နိဗ္ဗာနဂါမိနိပဋိပဒါ-တတိယတွဲ/အဝိဇ္ဇာပစ္စယာ သင်္ခါရာ
အဝိဇ္ဇာပစ္စယာ သင်္ခါရာ
သင်္ခါရ --- သင်္ခတမဘိသင်္ခရောန္တီတိ သင်္ခါရာ --- (အဘိ၊ဋ္ဌ၊၂၊၁၂၇။) ဟူသည်နှင့်အညီ သင်္ခတ အမည်ရသော ခန္ဓာ (၅)ပါး, ဝိပါကဝဋ် ရုပ်-နာမ် အကျိုးတရားစုကို ဖြစ်ပေါ်လာအောင် ပြုစီမံတတ်သောကြောင့် လောကီ ကုသိုလ်စေတနာ, အကုသိုလ်စေတနာ တရားစုသည် သင်္ခါရမည်၏။
၁။ ဒါန သီလ ဘာဝနာ စသည်တို့၏ အစွမ်းဖြင့် ဖြစ်သော ကာမာဝစရ မဟာကုသိုလ်စေတနာ (၈)မျိုး, ဘာဝနာ၏ အစွမ်းဖြင့် ဖြစ်သော စတုက္ကနည်းအရ ရူပါဝစရကုသိုလ်စျာန် (၄)မျိုးနှင့် ယှဉ်သော ရူပါဝစရ ကုသိုလ်စေတနာ (၄)မျိုး, ပဉ္စကနည်းအရ ရူပါဝစရ ကုသိုလ်စျာန် (၅)မျိုးနှင့် ယှဉ်သော ရူပါဝစရ ကုသိုလ် စေတနာ (၅)မျိုး --- ဤ (၁၃)မျိုးသော ကုသိုလ်စေတနာသည် ပုညာဘိသင်္ခါရ မည်၏။ ကာမာဝစရ မဟာကုသိုလ်စေတနာသည် ကာမသုဂတိ (၇)ဘုံ၌, ရူပါဝစရ ကုသိုလ်စေတနာသည် ရူပ (၁၆)ဘုံ၌ ခန္ဓာ (၅)ပါး ဝိပါကဝဋ် အကျိုးတရားစုကို ထိုက်သည်အားလျော်စွာ ဖြစ်ပေါ်လာအောင် ပြုစီမံတတ်သောကြောင့် ပုညာဘိသင်္ခါရမည်၏။
ဤ (၁၃)မျိုးသော ကုသိုလ် စေတနာသည် မိမိကို ပြုစုပျိုးထောင်တတ်သော ပုဂ္ဂိုလ်ကို မကောင်းမှု၏ အကျိုးဖြစ်သော ဝိပါကဒုက္ခမှလည်းကောင်း, စေတသိကဒုက္ခ, သံကိလေသဒုက္ခမှလည်းကောင်း ဖြူစင်အောင် သုတ်သင်တတ်သည်၏ အဖြစ်ကြောင့် ပုညမည်၏။ စီးပွားချမ်းသာကို လိုလားတောင့်တသော အဇ္ဈာသယဓာတ် ဖြင့် ကောင်းမှုကုသိုလ်ကို ပြုစုပျိုးထောင်၏၊ ထိုစီးပွားချမ်းသာကို ဖြစ်စေခြင်းအားဖြင့် ပြီးစီးစေခြင်းအားဖြင့် ကောင်းမှုပြုသူ၏ အလိုအဇ္ဈာသယဓာတ်ကို ပြည့်စေတတ်သောကြောင့်လည်း ယင်းကုသိုလ်စေတနာသည် ပုညမည်၏။ ပူဇော်ထိုက်သော သုဂတိဘဝကို ဖြစ်စေတတ်သောကြောင့်လည်း ယင်းကုသိုလ်စေတနာသည် ပုညမည်၏။ ယင်းကုသိုလ်စေတနာသည် အကျိုးဝိပါက်နာမ်တရားကိုလည်းကောင်း, ကဋတ္တာအမည်ရသော အကျိုးရုပ်တရားကိုလည်းကောင်း ဖြစ်ပေါ်လာအောင် ပြုစီမံတတ်သည်၏ အဖြစ်ကြောင့်လည်း အဘိသင်္ခါရ မည်၏။ ပုညလည်းမည်၍ အဘိသင်္ခါရလည်း အမည်ရသော ယင်းကာမာဝစရ ရူပါဝစရ ကုသိုလ်စေတနာသည် ပုညာဘိသင်္ခါရမည်၏။ (အဘိ၊ဋ္ဌ၊၂၊၁၃၄။ မူလဋီ၊၂၊၉၃။)
၂။ ပါဏာတိပါတ = သူ့အသက်ကိုသတ်ခြင်း စသည်တို့၏ အစွမ်းဖြင့် ဖြစ်သော အကုသိုလ်စေတနာ (၁၂)မျိုးသည် ပုည၏ ဆန့်ကျင်ဘက် ဖြစ်သောကြောင့် အပုညမည်၏။ ထိုအပုည အမည်ရသော အကုသိုလ် စေတနာသည် အပါယ်ဒုဂ္ဂတိ၌ အကျိုးဝိပါက်ကို ပြုစီမံတတ်သောကြောင့် အဘိသင်္ခါရလည်း မည်၏။ အပုညလည်း မည်၍ အဘိသင်္ခါရလည်း မည်သော ယင်းအကုသိုလ်စေတနာသည်ပင် အပုညာဘိသင်္ခါရမည်၏။
၃။ သမာဓိ၏ ဆန့်ကျင်ဘက်ဖြစ်သော ကာမစ္ဆန္ဒစသော နီဝရဏတို့၏ အလွန်ဝေးကွာကုန်သည်၏ အဖြစ် ကြောင့် မတုန်မလှုပ်တတ်သော အရူပစျာန်ကို အာနေဉ္ဇဟု ခေါ်သည်။ ထိုအရူပစျာန်သည်ပင် အကျိုးဝိပါက်ကို ပြုစီမံတတ်သောကြောင့် အဘိသင်္ခါရလည်း မည်၏။ အာနေဉ္ဇလည်း မည်၍ အဘိသင်္ခါရလည်း မည်သော အရူပါဝစရ ကုသိုလ်စေတနာ (၄)မျိုးသည် အာနေဉ္ဇာဘိသင်္ခါရမည်၏။ တစ်နည်း --- မတုန်မလှုပ်တတ်သော အရူပဘဝကိုလည်း ပြုစီမံတတ်သောကြောင့် ထိုအရူပ ကုသိုလ်စေတနာသည် အာနေဉ္ဇာဘိသင်္ခါရမည်၏။ (အဘိ၊ဋ္ဌ၊၂၊၁၃၄။)
မဂ်စေတနာ --- အရိယမဂ်စေတနာသည် အရိယဖိုလ်တည်းဟူသော အကျိုးဝိပါက် သင်္ခတကို တိုက်ရိုက် ဖြစ်ပေါ်လာအောင် ပြုစီမံတတ်သော်လည်း ဤဝဋ္ဋကထာ (= ဝဋ်လည်ပတ်ပုံကို ပြသော တရားစကား)နှင့် မသက်ဆိုင်သောကြောင့် သင်္ခါရအရ၌ မကောက်ယူရဟု မှတ်ပါ။
ယင်းသင်္ခါရတို့ကို ဖြစ်ပေါ်လာအောင် ပြုစီမံရာ၌ ကာယဒွါရ ဝစီဒွါရ မနောဒွါရတို့ဖြင့် ပြုစီမံ၍ ဖြစ်ပေါ်လာရ၏ဟု ဒွါရအားဖြင့် ဖြစ်ပုံကိုပြခြင်း အကျိုးငှါ ကာယသင်္ခါရ ဝစီသင်္ခါရ စိတ္တသင်္ခါရ သုံးမျိုးကို ထပ်မံ၍ ဘုရားရှင်သည် ဟောကြားတော်မူပေသည်။
ပရိဝီမံသနသုတ္တန်
ပုညေဉ္စ သင်္ခါရံ အဘိသင်္ခရောတိ၊ ပုညူပဂံ ဟောတိ ဝိညာဏံ။ အပုညေဉ္စ သင်္ခါရံ အဘိသင်္ခရောတိ၊ အပုညူပဂံ ဟောတိ ဝိညာဏံ။ အာနေဉ္ဇေဉ္စ သင်္ခါရံ အဘိသင်္ခရောတိ၊ အာနေဉ္ဇူပဂံ ဟောတိ ဝိညာဏံ။ (သံ၊၁၊၃၁၀။)
= ပုညဖြစ်သော အကျိုးတရားကို ပြုစီမံတတ်သော ကံကို အကယ်၍ ပြုစုပျိုးထောင်အံ့၊ ဤသို့ ပုညသင်္ခါရကို ပြုစုပျိုးထောင်လတ်သော် ပုည၏ အကျိုးဖြစ်သော ဘဝသမ္ပတ္တိသို့ ကပ်ရောက်တတ်သော ဝိပါက်ဝိညာဏ်သည် ဖြစ်ပေါ်လာ၏။ ပုည၏ ဆန့်ကျင်ဘက် ဖြစ်သော အကုသိုလ်သင်္ခါရကို အကယ်၍ ပြုစု ပျိုးထောင်ငြားအံ့၊ ဤသို့ အပုညသင်္ခါရကို ပြုစုပျိုးထောင်လတ်သော် အပုည၏ အကျိုးဖြစ်သော ဘဝဝိပတ္တိသို့ ကပ်ရောက်တတ်သော ဝိပါက်ဝိညာဏ်သည် ဖြစ်ပေါ်လာ၏။ သမာဓိ၏ ဆန့်ကျင်ဘက် နီဝရဏတို့၏ ဝေးကွာသည့် အတွက်ကြောင့် မတုန်လှုပ်တတ်သော အကျိုးတရားကို ပြုစီမံတတ်သော အာနေဉ္ဇအမည်ရသော အရူပကံကို အကယ်၍ ပြုစုပျိုးထောင်ငြားအံ့၊ ဤသို့ အာနေဉ္ဇသင်္ခါရကို ပြုစုပျိုးထောင်လတ်သော် အာနေဉ္ဇကံ၏ အကျိုးဖြစ်သော အရူပဘဝသို့ ကပ်ရောက်တတ်သော ဝိပါက်ဝိညာဏ်သည် ဖြစ်ပေါ်လာ၏။ (သံ၊၁၊၃၁၀။)
ဝိဘင်္ဂသုတ္တန်
တယောမေ ဘိက္ခဝေ သင်္ခါရာ။ ကတမေ တယော။ ကာယသင်္ခါရော ဝစီသင်္ခါရော စိတ္တသင်္ခါရော။ (သံ၊၁၊၂၄၅။)
= ရဟန်းတို့ ...သုံးပါးကုန်သော ဤသင်္ခါရတို့သည် ရှိကြကုန်၏။ အဘယ်သုံးပါးတို့နည်းဟူမူ --- ကာယသင်္ခါရ, ဝစီသင်္ခါရ, စိတ္တသင်္ခါရ ဤသုံးပါးတို့တည်း။ (သံ၊၁၊၂၄၅။)
ဤအဘိဓမ္မာမည်သည်
အယံ အဘိဓမ္မော နာမ န အဓုနာကတော၊ နာပိ ဗာဟိရကဣသီဟိ ဝါ သာဝကေဟိ ဝါ ဒေဝတာဟိ ဝါ ဘာသိတော။ သဗ္ဗညုဇိနဘာသိတော ပန အယံ။ အဘိဓမ္မေပိ ဟိ သုတ္တေပိ ဧကသဒိသာဝ တန္တိ နိဒ္ဒိဋ္ဌာတိ ဣမဿတ္ထဿ ဒီပနတ္ထံ။ (အဘိ၊ဋ္ဌ၊၂၊၁၃၄-၁၃၅။)
အဘယ်ကြောင့် ဤပရိဝီမံသနသုတ္တန် ဝိဘင်္ဂသုတ္တန်တို့ကို ကိုးကား၍ ဤအဘိဓမ္မာဝိဘင်းပါဠိတော်၌ ဟောကြားထားတော်မူအပ်သော ပုညာဘိသင်္ခါရစသည့် သင်္ခါရတို့သည် သုတ္တန်ဒေသနာတော်များ၌ လာရှိ သော ပုညာဘိသင်္ခါရစသည်တို့နှင့် တစ်ထပ်တည်း တူညီကြောင်းကို ဤ၌ ထုတ်ဆောင်၍ ပြနေရပါသနည်းဟု မေးရန် ရှိ၏။
အယူမညီသည့် ဝိတဏ္ဍဝါဒီပုဂ္ဂိုလ်တို့က အဘိဓမ္မာကို ဇိနဘာသိတ (= ဘုရားဟော)ဟု မယူလိုကြ၊ ထို ဝါဒကိုပယ်ပြီး ဖြစ်အောင် ပရိဝီမံသနသုတ်, ဝိဘင်္ဂသုတ်တို့၌ လာသော ပုညာဘိသင်္ခါရစသည်တို့ကို ဤ၌ ထုတ်ပြရပေသည်။
ဤအဘိဓမ္မာတရားတော်မည်သည်ကို ယခုမှ ပြုအပ်သည်လည်း မဟုတ်, သာသနာပရသေ့တို့သည် သော်လည်းကောင်း, သာဝကတို့သည်သော်လည်းကောင်း, နတ်ဗြဟ္မာတို့သည်သော်လည်းကောင်း ဟောအပ် သည်လည်း မဟုတ်၊ အဟုတ်သော်ကား ဤအဘိဓမ္မာတရားတော်ကို သဗ္ဗညူ သမ္မာသမ္ဗုဒ္ဓဘုရားရှင်သည် ဟောကြားတော်မူအပ်၏၊ မှန်ပေသည် အဘိဓမ္မာပါဠိတော်၌လည်းကောင်း, ဘုရားဟောတော်မူအပ်သော သုတ္တန်ပါဠိတော်၌လည်းကောင်း တစ်ထပ်တည်းတူသည်သာလျှင် ဖြစ်သော ပါဠိတော်အစဉ်ကို ညွှန်ပြတော် မူအပ်ပြီ။ ဤသို့သော အနက်အဓိပ္ပါယ်ကို ပြလိုခြင်းတည်းဟူသော အကြောင်းကြောင့် ဤသုတ္တန်တို့ကို ထုတ်ဆောင်၍ သုတ္တန်ဒေသနာတော်များ၌လည်း ဘုရားရှင်သည် ပုညာဘိသင်္ခါရစသည်တို့ကို ဟောကြား ထားတော်မူကြောင်းကို ယူဆောင်၍ ဖွင့်ပြခြင်း ဖြစ်သည်။
ထိုသုတ္တန်တို့ကိုကား ဇိနဘာသိတ (= ဘုရားဟော) မဟုတ်ဟု မပယ်ကြပေ၊ ဇိနဘာသိတ (= ဘုရားဟော)ဟု အားလုံးလက်ခံထားကြ၏။ ထိုသုတ္တန်များနှင့် ဤအဘိဓမ္မာဝိဘင်း ဒေသနာတော်၏ တစ်ထပ်တည်း ဖြစ်သောကြောင့် ဤအဘိဓမ္မာပါဠိတော်၏ ဇိနဘာသိတ (= ဘုရားဟော) ဖြစ်ကြောင်းမှာ ထင်ရှားသည်ဟူလိုသည်။ (အဘိ၊ဋ္ဌ၊၂၊၁၃၄-၁၃၅။)
သုတ္တန်နှင့် အဘိဓမ္မာတို့၌ ညွှန်ကြားချက်တို့သည် တစ်ထပ်တည်းသာ ဖြစ်ကြသည်ဟူသော ဤအဆိုကို နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော အသင်သူတော်ကောင်းသည် ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင်၍ နာယူ မှတ်သားလေရာသည်။ (ပဋိစ္စသမုပ္ပါဒ်ပိုင်းအစတွင် ဖော်ပြထားသော ဝိဘင်းပါဠိတော်ကြီးကို အာရုံယူထားပါ၊၊)
ဒါနမယ ကုသိုလ်စေတနာ (ပုညာဘိသင်္ခါရ)
ဝိနည်းဒေသနာတော်၌ လာရှိသော ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းလေးပါးတို့တွင် တစ်ပါးပါးသော ပစ္စည်းကို လှူဒါန်းသော ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း, အဘိဓမ္မာဒေသနာတော်၌ လာရှိသော ရူပါရုံစသည့် အာရုံ (၆)ပါးတို့တွင် အာရုံတစ်မျိုးမျိုးကို ပေးလှူသော ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း, သုတ္တန်ဒေသနာတော် ၌ လာရှိသော ဆွမ်း, အဖျော်, အဝတ်သင်္ကန်းစသော ဒါနဝတ္ထု (၁၀)မျိုးတို့တွင် တစ်မျိုးမျိုးကို ပေးလှူသော ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း, ထိုဒါနဝတ္ထု (= လှူဖွယ်ဝတ္ထု)တို့ကို ဖြစ်စေရာအခါ စုဆောင်းရာအခါမှ စ၍-
၁။ မလှူမီ ေ့ရှအဖို့ကာလ,
၂။ စွန့်ကြဲရာ ပေးလှူရာကာလ,
၃။ စွန့်ကြဲပြီးရာ ကာလမှ နောက်၌ သောမနဿနှင့် ယှဉ်သော ဝမ်းမြောက်သော စိတ်ဖြင့် အောက်မေ့ အမှတ်ရရာ ကာလ,
ဤသုံးမျိုးကုန်သော ကာလတို့၌ဖြစ်သော စေတနာသည် ဒါနမယစေတနာ မည်၏။ ကာမာဝစရ မဟာကုသိုလ်စေတနာတည်း။ (အဘိ၊ဋ္ဌ၊၂၊၁၃၅။)
[ဥပေက္ခာ ဝေဒနာနှင့်ယှဉ်သော စိတ်ဖြင့်လည်း အောက်မေ့နိုင်သည်သာတည်း။ (မူလဋီ၊၂၊၉၄။)]
သီလမယ ကုသိုလ်စေတနာ (ပုညာဘိသင်္ခါရ)
သီလကို ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်ရန် အလို့ငှာ ရှင်ရဟန်းပြုပေတော့အံ့ဟု ကြံစည်စိတ်ကူး၍ ကျောင်းသို့ သွားသော ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း, ရှင်ရဟန်းအဖြစ်သို့ ကပ်ရောက်သော ရှင်ရဟန်းပြုပြီးသော ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း, စိတ်နှလုံး၏ အလိုဆန္ဒကို အထွတ်အထိပ် အပြီးအဆုံးသို့ ရောက်စေ၍ ငါသည် ရှင်ရဟန်းအဖြစ်သို့ ကပ်ရောက်ပြီးသည် ဖြစ်ပေပေါ့တကား, ကောင်းလေစွ, ကောင်းလေစွ --- ဟု ဆင်ခြင်သော ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း, ပါတိမောက္ခသံဝရသီလတည်းဟူသော ဝိနည်းသိက္ခာပုဒ်တော် သီလများကို စောင့်စည်းသော ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း, သင်္ကန်း-ဆွမ်း-ကျောင်း-ဆေး ပစ္စည်းလေးပါးတို့ကို ပစ္စဝေက္ခဏာဉာဏ်ဖြင့် ဆင်ခြင်၍ သုံးစွဲသော ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း, ရူပါရုံအစရှိသော အာရုံတို့သည် ရှေးရှုကျခြင်းသို့ ထင်ခြင်းသို့ ရောက်ကုန်လတ်သော် စက္ခုဒွါရ အစရှိကုန်သော ဒွါရတို့ကို စောင့်စည်းသော ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း, အသက်မွေးဝမ်းကျောင်းကို စင်ကြယ်အောင် သုတ်သင်သော ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း ဖြစ်ပေါ်လာသော ကာမာဝစရ မဟာကုသိုလ်စေတနာသည် သီလမယ ကုသိုလ်စေတနာ မည်၏။ (အဘိ၊ဋ္ဌ၊၂၊၁၃၅။)
ဘာဝနာမယ ကုသိုလ်စေတနာ (ပုညာဘိသင်္ခါရ)
ပဋိသမ္ဘိဒါမဂ်ပါဠိတော် (ခု၊၉၊၄၇။)၌ ဟောကြားထားတော်မူအပ်သော ဝိပဿနာအစဉ်ဖြင့် ခန္ဓာ (၅)ပါး, အာယတန (၁၂)ပါး, ဓာတ် (၁၈)ပါး, ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန် တင်ကာ ရှုပွားသုံးသပ်တတ်သော ဝိပဿနာဘာဝနာကို ပွားများနေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပေါ်လာသော ကုသိုလ်စေတနာသည် ဘာဝနာမယ ကုသိုလ်စေတနာ မည်၏။ တစ်နည်းဆိုသော် --- ဒွါရ (၆)ပါး, အာရုံ (၆)ပါး, ဝိညာဏ် (၆)ပါး, ဖဿ (၆)ပါး, ဝေဒနာ (၆)ပါး, သညာ (၆)ပါး, ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ် (၁၂)တန်တို့ကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန်တင်ကာ ရှုပွားသုံးသပ်တတ်သော ဝိပဿနာဘာဝနာကို ပွားများ အားထုတ်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပေါ်လာသော ဝိပဿနာ ကုသိုလ်စေတနာသည် ဘာဝနာမယ ကုသိုလ်စေတနာ မည်၏။ (အဘိ၊ဋ္ဌ၊၂၊၁၃၅-၁၃၆။) [မဟာကုသိုလ်စေတနာ (၈)မျိုးပင်တည်း။]
ဘာဝနာမယ ကုသိုလ်စေတနာတို့ကား --- မဟာကုသိုလ်စေတနာ (၈)မျိုး, ရူပါဝစရ ကုသိုလ်စေတနာ (၅)မျိုး, ပေါင်း (၁၃)မျိုးတည်း။ ဤ၌ ဉာဏဝိပ္ပယုတ်ဖြစ်သည့် ဉာဏ်မယှဉ်သည့် မဟာကုသိုလ်စေတနာတို့သည် လည်း ဘာဝနာမယကုသိုလ်တွင် ပါဝင်လျက် ရှိကြ၏။
အဝါးဝစွာ လေ့လာအပ်ပြီးသော ဓမ္မစကြာ အနတ္တလက္ခဏသုတ္တန်စသော ပါဠိတော်ကဲ့သို့သော ပါဠိတော် ဓမ္မကို ရွတ်ဖတ်သရဇ္ဈာယ်သော ပုဂ္ဂိုလ်သည် အနုသန္ဓေ တစ်ခု နှစ်ခုစသည် လွန်သွားသော်လည်း ရံခါ မသိလိုက်သည်လည်း ရှိ၏၊ နောက်မှ တစ်ဖန်ပြန်၍ ဆင်ခြင်လတ်သော် သိသကဲ့သို့ ဤအတူပင်လျှင် ကသိုဏ်း ပရိကံကို ပြုသော ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း, အဝါးဝစွာ လေ့လာအပ်ပြီးသော စျာန်ကို ဆင်ခြင်သော ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း, အဝါးဝစွာ လေ့လာအပ်ပြီးသော ကမ္မဋ္ဌာန်းကို နှလုံးသွင်းသော ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း ဉာဏသမ္ပယုတ် မဟာကုသိုလ်သာမက ဉာဏဝိပ္ပယုတ် မဟာကုသိုလ်လည်း ဖြစ်နိုင်၏။ ဝိပဿနာပိုင်းတွင်လည်း နည်းတူပင်တည်း။ ထိုကြောင့် ဘာဝနာမယ ကုသိုလ်စေတနာ (၁၃)မျိုးဟု ဖွင့်ဆိုခြင်း ဖြစ်သည်။ (အဘိ၊ဋ္ဌ၊၂၊၁၃၅။)
စျာန်မဆိုက်မီ သမထဘာဝနာကုသိုလ်နှင့် အရိယမဂ်သို့ မဆိုက်မီ ဝိပဿနာ ဘာဝနာကုသိုလ် မှန်သမျှ သည်ကား မဟာကုသိုလ်ချည်းပင်တည်း။ ယင်းမဟာကုသိုလ်စေတနာတို့သည် ဘာဝနာမယကုသိုလ်တို့တည်း။ ဒါနမယ, သီလမယ, ဘာဝနာမယဖြစ်သော မဟာကုသိုလ်စေတနာတို့သည်ကား ပုညာဘိသင်္ခါရမည်ကြ၏။ ဘာဝနာမယဖြစ်သော ရူပါဝစရစျာန် ကုသိုလ်စေတနာသည်လည်း ပုညာဘိသင်္ခါရပင်မည်၏။
အပုညာဘိသင်္ခါရ --- (၁၂)မျိုးသော အကုသိုလ်စိတ်နှင့်ယှဉ်သော အကုသိုလ်စေတနာသည် အပုညာဘိသင်္ခါရမည်၏။ ထို(၁၂)မျိုးသော အကုသိုလ်စေတနာတို့တွင် ဒေါသမူဒွေ၌ ယှဉ်သော ဒေါမနဿသဟဂုတ် စေတနာ (၂)မျိုးတို့ကို ထား၍ ဒေါမနဿသဟဂုတ် စေတနာ (၂)မျိုးမှ ကြွင်းကျန်ကုန်သော (၁၀)မျိုးကုန်သော အကုသိုလ်စေတနာတို့သည် ရူပဘဝ အရူပဘဝ၌လည်း အကယ်၍ကား ဖြစ်နိုင်ပါပေကုန်၏၊ ထိုသို့ပင် ဖြစ်နိုင် ပါကုန်သော်လည်း ထိုရူပဘဝ အရူပဘဝ၌ ပဋိသန္ဓေကို မငင်နိုင်ကုန်။ ယင်းအကုသိုလ်စေတနာတို့က ရူပဘဝ အရူပဘဝ၌ ပဋိသန္ဓေအကျိုးကို မပေးနိုင်ကုန်။ ကာမာဝစရဘုံ၌သာလျှင် ပဋိသန္ဓေ၏ အစွမ်းဖြင့် အကျိုး ဝိပါက်ကို ဖြစ်စေနိုင်ကုန်၏။ ထိုကြောင့် ယင်းအကုသိုလ်စေတနာတရားတို့ကို ကာမာဝစရတရားတို့ဟူ၍ သာလျှင် ဘုရားရှင်သည် ဟောကြားတော်မူအပ်ကုန်ပြီ။ (အဘိ၊ဋ္ဌ၊၂၊၁၃၆။)
အာနေဉ္ဇာဘိသင်္ခါရ --- အရူပါဝစရ ကုသိုလ်စေတနာ (၄)မျိုးတို့သည် အာနေဉ္ဇာဘိသင်္ခါရ မည်၏။ မှန်ပေသည် --- ဤအရူပါဝစရ ကုသိုလ်စေတနာ (၄)မျိုးတို့ကို မတုန်လှုပ်တတ်ကုန်သည်၏ အဖြစ်ကြောင့် လည်းကောင်း, မတုန်လှုပ်သော အကျိုးဝိပါက်ကို ပြုစီမံတတ်ကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း အာနေဉ္ဇာဘိသင်္ခါရဟူ၍ ဆိုအပ်ကုန်၏။
ချဲ့၍ဆိုဦးအံ့ --- ရူပါဝစရစတုတ္ထစျာန်မှ ကုသိုလ်စေတနာ, ဝိပါက်စေတနာ, ကြိယာစေတနာသုံးမျိုး, အရူပါဝစရကုသိုလ်စေတနာ (၄)မျိုး, ဝိပါက်စေတနာ (၄)မျိုး, ကြိယာစေတနာ (၄)မျိုး, --- ဤ (၁၅)မျိုးကုန်သော တရားတို့သည် မလှုပ်ရှားတတ်ကုန်သည်၏ အဖြစ်ကြောင့် မတုန်လှုပ်တတ်ကုန်သည်၏ အဖြစ်ကြောင့် အာနေဉ္ဇတို့ မည်၏။ ထိုစေတနာတို့တွင် ရူပါဝစရ ကုသိုလ်စေတနာသည် မတုန်လှုပ်သည် ဖြစ်ပါသော်လည်း မိမိနှင့် တူသည်လည်း ဖြစ်သော မတူသည်လည်း ဖြစ်သော တုန်လှုပ်ခြင်းနှင့်တကွလည်း ဖြစ်သော, တုန်လှုပ်ခြင်း မရှိသည်လည်း ဖြစ်သော ရုပ်ဝိပါက် နာမ်ဝိပါက်ကို ဖြစ်စေတတ်၏၊ ထိုကြောင့် အာနေဉ္ဇာဘိသင်္ခါရ --- မည်သည် မဖြစ်နိုင်ပေ။ (ရုပ်ဝိပါက် = အကျိုးဖြစ်သော ကမ္မဇရုပ်ကို အသရိက္ခက = မိမိကုသိုလ်စေတနာနှင့် မတူသော, သဣဉ္ဇန = တုန်လှုပ်ခြင်းရှိသော အကျိုးဟု ဆိုသည်။)
တစ်ဖန် ရူပါဝစရ ဝိပါက်စေတနာ, ရူပါဝစရ ကြိယာစေတနာတို့သည် အကျိုးမပေးတတ်ကုန်သည်၏ အဖြစ်ကြောင့် အကျိုးဝိပါက်ကို မပြုစီမံနိုင်ကုန်။ ထို့အတူ အရူပါဝစရ ဝိပါက်စေတနာ အရူပါဝစရ ကြိယာ စေတနာတို့သည်လည်း အကျိုးမပေးတတ်ကုန်သည်၏ အဖြစ်ကြောင့် အကျိုးဝိပါက်ကို မပြုစီမံနိုင်ကုန်။ ဤသို့လျှင် ဤ (၁၁)ပါးကုန်သော စေတနာတို့သည် အာနေဉ္ဇတို့သာ မည်ကုန်၍ အဘိသင်္ခါရတို့ကား မမည်ကြကုန်။
တစ်ဖန် အရူပါဝစရ ကုသိုလ်စေတနာသည် --- ဆင် မြင်းစသော သတ္တဝါတို့၏ အရိပ်တို့သည် ဆင် မြင်းစသော သတ္တဝါတို့နှင့် တူသည်သာလျှင် ဖြစ်ကုန်သကဲ့သို့ --- ဤအတူ မိမိနှင့်တူသော မတုန်လှုပ်သော အရူပဝိပါက်ကိုသာလျှင် ဖြစ်စေတတ်၏။ ထိုကြောင့် အရူပါဝစရ ကုသိုလ်စေတနာကိုသာလျှင် အာနေဉ္ဇာဘိသင်္ခါရဟူ၍ ဆိုအပ်၏ဟု မှတ်သားပါ။ (အဘိ၊ဋ္ဌ၊၂၊၁၃၆။)
ဒါနမယစေတနာ
ဒါနဝသေန ပဝတ္တာ စိတ္တစေတသိကာဓမ္မာ ဒါနံ။ တတ္ထ ဗျာပါရဘူတာ အာယူဟနစေတနာ ဒါနံ အာရဗ္ဘ ဒါနံ အဓိကိစ္စ ဥပ္ပဇ္ဇ္ဇတီတိ ဝုစ္စတိ။ ဧဝံ ဣတရေသု။ (မူလဋီ၊၂၊၉၄။)
= စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း၏ အစွမ်းဖြင့် ဖြစ်ကုန်သော စိတ်စေတသိက် ဖြစ်ကုန်သော တရားတို့သည် ဒါနမည်၏။ ထိုစိတ်စေတသိက်တရားတို့တွင် ကြောင့်ကြဗျာပါရဖြစ်၍ ဖြစ်သော အားထုတ်ကြောင်း စေတနာကို ဒါနကို အာရုံပြု၍ ဒါနကို အစွဲပြု၍ ဖြစ်ပေါ်လာ၏ဟု ဆိုအပ်၏။ (မူလဋီ၊၂၊၉၄။)
ဤမူလဋီကာအဖွင့်နှင့် အညီ ဒါနမယစေတနာဟူသည် ပဓာနနည်းအားဖြင့် ဖွင့်ဆိုခြင်းတည်းဟု မှတ်ပါ။ ဒါန၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော စိတ်စေတသိက်အားလုံးကိုပင် ဒါနမယ ကုသိုလ်သင်္ခါရဟု မှတ်ပါ။ သီလမယ ကုသိုလ်သင်္ခါရ, ဘာဝနာမယ ကုသိုလ်သင်္ခါရတို့၌လည်း နည်းတူပင်တည်း။
ထိုကြောင့် သင်္ခါရအရ စေတနာတစ်ခုကိုသာ မရှုဘဲ စေတနာဦးဆောင်သည့် ကုသိုလ်သင်္ခါရ, အကုသိုလ် သင်္ခါရအားလုံးကိုပင် အကြောင်း အကျိုး သိမ်းဆည်းရာ၌လည်းကောင်း, ဝိပဿနာရှုရာ၌လည်းကောင်း သိမ်းဆည်းရမည် ဝိပဿနာရှုပွားရမည်ဟု မှတ်သားထားပါ။
၁။ ဤသို့လျှင် ပုညာဘိသင်္ခါရ၏ အစွမ်းဖြင့် ကုသိုလ်စေတနာ (၁၃)မျိုး,
၂။ အပုညာဘိသင်္ခါရ၏ အစွမ်းဖြင့် အကုသိုလ်စေတနာ (၁၂)မျိုး,
၃။ အာနေဉ္ဇာဘိသင်္ခါရ၏ အစွမ်းဖြင့် ကုသိုလ်စေတနာ (၄)မျိုး, အားလုံးပေါင်းသော် စေတနာ (၂၉)မျိုးတို့ တည်း။
ဤသို့လျှင် ဘုရားရှင်သည် အတိုင်းအရှည် မရှိကုန်သော စကြဝဠာတို့၌ အတိုင်းအရှည် မရှိကုန်သော သတ္တဝါတို့၏ သန္တာန်၌ ဖြစ်ပေါ်နေကြကုန်သော ကုသိုလ်စေတနာ အကုသိုလ်စေတနာတို့ကို ကြီးစွာသော ချိန်ခွင်ဖြင့် ချိန်သကဲ့သို့လည်းကောင်း, ကွမ်းစားခွက်၌ ထည့်၍ ခြင်သကဲ့သို့လည်းကောင်း, သဗ္ဗညုတ ဉာဏ်တော်မြတ်ဖြင့် ပိုင်းခြားသတ်မှတ်တော်မူ၍ တစ်ခုယုတ်သုံးဆယ်သော (=၂၉-မျိုး)သော စေတနာကိုသာလျှင် သင်္ခါရအဖြစ် ညွှန်ကြား ပြသတော်မူလေသည်။ (အဘိ၊ဋ္ဌ၊၂၊၁၃၆။)
ပုညာဘိသင်္ခါရစသည်ကို ညွှန်ပြတော်မူပြီးနောက် ယခုအခါ၌ အတိုင်းအရှည်မရှိကုန်သော စကြဝဠာတို့၌ အတိုင်းအရှည် မရှိကုန်သော သတ္တဝါတို့သည် ကုသိုလ်ကံ အကုသိုလ်ကံကို အားထုတ်ကုန်လတ်သော် အကြင်ဒွါရတို့ဖြင့် အားထုတ်ကြကုန်၏။ ထိုကံကို အားထုတ်ကြောင်းဖြစ်သည့် ဒွါရသုံးမျိုးတို့ကို ညွှန်ပြတော် မူလိုသည်ဖြစ်၍ ကာယသင်္ခါရစသည်တို့ကို ဆက်လက် ဟောကြားတော်မူလေသည်။
ကာယသင်္ခါရ = ကာယသေဉ္စတနာ
ကာယသေဉ္စတနာဟူသည် ကာယဝိညတ်ရုပ်ကို ဖြစ်စေ၍ ကာယဒွါရကြောင့် ဖြစ်ကုန်သော ကာမာဝစရ မဟာကုသိုလ်စေတနာ (၈)မျိုး, အကုသိုလ်စေတနာ (၁၂)မျိုး, --- ဤ (၂၀)သော စေတနာတို့တည်း။ ကာယဒွါရ၌ စွဲစွဲမြဲမြဲ ဆွဲငင်၍ ယူခြင်း, အဆင်သင့် ယှဉ်လာသည်ကို ယူခြင်း, လှုပ်ရှားစေခြင်းသို့ ရောက်စေလျက် ဖြစ်ပေါ် လာကုန်သော (၂၀)သော ကုသိုလ်စေတနာ အကုသိုလ်စေတနာတို့သည် ကာယသင်္ခါရမည်၏ဟု ဤသို့လည်း ဆိုခြင်းငှာသင့်၏။ (အဘိ၊ဋ္ဌ၊၂၊၁၃၇။)
ဝစီသင်္ခါရ = ဝစီသေဉ္စတနာ
ဝစီသေဉ္စတနာဟူသည် ဝစီဝိညတ်ရုပ်ကို ဖြစ်စေ၍ ဝစီဒွါရကြောင့် ဖြစ်ကုန်သော ထိုစေတနာ (၂၀)တို့ ပင်တည်း။ ဝစီဒွါရ၌ မေး၏ လှုပ်ရှားခြင်းသို့ စကားလုံး၏ ကွဲပြားခြင်းသို့ ရောက်စေကုန်လျက် ဖြစ်ပေါ်လာ ကုန်သော (၂၀)သော စေတနာတို့သည် ဝစီသင်္ခါရမည်၏။ ဤသို့လည်း ဆိုခြင်းငှာသင့်၏။
အဘိညာဏ်စေတနာနှင့် ဥဒ္ဓစ္စစေတနာ
ဤကာယသင်္ခါရ ဝစီသင်္ခါရ (= ကာယသေဉ္စတနာ ဝစီသေဉ္စတနာ) အရာ၌ အဘိညာဏ်စေတနာကို မကောက်ယူပါနှင့်။ ယင်းအဘိညာဏ်စေတနာသည် နောက်၌ဖော်ပြမည့် သင်္ခါရပစ္စယာ ဝိညာဏံ --- အရ ဝိပါက်ဝိညာဏ်အား ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးတတ်သော သင်္ခါရစေတနာမျိုးကား မဟုတ်ပေ။ ထိုကြောင့် သင်္ခါရအရတွင် အဘိညာဏ်စေတနာကို မကောက်ယူပါနှင့်။ (အဘိ၊ဋ္ဌ၊၂၊၁၃၇။)
အဘယ်ကြောင့် ထိုအဘိညာဏ်စေတနာသည် ဝိပါက်ဝိညာဏ်အား (ပဋိသန္ဓေဝိညာဏ်စသည်အား) ဖြစ်ပေါ်လာအောင် ကျေးဇူးမပြုနိုင်ပါသနည်း။ ထိုအဘိညာဏ်စေတနာသည်လည်း အပြစ်မရှိခြင်း ကောင်းသော အကျိုးကို ပေးခြင်း သဘောလက္ခဏာရှိသော ကုသိုလ်စေတနာသည်လည်းကောင်း, အကျိုးကိုဖြစ်စေခြင်း သဘောရှိသော ဝိပါကဓမ္မသည်လည်းကောင်း ဖြစ်သည်မဟုတ်လောဟု မေးရန် ရှိ၏။
ထိုအဘိညာဏ်စေတနာသည် ကုသိုလ်တရားလည်း မှန်၏၊ အကျိုးကိုဖြစ်စေခြင်း သဘောရှိသော ဝိပါကဓမ္မလည်း မှန်၏။ ထိုသို့ပင် မှန်ပါသော်လည်း မပြတ်စဲသော တဏှာ, အဝိဇ္ဇာ, မာနရှိသော ပုထုဇန်နှင့် သောတာပန် သကဒါဂါမ် အနာဂါမ်ဟူသော သေက္ခအရိယာသူတော်ကောင်းတို့၏ သန္တာန်၌ ဗျာပါရနှင့်တကွ ဖြစ်ခြင်းကြောင့် ထိုအဘိညာဏ်စေတနာ၏ ကုသိုလ်၏ အဖြစ်ကိုလည်းကောင်း, အကျိုးကို ဖြစ်စေခြင်းသဘောရှိသော ဝိပါကဓမ္မ၏ အဖြစ်ကိုလည်းကောင်း ဟောတော်မူအပ်ပြီ။ ပဋိသန္ဓေဝိညာဏ်စသော အကျိုးဝိပါက်ကို ဖြစ်စေနိုင်ခြင်းကြောင့် ထိုအဘိညာဏ်စေတနာ၏ ကုသိုလ်၏ အဖြစ်ကိုလည်းကောင်း, အကျိုးကို ဖြစ်စေခြင်း သဘောရှိသော ဝိပါကဓမ္မ၏ အဖြစ်ကိုလည်းကောင်း ဟောတော်မူအပ်သည်ကား မဟုတ်ပေ။
ထိုအဘိညာဏ်စေတနာသည် ပဋိသန္ဓေဝိညာဏ်စသော အကျိုးဝိပါက်ကို အကယ်၍ ဖြစ်စေလတ်သော် ရူပါဝစရ အကျိုးဝိပါက်ကိုသာလျှင် ဖြစ်စေရာ၏။ အဘယ်ကြောင့်နည်း? --- အခြားသော ဘုံ၌ ဖြစ်သော ကံသည် အခြားသော ဘုံ၌ ဖြစ်သော အကျိုးဝိပါက်ကို မဖြစ်စေနိုင်သောကြောင့်တည်း။ (ကာမာဝစရကံက ရူပဘုံ၌, ရူပါဝစရကံက ကာမဘုံ၌ ပဋိသန္ဓေဝိညာဏ်စသော အကျိုးကို မဖြစ်စေနိုင်မှုမျိုးတည်း။)
သည်မျှသာမကသေး --- ထိုအဘိညာဏ်စေတနာသည် အကျိုးဝိပါက်ဝိညာဏ်ကို ဖြစ်စေလတ်သော် မိမိနှင့် တူသောအာရုံရှိသော ပဋိသန္ဓေ-ဘဝင်-စုတိအားဖြင့် သုံးဌာန၌ဖြစ်သော ထိုဝိပါက်ဝိညာဏ်ကို ဖြစ်စေရာ၏၊ အဘယ်ကြောင့် သိနိုင်သနည်း? ဓမ္မသင်္ဂဏီ စိတ္တုပ္ပါဒကဏ္ဍပါဠိတော်၌ ရူပါဝစရဝိပါက်၏ ကံနှင့်တူသော အာရုံရှိသည်သာလျှင် ဖြစ်သော ဝိပါက်ကို ဟောကြားထားတော်မူအပ်သည်၏ အဖြစ်ကြောင့် သိနိုင်ပါ၏ ဟူလို။
သည်မျှသာမကသေး ----- ပရိတ္တအမည်ရသော ကာမရုပ်နာမ်စသော အာရုံရှိသော ရူပါဝစရဝိပါက် ဟူသည် မရှိစကောင်းပေ။ (= ကာမရုပ်နာမ်စသည်ကို အာရုံပြုသော ရူပါဝစရဝိပါက်မျိုးကား မရှိ။) အဘိညာဏ် စေတနာသည်ကား ကာမရုပ်နာမ်စသော အာရုံရှိသည်သာလျှင် ဖြစ်၏ = ကာမရုပ်နာမ်စသည်ကို အာရုံပြုနိုင်၏။ ထိုကြောင့် ရူပါဝစရ ဝိပါက်ဝိညာဏ်ကို မဖြစ်စေနိုင်ဟု သိနိုင်၏။
တစ်ဖန် --- အဘိညာဏ်ဟူသည် ကသိုဏ်းအာရုံတို့၌ ဖြစ်စေအပ်သော စတုတ္ထစျာန်သမာဓိ၏ အကျိုး အာနိသင် ဖြစ်၏။ သော ဧဝံ သမာဟိတေ စိတ္တေ --- (ဒီ၊၁၊၇၆-၇၇။ မ၊၁၊၃၁၄-၃၁၅) စသည်ဖြင့် ဘုရားရှင် ဟောကြားထားတော်မူ၏။ ထိုကြောင့် စတုတ္ထစျာန်သမာဓိ၏ အကျိုးနှင့်တူသော ထိုအဘိညာဏ်စေတနာသည် အကျိုးကို မပေးနိုင်သည်သာတည်း။ ထိုကြောင့် ထိုဘဝ၌ ပစ္စည်းဥစ္စာကို ရရှိခြင်းသည် ဒါန၏ အကျိုးအာနိသင်, သီလ၏ အကျိုးအာနိသင်ဖြစ်သကဲ့သို့ ထို့အတူ ထိုအဘိညာဏ်စေတနာသည်လည်း ဝိပါက်ဝိညာဏ်အကျိုးကို မဖြစ်စေနိုင်။ (မူလဋီ၊၂၊၉၅။)
အဘိညာဏ်စေတနာသည် ပဋိသန္ဓေဝိညာဏ်စသော ဝိပါက်ဝိညာဏ်အား ဖြစ်ပေါ်လာအောင် ကျေးဇူးပြု မပေးသကဲ့သို့ အလားတူပင် ဥဒ္ဓစ္စစေတနာသည်လည်း ပဋိသန္ဓေဝိညာဏ်စသော ဝိပါက်ဝိညာဏ်အား ဖြစ်ပေါ် လာအောင် ကျေးဇူးမပြုနိုင်။ ထိုကြောင့် ထိုဥဒ္ဓစ္စစေတနာကိုလည်း ပဋိသန္ဓေဝိညာဏ်စသော ဝိပါက်ဝိညာဏ်၏ အကြောင်းတရားဖြစ်မှု၌ ပယ်ရှားထိုက်ကုန်၏။ အဝိဇ္ဇာကြောင့် သင်္ခါရတို့ဖြစ်ကုန်၏ -- ဟု ဟောတော်မူရာ၌ အဝိဇ္ဇာကြောင့်ဖြစ်သော သင်္ခါရတို့တွင် အဘိညာဏ်စေတနာ ဥဒ္ဓစ္စစေတနာလည်းပါဝင်သော အလုံးစုံလည်း ဖြစ်ကုန်သော (၂၀)သော စေတနာတို့သည် ဖြစ်ကုန်၏။ (အဘိ၊ဋ္ဌ၊၂၊၁၃၇။)
[မှတ်ချက် ---- တေသံ ဝိပါကေ ဉာဏံ အတ္ထပဋိသမ္ဘိဒါ - (အဘိ၊၂၊၃၀၉။) စသော ပါဠိတော်များကို ကိုးကား၍ ဥဒ္ဓစ္စသဟဂုတ်စေတနာက ပဋိသန္ဓေဝိညာဏ်စသော အကျိုးဝိပါက်ကို မဖြစ်စေမှု၌ စိစစ်ထိုက် ကြောင်းကို စောဒနာ သောဓနာ များစွာဖြင့် မူလဋီကာဆရာတော်က ဖွင့်ဆိုထားတော်မူသည်။ --- (မူလဋီ၊၂၊၉၅-၉၇။ ကြည့်။)]
စိတ္တသင်္ခါရ = မနောသေဉ္စတနာ
မနောသေဉ္စတနာ --- ဟူသည် ကာယဝိညတ် ဝစီဝိညတ်နှစ်မျိုးလုံးကို မဖြစ်စေမူ၍ မနောဒွါရ၌ ဖြစ်ကုန် သော အလုံးစုံလည်း ဖြစ်ကုန်သော (၂၉)မျိုးသော စေတနာတို့တည်း။ ယင်းမနောသေဉ္စတနာကား စိတ္တသင်္ခါရ တရားတည်း။ ဤသို့လျှင် မြတ်စွာဘုရားသည် အတိုင်းအတာ ပမာဏ မရှိကုန်သော စကြဝဠာတို့၌ အတိုင်းအတာ ပမာဏ မရှိကုန်သော သတ္တဝါတို့သည် ကုသိုလ်ကံ အကုသိုလ်ကံကို အားထုတ်ကုန်လတ်သော် သုံးပါးကုန်သော ဤဒွါရတို့ဖြင့် အားထုတ်ကြကုန်၏၊ ဤသို့အားထုတ်ကြောင်း ကမ္မဒွါရကို ဘုရားရှင်သည် ညွှန်ကြားပြသတော်မူပြီ။ (အဘိ၊ဋ္ဌ၊၂၊၁၃၇။)
တိက်ချင်း ယှဉ်တွဲပုံ
ပုညာဘိသင်္ခါရ, အပုညာဘိသင်္ခါရ, အာနေဉ္ဇာဘိသင်္ခါရဟူသော ဤသင်္ခါရသုံးမျိုးကို ပထမတိက်ဟု မှတ်ပါ။ ကာယသင်္ခါရ ဝစီသင်္ခါရ မနောသင်္ခါရ ဟူသော ဤသင်္ခါရသုံးမျိုးကို ဒုတိယတိက်ဟု မှတ်ပါ။ ယင်းတိက်နှစ်မျိုး တို့၏ အချင်းချင်း ယှဉ်တွဲပုံကို သိထိုက်ပေ၏။
ပုညာဘိသင်္ခါရသည် ကာယဒုစရိုက်မှ ရှောင်ကြဉ်သော ပုဂ္ဂိုလ်၏ သန္တာန်၌ ရံခါ ကာယသင်္ခါရ ဖြစ်၏၊ ဝစီဒုစရိုက်မှ ရှောင်ကြဉ်သော ပုဂ္ဂိုလ်၏ သန္တာန်၌ ရံခါ ဝစီသင်္ခါရ ဖြစ်၏။ ဤသို့လျှင် (၈) မျိုးကုန်သော ကာမာဝစရ မဟာကုသိုလ်စေတနာတို့သည် ပုညာဘိသင်္ခါရလည်း ဖြစ်၏၊ ကာယသင်္ခါရလည်း ဖြစ်၏၊ ဝစီသင်္ခါရလည်း ဖြစ်၏။
တစ်ဖန် မနောဒွါရ၌ ဖြစ်ကုန်သော မဟာကုသိုလ်စေတနာ ရူပကုသိုလ်စေတနာ (၁၃)မျိုးတို့သည် ပုညာဘိသင်္ခါရလည်း ဖြစ်၏၊ စိတ္တသင်္ခါရလည်း ဖြစ်၏။
အပုညာဘိသင်္ခါရသည်လည်း ကာယဒုစရိုက်၏ အဖြစ်ဖြင့် ဖြစ်ရာအခါ၌ ရံခါ ကာယသင်္ခါရ ဖြစ်၏၊ ဝစီဒုစရိုက်၏ အဖြစ်ဖြင့် ဖြစ်ရာအခါ၌ ရံခါ ဝစီသင်္ခါရဖြစ်၏။ ကာယဒွါရ ဝစီဒွါရ နှစ်ပါးတို့ကို လွှတ်၍ မနောဒွါရ၌သာ ဖြစ်ရာအခါ၌ ရံခါ စိတ္တသင်္ခါရ ဖြစ်၏။ ဤသို့လျှင် အပုညာဘိသင်္ခါရသည် ကာယသင်္ခါရလည်း ဖြစ်၏၊ ဝစီသင်္ခါရလည်း ဖြစ်၏၊ မနောသင်္ခါရလည်း ဖြစ်၏။ (အဘိ၊ဋ္ဌ၊၂၊၁၃၇။)
အာနေဉ္ဇာဘိသင်္ခါရကား စိတ္တသင်္ခါရ တစ်မျိုးသာ ရှိ၍ ကွဲပြားမှု မရှိသည်မှာ ထင်ရှားသောကြောင့် ကာယသင်္ခါရစသည်တို့နှင့် ယှဉ်တွဲပုံကို အထူးမပြတော့ပေ။ (မူလဋီ၊၂၊၉၈။)
တစ်ဖန် ကာယသင်္ခါရသည် ရံခါ ပုညာဘိသင်္ခါရ ဖြစ်၏၊ ရံခါ အပုညာဘိသင်္ခါရ ဖြစ်၏၊ အာနေဉ္ဇာဘိသင်္ခါရကား မဖြစ်။ ဝစီသင်္ခါရလည်း ထို့အတူပင်တည်း။ နောက်တစ်မျိုးကား --- စိတ္တသင်္ခါရသည် ရံခါ ပုညာဘိသင်္ခါရ ဖြစ်၏၊ ရံခါ အပုညာဘိသင်္ခါရ ဖြစ်၏။ ရံခါ အာနေဉ္ဇာဘိသင်္ခါရ ဖြစ်၏။
ဤသို့လျှင် ဤသင်္ခါရတို့သည် --- အဝိဇ္ဇာပစ္စယာ သင်္ခါရာ = အဝိဇ္ဇာဟူသော အကြောင်းကြောင့် ဖြစ်သော သင်္ခါရတို့မည်ကုန်၏။
အမေး - အဖြေ
ဤသင်္ခါရတို့သည် အဝိဇ္ဇာကြောင့် ဖြစ်ကုန်၏ဟု အဘယ်ကြောင့် သိနိုင်ပါသနည်းဟူမူ --- အဝိဇ္ဇာ၏ ထင်ရှားရှိခြင်းသည် ဖြစ်လတ်သော် သင်္ခါရတို့၏ ထင်ရှားဖြစ်ပေါ်လာခြင်းကြောင့် သိနိုင်၏ --- ဟူပေ။ အကျယ်မှာ ဤသို့ဖြစ်၏ ---
ပုဂ္ဂိုလ်တစ်ဦးသည် သစ္စာလေးပါးတို့၌ အမှန်မသိမှု အသိမှားမှု အဝိဇ္ဇာဟူသော ဉာဏ်၏ဆန့်ကျင်ဘက် မောဟကို မပယ်ရှားအပ်သေးဖြစ်၏။ ထိုပုဂ္ဂိုလ်သည် ဒုက္ခသစ္စာတရား၌လည်းကောင်း (= ဒုက္ခသစ္စာအမည် ရသော ဥပါဒါနက္ခန္ဓာငါးပါးတို့၌လည်းကောင်း) သံသရာ၏ ရှေးအစွန်းဟူသော အတိတ်ခန္ဓာငါးပါးစသည်တို့၌ လည်းကောင်း ပရမတ်သို့ဆိုက်အောင် ဟုတ်တိုင်းမှန်စွာ ထိုးထွင်း မသိမမြင်ခြင်းကြောင့် ဒုက္ခဒုက္ခ, ဝိပရိဏာမ ဒုက္ခ, သင်္ခါရဒုက္ခအဖြစ်တို့ဖြင့် ဒုက္ခဟူ၍သာ ပညာရှိတို့ ယူအပ်သော သံသရာဝဋ်ဆင်းရဲဒုက္ခကို သုခဟု စွဲလမ်း မှတ်ထင်၍ ထိုသံသရာဝဋ် ဆင်းရဲဒုက္ခ၏ အကြောင်းရင်းဖြစ်ကုန်သော သင်္ခါရ-ကံတို့ကို အားထုတ်၏။
သမုဒယသစ္စာ၌ မသိမမြင်ခြင်းကြောင့် (= သမုဒယသစ္စာတရားကြောင့် ဒုက္ခသစ္စာတရားသည် ထင်ရှား ဖြစ်ပေါ်နေရသည်ဟု ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်၍ မသိ မမြင်ခြင်းကြောင့်) ဒုက္ခသစ္စာတရား၏ အကြောင်းရင်းစစ် အဖြစ်ကြီး ဖြစ်ကုန်သော တဏှာ၏ အခြံအရံ ပရိက္ခရာ ဖြစ်ကုန်သော (= တဏှာသည် ဆင်ပြင် မွမ်းမံထားအပ်ကုန်သော) သင်္ခါရတို့ကို သုခ၏ အကြောင်းရင်းစစ် အဖြစ်ကြီး ဖြစ်၏ဟု မှတ်ထင်စွဲလမ်း၍ အားထုတ်မိပြန်၏။
တစ်ဖန် နိရောဓသစ္စာ၌လည်းကောင်း, မဂ္ဂသစ္စာ၌ လည်းကောင်း ကောင်းစွာ မသိခြင်းကြောင့် ဒုက္ခ၏ တကယ် အစစ်အမှန်ချုပ်ရာ မဟုတ်သည်လည်း ဖြစ်ကုန်သော (၃၁)ဘုံဟူသော တစ်လောကလုံး၏ အထွဋ်ဟု မှတ်ထင်အပ်သော နေဝသညာနာသညာယတနဘုံစသော ဂတိအထူးတို့ကို ဒုက္ခချုပ်ရာ အစစ်အမှန်ဖြစ်၏ဟု မှတ်ထင်ခြင်းရှိသည် ဖြစ်၍လည်းကောင်း, ဒုက္ခချုပ်ရာ နိဗ္ဗာန်ဟူသော နိရောဓသစ္စာ၏ လမ်းစစ်လမ်းမှန် မဟုတ် ကုန်သော နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်မှန် မဟုတ်ကုန်သော ယဇ်ပူဇော်ခြင်း, အမရတပဟူသော မအိုမသေ ဖို့ရန် ကျင့်ခြင်း စသည်တို့၌ နိဗ္ဗာန်ရောက်ကြောင်း လမ်းမှန်ဟု မှတ်ထင်ခြင်း ရှိကုန်သည်ဖြစ်၍လည်းကောင်း, ဒုက္ခ၏ ချုပ်ငြိမ်းခြင်းကို လိုလားတောင့်တကြကုန်သည် ဖြစ်၍လည်းကောင်း ယဇ်ပူဇော်ခြင်း, အမရတပဟူသော မအိုမသေဖို့ရန် ကျင့်ခြင်းစသည်တို့ကို အဦးပြုသဖြင့် သင်္ခါရတို့ကို အားထုတ်ကြကုန်၏။ (အဘိ၊ဋ္ဌ၊၂၊၁၃၈။)
အမရတပ --- မအိုမသေ အမြဲနေရခြင်း (= နိဗ္ဗာန်)ဟူသော အကျိုးရှိ၏ဟု မှတ်ထင်၍ နွေအခါ၌ နေပူ မီးပူခံခြင်း, ဆောင်းအခါ၌ ရေငုပ်ခြင်းစသော ခဲခဲယဉ်းယဉ်း ကျင့်အပ်သော ဒုက္ကရအကျင့်များသည် အမရတပ မည်၏။ ယခုခေတ် အဂ္ဂိရတ်ဆရာတို့၏ မျှော်လင့်ချက်မျိုးပင်တည်း။ တစ်နည်းဆိုသော် --- အမရသဒ္ဒါသည် လူတို့ကဲ့သို့ မြန်မြန်မသေသော နတ်ဗြဟ္မာဟူသော အနက်ကို ဟော၏၊ နတ်ဗြဟ္မာဖြစ်ဖို့ရန် ကျင့်သော အကျင့် သည် အမရတပ မည်၏။ တစ်နည်း --- ချမ်းသာလိမ့်မည်ဟု မှတ်ထင်၍ အဆိပ်သောက်သေခြင်း ကြိုးဆွဲချသေခြင်း ဓားစသည်ဖြင့် မိမိကိုယ်ကို မိမိသတ်ခြင်းစသည်သည် အမရတပ မည်၏။ ယင်းအမရတပကား နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကောင်း မဟုတ်ပေ။ သို့သော် အဝိဇ္ဇာအားကြီးသူကား နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကောင်းဟု မှတ်ထင်စွဲလမ်း၍ ယင်းအမရတပကို အဦးမူ၍ ကာယသင်္ခါရ ဝစီသင်္ခါရ မနောသင်္ခါရတို့ကို ပြုလုပ်၏ ဟု ဆိုလိုသည်။ (မူလဋီ၊၂၊၉၈။)
တစ်နည်း အဝိဇ္ဇာကြောင့် ပုညာဘိသင်္ခါရ ဖြစ်ပုံ
သည်မျှသာမကသေး --- အဝိဇ္ဇာအမှောင်ထုသည် ပိတ်ဖုံးကာဆီးထားသဖြင့် ဉာဏ်အမြင် ကင်းနေသော ထိုသူသည် သစ္စာလေးပါးတို့၌ မသိအောင် ဖုံးကွယ်ထားသော အဝိဇ္ဇာကို မပယ်ရှားရသေးသည့်အတွက်ကြောင့် အထူးအားဖြင့် ပဋိသန္ဓေတည်နေရခြင်းဒုက္ခ အိုရခြင်းဒုက္ခ နာရခြင်းဒုက္ခ သေရခြင်းဒုက္ခစသော တစ်ပါးမက များပြားလှသော အပြစ်တို့ဖြင့် ရောပြွမ်းလျက်ရှိသော ကောင်းမှု၏ အကျိုးတရားဟု ခေါ်ဆိုသမုတ်အပ်သော ဒုက္ခအပေါင်းကို ဒုက္ခဟု မသိသည်ဖြစ်၍ မသိခြင်းကြောင့် ထိုကောင်းမှုကြောင့် ရရှိမည့် ပဋိသန္ဓေ-အို-နာ-သေ စသော အကျိုးတရားတို့ဖြင့် ရောပြွမ်းလျက်ရှိသော ဒုက္ခသစ္စာတရားကို ရရှိဖို့ရန် ဦးတည်ချက်ဖြင့် ကာယသင်္ခါရ ဝစီသင်္ခါရ စိတ္တသင်္ခါရဟု ပြားသော ကာမာဝစရကုသိုလ် ရူပါဝစရကုသိုလ်ဟူသော ပုညာဘိသင်္ခါရကို ကြိုးစားအားထုတ်ပြန်၏။ ဒါနမှု သီလမှု သမထ ဝိပဿနာဘာဝနာမှုတို့ကို ပြုစုပျိုးထောင်၏။ ရူပါဝစရစျာန်များကို ရရှိအောင် ကြိုးစားအားထုတ်၏။
အဘယ်သူကဲ့သို့နည်းဟူမူကား ---- သိကြား၏သစ်ပင်ဟု ခေါ်ဆိုသမုတ်အပ်သော အလွန်မြင့်သော သစ်ပင်ကိုလည်းကောင်း, ဗြဟ္မာ၏အထွတ်ဟု ခေါ်ဆိုသမုတ်အပ်သော အလွန်မြင့်သော တောင်ထွတ်ကို လည်းကောင်း - မရု - ဟု ခေါ်ဆို၏။ ထိုသိကြား၏သစ်ပင် ဗြဟ္မာ၏အထွတ်ဟု သမုတ်အပ်သော မရုအမည်ရ သော အရပ်ဒေသ တစ်ခုခုမှ ခုန်ချခဲ့သော် နတ်သမီးကို ရသည်ဟု ပြောဆိုကြသောကြောင့် ထိုသစ်ပင်ဖျားမှ သို့မဟုတ် ထိုတောင်ထွတ်မှ ခုန်ချသော ယောက်ျားနှင့် တူ၏ဟု မှတ်ပါ။ သံသရာဝဋ်ကို မှီသော (= ဝဋ္ဋနိဿိတ ဖြစ်သော) ဒါနမှု သီလမှု ဘာဝနာမှုဟူသော ပုညာဘိသင်္ခါရ အစုစုကို ပြုစုပျိုးထောင်ခြင်းသည် ဇာတိဒုက္ခ ဇရာဒုက္ခ ဗျာဓိဒုက္ခ မရဏဒုက္ခစသော ဘေးဒုက္ခအမျိုးမျိုးတို့ဖြင့် ပြွမ်းသော သစ်ပင်အောက်သို့ သို့မဟုတ် တောင်ချောက်ထဲသို့ ခုန်ချခြင်းနှင့် တူ၏ဟု ဆိုလိုသည်။ အကြောင်းမူ လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာ တို့ကား ဇာတိ ဇရာ ဗျာဓိ မရဏ စသော ဘေးဒုက္ခအမျိုးမျိုးတို့ဖြင့် ရောပြွမ်းလျက် ရှိသောကြောင့်တည်း။
ထို့ပြင် လူ နတ် ဗြဟ္မာတို့၏ ချမ်းသာသည် သုခဟု မည်မျှပင် သမုတ်အပ်သည် ဖြစ်ပါစေ၊ ထိုသုခဟု သမုတ်အပ်သော ကောင်းမှု၏ အကျိုးတရားများကား အဆုံး၌ မရဏဒုက္ခနှင့် ရင်ဆိုင်ရသောအခါ ကြီးစွာသော ပူလောင်ခြင်းကို ဖြစ်စေတတ်၏။ စည်းစိမ်ကြီးသလောက် ပျက်စီးခါနီး၌ ဒုက္ခမီး တောက်ကြရ၏။ အဆုံး မရောက်ခင် မသေမီအကြား၌လည်း ထိုစည်းစိမ် ချမ်းသာသုခ၏ ဖောက်ပြန်ပျက်စီးခြင်းဟူသော ဝိပရိဏာမဒုက္ခနှင့်လည်း ရင်ဆိုင် တိုးရတတ်ပြန်၏။ ထိုလူ နတ် ဗြဟ္မာ စည်းစိမ်ချမ်းသာကို အခြေခံ၍ ရရှိသည့် သုခ ဝေဒနာဟူသော သာယာဖွယ်ကား အနည်းငယ် အသေးအဖွဲကလေးသာ ဖြစ်၏၊ အချိန်ကာလ အပိုင်းအခြား အားဖြင့် ခေတ္တခဏ အခိုက်အတန့်ကလေးသာ ဖြစ်၍ ထိုသုခဝေဒနာဟူသော သာယာဖွယ် ခံစားမှု သဘော ကလေးကို မက်မော၍ ရရှိအောင် ပြုစုပျိုးထောင်နေရသည့် ရင်းနှီးရသည့် ဒုက္ခတွေကသာ တိုး၍ တိုး၍ များလှပေသည်။ သို့အတွက် လူ နတ် ဗြဟ္မာတို့ ရရှိသည့် သုခအပေါင်းသည် တစ်နေ့ကျလျှင် ဧကန် ဒုက္ခပေးမည့် ဒုက္ခလောင်းချည်းသာ ဖြစ်၏။ သို့သော် လူ နတ် ဗြဟ္မာတို့၏ စည်းစိမ်ကို လိုလားတောင့်တသူတို့ကား ထိုဒုက္ခကို မမြင်နိုင် သတိမမူနိုင်ဘဲ, သတိရသော်လည်း ပြောပလောက်သော ဒုက္ခဟု မထင်ဘဲ အဝိဇ္ဇာက ထိုဒုက္ခတွေကို ကွယ်ကာ ပိတ်ဆီးထားသဖြင့် ဒုက္ခကို သုခဟုပင် ထင်မှတ်မှားလျက် ---- ပိုးပရန်မျိုး မီးကို တိုးသကဲ့သို့ လည်းကောင်း, ပျားရည်ပေါက်၏ ရသဓာတ်၌ မက်မောသော ယောက်ျားသည် ပျားရည်ဖြင့် သုတ်လိမ်း ထားအပ်သော ဓားသွားကို လျှာဖြင့် လျက်ခြင်းကို ကြိုးစားအားထုတ်သကဲ့သို့လည်းကောင်း --- အထိုက်အလိုက် သာယာဖွယ်အချက်ကို တဏှာဖြင့် မက်မော၍ ထိုဒုက္ခစု၏ အကြောင်းရင်းစစ်ဖြစ်သော ပုညာဘိသင်္ခါရကို အားရပါးရ ကြိုးစား အားထုတ်ကြပြန်လေသည်။ (အဘိ၊ဋ္ဌ၊၂၊၁၃၈။ ဝိသုဒ္ဓိ၊၂၊၁၆၂-၁၆၃။)
အဝိဇ္ဇာကြောင့် အပုညာဘိသင်္ခါရ ဖြစ်ပုံ
နောက်တစ်မျိုး ---- ဒု-သ-န-သောဟု အော်မြည်ကြသော ငရဲသားတို့သည် လူ့ဘဝ၌ တည်စဉ်က ကာမေသုမိစ္ဆာစာရမှုစသည်တို့ဖြင့် ကာမဂုဏ်ကို မှီဝဲခြင်း ကာမဂုဏ်စည်းစိမ်တို့ကို ခံစားခြင်းသည် လောဟကုမ္ဘီငရဲ၌ ဖြစ်ရခြင်းဟူသော အကျိုးဝိပါက်နှင့်တကွ ဖြစ်၏ဟု မသိမမြင်ခဲ့ကြပေ။ ဤပုံစံအတိုင်းပင် သတ္တဝါတို့ သည်လည်း မကောင်းသော အကျိုးတရားနှင့် အတူတကွ ဖြစ်လေ့ရှိကြကုန်သော မကောင်းသော အကျိုးတရား ကို ဖြစ်ပေါ်စေတတ်ကုန်သော အဆင်း-အသံ-အနံ့-အရသာ-အတွေ့အထိဟူသော အာရုံ (၅)ပါး ကာမဂုဏ် တရားတို့ကို မှီဝဲမှုစသည်တို့၌ အပြစ်ကို မမြင်သည်ဖြစ်၍ သုခဟု အထင်မှား အမှတ်မှားခြင်းကြောင့် လည်းကောင်း, ရာဂစသော ကိလေသာတို့က လွှမ်းမိုးဖိစီး နှိပ်စက်အပ်သောကြောင့်လည်းကောင်း မသိမလိမ္မာ သေးသော ကလေးသူငယ်သည် မစင်ကို ပျော်ရွှင်စွာ ကစားသကဲ့သို့ သေချင်နေသူသည် အဆိပ်ကို သောက်ရန် ကြိုးစား အားထုတ်သကဲ့သို့ ကိုယ် နှုတ် စိတ်တို့ဖြင့် အပုညာဘိသင်္ခါရ အမည်ရသည့် အကုသိုလ်တရားစုကို ကြိုးစား အားထုတ်မိပြန်သည်။ (အဘိ၊ဋ္ဌ၊၂၊၁၃၈။ ဝိသုဒ္ဓိ၊၂၊၁၆၃။)
အဝိဇ္ဇာကြောင့် အာနေဉ္ဇာဘိသင်္ခါရ ဖြစ်ပုံ
(၃၁)ဘုံလောကတွင် ထိပ်ဆုံးက တည်ရှိနေသဖြင့် အလွန်အထက်တန်းကျသော အရူပဘုံတို့၌ ဖြစ်ရခြင်း ဟူသော အရူပဝိပါက် အကျိုးတရားတို့၌သော်မှလည်း သင်္ခါရဒုက္ခ၏ အပြစ် ဝိပရိဏာမဒုက္ခ၏ အပြစ်ကို ထိုးထွင်း၍ မသိမမြင်နိုင်သည်ဖြစ်၍ မြဲ၏ဟု ယူဆ စွဲလမ်းသော သဿတစသော အသိမှား အမှတ်မှား အယူမှားဖြင့် စိတ္တသင်္ခါရဖြစ်သော အာနေဉ္ဇာဘိသင်္ခါရ အရူပကုသိုလ်ကို --- မျက်စိလည် လမ်းမှားနေသော ယောက်ျားသည် ဘီလူးမြို့သို့ ရှေးရှုနေသော လမ်းကို လိုက်မှားမိသကဲ့သို့ -- ကြိုးစား အားထုတ်မိပြန်လေသည်။ (အဘိ၊ဋ္ဌ၊၂၊၁၃၈။ ဝိသုဒ္ဓိ၊၂၊၁၆၃။)
ဤသို့လျှင် အဝိဇ္ဇာ၏ ထင်ရှားရှိခြင်းကြောင့်သာလျှင် သင်္ခါရတို့၏ ထင်ရှားရှိခြင်းသည် ဖြစ်နိုင်ရကား, အဝိဇ္ဇာ၏ ထင်ရှားမရှိခြင်းကြောင့် (= ထင်ရှားမရှိလျှင်) သင်္ခါရတို့၏ ထင်ရှားရှိခြင်းသည်လည်း မဖြစ်နိုင်ရကား ဤသင်္ခါရ (= ကုသိုလ်တရား အကုသိုလ်တရား)တို့သည် အဝိဇ္ဇာဟူသော အကြောင်းတရား ထင်ရှားရှိကုန်၏ ဟူသော ဤသဘောကို သိနိုင်ပေသည်။ သာဓကပါဠိတော်မှာ ဤသို့တည်း ---
အဝိဒွါ ဘိက္ခဝေ အဝိဇ္ဇာဂတော ပုညာဘိသင်္ခါရမ္ပိ အဘိသင်္ခရောတိ၊ အပုညာဘိသင်္ခါရမ္ပိ အဘိသင်္ခရောတိ၊ အာနေဉ္ဇာဘိသင်္ခါရမ္ပိ အဘိသင်္ခရောတိ။ ယတော စ ခေါ ဘိက္ခဝေ ဘိက္ခုနော အဝိဇ္ဇာ ပဟီနာ၊ ဝိဇ္ဇာ ဥပ္ပန္နာ၊ သော အဝိဇ္ဇာဝိရာဂါ ဝိဇ္ဇုပ္ပါဒါ နေဝ ပုညာဘိသင်္ခါရံ အဘိသင်္ခရောတိ။ (အဘိ၊ဋ္ဌ၊၂၊၁၃၈-၁၃၉။ ဝိသုဒ္ဓိ၊၂၊၁၆၃။)
= ရဟန်းတို့ ...သစ္စာလေးပါး အမှန်တရားကို ထိုးထွင်း သိတတ်သည့် ဉာဏ်ပညာမရှိသော သတ္တဝါသည် အဝိဇ္ဇာနှင့် ပြည့်စုံသည်ဖြစ်၍ ပုညာဘိသင်္ခါရကိုလည်း စီမံပြုလုပ် အားထုတ်၏၊ အပုညာဘိသင်္ခါရကိုလည်း စီမံပြုလုပ် အားထုတ်၏၊ အာနေဉ္ဇာဘိသင်္ခါရကိုလည်း စီမံပြုလုပ် အားထုတ်၏။ ရဟန်းတို့ ...အကြင်အခါ ၌ကား ရဟန်းသည် အဝိဇ္ဇာကို ပယ်နိုင်၏၊ ဝိဇ္ဇာဉာဏ်သည် ဖြစ်ပေါ်လာ၏။ ထိုအခါ ထိုရဟန်းသည် အဝိဇ္ဇာကို ပယ်ပြီးခြင်းကြောင့်, ဝိဇ္ဇာဉာဏ်၏ ဖြစ်ပေါ်လာခြင်းကြောင့် ပုညာဘိသင်္ခါရကိုလည်း မစီမံ မပြုလုပ် အားမထုတ် တော့ပေ။
အပုညာဘိသင်္ခါရကိုလည်း မစီမံ မပြုလုပ် အားမထုတ်တော့ပေ။ အာနေဉ္ဇာဘိသင်္ခါရကိုလည်း မစီမံ မပြုလုပ် အားမထုတ်တော့ပေ။ (သံ၊၁၊၃၁၀-ပရိဝီမံသနသုတ္တန်နှင့် အဓိပ္ပါယ်ချင်း တူညီသည်။)
[သံယုတ်ပါဠိတော်ဝယ် ပျောက်ဆုံးနေသော သုတ္တန်တို့တွင် အထက်ပါ အဋ္ဌကထာက ကိုးကားတင်ပြ ထားသော သုတ္တန်လည်း ပါဝင်ကောင်း ပါဝင်နိုင်ပေသည်။ အဋ္ဌကထာဆရာတော်တို့ လက်ထက်က ထိုသုတ္တန်မှာ ထင်ရှားရှိနေသော သုတ္တန်ပင် ဖြစ်လေရာသည်။]
ဤတွင်ရွေ့ကား အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံကို သဘောပေါက်ရုံ ရှင်းလင်းတင်ပြချက် ဖြစ်သည်။ ယောဂါဝစရပုဂ္ဂိုလ်သည်ကား အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အောင် ရှုရမည်ဖြစ်သည်။ ယင်းသို့ရှုရာ၌ အဝိဇ္ဇာသင်္ခါရာ အတီတော အဒ္ဓါ ဟူသည်နှင့်အညီ ယခု ပစ္စုပ္ပန်ဘဝ၌ အကျုံးဝင်သော ဝိညာဏ်-နာမ်ရုပ်-သဠာယတန-ဖဿ-ဝေဒနာဟူသော ဝိပါက် အကျိုးတရားစု၏ အကြောင်းရင်းစစ်ဖြစ်သော အဝိဇ္ဇာ သင်္ခါရတို့သည် အတိတ်ဘဝ အတိတ်အဓွန့်ကာလက တရားများသာ ဖြစ်ကြသည်ဟူသော ဤအချက်ကိုကား မမေ့ပါနှင့်။
သဘောပေါက်လွယ်သည့် ပုံစံ (၁) ခု
ရှေးပဋိစ္စသမုပ္ပါဒ်ပဉ္စမနည်းတွင် ဖော်ပြခဲ့သည့်အတိုင်း အဇ္ဈတ္တ ဗဟိဒ္ဓနှစ်ဌာနတို့၌ ရုပ်နာမ်တို့ကို ကုန်စင် အောင် သိမ်းဆည်းပြီးသောအခါ ဤရုပ်နာမ်တို့၏ အကြောင်းတရားတို့ကို သိလိုသော စိတ်ဓာတ် စူးစမ်းရှာဖွေ လိုသော စိတ်ဓာတ်ဖြင့် အတိတ်ဘက်သို့ ဉာဏ်ကိုစေလွှတ်ကြည့်ပါ။ ဉာဏ်အရောင်အလင်းဖြင့် အတိတ်အကြောင်း တရားတို့ကို ရှာဖွေတွေ့ရှိပါက ကောင်းမြတ်သည်သာ ဖြစ်၏။ အကယ်၍ မတွေ့ခဲ့သော် လက်ရှိပစ္စုပ္ပန် တရားထိုင်ဆဲ တရားနှလုံးသွင်းဆဲ အချိန်အခါ၌ တည်ရှိသော ရုပ်နာမ်တို့က စ၍ ပဋိသန္ဓေ ကလလရေကြည် တည်စ အခိုက်၌ တည်ရှိကြသော ပဋိသန္ဓေရုပ်နာမ်တို့သို့ တိုင်အောင် ရုပ်နာမ်တို့ကို တစ်စတစ်စ သိမ်းဆည်းလျက် အကြောင်းတရားတို့ကို ရှေးပဉ္စမနည်း၌ ဖော်ပြခဲ့သည့် အတိုင်း ရှာဖွေပါ။ ဤတွင် အခြားပုံစံတစ်ခုကို ထပ်မံ၍ တင်ပြအပ်ပါသည် ---
ပဋိသန္ဓေ ရုပ်နာမ်တို့သို့ တိုင်အောင်သော ရုပ်နာမ်တို့ကို သိမ်းဆည်းပြီးနောက် အတိတ် မရဏာသန္န ဘက်သို့ ဉာဏ်ကို စေလွှတ်၍ အတိတ်အကြောင်းတရားများကို ရှာဖွေလိုက်သောအခါ အမျိုးသားဘဝဖြင့် ဥပုသ်သီတင်း ကျင့်သုံးသည့် သီလမယ ပုညာဘိသင်္ခါရ အမည်ရသည့် ကံအာရုံကို တွေ့ရှိရ၏။ ထိုသူတော်ကောင်း သည် တစ်ဖန် ဆက်လက်၍ မည်ကဲ့သို့သော ရည်ရွယ်ချက်ဖြင့် ဥပုသ်သီတင်းကို စောင့်သုံးခဲ့ပါသနည်းဟူသော ဦးတည်ချက်ကို ရှာဖွေလိုက်သောအခါ ဤသို့တွေ့ရှိရ၏ ---
အမျိုးသားဘဝဖြင့် မိဘကို ကျေကျေနပ်နပ် ပြုစုလုပ်ကျွေးခွင့်ကို မရရှိနိုင်သဖြင့်, အမျိုးသမီးဘဝဖြင့် မိဘကို ကျေကျေနပ်နပ် ပြုစုလုပ်ကျွေးခွင့် ရရှိနိုင်သည့်အတွက် အမျိုးသမီးဖြစ်ရန် ရည်ရွယ်ချက် ဦးတည်ချက်ဖြင့် ဥပုသ်သီတင်း စောင့်သုံးကြောင်း သီလတည်းဟူသော ပုညာဘိသင်္ခါရကို ပြုစုပျိုးထောင်ကြောင်းကို ဥပုသ်သီတင်း စောင့်သုံးခိုက်၌ ဖြစ်ခဲ့ကြသော တည်ရှိခဲ့သော ရုပ်နာမ်အစဉ်တွင် ရှာဖွေကြည့်ရာ တွေ့ရှိရပေသည်။
သိကြား၏သစ်ပင် ဗြဟ္မာ၏အထွတ်ဟု သမုတ်အပ်သော မရုအမည်ရသော အရပ်ဒေသ တစ်ခုခုမှ ခုန်ချခဲ့သော် နတ်သမီးကိုရသည်ဟု ပြောဆိုကြသောကြောင့် ထိုသစ်ပင်ဖျားမှ သစ်ပင်အောက်သို့, ထိုတောင်ထွတ်မှ တောင်ချောက်ထဲသို့ ခုန်ချသော ယောက်ျားနှင့် တူသူပင်တည်း။
ထိုတွင် ယခုပစ္စုပ္ပန် ဘဝင်မနောအကြည်ဓာတ်နှင့် အတိတ်ဘဝ ဥပုသ်ကျင့်သုံးခိုက်၌ ဖြစ်ခဲ့ကြသော ဘဝင်မနောအကြည်ဓာတ်တို့ကို တစ်နည်းဆိုရသော် ယခုပစ္စုပ္ပန် နာမ်သန္တတိအစဉ်နှင့် အတိတ်ဘဝ ဥပုသ် ကျင့်သုံးခိုက်၌ ဖြစ်ခဲ့ကြသော နာမ်သန္တတိအစဉ်တို့ကို သန္တတိအစဉ်အတန်း တစ်ခုတည်း ဟုတ်မဟုတ်ကို ထပ်မံ ဆန်းစစ်ကြည့်ရာ သန္တတိအစဉ်အတန်း တစ်ခုတည်း တစ်ဆက်တည်းသာ ဖြစ်ကြောင်းကို တွေ့ရှိရပြန်၏။
သဘာဝေါဝါယံ စိတ္တဿ ပဏ္ဍရတာ။ (မူလဋီ၊၁၊၁၂၅။ စာပိုဒ်-၄၃၆။)
စိတ်အားလုံးသည် ဖြူစင်သော သဘောရှိ၏၊ ကြည်သော သဘောရှိ၏။ ဘဝင်မနောအကြည်ဓာတ်သည်သာ ကြည်သည်မဟုတ်၊ နာမ်သန္တတိအစဉ်တွင် ပါဝင်သော စိတ်အားလုံးသည်ပင် ကြည်ပေသည်။ သို့အတွက် ထိုယောဂီသူတော်ကောင်းသည် အတိတ် ဘဝင်မနောအကြည်နှင့် ပစ္စုပ္ပန် ဘဝင်မနောအကြည်ဓာတ်ကို တစ်နည်းဆိုရသော် အတိတ်ဘဝ နာမ်သန္တတိအစဉ်နှင့် ပစ္စုပ္ပန် နာမ်သန္တတိအစဉ်ကို သန္တတိအစဉ်အတန်း တစ်ခုတည်း တစ်ဆက်တည်း ဟုတ်မဟုတ်ကို ရှုကြည့်လိုက်သောအခါ တစ်ခုတည်း တစ်ဆက်တည်းသာ ဖြစ်ကြောင်းကို (= ဖြစ်ပျက် အစဉ်အတန်း တစ်ခုတည်းသာ တစ်ဆက်တည်းသာ ဖြစ်ကြောင်းကို) တွေ့ရှိပေသည်။ နာမ်သန္တတိအစဉ်တွင်သာမက ရုပ်သန္တတိအစဉ်မှာလည်း တစ်ခုတည်း တစ်ဆက်တည်းပင် ဖြစ်၏။ အပ်ချည်ကြိုး တစ်ခုကို သွယ်တန်းထားသကဲ့သို့ ဖြစ်ပျက် အစဉ်အတန်းကား တစ်ခုတည်း တစ်ဆက်တည်းပင်တည်း။ ဧကတ္တနည်းကို သိခြင်းပင်တည်း။
တစ်ဖန် ထိုသူတော်ကောင်းသည် နာနတ္တနည်းကို သိရှိနိုင်ရန် ဆက်လက်၍ စူးစမ်းရှာဖွေရာ အောက်ပါ အတိုင်း တွေ့ရှိပြန်၏ ---
၁။ အဝိဇ္ဇာ = မိဘကို ပြုစုလုပ်ကျွေးနိုင်သည့် အမျိုးသမီးဟု အသိမှားခြင်းသဘော။
၂။ တဏှာ = ယင်းအမျိုးသမီးဘဝကို တွယ်တာ တပ်မက်ခြင်းသဘော။
၃။ ဥပါဒါန် = ယင်းအမျိုးသမီးဘဝသို့ စိတ်ကပ်ရောက် စွဲနေမှုသဘော။
ကိလေသဝဋ် (၃)မျိုးတည်း။ ယင်းကိလေသဝဋ်တို့သည် -
၁။ မနောဒွါရာဝဇ္ဇန်း (၁)ကြိမ်,
၂။ ဇော (၇)ကြိမ်,
၃။ တဒါရုံ (၂)ကြိမ်,
ဟူသော မနောဒွါရဝီထိစိတ်အစဉ်အတိုင်း ဖြစ်နေကြ၏။ ထိုတွင် ---
၁။ မနောဒွါရာဝဇ္ဇန်း၌ စိတ်+စေတသိက် = နာမ်တရား (၁၂)လုံး,
၂။ ဇော အသီးအသီး၌ စိတ်+စေတသိက် = နာမ်တရား အလုံး (၂၀)စီ,
၃။ တဒါရုံ အသီးအသီး၌ စိတ်+စေတသိက် = နာမ်တရား (၁၂)လုံးစီ,
အသီးအသီးဖြစ်၏။ ဇောများမှာ လောဘဒိဋ္ဌိအုပ်စု ဇောများ ဖြစ်ကြ၏။ တစ်ဖန် ယင်းကိလေသဝဋ်ကြောင့် ဖြစ်ခဲ့သော သီလကုသိုလ်ကံ စေတနာအုပ်စု (= ပုညာဘိသင်္ခါရ)ကို ရှာဖွေကြည့်ရာ အောက်ပါအတိုင်း တွေ့ရှိရ ပြန်၏။
၁။ မနောဒွါရာဝဇ္ဇန်း (၁)ကြိမ် = စိတ်+စေတသိက် = နာမ်တရား (၁၂)လုံး,
၂။ ဇော (၇)ကြိမ် - တစ်ကြိမ် တစ်ကြိမ်၌ စိတ်+စေတသိက် = နာမ်တရား (၃၄)လုံးစီ
၃။ တဒါရုံ (၂)ကြိမ် - တစ်ကြိမ် တစ်ကြိမ်၌ စိတ်+စေတသိက် = နာမ်တရား (၃၄)လုံးစီ
ဤမနောဒွါရဝီထိ နာမ်တရားစုကို တွေ့ရှိပြန်၏။ ကမ္မဝဋ်တည်း။ ဇောမှာ သဒ္ဓါပညာအုပ်စု ပထမ မဟာကုသိုလ်စိတ် ဖြစ်၏။ ဇော အသီးအသီး၌ နာမ်တရား (၃၄)လုံးစီ အသီးအသီးရှိ၏။ ဤ၌ သမာဒါနဝိရတိသာ ဖြစ်၍ သမ္ပတ္တဝိရတိ သဘောများကို မတွေ့ရသဖြင့် ဝိရတိစေတသိက်များ မပါဝင်ခြင်း ဖြစ်၏။ (အကျိုးပေးနေသည့်ကံ ဖြစ်ခိုက် အချိန်ကိုသာ ဆိုလိုပါသည်။) ပုညာဘိသင်္ခါရ တရားစုတည်း။ အတိတ်ဘဝက ဖြစ်ခဲ့သည့် ယင်းကိလေသဝဋ် ကမ္မဝဋ်တရားစုတို့ကို နာမ်တုံး နာမ်ခဲတည်းဟူသော နာမ်ဃန အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲ ဖျက်ဆီးလျက် ခွဲခြား စိတ်ဖြာလျက် ထိုးထွင်းသိခြင်းကြောင့် (= ပရမတ္ထဓမ္မသဘာဝ အသီးအသီး၏ ကိုယ်ပိုင် သဘာဝလက္ခဏာသို့ ဆိုက်အောင် ထွင်းဖောက်သိမြင်ခြင်းကြောင့်) နာနတ္တနည်းကို သိနေသည် မည်၏။
ယင်းကိလေသဝဋ် မနောဒွါရဝီထိပေါင်းလည်း ဝီထိအကြိမ်ပေါင်းများစွာ ဖြစ်ခဲ့သည်သာ ဖြစ်၏၊ ကမ္မဝဋ် မနောဒွါရဝီထိပေါင်းလည်း ဝီထိပေါင်း အကြိမ်များစွာ ဖြစ်ခဲ့သည်သာတည်း။
ကိလေသဝဋ် ကမ္မဝဋ် ဝီထိစဉ်ဇယား
[မှတ်ချက် --- ဤ၌ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးကိုသာ ပုံစံထုတ်၍ ပြထားခြင်း ဖြစ်သည်။ ကိလေသဝဋ်၌ သောမနဿနှင့် ဥပေက္ခာသို့လိုက်၍ ပီတိယှဉ် မယှဉ်လည်း ရှိတတ်၏။ သသင်္ခါရိက အသင်္ခါရိကသို့ လိုက်၍ ထိနမိဒ္ဓယှဉ် မယှဉ်လည်း ရှိတတ်၏။ တဒါရုံမှာလည်း ကျသော်လည်း ရှိရာ၏၊ မကျသော်လည်း ရှိရာ၏။ ကျခဲ့သော် တဒါရုံ (၁၁)မျိုးလုံး ထိုက်သလို ကျနိုင်၏။ အလားတူပင် ကမ္မဝဋ်၌လည်း သောမနဿ - ဥပေက္ခာ, ဉာဏသမ္ပယုတ် - ဉာဏဝိပ္ပယုတ်သို့ လိုက်၍ ဉာဏ်ယှဉ် မယှဉ်, ပီတိယှဉ် မယှဉ်လည်း ရှိတတ်၏။ တဒါရုံမှာ လည်း ကျသော်လည်း ရှိရာ၏၊ မကျသော်လည်း ရှိရာ၏။ ကျခဲ့သော် (၁၁)မျိုးလုံး ထိုက်သလို ကျနိုင်၏။ - အသင်သူတော်ကောင်းသည် အတိတ်က မိမိ၏ နာမ်သန္တတိအစဉ်တွင် ဖြစ်ခဲ့သည့်အတိုင်းသာ ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ တစ်ဖန် --- အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်၏ ဟူရာဝယ် ကိလေသဝဋ် မနောဒွါရဝီထိကြောင့် ကမ္မဝဋ် မနောဒွါရဝီထိ ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်း ရှုပွားရမည်, ဝိပဿနာပိုင်းသို့ ရောက်လျှင်လည်း ဝိပဿနာရှုရမည်ဟု ကြိုတင်၍ မှတ်သားထားပါ၊၊]
ယင်းအထက်ဖော်ပြပါ ကမ္မဝဋ်အမည်ရသော သင်္ခါရတရားစုတို့သည်လည်း တစ်နည်းဆိုသော် ကမ္မဝဋ် မနောဒွါရဝီထိ စိတ်အစဉ်တို့သည်လည်း, တစ်နည်းဆိုသော် ကိလေသဝဋ် ကမ္မဝဋ် မနောဒွါရိကဇောဝီထိ စိတ်အစဉ်အတွင်း၌ တည်ရှိကြသော နာမ်တရားစုတို့သည်လည်း အနိစ္စတရားတို့သာ စင်စစ် ဧကန် အမှန် ဖြစ်ကြသောကြောင့် ဖြစ်ပြီးလျှင် ပျက်သွားကြ၏။ အတိတ်ဘဝမှာပင် ဖြစ်ပြီးက ပျက်သွားကြ၏။ သို့သော် ရုပ်နာမ်သန္တာန်အစဉ်တွင် စွမ်းအင်သတ္တိ တစ်စုံတစ်ရာကို မထားခဲ့ဘဲ ချုပ်ပျောက်သွားကြသည်ကား မဟုတ်၊ သင်္ခါရ-ကံကို ပြုစုပျိုးထောင်သူတို့ မျှော်လင့်တောင့်တထားသည့် ဘဝတစ်ခုကို ဖြစ်စေနိုင်သည့် စွမ်းအင် ကမ္မသတ္တိကို ရုပ်နာမ်အစဉ်တွင် မြှုပ်နှံပြီးပါမှသာလျှင် ချုပ်ပျက်သွားကြ၏။ ယောဂါဝစရပုဂ္ဂိုလ်သည် သင်္ခါရ နာမ်တရားအုပ်စုကို သိမ်းဆည်းလျက် ယင်းသင်္ခါရတရားတို့ ချုပ်ပျက်သွားသည့်အခါ ရုပ်နာမ်အစဉ်တွင် မြှုပ်နှံထားခဲ့သော ယင်းကမ္မသတ္တိကို ဉာဏ်ဖြင့် မြင်အောင် ရှုရမည် ဖြစ်သည်။
အထက်တွင် ပုံစံထုတ်ပြထားသော ယောဂါဝစရပုဂ္ဂိုလ်ကား မိဘကို ကျေကျေနပ်နပ် ပြုစုလုပ်ကျွေးခွင့် ရရှိနိုင်သည့် အမျိုးသမီးဘဝကို လိုလားတောင့်တထားသူ ဖြစ်၏။ ယင်းအမျိုးသမီးဘဝကို ရလိုသည့် ဦးတည်ချက်ဖြင့် သီလမယ ကုသိုလ်သင်္ခါရကို ပြုစုပျိုးထောင်ခဲ့၏။ ထိုသူတော်ကောင်းသည် ယင်းသင်္ခါရတရားစု၏ ကမ္မသတ္တိကို ရှာဖွေလျက် ယင်းကမ္မသတ္တိကြောင့် လက်ရှိ ပစ္စုပ္ပန်ဘဝ၏ ပဋိသန္ဓေဝိညာဏ်ဦးဆောင်သည့် ရုပ်နာမ်တရားစုနှင့် အကြောင်း အကျိုး ဆက်စပ်မှု ရှိမရှိကို ရှာဖွေကြည့်ရာ ယင်းကမ္မသတ္တိကြောင့် ပဋိသန္ဓေ ဝိပါကဝဋ်တရားစုတို့သည် ဖြစ်ပွား ပေါ်ပေါက်လာကြသည်ကို ဉာဏ်ဖြင့် တွေ့မြင်ရပြန်၏။ ယင်းသို့ တွေ့မြင် ရာဝယ် ထိုယောဂီသူတော်ကောင်း၏ သန္တာန်ဝယ် အောက်ပါ အသိဉာဏ်များပါ ဖြစ်ပေါ်လာပေသည်။ ---
၁။ အကြောင်းတရားဘက်၌လည်း ပြုလုပ်သူ ဖန်ဆင်းသူ ပုဂ္ဂိုလ် သတ္တဝါ မရှိ၊ အတ္တ မရှိ၊ ပရမအတ္တ မရှိ။
၂။ အကျိုးတရားဘက်၌လည်း အပြုလုပ်ခံရသူ အဖန်ဆင်းခံရသူ အတ္တ မရှိ၊ ဇီဝအတ္တ မရှိ။
၃။ အကြောင်းရုပ်နာမ် အစုအပုံ အကျိုးရုပ်နာမ် အစုအပုံမျှသာ ရှိ၏ဟု သိနေ၏။ (ဤအပိုင်း၌ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်နေသည့်အတွက် ဧကတ္တနည်း နာနတ္တနည်းတို့ကို သိမှုသည် အကျုံးဝင်သွား၏။)
၄။ တစ်ဖန် အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ ဟူသော အကြောင်းတရားများဘက်၌လည်း အကျိုးတရားကို ဖြစ်ပေါ်လာအောင် ပြုလုပ်စီမံမည်ဟူသော ကြောင့်ကြဗျာပါရ မရှိသည်ကိုလည်းကောင်း,
၅။ ပဋိသန္ဓေနာမ်ရုပ်ဟူသော အကျိုးတရားဘက်၌လည်း အကြောင်းတရားတို့သည် ထင်ရှား ဖြစ်ပေါ်လာ ခဲ့သော် ငါတို့ အကျိုးတရားစုတို့သည်လည်း ထင်ရှား ဖြစ်ကြမည်ဟူသော ကြောင့်ကြဗျာပါရ မရှိမှု သဘောကိုလည်းကောင်း ဉာဏ်ဖြင့် တွေ့မြင်နေရ၏။ အဗျာပါရနည်းကို သိခြင်းပင်တည်း။
၆။ တစ်ဖန် ယင်းအဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ ဟူသော အကြောင်းတရားစုကြောင့် ပဋိသန္ဓေနာမ်ရုပ် စသော အကြောင်းနှင့်လျော်သော အကျိုးတရားစုသာ ဖြစ်သည်ကိုတွေ့ရ၍ အကြောင်းနှင့် မလျော်သော အခြား အကျိုး တစ်စုံတစ်ရာကို မတွေ့ရှိသဖြင့် ဧဝံဓမ္မတာနည်းကိုလည်း သိရှိသည် မည်ပေသည်။
ဤကား အကြောင်းတရားတို့ကို တစ်စုထား၍ အကျိုးတရားတို့ကိုလည်း တစ်စုထား၍ တင်ပြပြောဆိုခြင်း ဖြစ်သည်။ ပဋိစ္စသမုပ္ပါဒ် ပထမနည်းအတိုင်း တစ်နည်းတစ်ဖုံအားဖြင့် ခွဲ၍ ပြောခဲ့သော် ဤသို့ ဖြစ်၏။
မိဘကို ကျေကျေနပ်နပ် ပြုစုလုပ်ကျွေးခွင့်ကို ရရှိနိုင်သည့် အမျိုးသမီးဟု အသိမှားခြင်း သဘောကား အဝိဇ္ဇာတည်း။ (အဝိဇ္ဇာဦးဆောင်သည့် ကိလေသဝဋ် မနောဒွါရိကဇောဝီထိ စိတ်အစဉ်ပင်တည်း။)
ယင်းအဝိဇ္ဇာကြောင့် (= အဝိဇ္ဇာဦးဆောင်သည့် ကိလေသဝဋ် မနောဒွါရိကဇောဝီထိ စိတ်အစဉ်ကြောင့်) သီလမယကုသိုလ် ပုညာဘိသင်္ခါရကို ပြုစုပျိုးထောင်၏။ (= သီလမယ ကုသိုလ်စေတနာဦးဆောင်သည့် ကမ္မဝဋ် မနောဒွါရိကဇောဝီထိ စိတ်အစဉ်ကို ပြုစုပျိုးထောင်၏။)
အဝိဇ္ဇာဖြစ်ခဲ့ရာ ရုပ်နာမ်အစဉ်နှင့် (= အဝိဇ္ဇာဦးဆောင်သည့် ကိလေသဝဋ် မနောဒွါရိကဇောဝီထိ စိတ်အစဉ် နာမ်တရားစုနှင့် မှီရာဝတ္ထုရုပ်တို့ကို ဆိုလိုသည်။) သီလမယ ကုသိုလ်သင်္ခါရ ဖြစ်ခဲ့ရာ ရုပ်နာမ် အစဉ်တို့ကို (= သီလမယ ကုသိုလ်စေတနာ ဦးဆောင်သည့် ကမ္မဝဋ် မနောဒွါရိက ကုသိုလ်ဇောဝီထိ စိတ်အစဉ် နာမ်တရားစုနှင့် မှီရာ ဝတ္ထုရုပ်တို့ကို ဆိုလိုသည်။) ရုပ်နာမ်သန္တတိ အစဉ်အတန်း တစ်ခုတည်းအဖြစ် တစ်ဆက်တည်းအဖြစ် ဉာဏ်ဖြင့် တွေ့မြင်နေ၏။ တစ်ဖန် ယင်းကိလေသဝဋ် ကမ္မဝဋ် အဝိဇ္ဇာ သင်္ခါရတို့ ဖြစ်ခဲ့ရာ ရုပ်နာမ်သန္တာန်အစဉ်နှင့် ပစ္စုပ္ပန်ဘဝ၏ ပဋိသန္ဓေရုပ်နာမ်တို့သို့ တိုင်အောင်သော ရုပ်နာမ်အစဉ်တို့ကိုလည်း သန္တတိအစဉ်အတန်း တစ်ခုတည်းအဖြစ် ဉာဏ်ဖြင့် တွေ့မြင်နေ၏။ ဧကတ္တနည်းကို သိခြင်းပင်တည်း။
တစ်ဖန် အဝိဇ္ဇာ ဦးဆောင်သည့် ကိလေသဝဋ် မနောဒွါရိက ဇောဝီထိစိတ်အစဉ်နှင့် သီလမယ ကုသိုလ် စေတနာ ဦးဆောင်သည့် ကမ္မဝဋ် မနောဒွါရိကဇောဝီထိစိတ်အစဉ် နာမ်တရားစုတို့၌ သန္တတိဃန, သမူဟဃန, ကိစ္စဃနဟူသော နာမ်တုံးနာမ်ခဲတို့ကို ဖြိုခွဲဖျက်ဆီးလျက် စိတ္တက္ခဏတိုင်း၌ တည်ရှိကြသော ပရမတ္ထဓာတ်သား အသီးအသီး၏ ကိုယ်ပိုင် သဘာဝသတ္တိ သဘာဝလက္ခဏာကိုလည်း ဉာဏ်ဖြင့် တွေ့မြင်၏။ နာနတ္တနည်းကို သိခြင်းတည်း။ ပဋိသန္ဓေရုပ်နာမ်တို့၌လည်း နည်းတူပင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိရှိနေ၏။ နာနတ္တနည်းကို သိခြင်းပင်တည်း။
အဝိဇ္ဇာဟူသော အကြောင်းတရားဘက်၌လည်း သင်္ခါရဟူသော အကျိုးတရားကို ဖြစ်ပေါ်လာအောင် ပြုစီမံမည်ဟူသော ဗျာပါရ မရှိခြင်း၊ အကျိုး သင်္ခါရတရားဘက်၌လည်း အကြောင်း အဝိဇ္ဇာတရားသည် ထင်ရှား ဖြစ်ပေါ်လာခဲ့သော် ငါတို့ အကျိုးသင်္ခါရတရားများသည် ဖြစ်လိုက်ကြမည်ဟူသော ဗျာပါရ မရှိခြင်းကို ဉာဏ်ဖြင့် တွေ့မြင်နေ၏။ အဗျာပါရနည်းကို သိခြင်းပင်တည်း။ သင်္ခါရကြောင့် ဝိညာဏ်စသည်တို့ ဖြစ်ရာ၌လည်း နည်းတူပင် သဘောပေါက်ပါ။
အဝိဇ္ဇာဟူသော အကြောင်းကြောင့် သင်္ခါရဟူသော လျော်သော အကျိုးတရားသာ ဖြစ်ပေါ်လာသည်ကို ဉာဏ်ဖြင့် တွေ့မြင်၍ မလျော်သော အကျိုးတရားများ၏ မဖြစ်သည်ကိုလည်း ဉာဏ်ဖြင့် တွေ့မြင်နေ၏။ ဧဝံဓမ္မတာနည်းကို သိခြင်းပင်တည်း။
အသင်သူတော်ကောင်းသည်လည်း အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ပုံစသည်ကို ဉာဏ်ဖြင့် မြင်အောင် ရှုရာ၌ အထက်ပါ ဧကတ္တနည်း နာနတ္တနည်း အဗျာပါရနည်း ဧဝံဓမ္မတာနည်းတို့ကို သိအောင် ကြိုးပမ်းရမည်သာဖြစ်သည်ဟု စွဲမြဲစွာ မှတ်သား နာယူထားပါ။
__________