နိဗ္ဗာနဂါမိနိပဋိပဒါ-တတိယတွဲ/အလုပ်စခန်းကို စတင်အားသစ်ပုံ
အလုပ်စခန်းကို စတင်အားသစ်ပုံ
ပဋိစ္စသမုပ္ပါဒ်သဘောတရားများကို ရှုသင့်ပုံနှင့် ရှုပုံနည်းစနစ် ဥပဒေသများကို ရှင်းလင်းတင်ပြပြီး ဖြစ် ပေသည်။ ယခုအခါတွင် ----
၁။ အစမှ အဆုံးသို့တိုင်အောင်,
၂။ အဆုံးမှ အစသို့တိုင်အောင်,
၃။ အလယ်မှ အစသို့တိုင်အောင်,
၄။ အလယ်မှ အဆုံးသို့တိုင်အောင်,
ဟောကြားထားတော်မူသော ပဋိစ္စသမုပ္ပါဒ်ရှုကွက် စည်းကမ်းဥပဒေသ (၄) မျိုးတို့ကို ဦးထိပ်ရွက်ပန်ဆင် လျက် ပဋိစ္စသမုပ္ပါဒ်ရှုကွက်တို့ကို ရေးသားတင်ပြမည် ဖြစ်သည်။ ယင်းသို့တင်ပြရာ၌ ပဋိသန္ဓေ = ဝိပါက် နာမ်ရုပ် အကျိုးတရားတို့ကို တိုက်ရိုက်ဖြစ်စေတတ်သော အကြောင်းရင်း ဇနကကံကို သိမ်းဆည်းရှုပွားပုံ ရှာဖွေပုံစနစ်ကိုသာ ပဓာနထား၍ ရေးသားဖော်ပြမည် ဖြစ်ပါသည်။
အတိတ်အကြောင်းတရားတို့ကို တိုက်ရိုက်ရှာဖွေပုံ သိမ်းဆည်းပုံ
ပဋိစ္စသမုပ္ပါဒ်နည်း (၄) နည်းတို့တွင် အစ အဝိဇ္ဇာမှသည် အဆုံး ဇရာမရဏသို့တိုင်အောင် အကြောင်း တရား အကျိုးတရားတို့ကို သိမ်းဆည်းရှုပွားရာ၌ အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သောအဝိဇ္ဇာကို ဉာဏ်ဖြင့် မြင်အောင် တိုက်ရိုက်ရှာဖွေ သိမ်းဆည်းရန် အဋ္ဌကထာများက အောက်ပါအတိုင်း ညွှန်ကြားထားတော်မူကြ၏။
သော ဣဒံ နာမရူပံ န အဟေတု န အပ္ပစ္စယာ နိဗ္ဗတ္တံ, သဟေတု သပ္ပစ္စယာ နိဗ္ဗတ္တံ။ ကော ပနဿ ဟေတု၊ ကော ပန ပစ္စယောတိ ဥပပရိက္ခန္တော အဝိဇ္ဇာပစ္စယာ တဏှာပစ္စယာ ကမ္မပစ္စယာ အာဟာရပစ္စယာ စာတိ တဿ ပစ္စယံ ဝဝတ္ထပေတွာ ---- (အဘိ၊ဋ္ဌ၊၂၊၂၄၁-၂၄၂။)
သော ဣမေ ပဉ္စက္ခန္ဓာ ကိံ ဟေတုကာတိ ဥပပရိက္ခန္တော အဝိဇ္ဇာဒိ ဟေတုကာတိ ပဿတိ။ (မ၊ဋ္ဌ၊၁၊၂၈၁။)
ဤအထက်ပါ အဋ္ဌကထာများ၏ သတ်မှတ် ညွှန်ကြားချက်အရ အတိတ်အကြောင်းတရားများကို တိုက်ရိုက် ရှာဖွေ သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ ----
၁။ မိမိရရှိပြီးသမာဓိများကို တစ်ဖန်ပြန်၍ အဆင့်ဆင့် ထူထောင်ပါ။ ထိုနောင် အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနတို့၌-
၂။ ရုပ်သက်သက်ကို သိမ်းဆည်းပါ။ (၆-ဒွါရ, ၄၂-ကောဋ္ဌာသ၌ တည်ရှိသော ရုပ်တရားအားလုံးကို သိမ်းဆည်းပါ။)
၃။ နာမ်သက်သက်ကို (၆)လိုင်းလုံး ကုန်စင်အောင် သိမ်းဆည်းပါ။
၄။ ရုပ်-နာမ် ခွဲပါ။
၅။ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားပါ။
ဤအပိုင်းတွင်ကား သမာဓိစွမ်းအင်ကြီးမားဖို့ အလွန်လိုအပ်နေပါသည်။ ထိုသို့ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဋ္ဌာနတို့၌ ရုပ်နာမ်ကို သိမ်းဆည်းရာ ရုပ်နာမ်ကို ခွဲရာ, ရုပ်နာမ်ကို ပိုင်းခြားမှတ်သားရာ၌ လင်းရောင်ခြည်စွမ်းအားမှာ အလွန်အားကောင်းဖို့ လိုအပ်ပါသည်။ အကယ်၍ ဉာဏ်အရောင်အလင်းသည် အားပျော့နေပါက မှေးမှိန်နေပါက သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ပါ။ စတုတ္ထစျာန်သမာဓိကို အရောင် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသည့်တိုင်အောင် ထူထောင်ပါ။ ထိုနောင် အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဋ္ဌာနတို့၌ ရုပ်နာမ်တို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းလျက် ---- ဤ ရုပ်နာမ်သည် အဘယ်အကြောင်းကြောင့် ဖြစ်ပေါ်လာရသနည်းဟု သိလိုသော စိတ်ဓာတ်ဖြင့် အတိတ်ဘက်သို့ ရှုနေသော ဉာဏ်ကို စေလွှတ်ကြည့်ပါ။ အတိတ်ဘက်သို့ ဉာဏ်ကို စေလွှတ် လိုက်သဖြင့် ဉာဏ်အရောင်အလင်းသည် အတိတ်ဘက်သို့ ဦးစူလျက် တန်းသွားတတ်ပါသည်။ ယခု ပစ္စုပ္ပန် ပဋိသန္ဓေစသော ဝိပါက်ရုပ်နာမ်တို့ကို ဖြစ်စေတတ်သော အကြောင်းရင်းကံကို ဉာဏ်ထက်မြက်ပါက တန်း၍ တွေ့တတ်ပါသည်။ တွေ့ခဲ့သော် အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံတို့ကို စိစစ်စူးစမ်း ရှာဖွေလျက် ပဋိသန္ဓေ ခန္ဓာငါးပါးမှစ၍ အကြောင်းနှင့် အကျိုးဆက်စပ်ကာ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရမည် ဖြစ်ပါသည်။ (အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ တို့ကို ရှာဖွေပုံ အကြောင်းအကျိုးစပ်ပုံ သိမ်းဆည်းပုံကို နောက်တွင် ထပ်မံ၍ဖော်ပြမည် ဖြစ်ပါသည်။)
အလယ်မှ အစသို့
အကယ်၍ အတိတ်အကြောင်းတရားတို့ကို ထိုသို့ တိုက်ရိုက် ဉာဏ်ဖြင့် လှမ်းရှုသောအခါ အောင်မြင်မှုကို မရရှိခဲ့သော် အတိတ်အကြောင်းတရားတို့ကို ရှာဖွေ၍ မတွေ့ခဲ့သော် အလယ်ဖြစ်သော အာဟာရလေးပါးမှစ၍ အရင်းအစဖြစ်သော အဝိဇ္ဇာသို့တိုင်အောင် သိမ်းဆည်းသော နည်းစနစ်ကို အသုံးပြုနိုင်ပါသည်။ အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ထိုအာဟာရများမှာ ----
၁။ ကမ္မဝဋ်တွင် အကျုံးဝင်သော နောင်အနာဂတ် ဘဝတစ်ခုခုအတွက် (ဥပမာ - ဓမ္မကထိကနတ်သား ဖြစ်ရန်အတွက်) ရည်ရွယ်တောင့်တ၍ ယခုပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်နေသော ကုသိုလ်သင်္ခါရစေတနာအုပ်စုတွင် အကျုံးဝင်သော ဖဿ, စေတနာ, ဝိညာဏ်ဟူသော ဖဿာဟာရ, မနောသေဉ္စတနာဟာရ, ဝိညာဏာဟာရ တို့နှင့် ယင်းနာမ်အာဟာရတို့၏ မှီရာ ဝတ္ထုရုပ်တို့နှင့် အတူဖြစ်ကြသော စတုသမုဋ္ဌာနိကဩဇာဟူသော ကဗဠီကာရာဟာရတို့လည်း ရှိကြ၏။ ကုသိုလ်သင်္ခါရအုပ်စု နာမ်တရားတို့နှင့် မှီရာဝတ္ထုရုပ်တို့ပင်တည်း။
၂။ လက်ရှိ ပစ္စုပ္ပန် ပဋိသန္ဓေအခိုက်၌ ဖြစ်သော ဝိပါကဝဋ်တွင် အကျုံးဝင်သော ပဋိသန္ဓေအခိုက် ဖြစ်ပေါ် သွားကြကုန်သော ဖဿာဟာရ မနောသေဉ္စတနာဟာရ, ဝိညာဏာဟာရ, ကဗဠီကာရာဟာရတို့လည်း ရှိကြ၏။ ပဋိသန္ဓေ နာမ်တရား ရုပ်တရားတို့ပင်တည်း။
ယင်းသို့ ကမ္မဝဋ်တွင် အကျုံးဝင်သော အာဟာရ, ဝိပါကဝဋ်တွင် အကျုံးဝင်သော အာဟာရဟူသော အာဟာရနှစ်မျိုးတို့တွင် အသင်သူတော်ကောင်းသည် မိမိကြိုက်နှစ်သက်ရာ အာဟာရကစ၍ သိမ်းဆည်းနိုင် ပါသည်။
ဝိပါကဝဋ် အာဟာရ (၄) ပါးက စတင် သိမ်းဆည်းပုံ
အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် လက်ရှိဘဝ၏ ဝိပါကဝဋ်တွင် အကျုံးဝင်လျက်ရှိသော ပဋိသန္ဓေအာဟာရ (၄)ပါးမှ စတင်၍ သိမ်းဆည်းလိုသည် ဖြစ်အံ့ ----- သမာဓိကို အဆင့်ဆင့်ထူထောင်ပြီးလျှင် မိမိသိမ်းဆည်းနေကျ ရုပ်နာမ်တို့ကို အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနလုံးတို့၌ သိမ်းဆည်းပြီးသောအခါ ပဋိသန္ဓေ ကလလရေကြည်အခိုက်၌ ဖြစ်ခဲ့သော နာမ်ရုပ်တို့ကို သိလိုသော စိတ်ဓာတ်ဖြင့် ဉာဏ်အရောင်အလင်းဖြင့် ထိုးစိုက်၍ ကြည့်ပါ။ ပဋိသန္ဓေ ကလလရေကြည်အခိုက်က ဖြစ်ခဲ့သော နာမ်ရုပ်တို့ကို ဉာဏ်ဖြင့် လှမ်းရှုပါ။ ဉာဏ်အရောင်အလင်းမှာ ဝန်းကျင်ပတ်ချာ အရပ် (၁၀) မျက်နှာ၌ ပျံ့နှံ့နေသဖြင့် ဉာဏ်ဖြင့် စူးစိုက်၍ ကြည့်လိုက် သည့် ဘက်၌လည်း လင်းနေမည်သာ ဖြစ်သည်။ အကယ်၍ ကလလရေကြည်ကို တွေ့ခဲ့သော် ယင်းကလလ ရေကြည်၌ ဓာတ်ကြီးလေးပါးကို စိုက်၍ရှုပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့မြင်လာသောအခါ ယင်းရုပ် ကလာပ်အမှုန်များကို ဓာတ်ခွဲပါ။ ရုပ်ကလာပ်အမှုန်များမှာ ဟဒယဒသကကလာပ်, ကာယဒသကကလာပ်, ဘာဝဒသကကလာပ်ဟု ရုပ်ကလာပ်အမျိုးအစား သုံးမျိုး ရုပ်အမျိုးအစား သုံးဆယ်ရှိ၏။ (တစ်မျိုးတစ်မျိုး၌ အရေ အတွက်ကား ကံအားလျော်စွာ အနည်းအများရှိနိုင်သည်။) ယင်းရုပ်ကလာပ်အမျိုးအစား သုံးမျိုး ရုပ်အမျိုးအစား သုံးဆယ်မှာ ရုပ်တရားဖြစ်၍ ယင်းတွင်ပါဝင်သော ဟဒယဝတ္ထုကို မှီတွယ်၍ ဖြစ်နေသော စိတ်စေတသိက်တို့ကား နာမ်တရားများ ဖြစ်ကြသည်။ ယင်းနာမ်တရားတို့မှာ အကယ်၍ တိဟိတ်သောမနဿ ပဋိသန္ဓေဖြစ်လျှင် (၃၄) လုံးရှိမည် ဖြစ်သည်။ ယင်းရုပ်နာမ်တို့ကား ဝိပါကဝဋ်တရားတွင် အကျုံးဝင်သော အာဟာရလေးပါးတို့ပင်တည်း။ ယင်းရုပ်နာမ်တို့သည် မည်သည့် အကြောင်းတရားကြောင့် ဖြစ်ပေါ်လာကြရပါသနည်းဟု စူးစမ်းဆင်ခြင် တတ်သော ဉာဏ်ဖြင့် အတိတ်ဘက်သို့ ဉာဏ်ကို တစ်ဆင့်စေလွှတ်၍ ကြည့်ခဲ့သော် အတိတ်က ပြုစုပျိုးထောင် ခဲ့သော အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံတို့ကို တွေ့ရှိနိုင်ပါသည်။ (စူးစမ်းပုံကို အောက်တွင် ထပ်မံ၍ ဆက်လက်ဖော်ပြပါမည်။) တွေ့ရှိခဲ့သော် ပဋိသန္ဓေခန္ဓာငါးပါးမှ စ၍ အကြောင်းအကျိုးစပ်ကာ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းနိုင်ပါသည်။ [အနာဂတ်ဝိပါကဝဋ်ဖြစ်သော အနာဂတ်ပဋိသန္ဓေ အာဟာရ လေးပါးကစ၍လည်း သိမ်းဆည်းပြီးလျှင် ပြောင်းပြန်လှန်၍ အကြောင်းတရားတို့ကိုလည်း သိမ်းဆည်းနိုင်ပါသည်။ ဤနည်းမှာ ---- အနာဂတ်မှသည် အတိတ် အဝိဇ္ဇာသို့တိုင်အောင် ပြောင်းပြန်လှန်၍ ရှုရသော ပဋိလောမ ပဋိစ္စသမုပ္ပါဒ်နည်းပင် ဖြစ်သည်။]
ကမ္မဝဋ် အာဟာရ (၄) ပါးက စတင် သိမ်းဆည်းပုံ
အကယ်၍ ပဋိသန္ဓေ အာဟာရလေးပါးက စတင်သိမ်းဆည်းရာ၌ အောင်မြင်မှု မရခဲ့သော် ကမ္မဝဋ်တွင် အကျုံးဝင်သော နောင်အနာဂတ်ဘဝအတွက် ရည်ရွယ်တောင့်တ၍ ယခု ပစ္စုပ္ပန်ဘဝတွင် ပြုစုပျိုးထောင်နေ သော အာဟာရလေးပါးက စတင်၍ သိမ်းဆည်းနိုင်ပါသည်။ အကယ်၍ အသင်သူတော်ကောင်းသည် နောင် အနာဂတ်တွင် ဓမ္မကထိကနတ်သား ဖြစ်ရန်အတွက် ရည်ရွယ်တောင့်တ၍ ကုသိုလ်သင်္ခါရမျိုးစေ့တို့ကို ပြုစု ပျိုးထောင်နေသည် ဆိုပါစို့။ ယင်းသင်္ခါရတရားတို့နှင့် မှီရာရုပ်တရားစုတို့မှာ အာဟာရလေးပါးတို့ပင် ဖြစ်ကြ၏။ ရုပ်-နာမ်နှစ်ပါးပင်တည်း။ ယင်းရုပ်နာမ်ကစ၍ သိမ်းဆည်းပါ။
စတင်အားသစ်ပုံ ---- ရှေးဦးစွာ အသင်သူတော်ကောင်းသည် အနာဂတ် ဘဝတစ်ခုအတွက် ရည်ရွယ်၍ ပြုစုပျိုးထောင်ထားသည့် အနီးစပ်ဆုံး ကုသိုလ်သင်္ခါရအုပ်စုက စတင်၍ သိမ်းဆည်းပါ။ ဥပမာ - ဓမ္မကထိက နတ်သားဖြစ်ရန် ရည်ရွယ်တောင့်တလျက် ရုပ်ပွားတော်အား သို့မဟုတ် စေတီတော်အား ဆီမီးပူဇော်ပါ။ ဓမ္မကထိကနတ်သား ဖြစ်လိုကြောင်းကို ဆုတောင်းပန်ထွာပါ။ ယင်းကောင်းမှုကုသိုလ်သင်္ခါရကို ပြုစုပျိုးထောင်စဉ် ဖြစ်ပေါ်နေသော စိတ်အစဉ် အမျိုးမျိုးကို ဂရုတစိုက် မှတ်သားထားပါ။
ထိုနောင် အသင်သူတော်ကောင်းသည် ထိုနေရာမှာပင် ဖြစ်စေ သို့မဟုတ် အခြားတစ်နေရာမှာပင် ဖြစ်စေ ထိုင်၍ တရားနှလုံးသွင်းပါ။ ရှေးဦးစွာ မိမိ ရရှိထားပြီးသော သမာဓိကို တစ်ဖန် ပြန်၍ ထူထောင်ပါ။ ဥပစာရ သမာဓိမျှကိုသာ ရရှိထားပြီးသူဖြစ်ပါက ဥပစာရသမာဓိကိုလည်းကောင်း, စတုတ္ထစျာန်သမာဓိကို ရရှိထားပြီးသူ ဖြစ်ပါက စတုတ္ထစျာန်သမာဓိကိုလည်းကောင်း, တစ်နည်းဆိုရသော် မိမိရရှိထားပြီးသည့် ဥပစာရသမာဓိ အပ္ပနာစျာန်သမာဓိ တစ်မျိုးမျိုးကို တစ်ဖန်ပြန်၍ ထူထောင်ပါ။ ထိုသမာဓိနှင့် ယှဉ်သော ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော ဉာဏ်အရောင်အလင်းကို ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် တောက်ပလာသည့်တိုင်အောင် သမာဓိကို ထူထောင်ပါ။
ထိုနောင် အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနလုံးတို့၌ ရုပ်နာမ်တို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ။ အထူးသဖြင့် ဓမ္မာရုံလိုင်း အကောင်းအုပ်စု နာမ်တရားများကိုလည်းကောင်း မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်တို့ကိုလည်းကောင်း ဦးစားပေး၍ သိမ်းဆည်းပါ။ ကြိမ်ဖန်များစွာ ရုပ်နာမ်ခွဲပါ။ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားပါ။ ထိုသို့ ရုပ်နာမ်ကို သိမ်းဆည်းနေသော ဉာဏ်ကြောင့်လည်း အရောင်အလင်းများသည် ပြိုးပြိုးပြက်ပြက် တလက်လက် ထွက်ပေါ် လာတတ်ပေသည်။ ဤတွင် ဗဟိဒ္ဓရုပ်နာမ်တို့ကိုပါ သိမ်းဆည်းနေရခြင်းမှာလည်း ဗဟိဒ္ဓရုပ်နာမ်တို့ကို မသိမ်းဆည်းတတ်သော ယောဂါဝစရပုဂ္ဂိုလ်တို့သည် အတိတ်ရုပ်နာမ်တို့ကို သိမ်းဆည်းဖို့ရန် ခက်ခဲသောကြောင့်ဖြစ်၏။
ဘုရားရှင်ကိုယ်တော်တိုင်ကလည်း မဟာသတိပဋ္ဌာနသုတ္တန်တွင် ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ, ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ ---- ဤသို့စသည်ဖြင့် အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနလုံးတို့၌ ကာယ ဝေဒနာ စိတ္တ ဓမ္မတို့ကို သိမ်းဆည်းပြီးပါမှ ---- သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ ---- စသည်ဖြင့် အကြောင်းတရား ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရား ထင်ရှားဖြစ်ပုံ စသည့် ရှုကွက်များကို အစဉ်အတိုင်း သိမ်းဆည်းရှုပွားရန် ညွှန်ကြားထားတော်မူ၏။ လုပ်ငန်းခွင်၌ ဦးထိပ်ရွက် ပန်ဆင်ရမည့် စည်းကမ်းဥပဒေသ တစ်ရပ်ပင် ဖြစ်သည်။
အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနတို့၌ ရုပ်နာမ်တို့ကို သိမ်းဆည်းနေသော ထိုဉာဏ်ကြောင့် ဉာဏ်အရောင် အလင်းသည် ပိုမို၍ တောက်ပလာသောအခါ ယခင် ရုပ်ပွားတော်အား သို့မဟုတ် စေတီတော်အား ဆီမီးပူဇော်၍ ဓမ္မကထိက နတ်သားဖြစ်ရန် ဦးတည်ချက်ဖြင့် ပြုစုပျိုးထောင်ခဲ့သည့် ကုသိုလ်သင်္ခါရအုပ်စု နာမ်တရားတို့ကို စတင်၍ သိမ်းဆည်းပါ။
သိမ်းဆည်းပုံမှာ ဤသို့တည်း ---- မိမိလက်ရှိသိမ်းဆည်းထားသော ရုပ်နာမ်တို့ကို သိမ်းဆည်းပြီးသောအခါ အနီးကပ်ဆုံး အတိတ်ဘက်သို့ စိတ်ကို စေလွှတ်၍ ရုပ်နာမ်တို့ကို တစ်စတစ်စ သိမ်းဆည်းပါ။ ရုပ်ပွားတော်အား သို့မဟုတ် စေတီတော်အား ဆီမီးပူဇော်ခဲ့သည့် ထိုကောင်းမှုကုသိုလ်ကို ပြုနေသော မိမိကိုယ်ကို ဗဟိဒ္ဓကဲ့သို့ပင် သဘောထား၍ ဗဟိဒ္ဓ၌ ရုပ်နာမ်ကို သိမ်းဆည်းသည့် ပုံစံအတိုင်း ရုပ်နာမ်တို့ကို သိမ်းဆည်းပါ။
ရုပ်နာမ်ကို သိမ်းဆည်းနေသော ဉာဏ်အရောင်အလင်းဖြင့် အနီးကပ်ဆုံး ဣရိယာပုထ်ဖြစ်သည့် ဆီမီး ပူဇော်နေသည့် အာရုံဘက်သို့ ဉာဏ်ကို စေလွှတ်ကြည့်ပါ။ ရုပ်နာမ်တို့ကို ဆက်လက် သိမ်းဆည်းပါ။ အကယ်၍ ဆီမီးပူဇော်နေသည့်ပုံသည် ထိုဉာဏ်အလင်းရောင်အတွင်း၌ ပေါ်လာခဲ့သော် ထိုပုံ၌ ဓာတ်ကြီးလေးပါးကို ဗဟိဒ္ဓ၌ကဲ့သို့ မြင်အောင် ဆက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့မြင်သောအခါ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ ရုပ်တရားတို့ကို ဆက်လက်သိမ်းဆည်းပါ။ ရုပ်ကလာပ်များကို ဓာတ်ခွဲလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းပါ။ အထူးသဖြင့် နှလုံးအိမ်၌ရှိသော (၅၄) မျိုးသော ရုပ်တရားတို့ကို ထပ်မံ၍ သိမ်းဆည်းပါ။ ဟဒယ ဝတ္ထုကို ဆက်လက် သိမ်းဆည်းပါ။ ထပ်ကာ ထပ်ကာ ရှုပါ။ ထိုအခါ ဟဒယဝတ္ထုကိုမှီ၍ ဖြစ်နေသော အိမ်ရှင် ဘဝင်မနောအကြည်ဓာတ်ကို လွယ်လွယ်ကူကူပင် သိမ်းဆည်းနိုင်မည် ဖြစ်သည်။ ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းနိုင်သောအခါ ဆီမီးမပူဇော်မီ ေ့ရှပိုင်းသို့လည်းကောင်း, ဆီမီးပူဇော်နေဆဲ အချိန်ပိုင်းသို့လည်းကောင်း, ဆီမီးပူဇော်ပြီး နောက်ပိုင်းသို့လည်းကောင်း ေ့ရှတိုးနောက်ဆုတ်ပြု၍ ဉာဏ်ကို စေလွှတ်၍ ယင်းဘဝင်မနော အကြည်ဓာတ်ကိုပင် ခေါက်တုံ့ခေါက်ပြန် သိမ်းဆည်းပါ။ ထိုအခါ ယင်း ဘဝင်မနောအကြည်ဓာတ်တို့၏ အကြားအကြား၌ ဖြစ်ပေါ်သွားခဲ့ကြသော ဆိုင်ရာဆိုင်ရာ ဟဒယဝတ္ထုရုပ်ကိုပင် မှီ၍ ဖြစ်ခဲ့ကြကုန်သော ဆီမီးပူဇော်သည့် ကုသိုလ်သင်္ခါရအုပ်စု နာမ်တရားတို့ကိုလည်းကောင်း, ဓမ္မကထိကနတ်သားဘဝကို ဆုတောင်းပန်ထွာနေသည့် အဝိဇ္ဇာ တဏှာ ဥပါဒါန်အုပ်စု ကိလေသဝဋ် နာမ်တရားစုတို့ကိုလည်းကောင်း လွယ်လွယ်ကူကူပင် သိမ်းဆည်း၍ ရရှိနိုင်ပေလိမ့်မည်။ ထိုတွင် ကိလေသဝဋ် နာမ်တရားစုတို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏။
၁။ မနောဒွါရာဝဇ္ဇန်း (၁) ကြိမ်,
၂။ ဇော (၇) ကြိမ်,
၃။ တဒါရုံ (ကျခဲ့သော်) (၂) ကြိမ်တို့ ဖြစ်ကြ၏။
၁။ မနောဒွါရာဝဇ္ဇန်း၌ စိတ်+စေတသိက် --- ၁၂ - လုံး။
၂။ ဇောအသီးအသီး၌ စိတ်+စေတသိက် --- ၂၀ - လုံး။
၃။ တဒါရုံအသီးအသီး၌ --- ၁၂ - (၃၄) လုံး။
ထိုက်သလို အသီးအသီး ရှိနိုင်၏။ ဇော၌ ဒိဋ္ဌိ မပါသော် (၁၉)လုံးလည်း ဖြစ်နိုင်၏။ တဒါရုံ၌ အဟိတ် ကုသလဝိပါက်တဒါရုံ သို့မဟုတ် မဟာဝိပါက်တဒါရုံတို့ ထိုက်သလို ဖြစ်နိုင်သည်။
ကိလေသဝဋ် (၃) ပါး
၁။ အဝိဇ္ဇာ (၂၀) ဓမ္မကထိကနတ်သားဟု အသိမှားမှုသဘော၊
၂။ တဏှာ (၂၀) ယင်းဓမ္မကထိကနတ်သားဘဝကို တွယ်တာတပ်မက်မှုသဘော၊
၃။ ဥပါဒါန် (၂၀) ယင်းဓမ္မကထိကနတ်သားဘဝကို စိတ်ကပ်ရောက်စွဲနေမှုသဘော၊ (ကာမုပါဒါန်တည်း။)
ဇောဝယ် ဓမ္မကထိကနတ်သားဟု အသိမှားမှုသဘောကား အဝိဇ္ဇာတည်း၊ ဓမ္မကထိကနတ်သားဟု စွဲလမ်း ယုံကြည်မှုသဘောကား သက္ကာယဒိဋ္ဌိတစ်မျိုးတည်း။ လောကသမညာ အတ္တစွဲတည်း။ ယင်းသက္ကာယဒိဋ္ဌိလည်း ပါဝင်၍ သောမနဿ အသင်္ခါရိကဖြစ်လျှင် စိတ်စေတသိက် အလုံး (၂၀)စီရှိမည် ဖြစ်သည်။ ယောဂါဝစရ ပုဂ္ဂိုလ်သည် ယင်းနာမ်တရားစုတို့ကို နာမ်တုံးနာမ်ခဲဟူသော နာမ်ဃန အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲ ဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းရှုပွားရမည် ဖြစ်သည်။ သို့အတွက် အဝိဇ္ဇာ (၂၀) စသည်ဖြင့် ရေးသားထားပါသည်။ တဒါရုံမှာ ကျသော်လည်း ရှိရာ၏၊ မကျသော်လည်း ရှိရာ၏။ ဇောတွင် သောမနဿဖြစ်သော် တဒါရုံတွင်လည်း သောမနဿ ဖြစ်၏၊ ဇောတွင် ဥပေက္ခာဖြစ်သော် တဒါရုံတွင်လည်း ဥပေက္ခာပင် ဖြစ်၏။ အဟိတ် တဒါရုံ၌ (၁၁^၁၂) ထိုက်သလို ဖြစ်နိုင်၏။ မဟာဝိပါက် တဒါရုံကျသော် (၃၄^၃၃) စသည် ထိုက်သလို ဖြစ်နိုင်၏။ ယင်းကိလေသဝဋ် မနောဒွါရိကဇောဝီထိတို့၏ မှီရာဟဒယဝတ္ထုရုပ်နှင့် တကွသော (၅၄) မျိုးကုန်သော ရုပ်တရားတို့ကား ရူပက္ခန္ဓာတည်း။
ကိလေသဝဋ် မနောဒွါရဝီထိ စိတ်စေတသိက်တို့ကား နာမ်တရား
မှီရာဝတ္ထုရုပ်တို့ကား ရုပ်တရား ----
ဤသို့ ရုပ်-နာမ် ခွဲပါ။ ရုပ်နာမ်ကို သိမ်းဆည်းပါ။ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားပါ။
ကမ္မဝဋ် (၂) ပါး
တစ်ဖန် ယင်းကိလေသဝဋ်ကို အစွဲပြု၍ (= ဓမ္မကထိကနတ်သားဘဝကို ရည်ရွယ်တောင့်တ၍) ဖြစ်ပေါ် လာသော ဆီမီးလှူသည့် ကုသိုလ် သင်္ခါရအုပ်စု နာမ်တရားတို့ကိုလည်းကောင်း မှီရာဝတ္ထုရုပ်တို့ကိုလည်းကောင်း ဆက်လက်၍ သိမ်းဆည်းပါ။ ဟဒယဝတ္ထုနှင့် ဘဝင်မနောအကြည်ဓာတ်ကိုပင် ဦးစားပေး၍ သိမ်းဆည်းပါက ဘဝင်မနောအကြည်ဓာတ်တို့၏ အကြားအကြား၌ ဖြစ်ပေါ်သွားကြသော ယင်းကုသိုလ်သင်္ခါရအုပ်စု နာမ်တရား တို့ကိုလည်း လွယ်လွယ်ကူကူပင် သိမ်းဆည်းနိုင်မည် ဖြစ်ပါသည်။
ယင်းဆီမီးလှူသည့် ကုသိုလ်သင်္ခါရအုပ်စုကို ပြုစုပျိုးထောင်စဉ်က ဝမ်းမြောက်ဝမ်းသာ စိတ်ပါလက်ပါဖြင့် ဉာဏ်ယှဉ်လျက် ပြုစုပျိုးထောင်ခဲ့လျှင် သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် ဖြစ်၏။ ဇောအသီးအသီး၌ နာမ် တရား (၃၄)လုံးစီ ရှိမည် ဖြစ်၏။ မနောဒွါရိကဇောဝီထိ စိတ်အစဉ်ပင် ဖြစ်၏။ တဒါရုံမှာ ကျသော်လည်းရှိရာ၏။မကျသော်လည်းရှိရာ၏။ အဟိတ် တဒါရုံ မဟာဝိပါက် တဒါရုံ ထိုက်သလို ဖြစ်နိုင်၏။ တဒါရုံကျခဲ့သော် ဝီထိစိတ် အစဉ်မှာ ဤသို့ ဖြစ်၏။
၁။ မနောဒွါရာဝဇ္ဇန်း (၁) ကြိမ် = နာမ်တရား (၁၂),
၂။ ဇော (၇) ကြိမ်, ဇောအသီးသီး၌ နာမ်တရား (၃၄) စီ,
၃။ တဒါရုံ (၂) ကြိမ်, တဒါရုံအသီးသီး၌ နာမ်တရား (၃၄) စီ ----
(အဟိတ်တဒါရုံကျခဲ့သော် နာမ်တရား - ၁၂ - ဖြစ်သည်။)
ယင်းမနောဒွါရဝီထိတို့မှာလည်း အကြိမ်များစွာ ဖြစ်နိုင်၏။ ယင်းနာမ်တရားတို့ကိုလည်း နာမ်တုံးနာမ်ခဲ ဟူသော နာမ်ဃနအသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းပါ။ မှီရာဝတ္ထုရုပ်တို့ကိုလည်း ဆက်လက်၍ သိမ်းဆည်းပါ။ ရုပ်-နာမ် ခွဲပါ။ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားပါ။
အကယ်၍ အသင်သူတော်ကောင်းသည် ထိုသို့ ကုသိုလ်သင်္ခါရကို ပြုစုပျိုးထောင်စဉ်က တစ်နည်းဆိုရသော် နောင်အနာဂတ်ဘဝအတွက် ရည်ရွယ်တောင့်တ၍ ကိလေသဝဋ် ကမ္မဝဋ်တို့ကို ထူထောင်စဉ်က ကြိုးကြားကြိုးကြား၌ အခြားအခြားသော ဝီထိစိတ်များလည်း ဖြစ်ပေါ်သွားကြသည်ကို သတိပြုမိလျှင် ထိုဝီထိစိတ်များကိုပါ ရောနှော၍ သိမ်းဆည်းပါ။
စံထားရမည့် မှတ်ကျောက်
ဤကဲ့သို့ ကိလေသဝဋ် ကမ္မဝဋ် အမည်ရသည့် နာမ်တရားတို့ုကို သိမ်းဆည်းရာ၌ အသင်သူတော်ကောင်း သည် သိမ်းဆည်းမိသော သိမ်းဆည်းရသော ဝီထိစိတ်အစဉ်များသည် ယခင် မိမိဆုတောင်းခဲ့စဉ် ကုသိုလ်ပြုစဉ်က တကယ်တမ်းဖြစ်ခဲ့သော နာမ်တရားများ ဟုတ်သည် မဟုတ်သည်ကို သတိပြုကြည့်ပါ။ ကောင်းမှုပြုစဉ်က စိတ်အစဉ်များနှင့် ယခုတစ်ဖန်ပြန်၍ မိမိကိုယ်တိုင် သိမ်းဆည်းရှုပွား၍ရသော စိတ်အစဉ်များသည် တစ်ထပ်တည်း တူညီနေပါလျှင် ကောင်းမှုပြုစဉ်က နာမ်တရားတို့ကို အမှန်အတိုင်း ဖြစ်ခဲ့သည့်အတိုင်း သိမ်းဆည်းနိုင်ပြီဟု ယုံကြည်မှုရှိလျှင် ကိုယ်တိုင်သိနေပါလျှင် အတိတ်အကြောင်းတရားများကို စတင်ရှာဖွေရာ၌ အသင်သူတော်ကောင်းအဖို့ လမ်းပွင့်သွားပြီ ဖြစ်ပါသည်။
အကယ်၍ ကောင်းမှုပြုစဉ်က စိတ်အစဉ်များနှင့် မိမိပြန်လည်၍ သိမ်းဆည်းနိုင်သော စိတ်အစဉ်များသည် မတူညီကြဟု သတိပြုမိလျှင် သမာဓိကို ထူထောင်၍ နည်းတူ ထပ်မံကြိုးစားရမည် ဖြစ်သည်။
အကယ်၍ ကောင်းမှုပြုစဉ်က စိတ်အစဉ်များကို တိတိကျကျ မှန်မှန်ကန်ကန် တကယ်ဖြစ်ခဲ့သည့်အတိုင်း သိမ်းဆည်းမိပါက ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါက ကိလေသဝဋ်ကို ကမ္မဝဋ်၌ပင် ထည့်သွင်းရေတွက်ရသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၂၃၇။)၌ ဖော်ပြထားသော နည်းအရ အနာဂတ်ဝိပါကဝဋ်၏ အကြောင်းရင်း ဖြစ်သော ပစ္စုပ္ပန်ကမ္မဝဋ်၌ အကျုံးဝင်သော အာဟာရ (၄) ပါးကို သိမ်းဆည်းမိပြီ ဖြစ်ပေသည်။
အတိတ်သို့ ဉာဏ်ကို ရှေးရှု စေလွှတ်ပါ
နန္ဒီ ---- ထိုသို့ ကမ္မဝဋ် အာဟာရလေးပါးတို့ကို သိမ်းဆည်းနိုင်ပါက ယင်းကမ္မဝဋ် ကုသိုလ်သင်္ခါရအုပ်စု၏ စွဲမှီရာ အကြောင်းခံဖြစ်သော ကိလေသဝဋ် နာမ်တရားစုတို့ကို ဆက်လက်သိမ်းဆည်းပါ။ အဝိဇ္ဇာ-တဏှာ-ကာမုပါဒါန် ဦးဆောင်သည့် မနောဒွါရိကဇောဝီထိ စိတ်အစဉ်များပင်တည်း။ (ဓမ္မကထိကနတ်သားဘဝကို လိုလားတောင့်တသော ကိလေသဝဋ် စိတ်အစဉ်မျိုးကို ဆိုလိုပါသည်။) ယေဘုယျအားဖြင့် လောဘဒိဋ္ဌိအုပ်စု မနောဒွါရိကဇောဝီထိ စိတ်အစဉ်များတည်း။
ဝေဒနာ ---- တစ်ဖန် ယင်းနန္ဒီတရား = တဏှာတရား = ကိလေသဝဋ်၏ စွဲမှီရာ အကြောင်းရင်းဖြစ်သော ဝေဒနာကို ဆက်လက်၍ သိမ်းဆည်းပါ။ သုတ္တန်နည်းအရ ဝေဒနာမှာ ဝိပါက်ဝေဒနာသာဖြစ်၏။ ပဉ္စဒွါရဝီထိ၌ ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံတို့နှင့်ယှဉ်သော ဝေဒနာ, မနောဒွါရ၌ တဒါရုံနှင့်ယှဉ်သော ဝေဒနာ တည်း။ (ဝိသုဒ္ဓိ၊၂၊၂၀၁-၂၀၂။)
ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ ဝေဒနာတို့မှာ ရှေးက ပဉ္စဒွါရာဝဇ္ဇန်းမပါဘဲ, နောက်က ဝုဋ္ဌောလည်း မပါဘဲ ဖြစ်နိုင်သည့် စွမ်းအား မရှိပေ။ မဟန္တာရုံဝီထိ အတိမဟန္တာရုံဝီထိ ဖြစ်က ဇောမပါဘဲလည်း ဖြစ်နိုင်သည့် စွမ်းအား မရှိပေ။ တစ်ဖန် ပဉ္စဒွါရဝီထိ၌ တဒါရုံမှာလည်း ပဉ္စဒွါရာဝဇ္ဇန်း, ဝုဋ္ဌော, ဇောတို့မပါဘဲ ဖြစ်နိုင်သည့် စွမ်းအား မရှိပေ။ တစ်ဖန် မနောဒွါရဝီထိ၌ တဒါရုံမှာလည်း မနောဒွါရာဝဇ္ဇန်းနှင့် ဇောတို့မပါဘဲ ဖြစ်နိုင်သည့် စွမ်းအား မရှိပေ။ တစ်ဖန် ဝေဒနာသည်လည်း ယှဉ်ဖက် သမ္ပယုတ်တရားတို့မပါဘဲ ဖြစ်နိုင်သည့် စွမ်းအား မရှိပေ။
သို့အတွက် ဝိပါက်ဝေဒနာကို အဦးမူသဖြင့် ယင်းဝိပါက်ဝေဒနာနှင့် စိတ္တက္ခဏတစ်ခု၏ အတွင်း, ဝီထိစဉ် တစ်ခု၏ အတွင်း၌ ဖြစ်သွားကြသော နာမ်တရားတို့ကို ရောနှော၍ သိမ်းဆည်းပါကလည်း အပြစ် မဖြစ်နိုင်ပါ။ အတိတ်အကြောင်းနှင့် ပစ္စုပ္ပန်အကျိုး စပ်ရာ၌သာ ဝိပါက်ဝေဒနာနှင့် အကြောင်း-အကျိုး စပ်ပါ။
ဥပမာ ---- ဓမ္မကထိကနတ်သားဘဝကို ဆုမတောင်းမီ ထိုနတ်သားဘဝအာရုံကို နှစ်ခြိုက် ပျော်မွေ့နေသော ခံစားမှုမျိုးတည်း။ ဓမ္မကထိကနတ်သားဘဝ အာရုံမှာ အတိဣဋ္ဌာရုံ ဖြစ်သဖြင့် ---- အတိဣဋ္ဌေ ပန သောမနဿ သဟဂတာနေဝ သန္တီရဏ တဒါရမ္မဏာနိ ---- ဟူသော အဘိဓမ္မတ္ထသင်္ဂဟနှင့်အညီ ဝေဒနာမှာ သောမနဿ ဝေဒနာပင် ဖြစ်သည်။ ဝိပါက်ဝေဒနာတို့၌ သောမနဿဝေဒနာဖြစ်သကဲ့သို့ ယင်းဝိပါက်ဝေဒနာတို့နှင့် ဝီထိစိတ်အစဉ် တစ်ခုအတွင်းဝယ် ကျရောက်ဖြစ်ပွားသွားကြကုန်သော ဇောတို့၌လည်း သောမနဿဝေဒနာပင် ဖြစ်သည်။ ယင်းဇောတို့မှာ ယောနိသောမနသိကာရဖြစ်က ကုသိုလ်ဇော, အယောနိသောမနသိကာရ ဖြစ်က အကုသိုလ်ဇော ထိုက်သလို စောနိုင်၏။ ဤ၌ ယောနိသောမနသိကာရဟူသည်မှာ ဘုရားရှင်၏ တရားစစ် တရား မှန်များကို နတ်ပြည်နတ်လောကဝယ် ဓမ္မဒါန အလှူကြီး ပေးလှူနိုင်မည့် ကုသိုလ်အခွင့်အလမ်းကြီးများ ပွင့်လန်းလျက်ရှိပုံကို အာရုံယူ၍ ဖြစ်ပေါ်နေသော နှလုံးသွင်းမှုမျိုးတည်း။ အနာဂတ် ဓမ္မကထိကနတ်သားဘဝကို လှမ်း၍ အာရုံယူနေသဖြင့် မနောဒွါရိကဇောဝီထိများသာ ဖြစ်ကြ၏။ တဒါရုံမှာ ကျသော်လည်း ရှိရာ၏။ မကျသော်လည်း ရှိရာ၏။ ယင်းတဒါရုံ ဝိပါက်ဝေဒနာကို အဦးမူ၍ ယင်းမနောဒွါရဝီထိ တစ်ဝီထိလုံးအတွင်း ရှိသော နာမ်တရားအားလုံးကိုပင် သိမ်းဆည်းပါ။ ရုပ်-နာမ် ခွဲပါ။ ရုပ်နာမ်ကို သိမ်းဆည်းပါ။
အကယ်၍ ပစ္စုပ္ပန်ရူပါရုံစသည့် အာရုံ (၆)ပါးကို အာရုံပြု၍ ဤကဲ့သို့သော ရူပါရုံစသည့် အာရုံမျိုးကို နောင်အနာဂတ် သမ္ပတ္တိဘဝ၌ ရလိုကြောင်း ဆုတောင်းပန်ထွာ၍ ကုသိုလ်သင်္ခါရတရားတို့ကို ပြုစုပျိုးထောင်သည် ဖြစ်အံ့။ ဤဝေဒနာပိုင်းတွင် ပဉ္စဒွါရဝီထိ၌ ပါဝင်သော ဝိပါက်ဝေဒနာ, မနောဒွါရဝီထိ၌ ပါဝင်သော ဝိပါက်ဝေဒနာ အားလုံး ထိုက်သလိုဖြစ်နိုင်၏။ ထိုအခါတွင် ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံ ဝိပါက် ဝိညာဏ်တို့နှင့် ယှဉ်သော ဝိပါက်ဝေဒနာကို အဦးမူ၍ ယင်းပဉ္စဒွါရဝီထိ မနောဒွါရဝီထိများ၏ အတွင်း၌ ပါဝင်သော နာမ်တရား တို့ကိုလည်းကောင်း မှီရာဝတ္ထုရုပ်တို့ကိုလည်းကောင်း သိမ်းဆည်းပါ။ မိမိတို့၏ ဆုတောင်းပန်ထွာမှုအပေါ် အခြေတည်၍ ဝိပါက်ဝေဒနာတို့၏ ထူးထွေကွဲပြားမှုကို သဘောပေါက်လေရာသည်။
ဖဿ ---- တစ်ဖန် ယင်းဝေဒနာတရား၏ တစ်နည်းဆိုသော် ယင်းဝေဒနာဦးဆောင်သည့် နာမ်တရားစု၏ အကြောင်းရင်းဖြစ်သော ဖဿကို သိမ်းဆည်းပါ။ ဥပမာ - ဓမ္မကထိကနတ်သားဘဝကို ဆုတောင်းရာဝယ် ဆုမတောင်းခင် ဆုမတောင်းမီ ရှေးဦးစွာ ထိုဓမ္မကထိကနတ်သားဘဝကို လှမ်း၍ အာရုံယူမည် ဖြစ်သည်။ ယင်းသို့ လှမ်း၍ အာရုံယူရာ၌ ထိုဓမ္မကထိကနတ်သားဘဝအာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်သော ထိုဓမ္မကထိကနတ်သားဘဝအာရုံနှင့် မိမိ၏ အသိစိတ်ကို ဆက်သွယ်ပေးနေသော ဖဿသည် ဖြစ်၏။ ယင်းဖဿကို သိမ်းဆည်းပါ။ ယင်းဖဿနှင့် ယှဉ်ဖက် သမ္ပယုတ်တရားတို့ကိုလည်းကောင်း ယင်းဖဿနှင့် ဝီထိစဉ် တစ်ခု၏ အတွင်း၌ ပါဝင်တည်ရှိကြသော နာမ်တရားစုတို့ကိုလည်းကောင်း, မှီရာဝတ္ထုရုပ်တို့ကိုလည်းကောင်း ဆက်လက်၍ သိမ်းဆည်းပါ။
အကယ်၍ ပစ္စုပ္ပန်ရူပါရုံစသည့် အာရုံ (၆)ပါးတို့ကို ထိုက်သလို အာရုံပြု၍ ယင်းကဲ့သို့သော အာရုံမျိုးများကို နောင်အနာဂတ် သမ္ပတ္တိဘဝတစ်ခု၌ ရလိုကြောင်း ဆုတောင်းပန်ထွာခဲ့သည် ဖြစ်အံ့၊ ထိုပစ္စုပ္ပန်အာရုံ (၆)ပါးတို့နှင့် အသိစိတ်ကို ဆက်သွယ်ပေးနေသည့် ယင်းအာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့်ဖြစ်သော ဖဿကို စတင်၍ သိမ်းဆည်းပါ။ ထိုနောင် ယင်းဖဿနှင့် ယှဉ်ဖက် သမ္ပယုတ်တရားတို့ကိုလည်းကောင်း ယင်းဖဿ ပါဝင်သော ဝီထိစိတ်အစဉ် တစ်ခုအတွင်း၌ တည်ရှိကြသော နာမ်တရားစုတို့ကိုလည်းကောင်း, မှီရာဝတ္ထုရုပ် တို့ကိုလည်းကောင်း ဆက်လက်၍ သိမ်းဆည်းပါ။ စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ စသော ဒေသနာတော်များနှင့် အညီတည်း။
သဠာယတန ---- ဓမ္မကထိကနတ်သားဘဝကို သို့မဟုတ် မိမိ လိုလားတောင့်တသည့် အာရုံအမျိုးမျိုးတို့ နှင့် ပြည့်စုံသည့် သမ္ပတ္တိဘဝကို ဆုတောင်းပန်ထွာမှု မပြုမီ, ပြုဆဲ, ပြုပြီးအချိန်တို့၌ အသင်သူတော်ကောင်း၏ သန္တာန်ဝယ် သဠာယတန အမည်ရသော ရုပ်တရား နာမ်တရားတို့သည် ဥပါဒ်-ဌီ-ဘင် အနေအထားဖြင့် ရုပ်နာမ်သန္တတိအစဉ်အားဖြင့် ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်ပြီး, ဖြစ်ဆဲ, ဖြစ်လတ္တံ့ ဖြစ်ကြ၏။ ယင်းသဠာယတနတို့ကို ဆက်လက်၍ သိမ်းဆည်းပါ။
ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်တွင် စက္ခာယတန, သောတာယတန, ဃာနာယတန, ဇိဝှာယတန, ကာယာယတန, မနာယတန ဟူသော အတွင်းအာယတန (၆)ပါးကို ပဓာနထား၍ ဟောကြားထားတော်မူ၏။ အတွင်းအာယတနတို့သည် ရူပါယတန, သဒ္ဒါယတန, ဂန္ဓာယတန, ရသာယတန, ဖောဋ္ဌဗ္ဗာယတန, ဓမ္မာ ယတနဟူသော အပြင်အာယတနတို့မပါဘဲ အတွင်းအာယတနချည်းသက်သက် မဖြစ်နိုင်ကြသဖြင့် အတွင်း အာယတနတို့ကို သိမ်းဆည်းပါက ရုပ်တုံး ရုပ်ခဲ နာမ်တုံး နာမ်ခဲဟူသော ရုပ်ဃန နာမ်ဃန ပြိုရေး ပရမတ်သို့ ဉာဏ်အမြင်ဆိုက်ရေး အတွက် အပြင်အာယတနတို့ကိုပါ ရောနှော၍ သိမ်းဆည်းရမည် ဖြစ်သည်။
ပုံစံတစ်ခု အနေအားဖြင့် စက္ခာယတနကို ပရမတ်သို့ဆိုက်အောင် သိမ်းဆည်းလိုသည် ဆိုပါစို့။ စက္ခာယတန အမည်ရသော စက္ခုပသာဒသည် မိမိတစ်ခုတည်း စက္ခာယတနချည်းသက်သက် မဖြစ်နိုင်၊ စက္ခုဒသကကလာပ် အနေဖြင့်သာ အုပ်စုအလိုက် ဖြစ်နိုင်သည့် စွမ်းအား ရှိ၏။ ယင်းစက္ခုဒသကကလာပ်အတွင်း၌ တည်ရှိသော စက္ခာယတနကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းလိုပါက စက္ခုဒသကကလာပ်အတွင်း၌ ပါဝင်တည်ရှိကြသော (၁၀)မျိုးသော ရုပ်တရားတို့ကို ရုပ်တုံးရုပ်ခဲဟူသော ရုပ်ဃနပြိုအောင် တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ဉာဏ်ဖြင့် ပိုင်းခြားယူပါ သိမ်းဆည်းပါ။ သို့မှသာလျှင် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်မည်။ ယင်း (၁၀)မျိုးသော ရုပ်တရားတို့တွင် ----
၁။ စက္ခုပသာဒကား စက္ခာယတန (အတွင်းအာယတန)
၂။ ဝဏ္ဏကား ရူပါယတန (အပြင်အာယတန)
၃။ ဂန္ဓကား ဂန္ဓာယတန (အပြင်အာယတန)
၄။ ရသကား ရသာယတန (အပြင်အာယတန)
၅။ ပထဝီ တေဇော ဝါယောတို့ကား ဖောဋ္ဌဗ္ဗာယတန (အပြင်အာယတန)
၆။ အာပေါ, ဩဇာ, ဇီဝိတတို့ကား ဓမ္မာယတန (အပြင်အာယတန)
အားလုံးပေါင်းသော် အာယတန (၆)ပါးဖြစ်သည်။ စက္ခာယတနသည် အထက်ပါ အပြင်အာယတနများနှင့် ပေါင်းစပ်မိမှသာလျှင် ဖြစ်နိုင်စွမ်းရှိ၏။ မိမိချည်းကား ဖြစ်နိုင်သည့်စွမ်းအား မရှိပေ။ သို့အတွက် အတွင်း အာယတနကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းရှုပွားလိုလျှင် အပြင်အာယတနကိုပါ ရောနှော၍ သိမ်းဆည်းရှုပွားရ၏။ သောတာယတန, ဃာနာယတန, ဇိဝှာယတန, ကာယာယတနတို့၌လည်း နည်းတူပင် သဘောပေါက်ပါ။ တစ်ဖန် မနာယတန အမည်ရသော အသိစိတ်ဟူသမျှသည် ဓမ္မာယတန အမည်ရသော စေတသိက်များ မပါဘဲ, ပဉ္စဝေါကာရ = ခန္ဓာငါးပါးရှိသော သတ္တဝါတို့အဖို့ မှီရာဝတ္ထုရုပ်ဟူသော အာယတန များမပါဘဲ ဖြစ်နိုင်သည့်စွမ်းအား မရှိ။ မနာယတနကို ဃနပြိုအောင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းရှုပွားလိုပါက အပြင်အာယတနဖြစ်သည့် စေတသိက် ဓမ္မာယတနများကိုပါ ရောနှော၍ သိမ်းဆည်း ရှုပွားရ၏။ ဆိုင်ရာဆိုင်ရာ မှီရာဝတ္ထုရုပ်တရားတို့ကိုလည်း ပူးတွဲ သိမ်းဆည်းရှုပွားရ၏။
သို့အတွက် အတွင်းအာယတနကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းပါက အပြင်အာယတန များလည်း ထိုက်သလိုအကျုံးဝင်လာကြသဖြင့် အတွင်းအာယတန (၆) ပါးတို့ကို သိမ်းဆည်းလျှင် အပြင်အာယတန (၆) ပါးတို့ကိုလည်း သိမ်းဆည်းပြီးပင် ဖြစ်တော့၏။ ယင်းအာယတန (၁၂) ပါးတို့ဟူသည်မှာလည်း ခန္ဓာငါးပါး, ရုပ်-နာမ် နှစ်ပါးတို့ပင် ဖြစ်ကြ၏။ သို့အတွက် အထက်တွင် ဖော်ပြထားသော ဖဿနှင့်ဝေဒနာတို့ မဖြစ်မီ အချိန်က ရှိခဲ့ ဖြစ်ခဲ့သော ရုပ်နာမ်တို့ကို သိမ်းဆည်းလျှင် သဠာယတနကို သိမ်းဆည်းနေသည်ပင် ဖြစ်ပေတော့သည်။
ယင်းသဠာယတန၏ နယ်ကား ပဋိသန္ဓေနာမ်ရုပ်, ပဋိသန္ဓေဝိညာဏ်သို့တိုင်အောင် ကျယ်ပြန့်လျက်ရှိ၏။ သို့အတွက် အထက်ဖော်ပြပါ ဝေဒနာတို့ကိုလည်းကောင်း, ဖဿတို့ကိုလည်းကောင်း သိမ်းဆည်းပြီးသောအခါ ယင်းဖဿ၏ အကြောင်းခံဖြစ်သော သဠာယတနတို့ကို ယင်းဖဿ မဖြစ်မီ အချိန်ကစ၍ ပစ္စုပ္ပန်ဘဝ၏ ပဋိသန္ဓေသို့တိုင်အောင် ဉာဏ်ကို စေလွှတ်လျက် ရုပ်နာမ်တို့ကို တစ်စတစ်စ ရှေးသို့ တိုး၍တိုး၍ သိမ်းဆည်းပါ။
ကိလေသဝဋ် ကမ္မဝဋ် များနေသော်
အကယ်၍ အသင်သူတော်ကောင်းသည် နောင်အနာဂတ်ဘဝအတွက် ရည်ရွယ်မှန်းထား၍ သင်္ခါရမျိုးစေ့ များကို ထူထောင်လျက် ဆုတောင်းပွဲများကို ဘဝတစ်လျှောက်၌ အကြိမ်ပေါင်းများစွာ ကျင်းပခဲ့သည် ဖြစ်အံ့၊ အကယ်၍ ဓမ္မကထိကနတ်သား ဖြစ်လိုလျှင်လည်း ဓမ္မကထိကနတ်သားဖြစ်ရန် သင်္ခါရမျိုးစေ့များကို ကြိမ်ဖန်များစွာ ထူထောင်လျက် ကြိမ်ဖန်များစွာပင် ဆုမွန်ကောင်း တောင်းဆိုခဲ့သည် ဖြစ်အံ့၊ အနီးကပ်ဆုံး ဆုတောင်းပွဲတွင် ဖြစ်ခဲ့သည့် ကမ္မဝဋ် အာဟာရလေးပါးတို့ကို (= ရုပ်နာမ်တို့ကို) အထက်တွင် ဖော်ပြခဲ့သည့် နည်းစနစ်အတိုင်း စတင်၍ သိမ်းဆည်းကာ ကျန်ဆုတောင်းပွဲများတွင် ဖြစ်ခဲ့သည့် အဝိဇ္ဇာ-တဏှာ-ဥပါဒါန် ဟူသော ကိလေသဝဋ်, သင်္ခါရ-ကံ တည်းဟူသော ကမ္မဝဋ်တွင် အကျုံးဝင်သော အာဟာရလေးပါး = ရုပ်နာမ်တရားတို့ကို ဤသဠာယတနပိုင်းတွင်ပင် ပေါင်းစုခြုံငုံ၍ ----
၁။ ရုပ်နာမ် နှစ်ပါးနည်းဖြင့် နှစ်ပုံ ပုံ၍ ဖြစ်စေ,
၂။ ခန္ဓာငါးပါးနည်းဖြင့် ငါးပုံ ပုံ၍ ဖြစ်စေ,
၃။ သဠာယတနနည်းဖြင့် ခြောက်ပုံ ပုံ၍ ဖြစ်စေ,
ပဋိသန္ဓေ နာမ်ရုပ်ဘက်သို့ တာစူလျက် အတိတ်ဘက်သို့ တဖြည်းဖြည်း ဉာဏ်ကိုစေလွှတ်ကာ ရုပ်နာမ် တို့ကို သိမ်းဆည်းပါ။
မေးမြန်းဖွယ်ရာ အချက်တစ်ရပ်
သုတ္တန်နည်းအရ သဠာယတနတရားများမှာ ဝိပါကဝဋ်တရားများသာ ဖြစ်ကြ၏။ ယင်း သဠာယတနတွင် ကိလေသဝဋ် ကမ္မဝဋ်တရားများသည် မပါဝင်ကြပေ။ သို့ပါလျက် အဘယ်ကြောင့် သဠာယတနစာရင်းတွင် ကိလေသဝဋ် ကမ္မဝဋ်တရားတို့ကိုပါ ရောနှော၍ သိမ်းဆည်းနေရပါသနည်းဟု မေးမြန်းဖွယ်ရာ ရှိလာပြန်၏။ အဖြေကား မကင်းစကောင်းသောကြောင့် ဟူ၏။
ဝီထိမှ အလွတ်ဖြစ်သော ဝီထိမုတ်စိတ်မှတစ်ပါး စိတ်တို့မည်သည် ကိန်းသေမြဲသော စိတ္တနိယာမ သဘောတရားအရ ဝီထိဟု ခေါ်ဆိုသည့် စိတ်အစဉ်အတိုင်းသာ ဖြစ်ရိုးဓမ္မတာ ရှိကြ၏။ ယင်းဓမ္မတာ လမ်းကြောင်းမှ တိမ်စောင်း၍ ပြောင်းလဲ၍ ဖြစ်ရိုးဓမ္မတာ မရှိကြပေ။ သို့အတွက် သဠာယတန အမည်ရသည့် ဝိပါကဝဋ်တရားတို့ကို သိမ်းဆည်းလိုခဲ့သော် ယင်းတို့ဖြစ်နေကျ နိယာမ ဓမ္မတာလမ်းကြောင်းအတိုင်းသာ ဖြစ်နေကြသည့် ယင်းဝိပါက်တရားတို့ကို သိမ်းဆည်းရ၏။ ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ပိုင်းခြားယူရ၏။ ယင်းသို့ စိတ္တနိယာမလမ်းကြောင်းအတိုင်း ဖြစ်နေကြသည့် သဠာယတန အမည်ရသော အထူးသဖြင့် မနာယတနတွင် အကျုံးဝင်သော ဝိပါက်တရားတို့ကို ဝီထိစိတ်အစဉ်အတိုင်း သိမ်းဆည်းခဲ့သော် နာမ်တုံးနာမ်ခဲဟူသော နာမ်ဃန အသီးအသီးကို ပြိုကွဲသွားအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းနိုင်ပါက ယင်းဝိပါက်နာမ်တရားတို့၏ အကြားအကြား၌ တည်ရှိကြသော ဖြစ်ပေါ်လေ့ ရှိကြသော ကိလေသဝဋ် ကမ္မဝဋ် တရားစုတို့ကိုလည်း လွယ်လွယ်ကူကူပင် သိမ်းဆည်းမိပြီး ဖြစ်နိုင်ပေသည်။
ဥပမာ - စက္ခုဒွါရဝီထိ ဆိုကြပါစို့။ ယင်းစက္ခုဒွါရဝီထိ၏အတွင်း၌ ပါရှိတည်ရှိကြသော - စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံ ဟူသော မနာယတနတွင် အကျုံးဝင်သော ဝိပါက်နာမ်တရားစုတို့ကို သိမ်းဆည်း လိုသော် စက္ခုဝိညာဏ်စိတ်၏ ေ့ရှတွင် ကပ်လျက်ရှိသော ပဉ္စဒွါရာဝဇ္ဇန်းဟူသော အာဝဇ္ဇန်းစိတ် မပါဘဲ စက္ခုဒွါရ ဝီထိစိတ်တို့သည် ဖြစ်ပေါ်မလာနိုင်ကြသဖြင့် ပဉ္စဒွါရာဝဇ္ဇန်းက စ၍သာ သိမ်းဆည်းရ၏။ ဝိပါက်တရားများကို သန္တတိဃနစသည့် နာမ်ဃန အတုံးအခဲပြိုအောင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းရင်းပင် ပဉ္စဒွါရာဝဇ္ဇန်းကိုပါ သိမ်းဆည်းပြီး ဖြစ်သွား၏။ တစ်ဖန် တဒါရုံဝိပါက်ကို သိမ်းဆည်းလိုပါက ဇောမပါဘဲ တဒါရုံမှာလည်း ဖြစ်ရိုးဓမ္မတာမရှိ၊ ဖြစ်နိုင်သည့် ဓမ္မတာမရှိ၊ ဇောယူထားသည့် အာရုံကိုသာ တဒါရုံက ဆက်ခံသောကြောင့် ဖြစ်၏။ ထိုကြောင့် တဒါရုံကို သိမ်းဆည်းရင်း ဇောကိုလည်း သိမ်းဆည်းမိပြီး ဖြစ်သွား၏။
တစ်ဖန် ဇောမှာလည်း ပဉ္စဒွါရဝီထိ၌ ဝုဋ္ဌောမပါဘဲ, မနောဒွါရဝီထိ၌ မနောဒွါရာဝဇ္ဇန်းမပါဘဲ ဖြစ်ရိုး ဓမ္မတာ မရှိသဖြင့် တဒါရုံဝိပါက်ကို သိမ်းဆည်းမှုသည် ပဉ္စဒွါရဝီထိ၌ ဝုဋ္ဌောနှင့် ဇောကိုပါ, မနောဒွါရဝီထိ၌ မနောဒွါရာဝဇ္ဇန်းနှင့် ဇောကိုပါ သိမ်းဆည်းခြင်းလုပ်ငန်းကို ပူးတွဲဆောင်ရွက်ပြီး ဖြစ်သွား၏။
ယင်းဇောတို့မှာ ဝုဋ္ဌောနှင့် မနောဒွါရာဝဇ္ဇန်းတို့၏ ဆုံးဖြတ်ချက်အပေါ် မူတည်၍ ယောနိသောမနသိကာရ ဖြစ်လျှင် ကုသိုလ်ဇော, အယောနိသောမနသိကာရဖြစ်လျှင် အကုသိုလ်ဇောများ ထိုက်သလို ဖြစ်ကြ၏။ အကုသိုလ်ဇောတို့ကား ကိလေသဝဋ်တရားတို့လည်း ဖြစ်နိုင်ကြ၏၊ ကမ္မဝဋ်တရားတို့လည်း ဖြစ်နိုင်ကြ၏။ ကုသိုလ် ဇောတို့ကား ကမ္မဝဋ်တရားစုတို့တည်း။ သို့အတွက် ဝိပါကဝဋ်တရားတို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းခဲ့သော် ကိလေသဝဋ် ကမ္မဝဋ်တရားတို့သည်လည်း တစ်နွယ်ငင် တစ်စင်ပါဟူသော အဝိနာဘာဝနည်း အရ ပါဝင်၍ သွားကြ၏။ ယင်းကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်တရားစုတို့မှာ ပဉ္စဝေါကာရဘုံ၌ မှီရာဝတ္ထုရုပ် တို့ကိုသာ ထိုက်သလို မှီ၍ ဖြစ်ကြရသဖြင့် နာမ်တရားတို့ကို ပုံစံမှန် သိလိုပါက သိမ်းဆည်းလိုပါက မှီရာဝတ္ထုရုပ် တို့ကိုလည်း ပူးတွဲလျက် သိမ်းဆည်းရပြန်၏။ ယင်းမှီရာဝတ္ထုရုပ်တို့မှာလည်း ဝိပါကဝဋ်တရားစုတို့ပင်တည်း။ မကင်းစကောင်းသော အဝိနာဘာဝနည်းအရ ဆိုရသော် စတုသမုဋ္ဌာနိက ရုပ်တရားစုတို့ပင်တည်း။ သို့အတွက် ဝိပါကဝဋ်အမည်ရသော သဠာယတနများကို ဃန အသီးအသီး ပြိုအောင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းလျှင် ကိလေသဝဋ် ကမ္မဝဋ်တို့လည်း ပါဝင်နိုင်၍ ရောနှော၍ သိမ်းဆည်းရန် ရေးသားတင်ပြရခြင်း ဖြစ်သည်ဟု မှတ်ပါ။
ယောဂီတို့၌ တွေ့ကြုံတတ်သည့် သဘာဝတစ်ရပ်
ထိုသို့ သိမ်းဆည်းရာ၌ ရုပ်နာမ်ပရမတ် အာရုံပေါ်သို့သာ စိတ်ကျလျက် ရုပ်နာမ် သက်သက်ကိုပင် ပဋိသန္ဓေမတိုင်မီ ဘဝတစ်လျှောက်၌ တကယ်ဖြစ်ခဲ့သည့်အတိုင်း သိမ်းဆည်းမိလျှင် ပို၍ကောင်းသည်သာ ဖြစ်ပါသည်။ သို့သော် ထိုသို့ အတိတ်ဘက်သို့ ဉာဏ်ကိုစေလွှတ်လျက် ရုပ်နာမ်တို့ကို သိမ်းဆည်းရာ၌ မနသိကာရကို အခြေခံ၍ ကြိုးကြားကြိုးကြား ရံခါရံခါ ကောင်းမှုပြုခဲ့သည့် ရုပ်ပုံလွှာများ မကောင်းမှုပြုခဲ့သည့် ရုပ်ပုံလွှာများလည်း ပေါ်လာတတ်၏။ ယင်းသို့ ရုပ်ပုံလွှာများ ပေါ်လာခြင်းမှာ သတ္တဝါတို့၏ စိတ်ဓာတ်သည် သူကောင် ငါကောင် စသည့် အကောင်အထည် အတုံးအခဲတို့အပေါ်၌ သံသရာတစ်လျှောက်ဝယ် ကျက်စားမှုများခဲ့သဖြင့် ရုပ်နာမ် ပရမတ်တို့ကို သိမ်းဆည်းရာက ပညတ်အတုံးအခဲပေါ်သို့ တစ်ခါတစ်ရံ စိတ်ကျရောက်သွားခြင်းကြောင့် ဖြစ်၏။
ယင်းသို့ ရုပ်ပုံများပေါ်လာခဲ့သော် ထိုပုံများ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို ဉာဏ်ဖြင့်မြင်အောင် စိုက်ရှုပါ။ ဗဟိဒ္ဓ၌ ဓာတ်ကြီးလေးပါးကို ဦးတည်၍ ရုပ်တရားတို့ကို (၃၁)ဘုံကို ခြုံငုံ၍ သိမ်းဆည်းထားပြီးသော အသင်ယောဂီ သူတော်စင်အဖို့ ထိုပုံများ၌ ဓာတ်ကြီးလေးပါးကို ဉာဏ်ဖြင့်မြင်အောင် ရှုမှုမှာ မခက်ခဲတော့ပြီ ဖြစ်၏။ ဓာတ်ကြီးလေးပါးကို ရှုနိုင်မြင်နိုင်ပါက မကြာမီ ရုပ်ကလာပ်အမှုန်များကို တွေ့ရှိမည် ဖြစ်သည်။ ယင်း ရုပ်ကလာပ်တို့ကို (၆)ဒွါရ, (၄၂)ကောဋ္ဌာသတို့၌ ရှိကြသည့်အတိုင်း ဓာတ်ခွဲလျက် ပရမတ်ရုပ်တရားတို့ကို သိမ်းဆည်းပါ။ အထူးသဖြင့် နှလုံးအိမ်၏အတွင်း၌ တည်ရှိကြသော ရုပ် (၅၄)မျိုးတို့ကို ဦးစားပေးလျက် သိမ်းဆည်း ပါ။ ဟဒယဝတ္ထုရုပ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ ဟဒယဝတ္ထုကို မှီ၍ ဖြစ်နေသော ဘဝင်မနောအကြည်ဓာတ်ကို ဆက်လက်၍ သိမ်းဆည်းပါ။ ဤအပိုင်းတွင်ကား ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းနိုင်ရေးမှာ အလွန် အရေးပါလျက် ရှိ၏။ ဘဝင်မနောအကြည်ဓာတ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်ပါက ယင်း ဘဝင်မနောအကြည်ဓာတ်တို့၏ အကြားအကြား၌ ဆိုင်ရာ ဆိုင်ရာ မှီရာဝတ္ထုရုပ်တို့ကို မှီ၍ ဖြစ်ပေါ်သွားကြကုန်သော စိတ္တနိယာမလမ်းကြောင်းအတိုင်း ဝီထိစဉ်အတိုင်း ဖြစ်ပေါ်သွားကြကုန်သော နာမ်တရားတို့ကို ဆက်လက်၍ သိမ်းဆည်းပါ။ ကုသိုလ်ဇောဝီထိစိတ်အစဉ်များ အကုသိုလ်ဇောဝီထိစိတ်အစဉ်များကို ဖြစ်ခဲ့သည့်ပုံစံအတိုင်း ဉာဏ်ဖြင့်မြင်အောင် ဃနအသီးသီးကို ဖြိုခွဲလျက် ပရမတ်သို့ဆိုက်အောင် သိမ်းဆည်းပါ။ အောင်မြင်ပါက ---- ရုပ်တရား နာမ်တရား, ရုပ်တရား နာမ်တရား ---- ဤသို့ စသည်ဖြင့် ရုပ်နာမ်ကိုသာ ဆက်လက်၍ သိမ်းဆည်းပါ။
ဤသို့လျှင် အနီးကပ်ဆုံးသော ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်ဟူသော အာဟာရလေးပါး ရုပ်နာမ်တရား တို့ကစ၍ ပစ္စုပ္ပန်ပဋိသန္ဓေဟူသော အတိတ်ဘက်သို့ ဉာဏ်ကိုစေလွှတ်၍ ရုပ်နာမ်တို့ကို တစ်စတစ်စ တိုး၍ တိုး၍ သိမ်းဆည်းရာဝယ် အောင်မြင်မှုရခဲ့သော် ----
၁။ လွန်ခဲ့သည့် (၁) ရက်က ရုပ်နာမ်,
၂။ လွန်ခဲ့သည့် (၂) ရက်က ရုပ်နာမ်,
၃။ လွန်ခဲ့သည့် (၃) ရက်က ရုပ်နာမ်,
၄။ လွန်ခဲ့သည့် (၄) ရက်က ရုပ်နာမ်,
၅။ လွန်ခဲ့သည့် (၅) ရက်က ရုပ်နာမ်, ။ ပ ။
၆။ လွန်ခဲ့သည့် (၁) လက ရုပ်နာမ်, ။ ပ ။
၇။ လွန်ခဲ့သည့် (၁) နှစ်က ရုပ်နာမ်,
၈။ လွန်ခဲ့သည့် (၂) နှစ်က ရုပ်နာမ်,
၉။ လွန်ခဲ့သည့် (၃) နှစ်က ရုပ်နာမ်,
၁၀။ လွန်ခဲ့သည့် (၄) နှစ်က ရုပ်နာမ်,
၁၁။ လွန်ခဲ့သည့် (၅) နှစ်က ရုပ်နာမ်, ။ ပ ။
၁၂။ လွန်ခဲ့သည့် (၁၀) နှစ်က ရုပ်နာမ်, ----
ဤသို့ စသည်ဖြင့် အတိတ်ရုပ်နာမ်တို့ကို တစ်စတစ်စ တိုး၍တိုး၍ တဖြည်းဖြည်း သိမ်းဆည်းပါ။ အကယ်၍ ထိုသို့ သိမ်းဆည်းရာ၌ လူကြီးအရွယ် လူလတ်အရွယ် လူငယ်အရွယ် ကလေးအရွယ် စသည်ဖြင့် ကြိုးကြားကြိုးကြား၌ ရုပ်ပုံများ ပေါ်လာလျှင်လည်း အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ထိုပုံများ၌ ဓာတ်ကြီးလေးပါးကို ဉာဏ်ဖြင့် မြင်အောင် စိုက်ရှု၍ ရုပ်နာမ်တို့ကိုပင် ဆက်လက်၍ သိမ်းဆည်းပါ။
သတိပြုသင့်သော အချက်များ
ဤကဲ့သို့ အတိတ်အကြောင်းတရားတို့ကို ရှာဖွေရာ၌ ကြိုတင်၍ သိထားသင့်သော အချက်များလည်း ရှိကြပေသည်။ ယင်းအချက်တို့ကို ဤ၌ အကျဉ်းချုပ်၍ တင်ပြအပ်ပါသည်။ ----
လောကသမုဒယံ ခေါ ကစ္စာန ယထာဘူတံ သမ္မပ္ပညာယ ပဿတော ယာ လောကေ နတ္ထိတာ၊ သာ န ဟောတိ။ လောကနိရောဓံ ခေါ ကစ္စာန ယထာဘူတံ သမ္မပ္ပညာယ ပဿတော ယာ လောကေ အတ္ထိတာ၊ သာ န ဟောတိ။ ပ ။ အပရပစ္စယာ ဉာဏမေဝဿ ဧတ္ထ ဟောတိ။ (သံ၊၁၊၂၅၇-၂၅၈။)
သမ္မပ္ပညာယ ပဿတောတိ သမ္မာပညာ နာမ သဝိပဿနာ မဂ္ဂပညာ၊ တာယ ပဿန္တဿာတိ အတ္ထော ။ ပ ။ အပရပ္ပစ္စယာတိ န ပရပ္ပစ္စယေန ၊ အညဿ အပတ္တိယာယေတွာ အတ္တပစ္စက္ခဉာဏမေဝဿ ဧတ္ထ ဟောတီတိ။ (သံ၊ဋ္ဌ၊၂၊၃၂။)
သမ္မပ္ပညာယာတိ အဝိပရီတပညာယ ယထာဘူတပညာယ။ တေနာဟ သဝိပဿနာ မဂ္ဂပညာတိ။
(သံ၊ဋီ၊၂၊၃၇။)
ဉာဏသမင်္ဂီ ပုဂ္ဂလော စက္ခုမာ ဝိယ စက္ခုနာ ရူပါနိ, ဉာဏေန ဝိဝဋေ ဓမ္မေ ပဿတိ။ (သံ၊ဋ္ဌ၊၂၊၄၉။)
အထ ခေါ ရူပါနိ ဝိယ စက္ခုဝိညာဏေန ရူပါဒီနိ တေသံ စ သမုဒယာဒိကေ ပစ္စက္ခေ ကတွာ ဒဿနန္တိ ဝိဘာဝေတုံ ပဿတောတိ ဝုတ္တန္တိ ဧဝံ ဝါ ဧတ္ထ အတ္ထော။ (သံ၊ဋီ၊၂၊၆၃။)
အထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ ဆိုလိုရင်းမှာ ဤသို့ဖြစ်၏ ---- သင်္ခါရလောက၏ ဖြစ်စဉ်ကို လောကသမုဒယဟု ခေါ်ဆို၏။ အနုလောမပစ္စယာကာရ = အနုလောမပဋိစ္စသမုပ္ပါဒ်ဟုလည်း ခေါ်ဆို၏။ သင်္ခါရလောက၏ ချုပ်စဉ်ကို လောကနိရောဓဟု ခေါ်ဆို၏။ ပဋိလောမပစ္စယာကာရ = ပဋိလောမပဋိစ္စသမုပ္ပါဒ် ဟုလည်း ခေါ်ဆို၏။
အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ ဟူသော အကြောင်းတရားတို့ ထင်ရှားဖြစ်ခြင်း ထင်ရှားရှိခြင်းကြောင့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဟူသော အကျိုးတရားတို့၏ ထင်ရှားဖြစ်ခြင်းတည်းဟူသော အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုး ဆက်နွယ်လျက် အထပ်ထပ်ဖြစ်ခြင်းသဘောကို လောက သမုဒယဟု ခေါ်ဆို၏။
တစ်နည်း ---- အဝိဇ္ဇာပစ္စယာ သင်္ခါရာ စသည်ဖြင့် ဟောကြားထားတော်မူအပ်သော ---- အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ခြင်း, သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ခြင်း စသည့် ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ အကြောင်းနှင့် အကျိုး ဆက်နွယ်လျက် အထပ်ထပ်ဖြစ်ခြင်း သဘောတရားကိုလည်း လောကသမုဒယဟု ခေါ်ဆို၏။
တစ်ဖန် ---- အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော အကြောင်းတရားတို့၏ အရဟတ္တမဂ်ကြောင့် အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းခြင်းကြောင့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟူသော အကျိုးတရားတို့၏ ခန္ဓပရိနိဗ္ဗာန်စံသောအခါ၌ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းခြင်းသဘောကို သင်္ခါရ လောက၏ ချုပ်စဉ် လောကနိရောဓဟု ခေါ်ဆို၏။
တစ်နည်း ---- အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော ---- ဤသို့စသည်ဖြင့် ဟောကြားထားတော်မူအပ်သော အဝိဇ္ဇာ၏ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ခြင်းကြောင့် သင်္ခါရ၏ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ခြင်းစသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ ချုပ်စဉ်ကိုလည်း လောကနိရောဓ ဟုပင် ခေါ်ဆို၏။
ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းလောကသမုဒယ, လောကနိရောဓ နှစ်မျိုးလုံးကိုပင် ဝိပဿနာပညာ အရိယမဂ္ဂပညာဟူသော သမ္မပ္ပညာဖြင့် ကောင်းစွာသိမြင်အောင် ကြိုးပမ်းရ၏။ ယင်းဝိပဿနာပညာ အရိယမဂ္ဂ ပညာဟူသော သမ္မပ္ပညာကား အပရပစ္စယဉာဏ် = အတ္တပစ္စက္ခဉာဏ်တည်း။ သူတစ်ပါးအား ကိုယ်းစား ယုံကြည်မှု မရှိဘဲ မိမိကိုယ်တိုင် ထွင်းဖောက်သိမြင်သော အတ္တပစ္စက္ခဉာဏ်တည်း။
သင်္ခါရလောက၏ ဖြစ်စဉ် = လောကသမုဒယကို အတ္တပစ္စက္ခဉာဏ်ဖြင့် ရှုမြင်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ အတ္တသည် သေလျှင်ပြတ်၏ဟု စွဲယူသော ဥစ္ဆေဒဒိဋ္ဌိသည် ဖြစ်ခွင့်မရှိလေရာ။ သင်္ခါရလောက၌ အကြောင်းနှင့်အကျိုး ဆက်နွယ်လျက် အထပ်ထပ်ဖြစ်နေကြကုန်သော သင်္ခါရတရားတို့သည် ထင်ရှားရှိနေကြကုန်စဉ် ယင်းသင်္ခါရတို့၏ ဖြစ်စဉ်ကို အတ္တပစ္စက္ခဉာဏ်ဖြင့် သိမြင်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ အဘယ်မှာလျှင် အတ္တသည် သေလျှင်ပြတ်၏ မရှိဟူသော ဥစ္ဆေဒဒိဋ္ဌိသည် ဖြစ်ခွင့်ရှိနိုင်ရာပါအံ့နည်း။
တစ်ဖန် သင်္ခါရလောက၏ ချုပ်စဉ် = လောကနိရောဓကို အတ္တပစ္စက္ခဉာဏ်ဖြင့် ရှုမြင်သော ယောဂါဝစရ ပုဂ္ဂိုလ်၏ သန္တာန်၌ အတ္တသည် မြဲ၏ဟု စွဲယူသော သဿတဒိဋ္ဌိသည် ဖြစ်ခွင့် မရှိလေရာ။ သင်္ခါရတို့၏ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းမှုကို အတ္တပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ အတ္တသည် မသေမပျောက် အမြဲတည်၏ဟု စွဲယူသော သဿတဒိဋ္ဌိသည် အဘယ်မှာလျှင် ထောက်ရာ တည်ရာကို ရရှိနိုင်အံ့နည်း။
ထိုကဲ့သို့ လောကသမုဒယခေါ်သည့် သင်္ခါရလောက၏ ဖြစ်စဉ်နှင့် လောကနိရောဓခေါ်သည့် သင်္ခါရ လောက၏ ချုပ်စဉ်ကို အတ္တပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှုရာ၌ ယောဂါဝစရပုဂ္ဂိုလ်၏ ရှုမြင်ပုံ အခြင်းအရာကို အထက်တွင် ရေးသားတင်ပြထားသော သံယုတ် အဋ္ဌကထာ ဋီကာတို့က ဤသို့ သရုပ်ဖော်ထား၏။
မျက်စိအမြင်ရှိသော ယောက်ျားသည် ရူပါရုံတို့ကို စက္ခုဝိညာဏ်ဖြင့် မြင်တွေ့နေရသကဲ့သို့ အလားတူပင် ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ---- သင်္ခါရလောက၏ ဖြစ်စဉ် လောကသမုဒယကို ရှုနေသောဉာဏ် သို့မဟုတ် သင်္ခါရလောက၏ ချုပ်စဉ် လောကနိရောဓကို ရှုနေသော ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော ဉာဏ်ရောင် အောက်တွင် ဟင်းလင်းပွင့်နေသော ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော ဓမ္မတို့ကိုလည်းကောင်း, ယင်းဥပါဒါနက္ခန္ဓာတို့၏ အကြောင်းရင်း သမုဒယဓမ္မတို့ကိုလည်းကောင်း, ယင်းဥပါဒါနက္ခန္ဓာတို့၏ နိရောဓဓမ္မတို့ကို လည်းကောင်း အတ္တပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြု၍ သိမြင်နေပါ၏ ဟူပေ။ (သံ၊ဋ္ဌ၊၂၊၄၉။ သံ၊ဋီ၊၂၊၆၃။)
ထိုသို့ မျက်စိဖြင့် မြင်သကဲ့သို့ တွေ့မြင်နေသောအခါဝယ် သံသရာတစ်လျှောက်ဝယ် ပညတ်နယ်၌ ကျက်စားမှု များပြားခဲ့သော အလေ့အကျက်များခဲ့သော စိတ်ဓာတ်၏ စွမ်းအားကြောင့် ယင်းစိတ်တို့တွင် = ယင်းဇောဝီထိစိတ်အစဉ်တို့တွင် အကျုံးဝင်သော မနောဒွါရာဝဇ္ဇန်းခေါ် မနသိကာရက ရံခါ ပညတ်ကို လှမ်း၍ အာရုံယူမိသောကြောင့် = ပညတ်ကို နှလုံးသွင်းမိသောကြောင့်လည်းကောင်း, အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းနေသော ပိုင်းခြားယူနေသော သင်္ခါရပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ်စသော ဝိပဿနာဉာဏ်တို့က ရံခါ နုံ့သွားခြင်းကြောင့်လည်းကောင်း ရုပ်ကလာပ်များစွာတို့၏ အပေါင်းအစု အတုံးအခဲ ခပ်ကြီးကြီးများကို တွေ့မြင်နေတတ်၏။ ရံခါ ကြိုးကြားကြိုးကြားတွင် ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပေါ်သွားကြသော မနောဒွါရိကဇောဝီထိတို့တွင် အကျုံးဝင်သော မနောဒွါရာဝဇ္ဇန်းခေါ် မနသိကာရက ပညတ်အတုံးအခဲများ ပညတ် ပုံရိပ်များကို လှမ်း၍ အာရုံယူမိတတ်၏။ ထိုအခါမျိုးတွင်လည်း ပညတ်ပုံရိပ်များသည် ပေါ်လာတတ်ပေသည်။ ငယ်ရွယ်စဉ်က ပုံရိပ်များ ကောင်းမှုကုသိုလ်ပြုနေသည့် ပုံရိပ်များ မကောင်းမှုအကုသိုလ်ပြုနေသည့် ပုံရိပ်များ စသည်ဖြင့် ပုံရိပ်အမျိုးမျိုးတို့လည်း ယင်းမနသိကာရ၏ စွမ်းအားကြောင့် ပေါ်လာတတ်၏။
ယင်းပညတ်ပုံရိပ်တို့မှာလည်း သင်္ခါရနိမိတ်တို့သာ ဖြစ်ကြ၏။
တတ္ထ နိမိတ္တန္တိ သင်္ခါရနိမိတ္တံ။ အတီတာနာဂတပစ္စုပ္ပန္နာနံ သင်္ခါရာနမေဝေတံ အဓိဝစနံ။
(ဝိသုဒ္ဓိ၊၂၊၂၈၄။)
သင်္ခါရနိမိတ္တန္တိ သင်္ခါရာနံ သမူဟာဒိဃနဝသေန, သကိစ္စပရိစ္ဆေဒတာယ စ သဝိဂ္ဂဟာနံ ဝိယ ဥပဋ္ဌာနန္တိ ဝုတ္တော ဝါယမတ္ထော။ သင်္ခါရာနံ ပန တထာ ဥပဋ္ဌာနံ သင်္ခါရဝိနိမုတ္တံ န ဟောတီတိ အာဟ အတီတာ နာဂတပစ္စုပ္ပန္နာနံ သင်္ခါရာနမေဝေတံ အဓိဝစနန္တိ ။ (မဟာဋီ၊၂၊၄၄၇။)
ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာဆရာတော်က နိမိတ္တအရ သင်္ခါရနိမိတ်ကို ဆိုလိုကြောင်းကိုလည်းကောင်း, ထိုနိမိတ္တ ဟူသော အမည်သည် အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါးအတွင်း၌ တည်ရှိသော သင်္ခါရတရား တို့၏ အမည်ဖြစ်ကြောင်းကိုလည်းကောင်း (ဝိသုဒ္ဓိ၊၂၊၂၈၄။)၌ ဖွင့်ဆိုထားတော်မူ၏။
ဤကဲ့သို့ ရှင်းလင်းဖွင့်ဆိုချက်နှင့် ဆက်စပ်၍ ဋီကာဆရာတော်များက ---- အဓိဝစနံ နာမံ ရှိရာ ဥပစာ ဟူသော သဒ္ဒါစည်းကမ်းနှင့် အညီ ဤသို့ ရှင်းလင်းဖွင့်ဆိုထားတော်မူကြ၏။
ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် တကယ့် ဝိပဿနာနယ်မြေ အစစ်သို့ ရောက်အောင် မစီးဖြန်းရသေးသော မစီးဖြန်းဖူးသေးသော (အထူးသဖြင့် ယခုကဲ့သို့ နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ်တို့ကို အားသစ်ဆဲမျှသာ ရှိနေသေးသော) ပုဂ္ဂိုလ်နှင့် စီးဖြန်းဖူးသော်လည်း ဝိပဿနာ ကမ္မဋ္ဌာန်းကို ခေတ္တယာယီဖြစ်စေ ခပ်ကြာကြာဖြစ်စေ ချထားသောပုဂ္ဂိုလ်တို့သည် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို သဝိဂ္ဂဟခေါ်သည့် သန္တာန်ဒြပ် အတုံးလိုက် အခဲလိုက် တစ်ရံတစ်ခါ မြင်နေတတ်သေး၏၊ ရုပ်တရားတို့ကို သန္တတိဃန အတုံးအခဲ, သမူဟဃန အတုံးအခဲ, ကိစ္စဃန အတုံးအခဲ မပြိုဘဲ, နာမ်တရား တို့ကိုလည်း သန္တတိဃန အတုံးအခဲ, သမူဟဃန အတုံးအခဲ, ကိစ္စဃန အတုံးအခဲ, အာရမ္မဏဃန အတုံးအခဲ မပြိုဘဲ တစ်ရံတစ်ခါ တွေ့မြင်နေတတ်၏။
၁။ သန္တတိဃန အတုံးအခဲ = ရုပ်နာမ်သန္တတိ အစဉ်အတန်း အတုံးအခဲ,
၂။ သမူဟဃနအတုံးအခဲ = ရုပ်နာမ်အပေါင်းအစု အတုံးအခဲ,
၃။ ကိစ္စဃန အတုံးအခဲ = ရုပ်နာမ်လုပ်ငန်းကိစ္စ အတုံးအခဲ,
၄။ အာရမ္မဏဃန အတုံးအခဲ = သင်္ခါရတို့ကို အာရုံယူတတ်သော ဝိပဿနာရှုနေသော နာမ်တရားတို့၏ အတုံးအခဲ ----
ဤအတုံးအခဲတို့မှာ ဝိပဿနာဘာဝနာကို မပွားများရသေးသော ယခုကဲ့သို့ နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ်တို့ကို ရရှိရေးအတွက် အားသစ်နေဆဲဖြစ်သော, သို့မဟုတ် ဝိပဿနာဘာဝနာကို စီးဖြန်းဖူးသော်လည်း ဝိပဿနာကမ္မဋ္ဌာန်းကို ချထားသော ပုဂ္ဂိုလ်တို့အဖို့ ထင်လာမြင်လာသော ရုပ်နာမ်ဓမ္မ သင်္ခါရ တရားတို့၏ အတုံးအခဲတို့သာ ဖြစ်ကြ၏။ သင်္ခါရတရားတို့ မရှိက ယင်းအတုံးအခဲတို့လည်း မရှိနိုင်ပြီ။ သင်္ခါရ တို့မှ လွတ်သော အတုံးအခဲမည်သည် မရှိနိုင်သောကြောင့် ဖြစ်၏။
ထိုကြောင့် သင်္ခါရတရားတို့၏ အပေါင်းအစုဖြစ်သော သန္တတိဃန အတုံးအခဲ သမူဟဃန အတုံးအခဲ ကိစ္စဃန အတုံးအခဲ အာရမ္မဏဃန အတုံးအခဲတို့၏ သင်္ခါရနိမိတ်ဟူသော အမည်ကို အစိတ်အစိတ်ဖြစ်သော ဃနပြိုပြီးသော ပရမတ်အစစ် ဓာတ်အနှစ်ဖြစ်သော သင်္ခါရတရားတို့၌ တင်စား၍ သင်္ခါရတရားတို့ကိုပင် သင်္ခါရနိမိတ်ဟု ခေါ်ဆိုထားခြင်း ဖွင့်ဆိုထားခြင်း ဖြစ်ပေသည်။ (မဟာဋီ၊၂၊၄၄၇။)
ဉာဏေ တိက္ခေ ဝဟန္တေ သင်္ခါရေသု လဟုံ ဥပဋ္ဌဟန္တေသု ဥပ္ပါဒံ ဝါ ဌိတိံ ဝါ ပဝတ္တံ ဝါ နိမိတ္တံ ဝါ န သမ္ပာပုဏာတိ။ ခယဝယဘေဒနိရောဓေယေဝ သတိ သန္တိဋ္ဌတိ။ (ဝိသုဒ္ဓိ၊၂၊၂၇၇။)
နိမိတ္တန္တိ သင်္ခါရနိမိတ္တံ။ ယံ သင်္ခါရာနံ သမူဟာဒိဃနဝသေန, သကိစ္စပရိစ္ဆေဒတာယ စ သဝိဂ္ဂဟာနံ ဝိယ ဥပဋ္ဌာနံ၊ တံ သင်္ခါရနိမိတ္တံ။ (မဟာဋီ၊၂ ၊၄၃၉။)
နိမိတ္တဓမ္မေသူတိ သမူဟာဒိဃနဝသေန စ သကိစ္စပရိစ္ဆေဒတာယ စ သပရိဂ္ဂဟေသု ခန္ဓေသု။ (မူလဋီ၊၁၊၁၁၃။)
နိမိတ္တဓမ္မာ သင်္ခါရာ တေဟိ သနိမိတ္တာ သဝိဂ္ဂဟာ ဝိယ ဥပဋ္ဌဟန္တီတိ တေသံ အဘာဝိတဘာဝနဿ ဘာဝိတဘာဝနဿ စ ဥပဋ္ဌဟနာကာရံ ဒေဿန္တော သမူဟာဒီတိအာဒိမာဟ။ (အနုဋီ၊၁၊၁၂၁။)
= ဝိပဿနာဉာဏ်သည် ထက်မြက်သည်ဖြစ်၍ ဖြစ်ပေါ်လာလတ်သော် ထက်မြက်သည်၏ အဖြစ်ကို ရွက်ဆောင်သည်ရှိသော် သင်္ခါရတရားတို့သည် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ဖြစ်ခြင်း ပျက်ခြင်း = ဥဒယဗ္ဗယ၏ အစွမ်းဖြင့် လျင်လျင်မြန်မြန် ထင်လာလတ်ကုန်သော် ---- (ယင်းသင်္ခါရတို့၏ အဖြစ်ကို နှလုံးမသွင်းတော့ဘဲ အပျက်ကိုသာလျှင် တစ်ဘက်သတ် နှလုံးသွင်းခြင်းကြောင့် ---- မဟာဋီ၊၂၊၄၃၉။)
၁။ ဥပ္ပါဒ = ဖြစ်ခြင်း ဥပါဒ်ဟူသော အခြင်းအရာထူးသို့လည်းကောင်း,
၂။ ဌိတိ = တည်ခြင်း ဌီဟူသော ဇရာသို့လည်းကောင်း,
၃။ ပဝတ္တ = အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ခြင်းဟူသော ဥပါဒိန္နကပဝတ္တတရားသို့ လည်းကောင်း,
၄။ နိမိတ္တ = သင်္ခါရတရားတို့၏ အထည်ကိုယ် လုံးလုံးလျောင်းလျောင်း သဏ္ဌာန်စသည် ထင်ခြင်းမျှသို့ လည်းကောင်း ----
ဝိပဿနာဉာဏ်သည် မရောက်ရှိတော့ပေ။ ဝိပဿနာဉာဏ်သည် လိုက်မမှီတော့ပေ။
၁။ ခယ = ကုန်ခြင်းသဘော,
၂။ ဝယ = ပျက်ခြင်းသဘော,
၃။ ဘေဒ = ပြိုခြင်းသဘော,
၄။ နိရောဓ = ခဏမစဲ တသဲသဲ ချုပ်ခြင်းသဘော,
ဤ ခယ ဝယ ဘေဒ နိရောဓဟု ဆိုအပ်သော ခဏိကနိရောဓ = ခဏအားဖြင့် ချုပ်ပျက်ခြင်း သဘောတရား၌သာလျှင် သတိသည် ကောင်းစွာတည်နေ၏။ (ဝိသုဒ္ဓိ၊၂၊၂၇၇။)
သင်္ခါရနိမိတ် ---- အထည်ကိုယ် လုံးလုံးလျောင်းလျောင်း သဏ္ဌာန်စသည်ကဲ့သို့ ထင်လာသော သန္တတိဃန သမူဟဃန ကိစ္စဃန အာရမ္မဏဃနဟူသည့် ဃနအတုံးအခဲ မပြိုသေးသော သင်္ခါရတရားတို့၏ အစုအပုံ အတုံးအခဲကို သင်္ခါရနိမိတ်ဟု ခေါ်ဆို၏။ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို မစီးဖြန်းရသေးသော ယောဂါဝစရ ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း, ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းဖူးသော်လည်း ဘင်္ဂဉာဏ်သို့ တိုင်အောင် မဆိုက်ရောက်သေးသော ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း သင်္ခါရနိမိတ်တို့သည် အတုံးလိုက် အခဲလိုက် ရံခါ ထင်လာတတ်သေး၏။
ခယာနုပဿနံ ဘာဝေန္တော ဃနသညံ ပဇဟတိ။ (ဝိသုဒ္ဓိ၊၂၊၂၆၄။)
ဘင်္ဂါနုပဿနတော ပဋ္ဌာယ တဿာ ပါရိပူရီတိ ဃနသညာယ ပဟာနံ ဟောတိ၊ တတော ပုဗ္ဗေ အပရိပုဏ္ဏတာယ တံ န ဟောတိ။ (မဟာဋီ၊၂၊၄၁၇။) ---- ဤ အဋ္ဌကထာ ဋီကာတို့နှင့် အညီ ဘင်္ဂဉာဏ်ပိုင်းသို့ ရောက်ရှိပါမှ ခယာနုပဿနာဉာဏ် = ဘင်္ဂါနုပဿနာဉာဏ်သည် ပြီးပြည့်စုံလာ၏၊ ထိုကြောင့် ယင်းဉာဏ်က ဃနသညာ = အထည်ကိုယ် လုံးလုံးလျောင်းလျောင်း = အတုံးအခဲ အမှတ်သညာကို ပယ်စွန့်နိုင်၏။
သာဝကတို့သည် ဧကဒေသ = အချို့အဝက်သော သင်္ခါရတို့ကိုသာ သိမ်းဆည်း ရှုပွားနိုင်သဖြင့် ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းလိုက်နိုင်သော ရုပ်ကလာပ်တို့လည်း ရှိရာ၏။ ပရမတ်သို့ ဆိုက်အောင် မသိမ်းဆည်းလိုက်နိုင်သော ရုပ်ကလာပ်တို့လည်း ရှိရာ၏။ ရံခါ မသိမ်းဆည်းလိုက်နိုင်သော ရုပ်ကလာပ်တို့၏ အစုအပုံ အတုံးအခဲကြီးများကို ဘင်္ဂဉာဏ်သို့ မဆိုက်မီ တွေ့နေရတတ်သေးသည်။ ဘင်္ဂဉာဏ်သို့ ဆိုက်ရောက်သွားသော အခါ၌ကား ယင်းရုပ်ကလာပ် အတုံးအခဲများ လုံးဝပျောက်၍ ပရမတ္ထဓာတ်သား သက်သက် အာရုံပေါ်သို့ ဝိပဿနာဉာဏ်သည် ကျရောက်သွားပေသည်။
ဘင်္ဂဉာဏ်သို့ မတိုင်မီ၌ကား ယောဂါဝစရပုဂ္ဂိုလ်၏ မနောဒွါရာဝဇ္ဇန်းဟူသည့် မနသိကာရအပေါ်၌ အခြေစိုက်၍ ယင်းသင်္ခါရ အတုံးအခဲကြီးများသည် အထည်ကိုယ် လုံးလုံးလျောင်းလျောင်း ပုံသဏ္ဌာန်စသည်ဖြင့် ထင်လာတတ်ပေသည်။ ဝိပဿနာဘာဝနာဉာဏ်က ပြည့်ပြည့်စုံစုံ မဖြစ်ပေါ်လာသေးသည့်အတွက် ရုပ်တုံး ရုပ်ခဲ နာမ်တုံး နာမ်ခဲဟူသည့် အတုံးအခဲတို့ အပေါ်၌ မှတ်သားတတ် နှလုံးသွင်းတတ်သော ဃနသညာကို မပယ်စွန့်နိုင်သေးသောကြောင့် ဖြစ်၏။ (မဟာဋီ၊၂၊၄၁၇။)
ယခုကဲ့သို့ အကြောင်းတရားတို့ကို သိမ်းဆည်းနေသည့် ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်း၌လည်း အလားတူပင် ယောဂါဝစရပုဂ္ဂိုလ်၏ မနသိကာရ နှလုံးသွင်းမှုအပေါ်၌ အခြေတည်၍ အထည်ကိုယ် လုံးလုံးလျောင်းလျောင်း ပုံသဏ္ဌာန်ကဲ့သို့ သင်္ခါရနိမိတ်တို့သည် ထင်လာတတ်ပေသည်။
သို့သော် ဃနအတုံးအခဲ မပြိုသေးသည့် ယင်းပညတ်ပုံရိပ်တို့ကား အာကာသကသိုဏ်းပညတ် စသည်တို့ ကဲ့သို့ ပရမတ္ထဓာတ်သားကို ထုတ်ယူ၍ မရရှိနိုင်သည့် ပညတ်ပုံရိပ်တို့ကား မဟုတ်ကြပေ။ ယောဂါဝစရပုဂ္ဂိုလ်က ယင်းပညတ်ပုံရိပ် အတုံးအခဲတို့၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို နေရာတကျ စတင်သိမ်းဆည်းတတ်ပါက ပရမတ္ထဓာတ်သား အနှစ်တို့ကို ယင်းပညတ်ပုံရိပ် အတုံးအခဲတို့မှ ထုတ်ယူ၍ ရရှိနိုင်ပေသည်။ ဆိုလိုသည်မှာ ထိုပုံရိပ်တို့၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို စတင် သိမ်းဆည်းနိုင်ပါက ရုပ်ကလာပ်များကို တွေ့ရှိနိုင်သည်၊ ယင်းရုပ်ကလာပ်တို့၌ တည်ရှိသော ရုပ်တရားတို့ကို ဆက်လက် သိမ်းဆည်းနိုင်သည်၊ ယင်းရုပ်တရားတို့ကို မှီ၍ ယင်းရုပ်တရားတို့ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို သိမ်းဆည်းနိုင်သည် ---- ဤသို့ စသည်ကို ဆိုလိုပေသည်။
ပညတ်နယ်မှာ အလေ့အကျက်များခဲ့သော စိတ်ဓာတ်၏ စွမ်းအင်ကြောင့် ယင်းစိတ်တို့တွင် ပါဝင်သော မနသိကာရက ပညတ်အတုံးအခဲတို့ကို အာရုံယူမိသောကြောင့် = ဤသို့တွေ့လေမလား - ဤပုံတွေ့လေမလား ဤသို့စသော အတွေးအခေါ်များကြောင့် = အမှတ်သညာများကြောင့် ပညတ်အတုံးအခဲများ ပညတ်ပုံရိပ်များ ပေါ်လာကြခြင်းဖြစ်ရာ ပရမတ်ကို တစ်ဖန်ပြန်၍ အာရုံယူနိုင်ပါက ပရမတ်သို့ တစ်ဖန်ပြန်၍ ဆိုက်ရောက်နိုင်သည် သာ ဖြစ်ပေသည်။ ပညတ်မှ ပရမတ်ဟူသည့် ဓာတ်အနှစ်ကို ထုတ်ယူခြင်းပင် ဖြစ်သည်။
ကလလရေကြည်သို့ ဆိုက်ပြီ
ထိုသို့ အတိတ်ရုပ်နာမ်တို့ကို တဖြည်းဖြည်း နောက်ကြောင်းပြန်၍ သိမ်းဆည်းရာ၌ ယောဂီအများစုတို့၌ အမှတ်တရ ကောင်းမှုပြုခဲ့သည့်ပုံများ, အမှတ်တရ မကောင်းမှုပြုခဲ့သည့်ပုံများလည်း ရံခါ ပေါ်လာတတ်၏။ ဝမ်းသာနေသည့်ပုံများ ဝမ်းနည်းနေသည့်ပုံများလည်း ရံခါ ပေါ်လာတတ်၏။ ဝမ်းသာနေသည့် စိတ်အစဉ်များကို တစ်ဖန်ပြန်၍ ရှုနိုင်သောအခါ ယခုတစ်ဖန် ပြန်၍ ဝမ်းသာမှုကို ခံစားနေရတတ်၏၊ ဝမ်းနည်းနေသည့် စိတ် အစဉ်များကို တစ်ဖန် ပြန်၍ ရှုနိုင်သောအခါ၌ တစ်ဖန် ပြန်၍ ဝမ်းနည်းနေတတ်၏။ အတိတ်၏ အရိပ်များ ပစ္စုပ္ပန်၌ ရောင်ပြန်ဟပ်နေခြင်း ဖြစ်၏။
ယခု ပစ္စုပ္ပန်တွင် ဝမ်းသာဖွယ်အာရုံနှင့် တွေ့ကြုံပါက ဝမ်းသာမှု ဖြစ်တတ်သကဲ့သို့ ဝမ်းနည်းဖွယ်ရာ အာရုံနှင့် တွေ့ကြုံပါက ဝမ်းနည်းတတ်သကဲ့သို့, အလားတူပင် အတိတ်၏ ဝမ်းသာဖွယ်အာရုံကို အာရုံပြု၍ ဝမ်းသာခြင်း, အတိတ်၏ ဝမ်းနည်းဖွယ်အာရုံကို အာရုံပြု၍ ဝမ်းနည်းခြင်း ဖြစ်၏။ ထိုအခါ အတိတ်ကို အတိတ် မှာပင် ထားခဲ့၍ ရုပ်နာမ်တို့ကိုပင် ဆက်လက် သိမ်းဆည်းနိုင်အောင် ကြိုးစားပါ။
ထိုသို့ ရုပ်နာမ်တို့ကို သိမ်းဆည်းရာ၌ ယောဂီအများစုတို့သည် ကြီးရာမှ ငယ်ငယ်ဆင်းသွားသည့် မိမိ၏ ရုပ်ပုံလွှာများကို အထူးသတိပြုမိတတ်ကြ၏။ ကလေးဘဝက မကျေနပ်ချက်တွေ တစ်ပုံကြီးဖြင့် ခြေဆောင့်ပုံ တို့ကိုလည်း တွေ့မြင်နေတတ်၏။ ဝမ်းသာမှု တစ်ပုံကြီးဖြင့် မြူးထူးနေပုံကိုလည်း တွေ့မြင်နေတတ်၏။ ထိုအခါတွင် ထိုပုံများ၌ တည်ရှိသော ဓာတ်ကြီးလေးပါးမှစ၍ ရုပ်နာမ်တို့ကိုပင် ဆက်လက်၍ သိမ်းဆည်းပါ။
တဖြည်းဖြည်း ကလေးဘဝမှ အမိဝမ်းတွင်းသို့, အမိဝမ်းတွင်းမှ ကလလရေကြည်သို့ တိုင်အောင် ရုပ် နာမ်တို့ကို ဆက်လက်၍ သိမ်းဆည်းပါ။ အချို့ယောဂီများ၌ကား ကလလရေကြည်ကို စတင် သတိပြုမိရာ၌ ကလလရေကြည်တုံးမှာ ကြီးနေသည်ကို တွေ့ရတတ်၏။ ကလလရေကြည် တည်စခိုက်သို့ ဉာဏ်အမြင် မဆိုက်ရောက်သေးခြင်းပင် ဖြစ်၏။ ဤတွင် ကလလရေကြည်အကြောင်းကို အနည်းငယ် ရှင်းလင်းတင်ပြပေအံ့။
ပဌမံ ကလလံ ဟောတိ၊ ကလလာ ဟောတိ အဗ္ဗုဒံ။ (သံ၊၁၊၂၀၈။)
ကလလံ သမ္ပဝုစ္စတီတိ အတ္တဘာဝေါ ဘူတုပါဒါရူပသင်္ခါတော သန္တာနဝသေန ပဝတ္တမာနော ကလလံ နာမာတိ ကထီယတိ။ (သံ၊ဋီ၊၁၊၃၀၆-၃၀၇။)
၁။ ကလလရေကြည် ---- ကလလရေကြည်ဟူသည် ပဋိသန္ဓေတည်စမှ စ၍ (၇)ရက်အတွင်း၌ ဖြစ်သော ဘူတရုပ် ဥပါဒါရုပ်ဟု ခေါ်ဆိုအပ်သော သန္တာန်အစဉ်၏အစွမ်းဖြင့် ဖြစ်ပေါ်နေသော ခန္ဓာကိုယ်အတ္တဘော ဟူသော ရုပ်အစဉ်၏ ဝေါဟာရ ဖြစ်၏။ ထိုကလလရေကြည်၏ ပမာဏသည် ဟိမဝန္တာ၌ရှိသော ပင်ကိုယ် သဘာဝအားဖြင့် အလွန်နူးညံ့သိမ်မွေ့သော အမွေးရှိသော တောဆိတ်၏ အမွေးတစ်မျှင်ကို ဆီကြည်၌ နှစ်၍ ပြန်ထုတ်ယူသောအခါ အမွေးမှ လျှောကျ၍ အဖျား၌ စုနေသော ဆီကြည်ပေါက် ပမာဏ ရှိ၏။ (အဘိ၊ဋ္ဌ၊၂၊၂၀၀။ မူလဋီ၊၂၊၁၇။ အနုဋီ၊၂၊၂၃။)
၂။ သံယုတ္တဘာဏကပုဂ္ဂိုလ်တို့ အလိုအားဖြင့် ဝမ်းမှ ခွဲယူအပ်သော ဆိတ်ငယ်၏ အမွေး (၃)ချောင်းကို ကျစ်၍ ဆီကြည်၌ နှစ်ပြီး ပြန်ထုတ်ယူသောအခါ အဖျား၌ တည်သော ဆီကြည်ပေါက် ပမာဏ ရှိ၏။ (သံ၊ဋ္ဌ၊၁၊၂၇၄။ သံ၊ဋီ၊၁၊၃၀၆။)
ယင်းကဲ့သို့ သန္တာန်အစဉ်၏ အစွမ်းဖြင့် အဆက်မပြတ် အထပ်ထပ် ဖြစ်နေသော ရေကြည်အတုံးအခဲကို အတုံးလိုက် အခဲလိုက် ဃန မပြိုမီ ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်က တွေ့မြင်လိုက်သောအခါ ယင်း ရေကြည် အတုံးအခဲမှာ ခပ်ကြီးကြီး အတုံးအခဲ ဖြစ်နေခြင်း ဖြစ်သည်။ ယောဂါဝစရပုဂ္ဂိုလ်၏ ပစ္စယပရိဂ္ဂဟဉာဏ်မှာလည်း အားသစ်စသာ ဖြစ်နေသေးသဖြင့် မရင့်ကျက်သေးသောကြောင့်လည်းကောင်း, ရံခါ ပညတ် အတုံးအခဲကို နှလုံးသွင်းမိခြင်းကြောင့်လည်းကောင်း ကလလရေကြည်ကို အတုံးလိုက် အခဲလိုက် တွေ့မြင်နေခြင်း ဖြစ်၏။ယင်းအတုံးအခဲတွင် ကာယဒသကကလာပ်ပေါင်းလည်း များစွာ ပါဝင်လျက် ရှိ၏။ ဃနမပြိုသေးသော ယင်း ကာယဒသကကလာပ်တို့၏ အပေါင်းအစု အတုံးအခဲကား ---- အာဒါသတလံ ဝိယ ဝိပ္ပသန္နတ္တာ ပသာဒရူပံ။ (ဝိသုဒ္ဓိ၊၂၊၈၁။) ဟူသော အဋ္ဌကထာနှင့် အညီ မှန်ပြင်ကဲ့သို့ ကြည်လင်နေသော အတုံးအခဲ ဖြစ်၏။
ထိုအကြည်တုံး၌လည်း ဓာတ်ကြီးလေးပါးကို မြင်အောင်စိုက်ရှု၍ ရုပ်ကလာပ်အမှုန်များကိုသာ တွေ့မြင် သောအခါ ရုပ်နာမ်တို့ကို ဆက်လက်သိမ်းဆည်းပါ။ ကလလရေကြည် တည်စခိုက် ခေါင်ဆုံးအချိန်သို့ ရောက် အောင် တဖြည်းဖြည်း ရုပ်နာမ်တို့ကို ဆက်လက်၍ သိမ်းဆည်းပါ။ ပဋိသန္ဓေ ကလလရေကြည် တည်စခိုက်၌ ဟဒယဒသကကလာပ်, ကာယဒသကကလာပ်, ဘာဝဒသကကလာပ်ဟု ရုပ်ကလာပ်အမျိုးအစား (၃) မျိုး ရုပ်အမျိုးအစား (၃၀) ရှိ၏။ ယင်းရုပ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ သိမ်းဆည်းပါ။ တစ်ဖန် ယင်း ရုပ်တရားတို့တွင် ပါဝင်သော ဟဒယဝတ္ထုကို ဆက်လက်၍ အကြိမ်ကြိမ် သိမ်းဆည်းပါ။ ထိုအခါတွင် ယင်း ဟဒယဝတ္ထုကို မှီ၍ ဖြစ်နေကြသော ပဋိသန္ဓေနာမ်တရားတို့ကို ဆက်လက်၍ သိမ်းဆည်းပါ။ လူသားများအတွက် ကွက်၍ဆိုရမူ ယင်းနာမ်တရားတို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏။
၁။ တိဟိတ် သောမနဿ ပဋိသန္ဓေ ဖြစ်လျှင် နာမ်တရား (၃၄)
၂။ တိဟိတ် ဥပေက္ခာ ပဋိသန္ဓေ ဖြစ်လျှင် နာမ်တရား (၃၃)
၃။ ဒွိဟိတ် သောမနဿ ပဋိသန္ဓေ ဖြစ်လျှင် နာမ်တရား (၃၃)
၄။ ဒွိဟိတ် ဥပေက္ခာ ပဋိသန္ဓေ ဖြစ်လျှင် နာမ်တရား (၃၂)
၅။ အဟိတ် ကုသလဝိပါက် ဥပေက္ခာ သန္တီရဏ ပဋိသန္ဓေ ဖြစ်လျှင် နာမ်တရား (၁၁)
ဤသို့ အသီးအသီး ဖြစ်၏။ ရုပ်ကလာပ် အမျိုးအစား (၃) မျိုး, ရုပ်အမျိုးအစား (၃၀) ကား ရုပ်တရား၊ ပဋိသန္ဓေ စိတ်စေတသိက်တို့ကား နာမ်တရားတည်း။ ခန္ဓာနည်းအရ ခန္ဓာငါးပါးတည်း။ တိဟိတ် သောမနဿ ပဋိသန္ဓေတည်နေသူကို ပုံစံထား၍ ယင်းခန္ဓာငါးပါးတို့ကို အောက်ပါအတိုင်း မှတ်သားပါ။
၁။ ရုပ်ကလာပ် အမျိုးအစား (၃)မျိုး, ရုပ်အမျိုးအစား (၃၀)ကား ---- ရူပက္ခန္ဓာ၊
၂။ နာမ်တရား (၃၄) မှ ဝေဒနာကား ---- ဝေဒနာက္ခန္ဓာ၊
၃။ နာမ်တရား (၃၄) မှ သညာကား ---- သညာက္ခန္ဓာ၊
၄။ နာမ်တရား (၃၄) မှ ကျန်စေတသိက် (၃၁) ကား ---- သင်္ခါရက္ခန္ဓာ၊
၅။ နာမ်တရား (၃၄) မှ အသိစိတ်ကား ---- ဝိညာဏက္ခန္ဓာ၊
ဤသို့လျှင် ပဋိသန္ဓေ ခန္ဓာငါးပါးတို့ ဖြစ်ကြသည်။ ယင်းခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါးသည် ဝိပါကဝဋ်တွင် အကျုံးဝင်သော အာဟာရလေးပါးတည်း။
ယင်းခန္ဓာငါးပါး, ရုပ်နာမ်နှစ်ပါး, အာဟာရလေးပါးသည် မည်သည့် အကြောင်းတရားကြောင့် ထင်ရှားဖြစ် ပေါ်လာရပါသနည်းဟု သိလိုသော စိတ်ဓာတ်ဖြင့် ရှေးအတိတ်ဘဝဘက်သို့ ဉာဏ်ကိုစေလွှတ်၍ ဉာဏ်အလင်းရောင်ဖြင့် ထိုးစိုက်၍ ရှုကြည့်ပါ။
တနည်း ---- သဠာယတန အမည်ရသော ရုပ်တရား နာမ်တရားတို့ကို ပဋိသန္ဓေသို့ဆိုက်အောင် တစ်စတစ်စ သိမ်းဆည်းနိုင်သောအခါ ယင်းသဠာယတနသည် ပဋိသန္ဓေ နာမ်ရုပ်ကြောင့် ဖြစ်ပုံကို ဉာဏ်ဖြင့်မြင်အောင် သိမ်းဆည်းပါ။ (ဤ၌ နာမ်အရ ပဋိသန္ဓေအခိုက် စေတသိက်တို့ကိုသာ ရည်ညွှန်းထားပါသည်။ တစ်နည်း ယူဆပုံ များသည် နောက်တွင် ထင်ရှားလတ္တံ့။) ထိုနောင် ယင်းပဋိသန္ဓေနာမ်ရုပ်သည် ပဋိသန္ဓေဝိညာဏ်ကြောင့် ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင် ဆက်လက်၍ သိမ်းဆည်းပါ။ ထိုနောင် ယင်းပဋိသန္ဓေဝိညာဏ်သည် မည်သည့် အကြောင်း တရားကြောင့် ထင်ရှားဖြစ်ပေါ်လာရပါသနည်းဟု သိလိုသော စိတ်ဓာတ်ဖြင့် အတိတ်ဘဝဘက်သို့ ရှေးရှု ဉာဏ်ကို စေလွှတ်လျက် အတိတ်ဘက်သို့ ဉာဏ်အရောင်အလင်းဖြင့် ထိုးစိုက် ရှုကြည့်ပါ။
ထိုသို့ရှုခဲ့သော် ကောင်းမှုကုသိုလ် ပြုလုပ်နေသည့် လုပ်ငန်းရပ် တစ်ခုခုသော်လည်း ပေါ်လာတတ်၏၊ သေခါနီးပုံသော်လည်း ပေါ်လာတတ်၏။ ဇော စောနေသည့် ပုံသော်လည်း ပေါ်လာတတ်၏။ ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော နိမိတ်သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော်လည်း ပေါ်လာတတ်၏။
အကယ်၍ မပေါ်ခဲ့သော် လက်ရှိဘဝ၏ ပဋိသန္ဓေဝိညာဏ်ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ။ ထိုနောင် ယင်းပဋိသန္ဓေဝိညာဏ်နှင့် ကပ်လျက် အခြားမရှိ တည်ရှိခဲ့သော ဖြစ်ခဲ့သော အတိတ်ဘဝက စုတိကို လှမ်း၍ သိမ်းဆည်းကြည့်ပါ။ ဉာဏ်ဖြင့် ရှုကြည့်ပါ။
မအောင်မြင်ခဲ့သော် သို့မဟုတ် ဉာဏ်အရောင်အလင်းက မှိန်နေသဖြင့် ဝါးတားတား မထင်မရှား ဖြစ်နေ သော် မိမိရရှိထားပြီးသည့် အာနာပါနစတုတ္ထစျာန်သမာဓိကိုပင် အရောင်အလင်း ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသည်တိုင်အောင် တစ်ဖန်ပြန်၍ ထူထောင်ပါ။ ဤစကားမှာ အာနာပါနဿတိ စတုတ္ထစျာန်သမာဓိကို ဝိပဿနာ၏ အခြေပါဒကပြု၍ ဝိပဿနာသို့ ကူးလာသူအတွက် ပြောဆိုသောစကား ဖြစ်ပါသည်။ မိမိ ရရှိထားပြီးသည့် ဝိပဿနာ၏ အခြေပါဒက အကြောင်းရင်းဖြစ်သည့် သမာဓိကို ပြန်လည်၍ ထူထောင်ဖို့သာ လိုရင်း ဖြစ်ပါသည်။ ထိုသမာဓိနှင့် ယှဉ်သော ဉာဏ်ကြောင့် အရောင်အလင်းသည် ပြိုးပြိုးပြက်ပြက် တလက်လက် ထွက်ပေါ်လာသောအခါ ထို ဉာဏ်အရောင်အလင်းဓာတ်ဖြင့် တစ်ဖန် ပြန်၍ ထိုးစိုက်ရှုကြည့်ပါ။ အောင်မြင်မှု ရတတ်ပါသည်။
ဤသို့ ပြုကျင့်သော်လည်း အောင်မြင်မှုကို မရရှိသေးလျှင် ရှေးနည်းအတိုင်း သမာဓိကိုပင် အဆင့်ဆင့် ပြန်လည်ထူထောင်၍ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနတို့၌ ရုပ်နာမ်တို့ကို ပြန်လည်၍ တစ်ဖန် သိမ်းဆည်းပါ။ ရုပ်နာမ်နှင့် ပတ်သက်သော အသိဉာဏ်ကို သန့်ရှင်းသထက် သန့်ရှင်းအောင် လေ့ကျင့်ပါ။ ထိုနောင် အထက်တွင် ဖော်ပြ ခဲ့သည့်အတိုင်း ကမ္မဝဋ်တွင် အကျုံးဝင်သော အာဟာရလေးပါးမှ စ၍ လက်ရှိဘဝ၏ ပဋိသန္ဓေဝိညာဏ်သို့ တိုင်အောင် ရုပ်နာမ်တို့ကို ခပ်စိပ်စိပ် ပြန်လည်၍ သိမ်းဆည်းပါ။ ပဋိသန္ဓေဝိညာဏ်သို့ ဆိုက်ရောက်သောအခါ၌လည်း အတိတ်က ရုပ်နာမ်ကို သိလိုသောစိတ်ဖြင့်သာ ရုပ်နာမ်ကိုသာ ပရမတ်ကိုသာ အာရုံယူလျက် ဆက်လက် သိမ်းဆည်းကြည့်ပါ။ အတိတ်ဘဝက စုတိရုပ်နာမ်နှင့် သေခါနီး မရဏာသန္နအခါက ဖြစ်ခဲ့သော ရုပ်နာမ်စသည် တို့ကို ဉာဏ်ဖြင့် တွေ့ရှိနိုင်ပါသည်။ မလျော့သော ဇွဲလုံ့လ ဝီရိယဖြင့် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ကြိုးစား ဖို့ကား လိုအပ်ပါသည်။ အချို့ယောဂီများ၌ (၃-၄) ရက်ခန့်အထိ အကြိမ်များစွာ ရှုရတတ်ပါသည်။
အကယ်၍ ဤနည်းစနစ်ဖြင့်လည်း အောင်မြင်မှုကို မရရှိသေးလျှင် လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် နည်းအားဖြင့် ရုပ်နာမ်တို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းရမည် ဖြစ်ပေသည်။ ရုပ်နာမ်နှင့် ပတ်သက်သည့် အသိဉာဏ်ကို သန့်ရှင်းသထက် သန့်ရှင်းအောင် လေ့ကျင့်ခြင်းပင် ဖြစ်သည်။ (သိမ်းဆည်းပုံကို လက္ခဏာဒိစတုက္ကပိုင်းတွင် ကြည့်ပါ။)
ထိုသို့ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနတို့၌ ရုပ်နာမ်တို့ကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် သိမ်းဆည်းပြီးသောအခါ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနတို့၌ ----
၁။ ရုပ်သက်သက်ကို သိမ်းဆည်းခြင်း,
၂။ နာမ်သက်သက်ကို သိမ်းဆည်းခြင်း,
၃။ ရုပ်-နာမ် ခွဲခြင်း = ရုပ်နာမ်ကို သိမ်းဆည်းခြင်း,
၄။ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားခြင်း,
ဟူသော လုပ်ငန်းရပ်ကြီး (၄) ခုကို ပြုလုပ်ပါ။ ထိုနောင် နောင်အနာဂတ် ဘဝအတွက် ရည်ရွယ်တောင့်တ၍ ပြုစုပျိုးထောင်ထားသည့် ကမ္မဝဋ်တွင် အကျုံးဝင်သော အာဟာရလေးပါးက စ၍ ပဋိသန္ဓေတိုင်အောင်သော ရုပ်နာမ်တို့ကို ခပ်စိပ်စိပ် ပြန်၍ သိမ်းဆည်းပါ။ ထိုနောင် ယင်းပဋိသန္ဓေဝိညာဏ်၏ အကြောင်းရင်းကို သိလိုသော စိတ်ဖြင့် အတိတ်ဘက်သို့ ဉာဏ်ကို ရှေးရှူ စေလွှတ်လျက် လင်းရောင်ခြည် စွမ်းအင်၏ အကူအညီဖြင့် ရှုကြည့်ပါ။ အောင်မြင်မှုကို ရရှိတတ်ပါသည်။ အကြိမ်ကြိမ် ကြိုးစားဖို့ကား လိုအပ်ပါသည်။
ယောဂီအများစု၌ တွေ့ရှိတတ်ပုံ အခြင်းအရာ
ဤအထက်ပါ နည်းလမ်းအမျိုးမျိုးတို့တွင် နည်းလမ်းတစ်မျိုးမျိုးဖြင့်ကား အောင်မြင်မှုကို ရရှိတတ်ပါသည်။ လင်းရောင်ခြည်စွမ်းအား အလွန်အားကောင်းဖို့လိုသည်၊ ဇွဲလုံ့လဝီရိယ အလွန်ကြီးမားဖို့လိုပေသည်။ စိုက်စိုက် စူးစူး အထူးမြဲမြံ ရှုအားသန်ဖို့ အထူးလိုအပ်သည့် အချိန်ပင်ဖြစ်သည်။ ဤအခါမျိုးကား ယောက်ျားမြတ်တို့၏ ဇွဲလုံ့လဝီရိယ မိန်းမမြတ်တို့၏ ဇွဲလုံ့လဝီရိယကို အသုံးချရမည့် အချိန်အခါမျိုးတည်း။
ဤဘဝ ပဋိသန္ဓေ ရုပ်နာမ်တို့ကို သိမ်းဆည်းပြီးနောက် အတိတ်ဘဝ စုတိအခိုက် ရုပ်နာမ်တို့ကို ဆက်လက်၍ သိမ်းဆည်းသော်လည်း သိမ်းဆည်း၍ မရနိုင်ခဲ့သော် အတိတ်ဘဝ သေခါနီး မရဏာသန္နအခါက ဖြစ်ခဲ့သော ရုပ်နာမ်တို့ကို ဆက်လက်၍ သိမ်းဆည်းကြည့်ပါ။ ဉာဏ်ဖြင့် စိုက်ရှုပါ။ ထိုသို့ ရှုရာ၌ ယောဂီအများစုတွင် ----
၁။ သေနေသည့် ပုံသော်လည်းကောင်း,
၂။ သေခါနီး ပုံသော်လည်းကောင်း,
၃။ အကျိုးပေးတော့မည့်ကံ၏ စွမ်းအင်ကြောင့် သေခါနီးအခါဝယ် ထင်နေသော ကံ-ကမ္မနိမိတ်-ဂတိနိမိတ် ဟူသော နိမိတ်သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော်လည်းကောင်း,
ထင်နေတတ်၏၊ ဉာဏ်ဖြင့် တွေ့မြင်နေတတ်၏။ သေနေသည့်ပုံနှင့် သေခါနီးပုံတို့ကို တွေ့မြင်ရသော အခါ အချို့ယောဂီတို့သည် စီးကျမျက်ရည် အသွယ်သွယ် ဖြစ်ကြရပြန်၏။ ယောက်ျားရင့်မကြီးတို့သော်မှလည်း ငိုပွဲကြီး ကြုံရတတ်ပြန်၏။ သံသရာခရီးတစ်လျှောက်၌ ကြိမ်ဖန်များစွာ တွေ့ခဲ့ရသော ကြေကွဲဖွယ်ရာ ဇာတ်လမ်းများပင်တည်း။ ထိုသို့ ဉာဏ်ဖြင့် တွေ့မြင်ရာ၌ ပြုကျင့်ရမည့် လမ်းစဉ်ကို တစ်ခုပြီးတစ်ခု တင်ပြပေအံ့။
သေနေသည့်ပုံကို တွေ့မြင်ပါက ယင်းအလောင်းကောင်၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို စိုက်၍ ရှုပါ။ ရုပ်ကလာပ်အမှုန်များကိုသာ တွေ့ရှိသောအခါ ရုပ်ကလာပ်များကို ဓာတ်ခွဲလျက် ရုပ်ပရမတ်တရားတို့ကို သိမ်းဆည်းပါ။ ယင်း ရုပ်ပရမတ်တရားတို့မှာ ယေဘုယျအားဖြင့် ဥတုဇဩဇဋ္ဌမကရုပ်တရားတို့သာ ဖြစ်ကြ၏။ ဤ၌ ယေဘုယျဟု ဆိုခြင်းမှာ ယင်းအလောင်းကောင်၌ မှီတွယ်နေကြသော ပိုးလောက်တို့မှာ မသေသေးပါက ယင်း ပိုးလောက်တို့၌ ကာယအကြည်ဓာတ်ပါဝင်သည့် ကာယဒသကကလာပ်စသော ကမ္မဇရုပ်ကလာပ် စသည် တို့လည်း ရှိနိုင်သေးသောကြောင့် ဖြစ်၏။ ယင်း ရုပ်တရားအားလုံးတို့ကို ခြုံငုံ၍ ရုပ်တရား ရုပ်တရားဟု သိမ်းဆည်းပါ။ ထိုနောင် စုတိစိတ်ကျခိုက် ရုပ်တရားတို့ကိုလည်းကောင်း စုတိစိတ်မတိုင်မီ သေခါနီး မရဏာသန္နအခါ ရုပ်တရားတို့ုကိုလည်းကောင်း ဆက်လက်၍ သိမ်းဆည်းပါ။ သေခါနီး မရဏာသန္နအခါ ရုပ်တရားတို့ကို သိမ်းဆည်းမှု လုပ်ငန်းရပ်ကြီး အောင်မြင်သောအခါ နှလုံးအိမ်ရှိ (၅၄)မျိုးကုန်သော ရုပ်တရားတို့ကို ဆက်လက်၍ ဦးစားပေးကာ သိမ်းဆည်းပါ။ အထူးသဖြင့် ဟဒယဝတ္ထုကို ဉာဏ်ဖြင့် ပိုင်းခြားယူပါ သိမ်းဆည်းပါ။ ထိုနောင် ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်နေသော အိမ်ရှင် ဘဝင်မနောအကြည်ဓာတ်ကို မိအောင် သိမ်းဆည်းပါ။ ယင်း ဘဝင်မနောအကြည်ဓာတ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သောအခါ ယင်း ဘဝင်မနောအကြည်ဓာတ်ကို မသေခင် ရှေးဘက်သို့ အနည်းငယ် တိုး၍ ကြည့်လိုက်, သေခါနီးကာလဘက် စုတိစိတ်ဘက်သို့ ပြန်ဆုတ်ကြည့်လိုက်ဖြင့် ေ့ရှတိုးနောက်ဆုတ် ပြုလုပ်၍ ထပ်ကာ ထပ်ကာ ရှုကြည့်ပါ။ ဤကား သေသည့်ပုံ ပေါ်ရာ၌ လုပ်ငန်းခွင် စတင်ပုံတည်း။
အကယ်၍ အတိတ်ဘက်သို့ ဉာဏ်ကို စေလွှတ်၍ အတိတ်ရုပ်နာမ်တို့ကို အာရုံယူလိုက်သောအခါ သေနေသည့်ပုံ မပေါ်ဘဲ သေခါနီးပုံ ပေါ်ခဲ့သော် ထိုသေခါနီးပုံ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကိုပင် မြင်အောင် စတင်၍ ရှုပါ။ ရုပ်တရားတို့ကို သိမ်းဆည်းပါ။ ဟဒယဝတ္ထုကို ဦးစားပေးသိမ်းဆည်းလျက် ဘဝင်မနောအကြည်ဓာတ်ကို ဆက်လက် သိမ်းဆည်းပါ။ မသေသေးမီ ေ့ရှပိုင်းဘက်သို့လည်းကောင်း သေသည့် စုတိဘက်သို့ လည်းကောင်း၊ ေ့ရှတိုးနောက်ဆုတ် ပြုလုပ်၍ ယင်းဘဝင်မနောအကြည်ဓာတ်ကို ဦးစားပေး၍ သိမ်းဆည်းပါ။
သေနေသည့်ပုံထင်ရာ, သေခါနီးပုံထင်ရာ ဤနှစ်မျိုးလုံး၌ ယခုကဲ့သို့ ရုပ်တရားများနှင့် ဘဝင်မနော အကြည်ဓာတ်ကို ကြိမ်ဖန်များစွာ သိမ်းဆည်းနိုင်သော အဆင့်သို့ ရောက်ရှိသွားပါက ရှေးဆက်ရမည့် လုပ်ငန်းခွင် မှာ တူညီသွားပြီ ဖြစ်ပေသည်။ အကယ်၍ အတိတ်ရုပ်နာမ်ကို လှမ်း၍ အာရုံယူရာ၌ ကံ-ကမ္မနိမိတ်-ဂတိနိမိတ် ဟူသော နိမိတ်သုံးမျိုးတို့တွင် တစ်မျိုးမျိုးကို ဉာဏ်ဖြင့် တွေ့မြင်ခဲ့သော် ဤအပိုင်းမှ စ၍ ရှေးသို့ ဆက်လက် ပြုကျင့်ရမည့် လုပ်ငန်းခွင်မှာ တူညီသွားပြီ ဖြစ်ပေသည်။ အကယ်၍ အတိတ်ရုပ်နာမ်တို့ကို လှမ်း၍ သိမ်းဆည်း ရာ၌ သေသည့်ပုံလည်း မထင်ဘဲ, သေခါနီးပုံလည်း မထင်ဘဲ ကံ-ကမ္မနိမိတ်-ဂတိနိမိတ် သုံးမျိုးတို့တွင် တစ်မျိုးမျိုးလည်း မထင်ဘဲ, စုတိရုပ်နာမ်, သေခါနီး မရဏာသန္နရုပ်နာမ်စသည့် ရုပ်နာမ် ပရမတ်တို့ကိုသာ တွေ့ရှိသည် ဖြစ်အံ့၊ ထိုသို့ ရုပ်နာမ်ပရမတ်တို့ကိုသာ သိမ်းဆည်းနိုင်ခဲ့သော် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ခဲ့သော် အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံဟူသော အကြောင်းတရားတို့ကို ရှာဖွေရေးမှာ မခက်ခဲတော့ပြီ ဖြစ်၏။ သို့အတွက် ---- ဤနေရာ ဤအဆင့်မှ စ၍ စုပေါင်းဖော်ပြပေအံ့။
အကြောင်းပြချက်
အဘယ်အကြောင်းကြောင့် ထိုသေခါနီးကာလ ဘဝင်မနောအကြည်ဓာတ်ကို ထပ်ကာထပ်ကာ ေ့ရှတိုး နောက်ဆုတ်ပြု၍ ရှုနေရပါသနည်းဟူမူ ---- ထိုသေခါနီးကာလ ဘဝင်မနောအကြည်ဓာတ်၌ အကျိုးပေးတော့ မည့်ကံ၏ စွမ်းအင်သတ္တိကြောင့် ထိုအတိတ်ဘဝ မရဏာသန္နဇောက ယူနေသည့် အာရုံနိမိတ်များသည် ထင် နေသောကြောင့်ပင် ဖြစ်သည်ဟု ဖြေဆိုလေရာ၏။ ထိုနိမိတ်တို့ကား ကံ-ကမ္မနိမိတ်-ဂတိနိမိတ် သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော နိမိတ်တည်း။ ယင်းသို့ဖြစ်လျှင် ----
ကမ္မဗလေန ဆန္နံ ဒွါရာနံ အညတြသ္မိံ ပစ္စုပဋ္ဌာတိ။
= ထိုကံ-ကမ္မနိမိတ်-ဂတိနိမိတ် သုံးမျိုးတို့တွင် တစ်မျိုးမျိုးသည် အကျိုးပေးတော့မည့် ကံ၏ စွမ်းအင် သတ္တိကြောင့် ဒွါရ (၆)ပါးတို့တွင် တစ်ပါးပါး၌ ထိုက်သလို ထင်လာနိုင်သည်ဟူသော သင်္ဂဟအဋ္ဌကထာစသော အဋ္ဌကထာအဆိုအမိန့်များနှင့် မဆန့်ကျင်ပြီလောဟု မေးဖွယ်ရာရှိ၏၊ မဆန့်ကျင်ဟုပင် ဖြေဆိုလေရာ၏။ ထို မရဏာသန္နအခါ ထင်လာသော နိမိတ်သည် ----
၁။ ရူပါရုံ ဖြစ်အံ့၊ စက္ခုဒွါရ မနောဒွါရဟူသော ဒွါရ (၂)ပါး၌,
၂။ သဒ္ဒါရုံ ဖြစ်အံ့၊ သောတဒွါရ မနောဒွါရဟူသော ဒွါရ (၂)ပါး၌,
၃။ ဂန္ဓာရုံ ဖြစ်အံ့၊ ဃာနဒွါရ မနောဒွါရဟူသော ဒွါရ (၂)ပါး၌,
၄။ ရသာရုံ ဖြစ်အံ့၊ ဇိဝှာဒွါရ မနောဒွါရဟူသော ဒွါရ (၂)ပါး၌,
၅။ ဖောဋ္ဌဗ္ဗာရုံ ဖြစ်အံ့၊ ကာယဒွါရ မနောဒွါရဟူသော ဒွါရ (၂)ပါး၌,
၆။ ဓမ္မာရုံ ဖြစ်အံ့၊ မနောဒွါရ တစ်မျိုးတည်း၌ ထင်လာပေသည်။
သို့အတွက် အာရုံ (၆) ပါးတို့တွင် မည်သည့်အာရုံပင် ဖြစ်ပါစေ၊ ပရမတ်ပင် ဖြစ်ချင်ဖြစ်ပါစေ၊ ဓမ္မာရုံတွင် အကျုံးဝင်သော ပညတ်ပင်ဖြစ်ချင်လည်း ဖြစ်ပါစေ၊ ဘဝင်မနောဒွါရ၌ကား ထင်ရမြဲဓမ္မတာပင် ဖြစ်သဖြင့် ဘဝင် မနောဒွါရ၌ ထင်လာသော နိမိတ်ကိုသာ ရှာဖွေခြင်းဖြစ်ရကား ဘဝင်မနောဒွါရကို ရှေးဦးစွာ ထပ်ကာ ထပ်ကာ သိမ်းဆည်းခြင်းပင် ဖြစ်သည်။ ဘဝင်မနောဒွါရကို သိမ်းဆည်းနိုင်ပါမှ ဘဝင်မနောဒွါရတွင် ထင်လာသော ရှေးရှူ ကျရောက်လာသော အာရုံနိမိတ်ကို တစ်ဖန် သိမ်းဆည်းနိုင်မည် ဖြစ်သည်။
အကယ်၍ အသင်သူတော်ကောင်းသည် အတိတ်ရုပ်နာမ်တို့ကို လှမ်း၍ သိမ်းဆည်းရာ၌ အတိတ်ဘဝ၏ စုတိရုပ်နာမ်, မရဏာသန္န သေခါနီးအခါ၌ ဖြစ်ပေါ်နေကြသော ရုပ်နာမ်စသည်တို့ကို သိမ်းဆည်းနိုင်သည် ဖြစ်ငြားအံ့၊ ထိုသေခါနီး မရဏာသန္နဇော၏ အာရုံဖြစ်သည့် ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော နိမိတ် (၃) မျိုး တို့တွင် ထင်လာသော ထင်နေသော အာရုံနိမိတ် တစ်မျိုးမျိုးကို လွယ်လွယ်ကူကူပင် သိမ်းဆည်း၍ ရနိုင်မည် ဖြစ်သည်။ ထိုအာရုံနိမိတ်ကိုပါ ဆက်လက်၍ သိမ်းဆည်းထားပါ။
မည်သို့ သက်ဆိုင်ပါသနည်း
ယင်းကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံတစ်မျိုးမျိုးနှင့် အတိတ်အကြောင်းတရားတို့ကို ရှာဖွေမှုသည် မည်သို့ သက်ဆိုင်ပါသနည်းဟု မေးမြန်းဖွယ်ရာ ရှိလာပြန်၏။ အဖြေမှာ သက်ဆိုင်သည်ဟူ၍ပင် ဖြစ်သည်။
ကမ္မဗလေန ဆန္နံ ဒွါရာနံ အညတြသ္မိံ ပစ္စုပဋ္ဌာတိ။ ----- ဟူသော အထက်တွင် ဖော်ပြထားသော အဘိဓမ္မတ္ထသင်္ဂဟ အဋ္ဌကထာစကားနှင့် အညီ ယင်းနိမိတ်တို့သည် လက်ရှိ ပစ္စုပ္ပန်ဘဝ၏ ပဋိသန္ဓေရုပ်နာမ် စသော ဝိပါက်အကျိုးတရားတို့ကို ဖြစ်စေမည့် ကံတရား၏ စွမ်းအားကြောင့် မရဏာသန္နအခါ၌ ရှေးရှူ ကျရောက်လာခြင်း ထင်လာခြင်း ဖြစ်၏။ သို့အတွက် ယင်းနိမိတ်များသည် အတိတ် ကံအကြောင်းတရားကို ရှာဖွေရာ၌ အဓိကသော့ချက်တစ်ခုပင် ဖြစ်သည်။ သော့ချက်တစ်ခု ဖြစ်ပုံကို တစ်နည်းဆိုသော် အတိတ် အကြောင်းတရား ရှာဖွေပုံကို ကံ-အာရုံထင်ပုံ ပုံစံတစ်ခုကို ထုတ်ပြကာ ရှင်းလင်းတင်ပြပေအံ့။
ကံ-အာရုံ ထင်ပုံ
တထာ စ မရန္တာနံ ပန မရဏကာလေ ယထာရဟံ အဘိမုခီဘူတံ ဘဝန္တရေ ပဋိသန္ဓိဇနကံ ကမ္မံ ဝါ ။ ပ ။ ကမ္မဗလေန ဆန္နံ ဒွါရာနံ အညတရသ္မိံ ပစ္စုပဋ္ဌာတိ။ (အဘိဓမ္မတ္ထသင်္ဂဟ။)
အတိတ် သေခါနီး မရဏာသန္နဇော စောတော့မည့် အချိန်ပိုင်းတွင် ဘဝတစ်လျှောက်၌ သံသရာ တစ်လျှောက်၌ သတ္တဝါတစ်ဦး ပြုစုပျိုးထောင်ခဲ့သည့် ကံများစွာရှိသည်တို့တွင် ဘဝတစ်ပါးဟု ခေါ်ဆိုအပ်သော လက်ရှိပစ္စုပ္ပန်ဘဝ၏ ပဋိသန္ဓေကျိုးကိုပေးတော့မည့် ကံသည် စုတေခါနီးအခါဝယ် အခြားအခြားသော ကံများ ထက် ပေါ်လွင်ထင်ရှားလျက် မျက်နှာချင်းဆိုင် ဖြစ်နေ၏၊ မျက်နှာပြူနေ၏၊ ရှေးရှူ မျက်နှာမူနေ၏။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ဘဝင်မနောဒွါရ၌ကား ထင်နေ၏။
ကမ္မံ ပန အတီတမေဝ၊ တဉ္စ မနောဒွါရဂ္ဂဟိတံ ---- ဟူသော အဘိဓမ္မတ္ထသင်္ဂဟ အဋ္ဌကထာနှင့် အညီ ထိုမနောဒွါရ၌ ထင်လာသော မနောဒွါရဖြင့် ယူအပ်သော ယင်းကံအာရုံသည် မရဏာသန္နဇော မစောမီ သေခါနီး၌ ကပ်၍ ဖြစ်စေ, ဘဝတစ်လျှောက် ခပ်ဝေးဝေးက ဖြစ်စေ, အတိတ် သံသရာတစ်လျှောက်က ဖြစ်စေ ပြုခဲ့သော ကံသာလျှင် ဖြစ်၏။ ထိုကံအာရုံထင်မှုသည် ----
၁။ ပုဗ္ဗေကတသညာဖြင့် ထင်သည်လည်း ရှိ၏။
၂။ သမ္ပတိကတသညာဖြင့် ထင်သည်လည်း ရှိ၏။
၁။ ပုဗ္ဗေကတသညာ ---- ရှေးတုန်းက ပြုအပ်ဖူး၏ဟူသော အမှတ်သညာသည် ပုဗ္ဗေကတသညာတည်း။ထင်ပုံမှာ ---- ဒါနမှု, သီလမှု, ဘာဝနာမှု တစ်ခုခုကို ပြုခဲ့စဉ်က ဝမ်းမြောက်ဝမ်းသာ ကုသိုလ်စေတနာ ဖြစ်ခဲ့အံ့၊ ထိုကုသိုလ်စေတနာကို ပြန်၍ အမှတ်ရခြင်း ထိုကုသိုလ်စေတနာကို ပြန်၍ အာရုံပြုနိုင်ခြင်းတည်း။
၂။ သမ္ပတိကတသညာ ---- ယခုပြုအပ်၏ဟူသော အမှတ်သညာသည် သမ္ပတိကတသညာတည်း။ ယင်း သမ္ပတိကတသညာဖြင့် ထင်လာပုံကို အဘိဓမ္မတ္ထသင်္ဂဟ အဋ္ဌကထာ၌ ဤသို့ဖော်ပြထား၏။
တမေဝ ဝါ ပန ဇနကဘူတံ ကမ္မံ အဘိနဝကရဏဝသေန ဒွါရပတ္တံ ဟောတိ။ (အဘိဓမ္မတ္ထသင်္ဂဟ၊ ဝီထိမုတ်ပိုင်း။)
ယခုလက်ရှိ ပစ္စုပ္ပန်ဘဝ၏ ပဋိသန္ဓေအကျိုးကို တိုက်ရိုက်ဖြစ်စေတတ်သော စွမ်းအားရှိသော ဇနကဖြစ် သော ထိုကံသည် သေခါနီးကာလ၌ အသစ်တစ်ဖန် ထပ်မံ ပြုလုပ်ရသည်၏ အစွမ်းဖြင့် = အသစ်တစ်ဖန်ထပ်မံ ပြုလုပ်ရသကဲ့သို့ ဖြစ်ပေါ်လာခြင်း၏ အစွမ်းဖြင့် ဘဝင်မနောဒွါရ၌ ဆိုက်ရောက်လာ၏။ ရှေးရှူ ကျရောက်လာ၏၊ ထင်လာ၏။ ထိုသို့ ထင်လာရာ၌ အပါယ်ဒုဂ္ဂတိသို့ သွားရမည့်သူအတွက် မကောင်းသည့် ကံများကို အသစ်တစ်ဖန် ပြုနေရသည်၏ အစွမ်းဖြင့် ထင်လာ၍ သုဂတိသို့ သွားရမည့်သူအတွက် ကောင်းသည့် ကုသိုလ်ကံများကို အသစ် တစ်ဖန် ပြုနေရသည်၏ အစွမ်းဖြင့် ပြုနေရသကဲ့သို့ ထင်လာ၏။ လူ့ပြည်လောကသို့ လားရမည့်သူအတွက်ကား ကောင်းသည့် ကုသိုလ်ကံများသာ ထင်လာနိုင်ရကား ကုသိုလ်ကံထင်ပုံကို ပုံစံတစ်ခုဖြင့် ဖော်ပြအပ်ပါသည်။ ယင်းပုံစံမှာ အတိတ်အကြောင်းတရားများကို ရှာဖွေနည်းလည်း ဖြစ်ပါသည်။
အတိတ်အကြောင်းတရားများကို ရှာဖွေနည်း
ယောဂါဝစရပုဂ္ဂိုလ်သည် လက်ရှိ ပစ္စုပ္ပန်ဘဝ၏ ပဋိသန္ဓေအခိုက် ရုပ်နာမ်တို့ကို ပရမတ်သို့ဆိုက်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပြီးသောအခါ တစ်နည်းဆိုရသော် ပဋိသန္ဓေဝိညာဏ်ကို သိမ်းဆည်းပြီး သောအခါ အတိတ်ဘဝ သေခါနီး မရဏာသန္နအခိုက်၌ ဖြစ်ခဲ့သော ဘဝင်မနောအကြည်ဓာတ် မနောဒွါရကို ဆက်လက်၍ သိမ်းဆည်းရ၏။ ဘဝင်မနောအကြည်ဓာတ် မနောဒွါရကို သိမ်းဆည်းနည်းမှာ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ထိုသေခါနီး မရဏာသန္နအခါက ဖြစ်ခဲ့သော ဟဒယဝတ္ထုရုပ်ကိုပင် ဦးစားပေး၍ သိမ်းဆည်းပါ။
ထိုသို့ ဟဒယဝတ္ထုကို သိမ်းဆည်းပြီး၍ ထိုဟဒယဝတ္ထုကိုပင် မှီ၍ဖြစ်နေသော အိမ်ရှင် ဘဝင်မနော အကြည်ဓာတ်ကို သိမ်းဆည်းနိုင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သောအခါ ယင်းဘဝင်မနောအကြည်ဓာတ် မနောဒွါရကို မသေမီ ခပ်လှမ်းလှမ်းဘက်သို့လည်းကောင်း, သေခါနီးကာလဘက်သို့လည်းကောင်း ေ့ရှတိုးနောက်ဆုတ် ပြုလုပ်၍ သိမ်းဆည်းကြည့်ပါက ကံအာရုံနိမိတ်ထင်သည့် ယောဂါဝစရပုဂ္ဂိုလ်ဖြစ်ပါက ယင်းကံအာရုံကို ရှာဖွေတွေ့ရှိနိုင်ပေသည်။ ယင်းအကျိုးပေးတော့မည့် ကံအာရုံသည် သေခါနီး ဘဝင်မနောအကြည်ဓာတ် မနောဒွါရ၌ ထင်နေသောကြောင့် ဖြစ်၏။ ဤတွင် ယောဂါဝစရပုဂ္ဂိုလ် တစ်ဦး၏ ကံအာရုံထင်ပုံကို ပုံစံအဖြစ် ဖော်ပြပေအံ့။
ထိုယောဂါဝစရပုဂ္ဂိုလ်သည် အတိတ်ဘဝ သေခါနီး မရဏာသန္နအခါ ဘဝင်မနောအကြည်ဓာတ်ကို = မနောဒွါရကို ေ့ရှတိုးနောက်ဆုတ်စနစ်ဖြင့် ဉာဏ်ဖြင့် လှမ်း၍ ရှုလိုက်ရာ အသစ်တစ်ဖန် ပြုလုပ်နေသည်၏ အစွမ်းဖြင့် ကံလေးမျိုးတို့သည် ယင်းမနောဒွါရ၌ မရှေးမနှောင်း ထင်နေကြ၏။ ထိုယောဂီပုဂ္ဂိုလ်သည် အတိတ်ဘဝဝယ် ရဟန်းတော်ဘဝဖြင့် ကံတို့ကို ပြုစုပျိုးထောင်ခဲ့၏။ သေခါနီး မနောဒွါရတွင် ----
၁။ စာချနေသည့် ကံတစ်ခု -
၂။ တရားဟောနေသည့် ကံတစ်ခု -
၃။ တရားပြပေးနေသည့် ကံတစ်ခု -
၄။ တရားအားထုတ်နေသည့် ကံတစ်ခု -
ဤကံလေးမျိုးတို့သည် မရှေးမနှောင်း အလုအယက် ထင်နေကြ၏။ အကျိုးပေးဖို့ရန် အခွင့်ကို အလုအယက် အရယူနေကြ၏။ ထိုကံလေးမျိုးတို့တွင် မည်သည့်ကံက ပဋိသန္ဓေစသည့် အကျိုးဝိပါက်ကို တိုက်ရိုိက် ဖြစ်စေတတ်သည့် ဇနကကံ ဖြစ်ပါသနည်း၊ မည်သည့်ကံက အကျိုးပေးနေပါသနည်းဟု ကံတစ်ခုစီ တစ်ခုစီကို ထပ်မံ၍ စိစစ်ကြည့်ရ၏။
ရှေးဦးစွာ စာချနေသည့် ကံကိုပင် စိစစ်ကြည့်ခိုင်း၏။ ထိုစာချခိုက်ဖြစ်ပေါ်သွားကြသော ဓမ္မဒေသနာ = တရားစာပေ ဟောကြားပြသမှု ပို့ချမှု ကုသိုလ်စေတနာ သင်္ခါရအုပ်စုနာမ်တရားတို့ကို တစ်နည်းဆိုသော် မဟာကုသိုလ် မနောဒွါရိကဇောဝီထိစိတ်အစဉ် နာမ်တရားစုတို့ကို သိမ်းဆည်းရ၏။
သိမ်းဆည်းပုံမှာ ထိုသို့ စာပေပို့ချနေစဉ်၌ စာချနေသည့်ပုံဝယ် တည်ရှိသော ဓာတ်င်္ကြီးလေးပါးကို စတင်၍ မြင်အောင် ရှုရ၏။ ရုပ်ကလာပ်အမှုန်များကို ဉာဏ်ဖြင့် တွေ့မြင်သောအခါ ယင်းရုပ်ကလာပ်တို့ကို ဓာတ်ခွဲလျက် ရုပ်ပရမတ်တရားတို့ကို ဆက်လက်၍ သိမ်းဆည်းရ၏။ ဟဒယဝတ္ထုကို ဆက်လက်၍ သိမ်းဆည်းရ၏။ ယင်း ဟဒယဝတ္ထုကို မှီ၍ ဖြစ်နေသော စာချစဉ်အချိန်က ဖြစ်ပေါ်နေသော အိမ်ရှင် ဘဝင်မနောအကြည်ဓာတ်ကို ဆက်လက်၍ သိမ်းဆည်းရ၏။ မသေမီ မနီးမဝေး မနောဒွါရနှင့် သေခါနီး မနောဒွါရတို့ကို ေ့ရှတိုးနောက်ဆုတ် စနစ်ဖြင့် ကြိမ်ဖန်များစွာ သိမ်းဆည်းရ၏။ (အသင်သူတော်ကောင်းသည်လည်း အတိတ်ဘဝ မရဏာသန္နအခါ၌ ကံအာရုံထင်ခဲ့သော် ဤနည်းအတိုင်းပင် လိုက်နာပြုကျင့်ရမည် ဖြစ်ပါသည်။)
အကြောင်းပြချက်ကား ရှိသည်သာ ဖြစ်ပါသည်
အဘယ်ကြောင့် ဘဝင်မနောအကြည်ဓာတ်ကို ေ့ရှတိုးနောက်ဆုတ် ပြုလုပ်လျက် အခေါက်ခေါက် အခါခါ ထပ်ကာထပ်ကာ ရှုနေရပါသနည်းဟု မေးရန်ရှိ၏။ အကြောင်းကား ဤသို့တည်း ---- ထို ဘဝင်မနောအကြည်ဓာတ် မနောဒွါရတို့၏ အကြားအကြား၌ ဝီထိစိတ်များ ဖြစ်ကြ၍ အထူးသဖြင့် ယခုပုံစံထုတ်ပြသည့်အတိုင်း စာပေ ကျမ်းဂန် ပို့ချသင်ကြားပေးနေသည့် ဓမ္မဒေသနာအမည်ရသော မဟာကုသိုလ် မနောဒွါရိကဇောဝီထိစိတ် အစဉ်များ ဖြစ်ကြ၍ ထိုဝီထိစိတ်တို့၏ အကြားအကြားတွင် သို့မဟုတ် ဝီထိစိတ်တို့၏ အဆုံးအဆုံးတွင် ဘဝင်မနောအကြည်ဓာတ်သည် တစ်ဖန်ပြန်၍ ဖြစ်တတ်၏။ (စာချစဉ်၌ ပဉ္စဒွါရဝီထိများလည်း ကြိုးကြားကြိုးကြား ထိုက်သလို ဖြစ်နိုင်ကြ၏၊ နည်းတူပင် မှတ်ပါ။) ထိုကြောင့် ဘဝင်မနောအကြည်ဓာတ်ကို စိုက်၍ ေ့ရှတိုးနောက် ဆုတ်ပြုလုပ်လျက် အဖန်ဖန်ရှုခဲ့သော် ထိုဘဝင်များ၏ အကြားအကြား၌ ဖြစ်ပေါ်သွားကြသော ဝီထိစိတ်များ ကိုလည်း အလွယ်တကူပင် တွေ့မြင်နိုင်၏ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်၏ ဉာဏ်ဖြင့် သိမ်းဆည်းနိုင်၏။ ထိုကြောင့် ထိုသို့ ဘဝင်မနောအကြည်ဓာတ်ကို အခြေစိုက်၍ ေ့ရှတိုးနောက်ဆုတ် ပြုလျက် ယင်းဘဝင်မနောအကြည်ဓာတ် ကို ရှုနေခြင်း ဖြစ်သည်။ ဤ၌ ရှုလိုရင်းတရားမှာကား ဘဝင်များ၏ အကြားအကြား၌ တည်ရှိခဲ့ကြသော ဖြစ်ခဲ့ ကြသော ဝီထိစိတ်အစဉ် နာမ်တရားစုတို့သာ ဖြစ်ကြသည်။ ထိုသို့ ဝီထိစိတ်အစဉ် နာမ်တရားတို့ကို ရှုရာ၌ ဘဝ တစ်လျှောက်တွင် အများဆုံး ဖြစ်နေကြသည့် ဘဝင်စိတ်တို့ကို ဦးစားပေး၍ ရှုလျှင် ပို၍ သဘောပေါက် မြန်သောကြောင့် လွယ်လွယ်ကူကူ နာမ်တရားတို့ကို သိမ်းဆည်း၍ ရနိုင်သောကြောင့် ထိုသို့ ဘဝင်များကို ရှုနေခြင်းပင် ဖြစ်သည်။ ထိုဘဝင်စိတ်များကို ရှုလိုက်လျှင် ရှုနိုင်လျှင် ထိုဘဝင်စိတ်တို့ ရပ်စဲသွားသောအခါ ဘဝင်အရပ်တွင် ဖြစ်ပေါ်သွားကြသော ဝီထိစိတ်အစဉ် နာမ်တရားတို့ကိုလည်း အလွယ်တကူပင် သိမ်းဆည်း နိုင်မည် ဖြစ်ပေသည်။
ထိုသို့ စာချစဉ် ဘဝင်တို့၏ အကြားအကြား၌ ဖြစ်ပေါ်သွားကြသော နာမ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြား ယူနိုင် သိမ်းဆည်းနိုင်သောအခါ စာပေပို့ချ သင်ကြားပေးနေသည့် ဓမ္မဒေသနာ အမည်ရသော မဟာကုသိုလ် မနောဒွါရိကဇောဝီထိ စိတ်အစဉ်များကို ရှာဖွေသိမ်းဆည်းရ၏။ သိမ်းဆည်း၍ ရခဲ့သော် ယင်းကုသိုလ်စေတနာ သင်္ခါရအုပ်စုတို့ကို ထပ်ကာထပ်ကာ သိမ်းဆည်းရ၏။ ယင်းမနောဒွါရဝီထိတို့ကား အကြိမ်များစွာ ဖြစ်နိုင်ကြ သည်သာ ဖြစ်ကြ၏။ ယင်းကုသိုလ်စေတနာအုပ်စု သင်္ခါရတရားတို့ကား အနိစ္စတရားတို့သာ ဖြစ်ကြ၏၊ ဖြစ်ပြီးသည်နှင့် ပျက်သွားကြ၏၊ ယင်းသင်္ခါရတရားတို့သည် ချုပ်ပျက်သွားသောအခါ ဝိပါက်အဗျာကတတရားတို့ကဲ့သို့ စွမ်းအင်သတ္တိ တစ်စုံတစ်ရာကို မထားခဲ့ဘဲ ချုပ်ပျက်သွားသည်ကား မဟုတ်၊ နောင်တစ်ချိန် အခါအခွင့်သင့်က မိမိ ဆုတောင်းပန်ထွာထားသည့် ဘဝတစ်ခုကို ဖြစ်စေနိုင်သည့် စွမ်းအင်ကမ္မသတ္တိကို ရုပ်နာမ်အစဉ်တွင် မြှုပ်နှံပြီးမှသာလျှင် ချုပ်ပျက်သွားကြ၏။ သို့အတွက် ယင်းကုသိုလ်သင်္ခါရတရားတို့နှင့် ကပ်၍ ယင်းကုသိုလ်သင်္ခါရ တရားတို့ကို ထပ်ကာထပ်ကာ သိမ်းဆည်းလျက် ယင်းသင်္ခါရတရားတို့ ချုပ်ပျက်သွားသောအခါ ရုပ်နာမ်အစဉ်တွင် မြှုပ်နှံထားခဲ့သော ကမ္မသတ္တိကို တွေ့အောင် ရှာဖွေရ၏။
ဤယောဂီပုဂ္ဂိုလ်ကား ယင်းကမ္မသတ္တိကို ရှာဖွေတွေ့ရှိသောအခါ ယင်းကမ္မသတ္တိကြောင့် (= နာနာက္ခဏိကကမ္မသတ္တိကြောင့်) ဤဘဝတွင် ပဋိသန္ဓေနာမ်ရုပ်စသည့် ဝိပါက်ရုပ်နာမ်တို့ ဖြစ်သည်ကို မတွေ့ရပေ။
အလားတူပင် တရားဟောနေသည့် ကံကိုလည်း လက်ရှိပစ္စုပ္ပန်ဘဝ၏ ပဋိသန္ဓေစသော ဝိပါက်ရုပ်နာမ် အကျိုးတရားတို့ကို ဖြစ်စေတတ်သော ဇနကကံ ဟုတ်သည် မဟုတ်သည်ကို သိရှိရန်အတွက် ကမ္မသတ္တိကို ရှာဖွေစေလျက် ကြောင်း-ကျိုး ဆက်နွယ်မှု ရှိမရှိကို ဉာဏ်ဖြင့် မြင်အောင် အရှုခိုင်းလိုက်သောအခါ ယင်းတရားဟောသည့် ကံကလည်း ပဋိသန္ဓေဝိပါက် ရုပ်နာမ်စသည်တို့ကို မဖြစ်စေကြောင်း သိရပြန်၏။
တစ်ဖန် တရားပြပေးနေသည့်ကံကို တတိယအကြိမ် ဆန်းစစ်ကြည့်ရန် ညွှန်ကြားပေးလိုက်၏။ တရား ပြပေးနေသည့် ဓမ္မဒေသနာကုသိုလ် သင်္ခါရတရားစုတို့ကို တွေ့အောင် ရှာဖွေစေလျက် ကမ္မသတ္တိကို ဉာဏ်ဖြင့် မြင်အောင် ရှုစေလျက် ယင်းကမ္မသတ္တိကြောင့် ဤဘဝတွင် ပဋိသန္ဓေဝိပါက်စသည့် ဝိပါက်ရုပ်နာမ်တို့သည် ဖြစ်ကြ၏ မဖြစ်ကြ၏ဟူသော အချက်ကို ဉာဏ်ဖြင့် မြင်အောင် ကြည့်စေရာ ယင်းတရားပြသည့် ကံကလည်း ဤဘဝတွင် ပဋိသန္ဓေ ရုပ်နာမ်စသည့် အကျိုးဝိပါက်တရားတို့ကို မဖြစ်စေကြောင်း တွေ့ရပြန်၏။
တစ်ဖန် တရားအားထုတ်သည့် ကံကြောင့် ဤဘဝတွင် ပဋိသန္ဓေဝိပါက် ရုပ်နာမ်စသည့် အကျိုးတရား တို့သည် ဖြစ်ပေါ်လာသည် မလာသည်ကို ထိုယောဂီအား ဆန်းစစ်ကြည့်ရန် ညွှန်ကြားပေးလိုက်၏။ ဤအပိုင်း တွင်ကား ယောဂီသူတော်ကောင်း အပေါင်းတို့ သိထားသင့်သော အချက်များ များစွာ ရှိလာ၏။ ယင်းအချက်တို့ကို ရှေးဦးစွာ ကြိုတင်၍ ရှင်းလင်းတင်ပြအပ်ပါသည်။
စေတနာသုတ္တန် ကောက်နုတ်ချက်
၁။ ယဉ္စ ဘိက္ခဝေ စေတေတိ၊ ယဉ္စ ပကပ္ပေတိ၊ ယဉ္စ အနုသေတိ။ အာရမ္မဏမေတံ ဟောတိ ဝိညာဏဿ ဌိတိယာ အာရမ္မဏေ သတိ ပတိဋ္ဌာ ဝိညာဏဿ ဟောတိ၊ တသ္မိံ ပတိဋ္ဌိတေ ဝိညာဏေ ဝိရူဠှေ အာယတိံ ပုနဗ္ဘဝါဘိနိဗ္ဗတ္တိ ဟောတိ၊ အာယတိံပုနဗ္ဘဝါဘိနိဗ္ဗတ္တိယာ သတိ အာယတိံ ဇာတိ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။
၂။ နော စေ ဘိက္ခဝေ စေတေတိ၊ နော စေ ပကပ္ပေတိ၊ အထ စေ အနုသေတိ။ အာရမ္မဏမေတံ ဟောတိ ဝိညာဏဿ ဌိတိယာ၊ အာရမ္မဏေ သတိ ပတိဋ္ဌာ ဝိညာဏဿ ဟောတိ၊ တသ္မိံ ပတိဋ္ဌိတေ ဝိညာဏေ ဝိရူဠှေ အာယတိံပုနဗ္ဘဝါဘိနိဗ္ဗတ္တိ ဟောတိ၊ အာယတိံပုနဗ္ဘဝါဘိနိဗ္ဗတ္တိယာ သတိ အာယတိံဇာတိ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ (သံ၊၁၊၂၉၅။)
၁။ ရဟန်းတို့ ...ကာမ-ရူပ-အရူပတည်းဟူသော ဘုံသုံးပါးအတွင်း၌ ဖြစ်စေတတ်သော အကြင် ကုသိုလ် စေတနာ အကုသိုလ်စေတနာကိုလည်း ဖြစ်စေ၏။ ငါသည် ယောက်ျားဖြစ်ရလို၏၊ ငါသည် မိန်းမဖြစ်ရလို၏၊ ငါသည် ရဟန်းဖြစ်ရလို၏၊ ငါသည် ဓမ္မကထိကနတ်သား ဖြစ်ရလို၏၊ ---- ဤသို့ စသည်ဖြင့် တဏှာ ဒိဋ္ဌိတို့နှင့် ကြံစည်စိတ်ကူးမှု အကြင် ဝိတက်ကိုလည်း ဖြစ်စေ၏။ ကာမရာဂါနုသယစသည့် အကြင် အနုသယဓာတ်ကိုလည်း ဖြစ်စေ၏။ ဤစေတနာ, ဝိတက်, အနုသယဓာတ်ဟူသော တရားသုံးပါးအပေါင်းသည် နောင်တစ်ဖန် ဘဝသစ်ကို ဖြစ်စေနိုင်သည့် စွမ်းအားရှိသော ကမ္မဝိညာဏ်၏ တည်ရှိလာရန် အကြောင်းတရား ဖြစ်၏။ ကမ္မဝိညာဏ် တည်ရှိဖို့ရန် အကြောင်းတရားသည် ထင်ရှားရှိလတ်သော် ကမ္မဝိညာဏ်၏ တည်မှုသည် ဖြစ်ပေါ်လာ၏။ ထိုကမ္မ ဝိညာဏ်သည် တည်ရှိသည်ရှိသော် စည်ပင်သည်ရှိသော် နောင်အခါ၌ တစ်ဖန်ဘဝသစ်ဟု ဆိုအပ်သော ဖြစ်ခြင်း သည် ဖြစ်ပေါ်လာ၏။ နောင်အခါ၌ တစ်ဖန်ဘဝသစ်ဟု ဆိုအပ်သော ဖြစ်ခြင်းသည် ထင်ရှားရှိလတ်သော် နောင် အခါ၌ ပဋိသန္ဓေတည်နေရခြင်း ဇာတိ, အိုရခြင်း ဇရာ, သေရခြင်း မရဏ, စိုးရိမ်ရခြင်း သောက, ငိုကြွေး မြည်တမ်းရခြင်း ပရိဒေဝ, ကိုယ်ဆင်းရဲရခြင်း ဒုက္ခ, စိတ်ဆင်းရဲရခြင်း ဒေါမနဿ, ပြင်းစွာပူပန်ရခြင်း ဥပါယာသတို့သည် ထင်ရှား ဖြစ်ပေါ်လာကြကုန်၏။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲဒုက္ခအစုအပုံသည် ဖြစ်ပေါ်လာ၏။
၂။ ရဟန်းတို့ ...အကယ်၍ ကာမ-ရူပ-အရူပတည်းဟူသော ဘုံသုံးပါးအတွင်း၌ ဖြစ်စေတတ်သော အကြင် တေဘူမက ကုသိုလ်စေတနာ အကုသိုလ်စေတနာကို မဖြစ်ပေါ်စေကာမူ, အကယ်၍ ငါသည် ယောက်ျား ဖြစ်ရလို၏၊ ငါသည် မိန်းမဖြစ်ရလို၏၊ ငါသည် ရဟန်းဖြစ်ရလို၏၊ ငါသည် ဓမ္မကထိကနတ်သား ဖြစ်ရလို၏၊ ဤသို့စသည်ဖြင့် တဏှာ ဒိဋ္ဌိတို့နှင့် ကြံစည်စိတ်ကူးမှု အကြင်ဝိတက်ကို မဖြစ်ပေါ်စေကာမူ, အနုသယဓာတ်သည် အကယ်၍ ကိန်းအောင်းနေသေးသည် ဖြစ်ငြားအံ့။ ဤအနုသယဓာတ်၏ ကိန်းအောင်းခြင်းသည်ပင် နောင်တစ်ဖန် ဘဝသစ်ကို ဖြစ်စေနိုင်သည့် စွမ်းအားရှိသော ကမ္မဝိညာဏ်၏ တည်ရှိလာဖို့ရန် အကြောင်းတရား ဖြစ်၏။ ကမ္မဝိညာဏ်တည်ရှိဖို့ရန် အကြောင်းတရားသည် ထင်ရှားရှိလတ်သော် ကမ္မဝိညာဏ်၏ တည်မှုသည် ဖြစ်ပေါ်လာ၏။ ထိုကမ္မဝိညာဏ်သည် တည်ရှိသည်ရှိသော် စည်ပင်သည်ရှိသော် နောင်အခါ၌ တစ်ဖန်ဘဝသစ်ဟု ဆိုအပ်သော ဖြစ်ခြင်းသည် ဖြစ်ပေါ်လာ၏။ နောင်အခါ၌ တစ်ဖန်ဘဝသစ်ဟု ဆိုအပ်သော ဖြစ်ခြင်းသည် ထင်ရှားရှိလတ်သော် နောင်အခါ၌ ဇာတိ ဇရာမရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတရားတို့သည် ထင်ရှား ဖြစ်ပေါ်လာကြကုန်၏။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲဒုက္ခ အစုအပုံသည် ဖြစ်ပေါ်လာ၏။ (သံ၊၁၊၂၉၅။)
ဤအထက်ပါ စေတနာသုတ္တန်ဝယ် ----
၁။ စေတနာအရ သံသရာဝဋ်ကို လည်ပတ်စေတတ် ဖြစ်စေတတ်သော လောကီကုသိုလ်စေတနာ အကုသိုလ် စေတနာကို ကောက်ယူရ၏။
၂။ ကပ္ပနာအရ လောဘမူစိတ် (၈)ခု၌ ယှဉ်သော တဏှာ ဒိဋ္ဌိနှင့် ယှဉ်သော ငါသည် လူဖြစ်ရလို၏၊ ငါသည် နတ်ဖြစ်ရလို၏၊ ငါသည် ယောက်ျားဖြစ်ရလို၏၊ ငါသည် မိန်းမဖြစ်ရလို၏၊ ဤသို့စသည်ဖြင့် ကြံစည် စိတ်ကူးမှု ဝိတက်ကို အရကောက်ယူရ၏။
၃။ အနုသယဓာတ်အရ ကာမရာဂါနုသယစသော အနုသယဓာတ် (၇)မျိုးတို့ကို အရကောက်ယူရ၏။
အနာဂတာ ဧဝ ဟိ ကာမရာဂါဒယော နိပ္ပရိယာယတော အနုသယာတိ ဝတ္တဗ္ဗတံ အရဟန္တိ။ (သံ၊ဋီ၊၂၊၈၁။)
အနုသယဓာတ်တို့၏ အကုသိုလ်စေတနာတို့၌ ကိန်းဝပ်မှုကား ထင်ရှားသောကြောင့် အထင်ရုဠှီအားဖြင့် အကုသိုလ်စေတနာတို့၌ အနုသယဓာတ်တိ့ု ကိန်းဝပ်ကြောင်းကို အဋ္ဌကထာ၌ (သံ၊ဋ္ဌ၊၂၊၃၈။) ဖွင့်ဆိုထား၏။လောကီကုသိုလ် စေတနာတို့၌လည်း အနုသယဓာတ်တို့ကား ကိန်းဝပ်ကြသည်သာ ဖြစ်ကုန်၏။ (သံ၊ဋီ၊၂၊၈၁။)
သဒိသူပစာရအားဖြင့် တင်စား၍ ပစ္စုပ္ပန်တရားတို့၌ အနုသယဓာတ်တို့၏ ကိန်းဝပ်တည်နေကြောင်းကို အဋ္ဌကထာက ဖွင့်ဆိုခြင်း ဖြစ်၏။ မုချအားဖြင့်ကား အနာဂတ်ဖြစ်ကုန်သော ကာမရာဂစသော တရားတို့ကို သာလျှင် အနုသယဓာတ်တို့ဟူ၍ ခေါ်ဆိုခြင်းငှာ ထိုက်ပေသည်။ (သံ၊ဋီ၊၂၊၈၁။)
[မှတ်ချက် ---တိပိဋက ပါဠိမြန်မာအဘိဓာန်၌ ဤသို့ ဖွင့်ဆိုထား၏။ ယင်းအနုသယတို့ အတိတ် အနာဂတ် ပစ္စုပ္ပန် သုံးမျိုးလုံး ဖြစ်နိုင်ပုံကို အဘိ၊ ဋ္ဌ၊ ၃၊ ၃၁၉။ မဟာနိ၊ ဋ္ဌ၊ ၂၀၅-၆။ ပဋိသံ၊ ဋ္ဌ၊ ၂၊ ၈။ တို့တွင်လည်းကောင်း, ယင်းသုံးမျိုးတို့တွင်လည်း အနာဂတ်သာ မုချအားဖြင့် အနုသယမည်သည်ဟူသော အဆိုကို -- မ၊ ဋီ၊ ၂၊ ၂၈၆-၇။ အနုဋီ၊ ၃၊ ၁၉၆။ သံ၊ ဋီ၊ ၂၊ ၈၁။ သာရတ္ထ၊ ၁၊ ၇၅။ တို့တွင်လည်းကောင်း ကြည့်။ တိပိဋက ပါဠိ-မြန်မာအဘိဓာန် အတွဲ-၂။ စာမျက်နှာ-၂၁၇။ ---- ။ အဘိ၊ ဋ္ဌ၊ ၃၊ ၂၁၅။ ၌ကား ---- အရိယမဂ်တရားဖြင့် မပယ်ရှားရသေးသော ကာမရာဂစသော တရားသည် အနုသယမည်ရကား ထိုအနုသယကို အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူ၍ မဆိုထိုက်ကြောင်းကိုလည်းကောင်း, အရိယမဂ်တရားဖြင့် ပယ်သတ်ထိုက်သော ဤကိလေသာ သည် အရိယမဂ်ဖြင့် မပယ်ရှားရသေးသည့်အတွက်ကြောင့်သာလျှင် ရှိ၏ဟူ၍ ခေါ်ဆိုရကြောင်းကိုလည်းကောင်း ဖွင့်ဆိုထား၏။]
၄။ ဝိညာဏ်အရ ကုသိုလ်ကံ အကုသိုလ်ကံများကို ထမြောက်အောင် ပြုစွမ်းနိုင်သော လောကီကုသိုလ် အကုသိုလ်ဇောစိတ်များကို ကောက်ယူရ၏။ ထိုဇောစိတ်တို့သည် နောင်တစ်ဖန် ဘဝသစ်ကို ဖြစ်စေနိုင်သော စွမ်းအား ရှိသော စေတနာ = ကံနှင့် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ၍ ဖြစ်သောကြောင့် ကမ္မဝိညာဏ် မည်၏။
၅။ ပုနဗ္ဘဝါဘိနိဗ္ဗတ္တိအရ ပဋိသန္ဓေဝိညာဏ်နှင့် ကမ္မဘဝကို ကောက်ယူပါ။ နောင်တစ်ဖန် ဘဝသစ်၌ ဖြစ်သော ပဋိသန္ဓေဝိညာဏ်စသည်ကား ကမ္မဝိညာဏ်ကြောင့် ဖြစ်ပေါ်လာရသော ဝိပါက်ဝိညာဏ်တည်း။ ယင်းပဋိသန္ဓေ ဝိညာဏ်ကိုလည်း ပုနဗ္ဘဝဟု ဆိုသည်။ နောင်အနာဂတ် ပဋိသန္ဓေဝိညာဏ်၏ အကြောင်းဖြစ်သော ကမ္မဘဝကိုလည်း ပုနဗ္ဘဝဟုပင် ဆိုသည်။
ဤအထက်ပါ တရားများကို ကြောင်း-ကျိုး ဆက်စပ်ပုံမှာ ဤသို့ဖြစ်၏ --- စေတနာ, ကပ္ပနာ, အနုသယဓာတ် ---- ဤတရားသုံးမျိုးကြောင့် ကမ္မဝိညာဏ် ဖြစ်ပွားရသည်။ ကမ္မဝိညာဏ်ကြောင့် ပုနဗ္ဘဝဟူသော ကမ္မဘဝနှင့် ဥပပတ္တိဘဝ = အနာဂတ်ဇာတိ ပဋိသန္ဓေဝိညာဏ်စသည် ဖြစ်ပွားလာရ၏။ ဤကား အမှတ် (၁) ဟောကြားတော်မူချက်၏ ဆိုလိုရင်းတည်း။
အမှတ် (၂) ဒေသနာတော်၏ ဆိုလိုရင်းမှာ ဤသို့ဖြစ်၏။
ဧတ္ထ စ နော စေ ဘိက္ခဝေ စေတေတိ နော စေ ပကပ္ပေတိ အထ စေ အနုသေတီတိ ဧဝံ ဘဂဝတာ ဒုတိယနယေ ပုဗ္ဗဘာဂေ ဘဝနိဗ္ဗတ္တကကုသလာကုသလာယူဟနံ, ပကပ္ပနဉ္စ ဝိနာပိ ဘဝေသု ဒိဋ္ဌာဒီနဝဿ ယောဂိနော အနုသယပစ္စယာ ဝိပဿနာစေတနာပိ ပဋိသန္ဓိဇနကာ ဟောတီတိ ဒဿနတ္ထံ ကုသလာကုသလဿ အပ္ပဝတ္တိ စေပိ, တဒါ ဝိဇ္ဇမာနတေဘူမကဝိပါကာဒိဓမ္မေသု အပ္ပဟီနကောဋိယာ အနုသယိတကိလေသပ္ပစ္စယာ ဘဝဝဇ္ဇဿ ကမ္မဝိညာဏဿ ပတိဋ္ဌိတတာ ဟောတီတိ ဒဿနတ္ထဉ္စ ဝုတ္တော။ (သံ၊ဋီ၊၂၊၈၃။)
အာရမ္မဏမေတံ ဟောတီတိ အနုသယေ သတိ ကမ္မဝိညာဏဿ ဥပ္ပတ္တိယာ အဝါရိတတ္တာ ဧတံ အနုသယဇာတံ ပစ္စယောဝ ဟောတိ။ (သံ၊ဋ္ဌ၊၂၊၆၆။)
စေတနာ, ကပ္ပနာတရားတို့ ထင်ရှားမရှိလတ်သော် အနုသယဓာတ်ကို အရိယမဂ်တည်းဟူသော မွေးညှပ် ဖြင့် မနုတ်ပယ်ရသေးသည့်အတွက် အနုသယဓာတ်ကိလေသာသည် ကိန်းဝပ် တည်ရှိနေသေးလျှင် ကျန်နေသေးလျှင် နောင်တစ်ဖန် ဘဝသစ်ကို ဖြစ်စေနိုင်သော စွမ်းအားရှိသော ကမ္မဝိညာဏ်သည် ဖြစ်ပွားလာနိုင် သည်သာတည်း။
ဆိုလိုသည်မှာ ဤသို့တည်း ---- ဘဝကို အပြစ်မြင်၍ ဝိပဿနာတရားကို အမြဲအားထုတ်နေသော ဝိပဿနာဉာဏ်များ အဆက်မပြတ် အဖြစ်များနေသော ယောဂါဝစရပုဂ္ဂိုလ်မြတ်၏ သန္တာန်ဝယ် အရဟတ္တမဂ်ကို မရသေးမီ ရှေးအဖို့၌ ဘဝသစ်ကို ဖြစ်စေနိုင်သော ကုသိုလ်ကံ အကုသိုလ်ကံကို အားထုတ်မှု စေတနာလည်း မရှိ။ ဘဝသစ်ကို ဖြစ်စေရန် တဏှာ ဒိဋ္ဌိတို့ဖြင့် ကြံစည်စိတ်ကူးမှု ကပ္ပနာလည်း ထင်ရှားမရှိ။ သို့သော် ထိုယောဂါဝစရပုဂ္ဂိုလ်၏ ရုပ်နာမ်သန္တာန်အစဉ်၌ အနုသယဓာတ်ကား အရိယမဂ်တရားဖြင့် မပယ်ရှားရသေး သည့်အတွက် ကိန်းဝပ်လျက်ပင် ရှိနေသေး၏။
[အထ စေ အနုသေတီတိ ဣမိနာ တေဘူမကဝိပါကေသု ပရိတ္တကြိယာသု ရူပေတိ ဧတ္ထ အပ္ပဟီန ကောဋိယာ အနုသယော ဂဟိတော။ (သံ၊ဋ္ဌ၊၂၊၆၆။)
အထက်ပါ အဋ္ဌကထာနှင့် အညီ ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံဝိပါက်တို့၌လည်းကောင်း, ပဋိသန္ဓေ-ဘဝင်-စုတိဟူသော ဝိပါက်စိတ်တို့၌လည်းကောင်း, ပဉ္စဒွါရာဝဇ္ဇန်း မနောဒွါရာဝဇ္ဇန်း ဝုဋ္ဌောဟူသော ကာမကြိယာစိတ်တို့၌လည်းကောင်း, ရုပ်တရားတို့၌လည်းကောင်း ကိန်းဝပ်တည်နေသော အနုသယဓာတ်ကို ကောက်ယူပါ။]
ယင်းဝိပါက်တရား, ကာမကြိယာတရား, ရုပ်တရားတို့၌ ကိန်းဝပ်တည်နေသော အနုသယဓာတ်တို့သည် ဝိပဿနာကုသိုလ်ဇောတို့အား နောင်တစ်ဖန် ဘဝသစ်ကို ဖြစ်စေတတ်သည့် စွမ်းအားရှိသော ကမ္မဝိညာဏ် ဖြစ်ပေါ်လာရန် အားကြီးသောမှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးလျက် ရှိကြ၏။ ယင်းအနုသယဓာတ် တို့၏ အားကြီးသော မှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးမှုကြောင့် ဝိပဿနာကုသိုလ်ဇောတို့သည် နောင် တစ်ဖန် ဘဝသစ်ကို ဖြစ်စေနိုင်သည့် ကမ္မဝိညာဏ်အဖြစ် ရပ်တည်လာနိုင်ကြ၏။ (ဝိပဿနာဇောတို့၌ အနုသယဓာတ် ကိန်းဝပ်မှု မရှိသော်လည်း ဝိပဿနာဇောတို့၏ အကြား အကြား၌ ဖြစ်လေ့ရှိသော ဝိပါက် ကြိယာတရားတို့နှင့် ရုပ်တရားတို့၌ ကိန်းဝပ်တည်နေကြသော အနုသယဓာတ်တို့က ကျေးဇူးပြုပေးခြင်းကြောင့် ဝိပဿနာဇောတို့သည် ကမ္မဝိညာဏ်အဖြစ် ရပ်တည်လာနိုင်ကုန်၏ဟု ဆိုလိုပေသည်။) တစ်နည်း ----
ကာမံ အနုသယာ လောကိယကုသလစေတနာသုပိ အနုသေန္တိယေဝ။ (သံ၊ဋီ၊၂၊၈၁။)
ဝိပဿနာဇောတို့သည်လည်း လောကီတရားတို့သာ ဖြစ်ကြသဖြင့် လောကီ ကုသိုလ်စေတနာအားလုံး၌ လည်း အနုသယဓာတ်တို့သည် ကိန်းဝပ်ကြကုန်သည်သာ ဖြစ်ကြ၏။ သို့အတွက် ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာ စေတနာသည်လည်း အနုသယဓာတ် မကင်းသေးသော လောကီ ကုသိုလ်စေတနာပင် ဖြစ်၍ နောက်ဘဝ ပဋိသန္ဓေကို ဖြစ်စေနိုင်သေးသည်သာတည်း။ (သံ၊ဋီ၊၂၊၈၁။)
ထိုသို့ ကမ္မဝိညာဏ်များ ဖြစ်ပွားမှုကြောင့် ပုနဗ္ဘဝါဘိနိဗ္ဗတ္တိဟူသော ဒုတိယဘဝ၌ ပဋိသန္ဓေဝိညာဏ် ဖြစ်ပေါ်ရသည်။ သင်္ခါရပစ္စယာ ဝိညာဏံကို ရည်ရွယ်၍ ဟောတော်မူခြင်း ဖြစ်သည်။ တစ်ဖန် ပုနဗ္ဘဝါဘိနိဗ္ဗတ္တိ တွင်ပါဝင်သော ကမ္မဘဝကြောင့် တတိယဘဝ၌ ဇာတိဟူသော ပဋိသန္ဓေတည်နေရမှု ဖြစ်ပေါ်လေသည်။ ဘဝပစ္စယာ ဇာတိကို ရည်ရွယ်၍ ဟောတော်မူခြင်း ဖြစ်သည်။ ဤကား အထက်ပါ ပထမ စေတနာသုတ်၌ ဟောတော်မူသော ပဋိစ္စသမုပ္ပါဒ် ကြောင်း-ကျိုးစပ်နည်း ဖြစ်သည်။ စေတနာသုတ္တန်၏ ဆိုလိုရင်း ကောက်နုတ်ချက်တည်း။ ဤသုတ္တန်၏ ဆိုလိုရင်းကို သဘောပေါက်ပါက အောက်တွင် ဆက်လက်ဖော်ပြမည့် ဆုတောင်းခန်းနှင့် ကြောင်း-ကျိုးဆက် ပဋိစ္စသမုပ္ပါဒ် သဘောတရားကိုလည်း သဘောပေါက်နိုင်ပေလိမ့်မည်။
ကိလေသဝဋ်နှင့် ကမ္မဝဋ်
အထက်တွင် ပုံစံထုတ်ပြထားသော ယောဂါဝစရပုဂ္ဂိုလ်၏ ကံ (၄) မျိုးတို့တွင် စာချသည့်ကံ, တရားဟော သည့်ကံ, တရားပြသည့်ကံတို့က အကျိုးမပေးဘဲ အမှတ် (၄) ဖြစ်သည့် တရားအားထုတ်သည့် ကံကသာလျှင် ဤဘဝ၌ ပဋိသန္ဓေ ဝိပါက် ဝိညာဏ်စသည့် အကျိုးတရားတို့ကို ဖြစ်စေသည်ကို တွေ့ရ၏။
ထိုသူတော်ကောင်းကား အတိတ်ဘဝတွင် ရဟန်းဘဝဖြင့် တရားဘာဝနာများကို အားထုတ်ခဲ့၏။ အာနာပါနဿတိသမာဓိကို စတုတ္ထစျာန်သမာဓိသို့ ဆိုက်အောင် သမာဓိကို ထူထောင်နိုင်ခဲ့၏။ ယင်းအာနာပါန စတုတ္ထစျာန်သမာဓိကို ဝိပဿနာ၏ အခြေပါဒကအဖြစ် အသုံးပြု၍ ရုပ်နာမ်တို့ကို သိမ်းဆည်းနိုင်ခဲ့၏။ ရုပ်ကလာပ် နာမ်ကလာပ်များကို ဓာတ်ခွဲလျက် ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ရုပ်နာမ်တို့ကို သိမ်းဆည်းနိုင်ခဲ့၏။ သို့သော် ကြောင်း-ကျိုးဆက် = ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို လုံးဝမရှုခဲ့မိပေ။ ပစ္စယပရိဂ္ဂဟဉာဏ်ကို မရရှိခဲ့ပေ။ ယင်းရုပ်-နာမ်ပရမတ်တရား တို့ကို လက္ခဏာရေး သုံးတန်တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုခဲ့၏။ ဝိပဿနာဉာဏ်များလည်း ဖြစ်ပွားခဲ့၏။ သို့သော် အရိယမဂ်သို့ကား မဆိုက်နိုင် ဖြစ်ခဲ့၏။ မြင်းမြီးဆွဲ မောင်ဆန်ဟု အသိများသော အရှင်ဆန္နမထေရ် ကဲ့သို့ပင်တည်း။
ယင်းဝိပဿနာဇောဝီထိစိတ်အစဉ်တို့တွင် ပါဝင်တည်ရှိသော သင်္ခါရစေတနာတို့၏ စွမ်းအင်ကမ္မသတ္တိ ကြောင့် ဤဘဝတွင် ပဋိသန္ဓေ ဝိပါက်ရုပ်နာမ်စသည့် ဝိပါက်ရုပ်တရား နာမ်တရားတို့ ဖြစ်ပေါ်နေသည်ကို ဉာဏ်ဖြင့် တွေ့မြင်နေ၏။
ထိုယောဂီသည် ဝိပဿနာဇောဝီထိတို့၏ အတွင်းဝယ် ဇောအသီးအသီး၌ တည်ရှိကြသော စိတ်စေတသိက် သင်္ခါရတရားစုတို့ကို ရှေးဦးစွာ သိမ်းဆည်း၏။ တစ်ဖန် ယင်းသင်္ခါရတို့မှ အကျိုးပေးနေသော သင်္ခါရတရားတို့ကို ထပ်မံ သိမ်းဆည်းရာ စိတ်စေတသိက် = နာမ်တရား (၃၄)လုံး ရှိသည်ကို တွေ့၏။ ထိုနောင် ယင်းဝိပဿနာကုသိုလ် သင်္ခါရတရားတို့၏ ချုပ်ပျက်သွားသောအခါ ရုပ်နာမ်အစဉ်တွင် မြှုပ်နှံထားခဲ့သော ကမ္မသတ္တိကို ဆက်လက်၍ ရှာဖွေ၏။ ယင်းကမ္မသတ္တိကြောင့် ပဋိသန္ဓေအခိုက် ကမ္မဇရုပ်တရား အမျိုးအစား (၃၀)တို့ ဖြစ်ပေါ်လာရသည်ကို လည်းကောင်း, ပဋိသန္ဓေ နာမ်တရား (၃၄)လုံးတို့ ဖြစ်ပေါ်လာရသည်ကိုလည်းကောင်း တွေ့ရှိ၏။
ဤအပိုင်းတွင် ပိုမို၍ သဘောပေါက်နိုင်ရန် ရှုပုံစနစ်ကို အနည်းငယ် ရှင်းလင်း တင်ပြအပ်ပါသည်။ ဤ အပိုင်းသို့ ရောက်ရှိလာသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည်ကား အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာန၌ ရုပ်နာမ်တို့ကို ပရမတ်သို့ဆိုက်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းထားပြီးလည်း ဖြစ်၏၊ ဤဘဝ ပဋိသန္ဓေ ရုပ်နာမ် တို့သို့ တိုင်အောင် ရုပ်နာမ်တို့ကို သိမ်းဆည်းနိုင်ပြီးလည်း ဖြစ်၏။ သို့အတွက် ထိုသူတော်ကောင်းသည် စိတ်ကြောင့် စိတ္တဇရုပ်များ တဖွားဖွား ဖြစ်နေသည်ကို လွယ်ကူစွာ သဘောပေါက်ပြီးလည်း ဖြစ်၏။ ဥတုကြောင့် ဥတုဇရုပ်များ တဖွားဖွား ဖြစ်နေသည်ကိုလည်း လွယ်ကူစွာ သဘောပေါက်ပြီးလည်း ဖြစ်၏။ အာဟာရကြောင့် အာဟာရဇရုပ်များ တဖွားဖွား ဖြစ်နေရသည်ကိုလည်း လွယ်ကူစွာ သဘောပေါက်ပြီးလည်း ဖြစ်၏။
အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော ကမ္မသတ္တိကို ရှာဖွေတွေ့ရှိသော အသင်သူတော်ကောင်းသည်လည်း-
၁။ စိတ်ကြောင့် စိတ္တဇရုပ်များသည် တဖွားဖွား ဖြစ်နေကြသကဲ့သို့,
၂။ ဥတုကြောင့် ဥတုဇရုပ်များသည် တဖွားဖွား ဖြစ်နေကြသကဲ့သို့,
၃။ အာဟာရကြောင့် အာဟာရဇရုပ်များသည် တဖွားဖွား ဖြစ်နေကြသကဲ့သို့,
အလားတူပင် ထိုကမ္မသတ္တိကြောင့် တစ်နည်းဆိုသော် ထိုကံကြောင့် ပဋိသန္ဓေကမ္မဇရုပ်စသည့် ကမ္မဇရုပ် များသည်လည်း တဖွားဖွား ဖြစ်ပေါ်နေကြသည်ကို အကြိမ်ကြိမ် ရှုကြည့်ပါ။
ရှုနည်းမှာ ----
၁။ အတိတ်က ကမ္မသတ္တိကို ဉာဏ်ဖြင့် ကြည့်လိုက် -
၂။ ပစ္စုပ္ပန် ပဋိသန္ဓေကမ္မဇရုပ်စသည့် ကမ္မဇရုပ်များကို ဉာဏ်ဖြင့် ကြည့်လိုက် -
ဤသို့လျှင် အကြောင်းကို ဉာဏ်ဖြင့် ကြည့်လိုက်, အကျိုးကို ဉာဏ်ဖြင့် ကြည့်လိုက် ပြုလုပ်ခြင်းဖြင့် ကြိမ်ဖန် များစွာ ရှုကြည့်ပါ။ ယင်းကမ္မသတ္တိကြောင့် ကမ္မဇရုပ်များသည် ဖြစ်ရိုးမှန်ပါက ယင်းကံကြောင့် ကမ္မဇရုပ်များသည် တဖွားဖွား ဖြစ်နေကြသည်ဟု - ဖြစ်နေပုံ အခြင်းအရာကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် တွေ့မြင်နေမည် ဖြစ်သည်။
ထိုသို့ အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုး ဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် ရှုရာ၌ ရုပ်ကလာပ်များနှင့် အကြောင်းအကျိုး မစပ်ပါနှင့်၊ ကံကြောင့် ကမ္မဇရုပ်ကလာပ်များ၏ ဖြစ်နေပုံကို မကြည့်ပါနှင့်၊ မရှုပါနှင့်။ ရုပ်ကလာပ်ဟူသည် သမူဟပညတ်စသည့် ပညတ်မကွာသေးသော အတုံးအခဲများသာ ဖြစ်သောကြောင့် တည်း။ ရုပ်ကလာပ်များကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ဓာတ်ခွဲလျက် ပရမတ်ရုပ်တရားတို့နှင့်သာ ကြောင်း-ကျိုး ဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ ပရမတ် အချင်းချင်းကိုသာ အကြောင်း-အကျိုး စပ်ကြည့်ပါ။ ပရမတ် အချင်းချင်းသာလျှင် ကြောင်း-ကျိုး ဆက်နွယ်မှု ရှိသောကြောင့် ဖြစ်၏။
ကမ္မသတ္တိကြောင့် ကမ္မဇရုပ်များ ဖြစ်ပုံကို ဉာဏ်ဖြင့် ကိုယ်တိုင်မြင်ရ၍ အားရကျေနပ်မှုကို ရရှိသောအခါ ပဋိသန္ဓေနာမ်တရားတို့သည်လည်း ယင်းကမ္မသတ္တိကြောင့်ပင် ဖြစ်မဖြစ်ကို ထပ်မံ၍ ရှုကြည့့်ပါ။ အကြောင်း ကမ္မသတ္တိကို ဉာဏ်ဖြင့် ရှုလိုက် အကျိုးဝိပါက်နာမ်တရားတို့ကို ဉာဏ်ဖြင့်ရှုလိုက် ---- ဤသို့ပြုလုပ်ခြင်းဖြင့် အကြိမ်ကြိမ် ဆန်းစစ်ကြည့်ပါ။ ယင်းကမ္မသတ္တိကြောင့်ပင် ပဋိသန္ဓေ နာမ်တရားတို့သည်လည်း ဖြစ်ပေါ်လာကြ ရသည်ဟု ဉာဏ်ဖြင့် ကျေကျေနပ်နပ် တွေ့မြင်သောအခါ အကြောင်းတရား အကျိုးတရားတို့ကို စတင်၍ သိမ်းဆည်းနိုင်ပေပြီ။ [ဤကဲ့သို့ ကံအများစု ထင်လာရာ၌ ကံတစ်ခုမှာ ဇနကကံဖြစ်ပါက ကြွင်းကျန်သော ကံများမှာ ဥပတ္ထမ္ဘကကံများ ဖြစ်တတ်ကြပေသည်။]
အထက်တွင် ပုံစံထုတ်ပြထားသော ယောဂီသူတော်ကောင်းကား သင်္ခါရ-ကံတို့ကို ရှာဖွေတွေ့ရှိပြီးနောက် တစ်နည်းဆိုသော် ကမ္မဝဋ်ကို ရှာဖွေတွေ့ရှိပြီးနောက် ကိလေသဝဋ်တရားတို့ကို ဆက်လက်၍ သိမ်းဆည်းပြန်ရာ ထိုသူတော်ကောင်း၏ ဆုတောင်းမှာ အောက်ပါအတိုင်း ဖြစ်၏။ အခြားအခြားသော ကောင်းမှုကုသိုလ်တို့ကို ပြုလုပ်ရာ၌သော်လည်းကောင်း, ရံခါ တရားမထိုင်ခင် သို့မဟုတ် တရားထိုင်ပြီးရာ အခါ၌သော်လည်းကောင်း တောင်းလေ့ရှိသော ဆုတောင်းမှာ ----
၁။ လူဖြစ်ပါရစေ၊
၂။ ရဟန်းဖြစ်ပါရစေ၊
၃။ သာသနာပြုနိုင်ပါရစေ၊ ---- ဟူသော
ဤဆုတောင်း (၃)မျိုးပင် ဖြစ်၏။ အခြားအခြားသော ကုသိုလ်ကံများကိုလည်း ထူထောင်ခဲ့သော်လည်း ယင်းကံတို့က အကျိုးပေးဖို့ရန် အခွင့်မသာဘဲ ဝိပဿနာ စေတနာကံတို့က အကျိုးပေးဖို့ရန် အခွင့်သာသွား၏။ ဝိပဿနာဉာဏ်များ အဆက်မပြတ် အဖြစ်များနေချိန်ဝယ် အထက်တွင်ဖော်ပြထားခဲ့သော စေတနာ, ကပ္ပနာ တရားတို့ ထင်ရှားမရှိသော်လည်း ဝိပဿနာဉာဏ်များ မဖြစ်သည့်အခိုက်၌ကား ယင်းစေတနာ, ကပ္ပနာတရားတို့ ကြိုးကြားကြိုးကြား ဖြစ်ပေါ်ကြသည်ကို ထို ယောဂီသန္တာန်၌ တွေ့ရ၏။ သူ၏ ဆုတောင်းခန်းကို ကြည့်ပါ။
ကိလေသဝဋ် (၃) ပါး
၁။ အဝိဇ္ဇာ (၂၀) သာသနာပြုနိုင်သည့် လူဟု ရဟန်းဟု အသိမှားမှုသဘော၊
၂။ တဏှာ (၂၀) သာသနာပြုနိုင်သည့် လူ့ဘဝ ရဟန်းဘဝကို တွယ်တာတပ်မက်သည့်သဘော၊
၃။ ဥပါဒါန် (၂၀) သာသနာပြုနိုင်သည့် လူ့ဘဝ ရဟန်းဘဝကို စိတ်ကပ်ရောက်စွဲနေသည့်သဘော (ကာမုပါဒါန်)။
[မှတ်ချက် ---- ဤ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့ကား စိတ္တက္ခဏတစ်ခုအတွင်း၌ ပြိုင်တူဖြစ်နိုင်သော တရားတို့ဖြစ်ကြ၏။ အကြိမ်များစွာဖြစ်၍ ခိုင်မြဲလာသော တဏှာကိုပင် ဤ၌ ဥပါဒါန်ဟု ဆိုသည်။ (၂၀) ဟူသည်မှာ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက လောဘမူစိတ်စေတသိက် နာမ်တရား စုတို့တည်း။ သက္ကာယဒိဋ္ဌိမှာ လူ - ရဟန်းဟု စွဲလမ်း ယုံကြည်နေသော လောကသမညာအတ္တစွဲတည်း။ ယင်း အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့သည်ကား မနောဒွါရိကဇောဝီထိ ပုံစံအားဖြင့် ဖြစ်ခဲ့ကြ၏။ ဇောအသီး အသီး၌ တည်ရှိကြသော ယှဉ်ဖက် နာမ် တရားစုတို့ကိုပါ ဃနပြိုအောင် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် သိမ်းဆည်းရသဖြင့် အဝိဇ္ဇာ-တဏှာ-ဥပါဒါန် အဝင်အပါ ဇောအသီးသီး၌ တည်ရှိကြသော နာမ်တရားစုတို့ကို ရည်ရွယ်၍ (၂၀)ဟု ရေးသားထားပါသည်။ ဒိဋ္ဌိ မပါသော် (၁၉)၊ ပီတိ မပါသော် (၁၉)၊ ပီတိ ဒိဋ္ဌိ နှစ်မျိုးလုံး မပါသော် (၁၈) စသည်လည်း ရှိနိုင်၏။ ရှိသည့်အတိုင်း ဖြစ်ခဲ့သည့်အတိုင်း သိမ်းဆည်းရမည် ဖြစ်ပါသည်။]
ကမ္မဝဋ် (၂) ပါး
၄။ သင်္ခါရ (၃၄) = ဝိပဿနာ ကုသိုလ်စေတနာအုပ်စု၊
၅။ ကံ = ယင်းဝိပဿနာ ကုသိုလ်စေတနာအုပ်စု (၃၄)၏ ကမ္မသတ္တိ၊
ယင်းကမ္မဝဋ်တရားတို့မှာလည်း မနောဒွါရိက ဇောဝီထိစိတ်အစဉ်များသာ ဖြစ်ကြပေသည်။ ဤသို့လျှင် အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံဟူသော အတိတ်အကြောင်းတရား ငါးပါးတို့ကို သိမ်းဆည်းမှု လုပ်ငန်းကြီးကား အောင်မြင်သွားပြီ ဖြစ်ပေသည်။ သို့သော် ဤမျှဖြင့်ကား မကျေနပ်သင့်သေးပေ။ ဆက်လက်၍ ဆန်းစစ် သင့်သော အချက်များလည်း များစွာပင် ရှိနေသေး၏။ ယင်းအချက်တို့ကိုလည်း ဆက်လက်၍ တင်ပြအပ်ပါသည်။
အာရုံချင်း တူညီရမည်
၁။ အတိတ်ဘဝ မရဏာသန္နဇော၏ အာရုံ,
၂။ လက်ရှိ ပစ္စုပ္ပန်ဘဝ ပဋိသန္ဓေနာမ်တရားစု၏ အာရုံ,
၃။ လက်ရှိ ပစ္စုပ္ပန်ဘဝ ဘဝင်နာမ်တရားစု၏ အာရုံ,
၄။ လက်ရှိ ပစ္စုပ္ပန်ဘဝ စုတိနာမ်တရားစု၏ အာရုံ,
ဤအာရုံ (၄)မျိုးတို့ကား တူညီရမြဲ ဓမ္မတာ ဖြစ်၏။ အထက်တွင် ပုံစံထုတ်ပြထားသော ယောဂါဝစရ ပုဂ္ဂိုလ်၌ အထက်ပါ အာရုံတို့မှာ ကံအာရုံ တစ်ခုတည်းပင် ဖြစ်၏။ ဝိပဿနာ ကုသိုလ်စေတနာကံတည်း။ အကယ်၍ အတိတ်ဘဝ မရဏာသန္နဇော၏ အာရုံမှာ ကမ္မနိမိတ်ဖြစ်လျှင် လက်ရှိ ပစ္စုပ္ပန်ဘဝ၏ ပဋိသန္ဓေ ဘဝင် စုတိတို့မှာလည်း ယင်းကမ္မနိမိတ်အာရုံပင် ဖြစ်၏။ အကယ်၍ အတိတ်ဘဝ မရဏာသန္နဇော၏ အာရုံမှာ ဂတိနိမိတ် အာရုံဖြစ်ခဲ့လျှင် လက်ရှိပစ္စုပ္ပန်ဘဝ၏ ပဋိသန္ဓေ ဘဝင် စုတိတို့၏ အာရုံမှာလည်း ယင်းဂတိနိမိတ် အာရုံပင်ဖြစ်သည်။ မရဏာသန္နဇော၏ အာရုံသည် တစ်မျိုးတည်းပင်ဖြစ်လျှင် အထက်တွင် ပုံစံထုတ်ပြထားသော ယောဂီ၌ အဘယ်ကြောင့် ကံအာရုံ အမျိုးမျိုး ထင်နေရပါသနည်း ---- ဤသို့ မေးရန်ရှိ၏။ မရဏာသန္နဇော မစောမီ မရဏာသန္နဇောနှင့် အလွန်နီးကပ်နေသော အချိန်ပိုင်းသို့ တိုင်အောင် လှမ်း၍ ရှုမိသောကြောင့်ဟု ဖြေဆိုရာ၏။ မရဏာသန္နဇောအခိုက်၌ကား ဝိပဿနာဘာဝနာကံအာရုံ တစ်မျိုးသာ နောက်ဆုံးထင်တော့သည် -- ဟူ၏။
နာမ်တရားချင်း တူညီမှု
အကယ်၍ အတိတ်ဘဝက ထူထောင်ခဲ့သော (လက်ရှိဘဝတွင် အကျိုးပေးနေသော) ကုသိုလ် သင်္ခါရ စေတနာအုပ်စုမှာ နာမ်တရား (၃၄)လုံး ရှိခဲ့လျှင် ဤဘဝ ပဋိသန္ဓေ ဘဝင် စုတိတို့၌လည်း နာမ်တရား (၃၄)လုံး စီပင် ရှိတတ်ကြ၏။ အကယ်၍ အတိတ်ဘဝက ထူထောင်ခဲ့သော ကုသိုလ် သင်္ခါရစေတနာအုပ်စုသည် သောမနဿဝေဒနာနှင့် ယှဉ်ခဲ့လျှင် ဤဘဝ ပဋိသန္ဓေ ဘဝင် စုတိတို့သည်လည်း သောမနဿဝေဒနာနှင့်ပင် ယှဉ်တတ်ကြ၏။ အကယ်၍ အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော ကုသိုလ် သင်္ခါရစေတနာအုပ်စုသည် ဥပေက္ခာ ဝေဒနာနှင့် ယှဉ်ခဲ့လျှင် ဤဘဝ ပဋိသန္ဓေ ဘဝင် စုတိတို့သည်လည်း ဥပေက္ခာဝေဒနာနှင့်ပင် ယှဉ်တတ်ကြ၏။ ဤကား အမြတ်စား ထူထောင်ခဲ့သော တိဟိတ် ဥက္ကဋ္ဌကံအတွက် သတ်မှတ်ချက်တည်း။ အညံ့ဖြစ်သည့် တိဟိတ် ဩမကကံအတွက်မူ ပဋိသန္ဓေ ဘဝင် စုတိ၌ ဉာဏ်မယှဉ်နိုင်သဖြင့် စိတ်စေတသိက် အရေအတွက် လျော့ဖွယ်ရာ ရှိပေသည်။ ဤအဆင့်အထိ အားထုတ်နိုင်သူတို့မှာ ယေဘုယျအားဖြင့် တိဟိတ်ပုဂ္ဂိုလ်တို့သာ အဖြစ်များကြသည်။ တိဟိတ်ဥက္ကဌ်ပုဂ္ဂိုလ်တို့ကိုသာ အတွေ့များ၏။
ဘဝင်မနောအကြည်ဓာတ်
ဤအပိုင်းတွင် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရ၏ အာရုံကို ရှု၍ရလာပြီ ဖြစ်သောကြောင့် ဘဝင်နာမ်တရား မည်ရွေ့မည်မျှ ရှိသည်ကို အတိအကျ သိအောင် မှီရာဝတ္ထုရုပ်နှင့် အာရုံကို ပူးတွဲ သိမ်းဆည်းလျက် ယင်းဘဝင်စိတ်စေတသိက် = နာမ်တရားတို့ကို သိမ်းဆည်းပါ။ ပဋိသန္ဓေ ဘဝင် စုတိတို့၌ အာရုံချင်း, စိတ်စေတသိက် အရေအတွက်ချင်း တူညီမှု ရှိသည် မရှိသည်ကိုကား အကြိမ်ကြိမ် စစ်ဆေးပါ။ အကြိမ်ကြိမ် ရှုပါ။
စံထားရမည့် မှတ်ကျောက်
အတိတ်က ရုပ်နာမ်အစဉ်သည် မိမိ၏ ရုပ်နာမ်အစဉ် ဟုတ်သည် မဟုတ်သည်ကို မည်သို့ သိရှိနိုင်ပါသနည်းဟု မေးမြန်းဖွယ်ရှိလာ၏။ အထက်တွင် ဖော်ပြထားသော ယောဂီ၏ ပုံစံကိုပင် စံထား၍ ရှင်းပြပါမည်။ ထိုယောဂီသည် အတိတ်အကြောင်းတရားတို့ကို ရှာဖွေရာဝယ် သေခါနီးကာလတွင် ကံလေးမျိုးတို့ အလုအယက် ထင်လာကြောင်းကို ဉာဏ်ဖြင့် တွေ့မြင်နေကြောင်းကို အထက်တွင် ရှင်းပြခဲ့၏။ ထိုတွင် ----
၁။ ပထမ ကံအာရုံ၌ စာချသည့်ပုဂ္ဂိုလ် စာတက်သည့်ပုဂ္ဂိုလ် -
၂။ ဒုတိယ ကံအာရုံ၌ တရားဟောသည့်ပုဂ္ဂိုလ် တရားနာသည့်ပုဂ္ဂိုလ် -
၃။ တတိယ ကံအာရုံ၌ တရားပြပေးသည့်ပုဂ္ဂိုလ် တရားသင်ယူနေသည့်ပုဂ္ဂိုလ် -
ဤသို့ ပုဂ္ဂိုလ်ခပ်များများလည်း ယင်းယောဂီ၏ မနောဒွါရတွင် ထင်လာ၏။ စာချသည့်ပုဂ္ဂိုလ် တရားဟောသည့်ပုဂ္ဂိုလ် တရားပြပေးသည့်ပုဂ္ဂိုလ်ဘက်၌ ပုဂ္ဂိုလ်တစ်ဦးတည်းပင် ဖြစ်သော်လည်း စာတက်သည့်ပုဂ္ဂိုလ်, တရားနာသည့်ပုဂ္ဂိုလ်, တရားသင်ယူနေသည့် ကမ္မဋ္ဌာန်းသင်ယူနေသည့် ပုဂ္ဂိုလ်တို့ဘက်၌ များစွာရှိနေကြ၏။ ယင်းပုဂ္ဂိုလ်တို့တွင် မည်သည့် ရုပ်နာမ်အစဉ်သည် မိမိ၏ ရုပ်နာမ်အစဉ်ဖြစ်သည်ကို အကြိမ်ကြိမ် ဆန်းစစ် ကြည့်ရ၏။
ယင်းသို့ ကောင်းမှုများကို ကုသိုလ်သင်္ခါရများကို ပြုစုပျိုးထောင်စဉ် ဉာဏ်ဖြင့် တွေ့မြင်နေသော ပုဂ္ဂိုလ်တို့၌ တစ်ယောက်ပြီး တစ်ယောက် ဓာတ်ကြီး (၄)ပါးက စ၍ ရုပ်နာမ်တို့ကို သိမ်းဆည်းကြည့်ပါ။ မိမိ၏ ရုပ်နာမ်အစဉ် မဟုတ်ခဲ့ပါမူ လက်ရှိ ပဋိသန္ဓေတိုင်အောင်သော မိမိ၏ ရုပ်နာမ်အစဉ်အတန်းနှင့် အတိတ် ရုပ်နာမ်သည် အစဉ်အတန်း တစ်ခုတည်း မဟုတ်သည်ကို တွေ့ရှိနိုင်၏။ အကယ်၍ ထိုအတိတ် ရုပ်နာမ်သည် မိမိ၏ ရုပ်နာမ်အစဉ် ဖြစ်ပါမူ မိမိ သိမ်းဆည်း၍ရသော ထိုအတိတ် ရုပ်နာမ်အစဉ်နှင့် ယခုလက်ရှိ ပဋိသန္ဓေသို့တိုင်အောင် သိမ်းဆည်းထားသော မိမိ၏ ရုပ်နာမ်သန္တာန်အစဉ်သည် အပ်ချည်ကြိုး တစ်ချောင်းကို သွယ်တန်းထားသကဲ့သို့ အစဉ်အတန်း တစ်ခုတည်းအဖြစ် = ဖြစ်ပျက် ဖြစ်ပျက်နှင့် အဆက်မပြတ် ဖြစ်နေသော ရုပ်နာမ်အစဉ်အတန်း တစ်ခုတည်းအဖြစ် ယောဂီ၏ ဉာဏ်တွင် ထင်နေမည်ဖြစ်သည်။ ရုပ်နာမ်တို့ကို မြဲသည်ဟူ၍ ဆိုလိုသည်ကား မဟုတ်၊ ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်ပျက်နေသည့် ဖြစ်ပျက် အစဉ်အတန်း အနေအထားဖြင့် အစဉ်အတန်း တစ်ခုတည်း ဖြစ်မှုကိုသာ ဆိုလိုပါသည်။ ဧကတ္တနည်းဟု ဆိုလို၏။ ထိုသို့ ရုပ်နာမ် အစဉ်အတန်း တစ်ခုတည်းအဖြစ် တစ်တန်းတည်းအဖြစ် ဉာဏ်တွင် တွေ့မြင်နေပါမူ ထိုအတိတ်က ရုပ်နာမ်အစဉ်မှာ မိမိ၏ ရုပ်နာမ်အစဉ်သာ ဖြစ်ကြောင်း အတိတ် ဘဝင်မနောအကြည်မှာ မိမိ၏ ဘဝင်မနောအကြည် ဖြစ်ကြောင်းကို ယောဂါဝစရပုဂ္ဂိုလ်သည် လွယ်လွယ်ကူကူပင် သဘောပေါက် နားလည်နိုင်၏ သိရှိနိုင်၏။
ဘဝင်မနောအကြည် ---- သံသရာခရီး တစ်လျှောက်ဝယ် သတ္တဝါတို့၏ နာမ်သန္တတိအစဉ်တွင် ဘဝင်စိတ် များကား အများဆုံး ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့ နာမ်တရားတို့ ဖြစ်ကြ၏။ အတိတ် ဘဝင်မနောအကြည်နှင့် ပစ္စုပ္ပန် ဘဝင်မနောအကြည်တို့ကို အစဉ်အတန်း တစ်ခုတည်းအဖြစ် မြင်အောင် ဉာဏ်ဖြင့် ရှုမြင်တတ်ဖို့ ဤအပိုင်းတွင် အထူးလိုအပ်ပေသည်။
ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ၊ တဉ္စ ခေါ အာဂန္တုကေဟိ ဥပက္ကိလေသေဟိ ဥပက္ကိလိဋ္ဌံ။ (အံ၊၁၊၉။)
အထ ဝါ သဗ္ဗမ္ပိ စိတ္တံ သဘာဝတော ပဏ္ဍရမေဝ၊ အာဂန္တုကောပက္ကိလေသဝေါဒါနေဟိ ပန သာဝဇ္ဇာနဝဇ္ဇာနံ ဥပက္ကိလိဋ္ဌဝိသုဒ္ဓတရတာ ဟောန္တီတိ။ (မူလဋီ၊၁၊၉၅။)
ဤအထက်ပါ ဒေသနာတော်များနှင့်အညီ ဘဝင်စိတ်သည်ကား ပဘဿရ = ပြိုးပြိုးပြက်ပြက် အရောင် တလက်လက် ကြည်လင်တောက်ပလျက် ရှိ၏။ စိတ်အားလုံးသည်လည်း သဘာဝအားဖြင့် ဖြူစင်လျက် ကြည်လင်လျက်ပင် ရှိ၏။ ဧည့်သည် အာဂန္တုကသဖွယ် ဖြစ်ကုန်သော ကိလေသာတို့ကြောင့်သာ စိတ်တို့သည် ညစ်နွမ်းကြရကုန်၏။
သို့အတွက် အတိတ်က ဘဝင်မနောအကြည်ဓာတ်ကို ဦးစားပေးလျက် အတိတ် နာမ်သန္တတိအစဉ်ကို လှမ်းရှုသော ပုဂ္ဂိုလ်သည် ကြည်လင်နေသော ဘဝင်စိတ် အစဉ်အတန်းကိုလည်းကောင်း, ထိုဘဝင်အကြည်ဓာတ် တို့၏ အကြား အကြား၌ ဖြစ်သွားကြကုန်သော ကြည်နေသော ဖြူစင်နေသော ဝီထိစိတ်တို့ကိုလည်းကောင်း ဉာဏ်ဖြင့် တွေ့မြင်နေသောအခါ ကြည်လင်နေသော အနိစ္စအနေအထားအားဖြင့် ဖြစ်နေသော မနောအကြည် အစဉ်အတန်းကို အစဉ်အတန်းတစ်ခုအဖြစ် တစ်ဆက်တည်းအဖြစ် တွေ့မြင်နေတတ်၏။ လက်ရှိ မိမိ၏ နာမ်သန္တတိအစဉ်အထိ အဆက်မပြတ် ဖြစ်ပျက်နေသည့် အစဉ်အတန်းကို တွေ့နိုင်၏။ ထိုအခါ ထိုအတိတ်က ရုပ်နာမ်သန္တာန်အစဉ်သည် မိမိ၏ ရုပ်နာမ်သန္တာန်အစဉ်ပင် ဖြစ်ကြောင်းကို ယောဂါဝစရပုဂ္ဂိုလ်သည် အလွယ်တကူပင် နားလည် သဘောပေါက်သွားပေသည်။
ကိလေသဝဋ် ခန္ဓာ (၅) ပါး
အထက်တွင် ဖော်ပြထားသော ကိလေသဝဋ် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့သည် မနောဒွါရာဝဇ္ဇန်း (၁)ကြိမ်၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂)ကြိမ် အနေအထားဖြင့် ဖြစ်ခဲ့ကြ၏။
၁။ မနောဒွါရာဝဇ္ဇန်း၌ စိတ်+စေတသိက် = နာမ်တရား - ၁၂ -
၂။ ဇောအသီးအသီး၌ စိတ်+စေတသိက် = နာမ်တရား - ၂၀ -
၃။ တဒါရုံအသီးအသီး၌ စိတ်+စေတသိက် = နာမ်တရား - ၃၄ - (၁၂)
ယင်းနာမ်တရားစုတို့ကား နာမ်ခန္ဓာ (၄)ပါးတို့တည်း။
၄။ ယင်းခန္ဓာလေးပါးတို့၏ မှီရာ ဟဒယဝတ္ထုနှင့် တကွသော (၅၄)မျိုးသော ရုပ်တရားတို့ကား ရူပက္ခန္ဓာတည်း။ သို့အတွက် ----
၁။ မနောဒွါရာဝဇ္ဇန်း၌ ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး, အလားတူပင်
၂။ ဇောအသီးအသီး၌ ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၃။ တဒါရုံအသီးအသီး၌ ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
ဤသို့ အသီးအသီး ရှိကြ၏။ ဇောနှင့် တဒါရုံတို့၌ ယောဂါဝစရပုဂ္ဂိုလ်တို့ဝယ် တစ်ဦးနှင့် တစ်ဦး စိတ်စေတသိက် အရေအတွက် မတူညီတတ်ကြပေ။ အရေအတွက် အယုတ်အလျော့ ရှိနိုင်၏။ တဒါရုံမှာ ကျသော်လည်း ရှိရာ၏၊ မကျသော်လည်း ရှိရာ၏။ အဟိတ်ဝိပါက်တဒါရုံ, မဟာဝိပါက်တဒါရုံ ထိုက်သလိုကျနိုင်၏။
ကမ္မဝဋ် ခန္ဓာ (၅) ပါး
အထက်တွင် ပုံစံထုတ်ပြထားသော ယောဂါဝစရပုဂ္ဂိုလ်တွင် ကမ္မဝဋ်ဖြစ်ကြသော သင်္ခါရနှင့် ကံတို့မှာ ဝိပဿနာစေတနာတို့ ဖြစ်ကြောင်းကို အထက်၌ တင်ပြခဲ့၏။ ထိုကမ္မဝဋ်တရားတို့မှာလည်း ----
၁။ မနောဒွါရာဝဇ္ဇန်း (၁)ကြိမ် = နာမ်တရား-၁၂လုံး။
၂။ ဇော (၇)ကြိမ် = နာမ်တရား (၃၄)လုံးစီ။
၃။ တဒါရုံ (၂)ကြိမ် = နာမ်တရား (၃၄)လုံးစီ။ ----
ဤသို့သော မနောဒွါရဝီထိ အနေအထားဖြင့် ဖြစ်ခဲ့ကြ၏။ ယင်းဝီထိစိတ် အသီးအသီးတို့၏ မှီရာဝတ္ထုရုပ် အသီးအသီးတို့ကား (ဟဒယဝတ္ထုနှင့်တကွ ၅၄-မျိုးကုန်သော ရုပ်တရားတို့ကား) ရူပက္ခန္ဓာတည်း။ ထိုကြောင့် -
၁။ မနောဒွါရာဝဇ္ဇန်း၌ ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၂။ ဇောအသီးအသီး၌ ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၃။ တဒါရုံအသီးအသီး၌ ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
ဤသို့ အသီးအသီး ဖြစ်ကြ၏။ နုသော တရုဏ ဝိပဿနာဇောများ၏ နောင်၌ တဒါရုံ ကျနိုင်ကြောင်းကို ရှေးနာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်းတင်ပြထားပြီး ဖြစ်၏။ အချို့ ယောဂီများ၌ တဒါရုံမှာ မကျတတ်ပေ။ အချို့ ယောဂီများ၌ တဒါရုံကျတတ်၏။ ဇောနှင့်တဒါရုံတို့၌ ယောဂီတစ်ဦးနှင့်တစ်ဦး စိတ်စေတသိက် အရေအတွက် အယုတ်အလျော့ ရှိတတ်၏။ ပီတိပါသည်လည်း ရှိတတ်၏၊ မပါသည်လည်း ရှိတတ်၏။ ဉာဏ်ပါသည်လည်း ရှိတတ်၏၊ ဉာဏ်မပါသည်လည်း ရှိတတ်၏၊ သောမနဿဝေဒနာနှင့် ယှဉ်သည်လည်း ရှိတတ်၏၊ ဥပေက္ခာ ဝေဒနာနှင့် ယှဉ်သည်လည်း ရှိတတ်၏။ တဒါရုံမှာလည်း အဟိတ်တဒါရုံ သဟိတ် မဟာဝိပါက်တဒါရုံ ထိုက်သလို ဖြစ်နိုင်၏။
ဝိပါကဝဋ် ခန္ဓာ (၅) ပါး
အထက်တွင် ပဋိသန္ဓေ ခန္ဓာငါးပါးတို့ကိုလည်းကောင်း၊ ယင်းခန္ဓာငါးပါးတို့ကို သိမ်းဆည်းပုံကိုလည်းကောင်း ဖော်ပြခဲ့၏။ ယင်းပဋိသန္ဓေ ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့ကား ဝိပါကဝဋ်တွင် အကျုံးဝင်၏။ ဤအဆင့်အထိ ရောက်ရှိလာသော ယောဂါဝစရပုဂ္ဂိုလ်သည် လက်ရှိ ပစ္စုပ္ပန်ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါးမှစ၍ ဤဘဝ ပဋိသန္ဓေသို့တိုင်အောင်သော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို သိမ်းဆည်းထားပြီး ဖြစ်နေ၏။ ယင်းခန္ဓာငါးပါး တို့တွင် ဝိပါကဝဋ် ခန္ဓာငါးပါးတို့လည်း များစွာပါဝင်လျက်ပင် ရှိကြ၏။ ဘဝင်ခန္ဓာငါးပါး, ပဉ္စဝိညာဏ်ခန္ဓာငါးပါး, သမ္ပဋိစ္ဆိုင်း ခန္ဓာငါးပါး, သန္တီရဏခန္ဓာငါးပါး, တဒါရုံခန္ဓာငါးပါးတို့ ဖြစ်ကြ၏။ အရာကျယ်၏။
ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရား
ယောဂါဝစရပုဂ္ဂိုလ်သည် ဤကိလေသဝဋ်ခန္ဓာငါးပါး, ကမ္မဝဋ်ခန္ဓာငါးပါး, ဝိပါကဝဋ်ခန္ဓာငါးပါးတို့ကို သိမ်းဆည်းပြီးသောအခါ ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို တစ်ဆင့်တက်၍ သိမ်းဆည်းနိုင်ပြီ ဖြစ်ပေသည်။
၁။ အဝိဇ္ဇာ တဏှာ ဥပါဒါန် ဟူသော ကိလေသဝဋ်ကြောင့် သင်္ခါရ ကံဟူသော ကမ္မဝဋ် ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။
(က) ကိလေသဝဋ် မနောဒွါရဝီထိကို အကြောင်းခံ၍
( ခ ) ကမ္မဝဋ် မနောဒွါရဝီထိဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍
(က) ကိလေသဝဋ်က အကြောင်းတရား
( ခ ) ကမ္မဝဋ်က အကျိုးတရား ဤသို့ သိမ်းဆည်းရ၏။ တစ်ဖန် --
၂။ ကမ္မဝဋ် မနောဒွါရဝီထိကို အကြောင်းခံ၍ ဝိပါကဝဋ် ပဋိသန္ဓေ ခန္ဓာငါးပါး ထင်ရှားဖြစ်ပေါ်လာပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ---
(က) ကမ္မဝဋ်က အကြောင်းတရား
( ခ ) ဝိပါကဝဋ်က အကျိုးတရား -- ဤသို့စသည်ဖြင့် သိမ်းဆည်းရ၏။
တစ်နည်းဆိုရသော်
အတိတ်က ပြုစုပျိုးထောင်ထားခဲ့သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ကြောင့် ပစ္စုပ္ပန် ပဋိသန္ဓေ ခန္ဓာငါးပါးတို့တွင် ရူပက္ခန္ဓာဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ယင်း အတိတ်အကြောင်းတရားများကြောင့် ပစ္စုပ္ပန် ပဋိသန္ဓေကမ္မဇရုပ်တို့ ထင်ရှားဖြစ်ပေါ်လာပုံကို ဉာဏ်ဖြင့် တွေ့မြင်သောအခါ ဤသို့ အကြောင်းအကျိုး တို့ကို သိမ်းဆည်းပါ။
၁။ အဝိဇ္ဇာ (၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေကမ္မဇရုပ် ဖြစ်၏၊
အဝိဇ္ဇာ (၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ရူပက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေကမ္မဇရုပ် ဖြစ်၏၊
တဏှာ (၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ရူပက္ခန္ဓာက အကျိုးတရား၊
၃။ ဥပါဒါန် (၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေကမ္မဇရုပ် ဖြစ်၏၊
ဥပါဒါန် (၂၀)က အကြောင်းတရား၊ ပဋိသန္ဓေရူပက္ခန္ဓာက အကျိုးတရား၊
၄။ သင်္ခါရ (၃၄) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေကမ္မဇရုပ် ဖြစ်၏၊
သင်္ခါရ (၃၄)က အကြောင်းတရား၊ ပဋိသန္ဓေရူပက္ခန္ဓာက အကျိုးတရား၊
၅။ ကံ ဖြစ်ခြင်းကြောင့် ပဋိသန္ဓေကမ္မဇရုပ် ဖြစ်၏၊
ကံက အကြောင်းတရား၊ ပဋိသန္ဓေရူပက္ခန္ဓာက အကျိုးတရား ----
ဤသို့စသည်ဖြင့် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရ၏။ (အကျယ်ကို နောက်တွင် ထပ်မံ၍ ဖော်ပြပါမည်။) ဤသို့လျှင် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ကိလေသဝဋ်ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး, ကမ္မဝဋ်ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး, ဝိပါကဝဋ်ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါးတို့ကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ သိမ်းဆည်းထားရ၏၊ ဉာဏ်ဖြင့် ပိုင်းခြားယူထားရ၏။ အဘယ်ကြောင့်နည်းဟူမူ အောက်ပါ ပဋိသမိ႓ဒါမဂ် အဋ္ဌကထာ၏ ညွှန်ကြား သတ်မှတ်ထားချက်ကြောင့်ပင် ဖြစ်ပေသည်။
ဓမ္မဋ္ဌိတိဉာဏ်
နာမရူပဝဝတ္ထာနေ ဉာဏန္တိ အဝတွာ ဧဝ ကသ္မာ ဓမ္မဋ္ဌိတိဉာဏန္တိ ဝုတ္တန္တိ စေ? ပစ္စယပရိဂ္ဂဟေနေဝ ပစ္စယသမုပ္ပန္နပရိဂ္ဂဟဿ သိဒ္ဓတ္တာ။ ပစ္စယသမုပ္ပန္နေ ဟိ အပရိဂ္ဂဟိတေ ပစ္စယပရိဂ္ဂဟော န သက္ကာ ဟောတိ ကာတုံ။ တသ္မာ ဓမ္မဋ္ဌိတိဉာဏဂဟဏေနေဝ တဿ ဟေတုဘူတံ ပုဗ္ဗေ သိဒ္ဓံ နာမရူပဝဝတ္ထာနဉာဏံ ဝုတ္တမေဝ ဟောတီတိ ဝေဒိတဗ္ဗံ။ ကသ္မာ ဒုတိယတတိယဉာဏံ ဝိယ သမာဒဟိတွာ ပစ္စယပရိဂ္ဂဟေ ပညာတိ န ဝုတ္တန္တိ စေ? သမထဝိပဿနာနံ ယုဂနဒ္ဓတ္တာ။
သမာဒဟိတွာ ယထာ စေ ဝိပဿတိ၊
ဝိပဿမာနော တထာ စေ သမာဒဟေ။
ဝိပဿနာ စ သမထော စ တဒါ အဟု၊
သမာနဘာဂါ ယုဂနဒ္ဓါ ဝတ္တရေတိ ----
ဟိ ဝုတ္တံ။ တသ္မာ သမာဓိံ အဝိဿဇ္ဇေတွာ သမာဓိဉ္စ ဉာဏဉ္စ ယုဂနဒ္ဓံ ကတွာ ယာဝ အရိယမဂ္ဂေါ၊ တာဝ ဥဿုက္ကာပေတဗ္ဗန္တိ ဉာပနတ္ထံ ပစ္စယပရိဂ္ဂဟေ ပညာ ဓမ္မဋ္ဌိတိဉာဏမိစ္စေဝ ဝုတ္တန္တိ ဝေဒိတဗ္ဗံ ။ (ပဋိသံ၊ဋ္ဌ၊၁၊၁၈။)
ဤအထက်ပါ အဋ္ဌကထာ စကားရပ်များမှာ ---- ပစ္စယပရိဂ္ဂဟေ ပညာ ဓမ္မဋ္ဌိတိဉာဏံ = အကြောင်းတရား တို့ကို သိမ်းဆည်းခြင်း၌ ပညာသည် ဓမ္မဋ္ဌိတိဉာဏ် မည်၏။ (ပဋိသံ၊၁။)ဟူသော ပဋိသမ္ဘိဒါမဂ် ပါဠိတော်ကြီးနှင့် စပ်၍ ဖွင့်ဆိုထားသော စကားရပ်များ ဖြစ်ကြ၏။ ယင်းအဋ္ဌကထာစကားရပ်တို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏-
ရုပ်နာမ်တို့ကို ပိုင်းခြားမှတ်သားတတ်သည့် နာမရူပဝဝတ္ထာနဉာဏ်ဟု မခေါ်ဆိုဘဲလျှင် အဘယ်ကြောင့် ဓမ္မဋ္ဌိတိဉာဏ်ဟု ခေါ်ဆိုရပါသနည်းဟု ဤသို့ အကယ်၍ မေးငြားအံ့ ---- အဖြေမှာ အောက်ပါအတိုင်း ဖြစ်၏။
အကျိုးပစ္စယုပ္ပန်တရားတို့သည် အကြောင်းတရား၌ တည်နေကြကုန်၏။ အကြောင်းတရားကြောင့်သာ ထင်ရှား ဖြစ်ပွားလာကြကုန်၏။ ယင်းသို့ အကျိုးပစ္စယုပ္ပန်တရားတို့၏ တည်နေကြောင်း ဖြစ်ပေါ်လာကြောင်း ဖြစ်သော အကြောင်းတရားစုသည် ဓမ္မဋ္ဌိတိ မည်၏။ ထိုအကျိုးပစ္စယုပ္ပန်တရားစုတို့၏ တည်ရာ ဖြစ်ပေါ်လာရာ အကြောင်းတရားစုကို ထိုးထွင်းသိသော ဉာဏ်သည် ဓမ္မဋ္ဌိတိဉာဏ် မည်၏။ ဤဓမ္မဋ္ဌိတိ အမည်ရသော ဉာဏ်သည် ----
ဥပစာရသမာဓိ သို့မဟုတ် အပ္ပနာစျာန်သမာဓိကဲ့သို့သော တစ်မျိုးမျိုးသော ကောင်းစွာတည်ကြည်သော သမာဓိနှင့်ယှဉ်သော ဘာဝနာစိတ်ဖြင့် ရုပ်နာမ်တို့ကို ပရမတ္ထဓမ္မသဘာဝလက္ခဏာသို့ ဆိုက်အောင် ဟုတ်တိုင်းမှန်စွာ သိမြင်တတ်သော ယထာဘူတဉာဏဒဿန အလို့ငှါ ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်းတို့ကို ကြိုးစားအားထုတ် ၍ ပိုင်းခြား မှတ်သားအပ်ပြီးသော နာမ်ရုပ်ရှိသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ သန္တာန်ဝယ် ထိုနာမ်ရုပ်တို့၏ အကြောင်းတရားတို့ကို သိမ်းဆည်းဖို့ရန် ဉာဏ်ဖြင့် ပိုင်းခြားယူဖို့ရန် အလှည့် ဆိုက်ရောက်လာသောအခါ ထိုနာမ်ရုပ်တို့၏ အကြောင်းတရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သဖြင့် သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်သော အခါ၌ ဖြစ်ပေါ်လာပေသည်။
တစ်ဖန် ယင်းအကြောင်းတရားတို့ ဟူသည်မှာလည်း အထက်တွင် အကြိမ်ကြိမ် ရှင်းပြခဲ့သည့်အတိုင်း ကိလေသဝဋ် အမည်ရသော ခန္ဓာငါးပါး = ရုပ်တရား နာမ်တရား, ကမ္မဝဋ် အမည်ရသော ခန္ဓာငါးပါး = ရုပ်တရား နာမ်တရားတို့သာ ဖြစ်ကြ၏။ နာမ်ရုပ်မှ အလွတ်ဖြစ်သော အကြောင်းတရားမည်သည် မရှိစကောင်းပေ။ ယင်းသို့ ဖြစ်လျှင် အကြောင်းရုပ်နာမ်တို့ကို သိမ်းဆည်းတတ်သည့် ပိုင်းခြားယူတတ်သည့် ဉာဏ်ကိုလည်း နာမရူပဝဝတ္ထာနဉာဏ်ဟု မခေါ်ဆိုဘဲလျှင် အဘယ်ကြောင့် ဓမ္မဋ္ဌိတိဉာဏ်ဟူ၍ ခေါ်ဆိုအပ်ပါသနည်းဟု မေးရန်ရှိလာ၏၊ ယင်းအမေးကို အထက်ဖော်ပြပါ ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာက ရှင်းပြခြင်း ဖြေဆိုခြင်း ဖြစ်သည်။
အဖြေ ----- အကျိုးပစ္စယုပ္ပန် နာမ်ရုပ်တို့ကို မသိမ်းဆည်းနိုင်လျှင် ဉာဏ်ဖြင့် ပိုင်းခြားမယူနိုင်လျှင် အကြောင်းတရားတို့ကို သိမ်းဆည်းမှုဟူသော ပစ္စယပရိဂ္ဂဟဉာဏ်သည် ဖြစ်ပေါ်မလာနိုင်။ ဆိုလိုသည်မှာ အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ----
အတိတ်အကြောင်းတရားများအဖြစ် သတ်မှတ်ထားသော ----
၁။ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ဦးဆောင်ပြဓာန်းသည့် ကိလေသဝဋ် အမည်ရသော ခန္ဓာငါးပါး = ရုပ်နာမ် တရား-
၂။ ကုသိုလ် သင်္ခါရစေတနာ ဦးဆောင်ပြဓာန်းသည့် ကမ္မဝဋ် အမည်ရသော ခန္ဓာငါးပါး = ရုပ်နာမ်တရား-
ဤကိလေသဝဋ် ကမ္မဝဋ် အမည်ရသော နာမ်ရုပ်တရားတို့သည်လည်း ယင်းနာမ်ရုပ်တို့ကို ဖြစ်ပေါ်စေ တတ်သည့် ဆိုင်ရာအကြောင်းတရားများ ထင်ရှားရှိကြသည်သာ ဖြစ်၏။ ယင်းကိလေသဝဋ် ကမ္မဝဋ် အမည်ရကြသော နာမ်ရုပ်အုပ်စုတို့သည် အကြောင်းကင်း၍ အကြောင်းမရှိဘဲ အလိုအလျောက် ဖြစ်ပေါ်လာကြသော တရားစုတို့ကား မဟုတ်ကြပေ။ သင်္ခတပရမတ်နယ်၌ အကြောင်းမရှိဘဲ အလိုအလျောက် ဖြစ်ပေါ်လာသော တရားမည်သည် မရှိစကောင်းသောကြောင့် ဖြစ်၏။
ဤသို့လျှင် ကိလေသဝဋ် ကမ္မဝဋ်အမည်ရသော ယင်းနာမ်ရုပ်အုပ်စုတို့သည် ဆိုင်ရာဆိုင်ရာ အကြောင်း တရားစုတို့ကို စွဲမှီ၍သာ ဖြစ်ပေါ်လာကြရသော သဘာဝဓမ္မ သင်္ခတပရမတ်တရားများသာ ဖြစ်ကြရသဖြင့် ယင်းကိလေသဝဋ် ကမ္မဝဋ် နာမ်ရုပ်အစုတို့သည်လည်း ဆိုင်ရာအကြောင်းတရားဘက်က ကြည့်သော် အကျိုး ပစ္စယုပ္ပန္နဓမ္မ အမည်ရကြသည်သာ ဖြစ်ကြ၏။
၁။ အာသဝသမုဒယာ အဝိဇ္ဇာသမုဒယော = (မ၊၁၊၆၇။) = အာသဝေါတရားတို့ကို အကြောင်းခံ၍ အဝိဇ္ဇာ သည် ထင်ရှားဖြစ်ပေါ်လာ၏ဟု ဘုရားရှင်သည် ဟောကြားထားတော်မူခြင်းကြောင့် အာသဝေါတရား တို့ကား အကြောင်းပစ္စည်းတရား, အဝိဇ္ဇာကား အကျိုးပစ္စယုပ္ပန်တရားတည်း။
၂။ ဝေဒနာပစ္စယာ တဏှာ ---- ဝေဒနာကို အကြောင်းခံ၍ တဏှာသည် ဖြစ်ပေါ်လာ၏ဟု ဟောတော်မူခြင်း ကြောင့် ဝေဒနာကား အကြောင်းပစ္စည်းတရား, တဏှာကား အကျိုးပစ္စယုပ္ပန်တရားတည်း။
၃။ တဏှာပစ္စယာ ဥပါဒါနံ ---- တဏှာကို အကြောင်းခံ၍ ဥပါဒါန်သည် ဖြစ်ပေါ်လာရ၏ဟု ဘုရားရှင် ဟောကြားထားတော်မူခြင်းကြောင့် တဏှာကား အကြောင်းပစ္စည်းတရား, ဥပါဒါန်ကား အကျိုးပစ္စယုပ္ပန် တရားတည်း။
၄။ အဝိဇ္ဇာပစ္စယာ သင်္ခါရာ ---- သစ္စာလေးပါး အမှန်တရားကိုမသိမှု အဝိဇ္ဇာကို အကြောင်းခံ၍ သင်္ခါရတရား တို့သည် ထင်ရှား ဖြစ်ပွားလာကြရကုန်၏ဟု ဘုရားရှင် ဟောကြားထားတော်မူခြင်းကြောင့် အဝိဇ္ဇာကား အကြောင်းပစ္စည်းတရား, သင်္ခါရတို့ကား အကျိုးပစ္စယုပ္ပန်တရားတို့တည်း။
၅။ ဥပါဒါနပစ္စယာ ဘဝေါ ---- ဥပါဒါန်ကို အကြောင်းခံ၍ ကမ္မဘဝ (ဥပပတ္တိဘဝ)သည် ဖြစ်ပေါ်လာရ၏ဟု ဘုရားရှင်သည် ဟောကြားထားတော်မူခြင်းကြောင့် ဥပါဒါန်ကား အကြောင်းပစ္စည်းတရား, ကမ္မဘဝ = ကံကား အကျိုးပစ္စယုပ္ပန်တရားတည်း။
ဤသို့လျှင် အတိတ် အကြောင်းတရားများအဖြစ် သတ်မှတ်ထားသော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့သည်လည်း တစ်နည်းဆိုသော် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ ဦးဆောင် ပြဓာန်းသည့် နာမ်ရုပ် အစုတို့သည်လည်း ယင်းတို့၏ စွဲမှီရာ ဆိုင်ရာဆိုင်ရာ အတိတ်ဘဝက ဖြစ်ခဲ့သော ဆိုင်ရာဆိုင်ရာ အကြောင်း တရားတို့သည် ထင်ရှား ရှိကြကုန်သည်သာ ဖြစ်ကြ၏။ သို့အတွက် ယင်းတို့ကို ဖြစ်ပေါ်စေတတ်သော ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားများဘက်က ကြည့်ခဲ့သော် ယင်းအဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ ဦးဆောင် ပြဓာန်းသော နာမ်ရုပ် အစုအပုံတို့သည်လည်း ပစ္စယုပ္ပန္နဓမ္မ = ပစ္စယသမုပ္ပန္နဓမ္မ = အကြောင်းတရားတို့ကို စွဲမှီ၍ ဖြစ်ပေါ်လာကြသော အကျိုးတရားဟူသော အမည်ကို ရကြသည်သာ ဖြစ်ကြ၏။
ယောဂါဝစရပုဂ္ဂိုလ်သည် ပစ္စယသမုပ္ပန္န အမည်ရသော ဆိုင်ရာ အကြောင်းတရားတို့ကို စွဲမှီ၍ ဖြစ်ပေါ်လာကြသော ကိလေသဝဋ် ကမ္မဝဋ်ဟု အမည်တပ်ထားသော ယင်းနာမ်ရုပ်အစုတို့ကို ရှေးဦးစွာ မသိမ်းဆည်း နိုင်သေးလျှင် ယင်းနာမ်ရုပ်အစုကြောင့် = တစ်နည်းဆိုသော် ယင်းကိလေသဝဋ် ကမ္မဝဋ် အမည်ရသော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ကြောင့် ဤပစ္စုပ္ပန်ဘဝတွင် ပဋိသန္ဓေဝိပါက်ဝိညာဏ်စသော ဝိပါက်နာမ်ရုပ်တို့ ထင်ရှားစွာ ဖြစ်ပွားပေါ်ပေါက်၍ လာကြရသည်ကို မည်သို့မျှ သိရှိနိုင်မည် မဟုတ်ပေ။ အကြောင်းတရား အကျိုးတရားတို့၏ ကြောင်း-ကျိုး ဆက်နွယ်မှုသဘောတရားကို မည်သို့မျှ သိရှိနိုင်မည် မဟုတ်ပေ၊ အကြောင်း တရား အကျိုးတရားတို့ကို ကြောင်းကျိုးစပ်လျက် မည်သို့မျှ သိမ်းဆည်းနိုင်မည် မဟုတ်ပေ။ အကြောင်းတရား အကျိုးတရားတို့ကို မသိမ်းဆည်းနိုင်ပါက ပစ္စယပရိဂ္ဂဟဉာဏ်ကိုလည်း မည်သည့်နည်းနှင့်မျှ ရရှိနိုင်တော့မည် မဟုတ်ပေ။
တစ်နည်း ---- အတိတ်က အဝိဇ္ဇာ တဏှာ ဥပါဒါန် ဦးဆောင်ပြဓာန်းသည့် ကိလေသဝဋ် နာမ်ရုပ်တို့ကို မသိမ်းဆည်းနိုင်သေးပါက ယင်းကိလေသဝဋ်ကြောင့် သင်္ခါရ ကံ ဟူသော ကမ္မဝဋ် ဖြစ်ပေါ်လာရသည်ကို မည်သို့မျှ မသိနိုင်ပေ။ တစ်ဖန် ယင်းသင်္ခါရ-ကံဟူသော ကမ္မဝဋ် နာမ်ရုပ်တရားစုတို့ကို မသိမ်းဆည်းနိုင်သေးပါက ယင်းကမ္မဝဋ်ကြောင့် ဤပစ္စုပ္ပန်တွင် ပဋိသန္ဓေဝိညာဏ်ဟူသော ဝိပါကဝဋ် ဖြစ်ပေါ်လာရသည်ကို မည်သို့မျှ မသိနိုင်ပေ။ တစ်ဖန် ယင်းပဋိသန္ဓေဝိညာဏ်ကို မသိမ်းဆည်းနိုင်သေးပါက ယင်းပဋိသန္ဓေဝိညာဏ်ကြောင့် ပဋိသန္ဓေနာမ်ရုပ် ဖြစ်သည်ကို မည်သို့မျှ သိမ်းဆည်း၍ ရနိုင်မည် မဟုတ်ပေ။ တစ်ဖန် ယင်းပဋိသန္ဓေနာမ်ရုပ်ကို မသိမ်းဆည်းနိုင်သေးပါက ယင်းနာမ်ရုပ်ကြောင့် သဠာယတနဖြစ်သည်ကို မည်သို့မျှ သိမ်းဆည်းနိုင်မည် မဟုတ်ပေ။ ဤသို့စသည်ဖြင့် သဘောပေါက်ပါလေ။
ထိုကြောင့် နာမရူပဝဝတ္ထာနဉာဏ်ဟု မသုံးစွဲဘဲ ဓမ္မဋ္ဌိတိဉာဏ်ဟု သုံးစွဲလိုက်ခြင်းဖြင့် ထိုဓမ္မဋ္ဌိတိဉာဏ်၏ ဖြစ်ပေါ်လာရခြင်း၏ အကြောင်းရင်းဖြစ်သော ဓမ္မဋ္ဌိတိဉာဏ်မဖြစ်မီ ဓမ္မဋ္ဌိတိဉာဏ်ကိုရအောင် အားမထုတ်မီ ရှေးအဖို့၌ ကြိုတင် ပြီးစီးထားပြီး ဖြစ်ရမည့် နာမ်ရုပ်ကို ပိုင်းခြားမှတ်သားခြင်း (အတိတ်နာမ်ရုပ် ပစ္စုပ္ပန်နာမ်ရုပ် နှစ်မျိုးလုံးကို ပိုင်းခြားမှတ်သားခြင်း) နာမရူပဝဝတ္ထာနဉာဏ်ကို ဟောပြီးသားသာလျှင် ဖြစ်သည်ဟု သိရှိပါလေ။
ယင်းသို့ဖြစ်လျှင် ဒုတိယ သီလမယဉာဏ်, တတိယ သမာဓိဘာဝနာမယဉာဏ်ကဲ့သို့ ဤဓမ္မဋ္ဌိတိဉာဏ် ၌လည်း ---- သမာဒဟိတွာ ပစ္စယပရိဂ္ဂဟေ ပညာ ဓမ္မဋ္ဌိတိဉာဏံ = တည်ကြည်သောသမာဓိကို ရရှိပြီး၍ အကြောင်းတရားတို့ကို သိမ်းဆည်းခြင်း၌ဖြစ်သော ပညာသည် ဓမ္မဋ္ဌိတိဉာဏ်မည်၏ဟု အဘယ့်ကြောင့် မဟောပါသနည်းဟု မေးရန်ရှိလာပြန်၏။
အဖြေမှာ သမထနှင့် ဝိပဿနာတို့ကို အစုံအစုံအားဖြင့် ပွားများထိုက်သောကြောင့် ဟူ၏။
အကယ်၍ သမာဓိကို ထူထောင်ပြီးမှ ဝိပဿနာရှုသည် ဖြစ်အံ့၊ သမာဓိကို ထူထောင်ပြီးမှ ဝိပဿနာ ရှုသကဲ့သို့ အလားတူပင် ဝိပဿနာရှုသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း အကယ်၍ သမာဓိကို တစ်ဖန်ထပ်၍ ထူထောင်သည် ဖြစ်အံ့၊ ထိုအခါ၌ ဝိပဿနာသည်လည်းကောင်း သမထသည်လည်းကောင်း တူညီသော အဖို့ဘာဂ ညီမျှသော အဖို့ဘာဂ ရှိနေ၏၊ ထမ်းပိုးတစ်ခု၌ နွားနှစ်ကောင်တို့ကို အတူယှဉ်တွဲ၍ က,ထားသကဲ့သို့ သမထနှင့် ဝိပဿနာတို့သည် ယှဉ်စုံတွဲ၍ ဖြစ်ပေါ်နေကြကုန်၏၊ ----
ဤသို့ ဟောကြားထားတော်မူ၏။ (အာနာပါန စတုတ္ထစျာန်ကဲ့သို့သော သမာဓိတစ်ခုခုကို ဝိပဿနာ၏ အခြေပါဒကပြု၍ ဝင်စားပြီးလျှင် ထိုသမာဓိမှ ထသောအခါ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို သိမ်းဆည်းလျက် ဝိပဿနာသို့ ကူးသွား၏၊ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာအခိုက်၌ တစ်ဖန်ထပ်၍ ပထမစျာန်ကို ဝင်စား၏၊ ယင်းပထမစျာန်မှ ထ၍ ယင်းပထမစျာနသမာပတ္တိဝီထိ၏ အတွင်း၌ တည်ရှိကြသော စျာနသမာပတ္တိ နာမ်တရားတို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာရှု၏၊ တစ်ဖန် ဒုတိယစျာန်ကို ဝင်စား၏၊ ယင်းဒုတိယစျာန်မှ ထ၍ ယင်းဒုတိယစျာနသမာပတ္တိဝီထိ၏ အတွင်း၌ တည်ရှိကြသော ဒုတိယစျာနသမာပတ္တိ နာမ်တရားတို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာရှုရပြန်၏ -- ဤသို့စသည်ဖြင့် ထိုထိုစျာန်ကို ဝင်စား၍ ထိုထိုစျာန်မှထလျက် ထိုထိုစျာနသမာပတ္တိ နာမ်တရားတို့ကို ဝိပဿနာရှုခဲ့သော် သမထနှင့် ဝိပဿနာကို အစုံအစုံအားဖြင့် ယှဉ်လျက် ဖြစ်ပေါ်လာအောင် ကျင့်သည်မည်၏၊ ယုဂနဒ္ဓနည်း ဟူလိုသည်။ ဤသဘောတရား တို့ကို အထက်ပါ စကားရပ်တို့က ရည်ညွှန်းထားပေသည်။) (ယုဂနဒ္ဓနည်းအကြောင်းသည် ဝိပဿနာပိုင်းတွင် ထင်ရှားလတ္တံ့။)
ထိုကြောင့် သမာဓိကို မစွန့်လွှတ်ဘဲ သမာဓိကိုလည်းကောင်း, ဉာဏ်ကိုလည်းကောင်း အစုံယှဉ်စပ် ဖွဲ့ချည်မှုကို ပြု၍ အရိယမဂ်သို့ ဆိုက်ရောက်သည်တိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ထိုက်၏ဟု သိစေခြင်း အကျိုးငှာ - ပစ္စယပရိဂ္ဂဟေ ပညာ ဓမ္မဋ္ဌိတိဉာဏံ = အကြောင်းတရားတို့ကို သိမ်းဆည်းခြင်း၌ဖြစ်သော ပညာသည် ဓမ္မဋ္ဌိတိဉာဏ်မည်၏ ဟူ၍သာလျှင် ဟောကြားတော်မူအပ်၏ဟု သိရှိပါလေ။ (ပဋိသံ၊ဋ္ဌ၊၁၊၁၈။)
ဤကား အထက်ပါ ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ၏ ဆိုလိုရင်း အဓိပ္ပါယ်တည်း။
ထိုကြောင့် အသင်သူတော်ကောင်းသည် လက်ရှိပစ္စုပ္ပန် ပဋိသန္ဓေဝိညာဏ်၏ အကြောင်းတရားတို့ကို ရှာဖွေရာ၌ ယင်းပဋိသန္ဓေဝိညာဏ်၏ အကြောင်းတရားအဖြစ် သတ်မှတ်ခြင်းခံရသော ကိလေသဝဋ် ကမ္မဝဋ် နာမ်ရုပ်တရားစုတို့ကို ရှေးဦးစွာ တွေ့ရှိအောင် ရှာဖွေရ၏၊ သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အောင် ကြိုးစားရ၏။ ဉာဏ်ဖြင့် ထွင်းဖောက် သိမြင်ခဲ့သော် ယင်းကိလေသဝဋ် ကမ္မဝဋ် နာမ်တရား ရုပ်တရားတို့ကို ဃနအသီးအသီး ပြိုအောင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် နာမ်ရုပ်တို့ကို ပိုင်းခြား မှတ်သားခြင်း နာမရူပဝဝတ္ထာနဉာဏ်ကို ရရှိအောင် နာမ်ရုပ်ကို ပိုင်းခြားမှတ်သားခြင်းကို ရှေးဦးစွာ ကြိုတင် ပြုလုပ်ရ၏။ ယင်းသို့ ပြုလုပ် ပြီးစီးသော အခါကျမှသာလျှင် ----
ယင်းကိလေသဝဋ် ကမ္မဝဋ် ဖြစ်ကြသော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ တို့ကြောင့် ဝိပါကဝဋ်တွင် အကျုံးဝင်သော ဤပစ္စုပ္ပန် ပဋိသန္ဓေဝိညာဏ်စသည်တို့၏ ဖြစ်ပေါ်လာပုံ အခြင်းအရာကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းမှုကို ဆက်လက်၍ ရှုပွားရမည် ဖြစ်သည်။
တစ်နည်းဆိုသော် -- ယင်းကိလေသဝဋ်ကြောင့် ကမ္မဝဋ်ဖြစ်ပုံ, ယင်းကမ္မဝဋ်ကြောင့် ပစ္စုပ္ပန်၌ ဝိပါကဝဋ် ဖြစ်ပုံတို့ကို ဉာဏ်ဖြင့် မြင်အောင်ရှု၍ = အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုး ဆက်နွယ်မှု သဘောတရားကို ဉာဏ်ဖြင့် မြင်အောင်ရှု၍ အကြောင်းတရား အကျိုးတရားတို့ကို ဆက်လက် သိမ်းဆည်းပါ။ ဤသည်ကား ကြောင်း-ကျိုးဆက် = ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို ရှုရာ၌ ကြိုတင် သိထားရမည့် စည်းကမ်း ဥပဒေသတစ်ရပ်ပင် ဖြစ်ပေသည်။
ခန္ဓာ (၅) ပါးဟူသည်
နောင်အနာဂတ် ဓမ္မကထိကနတ်သားဘဝအတွက် ရည်ရွယ်တောင့်တ၍ ဤပစ္စုပ္ပန်ဘဝတွင် ပြုစု ပျိုးထောင်နေသော ကမ္မဝဋ်တွင် အကျုံးဝင်သော အာဟာရလေးပါးဟူသော ခန္ဓာငါးပါးတို့သည် ပစ္စုပ္ပန် ခန္ဓာငါးပါးတို့ကို စွဲမှီ၍ ဖြစ်ပေါ်လာကြရသော ပစ္စုပ္ပန်ဘဝတစ်လျှောက်တွင် အဆက်မပြတ် ဖြစ်ပေါ်နေကြသော ပစ္စုပ္ပန် ခန္ဓာငါးပါးတို့၏ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်သကဲ့သို့ အလားတူပင် အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော ကိလေသဝဋ် ကမ္မဝဋ် အမည်ရသော ခန္ဓာငါးပါးတို့သည်လည်း ယင်းအတိတ်ခန္ဓာငါးပါးတို့ကိုပင် အစွဲ ပြု၍ ဖြစ်ပေါ်ခဲ့ကြသော အတိတ်ခန္ဓာငါးပါးတို့၏ အစိတ်အပိုင်းမျှသာ ဖြစ်သည်ကိုကား သဘောပေါက်ပါလေ။
ကိလေသဝဋ်ချင်း ကမ္မဝဋ်ချင်း မတူညီကြပုံ
ယောဂါဝစရပုဂ္ဂိုလ်တို့၌ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ ဟူသော အမည်ချင်း တူညီကြသော်လည်း တစ်ဦးနှင့်တစ်ဦး ဖြစ်ပုံအခြင်းအရာချင်းကား ကွာခြားလျက် ရှိတတ်ကြ၏။ တစ်ဦးနှင့်တစ်ဦး အဝိဇ္ဇာချင်း မတူညီကြ၊ တဏှာချင်း မတူညီကြ၊ ဥပါဒါန်ချင်း မတူညီကြ၊ သင်္ခါရ ကံချင်းလည်း မတူညီကြပေ။
အချို့ကား အမျိုးသမီးဖြစ်ချင်ကြ၏၊ အချို့ကား အမျိုးသားဖြစ်ချင်ကြ၏၊ အချို့ကား ဘုန်းကြီးဖြစ်ချင်ကြ ၏၊ အချို့ကား သီလရှင်ဖြစ်ချင်ကြ၏၊ အချို့ကား လူဖြစ်ချင်ကြ၏၊ အချို့ကား နတ်ဖြစ်ချင်ကြ၏။
အချို့ကား အတိတ်၌ အမျိုးသား ဖြစ်နေပါလျက် အမျိုးသားဘဝဖြင့် သားမယားကို ပြုစုလုပ်ကျွေးရသည်မှာ ပင်ပန်း ဆင်းရဲလွန်းလှ၍ အမျိုးသမီးဘဝကို ရရှိရန် ဆုတောင်း ပန်ထွာသူများလည်း ရှိကြ၏။ အချို့ကား အတိတ်၌ အမျိုးသမီးပင် ဖြစ်ခဲ့သော်လည်း ယင်းအမျိုးသမီးဘဝကို ရွံရှာစက်ဆုပ်၍ အမျိုးသားဘဝကို ရရှိရန် ဆုတောင်း ပန်ထွာလာသူများလည်း ရှိတတ်ကြ၏။ အဝိဇ္ဇာ တဏှာ ဥပါဒါန်ချင်း တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။ ယင်းသို့ မတူညီကြသောကြောင့် သင်္ခါရ ကံကို ခြံရံထားသည့် အဝိဇ္ဇာ တဏှာ ဥပါဒါန် ကွဲပြားသလောက် အကျိုးတရားများလည်း ကွဲပြားရပြန်သည်။ ဆုတောင်းပန်ထွာထားသည့်အတိုင်း အမျိုးသ္မီးဖြစ်လာသူ အမျိုးသား ဖြစ်လာသူ ရဟန်းဖြစ်လာသူ သီလရှင်ဖြစ်လာသူ လူဖြစ်လာသူ နတ်ဖြစ်လာသူများကို ယောဂီအများစု၌် တွေ့ရတတ်၏။
တစ်ဖန် သင်္ခါရနှင့်ကံတို့ကို ကြည့်လိုက်ပြန်ကလည်း အချို့ယောဂီများ၌ ဘာဝနာ သင်္ခါရ ကံက အကျိုးပေးနေသည်ကို တွေ့ရ၏၊ အချို့ယောဂီများ၌ သီလကုသိုလ် သင်္ခါရ ကံက အကျိုးပေးနေသည်ကို တွေ့ရ၏။ အချို့ယောဂီများ၌ ဒါနကုသိုလ် သင်္ခါရ ကံက အကျိုးပေးနေသည်ကို တွေ့ရ၏။
တစ်ဖန် ဒါနတွင်လည်း အချို့၌ ပန်းလှူခဲ့သည့် ကုသိုလ် သင်္ခါရ ကံက, အချို့၌ ဆွမ်းလှူခဲ့သည့် ကုသိုလ် သင်္ခါရ ကံက, အချို့၌ ဆီမီးလှူခဲ့သည့် ကုသိုလ် သင်္ခါရ ကံက အကျိုးပေးနေသည်ကို တွေ့ရ၏။ ဤသို့စသည် ဖြင့် ဒါနကုသိုလ် သင်္ခါရ ကံသည်လည်း အလှူခံပုဂ္ဂိုလ်, လှူဖွယ်ဝတ္ထု, လှူပုံအခြင်းအရာ စသည်သို့လိုက်၍ အမျိုးမျိုးပင် ရှိနိုင်သည်ကို တွေ့ရပေသည်။
အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ ဟူသော အမည်ချင်း တူညီသော်လည်း အဝိဇ္ဇာချင်း မတူညီကြ။ တဏှာချင်း မတူညီကြ၊ ဥပါဒါန်ချင်း မတူညီကြ၊ သင်္ခါရ ကံချင်းလည်း မတူညီကြပေ။ သတ္တဝါတိုင်း၌ မိမိတို့ ကိုယ်ပိုင် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံများ သီးသန့် အသီးအသီး တည်ရှိကြသည်သာ ဖြစ်ကြ၏။
ကံတို့၏ မတူထူးခြားမှုကြောင့် ယောက်ျားအသွင်သဏ္ဌာန် မိန်းမအသွင်သဏ္ဌာန် လူအသွင်သဏ္ဌာန် နတ်အသွင်သဏ္ဌာန်စသည့် လိင်အသွင်သဏ္ဌာန်၏ မတူထူးခြား ကွဲပြားမှုသည် ဖြစ်လာ၏။ လိင်အသွင်သဏ္ဌာန်၏ မတူထူးခြား ကွဲပြားမှုကြောင့် ယောက်ျားဟု မှတ်သားမှု မိန်းမဟု မှတ်သားမှု လူဟု မှတ်သားမှု နတ်ဟု မှတ်သားမှုစသည့် မှတ်သားမှုသညာ၏ မတူထူးခြား ကွဲပြားမှုသည် ဖြစ်ပေါ်လာ၏။ မှတ်သားမှုသညာ၏ မတူထူးခြား ကွဲပြားမှုကြောင့် ယောက်ျား မိန်းမ လူ နတ် ဗြဟ္မာစသည့် ခေါ်ဝေါ်သုံးစွဲမှု ဝေါဟာရ၏ မတူထူးခြား ကွဲပြားမှုသည် ဖြစ်ပေါ်လာ၏။ ခေါ်ဝေါ်သုံးစွဲမှု ဝေါဟာရ၏ မတူထူးခြား ကွဲပြားမှုကြောင့် ပကပ္ပနာ အမည်ရသော အဝိဇ္ဇာ တဏှာ ဥပါဒါန် (ဒိဋ္ဌိ)တို့နှင့် ယှဉ်တွဲလျက်ရှိသော ကြံစည်စိတ်ကူးမှု စိတ်ဓာတ်၏ မတူထူးခြား ကွဲပြားမှုသည် ဖြစ်ပေါ်လာ၏။ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့နှင့် ယှဉ်နေသော စိတ်ဓာတ်၏ မတူထူးခြား ကွဲပြားမှုကို စိတ်ဆန်းကြယ်မှုဟု ခေါ်၏။ စိတ်ဆန်းကြယ်ခြင်းကြောင့် သတ္တဝါတို့ တည်ထောင် ဖန်ဆင်းလိုက်သော သင်္ခါရ ကံတို့သည် ဆန်းကြယ်ကြကုန်၏။ သင်္ခါရ ကံတို့၏ ဆန်းကြယ်ကြခြင်းကြောင့် သတ္တဝါတို့သည် ဆန်းကြယ်ကြရ၏။ တစ်ဦးနှင့်တစ်ဦး မတူထူးခြားသည့် အကျိုးတရားရှိသူတို့ ဖြစ်ကြရ၏။ (အဘိ၊ဋ္ဌ၊၁၊၁၀၇-၁၀၈။)
ဤအရာ၌ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့၏ ထူးထွေကွဲပြားမှု ဆန်းကြယ်မှုကြောင့် အကျိုး ဝိပါက်တရားတို့၏ ဆန်းကြယ်ပုံ သတ္တဝါတို့၏ ဆန်းကြယ်ပုံကို ပိုမို၍ နက်ရှိုင်းစွာ သဘောပေါက် နားလည်နိုင်ရန် အတွက်လည်းကောင်း, ယောဂါဝစရပုဂ္ဂိုလ်တို့အဖို့ အတိတ်အကြောင်းတရားတို့ကို ရှာဖွေရာ၌ အထောက်အကူ ပြုစေနိုင်ဖို့ရန်အတွက်လည်းကောင်း ရည်စူး၍ ဝတ္ထုသာဓကများကို ထုတ်ဆောင် ဖော်ပြအပ်ပါသည်။
သုမနာမင်းသမီး၏ ရှေးဆုတောင်း
သုမနာ ရာဇကုမာရီတိ မဟာသက္ကာရံ ကတွာ ပတ္ထနံ ပတ္ထေတွာ ဧဝံ လဒ္ဓနာမာ ရာဇကညာ။ (အံ၊ဋ္ဌ၊၃၊၁၃။)
သုမနာမင်းသမီးကား ကောသလမင်းကြီး၏ နာမည်ကျော် သမီးတော်တစ်ပါးပင်တည်း၊ ကြီးစွာသော ပူဇော်သက္ကာရကိုပြု၍ ဆုတောင်းပန်ထွာ၍ သုမနာဟူသော အမည်ကို ရရှိလာသော မင်းသမီးတစ်ဦးတည်း။
ဝိပဿီဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်တော်မူရာအခါ၌ ဝိပဿီဘုရား အမှူးရှိသော သံဃာတော်တို့အား တိုင်းသူပြည်သားတို့ ဆွမ်းဖြင့် ပြုစုလုပ်ကျွေး ပူဇော်ခွင့် ရရှိသော ပထမဦးဆုံးနေ့တွင် ဝိပဿီဘုရားရှင်သည် သံဃာတော်တစ်သိန်း ခြံရံလျက် စစ်သူကြီး၏ အိမ်သို့ ဆွမ်းအလှူခံရန် ကြွတော်မူ၏။ သုမနာမင်းသမီး၏ အလောင်းလျာဖြစ်သော အမျိုးကောင်းသမီးသည် လမ်းခုလတ် တစ်နေရာမှ စောင့်၍ ---- အဖိုးတစ်သိန်း ထိုက်တန်သော ရွှေခွက်တွင် ရေမရောသည့် နို့ဃနာဆွမ်းကို အပြည့်ထည့်၍ အခြားရွှေခွက်တစ်ခုဖြင့် အပေါ်မှ ဖုံးအုပ်ပြီးလျှင် သုမနအမည်ရသော မြတ်လေးပန်းကုံးတို့ကို ယင်းရွှေခွက်အပေါ်၌ ဖုံးအုပ်လျက် ပန်းကုံးအသွင် ပြုပြင်ပြီးနောက် ဝိပဿီဘုရားအမှူးရှိသော သံဃာတော်အား လှူဒါန်းပြီးလျှင် ဤသို့ ဆုတောင်း ပန်ထွာခဲ့၏။
ဘဝါဘဝါဘိနိဗ္ဗတ္တိယံ မေ သတိ ပရိတဿနဇီဝိတံ နာမ မာ ဟောတု၊ အယံ သုမနမာလာ ဝိယ နိဗ္ဗတ္တနိဗ္ဗတ္တဋ္ဌာနေ ပိယာဝ ဟောမိ၊ နာမေန စ သုမနာယေဝ။ (အံ၊ဋ္ဌ၊၃၊၁၃-၁၄။)
ဘုရားတပည့်တော်မအား ဘဝကြီးငယ် အသွယ်သွယ်၌ ဖြစ်ရခြင်းသည် ထင်ရှားရှိခဲ့ပါမူ ကြောင့်ကြောင့်ကြကြ တောင့်တောင့်တတဖြင့် အသက်မွေးရခြင်းမည်သည် မဖြစ်ပါစေသတည်း၊ ဖြစ်လေရာ ဖြစ်လေရာ ဘဝတိုင်း ဘဝတိုင်း၌ ဤမြတ်လေးပန်းကဲ့သို့ လူများအပေါင်း၏ ချစ်ခင်မြတ်နိုးအပ်သူ (အမျိုးသမီး)သာ ဖြစ်ရပါလို၏၊ အမည်နာမအားဖြင့်လည်း သုမနာသာ ဖြစ်ရပါလို၏။ ----
ဤအထက်ပါ ကောင်းမှုနှင့် ဆုတောင်းတို့ကို ကြည့်ပါက ကိလေသဝဋ်နှင့် ကမ္မဝဋ်တို့သည် စုံစုံညီညီ ပါဝင်နေသည်ကို တွေ့ရှိနိုင်ပေ၏။ ----
၁။ အဝိဇ္ဇာ = မကြောင့်မကြ မတောင့်မတရဘဲ အသက်မွေးရသည့် လူများအပေါင်း၏ ချစ်ခင်မြတ်နိုးအပ် သည့် သုမနာအမည်ရှိသော အမျိုးသမီးဟု အသိမှားခြင်းသဘော။
၂။ တဏှာ = ယင်းအမျိုးသမီးဘဝကို တွယ်တာတပ်မက်ခြင်းသဘော။
၃။ ဥပါဒါန် = ယင်းအမျိုးသမီးဘဝသို့ စိတ်ကပ်ရောက်စွဲနေခြင်းသဘော။
၄။ သင်္ခါရ = ဝိပဿီဘုရား အမှူးရှိသော သံဃာတော်တို့အား မြတ်လေးပန်းနှင့် နို့ဃနာဆွမ်းကို လှူဒါန်း သည့် ကုသိုလ်စေတနာအုပ်စု။
၅။ ကံ = ယင်းကုသိုလ်စေတနာအုပ်စု၏ ကမ္မသတ္တိ။
ဤအကြောင်းတရား (၅)ပါးတို့ကား အထက်တွင်ဖော်ပြထားသော အင်္ဂုတ္တိုရ်အဋ္ဌကထာ အဖွင့်အရ ကောသလမင်းကြီး၏ သမီးတော် သုမနာမင်းသမီး၏ ပဋိသန္ဓေခန္ဓာငါးပါးအစရှိသော အချို့သော ဝိပါက်ခန္ဓာ တို့၏ အကြောင်းတရားတို့ပင် ဖြစ်ကြသည်။
ဥမ္မာဒန္တီ၏ ရှေးဆုတောင်း
ဥမ္မာဒန္တီအလောင်း အမျိုးကောင်းသမီးတစ်ဦးသည် သုံးနှစ်ကျွန်ခံမှ ရရှိသည့် မိမိ အလွန်နှစ်သက် မြတ်နိုးသည့် ဝတ်ပန်းပုဆိုးကို ခိုးသူတို့၏ လုယက်ခံရသဖြင့် ပျောက်ပျက်သော သင်္ကန်းရှိသော သစ်ခက်သစ်ရွက် များကို ရစ်ပတ်၍လာသော ကဿပဘုရားရှင်၏ တပည့်သားသာဝက ရဟန်းတော်တစ်ပါးအား လှူဒါန်းပြီးနောက် ဤသို့ ဆုတောင်းပန်ထွာခဲ့၏ ----
ဘန္တေ အဟံ ဘဝေ ဘဝေ ဝိစရန္တီ ဥတ္တမရူပဓရာ ဘဝေယျံ ၊ မံ ဒိသွာ ကောစိ ပုရိသော သကဘာဝေန သန္ဓာရေတုံ မာ အသက္ခိ။ မယာ အဘိရူပတရာ နာမ အညာ မာ ဟောတူတိ ပတ္ထနံ ပဋ္ဌပေသိ။ (ဇာတက၊ဋ္ဌ၊၅၊၂၂၃။)
အရှင်ဘုရား တပည့်တော်မသည် ဘဝကြီးငယ် အသွယ်သွယ်၌ ကျင်လည်ရသည် ရှိသော် အမြတ်ဆုံး ရုပ်အဆင်းကို ဆောင်နိုင်သည့် အမျိုးသမီး ဖြစ်ရပါလို၏။ ဘုရားတပည့်တော်မကို တွေ့မြင်ခဲ့သော် တစ်စုံတစ်ယောက်သော ယောက်ျားသည် = (မည်သည့် ယောက်ျားမဆို) မိမိ၏ ပင်ကိုယ်သဘောအတိုင်း မိမိကိုယ်ကို ဆောင်ထားခြင်းငှာ မစွမ်းနိုင်ပါစေသတည်း။ ဘုရားတပည့်တော်မထက် သာလွန်၍ ရုပ်အဆင်းလှပသော အခြား အမျိုးသမီးမည်သည် မရှိပါစေသတည်း။
ဤကား ဥမ္မာဒန္တီအလောင်း အမျိုးကောင်းသမီး၏ ရှေးဆုတောင်းတည်း။ ယင်းဆုတောင်းကြောင့် ဥမ္မာဒန္တီဘဝတွင် အမြတ်ဆုံးသော ရုပ်အဆင်းကို ဆောင်နိုင်သည့် အလှဆုံး အမျိုးသ္မီးတစ်ဦး ဖြစ်ရပြန်၏။ သိဝိမင်းကြီးကို အစထား၍ မြင်ရသူ ယောက်ျားတိုင်းလိုလိုပင် မိမိကိုယ်ကို မိမိ စိတ်သဘောအတိုင်း ဆောင်မထားနိုင်ဘဲ ဖောက်ပြန်သည့် ကိုယ်အမူအရာ နှုတ်အမူအရာ စိတ်အမူအရာများ ဖြစ်ကြရ၏။ ဤ၌ --
၁။ အဝိဇ္ဇာ = အသာဆုံးအမြတ်ဆုံး ရုပ်အဆင်းကိုဆောင်နိုင်သည့် အမျိုးသမီး, ယောက်ျားများကို မိမိသဘော အတိုင်း မရပ်တည်နိုင်အောင် ဖောက်ဖောက်ပြန်ပြန် ဖြစ်စေနိုင်သည့် အမျိုးသမီးဟု အသိမှား ခြင်း သဘော။
၂။ တဏှာ = ယင်းအမျိုးသမီးဘဝကို တွယ်တာတပ်မက်ခြင်းသဘော။
၃။ ဥပါဒါန် = ယင်းအမျိုးသမီး ဘဝသို့ စိတ်ကပ်ရောက်စွဲနေခြင်းသဘော။
၄။ သင်္ခါရ = ရဟန်းတော်အား ဝတ်ပန်းပုဆိုး လှူဒါန်းရသည့် ကုသိုလ်စေတနာ အုပ်စု။
၅။ ကံ = ယင်းကုသိုလ်စေတနာအုပ်စု၏ ကမ္မသတ္တိ။
ဤသို့လျှင် အကြောင်းတရား (၅)ပါး စုံညီသွား၏။ အကြောင်းတရားများ စုံညီသည့်အတွက် အကျိုးတရားတို့လည်း စုံစုံညီညီပင် ဖြစ်ပေါ်လာကြ၏။ စိတ်ဆန်းကြယ်၍ ကံဆန်းကြယ်၏၊ ကံဆန်းကြယ်ခြင်းကြောင့် သတ္တဝါတို့ ဆန်းကြယ်ကြရ၏။
ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ။ (အံ၊၃၊၇၁။)
ရဟန်းတို့ သီလစင်ကြယ်နေသည့် အတွက်ကြောင့် သီလရှိသော ပုဂ္ဂိုလ်အား စိတ်၏ တောင့်တချက် ဟူသမျှသည် မချွတ်ဧကန် ပြည့်စုံတတ်ပေ၏။ (အံ၊၃၊၇၁-ဒါနူပပတ္တိသုတ်။)
ပဘာဝတီ၏ ရှေးဆုတောင်း
ဘဝတစ်ခုတွင် ညီအစ်ကို နှစ်ဦးတို့အနက် ပဘာဝတီအလောင်း အမျိုးကောင်းသမီးသည် အစ်ကိုကြီး ဖြစ်သူ၏ အိမ်ရှင်မ ဖြစ်ခဲ့ရ၏။ ညီငယ်ဖြစ်သူကား မင်းကုသအလောင်းတည်း။ အစ်ကိုကြီးကိုပင် မှီခို၍ အတူ နေထိုင်ကြ၏။ တစ်နေ့တွင် မွန်မြတ်သော မုန့်တစ်မျိုးကို စီမံ၍ စားကြ၏။ ညီဖြစ်သူကား အိမ်တွင် မရှိခိုက်ဖြစ်၍ ညီငယ်အတွက် ချန်ထား၏။
ထိုအချိန်တွင် အရှင်ပစ္စေကဗုဒ္ဓါ တစ်ဆူသည် ဆွမ်းရပ်တော်မူလာ၏။ ညီငယ်အတွက် ချန်ထားသော မုန့်ကို မရီးဖြစ်သူ ပဘာဝတီအလောင်း အမျိုးကောင်းသမီးက အရှင်ပစ္စေကဗုဒ္ဓါ ဘုရားရှင်အား လောင်းလှူ လိုက်၏။ ထိုအချိန်တွင် ညီငယ်ဖြစ်သူသည် ပြန်လည်ရောက်ရှိလာ၏။ မကျေနပ်သဖြင့် အရှင်ပစ္စေကဗုဒ္ဓါ၏ သပိတ်မှ မုန့်ကို ဒေါသေ့ရှထား၍ ယူမှားမိ၏။
မရီးဖြစ်သူကား မိမိ၏ မိခင်အိမ်မှ ထောပတ်ကို ယူဆောင်၍ အရှင်ပစ္စေကဗုဒ္ဓါ၏ သပိတ်တော်၌ လောင်းလှူလိုက်၏။ ထောပတ်တို့မှ အရောင်များ တောက်ပထွက်ပေါ်လာသည်ကို တွေ့ရ၍ အလွန်ဝမ်းသာ အားရဖြင့် အောက်ပါအတိုင်း ဆုတောင်းပန်ထွာလေသည်။
ဘန္တေ ဣမိနာ ဒါနဗလေန နိဗ္ဗတ္တနိဗ္ဗတ္တဋ္ဌာနေ မေ သရီရံ ဩဘာသဇာတံ ဟောတု၊ ဥတ္တမရူပဓရာ စ ဘဝေယျံ၊ ဣမိနာ စ မေ အသပ္ပုရိသေန သဒ္ဓိံ ဧကဋ္ဌာနေ ဝါသော မာ အဟောသိ။ (ဇာတက၊ဋ္ဌ၊၅၊၃၀၆။)
အရှင်ဘုရား ဤဒါန၏ စွမ်းအားကြောင့် ဖြစ်လေရာဌာန ဖြစ်လေရာရာဘုံဘဝ၌ ဘုရားတပည့်တော်မ၏ ခန္ဓာကိုယ်သည် အရောင်အလင်း ဖြစ်ပေါ်လာသော ခန္ဓာကိုယ် ဖြစ်ပါစေသတည်း။ အသာဆုံး အမြတ်ဆုံး ရုပ်အဆင်းကို ဆောင်နိုင်သူလည်း ဖြစ်ရပါလို၏။ ဤမသူတော်နှင့်လည်း တစ်နေရာတည်း၌ အတူတကွ နေထိုင်ရခြင်းသည် မဖြစ်ပါစေသတည်း။
ဤကား ပဘာဝတီအလောင်း အမျိုးကောင်းသမီး၏ ဆုတောင်းခန်းတည်း။ ဤဆုတောင်းခန်း၌ ----
၁။ ကိုယ်ရောင်ကိုယ်ဝါ ထွန်းလင်းတောက်ပသည့် အသာဆုံး အမြတ်ဆုံး ရုပ်အဆင်းကို ဆောင်နိုင်သည့် အမျိုးသမီးဟု အသိမှားခြင်းသဘောကား အဝိဇ္ဇာတည်း။
၂။ ယင်းအမျိုးသမီးဘဝကို တွယ်တာတပ်မက်ခြင်း သဘောကား တဏှာတည်း။
၃။ ယင်းအမျိုးသမီးဘဝသို့ စိတ်ကပ်ရောက်စွဲနေခြင်း သဘောကား ဥပါဒါန်တည်း။
၄။ အရှင်ပစ္စေကဗုဒ္ဓါအား ထောပတ်လှူဒါန်းသည့် ကုသိုလ်စေတနာအုပ်စုကား သင်္ခါရတည်း။
၅။ ယင်းကုသိုလ် စေတနာအုပ်စု၏ ကမ္မသတ္တိကား ကံတည်း။
ဤသို့လျှင် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ ဟူသော အကြောင်းတရားငါးပါးတို့သည် စုံညီသွားကြ၏။
ယော သီလဝါ သီလဝန္တေသု ဒဒါတိ ဒါနံ။
ဓမ္မေန လဒ္ဓံ သုပသန္နစိတ္တော။
အဘိသဒ္ဒဟံ ကမ္မဖလံ ဥဠာရံ၊
တံ ဝေ ဒါနံ ဝိပုလပ္ဖလန္တိ ဗြူမိ။ (မ၊၃၊၃၀၀။)
၁။ သီလရှိခြင်း,
၂။ တရားသော နည်းလမ်းဖြင့် ရှာဖွေရရှိသော လှူဖွယ်ဝတ္ထုဖြစ်ခြင်း,
၃။ ကြည်လင်သော စိတ်ထားရှိခြင်း,
၄။ ပြန့်ပြော ကြီးကျယ် မွန်မြတ်သော ကံ-ကံ၏ အကျိုးတရားကို အလွန်ယုံကြည်သော သဒ္ဓါတရား ရှိခြင်း-
ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသော အလှူပေးပုဂ္ဂိုလ်သည်
၅။ သီလရှိကုန်သော အရှင်ကောင်း အရှင်မြတ် အလှူခံပုဂ္ဂိုလ်တို့၌
အလှူဒါနကို ပေးလှူ၏။ ထိုကဲ့သို့သော အလှူဒါနမျိုးကို စင်စစ်ဧကန် အမှန်အားဖြင့် ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အကျိုးရှိ၏ဟူ၍ ငါဘုရားသည် ဟောကြားတော်မူ၏။ (မ၊၃၊၃၀၀။)
ဤအထက်ပါ ဒက္ခိဏဝိဘင်္ဂသုတ္တန် ဒေသနာတော်နှင့် အညီ အထက်ပါ ပဘာဝတီအလောင်း အမျိုးကောင်းသမီး၏ အလှူဒါနကား အလှူပေးပုဂ္ဂိုလ်ဘက်၌ ရှိသင့်သော အင်္ဂါရပ်လေးချက်, အလှူခံပုဂ္ဂိုလ် ဘက်၌ ရှိသင့်သော သီလစင်ကြယ်ခြင်းဟူသော အင်္ဂါတစ်ချက်, ပေါင်းသော် အင်္ဂါငါးချက်နှင့် ပြည့်ဝစုံလင်သော ဒါနမျိုးလည်း ဖြစ်၏။ အလှူခံပုဂ္ဂိုလ်ဘက်၌ ကိလေသာအာသဝေါ လျှောကျ ကင်းစင်တော်မူပြီးသည့် အရှင်ပစ္စေကဗုဒ္ဓါတို့၏ သီလမျိုး ဖြစ်နေသဖြင့် တိုင်းထက်အလွန်၊ တံခွန်နှင့်ဘုရားဟူ၏သို့ အကောင်းဆုံး ဖြစ်နေ၏။ သီလစင်ကြယ်နေသည့် သူတော်ကောင်းတို့၏ ဒါနမျိုး ဖြစ်ခြင်းကြောင့် စိတ်၏ တောင့်တချက်ဟူသမျှသည် မချွတ်ဧကန် ပြီးစီး ပြည့်စုံတတ်သည့် ဒါနမျိုးလည်း ဖြစ်နေပြန်၏။ သို့အတွက် ယင်းဒါနက အကျိုးပေးသောအခါ သူမျှော်လင့် တောင့်တ ထားသည့်အတိုင်း (၁၂)တောင် တိုက်ခန်းဝယ် မီးမထွန်းဘဲ လင်းရသည့် ပဘာဝတီ အမည်ရသည့် အလှဆုံး အမျိုးသ္မီးတစ်ဦး ဖြစ်လာရ၏။
မင်းကုသ၏ ရှေးဆုတောင်း
မတ်ဖြစ်သူ မင်းကုသအလောင်းကလည်း မရီးဖြစ်သူ၏ ဆုတောင်းကို ကြားသိရသောအခါ သူ့အတွက် ဝေစုရထားသည့် အရှင်ပစ္စေကဗုဒ္ဓါ၏ သပိတ်တော်မှ ပြန်ယူထားသည့် မုန့်ကိုပင် တစ်ဖန်ပြန်၍ မရီးဖြစ်သူ လှူဒါန်းထားသည့် ထောပတ်၏ အပေါ်က လောင်းလှူလျက် အောက်ပါအတိုင်း ဆုတောင်း ပန်ထွာပြန်၏ ---
ဘန္တေ ဣမံ ယောဇနသတေ ဝသန္တမ္ပိ အာနေတွာ မမ ပါဒစာရိကံ ကာတုံ သမတ္ထော ဘဝေယျန္တိ။ (ဇာတက၊ဋ္ဌ၊၅၊၃၀၆။)
အရှင်ဘုရား ဤအမျိုးသမီးသည် ယူဇနာတစ်ရာ ဝေးကွာသော အရပ်၌ နေချင်လည်းနေပါစေ၊ ဤအမျိုးသမီးကို ဆောင်ယူ၍ ဘုရားတပည့်တော်၏ ခြေရင်းအလုပ်အကျွေးကို ပြုလုပ်ဖို့ရန် စွမ်းနိုင်သည့် ယောက်ျားကောင်း ဖြစ်ရပါလို၏ ----
ဤကား မင်းကုသ၏ ရှေးဆုတောင်းနှင့် ကောင်းမှုတည်း။ ဤဒါနပွဲ၌ မင်းကုသအလောင်းကား ပဘာဝတီ၏အလောင်း အမျိုးကောင်းသမီး၏ အပေါ်၌ လိုလားတပ်မက်သော တဏှာခြံရံလျက် ကံကို ပြုစုပျိုးထောင်ထား၏။
၁။ ယူဇနာတစ်ရာဝေးသော အရပ်၌ပင် နေထိုင်သော်လည်း ယင်းအမျိုးသမီးကို ယူဆောင်၍ ခြေရင်း အလုပ်အကျွေး ပြုလုပ်ရန် စွမ်းနိုင်သည့် ယောက်ျားဟု အသိမှားခြင်းသဘောကား အဝိဇ္ဇာတည်း။
၂။ ယင်းယောက်ျားဘဝကို တွယ်တာတပ်မက်ခြင်းသဘောကား တဏှာတည်း။
၃။ ယင်းယောက်ျားဘဝသို့ စိတ်ကပ်ရောက် စွဲနေခြင်းသဘောကား ဥပါဒါန်တည်း။
၄။ အရှင်ပစ္စေကဗုဒ္ဓါအား မုန့်ဆွမ်းလှူဒါန်းသည့် ကုသိုလ်စေတနာအုပ်စုကား သင်္ခါရတည်း။
၅။ ယင်းကုသိုလ်စေတနာအုပ်စု သင်္ခါရ၏ ကမ္မသတ္တိကား ကံတည်း။
ဤဒါနပွဲ၌လည်း အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟု အကြောင်းတရားငါးပါး စုံညီသွား၏။
တတ္ထ ယံ သော ကုဒ္ဓေါ ဂန္တွာ ပူဝံ ဂဏှိ၊ တဿ ပုဗ္ဗကမ္မဿ ဝသေန ဝိရူပေါ အဟောသိ၊ ပုဗ္ဗပတ္ထနာယ သာ စ တံ န ဣစ္ဆီတိ။ (ဇာတက၊ဋ္ဌ၊၅၊၃၀၆။)
ယင်းဒါနပွဲ၌ မင်းကုသအလောင်းလျာကား ဒေါသအမျက် ချောင်းချောင်းထွက်လျက် အရှင်ပစ္စေကဗုဒ္ဓါ၏ သပိတ်တော်မှ မုန့်ကို ပြန်ယူခဲ့မိ၏။ ယင်းဒေါသ ခြံရံထားသည့် ကံ၏ စွမ်းအားကြောင့် မင်းကုသဘဝတွင် အကျည်းတန် အရုပ်ဆိုးသူ ဖြစ်ရပြန်၏။ ပဘာဝတီကို အကြောင်းပြု၍ စိတ်ဆင်းရဲရသူ ဖြစ်ရပြန်၏။ တစ်ဖန် ပဘာဝတီကလည်း မင်းကုသအပေါ်၌ အလိုမရှိသော စိတ်ထားဖြင့် ကောင်းမှုကုသိုလ်ကို ကြဲချ စိုက်ပျိုးခဲ့သည့် အတွက် မင်းကုသကို အလိုမရှိ ဖြစ်ရပြန်၏။ သို့သော် မင်းကုသအလောင်းကား ပဘာဝတီကို မရရအောင် ဆောင်ယူလိုသည့် စိတ်ထားဖြင့် ကံကို ပြုစုပျိုးထောင်ခဲ့သဖြင့် ထိုကံက အကျိုးပေးနေသည့် မင်းကုသဘဝတွင် ပဘာဝတီကို အကြောင်းခံ၍ ရှက်ပွဲကြီးပေါင်း များစွာ ကြုံခဲ့ရ၏။ ပဘာဝတီကို မရရအောင် နည်းမျိုးစုံဖြင့် ကြံဆောင်ခဲ့ရ၏။
နာဟံ ဘိက္ခဝေ အညံ ဧကနိကာယမ္ပိ သမနုပဿာမိ ဧဝံ စိတ္တံ၊ ယထယိဒံ ဘိက္ခဝေ တိရစ္ဆာနဂတာ ပါဏာ ။ ပ ။ တေဟိပိ ခေါ ဘိက္ခဝေ တိရစ္ဆာနဂတေဟိ ပါဏေဟိ စိတ္တံယေဝ စိတ္တတရံ။ (သံ၊၂၊၁၂၃။)
ရဟန်းတို့ ... တိရစ္ဆာန်ဖြစ်ကုန်သော သတ္တဝါတို့သည် ဆန်းကြယ်ကြကုန်သကဲ့သို့ ဤအတူ ဤသို့ ဆန်းကြယ်သော အခြားတစ်စုံတစ်ခုသော သတ္တဝါ အပေါင်းအစုကိုသော်လည်း ငါဘုရားသည် မြင်တော်မမူ။ ရဟန်းတို့ ... တိရစ္ဆာန်ဖြစ်ကုန်သော ထိုသတ္တဝါတို့သည်လည်း ကမ္မဝိညာဏ်ခေါ်သော စိတ်ဖြင့်သာလျှင် တစ်နည်းဆိုသော် ကံ၏ ဆန်းကြယ်သည်၏ အဖြစ်ကြောင့်သာလျှင် ဆန်းကြယ်ကြကုန်၏။ (သံ၊၂၊၁၂၃ = ဂဒ္ဒုလဗဒ္ဓသုတ္တန်။)
တိရစ္ဆာနဂတာ ပါဏာ စိတ္တေနေဝ စိတ္တိတာတိ ကမ္မစိတ္တေနေဝ စိတ္တိတာ။ တံ ပန ကမ္မစိတ္တံ ဣမေ ဝဋ္ဋကတိတ္တိရာဒယော ဧဝံ စိတ္တာ ဘဝိဿာမာတိ အာယူဟန္တာ နာမ နတ္ထိ။ ကမ္မံ ပန ယောနိံ ဥပနေတိ၊ ယောနိမူလကော တေသံ စိတ္တဘာဝေါ။ ယောနိဥပဂတာ ဟိ သတ္တာ တံတံယောနိကေဟိ သဒိသစိတ္တာဝ ဟောန္တိ။ ဣတိ ယောနိသိဒ္ဓေါ စိတ္တဘာဝေါ၊ ကမ္မသိဒ္ဓါ ယောနီတိ ဝေဒိတဗ္ဗာ။ (သံ၊ဋ္ဌ၊၂၊၂၉၉။)
ကမ္မစိတ္တေနာတိ ကမ္မဝိညာဏေန။ ကမ္မစိတ္တေနာတိ ဝါ ကမ္မဿ စိတ္တဘာဝေန။ သော ကမ္မဿ ဝိစိတ္တဘာဝေါ တဏှာဝသေန ဇာယတီတိ ဝေဒိတဗ္ဗော။ (သံ၊ဋီ၊၂၊၂၅၃။)
ကမ္မဥှိ စိတ္တတော နိဗ္ဗတ္တံ။ (မူလဋီ၊၁၊၆၆။)
မင်းကုသအလောင်း ပဘာဝတီအလောင်းတို့၏ ပြုစုပျိုးထောင်လိုက်သော ကုသိုလ် သင်္ခါရစေတနာ အုပ်စုတို့ကဲ့သို့ သတ္တဝါ တစ်ဦးတစ်ဦး၏ ထိုထို ကုသိုလ်သင်္ခါရ အကုသိုလ်သင်္ခါရတို့ကို ပြုစုပျိုးထောင်စဉ် ဖြစ်ပေါ်သွားကြသော ထိုထို ကုသိုလ်သင်္ခါရ အကုသိုလ်သင်္ခါရတို့နှင့် စိတ္တက္ခဏ တစ်ခုတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ၍ ဖြစ်ပေါ်သွားသော အသိစိတ်ဝိညာဏ်သည် ကမ္မဝိညာဏ်မည်၏။ ယင်းကမ္မဝိညာဏ် အမည် ရသော စိတ်သည် တဏှာကြောင့် ဆန်းကြယ်ရ၏၊ တစ်နည်းဆိုရသော် (မကင်းစကောင်းသော အဝိနာဘာဝနည်းအားဖြင့် ဆိုရသော်) အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့နှင့် ယှဉ်တွဲနေသော ကပ္ပနာခေါ် ကြံစည်စိတ်ကူးမှု ဆန်းကြယ်သောကြောင့် ယင်းကမ္မဝိညာဏ်သည် ဆန်းကြယ်ရ၏။ အထက်ပါ ပဘာဝတီအလောင်းနှင့် မင်းကုသ အလောင်းတို့၏ အဝိဇ္ဇာ တဏှာ ဥပါဒါန်ချင်း မတူညီပုံ ယင်းအဝိဇ္ဇာ တဏှာ ဥပါဒါန်တို့နှင့် ယှဉ်တွဲနေကြသော ကြံစည်စိတ်ကူးမှု ကပ္ပနာချင်း မတူညီပုံကို သတိပြုကြည့်ပါ။
ယင်းကမ္မဝိညာဏ်သည် တစ်နည်း ယင်းကမ္မဝိညာဏ်နှင့် ယှဉ်တွဲနေသော စေတနာသည် နောင်တစ်ဖန် ဘဝသစ်ကို ဖြစ်စေနိုင်သည့် စွမ်းအားရှိ၏။ ထိုကြောင့် ယင်းကမ္မဝိညာဏ်ကိုပင် တစ်နည်း ကမ္မဝိညာဏ်နှင့် ယှဉ်သော စေတနာကိုပင် ကံဟု ခေါ်ဆိုပေသည်။ ထိုကြောင့် ကမ္မဥှိ စိတ္တတော နိဗ္ဗတ္တံ = ကံဆန်းကြယ်ခြင်း သည် တဏှာကြောင့်, တဏှာသည် စိတ်ကြောင့် ဖြစ်ပေါ်လာ၏ဟု ဖွင့်ဆိုခြင်း ဖြစ်သည်။
ငုံး, ခါစသော သတ္တဝါတို့သည် ဤသို့ အဆန်းတကြယ် ဖြစ်ကြကုန်အံ့ဟု အားထုတ်ခြင်း ကြောင့်ကြ ဗျာပါရပြုခြင်း မည်သည် မရှိပေ။ ကံဆန်းကြယ်သောကြောင့်သာလျှင် အဆန်းတကြယ် ဖြစ်ကြရကုန်၏။
ကံသည် ယောနိအမည်ရသော ပဋိသန္ဓေသို့ ပို့ဆောင်ပေး၏။ အခြေနှစ်ချောင်းသတ္တဝါ ဖြစ်စေမည့် ကံက အခြေနှစ်ချောင်းကို ဖြစ်စေမည့် ယောနိအမည်ရသော ပဋိသန္ဓေသို့ ပို့ဆောင်ပေး၏။ အခြေလေးချောင်း ဖြစ်စေမည့် ကံက အခြေလေးချောင်းကိုဖြစ်စေမည့် ယောနိအမည်ရသော ပဋိသန္ဓေသို့ ပို့ဆောင်ပေး၏။ လူချော လူလှ, မိန်းမချော မိန်းမလှ ဖြစ်စေမည့်ကံက ထိုထို လူချော လူလှ, မိန်းမချော မိန်းမလှ ဘဝကို ပုံသွင်းပေးမည့် ယောနိအမည်ရသော ပဋိသန္ဓေသို့ ပို့ဆောင်ပေး၏။ အကျည်းတန် အရုပ်ဆိုးစေမည့် ကံကလည်း ထိုထို အကျည်းတန် အရုပ်ဆိုးစေမည့် ဘဝကို ပုံသွင်းပေးမည့် ယောနိအမည်ရသော ပဋိသန္ဓေသို့ ပို့ဆောင်ပေး၏။
ထိုကြောင့် ထိုထိုသတ္တဝါတို့ ဆန်းကြယ်စွာ ဖြစ်ပေါ်ရခြင်းသည် ထိုကံက ပို့ဆောင်ပေးအပ်သော ယောနိ = ပဋိသန္ဓေကြောင့် ဖြစ်လေသည်။ မှန်ပေသည် ---- ယောနိ = ပဋိသန္ဓေသို့ ကပ်ရောက်ကြရကုန်သော သတ္တဝါတို့သည် ယင်းပဋိသန္ဓေ = ယောနိနှင့် တူစွာသာလျှင် တစ်နည်းဆိုသော် ယင်းပဋိသန္ဓေ = ယောနိရှင် မိဘတို့နှင့် တူစွာသာလျှင် ဆန်းဆန်းကြယ်ကြယ် ဖြစ်ကြရလေသည်။ သားသမီးတို့၏ ဆန်းကြယ်စွာ ဖြစ်ပေါ်လာရခြင်းသည် ယောနိ = ပဋိသန္ဓေကြောင့်, ယောနိ = ပဋိသန္ဓေသည် ကံကြောင့် ပြီးစီး ဖြစ်ပေါ်လာရလေသည်။ သို့အတွက် ကံအရင်းခံသော ယောနိ = ပဋိသန္ဓေမျိုးဓာတ်ကြောင့် ပဋိသန္ဓေရှင် မိဘတို့နှင့် သားသမီးတို့သည် များသောအားဖြင့် တူညီကြရလေသည်။ မိဘတို့သည် အခြေနှစ်ချောင်းရှိသူတို့ ဖြစ်ကြပါက သားသမီးတို့ သည်လည်း အခြေနှစ်ချောင်း ရှိသူတို့ပင် ဖြစ်ကြရ၏။ မိဘတို့သည် အခြေလေးချောင်း ရှိသူတို့ ဖြစ်ကြပါက သားသမီးတို့သည်လည်း အခြေလေးချောင်း ရှိသူတို့သာ ဖြစ်ကြရလေသည်။ မိဘတို့သည် ရုပ်အဆင်းလှပါက သားသမီးတို့လည်း ရုပ်အဆင်းလှတတ်၍ မိဘတို့သည် အကျည်းတန် အရုပ်ဆိုးပါက သားသမီးတို့လည်း အကျည်းတန် အရုပ်ဆိုးတတ်ကြပေသည်။ သားသမီးနှင့် မိဘတို့၏ အမျိုးအနွယ်တူညီပုံကို သတိပြုကြည့်ပါ။ ကံဆန်းကြယ်ခြင်းသည် တဏှာကြောင့် ဖြစ်ရ၏၊ ကံသည် စိတ်ကြောင့် ဖြစ်ပေါ်လာရ၏။ ထိုကြောင့် ကံ ပဋိသန္ဓေ တို့၏ အကြောင်းရင်းခံဖြစ်သော စိတ်သည်သာလျှင် ကံ ပဋိသန္ဓေသို့ ကပ်ရောက်ရသူ သတ္တဝါတို့ထက် ဆန်းကြယ်လေသည်။ (သံ၊၂၊၁၂၃။ သံ၊ဋ္ဌ၊၂၊၂၉၉။ သံ၊ဋီ၊၂၊၂၅၃။)
မယ်မင်းကြီးမ - သုဘဒ္ဒါ၏ ဆုတောင်းခန်း
တစ်ချိန် သုံးလောကထွဋ်ထား သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်သည် ဇေတဝန်ကျောင်းတိုက်တော်၌ သီတင်းသုံးတော်မူခိုက် ဓမ္မာသနပလ္လင်ထက်ဝယ် တရားဓမ္မစက်ကို ဟောကြားတော်မူလျက်ရှိ၏။ ထိုအခါ (၃၂)ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာ, (၈၀)သော လက္ခဏာတော်ငယ်, (၆)သွယ်သော ရောင်ခြည် တော်တို့ဖြင့် တင့်တယ် စမ္ပယ်တော်မူလျက် ဗြဟ္မာမင်း၏ အသံတော်နှင့်တူသော မြတ်သော အသံတော်ဖြင့် ပင်လုံးကျွတ်ပွင့်နေသော ခက်ဖျားစုံရှိသော တောအုပ်ကြီးနှင့်တူသော အနက်သဒ္ဒါတို့ဖြင့် ပြည့်စုံလျက်ရှိသော နိဗ္ဗာန်ရောက်ကြောင်း သံသရာဝဋ်မှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းတို့ကို ဟောကြားပြသ ဆိုဆုံးမတော်မူလျက်ရှိသော မြတ်စွာဘုရားကို ကြည်ညိုသဒ္ဓါ ဆပွားလျက်ရှိသော တရားနာပရိသတ်တို့တွင် ပါဝင်သော ဘိက္ခုနီမငယ် တစ်ဦးက စဉ်းစားခဲ့၏ ---- ငါသည် သံသရာခရီးဝယ် ကျင်လည်ခိုက် ဤကဲ့သို့သော ယောက်ျားမြတ်၏ ခြေရင်းအလုပ်အကျွေးသည် (= ပါရမီ ဖြည့်ဖက်သည်) ဖြစ်ခဲ့ဖူးလေသလောဟု စဉ်းစားခဲ့၏။ ထိုအချိန်တွင် ထိုဘိက္ခုနီမ၏ သန္တာန်ဝယ် အတိတ်ဘဝ ဇာတ်ကြောင်းကို ပြန်ပြောင်း၍ သိနိုင် အမှတ်ရနိုင်သော ဇာတိဿရဉာဏ်သည် ဖြစ်ပေါ်လာ၏၊ ထိုဇာတိဿရဉာဏ်ဖြင့် လှမ်းမြော်၍ ကြည့်လေရာ ဆဒ္ဒန်ဆင်မင်း ဘဝတွင် ပါရမီဖြည့်ဖက် = ခြေရင်းအလုပ်အကျွေး ဖြစ်ခဲ့ရဖူးသည်ကို တွေ့ရှိသောအခါ ထိုဘိက္ခုနီမ၏ သန္တာန်ဝယ် နှစ်သက်ရွှင်လန်း ဝမ်းမြောက်သည့် ပီတိသောမနဿပန်းတို့သည် ပွင့်လန်း၍ လာကြလေကုန်၏။ ယင်းပီတိ သောမနဿ ပြဓာန်းသည့် ကုသိုလ်ဇောစိတ္တုပ္ပါဒ်တို့၏ စွမ်းအားကြောင့် မွန်မြတ်သော စိတ္တဇရုပ် တို့သည် တစ်ကိုယ်လုံးသို့ ပျံ့နှံ့လျက် ဖြစ်ပွားနေကြကုန်၏။ သို့သော် ဤသို့ ဆက်လက်၍ စဉ်းစားပြန်၏ ----
ပါဒပရိစာရိကာ နာမ သာမိကာနံ ဟိတဇ္ဈာသယာ အပ္ပကာ၊ အဟိတဇ္ဈာသယာဝ ဗဟုတရာ၊ ဟိတဇ္ဈာသယာ နုခေါ အဟံ ဣမဿ မဟာပုရိသဿ အဟောသိံ, အဟိတဇ္ဈာသယာတိ။ (ဇာတက၊ဋ္ဌ၊၅၊၃၇။)
= ခြေရင်းအလုပ်အကျွေးတို့မည်သည်ကား (= ပါရမီဖြည့်ဘက် အိမ်ရှင်မတို့မည်သည်ကား) အိမ်ရှင် ယောက်ျားတို့၏ အကျိုးစီးပွားကို လိုလားတောင့်တသည့် အလိုအဇ္ဈာသယဓာတ်ရှိသူတို့ကား နည်းပါးလှကုန်၏။ အိမ်ရှင်ယောက်ျားတို့၏ အကျိုးစီးပွားကို လိုလားတောင့်တသည့် အလိုအဇ္ဈာသယဓာတ် မရှိသူတို့ကသာ အလွန့်အလွန် များလှကုန်၏။ ငါသည် ဤယောက်ျားမြတ်၏ အပေါ်၌ အကျိုးစီးပွားကို လိုလားတောင့်တသည့် အလိုအဇ္ဈာသယဓာတ်ခံရှိသူပင် ဖြစ်ခဲ့လေသလော၊ အကျိုးစီးပွားကို လိုလားတောင့်တသည့် အလိုအဇ္ဈာသယဓာတ် မရှိသူပင် ဖြစ်ခဲ့လေသလော ----
ဤသို့ စဉ်းစားခန်းဝင်ခဲ့၏။ ထိုအခါ အိမ်ရှင်ယောက်ျား၏ အကျိုးစီးပွားကို လိုလားတောင့်တသည့် အလိုအဇ္ဈာသယဓာတ် မရှိသူဖြစ်ခဲ့ကြောင်း, မပြောပလောက်သည့် အကြောင်းတရား အနည်းငယ် အသေး အဖွဲကလေးတွေကို အကြောင်းပြု၍ ရန်ငြိုးဖွဲ့ခဲ့ကြောင်းတို့ကို ပြန်ပြောင်း၍ သတိရသောအခါ ချုံးပွဲချ၍ ငိုပွဲကြီး တစ်ဖန် ဆင်နွှဲရပြန်၏။ ထိုအခါတွင် ဘုရားရှင်က ဆဒ္ဒန်ဆင်မင်းဝတ္ထုကို ဟောကြားပေးတော်မူရ၏ ----
ဆဒ္ဒန်ဆင်မင်းတွင် ဆင်ပေါင်း ရှစ်သောင်း အခြံအရံရှိ၏၊ အားလုံး ဥပေါသထဆင်မျိုးချည်း ဖြစ်ကြ၏၊ အားလုံး ကောင်းကင်ပျံနိုင်ကြ၏၊ ဆဒ္ဒန်ဆင်မင်းတွင် စူဠသုဘဒ္ဒါ မဟာသုဘဒ္ဒါဟု မိဖုရားနှစ်ဦး ရှိခဲ့၏။ စူဠသုဘဒ္ဒါကား ငိုပွဲကြီး ယင်ခဲ့ရသော ဘိက္ခုနီမကလေး၏ အလောင်းလျာပင် ဖြစ်ခဲ့၏။
တစ်နေ့တွင် ဆဒ္ဒန်ဆင်မင်း ဦးဆောင်သည့် ဆင်အပေါင်းတို့သည် အင်ကြင်းပန်းများ ပွင့်လန်းသည့် အခါဝယ် အင်ကြင်းတော၏ အတွင်း၌ တောကစားကြ၏။ စူဠသုဘဒ္ဒါကား လေအထက်က တည်နေ၏၊ မဟာသုဘဒ္ဒါကား လေအောက်က တည်နေ၏။ ဆဒ္ဒန်ဆင်မင်း၏ လေညာနှင့် လေအောက် တစ်ဘက်တစ်ချက် တည်နေကြ၍ တောကစားကြ၏။ ဆဒ္ဒန်ဆင်မင်းက ပင်လုံးကျွတ်ပွင့်နေသော အင်ကြင်းပင်ကြီးကို ဦးကင်းဖြင့် ပွတ်တိုက်ကာ ကစားလိုက်၏။ ထိုအခါ လေအထက်၌ တည်နေသော စူဠသုဘဒ္ဒါ၏ ကိုယ်ပေါ်သို့ သစ်ကိုင်းခြောက် သစ်ရွက်ခြောက် ပိုးကောင်စသည်တို့ ပြုတ်ကျ၍ လေအောက်၌ တည်နေသော မဟာသုဘဒ္ဒါ၏ ကိုယ်ပေါ်သို့ အင်ကြင်းပန်းဝတ်မှုန်နှင့် ပွင့်ချပ် ပွင့်လွှာတို့ ပြုတ်ကျကြကုန်၏။ ထိုအခါ ထိုအပြုအမူကို မနှစ်ခြိုက်သော စူဠသုဘဒ္ဒါသည် ---- ဤဆင်မင်းသည် သူချစ်မြတ်နိုးအပ်သည့် မယားဖြစ်သူ မဟာသုဘဒ္ဒါ၏ ကိုယ်ပေါ်သို့ ပန်းဝတ်မှုန် ပွင့်ချပ်လွှာတို့ကို ကျစေ၏၊ ငါ၏ ကိုယ်ပေါ်၌ကား သစ်ကိုင်းခြောက်တို့နှင့် ရောနေသည့် သစ်ရွက်ဟောင်းတို့နှင့် ပိုးကောင် (ခါချဉ်)တို့ကို ကျစေဘိ၏၊ ရှိစေ၊ ပြုသင့်တာကို သိစေရမယ်ဟု ဘုရားလောင်း၏ အပေါ်၌ ရန်ငြိုးဖွဲ့လေ၏။ (ဇာတက၊ဋ္ဌ၊၅၊၃၉-၄၀။)
တစ်ဖန် တစ်နေ့တွင် ဆဒ္ဒန်ဆင်မင်းသည် ဆင်အပေါင်းခြံရံလျက် ဆဒ္ဒန်အိုင်သို့ ရေကစားရန် ဆင်းသက် ခဲ့၏။ ဆင်အပေါင်းတို့သည် ပျော်ရွှင်စွာရေကစားကြ၏။ ထိုအခါ ဆဒ္ဒန်အိုင်၏ အတွင်း၌ လှည့်လည်၍ ရေကစားလျက်ရှိသော ဆင်တစ်ကောင်သည် အလွန်နှစ်သက် မြတ်နိုးဖွယ်ကောင်းသည့် အလွန်ထူးဆန်းသည့် သတ္တုဒ္ဒယ အမည်ရသည့် ပဒုမ္မာကြာပန်းကြီး တစ်ပွင့်ကို ရရှိ၍ ယူဆောင်ခဲ့ပြီးလျှင် ဘုရားအလောင်းတော် ဆဒ္ဒန်ဆင်မင်းအား ဆက်သလာ၏။ ထိုအခါတွင်လည်း ဆဒ္ဒန်ဆင်မင်းက ယင်းပဒုမ္မာကြာပန်းကြီး၏ ဝတ်မှုန်များ ကို မဟာသုဘဒ္ဒါ၏ ကိုယ်ပေါ်သို့ ကြဲဖြန့်ပေးလိုက်၏၊ ပဒုမ္မာကြာပန်းကြီးကိုလည်း မဟာသုဘဒ္ဒါအားပင် ပေးလိုက်၏။ ထိုအပြုအမူကို မြင်ရ၍ စူဠသုဘဒ္ဒါသည် --- ဤဆင်မင်းကား သတ္တုဒ္ဒယအမည်ရသည့် ပဒုမ္မာ ကြာပန်းကြီးကို မိမိ၏ ချစ်မြတ်နိုးအပ်သည့် မယားဖြစ်သူ မဟာသုဘဒ္ဒါအားသာ ပေး၏၊ ငါ့အားကား မပေးလေ ဟု ဒုတိယအကြိမ် ထပ်မံ၍ အလောင်းတော် ဆဒ္ဒန်ဆင်မင်း၏ အပေါ်၌ ရန်ငြိုးဖွဲ့လေပြန်၏။ ရှိပစေ၊ သိစေရမည်ဟူသော စိတ်ဓာတ်များကို မွေးမြူလိုက်၏။
ထိုအချိန်တွင် ဆဒ္ဒန်ဆင်မင်း ဦးဆောင်သည့် ဆင်အပေါင်းတို့သည် အရှင်ပစ္စေကဗုဒ္ဓါ (၅၀၀)တို့အား ချိုမြိန် ကောင်းမြတ်သော သစ်သီးဆွမ်းတို့ဖြင့်လည်းကောင်း, ကြာစွယ်ကြာရင်းတို့ဖြင့်လည်းကောင်း, ချိုမြိန် ကောင်းမြတ်သော ရေကန်ရေတို့ဖြင့်လည်းကောင်း ပြုစုလုပ်ကျွေးခွင့် လှူဒါန်းခွင့်ကို ရရှိနေကြ၏။ တစ်နေ့တွင် ဆင်အပေါင်းတို့သည် အရှင်ပစ္စေကဗုဒ္ဓါတို့အား သစ်သီးဆွမ်းများကို လှူဒါန်းကြ၏။ ထိုအလှူပွဲတွင် စူဠသုဘဒ္ဒါလည်း ပါဝင်၏။ စူဠသုဘဒ္ဒါသည် အရှင်ပစ္စေကဗုဒ္ဓါတို့အား မိမိရှာဖွေရရှိလာသည့် သစ်သီးဆွမ်းကို လှူဒါန်းပြီးနောက် ဤသို့ ဆုတောင်းပန်ထွာလေ၏ ----
ဘန္တေ ဣတော စဝိတွာ မဒ္ဒရာဇကုလေ နိဗ္ဗတ္တိတွာ သုဘဒ္ဒါ နာမ ရာဇကညာ ဟုတွာ ဝယပ္ပတ္တာ ဗာရာဏသိရညော အဂ္ဂမဟေသိဘာဝံ ပတွာ တဿ ပိယာ မနာပါ၊ တံ အတ္တနောရုစိံ ကာရေတုံ သမတ္ထာ ဟုတွာ တဿ အာစိက္ခိတွာ ဧကံ လုဒ္ဒကံ ပေသေတွာ ဣမံ ဟတ္ထိံ ဝိသပီတေန သလ္လေန ဝိဇ္ဈာပေတွာ ဇီဝိတက္ခယံ ပါပေတွာ ဆဗ္ဗဏ္ဏရံသိံ ဝိဿဇ္ဇေန္တေ ယမကဒန္တေ အာဟရာပေတုံ သမတ္ထာ ဟောမိ။ (ဇာတက၊ဋ္ဌ၊၅၊၄၀။)
၁။ အရှင်မြတ်တို့ဘုရား ---- ဤကောင်းမှုကြောင့် တပည့်တော်မသည် ဤဆင်ဘဝမှ စုတေခဲ့သော် မဒ္ဒရာဇ် မင်းမျိုး၌ သုဘဒ္ဒါအမည်ရှိသော မင်းသမီး ဖြစ်ရပါလို၏။
၂။ အရွယ်သို့ရောက်သောအခါ ဗာရာဏသိမင်း၏ ချစ်မြတ်နိုးအပ်သည့် မိဖုရားခေါင်ကြီး ဖြစ်ရပါလို၏။
၃။ ထိုဗာရာဏသိမင်းကို မိမိ၏ အလိုအကြိုက်သို့ လိုက်ပါအောင် ပြုလုပ်ခြင်းငှာ စွမ်းနိုင်သူ ဖြစ်ရပါလို၏။
၄။ ထိုဗာရာဏသိမင်းအား ပြောကြား၍ မုဆိုးတစ်ယောက်ကို စေခိုင်း၍ ဤဆဒ္ဒန်ဆင်မင်းကို ဆိပ်လူးမြား ဖြင့် ပစ်ခွင်း၍ အသေသတ်နိုင်ရပါလို၏။
၅။ ရောင်ခြည်တော် ခြောက်သွယ်တို့ဖြင့် ကွန့်မြူးစမ္ပယ်လျက်ရှိသော ဆင်စွယ်အစုံတို့ကို ဆောင်ယူစေခြင်းငှာ စွမ်းနိုင်သူ ဖြစ်ရပါလို၏။ ----
ဤသည်တို့ကား စူဠသုဘဒ္ဒါ၏ ဆုတောင်းများပင် ဖြစ်ကြသည်။
၁။ သုဘဒ္ဒါအမည်ရှိသော မဒ္ဒရာဇ်မင်းသမီး, ဗာရာဏသိမင်း၏ ချစ်မြတ်နိုးအပ်သည့် မိဖုရားခေါင်ကြီး, ဗာရာဏသိမင်းကို မိမိ၏ အလိုအကြိုက်သို့ လိုက်ပါစေနိုင်သူ မိဖုရားခေါင်ကြီး, ဆဒ္ဒန်ဆင်မင်းကို ဆိပ်လူး မြားဖြင့် ပစ်ခွင်း၍ အသေသတ်နိုင်သည့် မိဖုရားကြီး, ဆင်စွယ်တို့ကို ဆောင်ယူစေခြင်းငှာ စွမ်းနိုင်သူ အမျိုးသမီးဟု အသိမှားခြင်းသဘောကား အဝိဇ္ဇာတည်း။
၂။ ယင်းအမျိုးသမီးဘဝကို တွယ်တာ တပ်မက်ခြင်းသဘောကား တဏှာတည်း။
၃။ ယင်းအမျိုးသမီးဘဝသို့ စိတ်ကပ်ရောက် စွဲနေခြင်းသဘောကား ဥပါဒါန်တည်း။
၄။ အရှင်ပစ္စေကဗုဒ္ဓါတို့အား သစ်သီးဆွမ်း လှူဒါန်းသည့် ကုသိုလ်စေတနာအုပ်စုတို့ကား သင်္ခါရတည်း။
၅။ ယင်းကုသိုလ်စေတနာအုပ်စု သင်္ခါရ၏ စွမ်းအင်သတ္တိ = ကမ္မသတ္တိကား ကံတည်း။
အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော အကြောင်းတရားငါးပါးတို့ စုံညီသွား၏။ စူဠသုဘဒ္ဒါ အဝင်-အပါ ဆဒ္ဒန်ဆင်မင်း ဦးဆောင်သည့် ဆင်အပေါင်းတို့ကား သီလစင်ကြယ်ကြ၏။ သီလတည်းဟူသော မြေပေါ်၌ ရပ်တည်၍ သီလရှိတော်မူကြသည့် အရှင်ပစ္စေကဗုဒ္ဓါ အရှင်ကောင်း အရှင်မြတ်တို့အား တရားသော နည်းလမ်း ဖြင့် ရှာဖွေရရှိကြသော သစ်သီးဆွမ်းတို့ကို ကြည်လင်သော စိတ်ထား ကံ-ကံ၏အကျိုးတရားကို ယုံကြည်သည့် သဒ္ဓါတရား အပြည့်အဝဖြင့် လှူဒါန်းခွင့် ရရှိကြ၏။ ကောင်းမှုတည်းဟူသော မျိုးစေ့၏ ကြဲချစိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်သော အရှင်ကောင်း အရှင်မြတ်တို့၌ ကောင်းမှုတည်းဟူသော မျိုးစေ့ကို ကြဲချ စိုက်ပျိုးခွင့်ကို ရရှိသွားကြ၏။ သို့အတွက် စူဠသုဘဒ္ဒါ၏ တောင့်တသည့် ဆုအားလုံးသည် တစ်နေ့တွင် ပြည့်ဝ စုံညီသွားပေသည်။
မဒ္ဒရာဇ်မင်းသမီးလည်း ဖြစ်ရ၏၊ ဗာရာဏသိမင်း၏ ချစ်မြတ်နိုးအပ်သည့် မိဖုရားခေါင်ကြီးလည်း ဖြစ်ရ၏၊ ဗာရာဏသိမင်းကို မိမိ၏အလိုအကြိုက်သို့ လိုက်ပါစေနိုင်သူလည်း ဖြစ်ရ၏၊ သောနုတ္တိုရ်မုဆိုးကို စေလွှတ်၍ ဆဒ္ဒန်ဆင်မင်းကို ဆိပ်လူးမြားဖြင့် ပစ်ခွင်းစေလျက် အသေသတ်နိုင်သူလည်း ဖြစ်ရ၏။ ရောင်ခြည်တော် ခြောက်သွယ်တို့ဖြင့် ကွန့်မြူးစမ္ပယ်လျက်ရှိသော ဆဒ္ဒန်ဆင်မင်း၏ စွယ်တော်အစုံတို့ကို ဆောင်ယူစေခြင်းငှာ စွမ်းနိုင်သူလည်း ဖြစ်ရ၏။ သို့သော် ဆဒ္ဒန်ဆင်မင်း၏ စွယ်တော်အစုံတို့သည် မိမိ၏ လက်ဝယ်သို့ ဆိုက်ရောက် လာသောအခါ၌ကား ဆဒ္ဒန်ဆင်မင်း၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို အမှတ်ရသဖြင့် ငိုပွဲကြီးဆင်၍ သေပွဲကြီး ဝင်ခဲ့ရပြန်လေသည်။ (ဇာတက၊ဋ္ဌ၊၅၊၅၆။)
သတိပြုသင့်လှ၏ ---- ဤစူဠသုဘဒ္ဒါ၏ ဇာတ်ကြောင်းကို ပြန်ပြောင်း၍ ကြည့်ပါက ---- ဒေါသတကြီးဖြင့် မကျေနပ်မှုတွေ တစ်ပုံကြီး ခြံရံ၍ ကံများကို အရမ်း မထူထောင့်သင့်ကြောင်းကို သဘောပေါက်သင့်လှ၏။ ကံ တစ်ခုကို ထူထောင်ပြီး၍ ကံအရာ မြောက်သွားသောအခါ၌ကား ပြန်လည် နှုတ်သိမ်းရန် အလွန်ခက်ခဲသွားပြီ ဖြစ်၏။ ဥပပဇ္ဇဝေဒနီယကံ, အပရာပရိယဝေဒနီယကံများ ဖြစ်ခဲ့လျှင် အရိယမဂ်တည်းဟူသော မွေးညှပ်နှင့် ကင်း၍ အထူးသဖြင့် အရဟတ္တမဂ်တည်းဟူသော မွေးညှပ်နှင့်ကင်း၍ ပယ်နှုတ်ခြင်းငှာကား မတတ်ကောင်း လေရာသည်။ လူသားတစ်ဦးလည်း ဖြစ်လာရ၍ မိဖုရားကြီးဘဝကိုလည်း ရရှိလာသော သုဘဒ္ဒါအဖို့ ဆဒ္ဒန်ဆင်မင်း ကဲ့သို့သော တောထဲ၌သာ ပျော်မွေ့နေသော ဆင်တစ်ကောင်ကို မသတ်ဘဲ နေမည်ဆိုပါက ဘဝခြားနေသည့် အတွက် နေသင့်လှပေ၏။ သို့သော် ဆဒ္ဒန်ဆင်မင်းကို သတ်လိုသော စိတ်ဓာတ်များ ခြံရံလျက် ကံကို ထူထောင် မိသည့်အတွက် ထိုကံက အကျိုးပေးနေသော ဘဝတွင် မသတ်ဘဲ မနေနိုင် ဖြစ်နေ၏။ နှုတ်ပယ်ဖို့ရန် အလွန် ခက်ခဲသွားပြီ ဖြစ်ပေသည်။ အကယ်၍ အသင်သူတော်ကောင်းသည်လည်း ကံတစ်ခုကို အမှားမှား အယွင်းယွင်း ထူထောင်ခဲ့မိလျှင်ကား စူဠသုဘဒ္ဒါကဲ့သို့ပင် ငိုပွဲကြီးဆင်ရတတ်၏၊ သေပွဲကြီးလည်း ဝင်ရတတ်ပေ၏။ သတိရှိစေ။
မဟာပဒုမပစ္စေကဗုဒ္ဓါ၏ အလောင်းလျာ အမျိုးကောင်းသမီး၏ ဆုတောင်း
မဟာပဒုမပစ္စေကဗုဒ္ဓါအလောင်း အမျိုးကောင်းသားသည် ပစ္စေကဗောဓိဉာဏ်ကို ရည်သန်တောင့်တ၍ ပါရမီတို့ကို ဖြည့်ကျင့်တော်မူစဉ် တစ်ခုသောဘဝ၌ သူတစ်ပါးတို့၏ သားမယားတို့ကို လွန်ကျူးဖျက်ဆီးသည့် ပရဒါရကံကို ပြုကျင့်ခဲ့မိ၏။ ထိုမကောင်းမှုကြောင့် ငရဲသို့ရောက်၍ ငရဲမှ လွတ်လာသောအခါ လူ့ပြည်ဝယ် အမျိုးသမီးဘဝသို့ ရောက်ရှိရပြန်၏။ ထိုအမျိုးသမီးဘဝတွင် အမိဝမ်း၌ ပဋိသန္ဓေနေရသည့်အခါ ခံစားရသည့် အလွန်ပူလောင်သည့် ဒုက္ခ, မွေးလာသည့်အခါ မိဘ ဆွေမျိုးသားချင်းတို့၏ မုန်းတီးမှုကို ခံရသည့် ဒုက္ခ, အိမ်ရှင်မ ဘဝသို့ ရောက်သောအခါ အိမ်ရှင်ယောက်ျားနှင့် ယောက္ခမတို့၏ မုန်းတီးမှုကို ခံရသည့်ဒုက္ခ ဤသို့စသည့် ဆင်းရဲဒုက္ခ အမျိုးမျိုးနှင့် ရင်ဆိုင်တိုးနေရ၏။ ပရဒါရကံ၏ အကျိုးဆက်ပင်တည်း။ တစ်နေ့တွင် အခြား အမျိုးသမီးများကို ခေါ်ဆောင်၍ တောင်ထိပ်ပွဲသို့ သွားရောက်ပျော်ပါးနေသော အိမ်ရှင်ယောက်ျား၏ နောက်သို့ စားဖွယ်သောက်ဖွယ် အပြည့်အစုံယူဆောင်လျက် ရထားဖြင့် နောက်ကလိုက်သွား၏။ ထိုနေ့တွင် နန္ဒမူလိုဏ်ဂူ တွင် ခုနှစ်ရက်တို့ပတ်လုံး နိရောဓသမာပတ်ကို ဝင်စားတော်မူပြီး၍ နိရောဓသမာပတ်မှ ထလာတော်မူသော အရှင်ပစ္စေကဗုဒ္ဓါတစ်ဆူသည် ထိုအမျိုးကောင်းသမီးအား ချီးမြှောက်ရန်အတွက် ကောင်းကင်ခရီးဖြင့် ကြွလာ တော်မူ၍ ကောင်းကင်ခရီးမှ သက်ဆင်းတော်မူပြီးလျှင် ထိုအမျိုးသမီးနှင့် ရင်ဆိုင်အရပ်တွင် ဆွမ်းခံ ကြွလာတော်မူ၏။ သဒ္ဓါတရား ပြည့်ဝစုံညီသော ထိုအမျိုးကောင်းသမီးသည် ရထားပေါ်မှ ဆင်းသက်လျက် အရှင်ပစ္စေကဗုဒ္ဓါ၏ သပိတ်တော်ကို ယူဆောင်ပြီးလျှင် မွန်မြတ်သော ဆွမ်း ခဲဖွယ်ဘောဇဉ်တို့ကို သပိတ်၌ အပြည့်ထည့်၍ ပဒုမ္မာကြာပန်းများကို သပိတ်အောက်က ခံလျက် အရှင်ပစ္စေကဗုဒ္ဓါအား သပိတ်တော်ကို ဆက်ကပ်ပြီးလျှင် သူအလိုရှိသော ဆု (၄)မျိုးကို တောင်း၏။ ထိုနောင် သပိတ်ပေါ်သို့ ပဒုမ္မာကြာပန်းတစ်စည်းကို ထပ်တင်၍ ငါးခုမြောက် ဆုတစ်ခုကိုပါ ထပ်တောင်းပြန်၏။
ထိုအမျိုးသမီး၏ ဆုတောင်းခန်းမှာ အောက်ပါအတိုင်း ဖြစ်၏ ----
၁။ ဘန္တေ ယထာ ဣဒံ ပုပ္ဖံ၊ ဧဝါဟံ ယတ္ထ ယတ္ထ ဥပပဇ္ဇာမိ၊ တတ္ထ တတ္ထ မဟာဇနဿ ပိယာ ဘဝေယျံ မနာပါ။
၂။ ဘန္တေ ဒုက္ခော ဂဗ္ဘဝါသော၊ တံ အနုပဂမ္မ ပဒုမပုပ္ဖေဧဝ ပဋိသန္ဓိ ဘဝေယျံ ။
၃။ ဘန္တေ ဇေဂုစ္ဆော မာတုဂါမော၊ စက္ကဝတ္တိဓီတာပိ ပရဝသံ ဂစ္ဆတိ။ တသ္မာ အဟံ ဣတ္ထိဘာဝံ အနုပဂမ္မ ပုရိသော ဘဝေယျံ ။
၄။ ဘန္တေ ဣမံ သံသာရဒုက္ခံ အတ္တိက္ကမ္မ ပရိယောသာနေ တုမှေဟိ ပတ္တံ အမတံ ပါပုဏေယျံ။
၅။ ပုပ္ဖသဒိသော ဧဝ မေ ဂန္ဓော စေဝ ဝဏ္ဏော စ။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၆၉။)
၁။ အရှင်ဘုရား ဤပဒုမ္မာကြာပန်းကို လူများအပေါင်းသည် နှစ်သက်မြတ်နိုးအပ်သကဲ့သို့ ဤအတူ ဘုရား တပည့်တော်မသည် ဖြစ်လေရာရာ ဘဝတိုင်း၌ လူများအပေါင်း၏ ချစ်မြတ်နိုးအပ်သူ ဖြစ်ရပါလို၏။
၂။ အရှင်ဘုရား အမိဝမ်း၌ ပဋိသန္ဓေတည်နေရခြင်းသည်ကား ဆင်းရဲလှပါ၏၊ ထိုအမိဝမ်း၌ ပဋိသန္ဓေ တည်နေရခြင်းသို့ မကပ်ရောက်ရမူ၍ ပဒုမ္မာကြာပန်း၏ အတွင်း၌သာလျှင် ပဋိသန္ဓေ တည်နေရသူ ဖြစ်ရပါလို၏။
၃။ အရှင်ဘုရား မာတုဂါမ အမျိုးသမီးဘဝဟူသည် ရွံရှာစက်ဆုပ်ဖွယ် ကောင်းလှပါ၏၊ စကြဝတေးမင်း၏ သမီးရတနာပင် ဖြစ်သော်လည်း ယောက်ျားဟု ခေါ်ဆိုသည့် သူတစ်ပါး၏ အလိုသို့သာ လိုက်ပါနေရသူ ဖြစ်ပါ၏၊ ထိုကြောင့် တပည့်တော်မသည် အမျိုးသမီးဘဝသို့ မကပ်ရောက်ရမူ၍ ယောက်ျား စင်စစ်သာ ဖြစ်ရပါလို၏။
၄။ အရှင်ဘုရား ဤသံသရာဝဋ်ဆင်းရဲဒုက္ခကို ကျော်လွှား လွန်မြောက်ပြီး၍ နောက်ဆုံးဘဝ၌ အရှင်မြတ် တို့သည် သိတော်မူအပ် မြင်တော်မူအပ် ရတော်မူအပ် ရောက်တော်မူအပ်သည့် မသေရာ အမြိုက်နိဗ္ဗာန် တရားတော်မြတ်ကို ရောက်ရ ရရပါလို၏။
၅။ ဘုရားတပည့်တော်၏ ကိုယ်ရနံ့သည်လည်းကောင်း, အရောင်အဆင်းသည်လည်းကောင်း ဤပဒုမ္မာ ကြာပန်းနှင့် တူသည်သာလျှင် ဖြစ်ရပါလို၏။
ဘဝကို နာကြည်းချက်ဖြင့် တောင်းထားသော ဆုများပင် ဖြစ်ပေသည်။ ထိုဆုတောင်းခန်းတွင် ----
၁။ ပဒုမ္မာကြာပန်းကဲ့သို့ လူအများအပေါင်း၏ ချစ်ခင်မြတ်နိုးအပ်သူ, ပဒုမ္မာကြာပန်းအတွင်း၌ ပဋိသန္ဓေ တည်နေရသူ, အဆုံးဘဝ၌ အမြိုက်နိဗ္ဗာန်ကို ရနိုင်သူ, ပဒုမ္မာကြာပန်း၏ အဆင်းအနံ့နှင့် တူသူ ယောက်ျား ဟု အသိမှားခြင်းသဘောကား အဝိဇ္ဇာတည်း။
၂။ ယင်းယောက်ျားဘဝကို တွယ်တာတပ်မက်ခြင်းသဘောကား တဏှာတည်း။
၃။ ယင်းယောက်ျားဘဝသို့ စိတ်ကပ်ရောက် စွဲနေခြင်းသဘောကား ဥပါဒါန်တည်း။
၄။ အရှင်ပစ္စေကဗုဒ္ဓါဘုရားရှင်အား ပဒုမ္မာကြာပန်းနှင့် ဆွမ်းလှူဒါန်းသည့် ကုသိုလ်စေတနာအုပ်စုကား သင်္ခါရတည်း။
၅။ ယင်းကုသိုလ်စေတနာအုပ်စု၏ စွမ်းအင်သတ္တိကား ကံတည်း။
ဤသို့လျှင် အကြောင်းတရားငါးပါး စုံညီသွားပေသည်။ ယင်းအကြောင်းတရားများကြောင့် လူ့ပြည် နတ်ပြည်တို့၌ စုန်ဆန်ကျင်လည်ရာဝယ် ပဒုမ္မာကြာပန်းအတွင်း၌သာ ပဋိသန္ဓေတည်နေရသူ ဖြစ်ခဲ့ရ၏။ နောက်ဆုံးဘဝတွင်လည်း လူ့ပြည် လူ့လောကဝယ် မင်းဥယျာဉ်တော် ရေကန်အတွင်း၌ ပေါက်ရောက် တည်ရှိသော ပဒုမ္မာကြာပန်း၏ အတွင်း၌သာ ပဋိသန္ဓေတည်နေရသူ ဖြစ်လာရ၏၊ မဟာပဒုမမင်းသားဟု ရှင်ဘုရင့်သားတော် ဖြစ်လာရ၏၊ လူများအပေါင်း၏ ချစ်ခင်မြတ်နိုးမှုကို ခံယူခဲ့ရ၏၊ ပဒုမ္မာကြာပန်း၏ အဆင်းနှင့် တူသူ ပဒုမ္မာကြာပန်း၏ အနံ့နှင့် တူသော ကိုယ်ရနံ့ရှိသူ ဖြစ်လာရ၏။ နောက်ဆုံး ပစ္စေကဗောဓိဉာဏ်ကို ရရှိသွားတော်မူ၏။ မသေရာ အမြိုက်နိဗ္ဗာန်တရားကို မျက်မှောက်ပြုသွားတော်မူ၏။
စိတ်ဆန်းကြယ်ခြင်းကြောင့် ကံဆန်းကြယ်၏၊ ကံဆန်းကြယ်ခြင်းကြောင့် သတ္တဝါတို့ ဆန်းကြယ်ကြောင်း သက်သေသာဓကများပင် ဖြစ်ကြ၏။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ ဟူသောအမည်ချင်း တူညီသော်လည်း အဝိဇ္ဇာချင်း, တဏှာချင်း, ဥပါဒါန်ချင်း, သင်္ခါရ ကံချင်း မတူညီပုံနှင့် အကျိုးဝိပါက်ချင်းလည်း မတူညီပုံ သက်သေသာဓကများတည်း။
__________