နိဗ္ဗာနဂါမိနိပဋိပဒါ-ပဉ္စမတွဲ/ဘယတုပဋ္ဌာနဉာဏ်ခန်း
ဘယတုပဋ္ဌာနဉာဏ်ခန်း
ဘယဉာဏ်ဟူသည်
ဤသို့ ဆိုအပ်ခဲ့ပြီးသောနည်းဖြင့် အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး, အဇ္စျတ္တ ဗဟိဒ္ဓဟူသော သန္တာန်နှစ်ပါး အတွင်း၌တည်ရှိသော အလုံးစုံကုန်သော သင်္ခါရတရားတို့၏ ကုန်ခြင်း = ခယသဘော, ပျက်ခြင်း = ဝယသဘော, ပြိုပြိုသွားခြင်း = ဘေဒသဘောဟု ဆိုအပ်သော ခဏမစဲ တသဲသဲ ချုပ်ခြင်း = ခဏိကနိရောဓလျှင် အာရုံရှိသော ဘင်္ဂါနုပဿနာဉာဏ်ကို ရိုရိုသေသေ လေးလေးစားစား မှီဝဲသော ဖြစ်စေသော ပွားစေသော ကြိမ်ဖန် များစွာ အလေ့အလာပြုသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ (၃၁)ဘုံအတွင်း၌ တည်ရှိသော သင်္ခါရတရား မှန်သမျှတို့သည် ကြီးစွာသော ကြောက်မက်ဖွယ် ဖြစ်၍ ထင်လာကုန်၏။
တဿ အတီတာ သင်္ခါရာ နိရုဒ္ဓါ၊ ပစ္စုပ္ပန္နာ နိရုဇ္စျန္တိ၊ အနာဂတေ နိဗ္ဗတ္တနကသင်္ခါရာပိ ဧဝမေဝ နိရုဇ္စျိဿန္တီတိ ပဿတော ဧတသ္မိံ ဌာနေ ဘယတုပဋ္ဌာနဉာဏံ နာမ ဥပ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၂၊၂၈၂။)
လွန်ကုန်ပြီးသော အတိတ်သင်္ခါရတရားတို့သည် ချုပ်ခဲ့ပြီးကုန်ပြီ၊ ပစ္စုပ္ပန်သင်္ခါရတရားတို့သည် ချုပ်ကုန်ဆဲ ဖြစ်ကြကုန်၏၊ အနာဂတ်သင်္ခါရတရားတို့သည် ချုပ်ကုန်လတ္တံ့။
ဤသို့ ရှုသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ သင်္ခါရတရားတို့၏ အပျက်ကို အဦးမူသဖြင့် သင်္ခါရ တရားတို့၏ ကြောက်မက်ဖွယ်အဖြစ်ဖြင့် ထင်သော ဤအရာ၌ သင်္ခါရတရားတို့သည် ကြောက်မက်ဖွယ်အားဖြင့် ဉာဏ်၌ ထင်လှာလတ်ကုန်သော် ကြောက်အပ်သော အခြင်းအရာကိုယူတတ်သော ဘယတုပဋ္ဌာနမည်သော ဉာဏ်သည် ဖြစ်ပေါ်လာ၏။ (ဝိသုဒ္ဓိ၊၂၊၂၈၂။)
ဘယဉာဏ်သည် ကြောက်တတ်ပါသလော?
ဘယတုပဋ္ဌာနဉာဏံ ပန ဘာယတိ န ဘာယတီတိ။ န ဘာယတိ။ တဥှိ အတီတာ သင်္ခါရာ နိရုဒ္ဓါ၊ ပစ္စုပ္ပန္နာ နိရုဇ္စျန္တိ ၊ အနာဂတာ နိရုဇ္စျိဿန္တီတိ တီရဏမတ္တမေဝ ဟောတိ။ (ဝိသုဒ္ဓိ၊၂၊၂၈၃။)
န ဘာယတိ ဉာဏဿ ဘယနာကာရေန အပ္ပဝတ္တနတော။ ပဋိဃစိတ္တုပ္ပါဒဝသေန ဟိ ဘာယနံ၊ ဉာဏံ ပန ဘာယိတဗ္ဗဝတ္ထုံ ဘာယိတဗ္ဗန္တိ ယာထာဝတော ဇာနာတိ။ (မဟာဋီ၊၂၊၄၄၆။)
ဘယတုပဋ္ဌာနဉာဏ်သည် ကြောက်သလော မကြောက်သလောဟု မေးခဲ့သော် မကြောက်ဟု ဖြေဆိုရာ၏၊ အကြောင်းမူ ဉာဏ်သည် ကြောက်သောအခြင်းအရာအားဖြင့် မဖြစ်သောကြောင့်တည်း။ မှန်ပေသည် -----စိတ်ဓာတ်ခက်ထန် ကြမ်းတမ်းမှု ပဋိဃနှင့်ယှဉ်သော ဒေါသမူစိတ္တုပ္ပါဒ်၏ အစွမ်းဖြင့်သာလျှင် ကြောက်ခြင်းသည် ဖြစ်၏။ (ကြောက်ခြင်းဟူသည်မှာ တရားကိုယ်အားဖြင့် ဒေါသပြဓာန်းသော စိတ္တုပ္ပါဒ်သာ ဖြစ်၏။) ဉာဏ်သည်ကား ကြောက်မက်ဖွယ်ကောင်းသော ဝတ္ထုကို ကြောက်သင့် ကြောက်ထိုက်၏ဟု ဟုတ်တိုင်းမှန်စွာ သိ၏။ မှန်ပေသည် ထိုဘယတုပဋ္ဌာနဉာဏ်သည် -----
အတိတ်ဖြစ်ကုန်သော သင်္ခါရတရားတို့သည် ချုပ်ကုန်ပြီ၊ ပစ္စုပ္ပန်ဖြစ်ကုန်သော သင်္ခါရတရားတို့သည် ချုပ်ကုန်ဆဲ ဖြစ်ကြ၏။ အနာဂတ်ဖြစ်ကုန်သော သင်္ခါရတရားတို့သည် ချုပ်ကုန်လတ္တံ့။
ဤသို့ စူးစမ်းဆင်ခြင်ခြင်းမျှသာ ဖြစ်၏။
ပစ္စုပ္ပန်ဟူသည်
ပစ္စုပ္ပန္နာတိ အဒ္ဓါပစ္စုပ္ပန္နာ ဩဠာရိကာ ဒီဃတရပဗန္ဓာ၊ ခဏပစ္စုပ္ပန္နာ သုခုမတရာ ဣတ္တရကာလာ၊ သန္တတိပစ္စုပ္ပန္နာ မဇ္စျိမာ ဣဓ အာဒိတော ပရိဂ္ဂဟေတဗ္ဗာ။ (မဟာဋီ၊၂၊၄၄၅။)
ပဋိသန္ဓေနှင့် စုတိအတွင်း ဘဝတစ်ခုဖြင့် ပိုင်းခြားထားအပ်ကုန်သော အဒ္ဓါပစ္စုပ္ပန် ဖြစ်ကြကုန်သော သင်္ခါရ တရားတို့သည် အထူးသဖြင့် ရှည်ကြာသော အစဉ် ရှိကြကုန်သည်ဖြစ်၍ ရုန့်ရင်း ကြမ်းတမ်းကြကုန်၏။ ခဏ ပစ္စုပ္ပန် ဖြစ်ကြကုန်သော သင်္ခါရတရားတို့သည် သက်တမ်းတိုသော ကာလ ရှိကြကုန်သည်ဖြစ်၍ အထူးသဖြင့် သိမ်မွေ့ကုန်၏။ အလယ်အလတ်ဖြစ်ကုန်သော သန္တတိပစ္စုပ္ပန် သင်္ခါရတရားတို့သည် ဤဘယတုပဋ္ဌာနဉာဏ်ပိုင်း၌ ေ့ရှဦးစွာ စတင်သိမ်းဆည်းရမည့် ရှုပွားရမည့် တရားတို့ ဖြစ်ကြသည်။ (မဟာဋီ၊၂၊၄၄၅။)
ဤအရာဝယ် အသင်သူတော်ကောင်းသည် အဒ္ဓါပစ္စုပ္ပန်တရား ခဏပစ္စုပ္ပန်တရားတို့ကို မရှုကောင်းဟု အယူအဆ မမှားစေလိုပါ။ သန္တတိပစ္စုပ္ပန်တရားက စ၍ ရှုပြီးလျှင် သန္တတိပစ္စုပ္ပန်မှသည် ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ရှုရမည်ဟုသာ ဆိုလိုသည်။ ထိုသို့ ရှုနိုင်ပါမှ ရုပ်ဃန နာမ်ဃနဟူသော ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲများ ပြိုမည်။ ဃနပြိုမှ ပရမတ်သို့ ဆိုက်မည်။ ပရမတ်တရားကိုသာလျှင် ဝိပဿနာရှုပါမှ ဘင်္ဂဉာဏ်စသော အထက်ပိုင်း ဝိပဿနာဉာဏ်များလည်း ဖြစ်ပေါ်လာကြမည်။ ထိုသို့ ယူပါမှသာလျှင် ေ့ရှပိုင်းဉာဏ်များတွင် ဖွင့်ဆိုရေးသား ခဲ့သော စကားရပ်တို့နှင့်လည်း တစ်သားတည်း ညီညွတ်ပေမည်။ ဘင်္ဂဉာဏ်က သင်္ခါရတရားတို့၏ ခဏဘင်ကို အာရုံပြုနိုင်ပါလျက် ဘင်္ဂဉာဏ်ထက် သာလွန်၍ အဆင့်မြင့်နေသော ဤဘယတုပဋ္ဌာနဉာဏ်သို့ ရောက်ရှိပါမှ ဤဘယတုပဋ္ဌာနဉာဏ်က သန္တတိပစ္စုပ္ပန်ကို အာရုံယူနိုင်သည်ဟု ဆိုလျှင် ဤဘယဉာဏ်သည် အဆင့်နိမ့်သွား ဖွယ်ရာ ရှိပေသည်။
လောကဥပမာများ
မျက်စိအမြင်ရှိသော ယောက်ျားသည် မြို့တံခါး၏ အနီး၌ မီးကျီး အတိပြီးသော မီးကျီးတွင်း သုံးခုတို့ကို ကြည့်လတ် မြင်လတ်သော် မိမိကိုယ်တိုင်ကား မကြောက်၊ မှန်သည် ---- သက်သက် ထိုယောက်ျား၏ သန္တာန်ဝယ် ဤမီးကျီးတွင်း၌ ကျကြသသူ ခပ်သိမ်းကုန်သော သူတို့သည် များစွာကုန်သော ဆင်းရဲဒုက္ခတို့ကို ခံစားကြရကုန် လတ္တံ့ဟု ဤသို့ စူးစမ်းဆင်ခြင်ခြင်းမျှသည်သာလျှင် ဖြစ်သကဲ့သို့လည်းကောင်း,
တစ်ဖန် မျက်စိအမြင်ရှိသော ယောက်ျားသည် ရှားတံကျင် သံတံကျင် ရွှေတံကျင်ဟူသော အစဉ်အတိုင်း တည်ထားအပ်သော တံကျင်သုံးခုတို့ကို ကြည့်လတ်သော် မြင်လတ်သော် မိမိကိုယ်တိုင်ကား မကြောက်။ မှန်ပေသည် ----- သက်သက် ထိုယောက်ျား၏ သန္တာန်ဝယ် ဤတံကျင်တို့၌ ကျကုန်သသူ ခပ်သိမ်းသူတို့သည် များစွာကုန်သော ဆင်းရဲဒုက္ခကို အစဉ်ခံစားရကုန်လတ္တံ့ဟု ဤသို့ စူးစမ်းဆင်ခြင်ခြင်းမျှသည်သာလျှင် ဖြစ်သကဲ့သို့ လည်းကောင်း ----
ဤဥပမာအတူပင်လျှင် ဘယတုပဋ္ဌာနဉာဏ်သည် မကြောက်ပေ။ မှန်ပေသည် ----- သက်သက် ထိုဘယတုပဋ္ဌာနဉာဏ်အား မီးကျီးတွင်းသုံးခုနှင့် တူကုန်သော တံကျင်သုံးခုနှင့် တူသည်လည်းဖြစ်ကုန်သော ကာမ ရူပ အရူပတည်းဟူသော ဘုံသုံးပါးတို့၌ အတိတ်ဖြစ်ကုန်သော သင်္ခါရတရားတို့သည် ချုပ်ကုန်ပြီ၊ ပစ္စုပ္ပန် ဖြစ်ကုန်သော သင်္ခါရတရားတို့သည်လည်း ချုပ်ဆဲ ဖြစ်ကြကုန်၏၊ အနာဂတ်ဖြစ်ကုန်သော သင်္ခါရတရားတို့သည်လည်း ချုပ်ကုန် လတ္တံ့ဟု ဤသို့ စူးစမ်းခြင်း စိစစ်ခြင်းမျှသည်သာလျှင် ဖြစ်၏။ ထိုဘယတုပဋ္ဌာနဉာဏ်အား (၃၁)ဘုံ အလုံးစုံ အတွင်း၌ တည်ကုန်သော သင်္ခါရတရားတို့သည် အထူးထူး အပြားပြားရှိသော ကြီးကျယ်သော ဘေးဒုက္ခသို့ ရောက်ကုန်သည် ဘေးဘျမ်းရှိကုန်သည်ဖြစ်၍ ကြောက်မက်ဖွယ် ဘယသဘောအားဖြင့် ထင်လှာသောကြောင့် ထိုဉာဏ်ကို ဘယတုပဋ္ဌာနဉာဏ်ဟူ၍ ခေါ်ဆိုအပ်ပေသည်။ (ဝိသုဒ္ဓိ၊၂၊၂၈၃။)
ကြောက်မက်ဖွယ် ဘယသဘောအားဖြင့် ထင်ပုံ
အနိစ္စတော မနသိကရောတော နိမိတ္တံ ဘယတော ဥပဋ္ဌာတိ။ ဒုက္ခတော မနသိကရောတော ပဝတ္တံ ဘယတော ဥပဋ္ဌာတိ။ အနတ္တတော မနသိကရောတော နိမိတ္တဉ္စ ပဝတ္တဉ္စ ဘယတော ဥပဋ္ဌာတိ။ (ပဋိသံ၊၂၅၈။ ဝိသုဒ္ဓိ၊၂၊၂၈၃။)
နိမိတ္တဟူသည် သင်္ခါရနိမိတ်တည်း။ သမူဟဃနစသော ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ၏ အစွမ်းဖြင့် လည်းကောင်း, မိမိကိစ္စ အပိုင်းအခြားရှိသည်၏ အဖြစ်ဖြင့်လည်းကောင်း အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်ကုန်သော သင်္ခါရတရားတို့၌ အထည်ကိုယ်ဒြပ် သဏ္ဌာန် လုံးလုံးလျောင်းလျောင်း ရှိကုန်သကဲ့သို့ ထင်ခြင်းသည် သင်္ခါရ နိမိတ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၂၈၄။ မဟာဋီ၊၂၊၄၄၇။) ဤဘယဉာဏ်ပိုင်း၌ ယောဂါဝစရပုဂ္ဂိုလ်သည် သန္တတိ ပစ္စုပ္ပန်မှသည် ခဏပစ္စုပ္ပန်သို့ ဆိုက်သည်တိုင်အောင် သင်္ခါရတရားတို့ကို ရှုထားပြီးဖြစ်သဖြင့် သန္တတိဃန အတုံး အခဲလည်း မထင်တော့ပြီ ဖြစ်၍ သန္တတိဃနကို ထည့်သွင်း၍ မဖွင့်ဆိုခြင်း ဖြစ်သည်ဟု မှတ်ပါ။
ကာမဘဝ ရူပဘဝ အရူပဘဝတည်းဟူသော မပြတ်မစဲ ဖြစ်ပေါ်နေသော ရုပ်နာမ်အစဉ်ဟူသော ဝဋ်တရားသည် ပဝတ္တ မည်၏။ အကယ်စင်စစ်အားဖြင့်မူ ဘဝအားလုံး၏ ဖြစ်ခြင်း ဘဝပဝတ္တိဟူသမျှသည် ပဝတ္တ မည်သည်သာဖြစ်၏။ သို့သော်လည်း အထွတ်အထိပ်သို့ ရောက်ရှိနေသော ဘင်္ဂါနုပဿနာဉာဏ်ဖြင့် အလုံးစုံသော ဘဝဟူသမျှတို့၌ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အထူးသဖြင့် ပျက်ခြင်းဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်း နှိပ်စက်ခံရခြင်းသဘော၏ အလွန့်အလွန် ထင်ထင်ရှားရှား ထင်နေသောကြောင့် ငြိမ်သက်သည့် ချမ်းသာသုခဟု သမုတ်အပ်သည်လည်းဖြစ်ကုန်သော ရူပဘဝ အရူပဘဝတို့မှသော်မှလည်း ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အညှဉ်းပန်း အနှိပ်စက်ခံရခြင်း ဒုက္ခသဘောတရား၏ ထင်ရှားဧကန် ရှိနေသည်၏ အဖြစ်ကြောင့် ကြောက်မက်ဖွယ် ဘယသဘောအားဖြင့် ထင်လာကုန်၏။ ဤသို့သော အနက်သဘောကို ထင်ရှားပြခြင်းငှာ ရည်ရွယ်တော်မူ၍ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ ပဝတ္တအရ ရူပဘဝ အရူပဘဝ၏ ဖြစ်ခြင်း ဘဝပဝတ္တိဟု ဖွင့်ဆိုခြင်း ဖြစ်ပေသည်။ (မဟာဋီ၊၂၊၄၄၇။)
ကာလသုံးပါး, သန္တာန်နှစ်ပါးတည်းဟူသော (၃၁)ဘုံအတွင်း၌ တည်ရှိသော သင်္ခါရတရားအားလုံးတို့ကို-
၁။ အနိစ္စဟု နှလုံးသွင်းသော ယောဂါဝစရပုဂ္ဂိုလ်အား နိမိတ္တ = သင်္ခါရနိမိတ် = သင်္ခါရတရားအပေါင်းသည် ကြောက်မက်ဖွယ် ဘေးအားဖြင့် ထင်လာ၏။
၂။ ဒုက္ခဟု နှလုံးသွင်းသော ယောဂါဝစရပုဂ္ဂိုလ်အား အလုံးစုံသော ဘုံဘဝတို့၌ ဖြစ်ရခြင်း ဘဝပဝတ္တသည် ကြောက်မက်ဖွယ် ဘေးအားဖြင့် ထင်လာ၏။
၃။ အနတ္တဟု နှလုံးသွင်းသော ယောဂါဝစရပုဂ္ဂိုလ်အား နိမိတ္တ = သင်္ခါရနိမိတ် = သင်္ခါရတရားအပေါင်းသည် လည်းကောင်း, အလုံးစုံသော ဘုံဘဝ၌ ဖြစ်ရခြင်း = ဘဝအမည်ရသော ရုပ်ခန္ဓာ နာမ်ခန္ဓာတို့၏ ဖြစ်ရခြင်း = ဘဝပဝတ္တသည်လည်းကောင်း ကြောက်မက်ဖွယ် ဘေးအားဖြင့်ထင်လာ၏။
သင်္ခါရတရားတို့ကို အနိစ္စဟု နှလုံးသွင်းသော ယောဂါဝစရပုဂ္ဂိုလ်သည် သင်္ခါရတရားတို့၏ ပျက်ခြင်း = ဘင်ဟူသော မရဏ = သေမှုကိုသာ မြင်နေ၏။ ထိုကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်အား သင်္ခါရနိမိတ်သည် ကြောက်မက်ဖွယ်ဘေးအားဖြင့် ထင်လာခြင်း ဖြစ်သည်။ သင်္ခါရတရားတို့ကို ဒုက္ခဟု နှလုံးသွင်းသော ယောဂါဝစရ ပုဂ္ဂိုလ်သည် သုခဟု သမုတ်အပ်သော ရူပဘဝ အရူပဘဝ၌ ဖြစ်ခြင်း = ရူပဘဝ အရူပဘဝ အမည်ရသော ရုပ်ခန္ဓာ-နာမ်ခန္ဓာ-ရုပ်နာမ်ခန္ဓာတို့၏ ဖြစ်ခြင်း ဘဝပဝတ္တိ၏သော်မှလည်း ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် မပြတ် မစဲ အဖန်တလဲလဲ နှိပ်စက်အပ်သည်၏ အဖြစ်ကိုသာလျှင် မြင်နေ၏။ ထိုသို့ မြင်နေခြင်းကြောင့် ထိုယောဂါဝစရ ပုဂ္ဂိုလ်အား ရူပဘဝ အရူပဘဝ၏ ဖြစ်ခြင်းဟူသော ပဝတ္တသော်မှလည်း ကြောက်မက်ဖွယ် ဘေးအားဖြင့် ထင်လာ၏။ ကာမဘဝ၏ ဖြစ်ခြင်းဟူသော ပဝတ္တ၌ကား ဆိုဖွယ်ရာပင် မရှိဖြစ်တော့၏။ တစ်ဖန် သင်္ခါရတရားတို့ကို အနတ္တဟု နှလုံးသွင်းသော ယောဂါဝစရပုဂ္ဂိုလ်သည် နိမိတ္တ ပဝတ္တ နှစ်ပါးစုံကိုလည်း လူသူကင်းဆိတ်သော ရွာကဲ့သို့လည်းကောင်း, တံလျှပ်ကဲ့သို့လည်းကောင်း, ကောင်းကင်၌ မြူးထူးခြင်းငှာ ဂန္ဓဗ္ဗနတ်တို့သည် ဖန်ဆင်း အပ်သော နတ်မြို့ကဲ့သို့လည်းကောင်း အတ္တမှကင်း၏ဟူ၍ အတ္တဟူသည့် အနှစ်မမှီး အချည်းနှီးဟူ၍ အတ္တမှ ဆိတ်သုဉ်း၏ဟူ၍ အတ္တဟူသော အရှင်သခင် မရှိဟူ၍ အတ္တဟူသော အကြီးအကဲမရှိဟူ၍ မြင်နေ၏ ရှုနေ၏။ ထိုကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်အား နိမိတ္တ ပဝတ္တနှစ်မျိုးစုံသည် ကြောက်မက်ဖွယ် ဘေးအားဖြင့် ထင်လာပေသည်။
ဘယဉာဏ်၏ အရှုခံအာရုံတရား
နိမိတ္တန္တိ သင်္ခါရနိမိတ္တံ။ အတီတာနာဂတပစ္စုပ္ပန္နာနံ သင်္ခါရာနမေဝေတံ အဓိဝစနံ။ ပ ။ ပဝတ္တန္တိ ရူပါရူပဘဝပဝတ္တိ။ (ဝိသုဒ္ဓိ၊၂၊၂၈၄။)
ဤ အထက်ပါ အဋ္ဌကထာ၏ ဖွင့်ဆိုချက်နှင့်အညီ ဤဘယဝိပဿနာဉာဏ်၏ အရှုခံအာရုံ တရားများမှာလည်း အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး, အဇ္စျတ္တ ဗဟိဒ္ဓဟူသော သန္တာန်နှစ်ပါး အတွင်း၌ တည်ရှိသော သင်္ခါရတရားအားလုံးပင် ဖြစ်သည်ဟု မှတ်ပါ။ ရှေးပိုင်း ဝိပဿနာဉာဏ်တို့၏ အရှုခံအာရုံနှင့် အတူတူပင် ဖြစ်သည်။
ထိုကြောင့် အသင်သူတော်ကောင်းသည် ဤဘယဉာဏ်ပိုင်း၌လည်း ကာလသုံးပါး သန္တာန်နှစ်ပါး အတွင်း၌ တည်ရှိသော သင်္ခါရတရားတို့၏ အပျက်ကိုပင် အာရုံယူ၍ ရံခါ အဇ္စျတ္တ၌ ရံခါ ဗဟိဒ္ဓ၌ ရံခါ ရုပ်တရားကို ရံခါ နာမ်တရားကို ရံခါ အနိစ္စဟု ရံခါ ဒုက္ခဟု ရံခါ အနတ္တဟု တွင်တွင်ကြီး ဝိပဿနာရှုပါ။ ရံခါ ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့၏ အပျက်သက်သက်ကိုပင် အာရုံယူ၍ ရံခါ အနိစ္စဟု ရံခါ ဒုက္ခဟု ရံခါ အနတ္တဟုလည်း တွင်တွင်ကြီး ဝိပဿနာရှုပါ။ ကာလသုံးပါးလုံး၌ ရှုပါ။ ရံခါ ရှုသည့် ဝိပဿနာဉာဏ်ကိုလည်း တစ်ဖန် ပြန်၍ ဝိပဿနာရှုပါ။
ရုပ်ရှု ----- ရုပ် - ပျက် - အနိစ္စ,
ရှုသည့် ဉာဏ် - ပျက် - အနိစ္စ,
နာမ်ရှု ----- နာမ် - ပျက် - အနိစ္စ,
ရှုသည့် ဉာဏ် - ပျက် - အနိစ္စ ----- ဤသို့ စသည်ဖြင့်လည်းကောင်း,
အဝိဇ္ဇာရှု ----- အဝိဇ္ဇာ - ပျက် - အနိစ္စ,
ရှုသည့် ဉာဏ် - ပျက် - အနိစ္စ ----- ဤသို့ စသည်ဖြင့်လည်းကောင်း ရှုပါလေ။
ဘယတုပဋ္ဌာနဉာဏ်ခန်း ပြီး၏။
__________