နိဗ္ဗာနဂါမိနိပဋိပဒါ-တတိယတွဲ/အဝိဇ္ဇာပစ္စယာသင်္ခါရာ
အဝိဇ္ဇာပစ္စယာ သင်္ခါရာ
အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်၏။
ပစ္စယော ဟောတိ ပုညာနံ၊ ဒုဝိဓာနေကဓာ ပန။
ပရေသံ ပစ္ဆိမာနံ သာ၊ ဧကဓာ ပစ္စယော မတာ။ (အဘိ၊ဋ္ဌ၊၂၊၁၃၉။)
၁။ အဝိဇ္ဇာသည် ပုညာဘိသင်္ခါရအား အာရမ္မဏပစ္စယသတ္တိ ဥပနိဿယပစ္စယသတ္တိ နှစ်မျိုးဖြင့် ဖြစ်ပေါ် လာအောင် ကျေးဇူးပြုပေး၏။
၂။ အဝိဇ္ဇာသည် အပုညာဘိသင်္ခါရအား များစွာသော ပစ္စယသတ္တိဖြင့် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေး၏။
၃။ အဝိဇ္ဇာသည် အာနေဉ္ဇာဘိသင်္ခါရအား ဥပနိဿယပစ္စယသတ္တိ တစ်မျိုးတည်းဖြင့်သာလျှင် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေး၏။
ပုညာဘိသင်္ခါရ
တထာ အဝိဇ္ဇာသမ္မူဠှတ္တာ ကာမဘဝရူပဘဝသမ္ပတ္တိယော ပတ္ထေတွာ တာနေဝ ပုညာနိ ကရောန္တဿ။ (အဘိ၊ဋ္ဌ၊၂၊၁၃၉။ ဝိသုဒ္ဓိ၊၂၊၁၇၃။)
= အဝိဇ္ဇာဖြင့် ပြင်းစွာတွေဝေသည့် အတွက်ကြောင့် ကာမဘဝသမ္ပတ္တိ, ရူပဘဝသမ္ပတ္တိတို့ကို လိုလား တောင့်တ၍ ထိုကာမာဝစရပုညာဘိသင်္ခါရ, ရူပါဝစရပုညာဘိသင်္ခါရတို့ကို ပြုစုပျိုးထောင်သော ပုဂ္ဂိုလ်၏သန္တာန်၌ အဝိဇ္ဇာသည် ယင်းနှစ်မျိုးကုန်သော ကာမာဝစရပုညာဘိသင်္ခါရ, ရူပါဝစရပုညာဘိသင်္ခါရတို့အား အားကြီးသော မှီရာအကြောင်းဟူသော ဥပနိဿယပစ္စယသတ္တိဖြင့် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေး၏။ (အဘိ၊ဋ္ဌ၊၂၊၁၃၉၊၊)
အသင်သူတော်ကောင်းသည် (၂၄)ပစ္စည်းများကို မရှင်းပြမီ ရှေးပိုင်းက ပုံစံထုတ်ပြခဲ့သော ဥဒါဟရုဏ် တစ်ခုကို ပြန်လည်၍ အာရုံယူကြည့်ပါ။
ပုံစံ --- အမျိုးသားဘဝဖြင့် မိဘကို ကျေကျေနပ်နပ် ပြုစုလုပ်ကျွေးခွင့်ကို မရရှိနိုင်သဖြင့် အမျိုးသမီး ဘဝဖြင့် မိဘကို ကျေကျေနပ်နပ် ပြုစုလုပ်ကျွေးခွင့်ကို ရရှိနိုင်သည့်အတွက် အမျိုးသမီးဘဝကို ရရှိရန်ဟူသော ရည်ရွယ်ချက်ဖြင့် ဥပုသ်သီတင်း စောင့်သုံးခြင်း သီလကုသိုလ် = ကာမာဝစရပုညာဘိသင်္ခါရကို် ပြုစုပျိုးထောင် ခဲ့၏။ ယင်းပုညာဘိသင်္ခါရကြောင့် ဤဘဝတွင် အမျိုးသမီးဘဝကို ရရှိခဲ့၏။
ဤပုံစံ၌ အမျိုးသမီးဟု အသိမှားခြင်းသဘောကား အဝိဇ္ဇာတည်း။ ယင်းအမျိုးသမီးဘဝကို တွယ်တာ တပ်မက်မှုသဘောကား တဏှာတည်း။ ယင်းအမျိုးသမီးဘဝသို့ စိတ်ကပ်ရောက် စွဲနေမှုသဘောကား ဥပါဒါန် တည်း။ ယင်းအဝိဇ္ဇာဖြင့် ပြင်းစွာ တွေဝေမိသည့်အတွက် သီလကုသိုလ်တည်းဟူသော ကာမာဝစရပုညာဘိသင်္ခါရကို ပြုစုပျိုးထောင်ခဲ့၏။ ယင်းအမျိုးသမီးဟု အသိမှားမှုအဝိဇ္ဇာက ယင်းသီလကုသိုလ် ကာမာဝစရပုညာဘိသင်္ခါရအား ဖြစ်ပေါ်လာအောင် ပကတိအားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေး၏။
အကယ်၍သာ အမျိုးသမီးဟု အသိမှားမှု အဝိဇ္ဇာတရား ထင်ရှားမရှိခဲ့လျှင် ယင်းအမျိုးသမီးဘဝကို ရလိုကြောင်း ဦးတည်ချက်ဖြင့် သီလစောင့်သုံးခြင်း ကာမာဝစရပုညာဘိသင်္ခါရကို ပြုစုပျိုးထောင်မည်ကား မဟုတ် ပေ။ မိဘကို ကျေကျေနပ်နပ် ပြုစုလုပ်ကျွေးခွင့် ရရှိနိုင်သည့် အမျိုးသမီးဟု အသိမှားမှု အဝိဇ္ဇာတရား ထင်ရှား ရှိနေသောကြောင့်သာလျှင် ယင်းအမျိုးသမီးဘဝကို တွယ်တာတပ်မက်မှု စွဲလမ်းမှုများလည်း ဖြစ်လာ၏၊ သီလကုသိုလ် ကာမာဝစရပုညာဘိသင်္ခါရကိုလည်း ပြုစုပျိုးထောင်ခဲ့ခြင်း ဖြစ်၏။ ထိုကြောင့် အဝိဇ္ဇာသည် သင်္ခါရ၏ အားကြီးသော မှီရာ ဥပနိဿယ အကြောင်းတရား တစ်ခုဖြစ်ရပေသည်။
ရှုကွက်မှာ ဤသို့ဖြစ်
အသင်သူတော်ကောင်းသည် အထက်ပါပုံစံကို နည်းမှီး၍ အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံတို့ကို ရှာဖွေပါ။ ထိုတွင် အဝိဇ္ဇာ-တဏှာ-ဥပါဒါန် တို့ကား ကိလေသဝဋ်တည်း၊ သင်္ခါရ-ကံတို့ကား ကမ္မဝဋ်တည်း။ မနောဒွါရဝီထိတို့သာ ဖြစ်ကြ၏။ အသင်သူတော်ကောင်းသည် ကိလေသဝဋ် မနောဒွါရဝီထိ နာမ်တရားစုကြောင့် ကမ္မဝဋ် မနောဒွါရဝီထိနာမ်တရားစုတို့ ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍--
အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရဖြစ်၏။
အဝိဇ္ဇာက အကြောင်းတရား၊ သင်္ခါရက အကျိုးတရား။
ဤသို့လျှင် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။
ယင်းကိလေသဝဋ် မနောဒွါရဝီထိများမှာလည်း ဝီထိပေါင်းများစွာ ဖြစ်နိုင်၏၊ ကမ္မဝဋ် မနောဒွါရဝီထိများ မှာလည်း မနောဒွါရဝီထိပေါင်းများစွာ ဖြစ်နိုင်၏။ ယင်းကိလေသဝဋ် မနောဒွါရဝီထိနှင့် ကမ္မဝဋ် မနောဒွါရဝီထိ တို့မှာ ဝီထိပေါင်း များစွာသော်လည်း ခြားနိုင်၏။ ဤသို့သော အရာမျိုး၌ ကိလေသဝဋ်တွင် အကျုံးဝင်သော အဝိဇ္ဇာကို အားကြီးသောမှီရာပြု၍ သီလကုသိုလ် ကာမာဝစရပုညာဘိသင်္ခါရကို ပြုစုပျိုးထောင်ခဲ့သဖြင့် ယင်း အဝိဇ္ဇာက ယင်းပုညာဘိသင်္ခါရအား ပကတိ အားကြီးသော မှီရာ အကြောင်းတရား --- ဟူသော ပကတူပနိဿယ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးသည်ဟု ဆိုပေသည်။ ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ သေသေချာချာ ရှုပါ။ အကယ်၍ အသင်သူတော်ကောင်းသည် အတိတ်ဘဝတစ်ခုတွင် ဗြဟ္မာ့ပြည်သို့ ရောက်ရှိခဲ့ဖူးသည် ဖြစ်အံ့၊ ထိုအခါတွင် အောက်ပါပုံစံကို နည်းမှီး၍ ရှုပါ။
အခြားပုံစံတစ်ခု
ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးကား သာသနာပ အခါကာလ အတိတ်ဘဝတစ်ခုတွင် ရသေ့သူတော်စင် ဘဝဖြင့် တောထွက်ကာ ဗြဟ္မာ့ချမ်းသာကို ရည်ရွယ်တောင့်တ၍ အရိုးစုကမ္မဋ္ဌာန်းကို ဆရာသမား၏ ညွှန်ကြားချက်ဖြင့် အားထုတ်ခဲ့၏။ ပထမစျာန်သမာဓိကို ရခဲ့၏။ ယင်းပထမစျာန်ကို အမြတ်စား ပဏီတစျာန်ဖြစ်အောင် ပွားများခဲ့၏။ ရူပါဝစရပုညာဘိသင်္ခါရကို ပြုစုပျိုးထောင်ခဲ့ခြင်းပင် ဖြစ်၏။ ယင်းပထမစျာန် ရူပါဝစရ ပုညာဘိသင်္ခါရကြောင့် မဟာဗြဟ္မာဘုံသို့ ရောက်ခဲ့၏။
ဤပုံစံ၌ ဗြဟ္မာဟု အသိမှားခြင်း, ယင်းဗြဟ္မာဘဝကို တွယ်တာတပ်မက်ခြင်း, ယင်းဘဝသို့ စိတ်ကပ်ရောက် စွဲနေခြင်းဟူသော အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့ကြောင့် အရိုးစုကမ္မဋ္ဌာန်းဖြင့် ရူပါဝစရပထမစျာန် ပုညာဘိသင်္ခါရ ကို ပြုစုပျိုးထောင်ခဲ့၏။ ယင်းအဝိဇ္ဇာက ယင်းရူပါဝစရပုညာဘိသင်္ခါရအား ပကတိအားကြီးသောမှီရာ အကြောင်း တရားဟူသော ပကတူပနိဿယပစ္စယသတ္တိဖြင့် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေး၏။
အခြားပုံစံတစ်ခု
ယောဂီတစ်ဦးကား သူတော်စင်ယောက်ျားဘဝဖြင့် တောထွက်ကာ တေဇောကသိုဏ်းကို ပွားခဲ့၏။ သာသနာပအချိန်ကာလပင် ဖြစ်၏။ ပထမစျာန်ကို ရခဲ့၏။ ယင်းပထမစျာန်ကို အလတ်စား မဇ္ဈိမစျာန်ဖြစ်အောင် ပွားခဲ့၏။ ကွယ်လွန်သည့်အခါ ဗြဟ္မပုရောဟိတာဘုံသို့ ဆိုက်ရောက်ခဲ့၏။ ဤ၌ ဗြဟ္မာဘဝသမ္ပတ္တိ၌ ပြင်းစွာ တွေဝေလျက် အစွဲကြီး စွဲနေသည့် အဝိဇ္ဇာ (တဏှာ-ဥပါဒါန်)က အားကြီးသော မှီရာ အကြောင်းတရားဟူသော ပကတူပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးလိုက်သဖြင့် တေဇောကသိုဏ်း ပထမစျာန်ပုညာဘိသင်္ခါရကို ပြုစုပျိုးထောင်ခဲ့၏။
အကယ်၍ အသင်သူတော်ကောင်းသည် အဝိဇ္ဇာကို ကျော်လွှားလွန်မြောက်ရန်ဟူသော ရည်ရွယ်ချက် ဖြင့်ပင် ဒါန သီလ ဘာဝနာမှုတို့ကို ပြုစုပျိုးထောင်ခဲ့သည် ဖြစ်အံ့၊ ရူပါဝစရစျာန်တို့ကို ဖြစ်စေခဲ့သည် ဖြစ်အံ့၊ ယင်းအဝိဇ္ဇာက ယင်းကာမာဝစရပုညာဘိသင်္ခါရ, ရူပါဝစရပုညာဘိသင်္ခါရတို့အား ပကတိအားကြီးသော မှီရာ အကြောင်းတရားဟူသော ပကတူပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေး၏။ ကောင်းမှုကုသိုလ်တစ်ခုခုကို ပြုရာ၌ ---- ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု = ဤကောင်းမှုသည် အာသဝေါတရားလေးပါးတို့၏ ကုန်ရာ ကုန်ကြောင်း ဖြစ်သည့် အရဟတ္တမဂ်ဉာဏ်ကို ရွက်ဆောင်နိုင်သည် ဖြစ်ပါစေသား ---- ဟူသော ဆုတောင်း ပန်ထွာမှုကို ပြုလျက် ကုသိုလ်သင်္ခါရကို ပြုစုပျိုးထောင်ခြင်းမျိုးတည်း။ အကယ်၍ အသင်သူတော်ကောင်းသည် အတိတ်ဘဝတွင် ရုပ်- နာမ်-ကြောင်း-ကျိုး (= သင်္ခါရတရား)တို့ကို လက္ခဏာယာဉ်သုံးချက်သို့တင်၍ တွင်တွင်ကြီး ဝိပဿနာ ရှုပွား သုံးသပ်ခဲ့ဖူးသည် ဖြစ်ငြားအံ့၊ ယင်းသင်္ခါရတရားတို့တွင် အကျုံးဝင်သော အဝိဇ္ဇာကိုလည်း (= အဝိဇ္ဇာနှင့်တကွသော ကိလေသဝဋ် မနောဒွါရိကဇောဝီထိစိတ်အစဉ်ကိုလည်း) အာရုံယူ၍ ကုန်တတ် ပျက်တတ်သော ခယ-ဝယ သဘောအားဖြင့် အနိစ္စစသည်ဖြင့် ဝိပဿနာရှုပွားသုံးသပ်ခဲ့ဖူးသည် ဖြစ်ငြားအံ့ --
သာ ဟိ အဝိဇ္ဇံ ခယတော ဝယတော သမ္မသနကာလေ ကာမာဝစရာနံ ပုညာဘိသင်္ခါရာနံ အာရမ္မဏပစ္စယေန ပစ္စယော ဟောတိ။ (အဘိ၊ဋ္ဌ၊၂၊၁၃၉။ ဝိသုဒ္ဓိ၊၂၊၁၇၃။)
ထိုဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော အဝိဇ္ဇာက ဝိပဿနာဉာဏ်ပြဓာန်းသော ကာမာဝစရပုညာဘိသင်္ခါရတို့အား အာရမ္မဏပစ္စယသတ္တိဖြင့် အာရုံအကြောင်းတရားအဖြစ် ရပ်တည်၍ ကျေးဇူးပြုပေး၏။ အဝိဇ္ဇာကို အာရုံယူ၍ ဝိပဿနာရှုနိုင်သောကြောင့်သာ အဝိဇ္ဇာ၏ ခယ ဝယသဘောကို ဉာဏ်ဖြင့် ထွင်းဖောက်သိလျက် ဝိပဿနာရှုပွား သုံးသပ်နိုင်ခဲ့ခြင်း ဖြစ်၏။ အကယ်၍ အဝိဇ္ဇာကို အာရုံမယူခဲ့သော်လည်းကောင်း, အာရုံယူသော်လည်း အဝိဇ္ဇာကို ထိုးထွင်း မသိခဲ့လျှင်သော်လည်းကောင်း ထိုအဝိဇ္ဇာ၏ ခယ ဝယသဘောကို အာရုံပြု၍ ဝိပဿနာဉာဏ်များ ဖြစ်ခွင့်ရှိနိုင်မည်ကား မဟုတ်ပေ။ ထိုအဝိဇ္ဇာကို အာရုံယူနိုင်ပါမှ, ထိုအဝိဇ္ဇာကို ဃနပြိုအောင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ထိုးထွင်း သိမြင်ပါမှ ထိုအဝိဇ္ဇာ၏ ခယ ဝယသဘောကို ဉာဏ်ဖြင့် ထွင်းဖောက်သိမြင်နိုင်ပါမှသာလျှင် ထိုအဝိဇ္ဇာကို အာရုံပြု၍ ဝိပဿနာဉာဏ်များ ဖြစ်နိုင်ခဲ့မည် ဖြစ်ပေသည်။ ထိုကြောင့် ထိုအဝိဇ္ဇာက ဝိပဿနာဉာဏ်ပြဓာန်းသည့် ကာမာဝစရပုညာဘိသင်္ခါရအား ဖြစ်ပေါ်လာအောင် အာရုံအကြောင်းတရားအဖြစ် ရပ်တည်၍ ကျေးဇူးပြု၏ဟု ဆိုခြင်းဖြစ်၏။
အကယ်၍ အသင်သူတော်ကောင်းသည် အတိတ်ဘဝကဖြစ်စေ, ဤဘဝ၌ပင်ဖြစ်စေ အဘိညာဏ်အမျိုးမျိုးတို့ကို ရရှိခဲ့ဖူးသည် ဖြစ်အံ့, ရရှိသည် ဖြစ်အံ့၊ စေတောပရိယဉာဏ်, ပုဗ္ဗေနိဝါသဉာဏ်, အနာဂတံသဉာဏ် ဟူသော အဘိညာဏ်စိတ်ဖြင့် အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ စသည်အားဖြင့် ပြားသော မောဟ (= အဝိဇ္ဇာ)နှင့် တကွသော သမောဟစိတ်ကို ဃနပြိုအောင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ထိုးထွင်းသိခဲ့ သည် ဖြစ်အံ့၊ ထိုးထွင်းသိသည် ဖြစ်အံ့၊ ထိုအဝိဇ္ဇာက ရူပါဝစရပုညာဘိသင်္ခါရတို့အား ဖြစ်ပေါ်လာအောင် အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေး၏။ (အဘိ၊ဋ္ဌ၊၂၊၁၃၉။ ဝိသုဒ္ဓိ၊၂၊၁၇၃။)
အာနေဉ္ဇာဘိသင်္ခါရ
အကယ်၍ အသင်သူတော်ကောင်းသည် အတိတ်ဘဝ တစ်ခုခု၌ အရူပဗြဟ္မာပြည်သို့ ရောက်ကြောင်း ဖြစ်သည့် အရူပစျာန်တို့ကို အရူပဗြဟ္မာဘဝကို ရရှိရန်ဟူသော ဦးတည်ချက်ဖြင့် ရအောင် ကြိုးစားအားထုတ်ခဲ့ဖူးသည် ဖြစ်အံ့၊ အရူပစျာန်များကို ရရှိခဲ့၍ အရူပဗြဟ္မာပြည်သို့လည်း ရောက်ရှိခဲ့ဖူးသည် ဖြစ်အံ့၊ ယင်းအရူပစျာန်ဟူသော အာနေဉ္ဇာဘိသင်္ခါရအား အရူပဗြဟ္မာဘဝဟု အသိမှားသော အဝိဇ္ဇာက အားကြီးသော မှီရာ အကြောင်းတရားဟူသော ပကတူပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေး၏။
သတိပြုရန် ---- အသင်သူတော်ကောင်းသည် အတိတ်ဘဝ အဆက်ဆက်သို့ ဉာဏ်ကို စေလွှတ်၍ အကြောင်းတရားအဆက်ဆက် အကျိုးတရားအဆက်ဆက်ကို ရှာဖွေရာ၌ လေးဘဝ ငါးဘဝစသည့် အတိတ်ဘဝ အနည်းငယ်အတွင်း၌ ယင်း ရူပါဝစရ ပုညာဘိသင်္ခါရနှင့် အရူပါဝစရ အာနေဉ္ဇာဘိသင်္ခါရတရားတို့ကို ရှာဖွေ၍ မတွေ့ရှိသည်ဖြစ်အံ့၊ မတွေ့တွေ့အောင် အတိတ်အဆက်ဆက်သို့ ဉာဏ်ကို စေလွှတ်၍ အထူးတလည် ရှာဖွေရန် မလိုဟု ဤကျမ်းက ယူဆပေသည်။ အကြောင်းမူ သာဝကပါရမီဉာဏ် အရာဝယ် ---- ကံ-ကံ၏ အကျိုးကို တစ်စိတ်တစ်ဒေသမျှ သိလျှင်လည်း ဤပစ္စယပရိဂ္ဂဟဉာဏ်သည် ပြီးပြည့်စုံနိုင်သောကြောင့်ပင် ဖြစ်သည်။ (ဝိသုဒ္ဓိ၊ ၂၊၂၃၇။ မဟာဋီ၊၂၊၃၈၀။)သို့သော် အသင်သူတော်ကောင်းသည် နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းဖြစ်သည့် ဝိဇ္ဇာမျိုးစေ့ကောင်း, စရဏမျိုးစေ့ကောင်းတို့ကို ကြဲချစိုက်ပျိုးခဲ့ရာ ပြုစုပျိုးထောင်ခဲ့ရာ အတိတ်ဘဝများအထိ အကြောင်းတရား အကျိုးတရားတို့ကိုကား သိမ်းဆည်းသင့်ပေသည်။ ထိုသို့ သိမ်းဆည်းနိုင်ပါမှသာလျှင် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ရရှိနိုင်မည်ဟူ၍ကား မဆိုလိုပါ။ ပါရမီမျိုးစေ့ကောင်းတို့၏ အရှိန်အဝါ သတ္တိထူးကို နားလည်သဘောပေါက်နိုင်ရန် ဉာဏ်ကွန့်မြူးနိုင်ရန် အတွက်သာ ဖြစ်ပါသည်။
အပုညာဘိသင်္ခါရ
အကယ်၍ အသင်သူတော်ကောင်းသည် အတိတ်ဘဝအဆက်ဆက်သို့ ဉာဏ်ကို စေလွှတ်၍ အကြောင်း တရား အကျိုးတရားတို့ကို သိမ်းဆည်းရာ၌ အဝိဇ္ဇာကို အာရုံပြု၍ ရာဂ, ဒိဋ္ဌိ, ဝိစိကိစ္ဆာ, ဥဒ္ဓစ္စ, ဒေါမနဿတရားတို့ ဖြစ်ခဲ့သည်ကို ဉာဏ်ဖြင့် တွေ့မြင်သည် ဖြစ်အံ့၊ ---- ယင်းအဝိဇ္ဇာက ယင်းရာဂစသည့် ကိလေသာ အပုညာဘိသင်္ခါရတို့အား အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပုံကို ဉာဏ်ဖြင့်မြင်အောင် ဆက်ရှုပါ။ (အဘိ၊ဋ္ဌ၊၂၊၁၃၉။)
ယင်းရာဂစသော အပုညာဘိသင်္ခါရတရားတို့ကား အဝိဇ္ဇာနှင့် အမြဲယှဉ်လျက် ရှိသောကြောင့် အဝိဇ္ဇာနှင့် ယှဉ်သော ရာဂစသည်တို့ကို သာယာသော ကာလတို့၌ အဝိဇ္ဇာကို အာရုံပြု၍ ရာဂစသော အပုညာဘိသင်္ခါရ တရားတို့၏ ဖြစ်ပုံကို သိသင့်ပေသည်။ (မူလဋီ၊၂၊၂၈၉။)
ဥပမာ ---- အသင်သူတော်ကောင်းသည် မိမိပိုင်ဆိုင်သည့် ရွှေပုံများကို ကြည့်၍ သာယာမှု ဖြစ်နေသည် ဆိုပါစို့။ ထိုသာယာမှု ရာဂတရား၌ ရွှေဟု အသိမှားမှု အဝိဇ္ဇာကား ယှဉ်တွဲလျက်ရှိ၏။ တစ်ဖန် ထိုရွှေအာရုံပေါ်၌ သာယာတပ်မက်နေသည့် ရာဂကိုပင် အာရုံပြု၍ နောက်ထပ် ရာဂ ထပ်ဖြစ်နေသည် ဖြစ်အံ့၊ ပထမ သာယာ တပ်မက်မှုကို အာရုံပြု၍ နောက်ထပ် သာယာတပ်မက်မှု ထပ်ဖြစ်နေသည် ဖြစ်အံ့၊ ပထမ သာယာတပ်မက်မှု ရာဂမှာ ရွှေဟု အသိမှားမှု အဝိဇ္ဇာနှင့် ယှဉ်တွဲနေသဖြင့် ယင်းရာဂကို တစ်ဖန် ပြန်၍ သာယာမှုသည် ယင်းရာဂနှင့် ယှဉ်သည့် အဝိဇ္ဇာကိုလည်း အာရုံပြု၍ သာယာမှုပင် ဖြစ်၏။ အကြောင်းမူ ရာဂသည် အဝိဇ္ဇာနှင့် အမြဲ ယှဉ်တွဲလျက် ရှိသောကြောင့် ဖြစ်၏။ ရွှေဟု အသိမှားမှု ပြင်းစွာတွေဝေမှုကို အကြောင်းခံ၍ ငါ့ရွှေ - ငါ့ရွှေဟု သာယာ တပ်မက်မှု ရာဂဖြစ်၏။ ငါ့ရွှေ - ငါ့ရွှေဟု သာယာတပ်မက်မှုကို အကြောင်းခံ၍ နောက်ထပ် ငါ့ရွှေ - ငါ့ရွှေ ဟု သာယာတပ်မက်မှုများ အထပ်ထပ်ဖြစ်နေ၏။ ယင်းသာယာတပ်မက်မှုတို့၌ ငါ - ဟု အသိမှားမှု ရွှေ - ဟု အသိမှားမှု အဝိဇ္ဇာကား ကပ်လျက်ပါနေ၏။ သို့အတွက် အဝိဇ္ဇာက ရာဂစသည့် ကိလေသာတို့ ဖြစ်ပေါ် လာအောင် အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏ဟု ဆိုရ၏။ ဒိဋ္ဌိ ဝိစိကိစ္ဆာ ဥဒ္ဓစ္စ ဒေါမနဿစသော ကိလေသာတို့ ဖြစ်ရာ၌လည်း နည်းတူပင် သဘောပေါက်ပါ။
အကုသလံ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဗ္ဘ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ၊ ဝိစိကိစ္ဆာ ဥပ္ပဇ္ဇတိ၊ ဥဒ္ဓစ္စံ ဥပ္ပဇ္ဇတိ၊ ဒေါမနဿံ ဥပ္ပဇ္ဇတိ၊ အကုသလေ နိရုဒ္ဓေ ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတိ။ (ပဋ္ဌာန၊၁၊၁၃၄၊၊)
= အကုသိုလ်ကို သာယာ၏ နှစ်သက်၏၊ ထိုအကုသိုလ်ကို အာရုံပြု၍ ရာဂသည်ဖြစ်၏၊ ဒိဋ္ဌိသည် ဖြစ်၏၊ ဝိစိကိစ္ဆာသည် ဖြစ်၏၊ ဥဒ္ဓစ္စသည် ဖြစ်၏၊ ဒေါမနဿသည် ဖြစ်၏၊ အကုသိုလ် ချုပ်သွားသော် ဝိပါက် တဒါရုံသည် ဖြစ်ပေါ်လာ၏။ (ပဋ္ဌာန၊၁၊၁၃၄။)
ပုထုဇန်တို့၏ သဘာဝကား မိမိဘဝကို မိမိ အလွန် သာယာတတ်၏၊ အကျေနပ်ကြီး ကျေနပ်တတ်ကြ၏။ ဖြီးလိမ်းပြင်ဆင်လို့ မဝနိုင် ဖြစ်တတ်ကြ၏။ မိမိ၏ သက်ရှိ သက်မဲ့ ကာမဝတ္ထုအစုစုအပေါ်၌ တွယ်တာမက်မော နေရသည်ကိုပင် မမောနိုင် မပန်းနိုင် ဖြစ်နေကြ၏။ အထုပ်ကို ခဏခဏ ဖြေကြည့်တတ်ကြ၏။ မြေးကို ချီပိုးလို့ မဝနိုင် ရှိတတ်ကြ၏။ ရှေးရှေးရာဂကို အကြောင်းပြု၍ နောက်နောက်ရာဂများ အထပ်ထပ်ပွားနေမှုတည်း။ ယင်းရှေးရှေးရာဂ၌လည်းကောင်း, နောက်နောက်ရာဂ၌လည်းကောင်း အသိမှားမှု အဝိဇ္ဇာကား ကပ်လျက် ပါနေ၏။ သို့အတွက် ရှေးရှေးရာဂကို သာယာတပ်မက်မှု ဖြစ်ရာ၌ ရှေးရှေးရာဂနှင့် တွဲနေသည့် အဝိဇ္ဇာကိုပါ သာယာတပ်မက်မှုလည်း ကပ်လျက်ပင် ပါဝင်နေပေသည်။ ထိုကြောင့် အဝိဇ္ဇာက ရာဂစသည့် အပုညာဘိသင်္ခါရတို့အား အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုနိုင်ခြင်း ဖြစ်၏။
ရာဂံ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိံဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။ (ပဋ္ဌာန၊၁၊၁၃၆-၁၃၇။)
= ရာဂကို အလေးအမြတ်ပြု၍ သာယာ၏ နှစ်သက်၏၊ ထိုရာဂကို အလေးအမြတ်ပြု၍ ရာဂသည် ဖြစ်၏၊ ဒိဋ္ဌိသည် ဖြစ်၏။ ဒိဋ္ဌိကို အလေးအမြတ်ပြု၍ သာယာ၏ နှစ်သက်၏၊ ထိုဒိဋ္ဌိကို အလေးအမြတ်ပြု၍ ရာဂသည် ဖြစ်၏၊ ဒိဋ္ဌိသည် ဖြစ်၏။ (ပဋ္ဌာန၊၁၊၁၃၇-၁၄၇။)
အဝိဇ္ဇာ ဖြစ်ရာ၌ ရာဂ ဒိဋ္ဌိတို့သည် ယှဉ်ကုန်သော်လည်း ရှိရာ၏၊ မယှဉ်ကုန်သော်လည်း ရှိရာ၏။ လောဘမူစိတ်၌ ရာဂယှဉ်နိုင်၏၊ ဒိဋ္ဌိဂတသမ္ပယုတ်စိတ်၌ ရာဂ ဒိဋ္ဌိ ယှဉ်နိုင်၏၊ ဒေါသမူစိတ် မောဟမူစိတ်တို့၌ ရာဂဒိဋ္ဌိတို့ မယှဉ်နိုင်။ အဝိဇ္ဇာကား အကုသိုလ်စိတ်အားလုံး၌ အမြဲယှဉ်လျက်ရှိ၏။ အဝိဇ္ဇာနှင့် ရာဂဒိဋ္ဌိ တို့သည် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ၍ ဖြစ်ကြသည်ဖြစ်စေ၊ စိတ္တက္ခဏခြား၍ ဝီထိခြား၍ တစ်ဝီထိစီ ဖြစ်ကြသည်ပင် ဖြစ်စေ၊ ရှေးရှေးဝီထိ၌ ရှိသော အဝိဇ္ဇာကို အာရုံယူ၍ နောက်နောက်ဝီထိ၌ ရာဂဒိဋ္ဌိစသည့် အပုညာဘိသင်္ခါရ ဖြစ်မှုကိုသာ ဤ၌ ရည်ရွယ်ရင်း ဖြစ်ပေသည်။
အသဟဇာတဿ ဥပနိဿယာဒိနာ သင်္ခါရဿ အဝိဇ္ဇာ ပစ္စယော ဟောတိ။ (အနုဋီ၊၂၊၁၀၇။)
စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ၍ မဖြစ်သော သဟဇာတမဟုတ်သော အဝိဇ္ဇာသည် သင်္ခါရအား ဥပနိဿယစသော ပစ္စယသတ္တိဖြင့် ဖြစ်ပေါ်လာအောင် ကျေးဇူးပြု၏။ (အနုဋီ၊၂၊၁၀၇။)
ဂရုံ ကတွာ အဿာဒနကာလေ အာရမ္မဏာဓိပတိအာရမ္မဏူပနိဿယေဟိ။ (အဘိ၊ဋ္ဌ၊၂၊၁၃၉။ ဝိသုဒ္ဓိ၊၂၊၁၇၃။)
ရိုးရိုး အာရမ္မဏပစ္စည်းတပ်သော အဝိဇ္ဇာကား နောက်နောက်သော ရာဂ ဒိဋ္ဌိတို့နှင့် ယှဉ်တွဲနေသည့် သဟဇာတ အဝိဇ္ဇာကား မဟုတ်၊ ရှေးရှေး ရာဂ ဒိဋ္ဌိတို့နှင့် ယှဉ်တွဲသည့် အဝိဇ္ဇာ သို့မဟုတ် ရာဂ ဒိဋ္ဌိတို့နှင့် မယှဉ်သည့် သဟဇာတမဟုတ်သည့် ရှေးရှေး အဝိဇ္ဇာသာ ဖြစ်၏။
ဤအာရမ္မဏာဓိပတိ အာရမ္မဏူပနိဿယပစ္စည်းတရားဖြစ်သော အဝိဇ္ဇာကား ရာဂ-ဒိဋ္ဌိတို့နှင့် ယှဉ်တွဲ လျက်ရှိသော အဝိဇ္ဇာသာတည်း။ အကြောင်းတရားဖြစ်သည့် အဝိဇ္ဇာဘက်၌လည်း ရာဂ ဒိဋ္ဌိယှဉ်လျက် ရှိ၏၊ အကျိုးတရား ဖြစ်သည့် ရာဂ ဒိဋ္ဌိဘက်၌လည်း အဝိဇ္ဇာယှဉ်လျက်ပင် ရှိ၏၊ သို့သော် အကြောင်းတရားတို့ကား ရှေးရှေးသော မနောဒွါရဝီထိများ ဖြစ်ကြ၍ အကျိုးတရားတို့ကား နောက်နောက်သော မနောဒွါရဝီထိများ ဖြစ်ကြ၏။ ဇောများမှာ နှစ်ဘက်လုံး၌ လောဘဒိဋ္ဌိအုပ်စု ဇောများသာတည်း။ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ စသည်ဖြင့် အသိမှားမှုသဘောကား အဝိဇ္ဇာတည်း။ ဤအာရမ္မဏာဓိပတိ အာရမ္မဏူပနိဿယ ပိုင်း၌ ယင်းအဝိဇ္ဇာကား ရာဂ ဒိဋ္ဌိတို့နှင့်သာ ယှဉ်တွဲလျက် ရှိ၏။
ဂရုံ ကတွာ အဿာဒနံ ရာဂဒိဋ္ဌိသမ္ပယုတ္တာယ ဧဝ အဝိဇ္ဇာယ ယောဇေတဗ္ဗံ။ (မူလဋီ၊၂၊၉၉။ မဟာဋီ၊၂၊၂၈၉။)
ယင်းယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာစသည့် ဘဝတစ်ခုကို တွယ်တာတပ်မက်မှု သဘောကား တဏှာ = ရာဂတည်း။ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာစသည်သည် တကယ် ထင်ရှားရှိ၏ဟု စွဲလမ်းယုံကြည်မှုသဘော ခံယူချက်မှားမှုသဘောကား ဒိဋ္ဌိတည်း။ ရာဂနှင့် မကွေမကွာ ယှဉ်တတ်သော သဘောတရားတစ်ခုပင် ဖြစ်၏။
ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာစသည့် ဘဝတစ်ခုကို သာယာတပ်မက်မှု ရာဂကို အလေးအမြတ်ပြု၍ သာယာနှစ်သက်လျှင် ယင်းရာဂနှင့် ယှဉ်တွဲနေသည့် အဝိဇ္ဇာကိုလည်း သာယာတပ်မက်မှု သည် အကျုံးဝင်သွား၏။ သို့အတွက် ယင်းရှေးရှေးရာဂကို တစ်နည်းဆိုသော် ယင်းရှေးရှေးရာဂနှင့် တကွသော အဝိဇ္ဇာကို အလေးအမြတ်ပြု၍ သာယာလျှင် နှစ်သက်လျှင် နောက်နောက်သော ရာဂသည် ဖြစ်ပေါ်လာ၏၊ ဒိဋ္ဌိသည် ဖြစ်ပေါ်လာ၏။ ယင်း ရှေးရှေးသော ရာဂနှင့် တကွသော အဝိဇ္ဇာက နောက်နောက်သော ရာဂ ဒိဋ္ဌိအား အာရမ္မဏာဓိပတိ အာရမ္မဏူပနိဿယပစ္စယသတ္တိတို့ဖြင့် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေး၏။ တစ်နည်း ဆိုရသော် ----
ရှေးရှေးသော ရာဂ-ဒိဋ္ဌိ-အဝိဇ္ဇာတို့နှင့် တကွသော မနောဒွါရိကဇောဝီထိက နောက်နောက်သော ရာဂဒိဋ္ဌိ အဝိဇ္ဇာနှင့် တကွသော မနောဒွါရိကဇောဝီထိ စိတ်အစဉ်အား အာရမ္မဏာဓိပတိ အာရမ္မဏူပနိဿယပစ္စယသတ္တိတို့ဖြင့် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေး၏။ ဤသည်ကိုပင် အဝိဇ္ဇာက အပုညာဘိသင်္ခါရ အား အာရမ္မဏာဓိပတိ, အာရမ္မဏူပနိဿယပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု၏ဟု ခေါ်ဆိုသည်။
တစ်ဖန် ဘဝ၏အပြစ်ကို ဖုံးလွှမ်းတတ်သော အဝိဇ္ဇာဖြင့် ပြင်းစွာတွေဝေသည်၏ အဖြစ်ကြောင့် အကုသိုလ် ဒုစရိုက်တို့၏ အပြစ်ကို ရှုလေ့မရှိသည့်အတွက် မမြင်နိုင်ရကား ပါဏာတိပါတစသော အကုသိုလ် ဒုစရိုက်တို့ကို ပြုကျင့်သော ပုဂ္ဂိုလ်၏သန္တာန်ဝယ် ယင်းအဝိဇ္ဇာက ယင်းအကုသိုလ် ဒုစရိုက်တို့ကို လွန်ကျူးကြောင်းဖြစ်သည့် အပုညာဘိသင်္ခါရအား ပကတိအားကြီးသောမှီရာ အကြောင်းတရားဟူသော ပကတူပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ ပါဏာတိပါတ, အဒိန္နာဒါနစသည့် ဒုစရိုက်အားလုံးတို့ကို လွန်ကျူးကြောင်းဖြစ်သည့် အကုသိုလ်တရား အားလုံးတို့အားပင် အဝိဇ္ဇာက ပကတူပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုလျက်ပင် ရှိ၏။ (ပဋ္ဌာန၊၁၊၁၄၈။) (အဘိ၊ဋ္ဌ၊၂၊၁၃၉။) တစ်ဖန် ယင်းအဝိဇ္ဇာကို အကြောင်းပြု၍ အပုညာဘိသင်္ခါရတို့ ဖြစ်ရာဝယ် အပုညာဘိသင်္ခါရတိုင်း၌လည်း အဝိဇ္ဇာ = မောဟပါဝင်လျက်ရှိရာ ယင်းအဝိဇ္ဇာတို့တွင် ပထမဇော စသော ရှေးရှေးသောဇောနှင့် ယှဉ်သော အဝိဇ္ဇာက ဒုတိယဇောစသော အကုသိုလ် အပုညာဘိသင်္ခါရတို့အား အနန္တရ သမနန္တရ အနန္တရူပနိဿယ အာသေဝန နတ္ထိ ဝိဂတပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေး၏။ (အဘိ၊ဋ္ဌ၊၂၊၁၃၉။ ဝိသုဒ္ဓိ၊၂၊၁၇၃။)
တစ်ဖန် အမှတ်မထား တစ်ပါးပါးသော အကုသိုလ်ကို ပြုလုပ်သော ပုဂ္ဂိုလ်၏ သန္တာန်ဝယ် အကုသိုလ် ဇောတိုင်း = အပုညာဘိသင်္ခါရတိုင်း၌ အဝိဇ္ဇာပါဝင်လျက် ရှိ၏။ ယင်းအဝိဇ္ဇာက အတူယှဉ်တွဲ ဖြစ်သည့် သမ္ပယုတ် အကုသိုလ် အပုညာဘိသင်္ခါရတရားစုအား ဟေတု သဟဇာတ အညမည နိဿယ သမ္ပယုတ္တ အတ္ထိ အဝိဂတ ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု၏။ (အဘိ၊ဋ္ဌ၊၂၊၁၃၉။ ဝိသုဒ္ဓိ ၊၂၊၁၇၃။)
သတိပြုရန်အချက်
အသင်သူတော်ကောင်းသည် ယခုလက်ရှိ ရရှိနေသော လူဘဝ၏ ဝိပါကဝဋ်တရားများမှာ ပဋိသန္ဓေ ဘဝင် စသည်တို့ကို ပဓာနထား၍ ပြောရလျှင် ကုသလဝိပါက်များသာ ဖြစ်ကြ၏။ ယင်းပဋိသန္ဓေ ဘဝင်စသည့် ကုသလဝိပါက်တရားတို့မှာ အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော ကာမာဝစရ ပုညာဘိသင်္ခါရကြောင့်သာ ဖြစ်ပေါ်လာ ကြရ၏။ သို့သော် ပဝတ္တိအခါ၌ကား ရံခါ ကုသလဝိပါက်, ရံခါ အကုသလဝိပါက်များလည်း ဖြစ်နိုင်၏။ ယင်း အကုသလဝိပါက်တို့ကား အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော အပုညာဘိသင်္ခါရကြောင့်သာ အဖြစ်များရကား အတိတ်ရုပ်နာမ်တို့ကို သိမ်းဆည်းသည့် အခါဝယ် ယင်းအပုညာဘိသင်္ခါရတို့ကိုပါ ကြိုးစား၍ သိမ်းဆည်းကြည့်ပါ။ တွေ့ခဲ့သော် အဝိဇ္ဇာကြောင့် ယင်းအပုညာဘိသင်္ခါရတို့ ဖြစ်ပေါ်လာပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ----
အဝိဇ္ဇာဖြစ်ခြင်းကြောင့် အပုညာဘိသင်္ခါရဖြစ်၏။
အဝိဇ္ဇာက အကြောင်းတရား အပုညာဘိသင်္ခါရကား အကျိုးတရား ဤသို့ အကြောင်းတရား အကျိုးတရား တို့ကို သိမ်းဆည်းပါ။
တစ်ဖန် အတိတ်အဆက်ဆက်သို့ ဉာဏ်ကို စေလွှတ်၍ အဝိဇ္ဇာကြောင့် အပုညာဘိသင်္ခါရဖြစ်ပုံကို လည်းကောင်း, ယင်းအပုညာဘိသင်္ခါရကြောင့် အပါယ်ပဋိသန္ဓေဝိညာဏ်စသည့် ဝိပါကဝဋ်တရားတို့ဖြစ်ပုံ စသည် တို့ကိုလည်းကောင်း ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို ဆက်လက် သိမ်းဆည်း နိုင်ပါသည်။
ဤပစ္စုပ္ပန်ဘဝကို ဗဟိုအလယ်ထား၍ ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို သိမ်းဆည်းရာ၌ ---- အဝိဇ္ဇာ သင်္ခါရာ အတီတော အဒ္ဓါ ---- ဟူသည်နှင့်အညီ အဝိဇ္ဇာနှင့် သင်္ခါရတို့ကား အတိတ်အဓွန့်ကာလတရားစုတို့ ဖြစ်ကြ၏။ သို့အတွက် အတိတ်ဘဝ သံသရာအဆက်ဆက်က ထူထောင်ခဲ့သည့် အဝိဇ္ဇာနှင့် ပုညာဘိသင်္ခါရ, အပုညာဘိသင်္ခါရ, အာနေဉ္ဇာဘိသင်္ခါရတို့ကိုသာ ဦးစားပေး၍ ပြောဆိုရေးသား တင်ပြနေခြင်း ဖြစ်ပါသည်။ ပဋိစ္စသမုပ္ပါဒ် အင်္ဂါ (၁၂)ရပ်တို့တွင် ----
၁။ အဝိဇ္ဇာ သင်္ခါရတို့ကား အတိတ် အဓွန့်ကာလတရားစုတို့တည်း။
၂။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝတို့ကား ပစ္စုပ္ပန် အဓွန့်ကာလတရားစုတို့တည်း။
၃။ ဇာတိ ဇရာမရဏတို့ကား အနာဂတ် အဓွန့်ကာလတရားစုတို့တည်း။
ဤအတိတ် ပစ္စုပ္ပန် အနာဂတ်တရားစုတို့၏ ကြောင်း-ကျိုးဆက်နွယ်မှု သဘောကို သိမ်းဆည်းပြီးသော အခါ အသင်သူတော်ကောင်းသည် အတိတ် အဆက်ဆက်သို့လည်းကောင်း အနာဂတ် အဆက်ဆက် ဆုံးသည်တိုင်အောင်လည်းကောင်း ဉာဏ်ကိုစေလွှတ်၍ သိမ်းဆည်းနိုင်ပါသည်။
ယခုလက်ရှိ ပစ္စုပ္ပန်ဘဝ ပဋိသန္ဓေစသော အချို့သော ဝိပါကဝဋ်တို့၏ အကြောင်းရင်း သင်္ခါရမှာ ကာမာဝစရပုညာဘိသင်္ခါရတရားသာ ဖြစ်ပါသည်။ ယခုအခါတွင် အသင်သူတော်ကောင်းသည် ယင်းကာမာဝစရ ပုညာဘိသင်္ခါရတရားနှင့်သာလျှင် ပဋိသန္ဓေဝိညာဏ်စသည့် ဝိပါကဝဋ် အချို့တို့ကို အကြောင်း-အကျိုး စပ်၍ သိမ်းဆည်းထားနှင့်ပါဦး။ အထက်ပါ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂)ရပ်လုံးကို ကြောင်း-ကျိုးဆက်စပ်လျက် သိမ်းဆည်းပြီးသောအခါ အတိတ်အဆက်ဆက်သို့ ဉာဏ်ကို စေလွှတ်၍ နည်းတူ သိမ်းဆည်းနိုင်ပါသည်။ ထိုအခါတွင် ရူပါဝစရ ပုညာဘိသင်္ခါရကြောင့် ရူပပဋိသန္ဓေဝိညာဏ်ဖြစ်ပုံ, အရူပါဝစရ အာနေဉ္ဇာဘိသင်္ခါရ ကြောင့် အရူပ ပဋိသန္ဓေဝိညာဏ်ဖြစ်ပုံ, အပုညာဘိသခါရကြောင့် အပါယ်ပဋိသန္ဓေဖြစ်ပုံစသည်တို့ကို ဉာဏ်ဖြင့် တွေ့မြင်သောအခါ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းနိုင်ပါသည်။ ပုညာဘိသင်္ခါရ အပုညာဘိသင်္ခါရ အာနေဉ္ဇာဘိသင်္ခါဟူသော သင်္ခါရသုံးမျိုးတို့တွင် သင်္ခါရတစ်မျိုးတည်းကသာလျှင် ဘဝတစ်ခု၌ ပဋိသန္ဓေဝိညာဏ်ကို ဖြစ်စေနိုင်ပေသည်။ ထိုကြောင့် ထိုက်သင့်ရာဘဝ၌ ထိုက်သင့်သည့် သင်္ခါရကြောင့် ထိုက်သင့်ရာ ပဋိသန္ဓေဝိညာဏ် ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရမည် ဖြစ်ပေသည်။ ဘဝတစ်ခု၌ သင်္ခါရ (၃)မျိုးလုံးက ပဋိသန္ဓေဝိညာဏ် တစ်မျိုးတည်းကို မဖြစ်စေနိုင်သည်ကိုကား သဘောပေါက်သင့်လေရာသည်။
သစ္စာလေးပါးကို လမ်းဆုံးအောင် မသိမမြင်သေးသမျှ ကာလပတ်လုံး, အရဟတ္တမဂ်တည်းဟူသော မွေးညှပ်ဖြင့် အဝိဇ္ဇာကို အမြစ်ကျွတ်အောင် မပယ်နှုတ်နိုင်သေးသမျှ ကာလပတ်လုံး အဝိဇ္ဇာကား ထင်ရှားရှိနေဦး မည်သာ ဖြစ်သည်။ အဝိဇ္ဇာကို အမြစ်ပြုတ်အောင် မပယ်နှုတ်နိုင်သေးသမျှကာလပတ်လုံး ခန္ဓာ အာယတန ဓာတ်တို့၏ အကြောင်းနှင့်အကျိုး ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေသည့် အစဉ်အတန်းဟု ခေါ်ဆိုအပ်သည့် သံသရာဝဋ်ဒုက္ခကို သုခဟု အမှတ်မှား၍ အသိမှား၍ အယူမှား၍ ထိုသံသရာဝဋ်ဆင်းရဲ၏ အကြောင်းရင်းစစ် ဖြစ်သော ပုညာဘိသင်္ခါရ, အပုညာဘိသင်္ခါရ, အာနေဉ္ဇာဘိသင်္ခါရတို့ကို ပြုစုပျိုးထောင်နေမည်သာ ဖြစ်ပေသည်။
အတိတ်ဘဝက အဝိဇ္ဇာ (တဏှာ ဥပါဒါန်)ဟူသော ကိလေသဝဋ်ကြောင့် အတိတ်ဘဝတွင် သင်္ခါရ (ကံ) ဟူသော ကမ္မဝဋ်ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင် လှမ်းရှု၍ --- အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရဖြစ်၏၊ အဝိဇ္ဇာက အကြောင်းတရား၊ သင်္ခါရက အကျိုးတရား --- ဟု ဤသို့ စသည်ဖြင့် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရှုပွားရမည် ဖြစ်ပေသည်။ ထိုတွင် အဝိဇ္ဇာနှင့်သင်္ခါရတို့သည် အတိတ်ဘဝတွင် အောက်ပါ ဝီထိစိတ် အစဉ်အတိုင်း ယေဘုယျအားဖြင့် ဖြစ်ခဲ့ကြ၏။
ကိလေသဝဋ် ကမ္မဝဋ် မနောဒွါရဝီထိ
အဝိဇ္ဇာသည် ပုထုဇန်များအတွက် ယေဘုယျအားဖြင့် လောဘဒိဋ္ဌိအုပ်စု အလုံး (၂၀) အနေဖြင့် ဖြစ်တတ် ပါသည်။ ရံခါ ပီတိမပါဘဲ (၁၉)လုံးလည်း ဖြစ်တတ်၏။ ရံခါ ထိနမိဒ္ဓတို့နှင့်တကွ (၂၂^၂၁)လည်း ဖြစ်တတ်၏။ လောဘမူ ဒိဋ္ဌိဂတသမ္ပယုတ်စိတ် (၄)မျိုးပင်တည်း။ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်များလည်း ရံခါ ဖြစ်နိုင်ပါ၏။ ဖြစ်ခဲ့သည့် အတိုင်းသာ ရှုရန် ဖြစ်ပါသည်။ တဒါရုံမှာ ကျသော်လည်း ရှိရာ၏၊ မကျသော်လည်း ရှိရာ၏။ ဖြစ်ခဲ့သည့်အတိုင်းသာ ရှုပါ။ တဒါရုံကျခဲ့သော် ဇောတွင် ပီတိပါဝင်ပါက တဒါရုံတွင်လည်း ပီတိပါဝင်တတ်၏၊ ဇောတွင် ပီတိမပါသော် တဒါရုံတွင်လည်း ပီတိမပါ ရှိတတ်၏။ တဒါရုံ (၁၁)မျိုးလုံး ထိုက်သလို ဖြစ်နိုင်၏။ ဤဇယား၌ သောမနဿ သန္တီရဏတဒါရုံ တစ်မျိုးကိုသာ ချပြထားပါသည်။
သင်္ခါရ၌လည်း နည်းတူပင် မှတ်ပါ။ လူသားတို့၏ ကာမာဝစရ ပုညာဘိသင်္ခါရကိုသာ ပုံစံထား၍ အထူးသဖြင့် ဖော်ပြထားပါသည်။ ထိုသင်္ခါရတွင် ဉာဏ်ပီတိတို့မှာ ထိုက်သလို ယှဉ်နိုင်သည်။ နာမ်ကမ္မဋ္ဌာန်း ဇယားများ တွင် ဖော်ပြခဲ့သည့်အတိုင်း သင်္ခါရနာမ်တရားတို့မှာ (၃၄^၃၃^၃၃^၃၂) ထိုက်သလို ဖြစ်နိုင်သည်။ တဒါရုံမှာ ကျသော်လည်း ရှိရာ၏၊ မကျသော်လည်း ရှိရာ၏။ တဒါရုံ (၁၁)မျိုးလုံး ထိုက်သလိုကျနိုင်သည်။ ဤဇယားတွင်ကား သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် မဟာဝိပါက် တဒါရုံတစ်မျိုးကိုသာ ဖော်ပြထားပါသည်။ အသင်သူတော်ကောင်းသည် အတိတ်ဘဝ၌ ဖြစ်ခဲ့သည့်အတိုင်းသာ ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ သိမ်းဆည်းရှုပွားရန် ဖြစ်ပါသည်။
၁။ ယင်းကိလေသဝဋ် မနောဒွါရဝီထိကို အဝိဇ္ဇာဟုလည်းကောင်း,
၂။ ယင်းကမ္မဝဋ် မနောဒွါရဝီထိကို သင်္ခါရဟုလည်းကောင်း,
အသီးအသီး ဆိုလိုကြောင်းကိုလည်း မှတ်သားထားပါ။ နှစ်ဘက်လုံး၌ ဃနအသီးအသီး ပြိုနေပါစေ။ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ပါစေ။ ပဉ္စဒွါရဝီထိမှာ ပဋိသန္ဓေကျိုးကို မပေးနိုင်သဖြင့် ဤ၌ မနောဒွါရဝီထိ တစ်မျိုးကိုသာ ဖော်ပြထားပါသည်။
ရှေးပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်း၌ ရှင်းလင်းတင်ပြထားသည့်အတိုင်း ဤလောက၌ ---
၁။ တစ်ခုတည်းသော အကြောင်းတရားကြောင့် တစ်ခုတည်းသော အကျိုးတရား၏ ဖြစ်ခြင်းသည် မရှိနိုင်။
၂။ တစ်ခုတည်းသော အကြောင်းတရားကြောင့် များစွာသော အကျိုးတရား၏ ဖြစ်ခြင်းသည်လည်း မရှိနိုင်။
၃။ များစွာသော အကြောင်းတရားတို့ကြောင့် တစ်ခုတည်းသော အကျိုးတရား၏ ဖြစ်ခြင်းသည်လည်း မရှိနိုင်။
၄။ များစွာသော အကြောင်းတရားတို့ကြောင့် များစွာသော အကျိုးတရားတို့၏ ဖြစ်ခြင်းသည်သာ ရှိပေသည်။ (အဘိ၊ဋ္ဌ၊၂၊၁၄၀။)
ဘုရားရှင်သည် အချို့သော ပါဠိရပ်၌ ပဓာနဖြစ်သောကြောင့်, အချို့သော ပါဠိရပ်၌ ထင်ရှားသည်၏ အဖြစ်ကြောင့်, အချို့သော ပါဠိရပ်၌ မဆက်ဆံသော အကြောင်းတရား အကျိုးတရားဖြစ်သောကြောင့် ဒေသနာတော်၏ တင့်တယ်စမ္ပယ်ကြောင်းဖြစ်သော သဗ္ဗညုတဉာဏ်တော်အားလည်းကောင်း ကျွတ်ထိုက်သသူ ဆိုဆုံးမထိုက်သူ နတ် လူ ဗြဟ္မာ သတ္တဝါတို့အားလည်းကောင်း လျော်သောအားဖြင့် တစ်ခုသာလျှင်ဖြစ်သော အကြောင်းကိုသော်လည်းကောင်း တစ်ခုသာလျှင်ဖြစ်သော အကျိုးကိုသော်လည်းကောင်း ထင်ရှားပြလျက် ဟောကြားတော်မူပေသည်။ (အဘိ၊ဋ္ဌ၊၂၊၁၄၀။)
ထိုကြောင့် အဝိဇ္ဇာဟုဆိုလျှင် အဝိဇ္ဇာပြဓာန်းသည့် ကိလေသဝဋ် မနောဒွါရဝီထိ တစ်ဝီထိလုံးကို လည်းကောင်း, သင်္ခါရဟုဆိုလျှင် သင်္ခါရစေတနာပြဓာန်းသည့် မနောဒွါရဝီထိ တစ်ဝီထိလုံးကိုလည်းကောင်း ဆိုလိုသည်ဟု မှတ်ပါ။ အကြောင်း အကျိုးအဖြစ်ဖြင့် တည်နေကြသော ထိုနှစ်ဝီထိလုံးတို့၌ နာမ်တုံးနာမ်ခဲ တည်းဟူသော နာမ်ဃန အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းလျက် ယင်းပရမတ်တရားတို့၏ ကြောင်း-ကျိုး ဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရဖြစ်၏၊ အဝိဇ္ဇာက အကြောင်းတရား၊ သင်္ခါရက အကျိုးတရား --- ဤသို့ စသည်ဖြင့် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ပုံစသည်တို့၌လည်း နည်းတူပင် သဘောပေါက်ပါ။
မေးမြန်းဖွယ် အချက်တစ်ရပ်
ဤ၌ မေးမြန်းဖွယ် အချက်တစ်ရပ် ရှိလာပြန်၏ --- ဧကန် အနိဋ္ဌဖလဟူသော အလိုမရှိအပ်သော အကျိုးတရားရှိသော အပြစ်နှင့်တကွဖြစ်သော အဝိဇ္ဇာ၏ အပြစ်မရှိကောင်းသော အကျိုးကို ပေးခြင်းသဘော လက္ခဏာရှိသော ပုညာဘိသင်္ခါရ, အာနေဉ္ဇာဘိသင်္ခါရတို့၏ အကြောင်းတရား၏ အဖြစ်သည် အဘယ်သို့လျှင် သင့်နိုင်ပါအံ့နည်း --- ခါးသော တမာစေ့မှ ချိုသော ကြံပင်သည် မဖြစ်နိုင် --- ဤကား အမေးတည်း။
အဖြေ ---- အဘယ်ကြောင့် မသင့် ရှိနိုင်လတ္တံ့နည်း ---- သင့်မြတ်သည်သာ ဖြစ်၏။ မှန်ပေသည် လောက၌ --- အကျိုးတရားတို့၏ ---
၁။ ဆန့်ကျင်သည်လည်း ဖြစ်သော,
၂။ မဆန့်ကျင်သည်လည်း ဖြစ်သော,
၃။ တူသည်လည်း ဖြစ်သော,
၄။ မတူသည်လည်း ဖြစ်သော,
အကြောင်းတရားသည် ထင်ရှား၏။ ထို အကျိုးတရားတို့ဟူသည်လည်း ဝိပါကဝဋ်တွင် အကျုံးဝင်သော ဝိပါက်တရားတို့ချည်းသာ မဟုတ်ကုန်။
လောက၌ အကျိုးတရားတို့၏ ဌာန, သဘာဝ, ကိစ္စ အစရှိသောအားဖြင့် ဆန့်ကျင်သော အကြောင်း တရားသည်လည်းကောင်း, ဌာန, သဘာဝ, ကိစ္စ စသောအားဖြင့် မဆန့်ကျင်သော အကြောင်းတရားသည် လည်းကောင်း ထင်ရှား၏။
ဌာနဝိရုဒ္ဓ ---- အကျယ် ---- ရှေးစိတ်သည် နောက်စိတ်အား အနန္တရစသော ပစ္စယသတ္တိဖြင့် ဖြစ်ပေါ် လာအောင် ကျေးဇူးပြု၏။ ထိုတွင် ရှေးစိတ်သည် နောက်စိတ်၏ ထင်ရှား တည်ရှိခြင်းအားဖြင့် ဆန့်ကျင်သော အကြောင်းတရားတည်း။ (ဤကား သာသနာတော်ဘက်က အကြောင်းတည်း။) ရှေးရှေး၌ဖြစ်သော သိပ္ပပညာရပ် စသည်ကို သင်ယူခြင်းသည်လည်း နောက်နောက်၌ ဖြစ်ကုန်သော သိပ္ပပညာရပ်စသည်ကို သင်ယူခြင်းစသော လုပ်ငန်းရပ်တို့၏ အကြောင်းတရားသည် ဖြစ်သည်သာတည်း။ (ဤကား လောကီဘက်က အကြောင်းတည်း။) ဤကား ဌာနအားဖြင့် ဆန့်ကျင်သော အကြောင်းတရားတည်း။ (အဘိ၊ဋ္ဌ၊၂၊၁၄၁။)
ဌာနဝိရုဒ္ဓေါတိ အတ္ထိတာဝိရုဒ္ဓေါ။ (မူလဋီ၊၂၊ ၁၀၀။) ဤ၌ ဌာနဝိရုဒ္ဓ --- ဌာနအားဖြင့် ဆန့်ကျင်သော အကြောင်းတရားအရ --- အတ္ထိတာဝိရုဒ္ဓ = ထင်ရှားရှိသည်၏ အဖြစ်အားဖြင့် ဆန့်ကျင်သော အကြောင်းတရားကို ယူပါ။ (အနုဋီ၊၂၊၁၁၀။)
သဘာဝဝိရုဒ္ဓ --- ကံသည် ရုပ်တရား၏ သဘာဝဝိရုဒ္ဓ = သဘောအားဖြင့် ဆန့်ကျင်သော အကြောင်းတရား တည်း။ စေတနာကို ကံဟု ခေါ်ဆို၏။ ယင်းစေတနာကံကား နာမ်တရားတည်း။ နာမ်တရားကား နမနလက္ခဏာ = အာရုံသို့ ညွတ်ကိုင်းရှိုင်းခြင်း သဘောလက္ခဏာရှိ၏။ ရုပ်တရားကား ရုပ္ပနလက္ခဏာ = ရှေးရှေး ရုပ်အစဉ် သန္တတိနှင့် မတူသော နောက်နောက်သော ရုပ်အစဉ်သန္တတိတို့၏ အပူအအေးစသော ဆန့်ကျင်ဘက် အကြောင်းတရားတို့ကြောင့် မတူသော ဖြစ်ခြင်းဟူသော ဖောက်ပြန်ခြင်း သဘောလက္ခဏာ ရှိ၏။ နာမ်တရားကား သာရမ္မဏဓမ္မ = အာရုံယူတတ်သော တရားတည်း။ ရုပ်တရားကား အနာရမ္မဏဓမ္မ = အာရုံကို မယူတတ်သော တရားတည်း။ ကံကား စေတနာသဘာဝ = စေ့ဆော်ခြင်း သဘောလက္ခဏာ ရှိ၏။ = အာရုံပေါ်သို့ ယှဉ်ဖက် သမ္ပယုတ်တရားတို့ကို ရောက်အောင် နှိုးဆော်ပေးခြင်း လှုံ့ဆော်ပေးခြင်း သဘောလက္ခဏာ ရှိ၏၊ ရုပ်တရားကား ရုပ္ပနလက္ခဏာ = ဖောက်ပြန်ခြင်း သဘောလက္ခဏာ ရှိ၏။ ဤသို့လျှင် အကြောင်းကံနှင့် အကျိုးရုပ်တရားတို့သည် သဘာဝလက္ခဏာအားဖြင့် ဆန့်ကျင်ကြ၏။ သဘာဝလက္ခဏာအားဖြင့် ဆန့်ကျင်သော အကြောင်းကံတရားက အကျိုးရုပ်တရားကို ဖြစ်ပေါ်လာအောင် ကျေးဇူးပြု၏။ (ဤကား သာသနာတော်၏ အကြောင်းတည်း။)
နို့ရည်သည် ချိုသော အရသာရှိ၏၊ သည်းခြေကို ငြိမ်းစေ၏၊ ချိုသော အကျိုးတရားကို ဖြစ်စေခြင်း သဘောလက္ခဏာရှိ၏၊ နို့ဓမ်းကား ချဉ်သော အရသာရှိ၏၊ သည်းခြေကို တိုးပွားစေ၏၊ ချဉ်စပ်သော အကျိုးတရား ကို ဖြစ်စေခြင်း သဘောလက္ခဏာရှိ၏။ ဤသို့လျှင် နို့ရည်နှင့် နို့ဓမ်းတို့သည် သဘာဝအားဖြင့် ဆန့်ကျင်ဘက် တရားများ ဖြစ်ကြ၏။ သဘာဝအားဖြင့် ဆန့်ကျင်သော အကြောင်းတရားဖြစ်သော နို့ရည်သည် သဘာဝအားဖြင့် ဆန့်ကျင်သော အကျိုးတရားဖြစ်သော နို့ဓမ်းကို ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေး၏။ (ဤကား လောက အကြောင်းတည်း။) (အဘိ၊ဋ္ဌ၊၂၊၁၄၁။ မူလဋီ၊၂၊၁၀၀။ အနုဋီ၊၂၊၁၁၀။)
ကိစ္စဝိရုဒ္ဓ --- အာလောက = အရောင်အလင်းသည် စက္ခုဝိညာဏ် ဖြစ်ပေါ်လာရန် မရှိမဖြစ်သော အကြောင်းတရားတစ်ခု ဖြစ်၏။ ထိုတွင် အာလောက = အရောင်အလင်းကား ရုပ်တရားဖြစ်၍ အာရုံကို မယူတတ် အာရုံကို မသိတတ်ပေ။ စက္ခုဝိညာဏ်ကား အာရုံကို ယူတတ်သည့် သာရမ္မဏတရားဖြစ်၍ အာရုံကို (ရူပါရုံကို) ပိုင်းပိုင်းခြားခြား သိတတ်၏။ အာရုံကို ပိုင်းပိုင်းခြားခြား မသိခြင်းကိစ္စရှိသော အာလောက = အရောင်အလင်း သည် အာရုံကို ပိုင်းပိုင်းခြားခြား သိခြင်းကိစ္စရှိသော စက္ခုဝိညာဏ်၏ ကိစ္စအားဖြင့် ဆန့်ကျင်သော အကြောင်း တရား ဖြစ်၏။ မူးယစ်စေခြင်း ကိစ္စမရှိကုန်သော တင်လဲအစရှိသော အဆောက်အဦတို့သည်လည်း မူးယစ် စေခြင်းကိစ္စရှိသော အရက်၏ ကိစ္စအားဖြင့် ဆန့်ကျင်သော အကြောင်းတရားဖြစ်၏။ (အဘိ၊ဋ္ဌ၊၂၊၁၄၁။ မူလဋီ၊၂၊၁၀၀။)
ဌာန ၊ အဝိရုဒ္ဓ --- စက္ခုရူပါဒယော ပန စက္ခုဝိညာဏာဒီနံ ဌာနာဝိရုဒ္ဓါ ပစ္စယာ။ (အဘိ၊ဋ္ဌ၊၂၊၁၄၁။)
စက္ခုပသာဒ, ရူပါရုံ အစရှိသည်တို့သည် စက္ခုဝိညာဏ်စသည်တို့၏ ထင်ရှားတည်ရှိခြင်းအားဖြင့် မဆန့်ကျင်ကုန်သော တစ်နည်း တည်ရာဌာနအားဖြင့် မဆန့်ကျင်ကုန်သော အကြောင်းတရားတို့ ဖြစ်ကြ၏။ (အဘိ၊ဋ္ဌ၊၂၊၁၄၁။)
ဌာနဝိရုဒ္ဓေါတိ အတ္ထိတာဝိရုဒ္ဓေါ။ (မူလဋီ၊၂၊၁၀၀။)
ဌာနန္တိ ဓရမာနတာ အဓိပ္ပေတာတိ ဝုတ္တံ ဌာနဝိရုဒ္ဓေါတိ အတ္ထိတာဝိရုဒ္ဓေါ --- တိ။ (အနုဋီ၊၂၊၁၁၀။)
အထက်ပါ ဌာနအဝိရုဒ္ဓသဘော၌ မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်တရားတို့သည် ဆိုင်ရာ နာမ်တရားတို့၏ ဌာနအဝိရုဒ္ဓ = ထင်ရှားတည်ရှိခြင်းအားဖြင့် မဆန့်ကျင်ကုန်သော တစ်နည်း တည်ရာဌာနအားဖြင့် မဆန့်ကျင် ကုန်သော အကြောင်းတရားများဟု ဖွင့်ဆိုထား၏။ တစ်ဖန် ဌာနဝိရုဒ္ဓ အကြောင်းတရား၌ ရှေးစိတ်သည် နောက်စိတ်၏ ဌာနဝိရုဒ္ဓ အကြောင်းတရားဟု ဖွင့်ဆိုထား၏။ ထိုဌာနဝိရုဒ္ဓကို ဋီကာဆရာတော်များက အတ္ထိတာ ဝိရုဒ္ဓ = ထင်ရှားတည်ရှိခြင်းအားဖြင့် ဆန့်ကျင်သော အကြောင်းတရားဟု ဖွင့်ဆိုထား၏။
ဤ၌ အဘယ်တရားသည် ထင်ရှားတည်ရှိခြင်းအားဖြင့် အဘယ်တရား၏ ဆန့်ကျင်ဘက် အကြောင်း တရား ဖြစ်လေသနည်းဟု ဆန်းစစ်ဖို့ရန် ရှိ၏။ အဋ္ဌကထာ၌ ရှေးစိတ်သည် နောက်စိတ်၏ ဌာနဝိရုဒ္ဓ အကြောင်း တရားဟု ဖော်ပြထား၏။ ရှေးစိတ်ဟူသော အကြောင်းတရားသည် နောက်စိတ်ဟူသော အကျိုးတရား၏ ဥပါဒ်-ဌီ-ဘင် အားဖြင့် ထင်ရှားဖြစ်ပေါ်လာချိန်ဝယ် ထင်ရှား မရှိတော့ပြီ ဖြစ်၏။ သို့အတွက် ထင်ရှားတည်ရှိခြင်း အားဖြင့် ဆန့်ကျင်ဘက် အကြောင်းတရားဟူသည်ကို ဆန်းစစ်သင့်ပေသည်။ ---- ဤ၌ ပဋိသန္ဓေဌာန ဘဝင်ဌာန စုတိဌာနစသော ဌာနများကို ဆိုလိုကြောင်းကို ကေစိဆရာတော်တို့က ယူဆကြ၏။ ယင်းကေစိဝါဒကိုလည်း မူလဋီကာ ဆရာတော်က ဘဝင်ဌာန, ဇောဌာနအားဖြင့် ဌာနချင်းတူညီသော ရှေးရှေးဘဝင်က နောက်နောက် ဘဝင်အား ရှေးရှေးဇောက နောက်နောက်ဇောအား အနန္တရစသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုခြင်းကြောင့် --- ပဋိသန္ဓေဌာန ဘဝင်ဌာန ဇောဌာနစသော ဌာနတို့ကို ဤ၌ ဌာနဝိရုဒ္ဓ အကြောင်းတရားအဖြစ် အလိုမရှိအပ် ကြောင်းလည်း ရှင်းပြထား၏။ (မူလဋီ၊၂၊၁၀၀။)
သို့အတွက် ဤ၌ -- ရှေးစိတ်က နောက်စိတ်အား ဌာနဝိရုဒ္ဓ သဘောအားဖြင့် ကျေးဇူးပြု၏ဟု ဆိုရာဝယ်-အကြောင်းဖြစ်သော ရှေးစိတ် ချုပ်ပျက်သွားပြီးပါမှ အကျိုးဖြစ်သော နောက်စိတ်သည် ဖြစ်ပေါ်လာရသဖြင့် အကျိုးဖြစ်သော နောက်စိတ်သည် ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှားရှိနေချိန်တွင် အကြောင်းဖြစ်သော ရှေးစိတ် သည် ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှားမရှိတော့ပြီ ဖြစ်၏။ သို့အတွက် အကြောင်းဖြစ်သော စိတ်ကား အဌာန = ထင်ရှားတည်ရှိခြင်း မရှိ။ အကျိုးဖြစ်သော စိတ်ကား ဌာန = ထင်ရှားတည်ရှိခြင်း ရှိ၏။ ဤသို့လျှင် အကြောင်းနှင့် အကျိုးတို့သည် အဌာန-ဌာန သဘောအားဖြင့် = ထင်ရှား မတည်ရှိခြင်း, ထင်ရှားတည်ရှိခြင်းသဘောအားဖြင့် ဆန့်ကျင်ပေသည်။ ဤသို့ ထင်ရှားမတည်ရှိခြင်း ထင်ရှားတည်ရှိခြင်းဟူသော ဆန့်ကျင်ဘက် သဘောအားဖြင့် အကြောင်းတရားက အကျိုးတရားကို ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေသည်။ ---- ဤသို့ အဓိပ္ပါယ်ကို ယူဆသင့်ပေသည်။ သို့သော် စူးစမ်းဆင်ခြင်ပါလေ။
သဘာဝအဝိရုဒ္ဓ, ကိစ္စအဝိရုဒ္ဓ ---- ရှေး၌ဖြစ်သော ဇောအစရှိသည်တို့သည် နောက်၌ဖြစ်သော ဇော အစရှိသည်တို့အား သဘာဝအားဖြင့် မဆန့်ကျင်သည်လည်း ဖြစ်ကုန်သော ကိစ္စအားဖြင့် မဆန့်ကျင်သည်လည်း ဖြစ်ကုန်သော အကြောင်းတရားတို့ ဖြစ်ကြကုန်၏။ ရှေးရှေးဇောတို့သည် နောက်နောက်ဇောတို့နှင့် ဇောဟူသော သဘာဝအားဖြင့် = ကုသိုလ်ဇောဖြစ်ခြင်း, သို့မဟုတ် အကုသိုလ်ဇောဖြစ်ခြင်း, သို့မဟုတ် ကြိယာဇောဖြစ်ခြင်း, သောမနဿဇောဖြစ်ခြင်း, ဒေါမနဿဇောဖြစ်ခြင်း, ဥပေက္ခာဇောဖြစ်ခြင်းစသော သဘောအားဖြင့်လည်း တူညီကြ၏။ ဇောကိစ္စအားဖြင့်လည်း တူညီကြ၏။ ဆန့်ကျင်မှု မရှိပေ။ ရှေးရှေးဇောတို့သည် နောက်နောက် ဇောတို့အား အနန္တရ, အာသေဝနစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုကုန်၏။ ပထမတဒါရုံက ဒုတိယ တဒါရုံအား အနန္တရစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုရာ၌လည်း အကြောင်းတရားနှင့် အကျိုးတရားတို့သည် သဘာဝအားဖြင့်လည်းကောင်း, ကိစ္စအားဖြင့်လည်းကောင်း မဆန့်ကျင်သည်သာ ဖြစ်ပေသည်။ ဤ၌ မဆန့်ကျင် ဟူသည် သဘာဝအားဖြင့် တူညီမှုရှိခြင်း ကိစ္စအားဖြင့် တူညီမှုရှိခြင်းကို ဆိုလိုသည်။
ဆန့်ကျင်ဘက် အကြောင်းတရား, မဆန့်ကျင်ဘက် အကြောင်းတရားတို့သည် လောက၌ ထင်ရှားကုန် သကဲ့သို့ အလားတူပင် သဒိသ-ပစ္စယ = တူသော အကြောင်းတရား, အသဒိသ-ပစ္စယ = မတူသော အကြောင်း တရားတို့သည်လည်း လောက၌ ထင်ရှားကုန်၏။
သဒိသ-ပစ္စယ ---- သဒိသဖြစ်သော တူသောဥတုဟူသော ရုပ်တရားသည် ဥတုဇရုပ်၏, သဒိသဖြစ်သော တူသော အာဟာရဟူသော ရုပ်သည် (= သဒိသ-ဩဇာသည်) အာဟာရဇရုပ်၏ အကြောင်းတရား ဖြစ်၏။ (သဘာဂဖြစ်သော ဥတု အာဟာရတို့ကြောင့် ဖြစ်သော ဥတုဇရုပ် အာဟာရဇရုပ်တို့ကို ဆိုလိုသည်။) ဤကား ဓမ္မအားဖြင့် အကြောင်းနှင့်အကျိုး တူပုံတည်း။
သလေးမျိုးစေ့ အစရှိသော အကြောင်းတို့သည် သလေးသီး အစရှိသော အကျိုးတို့၏ သဒိသပစ္စယ = တူညီသော အကြောင်းတရား ဖြစ်ပေသည်။ အကြောင်းဖြစ်သော သလေးမျိုးစေ့နှင့် အကျိုးဖြစ်သော သလေး စပါးသီးတို့သည် တူညီလျက်ပင် ရှိကြ၏။ ဤကား လောကဥပမာအားဖြင့် အကြောင်းနှင့်အကျိုး တူပုံတည်း။ (အဘိ၊ဋ္ဌ၊၂၊၁၄၁။)
အသဒိသ-ပစ္စယ ---- ရုပ်တရားနှင့် နာမ်တရားသည် သဘာဝအားဖြင့် ကွဲပြားလျက်ရှိ၏၊ မတူညီကြပေ။ မတူသည်လည်းဖြစ်သော ရုပ်တရားသည် နာမ်တရား၏လည်းကောင်း, နာမ်တရားသည်လည်း ရုပ်တရား၏ လည်းကောင်း အကြောင်းတရား ဖြစ်၏။ (ရုပ်က နာမ်အား ကျေးဇူးပြုရာ၌ အာရမ္မဏစသော ပစ္စည်းတရားများ ကိုလည်းကောင်း, ဝတ္ထုပုရေဇာတစသော ပစ္စည်းတရားများကိုလည်းကောင်း ရည်ညွှန်းထားပေသည်။ နာမ်က ရုပ်အား ကျေးဇူးပြုရာ၌ ပစ္ဆာဇာတစသော ပစ္စည်းများကို ရည်ညွှန်းထားပေသည်။) နွားမွေး ဆိတ်မွေးတို့သည် နေစာမြက် = မြေစာမြက်၏ အကြောင်းတရားတို့ ဖြစ်ကြ၏။ ဦးချို နို့ဓမ်း နှမ်းမုံ့ညက် အစရှိသော အကြောင်း တရားတို့သည် မြက် နံ့သာ ကောက်ရိုးစသည့် အကျိုးတရားတို့၏ မတူသော အကြောင်းတရားတို့ ဖြစ်ကြ၏။ (အဘိ၊ဋ္ဌ၊၂၊၁၄၁။)
တစ်ဖန် ---- အကြင် အကြောင်းတရားတို့သည် အကြင် အကျိုးတရားတို့၏ -
၁။ ဝိရုဒ္ဓ = ဆန့်ကျင်သော အကြောင်းတရား,
၂။ အဝိရုဒ္ဓ = မဆန့်ကျင်သော အကြောင်းတရား,
၃။ သဒိသ = တူသော အကြောင်းတရား,
၄။ အသဒိသ = မတူသော အကြောင်းတရားတို့ ဖြစ်ကြကုန်၏။
ထိုအကျိုးတရားတို့သည် ထိုအကြောင်းတရားတို့၏ ဝိပါက်တရားတို့ချည်း မဟုတ်ကြကုန်။ ဤသို့လျှင် ဤအဝိဇ္ဇာသည် မိမိကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဝိပါက်နှင့် စပ်သဖြင့် ဧကန် အလိုမရှိအပ်သော အနိဋ္ဌ အကျိုးရှိသည်, သဘာဝအားဖြင့် အပြစ်နှင့်တကွ ဖြစ်သည် ဖြစ်လျှင်မူလည်း အလုံးစုံလည်း ဖြစ်ကုန်သော ထိုပုညာဘိသင်္ခါရ, အပုညာဘိသင်္ခါရ, အာနေဉ္ဇာဘိသင်္ခါရတို့အား ထိုက်သည့်အားလျော်စွာ ဌာန, ကိစ္စ, သဘာဝအားဖြင့် ဆန့်ကျင် မဆန့်ကျင်သော အကြောင်း၏ အဖြစ်ဖြင့်လည်းကောင်း, တူ, မတူသော အကြောင်း၏ အဖြစ်ဖြင့်လည်းကောင်း, ကျေးဇူးပြုတတ်၏ဟု သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၂၊၁၄၁။)
ပုဂ္ဂိုလ်တစ်ဦးသည် ---- (၁) စုတေခြင်း, (၂) ပဋိသန္ဓေတည်နေခြင်း, (၃) သံသရာ, (၄) သင်္ခါရတို့၏ လက္ခဏာ, (၅) ပဋိစ္စသမုပ္ပန္နဓမ္မ ဤ (၅)ဌာနတို့၌ တွေဝေ၏၊ ထိုပုဂ္ဂိုလ်သည်ကား ယင်းသင်္ခါရသုံးမျိုးတို့ကို ပြုစု ပျိုးထောင်တော့၏။ ထိုကြောင့် ဤအဝိဇ္ဇာသည် သင်္ခါရသုံးမျိုးလုံးတို့၏ အကြောင်းတရား ဖြစ်သည်ဟု သိနိုင်၏။
၁။ စုတေခြင်း၌ တွေဝေခြင်း --- စုတေခြင်း၌ တွေဝေသော ပုဂ္ဂိုလ်သည် အလုံးစုံသော ဘဝတို့၌ --- ခန္ဓာတို့၏ ပျက်စီးခြင်းသည် မရဏတည်း --- ဤသို့ ခန္ဓာတို့၏ ပျက်စီးခြင်းတည်းဟူသော စုတိကို ဉာဏ်ဖြင့် ပိုင်းခြား မယူနိုင်သည် မသိသည်ဖြစ်၍ --- သတ္တဝါသည် သေ၏၊ သတ္တဝါ၏ အရပ်တစ်ပါးသို့ = ဘဝတစ်ပါးသို့ ပြောင်းရွှေ့ ခြင်းသည် ဖြစ်၏။ --- ဤသို့စသော အကြံတို့ကို အထူးထူး ကြံစည်နေတတ်၏။ (အဘိ၊ဋ္ဌ၊၂၊၁၄၂။)
၂။ ပဋိသန္ဓေတည်နေခြင်း၌ တွေဝေခြင်း --- ပဋိသန္ဓေတည်နေခြင်း၌ တွေဝေသော သူသည် အလုံးစုံသော ဘဝတို့၌ --- ခန္ဓာတို့၏ ထင်ရှားဖြစ်ခြင်းသည် ဇာတိတည်း --- ဤသို့ ပဋိသန္ဓေတည်နေရခြင်းကို ဉာဏ်ဖြင့် ပိုင်းခြားမယူနိုင်သည် မသိသည် ဖြစ်၍ --- သတ္တဝါသည် ပဋိသန္ဓေ တည်နေ၏၊ သတ္တဝါ၏ အသစ်ဖြစ်သော ကိုယ်၏ ထင်ရှားဖြစ်ခြင်းသည် ဖြစ်၏ --- ဤသို့စသော အကြံတို့ကို အထူးထူး ကြံစည်နေတတ်၏။ (မိဘတို့၏ ပဋိသန္ဓေမျိုးစေ့ကြောင့် လူဖြစ်လာရမှု စသည်တို့ကို ကြံစည် စိတ်ကူးမှုမျိုးများတည်း။) (အဘိ၊ဋ္ဌ၊၂၊၁၄၂။)
ဤလောက၌ အချို့သောသူတို့သည် --- ဟောင်းနွမ်းလေပြီးသော အဝတ်ကိုစွန့်၍ အခြားအဝတ်သစ်ကို ယူသကဲ့သို့ အတ္တသည် ကိုယ်ဟောင်းကို စွန့်၍ ချမ်းသာကို ရှာလျက် ကိုယ်အသစ်ကို ယူသည် --- ဟု မှားယွင်း သော အယူရှိကြ၏။ (ဘဂဝါဂီတိ-အပိုင်း-၁၁။ နံပါတ်-၂၂-ဂါထာ) ထိုအယူမျိုးကို ဆိုလို၏။ (ပြည်၊၄၊၉၈။)
၃။ သံသရာ၌ တွေဝေခြင်း --- ခန္ဓာ-အာယတန-ဓာတ်တို့၏ အဆက်မပြတ် ဖြစ်၍နေသော ရုပ်-နာမ် အစဉ် အတန်းကို သံသရာဟူ၍ ခေါ်ဆို၏။ သံသရာ၌ တွေဝေသော သူသည် = ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် မပြတ်မစဲ ဖြစ်နေသော ရုပ်နာမ်အစဉ်အတန်းကို မသိသောသူသည် ယင်း သံသရာကို ခန္ဓာ-အာယတန-ဓာတ် တို့၏ အဆက်မပြတ် ဖြစ်၍နေသော အစဉ်အတန်းဟု ဉာဏ်ဖြင့် ပိုင်းခြားမယူနိုင်သည် မသိသည်ဖြစ်၍ ---ဤသတ္တဝါသည် ဤလောကမှ နောက်လောကသို့ သွား၏၊ တစ်ပါးသော လောကမှ ဤလောကသို့ လာ၏ ဤသို့စသော အကြံတို့ကို အထူးထူး အပြားပြား ကြံစည်၍ နေတတ်၏။ (အဘိ၊ဋ္ဌ၊၂၊၁၄၂။)
၄။ သင်္ခါရတရားတို့၏ လက္ခဏာ၌ တွေဝေခြင်း --- ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့၏ သဘာဝ လက္ခဏာ သာမညလက္ခဏာ၌ တွေဝေသောသူသည် သင်္ခါရတရားတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးကိုလည်းကောင်း, အနိစ္စ-ဒုက္ခ- အနတ္တဟူသော သာမညလက္ခဏာကိုလည်းကောင်း ဉာဏ်ဖြင့် ပိုင်းခြားမယူနိုင်သည် မသိသည် ဖြစ်၍ သင်္ခါရတရားတို့ကို အတ္တဟူ၍လည်းကောင်း, အတ္တ၏ ဥစ္စာဟူ၍ လည်းကောင်း, ဓုဝ = ခိုင်မြဲ၏ဟူ၍လည်းကောင်း, သုဘ = တင့်တယ်၏ဟူ၍လည်းကောင်း, သုခ = ချမ်းသာ၏ဟူ၍လည်းကောင်း အထူးထူးအပြားပြား ကြံစည်တတ်၏။ (အဘိ၊ဋ္ဌ၊၂၊၁၄၂။)
၅။ ပဋိစ္စသမုပ္ပန္နဓမ္မတို့၌ တွေဝေခြင်း --- ပဋိစ္စသမုပ္ပန္နဓမ္မ အမည်ရသော အကြောင်းတရားတို့ကို အစွဲပြု၍ ကောင်းစွာ ဖြစ်ပေါ်လာကြသော အကျိုးတရားတို့၌ တွေဝေသော အမှန်အတိုင်း မသိသောသူသည် အဝိဇ္ဇာအစရှိ သော အကြောင်းတရားတို့ကြောင့် သင်္ခါရအစရှိသော အကျိုးတရားတို့၏ ဖြစ်ပုံကို ဉာဏ်ဖြင့် ပိုင်းခြား မယူနိုင်သည် မသိသည် ဖြစ်၍ --- အတ္တသည် သိလည်း သိ၏၊ မသိလည်း မသိ၊ ထိုအတ္တသည်သာလျှင် ကိုယ်တိုင်လည်းပြု၏၊ သူတစ်ပါးကိုလည်း ပြုစေ၏။ ထိုအတ္တသည် ပဋိသန္ဓေအခါ၌ ဖြစ်၏ = ပဋိသန္ဓေတည်နေ၏။ ထိုအတ္တ၏ ပရမာဏုမြူ, ပရမေသွာ မဟာဗြဟ္မာစသော အစိုးရသူ ဖန်ဆင်းရှင်တို့သည် ကလလရေကြည် အစရှိသည်တို့၏ အဖြစ်ဖြင့် ကောင်းစွာတည်ထောင် ဖန်ဆင်း၍ စက္ခုစသော ဣန္ဒြေတို့ကို ပြီးစီးစေကုန်၏။ ထိုအတ္တသည် စက္ခုစသော ဣန္ဒြေ တို့နှင့် ပြည့်စုံသည်ဖြစ်၍ တွေ့ထိ၏၊ ခံစား၏၊ မွတ်သိပ် ဆာလောင်မှု တဏှာကို ပြု၏။ စွဲလမ်း၏၊ ရှေးဘဝနှင့် နောက်ဘဝ၏ ဆက်စပ်မှုကို ပြု၏။ ထိုအတ္တသည် တစ်ဖန် ဘဝတစ်ပါး၌ ဖြစ်ပြန်၏ -- ဤသို့သော်လည်းကောင်း,
ခပ်သိမ်းကုန်သော အတ္တဟု သတ်မှတ်အပ်သော သတ္တဝါတို့သည် မပြတ်နိုင်သော ကြိုးဖြင့် သီကုံးထားအပ် သော မပျက်မကွဲနိုင်သော ပတ္တမြားလုံး ရွဲလုံးတို့၏ ကိန်းသေမြဲသော အပိုင်းအခြား အစဉ်အတန်းကဲ့သို့ ဂတိ တစ်ခုပြီး ဂတိတစ်ခု, ဇာတိတစ်ခုပြီး ဇာတိတစ်ခု, ဘဝတစ်ခုပြီး ဘဝတစ်ခုတို့၌ အတ္တမည်သော ကိုယ်ကောင်၏ ထိုက်သည်အားလျော်စွာ ေ့ရှနောက်၏ အဖြစ်ဖြင့် ဖြစ်ခြင်းဟု ဆိုအပ်သော ကိန်းသေမြဲသော ပေါင်းဆုံခြင်းကြောင့် နတ် လူစသော ထိုထိုအဖြစ်တို့၌ ကိုင်းညွတ်ကြကုန်၏၊ ---- ဤသို့သော်လည်းကောင်း အထူးထူး အပြားပြား ကြံစည်၍ နေတတ်၏။ (အဘိ၊ဋ္ဌ၊၂၊၁၄၂။)
ထိုသတ္တဝါသည် ဤဆိုအပ်ပြီးသော နည်းဖြင့် အဝိဇ္ဇာက မကာဏ်းသော်လည်း ကာဏ်းသကဲ့သို့ ပြုအပ်သည် ဖြစ်၍ ဤဆိုအပ်ပြီးသော နည်းဖြင့် အထူးထူးအပြားပြား ကြံစည်လျက် သင်္ခါရသုံးမျိုးတို့ကို တည်ထောင်ဖန်ဆင်း၏။
ဥပမာမည်သည်ကား ---- မျက်စိနှစ်ဖက်လုံး ပျက်နေသည့် ဝမ်းတွင်းကာဏ်းသည် မြေပေါ်၌ လှည့်လည် သွားလာလတ်သော် လမ်းမှန်ကိုလည်း သွားမိသကဲ့သို့, လမ်းမှားကိုလည်း သွားမိသကဲ့သို့, ကြည်းကုန်း အရပ်ကိုလည်း သွားမိသကဲ့သို့, ချိုင့်ဝှမ်းရာ အရပ်ကိုလည်း သွားမိသကဲ့သို့, မညီညွတ်သော အရပ်ကိုလည်း သွားမိသကဲ့သို့, ဤဥပမာအတူ ----
အဝိဇ္ဇာက ပညာမျက်စိကို ကာဏ်းအောင် ပြုလုပ်ထားသဖြင့် ပညာမျက်စိကာဏ်းနေသော ထိုလူမိုက်သည် ရံခါ ပုညာဘိသင်္ခါရကိုလည်း ပြုစုပျိုးထောင်မိ၏၊ ရံခါ အပုညာဘိသင်္ခါရကိုလည်း ပြုစုပျိုးထောင်မိ၏၊ ရံခါ အာနေဉ္ဇာဘိသင်္ခါရကိုလည်း ပြုစုပျိုးထောင်မိ၏။
ယထာပိ နာမ ဇစ္စန္ဓော၊ နရော အပရိဏာယကော။
ဧကဒါ ယာတိ မဂ္ဂေန၊ ဥမ္မဂ္ဂေနာပိ ဧကဒါ။
သံသာရေ သံသရံ ဗာလော၊ တထာ အပရိဏာယကော။
ကရောတိ ဧကဒါ ပုညံ၊ အပုညမပိ ဧကဒါ။
ယဒါ ဉတွာ စ သော ဓမ္မံ၊ သစ္စာနိ အဘိသမေဿတိ။
တဒါ အဝိဇ္ဇူပသမာ၊ ဥပသန္တော စရိဿတိ။ (အဘိ၊ဋ္ဌ၊၂၊၁၄၂-၁၄၃။)
ယထာပိ နာမ = ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာ မည်သည်ကား။ ဇစ္စန္ဓော = ပဋိသန္ဓေအားဖြင့် ဝမ်းတွင်းကာဏ်း (ကန်း) ဖြစ်သော၊ နရော = သတ္တဝါသည်။ အပရိဏာယကော = ေ့ရှဆောင်လမ်းပြ ဖေး ကူမမည့်သူ မရှိသည်။ သမာနော = ဖြစ်လတ်သော်။ ဧကဒါ = တစ်ရံတစ်ခါ၌။ မဂ္ဂေနပိ = မှန်သောလမ်းဖြင့်လည်း။ ယာတိ = သွားမိ၏။ ဧကဒါ = တစ်ရံတစ်ခါ၌။ ဥမ္မဂ္ဂေနာပိ = မှားသောလမ်းဖြင့်လည်း။ ယာတိ = သွားမိ၏။
တထာ = ထို့အတူ။ သံသာရေ = ခန္ဓာ-အာယတန-ဓာတ်တို့၏ အဆက်မပြတ် ဖြစ်၍နေရာ အစဉ်အတန်းဟု ခေါ်ဆိုအပ်သော သံသရာ၌။ သံသရံ = သံသရန္တော = ဇာတိမမြုံ ဖြစ်ပျက်တုံလျှင် တလုံလဲလဲ ဆင်းရဲတာရှည် ကျင်လည်၍နေရသော။ ဗာလော = အဝိဇ္ဇာဖုံးလွှမ်းသဖြင့် ပညာမျက်စိကာဏ်း၍နေသော ငမိုက်သားသည်။ အပရိဏာယကော = ေ့ရှဆောင်လမ်းပြမည့် ကလျာဏမိတ္တဟု ခေါ်ဆိုအပ်သော မိတ်ကောင်းဆွေကောင်း ဆရာကောင်းသမားကောင်း မရှိသည်။ တစ်နည်း ---- အပရိဏာယကော = နိဗ္ဗာန်သို့ ပို့ဆောင်တတ်သော အရဟတ္တမဂ်တိုင်အောင်သော ဉာဏ်ပညာမရှိသည်။ သမာနော = ဖြစ်လတ်သော်။ ဧကဒါ = တစ်ရံတစ်ခါ၌။ ပုညံပိ = ကောင်းမှုကုသိုလ်ကိုလည်း။ ကရောတိ = ပြုမိတတ်၏။ ဧကဒါ = တစ်ရံတစ်ခါ၌။ အပုညမပိ = မကောင်းမှု အကုသိုလ်ကိုလည်း။ ကရောတိ = ပြုမိတတ်၏။
ယဒါစ = ဘုရားသာသနာ ရောင်ဝါထွန်းပ အကြင် အခါကာလ၌ကား။ သော ဗာလော = အဝိဇ္ဇာ အမိုက်တိုက်က ပိတ်ဖုံးကာဆီး၍ ထားအပ်သော ပညာမျက်စိကာဏ်း၍နေသော ထိုပုထုဇန် ငမိုက်သားသည်။ ဓမ္မံ = သစ္စာလေးပါးကို ထင်ရှားပြတတ်သည့် တရားတော်မြတ်ကို။ (သပ္ပူရိသူပနိဿယေန = သူတော်ကောင်းတည်းဟူသော အားကြီးသောမှီရာ ဥပနိဿရည်းဖြင့်) ဉတွာ = သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ရသည် ဖြစ်၍။ တစ်နည်း ---- ဓမ္မံ = အလုံးစုံသော သဘာဝဓမ္မ ဟူသမျှတို့တွင် အသာဆုံး အမြတ်ဆုံးဖြစ်သည့် နိဗ္ဗာန်တရားတော်မြတ်ကို။ (မဂ္ဂဉာဏေနေဝ = ဖြူစင်မြင့်မြတ် အတိဥက္ကဌ် ဖြစ်သော အရိယမဂ်ဉာဏ်ဖြင့်သာလျှင်) ဉတွာ = သိရှိရ၍။ သစ္စာနိ = ကြွင်းသော သစ္စာတို့ကိုလည်း။ အဘိသမေဿတိ = ထိုးထွင်း၍ သိလတ္တံ့။ တဒါ = သစ္စာလေးရပ် တရားမြတ်ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ရာ ထိုအခါ၌။ အဝိဇ္ဇူပသမာ = အဝိဇ္ဇာ၏ ငြိမ်းအေးခြင်းကြောင့်။ ဥပသန္တော = ကိလေသာ ဟူသော အပူခပ်သိမ်းမှ အငြိမ်းကြီးငြိမ်း အအေးကြီးအေးရသည် ဖြစ်၍။ စရိဿတိ = လှည့်လည်ကျက်စား သွားလာနေထိုင်ရပေလတ္တံ့။ (အဘိ၊ဋ္ဌ၊၂၊၁၄၂-၁၄၃။)
အသင်သူတော်ကောင်း၏ လက်ရှိပဋိသန္ဓေကို ဖြစ်စေတတ်သော သင်္ခါရမှာ ကာမာဝစရ ပုညာဘိသင်္ခါရသာ ဖြစ်၍, အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာကြောင့် ယင်းအတိတ်ဘဝ၌ပင် ပြုစု ပျိုးထောင်ခဲ့သော ကာမာဝစရ ပုညာဘိသင်္ခါရ ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ----
အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်၏။
အဝိဇ္ဇာက အကြောင်းတရား၊ သင်္ခါရက အကျိုးတရား ---- ဟု
ဤမျှသာ အကြောင်း အကျိုးတို့ကို သိမ်းဆည်းထားနှင့်ပါဦး။ နောက်ပိုင်းကာလဝယ် အတိတ် အဆက်ဆက်သို့ ဉာဏ်ကို စေလွှတ်၍ သိမ်းဆည်းနိုင်သောအခါမှ အဝိဇ္ဇာကြောင့် ကြွင်းကျန်သော သင်္ခါရများ ထိုက်သလို ဖြစ်ခဲ့ပုံကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို ထပ်မံ၍ သိမ်းဆည်းရမည် ဖြစ်ပေသည်။ ယခုအခါတွင်ကား အတိတ် အဝိဇ္ဇာ သင်္ခါရမှသည် အနာဂတ် ဇာတိ ဇရာမရဏသို့တိုင်အောင် တိုးလျှိုပေါက် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းဖို့ရန်သာ ဦးစား ပေး၍ ရှုထားနှင့်ပါဦး။
__________