မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာနဂါမိနိပဋိပဒါ-တတိယတွဲ/ဥပါဒါနပစ္စယာ ဘဝေါ

ဝီကီရင်းမြစ် မှ

ဥပါဒါနပစ္စယာ ဘဝေါ

ဥပါဒါန် ဖြစ်ခြင်းကြောင့် ဘဝ ဖြစ်၏။

ဘဝဟူသည်

ဘဝတီတိ ဘဝေါ ဖြစ်တတ်သော သဘောတရားသည် ဘဝမည်၏။ ထိုဘဝသည် ကမ္မဘဝ, ဥပပတ္တိဘဝဟု နှစ်မျိုးရှိ၏။ ကံသည်ပင်လျှင် ဘဝ = ကမ္မဘဝ မည်၏။ ကံကြောင့်ဖြစ်ရသော အကျိုးတရားသည်ပင်လျှင် ဥပပတ္တိဘဝ မည်၏။

၁။ ထိုဘဝနှစ်မျိုးတို့တွင် ဝိပါက်နာမ်ခန္ဓာနှင့် ကမ္မဇရုပ်များသည် ကံကြောင့် ဖြစ်ပေါ်လာကြရသော အကျိုး တရားများ ဖြစ်သောကြောင့် ယင်းအကျိုးတရားများသည်ပင် ဘဝတီတိ ဘဝေါ ဟူသည်နှင့်အညီ ဖြစ်တတ်သော အနက်သဘောကြောင့် ဘဝဟူသော အမည်ကို ရရှိပေသည်။

၂။ သုခေါ ဗုဒ္ဓါနမုပ္ပါဒေါ။ (ခု၊၁၊၄၂။) = ဘုရားရှင်တို့၏ ပွင့်ထွန်း ပေါ်ပေါက်တော်မူခြင်းသည် ချမ်းသာ၏ ဟူရာ၌ ချမ်းသာခြင်း အကျိုးသုခကို ရရှိဖို့ရန် အကြောင်းဖြစ်သော ဘုရားရှင်တို့၏ ပွင့်ထွန်း ပေါ်ပေါက်တော်မူခြင်းတည်းဟူသော ဗုဒ္ဓုပ္ပါဒနဝမခဏကို ဖလူပစာရအားဖြင့် သုခေါ = ချမ်းသာ၏ဟု ဟောတော်မူသကဲ့သို့ ထို့အတူ ကမ္မဘဝဟူသော ကံကိုလည်း ဥပပတ္တိဘဝဟူသော အကျိုးဝိပါကဝဋ်တရားစု၏ အကြောင်းဖြစ်သောကြောင့် ဘဝတီတိ ဘဝေါ - ဟူသော ကတ္တု သာဓန ဝစနတ္ထကြောင့်ပင် ဘဝဟူသော အမည်ကို ရရှိပေသည်။ (အဘိ၊ဋ္ဌ၊၂၊၁၇၄။)

ဆိုလိုရင်း-- အကြောင်းတရားတို့၏ ဖြစ်ခြင်းကို ကမ္မဘဝဟုခေါ်၍ အကျိုးတရားတို့၏ ဖြစ်ခြင်းကို ဥပပတ္တိဘဝဟု ခေါ်သည်။ ကမ္မဘဝကား ဖြစ်ကြောင်းသဘောတည်း။ ဥပပတ္တိဘဝကား ဖြစ်ခြင်းသဘောတည်း။ ဖြစ်ကြောင်းဘဝနှင့် ဖြစ်ခြင်းဘဝတို့ပင်တည်း။

ကမ္မဘဝ တရားကိုယ်

ကုသိုလ်စေတနာ အကုသိုလ်စေတနာတို့သည်လည်းကောင်း, စေတနာနှင့် ယှဉ်ကုန်သော အဘိဇ္ဈာ အစရှိကုန်သော ကံဟု ခေါ်ဆိုအပ်ကုန်သော တရားတို့သည်လည်းကောင်း ကမ္မဘဝ မည်၏။ (ဝိသုဒ္ဓိ၊၂၊၂၀၆၊၊)

တတ္ထ ကတမော ကမ္မဘဝေါ၊ ပုညာဘိသင်္ခါရော အပုညာဘိသင်္ခါရော အာနေဉ္ဇာဘိသင်္ခါရော (ပရိတ္တဘူမကော ဝါ မဟာဘူမကော ဝါ)၊ အယံ ဝုစ္စတိ ကမ္မဘဝေါ။ သဗ္ဗမ္ပိ ဘဝဂါမိကမ္မံ ကမ္မဘဝေါ။ (အဘိ၊၂၊၁၄၃။ ဝိသုဒ္ဓိ၊၂၊၂၀၆။)

ဤအထက်ပါ ပါဠိတော်နှင့်အညီ--ပရိတ္တဘူမက အမည်ရသော

၁။ ကာမာဝစရ မဟာကုသိုလ်စေတနာ --- ( ၈ )မျိုး

၂။ အကုသိုလ်စေတနာ --- (၁၂)မျိုး

မဟာဘူမက အမည်ရသော--မဟဂ္ဂုတ

၃။ ရူပါဝစရ ကုသိုလ်စေတနာ --- ( ၅ )မျိုး

၄။ အရူပါဝစရ ကုသိုလ်စေတနာ --- ( ၄ )မျိုး

အားလုံးပေါင်းသော် ---- ဤ (၂၉)မျိုးသော စေတနာတို့သည်လည်းကောင်း,

၅။ သဗ္ဗမ္ပိ ဘဝဂါမိကမ္မံ အရ ဝဋ္ဋနိဿိတဖြစ်သော ယင်းစေတနာတို့နှင့် သမ္ပယုတ်ဖြစ်သော အဘိဇ္ဈာစသော တရားတို့သည်လည်းကောင်း ကမ္မဘဝ မည်ပေသည်။

ဤ၌ ဘဝဂါမိကံ ဟူသည် ထိုထိုဘဝအားလုံးသို့ ရောက်လည်းရောက်တတ် ရောက်စေလည်း ရောက်စေ တတ်သော ဝဋ္ဋနိဿိတကံများတည်း။ ဤ၌ ထိုထိုဘဝသို့ ရောက်တတ် ရောက်စေတတ်၏ဟူသည် အကျိုးဝိပါက်ကို ဖြစ်စေတတ် ပြီးစေတတ်သော စွမ်းရည်သတ္တိရှိသည်၏ အစွမ်းဖြင့် မိမိဟူသော ကံတရား၏ ဖြစ်ရာအခါ ဖြစ်စဉ်အခါ၌ = ကံကို ပြုစုပျိုးထောင်စဉ်အခါ၌ ဘဝတစ်ခုခုသို့ ရှေးရှုသည်ဖြစ်၍ ဖြစ်မှုကို ဆိုလိုပေသည်။

ဥပမာ -- နောင်အနာဂတ်တွင် ဓမ္မကထိကနတ်သားဖြစ်ရန် ရည်ရွယ်တောင့်တ၍ ပုညာဘိသင်္ခါရ အမည်ရသည့် ကာမာဝစရကုသိုလ်တို့ကို ပြုစုပျိုးထောင်ရာဝယ် ကံပြုစဉ်မှာပင် စိတ်အစဉ်သည် ဓမ္မကထိက နတ်သားဘဝသို့ ညွတ်နေ ရှေးရှုနေမှုမျိုးတည်း။ ထိုမိမိလိုလားသော ဓမ္မကထိကနတ်သားဘဝသို့ စိတ်ညွတ်ကိုင်းရှိုင်းလျက် ရှေးရှုလျက် ကံကိုအားထုတ်ခဲ့သော် ထိုကံဝယ် ဓမ္မကထိကနတ်သားဘဝဟူသော ဝိပါက်ခန္ဓာ (၅)ပါးကို ရင့်ကျက်သည့်အခါ ပြီးစေနိုင်သော အစွမ်းသတ္တိလည်း ရှိနေပေ၏။ ယင်းသို့သော အကျိုးဝိပါက်ကို ဖြစ်စေနိုင်သော စွမ်းရည်သတ္တိရှိ၍ ယင်းအကျိုးဝိပါက်ခန္ဓာ (၅)ပါးတို့၏ တည်ရာဘဝသို့ စိတ်ကို ရှေးရှုလျက် ပြုစုပျိုးထောင်အပ်သော ကံကို ဘဝဂါမိကံ = ဘဝသို့ ရောက်တတ် ရောက်စေတတ်သော ကံဟု ဆိုလိုပေသည်။ တစ်နည်းဆိုသော် အကျိုးဝိပါက်တရားများကို ဖြစ်စေခြင်းကိုပင်လျှင် ဤအရာ၌ ရောက်၏ ရောက်စေတတ်၏ ဟု ဆိုလိုသည် မှတ်ပါ။ (အဘိ၊ဋ္ဌ၊၂၊၁၇၄။ ဝိသုဒ္ဓိ၊၂၊၂၀၆။ မူလဋီ၊၂၊၁၂၂။ မဟာဋီ၊၂၊၃၃၀။)

ဥပပတ္တိဘဝ တရားကိုယ်

ဥပပတ္တိဘဝေါ ပန သင်္ခေပတော ကမ္မာဘိနိဗ္ဗတ္တာ ခန္ဓာ။ (ဝိသုဒ္ဓိ၊၂၊၂၀၆။)

ကံသည် ရှေးရှုဖြစ်စေအပ်သော ကံကြောင့်ဖြစ်ရသော လောကီ ဝိပါက် နာမ်ခန္ဓာနှင့် ကမ္မဇရုပ်တို့ကို ဥပပတ္တိဘဝအရ တရားကိုယ် ကောက်ယူရ၏။ ဝိပါက်မဟုတ်သော ကမ္မဇရုပ်မဟုတ်သော သဒ္ဒါယတနစသော တရားများကို ချန်လှပ်ထားပါ။ (အဘိ၊၃၊၁၃-ကြည့်။)

ဘဝကြီး (၉) ပါး

၁။ ကာမဘဝ --- အဝီစိနှင့် ပရနိမ္မိတဝသဝတ္တိနတ်ပြည်တိုင်အောင် ကာမ (၁၁)ဘုံအတွင်း၌ ဖြစ်သော ကာမ ဝိပါက် စိတ်စေတသိက်တို့နှင့် ကမ္မဇရုပ်ဟူသော ဥပါဒိန္နက္ခန္ဓာတို့ကို ကာမဟု ခေါ်၏။ ထိုတရားတို့သည် ကာမတဏှာသည် အလိုရှိအပ်သောကြောင့် ကာမအမည်ရကြ၏။ ယင်းဥပါဒိန္နက္ခန္ဓာဟူသော ဝိပါက် ရုပ်နာမ်တို့သည် ကာမတဏှာတည်းဟူသော ကိလေသာကာမ၏ မှီရာဖြစ်သောကြောင့်လည်း ကာမတို့ဟူ၍ ဆိုအပ်ကုန်၏။ ယင်းဥပါဒိန္နက္ခန္ဓာတို့သည် ကာမတဏှာတည်းဟူသော ကိလေသာကာမနှင့် အတူတကွ ဖြစ်သောကြောင့်လည်း သဟစရဏနည်းအားဖြင့် ကာမဟူသော အမည်ကိုရကြ၏။ ကာမတဏှာ၏ အာရုံဖြစ်သောကြောင့်လည်း ကာမ ဟူသော အမည်ကိုရကြ၏။ ကာမတဏှာဖြစ်ခြင်း၏ အကြောင်းတရားတို့၏ တည်ရာ ဖြစ်သောကြောင့်လည်း ကာမဟူသော အမည်ကိုရကြ၏။ ထိုကာမ ဝိပါက် နာမ်တရားနှင့် ကမ္မဇရုပ်သည်ပင် ကံကြောင့်ဖြစ်ရသောကြောင့် ဘဝတီတိ ဘဝေါ ---- အရ ဘဝလည်း မည်၏။ ထိုကာမနှင့် ဘဝနှစ်ပါးကို ပေါင်းစပ်၍ ကာမဘဝဟု ခေါ်ဆိုသည်။ (အဘိ၊ဋ္ဌ၊၂၊၁၇၄။ မဟာဋီ၊၂၊၃၃၁။)

၂။ ရူပဘဝ --- ပထမစျာန်ဗြဟ္မာ့ဘုံနှင့် အကနိဋ္ဌဗြဟ္မာ့ဘုံအတွင်း၌ ဖြစ်သော ရူပ ဝိပါက် စိတ်စေတသိက်နှင့် ထိုဘုံတို့၌ ရထိုက်သော ကမ္မဇရုပ်ဟူသော ဥပါဒိန္နက္ခန္ဓာကို ရူပဟုခေါ်၏။ ထိုဥပါဒိန္နက္ခန္ဓာတို့သည် ရူပတဏှာ၏ တည်ရာဖြစ်သောကြောင့် ဌာနျူပစာရအားဖြင့် ရူပအမည်ရကြ၏။ ရူပနှင့်ဘဝ နှစ်ခုပေါင်းစပ်၍ ရူပဘဝမည်၏။ ရူပ (၁၆)ဘုံသည် ရူပဘဝတည်း။

၃။ အရူပဘဝ ---- အာကာသာနဉ္စာယတနဘုံနှင့် ဘဝဂ်ဟု ခေါ်ဆိုအပ်သော နေဝသညာနာသညာယတနဘုံ၏ အတွင်း၌ဖြစ်သော အရူပဝိပါက်ကို အရူပဟု ခေါ်၏။ ထိုအရူပဝိပါက်တည်းဟူသော ဥပါဒိန္နက္ခန္ဓာတို့ကို အရူပတဏှာသည် အာရုံပြုရကား ယင်းဥပါဒိန္နက္ခန္ဓာတို့သည် ဖလူပစာရအားဖြင့် အရူပ အမည်ရကြသည်။ အရူပနှင့် ဘဝ နှစ်ခုပေါင်းစပ်၍ အရူပဘဝ မည်၏။ အရူပ (၄)ဘုံတည်း။

ကာမအမည်ရသော ကာမ ဝိပါက် ရုပ်နာမ်တို့သည် ကာမာဝစရကံကြောင့် ဖြစ်သောကြောင့် ကာမဘဝ မည်၏။ ရူပအမည်ရသော ရူပါဝစရ ဝိပါက် ရုပ်နာမ်တို့သည် ဆိုင်ရာဆိုင်ရာ ရူပါဝစရကံကြောင့် ဖြစ်သောကြောင့် ရူပဘဝ အမည်ရ၏။ အရူပအမည်ရသော ဝိပါက် နာမ်တရားတို့သည် ဆိုင်ရာဆိုင်ရာ အရူပါဝစရကံကြောင့် ဖြစ်သောကြောင့် အရူပဘဝ အမည်ရ၏ဟု ဆိုလိုသည်။

၁။ သညာဘဝ = အသညသတ်ဘုံနှင့် နေဝသညာနာသညာယတနဘုံမှ ကြွင်းသော ကာမ - ရူပ - အရူပ -(၂၉)ဘုံ = သညာရှိသောဘုံ။

၂။ အသညာဘဝ = သညာမရှိသော အသညသတ်ဘုံ။

၃။ နေဝသညာနာသညာဘဝ = ရုန့်ရင်းကြမ်းတမ်းသော သညာကားမရှိ၊ သိမ်မွေ့သော သညာသာရှိသောဘုံ။

၁။ ဧကဝေါကာရဘဝ = ဥပါဒိန္နက္ခန္ဓာဟူသော ရူပက္ခန္ဓာ (၁)ပါးသာရှိသော ဘဝ = အသညသတ်ဘဝ။

၂။ စတုဝေါကာရဘဝ = ဥပါဒိန္နနာမက္ခန္ဓာ (၄)ပါးရှိသော ဘဝ = အရူပဘဝ။

၃။ ပဉ္စဝေါကာရဘဝ = ဥပါဒိန္နက္ခန္ဓာ (၅)ပါးရှိသော ကာမ ရူပဘဝ။ (အဘိ၊ဋ္ဌ၊၂၊၁၇၅။)

အကျိုးရှိသော ဟောစဉ်

ဤဘဝနိဒ္ဒေသ၌ ပုညာဘိသင်္ခါရ အပုညာဘိသင်္ခါရ အာနေဉ္ဇာဘိသင်္ခါရတို့ကို ဟောတော်မူသကဲ့သို့ သင်္ခါရနိဒ္ဒေသတုန်းကလည်း ပုညာဘိသင်္ခါရ အပုညာဘိသင်္ခါရ အာနေဉ္ဇာဘိသင်္ခါရတို့ကို ဟောတော်မူခဲ့၏။

သို့သော် ရှေးသင်္ခါရနိဒ္ဒေသ၌ ဟောတော်မူအပ်ကုန်သော ပုညာဘိသင်္ခါရ စသည်တို့ကို အတိတ်ကံ၏ အစွမ်းဖြင့် ဤပစ္စုပ္ပန်ဘဝ၌ ပဋိသန္ဓေ၏ အကြောင်းတရားတို့၏ အဖြစ်ကြောင့် ဟောတော်မူအပ်ကုန်၏။ ဤ ဘဝနိဒ္ဒေသ၌ကား ယင်းပုညာဘိသင်္ခါရစသည်တို့ကို ပစ္စုပ္ပန်ကံ၏ အစွမ်းဖြင့် နောင်အနာဂတ်ဘဝ၌ ပဋိသန္ဓေ ၏ အကြောင်းတရား၏ အဖြစ်ကြောင့် ဟောတော်မူအပ်ကုန်၏။ ထိုကြောင့် ဤဘဝနိဒ္ဒေသ၌ ပုညာဘိသင်္ခါရ စသည်တို့ကို တစ်ဖန်ထပ်၍ ဟောတော်မူခြင်းသည် အကျိုးရှိသည်သာလျှင် ဖြစ်ပေသည်။ တစ်နည်း --- ရှေး သင်္ခါရနိဒ္ဒေသ၌ သမ္ပယုတ်တရားမပါဘဲ ကုသိုလ် အကုသိုလ် စေတနာသက်သက်ကိုသာ သင်္ခါရဟူ၍ ဟောတော် မူခဲ့၏။ ဤဘဝပဒနိဒ္ဒေသ၌ကား --- သဗ္ဗမ္ပိ ဘဝဂါမိကမ္မံ ---- ဟူ၍ ဟောတော်မူခြင်းကြောင့် လောကီ ကုသိုလ် အကုသိုလ် စေတနာတွင်သာမက ယင်းစေတနာနှင့် ယှဉ်ဖက် သမ္ပယုတ် စိတ်စေတသိက် တရားစုတို့ကိုလည်း ကမ္မဘဝအရတွင် ထည့်သွင်း၍ ဟောကြားထားတော်မူပေသည်။

တစ်ဖန် ရှေးသင်္ခါရနိဒ္ဒေသ၌ ဝိညာဏ်၏ အကြောင်းသာလျှင် ဖြစ်သော ကံကို သင်္ခါရဟူ၍ ဟောတော်မူခဲ့၏။ ဤဘဝနိဒ္ဒေသ၌ကား ရုပ်ဇီဝိတနဝကကလာပ်တည်းဟူသော အသညသတ်ဘဝကို ဖြစ်စေတတ်သော ကံကိုလည်း ထည့်သွင်း၍ ဟောကြားထားတော်မူ၏။

တစ်နည်း ---- စကားများစွာ ပြောဆိုခြင်းဖြင့် အဘယ်အကျိုး ရှိနိုင်အံ့နည်း။ --- အဝိဇ္ဇာပစ္စယာ သင်္ခါရာ-ဟူသောအရာ၌ ပုညာဘိသင်္ခါရစသော ကုသိုလ် အကုသိုလ်တရားတို့ကိုသာ သင်္ခါရအရ ဟောကြားထားတော်မူ၏။ ဥပါဒါနပစ္စယာ ဘဝေါဟူသော ဤအရာ၌ကား ကမ္မဘဝတွင်သာမက ဥပပတ္တိဘဝကိုလည်း သိမ်းယူအပ်သည်၏ အဖြစ်ကြောင့် ကမ္မဘဝ ဥပပတ္တိဘဝ နှစ်မျိုးလုံး ပါဝင်ရကား ----

၁။ ကုသိုလ်

၂။ အကုသိုလ်

၃။ ဝိပါက် အဗျာကတ (နာမ်တရား)

၄။ ကမ္မဇရုပ် အဗျာကတ -

ဤ (၄)မျိုးကုန်သော ကုသိုလ် အကုသိုလ် အဗျာကတဖြစ်ကုန်သော တရားတို့ကို ဟောတော်မူအပ်ကုန်၏။ ထိုကြောင့် သင်္ခါရကို ဟောပြီးသော်လည်း ဘဝကို ထပ်မံ၍ ဟောကြားတော်မူခြင်းသည် အကျိုးရှိသည်သာ ဖြစ်သည်ဟု မှတ်ပါ။ (အဘိ၊ဋ္ဌ၊၂၊၁၇၅။ ဝိသုဒ္ဓိ၊၂၊၂၀၇။)

ဥပါဒါန်နှင့် ဘဝအပြား

ကာမုပါဒါန်ကို အကြောင်းခံ၍ ကာမဘဝကို ဖြစ်စေတတ်သော ကာမာဝစရ ပုညာဘိသင်္ခါရ, အပုညာဘိသင်္ခါရဟူသော ကာမာဝစရကံကို ပြုစုပျိုးထောင်၏။ ထိုကံဟူသော သဘောတရားသည် ကမ္မဘဝ မည်၏။ ထိုကမ္မဘဝသည် ဖြစ်စေအပ်ကုန်သော ခန္ဓာတို့သည် ဥပပတ္တိဘဝ မည်၏။ ရူပဘဝ အရူပဘဝတို့၌လည်း ဤနည်းကိုဆောင်၍ သိပါလေ။ ကြွင်းကျန်သော ဒိဋ္ဌုပါဒါန် သီလဗ္ဗတုပါဒါန် အတ္တဝါဒုပါဒါန်တို့ကို အကြောင်း ခံ၍ ကာမကမ္မဘဝ, ကာမဥပပတ္တိဘဝ, ရူပကမ္မဘဝ, ရူပဥပပတ္တိဘဝ, အရူပကမ္မဘဝ, အရူပဥပပတ္တိဘဝတို့ ဖြစ်နိုင်ပုံကိုလည်း သဘောပေါက်ပါလေ။ ဥပါဒါန် အမျိုးအမည် မခွဲဘဲ သာမညအားဖြင့် ဆိုရမူ ဥပါဒါန်ကို အကြောင်းခံ၍ ကမ္မဘဝ ဥပပတ္တိဘဝ နှစ်မျိုး ထိုက်သလို ဖြစ်နိုင်သည်သာ ဖြစ်သည်ဟု အတိုချုပ် မှတ်သားထားပါ။

ပုထုဇ္ဇနော ဥမ္မတ္တကော

ဥမ္မတ္တကော ဝိယ ဟိ ပုထုဇ္ဇနော။ သော ဣဒံ ယုတ္တံ ဣဒံ အယုတ္တန္တိ အဝိစာရေတွာ ယဿ ကဿစိ ဥပါဒါနဿ ဝသေန ယံ ကိဉ္စိ ဘဝံ ပတ္ထေတွာ ယံ ကိဉ္စိ ကမ္မံ ကရောတိယေဝ။ တသ္မာ ယဒေကစ္စေ သီလဗ္ဗတုပါဒါနေန ရူပါရူပဘဝါ န ဟောန္တီတိ ဝဒန္တိ၊ တံ န ဂဟေတဗ္ဗံ။ သဗ္ဗေန ပန သဗ္ဗော ဟောတီတိ ဂဟေတဗ္ဗံ။ (အဘိ၊ဋ္ဌ၊၂၊၁၇၆။ ဝိသုဒ္ဓိ၊၂၊၂၀၈။)

မည်သည့် ဥပါဒါန်ကြောင့်မဆို မည်သည့် (ကာမ-ရူပ-အရူပဟူသော) ဘဝမဆို ဖြစ်နိုင်ပေသည်။ ပုထုဇန် ကား အရူးနှင့် တူသဖြင့် ဤအမှုသည် သင့်၏၊ ဤအမှုသည် မသင့်ဟု သင့်မသင့်ကို မဝေဖန် မစဉ်းစားတော့ဘဲ တစ်စုံတစ်ခုသော ဥပါဒါန်ကို အကြောင်းခံ၍ တစ်စုံတစ်ခုသော ဘဝကို တောင့်တ၍ အမှတ်မထား တစ်စုံတစ်ခုသော ထိုထိုဘဝသို့ ရောက်ကြောင်းကံကို ပြုစု ပျိုးထောင်တတ်သည်သာ ဖြစ်သည်။ ထိုကြောင့် အချို့သော ဆရာတို့သည် သီလဗ္ဗတုပါဒါန်ကြောင့် ရူပဘဝ အရူပဘဝတို့ မဖြစ်နိုင်ကုန် ဟူသော စကားကို ဆိုကြကုန်၏၊ ထိုစကားကို မယူသင့်ပေ လက်မခံသင့်ပေ။ စင်စစ်အားဖြင့်ကား အလုံးစုံသော ဥပါဒါန်ကြောင့် အလုံးစုံသော ဘဝသည် ဖြစ်နိုင်၏ဟူသော ဤစကားကိုသာ ယူပါ လက်ခံပါလေ။ (အဘိ၊ဋ္ဌ၊၂၊၁၇၆။ ဝိသုဒ္ဓိ၊၂၊၂၀၈။)

ဧကစ္စေဆရာတို့ကား --- နွားတို့၏ အလေ့အကျင့် ခွေးတို့၏ အလေ့အကျင့်ကို ပြည့်ပြည့်စုံစုံ ဆောက်တည်၍ ကျင့်ခြင်းကြောင့် နွားတို့၏ ခွေးတို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ရ၏ဟူသော ကုက္ကုရဝတိက သုတ္တန်တရားတော်ကို နှလုံးသွင်းမှား၍ သီလဗ္ဗတုပါဒါန်နှင့် ပြည့်စုံသောသူ၏ သန္တာန်ဝယ် စျာနဘာဝနာ မပြည့်စုံနိုင်ဟု အောက်မေ့ မှတ်ထင်ကုန်သဖြင့် သီလဗ္ဗတုပါဒါန်ကြောင့် ရူပဘဝ အရူပဘဝတို့ မဖြစ်နိုင်ကုန်ဟု ဆိုခြင်းဖြစ်၏။ ဂေါသီလ ဂေါဝတစသည့် နွားတို့၏ အလေ့အကျင့် ခွေးတို့၏ အလေ့အကျင့် စသည်သည် ကိလေသာမှလည်းကောင်း သံသရာမှလည်းကောင်း စင်ကြယ်ခြင်း၏အကြောင်းဟု သုံးသပ်ခြင်းသည် သီလဗ္ဗတုပါဒါန် မည်၏။ ထို သုဒ္ဓိမဂ္ဂပရာမသန = ကိလေသာသံသရာမှ စင်ကြယ်ခြင်း၏အကြောင်းဟု သုံးသပ်ခြင်းဖြင့် ရူပါဝစရစျာန် အရူပါဝစရစျာန်တို့၏ ဖြစ်ခြင်းသည် မသင့်သည် မဟုတ်၊ သင့်ပေသည်သာတည်း။ (မဟာဋီ၊၂၊၃၃၂။)

ကာမုပါဒါန်နှင့် အပါယ်သံသရာ

ဤလောက၌ အချို့သော ပုဂ္ဂိုလ်တို့သည် တစ်ဆင့်စကား ကြားဖူး၍ ဖြစ်စေ, မြင်အပ်သော အမှုကို အတုလိုက်၍ဖြစ်စေ ဤဝတ္ထုအာရုံ ကာမဂုဏ်တို့မည်သည် လူလောကဝယ် မင်းသူဌေးမျိုး ပုဏ္ဏားသူဌေးမျိုး သူကြွယ်သူဌေးမျိုးတို့၌လည်းကောင်း, ကာမာဝစရ နတ်ပြည် (၆)ထပ်တို့၌လည်းကောင်း ကြွယ်ဝပြည့်စုံကုန်၏ ဟု တွေးတောကြံစည်လျက် ထိုဝတ္ထုအာရုံ ကာမဂုဏ်တို့ကို ရရှိခြင်း အကျိုးငှာ ----

၁။ မသူတော်တို့၏ တရားကို ကြားနာရခြင်း,

၂။ မသူတော်တို့နှင့် ပေါင်းဖော် မှီဝဲမိခြင်း,

၃။ ရှေးကပြုခဲ့ဖူးသော ကောင်းမှုကုသိုလ်ဟူသော ပုဗ္ဗေစကတပုညတာစက်၏ ချို့တဲ့ခြင်း,

၄။ မိမိ၏ ကိုယ် နှုတ် စိတ်တို့ကို ကောင်းစွာ မထားနိုင်သဖြင့် အတ္တသမ္မာပဏိဓိစက်၏ ချို့တဲ့ခြင်း ----

ဤသို့စသည်တို့က လှည့်ပတ်ဖြားယောင်း သွေးဆောင်အပ်သည်ဖြစ်၍ မသူတော်တရား၌ နားဝင်နေသည်ဖြစ်၍ ဤကံကြောင့် ဝတ္ထုအာရုံ ကာမဂုဏ်တို့သည် ပြီးစီးပြည့်စုံနိုင်ကုန်၏ဟု အောက်မေ့မှတ်ထင်လျက် သားကောင်ကိုသတ်၍ ယဇ်နတ်ပူဇော်ခြင်း သားကောင်ကိုသတ်၍ လှူဒါန်းခြင်းစသည့် ဒုစရိုက်တို့ကို ပြုလုပ်၏၊ ထိုပုဂ္ဂိုလ်သည် ဒုစရိုက်တရားတို့၏ ပြည့်စုံခြင်းကြောင့် အပါယ်၌ ဖြစ်ရ၏။ ဤမျှသာ မကသေး ---- မျက်မှောက် ဘဝ၌ ဖြစ်သော သက်ရှိ သက်မဲ့ ကာမဝတ္ထု အစုစုတို့ကို လိုလားတောင့်တသည် ဖြစ်၍သော်လည်းကောင်း, ရအပ်ပြီးသော ကာမဂုဏ်တို့ကို လုံခြုံစေရန် စောင့်ရှောက်ရသည် ဖြစ်၍သော်လည်းကောင်း ကာမဝတ္ထုအစုစုတို့၌ စွဲလမ်းတပ်မက်မှု ကာမုပါဒါန်ကို အရင်းခံသဖြင့် ကာယဒုစရိုက် စသည်တို့ကိုသော်လည်း ပြုမိပြန်၏။ (မိမိ ကိုယ်တိုင်က ဓားပြတိုက်ခြင်း, ခိုးယူခြင်း, မိမိပစ္စည်းကို လာလုယူသူ ဓားပြတိုက်သူတို့အားလည်း သတ်ပစ်ခြင်းစသည့် အမှုတို့ကို ဆိုလိုသည်။) ထိုပုဂ္ဂိုလ်သည် ဒုစရိုက်တို့၏ ပြည့်စုံခြင်းကြောင့် အပါယ်၌ ဖြစ်ရပြန်၏။

ထိုအပါယ်ဘုံ၌ ထိုပုဂ္ဂိုလ်၏ အပါယ်ပဋိသန္ဓေ၏ အကြောင်းရင်းဖြစ်သော အကုသိုလ် ဒုစရိုက်ကံသည် ကမ္မဘဝ မည်၏။ ကံသည် ရှေးရှုဖြစ်စေအပ်ကုန်သော အပါယ်ခန္ဓာတို့သည် ဥပပတ္တိဘဝ မည်၏။ (အဘိ၊ဋ္ဌ၊၂၊၁၇၆-၁၇၇။ ဝိသုဒ္ဓိ၊၂၊၂၀၈။)

ကာမုပါဒါန်နှင့် သုဂတိ

အခြားတစ်ယောက်သောသူကား သူတော်ကောင်းတို့၏ တရားတော်ကို ကြားနာရခြင်းစသည့် အကြောင်း တရားတို့ကြောင့် တိုးပွားစေအပ်သော အသိဉာဏ်ရှိသည် ဖြစ်၍ ဤကုသိုလ်ကံကြောင့် ကာမဂုဏ်တို့သည် ပြည့်စုံနိုင်ကုန်သည်ဟု မှတ်ထင်ခြင်း ရှိသည်ဖြစ်၍ ကာမဂုဏ်တို့၏ အပေါ်၌ စွဲလမ်းမက်မောခြင်း ကာမုပါဒါန် ၏ အစွမ်းဖြင့် ကာယသုစရိုက်စသော ကုသိုလ်တရားတို့ကို ဖြည့်ကျင့်၏။ ထိုပုဂ္ဂိုလ်သည် သုစရိုက် ကုသိုလ်ကံ တရားတို့၏ ပြည့်စုံခြင်းကြောင့် နတ်ပြည်တို့၌သော်လည်းကောင်း လူ့ပြည်တို့၌သော်လည်းကောင်း ပဋိသန္ဓေ အားဖြင့် ကပ်ရောက်၍ ဖြစ်ရ၏။ ထိုနတ်ဘဝ လူ့ဘဝတို့၌ ထိုပုဂ္ဂိုလ်၏ ဥပပတ္တိဘဝကို ဖြစ်စေတတ်သော အကြောင်းရင်း ဖြစ်သော ကံသည် ကမ္မဘဝမည်၏။ ကံသည် ဖြစ်စေအပ်သော ခန္ဓာတို့သည်ကား ဥပပတ္တိဘဝ မည်၏။ ဤသို့လျှင် ကာမုပါဒါန်သည် ဒုဂ္ဂတိကမ္မဘဝ ဥပပတ္တိဘဝ, သုဂတိကမ္မဘဝ ဥပပတ္တိဘဝတို့၏ အကြောင်းရင်း ဖြစ်ပေသည်။ (အဘိ၊ဋ္ဌ၊၂၊၁၇၇ ။ ဝိသုဒ္ဓိ၊၂၊၂၀၉။)

ကာမုပါဒါန်နှင့် ရူပဘဝ အရူပဘဝ

အခြားတစ်ယောက်သော ပုဂ္ဂိုလ်သည် ---- ထိုကာမဘဝ၌ရှိသော စည်းစိမ်ထက် ရူပဘဝ အရူပဘဝတို့၌ ကာမတို့သည်ကား သာလွန်၍ ပြည့်စုံကုန်၏ ---- ဟု ကြားရသောကြောင့်လည်းကောင်း, ကြံဆမိသောကြောင့် လည်းကောင်း ရူပါဝစရ အရူပါဝစရ ကာမတို့၌ ပြင်းစွာစွဲလမ်းသော ကာမုပါဒါန်၏ အစွမ်းကြောင့်ပင်လျှင် ရူပါဝစရစျာန်သမာပတ် အရူပါဝစရစျာန်သမာပတ်တို့ကို ဖြစ်စေ၍ သမာပတ်၏ အစွမ်းကြောင့် ရူပါဝစရ ဗြဟ္မာပြည် အရူပါဝစရဗြဟ္မာပြည်လောက၌ ပဋိသန္ဓေအားဖြင့် ကပ်ရောက်၍ ဖြစ်ရ၏။ ထိုရူပဗြဟ္မာလောက အရူပဗြဟ္မာလောက၌ ပဋိသန္ဓေ၏ = ဥပပတ္တိဘဝ၏ အကြောင်းရင်းစစ် ဖြစ်၍ ဖြစ်သော ရူပါဝစရကံသည် အရူပါဝစရကံသည် ကမ္မဘဝ မည်၏။ ကံသည် = ကမ္မဘဝသည် ဖြစ်စေအပ်ကုန်သော ခန္ဓာတို့သည် ဥပပတ္တိ ဘဝ မည်၏။ ဤသို့လျှင် ကာမုပါဒါန်သည် ရူပါဝစရ ကမ္မဘဝ ရူပါဝစရ ဥပပတ္တိဘဝ, အရူပါဝစရ ကမ္မဘဝ အရူပါဝစရ ဥပပတ္တိဘဝတို့၏ အကြောင်းတရား ဖြစ်ရပေသည်။ (အဘိ၊ဋ္ဌ၊၂၊၁၇၇။ဝိသုဒ္ဓိ၊၂၊၂၀၉။)

ဒိဋ္ဌုပါဒါန်နှင့် ကာမ - ရူပ - အရူပ ကမ္မဘဝ ဥပပတ္တိဘဝ

အခြားတစ်ယောက်သော သူသည် ---- ဤအတ္တမည်သည် ကာမာဝစရ သမ္ပတ္တိဘဝ၌သော်လည်းကောင်း ရူပ အရူပဘဝတို့တွင် အမှတ်မထား တစ်ပါးပါးသော ဘဝ၌သော်လည်းကောင်း ပြတ်စဲသွားသော် ကောင်းစွာ ပြတ်သည်ပင် ဖြစ်၏ ---- ဟု ဥစ္ဆေဒဒိဋ္ဌိကို စွဲယူ၍ အကြောင်းပြု၍ ထိုကာမဘဝ ရူပဘဝ အရူပဘဝတို့တွင် တစ်ပါးပါးသော ဘဝသို့ ကပ်ရောက်ကြောင်း ဖြစ်သော ကာမာဝစရကံ ရူပါဝစရကံ အရူပါဝစရကံတို့ကို ကြိုးစားအားထုတ်၏။ ထိုပုဂ္ဂိုလ်၏ ထိုကံသည် ကမ္မဘဝမည်၏၊ ကံသည် ဖြစ်စေအပ်သော ခန္ဓာတို့ကား ဥပပတ္တိ ဘဝ မည်၏။ (ဤစကားရပ်တို့ကို နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် မရရှိသေးသော ပုထုဇန် ငမိုက်သားတို့ကို ရည်ညွှန်း၍ ပြောဆိုနေသော စကားရပ်များဟု မှတ်ပါ။) ဤသို့လျှင် ဒိဋ္ဌုပါဒါန်သည်လည်း ကာမ-ရူပ-အရူပ တည်းဟူသော ဘဝသုံးမျိုး (ကမ္မဘဝ ဥပပတ္တိဘဝ)တို့၏ အကြောင်းရင်း ဖြစ်သည်သာ ဖြစ်ပေသည်။ (အဘိ၊ဋ္ဌ၊၂၊၁၇၇ ။ ဝိသုဒ္ဓိ၊၂၊၂၀၉။)

အတ္တဝါဒုပါဒါန်ကြောင့် ဘဝဖြစ်ပုံ

အခြားတစ်ယောက်သော သူသည် --- ဤအတ္တမည်သည် ကာမာဝစရ သမ္ပတ္တိဘဝ၌သော်လည်းကောင်း, ရူပဘဝ အရူပဘဝတို့တွင် တစ်မျိုးမျိုးသော ဘဝ၌သော်လည်းကောင်း ချမ်းသာခြင်း ရှိ၏ ပူပန်ရခြင်း ကင်း၏ ဟု အတ္တဝါဒုပါဒါန်ကြောင့် ထိုကာမာဝစရ သမ္ပတ္တိဘဝ, ရူပဘဝ အရူပဘဝတို့တွင် တစ်ပါးပါးသော ဘဝသို့ ကပ်ရောက်ကြောင်းဖြစ်သော ကာမာဝစရကံ, ရူပါဝစရကံ, အရူပါဝစရကံတို့ကို အားထုတ်၏။ ထိုပုဂ္ဂိုလ်၏ ထိုမိမိအားထုတ်အပ်သော ကံသည် ကမ္မဘဝ မည်၏။ ထိုကံသည် ဖြစ်စေအပ်သော ခန္ဓာတို့ကား ဥပပတ္တိဘဝ မည်၏။ ဤသို့လျှင် အတ္တဝါဒုပါဒါန်သည် ကာမကမ္မဘဝ ကာမဥပပတ္တိဘဝ, ရူပကမ္မဘဝ, ရူပဥပပတ္တိဘဝ, အရူပကမ္မဘဝ, အရူပဥပပတ္တိဘဝတို့၏ အကြောင်းရင်းစစ် ဖြစ်ရပေသည်။ (အဘိ၊ဋ္ဌ၊၂၊၁၇၇-၁၇၈။ ဝိသုဒ္ဓိ၊၂၊၂၀၉။)

သီလဗ္ဗတုပါဒါန်ကြောင့် ဘဝဖြစ်ပုံ

အခြားတစ်ယောက်သော သူသည်ကား နွားတို့၏ အလေ့အကျင့် ခွေးတို့၏ အလေ့အကျင့်ဟူသော ဤ သီလဗ္ဗတုမည်သည်ကား ကာမဝစရသမ္ပတ္တိဘဝ၌သော်လည်းကောင်း ရူပဘဝ အရူပဘဝတို့တွင် တစ်မျိုးမျိုး သော ဘဝ၌သော်လည်းကောင်း ဖြည့်ကျင့်သော ပုဂ္ဂိုလ်၏ သုခသည် ပြည့်စုံခြင်းရှိသည်၏ အဖြစ်သို့ ရောက်ရှိ နိုင်၏ဟု ကြားဖူး၍သော်လည်းကောင်း ကြံဆ၍သော်လည်းကောင်း သီလဗ္ဗတုပါဒါန်၏ အစွမ်းကြောင့် ထို ကာမာဝစရ သမ္ပတ္တိဘဝ ရူပဘဝ အရူပဘဝတို့တွင် တစ်ပါးပါးသော ဘဝသို့ ကပ်ရောက်ကြောင်း ဖြစ်သော ကံကို ပြုစု ပျိုးထောင်၏။ ထိုပုဂ္ဂိုလ်၏ ထိုကံသည် ကမ္မဘဝ မည်၏။ ထိုကံသည် ဖြစ်စေအပ်ကုန်သော ခန္ဓာ တို့သည် ဥပပတ္တိဘဝ မည်၏။ ဤသို့လျှင် သီလဗ္ဗတုပါဒါန်သည်လည်း ကာမကမ္မဘဝ ကာမဥပပတ္တိဘဝ, ရူပကမ္မဘဝ ရူပဥပပတ္တိဘဝ, အရူပကမ္မဘဝ အရူပဥပပတ္တိဘဝတို့၏ အကြောင်းတရား ဖြစ်သည်သာ ဖြစ်ပေသည်။ (အဘိ၊ဋ္ဌ၊၂၊၁၇၈။ ဝိသုဒ္ဓိ၊၂၊၂၀၉။)

ဤဘဝနိဒ္ဒေသပိုင်း၌ သီလဗ္ဗတုပါဒါန်ကို နောက်ဆုံးထား၍ ဖွင့်ဆိုထားခြင်း၌ အကြောင်းကား ဤသို့တည်း ---- သီလဗ္ဗတုပါဒါန်သည် အတ္တဝါဒုပါဒါန်လောက်လည်း မပြတ်မပြတ် ဖြစ်ခြင်းသဘော မရှိသည်လည်း အကြောင်းတစ်ရပ်, သီလဗ္ဗတုပါဒါန်သည် အတ္တဝါဒုပါဒါန်ကိုသာ အကြောင်းခံ၍ ဖြစ်ပေါ်လာနိုင်သဖြင့် အတ္တဝါဒုပါဒါန်ဟူသော အကြောင်းရှိသည်လည်း တစ်ရပ် ဤအကြောင်းနှစ်ရပ်ကြောင့် သီလဗ္ဗတုပါဒါန်ကို နောက်ဆုံး၌ ထား၍ အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားခြင်း ဖြစ်သည်။ (မူလဋီ၊၂၊၁၂၄။)

ဤသီလဗ္ဗတုပါဒါန် အတ္တဝါဒုပါဒါန်တို့သည်လည်း နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် နှစ်ပါးကို ရရှိပြီးသူ၏ သန္တာန်ဝယ် ဤဘဝ၌ ထပ်မံဖြစ်ဖို့ရန် အလှမ်းကွာဝေးလျက်ပင် ရှိနေဦးမည် ဖြစ်သည်။ အတိတ် သံသရာတစ်ခွင်၌ကား မဖြစ်ခဲ့ဖူးသည်ဟူ၍ မရှိစကောင်းသည်သာ ဖြစ်သည်။ ဤဉာဏ်နှစ်ပါးကို မရရှိသေးသော သူတော်ကောင်းတို့၏ သန္တာန်၌ကား အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးလုံး၌ ဥပါဒါန် လေးပါးလုံးကြောင့်ပင် ကမ္မဘဝ ဥပပတ္တိဘဝတို့သည် ထိုက်သလို ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့ပင် ဖြစ်ကြပေသည်။

ပဋ္ဌာန်းပစ္စည်း ဆက်သွယ်ပုံ

ဥပါဒါန် (၄)မျိုးလုံးတို့သည် ----

၁။ ရူပ အရူပဖြစ်သော ကမ္မဘဝ ဥပပတ္တိဘဝတို့အား,

၂။ ကာမာဝစရကုသိုလ် ကမ္မဘဝအား,

၃။ ကာမာဝစရ ဥပပတ္တိဘဝအား,

ဥပနိဿယပစ္စယသတ္တိတစ်မျိုးတည်းဖြင့်သာ ကျေးဇူးပြု၏။

၄။ ယင်းဥပါဒါန် (၄)မျိုးလုံးသည် မိမိနှင့် သမ္ပယုတ်ဖြစ်သော စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ ဖြစ်သော အကုသိုလ်ကမ္မဘဝအား သဟဇာတ အညမည နိဿယ သမ္ပယုတ္တ အတ္ထိ အဝိဂတ မဂ္ဂ ပစ္စယသတ္တိ တို့ဖြင့် ကျေးဇူးပြု၏။

၅။ ယင်းဥပါဒါန် (၄)မျိုးလုံးသည် မိမိနှင့် ဝိပ္ပယုတ်ဖြစ်သော စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ၍ မဖြစ်သော ဝီထိစိတ္တက္ခဏခြားလျက်ဖြစ်သော အကုသိုလ်ကမ္မဘဝအား ဥပနိဿယပစ္စယသတ္တိ တစ်မျိုးတည်းဖြင့် သာလျှင် ကျေးဇူးပြု၏။

အကြောင်း အကျိုး သိမ်းဆည်းပုံ

အသင်သူတော်ကောင်းသည် အနာဂတ်ဘဝ တစ်ခုအတွက် ရည်ရွယ်၍ ပြုစု ပျိုးထောင်နေသော ဝဋ္ဋနိဿိတ ကုသိုလ်ကံများနှင့် တိုက်ဆိုင်၍ ရှုရမည့်အပိုင်း ဖြစ်သဖြင့် အသင်သူတော်ကောင်း၏ အနာဂတ် ဘဝသစ်အတွက် မိမိ စွဲစွဲမြဲမြဲ စွဲစွဲလမ်းလမ်း ပြုစုပျိုးထောင်နေသည့် (အဝိဇ္ဇာ) တဏှာ ဥပါဒါန် (သင်္ခါရ) ကံ တစ်မျိုးမျိုးကိုသာ ယူ၍ ရှုပါကလည်း လုံလောက်သည်သာ ဖြစ်ပါသည်။ ဘဝတစ်လျှောက်၌ ထူထောင်ထားသည့် ကံအားလုံးကိုကား ကုန်စင်အောင် မရှုနိုင်သောကြောင့် ဖြစ်၏။

ယောဂီသူတော်ကောင်းများသည် တစ်ဦးနှင့် တစ်ဦး အနာဂတ်အတွက် ဦးတည်ချက် ဥပါဒါန်ချင်းကား မတူညီကြပေ။ အချို့ကား ဓမ္မကထိကနတ်သား ဖြစ်ချင်၏။ အချို့ကား သာသနာပြုနိုင်သည့် ရဟန်းဘဝကို လိုလားကြပြန်၏။ အချို့ကား အနာဂတ်တွင် ရဟန်းဘဝဖြင့် ပရိနိဗ္ဗာန်စံလိုကြ၏။ အချို့ကား ဗြဟ္မာဘဝဖြင့် သံသရာခရီးကို အဆုံးသတ်လိုကြ၏။ ဤသို့လျှင် ဥပါဒါန်ချင်း တစ်ဦးနှင့် တစ်ဦး မတူမညီ ရှိတတ်ပေသည်။

သို့အတွက် ---- ရှုကွက်အကျဉ်းမှာ ဤသို့ဖြစ်၏။ ----

၁။ အဝိဇ္ဇာ (၂၀) ရဟန်းဘဝဟု သို့မဟုတ် ဓမ္မကထိကနတ်သားဟု အသိမှားမှုသဘော-

၂။ တဏှာ (၂၀) ရဟန်းဘဝ သို့မဟုတ် ဓမ္မကထိကနတ်သားဘဝကို တွယ်တာ တပ်မက်မှု သဘော-

၃။ ဥပါဒါန် (၂၀) ရဟန်းဘဝ သို့မဟုတ် ဓမ္မကထိကနတ်သားဘဝသို့ စိတ်ကပ်ရောက် စွဲနေမှုသဘော။ (ကာမုပါဒါန်ပင် အဖြစ်များဖွယ်ရာ ရှိသည်။)

၄။ သင်္ခါရ = ယင်းကာမုပါဒါန်ကို အကြောင်းခံ၍ ပြုစုပျိုးထောင်နေသော ဒါနမှု သို့မဟုတ် သီလမှု, သို့မဟုတ် ဘာဝနာမှု တစ်ခုခုကား သင်္ခါရနှင့် -

၅။ ကံ = ကမ္မဘဝတို့ ဖြစ်ကြ၏။

ယင်းကမ္မဘဝကြောင့် ရရှိမည့် ရဟန်းဘဝ, ဓမ္မကထိကနတ်သားဘဝ ခန္ဓာ (၅)ပါးတို့ကား ဥပပတ္တိဘဝ တည်း။ ဤအဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ တို့မှာ မနောဒွါရိကဇောဝီထိစိတ်အစဉ်များသာ ဖြစ်ကြသည်ကို သဘောပေါက်သင့်ပေပြီ။

အကယ်၍ အသင်သူတော်ကောင်းသည် သမထယာနိကပုဂ္ဂိုလ်ဖြစ်၍ စျာန်ရသူဖြစ်လျှင် ယင်းစျာန်သမာပတ် တစ်မျိုးမျိုးကို အမြတ်စား ဝင်စားလျက် ယင်းစျာန်သမာပတ်ကြောင့် ရရှိနိုင်မည့် ဗြဟ္မာဘဝကို ဆုတောင်းလျက် သို့မဟုတ် စိတ်ညွတ်ကိုင်းလျက် နည်းတူ ရှုကြည့်ပါ။ ဗြဟ္မာခန္ဓာ (၅)ပါးတည်းဟူသော ဥပပတ္တိဘဝကို တွေ့ရှိမည်ဖြစ်သည်။

ယောဂီပုဂ္ဂိုလ်များသည် တစ်ဦးနှင့်တစ်ဦး အဝိဇ္ဇာချင်း တဏှာချင်း ဥပါဒါန်ချင်း သင်္ခါရ ကံချင်း မတူညီ ကြသဖြင့် အထက်ပါ ရဟန်းဘဝ ဓမ္မကထိကနတ်သားဘဝ ဗြဟ္မာဘဝပုံစံတို့ကို နည်းမှီး၍ မိမိဆုတောင်းထား သည့် စိတ်ညွတ်ကိုင်းရှိုင်းထားသည့် ရည်မှန်းထားသည့် ပုံစံအတိုင်းသာ ရှုရန် ဖြစ်ပါသည်။

ဥပမာ - အနာဂတ်ဘဝတွင် ဓမ္မကထိကနတ်သား ဖြစ်ရန် ရည်ရွယ်တောင့်တ၍ ဓမ္မကထိကနတ်သားဘဝ ခန္ဓာငါးပါးကို လိုလားတောင့်တသည့် ကာမုပါဒါန်ကို အရင်းခံ၍ အကြောင်းခံ၍ ဒါန သီလ ဘာဝနာမှုတို့ကို ပြုစုပျိုးထောင်နေရာ ထိုကုသိုလ်ကံတို့တွင် အမှတ်တရ အားရပါးရ စိတ်ပါလက်ပါ ရွှင်လန်း တက်ကြွစွာ ပြုစု ပျိုးထောင်ဖူးသော ကုသိုလ်ကံတစ်ခုကို ပြန်အာရုံယူပါ။ ဥပမာ - စေတီတော်အား ပန်းလှူဖူးသည့် ကုသိုလ် စေတနာကံတစ်ခု ဆိုပါစို့။ ယင်းကုသိုလ်စေတနာကံ၏ စွမ်းအင်ကမ္မသတ္တိက ဖြစ်ပေါ်စေအပ်သော တစ်နည်း ယင်းကမ္မဘဝက ဖြစ်စေအပ်သော ဓမ္မကထိကနတ်သားဘဝ၏ ဝိပါက် နာမ်ခန္ဓာနှင့် ကမ္မဇရုပ်တို့ကား ဥပပတ္တိဘဝတည်း။

အသင်သူတော်ကောင်းသည် ကိလေသဝဋ်ဖြစ်သည့် ဓမ္မကထိကနတ်သားဘဝ ခန္ဓာ (၅)ပါးကို တွယ်တာ တပ်မက်သည့် စိတ်ကပ်ရောက်စွဲနေသည့် ကာမုပါဒါန်ကြောင့် ကမ္မဝဋ်ဖြစ်သည့် စေတီတော်အား ပန်းလှူသည့် ကုသိုလ်စေတနာကံ = ကမ္မဘဝ ဖြစ်ပုံကိုလည်းကောင်း (= ကိလေသဝဋ် မနောဒွါရိကဇောဝီထိကြောင့် ကမ္မဝဋ် မနောဒွါရိကဇောဝီထိ ဖြစ်ပုံကိုလည်းကောင်း) ယင်းကမ္မဘဝကြောင့် ဓမ္မကထိကနတ်သားဘဝ ခန္ဓာ (၅)ပါး တည်းဟူသော ဥပပတ္တိဘဝ ဖြစ်ပုံကိုလည်းကောင်း ဉာဏ်ဖြင့် မြင်အောင် လှမ်းမြှော်ကြည့်၍ ---- အောက်ပါအတိုင်း အကြောင်း အကျိုး သိမ်းဆည်းပါ။ ----

၁။ ကာမုပါဒါန် ဖြစ်ခြင်းကြောင့် ကမ္မဘဝ ဖြစ်၏။

ကာမုပါဒါန်က အကြောင်းတရား၊ ကမ္မဘဝက အကျိုးတရား။

၂။ ကမ္မဘဝ ဖြစ်ခြင်းကြောင့် ဥပပတ္တိဘဝ ဖြစ်၏။

ကမ္မဘဝက အကြောင်းတရား၊ ဥပပတ္တိဘဝက အကျိုးတရား။

ဒိဋ္ဌုပါဒါန် အတ္တဝါဒုပါဒါန် သီလဗ္ဗတုပါဒါန်တို့ကြောင့် ကာမကမ္မဘဝ ဥပပတ္တိဘဝ ဖြစ်ရာ၌လည်း နည်းမှီး ၍ သိမ်းဆည်းပါ။ အကယ်၍ အသင်သူတော်ကောင်းသည် နောင်အနာဂတ်၌ သာသနာပြုနိုင်သည့် ရဟန်းဘဝကို ရရှိရေးအတွက် ရည်ရွယ်တောင့်တ၍ ပါရမီမျိုးစေ့ကို ထူထောင်နေသည် ဖြစ်အံ့၊ ထိုကာမာဝစရကံတို့တွင် အမှတ်တရအဖြစ်ဆုံး အနှစ်ခြိုက်ဆုံး ကံတစ်ခုကို ရွေးချယ်၍ ရဟန်းဘဝ ခန္ဓာငါးပါးတည်းဟူသော ကာမကို စွဲလမ်းခြင်း ကာမုပါဒါန်ကြောင့် ကာမာဝစရ ကမ္မဘဝ ဥပပတ္တိဘဝ ဖြစ်ပုံကို နည်းမှီး၍ သိမ်းဆည်းရှုပွားပါ။

ကာမုပါဒါန်နှင့် ရူပဘဝ

အကယ်၍ အသင်သူတော်ကောင်းသည် နောင်အနာဂတ်တွင် ရူပါဝစရဗြဟ္မာခန္ဓာကို လိုလားတောင့်တ စွဲလမ်းတပ်မက်သည့် ကာမုပါဒါန်ကို အကြောင်းရင်းခံ၍ အာနာပါန ရူပါဝစရ စတုတ္ထစျာန်ကို သို့မဟုတ် ဩဒါတကသိုဏ်း စတုတ္ထစျာန်ကို ပြုစုပျိုးထောင်နေသည် ဖြစ်အံ့။ ယင်းစတုတ္ထစျာန် သမာဓိကို ကြိမ်ဖန်များစွာ ဝင်စားပါ။ ယင်းစတုတ္ထစျာန် ကုသိုလ်ကံကြောင့် ဖြစ်ပေါ်လာမည့် အနာဂတ်ဗြဟ္မာခန္ဓာ (၅)ပါးကို ဉာဏ်ဖြင့် မြင်အောင် လှမ်းမြှော်ကြည့်ပါ။ ထိုသို့ ဉာဏ်မျက်စိဖြင့် မြင်ပြီးသောအခါ အောက်ပါအတိုင်း အကြောင်းတရား, အကျိုးတရားတို့ကို သိမ်းဆည်းပါ။

၁။ ကာမုပါဒါန် ဖြစ်ခြင်းကြောင့် ရူပါဝစရ ကမ္မဘဝ ဖြစ်၏။

ကာမုပါဒါန်က အကြောင်းတရား၊ ရူပါဝစရ ကမ္မဘဝက အကျိုးတရား။

၂။ ရူပါဝစရ ကမ္မဘဝ ဖြစ်ခြင်းကြောင့် ရူပါဝစရ ဥပပတ္တိဘဝ ဖြစ်၏။

ရူပါဝစရ ကမ္မဘဝက အကြောင်းတရား၊ ရူပါဝစရ ဥပပတ္တိဘဝက အကျိုးတရား။

မှတ်ချက် ---- ဒိဋ္ဌုပါဒါန် သီလဗ္ဗတုပါဒါန် အတ္တဝါဒုပါဒါန်တို့ကြောင့် ရူပါဝစရ ကမ္မဘဝ ဥပပတ္တိဘဝ ဖြစ်ရာ၌လည်းကောင်း, ကာမုပါဒါန်စသည့် ဥပါဒါန်တစ်မျိုးမျိုးကြောင့် အရူပါဝစရ ကမ္မဘဝ ဥပပတ္တိဘဝ ဖြစ်ရာ၌လည်းကောင်း နည်းမှီး၍ ရှုပါလေ။ တစ်ဖန် အသင်သူတော်ကောင်းသည် ယခုအခါ၌ ပစ္စယပရိဂ္ဂဟ ဉာဏ်ပိုင်းသို့ ဆိုက်ရောက်နေပြီ ဖြစ်၏။ နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်တို့ကား ဉာတပရိညာ စခန်းတည်း။ ယင်းဉာတပရိညာဟူသည် ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သည့် ရုပ်နာမ်ကြောင်းကျိုး = သင်္ခါရတရားတို့ကို ကောင်းစွာ ပိုင်းခြားယူတတ်သော ဉာဏ်တည်း။ ယင်းဉာတပရိညာစခန်း၏ ကမ်းတစ်ဘက်သို့ အကယ်၍ ရောက်ရှိခဲ့ပါမူ စူဠသောတာပန်စခန်းသို့ ဆိုက်ရောက်ပြီ ဖြစ်၍ အပါယ်ဘေးဆိုးကြီးမှ စိတ်ချရပြီ ဖြစ်ပေသည်။ သို့အတွက် အသင်သူတော်ကောင်းသည် မိမိ၏ အဇ္ဈတ္တ ရုပ်နာမ်သန္တတိအစဉ်၌ ပစ္စုပ္ပန် အပုညာဘိသင်္ခါရကြောင့် နောင်အနာဂတ် အပါယ် ကမ္မဘဝ ဥပပတ္တိဘဝ ဖြစ်ပုံကို မရှုဘဲထားလိုက ထားနိုင်ပါသည်။ သို့သော် အကယ်၍ ရှုလိုခဲ့ပါမူ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံလျက် အမှတ်တရ မိမိပြုခဲ့မိသည့် အကုသိုလ် ဒုစရိုက်ကံ တစ်ခုခုကို အာရုံယူ၍ ---- ကာမုပါဒါန်စသည့် ဥပါဒါန် တစ်ခုခုကို အကြောင်းခံ၍ ယင်းအကုသိုလ်ကံ = ကမ္မဘဝ ဖြစ်ပုံကိုလည်းကောင်း, ယင်းအကုသိုလ်ကံ = ကမ္မဘဝကြောင့် အပါယ်ခန္ဓာ (၅)ပါးတည်းဟူသော ဥပပတ္တိဘဝ ဖြစ်ပုံကိုလည်းကောင်း ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းနိုင်ပါသည်။ သို့သော် ဉာတပရိညာစခန်း၏ ကမ်းတစ်ဘက်သို့ရောက်ပြီးသူ အသင်သူတော်ကောင်း အဖို့ အနာဂတ် ဝဋ္ဋကထာပိုင်းတွင် လိုအပ်တော့မည်ကား မဟုတ်ပေ။

__________