နိဗ္ဗာနဂါမိနိပဋိပဒါ-တတိယတွဲ/သဠာယတနပစ္စယာ ဖဿော
သဠာယတနပစ္စယာ ဖဿော
သဠာယတန ဖြစ်ခြင်းကြောင့် ဖဿ ဖြစ်၏။
ဖဿ --- စက္ခုသမ္ဖဿ သောတသမ္ဖဿ ဃာနသမ္ဖဿ ဇိဝှါသမ္ဖဿ ကာယသမ္ဖဿ မနောသမ္ဖဿဟု အကျဉ်းအားဖြင့် ဖဿ (၆)ပါးတည်း။ အကျယ်အားဖြင့် လောကီဝိပါက်စိတ် (၃၂)မျိုး၌ ယှဉ်သော ဖဿ (၃၂)မျိုးတည်း။ ပဋိသန္ဓေ ဘဝင် စုတိ ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံတို့နှင့်ယှဉ်သော ဖဿ ဟူလိုသည်။ (အဘိ၊ဋ္ဌ၊၂၊၁၆၈။ ဝိသုဒ္ဓိ၊၂၊၁၉၉။)
သဠာယတန --- ယင်းဖဿ၏ အကြောင်းဖြစ်သော သဠာယတနအရ တရားကိုယ်ကောက်ယူရာ၌ (၂)နည်း ရှိ၏။ စက္ခာယတန သောတာယတန ဃာနာယတန ဇိဝှါယတန ကာယာယတန မနာယတနဟူသော အဇ္ဈတ္တိကာယတန (၆)ပါးကိုသာ ကောက်ယူသောနည်း, ယင်းအဇ္ဈတ္တိကာယတန (၆)ပါးနှင့် ရူပါယတန သဒ္ဒါယတန ဂန္ဓာယတန ရသာယတန ဖောဋ္ဌဗ္ဗာယတန ဓမ္မာယတန ဟူသော ဗာဟိရာယတန (၆)ပါးကိုပါ ကောက်ယူသော နည်းဟု (၂)နည်း ရှိပေသည်။
ပထမနည်း --- အဇ္ဈတ္တိကာယတန (၆)ပါးကိုသာ သဠာယတနအရ တရားကိုယ်ကောက်ယူမှုကို နှစ်ခြိုက် တော်မူကြသော ပညာရှိတို့ကား ဤသို့ ဆိုတော်မူကြ၏ --- ဤပဋိစ္စသမုပ္ပါဒ် ဓမ္မကထာကား သက်ရှိခန္ဓာ အစဉ်ဝယ် ဖြစ်ပေါ်နေသော ရုပ်နာမ်အပေါင်း၏ ကြောင်း-ကျိုးဆက်နွယ်လျက် ဖြစ်ပေါ်နေပုံကို ပြဆိုကြောင်း ဖြစ်သည့် = ဥပါဒိန္နကပဝတ္တိကထာ = (ဥပါဒိဏ္ဏကပဝတ္တိကထာ) ဖြစ်၏။ ထိုကြောင့် (သကသန္တတိပရိယာပန္နမေဝ - ဝိသုဒ္ဓိ၊၂၊၁၉၉။) မိမိ၏ အဇ္ဈတ္တ ရုပ်နာမ်သန္တတိအစဉ်၌ အကျုံးဝင်သည်သာလျှင် ဖြစ်သော = (ဧကသန္တတိပရိယာပန္နမေဝ-အဘိ၊ဋ္ဌ၊၂ ၊၁၆၈။) = တစ်ခုသော အဇ္ဈတ္တ ရုပ်နာမ်သန္တတိအစဉ်၌ အကျုံးဝင်သည်သာလျှင် ဖြစ်သော ပစ္စည်းတရားကိုလည်းကောင်း, ပစ္စယုပ္ပန်တရားကိုလည်းကောင်း ထိုဆရာမြတ်တို့က ပြဆိုတော်မူကြ ကုန်၏။ အဇ္ဈတ္တိကာယတန အမည်ရသည့် အာယတန (၆)ပါးကိုသာ သဠာယတနဟု အလိုရှိတော်မူကြကုန်၏။ ထိုပညာရှိတို့ကား --- ဆဋ္ဌာယတနပစ္စယာ ဖေဿာ = (အဘိ၊၂၊၁၈၇။) = ဆဋ္ဌာယတန = ခြောက်ခုမြောက် မနာယတနကြောင့် ဖဿဖြစ်၏-ဟူသော ပါဠိတော်ကို အစဉ်လိုက်သောအားဖြင့် အရူပဘုံ၌ ဆဋ္ဌာယတန = ခြောက်ခုမြောက်ဖြစ်သော မနာယတနသည်လည်းကောင်း, အရူပဘုံမှ တစ်ပါးသော ပဉ္စဝေါကာရဘုံ၌ အလုံးစုံသော အာယတနတို့ကို သိမ်းယူသောအားဖြင့် သဠာယတနသည်လည်းကောင်း ဖဿအား ကျေးဇူးပြု၏။ ဤသို့ --- ဆဋ္ဌာယတနဉ္စ သဠာယတနဉ္စ သဠာယတနံ --- ဟု ဧကဒေသသရူပေကသေသ်ကို ပြု၍ (၆)ခုမြောက် မနာယတနနှင့် အတူတကွ အဇ္ဈတ္တဖြစ်သော စက္ခာယတန အစရှိသော အတွင်းအာယတန (၆)ပါးကို သဠာယတနဟူ၍ အလိုရှိတော်မူကြကုန်၏။ မှန်ပေသည် ထိုအဇ္ဈတ္တိကာယတနသည် --- ဆဋ္ဌာယတနဉ္စ သဠာယတနဉ္စ သဠာယတနံ - ဟူသည်နှင့် အညီ သဠာယတနဟူ၍ ခေါ်ဝေါ်အပ်သည်၏ အဖြစ်သို့ ရောက်ရှိ ပေ၏။ (အဘိ၊ဋ္ဌ၊၂၊၁၆၈။ ဝိသုဒ္ဓိ၊၂၊၁၉၉၊၊)
ဒုတိယနည်း --- အကြင် ပညာရှိ သူတော်ကောင်းကြီးတို့သည်ကား အကျိုး = ပစ္စယုပ္ပန်ဖြစ်သည့် ဖဿ ကိုသာ တစ်ခုသော ရုပ်နာမ်ခန္ဓာအစဉ်နှင့် အကျုံးဝင်၏ ဟူ၍ ပြတော်မူကြကုန်၏။ အကြောင်း = ပစ္စည်းတရား ဖြစ်သော သဠာယတနကိုကား ဧကသန္တတိပရိယာပန္န = တစ်ခုသော ရုပ်နာမ်သန္တတိအစဉ်၌ အကျုံးဝင်သော တရား, ဘိန္န သန္တာန = ကွဲပြားသော သန္တာန်ရှိသော တရားဟူ၍ နှစ်မျိုး ပြတော်မူကြကုန်၏။ ထိုပညာရှိ သူတော်ကောင်းကြီးတို့သည်ကား --- အကြင်အကြင် အာယတနသည် ဖဿအား ဖြစ်ပေါ်လာအောင် ကျေးဇူး ပြု၏၊ ထိုဖဿအား ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးသမျှ အလုံးစုံသော အာယတနကိုလည်း ပြလိုကုန်သည်ဖြစ်၍ ဗာဟိရာယတနဖြစ်သော ရူပါယတနစသည့် အာယတန (၆)ပါးကိုလည်း သိမ်းယူ၍ ခြောက်ခုမြောက် ဖြစ်သော မနာယတနနှင့် အတူတကွ အဇ္ဈတ္တိကာယတန ဖြစ်သောစက္ခာယတနစသည့် ထိုအာယတန (၆)ပါးကိုပင် ဗာဟိရာယတန ဖြစ်ကုန်သော ရူပါယတန စသည်တို့နှင့် အတူတကွ သဠာယတနဟူ၍ အလိုရှိတော်မူကြကုန်၏။ မှန်ပေသည် ထိုဗာဟိရာယတန (၆)ပါး, အဇ္ဈတ္တိကာယတန (၆)ပါးဟူသော သဠာယတနသည်လည်း --- ဆဋ္ဌာယတနဉ္စ သဠာယတနဉ္စ သဠာယတနဉ္စ သဠာယတနံဟု ဒွန်ဝစနတ္ထပြု၍ ဧကသေသ်ပြုခဲ့သော် --- ခြောက်ခုမြောက် မနာယတန, အတွင်းအာယတန (၆)ပါး, အပြင်အာယတန (၆)ပါး တရားစုသည် သဠာယတန ဟူ၍ပင် ခေါ်ဝေါ်ခြင်းသို့ ရောက်ရှိပေသည်။ (အဘိ၊ဋ္ဌ၊၂၊၁၆၈။ ဝိသုဒ္ဓိ၊၂၊၁၉၉-၂၀၀။)
ပထမအာစရိယဝါဒ၌ --- အဇ္ဈတ္တဟူသော စကားရပ်ဖြင့် မိမိ၏ ရုပ်နာမ်သန္တတိ ခန္ဓာအစဉ်၌ အကျုံးဝင်သော စက္ခာယတနစသည့် အဇ္ဈတ္တိကာယတန (၆)ပါးကိုသာ သဠာယတနအရ ကောက်ယူရ၏။ မှန်ပေသည် မိမိ၏ ရုပ်နာမ်သန္တတိအစဉ်၌ အကျုံးဝင်သော ရှေးကံကြောင့်ဖြစ်သော သသန္တတိပရိယာပန္န = မိမိ၏ ရုပ်နာမ်သန္တတိအစဉ်၌ အကျုံးဝင်သော သဠာယတနသည်သာလျှင် ထိုကဲ့သို့ အလားတူရှုအပ်သော မိမိ၏ ရုပ်နာမ်သန္တတိအစဉ်၌ အကျုံးဝင်သော ရှေးကံကြောင့်ဖြစ်သော ဖဿအား ကျေးဇူးပြုပေသည်။ --- တစ်ဖန် ရူပါရုံစသည့် ဗာဟိရာယတနတို့ကား မိမိ၏ ရုပ်နာမ်သန္တတိအစဉ်၌ အကျုံးဝင်သော ရူပါရုံသာမက ပြင်ပ ဗဟိဒ္ဓဖြစ်သည့် သူတစ်ပါး၏ ရုပ်နာမ်သန္တတိအစဉ်၌ အကျုံးဝင်သော ရူပါရုံနှင့် အနုပါဒိန္နဖြစ်သော သက်မဲ့ ဗဟိဒ္ဓ ရူပါရုံတို့သည်လည်း ဖဿ၏ အာရုံ ပစ္စည်းအကြောင်းတရား ဖြစ်နိုင်ကုန်၏။ ထိုသက်ရှိသက်မဲ့ ဗဟိဒ္ဓ ရူပါရုံတို့ကား စက္ခာယတနစသည့် အဇ္ဈတ္တိကာယတနတို့ကဲ့သို့ မိမိ၏ ရုပ်နာမ် သန္တတိအစဉ်၌ အကျုံးဝင်သော ကံ ကိလေသာဟူသော အကြောင်းကြောင့် ဖြစ်ခြင်းရှိသည်၏ အဖြစ်အားဖြင့် ဖဿ၏ အကြောင်းတရား ဖြစ်ကြသည်ကား မဟုတ်ကုန်။ (ယင်းသက်ရှိ သက်မဲ့ ဗဟိဒ္ဓရူပါရုံစသည့် ဗာဟိရာယတနတို့၌လည်း ယင်းတို့ ဆိုင်ရာ အကြောင်းတရားများ ရှိကြ၏၊ ယင်းအကြောင်းတရားတို့ကြောင့်သာ ဖြစ်သည် ဟူလိုသည်။) ထိုကြောင့် ပထမအာစရိယဝါဒ၌ မကောက်ယူခြင်း ဖြစ်သည်။ (မူလဋီ၊၂၊၁၁၉။ မဟာဋီ၊၂၊၃၂၃။)
ဒုတိယ အာစရိယဝါဒ၌ကား --- မိမိ၏ ရုပ်နာမ်သန္တတိအစဉ်၌ အကျုံးဝင်သည်ပင်ဖြစ်စေ, သူတစ်ပါး၏ ရုပ်နာမ်သန္တတိအစဉ်၌ အကျုံးဝင်သည်ပင်ဖြစ်စေ, သက်မဲ့ ဗဟိဒ္ဓပင်ဖြစ်စေ မည်သို့သော ရူပါရုံစသည့် ဗာဟိရာယတနပင် ဖြစ်ပါစေ၊ ဖဿအား ဖြစ်ပေါ်လာအောင် အာရုံအကြောင်းတရားအဖြစ် ကျေးဇူးပြုနိုင် ခဲ့သော် အကြောင်းတရား မဟုတ်ပါဟု ရှောင်ကွင်းခြင်းငှာ မတတ်ကောင်းပေ။ ထိုကြောင့် ဗာဟိရာယတန တို့ကိုပါ သဠာယတနအရ ကောက်ယူရပေသည်ဟု မှတ်ပါ။ (မူလဋီ၊၂၊၁၁၉။ မဟာဋီ၊၂၊၃၂၃။)
မဟာဝိဟာရဝါသီ ဆရာမြတ်တို့အယူ
ယေ တာဝ အာစရိယာ မဟာဝိဟာရဝါသိနောဝ ယထာ ဝိညာဏံ၊ ဧဝံ နာမရူပံ သဠာယတနံ ဖဿံ ဝေဒနဉ္စ ပစ္စယံ ပစ္စယုပ္ပန္နဉ္စ သသန္တတိပရိယာပန္နံ ဒီပေန္တာ ဝိပါကမေဝ ဣစ္ဆန္တိ။ (မဟာဋီ၊၂၊၃၂၃။)
မဟာဝိဟာရ ကျောင်းတိုက်ကြီး၌ သီတင်းသုံးတော်မူကြသည့် မဟာဝိဟာရဝါသီ ဆရာမြတ်ကြီးတို့၏ အလိုအားဖြင့်မူကား သင်္ခါရကြောင့် ဖြစ်ပေါ်လာသည့် ဝိညာဏ်၌ ဝိပါက်ဝိညာဏ်ကိုသာ ကောက်ယူရ သကဲ့သို့ အလားတူပင် (ဝိညာဏ်) နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတို့၌ ပစ္စည်း ပစ္စယုပ္ပန် = အကြောင်း အကျိုး နှစ်ဖက်လုံး၌ပင် မိမိ၏ ရုပ်နာမ်သန္တတိ ခန္ဓာအစဉ်၌ အကျုံးဝင်သော တရားကိုသာ ဖော်ပြတော် မူကုန်လျက် ဝိပါကဝဋ်တရားစုကိုသာလျှင် ကောက်ယူတော်မူလိုကြ၏။ (မဟာဋီ၊၂၊၃၂၃။)
ဖေဿာဟု ဧကဝုစ် ဟောတော်မူခြင်း
၁။ အလုံးစုံသော အာယတနတို့ကြောင့် တစ်ခုသော ဖဿသည် မဖြစ်။
၂။ တစ်ခုသော အာယတနကြောင့် အလုံးစုံသော ဖဿတို့သည် မဖြစ်ကုန်။
၃။ အလျော်အားဖြင့်မူကား --- များစွာကုန်သော အာယတနတို့ကြောင့် တစ်ခုသော ဖဿသည် ဖြစ်နိုင်၏။
ဥပမာ ---
(၁) စက္ခာယတန, (၂) ရူပါယတန, (၃) စက္ခုဝိညာဏ် = မနာယတန, (၄) ဖဿမှ တစ်ပါးသော ယှဉ်ဖက် သမ္ပယုတ် စေတသိက် (၆)လုံးဟူသော (သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-လုံးမှ ဖဿနှုတ်သော် ၆-လုံး ဟူသော) သမ္ပယုတ် ဓမ္မာယတန --- ဤအာယတန (၄)မျိုးကြောင့် စက္ခုသမ္ဖဿ ဖြစ်ရ၏။ ဤအတူ အလုံးစုံ သော သမ္ဖဿတို့၌ = (အလုံးစုံသော စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ တည်ရှိသော ဖဿတိုင်း ဖဿတိုင်း၌) ထိုက်သည့်အားလျော်စွာ ယှဉ်စေထိုက်၏။ (အဘိ၊ဋ္ဌ၊၂၊၁၆၈။ ဝိသုဒ္ဓိ၊၂၊၂၀၀။)
ထိုသို့ များစွာသော အာယတနတို့ကြောင့် တစ်ခုသော ဖဿ၏ ဖြစ်နိုင်ခြင်းကြောင့်ပင် တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် ဤသဠာယတနပစ္စယာ ဖေဿာ - ဟူသော ပါဠိတော်၌ ဖေဿာ-ဟု ဧကဝုစ် ဝိဘတ်ဖြင့် ညွှန်ပြခြင်းအားဖြင့် တစ်ပါးတည်း တစ်မျိုးတည်းသာ ဖြစ်သော ဤဖဿကို များစွာသော အာယတနဟူသော အကြောင်းရှိ၏ဟူ၍ ပြတော်မူအပ် ဟောတော်မူအပ်ပေသည်။ (အဘိ၊ဋ္ဌ၊၂၊၁၆၉။ ဝိသုဒ္ဓိ၊၂၊၂၀၀။)
သတိ --- များစွာသော အကြောင်းတရားကြောင့် စက္ခုသမ္ဖဿစသည့် ဖဿတစ်မျိုး ဖြစ်နိုင်ပုံကိုသာ ဖွင့်ဆိုခြင်း ဖြစ်သည်။ ယင်းစက္ခုသမ္ဖဿစသည့် ဖဿသည် မိမိချည်းသက်သက် ယှဉ်ဖက် သမ္ပယုတ်တရား များမပါဘဲ ဖြစ်သည်ဟူ၍ကား အမှတ်မလွဲစေလိုပါ။ ယှဉ်ဖက် သမ္ပယုတ်တရားတို့သည် အကြောင်းတရား ဘက်၌ တည်ရှိနေကြသည်ကိုကား သတိပြုပါ။
ပဋ္ဌာန်းပစ္စည်း ဆက်သွယ်ပုံ
၁။ စက္ခာယတနစသော ရုပ်အာယတန (၅)မျိုးတို့သည် စက္ခုသမ္ဖဿစသော ဖဿ (၅)မျိုးတို့အား အသီးအသီး နိဿယ ပုရေဇာတ ဣန္ဒြိယ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတ (၆)ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု၏။
၂။ ဝိပါက်မနာယတနသည် စက္ခုဒွါရဝီထိစသော ဝီထိ (၆)မျိုးတို့၏ အတွင်း၌ရှိသော သမ္ပဋိစ္ဆိုင်း သန္တီရဏ ဝိပါက်မနောသမ္ဖဿ အမျိုးမျိုးအား သဟဇာတ အညမည နိဿယ ဝိပါက အာဟာရ ဣန္ဒြိယ သမ္ပယုတ္တ အတ္ထိ အဝိဂတ (၉)ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု၏။
၃။ ဗာဟိရာယတနတို့တွင် ရူပါယတနသည် စက္ခုသမ္ဖဿအား အာရမ္မဏ ပုရေဇာတ အတ္ထိ အဝိဂတ (၄)ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု၏။ သဒ္ဒါယတနစသည်တို့က သောတသမ္ဖဿစသည်တို့အား ကျေးဇူးပြုမှုကို နည်းတူမှတ်ပါ။
၄။ ပစ္စုပ္ပန် ရူပါယတန သဒ္ဒါယတန ဂန္ဓာယတန ရသာယတန ဖောဋ္ဌဗ္ဗာယတနတို့သည်လည်းကောင်း, ပစ္စုပ္ပန်သာ ဖြစ်သော ဓမ္မာယတန၌ အကျုံးဝင်သော အာပေါဓာတ် ဘာဝရုပ် ဇီဝိတ ဟဒယ ဩဇာ ဟူသော ရုပ်အစစ်တို့သည်လည်းကောင်း, မနောသမ္ဖဿအား အာရမ္မဏ ပုရေဇာတ အတ္ထိ အဝိဂတ (၄)ပစ္စယသတ္တိ တို့ဖြင့် ကျေးဇူးပြု၏။
၅။ ပစ္စုပ္ပန် မဟုတ်သော အတိတ် အနာဂတ်ဖြစ်သော အထက်ပါ ဗာဟိရာယတန (၆)ပါးတို့သည် လည်းကောင်း, ဓမ္မာယတန၌ အကျုံးဝင်သော ရုပ်အတုတို့သည်လည်းကောင်း, ကာလသုံးပါးမှ လွတ်သော = ကာလဝိမုတ်ဖြစ်သော နိဗ္ဗာန် ပညတ်သည်လည်းကောင်း မနောသမ္ဖဿအား အာရမ္မဏပစ္စယသတ္တိဖြင့်သာ ကျေးဇူးပြု၏။ (အဘိ၊ဋ္ဌ၊၂၊၁၆၉။ ဝိသုဒ္ဓိ၊၂၊၂၀၀-၂၀၁။ မဟာဋီ၊၂၊၃၂၄။)
ကြိုတင်မှတ်သားထားရန်
ဖဿတိုင်း၌ အကြောင်းတရား (၄)မျိုးရှိ၏။ ယင်း (၄)မျိုးတို့မှာ --- (၁) မှီရာဝတ္ထုရုပ်, (၂) အာရုံ, (၃) ယှဉ်ဖက် အသိစိတ်ဝိညာဏ် = မနာယတန, (၄) ယှဉ်ဖက် စေတသိက် သမ္ပယုတ် ဓမ္မာယတနတို့ပင်တည်း။ မှီရာဝတ္ထုရုပ်တို့တွင် စက္ခုဝတ္ထုမှာ စက္ခာယတန, သောတဝတ္ထုမှာ သောတာယတန, ဃာနဝတ္ထုမှာ ဃာနာယတန, ဇိဝှါဝတ္ထုမှာ ဇိဝှါယတန, ကာယဝတ္ထုမှာ ကာယာယတန, ဟဒယဝတ္ထုမှာ ဓမ္မာယတန အသီးအသီး ဖြစ်သည်။ အာရုံ (၆)မျိုးတို့ကား အပြင်အာယတန (၆)မျိုးတို့ပင် ဖြစ်ကြသည်။
အကျိုးဖဿနှင့် ယှဉ်ဖက် အသိစိတ်ကား မနာယတနတည်း။ အကျိုးဖဿနှင့် ယှဉ်ဖက် စေတသိက် မှန်သမျှကား သမ္ပယုတ် ဓမ္မာယတနတည်း။
ဤ၌ ဉာဏ်ထက်မြက်သူများကား ဖဿ (၆)မျိုး ခွဲ၍ ရှုလိုက ရှုနိုင်၏။ သို့သော် မနောသမ္ဖဿကား အလွန်အရာကျယ်၏။ ခြုံရှုဖို့ရန်လည်း ခက်ခဲ၏။ သို့အတွက် အာယတနဒွါရအလိုက် စိတ္တက္ခဏ တစ်ခုစီခွဲ၍ ရှုခြင်းက ပို၍ အသိဉာဏ်သန့်ရှင်းပေသည်။ သို့အတွက် အာယတနဒွါရအလိုက် အကြောင်း အကျိုး သိမ်းဆည်းပုံ စနစ်ကိုသာ တင်ပြပေတော့အံ့ ---
အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံ
ပဋိသန္ဓေ မနောသမ္ဖဿ = ပဋိသန္ဓေဝိညာဏ်နှင့် ယှဉ်သော ဖဿ ဖြစ်ပုံ
၁။ ဟဒယဝတ္ထု = ဓမ္မာယတန ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ မနောသမ္ဖဿ ဖြစ်၏။
ဟဒယဝတ္ထု = ဓမ္မာယတနက အကြောင်းတရား၊ ပဋိသန္ဓေ မနောသမ္ဖဿက အကျိုးတရား။
၂။ ကံ - အာရုံ ဓမ္မာယတန ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ မနောသမ္ဖဿ ဖြစ်၏။
ကံ - အာရုံ ဓမ္မာယတနက အကြောင်းတရား၊ ပဋိသန္ဓေ မနောသမ္ဖဿက အကျိုးတရား။
၃။ ပဋိသန္ဓေဝိညာဏ် = မနာယတန ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ မနောသမ္ဖဿ ဖြစ်၏။
ပဋိသန္ဓေဝိညာဏ် = မနာယတနက အကြောင်းတရား၊ ပဋိသန္ဓေ မနောသမ္ဖဿက အကျိုးတရား။
၄။ သမ္ပယုတ် ဓမ္မာယတန (၃၂) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ မနောသမ္ဖဿ ဖြစ်၏။
သမ္ပယုတ် ဓမ္မာယတန (၃၂)က အကြောင်းတရား၊ ပဋိသန္ဓေ မနောသမ္ဖဿက အကျိုးတရား။
ကံ-အာရုံ --- ပဋိသန္ဓေ နာမ်တရားစု၏ အာရုံမှာ အတိတ်ဘဝက မရဏာသန္နဇောသည် ယူအပ်ခဲ့သော ကံ-ကမ္မနိမိတ်-ဂတိနိမိတ် (၃)မျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံ ဖြစ်၏။ ယင်းနိမိတ် (၃)မျိုးတို့မှာ အာရုံ (၆)ပါး ထိုက်သလို ဖြစ်နိုင်ကြ၏။ ဤ၌ ကံ-အာရုံကို ပုံစံထုတ်၍ တင်ပြထားပါသည်။ အသင်သူတော်ကောင်းအတွက် ကံ-အာရုံမှာ (ဖြစ်ခဲ့သော်) ကာမာဝစရ ပုညာဘိသင်္ခါရ အမည်ရသော ကုသိုလ်စေတနာပင်တည်း။ ယင်းကုသိုလ် စေတနာကား ဓမ္မာယတနပင် ဖြစ်သည်။
သမ္ပယုတ် ဓမ္မာယတန --- ဤ၌ တိဟိတ် သောမနဿ ပဋိသန္ဓေတည်နေသူ လူသားဖြစ်မူ ပဋိသန္ဓေ၌ နာမ်တရား (၃၄)လုံးတို့ ရှိကြ၏။ ယင်းတို့တွင် ဖဿမှာ အကျိုးတရားဘက်၌ တည်ရှိနေ၏။ အသိစိတ်ဝိညာဏ်မှာ မနာယတန အကြောင်းတရား ဖြစ်၏။ သို့အတွက် အသိစိတ်ဝိညာဏ်နှင့် ဖဿကိုနှုတ်သော် စေတသိက် (၃၂) ကျန်၏။ သမ္ပယုတ် ဓမ္မာယတန မည်၏။ အရာရာတွင် နည်းတူမှတ်ပါ။
ဘဝင် မနောသမ္ဖဿနှင့် စုတိ မနောသမ္ဖဿတို့ကို ပဋိသန္ဓေ မနောသမ္ဖဿကို နည်းမှီး၍ ရှုပါ။ ယခုအခါ ရူပါရုံလိုင်း စက္ခုဒွါရဝီထိ မနောဒွါရဝီထိတို့၌ ဖဿ အသီးအသီး၏ အကြောင်းတရားတို့ကို သိမ်းဆည်းပုံကို ဆက်လက်၍ တင်ပြအပ်ပါသည်။
ပဉ္စဒွါရာဝဇ္ဇန်း မနောသမ္ဖဿ (ရူပါရုံလိုင်း)
၁။ ဟဒယဝတ္ထု - ဓမ္မာယတန ဖြစ်ခြင်းကြောင့် ပဉ္စဒွါရာဝဇ္ဇန်း မနောသမ္ဖဿ ဖြစ်၏။
ဟဒယဝတ္ထု - ဓမ္မာယတနက အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း မနောသမ္ဖဿက အကျိုးတရား။
၂။ ရူပါယတန ဖြစ်ခြင်းကြောင့် ပဉ္စဒွါရာဝဇ္ဇန်း မနောသမ္ဖဿ ဖြစ်၏။
ရူပါယတနက အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း မနောသမ္ဖဿက အကျိုးတရား။
၃။ ပဉ္စဒွါရာဝဇ္ဇန်း - မနာယတန ဖြစ်ခြင်းကြောင့် ပဉ္စဒွါရာဝဇ္ဇန်း မနောသမ္ဖဿ ဖြစ်၏။
ပဉ္စဒွါရာဝဇ္ဇန်း - မနာယတနက အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း မနောသမ္ဖဿက အကျိုးတရား။
၄။ သမ္ပယုတ် - ဓမ္မာယတန (၉) ဖြစ်ခြင်းကြောင့် ပဉ္စဒွါရာဝဇ္ဇန်း မနောသမ္ဖဿ ဖြစ်၏။
သမ္ပယုတ် - ဓမ္မာယတန (၉)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း မနောသမ္ဖဿက အကျိုးတရား။
စက္ခုသမ္ဖဿ = (စက္ခုဝိညာဏ်နှင့် ယှဉ်သော ဖဿ။)
၁။ စက္ခာယတန ဖြစ်ခြင်းကြောင့် စက္ခုသမ္ဖဿ ဖြစ်၏။
စက္ခာယတနက အကြောင်းတရား၊ စက္ခုသမ္ဖဿက အကျိုးတရား။
၂။ ရူပါယတန ဖြစ်ခြင်းကြောင့် စက္ခုသမ္ဖဿ ဖြစ်၏။
ရူပါယတနက အကြောင်းတရား၊ စက္ခုသမ္ဖဿက အကျိုးတရား။
၃။ စက္ခုဝိညာဏ် - မနာယတန ဖြစ်ခြင်းကြောင့် စက္ခုသမ္ဖဿ ဖြစ်၏။
စက္ခုဝိညာဏ် - မနာယတနက အကြောင်းတရား၊ စက္ခုသမ္ဖဿက အကျိုးတရား။
၄။ သမ္ပယုတ် - ဓမ္မာယတန (၆) ဖြစ်ခြင်းကြောင့် စက္ခုသမ္ဖဿ ဖြစ်၏။
သမ္ပယုတ် - ဓမ္မာယတန (၆)က အကြောင်းတရား၊ စက္ခုသမ္ဖဿက အကျိုးတရား။
သမ္ပဋိစ္ဆိုင်း - မနောသမ္ဖဿ
၁။ ဟဒယဝတ္ထု - ဓမ္မာယတန ဖြစ်ခြင်းကြောင့် သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿ ဖြစ်၏။
ဟဒယဝတ္ထု - ဓမ္မာယတနက အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿက အကျိုးတရား။
၂။ ရူပါယတန ဖြစ်ခြင်းကြောင့် သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿ ဖြစ်၏။
ရူပါယတနက အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿက အကျိုးတရား။
၃။ သမ္ပဋိစ္ဆိုင်း - မနာယတန ဖြစ်ခြင်းကြောင့် သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿ ဖြစ်၏။
သမ္ပဋိစ္ဆိုင်း - မနာယတနက အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း - မနောသမ္ဖဿက အကျိုးတရား။
၄။ သမ္ပယုတ် - ဓမ္မာယတန (၉) ဖြစ်ခြင်းကြောင့် သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿ ဖြစ်၏။
သမ္ပယုတ် - ဓမ္မာယတနက အကြောင်းတရား သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿက အကျိုးတရား။
သန္တီရဏ - မနောသမ္ဖဿ
၁။ ဟဒယဝတ္ထု - ဓမ္မာယတန ဖြစ်ခြင်းကြောင့် သန္တီရဏ မနောသမ္ဖဿ ဖြစ်၏။
ဟဒယဝတ္ထု - ဓမ္မာယတနက အကြောင်းတရား၊ သန္တီရဏ မနောသမ္ဖဿက အကျိုးတရား။
၂။ ရူပါယတန ဖြစ်ခြင်းကြောင့် သန္တီရဏ - မနောသမ္ဖဿ ဖြစ်၏။
ရူပါယတနက အကြောင်းတရား၊ သန္တီရဏ မနောသမ္ဖဿက အကျိုးတရား။
၃။ သန္တီရဏ - မနာယတန ဖြစ်ခြင်းကြောင့် သန္တီရဏ မနောသမ္ဖဿ ဖြစ်၏။
သန္တီရဏ - မနာယတနက အကြောင်းတရား၊ သန္တီရဏ မနောသမ္ဖဿက အကျိုးတရား။
၄။ သမ္ပယုတ် - ဓမ္မာယတန ဖြစ်ခြင်းကြောင့် သန္တီရဏ မနောသမ္ဖဿ ဖြစ်၏။
သမ္ပယုတ် - ဓမ္မာယတနက အကြောင်းတရား၊ သန္တီရဏ မနောသမ္ဖဿက အကျိုးတရား။
[သမ္ပယုတ် - ဓမ္မာယတနမှာ သောမနဿ ဖြစ်လျှင် (၁၀)၊ ဥပေက္ခာဖြစ်လျှင် (၉) ဖြစ်သည်။]
ဝုဋ္ဌော မနောသမ္ဖဿ
၁။ ဟဒယဝတ္ထု - ဓမ္မာယတန ဖြစ်ခြင်းကြောင့် ဝုဋ္ဌော မနောသမ္ဖဿ ဖြစ်၏။
ဟဒယဝတ္ထု - ဓမ္မာယတနက အကြောင်းတရား၊ ဝုဋ္ဌော မနောသမ္ဖဿက အကျိုးတရား။
၂။ ရူပါယတန ဖြစ်ခြင်းကြောင့် ဝုဋ္ဌော မနောသမ္ဖဿ ဖြစ်၏။
ရူပါယတနက အကြောင်းတရား၊ ဝုဋ္ဌော မနောသမ္ဖဿက အကျိုးတရား။
၃။ ဝုဋ္ဌော - မနာယတန ဖြစ်ခြင်းကြောင့် ဝုဋ္ဌော မနောသမ္ဖဿ ဖြစ်၏။
ဝုဋ္ဌော - မနာယတနက အကြောင်းတရား၊ ဝုဋ္ဌော မနောသမ္ဖဿက အကျိုးတရား။
၄။ သမ္ပယုတ် - ဓမ္မာယတန (၁၀) ဖြစ်ခြင်းကြောင့်၊ ဝုဋ္ဌော မနောသမ္ဖဿ ဖြစ်၏။
သမ္ပယုတ် - ဓမ္မာယတန (၁၀)က အကြောင်းတရား၊ ဝုဋ္ဌော မနောသမ္ဖဿက အကျိုးတရား။
ပထမဇော မနောသမ္ဖဿ
၁။ ဟဒယဝတ္ထု - ဓမ္မာယတန ဖြစ်ခြင်းကြောင့် ပထမဇော မနောသမ္ဖဿ ဖြစ်၏။
ဟဒယဝတ္ထု - ဓမ္မာယတနက အကြောင်းတရား၊ ပထမဇော မနောသမ္ဖဿက အကျိုးတရား။
၂။ ရူပါယတန ဖြစ်ခြင်းကြောင့် ပထမဇော မနောသမ္ဖဿ ဖြစ်၏။
ရူပါယတနက အကြောင်းတရား၊ ပထမဇော မနောသမ္ဖဿက အကျိုးတရား။
၃။ ပထမဇော - မနာယတန ဖြစ်ခြင်းကြောင့် ပထမဇော မနောသမ္ဖဿ ဖြစ်၏။
ပထမဇော - မနာယတနက အကြောင်းတရား၊ ပထမဇော မနောသမ္ဖဿက အကျိုးတရား။
၄။ သမ္ပယုတ် - ဓမ္မာယတန (၃၂) ဖြစ်ခြင်းကြောင့် ပထမဇော မနောသမ္ဖဿ ဖြစ်၏။
သမ္ပယုတ် - ဓမ္မာယတန (၃၂)က အကြောင်းတရား၊ ပထမဇော မနောသမ္ဖဿက အကျိုးတရား။
[ဇော (၇)ကြိမ် စေ့အောင် ရှုပါ။ ဤ၌ သဒ္ဓါပညာအုပ်စု မဟာကုသိုလ် ပထမဇော နာမ်တရား (၃၄)၌ ရှိသော ဖဿကို ပုံစံထုတ်၍ ပြထားပါသည်။ ကြွင်းကျန်သော ကုသိုလ်ဇော အကုသိုလ်ဇော စိတ္တက္ခဏတို့၌ သမ္ပယုတ် ဓမ္မာယတနအရ နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ဖော်ပြထားသည့်အတိုင်း ထိုက်သလို ကောက်ယူပါ၊၊]
ပထမတဒါရုံ မနောသမ္ဖဿ
၁။ ဟဒယဝတ္ထု - ဓမ္မာယတန ဖြစ်ခြင်းကြောင့် ပထမတဒါရုံ မနောသမ္ဖဿ ဖြစ်၏။
ဟဒယဝတ္ထု - ဓမ္မာယတနက အကြောင်းတရား၊ ပထမတဒါရုံ မနောသမ္ဖဿက အကျိုးတရား။
၂။ ရူပါယတန ဖြစ်ခြင်းကြောင့် ပထမတဒါရုံ မနောသမ္ဖဿ ဖြစ်၏။
ရူပါယတနက အကြောင်းတရား၊ ပထမတဒါရုံ မနောသမ္ဖဿက အကျိုးတရား။
၃။ ပထမတဒါရုံ - မနာယတန ဖြစ်ခြင်းကြောင့် ပထမတဒါရုံ မနောသမ္ဖဿ ဖြစ်၏။
ပထမတဒါရုံ - မနာယတနက အကြောင်းတရား၊ ပထမတဒါရုံ မနောသမ္ဖဿက အကျိုးတရား။
၄။ သမ္ပယုတ် - ဓမ္မာယတန (၃၂) ဖြစ်ခြင်းကြောင့် ပထမတဒါရုံ မနောသမ္ဖဿ ဖြစ်၏။
သမ္ပယုတ် - ဓမ္မာယတန (၃၂)က အကြောင်းတရား၊ ပထမတဒါရုံ မနောသမ္ဖဿက အကျိုးတရား။
[ဒုတိယတဒါရုံ၌လည်း နည်းတူရှုပါ။ ဤ၌ မဟာဝိပါက် ဉာဏသမ္ပယုတ် သောမနဿတဒါရုံ မနောသမ္ဖဿကို ပုံစံထုတ်၍ ပြထားပါသည်။ သမ္ပယုတ် ဓမ္မာယတန၌ အဟိတ် သဟိတ် သောမနဿ ဥပေက္ခာ ဉာဏသမ္ပယုတ် ဉာဏဝိပ္ပယုတ်အားလျော်စွာ ထိုက်သလို စေတသိက်အရေအတွက် အတိုးအလျော့ကို နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားအတိုင်းရှုပါ။]
မနောဒွါရာဝဇ္ဇန်း မနောသမ္ဖဿ - (နောက်လိုက် မနောဒွါရဝီထိ)
၁။ ဟဒယဝတ္ထု - ဓမ္မာယတန ဖြစ်ခြင်းကြောင့် မနောဒွါရာဝဇ္ဇန်း မနောသမ္ဖဿ ဖြစ်၏။
ဟဒယဝတ္ထု - ဓမ္မာယတနက အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း မနောသမ္ဖဿက အကျိုးတရား။
၂။ ရူပါယတန ဖြစ်ခြင်းကြောင့် မနောဒွါရာဝဇ္ဇန်း မနောသမ္ဖဿ ဖြစ်၏။
ရူပါယတနက အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း မနောသမ္ဖဿက အကျိုးတရား။
၃။ မနောဒွါရာဝဇ္ဇန်း - မနာယတန ဖြစ်ခြင်းကြောင့် မနောဒွါရာဝဇ္ဇန်း မနောသမ္ဖဿ ဖြစ်၏။
မနောဒွါရာဝဇ္ဇန်း - မနာယတနက အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း မနောသမ္ဖဿက အကျိုးတရား။
၄။ သမ္ပယုတ် - ဓမ္မာယတန (၁၀) ဖြစ်ခြင်းကြောင့် မနောဒွါရာဝဇ္ဇန်း မနောသမ္ဖဿ ဖြစ်၏။
သမ္ပယုတ် - ဓမ္မာယတန (၁၀)က အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း မနောသမ္ဖဿက အကျိုးတရား။
[မှတ်ချက် --- ဤနောက်လိုက် မနောဒွါရဝီထိများ၌ ရှိသော ဇော-တဒါရုံ-မနော-သမ္ဖဿတို့မှာ စက္ခုဒွါရဝီထိ၌ရှိသော ဇော-တဒါရုံ-မနောသမ္ဖဿ ရှုကွက်နှင့် တူပြီ။ သောတဒွါရဝီထိစသည်တို့၌လည်း ရူပါယတန အရာတွင် သဒ္ဒါယတနစသည် လဲထည့်ရုံသာ ထူးသည်။ နည်းမှီး၍ ရှုလေ။ ပဉ္စဒွါရဝီထိ၌ ပဉ္စဒွါရာဝဇ္ဇန်း ဝုဋ္ဌော ဇော, မနောဒွါရဝီထိ၌ မနောဒွါရာဝဇ္ဇန်း ဇောတို့ကို ဝိပါကဝဋ်တရားစုတွင် မပါဝင်သော်လည်း ပရမတ္ထ ဓာတ်သား တရားလုံးများ မကြွင်းမကျန်စေလို၍ ရောနှော၍ ရှုခြင်းသာ ဖြစ်သည်ဟု မှတ်သားပါ။ နာမ် ကမ္မဋ္ဌာန်းကို သိမ်းဆည်းခဲ့စဉ်က ပုံစံအတိုင်းပင် (၆)လိုင်းလုံး၌ အကောင်းအုပ်စု မကောင်းအုပ်စုတို့၌ ရှိသော ဖဿတိုင်းကို ကုန်စင်အောင် ရှုပါ။ အနည်းငယ်ထူးသော သောတသမ္ဖဿ, ဃာနသမ္ဖဿ, ဇိဝှါသမ္ဖဿ, ကာယသမ္ဖဿတို့ကို ဆက်လက်၍ ဖော်ပြအပ်ပါသည်။]
သောတသမ္ဖဿ = သောတဝိညာဏ်နှင့် ယှဉ်သော ဖဿ
၁။ သောတာယတန ဖြစ်ခြင်းကြောင့် သောတသမ္ဖဿ ဖြစ်၏။
သောတာယတနက အကြောင်းတရား၊ သောတသမ္ဖဿက အကျိုးတရား။
၂။ သဒ္ဒါယတန ဖြစ်ခြင်းကြောင့် သောတသမ္ဖဿ ဖြစ်၏။
သဒ္ဒါယတနက အကြောင်းတရား၊ သောတသမ္ဖဿက အကျိုးတရား။
၃။ သောတဝိညာဏ် - မနာယတန ဖြစ်ခြင်းကြောင့် သောတသမ္ဖဿ ဖြစ်၏။
သောတဝိညာဏ် - မနာယတနက အကြောင်းတရား၊ သောတသမ္ဖဿက အကျိုးတရား။
၄။ သမ္ပယုတ် - ဓမ္မာယတန (၆) ဖြစ်ခြင်းကြောင့် သောတသမ္ဖဿ ဖြစ်၏။
သမ္ပယုတ် - ဓမ္မာယတန (၆)က အကြောင်းတရား၊ သောတသမ္ဖဿက အကျိုးတရား။
ဃာနသမ္ဖဿ = ဃာနဝိညာဏ်နှင့် ယှဉ်သော ဖဿ
၁။ ဃာနာယတန ဖြစ်ခြင်းကြောင့် ဃာနသမ္ဖဿ ဖြစ်၏။
ဃာနာယတနက အကြောင်းတရား၊ ဃာနသမ္ဖဿက အကျိုးတရား။
၂။ ဂန္ဓာယတန ဖြစ်ခြင်းကြောင့် ဃာနသမ္ဖဿ ဖြစ်၏။
ဂန္ဓာယတနက အကြောင်းတရား၊ ဃာနသမ္ဖဿက အကျိုးတရား။
၃။ ဃာနဝိညာဏ် - မနာယတန ဖြစ်ခြင်းကြောင့် ဃာနသမ္ဖဿ ဖြစ်၏။
ဃာနဝိညာဏ် - မနာယတနက အကြောင်းတရား၊ ဃာနသမ္ဖဿက အကျိုးတရား
၄။ သမ္ပယုတ် - ဓမ္မာယတန (၆) ဖြစ်ခြင်းကြောင့် ဃာနသမ္ဖဿ ဖြစ်၏။
သမ္ပယုတ် - ဓမ္မာယတန (၆)က အကြောင်းတရား၊ ဃာနသမ္ဖဿက အကျိုးတရား။
ဇိဝှါသမ္ဖဿ = ဇိဝှါဝိညာဏ်နှင့် ယှဉ်သော ဖဿ
၁။ ဇိဝှါယတန ဖြစ်ခြင်းကြောင့် ဇိဝှါသမ္ဖဿ ဖြစ်၏။
ဇိဝှါယတနက အကြောင်းတရား၊ ဇိဝှါသမ္ဖဿက အကျိုးတရား။
၂။ ရသာယတန ဖြစ်ခြင်းကြောင့် ဇိဝှါသမ္ဖဿ ဖြစ်၏။
ရသာယတနက အကြောင်းတရား၊ ဇိဝှါသမ္ဖဿက အကျိုးတရား။
၃။ ဇိဝှါဝိညာဏ် - မနာယတန ဖြစ်ခြင်းကြောင့် ဇိဝှါသမ္ဖဿ ဖြစ်၏။
ဇိဝှါဝိညာဏ် - မနာယတနက အကြောင်းတရား၊ ဇိဝှါသမ္ဖဿက အကျိုးတရား။
၄။ သမ္ပယုတ် - ဓမ္မာယတန (၆) ဖြစ်ခြင်းကြောင့် ဇိဝှါသမ္ဖဿ ဖြစ်၏။
သမ္ပယုတ် - ဓမ္မာယတန (၆)က အကြောင်းတရား၊ ဇိဝှါသမ္ဖဿက အကျိုးတရား။
ကာယသမ္ဖဿ = ကာယဝိညာဏ်နှင့် ယှဉ်သော ဖဿ
၁။ ကာယာယတန ဖြစ်ခြင်းကြောင့် ကာယသမ္ဖဿ ဖြစ်၏။
ကာယာယတနက အကြောင်းတရား၊ ကာယသမ္ဖဿက အကျိုးတရား။
၂။ ဖောဋ္ဌဗ္ဗာယတန ဖြစ်ခြင်းကြောင့် ကာယသမ္ဖဿ ဖြစ်၏။
ဖောဋ္ဌဗ္ဗာယတနက အကြောင်းတရား၊ ကာယသမ္ဖဿက အကျိုးတရား။
၃။ ကာယဝိညာဏ် - မနာယတန ဖြစ်ခြင်းကြောင့် ကာယသမ္ဖဿ ဖြစ်၏။
ကာယဝိညာဏ် - မနာယတနက အကြောင်းတရား၊ ကာယသမ္ဖဿက အကျိုးတရား။
၄။ သမ္ပယုတ် - ဓမ္မာယတန (၆) ဖြစ်ခြင်းကြောင့် ကာယသမ္ဖဿ ဖြစ်၏။
သမ္ပယုတ် - ဓမ္မာယတန (၆)က အကြောင်းတရား၊ ကာယသမ္ဖဿက အကျိုးတရား။
ဤမျှဆိုလျှင် နည်းမှီး နိုင်လောက်ပေပြီ။ (၆)လိုင်းလုံး၌ စိတ္တက္ခဏတိုင်းဝယ် ဖဿတိုင်း၌ အကြောင်း အကျိုး သိမ်းဆည်းပါ။ ဆိုင်ရာဆိုင်ရာ အကြောင်းတရား ထင်ရှားဖြစ်ခြင်းကြောင့် ဆိုင်ရာဆိုင်ရာ အကျိုးတရား ထင်ရှားဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ အကြောင်း အကျိုး နှစ်ဘက်လုံးကို ဉာဏ်ဖြင့် မမြင်ပါဘဲလျက် ပါးစပ်က စိတ်က ဆိုနေရုံမျှဖြင့်ကား ပစ္စယပရိဂ္ဂဟဉာဏ် မဖြစ်နိုင်သည်ကို သတိပြုရာသည်။ အရာရာတွင် နည်းတူမှတ်ပါ။
ဥပါဒိန္နကပဝတ္တိကထာ
အထက်ပါ အဋ္ဌကထာများ၏ ဖွင့်ဆိုချက်အတိုင်း ဤပဋိစ္စသမုပ္ပါဒ် ဒေသနာတော်သည်ကား -- ဥပါဒိန္နကပဝတ္တိကထာ = ဥပါဒိဏ္ဏကပဝတ္တိကထာ = အာရုံပြုသောအားဖြင့် တဏှာဒိဋ္ဌိတို့သည် ကပ်ရောက် အပ်သော ကံသည် ငါ၏ အကျိုးတရားဟု အကျိုး၏အဖြစ်ဖြင့် စွဲယူအပ်သည်ဖြစ်၍ သက်ရှိသတ္တဝါတို့၏ ခန္ဓာအစဉ်ဝယ် ရုပ်နာမ်ပရမတ်တရားတို့၏ အကြောင်းနှင့် အကျိုး ဆက်နွယ်လျက် အဆက်မပြတ် အထပ်ထပ် လည်ပတ်နေပုံ ဝဋ္ဋကထာ တရားဒေသနာတော် ဖြစ်၏။ အထူးသဖြင့် ဧကသန္တတိပရိယာပန္န = တစ်ခုသော ရုပ်နာမ်သန္တတိအစဉ်၌ အကျုံးဝင်သော အကြောင်းပစ္စည်းတရားနှင့် အကျိုးပစ္စယုပ္ပန်တရားတို့ကို ထင်ရှား ဖော်ပြသော ဒေသနာတော် ဖြစ်၏။ ထိုကြောင့် ဤကျမ်းစာ၌လည်း တစ်ခုသော ရုပ်နာမ်သန္တာန်အစဉ်၌ အကျုံးဝင်သော အဝိဇ္ဇာမှသည် ဇာတိ ဇရာမရဏသို့ တိုင်အောင်သော ရုပ်နာမ် ပရမတ်တရားတို့၏ ကြောင်း-ကျိုး ဆက်နွယ်လျက် ဖြစ်ပုံအစဉ်ကိုသာ ဦးစားပေး၍ ဖော်ပြထားပါသည်။ ဗဟိဒ္ဓ၌ကား --- ပရသန္တာနဂတေ စ တေသံ သန္တာနဝိဘာဂံ အကတွာ ဗဟိဒ္ဓါဘာဝ သာမညတော သမ္မသနံ၊ အယံ သာဝကာနံ သမ္မသနစာရော-- (မ၊ဋီ၊၃၊၂၇၅။) ဟူသော အနုပဒသုတ္တန်ဋီကာနှင့်အညီ ဗဟိဒ္ဓချင်းတူညီ၍ သာမန် ပေါင်းစုခြုံငုံ၍ ရှုပွားပုံ စနစ်ကိုသာ တင်ပြထားပေသည်။
__________