နိဗ္ဗာနဂါမိနိပဋိပဒါ-ပဉ္စမတွဲ/ဘင်္ဂါနုပဿနာဉာဏ်ခန်း
ဘင်္ဂါနုပဿနာဉာဏ်ခန်း
ဘင်္ဂါနုပဿနာဉာဏ်ဟူသည်
တေဿဝံ သလ္လက္ခေတွာ ပုနပ္ပုနံ အနိစ္စံ ဒုက္ခမနတ္တာတိ ရူပါရူပဓမ္မေ တုလယတော တီရယတော တံ ဉာဏံ တိက္ခံ ဟုတွာ ဝဟတိ၊ သင်္ခါရာ လဟုံ ဥပဋ္ဌဟန္တိ၊ ဉာဏေ တိက္ခေ ဝဟန္တေ သင်္ခါရေသု လဟုံ ဥပဋ္ဌဟန္တေသု ဥပ္ပါဒံ ဝါ ဌိတိံ ဝါ ပဝတ္တံ ဝါ နိမိတ္တံ ဝါ န သမ္ပာပုဏာတိ။ ခယဝယဘေဒနိရောဓေယေဝ သတိ သန္တိဋ္ဌတိ။ တဿ ဧဝံ ဥပ္ပဇ္ဇိတွာ ဧဝံ နာမ သင်္ခါရဂတံ နိရုဇ္စျတီတိ ပဿတော ဧတသ္မိံ ဌာနေ ဘင်္ဂါနုပဿနံ နာမ ဝိပဿနာဉာဏံ ဥပ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၂၊၂၇၇။)
ဤသို့လျှင် ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တအခြင်းအရာတို့ကို ကောင်းစွာ ပိုင်းခြားမှတ်သားလျက် အဖန်တလဲလဲ အနိစ္စဟု ဒုက္ခဟု အနတ္တဟု ရုပ်တရား နာမ်တရားတို့ကို ချိန်၍နေသော စူးစမ်းစိစစ်နေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ ထိုဉာဏ်သည် ထက်မြက်စူးရှသည် ဖြစ်၍ ဖြစ်ပေါ်လာ၏။ သင်္ခါရတရားတို့သည် ဥဒယဗ္ဗယ၏ အစွမ်းဖြင့် လျင်လျင်မြန်မြန် ထင်လာကုန်၏။ (ဝိသုဒ္ဓိ၊၂၊၂၇၇။)
ဝိပဿနာဉာဏ်၏ ထက်မြက်စူးရှသည်၏ အဖြစ်သည် ဘာဝနာ၏ အဝါးဝစွာ လေ့လာအပ်သည်၏အဖြစ်, နိုင်နင်းစွာ လေ့လာအပ်သည်၏အဖြစ်, ကျေပွန်ပြွမ်းတီးသည်၏ အဖြစ်ကြောင့် = ပဂုဏဖြစ်သောကြောင့် ဖြစ်၏။ ယင်းပဂုဏဖြစ်သော ဘာဝနာသည်လည်း စိတ်ဓာတ်ပျံ့လွင့်မှု မရှိခြင်းကြောင့် ရှုပွားနေသော သင်္ခါရအာရုံ၌ ဝင်ရောက်သကဲ့သို့ အဆက်မပြတ် ဖြစ်နေ၏ = ဘာဝနာစိတ်ကို စိုက်ထားသကဲ့သို့ ဖြစ်နေ၏။ ထိုကြောင့် ဉာဏ်၏ ထက်မြက် စူးရှသည်၏ အဖြစ်ကြောင့် သင်္ခါရတရားတို့၏ လျင်လျင်မြန်မြန် ထင်သည်၏အဖြစ်ကို ပြအပ်ပေသည်။ (မဟာဋီ၊၂၊၄၃၉။)
ဝိပဿနာဉာဏ်သည် ထက်မြက်သည် ဖြစ်၍ ဖြစ်ပေါ်လာလတ်သော် ထက်မြက်သည်၏ အဖြစ်ကို ရွက်ဆောင်သည်ရှိသော် သင်္ခါရတရားတို့သည် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ဥဒယဗ္ဗယ၏ အစွမ်းဖြင့် လျင်လျင် မြန်မြန် ထင်လာလတ်ကုန်သော် -----
၁။ ဥပ္ပါဒ = ဖြစ်ခြင်း ဥပါဒ်ဟူသော အခြင်းအရာထူးသို့လည်းကောင်း,
၂။ ဌိတိ = တည်ခြင်း ဌီဟူသော ဇရာသို့လည်းကောင်း,
၃။ ပဝတ္တ = ဥပါဒိန္နကပဝတ္တတရားသို့လည်းကောင်း,
၄။ နိမိတ္တ = သင်္ခါရတရားတို့၏ အထည်ကိုယ် လုံးလုံးလျောင်းလျောင်း သဏ္ဌာန်စသည် ထင်ခြင်းမျှသို့ လည်းကောင်း ----
ဝိပဿနာဉာဏ်သည် မရောက်ရှိတော့ပေ။ ဝိပဿနာဉာဏ်သည် လိုက်မမီတော့ပေ။
၁။ ခယ = ကုန်ခြင်းသဘော,
၂။ ဝယ = ပျက်ခြင်းသဘော,
၃။ ဘေဒ = ပြိုခြင်းသဘော,
၄။ နိရောဓ = ခဏမစဲ တသဲသဲ ချုပ်ခြင်းသဘော ----
ဤ ခယ ဝယ ဘေဒ နိရောဓဟု ဆိုအပ်သော ခဏိကနိရောဓ = ခဏအားဖြင့် ချုပ်ပျက်ခြင်းသဘော တရား၌သာလျှင် သတိသည် ကောင်းစွာ တည်နေ၏။
သင်္ခါရ၌ အတွင်းဝင်သော တရားအပေါင်းသည် ဤသို့ ဖြစ်၍ ဤသို့ စက်ဆုပ်ဖွယ် လိလိ ချုပ်ဘိ၏ တကား ဟု -----
ဤသို့ရှုသော ထိုယောဂါဝစရပုဂ္ဂိုလ်အား ဖြစ်ခြင်းကို လွှတ်၍ ပျက်ခြင်းကိုသာလျှင် နှလုံးသွင်းရာ ဤအရာ၌ ပျက်ခြင်း ဘင်ကိုသာလျှင် အဖန်တလဲလဲ ရှုခြင်းကြောင့် ဘင်္ဂါနုပဿနာ အမည်ရသော ဝိပဿနာဉာဏ်သည် ဖြစ်ပေါ်လာ၏။ (ဝိသုဒ္ဓိ၊၂၊၂၇၇။)
သင်္ခါရတရားတို့သည် ဥဒယဗ္ဗယ၏ အစွမ်းဖြင့် လျင်လျင်မြန်မြန် ထင်လာလတ်ကုန်သော် ယင်းသင်္ခါရ တရားတို့၏ ဖြစ်မှု = ဥဒယကို ရှုမြင်ခြင်းဟူသည်မှာလည်း ဖြစ်ခြင်းသဘောရှိသော တရားသည် ပျက်စီး၏ဟု ပျက်မှု = ဝယကို ရှုမြင်နိုင်ဖို့ရန် အလို့ငှာသာလျှင် ဖြစ်၏။ အဘယ်ကြောင့် အပျက်ကို ရှုရသနည်းဟူမူ --- ထို အပျက်ကို ရှုမြင်သော ဉာဏ်၏ သင်္ခါရတရားတို့၌ ငြီးငွေ့ခြင်းဟူသော နိဗ္ဗိဒါဉာဏ်ကို ဆောင်တတ် ဖြစ်စေတတ်သည်၏ အဖြစ်ကြောင့် ရှုခြင်းဖြစ်၏။ ထိုကြောင့် သင်္ခါရတရားတို့၏ အပျက်သက်သက်၌သာလျှင် ထိုယောဂါဝစရ ပုဂ္ဂိုလ်၏ နှလုံးသွင်း = အာဘောဂကို ကောင်းစွာဆောင်တတ်သော နှလုံးသွင်း ရှုပွားမှု = မနသိကာရသည် ဖြစ်ပေါ်နေ၏။ ထိုကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်သည် ဥပ္ပါဒ ဌိတိ ပဝတ္တ နိမိတ္တတို့သို့ မ ရောက်ခြင်း, ဥပ္ပါဒ ဌိတိ ပဝတ္တ နိမိတ္တတို့ကို ဉာဏ်က လိုက်မမီခြင်း ဖြစ်၏။ (မဟာဋီ၊၂၊၄၃၉။)
ဥပ္ပါဒ ----- ဥပ္ပါဒန္တိ နိဗ္ဗတ္တိဝိကာရံ။ (မဟာဋီ၊၂၊၄၃၉။)
ဤ၌ ဥပ္ပါဒ = ဥပါဒ်ဟူသည် သင်္ခါရတရားတို့၏ ဖြစ်ခြင်း ဥပါဒ်ဟူသော အခြင်းအရာ အထူးတည်း။ သင်္ခါရတရားတို့၏ ဖြစ်မှုကို နှလုံးမသွင်းဘဲ အပျက်သက်သက်ကိုသာ နှလုံးသွင်းခြင်းကြောင့် ဉာဏ်ထက်မြက် လာသောအခါ အဖြစ်ကို မမြင်ခြင်း ဖြစ်သည်။ (မဟာဋီ၊၂၊၄၃၉။)
ဌိတိ ----- ဌိတိန္တိ ဌိတိပ္ပတ္တံ၊ ဇရန္တိ အတ္ထော။ (မဟာဋီ၊၂၊၄၃၉။)
သင်္ခါရတရားတို့၏ ဥပါဒ်ပြီးနောက် ဘင်သို့ မရောက်မီ အခိုက်အတန့်မျှ တည်ခြင်းသဘောကို ဌီဟု ခေါ်ဆို၏။ ဇရာ-ဟု ဆိုလိုသည်။ သင်္ခါရတရားတို့၏ ယင်း ဌီ-သဘောကိုလည်း ယောဂါဝစရပုဂ္ဂိုလ်သည် နှလုံး မသွင်းတော့သဖြင့် သင်္ခါရတရားတို့၏ အပျက်သက်သက်ကို အမြင်သန်သည့် ဝိပဿနာဉာဏ်သည် ထက်မြက် လာသောအခါ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်း ဌီသဘောကိုလည်း မမြင်တော့ပေ။
ပဝတ္တ ----- ပဝတ္တန္တိ ဥပါဒိန္နကပ္ပဝတ္တံ။ (မဟာဋီ၊၂၊၄၃၉။)
အာရမ္မဏကရဏဝသေန တဏှာဒိဋ္ဌီဟိ ဥပေတေန ကမ္မုနာ အာဒိန္နာ ဖလဘာဝေန ဂဟိတာတိ ဥပါဒိန္နာ၊ အာရမ္မဏဘာဝံ ဥပဂန္တွာ ဥပါဒါနသမ္ဗန္ဓေန ဥပါဒါနာနံ ဟိတာတိ ဥပါဒါနိယာ၊ ဥပါဒါနဿ အာရမ္မဏပစ္စယဘူတာနမေတံ အဓိဝစနံ။ ဥပါဒိန္နာ စ တေ ဥပါဒါနိယာ စာတိ ဥပါဒိန္နုပါဒါနိယာ၊သာသဝကမ္မနိဗ္ဗတ္တာနံ ရူပါရူပဓမ္မာနမေတံ အဓိဝစနံ။ (အဘိ၊ဋ္ဌ၊၁၊၈၅။)
တဏှာဒိဋ္ဌိတို့သည် အာရုံပြုသောအားဖြင့် ကပ်ရောက်အပ်သော ကံက ဤတရားတို့သည် ငါ၏ အကျိုး တရားများ ဖြစ်ကြသည်ဟု စွဲယူအပ်သော တရားများသည် ဥပါဒိန္န မည်၏။ တဏှာဒိဋ္ဌိတို့သည် လောကီတရားတို့ကိုသာလျှင် အာရုံပြုနိုင်ကြရကား ယင်းတို့အာရုံပြုအပ်သော ကံဟူသည် လောကီကုသိုလ်ကံ အကုသိုလ်ကံ သာတည်း။ ထိုကြောင့် ဥပါဒိန္နအရ လောကီကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးဖြစ်သော လောကီဝိပါက် စိတ်+စေတသိက် = နာမ်တရားစုနှင့် ကမ္မဇရုပ်များကို ကောက်ယူရ၏။ ယင်းလောကီဝိပါက် နာမ်တရားစုနှင့် ကမ္မဇရုပ်တို့၏ ဖြစ်ခြင်းသဘောကို ဝိပါကပဝတ္တဟု ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ (ပဋိသံ၊ဋ္ဌ၊၂၊၁၆၆) တွင် ခေါ်ဝေါ် သုံးစွဲထား၏။
ယင်းဝိပါက် နာမ်တရားစုနှင့် ကမ္မဇရုပ်တို့၏ ဥပါဒ်-ဌီ-ဘင်ဟူသော ခဏသုံးပါးအပေါင်း၌ အကျုံးဝင်သည့် ဖြစ်မှု ဥပါဒ်သဘောကား အထက်တွင် ဖော်ပြထားသော အမှတ် (၁)ဖြစ်သည့် ဥပ္ပါဒအရတွင် ပါဝင်ပြီး ဖြစ်၏။ ဤဥပါဒိန္နကပဝတ္တဟူသည် ယင်း ဝိပါက် နာမ်တရားစုနှင့် ကမ္မဇရုပ်တို့၏ ဖြစ်ခြင်း ဥပါဒ်မျှကို ရည်ရွယ်သည်ကား မဟုတ်ပေ။ တဏှာဒိဋ္ဌိတို့သည် ကပ်ရောက်အပ်သော ကံကြောင့် ဝိပါက် ရုပ်နာမ်တို့၏ ဖြစ်မှုဟူသော ကြောင်း- ကျိုး ဆက်နွယ်လျက် ဖြစ်မှုကို ရည်ညွှန်းထားခြင်း ဖြစ်သည်။ ယောဂါဝစရပုဂ္ဂိုလ်သည် ရှေး ဥဒယဗ္ဗယ အကျယ် ရှုပွားနည်း၌ -----
အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် ကမ္မဇရုပ် ဖြစ်၏။ ပ ။
ကံ ဖြစ်ခြင်းကြောင့် ကမ္မဇရုပ် ဖြစ်၏။
ဤသို့စသည်ဖြင့် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော အကြောင်းတရားများကြောင့် ဆိုင်ရာဆိုင်ရာ ဝိပါကဝဋ် အကျိုးတရားတို့၏ ဖြစ်မှုကို ဝိပဿနာဉာဏ်ဖြင့် ရှုခဲ့၏၊ ပစ္စယတော ဥဒယဒဿနပင်တည်း။
ဤဘင်္ဂဉာဏ်ပိုင်း၌ကား ယောဂါဝစရပုဂ္ဂိုလ်သည် သင်္ခါရတရားတို့၏ ဖြစ်မှုကို နှလုံးမသွင်းတော့ဘဲ အပျက် သက်သက်ကိုသာ နှလုံးသွင်းရှုပွားခြင်းကြောင့် ဝိပဿနာဉာဏ်၏ ထက်မြက်စူးရှ သန့်ရှင်းခြင်းသို့ ရောက်ရှိလာသောအခါ သင်္ခါရတရားတို့၏ အဖြစ်ကို မမြင်တော့ဘဲ အပျက်သက်သက်ကိုသာ မြင်လာ၏။ ထိုသို့ မြင်လာသော အခါ အကြောင်းတရား ဖြစ်ခြင်းကြောင့် အကျိုးတရား ဖြစ်မှုကိုလည်း နှလုံးမသွင်းတော့သဖြင့် အကြောင်းတရား ဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်မှုကိုလည်း မမြင်တော့ဘဲ အကြောင်း အကျိုး နှစ်ရပ်လုံးတို့၏ အပျက်သက်သက် ကိုသာ မြင်နေရကား အကြောင်းတရား ထင်ရှားရှိခြင်း ဖြစ်ခြင်းကြောင့် အကျိုးတရား ဖြစ်မှု = ဥပါဒိန္နက ပဝတ္တကိုလည်း မမြင်တော့ဘဲ ဝိပဿနာဉာဏ်သည် ယင်းဥပါဒိန္နကပဝတ္တသို့လည်း မသက်ရောက်တော့ဟု ဆိုလိုသည်။ အောက်ဖော်ပြပါ အဖွင့်ကိုလည်း ဆက်လက် ဖတ်ရှုကြည့်ပါ။
ပဝတ္တန္တိ ရူပါရူပဘဝပဝတ္တိ။ (ဝိသုဒ္ဓိ၊၂၊၂၈၄။)
ပဝတ္တံ နာမ ကာမံ သဗ္ဗာ ဘဝပဝတ္တိ၊ မတ္ထကပ္ပတ္တာယ ပန ဘင်္ဂါနုပဿနာယ သဗ္ဗဘဝေသု အဘိဏှသမ္ပဋိပီဠနဿ သုဋ္ဌုတရံ ဥပဋ္ဌာနတော သန္တသုခါဘိမတာပိ ဘဝါ ဒုက္ခသဘာဝတာယ ဘယတော ဥပဋ္ဌဟန္တီတိ ဒဿနတ္ထံ ပဝတ္တန္တိ ရူပါရူပဘဝပဝတ္တီတိအာဒိ ဝုတ္တံ။ (မဟာဋီ၊၂၊၄၄၇။)
ပဝတ္တဟူသည် ရူပဘဝ အရူပဘဝ၏ ဖြစ်ခြင်းတည်း။ အကယ်စင်စစ်အားဖြင့်မူ ကာမ ရူပ အရူပဟူသော အလုံးစုံသောဘဝ၏ ဖြစ်ခြင်းမှန်သမျှသည် ပဝတ္တမည်သည်သာ ဖြစ်၏။ သို့သော်လည်း အထွတ်အထိပ်သို့ ရောက်ရှိနေသော ဘင်္ဂါနုပဿနာကြောင့် အလုံးစုံသော ဘဝတို့၌ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် သို့မဟုတ် အပျက်ဒဏ်ချက်ဖြင့် အမြဲမပြတ် အဖန်တလဲလဲ ညှဉ်းပန်းနှိပ်စက်ခြင်း၏ အထူးသဖြင့် သာ၍ကောင်းစွာ ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ ထင်မြင်လာခြင်းကြောင့် ငြိမ်သက်သည့် ချမ်းသာဟု သမုတ်အပ်သည်လည်း ဖြစ်ကုန်သော ရူပဘဝ အရူပဘဝတို့သည်သော်မှလည်း ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် သို့မဟုတ် အပျက် ဒဏ်ချက်ဖြင့် အမြဲမပြတ် အဖန်တလဲလဲ အညှဉ်းပန်း အနှိပ်စက်ခံရခြင်း ဒုက္ခသဘောရှိသည်၏ အဖြစ်ကြောင့် ကြောက်လန့်ဖွယ်ဘေး = ဘယသဘောအားဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ ထင်လာကုန်၏။ ဤသို့သော အနက်သဘောကို ညွှန်ပြခြင်းငှာ ပဝတ္တ ဟူသည် ရူပဘဝ အရူပဘဝ၏ ဖြစ်ခြင်းတည်း ဤသို့စသော စကားကို အဋ္ဌကထာက မိန့်ဆိုတော်မူခြင်း ဖြစ်သည်။ (ဝိသုဒ္ဓိ၊၂၊၂၄၈။ မဟာဋီ၊၂၊၄၄၇။)
အထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ဖွင့်ဆိုတော်မူချက်နှင့်အညီ ပဝတ္တဟူသည် အလုံးစုံသော ကာမ ရူပ အရူပ ဟူသော ဘဝ၏ ဖြစ်ခြင်းပင်တည်း၊ ဝိပါကပဝတ္တဟူ၍လည်း ခေါ်ဆို၏။
ဥပပတ္တိဘဝေါ ပန သင်္ခေပတော ကမ္မာဘိနိဗ္ဗတ္တာ ခန္ဓာ။ (ဝိသုဒ္ဓိ၊၂၊၂၀၆။)
ဤအဋ္ဌကထာနှင့်အညီ ဘဝဟူသည် တရားကိုယ်အားဖြင့် ဝိပါကဝဋ်တွင် အကျုံးဝင်သော ကံကြောင့် ဖြစ်ပေါ်လာကြရသော ဝိပါက်နာမ်ခန္ဓာ ဝိပါက်ရုပ်ခန္ဓာတို့ပင်တည်း။ ဘဝပဝတ္တိဟူသည် ယင်းဝိပါက်ခန္ဓာတို့၏ ကံကြောင့် ဖြစ်မှုပင်တည်း။ ဘဝအမည်ရသော ယင်းဝိပါက်ခန္ဓာတို့၏ ဥပါဒ်-ဌီ-ဘင်ဟူသော ခဏသုံးပါး၌ အကျုံး ဝင်သော ဥပါဒ်ထင်ရှားဖြစ်မှုမှာ ဥပ္ပါဒ-ဌိတိ-ပဝတ္တ-နိမိတ္တ (၄)မျိုးတို့တွင် ဥပ္ပါဒအရတွင် အကျုံးဝင်သွားသဖြင့် ဤ၌ ဘဝပဝတ္တိ = ဘဝ၏ ဖြစ်ခြင်းဟူသည်မှာလည်း အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံထားအပ်သော သင်္ခါရ ကံ အကြောင်းတရားများက ဥပနိဿယ နာနာက္ခဏိကကမ္မစသော အကြောင်းသတ္တိတို့ဖြင့် ကျေးဇူးပြုပေးမှုကြောင့် ဘဝအမည်ရသော ဝိပါက်ခန္ဓာတို့၏ ထင်ရှားဖြစ်မှုကိုပင် ဆိုလိုသည်။ သင်္ခါရတရားတို့၏ အပျက်သက်သက်ကိုသာ နှလုံးသွင်းသော ယောဂါဝစရပုဂ္ဂိုလ်သည် ဘင်္ဂါနုပဿနာဉာဏ် ထက်မြက်လာသောအခါ အကြောင်းတရား အကျိုးတရား နှစ်ရပ်လုံးတို့၏ အပျက်ကိုသာ မြင်နေ၏။ အဖြစ်ကို နှလုံးမသွင်းခြင်းကြောင့် အဖြစ်ကိုလည်း မမြင်တော့ပေ။ အကြောင်းတရား ဖြစ်ခြင်းကြောင့် အကျိုးတရား ဖြစ်ပုံကို နှလုံးမသွင်းခြင်းကြောင့် အကြောင်း တရား ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရား ထင်ရှားဖြစ်ပုံကိုလည်း မမြင်တော့ပေ။ ထိုကြောင့် ထိုယောဂါဝစရ ပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်သည် ပဝတ္တသို့လည်း မရောက်ခြင်း ဖြစ်ပေသည်။ ပဝတ္တသို့လည်း ဉာဏ်ဖြင့် လိုက်၍ မမီခြင်း ဖြစ်ပေသည်။
နိမိတ္တ ---- နိမိတ္တန္တိ သင်္ခါရနိမိတ္တံ။ ယံ သင်္ခါရာနံ သမူဟာဒိဃနဝသေန, သကိစ္စပရိစ္ဆေဒတာယ စ သဝိဂ္ဂဟာနံ ဝိယ ဥပဋ္ဌာနံ၊ တံ သင်္ခါရနိမိတ္တံ။ (မဟာဋီ၊၂၊၄၃၉။)
နိမိတ္တဟူသည် သင်္ခါရနိမိတ်တည်း။ သင်္ခါရတရားတို့၏ အပျက်ကိုသာ ရှုသော ယောဂါဝစရပုဂ္ဂိုလ်သည် ဘင်္ဂါနုပဿနာဉာဏ်သည် ထက်မြက်စူးရှလာသော် သန့်ရှင်းစင်ကြယ်လာသော် ရုပ်တရားတို့၏ သမူဟဃန ကိစ္စဃန, နာမ်တရားတို့၏ သမူဟဃန ကိစ္စဃန အာရမ္မဏဃနဟူသော ရုပ်ဃန နာမ်ဃန = ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲများသည် ပြိုကွဲသွားပြီ ဖြစ်၏။ (သန္တတိဃနကား ရှေးမဆွကပင် ပြိုပြီး ဖြစ်၏။) ေ့ရှပိုင်းဉာဏ်များ ဖြစ်ကြသော သင်္ခါရပရိစ္ဆေဒဉာဏ်ပိုင်း = နာမရူပပရိစ္ဆေဒဉာဏ်ပိုင်းမှ စ၍ ဥဒယဗ္ဗယဉာဏ်သို့ တိုင်အောင်သော ဝိပဿနာဉာဏ်တို့၏ အတွင်း၌ကား ရှုလိုက်နိုင်သော ရုပ်ကလာပ် နာမ်ကလာပ်တို့၌ ဃန အသီးအသီး ပြို၍ မရှုလိုက်မိ မရှုလိုက်နိုင်သော ရုပ်ကလာပ် နာမ်ကလာပ်တို့၌ ဃန အသီးအသီး မပြိုဘဲ ရှိတတ်၏။ မရှုလိုက်မိသော ရုပ်ကလာပ် နာမ်ကလာပ်အတိုင်း တွေ့နေတတ်သေး၏။ ရှုလိုက်မိသော ရှုလိုက်နိုင်သော ရုပ်ကလာပ် နာမ်ကလာပ် တို့၌ ဃန အသီးအသီး ပြို၍ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်သွား၏။ အကြောင်းမူ --- သာဝကပါရမီဉာဏ်အရာ၌ အဇ္စျတ္တ ဗဟိဒ္ဓ နှစ်ဌာနတို့၌ ရုပ်ကလာပ် နာမ်ကလာပ်တို့ကို ကုန်စင်အောင် မရှုနိုင်ဘဲ အချို့အဝက် တစ်စိတ် တစ်ဒေသလောက်ကိုသာ ရှုနိုင်သောကြောင့် ဖြစ်၏။ သို့သော် ဤဘင်္ဂါနုပဿနာဉာဏ်သည် ရင့်သန်လာသော အခါ၌ကား ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်ကလာပ် နာမ်ကလာပ်စသော သဏ္ဌာန် ဒြပ်ဟူသမျှကို မတွေ့ရတော့ပေ။ ရုပ်သဘောတရားသက်သက် နာမ်သဘောတရား သက်သက်ကိုသာ တွေ့နေ၏။ ဃန အသီးအသီး ပြိုနေ၏။ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲဟူသော သင်္ခါရနိမိတ်များသည် ပျောက်ကွယ်သွားကြ၏။
ဤ၌ သင်္ခါရနိမိတ်ဟူသည် သင်္ခါရတရားတို့၏ သမူဟဃန ကိစ္စဃန အာရမ္မဏဃနတို့၏ အစွမ်းဖြင့် လည်းကောင်း, မိမိ မိမိကိစ္စလျှင် အပိုင်းအခြားရှိသည်၏ အဖြစ်ဖြင့်လည်းကောင်း အထည်ဒြပ်ရှိကုန်သကဲ့သို့ ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ ထင်လာခြင်းတည်း။ (မဟာဋီ၊၂၊၄၃၉။)
ဘင်္ဂါနုဿနာဉာဏ်သည် ယင်းသင်္ခါရနိမိတ်သို့လည်း မရောက်ရှိတော့ပေ။
ဤ ဘင်္ဂါနုပဿနာဉာဏ်ပိုင်း၌ ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ ရုပ်တရားတို့၏ သန္တတိဃန သမူဟဃန ကိစ္စဃန, နာမ်တရားတို့၏ သန္တတိဃန သမူဟဃန ကိစ္စဃန အာရမ္မဏဃနဟူသော ဃန အသီးအသီးသည် ပြိုကွဲနေပြီ ဖြစ်၏။ ဥဒယဗ္ဗယဉာဏ်ပိုင်း၌ကား သင်္ခါရတရားတို့၏ ဥပါဒ်စွန်း ဘင်စွန်းကို ယောဂါဝစရပုဂ္ဂိုလ်သည် မြင်ပြီး ဖြစ်၍ သန္တတိဃနကား ပြိုပြီးပင် ဖြစ်၏။ ထိုကြောင့် ဤဘင်္ဂဉာဏ်ပိုင်း၌ သမူဟဃန ကိစ္စဃန အာရမ္မဏ ဃနတို့ ပြိုခြင်းကိုသာ ထပ်မံ၍ ဖွင့်ဆိုခြင်း ဖြစ်၏။ ဤဘင်္ဂဉာဏ်ပိုင်းသို့ မဆိုက်မီ၌ အထည်ဒြပ် ရှိကုန်သကဲ့သို့ ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ ထင်ခြင်းဟူသည် ရုပ်ကလာပ် နာမ်ကလာပ်တို့သာ ဖြစ်ကြ၏။ ယင်းရုပ်ကလာပ် နာမ်ကလာပ်တို့ကိုပင် ဤ၌ သင်္ခါရနိမိတ်ဟု ခေါ်ဆိုသည်။ ဘင်္ဂါနုပဿနာဉာဏ်သည် ယင်းသင်္ခါရနိမိတ်သို့လည်း မရောက်တော့ပေ ဟူလိုသည်။
ဤအရာ၌ ခြွင်းချက် အနည်းငယ်ရှိ၏။ အချို့သော ယောဂါဝစရပုဂ္ဂိုလ်များသည် ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားတို့ကို ရက်ရှည်လများ နှစ်နှင့်ချီ၍ သိမ်းဆည်းနေခဲ့သော် ဉာဏ်များသည် တဖြည်းဖြည်း ရင့်ကျက်လာသဖြင့် သင်္ခါရတရားတို့ကို လက္ခဏာယာဉ်တင်၍ ဝိပဿနာမရှုရသေးသော်လည်း ရုပ်ကလာပ် နာမ်ကလာပ်များကို ရှာဖွေမတွေ့တော့ဘဲ ရုပ်ပရမတ် နာမ်ပရမတ် သဘောတရားသက်သက်၌သာ တစ်ရံတစ်ခါ ဉာဏ်သက်ဝင်၍ နေတတ်သည်လည်း ရှိ၏။ ဤကား ရံခါ ဖြစ်တတ်သည့် အနည်းငယ်သော ခြွင်းချက်သာ ဖြစ်သည်။
ယင်းသို့ ဥပ္ပါဒ ဌိတိ ပဝတ္တ နိမိတ္တတို့ကို ဉာဏ်က ပိုင်းခြားမယူခြင်းကြောင့် ယင်းဥပ္ပါဒ ဌိတိ ပဝတ္တ နိမိတ္တတို့သို့ ဉာဏ် မသက်ရောက် မဆိုက်ရောက်တော့လျှင် အဘယ်သို့ကား ဉာဏ်သည် ဆိုက်ရောက်နေပါသနည်း ဟူမူ ----- ခယ ဝယ ဘေဒ နိရောဓသို့ ရောက်လျက် သတိသည် ကောင်းစွာ တည်နေပေသည် ဟူ၏။
နိရောဓသဒ္ဒါသည် ဥပ္ပါဒနိရောဓ အနုပ္ပါဒနိရောဓ နှစ်မျိုးကို ဟော၏။ နောင်တစ်ဖန် ဖြစ်မှုရှိသော ချုပ်ခြင်းကား ဥပ္ပါဒနိရောဓတည်း။ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်း ဖြစ်မှုမရှိသော ချုပ်ခြင်းကား အနုပ္ပါဒနိရောဓ တည်း။ ထိုအနုပ္ပါဒနိရောဓ၌လည်း နိရောဓသဒ္ဒါ၏ အနက်သည် ထင်ရကား ဤ၌ ဥပ္ပါဒနိရောဓဟု သိစေလိုသဖြင့် ဘေဒ-သဒ္ဒါဖြင့် အထူးပြုကာ ဖွင့်ဆိုထားပေသည်။
ဘေဒ-သဒ္ဒါသည်လည်း အထူးဝိသေသကို ဟောသော ဘေဒ-သဒ္ဒါသည်လည်း ရှိရကား ဤ၌ ဘေဒ- သဒ္ဒါသည် အထူးဝိသေသအနက်ကို မဟော၊ ပြိုပျက်ခြင်း ကုန်ခန်းခြင်း ခယ-အနက်ကို ဟောသည်ဟု သိစေလို၍ ခယ-သဒ္ဒါဖြင့် အထူးပြုကာ ဖွင့်ဆိုထားပြန်သည်။ ထိုကြောင့် ဤ၌ ဆိုလိုရင်း အဓိပ္ပါယ်မှာ ဤသို့ ဖြစ်၏။ ----
ခယ-ဝယ-ဘေဒသင်္ခါတေ ခဏိကနိရောဓေတိ အတ္ထော။ (မဟာဋီ၊၂၊၄၃၉။)
ယောဂါဝစရပုဂ္ဂိုလ်၏ ဘင်္ဂါနုပဿနာဉာဏ်သည် သင်္ခါရတရားတို့၏ ကုန်ခြင်း ပျက်ခြင်း ပြိုခြင်းဟု ဆိုအပ်သော ခဏိကနိရောဓ = ခဏအားဖြင့် ချုပ်ပျက်မှု၌သာလျှင် ကောင်းစွာ တည်နေ၏။ အလားတူပင် ယင်းဘင်္ဂါနုပဿနာဉာဏ်နှင့် ယှဉ်လျက်ရှိသော သတိသည်လည်း သင်္ခါရတရားတို့၏ ကုန်ခြင်း ပျက်ခြင်း ပြိုခြင်း ဟု ဆိုအပ်သော ခဏိကနိရောဓ = ခဏအားဖြင့် ချုပ်ပျက်မှု သဘောတရား၌သာလျှင် ကောင်းစွာ တည်နေပေ၏ ဟု ဆိုလို၏။
သတိ သန္တိဋ္ဌတီတိ သတိသီသေန ဉာဏမာဟ။ (မဟာဋီ၊၂၊၄၃၉။)
သင်္ခါရတရားတို့၏ ခယ ဝယ ဘေဒ နိရောဓသဘော၌ သတိသည် ကောင်းစွာတည်နေ၏ ဟူသည်၌ သတိကို အဦးမူသဖြင့် ဝိပဿနာဉာဏ်ကို ဆိုလိုရင်း ဖြစ်၏။ ထိုကြောင့် သတိဦးဆောင်သည့် ဝိပဿနာဉာဏ်သည် သင်္ခါရတရားတို့၏ ခယ = ကုန်ခြင်း, ဝယ = ပျက်ခြင်း, ဘေဒ = ပြိုခြင်းဟု ခေါ်ဆိုအပ်သော ခဏိက နိရောဓ = ခဏအားဖြင့် ချုပ်ပျက်မှုသဘောတရား၌သာလျှင် ကောင်းစွာ တည်နေသည်ဟု မှတ်ပါ။
ချုပ်မှုဟူသည်
ဤဘင်္ဂဉာဏ်သို့ တိုင်အောင် ရေးသားတင်ပြခဲ့သော စကားအစဉ် တရားအယဉ်တို့နှင့် ဆက်စပ်၍ ချုပ်မှု အကြောင်းကို အနည်းငယ် ရှင်းလင်းတင်ပြအပ်ပါသည်။ ဝိပဿနာအရာ၌ ချုပ်မှုကား နှစ်မျိုး ရှိနေ၏။
၁။ ဥပ္ပါဒနိရောဓ = နောင်တစ်ဖန် ဖြစ်ခွင့်ရှိသော ချုပ်နည်း,
၂။ အနုပ္ပါဒနိရောဓ = နောင်တစ်ဖန် ဖြစ်ခွင့်မရှိသော ချုပ်နည်း ---
ဤသို့လျှင် ချုပ်ပုံနှစ်မျိုး ရှိနေ၏။ ဝိပဿနာဉာဏ်တို့၏ အဆုံး၌ ဖြစ်ပေါ်လာမည့် မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့၏ အာရုံဖြစ်သော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကား အစ္စန္တနိရောဓတည်း = စင်စစ် ဒုက္ခ-သမုဒယတို့၏ ချုပ်ရာချုပ်ကြောင်း ဖြစ်သော နိရောဓသစ္စာတရားတည်း။ ယင်းအစ္စန္တနိရောဓကို ဤ၌ မဆိုလိုပါ။ ဥပ္ပါဒနိရောဓ နှင့် အနုပ္ပါဒနိရောဓအကြောင်းကိုသာ တင်ပြလိုပါသည်။
သင်္ခါရတရားတို့၏ ကုန်ကုန် ပျက်ပျက် ပြိုပြိုနေသည့် = ခယ ဝယ ဘေဒဟု ခေါ်ဆိုအပ်သော ခဏိက နိရောဓ = ခဏမစဲ တသဲသဲ ချုပ်ပျက်မှုသဘောကား ဥပ္ပါဒနိရောဓတည်း။ အကြောင်းတရားများ မကုန်ဆုံးသေး သမျှ ကာလပတ်လုံး ဤနည်းနှင်နှင် ချုပ်ပျက်နေကြမည်သာ ဖြစ်၏။ အကြောင်းမကုန်သေးသမျှ အလားတူ ရုပ်နာမ်များ ဖြစ်ခွင့်ရှိနေသေးသော ချုပ်ခြင်းပင် ဖြစ်၏။
အရဟတ္တမဂ်ကြောင့် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့သည် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဟု ခေါ်ဆိုအပ်သော အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် ပရိနိဗ္ဗာနစုတိ၏ နောက်ဆွယ်တွင် ဖြစ်ခွင့်ရှိနေသော ရုပ်နာမ်ခန္ဓာ မှန်သမျှတို့သည်လည်း နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားကြ၏၊ အနုပ္ပါဒနိရောဓပင်တည်း။ ပစ္စယတော ဝယဒဿနဟူသော အကြောင်းတရား ချုပ်ခြင်းကြောင့် အကျိုး တရား ချုပ်ငြိမ်းပုံကို မြင်အောင် ရှုရသည့် ဥဒယဗ္ဗယဉာဏ်ပိုင်းနှင့် ဆိုင်၏။ ဥပ္ပါဒနိရောဓကား ဝိပဿနာပိုင်း အားလုံးနှင့် ဆိုင်၏။
ဝိပဿနာအရာ၌ ယင်းဥပ္ပါဒနိရောဓနှင့် အနုပ္ပါဒနိရောဓ နှစ်မျိုးသာ ရှိ၏။ မျက်မှောက်ခေတ်တွင် ပြောနေသော ရုပ်ချုပ် နာမ်ချုပ်ဟူသော ချုပ်နည်း ချုပ်ပုံများနှင့်ကား များစွာပင် ကွဲလွဲနေဟန် ရှိပေသည်။ တစ်ဖန် ဝေဒနာ ကုန်သွားပြီ၊ ဝေဒနာ မရှိတော့ပြီ၊ ဝေဒနာ ချုပ်ဆုံးသွားပြီဟူသော စကားများမှာလည်း ပရိယတ္တိ-ပေတံ ပဋိပတ္တိ-ပေတံတို့ဖြင့် အတိုင်းမခံနိုင်သော စကားတို့သာ ဖြစ်ကြ၏။
ဝေဒနာချုပ်သွားပြီဟု ပြောနေသော ပုဂ္ဂိုလ်ကို အသိစိတ် ဝိညာဏ် ရှိနေပါသေးသလားဟု မေးလျှင် ရှိနေသေး၏ဟု ဖြေဆိုတတ်၏။ အသိစိတ်ကား ရှိနေသေး၏၊ ဝေဒနာကား မရှိတော့ပြီ ချုပ်သွားပြီဟု ဆိုလို၏။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ ပရိယတ္တိတရားတော်၌ကား ဝေဒနာသည် စိတ်အားလုံးနှင့်ဆက်ဆံသော သဗ္ဗစိတ္တ သာဓာရဏ စေတသိက် ဖြစ်၏။ ထို့ကြောင့် အသိစိတ် ဝိညာဏ်ရှိနေပါက ဝေဒနာ ရှိနေမည်သာ ဖြစ်သည်။ ထိုဝေဒနာသည် သုခဝေဒနာသော်လည်း ဖြစ်လေရာ၏၊ သို့မဟုတ် ဒုက္ခဝေဒနာသော်လည်း ဖြစ်လေရာ၏၊ သို့မဟုတ် ဥပေက္ခာဝေဒနာသော်လည်း ဖြစ်လေရာ၏။ ဝေဒနာမယှဉ်သော အသိစိတ် ဝိညာဏ်ဟူသည် ဘုရားရှင်၏ ပရိယတ်တရားတော်၌ မရှိပေ။
တစ်ဖန် ဝေဒနာ ချုပ်ငြိမ်းသွားပြီဟု ပြောနေသော ပုဂ္ဂိုလ်ကို (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ပရမတ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူတတ် = သိမ်းဆည်းတတ် ရှုပွားတတ်ပြီလားဟု မေးပြန်လျှင်လည်း မရှုတတ်သေးဟု အဖြေပေးပြန်၏။ အချို့ကား ရုပ် (၂၈)ပါးဟူသည် သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့၏ အရာသာ ဖြစ်သည်၊ သာဝကတို့၏ အရာမဟုတ်ဟု အဖြေပေးတတ်ကြပြန်၏။ တစ်ဖန် ဝေဒနာကို ဝိပဿနာ ရှုနေသော အသင်သူတော်ကောင်းသည် ဝေဒနာကို ဝိပဿနာရှုသောအခါ ဝေဒနာနှင့် ယှဉ်ဖက် သမ္ပယုတ်တရားတို့ကိုပါ ဝီထိစဉ်အတိုင်း ဖြစ်ပေါ်သွားကြသော စိတ္တက္ခဏ အသီးအသီး၌လည်းကောင်း, ဝီထိမှအလွတ်ဖြစ်သော ဝီထိမုတ်စိတ်တို့၌လည်းကောင်း ဉာဏ်ဖြင့် ပိုင်းခြားယူတတ် သိမ်းဆည်းတတ် ဝိပဿနာ ရှုတတ်ပါသလားဟု မေးလျှင်လည်း မရှုတတ်ဟု အဖြေပေးပြန်၏။ ယင်းနာမ်တရားတို့ကို သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့သာ ရှု၍ ရနိုင်သည် ဟုလည်း အဖြေပေးပြန်၏။ ဘုရားရှင်၏ ကျင့်စဉ်ပဋိပတ်တရားတော်၌ကား ဝေဒနာကို ဝိပဿနာရှုပွားတော့မည့် ယောဂါဝစရပုဂ္ဂိုလ်သည် ဝေဒနာကို မရှုမီ -----
၁။ ရုပ်ကမ္မဋ္ဌာန်းကို = ရုပ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီး = သိမ်းဆည်းပြီး ဖြစ်ရမည်။
၂။ ဝေဒနာ တစ်ခုတည်းကိုသာ ရှုရသည် မဟုတ်၊ ဝေဒနာနှင့် ယှဉ်ဖက် သမ္ပယုတ်တရားတို့ကို အားလုံး သိမ်းဆည်း ရှုပွားရမည်။
ဤသို့စသည်ဖြင့် ကျင့်စဉ်ပဋိပတ်ကို သတ်မှတ်ထား၏။ (နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ပြန်ကြည့်ပါ။) ထိုကြောင့် ဝေဒနာ ကုန်သွားပြီ၊ ဝေဒနာ မရှိတော့ပြီ၊ ဝေဒနာ ချုပ်သွားပြီဟူသော စကားများမှာ သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်၏ ပရိယတ္တိ-ပေတံ, ပဋိပတ္တိ-ပေတံတို့ဖြင့် အတိုင်းမခံနိုင်သော စကားတို့သာ ဖြစ်ကြပေသည်။
ဘင်္ဂါနုပဿနာဉာဏ်၏ အရှုခံ ပရမတ်တရားများ
ကထံ အာရမ္မဏပဋိသင်္ခါ ဘင်္ဂါနုပဿနေ ပညာ ဝိပဿနေ ဉာဏံ၊ ရူပါရမ္မဏတာ စိတ္တံ ဥပ္ပဇ္ဇိတွာ ဘိဇ္ဇတိ၊ တံ အာရမ္မဏံ ပဋိသင်္ခါ တဿ စိတ္တဿ ဘင်္ဂံ အနုပဿတိ။ အနုပဿတီတိ ကထံ အနုပဿတိ၊ အနိစ္စတော အနုပဿတိ နော နိစ္စတော၊ ဒုက္ခတော အနုပဿတိ နော သုခတော၊ အနတ္တတော အနုပဿတိ နော အတ္တတော၊ နိဗ္ဗိန္ဒတိ နော နန္ဒတိ၊ ဝိရဇ္ဇတိ နော ရဇ္ဇတိ၊ နိရောဓေတိ နော သမုဒေတိ၊ ပဋိနိဿဇ္ဇတိ နော အာဒိယတိ။
အနိစ္စတော အနုပဿန္တော နိစ္စသညံ ပဇဟတိ၊ ဒုက္ခတော အနုပဿန္တော သုခသညံ၊ အနတ္တတော အနုပဿန္တော အတ္တသညံ၊ နိဗ္ဗိန္ဒန္တော နန္ဒိ ၊ံ ဝိရဇ္ဇန္တော ရာဂံ၊ နိရောဓေန္တော သမုဒယံ၊ ပဋိနိဿဇ္ဇန္တော အာဒါနံ ပဇဟတိ။
ဝေဒနာရမ္မဏတာ။ပ။ သညာရမ္မဏတာ။ သင်္ခါရာရမ္မဏတာ။ ဝိညာဏာရမ္မဏတာ။ စက္ခာရမ္မဏတာ။ပ။ ဇရာမရဏာရမ္မဏတာ စိတ္တံ ဥပ္ပဇ္ဇိတွာ ဘိဇ္ဇတိ။ပ။ ပဋိနိဿဇ္ဇန္တော အာဒါနံ ပဇဟတိ။ (ပဋိသံ၊၅၅။ ဝိသုဒ္ဓိ၊၂၊၂၇၇-၂၇၈။)
အာရုံကို ကုန်ခြင်း ပျက်ခြင်း၏ အစွမ်းဖြင့် ဆင်ခြင်၍ အပျက်ကို ရှုမြင်နိုင်သော ပညာသည် အဘယ်သို့လျှင် ဝိပဿနာဉာဏ် မည်သနည်း။
ရုပ်တရား၏ ကုန်ခြင်း ပျက်ခြင်းလျှင် အာရုံရှိသည်၏ အဖြစ်ဖြင့် ဝိပဿနာစိတ်သည် ဖြစ်၍ ပျက်၏၊ ထိုရုပ်တရားတည်းဟူသော အာရုံကို ကုန်ခြင်း ပျက်ခြင်းအားဖြင့် ဆင်ခြင်၍ = (ဉာဏ်ဖြင့် မြင်၍) ထိုစိတ်၏ ပျက်ခြင်းကို အဖန်တလဲလဲ ရှု၏။
အဖန်တလဲလဲ ရှု၏ ဟူရာ၌ အဘယ်သို့လျှင် အဖန်တလဲလဲ ရှုသနည်း၊ အနိစ္စအားဖြင့် အဖန်တလဲလဲ ရှု၏၊ နိစ္စအားဖြင့် မရှု။ ဒုက္ခအားဖြင့် အဖန်တလဲလဲ ရှု၏၊ သုခအားဖြင့် မရှု။ အနတ္တအားဖြင့် အဖန်တလဲလဲ ရှု၏၊ အတ္တအားဖြင့် မရှု။ ငြီးငွေ့၏၊ မနှစ်သက်။ တပ်နှစ်သက်ခြင်း ကင်း၏၊ တပ်နှစ်သက်သည် မဟုတ်။ ချုပ်ငြိမ်း စေ၏၊ မဖြစ်ပေါ်စေ။ စွန့်လွှတ်၏၊ စွဲယူခြင်း မရှိ။
အနိစ္စအားဖြင့် အဖန်တလဲလဲ ရှုသော် နိစ္စဟူသော အမှတ်သညာကို ပယ်စွန့်၏၊ ဒုက္ခအားဖြင့် အဖန်တလဲလဲ ရှုသော် သုခဟူသော အမှတ်သညာကို ပယ်စွန့်၏၊ အနတ္တအားဖြင့် အဖန်တလဲလဲ ရှုသော် အတ္တဟူသော အမှတ်သညာကို ပယ်စွန့်၏၊ ငြီးငွေ့သော် နှစ်သက်ခြင်းကို ပယ်စွန့်၏၊ တပ်မက်ခြင်း ကင်းသော် တပ်မက်တတ်သော ကာမရာဂ ဘဝရာဂကို ပယ်စွန့်၏၊ ချုပ်စေသည် ရှိသော် ဖြစ်ခြင်း သမုဒယကို ပယ်စွန့်၏၊ တစ်ဖန် စွန့်လွှတ်သော် စွဲလမ်းခြင်း = အာဒါနကို ပယ်စွန့်၏။
ဝေဒနာ၏ ကုန်ခြင်း ပျက်ခြင်းလျှင် အာရုံရှိသည်၏ အဖြစ်ဖြင့်။ ပ ။
သညာ၏ ကုန်ခြင်း ပျက်ခြင်းလျှင် အာရုံရှိသည်၏ အဖြစ်ဖြင့်။
သင်္ခါရ၏ ကုန်ခြင်း ပျက်ခြင်းလျှင် အာရုံရှိသည်၏ အဖြစ်ဖြင့်။
ဝိညာဏ်၏ ကုန်ခြင်း ပျက်ခြင်းလျှင် အာရုံရှိသည်၏ အဖြစ်ဖြင့်။
စက္ခုပသာဒ = စက္ခာယတန၏ ကုန်ခြင်း ပျက်ခြင်းလျှင်။ ပ ။ ဇရာမရဏလျှင် အာရုံရှိသည်၏ အဖြစ်ဖြင့် ဝိပဿနာစိတ်သည် ဖြစ်၍ ပျက်၏၊ ထိုအာရုံကို ဆင်ခြင်၍ ထိုစိတ်၏ ပျက်ခြင်းကို အဖန်တလဲလဲ ရှု၏။ ပ ။ (ပဋိသံ၊၅၅။)
ဤအထက်ပါ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်နှင့်အညီ ဘင်္ဂါနုပဿနာဉာဏ်၏ အရှုခံ ပရမတ္ထ ဓာတ်သားများမှာ ခန္ဓာငါးပါး, အာယတန တစ်ဆယ့်နှစ်ပါး, ဓာတ် တစ်ဆယ့်ရှစ်ပါး, ဝိပဿနာဉာဏ်၏ အရှုခံ လောကီဣန္ဒြေများ, ဘဝတိုင်အောင်သော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်များ ဖြစ်ကြ၏။ ယင်းပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့တွင် ဤဘင်္ဂဉာဏ်ပိုင်း၌ ဇာတိ-ဇရာ-မရဏတို့လည်း ပါဝင်နေကြ၏။ ဇာတိ-ဇရာ-မရဏတို့၏ တရားကိုယ်မှာ ဥပပတ္တိဘဝအမည်ရသော ကံကြောင့် ဖြစ်ပေါ်လာသော ဥပါဒါနက္ခန္ဓာ ငါးပါးတို့ပင်တည်း။
ယင်းဥပါဒါနက္ခန္ဓာ ငါးပါးတို့၏ ဖြစ်မှု ဥပါဒ်ကို ဇာတိဟုလည်းကောင်း, တည်မှု ဌီကို ဇရာဟုလည်းကောင်း, ပျက်မှု ဘင်ကို မရဏဟုလည်းကောင်း ခေါ်ဆိုပေသည်။ ယင်း ဥပါဒါနက္ခန္ဓာတို့၏ ဖြစ်ဆဲအခိုက်ကို ဇာတိ ခေါ်ဆိုသဖြင့် ယင်းဖြစ်ဆဲအခိုက်ကိုကား တစ်ဖန်ပြန်၍ အပျက်ရှုရန် မလိုပေ။ တည်ဆဲအခိုက်ကို ဇရာခေါ်သဖြင့် ယင်းတည်ဆဲအခိုက်ကိုလည်း တစ်ဖန်ပြန်၍ အပျက်ရှုရန် မလိုပေ။ ပျက်ဆဲအခိုက်ကို မရဏခေါ်သဖြင့် ယင်းမရဏကိုလည်း တစ်ဖန်ပြန်၌ အပျက်ရှုရန် မလိုပေ။ ဇာတိ-ဇရာ-မရဏအမည်ရသော ဥပါဒါနက္ခန္ဓာ ငါးပါးကိုသာ အပျက်ရှုရမည် ဖြစ်သည်။ သို့သော် ဇာတိ-ဇရာ-မရဏကို သို့မဟုတ် ဇာတိကို ဇရာကို မရဏကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဝိပဿနာဇောစိတ်ကိုကား = ဝိပဿနာဇောဝီထိစိတ်အစဉ်ကိုကား တစ်ဖန်ပြန်၍ အပျက်ရှုကောင်း၏၊ ဝိပဿနာရှုကောင်း၏။
အချုပ်မှတ်သားရန်
ယောဂါဝစရပုဂ္ဂိုလ်သည် ထိုခန္ဓာ အာယတန ဓာတ် ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို ဝိပဿနာဉာဏ်ဖြင့် ဆင်ခြင်လိုက်သောအခါ ရှုလိုက်သောအခါ ယင်းသင်္ခါရတရားတို့၏ ကုန်ခြင်း ပျက်ခြင်း ခယ-ဝယ သဘောကို ဝိပဿနာဉာဏ်ဖြင့် သိမြင်၏။ ထိုသို့ သိမြင်သော ဝိပဿနာဉာဏ်ပြဓာန်းသော ဝိပဿနာ ဇောဝီထိ စိတ်အစဉ်နာမ်တရားစုကိုလည်း ယင်းနာမ်တရားစု၏ အပျက်ကို မြင်အောင်ကြည့်၍ တစ်ဖန်ပြန်၍ ဝိပဿနာ ရှုအပ်ပေသည်။ ထိုကြောင့် အတိုချုပ် မှတ်သားထားရန်မှာ ဤသို့ ဖြစ်၏။ -----
ဉာတဉ္စ ဉာဏဉ္စ ဥဘောပိ ဝိပဿတိ။ (ဝိသုဒ္ဓိ၊၂၊၂၇၈။)
ဉာတန္တိ အာရမ္မဏမာဟ အနုပဿနာဝသေန ဉာတတ္တာ။ ဉာဏန္တိ အနုပဿနာဉာဏံ။ ဥဘောပိ ဝိပဿတီတိ တဒုဘယမ္ပိ ခယတော ဝယတော ဝိပဿတီတိ။ အယံ ဟေတ္ထ သင်္ခေပတ္ထော ---- ရူပဿ ယာဝ ဇရာမရဏဿ ခယတော ဝယတော ဒဿနံ အာရမ္မဏပဋိသင်္ခါတံ, ဒဿနကဉာဏဿ ခယတော ဝယတော ဒဿနံ အာရမ္မဏပဋိသင်္ခါယ ဘင်္ဂဿ အနုပဿနန္တိ ဥဘယတ္ထပညာ။ ပုရိမံ ဝါ တဒဘာဝေ အဘာဝတော ပစ္ဆိမာယံ ပက္ခိပိတွာ ပစ္ဆိမာ ဧဝ ပညာ ဝိပဿနေ ဉာဏန္တိ။ (မဟာဋီ၊၂၊၄၄၀။)
ဉာတ ----- ဟူသည် ရူပက္ခန္ဓာမှသည် ဇရာ-မရဏသို့တိုင်အောင်သော ခန္ဓာ (၅)ပါး = အာယတန (၁၂)ပါး = ဓာတ် (၁၈)ပါးနှင့် ပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂)ရပ်ဟူသော ဝိပဿနာဉာဏ်၏ အရှုခံ အာရုံ တရားများတည်း။ သစ္စာဒေသနာတော်နည်းအရ ဆိုရမူ ဒုက္ခသစ္စာတရားစု သမုဒယသစ္စာတရားစုတို့ပင်တည်း။ အနုပဿနာဉာဏ် = ဝိပဿနာဉာဏ်၏ စွမ်းအင်ဖြင့် သိအပ်သော တရားများ ဖြစ်သောကြောင့် ယင်းတရားစုတို့သည် ဉာတဟူသော အမည်ကို ရရှိကြသည်။
ဉာဏ -----ဟူသည် ယင်းဉာတအမည်ရသော တရားစုကို အဖန်ဖန် အထပ်ထပ် ဝိပဿနာ ရှုနေသော အနုပဿနာဉာဏ်တည်း။ ယောဂါဝစရပုဂ္ဂိုလ်သည် ထို ဉာတ-ဉာဏ အမည်ရသော တရားနှစ်မျိုးလုံးကိုပင် ယင်းတရားစု၏ ကုန်တတ် ပျက်တတ်သော သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာယာဉ်ကို တင်ကာ ဝိပဿနာရှု၏ = ဝိပဿနာရှုရမည်ဟု သိရှိပါလေ။
မှန်ပေသည် ----- ဤ ဆိုလတ္တံ့သည်ကား ဤနေရာ၌ အကျဉ်းချုပ် ဆိုလိုရင်း အနက်သဘောတည်း။ ရူပက္ခန္ဓာမှသည် ဇရာမရဏသို့ တိုင်အောင်သော တရားစုကို ယင်းတရားစု၏ ကုန်တတ် ပျက်တတ်သော သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟု ဒုက္ခဟု အနတ္တဟု လက္ခဏာယာဉ်ကို တစ်လှည့်စီတင်ကာ ရှုတတ်သော ဝိပဿနာဉာဏ်သည် အာရမ္မဏပဋိသင်္ခါဉာဏ် မည်၏။ ယင်းအာရမ္မဏပဋိသင်္ခါဉာဏ်ကိုပင် တစ်ဖန်ထပ်၍ ယင်းဉာဏ်၏ ကုန်တတ် ပျက်တတ်သောသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟု ဒုက္ခဟု အနတ္တဟု လက္ခဏာယာဉ်သုံးချက်ကို တစ်လှည့်စီ တင်ကာ ဝိပဿနာရှုပြန်၏ = ဝိပဿနာရှုရ၏။ ထိုသို့ ရှေးဖြစ်သော အာရမ္မဏပဋိသင်္ခါအမည်ရသော ဝိပဿနာဉာဏ်၏ ပျက်ခြင်း = ဘင်ကို အာရုံပြု၍ တစ်ဖန် ထပ်၍ ဝိပဿနာ ရှုသော နောက်ဝိပဿနာဉာဏ်သည် ဘင်္ဂါနုပဿနာဉာဏ်ပညာ မည်၏။
တစ်နည်း ----- အာရမ္မဏပဋိသင်္ခါဉာဏ်ကား ရှေးဝိပဿနာဉာဏ်တည်း။ ဘင်္ဂါနုပဿနာဉာဏ်ကား နောက်ဝိပဿနာဉာဏ်တည်း။ ရှေးဖြစ်သော ထိုအာရမ္မဏပဋိသင်္ခါဉာဏ်သည် မရှိလတ်သော် နောက်ဖြစ်သော ဘင်္ဂါနုပဿနာဉာဏ်၏ မရှိနိုင်ခြင်းကြောင့်, လက္ခဏာဟာရနေတ္တိ နည်းအားဖြင့် သင်္ခါရတရားတို့၏ အပျက် သက်သက်ကိုပင် ရှုတတ်သော သဘာဝလက္ခဏာချင်းတူရကား, ရှေးဖြစ်သော အာရမ္မဏပဋိသင်္ခါဉာဏ်ကို နောက်ဖြစ်သော ဘင်္ဂါနုပဿနာဉာဏ်၌ ထည့်သွင်း၍ နောက်ဖြစ်သော ဘင်္ဂါနုပဿနာဉာဏ်သည်သာလျှင် ဝိပဿနာဉာဏ်မည်၏ဟု ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌ ဟောကြားထားတော်မူပေသည်။ (မဟာဋီ၊၂၊၄၄၀။)
လက္ခဏာရေး သုံးတန်
အနိစ္စံ ခယဋ္ဌေန။ ဒုက္ခံ ဘယဋ္ဌေန။ အနတ္တာ အသာရကဋ္ဌေန။ (ဝိသုဒ္ဓိ၊၂၊၂၄၅။ အဘိဓမ္မတ္ထသင်္ဂဟ၊၁၅၉။)
အထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့နှင့်အညီ အသင်သူတော်ကောင်းသည် ဉာတ-ဉာဏ အမည် ရသော သင်္ခါရတရားတို့ကို လက္ခဏာရေး သုံးတန် တင်ကာ ဝိပဿနာ ရှုရတော့မည် ဖြစ်၏။
၁။ ယင်း သင်္ခါရတရားတို့၏ ကုန်ကုန် ပျက်ပျက် ပြိုပြို ပျောက်ပျောက်သွားသည့် သဘောကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟုလည်းကောင်း,
၂။ ယင်း သင်္ခါရတရားတို့၏ ကုန်ကုန် ပျက်ပျက် ပြိုပြို ပျောက်ပျောက်သွားသဖြင့် ကြောက်လန့်ဖွယ် ကောင်းသည့် သဘောကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ဒုက္ခဟုလည်းကောင်း,
၃။ ယင်း သင်္ခါရတရားတို့၌ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် အတ္တမရှိသည့်သဘောကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနတ္တဟုလည်းကောင်း ----
ဤသို့ အသီးအသီး ဝိပဿနာရှုပါ။
ရှုစိတ်ဟူသည်
စိတ္တန္တိ စေတ္ထ သသမ္ပယုတ္တစိတ္တံ အဓိပ္ပေတံ။ (ပဋိသံ၊ဋ္ဌ၊၁၊၂၃၉။)
ဤဝိပဿနာအရာ၌ ရှုတတ်သော ဝိပဿနာစိတ်ဟူသည် သမ္ပယုတ်ယှဉ်ဖက် စေတသိက်များနှင့် တကွသော ဝိပဿနာစိတ်ကိုသာ အလိုရှိအပ်ပေသည်။ ယင်း ယှဉ်ဖက်သမ္ပယုတ်တရားများနှင့် တကွသော ဝိပဿနာ စိတ်၌ ဉာဏ်သည် ပြဓာန်းလျက်ရှိ၏၊ ထို့ကြောင့် ယင်းဉာဏ်ပြဓာန်းသော ယှဉ်ဖက်သမ္ပယုတ်တရားများနှင့် တကွသော ဝိပဿနာစိတ်ကို ပဓာနနည်းအားဖြင့် ဉာတ-ဉာဏ နှစ်မျိုးတို့တွင် ဉာဏ-ဟု ခေါ်ဝေါ်သုံးစွဲထားပေသည်။ ဤဖွင့်ဆိုချက်များနှင့်အညီ ဝိပဿနာစိတ် ဝိပဿနာဉာဏ် = ရှုသည့်စိတ် ရှုသည့်ဉာဏ်ဟုဆိုလျှင် ယှဉ်ဖက်သမ္ပယုတ်တရားတို့နှင့် တကွသော ဝိပဿနာနာမ်တရားစု အားလုံးကိုပင် ဆိုလိုသည်ဟု မှတ်ပါ။ ယင်း နာမ်တရားစုတို့မှာ ပုထုဇန်အဆင့်တွင်သာ တည်ရှိနေသေးသော အသင်သူတော်ကောင်းအဖို့ မဟာကုသိုလ် မနောဒွါရိက ဝိပဿနာဇော နာမ်တရားစုတို့သာ ဖြစ်ကြသည်။ ထိုကြောင့် ဉာဏတရားကို ဝိပဿနာရှုလိုသော် ဝိပဿနာဉာဏ် ပြဓာန်းသော မဟာကုသိုလ် မနောဒွါရိက ဇောဝီထိ နာမ်တရားစုတို့ကိုပင် ဝိပဿနာရှုပါ။ ဤ ဘင်္ဂဉာဏ်ပိုင်းတွင် ယေဘုယျအားဖြင့် တဒါရုံ မကျတတ်ပေ။ မနောဒွါရာဝဇ္ဇန်း (၁)ကြိမ်, ဇော (၇)ကြိမ် အနေအား ဖြင့် များသောအားဖြင့် ဖြစ်တတ်၏။ ဇော၌ ပီတိပါ-မပါ = ယှဉ်-မယှဉ် နှစ်မျိုး ရှိနိုင်၏။ ပီတိယှဉ် ဉာဏ်ယှဉ်သော် နာမ်တရား (၃၄)လုံးစီ ရှိ၏။ ပီတိ မယှဉ်ဘဲ ဉာဏ်သာ ယှဉ်သော် နာမ်တရား (၃၃)လုံးစီ ရှိမည် ဖြစ်၏။
ရှုကွက်ပုံစံများ
သင်္ခါရတရားတို့ကို လက္ခဏာရေးတင်ကာ ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ရှုပွားသုံးသပ်လျက်ရှိသော အသင်သူတော်ကောင်း၏ ဝိပဿနာဉာဏ်များသည် ထက်မြက်စူးရှ သန့်ရှင်းလာခဲ့သော် ရှေးရှေးသော ဝိပဿနာ ဘာဝနာဉာဏ်တို့၏ အားကြီးသော မှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါ သတ္တိထူးကြီးကို ဆက်ခံလာခဲ့ရသော နောက်နောက်သော ဝိပဿနာဉာဏ်တို့နှင့် ယှဉ်တွဲလျက်ရှိသော သတိသည် သင်္ခါရတရားတို့၏ ကုန်မှု ပျက်မှု ပြိုမှု ချုပ်မှုသဘော၌သာလျှင် ကောင်းစွာ တည်နေပေလိမ့်မည်။ ထိုအခါ -----
၁။ ယင်းသင်္ခါရတရားတို့၏ ကုန်မှု ပျက်မှု ပြိုမှု ချုပ်မှု သဘောကို အာရုံယူ၍ = ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အနိစ္စ-အနိစ္စ ဟု ရှုပါ။
၂။ ယင်းသင်္ခါရတရားတို့၏ ကုန်ကုန် ပျက်ပျက် ပြိုပြို ပျောက်ပျောက် ချုပ်ချုပ်နေသဖြင့် ကြောက်လန့်ဖွယ် ကောင်းသည့် အနက်သဘောကို အာရုံယူ၍ = ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ဒုက္ခ-ဒုက္ခ ဟု ရှုပါ။
၃။ ယင်းသင်္ခါရတရားတို့၏ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် ခိုင်မာသည့် အနှစ်သာရ အတ္တ မဟုတ်သည့် သဘောကို အာရုံယူ၍ = ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနတ္တ-အနတ္တ-ဟု ရှုပါ။
နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ရေးသားတင်ပြထားသည့်အတိုင်း အဇ္ဈတ္တဗဟိဒ္ဓသန္တာန် နှစ်ပါးလုံး၌--
၁။ ရံခါ ရုပ်သက်သက်ကို,
၂။ ရံခါ နာမ်သက်သက်ကို,
၃။ ရံခါ ရုပ်-နာမ် နှစ်မျိုးလုံးကို ----
လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်၍ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဝိပဿနာရှုပါ။ ရံခါ အဇ္ဈတ္တ, ရံခါ ဗဟိဒ္ဓ, ရံခါ ရုပ်တရား, ရံခါ နာမ်တရားတို့ကို ရံခါ အနိစ္စလက္ခဏာကိုတင်၍ ရံခါ ဒုက္ခလက္ခဏာကိုတင်၍ ရံခါ အနတ္တလက္ခဏာကိုတင်၍ ရှုရမည့်အပိုင်းပင် ဖြစ်ပေသည်။ ထိုသို့ရှုရာ၌ ဗဟိဒ္ဓ၌ ချဲ့နိုင်သမျှ ချဲ့ထွင်၍ ရှုပါ။ အတိတ် အနာဂတ် ခန္ဓာတို့၌လည်း အလားတူပင် ဝိပဿနာရှုပါ။ ထိုသို့ရှုရာ၌ မိမိသိမ်းဆည်းနိုင်သမျှ အတိတ်အဆက်ဆက်မှသည် ပစ္စုပ္ပန်၊ ပစ္စုပ္ပန်မှသည် အနာဂတ် ဆုံးသည့်အထိ တိုးလျှိုပေါက် -----
၁။ ရုပ်သက်သက်ကိုလည်းကောင်း,
၂။ နာမ်သက်သက်ကိုလည်းကောင်း,
၃။ ရုပ်-နာမ် နှစ်မျိုးလုံးကိုလည်းကောင်း ---
လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်၍ တွင်တွင်ကြီး ဝိပဿနာရှုပါ။ ရံခါ အဇ္ဈတ္တ, ရံခါ ဗဟိဒ္ဓ, ရံခါ ရုပ်တရား, ရံခါ နာမ်တရားတို့ကို ရှုပါ။ ယင်း ရုပ်-နာမ်တို့ကို ငါးပုံ ပုံ၍ ခန္ဓာငါးပါးနည်းဖြင့်လည်း အလားတူပင် ဝိပဿနာရှုပါ။
သတိပြုရန် ---- ထိုသို့ လက္ခဏာယာဉ် သုံးချက်ကို တစ်လှည့်စီတင်၍ ဝိပဿနာရှုရာ၌ သင်္ခါရတရားတို့၏ ပျက်မှုသဘောကား မြန်ချင်သလောက် မြန်ပါစေ၊ အနိစ္စဟု သို့မဟုတ် ဒုက္ခဟု သို့မဟုတ် အနတ္တဟု လက္ခဏာရေး တင်၍ ဝိပဿနာရှုမှုမှာ ခပ်ဖြည်းဖြည်းသာ ဖြစ်ပါစေ။ ဝီထိပေါင်းများစွာ၏ သို့မဟုတ် စိတ္တက္ခဏပေါင်းများစွာ၏ ပျက်မှုသဘောကို မြင်ချင် မြင်နေပါစေ၊ မြင်အောင်လည်း ကြိုးစားပါ။ ကုဋေပေါင်းများစွာသော နာမ်တရားစုတို့၏ = စိတ္တက္ခဏတို့၏ ပျက်မှုကို အလွန်တိုတောင်းလှသော အချိန်ကာလအတွင်း၌ မြင်နိုင်သမျှ မြင်အောင် ကြိုးစားပါ။ သို့သော် မြင်နိုင်သမျှ စိတ္တက္ခဏတိုင်း၏ ပျက်မှုတိုင်းကို အနိစ္စဟု လက္ခဏာယာဉ်တင်၍ အမီလိုက်ရှုရန် မဟုတ်ပါ။ စိတ္တက္ခဏပေါင်းများစွာ၏ ပျက်မှုကို အာရုံယူ၍ အနိစ္စ-အနိစ္စဟု ဤသို့စသည်ဖြင့် ခပ်ဖြည်းဖြည်းသာ လက္ခဏာယာဉ်တင်၍ ဝိပဿနာရှုပါ။ ရုပ်တရားတို့၌လည်း နည်းတူပင် မှတ်ပါ။ ဒုက္ခအနတ္တတို့ကိုလည်း နည်းတူပင် ရှုပါ။
ဘင်္ဂဉာဏ်၏ မှတ်ကျောက် တစ်ခု
ယောဂါဝစရပုဂ္ဂိုလ်သည် ဒိဋ္ဌိဝိသုဒ္ဓိစခန်း နာမရူပပရိစ္ဆေဒဉာဏ်ခန်းမှ စ၍ ရုပ်တရား နာမ်တရားတို့ကို ရုပ်ဃန နာမ်ဃနဟူသော ရုပ်တုံး ရုပ်ခဲများ ပြိုအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ရှုပွားလာရာ ယခုအခါ ဘင်္ဂဉာဏ်ပိုင်းသို့ ရောက်ရှိလာပြီ ဖြစ်၏။ ဘင်္ဂဉာဏ်သို့ မရောက်ရှိသေးမီ အပိုင်း အသီးအသီး၌ကား -----
၁။ အကြောင်း ရုပ်နာမ် သင်္ခါရ, အကျိုး ရုပ်နာမ် သင်္ခါရတို့၏ ဖြစ်မှု ဥပါဒ်သဘောကိုလည်း တွေ့မြင်နေရသေး၏။
၂။ ထိုသင်္ခါရတရားတို့၏ အခိုက်အတန့်အားဖြင့် တည်မှု ဇရာသဘော = ဌီသဘောကိုလည်း တွေ့မြင်နေ ရသေး၏။
၃။ အကြောင်းတရားတို့၏ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုး ဝိပါက်ခန္ဓာတို့၏ ထင်ရှားဖြစ်ခြင်းဟူသော ဥပါဒိန္နက ပဝတ္တိ = ဘဝပဝတ္တိ = ဘဝ၏ ဖြစ်ခြင်း သဘောတရားများကိုလည်း တွေ့မြင်နေရသေး၏။
၄။ ရုပ်ဃန နာမ်ဃနများကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ရှုပွားနေ သော်လည်း ရံခါ မရှုလိုက်မိ မရှုလိုက်နိုင်သော ရုပ်ကလာပ် နာမ်ကလာပ် အချို့လည်း ရှိနေတတ်သေး၏၊ ရုပ်ကလာပ် နာမ်ကလာပ်တို့၏ အလွန့်အလွန် များပြားမှု အလွန့်အလွန် လျင်လျင်မြန်မြန် ဖြစ်မှုများကြောင့်ပင် ဖြစ်၏။ မရှုလိုက်မိ မရှုလိုက်နိုင်သော ရုပ်ကလာပ် နာမ်ကလာပ်များ၌ သမူဟဃန ကိစ္စဃန စသည့် ဃန = အတုံးအခဲများသည် မပြိုသဖြင့် အသေးဆုံး အတုံးအခဲဟု ဆိုအပ်သော ရုပ်ကလာပ် နာမ်ကလာပ်အတိုင်း တွေ့နေရတတ်သေး၏။
သို့သော် ဤဘင်္ဂဉာဏ်ပိုင်းသို့ ဆိုက်ရောက်လာသောအခါ၌ကား ဝိပဿနာဉာဏ်သည် အလွန်ထက်မြက် စူးရှ သန့်ရှင်းလာသောကြောင့် သင်္ခါရတရားတို့သည် ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ အလွန့်အလွန် လျင်လျင် မြန်မြန် ထင်လာကြကုန်၏။
သို့သော် ဤအရာ၌ အသင်သူတော်ကောင်းသည် အယူအဆ မမှားစေလိုပါ။ သင်္ခါရတရားတို့သည် ယခုမှ လျင်လျင်မြန်မြန် ဖြစ်ပေါ်နေသည်ဟု ဆိုလိုရင်း မဟုတ်သည်ကို သတိပြုပါ။ သင်္ခါရတရားတို့ကား မျက်စိတစ်မှိတ် လျှပ်တစ်ပြက် အတွင်း၌ပင် အကြိမ်ကုဋေပေါင်းများစွာ ဖြစ်နိုင်ပျက်နိုင်သော တရားများသာ ဖြစ်ကြ၏။ ယင်း သင်္ခါရတရားတို့၏ ယင်းကဲ့သို့ ဖြစ်ပျက်နေသော မူလပုံစံမှန်သဘာဝကို ဝိပဿနာဉာဏ် မထက်မြက် မစူးရှသေးခင်က မသိ မမြင်ရသေး၊ ယခုဘင်္ဂဉာဏ်ပိုင်းသို့ ရောက်ရှိလာပါမှ ဝိပဿနာဉာဏ်များလည်း ထက်မြက်စူးရှ လာသဖြင့် သင်္ခါရတရားတို့၏ ယင်းကဲ့သို့သော မူလပုံစံမှန် သဘာဝကို သိခြင်း မြင်ရခြင်း ဖြစ်သည်ဟုသာ ဆိုလိုရင်း ဖြစ်သည်။ ဝိပဿနာဉာဏ်က အလွန်ထက်မြက် စူးရှ သန့်ရှင်းလာသောကြောင့် သင်္ခါရတရားတို့သည် ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ အလွန့်အလွန် လျင်လျင်မြန်မြန် ထင်လာလတ်ကုန်သော် -----
၁။ သင်္ခါရတရားတို့၏ ဖြစ်မှု ဥပါဒ်သဘောကိုလည်း ဉာဏ်ဖြင့် မီအောင် မလိုက်နိုင် ရှိနေ၏။
၂။ သင်္ခါရတရားတို့၏ တည်မှု = ဌီသဘော = ဇရာသဘောကိုလည်း ဉာဏ်ဖြင့် မီအောင် မလိုက်နိုင် ရှိနေ၏။
၃။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံစသော အကြောင်းတရားတို့၏ ထင်ရှား ဖြစ်ခြင်းကြောင့် = ထင်ရှား ရှိခြင်းကြောင့် အကျိုး ဝိပါက်ခန္ဓာတို့၏ ထင်ရှား ဖြစ်ပေါ်လာခြင်းဟူသော ဘဝပဝတ္တိ = ဘဝ၏ ဖြစ်ခြင်း သဘောကိုလည်း ဉာဏ်ဖြင့် မီအောင် မလိုက်နိုင် ရှိနေ၏။
အဘယ်ကြောင့်နည်းဟူမူ ----- န သမ္ပာပုဏာတိ အဂ္ဂဟဏတော။ (မဟာဋီ၊၂၊၄၃၉။) ယင်းသင်္ခါရ တရားတို့၏ ဥပ္ပါဒ, ဌိတိ, ပဝတ္တ, နိမိတ္တတို့ကို ယောဂါဝစရပုဂ္ဂိုလ်က ဉာဏ်ဖြင့် ပိုင်းခြား မယူခြင်းကြောင့် နှလုံး မသွင်းခြင်းကြောင့် ယင်းသင်္ခါရတရားတို့၏ အပျက်သက်သက်ကိုသာ နှလုံးသွင်းခြင်းကြောင့် ဖြစ်၏။ ယင်းသို့ သင်္ခါရတရားတို့၏ အပျက်သက်သက်ကိုသာ တစ်ဖက်သတ် နှလုံးသွင်းသဖြင့် သင်္ခါရတရားတို့၏ အပျက် သက်သက်ကိုသာ မြင်သောအခါ အကြောင်းသင်္ခါရ အကျိုးသင်္ခါရတရားတို့၏ ဖြစ်မှု ဥပါဒ်သဘော, တည်မှု ဌီသဘောသို့ပင် ဝိပဿနာဉာဏ်သည် မသက်ဝင်နိုင်တော့ဘဲ ယင်းကြောင်း-ကျိုး သင်္ခါရတရားတို့၏ ခဏမစဲ တသဲသဲ ကုန်ကုန် ပျက်ပျက် ပြိုပြို ပျောက်ပျောက်နေသော ခဏိကနိရောဓခေါ်သော ချုပ်ပျက်မှုသဘော၌သာ ဝိပဿနာဉာဏ်သည် သက်ဝင်၍ ကောင်းစွာ တည်နေ၏။ အကြောင်းတရားတို့၏ ထင်ရှားဖြစ်ခြင်း အကျိုး တရားတို့၏ ထင်ရှားဖြစ်ခြင်းဟူသော ဥပါဒ်သဘောသို့ပင် ဝိပဿနာဉာဏ်သည် မသက်ဝင်နိုင် ဖြစ်နေသဖြင့် အကြောင်းတရား ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရား ထင်ရှားဖြစ်ခြင်းဟူသော ဥပါဒိန္နကပဝတ္တိသဘောသို့ လည်း ဝိပဿနာဉာဏ်သည် မသက်ဝင်နိုင်တော့ပေ။
၄။ တစ်ဖန် ဤဘင်္ဂဉာဏ်ပိုင်း၌ ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်သည် အလွန်ထက်မြက် စူးရှလာသောကြောင့် သမူဟဃန ကိစ္စဃနများ မပြိုသေးသော ရုပ်တုံးရုပ်ခဲများကိုလည်း မတွေ့မမြင်ရတော့ပေ။ ဤ၌ သမူဟ ဃန ကိစ္စဃန မပြိုသေးသော ရုပ်တုံးရုပ်ခဲဟူသည် ရုပ်ကလာပ်များပင် ဖြစ်ကြ၏။ ဤအပိုင်း၌ သဝိဂ္ဂဟဟူသော အထည်ကိုယ် သဏ္ဌာန်ဒြပ် ရှိသကဲ့သို့သော အတုံးအခဲများမှာ ရုပ်ကလာပ်များပင် ဖြစ်ကြ၏။ သဝိဂ္ဂဟဟူသော အထည်ကိုယ် သဏ္ဌာန်ဒြပ် ရှိသကဲ့သို့သော အသေးဆုံး အတုံးအခဲဖြစ်သည့် ယင်းရုပ်ကလာပ်များကိုလည်းကောင်း, နာမ်ကလာပ်များကိုလည်းကောင်း သင်္ခါရတရားဟု သိကြောင်း အမှတ်အသားများ ဖြစ်ခြင်းကြောင့် သင်္ခါရနိမိတ် ဟု ခေါ်ဆို၏၊ ယင်းသင်္ခါရနိမိတ်များကိုလည်း ဝိပဿနာဉာဏ်က မတွေ့မြင်တော့ပေ။ အကြောင်းမူ ကုန်ကုန် ပျက်ပျက် ပြိုပြို ပျောက်ပျောက် ချုပ်ချုပ်နေသည့် ခဏိကနိရောဓသို့ ဆိုက်ရောက်နေသော ရုပ်ပရမတ်သက်သက်ကိုသာ တွေ့မြင်နေသောကြောင့် ဖြစ်သည်။ ရုပ်ကလာပ် နာမ်ကလာပ်ဟူသော အတုံးအခဲများကို ဝိပဿနာ ဉာဏ်ဖြင့် မတွေ့မြင်ရသော်လည်း ရုပ်ပရမတ်သဘောတရား နာမ်ပရမတ်သဘောတရားတို့ကို ရှေးယခင်အပိုင်းများနှင့် မတူဘဲ ဤဘင်္ဂဉာဏ်ပိုင်းတွင် သန့်သန့်ရှင်းရှင်းနှင့် အလွန့်အလွန်ပင် ထင်ထင်ရှားရှား တွေ့မြင်နေရ တတ်ပေသည်။
ဤဘင်္ဂဉာဏ်ပိုင်းတွင် ယောဂါဝစရပုဂ္ဂိုလ်သည် အထက်တွင် ဖော်ပြထားသော ဥပ္ပါဒ-ဌိတိ-ပဝတ္တ-နိမိတ္တ တို့ကို နှလုံးမသွင်းခြင်းကြောင့် ဝိပဿနာဉာဏ်ဖြင့် လိုက်၍ မမီခြင်းဖြစ်သည်ဟူသော စကားအရ ယင်း ဥပ္ပါဒ -ဌိတိ-ပဝတ္တ-နိမိတ္တတို့ကို နှလုံးသွင်းပါက ဝိပဿနာဉာဏ်ဖြင့် လိုက်၍ မီနိုင်သေးသည်ဟူသော အချက်ကိုလည်း သတိပြု မှတ်သားပါလေ။
ကာလသုံးပါး, သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော သင်္ခါရတရားတို့၏ အပျက်သက်သက်ကိုသာ တစ်ဖက်သတ် နှလုံးသွင်း၍ ဝိပဿနာရှုပွားသဖြင့် အပျက်သက်သက်ကိုသာ သန့်သန့်ရှင်းရှင်း မြင်တွေ့နေသောအခါ ရုပ်ကလာပ်များကိုလည်း မမြင်တော့ဘဲ ရုပ်ပရမတ်သက်သက် နာမ်ပရမတ်သက်သက်ကိုသာ ဉာဏ်အမြင် ဆိုက်သွားသောအခါ ရှုနေသည့် ဘင်္ဂါနုပဿနာဉာဏ် ဦးဆောင်ပြဓာန်းသည့် မဟာကုသိုလ် ဝိပဿနာ မနောဒွါရိက ဇောဝီထိ စိတ်အစဉ်ကိုလည်း တစ်ဖန်ပြန်၍ လက္ခဏာရေးတင်ကာ ဝိပဿနာရှုပါ။
၁။ ရုပ် ရှု ----- ရုပ် - ပျက် - အနိစ္စ၊
ရှုသည့်ဉာဏ်လည်း ပျက် - အနိစ္စ။
၂။ နာမ် ရှု ---- နာမ် - ပျက် - အနိစ္စ၊
ရှုသည့်ဉာဏ်လည်း - ပျက် - အနိစ္စ။
၃။ ရုပ်-နာမ် ရှု ----- ရုပ်-နာမ် - ပျက် - အနိစ္စ၊
ရှုသည့်ဉာဏ်လည်း - ပျက် - အနိစ္စ။
၄။ အကြောင်း ရှု ----- အကြောင်းတရား - ပျက် - အနိစ္စ၊
ရှုသည့်ဉာဏ်လည်း - ပျက် - အနိစ္စ။
၅။ အကျိုး ရှု ---- အကျိုးတရား - ပျက် - အနိစ္စ၊
ရှုသည့်ဉာဏ်လည်း - ပျက် - အနိစ္စ။
(ဒုက္ခ - အနတ္တတို့ကိုလည်း နည်းတူ ရှုပါ။)
ဤအထက်ပါ ရှုကွက်ကို ရှုရာ၌ နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ဖော်ပြထားသည့်အတိုင်း (၆)လိုင်းလုံးကို ကုန်စင်အောင် ရှုပါ။ အဇ္စျတ္တ ဗဟိဒ္ဓ သန္တာန် နှစ်ပါးလုံး၌ ရှုပါ။ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးလုံး၌ လည်း ပုံစံတူပင် ရှုပါ။ ဤအပိုင်းတွင် ရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာသော ရုပ်တရားကို ဝိပဿနာရှုနေသော ဝိပဿနာဉာဏ်ကိုသာ = ဝိပဿနာဉာဏ်ဦးဆောင်သည့် မဟာကုသိုလ် မနောဒွါရိကဇောဝီထိ နာမ်တရား စုကိုသာ တစ်ဖန်ပြန်၍ ဝိပဿနာ ရှုရသည်မဟုတ်သေး၊ နာမ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာသော = နာမ်တရားကို ဝိပဿနာရှုနေသော ဝိပဿနာဉာဏ်ကိုလည်း = ဝိပဿနာဉာဏ် ဦးဆောင်သည့် မဟာကုသိုလ် မနောဒွါရိက ဇောဝီထိ နာမ်တရားစုကိုလည်း တစ်ဖန်ပြန်၍ ဝိပဿနာရှုရမည်သာ ဖြစ်ပေသည်။ အထက်တွင် ရေးသားတင်ပြထားသော ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌ ----- ခန္ဓာငါးပါး, အာယတန တစ်ဆယ့်နှစ်ပါး, ဓာတ် တစ်ဆယ့်ရှစ်ပါး, လောကီဣန္ဒြေတရားများ, ပဋိစ္စသမုပ္ပါဒ် အင်္ဂါ တစ်ဆယ့်နှစ်ပါးတို့ကို အာရုံပြု၍ ဝိပဿနာ ရှုနေသော ဉာဏ်ကို တစ်ဖန်ပြန်၍ ဝိပဿနာရှုရန် ညွှန်ကြားထားသည့်အချက်ကို ပြန်လည်၍ သတိပြုပါ။
ဤအပိုင်းတွင် ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့၏ အပျက်သက်သက်ကို အာရုံပြု၍လည်း လက္ခဏာရေးသုံးတန် တင်ကာ ဝိပဿနာရှုပါ။ ထိုသို့ ရှုရာ၌ အဇ္စျတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါး, အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးလုံး၌ မိမိသိမ်းဆည်းထားသမျှ အတိတ်အဆက်ဆက်မှသည် အနာဂတ်ဆုံးသည့်အထိ ရှုပါ။ သို့သော် ----- အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရဖြစ်ပုံ စသည့် ကြောင်း-ကျိုး ဆက်နွယ်မှုသဘောကို အာရုံမယူပါနှင့်။
၁။ အဝိဇ္ဇာ - ပျက် - အနိစ္စ။ ရှုသည့်ဉာဏ်လည်း ပျက် - အနိစ္စ။
၂။ သင်္ခါရ - ပျက် - အနိစ္စ။ ရှုသည့်ဉာဏ်လည်း ပျက် - အနိစ္စ။
ဤသို့စသည်ဖြင့် ထိုထိုအင်္ဂါရပ်တို့၏ အပျက်သက်သက်ကို တစ်ဖက်သတ် နှလုံးသွင်း၍ ဝိပဿနာရှုပါ။ ထိုသို့ ရှုရာ၌ မည်သည့်ဘဝ၌ မည်ကဲ့သို့သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ ဖြစ်ခဲ့သည် ဖြစ်ဆဲဖြစ်သည် ဖြစ်လတ္တံ့ ဖြစ်သည်ကို ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးပဋိစ္စသမုပ္ပါဒ်ပိုင်းကတည်းက သိပြီး ဖြစ်နေ၏။ ထိုအတိုင်း သာ ရှုပါ။
ဤဘင်္ဂဉာဏ်ပိုင်းတွင် သင်္ခါရတရားတို့၌ ဖြစ်မှု ထင်ရှားရှိနေသည် မှန်ပါလျက် အဖြစ်ကို နှလုံးမသွင်းဘဲ အပျက်သက်သက်ကိုသာလျှင် အဘယ်ကြောင့် နှလုံးသွင်းနေရပါသနည်းဟူမူ ----- သင်္ခါရတရားတို့၌ ငြီးငွေ့ ရွံမုန်းစက်ဆုပ်သည့် နိဗ္ဗိဒါနုပဿနာဉာဏ်စသော အထက်အထက်သော ဝိပဿနာဉာဏ်များကို ရရှိနိုင်ရန် အလို့ငှာ ဝိပဿနာဉာဏ်များကို တစ်စထက် တစ်စ ရင့်ကျက်လာရန် အလို့ငှာ ယင်းသို့ ရင့်ကျက်သော ဝိပဿနာ ဉာဏ်တို့ကသာလျှင် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို အားကြီးသော မှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးနိုင်သဖြင့် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိရန်အလို့ငှာ သင်္ခါရတရားတို့၏ အပျက်သက်သက်ကိုသာ အာရုံယူ၍ ဝိပဿနာ ရှုခြင်းဖြစ်သည်ဟု ဖြေဆိုလေရာ၏။
သတိပဋ္ဌာန် လေးပါး = အနုပဿနာ လေးပါး
အသင်သူတော်ကောင်းသည် ဤဘင်္ဂဉာဏ်ပိုင်း၌လည်း ကာယ, ဝေဒနာ, စိတ္တ, ဓမ္မတည်းဟူသော အနုပဿနာနည်း အမျိုးမျိုးတို့ဖြင့် အသင်သူတော်ကောင်း နှစ်ခြိုက်သလို ဝိပဿနာ ရှုနိုင်ပေသည်။
၁။ ရုပ်တရားကို အဦးမူ၍ ရုပ်နာမ်တို့ကို သိမ်းဆည်းလျက် ယင်းရုပ်နာမ်တို့၏ အပျက်ကို အာရုံယူ၍ ဝိပဿနာ ရှုသော်, ယင်းဝိပဿနာဉာဏ်ကိုလည်း တစ်ဖန်ပြန်၍ ဝိပဿနာရှုသော် ကာယာနုပဿနာသတိပဋ္ဌာန်သို့ သက်ဝင်၏။
၂။ ဝေဒနာကို အဦးမူ၍ ရုပ်နာမ်တို့ကို သိမ်းဆည်းလျက် ယင်းရုပ်နာမ်တို့၏ အပျက်ကို အာရုံယူ၍ ဝိပဿနာ ရှုသော်, ယင်းဝိပဿနာဉာဏ်ကိုလည်း တစ်ဖန်ပြန်၍ ဝိပဿနာရှုသော် ဝေဒနာနုပဿနာသတိပဋ္ဌာန်သို့ သက်ဝင်၏။
၃။ အသိစိတ် ဝိညာဏ်ကို အဦးမူ၍ ရုပ်နာမ်တို့ကို သိမ်းဆည်းလျက် ယင်းရုပ်နာမ်တို့၏ အပျက်ကို အာရုံယူ၍ ဝိပဿနာရှုသော်, ယင်းဝိပဿနာဉာဏ်ကိုလည်း တစ်ဖန်ပြန်၍ ဝိပဿနာရှုသော် စိတ္တာနုပဿနာ သတိပဋ္ဌာန်သို့ သက်ဝင်၏။
၄။ ဖဿကို အဦးမူ၍ ရုပ်နာမ်တို့ကို သိမ်းဆည်းလျက် ယင်းရုပ်နာမ်တို့၏ အပျက်ကို အာရုံယူ၍ ဝိပဿနာ ရှုသော်, ယင်းဝိပဿနာဉာဏ်ကိုလည်း တစ်ဖန်ပြန်၍ ဝိပဿနာရှုသော် ဓမ္မာနုပဿနာသတိပဋ္ဌာန်သို့ သက်ဝင်၏။ ခန္ဓာငါးပါးနည်း, အာယတန တစ်ဆယ့်နှစ်ပါးနည်းစသည်တို့ဖြင့် ဝိပဿနာ ရှုပွားသုံးသပ်ခဲ့သော်, ယင်းဝိပဿနာဉာဏ်ကိုလည်း တစ်ဖန်ပြန်၍ ဝိပဿနာရှုပွားသုံးသပ်ခဲ့သော် ဓမ္မာနုပဿနာ သတိပဋ္ဌာန်သို့ပင် သက်ဝင်၏။
ရုပ်နာမ်နှစ်ပါးနည်း, ခန္ဓာငါးပါးနည်း, ပဋိစ္စသမုပ္ပါဒ်နည်းတို့ဖြင့် ပစ္စုပ္ပန်တွင် ဝိပဿနာရှု၍ အားရကျေနပ်မှု ရသောအခါ အတိတ်အဆက်ဆက်မှသည် အနာဂတ်ဆုံးသည့် တိုင်အောင်သော ကာလသုံးပါး အတွင်း၌ တည်ရှိသော သင်္ခါရတရားတို့ကိုလည်း အလားတူပင် ရုပ်နာမ်နှစ်ပါးနည်း, ခန္ဓာငါးပါးနည်း, ပဋိစ္စသမုပ္ပါဒ်နည်း တို့ဖြင့် ဆက်လက်၍ ဝိပဿနာရှုပါ။ ရံခါ ရှုနေသည့် ဝိပဿနာဉာဏ်ကိုလည်း တစ်ဖန်ပြန်၍ ဝိပဿနာရှုပါ။
ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် စာမျက်နှာ (၅၅)တွင် ဘင်္ဂါနုပဿနာဉာဏ်၏ အရှုခံအာရုံ ပရမတ္ထဓာတ်သားတို့ကို ထုတ်ဆောင် ဟောကြားပြသရာ၌ ----- ဇရာရမ္မဏတာ စိတ္တံ ဥပ္ပဇ္ဇိတွာ ဘိဇ္ဇတိ၊ တံ အာရမ္မဏံ ပဋိသင်္ခါ တဿ စိတ္တဿ ဘင်္ဂံ အနုပဿတိ။ (ပဋိသံ၊၅၅။) ----- ဤသို့စသည်ဖြင့် အဝိဇ္ဇာမှသည် ဇရာမရဏသို့တိုင်အောင်သော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကိုပါ ထည့်သွင်း၍ ဟောကြားထားတော်မူ၏။ ယင်း ခန္ဓာငါးပါး, အာယတန (၁၂)ပါး တို့ကိုလည်း ထည့်သွင်း ဟောကြားထားတော်မူ၏။ ယင်း ခန္ဓာငါးပါးတို့တွင် အထက်တွင် ရှင်းလင်း တင်ပြခဲ့သော စူဠသစ္စကသုတ္တန်နှင့်အညီ သေက္ခဘုံ အသေက္ခဘုံသို့ ဆိုက်ရောက်ရေးအတွက် ပစ္စုပ္ပန်ခန္ဓာငါးပါးတွင်သာမက အတိတ်-အနာဂတ်ခန္ဓာတို့လည်း ပါဝင်ကြသည်ဟု မှတ်ပါ။ ထိုကြောင့် -----
၁။ ရုပ်နာမ်နှစ်ပါးနည်း,
၂။ ခန္ဓာငါးပါးနည်း,
၃။ အာယတန (၁၂)ပါး, ဓာတ် (၁၈)ပါးနည်း,
၄။ ပဋိစ္စသမုပ္ပါဒ်နည်းတို့ဖြင့် -----
ယင်း သင်္ခါရတို့၏ အပျက်သက်သက်ကို အာရုံယူ၍ ပစ္စုပ္ပန်တွင် ဝိပဿနာရှု၍ အားရကျေနပ်မှု ရရှိသော အခါ မိမိ စွမ်းအားရှိသမျှ ရှုထားပြီးသည့် အတိတ် အဆက်ဆက်မှသည် အနာဂတ် ဆုံးသည်တိုင်အောင်သော ကာလသုံးပါးအတွင်း၌ တည်ရှိသော သင်္ခါရတရားတို့ကိုလည်း အလားတူပင် ရုပ်နာမ်နှစ်ပါးနည်း, ခန္ဓာငါးပါးနည်း, အာယတနနည်း, ပဋိစ္စသမုပ္ပါဒ်နည်း စသည်တို့ဖြင့် ယင်းသင်္ခါရတို့၏ အပျက်ကို အာရုံယူ၍ ဆက်လက်၍ ဝိပဿနာ ရှုပါ။ ရံခါ ရှုနေသည့် ဝိပဿနာဉာဏ်ကိုလည်း တစ်ဖန်ပြန်၍ ဝိပဿနာရှုပါ။
ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကို ဝိပဿနာရှုရာ၌ကား အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရဖြစ်ပုံစသည့် ဥပါဒိန္နကပဝတ္တ အမည်ရသည့် အကြောင်းကြောင့် အကျိုးဖြစ်ပုံကို နှလုံးမသွင်းတော့ဘဲ အဝိဇ္ဇာ၏ ပျက်မှု, ရှုသည့် ဝိပဿနာဉာဏ်၏ ပျက်မှု, သင်္ခါရ၏ ပျက်မှု, ရှုသည့် ဝိပဿနာဉာဏ်၏ ပျက်မှု စသည့် အပျက်သက်သက်ကိုသာ အာရုံယူ၍ လက္ခဏာယာဉ်တင်ကာ ဝိပဿနာရှုပါ။
တစ်ဖန် အာဒိတ္တပရိယာယသုတ္တန် (သံ၊၂၊၃၇၇-၃၇၉။) စသော သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်များ၌ ဘုရားရှင် ညွှန်ကြားထားတော်မူသည့်အတိုင်း ဝတ္ထု + အာရုံ + ဝေဒနာ, ဝတ္ထု +အာရုံ + ဝိညာဏ်, ဝတ္ထု + အာရုံ + ဖဿ - ဟူသော ရှုကွက်များအတိုင်းလည်း ရှုလိုက ရှုနိုင်ပါသည်။ အသင်သူတော်ကောင်းသည် နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများကို တစ်ဖန်ပြန်၍ အာရုံယူထားပါ။ ယင်းဇယားများတွင် စိတ္တက္ခဏ အသီးအသီး၌ မှီရာ ဝတ္ထုရုပ်များကိုလည်း ဖော်ပြထား၏၊ အာရုံရုပ်များကိုလည်း ဖော်ပြထား၏၊ နာမ်တရားစုတို့ကိုလည်း ဖော်ပြထား၏။ ယင်းနာမ်တရားစုတို့ကို ဝေဒနာကို အဦးမူ၍ သိမ်းဆည်းလျက် ဝိပဿနာရှုပွားခဲ့သော် ဝတ္ထု + အာရုံ + ဝေဒနာ ရှုကွက် ဖြစ်၏၊ ဝေဒနာနုပဿနာသတိပဋ္ဌာန်သို့ သက်ဝင်၏။ အသိစိတ် ဝိညာဏ်ကို အဦးမူ၍ ယင်းနာမ်တရားတို့ကို သိမ်းဆည်းလျက် ဝိပဿနာ ရှုပွားခဲ့သော် ဝတ္ထု + အာရုံ + ဝိညာဏ် ရှုကွက် ဖြစ်၏၊ စိတ္တာနုပဿနာသတိပဋ္ဌာန်သို့ သက်ဝင်၏။ ဖဿကို အဦးမူ၍ ယင်းနာမ်တရားတို့ကို သိမ်းဆည်းလျက် ဝိပဿနာ ရှုပွားခဲ့သော် ဝတ္ထု + အာရုံ + ဖဿ ရှုကွက် ဖြစ်၏၊ ဓမ္မာနုပဿနာသတိပဋ္ဌာန်သို့ သက်ဝင်၏။ မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်တို့ကို ပူးတွဲ သိမ်းဆည်းပြီးမှ ယင်းနာမ်တရားစုတို့ကို ဝေဒနာကို သို့မဟုတ် အသိစိတ် ဝိညာဏ်ကို သို့မဟုတ် ဖဿကို အဦးမူ၍ သိမ်းဆည်းလျက် ဝိပဿနာ ရှုပွားသုံးသပ်ခြင်းကြောင့် ကာယာနုပဿနာ သတိပဋ္ဌာန်လည်း အကျုံးဝင်လျက်ပင် ရှိ၏။ မည်သည့် သတိပဋ္ဌာန်ကို အဦးမူ၍ ရှုပွားသည်ပင် ဖြစ်စေ၊ သင်္ခါရ တရားတို့ကား အားလုံးစုံညီလျက်သာ ရှိရမည် ဖြစ်သည်။ တစ်နည်း ---- ဤရှုကွက်များကို သင်္ဂါယနာ မထေရ်မြတ်တို့က သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်၌ ထည့်သွင်း၍ သင်္ဂါယနာ တင်ထားတော်မူသဖြင့် ဓမ္မာနုပဿနာ သတိပဋ္ဌာန်သို့ သက်ဝင်၏ဟုလည်း ဆိုနိုင်ပေသည်။
ဝတ္ထု + အာရုံ + ဝေဒနာ
၁။ ဝတ္ထု - ပျက် - အနိစ္စ၊ ရှုသည့် ဉာဏ်လည်း - ပျက် - အနိစ္စ။
၂။ အာရုံ - ပျက် - အနိစ္စ၊ ရှုသည့် ဉာဏ်လည်း - ပျက် - အနိစ္စ။
၃။ ဝေဒနာ - ပျက် - အနိစ္စ၊ ရှုသည့် ဉာဏ်လည်း - ပျက် - အနိစ္စ။
ဝတ္ထု + အာရုံ + ဝိညာဏ်
၁။ ဝတ္ထု - ပျက် - အနိစ္စ၊ ရှုသည့် ဉာဏ်လည်း - ပျက် - အနိစ္စ။
၂။ အာရုံ - ပျက် - အနိစ္စ၊ ရှုသည့် ဉာဏ်လည်း - ပျက် - အနိစ္စ။
၃။ ဝိညာဏ် - ပျက် - အနိစ္စ၊ ရှုသည့် ဉာဏ်လည်း - ပျက် - အနိစ္စ။
ဝတ္ထု + အာရုံ + ဖဿ
၁။ ဝတ္ထု - ပျက် - အနိစ္စ၊ ရှုသည့် ဉာဏ်လည်း - ပျက် - အနိစ္စ။
၂။ အာရုံ - ပျက် - အနိစ္စ၊ ရှုသည့် ဉာဏ်လည်း - ပျက် - အနိစ္စ။
၃။ ဖဿ - ပျက် - အနိစ္စ၊ ရှုသည့် ဉာဏ်လည်း - ပျက် - အနိစ္စ။
၁။ ဝတ္ထု ----- နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် မှီရာဝတ္ထုရုပ်များကို ဖော်ပြထားခဲ့သည့်အတိုင်း စက္ခုဒွါရဝီထိ, ရူပါရုံကို ဆက်လက်အာရုံပြုကြသည့် မနောဒွါရဝီထိစသည့် ထိုထိုဝီထိအတွင်း၌ တည်ရှိကြသော စိတ္တက္ခဏ အသီးအသီး၏ မှီရာဝတ္ထုရုပ်တို့ကိုလည်းကောင်း, ယင်းဝီထိတို့၏ အကြားအကြား၌ တည်ရှိကြကုန်သော ဘဝင် စိတ္တက္ခဏတို့၏ မှီရာဝတ္ထုရုပ်တို့ကိုလည်းကောင်း ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ယင်း အသီးအသီးသော ဝတ္ထုရုပ်တို့၏ အပျက်သက်သက်ကို အာရုံပြု၍ အနိစ္စဟုလည်းကောင်း, အနိစ္စဟု ရှုနေသော ယင်းဝိပဿနာဉာဏ်ကို တစ်ဖန် ပြန်၍ အပျက်ကို အာရုံပြု၍ အနိစ္စဟုလည်းကောင်း ရှုပါ။ ဒုက္ခ အနတ္တတို့ကိုလည်း နည်းတူ ရှုပါ။ ထိုသို့ရှုရာ၌ နာမ်ကမ္မဋ္ဌာန်းဇယားများတွင် ဖော်ပြထားသည့်အတိုင်း တစ်တန်းပြီး တစ်တန်း ရှုပါ။ ရှေးက စက္ခုဒွါရဝီထိ တစ်ဝီထိ ဖြစ်က နောက်က မနောဒွါရဝီထိများ အကြိမ်များစွာ ဖြစ်ပုံကိုလည်း သဘောပေါက်အောင် ရှုပါ။ သောတဒွါရဝီထိ မနောဒွါရဝီထိစသည်တို့၌လည်း နည်းတူပင် ရှုပါ။
၂။ အာရုံ ----- ရူပါရုံစသည့် ဆိုင်ရာအာရုံကို ဃန အသီးအသီး ပြိုအောင် ဉာဏ်ဖြင့် ခွဲခြား စိတ်ဖြာလျက် အပျက်ကို မြင်အောင်ကြည့်၍ အနိစ္စဟု ရှုပါ။ ယင်း ဝိပဿနာဉာဏ်ကိုလည်း တစ်ဖန်ပြန်၍ အနိစ္စဟု ရှုပါ။
၃။ ဝေဒနာ -----နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ဖော်ပြထားသည့်အတိုင်း ဝေဒနာကို အဦးမူ၍ နာမ်တရား အားလုံးကို သိမ်းဆည်းပြီးလျှင် ယင်း နာမ်တရားတို့၏ အပျက်ကို အာရုံယူ၍ အနိစ္စဟု ရှုပါ။ ယင်း ဝိပဿနာ ဉာဏ်ကိုလည်း တစ်ဖန်ပြန်၍ အနိစ္စဟု ရှုပါ။ ဝီထိများ၏ အကြားအကြားတွင် တည်ရှိသော ဘဝင်နာမ်တရားတို့ကိုလည်း ရောနှော၍ ရှုပါ။ နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ဖော်ပြထားသည့်အတိုင်း တစ်တန်းပြီး တစ်တန်း ကုန်စင်အောင် ရှုပါ။ ကုသိုလ်ဇောဝီထိ အကုသိုလ်ဇောဝီထိများကို (၆)လိုင်းလုံး၌ ကုန်စင်အောင် ရှုပါ။
၄။ ဝိညာဏ် -----ယင်း အထက်ပါ နာမ်တရားတို့ကိုပင် အသိစိတ် = ဝိညာဏ်ကို အဦးမူ၍ သိမ်းဆည်းပြီးလျှင် ယင်းနာမ်တရားစုတို့၏ အပျက်ကို အာရုံယူ၍ အနိစ္စဟု ရှုပါ။ ယင်း ဝိပဿနာဉာဏ်ကိုလည်း တစ်ဖန် ပြန်၍ အနိစ္စဟု ရှုပါ။
၅။ ဖဿ -----ယင်းတရားတို့ကိုပင် ဖဿကို အဦးမူ၍ သိမ်းဆည်းပြီးလျှင် ယင်းနာမ်တရားစုတို့၏ အပျက်ကို အာရုံယူ၍ အနိစ္စဟု ရှုပါ။ ယင်း ဝိပဿနာဉာဏ်ကိုလည်း တစ်ဖန်ပြန်၍ ဝိပဿနာရှုပါ။
ဝိပဿနာရှုသည့် ဉာဏ်
ဝိပဿနာရှုသည့် ဉာဏ်ဟူသည်မှာ ဝိပဿနာဉာဏ် ပြဓာန်းသည့် မဟာကုသိုလ် (မဟာကြိယာ) မနောဒွါရိက ဇောဝီထိ စိတ်အစဉ် နာမ်တရားစုတို့ပင် ဖြစ်ကြောင်းကို အထက်တွင် ရှင်းပြထားသည့်အတိုင်း ဝိပဿနာ ဉာဏ်နှင့် တကွသော ယင်းနာမ်တရားစုတို့၏ အပျက်ကို မြင်အောင်ကြည့်၍ တစ်ဖန် ထပ်၍ ဝိပဿနာရှုရမည် ဖြစ်သည်။ ထိုသို့ ရှုရာ၌ သင်္ခါရတရား = ဉာတတရားတို့၏ အပျက်ကို အာရုံယူ၍ -----
၁။ အနိစ္စဟု ရှုသော ဝိပဿနာဉာဏ်ကို (က) အနိစ္စဟုလည်းကောင်း,
( ခ ) ဒုက္ခဟုလည်းကောင်း,
( ဂ ) အနတ္တဟုလည်းကောင်း,
၂။ ဒုက္ခဟု ရှုသော ဝိပဿနာဉာဏ်ကို (က) အနိစ္စဟုလည်းကောင်း
( ခ ) ဒုက္ခဟုလည်းကောင်း,
( ဂ ) အနတ္တဟုလည်းကောင်း,
၃။ အနတ္တဟု ရှုသော ဝိပဿနာဉာဏ်ကို (က) အနိစ္စဟုလည်းကောင်း,
( ခ ) ဒုက္ခဟုလည်းကောင်း,
( ဂ ) အနတ္တဟုလည်းကောင်း ----
ဤသို့ အသီးအသီး ခွဲ၍ ရှုပါ။ ခန္ဓာငါးပါးနည်း, အာယတန တစ်ဆယ့်နှစ်ပါးနည်း, ဓာတ်တစ်ဆယ့်ရှစ်ပါး နည်း, ပဋိစ္စသမုပ္ပါဒ်နည်းစသည်တို့၌လည်း နည်းမှီး၍ ရှုပါလေ။
အကျိုးဂုဏ်အင် အာနိသင်
သင်္ခတတရား = သင်္ခါရတရားမှန်သမျှသည် ဇာတိ ဇရာ မရဏ သဘောရှိ၏ = ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက် သဘောရှိ၏။ ထို ဇာတိ ဇရာ မရဏ သဘောရှိသော သင်္ခတတရား၏ ဇာတိသည် အာဒိကောဋိ = အစဖြစ်သော အဖို့အစွန်းတည်း။ ဇရာသည် မဇ္ဈိမကောဋိ = အလယ်ဖြစ်သော အဖို့အစွန်းတည်း။ မရဏသည် ဩသာနကောဋိ = အဆုံးဖြစ်သော အဖို့အစွန်းတည်း။ ဇာတိ ဇရာ မရဏ သဘောရှိသော သင်္ခတတရားတို့၌ ဥပါဒ်-ဌီ-ဘင်ဟူသော သုံးမျိုးသော လက္ခဏာသည်လည်း သင်္ခတလက္ခဏာပင် ဖြစ်သောကြောင့် အကယ်၍ကား အနိစ္စလက္ခဏာ မည်ပါပေ၏။ သို့သော် ဇာတိ ဇရာ ဟူသော ဥပါဒ်နှင့် ဌီတို့ကို မြင်အပ်ကုန်သော်လည်း ပျက်ဆဲ ဝယခဏ = ဘင်ခဏ၌သာ အနိစ္စလက္ခဏာသည် ထင်ထင်ရှားရှားဖြစ်၍ ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ ထင်လာသကဲ့သို့ ထို့အတူ ဇာတိ ဇရာ ဟူသော ဥပါဒ်အခိုက် ဌီအခိုက်တို့၌ အနိစ္စလက္ခဏာသည် ထင်ထင်ရှားရှား ဖြစ်၍ ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ မထင်မြင်ခဲ့ပေ။ ထို့ကြောင့် ဘင်မည်သည် သင်္ခတတရားတို့၏ အနိစ္စ အဖြစ်၏ အဆုံးဖြစ်သော အဖို့အစွန်း = ပရမာကောဋိတည်း။
ထင်ရှားစေအံ့ ----- ဇရာသဘော = ဌီသဘော, မရဏသဘော = ဘင်သဘောရှိသည်သာလျှင် ဖြစ်သော တရားသည်သာလျှင် ဖြစ်တတ်၏ = ဇာတိသဘော ရှိ၏။ ထိုကြောင့် ဇာတိ = ဥပါဒ်သည် အနိစ္စဖြစ်မှု၏ အာဒိကောဋိ = အစအဖို့အစွန်း ဖြစ်သကဲ့သို့ ထို့အတူ ဇာတိသဘော မရဏသဘောရှိသည်သာလျှင် ဖြစ်သော တရားသည်လည်း အိုမင်းရင့်ကျက်၏ = ဇရာသဘော ဌီသဘောရှိ၏။ ထို့ကြောင့် ဇရာ = ဌီသည် သင်္ခတတရားတို့၏ မဇ္ဈိမကောဋိ = အလယ်ဖြစ်သော အဖို့အစွန်း ဖြစ်၏။ ဇာတိသဘော ဇရာသဘောရှိသည်သာလျှင် ဖြစ်သော တရားသည် ပျက်တတ်၏ = မရဏသဘောသို့ ရောက်တတ်၏။ ထိုကြောင့် ပျက်ခြင်း = ဘင်သည် သင်္ခတ တရားတို့၏ ပရမာကောဋိ = အဆုံးဖြစ်သော အဖို့အစွန်း ဖြစ်၏ဟု မှတ်ပါ။ (မဟာဋီ၊၂၊၄၄၀-၄၄၁။)
ထိုကြောင့် သင်္ခါရတရားတို့၏ အပျက် = ဘင်ကို ရှုနေသော ဘင်္ဂါနုပဿက ယောဂါဝစရပုဂ္ဂိုလ်သည် ရူပက္ခန္ဓာမှသည် ဇရာ-မရဏသို့တိုင်အောင်သော အလုံးစုံသော သင်္ခါရနယ်၌ အကျုံးဝင်သော တရားအပေါင်းကို အနိစ္စအားဖြင့်သာလျှင် = အနိစ္စဟုသာလျှင် အဖန်တလဲလဲ ရှု၏။ နိစ္စအားဖြင့်ကား မရှု။ ထိုနောင် ထိုဘင်္ဂါနုပဿက ယောဂါဝစရပုဂ္ဂိုလ်သည် အနိစ္စဖြစ်သော သင်္ခါရတရား၏ ဒုက္ခစင်စစ် ဖြစ်သောကြောင့် ထိုအနိစ္စအားဖြင့် ယူအပ်ပြီး ရှုအပ်ပြီးသော သင်္ခါရတရားအပေါင်းကိုပင်လျှင် ဒုက္ခအားဖြင့် (= ဒုက္ခဟု) အဖန်တလဲလဲ ရှု၏၊ သုခ အားဖြင့် (= သုခဟု) မရှု။ ဒုက္ခဖြစ်သော သင်္ခါရတရား၏ အနတ္တစင်စစ် ဖြစ်သောကြောင့် ထို အနိစ္စ-ဒုက္ခ အားဖြင့် ရှုအပ်ပြီးသော သင်္ခါရတရားအပေါင်းကိုပင်လျှင် အနတ္တအားဖြင့် (= အနတ္တဟု) အဖန်တလဲလဲ ရှု၏၊ အတ္တအားဖြင့် (= အတ္တဟု) မရှု။ (ဝိသုဒ္ဓိ၊၂၊၂၇၉။)
ရုပ်နာမ်တို့ကို အပေါင်းအစုအလိုက် ခြုံငုံ၍ လက္ခဏာရေးသုံးတန် တင်ကာ ရှုပွားသုံးသပ်ခြင်း ကလာပ သမ္မသန ဝိပဿနာဘာဝနာ အမှုကို အားသစ်နေဆဲဖြစ်သော ယောဂါဝစရပုဂ္ဂိုလ်ကဲ့သို့ သင်္ခါရတရားတို့ကို ကုန်ခြင်း အနက်သဘောကြောင့် အနိစ္စဟု အနုမာန = မျက်ရမ်းဆ၍ မှန်းဆသည်၏ အစွမ်းဖြင့် ဝိပဿနာ ရှုသည်လည်း မဟုတ်။ အားထုတ်ဆဲ ဝိပဿနာရှိသော အာရဒ္ဓဝိပဿက အမည်ရသော ဥဒယဗ္ဗယဉာဏ်သို့ ရောက်နေသော ယောဂါဝစရပုဂ္ဂိုလ်ကဲ့သို့ သင်္ခါရတရားတို့၏ ဖြစ်ခြင်း ပျက်ခြင်းကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းလျှင် ေ့ရှသွားရှိသော ပျက်ခြင်းကို ရှုခြင်း၏ အစွမ်းဖြင့် ဝိပဿနာရှုသည်လည်း မဟုတ်။ စင်စစ်မှာမူ သင်္ခါရတရားတို့၏ အပျက်သက်သက်ကိုသာ ဝိပဿနာရှုသော ဤဘင်္ဂါနုပဿက ယောဂါဝစရပုဂ္ဂိုလ်သည် ဥဒယဗ္ဗယဉာဏ်၏ အစွမ်းအာနုဘော်ကြောင့် မျက်မှောက်ပစ္စက္ခအားဖြင့် ဉာဏ်ဝ၌ ထင်လာကုန်သော ဖြစ်ခြင်း ပျက်ခြင်း ဥဒယ- ဝယတို့တွင် ဆိုအပ်ခဲ့ပြီးသည့်အတိုင်းပင် ဖြစ်ခြင်းကို လွှတ်၍ ပျက်ခြင်း ဘင်ကိုသာ ရှုမြင်သည်၏ အစွမ်းဖြင့် သာလျှင် အနိစ္စဟု အဖန်တလဲလဲ ရှု၏၊ ဤသို့ ရှုသော ထိုယောဂါဝစရပုဂ္ဂိုလ်အား သင်္ခါရတရားတို့ကို မြဲ၏ဟု စွဲလမ်းခြင်း = နိစ္စဂါဟ၏ အရိပ်အမြွက်မျှသော်လည်း မရှိတော့သောကြောင့် နိစ္စအားဖြင့် မရှုဟု ဆိုသည်။ ထိုကြောင့်ပင်လျှင် ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌ ဤသို့ သင်္ခါရတရားတို့ကို အနိစ္စဟု ရှုနေသော ယောဂါဝစရ ပုဂ္ဂိုလ်သည် သင်္ခါရတရားတို့၌ နိစ္စဟု အမှတ်မှားသော နိစ္စသညာကို ပယ်စွန့်နိုင်၏ --- ဤသို့စသော စကားကို ဟောကြားတော်မူခြင်း ဖြစ်သည်။ (မဟာဋီ၊၂၊၄၄၁။)
လက္ခဏာယာဉ်ကို တင်ပါ
ကေစိ ပနေတ္ထ အနိစ္စတော အနုပဿတိ၊ နော နိစ္စတောတိအာဒိနာ ဝိသုံ ဒဿနကိစ္စံ နတ္ထိ၊ ဘင်္ဂဒဿနေနေဝ သဗ္ဗံ ဒိဋ္ဌံ ဟောတီတိ ဝဒန္တိ၊ တံ ဘင်္ဂါနုပဿနာယ မတ္ထကပ္ပတ္တိယံ ယုတ္တံ၊ တတော ပန ပုဗ္ဗဘာဂေ အနေကာကာရဝေါကာရာ အနုပဿနာ ဣစ္ဆိတဗ္ဗာဝ။ အညထာ အနိစ္စတော အနုပဿတီတိအာဒိကာ ပါဠိ, အနေကေဟိ အာကာရေဟိ ပုနပ္ပုနံ ပဿတီတိ အာဂတာ တဿာ အဋ္ဌကထာ စ ဝိရောဓိတာ သိယာ။ (မဟာဋီ၊၂၊၄၄၁။)
အချို့သော ကေစိဆရာတို့ကား ဤဘင်္ဂါနုပဿနာအရာ၌ ----- အနိစ္စတော အနုပဿတိ၊ နော နိစ္စတော = အနိစ္စအားဖြင့် = အနိစ္စဟုအဖန်တလဲလဲ ရှု၏၊ နိစ္စအားဖြင့် = နိစ္စဟု မရှု ----- ဟူသော ဤသို့စသော ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်စကားရပ်ဖြင့် အသီးအခြား ဝိပဿနာရှုခြင်း လုပ်ငန်းကိစ္စရပ် မရှိပါ။ ဘင်္ဂဒဿန = သင်္ခါရ တရားတို့၏ အပျက်သက်သက်ကို ရှုခြင်း မြင်ခြင်းဖြင့်ပင်လျှင် အလုံးစုံကို မြင်အပ်ပြီးသာလျှင် ဖြစ်၏ဟု ဆိုကြကုန်၏။ ထိုကေစိဆရာတို့၏ စကားသည် ဘင်္ဂါနုပဿနာဉာဏ်၏ အထွတ်အထိပ်သို့ ရောက်လတ်သော်သာ သင့်မြတ်သော စကားဖြစ်၏။ သို့သော် ထိုအထွတ်အထိပ်သို့ ရောက်သော ဘင်္ဂဉာဏ်မှ ရှေးအဖို့၌ကား သင်္ခါရ တရားတို့၏ အပျက်ကို အာရုံပြု၍ အနိစ္စဟု ဒုက္ခဟု အနတ္တဟု ဤသို့စသည့် ရှုပုံ အခြင်းအရာ အမျိုးမျိုးတို့ဖြင့် ရောပြွမ်းကုန်သော ရှုပုံရှုနည်း အနုပဿနာ အမျိုးမျိုးတို့ကို အလိုရှိအပ်ကုန်သည်သာလျှင် ဖြစ်သည်။ သင်္ခါရ တရားတို့၏ အပျက်ကို အာရုံပြု၍ အနိစ္စဟု ဒုက္ခဟု အနတ္တဟု ဤသို့စသည်ဖြင့် ရှုဖို့မလိုဟု ဤသို့သော အနက် အဓိပ္ပါယ်ကို ယူဆခဲ့သော် လက်ခံခဲ့သော် -- အနိစ္စတော အနုပဿတိ = အနိစ္စအားဖြင့် = အနိစ္စဟု ရှု၏ ဤသို့စသည်ဖြင့် ဟောကြားထားတော်မူအပ်သော ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်သည်လည်းကောင်း,
အနုပဿတီတိ အနု အနု ပဿတိ၊ အနေကေဟိ အာကာရေဟိ ပုနပ္ပုနံ ပဿတီတိ အတ္ထော။ (ဝိသုဒ္ဓိ၊၂၊၂၇၉။)
အနုပဿတိ ဟူသည် အဖန်ဖန် အထပ်ထပ် ရှု၏၊ တစ်ပါးမက များပြားလှစွာသော အခြင်းအရာတို့ဖြင့် ရှု၏ဟု ဆိုလိုသည် --- ဤသို့စသည်ဖြင့် လာရှိသော ထိုပါဠိတော်၏ အနက်အဓိပ္ပါယ်ကို ဖွင့်ဆိုသော အဋ္ဌကထာ စကားသည်လည်းကောင်း ယင်းကေစိဆရာတို့၏ စကားကို ဆန့်ကျင်စေအပ်သည် ဖြစ်လေရာ၏။ (မဟာဋီ၊၂၊၄၄၁။)
ဤအထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့နှင့် အညီ ဤဘင်္ဂါနုပဿနာဉာဏ်ပိုင်း၌လည်း ယောဂါဝစရ ပုဂ္ဂိုလ်သည် သင်္ခါရတရားတို့ကို အနိစ္စဟု ဒုက္ခဟု အနတ္တဟု ဤသို့စသည်ဖြင့် လက္ခဏာယာဉ်ကို တင်ကာ ဝိပဿနာ ရှုရမည်သာဟု မှတ်ပါ။
ဝိပဿနာ အခိုက် သမုဒယ ချုပ်ပုံ
ယသ္မာ ပန ယံ အနိစ္စံ ဒုက္ခမနတ္တာ၊ န တံ အဘိနန္ဒိတဗ္ဗံ။ ယဉ္စ အနဘိနန္ဒိတဗ္ဗံ၊ န တတ္ထ ရဇ္ဇိတဗ္ဗံ။ တသ္မာ ဧတသ္မိံဘင်္ဂါနုပဿနာနုသာရေန အနိစ္စံ ဒုက္ခမနတ္တာတိ ဒိဋ္ဌေ သင်္ခါရဂတေ နိဗ္ဗိန္ဒတိ၊ နော နန္ဒတိ။ ဝိရဇ္ဇတိ၊ နော ရဇ္ဇတိ။ သော ဧဝံ အရဇ္ဇန္တော လောကိကေနေဝ တာဝ ဉာဏေန ရာဂံ နိရောဓေတိ၊ နော သမုဒေတိ။ သမုဒယံ န ကရောတီတိ အတ္ထော။ (ဝိသုဒ္ဓိ၊၂၊၂၇၉။)
အကြင် သင်္ခါရတရားအပေါင်းသည် အနိစ္စ ဒုက္ခ အနတ္တ ဖြစ်၏၊ ထိုသင်္ခါရတရားအပေါင်းကို ဧတံ မမ၊ ဧသော မေ အတ္တာ = ဤသင်္ခါရတရားသည် ငါ့ဟာတည်း၊ ဤသင်္ခါရတရားသည် ငါ၏အတ္တတည်း - ဟု တဏှာ-ဒိဋ္ဌိတို့ဖြင့် လွန်လွန်မင်းမင်း မနှစ်သက်အပ်ပေ။ ထိုသင်္ခါရတရားအပေါင်း၌ မတပ်မက်အပ်ပေ။ (ကာမရာဂ ဘဝရာဂကို မဖြစ်စေအပ်ဟု ဆိုလို၏။) ထိုကြောင့် သင်္ခါရတရားတို့၏ အပျက်ကို ရှုတတ်သော ဘင်္ဂါနုပဿနာ ဉာဏ်ကို အစဉ်လျှောက်သဖြင့် အနိစ္စ ဒုက္ခ အနတ္တဟု ရှုမြင်အပ်ပြီးသော သင်္ခါရတရားအပေါင်း၌ ငြီးငွေ့၏၊ မနှစ်သက်တော့ပေ။ စက်ဆုပ်၏၊ မတပ်မက်တော့ပေ။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ဤသို့ မတပ်မက်သည်ဖြစ်၍ ရှေးဦးစွာ လောကီသာလျှင် ဖြစ်သော ဉာဏ်ဖြင့် ရာဂကို ဝိက္ခမ္ဘနပဟာန်အားဖြင့် ချုပ်ခြင်း နိရောဓသို့ ရောက်စေ၏။ (ခပ်ကြာကြာ ခွာထား၏ဟု ဆိုလိုသည်။) ဘဝဖြစ်ကြောင်း သမုဒယကို မဖြစ်စေ၊ ဘဝဖြစ်ကြောင်း သမုဒယကို မပြုတော့ဟု ဆိုလို၏။ (ဝိသုဒ္ဓိ၊၂၊၂၇၉။)
အနွယဉာဏ်ဖြင့် မှန်းဆရှုပုံ
အထ ဝါ သော ဧဝံ ဝိရတ္တော ယထာ ဒိဋ္ဌံ သင်္ခါရဂတံ၊ တထာ အဒိဋ္ဌမ္ပိ အနွယဉာဏဝသေန နိရောဓေတိ၊ နော သမုဒေတိ။ နိရောဓတောဝ မနသိကရောတိ။ နိရောဓမေဝဿ ပဿတိ၊ နော သမုဒယန္တိ အတ္ထော။ (ဝိသုဒ္ဓိ၊၂၊၂၇၉။)
ဧဝံ ဝိရတ္တောတိ ဧဝံ ဘင်္ဂါနုပဿနာနုသာရေန ဝိရတ္တော။ ယထာ ဒိဋ္ဌံ သမ္ပတိ ဥပဋ္ဌိတံ သင်္ခါရဂတံ နိရောဓေတိ နိရောဓံ မနသိ ကရောတိ၊ အဒိဋ္ဌမ္ပိ အတီတာနာဂတံ အနွယဉာဏဝသေန ယထာ ဣဒံ ဧတရဟိ၊ ဧဝံ ဣတရေပီတိ အနုမိနန္တော နိရောဓေတိ မနသိကတဿာပိ နိရောဓံ (မနသိ) ကရောတိ။ နော သမုဒေတီတိ ဧတ္ထာပိ ဧသေဝ နယော။ နော သမုဒယံ မနသိ ကရောတီတိ အတ္ထော။ (မဟာဋီ၊၂၊၄၄၂။)
တစ်နည်း ----- ဤ ဘင်္ဂါနုပဿနာဉာဏ်သို့ အစဉ်လျှောက်သဖြင့် သင်္ခါရတရားတို့အပေါ်၌ (ခပ်ကြာကြာ ခွာထားနိုင်သောအားဖြင့်) တပ်မက်ခြင်း ရာဂကင်းသော ထိုယောဂါဝစရပုဂ္ဂိုလ်သည် မျက်မှောက်သိမြင်အပ်သော ဉာဏ်ဝ၌ ရှေးရှုထင်လာသော သင်္ခါရတရားအပေါင်းကို ချုပ်ခြင်းကို နှလုံးသွင်းသကဲ့သို့ ထို့အတူ ဝိပဿနာ ဉာဏ်ဖြင့် မတွေ့မမြင်အပ်သေးသော မရှုရသေးသော အတိတ် အနာဂတ် သင်္ခါရတရားအပေါင်းကိုလည်း အလျော် ဆ၍ ယူတတ်သော အနွယဉာဏ်၏ အစွမ်းဖြင့်, ယခုမျက်မှောက် လက်ငင်း ပစ္စက္ခဉာဏ်ဖြင့် မြင်အပ်သော ဤသင်္ခါရတရားကဲ့သို့ ထို့အတူ ဝိပဿနာဉာဏ်ဖြင့် မမြင်အပ်သေးသော မရှုရသေးသော အတိတ် အနာဂတ် သင်္ခါရတရားသည်လည်း ဤသို့ ချုပ်ခြင်းသဘော ရှိသည်သာတည်းဟု ဤသို့ နှိုင်းရှည့်လျက် ချုပ်ခြင်း နိရောဓ သဘောကို နှလုံးသွင်း၏။ ဖြစ်ခြင်း သမုဒယကို နှလုံးမသွင်း၊ ချုပ်သောအားဖြင့် သာလျှင် = အချုပ်ကိုသာလျှင် နှလုံးသွင်း၏၊ ထို သင်္ခါရတရားအပေါင်း၏ ချုပ်ခြင်း နိရောဓကိုသာလျှင် ရှု၏၊ ဖြစ်ခြင်း သမုဒယကို မရှု။ ဤကား အထက်တွင် ဖော်ပြထားသော ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၏ ဆိုလိုရင်း အနက်သဘောတရားတည်း။ (ဝိသုဒ္ဓိ၊၂၊၂၇၉။ မဟာဋီ၊၂၊၄၄၂။)
အထက်ပါ အဋ္ဌကထာ ဋီကာတို့၌ လာရှိသော -----
၁။ ယထာဒိဋ္ဌံ သင်္ခါရဂတံ ဟူသော အဋ္ဌကထာစကား,
၂။ ယထာဒိဋ္ဌံ သမ္ပတိ ဥပဋ္ဌိတံ သင်္ခါရဂတံ ဟူသော မဟာဋီကာစကား,
၃။ အဒိဋ္ဌမ္ပိ ဟူသော အဋ္ဌကထာစကား,
၄။ အဒိဋ္ဌမ္ပိ အတီတာနာဂတံ ဟူသော မဟာဋီကာစကား -----
ဤစကားလေးရပ်၌ကို ေ့ရှနောက် ဆက်စပ်ကြည့်၍ ဤဘင်္ဂါနုပဿနာဉာဏ်သည် ပစ္စုပ္ပန်တည့်တည့်ကိုသာ ရှုသည်၊ အတိတ်-အနာဂတ်ကိုကား ထိုနည်းလည်းကောင်းဟု အနုမာန = အလျော်မှန်းဆ၍သာ ရှုရသည် ဟု အယူအဆ မမှားစေလိုပါ။
ရှေးဥဒယဗ္ဗယဉာဏ်ပိုင်း၌ ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း ----- ပစ္စုပ္ပန် အယူအဆကို လက်ခံနိုင်ပါမှ သဘောကျနိုင်ပါမှ ရှေးစကားနှင့် နောက်စကားသည် ညီညွတ်၍ အဓိပ္ပါယ် ဆက်စပ်မိမည် ဖြစ်ပါသည်။ အကြောင်းမူ ----- ဤ ဘင်္ဂါနုပဿနာဉာဏ်၏ အရှုခံပရမတ္ထဓာတ်သား သင်္ခါရတရားတို့တွင် အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါးဖြင့် သိမ်းကျုံးရေတွက်အပ်သော ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့သည်လည်း ပါဝင်ကြ၏။ အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါးဖြင့် သိမ်းကျုံးရေတွက်အပ်သော ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ် (၁၂)မျိုးတို့သည်လည်း ပါဝင်ကြ၏။ အဝိဇ္ဇာ သင်္ခါရတို့ကား အတိတ်အဓွန့်ကာလတရားစုတို့ ဖြစ်ကြ၏။ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ တဏှာ ဥပါဒါန် ဘဝတို့ကား ပစ္စုပ္ပန် အဓွန့်ကာလတရားစုတို့ ဖြစ်ကြ၏။ ဇာတိ ဇရာ မရဏတို့ကား အနာဂတ် အဓွန့်ကာလတရားစုတို့ ဖြစ်ကြ၏။ ယင်း ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ် အားလုံးတို့မှာ မျက်မှောက်ခေတ်တွင် အများစု နားလည်နေသည့် ပစ္စုပ္ပန်ဆတ်ဆတ် တရားမျိုးချည်း ပစ္စုပ္ပန် တည့်တည့် တရားမျိုးတို့ချည်းကား မဟုတ်ကြပေ။ အတိတ်ကာလ အတိတ်ဘဝ, ပစ္စုပ္ပန်ကာလ ပစ္စုပ္ပန်ဘဝ, အနာဂတ်ကာလ အနာဂတ်ဘဝဟူသော ကာလသုံးပါး ဘဝသုံးပါး အဓွန့်သုံးပါး အတွင်း၌ တည်ရှိသော သင်္ခါရတရား အသီးအသီးတို့သာ ဖြစ်ကြ၏။ ယင်း ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ် အားလုံးတို့သည် -----
၁။ ယထာဒိဋ္ဌံ သင်္ခါရဂတံ ဟူသော အဋ္ဌကထာစကား,
၂။ ယထာဒိဋ္ဌံ သမ္ပတိ ဥပဋ္ဌိတံ သင်္ခါရဂတံ ဟူသော ဋီကာစကား ---
ဤစကားရပ်တို့ဖြင့် ဖော်ပြအပ်သော ယောဂါဝစရပုဂ္ဂိုလ်၏ မျက်မှောက်လက်ငင်း သိမြင်အပ်သော ပစ္စက္ခဉာဏ်ဝ၌ ရှေးရှုထင်လာသော သင်္ခါရတရားအပေါင်းတွင် အကျုံးဝင်လျက်ပင် ပါဝင်လျက်ပင် ရှိကြပေသည်။
ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် ကာလသုံးပါး သန္တာန်နှစ်ပါး အတွင်း၌ တည်ရှိသော မည်သည့် သင်္ခါရ တရားကို မဆို ဘင်္ဂါနုပဿနာဉာဏ်ဖြင့် လှမ်းရှုလိုက်ပါက ယင်းယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ ဥပါဒ်-ဌီ-ဘင် ဟူသော ခဏတ္တယသမင်္ဂီ = ခဏသုံးပါးအပေါင်းနှင့် ပြည့်စုံနေသော အနေအားဖြင့် ထင်လာသော တရား မှန်သမျှသည် အတိတ်ဘဝ အတိတ်ကာလက ဖြစ်ခဲ့သော တရားပင် ဖြစ်ချင်ဖြစ်ပါစေ, ပစ္စုပ္ပန်ကာလ ပစ္စုပ္ပန်ဘဝ အတွင်း၌ ဖြစ်သော တရားပင် ဖြစ်ချင်ဖြစ်ပါစေ, အနာဂတ်ဘဝ အနာဂတ်ကာလ၌ အကျုံးဝင်သော တရားပင် ဖြစ်ချင်ဖြစ်ပါစေ မျက်မှောက်လက်ငင်း သိမြင်အပ်သော ပစ္စက္ခဉာဏ်ဝ၌ ရှေးရှု ထင်လာသော သင်္ခါရတရား အပေါင်းဟုပင် ဆိုနိုင်ပေသည်။
ဤသို့ အဓိပ္ပါယ် မယူဆနိုင်ပါက ဤသို့သော ဆိုလိုရင်း သဘောတရားကို လက်မခံနိုင်ပါက အတိတ် အနာဂတ် ပစ္စုပ္ပန်စသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရား တို့ကို ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူသော အနတ္တလက္ခဏသုတ္တန်စသော ထိုထိုသုတ္တန်တို့၌ လာရှိသော တေပရိဝဋ္ဋဓမ္မဒေသနာတော်များသည်လည်း အဓိပ္ပါယ်ကင်းမဲ့နေသည့် ဒေသနာတော်တို့သာ ဖြစ်ကြဖွယ်ရာ ရှိနေပေသည်။ တစ်ဖန် ကာလသုံးပါးလုံး၌ အကျုံးဝင်သော ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့ကို ဘင်္ဂါနုပဿနာဉာဏ်ဖြင့် ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူသော ဒေသနာတော်များသည်လည်း အဓိပ္ပါယ်ကင်းမဲ့နေသည့် ဒေသနာတော်တို့သာ ဖြစ်နေကြဖွယ်ရာ ရှိလာပြန်ပေသည်။
တစ်ဖန် ယောဂါဝစရပုဂ္ဂိုလ်သည် မည်သည့်သင်္ခတတရားကို မဆို ဝိပဿနာဉာဏ်ဖြင့် ရှုလိုက်ပါက မိမိ၏ ဉာဏ်၌ ဥပါဒ်-ဌီ-ဘင်ဟူသော ခဏသုံးပါး အပေါင်းနှင့် ပြည့်စုံနေသည့် ခဏတ္တယသမင်္ဂီ တရားလုံး တစ်ခု အနေဖြင့် တွေ့မြင်ပါက ယင်းတရားသည် သမ္ပတိ ဥပဋ္ဌိတ = မိမိ၏ ဉာဏ်၌ လက်ငင်းမျက်မှောက် ဒိဋ္ဌထင်ထင် ရှေးရှုထင်လာ တည်လာသော တရားပင်ဖြစ်လျှင် ယင်းသင်္ခတတရား၏ ဥပါဒ်-ဌီ-ဘင် ခဏသုံးပါးလုံးကိုပင် ဘင်္ဂါနုပဿနာဉာဏ်က ရှုနေပါသလောဟု မေးရန် ရှိ၏။ အထက်တွင် ဆိုခဲ့ပြီးသည့်အတိုင်း ဥပါဒ်နှင့် ဌီကို နှလုံးမသွင်းဘဲ ခဏိကနိရောဓဟု ခေါ်ဆိုအပ်သော အပျက် ဘင်ကိုသာ နှလုံးသွင်းသဖြင့် ဘင်္ဂါနုပဿနာပင် ဖြစ်သည် ဟူပေ။
ကာလသုံးပါးအတွင်း၌ တည်ရှိသော ဥပါဒ်-ဌီ-ဘင်ဟူသော ခဏသုံးပါးအပေါင်းနှင့် ပြည့်စုံသည့် ခဏတ္တယသမင်္ဂီတရား၏ အပျက် = ဘင်ကို ရှုမြင်နေလျှင် ဘင်္ဂါနုပဿနာဉာဏ် ဖြစ်သည်ဆိုပါက ---- (အဒိဋ္ဌမ္ပိ) အတီတာနာဂတံ အနွယဉာဏဝသေန နိရောဓေတိ = ဉာဏ်ဖြင့် မမြင်အပ်သော = ဝိပဿနာဉာဏ်ဖြင့် မရှုရ သေးသော အတိတ် အနာဂတ် သင်္ခတတရားကိုလည်း အနုမာန အလျော်ဆ၍ ယူတတ်သော အနွယဉာဏ်၏ အစွမ်းဖြင့် ခဏိကနိရောဓဟူသော ခဏအားဖြင့် ချုပ်ခြင်းကို နှလုံးသွင်း၏ -- ဟု ဤသို့ ဖွင့်ဆိုထားသော စကားကို မည်သို့ အဓိပ္ပါယ် ယူဆရမည်နည်းဟု မေးရန်ရှိ၏။ ဤအရာတွင် အသင်သူတော်ကောင်း အနေဖြင့် ဉာဏ်ကြီးကြီး နားကြီးကြီး မျက်စိကြီးကြီးထား၍ စဉ်းစားတတ်ဖို့ ယူဆတတ်ဖို့ လိုပေသည်။
လိပ်ခဲပမာ၊ မြဲမြံစွာလျက်၊ သတ္တဝါ တစ်ယောက်၊ ယူမှားမှောက်ကို၊ သိန်းလောက်ဘုရား၊ လှန်သောအားဖြင့်၊ ဟောကြားချေချွတ်၊ ဖြေမလွတ်ဘူး။ (မဃဒေဝ၊စာပိုဒ်-၃၁၉။)
မိမိ၏ မှားယွင်းနေသော အယူဝါဒကို လိပ်ခဲပမာ မြဲမြံစွာ ဆုပ်ကိုင်ထားသော ယောဂါဝစရပုဂ္ဂိုလ်တစ်ဦး မဖြစ်မိဖို့ရန် အထူးသတိပြုရမည့် အရာဌာန ဖြစ်ပေသည်။
အသင်သူတော်ကောင်းသည် အတိတ်ဘဝ အဆက်ဆက်၌ အကြောင်းတရား အကျိုးတရားတို့ကို ဝိပဿနာဉာဏ်ဖြင့် ရှုလို့ ရသည် ရှုနိုင်သည်ဟု ဆိုသော်လည်း အသင်သူတော်ကောင်း အနေဖြင့် ရှုလိုက်နိုင်သည့် အတိတ်အကြောင်းတရား အတိတ်အကျိုးတရားတို့မှာ ဘဝပေါင်း အနည်းငယ်အတွင်း၌ တည်ရှိသည့် အကြောင်း တရား အကျိုးတရားမျှသာ ဖြစ်ဖွယ်ရာ ရှိပါသည်။ သတ္တဝါတစ်ဦးအဖို့ အစမထင် သံသရာ၌ ကျင်လည်ကျက်စား ခဲ့ရသော ဘဝတွေကား များလှသည်သာ ဖြစ်၏။ အသင်သူတော်ကောင်း၏ ဝိပဿနာဉာဏ်ဖြင့် ရှုလိုက်နိုင်သော အတိတ်ဘဝ အတိတ်သင်္ခါရတရားနှင့် မရှုလိုက်နိုင်သော အတိတ်ဘဝ အတိတ်သင်္ခါရတရားဟူသော ဤသင်္ခါရ တရား နှစ်မျိုးတို့ကို တိုင်းတာ နှိုင်းစာ ကြည့်လိုက်သော် မရှုလိုက်နိုင်သော အတိတ်ဘဝ အတိတ်သင်္ခါရတရားတို့ကသာ အလွန့်အလွန် သာလွန်၍ များကြ၏။ အလားတူပင် အနာဂတ်၌လည်း နည်းတူ သဘောပေါက်ပါ။ အရဟတ္တမဂ်သို့ဆိုက်သည်တိုင်အောင်သော အနာဂတ်သည် အနည်းငယ်ပင် ရှိသည် ထားဘိဦးတော့၊ ထိုအရဟတ္တမဂ်သို့ မဆိုက်ရောက်မီ အချိန်ကာလအတွင်း၌ ဖြစ်လတ္တံ့သော သင်္ခါရတရားစုကို အကြွင်းအကျန် မရှိ ကုန်စင်အောင် ဝိပဿနာ ရှုနိုင်ရေးမှာ သာဝကပါရမီဉာဏ်အရာ၌ မလွယ်ကူသော အချက်တစ်ရပ်သာ ဖြစ်သည်။
အကြောင်းမူ ----- သာဝကတို့သည် တစ်စိတ်တစ်ဒေသသော သင်္ခါရတရားစုတို့ကိုသာ ဝိပဿနာ ရှုနိုင်ကြသောကြောင့် ဖြစ်၏။ ထိုကြောင့် အတိတ် အနာဂတ် သင်္ခါရတရားစုတို့တွင် အသင်သူတော်ကောင်း ကိုယ်တိုင် ရှုလိုက်နိုင်သော အတိတ် အနာဂတ် သင်္ခါရတရားစုမှာ ရှည်လျားလှစွာသော သံသရာခရီးနှင့် တိုင်းတာ နှိုင်းစာ လိုက်ပါက အနည်းငယ် အချို့အဝက် တစ်စိတ်တစ်ဒေသမျှသာ ဖြစ်၏။ ထို မိမိရှုလိုက်နိုင်သော သမ္ပတိဒိဋ္ဌ = သမ္ပတိ ဥပဋ္ဌိတ = မျက်မှောက်ထင်ထင် ဝိပဿနာဉာဏ်ဖြင့် မြင်လိုက်သော ရှုလိုက်မိသော တရားစု၏ ခဏမစဲ တသဲသဲချုပ်မှု ခဏိကနိရောဓသဘောကို ဘင်္ဂါနုပဿနာဉာဏ်ဖြင့် တွေ့မြင်သောအခါ မိမိ၏ ဝိပဿနာဉာဏ်ဖြင့် မရှုလိုက်မိ မရှုလိုက်နိုင်သော အတိတ် အနာဂတ် သင်္ခါရတရားစုသည်လည်း ထိုနည်းလည်းကောင်း ခဏမစဲ တသဲသဲ ချုပ်ပျက်ခြင်း ခဏိကနိရောဓသဘော ရှိသည်သာဟု အတိတ်သံသရာ တစ်လျှောက်လုံး အနာဂတ် သံသရာ တစ်လျှောက်လုံး အတွင်း၌ တည်ရှိသော သင်္ခါရတရား မှန်သမျှကို အနုမာန မျက်ရမ်းဆ၍ ရှုခြင်းမျိုးသာ ဖြစ်သည်ဟု သဘောကျပါလေ။ အတိတ် အနာဂတ်ကို လုံးလုံးမရှုဘဲ အတိတ် အနာဂတ်တရားကိုလည်း ထိုနည်းလည်းကောင်းဟု ရှုသည် မဟုတ်သည်ကိုကား သတိပြုလေရာသည်။
ဤသို့ အဓိပ္ပါယ် မယူဆတတ်ပါက ဥဒယဗ္ဗယဉာဏ်တိုင်အောင်သော ရှေးပိုင်း ဝိပဿနာဉာဏ်တို့၏ အရှုခံအာရုံ သင်္ခါရတရားက တစ်မျိုး တခြား တစ်ပါးတည်း၊ ဘင်္ဂါနုပဿနာဉာဏ်၏ အရှုခံအာရုံ သင်္ခါရတရားက တစ်မျိုးတခြား တစ်ပါးတည်းဟု အဓိပ္ပါယ်သက်ရောက်သွားမည် ဖြစ်သည်။ ထိုကဲ့သို့လည်း အဓိပ္ပါယ် မသက်ရောက်သင့်ပေ။ အဘယ်ကြောင့်နည်းဟူမူ ----- ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌ ဥဒယဗ္ဗယဉာဏ် တိုင်အောင်သော ဝိပဿနာဉာဏ်တို့၏ အရှုခံအာရုံ ပရမတ္ထဓာတ်သားနှင့် ဤဘင်္ဂါနုပဿနာဉာဏ်၏ အရှုခံအာရုံ ပရမတ္ထ ဓာတ်သားတို့ကို အတူတူပင် ထုတ်ဖော်၍ ဟောကြားထားတော်မူသောကြောင့် ဖြစ်သည်။ ရှေးပိုင်း ဝိပဿနာ ဉာဏ်တို့၌ အတိတ် အနာဂတ် တရားများကို ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်သည် တိုင်အောင် ရှု၍ ရသည်ဖြစ်ပါလျှင် ဤဘင်္ဂါနုပဿနာဉာဏ်ပိုင်းသို့ ရောက်ရှိမှ အတိတ်အနာဂတ် သင်္ခါရတရား မှန်သမျှကို အနုမာန အလျော်မှန်းဆသည့် အနွယဉာဏ်ဖြင့်သာ ရှုရမည်ဟု ဆိုသင့် မဆိုသင့်ကိုကား အသင် သူတော်ကောင်း ကိုယ်တိုင် စဉ်းစားသင့်လှပေသည်။
ထိုကြောင့် ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါးအတွင်း၌ တည်ရှိသော သင်္ခါရတရားတို့တွင် မိမိ ရှုနိုင်သမျှသော သင်္ခါရတရားမှန်သမျှ၏ ဥပါဒ်-ဌီ-ဘင်ဟူသော ခဏသုံးပါး အပေါင်းနှင့် ပြည့်စုံနေသည့် ခဏတ္တယသမင်္ဂီအခိုက်အတန့်ကို အထူးသဖြင့် ဘင်အခိုက်အတန့်ကို ဝိပဿနာ ဉာဏ်ဖြင့် မြင်အောင် ရှုနိုင်ပါက ယင်းခဏတ္တယသမင်္ဂီ အခိုက်အတန့်အတွင်း၌ တည်ရှိနေသော သို့မဟုတ် ဘင်ခဏ ဘင်ကာလအတွင်း၌ တည်ရှိသော သင်္ခါရတရားမှန်သမျှသည် သမ္ပတိဒိဋ္ဌ = လက်ငင်း မျက်မှောက် သိမြင်အပ်သော တရားပင် ဖြစ်သည်။ ဝိပဿနာဉာဏ်ဖြင့် ရှုလိုက်မိ ရှုလိုက်နိုင်သော တရား၏ ေ့ရှနောက်၌ တည်ရှိသော မရှုလိုက်မိ မရှုလိုက်နိုင်သော အတိတ် အနာဂတ်တရားတို့ကား အဒိဋ္ဌ-အတီတာနာဂတ တရားတို့ ဖြစ်ကြ၏။ ဤသို့ ခွဲခြား မှတ်သားပါလေ။ ဤသို့ ယူဆပါမှ လက်ခံနိုင်ပါမှ ရှေးရှေး ဝိပဿနာဉာဏ်၏ အရှုခံ အာရုံနှင့် နောက်နောက် ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့သည် တစ်သားတည်း ညီညွတ်ကြမည် ဖြစ်ပေသည်။
ခွာနိုင် ပယ်နိုင်သည်
ဤ ဆိုအပ်ခဲ့ပြီးသော အပြားရှိသော အနိစ္စာနုပဿနာစသည်တို့၏ အစွမ်းဖြင့် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက်ရှိသော ထိုယောဂါဝစရပုဂ္ဂိုလ်သည် စွန့်လွှတ်၏၊ မစွဲလမ်းတော့ပေ။ အဘယ်သဘောကို ဆိုလိုပါသနည်း? ဟူမူ -----
အနိစ္စာနုပဿနာစသော အနုပဿနာဉာဏ်သည် တဒင်္ဂ၏ အစွမ်းဖြင့် ကိလေသာတို့ကို ပယ်စွန့်၏။ ကိလေသာတို့ကို ပယ်စွန့်ခဲ့သော် ထိုကိလေသဝဋ်လျှင် အကြောင်းရင်းခံရှိသော ကမ္မဝဋ်ဖြင့် သင်္ဂြိုဟ်ရေတွက်အပ်သော ဘဝသစ်ကို ပြုပြင်စီမံတတ်သော အဘိသင်္ခါရတရားတို့ကိုလည်း ပယ်စွန့်ပြီး ဖြစ်၏။ တစ်ဖန် ကံ - ကိလေသာတို့ကို ပယ်စွန့်သည်ရှိသော် ထိုကံမှ = ထိုကံကြောင့် ဖြစ်လတ္တံ့ ဖြစ်ကုန်သော ဝိပါက်ခန္ဓာတို့ကိုလည်း ပယ်စွန့်သည်ပင် မည်၏။
ဤအနိစ္စာနုပဿနာဉာဏ်စသော ဘင်္ဂါနုပဿနာဉာဏ်သည် ခန္ဓာတို့နှင့်တကွ အဘိသင်္ခါရတရားတို့နှင့် တကွ ကိလေသာတို့ကို ပယ်စွန့်ခြင်းကြောင့် ပရိစ္စာဂပဋိနိဿဂ္ဂလည်း မည်၏။ သင်္ခတတရားတို့၌ အနိစ္စဖြစ်မှု စသော အပြစ်ကို မြင်သဖြင့်လည်း ထိုအနိစ္စစသည်မှ ပြောင်းပြန်ဖြစ်သော နိစ္စ-သုခစသော သဘောရှိသော နိဗ္ဗာန်၌ ထိုနိဗ္ဗာန်သို့ ညွတ်သော စိတ်နှလုံးရှိသည်၏ အဖြစ်ဖြင့် ပြေးဝင်ခြင်းကြောင့် ပက္ခန္ဒနပဋိနိဿဂ္ဂလည်း မည်၏ဟု ဆိုအပ်ပေသည်။ ထိုကြောင့် ထိုအနိစ္စာနုပဿနာစသော ဘင်္ဂါနုပဿနာဉာဏ်နှင့် ပြည့်စုံသော ယောဂါဝစရ ရဟန်းတော်သည် ဆိုအပ်ခဲ့ပြီးသည့်အတိုင်း ကိလေသာတို့ကိုလည်း တဒင်္ဂအားဖြင့် ပယ်စွန့်၏၊ နိဗ္ဗာန်၌လည်း ညွတ်ကိုင်းရှိုင်းသောအားဖြင့် ပြေးဝင်၏ = စိတ်နှလုံး ညွတ်ကိုင်းရှိုင်း၏။ ကိလေသာတို့ကို ဖြစ်စေသည်၏ အစွမ်းဖြင့် ကိလေသာတို့ကို ယူလည်း မယူ။ သင်္ခတတရားတို့၏ အနိစ္စဖြစ်မှုစသော အပြစ်ကို ရှင်းရှင်းကြီး လင်းလင်းကြီး သိမြင်နေသည့်အတွက်, သင်္ခတတရားတို့၏ အနိစ္စဖြစ်မှုစသော အပြစ်ကို မမြင်သည်၏ အစွမ်းဖြင့် သင်္ခတဖြစ်သော အာရုံကို ငါ-ငါ့ဟာဟု တဏှာ-ဒိဋ္ဌိတို့ဖြင့် မစွဲယူ။ ထိုကြောင့် ----- ပဋိနိဿဇ္ဇတိ နော အာဒိယတိ = စွန့်လွှတ်၏၊ မစွဲယူ ---- ဟု ဆိုခြင်း ဖြစ်သည်။ (ဝိသုဒ္ဓိ၊၂၊၂၇၉။)
ဤတိုင်အောင်သော စကားရပ်တို့ကား အထက်တွင် ရေးသားတင်ပြထားသော ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကို တစ်ဆင့်ပြီး တစ်ဆင့် ရှင်းလင်းဖွင့်ဆိုထားသော အဋ္ဌကထာ ဋီကာ စကားရပ်တို့ကို ရှင်းလင်းတင်ပြချက်များပင် ဖြစ်ကြသည်။ ယခုတစ်ဖန် ယင်း ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် ဘင်္ဂဉာဏ်ခန်း၌ လာရှိသော ဂါထာ (၄)ဂါထာတို့ကို ဆက်လက်၍ ရှင်းလင်းတင်ပြအပ်ပါသည်။ ဂါထာ တစ်ခုပြီးမှ တစ်ခုကို ရှင်းလင်းတင်ပြပေအံ့။
ဂါထာဒေသနာများ
၁။ ဝတ္ထုသင်္ကမနာ စေဝ၊ ပညာယ စ ဝိဝဋ္ဋနာ။
အာဝဇ္ဇနာဗလဉ္စေဝ၊ ပဋိသင်္ခါဝိပဿနာ။ (ပဋိသံ၊၅၆။)
၁။ ဝတ္ထုသင်္ကမနာ စေဝ = ရှေးဝတ္ထုမှ တစ်ပါးသော နောက်ဝတ္ထုသို့ ပြောင်းခြင်းလည်းကောင်း။ ပညာယ = သင်္ခါရတရားတို့၏ ဖြစ်ခြင်း-ပျက်ခြင်း ဥဒယ-ဝယကို ရှုမြင်သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော ဝိပဿနာ ပညာ၏။ ဝိဝဋ္ဋနာ စ = အပျက်(= ဝယ)သက်သက်ကိုသာ ဉာဏ်ဖြင့် ပိုင်းခြားယူသည်၏ အစွမ်းအားဖြင့် ဖြစ်ခြင်း (= ဥဒယ)မှ နစ်ခြင်းလည်းကောင်း။ အာဝဇ္ဇနာဗလဉ္စေဝ = အခြားမဲ့၌ ဆင်ခြင်ခြင်းငှာ စွမ်းနိုင်သည်၏ အဖြစ် လည်းကောင်း။ ဧသာ = ဤသည်ကား။ ပဋိသင်္ခါဝိပဿနာ = ရုပ်စသော သင်္ခါရအာရုံကို သိ၍ အပျက် ဘင်ကို ရှုသော ပဋိသင်္ခါဝိပဿနာ = ဘင်္ဂါနုပဿနာ မည်၏။
ဤဂါထာ၌ (က) ဝတ္ထုသင်္ကမနာ, (ခ) ပညာယ ဝိဝဋ္ဋနာ, (ဂ) အာဝဇ္ဇနဗလ - ဟု ရှင်းလင်းတင်ပြရန် စကားသုံးခွန်း ရှိနေ၏။ ယင်း စကားရပ်တို့ကို တစ်ခုပြီး တစ်ခု ဆက်လက်၍ ရှင်းလင်းတင်ပြအပ်ပါသည်။
(က) ဝတ္ထုသင်္ကမနာ = ဝတ္ထုပြောင်းခြင်း -----ဤအရာ၌ ရူပက္ခန္ဓာ အစ ဇရာ-မရဏ အဆုံးတိုင်အောင်သော သင်္ခတတရား အားလုံးတို့သည် ဝိပဿနာဉာဏ်၏ အရှုခံအာရုံတရားများ ဖြစ်ကြသဖြင့် ဝိပဿနာဉာဏ်၏ ဖြစ်ရာ ဌာန = တည်ရာ အာရုံဖြစ်သောကြောင့် ဝတ္ထုဟူသော အမည်ကို ရရှိကြသည်။ ဝတ္ထုပြောင်းခြင်းဟူသည် ထိုဝိပဿနာဉာဏ်၏ အရှုခံအာရုံ = ဝတ္ထုကို ပြောင်းရွှေ့၍ ရှုခြင်းကို ဆိုလိုပေသည်။
ပုံစံ ----- ရူပက္ခန္ဓာ = ရုပ်တရား၏ အပျက် = ဘင်ကို ရှုပြီးလတ်သော် တစ်ဖန် ----- အကြင် စိတ်ဖြင့် ရုပ်တရား၏ အပျက် = ဘင်ကို ရှု၏၊ ထိုရှုသော ဝိပဿနာစိတ်၏လည်း အပျက် = ဘင်ကို တစ်ဖန်ရှုသည်၏ အစွမ်းဖြင့် ရုပ်တရား၏ ဘင်ဟူသော ရှေးဖြစ်သော အာရုံမှ ဝိပဿနာစိတ်၏ ဘင်ဟူသော တစ်ပါးသော အာရုံသို့ ပြောင်းခြင်း = ပြောင်း၍ ရှုခြင်းတည်း။ (ဝိသုဒ္ဓိ၊၂၊၂၈၀။)
သင်္ကမနာ = ပြောင်းရွှေ့ခြင်း -----ဝိပဿနာစိတ်တို့သည်လည်း အနိစ္စတရားမျိုးတို့သာ ဖြစ်ကြသဖြင့် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အကျုံးဝင်သော တစ်ခုတည်းသော ဝိပဿနာစိတ်သည် တစ်နေရာမှ တစ်နေရာသို့ = အာရုံတစ်ခုမှ အာရုံတစ်ခုသို့ ပြောင်းရွှေ့ဖြစ်ရိုး ဓမ္မတာမရှိပေ။ ရုပ်တရားကို အာရုံယူ၍ ရှုနေသော ဝိပဿနာ စိတ်သည် ဝေဒနာတရားကို အာရုံယူ၍ ဝိပဿနာ ရှုခိုက်၌ မရှိတော့ပြီ ဖြစ်၏။ ဖြစ်သည့်နေရာ ဖြစ်သည့် အာရုံ၌သာ ပျက်သွား၏။ ထိုကြောင့် ဤ၌ ပြောင်းရွှေ့မှုဟူသည် ရုပ်တရား၏ အပျက် = ဘင်ကို ရှုသော ရှေး ဝိပဿနာစိတ်နှင့် ယင်းဝိပဿနာစိတ်၏ အပျက် = ဘင်ကို ရှုသော နောက်ဝိပဿနာစိတ်တို့၏ ဝိပဿနာ စိတ်ခြင်း တူညီသည်၏ အဖြစ်ကြောင့် ဧကတ္တနည်းအားဖြင့် တစ်ခုတည်းကဲ့သို့ ပြု၍ ဆိုခြင်း ဖြစ်သည်။ အခြား တစ်မျိုးတစ်ဖုံအားဖြင့် အနက်အဓိပ္ပါယ်ကို ယူဆလက်ခံခဲ့သော် ရုပ်တရား၏ အပျက်လျှင် အာရုံရှိသော ဝိပဿနာ ဉာဏ်သည် အခြားတစ်မျိုးသာတည်း၊ ထိုရုပ်တရား၏ အပျက်လျှင် အာရုံရှိသော ဝိပဿနာစိတ်၏ အပျက်လျှင် အာရုံရှိသော ဝိပဿနာဉာဏ်သည် အခြားတစ်မျိုးသာလျှင်တည်း။ ဝိပဿနာစိတ် တစ်လုံးစီ တစ်မျိုးစီသာ ဖြစ်၏၊ ထိုကြောင့် ပြောင်းရွှေ့ခြင်းသည် အဘယ်မှာလျှင် ရှိနိုင်အံ့နည်း - ဤကဲ့သို့သော မလိုလားအပ်သော အနက် အဓိပ္ပါယ်မျိုးသည် ဖြစ်ပေါ်လာနိုင်ပေသည်။ အောက်တွင် ဆက်လက် တင်ပြမည့် - ပညာယ ဝိဝဋ္ဋနာ ဟူသော စကားရပ်၌လည်း အဓိပ္ပါယ်နည်းတူ မှတ်ပါ။ (မဟာဋီ၊၂၊၄၄၂-၄၄၃။)
ဤဘင်္ဂါနုပဿနာဉာဏ်ပိုင်း၌ကား အထက်ပါအတိုင်း ဝတ္ထုများကို ပြောင်း၍ ပြောင်း၍ ရှုရမည် ဖြစ်သည်။ စိတ်ဟူရာ၌ မဟာကုသိုလ် ဝိပဿနာ မနောဒွါရိကဇောဝီထိ နာမ်တရားစုကိုပင် ဆိုလိုကြောင်းကိုလည်း မှတ်သားပါ။ ယေဘုယျအားဖြင့် မနောဒွါရာဝဇ္ဇန်း တစ်ကြိမ်, ဇော ခုနစ်ကြိမ်တို့ ဖြစ်ကြသည်။
(ခ) ပညာယ ဝိဝဋ္ဋနာ = ဝိပဿနာပညာ၏ အဖြစ် (= ဥဒယ) မှ ဆုတ်နစ်ခြင်း ---- ဉာတအမည်ရသော သင်္ခါရတရားတို့၏လည်းကောင်း, ဉာဏအမည်ရသော ဝိပဿနာဉာဏ်၏လည်းကောင်း အဖြစ်-အပျက် = ဥဒယ-ဝယကို ရှုသည်၏ အစွမ်းဖြင့် ဖြစ်ပေါ်နေသော ဝိပဿနာပညာ၏ ယင်း ဉာတ-ဉာဏတရားတို့၏ ဖြစ်မှု = ဥဒယကို လွှတ်၍ အပျက် = ဝယကိုသာလျှင် ယူသည်၏အစွမ်းဖြင့် ဖြစ်မှု = ဥဒယမှ ဆုတ်နစ်ခြင်းသဘောသာ တည်း။ ထိုကြောင့် ယောဂါဝစရပုဂ္ဂိုလ်သည် ဉာတတရား ဉာဏတရားနှစ်မျိုးလုံးတို့၏ ဖြစ်မှု = ဥဒယကို စွန့်ပယ်၍ အပျက် = ဝယ၌သာ မိမိ၏ ဝိပဿနာဘာဝနာစိတ်ကို ကောင်းစွာတည်အောင် ကြိုးစားအားထုတ်ရမည် ဖြစ်သည်။ (ဝိသုဒ္ဓိ၊၂၊၂၈၀။ မဟာဋီ၊၂၊၄၄၃။)
(ဂ) အာဝဇ္ဇနဗလ = ဆင်ခြင်နိုင်သည့် စွမ်းအင် ----ရုပ်တရား၏ အပျက်ဘင်ကို ရှုပြီးလတ်သော် တစ်ဖန် ယင်းရုပ်တရား၏ အပျက် = ဘင်လျှင် အာရုံရှိသော (= ယင်းရုပ်တရား၏ အပျက် = ဘင်ကို ရှုသော) ဝိပဿနာ စိတ်၏ အပျက် = ဘင်ကို ရှုခြင်း မြင်ခြင်းငှာ စွမ်းနိုင်သည်၏ အဖြစ်သည် အာဝဇ္ဇနဗလ မည်၏။ ဤစကားရပ်ဖြင့် ဘင်္ဂါနုပဿနာဉာဏ်၏ အဝါးဝစွာ နိုင်နိုင်နင်းနင်း ရှုနိုင်မှု စွမ်းအားရှိမှုကို ပြောဆိုပေသည်။
ဝတ္ထုသင်္ကမနာ, ပညာယ ဝိဝဋ္ဋနာ, အာဝဇ္ဇနဗလ ----- ဤသုံးမျိုးသည်ကား အာရမ္မဏပဋိသင်္ခါ ဘင်္ဂါနုပဿနာဉာဏ် မည်ပေသည်။ ရုပ်တရား၏ အပျက် = ဘင်ကို ဉာဏ်ဖြင့် သိ၍ ထိုသိသော ဉာဏ်၏ အပျက် = ဘင်ကို တစ်ဖန်ပြန်၍ ဝိပဿနာရှုသော အနုပဿနာ ဟူလိုသည်။ (ဝိသုဒ္ဓိ၊၂၊၂၈၀။ မဟာဋီ၊၂၊၄၄၃။)
ဝေဒနာက္ခန္ဓာ အစ, ဇရာ-မရဏ အဆုံးရှိသော သင်္ခါရတရားတို့၏ အပျက် = ဘင်ကို ရှု၍ ထို အပျက် = ဘင်ကို ရှုသော ဝိပဿနာဉာဏ်၏ အပျက် = ဘင်ကိုပင် တစ်ဖန်ပြန်၍ ဝိပဿနာရှုရာတို့၌လည်း အာရမ္မဏ ပဋိသင်္ခါ ဘင်္ဂါနုပဿနာဉာဏ် မည်ပုံကို သဘောပေါက်ပါလေ။
၂။ အာရမ္မဏအနွယေန၊ ဥဘော ဧကဝဝတ္ထနာ။
နိရောဓေ အဓိမုတ္တတာ၊ ဝယလက္ခဏဝိပဿနာ။ (ပဋိသံ၊၅၅။)
အာရမ္မဏအနွယေန = လက်ငင်း မျက်မှောက် သိမြင်အပ်သော ဒိဋ္ဌဖြစ်သော အာရုံကို အစဉ်လျှောက် သဖြင့်။ ဥဘော = ဒိဋ္ဌ-အဒိဋ္ဌ အာရုံနှစ်မျိုးတို့ကို။ ဧကဝဝတ္ထနာ = ခဏဘင်ဟူသော တစ်ခုတည်းသော သဘော အားဖြင့် ပိုင်းခြားမှတ်သားခြင်းလည်းကောင်း။ နိရောဓေ = သင်္ခါရတရားတို့၏ ခဏမစဲ တသဲသဲ ချုပ်ပျက်ခြင်း ခဏိကနိရောဓ၌။ အဓိမုတ္တတာ = ညွတ်ကိုင်းရှိုင်းသော အဖြစ်လည်းကောင်း။ ဧသာ = ဤသည်ကား။ ဝယလက္ခဏဝိပဿနာ = သင်္ခါရတရားတို့၏ ပျက်ခြင်း ဝယလက္ခဏာကို ရှုသော ဝိပဿနာ မည်၏။
အာရမ္မဏအနွယေန ဥဘော ဧကဝဝတ္ထနာ ----- ပစ္စက္ခအားဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်အပ်ပြီးသော ရှုမြင်အပ်ပြီးသော ဉာတ-ဉာဏ အမည်ရသော သင်္ခါရအာရုံကို အစဉ်လျှောက်သဖြင့် လက်ငင်းဒိဋ္ဌ သိမြင်အပ်သော ဤပစ္စုပ္ပန်ဖြစ်သော သင်္ခါရတရားသည် ပျက်သကဲ့သို့ ထို့အတူ အတိတ်၌လည်း သင်္ခါရတရားအပေါင်းသည် ပျက်ခဲ့ပြီ၊ နောင်အနာဂတ်၌လည်း ပျက်လတ္တံ့ဟု ဝိပဿနာဉာဏ်ဖြင့် ရှုမြင်အပ်ပြီးသော ဒိဋ္ဌအာရုံ, ဝိပဿနာဉာဏ်ဖြင့် မရှုမြင်အပ်သေးသော အဒိဋ္ဌအာရုံဟူသော နှစ်ပါးကုန်သော အာရုံတို့ကို ဤခဏဘင်အားဖြင့် ခဏမစဲ တသဲသဲ ပျက်ခြင်းဟူသော တူသော သဘောအားဖြင့်သာလျှင် ကောင်းစွာ မှတ်သားခြင်းကို ယောဂါဝစရပုဂ္ဂိုလ်သည် ပြုလုပ်အပ်ပေသည်။ (ဤ၌ ဒိဋ္ဌတရား အဒိဋ္ဌတရားနှင့် ပတ်သက်၍ ယူဆပုံကို အထက်တွင် ရှင်းပြခဲ့သည့် အတိုင်းသာ မှတ်ပါ။)
မှန်ပေသည် ----- ရှေးရှေး အဋ္ဌကထာဆရာတော်တို့သည် ဤစကားကို မိန့်ဆိုတော်မူကြကုန်၏။
သံဝိဇ္ဇမာနမှိ ဝိသုဒ္ဓဒဿနော၊ တဒနွယံ နေတိ အတီတနာဂတေ။
သဗ္ဗေပိ သင်္ခါရဂတာ ပလောကိနော၊ ဥဿာဝဗိန္ဒူ သူရိယေဝ ဥဂ္ဂတေ။ (ဝိသုဒ္ဓိ၊၂၊၂၈၀။)
သံဝိဇ္ဇမာနမှိ = ပစ္စက္ခအားဖြင့် ရအပ်သော သိအပ် မြင်အပ်သော ပစ္စုပ္ပန် သင်္ခါရတရားအပေါင်း၌ (= ဒိဋ္ဌ တရား ဟူလိုသည်)။ ဝိသုဒ္ဓဒဿနော = အထူးသဖြင့် စင်ကြယ်သော သင်္ခါရတရားတို့၏ ဘင်ကို ရှုသောဉာဏ် အမြင် ရှိသော ယောဂါဝစရပုဂ္ဂိုလ်သည်။ တဒနွယံ = ထိုပစ္စုပ္ပန် သင်္ခါရတရား၏ ဘင်ကိုရှုသော ဉာဏ်သို့ အစဉ်လိုက်၍ ဖြစ်သော ဝိပဿနာဉာဏ်ကို။ အတီတေ = အတိတ်ဖြစ်သော သင်္ခါရတရား၌လည်းကောင်း။ အနာဂတေ = အနာဂတ်ဖြစ်သော သင်္ခါရတရား၌လည်းကောင်း။ နေတိ = ဆောင်၏ = ဖြစ်စေ၏။ သဗ္ဗေပိ = ကြွင်းမဲ့ ဥဿုံ အလုံးစုံလည်း ဖြစ်ကုန်သော။ သင်္ခါရဂတာ = အတိတ်သင်္ခါရ အနာဂတ်သင်္ခါရ ပစ္စုပ္ပန်သင်္ခါရတရား အပေါင်းတို့သည်။ ပလောကိနော = ပျက်ခြင်းသဘော ရှိကုန်၏။ ကိမိဝ = အဘယ်ကဲ့သို့နည်းဟူမူကား။ သူရိယေ = နေသည်။ ဥဂ္ဂတေ = တက်လတ်သည်ရှိသော်။ ဥဿာဝဗိန္ဒူ = ဆီးနှင်းပေါက်သည်။ ပလောကတိ ဣဝ = ပျောက်ပျက်သကဲ့သို့တည်း။ (ဝိသုဒ္ဓိ၊၂၊၂၈၀။)
= ပစ္စက္ခအားဖြင့် ပစ္စုပ္ပန်သင်္ခါရတရား အပေါင်း၌ ဘင်ကို ရှုသော အထူးသဖြင့် စင်ကြယ်သော ဝိပဿနာ ဉာဏ်အမြင်ရှိသော ယောဂါဝစရပုဂ္ဂိုလ်သည် ထိုပစ္စုပ္ပန်သင်္ခါရတရား၏ ဘင်ကိုရှုသော ဉာဏ်သို့ အစဉ်လိုက်၍ ဖြစ်သော ဝိပဿနာဉာဏ်ကို အတိတ်သင်္ခါရတရား အနာဂတ်သင်္ခါရတရား၌ နည်းကို ဆောင်၏ ဝိပဿနာ ဉာဏ်ကို ဖြစ်စေ၏။ ကြွင်းမဲ့ဥဿုံ အလုံးစုံလည်း ဖြစ်ကုန်သော အတိတ် အနာဂတ် ပစ္စုပ္ပန် သင်္ခါရတရား မှန်သမျှတို့သည် ပျက်ခြင်း သဘောရှိကုန်၏၊ အဘယ်ကဲ့သို့နည်းဟူမူကား --- နေခြည် ထိပျောက် ဆီးနှင်းပေါက် ကဲ့သို့တည်း။ (ဝိသုဒ္ဓိ၊၂၊၂၈၀။) ဤရှုကွက်မှာ ဘင်္ဂဉာဏ်၌ ထူးခြားသော ရှုကွက်ပင် ဖြစ်သည်။
နိရောဓေ အဓိမုတ္တတာ = ခဏနိရောဓ၌ ညွတ်ကိုင်းရှိုင်းမှု ----- ဤသို့လျှင် ဒိဋ္ဌ-သင်္ခါရ, အဒိဋ္ဌ-သင်္ခါရ အားဖြင့် နှစ်မျိုးကုန်သော ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့၏ ခဏမစဲ တသဲသဲ ပျက်နေသော ခဏဘင်၏ အစွမ်းအားဖြင့် တူမျှကုန်၏ဟု ပိုင်းခြားမှတ်သားခြင်းကို ပြု၍ သင်္ခါရတရားတို့၏ ဘင်ဟု ဆိုအပ်သော ထိုချုပ်ခြင်း ခဏနိရောဓ၌သာလျှင် နှလုံးသွင်းသည်၏ အဖြစ်သည် ထိုခဏနိရောဓ၌ အလေးပြုသည်၏ အဖြစ်သည် ထိုခဏ နိရောဓ၌ ညွတ်သည်၏ အဖြစ်သည် ထိုခဏနိရောဓသို့ ကိုင်းသည်၏ အဖြစ်သည် ထိုခဏနိရောဓသို့ ရှိုင်းသည်၏ အဖြစ်သည် နိရောဓေ အဓိမုတ္တတာ = နိရောဓ၌ နှလုံးသွင်းမှု မည်၏။ ဤသို့ ပစ္စက္ခအားဖြင့် ရှုမြင်အပ်သည့် သင်္ခါရအာရုံသို့ အစဉ်လျှောက်သဖြင့် နှစ်ပါးကုန်သော ဒိဋ္ဌအာရုံ အဒိဋ္ဌအာရုံတို့ကို ခဏဘင်အားဖြင့် တူသည်၏ အဖြစ်ဖြင့် ပိုင်းခြားမှတ်သားခြင်းသည် ပျက်ခြင်းဟု ဆိုအပ်သော ဝယလက္ခဏာကို ရှုသော ဝယလက္ခဏာနုပဿနာ = ဘင်္ဂါနုပဿနာ မည်၏။ (ဝိသုဒ္ဓိ၊၂၊၂၈၀။)
၃။ အာရမ္မဏဉ္စ ပဋိသင်္ခါ၊ ဘင်္ဂဉ္စ အနုပဿတိ။
သုညတော စ ဥပဋ္ဌာနံ၊ အဓိပညာဝိပဿနာ။ (ပဋိသံ၊၅၆။)
အာရမ္မဏဉ္စ = ရူပက္ခန္ဓာမှသည် ဇရာ-မရဏသို့ တိုင်အောင်သော သင်္ခါရအာရုံကိုလည်း။ ပဋိသင်္ခါ = သိ၍။ ဘင်္ဂဉ္စ = ထိုရုပ်တရားစသည်လျှင် အာရုံရှိသော စိတ်၏ ဘင်ကိုလည်း။ အနုပဿတိ = အဖန်တလဲလဲ ရှု၏။ သုညတော စ = သုညအားဖြင့်လည်း။ ဥပဋ္ဌာနံ = ထင်ခြင်းသည်။ ဣဇ္ဈတိ = ပြီးပြည့်စုံ၏။ အယံ = ဤသည်လျှင်။ အဓိပညာဝိပဿနာ = အဓိပညာဝိပဿနာ မည်၏။
အာရမ္မဏဉ္စ ပဋိသင်္ခါ ဘင်္ဂဉ္စ အနုပဿတိ = ရှေးဖြစ်သော ရုပ်တရားစသော သင်္ခါရအာရုံကို သိပြီး၍ ထိုရုပ်တရားစသော သင်္ခါရ၏ ပျက်ခြင်း ဘင်ကို ဉာဏ်ဖြင့် မြင်အောင်ရှု၍, ထိုရုပ်တရားစသော သင်္ခါရတရား၏ ပျက်ခြင်း ဘင်ကိုရှုသော ဝိပဿနာစိတ်၏ ပျက်ခြင်း ဘင်ကို တစ်ဖန်ထပ်၍ ဝိပဿနာရှု၏။ ဤသို့ ဉာတ-ဉာဏ အမည်ရသော နှစ်မျိုးသော တရားတို့၏ ပျက်ခြင်း ဘင်ကို ဝိပဿနာရှုသော ထိုယောဂါဝစရပုဂ္ဂိုလ်အား -----
သင်္ခါရတရားတို့သည်သာလျှင် ပျက်ကုန်၏၊ ထိုသင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်သည် မရဏ မည်၏၊ သင်္ခါရတရားတို့မှ တစ်ပါးသော အတ္တ မည်စကောင်းသော တစ်စုံတစ်ယောက်သည် မရှိ။ ---
ဤသို့လျှင် အတ္တမှ ဆိတ်သုဉ်းသော သုညတသဘောအားဖြင့် သင်္ခါရတရားတို့၌ ထင်ခြင်းသည် ပြည့်စုံ လာပေသည်။ (ဝိသုဒ္ဓိ၊၂၊၂၈၀။)
အဓိပညာဝိပဿနာ ----- (၁) ရုပ်တရားစသော သင်္ခါရအာရုံကို သိပြီး၍ ထိုရုပ်တရားစသော သင်္ခါရ အာရုံ၏ ပျက်ခြင်း ဘင်ကို အာရုံပြု၍ ဝိပဿနာရှုသော အာရမ္မဏပဋိသင်္ခါဉာဏ်, (၂) ထိုရုပ်တရားစသော သင်္ခါရတရား၏ ပျက်ခြင်း ဘင်ကို ရှုသော ဝိပဿနာစိတ်၏ ပျက်ခြင်းဘင်ကို တစ်ဖန်ထပ်၍ ဝိပဿနာရှုသော ဘင်္ဂါနုပဿနာဉာဏ်,(၃) သင်္ခါရတရားတို့၌ အတ္တမှ ဆိတ်သုဉ်းသော သုညတသဘောအားဖြင့် ဉာဏ်၌ ထင်ခြင်း သုညတာနုပဿနာဉာဏ် ဤ ဉာဏ်အမြင် သုံးမျိုးသည် အဓိပညာဝိပဿနာ မည်ပေသည်။ (ဝိသုဒ္ဓိ၊၂၊၂၈၀။)
ထိုဉာတ-ဉာဏ အမည်ရသော နှစ်မျိုးသော သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်ကို ရှုမြင်တတ်သော ဘင်္ဂါနုပဿနာဉာဏ်သည် သင်္ခါရတရားတို့၏ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ် သတ္တဝါ အတ္တ၏ အလိုသို့ မလိုက်ပါသည့် သဘောကို ဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းကြောင့် အနတ္တလက္ခဏာကို ထိုးထွင်း သိမြင်ခြင်းငှာ ဖြစ်၏။ ထိုကြောင့် သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်ကို ဝိပဿနာ ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ သင်္ခါရ တရားတို့၌ သုညတသဘောအားဖြင့် ထင်မြင်မှု ပြီးပြည့်စုံလာကြောင်းကို ဟောကြားတော်မူခြင်း ဖြစ်၏။ (မဟာဋီ၊၂၊၄၄၃။)
သင်္ခါရတရားတို့သည် တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ် သတ္တဝါ အတ္တ၏အလိုအတိုင်း လိုက်ပါ၍ ဖြစ်နိုင်ပါမူ သင်္ခါရတရားတို့ကို ဤသို့ မပျက်ပါစေလင့်ဟု တောင့်တခဲ့သော် တောင့်တသည့်အတိုင်း ရလေရာ၏၊ သို့သော် သင်္ခါရတရားတို့၌ တောင့်တသည့်အတိုင်း ရကားမရ ဖြစ်ခဲ့၏။ ထိုကြောင့် သင်္ခါရတရားတို့၌ အတ္တမှ ဆိတ်သုဉ်းသော သုညတသဘောသည် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ ထင်နေသည် ဟူလို။ ထိုကြောင့် ရှေး အဋ္ဌကထာ ဆရာတော်တို့သည် ဤသို့ မိန့်ဆိုတော်မူကြသည်။ -----
ခန္ဓာ နိရုဇ္ဈန္တိ န စတ္ထိ အညော၊ ခန္ဓာန ဘေဒေါ မရဏန္တိ ဝုစ္စတိ။
တေသံ ခယံ ပဿတိ အပ္ပမတ္တော၊ မဏိံဝ ဝိဇ္ဈံ ဝဇိရေန ယောနိသော။ (ဝိသုဒ္ဓိ၊၂၊၂၈၁။)
ခန္ဓာ = ခန္ဓာဖြစ်သော သင်္ခါရတရားတို့သည်သာလျှင်။ နိရုဇ္ဈန္တိ = ချုပ်ကုန်၏။ ဣမသ္မိံ လောကေ = ဤလောက၌။ အညော = ခန္ဓာမှတစ်ပါးသော ချုပ်တတ်သောတရား သေတတ်သောသူ မည်သည်။ န စ အတ္ထိ = မရှိသည်သာလျှင်တည်း။ ခန္ဓာနံ = ခန္ဓာတို့၏။ ဘေဒေါ = ပျက်ခြင်းကို။ မရဏန္တိ = မရဏဟူ၍။ ဝုစ္စတိ = ဆိုအပ်၏။ တေသံ ခန္ဓာနံ = ထိုခန္ဓာဖြစ်သော တရားတို့၏။ ခယံ = ခဏတိုင်း ခဏတိုင်း ထင်လှာသော ဘင်ကို။ အပ္ပမတ္တော = မမေ့မလျော့သော ယောဂါဝစရပုဂ္ဂိုလ်သည်။ ပဿတိ = ဝိပဿနာဉာဏ်ဖြင့် ရှုမြင်၏။ ယထာ ကိံ= အဘယ်ကဲ့သို့နည်းဟူမူကား။ ကုသလော ပုရိသော = လိမ္မာကျွမ်းကျင်သော ရွဲထွင်းသမား မင်းယောက်ျားသည်။ ယောနိသော ဥပါယေန = သင့်သောအကြောင်းဖြင့်။ မဏိံ= ရွဲပတ္တမြားကို။ ဝဇိရေန = စိန်ဖြင့်။ ဝိဇ္ဈံ = ဝိဇ္ဈန္တော = ထွင်းလတ်သည်ရှိသော်။ မဏိဿ = ရွဲပတ္တမြား၏။ ဆိဒ္ဒမေဝ = အပေါက်ကိုသာလျှင်။ မနသိကရောတိ ဣဝ = နှလုံးမူသကဲ့သို့။ မဏိဿ = ရွဲပတ္တမြား၏။ ဝဏ္ဏာဒိံ= အရောင်အဆင်း စသည်ကို။ န မနသိကရောတိ ဣဝ = နှလုံးမမူသကဲ့သို့။ ဧဝမေဝ = ဤဥပမာ အတူပင်လျှင်။ သင်္ခါရာနံ = သင်္ခါရတရားတို့၏။ နိရန္တရံ = အမြဲမပြတ် အကြားအလပ် မရှိသော။ ဘင်္ဂမေဝ = အပျက်ဘင်ကိုသာလျှင်။ ယောနိသော = အသင့်နည်းမှန်အားဖြင့်။ မနသိကရောတိ (= အနိစ္စဟု ဒုက္ခဟု အနတ္တဟု) နှလုံးသွင်း၏။ သုညတော = အတ္တမှ ကင်းဆိတ်သော သုညသဘောအားဖြင့်။ မနသိကရောတိ = နှလုံးသွင်း၏။ သင်္ခါရေ = သင်္ခါရတရား သက်သက်တို့ကိုသာလျှင်။ န မနသိကရောတိ = နှလုံးသွင်းသည်ကား မဟုတ်။ (ဝိသုဒ္ဓိ၊၂၊၂၈၁။)
ခန္ဓာဖြစ်သော တရားတို့သည်သာလျှင် ချုပ်ကုန်၏။ ဤလောက၌ ခန္ဓာမှ တစ်ပါးသော ချုပ်တတ်သော တရား သေတတ်သောသူ မည်သည် မရှိသည်သာလျှင်တည်း။ ခန္ဓာတို့၏ ပျက်ခြင်းကို ဘင် = မရဏဟူ၍ ဆိုအပ် ၏။ ထိုခန္ဓာဖြစ်သော တရားတို့၏ ခဏတိုင်း ခဏတိုင်း ထင်လှာသော ဘင်ကို မမေ့မလျော့သော ယောဂါဝစရ ပုဂ္ဂိုလ်သည် ဝိပဿနာဉာဏ်ဖြင့် ရှုမြင်၏။ အဘယ်ကဲ့သို့နည်းဟူမူကား ----- လိမ္မာကျွမ်းကျင်သော ရွဲထွင်းသမား မင်းယောက်ျားသည် သင့်သောအကြောင်း ဥပါယ်နည်းလမ်းဖြင့် ရွဲပတ္တမြားကို စိန်ဖြင့် ထွင်းဖောက်လတ်သည် ရှိသော် ရွဲပတ္တမြား၏ အပေါက်ကိုသာလျှင် နှလုံးမူသကဲ့သို့ ရွဲပတ္တမြား၏ အရောင်အဆင်း စသည်ကို နှလုံးမမူ သကဲ့သို့ ဤဥပမာအတူပင်လျှင် သင်္ခါရတရားတို့၏ အမြဲမပြတ် ခဏမစဲ တသဲသဲ ပြိုပြို ပျက်ပျက်နေသော ခဏဘင်ကိုသာလျှင် အသင့်နည်းမှန် လမ်းမှန်အားဖြင့် အနိစ္စဟု ဒုက္ခဟု အနတ္တဟု နှလုံးသွင်း၏။ အတ္တမှ ကင်းဆိတ်သော သုညသဘောအားဖြင့် နှလုံးသွင်း၏။ သင်္ခါရတရားတို့၏ ခဏဘင်ကို နှလုံးမသွင်းဘဲ သင်္ခါရတရား သက်သက်ကိုကား နှလုံးမသွင်းပေ။ တစ်နည်း -- စိန်ဖြင့် ရွဲပတ္တမြားကို ထွင်းဖောက်သော ရွဲသမား၏ ထွင်းဖောက် ပြီးရာ အရပ်သည် တစ်ဖန်ပြန်၍ ပြည့်ခြင်းသို့ မရောက်သကဲ့သို့ ဤဥပမာအတူပင်လျှင် စိန်ကောင်းနှင့်တူသော ဘင်္ဂါနုပဿနာဉာဏ်ဖြင့် သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်ကို ရှုမြင်အပ်ပြီးသည်ရှိသော် ယင်းသင်္ခါရတရားတို့၌ တစ်ဖန်ပြန်၍ နိစ္စဟု စွဲယူခြင်းသည် မသက်ရောက်နိုင်တော့ပေ။ ဤသို့လျှင် သင်္ခါရတရားတို့၏ အပျက် ဘင်ကို သာလျှင် ရှု၏။ (ဝိသုဒ္ဓိ၊၂၊၂၈၁။)
၄။ ကုသလော တီသု အနုပဿနာသု၊ စတေဿာ စ ဝိပဿနာသု။
တယော ဥပဋ္ဌာနေ ကုသလတာ၊ နာနာဒိဋ္ဌီသု န ကမ္ပတိ။ (ပဋိသံ၊၅၆။)
တီသု အနုပဿနာသု = အနိစ္စာနုပဿနာ စသော သုံးမျိုးကုန်သော အနုပဿနာတို့၌။ ကုသလော = လိမ္မာကျွမ်းကျင်သော။ ဘိက္ခု = ယောဂါဝစရရဟန်းတော်သည်။ စတေဿာ စ ဝိပဿနာသု = နိဗ္ဗိဒါနုပဿနာ စသော လေးမျိုးသော အနုပဿနာတို့၌လည်းကောင်း။ တယော ဥပဋ္ဌာနေ စ = သုံးပါးသော ထင်ခြင်းတို့၌ လည်းကောင်း။ ကုသလတာ = လိမ္မာသည်၏ အဖြစ်ကြောင့်။ နာနာဒိဋ္ဌီသု = အထူးထူးသော ဒိဋ္ဌိတို့ကြောင့်။ န ကမ္ပတိ = မတုန်မလှုပ်။
အနိစ္စာနုပဿနာ ဒုက္ခာနုပဿနာ အနတ္တာနုပဿနာဟူသော အနုပဿနာ သုံးမျိုးတို့၌ လိမ္မာကျွမ်းကျင်သော ယောဂါဝစရရဟန်းတော်သည် နိဗ္ဗိဒါနုပဿနာ ဝိရာဂါနုပဿနာ နိရောဓာနုပဿနာ ပဋိနိဿဂ္ဂါနုပဿနာ ဟူသော အနုပဿနာ လေးမျိုးတို့၌လည်းကောင်း, အနိစ္စတော ဥပဋ္ဌာန, ဒုက္ခတော ဥပဋ္ဌာန, အနတ္တတော ဥပဋ္ဌာန - ဟူသော သုံးမျိုးသော ထင်ခြင်းတို့၌လည်းကောင်း လိမ္မာသည်၏ အဖြစ်ကြောင့် အထူးထူးသော ဒိဋ္ဌိတို့ကြောင့် မတုန်မလှုပ်တော့ပေ။ (ပဋိသံ၊၅၆။)
တယော ဥပဋ္ဌာန = သုံးမျိုးသော ထင်ခြင်း -----သင်္ခါရတရားတို့၏ အပျက်ကို အာရုံယူ၍ အနိစ္စဟု ဝိပဿနာရှုရာ၌ သင်္ခါရတရားတို့၌ ကုန်ကုန် ပျက်ပျက်သွားသော ခယ-ဝယသဘောအားဖြင့် ထင်လှာခြင်းသည် အနိစ္စတော ဥပဋ္ဌာန = အနိစ္စအားဖြင့် ထင်ခြင်းတည်း။ သင်္ခါရတရားတို့၏ အပျက်ကိုပင် အာရုံယူ၍ ဒုက္ခဟု ဝိပဿနာရှုရာ၌ သင်္ခါရတရားတို့၌ ကြောက်မက်ဖွယ် အခြင်းအရာအားဖြင့် ထင်လှာခြင်းသည် ဒုက္ခတော ဥပဋ္ဌာန = ဒုက္ခအားဖြင့် ထင်ခြင်းတည်း။ သင်္ခါရတရားတို့၏ အပျက်ကိုပင် အာရုံယူ၍ အနတ္တဟု ဝိပဿနာရှုရာ၌ သင်္ခါရတရားတို့၌ အတ္တမှ ဆိတ်သုဉ်းသော သုညသဘောအားဖြင့် ထင်လှာခြင်းသည် အနတ္တတော ဥပဋ္ဌာန = အနတ္တအားဖြင့် ထင်ခြင်းတည်း။ (မဟာဋီ၊၂၊၄၄၄။)
နိဗ္ဗိဒါနုပဿနာစသော အနုပဿနာလေးမျိုးတို့၏ အဓိပ္ပါယ်သည် နောက်တွင် ထင်ရှားလတ္တံ့။
ဤသို့လျှင် အမျိုးမျိုးသော ဒိဋ္ဌိတို့ကြောင့် တုန်လှုပ်မှု မရှိသော ထိုယောဂါဝစရပုဂ္ဂိုလ်သည် မချုပ်သေး သော သင်္ခါရတရားသည်သာလျှင် ချုပ်၏၊ မပျက်သေးသော သင်္ခါရတရားသည်သာလျှင် ပျက်၏- ဤသို့ ဖြစ် ပေါ်လှာသော နှလုံးသွင်းခြင်း ရှိသည်ဖြစ်၍ ကွဲနေသော အားနည်းသော စိုစွတ်သော မြေခွက်စိမ်း၏ ကွဲခြင်းကို သာလျှင် ရှုမြင်ရသကဲ့သို့လည်းကောင်း, ဖရိုဖရဲ ကြဲလွှင့်အပ်သော သိမ်မွေ့သောမြူ၏ ပျောက်ပျက်ခြင်းကိုသာလျှင် ရှုမြင်ရသကဲ့သို့လည်းကောင်း, အိုးကင်း၌ လှော်အပ်ကုန်သော နှမ်းတို့၏ ပျက်ခြင်းကိုသာလျှင် ရှုမြင်ရသကဲ့သို့ လည်းကောင်း - အလုံးစုံသော သင်္ခါရတရားတို့၏ ဥပ္ပါဒ-ဌိတိ-ပဝတ္တ-နိမိတ္တကို လွှတ်၍ ယင်းသင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်ကိုသာလျှင် ဝိပဿနာရှု၏။ ဥပမာ မည်သည်ကား မျက်စိအမြင်ရှိသော ယောက်ျားသည် ရေကန်၏ ကမ်းပါး၌သော်လည်းကောင်း, မြစ်ကမ်းပါး၌သော်လည်းကောင်း ရပ်တည်လျက် ကြီးစွာသော မိုးသီး မိုးပေါက် ရှိသော မိုးသည် ရွာသွန်းလတ်သည် ရှိသော် ရေပြင်ပေါ်၌ ကြီးကုန် ကြီးကုန်သော ရေပြွက်တို့ကို ဖြစ်၍ဖြစ်၍ လျင်လျင်မြန်မြန် ပျက်သည်တို့ကိုသာလျှင် တွေ့မြင်ရာသကဲ့သို့ ---- ဤ ဥပမာ အတူသာလျှင် ထိုယောဂါဝစရ ပုဂ္ဂိုလ်သည် အလုံးစုံသော သင်္ခါရတရား မှန်သမျှတို့သည် လျင်စွာ လျင်စွာ ပျက်ကုန် ပျက်ကုန်သည်တကားဟူ၍ ဝိပဿနာဉာဏ်ဖြင့် ရှုမြင်၏။ မှန်ပေသည် ----- ဤသို့ ရေပြွက် တန္တု ပျက်လွယ်သည်ကို ရှုသော သဘော ရှိသော ယောဂါဝစရပုဂ္ဂိုလ်ကို ရည်ရွယ်တော်မူ၍ ဘုရားရှင်သည် အောက်ပါ ဂါထာ ဒေသနာတော်ကို ဟောကြားတော်မူ၏။ -----
ယထာ ဗုဗ္ဗုဠကံ ပေဿ၊ ယထာ ပေဿ မရီစိကံ။
ဧဝံ လောကံ အဝေက္ခန္တံ၊ မစ္စုရာဇာ န ပဿတိ။ (ဝိသုဒ္ဓိ၊၂၊၂၈၁။)
ဗုဗ္ဗုဠကံ = ရေပြွက်ကို။ ပေဿ - ပေဿယျ ယထာ = ရှုသကဲ့သို့လည်းကောင်း။ မရီစိကံ = တံလျှပ်ကို။ ပေဿ - ပေဿယျ ယထာ = ရှုသကဲ့သို့လည်းကောင်း။ ဧဝံ တထာ = ထို့အတူ။ လောကံ = သင်္ခါရလောကကို။ အဝေက္ခန္တံ = ဝိပဿနာဉာဏ်ဖြင့် သက်ဝင်၍ အပျက် အပျက်ကိုသာ ရှုသော ယောဂါဝစရပုဂ္ဂိုလ်ကို။ မစ္စုရာဇာ = ရှင်သေမင်းသည်။ န ပဿတိ = မမြင်ရလေပြီ။
ရေပြွက်ကို ရှုမြင်သကဲ့သို့လည်းကောင်း, တံလျှပ်ကို ရှုမြင်သကဲ့သို့လည်းကောင်း ထို့အတူ ရုပ်နာမ်ဓမ္မ သင်္ခါရလောကကို ဝိပဿနာဉာဏ်ဖြင့် သက်ဝင်၍ အပျက် အပျက်ကိုသာ ရှုသော ယောဂါဝစရပုဂ္ဂိုလ်ကို ရှင်သေမင်းသည် မတွေ့မြင်ရလေပြီ။ သင်္ခါရတရားတို့၏ အပျက်ကို အရဟတ္တမဂ်ကို ရသည့်တိုင်အောင် ကြိုးစား အားထုတ်သဖြင့် အရဟတ္တမဂ်ကို ရရှိခြင်းဖြင့် တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း၏ မရှိခြင်းကြောင့် ပရိနိဗ္ဗာနစုတိ၏ နောင်တွင် ရှင်သေမင်း မမြင်နိုင်ရာ နိဗ္ဗာန်သို့ ဆိုက်ရောက်တော်မူလေပြီဟု ဆိုလိုသည်။ (ဝိသုဒ္ဓိ၊၂၊၂၈၁။ မဟာဋီ၊၂၊၄၄၄။)
ဤအထက်ပါ အဋ္ဌကထာစကားရပ်၌ ဥပမာသုံးရပ်နှင့် ဆက်စပ်၍ ဆိုလိုရင်းသဘောကို မဟာဋီကာ ဆရာတော်က ဤသို့ ရှင်းလင်း တင်ပြထားတော်မူ၏။ -----
၁။ ဒုဗ္ဗလဘာဇနူပမာ = ကွဲနေသော အားနည်းသော စိုစွတ်သော မြေခွက်စိမ်း = မြေအိုး ဥပမာသည် သင်္ခါရတရားတို့၏ မိမိသဘောအားဖြင့် ပျက်တတ်သည်၏ အဖြစ်ကို ပြရခြင်း အကျိုးရှိ၏။
၂။ ဝိပ္ပကိရိယမာနသုခုမရဇူပမာ = ဖရိုဖရဲ ကြဲလွှင့်အပ်သော သိမ်မွေ့သော မြူ ဥပမာသည် သင်္ခါရတရားတို့၏ အချင်းချင်း မဆက်စပ်သည်၏အဖြစ် ဖရိုဖရဲ ပြန့်ကြဲသည်၏ အဖြစ်ကို ပြရခြင်းအကျိုးရှိ၏။
၃။ ဘိဇ္ဇိယမာနတိလူပမာ = အိုးကင်း၌ လှော်အပ်သော နှမ်းဥပမာသည် သင်္ခါရတရားတို့၏ ခဏတိုင်း ခဏတိုင်း၌ ပျက်ခြင်း သဘောရှိသည်၏ အဖြစ်ကို ပြရခြင်း အကျိုး ရှိ၏။ ဤသို့ မှတ်သားပါလေ။ (မဟာဋီ၊၂၊၄၄၄။)
အကျိုးအာနိသင် (၈) ပါးဖြင့် ခြံရံအပ်သော ဘင်္ဂါနုပဿနာဉာဏ်
ဤသို့လျှင် ခပ်သိမ်းသော သင်္ခါရတရားတို့သည် လျင်စွာ လျင်စွာ ပျက်ကုန် ပျက်ကုန်ကာသာဟူ၍ အမြဲ မပြတ် ဝိပဿနာဉာဏ်ဖြင့် ရှုသော ထိုယောဂါဝစရပုဂ္ဂိုလ်အား ရှစ်ပါးသော အကျိုးအာနိသင်ဖြင့် ခြံရံအပ်သော ဘင်္ဂါနုပဿနာ ဉာဏ်သည် သန်မြန်သော စွမ်းအားသို့ ရောက်ရှိလာ၏။ ထိုဘင်္ဂါနုပဿနာဉာဏ်၌ ဤဆိုလတ္တံ့တို့သည်ကား ရှစ်ပါးသော အကျိုးအာနိသင်တို့တည်း။
၁။ ဘဝဒိဋ္ဌိ = သဿတဒိဋ္ဌိကို ပယ်ခွာနိုင်ခြင်း, (သင်္ခါရတရားတို့၏ အပျက်ကိုပင် အမြဲမပြတ် ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ အတ္တသည် မြဲ၏ဟု စွဲယူသော သဿတဒိဋ္ဌိ၏ ဖြစ်နိုင်ခွင့်သည် မရှိနိုင်တော့ပြီ။)
၂။ အသက်ကို စွန့်နိုင်ခြင်း,
၃။ နေ့ညဉ့် မပြတ် ဘာဝနာ၌ လွန်စွာ လွန်စွာ အားထုတ်နိုင်စွမ်းရှိခြင်း,
၄။ ယုတ်မာသော အလိုရမ္မက် ဝေးသည်ဖြစ်၍ စင်ကြယ်သော အသက်မွေးမှု ရှိခြင်း,
၅။ ထက်သန်သော သံဝေဂကြောင့် ကိစ္စကြီးငယ်တို့၌ ကြောင့်ကြဗျာပါရကို ပယ်နိုင်ခြင်း,
၆။ မိမိကိုယ်ကို ချစ်မြတ်နိုးခြင်း ကင်းသည်ဖြစ်၍ တစ်စုံတစ်ခုသော အကြောင်းကြောင့်လည်း ဘေးမရှိသည် ဖြစ်၍ ဘေးကင်းခြင်း,
၇။ သင်္ခါရတရားတို့၏ အနိစ္စဖြစ်မှုကို ကောင်းစွာ မြင်အပ်သည်၏ အဖြစ်ကြောင့် သည်းခံခြင်း, ကောင်းသော အမှု၌ မွေ့လျော်ခြင်းကို ရခြင်း,
၈။ ဆိတ်ငြိမ်သော တောကျောင်း တောင်ကျောင်းတို့၌ မမွေ့လျော်ခြင်း, သမထဝိပဿနာ ဘာဝနာဟူသော လွန်ကဲမြင့်မြတ်သော ကုသိုလ်တရားတို့၌ မမွေ့လျော်ခြင်း, ကာမဂုဏ်တို့၌ မွေ့လျော်ပျော်ပိုက်ခြင်းတို့ကို နှိမ်နင်းဖျက်ဆီးနိုင်ခြင်း -----
ဤကား ဘင်္ဂါနုပဿနာဉာဏ်၌ ခြံရံထားအပ်သော အကျိုးအာနိသင် (၈)မျိုးတည်း။ (ဝိသုဒ္ဓိ၊၂၊၂၈၁။)
ထိုကြောင့် ရှေးရှေး အဋ္ဌကထာဆရာတော်တို့သည် ဤသို့ မိန့်ဆိုထားတော်မူကြကုန်၏။
ဣမာနိ အဋ္ဌဂ္ဂုဏမုတ္တမာနိ၊ ဒိသွာ တဟိံ သမ္မသတေ ပုနပ္ပုနံ။
အာဒိတ္တစေလဿိရသူပမော မုနိ၊ ဘင်္ဂါနုပဿီ အမတဿ ပတ္တိယာ။ (ဝိသုဒ္ဓိ၊၂၊၂၈၂။)
တဟိံ= ထိုဘင်္ဂါနုပဿနာ၌။ ဣမာနိ အဋ္ဌဂ္ဂုဏမုတ္တမာနိ = ဘဝဒိဋ္ဌိကို ပယ်ခြင်းအစရှိသော ဤရှစ်ပါးသော မြတ်သော အကျိုးအာနိသင်တို့ကို။ ဒိသွာ = တွေ့မြင်၍။ အာဒိတ္တစေလဿိရသူပမော = ဦးခေါင်း၌ တပြောင် ပြောင် မီးတောက်လောင်သော ဦးရစ်ခေါင်းပေါင်း ရှိသောသူလျှင် ဥပမာရှိသော။ ဘင်္ဂါနုပဿီ = ဘင်ကို ရှုလေ့ ရှိသော။ မုနိ = ယောဂါဝစရ ရဟန်းသည်။ အမတဿ = မသေရာ အမြိုက်နိဗ္ဗာန်သို့။ ပတ္တိယာ = ရောက်ရှိခြင်းငှာ။ ပုနပ္ပုနံ = အဖန်တလဲလဲ။ သမ္မသတေ = သင်္ခါရတရားတို့၏ အပျက်ကို အာရုံပြု၍ လက္ခဏာရေးတင်ကာ ဝိပဿနာ ရှုပွားသုံးသပ်လေ၏။
ဦးခေါင်း၌ တည်ရှိသော ဦးရစ်ခေါင်းပေါင်း၌ မီးစွဲလောင်နေသော ယောက်ျားအဖို့ ဦးရစ်ခေါင်းပေါင်း၌ စွဲလောင်နေသော မီးကို ငြှိမ်းသတ်ဖို့ရန် လုပ်ငန်းရပ်သည် အရေးကြီးဆုံးသော လုပ်ငန်းရပ်ဖြစ်၏။ သို့သော် ထို လုပ်ငန်းရပ်ထက် သာလွန်၍ အရေးကြီးသော လုပ်ငန်းရပ်ကား သက္ကာယဒိဋ္ဌိ ငရဲမီးကြီး ငြိမ်းဖို့ရန် လုပ်ငန်းရပ်ပင် ဖြစ်သည်။ ယင်း သက္ကာယဒိဋ္ဌိ ငရဲမီးကြီးကို ငြိမ်းအောင် ငြှိမ်းသတ်လိုသော ယောဂါဝစရ ရဟန်းတော်သည် ထိုဘင်္ဂါနုပဿနာဉာဏ်၌ ဘဝဒိဋ္ဌိ = သဿတဒိဋ္ဌိကို ပယ်ခြင်း အစရှိသော ဤရှစ်ပါးသော မြတ်သော အကျိုး အာနိသင်တို့ကို တွေ့မြင်၍ မသေရာ အမြိုက်နိဗ္ဗာန်တရားတော်မြတ်ကြီးသို့ ရောက်ရှိရန် အလို့ငှာ -----
အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး, အဇ္စျတ္တ ဗဟိဒ္ဓဟူသော သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော ဉာတအမည်ရသော သင်္ခါရတရားတို့ကိုလည်းကောင်း, ယင်းသင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန် တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုနေသော ဉာဏအမည်ရသော ဝိပဿနာဉာဏ်ကိုလည်းကောင်း - ယင်းဉာတ ဉာဏအမည်ရသော တရားနှစ်မျိုးတို့၏ အပျက်သက်သက်ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာရေးသုံးတန်ကို တစ်လှည့်စီတင်၍ တွင်တွင်ကြီး ဝိပဿနာရှုလေရာ၏။ ရုပ်နာမ်နှစ်ပါးနည်း ခန္ဓာငါးပါးနည်းစသော နည်းအမျိုးမျိုးတို့ဖြင့် နှစ်ခြိုက်သလို ရှုပွားသုံးသပ်ပါလေ။ ယင်းသင်္ခါရတရားစုတို့တွင် အာနာပါန ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန် နာမ်တရားစုတို့လည်း ပါဝင်ကြသည်ကို သတိပြုထားပါလေ။
သတိပဋ္ဌာန်လေးပါးသို့ သက်ဝင်ပုံ
ယသ္မာ ပနေတ္ထ ဣဒမေဝ စတုက္ကံ အာဒိကမ္မိကဿ ကမ္မဋ္ဌာနဝသေန ဝုတ္တံ။ ဣတရာနိ ပန တီဏိ စတုက္ကာနိ ဧတ္ထ ပတ္တဇ္စျာနဿ ဝေဒနာ-စိတ္တ-ဓမ္မာနုပဿနာဝသေန ဝုတ္တာနိ။ (ဝိသုဒ္ဓိ၊၁၊၂၆၉။)
နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရှိသော ဤကျမ်း၌ အာနာပါနဿတိ သမာဓိပိုင်းမှ စ၍ ဘင်္ဂါနုပဿနာဉာဏ်သို့ တိုင်အောင်သော သမထဝိပဿနာ ဘာဝနာကျင့်စဉ်တို့ကို ရေးသားတင်ပြခဲ့ပြီးလေပြီ။ ဘုရားရှင်သည် အာနာပါနကျင့်စဉ်ကို စတုက္ကလေးမျိုးတို့ဖြင့် ပိုင်းခြား၍ ဟောကြားထားတော်မူခဲ့၏။
၁။ ကာယာနုပဿနာသတိပဋ္ဌာန်၏ အစွမ်းဖြင့် ပထမစတုက္ကကို,
၂။ ဝေဒနာနုပဿနာသတိပဋ္ဌာန်၏ အစွမ်းဖြင့် ဒုတိယစတုက္ကကို,
၃။ စိတ္တာနုပဿနာသတိပဋ္ဌာန်၏ အစွမ်းဖြင့် တတိယစတုက္ကကို,
၄။ ဓမ္မာနုပဿနာ သတိပဋ္ဌာန်၏ အစွမ်းဖြင့် စတုတ္ထစတုက္ကကို ---
အသီးအသီး ပိုင်းခြားထား၍ ဟောကြားထားတော်မူ၏။
(၁) ပထမ စတုက္က
ကာယေသု ကာယညတရာဟံ ဘိက္ခဝေ ဧဝံ ဝဒါမိ ယဒိဒံ အဿာသပဿာသာ။ (မ၊၃၊၁၂၆။)
သမထအလိုအားဖြင့် ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ဟူသော အဿာသပဿာသ ကာယကို, ဝိပဿနာအလိုအားဖြင့် ရူပကာယ နာမကာယကို အဖန်ဖန် အထပ်ထပ် ရှုပွားသုံးသပ်ခြင်း ဘာဝနာလုပ်ငန်းရပ်သည် ကာယာနုပဿနာသတိပဋ္ဌာန် ဘာဝနာ လုပ်ငန်းရပ်ပင် ဖြစ်သည်။
(က) သမထအလိုအားဖြင့် အာနာပါနပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ဟူသော အဿာသပဿာသ ကာယကို အာရုံပြု၍ သမာဓိဘာဝနာလုပ်ငန်းရပ်ကို ပွားများအားထုတ်ခြင်းသည်လည်းကောင်း, အာနာပါန ပဋိဘာဂနိမိတ်ဟူသော အဿာသပဿာသ ကာယကို အာရုံပြု၍ ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်တို့ကို ဖြစ်စေခြင်း ယင်းစျာန်တို့ကို အဖန်ဖန် အထပ်ထပ် ဝင်စားခြင်းသည်လည်းကောင်း ကာယာနုပဿနာသတိပဋ္ဌာန်ကို ပွားများနေသည် ပြည့်စုံစေသည် မည်၏။
(ခ) ဝိပဿနာအလိုအားဖြင့် ယင်းစျာန်လေးပါးတို့၏ အတွင်း၌ တည်ရှိသော စျာန်အင်္ဂါနှင့်တကွ စျာနသမ္ပယုတ်တရားဟူသော စျာန်နာမ်တရားတို့ကိုလည်းကောင်း, ယင်းစျာန်နာမ်တရားတို့၏ မှီရာဟဒယ၌ တည်ရှိသော ဟဒယဝတ္ထုနှင့် တကွသော (၅၄)မျိုးသော ရုပ်တရားတို့ကိုလည်းကောင်း, ကြွင်းကျန်သော ကာလသုံးပါး သန္တာန် နှစ်ပါး အတွင်း၌ တည်ရှိသော ပကိဏ္ဏက-သင်္ခါရ အမည်ရသော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကိုလည်းကောင်း ရုပ်တရားကို အဦးမူ၍ သိမ်းဆည်းပြီးလျှင် ယင်းသင်္ခါရတရားတို့ကို အဖန်ဖန် အထပ်ထပ် လက္ခဏာယာဉ်ကို တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ခြင်းသည်လည်း ကာယာနုပဿနာသတိပဋ္ဌာန်ကို ပွားများနေသည် ပြည့်စုံစေသည်ပင် မည်ပေသည်။ ယင်းသို့ ဝိပဿနာရှုပွားရာ၌ ရုပ်တရားကို အဦးမူ၍ ရုပ်တရားကို ပဓာနထား၍ ရုပ်တရားကို ဦးစားပေး၍ ဝိပဿနာ ရှုပြီးပါမှ နာမ်တရားတို့ကို ဝိပဿနာရှုသဖြင့် ကာယာနုပဿနာသတိပဋ္ဌာန်သို့ သက်ဝင်ခြင်း ဖြစ်သည်။ ဘင်္ဂဉာဏ်သို့ တိုင်အောင်သော ပထမစတုက္က ရှုကွက်ကို ပြည့်ပြည့်စုံစုံ ရေးသားတင်ပြခဲ့ပြီးလေပြီ။ ယခုအခါ၌ ဒုတိယစတုက္က ရှုကွက်စသည်တို့ကို ဆက်လက်၍ ရေးသားတင်ပြပေအံ့။ -----
(၂) ဒုတိယ စတုက္က
(က) ပီတိပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ။
ပီတိပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။
( ခ ) သုခပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ။
သုခပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။
( ဂ ) စိတ္တသင်္ခါရပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ။
စိတ္တသင်္ခါရပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။
(ဃ) ပဿမ္ဘယံ စိတ္တသင်္ခါရံ အဿသိဿာမီတိ သိက္ခတိ။
ပဿမ္ဘယံ စိတ္တသင်္ခါရံ ပဿသိဿာမီတိ သိက္ခတိ။ (မ၊၃၊၁၂၅။ သံ၊၃၊၂၇၉။ ဝိ၊၁၊၈၈။)
(က) ပီတိပဋိသံဝေဒီ = စျာန်ပီတိကို ထင်ထင်ရှားရှား သိသည်ဖြစ်၍။ အဿသိဿာမိ = ဝင်သက်လေကို ဖြစ်စေအံ့။ ဣတိ = ဤသို့။ သိက္ခတိ = ကျင့်၏။ ပီတိပဋိသံဝေဒီ = စျာန်ပီတိကို ထင်ထင်ရှားရှား သိသည်ဖြစ်၍။ ပဿသိဿာမိ = ထွက်သက်လေကို ဖြစ်စေအံ့။ ဣတိ = ဤသို့။ သိက္ခတိ = ကျင့်၏။
( ခ ) သုခပဋိသံဝေဒီ = စျာန်သုခကို ထင်ထင်ရှားရှား သိသည်ဖြစ်၍။ ပ ။
( ဂ ) စိတ္တသင်္ခါရပဋိသံဝေဒီ = စျာနဓမ္မဖြစ်သော ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာဟူသော စိတ္တသင်္ခါရတရားကို ထင်ထင်ရှားရှား သိသည်ဖြစ်၍။ ပ ။
(ဃ) စိတ္တသင်္ခါရံ = ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာဟူသော စိတ္တသင်္ခါရကို။ ပဿမ္ဘယံ = ငြိမ်းစေလျက်။ ပ ။
ပထမစတုက္က၌ စျာန်သို့ ရောက်ရှိပြီးသော စျာန်ကို ရရှိပြီးသော ယောဂါဝစရပုဂ္ဂိုလ်အတွက် --- ဒုတိယ စတုက္ကကို ဝေဒနာနုပဿနာ၏ အစွမ်းဖြင့်, တတိယစတုက္ကကို စိတ္တာနုပဿနာ၏ အစွမ်းဖြင့်, စတုတ္ထစတုက္ကကို ဓမ္မာနုပဿနာ၏ အစွမ်းဖြင့် ဤစတုက္ကသုံးမျိုးတို့ကို ဘုရားရှင်သည် ဟောကြားထားတော်မူအပ်ကုန်၏။ (ဝိသုဒ္ဓိ၊ ၁၊၂၆၉။) ထိုကြောင့် ယင်း ဒုတိယစတုက္က ပါဠိတော်၏ မြန်မာပြန်ကို အောက်ပါအတိုင်း မှတ်သားပါလေ။ ---
(က) ပထမစျာန် ဒုတိယစျာန်နှင့် ယှဉ်သော ပီတိကို ထင်ထင်ရှားရှား သိသည်ဖြစ်၍ ဝင်သက်လေကို ဖြစ်စေအံ့ ဟု ကျင့်၏။ ပထမစျာန် ဒုတိယစျာန်နှင့် ယှဉ်သော ပီတိကို ထင်ထင်ရှားရှား သိသည်ဖြစ်၍ ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။
( ခ ) ပထမစျာန် ဒုတိယစျာန် တတိယစျာန်နှင့် ယှဉ်သော သုခဝေဒနာကို ထင်ထင်ရှားရှား သိသည်ဖြစ်၍ ဝင်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။ ပထမစျာန် ဒုတိယစျာန် တတိယစျာန်နှင့် ယှဉ်သော သုခဝေဒနာကို ထင်ထင်ရှားရှား သိသည်ဖြစ်၍ ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။
( ဂ ) စျာန်လေးပါးနှင့် ယှဉ်သော ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာဟူသော စိတ္တသင်္ခါရတရားကို ထင်ထင်ရှားရှား သိသည်ဖြစ်၍ ဝင်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။ စျာန်လေးပါးနှင့် ယှဉ်သော ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာဟူသော စိတ္တသင်္ခါရတရားကို ထင်ထင်ရှားရှား သိသည်ဖြစ်၍ ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။
(ဃ) စျာန်လေးပါးနှင့် ယှဉ်သော ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာဟူသော ရုန့်ရင်း ရုန့်ရင်းသော စိတ္တသင်္ခါရတရားကို ငြိမ်းစေလျက် ဝင်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။ စျာန်လေးပါးနှင့် ယှဉ်သော ရုန့်ရင်း ရုန့်ရင်းသော စိတ္တသင်္ခါရတရားကို ငြိမ်းစေလျက် ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။
(က) ပီတိ ပဋိသံဝေဒီ
ပီတိကို ထင်ရှားစေမှု, ပီတိကို ထင်ရှားအောင်ပြု၍ အဿာသပဿာသကို ဖြစ်အောင် ကျင့်မှုသည် ----
၁။ အာရမ္မဏတော = အာရုံအားဖြင့် ထင်ရှားအောင် ကျင့်မှု,
၂။ အသမ္မောဟတော = မတွေမဝေ သိသောအားဖြင့် ထင်ရှားအောင် ကျင့်မှုဟု -----
ဤသို့လျှင် နှစ်မျိုး ရှိ၏။
၁။ အာရုံသဘောအားဖြင့် ပီတိထင်ရှားမှု ဟူသည်ကား ----- ပီတိယှဉ်သော ပထမစျာန် ဒုတိယစျာန်တို့ကို ဝင်စား၏။ ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် စျာန်ဝင်စားဆဲ သမာပတ်အခိုက်၌ စျာန်ကို ရရှိခြင်းဖြင့် ပီတိကို လွန်လွန်ကဲကဲ ဖြစ်စေနိုင်သော ပီတိ လွန်လွန်ကဲကဲ ဖြစ်လာနိုင်အောင် အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြု ပေးနေသော အာနာပါနပဋိဘာဂနိမိတ်အာရုံ၏ ထင်ရှားခြင်းကြောင့် = အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထင်ထင် ရှားရှား သိနေခြင်းကြောင့် အာရုံသဘောအားဖြင့် ပီတိကို ထင်ထင်ရှားရှား သိခြင်း ဖြစ်၏။
၂။ တစ်ဖန် ပီတိယှဉ်သော ယင်းပထမစျာန် ဒုတိယစျာန်တို့ကို ဝင်စား၍ ယင်းစျာန်မှ ထ၍ စျာန်နှင့်ယှဉ်သော ပီတိကို ကုန်တတ် ပျက်တတ်သော ခယ-ဝယ သဘောအားဖြင့် လက္ခဏာယာဉ်ကို တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ပီတိကို ဝိပဿနာရှုသော ခဏ, မြင်သော ခဏ၌ ပီတိ၏ သဘာဝလက္ခဏာ သာမညလက္ခဏာကို ထိုးထွင်း၍ သိမြင်ခြင်းဖြင့် မတွေမဝေသော အသမ္မောဟသဘောအားဖြင့် ပီတိသည် ထင်ထင်ရှားရှား သိအပ်သည့် တရား ဖြစ်၏။ (ဝိသုဒ္ဓိ၊၁၊၂၇၉။)
(ခ) သုခ ပဋိသံဝေဒီ
၁။ သုခဝေဒနာနှင့် ယှဉ်သော ပထမစျာန် ဒုတိယစျာန် တတိယစျာန်တို့ကို ဝင်စား၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် စျာန်သမာပတ်ကို ဝင်စားဆဲ ခဏ၌ စျာန်ကို ရရှိနေခြင်း စျာန်နှင့် ပြည့်စုံနေခြင်းဖြင့် သုခဝေဒနာကို လွန်လွန်ကဲကဲ ဖြစ်စေနိုင်သော သုခဝေဒနာ လွန်လွန်ကဲကဲ ဖြစ်လာနိုင်လောက်အောင် အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနေသော အာနာပါနပဋိဘာဂနိမိတ် အာရုံ၏ ထင်ထင်ရှားရှား ဖြစ်နေခြင်းကြောင့် အာနာပါန ပဋိဘာဂနိမိတ်အာရုံကို ထင်ထင်ရှားရှား သိနေခြင်းကြောင့် ထိုအာနာပါနပဋိဘာဂနိမိတ်အာရုံကို အာရုံယူနိုင်ခြင်းကို အကြောင်းပြုသဖြင့် ထို အာနာပါနပဋိဘာဂနိမိတ်လျှင် အာရုံရှိသော စျာန်၌ အကျုံးဝင်သော သုခဝေဒနာကို ထင်ထင်ရှားရှား သိခြင်း ဖြစ်၏။
၂။ တစ်ဖန် သုခဝေဒနာနှင့် ယှဉ်သော ပထမစျာန် ဒုတိယစျာန် တတိယစျာန်တို့ကို ဝင်စား၍ ယင်းစျာန်မှ ထ၍ စျာန်နှင့်ယှဉ်သော သုခဝေဒနာကို ကုန်တတ်ပျက်တတ်သော ခယ-ဝယ သဘောအားဖြင့် လက္ခဏာယာဉ်ကို တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ယင်းသုခဝေဒနာကို ဝိပဿနာရှုသော ခဏ ဝိပဿနာဉာဏ်ဖြင့် မြင်သော ခဏ၌ သုခဝေဒနာ၏ သဘာဝလက္ခဏာ သာမညလက္ခဏာကို ထိုးထွင်း၍ သိမြင်ခြင်းဖြင့် မတွေမဝေ သိသော အသမ္မောဟသဘောအားဖြင့် သုခဝေဒနာသည် ထင်ထင်ရှားရှား သိအပ်သည့် တရား ဖြစ်ပေသည်။
သုခပဋိသံဝေဒီပဒေ စေတ္ထ ဝိပဿနာဘူမိဒဿနတ္ထံ သုခန္တိ ဒွေ သုခါနိ ကာယိကဉ္စ သုခံ စေတသိကဉ္စာတိ ပဋိသမ္ဘိဒါယံ ဝုတ္တံ။ (ဝိသုဒ္ဓိ၊၁၊၂၈၀။)
ဝိပဿနာဘူမိဒဿနတ္ထန္တိ ပကိဏ္ဏကသင်္ခါရသမ္မသနဝသေန ဝိပဿနာယ ဘူမိဒဿနတ္ထံ သုခန္တိ ဒွေ သုခါနီတိအာဒိ ဝုတ္တံ သမထေ ကာယိကသုခါဘာဝတော။ (မဟာဋီ၊၁၊၃၄၁။)
ပကိဏ္ဏကသင်္ခါရေတိ ပါဒကဇ္စျာနတော အညသင်္ခါရေ။ တေန ပါဒကဇ္စျာနသင်္ခါရေသု သမ္မသိတေသု ဝတ္တဗ္ဗမေဝ နတ္ထီတိ ဒေဿတိ။ (မူလဋီ၊၁၊၁၁၆။)
သုခပဋိသံဝေဒီ --ပုဒ်၌ သုခအရ ကာယိကသုခဝေဒနာ စေတသိကသုခဝေဒနာဟူသော သုခဝေဒနာ နှစ်မျိုးလုံးကိုပင် ကောက်ယူရမည် ဖြစ်ကြောင်းကို ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် (၁၈၆)၌ ဟောကြားထားတော်မူ၏။ သမထစျာန်တရား၌ စေတသိက သုခဝေဒနာသာ ယှဉ်၏၊ ကာယိက သုခဝေဒနာကား မယှဉ်ပေ။ ကာယိက သုခဝေဒနာကား သုခသဟဂုတ် ကာယဝိညာဏ်စိတ်၌သာ ယှဉ်၏။ သမထစျာန်နာမ်တရားစု၌ သုခသဟဂုတ် ကာယဝိညာဏ်စိတ်လည်း မပါဝင် ဖြစ်ခဲ့၏။ ထိုသို့ မပါဝင်ပါဘဲလျက် အဘယ်ကြောင့် ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌ ကာယိကသုခဝေဒနာကိုပါ ထည့်သွင်း၍ ကောက်ယူရန် ဟောကြားထားတော်မူပါသနည်းဟူမူ -- ဝိပဿနာ၏ အခြေခံ ပါဒကစျာန်မှ တစ်ပါးသော အခြားအခြားသော ပကိဏ္ဏကသင်္ခါရ အမည်ရသော သင်္ခါရတရားတို့ကိုပါ လက္ခဏာယာဉ်ကို တင်ကာ ဝိပဿနာရှုရမည်ဟု ဝိပဿနာရှုရမည့် ဝိပဿနာဘူမိ အမည်ရသော ဝိပဿနာဉာဏ်၏ တည်ရာဘုံကို ညွှန်ကြားပြသတော်မူလိုသည့်အတွက် သုခအရ ကာယိက သုခဝေဒနာကိုပါ ထည့်သွင်း၍ ဟောကြားတော်မူခြင်း ဖြစ်သည်ဟု ဖြေဆိုလေရာ၏။ (ဝိသုဒ္ဓိ၊၁၊၂၈၀။ မဟာဋီ၊၁၊၃၄၁။ မူလဋီ၊၁၊၁၁၆။)
ဤအထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့နှင့် အညီ အာနာပါနကမ္မဋ္ဌာန်းကိုလည်းကောင်း အခြား အခြားသော သမထကမ္မဋ္ဌာန်းကိုလည်းကောင်း စျာန်ရသည့်တိုင်အောင် ပွားများအားထုတ်ထားသော သမထယာနိက ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာပိုင်း၌ ဝိပဿနာ၏ အခြေပါဒကအဖြစ် ထူထောင်ထားသော ပါဒက စျာန်မှ တစ်ပါးသော ပကိဏ္ဏက သင်္ခါရ = ပြိုးပြွမ်းသော သင်္ခါရ အမည်ရသော ကြွင်းကျန်သော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကိုလည်း ဝိပဿနာ ရှုပွားသုံးသပ်ရမည်ဟု သန္နိဋ္ဌာန်ကျ မုချပုံသေ မှတ်သားနာယူလေရာသည်။ ထိုစကားရပ်ဖြင့် ပါဒကစျာန်နှင့် ယှဉ်သော စျာန်သင်္ခါရတရားတို့၌ လက္ခဏာယာဉ်ကို တင်ကာ ဝိပဿနာ ရှုပွား သုံးသပ်ခြင်းတို့၌ ဆိုဖွယ်ရာပင် မရှိတော့ပြီဟု ပြ၏။
ဤကျမ်း၌ကား အာနာပါနစျာန်များကို အထူးသဖြင့် အာနာပါန စတုတ္ထစျာန်ကို ဝိပဿနာ၏ အခြေခံ အကြောင်းရင်းဖြစ်သော ပါဒကစျာန်အဖြစ် ရေးသားတင်ပြထား၏။ ထိုပါဒကစျာန်မှ ကြွင်းကျန်သော ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရား မှန်သမျှသည် ပကိဏ္ဏကသင်္ခါရအမည်ရသော ဝိပဿနာဉာဏ်၏ အရှုခံအာရုံ သင်္ခါရတရားစုတို့ပင် ဖြစ်ကြသည်။ ဝိပဿနာဘူမိ = ဝိပဿနာဉာဏ်၏ တည်ရာဘုံပင် ဖြစ်သည်။ အမှန်တရားကို လိုလားတောင့်တလျက် ရှိသော အသင်သူတော်ကောင်းသည် ဤပါဠိတော် အဋ္ဌကထာ ဋီကာကြီးတို့ကို အလွန့်အလွန် ရိုသေလေးစားစွာဖြင့် ကြည်ညိုမြတ်နိုးသင့်လှပေသည်၊ ကျေးဇူးတင်ထိုက်လှပေသည်။
(ဂ) စိတ္တသင်္ခါရ ပဋိသံဝေဒီ
စိတ္တသင်္ခါရောတိ ဝေဒနာဒယော ဒွေ ခန္ဓာ။ (ဝိသုဒ္ဓိ၊၁၊၂၈၀။)
ပထမစျာန် ဒုတိယစျာန် တတိယစျာန်တို့နှင့် ယှဉ်သော သုခဝေဒနာနှင့် သညာ, စတုတ္ထစျာန်နှင့် ယှဉ်သော ဥပေက္ခာဝေဒနာနှင့် သညာ ----- ဤဝေဒနာက္ခန္ဓာ သညာက္ခန္ဓာတို့ကား စိတ္တသင်္ခါရတရားတို့တည်း။ ယောဂါဝစရ ပုဂ္ဂိုလ်သည် ယင်းစိတ္တသင်္ခါရတရားစုကို ထင်ရှားစေလျက် ထင်ထင်ရှားရှား သိလျက် ဝင်သက်လေ ထွက်သက်လေ ကို ဖြစ်စေအံ့ဟု ကျင့်ရ၏။ စိတ္တသင်္ခါရတရားစုကို ထင်ထင်ရှားရှား သိလျက် အသက်ရှူရန် ဘုရားရှင်က ညွှန်ကြားထားတော်မူ၏။ အကျိုးရှိသော အသက်ရှူနည်းစနစ်များပင်တည်း။ ဤ၌လည်း သမထပိုင်း ဝိပဿနာပိုင်း နှစ်ပိုင်းခွဲ၍ အောက်ပါအတိုင်း မှတ်သားပါ။
၁။ သုခဝေဒနာနှင့်ယှဉ်သော အာနာပါန ပထမစျာန် ဒုတိယစျာန် တတိယစျာန်, ဥပေက္ခာဝေဒနာနှင့်ယှဉ်သော စတုတ္ထစျာန်တို့ကို ဝင်စား၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် စျာန်သမာပတ်ကို ဝင်စားဆဲ ခဏ၌ စျာန်ကို ရရှိနေ ခြင်း စျာန်နှင့် ပြည့်စုံနေခြင်းဖြင့် ဝေဒနာ သညာဟူသော စိတ္တသင်္ခါရတရားစုကို လွန်လွန်ကဲကဲ ဖြစ်စေနိုင်သော လွန်လွန်ကဲကဲ ဖြစ်လာနိုင်လောက်အောင် အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနေသော အာနာပါနပဋိဘာဂ နိမိတ်အာရုံ၏ ထင်ထင်ရှားရှား ဖြစ်နေခြင်းကြောင့် အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထင်ထင်ရှားရှား သိနေခြင်းကြောင့် ထိုအာနာပါနပဋိဘာဂနိမိတ်အာရုံကို အာရုံယူနိုင်ခြင်းကို အကြောင်းပြုသဖြင့် ထိုအာနာပါနပဋိဘာဂ နိမိတ်လျှင် အာရုံရှိသော စျာန်၌ အကျုံးဝင်သော စိတ္တသင်္ခါရတရားစုကို ထင်ထင်ရှားရှား သိခြင်း ဖြစ်၏။ ဤကား သမထပိုင်း၌ အာရုံ ထင်ရှားဖြစ်ခြင်းကြောင့် အာရုံသဘောအားဖြင့် စိတ္တသင်္ခါရတရား ထင်ရှားခြင်း ဖြစ်၏။ ဤကား သမထပိုင်း၌ စိတ္တသင်္ခါရတရားကို ထင်ထင်ရှားရှား သိပုံတည်း။
၂။ တစ်ဖန် ဝေဒနာ သညာနှင့် ယှဉ်သော အာနာပါန စျာန်လေးပါးတို့ကို ဝင်စား၍ ယင်းစျာန်မှ ထ၍ စျာန်နှင့် ယှဉ်သော ဝေဒနာ သညာကို ကုန်တတ် ပျက်တတ်သော ခယ-ဝယ သဘောအားဖြင့် လက္ခဏာယာဉ်ကို တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ယင်းဝေဒနာ သညာကို ဝိပဿနာရှုသောခဏ ဝိပဿနာဉာဏ်ဖြင့် သိမြင်သောခဏ၌ ဝေဒနာသညာ၏ သဘာဝလက္ခဏာ သာမညလက္ခဏာကို ထိုးထွင်း၍ သိမြင်ခြင်းဖြင့် မတွေမဝေသိသော အသမ္မောဟ သဘောအားဖြင့် စိတ္တသင်္ခါရအမည်ရသော ဝေဒနာ သညာ တရားနှစ်ပါးသည် ထင်ထင်ရှားရှား သိအပ်သည့် တရားများ ဖြစ်လာပေသည်။ ဤကား ဝိပဿနာပိုင်း၌ စိတ္တ သင်္ခါရတရားကို ထင်ထင်ရှားရှား သိပုံတည်း။
(ဃ) ပဿမ္ဘယံ စိတ္တသင်္ခါရံ
အာနာပါနဿတိသမာဓိပိုင်းတွင် ----- ကာယသင်္ခါရ အမည်ရသော အဿာသပဿာသ၏ အဆင့်ဆင့် ငြိမ်းပုံကို ရေးသားတင်ပြခဲ့၏။ အလားတူပင် စိတ္တသင်္ခါရတရား၏ အဆင့်ဆင့် ငြိမ်းပုံကိုလည်း နည်းမှီ၍ သိရှိပါလေ။ တစ်ဖန် ဝိပဿနာပိုင်း၌ ကာယသင်္ခါရ အမည်ရသော အဿာသပဿာသ၏ အဆင့်ဆင့် ငြိမ်းပုံကိုလည်း ရေးသားတင်ပြခဲ့၏။ အလားတူပင် စိတ္တသင်္ခါရတရား၏လည်း အဆင့်ဆင့် ငြိမ်းပုံကို နည်းမှီ၍ သိရှိပါလေ။
ဝေဒနာနုပဿနာ
ပီတိပဋိသံဝေဒီ-ပုဒ်၌ ပီတိကို အဦးမူသဖြင့် ဝေဒနာကို ဟောကြားထားတော်မူ၏။ သုခပဋိသံဝေဒီ-ပုဒ်၌ သရုပ်ထုတ်လျက် ဝေဒနာကို တိုက်ရိုက်ဟောကြားထားတော်မူ၏။ စိတ္တသင်္ခါရပဋိသံဝေဒီနှင့် ပဿမ္ဘယံ စိတ္တသင်္ခါရံ ဟူသော စိတ္တသင်္ခါရနှစ်ပုဒ်တို့၌ သညာသည်လည်းကောင်း ဝေဒနာသည်လည်းကောင်း ဤစေတသိက်တရား နှစ်မျိုးတို့သည် စိတ်နှင့် စပ်သော စိတ္တပဋိဗဒ္ဓတရား စိတ္တသင်္ခါရတရားတို့ မည်ကုန်၏ဟု မူလပဏ္ဏာသပါဠိတော်နှင့် ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် (မ၊၁၊၃၇၆။ ပဋိသံ၊ ၁၈၇။) တို့၌ ဟောကြားထားတော်မူခြင်းကြောင့် သညာနှင့် ယှဉ်ဖက် သမ္ပယုတ်ဖြစ်သော ဝေဒနာကို ဟောကြားထားတော်မူ၏။ ဤသို့လျှင် ဤဒုတိယစတုက္ကကို ဝေဒနာနုပဿနာ နည်းဖြင့် ဟောကြားထားတော်မူသည်ဟု သိရှိပါလေ။ (ဝိသုဒ္ဓိ၊၁၊၂၈၀။)
ဝေဒနာသု ဝေဒနာညတရာဟံ ဘိက္ခဝေ ဧဝံ ဝဒါမိ ယဒိဒံ အဿာသပဿာသာနံ သာဓုကံ မနသိကာရံ။ (မ၊၃၊၁၂၆။)
ရဟန်းတို့ ...အဿာသပဿာသတို့ကို ပီတိ ထင်ရှားအောင် သုခ ထင်ရှားအောင် စသည့် လုံ့လ ဥဿာဟထူးနှင့် ကောင်းမွန်ရိုသေစွာ နှလုံးသွင်းခြင်းသဘောကို ဝေဒနာအမျိုးမျိုးတို့တွင် ဝေဒနာတစ်မျိုးကို နှလုံးသွင်းခြင်းဟူ၍ ငါဘုရား ဟောတော်မူ၏။ (မ၊၃၊၁၂၆။ အာနာပါနဿတိသုတ္တန်။)
ဝေဒနာ တစ်ခုတည်းကိုပင် ရှုရမည်လော?
ယဿ ဝေဒနာ ပါကဋာ ဟောတိ။ သော န ကေဝလံ ဝေဒနာဝ ဥပ္ပဇ္ဇတိ၊ တာယ သဒ္ဓိံတဒေဝါရမ္မဏံ ဖုသမာနော ဖေဿာပိ ဥပ္ပဇ္ဇတိ၊ သဉ္ဇာနနမာနာ သညာပိ, စေတယမာနာ စေတနာပိ, ဝိဇာနနမာနံ ဝိညာဏမ္ပိ ဥပ္ပဇ္ဇတီတိ ဖဿပဉ္စမကေယေဝ ပရိဂ္ဂဏှာတိ။ (ဒီ၊ဋ္ဌ၊၁၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀။ အဘိ၊ဋ္ဌ၊၂၊၂၅၂။)
ဤ အထက်ပါ အဋ္ဌကထာကြီးများနှင့် ယင်းတို့၏ အဖွင့် ဖြစ်ကြသော ဋီကာကြီးများနှင့် အညီ ဝေဒနာ တစ်ခုတည်းကိုသာ ရှုရသည် မဟုတ်။ ယင်းစျာနဝေဒနာနှင့် ယှဉ်ဖက် သမ္ပယုတ်တရားအားလုံးကိုပင် ဝိပဿနာ ရှုရမည်ဟု မှတ်ပါ။ ထိုနောင် စျာန်နာမ်တရားတို့ကို ဝိပဿနာရှုပြီးသောအခါ ယင်းစျာန်နာမ်တရားတို့၏ မှီရာ ဘူတရုပ် ဥပါဒါရုပ်တို့ကိုလည်း ဆက်လက်၍ သိမ်းဆည်းကာ ဝိပဿနာရှုရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂ ၊၂၂၂)၌ ညွှန်ကြားထားတော်မူပေသည်။ ရှင်းလင်းချက် အပြည့်အစုံကို ရှေးနာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်း တင်ပြခဲ့ပေပြီ။ အလိုရှိပါက ယင်းနာမ်ကမ္မဋ္ဌာန်းပိုင်းတွင် တစ်ဖန်ပြန်၍ ကြည့်ပါလေ။
(၃) တတိယ စတုက္က
(က) စိတ္တပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ။
စိတ္တပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။
( ခ ) အဘိပ္ပမောဒယံ စိတ္တံ အဿသိဿာမီတိ သိက္ခတိ။
အဘိပ္ပမောဒယံ စိတ္တံ ပဿသိဿာမီတိ သိက္ခတိ။
( ဂ ) သမာဒဟံ စိတ္တံ အဿသိဿာမီတိ သိက္ခတိ။
သမာဒဟံ စိတ္တံ ပဿသိဿာမီတိ သိက္ခတိ။
(ဃ) ဝိမောစယံ စိတ္တံ အဿသိဿာမီတိ သိက္ခတိ။
ဝိမောစယံ စိတ္တံ ပဿသိဿာမီတိ သိက္ခတိ။ (မ၊၃၊၁၂၅။)
(က) စိတ္တပဋိသံဝေဒီ = စျာန်စိတ်ကို ထင်ထင်ရှားရှား သိသည်ဖြစ်၍။ အဿသိဿာမိ = ဝင်သက်လေကို ဖြစ်စေအံ့။ ဣတိ = ဤသို့။ သိက္ခတိ = ကျင့်၏။ ပ ။
( ခ ) စိတ္တံ = စိတ်ကို။ အဘိပ္ပမောဒယံ = လွန်စွာ ရွှင်လန်း ဝမ်းမြောက်စေလျက်။ ပ ။
( ဂ ) စိတ္တံ = စိတ်ကို။ သမာဒဟံ = အာရုံ၌ ကောင်းစွာ ထားလျက်။ ပ ။
(ဃ) စိတ္တံ = စိတ်ကို။ ဝိမောစယံ = နီဝရဏစသည်တို့မှ လွတ်မြောက်စေလျက်။ ပ ။
(က) ပထမစျာန်စိတ် ဒုတိယစျာန်စိတ် တတိယစျာန်စိတ် စတုတ္ထစျာန်စိတ်ကို ထင်ထင်ရှားရှား သိသည်ဖြစ်၍ ဝင်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။ ပထမစျာန်စိတ် ဒုတိယစျာန်စိတ် တတိယစျာန်စိတ် စတုတ္ထ စျာန်စိတ်ကို ထင်ထင်ရှားရှား သိသည်ဖြစ်၍ ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။
( ခ ) စိတ်ကို လွန်စွာ ရွှင်လန်း ဝမ်းမြောက်စေလျက် ဝင်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။
စိတ်ကို လွန်စွာ ရွှင်လန်း ဝမ်းမြောက်စေလျက် ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။
( ဂ ) စိတ်ကို အာရုံ၌ ကောင်းစွာ ထားလျက် ဝင်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။
စိတ်ကို အာရုံ၌ ကောင်းစွာ ထားလျက် ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။
(ဃ) စိတ်ကို နီဝရဏစသည်တို့မှ လွတ်မြောက်စေလျက် ဝင်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။
စိတ်ကို နီဝရဏစသည်တို့မှ လွတ်မြောက်စေလျက် ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။ (မ၊၃၊၁၂၅။ သံ၊၃၊၂၇၉။ ဝိ၊၁၊၈၈။)
(က) စိတ္တ ပဋိသံဝေဒီ
စျာန်စိတ်ကို ထင်ထင်ရှားရှား သိအောင် ပြု၍ အဿာသပဿာသကို ဖြစ်အောင် ကျင့်မှုသည် အာရုံ သဘောအားဖြင့် ထင်ထင်ရှားရှား သိအောင် ကျင့်မှု, မတွေမဝေ သိသော အသမ္မောဟ သဘောအားဖြင့် ထင်ထင်ရှားရှား သိအောင် ကျင့်မှုဟု နှစ်မျိုး ရှိ၏။
၁။ စျာန်စိတ် အသီးအသီးကို အထူး ထင်ထင်ရှားရှား သိအောင် ဦးတည်၍ ပထမစျာန် ဒုတိယစျာန် တတိယ စျာန် စတုတ္ထစျာန်တို့ကို အသီးအသီး ဝင်စား၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် စျာန်သမာပတ်ကို ဝင်စားဆဲ ခဏ၌ စျာန်ကို ရရှိနေခြင်း စျာန်နှင့် ပြည့်စုံနေခြင်းဖြင့် စျာန်စိတ်ကို လွန်လွန်ကဲကဲ ဖြစ်စေနိုင်သော စျာန်စိတ် လွန်လွန် ကဲကဲ ဖြစ်လာနိုင်လောက်အောင် အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနေသော အာနာပါနပဋိဘာဂနိမိတ် အာရုံ၏ ထင်ထင်ရှားရှား ဖြစ်နေခြင်းကြောင့် အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထင်ထင်ရှားရှား သိနေခြင်းကြောင့် ထိုအာနာပါနပဋိဘာဂနိမိတ်အာရုံကို အာရုံယူနိုင်ခြင်းကို အကြောင်းပြုသဖြင့် ထိုအာနာပါနပဋိဘာဂနိမိတ်လျှင် အာရုံရှိသော စျာန်စိတ်ကို ထင်ထင်ရှားရှား သိခြင်း ဖြစ်၏။ ဤကား အာရုံသဘောအားဖြင့် စျာန်စိတ်ကို ထင်ထင် ရှားရှား သိပုံတည်း။
၂။ တစ်ဖန် အာနာပါန ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန် အသီးအသီးကို ဝင်စား၍ ယင်း စျာန်အသီးအသီးမှ ထ၍ စျာန်နှင့်ယှဉ်သော စျာန်စိတ် အသီးအသီးကို ကုန်တတ်ပျက်တတ်သော ခယ-ဝယ သဘောအားဖြင့် လက္ခဏာယာဉ် သုံးချက်ကို တစ်လှည့်စီတင်ကာ ဝိပဿနာ ရှုပွားသုံးသပ်၏။ ယောဂါဝစရ ပုဂ္ဂိုလ်သည် ယင်းစျာန်စိတ်ကို ဝိပဿနာရှုသော ခဏ ဝိပဿနာဉာဏ်ဖြင့် မြင်သော ခဏ၌ စျာန်စိတ်၏ သဘာဝလက္ခဏာ သာမညလက္ခဏာကို ထိုးထွင်း၍ သိမြင်ခြင်းဖြင့် မတွေမဝေ သိသော အသမ္မောဟ သဘော အားဖြင့် ယင်းစျာန်စိတ်သည် ထိုယောဂါဝစရပုဂ္ဂိုလ်က ထင်ထင်ရှားရှား သိအပ်သည့် တရား ဖြစ်နေပေသည်။ ဤကား စျာန်စိတ်ကို အသမ္မောဟ သဘောအားဖြင့် ထင်ထင်ရှားရှား သိပုံတည်း။
ဤသို့လျှင် ယင်းစျာန်စိတ် အသီးအသီးကို အာရုံသဘောအားဖြင့်လည်းကောင်း, အသမ္မောဟ သဘော အားဖြင့်လည်းကောင်း ထင်ထင်ရှားရှား သိလျက် အသက်ရှူရန် ဘုရားရှင်က အသက်ရှူပုံစနစ်ကို ညွှန်ကြား ထားတော်မူ၏။ နိဗ္ဗာန်သို့တိုင်အောင် ပို့ဆောင်ပေးနိုင်သော စွမ်းအင် အပြည့်အဝ ရှိသော အသက်ရှူပုံ နည်း စနစ် ကောင်းများပင် ဖြစ်ကြသည်။
(ခ) အဘိပ္ပမောဒယံ စိတ္တံ
စိတ်ကို လွန်စွာ ရွှင်လန်း ဝမ်းမြောက်စေလျက် ဝင်သက်လေကို ဖြစ်အောင် ထွက်သက်လေကို ဖြစ်အောင် ကျင့်ရာ၌ သမာဓိ၏ အစွမ်းဖြင့်လည်းကောင်း ဝိပဿနာ၏ အစွမ်းဖြင့်လည်းကောင်း စိတ်၏ လွန်စွာ ရွှင်လန်း ဝမ်းမြောက်ခြင်းသည် ဖြစ်၏။
၁။ အဘယ်သို့လျှင် သမာဓိ၏ အစွမ်းဖြင့် စိတ်၏ လွန်စွာ ရွှင်လန်း ဝမ်းမြောက်ခြင်းသည် ဖြစ်လေသနည်း၊ ပီတိနှင့် ယှဉ်သော ပထမစျာန် ဒုတိယစျာန်ဟူသော စျာန်နှစ်ပါးတို့ကို အသီးအသီး ဝင်စား၏။ ထိုယောဂါဝစရ ပုဂ္ဂိုလ်သည် စျာန်သမာပတ်ကို ဝင်စားဆဲ ခဏ၌ စျာန်စိတ်နှင့် ယှဉ်သော စျာန်ပီတိဖြင့် ထိုသမ္ပယုတ် စျာန်စိတ်ကို ပင်လျှင် လွန်စွာ ဝမ်းမြောက်စေ၏၊ လွန်စွာ ရွှင်လန်း တက်ကြွစေ၏။ သမာဓိ၏ အစွမ်းဖြင့် စိတ်ရွှင်လန်း တက်ကြွမှုတည်း။ (ဝိသုဒ္ဓိ၊၁၊၂၈၀။)
စျာန်စိတ်နှင့် ယှဉ်သော ပီတိကား ပီတိသမ္ဗောဇ္စျင်တရား ဖြစ်၏။ ကိုယ်စိတ်တို့ကို တက်ကြွရွှင်လန်းစေခြင်း သဘာဝလက္ခဏာ ရှိ၏။ ယင်းစျာန်ပီတိက ထိုမိမိနှင့် ယှဉ်ဖက် စျာန်စိတ်ကိုပင်လျှင် သဟဇာတစသော ပစ္စယ သတ္တိတို့ဖြင့်လည်းကောင်း စျာနပစ္စယသတ္တိဖြင့်လည်းကောင်း ကျေးဇူးပြုပေးလျက် ကိုယ်စိတ်တို့ကို ထက်ဝန်းကျင်မှ နှစ်သက်ပြည့်ဖြိုး တိုးပွားစေလျက် ရွှင်လန်းတက်ကြွသော အခြင်းအရာသို့ ရောက်စေလျက် နှစ်သက်ရွှင်လန်း ဝမ်းမြောက်စေ၏။ ထိုကြောင့် ယင်းစျာန်နှစ်ပါးတို့ကို ဝင်စားလျက် အသက်ရှူရန် ဘုရားရှင်က ညွှန်ကြားတော် မူခြင်း ဖြစ်ပေသည်။ (မဟာဋီ၊၁၊၃၄၁။)
၂။ အဘယ်သို့လျှင် ဝိပဿနာ၏ အစွမ်းဖြင့် စိတ်၏ လွန်စွာ ရွှင်လန်း ဝမ်းမြောက်ခြင်းသည် ဖြစ်လေသနည်း၊ ပီတိနှင့် ယှဉ်ကုန်သော ပထမစျာန် ဒုတိယစျာန်ဟူသော စျာန်နှစ်ပါးတို့ကို အသီးအသီး ဝင်စား၍ ယင်းစျာန် အသီးအသီးမှ ထလျက် စျာန်နှင့်ယှဉ်သော ပီတိကို ကုန်တတ် ပျက်တတ်သော ခယ-ဝယ သဘောအားဖြင့် လက္ခဏာယာဉ်သုံးချက်ကို တစ်လှည့်စီ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်၏။ ဤသို့လျှင် ဝိပဿနာခဏ၌ စျာန်နှင့် ယှဉ်သော ပီတိကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဝိပဿနာစိတ်ကို ထိုဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်သော ပီတိဖြင့်ပင်လျှင် ယောဂါဝစရပုဂ္ဂိုလ်သည် ရွှင်လန်းတက်ကြွသော အခြင်းအရာသို့ ရောက်စေ၏၊ နှစ်သက်ရွှင်လန်း တက်ကြွစေ၏။ ဤသို့ ကျင့်သော ယောဂါဝစရပုဂ္ဂိုလ်ကို စိတ်ကို ဝမ်းမြောက်စေလျက် ဝင်သက်လေကို ဖြစ်စေအံ့ ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်နေ၏ ဟူ၍ ခေါ်ဆိုအပ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၂၈၀-၂၈၁။)
အသင်သူတော်ကောင်းသည် စိတ်ဓာတ် ရွှင်ရွှင်လန်းလန်းဖြင့် အမြဲတမ်း အသက်ရှူနေလိုပါသလား၊ အလိုရှိပါလျှင် ပီတိနှင့်ယှဉ်သော စျာန်တို့ကို ဝင်စားပါ။ ပီတိနှင့်တကွသော ယင်းစျာန်နာမ်တရားတို့ကို ကြိမ်ဖန် များစွာ ထပ်ကာထပ်ကာ ဝိပဿနာရှုပါ။ ထိုသို့ စျာန်ဝင်စားနေသမျှ ကာလပတ်လုံး ထိုသို့ ဝိပဿနာ ရှုနေသမျှ ကာလပတ်လုံး အသင်သူတော်ကောင်းသည် ပျော်ပျော်ရွှင်ရွှင်ဖြင့် အမြဲတမ်း အသက်ရှူနေရမည်သာ ဖြစ်ပေသည်။ အသင်သူတော်ကောင်း၏ ဘဝဝယ် ပျော်ပျော်ရွှင်ရွှင် နေနိုင်ရေးအတွက် အပြစ် အကင်းဆုံးသော နည်းလမ်းများပင် ဖြစ်ကြပေသည်။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်အား အလွန်အကြူး အထူး ကျေးဇူးတင်ထိုက်ပေစွ။
အသင်သူတော်ကောင်းသည် ပြုံးရွှင်နေသော လေးစားမြတ်နိုးဖွယ်ရာ မိတ်ဆွေတစ်ဦးကို တွေ့မြင်ရသော အခါ အသင်သူတော်ကောင်း၏ စိတ်အစဉ်၌လည်း အပြုံးပန်းများသည် ပွင့်လန်းလာကြသကဲ့သို့ အလားတူပင် ပီတိနှင့် ယှဉ်သော စျာန်နာမ်တရားတို့ကို ဝိပဿနာရှုနေသော စိတ်၌လည်း ပီတိများ ယှဉ်တွဲလျက်ပင် ရှိနေပေသည်။ ယင်းပီတိနှင့်ယှဉ်သော စျာန်စိတ်, ယင်းပီတိယှဉ်သော စျာန်နာမ်တရားတို့ကို ဝိပဿနာရှုနေသော ဝိပဿနာစိတ် ----- ဤစိတ်တို့ကြောင့် ဖြစ်ပေါ်လာကြကုန်သော မွန်မြတ်သော စိတ္တဇရုပ်တို့သည်လည်း တစ်ကိုယ်လုံး၌ ပျံ့နှံ့လျက် ဖြစ်ပွားနေကြ၏။ ထိုကြောင့် ပီတိသည် ကိုယ်စိတ်တို့ကို နှစ်သက်ရွှင်လန်း တက်ကြွ စေခြင်း သဘောလက္ခဏာရှိ၏ဟု ဆိုသည်။
(ဂ) သမာဒဟံ စိတ္တံ
စိတ်ကို ကောင်းကောင်း ထား၍ တည်တည်ကြည်ကြည် ထား၍ အသက်ရှူနည်း။
၁။ ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်တို့ကို အစဉ်အတိုင်း ဝင်စား၏၊ စျာန်သမာပတ် အသီး အသီး၏ အတွင်းဝယ် စျာန်စိတ်သည် အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ကောင်းစွာတည်နေ၏။ ယင်းသို့ တည်နေသော် သမထပိုင်းဝယ် သမာဓိ၏ အစွမ်းဖြင့် အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ စိတ်ကို ကောင်းစွာ ထားလျက် စိတ် တည်တည်ကြည်ကြည်ဖြင့် အသက်ရှူနေ၏ဟုပင် ဆိုအပ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၂၈၁။)
အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ စိတ်ကို ကောင်းစွာ ထားလျက် အသက်ရှူ၏ ဟူသည် ----- အကြင် အခြင်းအရာအားဖြင့် အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ စိတ်ကို ထားအပ်သည် ရှိသော် အနည်းငယ်မျှသော်လည်း စိတ်ဓာတ်၏ တွန့်ဆုတ်ခြင်းအဖို့သို့လည်းကောင်း ပျံ့လွင့်ခြင်းအဖို့သို့လည်းကောင်း မကပ်ရောက်မူ၍ မညွှတ်ကျဘဲ မတက်ကြွဘဲ စိတ်သည် တည်တံ့နေ၏။ အကြင်အခြင်းအရာအားဖြင့် အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ စိတ်ကို ထားအပ်သည်ရှိသော် ဣန္ဒြေတို့ကို ညီမျှအောင် ကျင့်နိုင်သဖြင့် စိတ်သည် အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ အညီအမျှ တည်တံ့နေ၏။ တစ်နည်း --- အကြင်အခြင်းအရာအားဖြင့် အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ စိတ်ကို ထားအပ်သည်ရှိသော် သမာဓိ၏ လွန်ကဲသည်၏အဖြစ်သို့ ရောက်ခြင်းကြောင့် မတုန်မလှုပ်ခြင်းသို့ ရောက်သဖြင့် စိတ်သည် အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ကောင်းစွာသာလျှင် တည်တံ့နေ၏။ ဤကဲ့သို့သော အခြင်းအရာ အားဖြင့် အပ္ပနာစျာန်၏ အစွမ်းဖြင့် စျာန်စိတ်ကို အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ကောင်းစွာ ထားလျက် ဝင်သက်လေကို ဖြစ်အောင် ထွက်သက်လေကို ဖြစ်အောင် = အသက်ရှူနိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ပါဟု ဆိုလိုသည်။ (မဟာဋီ၊၁၊၃၄၁-၃၄၂။) ဤကား သမထပိုင်း၌ စိတ်ကို ကောင်းကောင်းထားလျက် အသက်ရှူပုံတည်း။ ဝိပဿနာပိုင်း၌ အာရုံ၌ စိတ်ကို ကောင်းစွာထားလျက် အသက်ရှူပုံမှာ ဤသို့ဖြစ်၏။
တာနိ ဝါ ပန စျာနာနိ သမာပဇ္ဇိတွာ ဝုဋ္ဌာယ စျာနသမ္ပယုတ္တံ စိတ္တံ ခယတော ဝယတော သမ္ပဿတော ဝိပဿနာက္ခဏေ လက္ခဏပဋိဝေဓေန ဥပ္ပဇ္ဇတိ ခဏိကစိတ္တေကဂ္ဂတာ။ ဧဝံ ဥပ္ပန္နာယ ခဏိကစိတ္တေကဂ္ဂတာယ ဝသေနပိ အာရမ္မဏေ စိတ္တံ သမံ အာဒဟန္တော သမံ ဌပေန္တော သမာဒဟံ စိတ္တံ အဿသိဿာမိ ပဿသိဿာမီတိ သိက္ခတီတိ ဝုစ္စတိ။ (ဝိသုဒ္ဓိ၊၁၊၂၈၁။)
လက္ခဏပဋိဝေဓေနာတိ အနိစ္စာဒိကဿ လက္ခဏဿ ပဋိ ပဋိ ဝိဇ္စျနေန ခဏေ ခဏေ အဝဗောဓေန။ ခဏိကစိတ္တေကဂ္ဂတာတိ ခဏမတ္တဋ္ဌိတိကော သမာဓိ။ သောပိ ဟိ အာရမ္မဏေ နိရန္တရံ ဧကာကာရေန ပဝတ္တမာနော ပဋိပက္ခေန အနဘိဘူတော အပ္ပိတော ဝိယ စိတ္တံ နိစ္စလံ ဌပေတိ။ တေန ဝုတ္တံ ဧဝံ ဥပ္ပန္နာယာတိအာဒိ။ (မဟာဋီ၊၁၊၃၄၂။)
၂။ ယောဂါဝစရပုဂ္ဂိုလ်သည် အာနာပါန ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်တို့ကို အစဉ် အတိုင်း တစ်ခုပြီးတစ်ခု ဝင်စား၏။ စျာန်မှ ထတိုင်း ထတိုင်း စျာန်နှင့်ယှဉ်သော စျာနသမ္ပယုတ်စိတ်ကို ကုန်တတ် ပျက်တတ်သော ခယ-ဝယ သဘောအားဖြင့် ယင်းစျာန်စိတ်၏ အပျက်ကို အာရုံပြု၍ လက္ခဏာယာဉ်သုံးတန်ကို တစ်လှည့်စီ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်၏။ (= အာနာပါန ပထမစျာန်ကို ဝင်စား၍ ယင်းပထမစျာန်မှ ထပြီးလျှင် ယင်းပထမစျာန်စိတ်ကို အပျက်ကို အာရုံယူ၍ အနိစ္စဟုလည်းကောင်း ဒုက္ခဟုလည်းကောင်း အနတ္တဟု လည်းကောင်း လက္ခဏာယာဉ်ကို တစ်လှည့်စီ တင်ကာ ဝိပဿနာရှု၏။ ဒုတိယစျာန်စသည်တို့၌လည်း နည်းတူပင် သဘောပေါက်ပါ။) ထိုသို့ ဝိပဿနာ ရှုပွားသုံးသပ်သောအခါ ယင်းစျာန်စိတ်၏ ခဏတိုင်း ခဏတိုင်း၌ ပျက်ပျက် နေသည့် သဘောကို အာရုံယူ၍ အနိစ္စဟုရှုခဲ့သော် အနိစ္စလက္ခဏာကို ထိုးထွင်း သိနေ၏၊ ဒုက္ခဟု ရှုခဲ့သော် ဒုက္ခလက္ခဏာကို ထိုးထွင်း သိနေ၏၊ အနတ္တဟု ရှုခဲ့သော် အနတ္တလက္ခဏာကို ထိုးထွင်း သိနေ၏။ ယင်းသို့ အဆက်မပြတ် ထိုးထွင်းသိနေခဲ့သော် ဝိပဿနာစိတ်သည် ယင်းစျာန်စိတ်၏ အနိစ္စအခြင်းအရာ၌သော်လည်း ကောင်းစွာ တည်နေ၏၊ ဒုက္ခအခြင်းအရာ၌သော်လည်း ကောင်းစွာ တည်နေ၏၊ အနတ္တအခြင်းအရာ၌သော်လည်း ကောင်းစွာ တည်နေ၏။ ယင်းသို့ စျာန်စိတ်၏ အနိစ္စအခြင်းအရာ သို့မဟုတ် ဒုက္ခအခြင်းအရာ သို့မဟုတ် အနတ္တ အခြင်းအရာဟူသော တစ်မျိုးမျိုးသော အခြင်းအရာ၌ အဆက်မပြတ် အကြားအလပ် မရှိအောင် ကောင်းစွာ တည်နေသော ဝိပဿနာသမာဓိကို ခဏိကစိတ္တေကဂ္ဂတာ = ခဏိကသမာဓိဟု ခေါ်ဆို၏။ ထိုခဏိကစိတ္တေကဂ္ဂတာ = ခဏိကသမာဓိသည်လည်း ယင်းစျာန်စိတ်၏ အပျက်အာရုံ၌ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာဟူသော အခြင်းအရာသုံးမျိုးတို့တွင် တစ်မျိုးသော အခြင်းအရာအားဖြင့် အဆက်မပြတ် အကြားအလပ် မရှိအောင် ဖြစ်နေလတ်သော် ဆန့်ကျင်ဘက်တရားသည် မလွှမ်းမိုးအပ် မလွှမ်းမိုးနိုင်သည်ဖြစ်၍ စျာန်စိတ်၏ အပျက်အာရုံ၌ ဝိပဿနာစိတ်ကို စိုက်ထားသကဲ့သို့ ဖြစ်၍ = မြေကြီးပေါ်၌ တိုင်တစ်တိုင်ကို စိုက်ထူထားသကဲ့သို့ ဖြစ်၍ ဝိပဿနာစိတ်သည် တုန်လှုပ်မှုမရှိဘဲ တည်တံ့နေပေ၏။ ဤသို့ ဖြစ်ပေါ်လာသော ခဏိကစိတ္တေကဂ္ဂတာ = ခဏိကသမာဓိ၏ အစွမ်းဖြင့်လည်း စျာန်စိတ်၏ အပျက်အာရုံ၌ ဝိပဿနာစိတ်ကို အညီအညွတ် ကောင်းစွာ ရှေးရှုထားသော ရဟန်းကို ----- စိတ်ကို အညီအညွတ် ကောင်းစွာ ရှေးရှုထားလျက် ဝင်သက်လေကို ဖြစ်စေအံ့၊ ထွက်သက်လေကို ဖြစ်စေအံ့ - ဟု ကျင့်နေ၏ဟူ၍ ခေါ်ဆိုအပ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၂၈၁။ မဟာဋီ၊၁၊၃၄၂။)
ဤကား သမထပိုင်း ဝိပဿနာပိုင်း နှစ်ပိုင်းလုံး၌ အာရုံ၌ စိတ်ကို အညီအညွတ် ကောင်းစွာ ရှေးရှုထားလျက် အသက်ရှူပုံစနစ် တစ်ခုကို ညွှန်ကြားထားတော်မူသော ဘုရားရှင်၏ အဆုံးအမဩဝါဒကထာ ဒေသနာတော် တစ်ခုပင် ဖြစ်သည်။ အသင်သူတော်ကောင်းသည် စိတ်ကို ကောင်းကောင်းထားပြီး အသက်ရှူတတ်ပြီလော?-
(ဃ) ဝိမောစယံ စိတ္တံ
ဤ၌လည်း သမထပိုင်း ဝိပဿနာပိုင်းဟု အပိုင်းနှစ်ပိုင်း ရှိနေပေ၏။ သမထပိုင်း၌ ဝိမောစယစိတ် = ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်သော စိတ် ဖြစ်အောင် ကျင့်ပုံမှာ ဤသို့ ဖြစ်၏။ -----
၁။ အာနာပါန ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်တို့ကို အစဉ်အတိုင်း တစ်ခုပြီး တစ်ခု ဝင်စားပါ။ ပထမစျာန် သမာပတ်ကို ဝင်စားခိုက် စျာန်သမာပတ်အတွင်း၌ စျာန်စိတ်သည် နီဝရဏ အညစ်အကြေးတို့မှ လွတ်မြောက်နေ၏။ ဒုတိယစျာန် သမာပတ်ကို ဝင်စားခိုက်၌ စျာန်စိတ်သည် ဝိတက်ဝိစာရတို့မှ လွတ်မြောက်နေ၏။ တတိယစျာန် သမာပတ်ကို ဝင်စားခိုက်၌ စျာန်စိတ်သည် ပီတိမှ လွတ်မြောက်နေ၏။ စတုတ္ထစျာန် သမာပတ်ကို ဝင်စားခိုက်၌ စျာန်စိတ်သည် သုခ-ဒုက္ခတို့မှ လွတ်မြောက်နေ၏၊ ဝိက္ခမ္ဘနဝိမုတ္တိတည်း။
ထိုကြောင့် အသင်သူတော်ကောင်းသည် ပထမစျာန်ကို ဝင်စားခြင်းဖြင့် စျာန်စိတ်ကို နီဝရဏ အညစ်အကြေးတို့မှ လွတ်မြောက်စေလျက် ဝင်သက်လေ ထွက်သက်လေကို ဖြစ်အောင်ကျင့်ပါ။ ဒုတိယစျာန်ကို ဝင်စားခြင်းဖြင့် စျာန်စိတ်ကို ဝိတက် ဝိစာရတို့မှ လွတ်မြောက်စေလျက် ဝင်သက်လေ ထွက်သက်လေကို ဖြစ်အောင် ကျင့်ပါ။ တတိယစျာန်ကို ဝင်စားခြင်းဖြင့် စျာန်စိတ်ကို ပီတိမှ လွတ်မြောက်စေလျက် ဝင်သက်လေ ထွက်သက် လေကို ဖြစ်အောင် ကျင့်ပါ။ စတုတ္ထစျာန်ကို ဝင်စားခြင်းဖြင့် စျာန်စိတ်ကို သုခ-ဒုက္ခတို့မှ လွတ်မြောက်စေလျက် ဝင်သက်လေ ထွက်သက်လေကို ဖြစ်အောင် ကျင့်ပါ။ ဤကား သမထပိုင်း၌ ဆန့်ကျင်ဘက် တရားတို့မှ စိတ်ကို လွတ်မြောက်စေလျက် ဝင်သက်လေကို ဖြစ်စေအံ့၊ ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်ပုံတည်း။ (ဝိသုဒ္ဓိ၊၁၊၂၈၁။)
၂။ ဝိပဿနာပိုင်း၌ စိတ်ကို ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်စေလျက် ကျင့်ပုံမှာ ဤသို့တည်း။
အာနာပါနပထမစျာန်ကို ဝင်စား၏။ ယင်းပထမစျာန်မှ ထ၍ စျာန်နှင့်ယှဉ်သော စျာန်စိတ်ကို = စျာန်စိတ်ကို အဦးမူလျက် နာမကာယ ရူပကာယ အပေါင်းဟူသော အလုံးစုံသော သင်္ခါရတရားအပေါင်းကို ကုန်တတ် ပျက်တတ်သော ခယ-ဝယ သဘောအားဖြင့် ခယ-ဝယ သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာယာဉ် သုံးချက်ကို တစ်လှည့်စီ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်၏။
စိတ္တမုခေန သဗ္ဗသင်္ခါရဂတံ အနိစ္စတော ပဿတိ၊ နော နိစ္စတော။ (မဟာဋီ၊၁၊၃၄၂။)
အာနာပါန ဒုတိယစျာန်ကို ဝင်စား၏ ။ ပ ။
အာနာပါန တတိယစျာန်ကို ဝင်စား၏။ ပ ။
အာနာပါန စတုတ္ထစျာန်ကို ဝင်စား၏။ ယင်းစျာန်မှထ၍ စျာန်နှင့်ယှဉ်သော စျာန်စိတ်ကို = စျာန်စိတ်ကို အဦးမူလျက် နာမကာယ ရူပကာယအပေါင်းဟူသော အလုံးစုံသော သင်္ခါရတရားအပေါင်းကို ကုန်တတ် ပျက်တတ်သော ခယ-ဝယ သဘောအားဖြင့် ကုန်တတ်ပျက်တတ်သော ခယ-ဝယ သဘောကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာရေးသုံးတန်ကို တစ်လှည့်စီတင်ကာ ဝိပဿနာ ရှုပွားသုံးသပ်၏။ ယင်းသို့ ဝိပဿနာ ရှုပွားသုံးသပ်နေသော ဝိပဿနာဉာဏ် အခိုက်၌ အထူးသဖြင့် ဘင်္ဂါနုပဿနာဉာဏ်အခိုက်၌ ဆန့်ကျင်ဘက် တရားတို့မှ စိတ်သည် လွတ်မြောက်သွား၏။ မှန်ပေသည် ----- ပျက်ခြင်း ဘင်မည်သည် အနိစ္စဖြစ်မှု၏ = အနိစ္စ လက္ခဏာ၏ လွန်ကဲသော အဆုံးစွန်သော အဖို့အစွန်းတည်း။ ထိုကြောင့် ထိုဘင်္ဂါနုပဿနာဉာဏ်ဖြင့် စျာန်စိတ်ကို အဦးမူလျက် သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်ကို ရှုသော ယောဂါဝစရပုဂ္ဂိုလ်သည် စျာန်စိတ်ကို ပဓာနပြုသဖြင့် အဦးမူသဖြင့် အလုံးစုံသော သင်္ခါရတရားအပေါင်းကို အနိစ္စဟု ရှု၏၊ နိစ္စဟု မရှု။ အနိစ္စတရား၏ ဒုက္ခစင်စစ် ဖြစ်သောကြောင့်လည်းကောင်း, ဒုက္ခတရား၏ အနတ္တစင်စစ်ဖြစ်သောကြောင့်လည်းကောင်း ထိုသင်္ခါရတရား အပေါင်းတို့ကို ဒုက္ခဟု အဖန်တလဲလဲ ရှု၏၊ သုခဟု မရှု။ အနတ္တဟု အဖန်တလဲလဲ ရှု၏၊ အတ္တဟု မရှု။ တစ်ဖန် အကြင်တရားသည် အနိစ္စဖြစ်၏ ဒုက္ခဖြစ်၏ အနတ္တဖြစ်၏၊ ထိုတရားကို မနှစ်သက်အပ် မနှစ်သက်ထိုက်။ အကြင် တရားကိုလည်း မနှစ်သက်အပ် မနှစ်သက်ထိုက်၊ ထိုတရားကို ရာဂဖြင့် မတပ်မက် မစွဲလမ်းထိုက်။ ထိုကြောင့် သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်ကို ရှုတတ်သော ဘင်္ဂါနုပဿနာဉာဏ်သို့ အစဉ်လျှောက်သဖြင့် အနိစ္စဟု ဒုက္ခဟု အနတ္တဟု သင်္ခါရတရားအပေါင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အပ်သော် ထိုဝိပဿနာဉာဏ်ဖြင့် မြင်အပ် ပြီးသော သင်္ခါရတရားအပေါင်း၌ ငြီးငွေ့တော့၏၊ မနှစ်သက်။ တပ်မက်ခြင်း ကင်းတော့၏၊ မတပ်မက်။ ဤသို့ ငြီးငွေ့သော တပ်မက်ခြင်းကင်းသော ထိုယောဂါဝစရပုဂ္ဂိုလ်သည် ေ့ရှဦးစွာ လောကီဝိပဿနာဉာဏ်ဖြင့်ပင်လျှင် ရာဂကို ချုပ်စေ၏၊ မဖြစ်စေ။ ထိုရာဂ၏ ဖြစ်ခြင်းကို မပြု၊ ဖြစ်ကြောင်းတရားကို မပြု။ ဤကား ဆန့်ကျင်ဘက် တရားတို့မှ စိတ်ကို လွတ်မြောက်စေလျက် အဿာသပဿာသကို ဖြစ်စေရာ၌ ဆိုလိုရင်း အနက်သဘောတည်း။ (မဟာဋီ၊၁၊၃၄၂။)
မဟာဋီကာဆရာတော်က နောက်တစ်နည်း ထပ်မံ ဖွင့်ဆိုထားတော်မူပြန်၏။ ယင်းနည်း၌ ဒိဋ္ဌတရား အဒိဋ္ဌတရားဟု နှစ်မျိုးခွဲ၍ ဖွင့်ဆိုထားတော်မူ၏။
ဒိဋ္ဌ - အဒိဋ္ဌ တရား
အထ ဝါ သော ဧဝံ ဝိရတ္တော ယထာ ဒိဋ္ဌံ သင်္ခါရဂတံ၊ တထာ အဒိဋ္ဌံ အတ္တနော ဉာဏေန နိရောဓေတိ၊ နော သမုဒေတိ။ နိရောဓမေဝဿ မနသိ ကရောတိ၊ နော သမုဒယန္တိ အတ္ထော။ (မဟာဋီ၊၁၊၃၄၂။)
တစ်နည်း ---- ဤသို့ တပ်မက်ခြင်းကင်းသော ထိုယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာဉာဏ်ဖြင့် မျက်မှောက် ရှုမြင်အပ်ပြီးသော သင်္ခါရတရားအပေါင်းကို ခဏမစဲ တသဲသဲ ချုပ်ပျက်မှုကို နှလုံးသွင်းသကဲ့သို့ ထို့အတူ ဝိပဿနာဉာဏ်ဖြင့် မျက်မှောက် မရှုမြင်အပ်သေးသော သင်္ခါရတရားအပေါင်းကို မိမိ၏ ဝိပဿနာဉာဏ်ဖြင့် ချုပ်မှုကို နှလုံးသွင်း၏၊ ဖြစ်မှုကို နှလုံးမသွင်း။ ထို မျက်မှောက် မမြင်ရသေးသော သင်္ခါရတရားအပေါင်း၏ ချုပ်ခြင်းကိုသာလျှင် နှလုံးသွင်း၏၊ ဖြစ်ခြင်း ကြီးပွားခြင်းကို နှလုံးမသွင်းဟု ဆိုလို၏။ (မဟာဋီ၊၁၊၃၄၂။)
ဤသို့ကျင့်သော ထိုယောဂါဝစရပုဂ္ဂိုလ်သည် တစ်ဖန် စွန့်၏၊ မစွဲယူ။ အဘယ်သို့သော အနက်အဓိပ္ပါယ်ကို ဆိုလိုပါသနည်းဟူမူ ဤအနိစ္စာနုပဿနာစသော အနုပဿနာဉာဏ်သည် ခန္ဓာတို့ကိုလည်းကောင်း ဘဝသစ်ကို ပြုစီမံတတ်သော အဘိသင်္ခါရတရားတို့ကိုလည်းကောင်း စွန့်လွှတ်ခြင်းကြောင့် ပရိစ္စာဂပဋိနိဿဂ္ဂလည်း မည်၏။ သင်္ခတတရား = သင်္ခါရတရားတို့၏ ဖောက်ပြန်ပျက်စီးခြင်းဟူသော အပြစ်ကို မြင်သဖြင့် ထိုသင်္ခတတရားတို့မှ ပြောင်းပြန်ဖြစ်သော အသင်္ခတ နိဗ္ဗာန်တရားတော်မြတ်၌ ထိုနိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်းသည်၏ အဖြစ်ဖြင့် ပြေးဝင်ခြင်းကြောင့် ပက္ခန္ဒနပဋိနိဿဂ္ဂလည်းမည်၏ဟု ဆိုအပ်၏။ ထိုကြောင့် ထိုပဋိနိဿဂ္ဂါနုပဿနာနှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သည် ဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ကိလေသာတို့ကိုလည်း စွန့်၏ နိဗ္ဗာန်၌လည်း ပြေးဝင်၏။ ထိုကြောင့် အောက်ပါ စကားရပ်များကို အဋ္ဌကထာဆရာတော်က ဆက်လက်ဖွင့်ဆိုထားတော်မူ၏။ (မဟာဋီ၊၁၊၃၄၂။)
ထိုယောဂါဝစရပုဂ္ဂိုလ်သည် စျာန်စိတ်ကို အဦးမူ၍ သင်္ခါရတရားအပေါင်းကို ဝိပဿနာရှုလေရာ ဝိပဿနာ အခိုက်၌ အနိစ္စာနုပဿနာဉာဏ်ဖြင့် နိစ္စသညာမှ စိတ်ကို လွတ်မြောက်စေလျက် ဝင်သက်လေကို ဖြစ်စေ၏၊ ထွက်သက်လေကို ဖြစ်စေ၏။ ဒုက္ခာနုပဿနာဉာဏ်ဖြင့် သုခသညာမှ, အနတ္တာနုပဿနာဉာဏ်ဖြင့် အတ္တသညာမှ, နိဗ္ဗိဒါနုပဿနာဉာဏ်ဖြင့် နှစ်သက်ခြင်း နန္ဒီတရားမှ, သင်္ခါရတရားတို့၏ ခဏမစဲ တသဲသဲ ကုန်ကုန် ပျက်ပျက် နေသည့် ခယ ဝိရာဂသဘောကို ရှုနေသော ခယဝိရာဂါနုပဿနာဉာဏ်ဖြင့် တပ်မက်ခြင်း ရာဂမှ, သင်္ခါရတရားတို့၏ ခဏမစဲ တသဲသဲ ချုပ်ပျက်ခြင်း ခဏနိရောဓသဘောကို ရှုနေသော နိရောဓာနုပဿနာဉာဏ်ဖြင့် ဖြစ်ခြင်း သမုဒယမှ, ပဋိနိဿဂ္ဂါနုပဿနာဉာဏ်ဖြင့် သင်္ခါရတရားတို့ကို နိစ္စစသည်ဖြင့် ပြင်းစွာစွဲယူခြင်း အာဒါနမှ စိတ်ကို လွတ်မြောက်စေလျက် ဝင်သက်လေကို ဖြစ်စေ၏၊ ထွက်သက်လေကို ဖြစ်စေ၏။ ထိုကြောင့် --- စိတ်ကို ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်စေလျက် ဝင်သက်လေကို ဖြစ်စေအံ့၊ ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏ဟူ၍ ဘုရားရှင်သည် ဟောကြားတော်မူပေသည်။ ဤသို့လျှင် စိတ္တာနုပဿနာ၏ အစွမ်းဖြင့် ဤတတိယ စတုက္ကကို ဟောကြားတော်မူ၏ဟု သိရှိပါလေ။ (ဝိသုဒ္ဓိ၊၁၊၂၈၁။)
စိတ်တစ်ခုတည်းကိုပင် ရှုရမည်လော?
ယဿ ဝိညာဏံ ပါကဋံ ဟောတိ၊ သော န ကေဝလံ ဝိညာဏမေဝ ဥပ္ပဇ္ဇတိ၊ တေန သဒ္ဓိံ တဒေဝါရမ္မဏံ ဖုသမာနော ဖေဿာပိ ဥပ္ပဇ္ဇတိ၊ အနုဘဝမာနာ ဝေဒနာပိ, သဉ္ဇာနနမာနာ သညာပိ, စေတယမာနာ စေတနာပိ ဥပ္ပဇ္ဇတီတိ ဖဿပဉ္စမကေယေဝ ပရိဂ္ဂဏှာတိ။ (ဒီ၊ဋ္ဌ၊၁၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀-၂၈၁။ အဘိ၊ဋ္ဌ၊၂၊၂၅၂။)
တသ္မာ တာယ ဘင်္ဂါနုပဿကော ယောဂါဝစရော စိတ္တမုခေန သဗ္ဗသင်္ခါရဂတံ အနိစ္စတော ပဿတိ၊ နော နိစ္စတော။ (မဟာဋီ၊၁၊၃၄၂။)
အလုံးစုံသော ဥပါဒါနက္ခန္ဓာ ငါးပါး သင်္ခါရတရားတို့ကို ပရိညာ ပညာ သုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား မသိရှိပါက သံသရာဝဋ်ဆင်းရဲဒုက္ခ မကုန်နိုင်ဟု အပရိဇာနနသုတ္တန် (သံ၊၂၊၂၄၉-၂၅၀) စသည့် ထိုထိုသုတ္တန်တို့၌ ဘုရားရှင် ဟောကြားထားတော်မူသည်နှင့် အညီ အထက်ပါ အဋ္ဌကထာ ဋီကာကြီးတို့ကလည်း စိတ်ကို အဦးမူ သဖြင့် သင်္ခါရတရား အားလုံးကိုပင် ဝိပဿနာရှုရန် ဖွင့်ဆိုထားတော်မူကြ၏။ ထိုကြောင့် အသင်သူတော်ကောင်းသည်လည်း စျာန်စိတ်ကို အဦးမူသဖြင့် သင်္ခါရတရား အားလုံးကိုပင် ဝိပဿနာရှုပါ။
(၄) စတုတ္ထ စတုက္က
(က) အနိစ္စာနုပဿီ အဿသိဿာမီတိ သိက္ခတိ။
အနိစ္စာနုပဿီ ပဿသိဿာမီတိ သိက္ခတိ။
( ခ ) ဝိရာဂါနုပဿီ အဿသိဿာမီတိ သိက္ခတိ။
ဝိရာဂါနုပဿီ ပဿသိဿာမီတိ သိက္ခတိ။
( ဂ ) နိရောဓာနုပဿီ အဿသိဿာမီတိ သိက္ခတိ။
နိရောဓာနုပဿီ ပဿသိဿာမီတိ သိက္ခတိ။
(ဃ) ပဋိနိဿဂ္ဂါနုပဿီ အဿသိဿာမီတိ သိက္ခတိ။
ပဋိနိဿဂ္ဂါနုပဿီ ပဿသိဿာမီတိ သိက္ခတိ။
(က) အနိစ္စာနုပဿီ = သင်္ခါရတရားတို့ကို အနိစ္စဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍။ အဿသိဿာမိ = ဝင်သက်လေကို ဖြစ်စေအံ့။ ဣတိ = ဤသို့။ သိက္ခတိ = ကျင့်၏။ ပ ။
( ခ ) ဝိရာဂါနုပဿီ = ခယဝိရာဂ, အစ္စန္တဝိရာဂ သဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍။ တစ်နည်း ----- သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်နှင့် ရာဂ၏ ကင်းရာ နိဗ္ဗာန်ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍။ ပ ။
( ဂ ) နိရောဓာနုပဿီ = ခယနိရောဓ, အစ္စန္တနိရောဓ သဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍။ တစ်နည်း ---- သင်္ခါရတရားတို့၏ ချုပ်ခြင်း ခဏဘင်နှင့် ရာဂ၏ ချုပ်ရာ နိဗ္ဗာန်ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍။ ပ ။
(ဃ) ပဋိနိဿဂ္ဂါနုပဿီ = ပရိစ္စာဂပဋိနိဿဂ္ဂ, ပက္ခန္ဒနပဋိနိဿဂ္ဂ သဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ ရှိသည် ဖြစ်၍။ တစ်နည်း ---- ကိလေသာ-ခန္ဓာ-အဘိသင်္ခါရတရားတို့ကို စွန့်လွှတ်ကြောင်း ဖြစ်သော သင်္ခါရတရားတို့၏ ပျက်ခြင်း ခဏဘင်နှင့် နိဗ္ဗာန်ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍။ ပ ။
(က) သင်္ခါရတရားတို့ကို အနိစ္စဟု အဖန်ဖန် အထပ်ထပ် ရှုလျက် ဝင်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။ သင်္ခါရတရားတို့ကို အနိစ္စဟု အဖန်ဖန် အထပ်ထပ် ရှုလျက် ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။
( ခ ) သင်္ခါရတရားတို့၏ ပျက်ခြင်း ခဏဘင်နှင့် ရာဂကင်းရာ နိဗ္ဗာန်ကို အဖန်ဖန် အထပ်ထပ် ရှုလျက် ဝင်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။ ပ ။ ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။
( ဂ ) သင်္ခါရတရားတို့၏ ချုပ်ခြင်း ခဏဘင်နှင့် ရာဂ၏ ချုပ်ရာ နိဗ္ဗာန်ကို အဖန်ဖန် အထပ်ထပ် ရှုလျက် ဝင်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။ ပ ။ ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။
(ဃ) ကိလေသာ-ခန္ဓာ-အဘိသင်္ခါရတရားတို့ကို တဒင်္ဂအားဖြင့် စွန့်လွှတ်ရာ သင်္ခါရတရားတို့၏ ပျက်ခြင်း ခဏဘင်နှင့် သမုစ္ဆေဒအားဖြင့် စွန့်လွှတ်ရာ နိဗ္ဗာန်ကို အဖန်ဖန် အထပ်ထပ် ရှုလျက် ဝင်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။ ပ ။ ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။ (မ၊၃၊၁၂၅။ သံ၊၃၊၂၇၉။ ဝိ၊၁၊၈၈။)
(က) အနိစ္စာနုပဿီ
ဤ၌ အနိစ္စ, အနိစ္စတာ, အနိစ္စာနုပဿနာ, အနိစ္စာနုပဿီ - ဤ (၄)မျိုးကို သိထားသင့်ပေသည်။
၁။ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္စျတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိကဟူသော (၁၁) မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာ ငါးပါးသည် အနိစ္စ မည်၏။ အဘယ်ကြောင့်နည်း? ဖြစ်ခြင်း = ဥပ္ပါဒသဘော, ပျက်ခြင်း = ဝယသဘော, ဖြစ်ခြင်းသဘောမှ ပျက်ခြင်းသဘောသို့ ယိုင်လဲနေသော အညထာဘာဝဟူသော ဌီသဘော - ဤသဘောတရား သုံးမျိုး ထင်ရှားရှိသောကြောင့် ယင်း ဥပါဒါနက္ခန္ဓာ ငါးပါးသည် အနိစ္စ မည်၏။ (ဝိသုဒ္ဓိ၊၁၊၂၈၁။)
ဥပ္ပါဒ, ဝယ, အညထတ္တတို့၏ အထူးကား အဘယ်နည်း။ ထိုသုံးမျိုးတို့တွင် သင်္ခတတရားတို့၏ တိုက်ရိုက် ဖြစ်စေတတ်သော ဇနက အကြောင်း, အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းတရားတို့ကြောင့် ဖြစ်ပေါ်လာခြင်းသည် ရှေး၌ မဖြစ်သေးမူ၍ = ရှေးက မရှိသေးမူ၍ ယခုမှ ရုတ်ခြည်းအသစ် ဖြစ်ပေါ်လာခြင်းသည် ပရမတ္ထအထည်ကိုယ် သရုပ်သဘောကို ရခြင်းသည် ဥပ္ပါဒ = ဖြစ်ခြင်း ဥပါဒ် မည်၏။ ဖြစ်ပြီးကုန်သော ထိုသင်္ခတ တရားတို့၏ ခဏအားဖြင့် ချုပ်ခြင်းသည် ပရမတ္ထ သရုပ်အထည်ကိုယ်ဒြပ်၏ ပျက်စီးခြင်းသည် ဝယ မည်၏။ ပရမတ္ထဓမ္မတို့၏ ဖြစ်စမှ တစ်ပါးသော ပျက်ခြင်းသို့ ရှေးရှုနေသော အခြင်းအရာထူးဖြင့် ဖြစ်ခြင်းသည် အညထတ္တ မည်၏။ သင်္ခတပရမတ်တရားတို့၏ ဇရာသဘောတည်း။ ဇရာ၏ ဥပါဒ်-ဘင်တို့မှ တစ်ပါးသော ပျက်ခြင်းသို့ ရှေးရှုသော အခြင်းအရာအားဖြင့် = အပြားအားဖြင့် ဖြစ်ခြင်းသည် အညထတ္တ မည်၏။ (မဟာဋီ၊၁၊၃၄၃။)
ထင်ရှားစေအံ့ ----- သင်္ခတပရမတ်တရားတို့၏ ဥပါဒ်အခိုက်မှ ကွဲပြားသော ဘင်အခိုက်၌ ပရမတ္ထဓာတ်သား တည်းဟူသော ဝတ္ထု၏ ကွဲပြားခြင်းသည် မရှိနိုင်သကဲ့သို့ အလားတူပင် သင်္ခတတရားတို့၏ ဌိတိဟု ဆိုအပ်သော ပျက်ခြင်း = ဘင်သို့ ရှေးရှုသော အခိုက်၌လည်း ပရမတ္ထဓာတ်သားတည်းဟူသော တရားကိုယ် အထည်ဝတ္ထုဒြပ်၏ ကွဲပြားခြင်းသည် မရှိသည်သာတည်း။ အကြင်ပျက်ခြင်း = ဘင်သို့ ရှေးရှုနေသော အခိုက်၌ ဇရာဟူသော အမည် ဝေါဟာရသည် ဖြစ်ပေါ်လာ၏။ ထိုကြောင့် တစ်ခုတည်းသော သင်္ခတပရမတ်တရား၏သော်လည်း အိုခြင်း ရင့်ခြင်း ဇရာသည် သင့်သည်သာဖြစ်၏။ ယင်းတစ်ခုတည်းသော သင်္ခတပရမတ်တရား၏ အိုခြင်း ရင့်ခြင်း ဇရာကို ခဏိက ဇရာဟူ၍ ခေါ်ဆို၏။ မှန်ပေသည် --- စင်စစ်အားဖြင့် ဥပါဒ်အခိုက် ဘင်အခိုက်တို့၌ ပရမတ္ထဓာတ်သား တရားကိုယ် အထည်ဝတ္ထုဒြပ်၏ မကွဲပြားခြင်းကိုသာလျှင် အလိုရှိအပ်ပေ၏။ မကွဲပြားဟု မယူဆဘဲ ကွဲပြား၏ဟု ယူဆခဲ့သော် အခြားတစ်ပါးသော သင်္ခတပရမတ်တရား တစ်ခုသည် ဖြစ်ပေါ်လာ၏၊ အခြားတစ်ပါးသော သင်္ခတပရမတ်တရား တစ်ခုသည် ပျက်၏ ဤသို့သော အပြစ်ဒေါသသည် ထိုသို့ ယူဆသူမှာ ရောက်ရှိလေရာ၏။ ထိုဆိုခဲ့ပြီးသော ခဏိကဇရာကိုပင် ရည်ရွယ်တော်မူ၍ အညထတ္တံ ဟူ၍ ဘုရားရှင် ဟောကြားတော်မူခြင်း ဖြစ်၏။ (မဟာဋီ၊၁၊၃၄၃-၃၄၄။)
၂။ ထိုခန္ဓာငါးပါးတို့၏သာလျှင် (က) ဖြစ်ခြင်း, (ခ) ပျက်ခြင်း, (ဂ) ဖြစ်စမှ တစ်ပါးသော ပျက်ခြင်း = ဘင်ဘက်သို့ ရှေးရှုနေသော အခိုက်အတန့်တည်းဟူသော အခြင်းအရာထူးသည် အနိစ္စတာ မည်၏။ တစ်နည်း -- ရှေးကမရှိ ယခုမှဖြစ်တည်၍ ချက်တစ်ဖြုတ်အားဖြင့် ဖြုတ်ခြည်း ပျက်ခြင်းသည် ဖြစ်ကုန်သော ခန္ဓာတို့၏ ထိုဖြစ်တိုင်းသော အခြင်းအရာအားဖြင့်သာလျှင် = ဖြစ်စသော ဓမ္မတို့၏ အခြင်းအရာအတိုင်းသာလျှင် မတည်မူ၍ ခဏဘင်ဖြင့် ပျက်ခြင်းသည် အနိစ္စတာမည်၏ဟု ဆိုလို၏။ (ဝိသုဒ္ဓိ၊၁၊၂၈၁။)
တတ္ထ ဥပ္ပါဒပုဗ္ဗကတ္တာ အဘာဝဿ ဟုတွာ ဂဟဏံ။ တေန ပါဂဘာဝပုဗ္ဗကတ္တံ ဝိနာသာဘာဝဿ ဒေဿတိ။ (မဟာဋီ၊၁၊၃၄၄။)
ဟုတွာ အဘာဝေါ = ဖြစ်ပြီးနောက် မရှိခြင်း အဘာဝသည် အနိစ္စတာမည်၏ ----- ဟူသော စကားရပ်၌ ဟုတွာ = ဖြစ်ပြီးနောက်ဟူသော စကားရပ်ဖြင့် ပျက်စီးခြင်းဟူသော အဘာဝ၏ မဖြစ်သေးမီ ရှေးအဖို့က မရှိသေးခြင်း ရှေးရှိသည်၏အဖြစ်ကို ညွှန်ပြ၏။ ဆိုလိုသည်မှာ ဤသို့ ဖြစ်၏။ မရှိခြင်း အဘာဝသည် ဥပါဒ်ကာလသို့ မရောက်သေးမီ မဖြစ်သေးမီက ရုပ်နာမ်တို့၏ မရှိသေးခြင်းဟူသော ပါဂဘာဝက တစ်မျိုး, ဘင်ကာလသို့ ရောက်၍ ပျက်စီးကွယ်ပျောက်သွားသဖြင့် ဖြစ်ပြီးသော ရုပ်နာမ်တို့၏ မရှိခြင်းဟူသော ဝိဒ္ဓံသာဘာဝက တစ်မျိုးဟူ၍ အဘာဝနှစ်မျိုးရှိရာ ထိုနှစ်မျိုးတို့တွင် ဟုတွာ အဘာဝေါ = ဖြစ်ပြီးနောက် မရှိခြင်း = အဘာဝဟူသော ပါဌ်၌ အဘာဝေါဟူသော ပုဒ်ဖြင့် ဖြစ်ပြီးသော ရုပ်နာမ်တို့၏ ဖြစ်ပြီးသော ဘင်ကာလသို့ ရောက်၍ မရှိခြင်း = ဝိဒ္ဓံသာဘာဝဟု ခေါ်သော ဝိနာသအဘာဝကို ပြ၏။ တစ်ဖန် ဟုတွာ = ဖြစ်ပြီး၍ဟု ဆိုသဖြင့် မဖြစ်မီက ရုပ်နာမ်အထည်ကိုယ် မရှိသေးခြင်း = အဘာဝအဖို့မှ ဖြစ်ပေါ်လာသည်ဟု သိရသောကြောင့် ၄င်းပုဒ်ဖြင့် ဖြစ်ပေါ်ပြီးနောက် ပျက်ခြင်းဟူသော ဝိနာသအဘာဝသည် မဖြစ်မီ ရှေးအဖို့က မရှိသေးခြင်းဟူသော ပါဂဘာဝ = ပါအဘာဝလျှင် ရှေးရှိသည်၏အဖြစ်ကို ပြသည်ဟု ဆိုလို၏။ ဤ ပါဂဘာဝပုဗ္ဗကတ္တံဟူသော ပါဌ်အနက်သည် ရုပ်နာမ်တို့သည် မရှိသေးသော အဘာဝအဖို့မှ ဖြစ်ပေါ်လာပြီးလျှင် ပျက်၍ မရှိခြင်း အဘာဝသို့ပင် ပြန်ရောက်သွားကြသည် ဟူသော အနက်ကိုပြသောကြောင့် အနိစ္စလက္ခဏာကို အလွန်ပင် ထင်ပေါ်စေနိုင်ပေ၏။ (ဝိသုဒ္ဓိမဂ်နိဿယ၊၂၊၂၇၇-၂၇၈ - ကြည့်ပါ။)
၃။ ဥပါဒါနက္ခန္ဓာငါးပါးတို့ကို ယင်းတို့၏ ဖြစ်မှု ပျက်မှုကို အထူးသဖြင့် အပျက်သက်သက်ကို အာရုံပြု၍ အနိစ္စဟု အဖန်ဖန် အထပ်ထပ် ရှုပွားသုံးသပ်နေသော ဝိပဿနာဉာဏ်သည် အနိစ္စာနုပဿနာ မည်၏။ (ဝိသုဒ္ဓိ၊၁၊၂၈၁။)
၄။ ထို အနိစ္စာနုပဿနာဉာဏ်နှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သည် အနိစ္စာနုပဿီပုဂ္ဂိုလ် မည်၏။
ထိုကြောင့် ဤသို့ အနိစ္စာနုပဿနာဉာဏ်နှင့် ပြည့်စုံသော ဤသို့ သင်္ခါရတရားတို့ကို အနိစ္စဟု တလုံလဲလဲ ရှုသည်ဖြစ်၍ ဝင်သက်လေကို ဖြစ်စေသော ပုဂ္ဂိုလ်ကိုလည်းကောင်း, ထွက်သက်လေကို ဖြစ်စေသော ပုဂ္ဂိုလ်ကို လည်းကောင်း ဤစတုတ္ထစတုက္က၌ အနိစ္စဟု တလုံလဲလဲ ရှုသည်ဖြစ်၍ ဝင်သက်လေကို ဖြစ်စေအံ့ ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်သော ပုဂ္ဂိုလ်ဟူ၍ သိရှိပါလေ။ (ဝိသုဒ္ဓိ၊၁၊၂၈၁-၂၈၂။)
(ခ) ဝိရာဂါနုပဿီ
ဝိရာဂါနုပဿီ -----ဟူသော ဤပုဒ်၌ ဝိရာဂတို့သည် ခယဝိရာဂ, အစ္စန္တဝိရာဂဟု ဝိရာဂ နှစ်မျိုး ရှိ၏။ သင်္ခါရတရားတို့၏ ခဏမစဲ တသဲသဲ ပျက်နေခြင်း ခဏဘင်သည် ခယဝိရာဂ မည်၏။ နိဗ္ဗာန်တရားတော်မြတ်သည် အစ္စန္တဝိရာဂ မည်၏။ သင်္ခါရတရားတို့၏ ပျက်ခြင်း = ဘင်ကို ရှုမြင်နေသော ဝိပဿနာဉာဏ်သည် လည်းကောင်း, အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်တရားတော်မြတ်ကြီးကို သိမြင်နေသော အရိယမဂ်ဉာဏ်သည် လည်းကောင်း ဝိရာဂါနုပဿနာ မည်၏။ ထိုနှစ်မျိုးသော ဝိပဿနာဉာဏ် မဂ်ဉာဏ်တို့နှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝိရာဂါနုပဿီပုဂ္ဂိုလ် မည်၏။ ထိုနှစ်မျိုးသော ဝိရာဂါနုပဿနာဉာဏ်နှင့် ပြည့်စုံသည် ဖြစ်၍ ဝင်သက်လေ ထွက်သက်လေကို ဖြစ်စေခဲ့သည်ရှိသော် ဝိရာဂသဘောကို အဖန်ဖန် အထပ်ထပ် ရှုသည်ဖြစ်၍ ဝင်သက်လေကို ဖြစ်စေအံ့၊ ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏ ဟူ၍ သိရှိပါလေ။ (ဝိသုဒ္ဓိ၊၁၊၂၈၂။)
ဝိပဿနာအခိုက်၌ကား သင်္ခါရတရားတို့၏ ပျက်ခြင်း = ဘင်ကို သိမြင်သော ခယဝိရာဂါနုပဿနာဉာဏ် သာ ဖြစ်သေးသည်။ ယင်းခယဝိရာဂကို ခဏိကနိရောဓဟုပင် မဟာဋီကာ (မဟာဋီ၊၁၊၃၄၄။)၌ ဖွင့်ဆိုထား၏။ ယင်းသင်္ခါရတရားတို့၏ ခဏမစဲ တသဲသဲ ချုပ်မှု ပျက်မှု ကုန်မှု ကင်းမှုသဘောကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ကြည့်၍ လက္ခဏာယာဉ်သုံးချက်ကို တစ်လှည့်စီတင်ကာ ဝိပဿနာရှုနေလျှင် ဝိရာဂါနုပဿီပုဂ္ဂိုလ်ပင်ဖြစ်သည်ဟု မှတ်ပါ။ ထိုဝိပဿနာဉာဏ်တို့က ရာဂကို တဒင်္ဂအားဖြင့် ပယ်စွန့်နိုင်သောကြောင့် ဝိရာဂါနုပဿနာဟူသော အမည်ကို ရရှိကြသည်။ ယင်းဝိပဿနာဉာဏ်တို့၏ အဆုံးတွင်မှ စင်စစ် ရာဂ၏ ချုပ်ငြိမ်းရာ ဖြစ်သောကြောင့် အစ္စန္တဝိရာဂအမည်ရသော နိဗ္ဗာန်ကို အာရုံပြု၍ အရိယမဂ်ဉာဏ်သည် ဖြစ်ပေါ်လာ၏။ ယင်းအရိယမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကိုလည်း ဝိရာဂါနုပဿီပုဂ္ဂိုလ်ဟုပင် ခေါ်ဆိုသည်။ ရာဂကင်းရာ နိဗ္ဗာန်ကို ရှုမြင်နေသောကြောင့် ဖြစ်၏။ တွယ်တာတပ်မက်မှု ကင်းအောင် အသက်ရှူနည်း တွယ်တာတပ်မက်မှု ကင်းသော အသက်ရှူနည်းများပင် ဖြစ်ကြသည်။
သင်္ခါရတရားတို့၏ ပျက်ခြင်း = ဘင်ကို အဖန်ဖန် အထပ်ထပ် ရှုနေသော ဝိပဿနာဉာဏ်ကို ခယဝိရာဂါနုပဿနာဟု ခေါ်ဆို၏။ ရာဂ၏ အကယ်စင်စစ် ကင်းရာ ချုပ်ရာ ဖြစ်သော နိဗ္ဗာန်ကို ရှုမြင်သော အရိယမဂ်ဉာဏ်ကို အစ္စန္တဝိရာဂါနုပဿနာဟု ခေါ်ဆို၏။ တစ်နည်းဆိုရသော် ----- ဝိပဿနာဉာဏ်သည် သင်္ခါရတရားတို့၏ အပျက်ကို အာရုံပြုသောကြောင့် အာရုံသဘောအားဖြင့် ခယဝိရာဂါနုပဿနာ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ရာဂ၏ အကယ်စင်စစ် ကင်းရာဖြစ်သော နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်းလျက် ဖြစ်ပေါ်လာသောကြောင့် အစ္စန္တဝိရာဂါနုပဿနာ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ အရိယမဂ်ဉာဏ်သည်ကား သင်္ခါရတရားတို့၏ ကုန်ခြင်း ပျက်ခြင်း ခယဝိရာဂသဘောကို မသိ မမြင်အောင် ဖုံးလွှမ်းထားတတ်သော မောဟကို အကြွင်းမဲ့ ပယ်သတ်တတ်သော အသမ္မောဟ သဘောအားဖြင့် ခယဝိရာဂါနုပဿနာ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ ရာဂ၏ အကယ်စင်စစ် ကင်းရာ ဖြစ်သော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို အာရုံမျက်မှောက် တိုက်ရိုက် ထွင်းဖောက် သိမြင်သောကြောင့် အာရုံသဘောအားဖြင့် အစ္စန္တဝိရာဂါနုပဿနာ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ ဤသို့ တစ်နည်းလည်း သိရှိပါလေ။ (မဟာဋီ၊၁၊၃၄၄။)
(ဂ) နိရောဓာနုပဿီ
နိရောဓာနုပဿီဟူသော ဤပုဒ်၌ ခယနိရောဓ အစ္စန္တနိရောဓဟု နိရောဓနှစ်မျိုး ရှိ၏။ သင်္ခါရတရားတို့၏ ခဏမစဲ တသဲသဲ ချုပ်ပျက်နေခြင်း ခဏဘင်သည် ခယနိရောဓ မည်၏။ နိဗ္ဗာန်တရားတော်မြတ်ကြီးသည်ကား ရာဂ၏ အကယ်စင်စစ် ချုပ်ငြိမ်းရာ ဖြစ်သောကြောင့် အစ္စန္တနိရောဓ မည်၏။ သင်္ခါရတရားတို့၏ ခဏမစဲ တသဲသဲ ချုပ်ပျက်ခြင်း ခဏဘင်ကို ရှုမြင်သော ဝိပဿနာဉာဏ်သည်လည်း နိရောဓာနုပဿနာ မည်၏။ သင်္ခါရတရားတို့၏ ခဏမစဲ တသဲသဲ ချုပ်ပျက်ခြင်း ခဏဘင်ကို အာရုံပြု၍ အနိစ္စဟု ဒုက္ခဟု အနတ္တဟု ရှုနေသော ဝိပဿနာ ဉာဏ်များပင်တည်း။ အကယ်စင်စစ် ရာဂ၏ ချုပ်ရာဖြစ်သော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော် မြတ်ကြီးကို သိမြင်နေသော အရိယမဂ်ဉာဏ်သည်လည်း နိရောဓာနုပဿနာပင် မည်၏။ ထိုနှစ်မျိုးသော ဝိပဿနာဉာဏ် အရိယမဂ်ဉာဏ်တို့နှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သည် နိရောဓာနုပဿီပုဂ္ဂိုလ် မည်၏။ ထိုနှစ်မျိုးသော နိရောဓာနုပဿနာဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ ဝင်သက်လေ ထွက်သက်လေကို ဖြစ်စေသည် ရှိသော် နိရောဓသဘောကို အဖန်ဖန် အထပ်ထပ် ရှုသည်ဖြစ်၍ ဝင်သက်လေကို ဖြစ်စေအံ့၊ ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏ ဟူ၍ သိရှိပါလေ။ (ဝိသုဒ္ဓိ၊၁၊၂၈၂။ မဟာဋီ၊၁၊၃၄၄။)
(ဃ) ပဋိနိဿဂ္ဂါနုပဿီ
ပဋိနိဿဂ္ဂါနုပဿီဟူသော ဤပုဒ်၌လည်း ပရိစ္စာဂပဋိနိဿဂ္ဂ, ပက္ခန္ဒနပဋိနိဿဂ္ဂဟု ပဋိနိဿဂ္ဂ နှစ်မျိုး ရှိ၏။ ပဋိနိဿဂ္ဂဟူသည် စိတ်ကို စေလွှတ်ခြင်းပင်တည်း။ ယင်းစေလွှတ်ခြင်း ပဋိနိဿဂ္ဂသည်ပင်လျှင် အနုပဿနာ မည်ရကား ပဋိနိဿဂ္ဂါနုပဿနာဟု ခေါ်ဆိုသည်။ တစ်နည်း ----- ကိလေသာတို့ကို စွန့်လွှတ်တတ်သော အနုပဿနာကို ပဋိနိဿဂ္ဂါနုပဿနာဟု ခေါ်ဆိုသည်။ ယင်းပဋိနိဿဂ္ဂါနုပဿနာဟူသော ဤအမည်သည် ဝိပဿနာဉာဏ် အရိယမဂ်ဉာဏ်တို့၏ အမည်တည်း။
မှန်ပေသည် ---- ဝိပဿနာဉာဏ်သည် ခန္ဓာငါးပါး, ဘဝသစ်ကို ပြုစီမံတတ်သော အဘိသင်္ခါရတရားတို့နှင့် တကွ ကိလေသာတို့ကို တဒင်္ဂ၏ အစွမ်းဖြင့် စွန့်လွှတ်တတ်သောကြောင့် ပရိစ္စာဂပဋိနိဿဂ္ဂလည်း မည်၏ဟု ဆိုအပ်၏။ ဘုံသုံးပါးအတွင်း၌ တည်ရှိသော သင်္ခါရတရားအပေါင်း၏ ဖောက်ပြန်ပျက်စီးတတ်သော အနိစ္စ ဝိပရိဏာမ စသော သင်္ခတ အပြစ်ကိုလည်း မြင်နေသဖြင့် ထိုသင်္ခတတရားနှင့် ပြောင်းပြန်ဖြစ်သော နိဗ္ဗာန်တရားတော်မြတ်၌ ထိုနိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်းသည်၏အဖြစ်ဖြင့် ပြေးဝင်တတ်သောကြောင့် ပက္ခန္ဒနပဋိနိဿဂ္ဂလည်း မည်၏ဟု ဆိုအပ်၏။ (ဝိသုဒ္ဓိ၊၁၊၂၈၂။)
အနိစ္စာနုပဿနာဉာဏ်သည် ေ့ရှဦးစွာ တဒင်္ဂပဟာန်၏ အစွမ်းဖြင့် နိစ္စသညာကို ပယ်စွန့်၏။ ဒုက္ခာနုပဿနာဉာဏ်သည် သုခသညာကို, အနတ္တာနုပဿနာဉာဏ်သည် အတ္တသညာကို တဒင်္ဂ၏ အစွမ်းဖြင့် ပယ်စွန့်၏။ ထိုသို့ ပယ်စွန့်ရာဝယ် နိစ္စဟု စွဲယူမှု သုခဟု စွဲယူမှု အတ္တဟု စွဲယူမှု အသီးအသီးကို အကြောင်းခံ၍ ဖြစ်ပေါ် လာသည့် ကိလေသာ, ယင်းကိလေသာလျှင် အကြောင်းရင်းခံရှိသော ဘဝသစ်ကို ပြုစီမံတတ်သော အဘိသင်္ခါရ အမည်ရသော ကမ္မဝဋ်တရား, ယင်းအဘိသင်္ခါရ = ကမ္မဝဋ်တရားလျှင် အကြောင်းရင်းခံရှိသော ဝိပါက်ခန္ဓာတို့သည် နောင်အနာဂတ်၌ ဖြစ်ပေါ်လာကုန်ရာ၏၊ ထိုကိလေသာ, အဘိသင်္ခါရ, ဝိပါက်ခန္ဓာ အားလုံးတို့ကို မဖြစ်ခြင်းကို ပြုသည်၏ အစွမ်းဖြင့် စွန့်လွှတ်၏ဟု မှတ်ပါ။ (မဟာဋီ၊၁၊၃၄၅။)
အရိယမဂ်ဉာဏ်သည် အကြွင်းမဲ့ အမြစ်ပြတ်ပယ်သတ်ခြင်း သမုစ္ဆေဒ၏ အစွမ်းဖြင့် ခန္ဓ, အဘိသင်္ခါရတရား တို့နှင့်တကွ ကိလေသာတို့ကို စွန့်လည်း စွန့်လွှတ်တတ်၏၊ ထိုကြောင့် အရိယမဂ်ဉာဏ်ကို ပရိစ္စာဂပဋိနိဿဂ္ဂ ဟူ၍လည်း ခေါ်ဆိုအပ်၏။ အရိယမဂ်ဉာဏ်သည် နိဗ္ဗာန်ကို အာရုံပြုခြင်းဖြင့် နိဗ္ဗာန်၌ ပြေးလည်းပြေးဝင်တတ်၏၊ ထိုကြောင့် အရိယမဂ်ဉာဏ်ကို ပက္ခန္ဒနပဋိနိဿဂ္ဂဟူ၍လည်း ခေါ်ဆိုအပ်၏။ (ဝိသုဒ္ဓိ၊၁၊၂၈၂။)
ဝိပဿနာဉာဏ်သည် ရှေးရှေး ဝိပဿနာဉာဏ်တို့၏ ရှုသွားသော သင်္ခါရနိမိတ်အာရုံကို အစဉ်လိုက်၍ အဖန်တလဲလဲ နောက်နောက်၌ ရှုတတ်သောကြောင့်, ရှေးရှေးဝိပဿနာဉာဏ်တို့က နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်းလျက် ပြေးဝင်သကဲ့သို့ နောက်နောက်ဝိပဿနာဉာဏ်တို့သည်လည်း နောက်နောက်၌ အဖန်တလဲလဲ နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်းလျက် ပြေးဝင်သကဲ့သို့ ဖြစ်တတ်သောကြောင့် အနုပဿနာ မည်၏။ အရိယမဂ်ဉာဏ်သည်လည်း ဂေါတြဘုဉာဏ်၏ အာရုံဖြစ်သော နိဗ္ဗာန်ကို နောက်နောက်၌ ရှုမြင်တတ်သောကြောင့် ယင်းအရိယမဂ်ဉာဏ်ကိုလည်း အနုပဿနာဟူ၍ ခေါ်ဆိုအပ်၏။ ထိုနှစ်မျိုးသော အနုပဿနာနှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ် သည် ပဋိနိဿဂ္ဂါနုပဿီပုဂ္ဂိုလ် မည်၏။ ထို ပဋိနိဿဂ္ဂါနုပဿနာဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ ဝင်သက်လေ ထွက်သက်လေကို ဖြစ်စေခဲ့သည် ရှိသော် ပဋိနိဿဂ္ဂသဘောကို = သင်္ခါရတရားတို့၏ ပျက်ခြင်း = ဘင်နှင့် ကိလေသာတို့ကို စွန့်လွှတ်ရာ နိဗ္ဗာန်ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ ဝင်သက်လေကို ဖြစ်စေအံ့ ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏ ဟူ၍ သိရှိပါလေ။ (ဝိသုဒ္ဓိ၊၁၊၂၈၂။ မဟာဋီ၊၁၊၃၄၅။)
သုဒ္ဓဝိပဿနာနှင့် သမထဝိပဿနာ
ဤစတုတ္ထစတုက္ကကို သုဒ္ဓဝိပဿနာ = ဝိပဿနာသက်သက်၏ အစွမ်းဖြင့် ဘုရားရှင်သည် ဟောကြားထားတော်မူ၏။ ပထမစတုက္က ဒုတိယစတုက္က တတိယစတုက္ကတို့ကိုကား သမထပိုင်း ဝိပဿနာပိုင်း နှစ်မျိုး ရောယှက်၍ သမထဝိပဿနာ၏ အစွမ်းဖြင့် ဟောကြားတော်မူ၏။ (ဝိသုဒ္ဓိ၊၁၊၂၈၂။)
ဤအထက်ပါ ဖွင့်ဆိုချက်များနှင့်အညီ စတုတ္ထစတုက္ကကျင့်စဉ်ကို ကျင့်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည်-
၁။ အနိစ္စာနုပဿီ ပုဂ္ဂိုလ်,
၂။ ဝိရာဂါနုပဿီ ပုဂ္ဂိုလ်,
၃။ နိရောဓာနုပဿီ ပုဂ္ဂိုလ်,
၄။ ပဋိနိဿဂ္ဂါနုပဿီ ပုဂ္ဂိုလ် ဖြစ်အောင် ကျင့်ပါ။
အနိစ္စာနုပဿီ ပုဂ္ဂိုလ် ဖြစ်ရေးအတွက် အသင်သူတော်ကောင်းသည် အတိတ် အနာဂတ် ပစ္စုပ္ပန်စသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ဥပါဒါနက္ခန္ဓာငါးပါး သင်္ခါရတရားတို့ကို ယင်းသင်္ခါရတရားတို့၏ ပျက်ခြင်း ခဏဘင်ကို အာရုံပြု၍ အနိစ္စဟု ရှုပါ။ ယင်းသို့ အနိစ္စဟု ရှုနေသော ဝိပဿနာဉာဏ်ဟု ခေါ်ဆိုအပ်သော မဟာကုသိုလ် မနောဒွါရိကဇောဝီထိ စိတ်အစဉ် နာမ်တရားစုကိုလည်း အနိစ္စဟု တစ်ဖန်ပြန်၍ ရှုပါ။ သို့သော် အနိစ္စာနုပဿနာဉာဏ် ထက်မြက်စူးရှ ရဲရင့်သန့်ရှင်းရေးအတွက် ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ်တို့၏ အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အားပေးထောက်ပံ့မှုကား လိုအပ်လျက်ပင် ရှိ၏။ ထိုကြောင့် ယင်းသင်္ခါရတရားတို့ကိုလည်းကောင်း ရှုနေသည့် ဝိပဿနာဉာဏ်ကိုလည်းကောင်း ရှေးတွင် ရေးသားတင်ပြခဲ့ပြီးသည့်အတိုင်း လက္ခဏာရေးသုံးတန် တင်ကာ ဝိပဿနာရှုပါ။
တစ်ဖန် အသင်သူတော်ကောင်းသည် ဘင်္ဂဉာဏ်ပိုင်းတွင်သာ တည်ရှိနေသေးသဖြင့် အရိယမဂ်ဉာဏ်သို့လည်း မဆိုက်ရောက်သေးသဖြင့် အစ္စန္တဝိရာဂ, အစ္စန္တနိရောဓ, ပရိစ္စာဂပဋိနိဿဂ္ဂ ပက္ခန္ဒနပဋိနိဿဂ္ဂ အမည် ရသော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကိုလည်း မရှုနိုင်သေး ဖြစ်၏။ ထိုကြောင့် ဤအပိုင်းတွင် အသင် သူတော်ကောင်းသည် ဝိရာဂါနုပဿီပုဂ္ဂိုလ်, နိရောဓာနုပဿီပုဂ္ဂိုလ်, ပဋိနိဿဂ္ဂါနုပဿီပုဂ္ဂိုလ် ဖြစ်ရေးအတွက် သင်္ခါရတရားတို့၏ ပျက်ခြင်း = ဘင်ကို အာရုံယူ၍ ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟုလည်းကောင်း, ဒုက္ခဟုလည်းကောင်း, အနတ္တဟုလည်းကောင်း အသီးအသီး ဝိပဿနာရှုပါ။ ယင်း ဝိပဿနာဉာဏ်ကိုလည်း တစ်ဖန်ပြန်၍ ဝိပဿနာရှုပါ။ အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး, အဇ္စျတ္တ ဗဟိဒ္ဓဟူသော သန္တာန် နှစ်ပါးအတွင်း၌ တည်ရှိသော သင်္ခါရတရားတို့ကို ရုပ်နာမ်နှစ်ပါးခွဲ၍ ဝိပဿနာရှုနည်း, ခန္ဓာငါးပါးခွဲ၍ ဝိပဿနာ ရှုနည်း, ပဋိစ္စသမုပ္ပါဒ် အင်္ဂါ (၁၂)ရပ်ခွဲ၍ ဝိပဿနာရှုနည်းစသော နည်းအမျိုးမျိုးတို့ဖြင့် အသင်သူတော်ကောင်း နှစ်ခြိုက်သလို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဝိပဿနာရှုပါ။ ယင်းသို့ ဝိပဿနာ ရှုနိုင်ခဲ့သော် အသင်သူတော်ကောင်း၏ ဝိပဿနာဉာဏ်တို့က -----
၁။ ကိလေသာတို့ကိုလည်းကောင်း အထူးသဖြင့် ရာဂကိုလည်းကောင်း,
၂။ ယင်းကိလေသဝဋ်လျှင် အကြောင်းရင်းခံရှိသော ဘဝသစ်ကို ပြုစီမံတတ်သော အဘိသင်္ခါရတရားတို့ကို လည်းကောင်း,
၃။ ယင်း အဘိသင်္ခါရတရားတို့ကြောင့် ဖြစ်ပေါ်လာမည့် ဝိပါက်ခန္ဓာတို့ကိုလည်းကောင်း ----
တဒင်္ဂအားဖြင့် ပယ်စွန့်လိမ့်မည်သာ ဖြစ်ပေသည်။ ဤသို့လျှင် စတုက္က (၄)မျိုးတို့၏အစွမ်းဖြင့် = (၄_၄ = ၁၆) မျိုးသော တည်ရာဝတ္ထု ရှိသော အာနာပါနဿတိ၏ ဘာဝနာကို သိရှိပါလေ။ ဤသို့လျှင် (၁၆)မျိုးသော တည်ရာဝတ္ထုတို့၏အစွမ်းဖြင့် ဤအာနာပါနဿတိသည် ကြီးကျယ်ဖွံ့ဖြိုးများမြတ်သော အကျိုးအာနိသင် ရှိပေ၏။ (ဝိသုဒ္ဓိ၊၁၊၂၈၂။)
ဝင်သက်လေ၌ (၁၆)မျိုး, ထွက်သက်လေ၌ (၁၆)မျိုး - နှစ်ရပ်ပေါင်းသော် (၃၂)မျိုးတည်း။ အသက်ရှူ တတ်ပါက နိဗ္ဗာန်သို့တိုင်အောင် ပေါက်ရောက်စေနိုင်သော ဘုရားရှင်၏ အသက်ရှူပုံ နည်းလမ်းများပင်တည်း။ အပြစ်ကင်းစင်လှသော အသက်ရှူပုံ စနစ်ကောင်းများပင်တည်း။ အသင်သူတော်ကောင်းသည် ဘုရားရှင်၏ အလိုတော်ကျအတိုင်း အသက်ရှူတတ်ပြီလော။ အကယ်၍ မရှူတတ်သေးပါက အသင်သူတော်ကောင်းနှင့် တကွသော သတ္တဝါအားလုံးတို့၏ အပေါ်၌ အလွန့်အလွန် ကြီးမြတ်သော မဟာကရုဏာတော် ရှိတော်မူသော ဘုရားရှင်၏ အသက်ရှူပုံ နည်းလမ်းကောင်းများကို လက်တွေ့လိုက်နာ ကျင့်သုံးကြည့်ပါ။ ဘုရားရှင်၏ တရားတော်များသည်ကား လာစမ်းပါ, ရှုကြည့်စမ်းပါဟု ဤသို့ ဖိတ်ခေါ်ထိုက်သော ဖိတ်ခေါ်နေသော ဧဟိပဿိက ဂုဏ်တော်နှင့် ပြည့်စုံတော်မူသည့် တရားတော်တို့သာ ဖြစ်ကြ၏။ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ထိုက်သော သန္ဒိဋ္ဌိကဂုဏ်တော်နှင့် ပြည့်စုံတော်မူသည့် တရားတော်တို့သာ ဖြစ်ကြ၏။ ကြိုးစားက ဘုရားဖြစ်နိုင်၏။ နေ့ညမစဲ လုံ့လသဲလော့။
သတိပဋ္ဌာန်ကျင့်စဉ် စတုတ္ထဆင့်သို့ ဆိုက်ပြီ
ဤသို့လျှင် သင်္ခါရတရားတို့၏ အပျက်သက်သက်ကိုလည်းကောင်း, ရှုနေသည့် ဝိပဿနာဉာဏ်၏ အပျက် သက်သက်ကိုလည်းကောင်း အာရုံပြု၍ လက္ခဏာယာဉ်သုံးချက်ကို တစ်လှည့်စီ တင်ကာ တွင်တွင်ကြီး ဝိပဿနာ ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်ကလာပ် နာမ်ကလာပ်များကို မတွေ့မြင်တော့ဘဲ ရုပ်ပရမတ်သက်သက် နာမ်ပရမတ်သက်သက်တို့၏ အပျက်သက်သက်ကိုသာ တွေ့မြင်နေပါက သတိပဋ္ဌာန်ကျင့်စဉ် စတုတ္ထဆင့်သို့ ဆိုက်ရောက်ပေပြီ။
အတ္ထိ ကာယောတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။ (မ၊၁၊၇၁။)
အတ္ထိ ဝေဒနာတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။ (မ၊၁၊၇၅။)
အတ္ထိ စိတ္တန္တိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။ (မ၊၁၊၇၆။)
အတ္ထိ ဓမ္မာတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။ (မ၊၁၊၇၈။)
ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူနတ် ဗြဟ္မာ မရှိ၊ အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင် မရှိ၊ ဖန်ဆင်းတတ်သော ပရမအတ္တ မရှိ၊ အဖန်ဆင်းခံရသော ဇီဝအတ္တ မရှိ။ ကာယ-ဝေဒနာ- စိတ္တ-ဓမ္မ အမည်ရသော ရုပ်တရားအစုအပုံ သက်သက် နာမ်တရားအစုအပုံ သက်သက်သာ ရှိ၏၊ အကြောင်း တရားအစုအပုံ သက်သက် အကျိုးတရားအစုအပုံ သက်သက်သာ ရှိ၏၊ အနိစ္စတရားအစုအပုံ သက်သက် ဒုက္ခ တရားအစုအပုံ သက်သက် အနတ္တတရားအစုအပုံ သက်သက်သာ ရှိ၏ဟု ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ (ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော) သတိသည် ရှေးရှုတည်လှာ၏။ ထိုသတိသည် ဝိပဿနာဉာဏ်၏ အဆင့်ဆင့် တိုးပွားရန်အလို့ငှာသာလျှင်, ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော ထိုသတိ၏ အဆင့်ဆင့် တိုးပွားရန် အလို့ငှာသာလျှင် ဖြစ်ပေ၏။ (မ၊၁၊၇၁ ...။ မ၊ဋ္ဌ၊၁၊၂၅၅ ...။)
ဤဘင်္ဂဉာဏ်မှ စ၍ အထက်အထက်သော ဝိပဿနာဉာဏ်တို့ကား သင်္ခါရတရားတို့၏ အပျက် သက် သက်ကိုသာ အာရုံပြုကြသော ဝိပဿနာဉာဏ်တို့ချည်းပင်တည်း။ ထိုကြောင့် ဝိပဿနာဉာဏ်များ အဆင့်ဆင့် တိုးပွားရန်, ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက် ရှိသော သတိများ အဆင့်ဆင့် တိုးပွားရန်အတွက် အသင်သူ တော်ကောင်းသည် သင်္ခါရတရားတို့၏ အပျက်သက်သက်ကိုပင် အာရုံယူ၍ လက္ခဏာယာဉ် တင်ကာ တွင်တွင် ကြီးသာ ဝိပဿနာ ရှုနေပါ။
ဣရိယာပထ - သမ္ပဇည ရှုကွက်
ဤအပိုင်း၌ အလွန်ထက်မြက် စူးရှသော ဝိပဿနာဉာဏ်များကို ရရှိနိုင်ရေးအတွက် ယောဂါဝစရပုဂ္ဂိုလ် သည် ဣရိယာပထ သမ္ပဇည ရှုကွက်တို့ကိုလည်း ဆက်လက်၍ ရှုသင့်ပေသည်။
စင်္ကြံသွားခိုက်၌ ရှေးပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း သမာဓိကို အဆင့်ဆင့် ထူထောင်လျက် သယ်ဆောင်တတ်သော ရုပ်တရား, အသယ်ဆောင်ခံရသော ရုပ်တရားတို့ကိုလည်းကောင်း, ယင်းရုပ်တရားတို့ကို ဖြစ်စေတတ်သော အကြောင်းရင်း နာမ်တရားတို့ကိုလည်းကောင်း, ကြွင်းကျန်သော ပကိဏ္ဏကသင်္ခါရတရားတို့ကို လည်းကောင်း သိမ်းဆည်းလျက် ရုပ်နာမ်နှစ်ပါးနည်း, ခန္ဓာငါးပါးနည်းစသည်တို့ဖြင့် ယင်းသင်္ခါရတရားတို့၏ အပျက်ကို အာရုံပြု၍ လက္ခဏာရေးသုံးတန် တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုပါ။ အထက်ပိုင်း ဝိပဿနာဉာဏ်တို့၌လည်း ပုံစံတူပင် ရှုပါလေ။
ဤဘင်္ဂဉာဏ်မှစ၍ အထက်ပိုင်း ဝိပဿနာဉာဏ်တို့၌ ယောဂါဝစရပုဂ္ဂိုလ်သည် သဝိဂ္ဂဟခေါ်သည့် သဏ္ဌာန်ဒြပ်တို့ကို လုံးလုံးမတွေ့တော့ဘဲ ပရမတ်အသားတင် သက်သက်ကိုသာ ဉာဏ်ဖြင့် တွေ့ရှိနေတော့မည် ဖြစ်၏။ ဆိုင်ရာဆိုင်ရာ အနုပဿနာဉာဏ်တို့က ဆိုင်ရာဆိုင်ရာ ကိလေသာတို့နှင့်တကွ ဆန့်ကျင်ဘက်တရား တို့ကို စွမ်းအင်ကြီးမားစွာဖြင့် ပယ်သတ်ကြမည် ဖြစ်ပေသည်။
သေသူ - ရှင်သူ = လူသေ နှင့် လူရှင်
ဆယ်ပါးပညတ်၊ ကုသိုလ်ရပ်ကို၊ ပြုအပ်ပြီးသည်၊ လူတစ်မည်ကား၊ လူ့ပြည် နတ်ပွဲ၊ ရမခဲတည့်၊ ယူစွဲမုချ၊ ယွင်းမခွဘူး။ ဒါနသီလ၊ ကုသလ၌၊ လုံ့လလွှတ်လျှော့၊ လေးဖင့်ပေါ့၍၊ မေ့လျော့သောသူ၊ သူသေဟူ၏။ အလှူသီတင်း၊ မကင်းဘာဝနာ၊ မချာရက်နေ့၊ မမေ့လျော့တတ်၊ ထိုသူမြတ်ကို၊ လူနတ်ခန္ဓာ၊ ပြောင်းလဲကာလျှင်၊ ချမ်းသာသုခ၊ မပျက်ကြညောင်း၊ ဘဝသဘော၊ ရွှေ့လျောခြင်းဟူ၊ စုတိမူလည်း၊ သေသူမမည်၊ ဟူတုံသည်တည့်။ (မဃဒေဝ၊စာပိုဒ်-၂၉၁။)
ဝိပလ္လာသ၊ ဖောက်ပြန်ကလည်း၊ မောဟလွှမ်းပြီး၊ အယူသီး၍၊ စပါးကြီးချက်ငြိ၊ ဟူတုံဘိသို့၊ အဝီစိသွား၊ အကျင့်မှားကို၊ မြစ်တားမရ၊ ဆုံးမ မနာ၊ ရှိတတ်စွာခဲ့။ ပညာအားနည်း၊ သဒ္ဓါသည်းက၊ အရည်းမည်ကာ၊ ယူမိစ္ဆာ၌၊ သဒ္ဓါလေးမြတ်၊ ဆည်းကပ်တတ်၏။ ပရမတ်အရာ၊ မလိမ္မာဘဲ၊ သဒ္ဓါနုံ့နဲ၊ ပညာကဲလည်း၊ အလွဲ ပြေးဝင်၊ အမြင်ယွင်းခွ၊ တိမ်းပါးကြလျက်၊ မီးပြသမား၊ တွင်းကျွံမှားသို့၊ ဆယ်ပါးကောင်းမှု၊ လှူဝတ္ထုကို၊ စွန့်ပြု မလွှတ်၊ စိတ္တုပ္ပါဒ်မျှ၊ ဒါနအလှူ၊ မြောက်သောဟူ၍၊ အယူဖောက်လွှဲ၊ မိစ္ဆာစွဲ၏။ လိပ်ခဲပမာ၊ မြဲမြံစွာလျက်၊ သတ္တဝါတစ်ယောက်၊ ယူမှားမှောက်ကို၊ သိန်းလောက်ဘုရား၊ လှန်သောအားဖြင့်၊ ဟောကြား ချေချွတ်၊ ဖြေ မလွတ်ဘူး။ အကျွတ်မရ၊ နိယတဖြင့်၊ ဝါဒအလို၊ မြေကြီးမျိုလည်း၊ ယူကိုစွန့်ဘဲ၊ အကျင့်လွဲ၍၊ ငရဲ ခံလိမ့် မည်သောကြောင့် ----- (မဃဒေဝ၊စာပိုဒ်-၃၁၉။)
ဘင်္ဂါနုပဿနာဉာဏ်ခန်း ပြီး၏။
__________