နိဗ္ဗာနဂါမိနိပဋိပဒါ-ပဉ္စမတွဲ/ရူပသတ္တက ရှုနည်း
ရူပသတ္တက ရှုနည်း
အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် အထက်ပါ ကလာပသမ္မသန ဝိပဿနာရှုနည်းဖြင့် ဝိပဿနာ ရှုပါသော်လည်း အားရတင်းတိမ်မှုကို မရရှိသေးပါက ရူပသတ္တကရှုနည်း အရူပသတ္တကရှုနည်းများကို ဆက်လက်၍ ဝိပဿနာ ရှုပွားလိုပါက ဝိပဿနာ ရှုပွားနိုင်သည်သာ ဖြစ်သည်။ ဤ ရှုပွားပုံ နည်းစနစ်များကို ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာနှင့် မဟာဋီကာတို့မှ လိုရင်းကို ထုတ်နုတ်၍ ရေးသားတင်ပြအပ်ပါသည်။
အာဒါနနိက္ခေပနတော၊ ဝယောဝုဍ္ဎတ္ထဂါမိတော။
အာဟာရတော စ ဥတုတော၊ ကမ္မတော စာပိ စိတ္တတော။
ဓမ္မတာရူပတော သတ္တ၊ ဝိတ္ထာရေန ဝိပဿတိ။ (ဝိသုဒ္ဓိ၊၂၊၂၅၃။)
၁။ အာဒါနနိက္ခေပနအားဖြင့် ရှုနည်း
အာဒါနဟူသည် ဘဝသစ်ကို ယူခြင်း = ပဋိသန္ဓေ = ဇာတိတည်း၊ နိက္ခေပနဟူသည် ဘဝဟောင်းကို စွန့်ပစ်ခြင်း = မရဏ = စုတိတည်း။ ထိုကြောင့် အာဒါနနိက္ခေပနရှုနည်း ဟူသည် ပဋိသန္ဓေနှင့် စုတိအတွင်း၌ တည်ရှိသော ဘူတရုပ် ဥပါဒါရုပ်တို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူပြီးလျှင် ယေဘုယျစည်းကမ်းသို့ လိုက်၍ နှစ်ပေါင်း (၁၀၀)ဟု သတ်မှတ်ထားအပ်သော ဘဝတစ်လျှောက်အတွင်း၌ ဖြစ်ပွား တည်ရှိနေကြကုန်သော သင်္ခါရတရားတို့၌ လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်၍ ဝိပဿနာရှုပွားသုံးသပ် ရသော ဝိပဿနာလုပ်ငန်းခွင်တစ်မျိုးပင် ဖြစ်သည်။ ထိုကြောင့် အသင်သူတော်ကောင်းသည် အသက် (၁၀၀) ရှည်သော်လည်း ရှည်လေရာ၏၊ မရှည်သော်လည်း ရှိလေရာ၏။ မည်သို့ပင်ဖြစ်စေ မိမိ၏ပဋိသန္ဓေမှသည် စုတိ ကာလသို့တိုင်အောင်သော အချိန်ကာလအတွင်း၌ ဖြစ်ပွားတည်ရှိနေသော ပရမတ်ရုပ်တရားတို့ကို ခြုံငုံ၍ ယင်း ရုပ်တရားတို့၏ အနိစ္စအခြင်းအရာကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟုလည်းကောင်း, ဒုက္ခအခြင်းအရာကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ဒုက္ခဟုလည်းကောင်း, အနတ္တအခြင်းအရာကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနတ္တဟုလည်းကောင်း ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ ထိုသို့ ရှုရာ၌ ပဋိသန္ဓေနှင့် စုတိအကြား၌ တည်ရှိသော ရုပ်တရားတို့ကို ခပ်ကျဲကျဲ မရှုဘဲ ခပ်စိပ်စိပ်သာ ရှုပါ။ ဘဝတစ်လျှောက်အတွင်းဝယ် မည်သည့် အခိုက်အတန့်၌မဆို တည်ရှိနေသည့် ရုပ်တရားမှန်သမျှ အားလုံးသည် အနိစ္စချည်း ဒုက္ခချည်း အနတ္တချည်းသာ ဖြစ်ကြောင်းကို ဉာဏ်အမြင်သန့်ရှင်းအောင် လက္ခဏာရေးသုံးတန်တွင် တစ်ပါး တစ်ပါး၌ ကြိမ်ဖန်များစွာ အခေါက်ပေါင်းများစွာ ရှုပါ။
အနိစ္စအခြင်းအရာ
ဥပ္ပါဒဝယဝတ္တိတော, ဝိပရိဏာမတော, တာဝကာလိကတော, နိစ္စပဋိက္ခေပတော စ။ (ဝိသုဒ္ဓိ၊၂၊၂၅၃။)
တတ္ထ ဥပ္ပါဒဝယဝတ္တိတောတိ ဥပ္ပဇ္ဇနဝသေန, နိရုဇ္ဈနဝသေန စ ပဝတ္တနတော၊ အဟုတွာ သမ္ဘဝတော ဟုတွာ ဝယူပဂမနတောတိ အတ္ထော။ (မဟာဋီ၊၂၊၄၀၆။)
၁။ ဥပ္ပါဒဝယဝတ္တိတော ---- ရုပ်နာမ်ဓမ္မ သင်္ခါရတရား မှန်သမျှတို့သည် ဖြစ်ခြင်း၏ အစွမ်းဖြင့်လည်းကောင်း, ပျက်ခြင်း၏ အစွမ်းဖြင့်လည်းကောင်း ဖြစ်တတ်သောကြောင့် = ရှေးကမရှိသေးမူ မဖြစ်သေးမူ၍ ယခု ဥပါဒ် ကာလသို့ရောက်မှ ရုတ်ခြည်း ဖြစ်ပေါ်လာတတ်သောကြောင့်, ယခုဖြစ်ပြီး၍ ပျက်ခြင်းသို့ ကပ်ရောက်သွားတတ်သောကြောင့် အနိစ္စမည်ကုန်၏။ သင်္ခါရတရားတို့သည် မဖြစ်မီ ရှေးအဖို့က မရှိခြင်း ဖြစ်ပြီးနောက် မရှိခြင်းဟူသော မရှိခြင်းနှစ်မျိုးတို့၏ အလယ်၌သာလျှင် ယာယီအခိုက်အတန့်အားဖြင့် ဖြစ်ပေါ်လာကြသော ဓမ္မသဘာဝတရားတို့သာ ဖြစ်ကြ၏၊ ဖြစ်ပြီးသည်နှင့် တစ်ပြိုင်နက် မရှိခြင်းသဘောသို့သာ ကပ်ရောက်သွားကြ၏။ ယင်းသဘော တရားကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ယင်းရုပ်တရားတို့ကို (= သင်္ခါရတရားတို့ကို) အနိစ္စဟု ရှုပါ။
၂။ ဝိပရိဏာမတောတိ သန္တာနဿ ပုရိမုတ္တရဝိသဒိသဘာဝတောတိ ဝဒန္တိ။ တံ ဝဿသတပရိစ္ဆိန္နေ ရူပေ ဣဒံ သမ္မသနန္တိ အဓိပ္ပါယေနေဝ ဝုတ္တံ သိယာ၊ ဇရာမရဏေန ဝိပရိဏာမေတဗ္ဗတောတိ အတ္ထော။ အသတိပိ ဓမ္မဘေဒေ အဝတ္ထာဘေဒေါ ဣစ္ဆိတဗ္ဗော။ န ဟိ ဥပ္ပါဒါဝတ္ထာ ဧဝ ဘင်္ဂါဝတ္ထာတိ ယုတ္တာ။ တထာ ဟိ ဝုတ္တံ ဇရာယ စေဝ မရဏေန စာတိ ဒွေဓာ ပရိဏာမပကတိတာယာတိ။ သဘာဝဝိဂမော ဧဝ ဝါ ဧတ္ထ ဝိပရိဏာမော။ (မဟာဋီ၊၂၊၄၀၆။)
၂။ ဝိပရိဏာမဟူသည် ရုပ်သန္တတိအစဉ်၏ ရှေးရှေးဖြစ်ပေါ်သွားသော ရုပ်သန္တတိအစဉ်နှင့် နောက်နောက် ဖြစ်ပေါ်သွားသော ရုပ်သန္တတိအစဉ်တို့၏ မတူသောဖြစ်ခြင်း ရှိမှုကို ဆိုလိုကြောင်းကို ဆရာမြတ်တို့က မိန့်ဆိုတော်မူကြကုန်၏။ ထိုဆရာမြတ်တို့၏စကားသည် -- ဤအာဒါနနိက္ခေပနနည်းအားဖြင့် ရုပ်တရားတို့ကို ဝိပဿနာ ရှုပွားသုံးသပ်ခြင်း = သမ္မသနသည် နှစ်ပေါင်း (၁၀၀)ဖြင့် ပိုင်းခြားအပ်သော ရုပ်တရား၌ ဝိပဿနာရှုပွားသုံးသပ်ခြင်း သမ္မသနသာတည်း ---- ဤသို့သော အဓိပ္ပါယ်အလိုသဘောဖြင့်သာလျှင် ပြောဆိုအပ်သည် ဖြစ်တန်လေရာ၏။ ရုပ်ပရမတ်တရားတို့သည် အိုခြင်း ဇရာ, သေခြင်း မရဏတရားဖြင့် ဖောက်ပြန် ပြောင်းလဲစေအပ်သောကြောင့် ဝိပရိဏာမဓမ္မ မည်၏။ ဤကား ထိုဆရာမြတ်တို့၏ ဆိုလိုသော အနက်သဘောတရားတည်း။ ပရမတ္ထဓမ္မ သဘောတရား = ပရမတ္ထဓာတ်သားတရားလုံး အမျိုးအစား၏ ထူးထွေကွဲပြားခြင်းသည် မရှိငြားသော်လည်း ယင်းပရမတ္ထဓမ္မတို့၏ ဖြစ်မှုပျက်မှု အခိုက်အတန့်၏ ကွဲပြားမှုကိုကား အလိုရှိအပ်ပေသည်။ မှန်ပေသည် ---- ဥပါဒ်အခိုက်အတန့်သည်ပင်လျှင် ဘင်အခိုက်အတန့်တည်း ဟူသော ဤသို့သော အနက်အဓိပ္ပါယ်သည် မသင့် သည်သာ ဖြစ်၏။ ထိုကြောင့်ပင်လျှင် အဋ္ဌကထာဆရာတော်သည် တော (၄၀) ရှုကွက်တွင် ----
ဇရာယ စေဝ မရဏေန စာတိ ဒွေဓာ ပရိဏာမပကတိတာယ ဝိပရိဏာမဓမ္မတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)
အိုခြင်း = ဇရာတရားဖြင့်လည်းကောင်း, သေခြင်း = မရဏတရားဖြင့်လည်းကောင်း ဤသို့ နှစ်ဖို့နှစ်စုအားဖြင့် ဖောက်ပြန်ခြင်းသဘောရှိသည်၏ အဖြစ်ကြောင့် ဇရာမရဏဟူသော နှစ်ဖို့နှစ်စုအားဖြင့် ဖောက်ပြန်ခြင်းသဘော ရှိသည့် ဝိပရိဏာမဓမ္မဟု ရှုပါ။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)
ဤသို့ ဖွင့်ဆိုရေးသားထားတော်မူခဲ့၏။ တစ်နည်း ---- ဤအရာ၌ ပရမတ်တရားတို့၏ မိမိ မိမိတို့၏ ဆိုင်ရာ ပင်ကိုရင်း သဘာဝသတ္တိ၏ ကင်းခြင်း ချုပ်ပျက်သွားခြင်းသည်ပင်လျှင် ဝိပရိဏာမ မည်ပေသည်။ ယင်းဝိပရိဏာမ သဘောကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟု ရှုပါ။ (မဟာဋီ၊၂၊၄၀၆။)
၃။ ခဏိကတာ တာဝကာလိကတာ။ (မဟာဋီ၊၂၊၄၀၆။)
၃။ တာဝကာလိကတော ---- သင်္ခါရတရားတို့သည် ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက်ဟူသော တစ်ခဏမျှသာ ရှည်ကြာသည်၏ အဖြစ်ကြောင့် အနိစ္စမည်ကုန်၏။ မဖြစ်ခင်က မရှိခြင်း, ဖြစ်ပြီးနောက် မရှိခြင်းဟူသော မရှိခြင်းနှစ်မျိုးတို့၏ အလယ်၌သာလျှင် ယာယီအခိုက်အတန့်ကလေးမျှသာ ဖြစ်ပေါ်လာကြရသော ဓမ္မသဘာဝတို့သာ ဖြစ်ကြ၏။ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက်ဟူသော အချိန်ကာလကို ကုဋေ (၅၀၀၀) ကျော်ခန့် ပုံလျှင် တစ်ပုံခန့်လောက်သာ သက်တမ်းရှိသော ယာယီဖြစ်၏။ (ရုပ်သင်္ခါရတရားတို့ကိုသာ ဆိုလိုသည်။ နာမ်သင်္ခါရတရားတို့ကား မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက်ဟူသော အချိန်ကာလကို ကုဋေ တစ်သိန်းခန့် ပုံလျှင် တစ်ပုံခန့်သာ သက်တမ်းရှိကြ၏။) ထိုမျှ တိုတောင်းလှသော အခိုက်အတန့် သက်တမ်းရှိမှု သဘောကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ယင်းရုပ်တရားတို့ကို အနိစ္စဟု ရှုပါ။
၄။ နိစ္စသဘာဝါဘာဝေါ ဧဝ နိစ္စပဋိက္ခေပေါ။ အနိစ္စဓမ္မာ ဟိ တေနေဝ အတ္တနော သဘာဝေန ဇာနန္တာနံ နိစ္စတံ ပဋိက္ခိပန္တိ နာမ။ (မဟာဋီ၊၂၊၄၀၆။)
၄။ နိစ္စပဋိက္ခေပတော ---- နိစ္စသဘောကို ပယ်ခြင်းကြောင့် အနိစ္စမည်ကုန်၏။ နိစ္စသဘော၏ မရှိခြင်းသည် ပင်လျှင် နိစ္စသဘောကို ပယ်သည်မည်၏။ မှန်ပေသည် အနိစ္စဓမ္မဖြစ်ကြကုန်သော သင်္ခါရတရားတို့သည် ထိုမမြဲသော အနိစ္စသဘောဖြင့်ပင်လျှင် ယင်း သင်္ခါရဓမ္မ = အနိစ္စဓမ္မတို့ကို သိကုန်သော ယောဂါဝစရပုဂ္ဂိုလ်တို့အား ယင်းသင်္ခါရဓမ္မတို့၏ မြဲခြင်း နိစ္စအဖြစ်ကို ငြင်းပယ်သည် မည်ကုန်၏။ ယင်းအကြောင်းကြောင့်ပင်လျှင် နိစ္စ မဟုတ်၍ အနိစ္စ ဟူလိုသည်။ (ဝိသုဒ္ဓိ၊၂၊၂၅၃။ မဟာဋီ၊၂၊၄၀၆။)
ဒုက္ခအခြင်းအရာ
ယသ္မာ ပန ဥပ္ပန္နာ သင်္ခါရာ ဌိတိံ ပါပုဏန္တိ၊ ဌိတိယံ ဇရာယ ကိလမန္တိ၊ ဇရံ ပတွာ အဝဿံ ဘိဇ္ဇန္တိ၊ တသ္မာ အဘိဏှသမ္ပဋိပီဠနတော, ဒုက္ခမတော, ဒုက္ခဝတ္ထုတော, သုခပဋိက္ခေပတော စ ဒုက္ခာ။ (ဝိသုဒ္ဓိ၊၂၊၂၅၃။)
ရုပ်နာမ်ဓမ္မ သင်္ခါရတရား မှန်သမျှတို့သည် မြဲသည့် နိစ္စတရားများ မဟုတ်ခြင်းကြောင့် မမြဲသည့် အနိစ္စတရားတို့သာ ဖြစ်ကြကုန်၏။ ယင်းအနိစ္စဖြစ်ကြသည့် သင်္ခါရတရားတိုင်း၌ ----
၁။ ဖြစ်ခြင်း = ဥပါဒ်ခဏ အခိုက်အတန့်,
၂။ တည်ခြင်း = ဌီခဏ အခိုက်အတန့်,
၃။ ပျက်ခြင်း = ဘင်ခဏ အခိုက်အတန့် ----
ဤအခိုက်အတန့် သုံးမျိုးစီ အသီးအသီး ရှိ၏။ တစ်ဖန် ယင်းသင်္ခါရတရားတို့သည် ----
၁။ ဥပါဒ်အခိုက်အတန့်၌ ဥပါဒ်အခိုက်အတန့်သာ ရှိ၏၊ ဌီအခိုက်အတန့် ဘင်အခိုက်အတန့်တို့ မရှိကုန်။
၂။ ဌီအခိုက်အတန့်၌လည်း ဌီအခိုက်အတန့်သာ ရှိ၏၊ ဥပါဒ်အခိုက်အတန့် ဘင်အခိုက်အတန့်တို့ မရှိကုန်။
၃။ ဘင်အခိုက်အတန့်၌လည်း ဘင်အခိုက်အတန့်သာ ရှိ၏၊ ဥပါဒ်အခိုက်အတန့် ဌီအခိုက်အတန့်တို့ မရှိကုန်။
ဖြစ်ပေါ်လာကြကုန်သော = ဥပါဒ်ကာလသို့ ရောက်ရှိလာကြကုန်သော သင်္ခါရတရားတို့သည် ဌီကာလသို့ ရောက်ရှိလာကြကုန်၏၊ ဌီကာလ၌ ဇရာသဘောဖြင့် ပင်ပန်းညှိုးနွမ်းကြရကုန်၏။ ဇရာသို့ ရောက်ရှိလာ ကြကုန်သော သင်္ခါရတရားတို့သည် မချွတ်ဧကန် ပျက်စီးကြရကုန်၏ = ဘင်ကာလသို့ ရောက်ရှိကြရကုန်၏။ ထိုကြောင့် ----
၁။ ဥပါဒ်, ဌီ (= ဇရာ), ဘင်သည် မပြတ်နှိပ်စက်အပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း,
၂။ ထိုသို့ နှိပ်စက်တတ်သည်ဖြစ်၍ သည်းခံနိုင်ခဲသည်၏ အဖြစ်ကြောင့်လည်းကောင်း,
၃။ (က) ကာယိကဒုက္ခဝေဒနာ စေတသိကဒုက္ခဝေဒနာဟူသော ဒုက္ခဒုက္ခ,
( ခ ) ကာယိကသုခဝေဒနာ စေတသိကသုခဝေဒနာဟူသော ဝိပရိဏာမဒုက္ခ,
( ဂ ) ကြွင်းသင်္ခါရတရား အားလုံးဟူသော သင်္ခါရဒုက္ခ,
(ဃ) သံသာရဝဋ်ဆင်းရဲဒုက္ခ = သံသာရဒုက္ခ ----
ဤဒုက္ခအမျိုးမျိုး၏ တည်ရာဝတ္ထု၏ အဖြစ်ကြောင့်လည်းကောင်း,
၄။ သုခ၏ ဆန့်ကျင်ဘက် ဖြစ်သောကြောင့် သုခကို ပယ်တတ် မြစ်တတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း
ရုပ်နာမ်ဓမ္မ သင်္ခါရတရား မှန်သမျှတို့သည် ဒုက္ခ မည်ကုန်၏။ သုခ မဟုတ် ဒုက္ခစစ်စစ်တို့သာတည်း။ (ဝိသုဒ္ဓိ၊၂၊၂၅၃။ မဟာဋီ၊၂၊၄၀၆-၄၀၇။)
အနတ္တ အခြင်းအရာ
ယသ္မာ စ ဥပ္ပန္နာ သင်္ခါရာ ဌိတိံ မာ ပါပုဏန္တု၊ ဌာနပ္ပတ္တာ မာ ဇီရန္တု၊ ဇရပ္ပတ္တာ မာ ဘိဇ္ဇန္တူတိ ဣမေသု တီသု ဌာနေသု ကဿစိ ဝသဝတ္တိဘာဝေါ နတ္ထိ၊ သုညာ တေန ဝသဝတ္တနာကာရေန၊ တသ္မာ သုညတော, အဿာမိကတော, အဝသဝတ္တိတော, အတ္တပဋိက္ခေပတော စ အနတ္တာတိ။ (ဝိသုဒ္ဓိ၊၂၊၂၅၃-၂၅၄။)
(က) တစ်ဖန် ----- ဖြစ်ပေါ်လာကြကုန်သော ဥပါဒ်ခဏနှင့် ပြည့်စုံကြကုန်သော သင်္ခါရတရားတို့သည် ဌီ ကာလသို့ မရောက်ကြပါစေကုန်လင့်။ (ဖြစ်ပေါ်လာတိုင်းသော ဥပါဒ်အခြင်းအရာအားဖြင့်သာ တည်နေကြပါစေကုန်။)
( ခ ) ဌီကာလသို့ ရောက်ရှိလာကြကုန်သော သင်္ခါရတရားတို့သည် မရင့်ကျက်ကြပါစေကုန်လင့် = မအိုကြ ပါစေကုန်လင့်။
( ဂ ) ရင့်ကျက်ခြင်း အိုခြင်းဇရာကာလသို့ ရောက်ရှိလာကြကုန်သော သင်္ခါရတရားတို့သည် မပျက်စီးကြပါစေ ကုန်လင့် = မြဲကြပါစေ။
ဤကဲ့သို့သော ဤသုံးပါးသော အရာဌာနတို့၌ တစ်စုံတစ်ယောက်သောသူ၏ အလိုဆန္ဒသို့ လိုက်လျောတတ်သည်၏ အဖြစ်သည် မရှိနိုင်ပေ။ ထိုသုံးပါးကုန်သော အရာဌာနတို့၌ အလိုဆန္ဒသို့ လိုက်လျောတတ်သော အခြင်းအရာမှ သင်္ခါရတရားတို့သည် ဆိတ်သုဉ်းကြကုန်၏။ ထိုကြောင့် သင်္ခါရတရားတို့သည် -----
၁။ (က) ခန္ဓာအိမ် အသစ်အသစ်လဲသော်လည်း ပြောင်းလဲမှုမရှိဘဲ မပျက်စီးဘဲ အသစ်အသစ်သော ခန္ဓာအိမ်၌ အမြဲလိုက်ပါလျက် ကိန်းဝပ်တည်နေသော အမြဲလိုက်ပါနေထိုင်သော နိဝါသီအတ္တ,
( ခ ) ပြုလုပ်ဖွယ် မှန်သမျှကို ပြုလုပ်တတ်သော ကာရကအတ္တ,
( ဂ ) ခံစားဖွယ်ရာ အာရုံမှန်သမျှကို ခံစားတတ်သော ဝေဒကအတ္တ,
(ဃ) စီမံခန့်ခွဲမှု မှန်သမျှကို စီမံခန့်ခွဲတတ်သော အဓိဋ္ဌာယကအတ္တ ---
ဤအတ္တအသီးအသီးမှ ကင်းဆိတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း,
၂။ ခန္ဓာအိမ်ကို ပိုင်ဆိုင်သည့် ပိုင်ရှင်ဖြစ်သူ တစ်စုံတစ်ယောက်သော သာမိအတ္တ၏ မရှိသည်၏ အဖြစ်ကြောင့် လည်းကောင်း (ဤအမှတ် ၁,၂ - စကားရပ်တို့ဖြင့် သင်္ခါရတရားတို့သည် အတ္တ၏ဥစ္စာ မဟုတ်သည်၏ အဖြစ်ကို ပြ၏။),
၃။ သင်္ခါရတရားတို့၏ ဥပါဒ်-ဌီ-ဘင်ဟူသော သုံးပါးသော အရာဌာနတို့၌ တစ်စုံတစ်ယောက်သော သူ၏ = တစ်စုံတစ်ယောက်သော အတ္တ၏ အလိုဆန္ဒသို့ လိုက်ပါတတ်သော အဖြစ်၏ မရှိခြင်းကြောင့်လည်းကောင်း,
၄။ သာသနာပ အယူရှိကြကုန်သော တိတ္ထိတို့သည် ကြံဆအပ်သော အတ္တကို ပယ်ခြင်းကြောင့်လည်းကောင်း
ဤလေးမျိုးသော အကြောင်းတရားတို့ကြောင့် အနတ္တ မည်ကုန်၏၊ အတ္တ မဟုတ်ကုန်။
ဤအရာဝယ် -----
၁။ သုညတော = အတ္တမှကင်းဆိတ်မှု (သုညတတ္ထ),
၂။ အဿာမိကတော = ခန္ဓာအိမ်ကို ပိုင်ဆိုင်သည့် ပိုင်ရှင် သာမိအတ္တ၏ မရှိမှု (အသာမိကတ္ထ),
၃။ အဝသဝတ္တိတော = သင်္ခါရတရားတို့၏ ဥပါဒ်-ဌီ-ဘင် အခိုက်အတန့်တို့၏ တစ်စုံတစ်ခုသော အတ္တ၏ အလိုအတိုင်း မလိုက်ပါမှု(အဝသဝတ္တနတ္ထ) ----
ဤသုံးမျိုးသော အနက်သဘောတို့ဖြင့် သင်္ခါရဓမ္မတို့၏ သာသနာပ အယူအဆရှိသူ တိတ္ထိတို့ ကြံဆအပ်သော အတ္တမှ ကင်းခြင်းဆိတ်ခြင်းကို ဆိုအပ်၏။
၄။ အတ္တပဋိက္ခေပတော = အတ္တရှိမှုကို ငြင်းပယ်မှုဟူသော ဤအနက်သဘောဖြင့်ကား ယင်းတိတ္ထိတို့သည် ကြံဆအပ်သော အတ္တသဘောတရား၏ ထင်ရှားမရှိသည်၏ အဖြစ်ကြောင့် အတ္တမဟုတ်ဟု ပယ်မြစ်ခြင်း ပဋိက္ခေပကို ဆိုအပ်ပေသည်။
အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင်သော အချိန်ကာလအတွင်း၌ တည်ရှိသော ရုပ်တရားတို့ကို ခြုံငုံ၍ ယင်းအထက်ပါ အနိစ္စသဘော ဒုက္ခသဘော အနတ္တသဘောတို့ကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟုလည်းကောင်း ဒုက္ခဟုလည်းကောင်း အနတ္တဟုလည်းကောင်း တစ်လှည့်စီ ခွဲ၍ အခေါက်ပေါင်းများစွာ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင် အနိစ္စကို သပ်သပ်ရှုပါ။ အလားတူပင် ဒုက္ခကိုလည်း သပ်သပ်ရှုပါ။ အနတ္တကိုလည်း သပ်သပ်ရှုပါ။ အတိတ်အဆက်ဆက် မှသည် အနာဂတ်အဆက်ဆက် ဆုံးသည်တိုင်အောင်လည်း နည်းတူပင် ရှုလိုက ရှုနိုင်ပါသည်။ ထိုသို့ရှုရာ၌ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရှုလိုက ရှုပါ။
အနှစ်တစ်ရာဟူသည်
ယော စိရံ ဇီဝတိ၊ သော ဝဿသတန္တိ ဝစနတော တတော ဦနာဓိကဘာဝေါ အပ္ပမာဏန္တိ ဝုတ္တံ ဧကံ ဝဿသတံ ပရိစ္ဆိန္ဒိတွာတိ။ (မဟာဋီ၊၂၊၄၀၆။)
အကြင်ပုဂ္ဂိုလ်သည် ရှည်မြင့်စွာ အသက်ရှင်၏၊ ထိုပုဂ္ဂိုလ်သည် အနှစ်တစ်ရာ ကာလပတ်လုံး အသက် ရှည်၏။ (ဒီ၊၂၊၃။ သံ၊၁၊၁၀၉-၁၁၀။ အံ၊၂၊၅၀၃။) ဤသို့ ဘုရားရှင်သည် ဟောကြားထားတော်မူခြင်းကြောင့် ထိုအနှစ်တစ်ရာကာလအောက် ယုတ်လျော့သည်၏ အဖြစ်, ထိုအနှစ်တစ်ရာကာလထက် ပိုလွန်သည်၏ အဖြစ်သည် ပမာဏမဟုတ်၊ ဤသို့နှလုံးပိုက်တော်မူ၍ အဋ္ဌကထာဆရာတော်က ပဋိသန္ဓေမှ စုတိသို့တိုင်အောင်သော အချိန်ကာလကို နှစ်ပေါင်းတစ်ရာဖြင့် ပိုင်းခြား၍ ယင်းနှစ်ပေါင်းတစ်ရာ၏ အတွင်း၌ တည်ရှိသော ရုပ်ပရမတ် တရားတို့ကို လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်၍ ဝိပဿနာရှုပွားသုံးသပ်ရန် ညွှန်ကြားတော်မူခြင်း ဖြစ်၏။ (မဟာဋီ၊၂၊၄၀၆။)
၂။ ဝယောဝုဍ္ဎတ္ထင်္ဂမအားဖြင့် ရှုနည်း
ဝယောဝုဍ္ဎတ္ထင်္ဂမ မည်သည်ကား အရွယ်၏ အစွမ်းဖြင့် အဆင့်ဆင့် ကြီးရင့်ပြီးသော ရုပ်တရား၏ အဆင့် ဆင့် ချုပ်ခြင်းတည်း။ ထိုသို့ အရွယ်အားဖြင့် အဆင့်ဆင့် ကြီးရင့်ပြီးသော ရုပ်တရား၏ အဆင့်ဆင့် ချုပ်ခြင်း၏ အစွမ်းဖြင့် လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာရှုပါဟု ဆိုလို၏။
ယေဘုယျသက်တမ်း သတ်မှတ်ချက်သို့ လိုက်၍ ဘဝတစ်ခု၏ သက်တမ်းကို အနှစ်တစ်ရာပတ်ဝန်းကျင် ထား၍ ယင်းဘဝတစ်ခု၏ အတွင်း၌ တည်ရှိသော ရုပ်တရားတို့ကို (၃)ပုံ, (၁၀)ပုံ စသည်ဖြင့် ပုံ၍ တစ်ပုံ တစ်ပုံ အတွင်း၌ ပါဝင်တည်ရှိသော ရုပ်တရားတို့ကို လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်၍ ဝိပဿနာရှုရမည့် အပိုင်း ကဏ္ဍရပ်ပင် ဖြစ်သည်။ သို့အတွက် ရှုပုံစနစ်ကို အကျဉ်းချုပ်၍ အောက်ပါအတိုင်း ရေးသားတင်ပြအပ်ပါသည်။
၁။ အနှစ် (၁၀၀) ကို (၃) ပုံ ပုံ၍လည်းကောင်း (၃၃-၃၄-၃၃ နှစ်စီ)
၂။ ။ (၁၀) ။ (၁၀ - နှစ်စီ )
၃။ ။ (၂၀) ။ (၅ - နှစ်စီ )
၄။ ။ (၂၅) ။ (၄ - နှစ်စီ )
၅။ ။ (၃၃) ။ (၃ - နှစ်စီ )
၆။ ။ (၅၀) ။ (၂ - နှစ်စီ )
၇။ ။ (၁၀၀) ။ (၁ - နှစ်စီ )
၈။ ။ (၃၀၀) ။ (၁ - ဥတုစီ )
၉။ ။ (၆၀၀) ။ (၂ - လစီ )
၁၀။ ။ (၂၄၀၀) ။ (၁ - ပက္ခ = ၁၅ - ရက်စီ )
ထိုအပုံအသီးအသီးအတွင်း၌ ဖြစ်ပေါ်နေသော ရုပ်တရားတို့ကို အထက်ပါအတိုင်း အသီးအသီး တစ်ပုံစီ တစ်ပုံစီ ခွဲခြားစိတ်ဖြာ ပိုင်းခြား၍ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာရှုပါ။ တစ်ပုံပြီးမှ တစ်ပုံ တဖြည်းဖြည်း ရှုပါ။ တစ်ပုံတစ်ပုံ၌ တည်ရှိသော ရုပ်တရားများသည် နောက်နောက်သော အပုံသို့ ပြောင်းရွှေ့ မသွားပုံကိုလည်း ဉာဏ်ဖြင့် မြင်အောင်ရှုပါ။
ထိုနောင် တစ်ရက်တစ်ရက်အတွင်း၌ တည်ရှိသော ရုပ်တရားတို့ကို -----
၁။ နေ့နှင့် ည ခွဲ၍ (၂)ပုံ ပုံ၍လည်းကောင်း,
၂။ နေ့၌ နံနက် နေ့လည် ညနေ ဟု (၃)ပုံ ပုံ၍လည်းကောင်း,
၃။ ည၌ ညဉ့်ဦးယာမ် သန်းခေါင်ယာမ် မိုးသောက်ယာမ်ဟု (၃)ပုံ ပုံ၍လည်းကောင်း ----
(အနှစ်တစ်ရာအတွင်း၌ တည်ရှိသော ရက်တိုင်း ရက်တိုင်း၌ ၆-ပုံစီ ၆-ပုံစီ ပုံ၍ဟု ဆိုလိုသည်။)
ထိုအပုံအသီးအသီး အတွင်း၌ တည်ရှိသော ရုပ်တရားများကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာရှုပါ။
အထက်ပါအတိုင်း ဝိပဿနာရှုပြီးပါက ထိုတစ်နေ့တာ၏ ယင်းဖော်ပြပါ အချိန်ပိုင်း (၆)ပိုင်းအတွင်းဝယ် အချိန်ပိုင်း တစ်ပိုင်းစီ တစ်ပိုင်းစီ၏ အတွင်း၌ တည်ရှိသော ရုပ်တရားတို့ကို -----
၁။ ေ့ရှသို့တက်ရာ၌ ဖြစ်ပေါ်နေသော ရုပ်တရား,
၂။ နောက်သို့ဆုတ်ရာ၌ ဖြစ်ပေါ်နေသော ရုပ်တရား,
၃။ တည့်တည့်ကြည့်ခိုက်၌ ဖြစ်ပေါ်နေသော ရုပ်တရား,
၄။ စောင်းငဲ့ကြည့်ရာ၌ ဖြစ်ပေါ်နေသော ရုပ်တရား,
၅။ ကွေးရာ၌ ဖြစ်ပေါ်နေသော ရုပ်တရား,
၆။ ဆန့်ရာ၌ ဖြစ်ပေါ်နေသော ရုပ်တရား ----
ဤရုပ်တရား အသီးအသီးကိုလည်း ဣရိယာပထပိုင်း သမ္ပဇညပိုင်းတို့၌ ရေးသားတင်ပြခဲ့သည့် ရှုကွက် အတိုင်း ရုပ်တရားတို့ကို သိမ်းဆည်း၍ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာရှုပါ။ အသင် သူတော်ကောင်း၏ ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင်သော အချိန်ကာလအတွင်း၌ တည်ရှိသော ရက်တိုင်း ရက်တိုင်း၌ အထက်ပါ ရှုကွက်ကို ရှုရမည် ဖြစ်ပေသည်။
ထိုနောင် ထိုထို တစ်နေ့တာ တစ်နေ့တာအတွင်း၌ ေ့ရှသို့တက်ခိုက် နောက်သို့ဆုတ်ခိုက်စသည့် ဣရိယာပထပိုင်း သမ္ပဇညပိုင်းဆိုင်ရာ ထိုထိုအခိုက်အတန့်တို့၌ တစ်ခုသော ခြေလှမ်းအကြိမ်ကို (၆)ပိုင်း ပိုင်း၍ တစ်ပိုင်း တစ်ပိုင်းအတွင်း၌ ဖြစ်ပေါ်နေသော ရုပ်တရားတို့ကို သိမ်းဆည်းလျက် လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာရှုပါ။ (၆)ပိုင်း ပိုင်းပုံမှာ ဤသို့ ဖြစ်၏။ -----
၁။ ဥဒ္ဓရဏ = မြေမှ ခြေကို ကြွချီမြှောက်သော အခိုက်၌ ဖြစ်ပေါ်နေသော ရုပ်တရားများ,
၂။ အတိဟရဏ = ကြွချီပြီး ခြေကို ရပ်ထားသော ခြေသို့ တိုင်အောင် ေ့ရှသို့ ဆောင်ယူခိုက်၌ ဖြစ်ပေါ်နေသော ရုပ်တရားများ,
၃။ ဝီတိဟရဏ = ရပ်ထားသော ခြေကို ကျော်လွန်သွားအောင် ေ့ရှဘက်သို့ လှမ်းနေသော ခြေကို ဆောင်ယူခိုက်၌ ဖြစ်ပေါ်နေသော ရုပ်တရားများ, တစ်နည်း ----- ခလုတ် သစ်ငုတ် စသည်ကို မြင်၍ ရှောင်လွှဲခိုက်၌ ဖြစ်ပေါ်နေသော ရုပ်တရားများ,
၄။ ဝေါဿဇ္ဇန = ရပ်ထားသော ခြေကို ကျော်လွန်သွားအောင် ေ့ရှသို့ ယူဆောင်လာသော ခြေကို အောက်သို့ လွှတ်ချသော အခိုက်၌ ဖြစ်ပေါ်နေသော ရုပ်တရားများ,
၅။ သန္နိက္ခေပန = ထိုခြေကို မြေကြီးပေါ်၌ သို့မဟုတ် ကြမ်းပြင်ပေါ်၌ ချထားခိုက်၌ ဖြစ်ပေါ်နေသော ရုပ်တရားများ,
၆။ သန္နိရုမ္ဘန = တစ်ဖန် ထိုခြေကို နောက်ထပ် ခြေတစ်လှမ်း လှမ်းရန် ယင်းခြေထောက်ကို မြေမှ သို့မဟုတ် ကြမ်းပြင်မှ မကြွခင် မြေကြီးကို သို့မဟုတ် ကြမ်းပြင်ကို ဖိနင်းလိုက်သော အခိုက်၌ ဖြစ်ပေါ်နေသော ရုပ်တရားများ ----
ဤအခိုက်အတန့် (၆)မျိုးအတွင်း၌ ဖြစ်ပေါ်နေသော ရုပ်တရားတို့ကို အသီးအသီး လက္ခဏာယာဉ် သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာရှုပါ။ ခြေတစ်လှမ်းအတွင်း၌ ဖြစ်ပွားသွားကြသော ရုပ်တရားတို့ကို ယင်းကဲ့သို့ အခိုက်အတန့် (၆)မျိုး ခွဲ၍ ရှုရသည့် ရှုကွက် အတိုချုပ်ကို ဤသို့ မှတ်သားပါ။ -----
ကြွ - ဆောင် - လွှဲ - လွှတ် - ချ - ဖိ
ဤစကားရပ်များကား အရိပ်ပြလျှင် အကောင်ထင်ရမည့် ဥပလက္ခဏနည်း နိဒဿနနည်းအားဖြင့် ညွှန်ကြား ပြသသော စကားရပ်များ ဖြစ်ကြသည်။ အနှစ်တစ်ရာဖြင့် သတ်မှတ်ထားအပ်သော အချိန်ကာလ အတွင်းဝယ် ရက်တိုင်းရက်တိုင်း၌ ထိုထို သွား-ရပ်-ထိုင်-လျောင်း ဟူသော ဣရိယာပထအခိုက်အတန့်, ေ့ရှသို့တက်ခြင်း, နောက်သို့ဆုတ်ခြင်း, တည့်တည့်ကြည့်ခြင်း, စောင်းငဲ့ကြည့်ခြင်း, ကွေးခြင်း, ဆန့်ခြင်းစသော ထိုထိုသမ္ပဇည အခိုက်အတန့်တို့၌လည်း ထိုထိုရုပ်တရားတို့ကို သိမ်းဆည်း၍ လက္ခဏာယာဉ် သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာရှုရန် ညွှန်ကြားနေခြင်း ဖြစ်သည်ဟု သဘောပေါက်ပါ။ (ဝိသုဒ္ဓိ၊၂၊၂၅၄-၂၅၈။ ကြည့်ပါ။)
ဣတိ တတ္ထ တတ္ထ ဥပ္ပန္နာ ဣတရံ ဣတရံ ကောဋ္ဌာသံ အပ္ပတွာ တတ္ထ တတ္ထေဝ ပဗ္ဗံ ပဗ္ဗံ သန္ဓိ သန္ဓိ ဩဓိ ဩဓိ ဟုတွာ တတ္တကပါလေ ပက္ခိတ္တတိလာ ဝိယ တဋတဋာယန္တာ သင်္ခါရာ ဘိဇ္ဇန္တိ၊ တသ္မာ အနိစ္စာ ဒုက္ခာ အနတ္တာတိ။ တေဿဝံ ပဗ္ဗပဗ္ဗဂတေ သင်္ခါရေ ဝိပဿတော ရူပသမ္မသနံ သုခုမံ ဟောတိ။ (ဝိသုဒ္ဓိ၊၂၊၂၅၇။)
ဤသို့လျှင် ကြွ-ဆောင်-လွှဲ-လွှတ်-ချ-ဖိ ဟူသော ထိုထိုကောဋ္ဌာသ = အဖို့အစု၌ ဖြစ်ပေါ်သွားကြကုန်သော ရုပ်တရားအပေါင်းတို့သည် ဤမှ တစ်ပါးသော ဤမှ တစ်ပါးသော အခြားအခြားသော နောက်နောက် ကောဋ္ဌာသ = အဖို့အစုသို့ မရောက်မူ၍ ထိုထိုကောဋ္ဌာသ၌သာလျှင် အဆစ်အဆစ် အစပ်အစပ် အပိုင်းအပိုင်း ဖြစ်၍ လောလောပူသော အိုးကင်း၌ ထည့်အပ်သော နှမ်းတို့သည် တဖျစ်ဖျစ်မည်သော အသံကို ပြုကုန်လျက် ပျက်ကုန်သကဲ့သို့ ဘူတရုပ် ဥပါဒါရုပ်ဟူသော သင်္ခါရတရားတို့သည် ထိုထိုခဏ၌ ခဏမစဲ တသဲသဲ ပြိုပြိုပျက်ပျက် နေကြကုန်၏။ ထို့ကြောင့် အနိစ္စတို့တည်း၊ ဒုက္ခတို့တည်း၊ အနတ္တတို့တည်း။ ဤသို့ ဆင်ခြင်သုံးသပ်ရှုပွား၍နေ၏။ ဤသို့ အဆစ်အဆစ် အပိုင်းအပိုင်းဖြစ်ကုန်သော ဘူတရုပ် ဥပါဒါရုပ် သင်္ခါရတရားတို့ကို ဝိပဿနာရှုနေသော ထိုယောဂါဝစရရဟန်းတော်၏ ရုပ်တရားကို ဝိပဿနာ ရှုပွားသုံးသပ်လျက်ရှိသော ရူပသမ္မသန ဝိပဿနာဉာဏ်သည် သိမ်မွေ့သော အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်ပေသည်။ (ဝိသုဒ္ဓိ၊၂၊၂၅၇။)
ဓာတ်လွန် - ဓာတ်ယုတ်
ထိုခြေတစ်လှမ်းအတွင်းဝယ် ကြွ-ဆောင်-လွှဲ-လွှတ်-ချ-ဖိဟူသော အခိုက်အတန့် (၆)မျိုးတို့တွင် ခြေကိုကြွချီသော အခိုက်အတန့်၌ ပထဝီဓာတ် အာပေါဓာတ်ဟူသော ဓာတ်နှစ်ပါးတို့သည် သဘာဝသတ္တိစွမ်းအင် အားဖြင့် ယုတ်ညံ့သော ပမာဏရှိကုန်၏။ နုံ့ကုန်၏။ တေဇောဓာတ် ဝါယောဓာတ် နှစ်ပါးတို့ကား သဘာဝသတ္တိ စွမ်းအင်အားဖြင့် လွန်ကဲသော ပမာဏ ရှိကုန်၏၊ စွမ်းအား ကြီးမားကုန်၏၊ သန်မာသော စွမ်းအား ရှိကြကုန်၏။ ထို့အတူပင် အတိဟရဏ = ခြေကို ေ့ရှသို့ ဆောင်ယူခိုက်၌လည်းကောင်း, ဝီတိဟရဏ = ခြေကို လွှဲခိုက်၌လည်းကောင်း, တေဇောဓာတ် ဝါယောဓာတ် နှစ်ပါးတို့သည် သဘာဝသတ္တိ စွမ်းအင်အားဖြင့် လွန်ကဲသော ပမာဏ ရှိကုန်၏၊ သန်မာသော စွမ်းအားရှိကုန်၏၊ စွမ်းအား ကြီးမားကုန်၏။ ဝေါဿဇ္ဇန = ခြေကို လွှတ်ခြင်း အောက်သို့ ချခြင်း၌ တေဇောဓာတ် ဝါယောဓာတ်ဟူသော ဓာတ်နှစ်ပါးတို့သည် သဘာဝသတ္တိစွမ်းအင်အားဖြင့် ယုတ်ညံ့သော ပမာဏရှိကုန်၏၊ နုံ့ကုန်၏။ ပထဝီဓာတ် အာပေါဓာတ် နှစ်ပါးတို့သည် သဘာဝသတ္တိစွမ်းအင်အားဖြင့် လွန်ကဲသော ပမာဏရှိကုန်၏၊ သန်မာသော စွမ်းအား ရှိကုန်၏။ မြေအပြင်၌ ခြေကိုချထားခြင်း = သန္နိက္ခေပန, ချီအပ်သော ခြေကို မြေနှင့်တကွ ကြပ်ကြပ်ဖိနှိပ်ခြင်း = သန္နိရုမ္ဘနတို့၌ အလားတူပင် ပထဝီဓာတ် အာပေါဓာတ် နှစ်ပါးတို့သည် သဘာဝသတ္တိစွမ်းအင်အားဖြင့် လွန်ကဲသော ပမာဏရှိကုန်၏၊ သန်မာသော စွမ်းအား ရှိကုန်၏။
ဤသို့လျှင် ဝယောဝုဍ္ဎတ္ထင်္ဂမရုပ်တရား၌ ကြွ-ဆောင်-လွှဲ-လွှတ်-ချ-ဖိ ဟု နေ့စဉ် နေ့စဉ် ထိုထို သွားခိုက် လာခိုက်တို့၌ (၆)ပုံ ပုံ၍ ထို (၆)ပါးသော ကောဋ္ဌာသတို့၏ အစွမ်းဖြင့် ယင်းရုပ်တရားတို့ကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ လက္ခဏာရေးသုံးတန်သို့ တစ်လှည့်စီတင်ကာ ဝိပဿနာရှုပွားသုံးသပ်ပါ။ (ဝိသုဒ္ဓိ၊၂၊၂၅၇။)
ခြေကို ကြွချီသော အခြင်းအရာအားဖြင့် ဖြစ်သော စိတ္တသမုဋ္ဌာန်ရုပ်တို့တွင် စင်စစ်အားဖြင့် တေဇောဓာတ် ဝါယောဓာတ်တို့၏ လွန်ကဲသော ပမာဏရှိသည်၏ အဖြစ်ကို အလိုရှိအပ်၏။ အဘယ်ကြောင့်နည်းဟူမူ ----- ထို တေဇောဓာတ် ဝါယောဓာတ်တို့၏ ပေါ့ပါးသော သဘောရှိသည်၏ အဖြစ်ကြောင့်တည်း။ ထိုသို့ ခြေကို ကြွချီခိုက်၌ တေဇောဓာတ် ဝါယောဓာတ်တို့၏ လွန်ကဲသော ပမာဏရှိသည်၏ အဖြစ်ကြောင့်သာလျှင် ဤမှတစ်ပါးကုန်သော ပထဝီဓာတ် အာပေါဓာတ်တို့၏ ယုတ်ညံ့သော ပမာဏရှိသည်၏အဖြစ်ကို အလိုရှိအပ် ပေသည်။ အဘယ်ကြောင့် နည်းဟူမူ ----- ထိုပထဝီဓာတ် အာပေါဓာတ်တို့၏ လေးလံသော သဘောရှိသည်၏ အဖြစ်ကြောင့်တည်း။
ထိုစိတ္တဇရုပ်နှင့် ဆက်စပ်နေသည်၏အဖြစ်ကြောင့် စိတ္တဇရုပ်မှကြွင်းသော ကမ္မဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်ဟူသော တိသမုဋ္ဌာန်ရုပ်သည်လည်း ထိုစိတ္တဇရုပ်၏ အလားရှိသည်သာလျှင် ဖြစ်၏။ ကာယဝိညတ်၏ ဖြစ်ခြင်း၌ ဝါယောဓာတ်၏ လွန်ကဲသော ပမာဏရှိသည်၏အဖြစ်, ဝစီဝိညတ်ဖြစ်ခြင်း၌ ပထဝီဓာတ်၏ လွန်ကဲသော ပမာဏရှိသည်၏အဖြစ်သည် ဤဆိုအပ်ခဲ့ပြီးသော အနက်ကို ညွှန်ပြကြောင်း ဥဒါဟရုဏ်ဟု မှတ်သားပါလေ။ ခြေကိုကြွချီခြင်း၌ကဲ့သို့ ခြေကို ေ့ရှသို့ဆောင်ခြင်း ထိုမှ ဤမှ ဆောင်ခြင်း၌လည်း ပေါ့ပါးသော သလ္လဟုကသဘော ရှိသော ရုပ်တရား၏ ဖြစ်ခြင်းသည် ဖြစ်ရကား ထိုနှစ်ပါးကုန်သော တေဇောဓာတ် ဝါယောဓာတ်တို့၏ လွန်ကဲသော ပမာဏရှိသည်၏ အဖြစ်ကို အလိုရှိအပ်၏။ ထို့ကြောင့် အတိဟရဏ ဝီတိဟရဏတို့၌လည်း နည်းတူ မှတ်ပါဟု အဋ္ဌကထာက ဖွင့်ဆိုခြင်း ဖြစ်သည်။ (မဟာဋီ၊၂၊၄၀၉။)
၃။ အာဟာရမယရုပ် - ရှုနည်း
ထိုယောဂါဝစရပုဂ္ဂိုလ်သည် ဤဆိုအပ်ခဲ့ပြီးသော နည်းအတိုင်း အမျိုးမျိုးသော အစုအပုံတို့ကို ပုံလျက် ဝယောဝုဍ္ဎတ္ထင်္ဂမ ရုပ်၌ လက္ခဏာရေးသုံးတန်ကို တင်၍ ဝိပဿနာရှုပြီးနောက် တစ်ဖန် ထိုရုပ်တရားကိုပင်လျှင် ခွဲခြမ်းဝေဖန်၍ -----
(က) အာဟာရမယရုပ် = အာဟာရကြောင့် ဖြစ်သောရုပ်,
( ခ ) ဥတုမယရုပ် = ဥတုကြောင့် ဖြစ်သောရုပ်,
( ဂ ) ကမ္မဇရုပ် = ကံကြောင့်ဖြစ်သောရုပ်,
(ဃ) စိတ္တသမုဋ္ဌာန်ရုပ် = စိတ်ကြောင့်ဖြစ်သောရုပ် ----
ဤလေးမျိုးကုန်သော ရုပ်တို့၏ အစွမ်းဖြင့် လေးပါးကုန်သော ကောဋ္ဌာသ = အစုအပုံတို့ကို ပြု၍ တစ်ခု တစ်ခုသော ကောဋ္ဌာသ = အစုအပုံ၌ လက္ခဏာရေးသုံးတန်ကို တင်လျက် ဝိပဿနာ ရှုပွားသုံးသပ်၏။
ထိုရုပ်လေးမျိုးတို့တွင် ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် အာဟာရကြောင့်ဖြစ်သော အာဟာရမယရုပ်သည် ဆာလောင်မွတ်သိပ်သောအခါ, အစာဝ၍ ရောင့်ရဲသောအခါ၏ အစွမ်းဖြင့် ထင်ရှား၏။ မှန်ပေသည် မွတ်သိပ်ဆာလောင်သောအခါ၌ ဖြစ်သော ရုပ်သည် ညှိုးနွမ်း၏ ပင်ပန်း၏၊ မီးလောင်ငုတ်ကဲ့သို့လည်းကောင်း, မီးသွေးတောင်းထက်၌ နားနေသော ကျီးကဲ့သို့လည်းကောင်း အဆင်းမလှဖြစ်၏၊ မကောင်းသောသဏ္ဌာန် ရှိ၏။ အစာဝ၍ တင်းတိမ်ရောင့်ရဲသောအခါ၌ ဖြစ်သော ရုပ်သည် ရောင့်ရဲ၏၊ အသား၏ စိုစိုပြည်ပြည် ပွားတက် ပြည့်စုံခြင်းဖြင့် ပြည့်ပြည့်ဖြိုးဖြိုး ရှိ၏၊ နူးညံ့၏၊ သိမ်မွေ့၏၊ ကောင်းသော အတွေ့အထိ ရှိ၏။
ထို့ကြောင့် အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် အနှစ်တစ်ရာဖြင့် သတ်မှတ်ပိုင်းခြားထားအပ်သော တစ်သက်တာ ဘဝတစ်လျှောက်ဝယ် နေ့စဉ်နေ့စဉ် တစ်နေ့တာ တစ်နေ့တာအတွင်း၌ -----
(က) အစာအာဟာရ ဆာလောင် မွတ်သိပ်သောအခါ၌ ဖြစ်သော ကံ-စိတ်-ဥတု-အာဟာရ ဟူသော အကြောင်းတရား လေးမျိုးကြောင့် ဖြစ်သော စတုသန္တတိရုပ်,
( ခ ) အစာစားပြီး၍ အစာဝသောအခါ၌ ဖြစ်သော ကံ-စိတ်-ဥတု-အာဟာရ ဟူသော အကြောင်းတရား လေးမျိုးကြောင့် ဖြစ်သော စတုသန္တတိရုပ် -----
ယင်းရုပ်တရားတို့ကို သိမ်းဆည်း၍ = ဉာဏ်ဖြင့် ပိုင်းခြားယူ၍ လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ပါ။
နေ့တိုင်း နေ့တိုင်း၌ ထိုစတုသန္တတိရုပ်ကို သိမ်းဆည်း၍ = ဉာဏ်ဖြင့်ပိုင်းခြားယူ၍ ဆာလောင်မွတ်သိပ်သောအခါ၌ ဖြစ်သောရုပ်သည် အစာဝ၍ ပြည့်ဖြိုးသော အချိန်ကာလသို့ မရောက်ဘဲ ဆာလောင်မွတ်သိပ်သော အချိန်ကာလ၌ပင် ချုပ်ပျက်သွားပုံကိုလည်းကောင်း, အစာစားပြီး၍ ပြည့်ဖြိုးသော အချိန်ကာလ၌ ဖြစ်သော ရုပ်သည်လည်း ဆာလောင်မွတ်သိပ်သောအခါသို့ မရောက်ဘဲ ယင်းပြည့်ဖြိုးသော အချိန်ကာလ၌ပင် ချုပ်ပျက်သွားပုံကိုလည်းကောင်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာရေးသုံးတန်ကို တစ်လှည့်စီ တင်ကာ ဝိပဿနာရှုပါ။ (ဝိသုဒ္ဓိ၊၂၊၂၅၈-၂၅၉။)
၄။ ဥတုမယရုပ် - ရှုနည်း
အလားတူပင် အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် တစ်နေ့တာ တစ်နေ့တာအတွင်း၌ -----
(က) ပူသောအခါ၌ ဖြစ်သော စတုသန္တတိ ရုပ်တရား,
( ခ ) အေးသောအခါ၌ ဖြစ်သော စတုသန္တတိ ရုပ်တရား ---
ဤ ရုပ်တရားတို့ကို သိမ်းဆည်း၍ = ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ယင်းရုပ်တရားတို့ကို လက္ခဏာယာဉ် သုံးတန်ကို တစ်လှည့်စီ တင်၍ ဝိပဿနာရှုပါ။ (ဝိသုဒ္ဓိ၊၂၊၂၅၉ - ကြည့်။)
၅။ ကမ္မဇရုပ် - ရှုနည်း
အလားတူပင် အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် တစ်နေ့တာ တစ်နေ့တာအတွင်း၌ -----
၁။ စက္ခုဒွါရ = မျက်စိ၌ ဖြစ်ပေါ်နေသော (၅၄)မျိုးသော ရုပ်တရားများ,
၂။ သောတဒွါရ = နား၌ ဖြစ်ပေါ်နေသော (၅၄)မျိုးသော ရုပ်တရားများ,
၃။ ဃာနဒွါရ = နှာ၌ ဖြစ်ပေါ်နေသော (၅၄)မျိုးသော ရုပ်တရားများ,
၄။ ဇိဝှါဒွါရ = လျှာ၌ ဖြစ်ပေါ်နေသော (၅၄)မျိုးသော ရုပ်တရားများ,
၅။ ကာယဒွါရ = ကိုယ်၌ ဖြစ်ပေါ်နေသော (၄၄)မျိုးသော ရုပ်တရားများ,
၆။ မနောဒွါရ = နှလုံး၌ဖြစ်ပေါ်နေသော (၅၄)မျိုးသော ရုပ်တရားများ ----
ဤ ရုပ်တရားတို့ကို သိမ်းဆည်း၍ = ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ယင်းရုပ်တရားတို့၏ ဒွါရတစ်ခုမှ ဒွါရတစ်ခုသို့ မပြောင်းမရွှေ့ဘဲ ထိုထို ဒွါရအခိုက်အတန့်၌ပင် ဖြစ်မှု ပျက်မှု ချုပ်ပျက်မှုသဘော စသည်ကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ လက္ခဏာယာဉ်သုံးချက်ကို တစ်လှည့်စီတင်၍ ဝိပဿနာ ရှုပါ။ (ရုပ်အရေအတွက်နှင့် ပတ်သက်၍ ရုပ်ကမ္မဋ္ဌာန်းပိုင်းဇယားများကို ပြန်ကြည့်ပါ။) (ဝိသုဒ္ဓိ၊၂၊၂၅၉-ကြည့်။)
၆။ စိတ္တသမုဋ္ဌာန်ရုပ် - ရှုနည်း
အနှစ် (၁၀၀)ဖြင့် ပိုင်းခြားထားအပ်သော ထိုအချိန်ကာလ၏ တစ်နေ့တာ တစ်နေ့တာ အချိန်ကာလ အတွင်း၌ -----
(က) သောမနဿိတကာလ = ဝမ်းမြောက်မှု ဖြစ်ခိုက်၌ ဖြစ်ပေါ်နေသော စတုသန္တတိရုပ်တရားများ,
( ခ ) ဒေါမနဿိတကာလ = စိတ်မချမ်းသာမှု ဝမ်းနည်းမှု ဖြစ်ရာအခိုက်၌ ဖြစ်ပေါ်နေသော စတုသန္တတိ ရုပ်တရားများ ----
ထိုရုပ်တရားတို့ကို အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် သိမ်းဆည်း၍ = ဉာဏ်ဖြင့် ပိုင်းခြားယူ၍ လက္ခဏာယာဉ်သုံးချက်ကို တစ်လှည့်စီတင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ပါ။ (ဝိသုဒ္ဓိ၊၂၊၂၅၉။)
ဤသို့လျှင် စိတ္တသမုဋ္ဌာန်ရုပ်ကို သိမ်းဆည်း၍ = ဉာဏ်ဖြင့် ပိုင်းခြားယူ၍ လက္ခဏာယာဉ်သုံးတန်ကို တင်၍ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းလျက်ရှိသော ထိုယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ ဉာဏ်၌ ဤဆိုအပ် လတ္တံ့သော သင်္ခါရတရားတို့၏ အလွန့်အလွန် တိုတောင်းသော ခဏရှိသည်၏ အဖြစ် အလွန့်အလွန် တိုတောင်းသော သက်တမ်းရှိသည်၏ အဖြစ်ဟု ဆိုအပ်သော အနက်သဘောတရားသည် ထင်ရှားလာပေ၏။ -----
၁။ ဇီဝိတံ အတ္တဘာဝေါ စ၊ သုခဒုက္ခာ စ ကေဝလာ။ ဧကစိတ္တသမာယုတ္တာ၊ လဟုသော ဝတ္တတေ ခဏော။
၂။ စုလ္လာသီတိ သဟဿာနိ၊ ကပ္ပံ တိဋ္ဌန္တိ ယေ မရူ။ နတွေဝ တေပိ တိဋ္ဌန္တိ၊ ဒွီဟိ စိတ္တေဟိ သမောဟိတာ။
၃။ ယေ နိရုဒ္ဓါ မရန္တဿ၊ တိဋ္ဌမာနဿ ဝါ ဣဓ။ သဗ္ဗေဝ သဒိသာ ခန္ဓာ၊ ဂတာ အပ္ပဋိသန္ဓိကာ။
၄။ အနန္တရာ စ ယေ ဘဂ္ဂါ၊ ယေ စ ဘဂ္ဂါ အနာဂတေ။ တဒန္တရာ နိရုဒ္ဓါနံ၊ ဝေသမံ နတ္ထိ လက္ခဏေ။
၅။ အနိဗ္ဗတ္တေန န ဇာတော၊ ပစ္စုပ္ပန္နေန ဇီဝတိ။ စိတ္တဘင်္ဂါ မတော လောကော၊ ပညတ္တိ ပရမတ္ထိယာ။
၆။ အနိဓာနဂတာ ဘဂ္ဂါ၊ ပုေဉ္ဇာ နတ္ထိ အနာဂတေ။ နိဗ္ဗတ္တာ ယေပိ တိဋ္ဌန္တိ၊ အာရဂ္ဂေ သာသပူပမာ။
၇။ နိဗ္ဗတ္တာနဉ္စ ဓမ္မာနံ၊ ဘင်္ဂေါ နေသံ ပုရက္ခတော။ ပလောကဓမ္မာ တိဋ္ဌန္တိ၊ ပုရာဏေဟိ အမိဿိတာ။
၈။ အဒဿနတော အာယန္တိ၊ ဘဂ္ဂါ ဂစ္ဆန္တုဒဿနံ။ ဝိဇ္ဇုပ္ပါဒေါဝ အာကာသေ၊ ဥပ္ပဇ္ဇန္တိ ဝယန္တိ စ။
(မဟာနိဒ္ဒေသ၊၃၂။ ဝိသုဒ္ဓိ၊၂၊၂၆၀။)
၁။ ဇီဝိတဉ္စ = ဇီဝိတိန္ဒြေသည်လည်းကောင်း။ အတ္တဘာဝေါ စ = ဇီဝိတ ဝေဒနာ ဝိညာဏ်ကို ကြဉ်ဖယ်ထား၍ ကြွင်းသော ပရမတ္ထဓမ္မဟု ဆိုအပ်သော အတ္တဘာဝသည်လည်းကောင်း။ သုခဒုက္ခာ စ = သုခဝေဒနာ ဒုက္ခဝေဒနာ ဥပေက္ခာဝေဒနာတို့သည်လည်းကောင်း။ (မဟာဋီ၊၂၊၄၁၁။) ကေဝလာ = အတ္တနှင့်လည်းကောင်း နိစ္စအဖြစ်နှင့် လည်းကောင်း မရောမယှက် သက်သက်ဖြစ်ကုန်၍။ ဧကစိတ္တသမာယုတ္တာ = တစ်ခု တစ်ခုသော စိတ်နှင့် ယှဉ်တွဲ၍ အတူတကွ ဖြစ်ပေါ်လာကြကုန်၏။ (ဧကစိတ္တက္ခဏိကတာယ = တစ်ခုသောစိတ္တက္ခဏ ရှိသည်၏အဖြစ်ကြောင့်) လဟုသော = အလွန်တိုတောင်းသော သက်တမ်းရှိသည် ဖြစ်၍ လျင်မြန်သော ဖြစ်ခြင်းရှိသော။ ခဏော = အသက်ရှင်သော ခဏသည်။ ဝတ္တတေ = ဝတ္တတိ = ဖြစ်ပေါ်၍ နေပေ၏။
၂။ ယေ မရူ = အကြင်နတ်ဗြဟ္မာတို့သည်။ စုလ္လာသီတိသဟဿာနိ ကပ္ပံ = ရှစ်သောင်းလေးထောင် အတိုင်း အတာ ပမာဏရှိသော ကမ္ဘာကြီး ကာလပတ်လုံး။ တိဋ္ဌန္တိ = တည်နေကြကုန်၏။ တေပိ = ထိုသို့ အသက်ရှည်စွာသော နေဝသညာနာသညာယတန နတ်ဗြဟ္မာတို့သည်လည်း။ ဒွီဟိ စိတ္တေဟိ = စိတ္တက္ခဏ နှစ်ချက်တို့နှင့်။ သမောဟိတာ = အတူတကွဖြစ်ကုန်၍။ နတွေဝ တိဋ္ဌန္တိ = မတည်ကုန်သည်သာတည်း။ [ကမ္ဘာပေါင်း (၈၄၀၀၀) အသက်ရှင်လျက် တည်နေနိုင်ကြကုန်သော နေဝသညာနာသညာယတန ဗြဟ္မာကြီးတို့၏ သန္တာန်၌သော်မှလည်း ဇီဝိတ ဝေဒနာ သညာစသော စေတသိက် နာမ်တရားစုတို့သည် နှစ်မျိုးသော စိတ်တို့နှင့် အတူတကွ ဖြစ်ပေါ် တည်နေကြသည်ကား မဟုတ်ကုန်။ တစ်ခုသော စိတ်နှင့်သာလျှင် အတူတကွ ဖြစ်ကြကုန်၍ ထိုစိတ်နှင့်ပင် အတူတကွ ချုပ်ပျက်၍ သွားခြင်းကြောင့် ဒုတိယစိတ် ဖြစ်သည့်တိုင်အောင် မတည်နိုင်ကုန်ဟု ဆိုလို၏။ (မဟာဋီ၊ ၂၊၄၁၁။)]
၃။ မရန္တဿ = စုတေကွယ်လွန်သော သတ္တဝါ၏။ နိရုဒ္ဓါ = စုတိစိတ်နှင့် အတူတကွ ချုပ်လေကုန်သော။ ယေ ခန္ဓာ = အကြင်ခန္ဓာတို့သည်လည်းကောင်း။ ဣဓ = ဤ ပဝတ္တိအခါ၌။ တိဋ္ဌမာနဿ = တည်နေဆဲဖြစ်သော = အသက်ရှင်နေဆဲဖြစ်သော သတ္တဝါ၏။ ယေ ဝါ နိရုဒ္ဓါ = အကြင်ပျက်ခြင်း = ဘင်ကာလသို့ ရောက်ရှိသဖြင့် ချုပ်ပျက်သော ခန္ဓာတို့သည်လည်းကောင်း။ သန္တိ = ရှိကြလေကုန်၏။ တေ သဗ္ဗေပိ ခန္ဓာ = ထိုအလုံးစုံသော ခန္ဓာတို့သည်လည်း။ သဒိသာ = တစ်ချက်တည်း တူညီကြကုန်၏။ အပ္ပဋိသန္ဓိကာ = တစ်ဖန် ပြန်လာ၍ ဆက်စပ်ခြင်း မရှိကုန်မူ၍။ ဂတာ = ဝိဂတာ = ကင်းပျောက်၍ သွားကြလေကုန်၏။ (စုတိ၏ ဘင်ကာလ၌ စုတိခန္ဓာတို့၏ ချုပ်ပျက်ခြင်း, ပဝတ္တိအခါ ပရမတ်ခန္ဓာတို့၏ ဘင်ကာလ၌ချုပ်ပျက်ခြင်း, ဤချုပ်ပျက်ခြင်း နှစ်မျိုးကား တူညီလျက်ရှိ၏။ ချုပ်ပျက်သည့်အခါ မရှိခြင်းသဘောသို့သာ ရောက်ရှိသွား၏။ ချုပ်ပျက်ပြီးသော ခန္ဓာသည် အသစ် တစ်ဖန် ပြန်ဖြစ်ရိုးဓမ္မတာ မရှိ၊ မရှိခြင်း သုညသဘောသို့သာ ဆိုက်ရောက်သွား၏။ ယင်းမရှိခြင်း သုညသဘောသို့ ဆိုက်ရောက်သွားပြီးသော ခန္ဓာသည် အသစ်တစ်ဖန်ဖြစ်ပြန်၍ ဖြစ်ဆဲခန္ဓာနှင့် ပြန်လည်ဆက်စပ်ခြင်း သဘောလည်း မရှိ။ စုတိခန္ဓာတို့သည် အသစ်တစ်ဖန် ပြန်လည်၍ မဖြစ်ကြကုန်သကဲ့သို့ အလားတူပင် ထိုစုတိစိတ်မှ ရှေး၌လည်း ခန္ဓာတို့သည်လည်း ချုပ်ပြီးနောက် အသစ်ပြန်လည်၍ ဖြစ်ခြင်းသဘော မရှိကြလေကုန်။ ထို့ကြောင့် သတ္တဝါတို့၏ အသက်ဟု ခေါ်ဆိုအပ်သော ဇီဝိတိန္ဒြေသည် တစ်ခုသော စိတ္တက္ခဏသာလျှင် သက်တမ်းရှိ၏ဟု ဆိုလို၏။)
၄။ ယေ သင်္ခါရာ = အကြင်သင်္ခါရတရားတို့သည်။ အနန္တရာ စ = အနန္တရမေဝ = လွန်လေပြီးသော အခြားမရှိသည့် အခြားမဲ့ကာလ၌သာလျှင်။ ဘဂ္ဂါ = နိရုဒ္ဓါ = ချုပ်ပျက်ခဲ့လေကုန်ပြီ။ ယေ စ သင်္ခါရာ = အကြင် သင်္ခါရတရားတို့သည်လည်း။ အနာဂတေ = အနာဂတ်ကာလ၌။ ဘဂ္ဂါ = ဗျဉ္ဇနသီလာ = ချုပ်ပျက်ခြင်းသဘော ရှိကုန်သည်ဖြစ်၍။ ဘိဇ္ဇိဿန္တိ = ချုပ်ပျက်ကြကုန်လတ္တံ့။ တေသံ = ထိုအတိတ်အနာဂတ် သင်္ခါရတရားတို့၏ လည်းကောင်း။ တဒန္တရာ နိရုဒ္ဓါနံ = ထိုအတိတ်အနာဂတ် သင်္ခါရတရားတို့၏ အလယ်၌ ပစ္စုပ္ပန်၏ အဖြစ်သို့ ရောက်၍ ချုပ်ပျက်ကုန်သော သင်္ခါရတရားတို့၏လည်းကောင်း။ တေသံ = ထိုအတိတ် အနာဂတ် ပစ္စုပ္ပန်ဟု သုံးမျိုးပြားကုန်သော သင်္ခါရတရားတို့၏လည်း။ လက္ခဏေ = ပျက်ခြင်း = ဘင်ကာလဟူသော လက္ခဏာကြောင့်။ဝါ။ ပျက်ခြင်း = ဘင်ကာလဟူသော အမှတ်လက္ခဏာနိမိတ်၌။ ဝေသမံ = မတူထူးခြားကွဲပြားသည်၏ အဖြစ်သည်။ နတ္ထိ = မရှိသည်သာတည်း။
၅။ အနိဗ္ဗတ္တေန = အနုပ္ပန္နေန = ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက်ဟူသော ခဏသုံးပါးအပေါင်းသို့ ရောက်ဆဲ မဟုတ်သော။ စိတ္တေန = စိတ်ဖြင့်။ ဇာတော = ဖြစ်သည် မည်သည်။ နဟောတိ = မဟုတ်။ ပစ္စုပ္ပန္နေန စိတ္တေန = ပစ္စုပ္ပန်စိတ်ဖြင့်။ ဇီဝတိ = အသက်ရှင်သည် မည်၏။ စိတ္တဘင်္ဂါ = စိတ်၏ ချုပ်ပျက်သွားခြင်းကြောင့်။ လောကော = ဤသတ္တလောကသည်။ မတော = သေသည်မည်၏။ ဧဝံ သန္တေပိ = ဤသို့ ဖြစ်ပါသော်လည်း။ ပညတ္တိ = သန္တာနပညတ်သည်။ ပရမတ္ထိယာ ပရမတ္ထဘူတာ = ပရမတ္ထနှင့် စပ်ခြင်းရှိရကား ပရမတ္ထဖြစ်၍ ဖြစ်၏။
[တစ်ဘဝ၌ တစ်ခါသေကျေ ပျက်စီးရခြင်းကား သမုတိသစ္စာ သမုတိမရဏတည်း။ ပရမတ္ထသစ္စာအားဖြင့် စုတိစိတ်၏ ဘင်ကာလသို့ရောက်ရှိခြင်း = ချုပ်ပျက်ခြင်းကိုပင် သေသည်ဟု ဆို၏။ စုတိစိတ်၏ ချုပ်ပျက်ခြင်းကဲ့သို့ ပဝတ္တိအခါ အလုံးစုံသော ထိုထိုစိတ်၏လည်း ချုပ်ပျက်ခြင်း ဘင်ကာလသို့ ရောက်ခြင်းကြောင့် ဤလောကသည် ပရမတ္ထသစ္စာအားဖြင့် သေသည်မည်၏။ အဘယ်ကြောင့်နည်း၊ ချုပ်ပျက်ပြီးသော စိတ်၏ တစ်ဖန်ပြန်လာ၍ မချုပ်ပျက်သေးသော စိတ်နှင့် ဆက်စပ်ခြင်းမည်သည် မရှိသည်၏ အဖြစ်ကြောင့်ပင်တည်း။ ယင်းသို့ဖြစ်ပါလျက် အဘယ်သဘောအားဖြင့် ပဋိသန္ဓေမှ စုတိတိုင်အောင် အသက်ရှင်၏ဟု ဆိုအပ်ပါသနည်းဟူမူ၊ ထိုထိုထင်ရှား ရှိသော မှီရာဝတ္ထုရုပ်နှင့် တကွသော စိတ်ကို အစွဲပြု၍ တိဿသည် အသက်ရှင်၏၊ ဖုဿသည် အသက်ရှင်၏ ဤသို့ အခေါ်အဝေါ်စကားဖြစ်ခြင်း၏ အရာဖြစ်၍ ဖြစ်သော အကြင် အဆက်မပြတ် ေ့ရှနှင့်နောက် ဆက်စပ်လျက် အထပ်ထပ်ဖြစ်နေသော ခန္ဓာအစဉ်ဟူသော အကြင်သန္တာနပညတ်သည် ရှိ၏။ ထိုလောကဝေါဟာရစကား ဖြစ်ခြင်း၏ အရာဖြစ်သော သန္တာနပညတ်သည် တိဿသည် အသက်ရှင်၏၊ ဖုဿသည်အသက်ရှင်၏ဟူသော ဤလောကဝေါဟာရစကား ဖြစ်ခြင်း၌ ကိုးကွယ်အားထားရာ ပရမတ္ထပင် ဖြစ်၏။ မှန်ပေသည် ---- နာမဂေါတ္တံ န ဇီရတိ (သံ၊၁၊၄၀။) = အမည်နာမပညတ် အမျိုးအနွယ်ပညတ်သည် မအို --- ဤသို့ ဟောကြားထားတော် မူကုန်၏။ (မဟာဋီ၊၂၊၄၁၂။)]
၆။ ယေ = အကြင် သင်္ခါရတရားတို့သည်။ ဘဂ္ဂါ = ချုပ်ပျက်သွားကြကုန်၏။ တေ = ထိုချုပ်ပျက်သွားကြကုန်သော သင်္ခါရတရားတို့သည်။ အနိဓာနဂတာ = တစ်စုံတစ်ခုသော အရပ်၌ သိုမှီးသိမ်းဆည်းထားအပ်သည်၏ အဖြစ်သို့ မရောက်ရှိကြလေကုန်။ (အထ ခေါ = တကယ်စင်စစ်အားဖြင့်မူကား။ အဘာဝမေဝ = မရှိခြင်း အဘာဝသဘောသို့သာလျှင်။ ဂတာ = ရောက်ရှိသွားကြလေကုန်၏။) ယတော = အကြင်သင်္ခါရတရား အစုအပုံ မှ။ ဝတ္တမာနဘာဝံ = ဖြစ်ဆဲဝတ္တမာန် = ပစ္စုပ္ပန်အဖြစ်သို့။ အာဂစ္ဆေယျုံ = ရောက်ရှိလာကြလေကုန်ရာ၏။ အနာ ဂတေ = နောင်အနာဂတ်အဖို့၌။ တာဒိသော = ထိုကဲ့သို့သော သဘောရှိသော။ ပုေဉ္ဇာ = သင်္ခါရတရားအစုအပုံ သည်။ နတ္ထိ = မရှိသည်သာတည်း။ ယေ = အကြင်ပစ္စုပ္ပန်ဖြစ်သော သင်္ခါရတရားတို့သည်။ နိဗ္ဗတ္တာ = မိမိ, မိမိ၏ ကိုယ်ပိုင်သဘာဝ လက္ခဏာအသီးအသီးသို့ ဥပါဒ်-ဌီ-ဘင်အနေအားဖြင့် ဆိုက်ရောက်လာကုန်သည် ဖြစ်၍ ရအပ်သော အတ္တဘောရှိကုန်၍ = ပရမတ္ထအထည်ကိုယ်ဒြပ် ထင်ရှားရှိကုန်၍ ဖြစ်ဆဲဖြစ်ကြကုန်၏။ တေပိ = ထိုပစ္စုပ္ပန်သင်္ခါရတရားတို့သည်လည်း။ အာရဂ္ဂေ = ပွတ်ဆောက်ဖျား စူးဖျား၌။ သာသပူပမာ = တင်ထားအပ်သော မုန်ညင်းစေ့လျှင် တူသောဥပမာ ရှိကုန်၍။ တိဋ္ဌန္တိ = တည်ကြကုန်၏။
[အပ်တစ်ချောင်းသည် ထောင်လျက် တည်နေသည် ဆိုကြစို့။ ထိုသို့ထောင်လျက် စိုက်ထူထားအပ်သော အလွန့်အလွန် သေးငယ်သိမ်မွေ့သော အပ်ဖျား၏ ထိပ်ပေါ်၌ ပစ်တင်ထားအပ်သော မုန်ညင်းစေ့သည် ထိုအပ်၏ အစွန်းထိပ်ဖျားကို ထိကာမျှသည်သာ ဖြစ်၍ လိမ့်ကျသွားကာ ကြာရှည်စွာ မတည်နိုင်သကဲ့သို့ အလားတူပင် အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါးအတွင်း၌ တည်ရှိနေကြကုန်သော သင်္ခါရတရားတို့သည် ဖြစ်ပြီးသည်နှင့် တစ်ပြိုင်နက် ချုပ်ပျက်၍သာ သွားကြကုန်၏။ ထိုသင်္ခါရတရားတို့၏ ကြာမြင့်စွာ တည်တံ့ခြင်း သဘောသည် မရှိသည်သာတည်း။ ကာလသုံးပါးအတွင်း၌ တည်ရှိကြသော ထိုသင်္ခါရတရား မှန်သမျှတို့သည် မဖြစ်မီ မဖြစ်ခင် ေ့ရှအဖို့၌လည်း မရှိကြ။ ဖြစ်ပြီးနောက်၌လည်း မရှိကြ။ ထိုမရှိခြင်း နှစ်မျိုးတို့၏ အလယ်၌သာလျှင် ပွတ်ဆောက်ဖျား၌ တင်ထားအပ်သော မုန်ညင်းစေ့ပမာ အလွန့်အလွန် တိုတောင်းသော အချိန်ကာလ အတွင်း၌သာ ဥပါဒ်-ဌီ-ဘင်-ဟူသော ယာယီအခိုက်အတန့်မျှသာ ထင်ရှားဖြစ်ပေါ်လာကြကုန်၏ဟု သိရှိပါလေ။ (မဟာဋီ၊ ၂၊၄၁၂။)]
၇။ နိဗ္ဗတ္တာနံ = ဖြစ်ပေါ်ပြီးကြကုန်သော။ နေသဉ္စ ဓမ္မာနံ = ထိုသင်္ခါရတရားတို့၏လည်း။ ဘင်္ဂေါ = ပျက်ခြင်း = ဘင် မည်သည်ကို။ ပုရက္ခတော = ေ့ရှမှပြုအပ်သည် = ေ့ရှသွားပြုအပ်သည်။ ဟောတိ = ဖြစ်ပေ၏။ (စင်စစ် ပျက်လတ္တံ့ ဖြစ်၍ မလွှဲမရှောင်နိုင် ဟူလိုသည်။) ပုရာဏေဟိ = ရှေးအတိတ်ဟောင်း ခန္ဓာတို့နှင့်။ အမိဿိတာ = မရောမယှက်ကုန်သည် ဖြစ်၍။ ပလောကဓမ္မာ = ပျက်စီးခြင်းသဘော ရှိကုန်သည် ဖြစ်၍။ တိဋ္ဌန္တိ = တည်နေကြကုန်၏။
၈။ အဒဿနတော = မမြင်အပ်ရာ အရပ်မှ = အာယန္တိ = အာဂစ္ဆန္တိ = လာကုန် ဖြစ်ကုန်၏။ (ဤစကားရပ်ဖြင့် သင်္ခါရတရားတို့၏ တစ်စုံတစ်ခုသော အစုအပုံမှ လာခြင်း မရှိသည်ကိုပင် ဆိုလိုသည်။) ဘဂ္ဂါ = ဘဂ္ဂါပိ = ပျက်ကုန်ပြီးသော သင်္ခါရတရားတို့သည်လည်း။ အဒဿနံ = မမြင်အပ်သည်၏ အဖြစ်သို့။ ဂစ္ဆန္တိ = ရောက်ကုန်၏။ (တစ်စုံတစ်ခုသော အစုအပုံသို့ ကပ်ရောက်ခြင်း မရှိသောကြောင့် အချင်းခပ်သိမ်း အဘာဝသို့သာလျှင် ရောက်ကုန်၏ ဟူလိုသည်။) အာကာသေ = ကောင်းကင်၌။ ဝိဇ္ဇုပ္ပါဒေါဝ = လျှပ်ပြက်သကဲ့သို့။ ဥပ္ပဇ္ဇန္တိ စ = ဖြစ်လည်း ဖြစ်ကုန်၏။ ဝယန္တိ စ = ပျက်လည်းပျက်ကုန်၏။ ဣတိ အယံ အတ္ထော = ဤသို့သော အနက်သဘောသည်။ ပါကဋော = ထင်ရှားသည်။ ဟောတိ = ဖြစ်၏။ (မဟာနိဒ္ဒေသ၊၃၂။ ဝိသုဒ္ဓိ၊၂၊၂၆၀။)
၇။ ဓမ္မတာရုပ် - ရှုနည်း
စက္ခုန္ဒြေ, သောတိန္ဒြေ, ဃာနိန္ဒြေ, ဇီဝှိန္ဒြေ, ကာယိန္ဒြေ, ဇီဝိတိန္ဒြေ စသော ကမ္မဇရုပ်ဟူသော ဣန္ဒြေတို့နှင့် ဆက်စပ်မှုမရှိသော သံ-ကြေး-သလွဲဖြူ-သလွဲမည်း-ရွှေ-ငွေ-ပုလဲ-ပတ္တမြား-ကျောက်မျက်ရွဲ-ခရုသင်း-သန္တာ-ပတ္တမြားနီ-ပတ္တမြားပြောက်-မြေ-ကျောက်တောင်-မြက်-သစ်ပင်-နွယ်-စသည့် သက်မဲ့လောက၌ တည်ရှိသော အနိန္ဒြိယဗဒ္ဓအမည်ရသော ဩဇဋ္ဌမကရုပ် သဒ္ဒနဝကကလာပ်ရုပ်တရားတို့ကို လက္ခဏာယာဉ်တင်၍ ဝိပဿနာ ရှုပါ။
ရှေးဦးစွာ အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် မိမိ ဝိပဿနာရှုပွားလိုသော သစ်ပင်-ရေ-မြေ-တော-တောင်-ရွှေ-ငွေ-ကျောက်-သံ-ပတ္တမြားစသည့် သက်မဲ့အရာဝတ္ထုတစ်ခုခုကို မိမိ၏ ဝိပဿနာဉာဏ်အရောင် အလင်းဖြင့် ထိုးစိုက်၍ ထိုအရာဝတ္ထု၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို စိုက်ရှုပါ။ ယင်းအရာဝတ္ထု၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့၏ အစုအပုံကို အတုံးအခဲကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်သောအခါ ယင်း ဓာတ်ကြီးလေးပါးတို့၏ အတုံးအခဲ၌ အာကာသဓာတ်ကို တစ်ဖန်မြင်အောင် ဆက်ရှုလိုက်ပါက ရုပ်ကလာပ် အမှုန်များကို လွယ်ကူစွာပင် တွေ့ရှိနိုင်ပါသည်။ သို့သော် ဤအဆင့်သို့ တိုင်အောင် အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ သင်္ခါရတရားတို့ကို တွင်တွင်ကြီး ဝိပဿနာရှုနိုင်သော ယောဂါဝစရပုဂ္ဂိုလ်အဖို့မူကား များသောအားဖြင့် မိမိ ဝိပဿနာရှုပွားလိုသော ရွှေ-ငွေ-စသော ယင်းအရာဝတ္ထု၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို စိုက်၍ ရှုလိုက်ရုံ မျှဖြင့်ပင် ယင်းရုပ်ကလာပ်အမှုန်များကို အလွယ်တကူပင် တွေ့ရှိနိုင်ပေသည်။ ယင်းရုပ်ကလာပ်တို့ကို ဓာတ်ခွဲပါ။ ယင်းရုပ်ကလာပ် အသီးအသီး၌ အသံမပါသော် ဩဇာလျှင် (၈)ခုမြောက်ရှိသော ဩဇဋ္ဌမကရုပ်များ ရှိကြ၏။ အသံပါသော် အသံလျှင် (၉)ခုမြောက်ရှိသော သဒ္ဒနဝကကလာပ်ရုပ်များ ရှိကြ၏။ ယင်းပရမတ်ရုပ်တရားတို့ကို လက္ခဏာယာဉ်တင်ကာ ဝိပဿနာရှုပါ။
ဤ ရူပသတ္တက ဝိပဿနာရှုနည်း (၇)နည်းတို့တွင် နံပါတ် (၁)မှ နံပါတ် (၆)တိုင်အောင်သော ရုပ်တရားတို့ကား သက်ရှိလောက၌ တည်ရှိကြသော ရုပ်တရားများ ဖြစ်ကြ၏။ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံး၌ပင် ဝိပဿနာရှုနိုင်ပါသည်။ နောက်ဆုံး၌ ရေးသားတင်ပြထားသော နံပါတ်(၇)ခုမြောက် ဖြစ်သော ဓမ္မတာရုပ် တရားများကား အနိန္ဒြိယဗဒ္ဓဖြစ်သော သက်မဲ့လောက၌ တည်ရှိသော ရုပ်တရားများသာ ဖြစ်ကြ၏။ ယင်း ဓမ္မတာရုပ်တို့ကို ဗဟိဒ္ဓ သက်မဲ့လောက၌သာ ရှုပါ။
__________