မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာနဂါမိနိပဋိပဒါ-ပဉ္စမတွဲ/တော (၄၀) ရှုကွက်

ဝီကီရင်းမြစ် မှ

တော (၄၀) ရှုကွက်

ပဉ္စက္ခန္ဓေ အနိစ္စတော, ဒုက္ခတော, ရောဂတော, ဂဏ္ဍတော, သလ္လတော, အဃတော, အာဗာဓတော, ပရတော, ပလောကတော, ဤတိတော, ဥပဒ္ဒဝတော, ဘယတော, ဥပသဂ္ဂတော, စလတော, ပဘင်္ဂုတော, အဒ္ဓုဝတော, အတာဏတော, အလေဏတော, အသရဏတော, ရိတ္တတော, တုစ္ဆတော, သုညတော, အနတ္တတော, အာဒီနဝတော, ဝိပရိဏာမဓမ္မတော, အသာရကတော, အဃမူလတော, ဝဓကတော, ဝိဘဝတော, သာသဝတော, သင်္ခတတော, မာရာမိသတော, ဇာတိဓမ္မတော, ဇရာဓမ္မတော, ဗျာဓိဓမ္မတော, မရဏဓမ္မတော, သောကဓမ္မတော, ပရိဒေဝဓမ္မတော, ဥပါယာသဓမ္မတော, သံကိလေသိကဓမ္မတော။ (ပဋိသံ၊၄၁၁။) (ဝိသုဒ္ဓိ၊၂၊၂၄၆။)

ပဉ္စက္ခန္ဓေ အနိစ္စတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ။ ပဉ္စန္နံ ခန္ဓာနံ နိရောဓော နိစ္စံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ ဩက္ကမတိ။ ... (ပဋိသံ၊၄၁၁။) (ဝိသုဒ္ဓိ၊၂၊၂၄၆။)

ဤလက္ခဏသမ္မသနဉာဏ်ပိုင်းတွင် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက အထက်ပါ ပဋိသမ္ဘိဒါမဂ်ပါဠိတော်ကြီးကို ကိုးကား၍ တော (၄၀) ရှုကွက်များကို ဖွင့်ဆိုထားတော်မူ၏။ ဤ တော (၄၀) ရှုကွက်များကို မှတ်သားလွယ်ကူ စေရန်အတွက် မဟာဝိသုဒ္ဓါရာမဆရာတော်ဘုရားကြီးက မိမိ၏ ပရမတ္ထသရူပဘေဒနီကျမ်း ဒုတိယတွဲ စာမျက်နှာ (၅၂၉) စသည်၌ ဂါထာများဖြင့် ရေးသားသီကုံးထားတော်မူ၏။ ထိုဂါထာများ၌ လာသည့်အတိုင်း အနိစ္စလက္ခဏာ (၁၀)ချက်ကို တစ်စု၊ ဒုက္ခလက္ခဏာ (၂၅)ချက်ကို တစ်စု၊ အနတ္တလက္ခဏာ (၅)ချက်ကို တစ်စု ဤသို့ (၃)စုခွဲ၍ ရေးသားတင်ပြပေအံ့။ ----

အနိစ္စလက္ခဏာ (၁၀) ချက်

ရူပံ အနိစ္စံ ပလောကံ၊ စလံ ပဘင်္ဂု အဒ္ဓုဝံ။

ဝိပရိဏာမာသာရကံ၊ ဝိဘဝံ မစ္စုသင်္ခတံ။

ရူပံ = ရုပ်တရားသည် ----

၁။ အနိစ္စံ = မြဲခြင်း သဘောမရှိ = မမြဲ။

၂။ ပလောကံ = ပျက်စီးခြင်းသဘော ရှိ၏။

၃။ စလံ = မတည်ကြည် မတံ့စား ရွေ့ရှားတုန်လှုပ်တတ်၏။

၄။ ပဘင်္ဂု = ဖရိုဖရဲပြိုကွဲခြင်း သဘောရှိ၏။

၅။ အဒ္ဓုဝံ = ခိုင်မာခြင်းသဘော မရှိ။

၆။ ဝိပရိဏာမဓမ္မံ = ဖောက်ပြန်ခြင်းသဘော ရှိ၏။

၇။ အသာရကံ = ခိုင်မာသည့် အနှစ်သာရ မရှိ။

၈။ ဝိဘဝံ = ဆုံးရှုံးခြင်းသဘော ရှိ၏။

၉။ မစ္စု = သေဆုံးခြင်းသဘော ရှိ၏။

၁၀။ သင်္ခတံ = အကြောင်းတရားတို့သည် အဖန်ဖန် ပြုပြင်အပ်၏။

၁။ အနိစ္စတော

အနစ္စန္တိကတာယ, အာဒိအန္တဝန္တတာယ စ အနိစ္စတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

ယောဂါဝစရပုဂ္ဂိုလ်သည် ခန္ဓာငါးပါးတို့တွင် ခန္ဓာတစ်ပါးစီ တစ်ပါးစီကို ခွဲ၍ ဤ တော (၄၀) ရှုကွက်ကို ရှုပါ။ ရုပ်-နာမ် နှစ်ပါးနည်းဖြင့် ရုပ်တစ်ပုံ နာမ်တစ်ပုံ ပုံ၍လည်း ရှုနိုင်ပါသည်။

ရုပ်နာမ် ခန္ဓာတို့သည် ဖြစ်ခြင်း = ဥပါဒ်ဟူသော ေ့ရှအစွန်း, ပျက်ခြင်း = ဘင်ဟူသော နောက်အစွန်း ရှိသောတရားများ ဖြစ်ကြ၏။ ပျက်ခြင်း = ဘင်ဟူသော နောက်အစွန်းကို ကျော်လွန်၍ တည်တံ့နိုင်သော သဘော မရှိကြကုန်၊ ဘင်ကာလသို့ရောက်လျှင် ချုပ်ပျောက်သွားရိုး ဓမ္မတာရှိကြ၏။ မရှိခြင်းသဘောသို့ ရောက်ရှိသွားကြ၏။ ထိုသို့ ဘင်ကာလဟူသော နောက်အစွန်းကို ကျော်လွန်နိုင်သော မြဲသော သဿတ မဟုတ်သည်၏ အဖြစ်ကြောင့် ဘင်ကာလဟူသော နောက်အစွန်းကို မကျော်လွန်နိုင် ကျော်လွန်၍ မဖြစ်နိုင် မတည်နိုင်သည်၏ အဖြစ်ကြောင့်လည်းကောင်း, ဖြစ်ခြင်း = ဥပါဒ်ဟူသော ေ့ရှအစွန်း, ပျက်ခြင်း = ဘင်ဟူသော နောက်အစွန်း ရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း, မြဲခြင်းသဘော မရှိသော မမြဲသော အနိစ္စတရားများ ဖြစ်ကြ၏။ (ဥပါဒ်စွန်းကို မလွန်နိုင်ဟူသည် ရုပ်တရားနာမ်တရားတို့သည် ဖြစ်ခြင်း ဥပါဒ်ကာလသို့ မရောက်မီ ကာလကလည်း မရှိကြသေး၊ ဖြစ်ရန် အသင့်ကြိုတင် စောင့်ဆိုင်းနေမှုသဘောမျိုး မရှိကြသေးဟု ဆိုလို၏။ ပျက်ခြင်း = ဘင် အစွန်းကို မလွန်နိုင်ဟူသည် ရုပ်တရားနာမ်တရားတို့သည် ပျက်ခြင်း = ဘင်ကာလ၏ နောက်၌လည်း တစ်နေရာ၌ သွားရောက်၍, အလောင်းကောင်များ စုပုံထပ်နေသကဲ့သို့ စုပုံထပ်နေမှုမျိုးလည်း မရှိဟု ဆိုလို၏။ မဖြစ်ခင်က မရှိခြင်း, ပျက်ပြီးနောက် မရှိခြင်းဟူသော မရှိခြင်း နှစ်မျိုးတို့၏ အလယ်အကြား၌သာလျှင် ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက် အနေအထားအားဖြင့် အခိုက်အတန့် တစ်ခဏမျှသာ တည်ခြင်းသဘောရှိ၏။) ရုပ်နာမ်တို့သည် ထိုသို့ ဥပါဒ်စွန်း ဘင်စွန်းကိုလွန်၍ တည်နေခြင်းသဘော မရှိခြင်းကြောင့်လည်းကောင်း, ဥပါဒ်စွန်း ဘင်စွန်း ဟူသော အစနှင့်အဆုံး ထင်ရှားရှိခြင်းကြောင့်လည်းကောင်း ရုပ်နာမ်တို့သည် အနိစ္စဟူသော အမည်ကို ရကြသည်။ ယင်း အနိစ္စသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စ အနိစ္စ ဟု ရှုပါ။

၂။ ပလောကတော

ဗျာဓိဇရာမရဏေဟိ ပလုဇ္ဇနတာယ ပလောကတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် ဗျာဓိဇရာမရဏ = နာမှု အိုမှု သေမှုတို့ဖြင့် ပြိုကွဲတတ် ပေါက်ပြဲတတ် ပျက်စီးတတ်သည်၏အဖြစ်, ဗျာဓိဇရာမရဏတို့ကြောင့် လွန်စွာပျက်စီးခြင်းသဘော ရှိသည်၏ အဖြစ်ကြောင့် ပလောက = ပျက်စီးခြင်း သဘောရှိ၏။ သမ္မုတိသစ္စာနယ်မှ ဆိုရမူ ဘဝတစ်ခုအတွင်း၌ နာမှု အိုမှု သေမှုသည် ဗျာဓိ ဇရာ မရဏတည်း။ ပရမတ္ထသစ္စာအားဖြင့်မူကား ဖြစ်လာသော ရုပ်တရားနာမ်တရားတို့၏ ခဏဌိတိဟူသော ဥပါဒ်-ဌီ-ဘင် ကာလသုံးပါးအတွင်း၌ အကျုံးဝင်သော အခိုက်အတန့်တည်မှု = ဌီကာလသည် ဇရာ, ပျက်မှု = ဘင်ကာလသည် မရဏတည်း။ ဖြစ်ပေါ်နေသော ခန္ဓာတို့၏ ဓာတ်သဘာဝတစ်ခုခုလွန်ကဲမှုသည် ဗျာဓိသဘော တရားတည်း၊ ဓာတ်သဘာဝတစ်ခုခု လွန်ကဲလာသောအခါ ဖောက်ပြန်ပျက်စီးလာသောအခါ ဖျားနာသည်ဟု ဆိုရ၏။ ဖြစ်ပေါ်လာသော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၌ ယင်း ဗျာဓိ ဇရာ မရဏသဘော = ဓာတ်သဘာဝ တစ်ခုခု လွန်ကဲမှုသဘော, ဌီသဘော, ဘင်သဘောတို့ကြောင့် လွန်စွာပျက်စီးတတ်သည့် သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ပလောက ပလောက ဟု ရှုပါ။

၃။ စလတော

ဗျာဓိဇရာမရဏေဟိ စေဝ လာဘာလာဘာဒီဟိ စ လောကဓမ္မေဟိ ပစလိတတာယ စလတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

လောကဓမ္မာ လာဘာဒိဟေတုကာ အနုနယပဋိဃာ၊ တေဟိ, ဗျာဓိအာဒီဟိ စ အနဝဋ္ဌိတတာ, ပစလိတတာ။ (မဟာဋီ၊၂၊၃၉၆။)

ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် ဗျာဓိဇရာမရဏတို့ကြောင့်လည်း မတည်ကြည် မတံ့စား အပြားအားဖြင့် တုန်လှုပ်တတ်၏။ လာဘ = လာဘ်ရခြင်း, ယသ = အခြံအရံများခြင်း, ဂုဏ်သတင်း အကျော်အစော ကြီးမားခြင်း, ပသံသ = အချီးမွမ်းခံရခြင်း, သုခ = ချမ်းသာသုခကို ခံစားရခြင်း ---- ဤအလိုရှိအပ်သော ဣဋ္ဌလောကဓံ (၄)မျိုးကြောင့် ချစ်မြတ်နိုးတတ် တွယ်တာမက်မောတတ်သော အနုနယ ခေါ် ရာဂဖြစ်ခြင်း၊ အလာဘ = လာဘ် မရခြင်း, အယသ = အခြွေအရံ မရှိခြင်း, ဂုဏ်သတင်းအကျော်အစောမဲ့ခြင်း, နိန္ဒ = အကဲ့ရဲ့ခံရခြင်း, ဒုက္ခ = ဆင်းရဲသည့်ဒုက္ခဝေဒနာကို ခံစားရခြင်း -- ဤအလိုမရှိအပ်သော အနိဋ္ဌလောကဓံ (၄)မျိုးကြောင့် စိတ်ခက်ထန် ကြမ်းတမ်းခြင်း မကျေနပ်ခြင်း ပဋိဃ ခေါ် ဒေါသတရားဖြစ်ခြင်း - ဤလာဘ်ရခြင်း လာဘ်မရခြင်း စသည်တို့ကို အကြောင်းခံ၍ ဖြစ်ပေါ်လာကုန်သော အနုနယခေါ်သော ရာဂ, ပဋိဃခေါ်သော ဒေါသတို့ကား လောကဓမ္မ = လောကဓံတို့ပင်တည်း။ ယင်းလောကဓံတရားတို့ကြောင့်လည်း ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် မတည်ကြည် မတံ့စား ရွေ့ရှားတုန်လှုပ်တတ်၏။ ယင်းသို့သော မတည်ကြည် မတံ့စား အပြားအားဖြင့် ရွေ့ရှားတုန်လှုပ်တတ်သော သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ စလ စလ ဟု ရှုပါ။

၄။ ပဘင်္ဂုတော

ဥပက္ကမေန စေဝ သရသေန စ ပဘင်္ဂုပဂမနသီလတာယ ပဘင်္ဂုတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် မိမိ၏ လုံ့လပယောဂဖြင့်လည်းကောင်း, သူတစ်ပါး၏ လုံ့လပယောဂဖြင့် လည်းကောင်း, မိမိ၏ ပင်ကိုသဘောအားဖြင့်လည်းကောင်း ဖရိုဖရဲပြိုကွဲပျက်စီးခြင်းသို့ ရောက်လေ့ရှိသည်၏ အဖြစ်ကြောင့် ပဘင်္ဂု = ဖရိုဖရဲ ပြိုကွဲပျက်စီးခြင်း သဘောရှိ၏။ ယင်းသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ပဘင်္ဂု ပဘင်္ဂု ဟု ရှုပါ။

၅။ အဒ္ဓုဝတော

သဗ္ဗာဝတ္ထနိပါတိတာယ, ထိရဘာဝဿ စ အဘာဝတာယ အဒ္ဓုဝတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

သဗ္ဗာဝတ္ထနိပါတိတာယာတိ ရုက္ခဖလံ ဝိယ အတိတရုဏကာလတော ပဋ္ဌာယ သဗ္ဗာသု အဝတ္ထာသု နိပတနသီလတာယ။ အနိပတဿပိ သဗ္ဗေန သဗ္ဗံ အသာရတာယ ထိရဘာဝဿ အဘာဝတာယ။ (မဟာဋီ၊၂၊၃၉၆။)

အလွန်နုသော ကာလမှ စ၍ တခြွေခြွေ ကြွေ၍ ကျသော သစ်သီးကဲ့သို့ ငယ်ရွယ်နုနယ်သော အရွယ်, ပျော်ရွှင် မြူးတူးကစားသော အရွယ် - ဤသို့ စသော အလုံးစုံသော အသက်အရွယ် အခိုက်အတန့်အမျိုးမျိုးတို့၌ ကြွေကျခြင်းသဘောရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း, မကြွေကျသော်လည်း ခပ်သိမ်းသော အခြင်းအရာအားဖြင့် အနှစ်မဲ့သည်ဖြစ်၍ မြဲမြံခိုင်ခံ့သောအဖြစ်၏ မရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း သင်္ခါရတရားတို့သည် မခိုင်ခံ့သည့် အဒ္ဓုဝတရားတို့သာ ဖြစ်ကြ၏။ ယင်းသဘောတရားကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အဒ္ဓုဝ အဒ္ဓုဝ ဟု ရှုပါ။

၆။ ဝိပရိဏာမဓမ္မတော

ဇရာယ စေဝ မရဏေန စာတိ ဒွေဓာ ပရိဏာမပကတိတာယ ဝိပရိဏာမဓမ္မတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် ဇရာဟုခေါ်ဆိုအပ်သော ဌီကာလဖြင့်လည်းကောင်း, မရဏဟု ခေါ်ဆိုအပ်သော ဘင်ကာလဖြင့်လည်းကောင်း - ဤသို့လျှင် နှစ်မျိုးသော အခြင်းအရာအားဖြင့် ဖောက်ပြန်ခြင်း ပြောင်းလဲခြင်း ဝိပရိဏာမသဘော ရှိ၏။ ဇာတိတည်းဟူသော ဥပါဒ်သဘောမှ ဇရာတည်းဟူသော ဌီသဘောသို့ လည်းကောင်း, ဇရာတည်းဟူသော ဌီကာလမှ မရဏတည်းဟူသော ဘင်သဘောသို့လည်းကောင်း ခဏတိုင်း ခဏတိုင်း ဖောက်ပြန် ပြောင်းလဲနေကြ၏။ သင်္ခါရတရားတို့၌ ယင်းသို့သော ဝိပရိဏာမသဘောရှိသောကြောင့် ယင်းသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ဝိပရိဏာမဓမ္မ ဝိပရိဏာမဓမ္မ ဟု ရှုပါ။

၇။ အသာရကတော

ဒုဗ္ဗလတာယ, ဖေဂ္ဂု ဝိယ သုခဘဉ္ဇနီယတာယ စ အသာရကတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် ဖြစ်ပြီးသည်နှင့် တစ်ပြိုင်နက် မိမိသဘောအားဖြင့် အလိုလိုပင် ပျက်စီးတတ်၍ အလွန်အားနည်းကြ၏။ အချို့ အားနည်းသော အားနွဲ့ပျော့ပျောင်းသော အရာဝတ္ထုသည် နူးညံ့ပျော့ပျောင်းသည့်အတွက် အမှု၌ ခံ့ညားနေသည့်အတွက် ဖျက်ဆီး၍ ရနိုင်ခဲ၏။ ဤ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည်ကား ထိုကဲ့သို့ မဟုတ်၊ အကာကဲ့သို့ ပျက်စီးလွယ်ကြ၏။ ဤသို့လျှင် သင်္ခါရတရားတို့သည် မိမိသဘောအားဖြင့် အလိုလိုပင် ပျက်စီးတတ်၍ အားနည်းသည်၏ အဖြစ်ကြောင့်လည်းကောင်း, အကာကဲ့သို့ ပျက်စီးလွယ်သောကြောင့်လည်းကောင်း အသာရက = ခိုင်မာသည့် အနှစ်သာရ မရှိပေ။ ယင်းသဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အသာရက အသာရက ဟု ရှုပါ။

၈။ ဝိဘဝတော

ဝိဂတဘဝတာယ, ဝိဘဝသမ္ဘူတတာယ စ ဝိဘဝတော။ (ဝိသုဒ္ဓိ၊၂၊၂၄၈။)

ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့သည် ဥပါဒ်ပြီးနောက် ဘင်ကာလသို့ရောက်လျှင် ချုပ်ပျောက်သွားရကား ဘင်ကာလ၏ နောက်၌ ဆက်လက်ကြီးပွားခြင်း စည်ပင်ခြင်း မရှိကြပေ။ ကြီးပွားစည်ပင်ခြင်းသဘောမှ ကင်းကုန်၏။ တစ်ဖန်ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့သည် အထူးသဖြင့် ဝိပါကဝဋ်တွင် အကျုံးဝင်သော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့သည် ဝိဘဝတဏှာ ဝိဘဝဒိဋ္ဌိ = ဥစ္ဆေဒဒိဋ္ဌိမှ ပေါက်ဖွားလာရ၏၊ ဖြစ်ပေါ်လာရ၏။ (ဝိဘဝတဏှာ ဝိဘဝဒိဋ္ဌိဟု သတ်မှတ်ပြခြင်းမှာ ဥပလက္ခဏနည်း, နိဒဿနနည်းဟုမှတ်ပါ။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသောအကြောင်းတရား ငါးပါးတွင် အကျုံးဝင်သော တဏှာဟူသမျှ တဏှာနှင့်ယှဉ်သည့် ဒိဋ္ဌိဟူသမျှကို ရည်ညွှန်းထားသည်ဟု မှတ်ပါ။) တစ်နည်း ---- မိမိကိုဖြစ်စေတတ်သော အဖနှင့်တူသော သဘောတူ သဘာဂဖြစ်သော (အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ ဟူသော) အကြောင်းတရားစု၏ ဥပါဒ်-ဌီ-ဘင် သက်တမ်းစေ့၍ ချုပ်ပျက်ပြီးသည်မှ နောက်ကာလ၌ (ဝိပါကဝဋ်ဖြစ်ကုန်သော) ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့သည် ဖြစ်ခြင်း သဘောမျိုး ရှိကြကုန်၏။ ဖခင် သေဆုံးပြီးမှ ဖြစ်ပေါ်လာရသော တရားမျိုးတို့ ဟူလိုသည်။ ယင်းသို့လျှင် သင်္ခါရ တရားတို့သည် ကြီးပွားစည်ပင်ခြင်း သဘောကင်းသောကြောင့်လည်းကောင်း, ဝိဘဝတဏှာ, ဝိဘဝဒိဋ္ဌိမှ ဖြစ်သည်၏ အဖြစ်ကြောင့် လည်းကောင်း, တစ်နည်း ---- ဖခင် ဆုံးရှုံးပျက်စီးပြီးသည်မှ နောက်ကာလ၌ ဖြစ်ပေါ်လာရသည့် အဖြစ်ကြောင့်လည်းကောင်း ဝိဘဝံ = ဆုံးရှုံးခြင်းသဘောရှိ၏။ ယင်းသဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ဝိဘဝ ဝိဘဝ ဟု ရှုပါ။

၉။ မရဏဓမ္မတော = မစ္စု

မရဏပကတိတာယ မရဏဓမ္မတော။ (ဝိသုဒ္ဓိ၊၂၊၂၄၈။)

ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့သည် သေခြင်း = ပျက်ခြင်း = ဘင်ဟူသော မရဏသဘောရှိခြင်းကြောင့် မရဏဓမ္မ = မစ္စု = သေခြင်းသဘော ရှိကြ၏။ ယင်းသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ မရဏဓမ္မ မရဏဓမ္မ (= မစ္စု မစ္စု) ဟု ရှုပါ။

၁၀။ သင်္ခတတော

ဟေတုပစ္စယေဟိ အဘိသင်္ခတတာယ သင်္ခတတော။ (ဝိသုဒ္ဓိ၊၂၊၂၄၈။)

ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့သည် ----

၁။ တိုက်ရိုက်ဖြစ်စေတတ်သော ဟေတုအကြောင်း = ဇနကအကြောင်း,

၂။ အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘကအကြောင်း = ပစ္စယအကြောင်း,

ဤအကြောင်းတရားတို့သည် ပေါင်းစု၍ ပြုပြင်အပ်သည်၏ အဖြစ်ကြောင့် သင်္ခတံ = အကြောင်းတရားတို့သည် အဖန်ဖန် ပြုပြင်အပ်သောသဘော ရှိ၏။

ဘဝတစ်ခုကို ရှေးဦးစွာစတင်၍ ပြည်တည်ပေးသော ရုပ်တရားတို့မှာ ကမ္မဇရုပ်တို့ ဖြစ်ကြ၏။ ယင်းကမ္မဇရုပ်တရားများကို တိုက်ရိုက်ဖြစ်စေတတ်သော အကြောင်းတရားကား ကံပင်ဖြစ်၏။ ဇနကအကြောင်း ဟေတု အကြောင်းတည်း။ အဝိဇ္ဇာ တဏှာ ဥပါဒါန်ဟူသော ကိလေသဝဋ် အကြောင်းတရားတို့ကား ထိုအတိတ်ကံကို အားပေးထောက်ပံ့တတ်ကုန်သော ဥပတ္ထမ္ဘက အကြောင်းတရားတို့တည်း။ သို့သော် ထိုကိလေသဝဋ်တို့သည် ကုသိုလ်ကံအား ဥပနိဿယစသော သတ္တိတို့ဖြင့် ကျေးဇူးပြုပေး၏၊ အကုသိုလ်ကံအားမူကား ဥပနိဿယစသော သတ္တိတို့ဖြင့်လည်းကောင်း, သဟဇာတ အညမည နိဿယစသော သတ္တိတို့ဖြင့်လည်းကောင်း ကျေးဇူးပြုပေး၏။ တစ်ဖန် စိတ် ဥတု အာဟာရတို့သည်လည်း အချို့သော စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့အား တိုက်ရိုက် ဖြစ်စေတတ်၍ အချို့ရုပ်တို့အား အားပေးထောက်ပံ့တတ်သော်လည်း ကမ္မသတ္တိက ကမ္မဇရုပ်တို့အားဖြစ်စေပုံနှင့် မတူဘဲ ရှိကြ၏။ စိတ်က စိတ္တဇရုပ်တို့အား သဟဇာတစသော ပစ္စယသတ္တိတို့ဖြင့်, ဥတုက ဥတုဇရုပ်တို့အား ဥပနိဿယစသော ပစ္စယသတ္တိတို့ဖြင့်, အာဟာရက အာဟာရဇရုပ်တို့အား အာဟာရစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေး၏။ ထို့ကြောင့် ကမ္မသတ္တိ မဟုတ်သဖြင့် ဇနကအကြောင်းဟု မဆိုဘဲ ဥပတ္ထမ္ဘက အကြောင်းဟု ဆိုသည် မှတ်ပါ။

ဘဝတစ်ခုဝယ် ရှေးဦးစွာ ဖြစ်ကြသော နာမ်တရားတို့မှာ ပဋိသန္ဓေ ဝိပါက်နာမ်တရားစုတို့ ဖြစ်ကြ၏။ယင်းဝိပါက်နာမ်တရားစုတို့၏ ဟေတုအကြောင်း ဇနကအကြောင်းမှာ ကံဖြစ်၏။ အဝိဇ္ဇာ တဏှာ ဥပါဒါန်ဟူသော ကိလေသဝဋ်တို့မှာ ရုပ်၌ ဆိုခဲ့သည့်နည်းတူ မှတ်ပါ။ ယင်းနာမ်တရားတို့၏ ပစ္စုပ္ပန်အကြောင်းတရား ဖြစ်ကုန်သော ဝတ္ထု အာရုံ ဖဿစသောတရားတို့သည်ကား ဥပတ္ထမ္ဘက အကြောင်းတရားတို့ပင်တည်း။

ဤအထက်ပါ သဘောတရားတို့ကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ မိမိရှုပွားမည့် ရှုပွားနေသည့် ရုပ် (ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်) တရားကို သင်္ခတ သင်္ခတ ဟု ရှုပါ။

ရူပက္ခန္ဓာ၌ ရှုသည့်နည်းတူ နာမ်ခန္ဓာ (၄)ပါးတို့၌လည်း အသီးအသီး ခန္ဓာတစ်ပါးစီ တစ်ပါးစီ ခွဲ၍ရှုပါ။ ခန္ဓာ တစ်ပါး တစ်ပါး၌ အနိစ္စာနုပဿနာဉာဏ် (၁၀)ပါး ဖြစ်သဖြင့် ခန္ဓာငါးပါးလုံး၌ အနိစ္စာနုပဿနာဉာဏ် (၅၀) ဖြစ်ပေသည်။

ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၌လည်း ဤအနိစ္စလက္ခဏာ (၁၀)ချက်ကို ရှုနိုင်သည်သာ ဖြစ်ပေသည်။ ဤတွင် အနိစ္စလက္ခဏာ (၁၀)ချက် ပြီး၏။

ဒုက္ခလက္ခဏာ (၂၅) ချက်

ဒုက္ခဉ္စ ရောဂါ-ဃံ ဂဏ္ဍံ၊ သလ္လာ-ဗာဓံ ဥပဒ္ဒဝံ။

ဘယီ-တျူ-ပသဂ္ဂါ-တာဏံ၊ အလေဏာ-သရဏံ ဝဓံ။

အဃမူလံ အာဒီနဝံ၊ သာသဝံ မာရအာမိသံ။

ဇာတိ-ဇ္ဇရံ ဗျာဓိသောကံ၊ ပရိဒေဝ-မုပါယာသံ။

သံကိလေသသဘာဝကံ။

၁။ ဒုက္ခံ = ယုတ်မာညစ်ဆိုး ဆင်းရဲသည့် ဒုက္ခမျိုးသာတည်း။

၂။ ရောဂံ = ကျင်နာ ညစ်ဆိုး ရောဂါမျိုးသာတည်း။

၃။ အဃံ = အကျိုးယုတ် အကျိုးမဲ့မျိုးသာတည်း။

၄။ ဂဏ္ဍံ = မဖွယ်ရုပ်ဆင်း ထွတ်မြင်းအနာမျိုးသာတည်း။

၅။ သလ္လံ = စူးဝင်ညစ်ဆိုး မြားငြောင့်မျိုးသာတည်း။

၆။ အာဗာဓံ = နှိပ်စက်လွှမ်းမိုး အနာမျိုးသာတည်း။

၇။ ဥပဒ္ဒဝံ = လွန်စွာ ကပ်ရပ် နှိပ်စက်တတ်သော ဥပဒ်မျိုးသာတည်း။

၈။ ဘယံ = ချမ်းသာစသည်နှင့် မရော ပြန့်ပြောများပြား ကြီးမားသော ဘေးမျိုးသာတည်း။ ဝါ ၊

ကြောက်ဖွယ် ညစ်ဆိုး ဘေးရန်မျိုးသာတည်း။

၉။ ဤတိ = ထိတ်လန့်စဖွယ် အန္တရာယ်မျိုးသာတည်း။

၁၀။ ဥပသဂ္ဂံ = တွယ်တာ စွဲကပ် နှိပ်စက်တတ်သော ဥပဒ်မျိုးသာတည်း။

၁၁။ အတာဏံ = စောင့်ရှောက်မဲ့လျှင်း ဘေး၏ အသင်းအပင်းသာတည်း။

၁၂။ အလေဏံ = ကွယ်ကာမဲ့လျှင်း ဘေး၏ အသင်းအပင်းသာတည်း။

၁၃။ အသရဏံ = ကိုးရာမဲ့လျှင်း ဘေး၏ အသင်းအပင်းသာတည်း။

၁၄။ ဝဓကံ = (သမ္မုတိသစ္စာ လျော်စွာ ပညတ် ခေါ်ဝေါ်အပ်သည့် လူနတ်ဗြဟ္မာ သတ္တဝါကို သုံးဖြာခဏ ဘင်သို့ကျအောင် ကာလမရှည် သန္တာန်စည်၍ နာရီမလပ် အတွင်သတ်သည့်) သူသတ် မျိုးရိုးသာတည်း။

၁၅။ အဃမူလံ = ကျိုးမဲ့ခပင်း ဆင်းရဲခြင်း၏ အရင်းအမြစ်သာတည်း။

၁၆။ အာဒီနဝံ = ဆိုးဝါးညစ်ကျု အပြစ်စုသာတည်း။ဝါ။ ခိုကိုးရာမဲ့ အထီးကျန် သူဆင်းရဲသာတည်း။

၁၇။ သာသဝံ = အာသဝေါတရားလေးပါးတို့၏ အစီးအပွားသာတည်း။ အာသဝေါတရားတို့၏ အနီးကပ်ဆုံး အကြောင်းပဒဋ္ဌာန်သာတည်း။

၁၈။ မာရအာမိသံ = ကိလေသမာရ်, မစ္စုမာရ်တို့၏ စားဖတ် ဝါးဖတ် သုံးသပ်နင်းနယ်ရာသာတည်း။

၁၉။ ဇာတိ = သတ္တဝါကို မညှာမငဲ့ အရွဲ့အစောင်း မကောင်းဆိုးညစ် ဖြစ်ချင်တိုင်း ဖြစ်တတ်သော သဘောရှိ၏။

၂၀။ ဇရံ = ဆုတ်ယုတ်လျော့ပါးခြင်း သဘောရှိ၏။

၂၁။ ဗျာဓိ = ဖျားနာခြင်း သဘောရှိ၏။

၂၂။ သောကံ = စိုးရိမ်ပူပန်ခြင်း သဘောရှိ၏။

၂၃။ ပရိဒေဝံ = ငိုကြွေးမြည်တမ်းရခြင်း သဘောရှိ၏။

၂၄။ ဥပါယာသံ = သက်ကြီးရှိုက်ငင် ပြင်းစွာ ပူပန်ရခြင်းသဘောရှိ၏။

၂၅။ သံကိလေသိကဓမ္မံ = သံကိလေသသဘာဝကံ = တဏှာ ဒိဋ္ဌိ ဒုစ္စရိတတည်းဟူသော ညစ်နွမ်းခြင်း သုံးပါးကို ပွားစီးစေတတ်သော သဘောရှိ၏။

၁။ ဒုက္ခတော

ဥပ္ပါဒဝယပဋိပီဠနတာယ, ဒုက္ခဝတ္ထုတာယ စ ဒုက္ခတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

ဥပ္ပါဒဝယပဋိပီဠနတာယာတိ ဥပ္ပါဒေန, ဝယေန စ ပတိ ပတိ ခဏေ ခဏေ တံသမင်္ဂိနော ဝိဗာဓနသဘာဝတ္တာ၊ တေဟိ ဝါ သယမေဝ ဝိဗာဓေတဗ္ဗတ္တာ။ ဥဒယဗ္ဗယဝန္တော ဟိ ဓမ္မာ အဘိဏှံ တေဟိ ပဋိပီဠိတာ ဧဝ ဟောန္တိ၊ ယာ ပီဠနာ သင်္ခါရဒုက္ခတာတိ ဝုစ္စတိ။ ဒုက္ခဝတ္ထုတာယာတိ တိဝိဓဿာပိ ဒုက္ခဿ, သံသာရဒုက္ခဿ စ အဓိဋ္ဌာနဘာဝတော။ (မဟာဋီ၊၂၊၃၉၅။)

ရုပ်တရား နာမ်တရားတို့သည် ဖြစ်ခြင်း = ဥပါဒ်ဖြင့်လည်းကောင်း, ပျက်ခြင်း = ဘင်ဖြင့်လည်းကောင်း ခဏတိုင်း ခဏတိုင်း၌ ထိုရုပ်နာမ်ခန္ဓာနှင့် ပြည့်စုံသောသတ္တဝါကို ညှဉ်းပန်းနှိပ်စက်ခြင်း သဘောရှိ၏။ တစ်နည်း ဆိုရသော် ---- ထို ဖြစ်ခြင်းပျက်ခြင်း ရှိသော ရုပ်နာမ်ခန္ဓာတို့သည် မိမိတို့ အလိုလို မိမိတို့သဘာဝ အတိုင်းပင် ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံရသော သဘောရှိ၏။ တစ်ဖန် ယင်းရုပ်တရား နာမ်တရားတို့သည် ----

၁။ အနိဋ္ဌဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော ကာယဒွါရဝီထိ၏ အတွင်း၌ ပါဝင်တည်ရှိသော ဒုက္ခသဟဂုတ်ကာယဝိညာဏ် = ထိသိစိတ်နှင့် ယှဉ်သော ကာယိကဒုက္ခဝေဒနာနှင့် အနိဋ္ဌာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဒေါသမူဒွေး၌ ယှဉ်သော စေတသိကဒေါမနဿဝေဒနာ = စေတသိကဒုက္ခဝေဒနာ ဟူသော ဒုက္ခဒုက္ခ,

၂။ ဣဋ္ဌဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော ကာယဒွါရဝီထိ၏ အတွင်း၌ ပါဝင်တည်ရှိသော သုခသဟဂုတ်ကာယဝိညာဏ် = ထိသိစိတ်နှင့် ယှဉ်သော ကာယိကသုခဝေဒနာနှင့် ဣဋ္ဌာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော စေတသိကသောမနဿဝေဒနာ = စေတသိကသုခဝေဒနာဟူသော ဝိပရိဏာမဒုက္ခ,

၃။ ဥပေက္ခာဝေဒနာနှင့်တကွ ကြွင်းကျန်သော ရုပ်တရား နာမ်တရားတည်းဟူသော သင်္ခါရဒုက္ခ ----

ဤ ဒုက္ခသုံးမျိုးတို့၏ တည်ရာဝတ္ထုလည်း ဖြစ်ကြ၏။ ရုပ်နာမ်ဓမ္မ သင်္ခါရတရား မှန်သမျှတို့သည် ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံရသည်ချည်း ဖြစ်ကြ၏။ ယင်းသို့ အညှဉ်းပန်း အနှိပ်စက်ခံရခြင်းသဘောကိုပင် သင်္ခါရဒုက္ခဟူ၍ ခေါ်ဆို၏။ ဖြစ်ခြင်း = ဥဒယသဘော, ပျက်ခြင်း = ဝယသဘောရှိသော သင်္ခါရတရားတို့၏ ဓမ္မတာပင် ဖြစ်၏။ ထို့ကြောင့် ဒုက္ခဒုက္ခ ဝိပရိဏာမဒုက္ခ သင်္ခါရဒုက္ခ အမည် ရသော သင်္ခါရတရားမှန်သမျှတို့သည် သင်္ခါရဒုက္ခအမည်ရကြသည်သာ ဖြစ်ကုန်၏။ တစ်နည်း ---- ရုပ်နာမ်ဓမ္မ သင်္ခါရတရားမှန်သမျှတို့သည် ဒုက္ခဒုက္ခ, ဝိပရိဏာမဒုက္ခ, သင်္ခါရဒုက္ခဟူသော ဒုက္ခသုံးမျိုးတို့၏ တည်ရာဝတ္ထုလည်း ဖြစ်ကြ၏။ ဇာတိ ဇရာ ဗျာဓိ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတည်းဟူသော သံသာရဝဋ်ဒုက္ခ၏ တည်ရာဝတ္ထုလည်း ဖြစ်ကြ၏။ ယင်းသို့လျှင် သင်္ခါရတရားတို့သည် ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံရသည့်သဘောကြောင့်လည်းကောင်း, ဒုက္ခသုံးမျိုးတို့၏ တည်ရာဝတ္ထုဖြစ်ခြင်းသဘောကြောင့်လည်းကောင်း, သံသာရဝဋ်ဒုက္ခ၏ တည်ရာဝတ္ထု ဖြစ်ခြင်းသဘောကြောင့်လည်းကောင်း ဒုက္ခံ = ယုတ်မာညစ်ဆိုး ဆင်းရဲသည့် ဒုက္ခမျိုးသာ ဖြစ်၏။ ယင်းသဘောတရားကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ဒုက္ခ ဒုက္ခ ဟု ရှုပါ။ ဤသို့ ရှုမှုမျိုးကိုပင် သင်္ခါရတရားတို့ကို ဒုက္ခလက္ခဏာယာဉ်တင်၍ ဝိပဿနာရှုသည်ဟု ခေါ်ဆိုပေသည်။

ဝိပဿနာ မဟုတ်သေးသည်ကို သတိပြုပါ

ဤဒုက္ခလက္ခဏာယာဉ်တင်၍ ဝိပဿနာရှုရသည့် တိုင်အောင်သော ဝိပဿနာရှုကွက်ကို အသင်သူတော်ကောင်းသည် သတိပြု၍ အာရုံယူကြည့်ပါ။ ဒုက္ခလက္ခဏာကို ရှုပွားလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ----

၁။ စတုပါရိသုဒ္ဓိသီလတည်းဟူသော အခြေခံသီလ စင်ကြယ်ပြီးဖြစ်သဖြင့် သီလဝိသုဒ္ဓိဖြစ်ခြင်း,

၂။ အာနာပါနစတုတ္ထစျာန်သမာဓိကဲ့သို့သော အပ္ပနာစျာန်သမာဓိ သို့မဟုတ် ဥပစာရသမာဓိတည်းဟူသော သမာဓိတစ်ခုခုကို အောင်အောင်မြင်မြင် ထူထောင်နိုင်သဖြင့် စိတ္တဝိသုဒ္ဓိနှင့် ပြည့်စုံခြင်း,

၃။ ရုပ်ကလာပ် နာမ်ကလာပ်များကို ဓာတ်ခွဲနိုင်၍ ရုပ်ပရမတ် နာမ်ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ရုပ်နာမ်တို့ကို သိမ်းဆည်းနိုင်၍ နာမရူပပရိစ္ဆေဒဉာဏ်ကို ရရှိထားပြီးဖြစ်သဖြင့် ဒိဋ္ဌိဝိသုဒ္ဓိဉာဏ်အမြင်နှင့် ပြည့်စုံနေခြင်း,

၄။ ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးအတွင်း၌ အကြောင်းတရားအဆက်ဆက် အကျိုးတရားအဆက်ဆက်တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်သဖြင့် ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိထားပြီး ဖြစ်သဖြင့် ကင်္ခါဝိတရဏဝိသုဒ္ဓိစခန်းသို့ ဆိုက်ရောက်ပြီးသူ ဖြစ်ခြင်း,

၅။ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါး အတွင်း၌ တည်ရှိကြသော အကြောင်းတရားနှင့်တကွသော ရုပ်တရားနာမ်တရားတို့ကို လက္ခဏာရေးသုံးတန်တင်ကာ ရှုပွားသုံးသပ်နိုင်သဖြင့် သမ္မသနဉာဏ်ပိုင်းသို့ ဆိုက်ရောက်နေခြင်း ----

ဤအထက်ပါ အင်္ဂါရပ် အသီးအသီးနှင့် ပြည့်စုံသူ သူတော်ကောင်း ဖြစ်ရပေမည်။ ဤအင်္ဂါရပ် အသီး အသီးနှင့် မပြည့်စုံသဖြင့် ----

၁။ ရုပ်ကလာပ် နာမ်ကလာပ်ကိုလည်း ဉာဏ်ဖြင့် မမြင်သေးဘဲ, မြင်သော်လည်း ရုပ်ကလာပ် နာမ်ကလာပ်ကို ဓာတ်မခွဲနိုင်သေးသဖြင့် ပရမတ်သို့ ဉာဏ်အမြင် မဆိုက်သေးဘဲ ရုပ်နာမ်ပရမတ်အစစ် ဓာတ်အနှစ်ကို မသိသေးဘဲ,

၂။ အတိတ်အဆက်ဆက်မှသည် အနာဂတ်အဆက်ဆက် ဆုံးသည့်တိုင်အောင် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော် နည်းများအရ အကြောင်းတရားအဆက်ဆက် အကျိုးတရားအဆက်ဆက်ကို ဉာဏ်ဖြင့် ပိုင်းခြား မယူတတ်သေးဘဲ, မသိမ်းဆည်းတတ်သေးဘဲ, သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိသေးဘဲ,

၃။ ရုပ်နာမ်ပရမတ်အစစ်သို့ ဉာဏ်အမြင် မဆိုက်သေးသဖြင့် ရုပ်နာမ်ပရမတ်တို့၏ ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံနေရမှုသဘောကို ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိသေးဘဲ ----

ဤသို့ မသိမှုတွေကို တစ်ပုံကြီး ထမ်းလျက် ကမ္မဋ္ဌာန်းကျောင်းအတွင်းသို့ ဝင်ရောက်လာသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်း ဝိပဿနာ မဖြစ်နိုင်သေးသည်ကိုကား သဘောပေါက်ပါလေ။ အောက်ပါ ကျမ်းဂန်အဆိုအမိန့်ကို ဖတ်ရှုကြည့်ပါ။

အနိစ္စာဒိဝသေန ဝိဝိဓေဟိ အာကာရေဟိ ဓမ္မေ ပဿတီတိ ဝိပဿနာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၅။)

အကြောင်းတရားနှင့်တကွသော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို အနိစ္စစသော အထူးထူးသော အခြင်းအရာတို့ဖြင့် သိအောင် မြင်အောင် ရှုတတ်သောကြောင့် ဝိပဿနာ မည်၏။ ဤဝိပဿနာဟူသည် ပရမတ္ထ တရားကိုယ် အနက်သဘောအားဖြင့် သမ္မာဒိဋ္ဌိ ဉာဏ်ပညာတည်း။ (အဘိ၊ဋ္ဌ၊၁၊၁၇၅။)

၂။ ရောဂတော

ပစ္စယယာပနီယတာယ, ရောဂမူလတာယ စ ရောဂတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် ထိုက်သည့်အားလျော်စွာ အကြောင်းတရားတို့ဖြင့် မျှတစေအပ်သော တရားတို့ ဖြစ်ကြ၏။ ကမ္မဇရုပ်တို့ကို ကံတရားတို့က မျှတအောင် ပြုပြင်ပေးကြရ၏။ စိတ္တဇရုပ်တို့ကို စိတ်က, ဥတုဇရုပ်တို့ကို ဥတုက, အာဟာရဇရုပ်တို့ကို အာဟာရတို့က မျှတအောင် ပြုပြင်ပေးကြရ၏။ နာမ်တရားတို့ကိုလည်း ဆိုင်ရာဆိုင်ရာ အကြောင်းတရားတို့က မျှတအောင် ပြုပြင်ပေးကြရ၏။ (ပဋိစ္စသမုပ္ပါဒ်ပိုင်းကို ပြန်ကြည့်ပါ။) မျှတမှုဟူသည် ဥပါဒ်မှသည် ဘင်တိုင်အောင် တည်တံ့စေမှု ဖြစ်သည်။ ယင်းသို့ ဥပါဒ်မှသည် ဘင်သို့တိုင်အောင် အသက်ရှည်မှု တည်တံ့မှုသည် ဆိုင်ရာအကြောင်းတရားတို့နှင့် ကင်း၍ မဖြစ်နိုင်ပေ။ တစ်ဖန် ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့သည် ခန္ဓာကိုယ်ဝယ် အစဉ်တစိုက် လိုက်ပါနေသော နာတာရှည်ရောဂါ၏ အကြောင်းရင်းဖြစ်သော မူလအခြေခံ ယာပျအနာရောဂါ တစ်ခုခုနှင့်လည်း တူကြ၏။

၁။ သာဓျရောဂါ = ဆေးကုသည်ဖြစ်စေ, မကုသည်ဖြစ်စေ ပျောက်ကင်းနိုင်သောရောဂါ,

၂။ အသာဓျရောဂါ = မပျောက်ကင်းနိုင်သောရောဂါ,

၃။ ကိစ္ဆသာဓျရောဂါ = ဆေးကုမှ ပျောက်ကင်းသောရောဂါ,

၄။ ယာပျရောဂါ = ဆေးကုလျှင် ရောဂါသက်သာရုံသာဖြစ်၍ မပျောက်ကင်းနိုင်သောရောဂါ = မတ်တတ်နာ

ဤသို့ အနာရောဂါ (၄)မျိုးရှိရာ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့သည် ခန္ဓာကိုယ်ဝယ် အစဉ်တစိုက် လိုက်ပါနေသော နာတာရှည်ရောဂါတို့၏ အကြောင်းရင်းဖြစ်သော မူလအခြေခံ ယာပျအနာရောဂါတစ်ခုခုနှင့်လည်း တူကြ၏။ ဓာတ်ကြီးလေးပါးသည် မြွေကြီး (၄)ကောင်နှင့် တူ၏။ ခန္ဓာ (၅)ပါးသည် လူသတ်သမားကြီး (၅)ဦး နှင့်တူ၏ ---- ဤသို့စသည်ဖြင့် အာသီဝိသောပမသုတ္တန် (သံ၊၂၊၃၈၁။)၌ ဘုရားရှင်သည် ဟောကြားထားတော် မူ၏။ ခန္ဓာကိုယ်၌ ဖြစ်ပေါ်နေသော ဒုက္ခမှန်သမျှသည် ရုပ်နာမ်ခန္ဓာမှ ပေါက်ဖွားလာခြင်းသာ ဖြစ်၏။ ရုပ်နာမ် ခန္ဓာ မရှိသော် ဒုက္ခဟူသမျှလည်း မရှိတော့ပြီ ဖြစ်၏။ ယင်းသို့လျှင် ရုပ်တရား နာမ်တရားတို့သည် ထိုက်သည့် အားလျော်စွာ အကြောင်းတရားတို့ဖြင့် မျှစေအပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း, ခန္ဓာကိုယ်ဝယ် အစဉ် တစိုက် လိုက်ပါနေသော နာတာရှည်ရောဂါတို့၏ အကြောင်းရင်း မူလဖြစ်သော ယာပျအနာရောဂါနှင့် တူသည်၏ အဖြစ်ကြောင့်လည်းကောင်း ရောဂံ = ကျင်နာညစ်ဆိုး ရောဂါမျိုးသာတည်း။ ယင်းသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ရောဂ ရောဂ ဟု ရှုပါ။

ယာပျဗျာဓိ ဟိ ရောဂေါ၊ ဣတရော အာဗာဓောတိ။ (မဟာဋီ၊၂၊၃၉၅။)

ဝိသုဒ္ဓိမဂ္ဂမဟာဋီကာဆရာတော်က ယာပျအနာကို ရောဂ၊ ကြွင်းသောအနာကို အာဗာဓဟု ဖွင့်ဆိုတော် မူ၏။ (မဟာဋီ၊၂၊၃၉၅။) ရုပ်နာမ်တို့သည် ခပ်သိမ်းသော ကာယိက စေတသိက ရောဂါအမျိုးမျိုးတို့၏ တည်ရာ ဖြစ်သောကြောင့် ယာပျအနာရောဂါနှင့်တူသည် ဟူလိုသည်။

၃။ အဃတော

ဝိဂရဟဏီယတာယ, အဝဍ္ဎိအာဝဟနတာယ, အဃဝတ္ထုတာယ စ အဃတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

အဃန္တိ ပါပံ ဝိယ အရိယဇနေဟိ ဝိဂရဟိတဗ္ဗံ။ သတ္တာနံ အနတ္ထဇနနတော အဝဍ္ဎိအာဝဟံ, ပါပဿ စ ဝတ္ထုဘူတံ ခန္ဓပဉ္စကန္တိ အာဟ ဝိဂရဟ။ ပ ။ အဃတောတိ။ (မဟာဋီ၊၂၊၃၉၅။)

ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို အကုသိုလ်တရားတို့ကဲ့သို့ ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့သည် ကဲ့ရဲ့တော်မူကုန်၏။ မစင်ဟူသမျှသည် အနည်းငယ်ပင်ဖြစ်သော်လည်း ရွံရှာစက်ဆုပ်ဖွယ်သဘောသာ ဧကန်ရှိသကဲ့သို့ ဘဝဟူသမျှသည် အနည်းငယ်ပင် ဖြစ်သော်လည်း ရွံရှာစက်ဆုပ်ဖွယ်သဘောသာ ဧကန်ရှိ၏၊ ထို့ကြောင့် ဘုရားရှင်သည် မည်သည့်ဘဝကိုမျှ ချီးမွမ်းတော် မမူပေ။ မစင်ကို စက်ဆုပ်ရွံရှာတော်မူသကဲ့သို့ ဘဝဟူသော ရုပ်နာမ်ခန္ဓာကို စက်ဆုပ်ရွံရှာတော်မူ၏။ (အံ၊၁၊၃၆။) ယင်းသို့လျှင် ရုပ်တရား နာမ်တရားတို့သည် အကုသိုလ်တရားတို့ကဲ့သို့ ကဲ့ရဲ့အပ်သော သဘောရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း, ရုပ်နာမ်ခန္ဓာ ရှိသူတို့သည်သာလျှင် ပဋိသန္ဓေဘေးဆိုးကြီး အိုဘေးဆိုးကြီး နာဘေးဆိုးကြီး သေဘေးဆိုးကြီး အပါယ်ဘေးဆိုးကြီး စသည့်ဘေးဆိုးကြီး အမျိုးမျိုးနှင့် တွေ့ရ၏၊ ရုပ်နာမ်ခန္ဓာမရှိသူတို့ကား ထိုဘေးဆိုးကြီးတို့နှင့် တစ်ရံတစ်ဆစ်မျှ မတွေ့ရတော့ပေ။ ရုပ်နာမ်ခန္ဓာတို့က ထိုဘေးဆိုးကြီးများကို သယ်ဆောင်ပေးနေတတ်သောကြောင့် ဖြစ်၏။ ပရမတ္ထသစ္စာအားဖြင့် ဆိုရမူကား သင်္ခတပရမတ္ထတရားတို့၌ ဖြစ်တည်ပျက် = ဥပါဒ်-ဌီ-ဘင် သဘောတရားများ ထင်ရှားရှိကြသည်ချည်းသာတည်း။ ယင်းသင်္ခတပရမတ်တရားတို့၏ ဖြစ်မှု တည်မှု ပျက်မှုတို့ကား ဘေးဆိုးကြီးများ ပင်တည်း။ ထိုဖြစ်တည်ပျက် ဘေးဆိုးကြီးများကို ရုပ်နာမ်ခန္ဓာတို့သည် မိမိတို့နှင့် တစ်ပါတည်း သယ်ဆောင် လာကြ၏။ ယင်းသို့လျှင် ရုပ်နာမ်ခန္ဓာတို့သည် သတ္တဝါအများတို့၏ အကျိုးစီးပွားမဲ့ကို လွန်စွာ ဆောင်တတ်သည်၏ အဖြစ်ကြောင့် လည်းကောင်း, ---- အဃဟု ခေါ်ဆိုအပ်သော အကုသိုလ်ထိုထိုသည်လည်း ရုပ်နာမ်ခန္ဓာတို့ကို အစွဲပြု၍သာ ဖြစ်ပေါ်လာရ၏၊ ရုပ်နာမ်ခန္ဓာ မရှိက မဖြစ်နိုင်။ ယင်းသို့လျှင် အဃဟုခေါ်ဆိုအပ်သော အကုသိုလ် ထိုထို၏ တည်ရာ၏ အဖြစ်ကြောင့်လည်းကောင်း ---- ဤအကြောင်းတရားများကြောင့် ရုပ်နာမ်ခန္ဓာ ဟူသမျှသည် အဃံ = အကျိုးယုတ် အကျိုးမဲ့မျိုးသာဖြစ်၏။ ယင်းသဘောတရားများကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အဃ အဃ ဟု ရှုပါ။

၄။ ဂဏ္ဍတော

ဒုက္ခတာသူလယောဂိတာယ, ကိလေသာသုစိပဂ္ဃရဏတာယ, ဥပ္ပါဒဇရာဘင်္ဂေဟိ ဥဒ္ဓုမာတ-ပရိပက္က-ပဘိန္နတာယ စ ဂဏ္ဍတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

ပကတိသော ထွတ်မြင်းအနာ အိုင်းအမာနာတို့သည် နာကျင်ကိုက်ခဲခြင်း ဒဏ်ချက်ဖြင့် ထိုးဆွခံရသကဲ့သို့ ရုပ်နာမ်ခန္ဓာတို့သည်လည်း ကာယိကဒုက္ခဝေဒနာ စေတသိကဒုက္ခဝေဒနာဟူသော ဒုက္ခဒုက္ခ, တည်နေတုန်းအခိုက်အတန့် ဖြစ်တုန်းအခိုက်အတန့် ဥပါဒ်တုန်းအခိုက်အတန့်၌သာ သုခဖြစ်၍ ဘင်ကာလသို့ ရောက်က ဖောက်ပြန် ပျက်စီးတတ်သော ကာယိကသုခဝေဒနာ စေတသိကသုခဝေဒနာ ဟူသော ဝိပရိဏာမဒုက္ခ, ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံရသော သင်္ခါရဒုက္ခ ---- ဤသုံးမျိုးသော နာကျင် ကိုက်ခဲခြင်း ဒုက္ခတာဒဏ်ချက်ဖြင့် အမြဲမပြတ် အထိုးအဆွ ခံနေရ၏။ ယင်းသို့လျှင် သုံးမျိုးသော ဒုက္ခတာ ဟု ဆိုအပ်သော ထိုးကျင့်ကိုက်ခဲခြင်းနှင့် ယှဉ်သည်၏ အဖြစ်ကြောင့်လည်းကောင်း,

ပကတိသော အိုင်းအမာနာမှ အပုပ်ရည်များသည် တစစ်စစ် တစီစီ ယိုစီးကျကုန်သကဲ့သို့ ယင်းရုပ်နာမ် ခန္ဓာတို့ကို အာရုံပြု၍ ရာဂစသော ကိလေသာအပုပ်ရည်များသည်လည်း တစစ်စစ် တစီစီ ယိုစီးကျတတ်ကုန်၏။ ယင်းရာဂစသော ကိလေသာအပုပ်ရည်တို့သည် ရံခါအချို့သော အကုသိုလ်နာမ်တရားတို့နှင့် ယှဉ်တွဲ၍လည်း အတူဖြစ်တတ်ကုန်၏။ ဤသို့လျှင် ရုပ်နာမ်ခန္ဓာတို့သည် အာရုံအားဖြင့်လည်းကောင်း, သမ္ပယုတ်အားဖြင့်လည်းကောင်း ထိုက်သည့်အားလျော်စွာ ရာဂစသည့် ကိလေသာအပုပ်ရည်ဟူသော မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ် အညစ်အကြေးကို တစစ်စစ် တစီစီ ယိုတတ်ကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း,

ပကတိသော အိုင်းအမာနာသည် ဖူးဖူးရောင်တက်ခြင်း, မှည့်ကျက်ခြင်း, ဖရိုဖရဲပေါက်ကွဲခြင်း ရှိသကဲ့သို့ ရုပ်နာမ်ခန္ဓာတို့သည်လည်း ----

(က) ရှေးကမရှိမူ၍ ယခုမှ ရုတ်ခြည်းဖြစ်ပေါ်လာသဖြင့် ယင်း ဖြစ်ခြင်း = ဥပါဒ်သဘောဖြင့် ဖူးဖူးရောင်တက်ခြင်း,

( ခ ) ဌီသဘော = ဇရာသဘောဖြင့် မှည့်ကျက်ခြင်း,

( ဂ ) ဘင်သဘော = မရဏသဘောဖြင့် ဖရိုဖရဲ ပေါက်ပြဲ ကွဲအက် ပျက်စီးခြင်းသဘော ရှိသောကြောင့်လည်းကောင်း ----

ဤအကြောင်းများကြောင့် ရုပ်နာမ်ခန္ဓာဟူသမျှသည် ဂဏ္ဍံ = မဖွယ်ရုပ်ဆင်း ထွတ်မြင်းအိုင်းအမာနာမျိုးသာတည်း။ ယင်းသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ဂဏ္ဍ ဂဏ္ဍ ဟု ရှုပါ။

၅။ သလ္လတော

ပီဠာဇနကတာယ, အန္တောတုဒနတာယ, ဒုန္နီဟရဏီယတာယ စ သလ္လတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့သည် ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် ရုပ်နာမ်ကိန်းဝပ်ရာ သတ္တဝါကို ညှဉ်းပန်း နှိပ်စက်ခြင်းကို ဖြစ်စေတတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း,

ဒုက္ခဝေဒနာစသော ဝေဒနာအမျိုးမျိုးတို့သည် ကိုယ်တွင်း၌ ထိုးဆွတတ် ထိုးကျင့်တတ်သကဲ့သို့ ဤရုပ်နာမ် ဓမ္မ သင်္ခါရတရားတို့သည်လည်း ခန္ဓာကိုယ်အတ္တဘော၏ အတွင်း၌ တည်ကုန်သည်သာလျှင် ဖြစ်ကုန်၍ ဖြစ်ခြင်း ပျက်ခြင်း၏ အစွမ်းဖြင့် ထိုးဆွတတ် နှိပ်စက်တတ်သောကြောင့်လည်းကောင်း,

ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့အပေါ်၌ ငါ-ငါ့ဟာဟု တဏှာဒိဋ္ဌိတို့ဖြင့် နှလုံးသွင်းမှုသည် မြဲမြံခိုင်ခံ့သည်၏ အဖြစ်ကြောင့် ယင်းတဏှာစွဲ ဒိဋ္ဌိစွဲတို့ကို အရိယမဂ်တည်းဟူသော မွေးညှပ်နှင့် ကင်း၍ နှုတ်ပယ်ခြင်းငှာ တတ်နိုင်ခဲသည်၏ အဖြစ်ကြောင့်လည်းကောင်း ----

ဤအကြောင်းတရားများကြောင့် ရုပ်နာမ်ဓမ္မ သင်္ခါရတရားမှန်သမျှသည် သလ္လံ = စူးဝင်ညစ်ဆိုး မြားငြောင့် မျိုးသာတည်း။ ယင်းသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ သလ္လ သလ္လ ဟု ရှုပါ။

၆။ အာဗာဓတော

အသေရိဘာဝဇနကတာယ, အာဗာဓပဒဋ္ဌာနတာယ စ အာဗာဓတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

မကျန်းမမာသည့် အိပ်ရာတွင် လဲနေသော လူနာသည် ဣရိယာပုထ်လေးပါး၌ ကိုယ့်စွမ်းအားဖြင့် မတတ်နိုင်, သူတစ်ပါးတို့က လုပ်ကျွေးပြုစုပေးရခြင်း, အိပ်ရာ၌ လှဲသိပ်ပေးရခြင်း, အိပ်ရာမှ ထူမပေးရခြင်း စသည်ဖြင့် သူတစ်ပါးနှင့်စပ်သော ကိုယ်၏ ဖြစ်ခြင်းရှိသည်ဖြစ်၍ အသေရီမည်သကဲ့သို့ ရုပ်နာမ်ခန္ဓာတို့သည်လည်း ဣရိယာပုထ်လေးပါး၌ ကိုယ့်စွမ်းအားဖြင့် မတတ်နိုင်၊ မိမိနှင့်စပ်ခြင်းမရှိ၊ အကြောင်းတရားဟူသော သူတစ်ပါးနှင့်သာ စပ်ခြင်းရှိ၏၊ ထို့ကြောင့် အသေရိဘာဝမည်၏။

ရုပ်နာမ်ခန္ဓာရှိမှ အနာရောဂါရှိ၏။ ရုပ်နာမ်ခန္ဓာမရှိသော် အနာရောဂါမရှိ၊ ထို့ကြောင့် ရုပ်နာမ်တို့သည် အသည်းအသန် လွန်စွာ နှိပ်စက်တတ်သော အနာရောဂါ၏ အနီးကပ်ဆုံး အကြောင်းရင်း ပဒဋ္ဌာန် ဖြစ်၏။ ဤသို့လျှင် ရုပ်နာမ်ခန္ဓာဟူသမျှသည် အကြောင်းတရားဟူသော သူတစ်ပါးနှင့်စပ်ခြင်း = စပ်၍ဖြစ်ခြင်း ရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း, အသည်းအသန် လွန်စွာ နှိပ်စက်တတ်သော အနာရောဂါ၏ အကြောင်းရင်းဖြစ်သောကြောင့်လည်းကောင်း အာဗာဓံ = နှိပ်စက်လွှမ်းမိုး အနာမျိုးသာတည်း။ ယင်းသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အာဗာဓ အာဗာဓ ဟု ရှုပါ။

၇။ ဥပဒ္ဒဝတော

အဝိဒိတာနံယေဝ ဝိပုလာနံ အနတ္ထာနံ အာဝဟနတော, သဗ္ဗုပဒ္ဒဝဝတ္ထုတာယ စ ဥပဒ္ဒဝတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

ပကတိသော မင်းဘေး မင်းဒဏ်စသော ဘေးရန် ဥပဒ္ဒဝေါတို့သည် မင်းပြစ် မင်းဒဏ်သင့်သူ သတ္တဝါကို အကျိုးမဲ့ကို ဖြစ်စေလျက် လွှမ်းမိုးဖိစီး နှိပ်စက်တတ်၏။ ဤအတူ ရုပ်နာမ်ခန္ဓာတို့သည်လည်း ဥထဲကြက်ငယ် ပေါက်ဝယ်ကျေးသို့ တွေးဆ၍ သိခြင်းငှာ မတတ်အားသည်သာလျှင် ဖြစ်ကုန်သော အိုဘေး နာဘေး သေဘေး မင်းဘေး မင်းဒဏ်စသော ပြန့်ပြောပေါများကုန်သော အကျိုးမဲ့အမျိုးမျိုးတို့ကို ရွက်ဆောင်ပေးတတ်ကုန်၏။

ကပ်၍နှိပ်စက်တတ်သော အလုံးစုံသော ဘေးဥပဒ္ဒဝေါ အမျိုးမျိုး၏ တည်ရာဝတ္ထုယာခင်းလည်း ဖြစ်၏။

ဤသို့လျှင် ရုပ်နာမ်ဓမ္မ သင်္ခါရတရား မှန်သမျှသည် တွေးဆ၍ သိနိုင်ခဲသည့် အကျိုးမဲ့အမျိုးမျိုးကို သယ်ဆောင်တတ်သောကြောင့်လည်းကောင်း, လွန်စွာကပ်ရပ် နှိပ်စက်တတ်သော ဘေးဥပဒ္ဒဝေါ အမျိုးမျိုး၏ တည်ရာ ဝတ္ထုယာခင်း ဖြစ်သောကြောင့်လည်းကောင်း ဥပဒ္ဒဝံ = လွန်စွာကပ်ရပ် နှိပ်စက်တတ်သော ဘေးဥပါဒ်မျိုးသာတည်း။ (ယင်း ဘေးရန်ဥပဒ္ဒဝေါတို့တွင် သိနိုင်ခဲ မြင်နိုင်ခဲသော ဖြစ်ခြင်းပျက်ခြင်း ဘေးဒဏ်ဟူသော ဘေး ဥပဒ္ဒဝေါလည်း ပါဝင်၏။) ယင်းသဘောတရားကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ဥပဒ္ဒဝ ဥပဒ္ဒဝ ဟု ရှုပါ။

ဥပဒ္ဒဝတီတိ ဥပဒ္ဒဝေါ၊ အနတ္ထံ ဇနေန္တော အဘိဘဝတိ အဇ္ဈောတ္ထရတီတိ အတ္ထော၊ ရာဇဒဏ္ဍာဒီနံ ဧတံ အဓိဝစနံ။ ခန္ဓာ စ ဧဒိသာတိ ဝုတ္တံအဝိဒိတာနံ။ ပ ။ ဥပဒ္ဒဝတောတိ။ (မဟာဋီ၊၂၊၃၉၅။)

ကပ်၍နှိပ်စက်တတ်သောကြောင့် ဥပဒ္ဒဝ = ဥပဒ္ဒဝေါ မည်၏။ အကျိုးမဲ့အမျိုးမျိုးကို ဖြစ်စေလျက် လွှမ်းမိုး ဖိစီး နှိပ်စက်တတ်၏ဟု ဆိုလို၏။ ဤဥပဒ္ဒဝ = ဥပဒ္ဒဝေါဟူသော အမည်သည် မင်းဘေး မင်းဒဏ် စသည်တို့၏ အမည်တည်း။ ခန္ဓာတို့သည်လည်း ဤသို့ သဘောရှိသည်သာလျှင် ဖြစ်ကုန်၏။ ထို့ကြောင့် အဋ္ဌကထာဆရာတော်က ပကတိသော မင်းဘေး မင်းဒဏ်စသော ဘေးရန်ဥပဒ္ဒဝေါတို့သည် မင်းပြစ် မင်းဒဏ်သင့်သူ သတ္တဝါကို အကျိုးမဲ့ကို ဖြစ်စေလျက် လွှမ်းမိုး ဖိစီး နှိပ်စက်တတ်၏။ ဤအတူ ရုပ်နာမ်ခန္ဓာတို့သည်လည်း ဥထဲကြက်ငယ် ပေါက်ဝယ်ကျေးသို့ တွေးဆ၍ သိခြင်းငှာ မတတ်အားသည်သာလျှင် ဖြစ်ကုန်သော အိုဘေး နာဘေး သေဘေး မင်းဘေး မင်းဒဏ်စသော ပြန့်ပြောပေါများကုန်သော အကျိုးမဲ့ အမျိုးမျိုးတို့ကို ရွက်ဆောင်ပေးတတ်ကုန်၏ ဟု ဖွင့်ဆိုတော်မူအပ်ပေသည်။ (မဟာဋီ၊၂၊၃၉၅။)

၈။ ဘယတော

သဗ္ဗဘယာနံ အာကရတာယ, ဒုက္ခဝူပသမသင်္ခါတဿ ပရမဿာသဿ ပဋိပက္ခဘူတတာယ စ ဘယတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

ဒိဋ္ဌဓမ္မိကသမ္ပရာယိကဘယာဝဟတော, အဘယပဋိပက္ခတော စ ခန္ဓာ ဘယန္တိ အာဟ သဗ္ဗဘယာနံ ။ ပ ။ ဘယတောတိ။ (မဟာဋီ၊၂၊၃၉၅။)

ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့သည် မျက်မြင်လောက ပစ္စုပ္ပန်ဘဝ၌ ကျရောက်သော ဘေးအမျိုးမျိုး တမလွန်လောက၌ ကျရောက်သော ဘေးအမျိုးမျိုးဟု ဆိုအပ်ကုန်သော အလုံးစုံသော ဘေးအမျိုးမျိုးတို့၏တည်ရာ ဘေးတွင်းကြီးသဖွယ် ဖြစ်ကြ၏။ ရုပ်နာမ်ခန္ဓာရှိမှ ယင်းဘေးဆိုးကြီးများ ဖြစ်နိုင်ကြ၏ တည်ရှိနိုင်ကြ၏။ ရုပ်နာမ် = ခန္ဓာတို့က ယင်းဘေးအမျိုးမျိုးတို့ကို သယ်ဆောင်ပေးတတ်ကုန်သောကြောင့် ဖြစ်၏။ ယင်းဘေးအမျိုးမျိုး တို့တွင် ပဋိသန္ဓေဘေးဆိုးကြီး, အိုဘေးဆိုးကြီး, နာဘေးဆိုးကြီး, သေဘေးဆိုးကြီး, (ရာဂမကင်းသေးသူတို့အတွက်) သောက-ပရိဒေဝ-ဒုက္ခ-ဒေါမနဿ-ဥပါယာသဟူသော ဘေးဆိုးကြီး, ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံရသည့် သင်္ခါရဒုက္ခဘေးဆိုးကြီးစသည့် ဘေးဆိုးကြီး အမျိုးမျိုးတို့လည်း ပါဝင်ကြ၏။

တစ်ဖန် ယင်းခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် ဆင်းရဲဒုက္ခခပ်သိမ်း၏ အငြိမ်းကြီးငြိမ်းရာ အအေးကြီး အေးရာ အချမ်းသာကြီး ချမ်းသာရာ အသက်သာကြီး သက်သာရာဟု ဆိုအပ်သော နိဗ္ဗာန်တရားတော်မြတ်ကြီး၏လည်း ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်ကြ၏။

ဤသို့လျှင် ခန္ဓာငါးပါး = ရုပ်နာမ်တရားမှန်သမျှသည် မျက်မှောက် တမလွန် နှစ်တန်သော ဘေးဒုက္ခ အမျိုးမျိုးတို့၏တည်ရာ ဘေးတွင်းကြီးသဖွယ် ဖြစ်သောကြောင့်လည်းကောင်း, ဘေးအမျိုးမျိုးတို့၏ ငြိမ်းအေးရာ သက်သာရာ နိဗ္ဗာန်တရားတော်မြတ်ကြီး၏ ဆန့်ကျင်ဘက် ဖြစ်သောကြောင့်လည်းကောင်း ဘယံ = ချမ်းသာ စသည်နှင့် မရော ပြန့်ပြောများပြား ကြီးမားသော ဘေးမျိုးသာ ဖြစ်၏။ ယင်းသဘောတရားကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ဘယ ဘယ ဟု ရှုပါ။

၉။ ဤတိတော

အနေကဗျသနာဝဟနတာယ ဤတိတော။(ဝိသုဒ္ဓိ၊၂၊၂၄၇။)

ဗျာဓိအာဒီဟိ စ ခန္ဓာနံ ဗျသနန္တိ ။ ဗျသနာဝဟဘာဝေန ဧတီတိ ဤတိ။ အာဂန္တုကာနံ အကုသလပက္ခိယာနံ ဗျသနဟေတူနံ ဧတံ အဓိဝစနံ။ ခန္ဓာ စ ဧဒိသာတိ အာဟ အနေကဗျသနာဝဟတာယ ဤတိတောတိ။ (မဟာဋီ၊၂၊၃၉၅။)

ဗျာဓိ ဇရာ မရဏစသည်တို့ဖြင့် ခန္ဓာငါးပါး=ရုပ်နာမ်တရားတို့၏ ပျက်စီးခြင်းသည် ဗျသနတည်း။ ဤကား သမုတိသစ္စာတည်း။ ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်တို့ဖြင့် အညှဉ်းပန်း အနှိပ်စက်ခံရခြင်းကြောင့် ရုပ်နာမ်ခန္ဓာတို့၏ ပျက်စီးခြင်းသည် ဗျသနတည်း။ ဤကား ပရမတ္ထသစ္စာတည်း။ တစ်နည်းဆိုရသော် သင်္ခတတရား မှန်သမျှ၌---

၁။ ဥပ္ပါဒ = ဖြစ်မှုသဘော,

၂။ ဝယ = ပျက်မှုသဘော,

၃။ ဌိတဿ အညထတ္တ = တည်သည့် ဌီကာလဟူသော ဖြစ်ပြီးနောက် ပျက်မည့် ဘင်ကာလဘက်သို့ ယိုင်လဲ- နေမှုသဘော ----

ဤအထက်ပါ သင်္ခတလက္ခဏာသုံးပါးသည် ရှိမြဲဓမ္မတာ ဖြစ်၏။ သင်္ခတတရားမှန်သမျှသည် = သင်္ခါရ တရားမှန်သမျှသည် ယင်းဖြစ်မှု-တည်မှု-ပျက်မှုဟူသော သင်္ခတဒဏ်ချက် သုံးမျိုးဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံနေရ၏။ သင်္ခတ ရုပ်နာမ်ခန္ဓာတို့၏ ပျက်စီးခြင်း ဗျသနပင်တည်း။ ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့သည် ဤပျက်စီးခြင်း ဗျသနတရားကို မိမိတို့နှင့်အတူတကွ တစ်ပါတည်း သယ်ဆောင်၍ လာတတ်သောကြောင့် ဤတိမည်၏။ ဤ ဤတိ-ဟူသောအမည်သည် ဥပစာရအားဖြင့် ဧည့်သည်အာဂန္တုသဖွယ်ဖြစ်ကုန်သော အကုသိုလ်တရားတို့၏ အသင်းအပင်း ဘက်တော်သားဖြစ်ကုန်သော ပျက်စီးခြင်း ဗျသနတရား၏ အကြောင်းရင်းစစ် ဖြစ်ကြကုန်သော အဝိဇ္ဇာ-တဏှာ-ဥပါဒါန် ဦးဆောင်သည့် ကိလေသဝဋ် တရားစုတို့၏ အမည် ဖြစ်ပေသည်။

ကိလေသဝဋ်တည်းဟူသော အစိုဓာတ် အစေးဓာတ် ရှိမှသာလျှင် ကမ္မဝဋ်အမည်ရသော ကုသိုလ်ကံ အကုသိုလ်ကံတို့သည် ဝိပါကဝဋ် အမည်ရသော ခန္ဓာငါးပါး ရုပ်နာမ် အကျိုးတရားတို့ကို ဖြစ်စေနိုင်ကြကုန်၏။ ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့သည် ထင်ရှားတည်ရှိနေပါမှသာလျှင် ပျက်စီးခြင်း = ဗျသနတရားသည်လည်း ထင်ရှားဖြစ်ပေါ်လာနိုင်၏။ ထို့ကြောင့် ကိလေသဝဋ်တရားစုတို့သည် ဗျသနတရား၏ အကြောင်းရင်းစစ်ဖြစ်ကြ၍ ဤတိ မည်ကြ၏။ ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့သည်လည်း ဤနည်းအတူ ပျက်စီးခြင်း ဗျသနတရား အမျိုးမျိုးကို ဆောင်တတ်သောကြောင့်- ဤတိ = ထိတ်လန့်စဖွယ် အန္တရာယ်မျိုးတို့သာတည်း။ ယင်းသဘောတရားကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ဤတိ ဤတိ ဟု ရှုပါ။

၁၀။ ဥပသဂ္ဂတော

အနေကေဟိ အနတ္ထေဟိ အနုဗဒ္ဓတာယ, ဒေါသူပသဋ္ဌတာယ, ဥပသဂ္ဂေါ ဝိယ အနဓိဝါသနာရဟတာယ စ ဥပသဂ္ဂတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

ဗဟိဒ္ဓါ ဉာတိဗျသနာဒီဟိ, အဇ္ဈတ္တံ ရာဂါဒီဟိ အနတ္ထေဟိ ဥပသဇ္ဇနဋ္ဌေန, ဥပသဂ္ဂသဒိသတာယ စ ဥပသဂ္ဂေါ။ ဥပသဂ္ဂေါတိ စ ဒေဝတူပသံဟာရဝသေန ပဝတ္တော ဗျာဓိအာဒိ အနတ္ထော။ သော အတ္ထကာမေန မုဟုတ္တမ္ပိ န အဇ္ဈုပေက္ခိတဗ္ဗော ဟောတိ။ တေန ဝုတ္တံ အနေကေဟိ။ ပ ။ ဥပသဂ္ဂတောတိ။ (မဟာဋီ၊၂၊၃၉၅-၃၉၆။)

ဆွေမျိုးတို့၏ ပျက်စီးခြင်း = ဉာတိဗျသနဘေး, စီးပွားဥစ္စာတို့၏ ပျက်စီးခြင်း ဘောဂဗျသနဘေးစသော ဗဟိဒ္ဓဘေးဆိုး အမျိုးမျိုးတို့သည်လည်းကောင်း, အကျိုးမဲ့ဟူသမျှကို အစွမ်းကုန်ရွက်ဆောင်ပေးတတ်သည့် ရာဂ ဒေါသ မောဟ မာန်မာနစသည့် အဇ္ဈတ္တဘေးဆိုး အမျိုးမျိုးတို့သည်လည်းကောင်း ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့၏ နောက်သို့ အစဉ်တစိုက်လိုက်၍ ဖွဲ့စပ်နေ၏၊ ကပ်ငြိနေ၏။ ယင်းသို့လျှင် ရုပ်နာမ်တို့သည် အကျိုးမဲ့ကို အစွမ်းကုန် ရွက်ဆောင်ပေးတတ်သည့် ဆွေမျိုးတို့၏ပျက်စီးခြင်း စည်းစိမ်ဥစ္စာတို့၏ပျက်စီးခြင်း စသော ဗဟိဒ္ဓ ဘေးဆိုး အမျိုးမျိုး, ရာဂ ဒေါသ မောဟ မာန်မာနစသော အဇ္ဈတ္တဘေးဆိုးအမျိုးမျိုးတို့က အစဉ်တစိုက်လိုက်၍ ဖွဲ့စပ်အပ် ကပ်ငြိအပ်သောကြောင့် ဥပသဂ္ဂ မည်၏။

တစ်ဖန် ရုပ်နာမ်တို့သည် ဥပသဂ္ဂနှင့်တူသောကြောင့်လည်း ဥပသဂ္ဂမည်၏။ တူညီပုံကား ဤသို့တည်း။ နတ်တို့၏ ကပ်၍ဆောင်ခြင်း, ဆောင်ပေးခြင်း, ပြုစားခြင်း, လှည့်စားခြင်း၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော ဖျားနာခြင်း ဗျာဓိစသော အကျိုးမဲ့သည့် ဥပသဂ္ဂတည်း။ ထိုအကျိုးမဲ့ ဥပသဂ္ဂကို အကျိုးစီးပွားကို လိုလားတောင့်တလျက်ရှိသော ပုဂ္ဂိုလ်မှန်သမျှသည် တစ်မုဟုတ်မျှသော်လည်း လျစ်လျူမရှုအပ် မရှုထိုက်ဖြစ်၏။ အလားတူပင် ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့သည် ဗျာဓိစသော အကျိုးမဲ့တို့ကို ကပ်၍ဆောင်လာကြ၏၊ ထို့ကြောင့် ဥပသဂ္ဂနှင့်တူ၏။ ယင်းဗျာဓိစသော အကျိုးမဲ့, ဖြစ်ခြင်းပျက်ခြင်းဟူသော အကျိုးမဲ့တို့ကို သယ်ပိုးရွက်ဆောင် လာတတ်ကုန်သော ဥပသဂ္ဂအမည်ရသော ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့ကို မဂ်ဖိုလ် နိဗ္ဗာန်တည်းဟူသော အကျိုးစီးပွား ချမ်းသာထူး ချမ်းသာမြတ်ကြီးကို လိုလားတောင့်တသော အမျိုးကောင်းသား အမျိုးကောင်းသမီး မှန်ပါက တစ်မုဟုတ် တစ်ခဏကလေးမျှသော်လည်း သည်းခံထားခြင်း လျစ်လျူရှုထားခြင်းငှာ မထိုက်တန်ပေ။

တစ်ဖန် ခန္ဓာငါးပါး = ရုပ်နာမ်တရားမှန်သမျှတို့သည် အာရုံအားဖြင့်လည်းကောင်း သမ္ပယုတ်အားဖြင့် လည်းကောင်း ရာဂစသော အပြစ်ဒေါသတို့နှင့် ကပ်ငြိယှက်တွယ်၍ နေကြ၏။ (အထက်၌ ရှင်းပြခဲ့ပြီ။)

ဤသို့လျှင် ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့သည် အဇ္ဈတ္တ ဗဟိဒ္ဓဖြစ်သော များပြားလှစွာသော အကျိုးမဲ့တို့က အစဉ်တစိုက်လိုက်၍ ဖွဲ့စပ်အပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း, ရာဂစသော အပြစ်ဒေါသတို့နှင့် ကပ်ငြိယှက်တွယ်သည်၏ အဖြစ်ကြောင့်လည်းကောင်း, အကျိုးမဲ့ကို ဆောင်တတ်သော ဥပသဂ္ဂကဲ့သို့ တစ်ခဏမျှ သော်လည်း သည်းမခံထိုက် လက်မခံထိုက်သည်၏ အဖြစ်ကြောင့်လည်းကောင်း ---- ရုပ်နာမ်ဓမ္မ သင်္ခါရတရား မှန်သမျှသည် ဥပသဂ္ဂံ = တွယ်တာစွဲကပ် နှိပ်စက်တတ်သော ဥပါဒ်မျိုးသာတည်း။ ယင်းသဘောတရားကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ဥပသဂ္ဂ ဥပသဂ္ဂ ဟု ရှုပါ။

၁၁။ အတာဏတော

အတာယနတာယ စေဝ, အလဗ္ဘနေယျခေမတာယ စ အတာဏတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

တာယိတုံ ရက္ခိတုံ အသမတ္ထတာယ န တာယနောတိ အတာယနော၊ တဗ္ဘာဝေါ အတာယနတာ။တာဏာသီသာယ ဥပဂတဿ အလဗ္ဘနေယျခေမတာ။ (မဟာဋီ၊၂၊၃၉၆။)

ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့သည် ဖြစ်ပေါ်လာပြီးက မပျက်အောင် စောင့်ရှောက်ဖို့ရန် အလွန်ခဲယဉ်းသော တရားမျိုးတို့ ဖြစ်ကြ၏၊ ယင်းသို့ စောင့်ရှောက်ခြင်းငှာ မစွမ်းနိုင်သည်၏ အဖြစ်ကြောင့်လည်းကောင်း,

စောင့်ရှောက်စေလိုသော အာသာဆန္ဒဖြင့် ဆည်းကပ်ပါသော်လည်း မည်သည့်နည်းနှင့်မျှ မပျက်အောင် ပျက်ခြင်းဘေးကင်းအောင် မစောင့်ရှောက်နိုင်သည်၏ အဖြစ်ကြောင့်လည်းကောင်း ရုပ်နာမ်ဓမ္မ သင်္ခါရတရား မှန်သမျှသည် အတာဏံ = စောင့်ရှောက်မဲ့လျှင်း ဘေး၏အသင်းအပင်းသာတည်း။ ယင်းသဘောတရားကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အတာဏ အတာဏ ဟု ရှုပါ။

သင်္ခါရတရားတို့ကား ဖြစ်ပေါ်လာပြီးနောက် မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ရန်လည်း ခက်ခဲ၏၊ စောင့်ရှောက်စေလိုသော အာသာဆန္ဒဖြင့် ဆည်းကပ်ပါသော်လည်း ပျက်ခြင်းတည်းဟူသော ဘေးကင်းမှုကို မည်သည့်နည်းနှင့်မျှ မရအပ်, မရနိုင်ပေ။ ကြောက်လန့်ဖွယ်ကောင်းသည့် ဘယဋ္ဌ ဘေးဒုက္ခ အနက်သဘောပင် ဖြစ်၏။

၁၂။ အလေဏတော

အလ္လီယိတုံ အနရဟတာယ, အလ္လီနာနမ္ပိ စ လေဏကိစ္စာကာရိတာယ အလေဏတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

ဒုက္ခဘီတိယာ ဥပလီယနာဓိပ္ပါယေန အလ္လီယိတုံ။ဒုက္ခနိဝတ္တနံ လေဏကိစ္စံ။ (မဟာဋီ၊၂၊၃၉၆။)

ရုပ်နာမ်ဓမ္မ သင်္ခါရတရား မှန်သမျှသည် ဆင်းရဲဒုက္ခမှ ကြောက်သည်ဖြစ်၍ (အထူးသဖြင့် ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံနေရသည့် ဆင်းရဲဒုက္ခမှ ကြောက်သည်ဖြစ်၍) ခိုမှီကပ်ရပ်လိုသော အာသာဖြင့် ကပ်ရပ်ခိုမှီးခြင်းငှာ မထိုက်တန်သည်၏ အဖြစ်ကြောင့်လည်းကောင်း,

ဆင်းရဲဒုက္ခမှ ကြောက်သည်ဖြစ်၍ ခိုမှီကပ်ရပ်လိုသော အာသာဖြင့် ကပ်ရပ်ခိုမှီကြကုန်သော သူတို့၏လည်း ဆင်းရဲဒုက္ခကို ပျောက်ကွယ် နစ်မြုပ်စေခြင်းဟူသော ပုန်းအောင်းရာကိစ္စကို မပြုလုပ်တတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း အလေဏံ = ကွယ်ကာမဲ့လျှင်း ဘေး၏ အသင်းအပင်းသာတည်း။ ဤသဘောတရားကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အလေဏ အလေဏ ဟု ရှုပါ။

၁၃။ အသရဏတော

နိဿိတာနံ ဘယသာရကတ္တာဘာဝေန အသရဏတော။(ဝိသုဒ္ဓိ၊၂၊၂၄၇။)

ဇာတိအာဒိဘယာနံ ဟိံသနံ ဝိဓမနံ ဘယသာရကတ္တံ။ (မဟာဋီ၊၂၊၃၉၆။)

ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့သည် မိမိတို့ကိုယ်တိုင်က ဇာတိ-ဇရာ-ဗျာဓိ-မရဏစသော သဘောတရား ထင်ရှားရှိနေကြသဖြင့် ဇာတိ-ဇရာ-ဗျာဓိ-မရဏစသော ဘေးဒုက္ခကို ကြောက်၍ မှီခိုကပ်ရပ်ကုန်သော သူတို့၏ ဇာတိ-ဇရာ-ဗျာဓိ-မရဏစသော ဘေးဒုက္ခကို ညှဉ်းဆဲတတ် ပယ်ဖျောက်တတ်သောသဘော၏ ထင်ရှားမရှိခြင်းကြောင့် ရုပ်နာမ်ဓမ္မ သင်္ခါရတရားမှန်သမျှသည် အသရဏံ = ကိုးရာမဲ့လျှင်း ဘေး၏ အသင်းအပင်းသာတည်း။ ဤသဘောတရားကို ဝိပဿနာဉာဏ်ဖြင့် စေ့စေ့ငုငု မြင်အောင်ကြည့်ရှု၍ အသရဏ အသရဏ ဟု ရှုပါ။

၁၄။ ဝဓကတော

မိတ္တမုခသပတ္တော ဝိယ ဝိဿာသဃာတိတာယ ဝဓကတော။ (ဝိသုဒ္ဓိ၊၂၊၂၄၈။)

ဣမေ ရူပါဒယော သုခဟေတု၊ န ဒုက္ခဟေတူတိ ဇနိတဝိဿာသာနံ ဟနနသီလတာယ, ခန္ဓေသု ဟိ ဧတံ မမာတိ ဂါဟဝသေန သတ္တာ ဗျသနံ ပါပုဏန္တိ၊ ဝိဿာသံ ဝါ ဟနန္တီတိ ဝိဿာသဃာတိနော၊ တဗ္ဘာဝတော။ (မဟာဋီ၊၂၊၃၉၇။)

ခန္ဓာ (၅)ပါးတို့သည် သူသတ်သမားကြီး (၅)ဦးတို့ ဖြစ်ကြောင်းကို အာသီဝိသောပမသုတ္တန် (သံ၊၂၊ ၃၈၁-၃၈၃။) တွင် ဘုရားရှင်သည် ဟောကြားထားတော်မူခဲ့၏။ ခန္ဓာတစ်ပါးပါးသည် ဖောက်ပြန်လွန်ကဲလာပါက ခန္ဓာရှင်သတ္တဝါသည် အချိန်မရွေး သေကျေပျက်စီးနိုင်၏။ သို့အတွက် ရုပ်နာမ်ဓမ္မ သင်္ခါရတရားမှန်သမျှတို့သည် မိတ်ဆွေ၏ မျက်နှာနှင့်တူသော ပြုံးချိုသော မျက်နှာရှိသော ရန်သူကဲ့သို့ အကျွမ်းဝင်သော သူကို သတ်တတ်သောကြောင့် ဝဓက = သူသတ်မျိုးရိုးတို့သာ ဖြစ်ကြ၏။ ပရမတ္ထသစ္စာအားဖြင့် ပရမတ်တရားတိုင်း၏ ခဏတိုင်း ခဏတိုင်းဝယ် ဘင်ကာလတိုင်း ဘင်ကာလတိုင်း၌ အတွင်သတ်နေ၏။ ထို့ကြောင့် ခန္ဓာတိုင်း ခန္ဓာတိုင်းသည် သမ္မုတိသစ္စာ လျော်စွာပညတ် ခေါ်ဝေါ်အပ်သည့် လူနတ်ဗြဟ္မာ သတ္တဝါကို သုံးဖြာခဏ ဘင်သို့ကျအောင် ကာလမရှည် သန္တာန်စည်၍ နာရီမလပ် အတွင်သတ်သည့် လူသတ်မျိုးရိုးသာတည်း။ ယင်းသဘောတရားကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ဝဓက ဝဓက ဟု ရှုပါ။

၁၅။ အဃမူလတော

အဃဟေတုတာယ အဃမူလတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

အဃဿ ပါပဿ ဟေတုတာ အဃဟေတုတာ။ ခန္ဓပဋိဗဒ္ဓမေဝ ဟိ သဗ္ဗံ ကိဗ္ဗိသန္တိ။(မဟာဋီ၊၂၊၃၉၇။)

မကောင်းမှုမှန်သမျှတို့သည် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့နှင့် အမြဲတမ်း ဆက်စပ်လျက်ရှိကြ၏။ ခန္ဓာမရှိက မကောင်းမှုလည်း မရှိနိုင်တော့ပြီ။ ထို့ကြောင့် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် ကြမ်းကြုတ် ရုန့်ရင်းသော မကောင်းမှုအကုသိုလ်၏ အကြောင်းရင်းစစ် အဖြစ်ကြီးဖြစ်သောကြောင့် အဃမူလံ = ကျိုးမဲ့ ခပင်း ဆင်းရဲခြင်း၏ အရင်းအမြစ်သာတည်း။

ရုပ်တရားတို့ကို အာရုံပြု၍ဖြစ်စေ မှီ၍ဖြစ်စေ, နာမ်တရားတို့ကို အာရုံပြု၍ဖြစ်စေ နာမ်တရားတို့နှင့် ယှဉ်တွဲ၍ဖြစ်စေ မကောင်းမှုအကုသိုလ် ထိုထိုတရားစုတို့သည် ဖြစ်ပေါ်လာကြရ၏။ ယင်းသဘောတရားကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အဃမူလ အဃမူလ ဟု ရှုပါ။

၁၆။ အာဒီနဝတော

ပဝတ္တိဒုက္ခတာယ, ဒုက္ခဿ စ အာဒီနဝတာယ အာဒီနဝတော၊ အထ ဝါ အာဒီနံ ဝါတိ ဂစ္ဆတိ ပဝတ္တတီတိ အာဒီနဝေါ၊ ကပဏမနုဿေဿတံ အဓိဝစနံ၊ ခန္ဓာပိ စ ကပဏာယေဝါတိ အာဒီနဝသဒိသတာယ အာဒီနဝတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

ပဝတ္တိဒုက္ခတာယာတိ ဘဝပဝတ္တိဒုက္ခဘာဝတော။ ဘဝပဝတ္တိ စ ပဉ္စန္နံ ခန္ဓာနံ အနိစ္စာဒိအာကာရေန ပဝတ္တနမေဝ၊ သော စ အာဒီနဝေါ။ ယထာဟ ယံ ဘိက္ခဝေ ပဉ္စုပါဒါနက္ခန္ဓာ အနိစ္စာ ဒုက္ခာ ဝိပရိဏာမဓမ္မာ။ အယံ ဘိက္ခဝေ ပဉ္စသု ဥပါဒါနက္ခန္ဓေသု အာဒီနဝေါတိ။ တေနာဟ ဒုက္ခဿ စ အာဒီနဝတာယာတိ။ (မဟာဋီ၊၂၊၃၉၆။)

ခန္ဓာတို့၏ ဖြစ်ခြင်းကား ပဝတ္တိတည်း၊ ခန္ဓာတို့၏ မဖြစ်ခြင်း နစ်ခြင်းကား နိဝတ္တိတည်း။ ပဝတ္တိကား ဝဋ္ဋဖြစ်၍ ဒုက္ခတည်း။ နိဝတ္တိကား ---- ပဉ္စန္နံ ခန္ဓာနံ နိရောဓော သုခံ နိဗ္ဗာနံ - ဟူသည်နှင့်အညီ ခန္ဓာငါးပါးတို့၏ ချုပ်ခြင်းသည် နိရောဓနိဗ္ဗာနဖြစ်၍ သုခတည်း။

ခန္ဓာငါးပါးတို့၏ အနိစ္စစသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသည်ကား ဘဝပဝတ္တိ = ဘဝဖြစ်ခြင်း ဝဋ်ဒုက္ခ၏ ဖြစ်ပေါ်လာခြင်း သဘောတရားပင်တည်း။ ယင်းသို့ ခန္ဓာငါးပါးတို့၏ အနိစ္စစသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသည် ခန္ဓာငါးပါးတို့၏ အပြစ် = အာဒီနဝပင်တည်း။

ရဟန်းတို့ ...ဥပါဒါနက္ခန္ဓာငါးပါးတို့သည် အကြင်အကြောင်းတရားကြောင့် ဖြစ်ပြီးလျှင် ပျက်တတ်သည့် အနိစ္စတရားတို့ ဖြစ်ကုန်၏၊ ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံရသည့် ဒုက္ခတရားတို့ ဖြစ်ကုန်၏၊ ဇရာ-မရဏတို့ဖြင့် ဖောက်ပြန် ပျက်စီးတတ်သော ဝိပရိဏာမဓမ္မတို့ ဖြစ်ကုန်၏။ ရဟန်းတို့ ...ဤ အနိစ္စ-ဒုက္ခ-ဝိပရိဏာမဓမ္မသဘောတရားသည် ဥပါဒါနက္ခန္ဓာငါးပါးတို့၌ အပြစ်အာဒီနဝတည်း။ (သံ၊၂၊၂၃-၅၁ ... ) ---- ဤသို့ဘုရားရှင်သည် ဟောကြားထားတော်မူပေ၏။

ဤသို့လျှင် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် ဘဝပဝတ္တိဒုက္ခ၏ အဖြစ်ကြောင့်လည်းကောင်း, ယင်းခန္ဓာ ငါးပါး ဒုက္ခသစ္စာတရား၏ အနိစ္စ ဒုက္ခ ဝိပရိဏာမဓမ္မဟူသော အပြစ် = အာဒီနဝရှိသည်၏ အဖြစ်ကြောင့် လည်းကောင်း ရုပ်နာမ်ဓမ္မ သင်္ခါရတရား မှန်သမျှသည် အာဒီနဝ = အနိစ္စ ဒုက္ခ ဝိပရိဏာမဓမ္မဟူသော အပြစ်ရှိသော တရားစုသာဖြစ်၏။

ရူပံ ဘိက္ခဝေ အနိစ္စံ၊ ယောပိ ဟေတု ယောပိ ပစ္စယော ရူပဿ ဥပ္ပါဒါယ၊ သောပိ အနိစ္စော၊ အနိစ္စသမ္ဘူတံ ဘိက္ခဝေ ရူပံ ကုတော နိစ္စံ ဘဝိဿတိ။ (သံ၊၂၊၂၀။)

ရဟန်းတို့ ...ရုပ်တရားသည် အနိစ္စတည်း၊ ရုပ်တရား၏ ဖြစ်ပေါ်လာဖို့ရန် တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော အကြင် ဟေတုအကြောင်းတရား = ဇနကအကြောင်းတရားသည်လည်းကောင်း, အားပေးထောက်ပံ့ တတ်သော အကြင် ပစ္စယအကြောင်းတရား = ဥပတ္ထမ္ဘကအကြောင်းတရားသည်လည်းကောင်း ရှိ၏။ ထို အကြောင်းတရားသည်လည်း အနိစ္စသာတည်း။ ရဟန်းတို့ ...အနိစ္စတရားကြောင့် ဖြစ်ပေါ်လာရသော ရုပ်တရား သည် အဘယ်မှာလျှင် နိစ္စ ဖြစ်နိုင်ပါအံ့နည်း။ (သံ၊၂၊၂၀။)

ခန္ဓာငါးပါးလုံး၌ ပုံစံတူပင် ဟောကြားထားတော်မူပေသည်။ ဒုက္ခ အနတ္တ ဖြစ်ပုံကိုလည်း ပုံစံတူပင် ဟောကြားထားတော်မူပေသည်။ ထို့ကြောင့် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို တိုက်ရိုက်ဖြစ်ပေါ်စေတတ်ကုန်သော အဝိဇ္ဇာ -တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ-စိတ်-ဥတု-အာဟာရ-ဝတ္ထု-အာရုံ-ဖဿစသော ဟေတုအကြောင်းတရား ပစ္စယအကြောင်းတရားတို့ ကိုယ်တိုင်က အနိစ္စ ဒုက္ခ ဝိပရိဏာမဓမ္မဟူသော အပြစ် = အာဒီနဝ ရှိနေသည့် အတွက်ကြောင့် ခန္ဓာငါးပါးတို့သည်လည်း အနိစ္စ ဒုက္ခ ဝိပရိဏာမဓမ္မဟူသော အပြစ် = အာဒီနဝ ရှိကြရပေသည်။

တစ်နည်း ---- လောက၌ အထီးကျန်သူဆင်းရဲကို အာဒီနဝဟု ခေါ်ဆိုကြ၏။ အလွန်အထီးကျန်သည်ဖြစ်၍ ဆင်းရဲရိရှား ပင်ပန်းလှစွာဖြစ်မှုကို အာဒီနဝဟုဆိုသည်။ ရုပ်နာမ်ခန္ဓာတို့သည်လည်း ခိုကိုးရာမဲ့သော အထီးကျန် သူဆင်းရဲနှင့် တူကုန်၏။ အထီးကျန်သူဆင်းရဲသည် ခိုကိုးရာမဲ့သကဲ့သို့ ခန္ဓာတို့သည်လည်း ဖြစ်ပြီးက မပျက်အောင်, အနိစ္စ ဒုက္ခ ဝိပရိဏာမဓမ္မသဘောသို့ မရောက်အောင် ပုန်းအောင်းလည်းလျောင်းရာ ခိုကိုးရာ မရှိကြကုန်။ ဤသို့လျှင် ခန္ဓာတို့သည် ခိုကိုးရာမဲ့ အထီးကျန် သူဆင်းရဲနှင့် တူသည်၏ အဖြစ်ကြောင့် အာဒီနဝ = ခိုကိုးရာမဲ့ အထီးကျန်သူဆင်းရဲတို့သာ ဖြစ်ကြ၏။ ယင်းသဘောတရားကို ဝိပဿနာဉာဏ်ပညာဖြင့် မြင်အောင်ကြည့်၍ အာဒီနဝ အာဒီနဝ ဟု ရှုပါ။

၁၇။ သာသဝတော

အာသဝပဒဋ္ဌာနတာယ သာသဝတော။ (ဝိသုဒ္ဓိ၊၂၊၂၄၈။)

အာသဝါနံ အာရမ္မဏာဒိနာ ပစ္စယဘာဝေါ အာသဝပဒဋ္ဌာနတာ။(မဟာဋီ၊၂၊၃၉၇။)

ရုပ်နာမ်ခန္ဓာတို့၏ အကြောင်းရင်းစစ် သမုဒယသစ္စာ ဖြစ်ကြကုန်သော အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကား အာသဝေါတရားများပင် ဖြစ်ကြ၏။ ရုပ်နာမ်ခန္ဓာတို့သည် အာသဝေါတရားလျှင် အကြောင်းရင်းစစ် ရှိကြ၏။ အာသဝေါတရားတို့၏ အစီးအပွားတို့သာ ဖြစ်ကြ၏။ တစ်ဖန် အာသဝေါတရားတို့သည်လည်း ရုပ်နာမ်တို့ကိုသာ အာရုံပြု၍ ဖြစ်ပေါ်လာကြရကုန်၏။ ရုပ်နာမ်ခန္ဓာတို့က အာရမ္မဏပစ္စယသတ္တိစသည်တို့ဖြင့် ကျေးဇူးပြုပေးတတ်ကြသောကြောင့် အာသဝေါတရားတို့သည် ဖြစ်ပေါ်လာကြရကုန်၏။ ယင်းသို့လျှင် ရုပ်နာမ်ခန္ဓာတို့သည် အာသဝေါတရားတို့၏ အနီးကပ်ဆုံးသော အကြောင်းပဒဋ္ဌာန်ဖြစ်သောကြောင့် သာသဝ = အာသဝေါတရားတို့၏ အစီးအပွား အာသဝေါတရားတို့၏ အာရုံဖြစ်ကြကုန်၏။ ယင်းသဘောတရားကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ကြည့်၍ သာသဝ သာသဝ ဟု ရှုပါ။

၁၈။ မာရာမိသတော

မစ္စုမာရကိလေသမာရာနံ အာမိသဘူတတာယ မာရာမိသတော။ (ဝိသုဒ္ဓိ၊၂၊၂၄၈။)

မစ္စုမာရဿ အဓိဋ္ဌာနဘာဝေန, ကိလေသမာရဿ ပစ္စယဘာဝေန သံဝဍ္ဎနတော အာမိသဘူတတာ၊ ခန္ဓာပိ ခန္ဓာနံ အာမိသဘူတာ ပစ္စယဘာဝေန သံဝဍ္ဎနတော၊ တဒန္တောဂဓာ အဘိသင်္ခါရာ။ ဒေဝပုတ္တမာရဿ ပန မမေတန္တိ အဓိမာနဝသေန အာမိသဘာဝေါတိ ခန္ဓာဒိမာရာနမ္ပိ ဣမေသံ ယထာရဟံ အာမိသဘူတတာ ဝတ္တဗ္ဗာ။ (မဟာဋီ၊၂၊၃၉၇။)

ဒေဝပုတ္တမာရ်, ကိလေသမာရ်, ခန္ဓမာရ်, မစ္စုမာရ်, အဘိသင်္ခါရမာရ်ဟု မာရ်ငါးပါး ရှိ၏။ မိုးနတ်သား မာရ်နတ်မင်းနှင့် မာရ်နတ်၏ အသင်းအပင်းတို့ကို ဒေဝပုတ္တမာရ်ဟုခေါ်၏။ ကိလေသာမာရ်စစ်သည်တို့ကို ကိလေသမာရ်ဟုခေါ်၏။ ခန္ဓာငါးပါးတို့ကို ခန္ဓမာရ်ဟုခေါ်၏။ သေခြင်းမရဏတရားကို မစ္စုမာရ်ဟုခေါ်၏။ ဘဝသစ်ကို ဖြစ်ပေါ်လာအောင် ပြုပြင်စီမံတတ်သော ကုသိုလ်ကံ အကုသိုလ်ကံတို့ကို အဘိသင်္ခါရမာရ်ဟုခေါ်၏။

ရုပ်နာမ်ခန္ဓာတို့သည် သေခြင်း = မရဏဟူသော မစ္စုမာရ်၏ တည်ရာလည်း ဖြစ်ကြ၏။ အဝိဇ္ဇာ တဏှာ ဥပါဒါန်စသော ကိလေသာမာရ်စစ်သည်တို့၏ စွဲမှီ၍ဖြစ်ရာ အကြောင်းတရား, ကြီးပွားတိုးတက်ရန် အကြောင်းတရားလည်း ဖြစ်ကြ၏။ ထို့ကြောင့် ရုပ်နာမ်တို့သည် မစ္စုမာရ် ကိလေသမာရ်တို့၏ စားဖတ်ဝါးဖတ် သုံးသပ် နင်းနယ်ရာ မာရာမိသ = မာရ + အာမိသတို့ ဖြစ်ကြ၏။

ဝိပါကဝဋ်အမည်ရသော ခန္ဓာတို့ကို တစ်နည်းဆိုသော် ခန္ဓာငါးပါးတို့ကို အချိန်မီ ဝိပဿနာမရှုနိုင်ကြသော သတ္တဝါတို့၏ သန္တာန်၌ ယင်းခန္ဓာတို့အပေါ်၌ အယောနိသောမနသိကာရကို အကြောင်းခံ၍ ကိလေသဝဋ်များ ထပ်ဖြစ်ကြ၏။ ယင်းကိလေသဝဋ်ကို အစွဲပြု၍ ကမ္မဝဋ်တို့လည်း ထပ်ဖြစ်ကြပြန်ကုန်၏။ ယင်းကမ္မဝဋ်ကြောင့် ဝိပါကဝဋ်အမည်ရသော ခန္ဓာတို့လည်း ထပ်မံ၍ ဖြစ်ကြရပြန်ကုန်၏။ (ပဋိစ္စသမုပ္ပါဒ်ပိုင်းကို ပြန်ကြည့်ပါ။) ထို့ကြောင့် ခန္ဓာတို့သည်လည်း အခြားအခြားသော အသစ်အသစ်ခန္ဓာတို့၏ ဖြစ်ပေါ်လာဖို့ရန် အကြောင်းတရား၏ အဖြစ်ဖြင့် ခန္ဓာအသစ်အသစ်ကို တိုးပွားစေတတ်သောကြောင့် အာမိသဖြစ်ကြကုန်၏။ ဘဝသစ်ကို ဖြစ်ပေါ် လာအောင် ပြုစီမံတတ်ကုန်သော အဘိသင်္ခါရတရားတို့သည်လည်း ထိုခန္ဓာတို့၌ပင် အကျုံးဝင်ကြ၏။ ခန္ဓမာရ် အဘိသင်္ခါရမာရ်တို့တည်း၊ မာရာမိသတို့ပင်တည်း။

ဒေဝပုတ္တမာရ်၏မူကား ---- ဤတရားအပေါင်းသည် ငါ၏ ဥစ္စာတည်း ဟု ဤသို့ မှတ်ထင်သော အဓိမာန၏ အစွမ်းဖြင့် အာမိသ၏အဖြစ်ကို သိရှိပါလေ။ ထို့ကြောင့် ခန္ဓမာရ် အဘိသင်္ခါရမာရ် ဒေဝပုတ္တမာရ် တို့ကိုလည်း ဤခန္ဓာငါးပါးတို့၏ အာမိသဖြစ်သည်၏ အဖြစ်ကို ထိုက်သည့်အားလျော်စွာ ဆိုသင့် ဆိုထိုက်ပေ၏။

ထို့ကြောင့် ရုပ်နာမ်ခန္ဓာတို့သည် မစ္စုမာရ် ကိလေသမာရ်တို့၏ တစ်နည်းဆိုရသော် မာရ်ငါးပါးတို့၏ စားဖတ်ဝါးဖတ် သုံးသပ်နင်းနယ်ရာ ဖြစ်ခြင်းကြောင့် မာရာမိသ = မာရ + အာမိသ = ကိလေသမာရ် မစ္စုမာရ် တို့၏ တစ်နည်း မာရ်ငါးပါးတို့၏ စားဖတ်ဝါးဖတ် သုံးသပ်နင်းနယ်ရာသာတည်း။ ယင်းသဘောတရားကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ မာရာမိသ မာရာမိသ ဟု ရှုပါ။

၁၉။ ဇာတိဓမ္မတော, ၂၀။ ဇရာဓမ္မတော, ၂၁။ ဗျာဓိဓမ္မတော

ဇာတိ-ဇရာ-ဗျာဓိ (မရဏ) ပကတိတာယ ဇာတိ-ဇရာ-ဗျာဓိ (မရဏ) ဓမ္မတော။(ဝိသုဒ္ဓိ၊၂၊၂၄၈။)

ဓမ္မသဒ္ဒေါ ဇာတိဓမ္မာနန္တိအာဒီသု ဝိယ ပကတိအတ္ထော, ဓမ္မပဋိသမ္ဘိဒါတိအာဒီသု ဝိယ ဟေတုအတ္ထော စာတိ အာဟ ဇာတိဇရာဗျာဓိမရဏပကတိတာယ, သောကပရိဒေဝဥပါယာသဟေတုတာယာတိ။ (မဟာဋီ၊၂၊၃၉၇။)

( မရဏဓမ္မကား အနိစ္စလက္ခဏာ၌ ပါဝင်ပြီးဖြစ်၏။) ရုပ်နာမ်ခန္ဓာတို့သည် ဇာတိသဘော, ဇရာသဘော, ဗျာဓိသဘော, (မရဏသဘော) ရှိသည်၏အဖြစ်ကြောင့် ----

၁၉။ ဇာတိ = ဖြစ်ချင်တိုင်း ဖြစ်တတ်သော သဘောရှိ၏။

၂၀။ ဇရာ = ဆုတ်ယုတ်လျော့ပါးခြင်း သဘောရှိ၏။

၂၁။ ဗျာဓိ = ဖျားနာခြင်း သဘောရှိ၏။

သမုတိသစ္စာနယ် = (သမ္မုတိသစ္စာနယ်) ပရမတ္ထသစ္စာနယ် နှစ်မျိုးလုံး၌ ယင်းဇာတိ ဇရာ ဗျာဓိ သဘောများကို ရှုနိုင်ပါသည်။ သို့သော် ပရမတ္ထသစ္စာသာ လိုရင်းဖြစ်သည်။ ယင်း ဇာတိသဘော, ဇရာသဘော, ဗျာဓိ သဘော အသီးအသီးကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ----

၁၉။ ဇာတိဓမ္မ ဇာတိဓမ္မ ဟုလည်းကောင်း,

၂၀။ ဇရာဓမ္မ ဇရာဓမ္မ ဟုလည်းကောင်း,

၂၁။ ဗျာဓိဓမ္မ ဗျာဓိဓမ္မ ဟုလည်းကောင်း ----

အသီးအသီး ရှုပါ။

၂၂။ သောကဓမ္မတော, ၂၃။ ပရိဒေဝဓမ္မတော, ၂၄။ ဥပါယာသဓမ္မတော,

သောက-ပရိဒေဝ-ဥပါယာသဟေတုတာယ သောက-ပရိဒေဝ-ဥပါယာသဓမ္မတော။(ဝိသုဒ္ဓိ၊၂၊၂၄၈။)

ရုပ်နာမ် = ခန္ဓာတို့ကို အကြောင်းပြု၍ အစွဲပြု၍ ----

၁။ စိုးရိမ် ပူဆွေးရခြင်း သောကတရား,

၂။ ငိုကြွေး မြည်တမ်းရခြင်း ပရိဒေဝတရား,

၃။ ပြင်းစွာ ပူပန်ရခြင်း ပင်ပန်းရခြင်း ဥပါယာသတရားတို့ အသီးအသီး ဖြစ်ပေါ်လာကြရ၏။

ထို့ကြောင့် ရုပ်နာမ် = ခန္ဓာတို့သည် သောက - ပရိဒေဝ - ဥပါယာသတို့၏ အကြောင်းရင်းတို့ ဖြစ်ကြ၏။ သို့အတွက် ခန္ဓာငါးပါး ရုပ်နာမ်တရားမှန်သမျှသည် ----

၂၂။ သောက = စိုးရိမ် ပူပန်ရခြင်း သဘောရှိ၏။

၂၃။ ပရိဒေဝ = ငိုကြွေး မြည်တမ်းရခြင်း သဘောရှိ၏။

၂၄။ ဥပါယာသ = သက်ကြီးရှိုက်ငင် ပြင်းစွာပူပန်ရခြင်း သဘောရှိ၏။

ယင်းသဘောတရား အသီးအသီးကို ဝိပဿနာ ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ----

၂၂။ သောကဓမ္မ သောကဓမ္မ ဟုလည်းကောင်း,

၂၃။ ပရိဒေဝဓမ္မ ပရိဒေဝဓမ္မ ဟုလည်းကောင်း,

၂၄။ ဥပါယာသဓမ္မ ဥပါယာသဓမ္မ ဟုလည်းကောင်း ----

ဤသို့ အသီးအသီး ခွဲ၍ ရှုပါ။

၂၅။ သံကိလေသိကဓမ္မတော

တဏှာ-ဒိဋ္ဌိ-ဒုစ္စရိတသံကိလေသာနံ ဝိသယဓမ္မတာယ သံကိလေသိကဓမ္မတော။ (ဝိသုဒ္ဓိ၊၂၊၂၄၈။)

သံကိလေသတ္တယဂ္ဂဟဏေန တဒေကဋ္ဌာနံ ဒသန္နံ ကိလေသဝတ္ထူနမ္ပိ သင်္ဂဟော ဒဋ္ဌဗ္ဗော။ တဒါရမ္မဏာပိ ဟိ ဓမ္မာ တဒနတိဝတ္တနတော သံကိလေသိကာ ဧဝ။ တထာ ခုဒ္ဒါ, တဏှာ, ဇဋာဒီသု သရီရဿ, သံကိလေသဿ စ သင်္ဂဟော ဒဋ္ဌဗ္ဗော။ (မဟာဋီ၊၂၊၃၉၇။) (ခုဒါတဏှာဇရာဒီသု ပရိဿမသံကိလေသဿ စ သင်္ဂဟော ဒဋ္ဌဗ္ဗော။ သီ - မူ။)

ရုပ်နာမ်ခန္ဓာတို့ကို အာရုံယူ၍ အာရုံပြု၍သာလျှင် တဏှာ-ဒိဋ္ဌိ-ဒုစ္စရိတ = ဒုစရိုက်ဟူသော စိတ်အစဉ်ကို ညစ်နွမ်းစေတတ်သော မိမိတို့ကိုယ်တိုင်လည်း ညစ်နွမ်းတတ်သော အကုသိုလ် တရားဆိုးတို့သည် ဖြစ်ပေါ်လာကြရ၏။ ထို့ကြောင့် ရုပ်နာမ်ခန္ဓာတို့သည် တဏှာသံကိလေသ, ဒိဋ္ဌိသံကိလေသ, ဒုစ္စရိတသံကိလေသတည်း ဟူသော စိတ်အစဉ်ကို ညစ်နွမ်းစေတတ်သော မိမိတို့ကိုယ်တိုင် ညစ်နွမ်းတတ်သော သံကိလေသတရားသုံးပါးတို့၏ အာရုံဓမ္မဖြစ်သောကြောင့် သံကိလေသိကဓမ္မ = သံကိလေသသဘာဝက = တဏှာ-ဒိဋ္ဌိ-ဒုစ္စရိတဟူသော ညစ်နွမ်းခြင်းသုံးပါးကို ပွားစီးစေတတ်သော သဘောရှိကြ၏။ ယင်းသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ သံကိလေသိကဓမ္မ သံကိလေသိကဓမ္မ ဟု ရှုပါ။

သို့သော် မဟာဋီကာဆရာတော်က ဤသို့လည်း ဆက်လက်၍ ဖွင့်ဆိုထားတော်မူပေသည်။ ----

တဏှာသံကိလေသ, ဒိဋ္ဌိသံကိလေသ, ဒုစ္စရိတသံကိလေသဟူသော သံကိလေသသုံးပါးအပေါင်းကို သံကိလေသိကဓမ္မအရ ယူခြင်းဖြင့် ထိုသံကိလေသတရား သုံးပါးနှင့် တူသောတည်ရာ ရှိကြကုန်သော ကိလေသဝတ္ထု (၁၀)ပါးတို့ကိုလည်း သံကိလေသိကဓမ္မအဖြစ်သိမ်းကျုံးရေတွက်ယူပါ၊ မှတ်သားပါ။ မှန်ပေသည် - ထို သံကိလေသဝတ္ထု (၁၀)ပါးတို့၏ အာရုံဖြစ်ကုန်သော တရားတို့သည်လည်း ထိုသံကိလေသဝတ္ထုတို့၏ အာရုံအဖြစ်ကို မလွန်ခြင်းကြောင့် သံကိလေသိက မည်ကုန်သည်သာလျှင်တည်း။ အလားတူပင် ဆာလောင်ခြင်း မွတ်သိပ်ခြင်း အိုမင်းခြင်း သို့မဟုတ် စိတ်ရှုပ်ထွေးခြင်းစသည်တို့ကြောင့် စိတ်ပင်ပန်းခြင်းဟူသော သံကိလေသကိုလည်း သံကိလေသိကဓမ္မဟူသောပုဒ်၌ သိမ်းကျုံးရေတွက်ယူအပ်၏ဟု မှတ်သားပါလေ။ (မဟာဋီ၊၂၊၃၉၇။)

ခန္ဓာ တစ်ပါး တစ်ပါး၌ ဒုက္ခလက္ခဏာ (၂၅) ပါး ဖြစ်သဖြင့် ခန္ဓာငါးပါးလုံး၌ ဒုက္ခလက္ခဏာပေါင်း ---- ၂၅ _ ၅ = ၁၂၅ (ပါး) ဖြစ်သည်။

အနတ္တလက္ခဏာ (၅) ချက်

အနတ္တာ စ ပရံ ရိတ္တံ၊ တုစ္ဆံ သုညန္တိ တာလီသံ။

ဝေဒနာဒယော ခန္ဓာပိ၊ တထေဝ ပဉ္စကာပိ ဝါ။

(ပရမတ္ထသရူပဘေဒနီ၊၂၊၅၂၉။)

၁။ အနတ္တာ = အတ္တ မဟုတ်ကုန်။

၂။ ပရံ = အကျွမ်းဝင်ခြင်း အမြဲကင်းသော သူစိမ်းပြင်ပသာတည်း။

၃။ ရိတ္တံ = နိစ္စ သုခ သုဘ အတ္တဟူသော အနှစ်သာရဟူသမျှနှင့် မြူမျှမယှဉ် အစဉ်ကင်းဆိတ်သော သဘောတရားသာတည်း။

၄။ တုစ္ဆံ = နိစ္စ သုခ သုဘ အတ္တ အနှစ်မမှီး အချည်းနှီးသာတည်း။ (ဝါ) သေးငယ်ယုတ်ညံ့ အချည်းနှီးသော တရားသာတည်း။

၅။ သုညံ = သာမိ နိဝါသိ ကာရက ဝေဒက အဓိဋ္ဌာယကဟူသော အတ္တမှ ဆိတ်သုဉ်း၏။

၁။ အနတ္တတော

သယဉ္စ အဿာမိကဘာဝါဒိတာယ အနတ္တတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

ယထာ ကေနစိ သာမိအာဒိလက္ခဏေန အတ္တနာ သုညာ ဧတေ၊ ဧဝံ သယမ္ပိ အတံသဘာဝေါတိ အာဟ သယဉ္စ။ပ။ အနတ္တတောတိ။ န အတ္တာတိ ဟိ အနတ္တာတိ။ (မဟာဋီ၊၂၊၃၉၆။)

သာသနာပ အယူအဆရှိသူ အချို့အချို့သော အတ္တဝါဒသမားတို့က ----

၁။ ခန္ဓာအိမ်ကို ပိုင်ဆိုင်သော သာမိအတ္တ ရှိ၏။

၂။ ခန္ဓာအိမ်အသစ်လဲသော်လည်း ပြောင်းလဲခြင်းမရှိ၊ ခန္ဓာအိမ် အသစ် အသစ်၌ ဘဝတိုင်း အမြဲလိုက်ပါ၍ နေထိုင်သော နိဝါသိအတ္တ ရှိ၏။

၃။ ပြုလုပ်ဖွယ် လုပ်ငန်းကိစ္စရပ် ဟူသမျှကို ပြုလုပ်တတ်သော ကာရကအတ္တ ရှိ၏။

၄။ ခံစားဖွယ် အာရုံဟူသမျှကို ခံစားတတ်သော ဝေဒကအတ္တ ရှိ၏။

၅။ ကိစ္စအဝဝ လုပ်ငန်းရပ် ဟူသမျှကို စီရင်ဆုံးဖြတ်တတ်သော အဓိဋ္ဌာယကအတ္တရှိ၏။ ----

ဤသို့ စသည်ဖြင့် အတ္တရှိကြောင်းကို ပြောဆိုကြ၏။

ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကား ယင်းကဲ့သို့သော သာမိအတ္တ, နိဝါသိအတ္တ, ကာရကအတ္တ, ဝေဒကအတ္တ, အဓိဋ္ဌာယကအတ္တတို့မှ ဆိတ်သုဉ်းရကား မိမိရုပ်နာမ်ခန္ဓာတို့ ကိုယ်တိုင်ကလည်း သာမိအတ္တ, နိဝါသိအတ္တ, ကာရကအတ္တ, ဝေဒကအတ္တ, အဓိဋ္ဌာယကအတ္တ သဘောမရှိခြင်းကြောင့် အနတ္တာ = အတ္တ မဟုတ်ကြကုန်။ ယင်းသဘောတရားကို ဝိပဿနာဉာဏ်ပညာဖြင့် မြင်အောင်ကြည့်၍ အနတ္တ အနတ္တ ဟု ရှုပါ။

၂။ ပရတော

အဝသတာယ, အဝိဓေယျတာယ စ ပရတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

အဝသတာယာတိ အဝသဝတ္တနတော။ ယထာ ပရောသတန္တော ပုရိသော ပရဿ ဝသံ န ဂစ္ဆတိ၊ ဧဝံ သုဘသုခါဒိဘာဝေန ဝသေ ဝတ္တေတုံ အသက္ကုဏေယျတော။ အဝိဓေယျတာယာတိ မာ ဇီရထ၊ မာ မီယထာတိအာဒိနာ ဝိဓာတုံ အသက္ကုဏေယျတော။ (မဟာဋီ၊၂၊၃၉၅။)

ရုပ်နာမ်ခန္ဓာတို့သည် ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ရှင်းလင်း တင်ပြခဲ့သည့်အတိုင်း အကြောင်းတရားနှင့် လျော်ညီစွာသာလျှင် ဖြစ်ပေါ်လာကြရ၏။ မိမိ၏အလိုအတိုင်းကား ဖြစ်နိုင်သည့်သဘော မရှိပေ။ မိမိကိုယ်ကို မိမိလျှင် ပြဓာန်းခြင်းရှိသော ယောက်ျားသည် သူတစ်ပါး၏ အလိုသို့ မလိုက်ရသကဲ့သို့ အလားတူပင် ရုပ်နာမ် ခန္ဓာတို့သည် ဤသို့ လှပတင့်တယ်ပါစေ, ဤသို့ ချမ်းသာသုခရှိပါစေ။ ---- ဤသို့စသော သုဘ သုခ စသည်၏ အဖြစ်ဖြင့် မိမိ၏ အလိုဆန္ဒရှိတိုင်း ရုပ်နာမ်တို့ကို ဖြစ်စေခြင်းငှာ မစွမ်းနိုင်သောကြောင့် အလိုသို့ မလိုက်ပါတတ်သော သဘောတရားများ ဖြစ်ကြ၏။

မအိုစေလင့်, မနာစေလင့်, မသေစေလင့်, ဤသို့ ဖြစ်ပြီးပါက ဤသို့ မပျက်ပါစေလင့် ---- ဤသို့ စသည်ဖြင့် စီရင်ခြင်းငှာ မတတ်ကောင်းသော သဘောတရားများလည်း ဖြစ်ကြ၏။

ဤသို့ အလိုသို့ မလိုက်တတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း, အလိုရှိတိုင်း စီရင်ခြင်းငှာ မတတ်ကောင်းသည်၏ အဖြစ်ကြောင့်လည်းကောင်း ရုပ်နာမ်ခန္ဓာတို့သည် ပရ = အကျွမ်းဝင်ခြင်း အမြဲကင်းသော သူစိမ်းပြင်ပတို့သာဖြစ်ကြ၏။ ဤသဘောတရားကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ပရ ပရ ဟု ရှုပါ။

၃။ ရိတ္တတော

ယထာပရိကပ္ပိတေဟိ ဓုဝသုဘသုခတ္တဘာဝေဟိ ရိတ္တတာယ ရိတ္တတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

ယထာပရိကပ္ပိတေဟီတိ ပရမတ္ထတော အဝိဇ္ဇမာနေဟိ ဗာလေဟိ ပရိကပ္ပိတပ္ပကာရေဟိ။ ရိတ္တတာယာတိ ဝိဝိတ္တတာယ၊ ဝိရဟိတတာယာတိ အတ္ထော။ (မဟာဋီ၊၂၊၃၉၆။)

ပရမတ္ထဉာဏ်ပညာမျက်စိ မရှိသူ လူပြိန်းအန္ဓ လူ့ဗာလတို့သည်ကား ရုပ်နာမ်ခန္ဓာတို့ကို ----

၁။ ဓုဝ = ခိုင်ခံ့ကုန်၏ဟုလည်းကောင်း,

၂။ သုဘ = လှပတင့်တယ်ကုန်၏ဟုလည်းကောင်း,

၃။ သုခ = ချမ်းသာသုခ ဖြစ်ကုန်၏ဟုလည်းကောင်း,

၄။ အတ္တ = အသက်ကောင်, လိပ်ပြာကောင်, ဝိညာဏ်ကောင်, အတ္တကောင် ဖြစ်ကုန်၏ဟုလည်းကောင်း -

ဤသို့ ကြံဆထားအပ်ကုန်၏။ သို့သော် ရုပ်နာမ်ခန္ဓာတို့သည်ကား ထိုပရမတ်ဉာဏ်ပညာစက္ခုမရှိသူ လူပြိန်း လူအ လူန လူ့ဗာလတို့ တွေးတော ကြံဆထားအပ်သည့် ဓုဝ သုဘ သုခ အတ္တသဘောတို့မှ အမြဲတမ်း ကင်းဆိတ်ကြကုန်၏။ ထို့ကြောင့် ရုပ်နာမ်ခန္ဓာတို့သည် ရိတ္တ = ဓုဝ သုဘ သုခ အတ္တဟူသော အနှစ်သာရဟူသမျှနှင့် မြူမျှ မယှဉ် အစဉ်ကင်းဆိတ်သော သဘောတရားတို့သာတည်း။ ယင်းသဘောတရားကို ဝိပဿနာဉာဏ်ပညာဖြင့် အသီးအသီး မြင်အောင်ကြည့်၍ ရိတ္တ ရိတ္တ ဟု ရှုပါ။

၄။ တုစ္ဆတော

ရိတ္တတာယေဝ တုစ္ဆတော အပ္ပကတ္တာ ဝါ။ အပ္ပကမ္ပိ ဟိ လောကေ တုစ္ဆန္တိ ဝုစ္စတိ။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

အန္တောသာရာဘာဝေါ ရိတ္တတာ။ သာ ဧဝ စ တုစ္ဆတာတိ အာဟ ရိတ္တတာယေဝ တုစ္ဆတောတိ။ အပ္ပကတ္တာတိ ပရိတ္တတ္တာ၊ လာမကတ္တာ ဝါ။ (မဟာဋီ၊၂၊၃၉၆။)

ရုပ်နာမ်ခန္ဓာတို့၏ အတွင်းသား၌ ----

၁။ နိစ္စဟူသော အနှစ်သာရ,

၂။ သုခဟူသော အနှစ်သာရ,

၃။ သုဘဟူသော အနှစ်သာရ,

၄။ အတ္တဟူသော အနှစ်သာရ ----

ဤကဲ့သို့သော အနှစ်သာရတို့မှ အစဉ်ထာဝရ ကင်းဆိတ်နေသည့်အတွက်ကြောင့် ရုပ်နာမ်ခန္ဓာတို့သည် တုစ္ဆ = ဓုဝ (= နိစ္စ), သုခ, သုဘ, အတ္တဟူသော အနှစ်မမှီး အချည်းနှီးသော တရားတို့သာတည်း။ ယင်းသဘောကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ တုစ္ဆ တုစ္ဆ ဟု ရှုပါ။

တစ်နည်း -------- ရုပ်နာမ်ခန္ဓာတို့သည် ဓုဝ သုဘ သုခ အတ္တ သဘောတို့မှ ဆိတ်သုဉ်းကြသော်လည်း ပရမတ္ထသဘောအားဖြင့် တကယ်ထင်ရှား မရှိကြသည်ကား မဟုတ်၊ တကယ်ထင်ရှား ရှိကြသည်သာတည်း။ သို့သော် ယင်းသို့ထင်ရှားရှိမှုကား ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက် အနေအားဖြင့် တကယ်ထင်ရှားရှိခြင်းသာတည်း။ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားဖြစ်ပေါ်ရကုန်သော ရုပ်နာမ် ပရမတ္ထတရားတို့၏ သက်တမ်းကား အလွန့်အလွန် တိုတောင်းလှ၏။ နာမ်တရားတို့သည် မျက်စိတစ်မှိတ်, လျှပ်တစ်ပြက်, လက်ဖျစ်တစ်တွက်, တစ်စက္ကန့်ဟူသော အချိန်ကာလကို အကြိမ်ကုဋေ တစ်သိန်းခန့်ပုံလျှင် တစ်ပုံခန့်သာ သက်တမ်း ရှိကြ၏။ ရုပ်တရားတို့ကား ယင်းမျက်စိတစ်မှိတ်, လျှပ်တစ်ပြက်, လက်ဖျစ်တစ်တွက်, တစ်စက္ကန့်ဟူသော အချိန်ကာလကို အကြိမ်ကုဋေ ငါးထောင်ခန့်ပုံလျှင် တစ်ပုံခန့်လောက်သာ သက်တမ်းရှိကြ၏။ ဤသို့လျှင် ရုပ်နာမ်ပရမတ် တရားတို့သည် ဖြစ်ပေါ်ပြီးနောက် ရုတ်ခြည်း ချုပ်ပျောက်သွားကြရသည့် ဥပါဒ်-ဌီ-ဘင် ဟူသော အလွန့်အလွန် တိုတောင်းသော အနည်းငယ်သောအချိန်ကာလ သက်တမ်းအတွင်း၌သာ တည်ရှိနိုင်သော တရားမျိုးတို့ ဖြစ်ကြ၏။ အချိန်ကာလ အနည်းငယ်ကလေးမျှသာ ဖြစ်ခွင့်ရသောကြောင့် ယင်းရုပ်နာမ် = ခန္ဓာတို့ကို တုစ္ဆ = အချည်းနှီးဟူ၍ ခေါ်ဆို၏။ မှန်ပေသည် ---- လောက၌ အနည်းငယ်ကိုသော်လည်း တုစ္ဆ = အချည်းနှီးဟူ၍ ခေါ်ဝေါ်သုံးစွဲရိုး ရှိပေသည်။ ထို့ကြောင့် ရုပ်နာမ် = ခန္ဓာတို့သည် တုစ္ဆ = သေးငယ်ယုတ်ညံ့ အချည်းနှီးသော တရားမျိုးတို့သာ ဖြစ်ကြ၏။ ယင်းသဘောတရားကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ တုစ္ဆ တုစ္ဆ ဟူ၍လည်း ရှုပါ။

၅။ သုညတော

သာမိ-နိဝါသိ-ကာရက-ဝေဒကာဓိဋ္ဌာယကဝိရဟိတတာယ သုညတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

ဓုဝသာရာဘာဝါဒီဟိ သဒ္ဓိံ အတ္တသာရာဘာဝံ ရိတ္တပဒေန ဝတွာ နိဗ္ဗတ္တိတမတ္တသာရာဘာဝမေဝ သုညပဒေန ဒေဿတုံ သာမိ။ ပ ။ သုညတောတိ ဝုတ္တံ။ (မဟာဋီ၊၂၊၃၉၆။)

အတ္တဝါဒီသမားတို့ကား သာမိအတ္တ, နိဝါသိအတ္တ, ကာရကအတ္တ, ဝေဒကအတ္တ, အဓိဋ္ဌာယကအတ္တ ရှိ၏ဟု စွဲယူကြ၏။ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၌ ယင်းကဲ့သို့သော ပရမတ္ထဉာဏ်ပညာမျက်စိ ကင်းသူတို့ ကြံဆထားအပ်သော သာမိအတ္တ, နိဝါသိအတ္တ, ကာရကအတ္တ, ဝေဒကအတ္တ, အဓိဋ္ဌာယကအတ္တတို့ကား မရှိဧကန် ဖြစ်ခဲ့ကုန်၏။ ရုပ်နာမ်ခန္ဓာတို့၌ ယင်းအတ္တအမျိုးမျိုးတို့သည် အတ္တဝါဒီသမားတို့က ဖြစ်စေအပ်ရုံမျှသော အနှစ် သာရ အဖြစ်မျှသာ ရှိ၏။ ရုပ်နာမ်ခန္ဓာတို့၌ ယင်းကဲ့သို့သော အတ္တအမျိုးမျိုးမှ ကင်းဆိတ်သည်၏အဖြစ်ကြောင့် ရုပ်နာမ်ခန္ဓာတို့သည် သာမိအတ္တ, နိဝါသိအတ္တ, ကာရကအတ္တ, ဝေဒကအတ္တ, အဓိဋ္ဌာယကအတ္တမှ ဆိတ် သုဉ်းကြကုန်၏။ ထို့ကြောင့် ရုပ်-နာမ် = ခန္ဓာတို့သည် သုည = သာမိအတ္တ, နိဝါသိအတ္တ, ကာရကအတ္တ, ဝေဒကအတ္တ, အဓိဋ္ဌာယကအတ္တမှ ဆိတ်သုဉ်းကြ၏။ ယင်းသဘောတရားကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ကြည့်၍ သုည သုည ဟု ရှုပါ။

ခန္ဓာငါးပါးတို့တွင် ခန္ဓာတစ်ပါး တစ်ပါး၌ အနတ္တလက္ခဏာ (၅)ချက်စီ ရှိသဖြင့် ခန္ဓာ (၅)ပါးလုံး၌ အနတ္တ လက္ခဏာ (၂၅)ချက် ဖြစ်သည်။ ခန္ဓာငါးပါးလုံး၌ ----

၁။ အနိစ္စလက္ခဏာ -------- ၅၀ ၊

၂။ ဒုက္ခလက္ခဏာ -------- ၁၂၅ ၊

၃။ အနတ္တလက္ခဏာ -------- ၂၅ ၊

အားလုံးပေါင်းသော် ဘာဝနာပေါင်း (၂၀၀) ဖြစ်သည်။ တစ်နည်းဆိုသော် ခန္ဓာတစ်ပါးတစ်ပါးစီ၌ ဘာဝနာ (၄၀) ဖြစ်သဖြင့် ခန္ဓာငါးပါးလုံး၌ ဘာဝနာ (၂၀၀) ဖြစ်သည်။

ဤသို့လျှင် ဤ (၂၀၀)သော ဘာဝနာဉာဏ်ဖြင့် ခန္ဓာငါးပါးတို့ကို ရှုပွားသုံးသပ်ခဲ့သော် ထိုနယဝိပဿနာ ဟု ခေါ်ဆိုအပ်သော လက္ခဏာယာဉ်သုံးချက်တင်၍ ရှုပွားသုံးသပ်မှု သမ္မသနလုပ်ငန်းရပ် = သမ္မသနဉာဏ် သည် မြဲမြံခိုင်ခံ့ခြင်း ဖြစ်လာ၏။ ဤကား ပါဠိတော်နည်းကို အစဉ်မှီးသဖြင့် သမ္မသနဉာဏ် အားထုတ်ပုံ အစီအရင် ဖြစ်သည်။ (ပဋိသံ၊၄၁၁။ ဝိသုဒ္ဓိ၊၂၊၂၄၆-၂၄၈။)

အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါး, အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး၌ ခန္ဓာငါးပါးနည်းဖြင့် အထက်ပါ တော (၄၀) ရှုကွက်ကို ကုန်စင်အောင်ရှုပါ။ အတိတ်အဆက်ဆက်မှသည် အနာဂတ်အဆက်ဆက် ဆုံးသည့်တိုင်အောင် ရှုရမည်ဖြစ်ပေသည်။ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုနိုင်ပါက တိုင်းထက်အလွန် တံခွန်နှင့်ဘုရား ဖြစ်ချေသည်။ ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့ကိုပါ ဤ တော (၄၀) ရှုကွက်ဖြင့် ဝိပဿနာ ရှုပွား သုံးသပ်နိုင်ပါက သာ၍သာ၍ပင် ကောင်းသည်ထက် ကောင်းလှပေသည်။ ဤတွင် အလင်္ကာဂုဏ်မြောက်စွာ အနှစ်သာရ ပြည့်ဝစွာဖြင့် ဖွဲ့ဆိုသီကုံး ရေးသားထားတော်မူသော လယ်တီဆရာတော်ဘုရားကြီး၏ ဆုံးမလွှာ တစ်ပုဒ်ကို ထည့်သွင်း၍ လက်ဆောင်ပါးလိုက်ပါသည်။ -------

ကိုယ့်တွက်ကိုယ်တာ ကျင့်ကြံပါ

ဆိုပိန့်ဟုတ်ရာ၊ စဉ်းစားပါလော့ ...၊ ခန္ဓာဘာရ၊ ပဉ္စကကား (= ခန္ဓာငါးပါးတည်းဟူသော ဝန်ထုပ် ဝန်ပိုးကြီးကား) ယုယခင်မင်၊ စိန်ရွှေဆင်၍၊ ပြုပြင်ပိုက်ထွေး၊ နင်ကျွေးမွေးလည်း၊ အရေးမရောက်၊ သဲရေမှောက်သို့၊ နင့်နောက်မပါ၊ နင်လိုရာကို၊ ဘယ်ခါမလိုက်၊ နင့်အကြိုက်နှင့်၊ တိုက်ရိုက်ဖီလာ၊ ဆန့်ကျင်ပါခဲ့။

ရုပ်ဝါနုနယ်၊ ရှုစဖွယ်နှင့်၊ တင့်တယ်ရွှန်းစို၊ နင်လှလိုလည်း၊ အအိုစာရင်း၊ သူကသွင်း၏။

ဘေးကင်းရန်ကွာ၊ လွန်ချမ်းသာ၍၊ မနာရလို၊ တောင်းဆုဆိုလည်း၊ နင့်ကိုမညှာ၊ ဘေးရောဂါနှင့်၊ ခါခါမငဲ့၊ မိတ်ဆွေဖွဲ့၏။

နင်နဲ့တူညီ၊ ချစ်ကြိုးသီသား၊ ပလီပလာ၊ အပြစ်ကွာသည့်၊ ချစ်စွာမယား၊ သမီးသားနှင့်၊ စီးပွားဥစ္စာ၊ ဉာတကာကို၊ ဘယ်ခါမကွဲ၊ အတူတွဲ၍၊ အမြဲပြုံးချို၊ နေရလိုလည်း၊ နင့်ကိုမထောက်၊ နင့်နောက်မလိုက်၊ အပူ တိုက်၍၊ နင်ဟိုက်နင်ခွေ၊ နင့်ကိုသေအောင်၊ ကျားမြွေခံတွင်း၊ အစာသွင်းသို့၊ သေမင်းသူ့လက်၊ ပဏ္ဏာဆက်၏။

လ-ရက်-နှစ်တွေ၊အသင်္ချေနှင့်၊လွန်လေဘဝ၊ အနန္တက၊ ဆုံးစမပိုင်၊ ယခုတိုင်အောင်၊ နိုင်နိုင်နင်းနင်း၊ ဉာဏ်မသွင်း၍၊ သေမင်းသူလျှို၊ ခန္ဓာကိုယ်ကို၊ မငြိုငြင်ရက်၊ စွဲလမ်းချက်ဖြင့်၊ မြိုင်နက်စွန်ဖျား၊ တောသစ်ကျားကို၊ မယ်ဘွားမိခင်၊ နွားငယ်ထင်သို့၊ အမြင်မဖြောင့်၊ ဝိပလ်မှောင့်၍၊ တကြောင့်ကြကြ၊ ပြုခဲ့လှပြီ။

ဘုရားသာသနာ၊ ခုအခါ၌၊ ပညာစက္ခု၊ ဖန်ဖန်ရှုလော့၊ ....

ဥတုဂိမှန်၊အချိန်တန်သော်၊ သူရကန်ဝှေ့၊ အပူငွေ့ကြောင့်၊ ရေသွေ့ခန်းငြား၊ အိုင်ပက္ကားဝယ်၊ ကျက်စားနေကြ၊ ငါးမစ္ဆတို့၊ ရေကလည်းနဲ၊ သိန်းစွန်ဝဲ၍၊ ပျော်ပွဲမြူမျှ၊ ရှာမရဘဲ၊ သေကြဖို့သာ၊ နီးကပ်လာသို့။

သူငါကစ၊ရှိသမျှလည်း၊ နေ့ညဉ့်မလပ်၊ အစဉ်စပ်လျက်၊ ဥပါဒ်-ဌီ-ဘင်၊ မပြတ်နှင်လျက်၊ ပျော်ရွှင်စရာ၊ မရှိပါဘဲ၊ ဖျားနာကိုက်ခဲ၊ ရောဂါစွဲ၍၊ သေပွဲသေတမ်း၊ သေစခန်းနှင့်၊ သေလမ်းသို့သာ၊ နီးကပ်လာ၏။

ငါငါတက်ကြွ၊မာန်မာနနှင့်၊ လောဘဒေါသာ၊ အစဖြာသား၊ ယုတ်မာစွာလှ၊ အဓမ္မကို၊ ဝေးကမလာ၊ ကင်းရှင်းကွာအောင်၊ ခါခါမပွား၊ အပျင်းများမူ၊ လေးပါးပါယ်ရွာ၊ နင့်အိမ်သာဟု၊ စိတ်မှာစွဲကပ်၊ သတိချပ်လော့။

လူ့ရပ်နတ်ရွာ၊ထက်ဗြဟ္မာနှင့်၊ မဟာသုခ၊ နိဗ္ဗာနသို့၊ ရှစ်ဝမဂ္ဂင်၊ သင်္ဘောယာဉ်ဖြင့်၊ ဆောလျင်ကပ်ခို၊ ရောက်ရလိုမူ၊ ထိုထိုပုည၊ ကုသလကို၊ နေ့ညမစဲ၊ လုံ့လသဲလော့။

ကြုံခဲလှစွာ၊သာသနာနှင့်၊ နင့်မှာမရွေ့၊ ယခုတွေ့ပြီ၊ မေ့မေ့မူးမူး၊ နင်မရူးနှင့်၊ ဆီဦးထောပတ်၊ ရသဓာတ်ကို၊ အမြတ်တစ်ခု၊ မှတ်မရှုဘဲ၊ ရွာသူ့ဝက်မိုက်၊ မစင်ကြိုက်သို့၊ အမြိုက်တရား၊ နင်ရှောင်ရှား၍၊ ငါးပါးအာရုံ၊ မစင်ပုံကို၊ စုံစုံမက်မက်၊ မနှစ်သက်နှင့်၊ထက်မြက်အဖျား၊ သင်တုန်းသွားဝယ်၊ ပျားသဖွယ်ဟု၊ ဉာဏ်ကျယ်သလောက်၊ အပြစ်ကောက်၍၊ တောင်ချောက်မြိုင်ကြား၊ သမင်များကို၊ သစ်ကျားပုန်းအောင်း၊ အရချောင်းသို့၊ တောင်ခေါင်း ရိပ်မြှောင်၊ သင်္ခမ်းချောင်ဝယ်၊ တိမ်းရှောင်တစ်ကိုယ်၊ တော-တောဆို၍၊ မဂ်ဖိုလ်မနှောင်း၊ အရချောင်းမှ၊ အပေါင်းဒုက္ခ၊ ကင်းလွတ်ရဟု၊ ဗုဒ္ဓရွှေနှုတ်၊ ကြာကမုခ်မှ၊ လှစ်ထုတ်မြွက်ကြား၊ မိန့်တော်ထားသည်၊ နင်ကားနင့်တွက် ကျင့်တော့တည်း။

ဣန္ဒြေ ထက်မြက်ကြောင်းတရား (၉) ပါး

သဒ္ဓါ-ဝီရိယ-သတိ-သမာဓိ-ပညာ-ဟူသော ဣန္ဒြေထက်မြက်၍ ဉာဏ်ပညာကြီးမားသော အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား ကလာပသမ္မသနဟု ခေါ်ဆိုအပ်သော ဤ နယဝိပဿနာဖြင့်ပင်လျှင် ဥဒယဗ္ဗယဉာဏ်သည် ဖြစ်ပေါ်လာနိုင်၏။ ဣန္ဒြေနုံ့နှေးသော ယောဂါဝစရပုဂ္ဂိုလ်အား ဥဒယဗ္ဗယဉာဏ်သည် ဖြစ်ပေါ်မလာနိုင်သေးပေ။ မှန်ပေသည် ဤဝိပဿနာအရာ၌ ဥဒယဗ္ဗယဉာဏ်၏ ဖြစ်ပေါ်လာခြင်းသည် ကလာပသမ္မသနဟု ခေါ်ဆိုအပ်သော နယဝိပဿနာဖြင့်သာလျှင် ပြီးစီးပြည့်စုံနိုင်၏ ဖြစ်ပေါ်လာနိုင်၏ဟု အလိုရှိအပ်ပေသည်။ အဒ္ဓါပစ္စုပ္ပန်မှသည် သန္တတိပစ္စုပ္ပန်သို့ ဆိုက်အောင်, သန္တတိပစ္စုပ္ပန်မှသည် ခဏပစ္စုပ္ပန်သို့ဆိုက်အောင် ကလာပ သမ္မသနနည်းဖြင့် ရှုပွားသုံးသပ်၍လာရာ ဥဒယဗ္ဗယဉာဏ်အမြင်သို့ သန့်သန့်ရှင်းရှင်း ကျေကျေနပ်နပ် အားရပါးရ မဆိုက်သေး ဖြစ်နေပါက ထိုယောဂါဝစရပုဂ္ဂိုလ်သည် ဣန္ဒြေထက်မြက်ကြောင်း တရား (၉)ပါးတို့ကို ပြုကျင့်၍, (၇)ပါးကုန်သော အသပ္ပါယတို့ကို ရှောင်ကြဉ်၍ (၇)ပါးကုန်သော သပ္ပါယတို့ကိုမှီဝဲလျက် နယဝိပဿနာနည်းဖြင့် ရုပ်တရား နာမ်တရားတို့ကို အဖန်ဖန် အထပ်ထပ် ရှုပွားသုံးသပ်အပ်ပေသည်။ (ဝိသုဒ္ဓိ၊၂၊၂၄၈။ မဟာဋီ၊၂၊၃၉၈။)

နဝဟာကာရေဟိ ဣန္ဒြိယာနိ တိက္ခာနိ ဘဝန္တိ ----- ဥပ္ပန္နုပ္ပန္နာနံ သင်္ခါရာနံ ခယမေဝ ပဿတိ၊ တတ္ထ စ သက္ကစ္စကိရိယာယ သမ္ပာဒေတိ၊ သာတစ္စကိရိယာယ သမ္ပာဒေတိ၊ သပ္ပါယကိရိယာယ သမ္ပာဒေတိ၊ သမာဓိဿ စ နိမိတ္တဂ္ဂါဟေန၊ ဗောဇ္ဈင်္ဂါနဉ္စ အနုပဝတ္တနတာယ၊ ကာယေ စ ဇီဝိတေ စ အနပေက္ခတံ ဥပဋ္ဌာပေတိ၊ တတ္ထ စ အဘိဘုယျ နေက္ခမ္မေန၊ အန္တရာ စ အဗျောသာနေနာတိ ဧဝံ ဝုတ္တာနံ နဝန္နံ အာကာရာနံ ဝသေန ဣန္ဒြိယာနိ တိက္ခာနိ ကတွာ ပထဝီကသိဏနိဒ္ဒေသေ ဝုတ္တနယေန သတ္တ အသပ္ပါယာနိ ဝဇ္ဇေတွာ သတ္တ သပ္ပါယာနိ သေဝမာနေန ကာလေန ရူပံ သမ္မသိတဗ္ဗံ၊ ကာလေန အရူပံ။ ရူပံ သမ္မသန္တေန ရူပဿ နိဗ္ဗတ္တိ ပဿိတဗ္ဗာ။ (ဝိသုဒ္ဓိ၊၂၊၂၄၈။)

ရူပါရူပဓမ္မာနံ အစ္စန္တဝိဓုရတာယ ဧကဇ္ဈံ အသမ္မသိတဗ္ဗတ္တာ, တထာ သမ္မသနဿ စ ဣဓ အနဓိပ္ပေတတ္တာ ကာလေန ရူပံ သမ္မသိတဗ္ဗံ၊ ကာလေန အရူပန္တိ ဝုတ္တံ။ တတ္ထာပိ စ ရူပဿ ဩဠာရိကတာယ သုဝိညေယျတ္တာ ပဌမံ သမ္မသိတဗ္ဗတာ ဝုတ္တာ။ နိဗ္ဗတ္တိ ပဿိတဗ္ဗာတိ ပဌမံ တာဝ အာဂမာနုသာရတော အနုမာနဝသေန ဒဋ္ဌဗ္ဗာ။ တတော ပရံ အနုက္ကမေန ဗလပ္ပတ္တေ ဘာဝနာဉာဏေ ပစ္စက္ခတောပိ ဒိဿတီတိ။ (မဟာဋီ၊၂၊၃၉၉။)

၁။ သင်္ခတပရမတ်တရား မှန်သမျှသည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် အကြောင်းမကုန်သေးသမျှ အမြဲတမ်း ဖြစ်ပေါ်နေကြ၏။ ယောဂါဝစရပုဂ္ဂိုလ်သည် ဥပါဒ်-ဌီ-ဘင် ဟူသော ခဏတိုင်း ခဏတိုင်း၌ ဖြစ်ပေါ်နေကြကုန်သော ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြကုန်သော အကြောင်းတရားနှင့် တကွဖြစ်ကုန်သော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၏ ဖြစ်မှုသဘောကို ရှေးဦးစွာ မြင်အောင်ရှု၍ ယင်းဖြစ်မှု ဥပါဒ်ကို လွှတ်လိုက်၍ ကုန်ကုန်ပျက်ပျက် ပြိုပြိုပျောက်ပျောက်သွားသော ဘင်သဘောကိုသာလျှင် ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ရှုပေးပါ။

ခယမေဝါတိ ပဌမံ ဥပ္ပါဒံ ဒိသွာ တံ မုဉ္စိတွာ ခယမေဝ ဘင်္ဂမေဝ ပဿတိ။ တဿ တထာ ခယဒဿနပသုတဿ ဝိပဿနာပညာ တိက္ခာ သူရာ ဝဟတိ၊ ဣတရာနိ စ ဣန္ဒြိယာနိ။ (မဟာဋီ၊၂၊၃၉၈။)

ယင်းသို့ ကုန်ကုန်ပျက်ပျက် ပြိုပြို ပျောက်ပျောက်သွားခြင်း ခယသဘော = ဘင်သဘောကို ရှုခြင်း၌ လေ့ကျင့်သားရလာသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်သည် ဝိပဿနာပညာ၏ ထက်မြက်စူးရှခြင်း ရဲရင့်ခြင်းကို ရွက်ဆောင်ပေးတတ်၏။ ဝိပဿနာပညာသည် ထက်မြက် စူးရှ ရဲရင့်ခဲ့သော် အခြားသော သဒ္ဓါ ဝီရိယ သတိ သမာဓိ တည်းဟူသော ဣန္ဒြေတို့သည်လည်း ထက်မြက်စူးရှ ရဲရင့်လာကုန်သည်သာ ဖြစ်ကြကုန်၏။ (ဝိသုဒ္ဓိ၊၂၊၂၄၈။ မဟာဋီ၊၂၊၃၉၈။)

၂။ ထိုသို့သင်္ခါရတရားတို့၏ ခယသဘော = ဘင်ကို ရှုခြင်း၌ သင်္ခါရတရားတို့၏ ကုန်ခြင်း ခယသဘောကို ရှုသော ခယဒဿနဝိပဿနာဉာဏ်လျှင် အမြတ်ဆုံး အတိုင်းအရှည်ရှိအောင် ရိုရိုသေသေ လေးလေးစားစား ပြုခြင်းဖြင့် ခယဒဿနဝိပဿနာဘာဝနာကို = အပျက်ကိုသာ ရှုမြင်တတ်သော ဝိပဿနာဘာဝနာကို ပြည့်စုံစေ၏ = ပြည့်စုံအောင် ကြိုးစားအားထုတ်ပါ။ (ဝိသုဒ္ဓိ၊၂၊၂၄၈။ မဟာဋီ၊၂၊၃၉၈။)

၃။ သာတစ္စကိရိယာယာတိ အဝိစ္ဆေဒကိရိယာယ၊ ယထာ ဝိပဿနာဉာဏံ ခယဒဿနဝသေန နိရန္တရမေဝ ပဝတ္တတိ၊ ဧဝံ ယုတ္တပ္ပယုတ္တော နံ သမ္ပာဒေတိ။ (မဟာဋီ၊၂၊၃၉၈။)

၃။ ရှေးရှေး ဘာဝနာဉာဏ်နှင့် နောက်နောက် ဘာဝနာဉာဏ်တို့ကို ဆက်စပ်သွားအောင် အပြတ်အလပ် မရှိအောင် မပြတ်မလပ် အပတ်တကုတ် ပြုခြင်းဖြင့် ခယဒဿနဝိပဿနာဘာဝနာကို ပြည့်စုံစေ၏။ ပြည့်စုံအောင်ကြိုးစားအားထုတ်ပါ။ သင်္ခါရတရားတို့၏ အပျက်ကို အဆက်မပြတ် ဆက်တိုက် မြင်သိနေသော ခယဒဿန ဝိပဿနာဉာဏ်များကို ရှေးဉာဏ်နှင့် နောက်ဉာဏ် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေအောင် ကြိုးပမ်းပါ။

၄။ ရှေး အာနာပါနဿတိသမာဓိပိုင်းတွင် ရှင်းလင်း တင်ပြခဲ့သည့်အတိုင်း အာဝါသသပ္ပါယစသော (၇)ပါးသော သပ္ပါယကို မှီဝဲခြင်းကို ပြုကျင့်လျက် သင်္ခါရတရားတို့၏ အပျက်ကို ရှုမြင်တတ်သော ခယဒဿနဝိပဿနာ ဘာဝနာကို ပြည့်စုံစေ၏ = ပြည့်စုံအောင် ကြိုးစားအားထုတ်ပါ။ (ဝိသုဒ္ဓိ၊၂၊၂၄၈။ မဟာဋီ၊၂၊၃၉၈။)

၅။ နိမိတ္တဂ္ဂါဟေနာတိ ယထာ မနသိကရောန္တဿ ဝိပဿနာသမာဓိ ဥပ္ပန္နော၊ တဿ အာကာရဿ သလ္လက္ခဏဝသေန သမထနိမိတ္တဂ္ဂဟဏေန သမ္ပာဒေတီတိ သမ္ဗန္ဓော။ (မဟာဋီ၊၂၊၃၉၈။)

၅။ အကြင်သို့သော အခြင်းအရာအားဖြင့် သင်္ခါရတရားတို့၏ အပျက်ကို ရှုမြင်တတ်သော ခယဒဿနဝိပဿနာ ဘာဝနာကို နှလုံးသွင်းသော ယောဂါဝစရပုဂ္ဂိုလ်အား ဝိပဿနာသမာဓိသည် ဖြစ်ပေါ်လာ၏။ ထိုဝိပဿနာ သမာဓိ၏ ဖြစ်ပေါ်လာကြောင်း ဖြစ်သော နိမိတ်အခြင်းအရာကို ကောင်းစွာ ဉာဏ်ဖြင့် ယူခြင်းဖြင့် ခယဒဿန ဝိပဿနာဘာဝနာကို ပြည့်စုံစေ၏ = ပြည့်စုံအောင် ကြိုးစားအားထုတ်ပါ။ (ဝိသုဒ္ဓိ၊၂၊၂၄၈။ မဟာဋီ၊၂၊၃၉၈။)

၆။ အနုပဝတ္တနတာယာတိ အနုရူပတော ပဝတ္တနေန ဘာဝနာစိတ္တဿ လီနဘာဝေ ပီတိဝီရိယဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂါနံ ဥဒ္ဓတဘာဝေ ပဿဒ္ဓိသမာဓိဥပေက္ခာသမ္ဗောဇ္ဈင်္ဂါနံ ဗြူဟနေနာတိ အတ္ထော။ (မဟာဋီ၊၂၊၃၉၈။)

၆။ အသင်သူတော်ကောင်းသည် အာနာပါနဿတိသမာဓိပိုင်းတွင် ရေးသားတင်ပြခဲ့သည့် ဗောဇ္ဈင်တရား (၇)ပါးတို့ကို ညီမျှအောင် ကျင့်ပုံအပိုင်းကို ပြန်လည်၍ ဖတ်ရှုကြည့်ပါ။ သမထပိုင်း၌ ဗောဇ္ဈင်တရား (၇)ပါးတို့ကို ညီမျှအောင် ဖြည့်ကျင့်ရသကဲ့သို့ ဝိပဿနာပိုင်း၌လည်း ဗောဇ္ဈင်တရား (၇)ပါးတို့ကို ညီမျှအောင် ကျင့်ရမည်သာ ဖြစ်ပေသည်။

အသင်သူတော်ကောင်း၏ ဝိပဿနာဘာဝနာစိတ်သည် ဝိပဿနာဘာဝနာလုပ်ငန်းခွင်၌ တွန့်ဆုတ်နစ်မှု ဖြစ်သောအခါ ဓမ္မဝိစယသမ္ဗောဇ္ဈင် ဝီရိယသမ္ဗောဇ္ဈင် ပီတိသမ္ဗောဇ္ဈင်တို့ကို ပွားစေသဖြင့်လည်းကောင်း, အသင် သူတော်ကောင်း၏ စိတ်သည် ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သည့် သင်္ခါရ နိမိတ်အာရုံမှ ပျံ့လွင့်သွားသော အခါ ပဿဒ္ဓိသမ္ဗောဇ္ဈင် သမာဓိသမ္ဗောဇ္ဈင် ဥပေက္ခာသမ္ဗောဇ္ဈင်တို့ကို ပွားစေသဖြင့်လည်းကောင်း ခယဒဿန ဝိပဿနာ ဘာဝနာကို ပြည့်စုံစေ၏ = ပြည့်စုံအောင် ကြိုးစားအားထုတ်ပါ။ (ဝိသုဒ္ဓိ၊၂၊၂၄၈။ မဟာဋီ၊၂၊၃၉၈။)

၇။ ကာယေ စ ဇီဝိတေ စ အနပေက္ခတန္တိ အတ္တနော ကာယေ အသုစိဘာဝေန ဗာဟိရကအဝိညာဏကကုဏပေ ဝိယ ဇီဝိတေ အဟိတာဝဟပစ္စတ္ထိကေ ဝိယ နိရပေက္ခစိတ္တံ ဥပဋ္ဌပေတိ။ (မဟာဋီ၊၂၊၃၉၈-၃၉၉။)

၇။ မိမိ၏ ရူပကာယကိုယ်ကောင်၌ အပြင်အပ ဗဟိဒ္ဓဖြစ်သော အဝိညာဏက = သက်မဲ့ သူသေကောင် ပုပ်ကဲ့သို့ မစင်မကြယ်ရွံရှာစက်ဆုပ်ဖွယ်၏ အဖြစ်ဖြင့် ငဲ့ကွက်မှုမရှိသော စိတ်ဓာတ်ကို ရှေးရှုဖြစ်စေအပ်၏။ ဇီဝိတဟု ခေါ်ဆိုအပ်သော အသက်၌လည်း အကျိုးစီးပွားမဲ့ကို ရွက်ဆောင်ပေးတတ်သော ရန်သူတို့ကဲ့သို့ ငဲ့ကွက်မှု မရှိသော စိတ်ဓာတ်ကို ရှေးရှုဖြစ်စေအပ်၏ = ထိုကဲ့သို့သော စိတ်ဓာတ်မျိုး ဖြစ်ပေါ်လာအောင် ကြိုးစားအားထုတ်ပါ။ (ဝိသုဒ္ဓိ၊၂၊၂၄၈။ မဟာဋီ၊၂၊၃၉၈-၃၉၉။)

ဤအထက်ပါ ညွှန်ကြားချက်အရ ဤအပိုင်းတွင် ဝိပဿနာဉာဏ်များ၏ ထက်မြက်စူးရှရေးအတွက် အဝိညာဏက အသုဘ = သေအသုဘ ဘာဝနာကို အဇ္ဈတ္တ ဗဟိဒ္ဓတို့၌ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ပွားများပါ။ သင်္ခါရတရားတို့အပေါ်၌ အကျိုးစီးပွားမဲ့ကို ရွက်ဆောင်ပေးတတ်သော ရန်သူတို့ကဲ့သို့ သဘောထားနိုင်ရန် အနတ္တာနုပဿနာဉာဏ်ကိုလည်း အထူးဦးစားပေး၍ သင်္ခါရတရားတို့ကို ဝိပဿနာ ရှုပွားသုံးသပ်ပါ။

၈။ တတ္ထ စ အဘိဘုယျ နေက္ခမ္မေနာတိ တသ္မိံကာယစိတ္တေ အနပေက္ခဘာဝေန ဣန္ဒြိယာနံ တိက္ခဘာဝါပါဒနေန ဥပ္ပန္နံ ဥပ္ပန္နံ ဒုက္ခံ ဝီရိယေန အဘိဘဝိတွာ ဘာဝနံ သမ္ပာဒေတိ။ (မဟာဋီ၊၂၊၃၉၉။)

၈။ ထိုသို့ ကိုယ်နှင့်စိတ်၌ မငဲ့ကွက်မူ၍ ဣန္ဒြေတို့ကို ထက်မြက်သည်၏အဖြစ်သို့ ရောက်စေခြင်းဖြင့် ဖြစ်ပေါ်လာတိုင်း ဖြစ်ပေါ်လာတိုင်းသော ဆင်းရဲဒုက္ခကို ပျင်းရိခြင်းမှ ထွတ်မြောက်တတ်သော နိက္ကမဓာတ် လုံ့လဝီရိယဖြင့် လွှမ်းမိုးဖိစီး၍ ခယဒဿနဝိပဿနာဘာဝနာကို ပြည့်စုံစေ၏ = ပြည့်စုံအောင် ကြိုးစားအားထုတ်ပါ။ (ဝိသုဒ္ဓိ၊၂၊၂၄၈။ မဟာဋီ၊၂၊၃၉၉။)

၉။ အန္တရာတိ ယထာဓိပ္ပေတာယ ဘာဝနာသိဒ္ဓိယာ အန္တရာဝ။ အဗ္ဗောသာနေနာတိ အသင်္ကောစနေန။ (မဟာဋီ၊၂၊၃၉၉။)

၉။ အကြင်အကြင် မိမိအလိုရှိအပ်သော မိမိမျှော်မှန်းထားသော ဘာဝနာဉာဏ်၏ ပြည့်စုံပြီးပြေခြင်း၏ အကြား၌လည်း = ဘာဝနာဉာဏ်မပြည့်စုံမီ အကြားကာလ၌ မတွန့်မဆုတ် မရပ်မတန့်သဖြင့် ခယဒဿန ဝိပဿနာဘာဝနာကို ပြည့်စုံစေ၏ = ပြည့်စုံအောင် ကြိုးစားအားထုတ်ပါ။ (ဝိသုဒ္ဓိ၊၂၊၂၄၈။ မဟာဋီ၊၂၊၃၉၉။)

ဤ (၉)ပါးသော အခြင်းအရာတို့ဖြင့် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပွားများ အားထုတ်ခဲ့သော် ဣန္ဒြေတို့သည် စူးရှထက်မြက်လာကြကုန်၏။

ဤအရာ၌ သိသင့်သိထိုက်သော ဥပမာကား ဤသို့တည်း။ နူးညံ့သိမ်မွေ့ကုန်သော ပုလဲသန္တာ စသည်တို့ကို ထွင်းဖောက်ရာ၌ ထွင်းဖောက်အပ်သော ပုလဲသန္တာစသည်တို့ထက် သာလွန်၍ သိမ်မွေ့နူးညံ့သော စူးသည် ဖြစ်သင့်၏သို့ ---- အလားတူပင်လျှင် နူးညံ့သိမ်မွေ့ကုန်သော ရုပ်တရားနာမ်တရားတို့ကိုလည်းကောင်း, ထိုရုပ်တရား နာမ်တရားတို့၏ အကြောင်းတရားတို့ကိုလည်းကောင်း ဉာဏ်ဖြင့် ပိုင်းခြားယူရာ သိမ်းဆည်းရာ ဖြစ်သော နာမရူပ ပရိစ္ဆေဒဉာဏ်ပိုင်း ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်း၌ ထက်မြက်စူးရှသော ဉာဏ်သည် ဖြစ်သင့်ဖြစ်ထိုက်လှ၏။ တစ်ဖန် အကြောင်းတရားနှင့် တကွသော ထိုရုပ်တရားနာမ်တရားတို့၏ ကုန်ခြင်းပျက်ခြင်း ခယဝယသဘောကို အာရုံယူ၍ လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာရှုရာဖြစ်သော ခယဝယဒဿန ဝိပဿနာဉာဏ်အရာ၌ကား အကြောင်းတရားနှင့် တကွသော ထိုရုပ်တရား နာမ်တရားတို့ကို သိမ်းဆည်းတတ်သော နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ်တို့ထက် သာလွန်၍ ထက်မြက်စူးရှသော ဝိပဿနာဉာဏ်သည် ပို၍ပင် ဖြစ်သင့်ဖြစ်ထိုက်လှပေသည်။

တစ်ဖန် ထိုသင်္ခါရတရားတို့၏ ကုန်တတ်ပျက်တတ်သော ခယဝယသဘောကို အာရုံယူ၍ ရှုနေသော ထို ခယဝယဒဿနဝိပဿနာဉာဏ်၏ သာ၍ထက်မြက်သည်၏အဖြစ်ကို ပြီးစေလိုမူ ဣန္ဒြေတို့ကို ထက်မြက်သည်၏ အဖြစ်သို့ ရောက်စေခြင်းဖြင့် ပြီးစေအပ်၏။ ပုဆိန်သွေးရာ ကျောက်ပြင်တစ်ခုထက်၌ ပုဆိန်ကို သွေးလေရာ၏။ ကျောက်မျက်နှာပြင်ကို နူးညံ့ ချောညက်အောင် ပြုလုပ်ခြင်းဖြင့် ပုဆိန်သွားကို သွေးရာ၏။ ကျောက်မျက်နှာပြင်သည် နူးညံ့ချောညက်သကဲ့သို့ သွေးနေသော ပုဆိန်သွားသည်လည်း နူးညံ့ချောညက်စွာ ထက်မြက်လာ၏။ ပုဆိန်ကို သွေးရာ ကျောက်မျက်နှာပြင်၌ နူးညံ့ချောညက်လာအောင် ပြုလုပ်ခြင်းဖြင့် ပုဆိန်သွားကို သွေးခဲ့သော် ပုဆိန်သွား၏ ထက်မြက်ခြင်းကိစ္စသည်လည်း ပြီးပြီးသား ဖြစ်သကဲ့သို့ ----- အလားတူပင် သင်္ခါရတရားတို့၏ ကုန်တတ်ပျက်တတ်သော ခယဝယသဘောကို ရှုသော ဝိပဿနာဉာဏ်၏ သာ၍ထက်မြက်စူးရှသည်၏ အဖြစ်ကို အလိုရှိပါမူ ဣန္ဒြေတို့ကို ထက်မြက်သည်၏ အဖြစ်သို့ ရောက်စေခြင်းဖြင့် ပြီးစီးစေအပ်ပေသည်။ ဣန္ဒြေတို့သည် ထက်မြက်လာကြပါက ဝိပဿနာဉာဏ်များသည်လည်း ထက်မြက်စူးရှလာကြမည်သာ ဟူလိုသည်။ ဣန္ဒြေ ထက်မြက်အောင် ပြုခြင်းဟူသည်မှာလည်း (၉)ပါးသော အခြင်းအရာတို့ဖြင့် ထိုရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၏ ကုန်တတ်ပျက်တတ်သော ခယဝယသဘောကို ရှုနေခြင်းပင် ဖြစ်ပေသည်။ ထိုသို့ ရှုရာ၌ -----

၁။ ရံခါ ရုပ်တရားကို လက္ခဏာယာဉ် (၃)ချက် တစ်လှည့်စီတင်၍ ဝိပဿနာ ရှုပွားသုံးသပ်ပါ။

၂။ ရံခါ နာမ်တရားကို လက္ခဏာယာဉ် (၃)ချက် တစ်လှည့်စီတင်၍ ဝိပဿနာ ရှုပွားသုံးသပ်ပါ။

ရုပ်တရားနှင့် နာမ်တရားတို့သည်ကား စင်စစ် အချင်းချင်း ဝေးကွာသော သဘောရှိသည် ဖြစ်ကြရကား တပေါင်းတစည်းတည်း တစ်ပြိုင်နက် လက္ခဏာယာဉ်တင်၍ မသုံးသပ်ထိုက်သောကြောင့်လည်းကောင်း, ထိုသို့သော သုံးသပ်ခြင်း လုပ်ငန်းရပ်၌လည်း ဤသမ္မသနဉာဏ်အရာ၌ အလိုမရှိအပ်သေးသည်၏ အဖြစ်ကြောင့် လည်းကောင်း ရံခါ ရုပ်တရားကို ရံခါ နာမ်တရားကို တစ်လှည့်စီ လက္ခဏာယာဉ် တင်၍ ရှုပွားသုံးသပ်ရန် ရှေးရှေးအဋ္ဌကထာများက ဖွင့်ဆိုထားတော်မူကြခြင်း ဖြစ်ပေသည်။

ထို ရုပ်တရားနာမ်တရား နှစ်မျိုးတို့တွင်လည်း ရုပ်တရားကား နာမ်တရားထက် သာလွန်၍ ကြမ်းတမ်း ထင်ရှားသဖြင့် သိလွယ်သော သဘောရှိရကား နာမ်တရား၏ ေ့ရှဦးစွာ ရုပ်တရားကို လက္ခဏာယာဉ်တင်၍ ဝိပဿနာရှုပွားသုံးသပ်ထိုက်သည်၏ အဖြစ်ကို အဋ္ဌကထာက ဖွင့်ဆိုထားတော်မူခြင်း ဖြစ်ပေသည်။

ထိုသို့ လက္ခဏာယာဉ် တင်၍ ဝိပဿနာရှုပွား သုံးသပ်ရာ၌ ရုပ်တရား နာမ်တရား သင်္ခတပရမတ်တရားတို့၏ ဥပါဒ်-ဌီ-ဘင်-ဟူသော ခဏသုံးပါးအပေါင်းဖြစ်သည့် ခဏတိုင်း ခဏတိုင်း၌ ဖြစ်မှု = နိဗ္ဗတ္တိလက္ခဏာကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ရှုပါ။ ထိုသို့ ရှုရာ၌ ပထမေ့ရှဦးစွာ ဘုရားဟောဒေသနာတော်ကို ဉာဏ်ဖြင့် အစဉ်လျှောက်သဖြင့် ဘုရားဟော ဒေသနာကျမ်းဂန်များ အပေါ်၌ ယုံကြည်မှု သဒ္ဓါတရား အပြည့်အဝဖြင့် = သင်္ခတပရမတ်တရားတို့၏ ဥပါဒ်-ဌီ-ဘင်ဟူသော ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် သာဝကတို့၏ ဝိပဿနာဉာဏ်ဖြင့်လည်း ရှု၍ ရနိုင်သည် ရှု၍ သိနိုင်သည် ရှု၍ မြင်နိုင်သည်ဟူသော ယုံကြည်ချက် သဒ္ဓါတရား အပြည့်အဝဖြင့် မှန်းဆခြင်း = အနုမာန၏အစွမ်းဖြင့် မျက်ရမ်းမှန်းဆ၍သာ ရှုနှင့်ပါဦး။ ထိုမှနောက်၌ အစဉ်အတိုင်း တဖြည်းဖြည်း ရှုလာရာ ဝိပဿနာ ဘာဝနာဉာဏ်သည် ခွန်အားရှိသည်၏ အဖြစ် စွမ်းအားကြီးသည်၏ အဖြစ်သို့ ရောက်ရှိလာလတ်သော် မျက်မှောက် ပစ္စက္ခအားဖြင့်လည်း သင်္ခတတရားတို့၏ ဖြစ်မှု ဥပါဒ်သဘော = နိဗ္ဗတ္တိလက္ခဏာကို ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်လာပေသည်။ သိမြင်လာပေလိမ့်မည်။ ထိုသို့ သင်္ခတ ပရမတ်တရား သင်္ခါရတရားတို့၏ ခဏတိုင်း ခဏတိုင်း၌ အသစ်အသစ်ဖြစ်မှု နိဗ္ဗတ္တိလက္ခဏာကို ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိသည်တိုင်အောင် ယောဂါဝစရပုဂ္ဂိုလ်သည် ရှုပွားသုံးသပ်ရမည် ဖြစ်ပေသည်။ (ဝိသုဒ္ဓိ၊၂၊၂၄၈။ မဟာဋီ၊၂၊၃၉၉။)

ရုပ်တရားတို့ကို ဝိပဿနာရှုရာဝယ် ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်း တင်ပြထားသည့်အတိုင်း -----

၁။ ခဏတိုင်း ခဏတိုင်း၌ ဖြစ်ပေါ်နေသော ကမ္မဇရုပ်,

၂။ ခဏတိုင်း ခဏတိုင်း၌ ဖြစ်ပေါ်နေသော စိတ္တဇရုပ်,

၃။ ခဏတိုင်း ခဏတိုင်း၌ ဖြစ်ပေါ်နေသော ဥတုဇရုပ်,

၄။ ခဏတိုင်း ခဏတိုင်း၌ ဖြစ်ပေါ်နေသော အာဟာရဇရုပ် ---

ဤ (၄)မျိုးကုန်သော ရုပ်တရားတို့ကို အသီးအသီး ခွဲခြားစိတ်ဖြာ၍ ဝိပဿနာဉာဏ်ဖြင့် သိမြင်အောင်ရှုပါ။ (ဝိသုဒ္ဓိ၊၂၊၂၄၉-၂၅၂။ မဟာဋီ၊၂၊၃၉၉-၄၀၄။)

နာမ်တရားတို့ကို ဝိပဿနာရှုရာ၌လည်း နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့သည့် အတိုင်း ဒွါရ (၆)ပါး၌ ထိုက်သည့်အားလျော်စွာ ဖြစ်ပေါ်နေကြကုန်သော ဝီထိစိတ်နှင့် ဝီထိမှအလွတ်ဖြစ်သော ဝီထိမုတ်စိတ် ဟူသော (၈၁)မျိုးသော လောကီစိတ္တုပ္ပါဒ် = လောကီစိတ်စေတသိက်တို့၏ အစွမ်းဖြင့်သာလျှင် နာမ်တရားတို့၏ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ အသစ်အသစ် ဖြစ်ပေါ်မှု = နိဗ္ဗတ္တိလက္ခဏာကို ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်အောင် သိသည့်တိုင်အောင် မြင်သည့်တိုင်အောင် ဝိပဿနာရှုပါ။ (ဝိသုဒ္ဓိ၊၂၊၂၅၃။ မဟာဋီ၊၂၊၄၀၄-၄၀၅။)

သတိပြုရန် -----ဤ၌ လောကီစိတ် (၈၁)မျိုးလုံးကို ဝိပဿနာရှုရန် အဋ္ဌကထာ(ဝိသုဒ္ဓိ၊၂၊၂၅၂။)က ဖွင့်ဆိုထားတော်မူခြင်းမှာ ပုဂ္ဂိုလ်အားလုံးတို့အတွက် သိမ်းကျုံး၍ ဖွင့်ဆိုသော သဗ္ဗသင်္ဂါဟိကဝစန စကားတော် ဟု မှတ်သားပါ။ လူသားတစ်ဦးသာ ဖြစ်နေသေးသော အသင်ယောဂီသူတော်ကောင်းသည် ယခုအခါ၌ ဗြဟ္မာပြည်ဝယ် တည်ရှိနေသည် မဟုတ်သေးသဖြင့် မဟဂ္ဂုတ်ဝိပါက်နာမ်တရားများသည် အသင်သူတော်ကောင်း၏ သန္တာန်ဝယ် မဖြစ်နိုင်သေးပေ။ သို့သော် အသင်ယောဂီသူတော်ကောင်းသည် စျာန်တရားများကို ရရှိ၍ နောင် အနာဂတ်တွင် ထိုစျာန်ကြောင့် ရရှိနိုင်သည့် ဗြဟ္မာ့ချမ်းသာကို ရည်ရွယ်တောင့်တခဲ့သည်ဖြစ်အံ့, ထိုစျာန်ကြောင့် နောင်အနာဂတ်တွင် ရရှိနိုင်သည့် ဆိုင်ရာ ဗြဟ္မာ့ဝိပါက်ခန္ဓာတို့ကိုကား အနာဂတ်ရှုကွက်ဖြစ်သည့် ကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင်လည်းကောင်း, ဝိပဿနာပိုင်းတွင်လည်းကောင်း ထည့်သွင်း၍ ရှုလိုက ရှုနိုင်ပေသည်။ စျာန်တရားတို့တွင်လည်း မိမိရရှိသည့်စျာန်ကိုသာ ဝိပဿနာရှုပွား သုံးသပ်နိုင်ပေသည်၊ ဤဘဝတွင် မိမိမရဖူးသေးသော စျာန်တရားများကို (မရရှိသေးသည့် အတွက်ကြောင့်) မိမိ၏ ဝိပဿနာရှုကွက်မှ ချန်လှပ်ထားနိုင်သည်။ အကယ်၍ အသင်သူတော်ကောင်းသည် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ် သက်သက်သာဖြစ်၍ စျာန်လုံးဝမရရှိက စျာန်တရားများကို လုံးဝ ဝိပဿနာမရှုဘဲ ထားနိုင်ပါသည်။ တစ်ဖန် ယခုအခါ အသင်သူတော်ကောင်းသည် ရဟန္တာ မဖြစ်သေးလျှင် ကြိယာဇောစိတ်များသည် အသင်သူတော်ကောင်း၏ သန္တာန်ဝယ် မဖြစ်နိုင်သေးသဖြင့် ချန်လှပ်ထားနိုင်ပါသည်။ ကြိယာဇောစိတ်တို့ကား ရဟန္တာ အရှင်မြတ်ကြီးတို့၏ ဝိပဿနာဉာဏ်၏သာလျှင် အရှုခံ အာရုံတို့ ဖြစ်ကြသည်။

ရှုလို့ရနိုင်ပါသလား

ဧကစ္ဆရက္ခဏေ ကောဋိသတသဟဿသင်္ခါ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈတိ။ (သံ၊ဋ္ဌ၊၂၊၂၉၅။)

မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက် တစ်စက္ကန့်ဟု ခေါ်ဆိုအပ်သော အချိန်ကာလအတွင်း၌ ကုဋေတစ်သိန်းဟု ခေါ်ဆိုအပ်သော နာမ်တရားတို့သည် = စိတ္တက္ခဏတို့သည် ဖြစ်ပြီးလျှင် ချုပ်ပျက်သွားကြ၏။ (သံ၊ဋ္ဌ၊၂၊၂၉၅။)

ဤကဲ့သို့သော ဖေဏပိဏ္ဍူပမသုတ္တန်အဋ္ဌကထာအဖွင့်စသော ထိုထိုကျမ်းဂန်များ၌ လာရှိသော အဆို အမိန့်များနှင့်အညီ ထိုမျှ အလွန့်အလွန် လျင်လျင်မြန်မြန် ဖြစ်ပျက်နေသော ဘဝင်စိတ် ဝီထိစိတ်များကို ယှဉ်ဖက် သမ္ပယုတ်တရားတို့နှင့် အတူတကွ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ဖြစ်မှုပျက်မှုကို ရှုလို့မြင်နိုင်ပါ့မလား, ဘုရားရှင်တို့၏ အရာသာဖြစ်သည် မဟုတ်ပါလား စသည်ဖြင့် အချို့အချို့သော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်တို့က မေးမြန်းကြပြန်၏၊ သံသယလည်း ရှိကြ၏။

ဤအရာဝယ် နာမ်တရားတို့ကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်ခြင်းသည် သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့၏ အရာသာဖြစ်သည်, သာဝကတို့၏ အရာမဟုတ်ဟူသော အယူအဆများမှာ ပိဋကပါဠိတော်နှင့် အဋ္ဌကထာ ဋီကာတို့၌ မလာရှိသော ကျမ်းဂန်အထောက်အထားကင်းမဲ့နေသော အဆိုအမိန့်စကားများသာ ဖြစ်ကြပေသည်။

အပရိဇာနနသုတ္တန် (သံ၊၂၊၂၄၉-၂၅၀။)စသော ထိုထိုဒေသနာတော်များ၌ ခန္ဓာငါးပါးဟူသော အလုံးစုံသော ရုပ်တရား နာမ်တရားတို့ကို ဉာတပရိညာ, တီရဏပရိညာ, ပဟာနပရိညာဟူသော ပရိညာသုံးမျိုးတို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ပါက သံသရာဝဋ် ဆင်းရဲဒုက္ခ ကုန်ခြင်းငှာ မထိုက်တန်ကြောင်းကို ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားထားတော်မူခဲ့၏။ ထိုဒေသနာတော်များနှင့်အညီ နာမ်တရားများကို သာဝကတို့လည်း သိမ်းဆည်းရှုပွားရန် ဝိပဿနာရှုရန် ဖွင့်ဆိုထားသော အဋ္ဌကထာ ဋီကာ အဖွင့်များကိုလည်း နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်ပေသည်။

ဤတွင် ----- သာဝကများသည်လည်း ယင်းနာမ်တရားများကို ဝိပဿနာရှုရမည်သာ ဖြစ်သည်၊ ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်ပါမှ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်နိုင်ပါမှ ယင်းနာမ်တရားတို့၏ ဖြစ်မှု နိဗ္ဗတ္တိ လက္ခဏာကို မြင်၍ ရံခါ နာမ်တရားကို လက္ခဏာယာဉ်တင်၍ ဝိပဿနာရှုပွားသုံးသပ်သည် မည်ကြောင်းကို ဖွင့်ဆိုထားတော်မူသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ ဖွင့်ဆိုချက်ကို ရှေးနာမ်ကမ္မဋ္ဌာန်းပိုင်းတွင် တင်ပြပြီး ဖြစ်သော် လည်း ဤအပိုင်းတွင် အဓိပ္ပါယ်ဆိုလိုရင်းကို လွယ်ကူစွာ သဘောပေါက်နိုင်ရန် ရည်သန်တောင့်တ၍ ထပ်မံပြီး ရေးသားတင်ပြအပ်ပါသည်။

အရူပနိဗ္ဗတ္တိပဿနာကာရ

တစ်ဖန်ရုပ်တရားကို လက္ခဏာယာဉ်တင်၍ ဝိပဿနာရှုပွားသုံးသပ်သော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ရုပ်တရား၏ ဖြစ်ခြင်း = နိဗ္ဗတ္တိ လက္ခဏာကို ရှုအပ်သကဲ့သို့ အလားတူပင် နာမ်တရားကိုလည်း လက္ခဏာယာဉ်တင်ကာ ဝိပဿနာရှုပွားသုံးသပ်သော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် နာမ်တရား၏ ဖြစ်ခြင်း နိဗ္ဗတ္တိ လက္ခဏာကိုလည်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ရှုရမည်သာ ဖြစ်ပေသည်။ ထိုနာမ်တရား၏ ဖြစ်ခြင်း = နိဗ္ဗတ္တိလက္ခဏာကိုလည်း (လောကုတ္တရာတရားများ၏ ဝိပဿနာဉာဏ်၏ အရှုခံ အာရုံမဟုတ်ကြသဖြင့် ဝိပဿနာ ရှုပွားရမည့် အရာမဟုတ်သောကြောင့်) (၈၁)မျိုးသော လောကီစိတ္တုပ္ပါဒ် = လောကီစိတ်စေတသိက်၏ အစွမ်းဖြင့် သာလျှင် ဝိပဿနာ ရှုပွားသုံးသပ်အပ်ပေသည်။

ဤလောကီစိတ္တုပ္ပါဒ်၏ အစွမ်းဖြင့် ရှုပွားသုံးသပ်ရသော ဝိပဿနာဟူသည် အဘယ်နည်းဟူမူကား အကျယ်မှာ ဤသို့ဖြစ်၏။ -----

ဤ နာမ်တရားမည်သည်ကား ရှေးဘဝ၌ အားထုတ်အပ်သော ကံ၏အစွမ်းဖြင့် ပဋိသန္ဓေအခါ၌ ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ရှင်းလင်းတင်ပြထားခဲ့သည့်အတိုင်း (၁၉)မျိုးသော ပဋိသန္ဓေစိတ်တို့တွင် တစ်မျိုးမျိုးသော စိတ်သည် ဘဝတစ်ခုဝယ် ပဋိသန္ဓေစိတ်အဖြစ်ဖြင့် စတင်၍ဖြစ်ပေါ်လာ၏။ ဖြစ်ပေါ်လာပုံအခြင်းအရာကို ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်းသာ သိရှိပါလေ။ ထိုပဋိသန္ဓေစိတ်သည်ပင်လျှင် ယင်းပဋိသန္ဓေ စိတ္တက္ခဏ၏ အခြားမဲ့ဖြစ်သော စိတ်မှစ၍ ဘဝင်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ အသက်၏ အဆုံး၌ စုတိ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ (ဘဝတစ်ခုဝယ် ပဋိသန္ဓေ-ဘဝင်-စုတိ စိတ်သုံးမျိုးတို့ကား တူမြဲဓမ္မတာပင်တည်း။) အကယ်၍ ထိုပဋိသန္ဓေစိတ်သည် ကာမာဝစရစိတ်ဖြစ်အံ့၊ ထိုကာမာဝစရပဋိသန္ဓေစိတ် (၁၀)မျိုးသည် ဒွါရ (၆)ပါးတို့၌ အားရှိသောအာရုံ၌ တဒါရုံ၏အစွမ်းဖြင့် = ဇောယူသည့် အာရုံကိုပင် ဆက်လက်ယူသည့် တဒါရုံ၏အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။

တစ်ဖန် ပဝတ္တိအခါဝယ် စက္ခုပသာဒ မပျက်စီးသေးသည့် သတ္တဝါတို့၏သန္တာန်ဝယ် စက္ခုပသာဒ၏ မပျက်စီးသေးသည်၏ အဖြစ်ကြောင့် စက္ခုပသာဒ, ရူပါရုံ, အာလောက, မနသိကာရစသော အကြောင်းတရားများကို အစွဲပြု၍ ဌီကာလသို့ရောက်နေသော ရူပါရုံက ဌီကာလသို့ရောက်ရှိနေသော စက္ခုပသာဒနှင့် အိမ်ရှင်ဘဝင်မနော အကြည်ဓာတ်တို့ကို ပြိုင်တူရိုက်ခတ်သောအခါ အလင်းရောင် = အာလောကကိုမှီသော, မနသိကာရ = ပဉ္စဒွါရာဝဇ္ဇန်းစိတ္တုပ္ပါဒ်လျှင်အကြောင်းရင်းရှိသော စက္ခုဝိညာဏ်စိတ်သည် သမ္ပယုတ်တရားတို့နှင့် အတူတကွ = ယှဉ်ဖက် စေတသိက်တရားတို့နှင့် အတူတကွ ဖြစ်ပေါ်၍လာ၏။

ချဲ့၍ဆိုဦးအံ့ ----- စက္ခုပသာဒ၏ ဌီခဏ၌ ဌီခဏသို့ရောက်သည်သာလျှင်ဖြစ်သော ရူပါရုံသည် စက္ခုပသာဒကို = စက္ခုအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်ကို ထိခိုက်မိ၏။ ထိုရူပါရုံသည် စက္ခုဒွါရ, မနောဒွါရ၌ ထိခိုက်သည်ရှိသော် ဘဝင်နှစ်ကြိမ် ဖြစ်၍ချုပ်၏။ ထိုဘဝင်ချုပ်သည်မှ နောက်ကာလ၌ ထိုရူပါရုံ၌ ပင်လျှင် = ထိုရူပါရုံကို အာရုံပြု၍ပင်လျှင် ကိရိယာမနောဓာတ်အမည်ရသော ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် ရူပါရုံကို ဆင်ခြင်ခြင်း ကိစ္စကို ပြီးစေလျက် ယှဉ်ဖက်သမ္ပယုတ်တရားတို့နှင့် အတူတကွ ဖြစ်ပေါ်လာ၏။ ထိုပဉ္စဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌ ထိုရူပါရုံကိုပင်လျှင် မြင်တတ်သော (ယင်းရူပါရုံသည် ဣဋ္ဌာရုံဖြစ်သော်) ကုသလဝိပါက်မူလည်းဖြစ်သော (ယင်း ရူပါရုံသည် အနိဋ္ဌာရုံဖြစ်သော်) အကုသလဝိပါက်မူလည်း ဖြစ်သော စက္ခုဝိညာဏ်စိတ်သည် သမ္ပယုတ်တရားတို့နှင့် အတူတကွဖြစ်ပေါ်လာ၏။ ထိုသို့ စက္ခုဝိညာဏ်စိတ်ဖြစ်သည်မှ နောက်ကာလ၌ ထိုရူပါရုံကိုပင်လျှင် ခံလင့်သကဲ့သို့သော ဝိပါက်မနောဓာတ်အမည်ရသော (ကုသလဝိပါက် သို့မဟုတ် အကုသလဝိပါက်) သမ္ပဋိစ္ဆိုင်းစိတ်သည် သမ္ပယုတ်တရားတို့နှင့် အတူတကွ ဖြစ်ပေါ်လာ၏။ ထိုသမ္ပဋိစ္ဆိုင်းစိတ်ဖြစ်သည်မှ နောက်ကာလ၌ ထိုရူပါရုံကိုပင်လျှင် စုံစမ်းလင့်သကဲ့သို့သော (ကုသလဝိပါက် သို့မဟုတ် အကုသလဝိပါက်ဖြစ်သော) ဝိပါက် အဟိတ် မနောဝိညာဏဓာတ်အမည်ရသော သန္တီရဏစိတ်သည် ဖြစ်ပေါ်လာ၏။ ထို သန္တီရဏစိတ်ဖြစ်သည်မှ နောက်ကာလ၌ ထိုရူပါရုံကိုပင်လျှင် ဣဋ္ဌ သို့မဟုတ် အနိဋ္ဌစသည်ဖြင့် ပိုင်းခြားမှတ်သား ဆုံးဖြတ်လင့်သကဲ့သို့သော ကြိယာအဟိတ် မနောဝိညာဏဓာတ်အမည်ရသော ဥပေက္ခာသဟဂုတ် ဝုဋ္ဌောစိတ်သည် ဖြစ်ပေါ်လာ၏။ ထိုဝုဋ္ဌောစိတ်ဖြစ်သည်မှ နောက်ကာလ၌ ကာမာဝစရကုသိုလ် အကုသိုလ် ကြိယာစိတ်တို့တွင် တစ်မျိုးမျိုးသော စိတ်သည် (ယောနိသောမနသိကာရ, အယောနိသောမနသိကာရ အားလျော်စွာ) (၅)ကြိမ်သော်လည်းကောင်း, (၇)ကြိမ်သော်လည်းကောင်း ဇောကိစ္စကို ရွက်ဆောင်ကုန်သည်ဖြစ်၍ ဖြစ်ပေါ်လာ၏။ တစ်ကြိမ်သော မနောဒွါရာဝဇ္ဇန်းစိတ်သည်သော်မူလည်း ဇောအရာ၌ ဖြစ်ပေါ်လာတတ်၏။ (ဇောမစောတော့ဘဲ ဝုဋ္ဌောစိတ် = မနောဒွါရာဝဇ္ဇန်း စိတ်နှစ်ကြိမ်ဖြစ်မှုကို ရည်ရွယ်၍ မိန့်ဆိုခြင်းဖြစ်သည်။) ထိုဇောစိတ်ချုပ်သည်မှ နောက်ကာလ၌ ကာမာဝစရသတ္တဝါတို့၏ သန္တာန်ဝယ် (၁၁)မျိုးကုန်သော တဒါရုံစိတ်တို့တွင် ဇောအားလည်းကောင်း, အာရုံအား လည်းကောင်း လျော်စွာ အမှတ်မရှိ တစ်မျိုးမျိုးသော တဒါရုံစိတ်သည် ဖြစ်ပေါ်လာ၏။ ဤသို့ ဖြစ်ပေါ်လာသော စိတ်အစဉ်များကို သမ္ပယုတ်တရားတို့နှင့် အတူတကွ ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုပါ။ စက္ခုဒွါရမှ ကြွင်းကုန်သော သောတဒွါရစသော ပဉ္စဒွါရတို့၌လည်း ဤနည်းကို သိရှိပါလေ။ မနောဒွါရ၌ကား ဇောအရာဝယ် ကာမဇောတို့တွင်သာမက မဟဂ္ဂုတ်ဇောတို့သည်လည်း ဖြစ်နိုင်ကြကုန်၏။ ယောဂါဝစရပုဂ္ဂိုလ်သည် ဤသို့လျှင် ဒွါရ (၆)ပါးတို့၌ နာမ်တရား၏ ဖြစ်ခြင်း နိဗ္ဗတ္တိလက္ခဏာကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုပါ။ အကျိုးကို ဆိုရသော် ဤသို့ ဆိုအပ်ပြီးသော နည်းဖြင့် နာမ်တရား၏ ဖြစ်ခြင်း နိဗ္ဗတ္တိလက္ခဏာကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ရှုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရံခါ နာမ်တရားကို လက္ခဏာယာဉ်တင်ကာ ဝိပဿနာရှုပွားသုံးသပ်သည် မည်ပေသည်။ (ဝိသုဒ္ဓိ၊၂၊၂၅၂-၂၅၃။ မဟာဋီ၊၂၊၄၀၄-၄၀၅။)

ဤအထက်ပါ အဋ္ဌကထာ၏ ညွှန်ကြားထားတော်မူသည့် အဆိုအမိန့်များနှင့်အညီ အသင်ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်သည် ဘဝတစ်ခု၏ အစဝယ် ရှေးဦးစွာ ဖြစ်ပေါ်လာသော ယှဉ်ဖက်သမ္ပယုတ်တရားနှင့်တကွသော ပဋိသန္ဓေစိတ်၏ ဖြစ်မှုသဘော နိဗ္ဗတ္တိလက္ခဏာကိုလည်းကောင်း၊ ပဋိသန္ဓေနောင် ပထမဘဝင်မှစ၍ ဘဝတစ်လျှောက်ဝယ် ဝီထိစိတ်များ မဖြစ်သည့်အချိန်၌ ဖြစ်လေ့ရှိသော ယှဉ်ဖက်သမ္ပယုတ်တရားနှင့်တကွသော ဘဝင် စိတ်၏ ခဏတိုင်းခဏတိုင်း၌ ဖြစ်မှုသဘော နိဗ္ဗတ္တိလက္ခဏာကိုလည်းကောင်း, ဘဝတစ်ခု၏ အဆုံး၌ ဖြစ်လေ့ ရှိသော ယှဉ်ဖက်သမ္ပယုတ်တရားနှင့်တကွသော စုတိစိတ်၏ ဖြစ်မှုသဘော နိဗ္ဗတ္တိလက္ခဏာကိုလည်းကောင်း, ပဝတ္တိအခါ အာယတနဒွါရအလိုက် ထိုက်သည့်အားလျော်စွာ ဖြစ်နေကြကုန်သော ဒွါရ (၆)ပါး အတွင်း၌ တည်ရှိသော ယှဉ်ဖက်သမ္ပယုတ်တရားနှင့်တကွသော ထိုထိုဝီထိစိတ်တို့၏ ထိုထိုခဏတိုင်း ခဏတိုင်း၌ ဖြစ်မှုသဘော နိဗ္ဗတ္တိလက္ခဏာကိုလည်းကောင်း, ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ရှုနိုင်ပါမှ လက္ခဏာယာဉ်တင်၍ ဝိပဿနာ ရှုပွားသုံးသပ်နိုင်ပါမှ အရူပဿ နိဗ္ဗတ္တိ = နာမ်တရား၏ဖြစ်မှု နိဗ္ဗတ္တိသဘောလက္ခဏာကို ရှုမြင်သည် မည်ပေသည်။ ဤအဋ္ဌကထာများနှင့်အညီ ---- နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရသော ဤကျမ်းတွင်လည်း နာမ်တရားများကို ဉာဏ်ဖြင့်ပိုင်းခြားယူရာ သိမ်းဆည်းရာဖြစ်သော နာမရူပပရိစ္ဆေဒဉာဏ်ပိုင်း၌လည်း နာမ်တရားများကို အာယတန ဒွါရအလိုက် ဒွါရတစ်ခုပြီး တစ်ခု သိမ်းဆည်းရန်ကိုလည်းကောင်း, ဝိပဿနာပိုင်းတွင်လည်း အာယတနဒွါရ အလိုက် တစ်ခုပြီးတစ်ခု ဝိပဿနာရှုရန်ကိုလည်းကောင်း ရေးသားတင်ပြထားခြင်း ဖြစ်ပေသည်။

ဇော ---- ထိုသို့ ဝိပဿနာရှုရာ၌ ဇောအရတွင် အကုသိုလ်ဇောများကိုလည်း ဝိပဿနာရှုရန် အဋ္ဌကထာက ထည့်သွင်း၍ဖော်ပြထား၏။ ယင်းကဲ့သို့သော ဖွင့်ဆိုထားတော်မူချက်မှာ သရာဂံ ဝါ စိတ္တံ သရာဂစိတ္တန္တိ ပဇာနာတိ စသော သတိပဋ္ဌာန်ဒေသနာတော်များနှင့်အညီ အကုသိုလ်တရားများကိုလည်း ဝိပဿနာရှုပွားရန် အဋ္ဌကထာ ဆရာတော်က ညွှန်ကြားတော်မူခြင်းသာ ဖြစ်သည်ဟု မှတ်သားပါလေ။

ဉာဏ်၏ အာနုဘော် ကြီးမားပုံ

ဤအထက်ပါ အဋ္ဌကထာစကားရပ်များက ဝီထိမုတ်စိတ် အမည်ရသော ပဋိသန္ဓေစိတ် ဘဝင်စိတ် စုတိစိတ်တို့နှင့် ဒွါရ (၆)ပါး၌ ထိုက်သည့်အားလျော်စွာ အာယတနဒွါရအလိုက် ဖြစ်ပေါ်နေကြသော ဝီထိစိတ် အသီး အသီးတို့ကို စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ယှဉ်ဖက်သမ္ပယုတ်တရားများနှင့်အတူတကွ ဖြစ်မှုသဘော ပျက်မှု သဘောတို့ကို မြင်အောင် ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူသဖြင့် ဖြစ်မှဖြစ်နိုင်ပါ့မလားဟု ရင်တမမနှင့် မေးမြန်းကြ၏၊ စိစစ်ကြ၏၊ ဆွေးနွေးကြ၏။

ဤအရာ၌ အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ဆင်းရဲခပ်သိမ်းမှ အငြိမ်းကြီးငြိမ်းရာ အအေးကြီး အေးရာဖြစ်သည့် မဟာအသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို လိုလားတောင့်တခဲ့ပါမူ သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ သမ္မာသမ္ဗောဓိဉာဏ်တော်မြတ်ကြီးကိုလည်းကောင်း, သဗ္ဗညုတဉာဏ်တော်, ဒေသနာ ဉာဏ်တော် စသည်တို့ဖြင့် ခွဲခြမ်းစိတ်ဖြာ၍ ဟောကြားပြသ ဆိုဆုံးမထားတော်မူသော သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်း အစစ် အဖြစ်ကြီး ဖြစ်တော်မူသော မဂ္ဂင်ရှစ်ပါး အကျင့်မြတ် တရားတော်ကြီးကိုလည်းကောင်း, ယုံကြည်မှုသဒ္ဓါတရား အပြည့်အဝရှိရန်ကား လိုအပ်သည်သာ ဖြစ်ပေသည်။ ဘုရားရှင်သည် သာဝကတို့ မသိနိုင် မမြင်နိုင် ဉာဏ်မမီနိုင်သည့် သစ္စာလေးပါးတရားတို့ကို သာဝကတို့သည် သိအောင် ပွားများအားထုတ်ရမည်ဟု မတိုက်တွန်းတန်လေရာဟုကား အသင်သူတော်ကောင်း၏ သန္တာန်၌ ယုံကြည်ချက် သဒ္ဓါတရားကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားရမည်သာ ဖြစ်ပေသည်။ ဥပါဒါနက္ခန္ဓာငါးပါး = ရုပ်တရား နာမ်တရားတို့ကား ဒုက္ခသစ္စာတရားစုများ ဖြစ်ကြသဖြင့် ယင်းဒုက္ခသစ္စာ ဖြစ်ကြသည့် ရုပ်နာမ်တို့ကို ပရမတ်သို့ ဆိုက်အောင် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သိလိုပါက ဥပစာရအပ္ပနာ နှစ်ဖြာသော သမာဓိတို့တွင် တစ်မျိုး မျိုးသော သမာဓိကို ဝိပဿနာ၏ အခြေပါဒကအဖြစ် သမာဓိထူထောင်၍ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲတည်း ဟူသော ရုပ်ဃန နာမ်ဃနတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုနိုင်ဖို့ လိုပေသည်။ အကြောင်းမူ ---- သစ္စာလေးပါးတရားတို့သည် ပရမတ္ထသစ္စာတရားများ ဖြစ်ကြသောကြောင့်တည်း။

ယင်းပရမတ္ထဒုက္ခသစ္စာတရားတို့တွင် နာမ်တရားတို့မှာ ပြောင်းလဲမှုမရှိသည့် ကိန်းသေမြဲသော စိတ္တနိယာမ သဘောတရား လမ်းရိုးလမ်းဟောင်း လမ်းကြီးအတိုင်းသာ ပဋိသန္ဓေ ဘဝင်စုတိဟူသော ဝီထိမှအလွတ်ဖြစ်သော ဝီထိမုတ်စိတ်အနေဖြင့်သော်လည်းကောင်း, ဝီထိစိတ်အစဉ်အားဖြင့်သော်လည်းကောင်း, စိတ္တက္ခဏ တစ်ခုပြီးမှ တစ်ခု အစီအစဉ်အတိုင်း အမြဲတမ်း ဖြစ်ရိုးဓမ္မတာ ရှိကြ၏။ ယင်းစိတ္တနိယာမသဘောတရားကို ဆန့်ကျင်၍ ပုံစံပြောင်းကာ ဖြစ်ရိုးဓမ္မတာ မရှိပေ။ ယင်းနာမ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူလိုသော သိမ်းဆည်းလိုသော ဝိပဿနာရှုလိုသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ယင်းကဲ့သို့ စိတ္တနိယာမ ဓမ္မတာလမ်းရိုး လမ်းဟောင်းကြီး အတိုင်း သမရိုးကျ ဖြစ်နေကျ လမ်းရိုးကြီးအတိုင်း ဖြစ်နေကြသည့်အတိုင်းသာ ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုရမည်သာဖြစ်သည်။ အကယ်၍ နာမ်တရားတို့သည် ယင်းစိတ္တနိယာမ ဓမ္မတာလမ်းကြောင်းမှ တိမ်းစောင်း၍လည်းဖြစ်နိုင်ကြသည်ဟူသော သဘောတစ်မျိုးသည်လည်း ရှိနိုင်သည် ဖြစ်ငြားအံ့၊ ယင်းသို့ ဖြစ်နိုင်သေးခဲ့သော် အသင်သူတော်ကောင်း နှစ်ခြိုက်မှုရှိသည့်အတိုင်း ရှုနိုင်ပေသည်။ သို့သော် ယင်းကဲ့သို့သော စိတ္တနိယာမ ဓမ္မတာ လမ်းကြောင်းမှ တိမ်းစောင်း၍ ဖြစ်ရိုးဓမ္မတာရှိကြောင်း ပါဠိတော်အဋ္ဌကထာဋီကာ အဆိုအမိန့်များသည် မရှိ ဧကန်သာ ဖြစ်ခဲ့၏။ ထို့ကြောင့် အသင်သူတော်ကောင်းသည် နာမ်တရားတို့ကို သိမ်းဆည်းလိုခဲ့သော် ဉာဏ်ဖြင့် ပိုင်းခြားယူလိုခဲ့သော် ဝိပဿနာရှုပွားလိုခဲ့သော် ယင်းစိတ္တနိယာမ ဓမ္မတာလမ်းရိုး လမ်းဟောင်းကြီးအတိုင်းသာ သိမ်းဆည်းရမည် ဉာဏ်ဖြင့် ပိုင်းခြားယူရမည် ဝိပဿနာ ရှုပွားသုံးသပ်ရမည် ဖြစ်ပေသည်။ အကြောင်းမူ ----- ယင်းကဲ့သို့သော စိတ္တနိယာမ ဓမ္မတာလမ်းရိုး လမ်းဟောင်းကြီးအတိုင်း ဖြစ်ပေါ်နေကြသော ဝီထိမုတ်စိတ် ဝီထိစိတ်တို့ကို စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ယှဉ်ဖက်သမ္ပယုတ်တရားတို့နှင့် အတူတကွ နာမ်တုံးနာမ်ခဲ နာမ်ဃန အသီးအသီးကို ဉာဏ်ဖြင့်ဖြိုခွဲဖျက်ဆီးလျက် ရှုနိုင်ပါမှ မြင်နိုင်ပါမှ ပရမတ်သို့ဉာဏ်အမြင်ဆိုက်ကာ ပရမတ္ထဒုက္ခသစ္စာ တရားအစစ်ကို ဟုတ်တိုင်းမှန်စွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိသည် မည်သောကြောင့်ပင်တည်း။ သမာဓိတည်းဟူသော မြတ်သောကျောက်ဖျာထက်၌ မြမြထက်အောင် သွေးထားအပ်သော ဉာဏ်တည်းဟူသော သန်လျက်၏ စွမ်းအားရှိန်စော် အာနုဘော်ကား ကြီးမားလှသည်သာ ဖြစ်ပေသည်။

သို့သော် သာဝကပါရမီဉာဏ်အရာ၌ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက် အချိန်ကာလ အတွင်း၌ စိတ္တက္ခဏပေါင်း အကြိမ်ကုဋေတစ်သိန်းခန့်မျှ ဖြစ်ပျက်သွားကြသော နာမ်တရားစုတို့တွင် သာဝကတို့သည် ဝိပဿနာရှုလိုက်နိုင်သော နာမ်တရားတို့ကား အချို့အဝက် တစ်စိတ်တစ်ဒေသမျှသာ ရှိကြောင်းကို ရှေးနာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်းတင်ပြခဲ့ပြီးပင် ဖြစ်ပေသည်။ အတိတ်ဘဝ ထိုထိုက ဆည်းပူးစုဆောင်းခဲ့သော ပါရမီတော်မြတ်တရားအပေါင်း, ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်နေသော ပါရမီတရားအပေါင်းနှင့် ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်ထားသော သမာဓိ၏ စွမ်းအင်အပေါ်တွင် အခြေစိုက်လျက် ဉာဏ်အာနုဘော်၏ စွမ်းအားရှိန်စော် အာနုဘော်မှာလည်း ကြီးထွားလာရသည်ဖြစ်ရကား ဉာဏ်အာနုဘော် ကြီးလျှင်ကြီးသလောက် ခပ်များများ တစ်စိတ်တစ်ဒေသကို ဝိပဿနာ ရှုပွားသုံးသပ်နိုင်၍ ဉာဏ်အာနုဘော် သေးလျှင်လည်း သေးသလောက် ခပ်နည်းနည်း တစ်စိတ်တစ်ဒေသကိုသာ ဝိပဿနာ ရှုပွားသုံးသပ်နိုင်မည် ဖြစ်ပေသည်။

အသင်သူတော်ကောင်းသည် မိမိ၏ အနီးရင်ဆိုင်တွင် တည်ရှိနေသော သူတော်ကောင်းတစ်ဦး၏ ဆံပင်ကို လှမ်း၍ကြည့်စမ်းကြည့်ပါ။ အကယ်၍ အသင်သူတော်ကောင်း၏ စက္ခုပသာဒများမှာ အလွန်အားကောင်းနေပါက မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက်ဟု ခေါ်ဆိုအပ်သော အချိန်ကာလအတွင်း၌ ထိုမိမိ၏ ရှေးရှုရင်ဆိုင်၌ တည်နေသော သူတော်ကောင်း၏ ဆံပင်များကို မရေမတွက်နိုင်အောင် အလွန့်အလွန် များပြားစွာ တွေ့မြင်နိုင်မည်ဖြစ်ပေသည်။ ဤသည်မှာ ရိုးရိုးပကတိမျက်စိအမြင်ဟုခေါ်ဆိုအပ်သော စက္ခုဒွါရဝီထိနှင့် ဆံပင်ကို အာရုံပြုနေကြသော မနောဒွါရဝီထိတို့၏ စွမ်းအင်မျှသာဖြစ်သည်။ ပကတိသော မျက်စိအမြင်သည်ပင် ထိုမျှလောက် အာနုဘော်ကြီးမားလျှင် ဝိပဿနာဉာဏ်မျက်စိကား ထိုထက်ပင် အဆအရာအထောင်မက စွမ်းအား ရှိန်စော် အာနုဘော်ကြီးမားလှသည်ကိုကား အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် လက်ခံနိုင်ရမည်သာ ဖြစ်ပေသည်။ အသင်သူတော်ကောင်းသည် ဘုရားရှင်၏ သာသနာတော်မြတ်ကြီးနှင့် အလွဲကြီး မလွဲမိအောင် အထူး သတိပြုသင့်လှပေသည်။

ပညာဘာဝနာ ပြည့်စုံနိုင်ပါသည်

ဧဝံ ကာလေန ရူပံ ကာလေန အရူပံ သမ္မသိတွာပိ တိလက္ခဏံ အာရောပေတွာ အနုက္ကမေန ပဋိပဇ္ဇမာနော ဧကော ပညာဘာဝနံ သမ္ပာဒေတိ။ (ဝိသုဒ္ဓိ၊၂၊၂၅၃။)

အနုက္ကမေနာတိ ဥဒယဗ္ဗယဉာဏာဓိဂမာနုက္ကမေန ပညာဘာဝနံ သမ္ပာဒေတိ အရဟတ္တံ အဓိဂစ္ဆတိ။ (မဟာဋီ၊၂၊၄၀၅။)

ဤသို့လျှင် ရံခါ ရုပ်တရားကို ရံခါ နာမ်တရားကို သုံးသပ်၍လည်း လက္ခဏာယာဉ်သုံးချက်ကို တစ်လှည့်စီ တင်၍ ဝိပဿနာဘာဝနာကို ရှုပွားခဲ့သည်ရှိသော် ဥဒယဗ္ဗယဉာဏ်ကို ရရှိခြင်းစသော အစီအစဉ်ဖြင့် အစဉ်အတိုင်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် ပညာဘာဝနာကို ပြည့်စုံစေနိုင်၏။ အရဟတ္တဖိုလ်ကို ရရှိနိုင်ပေ၏။ (ဝိသုဒ္ဓိ၊၂၊၂၅၃။ မဟာဋီ၊၂၊၄၀၅။)

ရှေးဟောင်းလမ်းရိုးကြီးသာ ဖြစ်သည်

ဝိပဿနာအရာ၌ ပရမတ္ထဓာတ်သား တစ်လုံးစီ တစ်လုံးစီကို လက္ခဏာယာဉ်တင်ကာ ဝိပဿနာရှုပွားသုံးသပ်သော အနုပဒဓမ္မဝိပဿနာရှုပွားနည်းနှင့် ပရမတ္ထဓာတ်သားတို့ကို ရုပ်နာမ်နှစ်ပါးနည်း, ခန္ဓာငါးပါးနည်း, အာယတနတစ်ဆယ့်နှစ်ပါးနည်း, ဓာတ်တစ်ဆယ့်ရှစ်ပါးနည်း စသည်ဖြင့် အုပ်စုအလိုက် ပေါင်းစုခြုံငုံ၍ ဝိပဿနာ ရှုပွားသုံးသပ်သော ကလာပသမ္မသန ဟုခေါ်ဆိုအပ်သော နယဝိပဿနာရှုပွားနည်းဟု နှစ်နည်းရှိကြောင်းကို အထက်တွင် ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်၏။ ဝိပဿနာဘာဝနာကို စတင်အားသစ်စဖြစ်သော အာဒိကမ္မိက ယောဂါဝစရပုဂ္ဂိုလ်သည် အနုပဒဓမ္မဝိပဿနာရှုနည်းဖြင့် စတင်၍ အားမထုတ်သေးဘဲ ကလာပသမ္မသနနည်းဖြင့် စတင်၍ အားသစ်သင့်ကြောင်းကိုလည်း ရှင်းလင်းတင်ပြခဲ့ပြီးပင် ဖြစ်၏။ ဤဝိပဿနာပိုင်းတွင် ယခုတိုင်အောင် ရေးသားတင်ပြခဲ့သော ဝိပဿနာဘာဝနာမှာလည်း ကလာပသမ္မသနနည်းမျှသာ ရှိပေသေးသည်။ ဤကလာပ သမ္မသနနည်း သက်သက်ဖြင့်လည်း ပညာဘာဝနာ ပြည့်စုံနိုင်ကြောင်း, အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်ကြောင်း ကို အထက်တွင် ရေးသား တင်ပြထားသည့်အတိုင်း ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကလည်း ဖွင့်ဆိုထားတော်မူ၏။ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားတော်မူကြသော ရှေးဟောင်းထုံးများသည်လည်း သင်္ဂါယနာသုံးတန် တင်ထားအပ်သော သို့မဟုတ် သင်္ဂါယနာ (၆)ကြိမ်တိုင်တိုင် တင်ထားအပ်သော ပိဋကပါဠိတော်များတွင် အထင်အရှား ရှိကြသည်သာဖြစ်ပေသည်။ ထိုပိဋကပါဠိတော်များမှ ထင်ရှားရာ ပုံစံအချို့ကို ဆက်လက်တင်ပြအပ်ပါသည်။

ဘုရားရှင်သည် ပဉ္စဝဂ္ဂီအမည်ရှိတော်မူကြသော မထေရ်မြတ်တို့အား ဓမ္မစက္ကပဝတ္တနသုတ္တန် (သံ၊၃၊၃၆၈) ဟု ခေါ်ဆိုသော ဓမ္မစကြာတရားဒေသနာတော်ဖြင့် သောတာပတ္တိဖိုလ်၌ တည်စေတော်မူခဲ့၏။ ဓမ္မစကြာတရား ဒေသနာတော်မှာ မဟာဝဂ္ဂသံယုတ်ပါဠိတော် သစ္စသံယုတ် (သံ၊၃၊၃၆၈)၌ ထည့်သွင်း၍ သင်္ဂါယနာ တင်ထားတော်မူသော သစ္စဒေသနာတော်နည်းဖြစ်၏။ သစ္စဒေသနာတော်နည်းအရ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အားသစ်လိုသော ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝဋ္ဋသစ္စာဖြစ်ကြသော ဒုက္ခသစ္စာ သမုဒယသစ္စာ တရားတို့၌ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို နှလုံးသွင်းရမည် ဖြစ်ကြောင်းကို အဋ္ဌကထာများကလည်း အောက်ပါအတိုင်း ဖွင့်ဆိုထားတော်မူကြ၏။ -----

တတ္ထ ပုရိမာနိ ဒွေ သစ္စာနိ ဝဋ္ဋံ၊ ပစ္ဆိမာနိ ဝိဝဋ္ဋံ။ တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော ဟောတိ၊ ဝိဝဋ္ဋေ နတ္ထိ အဘိနိဝေသော။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။ ဒီ၊ဋ္ဌ၊၂၊၃၉၁။)

= ထို သစ္စာ (၄)ပါးတို့တွင် ဒုက္ခသစ္စာ သမုဒယသစ္စာဟူသော ရှေးသစ္စာ (၂)ပါးတို့ကား ဝဋ္ဋသစ္စာတည်း။ နိရောဓသစ္စာ မဂ္ဂသစ္စာဟူသော နောက်သစ္စာ (၂)မျိုးတို့ကား ဝိဝဋ္ဋသစ္စာတည်း။ ထိုဝဋ္ဋသစ္စာ ဝိဝဋ္ဋသစ္စာ နှစ်မျိုးတို့တွင် ယောဂါဝစရပုဂ္ဂိုလ်သည် ဝဋ္ဋသစ္စာ ဖြစ်ကြသော ဒုက္ခသစ္စာ သမုဒယသစ္စာ နှစ်မျိုး၌သာလျှင် ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်း နှလုံးသွင်းခြင်းသည် ဖြစ်၏။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။ ဒီ၊ဋ္ဌ၊၂၊၃၉၁။)

ဝိပဿနာနှလုံးသွင်းရှုပွားရမည့် ဝဋ္ဋသစ္စာနှစ်မျိုးတို့တွင် -- ဒုက္ခသစ္စာဟူသည် သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။ (သံ၊၃၊၃၆၉)ဟူသော ဓမ္မစကြာဒေသနာတော်နှင့်အညီ ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ဒုက္ခသစ္စာတရားတို့ ဖြစ်ကြ၏။ ရူပုပါဒါနက္ခန္ဓာ ဝေဒနုပါဒါနက္ခန္ဓာ သညုပါဒါနက္ခန္ဓာ သင်္ခါရုပါဒါနက္ခန္ဓာ ဝိညာဏုပါဒါနက္ခန္ဓာတို့ပင်တည်း။

၁။ အာသဝေါတရားတို့၏ အာရုံဖြစ်သော တဏှာဒိဋ္ဌိတို့ဖြင့် ငါ-ငါ့ဟာဟု စွဲယူအပ်သော အတိတ်-အနာဂတ် ပစ္စုပ္ပန်-အဇ္ဈတ္တ-ဗဟိဒ္ဓ-ဩဠာရိက-သုခုမ-ဟီန-ပဏီတ-ဒူရ-သန္တိက ဟူသော (၁၁)မျိုးသော အခြင်းအရာ အားဖြင့် တည်နေသော ရုပ်တရားအစုအပုံသည် ရူပုပါဒါနက္ခန္ဓာ မည်၏။

၂။ ။ ပ ။ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဝေဒနာအစုအပုံသည် ဝေဒနုပါဒါနက္ခန္ဓာမည်၏။

၃။ ။ ပ ။ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော သညာအစုအပုံသည် သညုပါဒါနက္ခန္ဓာမည်၏။

၄။ ။ ပ ။ (၁၁)မျိုးသောအခြင်းအရာအားဖြင့်တည်နေသော သင်္ခါရတရားအစုအပုံသည် သင်္ခါရုပါဒါနက္ခန္ဓာ မည်၏။

၅။ ။ ပ ။ (၁၁)မျိုးသောအခြင်းအရာအားဖြင့် တည်နေသော ဝိညာဏ်တရားအစုအပုံသည် ဝိညာဏုပါဒါနက္ခန္ဓာ မည်၏။ (သံ၊၂၊၃၉။ ခန္ဓသုတ္တန်။)

ယင်းဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့၏ အကြောင်းရင်းစစ်ဖြစ်သော အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံထားအပ်သော သင်္ခါရ-ကံတို့သည် သမုဒယသစ္စာမည်၏။ တစ်နည်းဆိုရသော် ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့၏ တစ်ခုနှင့်တစ်ခု ကြောင်းကျိုးဆက်နွယ်မှု သဘောတရားသည်ကား သမုဒယသစ္စာ မည်၏။ (အံ၊၁၊၁၇၈။ တိတ္ထာယတနသုတ္တန်။)

သစ္စာဒေသနာတော်နည်းအရ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်လိုသော ယောဂါဝစရ ရဟန်းတော်သည် ယင်း (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါး = ဒုက္ခသစ္စာ တရားနှင့် အထက်ပါ သမုဒယသစ္စာတရား နှစ်ပါးတို့၌ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်ရ၏။ ပဉ္စဝဂ္ဂီရဟန်းတော်တို့သည်လည်း ယင်းဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကို ဝိပဿနာရှုပွားသုံးသပ်တော် မူကြသဖြင့် သောတာပတ္တိဖိုလ်သို့ အသီးအသီး ဆိုက်ရောက်သွားတော်မူကြ၏။

တစ်ဖန် ဘုရားရှင်သည် သောတာပန်တည်တော်မူပြီးကြသော ပဉ္စဝဂ္ဂီရဟန်းတော်တို့အား အနတ္တလက္ခဏ သုတ္တန်ဒေသနာတော်ဖြင့် တစ်ဆင့်တက်၍ အရဟတ္တဖိုလ်သို့ တည်စေတော်မူခဲ့၏။ ယင်းအနတ္တလက္ခဏသုတ္တန် ဒေသနာတော်ကား ဥပါဒါနက္ခန္ဓာငါးပါးတို့၏ အနိစ္စဖြစ်ပုံ ဒုက္ခဖြစ်ပုံ အနတ္တဖြစ်ပုံတို့ကို အနိစ္စတစ်ကျော့ ဒုက္ခ တစ်ကျော့ အနတ္တတစ်ကျော့ တစ်ကျော့စီ တစ်ကျော့စီ အပြန်အလှန် အမေးအဖြေ ပြုလုပ်ပြီးမှ ပဉ္စဝဂ္ဂီရဟန်းတော်တို့က ဥပါဒါနက္ခန္ဓာငါးပါးတို့၏ အနိစ္စဖြစ်ကြောင်း ဒုက္ခဖြစ်ကြောင်း အနတ္တဖြစ်ကြောင်းကို ဝန်ခံစကား လျှောက်ကြားလာတော်မူကြသောအခါ ဘုရားရှင်က အတိတ် အနာဂတ် ပစ္စုပ္ပန်စသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို ဝိပဿနာရှုရန် ညွှန်ကြားပြသပေးတော်မူသော တေပရိဝဋ္ဋဓမ္မဒေသနာတော်ပင် ဖြစ်၏။ ဤတွင် အသင်သူတော်ကောင်းအပေါင်းတို့သည် ပဉ္စဝဂ္ဂီရဟန်းတော်တို့ အရဟတ္တဖိုလ်ပေါက် ရှုပွားသုံးသပ်သွားတော်မူသော ဝိပဿနာဟူသည် မည်ကဲ့သို့သော ဝိပဿနာမျိုးဖြစ်သည် ကို ယုံကြည်ချက် သဒ္ဓါတရား အပြည့်အဝဖြင့် မှတ်သားနာယူနိုင်ရန် အလို့ငှာ အနတ္တလက္ခဏသုတ္တန် ဒေသနာတော်ကို ဆက်လက်၍ ရေးသား တင်ပြအပ်ပါသည်။

အနတ္တလက္ခဏသုတ္တန် ဒေသနာတော်

၁။ ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ။ တတြ ခေါ ဘဂဝါ ပဉ္စဝဂ္ဂိယေ ဘိက္ခူ အာမန္တေသိ ဘိက္ခဝေါတိ။ ဘဒန္တေတိ တေ ဘိက္ခူ ဘဂဝတော ပစ္စေဿာသုံ။ ဘဂဝါ ဧတဒဝေါစ -

၂။ ရူပံ ဘိက္ခဝေ အနတ္တာ၊ ရူပဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ရူပံ အာဗာဓာယ သံဝတ္တေယျ၊ လဗ္ဘေထ စ ရူပေ ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသီတိ။ ယသ္မာ စ ခေါ ဘိက္ခဝေ ရူပံ အနတ္တာ၊ တသ္မာ ရူပံ အာဗာဓာယ သံဝတ္တတိ၊ န စ လဗ္ဘတိ ရူပေ ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသီတိ။

၃။ ဝေဒနာ အနတ္တာ၊ ဝေဒနာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ဝေဒနာ အာဗာဓာယ သံဝတ္တေယျ၊ လဗ္ဘေထ စ ဝေဒနာယ ဧဝံ မေ ဝေဒနာ ဟောတု၊ ဧဝံ မေ ဝေဒနာ မာ အဟောသီတိ။ ယသ္မာ စ ခေါ ဘိက္ခဝေ ဝေဒနာ အနတ္တာ၊ တသ္မာ ဝေဒနာ အာဗာဓာယ သံဝတ္တတိ၊ န စ လဗ္ဘတိ ဝေဒနာယ ဧဝံ မေ ဝေဒနာ ဟောတု၊ ဧဝံ မေ ဝေဒနာ မာ အဟောသီတိ။

၄။ သညာ အနတ္တာ၊ သညာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ သညာ အာဗာဓာယ သံဝတ္တေယျ၊ လဗ္ဘေထ စ သညာယ ဧဝံ မေ သညာ ဟောတု၊ ဧဝံ မေ သညာ မာ အဟောသီတိ။ ယသ္မာ စ ခေါ ဘိက္ခဝေ သညာ အနတ္တာ၊ တသ္မာ သညာ အာဗာဓာယ သံဝတ္တတိ၊ န စ လဗ္ဘတိ သညာယ ဧဝံ မေ သညာ ဟောတု၊ ဧဝံ မေ သညာ မာ အဟောသီတိ။

၅။ သင်္ခါရာ အနတ္တာ၊ သင်္ခါရာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿံသု၊ နယိဒံ သင်္ခါရာ အာဗာဓာယ သံဝတ္တေယျုံ၊ လဗ္ဘေထ စ သင်္ခါရေသု ဧဝံ မေ သင်္ခါရာ ဟောန္တု၊ ဧဝံ မေ သင်္ခါရာ မာ အဟေသုန္တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ သင်္ခါရာ အနတ္တာ၊ တသ္မာ သင်္ခါရာ အာဗာဓာယ သံဝတ္တန္တိ၊ န စ လဗ္ဘတိ သင်္ခါရေသု ဧဝံ မေ သင်္ခါရာ ဟောန္တု၊ ဧဝံ မေ သင်္ခါရာ မာ အဟေသုန္တိ။

၆။ ဝိညာဏံ အနတ္တာ၊ ဝိညာဏဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ဝိညာဏံ အာဗာဓာယ သံဝတ္တေယျ၊ လဗ္ဘေထ စ ဝိညာဏေ ဧဝံ မေ ဝိညာဏံ ဟောတု၊ ဧဝံ မေ ဝိညာဏံ မာ အဟောသီတိ။ ယသ္မာ စ ခေါ ဘိက္ခဝေ ဝိညာဏံ အနတ္တာ၊ တသ္မာ ဝိညာဏံ အာဗာဓာယ သံဝတ္တတိ၊ န စ လဗ္ဘတိ ဝိညာဏေ ဧဝံ မေ ဝိညာဏံ ဟောတု၊ ဧဝံ မေ ဝိညာဏံ မာ အဟောသီတိ။

၇။ တံ ကိံ မညထ ဘိက္ခဝေ၊ ရူပံ နိစ္စံ ဝါ အနိစ္စံ ဝါတိ။ အနိစ္စံ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာတိ။ နော ဟေတံ ဘန္တေ။ ဝေဒနာ။ သညာ။ သင်္ခါရာ။ ဝိညာဏံ နိစ္စံ ဝါ အနိစ္စံ ဝါတိ။ အနိစ္စံ ဘန္တေ။ ယံ ပနာနိစ္စံ ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာတိ။ နော ဟေတံ ဘန္တေ။

၈။ တသ္မာ တိဟ ဘိက္ခဝေ ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ရူပံ နေတံမမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

၉။ ယာ ကာစိ ဝေဒနာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ ပဏီတာ ဝါ ယာ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗာ ဝေဒနာ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

၁၀။ ယာ ကာစိ သညာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ ပဏီတာ ဝါ ယာ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗာ သညာ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

၁၁။ ယေ ကေစိ သင်္ခါရာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ ပဏီတာ ဝါ ယာ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗေ သင်္ခါရာ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

၁၂။ ယံ ကိဉ္စိ ဝိညာဏံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ဝိညာဏံ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

၁၃။ ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယသာဝကော ရူပသ္မိမ္ပိ နိဗ္ဗိန္ဒတိ၊ ဝေဒနာယပိ နိဗ္ဗိန္ဒတိ၊ သညာယပိ နိဗ္ဗိန္ဒတိ၊ သင်္ခါရေသုပိ နိဗ္ဗိန္ဒတိ၊ ဝိညာဏသ္မိမ္ပိ နိဗ္ဗိန္ဒတိ၊ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ၊ ဝိမုတ္တသ္မိံ ဝိမုတ္တမိတိ ဉာဏံ ဟောတိ။ ခီဏာ ဇာတိ ဝုသိတံ ဗြဟ္မစရိယံ၊ ကတံ ကရဏီယံ၊ နာပရံ ဣတ္ထတ္တာယာတိ ပဇာနာတီတိ။

ဣဒမဝေါစ ဘဂဝါ၊ အတ္တမနာ ပဉ္စဝဂ္ဂိယာ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုံ။

ဣမသ္မိံ စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ ပဉ္စဝဂ္ဂိယာနံ ဘိက္ခူနံ အနုပါဒါယ အာသဝေဟိ စိတ္တာနိ ဝိမုစ္စိံသူတိ။ (သံ၊၂၊၅၅-၅၆။)

ယခုအခါ ယင်းအနတ္တလက္ခဏသုတ္တန် ဒေသနာတော်မြတ်၏ မြန်မာပြန်ကို ဆက်လက်၍ ရေးသားတင်ပြအပ်ပါသည်။

အနတ္တလက္ခဏသုတ္တန်ဒေသနာတော် မြန်မာပြန်

၁။ အခါတစ်ပါး၌ ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရားသည် ဗာရာဏသီပြည်၏အနီး ဘုရား ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့၏ စျာန်အဘိညာဏ်ဖြင့် ကောင်းကင်မှ သက်ဆင်းရာ ကောင်းကင်သို့ တက်ရာ ဖြစ်ခြင်းကြောင့် ဣသိပတန အမည်ရသော သားပေါင်းစုံသည့် မိဂဒါဝုန် တောရဂုံ၌ သီတင်းသုံးစံနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတော်တို့ကို ရဟန်းတို့...ဟု မိန့်ခေါ်တော်မူ၏။ အရှင်ဘုရား... ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤအနတ္တလက္ခဏ သုတ္တန် တရားဒေသနာတော်မြတ်ကို ဤသို့ ဟောကြားတော်မူ၏။ -----

၂။ ရဟန်းတို့ ...ရုပ်တရားသည် အတ္တမဟုတ်။ ရဟန်းတို့ ...ဤရုပ်တရားသည်လည်း အတ္တဖြစ်ခဲ့ငြားအံ့၊ ဤရုပ်တရားသည် နာကျင်ခြင်းငှာ မဖြစ်လေရာ။ ငါ၏ ရုပ်တရားသည် ဤသို့ ဖြစ်ပါစေသတည်း၊ ငါ၏ ရုပ် တရားသည် ဤသို့ မဖြစ်ပါစေလင့် ဟု ရုပ်တရား၌ တောင့်တသည့်အတိုင်း ရလည်းရလေရာ၏။ ရဟန်းတို့ ရုပ်တရားသည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်၏။ ငါ၏ ရုပ်တရားသည် ဤသို့ဖြစ်ပါစေသတည်း၊ ငါ၏ ရုပ်တရားသည် ဤသို့ မဖြစ်ပါစေလင့် ဟု ရုပ်တရား၌ တောင့်တသည့်အတိုင်း ရလည်း မရအပ်ပေ။ (ရုပ်တရားသည် အတ္တ မဟုတ်သည့်အတွက် နာကျင်ခြင်းသာ ဖြစ်ရုံသာမက မနာပါလင့်ဟူ၍ တောင့်တတိုင်း လည်း မရအပ် မရနိုင် ဟူလိုသည်။)

၃။ ရဟန်းတို့ ...ဝေဒနာသည် အတ္တမဟုတ်၊ ရဟန်းတို့ ...ဤဝေဒနာသည်လည်း အတ္တဖြစ်ခဲ့ငြားအံ့၊ ဤဝေဒနာသည် နာကျင်ခြင်းငှာ မဖြစ်လေရာ။ ငါ၏ ဝေဒနာသည် ဤသို့ဖြစ်ပါစေသတည်း၊ ငါ၏ ဝေဒနာသည် ဤသို့မဖြစ်ပါစေလင့် ဟု ဝေဒနာတရား၌ တောင့်တသည့်အတိုင်း ရလည်းရလေရာ၏။ ရဟန်းတို့ ဝေဒနာသည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာဖြစ်၏။ ငါ၏ဝေဒနာသည် ဤသို့ဖြစ်ပါစေသတည်း၊ ငါ၏ ဝေဒနာသည် ဤသို့ မဖြစ်ပါစေလင့် ဟု ဝေဒနာတရား၌ တောင့်တသည့်အတိုင်း ရလည်းမရအပ်ပေ။

၄။ ရဟန်းတို့ ...သညာသည် အတ္တမဟုတ်၊ ရဟန်းတို့ ...ဤသညာသည်လည်း အတ္တဖြစ်ခဲ့ငြားအံ့၊ ဤသညာသည် နာကျင်ခြင်းငှာ မဖြစ်လေရာ။ ငါ၏ သညာသည် ဤသို့ဖြစ်ပါစေသတည်း၊ ငါ၏ သညာသည် ဤသို့မဖြစ်ပါစေလင့် ဟု သညာတရား၌ တောင့်တသည့်အတိုင်း ရလည်းရလေရာ၏။ ရဟန်းတို့ သညာသည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာဖြစ်၏။ ငါ၏ သညာသည် ဤသို့ ဖြစ်ပါစေသတည်း၊ ငါ၏ သညာသည် ဤသို့ မဖြစ်ပါစေလင့်ဟု သညာတရား၌ တောင့်တသည့်အတိုင်း ရလည်းမရအပ်ပေ။

၅။ ရဟန်းတို့ ...(စေတသိက်) သင်္ခါရတရားတို့သည် အတ္တမဟုတ်ကုန်။ ရဟန်းတို့ ... ဤ (စေတသိက်) သင်္ခါရတရားတို့သည်လည်း အတ္တဖြစ်ခဲ့ကုန်ငြားအံ့၊ ဤ (စေတသိက်) သင်္ခါရတရားတို့သည် နာကျင်ခြင်းငှာ မဖြစ်ကြလေကုန်ရာ။ ငါ၏ (စေတသိက်) သင်္ခါရတရားတို့သည် ဤသို့ ဖြစ်ပါစေကုန်သတည်း၊ ငါ၏ (စေတသိက်) သင်္ခါရတရားတို့သည် ဤသို့ မဖြစ်ကြပါစေကုန်လင့်ဟု (စေတသိက်) သင်္ခါရတရားတို့၌ တောင့်တသည့်အတိုင်း ရလည်းရလေကုန်ရာ၏။ ရဟန်းတို့ (စေတသိက်) သင်္ခါရတရားတို့သည် အတ္တမဟုတ်ကြကုန်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်ကုန်၏။ ငါ၏ (စေတသိက်) သင်္ခါရတရားတို့သည် ဤသို့ ဖြစ်ပါစေကုန်သတည်း၊ ငါ၏ (စေတသိက်) သင်္ခါရတရားတို့သည် ဤသို့ မဖြစ်ကြပါစေကုန်လင့်ဟု (စေတသိက်) သင်္ခါရတရားတို့၌ တောင့်တသည့်အတိုင်း ရလည်းမရအပ်လေကုန်။

၆။ ရဟန်းတို့ ... (အသိစိတ်) ဝိညာဏ်သည် အတ္တမဟုတ်၊ ရဟန်းတို့ ... (အသိစိတ်) ဝိညာဏ်သည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤ (အသိစိတ်) ဝိညာဏ်သည် နာကျင်ခြင်းငှာ မဖြစ်လေရာ။ ငါ၏ (အသိစိတ်) ဝိညာဏ်သည် ဤသို့ဖြစ်ပါစေသတည်း၊ ငါ၏ (အသိစိတ်) ဝိညာဏ်သည် ဤသို့မဖြစ်ပါစေလင့်ဟု (အသိစိတ်) ဝိညာဏ်တရား၌ တောင့်တသည့်အတိုင်း ရလည်းရလေရာ၏၊ ရဟန်းတို့ (အသိစိတ်) ဝိညာဏ်သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်၏။ ငါ၏ (အသိစိတ်) ဝိညာဏ်သည် ဤသို့ ဖြစ်ပါစေသတည်း၊ ငါ၏ (အသိစိတ်) ဝိညာဏ်သည် ဤသို့ မဖြစ်ပါစေလင့်ဟု (အသိစိတ်) ဝိညာဏ်တရား၌ တောင့်တသည့်အတိုင်း ရလည်းမရအပ်ပေ။

၇။ ရဟန်းတို့ ...ထိုငါဘုရား မေးမည့်အရာကို သင်ချစ်သားတို့သည် အဘယ်သို့ မှတ်ထင်ယူဆကြကုန်သနည်း။ ရဟန်းတို့ ...ရုပ်တရားသည် နိစ္စလေလော၊ အနိစ္စလေလော။

အနိစ္စပါ အရှင်ဘုရား။

အနိစ္စဖြစ်သော ရုပ်တရားသည် ဒုက္ခလေလော၊ သုခလေလော။

ဒုက္ခပါ အရှင်ဘုရား။

အနိစ္စဖြစ်သော ဒုက္ခဖြစ်သော ဖောက်ပြန်ပျက်စီးတတ်သည့် ဝိပရိဏာမဓမ္မဖြစ်သော ထိုရုပ်တရားကို ဤရုပ်တရားသည် ငါ၏ ရုပ်တရားတည်း၊ ဤရုပ်တရားသည် ငါဖြစ်၏၊ ဤရုပ်တရားသည် ငါ၏အတ္တတည်း ဟု စွဲလမ်းထင်မြင် ရှုဆင်ခြင်ခြင်းငှာ သင့်တင့်လျောက်ပတ်ပါမည်လော။

မသင့်လျော်ပါ အရှင်ဘုရား။

ဝေဒနာသည်။ ပ ။

သညာသည်။ ပ ။

(စေတသိက်) သင်္ခါရတရားစုတို့သည်။ ပ ။

(အသိစိတ်) ဝိညာဏ်သည် နိစ္စလေလော၊ အနိစ္စလေလော။

အနိစ္စပါ အရှင်ဘုရား။

အနိစ္စဖြစ်သော (အသိစိတ်) ဝိညာဏ်သည် ဒုက္ခလေလော၊ သုခလောလော။

ဒုက္ခပါ အရှင်ဘုရား။

အနိစ္စဖြစ်သော ဒုက္ခဖြစ်သော ဖောက်ပြန်ပျက်စီးတတ်သည့် ဝိပရိဏာမဓမ္မဖြစ်သော ထို (အသိစိတ်) ဝိညာဏ်တရားကို ဤ (အသိစိတ်) ဝိညာဏ်တရားသည် ငါ၏ (အသိစိတ်) ဝိညာဏ်တရားတည်း၊ ဤ (အသိစိတ်) ဝိညာဏ်တရားသည် ငါဖြစ်၏၊ ဤ (အသိစိတ်) ဝိညာဏ်တရားသည် ငါ၏အတ္တတည်းဟု စွဲလမ်းထင်မြင် ရှုဆင်ခြင်ခြင်းငှာ သင့်တင့်လျောက်ပတ်ပါမည်လော။

မသင့်လျော်ပါ အရှင်ဘုရား။

၈။ ရဟန်းတို့ ...ဤဥပါဒါနက္ခန္ဓာ ငါးပါးတို့သည် ထိုသို့ အနိစ္စ ဒုက္ခ အနတ္တ ဖြစ်သောကြောင့် (သံ၊ဋ္ဌ၊၂၊ ၂၅၆။) -----

အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း, အဇ္ဈတ္တမူလည်းဖြစ်သော ဗဟိဒ္ဓမူလည်းဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း, ရုန့်ရင်းကြမ်းတမ်းသော ဩဠာရိကမူလည်း ဖြစ်သော သိမ်မွေ့နုညံ့သော သုခုမမူလည်းဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း, ယုတ်ညံ့သော ဟီနမူလည်းဖြစ်သော မွန်မြတ်သော ပဏီတမူလည်းဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း, (ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်အသိဉာဏ်နှင့်) ဝေးသော ဒူရမူလည်းဖြစ်သော နီးသော သန္တိကမူလည်းဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း ရှိချေ၏။ ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော အလုံးစုံသော ရုပ်တရားကို -----

က။ နေတံ မမ = ဤရုပ်တရားသည် ငါ၏ ရုပ်တရား မဟုတ်။

ခ။ နေသောဟမသ္မိ = ဤရုပ်တရားသည် ငါ မဟုတ်။

ဂ။ န မေသော အတ္တာ = ဤရုပ်တရားသည် ငါ၏အတ္တ မဟုတ်။

ဤသို့လျှင် ဤအလုံးစုံသော ရုပ်တရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာဉာဏ်အလင်းဓာတ် = ဝိပဿနာဉာဏ်ပညာဖြင့် ရှုပါ။

[နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာတိ သမနုပဿာမီတိ အနိစ္စံ ဒုက္ခံ အနတ္တာတိ သမနုပဿာမိ။ (မ၊ဋ္ဌ၊၄၊၂၃၂။) ဤအဋ္ဌကထာအဖွင့်နှင့်အညီ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ ဟု ရှုပါဟူသည် အနိစ္စဟု ရှုပါ၊ ဒုက္ခဟု ရှုပါ၊ အနတ္တဟု ရှုပါ ဟူသည်နှင့် အတူတူပင်ဟု မှတ်သားပါ။]

၉။ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သောအလုံးစုံသော ဝေဒနာတရားသည်လည်းကောင်း, အဇ္ဈတ္တမူလည်း ဖြစ်သော ဗဟိဒ္ဓမူလည်း ဖြစ်သော အလုံးစုံသော ဝေဒနာတရားသည်လည်းကောင်း, ရုန့်ရင်းကြမ်းတမ်းသော ဩဠာရိကမူလည်းဖြစ်သော သိမ်မွေ့နုညံ့သော သုခုမမူလည်းဖြစ်သော အလုံးစုံသော ဝေဒနာတရားသည်လည်းကောင်း, ယုတ်ညံ့သော ဟီနမူလည်းဖြစ်သော မွန်မြတ်သော ပဏီတမူလည်းဖြစ်သော အလုံးစုံသော ဝေဒနာ တရားသည်လည်းကောင်း, ဝေးသော ဒူရမူလည်းဖြစ်သော နီးသောသန္တိကမူလည်းဖြစ်သော အလုံးစုံသော ဝေဒနာတရားသည်လည်းကောင်း ရှိချေ၏။ ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော အလုံးစုံသော ဝေဒနာတရားကို -----

က။ နေတံ မမ = ဤဝေဒနာတရားသည် ငါ၏ ဝေဒနာတရား မဟုတ်။

ခ။ နေသောဟမသ္မိ = ဤဝေဒနာတရားသည် ငါ မဟုတ်။

ဂ။ န မေသော အတ္တာ = ဤဝေဒနာတရားသည် ငါ၏အတ္တ မဟုတ်။

ဤသို့လျှင်အလုံးစုံသော ဝေဒနာတရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာဉာဏ်အလင်းဓာတ် = ဝိပဿနာဉာဏ်ပညာဖြင့် ရှုပါ ။

၁၀။ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အလုံးစုံသော သညာတရားသည်လည်းကောင်း, အဇ္ဈတ္တမူလည်း ဖြစ်သော ဗဟိဒ္ဓမူလည်းဖြစ်သော အလုံးစုံသော သညာတရားသည်လည်းကောင်း, ရုန့်ရင်းကြမ်းတမ်းသော ဩဠာရိကမူလည်းဖြစ်သော သိမ်မွေ့နုညံ့သော သုခုမမူလည်းဖြစ်သော အလုံးစုံသော သညာတရားသည်လည်းကောင်း, ယုတ်ညံ့သော ဟီနမူလည်းဖြစ်သော မွန်မြတ်သော ပဏီတမူလည်းဖြစ်သော အလုံးစုံသော သညာ တရားသည်လည်းကောင်း, ဝေးသော ဒူရမူလည်းဖြစ်သော နီးသော သန္တိကမူလည်းဖြစ်သော အလုံးစုံသော သညာတရားသည်လည်းကောင်း ရှိချေ၏။ ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော အလုံးစုံသော သညာတရားကို -----

က။ နေတံ မမ = ဤသညာတရားသည် ငါ၏ သညာတရား မဟုတ်။

ခ။ နေသောဟမသ္မိ = ဤသညာတရားသည် ငါ မဟုတ်။

ဂ။ န မေသော အတ္တာ = ဤသညာတရားသည် ငါ၏အတ္တ မဟုတ်။

ဤသို့လျှင် အလုံးစုံသော သညာတရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ရုပ်တုံးရုပ်ခဲ နာမ်တုံး နာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာဉာဏ်အလင်းဓာတ် = ဝိပဿနာဉာဏ်ပညာဖြင့် ရှုပါ။

၁၁။ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အလုံးစုံသော (စေတသိက်) သင်္ခါရတရားတို့သည်လည်းကောင်း, အဇ္ဈတ္တမူလည်းဖြစ်သော ဗဟိဒ္ဓမူလည်းဖြစ်သော အလုံးစုံသော (စေတသိက်) သင်္ခါရတရားတို့သည်လည်းကောင်း, ရုန့်ရင်းကြမ်းတမ်းသော ဩဠာရိကမူလည်းဖြစ်သော သိမ်မွေ့နုညံ့သော သုခုမမူလည်းဖြစ်သော အလုံးစုံသော (စေတသိက်) သင်္ခါရတရားတို့သည်လည်းကောင်း, ယုတ်ညံ့သော ဟီနမူလည်းဖြစ်သော မွန်မြတ်သော ပဏီတမူလည်းဖြစ်သော အလုံးစုံသော (စေတသိက်) သင်္ခါရတရားတို့သည်လည်းကောင်း, ဝေးသော ဒူရမူလည်းဖြစ်သော နီးသော သန္တိကမူလည်း ဖြစ်သော အလုံးစုံသော (စေတသိက်) သင်္ခါရတရားတို့သည်လည်းကောင်း ရှိကြချေ၏။ ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေကြသော အလုံးစုံသော (စေတသိက်) သင်္ခါရတရားစုတို့ကို-

က။ နေတံ မမ = ဤ (စေတသိက်) သင်္ခါရတရားသည် ငါ၏ (စေတသိက်) သင်္ခါရတရား မဟုတ်။

ခ။ နေသောဟမသ္မိ = ဤ (စေတသိက်) သင်္ခါရတရားသည် ငါ မဟုတ်။

ဂ။ န မေသော အတ္တာ = ဤ (စေတသိက်) သင်္ခါရတရားသည် ငါ၏အတ္တ မဟုတ်။

ဤသို့လျှင် အလုံးစုံသော (စေတသိက်) သင်္ခါရတရားတို့ကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာဉာဏ်အလင်းဓာတ် = ဝိပဿနာဉာဏ်ပညာဖြင့် ရှုပါ။

၁၂။ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အလုံးစုံသော (အသိစိတ်) ဝိညာဏ်တရားသည်လည်းကောင်း, အဇ္ဈတ္တမူလည်းဖြစ်သော ဗဟိဒ္ဓမူလည်းဖြစ်သော အလုံးစုံသော (အသိစိတ်) ဝိညာဏ်တရားသည်လည်းကောင်း, ရုန့်ရင်းကြမ်းတမ်းသော ဩဠာရိကမူလည်းဖြစ်သော သိမ်မွေ့နုညံ့သော သုခုမမူလည်းဖြစ်သော အလုံးစုံသော (အသိစိတ်) ဝိညာဏ်တရားသည်လည်းကောင်း, ယုတ်ညံ့သော ဟီနမူလည်းဖြစ်သော မွန်မြတ်သော ပဏီတမူလည်းဖြစ်သော အလုံးစုံသော (အသိစိတ်) ဝိညာဏ်တရားသည်လည်းကောင်း, ဝေးသော ဒူရမူလည်းဖြစ်သော နီးသော သန္တိကမူလည်းဖြစ်သော အလုံးစုံသော (အသိစိတ်) ဝိညာဏ် တရားသည်လည်းကောင်း ရှိချေ၏၊ ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော အလုံးစုံသော (အသိစိတ်) ဝိညာဏ်တရားကို -----

က။ နေတံ မမ = ဤ (အသိစိတ်) ဝိညာဏ်တရားသည် ငါ၏ (အသိစိတ်) ဝိညာဏ်တရား မဟုတ်။

ခ။ နေသောဟမသ္မိ = ဤ (အသိစိတ်) ဝိညာဏ်တရားသည် ငါ မဟုတ်။

ဂ။ န မေသော အတ္တာ = ဤ (အသိစိတ်) ဝိညာဏ်တရားသည် ငါ၏အတ္တ မဟုတ်။

ဤသို့လျှင် အလုံးစုံသော (အသိစိတ်) ဝိညာဏ်တရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာ ဉာဏ်အလင်းဓာတ် = ဝိပဿနာဉာဏ်ပညာဖြင့် ရှုပါ။

၁၃။ ဤသို့ (၁၁)မျိုးသော အခြင်းအရာအားဖြင့်တည်နေသော ဥပါဒါနက္ခန္ဓာငါးပါးတို့၏ အနိစ္စအချက် ဒုက္ခ အချက် အနတ္တအချက်တို့ကို ဝိပဿနာပညာ မဂ်ပညာဖြင့် ရှုမြင်သော အာဂမသုတဟူသော သင်သိ, အဓိဂမ သုတဟူသော ကျင့်သိ -- ဤအသိနှစ်မျိုးဖြင့် အကြားအမြင် ဗဟုသုတရှိသော အရိယာတပည့်သာဝကသည် တစ်နည်း ----- အရိယာဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝကသည် ရုပ်တရား၌လည်း ငြီးငွေ့တော့၏၊ ဝေဒနာတရား၌လည်း ငြီးငွေ့တော့၏၊ သညာတရား၌လည်း ငြီးငွေ့တော့၏၊ စေတသိက်သင်္ခါရတရားစု၌လည်း ငြီးငွေ့တော့၏၊ အသိစိတ်ဝိညာဏ်တရား၌လည်း ငြီးငွေ့တော့၏။ ငြီးငွေ့ခဲ့သော် (= နိဗ္ဗိဒါနုပဿနာဉာဏ်နှင့်တကွ သော ဝိပဿနာဉာဏ်အားလုံးတို့သည် အစဉ်အတိုင်း ဝိပဿနာ၏အထွတ်အထိပ်သို့ ရောက်အောင် ဖြစ်ပေါ် ခဲ့သော်) ဥပါဒါနက္ခန္ဓာငါးပါးတို့အပေါ်၌ တွယ်တာတပ်မက်ခြင်း ရာဂတရားသည် ကင်းပြတ်ရုပ်သိမ်း ချုပ်ငြိမ်း တော့၏။ ဥပါဒါနက္ခန္ဓာငါးပါးတို့အပေါ်၌ တွယ်တာတပ်မက်မှု ရာဂတရား၏ ကင်းပြတ်ရုပ်သိမ်း ချုပ်ငြိမ်းခြင်းကြောင့် ကိလေသာတို့မှ လွတ်မြောက်တော့၏။ ကိလေသာတို့မှ လွတ်မြောက်လတ်သော် ငါသည် ကိလေသာတို့မှ လွတ်မြောက်ရပေပြီဟု အသိဉာဏ်သည် ဖြစ်ပေါ်လာ၏။ ပဋိသန္ဓေတည်နေရမှုသည် ကုန်ဆုံးပျက်ပြုန်း ခဲ့လေပြီ။ သီလ-သမာဓိ-ပညာဟူသော သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်အပ်သော သာသန ဗြဟ္မစရိယ, အရိယမဂ်ဉာဏ်တည်းဟူသော မဂ္ဂဗြဟ္မစရိယ - ဤဗြဟ္မစရိယနှစ်ပါးကို တစ်နည်း မဂ္ဂဗြဟ္မစရိယကို ကျင့်သုံးပြီးပြီ၊ သာသနာတော်၌ ပြုသင့်ပြုထိုက်သော အရိယမဂ်ကိစ္စကို ပြုပြီးပြီ။ ဤမဂ်ကိစ္စအလို့ငှာ တစ်ပါးသော ပြုဖွယ်ကိစ္စသည် မရှိတော့ပြီဟု သိ၏ ----- ဟု ဟောကြားတော်မူ၏။

ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရားသည် ဤအနတ္တလက္ခဏသုတ္တန် ဒေသနာတော်မြတ်ကို ပဉ္စဝဂ္ဂီရဟန်းတော်တို့အား ဟောကြားပြသ ဆိုဆုံးမတော်မူ၏။ ပဉ္စဝဂ္ဂီရဟန်းတော်တို့သည် မြတ်စွာဘုရားရှင်၏ ဟောကြားပြသ ဆိုဆုံးမတော်မူအပ်သော တရားဒေသနာတော်ကို နှစ်လိုအားရမ်း ရွှင်လန်းဝမ်းမြောက်သော စိတ်ထား ရှိကြကုန်သည်ဖြစ်၍ မြတ်စွာဘုရား၏ ဟောကြားပြသ ဆိုဆုံးမတော်မူအပ်သော တရားဒေသနာတော် ကို အလွန် နှစ်သက်တော်မူကြလေကုန်ပြီ။

ဤဂါထာမဖက် သက်သက်သော အမေးအဖြေဖြစ်သော ဝေယျာကရဏအမည်ရသော အနတ္တလက္ခဏ သုတ္တန် တရားဒေသနာတော်မြတ်ကို ဟောကြားပြသ ဆိုဆုံးမတော်မူအပ်သည်ရှိသော် ပဉ္စဝဂ္ဂီရဟန်းတော်တို့၏ စိတ်တို့သည် ဥပါဒါနက္ခန္ဓာငါးပါးတို့အပေါ်၌ တဏှာဒိဋ္ဌိတို့ဖြင့် မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ လွတ်မြောက်တော်မူကြလေကုန်၏။ (သံ၊၂၊၅၅-၅၆။)

ဤဒေသနာတော်ကား နောင်တော့်နောင်တော်များ ဖြစ်တော်မူကြသည့် ပဉ္စဝဂ္ဂီရဟန်းတော်တို့၏ နိဗ္ဗာန်သို့ ကြွသွားတော်မူရာ ရှေးဟောင်းလမ်းရိုးကြီးသာ ဖြစ်ပေသည်။ ပဉ္စဝဂ္ဂီရဟန်းတော်တို့သည် သောတာပတ္တိဖိုလ်၌ တည်တော်မူကြပြီးနောက် အတိတ် အနာဂတ် ပစ္စုပ္ပန်စသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာရှုပွားသုံးသပ်တော်မူကြသဖြင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူခဲ့ကြ၏။ ယင်းသို့ဖြစ်လျှင် ဓမ္မစကြာဒေသနာတော်နှင့် ဤအနတ္တလက္ခဏသုတ္တန် ရှုကွက်သည် တူညီမှုရှိမှ ရှိပါ့မလားဟု အသင်သူတော်ကောင်းအနေဖြင့် သံသယဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ ထိုသို့ကား သံသယမဖြစ်သင့်ပေ။ အထက်တွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း သစ္စာဒေသနာတော်နည်းအရ ယောဂါဝစရ ရဟန်းတော်သည် စတုသစ္စဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းလိုခဲ့သော် ဝဋ္ဋသစ္စာဖြစ်သော ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၌ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို နှလုံးသွင်းရှုပွား သုံးသပ်အပ်ပေသည်။ ထိုတွင် ဒုက္ခသစ္စာ တရားဟူသည်မှာလည်း အတိတ် အနာဂတ် ပစ္စုပ္ပန်စသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါးတို့ပင် ဖြစ်ကြသည်။ ယင်း ဥပါဒါနက္ခန္ဓာငါးပါးတို့ကိုပင် တစ်ဖန် အနတ္တလက္ခဏသုတ္တန် ဒေသနာတော်၌ လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ရန် အထူးသဖြင့် အနတ္တလက္ခဏာကို ဦးစားပေး၍ ဝိပဿနာရှုပွားသုံးသပ်ရန် ဘုရားရှင်က ထပ်မံ၍ ညွှန်ကြားတော်မူခြင်းဖြစ်၏။ ထို့ကြောင့် ဓမ္မစကြာ ဒေသနာတော်ရှုကွက်နှင့် အနတ္တလက္ခဏသုတ္တန်ဒေသနာတော် ရှုကွက်တို့မှာ ပရမတ္ထဓာတ်သား တရားကိုယ် အနက်သဘောအားဖြင့် တူညီလျက်ပင်ရှိသည်ဟု မှတ်သားပါ။

ယင်းသို့ဖြစ်လျှင် အနတ္တလက္ခဏသုတ္တန်ဒေသနာတော်၌ သမုဒယသစ္စာကို ဝိပဿနာရှုသည့် ရှုကွက် မရှိတော့ပြီလောဟု မေးရန်ရှိ၏။ အဖြေမှာ ဤသို့ ဖြစ်၏။ -----

သမုဒယသစ္စာကား အကြောင်းတရား၊ ဒုက္ခသစ္စာကား အကျိုးတရားတည်း။ ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း အတိတ်အကြောင်းတရားငါးပါးဟူသည် အတိတ်ဥပါဒါနက္ခန္ဓာငါးပါးတို့၏ အစိတ် အပိုင်း တစ်ခုမျှသာ ဖြစ်၏။ အတိတ်ဥပါဒါနက္ခန္ဓာငါးပါးတွင် အကျုံးဝင်လျက်ရှိ၏။ ပစ္စုပ္ပန်အကျိုးတရားငါးပါး, ပစ္စုပ္ပန်အကြောင်းတရားငါးပါးတို့ဟူသည်မှာလည်း ပစ္စုပ္ပန်ဥပါဒါနက္ခန္ဓာငါးပါးတို့၏ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်၏၊ ပစ္စုပ္ပန် ဥပါဒါနက္ခန္ဓာငါးပါးတို့တွင် အကျုံးဝင်လျက်ပင် ရှိကြ၏။ အနာဂတ်အကျိုးတရားငါးပါးတို့ ဟူသည်မှာလည်း အနာဂတ်ဥပါဒါနက္ခန္ဓာငါးပါးတို့၌ပင် အကျုံးဝင်လျက် ရှိကြ၏။

တစ်ဖန် ပဉ္စဝဂ္ဂီအမည်ရှိတော်မူကြသော မထေရ်မြတ်ကြီးတို့သည် ဒုက္ခသစ္စာ သမုဒယသစ္စာတရားတို့၌ ကြိမ်ဖန်များစွာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းတော်မူကြပြီးသော သူတော်ကောင်းကြီးများ ဖြစ်တော် မူကြ၏။

ယဿ ပန ဧကဝါရံ ဉာဏေန ဖဿိတံ၊ ပုန တံ ဖဿိတဗ္ဗမေဝ၊ တာဒိသဿ ဝသေန ဝုတ္တန္တိ ဝဒန္တိ။ (မဟာဋီ၊၂၊၄၇၀။)

ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် ရုပ်နာမ် -ကြောင်းကျိုး = သင်္ခါရတရားတို့ကို တစ်ကြိမ်တစ်ခါမျှသော်လည်း ဝိပဿနာဉာဏ်ဖြင့် တွေ့ထိဖူး၏။ လက္ခဏာရေးသုံးတန်တင်ကာ တစ်ကြိမ်တစ်ခါမျှသော်လည်း ဝိပဿနာရှုပွား သုံးသပ်ဖူး၏။ ထို တစ်ကြိမ်တစ်ခါမျှသော်လည်း ဝိပဿနာဉာဏ်ဖြင့် တွေ့ထိအပ်ပြီးသော သင်္ခါရတရားသည် တွေ့ထိအပ်ပြီးသာလျှင် ဖြစ်ပေသည်။ နောက်ထပ်တစ်ဖန် ထိုသင်္ခါရတရားကို ဝိပဿနာဉာဏ်ဖြင့် မတွေ့ထိ သော်လည်း ထိချက်နာပါက ကိစ္စပြီးစီးနိုင်၏၊ ဝိပဿနာဉာဏ်ဖြင့် ထပ်မံ၍ တွေ့ထိရန် မလိုတော့သည်သာတည်း။ (မဟာဋီ၊၂၊၄၇၀။) (အကျယ်ကို သင်္ခါရုပေက္ခာဉာဏ်ပိုင်းတွင် ကြည့်ပါ။)

ထက်မြက်သော ဉာဏ်ပညာရှိသော သူတော်ကောင်းတို့ကို ရည်ရွယ်တော်မူ၍ အထက်ပါ စကားရပ်ကို ဖွင့်ဆိုထားတော်မူခြင်း ဖြစ်ပေသည်။ ပဉ္စဝဂ္ဂီအမည်တော်ရှိပေသော ရဟန်းတော်တို့ကား ထက်မြက်လျင်မြန်သော ဉာဏ်ပညာရှိတော်မူကြသည့် သူတော်ကောင်းကြီးတို့ ဖြစ်တော်မူကြ၏။ ဝါဆိုလပြည့်နေ့မှစ၍ ဝါဆိုလပြည့်ကျော် ငါးရက်နေ့သို့တိုင်အောင် ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် ယင်းသင်္ခါရတရားတို့ကို ထပ်ကာထပ်ကာ ကြိမ်ဖန်များစွာ ဝိပဿနာ ရှုပွားသုံးသပ်လျက် နေတော်မူကြသော ရဟန်းတော်တို့ ဖြစ်တော်မူကြ၏။ ဝါဆို လပြည့်ကျော် ငါးရက်နေ့သို့ ဆိုက်ရောက်လာသောအခါ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူနိုင်လောက်သော ရင့်ကျက်သော ဣန္ဒြေများကို ရရှိတော်မူလာကြ၏။ ထိုအခါတွင် ဘုရားရှင်သည် အထက်ပါ အနတ္တလက္ခဏ သုတ္တန်ဒေသနာတော်မြတ်ကို ဟောကြားပြသပေးတော်မူပေသည်။ ပဉ္စဝဂ္ဂီရဟန်းတော်တို့ကလည်း ဒေသနာတော်နောက်သို့ အစဉ်လိုက်၍ ဝိပဿနာ ရှုပွားသုံးသပ်တော်မူနိုင်ကြသဖြင့် ဒေသနာတော်နိဂုံး ပြီးဆုံးလတ် သောအခါ အရဟတ္တဖိုလ်၌ တည်သွားတော်မူကြလေသည်။ ထိုပဉ္စဝဂ္ဂီရဟန်းတော်တို့သည် သမုဒယသစ္စာတရား တို့ကို ဝိပဿနာ မရှုကြသည်ကား မဟုတ်၊ ဝိပဿနာ ရှုပွားတော်မူကြသည်သာ ဖြစ်ကြသည်ဟု မှတ်သား ပါလေ။ တစ်ဖန် ရှေးဟောင်းထုံးတစ်ရပ်ကို ဆက်လက်၍ တင်ပြအပ်ပါသည်။ -----

အရှင်မဟာမောဂ္ဂလ္လာန်မထေရ်မြတ်ကြီး

မဟာမောဂ္ဂလ္လာနတ္ထေရော ဟိ သာဝကာနံ သမ္မသနစာရံ ယဋ္ဌိကောဋိယာ ဥပ္ပီဠေန္တော ဝိယ ဧကဒေသမေဝ သမ္မသန္တော သတ္တဒိဝသေ ဝါယမိတွာ အရဟတ္တံ ပတ္တော။ (မ၊ဋ္ဌ၊၄၊၅၈။ အနုပဒသုတ္တအဋ္ဌကထာ။)

အနုပဒဓမ္မဝိပဿနာယ အဘာဝတော ဧကဒေသမေဝ သမ္မသန္တောတိ ဝုတ္တံ။ (မ၊ဋီ၊၃၊၂၇၄။)

အထာယသ္မာ မဟာမောဂ္ဂလ္လာနော ပဗ္ဗဇိတဒိဝသတော သတ္တမေဒိဝသေ မဂဓရဋ္ဌေ ကလ္လဝါဠဂါမကံ ဥပနိဿာယ သမဏဓမ္မံ ကရောန္တော ထိနမိဒ္ဓံ ဩက္ကမန္တော သတ္ထာရာ သံဝေဇိတော ထိနမိဒ္ဓံ ဝိနောဒေတွာ တထာဂတေန ဒိန္နံ ဓာတုကမ္မဋ္ဌာနံ သုဏန္တောဝ ဥပရိမဂ္ဂတ္တယကိစ္စံ နိဋ္ဌာပေတွာ သာဝကပါရမီဉာဏဿ မတ္ထကံ ပတ္တော။ (သာရတ္ထဒီပနီဋီကာ၊၃၊၂၂၈။)

ဤအထက်ပါ အဋ္ဌကထာဋီကာတို့က ဖွင့်ဆိုထားတော်မူသည့်အတိုင်း အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကြီးသည်လည်း ပရမတ္ထဓာတ်သားတို့ကို တစ်လုံးစီ တစ်လုံးစီ လက္ခဏာယာဉ်တင်ကာ ဝိပဿနာရှုပွား သုံးသပ်သည့် အနုပဒဓမ္မဝိပဿနာနည်းကို မရှုပွားမသုံးသပ်ဘဲ ပရမတ္ထဓာတ်သား သင်္ခါရတရားတို့ကို ခြုံငုံ၍ လက္ခဏာယာဉ်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ခြင်းဟူသော ကလာပသမ္မသနနည်းဖြင့်သာ ဝိပဿနာတရားကို ပွားများအားထုတ်တော်မူသဖြင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူခဲ့လေသည်။

အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကြီးသည် ရှေးဦးစွာ ပရိဗိုဇ်ဘဝတွင် တည်ရှိစဉ်က အရှင်သာရိပုတ္တရာ အလောင်းအလျာ ဖြစ်တော်မူသည့် ဥပတိဿပရိဗိုဇ်ထံမှ အရှင်အဿဇိမထေရ် ဟောကြားတော်မူ လိုက်သော ယေ ဓမ္မာ ဟေတုပ္ပဘဝါ - စသော ဂါထာတရားဒေသနာတော်ကို ကြားနာရ၍ သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်တော်မူခဲ့၏။ ယင်းဒေသေနာတော်မှာ သစ္စဒေသနာတော်ပင်ဖြစ်၏။ တစ်ဖန် မဂဓတိုင်း ကလ္လဝါဠ ရွာငယ်ကို အမှီဂေါစရဂါမ်ပြု၍ ရဟန်းတရားများကို ပွားများအားထုတ်တော်မူရာ ကလာပသမ္မသနနည်းဖြင့်သာ ဝိပဿနာဘာဝနာကို ပွားများအားထုတ်တော်မူ၏။ ခုနစ်ရက်မြောက်သောနေ့၌ ဘုရားရှင်ထံမှ (အံ၊၂၊၄၆၁- ၄၆၄ ) အင်္ဂုတ္တရနိကာယ် သတ္တကနိပါတ်၌ လာရှိသော ပစလာယမာနသုတ္တန်တရားတော်မြတ်ကို နာကြားခွင့် ရရှိတော်မူ၏။ ယင်းသုတ္တန်၏ ေ့ရှပိုင်းတွင် ထိနမိဒ္ဓပယ်ဖျောက်ကြောင်း တရား (၇)မျိုးတို့ လာရှိ၏။ နောက်ပိုင်း ဖြစ်သည့် ဝိပဿနာပိုင်းတွင် -----

သော သဗ္ဗံ ဓမ္မံ အဘိဇာနာတိ၊ သဗ္ဗံ ဓမ္မံ အဘိညာယ သဗ္ဗံ ဓမ္မံ ပရိဇာနာတိ။ (အံ၊၂၊၄၆၄။)

ဤသို့ စသည်ဖြင့် အလုံးစုံသော ဥပါဒါနက္ခန္ဓာတရားငါးပါးတို့ကို ပရိညာသုံးပါးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိအောင် ဝိပဿနာရှုပွားသုံးသပ်ရန် ညွှန်ကြားထားတော်မူ၏။ အလုံးစုံသော ဥပါဒါနက္ခန္ဓာတရားငါးပါးတို့ကို ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူ၏။ ယင်းညွှန်ကြားတော်မူချက်မှာ ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်မှ ဥပါဒါနက္ခန္ဓာတို့ကို သိမ်းဆည်း၍ ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူခြင်း ဖြစ်ကြောင်းကို အထက်ပါ သာရတ္ထဒီပနီဋီကာက ဖွင့်ဆိုထားပေသည်။ ထို့ကြောင့် အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကြီးသည်လည်း ကလာပ သမ္မသနနည်းဖြင့်ပင်လျှင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူကြောင်းကို သိရှိရပေသည်။

အရှင်သာရိပုတ္တကိုယ်တော်မြတ်ကြီး

အညေသု ဟိ ခန္ဓေသု အကတာဘိနိဝေသော ဘိက္ခု နေဝသညာနာသညာယတနက္ခန္ဓေ သမ္မသိတွာ နိဗ္ဗိဒံ ပတ္တုံ သမတ္ထော နာမ နတ္ထိ အပိစ အာယသ္မာ သာရိပုတ္တော။ ပကတိဝိပဿကော ပန မဟာပညော သာရိပုတ္တသဒိသောဝ သက္ကုဏေယျ၊ သောပိ ဧဝံ ကိရိမေ ဓမ္မာ အဟုတွာ သမ္ဘောန္တိ၊ ဟုတွာ ပဋိဝေန္တီ တိ ဧဝံ ကလာပသမ္မသနဝသေနေဝ, နော အနုပဒဓမ္မဝိပဿနာဝသေန။ ဧဝံ သုခုမတ္တံ ဂတာ ဧသာ သမာပတ္တိ။ (အဘိ၊ဋ္ဌ၊၁၊၂၅၃။ ဝိသုဒ္ဓိ၊၁၊၃၃၁။)

ဤအထက်ပါ အဋ္ဌကထာများ၏ ဖွင့်ဆိုထားတော်မူချက်များနှင့်အညီ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည်လည်း သမာပတ် (၈)ပါးတို့တွင် ပထမစျာန်သမာပတ်မှသည် အာကိဉ္စညာယတနစျာန်သမာပတ်သို့ တိုင်အောင်သော အောက်စျာန်သမာပတ် (၇)ပါးတို့၏အတွင်း၌ တည်ရှိကြသော နာမ်တရား အသီးအသီးတို့ကို တစ်လုံးစီ တစ်လုံးစီ ဝိပဿနာရှုပွားသုံးသပ်ခြင်းတည်းဟူသော အနုပဒဓမ္မဝိပဿနာ နည်းလမ်းဖြင့် ဝိပဿနာ ရှုပွားသုံးသပ်တော်မူ၍, နေဝသညာနာသညာယတနစျာန်သမာပတ်၌ကား ယင်းသမာပတ်အတွင်း၌ တည်ရှိကြသော နာမ်တရားစုတို့ကို ပေါင်းစုခြုံငုံ၍ ဝိပဿနာရှုပွားသုံးသပ်ရသော ကလာပသမ္မသနဟု ခေါ်ဆိုသော နယဝိပဿနာနည်းဖြင့်သာလျှင် ဝိပဿနာ ရှုပွားသုံးသပ်တော်မူပေသည်။ (အဘိ၊ဋ္ဌ၊၁၊၂၅၃။ ဝိသုဒ္ဓိ၊၁၊၃၃၁။)

အရှင်အာနန္ဒာကိုယ်တော်မြတ်ကြီး

အရှင်အာနန္ဒာ ကိုယ်တော်မြတ်ကြီးသည်လည်း မန္တာဏိပုဏ္ဏေးမ၏ သားဖြစ်တော်မူသော အရှင်ပုဏ္ဏ မထေရ်၏ ထံတော်မှ ခန္ဓာငါးပါးနှင့်စပ်သည့် တေပရိဝဋ္ဋဓမ္မဒေသနာတော်ကို ကြားနာရ၍ သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်တော်မူခဲ့၏။ ရှေးသူဟောင်းတို့၏ နိဗ္ဗာန်သို့ ကြွသွားတော်မူရာ လမ်းရိုးလမ်းဟောင်းကြီးကို ကြည်ညို သဒ္ဓါတရား ပွားသထက်ပွားနိုင်ရန်အလို့ငှာ အရှင်အာနန္ဒာကိုယ်တော်မြတ်ကြီး၏ သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်တော်မူသည့် ရှေးဟောင်းထုံးတစ်ရပ်ကိုလည်း ထပ်မံ၍ ရေးသားတင်ပြအပ်ပါသည်။ -----

အာနန္ဒသုတ္တန် ဒေသနာတော်

၁။ သာဝတ္ထိနိဒါနံ။ တတြ ခေါ အာယသ္မာ အာနန္ဒော ဘိက္ခူ အာမန္တေသိ အာဝုသော ဘိက္ခဝေတိ။ အာဝုသောတိ ခေါ တေ ဘိက္ခူ အာယသ္မတော အာနန္ဒဿ ပစ္စေဿာသုံ။ အာယသ္မာ အာနန္ဒော ဧတဒဝေါစ-

၂။ ပုဏ္ဏော နာမ အာဝုသော အာယသ္မာ မန္တာဏိပုတ္တော အမှာကံ နဝကာနံ သတံ ဗဟူပကာရော ဟောတိ၊ သော အမှေ ဣမိနာ ဩဝါဒေန ဩဝဒတိ ဥပါဒါယ အာဝုသော အာနန္ဒ အသ္မီတိ ဟောတိ နော အနုပါဒါယ။ ကိဉ္စ ဥပါဒါယ အသ္မီတိ ဟောတိ နော အနုပါဒါယ။ ရူပံ ဥပါဒါယ အသ္မီတိ ဟောတိ နော အနုပါဒါယ။ ဝေဒနံ။ သညံ။ သင်္ခါရေ။ ဝိညာဏံ ဥပါဒါယ အသ္မီတိ ဟောတိ နော အနုပါဒါယ။

၃။ သေယျထာပိ အာဝုသော အာနန္ဒ ဣတ္ထီ ဝါ ပုရိသော ဝါ ဒဟရော ယုဝါ မဏ္ဍနကဇာတိကော အာဒါသေ ဝါ ပရိသုဒ္ဓေ ပရိယောဒါတေ အစ္ဆေ ဝါ ဥဒကပတ္တေ သကံ မုခနိမိတ္တံ ပစ္စဝေက္ခမာနော ဥပါဒါယ ပေဿယျ နော အနုပါဒါယ။ ဧဝမေဝ ခေါ အာဝုသော အာနန္ဒ ရူပံ ဥပါဒါယ အသ္မီတိ ဟောတိ နော အနုပါဒါယ။ ဝေဒနံ။ သညံ။ သင်္ခါရေ။ ဝိညာဏံ ဥပါဒါယ အသ္မီတိ ဟောတိ နော အနုပါဒါယ။

၄။ တံ ကိံမညသိ အာဝုသော အာနန္ဒ၊ ရူပံ နိစ္စံ ဝါ အနိစ္စံ ဝါတိ။ အနိစ္စံ အာဝုသော။ ဝေဒနာ။ သညာ။ သင်္ခါရာ။ ဝိညာဏံ နိစ္စံ ဝါ အနိစ္စံ ဝါတိ။ အနိစ္စံ အာဝုသော။ တသ္မာ တိဟ။ ပ ။ ဧဝံ ပဿံ။ ပ ။ နာပရံ ဣတ္ထတ္တာယာတိ ပဇာနာတီတိ။ ပုဏ္ဏော နာမ အာဝုသော အာယသ္မာ မန္တာဏိပုတ္တော အမှာကံ နဝကာနံ သတံ ဗဟူပကာရော ဟောတိ၊ သော အမှေ ဣမိနာ ဩဝါဒေန ဩဝဒတိ။ ဣဒဉ္စ ပန မေ အာယသ္မတော ပုဏ္ဏဿ မန္တာဏိပုတ္တဿ ဓမ္မဒေသနံ သုတွာ ဓမ္မော အဘိသမိတောတိ။ (သံ၊၂၊၈၆-၈၇။)

အာနန္ဒသုတ္တန် မြန်မာပြန်

၁။ သာဝတ္ထိနိဒါန်း။ ထိုအခါ အရှင်အာနန္ဒာ ကိုယ်တော်မြတ်သည် ငါ့ရှင် ရဟန်းတို့ ဟု ရဟန်းတို့ကို ခေါ်တော်မူ၏။ အရှင်ဘုရား ဟု ထိုရဟန်းတော်တို့သည် အရှင်အာနန္ဒာအား ပြန်ကြားလျှောက်ထားကြကုန်၏။ အရှင်အာနန္ဒာ ကိုယ်တော်မြတ်သည် ဤတရားစကားကို မိန့်ကြားတော်မူ၏။ ----

၂။ ငါ့ရှင်တို့ ... မန္တာဏီပုဏ္ဏေးမ၏ သားဖြစ်တော်မူသော အရှင်ပုဏ္ဏ အမည်ရှိသော အရှင်မြတ်သည် သီတင်းငယ်ဖြစ်ကြကုန်သော တပည့်တော်တို့အား အလွန်ကျေးဇူးများလှ၏။ ထိုအရှင်မြတ်သည် တပည့်တော်တို့ကို ဤတရားဒေသနာတော် အဆုံးအမဖြင့် ဆိုဆုံးမတော်မူ၏။ ----

ငါ့ရှင် အာနန္ဒာ ...အစွဲပြု၍သာလျှင် ငါဖြစ်၏ဟူသော တဏှာ-မာန-ဒိဋ္ဌိ = ပပဉ္စတရား = သံသရာကို ချဲ့ထွင်တတ်သော တရားသုံးပါးသည် ဖြစ်ပေါ်လာ၏။ အစွဲမပြုမူ၍သာလျှင် ဖြစ်ပေါ်လာသည်ကား မဟုတ်။ အဘယ်ကို အစွဲပြု၍ = အမှီပြု၍ ငါဖြစ်၏ဟူသော တဏှာ-မာန-ဒိဋ္ဌိ = ပပဉ္စတရား = သံသရာကို ချဲ့ထွင်တတ်သော တရား သုံးပါးသည် ဖြစ်ပေါ်လာသနည်း။ အစွဲမပြုမူ၍ မမှီမူ၍ မဖြစ်ပေါ်လာလေသနည်း။ ရုပ်ကို ။ ပ။ ဝေဒနာကို။ သညာကို။ သင်္ခါရတရားတို့ကို။ ဝိညာဏ်ကို အစွဲပြု၍သာလျှင် ငါဖြစ်၏ဟူသော တဏှာ-မာန-ဒိဋ္ဌိ = ပပဉ္စတရား = သံသရာကို ချဲ့ထွင်တတ်သော တရား သုံးပါးသည် ဖြစ်ပေါ်လာ၏။ အစွဲမပြုမူ၍ သာလျှင် ဖြစ်ပေါ်လာသည်ကား မဟုတ်။

ငါ့ရှင် အာနန္ဒာ ...ဥပမာသော်ကား ငယ်ရွယ်နုပျိုသော တန်ဆာဆင်ခြင်းသဘောရှိသော အမျိုးသ္မီးသည် သော်လည်းကောင်း, အမျိုးသားသည်သော်လည်းကောင်း ကြည်လင်တောက်ပသော မှန်၌ဖြစ်စေ, ကြည်လင် သော ရေခွက်၌ဖြစ်စေ မိမိ၏ မျက်နှာရိပ်ကို ကြည့်ရှုဆင်ခြင်လတ်သော် အစွဲပြု၍သာလျှင် မြင်ရာ၏၊ အစွဲမပြု မူ၍ကား မမြင်လေရာ။

ငါ့ရှင် အာနန္ဒာ ...ဤဥပမာအတူပင်လျှင် ----

က။ ရုပ်တရားကို အစွဲပြု၍သာလျှင် ငါဖြစ်၏ဟူသော ပပဉ္စတရား သုံးပါးသည် ဖြစ်ပေါ်လာ၏။

ခ။ ဝေဒနာကို။

ဂ။ သညာကို။

ဃ။ စေတသိက်သင်္ခါရတို့ကို။

င။ အသိစိတ်ဝိညာဏ်ကို အစွဲပြု၍သာလျှင် ငါဖြစ်၏ဟူသော ပပဉ္စတရား သုံးပါးသည် ဖြစ်ပေါ်လာ၏၊ အစွဲမပြုမူ၍ကား မဖြစ်ပေါ်လာပေ။

[မှတ်ချက် ---- သုတ္တန်ဒေသနာတော်ကား မဆုံးသေးပါ။ ဤအရာတွင် မှတ်သားဖွယ်ရာ အချို့ကို ဆက်လက်၍ တင်ပြအပ်ပါသည်။ ----

က။ ပုထုဇန်သည် တန်ဆာဆင်ထားသော အမျိုးသား သို့မဟုတ် အမျိုးသ္မီးနှင့် တူ၏။

ခ။ ဥပါဒါနက္ခန္ဓာငါးပါးသည် မှန်အပြင်နှင့် တူ၏။

ဂ။ တဏှာ-မာန-ဒိဋ္ဌိ ဖြစ်ခြင်းသည် မျက်နှာရိပ်နှင့် တူ၏။

ဃ။ တဏှာ-မာန-ဒိဋ္ဌိ ဖြစ်သော် ငါပဲ သူပဲ ယောက်ျားပဲ မိန်းမပဲ စသည်ဖြင့် စွဲလမ်းခြင်း အထူးသည် မျက်နှာရိပ်ကို မှီ၍ ထင်လာသော အဆင်းစသည်နှင့် တူ၏။ ဤသို့လျှင် ဤသုတ္တန်ဒေသနာတော်၌ ဥပမာနှင့် ဥပမေယျကို နှီးနှောစပ်ဟပ်၍ ယူလေရာ၏။ (သံ၊ဋီ၊၂၊၂၄၄။)

မှန်ထဲတွင်ထင်လာသော ထိုမျက်နှာရိပ်သည် စင်ကြယ်သန့်ရှင်းလျက် ကြည်လင်တောက်ပနေသော ကြေးမုံ မှန်အပြင်ကို အစွဲပြု၍ ထင်ရှားလာ၏။ ထိုကြေးမုံမှန်အပြင်ကို ကြည့်ရှုသော် ကြေးမုံမှန်ထဲ၌ မိမိ၏ မျက်နှာရိပ်သည်ပင် ထင်လာလေသလော, သူတစ်ပါး၏ မျက်နှာရိပ်သည်ပင် ထင်လာလေသလော၊ တစ်နည်းဆိုရသော် ထိုကြေးမုံပြင်မှန်ထဲ၌ ထင်လာသော မျက်နှာရိပ်သည် မိမိလေလော သူတစ်ပါးလေလော၊ ဤသို့ မေးရန် ရှိ၏။

အဖြေ ----အကယ်၍ ကြေးမုံမှန်အပြင်၌ ထင်လာသော မျက်နှာသည် မိမိဖြစ်ငြားအံ့၊ ကြေးမုံမှန်ကို ကြည့်နေသူ မိမိဘက်သို့ မျက်နှာမူ၍ တည်နေသော မျက်နှာရိပ်သည် မဖြစ်တန်ရာ = အကယ်၍ ကြေးမုံမှန်ကို ကြည့်သူ မိမိသည် အေ့ရှဘက်သို့ မျက်နှာမူ၍ မှန်၏ေ့ရှတွင် ရပ်တည်နေငြားအံ့၊ ကြေးမုံမှန်အပြင်တွင် ထင်နေသော မျက်နှာရိပ်သည်လည်း မိမိသာ ဖြစ်ရိုးမှန်ပါက မိမိဘက်သို့ မျက်နှာမမူဘဲ အေ့ရှဘက်သို့သာ မျက်နှာမူ၍ တည်နေလေရာ၏။ ယခုမူကား မှန်ကိုကြည့်သူ မိမိဘက်သို့သာ မျက်နှာမူ၍ မျက်နှာရိပ်သည် ထင်လာပေသည်။

အကယ်၍ ကြေးမုံမှန်အပြင်၌ ထင်လာသော မျက်နှာရိပ်သည် ကြေးမုံမှန်ကို ကြည့်နေသူ၏ မိမိ၏ မျက်နှာရိပ် မဟုတ်ဘဲ သူတစ်ပါး၏ မျက်နှာရိပ်သည် ဖြစ်ငြားအံ့။ ထိုမျက်နှာရိပ်သည် မိမိနှင့် ရုပ်အဆင်း ပုံသဏ္ဌာန် စသည်တို့ဖြင့် တူညီမှု မရှိသည်ဖြစ်၍ ထင်ရှားလာလေရာ၏။ ဆိုလိုသည်မှာ ထိုကြေးမုံမှန်အပြင်၌ ထင်လာသော မျက်နှာရိပ်သည် မိမိနှင့်တူသော အခြားသူတစ်ဦး၏ မျက်နှာရိပ်သည် အကယ်၍ ဖြစ်ငြားအံ့၊ ထိုသို့ဖြစ်သော်ကား တစ်စုံတစ်ခုသော မတူညီမှုသည် ဖြစ်သင့်လေရာ၏ = ချွတ်စွပ်ထားသကဲ့သို့ကား မတူညီနိုင်ဟု ဆိုလိုသည်။

ထိုကြောင့် ထိုကြေးမုံမှန်အပြင်၌ ထင်မြင်လာသော မျက်နှာရိပ်သည် ကြေးမုံမှန်ကို ကြည့်နေသူ မိမိ၏ မျက်နှာလည်း မဟုတ်၊ သူတစ်ပါး၏ မျက်နှာလည်း မဟုတ်၊ သို့သော် ကြေးမုံမှန်ကို အစွဲပြု၍ အမှီပြု၍ နိဘာသ ရူပ အမည်ရသော ထိုပုံတူ မျက်နှာရိပ်သည် ထင်ရှားလာ၏ဟု ဆရာမြတ်တို့ မိန့်ဆိုတော်မူကြကုန်၏။ ထိုသို့ ဖြစ်လျှင် ကြည်လင်သောရေ၌ ထင်လာသော မျက်နှာရိပ်သည် အဘယ်အကြောင်းကြောင့် ထင်လာပါသနည်းဟု မေးရန်ရှိ၏။ သမုတိသစ္စာနယ်မှ ရေဟု ခေါ်ဝေါ်သမုတ်ထားသော ဓာတ်ကြီးလေးပါးတို့၏ အထူးသဖြင့် သန့်ရှင်း စင်ကြယ်သောကြောင့်ဟု ဖြေဆိုလေရာ၏။ (သံ၊ဋ္ဌ၊၂၊၂၈၃။ သံ၊ဋီ၊၂၊၂၄၃-၂၄၄။)

အသင်သူတော်ကောင်းကိုယ်တိုင် စဉ်းစားနှိုင်းချိန်နိုင်ရန် ဥပမာတစ်ရပ်ကို ထပ်မံ၍ တင်ပြအပ်ပါသည်။ အကယ်၍ ကြေးမုံမှန်အပြင်၌ ထင်လာသော မျက်နှာရိပ်သည် မိမိဖြစ်ငြားအံ့ ၊ ထိုကြေးမုံမှန်အပြင်၌ ထင်လာသော မျက်နှာရိပ်ကို သေလောက်သော လက်နက်တစ်ခုခုဖြင့် ပစ်ခတ်ကြည့်ပါ။ ကြေးမုံမှန်သာ အစိတ်စိတ် အမြွှာမြွှာ ကွဲသွားလေရာသည်။ ကြေးမုံမှန်ကို ကြည့်နေသူ မိမိကား မသေနိုင်လေရာ။ ကြေးမုံမှန်အပြင်၌ ထင်လာသော မျက်နှာရိပ်သည် မိမိဖြစ်ရိုးမှန်ပါက မိမိလည်း သေလေရာ၏။ သို့သော် သေကား မသေ ဖြစ်ခဲ့၏။ အကယ်၍ မိမိနှင့်တူသူ အခြားတစ်စုံတစ်ယောက်၏ မျက်နှာဖြစ်ငြားအံ့ ၊ ထိုသို့ သေလောက်သော လက်နက်တစ်ခုခုဖြင့် ထိုကြေးမုံမှန်အပြင်၌ ထင်နေသော မျက်နှာရိပ်ကို ပစ်ခတ်လိုက်သောအခါ ထိုအခြားသူလည်း သေလေရာ၏။ သို့သော် သေကား မသေ ဖြစ်ခဲ့၏။ ထို့ကြောင့် ကြေးမုံမှန်အပြင်၌ ထင်လာသော မျက်နှာရိပ်သည် မိမိ၏ မျက်နှာလည်း မဟုတ်၊ သူတစ်ပါး၏ မျက်နှာလည်း မဟုတ်။ ကြေးမုံမှန်အပြင်ကို အမှီပြု၍ ထင်လာသော ပုံတူ မျက်နှာရိပ်တစ်မျိုးမျှသာ ဖြစ်သည်ဟု အဋ္ဌကထာဆရာမြတ်တို့က မိန့်ဆိုတော်မူကြခြင်း ဖြစ်ပေသည်။

အလားတူပင် ပရမတ္ထဉာဏ်ပညာမျက်စိမရှိသော ပုထုဇန်သည် ကြေးမုံမှန်အပြင်နှင့် တူသော ဥပါဒါနက္ခန္ဓာငါးပါးကို ကြေးမုံမှန်အပြင်၌ ထင်လာသော မျက်နှာရိပ်နှင့်တူသော တဏှာ-မာန-ဒိဋ္ဌိတို့ဖြင့် ငါပဲ သူပဲ ယောက်ျားပဲ မိန်းမပဲ စသည်ဖြင့် အမှားမှားအယွင်းယွင်း စွဲယူမိလေသည်။ ဥပါဒါနက္ခန္ဓာငါးပါးတို့ အပေါ်၌ တဏှာ-မာန-ဒိဋ္ဌိတို့ ဖြစ်ပေါ်လာပေသည်။ သုတ္တန်ကို ဆက်ဖတ်ပါ။]

ငါ့ရှင် အာနန္ဒာ ...ထို ငါမေးမည့် အကြောင်းအရာကို ငါ့ရှင်သည် အဘယ်သို့ အောက်မေ့မှတ်ထင် ယူဆလေသနည်း။

၁။ ရုပ်တရားသည် နိစ္စလေလော၊ အနိစ္စလေလော၊ အနိစ္စပါ အရှင်ဘုရား။

၂။ ငါ့ရှင် ...ဝေဒနာသည်။

၃။ သညာသည်။

၄။ စေတသိက် သင်္ခါရတရားတို့သည်။

၅။ အသိစိတ် = ဝိညာဏ်သည် နိစ္စလေလော၊ အနိစ္စလေလော။ အနိစ္စပါ အရှင်ဘုရား။

ငါ့ရှင် ...ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ထိုသို့ အနိစ္စ (ဒုက္ခ-အနတ္တ) ဖြစ်သောကြောင့် ငါ့ရှင်သည် ----

၁။ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း, အဇ္ဈတ္တမူလည်းဖြစ်သော ဗဟိဒ္ဓမူလည်းဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း, ရုန့်ရင်းကြမ်းတမ်းသော ဩဠာရိကမူလည်း ဖြစ်သော သိမ်မွေ့နုညံ့သော သုခုမမူလည်းဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း, ယုတ်ညံ့သော ဟီနမူလည်းဖြစ်သော မွန်မြတ်သော ပဏီတမူလည်းဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း, ဝေးသော ဒူရမူလည်းဖြစ်သော နီးသော သန္တိကမူလည်းဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း ရှိချေ၏။ ဤ (၁၁) မျိုးသော အခြင်းအရာအားဖြင့်တည်နေသော အလုံးစုံသော ရုပ်တရားကို ----

က။ နေတံ မမ = ဤရုပ်တရားသည် ငါ၏ရုပ်တရားမဟုတ်။

ခ။ နေသောဟမသ္မိ = ဤရုပ်တရားသည် ငါမဟုတ်။

ဂ။ နမေသော အတ္တာ = ဤရုပ်တရားသည် ငါ၏အတ္တမဟုတ်။

ဤသို့လျှင် ဤအလုံးစုံသော ရုပ်တရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ရုပ်တုံး ရုပ်ခဲ နာမ်တုံးနာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာဉာဏ်အလင်းဓာတ် = ဝိပဿနာဉာဏ်ပညာဖြင့် ရှုပါ။ ပ ။

၂။ ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော အလုံးစုံသော ဝေဒနာတရားကို။ ပ ။

၃။ ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော အလုံးစုံသော သညာ တရားကို ။ ပ ။

၄။ ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော အလုံးစုံသောစေတသိက်သင်္ခါရတရားတို့ကို။ပ။

၅။ ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့်တည်နေသော အလုံးစုံသောအသိစိတ် = ဝိညာဏ်တရားကို --

က။ နေတံ မမ = ဤအသိစိတ် = ဝိညာဏ်တရားသည် ငါ၏အသိစိတ် = ဝိညာဏ်တရားမဟုတ်။

ခ။ နေသောဟမသ္မိ = ဤအသိစိတ် = ဝိညာဏ်တရားသည် ငါမဟုတ်။

ဂ။ နမေသော အတ္တာ = ဤအသိစိတ် = ဝိညာဏ်တရားသည် ငါ၏အတ္တမဟုတ်။

ဤသို့လျှင် အလုံးစုံသော အသိစိတ် = ဝိညာဏ်တရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာဉာဏ်အလင်းဓာတ် = ဝိပဿနာဉာဏ်ပညာဖြင့် ရှုပါ။

ဤသို့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါးတို့၏ အနိစ္စအချက် ဒုက္ခ အချက် အနတ္တအချက်တို့ကို ဝိပဿနာပညာ မဂ်ပညာဖြင့် ရှုမြင်သော။ ပ ။ ဤမဂ်ကိစ္စအလို့ငှာ တစ်ပါးသော ပြုဖွယ်ကိစ္စသည် မရှိပြီဟု သိ၏ဟု ဆုံးမ၏။

ငါ့ရှင်တို့ ...မန္တာဏီပုဏ္ဏေးမ၏ သားဖြစ်တော်မူသော ပုဏ္ဏအမည်ရှိတော်မူသော အရှင်မြတ်သည် သီတင်းငယ်ဖြစ်ကြကုန်သော တပည့်တော်တို့အား အလွန်ကျေးဇူးများလှ၏။ ထိုအရှင်မြတ်သည် တပည့်တော်တို့ကို ဤအဆုံးအမ ဒေသနာတော်ဖြင့် ဆိုဆုံးမတော်မူ၏။ မန္တာဏီပုဏ္ဏေးမ၏ သားဖြစ်တော်မူသော အရှင်ပုဏ္ဏ မထေရ်မြတ်၏ ဤတရားဒေသနာတော်ကို ကြားနာရ၍ တပည့်တော်သည် သစ္စာလေးရပ်တရားမြတ်ကို သောတာပတ္တိမဂ်ဉာဏ်ဖြင့် ထိုးထွင်းသိမြင်တော်မူပါပေ၏။ (သံ၊၂၊၈၆-၈၇။)

ဤဒေသနာတော်မှာလည်း တေပရိဝဋ္ဋဓမ္မဒေသနာတော်ပင် ဖြစ်၏။ ဝိပဿနာပိုင်း ဝိပဿနာရှုကွက်တွင် အနတ္တလက္ခဏသုတ္တန် ဒေသနာတော်မြတ်နှင့် ပုံစံတူပင် ဖြစ်ပေသည်။ အလားတူပင် ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် တစ်လျှောက်၌ ဤကဲ့သို့သော ကလာပသမ္မသနဝိပဿနာရှုနည်း တေပရိဝဋ္ဋဓမ္မဒေသနာတော်နည်းဖြင့် ဝိပဿနာ ရှုပွားသုံးသပ်တော်မူကြသဖြင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားတော်မူကြသော ရှေးထုံးဟောင်း များသည် များစွာပင် လာရှိပေသည်။ အထက်တွင် ဖော်ပြထားသော အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန် အရှင်ပုဏ္ဏ အရှင်အာနန္ဒာ ပဉ္စဝဂ္ဂီရဟန်းတော်များ စသည့် သာသနာတော်၌ နေလအသွင် အလွန်ထင်ရှားတော် မူကြသော မထေရ်ကြီး မထေရ်ကျော် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မော်တို့ကား ပဋိသမ္ဘိဒါလေးပါးသို့ ရောက်ရှိတော်မူ ကြသော ပဋိသမ္ဘိဒါဉာဏ်ကို ရရှိတော်မူကြသည့် အရှင်မြတ်ကြီးတို့ ဖြစ်တော်မူကြ၏။ ပဋိသမ္ဘိဒါဉာဏ်ကို ရရှိ တော်မူကြသည့် ပုဂ္ဂိုလ်မြတ်ကြီးတို့၏ ပဋိသမ္ဘိဒါဉာဏ်များ၏ သန့်ရှင်းစင်ကြယ်ရခြင်း၏ အကြောင်းရင်း ငါး ရပ်ကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၇၂) ၌ ရှင်းလင်း တင်ပြထားတော်မူ၏။ ထိုတွင် အမှတ် (၅) အင်္ဂါရပ်မှာ အောက်ပါအတိုင်း ဖြစ်၏။ ----

ပုဗ္ဗယောဂေါ နာမ ပုဗ္ဗ္ဗဗုဒ္ဓါနံ သာသနေ ဂတပစ္စာဂတိကဘာဝေန ယာဝ အနုလောမံ ဂေါတြဘုသမီပံ၊ တာဝ ဝိပဿနာနုယောဂေါ။ (ဝိသုဒ္ဓိ၊၂၊၇၂။)

အထက်ပါ အဋ္ဌကထာ၏ ဖွင့်ဆိုတော်မူချက်နှင့်အညီ ပဋိသမ္ဘိဒါပတ္တ = ပဋိသမ္ဘိဒါဉာဏ်သို့ ရောက်ရှိတော် မူကြသော ရဟန္တာမထေရ်မြတ်ကြီးတို့ကား ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်မြတ်အတွင်း၌ ဆွမ်းခံသွားရာ၌ ကမ္မဋ္ဌာန်းကိုဆောင်ခြင်း, ဆွမ်းခံရွာမှ ပြန်ကြွလာရာ၌ ကမ္မဋ္ဌာန်းကို ဆောင်ခြင်းတည်းဟူသော ဂတပစ္စာဂတိက ဝတ်ကို ဖြည့်ကျင့်တော်မူလျက် ဂေါတြဘုဉာဏ်၏အနီးဖြစ်သော အနုလောမအမည်ရသော သင်္ခါရုပေက္ခာဉာဏ် သို့တိုင်အောင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပွားများအားထုတ်ခဲ့ဖူးသူ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးတို့ ဖြစ်တော်မူကြ၏။ ဤအချက်ကိုကား အသင်သူတော်ကောင်းသည် အထူးသတိပြု၍ မှတ်သားထားသင့်ပေသည်။ တစ်ဖန် ပုဗ္ဗယောဂရှိပြီးသူ သူတော်ကောင်းကြီးတို့နှင့် ပုဗ္ဗယောဂ မရှိသူ သူတော်ကောင်းတို့ကို ဝိပဿနာ နယ်ပယ်၌ တန်းတူထား၍ မဝေဖန် မသုံးသပ်ထိုက်သည်ကိုလည်း အထူးသတိပြု၍ မှတ်သားထားသင့်ပေသည်။

တစ်ဖန် နိဒါနဝဂ္ဂသံယုတ်ပါဠိတော်တစ်လျှောက်၌လည်း ပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂)ရပ်တို့ကို ကလာပ သမ္မသနနည်းအရ ခြုံငုံ၍ ဝိပဿနာရှုပွားသုံးသပ်ပုံ နည်းစနစ်များကို ဘုရားရှင်သည် ကြိမ်ဖန်များစွာ ဟောကြား ထားတော်မူခဲ့၏။ ဘုရားရှင်၏ မဟာဝဇိရဝိပဿနာဉာဏ်တော်မြတ်ကြီးသည်လည်း စကြဝဠာကုဋေတစ်သိန်းဖြင့် ပိုင်းခြားအပ်သော နယ်မြေအတွင်း၌ အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး အဇ္ဈတ္တ ဗဟိဒ္ဓဟူသော သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိကြသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂)ရပ်တို့ကို ကလာပသမ္မသနနည်းအားဖြင့် ပေါင်းစုခြုံငုံ၍ လက္ခဏာယာဉ်သုံးချက်တင်ကာ ဝိပဿနာရှုပွားသုံးသပ်တော်မူသော ဉာဏ်တော်မြတ်ကြီးပင် ဖြစ်တော်မူပေသည်။ (မ၊ဋီ၊၃၊၂၇၅-ကြည့်ပါ။)

ယင်းပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂)ရပ်ဟူသည်မှာလည်း အဘိဓမ္မာဉာဏ်ပညာမျက်စိဖြင့် ခွဲခြားစိတ်ဖြာ၍ ကြည့်ခဲ့သော် အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓ ဟူသော သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော ရုပ်တရားနာမ်တရား အစုအပုံမျှသာ ဖြစ်ပေသည်။ ဥပါဒါနက္ခန္ဓာငါးပါးတို့သာ ဖြစ်ကြသည်။

အလားတူပင် သဠာယတနဝဂ္ဂသံယုတ် ပါဠိတော်တစ်လျှောက်၌လည်း ဒုက္ခသစ္စာ သမုဒယသစ္စာ အမည် ရသည့် ပရမတ္ထဓာတ်သားတို့ကို အာယတန (၁၂)ပါးနည်းအားဖြင့် (၁၂)ပုံ ပုံ၍, ဓာတ် (၁၈)ပါးနည်းအားဖြင့် (၁၈)ပုံ ပုံ၍ ကလာပသမ္မသနနည်းဖြင့် ပေါင်းစုခြုံငုံ၍ ဝိပဿနာရှုပွားသုံးသပ်တော်မူသဖြင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူသွားကြသော ရှေးဟောင်းထုံးများလည်း များစွာပင် လာရှိပေသည်။ ထိုကြောင့် ----

အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက ဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ----

၁။ ရူပက္ခန္ဓာကို,

၂။ ဝေဒနာက္ခန္ဓာကို,

၃။ သညာက္ခန္ဓာကို,

၄။ သင်္ခါရက္ခန္ဓာကို,

၅။ ဝိညာဏက္ခန္ဓာကို ---

အသီးအသီး လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာရှုပွားသုံးသပ်ရသော ခန္ဓာငါးပါးနည်း အားဖြင့် ဝိပဿနာရှုနည်း, အတိတ် အနာဂတ် ပစ္စုပ္ပန်စသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော

၁။ ရုပ်တရားကို,

၂။ နာမ်တရားကို ----

အသီးအသီး လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာရှုပွားသုံးသပ်ရသော ရုပ်နာမ် (၂)ပါးနည်းအားဖြင့် ဝိပဿနာရှုနည်း, အာယတန (၁၂)ပါးနည်းအားဖြင့် ဝိပဿနာရှုနည်း, ဓာတ် (၁၈)ပါးနည်းအားဖြင့် ဝိပဿနာရှုနည်းစသော ထိုထိုကလာပသမ္မသနဝိပဿနာရှုနည်းများသည် ရွှေပြည်နိဗ္ဗာန်သို့ ဝင်စံခိုလှုံသွား တော်မူကြကုန်သော ရှေးရှေး အရိယာသူတော်ကောင်းကြီးတို့၏ နိဗ္ဗာန်သို့ ကြွသွားတော်မူရာ လမ်းရိုး လမ်း ဟောင်းကြီးသာ ဖြစ်ပေသည်ဟု ယုံကြည်လေးနက် ထက်မြက်စူးရှသော သဒ္ဓါတရား, ခိုင်မြဲသော သတိတရား ဖြင့် ရိုသေစွာ မှတ်သားနာယူလေရာသည်။

ထိုလမ်းရိုး လမ်းဟောင်းကြီး၌ ----

၁။ အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓဟူသော သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော ရုပ်တရားတို့ကို ခြုံငုံ၍ သိမ်းဆည်းနိုင်သောအခါ = ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သောအခါ ----

ရုပ် ရုပ်ဟု ဖြစ်စေ,

ရုပ်တရား ရုပ်တရား ဟု ဖြစ်စေ ရှုရ၏။

၂။ ယင်းကာလသုံးပါး, သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော နာမ်တရားတို့ကို အာယတနဒွါရအလိုက် ခြုံငုံ၍ သိမ်းဆည်းနိုင်သောအခါ = ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သောအခါ ----

နာမ် နာမ် ဟု ဖြစ်စေ,

နာမ်တရား နာမ်တရားဟု ဖြစ်စေ ရှုရ၏။

၃။ တစ်ဖန် ယင်းရုပ်တရားနာမ်တရားတို့ကို နှစ်ဖို့နှစ်စုပြု၍ ရုပ်နာမ်တို့ကို သိမ်းဆည်းသောအခါ = ဉာဏ်ဖြင့် ပိုင်းခြားယူသောအခါ ----

ရုပ်တရား နာမ်တရား ဟု ရှုရ၏။

၄။ တစ်ဖန် ယင်းရုပ်တရား နာမ်တရားတို့၌ ပုဂ္ဂိုလ် သတ္တဝါ လူနတ်ဗြဟ္မာ အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင် မရှိမှုသဘော ရုပ်နာမ်မှ အလွတ်ဖြစ်သော ပုဂ္ဂိုလ်သတ္တဝါ လူနတ်ဗြဟ္မာ အသက် ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင် မရှိမှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ရုပ်နာမ် တို့ကို ပိုင်းခြားမှတ်သားရာ နာမရူပဝဝတ္ထာနဉာဏ်ပိုင်း၌ ----

ပုဂ္ဂိုလ် သတ္တဝါ လူနတ် ဗြဟ္မာ ဇီဝ အတ္တ မရှိ၊ ရုပ်နာမ် မျှသာ ရှိ၏ ဟု ရှုရ၏။

၅။ ယင်းကာလသုံးပါး, သန္တာန်နှစ်ပါးအတွင်း၌တည်ရှိသော ရုပ်တရားနာမ်တရားတို့၏ အကြောင်းတရားတို့ကို သိမ်းဆည်းနိုင်သောအခါ = ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သောအခါ ----

အကြောင်းတရား အကျိုးတရား ဟု ရှုရ၏။

၆။ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် ရုပ်နာမ်တို့ကို သိမ်းဆည်းရာ ဉာဏ်ဖြင့် ပိုင်းခြားယူရာ အပိုင်း၌ကား လက္ခဏာဒိစတုက္ကပိုင်းတွင် ဉာဏ်ဖြင့် ပိုင်းခြားယူရန် ရေးသားတင်ပြခဲ့သည့်အတိုင်း သိမ်းဆည်း ရှုပွားရ၏။

၇။ ဝိပဿနာပိုင်းသို့ ရောက်ရှိလာသော အခါ၌မူကား ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်ကြကုန်သော ဒုက္ခသစ္စာ သမုဒယသစ္စာအမည်ရသည့် ယင်းပရမတ္ထဓာတ်သား သင်္ခါရတရားတို့ကို ----

(က) ရုပ်နာမ်နှစ်ပါးနည်းဖြင့် နှစ်ပုံ ပုံ၍ ဖြစ်စေ,

( ခ ) ခန္ဓာငါးပါးနည်းဖြင့် ငါးပုံ ပုံ၍ ဖြစ်စေ,

( ဂ ) အာယတန (၁၂)ပါးနည်းဖြင့် (၁၂)ပုံ ပုံ၍ ဖြစ်စေ,

(ဃ) ဓာတ် (၁၈)ပါးနည်းဖြင့် (၁၈)ပုံ ပုံ၍ ဖြစ်စေ,

( င ) ပဋိစ္စသမုပ္ပါဒ်နည်းဖြင့် ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကို (၁၂)ပုံ ပုံ၍ ဖြစ်စေ ----

ဤသို့စသော နည်းအမျိုးမျိုးတို့ဖြင့် ဝိပဿနာရှုသောအခါ ယင်းသင်္ခါရတရားတို့တွင် အတိတ် အနာဂတ် ပစ္စုပ္ပန်စသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ရုပ်တရား၏ ----

(က) ဖြစ်ခြင်း ပျက်ခြင်းသဘောကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ယင်းရုပ်တရားကို ရံခါ အနိစ္စဟု လည်းကောင်း,

( ခ ) ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်ပန်းနှိပ်စက်ခံရမှု သဘောကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ယင်းရုပ်တရားကို ရံခါ ဒုက္ခဟု လည်းကောင်း,

( ဂ ) မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် အတ္တမဟုတ်သည့်သဘောကို အတ္တမရှိမှုသဘောကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ရံခါ အနတ္တဟု လည်းကောင်း ----

ဤသို့ အသီးအသီး ဝိပဿနာရှုရ၏။

အလားတူပင် အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓစသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော နာမ်တရားကိုလည်း ----

(က) ရံခါ အနိစ္စ ဟုလည်းကောင်း,

( ခ ) ရံခါ ဒုက္ခ ဟုလည်းကောင်း,

( ဂ ) ရံခါ အနတ္တ ဟုလည်းကောင်း ----

ဤသို့ အသီးအသီး ဝိပဿနာရှုရ၏။ ခန္ဓာငါးပါးနည်း စသည်တို့၌လည်း နည်းတူပင် သဘောပေါက်ပါ။ ဤရှုကွက်ကို တစ်နည်းတစ်ဖုံအားဖြင့် သဘောပေါက်အောင် ထပ်မံ၍ ဆိုရသော် ဤသို့ ဖြစ်၏။ ----

(က) ရံခါ အဇ္ဈတ္တ ရုပ်တရားကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ရှုပါ။

( ခ ) ရံခါ ဗဟိဒ္ဓ ရုပ်တရားကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ရှုပါ။

( ဂ ) ရံခါ အဇ္ဈတ္တ နာမ်တရားကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ရှုပါ။

(ဃ) ရံခါ ဗဟိဒ္ဓ နာမ်တရားကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ရှုပါ။

ပစ္စုပ္ပန်၌ ဝိပဿနာရှုသကဲ့သို့ အတိတ်၌လည်းကောင်း, အနာဂတ်၌လည်းကောင်း နည်းတူပင် ဝိပဿနာ ရှုပါ။ ဤကား ဘုရားရှင်၏ လက်ထက်တော်မှ မူမပျက် ဆင်းသက်လာသော ဝိပဿနာ လမ်းရိုးလမ်းဟောင်း ကြီးပင် ဖြစ်ပေသည်။

အသိဉာဏ်၌ မထင်လာသောတရားများ

ဤအရာဝယ် အချို့အချို့သော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်တို့က အသိဉာဏ်၌ ထင်မှသာ ရှုလို့ရ၏၊ မထင်လျှင် ဘယ်လိုလုပ် ရှုမလဲ စသည်ဖြင့် မေးမြန်းတတ်ကြပြန်၏။ အကြောင်းပြတတ်ကြပြန်၏။

ဘုရားရှင်သည် ရုပ်ကမ္မဋ္ဌာန်းကို ဟောကြားတော်မူရာဝယ် ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း, ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်းဟု နှစ်နည်းသာ ဟောကြားထားတော်မူသဖြင့် ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်းဖြင့်ဖြစ်စေ, ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်းဖြင့်ဖြစ်စေ, နှစ်နည်းလုံးဖြင့်ဖြစ်စေ ဓာတ်ကြီးလေးပါးကို ဃနအသီးအသီး ပြိုအောင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုပွားသိမ်းဆည်းတတ်ပြီး = ဉာဏ်ဖြင့် ပိုင်းခြားယူထားတတ်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်အဖို့ ဤအဆင့်သို့ ဆိုက်ရောက်လာပါက ဓာတ်ကြီးလေးပါးကို ပြည်တည်၍ သိမ်းဆည်း ရှုပွားပါက မိမိဝိပဿနာရှုပွားလိုသော ရုပ်တရားတို့ကို အလွယ်တကူ ဝိပဿနာ ရှုပွားသုံးသပ်နိုင်မည်သာ ဖြစ်၏။ တစ်ဖန် ဆိုင်ရာဆိုင်ရာ ဝတ္ထု = ဒွါရနှင့် အာရုံတို့ကို ပူးတွဲကာ သိမ်းဆည်းနိုင်သော = ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်အဖို့ မည်သည့် နာမ်တရားကိုမဆို ဝိပဿနာ ရှုပွားသုံးသပ်လိုသော အချိန်တွင် အချိန်မရွေး ဝိပဿနာရှုနိုင်မည်သာ ဖြစ်၏။ ဝတ္ထု = ဒွါရ, အာရုံ, အာလောက, မနသိကာရစသော ထိုထို ဆိုင်ရာဆိုင်ရာ အကြောင်းတရားများ စုံညီပါက ထိုထို ဆိုင်ရာဆိုင်ရာ နာမ်တရားတို့သည် ဖြစ်ရိုးဓမ္မတာပင် ရှိကြ၏။ ထိုတွင် ယောနိသောမနသိကာရနှင့် အယောနိသောမနသိကာရ အားလျော်စွာ ကုသိုလ်ဇော သို့မဟုတ် အကုသိုလ်ဇောဟူသော ဇောတို့သည် ထိုက်သလို စောကြမည် ဖြစ်သည်။ ဤသည့်သဘောတရားကိုပင် ရည်ရွယ် တော်မူ၍ မဟာဋီကာဆရာတော်က အောက်ပါအတိုင်း ဖွင့်ဆိုရေးသားသွားတော်မူပေသည်။

ပစ္ဆာ ပန အနုပဋ္ဌဟန္တေပိ ဥပါယေန ဥပဋ္ဌဟာပေတွာ အနဝသေသတောဝ သမ္မသိတဗ္ဗာ။ (မဟာဋီ၊၂၊၃၉၁။)

= ဝိပဿနာပိုင်းသို့ ရောက်သစ်စဖြစ်သော ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာအစပိုင်းတွင် ထင်ရှားရာ လွယ်ကူရာ ရုပ်နာမ်ကစ၍ ဝိပဿနာရှုရသော်လည်း နောက်ပိုင်းတွင်ကား အသိဉာဏ်၌ မထင်လာမမြင်လာသေးသော ရုပ်တရား နာမ်တရားတို့ကိုလည်း အကြောင်း ဥပါယ်တံမျဉ်ဖြင့် အသိဉာဏ်၌ ထင်လာမြင်လာအောင် ပြု၍ အကြွင်းအကျန်မရှိ ကုန်စင်အောင်သာလျှင် ရုပ်တရား နာမ်တရားတို့ကို ဝိပဿနာ ရှုပွားသုံးသပ်ပါလေ။ (မဟာဋီ၊၂၊၃၉၁။)

ဤဖွင့်ဆိုချက်နှင့် ပတ်သက်သည့် အကျယ်ရှင်းလင်းချက်ကို ရှေးတွင် ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်၏။ ဤ ဖွင့်ဆိုချက်မှာ နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်နှစ်ပါးတို့ကို ရရှိထားပြီးသော သမ္မသနဉာဏ်ပိုင်းသို့ ကူးတက်လာသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်အတွက်သာ ဖွင့်ဆိုရေးသားထားတော်မူသော အဆိုအမိန့် တစ်ရပ်သာ ဖြစ်သည်ကိုကား အသင်သူတော်ကောင်းသည် မမေ့သင့်ပေ။ ထိုသို့ ----

၁။ ရုပ်တရားဟု ရှုသင့်သော အချိန်၌ ရုပ်တရားဟု မရှုဘဲ,

၂။ နာမ်တရားဟု ရှုသင့်သော အချိန်၌ နာမ်တရားဟု မရှုဘဲ,

၃။ ရုပ်တရား နာမ်တရားဟု ရှုသင့်သော အချိန်၌ ရုပ်တရား နာမ်တရားဟု မရှုဘဲ,

၄။ ရုပ်နာမ်တို့ကို ပိုင်းခြားမှတ်သားရမည့် နာမရူပဝဝတ္ထာနဉာဏ်ပိုင်း၌ ရုပ်နာမ်တို့ကို မပိုင်းခြား မမှတ်သားဘဲ,

၅။ အကြောင်းတရား အကျိုးတရားတို့ကို ရှုသင့်သည့်အချိန်၌ အကြောင်းတရားအကျိုးတရားဟု မရှုဘဲ, တစ်နည်းဆိုသော် ရုပ်ကလာပ် နာမ်ကလာပ်တို့ကို ဃနအသီးအသီး ပြိုအောင် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ဓာတ်မခွဲနိုင်သဖြင့် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရုပ်နာမ်ကြောင်းကျိုး = သင်္ခါရ တရားတို့ကို မသိမ်းဆည်းနိုင်ဘဲ, ယင်းသင်္ခါရတရားတို့ကို ----

၆။ အနိစ္စဟု ရှုသင့်သည့် အချိန်၌ အနိစ္စဟု မရှုဘဲ,

၇။ ဒုက္ခဟု ရှုသင့်သည့် အချိန်၌ ဒုက္ခဟု မရှုဘဲ,

၈။ အနတ္တဟု ရှုသင့်သည့် အချိန်၌ အနတ္တဟု မရှုဘဲနေခဲ့သော် ----

မဂ်ဖိုလ်နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်၏ မဆိုက်ရောက်နိုင်၏ဟူသော အမေးပြဿနာနှင့် ပတ်သက်၍ အဖြေ ကို သိရှိလိုပါက အသင်သူတော်ကောင်းသည် အောက်ပါ အင်္ဂုတ္တိုရ်ပါဠိတော် ဆက္ကနိပါတ်၌လာရှိသော အနိစ္စ သုတ္တန် ကို ဖတ်ရှုကြည့်ပါ။

အနိစ္စသုတ္တန်

သော ဝတ ဘိက္ခဝေ ဘိက္ခု ကဉ္စိ သင်္ခါရံ နိစ္စတော သမနုပဿန္တော အနုလောမိကာယ ခန္တိယာ သမန္နာဂတော ဘဝိဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ၊ အနုလောမိကာယ ခန္တိယာ အသမန္နာဂတော သမ္မတ္တနိယာမံ ဩက္ကမိဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ၊ သမ္မတ္တနိယာမံ အနောက္ကမမာနော သောတာပတ္တိဖလံ ဝါ သကဒါဂါမိဖလံ ဝါ အနာဂါမိဖလံ ဝါ အရဟတ္တဖလံ ဝါ သစ္ဆိကရိဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ။

သော ဝတ ဘိက္ခဝေ ဘိက္ခု သဗ္ဗသင်္ခါရေ အနိစ္စတော သမနုပဿန္တော အနုလောမိကာယ ခန္တိယာ သမန္နာဂတော ဘဝိဿတီတိ ဌာနမေတံ ဝိဇ္ဇတိ၊ အနုလောမိကာယ ခန္တိယာ သမန္နာဂတော သမ္မတ္တနိယာမံ ဩက္ကမိဿတီတိ ဌာနမေတံ ဝိဇ္ဇတိ၊ သမ္မတ္တနိယာမံ ဩက္ကမမာနော သောတာပတ္တိဖလံ ဝါ သကဒါဂါမိဖလံ ဝါ အနာဂါမိဖလံ ဝါ အရဟတ္တံ ဝါ (အရဟတ္တဖလံ ဝါ) သစ္ဆိကရိဿတီတိ ဌာနမေတံ ဝိဇ္ဇတိ။ (အံ၊၂၊၃၈၄-၃၈၅။)

= ရဟန်းတို့ ...တစ်စုံတစ်ခုသော သင်္ခါရတရားကို မြဲသောနိစ္စသဘောအားဖြင့် (သုခသဘောအားဖြင့်, အတ္တသဘောအားဖြင့်) ရှုသော ထိုရဟန်းသည် စင်စစ်အားဖြင့် အနုလောမိကာခန္တိ ဟု ခေါ်ဆိုအပ်သော လောကုတ္တရာတရားအားလျော်သော ဝိပဿနာပညာနှင့် ပြည့်စုံလိမ့်မည်ဟူသော ဤအကြောင်းသည် မရှိနိုင်။ အနုလောမိကာခန္တိဟု ခေါ်ဆိုအပ်သော လောကုတ္တရာတရားအားလျော်သော ဝိပဿနာပညာနှင့် မပြည့်စုံသည် ရှိသော် မဖောက်မပြန် ကိန်းသေမြဲသောသဘောဟု ခေါ်ဆိုအပ်သော သမ္မတ္တနိယာမ အမည်ရသော အရိယမဂ် တရားသို့ သက်ဝင်လိမ့်မည်ဟူသော ဤအကြောင်းသည်မရှိနိုင်။ မဖောက်မပြန် ကိန်းသေမြဲသော သဘောဟု ခေါ်ဆိုအပ်သော သမ္မတ္တနိယာမအမည်ရသော အရိယမဂ်တရားသို့ မသက်ဝင်သည်ရှိသော် သောတာပတ္တိဖိုလ်ကို လည်းကောင်း, သကဒါဂါမိဖိုလ်ကိုလည်းကောင်း, အနာဂါမိဖိုလ်ကို လည်းကောင်း, အရဟတ္တဖိုလ်ကိုလည်းကောင်း မျက်မှောက်ပြုနိုင်လိမ့်မည်ဟူသော ဤအကြောင်းသည် မရှိနိုင်။

ရဟန်းတို့ ...အလုံးစုံသော သင်္ခါရတရားတို့ကို အနိစ္စအားဖြင့် (ဒုက္ခအားဖြင့် အနတ္တအားဖြင့်) ရှုသော ထိုရဟန်းသည် စင်စစ်အားဖြင့် အနုလောမိကာခန္တိခေါ်သော လောကုတ္တရာတရားအားလျော်သော ဝိပဿနာ ပညာနှင့် ပြည့်စုံလိမ့်မည်ဟူသော ဤအကြောင်းသည် ရှိနိုင်၏။ အနုလောမိကာခန္တိဟုခေါ်သော လောကုတ္တရာ တရားအားလျော်သော ဝိပဿနာပညာနှင့် ပြည့်စုံသည်ရှိသော် မဖောက်မပြန် ကိန်းသေမြဲသော သဘောဟု ခေါ်ဆိုအပ်သော သမ္မတ္တနိယာမအမည်ရသော အရိယမဂ်တရားသို့ သက်ဝင်လိမ့်မည်ဟူသော ဤအကြောင်းသည် ရှိနိုင်၏။ မဖောက်မပြန် ကိန်းသေမြဲသောသဘောဟု ခေါ်ဆိုအပ်သော သမ္မတ္တနိယာမ အမည်ရသော အရိယမဂ်တရားသို့ သက်ဝင်သည် ရှိသော် သောတာပတ္တိဖိုလ်ကိုလည်းကောင်း, သကဒါဂါမိဖိုလ်ကိုလည်း ကောင်း, အနာဂါမိဖိုလ်ကိုလည်းကောင်း, အရဟတ္တဖိုလ်ကိုလည်းကောင်း မျက်မှောက်ပြုနိုင်လိမ့်မည်ဟူသော ဤအကြောင်းသည် ရှိနိုင်၏။ (အံ၊၂၊၃၈၄-၃၈၅။)

အနုလောမိကာခန္တိ

အနုလောမိကာယ ခန္တိယာတိ ဧတ္ထ ဝိပဿနာဉာဏမေဝ လောကုတ္တရမဂ္ဂံ အနုလောမေတီတိ အနုလောမိကံ။ တဒေဝ ခန္တိမပေက္ခိတွာ အနုလောမိကာ။ သဗ္ဗသင်္ခါရာ တဿ အနိစ္စတော ဒုက္ခတော အနတ္တတော ခမန္တိ ရုစ္စန္တီတိ ခန္တိ။ သာ မုဒုကာ မဇ္ဈိမာ တိက္ခာတိ တိဝိဓာ။ ကလာပသမ္မသနာဒိကာ ဥဒယဗ္ဗယဉာဏပရိယောသာနာ မုဒုကာနုလောမိကာ ခန္တိ။ ဘင်္ဂါနုပဿနာဒိကာ သင်္ခါရုပေက္ခာဉာဏပရိယောသာနာ မဇ္ဈိမာနုလောမိကာ ခန္တိ။ အနုလောမဉာဏံ တိက္ခာနုလောမိကာ ခန္တိ။ (ပဋိသံ၊ဋ္ဌ၊၂၊၃၁၅။)

ဤအထက်ပါ ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာအဖွင့်နှင့်အညီ - အနုလောမိကာခန္တိဉာဏ်ဟူသည် လောကုတ္တရာအရိယမဂ်တရားအားလျော်သော ဝိပဿနာဉာဏ်အားလုံးပင် ဖြစ်၏။ ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်သည် ဝိပဿနာအခိုက်၌ သင်္ခါရတရားအားလုံးကို အနိစ္စအားဖြင့် = အနိစ္စဟု, ဒုက္ခအားဖြင့် = ဒုက္ခဟု, အနတ္တအားဖြင့် = အနတ္တဟု ဝိပဿနာရှုမှု၌ နှစ်သက်နေ၏။ ထိုသို့ လောကုတ္တရာအရိယမဂ်အားလျော်၍ သင်္ခါရတရားတို့ကို အနိစ္စဟု ဒုက္ခဟု အနတ္တဟု ဝိပဿနာရှုမှု၌ နှစ်သက်သော ဉာဏ်ဖြစ်ခြင်းကြောင့် ယင်းဝိပဿနာဉာဏ်ကို အနုလောမိကာခန္တိ ဟု ခေါ်ဆိုခြင်း ဖြစ်သည်။ ထိုအနုလောမိကာခန္တိဉာဏ်သည် အနုံ့စား, အလတ်စား, အမြတ်စားအားဖြင့် သုံးမျိုးသုံးစား ရှိ၏။

၁။ ကလာပသမ္မသနဉာဏ်အစ ဥဒယဗ္ဗယဉာဏ်အဆုံးရှိသော ဝိပဿနာဉာဏ်သည် အနုံ့စား = အညံ့စား အနုလောမိကာခန္တိဉာဏ်တည်း။

၂။ ဘင်္ဂါနုပဿနာဉာဏ်အစ သင်္ခါရုပေက္ခာဉာဏ်အဆုံးရှိသော ဝိပဿနာဉာဏ်သည် အလတ်စား အနုလောမိကာခန္တိဉာဏ်တည်း။

၃။ အနုလောမဉာဏ်သည် အထက်စား အမြတ်စား အနုလောမိကာခန္တိဉာဏ်တည်း။ (ပဋိသံ၊ဋ္ဌ၊၂၊၃၁၅။)

ရုပ်ကလာပ် နာမ်ကလာပ်တို့ကို မမြင်ရသေး၍သော်လည်းကောင်း, ရုပ်ကလာပ် နာမ်ကလာပ်တို့ကို မြင်သော်လည်း ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲတည်းဟူသော ရုပ်ဃန နာမ်ဃနတို့ကို ပြိုကွဲအောင် ဉာဏ်ဖြင့် မဖြိုခွဲ နိုင်သေး၍သော်လည်းကောင်း ရုပ်ပရမတ်အစစ် နာမ်ပရမတ်အစစ်သို့ ဉာဏ်အမြင်မဆိုက်သေးသော ရုပ်ပရမတ် အစစ် နာမ်ပရမတ်အစစ်တို့ကို အနိစ္စဟု ဒုက္ခဟု အနတ္တဟုလည်း ဝိပဿနာ မရှုနိုင်သေးသော ယောဂါဝစရ ပုဂ္ဂိုလ်တို့ကား အနုလောမိကာခန္တိဟု ခေါ်ဆိုအပ်သည့် လောကုတ္တရာ အရိယမဂ်တရားအား လျော်သည့် ဝိပဿနာဉာဏ်ပညာနှင့် မပြည့်စုံသေးဟု အထက်ပါ ပါဠိတော် အဋ္ဌကထာတို့က မိန့်ဆိုတော်မူလျက် ရှိ၏။

အနုလောမိကာခန္တိဟု ခေါ်ဆိုအပ်သော လောကုတ္တရာ အရိယမဂ်တရားအားလျော်သော ဝိပဿနာ ပညာနှင့် မပြည့်စုံသည်ရှိသော် မဖောက်မပြန် ကိန်းသေမြဲသော သဘောဟု ခေါ်ဆိုအပ်သော သမ္မတ္တနိယာမ အမည်ရသော အရိယမဂ်တရားသို့ သက်ဝင်လိမ့်မည်ဟူသော ဤအကြောင်းသည် မရှိနိုင်။ မဖောက်မပြန် ကိန်းသေမြဲသော သဘောဟု ခေါ်ဆိုအပ်သော သမ္မတ္တနိယာမ အမည်ရသော အရိယမဂ်တရားသို့ မသက်ဝင် နိုင်သည်ရှိသော် သောတာပတ္တိဖိုလ်ကိုလည်းကောင်း, သကဒါဂါမိဖိုလ်ကိုလည်းကောင်း, အနာဂါမိဖိုလ်ကို လည်းကောင်း, အရဟတ္တဖိုလ်ကိုလည်းကောင်း မျက်မှောက်ပြုနိုင်လိမ့်မည်ဟူသော ဤအကြောင်းသည် မရှိနိုင်။ (အံ၊၂၊၃၈၄-၃၈၅။)

__________