မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာနဂါမိနိပဋိပဒါ-ဒုတိယတွဲ/တဒါရုံ အကြောင်း သိကောင်းစရာ

ဝီကီရင်းမြစ် မှ

တဒါရုံ အကြောင်း သိကောင်းစရာ

သမ္မောဟဝိနောဒနီ အဋ္ဌကထာအဖွင့်

တဒါရုံဟူသည် ဇောယူသည့် အာရုံကိုပင် ဆက်လက်၍ အာရုံယူသည့် ဝိပါက်စိတ်တစ်မျိုး ဖြစ်ကြောင်းကို ရှေးစာမျက်နှာ (၃၈-၄၁)တို့၌ ရှင်းပြထားခဲ့၏။ နာမ်ဝီထိစိတ်အစဉ်များကို သိမ်းဆည်းရှုပွားရာ၌ ဇောများ၏ နောင်၌ ဆက်လက်၍ ဖြစ်ပေါ်လာတတ်သော တဒါရုံတို့ကိုပါ ရောနှော၍ သိမ်းဆည်းရှုပွားရသဖြင့် မည်သည့် ဇောစိတ်များ၏ နောင်၌ မည်သည့်တဒါရုံများ ကျနိုင်သည် မကျနိုင်သည်ဟူသော အကြောင်းအချက်များကိုလည်း ယောဂါဝစရပုဂ္ဂိုလ်တို့သည် သိထားသင့်ပေသည်။ ဤအချက်နှင့် ပတ်သက်၍ သမ္မောဟဝိနောဒနီ အဋ္ဌကထာ ကြီးတွင် အောက်ပါအတိုင်း ရှင်းလင်း ဖွင့်ဆိုထားပေသည်။

၁။ ဧကာဒသ တဒါရမ္မဏစိတ္တာနိ နာမဂေါတ္တံ အာရဗ္ဘ ဇဝနေ ဇဝိတေ တဒါရမ္မဏံ န ဂဏှန္တိ။

၂။ ပဏ္ဏတ္တိံ အာရဗ္ဘ ဇဝနေ ဇဝိတေ တဒါရမ္မဏံ န လဗ္ဘတိ။

၃။ တိလက္ခဏာရမ္မဏိကဝိပဿနာယ တဒါရမ္မဏံ န လဗ္ဘတိ။

၄။ ဝုဋ္ဌာနဂါမိနိယာ ဗလဝဝိပဿနာယ တဒါရမ္မဏံ န လဗ္ဘတိ။

၅။ ရူပါရူပဓမ္မေ အာရဗ္ဘ ဇဝနေ ဇဝိတေ တဒါရမ္မဏံ န လဗ္ဘတိ။

[ရူပါရူပဓမ္မေတိ ရူပါရူပါဝစရေ ဓမ္မေ။ (မူလဋီ၊၂၊၁၀၃။)]

၆။ မိစ္ဆတ္တနိယတဓမ္မေသု တဒါရမ္မဏံ န လဗ္ဘတိ။

၇။ သမ္မတ္တနိယတဓမ္မေသု တဒါရမ္မဏံ န လဗ္ဘတိ။

၈။ လောကုတ္တရဓမ္မေ အာရဗ္ဘ ဇဝနေ ဇဝိတေ တဒါရမ္မဏံ န လဗ္ဘတိ။

၉။ အဘိညာဉာဏံ အာရဗ္ဘ ဇဝနေ ဇဝိတေ တဒါရမ္မဏံ န လဗ္ဘတိ။

၁၀။ ပဋိသမိ႓ဒါဉာဏံ အာရဗ္ဘ ဇဝနေ ဇဝိတေ တဒါရမ္မဏံ န လဗ္ဘတိ။

၁၁။ ကာမာဝစရေ ဒုဗ္ဗလာရမ္မဏေ တဒါရမ္မဏံ န လဗ္ဘတိ။

၁၂။ ဆသု ဒွါရေသု ဗလဝါရမ္မဏေ အာပါထဂတေယေဝ လဗ္ဘတိ။

၁၃။ လဗ္ဘမာနဉ္စ ကာမာဝစရေယေဝ လဗ္ဘတိ။

၁၄။ ရူပါရူပဘဝေ တဒါရမ္မဏံ နာမ နတ္ထိ။ (အဘိ၊ဋ္ဌ၊၂၊၁၇၄။)

၁။ မဟာဝိပါက်စိတ် --- -- ၈ - မျိုး

၂။ အဟိတ်ကုသလဝိပါက် သောမနဿသန္တီရဏ --- -- ၁ - မျိုး

၃။ အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ --- -- ၁ - မျိုး

၄။ အဟိတ်အကုသလဝိပါက် ဥပေက္ခာသန္တီရဏ --- -- ၁ - မျိုး

အားလုံးပေါင်းသော် --- -- ၁၁ - မျိုး

ဤသည်တို့ကား ဇောယူသည့် အာရုံကို ဆက်လက်ယူသည့် တဒါရုံကိစ္စကို ရွက်ဆောင်နိုင်သည့် စိတ် (၁၁)မျိုးတို့ ဖြစ်ကြသည်။

၁။ တဒါရုံကိစ္စ တပ်နိုင်သော တဒါရုံကိစ္စကို ရွက်ဆောင်နိုင်သော တဒါရုံစိတ်ဟူသော အမည်ကို ရထိုက်သော တဒါရုံ ဖြစ်ကြောင်းဖြစ်ရာ စိတ်အမျိုးအစား (၁၁)မျိုးတို့သည် အမည်နာမပညတ်ကိုသော်လည်းကောင်း အနွယ် ဂေါတ္တပညတ် (ဂေါတမဟူသော အနွယ်ပညတ် ဥဒ္ဒိစ္စဗြာဟ္မဏ စသော အမည်ပညတ်)ကိုသော် လည်းကောင်း အာရုံပြု၍ ဇောသည် စောလတ်သည်ရှိသော် တဒါရုံကိစ္စ တဒါရုံ၏ အဖြစ်ကို မယူနိုင်ကုန်၊ ဇောယူသည့် အာရုံကို မယူနိုင်ကုန်။ (ယင်းဝိပါက်စိတ် တစ်မျိုးမျိုးသည် တဒါရုံကိစ္စကို ရွက်ဆောင်လျက် ဇောယူသည့် အာရုံကို ယူလျက် ဖြစ်ပေါ်မလာ ဟူလိုသည်။)

၂။ အမည်နာမပညတ်, အနွယ်ဂေါတ္တပညတ်မှ တစ်ပါးသော ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ စသော ပညတ်အမျိုးမျိုးကို အာရုံပြု၍ ဇောသည် စောလတ်သည်ရှိသော် ထိုဇောနောင်၌ တဒါရုံကို မရအပ်ပေ။

၃။ ရုပ်-နာမ်-ကြောင်း-ကျိုး (= သင်္ခါရတရား)တို့၏ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တအခြင်းအရာ လက္ခဏာသာလျှင် အာရုံရှိသော = လက္ခဏာရမ္မဏိက ဝိပဿနာဇောများ ဖြစ်ရာအခါ၌ ယင်းသင်္ခါရ တရားတို့၏ အနိစ္စအခြင်းအရာကို သိနေသော အနိစ္စာနုပဿနာဉာဏ်ဟူသော ဝိပဿနာဇော, ဒုက္ခ အခြင်းအရာကို သိနေသော ဒုက္ခာနုပဿနာဉာဏ်ဟူသော ဝိပဿနာဇော, အနတ္တအခြင်းအရာကို သိနေ သော အနတ္တာနုပဿနာဉာဏ်ဟူသော ဝိပဿနာဇော --- -- ဤဝိပဿနာဇော အသီးအသီးတို့၏ နောင်၌ လည်း တဒါရုံကို မရအပ်ပေ။

၄။ အကြောင်းနှင့်အကျိုး ဆက်သွယ်လျက် အဆက်မပြတ် ဖြစ်ပေါ်နေသော သင်္ခါရတရားတို့၏ ဖြစ်စဉ် ဟူသော သင်္ခါရပဝတ္တတို့မှ ထမြောက်သော အရိယမဂ်ဉာဏ်သို့ ရောက်ကြောင်း ဖြစ်သော အားကြီးသော ဝုဋ္ဌာနဂါမိနိ ဗလဝဝိပဿနာဇောများ ဖြစ်ရာအခါ၌ တဒါရုံကို မရအပ်ပေ။

၅။ မဟဂ္ဂုတ်တရားဟု အမည်ရသော ရူပါဝစရစျာန် အရူပါဝစရစျာန် အဝင်အပါ ဖြစ်သော ရူပါဝစရတရား အရူပါဝစရတရားတို့ကိုအာရုံပြု၍ ဇောသည် စောလတ်သည်ရှိသော် ထိုဇော၏ နောင်၌လည်း တဒါရုံကို မရအပ်ပေ။

၆။ (က) အမိကို သတ်ခြင်း = မာတုဃာတကကံ,

( ခ ) အဖကို သတ်ခြင်း = ပိတုဃာတကကံ,

( ဂ ) ရဟန္တာပုဂ္ဂိုလ်အား သတ်ခြင်း = အရဟန္တဃာတကကံ,

(ဃ) ဘုရားရှင်အား သွေးစိမ်းတည်စေခြင်း = လောဟိတုပ္ပါဒကကံ,

( င ) သံဃာကို သင်းခွဲခြင်း = သံဃဘေဒကကံ --- --

ဤ (၅)ပါးတို့ကား အခြားမဲ့ ဘဝ၌ ကျိန်းသေ အပါယ်၌ အကျိုးပေးမြဲသော အာနန္တရိက = အနန္တရိယ ကံကြီးတို့တည်း။

(က) အဟေတုကဝါဒ = အကြောင်းမရှိဟု စွဲယူသော မိစ္ဆာဒိဋ္ဌိ,

( ခ ) အကိရိယဝါဒ = ပြုသော်လည်း ပြုသည် မမည်ဟု စွဲယူသော မိစ္ဆာဒိဋ္ဌိ,

( ဂ ) နတ္ထိကဝါဒ = အကျိုးမရှိဟု စွဲယူသော မိစ္ဆာဒိဋ္ဌိ --- --

ဤဒိဋ္ဌိကြီး (၃)ပါးတို့ကား ကံ-ကံ၏အကျိုးတရားကို ပစ်ပယ်သော ဒိဋ္ဌိကြီး (၃)မျိုးတို့တည်း။ ယင်းမိစ္ဆာဒိဋ္ဌိ (၃)မျိုးကို နိယတမိစ္ဆာဒိဋ္ဌိဟု ခေါ်၏။ သေသည့်တိုင်အောင် မစွန့်လွှတ်ခဲ့သော် အပါယ်၌ အကျိုးပေးမြဲသော တရားပင်တည်း။

ယင်းအနန္တရိယကံကြီး (၅)ပါးနှင့် နိယတမိစ္ဆာဒိဋ္ဌိ --- -- ဤတရား (၆)မျိုးကို မိစ္ဆတ္တနိယတတရားဟု ခေါ်၏။ (အဘိ၊၁၊၂၁၁။)

ယင်းမိစ္ဆတ္တနိယတတရားတို့၌ တဒါရုံကို မရအပ် မရနိုင်။ [အရိယမဂ်တရားသည် ကုသိုလ်ဘာဝနာဟု ခေါ်ဆိုအပ်သော ဝိပဿနာဘာဝနာကြောင့် ပြီးစီးရသကဲ့သို့ မိစ္ဆတ္တနိယတ တရားတို့သည် အကုသိုလ်ဘာဝနာ ကြောင့် ပြီးစီးကုန်၏။ အကုသိုလ်တရားတို့သည်လည်း ထပ်ကာထပ်ကာ အဆက်မပြတ် ဖြစ်နေလျှင် ကိလေသာ များကို တိုးပွားစေသောကြောင့် ဘာဝနာဟူသော အမည်ကို ရနိုင်ကုန်၏။ အကုသလဘာဝနာပင်တည်း။ ထို အကုသိုလ်ဘာဝနာကြောင့် မိစ္ဆာသမာဓိတစ်မျိုး ဖြစ်နိုင်၏၊ ထိုမိစ္ဆာသမာဓိကို အခြေခံ၍ မိစ္ဆတ္တနိယတသို့ သက် ဝင်နိုင်ရကား ထိုမိစ္ဆတ္တနိယတတရားတို့သည် ခွန်အားလည်း ကြီးမားကုန်၏။ ထိုကြောင့် ထိုမိစ္ဆတ္တနိယတတရား တို့၌ ဇောဖြစ်လတ်သော် စောလတ်သော် ဇော၏နောက်သို့ အစဉ်လိုက်တတ်သော တဒါရုံနှင့်တကွ မဖြစ်ထိုက်ပေ။ ထိုကြောင့် မိစ္ဆတ္တနိယတတရားတို့၌ တဒါရုံကို ပယ်မြစ်တော်မူခြင်း ဖြစ်သည်။ (မူလဋီ၊၂၊၁၀၃။)]

၇။ သမ္မတ္တနိယတ အမည်ရသော သံသရာဝဋ်ဆင်းရဲ၌ အကျုံးမဝင်ကုန်သော လောကုတ္တရာ အရိယမဂ်ဇော တို့၏ နောင်၌လည်း တဒါရုံကို မရအပ်ပေ။ (မဂ္ဂဝီထိတို့၌ တဒါရုံ မကျနိုင် ဟူလိုသည်။)

၈။ မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန်ဟူသော လောကုတ္တရာတရားတို့ကို အာရုံပြု၍ ဇော စောလတ်သော် တဒါရုံကို မရအပ်ပေ။

[(က) မဂ်လေးပါးကို အာရုံပြုသော ပစ္စဝေက္ခဏာဇောများ,

( ခ ) ဖိုလ်လေးပါးကို အာရုံပြုသော ပစ္စဝေက္ခဏာဇောများ,

( ဂ ) နိဗ္ဗာန်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာဇောများ နောင်၌ တဒါရုံ မကျနိုင်။

(ဃ) တစ်ဖန် နိဗ္ဗာန်ကို အာရုံပြုသော မဂ္ဂဝီထိ အတွင်း၌ တည်ရှိသော မဂ်ဇော ဖိုလ်ဇောများ နောင်၌လည်း တဒါရုံ မကျနိုင်။

( င ) နိဗ္ဗာန်ကို အာရုံပြုသော ဖလသမာပတ္တိဝီထိ အတွင်း၌ တည်ရှိသော ဖိုလ်ဇောများ နောင်၌လည်း တဒါရုံ မကျနိုင်ဟု ဆိုလို၏။

ယင်းသို့ဖြစ်သော် ဤလောကုတ္တရဓမ္မအရ၌ သမ္မတ္တနိယတဓမ္မ အမည်ရသော အရိယမဂ်တရားများလည်း ပါဝင်နိုင်ပါလျက် သမ္မတ္တနိယတဓမ္မကို သီးခြားဖွင့်ဆိုခြင်းကား သမ္မတ္တနိယတတရား မိစ္ဆတ္တနိယတတရားတို့၏ အချင်းချင်း ဆန့်ကျင်ဘက်တို့၏ အဖြစ်, အလွန်အားရှိကုန်သည်၏ အဖြစ်ကြောင့် တဒါရုံ၏ တည်ရာ မဟုတ် သည်၏ အဖြစ်ကို ထင်ရှားပြခြင်း အကျိုးငှာ အဋ္ဌကထာ၌ သမ္မတ္တနိယတဓမ္မကို သီးခြားထုတ်ဆောင်ပြခြင်း ဖြစ်သည်။ (မူလဋီ၊၂၊၁၀၄။)]

၉။ အဘိညာဉ်ဉာဏ်ကို အာရုံပြု၍ ဇောသည် စောလတ်သော် တဒါရုံကို မရအပ်ပေ။

၁၀။ ပဋိသမိ႓ဒါဉာဏ်ကို အာရုံပြု၍ ဇောသည် စောလတ်သော် တဒါရုံကို မရအပ်ပေ။

၁၁။ ကာမာဝစရဖြစ်သော အားမရှိသော ရုပ်အာရုံ နာမ်အာရုံ၌ တဒါရုံကို မရအပ်ပေ။ [တဒါရုံ ဖြစ်နိုင်လောက် အောင် အားမရှိသော ဆိုင်ရာ ဒွါရ၌ ထင်လာသည့် အချိန်အခါမှ စ၍ ရေတွက်သော် ဥပါဒ်ပြီးနောက် စိတ္တက္ခဏပေါင်းများစွာသော်လည်းကောင်း, အနည်းငယ်သော်လည်းကောင်း လွန်ပြီးမှ ဆိုင်ရာ ဒွါရ၌ ထင်လာသဖြင့် စိတ္တက္ခဏ (၁၇)ချက် အသက်မပြည့်တော့သော မဟန္တာရုံ, ပရိတ္တာရုံ, အတိပရိတ္တာရုံများကို လည်းကောင်း, အလွန်အားနည်းနေသော မထင်ရှားသော အဝိဘူတာရုံများကိုလည်းကောင်း ဆိုလိုပေ သည်။]

၁၂။ ဒွါရ (၆)ပါးတို့၌ အားကြီးသော အာရုံသည် တဒါရုံ ကျနိုင်လောက်အောင် အားကောင်းသော သက်တမ်း ကြွင်းကျန်နေသေးသော ပဉ္စဒွါရ၌ အတိမဟန္တာရုံ မနောဒွါရ၌ ဝိဘူတာရုံသည် ရှေးရှု ကျရောက်သော် သာလျှင် ထင်ခြင်းသို့ ရောက်သော်သာလျှင် တဒါရုံကို ရအပ် ရနိုင်သည်။

၁၃။ ရအပ်ပြန်ပါသော်လည်း ကာမာဝစရအာရုံ၌သာလျှင် ရအပ် ရနိုင်သည်။

၁၄။ ရူပါဝစရဘုံ အရူပါဝစရဘုံ၌ တဒါရုံ မည်သည် မရှိစကောင်းပေ။

ဤကား ရှေးအဋ္ဌကထာတို့၌ ဖွင့်ဆိုချက် ဖြစ်သည်။ (အဘိ၊ဋ္ဌ၊၂၊၁၄၇။)

အထက်ပါ အဋ္ဌကထာကြီးများ၏ ဖွင့်ဆိုချက်အရ ယေဘုယျအားဖြင့် တဒါရုံ ဟူသည် --- --

၁။ ကာမဇော ဖြစ်ခြင်း,

၂။ ကာမသတ္တဝါ ဖြစ်ခြင်း,

၃။ ကာမအာရုံ ဖြစ်ခြင်း --- --

ဟူသော အင်္ဂါ (၃)ရပ် စုံညီပါမှသာလျှင် ဇောနောင် တဒါရုံကျနိုင်၏။ ကာမအာရုံဟူသည် ကာမတရား အမည်ရသော ကာမ စိတ်စေတသိက်တရားတို့နှင့် ရုပ် (၂၈)ပါးတို့ ဖြစ်ကြသည်။ ကာမာဝစရသတ္တဝါတို့၏ သန္တာန်ဝယ် ကာမာဝစရ စိတ်+စေတသိက်ဟူသော ကာမတရားကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော ကာမာဝစရ မနောဒွါရိက ဇောဝီထိတို့၏အတွင်း ကာမဇောများ နောင်၌ တဒါရုံ ကျနိုင်၏။ ကာမဇော ဟူသည် --- --

၁။ အကုသိုလ်ဇော --- -- ၁၂ - မျိုး

၂။ မဟာကုသိုလ်ဇော --- -- ၈ - မျိုး

၃။ မဟာကြိယာဇော --- -- ၈ - မျိုး

၄။ ဟသိတုပ္ပါဒ်ဇော --- -- ၁ - မျိုး

အားလုံးပေါင်းသော် --- -- ၂၉ - မျိုး တို့ ဖြစ်ကြ၏။

ထိုတွင် မဟာကြိယာဇောနှင့် ဟသိတုပ္ပါဒ်ဇောတို့ကား ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌သာ ဖြစ်ကြသော ဇောစိတ်တို့ ဖြစ်ကြ၏။ နာမ်ကမ္မဋ္ဌာန်းကို ယခုမှ အားသစ်စ ဖြစ်သော အသင်ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်၏ သန္တာန်၌ကား အကုသိုလ်ဇော (၁၂)မျိုးနှင့် မဟာကုသိုလ်ဇော (၈)မျိုးတို့သာ ထိုက်သလို ဖြစ်ခွင့် ရှိကြပေသည်။

တစ်ဖန် ရုပ် (၂၈)ပါးသည်လည်း ကာမတရားပင် အမည်ရရှိသဖြင့် ရုပ် (၂၈)ပါးကိုပင် အာရုံပြု၍ သို့မဟုတ် ရုပ် (၂၈)ပါးတို့တွင် တစ်မျိုးမျိုးကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော ပဉ္စဒွါရိကဝီထိ မနောဒွါရိကဝီထိ စိတ်အစဉ် များဝယ် တည်ရှိကြသော ကာမဇောများနောင်၌လည်း တဒါရုံကျနိုင်၏။ သို့သော် ပဉ္စဒွါရဝီထိများ၌ အာရုံသည် အတိမဟန္တာရုံ ဖြစ်ပါမှ မနောဒွါရဝီထိများ၌ အာရုံသည် ဝိဘူတာရုံ ဖြစ်ပါမှသာလျှင် တဒါရုံ ကျနိုင်၏။ သို့အတွက် ယေဘုယျအားဖြင့်ဟု ဆိုခြင်း ဖြစ်သည်။ ဤသတ်မှတ်ချက်အရ ပညတ်များကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော ဝီထိစိတ်အစဉ်များ၌ ဇောနောင်ဝယ် တဒါရုံ မကျနိုင်ဟု မှတ်ပါ။

တစ်ဖန် ဝိဘင်းပါဠိတော်ကြီး၏ အဖွင့်ဖြစ်သော အထက်တွင် ဖော်ပြခဲ့သော သမ္မောဟဝိနောဒနီအဋ္ဌကထာ ကြီး၌ --- --

တိလက္ခဏာရမ္မဏိက ဝိပဿနာယ တဒါရမ္မဏံ န လဗ္ဘတိ။ (အဘိ၊ဋ္ဌ၊၂၊၁၄၇။)

ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာ လက္ခဏာသာလျှင် အာရုံရှိသော = လက္ခဏာရမ္မဏိက ဝိပဿနာဇောများ၏ နောင်၌ တဒါရုံ မကျနိုင်ဟု ဖွင့်ဆို ထား၏။ ဤဖွင့်ဆိုချက်မှာ အလွန်အားကောင်းနေသည့် ဗလဝဝိပဿနာပိုင်းကိုသာ ရည်ရွယ်ထားသည်ဟု မှတ်ပါ။ အလွန်နုနယ်နေသေးသော = တရုဏ ဝိပဿနာဇောများ၏ နောင်၌ကား တဒါရုံ ကျခွင့်ရှိကြောင်း ဘုရားဟော ဒေသနာများလည်း အထင်အရှား ရှိသည်သာ ဖြစ်ပေသည်။

သေက္ခာ ဝါ ပုထုဇ္ဇနာ ဝါ ကုသလံ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿန္တိ၊ ကုသလေ နိရုဒ္ဓေ ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတိ။ (ပဋ္ဌာန၊၁၊၁၃၃။)

ကုသလေ နိရုဒ္ဓေတိ ဝိပဿနာဇဝနဝီထိယာ ပစ္ဆိန္နာယ။ ဝိပါကောတိ ကာမာဝစရဝိပါကော။ တဒါရမ္မဏတာတိ တဒါရမ္မဏတာယ၊ တံ ကုသလဿ ဇဝနဿ အာရမ္မဏဘူတံ ဝိပဿိတကုသလံ အာရမ္မဏံ ကတွာ ဥပ္ပဇ္ဇတီတိ အတ္ထော။ န ကေဝလဉ္စ တဒါရမ္မဏဝသေနေဝ၊ ပဋိသန္ဓိဘဝင်္ဂစုတိဝသေနာပိ။ ဝိပါကော ဟိ ကမ္မံ အာရမ္မဏံ ကတွာ ဂဟိတပဋိသန္ဓိကဿ ကုသလာရမ္မဏော ဟောတိယေဝ၊ သော ပန ဒုဗ္ဗိညေယျတ္တာ ဣဓ န ဒဿိတော။ (ပဋ္ဌာနပကရဏအဋ္ဌကထာ - အဘိ၊ဋ္ဌ၊၃၊၄၃၆။)

အထက်ပါ ပါဠိတော် အဋ္ဌကထာတို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ သောတာပန် သကဒါဂါမ် အနာဂါမ် ဟူသော ကျင့်ဆဲ သေက္ခသူတော်ကောင်းကြီးတို့သည်လည်းကောင်း, ပုထုဇန်ပုဂ္ဂိုလ်တို့သည်လည်းကောင်း ကုသိုလ် တရားကို (= ကုသိုလ်ဇော စောသည့် ဇောဝီထိတို့၏ အတွင်း၌ ပါဝင်တည်ရှိကြသော ၃၄-၃၃-စသော ကုသိုလ် နာမ်တရားစုကို ) အနိစ္စဟု ဒုက္ခဟု အနတ္တဟု အသီးအသီး ဝိပဿနာ ရှုတော်မူကြကုန်၏။ ဝိပဿနာရှုနေသော ရှုတတ်သော မနောဒွါရိက ကုသိုလ်ဇောဝီထိစိတ်အစဉ်သည် ဇော (၇)ကြိမ် စေ့၍ ယင်းကုသိုလ်ဇောတွင်ပင် ဝီထိစဉ်သည် ချုပ်ဆုံးပြတ်စဲသွားသောအခါ တဒါရုံကိစ္စကို ရွက်ဆောင်ပေးနိုင်သော ကာမာဝစရဝိပါက် တစ်မျိုး မျိုးသည် ရှုတတ်သော ဝိပဿနာကုသိုလ်ဇော၏ အရှုခံအာရုံဖြစ်သော ဝိပဿနာဉာဏ်၏ အရှုခံအာရုံကုသိုလ်ကို အာရုံပြု၍ (ဝိပဿနာဇောက ယူထားသည့် အာရုံကိုပင် ဆက်လက်၍ အာရုံပြုခြင်းဟူသော တဒါရုံကိစ္စကို ရွက်ဆောင်လျက်) ဖြစ်ပေါ်လာပေသည်။

ဤကာမာဝစရ ဝိပါက်စိတ်ကား သက်သက် တဒါရုံ၏အစွမ်းဖြင့်သာလျှင် ဖြစ်ပေါ်လာသည် မဟုတ်သေး၊ ပဋိသန္ဓေ ဘဝင် စုတိ၏ အစွမ်းဖြင့်လည်း ဖြစ်ပေါ်နိုင်သည်သာ ဖြစ်၏။ မှန်ပေသည် --- -- ဝိပါက်နာမ်တရားသည် ကုသိုလ်ကံကို အာရုံပြု၍ ယူအပ်ပြီးသော ပဋိသန္ဓေ ရှိသောသူ၏ သန္တာန်ဝယ် ယင်းကုသိုလ်လျှင် အာရုံရှိသည် ယင်းကုသိုလ်ကိုပင် အာရုံပြုသည်သာ ဖြစ်သည်။ ထိုကုသိုလ်ကို အာရုံပြုနေသော ပဋိသန္ဓေ ဘဝင် စုတိ ကိစ္စ တပ်သော ဝိပါက်ကား သိနိုင်ခဲသောကြောင့် ဤ၌ ဘုရားရှင်သည် ညွှန်ပြတော် မမူပေ။ (ပဋ္ဌာန၊၁၊၁၃၃။ အဘိ၊ဋ္ဌ၊၃၊၄၃၆။)

အထူးသတိပြုသင့်သောအရာ

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (၂၊၂၆၁-၂၆၂။)၌ အရူပသတ္တကရှုနည်းများကို ဖော်ပြထား၏။ ေ့ရှဝိပဿနာစိတ်ကို နောက်ဝိပဿနာစိတ်ဖြင့် တစ်ဖန်ထပ်၍ ဝိပဿနာ ရှုရန် ညွှန်ကြားထား၏၊ တစ်နည်းဆိုရသော် ရှေးဝိပဿနာ မနောဒွါရိကဇောဝီထိကို နောက်ဝိပဿနာ မနောဒွါရိကဇောဝီထိဖြင့် တစ်ဖန်ပြန်၍ ဝိပဿနာရှုရန် ညွှန်ကြား ထားတော်မူ၏။ တိဟိတ်ပုထုဇန်များအတွက် အထူးကွက်၍ ဆိုရမူ - အရှုခံကုသိုလ်နှင့် ရှုတတ်သောကုသိုလ် နှစ်မျိုးတို့တွင် --- --

၁။ အရှုခံကုသိုလ်မှာလည်း ဝိပဿနာကုသိုလ်ဇော နာမ်တရားစုသာ ဖြစ်၏။

၂။ ရှုတတ်သော ကုသိုလ်မှာလည်း ဝိပဿနာကုသိုလ်ဇော နာမ်တရားစုသာ ဖြစ်၏။

ယင်း ရှေးဝိပဿနာ ကုသိုလ်ဇောဝီထိကို နောက်ဝိပဿနာ ကုသိုလ်ဇောဝီထိဖြင့် ဝိပဿနာ ရှုလာရာ ယင်းဝိပဿနာဇောတို့က ပဋိသန္ဓေ ဘဝင် စုတိ ဟူသော အကျိုးကို ပေးဖို့ရန် အခွင့်သာလာသောအခါ မရဏာ သန္နဇောတို့ကလည်း ယင်းဝိပဿနာဉာဏ်၏ အရှုခံကုသိုလ်တရားတို့ကိုပင် အာရုံယူလျက် ရှိ၏၊ တစ်နည်းဆိုရ သော် မရဏာသန္နဇောတို့ကလည်း ယင်း ဝိပဿနာဉာဏ်၏ အရှုခံကုသိုလ်တရားတို့၏ အနိစ္စအခြင်းအရာ သို့မဟုတ် ဒုက္ခအခြင်းအရာ သို့မဟုတ် အနတ္တအခြင်းအရာကိုပင် အာရုံယူလျက် ရှိ၏။ ဘဝသစ်၏ ပဋိသန္ဓေ ဘဝင် စုတိတို့ကား ယင်း မရဏာသန္နဇော၏ အာရုံကိုပင် ဆက်ခံရသဖြင့် ယင်းကုသိုလ်ကိုပင် အာရုံပြုရပေသည်။ ဤအချက်ကား သိနိုင်ခဲသောကြောင့် ဘုရားရှင် ညွှန်ပြတော် မမူဟု ဆိုလိုသည်။ ဤအချက်ကား ဝိပဿနာဇော တို့က ပဋိသန္ဓေကျိုး ပဝတ္တိကျိုးကို ပေးနိုင်ပုံ သာဓကတစ်ရပ်လည်း ဖြစ်ပေသည်။ (စာမျက်နှာ -၁၃၄- စသည် ကိုလည်း ကြည့်ပါ။)

သဘာဝယုတ္တိဖြင့် နှိုင်းချိန်ရန်

ယခုကဲ့သို့ ရုပ်နာမ်တို့ကို သိမ်းဆည်းနေဆဲ ဖြစ်သော နာမရူပပရိစ္ဆေဒဉာဏ်အခိုက်၌လည်း စက္ခုအကြည် ဓာတ်ကဲ့သို့သော ရုပ်ပရမတ်အစစ်များကို ဉာဏ်ဖြင့် ပိုင်းခြားယူခိုက်ဝယ် တစ်နည်းဆိုရသော် စက္ခုဒသကကလာပ် တစ်ခုအတွင်း၌ ပါဝင်တည်ရှိကြသော စက္ခုအကြည်ဓာတ်နှင့် တကွသော (၁၀)မျိုးသော ရုပ်ပရမတ်အစစ်တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူခိုက်ဝယ် ထိုရုပ်တရားတို့၏ ဖြစ်ပြီး ပျက်သွားသည့် အနိစ္စအခြင်းအရာကိုလည်း မြင်နေ သည်သာ ဖြစ်သည်။ အကြောင်းမူ သင်္ခတတရားတိုင်း၌ ဖြစ်မှု တည်မှု ပျက်မှု ဟူသော သင်္ခတလက္ခဏာ (၃)မျိုး ထင်ရှားရှိသောကြောင့် ဖြစ်၏။ ယင်းရုပ်ပရမတ်အစစ်တို့၏ အနိစ္စအခြင်းအရာကို ဉာဏ်ဖြင့် မြင်တွေ့နေသော် လည်း ရုပ်ပရမတ်အစစ်ကိုသာ အာရုံယူခိုက်ဝယ် တဒါရုံများ ကျခွင့်ရှိသည်သာ ဖြစ်သည်။ ယင်း ရုပ်ပရမတ် အစစ်များသည်လည်း ကာမတရား အမည်ရသောကြောင့် ဖြစ်၏။ အလားတူပင် ယခုကဲ့သို့ စက္ခုအကြည်ဓာတ်၏ အနိစ္စအခြင်းအရာကို အာရုံယူ၍ ဖြစ်ပေါ်လာသော အနိစ္စ အခြင်းအရာကို သိသိနေသော မနောဒွါရိက နာမ် တရားစုတို့ကို သိမ်းဆည်းခိုက် ဉာဏ်ဖြင့် ပိုင်းခြားယူခိုက်၌လည်း ဇောနောင် တဒါရုံများ ကျခွင့် ရှိနိုင်သည်သာ ဖြစ်သည်။ သို့အတွက် နုနယ်နေသေးသော တရုဏ ဝိပဿနာဇောများနောင်၌လည်း တဒါရုံ ကျခွင့်ရှိသည် ဟူသော အဆိုအမိန့်များမှာလည်း အလေးဂရုပြုထိုက်သော အဆိုအမိန့် တစ်ရပ်ပင် ဖြစ်ပေသည်။ ယင်းသို့ မယူခဲ့ပါလျှင် စက္ခုအကြည်ဓာတ်ကဲ့သို့သော ကာမတရားအစစ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော ကာမဇောများ နောင်၌ တဒါရုံကျခွင့်ရှိသည်ဟူသော အဆိုအမိန့်များမှာ အဓိပ္ပါယ်ကင်းမဲ့လျက် ရှိနေမည် ဖြစ်သည်။ စက္ခုအကြည် ဓာတ် ပရမတ်အစစ်ကို မြင်မှုနှင့် ယင်းစက္ခုအကြည်ဓာတ်၏ ဖြစ်ပြီး ပျက်သွားသည့် အနိစ္စအခြင်းအရာကို သိမြင်မှုတို့မှာ မကင်းစကောင်းသောကြောင့် ဖြစ်၏။ စက္ခုအကြည်ဓာတ်ကို ပရမတ်သို့ဆိုက်အောင် မြင်လျှင် ဃနကား ပြိုပြီ ဖြစ်၏။ ဃနပြိုမှလည်း ပရမတ်သို့ ဉာဏ်အမြင် ဆိုက်မည် ဖြစ်၏။ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်လျှင်လည်း အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာကား ဟုတ်မှန်တိုင်းသော မိမိ၏ သဘောလက္ခဏာအားဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားစွာ တည်လာသည်သာပင် ဖြစ်၏။

နာနာဓာတုယော ဝိနိဗ္ဘုဇိတွာ ဃနဝိနိဗ္ဘောဂေ ကတေ အနတ္တလက္ခဏံ ယာထာဝသရသတော ဥပဋ္ဌာတိ။ (အဘိ၊ဋ္ဌ၊၂၊၄၇။)

စက္ခုအကြည်ဓာတ်၏ အနိစ္စသဘော ဒုက္ခသဘော အနတ္တသဘောကို သိနေသော တရုဏဝိပဿနာ ဇောများနောင်၌ တဒါရုံကျခွင့် ရှိနိုင်သကဲ့သို့ ယင်းစက္ခုအကြည်ဓာတ် ပရမတ္ထရုပ်တရားတို့၏ မကောင်းသော အဆင်း အနံ့စသည်တို့နှင့် ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ၍ ဖြစ်နေကြသည့်အတွက် ရွံရှာစက် ဆုပ်ဖွယ် အသုဘသဘောကို အာရုံယူ၍ အသုဘဟု သိနေသော ဇောစိတ်တို့၏ နောင်၌လည်း တဒါရုံ ကျနိုင်ခွင့် ရှိသည်သာ ဖြစ်၏။ အသုဘအလောင်းကောင် ပညတ်ကို အာရုံယူနေသည်ကား မဟုတ်၊ စက္ခုအကြည်ဓာတ် ကဲ့သို့သော ပရမတ်အစစ် ရုပ်တရားတို့၏ မကောင်းသော အဆင်း အနံ့ စသည်တို့နှင့် ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ၍ ဖြစ်နေရသည့် အတွက် ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောကိုသာ အာရုံယူနေခြင်း ဖြစ်သည်။ စက္ခုအကြည်ဓာတ် စသော ဓမ္မာရုံ အမည်ရသည့် ရုပ်တရားတို့ကို အာရုံယူ၍ ဖြစ်ပေါ်နေကြသော မနောဒွါရိက ဇောများနောင်၌ တဒါရုံကျခွင့်ရှိသော်လည်း ထင်ရှားသည့် ဝိဘူတာရုံ ဖြစ်မှသာလျှင် တဒါရုံ ကျနိုင်ခွင့် ရှိပေသည်။

တစ်ဖန် မဟာကုသိုလ် ဇောများနောင်၌ မဟာဝိပါက် တဒါရုံများနှင့် အဟိတ် သန္တီရဏတဒါရုံများသည် သောမနဿ ဥပေက္ခာ ထိုက်သလို ကျနိုင်၏။ အကုသိုလ်ဇောများ နောင်၌လည်း မဟာဝိပါက် တဒါရုံများနှင့် အဟိတ် သန္တီရဏတဒါရုံများသည် သောမနဿ ဥပေက္ခာ ထိုက်သလို အလားတူပင် ကျနိုင်၏။ ဤကျမ်း၌ကား ဇယားများတွင် များသောအားဖြင့် တစ်မျိုးစီလောက်ကိုသာ ဦးစားပေးလျက် နမူနာအဖြစ် ဖော်ပြထားပါသည်။ ကျန်သည့် အပိုင်းများ၌ တဒါရုံကျပုံ ရှုကွက်များကို ယောဂါဝစရပုဂ္ဂိုလ်သည် ရှုရင်းဖြင့် တဖြည်းဖြည်း သဘော ပေါက်လာလိမ့်မည်ဟု မျှော်လင့်ထားပါသည်။ ယေဘုယျစည်းကမ်းသို့ လိုက်၍ --- --

၁။ သောမနဿဇောနောင်၌ သောမနဿတဒါရုံကိုလည်းကောင်း,

၂။ ဥပေက္ခာဇောနောင်နှင့် ဒေါမနဿဇောနောင်၌ ဥပေက္ခာတဒါရုံကိုလည်းကောင်း,

၃။ အကုသိုလ်ဇောများနောင်၌ အဟိတ်တဒါရုံများကိုလည်းကောင်း --- --

ဦးစားပေး၍ ဇယားများတွင် အသီးအသီး ချပြထားပါသည်။ သို့သော် ကုသိုလ်ဇောများနောင်၌ အဟိတ် ဝိပါက်တဒါရုံများသည်လည်း ကျခွင့်ရှိနိုင်၏။ အကုသိုလ်ဇောများ နောင်၌လည်း မဟာဝိပါက်တဒါရုံများ ကျခွင့် ရှိနိုင်သည်သာ ဖြစ်၏။

မဟာဝိပါက်စိတ် (၈)မျိုးနှင့် အဟိတ် သန္တီရဏစိတ် (၃)မျိုး နှစ်ရပ်ပေါင်းသော် (၁၁)မျိုးသော စိတ်တို့သည် ဇောယူသည့် အာရုံကို ဆက်လက်ခံယူခြင်းတည်းဟူသော တဒါရုံကိစ္စကို ရွက်ဆောင်နိုင်ကြပေသည်။ ဤတွင် တိဟိတ်ပုထုဇန်များအတွက် အထူး ရည်ရွယ်၍ ဇောနောင် တဒါရုံကျနိုင်သည့် ဇယားတစ်ခုကို ဖော်ပြအပ်ပါသည်။ သောတာပန် သကဒါဂါမ် အနာဂါမ်ပုဂ္ဂိုလ်တို့သည်လည်း မိမိတို့ ပယ်ထားပြီးသော ကိလေသာတို့ကို နှုတ်ပယ်၍ နည်းတူ မှတ်ယူနိုင်ပါသည်။

တိဟိတ်ပုထုဇန်များအတွက် တဒါရုံ ဇယား

ဝိပါက် အမှန် - ဇော အပြန်

၁။ သဘာဝဣဋ္ဌာရုံ = သဘာဝအတိုင်း အလိုရှိအပ်သော ဣဋ္ဌာရုံနှင့် သဘာဝအတိဣဋ္ဌာရုံ = သဘာဝအတိုင်း အလွန်အလိုရှိအပ်သော နှစ်သက်မြတ်နိုးအပ်သော ဣဋ္ဌာရုံများကို ရှေးကုသိုလ်ကံကြောင့်သာ တွေ့ရ၏။ ထိုကြောင့် တဒါရုံများမှာ ကုသလဝိပါက်တို့သာ ဖြစ်ခွင့် ရှိကြ၏။

ထိုတွင် ဣဋ္ဌမဇ္ဈတ္တ ခေါ်သော အလယ်အလတ် ဖြစ်သော သဘာဝဣဋ္ဌာရုံနှင့် တွေ့ကြုံသောအခါ အာဝဇ္ဇန်း နှင့် ဇောမှ တစ်ပါးသော ဝီထိစိတ်များသည် ရှေးကုသိုလ်ကံ၏ အကျိုးဖြစ်ကြသော မဟာဝိပါက်စိတ်နှင့် အဟိတ် ကုသလဝိပါက်စိတ်တို့သာ ဖြစ်ကြရသည်။ ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံ ဝိပါက်စိတ် တို့ကို ဆိုလိုပေသည်။ ဇောမှာ ယင်း အာရုံအပေါ်၌ ယောနိသောမနသိကာရ ဖြစ်လျှင် ကုသိုလ်ဇော စော၍ အယောနိသော မနသိကာရ ဖြစ်လျှင် အကုသိုလ်ဇော စောနိုင်သည်။

၂။ သဘာဝအတိုင်း အလွန်အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်သော ဘုရားအစရှိသော သဘာဝအတိဣဋ္ဌာရုံ နှင့် တွေ့ကြုံသောအခါ ရှေးကုသိုလ်ကံကြောင့်သာ တွေ့ကြုံခွင့် ရရှိသဖြင့် မဟာဝိပါက် သောမနဿ တဒါရုံ (၄)မျိုးနှင့် အဟိတ်ကုသလဝိပါက် သောမနဿသန္တီရဏ တဒါရုံ တစ်မျိုးဟူသော (၅)မျိုးသော သောမနဿတဒါရုံတို့သာ ကျနိုင်ခွင့်ရှိသည်။ ဇောမှာ ယောနိသောမနသိကာရ ဖြစ်လျှင် ကုသိုလ်ဇော စော၍ အယောနိသောမနသိကာရ ဖြစ်လျှင် နှလုံးသွင်းမှားလျှင် အကုသိုလ်ဇော စောနိုင်သည်။ ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏတို့သည်လည်း ကုသလဝိပါက်တို့သာ ဖြစ်ကြရ၏။

၃။ သဘာဝအတိုင်း အလိုမရှိအပ်သည့် သဘာဝအနိဋ္ဌာရုံများကို ရှေးအကုသိုလ်ကံကြောင့်သာ တွေ့ကြုံရ သည်ဖြစ်၍ ထိုအနိဋ္ဌာရုံနှင့် တွေ့ကြုံသောအခါ ဇောမှာ ယောနိသော မနသိကာရ ဖြစ်လျှင် ကုသိုလ် ဇော, အယောနိသော မနသိကာရ ဖြစ်လျှင် အကုသိုလ်ဇော စော၍ စက္ခုဝိညာဏ် စသည့် ပဉ္စဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံများသည် အဟိတ် အကုသလဝိပါက်စိတ်ချည်း ဖြစ်ရမည်။ ဤသတ်မှတ်ချက်အရ အနိဋ္ဌာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော ပဉ္စဒွါရိကဇော, မနောဒွါရိကဇောတို့ နောင်၌ အကုသိုလ် ကံ၏ အကျိုးဖြစ်သော အကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံတစ်မျိုးသာ ကျနိုင်သည်ဟု မှတ်ပါ။

ကံနှင့် အကျိုးတရားအပိုင်း

ဤတွင် --- --

၁။ တိဟိတ် ဥက္ကဋ္ဌ ကုသိုလ်,

၂။ တိဟိတ် ဩမက ကုသိုလ်,

၃။ ဒွိဟိတ် ဥက္ကဋ္ဌ ကုသိုလ်,

၄။ ဒွိဟိတ် ဩမက ကုသိုလ်,

ဤကုသိုလ်ကံ (၄)မျိုးတို့နှင့် ယင်း ကုသိုလ်ကံတို့၏ အကျိုးတရားတို့ကိုလည်း သိထားသင့်ပေသည်။ သို့မှ သာလျှင် တဒါရုံကို ရှုရာ၌ ပိုမို၍ နက်ရှိုင်းစွာ သဘောပေါက်နိုင်မည် ဖြစ်သည်။

တတ္ထာပိ တိဟေတုကမုက္ကဋ္ဌံ ကုသလံ တိဟေတုကံ ပဋိသန္ဓိံ ဒတွာ ပဝတ္တေ သောဠသဝိပါကာနိ ဝိပစ္စတိ။

တိဟေတုကမောမကံ, ဒွိဟေတုကမုက္ကဋ္ဌဉ္စ ကုသလံ ဒွိဟေတုကံ ပဋိသန္ဓိံ ဒတွာ ပဝတ္တေ တိဟေတုကရဟိတာနိ ဒွါဒသ ဝိပါကာနိ ဝိပစ္စတိ။

ဒွိဟေတုကမောမကံ ပန ကုသလံ အဟေတုကမေဝ ပဋိသန္ဓိံ ဒေတိ၊ ပဝတ္တေ စ အဟေတုကဝိပါကာနေဝ ဝိပစ္စတိ။

အသင်္ခါရံ သသင်္ခါရ-ဝိပါကာနိ န ပစ္စတိ။

သသင်္ခါရမသင်္ခါရ-ဝိပါကာနီတိ ကေစန။

တေသံ ဒွါဒသ ပါကာနိ၊ ဒသာ,ဋ္ဌ စ ယထာက္ကမံ။

ယထာဝုတ္တာနုသာရေန၊ ယထာသမ္ဘဝမုဒ္ဒိသေ။

(အဘိဓမ္မတ္ထသင်္ဂဟ - ဝီထိမုတ်ပိုင်း)

ကုသိုလ်နှင့် ဝိပါက် ဇယား

တိဟိတ်-ဥက္ကဋ္ဌ ကုသိုလ်

ကုသိုလ်ပြုစဉ်ဝယ် ကံ-ကံ၏ အကျိုးတရားကို သက်ဝင်ယုံကြည်မှု သဒ္ဓါတရားနှင့် ယှဉ်တွဲလျက်ရှိသော ကံ-ကံ၏ အကျိုးတရားကို တတ်သိနားလည်သော ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ် ပြဓာန်းသော ကုသိုလ်မျိုးသည် လည်းကောင်း, အကယ်၍ ကောင်းမှုရှင်သည် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားစုတို့ကို ပရမတ်သို့ ဉာဏ် အမြင် ဆိုက်ပြီးသူ ဖြစ်သဖြင့် ဒါန သီလ ဘာဝနာ ကောင်းမှုကုသိုလ်မျိုးစေ့တို့ကို ပြုစုပျိုးထောင်ရာဝယ် အလှူ ပေး ပုဂ္ဂိုလ် အလှူခံပုဂ္ဂိုလ် လှူဖွယ်ဝတ္ထုစသည့် သက်ရှိ သက်မဲ့ ရုပ်နာမ်တရားစုတို့ကို ပရမတ်သို့ဆိုက်အောင် သိမ်းဆည်းလျက် ဉာဏ်ဖြင့် ပိုင်းခြားယူလျက် ယင်းရုပ်နာမ် ပရမတ်တရားတို့ကို လက္ခဏာရေးသုံးတန်သို့ တစ်လှည့် စီ တင်လျက် ဝိပဿနာ ရှုပွားသုံးသပ်နိုင်သဖြင့် အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာ ဉာဏ်စသော ဝိပဿနာဉာဏ်များ ပါဝင် ခြံရံလျက်ရှိသော ဒါန သီလ ဘာဝနာ စသော ကုသိုလ်မျိုးသည် လည်းကောင်း အလောဘ အဒေါသ အမောဟ ဟူသော ကုသိုလ်ဟူသမျှတို့၏ အခြေခံ အကြောင်းရင်း အရင်း အမြစ် ဖြစ်ကြသည့် = ဟိတ်တရား (၃)ပါးနှင့် ယှဉ်တွဲနေသည့်အတွက် တိဟိတ်ကုသိုလ် ဖြစ်၏။ ဉာဏသမ္ပယုတ် မဟာကုသိုလ် ဝိပဿနာဇောတို့ကား တိဟိတ်ကုသိုလ်မျိုး အစစ်သာ ဖြစ်၏။

ထိုကဲ့သို့သော တိဟိတ်ကုသိုလ်မျိုးကို ပြုစုပျိုးထောင်ရာဝယ် ကုသိုလ် မပြုခင်၌သော်လည်းကောင်း, ပြုပြီး နောက်သော်လည်းကောင်း လောဘ ဒေါသ မာန်မာန စသော အကုသိုလ်များ မခြံရံဘဲ, အလောဘ အဒေါသ အမောဟစသော ကုသိုလ်များသာ ခြံရံနေလျှင် ထိုတိဟိတ်ကုသိုလ်သည် သာလွန်မြင့်မြတ် ဥက္ကဋ္ဌ = ဥက္ကဌ် အဖြစ်သို့ ရောက်ရှိသွားသော ကုသိုလ် မည်၏။ ထိုကုသိုလ်ကို သတိရတိုင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ပြန်ပါမူကား အလွန့်အလွန် မြင့်မြတ်သော ဥက္ကဌ်ကုသိုလ် ဖြစ်လေတော့၏။ တရားကိုယ်မှာ မဟာကုသိုလ် ဉာဏသမ္ပယုတ် စိတ်တည်း။ သို့မဟုတ် မဟာကုသိုလ် ဉာဏသမ္ပယုတ် စိတ်စေတသိက်တရားစုတည်း။ ပုညာဘိသင်္ခါရ အမည် ရသော နာမ်တရားစုတို့တည်း။ သောမနဿဝေဒနာနှင့် ယှဉ်သော် (၃၄), ဥပေက္ခာဝေဒနာနှင့် ယှဉ်သော် (၃၃)မျိုးသော နာမ်တရားစုတို့တည်း။ ယေဘုယျဟု မှတ်ပါ။

အကျိုးပေးပုံ --- -- ထို တိဟိတ်ဥက္ကဌ် အမြတ်စား မဟာကုသိုလ်သည် ပဋိသန္ဓေအခါဝယ် မဟာဝိပါက် ဉာဏသမ္ပယုတ်ဟူသော တိဟိတ်ပဋိသန္ဓေအကျိုးကို ပေး၏။ ပဝတ္တိအခါ၌ကား မဟာဝိပါက်နှင့် အဟိတ် ကုသလဝိပါက်ဟူသော (၁၆)ချက်သော အကျိုးတို့ကို ပေး၏။ ပဋိသန္ဓေ၌ သောမနဿဝေဒနာနှင့် ယှဉ်သော် နာမ်တရား (၃၄), ဥပေက္ခာဝေဒနာနှင့် ယှဉ်သော် ပီတိ မပါသဖြင့် (၃၃)မျိုးသော နာမ်တရားစုတို့တည်း။

ဝိပဿနာဇောစေတနာတို့ကလည်း ပဋိသန္ဓေအကျိုးကို ပေးနိုင်ပုံ

နော စေ ဘိက္ခဝေ စေတေတိ၊ နော စေ ပကပ္ပေတိ၊ အထ စေ အနုသေတိ။ အာရမ္မဏမေတံ ဟောတိ ဝိညာဏဿ ဌိတိယာ၊ အာရမ္မဏေ သတိ ပတိဋ္ဌာ ဝိညာဏဿ ဟောတိ၊ တသ္မိံ ပတိဋ္ဌိတေ ဝိညာဏေ ဝိရူဠှေ အာယတိံ ပုနဗ္ဘဝါဘိနိဗ္ဗတ္တိ ဟောတိ၊ အာယတိံ ပုနဗ္ဘဝါဘိနိဗ္ဗတ္တိယာ သတိ အာယတိံ ဇာတိ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ (သံ၊၁၊၂၉၅ - စေတနာသုတ္တန်။)

နော စေ ဘိက္ခဝေ စေတေတီတိ ဣမိနာ တေဘူမကစေတနာယ အပ္ပဝတ္တနက္ခဏော ဝုတ္တော။ နော စေ ပကပ္ပေတီတိ ဣမိနာ တဏှာဒိဋ္ဌိကပ္ပါနံ အပ္ပဝတ္တနက္ခဏော။ အထ စေ အနုသေတီတိ ဣမိနာ တေဘူမကဝိပါကေသု ပရိတ္တကိရိယာသု ရူပေတိ ဧတ္ထ အပ္ပဟီနကောဋိယာ အနုသယော ဂဟိတော။ အာရမ္မဏမေတံ ဟောတီတိ အနုသယေ သတိ ကမ္မဝိညာဏဿ ဥပ္ပတ္တိယာ အဝါရိတတ္တာ ဧတံ အနုသယဇာတံ ပစ္စယောဝ ဟောတိ။ (သံ၊ဋ္ဌ၊၂၊၆၆။)

အနုသေတီတိ တေဘူမကကုသလေ ဥပနိဿယကောဋိယာ, စတူသု အကုသလစေတနာသု သဟဇာတကောဋိယာ စေဝ ဥပနိဿယကောဋိယာ စ အနုသယော ဂဟိတော။ (သံ၊ဋ္ဌ၊၂၊၆၆။)

ဧတ္ထ စ နော စေ ဘိက္ခဝေ စေတေတိ၊ နော စေ ပကပ္ပေတိ၊ အထ ခေါ အနုသေတီတိ ဧဝံ ဘဂဝတာ ဒုတိယနယေ ပုဗ္ဗဘာဂေ ဘဝနိဗ္ဗတ္တက ကုသလာကုသလာယူဟနံ, ပကပ္ပနဉ္စ ဝိနာပိ ဘဝေသု ဒိဋ္ဌာဒီနဝဿ ယောဂိနော အနုသယပစ္စယာ ဝိပဿနာစေတနာပိ ပဋိသန္ဓိဇနကာ ဟောတီတိ ဒဿနတ္ထံ, ကုသလာကုသလဿ အပ္ပဝတ္တိ စေပိ, တဒါ ဝိဇ္ဇမာနတေဘူမကဝိပါကာဒိဓမ္မေသု အပ္ပဟီနကောဋိယာ အနုသယိတကိလေသပ္ပစ္စယာ ဘဝဝဇ္ဇဿ ကမ္မဝိညာဏဿ ပတိဋ္ဌိတတာ ဟောတီတိ ဒဿနတ္ထဉ္စ ဝုတ္တော။ (သံ၊ဋီ၊၂၊၈၃။)

ဤအထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ --- -- ယောဂါဝစရပုဂ္ဂိုလ် တစ်ဦးသည် ကာမ-ရူပ-အရူပတည်းဟူသော ဘဝသုံးထပ် ဘုံသုံးရပ်အတွင်း၌ တည်ရှိကြသော တေဘူမကသင်္ခါရ အမည်ရသည့် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားစုတို့ကို လက္ခဏာရေးသုံးတန်သို့ တင်လျက် တွင်တွင်ကြီး ဝိပဿနာ ရှုပွားသုံးသပ်လျက် ရှိ၏။ ဘုံသုံးပါးတို့၌ အနိစ္စပြစ်ချက်ကြီး ဒုက္ခပြစ်ချက်ကြီး အနတ္တပြစ်ချက်ကြီး ဖောက်ပြန်ပျက်စီးတတ်သည့် ဝိပရိဏာမပြစ်ချက်ကြီးတို့ကို ဉာဏ်ပညာမျက်စိဖြင့် လင်းလင်းထင်ထင် တွေ့မြင် လျက် ရှိနေ၏။ ထိုသို့ ဝိပဿနာဉာဏ်များသည် ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် အဆက်မပြတ် အရှိန်ပြင်းစွာ ဆက်တိုက် ဖြစ်ပေါ်နေချိန်ဝယ် ထိုသူတော်ကောင်း၏ သန္တာန်၌ --- --

၁။ သံသရာဝဋ်ကို လည်ပတ်စေတတ်သော ဘဝသစ်ကို ဖြစ်ပေါ်စေတတ်သော ကုသိုလ်ကံ အကုသိုလ်ကံများ လည်း ဖြစ်ခွင့် မရှိပေ။

၂။ လူတော်လူကောင်း နတ်ကောင်းနတ်မြတ် ဖြစ်ရပါလို၏ စသော တဏှာဒိဋ္ဌိတို့ဖြင့် ပူးတွဲလျက် ကြံစည် စိတ်ကူးမှုလည်း မရှိပေ။

၃။ သို့သော် အနုသယဓာတ်ကို အရိယမဂ်တရားဖြင့် အကြွင်းမဲ့ မပယ်ရှားရသေးသဖြင့် ထိုသူတော်ကောင်း၏ ရုပ်နာမ်သန္တာန် အစဉ်ဝယ် အနုသယဓာတ်ကား ကိန်းဝပ်လိုက်ပါလျက်ပင် ရှိနေသေး၏။

ဤသို့လျှင် ဝိပဿနာဉာဏ်အခိုက်ဟူသော ေ့ရှအဖို့ဝယ် ဘဝကို ဖြစ်စေတတ်သော ကုသိုလ်ကံ အကုသိုလ် ကံတို့ကို ပြုစုပျိုးထောင်နေသည် မဟုတ်ဘဲ ဘဝ၏ကုန်ဆုံးရာ နိဗ္ဗာန်သို့ ရောက်ကြောင်း မဂ္ဂင်လမ်းကြောင်းပေါ် သို့သာ ဖြောင့်တန်းစွာ လျှောက်သွားနေခြင်းသာ ဖြစ်သောကြောင့် ဘဝကို ဖြစ်စေတတ်သော ကုသိုလ်ကံ အကုသိုလ်ကံကို ကြိုးစားအားထုတ်မှုနှင့် ကင်းနေသည် ဖြစ်ငြားသော်လည်း, လူတော်လူကောင်း နတ်ကောင်း နတ်မြတ်ဖြစ်ရန် စသော တဏှာ-ဒိဋ္ဌိတို့ဖြင့် ပူးတွဲ၍ ကြံစည်စိတ်ကူးမှုနှင့် ကင်းနေသည် မှန်ငြားသော်လည်း ဘဝသုံးပါးတို့၌ အပြစ်အာဒီနဝကို ဉာဏ်မျက်စိဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နေသော ထိုယောဂါ ဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် အနုသယဓာတ် ကိန်းဝပ်တည်နေခြင်းတည်းဟူသော အကြောင်းကြောင့် ဝိပဿနာဇော တို့နှင့် ယှဉ်တွဲလျက်ရှိသော ဝိပဿနာစေတနာသည်လည်း ပဋိသန္ဓေအကျိုးကို ဖြစ်စေတတ်ရကား ဤအနုသယ ဓာတ်၏ ကိန်းအောင်းခြင်းသည် နောင်တစ်ဖန် ဘဝသစ်ကို ဖြစ်စေတတ်သော ကမ္မဝိညာဏ်၏ ဖြစ်ပေါ်တည်ရှိ လာဖို့ရန် အကြောင်းတရား ဖြစ်ပေသည်။ အနုသယဓာတ်သည် ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဝိပါက် ရုပ်နာမ် စသည့် ရုပ်နာမ်သန္တာန် အစဉ်တို့၌ ကိန်းဝပ်တည်ရှိနေသေးခြင်းကြောင့် ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော ဝိညာဏ် သည်လည်း နောင်တစ်ဖန် ဘဝသစ်ကို ဖြစ်စေတတ်သော ကမ္မဝိညာဏ်အရာ၌ တည်နေ၏ဟု ဆိုလိုသည်။ ဤရှင်းလင်းချက်များအရ အထက်ပါ စေတနာသုတ္တန်ကောက်နုတ်ချက်ပါဠိတော်၏ မြန်မာပြန်မှာ ဤသို့ ဖြစ်၏။

ရဟန်းတို့ ...အကြင်ဘဝသစ်ကို ဖြစ်ပေါ်စေတတ်သည့် ကုသိုလ်စေတနာ အကုသိုလ်စေတနာကိုလည်း အကယ်၍ စေ့ဆော်အားမထုတ်စေကာမူ, လူတော်လူကောင်း နတ်ကောင်းနတ်မြတ်ဖြစ်ရန် စသည်ဖြင့် တဏှာ-ဒိဋ္ဌိတို့ဖြင့် ပူးတွဲလျက် ကြံစည်စိတ်ကူးမှု အကယ်၍ မရှိစေကာမူ, ထိုသို့ဖြစ်သော်လည်း အကယ်၍ကား အနုသယ ဓာတ်သည် ကိန်းအောင်းတည်နေသည် ဖြစ်ငြားအံ့၊ ဤအနုသယဓာတ် ကိန်းအောင်းခြင်းသည်ပင်လျှင် နောင် တစ်ဖန် ဘဝသစ်ကို ဖြစ်စေတတ်သော စွမ်းအားရှိသော ကမ္မဝိညာဏ်၏ ဖြစ်ပေါ်တည်ရှိလာဖို့ရန် အကြောင်း တရား ဖြစ်၏။ အနုသယဓာတ်ဟူသော အကြောင်းတရားသည် ထင်ရှားရှိလတ်သော် ဘဝသစ်ကို ဖြစ်ပေါ် စေတတ်သော စွမ်းအားရှိသော ကမ္မဝိညာဏ်၏ တည်ရှိခြင်းသည် ထင်ရှားဖြစ်ပေါ်လာ၏။ ထိုကမ္မဝိညာဏ်သည် တည်ရှိသည်ရှိသော် စည်ပင်လာသည်ရှိသော် နောင်အခါ၌ တစ်ဖန် ဘဝအသစ်ဟု ဆိုအပ်သော ဘဝဖြစ်ခြင်းသည် ထင်ရှား ဖြစ်ပေါ်လာ၏။ နောင်အခါ၌ တစ်ဖန် ဘဝသစ်၏ ဖြစ်ခြင်းသည် ထင်ရှားရှိခဲ့သော် နောင်အခါ၌ --- --

၁။ ပဋိသန္ဓေတည်နေရခြင်း ဇာတိတရား,

၂။ အိုရခြင်း ဇရာတရား,

၃။ သေရခြင်း မရဏတရား,

၄။ စိုးရိမ်ရခြင်း သောကတရား,

၅။ ငိုကြွေး မြည်တမ်းရခြင်း ပရိဒေဝတရား,

၆။ ကိုယ်ဆင်းရဲရခြင်း ဒုက္ခတရား,

၇။ စိတ်ဆင်းရဲရခြင်း ဒေါမနဿတရား,

၈။ ပြင်းစွာ ပူပန်ရခြင်း ဥပါယာသတရားတို့သည်

ထင်ရှား ဖြစ်ပေါ်လာကြကုန်၏။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစုအပုံသည် ဖြစ်ပေါ်လာ၏။ (သံ၊၁၊၂၉၅။)

ဤဒေသနာတော်ကား ဝိပဿနာဇော စေတနာတို့ကလည်း အခါအခွင့်သင့်လျှင် အနုသယဓာတ် ကိလေ သာ ကိန်းဝပ်တည်ရှိနေသေးသူ သူတော်မွန်၏သန္တာန်ဝယ် ပဋိသန္ဓေအကျိုး ပဝတ္တိအကျိုးတို့ကို ပေးနိုင်ပုံ ဒေသနာ တော်တစ်ခု ဖြစ်၏။ ဉာဏသမ္ပယုတ် ဝိပဿနာဇော စေတနာတို့က မဟာဝိပါက် တိဟိတ်ပဋိသန္ဓေအကျိုးကို ပေး၍ ပဝတ္တိအခါ၌ အထက်တွင် ဖော်ပြထားခဲ့သော (၁၆)ချက်သော အကျိုးဝိပါက်တို့ကို ပေးနိုင်၏။ ဉာဏ ဝိပ္ပယုတ် ဝိပဿနာဇောစေတနာတို့ကား အောက်တွင် ဒွိဟိတ်ဥက္ကဋ္ဌ ကုသိုလ်ပိုင်း၌ ဖော်ပြထားသော ပဋိသန္ဓေ ကျိုး ပဝတ္တိကျိုးတို့ကို ဖြစ်စေတတ်ကုန်၏ဟု မှတ်ပါ။ ပဋိသန္ဓေကျိုး ပဝတ္တိကျိုးတို့ကို ပေးတတ်သော ဝိပဿနာဇော စေတနာတို့ကား စရဏမျိုးစေ့တွင် အကျုံးဝင်၍ ယင်းသို့ အကျိုးမပေးသော ဝိပဿနာဇောတို့ကား ဝိဇ္ဇာမျိုးစေ့ တွင် အကျုံးဝင်ကြ၏။

ကထံ ပုထုဇ္ဇနဿ စ သေက္ခဿ စ သင်္ခါရုပေက္ခာယ စိတ္တဿ အဘိနီဟာရော ဧကတ္တံ ဟောတိ။ ပုထုဇ္ဇနဿ သင်္ခါရုပေက္ခံ အဘိနန္ဒတော စိတ္တံ ကိလိဿတိ, ဘာဝနာယ ပရိပန္ထော ဟောတိ, ပဋိဝေဓဿ အန္တရာယော ဟောတိ၊ အာယတိံ ပဋိသန္ဓိယာ ပစ္စယော ဟောတိ။ သေက္ခဿပိ သင်္ခါရုပေက္ခံ အဘိနန္ဒတော စိတ္တံ ကိလိဿတိ၊ ဘာဝနာယ ပရိပန္ထော ဟောတိ, ဥတ္တရိပဋိဝေဓဿ အန္တရာယော ဟောတိ, အာယတိံ ပဋိသန္ဓိယာ ပစ္စယော ဟောတိ။ ဧဝံ ပုထုဇ္ဇနဿ စ သေက္ခဿ စ သင်္ခါရုပေက္ခာယ စိတ္တဿ အဘိနီဟာရော ဧကတ္တံ ဟောတိ အဘိနန္ဒဋ္ဌေန။ (ပဋိသံ၊၆၀။)

အာယတိံ ပဋိသန္ဓိယာ ပစ္စယော ဟောတီတိ သေက္ခေသု သောတာပန္နသကဒါဂါမီနံ အနဓိဂတဇ္ဈာနာနံ သင်္ခါရုပေက္ခာကမ္မေန ဒီယမာနာယ ကာမာဝစရသုဂတိပဋိသန္ဓိယာ အဘိနန္ဒနကိလေသော ပစ္စယော ဟောတိ၊ စျာနလာဘီနံ ပန အနာဂါမိဿ စ ဗြဟ္မလောကေယေဝ ပဋိသန္ဓာနတော ပစ္စယော န ဟောတိ, အနုလောမဂေါတြဘူဟိ စ ဒီယမာနာယ ပဋိသန္ဓိယာ အယမေဝ ကိလေသော ပစ္စယော ဟောတီတိ ဝေဒိတဗ္ဗော။ (ပဋိသံ၊ဋ္ဌ၊၁၊၂၅၀။)

ပုထုဇန် ပုဂ္ဂိုလ်အားလည်းကောင်း, စျာန်မရသည့် သောတာပန် သကဒါဂါမ်ဟူသော ကျင့်ဆဲ = သေက္ခ ပုဂ္ဂိုလ်အားလည်းကောင်း သင်္ခါရုပေက္ခာ၌ စိတ်ကို ရှေးရှူဆောင်ခြင်းသည် အဘယ်သို့လျှင် တူညီမှုရှိခြင်းသည် ဖြစ်လေသနည်း? ...

၁။ သင်္ခါရုပေက္ခာဉာဏ်ကို နှစ်သက်သော ပုထုဇန်ပုဂ္ဂိုလ်အား စိတ်ဓာတ်သည် ညစ်နွမ်း၏၊ ဝိပဿနာဘာဝနာ၏ ဘေးရန်ဖြစ်၏။ ဝိပဿနာဘာဝနာကြောင့် ရသင့် ရထိုက်သော သစ္စာလေးပါးကို ထိုးထွင်းသိမြင်ခြင်း = သစ္စပဋိဝေဓဉာဏ်ကို ရရှိခြင်း၏ အန္တရာယ်ဖြစ်၏။ နောင်အနာဂတ်၌ ဖြစ်လတ္တံ့သော ကာမသုဂတိပဋိသန္ဓေ၏ အကြောင်းဖြစ်၏။ (ပဋိသံ၊၆၀။)

သင်္ခါရုပေက္ခာဉာဏ်နှင့် ယှဉ်သော စေတနာကံသည် စွမ်းအင် ကြီးမားသောကြောင့် ထိုကံကပင်လျှင် သုဂတိပဋိသန္ဓေကျိုးကို ပေးလတ်သော် သင်္ခါရုပေက္ခာဉာဏ်ကို အလွန်နှစ်သက်မြတ်နိုးခြင်းဟု ဆိုအပ်သော လောဘကိလေသာသည် နောင်အနာဂတ်ဘဝ၌ ကာမာဝစရသုဂတိပဋိသန္ဓေကို အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းတရား ဖြစ်၏။ သင်္ခါရုပေက္ခာဉာဏ်ကို နှစ်သက်မြတ်နိုးသော လောဘကိလေသာ အပေါင်း အဖော်ကို ရရှိသော သင်္ခါရုပေက္ခာကုသိုလ်ကံသည် အကျိုးဝိပါကဝဋ်ကို ဖြစ်စေနိုင်၏။ ထိုကြောင့် သင်္ခါရုပေက္ခာ ကံကား ပဋိသန္ဓေ စသော အကျိုးဝိပါက်ကို တိုက်ရိုက် ဖြစ်စေတတ်သော ဇနက အကြောင်းတရား ဖြစ်၏။ သင်္ခါရုပေက္ခာဉာဏ်ကို နှစ်သက်မြတ်နိုးတတ်သော လောဘကိလေသာကား ယင်းဇနကကံကို အားပေးထောက် ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းတရား ဖြစ်၏။ (ပဋိသံ၊ဋ္ဌ၊၁၊၂၅၀။)

၂။ သင်္ခါရုပေက္ခာဉာဏ်ကို နှစ်သက်သော စျာန်မရသည့် သောတာပန် သကဒါဂါမ်ဟူသော ကျင့်ဆဲ = သေက္ခ ပုဂ္ဂိုလ်အား စိတ်ဓာတ်သည် ညစ်နွမ်း၏၊ ဝိပဿနာဘာဝနာ၏ ဘေးရန်ဖြစ်၏၊ ဝိပဿနာဘာဝနာကြောင့် ရသင့် ရထိုက်သော သစ္စာလေးပါးကို ထိုးထွင်းသိမြင်တတ်သော အထက်အထက်သော အရိယမဂ်ဉာဏ်တည်းဟူသော သစ္စပဋိဝေဓဉာဏ်ကို ရရှိခြင်း၏ အန္တရာယ်ဖြစ်၏။ နောင်အနာဂတ်၌ ဖြစ်လတ္တံ့သော ကာမသုဂတိပဋိသန္ဓေ၏ အကြောင်းဖြစ်၏။ (ပဋိသံ၊၆၀။)

သေက္ခပုဂ္ဂိုလ်တို့တွင် စျာန်ကို မရရှိကြကုန်သော သောတာပန် သကဒါဂါမ် ပုဂ္ဂိုလ်တို့အား သင်္ခါရုပေက္ခာ ကံက ကာမာဝစရသုဂတိပဋိသန္ဓေအကျိုးကို ပေးလတ်သော် ယင်းသင်္ခါရုပေက္ခာဉာဏ်ကို အလွန်နှစ်သက် မြတ်နိုးသော လောဘကိလေသာသည် ယင်းသင်္ခါရုပေက္ခာကံကို အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းတရား ဖြစ်၏။ သင်္ခါရုပေက္ခာကံကား ဇနက အကြောင်းတရား ဖြစ်၏။ စျာန်ကို ရရှိကြကုန်သော သောတာပန် သကဒါဂါမ် ပုဂ္ဂိုလ်တို့သည်လည်းကောင်း အနာဂါမ်ပုဂ္ဂိုလ်သည်လည်းကောင်း ဗြဟ္မာ့ပြည်၌သာ ပဋိသန္ဓေတည်နေရခြင်းသဘော ရှိသောကြောင့် ယင်းသင်္ခါရုပေက္ခာဉာဏ်ကို အလွန်နှစ်သက်မြတ်နိုးတတ်သော လောဘကိလေသာသည် ဗြဟ္မာပဋိသန္ဓေကို တိုက်ရိုက် ဖြစ်စေတတ်သော ဇနကကံ ဖြစ်သော မဟဂ္ဂုတ်စျာန် ကုသိုလ်ကံအား အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းတရား မဖြစ်နိုင်။ (မဟဂ္ဂုတ်စျာန်ကိုလည်း ကောင်း ဗြဟ္မာဘဝကိုလည်းကောင်း တွယ်တာမက်မောတတ်သော တဏှာလောဘကသာလျှင် အားပေးထောက် ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းတရား ဖြစ်သောကြောင့်တည်း။) အနုလောမဉာဏ် ဂေါတြဘုဉာဏ်တို့က ကာမသုဂတိပဋိသန္ဓေအကျိုးကို ပေးရာ၌လည်း ယင်းဝိပဿနာဉာဏ်တို့ကို အလွန် နှစ်သက်မြတ်နိုးသော ယင်းလောဘကိလေသာသည်ပင်လျှင် အားပေးထောက်ပံ့တတ်သော အကြောင်းတရားဖြစ်သည်ဟု သိရှိပါလေ။ (ပဋိသံ၊ဋ္ဌ၊၁၊၂၅၀။)

ဤသို့လျှင် ပုထုဇန်နှင့် ကျင့်ဆဲ = သေက္ခပုဂ္ဂိုလ်တို့အား သင်္ခါရုပေက္ခာ၌ စိတ်ကို ရှေးရှူဆောင်ခြင်းသည် နှစ်သက်တတ်သော သဘောအားဖြင့် ဤသို့ တူညီမှုရှိခြင်း ဖြစ်ပေသည်။ (ပဋိသံ၊၆၀။)

ဤကဲ့သို့သော ဝိပဿနာကံတို့ကား တိဟိတ် ဥက္ကဌ် အမြတ်စား ကာမာဝစရကံတို့ပင် ဖြစ်ကြပေသည်။ အဆင့်အမြင့်ဆုံးသော ကာမဘဝကို ဖြစ်စေနိုင်သော စွမ်းအားရှိသော ကံတို့ပင်တည်း။

တိဟိတ် ဩမက ကုသိုလ်

ယင်း တိဟိတ်ကုသိုလ်မျိုးစေ့ကိုပင် ပြုစုပျိုးထောင်ရာဝယ် ကုသိုလ် မပြုခင်၌သော်လည်းကောင်း, ပြုအံ့ ဆဲဆဲ အလွန်နီးကပ်သော အချိန်၌သော်လည်းကောင်း, ပြုပြီး၌သော်လည်းကောင်း လောဘ, ဒေါသ, မာန် = မာန, ဣဿာ, မစ္ဆရိယ စသော အကုသိုလ်ဆိုးများက ယင်းကုသိုလ်ကို ခြံရံနေလျှင် ယင်းတိဟိတ်ကုသိုလ် သည်ပင် အညံ့စားအဖြစ်သို့ ရောက်ရှိသွားလေရကား တိဟိတ် ဩမကဟူသော အမည်ကို ရရှိလေသည်။

ဒွိဟိတ် ဥက္ကဋ္ဌ ကုသိုလ်

ကောင်းမှုကုသိုလ်ကို ပြုစုပျိုးထောင်ရာဝယ် ကလေးသူငယ်များ ပြုလုပ်သကဲ့သို့ ကံနှင့် ကံ၏အကျိုးကို တတ်သိနားလည်သော ဉာဏ်မပါလျှင် အလောဘ အဒေါသ ဟိတ်နှစ်ပါးနှင့်သာ ယှဉ်၍ အမောဟဟိတ်နှင့် မယှဉ်သောကြောင့် ယင်းကုသိုလ်မျိုးသည် ဒွိဟိတ်ကုသိုလ် ဖြစ်၏။ ထိုကုသိုလ်၏ ေ့ရှနောက်၌ ကုသိုလ်များ ခြံရံနေလျှင် အမြတ်စား ဒွိဟိတ် ဥက္ကဋ္ဌ ကုသိုလ် ဖြစ်၏။ တရားကိုယ်မှာ မဟာကုသိုလ် ဉာဏဝိပ္ပယုတ် တရားစု တည်း။

အကျိုးပေးပုံ --- -- ဤ တိဟိတ်ဩမကကုသိုလ်နှင့် ဒွိဟိတ်ဥက္ကဋ္ဌကုသိုလ်သည် ပဋိသန္ဓေအခါဝယ် မဟာ ဝိပါက် ဉာဏဝိပ္ပယုတ်ဟူသော ဒွိဟိတ်ပဋိသန္ဓေအကျိုးကို ပေး၏။ ပဝတ္တိအခါ၌ကား တိဟိတ် မဟာဝိပါက် ဉာဏသမ္ပယုတ် အကျိုးကို မပေးနိုင်တော့ဘဲ မဟာဝိပါက် ဉာဏဝိပ္ပယုတ် (၄)မျိုး, အဟိတ် ကုသလဝိပါက် (၈)မျိုးဟူသော (၁၂)မျိုးသော အကျိုးကိုသာ ပေးတော့သည်။

ဒွိဟိတ် ဩမက ကုသိုလ်

ယင်း ဒွိဟိတ်ကုသိုလ်မျိုးကို ပြုစုပျိုးထောင်ရာဝယ် ယင်းကုသိုလ်၏ ေ့ရှနောက်၌ အကုသိုလ်များ ခြံရံ နေလျှင် ယင်းဒွိဟိတ်ကုသိုလ်သည်ပင် အညံ့စားအဖြစ်သို့ ရောက်ရှိသွားလေရကား ဒွိဟိတ် ဩမကဟူသော အမည်ကို ရရှိလေသည်။

အကျိုးပေးပုံ --- -- ယင်း ဒွိဟိတ်ဩမကကုသိုလ်ကား ပဋိသန္ဓေအခါဝယ် အဟိတ်ကုသလဝိပါက် ဥပေက္ခာ သန္တီရဏဟူသော အညံ့စား ပဋိသန္ဓေအကျိုးကို ပေး၏။ ယင်း ပဋိသန္ဓေစိတ်၌ ဆန္ဒ, ပီတိ, ဝီရိယ မပါသော အညသမာန်း စေတသိက် (၁၀)လုံးတို့ ယှဉ်သဖြင့် စိတ်+စေတသိက် = နာမ်တရားစုမှာ (၁၁) ဖြစ်၏။ အမိ ဝမ်းတွင်းဝယ် ကာဏ်းလာသူ ဝမ်းတွင်းကာဏ်းလူသား ဝမ်းတွင်းပါ အင်္ဂါ ခြေလက် ချို့တဲ့သူ လူသားတို့၏ ပဋိသန္ဓေမှာ ယင်း အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ ပဋိသန္ဓေပင် ဖြစ်၏။ ဝိနိပါတိကအသုရာတို့၏ ပဋိသန္ဓေမျိုးစေ့မှာလည်း ယင်း အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်ပင် ဖြစ်သည်။ ပဝတ္တိအခါ၌ကား အဟိတ် ကုသလဝိပါက် (၈)မျိုးကိုသာ ဖြစ်စေသည်။ ဤဆိုအပ်ခဲ့ပြီးသော စကားရပ်ကား အများသဘောတူ ဆုံးဖြတ်အပ်သော သမာနဝါဒ တည်း။ ကေစိဆရာဟု အရှင်အနုရုဒ္ဓါမထေရ်မြတ်က ခေါ်ဝေါ်သုံးနှုန်းထားသော မောရဝါပီ မည်သော အရပ်၌ သီတင်းသုံးတော်မူသော မဟာဒတ္တထေရ် - တို့ကမူ --- --

၁။ အသင်္ခါရိက ကုသိုလ်ကံသည် သသင်္ခါရိက အကျိုးကို မပေး။

၂။ သသင်္ခါရိက ကုသိုလ်ကံကလည်း အသင်္ခါရိက အကျိုးကို မပေးနိုင်ဟု --- --

ဤသို့ အယူရှိတော်မူ၏။ ဤအယူအတိုင်း ရေတွက်လျှင် ဤသို့ ဖြစ်၏။

၁။ ဒွါဒသ --- -- တိဟိတ် ဥက္ကဋ္ဌ ကုသိုလ်သည် အသင်္ခါရိက မဟာကုသိုလ် ဉာဏသမ္ပယုတ် (၂)မျိုးဖြစ်အံ့ ---

(က) အဟိတ် ကုသလဝိပါက် --- -- (၈) မျိုး

( ခ ) မဟာဝိပါက် အသင်္ခါရိက --- -- (၄) မျိုး

ဤ (၁၂)မျိုးသော အကျိုးကို ပေး၏။

တစ်ဖန် ယင်းတိဟိတ်ဥက္ကဋ္ဌကုသိုလ်သည် သသင်္ခါရိက မဟာကုသိုလ် ဉာဏသမ္ပယုတ် (၂)မျိုးဖြစ်အံ့ --

(က) အဟိတ် ကုသလဝိပါက် --- -- (၈) မျိုး

( ခ ) မဟာဝိပါက် သသင်္ခါရိက --- -- (၄) မျိုး

ဤ (၁၂)မျိုးသော အကျိုးကို ဖြစ်စေ၏။

(အဟိတ် ဝိပါက်ကား သသင်္ခါရိက အသင်္ခါရိကဟု မဆိုရ၍ နှစ်ဘက်ရ ဖြစ်သည်။)

၂။ ဒသ --- -- တိဟိတ်ဩမကနှင့် ဒွိဟိတ်ဥက္ကဋ္ဌ ကုသိုလ်သည်လည်း အသင်္ခါရိက ဖြစ်အံ့ --- --

(က) အဟိတ် ကုသလဝိပါက် --- -- (၈) မျိုး

( ခ ) မဟာဝိပါက် ဉာဏဝိပ္ပယုတ် အသင်္ခါရိက --- -- (၂) မျိုး

ဤ (၁၀)မျိုးသော အကျိုးတရားကို ဖြစ်စေ၏။

သသင်္ခါရိက ဖြစ်အံ့ --- --

(က) အဟိတ် ကုသလဝိပါက် --- -- (၈) မျိုး

( ခ ) မဟာဝိပါက် ဉာဏဝိပ္ပယုတ် သသင်္ခါရိက --- -- (၂) မျိုး

ဤ (၁၀)မျိုးသော အကျိုးတရားကို ဖြစ်စေ၏။

၃။ အဋ္ဌ --- -- ဒွိဟိတ်ဩမက ကုသိုလ်ကား အသင်္ခါရိက သသင်္ခါရိက (၂)မျိုးလုံးသည်ပင် အဟိတ်ကုသလဝိပါက် (၈)မျိုးကိုသာ ဖြစ်စေသည်။ (အဘိဓမ္မတ္ထသင်္ဂဟ။)

မှတ်သားစေလိုသော ရည်ရွယ်ချက်

လူသားတို့အတွက် ဦးတည်လျက် အထက်ပါ ကုသိုလ်ကံနှင့် ကံ၏ အကျိုးတရားတို့ကို ဖော်ပြရခြင်း၏ ရည်ရွယ်ချက်မှာ ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်ပိုင်းကို ရှုရာဝယ် ကံနှင့် ကံ၏အကျိုးတရားတို့ကို သိ စေလိုသည်မှာလည်း အကြောင်းတစ်ရပ်ဖြစ်၏၊ ဤနာမ်ကမ္မဋ္ဌာန်းပိုင်းဝယ် ဇောနောင်၌ တဒါရုံကို သိမ်းဆည်းရာ ဝယ် ယင်းတဒါရုံတို့ကို တိတိကျကျ သိမ်းဆည်းတတ်စေလိုသည်မှာလည်း အကြောင်းတစ်ရပ်ဖြစ်၏။ ယင်းကံ၏ အကျိုးတရားပိုင်းတွင် ပါဝင်ကြသော သန္တီရဏစိတ်နှင့် မဟာဝိပါက်စိတ်တို့ကား တဒါရုံကိစ္စကို ရွက်ဆောင်ပေး နိုင်သော စိတ်အမျိုးအစားများပင် ဖြစ်ကြပေသည်။ (အကျယ်ကို - အဘိ၊ဋ္ဌ၊၁၊၃၀၇-၃၂၇ - တို့၌ ကြည့်ပါ။)

အာရုံနှင့် ဝိပါက် သတ်မှတ်ပုံ

သဗ္ဗထာပိ ပနေတ္ထ အနိဋ္ဌေ အာရမ္မဏေ အကုသလဝိပါကာနေဝ ပဉ္စဝိညာဏ-သမ္ပဋိစ္ဆန-သန္တီရဏတဒါရမ္မဏာနိ၊ ဣဋ္ဌေ ကုသလဝိပါကာနိ၊ အတိဣဋ္ဌေ ပန သောမနဿသဟဂတာနေဝ သန္တီရဏတဒါရမ္မဏာနိ။ (အဘိဓမ္မတ္ထသင်္ဂဟ။)

စက္ခုဝိညာဏ်စသော ပဉ္စဝိညာဏ်အစ တဒါရုံ အဆုံးရှိသော ဝီထိစိတ်တို့၏ အတွင်း၌ တည်ရှိကြသော ဝိပါက်စိတ်တို့၏ ကုသလဝိပါက် ဖြစ်ရခြင်း, အကုသလဝိပါက် ဖြစ်ရခြင်း, သောမနဿနှင့် ယှဉ်ရခြင်း, ဥပေက္ခာနှင့် ယှဉ်ရခြင်းတို့မှာ (၁) ဣဋ္ဌာရုံ (၂) အတိဣဋ္ဌာရုံ (၃) အနိဋ္ဌာရုံများနှင့် ဆက်သွယ်လျက် ရှိ၏။ ထို ဣဋ္ဌ, အတိဣဋ္ဌ, အနိဋ္ဌ အာရုံတို့ကို အလယ်အလတ်တန်းစား လူများ၏ အလိုအားဖြင့် ခွဲခြားရ၏။ (အကျယ်ကို - အဘိ၊ဋ္ဌ၊၂၊၁၀ - စသည်၌ ကြည့်ပါ။)

အလယ်အလတ်တန်းစားလူတို့၏ အလိုအားဖြင့် ကောင်းသော ရူပ သဒ္ဒ စသည့် အာရုံ (၆)ပါးတို့သည် အလိုရှိအပ်သော ဣဋ္ဌာရုံတို့တည်း။ တွေ့ကြုံခဲလှသော ဘုရားရှင်၏ အဆင်းတော် အသံတော် စသည်နှင့် အလွန် လှပသော ယောက်ျား မိန်းမတို့၏ အဆင်း အသံ စသည်တို့ကား အလွန် အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ် သော အတိဣဋ္ဌာရုံတို့တည်း။ ကျင်ကြီး ကျင်ငယ် အလောင်းကောင် စသည်နှင့် မကောင်းဆိုးဝါးသော အဆင်း အသံ အနံ့ အရသာ အတွေ့အထိ စသည့် အာရုံတို့ကား အလိုမရှိအပ် မနှစ်သက်အပ် မမြတ်နိုးအပ်သော အနိဋ္ဌာရုံတို့တည်း။

သဘာဝ အနိဋ္ဌာရုံများကို ရှေးအကုသိုလ်ကံကြောင့်သာ တွေ့ကြုံရသဖြင့် အနိဋ္ဌာရုံကို အာရုံပြုကုန်သော ဝီထိစိတ်တို့၌ အကုသလဝိပါက် ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံတို့သာ ဖြစ်ကြကုန်၏။

ရှေးကုသိုလ်ကံကြောင့်သာ သဘာဝ ဣဋ္ဌာရုံများကို တွေ့ကြုံရသဖြင့် ယင်းဣဋ္ဌာရုံကို အာရုံပြု၍ ဖြစ်ကြ ကုန်သော ဝီထိစိတ်တို့၌ ကုသလဝိပါက် ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံတို့သာ ဖြစ်ကြရကုန်၏။ (တဒါရုံ၌ မဟာဝိပါက်စိတ်တို့လည်း ပါဝင်ကုန်၏။)

ရှေးပါရမီ ကုသိုလ်ကံ အဟုန်အရှိန်က ဆောင်ပို့လိုက်သောကြောင့်သာလျှင် သဘာဝ အတိဣဋ္ဌာရုံများနှင့် တွေ့ကြုံရသောကြောင့် သဘာဝ အတိဣဋ္ဌာရုံနှင့် တွေ့ကြုံသောအခါ (ကုသလဝိပါက် ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း) သောမနဿသန္တီရဏ, သောမနဿတဒါရုံတို့သာ ဖြစ်ကြရကုန်၏။ (အဟိတ်ကုသလဝိပါက် သောမနဿ သန္တီရဏ တဒါရုံနှင့် မဟာဝိပါက် သောမနဿတဒါရုံတို့သည် တဒါရုံအဖြစ်နှင့် ကျကုန်၏။)

ဇောနှင့် တဒါရုံ သတ်မှတ်ပုံ

ယံ ပန ဇဝနေန တဒါရမ္မဏံ နိယမေတဗ္ဗန္တိ ဝုတ္တံ။ တံ ကုသလံ သန္ဓာယ ဝုတ္တန္တိ ဝေဒိတဗ္ဗံ။ (အဘိ၊ဋ္ဌ၊၁၊၃၁၇။)

ဇောဖြင့် တဒါရုံကို သတ်မှတ်ထိုက်၏ဟူသော ယင်း စကားကို (အဘိ၊ဋ္ဌ၊၁၊၃၀၉။) ဟေတုကိတ္တန ကထာပိုင်းတွင် ဆိုခဲ့၏။ ထိုစကားရပ်ကို ကုသိုလ်ဇောကို ရည်ရွယ်၍ မိန့်ဆိုခဲ့သည်ဟု မှတ်ပါ။

ဒေါမနဿသဟဂတဇဝနာဝသာနေ စ ပန တဒါရမ္မဏာနိ စေဝ ဘဝင်္ဂါနိ စ ဥပေက္ခာသဟဂတာနေဝ ဘဝန္တိ၊ တသ္မာ ယဒိ သောမနဿပဋိသန္ဓိကဿ ဒေါမနဿသဟဂတဇဝနာဝသာနေ တဒါရမ္မဏသမ္ဘဝေါ နတ္ထိ၊ တဒါ ယံကိဉ္စိ ပရိစိတပုဗ္ဗံ ပရိတ္တာရမ္မဏမာရဗ္ဘ ဥပေက္ခာသဟဂတသန္တီရဏံ ဥပ္ပဇ္ဇတိ၊ တမနန္တရိတွာ ဘဝင်္ဂပါတောဝ ဟောတီတိ ဝဒန္တိ အာစရိယာ။ (အဘိဓမ္မတ္ထသင်္ဂဟ။)

= ဒေါမနဿဝေဒနာသည် မသာယာသောအားဖြင့် အာရုံ၏ အရသာကို ခံစား၏၊ သောမနဿဝေဒနာကား သာယာသောအားဖြင့် အာရုံ၏ အရသာကို ခံစား၏။ ထိုကြောင့် ဒေါမနဿဝေဒနာနှင့် သောမနဿဝေဒနာ တို့သည် အချင်းချင်း ေ့ရှသွားနောက်လိုက် နှီးနှောလို့ မရနိုင် ဖြစ်နေကြ၏။ ဥပေက္ခာဝေဒနာကား အလယ် အလတ် သဘောအားဖြင့် သင့်ရုံတော်ရုံသာလျှင် အာရုံ၏ အရသာကို ခံစားသဖြင့် ဒေါမနဿဝေဒနာ, သောမနဿဝေဒနာ နှစ်ပါးလုံးနှင့်ပင် သင့်တင့်လိုက်လျောနိုင်ပေသည်၊ ထိုကြောင့် ဒေါမနဿသဟဂုတ်ဇောနောင်၌ တဒါရုံဖြစ်စေ, ဘဝင်ဖြစ်စေ ဥပေက္ခာသဟဂုတ်တို့သာ ဖြစ်ကြရလေသည်။

အကယ်၍ သောမနဿသဟဂုတ် မဟာဝိပါက်စိတ်ဖြင့် ပဋိသန္ဓေတည်နေခဲ့သူ၏ သန္တာန်ဝယ် ဒေါသ ဇော၏နောင် တစ်စုံတစ်ခုသော အကြောင်းကြောင့် တဒါရုံ၏ ဖြစ်ခွင့်ကို အကယ်၍များ မရရှိခဲ့ပါလျှင် ထိုသို့ တဒါရုံ၏ ဖြစ်ခွင့်ကို မရရှိခဲ့သော် စိတ္တနိယာမ ဓမ္မတာအတိုင်းဆိုရမူ ဒေါသဇော၏ နောင်၌ ဘဝင်ကျရတော့မည် ဖြစ်သည်။ ဘဝင်ကျပြန်လျှင်လည်း - တစ်ဘဝ၌ ပဋိသန္ဓေ ဘဝင် စုတိစိတ်တို့သည် တစ်ထပ်တည်း တူကြရလေ သောကြောင့် ဝေဒနာချင်းလည်း တူညီရမည် ဖြစ်ရကား - မူလက သောမနဿဝေဒနာနှင့် ယှဉ်၍ ပဋိသန္ဓေ တည်နေခဲ့သူ ဖြစ်၍ သောမနဿဘဝင် ကျရပေလိမ့်မည်။ ထိုသောမနဿဘဝင်ကား ဒေါသဇောနှင့် မလိုက် လျောနိုင်ချေ၊ ဤကဲ့သို့ အခက်အခဲ ကြုံတွေ့နေသည့်အခါ ဒေါသဇောနှင့် သောမနဿဘဝင်တို့၏ အကြားဝယ် ဆက်သွယ်ပေးဖို့ရန် ရှေးရှေး လေ့ကျက်ခဲ့ဖူးသော ကျက်စားခဲ့ဖူးသော ကာမ (ရုပ်-နာမ်) အာရုံ တစ်ခုခုကိုပင် အာရုံယူ၍ စိတ်အစဉ် မပြတ်အောင် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်သည် ဖြစ်ပေါ်လာရပေသည်ဟု ဆရာ မြတ်တို့ မိန့်ဆိုတော်မူကြ၏။ (အဘိဓမ္မတ္ထသင်္ဂဟ။)

သောမနဿသဟဂတသ္မိဥှိ ဇဝနေ ဇဝိတေ ပဉ္စ တဒါရမ္မဏာနိ ဂဝေသိတဗ္ဗာနိ၊ ဥပေက္ခာသဟဂတသ္မိံ ဇဝနေ ဇဝိတေ ဆ ဂဝေသိတဗ္ဗာနီတိ။

အထ ယဒါ သောမနဿပဋိသန္ဓိကဿ ပဝတ္တေ စျာနံ နိဗ္ဗတ္တေတွာ ပမာဒေန ပရိဟီနဇ္ဈာနဿ ပဏီတဓမ္မော မေ နဋ္ဌောတိ ပစ္စဝေက္ခတော ဝိပ္ပဋိသာရဝသေန ဒေါမနဿံ ဥပ္ပဇ္ဇတိ၊ တဒါ ကိံ ဥပ္ပဇ္ဇတိ၊ သောမနဿာနန္တရဥှိ ဒေါမနဿံ ဒေါမနဿာနန္တရဉ္စ သောမနဿံ ပဋ္ဌာနေ ပဋိသိဒ္ဓံ၊ မဟဂ္ဂတဓမ္မံ အာရဗ္ဘ ဇဝနေ ဇဝိတေ တဒါရမ္မဏမ္ပိ တတ္ထေဝ ပဋိသိဒ္ဓန္တိ။ ကုသလဝိပါကာ ဝါ အကုသလဝိပါကာ ဝါ ဥပေက္ခာသဟဂတာဟေတုကမနောဝိညာဏဓာတု ဥပ္ပဇ္ဇတိ။ (အဘိ၊ဋ္ဌ၊၁၊၃၁၇-၃၁၈။)

သောမနဿဝေဒနာနှင့် ယှဉ်သော ဇောသည် စောလတ်ပြီးသော် ယင်းဇော၏ နောင်၌ မဟာဝိပါက် သောမနဿတဒါရုံ (၄)မျိုးနှင့် အဟိတ်ကုသလဝိပါက် သောမနဿသန္တီရဏတဒါရုံ တစ်မျိုးဟူသော သောမနဿ တဒါရုံ (၅)မျိုးတို့ကို ရှာထိုက်ကုန်၏။ သောမနဿတဒါရုံ (၅)မျိုးတို့တွင် တစ်မျိုးမျိုးသာကျ၏။ ဥပေက္ခာဝေဒနာနှင့် ယှဉ်သော ဇောသည် စောလတ်ပြီးသော် ယင်းဥပေက္ခာဇော၏ နောင်၌ မဟာဝိပါက် ဥပေက္ခာတဒါရုံ (၄)မျိုး နှင့် အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ, အဟိတ်အကုသလဝိပါက် ဥပေက္ခာသန္တီရဏဟူသော အဟိတ် ဥပေက္ခာတဒါရုံ (၂)မျိုး - ပေါင်းသော် (၆)မျိုးကုန်သော ဥပေက္ခာတဒါရုံတို့ကို ရှာထိုက်ကုန်၏။ ဥပေက္ခာတဒါရုံ (၆)မျိုးတို့တွင် တစ်မျိုးမျိုးသာ ကျ၏။ ဤကား မဟာဓမ္မရက္ခိတ မထေရ်မြတ်ကြီး၏ ဝါဒတည်း။

ထိုသို့ ရှာဖွေရာဝယ် --- -- သူတော်ကောင်းတစ်ဦးသည် သောမနဿဝေဒနာနှင့် ယှဉ်၍ ပဋိသန္ဓေ တည် နေခဲ့၏။ စျာန်ကိုရအောင် ကြိုးစားအားထုတ်ခဲ့၏။ တစ်ချိန် မေ့လျော့မှု ပမာဒတရား လွှမ်းမိုးခံရသည့်အတွက် ရပြီးစျာန်သည် လျှောကျသွား၏၊ ပျောက်ပျက်သွား၏။ ငါ၏ မွန်မြတ်သော စျာန်တရားသည် ပျက်စီးပါပေါ့ တကားဟု ဆင်ခြင်လတ်သော် ထိုသူတော်ကောင်း၏ သန္တာန်ဝယ် စိတ်နှလုံး မသာယာခြင်း၏အစွမ်းဖြင့် ဒေါသ ဇောသည် ဖြစ်ပေါ်လာ၏။ ထိုအခါ၌ ယင်းဒေါသဇော နောင်၌ အဘယ်တဒါရုံသည် ဖြစ်ပေါ်လာပါသနည်းဟု မေးရန်ရှိ၏။

၁။ သောမနဿ၏ အခြားမဲ့၌ ဒေါမနဿဖြစ်မှုကိုလည်းကောင်း,

၂။ ဒေါမနဿ၏ အခြားမဲ့၌ သောမနဿဖြစ်မှုကိုလည်းကောင်း --- --

ပဋ္ဌာန်းဒေသနာတော်မြတ် (ပဋ္ဌာန၊၁၊၃၁၂) ၌ ဘုရားရှင်သည် ပယ်မြစ်ထားတော်မူခဲ့၏။ မဟဂ္ဂုတ်တရားကို အာရုံပြု၍ ဇောသည် စောလတ်သော် ထို မဟဂ္ဂုတ်တရားကို အာရုံပြုသော ဇော၏ နောင်၌ တဒါရုံကျမှုကိုလည်း ထို ပဋ္ဌာန်းပါဠိတော်၌ပင်လျှင် ဘုရားရှင်သည် ပယ်မြစ်ထားတော်မူခဲ့၏။

ထိုကြောင့် ထိုဒေါသဇော၏ နောင်၌ ကုသလဝိပါက်သော်လည်းဖြစ်သော အကုသလဝိပါက်သော်လည်း ဖြစ်သော ဥပေက္ခာသဟဂုတ် အဟိတ်မနောဝိညာဏဓာတ်ဟူသော ဥပေက္ခာသန္တီရဏစိတ်သည် ဖြစ်ပေါ်လာ၏ ဟု ဖြေဆိုရာ၏။ (အဘိ၊ဋ္ဌ၊၁၊၃၁၇-၃၁၈။)

ဤအရာဝယ် ရှေးက လေ့ကျက်ခဲ့ဖူးသော ကာမ (ရုပ်+နာမ်) ကို အာရုံပြု၍ အာဂန္တုကဘဝင် ကျသည် ဖြစ်ရာ ယင်းအာရုံမှာ ဣဋ္ဌာရုံ ဖြစ်သော် အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ, အနိဋ္ဌာရုံဖြစ်သော် အဟိတ် အကုသလဝိပါက် ဥပေက္ခာသန္တီရဏတဒါရုံ အသီးအသီး ကျသည်ဟု မှတ်ပါ။

တဒါရုံကျခွင့် မရသော ဝါရများ

၁။ သောမနဿပဋိသန္ဓေ တည်နေခဲ့၍ သာသနာပ မိစ္ဆာအယူရှိသူသည် အလွန် အလိုရှိအပ်သော ဘုရား အစရှိသော အတိဣဋ္ဌာရုံ, စိတ္တက္ခဏ (၁၇)ချက် အပြည့်ရှိသော ဝီထိစိတ်တို့၏ အာရုံဖြစ်သော အတိ မဟန္တာရုံ, မနောဒွါရ၌ ထင်ရှားသော ဝိဘူတာရုံ --- -- ဤအာရုံ (၃)မျိုးတို့တွင် တစ်မျိုးမျိုးကို အာရုံပြု၍ ဒေါသဇော စောခဲ့သော်လည်းကောင်း --- -- သို့မဟုတ် သောမနဿပဋိသန္ဓေ တည်နေသူ၏ အတိဣဋ္ဌာရုံ ဖြစ်သည့် နတ်သ္မီးစသော အတိမဟန္တာရုံ, ဝိဘူတာရုံများကို အာရုံပြုလျက် ရွံ့ကြောက် ထိတ်လန့်သော အားဖြင့် ဒေါသဇော စောခဲ့သော်လည်းကောင်း --- ယင်းဇောတို့၏ နောင်၌ တဒါရုံကျခွင့် မရနိုင်။ အာရုံမှာ အလွန်အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်သော အတိဣဋ္ဌာရုံ ဖြစ်နေသောကြောင့် တဒါရုံကျခဲ့သော် သောမနဿတဒါရုံသာ ကျရလိမ့်မည်။ ထိုသောမနဿတဒါရုံသည် ဒေါသဇော၏နောင်၌ မဖြစ်ထိုက်ပေ။ ဥပေက္ခာတဒါရုံ ကျဖို့ရန်မှာလည်း --- -- အတိဣဋ္ဌေ ပန သောမနဿသဟဂတာနေဝ = အတိဣဋ္ဌာရုံ၌ သောမနဿ တဒါရုံ ဝိပါက်တို့သာ ဖြစ်ကြောင်းကိုသာ ဖွင့်ဆိုလျက် ရှိသောကြောင့် အတိဣဋ္ဌာရုံနှင့် ဥပေက္ခာကား မလျော်ကန်ချေ။

၂။ သောမနဿပဋိသန္ဓေ တည်နေသူ၏သန္တာန်၌ ပဉ္စဒွါရဝယ် မဟန္တာရုံ, မနောဒွါရဝယ် အဝိဘူတာရုံဖြစ်အံ့၊ ထိုအာရုံ၌ ဒေါသဇောစောလျှင် ယင်းဒေါသဇောနောင်၌ တဒါရုံ မကျထိုက်။ မနောဒွါရဝယ် ဝိဘူတာရုံ ဖြစ်ပါမှ, ပဉ္စဒွါရဝယ် အတိမဟန္တာရုံ ဖြစ်ပါမှ တဒါရုံကို အလိုရှိအပ်သောကြောင့်တည်း။

၃။ သောမနဿပဋိသန္ဓေ တည်နေသူ၏ သန္တာန်ဝယ် စျာန်ကို ရရှိပြီးပါမှ စျာန်လျှောကျသဖြင့် ထိုလျှောကျ လေပြီးသော မဟဂ္ဂုတ်စျာန်ကို အာရုံပြုလျက် ငါ၏ မွန်မြတ်သောတရားသည် ပျက်ပြားခဲ့ချေပေါ့ဟု ဒေါသဇော ဖြစ်သည့်အခါ တဒါရုံ မကျထိုက်။ ကာမဇော, ကာမသတ္တဝါ, ကာမအာရုံ ဖြစ်ပါမှ တဒါရုံ ကျခွင့် ရှိရကား ဤ၌ မဟဂ္ဂုတ်အာရုံ ဖြစ်၍ တဒါရုံ မကျထိုက်ခြင်း ဖြစ်သည်။

၄။ သောမနဿပဋိသန္ဓေ နေ၍ ပညတ်အာရုံ တစ်ခုခုကို အာရုံပြုလျက် ဒေါသဇော စောပြန်လျှင် ထိုပညတ် ကို အာရုံပြု၍ တဒါရုံ မကျထိုက်ပေ။ တဒါရုံကား ကာမတရား (= ကာမရုပ်နာမ်) ကိုသာ အာရုံပြု၍ ပညတ်ကို အာရုံမပြုသောကြောင့် ဖြစ်၏။

ဤသို့ တဒါရုံကျခွင့် မရသော ဇောဝါရ (၄)မျိုးတို့၌ ဒေါသဇောနောင်ဖြစ်၍ ပဋိသန္ဓေနှင့် အလားတူသော သောမနဿဘဝင်သည်လည်း မကျနိုင်။

ထိုသို့ တဒါရုံလည်း မကျနိုင် ဘဝင်လည်း မကျနိုင်သဖြင့် အခက်အခဲ တွေ့ကြုံနေသည့်အခါ ဒေါသဇော နှင့် (သောမနဿပဋိသန္ဓေ နေသူ၏) သောမနဿဘဝင်တို့၏ အကြားဝယ် ဘဝဝယ် စိတ်အစဉ် မပြတ်စဲအောင် ဆက်သွယ်ပေးဖို့ရန်အတွက် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်သည် အာဂန္တုကဘဝင်ကိစ္စကို ရွက်ဆောင်လျက် ဖြစ်ပေါ်လာရပေသည်။ ဒေါသဇောနောင်၌ ဤသန္တီရဏစိတ်မှ မဖြစ်လျှင် စိတ်အစဉ်ပြတ်၍ ဘဝအဆုံးသတ် ရတော့မလို ဖြစ်ရကား --- -- ဘဝဿ အင်္ဂံ ဘဝင်္ဂံ - ဟူသော ဝစနတ္ထ-အရ ဘဝမပြတ်ဖို့ရန် ဘဝ၏အကြောင်းတရား အဖြစ်ဖြင့် ဥပေက္ခာသန္တီရဏစိတ်တို့သည် ဘဝင်ကိစ္စတပ်၍ ဖြစ်ကြရလေသည်။

အာဂန္တုကဘဝင် --- -- ပဋိသန္ဓေစိတ်၏ နောက်မှ စ၍ ဘဝတစ်လျှောက် ဝီထိစိတ်တို့၏ အကြားအကြား ဝယ် ဝီထိစိတ်တို့ မဖြစ်ခိုက် ဘဝ၌ စိတ်အစဉ် မပြတ်စဲရေးအတွက် ဖြစ်ခဲ့ကြသော ဘဝင်စိတ်တို့သည် ပဋိသန္ဓေ စိတ်နှင့် တစ်ထပ်တည်း တူကြ၏။ ဥပမာ - ပဋိသန္ဓေက သောမနဿဖြစ်လျှင် ဘဝင်လည်း သောမနဿပင် ဖြစ်ရ၏။ ဥပေက္ခာဖြစ်လျှင် ဥပေက္ခာ, သသင်္ခါရိကဖြစ်လျှင် သသင်္ခါရိက, အသင်္ခါရိကဖြစ်လျှင် အသင်္ခါရိက, ဉာဏသမ္ပယုတ်ဖြစ်လျှင် ဉာဏသမ္ပယုတ် - ဤသို့ စသည်ဖြင့် တစ်ထပ်တည်း တူညီကြရ၏။ ထိုကြောင့် ခန္ဓာအိမ် ပေါ်စကပင် ခန္ဓာအိမ်၌ တည်ရှိနေကြသော ဘဝင်များတည်း။ သို့ဖြစ်၍ ထိုဘဝင်များကို အာဝါသိကဘဝင် = အိမ်ရှင်ဘဝင်ဟု ခေါ်ဆိုရ၏၊ ဤဥပေက္ခာသန္တီရဏကိုကား ယခုကဲ့သို့ အခက်အခဲကြုံတွေ့ရာ တစ်ရံတစ်ခါမှ ဖြစ်ပေါ်လာသောကြောင့် အာဂန္တုက = ဧည့်သည်ဘဝင်ဟု ခေါ်သည်။

ပရမတ္ထဒီပနီ - လယ်တီဆရာတော်ဘုရားကြီး၏ အယူအဆ

ယဒါ ဟိ ကုသလဇဝနာနံ အန္တရန္တရာ အကုသလံ ဇဝတိ၊ တဒါ ကုသလာဝသာနေ အာစိဏ္ဏသဒိသမေဝ အကုသလာဝသာနေ သဟေတုကံ တဒါရမ္မဏံ ယုတ္တံ။ ယဒါ နိရန္တရံ အကုသလမေဝ၊ တဒါ အဟေတုကံ။ (အဘိ၊ဋ္ဌ၊၁၊၃၂၆-၃၂၇။)

= အကြင်အခါ၌ ကုသိုလ်ဇောတို့၏ အကြားအကြားဝယ် အကုသိုလ်ဇောသည် စော၏၊ ထိုအခါမျိုးဝယ် ကုသိုလ်ဇော၏ အဆုံး၌ ကြိမ်ဖန်များစွာ လေ့ကျက်ထားအပ်သော အလေ့အကျက်နှင့် တူစွာသာလျှင် (ကုသိုလ် ကို ကြိမ်ဖန်များစွာ လေ့ကျက်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ်) အကုသိုလ်ဇော၏ အဆုံး၌ သဟိတ် မဟာဝိပါက် တဒါရုံသည် ဖြစ်သင့်၏။

အကြင်အခါ၌ကား အမြဲမပြတ် အကုသိုလ်ဇောသာလျှင် စော၏၊ ထိုအခါမျိုးဝယ် ထိုအကုသိုလ်ဇော၏ အဆုံး၌ အဟိတ်တဒါရုံသည်သာလျှင် ဖြစ်သင့်ပေသည်။ (အဘိ၊ဋ္ဌ၊၁၊၃၂၆-၃၂၇။)

ဤ အဋ္ဌကထာ စကားရပ်များကို ရည်ညွှန်းလျက် လယ်တီဆရာတော်ဘုရားကြီးက ပရမတ္ထဒီပနီတွင် ဤသို့ မိန့်ဆိုထား၏။

ပင်ကိုယ်ရင်းက မဟာဝိပါက် ဥပေက္ခာသဟဂုတ် အဖြစ်များလျှင် ထိုမဟာဝိပါက် ဥပေက္ခာသဟဂုတ် စိတ်များသည်လည်း အာဂန္တုကဘဝင်ကိစ္စတပ်လျက် မဖြစ်နိုင်ဟု မဆိုသင့်၊ အဋ္ဌကထာ၌လည်း -ကုသိုလ်ဇော၏ နောင်၌ သဟိတ်တဒါရုံ အဖြစ်များနေလျှင် ကုသိုလ်ဇောဝီထိတို့၏ အကြားအကြား၌ ရံခါ အကုသိုလ်ဇောသည် စောစေကာမူ ထိုအကုသိုလ်ဇော၏ နောင်ဝယ် သဟိတ်ဝိပါက်တဒါရုံပင် ဖြစ်၏ဟု အဆိုရှိ၏။ ဤအဋ္ဌကထာ အလိုအားဖြင့် - အကုသိုလ်ဇော၏ နောင်ဝယ် သဟိတ်ဝိပါက်တဒါရုံ ဖြစ်နိုင်ပါလျှင် တဒါရုံ၏ကိုယ်စား ကျရ သော အာဂန္တုကဘဝင်သည်လည်း သဟိတ် မဟာဝိပါက်ဘဝင်လည်း ဖြစ်သင့်သည်။ ထိုကြောင့် အာဂန္တုက ဘဝင်ကိစ္စတပ်လျက် --- --

ဥပေက္ခာသဟဂုတ် မဟာဝိပါက်စိတ် --- -- ၄

အဟိတ် ဥပေက္ခာသန္တီရဏ --- -- ၂

ပေါင်းသော် --- -- ၆

ဤ (၆)မျိုးကုန်သော စိတ်တို့သည် ဖြစ်ခွင့် ရှိကြသည် - ဟု ပရမတ္ထဒီပနီ၌ မိန့်ဆို၏။

ဣဋ္ဌာရုံ၌ - ဝိစိကိစ္ဆာနှင့် ဥဒ္ဓစ္စ မောဟမူဇောနောင် တဒါရုံ

ဣဋ္ဌာရမ္မဏေ ပန ကင်္ခတော, ဥဒ္ဓတဿ စ တဒါရမ္မဏံ ကိံ ဟောတီတိ။ ဣဋ္ဌာရမ္မဏသ္မိံ ကင်္ခတု ဝါ မာ ဝါ၊ ဥဒ္ဓတော ဝါ ဟောတု မာ ဝါ။ ကုသလဝိပါကာဟေတုကသောမနဿစိတ္တမေဝ တဒါရမ္မဏံ ဟောတိ။ ဣဋ္ဌမဇ္ဈတ္တာရမ္မဏေ ကုသလဝိပါကာဟေတုကဥပေက္ခာသဟဂတန္တိ။ (အဘိ၊ဋ္ဌ၊၁၊၃၁၇။)

မောဟမူဇော နောင်၌ တဒါရုံ ဖြစ်ပုံကား ဤသို့တည်း။

ဣဋ္ဌာရုံ၌ ယုံမှားမှု ဝိစိကိစ္ဆာသဟဂုတ်စိတ် ဖြစ်နေသော ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း, စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စသဟဂုတ်စိတ် ဖြစ်နေသော ပုဂ္ဂိုလ်၏ သန္တာန်၌ လည်းကောင်း --- -- အဘယ်တဒါရုံသည် ဖြစ်ပါသနည်းဟု မေးရန်ရှိ၏။ ဣဋ္ဌာရုံ၌ ယုံမှားမူလည်း ယုံမှားပါစေ၊ မယုံမှားမူလည်း မယုံမှားပါစေ၊ စိတ်ပျံ့လွင့်သည်မူလည်း ဖြစ်ပါစေ၊ စိတ်မပျံ့လွင့်သည်မူလည်း ဖြစ်ပါစေ၊ အဟိတ်ကုသလဝိပါက် အဟိတ်သောမနဿစိတ်သည်သာ တဒါရုံကိစ္စ တပ်လျက် ဖြစ်ပေါ်လာ၏။ ဣဋ္ဌမဇ္ဈတ္တာရုံ၌ကား အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ်စိတ်သည် တဒါရုံကိစ္စ တပ်လျက် ဖြစ်ပေါ်လာ၏ဟု ဖြေဆိုလေရာ၏။ (အဘိ၊ဋ္ဌ၊၁၊၃၁၇။)

ဤကား မဟာဓမ္မရက္ခိတ မထရ်မြတ်ကြီး၏ ဝါဒတည်း။ ခပ်သိမ်းသော ဆရာမြတ်တို့ အယူတူညီသော သမာနဝါဒအားဖြင့်ကား --- -- အနိဋ္ဌာရုံ၌ အဟိတ် အကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံ, ဣဋ္ဌာရုံ = ဣဋ္ဌမဇ္ဈတ္တာရုံ၌ အဟိတ်ကုသလဝိပါက် တဒါရုံ (၂)ပါးနှင့် မဟာဝိပါက်တဒါရုံ (၈)ပါး, အတိဣဋ္ဌာရုံ၌ အဟိတ် ကုသလဝိပါက် သောမနဿသန္တီရဏတဒါရုံနှင့် မဟာဝိပါက် သောမနဿတဒါရုံ (၄)ပါး ထိုက်သလို ကျနိုင် သည်။ (အဘိဓမ္မတ္ထသင်္ဂဟ။)

ကုသိုလ်ဖြစ်ဖို့ရန် အကုသိုလ်ဖြစ်ဖို့ရန် သတ်မှတ်ပေးသောတရား

ဣဒံ ပန ဇဝနံ ကုသလတ္ထာယ ဝါ အကုသလတ္ထာယ ဝါ ကော နိယာမေတီတိ? အာဝဇ္ဇနဉ္စေဝ ဝေါဋ္ဌဗ္ဗနဉ္စ။ အာဝဇ္ဇနေန ဟိ ယောနိသော အာဝဋ္ဋိတေ ဝေါဋ္ဌဗ္ဗနေန ယောနိသော ဝဝတ္ထာပိတေ ဇဝနံ အကုသလံ ဘဝိဿတီတိ အဋ္ဌာနမေတံ။ အာဝဇ္ဇနေန အယောနိသော အာဝဋ္ဋိတေ ဝေါဋ္ဌဗ္ဗနေန အယောနိသော ဝဝတ္ထာပိတေ ဇဝနံ ကုသလံ ဘဝိဿတီတိပိ အဋ္ဌာနမေတံ။ ဥဘယေန ပန ယောနိသော အာဝဋ္ဋိတေ, ဝဝတ္ထာပိတေ စ ဇဝနံ ကုသလံ ဟောတိ၊ အယောနိသော အကုသလန္တိ ဝေဒိတဗ္ဗံ။ (အဘိ၊ဋ္ဌ၊၁၊၃၁၇။)

= အာဝဇ္ဇန်းသည် (စီးပွားချမ်းသာကို ရခြင်း၏အကြောင်း ဖြစ်သော အာရုံကို နည်းမှန်လမ်းမှန် နှလုံးသွင်းခြင်း) ယောနိသောမနသိကာရအားဖြင့် ဘဝင်ကို လည်စေအပ်သည်ရှိသော် (ရပ်စေအပ်သည်ရှိသော်), ဝုဋ္ဌောသည် (စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းဖြစ်သော အာရုံကို နည်းမှန်လမ်းမှန် နှလုံးသွင်းခြင်း) ယောနိသော မနသိကာရအားဖြင့် အာရုံကို ပိုင်းခြားမှတ်သားအပ်သည်ရှိသော် ဇောသည် အကုသိုလ်ဖြစ်လတ္တံ့ဟူသော ဤ အကြောင်းသည် သင့်သောအကြောင်း မဟုတ်။

အာဝဇ္ဇန်းသည် အယောနိသောမနသိကာရအားဖြင့် (စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းမဟုတ်သော အာရုံကို နည်းမှန်လမ်းမှန် နှလုံးမသွင်းခြင်းအားဖြင့်) ဘဝင်ကို လည်စေအပ်သည်ရှိသော်, ဝုဋ္ဌောသည် အယော နိသောမနသိကာရအားဖြင့် အာရုံကို ပိုင်းခြားမှတ်သားအပ်သည်ရှိသော် ဇောသည် ကုသိုလ်ဖြစ်လတ္တံ့ဟူသော ဤအကြောင်းသည်လည်း သင့်သောအကြောင်း မဟုတ်။

အာဝဇ္ဇန်းနှင့် ဝုဋ္ဌော နှစ်ပါးစုံသည် ယောနိသောမနသိကာရအားဖြင့် ဘဝင်ကို လည်စေအပ်သည်ရှိသော် အာရုံကို ပိုင်းခြား မှတ်သားအပ်သည်ရှိသော် ဇောသည် ကုသိုလ် ဖြစ်၏။

အာဝဇ္ဇန်းနှင့် ဝုဋ္ဌော နှစ်ပါးစုံသည် အယောနိသောမနသိကာရအားဖြင့် ဘဝင်ကို လည်စေအပ်သည် ရှိသော် အာရုံကို ပိုင်းခြားမှတ်သားအပ်သည်ရှိသော် ဇောသည် အကုသိုလ် ဖြစ်၏။ ဤသို့ သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၁၊၃၁၇။)

အနိစ္စ ဒုက္ခ အနတ္တ အသုဘ စစ်စစ် ဧကန်မှန်သော သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တ အသုဘဟု လည်းကောင်း, ရုပ်တရား နာမ်တရားဟုလည်းကောင်း, အကြောင်းတရား အကျိုးတရားဟုလည်းကောင်း နှလုံး သွင်းခြင်းသည် မဂ်ဖိုလ် နိဗ္ဗာန်စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းအားဖြင့် အာရုံကို နည်းမှန်လမ်းမှန် နှလုံးသွင်းခြင်း ယောနိသောမနသိကာရ မည်၏၊ အပြန်အားဖြင့် အယောနိသောမနသိကာရကို သိပါ။

တိဟိတ် - ဒွိဟိတ် - အဟိတ်

တိဟေတုကဇဝနာဝသာနေ ပနေတ္ထ တိဟေတုကံ တဒါရမ္မဏံ ယုတ္တံ၊ ဒုဟေတုကဇဝနာဝသာနေ ဒုဟေတုကံ၊ အဟေတုကဇဝနာဝသာနေ အဟေတုကံ၊ ဘာဇေတွာ ပန န ဝုတ္တံ။ (အဘိ၊ဋ္ဌ၊၁၊၃၂၇။)

ဤအထက်ပါ အဋ္ဌကထာ၏ သတ်မှတ်ထားတော်မူချက်အရ --- --

၁။ တိဟိတ်ဇော၏ နောင်၌ တိဟိတ် တဒါရုံ,

၂။ ဒွိဟိတ်ဇော၏ နောင်၌ ဒွိဟိတ် တဒါရုံ,

၃။ အဟိတ်ဇော (ဟသိတုပ္ပါဒ်ဇော)၏ နောင်၌ အဟိတ် တဒါရုံ --- -- အသီးအသီး ကျနိုင်၏။

ယေဘုယျဟုသာ မှတ်သားပါ

ဤအထက်တွင် ဖော်ပြထားသော တဒါရုံနှင့် ပတ်သက်၍ ဖွင့်ဆိုမှာထားချက်တို့အရ တဒါရုံအကြောင်းကို ခြုံငုံ၍ သုံးသပ်ခဲ့သော် ယေဘုယျအားဖြင့် သန္တီရဏ, ဇော, တဒါရုံတို့သည် ဝေဒနာချင်း တူညီကြ၏။

၁။ ဇော၌ သောမနဿဝေဒနာ ဖြစ်လျှင် သန္တီရဏနှင့် တဒါရုံတို့၌လည်း သောမနဿဝေဒနာပင် အဖြစ်များ၏။

၂။ ဇော၌ ဥပေက္ခာဝေဒနာဖြစ်ပါက သန္တီရဏနှင့် တဒါရုံတို့၌လည်း ဥပေက္ခာပင် အဖြစ်များ၏။

၃။ ဇောသည် တိဟိတ်ဖြစ်ပါက တဒါရုံသည်လည်း တိဟိတ် အဖြစ်များ၏။

၄။ ဇောသည် ဒွိဟိတ်ဖြစ်ပါက တဒါရုံသည်လည်း ဒွိဟိတ်ပင် အဖြစ်များ၏။

သို့အတွက် ဇယားများတွင် ယေဘုယျ စည်းကမ်းသို့ လိုက်၍ ဇောနှင့် တဒါရုံတို့ဝယ် - တိဟိတ် ဒွိဟိတ် သောမနဿဝေဒနာ ဥပေက္ခာဝေဒနာတို့ကို ဦးစားပေး၍ ဖော်ပြထားပါသည်။ အသေးစိတ် အတိအကျကိုမူ ကား အထက်ပါ ဖွင့်ဆိုချက်များ အတိုင်းသာ မှတ်သားပါလေ။

တဒါရုံ မကျခြင်းအကြောင်း

တဒါရုံ မကျခြင်းအကြောင်း

ယသ္မာ စဿ သဗ္ဗော ကာမာဝစရဝိပါကော, ကိရိယမနောဓာတု ကိရိယအဟေတုကမနောဝိညာဏဓာတု သောမနဿသဟဂတာ ဣမေ ဓမ္မာ ပရိတ္တာရမ္မဏာတိ ဧဝံ အစ္စန္တပရိတ္တမေဝ အာရမ္မဏံ ဝုတ္တံ။ တသ္မာ ပေတံ မဟဂ္ဂတလောကုတ္တရာရမ္မဏေ ကာမာဝစရဓမ္မေပိ နာနုဗန္ဓတီတိ ဝေဒိတဗ္ဗံ။ (အဘိ၊ဋ္ဌ၊၂၊၁၄၇။)

၁။ အလုံးစုံသော ကာမာဝစရဝိပါက်မှန်သမျှသည် ပရိတ္တာရမ္မဏ = ကာမတရားသာလျှင် အာရုံရှိ၏၊ ကာမ တရား အမည်ရသည့် ရုပ်တရား နာမ်တရားကိုသာ အာရုံပြု၏။

၂။ ပဉ္စဒွါရာဝဇ္ဇန်းဟူသော စက္ခုဒွါရအစ ကာယဒွါရအဆုံး ရှိသည့် ဒွါရ (၅)ပါး၌ ထိုက်သလို ထင်လာသည့် ရူပါရုံအစ ဖောဋ္ဌဗ္ဗာရုံ အဆုံးရှိသည့် အာရုံ (၅)မျိုးကို ထိုက်သလို ဆင်ခြင်တတ်သော ကိရိယမနော ဓာတ်သည်လည်း ပရိတ္တာရမ္မဏ = ကာမတရားသာလျှင် အာရုံ ရှိ၏၊ ကာမတရား အမည်ရသည့် ရုပ်တရား နာမ်တရားကိုသာ အာရုံပြု၏။

၃။ ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌သာ ဖြစ်လေ့ရှိသော ပြုံးရယ်ခြင်းကို ဖြစ်စေတတ်သော စိတ်တစ်မျိုး ဖြစ်သည့် ဟသိတုပ္ပါဒ် အမည်ရသော သောမနဿ အဟိတ်ကြိယာ မနောဝိညာဏဓာတ်သည်လည်း ပရိတ္တာရမ္မဏ = ကာမတရားသာလျှင် အာရုံရှိ၏၊ ကာမတရား အမည်ရသည့် ရုပ်တရား နာမ်တရားကိုသာ အာရုံပြု၏။

ဤသို့လျှင် ကာမဝိပါက်မှန်သမျှနှင့် ပဉ္စဒွါရာဝဇ္ဇန်း ဟသိတုပ္ပါဒ်စိတ်တို့ကို ကာမတရား အမည်ရသော ရုပ်တရားနှင့် ကာမာဝစရနာမ်တရားတို့ကိုသာ ဧကန်အာရုံပြု၏ဟု ဘုရားရှင် ဟောကြားထားတော်မူအပ်ပေ သည်။ သို့အတွက် တဒါရုံသည်လည်း ကာမဝိပါက်စိတ်ပင် ဖြစ်ရကား ဧကန်အားဖြင့် ကာမတရားကိုသာ အာရုံ ပြုနိုင်သည်။ သို့အတွက် ယင်းတဒါရုံသည် မဟဂ္ဂုတ် လောကုတ္တရာတရားတို့ကို အာရုံပြုသော ကာမာဝစရဓမ္မ အမည်ရသော ကာမဇောများ၏ နောင်၌လည်း ယင်းဇောယူသည့် မဟဂ္ဂုတ် လောကုတ္တရာတရားတည်းဟူသော အာရုံသို့ အစဉ်မလိုက်နိုင်ဟု သိပါလေ။ (တဒါရုံ မကျနိုင် ဟူလိုသည်။) (အဘိ၊ဋ္ဌ၊၂၊၁၄၇။)

ဤတွင် တဒါရုံ အကြောင်းသိကောင်းစရာများ ပြီးဆုံးပြီ ဖြစ်သည်။

__________