခုဒွါရဝီထိ တစ်ဝီထိတွင် စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ပထမတဒါရုံ, ဒုတိယတဒါရုံဟု (၅)ကြိမ်, နောက်လိုက်မနောဒွါရဝီထိစသော မနောဒွါရဝီထိတို့၌ ပထမတဒါရုံ, ဒုတိယ တဒါရုံဟု နှစ်ကြိမ်, အားလုံးပေါင်းသော် (၇)ကြိမ် ရှုပါ။ နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများကို ပြန်ကြည့်ပါ။ တစ်တန်း၌ (၇)ခါစီ ရှုပါ။ အတန်းတိုင်း အတန်းတိုင်း၌ အကြောင်းအကျိုးကို သိမ်းဆည်းပါ။ အကောင်းအုပ်စု, မကောင်းအုပ်စု ကုန်စင်အောင် ရှုပါ။ သောတဒွါရဝီထိ စသည်တို့၌လည်း နည်းမှီး၍ ရှုပါ။ သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံ ဝိပါက် ဝိညာဏ်တို့မှာ ရှုကွက် (၆)လိုင်းလုံး၌ တူညီပေသည်။ မတူရာကိုသာ အနည်းငယ် ဆိုပေအံ့။]

၁။ သောတဒွါရဝီထိ၌ --- သင်္ခါရဖြစ်ခြင်းကြောင့် သောတဝိညာဏ်ဖြစ်၏။

သင်္ခါရက အကြောင်းတရား၊ သောတဝိညာဏ်က အကျိုးတရား။

၂။ ဃာနဒွါရဝီထိ၌ --- သင်္ခါရဖြစ်ခြင်းကြောင့် ဃာနဝိညာဏ်ဖြစ်၏။

သင်္ခါရက အကြောင်းတရား၊ ဃာနဝိညာဏ်က အကျိုးတရား။

၃။ ဇိဝှါဒွါရဝီထိ၌ --- သင်္ခါရဖြစ်ခြင်းကြောင့် ဇိဝှါဝိညာဏ်ဖြစ်၏။

သင်္ခါရက အကြောင်းတရား၊ ဇိဝှါဝိညာဏ်က အကျိုးတရား။

၄။ ကာယဒွါရဝီထိ၌ --- သင်္ခါရ ဖြစ်ခြင်းကြောင့် ကာယဝိညာဏ်ဖြစ်၏။

သင်္ခါရက အကြောင်းတရား၊ ကာယဝိညာဏ်က အကျိုးတရား။

၅။ မနောဒွါရဝီထိ၌ --- သင်္ခါရဖြစ်ခြင်းကြောင့် ပထမတဒါရုံ ဝိပါက်ဝိညာဏ်ဖြစ်၏။

သင်္ခါရက အကြောင်းတရား၊ ပထမတဒါရုံ ဝိပါက်ဝိညာဏ်က အကျိုးတရား။

ဤမျှဆိုလျှင် သဘောပေါက်သင့်ပေပြီ။ အတန်းတိုင်း အတန်းတိုင်း, ဝီထိတိုင်း ဝီထိတိုင်း၌ ဝိပါက် ဝိညာဏ်များကို နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ဖော်ပြထားသည့်အတိုင်း ကုန်စင်အောင် သိမ်းဆည်းပါ။

နာနာက္ခဏိကကမ္မပစ္စယသတ္တိ, ဥပနိဿယပစ္စယသတ္တိ

ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၇။)

ကုသလံ ကမ္မံ ဝိပါကဿ ဥပနိဿယပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၁၄၇။)

အကုသလံ ကမ္မံ ဝိပါကဿ ဥပနိဿယပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၁၅၀။)

ဤပဋ္ဌာန်းဒေသနာတော်များနှင့် အညီ ကုသိုလ်ကံ အကုသိုလ်ကံသည် ဝိပါက်ဝိညာဏ်အား နာနာက္ခဏိကကမ္မပစ္စယသတ္တိ ဥပနိဿယပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု၏။

နာနာက္ခဏိကကမ္မပစ္စယသတ္တိ --- ယင်းပုညာဘိသင်္ခါရ (အပုညာဘိသင်္ခါရ)ကံတို့နှင့် လက်ရှိ ပစ္စုပ္ပန် ဘဝ၏ ပဋိသန္ဓေ ပဝတ္တိ ဝိပါက်ဝိညာဏ်များမှာ စိတ္တက္ခဏပေါင်းများစွာ ဝီထိပေါင်းများစွာ ကွာခြားကြ၏။ ကမ္ဘာနှင့် ချီ၍သော်လည်း ကွာခြားနိုင်၏။ အကြောင်းတရားနှင့် အကျိုးတရားတို့သည် ဖြစ်သည့်ခဏချင်း မတူသောကြောင့် ယင်းအကြောင်းတရားကို နာနာက္ခဏိကကမ္မပစ္စည်းတရားဟု ခေါ်ဆို၍ အကျိုးတရား များကိုလည်း နာနာက္ခဏိက ကမ္မပစ္စယုပ္ပန်ဟု ခေါ်ဆို၏။

ဥပနိဿယပစ္စယသတ္တိ ---- ပဋိသန္ဓေ ပဝတ္တိ ဝိပါက်ဝိညာဏ်များ ထင်ရှားစွာ ဖြစ်ပွားလာရခြင်းမှာ ယင်းကုသိုလ်သင်္ခါရ အကုသိုလ်သင်္ခါရတို့ကို အားကြီးသော အမှီရ၍ ဖြစ်ပွားလာနိုင်ကြခြင်း ဖြစ်၏။ ပင်ကိုယ် ပကတိ သဘောအားဖြင့် ယင်းသင်္ခါရတို့သည် ဝိပါက်ဝိညာဏ်တို့၏ အားကြီးသောမှီရာ အကြောင်းတရား များပင် ဖြစ်ကြသည်။ ယင်းသင်္ခါရတို့ကို မှီတွယ်ခွင့် မရရှိပါက ယင်းသင်္ခါရကံတို့သည် ပြုပြီးမဟုတ်ပါက ဝိပါက်ဝိညာဏ်များသည် ထင်ရှားစွာ ဖြစ်ပွားလာနိုင်ခွင့် မရှိပေ။ ထိုကြောင့် သင်္ခါရက ဝိပါက်ဝိညာဏ်အား ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုသည်ဟု ဆိုခြင်း ဖြစ်၏။ ဤကဲ့သို့သော ဥပနိဿယအရာ၌လည်း အကြောင်းတရားနှင့် အကျိုးတရားတို့သည် စိတ္တက္ခဏပေါင်းများစွာ ဝီထိပေါင်းများစွာ သို့မဟုတ် ကမ္ဘာပေါင်း များစွာသော်လည်း ကွာခြားလျက်သာ ရှိကြသည်ဟု မှတ်ပါ။

ပြုပြီးခြင်းသည်သာလျှင် လိုရင်းဖြစ်သည်

ကတတ္တာယေဝ ဟိ သင်္ခါရာ အတ္တနော ဖလဿ ပစ္စယာ ဟောန္တိ၊ န ဝိဇ္ဇာမာနတ္တာ, အဝိဇ္ဇာမာနတ္တာ ဝါ။ ယထာဟ -- ကာမာဝစရဿ ကုသလဿ ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ဝိပါကံ စက္ခုဝိညာဏံ ဥပ္ပန္နံ ဟောတီတိအာဒိ။ (အဘိ၊ဋ္ဌ၊၂၊၁၅၆။ ဝိသုဒ္ဓိ၊၂၊၁၈၉။)

သင်္ခါရတရားတို့သည် ပြုအပ်ကုန်ပြီးသည်၏ အဖြစ်ကြောင့်သာလျှင် (= ပြုပြီးမှသာလျှင်) မိမိ၏ အကျိုး တရား၏ အကြောင်းတရားတို့ ဖြစ်နိုင်ကုန်၏။ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားရှိကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း, ထင်ရှားမရှိကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း, မိမိအကျိုးတရား၏ အကြောင်း တရားတို့ ဖြစ်ကြသည်ကား မဟုတ်ကြလေကုန်။ ဘုရားရှင်ကိုယ်တော်တိုင်ပင်လျှင် ဓမ္မသင်္ဂဏီပါဠိတော် (အဘိ၊၁၊၁၀၄၊၊)၌ ---ကာမာဝစရကုသိုလ်ကံကို ပြုအပ်ပြီးသည်၏ အဖြစ်ကြောင့်သာလျှင် ဆည်းပူးအပ်ပြီးသည်၏ အဖြစ်ကြောင့်သာလျှင် အကျိုး ဝိပါက် စက္ခုဝိညာဏ်သည် ဥပါဒ်-ဌီ-ဘင် ခဏတ္တယသို့ ရောက်ဆဲ ဖြစ်လျက် ဖြစ်ပေါ်လာ၏။ --- ဤသို့စသည့် ဒေသနာတော်များကို ဟောကြားထားတော်မူခဲ့ပေသည်။ (အဘိ၊ဋ္ဌ၊၂၊၁၅၆။ ဝိသုဒ္ဓိ၊၂၊၁၈၉။)

ထိုကြောင့် သင်္ခါရကံကို ပြုစုပျိုးထောင်ပြီးခြင်းသည်သာလျှင် ဤသင်္ခါရက ဝိပါက်ဝိညာဏ်ကို ဖြစ်စေရာ၌ လိုရင်းပဓာနဖြစ်သည်ဟု မှတ်သားပါ။ ယင်းသင်္ခါရမှာ လူသားတစ်ဦးသာ ဖြစ်နေသော အသင် သူတော်ကောင်းအတွက် ကွက်၍ဆိုရမူ ကာမာဝစရ မဟာကုသိုလ်စိတ် (၈)မျိုးတို့တွင် တစ်မျိုးမျိုးသာ ဖြစ်သည်။ ဤကျမ်း၌ကား မဟာကုသိုလ် ပထမစိတ် အမျိုးအစားဖြစ်သည့် သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကုသိုလ်စိတ်ကို ပုံစံထား၍ ဖော်ပြထားပါသည်။ ယင်းသင်္ခါရ၌ စေတနာဦးဆောင်သည့် နာမ်တရားစု (၃၄)တို့ ဖြစ်ကြသည်။ မနောဒွါရိကဇောဝီထိစိတ်အစဉ်ပင်တည်း။

__________