နိဗ္ဗာနဂါမိနိပဋိပဒါ-တတိယတွဲ/အတ္ထနယ (၄) မျိုး = နည်း (၄) ထွေ
အတ္ထနယ (၄) မျိုး = နည်း (၄) ထွေ
ဤအပိုင်းတွင် အသင်သူတော်ကောင်းသည် ပဋိစ္စသမုပ္ပါဒ်ရှုကွက်၌ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်သော အတ္ထနယ (၄) မျိုး အကြောင်းကို ကြိုတင်သိထားသင့်ပေသည်။ ဤဘဝစက်၌ (၁) ဧကတ္တနည်း, (၂) နာနတ္တနည်း, (၃) အဗျာပါရနည်း, (၄) ဧဝံဓမ္မတာနည်းဟု အတ္ထနယ (၄)မျိုး ရှိ၏။
အတ္ထနယဟူသည်
အဝိဇ္ဇာ အစရှိသည်တို့၏ သဘောတရားတို့သည်ပင်လျှင် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဖြင့် ဆောင်ယူအပ် သိအပ်သော သဘောတရားတို့ ဖြစ်ရကား အတ္ထနယတို့မည်ပေသည်။ တစ်နည်းဆိုရသော် ----
ဧကတ္တနည်းသည် အဝိဇ္ဇာ သင်္ခါရ စသော သဘောတရားတို့သည် ခန္ဓာအစဉ် တစ်ခုတည်း၌ ဖြစ်ကြ သောကြောင့် တစ်ခုတည်း မဟုတ်သော်လည်း ထိုသဘောတရားတို့ကို တစ်ခုတည်း, တစ်ဆက်တည်း ---- ဟု သိကြောင်း ဖြစ်၏။
နာနတ္တနည်းသည် ---- အဝိဇ္ဇာစသော သဘောတရားတို့ကို တစ်ခုတည်းမဟုတ်၊ တကွဲတပြား တခြားစီ-ဟု သိကြောင်း ဖြစ်၏။
အဗျာပါရနည်းသည် ---- အဝိဇ္ဇာစသည်တို့၌ သင်္ခါရစသည်တို့ ဖြစ်ပေါ်လာဖို့ရန် ကြောင့်ကြဗျာပါရ မရှိ-ဟု သိကြောင်း ဖြစ်၏။
ဧဝံဓမ္မတာနည်းသည် ---- ဗျာပါရမရှိသော်လည်း အဝိဇ္ဇာ၌ သင်္ခါရဖြစ်ဖို့ရန် ကျေးဇူးပြုနိုင်သော ထုံးစံ ဓမ္မတာ သတ္တိရှိ၏ ---- ဟု သိကြောင်း ဖြစ်၏။
ဤသို့လျှင် ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ် သူမြတ်၏ ဉာဏ်ဖြင့် သိကြောင်းဖြစ်သောကြောင့် ယင်းနည်း (၄)ပါးသည် အတ္ထနယမည်၏၊ ဉာဏ်ဖြင့် ဆောင်ယူကြောင်း သိကြောင်း သဘောတရားဟူလို။ (မူလဋီ၊၂၊၁၃၁။)
ဧကတ္တနည်း
တတ္ထ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏန္တိ ဧဝံ ဗီဇဿ အင်္ကုရာဒိဘာဝေန ရုက္ခဘာဝပ္ပတ္တိ ဝိယ သန္တာနာနုပစ္ဆေဒေါ ဧကတ္တနယော နာမ၊ ယံ သမ္မာ ပဿန္တော ဟေတုဖလသမ္ဗန္ဓေန ပဝတ္တမာနဿ သန္တာနဿ အနုပစ္ဆေဒါဝဗောဓတော ဥစ္ဆေဒဒိဋ္ဌိံပဇဟတိ၊ မိစ္ဆာ ပဿန္တော ဟေတုဖလသမ္ဗန္ဓေန ပဝတ္တမာနဿ သန္တာနာနုပစ္ဆေဒဿ ဧကတ္တဂ္ဂဟဏတော သဿတဒိဋ္ဌိံဥပါဒိယတိ။ (အဘိ၊ဋ္ဌ၊၂၊၁၈၈။)
မျိုးစေ့မှ အညှောက် ဖြစ်လာ၏ = အညွန့် ဖြစ်လာ၏၊ ထိုအညှောက် အညွန့်မှ အရွက် ဖြစ်လာ၏။ ထိုမျိုးစေ့မှပင် ရိုးတံ, ပင်စည်ပင်လုံး, အကိုင်း, အခက်, ရွက်နု, ရွက်ကြမ်း စသည်၏ အဖြစ်ဖြင့် အဆက်မပြတ် ဖြစ်နေရကား မျိုးစေ့သည် တဖြည်းဖြည်း သစ်ပင်အဖြစ်သို့ ရောက်၏, သစ်ပင် အဖြစ်ဖြင့် ဖြစ်ပေါ်လာ၏ဟု ဆိုရ၏။ ထိုကြောင့် ထိုမျိုးစေ့နှင့် သစ်ပင်သည် ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေသော ဥတုဇဩဇဋ္ဌမကရုပ်တို့၏ ရုပ်သန္တတိအစဉ်အတန်း တစ်တန်းတည်း ဖြစ်ရကား သန္တာန = အစဉ်အတန်းကား မပြတ်ချေ။ အုန်းဆံကြိုး အမျှင်များကို ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ကျစ်ယူလိုက်သော် ရရှိလာသော အုန်းဆံကြိုး တစ်ချောင်းကဲ့သို့ သန္တာန = အစဉ်အတန်းကား မပြတ်ချေ။ အစဉ်အတန်း မပြတ်လျှင် -- တစ်ခုတည်းပင် ဖြစ်၏ဟု ယူရသကဲ့သို့ အုန်းဆံကြိုး တစ်ချောင်းသာဟု ယူရသကဲ့သို့ ထို့အတူ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ရာ, သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ရာ - ဤသို့ စသည်ဖြင့် ဖြစ်ရာ၌ အကြောင်းအကျိုးအားဖြင့် ရုပ်နာမ် သန္တတိအစဉ်အတန်း တစ်ခုတည်း တစ်သန္တာန်တည်း ဖြစ်၍ အဆက်မပြတ်ရကား တစ်ခုတည်း ဖြစ်သည်ဟု သိအပ်သော နည်းသည် ဧကတ္တနည်း မည်၏။ (အဘိ၊ဋ္ဌ၊၂၊၁၈၈။ ဝိသုဒ္ဓိ၊၂၊၂၂၀။)
ဧဝမိဓာပိ အဝိဇ္ဇာဒီနံ သန္တာနာနုပစ္ဆေဒေါ ဧကတ္တန္တိ ဒေဿတိ။ (မူလဋီ၊၂၊၁၃၁။)
ပုရိမပစ္ဆိမာနံ ဓမ္မာနံ နိရောဓုပ္ပာဒနိရန္တရတာယ နာမကာယဿ, သမ္ဗန္ဓဝုတ္တိတာယ ရူပကာယဿ, ဥဘယဿ စ အညမညသန္နိဿိတတာယ ဒုဝိညေယျနာနတော ဧကီဘူတဿ ဝိယ ဃနဘာဝပ္ပဗန္ဓော ဟေတုဖလဘာဝေန သမ္ဗန္ဓော သမ္မာ တာနောတိ သန္တာနော၊ တဿ အနုပစ္ဆေဒေါ တထာပဝတ္တိ ဧကတ္တန္တိ အာဟ သန္တာနာနုပစ္ဆေဒေါ ဧကတ္တန္တိ။ (အနုဋီ၊၂၊၁၄၀။)
၁။ ရှေးနာမ်တရားတို့၏ ချုပ်မှုနှင့် နောက်နာမ်တရားတို့၏ ဖြစ်မှု ဤချုပ်မှု ဖြစ်မှု နှစ်မျိုးတို့၏ အကြားမရှိသည့် အတွက် အခြားမရှိသည့်အတွက် နာမကာယ = နာမ်တရား အပေါင်း၏လည်းကောင်း,
၂။ ရုပ်တရားတို့သည် ရုပ်ကလာပ်တစ်ခု ဖြစ်ပြီးနောက် မချုပ်မီ နောက်ရုပ်ကလာပ်တစ်ခု အသစ်ထပ်၍ ဖြစ်၏။ ကမ္မဇရုပ်တို့သည် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း၌လည်းကောင်း, ဌီကာလတိုင်း၌ လည်းကောင်း, ဘင်ကာလတိုင်း၌လည်းကောင်း ဘဝတစ်လျှောက် အဆက်မပြတ် ဖြစ်နေကြ၏။ စိတ္တဇရုပ် တို့လည်း စိတ်၏ ဥပါဒ်ကာလတိုင်းလိုလို၌ အမြဲ ဖြစ်နေကြ၏။ ဥတုဇရုပ်တို့သည်လည်း ရုပ်၏ဌီကာလသို့ ရောက်တိုင်း အမြဲ ဖြစ်နေကြ၏၊ ကမ္မဇဩဇာ စိတ္တဇဩဇာ ဥတုဇဩဇာ ကလာပ်ပြား အာဟာရဇဩဇာ တို့သည်လည်း ကဗဠီကာရအာဟာရဇဩဇာ၏ အထောက်အပံ့ကိုရခဲ့သော် ရုပ်၏ ဌီကာလသို့ ရောက်တိုင်း ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေကြကုန်၏၊ ထိုသို့ ဖြစ်သွားကြသော ရုပ်တို့သည် စိတ္တက္ခဏ (၁၇)ချက် သက်တမ်းရှည်ကြသဖြင့် ရုပ်ကလာပ်တစ်ခု ဖြစ်ပြီးနောက် မချုပ်မီ နောက်ရုပ်ကလာပ်တစ်ခုသည် ထပ်၍ ဖြစ်နေ၏၊ တစ်နည်းဆိုသော် ရုပ်ကလာပ်ပေါင်းများစွာ ဖြစ်ပြီးနောက် မချုပ်မီ နောက်ထပ် ရုပ်ကလာပ် ပေါင်းများစွာ အဆက်မပြတ် ဖြစ်နေ၏။ ရှေးရှေးရုပ်တရားတို့၏ မချုပ်ဆုံးမီ နောက်နောက် ရုပ်တရားတို့၏ အထပ်ထပ် ဖြစ်ခြင်းအားဖြင့် ဆက်စပ်လျက် အထပ်ထပ်ဖြစ်ခြင်း သဘောရှိသည့်အတွက် ရူပကာယ = ရုပ်တရားအပေါင်း၏လည်းကောင်း,
၃။ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ဟူ၏သို့ ရုပ်နာမ်နှစ်မျိုးလုံး၏လည်း အချင်းချင်း မှီနေရသည့်အတွက် ရုပ်နာမ်နှစ်မျိုးတို့၏ ထူးထွေကွဲပြားမှုကို သိနိုင်ခဲသည့်အတွက် ရုပ်နာမ်နှစ်မျိုးလုံး၏လည်းကောင်း, နာနတ္တ သဘောကို သိနိုင်ခဲပေသည်။
နာနတ္တသဘောဟူသည်ကား ---- နာမ်တရားတို့သည်လည်း နာမ်ကလာပ်ဟု ခေါ်ဆိုအပ်သော စိတ္တက္ခဏ တစ်ခုတစ်ခု၏ အတွင်း၌ (၁၁)လုံး, (၈)လုံး, (၁၂)လုံး, (၃၄)လုံး, စသည်ဖြင့် အုပ်စုအလိုက် နာမ်ကလာပ်အလိုက် ဖြစ်ကြ၏။ ယင်းနာမ်ကလာပ်တစ်ခု၏ အတွင်း၌ရှိသော နာမ်တရားတို့၌ ဆိုင်ရာဆိုင်ရာ ကိုယ်ပိုင် သဘာဝ လက္ခဏာ အသီးအသီး ကိုယ်စီကိုယ်စီ ရှိ၏၊ မတူကွဲပြားမှုရှိ၏။ ယင်းစိတ္တက္ခဏ တစ်ခုတစ်ခု၏ အတွင်း၌ရှိသော နာမ်တရား အသီးအသီး၏ ကိုယ်ပိုင် သဘာဝလက္ခဏာ အသီးအသီးဟူသော မတူကွဲပြားမှု ထူးခြားမှုသည် နာနတ္တတည်း။ ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌လည်း (၈)မျိုး (၉)မျိုး (၁၀)မျိုးစသော ရုပ်တရားတို့သည် ပြိုင်တူ ဖြစ်ကြ၏၊ ပြိုင်တူ ပျက်ကြ၏။ ယင်းရုပ်တရားတို့၌ ရုပ်တရားတိုင်း ရုပ်တရားတိုင်းဝယ် ဆိုင်ရာဆိုင်ရာ ကိုယ်ပိုင် သဘာဝလက္ခဏာ အသီးအသီး ကိုယ်စီကိုယ်စီ ရှိ၏။ ယင်းကိုယ်ပိုင် သဘာဝလက္ခဏာတို့၏ မတူ ကွဲပြားမှု ထူးခြားမှုသည် နာနတ္တတည်း ----
ယင်းနာနတ္တသဘောကား ဒုဗ္ဗိညေယျ = ဉာဏ်ဖြင့် ထွင်းဖောက်သိနိုင်ခဲ၏။ ယင်းသို့ စိတ္တက္ခဏတစ်ခု၏ အတွင်း ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ ရှိသော ရုပ်-နာမ် ပရမတ္ထဓာတ်သား အသီးအသီးတို့၏ သဘာဝလက္ခဏာ ကွဲပြားမှု မတူထူးခြားမှု နာနတ္တသဘောကို သိနိုင်ခဲသည့်အတွက် ရုပ်ဃန နာမ်ဃန မပြိုဘဲ တစ်ခုတည်းကဲ့သို့ ဖြစ်၍ ရုပ်တုံး ရုပ်ခဲ နာမ်တုံး နာမ်ခဲဟူသော ဃနအဖြစ်ဖြင့် ဆက်စပ်နေသော, အကြောင်းနှင့် အကျိုးအဖြစ်ဖြင့် ဆက်စပ်နေသော အစဉ်အတန်းသည် သမ္မာတာနောတိ သန္တာနောဟူသော ဝစနတ္ထနှင့် အညီ ကောင်းစွာ ကျယ်ပြန့်လာသောသဘော ဖြစ်သောကြောင့် သန္တာန = သန္တာန်အစဉ် မည်၏။ ထိုသန္တာန်အစဉ်၏ မပြတ်ခြင်း မပြတ်သောအားဖြင့် ဖြစ်ခြင်းသည် ဧကတ္တမည်၏။ (အနုဋီ၊၂၊၁၄၀။)
အဝိဇ္ဇာကြောင့် သင်္ခါရ ဖြစ်၏၊ သင်္ခါရကြောင့် ဝိညာဏ် ဖြစ်၏၊ ---- ဤသို့ စသည်ဖြင့် အကြောင်းတရား ကြောင့် အကျိုးတရား၏ ထင်ရှားဖြစ်ပေါ်လာရာ၌ အကြောင်း အကျိုးအားဖြင့် ရုပ်နာမ်သန္တတိ အစဉ်အတန်း တစ်ခုတည်း တစ်သန္တာန်တည်း ဖြစ်၍ အဆက်မပြတ်ရကား အကြောင်းတရားနှင့် အကျိုးတရားတို့ကို ---- တစ်ခုတည်း ဖြစ်သည် ---- ဟု သိအပ်သော နည်းသည် ဧကတ္တနည်း မည်၏။ (အနုဋီ၊၂၊၁၄၀။)
အစဉ်သန္တာန် မပြတ်စဲခြင်းကြောင့် မျိုးစေ့သည် သစ်ပင်၏ အဖြစ်သို့ ရောက်၏၊ သစ်ပင်၏ အဖြစ်ဖြင့် ဖြစ်၏၊ တစ်ခုတည်း၏ အဖြစ်ဖြင့် ခေါ်ဆိုအပ်၏၊ ထိုကြောင့် အစဉ်သန္တာန်၏ မပြတ်စဲခြင်းသည် တစ်ခုတည်း၏ ဖြစ်ကြောင်းဖြစ်ရာ သဘောတရားပင်တည်း။ အလားတူပင် ဤပဋိစ္စသမုပ္ပါဒ် ဘဝစက်၌လည်း အဝိဇ္ဇာ သင်္ခါရ အစရှိသော အကြောင်း အကျိုးတရားတို့၏ အစဉ်သန္တာန်၏ မပြတ်စဲခြင်းသည် ဧကတ္တ = တစ်ခုတည်း၏ ဖြစ်ကြောင်းဖြစ်ရာ သဘောတရားပင်တည်း။ ဤသို့သော အနက်အဓိပ္ပါယ်ကို ဖော်ပြပေသည်။ (မူလဋီ၊၂၊၁၃၁၊၊)
ထပ်မံ ရှင်းလင်းတင်ပြချက်များ
ဤမျှဖြင့် သဘောမပေါက်နိုင်သေးသူ နားမရှင်းသူ မရှုတတ်သေးသူ သူတော်ကောင်းတို့အတွက် ထပ်မံ၍ ရှင်းလင်းတင်ပြအပ်ပါသည်။
၁။ အတိတ်အကြောင်းတရားများကို ထူထောင်ခဲ့သည့် အတိတ်ရုပ်နာမ် (ထိုအတိတ်၏ အတိတ်ရုပ်နာမ်။)
၂။ ပစ္စုပ္ပန်ပဋိသန္ဓေမှ စ၍ ယခုလက်ရှိ ဝိပဿနာရှုခိုက်, သို့မဟုတ် ကြောင်း-ကျိုးဆက် = ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို သိမ်းဆည်းခိုက် အချိန်ကာလအထိ ဖြစ်ပေါ်နေသော ရုပ်နာမ်။ (အဒ္ဓါပစ္စုပ္ပန်တရား တည်း။)
၃။ ဤဘဝတွင် သံသရာခရီးကို အဆုံးသတ်မည့် သူတော်ကောင်းအဖို့ ယခု ကြောင်း-ကျိုးဆက် = ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို သိမ်းဆည်းနေဆဲ အချိန်မှစ၍ ပရိနိဗ္ဗာနစုတိတိုင်အောင်သော ရုပ်နာမ် (အဒ္ဓါပစ္စုပ္ပန် တရားတည်း။)
၄။ နောင်အနာဂတ်ဘဝကို ပြီးဆုံးသွားအောင် အားမထုတ်နိုင်သေးသဖြင့် နောင်အနာဂတ်ဘဝသစ်သည် ထင်ရှားရှိခဲ့သော် ထိုအနာဂတ်ဘဝသစ်၌ ဖြစ်ပေါ်လတ္တံ့သော ရုပ်နာမ်၊ နောင်အနာဂတ်ဘဝများ ထပ်၍ ရှိနေသေးလျှင် ထိုအနာဂတ်ဘဝများ ဆုံးသည်တိုင်အောင် ဖြစ်ပေါ်လတ္တံ့သော ရုပ်နာမ် ----
တစ်နည်းဆိုရသော် ----
အတိတ်ဘဝ အဆက်ဆက်၌ ဖြစ်ပေါ်ခဲ့သော အတိတ်ရုပ်နာမ်၊ ပစ္စုပ္ပန်ဘဝ၌ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့သော ရုပ်နာမ်၊ နောင်အနာဂတ်၌ အနာဂတ်ဘဝအဆက်ဆက် ဆုံးသည်တိုင်အောင် ဖြစ်ပေါ်လတ္တံ့သော အနာဂတ် ရုပ်နာမ် ----
ဤအတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး၏ အတွင်း၌ တည်ရှိပြီး တည်ရှိဆဲ တည်ရှိလတ္တံ့ ဖြစ်သော ရုပ်နာမ်များကို ရုပ်နာမ်သန္တတိအစဉ်အတန်းအားဖြင့် အစဉ်အတန်း တစ်ခုတည်းအဖြစ်ဖြင့် ယောဂါဝစရပုဂ္ဂိုလ်သည် ဉာဏ်ဖြင့်တွေ့မြင်ရမည် ဖြစ်သည်။
ဤထက်အနည်းငယ် အသိဉာဏ်သန့်ရှင်းသွားအောင် ထပ်၍ဆိုရသော် ---- အတိတ်က ဤလူ့ဘဝသို့ ရောက်ကြောင်းဖြစ်သည့် ကောင်းမှုကုသိုလ်တို့ကို ပြုစုပျိုးထောင်ခဲ့စဉ်က မနောအကြည်နှင့် လက်ရှိမနောအကြည်တို့ကို ဉာဏ်ဖြင့်စိုက်၍ ရှုလိုက်လျှင် ကြည့်လိုက်လျှင် သန္တတိအစဉ်အတန်းအားဖြင့် တစ်စဉ်တည်း တစ်တန်းတည်း တစ်ဆက်တည်းလာနေသည်ကို တစ်စဉ်တည်း တစ်တန်းတည်း တစ်ဆက်တည်းဖြစ်နေသည်ကို သဘောပေါက်အောင် ဉာဏ်ဖြင့်မြင်အောင် ရှုပါ။ အတိတ်ဘဝက ကောင်းမှုကုသိုလ်ပြုနေသော ရုပ်နာမ်သန္တာန် အစဉ်၌ အကျုံးဝင်သော ဘဝင်မနောအကြည်သည် မိမိ၏ ဘဝင်မနောအကြည် ဟုတ်သည် မဟုတ်သည်ကို သေချာစွာ ရှုကြည့်ပါ။ အကယ်၍ မိမိ၏ ဘဝင်မနောအကြည်သာ မှန်လျှင် အသင်သူတော်ကောင်းသည် ဟုတ်မှန်ကြောင်းကို လွယ်လွယ်ကူကူပင် သဘောပေါက် နားလည်နိုင်မည် ဖြစ်သည်။ အကြောင်းမူ အတိတ် ဘဝင်မနောအကြည်နှင့် ပစ္စုပ္ပန်ဘဝင်မနောအကြည်တို့မှာ သန္တတိအစဉ်အားဖြင့် အစဉ်အတန်း တစ်တန်းတည်း တစ်ဆက်တည်း တစ်ခုတည်း ဖြစ်နေသောကြောင့်တည်း။ ဘဝင်ဟူသည် ဘဝတစ်လျှောက်၌ အများဆုံး ဖြစ်တတ်သောစိတ် ဖြစ်သဖြင့် ဘဝင်ကို ပဓာနထား၍ နားလည်လွယ်အောင် ပြောနေခြင်းသာ ဖြစ်သည်။ ဘဝင်မှ ကြွင်းကျန်သော နာမ်သန္တတိ အစဉ်သည်လည်း ဘဝင်တို့၏ အကြားအကြားတွင် ထိုက်သလိုဖြစ်နေသဖြင့် ဘဝင်နှင့် ဝီထိစိတ်တို့သည် နာမ်သန္တတိအစဉ်အားဖြင့် အစဉ်အတန်းတစ်ခုတည်းသာ ဖြစ်ကြသည်။ ဘဝင်နှင့် ဝီထိစိတ် တို့မှာ ဘဝင်ဖြစ်ခိုက်၌ ဝီထိစိတ်မဖြစ်ဘဲ ဝီထိစိတ်ဖြစ်ခိုက်၌လည်း ဘဝင်မဖြစ်ဘဲ တစ်စဉ်တည်း တစ်ဆက်တည်း တစ်တန်းတည်းဖြစ်နေသော သန္တတိအစဉ်အတန်း တစ်ခုသာ ဖြစ်သည်။ အလားတူပင် ရုပ်သန္တတိ အစဉ်အတန်းသည်လည်း အစဉ်အတန်း တစ်ခုတည်း တစ်တန်းတည်း တစ်ဆက်တည်း အဖြစ်ဖြင့်သာ လာနေ၏ ဖြစ်နေ၏။ သန္တတိအစဉ်အတန်းအားဖြင့် တစ်စဉ်တည်း တစ်တန်းတည်း တစ်ဆက်တည်းဖြစ်သော်လည်း နိစ္စအနေအထား သုခအနေအထား အတ္တအနေအထားအားဖြင့် ဖြစ်ပေါ်နေသည့် သန္တတိအစဉ်အတန်းကား မဟုတ်ပေ။ အနိစ္စအနေအထား ဒုက္ခအနေအထား အနတ္တအနေအထားအားဖြင့်သာ ဖြစ်ပေါ်နေသည့် သန္တတိအစဉ်အတန်း ဖြစ်ပေသည်။
အတိတ်၏ အရှိန်အဝါဟပ်မှု
ဤသို့ အတိတ် ရုပ်နာမ်သန္တတိအစဉ်ကို ယခုကဲ့သို့ လှမ်း၍ ဉာဏ်ဖြင့် ရှုလိုက်သောအခါ အချို့အချို့သော ယောဂီသူတော်ကောင်းတို့ကား အတိတ်က စိတ်နေစိတ်ထားများသည် ယခုပစ္စုပ္ပန်ဘဝ၏ စိတ်နေစိတ်ထား များနှင့် များစွာ တူညီမှုရှိကြောင်းကို ဝန်ခံကြ၏။ ဝါသနာဓာတ်ငွေ့များ ရုပ်နာမ်သန္တတိအစဉ်ဝယ် ကပ်ပါနေခြင်း အရှိန်ဟပ်နေခြင်းပင်ဖြစ်သည်။ သမထဘာဝနာ ဝိပဿနာဘာဝနာတို့ကို ပွားများအားထုတ်နေခြင်းသည်ကား မကောင်းသော ဓာတ်ငွေ့များ၏ နေရာ၌ ကောင်းသော ဓာတ်ငွေ့များကို နေရာယူစေခြင်း ကောင်းသော ဓာတ်ငွေ့ များကို အဆက်မပြတ် ဆက်တိုက်ဖြစ်အောင်, ရုပ်နာမ်သန္တာန်အစဉ်၌ ကောင်းသော ဓာတ်ငွေ့များ ကိန်းဝပ် တည်နေအောင် ကြိုးစားခြင်းပင် ဖြစ်သည်။ မကောင်းသော ဓာတ်ငွေ့များကို အမြစ်ပြတ် ချေဖျက်နိုင်သောအခါ, ကောင်းသော ဓာတ်ငွေ့ချည်းသက်သက် ရာနှုန်းပြည့် ဖြစ်နေသောအခါ, ကိန်းဝပ်တည်နေသောအခါ မိမိ၏ ဘာဝနာလုပ်ငန်းသည်လည်း အထွတ်အထိပ်သို့ ရောက်ရှိသွားပြီ ဖြစ်ပေသည်။
၃ - ၄ ယောက်
တစ်ခါတစ်ရံ အချို့သော ယောဂီသူတော်ကောင်းတို့၏ အသိဉာဏ်၌ အတိတ်ဘဝတွင် ကောင်းမှုကုသိုလ် ပြုလုပ်နေသည့် အာရုံဝယ် ကောင်းမှုကုသိုလ် ပြုလုပ်နေသူ (၃ - ၄)ယောက် ပေါ်လာတတ်၏။ ထိုအခါ ထိုထိုပုဂ္ဂိုလ် အသီးအသီး၏ သန္တာန်၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို စတင်၍ တစ်ယောက်ပြီး တစ်ယောက် သိမ်းဆည်း ရှုပွားပါ။ ရုပ်နာမ်တို့ကို ခြုံငုံ၍ ဆက်လက် သိမ်းဆည်းကြည့်ပါ။ ထိုပုဂ္ဂိုလ် အသီးအသီး၏ ဘဝင်မနောအကြည်ဓာတ် အသီးအသီးကို တစ်ဖန် ဦးစားပေး၍ တစ်ယောက်ပြီးတစ်ယောက် သိမ်းဆည်းကြည့်ပါ။ မိမိ၏ ဘဝင်မနော အကြည်ဓာတ် ဟုတ်သည် မဟုတ်သည်ကို ယောဂါဝစရပုဂ္ဂိုလ်သည် လွယ်လွယ်ကူကူပင် သဘောပေါက်နေတတ် ၏။ အကြောင်းကား လက်ရှိ မိမိ၏ ဘဝင်မနောအကြည်ဓာတ်နှင့် အတိတ်ဘဝ၏ ဘဝင်မနောအကြည်ဓာတ်တို့မှာ နာမ်သန္တတိ အစဉ်အတန်းအနေအားဖြင့် တစ်စဉ်တည်း တစ်တန်းတည်း တစ်ဆက်တည်း တစ်ခုတည်း ဖြစ်နေသည်ကို ယောဂါဝစရပုဂ္ဂိုလ်သည် သမ္မာဒိဋ္ဌိ ဉာဏ်ပညာမျက်စိဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင် သောအခါ ထိုအတိတ်က ဘဝင်မနောအကြည်မှာ မိမိ၏ ဘဝင်မနောအကြည်ပင် ဖြစ်ကြောင်းကို လွယ်လွယ် ကူကူပင် သိမြင်နိုင်သောကြောင့် ဖြစ်သည်။
အကယ်၍ အတိတ်က ဘဝင်မနောအကြည်ကို ဉာဏ်ဖြင့် စိုက်၍ ရှုလိုက်သောအခါ ထိုမိမိရှုနေသော ဘဝင်မနောအကြည်သည် မိမိ၏ ဘဝင်မနောအကြည် မဟုတ်လျှင်လည်း မိမိ၏ ဘဝင်မနောအကြည် မဟုတ်ဟု လွယ်လွယ်ကူကူပင် ယောဂါဝစရပုဂ္ဂိုလ်က သိရှိနိုင်ပေသည်။ အကြောင်းမူ နာမ်သန္တတိ အစဉ်အတန်းချင်း မဆက်စပ်သောကြောင့် ဖြစ်သည်။ အတိတ်က ရုပ်နာမ်သည် မိမိ၏ ရုပ်နာမ် မဟုတ်ခဲ့လျှင် ထိုအတိတ်က သူတစ်ပါး၏ ရုပ်နာမ်သန္တတိအစဉ်နှင့် ယခုလက်ရှိ မိမိ၏ ရုပ်နာမ်သန္တတိအစဉ်တို့သည် သန္တတိအစဉ်အတန်း အားဖြင့် တစ်စဉ်တည်း တစ်တန်းတည်း တစ်ဆက်တည်း တစ်ခုတည်း မလာဘဲ သန္တတိ အစဉ်အတန်းချင်း ဆက်စပ်မှုမရှိ ဖြစ်နေသည်ကို ယောဂါဝစရပုဂ္ဂိုလ်သည် ဉာဏ်ဖြင့် တွေ့မြင်နိုင်ပေသည်။
အတိတ်က ဘဝင်မနောအကြည်ဓာတ် အဝင်အပါဖြစ်သော ရုပ်နာမ်သန္တတိအစဉ်နှင့် ယခု ပစ္စုပ္ပန် ရုပ်နာမ်သန္တတိအစဉ်တို့ကား တစ်စဉ်တည်း တစ်တန်းတည်း တစ်ဆက်တည်း တစ်ခုတည်းအနေအားဖြင့် ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေပေသည်။ ယင်းသို့ ဖြစ်နေမှုကို ယောဂါဝစရပုဂ္ဂိုလ်က သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ပါလျှင်ကား ရုပ်နာမ်သန္တတိအစဉ်အတန်း အနေအားဖြင့် အဆက်မပြတ် တစ်စဉ်တည်း တစ်တန်းတည်း တစ်ဆက်တည်း တစ်ခုတည်းအနေဖြင့် ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်မှုကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်နေသောကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်သည် ဧကတ္တနည်းကို သိသည် မည်ပေသည်။ ယခု ပစ္စုပ္ပန် ရုပ်နာမ်သန္တတိအစဉ်နှင့် အနာဂတ် ရုပ်နာမ်သန္တတိအစဉ်တို့၏ သန္တတိအစဉ်အတန်းချင်း တစ်စဉ်တည်း တစ်တန်းတည်း တစ်ဆက်တည်း တစ်ခုတည်း ဆက်စပ်၍ အထပ်ထပ်ဖြစ်မှုကို ဉာဏ်ဖြင့် ရှုမြင်ရာ၌လည်း နည်းတူပင် သဘောပေါက်ပါ။
ဥစ္ဆေဒဒိဋ္ဌိနှင့် သဿတဒိဋ္ဌိ
ဤသမ္မာဒိဋ္ဌိဉာဏ်အမြင်သည် အတိတ်အကြောင်းတရားနှင့် ပစ္စုပ္ပန်အကျိုးတရား, ပစ္စုပ္ပန်အကြောင်း တရားနှင့် အနာဂတ်အကျိုးတရားစသည့် အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုးဆက်နွယ်လျက် အထပ်ထပ်ဖြစ်နေသော ရုပ်နာမ်သန္တတိအစဉ်အတန်း၏ မပြတ်စဲမှုကို ထိုးထွင်းသိမြင်နေသော အသိဖြစ်ရကား ဘဝဟူသည် ပုခက်နှင့် ခေါင်းအကြားမှာသာ ရှိ၏၊ သေလျှင် ပြတ်၏၊ ခေါင်းဟိုဘက် ဘာမျှ မရှိ ---- ဟု စွဲယူသော ဥစ္ဆေဒဒိဋ္ဌိ အယူဝါဒဆိုး ချဉ်ဖတ်အိုးကြီးကို ပယ်စွန့်နိုင်ပေသည်။ ထိုသို့သော ကြောင်း-ကျိုး ဆက်နွယ်မှု သဘောတရားကို ဟုတ်တိုင်းမှန်စွာ ဉာဏ်ပညာဖြင့် ထိုးထွင်း မသိမမြင်ဘဲ အမှားမှား အယွင်းယွင်း မြင်ခဲ့သော် အတ္တသည် သေလျှင် မပြတ်၊ မြဲ၏ဟု စွဲယူတတ်သော သဿတဒိဋ္ဌိတည်းဟူသော အယူဝါဒဆိုးကြီးလည်း ဖြစ်လာနိုင်ပြန်၏။ အမှားမှား အယွင်းယွင်း မြင်မှုဟူသည် အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်းကျိုး ဆက်နွယ်လျက် အထပ်ထပ် မပြတ်ဖြစ်နေသော ရုပ်နာမ်သန္တာန်အစဉ်၏ မပြတ်စဲမှုကို အနိစ္စအနေအထား ဒုက္ခအနေအထား အနတ္တအနေအထားအားဖြင့် မမြင်ဘဲ နိစ္စအနေအထား အတ္တအနေအထားအားဖြင့် စွဲယူခြင်းတည်း။ အကြောင်း ရုပ်နာမ်နှင့် အကျိုး ရုပ်နာမ်တို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တ အခြင်းအရာကို ဉာဏ်ဖြင့် မမြင်နိုင်သဖြင့် နိစ္စအနေအားဖြင့် အတ္တအနေအားဖြင့် ရုပ်နာမ်သန္တာန်အစဉ်ကို တစ်ခုတည်းဟု စွဲယူမှုတည်း။ ယင်းသို့ စွဲယူမှုကား သဿတဒိဋ္ဌိပင် ဖြစ်သည်။
တဒေဝိဒံ ဝိညာဏံ သန္ဓာဝတိ သံသရတိ အနညံ။ (မ၊၁၊၃၂၃။)
ထိုတစ်ခုတည်းသော ဤဝိညာဏ်သည်ပင်လျှင် တစ်ဘဝမှ တစ်ဘဝသို့ ပြေးသွား၏၊ တပြောင်းပြန်ပြန် ကျင်လည်၏။ (= တစ်ခုသော ဘဝ၌လည်း ထပ်ခါထပ်ခါ ကျင်လည်၏။) အခြားသော ဝိညာဏ်သည် တစ်ဘဝမှ တစ်ဘဝသို့ ပြေးသွားသည် မဟုတ်၊ တပြောင်းပြန်ပြန် ကျင်လည်သည် မဟုတ်၊ (= တစ်ခုသော ဘဝ၌ ထပ်ခါထပ်ခါ ကျင်လည်သည် မဟုတ်၊) (မ၊၁၊၃၂၃။)
ဤသို့သော သဿတဒိဋ္ဌိမျိုးသည် ဖြစ်ပေါ်လာတတ်၏။
အကြောင်းတရားနှင့် အကျိုးတရားတို့၏ ပရမတ္ထ တရားကိုယ်အနက်သဘောအားဖြင့် ကွဲပြားခြင်း သီးခြား ဖြစ်ခြင်းသည် ထင်ရှားရှိပါသော်လည်း အကြောင်း၏ အဖြစ်ဖြင့်လည်းကောင်း, အကျိုး၏ အဖြစ်ဖြင့်လည်းကောင်း ထိုအကြောင်းတရားနှင့် အကျိုးတရားတို့၏ ဆက်စပ်သည်၏ အဖြစ်သည်သာလျှင် ဤဧကတ္တနည်းကို ပြဆိုရာ၌ ရုပ်နာမ်သန္တာန်အစဉ်၏ မပြတ်စဲခြင်း မည်ပေသည်။ အကြင် အကြောင်းနှင့် အကျိုးတို့၏ ဆက်စပ်သည်၏ အဖြစ်၏သာလျှင် ရုပ်နာမ်သန္တာန်အစဉ်၏ မပြတ်စဲခြင်းမည်သည်၏ အဖြစ်ကြောင့် ---- အကြင် ရုပ်နာမ်သန္တာန် အစဉ်၌ ကံသည် ဖြစ်ပြီး ဖြစ်၏။ ပြီးစီးပြီး ပြုစုပျိုးထောင်ပြီး ဖြစ်၏၊ ထိုကံဖြစ်ပြီးရာ ရုပ်နာမ်သန္တာန်အစဉ်၌ သာလျှင် အကျိုးတရား၏ ဖြစ်ခြင်းသည် ထင်ရှားဖြစ်ပေါ်လာ၏။ ထိုကြောင့် ပြုအပ်ပြီးသောကံ၏ ပျက်စီးခြင်းသည် လည်းကောင်း မပြုအပ်သေးသော ကံ၏ အသစ် ရှေးရှု ဆိုက်ရောက်လာခြင်းသည်လည်းကောင်း မရှိနိုင်ဟု မှတ်ပါ။ အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကွဲပြားခြင်းကို ဉာဏ်ဖြင့် မစူးစမ်းမူ၍ အကြောင်းနှင့် အကျိုးကိုလည်း မကွဲမပြား တစ်သားတည်း တစ်ဆက်တည်း တစ်ခုတည်း ဖြစ်သည်ကို ပြု၍ အကြောင်းအကျိုး နှစ်မျိုးတို့၏ တစ်ခုတည်း၏ အဖြစ်ဟု ဆိုအပ်သော မကွဲပြားခြင်းကို စွဲယူခြင်းကြောင့် ---- ထိုတစ်ခုတည်းသော ဝိညာဏ်သည် ပင်လျှင် တစ်ဘဝမှ တစ်ဘဝသို့ ပြေးသွား၏၊ တပြောင်းပြန်ပြန် ကျင်လည်၏ ဤသို့စသည်ဖြင့် သဿတဒိဋ္ဌိ အယူဝါဒကို စွဲယူမိတတ်ပေသည်။ (မဟာဋီ၊၂၊၃၄၇။)
နာနတ္တနည်း
အဝိဇ္ဇာဒီနံ ပန ယထာသကလက္ခဏဝဝတ္ထာနံ နာနတ္တနယော နာမ။ ယံ သမ္မာ ပဿန္တော နဝနဝါနံ ဥပ္ပါဒဒဿနတော သဿတဒိဋ္ဌိံ ပဇဟတိ၊ မိစ္ဆာ ပဿန္တော ဧကသန္တာနပတိတဿ ဘိန္နသန္တာနေဿဝ နာနတ္တဂ္ဂဟဏတော ဥစ္ဆေဒဒိဋ္ဌိံဥပါဒိယတိ။ (အဘိ၊ဋ္ဌ၊၂၊၁၈၈။)
ဘိန္နသန္တာနေဿဝါတိ သမ္ဗန္ဓရဟိတဿ နာနတ္တဿ ဂဟဏတော သတ္တန္တရော ဥစ္ဆိန္နော သတ္တန္တရော ဥပ္ပန္နောတိ ဂဏှန္တော ဥစ္ဆေဒဒိဋ္ဌိမုပါဒိယတိ။ (မူလဋီ၊၂၊၁၃၂။)
သမ္ဗန္ဓရဟိတဿာတိ ဟေတုဖလဘာဝေန အညမညသမ္ဗန္ဓဘာဝရဟိတဿ။ သတ္တန္တရောတိ အညော သတ္တော။ ဥစ္ဆေဒဒိဋ္ဌိမုပါဒိယတီတိ ယထာနုရူပကာရဏတော ဖလပ္ပဝတ္တိံ အသမနုပဿန္တော နာနာသန္တာနေ ဝိယ အသမ္ဗန္ဓနာနတ္တဒဿနတော ဟေတုဘာဝရဟိတာနံ နိပ္ပယောဇနာနံ ပုရိမုပ္ပန္နာနံ ဓမ္မာနံ နိရောဓေ ဟေတုနိယမာဘာဝတော ဧကန္တေန ဥပ္ပတ္တိ န ယုတ္တာ၊ တထာ သန္တာနေန ဥပ္ပတ္တိ, သဒိသဘာဝေန ဥပ္ပတ္တိ, သမာနဇာတိဒေသပရိဏာမဝယရူပဗလသဏ္ဌာနာနံ ဥပ္ပတ္တိ န ယုတ္တာတိအာဒီနိ ဝိကပ္ပေန္တော ဥစ္ဆေဒဒိဋ္ဌိံ ဂဏှာတိ။ (အနုဋီ၊၂၊၁၄၀။)
ဧကတ္တနည်းအရ ကြောင်း-ကျိုးဆက်နွယ်လျက် သန္တတိအစဉ်အတန်း တစ်ခုအနေဖြင့် ဖြစ်ပေါ်လာနေသော အဝိဇ္ဇာ သင်္ခါရ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ တဏှာ ဥပါဒါန် ဘဝ ဇာတိ ဇရာမရဏစသော အကြောင်းတရား အကျိုးတရားတို့ကို ----
၁။ သန္တတိဃနဟူသော နာမ်အစဉ်အတန်း အတုံးအခဲ ရုပ်အစဉ်အတန်း အတုံးအခဲတို့ကို ဉာဏ်ဖြင့် ဖြိုခွဲ ဖျက်ဆီးလျက် စိတ္တက္ခဏတစ်ခုချင်း ခွဲခြားစိတ်ဖြာ၍ ရုပ်ကလာပ် တစ်ခုချင်း ပြတ်၍ ဉာဏ်ဖြင့် မြင်ခဲ့သော် လည်းကောင်း,
၂။ သမူဟဃနဟု ခေါ်ဆိုသော ရုပ်ကလာပ်ဟူသော ရုပ်အပေါင်းအစု အတုံးအခဲ, နာမ်ကလာပ်ဟူသော စိတ္တက္ခဏတစ်ခုအတွင်း၌ရှိသော နာမ်အပေါင်းအစု အတုံးအခဲတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ္ထ ဓမ္မသဘာဝလက္ခဏာဟူသော ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးသို့ ဆိုက်အောင် ဉာဏ်ဖြင့် သိမြင်ခဲ့သော်လည်းကောင်း,
ထိုသို့ အဝိဇ္ဇာ-သင်္ခါရ-ဝိညာဏ်-နာမ်ရုပ် အစရှိသော ရုပ်ကလာပ် နာမ်ကလာပ်ဟူသော အုပ်စုအလိုက်သာ ဖြစ်ပေါ်နေကြသော ပရမတ္ထဓာတ်သား တစ်လုံးစီ တစ်လုံးစီ၏ ကိုယ်ပိုင် သဘာဝလက္ခဏာ အသီးအသီးကို ဟုတ်တိုင်းမှန်စွာ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ပိုင်းခြားမှတ်သားလျက် သိမ်းဆည်းနိုင်ခဲ့သော်လည်းကောင်း အသစ် အသစ်သော ပရမတ္ထဓာတ်သားတို့၏ ဖြစ်ပေါ်မှုကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်နေသောကြောင့် နာနတ္တနည်းကို သိသည် မည်၏။
ယောဂါဝစရပုဂ္ဂိုလ်သည် ထိုသို့ သိရှိနိုင်အောင် ယင်းပရမတ္ထဓာတ်သား အသီးအသီးကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် ဉာဏ်ဖြင့် ကြိတ်ချေနိုင်ရမည် ဖြစ်ပေသည်။ အကြောင်းတရား အကျိုးတရား နှစ်ဘက်လုံး၌ ကြိတ်ချေနိုင်ရမည် ဖြစ်ပေသည်။
ယင်းနာနတ္တနည်းကို ကောင်းမွန်မှန်ကန်စွာ သိမြင်ခဲ့သော် အသစ်အသစ်သော ပရမတ္ထဓာတ်သားတို့၏ ကြောင်းကျိုးဆက်နွယ်လျက် ဖြစ်ပေါ်နေမှုကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်နေခြင်းကြောင့် ---- အတ္တသည် မြဲ၏ --- ဟု စွဲယူတတ်သော သဿတဒိဋ္ဌိ အယူဝါဒဆိုးကြီးကို ပယ်စွန့်နိုင်၏။
ဥစ္ဆေဒဒိဋ္ဌိ ဖြစ်တတ်ပုံ
မှန်ကန်စွာမမြင်ဘဲ အမှားမှားအယွင်းအယွင်း မြင်ခဲ့သော် ရုပ်နာမ်သန္တာန်အစဉ် တစ်ခု၏အတွင်း၌ ကျရောက်လျက်ရှိသော ရုပ်တရား နာမ်တရားအစုကို သန္တာန်ကွဲပြားသကဲ့သို့ အသီးအသီး တစ်ခြားစီ တစ်ခြားစီ စွဲယူမိခြင်းကြောင့် ဒီဘဝ ဒီကိုယ်စံ၊ ဟိုဘဝ ဟိုကိုယ်ခံလိမ့်မည်ဟူသော ဥစ္ဆေဒဒိဋ္ဌိမျိုးကို စွဲယူမိတတ်၏။ (အဘိ၊ဋ္ဌ၊၂၊၁၈၈။ ဝိသုဒ္ဓိ၊၂၊၂၂၀။)
အကြောင်းတရားနှင့် အကျိုးတရားတို့၏ အကြောင်း အကျိုးအဖြစ်ဖြင့် အချင်းချင်း ဆက်စပ်ခြင်းမှ ကင်းသော (ရုပ်နာမ်သန္တာန်အစဉ် တစ်ခုတည်းကို တစ်ခုတည်းဟု မယူနိုင်ဘဲ) ရုပ်နာမ်သန္တာန်အစဉ် တစ်ခုစီဟု အသီးအသီး၏ အဖြစ်ကို စွဲယူခြင်းကြောင့် ဖြစ်သောသတ္တဝါမှ တစ်ပါးသော သတ္တဝါသည် သေသောအားဖြင့် ပြတ်၏၊ သေသော သတ္တဝါမှ တစ်ပါးသော သတ္တဝါသည် ဖြစ်ပေါ်လာ၏၊ ဤသို့ ယူဆလျက် သေလျှင် ပြတ်၏ ဟူသော ဥစ္ဆေဒဒိဋ္ဌိကို စွဲမြဲစွာ ယူတတ်၏။ (မူလဋီ၊၂၊၁၃၂။)
ရုပ်နာမ်ခန္ဓာအစဉ်သည် ဘဝခြားသော်လည်း တစ်စဉ်တစ်တန်းတည်းသာ ဖြစ်၏၊ သုမေဓာရှင်ရသေ့ဘဝမှ စ၍ ဗုဒ္ဓမြတ်စွာ၏ ဘဝသို့တိုင်အောင် ရုပ်နာမ်သန္တာန်အစဉ်ကား တစ်စဉ်တစ်တန်းတည်းသာ ဖြစ်၏၊ သို့ပါလျက် တစ်သန္တာန်တည်းဟု မယူဆနိုင်ဘဲ, ယခုဘဝ၌ သေသော သတ္တဝါက တစ်ယောက်, နောက်ဘဝ၌ ဖြစ်သော သတ္တဝါက တစ်ယောက်ဟု ကွဲပြားသော သန္တာန်ရှိသကဲ့သို့ ယူဆသောကြောင့် သတ္တဝါသည် သေလျှင် ပြတ်၏ဟု ဥစ္ဆေဒဒိဋ္ဌိကို စွဲမြဲစွာ ယူမိလေတော့သည်။
အကျိုးတရားနှင့် လျော်ညီသော အကြောင်းတရားကြောင့် အကျိုးတရား၏ ဖြစ်မှုကို သမ္မာဒိဋ္ဌိဉာဏ်ပညာ ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်လျက် မသိမမြင်ခဲ့သော် (ဆရာ့အပြောနှင့်သာ လွမ်းလျက် သူများပါးစပ် တွင်သာ လမ်းဆုံးနေခဲ့သော်) သတ္တဝါ အသီးအသီး၏ ရုပ်နာမ်သန္တာန် အသီးအသီး၌ သန္တာန်တစ်ခုနှင့် သန္တာန် တစ်ခုသည် အကြောင်း အကျိုးအဖြစ်ဖြင့် ဆက်စပ်မှုမရှိသကဲ့သို့ အလားတူပင် ရုပ်နာမ်သန္တာန်အစဉ် တစ်ခု၏ အတွင်း၌ အကြောင်းနှင့် အကျိုးတို့၏ ဆက်စပ်မှုသဘောကို မမြင်ခြင်းကြောင့် သန္တာန်တစ်ခု၏ အတွင်း၌ တည်ရှိသော ရုပ်နာမ်ပရမတ်တရားတို့ကို သန္တာန်ကွဲပြားသကဲ့သို့ တွေ့မြင်နေသောကြောင့် အကျိုးတရားတို့ ကိုလည်း အကြောင်းတရားမှ ကင်းကုန်၏ဟု မြင်နေတတ်၏၊ အကြောင်းတရားတို့၌လည်း အကျိုးတရားမရှိဟု မြင်နေတတ်၏။ ထိုသို့ အကြောင်းအဖြစ်မှ ကင်းကုန်သော အကျိုးတရား ထင်ရှားမရှိကြကုန်သော (= အကြောင်းလည်း မဟုတ်ကုန် အကျိုးလည်း မဟုတ်ကုန်သော) ရှေးဖြစ်ကုန်သော တရားတို့၏ ချုပ်ခြင်း၌ အကြောင်းတရား အဖြစ် မြဲသော သတ်မှတ်ချက်မရှိသောကြောင့် စင်စစ်အားဖြင့် အကြောင်းတရားကြောင့် အကျိုးတရားဖြစ်ခြင်း ဟူသည် မသင့်ပါဟုလည်းကောင်း, အလားတူပင် ရုပ်နာမ်သန္တာန်အစဉ်တစ်ခုအနေဖြင့် ဖြစ်ခြင်း, အကြောင်း တရားနှင့် တူညီသောအားဖြင့် အကျိုးတရား၏ ဖြစ်ခြင်း, အကြောင်းတရားနှင့် တူညီသော အမျိုးဇာတ်, အရပ်ဒေသ, လုံးရပ်, အရွယ်, ရုပ်အဆင်း, ခွန်အားပုံသဏ္ဌာန်တို့၏ ဖြစ်ခြင်းသည်လည်း မသင့်ပါ ---- ဤသို့ စသည်တို့ကို အထွေထွေ အလီလီ ထိုထို ဤဤ ကြံစည်လျက် ဥစ္ဆေဒဒိဋ္ဌိကို စွဲယူမိတတ်ပေသည်။ (အနုဋီ၊၂၊၁၄၀။)
အဗျာပါရနည်း
အဝိဇ္ဇာယ သင်္ခါရာ မယာ ဥပ္ပာဒေတဗ္ဗာ၊ သင်္ခါရာနံ ဝါ ဝိညာဏံ အမှေဟီတိ ဧဝမာဒိဗျာပါရာဘာဝေါ အဗျာပါရနယော နာမ။ ယံ သမ္မာ ပဿန္တော ကာရကဿ အဘာဝါဝဗောဓတော အတ္တဒိဋ္ဌိံပဇဟတိ၊ မိစ္ဆာ ပဿန္တော ယော အသတိပိ ဗျာပါရေ အဝိဇ္ဇာဒီနံ သဘာဝနိယမသိဒ္ဓေါ ဟေတုဘာဝေါ၊ တဿ အဂ္ဂဟဏတော အကိရိယဒိဋ္ဌိံ ဥပါဒိယတိ။ (အဘိ၊ဋ္ဌ၊၂၊၁၈၈။)
ဗျာပါရာဘာဝေါ အနဘိသန္ဓိတာယ အဗျာဝဋတာ။ သမ္မာ ပဿန္တောတိ နိရီဟာ နိဇ္ဇီဝါ ဓမ္မမတ္တာတိ ပဿန္တော။ သဘာဝေါ ဧဝ နိယမော သဘာဝနိယမော သသမ္ဘာရဂ္ဂိနော ဥဒ္ဓမုခတာ၊ သသမ္ဘာရဝါယုနော တိရိယဂမနန္တိ ဧဝမာဒိ ဝိယ။ တေန သိဒ္ဓေါ ယထာသကံ ပစ္စယုပ္ပန္နဿ ဟေတုဘာဝေါ။ ကဿစိ ကတ္တုနော အဘာဝါ န ကာစိ ကိရိယာ ဖလပဗန္ဓိနီတိ အကိရိယဒိဋ္ဌိံ ဥပါဒိယတိ။ (မဟာဋီ၊၂၊၃၄၈။)
အကြောင်းတရားများဘက်၌လည်း အကျိုးတရားများကို ဖြစ်ပေါ်လာအောင် ပြုလုပ်မည်ဟူသော ကြောင့်ကြဗျာပါရ မရှိ၊ ကင်းနေ၏။ အကျိုးတရားများဘက်၌လည်း အကြောင်းတရားများသည် ထင်ရှားဖြစ်ခဲ့သော် ငါတို့ အကျိုးတရားတို့သည် ထင်ရှား ဖြစ်ကြမည်ဟူသော ကြောင့်ကြဗျာပါရ မရှိ၊ ကင်းနေ၏။
အဝိဇ္ဇာ၏ (= အဝိဇ္ဇာ၌) ငါအဝိဇ္ဇာသည် သင်္ခါရတရားတို့ကို ဖြစ်စေရမည် = ဖြစ်အောင် ပြုလုပ်မည် ဟူသော ကြောင့်ကြဗျာပါရ မရှိ၊ ကင်းနေ၏။ သင်္ခါရတရားတို့၏လည်း (= သင်္ခါရတရားတို့၌လည်း) ငါတို့ သင်္ခါရတို့သည် ဝိညာဏ်ကို ဖြစ်စေကြရမည် = ဖြစ်အောင်ပြုလုပ်ကြမည် ---- ဟူသော ကြောင့်ကြဗျာပါရ မရှိ၊ ကင်းနေ၏။ ဤသို့ စသည်ဖြင့် အဝိဇ္ဇာ သင်္ခါရစသော တရားတို့၌ ကြောင့်ကြဗျာပါရ မရှိမှု ကြောင့်ကြဗျာပါရ ကင်းမှု သဘောသည်ကား အဗျာပါရနည်း မည်၏။
သမ္မာပဿန္တော ---- အဝိဇ္ဇာ-သင်္ခါရစသော ဤတရားတို့သည်
၁။ နိရီဟာ = အကျိုးတရား ဖြစ်ပေါ်လာဖို့ရန် အားထုတ်ခြင်း ဗျာပါရ မရှိကြကုန်။
၂။ နိဇ္ဇီဝါ = ထိုသို့အားထုတ်နိုင်အောင် အသက်ကောင် ဇီဝကောင် အတ္တကောင်လည်း မဟုတ်ကြကုန်။
၃။ ဓမ္မမတ္တာ = ဆိုင်ရာအကျိုး ပစ္စယုပ္ပန်တရားတို့ကို ဖြစ်စေတတ်သော ဓမ္မသဘာဝတို့သာတည်း။
ဤသို့ သိမြင်သူကို သမ္မာပဿန္တော = ကောင်းမွန်မှန်ကန်စွာ သိမြင်သူဟု ဆိုရ၏။
ယင်းအဗျာပါရနည်းကို ယောဂါဝစရပုဂ္ဂိုလ်သည် ကောင်းမွန်မှန်ကန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်ခဲ့သော် ပြုလုပ်တတ်သော စီရင်တတ်သော ဖန်ဆင်းတတ်သော ကတ္တားဟု ခေါ်ဆိုအပ်သော ဖန်ဆင်းရှင် ပရမအတ္တ၏ မရှိခြင်းကို ထိုးထွင်း၍ သိမြင်ခြင်းကြောင့် အဖန်ဆင်းခံရသော ဇီဝအတ္တ, ဖန်ဆင်းတတ်သော ပရမအတ္တရှိ၏ဟု စွဲယူသော အတ္တဒိဋ္ဌိဝါဒစွဲကြီးကို ပယ်စွန့်နိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၁၈၈။)
ဣတိ ဣမသ္မိံ သတိ ဣဒံ ဟောတိ၊ ဣမဿုပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ။ ဣမသ္မိံ အသတိ၊ ဣဒံ န ဟောတိ၊ ဣမဿ နိရောဓာ ဣဒံ နိရုဇ္ဈတိ။ (ဥဒါန၊၇၉။)
အဝိဇ္ဇာ သင်္ခါရစသော တရားတို့၌ အကျိုးတရားကို ထင်ရှားဖြစ်ပေါ်လာအောင် ပြုလုပ်မည်ဟူသော ကြောင့်ကြဗျာပါရ ကင်းနေသော်လည်း အကျိုးတရားကို ဖြစ်စေနိုင်သော စွမ်းအင်သတ္တိကား တည်ရှိလျက်ပင် ဖြစ်သည်။
ဤအကြောင်းတရားသည် ထင်ရှားရှိလတ်သော် ဤအကျိုးတရားသည် ထင်ရှားရှိ၏၊ ဤအကြောင်း တရား၏ ထင်ရှားဖြစ်ခြင်းကြောင့် ဤအကျိုးတရားသည် ထင်ရှား ဖြစ်ပေါ်လာရ၏။ ဤအကြောင်းတရားသည် ထင်ရှားမရှိလတ်သော် ဤအကျိုးတရားသည် ထင်ရှားမရှိ၊ ဤအကြောင်းတရား၏ ချုပ်ငြိမ်းသွားခြင်းကြောင့် ဤအကျိုးတရားသည် ချုပ်ငြိမ်းသွား၏။
ဤသို့လျှင် ယောဂါဝစရပုဂ္ဂိုလ်သည် သိလျက်ရှိ၏၊ သိအောင်လည်း ကြိုးပမ်းရမည်သာ ဖြစ်၏။ ဤသည်မှာ အကြောင်းတရားတို့၌ သဘာဝနိယမအားဖြင့် ပြီးစီးနေသော အကြောင်းတရားဖြစ်မှု သဘောတည်း။
ယင်းအဗျာပါရနည်းကို ကောင်းမွန်မှန်ကန်စွာ မသိမမြင်ဘဲ အမှားမှား အယွင်းယွင်းမြင်ခဲ့သော် အကြောင်း တရားတို့၌ အကျိုးတရားတို့ကို ဖြစ်ပေါ်လာအောင် ကြောင့်ကြဗျာပါရပြုမှု မရှိသော်လည်း အဝိဇ္ဇာစသော အကြောင်းတရားတို့၌ သင်္ခါရစသော အကျိုးတရားတို့ကို ဖြစ်စေနိုင်သော သဘာဝနိယမအားဖြင့် ပြီးစီးလာသော အကြောင်းတရားဖြစ်မှု သဘောတရားသည် ထင်ရှားရှိသည်သာ ဖြစ်၏၊ ယင်းသဘောတရားကို လက်မခံနိုင်သည့် အတွက်ကြောင့် ပြုလုပ်သော်လည်း ပြုလုပ်သည် မမည်ဟု အယူမှားမှု အကိရိယဒိဋ္ဌိကို စွဲယူမိတတ်၏။ (အဘိ၊ဋ္ဌ၊၂၊၁၈၈။)
သဘာဝနိယမ ဟူသည်
မြဲသောသဘောတရားကို သဘာဝနိယမဟု ခေါ်၏။ တွဲဖက် ကလာပ်တူ ဥတုဇရုပ်အပေါင်းဟူသော အဆောက်အဦနှင့် တကွဖြစ်သော တေဇောဟူသော မီးဓာတ်၏ အထက်သို့ မျက်နှာမူသည်၏ အဖြစ်လည်းကောင်း, = (မီးညွန့်၏ အထက်ဘက်သို့ တက်ခြင်းလည်းကောင်း), ကလာပ်တူ ဥတုဇရုပ်အပေါင်းဟူသော အဆောက်အဦနှင့် အတူတကွဖြစ်သော လေ၏ ဖီလာကန့်လန့်သွားခြင်းလည်းကောင်း ဤသို့ အစရှိသော ဖြစ်ပုံသည် မြဲသောသဘော ထုံးစံဓမ္မတာ ဖြစ်သကဲ့သို့ ---- အလားတူပင် ----
အဝိဇ္ဇာစသော အကြောင်းတရားသည် ထင်ရှားရှိလတ်သော် သင်္ခါရစသော အကျိုးတရားသည် ထင်ရှား ဖြစ်ပေါ်လာ၏၊ အဝိဇ္ဇာစသော အကြောင်းတရားသည် ထင်ရှားမရှိလတ်သော် သင်္ခါရစသော အကျိုးတရား သည်လည်း ထင်ရှား မဖြစ်ပေါ်လာတော့ပေ။ တစ်နည်းဆိုသော် ---- အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ ဟူသော အကြောင်းတရားသည် ထင်ရှားရှိခဲ့သော် ဝိညာဏ်-နာမ်ရုပ်-သဠာယတန-ဖဿ-ဝေဒနာဟူသော အကျိုးတရား သည်လည်း ထင်ရှားဖြစ်ပေါ်လာ၏၊ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ ဟူသော အကြောင်းတရားသည် ထင်ရှား မရှိလတ်သော် ဝိညာဏ်-နာမ်ရုပ်-သဠာယတန-ဖဿ-ဝေဒနာဟူသော အကျိုးတရားသည်လည်း ထင်ရှား ဖြစ်ပေါ်မလာတော့ပေ။ ဤသို့သော ထုံးစံဓမ္မတာအားဖြင့် ပြီးစီးသော မိမိ အကြောင်းပစ္စည်းအားလျော်သော အကျိုးပစ္စယုပ္ပန်တရား၏ အကြင် အကြောင်း၏ အဖြစ်သည် ရှိ၏။ ဤအကြောင်း၏ အဖြစ်သည် သဘာဝနိယမ သိဒ္ဓဟေတုဘာဝ = မြဲသော ပရမတ္ထသဘာဝအားဖြင့် ပြီးစီးလာသော အကြောင်းတရား ဖြစ်မှုသဘောဟု ဆိုလို သည်။ (မဟာဋီ၊၂၊၃၄၈။)
ယင်းကဲ့သို့သော အဝိဇ္ဇာစသော အကြောင်းတရားတို့၌ သင်္ခါရစသော အကျိုးတရားတို့ကို သဘာဝနိယမ = မြဲသောသဘောအားဖြင့် ပြီးစီးနေသော စွမ်းအင်သတ္တိ ရှိမှုသဘောကို လက်မခံနိုင်ပါက, ပရမတ္ထသစ္စာနယ်၌ ပြုလုပ်တတ်သော တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါ၏ = တစ်စုံတစ်ခုသော တရားဓမ္မ၏ မရှိခြင်းကြောင့် တစ်စုံတစ်ခုသော ကိုယ် နှုတ် စိတ် အမူအရာသည် = တစ်စုံတစ်ခုသော ကာယကံမှု ဝစီကံမှု မနောကံမှုသည် အကျိုးနှင့် ဆက်စပ်ခြင်းမရှိ = အကျိုးမပေးဟု ကံ-ကံ၏အကျိုးကို ပစ်ပယ်နေသော ပြုသော်လည်း ပြုသည် မမည်ဟူသော အကိရိယဒိဋ္ဌိတစ်မျိုး ဖြစ်လာတတ်သည်ဟု ဆိုလိုပေသည်။ (မဟာဋီ၊၂၊၃၄၈။)
ဧဝံဓမ္မတာနည်း
အဝိဇ္ဇာဒီဟိ ပန ကာရဏေဟိ သင်္ခါရာဒီနံယေဝ သမ္ဘဝေါ ခီရာဒီဟိ ဒဓိအာဒီနံ ဝိယ၊ န အညေသန္တိ အယံ ဧဝံဓမ္မတာနယော နာမ။ ယံ သမ္မာ ပဿန္တော ပစ္စယာနုရူပတော ဖလာဝဗောဓတော အဟေတုကဒိဋ္ဌိဉ္စ အကိရိယဒိဋ္ဌိဉ္စ ပဇဟတိ၊ မိစ္ဆာ ပဿန္တော ပစ္စယာနုရူပံ ဖလပ္ပဝတ္တိံ အဂ္ဂဟေတွာ ယတော ကုတောစိ ယဿ ကဿစိ အသမ္ဘဝဂ္ဂဟဏတော အဟေတုကဒိဋ္ဌိဉ္စေဝ နိယတဝါဒဉ္စ ဥပါဒိယတိ။ (အဘိ၊ဋ္ဌ၊၂၊၁၈၈-၁၈၉။)
နွားနို့ စသည်တို့ကြောင့် နို့ဓမ်းစသော အကျိုးတရားတို့၏ ထင်ရှား ဖြစ်ပေါ်လာရသကဲ့သို့ အဝိဇ္ဇာစသော အကြောင်းတရားတို့ကြောင့် အကျိုးတရားများသည် ဖြစ်ပေါ်လာခဲ့သော် သင်္ခါရစသော အကျိုးတရားများသာ ဖြစ်ပေါ်လာကြ၏။ အခြား အကျိုးတစ်စုံတစ်ရာသည် မဖြစ်ပေ။ တစ်နည်းဆိုသော် အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံဟူသော အကြောင်းတရားတို့ကြောင့် အကျိုးတစ်စုံတစ်ရာ ဖြစ်ခဲ့သော် ဝိညာဏ်-နာမ်ရုပ်-သဠာယတန-ဖဿ-ဝေဒနာဟူသော အကျိုးတရားများသာ ဖြစ်ပေါ်လာကြ၏၊ အခြားမည်သည့် အကျိုးတစ်စုံတစ်ရာမျှ မဖြစ်နိုင်ပေ။ ဤသဘောတရားသည် ဧဝံဓမ္မတာနည်း မည်၏။
ယင်းဧဝံဓမ္မတာနည်းကို ကောင်းမွန်မှန်ကန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်သော ယောဂါဝစရပုဂ္ဂိုလ်သည် အကြောင်းတရားနှင့် လျော်ညီသောအားဖြင့် အကျိုးတရားကို ထိုးထွင်း၍ သိမြင်ခြင်းကြောင့် = အကြောင်းတရားနှင့် လျော်ညီသော အကျိုးတရား၏ ဖြစ်ပေါ်လာမှုကို ထိုးထွင်း သိမြင်ခြင်း ကြောင့် အကျိုးတရားဟူသမျှသည် အကြောင်းတရားမရှိဟု စွဲယူသော အဟေတုကဒိဋ္ဌိအယူကိုလည်းကောင်း, အကျိုးကို ပြုစီမံပေးတတ်သော အကြောင်းတရားသည် မရှိဟု စွဲယူသော အကိရိယဒိဋ္ဌိ အယူကိုလည်းကောင်း ပယ်စွန့်နိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၁၈၈-၁၈၉။) ဤဝါဒနှစ်မျိုးတို့ကား အကြောင်းအကျိုး နှစ်ရပ်လုံးကို ပယ်သော ဝါဒကြီးများပင် ဖြစ်ကြသည်။
ယင်းဧဝံဓမ္မတာနည်းကို ကောင်းမွန်မှန်ကန်စွာ ဉာဏ်ဖြင့် မသိမမြင်ဘဲ အကြောင်းနှင့် လျော်ညီသော အကျိုးတရား၏ ဖြစ်မှုကို လက်မခံနိုင်ခဲ့သော် အမှတ်မရှိ တစ်စုံတစ်ခုသော အကြောင်းကြောင့် အမှတ်မရှိ တစ်စုံတစ်ခုသော အကျိုးသည် ဖြစ်နိုင်သည်ဟုဆိုလျှင် သဲမှဆီ, ကြံမှ နို့ရည် မဖြစ်နိုင်စရာ မရှိ, ဖြစ်နိုင်စရာ ရှိနေ၏။ ထိုကြောင့် မည်သည့် အကြောင်းကြောင့်မျှ မည်သည့်အကျိုးသည် မဖြစ်နိုင်ပါဟု အဟေတုကဒိဋ္ဌိဟူသော အကြောင်းမရှိ အယူကို စွဲစွဲလမ်းလမ်း အရဖမ်းယူလေသည်။
နိယတဝါဒ
ထိုသို့ အကြောင်းမရှိလျှင် အဘယ်နည်းဖြင့် ယခုမျက်မြင်ဖြစ်သော သက်ရှိ သက်မဲ့ သတ္တဝါ သင်္ခါရတို့သည် ဖြစ်ပေါ်နေကြရပါသနည်းဟု ထိုအဟေတုက အယူဝါဒရှိသူကို ပြန်၍ မေးလျှင် နိယတ = မည်သည့် အချိန် အခါ၌ လူ, သို့မဟုတ် နတ်, သို့မဟုတ် တိရစ္ဆာန် အမျိုးမျိုး ဖြစ်ရမည်ဟု အမြဲသတ်မှတ်ထားပြီး ဖြစ်ကြောင်းကို ပြန်ပြောင်း၍ ပြောဆိုတတ်၏။ ထိုအယူကို နိယတဝါဒဟုခေါ်၏။
ယသ္မာ နိယတိဝါဒီ အနုရူပါ ဟေတုတော ဖလုပ္ပတ္တိံ န ဣစ္ဆတိ၊ သဘာဝသိဒ္ဓိမေဝ စ ဓမ္မပ္ပဝတ္တိံ ဣစ္ဆတိ။ (အနုဋီ၊၂၊၁၄၀။)
ထိုနိယတဝါဒရှိသူကား လျော်သော အကြောင်းတရားကြောင့် လျော်သော အကျိုးတရား၏ ဖြစ်ခြင်းကို အလိုမရှိ၊ သဘာဝအတိုင်း ပြီးစီးနေသည်သာလျှင် ဖြစ်သော (= သတ်မှတ်ထားသည့် သဘာဝအတိုင်း ပြီးစီး နေသည်သာလျှင် ဖြစ်သော) ဓမ္မတို့၏ ဖြစ်ခြင်းကိုသာ အလိုရှိပေသည်။ (ယခုခေတ်၌ ကံ-ကံ၏အကျိုးကို လက်မခံနိုင်သော လက်ခံနိုင်လောက်သော ကျင့်စဉ်ကိုလည်း မကျင့်ရသေးသော သိပ္ပံဝါဒီအချို့တို့၏ အယူအဆ နှင့်ကား တူမျှလျက်ပင် ရှိ၏။) (မူလဋီ၊၂၊၁၃၂။ အနုဋီ၊၂၊၁၄၀-၁၄၁။)
ထိုကြောင့် ဤဧဝံဓမ္မတာနည်းကို အမှားမှားအယွင်းယွင်း ရှုမြင်သောပုဂ္ဂိုလ်သည် အကြောင်းတရားနှင့် လျော်ညီသော အကျိုးတရား၏ ဖြစ်ခြင်းကို လက်မခံမူ၍ အမှတ်မရှိ တစ်စုံတစ်ခုသော အကြောင်းကြောင့် အမှတ်မရှိ တစ်စုံတစ်ခုသော အကျိုး၏ မဖြစ်သင့်ခြင်းကိုသာ စွဲယူထားခြင်းကြောင့် အဟေတုကဒိဋ္ဌိကိုလည်းကောင်း နိယတဝါဒကိုလည်းကောင်း စွဲယူမိလျက်သား ဖြစ်နေ၏။ (အဘိ၊ဋ္ဌ၊၂၊၁၈၉။)
အဟေတုကဒိဋ္ဌိ အကိရိယဒိဋ္ဌိကို စွန့်ပုံ
နို့ရည်မှ နို့ဓမ်းဖြစ်ပေါ်လာ၏၊ ရေမှ နို့ဓမ်းဖြစ်ပေါ်မလာနိုင်။ နှမ်းမှ နှမ်းဆီ ဖြစ်ပေါ်လာ၏၊ သဲမှ နှမ်းဆီ ဖြစ်ပေါ်မလာနိုင်။ အလားတူပင် အဝိဇ္ဇာစသော အကြောင်းတရားကြောင့် သင်္ခါရစသော ဆီလျော်သော အကျိုးတရားသာ ဖြစ်ပေါ်လာနိုင်၏။ ဤသို့လျှင် အလုံးစုံသော အကြောင်းတရားကြောင့် အလုံးစုံသော အကျိုး တရား၏ မဖြစ်သင့်သည်ကို ယောဂါဝစရပုဂ္ဂိုလ်သည် ပစ္စက္ခဉာဏ်ဖြင့် ရှုခြင်း မြင်ခြင်းကြောင့် အကြောင်းမရှိဟု ယူသော အဟေတုကဒိဋ္ဌိကို ပယ်စွန့်နိုင်ခြင်း ဖြစ်၏။ အဝိဇ္ဇာစသော အကြောင်းတရားအားလျော်သော သင်္ခါရ စသော အကျိုးတရား၏ ဖြစ်မှုကို ဉာဏ်ဖြင့် ရှုမြင်နိုင်ခြင်းကြောင့် ---- ပြုသော်လည်း ပြုသည် မမည်၊ အကျိုးကို ပြုပြင်တတ် စီရင်တတ်သော အကျိုးနှင့် စပ်သော ကိုယ် နှုတ် စိတ် အမူအရာ မရှိဟု အမှားမှား အယွင်းယွင်း စွဲယူတတ်သော အကိရိယဒိဋ္ဌိကိုလည်း ပယ်စွန့်နိုင်ခြင်း ဖြစ်သည်။ (မဟာဋီ၊၂၊၃၄၈။)
အဟေတုကဒိဋ္ဌိနှင့် နိယတဝါဒ
ဧဝံဓမ္မတာနည်းကို ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိမြင်သေးသောသူသည် အကြောင်းအားလျော်သော အကျိုးတရား၏ ဖြစ်မှုကို လက်မခံနိုင်ဘဲ --- အမှတ်မရှိ တစ်စုံတစ်ခုသော အကြောင်း ကြောင့် အမှတ်မရှိ တစ်စုံတစ်ခုသော အကျိုးတရားသည် မဖြစ်နိုင်ဟု လက်ခံထား၏။ ယင်းသို့ လက်ခံထားသည့် အတွက် အမှတ်မရှိ တစ်စုံတစ်ခုသော အကြောင်းတရားကြောင့် အမှတ်မရှိ တစ်စုံတစ်ခုသော အကျိုးတရားသည် ဖြစ်နိုင်သည်ဟု ဆိုလျှင် သဲမှဆီ, ကြံမှနို့ရည် မဖြစ်နိုင်စရာ မရှိ၊ ဖြစ်နိုင်စရာ ရှိနေ၏။ ထိုကြောင့် မည်သည့် အကြောင်းကြောင့်မျှ မည်သည့် အကျိုးတရားသည် မဖြစ်နိုင်ပါဟု အဟေတုက အယူမှားကို စွဲစွဲလမ်းလမ်း ယူလေသည်။ (မဟာဋီ၊၂၊၃၄၈။)
ထိုသို့ အကြောင်းမရှိလျှင် အဘယ်နည်းဖြင့် ယခုမျက်မြင်ဖြစ်သော သတ္တဝါ အရာဝတ္ထုများသည် ဖြစ်ပေါ် လာကြရပါသနည်းဟု ထိုအဟေတုက အယူရှိသူကို ပြန်၍ မေးလျှင် ---- နိယတ = မည်သည့်အချိန်၌ လူ, သို့မဟုတ် နတ်, သို့မဟုတ် တိရစ္ဆာန် ဤသို့စသည် အမျိုးမျိုးဖြစ်ရမည်ဟု အမြဲ သတ်မှတ်ပြီးဖြစ်သည်ဟု နိယတဝါဒကို ပြောဆိုလာတတ်၏။ နှမ်းမှ နှမ်းဆီဖြစ်၏၊ နွားမမှ နို့ရည် ဖြစ်၏၊ သုက်သွေးမှ သတ္တဝါတို့၏ ခန္ဓာကိုယ် ဖြစ်လာ၏။ ဤသို့ ဖြစ်မှုမှာ မြဲသော နိယတသဘောဖြစ်၏ဟု နိယတဝါဒကို စွဲယူတတ်၏။ ဤနိယတဝါဒီသမားကား လျော်သော အကြောင်းတရားမှ လျော်သော အကျိုးတရား ဖြစ်မှုကို အလိုမရှိပေ။ သဘာဝအားဖြင့် ပြီးသည်သာလျှင် ဖြစ်သော ဓမ္မသဘောတရားတို့၏ ဖြစ်မှုကိုသာ အလိုရှိ၏။ (အကျယ်ကို သာမညဖလသုတ် မက္ခလိဝါဒ၌ ကြည့်ပါ။) (မဟာဋီ၊၂၊၃၄၈။ အနုဋီ၊၂၊၁၄၀-၁၄၁။)
ဤဖော်ပြပါ အကြောင်းပြချက်တို့အရ အသင်ယောဂါဝစရပုဂ္ဂိုလ်သည် သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ အဟေတုကဒိဋ္ဌိ အကိရိယဒိဋ္ဌိ နတ္ထိကဒိဋ္ဌိ နိယတဝါဒစသော မိစ္ဆာဒိဋ္ဌိ အယူမှားကြီးများကို ဖျက်ဆီးနိုင်ရေး အတွက် ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို သူများအပြောဖြင့် လွမ်းမနေဘဲ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကြိုးစားအားထုတ်လေရာသည်။
ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်ခြင်းသည် မိစ္ဆာဒိဋ္ဌိ အယူဝါဒဆိုး အမျိုးမျိုးတို့ကို ပယ်စွန့်နိုင်ရေးအတွက် တိုက်ဖျက်နိုင်ရေးအတွက် အင်အားအကြီးမားဆုံး အားအကောင်းဆုံးသော အလွန် အပြစ်ကင်းသည့် လက်နက်ကြီး တစ်ခုပင်ဖြစ်သည်ဟု ဦးထိပ်ထက်၌ သံမှိုနှက်သကဲ့သို့ စွဲမြဲစွာ နာယူ မှတ်သားလေရာသတည်း။
ဘဝဇာတ်ခုံ၌ အဖြစ်မျိုးစုံ
ဘုရားရှင်သည် မဟာသတိပဋ္ဌာန်ကျင့်စဉ်၌ - သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ - စသည်ဖြင့် အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ စသော အကြောင်းတရားတို့ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုး ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ အမည်ရသော ဥပါဒါနက္ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ ထင်ရှားဖြစ်ပေါ်လာပုံကိုလည်းကောင်း, ယင်းအကျိုး ဥပါဒါနက္ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ ဖြစ်မှုကိုလည်းကောင်း,
အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ စသော အကြောင်းတရားတို့၏ နောင်တစ်ဖန် မဖြစ်သော အနုပ္ပါဒ နိရောဓသဘောအားဖြင့် ချုပ်ခြင်းကြောင့် အကျိုးဖြစ်သော ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ အမည်ရသော ဥပါဒါနက္ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ နောင်တစ်ဖန် မဖြစ်သောအားဖြင့် ချုပ်ခြင်း အနုပ္ပါဒနိရောဓသဘောကို လည်းကောင်း, ယင်းဥပါဒါနက္ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ ခဏမစဲ တသဲသဲ ချုပ်မှု ပျက်မှု ဘင်ကိုလည်းကောင်း,
ဤဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘော, ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတို့ကို အဖန်ဖန် အထပ်ထပ် ရှုပွားသုံးသပ်ရန် ညွှန်ကြားထားတော်မူ၏။
ဤအပိုင်းတွင် အနုလောမပဋိစ္စသမုပ္ပါဒ် ပဋိလောမပဋိစ္စသမုပ္ပါဒ် ဟူသော ဝေါဟာရအသုံးအနှုန်းနှင့် ပတ်သက်၍ အနည်းငယ် ရှင်းလင်း တင်ပြအပ်ပါသည်။ --
ဝိနည်းမဟာဝဂ္ဂပါဠိတော် ဗောဓိကထာ၌ -- ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ = ပဋိစ္စသမုပ္ပါဒ်တရားတော်ကို အနုလုံ ပဋိလုံအားဖြင့် နှလုံးသွင်းတော်မူ၏ဟု လာရှိ၏။ ထိုသို့ လာရှိရာဝယ် --- မနသာကာသိ = နှလုံးသွင်းတော်မူ၏ -- ဟု ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းတော်မူပုံ နှလုံးသွင်းတော်မူပုံကို ပြရာဌာနဖြစ်သောကြောင့် --- အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ --- ဤသို့စသည်ဖြင့် အကြောင်း တရား၏ ဖြစ်ခြင်းကြောင့် အကျိုးတရား၏ ဖြစ်ခြင်းကို နှလုံးသွင်းပုံအပိုင်းကို အနုလုံအားဖြင့် ပဋိစ္စသမုပ္ပါဒ် တရားတော်ကို နှလုံးသွင်း၏ဟု ခေါ်၏။ ယင်းပဋိစ္စသမုပ္ပါဒ် သဘောတရားကိုလည်း အနုလောမပဋိစ္စသမုပ္ပါဒ် ဟုပင် ခေါ်ဆို၏။
တစ်ဖန် အကြောင်းတရား ချုပ်ခြင်းကြောင့် အကျိုးတရား ချုပ်ငြိမ်းပုံကို နှလုံးသွင်းတော်မူပုံ အပိုင်းကို လည်း --- အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော - ဤသို့စသည်ဖြင့် ဟောကြားတော်မူ၏။ ယင်းသို့သော အဝိဇ္ဇာ၏ အကြွင်းမဲ့ ချုပ်ခြင်းကြောင့် သင်္ခါရ၏ အကြွင်းမဲ့ ချုပ်ငြိမ်းပုံ စသည်ဖြင့် ချုပ်စဉ်ကို ဖော်ပြသော ပဋိစ္စသမုပ္ပါဒ်ပိုင်းကို ပဋိလောမ ပဋိစ္စသမုပ္ပါဒ်တရားတော်ဟု ခေါ်ဆို၏။ ယင်းသို့ နှလုံးသွင်းပုံကိုလည်း ပဋိလုံအားဖြင့် ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို နှလုံးသွင်း၏ဟု ခေါ်ဆို၏။
တစ်ဖန် နွယ်ခွေယောက်ျား ဥပမာအားဖြင့် စံထား၍ ဤပဋိစ္စသမုပ္ပါဒ်ပိုင်း အစပိုင်းတွင် ရှင်းပြခဲ့သော ဇရာမရဏမှစ၍ အဝိဇ္ဇာသို့တိုင်အောင် ပြောင်းပြန်လှန်၍ ဟောကြားထားတော်မူအပ်သော ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကိုလည်း ပဋိလောမ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော် ဟူ၍ပင် ခေါ်ဆို၏။
ဇရာမရဏသည် ဇာတိကြောင့်ဖြစ်၏၊ ဇာတိသည် ဘဝကြောင့်ဖြစ်၏ ဤသို့စသည်ဖြင့် အဆုံးမှ ပြန်၍ အစတိုင်အောင် နှလုံးသွင်းပုံအစဉ်ကိုလည်း ပဋိလုံအားဖြင့် ပဋိစ္စသမုပ္ပါဒ်တရားတော်ကို နှလုံးသွင်း၏ဟုပင် ခေါ်ဆို၏။
အထ ပရိစ္ဆိန္နကာလဝသေန သမာပတ္တိတော ဝုဋ္ဌာယ ပစ္စယာကာရေ ဉာဏံ ဩတာရေသိ။ သော အဝိဇ္ဇာပစ္စယာ သင်္ခါရာတိ အာဒိတော ပဋ္ဌာယ အန္တံ, အန္တတော ပဋ္ဌာယ အာဒိံ, ဥဘယန္တတော ပဋ္ဌာယ မဇ္ဈံ, မဇ္ဈတော ပဋ္ဌာယ ဥဘော အန္တေ ပါပေန္တော တိက္ခတ္တုံ ဒွါဒသပဒံ ပစ္စယာကာရံ သမ္မသိ။ တေဿဝံ သမ္မသန္တဿ ပစ္စယာကာရော ဝိဘူတော ဟုတွာ ဥတ္တာနကုတ္တာနကော ဝိယ ဥပဋ္ဌာတိ။ (ဒီ၊ဋ္ဌ၊၂၊၇၅။)
တစ်နေ့ အရှင်အာနန္ဒာကိုယ်တော်မြတ်သည် နေ့သန့်စင်တော်မူရာအရပ်၌ သောတာပတ္တိဖလသမာပတ်ကို ဝင်စားတော်မူ၏။ ထိုနောင် ပိုင်းခြားထားသော အချိန်ကာလ၏ အစွမ်းဖြင့် သောတာပတ္တိဖလသမာပတ်မှ ထတော် မူ၍ ပစ္စယာကာရအမည်ရသော ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရား၌ ဉာဏ်ကို သွတ်သွင်းတော်မူ၏။ ထိုအရှင်အာနန္ဒာကိုယ်တော်မြတ်သည် ---
၁။ အဝိဇ္ဇာပစ္စယာ သင်္ခါရာ = အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရဖြစ်၏ --- ဤသို့စသည်ဖြင့် အဝိဇ္ဇာမှ စ၍ အဆုံး ဇရာမရဏသို့ တိုင်အောင်လည်းကောင်း,
၂။ အဆုံး ဇရာမရဏမှစ၍ အစ အဝိဇ္ဇာသို့ တိုင်အောင်လည်းကောင်း,
၃။ အဝိဇ္ဇာ - ဇရာမရဏဟူသော နှစ်ဘက်သော အစွန်းအစမှ အလယ်သို့ တိုင်အောင်လည်းကောင်း,
(အစမှ အလယ်, အဆုံးမှ အလယ် ဟူလို။)
၄။ အလယ်မှ နှစ်ဘက်သော အစွန်းအစသို့ တိုင်အောင်လည်းကောင်း,
(အလယ်မှ အစ, အလယ်မှ အဆုံးသို့ တိုင်အောင် ဟူလိုသည်။)
သုံးကြိမ်တိုင်တိုင် ပဋိစ္စသမုပ္ပါဒ် အင်္ဂါ (၁၂)ရပ်တို့ကို လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ကာ ရှုပွား သုံးသပ်တော်မူ၏။ ဤသို့ သုံးသပ်ရှုပွားတော်မူသော ထိုအရှင်အာနန္ဒာကိုယ်တော်မြတ်၏ သန္တာန်ဝယ် ပစ္စယာကာရ အမည်ရသော ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားသည် ထင်ရှားသည်ဖြစ်၍ ပေါ်လွင်သည်ထက် ပေါ်လွင်သကဲ့သို့ ဉာဏ်အား ရှေးရှုထင်လာ၏။ (ဒီ၊ဋ္ဌ၊၂၊၇၅။)
အရှင်အာနန္ဒာ ကိုယ်တော်မြတ်၏ ဉာဏ်၌ ---
၁။ အစမှ အဆုံး -
၂။ အဆုံးမှ အစ -
၃။ အစမှ အလယ်, အဆုံးမှ အလယ်,
၄။ အလယ်မှ အစ, အလယ်မှ အဆုံး,
ဟူသော (၄)မျိုးသော အခြင်းအရာအားဖြင့် ပေါ်လွင် ထင်ရှားရခြင်း၏ အကြောင်းတရား (၄)မျိုးကို အဋ္ဌကထာ၌ ဤသို့ ဖွင့်ဆိုထား၏ ---
၁။ ပုဗ္ဗူပနိဿယသမ္ပတ္တိ = ရှေးရှေးဘဝများ၌ ကမ္ဘာတစ်သိန်းနှင့် ချီ၍ ဖြည့်ကျင့်တော်မူခဲ့သော ပါရမီ အဆောက်အအုံတည်းဟူသော အားကြီးသော မှီရာ ဥပနိဿယနှင့် ပြည့်စုံခြင်း -
၂။ တိတ္ထဝါသ = သာသနာတော်၌ နိဗ္ဗာန်သို့သွားရာ ဆိပ်ကမ်းကောင်းကြီးသဖွယ် ဖြစ်တော်မူကြသော ဘုရားရှင် နှင့်တကွ အလွန်လေးစားထိုက်သော အရှင်သာရိပုတ္တရာစသော ဆရာသမားတို့ကို ဆည်းကပ်ခြင်း -
၃။ သောတာပန္န = သောတာပန် ဖြစ်တော်မူခြင်း -
၄။ ဗဟုဿုတဘာဝ = ဗဟုဿုတ ရှိတော်မူခြင်း -
ဤအင်္ဂါ (၄)ရပ်တို့နှင့် ပြည့်စုံတော်မူသောကြောင့် ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့သည် အရှင်အာနန္ဒာ ကိုယ်တော်မြတ်၏ ဉာဏ်၌ ပေါ်လွင်ထင်ရှားနေပေသည်။ (ဒီ၊ဋ္ဌ၊၂၊၇၈။)
ထိုတွင် ယောဂီသူတော်ကောင်းအပေါင်းတို့ သတိပြုသင့်သော အင်္ဂါရပ်တစ်ခုမှာ သောတာပန်ဖြစ်တော် မူခြင်းဟူသော အင်္ဂါရပ်ပင် ဖြစ်၏။
သောတာပန္နာနဉ္စ နာမ ပစ္စယာကာရော ဥတ္တာနကောဝ ဟုတွာ ဥပဋ္ဌာတိ။ (ဒီ၊ဋ္ဌ၊၂၊၈၃။)
= သောတာပန်သာ မှန်ပါစေ၊ သောတာပန်ပုဂ္ဂိုလ်တို့၏ အသိဉာဏ်၌ နက်ယောင်နှင့်နက်, ခက်ယောင်နှင့် ခက်သော ပစ္စယာကာရ အမည်ရသော ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားသည် ပေါ်လွင် ထင်ရှားသည် ဖြစ်၍သာလျှင် ရှေးရှု တည်လာပေ၏။ (ဒီ၊ဋ္ဌ၊၂၊၈၃။)
ဤအထက်ပါ အဋ္ဌကထာ၏ ဖွင့်ဆိုချက်ကို အထူးဂရုပြု၍ မှတ်သားပါ။ အသင်သူတော်ကောင်းသည် မိမိကိုယ်ကို မိမိ သောတာပန်ဟု ထင်ကောင်း ထင်ပေမည်။ ထိုအခါ --- ငါသည် ကြောင်း-ကျိုးဆက် ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးလုံး၌ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်ပြီလား၊ သိမ်းဆည်းနိုင်ပြီလား၊ ဝိပဿနာ ရှုနိုင်ပြီလားဟု မိမိကိုယ်ကို မိမိ မေးကြည့်ပါ။ အကယ်၍ --- မသိမမြင်သေး၊ မသိမ်းဆည်းတတ်သေး၊ ဝိပဿနာ မရှုတတ်သေးဟု အဖြေ ထွက်ခဲ့လျှင် ငါသည် ဘုရားရှင် ဆိုလိုတော်မူသော သောတာပန်မျိုးကား မဟုတ်သေးဟုသာ မိမိကိုယ်ကို မိမိ ဆုံးဖြတ်ပါ။ အကြောင်းမူ ဘုရားရှင် ဆိုလိုတော်မူသော သောတာပန်သူတော်ကောင်း၏ အသိဉာဏ်၌ ကြောင်း-ကျိုးဆက် = ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့သည် ပေါ်လွင်ထင်ရှားစွာ တည်နေသောကြောင့်ပင် ဖြစ်ပေသည်။
အနုပ္ပါဒနိရောဓသဘော
အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ယောဂါဝစရပုဂ္ဂိုလ်သည် အနုလောမပဋိစ္စသမုပ္ပါဒ်ဟူသော ကြောင်း-ကျိုးဆက် = ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့၏ ဖြစ်စဉ်ကိုသာ ရှုရသည်မဟုတ်သေး, ပဋိလောမပဋိစ္စသမုပ္ပါဒ် ဟူသော ချုပ်စဉ်ကိုလည်း သိမ်းဆည်းရှုပွားရန် ဘုရားရှင်ကိုယ်တော်တိုင်က မဟာသတိပဋ္ဌာနကျင့်စဉ်တွင် ညွှန်ကြားထားတော်မူသဖြင့် ချုပ်ငြိမ်းပုံကိုလည်း သိမ်းဆည်းရှုပွားရမည်သာ ဖြစ်သည်။ မည်သည့် အချိန်အခါ၌ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံတို့သည် နောင်တစ်ဖန်မဖြစ်သော ချုပ်ငြိမ်းခြင်းဖြင့် ချုပ်ငြိမ်းသွားကြပါသနည်းဟု မေးရန်ရှိ၏။ ဝိသုဒ္ဓိမဂ္ဂ္ဂမဟာဋီကာ၌ အောက်ပါအတိုင်း ဖွင့်ဆိုထားတော်မူ၏ ---
အဝိဇ္ဇာနိရောဓာ ရူပနိရောဓောတိ အဂ္ဂမဂ္ဂဉာဏေန အဝိဇ္ဇာယ အနုပ္ပါဒနိရောဓတော အနာဂတဿ ရူပဿ အနုပ္ပါဒနိရောဓော ဟောတိ ပစ္စယာဘာဝေ အဘာဝတော။ ပ ။ တဏှာနိရောဓာ ကမ္မနိရောဓာတိ ဧတ္ထာပိ ဧသေဝ နယော။ (မဟာဋီ၊၂၊၄၂၁။)
ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ဝိပဿနာဉာဏ်စဉ်အတိုင်း ပွားများအားထုတ် လေရာ ပါရမီအားလျော်စွာ မဂ်အစဉ် ဖိုလ်အစဉ်အားဖြင့် အရဟတ္တမဂ်သို့ ဆိုက်ရောက်သွားတော်မူ၏။ ထိုအခါ ထိုအရဟတ္တမဂ်က အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့ကို အကြွင်းမဲ့ ပယ်သတ်တော်မူ၏။ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်ဟူသော ကိလေသာ အဖော်သဟာယ်ကို မရရှိသောကြောင့် ကုသိုလ်ကံ အကုသိုလ်ကံတို့သည်လည်း ဘဝသစ်ကို ဖြစ်စေ နိုင်သည့် စွမ်းအားများ မရှိကြတော့သဖြင့် အမြစ်အရင်းနှင့်တကွ ကုန်ဆုံးပျက်ပြုန်းသွားကြ၏။
ထိုအရဟတ္တမဂ်ကြောင့် အဝိဇ္ဇာ၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်းဟူသော အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် တစ်နည်းဆိုသော် အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံတို့၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ငြိမ်းခြင်းဖြင့် ချုပ်ငြိမ်းခြင်းဟူသော အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်း သွားခြင်းကြောင့် အနာဂတ်ဖြစ်သော ဥပါဒါနက္ခန္ဓာငါးပါး ရုပ်တရား နာမ်တရား၏ ပရိနိဗ္ဗာနစုတိ၏ နောက်ဆွယ်တွင် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်းဟူသော အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွား၏။ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ ဟူသော အကြောင်းတရား၏ မရှိလတ်သော် အကျိုး ခန္ဓာငါးပါးတို့၏လည်း မရှိနိုင် မဖြစ်နိုင်သောကြောင့်တည်း။ (မဟာဋီ၊၂၊၄၂၁။)
သတိပြုပြီး မှတ်သားထားပါ
အထက်ပါ စကားရပ်တို့ကို အသင်သူတော်ကောင်းသည် သတိပြုပြီး မှတ်သားထားပါ။ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံတို့သည် အရဟတ္တမဂ်သို့ ဆိုက်ရောက်ပါမှ နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်းဟူသော အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းကြမည် ဖြစ်၏။ အပြီးတိုင် ချုပ်ငြိမ်းကြမည် ဖြစ်၏။ အကြောင်းတရားတို့ ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုးခန္ဓာငါးပါးတို့သည်လည်း ပရိနိဗ္ဗာနစုတိ၏ အခြားမဲ့၌ အနုပ္ပါဒနိရောဓသဘောအားဖြင့် အပြီးတိုင် ချုပ်ငြိမ်းကြမည် ဖြစ်၏။ ထိုချုပ်ငြိမ်းပုံကို ဥဒယဗ္ဗယ အကျယ်ရှုပွားခန်းတွင် ဉာဏ်ဖြင့် မြင်အောင်ရှုရန် ဘုရားရှင်ကလည်း ညွှန်ကြားထားတော်မူ၏။ ပဋိသမ္ဘိဒါမဂ်ပါဠိတော် (၅၄)၌လည်း ထိုသို့ ရှုပွားရန် ညွှန်ကြားထားတော်မူ၏။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကလည်း ယင်းပဋိသမ္ဘိဒါမဂ် ပါဠိတော်ကြီးကို ကိုးကား၍ ဥဒယဗ္ဗယဉာဏ် အကျယ်ရှုပွားနည်း (၅၀)တို့ကို ဖွင့်ဆိုထားတော်မူ၏။ (ဝိသုဒ္ဓိ၊၂၊၂၆၆-၂၆၇။)
အသင်သူတော်ကောင်းသည်လည်း ယခုအခါ၌ အရဟတ္တမဂ်သို့ မဆိုက်သေးလျှင် ရဟန္တာမဖြစ်သေးလျှင် ထိုအရဟတ္တမဂ်သို့ ဆိုက်မည့်အချိန်သည် ထိုရဟန္တာဖြစ်မည့် အချိန်သည် ခဏပစ္စုပ္ပန်, သန္တတိပစ္စုပ္ပန်, အဒ္ဓါပစ္စုပ္ပန် သဘောအနေဖြင့် ကြည့်ခဲ့သော် အနာဂတ်သာဖြစ်၏။ ထိုနောင်အနာဂတ်တွင် အကြောင်း အကျိုး နှစ်ရပ်လုံးတို့၏ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းပုံကို ယခုကဲ့သို့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေဆဲဖြစ်သော ပုထုဇန်ဘဝကတည်းက ပစ္စယပရိဂ္ဂဟဉာဏ် သမ္မသနဉာဏ် ဥဒယဗ္ဗယဉာဏ်စသော ဝိပဿနာဉာဏ်များကို ရရှိအောင် ကြိုးပမ်းနေသည့် အချိန်ကစ၍ ဉာဏ်ဖြင့်မြင်အောင် သိမ်းဆည်းရှုပွားရတော့မည်သာ ဖြစ်ပေသည်။ သို့အတွက် ဝိပဿနာအရာ၌ အတိတ်အနာဂတ်ကို မရှုရဟူသော အဆိုအမိန့်များမှာ ပါဠိတော် အဋ္ဌကထာ ဋီကာတို့ကို ထိပ်တိုက်ဆန့်ကျင်နေသော ဆန့်ကျင်ဘက် အတိုက်အခံဝါဒတို့သာ ဖြစ်သည်ဟု ဖြူစင်သော စိတ်ထားဖြင့် ယောနိသောမနသိကာရကို ေ့ရှသွားပြုလျက် ရိုသေစွာ နာယူမှတ်သားလေရာသည်။
အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးတို့၏ အတွင်း၌ တည်ရှိကြသော အကြောင်းတရား အကျိုးတရား တို့ကို ဉာဏ်ဖြင့်ပိုင်းခြားယူရာ သိမ်းဆည်းရာ၌ ပိုမို ဉာဏ်အမြင် သန့်ရှင်းလာစေရန် ရည်သန်၍ ယောဂီ သူတော်ကောင်းတစ်ဦး၏ သံသရာဘဝဇာတ်ခုံ၌ အဖြစ်မျိုး စုံလင်ခဲ့ရပုံကို ပုံစံတစ်ခုအဖြစ် ထုတ်ဆောင်၍ ဖော်ပြအပ်ပါသည်။
၁။ ပထမအတိတ် --- (အမျိုးသမီးဘဝ) --- ထိုယောဂီသည် ပဋိသန္ဓေတိုင်အောင်သော ရုပ်နာမ်တို့ကို သိမ်းဆည်းပြီးသောအခါ ထိုပဋိသန္ဓေ နာမ်ရုပ်တို့ကို ဖြစ်စေတတ်သည့် အကြောင်းတရားတို့ကို တစ်ဆင့်တက်၍ ရှာဖွေခဲ့သော် လွန်ခဲ့သော ပထမအတိတ်ဘဝ သေခါနီးကာလဝယ် စေတီတော်တစ်ဆူအား အမျိုးသမီးဘဝဖြင့် ပန်းလှူနေသည့် ကံအာရုံနိမိတ် ထင်နေသည်ကို တွေ့ရ၏။ စေတနာ ဦးဆောင်နေသည့် ယင်းပန်းလှူသည့် ယင်းကုသိုလ်-စေတနာ-သင်္ခါရအုပ်စု၌ နာမ်တရား (၃၄) ရှိ၏။ တိဟိတ် သောမနဿ ကုသိုလ်သင်္ခါရအုပ်စုပင် ဖြစ်၏။ မနောဒွါရဝီထိတည်း။ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကို ဆက်လက်ရှာဖွေကြည့်ရာ နိဗ္ဗာန်ကိုပင် ဆုတောင်း ပန်ထွာနေသည့် စိတ်အစဉ်တို့ကိုသာ တွေ့ရ၏။ သို့သော် သေသေချာချာ ပြန်လည်၍ ဆန်းစစ်ကြည့်သောအခါ နိဗ္ဗာန်ကိုပင် ဆုတောင်းပန်ထွာနေသည် မှန်သော်လည်း စိတ်အစဉ်တွင် နိဗ္ဗာန်ရနိုင်သည့် အမျိုးသမီးဘဝဘက်သို့ ညွတ်ယိမ်း ကိုင်းရှိုင်းနေသည့် သဘောကို တွေ့ရ၏။ ပန်းလှူခဲ့စဉ်က နိဗ္ဗာန်ကို ရနိုင်သည့် အမျိုးသမီး ဘဝဘက်သို့ ညွတ်ယိမ်း ကိုင်းရှိုင်းသော စိတ်ထားရှိသကဲ့သို့ အလားတူပင် သေခါနီးကာလဝယ် ထိုကံအာရုံသည် အသစ်တစ်ဖန် ပြုနေသည်၏ အစွမ်းအားဖြင့် မနောဒွါရ၌ ထင်လာသောအခါ၌လည်း နိဗ္ဗာန်ကို ရရှိနိုင်သည့် အမျိုးသမီးဘဝ ဘက်သို့ပင် စိတ်အစဉ်သည် ညွတ်ယိမ်း ကိုင်းရှိုင်းနေသည်ကို တွေ့ရ၏။ နိဗ္ဗာန်ကို ရရှိနိုင်သည့် အမျိုးသမီးဟု အသိမှားမှု, ယင်းဘဝကို တွယ်တာမှု, စိတ်စွဲလမ်းမှုတို့ကား အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့တည်း။ မနောဒွါရိက ဇောဝီထိ စိတ်အစဉ်တည်း။ ဇောအသီးအသီး၌ လောဘဒိဋ္ဌိအုပ်စု နာမ်တရား အလုံး (၂၀)စီ အသီးအသီး ရှိ၏။ ယင်း အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့ ခြံရံထားအပ်သော ပန်းလှူသည့် ကုသိုလ်စေတနာ သင်္ခါရအုပ်စု (၃၄)၏ ကမ္မသတ္တိကို ရှာဖွေလျက် လက်ရှိပစ္စုပ္ပန်ဘဝ ပဋိသန္ဓေအခိုက် ရုပ်တရား နာမ်တရားတို့နှင့် ကြောင်း-ကျိုး ဆက်နွယ်မှု ရှိမရှိကို ဉာဏ်ဖြင့် စူးစမ်း၍ ရှုကြည့်လေရာ ယင်းကံကြောင့် ပဋိသန္ဓေ ခန္ဓာငါးပါးစသည့် ဝိပါက်ခန္ဓာတို့ ဖြစ်ပေါ်လာသည်ကို တွေ့ရှိရ၏။
အခြားကံများ --- ရှာဖွေတွေ့ရှိသော အခြား ထူးခြားသော ကံများမှာ ဘာဝနာကံများပင် ဖြစ်ကြ၏။ အဖြူရောင် ဩဒါတကသိုဏ်းကို ရှုနိုင်ခဲ့၏။ ဓာတ်ကြီးလေးပါးကို ရှုနိုင်ခဲ့၏။ ရုပ်ကလာပ်များကို တွေ့မြင်ခဲ့၏။ သို့သော် ရုပ်ကလာပ်များကိုကား ဓာတ်မခွဲနိုင်သဖြင့် ပရမတ်သို့ ဉာဏ်အမြင် မဆိုက်ခဲ့ပေ။ ဤဘာဝနာကံတို့၏ စွမ်းဟုန်ကြောင့် ဤဘဝတွင် ဘာဝနာလုပ်ငန်းခွင်၌ ဉာဏ်ပညာထက်မြက်သူ သူတော်ကောင်းတစ်ဦးကား ဖြစ်လာ ရပေသည်။
၂။ ဒုတိယအတိတ် --- (ရုက္ခစိုးနတ်သမီးဘဝ) --- ထိုဘဝတွင် ဩပပါတိကပဋိသန္ဓေ တည်နေခဲ့ရ၏။ ပဋိသန္ဓေအခိုက် ရုပ်တရားတို့မှာ ရုပ်ကလာပ်အမျိုးအစား (၇)မျိုး = ရုပ်အမျိုးအစား (ရဝ)တို့ ဖြစ်ကြ၏၊ ပဋိသန္ဓေ နာမ်တရားတို့မှာ (၃၄) ဖြစ်ကြ၏။
ထိုရုက္ခစိုးနတ်သမီးဘဝတွင် မိမိနေရာ တောအုပ်အတွင်းသို့ ကြွလာတော်မူသော ရဟန်းတော် (၃)ပါးတို့ အား ဆွမ်းလောင်းလှူခွင့် ရခဲ့၏။ လူအမျိုးသမီးဘဝကို တောင့်တခဲ့၏။ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့မှာ (၂၀) ဖြစ်ကြ၏။ သင်္ခါရ-ကံတို့မှာ (၃၄) ဖြစ်ကြ၏။ သေခါနီး မရဏာသန္နအခါဝယ် ယင်းကံအာရုံနိမိတ်သည် မနောဒွါရ၌ ထင်လာ၏။ ယင်းဆွမ်းလှူသည့်ကံကြောင့် ပထမအတိတ်တွင် အမျိုးသမီးဘဝ = ဝိပါက်ခန္ဓာငါးပါးကို ရရှိလာပေသည်။
၃။ တတိယအတိတ် --- (အဖွားအိုဘဝ) --- ဒုတိယအတိတ် အကြောင်းတရားနှင့် ပထမအတိတ် အကျိုးတရား တို့ကို အကြောင်းနှင့် အကျိုး ဆက်စပ်လျက် သိမ်းဆည်းပြီးသောအခါ ဒုတိယအတိတ်ဘဝ၏ (= ရုက္ခစိုးနတ်သမီး ဘဝ၏) ရုပ်နာမ်တို့ကို ပဋိသန္ဓေသို့တိုင်အောင် ဆက်လက် သိမ်းဆည်းပြီးသောအခါ တတိယအတိတ်၌ ထူထောင် ခဲ့သော အကြောင်းတရားတို့ကို ဆက်လက်၍ ရှာဖွေရာ တတိယအတိတ်တွင် အမျိုးသမီးပင် ဖြစ်ခဲ့သည်ကို တွေ့ရ၏၊ ဆင်းရဲနွမ်းပါး၏၊ တောသူမ ဖြစ်ခဲ့ရ၏။ တောရွာဓလေ့ထုံးစံအတိုင်း ဘုန်းတော်ကြီးကျောင်းများသို့ သွား၍ ဆွမ်းအုပ်များ လှူဒါန်းခဲ့၏၊ ဥပုသ်စောင့်သုံးခဲ့၏၊ သီလဆောက်တည်ခဲ့၏။ မိမိ၏ အိမ်တွင် တစ်ယောက်တည်းသာ နေထိုင်ခဲ့၏။ အိမ်ရှိ ဘုရားရုပ်ပွားတော်ကို နေ့စဉ်လိုလို ဆီမီးပူဇော်ခဲ့၏။ အဖွားအိုဘဝ သေခါနီး ကာလတွင် ယင်းဆီမီးလှူသည့် ကံ၏ စွမ်းအားကြောင့် သစ်ပင်ထက်တွင် နတ်ဗိမာန် ဂတိနိမိတ်ထင်လာ၏။ ကောင်းမှုကုသိုလ်ပြုစဉ်က နတ်သမီးဘဝကို ဆုမတောင်းခဲ့သော်လည်း ရံခါ နတ်ဘဝသို့ စိတ်ညွတ်ကိုင်းရှိုင်းမှုကား ရှိခဲ့၏။ သေခါနီးကာလတွင် ယင်း နတ်ဗိမာန် ဂတိနိမိတ်အာရုံကို အာရုံပြု၍ မရဏာသန္နဇောသည် စောခဲ့၏။ ယင်း မရဏာသန္နဇော၏ အာရုံကိုပင် ဒုတိယအတိတ် ရုက္ခစိုးနတ်သမီးဘဝ၏ ပဋိသန္ဓေ-ဘဝင်-စုတိတို့က ဆက်လက်၍ အာရုံယူကြသည်။ သို့သော် ထိုရုက္ခစိုးနတ်သမီးဘဝတွင် သက်တမ်းကား ရှည်ရှည်နေခဲ့ရပုံ မပေါ်ပေ။[အဝိဇ္ဇာ-တဏှာ-ဥပါဒါန် (=၂၀), ဆီမီးလှူသည့် ကုသိုလ်စေတနာ သင်္ခါရ-ကံ အုပ်စု (၃၄) အသီးအသီး ဖြစ်သည်၊၊]
၄။ စတုတ္ထအတိတ် --- (ရဟန်းဘဝ) --- တစ်ဖန် တတိယအတိတ် အကြောင်းတရားနှင့် ဒုတိယအတိတ် အကျိုးတရားတို့ကို သိမ်းဆည်းပြီးသောအခါ တတိယအတိတ် ခန္ဓာငါးပါးတို့ကို ဖြစ်စေတတ်သည့် စတုတ္ထအတိတ်၌ ထူထောင်ခဲ့သည့် အကြောင်းတရားတို့ကို ဆက်လက်၍ ရှာဖွေကြည့်ရာ ကိုရင်ဘဝ ရဟန်းဘဝ၌ ထူထောင်ခဲ့သော ကံတို့ကို တွေ့ရ၏။ ကိုရင်ဘဝတွင် စာပေကျမ်းဂန်များကို သင်ယူခဲ့၏၊ ရွတ်ဖတ် သရဇ္ဈာယ်ခဲ့၏၊ ရဟန်းဘဝသို့ ရောက်ရှိခဲ့၏၊ သက်တော် ရွယ်တော်ကြီးရင့်လာသောအခါ၌ သစ်တစ်ပင်ရင်း ဝါးတစ်ပင်အောက်တို့၌ လည်းကောင်း, ရေကန်ပတ်ဝန်းကျင်တွင်လည်းကောင်း ကသိုဏ်းစျာန်များကို ပွားများအားထုတ်ခဲ့၏၊ စတုတ္ထစျာန် အထိ ပေါက်ရောက်ခဲ့၏၊ သို့သော် ဝိပဿနာသို့ကား မကူးနိုင်ခဲ့ပေ။ စျာန်များမှာ ခိုင်မြဲမှုမရှိဘဲ မကြာခဏ လျှောကျခဲ့၏။ တောကျောင်း တောင်ကျောင်းပင် ဖြစ်သည်။ မိမိ ဆွမ်းခံ၍ ရရှိသော ဆွမ်းများကို နေ့စဉ်လိုလို ဘုရားရုပ်ပွားတော်အား ဆက်ကပ်လှူဒါန်းခဲ့၏။
ပျံလွန်တော်မူခါနီးတွင် အနာရောဂါနှိပ်စက်သဖြင့် တရားလက်လွတ် ဖြစ်နေ၏။ မိခင်ကို တမ်းတ အာရုံညွတ်နေမိ၏။ မိခင်ကို တမ်းတ အာရုံညွတ်နေသော စိတ်ထားသည် ပျံလွန်တော်မူခါနီးတွင် လွှမ်းမိုးဖိစီးနေ၏။ ထိုစိတ်ထားကပင် မရဏာသန္နဇောအခိုက်၌ အမျိုးသမီးဘဝသို့ ညွတ်ကိုင်းရှိုင်းသော စိတ်ထားများကို ထပ်ဆင့် ပေါ်လာစေသည်။ ဆွမ်းလှူသည့် ကံကို ထူထောင်ခဲ့စဉ်က အမျိုးသမီးဘဝသို့ ညွတ်ကိုင်းရှိုင်းသော စိတ်ဓာတ်မရှိ သေးသော်လည်း ထိုအမျိုးသမီးဘဝကို တွယ်တာတပ်မက်တတ်သည့် ရာဂါနုသယသည် အနုသယဓာတ်အနေဖြင့် ကိန်းဝပ်လျက် ရှိခဲ့၏။ ပျံလွန်တော်မူခါနီးကာလတွင် ယင်းဆွမ်းလှူသည့် ကံ၏ စွမ်းအားကြောင့် ရုပ်ပွားတော်အား အသစ်တစ်ဖန် ဆွမ်းလှူနေသကဲ့သို့ ဆွမ်းလှူနေသည့် ကံအာရုံနိမိတ်သည် ထင်လာ၏။ ယင်းကံအာရုံ၌ အမျိုးသမီးဘဝသို့ ညွတ်ကိုင်းရှိုင်းသော စိတ်ဓာတ်များက ခြံရံလျက် ရှိပေ၏။ ရုပ်ပွားတော်အား ဆွမ်းလှူခဲ့သည့် ယင်းသင်္ခါရ ကံကြောင့် တတိယအတိတ်ဘဝတွင် အမျိုးသမီးဘဝကို ရရှိခဲ့၏။ [အဝိဇ္ဇာ-တဏှာ-ဥပါဒါန် (=၂၀), သင်္ခါရ-ကံ (= ၃၄) အသီးအသီး ဖြစ်၏။]
သေခါနီးကာလ စိတ်အစဉ်တို့ကား အိပ်မက်အသွင်ကဲ့သို့ အလွန်အားပျော့သော စိတ်အစဉ်များသာ ဖြစ်ကြ၏။ ယခုကဲ့သို့ သေခြင်းလျှင် အဆုံးအပိုင်းအခြားရှိသော ဝေဒနာများက အပြင်းအထန် နှိပ်စက်လာသောအခါ မိမိ၏ စိတ်အစဉ်ကို မိမိလိုရာ အာရုံ၌ ချည်ထားနိုင်သည့် စွမ်းအားများရှိနေအောင် ကြိုတင် ပြင်ဆင်မှုကား လိုအပ်သည်သာ ဖြစ်၏။ စိတ်ချရသော ကြိုတင်ပြင်ဆင်မှု မရှိပါက အလွန်အားပျော့နေသော စိတ်အစဉ်သည် တွယ်မိ တွယ်ရာ အာရုံကို လှမ်း၍ တွယ်နေတတ်၏။ ပင်လယ်အတွင်း လှေသင်္ဘောပျက်၍ ကူးခပ်နေသူသည် ခြေကုန် လက်ပန်းကျလာသောအခါ ရမိရရာ တွယ်တာစရာ မှီခိုစရာ တစ်ခုကိုကား ရအောင်ယူတော့၏။ လူသေကောင်ကိုပင်ဖြစ်စေ တွေ့ရှိပါက လှမ်း၍ ဖက်တော့၏။ ဤဥပမာအတိုင်းပင် သေခါနီးကာလဝယ် အလွန် အားပျော့နေသော စိတ်အစဉ်သည် အကောင်းအဆိုး အကြောင်းအကျိုးကို မရွေးချယ်နိုင်တော့ဘဲ ရမိရရာ အာရုံကို အရဖမ်းယူလေတော့၏။ စိတ်အစဉ်၌ ရွေးချယ်နိုင်သည့် စွမ်းအားများ ကုန်ခန်းနေချိန် ဖြစ်၏။ အိပ်မက်တွင် ဖြစ်ပေါ်နေသော စိတ်အစဉ်သည် ရောက်တတ်ရာရာ အာရုံကို အရ ဖမ်းယူနေသကဲ့သို့ပင် ဖြစ်၏။ စိတ္တေန နီယတေ လောကော- ဟူသည်နှင့် အညီ ထိုထိုဘဝသို့ ရောက်ရှိသွားအောင် စိတ်က ပို့ဆောင်ပေးခြင်းပင် ဖြစ်၏။ ဖြူစင်သော စိတ်သည် အလွန်မြတ်နိုးဖွယ်ကောင်းသော်လည်း ကိလေသာ အညစ်အကြေးတို့ လူးလည်းပေကျံနေသော စိတ်ကား အလွန် ရွံရှာစက်ဆုပ်ဖွယ် ကောင်းလှ၏၊ အလွန် ကြောက်ဖွယ်လည်း ကောင်းလှ၏။ သတိရှိစေ။
၅။ ပဉ္စမအတိတ် --- (အဖိုးအိုဘဝ) --- ပဉ္စမအတိတ်၌ ထူထောင်ခဲ့သော အကြောင်းတရားတို့ကို ရှာဖွေကြည့်ရာ အဖိုးအိုဘဝဖြင့် စေတီတော်တစ်ဆူအား ရှိခိုးဝတ်ပြုနေသည့် ကုသိုလ်စေတနာသင်္ခါရ အုပ်စုတို့ကို တွေ့ရှိရ၏။ သာသနာညှိုးမှိန်နေသည့် ဒေသတွင် ပျောက်ကွယ်လုနီး အချိန်၌ လူ့ဘဝကို ရရှိခြင်းဖြစ်၏။ သာသနာ ထွန်းကားရာဒေသတွင် သာသနာပြုလိုသော ကုသိုလ်ဆန္ဒဓာတ်ဖြင့် စေတီတော်အား ရှိခိုးပူဇော်လျက် သာသနာပြုနိုင်သည့် ရဟန်းဘဝကို ဆုတောင်းခဲ့၏။ စေတီတော်အား ရှိခိုးပူဇော်သည့် ကံအာရုံသည် သေခါနီး မရဏာသန္နအခါတွင် ထင်လာ၏။ ယင်းကံကြောင့် စတုတ္ထအတိတ်တွင် ရဟန်းဘဝကို ရရှိခဲ့ခြင်း ဖြစ်၏။ [အဝိဇ္ဇာ-တဏှာ-ဥပါဒါန် (=၂၀), သင်္ခါရ-ကံ (= ၃၄) အသီးအသီး ဖြစ်၏။]
၆။ ဆဋ္ဌအတိတ် --- (အမျိုးသမီးဘဝ။) --- ဗုဒ္ဓဘာသာကို ယုံကြည်သိမှတ် ဆည်းကပ်ကိုးကွယ်သူ အမျိုးကောင်းသမီးတစ်ဦး ဖြစ်ခဲ့၏။ ဝါဂွမ်းများကို စိုက်ပျိုးလျက် ဆွတ်ခူးပြီးလျှင် အထည်ယက်လုပ်ကာ အသက်မွေးခဲ့၏။ ခင်ပွန်းအဘိုးကြီး သေဆုံးစဉ် ပရိဒေဝမီးကြီး အကြီးအကျယ် တောက်လောင်ခဲ့၏။ သံသရာဝဋ်ဆင်းရဲ ဒုက္ခကြီးမှ လွတ်မြောက်လိုသော ဆန္ဒဓာတ်များ တဖွားဖွား ဖြစ်ပေါ်လာခဲ့၏။ ဤကဲ့သို့သော ပရိဒေဝမီးကြီး အလောင်ခံ ရသည့် အမျိုးသမီးဘဝကိုလည်း အလိုမရှိဖြစ်ခဲ့၏။ ထိုကြောင့် ရုပ်ပွားတော် တစ်ဆူတွင် ကောင်းမှုကုသိုလ်ပြုကာ နိဗ္ဗာန်ကိုပင် ဆုတောင်းပန်ထွာခဲ့၏။ သေခါနီး မရဏာသန္နအခါတွင် ရုပ်ပွားတော်အား ရှိခိုးပူဇော်သည့် ကံအာရုံနိမိတ်များ ထင်လာ၏။ အမျိုးသားဘဝသို့ စိတ်ညွတ်ကိုင်းလျက် ရှိ၏။ ယင်းကံကြောင့် ပဉ္စမအတိတ် ဘဝတွင် အမျိုးသားဘဝကို ရရှိခြင်း ဖြစ်၏။
ပရိဒေဝမီး --- ဤယောဂီသည် ကြောင်းကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို ရှုရာ၌ ဖြစ်စေ၊ အတိတ်အဆက်ဆက်မှသည် အနာဂတ်သို့တိုင်အောင်သော ရုပ်နာမ်တို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုရာ၌ ဖြစ်စေ၊ ထို (၆)ခုမြောက် အတိတ်ဘဝတွင် ခင်ပွန်းသည်အဘိုးကြီး ကွယ်လွန်သဖြင့် ပရိဒေဝမီးကြီး တောက်လောင် နေချိန်ဝယ် ဝမ်းနည်းကြေကွဲနေသည့် နာမ်သန္တတိအစဉ်တို့ကိုလှမ်း၍ သိမ်းဆည်းရှုပွားမိတိုင်း ယခုတိုင်အောင် ပြန်လည် ဝမ်းနည်းလာတတ်၏။ ဥပမာ ပြုံးရွှင်နေသော မိတ်ဆွေတစ်ဦးကိုတွေ့ရှိပါက ထိုပြုံးရွှင်နေသော အာရုံက မိမိ၏ စိတ်အစဉ်အား သောမနဿဝေဒနာ ပြဓာန်းသည့် ပီတိပန်းများ ပွင့်လန်းဝေဆာလာအောင် အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးလိုက်သဖြင့် မိမိ၏ စိတ်အစဉ်ဝယ် အပြုံးဓာတ်များ ဝင်လာသကဲ့သို့ လည်းကောင်း, ဝမ်းနည်း ကြေကွဲနေသော ဒုက္ခရောက်နေသည့် အလွန်ချစ်ခင်သည့် မိတ်ဆွေတစ်ဦးကို တွေ့ရပြန်ကလည်း ထိုစိတ်မချမ်းမြေ့ဖွယ်ရာ ကြေကွဲဖွယ်ရာ အာရုံက မိမိ၏ စိတ်အစဉ်အား ဒေါမနဿဝေဒနာ ပြဓာန်းသည့် ဝမ်းနည်းသည့် စိတ်အစဉ်များ ဖြစ်ပေါ်လာအောင် အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေး လိုက်သဖြင့် ဒေါမနဿဝေဒနာ ပြဓာန်းသည့် ဝမ်းနည်းသည့် စိတ်အစဉ်များ ဖြစ်ပေါ်လာသကဲ့သို့လည်းကောင်း, အလားတူပင် အတိတ်က ဒေါမနဿဝေဒနာ ပြဓာန်းသည့် ဝမ်းနည်းကြေကွဲနေသည့် နာမ်သန္တတိအစဉ်ကို လှမ်း၍ ရှုလိုက်တိုင်း ထိုနာမ်သန္တတိအစဉ်က အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးလိုက်သဖြင့် ယခု ပစ္စုပ္ပန်တွင်လည်း ဒေါမနဿဝေဒနာ ပြဓာန်းသည့် ဝမ်းနည်းကြေကွဲသည့် စိတ်အစဉ်များ တစ်ဖန်ပြန်၍ အသစ်ဖြစ်ပေါ်လာခြင်းပင် ဖြစ်ပေသည်။
ဤယောဂီကား အတိတ်ဘဝတို့၌ လူဘဝ နတ်ဘဝ တိရစ္ဆာန်ဘဝ ယောက်ျားဘဝ မိန်းမဘဝ စသည်ဖြင့် ဘဝများလည်း စုံခဲ့ဖူးသူ ဖြစ်၏။ သာသနာတွင်း သာသနာပ နှစ်မျိုးတို့၌ လူအဖြစ်ကို ရခဲ့ဖူးသူလည်း ဖြစ်၏။
လွန်ခဲ့သော (၈)ခုမြောက် ဘဝတွင် မိဖုရားတစ်ဦး ဖြစ်ခဲ့ဖူး၏။ ရဟန်းတော်များအား ဆွမ်းကပ်လှူ ပူဇော်ခြင်း, ဘုရားဂုဏ်တော်များကို ပွားများအားထုတ်ခြင်း ပြုခဲ့၏။ သို့သော် ကွယ်လွန်ခါနီးတွင် ထိုကောင်းမှု ကုသိုလ်ကံတို့မှာ အကျိုးပေးဖို့ရန် အခါအခွင့်မသန် ဖြစ်ခဲ့ရ၏။
ဘုရင်အပေါ်တွင် လွန်စွာ ချစ်ခင် မြတ်နိုးခဲ့သူ ဖြစ်ခဲ့၏။ ကွယ်လွန်ခါနီးတွင် ဘုရင်သည် မိမိအနားသို့ တစ်ခါမျှ ရောက်မလာတော့ဘဲ အခြားသူများ ထံတွင်သာ အချိန်ဖြုန်းနေသည်ကို သိရှိရ၍ ဝမ်းနည်းကြေကွဲနေ၏။ လှိုင်ထိပ်ခေါင်တင်ကဲ့သို့ ချောင်သေလာ ရွှေဝါကွေ့မှာ တောမွေ့လိုသည့် စိတ်ဓာတ်များ ပေါ်မလာဘဲ လွမ်းဆွတ် တမ်းတလျက် ကြေကွဲဝမ်းနည်းနေသော ဆုတ်နစ်သော ဒေါသပြဓာန်းသည့် စိတ်အစဉ်တို့ကသာ လွှမ်းမိုးနေ၏။ စိတ်မချမ်းမမြေ့ ဖြစ်နေသည့် ဆုတ်နစ်သော ဒေါမနဿဝေဒနာ ပြဓာန်းသည့် စိတ်အစဉ်တို့သည် မရဏာ သန္နဇော၏ နေရာကို အရယူသွားကြ၏။ ယင်းမရဏာသန္နဇောအခိုက်တွင် သေခါနီးတွင် ကပ်၍ ပြုစုပျိုးထောင် နေသော ယင်းဒေါသပြဓာန်းသည့် အကုသိုလ်ကံကြောင့် တိရစ္ဆာနယောနိ ဂတိနိမိတ်များထင်လျက် ဘဝကို အဆုံးသတ်ခဲ့ရ၏။ သတ္တမ = (၇)ခုမြောက် အတိတ်တွင် သမင်မဘဝကို ရရှိခဲ့ပြန်၏။ အိမ်ရှင်အပေါ်၌ အိမ်ရှင်မ အပေါ်၌ လွမ်းဆွတ်လျက် တသသ ဖြစ်နေသူများ, တမ်းတငိုယိုနေသူများ, ဘဝကို နာကြည်းနေသူများ သတိထား သင့်သော အချက်တစ်ရပ်ပင် ဖြစ်သည်။
တစ်ဖန် ထိုတိရစ္ဆာန်ဘဝတွင် မုဆိုး၏ လက်ချက်ဖြင့် ဘဝကို အဆုံးသတ်ခဲ့ရပြန်၏၊ သို့သော် ယင်းသမင် ဘဝ သေခါနီးကာလတွင် (၈)ခုမြောက် အတိတ် မိဖုရားဘဝက ပြုစုပျိုးထောင်ခဲ့သော ရဟန်းတော်များအား ဆွမ်းလှူခဲ့ဖူးသော အပရာပရိယကံသည် ရင့်ကျက်ခြင်းသို့ ရောက်ရှိလာသဖြင့် အကျိုးပေးဖို့ရန် အခါအခွင့် သင့်လာရကား သံဃာတော်အား ဆွမ်းလှူနေသည့် ကံအာရုံနိမိတ်များ ထင်နေ၏။ ယင်းကံကြောင့် (၆)ခုမြောက် အတိတ်တွင် ခင်ပွန်းသေ၍ ကြေကွဲဝမ်းနည်းရသည့် အမျိုးသမီးဖြစ်ရပြန်ပေသည်။
ခင်ပွန်းအပေါ်၌ တွယ်တာတပ်မက် ချစ်ခင်မြတ်နိုးသည့် ဓာတ်ငွေ့, ခင်ပွန်းကို အကြောင်းပြု၍ ဝမ်းနည်း ကြေကွဲသည့် ဓာတ်ငွေ့ ---- ဤဓာတ်ငွေ့တို့ကား အစဉ်တစိုက် လိုက်ပါနေသည်ကို တွေ့ရပေသည်။
တစ်ဖန် (၂၀)ခုမြောက် ဘဝကို ကြည့်လိုက်သောအခါ အမျိုးသားဘဝကို တွေ့ရ၏။ ထိုအမျိုးသားဘဝတွင် မိမိ၏ အလုပ်အကျွေး အမှုထမ်းတစ်ဦးကို လုပ်ခအပြည့်အဝ မပေးသော အဒိန္နာဒါန အကုသိုလ်ကြောင့် (၁၉)ခုမြောက် ဘဝတွင် နွားဘဝသို့ ရောက်ရှိခဲ့ပြန်၏။
နွားဘဝတွင် မိမိအရှင်သခင်၏ ရွတ်ဖတ်ပူဇော်နေသော ဘုရားဂုဏ်တော်များကို အမြဲလိုလို ကြားနာနေရ၏၊ ထိုသို့ ကြားနာနေရစဉ် ပီတိပြဓာန်းသည့် ကုသိုလ်ပန်းများလည်း ပွင့်လန်းခွင့် ရရှိခဲ့၏။ ဘုရားဂုဏ်တော်များကို ကြားနာရသည့် ယင်းဓမ္မဿဝနကုသိုလ်ကြောင့် (၁၈)ခုမြောက် အတိတ်တွင် အမျိုးသားဘဝကို ရရှိခဲ့ပြန်သည်။ မဏ္ဍုကဒေဝပုတ္တ အမည်ရသော ဖားနတ်သားကဲ့သို့ပင် ဖြစ်သည်။
ယင်းအမျိုးသားဘဝတွင် ကျွဲနွားများကို ဘေးမဲ့လွှတ်ခဲ့၏၊ အဘယဒါန ဇီဝိတဒါနပင်တည်း။ ရေကရားဖြင့် ရေသွန်းလောင်းကာ သံသရာဝဋ်ဒုက္ခမှ ထွက်မြောက်လိုကြောင်း ဆုတောင်းပန်ထွာခဲ့၏။ ယင်းကောင်းမှုကုသိုလ် ကြောင့် (၁၇)ခုမြောက် ဘဝတွင် ရသေ့ဘဝကို ရရှိခဲ့၏။ ထိုဘဝတွင် သီလဖြူစင်ခဲ့၏။ သမထဘာဝနာတို့ကို ပြုစုပျိုးထောင်နိုင်ခဲ့၏။
တစ်ဖန် (၂၁)ခုမြောက် ဘဝတွင်ကား ကချေသည် အမျိုးသမီးတစ်ဦး ဖြစ်ခဲ့ရပြန်၏။ ကချေသည် အဖြစ်ဖြင့် အသက်မွေးခဲ့ရ၏။ ကချေသည်ဘဝတွင် မိမိကိုယ်ခန္ဓာကို တပ်မက် ပြစ်မှားကြသော ပရိသတ်ကြောင့် အမျိုးသမီးဘဝကို ရွံရှာစက်ဆုပ်ပြီး --- အမျိုးသားဘဝကို ရရှိလိုကြောင်း ဘုရားရှိခိုးကာ ဆုတောင်းပန်ထွာခဲ့ ပြန်၏။ ယင်းကုသိုလ်ကောင်းမှုကြောင့် (၂၀)ခုမြောက် အမျိုးသားဘဝကို ရရှိခဲ့ခြင်း ဖြစ်၏။
အတိတ် သံသရာခရီးကား ရှည်လျားလွန်းလှ၏၊ ဉာဏ်ဖြင့် အစဉ်လျှောက်၍သော်လည်း မသိအပ် မသိနိုင် သော အစရှိ၏။ အဝိဇ္ဇာ နီဝရဏတရားသည် ပိတ်ဖုံး ကာဆီးထားအပ်သည် ဖြစ်၍ တဏှာတည်းဟူသော သံယောဇဉ်ကြိုးက ရစ်ပတ် နှောင်ဖွဲ့ထားအပ်သည် ဖြစ်၍ ထိုဘဝမှ ဤဘဝ, ဤဘဝမှ ထိုဘဝသို့ တပြောင်းပြန်ပြန် ကျင်လည်ကျက်စား ပြေးသွား၍ နေကြရကုန်သော, တစ်ခုသော ဘဝ၌လည်း ထပ်ခါထပ်ခါ ကျင်လည်ကျက်စား ပြေးသွား၍ နေကြရကုန်သော သတ္တဝါတို့၏ သံသရာ၏ ရှေးအစွန်းကိုကား သာဝကတို့သည် မသိအပ် မသိနိုင်ပေ။
ထိုမျှ ရှည်လျားလှသော အတိတ်သံသရာ ခရီးတစ်လျှောက်၌ သာဝကတို့သည် အကြောင်းတရားနှင့် အကျိုးတရားတို့ကို ကုန်စင်အောင်ကား မသိမ်းဆည်းနိုင်ကြသည်သာ ဖြစ်၏။ အတိတ်၌လည်း အကြောင်း တရားနှင့် အကျိုးတရားသာရှိ၏ဟု အသိဉာဏ်သန့်ရှင်းရေးအတွက် အတိတ်ဘဝအနည်းငယ်ကိုကား ရှုဖို့ရန် လိုအပ်ပေသည်။ အထူးသဖြင့် မဂ်ဖိုလ်နိဗ္ဗာန်သို့ ရောက်ကြောင်း ဝိဇ္ဇာမျိုးစေ့ကောင်း စရဏမျိုးစေ့ကောင်းများကို ထူထောင်ခဲ့သည့် ဘဝသို့တိုင်အောင်ကား အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းသင့်ပေသည်။
ဤယောဂီသူတော်ကောင်း၏ အတိတ်အကြောင်းတရားပိုင်းတွင် နိဗ္ဗာန်ကို ရည်ရွယ်တောင့်တ၍ ပြုစု ပျိုးထောင်ခဲ့သော စရဏမျိုးစေ့ကောင်း ဝိဇ္ဇာမျိုးစေ့ကောင်းများကို ရှာဖွေကြည့်ရာ --- စရဏမျိုးစေ့ပိုင်းတွင် ဒါန သီလ သမထ ဘာဝနာ ကုသိုလ်မျိုးစေ့များ စုံစုံညီညီ ပါဝင်နေသည်ကို တွေ့ရ၏။ ဝိဇ္ဇာမျိုးစေ့ပိုင်းတွင်ကား ဓာတ်ကြီးလေးပါးမျှကိုသာ ရှုခဲ့ဖူးသည်ကို တွေ့ရ၏။
လယ်တီဆရာတော်ဘုရားကြီး၏ အယူ
၁။ သာဝကတစ်ဦးသည် --- ရုပ်နာမ်တို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းခဲ့ဖူးလျှင် တတိယတန်း အကောင်းစား ဝိဇ္ဇာမျိုးစေ့ဖြစ်ကြောင်းကိုလည်းကောင်း,
၂။ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးတို့၌ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းခဲ့ဖူး သဖြင့် ပစ္စယပရိဂ္ဂဟဉာဏ်တိုင်အောင် ရရှိခဲ့ဖူးလျှင် ဒုတိယတန်း အကောင်းစား ဝိဇ္ဇာမျိုးစေ့ ဖြစ်ကြောင်းကို လည်းကောင်း,
၃။ ယင်းရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာဉာဏ်ဖြင့် ကြိတ်ချေခဲ့ဖူးလျှင် ဝိပဿနာဉာဏ်များကို ရရှိခဲ့ဖူးလျှင် ပထမတန်း အကောင်းစား ဝိဇ္ဇာမျိုးစေ့ ဖြစ်ကြောင်းကိုလည်းကောင်း,
၄။ ထိုမျှ မရခဲ့ဖူးလျှင် ဓာတ်ကြီးလေးပါးလောက်မျှကို ရှုခဲ့ဖူးလျှင်လည်း သာဝကပါရမီဉာဏ်အရာ၌ လုံလောက်သော ဝိဇ္ဇာမျိုးစေ့ ဖြစ်ကြောင်း, မဂ်ဖိုလ် နိဗ္ဗာန်ကို ရနိုင်ကြောင်းကိုလည်းကောင်း ဆုံးဖြတ် ထားတော်မူ၏။ ဗောဓိပက္ခိယဒီပနီစသည်တွင်ကြည့်ပါ။
စရဏမျိုးစေ့ကား လက်ခြေနှင့်တူ၏။ ဝိဇ္ဇာမျိုးစေ့ကား မျက်စိနှင့် တူ၏။ လက်ခြေသည် လိုရာအရပ်သို့ ရောက်အောင် ပို့ဆောင်ပေးသကဲ့သို့ လက်ဖြင့် ပြုလုပ်ရမည့် လိုရာ လုပ်ငန်းရပ်ကို ပြီးစီးအောင် ရွက်ဆောင်ပေးနိုင် သကဲ့သို့ အလားတူပင် စရဏမျိုးစေ့သည် နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရားတို့ကို ဟောကြားပြသ ဆိုဆုံးမပေးမည့် ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့နှင့် တွေ့အောင် ကြုံအောင်, မိကောင်း ဖကောင်း ဆရာကောင်း သမားကောင်း မိတ်ကောင်း ဆွေကောင်းတို့နှင့် တွေ့အောင် ကြုံအောင် ပို့ဆောင်ပေး၏။ မျက်စိသည် ရူပါရုံအမျိုးမျိုးကို မြင်နိုင်သကဲ့သို့ အလားတူပင် ဝိဇ္ဇာမျိုးစေ့သည် ဘုရားအစရှိသော သူတော်ကောင်း တို့ထံမှ သစ္စာလေးပါးနှင့် စပ်သော တရားစကားကို နာကြားခွင့် ရရှိလာသောအခါ တရားတော်ကို ခံယူနိုင်သော စွမ်းအားကို ဖြစ်စေ၏။ သစ္စာလေးပါးကို ထွင်းဖောက်သိအောင် မြင်အောင် ကျေးဇူးပြုပေး၏။ သို့အတွက် သာဝကတစ်ဦး နိဗ္ဗာန်ရရှိရေးမှာ စရဏမျိုးစေ့ကောင်း ဝိဇ္ဇာမျိုးစေ့ကောင်း နှစ်မျိုးလုံး လိုအပ်သည်သာ ဖြစ်၏။ သစ္စကပရိဗိုဇ်ကြီးမှာ ဝိဇ္ဇာမျိုးစေ့ ချို့တဲ့၍ မဟာဓနသူဌေးသား ဇနီးမောင်နှံတို့မှာ စရဏမျိုးစေ့ ချို့တဲ့၍ နိဗ္ဗာန် မရရှိကြောင်းကိုလည်း မိမိ၏ဒီပနီများတွင် လယ်တီဆရာတော်ဘုရားက ဆုံးဖြတ်ထားတော်မူ၏။ ဤဘဝတွင် ကြိုးစားသော်လည်း မဂ်ဖိုလ် နိဗ္ဗာန်ကို မျက်မှောက် မပြုနိုင်ခဲ့သော် ဤဘဝတွင် နိဗ္ဗာန်ကို ရည်မှန်း၍ ပြုစု ပျိုးထောင်လိုက်သော ဒါန သီလ သမထ ဝိပဿနာ ဘာဝနာကုသိုလ်တို့ကား စရဏမျိုးစေ့ကောင်း ဝိဇ္ဇာမျိုးစေ့ကောင်းများအရာ၌ တည်ရှိနေမည်သာ ဖြစ်ပေသည်။
အနာဂတ်၌ အကြောင်းအကျိုး
အထက်တွင် ဖော်ပြထားသော ယောဂီကား ရဟန်းဘဝသည် မြင့်မြတ်၏ဟု အယူရှိ၏။ ပိဏ္ဍပါတ် ဆွမ်းလောင်းလှူတိုင်း ရဟန်းဘဝကို ဆုတောင်းခဲ့ဖူး၏။ ယခု အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်း နေခိုက်၌ ဖြစ်ပေါ်နေကြသော ရုပ်-နာမ်တို့က စ၍ အနာဂတ်ဘက်သို့ ဉာဏ်ကို စေလွှတ်၍ ရုပ်နာမ်တို့ကို သိမ်းဆည်းလေရာ ဤဘဝ သေခါနီး မရဏာသန္နအခါတွင် မနောဒွါရ၌ ပိဏ္ဍပါတ်ဆွမ်းလောင်းလှူနေသည့် ကံအာရုံနိမိတ်များ ထင်နေ၏။ တမေဝ ဝါ ပန ဇနကဘူတံ ကမ္မံ အဘိနဝကရဏဝသေန ဒွါရပတ္တံ ဟောတိ - ဟူသော အဘိဓမ္မတ္ထသင်္ဂဟနှင့်အညီ ပဋိသန္ဓေကျိုးကို ဖြစ်စေတော့မည့် ထိုဇနကကံသည် အသစ်တစ်ဖန် ပြုနေသည်၏ အစွမ်းဖြင့်သေခါနီးကာလ မနောဒွါရဝယ် ထင်လာ၏။
၁။ ရဟန်းဟု အသိမှားမှုကား အဝိဇ္ဇာတည်း။ (=၂၀)
၂။ ရဟန်းဘဝကို တွယ်တာတပ်မက်မှုကား တဏှာတည်း။ (=၂၀)
၃။ ရဟန်းဘဝသို့ စိတ်ကပ်ရောက်စွဲနေမှုကား ဥပါဒါန်တည်း။ (=၂၀)
၄။ ပိဏ္ဍပါတ် ဆွမ်းလောင်းလှူသည့် ကုသိုလ်စေတနာအုပ်စုကား သင်္ခါရတည်း။ (= ၃၄)
၅။ ယင်းကုသိုလ် စေတနာအုပ်စု သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိကား ကံတည်း။
အကြောင်းတရားငါးပါး စုံညီသွားပြီ ဖြစ်၏။ ယင်းအကြောင်းတရား (၅)ပါးကြောင့် ရဟန်းဘဝ ဝိပါက်ခန္ဓာ (၅)ပါး ထင်ရှား ဖြစ်ပေါ်လာကြောင်းကိုလည်း ရှု၍ ရသွား၏။
အနာဂတ်ဘဝသည် ကျိန်းသေဖြစ်မှာလား
အနာဂတ်ဘဝသည် ကျိန်းသေဖြစ်မှာလားဟူသော မေးခွန်းကို ပုဂ္ဂိုလ်ခပ်များများက မေးတတ်ကြ၏။ ယမိုက်ဒေသနာတော်များ၌ ပစ္ဆိမဘဝိက အစစ် အတု နှစ်မျိုးရှိကြောင်း လာရှိ၏ ---
၁။ သောတာပန်အရိယာသူတော်ကောင်း ဖြစ်သည့် နာမည်ကျော် ဒါယကာတော် သိကြားမင်းကဲ့သို့ လူ့ဘဝ နတ်ဘဝ စုန်ဆန်ကျင်လည်ပြီးနောက် အကနိဋ္ဌဗြဟ္မာ့ပြည်တွင် ပရိနိဗ္ဗာန် ဝင်စံရမည့် အရိယာသူတော်ကောင်းများလည်း ရှိကြ၏။
၂။ မဟာဓနသူဌေးသားကဲ့သို့ ရဟန္တာဖြစ်နိုင်သည့် ပါရမီမျိုးစေ့များ ထင်ရှားရှိသော်လည်း ရဟန္တာမဖြစ်ဘဲ ဘဝကို အဆုံးသတ်သွားရသည့် ပစ္ဆိမဘဝိက အတုများလည်း ရှိကြ၏။
၃။ နာမည်ကျော် ဒါယကာတော် အဇာတသတ်ကဲ့သို့ သာမညဖလသုတ္တန်ကို နာကြားရပြီးသည်၏ အဆုံး၌ သောတာပတ္တိဖိုလ်၌ တည်နိုင်သော ပါရမီမျိုးစေ့ကောင်းများ ထင်ရှားရှိသော်လည်း ဖခင်ကို သတ်ခဲ့သည့် ကံက တားမြစ်ထားသည့်အတွက် သောတာပတ္တိဖိုလ်၌ မတည်နိုင်တော့ဘဲ ဘဝကို အဆုံးသတ်သွားရသည့် ပစ္ဆိမဘဝိကအတုများလည်း ရှိကြ၏။
၄။ ဃဋိကာရ အိုးထိန်းသည်ကြီးတို့ကဲ့သို့ လူ့ပြည်တွင် အနာဂါမိမဂ်ဖိုလ်၌ တည်ပြီး၍ အကနိဋ္ဌဗြဟ္မာ့ပြည်သို့ ရောက်ကာ ထိုအကနိဋ္ဌဗြဟ္မာ့ပြည်၌ပင် ပရိနိဗ္ဗာန်စံရမည့် အရိယာ သူတော်ကောင်းကြီးများလည်း ရှိကြ၏။
ဤကဲ့သို့သော သူတော်ကောင်းကြီးများအဖို့ အနာဂတ်ဘဝကား ထင်ရှားရှိနေသေးသည်သာ ဖြစ်၏။ အနာဂတ် ခန္ဓာငါးပါးကား ထင်ရှားရှိနေသေးသည်သာ ဖြစ်၏။ အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန်တို့ ကဲ့သို့သော ဤဘဝတွင်ပင် ကျိန်းသေ ပရိနိဗ္ဗာန်စံတော်မူရမည့် ပစ္ဆိမဘဝိက အစစ်များ ဖြစ်တော်မူကြသည့် သူတော်ကောင်းကြီးများအဖို့ကား အနာဂတ် ဘဝသစ်ဟူသော ခန္ဓာငါးပါးကား ထင်ရှား မရှိကြတော့ပြီ ဖြစ်၏။ ဤဘဝ ပရိနိဗ္ဗာန်မစံမီအတွင်း၌ ဖြစ်လတ္တံ့သော အနာဂတ်ခန္ဓာငါးပါးသာ ရှိကြတော့သည်။
အသင်သူတော်ကောင်းသည် မိမိသည် မည်သည့် သူတော်ကောင်း အမျိုးအစားတွင် ပါဝင်နေသည်ကို မိမိကိုယ်တိုင် ရှုကြည့်ပါမှသာလျှင် သိရှိနိုင်မည် ဖြစ်ပေသည်။
အဘယ်ကြောင့် အနာဂတ်ကို ရှုနေရပါသလဲ?
ဤမေးခွန်းကိုလည်း ခဏခဏ မေးတတ်ကြ၏။ အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း အကြောင်းတရားတို့၏ အနုပ္ပါဒနိရောဓသဘောအားဖြင့် အကြွင်းမဲ့ ချုပ်ငြိမ်းခြင်းကြောင့် အကျိုးခန္ဓာငါးပါးတို့၏ အနုပ္ပါဒနိရောဓသဘော အားဖြင့် အကြွင်းမဲ့ ချုပ်ငြိမ်းပုံကို ယောဂါဝစရပုဂ္ဂိုလ်မှန်ပါက ရှုပွားသုံးသပ်ရန် ဘုရားရှင် ကိုယ်တော်တိုင်က ညွှန်ကြားထားတော်မူသဖြင့် ထိုရှုကွက်ကို ကိုယ်တိုင်မျက်မှောက် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ထွင်းဖောက် သိမြင် အောင် ရှုနိုင်ရမည် ရှုတတ်ရမည် ဖြစ်၏။ ဤသည်မှာလည်း အကြောင်းတစ်ရပ် ဖြစ်၏။
အကယ်၍ အသင်သူတော်ကောင်းသည်လည်း မဟာဓနသူဌေးသားတို့ကဲ့သို့ ပစ္ဆိမဘဝိကအတုစာရင်းတွင် ပါဝင်နေပါလျှင် ထိုအနာဂတ်ခန္ဓာငါးပါး, အကြောင်းတရား အကျိုးတရားတို့ကို လက္ခဏာရေးသုံးတန်တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုနိုင်လျှင် ထိုအနာဂတ် ခန္ဓာငါးပါးတို့၏ အပေါ်၌ စွဲနေသည့် တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲဟူသော အစွဲ အမျိုးမျိုးတို့ကိုလည်း အကြွင်းမဲ့ ပယ်သတ်ကောင်း ပယ်သတ်နိုင်မည် ဖြစ်၏၊ ပယ်နှုတ်ကောင်း ပယ်နှုတ်နိုင်မည် ဖြစ်၏။
အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိကြသော ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားတို့ကို တွင်တွင်ကြီး ဝိပဿနာရှုနိုင်သဖြင့် တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲတို့ကို ဖြိုခွဲနိုင်ခဲ့သော် --- ဥပသန္တော စရိဿတိ - ဟူသည်နှင့် အညီ ကိလေသာအပူမီး ငြိမ်းပါက မျက်မှောက်သော ဤကိုယ်၏ အဖြစ်၌ပင်လျှင် ပရိနိဗ္ဗာန် ဝင်စံရမည် ဖြစ်ပေသည်။ ဤသည်မှာလည်း အကြောင်းတစ်ရပ်ပင် ဖြစ်၏။ --- ဤအကြောင်း နှစ်ရပ်တို့ကြောင့် အနာဂတ်ကို ရှုနေခြင်း ဖြစ်သည်။
အပြောင်းအလဲ ရှိနိုင်ပါသလား?
အဇာတသတ်တို့ကဲ့သို့သော ပစ္ဆိမဘဝိကအတုများအဖို့ အနာဂတ်ဘဝ အပြောင်းအလဲကား ရှိနိုင်သည်သာ ဖြစ်၏။ အကယ်၍ အဇာတသတ်သည် သောတာပန် အစစ်ဖြစ်သွားပါက သူ၏ အနာဂတ်ဘဝမှာ ပုံစံတစ်မျိုး ဖြစ်ဖွယ်ရာ ရှိ၏။ ယခုအခါတွင်ကား သောတာပန်အစစ် မဖြစ်ရဘဲ ဖခင် ဗိမ္ဗိသာရမင်းကို သတ်ဖြတ်သည့် အာနန္တရိယကံက ပစ်ချလိုက်သဖြင့် ငရဲသို့ရောက်ရှိသွားရ၏။ ဘဝပုံစံ တစ်မျိုးပြောင်းသွား၏။
အလားတူပင် အသင်သူတော်ကောင်းသည်လည်း ပစ္ဆိမဘဝိက အတုဖြစ်နေသေးပါက နောင်အနာဂတ် ဘဝမှာလည်း ထင်ရှား ရှိနေသေးပါက အပြောင်းအလဲ ရှိကောင်းရှိနိုင်သည်။ မဟဂ္ဂုတ်ကံများကို မထူထောင် နိုင်ခင်က အထက်တွင် ပုံစံထုတ်ပြထားသည့် သူတော်ကောင်းကဲ့သို့ ပိဏ္ဍပါတ်ဆွမ်းလောင်းလှူသည့် ဒါနကံ ကဲ့သို့သော ရိုးရိုး ကာမာဝစရကုသိုလ်ကံများက အကျိုးပေးခွင့်သာနေသည်လည်း ရှိတတ်၏။
အကယ်၍ အသင်သူတော်ကောင်းသည် စျာန်သမာပတ်တစ်ခုခုကို အခြေခံ၍ ဝိပဿနာသို့ ကူးနိုင်ခဲ့သော်-ဝိပဿနာယ ဟိ ဗဟူပကာရာ သမာပတ္တိ။ (မ၊ဋ္ဌ၊၁၊၃၈၇။) = စျာန်သမာပတ်များသည် ဝိပဿနာဉာဏ်အား အလွန်ကျေးဇူးများလှ၏။ ဝိပဿနာ ပန ထာမဇာတာ သမာပတ္တိမ္ပိ ရက္ခတိ = စွမ်းအား အပြည့်အဝနှင့် ဖြစ်ပေါ်လာသော ဝိပဿနာဉာဏ်တို့သည်လည်း စျာန်သမာပတ်ကို ခိုင်မြဲအောင် စောင့်ရှောက်ပေးတတ်၏။ (မ၊ဋ္ဌ၊၁၊င၃၈၈။) --- ဟူသော အဋ္ဌကထာအဖွင့်များနှင့်အညီ ဝိပဿနာဉာဏ်၏ အထောက်အပံ့ကို ရရှိနေသော အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုမှု အရှိန်အဝါကို ရရှိနေသော စျာန်သမာပတ်တို့သည် ခိုင်ခံ့သည့် သဘောရှိတတ်၏။ ယင်းမဟဂ္ဂုတ်ကံတို့ကို ခိုင်ခံ့အောင် အမြတ်စား ပွားများထားနိုင်သော သူတော်ကောင်းသည် အကယ်၍ နောင်အနာဂတ်တွင် ဗြဟ္မာဘဝကိုလည်း ညွတ်ကိုင်းရှိုင်းနေသော စိတ်ဓာတ်ရှိပါက ထိုအခါတွင် ကာမာဝစရကံများမှာ အကျိုးပေးခွင့် မသာတော့ဘဲ ဂရုကကံ ဖြစ်သော မဟဂ္ဂုတ်ကုသိုလ်ကံများက အကျိုးပေးခွင့် သာသွားတတ်သည်လည်း ရှိတတ်၏။ အသင်သူတော်ကောင်း ကိုယ်တိုင် အကြိမ်ကြိမ် ဆန်းစစ်၍ ကံအမျိုးမျိုးကို ထူထောင်၍ ကပ္ပနာခေါ်သည့် တဏှာ ဒိဋ္ဌိနှင့် ပူးတွဲနေသည့် ကြံစည်စိတ်ကူးမှု အမျိုးမျိုးကို ပြုလုပ်၍ ရှုကြည့်ပါ။
စျာန်သမာပတ် (၈)ပါးတို့ကို ရရှိတော်မူကြသော သူတော်ကောင်းတို့သည် (သေသည့်တိုင်အောင် ထိုစျာန် များ မလျှောကျခဲ့လျှင်) ဗြဟ္မာ့ပြည်တွင် မိမိကြိုက်နှစ်သက်ရာ ဘုံကို ရွေးချယ်နိုင်သည်ဟူသော ဤအသိဉာဏ်မှာ သာသနာတော်အတွင်း၌သာ ရရှိနိုင်သော အသိဉာဏ် ဖြစ်၏။ ကာဠဒေဝိလရသေ့ကြီးသည် ဤအသိဉာဏ်မျိုးကို မရရှိသဖြင့် မိမိရရှိထားသော သမာပတ် (၈)ပါးတို့တွင် အသာဆုံးအမြတ်ဆုံး ဖြစ်သည့် နေဝသညာနာသညာယတန သမာပတ်ကသာ အကျိုးပေးလိမ့်မည်ဟု ယုံကြည်သဖြင့် အောက်အောက်စျာန်များအပေါ်၌ အာလယ ကင်းကွာနေ၏၊ အထက်ဆုံး နေဝသညာနာသညာယတနစျာန်၌သာ ငဲ့ကွက် တွယ်တာမှုရှိနေ၏၊ ထိုဘုံ၌သာ ဖြစ်ရမည်ဟု စွဲယူထား၏။ သို့အတွက် ကွယ်လွန်သည့်အခါ နေဝသညာနာသညာယတနဘုံ၌သာ ဖြစ်ရလေ၏။ ဘုရားရှင်နှင့် အလွဲကြီး လွဲသွားရ၏။ အကယ်၍ မိမိကြိုက်နှစ်သက်ရာဘုံကို ရွေးချယ်နိုင်ခွင့် ရှိသည်ဟူသော အသိဉာဏ်မျိုးရှိ၍ အောက်ရူပါဝစရစျာန် တစ်ခုခုကို သဟမ္ပတိဗြဟ္မာကြီးတို့ကဲ့သို့ ရွေးချယ်၍ ယင်းစျာန်ကို အမြတ်စား ပွားများနိုင်လျှင်ကား ယင်း ရွေးချယ်ထားသည့် ရူပါဝစရဘုံ တစ်ဘုံဘုံ၌သာ ဖြစ်ခွင့် ရှိပေသည်။ ဘုရားရှင်နှင့်လည်း ဆုံတွေ့ခွင့် ရှိနိုင်၏။
အလားတူပင် အသင်သူတော်ကောင်းသည်လည်း မဟဂ္ဂုတ်ကံများကို အမြတ်စား ထူထောင်နိုင်ခဲ့ပါမူ အသင်သူတော်ကောင်းသည်လည်း အနာဂါမ် မဖြစ်သေးပါမူ သုဒ္ဓါဝါသ ငါးဘုံမှတစ်ပါး မိမိနှစ်ခြိုက်ရာ ဗြဟ္မာဘုံ တစ်ခုခုကို ရွေးချယ်ခွင့်ရှိ၏၊ ထိုဘုံသို့ရောက်ကြောင်း စျာန်များကို အမြတ်စား ပွားထားနိုင်ခွင့် ရှိ၏။ ထိုအခါတွင် မူလ အကျိုးပေးဖို့ရန် အခွင့်သာနေသော ကာမာဝစရကံတို့မှာ နောက်သို့ ဆုတ်သွားကြ၍ ယင်းမဟဂ္ဂုတ်ကံက အကျိုးပေးခွင့် သာလာမည် ဖြစ်ပေသည်။
သို့အတွက် အနာဂတ်ဘဝများမှာ ပစ္ဆိမဘဝိကအတုအဖို့ အပြောင်းအလဲ ရှိတတ်သည်လည်း ရှိ၏။ ဝဋ္ဋာဘိရတဖြစ်သော ဒါယကာတော် သိကြားကဲ့သို့ အပြောင်းအလဲ မရှိသည်လည်း ရှိတတ်၏ဟု မှတ်ပါ။ ဤတွင် အမြတ်စား ပွားများထားသည့် မဟဂ္ဂုတ်ကံတို့ကသာ အကျိုးပေးသည်၊ အလတ်စား, အညံ့စား ပွားများထားသော မဟဂ္ဂုတ်ကံတို့က အကျိုးမပေးဟု - ဤသို့ကား အယူအဆ မမှားစေလိုပါ။ အမြတ်စား ပွားများထားသော မဟဂ္ဂုတ်ကံများမှာ အခြားကံများထက် သာလွန်၍ အကျိုးပေး ထက်သန်သောကြောင့်သာ ပုံစံထုတ်၍ ပြဆိုခြင်းမျှသာ ဖြစ်သည်ဟု မှတ်သားပါလေ။
ဝိသုဒ္ဓိမဂ္ဂ္ဂအဋ္ဌကထာ၏ ညွှန်ကြားချက်
သော ဧဝံ ပစ္စယတော နာမရူပဿ ပဝတ္တိံ ဒိသွာ ယထာ ဣဒံ ဧတရဟိ၊ ဧဝံ အတီတေပိ အဒ္ဓါနေ ပစ္စယတော ပဝတ္တိတ္ထ၊ အနာဂတေပိ ပစ္စယတော ပဝတ္တိဿတီတိ သမနုပဿတိ။ (ဝိသုဒ္ဓိ၊၂၊၂၃၄-၂၃၅။)
ပဝတ္တိံ ဒိသွာတိ ဧတရဟိ ပဝတ္တိံ ဒိသွာ။ ဧဝန္တိ ဣမိနာ န ကေဝလံ သပ္ပစ္စယတာမတ္တမေဝ ပစ္စာမဋ္ဌံ၊ အထ ခေါ ယာဒိသေဟိ ပစ္စယေဟိ ဧတရဟိ ပဝတ္တတိ၊ တာဒိသေဟိ အဝိဇ္ဇာဒိပစ္စယေဟေဝ အတီတေပိ ပဝတ္တိတ္ထာတိ ပစ္စယသဒိသတာပိ ပစ္စာမဋ္ဌာတိ ဒဋ္ဌဗ္ဗံ။ (မဟာဋီ၊၂၊၃၇၃။)
ထိုယောဂါဝစရ ရဟန်းတော်သည် ဤသို့ အကြောင်းတရားကြောင့် နာမ်ရုပ်၏ ယခုပစ္စုပ္ပန်ဘဝ၌ ဖြစ်ခြင်းကို ဉာဏ်ဖြင့် ရှုမြင်ရ၍ ဤနာမ်ရုပ်သည် ယခု ပစ္စုပ္ပန်ဘဝ၌ အဝိဇ္ဇာစသော အကြောင်းကြောင့် ဖြစ်သကဲ့သို့ ထိုအတူ အတိတ်ဖြစ်သော အဓွန့်ကာလ၌လည်း ဤနာမ်ရုပ်သည် ဆိုင်ရာ ဒုတိယအတိတ်စသော ထိုထိုအတိတ်က ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာစသော အကြောင်းကြောင့်ပင် ဖြစ်ခဲ့လေပြီ၊ နောင်အနာဂတ် အဓွန့်ကာလ၌လည်း (ဆိုင်ရာဘဝက ထူထောင်ထားခဲ့သော) အဝိဇ္ဇာစသော အကြောင်းကြောင့်ပင် ဖြစ်ပေလတ္တံ့။ ဤသို့ ဉာဏ်ဖြင့် အဖန်တလဲလဲ ရှု၏။ (ဝိသုဒ္ဓိ၊၂၊၂၃၄-၂၃၅။)
အထူးသတိပြု၍ သိမ်းဆည်းရန်
၁။ အတိတ်ဘဝ သေခါနီး မရဏာသန္နဇော၏ အာရုံ။
၂။ လက်ရှိဘဝ ပစ္စုပ္ပန် ပဋိသန္ဓေစိတ်၏ အာရုံ။
၃။ လက်ရှိဘဝ ပစ္စုပ္ပန် ဘဝင်မနောအကြည်ဓာတ်၏ အာရုံ။
၄။ လက်ရှိပစ္စုပ္ပန်ဘဝ၏ လာလတ္တံ့သော စုတိစိတ်၏ အာရုံ။
ဤလေးမျိုးတို့၌ အာရုံချင်း တူညီရမည် ဖြစ်သည်။ ဤလေးမျိုးတို့တွင် အသင်သူတော်ကောင်းသည် မရှုရသေးမီ၌ စုတိ၏ အာရုံကို မဆန်းစစ်သေးဘဲ ခေတ္တထား၍ အတိတ်ဘဝ မရဏာသန္နဇော, ပစ္စုပ္ပန်ပဋိသန္ဓေ, ဘဝင် --- ဤသုံးမျိုးတို့၏ အာရုံချင်း တူညီမှု ရှိမရှိကိုကား မိမိကိုယ်တိုင် ဉာဏ်ဖြင့်စူးစိုက်၍ သေချာစွာ တိုက်ဆိုင် ရှုကြည့်ပါ။ တစ်ဖန် ဘဝတစ်ခုဝယ် ပဋိသန္ဓေစိတ်, ဘဝင်စိတ်, စုတိစိတ်တို့သည် အာရုံချင်းသာ တူညီရမည် မဟုတ်သေး၊ စိတ်စေတသိက် အရေအတွက်ချင်းလည်း တူညီရမည်ဖြစ်သည်။ သေချာစွာ စူးစိုက်၍ ဆန်းစစ် ကြည့်ပါ။ အကြိမ်ကြိမ် ရှုကြည့်ပါ။ အတိတ် အကြောင်းတရားကြောင့် ပစ္စုပ္ပန် ပဋိသန္ဓေခန္ဓာငါးပါး ဖြစ်ပုံကို လည်းကောင်း, ပဋိသန္ဓေ၌ စိတ်+စေတသိက် = နာမ်တရား အရေအတွက် အတိအကျကိုလည်းကောင်း ဉာဏ်ဖြင့် တွေ့မြင်ပြီးဖြစ်သည့် ဤအချိန်မျိုးတွင် ယောဂါဝစရပုဂ္ဂိုလ်သည် ဘဝင်မနောအကြည်ဓာတ်ကို ပုံစံမှန် ရှုနိုင်ပြီ ဖြစ်သည်။ အကယ်၍ မရှုနိုင်သေးပါက ပဋိသန္ဓေနာမ်တရားများကို သေချာစွာ တစ်ဖန်ပြန်၍ ရှုပါ၊ သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ တစ်ဖန် ယင်းပဋိသန္ဓေ နာမ်တရားတို့ ချုပ်ပျက်သွားပြီးနောက် ဝီထိစိတ် မဖြစ်မီအတွင်း ယင်းပဋိသန္ဓေနောင် ဆက်တိုက် ဖြစ်နေသော ပထမဘဝင်စသော စိတ်+စေတသိက် = နာမ်တရားစုတို့ကို ဆက်လက်၍ သိမ်းဆည်းပါ။ ဘဝ၌ ဝီထိစိတ်များ မဖြစ်သည့် အချိန်တွင် စိတ်အစဉ် မပြတ်စဲရေးအတွက် ဘဝ၏ အကြောင်းတရားအဖြစ် ဆက်လက်ဖြစ်နေသည့် စိတ်များပင် ဖြစ်ကြသည်။ သဘောပေါက်ပါက လက်ရှိ အခြေအနေ၌လည်း ဝီထိစိတ်အစဉ်တို့၏ အကြားအကြား၌ ဖြစ်ပေါ်နေသော ဘဝင်နာမ်တရားများကိုလည်း ဆက်လက် သိမ်းဆည်းကြည့်ပါ။ အောင်မြင်မှု ရရှိလာပါလိ့မ်မည်။
တိဟိတ်-ဒွိဟိတ်-သောမနဿ-ဥပေက္ခာ
၁။ ပဋိသန္ဓေသည် တိဟိတ်ဖြစ်က ဘဝင်နှင့် စုတိတို့လည်း တိဟိတ်ပင် ဖြစ်ကြ၏။
၂။ ပဋိသန္ဓေသည် ဒွိဟိတ်ဖြစ်က ဘဝင်နှင့် စုတိတို့လည်း ဒွိဟိတ်ပင် ဖြစ်ကြ၏။
၃။ ပဋိသန္ဓေသည် သောမနဿဖြစ်က ဘဝင်နှင့် စုတိတို့လည်း သောမနဿပင် ဖြစ်ကြ၏။
၄။ ပဋိသန္ဓေသည် ဥပေက္ခာဖြစ်ပါက ဘဝင်နှင့် စုတိတို့လည်း ဥပေက္ခာပင် ဖြစ်ကြ၏။
သို့အတွက် ပဋိသန္ဓေသည် တိဟိတ် သောမနဿ ပဋိသန္ဓေဖြစ်လျှင် ဘဝင်နှင့် စုတိတို့သည်လည်း တိဟိတ် သောမနဿ ဘဝင် စုတိတို့သာ ဖြစ်ကြသည်။ နာမ်တရား (၃၄)လုံးစီ အသီးအသီး ရှိကြမည် ဖြစ်သည်။ ပဋိသန္ဓေသည် တိဟိတ် ဥပေက္ခာ ပဋိသန္ဓေဖြစ်လျှင် ဘဝင်နှင့် စုတိတို့သည်လည်း တိဟိတ် ဥပေက္ခာ ဘဝင် စုတိတို့သာ ဖြစ်ကြသည်။ နာမ်တရား (၃၃)လုံးစီ အသီးအသီး ရှိကြမည် ဖြစ်သည်။
သောမနဿဝေဒနာနှင့် ယှဉ်၍ ပဋိသန္ဓေတည်နေခဲ့သော သူတော်ကောင်း၏ ဘဝင်သည် သောမနဿ ဝေဒနာနှင့်ပင် ယှဉ်သဖြင့် ဘဝတစ်လျှောက်၌ မည်သည့်အာရုံနှင့် တွေ့ကြုံရသည်ပင် ဖြစ်စေ ဝီထိစိတ်တို့၌ သောမနဿ အဖြစ်များတတ်၏။ ပြုံးရွှင်မှုများတတ်၏။ အကယ်၍ သူတော်ကောင်းတစ်ဦးသည် ဥပေက္ခာဝေဒနာ နှင့် ယှဉ်၍ ပဋိသန္ဓေတည်နေ ခဲ့သော် ဘဝင်မှာလည်း ဥပေက္ခာဝေဒနာနှင့်ပင် ယှဉ်နေသဖြင့် ထိုသူတော်ကောင်း၏ သန္တာန်ဝယ် အာရုံအမျိုးမျိုးတို့ အပေါ်၌ ဥပေက္ခာ အဖြစ်များတတ်၏။ ဥပေက္ခာသမားကား တည်ငြိမ်မှုအသွင်ကို ဆောင်၏။ သောမနဿ သမားကား ပြုံးရွှင်မှု အသွင်ကိုဆောင်၏။ ဘဝတစ်လျှောက်၌ အများဆုံးဖြစ်နေသော ဘဝင်၏ စွမ်းအားပင်တည်း။ ဤ၌ ဝီထိစိတ်တို့၏ အတွင်းဝယ် သောမနဿနှင့် ဥပေက္ခာ အပြောင်းအလဲ ရှိတတ်ကြသော သန္တီရဏ-ဇော-တဒါရုံတို့ကိုသာ အထူးရည်ညွှန်း ပြောဆိုခြင်း ဖြစ်သည်ဟုမှတ်ပါ။
အကြောင်း အကျိုး သိမ်းဆည်းပုံ စနစ်များ
အသင်သူတော်ကောင်းသည် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အတိတ်က ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ စသော အကြောင်းတရားတို့ကြောင့် ပစ္စုပ္ပန်ဘဝတွင် ပဋိသန္ဓေ ဝိပါက် ဝိညာဏ်စသည့် ဝိပါကဝဋ်တရားများ ထင်ရှားဖြစ်ပေါ်နေခြင်းတည်းဟူသော ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သော အခါ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းခြင်း ပစ္စယပရိဂ္ဂဟ လုပ်ငန်းရပ်ကြီးကို စတင်၍ အားသစ် နိုင်ပြီ ဖြစ်၏။ ထိုသို့ သိမ်းဆည်းရာ၌ ---
၁။ အစဖြစ်သော အဝိဇ္ဇာမှသည် အဆုံးဖြစ်သော ဇာတိ ဇရာမရဏသို့ တိုင်အောင် အနုလောမ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်နည်းအားဖြင့် အကြောင်းနှင့် အကျိုးတို့၏ ကြောင်း-ကျိုး ဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍လည်း အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းနိုင်၏။
၂။ အဆုံးဖြစ်သော ဇရာမရဏမှသည် အစဖြစ်သော အဝိဇ္ဇာသို့တိုင်အောင် ပဋိလောမပဋိစ္စသမုပ္ပါဒ် ဒေသနာတော်နည်းအားဖြင့် အကြောင်းတရားနှင့် အကျိုးတရားတို့၏ တစ်နည်းဆိုသော် အကျိုးတရားနှင့် အကြောင်း တရားတို့၏ ကြောင်း-ကျိုးဆက်နွယ်မှု = ကျိုး-ကြောင်းဆက်နွယ်မှုကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍လည်း အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းနိုင်၏။
၃။ အလယ်ဖြစ်သော အာဟာရလေးပါးမှသည် အစဖြစ်သော အဝိဇ္ဇာသို့တိုင်အောင် ပဋိလောမပဋိစ္စသမုပ္ပါဒ် ဒေသနာတော်နည်းအားဖြင့် အကျိုးတရားနှင့် အကြောင်းတရားတို့၏ ကျိုး-ကြောင်း ဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍လည်း အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းနိုင်၏။
၄။ အလယ်ဖြစ်သော ဝေဒနာမှသည် သို့မဟုတ် တဏှာမှသည် အဆုံးဖြစ်သော ဇရာမရဏသို့တိုင်အောင် အနုလောမပဋိစ္စသမုပ္ပါဒ် ဒေသနာတော်နည်းအားဖြင့်လည်း အကြောင်းတရား အကျိုးတရားတို့၏ ကြောင်း-ကျိုး ဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍လည်း အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းနိုင်၏။
၅။ ပဋိသမ္ဘိဒါမဂ်ပါဠိတော် စာမျက်နှာ ၅၀-၅၁ - တို့၌ ဟောကြားထားတော်မူသည့်အတိုင်း ကိလေသဝဋ်ကို ကမ္မဝဋ်၌ ထည့်သွင်း၍ ကမ္မဝဋ်-ဝိပါကဝဋ်၏ အစွမ်းဖြင့်လည်း အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်း နိုင်၏။
၆။ သာဓာရဏ အသာဓာရဏ၏ အစွမ်းဖြင့် သိမ်းဆည်းနည်း --
အခြားသော ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် ဆက်ဆံသော အကြောင်းတရား မဆက်ဆံသော အကြောင်း တရား၏ အစွမ်းဖြင့် နှစ်မျိုးသော နာမ်တရား၏ အကြောင်းတရားကို ရှု၏။ ကံ-စိတ်-ဥတု-အာဟာရတို့၏ အစွမ်းဖြင့် လေးမျိုးသော ရုပ်တရား၏ အကြောင်းတရားကို ရှု၏။ အကျယ်ကား -- နာမ်တရား၏ အကြောင်း တရားသည် ---
၁။ သာဓာရဏ = ဆက်ဆံသော အကြောင်းတရား-
၂။ အသာဓာရဏ = မဆက်ဆံသော အကြောင်းတရား-
ဤသို့လျှင် နှစ်မျိုးရှိ၏။ ထိုနှစ်မျိုးတို့တွင် ဒွါရ (၆)ပါး, အာရုံ (၆)ပါးတို့သည် (ပဉ္စဝေါကာရဘုံဝယ်) နာမ် တရား အားလုံး၏ သာဓာရဏ = ဆက်ဆံသော အကြောင်းတရား ဖြစ်၏။ ကုသိုလ်တရား အကုသိုလ်တရား ဝိပါက်တရား, ကြိယာတရား, သောမနဿဝေဒနာနှင့် အတူတကွဖြစ်သောတရား, ဒေါမနဿဝေဒနာနှင့် အတူ တကွဖြစ်သောတရား, သုခဝေဒနာနှင့် အတူတကွဖြစ်သောတရား, ဒုက္ခဝေဒနာနှင့် အတူတကွဖြစ်သောတရား, ဥပေက္ခာဝေဒနာနှင့် အတူတကွဖြစ်သောတရား ---- ဤသို့သော အကြွင်းအကျန်မရှိ အလုံးစုံသော အပြား ရှိသည်လည်းဖြစ်သော နာမ်တရား၏ ထိုဒွါရ အာရုံဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာရခြင်းကြောင့် ယင်းဒွါရ အာရုံဟူသော အကြောင်းတရားသည် နာမ်တရားအားလုံး၏ ဆက်ဆံသော အကြောင်းတရားဖြစ်၏။
ကံသည် ဝိပါက်နာမ်တရား အားလုံး၏လည်းကောင်း, ကံကြောင့်ဖြစ်ကုန်သော ကမ္မသမုဋ္ဌာန်ရုပ် အားလုံး တို့၏လည်းကောင်း သာဓာရဏ = ဆက်ဆံသော အကြောင်းတရား ဖြစ်၏။ အခြားသော ကုသိုလ်တရား အကုသိုလ်တရား, ကြိယာတရားတို့၏လည်းကောင်း, စိတ္တသမုဋ္ဌာန်ရုပ်, ဥတုသမုဋ္ဌာန်ရုပ်, အာဟာရသမုဋ္ဌာန်ရုပ် တို့၏လည်းကောင်း အသာဓာရဏ = မဆက်ဆံသော အကြောင်းတရားလည်း ဖြစ်၏။
စိတ်သည် မိမိနှင့်ယှဉ်ဖက် စေတသိက်နာမ်တရား အားလုံး၏လည်းကောင်း, စိတ်ကြောင့် ဖြစ်ကုန်သော စိတ္တသမုဋ္ဌာန်ရုပ်တို့၏လည်းကောင်း သာဓာရဏ = ဆက်ဆံသော အကြောင်းတရားဖြစ်၏။ တစ်ဖန် စိတ်သည် မိမိနှင့် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ မဖြစ်ကြသည့် စေတသိက် နာမ်တရားအားလုံး၏လည်းကောင်း, ကမ္မသမုဋ္ဌာန်ရုပ်, ဥတုသမုဋ္ဌာန်ရုပ်, အာဟာရသမုဋ္ဌာန်ရုပ်တို့၏လည်းကောင်း အသာဓာရဏ = မဆက်ဆံသော အကြောင်းတရားလည်းဖြစ်၏။
ဥတု - သဘာဂဖြစ်သော ဥတုသည် သဘာဂဖြစ်သော ဥတုသမုဋ္ဌာန်ရုပ် အားလုံးတို့၏ သာဓာရဏ = ဆက်ဆံသော အကြောင်းတရား ဖြစ်၏။ ဝိသဘာဂဖြစ်သော ဥတုသမုဋ္ဌာန်ရုပ်, ကမ္မသမုဋ္ဌာန်ရုပ်, စိတ္တသမုဋ္ဌာန်ရုပ် အာဟာရသမုဋ္ဌာန်ရုပ်တို့၏ အသာဓာရဏ = မဆက်ဆံသော အကြောင်းတရားလည်းဖြစ်၏။
အာဟာရ - အာဟာရဇဩဇာ (ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာ)သည် အာဟာရသမုဋ္ဌာန်ရုပ် အားလုံးတို့၏ ဆက်ဆံသော အကြောင်းတရား ဖြစ်၏။ ကမ္မသမုဋ္ဌာန်ရုပ် စိတ္တသမုဋ္ဌာန်ရုပ် ဥတုသမုဋ္ဌာန်ရုပ်တို့၏ အသာဓာရဏ = မဆက်ဆံသော အကြောင်းတရားလည်း ဖြစ်၏။ (ဝိသုဒ္ဓိ၊၂၊၂၃၄။ မဟာဋီ၊၂၊၃၇၄-၃၇၅။)
တတ္ထ ကမ္မံ အတီတမေဝ ကမ္မသမုဋ္ဌာနဿ ရူပဿ ပစ္စယော ဟောတိ။ စိတ္တံ စိတ္တသမုဋ္ဌာနဿ ဥပ္ပဇ္ဇမာနံ။ ဥတုအာဟာရာ ဥတုအာဟာရသမုဋ္ဌာနဿ ဌိတိက္ခဏေ ပစ္စယာ ဟောန္တီတိ။ (ဝိသုဒ္ဓိ၊၂၊၂၃၄-၂၃၅။)
၁။ ကံ --- ကုသလာကုသလစေတနာ ဝိပါကာနံ ခန္ဓာနံ, ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော = ကုသိုလ်စေတနာ အကုသိုလ်စေတနာသည် ဝိပါက်နာမ်ခန္ဓာတို့အားလည်းကောင်း, ကမ္မသမုဋ္ဌာန်ရုပ်တို့အား လည်းကောင်း ကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏ --- ။ (အဘိ၊၈၊၁၅၄။)
ဤပဋ္ဌာန်းဒေသနာတော်နှင့် အညီ ကံအရ ကုသိုလ်စေတနာ အကုသိုလ်စေတနာကို ကောက်ယူပါ။ ထိုကုသိုလ်စေတနာ, အကုသိုလ်စေတနာသည် အတိတ်တရားသာလျှင် ဖြစ်၏။ ကံသည် အတိတ်ဖြစ်၍သာလျှင် ကမ္မသမုဋ္ဌာန်ရုပ်အား ဖြစ်ပေါ်လာအောင် ကျေးဇူးပြု၏။ အတိတ်က ပြုစုပျိုးထောင်ခဲ့သော စေတနာကံကသာလျှင် ကမ္မသမုဋ္ဌာန်ရုပ်ကို ဖြစ်စေနိုင်၏။ (မဟာဋီ၊၂၊၃၇၅။)
၂။ စိတ် --- ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ, တံ သမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော = (အဘိ၊၈၊၁။) = ဟိတ် (၆)ပါး ပစ္စည်းတရားတို့သည် ထိုဟိတ်နှင့် ယှဉ်ကုန်သော စိတ်စေတသိက် သမ္ပယုတ် တရားတို့အားလည်းကောင်း၊ ထိုစိတ်စေတသိက်ကြောင့် ဖြစ်ကုန်သော စိတ္တသမုဋ္ဌာန်ရုပ်တို့အားလည်းကောင်း ဟေတုပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
ဤသို့ စသည်ဖြင့် ဘုရားရှင် ဟောကြားထားတော်မူသောကြောင့် စိတ္တသမုဋ္ဌာန်ရုပ်ကို ဖြစ်စေတတ်သော စိတ်အရ စိတ်တစ်ခုတည်းကိုသာ အရမကောက်ယူဘဲ စိတ္တဇရုပ်ကို ဖြစ်စေနိုင်သည့် စွမ်းအားရှိသည့် စိတ် စေတသိက် နှစ်မျိုးလုံးကိုပင် ကောက်ယူပါ။ ထိုစိတ်+စေတသိက်တရားစုသည် ရှေးရှေးစိတ်က အနန္တရစသော အကြောင်းတရားတို့ဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါကို ဆက်ခံရသောကြောင့် ဥပါဒ်ခဏ၌သာ စွမ်းအားကြီးမား၏၊ အားရှိ၏၊ ထို့ကြောင့် စိတ်သည် တစ်နည်း စိတ်+စေတသိက်တရားစုသည် ဖြစ်ဆဲ ဥပါဒ်ခဏ၌သာလျှင် စိတ္တသမုဋ္ဌာန်ရုပ်ကို ဖြစ်စေ၏။ (မဟာဋီ၊၂၊၃၇၅။)
၃။ ဥတု --- ၄။ အာဟာရ --- ဗာဟိရံ ဥတုံ, အာဟာရဉ္စ ပစ္စယံ လဘိတွာ အတ္တနော ဌိတိက္ခဏေ ဥတုအာဟာရာ ရူပံ ဇနေန္တီတိ အတ္ထော။ (မဟာဋီ၊၂၊၃၇၅။)
ရုပ်တရားသည် ဌီကာလ၌ ပစ္ဆာဇာတစသော ပစ္စည်း၏ အကြောင်းအထောက်အပံ့ကို ရရှိသဖြင့် ဌီကာလ၌ အားရှိ၏။ ရုပ်တရား၏ ဌီကာလ၌ အားရှိသည့်အတွက် ဗာဟိရဥတု၏ အထောက်အပံ့ကို ရရှိသော ကမ္မဇဥတု, စိတ္တဇဥတု, ဥတုဇဥတု, အာဟာရဇဥတုဟူသော စတုသမုဋ္ဌာနိကဥတုသည် ဌီကာလသို့ ရောက်ခိုက် ဥတု သမုဋ္ဌာန်ရုပ်ကို ဖြစ်စေ၏။ ဗာဟိရဖြစ်သော ကဗဠီကာရာဟာရဟူသော ဩဇာ၏ အထောက်အပံ့ကို ရရှိသော် စတုသမုဋ္ဌာနိကဩဇာ အသီးအသီးသည် ဌီကာလသို့ ရောက်ခိုက် အာဟာရသမုဋ္ဌာန် ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေ၏။
၁။ ယောနိသောမနသိကာရ = နှလုံးသွင်းမှန်ခြင်း,
၂။ သဒ္ဓမ္မဿဝန = သူတော်ကောင်းတရားကို နာကြားရခြင်း,
၃။ သပ္ပုရိသူပနိဿယ = သူတော်ကောင်းကို မှီဝဲဆည်းကပ်ခြင်း,
၄။ ပဋိရူပဒေသဝါသ = သူတော်သူမြတ်တို့ရှိရာ သင့်တင့်လျောက်ပတ်သော အရပ်၌ နေထိုင်ခြင်း-
ဤသို့စသော အကြောင်းတရားတို့သည် ကုသိုလ်တရား၏သာလျှင် သီးသန့် အကြောင်းတရားများ ဖြစ်ကြ ၏။ ပြောင်းပြန်အားဖြင့် အယောနိသောမနသိကာရ = နှလုံးသွင်းမှားခြင်းစသော အကြောင်းတရားတို့သည် အကုသိုလ်တရား၏သာလျှင် သီးသန့် အကြောင်းတရားများ ဖြစ်ကြ၏။ အသာဓာရဏ = မဆက်ဆံသော အကြောင်းတရား ဟူလိုသည်။
အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ စသည်တို့ကား ဝိပါက်တရားစု၏ အသာဓာရဏ = မဆက်ဆံသော အကြောင်းတရားဖြစ်၏။
ဘဝင်သည် ပဉ္စဒွါရဝီထိ၌ ပဉ္စဒွါရာဝဇ္ဇန်း၏, မနောဒွါရဝီထိ၌ မနောဒွါရာဝဇ္ဇန်း၏ အသာဓာရဏ = မဆက်ဆံသော အကြောင်းတရားဖြစ်၏။
သန္တီရဏသည် ဝုဋ္ဌော၏ အသာဓာရဏ = မဆက်ဆံသော အကြောင်းတရားဖြစ်၏။
ကာမကြိယာသည် ထိုက်သည့်အားလျော်စွာ ကာမကြိယာ မဟဂ္ဂုတ်ကြိယာတို့၏ အသာဓာရဏ = မဆက်ဆံသော အကြောင်းတရားဖြစ်၏။
အရဟတ္တဖိုလ်သည် အာဝဇ္ဇန်းသည် ကြဉ်အပ်ကုန်သော အလုံးစုံသော ကြိယာတို့၏ အကြောင်းတရား ဖြစ်၏။ (ဝိသုဒ္ဓိ၊၂၊၂၃၄။ မဟာဋီ၊၂၊၃၇၅။)
ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်း
ဤကျမ်းတွင်ကား ---
၁။ ကမ္မဝဋ် ဝိပါကဝဋ်၏ အစွမ်းဖြင့် သိမ်းဆည်းနည်း၊
၂။ သာဓာရဏ အသာဓာရဏ၏ အစွမ်းဖြင့် သိမ်းဆည်းနည်း၊
ဤနည်း (၂)နည်းတို့ကို ပေါင်းစပ် အခြေတည်၍ သိမ်းဆည်းနည်းကို ရှေးဦးစွာ ဖော်ပြထားပါသည်။ ယင်းနှစ်နည်းလုံးကို သိမ်းဆည်းတတ်ပါမှ ဥဒယဗ္ဗယဉာဏ် အကျယ်ရှုပွားခန်း၌ လာရှိသော ရှုကွက်များကိုလည်း ဝိပဿနာ ရှုပွားသုံးသပ်တတ်မည် ဖြစ်သည်။ သို့အတွက် ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်းဟူသည် ယင်းနည်း (၂)မျိုးလုံး ပါဝင်သော သိမ်းဆည်းနည်းဟု မှတ်ပါ။ ဤသိမ်းဆည်းနည်းကို ရှေးဦးစွာ ဖော်ပြရခြင်းမှာ အဘိဓမ္မာ အခြေခံပညာ အားနည်းသူ ယောဂီသူတော်ကောင်းတို့အဖို့ ပို၍ သဘောပေါက်မြန်ကာ ပို၍ လွယ်ကူသော သိမ်းဆည်းနည်း ဖြစ်သည်ဟု ယူဆသည်လည်း အကြောင်းတစ်ရပ်, နောက်လာမည့် ဥဒယဗ္ဗယဉာဏ် အကျယ်ရှုပွားနည်းအတွက် လွန်စွာ ကျေးဇူးများ၍ အဘိဓမ္မာ အခြေခံပညာ မရှိသူတို့အဖို့ ထိုဉာဏ်ပိုင်းသို့ ရောက်သောအခါ အထူးထပ်မံ သင်ယူနေဖွယ် မလိုတော့သည်လည်း အကြောင်းတစ်ရပ် ဤအကြောင်းနှစ်ရပ်ကြောင့် တစ်ချက်ခုတ် နှစ်ချက် ပြတ် သဘောဖြင့် ဤနည်းကို ရှေးဦးစွာဖော်ပြခြင်း ဖြစ်ပါသည်။ ဤနည်းကို ကျွမ်းကျင်လာသောအခါ ပဋိစ္စသမုပ္ပါဒ် ပထမနည်းစသည်သို့ ပြောင်းရှုပါက ပို၍ သဘောပေါက် မြန်တတ်သည်ကို ယောဂီအများစု၌် တွေ့ရတတ်ပေသည်။
ကြိုတင် မှတ်သားထားရန် လိုရင်းအချက်များ
ပဋိသန္ဓေမှစ၍ ဘဝင်စိတ္တက္ခဏနှင့် ဝီထိစိတ်တို့၏ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ခန္ဓာ (၅)ပါးဖွဲ့၍ ယင်းခန္ဓာ (၅)ပါးတို့၏ အကြောင်းတရားတို့ကို ရှာဖွေလျက် အကြောင်းနှင့် အကျိုး ဆက်စပ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင် ရှုပြီးမှ အကြောင်းတရားနှင့် အကျိုးတရားတို့ကို သိမ်းဆည်းရမည် ဖြစ်သည်။ ယင်းသို့ ခန္ဓာ (၅)ပါးဖွဲ့ရာ၌ --- စိတ္တက္ခဏတိုင်း၌ ---
၁။ (၆)ဒွါရ၌ တည်ရှိကြသော မှီရာဝတ္ထုရုပ်တို့တွင် ဆိုင်ရာဆိုင်ရာ နာမ်တရားစုတို့၏ မှီရာဝတ္ထုရုပ်တို့နှင့် အာရုံရုပ်တို့သည် ရူပက္ခန္ဓာတည်း။
၂။ နာမ်တရားစုမှ ဝေဒနာစေတသိက်သည် ဝေဒနာက္ခန္ဓာတည်း။
၃။ နာမ်တရားစုမှ သညာစေတသိက်သည် သညာက္ခန္ဓာတည်း။
၄။ (က) နာမ်တရားစုမှ စေတနာစေတသိက်သည် သင်္ခါရက္ခန္ဓာတည်း။ (ပထမနည်းတည်း။)
( ခ ) နာမ်တရားစုမှ ဝေဒနာ သညာ ဝိညာဏ်မှတစ်ပါး ကျန်စေတသိက်အားလုံးသည် သင်္ခါရက္ခန္ဓာတည်း။ (ဒုတိယနည်းတည်း။)
၅။ အသိစိတ်သည် ဝိညာဏက္ခန္ဓာတည်း။
သင်္ခါရက္ခန္ဓာ --- သင်္ခါရက္ခန္ဓာ၌ စေတနာကို သင်္ခါရက္ခန္ဓာဟု ဟောတော်မူသော နည်းမှာ ပဓာနနည်း ဖြစ်၏။ ယင်းနည်းကို ဥပါဒါနပရိပဝတ္တနသုတ္တန်စသည်တို့၌ ဟောကြားထားတော်မူ၏။
ဆယိမေ ဘိက္ခဝေ စေတနာကာယာ၊ ရူပသေဉ္စတနာ သဒ္ဒသေဉ္စတနာ ဂန္ဓသေဉ္စတနာ ရသသေဉ္စတနာ ဖောဋ္ဌဗ္ဗသေဉ္စတနာ ဓမ္မသေဉ္စတနာ။ ဣမေ ဝုစ္စန္တိ ဘိက္ခဝေ သင်္ခါရာ။ ဖဿသမုဒယာ သင်္ခါရသမုဒယော၊ ဖဿနိရောဓာ သင်္ခါရနိရောဓော။ (သံ၊၂၊၄၉။)
= ရူပသေဉ္စတနာ, သဒ္ဒသေဉ္စတနာ, ဂန္ဓသေဉ္စတနာ, ရသသေဉ္စတနာ, ဖောဋ္ဌဗ္ဗသေဉ္စတနာ, ဓမ္မသေဉ္စတနာ ဟူသော စေတနာ (၆)မျိုးတို့သည် သင်္ခါရက္ခန္ဓာတည်း။ ဖဿ ဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်၏။ ဖဿ ချုပ်ခြင်းကြောင့် သင်္ခါရ ချုပ်၏။ (သံ၊၂၊၄၉။)
ဤသုတ္တန်၌ အကျိုးတရားကို ဖြစ်စေရာ၌ စေတနာက ပြဓာန်းသောကြောင့် ပဓာနနည်းအားဖြင့် စေတနာကို သင်္ခါရက္ခန္ဓာဟု ဟောကြားထားတော်မူသည်။ ဤကား စေတနာကို သင်္ခါရက္ခန္ဓာဟု ကောက်ယူရပုံ ပထမနည်းတည်း။ သုတ္တန်နည်းဟူလိုသည်။
အဘိဓမ္မာဒေသနာတော်နည်း၌ကား စိတ္တက္ခဏ တစ်ခုတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ ဖြစ်ကြသော သမ္ပယုတ် နာမ်တရားစုတို့တွင် ဝေဒနာ, သညာ, ဝိညာဏ်မှ ကြွင်းကျန်သော နာမ်တရားအားလုံးသည် တစ်နည်း ဆိုရသော် ဝေဒနာ သညာမှ ကြွင်းကျန်သော စေတသိက်အားလုံးသည် သင်္ခါရက္ခန္ဓာမည်၏။ ယင်းသင်္ခါရက္ခန္ဓာ၏ မဆက်ဆံသော အသာဓာရဏ ပစ္စုပ္ပန်အကြောင်းတရားကို သေသခန္ဓတ္တယပဒဋ္ဌာနာ = (ဝိသုဒ္ဓိ၊၂၊၉၂။) မိမိ သင်္ခါရက္ခန္ဓာမှ ကြွင်းကျန်သော ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, ဝိညာဏက္ခန္ဓာဟူသော နာမ်ခန္ဓာသုံးပါးလျှင် အနီးကပ်ဆုံးသော အကြောင်းတရားရှိ၏ဟု ဖော်ပြထား၏။
ဤဒေသနာတော်များနှင့်အညီ သင်္ခါရက္ခန္ဓာတိုင်း၌ ---
၁။ စေတနာကို သင်္ခါရက္ခန္ဓာဟု ယူသောနည်း၊ (ပထမနည်း။)
၂။ ဝေဒနာ, သညာမှ ကြွင်းသော စေတသိက်အားလုံးကို သင်္ခါရက္ခန္ဓာဟု ယူသောနည်း၊ (ဒုတိယနည်း။)
ဤသို့ နှစ်နည်းခွဲ၍ အကြောင်း အကျိုး သိမ်းဆည်းပုံကို ဖော်ပြထားပါသည်။ စိတ္တက္ခဏ တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိကြသော ပရမတ္ထဓာတ်သား တရားလုံးများ မကြွင်းကျန်စေလိုသောကြောင့် ဖြစ်၏။
စေတနာကို သင်္ခါရက္ခန္ဓာဟု ကောက်ယူသောနည်း၌ ဖဿသည် ယင်းသင်္ခါရက္ခန္ဓာ၏ အကြောင်းတရား ဖြစ်၏။ (သံ၊၂၊၄၉၊၊) တစ်ဖန် ယင်းဖဿ၌လည်း အကြောင်းတရား မရှိတော့ပြီလောဟု မေးမြန်းဖို့ရန် အချက် ပေါ်လာပြန်၏။ ဖဿသည်လည်း သင်္ခတတရားပင် ဖြစ်သဖြင့် ဖဿ၌လည်း အကြောင်းတရား ရှိသင့်လာပြန်၏။ တစ်ဖန် ဝေဒနာ, သညာ, ဖဿ, စေတနာတို့မှ ကြွင်းကျန်သော စေတသိက်တရားတို့၌လည်း အကြောင်းတရား မရှိတော့ပြီလောဟု မေးမြန်းဖို့ရန် အချက်တစ်ရပ်လည်း ပေါ်လာပြန်၏။ ယင်း စေတသိက်တို့မှာလည်း သင်္ခတ တရားတို့သာ ဖြစ်ကြသောကြောင့်တည်း။ သို့အတွက် ဤသို့စသော ပြဿနာရပ်များကို ဖြေရှင်းနိုင်ရန်အတွက် သင်္ခါရက္ခန္ဓာ ဒုတိယနည်းကိုလည်း ဖော်ပြထားခြင်း ဖြစ်၏။
ဖဿ -- နာမ် ရုပ်
၁။ ဖဿသမုဒယာ ဝေဒနာသမုဒယော၊ ဖဿနိရောဓာ ဝေဒနာနိရောဓော။
၂။ ဖဿသမုဒယာ သညာသမုဒယော၊ ဖဿနိရောဓာ သညာနိရောဓော။
၃။ ဖဿသမုဒယာ သင်္ခါရသမုဒယော၊ ဖဿနိရောဓာ သင်္ခါရနိရောဓော။
၄။ နာမရူပသမုဒယာ ဝိညာဏသမုဒယော၊ နာမရူပနိရောဓာ ဝိညာဏနိရောဓော။ (သံ၊၂၊၄၉။)
ဤအထက်ပါ ဥပါဒါနပရိပဝတ္တနသုတ္တန်စသော ထိုထိုသုတ္တန်တို့၌ ဖဿကြောင့် ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာတို့ ဖြစ်ပုံကို ဟောကြားထားတော်မူ၏။ တစ်ဖန် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ တည်ရှိကြသော အတူယှဉ်တွဲဖြစ်သည့် စေတသိက် = နာမ်နှင့် မှီရာဝတ္ထုရုပ်+အာရုံရုပ်တို့ကြောင့် ဝိညာဏက္ခန္ဓာဖြစ်ပုံကိုလည်း ဆက်လက် ဟောကြားတော်မူ၏။
ဤသို့ ဟောကြားထားတော်မူရာဝယ် ---- စိတ်တို့မည်သည် စေတသိက်တို့နှင့် ကင်း၍ မဖြစ်နိုင်၊ စေတသိက်တို့မည်သည်လည်း စိတ်နှင့် ကင်း၍ မဖြစ်နိုင်ရကား -- ဝေဒနာ, သညာ, သင်္ခါရတို့၏ အကြောင်းတရား အဖြစ် ဟောကြားထားတော်မူအပ်သော ဖဿသည် မိမိချည်း သက်သက် ဖြစ်နိုင်သည့် စွမ်းအားကားမရှိ၊ ယှဉ်ဖက် စိတ်+စေတသိက် = သမ္ပယုတ်တရားတို့နှင့်သာ အတူယှဉ်တွဲ၍ ဖြစ်နိုင်သည့် စွမ်းအားရှိ၏။ သို့သော် ဖဿသည် ဝေဒနာ သညာ သင်္ခါရတို့အား ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးရာ၌ ပဓာန = ပြဓာန်းသော အကြောင်းတရား ဖြစ်၏။ ဖဿက အာရုံနှင့် အသိစိတ်ကို ဆက်သွယ်မပေးလျှင်လည်း ထိုအာရုံကို အာရုံပြု၍ နာမ်တရားများ ဖြစ်နိုင်ခွင့် မရှိသည်သာ ဖြစ်၏။ ဝိညာဏ်ဦးဆောင်သည့် နာမ်တရားတို့က အာရုံကို သိမှု၌ = အာရုံကို အာရုံပြု၍ ရယူမှု၌ ဖဿကား ပြဓာန်းသော ပဓာန အကြောင်းတရား ဖြစ်နေ၏။ ပါကဋ = ထင်ရှားသော အကြောင်းတရား ဖြစ်နေ၏။
တစ်ဖန် ဖဿသည် ဝေဒနာ သညာ သင်္ခါရတို့အားသာ ကျေးဇူးပြု၍ ဝိညာဏ်အား ကျေးဇူးမပြုတော့ ပြီလောဟုလည်း မေးရန် ရှိလာပြန်၏။ ကျေးဇူးပြုသည်သာဟု ဖြေဆိုရာ၏။ နာမရူပသမုဒယာ ဝိညာဏသမုဒယော = နာမ်ရုပ် ဖြစ်ခြင်းကြောင့် ဝိညာဏ်ဖြစ်၏ဟု ဟောကြားထားတော်မူသည့် ဝိညာဏ်၏ အကြောင်းတရား ဖြစ်သော စေတသိက် = နာမ်တရားစုတွင် ဖဿလည်း ပါဝင်လျက်ပင် ရှိသောကြောင့် ဖြစ်၏။
တစ်ဖန် --- ဖဿနှင့် တကွသော ယှဉ်ဖက် စေတသိက်အားလုံးကြောင့် တစ်နည်းဆိုရသော် နာမ်ရုပ်ကြောင့် ဝိညာဏ်ဖြစ်ရလျှင် ယင်းဝိညာဏ်သည်လည်း မိမိချည်းသက်သက် တစ်ခုတည်းသာ ဖြစ်ပါသလားဟုလည်း မေးရန် ရှိလာပြန်၏။ ဝိညာဏ် = အသိစိတ် တစ်လုံးတည်းကား မဖြစ်နိုင်။ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာဟူသော စေတသိက်တရားစုတို့နှင့် ယှဉ်တွဲခွင့်ရရှိပါမှသာလျှင် ဝိညာဏ်သည် ဖြစ်နိုင်စွမ်းရှိ၏။ ယင်းသို့ ဖြစ်လျှင် စေတသိက် နာမ်တရားတို့သည်လည်း ဝိညာဏက္ခန္ဓာအားသာမက အချင်းချင်းအားလည်း ဖြစ်ပေါ်လာအောင် ကျေးဇူးပြုကြောင်းကို သဘောသက်နိုင်လေရာ၏။ ထိုကြောင့် ပဋ္ဌာန်းဒေသနာတော်၌ ဘုရားရှင်သည် ဤသို့ ဟောကြားထားတော်မူ၏။
စတ္တာရော ခန္ဓာ အရူပိနော အညမညံ သဟဇာတပစ္စယေန ပစ္စယော။ (အညမညပစ္စယေန ပစ္စယော၊ နိဿယပစ္စယေန ပစ္စယော။ အတ္ထိပစ္စယေန ပစ္စယော၊ အဝိဂတပစ္စယေန ပစ္စယော။) --- (ပဋ္ဌာန၊၁၊၅၊၈-၉။)
= နာမ်ခန္ဓာလေးပါးတို့သည် အချင်းချင်း အပြန်အလှန် တစ်ပါးသည် တစ်ပါးအား သဟဇာတ အညမည နိဿယ အတ္ထိ အဝိဂတ ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု၏။ (ပဋ္ဌာန၊၁၊၅၊၈-၉။)
မဟာနိဒါနသုတ္တန်တွင်လည်း ဘုရားရှင်သည် ဤသို့ ဟောကြားထားတော်မူ၏။
နာမရူပပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ ဖေဿာ။ (ဒီ၊၂၊၄၈။)
တတ္ထ ဟိ စက္ခာယတနာဒီနိ ဝိယ ရူပေ ဆဋ္ဌာယတနဉ္စ နာမေ အန္တောဂဓံ ကတွာ ဖဿဿ နိရဝသေသရူပပစ္စယံ ဝိယ နိရဝသေသနာမပစ္စယဉ္စ ဒေဿတုံ နာမရူပပစ္စယာ ဖေဿာတိ ဝုတ္တံ။ ဧဝမိဓာပိ တတ္ထ ဒဿိတဝိသေသဒဿနေန တံဒေသနာပရိဂ္ဂဟတ္ထံ ဧကစိတ္တက္ခဏိကေ ပဋိစ္စသမုပ္ပါဒေ ဆဋ္ဌာယတနံ နာမန္တောဂဓံ ကတွာ နာမပစ္စယာ ဖေဿာတိ ဝုတ္တန္တိ အတ္ထော။ (မူလဋီ၊၂၊၁၃၅။)
မဟာနိဒါနသုတ္တန်တွင် နာမ်ရုပ်ကြောင့် ဝိညာဏ် ဖြစ်၏၊ ဝိညာဏ်ကြောင့် နာမ်ရုပ် ဖြစ်၏၊ နာမ်ရုပ်ကြောင့် ဖဿ ဖြစ်၏။ --- ဤသို့စသည်ဖြင့် ဟောကြားထားတော်မူ၏။ (ဒီ၊၂၊၄၈။)
ထိုမဟာနိဒါနသုတ္တန် ဒေသနာတော်၌ စက္ခာယတနစသည့် သဠာယတနစာရင်းဝင် ရုပ်အာယတနတို့ကို ရုပ်တရား၌ အတွင်းဝင်သည်ကို ပြုအပ်ကုန်သကဲ့သို့ ထို့အတူ ဆဋ္ဌာယတန (= ၆ခုမြောက် မနာယတန)ကိုလည်း နာမ်၌ အတွင်းဝင်သည်ကို ပြုတော်မူ၍ ဖဿ၏ အကြွင်းအကျန်မရှိ ရုပ်ဟူသော အကြောင်းတရားကို ပြတော်မူ သကဲ့သို့ ထို့အတူ နာမ်ဟူသော အကြောင်းတရားကိုလည်း အကြွင်းအကျန်မရှိ ကုန်စင်အောင် ဟောပြတော် မူခြင်းငှာ --- နာမရူပပစ္စယာ ဖေဿာ = နာမ်ရုပ်ကြောင့် ဖဿဖြစ်၏ - ဟူ၍ ဟောကြားထားတော်မူ၏။
အလားတူပင် အဘိဓမ္မဘာဇနီယနည်း သမ္ပယုတ္တစတုက္က ဒုတိယဝါရ၌လည်း ထိုမဟာနိဒါနသုတ္တန် ဒေသနာတော်၌ ဟောကြားပြသအပ်ပြီးသော အထူးကို ပြခြင်းအားဖြင့် ထိုမဟာနိဒါနသုတ္တန် ဒေသနာတော်ကို သိမ်းယူခြင်း အကျိုးငှာ တစ်ခုသော စိတ္တက္ခဏရှိသော ပဋိစ္စသမုပ္ပါဒ်နည်း၌ (အဘိဓမ္မဘာဇနီယနည်း၌) ဆဋ္ဌာယတနဖြစ်သော = (၆)ခုမြောက် အာယတနဖြစ်သော မနာယတနကို နာမ်၌ အကျုံးဝင်သည်ကို ပြု၍ --- နာမပစ္စယာ ဖေဿာ။ (အဘိ၊၂၊၁၄၇။) = နာမ်ကြောင့် ဖဿဖြစ်၏ --- ဟုဟောကြားတော်မူ၏။ (သဠာယတနပစ္စယာ ဖေဿာဟု မဟောဘဲ နာမပစ္စယာ ဖေဿာဟု ဟောတော်မူသည် ဟူလို။) (မူလဋီ၊၂၊၁၃၅။)
ဧကစိတ္တက္ခဏိက - နာနာစိတ္တက္ခဏိက
တတြ ဟိ နာနာစိတ္တက္ခဏိကော ပစ္စယာကာရော ဝိဘတ္တော၊ ဣဓ ဧကစိတ္တက္ခဏိကော အာရဒ္ဓေါ။ ဧကစိတ္တက္ခဏေ စ ဗဟူစေတနာ န သန္တီတိ သင်္ခါရာတိ အဝတွာ သင်္ခါရောတိ ဝုတ္တံ။ (အဘိ၊ဋ္ဌ၊၂၊၁၉၁။)
သုတ္တန်ဒေသနာတော်တို့၌လည်းကောင်း, အဘိဓမ္မာ သုတ္တန္တဘာဇနီယနည်း၌လည်းကောင်း အဝိဇ္ဇာပစ္စယာ သင်္ခါရာ။ (သံ၊၁၊၂၄၃။ အဘိ၊၂၊၁၄၂။) = အဝိဇ္ဇာဟူသော အကြောင်းကြောင့် သင်္ခါရတို့သည် ထင်ရှား ဖြစ်ပွားလာကြကုန်၏ --- ဤသို့စသည်ဖြင့် သင်္ခါရတို့သည်ဟု ဗဟုဝုစ်ဖြင့် ဟောကြားထားတော်မူ၏။ အဘိဓမ္မဘာဇနီယနည်း၌ကား အဝိဇ္ဇာပစ္စယာ သင်္ခါရော (အဘိ၊၂၊၁၄၆-၁၄၇။) = အဝိဇ္ဇာဟူသော အကြောင်းကြောင့် သင်္ခါရဖြစ်၏။ဟု သင်္ခါရကို ဧကဝုစ်ဝိဘတ်ဖြင့် ဟောကြားထားတော်မူ၏။ ထိုသို့ဟောကြားထားတော်မူရာ၌ အကြောင်းပြချက်ကား ဤသို့ ဖြစ်၏ ---
သင်္ခါရ၏ တစ်ခုသော စိတ္တက္ခဏ ရှိသည်၏အဖြစ်ကြောင့် အဘိဓမ္မဘာဇနီယနည်း၌ သင်္ခါရကို ဧကဝုစ် ဝိဘတ်ဖြင့် ဟောကြားထားတော်မူသည်။ ထိုသုတ္တန္တဘာဇနီယနည်း၌ကား အထူးထူးသော စိတ္တက္ခဏ၌ ဖြစ်ကုန် သော စေတနာတို့ကို ရည်ညွှန်းတော်မူလျက် ပစ္စယာကာရ အမည်ရသော ကြောင်း-ကျိုး ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ် သဘောတရားကို ဝေဖန် ဟောကြားထားတော်မူအပ်ပြီ။ ဤအဘိဓမ္မဘာဇနီယနည်း၌ကား စိတ္တက္ခဏ တစ်ခုတစ်ခု၏ အတွင်း၌ ဖြစ်ပွားတည်ရှိသော စေတနာကို ရည်ညွှန်းတော်မူ၍ ပစ္စယာကာရ အမည်ရသော ကြောင်း-ကျိုး ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားကို အားထုတ်တော်မူအပ်ပြီ။ တစ်ဖန် တစ်ခုသော စိတ္တက္ခဏ၏ အတွင်း၌ကား များစွာကုန်သော စေတနာတို့သည် မရှိကြကုန်သည်သာ ဖြစ်၏။ (များစွာကုန်သော ဖဿတို့သည်လည်း မရှိကြကုန်သည်သာ ဖြစ်၏။ ဤသို့ စသည်ဖြင့် သဘောပေါက်ပါ။) ထိုကြောင့် သင်္ခါရာ = သင်္ခါရတို့သည်ဟု ဗဟုဝုစ်ဖြင့် မဟောဘဲ သင်္ခါရော = သင်္ခါရသည်ဟု ဧကဝုစ် ဝိဘတ်ဖြင့်သာ ဟောတော်မူအပ်ပေသည်။ (အဘိ၊ဋ္ဌ၊၂၊၁၉၁။)
ထိုကြောင့် --- နာမရူပသမုဒယာ ဝိညာဏသမုဒယော = နာမ်ရုပ် ဖြစ်ခြင်းကြောင့် ဝိညာဏ်ဖြစ်၏ --- (သံ၊၂၊၄၉။)ဟု ဟောကြားတော်မူသကဲ့သို့ပင် ဝိညာဏပစ္စယာ နာမရူပံ = ဝိညာဏ်ကြောင့် နာမ်ရုပ် ဖြစ်၏ (ဒီ၊၂၊၄၈။ အဘိ၊၂၊၁၄၂-၁၄၃။)ဟုလည်း ဟောကြားထားတော်မူသည်သာ ဖြစ်ရကား နာမ်ရုပ်နှင့် ဝိညာဏ်, ဝိညာဏ်နှင့် နာမ်ရုပ်တို့သည် အချင်းချင်း အပြန်အလှန် ကျေးဇူးပြုပေးနေသော တရားများသာ ဖြစ်ကြသည်။ ယင်းနာမ်တရားတို့တွင် ဝေဒနာ သညာ ဖဿ စေတနာ စသည်တို့သည်လည်း ပါဝင်ကြပေသည်။
နာမပစ္စယာ ဖေဿာ = ဆဋ္ဌာယတန အမည်ရသော မနာယတန = နာမ်ကြောင့် ဖဿဖြစ်၏။ (အဘိ၊ ၂၊၁၄၇။)ဟု ဟောကြားထားတော်မူ၏။ ထိုသို့ ဟောတော်မူရာဝယ် ---
ဖဿဿ ဟိ န ကေဝလဉ္စ ဆဋ္ဌာယတနမေဝ ပစ္စယော၊ ဝေဒနာက္ခန္ဓာဒယော ပန တယော ခန္ဓာပိ ပစ္စယာယေဝ။ (အဘိ၊ဋ္ဌ၊၂၊၁၉၃။)
မနာယတန အမည်ရသော နာမ်တရားသည်သာလျှင် ဖဿ၏ အကြောင်းဖြစ်သည် မဟုတ်၊ ဝေဒနာ သညာ သင်္ခါရ အမည်ရသော နာမ်ခန္ဓာတို့သည်လည်း ဖဿ၏ အကြောင်းတရား ဖြစ်ကြကုန်သည်သာတည်း။ (အဘိ၊ဋ္ဌ၊၂၊၁၉၃။)
သို့အတွက် ---
၁။ နာမ်ခန္ဓာလေးပါးတို့သည် အချင်းချင်း အပြန်အလှန် ကျေးဇူးပြုကြသည်ဟုလည်း မှတ်သားပါ။
၂။ ဖဿသည် မိမိနှင့်ယှဉ်ဖက် သမ္ပယုတ်တရားတို့အားလည်းကောင်း, နောက်နောက်သော စိတ္တက္ခဏတို့၌ တည်ရှိကြသော နာမ်ခန္ဓာတို့အားလည်းကောင်း ကျေးဇူးပြုသည်ဟုလည်း မှတ်သားပါ။
၃။ ဖဿသည် ဖဿတစ်ခုတည်း မိမိချည်းသက်သက် ဖြစ်နိုင်သည့် စွမ်းအားမရှိ၊ ယှဉ်ဖက် သမ္ပယုတ် တရားတို့နှင့် ပေါင်းစပ်မိပါမှသာလျှင် ဖြစ်နိုင်သည့် စွမ်းအားရှိ၏။ ထိုကြောင့် ဖဿဟုဆိုလျှင် ယှဉ်ဖက် နာမ်တရားစုတို့လည်း ပါဝင်ကြသည်သာဟု မှတ်ပါ။
၄။ တိဏ္ဏံ သင်္ဂတိ ဖေဿာ = (မ၊၁၊၁၅၈-၃၂၆။ သံ၊၁၊၃၀၀။ သံ၊၂၊၂၁၆။ အဘိ၊၄၊၂၄၈။) = ဝတ္ထု အာရုံ ဝိညာဏ် ဤသုံးပါး ပေါင်းဆုံမိခြင်းကြောင့် ဖဿဖြစ်၏ဟု ဟောတော်မူခြင်းကြောင့် ဝိညာဏ်သည် ဖဿ၏ ထူးသော အကြောင်းတရား ဖြစ်၏ဟုလည်း မှတ်သားပါ။
၅။ စိတ္တက္ခဏ တစ်ခု၏အတွင်း၌ တည်ရှိကြသော နာမ်တရားတို့တွင် နာမ်တရားတစ်ခုသည် အကျိုးတရားဘက်၌ တည်ရှိနေလျှင် ကြွင်းကျန်သော နာမ်တရားတို့သည် အကြောင်းတရားဘက်၌ တည်ရှိကြသည်။ အကယ်၍ သင်္ခါရက္ခန္ဓာ ဒုတိယနည်း၌ကဲ့သို့ စေတသိက်အများစု နာမ်တရားတို့သည် အကျိုးတရားဘက်၌ တည်ရှိကြလျှင် ကြွင်းကျန်သော ဝေဒနာ သညာ ဝိညာဏ် နာမ်တရားစုတို့သည် အကြောင်းတရားဘက်၌ တည်ရှိကြပေသည်။ --- ဤသို့လည်း မှတ်သားပါ။
အတိတ်အကြောင်း ပစ္စုပ္ပန်အကြောင်း
၁။ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ ဟူသော အကြောင်းတရားတို့သည် ပဋိသန္ဓေ-ဘဝင်-စုတိ-ဟူသော ဝီထိမုတ် စိတ်စေတသိက် ဝိပါက်နာမ်တရားစု၏လည်းကောင်း၊ ပဉ္စဝိညာဏ်-သမ္ပဋိစ္ဆိုင်း-သန္တီရဏ-တဒါရုံဟူသော ဝီထိစိတ်များဖြစ်ကြသော ဝိပါက်နာမ်တရားစု၏လည်းကောင်း, ကမ္မဇရုပ်တို့၏လည်းကောင်း အကြောင်းတရားများ ဖြစ်ကြသည်။
(အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးလုံး၌ နည်းတူမှတ်ပါ။)
၂။ စိတ်သည် စိတ္တဇရုပ်တို့၏, (ပဉ္စဝိညာဏ်မှ တစ်ပါးသော စိတ်ဟူလို။)
၃။ ဥတုသည် ဥတုဇရုပ်တို့၏,
၄။ အာဟာရသည် အာဟာရဇရုပ်တို့၏,
၅။ ဝတ္ထု အာရုံ ဖဿစသော အကြောင်းတရားတို့သည် နာမ်ခန္ဓာ (၄)ပါးတို့၏ ဆိုင်ရာ အကြောင်းတရားများ ဖြစ်ကြသည်။
အကြောင်း အကျိုး သိမ်းဆည်းပုံ - ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်း
__________