နိဗ္ဗာနဂါမိနိပဋိပဒါ-ပဉ္စမတွဲ/နိဗ္ဗိဒါနုပဿနာဉာဏ်ခန်း
နိဗ္ဗိဒါနုပဿနာဉာဏ်ခန်း
နိဗ္ဗ္ဗိဒါနုပဿနာဉာဏ် = နိဗ္ဗိန္ဒဉာဏ်
ထိုယောဂါဝစရပုဂ္ဂိုလ်သည် ဤသို့လျှင် ကာမ ရူပ အရူပတည်းဟူသော ဘုံသုံးပါးအတွင်း၌ တည်ရှိသော သင်္ခါရတရားအားလုံးတို့ကို အပြစ်အာဒီနဝအားဖြင့် ရှုသည်ဖြစ်၍ ပျက်စီးခြင်းသဘောနှင့်တကွ ဖြစ်သော ဘုံသုံးပါး အတွင်း၌ တည်ရှိသော သင်္ခါရတရား အပေါင်း၌ ငြီးငွေ့၏ ဆန့်ကျင်၏ မမွေ့လျော်တော့ပေ။ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာ မည်သည်ကား အနောတတ္တအိုင်၏ အနောက်မျက်နှာ စိတ္တကူဋတောင်ရင်း၌ မွေ့လျော်သော ရွှေဟင်္သာမင်းသည် မစင်ကြယ်သော ဒွန်းစဏ္ဍာရွာတံခါးအနီး အိုင်ငယ်၌ မမွေ့လျော်သကဲ့သို့ အိုင်ကြီး ခုနစ် အိုင်တို့၌သာလျှင် မွေ့လျော်သကဲ့သို့ ----- ဤဥပမာ အတူသာလျှင် ဤယောဂါဝစရ ဟင်္သာမင်းသည်လည်း ကောင်းစွာ ထက်ဝန်းကျင် မြင်အပ်သော အပြစ်ရှိသော ပျက်စီးခြင်းသဘောနှင့် တကွ ဖြစ်သော ဘုံသုံးပါးအတွင်း၌ တည်ရှိသော တေဘူမက သင်္ခါရတရားအပေါင်း၌ မမွေ့လျော်တော့ပေ။ စင်စစ်သော်ကား ဘာဝနာဟူသော မွေ့လျော်ရာ ရှိသည်၏ အဖြစ်ကြောင့် ဘာဝနာ၌ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်သော ပီတိနှင့် ပြည့်စုံသည်၏ အဖြစ်ကြောင့် အနိစ္စာနုပဿနာ, ဒုက္ခာနုပဿနာ, အနတ္တာနုပဿနာ, နိဗ္ဗိဒါနုပဿနာ, ဝိရာဂါနုပဿနာ, နိရောဓာနုပဿနာ, ပဋိနိဿဂ္ဂါနုပဿနာဟူသော ခုနစ်ပါးသော အနုပဿနာတို့၌သာလျင် မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်၏။ (ဝိသုဒ္ဓိ၊၂၊၂၈၇။)
တစ်ဖန် ရွှေချိုင့်လှောင်အိမ်၌ လှောင်ထားအပ်သော သားတို့၏ မင်းဖြစ်သော ခြင်္သေ့သည် လှောင်အိမ်၌ မမွေ့လျော်သကဲ့သို့, စင်စစ်သော်ကား ယူဇနာသုံးထောင် အပြောကျယ်သော ဟိမဝန္တာ၌သာလျှင် မွေ့လျော် သကဲ့သို့ ဤဥပမာအတူပင် ဤယောဂါဝစရ ခြင်္သေ့မင်းသည်လည်း ကာမသုဂတိ ရူပသုဂတိ အရူပသုဂတိဟူသော သုံးမျိုးပြားသော သုဂတိဘုံ၌သော်လည်း မမွေ့လျော်၊ စင်စစ်သော်ကား အနိစ္စာနုပဿနာ ဒုက္ခာနုပဿနာ အနတ္တာနုပဿနာဟူသော သုံးမျိုးကုန်သော အနုပဿနာတို့၌သာလျှင် မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်၍ နေပေ၏။ (ဝိသုဒ္ဓိ၊၂၊၂၈၈။)
တစ်ဖန် ငွေတောင်အတူ ကိုယ်လုံးဖြူသော, လက်နှစ်ဖက် ခြေနှစ်ဖက် အမြီး နှာမောင်း သိုအိမ်ဟူသော မြေ၌တည်သော ခုနစ်ပါးသော အင်္ဂါရှိသော တန်ခိုးကြီးမားသော ကောင်းကင်၌ ပျံသွားနိုင်သော ဆဒ္ဒန်ဆင်မင်းသည် မြို့လယ်၌ မမွေ့လျော်ဘဲ ဟိမဝန္တာ ဆဒ္ဒန်အိုင်ရှိရာ တော၌သာလျှင် မွေ့လျော်သကဲ့သို့ ဤဥပမာအတူ ပင်လျှင် ဤယောဂါဝစရ ဆင်မြတ်သည်လည်း အလုံးစုံလည်းဖြစ်သော တေဘူမက သင်္ခါရတရား အပေါင်း၌ မမွေ့လျော်။ အနုပ္ပါဒေါ ခေမံ = သင်္ခါရတရားတို့၏ ဖြစ်ခြင်းမရှိသော နိဗ္ဗာန်သည်= သင်္ခါရတရားတို့၏ နောင်အခါ ဖြစ်ခြင်း ကင်းကြောင်း ဖြစ်သော နိဗ္ဗာန်သည် ဘေးမရှိ --- ဤသို့စသော နည်းဖြင့် နှလုံးသွင်းခြင်း ရှေးရှိသော အလျော် သဘောဉာဏ်ဖြင့် မြင်အပ်သော သန္တိပဒအမည်ရသော အလုံးစုံသော သင်္ခါရတရားတို့၏ ကင်းငြိမ်းရာ ဖြစ်သော အမြိုက်နိဗ္ဗာန်တရားတော်မြတ်ကြီး၌သာလျှင် မွေ့လျော်၏။ ထိုသန္တိပဒသို့ ညွတ်သော, ထိုသန္တိပဒသို့ ကိုင်းသော, ထိုသန္တိပဒသို့ ရှိုင်းသော စိတ်ဓာတ် ရှိသည်သာလျှင် ဖြစ်နေ၏။ (ဝိသုဒ္ဓိ၊၂၊၂၈၈။)
နိဗ္ဗိဒါနုပဿနာဉာဏ်ခန်း ပြီး၏။
တရားကိုယ် အနက်သဘောတူသော ဉာဏ်သုံးပါး
ဘယတုပဋ္ဌာနဉာဏ်, အာဒီနဝါနုပဿနာဉာဏ်, နိဗ္ဗိဒါနုပဿနာဉာဏ် ----- ဤဉာဏ် သုံးပါးသည် တရားကိုယ် အနက်သဘောအားဖြင့် တူညီ၏။ ထို့ကြောင့် ရှေးရှေး အဋ္ဌကထာဆရာတော်တို့သည် ဤသို့ မိန့်ဆိုတော်မူကြကုန်၏။ -----
ဘယတုပဋ္ဌာနဉာဏ် တစ်မျိုးတည်းသည်ပင်လျှင် အမည် သုံးမျိုးတို့ကို ရရှိ၏။
၁။ အလုံးစုံသော သင်္ခါရတရားတို့ကို ကြောက်မက်ဖွယ် ဘေးအဖြစ်ဖြင့် မြင်ပြီးသောကြောင့် ဘယတုပဋ္ဌာနဉာဏ် မည်ခြင်း ဖြစ်၏။
၂။ ထို သင်္ခါရတရားတို့၌ပင်လျှင် အပြစ်ကို ထင်ရှား ပြုတတ်သောကြောင့် ထင်ရှား ပြတတ်သောကြောင့် အာဒီနဝါနုပဿနာဉာဏ် မည်ခြင်း ဖြစ်၏။
၃။ ထို သင်္ခါရတရားတို့၌သာလျှင် ငြီးငွေ့သည် ဖြစ်၍ ဖြစ်ပေါ်လာသောကြောင့် နိဗ္ဗိဒါနုပဿနာဉာဏ် မည် ခြင်း ဖြစ်၏။ (ဝိသုဒ္ဓိ၊၂၊၂၈၈။)
ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌လည်း ----- ဘယတုပဋ္ဌာနဉာဏ်, အာဒီနဝါနုပဿနာဉာဏ်, နိဗ္ဗိဒါနုပဿနာဉာဏ် ဤ ဉာဏ် သုံးမျိုးသည် အနက်သဘောအားဖြင့် တူ၏၊ သဒ္ဒါမျှသာ ထူး၏ - ဟု ဟောကြားထားတော်မူ၏။ (ပဋိသံ၊၂၅၉။ ဝိသုဒ္ဓိ၊၂၊၂၈၈။)
__________