မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာနဂါမိနိပဋိပဒါ-ပဉ္စမတွဲ

ဝီကီရင်းမြစ် မှ

နိဗ္ဗာနဂါမိနိပဋိပဒါ - ပဉ္စမတွဲ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

နိဒါနကထာ

အကြောင်းပြစာတမ်းလွှာ

ယောက်ျားမြတ်တို့၏ အကြံ

မြတ်စွာဘုရားရှင်သည် တစ်ဝါ ရတော်မူပြီးနောက် ပထမအကြိမ် ကပိလဝတ်နေပြည်တော်သို့ ကြွရောက်တော်မူပြီးလျှင် ထိုမှ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတိုက်တော်သို့ ပြန်လည် ကြွချီတော်မူလာရာ လမ်းခုလတ် တစ်နေရာ၌ တည်ရှိသော အနုပိယသရက်ဥယျာဉ် တောအုပ်ကြီးအတွင်း၌ ခေတ္တသီတင်းသုံးနေတော်မူစဉ် အနုရုဒ္ဓမင်းသား, ဘဒ္ဒိယမင်းသား, အာနန္ဒမင်းသား, ဘဂုမင်းသား, ကိမိလမင်းသား, ဒေဝဒတ္တမင်းသား -- ဤ မင်းညီမင်းသား ခြောက်ဦးတို့သည် ဥပါလိဆေတ္တာသည်နှင့် အတူတကွ မြတ်စွာဘုရားရှင်၏ ထံတော်မှောက်သို့ လာရောက်၍ ရှင်ရဟန်း ပြုကြလေသည်။

ထိုခုနစ်ပါးတို့အနက် အရှင်ဘဒ္ဒိယမထေရ်သည် ထိုဝါတွင်းမှာပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော် မူလေသည်။ အရှင်အနုရုဒ္ဓါမထေရ်သည် လောကီစျာန်သမာပတ် ရှစ်ပါးနှင့်တကွ ဒိဗ္ဗစက္ခုအဘိညာဏ်ကို ဖြစ်စေတော်မူလေသည်။ အရှင်ဒေဝဒတ်မထေရ်သည် လောကီစျာန်သမာပတ် ရှစ်ပါးတို့နှင့်အတူတကွ လောကီ အဘိညာဏ်တို့ကို ရရှိတော်မူလေသည်။ အရှင်အာနန္ဒာမထေရ်သည် သောတာပတ္တိဖိုလ်၌ တည်တော်မူလေသည်။ အရှင်ဘဂုမထေရ်, အရှင်ကိမိလမထေရ်တို့ကား နောက်အခါမှာမှ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူကြလေသည်။

အထူးသဖြင့် အရှင်အနုရုဒ္ဓါမထေရ်မြတ်သည် ရဟန်းပြုတော်မူပြီးနောက် ထို ပထမဝါတွင်းမှာပင် လောကီစျာန်သမာပတ် ရှစ်ပါးတို့ကို ရရှိတော်မူကာ လောကဓာတ် စကြဝဠာတိုက်ပေါင်း တစ်ထောင်ကို ရှုမြင်ခြင်းငှာ စွမ်းနိုင်သော ဒိဗ္ဗစက္ခုအဘိညာဏ် အသိဉာဏ်ကို ရရှိတော်မူခဲ့လေသည်။ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို ဆက်လက်၍ ကြိုးပမ်းတော်မူရာ ထိုဝါတွင်း၌ အောင်မြင်မှု မရ ဖြစ်နေ၏။ အရှင်အနုရုဒ္ဓါမထေရ်မြတ်သည် တစ်နေ့သ၌ အရှင်သာရိပုတ္တရာမထေရ်မြတ်ထံသို့ သွားရောက်ပြီးလျှင် ဤသို့ လျှောက်ထားတော်မူ၏။ ---

၁။ အရှင်ဘုရား သာရိပုတ္တရာ ...တပည့်တော်သည် အထူးသဖြင့် စင်ကြယ်သော, လူတို့၏ မျက်စိအမြင်ကို လွန်သော နတ်မျက်စိနှင့်တူသော ဒိဗ္ဗစက္ခုအဘိညာဏ်မျက်စိဖြင့် တစ်ထောင်သော လောကဓာတ်ကို မြင်နိုင်စွမ်းရှိပါ၏။

၂။ တပည့်တော်သည် တွန့်ဆုတ်မှုမရှိဘဲ သမထဝိပဿနာ ဘာဝနာတို့၌ အပြင်းအထန် ကြိုးစားအားထုတ်ခြင်း လုံ့လ ဝီရိယကို အားထုတ်အပ်ပါ၏။ ကာယ ဝေဒနာ စိတ္တ ဓမ္မ အမည်ရသော အကြောင်းတရားနှင့် တကွသော သင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို သိမ်းဆည်းတတ်သော သတိသည် မေ့ပျောက်ခြင်း မရှိမူ၍ ထင်နေပါ၏။ ကိုယ်စိတ်သည် ပူပန်ခြင်းမရှိ ငြိမ်းအေးပါ၏။ စိတ်သည် တစ်ခုတည်းသော အာရုံရှိသည်ဖြစ်၍ ကောင်းစွာ တည်ကြည်ပါ၏။

၃။ ထိုသို့ ဖြစ်ပါလျက်လည်း တပည့်တော်၏ စိတ်သည် ဥပါဒါနက္ခန္ဓာငါးပါး သင်္ခါရတရားတို့၌ တဏှာ ဒိဋ္ဌိတို့ဖြင့် ငါ-ငါ့ဟာ ဟု မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ မလွတ်ကင်းသေးပါ ဘုရား - ဟူ၍ ---

ဤသို့ လျှောက်ထားလေ၏။ ထိုအခါ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးက အရှင်အနုရုဒ္ဓါကိုယ်တော်မြတ်ကို ဤသို့ မိန့်ဆိုတော်မူ၏။ ---

၁။ ငါ့ရှင် အနုရုဒ္ဓါ ...ငါသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ကို လွန်သော နတ် မျက်စိနှင့် တူသော ဒိဗ္ဗစက္ခု အဘိညာဏ် မျက်စိဖြင့် တစ်ထောင်သော လောကဓာတ်ကို မြင်နိုင်စွမ်း ရှိပါ၏ဟု ဤသို့ အကြံဖြစ်ခြင်းသည်ပင် သင့်သန္တာန်ဝယ် မာနဖြစ်၍ နေ၏။

၂။ ငါ့ရှင် အနုရုဒ္ဓါ ...ငါသည် တွန့်ဆုတ်မှုမရှိဘဲ သမထ ဝိပဿနာ ဘာဝနာတို့၌ အပြင်းအထန် ကြိုးစား အားထုတ်ခြင်း လုံ့လဝီရိယကို အားထုတ်အပ်ပါ၏၊ ကာယ ဝေဒနာ စိတ္တ ဓမ္မ အမည်ရသော အကြောင်းတရားနှင့်တကွသော သင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို သိမ်းဆည်းတတ်သောသတိသည် မေ့ပျောက်ခြင်းမရှိမူ၍ ထင်နေပါ၏၊ ကိုယ်စိတ်သည် ပူပန်ခြင်းမရှိ ငြိမ်းအေးပါ၏၊ စိတ်သည် တစ်ခုတည်းသော အာရုံရှိသည်ဖြစ်၍ ကောင်းစွာ တည်ကြည်ပါ၏ ဟု ဤသို့ အကြံ ဖြစ်ခြင်း သည်ပင် သင့်သန္တာန်ဝယ် စိတ်ပျံ့လွင့်ခြင်း = ဥဒ္ဓစ္စ ဖြစ်၍ နေ၏။

၃။ ငါ့ရှင် အနုရုဒ္ဓါ ...ထိုသို့ ဖြစ်ပါလျက်လည်း ငါ၏ စိတ်သည် ဥပါဒါနက္ခန္ဓာငါးပါး သင်္ခါရတရားတို့၌ တဏှာ ဒိဋ္ဌိတို့ဖြင့် ငါ-ငါ့ဟာဟု မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ မလွတ်ကင်းသေးပါဟု ဤသို့ အကြံဖြစ်ခြင်းသည်ပင် သင့်သန္တာန်ဝယ် တွေးတော ပူပန်မှု သံသယကုက္ကုစ္စ ဖြစ်၍ နေ၏။

ငါ့ရှင် အနုရုဒ္ဓါ ...တပည့်တော် တိုက်တွန်းတောင်းပန်စကား ပြောကြားလိုသည်မှာ အရှင်အနုရုဒ္ဓါသည် မိမိသန္တာန်၌ ဖြစ်ပွားနေသော ဤ မာန, ဥဒ္ဓစ္စ, ကုက္ကုစ္စ တရားသုံးမျိုးတို့ကို ပယ်စွန့်၍ ဤတရားသုံးမျိုးတို့ကို နှလုံးမသွင်းဘဲ အမြိုက်နိဗ္ဗာန်ဓာတ်သို့ = မသေရာအမြိုက် နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်ဖြစ်သည့် သမထ အာရုံ ဝိပဿနာအာရုံသို့ မိမိ၏ စိတ်ကို ပို့ဆောင်စေချင်ပါသည် ဘုရား --- ဟူ၍ ကမ္မဋ္ဌာန်းတရားကို ပြင်ပေးတော်မူလေသည်။ (အံ၊ဋ္ဌ၊၃၊၂၂၅။)

အရှင်အနုရုဒ္ဓါမထေရ်မြတ်သည် ကမ္မဋ္ဌာန်းကို သင်ယူပြီးနောက် မြတ်စွာဘုရားရှင်ကို ပန်ကြား လျှောက်ထားပြီးလျှင် စေတိတိုင်းသို့ သွားရောက်ကာ ထိုစေတိတိုင်းဝယ် အေ့ရှဝါးတောအရပ်၌ နေထိုင်သီတင်းသုံးတော် မူ၍ ရဟန်းတရားကို ပွားများအားထုတ်တော်မူလေသည်။ ထိုအချိန်တွင် ဘုရားရှင်သည် ဘဂ္ဂတိုင်း သုသုမာရဂိရိမြို့ကို ဆွမ်းခံရွာအဖြစ် အမှီပြု၍ သားတို့ကို ဘေးမဲ့ပေးရာ ဘေသကဠာဝန အမည်ရသော တောအုပ်ကြီး အတွင်း ဘေသကဠာဝနကျောင်းတိုက်၌ သီတင်းသုံးနေတော်မူ၏။ ဘုရားရှင် သီတင်းသုံးတော်မူရာ ဘဂ္ဂတိုင်း ဘေသကဠာဝန တောအုပ်မှာ အနောက်ဘက်တွင် တည်ရှိ၍ အရှင်အနုရုဒ္ဓါမထေရ်မြတ် သီတင်းသုံးတော်မူရာ စေတိတိုင်း ဝါးတော အရပ်မှာ အေ့ရှဘက်တွင် တည်ရှိနေပေသည်။

အရှင်အနုရုဒ္ဓါကိုယ်တော်မြတ်သည် တစ်ဆယ့်ငါးရက် = လဝက်ပတ်လုံး မအိပ်မနေ စင်္ကြံသွား၍ သမထ ဝိပဿနာဘာဝနာတရားတို့ကို အပြင်းအထန်ကြိုးစားအားထုတ်တော်မူလေသည်။ မထေရ်မြတ်သည် ကမ္မဋ္ဌာန်း အလုပ် အားထုတ်မှု ဒဏ်ချက် ပြင်းထန်စွာ နှိပ်စက်အပ်ရကား ပင်ပန်း နွမ်းနယ်သော ကိုယ်ရှိသည် ဖြစ်၍ ဝါးရုံတစ်ခု၏ အောက်ဝယ် မြက်သစ်ရွက်တို့ကို စုရုံးလျက် အခင်းပြုကာ အပေါ်မှ အခင်းတစ်ခု ထပ်ခင်းလျက် ထိုအခင်းထက်၌ ခေတ္တ အပန်းဖြေ ထိုင်နေတော်မူလေသည်။ ထိုအခါ အရှင်အနုရုဒ္ဓါ မထေရ်မြတ်၏ စိတ်အစဉ်ဝယ် မဟာပုရိသဝိတက္က အမည်ရသော ယောက်ျားမြတ်တို့၏ အကြံများသည် ထင်ရှားစွာ ဖြစ်ပွားလာလေသည်။ အရှင်အနုရုဒ္ဓါမထေရ်မြတ်သည် မဟာပုရိသဝိတက်ကြီး ခုနစ်မျိုးတို့ကို ကြံစည်စဉ်းစားဆင်ခြင်ပြီးနောက် ေ့ရှသို့ တစ်ဆင့်တက်၍ ရှစ်ခုမြောက်ဖြစ်သော မဟာပုရိသဝိတက်ကြီးကို ဆက်လက်၍ ကြံစည်ဆင်ခြင်ရန် ပင်ပန်းလျက် ရှိလေ၏။ မှန်ပေသည် ------ သာဝကတို့အဖို့ရာ ပညာတိုင်အောင်သော ခုနစ်မျိုးသော မဟာပုရိသဝိတက်တို့ကို စဉ်းစားဆင်ခြင် ပြီးသောအခါ ထို့ထက် အထက်သို့ တက်၍ တရားတစ်မျိုးကို စဉ်းစားဆင်ခြင်ရန် ဝန်လေးမြဲ ပင်ပန်းမြဲ ဓမ္မတာဖြစ်လေသည်။ သာဝကတို့အဖို့ရာ ပညာတွင်ရွေ့သာ တရားဆုံး၍နေမြဲ ဓမ္မတာ ဖြစ်သည်။ ထိုကြောင့်ပင်လျှင် အရှင်အနုရုဒ္ဓါမထေရ်မြတ်သည် ခုနစ်ခုမြောက် ပညာနှင့်စပ်သော မဟာပုရိသဝိတက်ကြီးကို ကြံစည်စဉ်းစား ဆင်ခြင်ပြီးနောက် ရှစ်ခုမြောက်ဖြစ်သော မဟာပုရိသဝိတက်ကြီးကို ဆက်လက်၍ ကြံစည် ဆင်ခြင်ရန် ပင်ပန်းလျက် ရှိလေသည်။

ထိုအခါ ဘုရားရှင်သည် ထိုသို့ ပင်ပန်းနေကြောင်းကို သိရှိတော်မူသဖြင့် တန်ခိုးအဘိညာဏ်ဖြင့် တစ်ခဏချင်းမှာပင် ကြွလာတော်မူကာ ရှစ်ခုမြောက် မဟာပုရိသဝိတက်ကိုပါ ဖြည့်စွက်တော်မူလျက် မဟာပုရိသဝိတက်ကြီး (၈)မျိုးကို ဟောကြားပြသပေးတော်မူ၏။

ထိုနောင် ဤ မဟာပုရိသဝိတက်ကြီး ရှစ်မျိုးကို ကြံစည်စိတ်ကူးနေလျှင် လောကီ ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်တို့ကို အလွယ်တကူ ရယူဝင်စားနိုင်ကြောင်းကိုလည်းကောင်း, ဤ မဟာပုရိသ ဝိတက်ကြီး ရှစ်မျိုးကို ကြံစည်ကာ လောကီစျာန်လေးပါးတို့ကို အလွယ်တကူ ရယူဝင်စားနေလျှင် ---

၁။ ရရသမျှသော ပံ့သကူသင်္ကန်းဖြင့် ရောင့်ရဲလွယ်ခြင်း စီဝရသန္တောသ,

၂။ ဆွမ်းခံဝတ်ဖြင့် ရရသမျှသော ဆွမ်းဖြင့် ရောင့်ရဲလွယ်ခြင်း ပိဏ္ဍပါတသန္တောသ,

၃။ ရရသမျှသော သစ်ပင်ရင်းတည်းဟူသော ကျောင်းဖြင့် ရောင့်ရဲလွယ်ခြင်း သေနာသနသန္တောသ,

၄။ ရရသမျှသော မြက်သစ်ရွက်အခင်းဖြင့် ရောင့်ရဲလွယ်ခြင်း သယနာသနသန္တောသ,

၅။ ရရသမျှသော နွားကျင်ငယ်ပုပ်ဖြင့် စိမ်ထုံထားအပ်သော ဇီးဖြူသီး ဖန်ခါးသီးစသော ဆေးဖြင့် ရောင့်ရဲလွယ်ခြင်း ဘေသဇ္ဇသန္တောသ ---

ဤ သန္တောသတရား ငါးပါးတို့နှင့် ပြည့်စုံလာနိုင်ကြောင်းကိုလည်းကောင်း, ဤ မဟာပုရိသဝိတက်ကြီး ရှစ်မျိုးကို ကြံစည်စိတ်ကူးနေလျှင်, ရူပါဝစရစျာန်လေးပါးတို့ကို မငြိုမငြင် မပင်မပန်း လွယ်လွယ်ကူကူ ရယူဝင်စားနိုင်လျှင်, ဤသန္တောသတရားငါးမျိုးနှင့် ပြည့်စုံညီညွတ်နေလျှင် သမထဝိပဿနာ ဘာဝနာတို့၌ မွေ့လျော် ပျော်ပိုက်နှစ်ခြိုက်ခြင်း ဘာဝနာရာမတာ အရိယဝံသပဋိပဒါကိုလည်းကောင်း, ကိလေသာဟူ အပူခပ်သိမ်းမှ အငြိမ်းကြီး ငြိမ်းရာဖြစ်သော နိဗ္ဗာန်တရားတော်မြတ်ကြီးကိုလည်းကောင်း အလွယ်တကူ ရယူနိုင်ကြောင်းတို့ကို အကျယ်တဝင့် ဟောကြားပေးတော်မူ၏။ ထိုနောင် ဘုရားရှင်သည် အရှင်အနုရုဒ္ဓါအား ပါစိနဝံသဒါယ အမည် ရသော ဤ အေ့ရှဝါးတောအရပ်၌ပင် နောက်နှစ် ဝါ၌ ဝါဆို ဝါကပ်လျက် ရဟန်းတရားများကို ပွားများအားထုတ်ရန် မိန့်မှာတော်မူပြီးနောက် ဘေသကဠာဝန ကျောင်းတိုက်သို့ ပြန်ကြွတော်မူ၏။ ဘုရားရှင်သည် ဘေသကဠာဝနကျောင်းတိုက်သို့ ပြန်လည်ဆိုက်ရောက်တော်မူလာသောအခါ ရဟန်းသံဃာတော်အပေါင်းအား မဟာပုရိသဝိတက္က အမည်ရသည့် ယောက်ျားမြတ်တို့၏ အကြံ (၈)မျိုးကို အကျဉ်း အကျယ် နှစ်သွယ် ပိုင်းခြားလျက် ဟောကြားပြသ ဆိုဆုံးမတော်မူလေသည်။ ဤ၌ ယင်းအကြံ ရှစ်မျိုး၏ ဆိုလိုရင်းအချက်ကို ကောက်နုတ်၍ တင်ပြပေအံ့။ ---

၁။ အပ္ပိစ္ဆဿာယံ ဘိက္ခဝေ ဓမ္မော၊ နာယံ ဓမ္မော မဟိစ္ဆဿ။

၂။ သန္တုဋ္ဌဿာယံ ဘိက္ခဝေ ဓမ္မော၊ နာယံ ဓမ္မော အသန္တုဋ္ဌဿ။

၃။ ပဝိဝိတ္တဿာယံ ဘိက္ခဝေ ဓမ္မော၊ နာယံ ဓမ္မော သင်္ဂဏိကာရာမဿ။

၄။ အာရဒ္ဓဝီရိယဿာယံ ဘိက္ခဝေ ဓမ္မော၊ နာယံ ဓမ္မော ကုသီတဿ။

၅။ ဥပဋ္ဌိတဿတိဿာယံ ဘိက္ခဝေ ဓမ္မော၊ နာယံ ဓမ္မော မုဋ္ဌဿတိဿ။

၆။ သမာဟိတဿာယံ ဘိက္ခဝေ ဓမ္မော၊ နာယံ ဓမ္မော အသမာဟိတဿ။

၇။ ပညဝတော အယံ ဘိက္ခဝေ ဓမ္မော၊ နာယံ ဓမ္မော ဒုပ္ပညဿ။

၈။ နိပ္ပပဉ္စာရာမဿာယံ ဘိက္ခဝေ ဓမ္မော နိပ္ပပဉ္စရတိနော၊ နာယံ ဓမ္မော ပပဉ္စာရာမဿ ပပဉ္စရတိနော။ (အံ၊၃၊၆၅။)

၁။ ရဟန်းတို့ ...ဤလောကုတ္တရာတရား ကိုးပါးသည် အလိုနည်းပါးသော = လိုချင်မှု ဣစ္ဆာ တဏှာမရှိသော အပ္ပိစ္ဆပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏။ ဤလောကုတ္တရာတရား ကိုးပါးသည် အလိုရမ္မက်ကြီးမားလှသော မဟိစ္ဆပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။ (အံ၊၃၊၆၅။)

ပစ္စည်းလေးပါးကို များများ လှူလျှင် နည်းနည်းသာ အလှူခံ၍, နည်းနည်း လှူလျှင်လည်း လှူသည့် အောက် ယုတ်လျော့၍ နည်းနည်းကိုသာ အလှူခံပြီးလျှင် အကုန်လုံးကို အလှူမခံသော ပစ္စည်းလေးပါး၌ အလိုနည်းသော ပစ္စယ အပ္ပိစ္ဆပုဂ္ဂိုလ်, မိမိ မဂ်ဖိုလ်တရားထူး တရားမြတ်ရသည်ကို သူတစ်ပါးတို့အား အသိ မပေးလိုဘဲ လျှို့ဝှက်ထားသော အဓိဂမ အပ္ပိစ္ဆပုဂ္ဂိုလ်, မိမိ ပရိယတ် ဗဟုသုတ ပေါများတတ်ကျွမ်းသည်ကို သူတစ်ပါးတို့အား အသိမပေးလိုဘဲ လျှို့ဝှက်ထားသော ပရိယတ္တိ အပ္ပိစ္ဆပုဂ္ဂိုလ်, မိမိဓုတင်ဆောက်တည်ထားသည်ကို သူတစ်ပါးတို့အား အသိမပေးလိုဘဲ လျှို့ဝှက်ထားသော ဓုတင်္ဂ အပ္ပိစ္ဆပုဂ္ဂိုလ်ဟု အလိုနည်းပါးသော အပ္ပိစ္ဆပုဂ္ဂိုလ် လေးမျိုး ရှိ၏။

ထို အလိုနည်းပါးသော အပ္ပိစ္ဆပုဂ္ဂိုလ်သည် အပ္ပိစ္ဆပုဂ္ဂိုလ်ဖြစ်သော်လည်း အလိုနည်းပါးသော အပ္ပိစ္ဆပုဂ္ဂိုလ် ဟု သူတစ်ပါးတို့သိမှာကို အလိုမရှိ။ ရရသမျှသော ပစ္စည်းလေးပါးဖြင့် ရောင့်ရဲလွယ်သူဖြစ်လျက် ရောင့်ရဲလွယ်သူ ဟု သူတစ်ပါးတို့က သိမှာကို အလိုမရှိ။ ဝိဝေကတရား သုံးပါး၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သူ ဖြစ်လျက် ဝိဝေကတရားသုံးပါး၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သူဟု သူတစ်ပါးတို့က သိမှာကို အလိုမရှိ။ ထက်သန်သော လုံ့လဝီရိယရှိသော ပုဂ္ဂိုလ်ဖြစ်လျက် ထက်သန်သော လုံ့လဝီရိယရှိသူဟု သူတစ်ပါးတို့က သိမှာကို အလိုမရှိ။ ထင်လင်းသော သတိရှိသူဖြစ်လျက် ထင်လင်းသော သတိရှိသူဟု သူတစ်ပါးတို့က သိမှာကို အလိုမရှိ။ ဥပစာရ အပ္ပနာ နှစ်ဖြာသော သမာဓိရှိသူ ဖြစ်လျက် သမာဓိရှိသူဟု သူတစ်ပါးတို့က သိမှာကို အလိုမရှိ။ ဝိပဿနာ ဉာဏ်ပညာနှင့် ပြည့်စုံသူဖြစ်လျက် ဝိပဿနာဉာဏ်ပညာနှင့် ပြည့်စုံသူဟု သူတစ်ပါးတို့က သိမှာကို အလိုမရှိ။ သံသရာကိုချဲ့ထွင်တတ်သည့် တဏှာ မာန ဒိဋ္ဌိတည်းဟူသော ပပဉ္စတရားကင်းရာ နိဗ္ဗာန်တရားတော်မြတ်၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သူ ဖြစ်လျက် ပပဉ္စတရား ကင်းရာ နိဗ္ဗာန်တရားတော်မြတ်၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သူဟု သူတစ်ပါးတို့က သိမှာကို အလိုမရှိ။ ထိုမျှ အလိုနည်းပါးသူ ဖြစ်၏။ (အံ၊၃၊၆၆။)

၂။ ရဟန်းတို့ ...ဤလောကုတ္တရာတရား ကိုးပါးသည် ရရသမျှသော, မျှတရုံသာဖြစ်သော, ကြည်ညိုဖွယ်ရုံမျှသာဖြစ်သော ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းလေးပါးဖြင့် ရောင့်ရဲလွယ်သော ပုဂ္ဂိုလ်၏ သန္တာန်၌ သာလျှင် ပြည့်စုံနိုင်၏။ ဤလောကုတ္တရာတရား ကိုးပါးသည် မရောင့်ရဲနိုင်သော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။ (အံ၊၃၊၆၅။)

၃။ ရဟန်းတို့ ...ဤလောကုတ္တရာတရား ကိုးပါးသည် ဝိဝေကသုံးဖြာ၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏။ ပုဂ္ဂိုလ်သတ္တဝါအပေါင်းအဖော် ကိလေသာအပေါင်းအဖော်၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။ (အံ၊၃၊၆၅။)

ကာယဝိဝေက စိတ္တဝိဝေက ဥပဓိဝိဝေကဟု ဝိဝေကသုံးပါးရှိ၏။ ဂိုဏ်းအပေါင်းအဖော်ကို စွန့်လွှတ်၍ တစ်ယောက်ထီးတည်း သွားခြင်း ရပ်ခြင်း ထိုင်ခြင်း အိပ်ခြင်း စားခြင်းစသည်ဖြင့် တစ်ယောက်ထီးတည်း နေလေ့ ရှိခြင်းသည် ကာယဝိဝေကမည်၏။ ကာယဝိဝေကမျှနှင့်ကား လောကုတ္တရာတရား ကိုးပါးသည် မပြီးစီး မပြည့်စုံ နိုင်ရကား ကသိုဏ်းပရိကံများကို ပြု၍ သမာပတ်ရှစ်ပါးတို့ကို ဖြစ်စေ၏၊ ဤသမာပတ်ရှစ်ပါးသည် စိတ္တဝိဝေက မည်၏။ သမာပတ်ရှစ်ပါးမျှဖြင့်လည်း လောကုတ္တရာတရား ကိုးပါးသည် မပြီးစီး မပြည့်စုံနိုင်ရကား ယင်းစျာန် သမာပတ်ကို ဝိပဿနာ၏ အခြေပါဒကပြု၍ သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်လေသော် ပဋိသမ္ဘိဒါဉာဏ်လေးပါးတို့နှင့် အတူတကွ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူ၏။ ဤအရဟတ္တဖိုလ် နိဗ္ဗာန်သည်ကား ခပ်သိမ်းသော အခြင်းအရာအားဖြင့် ဥပဓိဝိဝေကမည်၏။ ထိုနိဗ္ဗာန်သည် ကာမဂုဏ်တို့မှလည်း ကင်းဆိတ်၏၊ ကိလေသာတို့မှလည်း ကင်းဆိတ်၏၊ ဘဝသစ်ကို ပြုပြင်တတ်သော အဘိသင်္ခါရတရားတို့မှလည်း ကင်းဆိတ်၏၊ ခန္ဓာငါးပါးတို့မှလည်း ကင်းဆိတ်၏။ ထိုကြောင့် ယင်းနိဗ္ဗာန်သည် ဥပဓိဝိဝေက မည်၏။ ဤသို့ ဝိဝေကသုံးပါး၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သော ပုဂ္ဂိုလ်သည် ဆိုက်ရောက်လာသော ပရိသတ်အား ဝိဝေကသုံးဖြာ၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သော စိတ်ထားရှိရန် ဝိဝေကသုံးဖြာသို့ ညွတ်ကိုင်းရှိုင်းသော စိတ်ဓာတ်ရှိရန် ညွှန်ကြားလျက် ပြန်လွှတ်ကာ သမထဝိပဿနာ ဘာဝနာတို့ကိုသာ အားထုတ်လေသည်။ (အံ၊၃၊၆၆။ အံ၊ဋ္ဌ၊၃၊၂၂၆။)

၄။ ရဟန်းတို့ ...ဤလောကုတ္တရာတရား ကိုးပါးသည် အကုသိုလ်တရားတို့ကို ပယ်နိုင်ရန် ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် သမထဝိပဿနာ ဘာဝနာတို့ကို အပြင်းအထန် ကြိုးစားအားထုတ်သော စွမ်းအားနှင့် ပြည့်စုံသော ထက်သန်မြဲမြံသော ဇွဲလုံ့လဝီရိယရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏၊ ပျင်းရိသော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။ (အံ၊၃၊၆၅။)

၅။ ရဟန်းတို့ ...ဤလောကုတ္တရာတရား ကိုးပါးသည်, ကာယ ဝေဒနာ စိတ္တ ဓမ္မ အမည်ရသော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၌ သိမ်းဆည်းတတ်သော ထင်လင်းသော သတိ, ယင်း ကာယ ဝေဒနာ စိတ္တ ဓမ္မ အမည်ရသော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၏ အကြောင်းတရားတို့၌ သိမ်းဆည်းတတ်သော ထင်လင်းသော သတိ, အကြောင်းတရားနှင့်တကွသော ယင်းရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့၌ သိမ်းဆည်းတတ်သော ထင်လင်းသော သတိ --- ဤကဲ့သို့သော ထင်လင်းသော သတိရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏၊ သတိ လွတ်ကင်းသော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။ (အံ၊၃၊၆၅-၆၇။)

၆။ ရဟန်းတို့ ...ဤလောကုတ္တရာတရား ကိုးပါးသည် ဥပစာရ အပ္ပနာ နှစ်ဖြာသောသမာဓိရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏၊ ဥပစာရ အပ္ပနာ နှစ်ဖြာသော သမာဓိ မရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။ (အံ၊၃၊၆၅။)

ဤ၌ သမာဓိအရ ပထမစျာန်သမာဓိ ဒုတိယစျာန်သမာဓိ တတိယစျာန်သမာဓိ စတုတ္ထစျာန်သမာဓိတို့ကို ဆိုလိုကြောင်းကို ဘုရားရှင်ကိုယ်တော်တိုင်က ထို အနုရုဒ္ဓမဟာဝိတက္ကသုတ္တန် (အံ၊၃၊၆၇။) တွင် ရှင်းလင်း ဟောကြားထားတော်မူ၏။ အထွတ်အထိပ်သို့ ရောက်နေသော ဥပစာရသမာဓိဟူသော ကာမာဝစရသမာဓိ, ရူပါဝစရသမာဓိ, အရူပါဝစရသမာဓိဟု သမာဓိသုံးမျိုးရှိရာ အလယ်၌တည်ရှိသော ရူပါဝစရသမာဓိကို ယူသဖြင့် အစဖြစ်သော ကာမာဝစရသမာဓိ, အဆုံးဖြစ်သော အရူပါဝစရသမာဓိတို့ကိုလည်း သိမ်းကျုံးယူရသော မဇ္ဈေဒီပကနည်းအားဖြင့် ဟောကြားထားတော်မူခြင်း ဖြစ်၏။ ဥပစာရသမာဓိနှင့် တကွ သမာပတ်ရှစ်ပါးတို့သည် စိတ္တဝိသုဒ္ဓိ မည်၏ဟူသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၂၂၂။) အဆိုကို ထောက်ရှုပါ။

၇။ ရဟန်းတို့ ...ဤလောကုတ္တရာတရား ကိုးပါးသည် ဝိပဿနာဉာဏ်ပညာ အရိယမဂ်ပညာ ရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏၊ ဝိပဿနာဉာဏ်ပညာမဲ့သော အရိယမဂ်ပညာမဲ့သော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။

၈။ ရဟန်းတို့ ...ဤလောကုတ္တရာတရား ကိုးပါးသည် သံသရာကို ချဲ့ထွင်တတ်သည့် တဏှာ မာန ဒိဋ္ဌိတည်းဟူသော ပပဉ္စတရားမှ ကင်းလွတ်ရာ နိဗ္ဗာန်တရားတော်မြတ်၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏၊ ပပဉ္စတရား၌ = ငါ-ငါ့ဟာ-ငါ၏အတ္တ --- ဟု စွဲလမ်းနေရမှု၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။ (အံ၊၃၊၆၅။)

ဤ (၈)ချက်တို့ကား လောကုတ္တရာတရား ကိုးပါးကို လိုလားတောင့်တလျက်ရှိသော သူတော်ကောင်းတိုင်း သူတော်ကောင်းတိုင်း လိုက်နာပြုကျင့်ရမည့် အင်္ဂါရပ်တို့သာ ဖြစ်ကြ၏။ ဤ (၈)ပါးတို့တွင် အမှတ် (၅-၆-၇) ဖြစ်သည့် သတိ သမာဓိ ပညာတို့၏ အကြောင်းအရာကို အနည်းငယ်ထပ်မံ၍ ရှင်းလင်းတင်ပြပါရစေ။

သတိ --- အယံ ပန ယသ္မာ သတိယာ အာရမ္မဏံ ပရိဂ္ဂဟေတွာ ပညာယ အနုပဿတိ၊ န ဟိ သတိဝိရဟိတဿ အနုပဿနာ နာမ အတ္ထိ။ (မ၊ဋ္ဌ၊၁၊၂၄၈။)

ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန်တွင် သတိ၏တည်ရာ အာရုံတို့ကို ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ ဟု လေးမျိုးခွဲခြား၍ ဟောကြားထားတော်မူခဲ့၏။ ထိုတွင် ကာယအရ၌ အာနာပါနဿတိသမာဓိစသည့် သမထ ရှုကွက်များလည်း ပါဝင်၏။ အာနာပါနဿတိသမာဓိကဲ့သို့သော သမာဓိတစ်ခုခုကို အောင်အောင်မြင်မြင် ထူထောင်ပြီးနောက် ေ့ရှဦးစွာ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံး၌ ကာယ ဝေဒနာ စိတ္တ ဓမ္မ အမည်ရသည့် ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို သိမ်းဆည်းရန် ညွှန်ကြားထားတော်မူ၏။ ထိုနောင် သမုဒယဓမ္မာနုပဿီ ဝါ စသည်ဖြင့် အကြောင်းတရားများ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုး ကာယ ဝေဒနာ စိတ္တ ဓမ္မတို့ ထင်ရှားဖြစ်ပုံ, အကြောင်းတရားများ ချုပ်ငြိမ်းခြင်းကြောင့် အကျိုး ကာယ ဝေဒနာ စိတ္တ ဓမ္မတို့ ချုပ်ငြိမ်းပုံဖြစ်သည့် ပစ္စယတော ဥဒယဗ္ဗယဒဿန = အကြောင်းတရားအားဖြင့် ဖြစ်မှုပျက်မှုကိုလည်းကောင်း, ခဏတော ဥဒယဗ္ဗယဒဿန = အကြောင်း အကျိုး နှစ်ရပ်လုံးတို့၏ ခဏအားဖြင့် ဖြစ်မှု ပျက်မှု ဥဒယ-ဝယကိုလည်းကောင်း သိမ်းဆည်းရန် ညွှန်ကြားထားတော်မူ၏။ ထိုနောင် အကြောင်းတရားနှင့်တကွသော ကာယ ဝေဒနာ စိတ္တ ဓမ္မတို့၏ အပျက် သက်သက်ကို သိမ်းဆည်းရန် ညွှန်ကြားထားတော်မူ၏။ အကြောင်းတရားနှင့်တကွသော ကာယ ဝေဒနာ စိတ္တ ဓမ္မတို့၏ ဖြစ်မှု ပျက်မှုကို ရှုသည့်အပိုင်းနှင့် အပျက်သက်သက်ကို ရှုသည့်အပိုင်းတို့၌ လက္ခဏာရေးသုံးတန်တင်ကာ ရှုပွားသည့်အပိုင်းလည်း ပါဝင်ပေသည်။

ထိုသို့ သိမ်းဆည်း ရှုပွားရာ၌ သတိက ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော ကာယ ဝေဒနာ စိတ္တ ဓမ္မတို့ကို သိမ်းဆည်း၏၊ ပညာက ယင်း ကာယ ဝေဒနာ စိတ္တ ဓမ္မတို့ကို ပရမတ်သို့ဆိုက်အောင် ထိုးထွင်းသိ၏။ သတိက အကြောင်းတရား ထင်ရှားဖြစ်ခြင်းကြောင့် အကျိုး ကာယ ဝေဒနာ စိတ္တ ဓမ္မတို့ ထင်ရှားဖြစ်ပုံကို သိမ်းဆည်း၏၊ ပညာက အကြောင်းတရား ထင်ရှားဖြစ်ခြင်းကြောင့် အကျိုး ကာယ ဝေဒနာ စိတ္တ ဓမ္မတို့ ထင်ရှား ဖြစ်ပုံကို ထိုးထွင်း သိ၏။ သတိက အကြောင်းတရား ချုပ်ငြိမ်းခြင်းကြောင့် အကျိုး ကာယ ဝေဒနာ စိတ္တ ဓမ္မတို့၏ ချုပ်ငြိမ်းပုံကို သိမ်းဆည်း၏၊ ပညာက အကြောင်းတရား ချုပ်ငြိမ်းခြင်းကြောင့် အကျိုး ကာယ ဝေဒနာ စိတ္တ ဓမ္မတို့၏ ချုပ်ငြိမ်းပုံကို ထိုးထွင်းသိ၏။ သတိက အကြောင်းတရားနှင့်တကွသော ကာယ ဝေဒနာ စိတ္တ ဓမ္မတို့၏ ဖြစ်မှု ပျက်မှုကိုလည်းကောင်း, အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်ကိုလည်းကောင်း သိမ်းဆည်း၏။ ပညာက အကြောင်းတရားနှင့်တကွသော ယင်း ကာယ ဝေဒနာ စိတ္တ ဓမ္မတို့၏ ဖြစ်မှု ပျက်မှုကိုလည်းကောင်း, အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်ကို လည်းကောင်း ထိုးထွင်းသိ၏။ သတိက အကြောင်းတရားနှင့်တကွသော ကာယ ဝေဒနာ စိတ္တ ဓမ္မတို့၏ အပျက်သက်သက်ကိုလည်းကောင်း, အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်ကိုလည်းကောင်း သိမ်းဆည်း၏၊ ပညာက ယင်းအကြောင်းတရားနှင့်တကွသော ကာယ ဝေဒနာ စိတ္တ ဓမ္မတို့၏ အပျက် သက်သက်ကိုလည်းကောင်း, အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်ကိုလည်းကောင်း ထိုးထွင်းသိ၏။

ဤသို့လျှင် သတိက သမထအာရုံ ဝိပဿနာအာရုံကို သိမ်းဆည်းတတ်၍ ပညာက ဟုတ်တိုင်းမှန်စွာ အဖန်ဖန် အထပ်ထပ် ရှုတတ်၏။ သတိကင်းသော အနုပဿနာ မည်သည် မရှိစကောင်းပေ။ ထိုကြောင့် အကြောင်းတရားနှင့်တကွသော ကာယ ဝေဒနာ စိတ္တ ဓမ္မတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့၌ ထင်လင်းသော သတိရှိသည့် ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ဤလောကုတ္တရာတရား ကိုးပါးသည် ပြည့်စုံနိုင်၏။ အကြောင်းတရားနှင့်တကွသော ကာယ ဝေဒနာ စိတ္တ ဓမ္မတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့၌ ထင်လင်းသော သတိမရှိသည့် သတိလွတ်ကင်းသော ပုဂ္ဂိုလ်၏ သန္တာန်၌ ဤလောကုတ္တရာတရား ကိုးပါးသည် မပြည့်စုံနိုင်။ အကြောင်းမူ အမှတ် (၇) အဖြစ် ဟောကြားထားတော်မူသော ဝိပဿနာဉာဏ်သည် တစ်နည်း ကာယာနုပဿနာ ဝေဒနာနုပဿနာ စိတ္တာနုပဿနာ ဓမ္မာနုပဿနာသည် သတိနှင့်ကင်း၍ မဖြစ်နိုင်သောကြောင့်ပင် ဖြစ်၏။

သမာဓိ ------ သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။ (သံ၊၂၊၁၂။ သံ၊၃၊၃၆၃။)

ရဟန်းတို့ ...သမာဓိကို ပွားများကြပါ ထူထောင်ကြပါ။ ရဟန်းတို့ ...သမာဓိရှိသော ရဟန်းသည် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ (သံ၊၂၊၁၂။ သံ၊၃၊၃၆၃။)

သမာဓိရှိသော ရဟန်းသည် ဤကား ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တည်းဟု ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ ဤကား ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်၏ ဖြစ်ကြောင်းသဘောတရားနှင့် ဖြစ်ခြင်း သဘောတရားဟု ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ ဤကား ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်၏ ချုပ်ကြောင်းသဘောတရားနှင့် ချုပ်ခြင်းသဘောတရားဟု ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြားသိ၏။ (သံ၊၂၊၁၂။)

သမာဓိရှိသော ရဟန်းသည် ဤကား ဒုက္ခအရိယသစ္စာတည်းဟု ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတည်းဟု ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ ဤကား ဒုက္ခ ချုပ်ရာ နိရောဓအရိယသစ္စာတည်းဟု ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ ဤကား ဒုက္ခချုပ်ရာ နိရောဓ = နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ် = မဂ္ဂအရိယသစ္စာတည်းဟု ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။(သံ၊၃၊၃၆၃၊၊)

ဤပါဠိတော်များ၌ ဘုရားရှင် ညွှန်ကြားထားတော်မူသည်နှင့်အညီ အသင်သူတော်ကောင်းသည် ဘုရားရှင် ဟောကြားထားတော်မူသည့် ဒုက္ခသစ္စာ အမည်ရသည့် ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဟူသော ဥပါဒါနက္ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတို့ကို ဟုတ်တိုင်းမှန်စွာ သိရေးအတွက်, သမုဒယသစ္စာ အမည်ရသည့် အကြောင်းတရား ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးခန္ဓာငါးပါး ထင်ရှားဖြစ်ပုံကို ဟုတ်တိုင်းမှန်စွာ သိရေးအတွက်, လောကီနိရောဓသစ္စာ အမည်ရသည့် အကြောင်းတရား ချုပ်ခြင်းကြောင့် အကျိုး ခန္ဓာငါးပါး ချုပ်ငြိမ်းပုံကို ဟုတ်တိုင်းမှန်စွာ သိရေးအတွက်, လောကီမဂ္ဂသစ္စာ အမည်ရသည့် အကြောင်းတရားနှင့်တကွသော ဥပါဒါနက္ခန္ဓာ ငါးပါးတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို ဟုတ်တိုင်းမှန်စွာ သိသည့် ဝိပဿနာဉာဏ် ရရှိရေးအတွက်, အရိယမဂ်ဉာဏ် အရိယဖိုလ်ဉာဏ်တို့ဖြင့် လောကုတ္တရာ နိရောဓသစ္စာ လောကုတ္တရာ မဂ္ဂသစ္စာ အဝင်အပါဖြစ်သည့် အရိယသစ္စာလေးပါးလုံးကို ဟုတ်တိုင်းမှန်စွာ သိရေးအတွက် ပထမစျာန်သမာဓိ ဒုတိယစျာန်သမာဓိ တတိယစျာန်သမာဓိ စတုတ္ထစျာန်သမာဓိတို့ကို ထူထောင်ရတော့မည် ဖြစ်၏၊ တစ်နည်းဆိုရသော် ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော နှစ်မျိုးသော သမာဓိတို့တွင် တစ်မျိုးမျိုးသော သမာဓိကို မလွှဲမရှောင်သာ ထူထောင်ရတော့မည် ဖြစ်ပေသည်။ အကြောင်းမူ သမာဓိရှိပါမှ သိနိုင်သောတရားများ ဖြစ်သောကြောင့်တည်း။ ထိုကြောင့် နိဗ္ဗာနဂါမိနိပဋိပဒါအမည်ရှိသော ဤကျမ်း၌လည်း အာနာပါနဿတိသမာဓိပိုင်းတွင် အာနာပါန ကျင့်စဉ်မှ စတုတ္ထစျာန်သမာဓိသို့ဆိုက်အောင် သမာဓိကို ထူထောင်ပုံအပိုင်းကိုလည်းကောင်း, သမထကမ္မဋ္ဌာန်းပိုင်းတွင် ကသိုဏ်းဆယ်ပါး သမာပတ်ရှစ်ပါးစသည့် သမာဓိထူထောင်ပုံ အပိုင်းများကိုလည်းကောင်း ရေးသား တင်ပြထားပေသည်။

ဒုက္ခခပ်သိမ်းမှ ပူပန်ခပ်သိမ်းမှ အငြိမ်းကြီး ငြိမ်းရာ အအေးကြီး အေးရာ ဖြစ်သည့် မဟာအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို အရိယမဂ်ဉာဏ် အရိယဖိုလ်ဉာဏ်တို့ဖြင့် မျက်မှောက်ပြုလိုသော အသင်သူတော်ကောင်းသည် --- ဤလောကုတ္တရာတရား ကိုးပါးသည် သမာဓိရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌ သာလျှင် ပြည့်စုံနိုင်၏၊ ဤလောကုတ္တရာတရား ကိုးပါးသည် သမာဓိမရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင် ဟူသော ဘုရားရှင်၏ အဆုံးအမတော်ကို ဦးထိပ်ရွက် ပန်ဆင်သင့်လှပေသည်။

ပညာ ------ပညဝတော အယံ ဘိက္ခဝေ ဓမ္မော၊ နာယံ ဓမ္မော ဒုပ္ပညဿာတိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ ကိေဉ္စတံ ပဋိစ္စ ဝုတ္တံ။ ဣဓ ဘိက္ခဝေ ဘိက္ခု ပညဝါ ဟောတိ ဥဒယတ္ထဂါမိနိယာ ပညာယ သမန္နာဂတော အရိယာယ နိဗ္ဗေဓိကာယ သမ္မာ ဒုက္ခက္ခယဂါမိနိယာ။ ပညဝတော အယံ ဘိက္ခဝေ ဓမ္မော၊ နာယံ ဓမ္မော ဒုပ္ပညဿာတိ ဣတိ ယံ တံ ဝုတ္တံ၊ ဣဒမေတံ ပဋိစ္စ ဝုတ္တံ။ (အံ၊၃၊၆၇။)

ရဟန်းတို့ ...ဤလောကုတ္တရာတရား ကိုးပါးသည် (ဝိပဿနာပညာ အရိယမဂ်ပညာဟူသော) ပညာရှိ ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏။ ဤလောကုတ္တရာတရား ကိုးပါးသည် (ဝိပဿနာပညာ အရိယမဂ်ပညာဟူသော) ပညာမဲ့သော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင် ဟု ဟောကြားအပ်သော ထိုစကားကို အဘယ်ကို အစွဲပြု၍ ဟောကြားအပ်ပါသနည်းဟူမူ --- ရဟန်းတို့ ...ဤသာသနာတော်၌ ယောဂါဝစရရဟန်းသည် (ဝိပဿနာပညာ အရိယမဂ်ပညာဟူသော) ပညာ ရှိ၏။ အကြောင်းတရားနှင့်တကွသော ဥပါဒါနက္ခန္ဓာ ငါးပါး ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို ဖောက်ခွဲ၍ သိမြင်နိုင်သော လောဘထုအစိုင်အခဲ ဒေါသထုအစိုင်အခဲ မောဟထု အစိုင်အခဲတို့ကို ဖြိုခွဲ ဖျက်ဆီးနိုင်သော ဝဋ်ဆင်းရဲ၏ ကုန်ရာ နိဗ္ဗာန်သို့ ကောင်းစွာ ရောက်ကြောင်း ဖြစ်သော ယင်း သင်္ခါရတရားတို့၏ ဖြစ်မှု ပျက်မှုကို သိစွမ်းနိုင်သော ဖြူစင်မြင့်မြတ်သော (ဝိပဿနာပညာ အရိယမဂ်ပညာဟူသော) ပညာနှင့် ပြည့်စုံ၏။ ရဟန်းတို့ ...ဤလောကုတ္တရာတရား ကိုးပါးသည် (ဝိပဿနာပညာ အရိယမဂ်ပညာဟူသော) ပညာရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏၊ ဤလောကုတ္တရာတရား ကိုးပါးသည် (ဝိပဿနာပညာ အရိယမဂ်ပညာဟူသော) ပညာမဲ့သော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင် --- ဟု ဟောအပ်သော ထိုစကားကို ဤသည်ကိုပင် အစွဲပြု၍ ဟောကြားတော်မူအပ်၏။ (အံ၊၃၊၆၇။)

ဤအထက်ပါ ပါဠိတော်၏ ဘာသာပြန်ကို အောက်ပါ အဋ္ဌကထာအဖွင့်ကို မှီငြမ်းပြု၍ ရေးသားထားပါသည်။

ဥဒယတ္ထဂါမိနိယာတိ ပဉ္စန္နံ ခန္ဓာနံ ဥဒယဝယဂါမိနိယာ ဥဒယဉ္စ ဝယဉ္စ ပဋိဝိဇ္ဈိတုံ သမတ္ထာယ။ အရိယာယာတိ ဝိက္ခမ္ဘနဝသေန စ သမုစ္ဆေဒဝသေန စ ကိလေသေဟိ အာရကာ ဌိတာယ ပရိသုဒ္ဓါယ။ ပညာယ သမန္နာဂတောတိ ဝိပဿနာပညာယ စေဝ မဂ္ဂပညာယ စ သမင်္ဂီဘူတော။ နိဗ္ဗေဓိကာယာတိ သာယေဝ နိဗ္ဗိဇ္ဈနတော နိဗ္ဗေဓိကာတိ ဝုစ္စတိ၊ တာယ သမန္နာဂတောတိ အတ္ထော။ တတ္ထ မဂ္ဂပညာယ သမုစ္ဆေဒဝသေန အနိဗ္ဗိဒ္ဓပုဗ္ဗံ အပဒါလိတပုဗ္ဗံ လောဘက္ခန္ဓံ ဒေါသက္ခန္ဓံ မောဟက္ခန္ဓံ နိဗ္ဗိဇ္ဈတိ ပဒါလေတီတိ နိဗ္ဗေဓိကာ။ ဝိပဿနာပညာယ တဒင်္ဂဝသေန နိဗ္ဗေဓိကာယ မဂ္ဂပညာယ ပဋိလာဘသံဝတ္တနတော စာတိ ဝိပဿနာ နိဗ္ဗေဓိကာတိ ဝတ္တုံ ဝဋ္ဋတိ။ သမ္မာ ဒုက္ခက္ခယဂါမိနိယာတိ ဣဓာပိ မဂ္ဂပညာ သမ္မာဟေတုနာ နယေန ဝဋ္ဋဒုက္ခံ ခေပယမာနာ ဂစ္ဆတီတိ သမ္မာ ဒုက္ခက္ခယဂါမိနီ နာမ။ ဝိပဿနာ တဒင်္ဂဝသေန ဝဋ္ဋဒုက္ခဉ္စ ကိလေသဒုက္ခဉ္စ ခေပယမာနာ ဂစ္ဆတီတိ ဒုက္ခက္ခယဂါမိနီ။ ဒုက္ခက္ခယဂါမိနိယာ ဝါ မဂ္ဂပညာယ ပဋိလာဘသံဝတ္တနတော ဧသာ ဒုက္ခက္ခယဂါမိနီတိ ဝေဒိတဗ္ဗာ။ (မ၊ဋ္ဌ၊၃၊၂၂။ အံ၊ဋ္ဌ၊၃၊၂။)

ဥဒယတ္ထဂါမိနိယာ --- ဟူသည် ဥပါဒါနက္ခန္ဓာ ငါးပါးတို့၏ ဖြစ်ခြင်း ပျက်ခြင်း ဥဒယ ဝယ သဘောကို ထိုးထွင်း သိမြင်ခြင်းငှာ စွမ်းနိုင်သောဟု ဆိုလို၏။ အရိယာယ = ဖြူစင်မြင့်မြတ်သော ---ဟူသည် သမထပိုင်း၌ ကိလေသာတို့ကို တစ်နာရီ နှစ်နာရီစသည်ဖြင့် ခပ်ကြာကြာ ခွာထားနိုင်သော ဝိက္ခမ္ဘနပဟာန်၏ အစွမ်းဖြင့်, အရိယမဂ်အခိုက်၌ ကိလေသာတို့ကို အကြွင်းမဲ့ ဖြတ်တောက်တတ်သော သမုစ္ဆေဒပဟာန်၏ အစွမ်းဖြင့် ကိလေသာတို့မှ ဝေးကွာသောအရပ်၌ တည်နေသဖြင့် ဖြူစင်မြင့်မြတ်သောဟု ဆိုလို၏။ ပညာယ သမန္နာဂတော = ပညာနှင့် ပြည့်စုံ၏ ---ဟူသည် ဝိပဿနာပညာနှင့်လည်းကောင်း အရိယမဂ်ပညာနှင့်လည်းကောင်း ပြည့်စုံ၏ ဟု ဆိုလို၏။ နိဗ္ဗေဓိကာယ = ဖောက်ခွဲနိုင်သော ပညာဟူသည် ထို ဝိပဿနာပညာ အရိယမဂ်ပညာကိုပင်လျှင် ကိလေသာထုအစိုင်အခဲကို ဖောက်ခွဲနိုင်သောကြောင့် နိဗ္ဗေဓိကာပညာဟူ၍ ဆိုအပ်၏၊ ထိုနိဗ္ဗေဓိကာပညာနှင့် ပြည့်စုံ၏ဟု ဆိုလို၏။ ထိုနိဗ္ဗေဓိကာပညာအမည်ရသော ဝိပဿနာပညာ အရိယမဂ်ပညာတို့တွင် အရိယမဂ်ပညာသည် အကြွင်းမဲ့ပယ်သတ်ခြင်း သမုစ္ဆေဒပဟာန်၏ အစွမ်းဖြင့် မထိုးဖောက်ဖူးသေးသော မဖောက်ခွဲဖူးသေးသော လောဘထုအစိုင်အခဲ ဒေါသထုအစိုင်အခဲ မောဟထုအစိုင်အခဲကို ထိုးဖောက်တတ်၏ ဖောက်ခွဲတတ်၏၊ ထိုကြောင့် နိဗ္ဗေဓိကာပညာ မည်၏။ ဝိပဿနာပညာသည် တဒင်္ဂ = ခဏခေတ္တပယ်သည်၏ အစွမ်းဖြင့် လောဘထုအစိုင်အခဲ ဒေါသထုအစိုင်အခဲ မောဟထုအစိုင်အခဲကို ထိုးဖောက်တတ်၏၊ ဖောက်ခွဲတတ်၏၊ ထိုကြောင့် နိဗ္ဗေဓိကာပညာမည်၏။ တစ်ဖန် နိဗ္ဗေဓိကာ အမည်ရသော အရိယမဂ်ပညာကို ရခြင်းကို ဖြစ်စေတတ်သောကြောင့်လည်း ဝိပဿနာပညာကို နိဗ္ဗေဓိကာဟူ၍ ဆိုခြင်းငှာ သင့်ပေ၏။ သမ္မာ ဒုက္ခက္ခယဂါမိနိယာ = ကောင်းမွန်မှန်ကန်စွာ သံသာရဝဋ်ဒုက္ခ ကိလေသဝဋ်ဒုက္ခ၏ကုန်ရာ နိဗ္ဗာန်သို့ ရောက်စေတတ်သောပညာ ဟူသည် --- ဤ၌လည်း အရိယမဂ်ပညာသည် ကောင်းမွန်မှန်ကန်သော အကြောင်းတရားဖြင့် နည်းလမ်းဖြင့် သံသာရဝဋ်ဒုက္ခ ကိလေသဝဋ်ဒုက္ခကို ကုန်စေလျက် နိဗ္ဗာန်သို့ သွားတတ်သောကြောင့် သမ္မာဒုက္ခက္ခယဂါမိနီ ပညာ မည်၏ = ကောင်းမွန်မှန်ကန်စွာ သံသာရဝဋ်ဒုက္ခ ကိလေသ ဝဋ်ဒုက္ခ၏ ကုန်ရာ နိဗ္ဗာန်သို့ ရောက်စေတတ်သော ပညာ မည်၏။ ဝိပဿနာပညာသည် တဒင်္ဂ၏ အစွမ်းဖြင့် သံသာရဝဋ်ဒုက္ခကိုလည်းကောင်း ကိလေသဝဋ်ဒုက္ခကိုလည်းကောင်း ကုန်စေလျက် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်းသောအားဖြင့် နိဗ္ဗာန်ဘက်သို့ သွားတတ်သောကြောင့် ဒုက္ခက္ခယဂါမိနီ ပညာ = ဒုက္ခကုန်ရာ နိဗ္ဗာန်သို့ ရောက်စေတတ်သော ပညာ မည်၏။ တစ်နည်း သံသာရဝဋ်ဒုက္ခ ကိလေသဝဋ်ဒုက္ခကို ကုန်စေတတ်သော အရိယမဂ်ပညာကို ရရှိခြင်းကို ဖြစ်စေတတ်သောကြောင့် ဤဝိပဿနာပညာသည် ဒုက္ခက္ခယဂါမိနီ ပညာ = ဒုက္ခကုန်ရာ နိဗ္ဗာန်သို့ ရောက်စေတတ်သော ပညာ မည်၏ဟု သိရှိပါလေ။ (မ၊ဋ္ဌ၊၃၊၂၂။ အံ၊ဋ္ဌ၊၃၊၂။)

နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရှိသော ဤကျမ်းစာ၌လည်း သံသရာဝဋ်ဆင်းရဲဒုက္ခ ကိလေသာဝဋ်ဆင်းရဲ ဒုက္ခကို ကုန်ခန်းစေတတ်သော ဝိပဿနာပညာ အရိယမဂ်ပညာ ရရှိရေးအတွက် ရည်ရွယ်တောင့်တ၍ ---

၁။ ဥပါဒါနက္ခန္ဓာ ငါးပါးတို့တွင် အကျုံးဝင်သော ရူပက္ခန္ဓာ အမည်ရသော ရုပ်တရားတို့ကို ပရမတ်သို့ဆိုက်အောင် ဟုတ်တိုင်းမှန်စွာ သိရှိရန် ရှုပွားပုံစနစ်များကို ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့၏။

၂။ ဥပါဒါနက္ခန္ဓာငါးပါးတို့တွင် အကျုံးဝင်သော ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာ ဟူသော နာမ်ခန္ဓာ လေးပါး = နာမ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် ဟုတ်တိုင်းမှန်စွာ သိရှိရန် ရှုပွားပုံစနစ်များကို နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့၏။

၃။ အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓဟူသော သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော ဥပါဒါနက္ခန္ဓာ ငါးပါး ရုပ်တရား နာမ်တရားတို့၏ အကြောင်းတရားတို့ကို ဟုတ်တိုင်းမှန်စွာ သိရှိရန် ဟုတ်တိုင်းမှန်စွာ ဉာဏ်ဖြင့် ပိုင်းခြားယူတတ်ရန် သိမ်းဆည်းတတ်ရန် ရှုပွားပုံ သိမ်းဆည်းပုံစနစ် များကို ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ရေးသားတင်ပြခဲ့၏။ ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိရေးအတွက်လည်းကောင်း, ပစ္စယတော ဥဒယဗ္ဗယဒဿနဟူသော အကြောင်းတရား ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရား ထင်ရှား ဖြစ်ပုံ, အကြောင်းတရား ချုပ်ငြိမ်းခြင်းကြောင့် အကျိုးတရား ချုပ်ငြိမ်းပုံ, အကြောင်းအကျိုး နှစ်ရပ်လုံးတို့၏ ဖြစ်မှုပျက်မှုကို ရှုမြင်တတ်သော ဥဒယဗ္ဗယဉာဏ် သို့မဟုတ် ဝိပဿနာဉာဏ် ရရှိရေးအတွက် လည်းကောင်း အထူးရည်ညွှန်း၍ ရေးသားတင်ပြခဲ့၏။

၄။ အကြောင်းတရားနှင့်တကွသော ထိုဥပါဒါနက္ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၌ အသိဉာဏ် သန့်ရှင်းသထက် သန့်ရှင်းရန် ရည်ရွယ်တောင့်တ၍ အဋ္ဌကထာကြီးများ၌ ညွှန်ကြားပြသထားသည့်အတိုင်း လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် နည်းအားဖြင့် ယင်း ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတို့ကို သိမ်းဆည်းရှုပွားပုံ စနစ်များကို လက္ခဏာဒိစတုက္ကပိုင်းတွင် ရေးသားတင်ပြခဲ့၏။

၅။ ယခုတစ်ဖန် အကြောင်းတရားနှင့်တကွသော ထို ဥပါဒါနက္ခန္ဓာငါးပါး ရုပ်နမ်ဓမ္မ သင်္ခါရတရားတို့၏ ဖြစ်မှု ပျက်မှုကို အာရုံယူ၍လည်းကောင်း, အပျက်သက်သက်ကို အာရုံယူ၍လည်းကောင်း အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာရှုပွားပုံစနစ်များကို ဝိပဿနာပညာ အရိယမဂ်ပညာ နှင့် ပြည့်စုံလာရေးအတွက် ရည်ရွယ်တောင့်တ၍ ဤ ဝိပဿနာပိုင်းတွင် ရေးသားတင်ပြထားပါသည်။

တထာဂတ အမည်ရတော်မူခြင်း

သုံးလောကထွဋ်ထား သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်ကို တထာဂတဟူ၍ ခေါ်ဆိုရခြင်း၌ အကြောင်းတရားများ များစွာ ရှိနေ၏။ ထိုအကြောင်းတရား များစွာတို့အနက် အကြောင်းတရား တစ်မျိုးမှာ ဤသို့ ဖြစ်၏။

ယဉ္စ ဘိက္ခဝေ ရတ္တိံ တထာဂတော အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဇ္ဈတိ၊ ယဉ္စ ရတ္တိံ အနုပါဒိသေသာယ နိဗ္ဗာနဓာတုယာ ပရိနိဗ္ဗာယတိ၊ ယံ ဧတသ္မိံအန္တရေ ဘာသတိ လပတိ နိဒ္ဒိသတိ၊ သဗ္ဗံ တံ တထေဝ ဟောတိ နော အညထာ။ တသ္မာ တထာဂတောတိ ဝုစ္စတိ။ (ဒီ၊၃၊၁၁၁။ အံ၊၁၊၃၃၂။)

ရဟန်းတို့ ...တထာဂတ အမည်ရတော်မူသော သင်တို့ဆရာ ငါဘုရားသည် အကြင်ညဉ့်၌လည်း အတုမရှိ အမြတ်ဆုံးဖြစ်သည့် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တော်မြတ်ကြီးကို ထိုးထွင်း၍ သိမြင်တော်မူ၏။ (မဟာသက္ကရာဇ် - ၁၀၃-ခုနှစ် ကဆုန်လပြည့်နေ့ ည ဖြစ်၏။) အကြင်ညဉ့်၌လည်း ဝိပါက်ကမ္မဇရုပ် အကြွင်း မရှိသော အနုပါဒိသေသနိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်စံတော်မူ၏။ (မဟာသက္ကရာဇ် - ၁၄၈-ခုနှစ် ကဆုန်လပြည့်နေ့ ည ဖြစ်၏။) ထိုညဉ့် နှစ်ညဉ့်တို့၏ အတွင်း၌ လေးဆဲ့ငါးဝါ ကာလပတ်လုံး အကြင်တရားတော်ကို ဟောကြားတော်မူ၏ မြွက်ဟတော်မူ၏ ညွှန်ပြတော်မူ၏။ ထိုဟောပြောမြွက်ဟညွှန်ပြတော်မူအပ်သော တရားအလုံးစုံသည် ဟောကြားတော်မူသည့်အတိုင်း မြွက်ဟတော်မူသည့်အတိုင်း ညွှန်ပြတော်မူသည့်အတိုင်း မှန်သည်သာလျှင် ဖြစ်၏၊ မမှန်ဟူသော အခြားတစ်မျိုးသော အခြင်းအရာအားဖြင့် မဖြစ်ပေ။ ထိုကြောင့် သင်တို့ဆရာ ငါဘုရားကို တထာဂတဟူ၍ ခေါ်ဆိုအပ်ပေသည်။ (ဒီ၊၃၊၁၁၁။ အံ၊၁၊၃၃၂။)

ဘုရားရှင်သည် သဗ္ဗညုတဉာဏ်တော်မြတ်ကြီးကို ရရှိတော်မူသည့်နေ့မှ စ၍ ပရိနိဗ္ဗာန် စံတော်မူသည့် နေ့အထိ လေးဆယ့်ငါးဝါ ကာလပတ်လုံး ဟောကြားညွှန်ပြ ဆိုဆုံးမထားတော်မူအပ်သော တရားတော် မှန် သမျှသည် ဟောကြားပြသ ဆိုဆုံးမထားတော်မူသည့်အတိုင်း မှန်သည်သာလျှင် ဖြစ်၏၊ မမှန်ဟူသော အခြား တစ်မျိုးသော အခြင်းအရာအားဖြင့် မဖြစ်ပေ။ ထို့ကြောင့် ---

ဤလောကုတ္တရာတရား ကိုးပါးသည် --- အလိုနည်းပါးသော အပ္ပိစ္ဆပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံ နိုင်၏၊ အလိုရမ္မက်ကြီးမားသော မဟိစ္ဆပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။ ရောင့်ရဲလွယ်သော သန္တုဋ္ဌိတရား ထင်ရှားရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏၊ ရောင့်ရဲလွယ်သော သန္တုဋ္ဌိတရား ထင်ရှားမရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။ ဝိဝေကတရားသုံးပါး၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သော ပုဂ္ဂိုလ်၏ သန္တာန်၌ သာလျှင် ပြည့်စုံနိုင်၏၊ လူသူအပေါင်းအဖော် ကိလေသာအပေါင်းအဖော်၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။ သမထဝိပဿနာ ဘာဝနာတို့ကို အပြင်းအထန်ကြိုးစားအားထုတ်သော လုံ့လ ဝီရိယရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏၊ ပျင်းရိသော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။ အကြောင်း တရားနှင့်တကွသော ကာယ ဝေဒနာ စိတ္တ ဓမ္မတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့၌ ထင်လင်းသော သတိရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏၊ မေ့လျော့တတ်သော ပျောက်ပျက်သော သတိ ရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။ ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော တစ်မျိုးမျိုးသော သမာဓိ ရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏၊ သမာဓိမရှိသော ပုဂ္ဂိုလ်၏သန္တာန်၌ မပြည့်စုံနိုင်။ ဝိပဿနာ ပညာ အရိယမဂ်ပညာ ရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏၊ ဝိပဿနာပညာ အရိယမဂ်ပညာ မရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။ ပပဉ္စတရားသုံးပါး၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်တရားတော်မြတ်၌ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်သော စိတ်ဓာတ်ရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏၊ ပပဉ္စတရားသုံးပါး၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သော စိတ်ဓာတ်ရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။ ---

ဤသို့ ဟောကြားပြသ ဆိုဆုံးမထားတော်မူသည့် --- မဟာပုရိသဝိတက္က = ယောက်ျားမြတ်တို့၏ အကြံ အမည်ရသော ဤတရားဒေသနာတော်သည်လည်း ဟောကြား မြွက်ဟ ညွှန်ပြတော်မူသည့်အတိုင်း မှန်သည်သာ လျှင် ဖြစ်၏၊ မမှန် - ဟူသော အခြားတစ်ပါးသော အခြင်းအရာအားဖြင့် ပြောင်းလဲ၍ ဖြစ်ရိုး ဓမ္မတာ မရှိပေ။

ထိုကြောင့် အသင်သူတော်ကောင်းသည်လည်း လောကုတ္တရာတရား ကိုးပါးကို အလိုရှိခဲ့ပါမူ ---

၁။ အလိုနည်းပါးခြင်း အပ္ပိစ္ဆတရားနှင့် ပြည့်စုံအောင်,

၂။ ရောင့်ရဲလွယ်ခြင်း သန္တုဋ္ဌိတရားနှင့် ပြည့်စုံအောင်,

၃။ ဝိဝေကတရား သုံးပါးနှင့် ပြည့်စုံအောင်,

၄။ သမထဝိပဿနာ ဘာဝနာတို့၌ အပြင်းအထန် ကြိုးစားအားထုတ်ခြင်း လုံ့လဝီရိယနှင့် ပြည့်စုံအောင်,

၅။ အကြောင်းတရားနှင့်တကွသော ကာယ ဝေဒနာ စိတ္တ ဓမ္မတို့၌ ထင်လင်းသော သတိနှင့် ပြည့်စုံအောင်,

၆။ ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော တစ်မျိုးမျိုးသော သမာဓိနှင့် ပြည့်စုံအောင်,

၇။ ဝိပဿနာပညာ အရိယမဂ်ပညာနှင့် ပြည့်စုံအောင်,

၈။ ပပဉ္စတရား သုံးပါး၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်တရားတော်မြတ်၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သော စိတ်ထား နှင့် ပြည့်စုံအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လေရာသတည်း။

ဖားအောက်တောရဆရာတော်

ဖားအောက်တောရ - စိတ္တလတောင်ကျောင်း

၁၃၅၆ - ခု၊ ပြာသိုလဆန်း (၉) ရက်၊ တနင်္လာနေ့။

__________