မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာနဂါမိနိပဋိပဒါ-ပဉ္စမတွဲ/သမ္မသနဉာဏ်ခန်း

ဝီကီရင်းမြစ် မှ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဝိပဿနာပိုင်း

မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ - သမ္မသနဉာဏ်ခန်း

ကလာပသမ္မသန ခေါ် နယဝိပဿနာ

တံ သမ္ပာဒေတုကာမေန ကလာပသမ္မသနသင်္ခါတာယ နယဝိပဿနာယ တာဝ ယောဂေါ ကရဏီယော။ (ဝိသုဒ္ဓိ၊၂၊၂၄၁။)

ဝိပဿနာ၏ ညစ်ညူးကြောင်း ဥပက္ကိလေသ တရားများမှ လွတ်မြောက်သွားသော ဝိပဿနာလမ်းမှန် လမ်းရိုးအတိုင်း သွားနေသော ဝိပဿနာပညာသည် အရိယမဂ်၏ ရှေးအဖို့၌ ဖြစ်သော လမ်းမှန်လမ်းရိုး ပုဗ္ဗဘာဂမဂ်တည်း။ ဩဘာသ = အရောင်အလင်းစသော ဥပက္ကိလေသတရားများသည်ကား အရိယမဂ်၏ ရှေးအဖို့၌ ဖြစ်သော လမ်းမှန် လမ်းရိုး ပုဗ္ဗဘာဂမဂ် မဟုတ်။ ဤသို့လျှင် အရိယမဂ်၏ ရှေးအဖို့၌ ဖြစ်သော လမ်းမှန် လမ်းရိုး ဖြစ်သော ပုဗ္ဗဘာဂမဂ်ကိုလည်းကောင်း, လမ်းမှန် လမ်းရိုး မဟုတ်သော ပုဗ္ဗဘာဂမဂ်ကိုလည်းကောင်း မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း နားလည် ပိုင်းခြား ကောင်းစွာ မှတ်သား၍ တည်သော ဉာဏ်သည် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ = ဤကား လမ်းမှန် ဤကား လမ်းမှားဟု သိမြင်သည်ဖြစ်၍ ဝိပဿနာအညစ်အကြေးမှ စင်ကြယ်သော ဉာဏ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၂၄၁။)

ထို မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ ဉာဏ်အမြင်ကို ပြည့်စုံစေလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ကလာပ သမ္မသန ဟု ခေါ်ဆိုအပ်သော နယဝိပဿနာ၌ ရှေးဦးစွာ အစဉ်သဖြင့် အားထုတ်ခြင်းကို ပြုသင့်ပေသည်။ (ဝိသုဒ္ဓိ၊၂၊၂၄၁။)

အတီတာဒိဝသေန အနေကဘေဒဘိန္နေ ဓမ္မေ ကလာပတော သင်္ခိပိတွာ သမ္မသနံ ကလာပသမ္မသနံ၊ အယံ ကိရ ဇမ္ဗုဒီပဝါသီနံ အဘိလာပေါ။ ယံ ကိဉ္စိ ရူပန္တိအာဒိနာ နယေန ဟိ ဓမ္မာနံ ဝိပဿနာ နယဝိပဿနာ၊ အယံ ကိရ တမ္ဗပဏ္ဏိဒီပဝါသီနံ အဘိလာပေါ။ (မဟာဋီ၊၂၊၃၈၆။)

ဣဓ အဂ္ဂိဝေဿန မမ သာဝကော ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ရူပံ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ပဿတိ။ (မ၊၁၊၂၉၇။)

နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာတိ သမနုပဿာမီတိ အနိစ္စံ ဒုက္ခံ အနတ္တာတိ သမနုပဿာမိ။ (မ၊ဋ္ဌ၊၄၊၂၃၂။ ဆန္နောဝါဒသုတ္တန်။)

အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက ဟူသော (၁၁)မျိုးသော အခြင်းအရာတို့ဖြင့် ကွဲပြားကုန်သော ရုပ်တရား နာမ်တရားတို့ကို ကလာပ = အပေါင်းအစု အားဖြင့် ခြုံငုံ၍ အနိစ္စ ဒုက္ခ အနတ္တဟူသော လက္ခဏာယာဉ် သုံးချက်တင်၍ ရှုပွားသုံးသပ်ခြင်းသည် ကလာပ သမ္မသနမည်၏။ ဤ ကလာပသမ္မသနဟူသော ဝေါဟာရကား ဇမ္ဗူဒိပ်ကျွန်း၌ သီတင်းသုံးတော်မူကြကုန်သော မထေရ်မြတ်ကြီးတို့၏ အသုံးပြုသော ဝေါဟာရ ဖြစ်သည်။

ယင်း အတိတ် အနာဂတ် ပစ္စုပ္ပန် စသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်ရှိကြကုန်သော အလုံးစုံသော ရုပ် (ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်) တရားကို ---

နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ --- ဟု

= ငါ့ဟာ မဟုတ် ၊ ငါ မဟုတ်၊ ငါ၏အတ္တ မဟုတ် --- ဟု

= အနိစ္စဟု ဒုက္ခဟု အနတ္တဟု

ဤသို့ ဝိပဿနာရှုခြင်းသည် နယဝိပဿနာ မည်၏။ ဤ နယဝိပဿနာဟူသော အမည်သည် သီဟိုဠ်ကျွန်း၌ သီတင်းသုံးတော်မူကြကုန်သော မထေရ်မြတ်ကြီးတို့၏ အသုံးပြုသော ဝေါဟာရဖြစ်သည်။ (မဟာဋီ၊၂၊၃၈၆။)

ဤ ကလာပသမ္မသနဉာဏ်မည်သည် တစ်ခုခုသော ဝိသုဒ္ဓိကျင့်စဉ်၌သော်လည်း အကျုံးမဝင်ပေ။ အချို့သော ဆရာတို့သည်လည်း ထိုကလာပသမ္မသနကို မသုံးသပ်မူ၍သာလျှင် ဝိပဿနာစာရ = ဝိပဿနာဉာဏ်၏ ကျက်စားမှုကို ဖွင့်ဆိုကုန်၏။ သို့သော်လည်း ထိုကလာပသမ္မသနကို ထိုထို သုတ္တန်တို့၌ (အနတ္တလက္ခဏသုတ္တန် ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်စသော ထိုထို သုတ္တန်တို့၌) တစ်စိတ်တစ်ဒေသအားဖြင့်လည်းကောင်း, အကြွင်းမဲ့ အားဖြင့်လည်းကောင်း ရှုပွားသုံးသပ်ရန် ဘုရားရှင်သည် ညွှန်ကြားထားတော်မူ၏။ ပဋိသမ္ဘိဒါမဂ်ပါဠိတော် (စာမျက်နှာ ၅၁-စသည်) ၌လည်း ဝိပဿနာကို အားသစ်စ ပုဂ္ဂိုလ်တို့အဖို့ ကလာပသမ္မသန ရှုပွားနည်းမှာ နှလုံးသွင်းရ လွယ်ကူသည့်အတွက် ဝိပဿနာ၏ အစအဖြစ်ဖြင့် တည်ထားတော်မူအပ်၏။ ဝိပဿနာရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဩဘာသဟူသော ထူးကဲသော အရောင်အလင်းစသည်တို့သည် ဖြစ်ပေါ်လာလတ်ကုန်သော် မဂ္ဂါမဂ္ဂဉာဏ်= လောကုတ္တရာမဂ်ဉာဏ်၏ ရှေးအဖို့၌ ဖြစ်သော လမ်းမှန်လမ်းမှားကို ပိုင်းခြား သိမြင်သည်ဖြစ်၍ ဝိပဿနာအညစ်အကြေးတို့မှ စင်ကြယ်သော ဝိပဿနာဉာဏ်= ဥဒယဗ္ဗယဉာဏ်သည် ဖြစ်ပေါ်လာတတ်၏။ ဤသုံးမျိုးသော အကြောင်းကြောင့် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိကို ပြည့်စုံစေလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ ကလာပသမ္မသနဟု ခေါ်ဆိုအပ်သော နယဝိပဿနာကို ကြိုးစားအားထုတ်သင့်ကြောင်းကို အဋ္ဌကထာဆရာတော်က စိစစ် တင်ပြနေခြင်း ဖြစ်ပေသည်။

ယေပိ စ သမ္မသနုပဂါ၊ တေသု ယေ ယဿ ပါကဋာ ဟောန္တိ သုခေန ပရိဂ္ဂဟံ ဂစ္ဆန္တိ၊ တေသု တေန သမ္မသနံ အာရဘိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၂၊၂၄၄။)

ယေ ရူပါရူပဓမ္မာ။ ယဿာတိ ယောဂိနော။ တေသု တေန သမ္မသနံ အာရဘိတဗ္ဗံ ယထာပါကဋံ ဝိပဿနာဘိနိဝေသောတိ ကတွာ။ ပစ္ဆာ ပန အနုပဋ္ဌဟန္တေပိ ဥပါယေန ဥပဋ္ဌဟာပေတွာ အနဝသေသတောဝ သမ္မသိတဗ္ဗာ။ (မဟာဋီ၊၂၊၃၉၁။)

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ သမ္မသနဉာဏ်ပိုင်းတွင် ပဋိသမ္ဘိဒါမဂ်ပါဠိတော် (၅၁၊၅၂၊၅၅၊ ၆-၉။) သံယုတ်ပါဠိတော် အဘိညေယျသုတ္တန် (သံ၊၂၊၂၅၈။) စသည်တို့ကို ကိုးကား၍ သမ္မသနဉာဏ်စသော ဝိပဿနာဉာဏ်တို့ဖြင့် ရှုပွား သုံးသပ်ရမည့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ပရမတ္ထဓာတ်သားတို့ကို နည်းအမျိုးမျိုးဖြင့် အောက်ပါအတိုင်း ရေးသားဖွင့်ဆိုထားတော်မူ၏။ ---

၁။ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိကတည်းဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာ (၅) ပါး,

၂။ ဒွါရ အာရုံတို့နှင့် တကွ ဒွါရ၌ ဖြစ်ကုန်သော ပရမတ္ထဓမ္မများ,

၃။ ဥပါဒါနက္ခန္ဓာ (၅) ပါး,

၄။ ဒွါရ (၆) ပါး,

၅။ အာရုံ (၆) ပါး,

၆။ ဝိညာဏ် (၆) ပါး,

၇။ ဖဿ (၆) ပါး,

၈။ ဝေဒနာ (၆) ပါး,

၉။ သညာ (၆) ပါး,

၁၀။ စေတနာ (၆) ပါး,

၁၁။ တဏှာ (၆) ပါး,

၁၂။ ဝိတက် (၆) ပါး,

၁၃။ ဝိစာရ (၆) ပါး,

၁၄။ ဓာတ် (၆) ပါး (ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် အာကာသဓာတ် ဝိညာဏဓာတ်),

၁၅။ ကသိုဏ်း (၁၀) ပါး,

၁၆။ (၃၂) ကောဋ္ဌာသ,

၁၇။ အာယတန (၁၂) ပါး,

၁၈။ ဓာတ် (၁၈) ပါး,

၁၉။ ဣန္ဒြေ (၂၂) ပါး,

၂၀။ ဓာတ်သုံးပါး (ကာမဓာတ် ရူပဓာတ် အရူပဓာတ်),

၂၁။ ဘဝကြီး (၉) ပါး (ကာမဘဝ ရူပဘဝ အရူပဘဝ ဧကဝေါကာရဘဝ စတုဝေါကာရဘဝ ပဉ္စဝေါကာရဘဝ သညီဘဝ အသညီဘဝ နေဝသညီနာသညီဘဝ),

၂၂။ စျာန်လေးပါး (ရူပါဝစရစျာန် လေးပါး),

၂၃။ အပ္ပမညာတရား (၄) ပါး (မေတ္တာစျာန် ကရုဏာစျာန် မုဒိတာစျာန် ဥပေက္ခာစျာန်),

၂၄။ သမာပတ်လေးပါး (အာကာသာနဉ္စာယတနစျာန် ဝိညာဏဉ္စာယတနစျာန် အာကိဉ္စညာယတနစျာန် နေဝသညာနာသညာယတနစျာန် ဟူသော အရူပစျာန်သမာပတ် လေးပါး),

၂၅။ ပဋိစ္စသမုပ္ပါဒ် အင်္ဂါ (၁၂) ပါး ---

ဤသို့ ရေတွက်ပြထားတော်မူ၏။ (ဝိသုဒ္ဓိ၊၂၊၂၄၂-၂၄၃-၂၄၄။)

ပရိဂ္ဂဟ (၅) မျိုးလုံး၌ တစ်ဘက်ကမ်းခပ်အောင် ပေါက်ရောက်ပြီးသော လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် နည်းအားဖြင့် အကြောင်းတရားနှင့် တကွသော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို သိမ်းဆည်းထားပြီးသော အသင် ယောဂါဝစရပုဂ္ဂိုလ်သူမြတ်အဖို့ အထက်ပါ တရားတို့မှာ အတိတ် အနာဂတ် ပစ္စုပ္ပန် ဟူသော ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓ ဟူသော သန္တာန်နှစ်ပါး အတွင်း၌ တည်ရှိကြသော စိတ်+စေတသိက်+ရုပ် ပရမတ္ထတရားတို့သည်သာဖြစ်ကြကုန်၏ ဟူသောအချက်ကို သဘောပေါက်နိုင်လောက်ပေပြီ။ ယင်းတရားတို့မှာ ရုပ်နာမ် နှစ်ပါး, ခန္ဓာငါးပါး, အာယတန တစ်ဆယ့်နှစ်ပါး, ဓာတ် တစ်ဆယ့်ရှစ်ပါး, ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ် တစ်ဆယ့်နှစ်ပါးတို့သာ ဖြစ်ကြသည်ကိုလည်း သဘောပေါက်ပြီး ဖြစ်နိုင်ပေလိမ့်မည်။ သို့သော် မည်သို့သော အကြောင်းကြောင့် ဤသို့ (၂၅)မျိုး ခွဲ၍ ဖွင့်ဆိုထားရသည်ဟူသော အချက်နှင့် ပတ်သက်၍ မဟာဋီကာ (၂၊၃၈၉)တွင် ဤသို့ ရှင်းလင်း တင်ပြထား၏။ ------

ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့ကို ပိုင်းခြားမှတ်သားပုံကို ဤ ဆိုလတ္တံ့သော နည်းဖြင့် သိရှိပါလေ။ ---

ဤပဋိသမ္ဘိဒါမဂ်ပါဠိတော်ကြီး၌ ဝိပဿနာကို အားသစ်စဖြစ်ကုန်သော ယောဂါဝစရပုဂ္ဂိုလ်တို့အား ဝိပဿနာနှလုံးသွင်းခြင်း၌ ချမ်းသာလွယ်ကူပါစေခြင်း အကျိုးငှာ ရည်သန်တောင့်တတော်မူ၍ ရှေးဦးစွာ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ စသည်ဖြင့် (၁၁)မျိုးသော အခြင်းအရာအားဖြင့်တည်နေသော ဥပါဒါနက္ခန္ဓာ ငါးပါးတို့ကို အတိတ် အနာဂတ် ပစ္စုပ္ပန် စသည်ကို ဝေဖန်ခြင်းကို ပဓာနပြုသဖြင့် ဝိပဿနာဉာဏ်၏ အရှုခံ အာရုံအဖြစ် ယူထားအပ်ပေသည်။

ထိုခန္ဓာတို့သည်ကား ဒွါရအာရုံတို့နှင့် အတူတကွ ဒွါရ၌ဖြစ်သော တရားတို့၏ အစွမ်းအားဖြင့် ဝေဖန်ခြင်းကို ရအပ်ကုန်၏။ (ရုပ်တရားတို့ကား ဒွါရတရား အာရုံတရားတို့ ဖြစ်ကြ၏၊ နာမ်တရားတို့ကား မနောဒွါရတရား, ဒွါရခြောက်ပါး၌ ဖြစ်သောတရား အာရုံတရားတို့ ဖြစ်ကြ၏။) ထို့ကြောင့် ထိုခန္ဓာတို့၏ အခြားမဲ့၌ ဒွါရဆက္က စသည်တို့၏ အစွမ်းဖြင့် ဆယ်ပါးသော ဆက္ကတို့ကို = ( ဒွါရ ၆-ပါးမှသည် ဝိစာရ ၆-ပါးသို့ တိုင်အောင် ဆက္က-၁၀-ပါးတို့ကို) ဝိပဿနာဉာဏ်၏ အရှုခံအာရုံအဖြစ် ယူ၍ ဖွင့်ပြတော်မူအပ်ကုန်၏။

တစ်ဖန် လက္ခဏာရေးသုံးတန်တို့တွင် အနတ္တလက္ခဏာကား ခဲခဲယဉ်းယဉ်း ခွဲခြားဝေဖန်၍ သိရသော သိနိုင်ခဲသော လက္ခဏာတစ်ခု ဖြစ်၏။ ထို့ကြောင့် ထိုအနတ္တလက္ခဏာကို ထင်စွာပြခြင်းငှာ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် အာကာသဓာတ် ဝိညာဏဓာတ်ဟူသော ဓာတ်ခြောက်ပါးတို့ကို ဝိပဿနာဉာဏ်၏ အရှုခံ အာရုံအဖြစ် ယူ၍ ဟောကြားတော်မူအပ်၏။

ထို့နောင်မှ အကြင်ကသိုဏ်းတို့၌ ဤသာသနာတော်မှ အပြင်အပ၌ ဖြစ်ကြကုန်သော သာသနာတော်၏ ပြင်ပအယူအဆ ရှိကြကုန်သော တိတ္ထိတို့သည် အတ္တဟု နှလုံးသွင်းကြကုန်၏။ ယင်းတိတ္ထိတို့ သန္တာန်၌ ယင်း ကသိုဏ်းတို့ကို အတ္တဟု နှလုံးသွင်းခြင်းသည် ဖြစ်နေ၏။ ထို ကသိုဏ်းတို့သည်ကား ဤစျာန်တို့၏ (ဤ ရူပါဝစရစျာန် အရူပါဝစရစျာန်တို့၏) အာရုံ၏ အဖြစ်ဖြင့် ထင်သောအခြင်းအရာမျှတို့သည်သာတည်း။ ဤသို့ ထင်ရှား ပြတော်မူခြင်း အကျိုးငှာ ကသိုဏ်း (၁၀) ပါးတို့ကို ဝိပဿနာဉာဏ်၏ အရှုခံအာရုံစာရင်းတွင် ယူ၍ ဖွင့်ဆိုတော် မူခြင်းဖြစ်၏။ (ကသိုဏ်းပညတ်တို့ကား ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့ကား မဟုတ်ကြကုန်၊ ကသိုဏ်းပညတ်တို့ကိုအာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော စျာန်သမာပတ်တရားတို့သည်သာလျှင် ဝိပဿနာဉာဏ်၏ အရှုခံ အာရုံ ဖြစ်ကြ၏။ သို့သော် သာသနာပ အယူအဆရှိသူ တိတ္ထိတို့က ယင်း ကသိုဏ်းတို့ကို အတ္တဟု နှလုံးသွင်း နေကြ၏။ ထိုအယူအဆကို တိုက်ဖျက်ရန် ကသိုဏ်းပညတ်တို့ကို ယူ၍ ဖွင့်ဆိုထားသည်ဟူလို။)

ထို့နောင် ဒုက္ခာနုပဿနာ၏ အခြံအရံ၏ အဖြစ်ဖြင့် ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလမနသိကာရ၏ အစွမ်းဖြင့် နှလုံးသွင်း ရှုပွားနိုင်ရန် ရည်သန် တောင့်တတော်မူ၍ (၃၂) ပါးသော ကောဋ္ဌာသတို့ကို ယူ၍ ဖွင့်ဆိုထားတော်မူ၏။ [ဂိရိမာနန္ဒသုတ္တန် (အံ၊၃၊၃၄၃) ၌ ၃၂-ကောဋ္ဌာသတို့ကို အသုဘသညာအနေဖြင့် ပွားများရန် ဘုရားရှင်သည် ညွှန်ကြားထားတော်မူ၏။ အသုဘာ ဘာဝေတဗ္ဗာ ရာဂဿ ပဟာနာယ။ (ဥဒါန်းပါဠိတော်၊၁၂၀) မေဃိယသုတ္တန်၌ ရာဂကိုတိုက်ဖျက်ရန်အတွက် ဝိပဿနာပိုင်းတွင်လည်း အသုဘဘာဝနာကို ပွားများရန် ညွှန်ကြားတော်မူခဲ့၏။ သဝိညာဏကအသုဘ, အဝိညာဏကအသုဘဟူသော အသုဘနှစ်မျိုးတို့တွင် သဝိညာဏကအသုဘတည်း။ ယင်း အသုဘသညာကို သမထပိုင်းတွင် ပဋိကူလမနသိကာရဟု ခေါ်ဆို၍ ဝိပဿနာပိုင်းတွင် ဒုက္ခာနုပဿနာ၏ အခြံအရံ အသုဘသညာဟု ခေါ်ဆိုသည်။ သမထပိုင်း၌ (၃၂)ကောဋ္ဌာသတို့၏ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလ သဘောကို အာရုံယူ၍ ပထမစျာန်သမာဓိသို့ ဆိုက်အောင် နှလုံးသွင်းရ၏။ ဝိပဿနာပိုင်း၌ကား ခန္ဓာအိမ်၏ အပြစ်အာဒီနဝကို ဉာဏ်ဖြင့်မြင်အောင် အာဒီနဝါနုပဿနာအနေဖြင့် ဒုက္ခာနုပဿနာ၏ အခြံအရံအဖြစ် ရှုပွားသုံးသပ်ခြင်း ဖြစ်၏။]

ရှေး၌ ခန္ဓာငါးပါးနည်း၏ အစွမ်းဖြင့် အကျဉ်းအားဖြင့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံအဖြစ် ယူ၍ ဖွင့်ဆို ထားအပ်ကုန်သော ပရမတ္ထတရားတို့ကိုပင် မကျယ်လွန်း မကျဉ်းလွန်းသော နည်းဖြင့်လည်းကောင်း အကျယ်နည်းဖြင့်လည်းကောင်း ဝိပဿနာနှလုံးသွင်းခြင်းကို ပြုအပ်ကုန်၏ဟု ညွှန်ပြခြင်း အကျိုးငှာ အာယတန (၁၂) ပါးတို့ကိုလည်းကောင်း, ဓာတ် (၁၈) ပါးတို့ကိုလည်းကောင်း ဝိပဿနာဉာဏ်၏ အရှုခံအာရုံအဖြစ် ယူ၍ ဖွင့်ဆိုအပ်ကုန်၏။

ထိုဆိုအပ်ခဲ့ပြီးသော ခန္ဓာ အာယတန ဓာတ် တရားတို့တွင် ဤ ဆိုလတ္တံ့သော ဣန္ဒြေထိုက်သော တရားတို့သည် အတ္တမှ ဆိတ်သုဉ်းသည်၏အဖြစ်, အားထုတ်ခြင်း မရှိသည်၏အဖြစ်, ကြောင့်ကြဗျာပါရ ကင်းသည်၏ အဖြစ်သည် ထင်ရှားရှိငြားသော်လည်း ပရမတ္ထဓမ္မသဘာဝအားဖြင့် သဟဇာတ်တရားတို့ကိုလည်းကောင်း အမှီခံ တရားတို့ကိုလည်းကောင်း အစိုးရသည်၏ အဖြစ်၏ အစွမ်းဖြင့် ဖြစ်ကြကုန်၏ဟု အနတ္တလက္ခဏာကို ထင်ရှားစွာ ပြခြင်းအကျိုးငှာ ဣန္ဒြေတရားတို့ကို ဝိပဿနာဉာဏ်၏ အရှုခံအာရုံအဖြစ် ယူ၍ ဖွင့်ဆိုအပ်ကုန်၏။ (ဝိပဿနာ ရှုကောင်းသော ဣန္ဒြေထိုက်သော တရားတို့ကို အထူးရည်ညွှန်းထားပါသည်။)

ဤသို့လျှင် ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့မှာ နည်းအမျိုးမျိုး ကွဲပြားကုန်သော်လည်း ဤတရားတို့သည် ဘုံသုံးပါးအပေါင်း၌ အကျုံးဝင်သည်၏ အဖြစ်ဖြင့် ဘုံသုံးပါးအပေါင်း၌သာ အကျုံးဝင်သည်၏ အဖြစ်ကြောင့် သုံးပါးသာလျှင် အပြားရှိကုန်၏ဟု ညွှန်ပြခြင်း အကျိုးငှာ ကာမဓာတ် ရူပဓာတ် အရူပဓာတ် ဟူသော ဓာတ် သုံးပါးတို့ကို ဝိပဿနာဉာဏ်၏ အရှုခံအာရုံ အဖြစ်ဖြင့် ယူ၍ ဖွင့်ဆိုတော်မူပြန်သည်။

ဤမျှဖြင့် ဝိပဿနာဉာဏ်၏ အရှုခံ အာရုံဖြစ်သည့် သင်္ခါရနိမိတ်ကို ညွှန်ပြပြီး၍ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသောအကြောင်းတရားများ ထင်ရှားဖြစ်ခြင်းကြောင့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဟူသော အကျိုးတရားများ ထင်ရှားဖြစ်ပုံ ဟူသော ဥပါဒိန္နကပဝတ္တကို ညွှန်ပြခြင်း အကျိုးငှာ = အကြောင်းတရားများ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုး ရုပ်တရား + အကျိုး နာမ်တရား + အကျိုး ရုပ်နာမ်တရားတို့တည်း ဟူသော ဘဝများ ထင်ရှားဖြစ်ပုံကို ညွှန်ပြတော်မူခြင်းငှာ ကာမဘဝစသော ဘဝကြီး (၉) ဘဝတို့ကို ယူ၍ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ အဖြစ်ဖြင့် ဖွင့်ဆိုတော်မူအပ်ပြန်ပေသည်။

ဤမျှသော ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိထိုက်သော အထက်ပါ ပရမတ္ထဓမ္မတည်းဟူသော အဘိညေယျ တရားထူး၌ ဖြစ်ပေါ်နေသော ဝိပဿနာဘာဝနာ နှလုံးသွင်းမှု၌ ကျွမ်းကျင်လိမ္မာမှုရှိသော ယောဂါဝစရပုဂ္ဂိုလ်သည် သိမ်မွေ့နူးညံ့ကုန်သော ဖြစ်စေအပ်ပြီးသော မိမိရရှိထားပြီးသော မဟဂ္ဂုတ် စျာန်တရားတို့၌ ဝိပဿနာ နှလုံးသွင်းခြင်းကို ဖြစ်စေအပ်၏ဟု ညွှန်ပြတော်မူခြင်းငှာ --- (၁) ရူပါဝစရစျာန် လေးပါး, (၂) ဗြဟ္မစိုရ်တရား = ဗြဟ္မဝိဟာရစျာန် လေးပါး, (၃) အရူပါဝစရစျာန် လေးပါးတို့ကို ဝိပဿနာဉာဏ်၏ အရှုခံအာရုံအဖြစ် ယူ၍ ဖွင့်ဆိုတော်မူအပ်ပြန်ပေသည်။

[မှတ်ချက် --- ရှေးယခင်က များသောအားဖြင့် သမာပတ်ရှစ်ပါးတို့ကိုလည်းကောင်း, စတုရာရက္ခဟူသော အစောင့်ကမ္မဋ္ဌာန်းလေးမျိုးတို့ကိုလည်းကောင်း ပွားများပြီးမှ သမထယာနိကပုဂ္ဂိုလ်များသည် ဝိပဿနာသို့ ကူးလေ့ရှိကြ၏။ ထိုတွင် မေတ္တာစျာန်ကို အနန္တစကြဝဠာသို့တိုင်အောင် ဖြန့်ကြက်လျက် ပွားများနိုင်သော စျာန်ဝင်စားနိုင်သော သူတော်ကောင်းတို့သည် ကရုဏာစျာန် မုဒိတာစျာန် ဥပေက္ခာစျာန်တို့ကိုလည်း လွယ်လွယ်ကူကူပင် ဝင်စားတော်မူနိုင်ကြသဖြင့် ဗြဟ္မစိုရ်တရား လေးပါး = အပ္ပမညာတရား လေးပါးလုံးကိုပင် အဋ္ဌကထာဆရာတော်က ဝိပဿနာဉာဏ်၏ အရှုခံ အာရုံအဖြစ် ယူ၍ ဖွင့်ဆိုသွားခြင်း ဖြစ်ပေရာသည်။ သို့သော် --- လာဘိနော ဧဝ ပန မဟဂ္ဂတစိတ္တာနိ သုပါကဋာနိ ဟောန္တိ = မဟဂ္ဂုတ်စျာန်တို့ကို ရရှိတော် မူကြသည့် သူတော်ကောင်းတို့၏ ဝိပဿနာဉာဏ်၌သာလျှင် မဟဂ္ဂုတ်စျာန်တရားတို့သည် ကောင်းကောင်းကြီး ထင်ရှားကြကုန်၏။ (မဟာဋီ၊၂၊၃၅၃။) ဤသို့ ဖွင့်ဆိုထားတော်မူသောကြောင့် ဤစျာန်တရားတို့ကို ဝိပဿနာ ရှုရန် ဖွင့်ဆိုချက်မှာ ယင်းစျာန်တို့ကို ရရှိတော်မူကြသည့် စျာနလာဘီ သမထယာနိက သူတော်ကောင်းတို့ အတွက်သာဟု မှတ်ပါ။]

အဋ္ဌကထာဆရာတော်သည် ကသိုဏ်း (၁၀)ပါးတို့ကို အထက်တွင် ရေးသားဖွင့်ဆိုထားတော်မူပြီး ဖြစ်သဖြင့် ကသိုဏ်းစျာန်တို့ကိုလည်း ဖွင့်ဆိုပြီးပင် ဖြစ်သွား၏။ ထို့ကြောင့် ယခုအကြိမ် ထပ်မံ၍ ဖွင့်ဆိုထားသော ------ စတ္တာရိ စျာနာနိ၊ စတေဿာ အပ္ပမညာ၊ စတေဿာ သမာပတ္တိယော။ (ဝိသုဒ္ဓိ၊၂၊၄၃။)၌ စတ္တာရိ စျာနာနိ - အရ အထက်တွင် ဖွင့်ဆိုခဲ့ပြီးသော ကသိုဏ်းစသည်လျှင် အာရုံရှိသော စျာန်တို့မှ ကြွင်းသော အာနာပါနပဋိဘာဂ နိမိတ်စသော သမထနိမိတ်လျှင် အာရုံရှိသော ရူပါဝစရစျာန်တို့ပေတည်း။

အကြောင်းတရားနှင့် အကျိုးတရားတို့ကို ခွဲခြားဝေဖန်သောအားဖြင့် ဤအထက်ပါ ပရမတ္ထတရား မှန်သမျှတို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ဝိပဿနာနှလုံးသွင်းအပ်ကုန်၏ဟု ဤသို့ ညွှန်ပြတော်မူခြင်းငှာ ပဋိစ္စသမုပ္ပါဒ် အင်္ဂါ (၁၂) ရပ်တို့ကိုယူ၍ ဝိပဿနာဉာဏ်၏ အရှုခံအာရုံအဖြစ် ဖွင့်ဆိုတော်မူအပ်ပေသည်။ မှန်ပေသည် --- ပစ္စယာကာရအမည်ရသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၌ အကြောင်းတရားနှင့် အကျိုးတရားကို ဉာဏ်ဖြင့် ခွဲခြမ်း စိတ်ဖြာ၍ လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာ နှလုံးသွင်းခြင်းသည် လက္ခဏာရေး သုံးပါး အပေါင်းကို ချမ်းချမ်းသာသာ လွယ်လွယ်ကူကူဖြင့်လည်းကောင်း အလွန့်အလွန် ကောင်းမွန်စွာလည်းကောင်း ထင်ရှားစေ၏။ ထို့ကြောင့် နောက်ဆုံး၌ ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကို ဝိပဿနာဉာဏ်၏ အရှုခံအာရုံအဖြစ်ဖြင့် ယူအပ်ကုန်၏။ (မဟာဋီ၊၂၊၃၈၉။)

အကယ်၍ အသင်သူတော်ကောင်းသည် ကသိုဏ်း (၁၀)ပါး သမာပတ် (၈)ပါး ဗြဟ္မစိုရ်တရား (၄)ပါး တို့ကိုပါ ပွားများထားပြီးသူ ယင်း စျာန်သမာပတ်တို့ကိုပါ ရရှိထားပြီးသူ ဖြစ်ပါက အထက်ပါ (၂၅) မျိုးသော ရှုကွက်တို့မှာ ပရိဂ္ဂဟ (၅) မျိုးတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူထားနိုင်ပြီးသော အသင်သူတော်ကောင်းအဖို့ အခက် အခဲ မရှိနိုင်တော့ပြီ ဖြစ်သည်။ အကယ်၍ ကသိုဏ်း (၁၀) ပါး သမာပတ် (၈) ပါးတို့ကိုလည်းကောင်း ဗြဟ္မစိုရ် တရား (၄) ပါး တို့ကိုလည်းကောင်း မလေ့လာရသေးပါက အာနာပါနကျင့်စဉ်လမ်းမှ ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်တို့ကိုသာ ဝိပဿနာရှုရန် ဖြစ်ပါသည်။ အကယ်၍ စတုရာရက္ခကမ္မဋ္ဌာန်းများကို အသင် သူတော်ကောင်းသည် ပွားများထားပြီးဖြစ်ပါက ယင်း စျာန်တရားများကိုလည်း ထည့်သွင်း၍ ဝိပဿနာရှုရမည် ဖြစ်ပါသည်။ --- ဤတရားတို့မှာ ဝိပဿနာရှုရမည့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံတရားတို့ ဖြစ်ကြသည်။ ထိုမျှ များပြားလှသော တရားတို့တွင် မည်သည့်တရားက စ၍ ဝိပဿနာ ရှုရမည်နည်းဟု မေးရန်ရှိ၏၊ အဖြေမှာ အောက်ပါအတိုင်း ဖြစ်၏။

ထင်ရှားရာ လွယ်ကူရာက စပါ

ထိုသို့ ကလာပသမ္မသနဟု ခေါ်ဆိုအပ်သော နယဝိပဿနာကို စတင်၍ အားသစ်လိုသော ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်သည် အထက်၌ ပါဠိတော် အဋ္ဌကထာ ဋီကာတို့က ညွှန်ကြားပြသ ဖွင့်ဆိုထားတော်မူသည့်အတိုင်း အကြင် ရုပ်တရား နာမ်တရားတို့သည်လည်း အနိစ္စဟုလည်းကောင်း ဒုက္ခဟုလည်းကောင်း အနတ္တဟုလည်းကောင်း လက္ခဏာရေးသုံးတန်သို့ တင်ကာ ရှုပွားသုံးသပ်ခြင်းငှာ ထိုက်ကုန်၏၊ ထိုရုပ်တရား နာမ်တရားတို့တွင် အကြင် ရုပ်တရား နာမ်တရားတို့သည် အကြင် ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ အသိဉာဏ်၌ ထင်ရှားကုန်၏။ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူဖြင့် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ခြင်း သိမ်းဆည်းနိုင်ခြင်းသို့ ရောက်ကုန်၏။ ထိုသို့ ထင်ရှားရာ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူဖြင့် ဉာဏ်ဖြင့် ပိုင်းခြားယူ၍ သိမ်းဆည်း၍ ရနိုင်ရာ ရုပ်တရား နာမ်တရားတို့၌ ထိုယောဂါဝစရပုဂ္ဂိုလ်သည် အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန်တင်ကာ ရှုပွားသုံးသပ်ခြင်း သမ္မသနအမှုကို ကြိုးစားအားထုတ်ထိုက်ပေ၏။ (ဝိသုဒ္ဓိ၊၂၊၂၄၄။)

ဝိပဿနာကို စ၍ နှလုံးသွင်းခြင်းသည် ထင်ရှားရာက စ၍ နှလုံးသွင်း ရှုပွားသင့်၏ဟု နှလုံးပိုက်တော်မူ၍ အဋ္ဌကထာဆရာတော်က ထိုရုပ်နာမ်တို့တွင် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားရာ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူဖြင့် ဉာဏ်ဖြင့် ပိုင်းခြားယူ၍ သိမ်းဆည်း၍ ရနိုင်ရာ ရုပ်တရား နာမ်တရားတို့၌ ထိုယောဂါဝစရ ပုဂ္ဂိုလ်သည် အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးတန်တင်ကာ ရှုပွားသုံးသပ်ခြင်း သမ္မသနအမှုကို ကြိုးစားအားထုတ်ထိုက်၏ဟု ဖွင့်ဆိုတော်မူခြင်း ဖြစ်၏။ သို့သော် ထင်ရှားရာ လွယ်ကူရာ ရုပ်နာမ်တို့၌ ဝိပဿနာရှုပြီးရာ နောက်ပိုင်းကာလ၌ကား အသိဉာဏ်၌ မထင်လာ မမြင်လာသေးသော ရုပ်တရား နာမ်တရားတို့ကိုလည်း အကြောင်း ဥပါယ်တံမျဉ်ဖြင့် အသိဉာဏ်၌ ထင်လာမြင်လာစေ၍ ရုပ်တရား နာမ်တရားတို့ကို အကြွင်းအကျန် မရှိ ကုန်စင်အောင်သာလျှင် လက္ခဏာရေး သုံးတန်တင်ကာ ရှုပွားသုံးသပ်ထိုက်ကုန်၏။ (မဟာဋီ၊၂၊၃၉၁။)

သတိပြု၍ မှတ်သားပါ

အထက်ပါအဋ္ဌကထာအဖွင့်နှင့် ဋီကာအဖွင့် စကားရပ်တို့ကို အထူးသတိပြု၍ မှတ်သားပါ ။ အသိဉာဏ်၌ ထင်ရှားရာ လွယ်ကူရာရုပ်နာမ်ကသာ စ၍ ဝိပဿနာရှုရန် ညွှန်ကြားခြင်း ဖြစ်၏ ။ အသိဉာဏ်၌ မထင်ရှားသော ရုပ်နာမ်တို့ကို ဝိပဿနာ မရှုရဟု ဆိုလိုနေသည်ကား မဟုတ်။ တစ်ဖန် ပရိဂ္ဂဟငါးမျိုး ကမ်းတစ်ဘက်သို့ ပေါက်ရောက်ပြီးသူ နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် နှစ်ပါးကို ရရှိပြီးသူ သူတော်ကောင်းတို့ကိုသာ အသိဉာဏ်၌ ထင်ရှားရာ လွယ်ကူရာ ရုပ်နာမ်ကစ၍ ဝိပဿနာရှုရန် ညွှန်ကြားတော်မူနေခြင်းဖြစ်၏။ ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့သည့်အတိုင်း ရုပ်တရားကို ပရမတ္ထသို့ဆိုက်အောင် မသိသေးသော, နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့သည့်အတိုင်း နာမ်တရားကိုလည်း ပရမတ္ထသို့ဆိုက်အောင် မသိမ်းဆည်း မရှုပွားတတ်သေးသော, အတိတ်အကြောင်းတရားကြောင့် ပစ္စုပ္ပန်အကျိုးတရားဖြစ်ပုံ, ပစ္စုပ္ပန်အကြောင်းတရား ကြောင့် အနာဂတ်အကျိုးတရားဖြစ်ပုံကိုလည်း သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်သေးသော --- ဤသို့လျှင် မသိမှုတွေ တစ်ပုံကြီး ထမ်းလျက် ယခုမှ ကမ္မဋ္ဌာန်းကျောင်း အတွင်းသို့ ဝင်ရောက်လာသော ယောဂါဝစရပုဂ္ဂိုလ် တစ်ဦးကို ပညတ် ပရမတ် မခွဲဘဲ ပညတ် ပရမတ် မကွဲဘဲ များသော အားဖြင့် ပညတ် အတုံးအခဲများကို အာရုံယူ၍ အသိဉာဏ်၌ ထင်ရှားလွယ်ကူရာ ပေါ်ရာကို ဝိပဿနာ ရှုရန် ညွှန်ကြားနေခြင်း မဟုတ်သည်ကိုကား အထူးသတိပြု၍ မှတ်သားလေရာသည်။

အကြောင်း ဥပါယ်တံမျဉ်

ဝိပဿနာကို စ၍ အားသစ်စ အားထုတ်စ ေ့ရှပိုင်း၌သာ ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားရာ လွယ်ကူရာက စ၍ ဝိပဿနာရှုရန်သာ ညွှန်ကြားခြင်းဖြစ်၏။ နောက်ပိုင်း၌ကား အသိဉာဏ်၌ မထင်ရှားသော ရုပ်နာမ်တို့ကိုလည်း အကြောင်းဥပါယ်တံမျဉ်ဖြင့် ထင်ရှားအောင်ပြုလုပ်၍ အကြွင်းအကျန်မရှိ ကုန်စင်အောင် ဝိပဿနာရှုရန် (မဟာဋီ၊၂၊၃၉၁။)၌ ထပ်ဆင့်ညွှန်ကြားထားတော်မူသဖြင့် ယင်း အကြောင်းဥပါယ်တံမျဉ်များကို ဆက်လက်၍ ဆွေးနွေးတင်ပြအပ်ပါသည်။

သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။ (သံ၊၂၊၁၂။ သံ၊၃၊၃၆၃။)

၁။ ဤအထက်ပါ သမာဓိသုတ္တန်များ၌ ဘုရားရှင်၏ ညွှန်ကြားထားတော်မူချက်နှင့် အညီ -----

(က) ခန္ဓာငါးပါးကို ဟုတ်တိုင်းမှန်စွာ ပရမတ္ထသို့ ဆိုက်အောင် သိရှိရေး,

( ခ ) အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားများ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုး ခန္ဓာ (၅) ပါး ထင်ရှားဖြစ်ပုံ,

( ဂ ) အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားများ ချုပ်ငြိမ်းခြင်းကြောင့် အကျိုးခန္ဓာ (၅) ပါး ချုပ်ငြိမ်းပုံတို့ကို ဟုတ်တိုင်းမှန်စွာ သိမြင်ရေး,

(ဃ) သစ္စာလေးပါးတို့ကို ဟုတ်တိုင်းမှန်စွာ သိမြင်ရေး ----

ဤသို့ ဟုတ်တိုင်းမှန်စွာ သိမြင်ရေးတို့အတွက် သမာဓိကို ထူထောင်ရန် အထူးလိုအပ်ပါသည်။ ဤကား အကြောင်း ဥပါယ်တံမျဉ် တစ်မျိုးတည်း။

ဣမေ စတ္တာရော မဟာဘူတေ ပရိဂ္ဂဏှန္တဿ ဥပါဒါရူပံ ပါကဋံ ဟောတိ။ (အဘိ၊ဋ္ဌ၊၂၊၂၄၁။)

၂။ ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့သည့်အတိုင်း (၆)ဒွါရ, (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူရာ သိမ်းဆည်းရာ၌ ဥပါဒါရုပ်တို့ကို သိမ်းဆည်းဖို့ရန် အခက်အခဲ ကြုံခဲ့သော် ယင်း (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိကြသော မိမိသိမ်းဆည်းလိုသော ဥပါဒါရုပ်တို့၏ မှီရာ ကလာပ်တူ မဟာဘုတ်လေးပါးတို့ကို ထပ်ကာထပ်ကာ သိမ်းဆည်းပါ = ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ ဥပါဒါရုပ်များသည် တစ်စ တစ်စ ထင်ရှားလာမည်သာ ဖြစ်ပေသည်။ ဤသည်မှာလည်း အကြောင်း ဥပါယ်တံမျဉ် တစ်မျိုးပင်တည်း။

သစေ ပနဿ တေန တေန မုခေန ရူပံ ပရိဂ္ဂဟေတွာ အရူပံ ပရိဂ္ဂဏှတော သုခုမတ္တာ အရူပံ န ဥပဋ္ဌာတိ၊ တေန ဓုရနိက္ခေပံ အကတွာ ရူပမေဝ ပုနပ္ပုနံ သမ္မသိတဗ္ဗံ မနသိကာတဗ္ဗံ ပရိဂ္ဂဟေတဗ္ဗံ ဝဝတ္ထပေတဗ္ဗံ။ ယထာ ယထာ ဟိဿ ရူပံ သုဝိက္ခာလိတံ ဟောတိ နိဇ္ဇဋံ သုပရိသုဒ္ဓံ၊ တထာ တထာ တဒါရမ္မဏာ အရူပဓမ္မာ သယမေဝ ပါကဋာ ဟောန္တိ။ (ဝိသုဒ္ဓိ၊၂၊၂၂၅။)

၃။ ထိုထို ရုပ်နာမ်ကို သိမ်းဆည်းကြောင်း ဉာဏ်ဖြင့် ပိုင်းခြားယူကြောင်း နည်းအမျိုးမျိုး (ခန္ဓာ ငါးပါးနည်း အာယတန တစ်ဆယ့်နှစ်ပါးနည်း ဓာတ် တစ်ဆယ့်ရှစ်ပါးနည်း စသော နည်းအမျိုးမျိုး) တို့ကို အဦးမူသဖြင့် ရုပ်တရားကို သိမ်းဆည်းပြီး၍ နာမ်တရားကို သိမ်းဆည်းသော ထို ယောဂါဝစရပုဂ္ဂိုလ်အား သိမ်မွေ့သည်၏ အဖြစ်ကြောင့် နာမ်တရားသည် အသိဉာဏ်၌ အကယ်၍ မထင်လာ မမြင်လာသည် ဖြစ်ငြားအံ့၊ ထို ယောဂါဝစရ ပုဂ္ဂိုလ်သည် ကမ္မဋ္ဌာန်းတာဝန် ဝန်ထုပ်ဝန်ပိုးကြီးကို လုံ့လဝီရိယ လျှော့ချခြင်းကို လက်လွှတ်လိုက် စွန့်ပစ်လိုက်ခြင်းကို မပြုမူ၍ ရုပ်တရားကိုပင်လျှင် အဖန်တလဲလဲ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် အားဖြင့် ကောင်းစွာ စူးစမ်းဆင်ခြင် သုံးသပ်အပ်၏၊ နှလုံးသွင်းအပ်၏၊ ဉာဏ်ဖြင့် ပိုင်းခြားယူအပ်၏၊ အချင်းချင်း မရောယှက်သော အားဖြင့် ရုပ်တရားတို့၏ ကိုယ်ပိုင်သဘာဝ လက္ခဏာ စသည်တို့ ကွဲပြားအောင် ပိုင်းခြား မှတ်သားအပ်၏။ အကျိုးထူးကား ----- အထက်ပါအတိုင်း ကြိုးစားအားထုတ်ခြင်းဖြင့် ထို ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ရုပ်တရားသည် ကောင်းစွာ သုတ်သင်အပ်သည်, မရောယှက်သောအားဖြင့် ထင်ခြင်းကြောင့် အချင်းချင်း ရောယှက်ရှုပ်ထွေးခြင်း ကင်းသည်, အလွန် ထက်ဝန်းကျင်မှ စင်ကြယ်သည် ဖြစ်၏။ ထိုထို အခြင်းအရာအားဖြင့် ထိုရုပ်တရားသာလျှင် အာရုံရှိကုန်သော နာမ်တရားတို့သည် မိမိပင်ကိုသဘာဝလက္ခဏာအတိုင်း အလိုလိုပင်လျှင် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်လာကုန်၏။ (ဝိသုဒ္ဓိ၊၂၊၂၂၅။)

ရူပပရိဂ္ဂဟော အရူပပရိဂ္ဂဟဿ ဥပါယော, ဥပတ္ထမ္ဘော စ။ (မဟာဋီ၊၂၊၃၅၅။)

ရုပ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်းသည် နာမ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်း၏ အကြောင်းဥပါယ်တံမျဉ် တစ်မျိုးဖြစ်၏၊ အထောက်အပံ့ တစ်မျိုးဖြစ်၏။ (မဟာဋီ၊၂၊၃၅၅။)

ဤသို့စသည့် အကြောင်းဥပါယ်တံမျဉ်တို့ကို လိုက်နာပြုကျင့်လျက် အသိဉာဏ်၌ မထင်လာ မမြင်လာသေးသော ရုပ်နာမ်တို့ကိုလည်း အသိဉာဏ်၌ ထင်လာမြင်လာအောင် ပြုလုပ်၍ ရုပ်နာမ် ပရမတ္ထ ဓာတ်သားတို့ကို အကြွင်းအကျန်မရှိ ကုန်စင်အောင် လက္ခဏာရေးသုံးတန်တင်ကာ ရှုပွားသုံးသပ်ရမည်ဟုသာ မုချပုံသေ မှတ်သား နာယူလေရာသည် နိဗ္ဗာန်ကို အလိုရှိကြကုန်သော သူတော်ကောင်းအပေါင်းတို့ ...။

ရုပ်နာမ် နှစ်ပါးနည်းအားဖြင့် ရှုနည်း

ဤအထက်ပါ စည်းကမ်းသတ်မှတ်ချက်များအရ ပစ္စုပ္ပန် ရုပ်တရား နာမ်တရားတို့မှာ အသင်ယောဂီ သူတော်ကောင်း၏ ဉာဏ်တွင် ပို၍ ထင်လွယ် မြင်လွယ် သိမ်းဆည်းလွယ်မည် ဖြစ်သဖြင့် ယင်း ပစ္စုပ္ပန် ရုပ်တရား နာမ်တရားတို့ကို ရုပ်တစ်စု နာမ်တစ်စုထား၍ ဝိပဿနာရှုပွားပုံစနစ်ကို စတင်၍ ရေးသားတင်ပြအပ်ပါသည်။ ထိုသို့ ဝိပဿနာရှုရာ၌ အဇ္ဈတ္တက စ၍လည်းကောင်း ဗဟိဒ္ဓက စ၍လည်းကောင်း မိမိနှစ်သက်ရာက စ၍ ရှုနိုင်ပါသည်။ ဤကျမ်းတွင်ကား ရုပ်နာမ်တို့ကို သိမ်းဆည်းခဲ့စဉ်က အဇ္ဈတ္တရုပ်တရားက စ၍ သိမ်းဆည်းရှုပွားပုံကို ရေးသားတင်ပြခဲ့သဖြင့် ဤဝိပဿနာပိုင်း၌လည်း အဇ္ဈတ္တရုပ်တရားကပင် စတင်၍ ဝိပဿနာရှုပွားသုံးသပ်ပုံ အစီအရင်ကို ရေးသားတင်ပြအပ်ပါသည်။

ဤအချိန်မှစ၍ ရုပ်အတုများသာဖြစ်ကြသည့် အနိပ္ဖန္နရုပ် (၁၀)မျိုးတို့ကို ဝိပဿနာဉာဏ်၏ အရှုခံအာရုံ စာရင်းမှ ထုတ်ပယ်ချန်လှပ်ထားပါ။ လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ မရှုကောင်းသော ရုပ်တရားများ ဖြစ်သောကြောင့်တည်း။ ထို့ကြောင့် ရုပ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ရေးသားတင်ပြခဲ့သည့်အတိုင်း (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိကြသော ရုပ်အစစ်များကိုသာ ပဓာနထား၍ ဝိပဿနာရှုပါ။

ထိုသို့ ရှုရာ၌ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိကြသော ရုပ်အစစ် အားလုံးတို့ကို ခြုံငုံ၍လည်း ဝိပဿနာရှုလိုက ရှုနိုင်ပါသည်။ သို့သော် ဉာဏ်နုသူ ဖြစ်ခဲ့ပါမူ (၆)ဒွါရတို့တွင် ဒွါရတစ်ခုစီခွဲ၍လည်းကောင်း, (၄၂)ကောဋ္ဌာသတို့တွင်လည်း ကောဋ္ဌာသ တစ်ခုစီခွဲ၍လည်းကောင်း ရုပ်တရားများကို ခြုံငုံ၍ ဝိပဿနာ ရှုလိုကလည်း ရှုနိုင်ပါသည်။

ဥပမာ ----- စက္ခုဒွါရ = စက္ခုဌာန၌ ရှိကြသော (၅၄) မျိုးကုန်သော ရုပ်တို့ကို ခြုံငုံ၍ သိမ်းဆည်းပါ။ ယင်း ရုပ်တရားတို့ကို ခြုံငုံ၍ ဝိပဿနာရှုပါ။

လက္ခဏာရေး သုံးတန်

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၃၀၁) တွင် - သင်္ခါရတရားတို့ကို -----

၁။ အနိစ္စလက္ခဏာ သက်သက်တင်၍ ဝိပဿနာ ရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်နိုင်၊

၂။ ဒုက္ခလက္ခဏာ သက်သက်တင်၍ ဝိပဿနာ ရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်နိုင်၊

၃။ အနတ္တလက္ခဏာ သက်သက်တင်၍ ဝိပဿနာ ရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်နိုင်၊

၄။ ထို့ကြောင့် သင်္ခါရတရားတို့ကို ရံခါ အနိစ္စလက္ခဏာ, ရံခါ ဒုက္ခလက္ခဏာ, ရံခါ အနတ္တလက္ခဏာ တင်၍ ဝိပဿနာ ရှုပွားသုံးသပ်ရန် ညွှန်ကြားထားတော်မူ၏။ (ဝိသုဒ္ဓိ၊၂၊၃၀၁။)

အချို့ ဆရာမြတ်တို့ကား ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်၌ လာရှိသော သဟေတုအနိစ္စသုတ္တန် သဟေတုဒုက္ခ သုတ္တန် သဟေတုအနတ္တသုတ္တန် (သံ၊၂၊၂၀။) သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်၌ လာရှိသော အဇ္ဈတ္တာနိစ္စသုတ္တန် အဇ္ဈတ္တဒုက္ခသုတ္တန် အဇ္ဈတ္တာနတ္တသုတ္တန် ဗာဟိရာနိစ္စသုတ္တန် ဗာဟိရဒုက္ခသုတ္တန် ဗာဟိရာနတ္တသုတ္တန် (သံ၊၂၊ ၂၃၈။) -- ဤသို့စသည့် သုတ္တန်အရပ်ရပ်တို့ကို ကိုးကား၍ လက္ခဏာရေးသုံးတန်လုံး ရှုဖို့ မလိုကြောင်း, လက္ခဏာ တစ်ပါး ရှုရုံမျှဖြင့် ကိစ္စပြီးနိုင်သည် အရိယမဂ်သို့ဆိုက်နိုင်သည်ဟု အယူရှိတော်မူကြ၏။ ဤပြဿနာရပ် ပြေလည် ရန်အတွက် အောက်ပါ အဋ္ဌကထာအဖွင့်များနှင့် နှီးနှောကြည့်သင့်ပေသည်။

ဣတိ ဣဒံ သုတ္တံ ဆသု အဇ္ဈတ္တိကာယတနေသု တီဏိ လက္ခဏာနိ ဒေဿတွာ ကထိတေ ဗုဇ္ဈနကာနံ အဇ္ဈာသယေန ဝုတ္တံ။ (သံ၊ဋ္ဌ၊၃၊၂။)

ဒုတိယံ ဒွေ လက္ခဏာနိ, တတိယံ ဧကလက္ခဏံ ဒေဿတွာ ကထိတေ ဗုဇ္ဈနကာနံ အဇ္ဈာသယေန ဝုတ္တံ။ သေသာနိ ပန တေဟိ သလ္လက္ခိတာနိ ဝါ ဧတ္တကေန ဝါ သလ္လက္ခေဿန္တီတိ။ (သံ၊ဋ္ဌ၊၃၊၂။)

ဣဒမ္ပိ ဗာဟိရေသု ဆသု အာယတနေသု တိလက္ခဏံ ဒေဿတွာ ကထိတေ ဗုဇ္ဈနကာနံ ဝသေန ဝုတ္တံ။ ပဉ္စမေ ဆဋ္ဌေ စ ဒုတိယတတိယေသု ဝုတ္တသဒိသောဝ နယော။ (သံ၊ဋ္ဌ၊၃၊၂။)

သတ္တမာဒီနိ အတီတာနာဂတေသု စက္ခာဒီသု အနိစ္စလက္ခဏာဒီနိ သလ္လက္ခေတွာ ပစ္စုပ္ပန္နေသု ဗလဝဂါဟေန ကိလမန္တာနံ ဝသေန ဝုတ္တာနိ။ (သံ၊ဋ္ဌ၊၃၊၃။)

သလ္လက္ခိတာနီတိ သမ္မဒေဝ ဥပဓာရိတာနိ။ ဧတ္တကေနာတိ ဒွိန္နံ ဧကေဿဝ ဝါ လက္ခဏဿ ကထနေန။ (သံ၊ဋီ၊၂၊၂၈၃။)

ဤအထက်ပါ အဋ္ဌကထာဋီကာတို့၏ ဖွင့်ဆိုချက်များ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ -----

သဠာယတနဝဂ္ဂသံယုတ်ပါဠိတော် ----- အဇ္ဈတ္တာနိစ္စသုတ္တန်တွင် လက္ခဏာရေးသုံးတန်, အဇ္ဈတ္တဒုက္ခ သုတ္တန်တွင် ဒုက္ခလက္ခဏာ အနတ္တလက္ခဏာဟူသော လက္ခဏာရေး နှစ်တန်, အဇ္ဈတ္တာနတ္တသုတ္တန်တွင် အနတ္တ လက္ခဏာတစ်ခုကို, ဗာဟိရာနိစ္စသုတ္တန်, ဗာဟိရဒုက္ခသုတ္တန်, ဗာဟိရာနတ္တသုတ္တန် တို့တွင်လည်း အလားတူပင် လက္ခဏာရေး သုံးတန်, လက္ခဏာရေး နှစ်တန်, လက္ခဏာရေး တစ်တန်တို့ကို အသီးအသီး အစဉ်အတိုင်း ဟောကြားတော်မူ၏။

ထိုသို့ လက္ခဏာရေး သုံးတန်, နှစ်တန်, တစ်တန်တို့ကို ညွှန်ပြ၍ ဟောကြားတော်မူရာ၌ သစ္စာလေးပါးကို အရိယမဂ်ဉာဏ်ဖြင့် ထိုးထွင်းသိမြင်ထိုက်ကုန်သော ယောဂါဝစရပုဂ္ဂိုလ်တို့၏ အလိုအဇ္ဈာသယဓာတ်နှင့် လျော်ညီစွာ ဟောကြားတော်မူခြင်းဖြစ်၏။

၁။ သင်္ခါတရားတို့ကို (အဇ္ဈတ္တ၌ဖြစ်စေ ဗဟိဒ္ဓ၌ဖြစ်စေ) လက္ခဏာရေးသုံးတန်လုံး တင်ကာ ရှုပွားသုံးသပ်ဖို့ရန် လိုနေသေးသော ရဟန်းတော်တို့ကို လက္ခဏာရေး သုံးတန်လုံးတင်ကာ ရှုပွားသုံးသပ်ရန် ဘုရားရှင်သည် ညွှန်ကြားတော်မူ၏။ (အဇ္ဈတ္တာနိစ္စသုတ္တန် ဗာဟိရာနိစ္စသုတ္တန် ----- သံ၊၂၊၂၃၆-၂၃၇။)

၂။ ထိုရဟန်းတော်တို့တွင် အချို့ရဟန်းတို့သည် လက္ခဏာရေးသုံးတန်တို့တွင် အနိစ္စလက္ခဏာကို ထိုးထွင်း သိမြင်ပြီး ဖြစ်နေကြ၏။ အနိစ္စာနုပဿနာဉာဏ်မှာ အားကောင်းနေကြ၏၊ ဒုက္ခာနုပဿနာဉာဏ်နှင့် အနတ္တာနုပဿနာဉာဏ်တို့ကား အားပျော့နေကြ၏။ ထို့ကြောင့် ထိုလိုအပ်နေသော လက္ခဏာနှစ်ပါးတို့ကို ရှုပွားသုံးသပ်ရန် ဟောကြားပေးတော်မူလိုက်သည်ရှိသော် သစ္စာလေးပါးကို သိမြင်ကြပေလိမ့်မည်ဟု ဘုရားရှင်သည် ထိုဝေနေယျတို့၏ အဇ္ဈာသယဓာတ်ကို သိတော်မူပြီး ဖြစ်နေ၏။ တစ်နည်းဆိုရသော် ဒုက္ခာနုပဿနာဉာဏ်နှင့် အနတ္တာနုပဿနာဉာဏ်တို့ကို ရင့်သန်အောင် ကြိုးပမ်းလိုက်ပါက အနိစ္စာနုပဿနာဉာဏ်လည်း ရင့်သန်လာကာ သစ္စာလေးပါးကို ထိုးထွင်းသိလိမ့်မည်ဟု ဘုရားရှင်သည် သိတော်မူပြီး ဖြစ်နေ၏။ ထို့ကြောင့် ဒုက္ခာနုပဿနာနှင့် အနတ္တာနုပဿနာနှစ်မျိုးကို ရှုရန် ဘုရားရှင်က (ဒုတိယ အဇ္ဈတ္တဒုက္ခသုတ်၌) ညွှန်ကြားတော်မူခြင်း ဖြစ်၏။ (ဗာဟိရဒုက္ခသုတ်၌လည်း နည်းတူ မှတ်ပါ။)

၃။ တစ်ဖန် အဇ္ဈတ္တာနတ္တသုတ် (သံ၊၂၊၂၃၇။), ဗာဟိရာနတ္တသုတ် (သံ၊၂၊၂၃၈။) တို့၌ အနတ္တလက္ခဏာကို ဦးစားပေး၍ သင်္ခါရတရားတို့ကို ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူ၏။ ထိုရဟန်းတို့ကား အနိစ္စာနုပဿနာဉာဏ်နှင့် ဒုက္ခာနုပဿနာဉာဏ်တို့ ရင့်ကျက်နေသူတို့ ဖြစ်ပြီးလျှင် အနတ္တာနုပဿနာဉာဏ်က အားပျော့နေ၏။ အားပျော့နေသော အနတ္တာနုပဿနာဉာဏ်ကို ဦးစားပေး၍ သင်္ခါရတရားတို့ကို ဝိပဿနာ ရှုပွားသုံးသပ်လိုက်ပါက ထို ရဟန်းတော်တို့သည် သစ္စာလေးပါးကို ထိုးထွင်းသိမြင်ကုန်လတ္တံ့ဟု ဘုရားရှင်က သိမြင်တော်မူနေ၏။ တစ်နည်းဆိုသော် အနတ္တာနုပဿနာဉာဏ်ကို ဦးစားပေး၍ သင်္ခါရတရားတို့ကို ဝိပဿနာ ရှုပွားသုံးသပ်ခဲ့သော် အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ်တို့ကိုလည်း ကောင်းစွာ မှတ်သားနိုင်ကြကုန်၍ သစ္စာလေးပါးကို ထိုးထွင်းသိမြင်ကုန်နိုင်လတ္တံ့ဟု ဘုရားရှင်သည် သိမြင်တော်မူပြီး ဖြစ်၏။ ထို့ကြောင့် အနတ္တာနုပဿနာဉာဏ်ကို ဦးစားပေးရှုရန် ညွှန်ကြားတော်မူခြင်းဖြစ်၏။

ဤကား အထက်ပါ အဋ္ဌကထာဋီကာ အဖွင့်တို့၏ ဆိုလိုရင်း အနက်သဘောတည်း။ အကယ်၍ ထို အဋ္ဌကထာ ဋီကာအဖွင့်တို့သည် ပါဠိတော်နှင့် မညီညွတ်ပါဟု အသင်သူတော်ကောင်းဘက်က အယူအဆ ရှိနေပါသေးလျှင် ယင်း မူရင်းပါဠိတော်များကိုပင် ဖတ်ရှုကြည့်ပါ။

၁။ စက္ခုံ ဘိက္ခဝေ အနိစ္စံ၊ ယဒနိစ္စံ တံ ဒုက္ခံ၊ ယံ ဒုက္ခံ တဒနတ္တာ၊ ယဒနတ္တာ တံ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ (သံ၊၂၊၂၃၆။)

ရူပါ ဘိက္ခဝေ အနိစ္စာ။ ယဒနိစ္စံ တံ ဒုက္ခံ၊ ယံ ဒုက္ခံ တဒနတ္တာ၊ ယဒနတ္တာ တံ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ (သံ၊၂၊၂၃၇။)

ရဟန်းတို့ ...စက္ခုအကြည်ဓာတ်သည် အနိစ္စတည်း။ အနိစ္စဖြစ်သော ထို စက္ခုအကြည်ဓာတ်သည် ဒုက္ခတည်း။ ဒုက္ခဖြစ်သော ထို စက္ခုအကြည်ဓာတ်သည် အနတ္တတည်း။ အနတ္တဖြစ်သော ထို စက္ခုအကြည်ဓာတ်ကို နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ = ဤစက္ခုအကြည်ဓာတ်သည် ငါ့ဟာ မဟုတ်၊ ဤစက္ခုအကြည်ဓာတ်သည် ငါ မဟုတ်၊ ဤစက္ခုအကြည်ဓာတ်သည် ငါ၏အတ္တ မဟုတ် ----- ဟု ဤသို့လျှင် ဤစက္ခုအကြည်ဓာတ်ကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာဉာဏ်အလင်းဓာတ်ဖြင့် ရှုပါ။ (သံ၊၂၊၂၃၆။)

ရဟန်းတို့ ...ရူပါရုံတို့သည် အနိစ္စတို့သာတည်း။ အနိစ္စဖြစ်သော ထို ရူပါရုံသည် ဒုက္ခတည်း၊ ဒုက္ခ ဖြစ်သော ထိုရူပါရုံသည် အနတ္တတည်း။ အနတ္တဖြစ်သော ထိုရူပါရုံကို ----- နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ = ဤရူပါရုံသည် ငါ့ဟာ မဟုတ်၊ ဤရူပါရုံသည် ငါ မဟုတ်၊ ဤရူပါရုံသည် ငါ၏အတ္တ မဟုတ်-ဟု ဤသို့လျှင် ဤ ရူပါရုံကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ဖြိုခွဲ ဖောက်ထွင်း ဝိပဿနာဉာဏ်အလင်းဓာတ်ဖြင့် ရှုပါ။ (သံ၊၂၊၂၃၇။) ကြွင်းကျန်သော အတွင်းအာယတန အပြင်အာယတန တို့၌လည်း ပုံစံတူပင် ဟောကြားထားတော်မူပါသည်။

၂။ စက္ခုံ ဘိက္ခဝေ ဒုက္ခံ၊ ယံ ဒုက္ခံ တဒနတ္တာ၊ ယဒနတ္တာ တံ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ (သံ၊၂၊၂၃၇။)

ရူပါ ဘိက္ခဝေ ဒုက္ခာ၊ ယံ ဒုက္ခံ တဒနတ္တာ၊ ယဒနတ္တာ တံ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ (သံ၊၂၊၂၃၈။)

ရဟန်းတို့ ...စက္ခုအကြည်ဓာတ်သည် ဒုက္ခတည်း၊ ဒုက္ခဖြစ်သော စက္ခုအကြည်ဓာတ်သည် အနတ္တ တည်း။ အနတ္တဖြစ်သော ထိုစက္ခုအကြည်ဓာတ်ကို နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ = ဤစက္ခုအကြည်ဓာတ်သည် ငါ့ဟာ မဟုတ်၊ ဤစက္ခုအကြည်ဓာတ်သည် ငါ မဟုတ်၊ ဤစက္ခုအကြည်ဓာတ်သည် ငါ၏အတ္တ မဟုတ်----- ဟု ဤသို့လျှင် ဤစက္ခုအကြည်ဓာတ်ကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာဉာဏ်အလင်းဓာတ်ဖြင့် ရှုပါ။ (သံ၊၂၊၂၃၇။)

ရဟန်းတို့ ...ရူပါရုံတို့သည် ဒုက္ခတို့တည်း၊ ဒုက္ခဖြစ်သော ထိုရူပါရုံသည် အနတ္တတည်း၊ အနတ္တဖြစ်သော ထိုရူပါရုံကို -----နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ = ဤရူပါရုံသည် ငါ့ဟာ မဟုတ်၊ ဤရူပါရုံသည် ငါ မဟုတ်၊ ဤရူပါရုံသည် ငါ၏အတ္တ မဟုတ် ----- ဟု ဤသို့လျှင် ဤရူပါရုံကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ဖြိုခွဲ ဖောက်ထွင်း ဝိပဿနာဉာဏ်အလင်းဓာတ်ဖြင့် ရှုပါ။ (သံ၊၂၊၂၃၈။) - ကြွင်းကျန် သော အာယတနအားလုံးတို့၌လည်း ပုံစံတူပင် ဆက်လက် ဟောကြားထားတော်မူပါသည်။

၃။ စက္ခုံ ဘိက္ခဝေ အနတ္တာ၊ ယဒနတ္တာ တံ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ (သံ၊၂၊၂၃၇။)

ရူပါ ဘိက္ခဝေ အနတ္တာ၊ ယဒနတ္တာ တံ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ (သံ၊၂၊၂၃၈။)

ရဟန်းတို့ ...စက္ခုအကြည်ဓာတ်သည် အနတ္တတည်း၊ အနတ္တဖြစ်သော ထိုစက္ခုအကြည်ဓာတ်ကို ------ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ = ဤစက္ခုအကြည်ဓာတ်သည် ငါ့ဟာ မဟုတ်၊ ဤ စက္ခုအကြည်ဓာတ်သည် ငါ မဟုတ်၊ ဤစက္ခုအကြည်ဓာတ်သည် ငါ၏အတ္တ မဟုတ် ----- ဟု ဤသို့လျှင် ဤစက္ခုအကြည်ဓာတ်ကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ဖြိုခွဲ ဖောက်ထွင်း ဝိပဿနာဉာဏ်အလင်းဓာတ်ဖြင့် ရှုပါ။ (သံ၊၂၊၂၃၇။)

ရဟန်းတို့ ...ရူပါရုံတို့သည် အနတ္တတို့တည်း၊ အနတ္တဖြစ်သော ထိုရူပါရုံကို ----- နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ = ဤရူပါရုံသည် ငါ့ဟာ မဟုတ်၊ ဤရူပါရုံသည် ငါ မဟုတ်၊ ဤရူပါရုံသည် ငါ၏အတ္တ မဟုတ်----- ဟု ဤသို့လျှင် ဤရူပါရုံကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာဉာဏ်အလင်းဓာတ်ဖြင့် ရှုပါ။ (သံ၊၂၊၂၃၈။) ကြွင်းကျန်သော အာယတနအားလုံးတို့၌ ပုံစံတူပင် ဆက်လက်၍ ဟောကြားထားတော်မူပေသည်။

ဤအထက်ပါ သုတ္တန်များ၌ အဇ္ဈတ္တာနိစ္စသုတ္တန် ဗာဟိရာနိစ္စသုတ္တန်တို့တွင် အတွင်းအာယတန (၆)ပါး, အပြင်အာယတန (၆)ပါးတည်းဟူသော အာယတန (၁၂)ပါး သင်္ခါတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တဖြစ်ကြောင်း ဟောကြားတော်မူပြီးနောက် ယင်း သင်္ခါရတရားတို့ကို ----- နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ ဟု ဆက်လက်၍ ဝိပဿနာရှုရန် ညွှန်ကြားတော်မူ၏။

တစ်ဖန် အဇ္ဈတ္တဒုက္ခသုတ္တန် ဗာဟိရဒုက္ခသုတ္တန်တို့တွင် အတွင်းအာယတန (၆)ပါး အပြင်အာယတန (၆)ပါးတည်းဟူသော အာယတန (၁၂)ပါး သင်္ခါရတရားတို့ကို ဒုက္ခ အနတ္တတရားတို့ ဖြစ်ကြောင်းကို ဟောကြားတော်မူပြီးနောက် ယင်းသင်္ခါရတရားတို့ကို ----- နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ----- ဟု ဆက်လက်၍ ဝိပဿနာရှုရန် ညွှန်ကြားတော်မူပြန်၏။

တစ်ဖန် အဇ္ဈတ္တာနတ္တသုတ္တန် ဗာဟိရာနတ္တသုတ္တန်တို့တွင် အတွင်းအာယတန (၆)ပါး အပြင်အာယတန (၆)ပါး တည်းဟူသော အာယတန (၁၂)ပါး သင်္ခါရတရားတို့ကို အနတ္တတရားတို့ ဖြစ်ကြောင်း ဟောကြားပြသတော်မူပြီးနောက် ယင်းသင်္ခါရတရားတို့ကို ----- နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာဟု ဆက်လက်၍ ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူပြန်၏။

နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာတိ သမနုပဿာမီတိ အနိစ္စံ ဒုက္ခံ အနတ္တာတိ သမနုပဿာမိ။ (မ၊ဋ္ဌ၊၄၊၂၃၂။)

ဤအထက်ပါ ဆန္နောဝါဒသုတ္တန် အဋ္ဌကထာအဖွင့်နှင့်အညီ ---- နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ --- ဟု ဝိပဿနာရှုရန် ညွှန်ကြားတော်မူခြင်းသည် သင်္ခါရတရားတို့ကို အနိစ္စဟုလည်းကောင်း ဒုက္ခဟု လည်းကောင်း အနတ္တဟုလည်းကောင်း ရှုပါဟု ညွှန်ကြားတော်မူခြင်းနှင့် အတူတူပင် ဖြစ်သည်ဟု မှတ်ပါ။

ထို့ကြောင့် အထက်ပါ အဋ္ဌကထာဋီကာ အဖွင့်များသည် ပါဠိတော်၌ ဘုရားရှင်၏ ဟောကြားတော်မူချက် နှင့် ဂင်္ဂါရေနှင့် ယမုနာရေ ရောသကဲ့သို့ တစ်သားတည်း ညီညွတ်လျက် ရှိသည်ဟု မှတ်ပါ။ အလားတူပင် ခန္ဓဝဂ္ဂသံယုတ် ပါဠိတော်၌ လာရှိသော အနိစ္စသုတ္တန် ဒုက္ခသုတ္တန် အနတ္တသုတ္တန် ယဒနိစ္စသုတ္တန် ယံဒုက္ခသုတ္တန် ယဒနတ္တာသုတ္တန် သဟေတုအနိစ္စသုတ္တန် သဟေတုဒုက္ခသုတ္တန် သဟေတုအနတ္တသုတ္တန် တို့၌လည်း ထိုထို ကျွတ်ထိုက်သသူ သစ္စာလေးပါးကို ထိုးထွင်းသိထိုက်သသူတို့၏ အလိုအဇ္ဈာသယဓာတ်နှင့် လျော်ညီစွာ တရားတော်ကို ဟောကြားတော်မူခြင်းသာ ဖြစ်ပေသည်။ လက္ခဏာရေး သုံးတန်လုံးကိုကား ရှုရမည်သာဟု မှတ်ပါ။

အနိစ္စဝဂ္ဂေ ပရိယောသာနသုတ္တံ ပုစ္ဆာဝသိကံ၊ သေသာနိ တထာ တထာ ဗုဇ္ဈနကာနဉ္စ ဝသေန ဒေသိတာနီတိ။ (သံ၊ဋ္ဌ၊၂၊၂၄၂။)

အကျယ်ကို အရူပသတ္တက ရှုနည်းအပိုင်းတွင် ထပ်မံ၍ ရေးသားတင်ပြပါဦးမည်။ ဤအပိုင်းတွင် လက္ခဏာရေး သုံးတန်လုံးကို တစ်လှည့်စီ လှည့်၍ ဝိပဿနာရှုရမည်ဟုသာ မှတ်သားထားနှင့်ပါဦး။

အနိစ္စလက္ခဏာက စ၍ ရှုပုံ

လက္ခဏာရေးသုံးတန်တွင် မိမိ ယောဂါဝစရပုဂ္ဂိုလ် ကြိုက်နှစ်သက်ရာ လက္ခဏာက စ၍ ဝိပဿနာရှုနိုင်သည်သာ ဖြစ်သည်။ (ဝိသုဒ္ဓိ၊၂၊၃၀၁ - ကို ကြည့်ပါ။) ဤကျမ်းတွင်ကား အနိစ္စလက္ခဏာက စ၍ ဝိပဿနာ ရှုပွားပုံကို ဦးစားပေး၍ တင်ပြအပ်ပါသည်။

ရှေးဦးစွာ စက္ခုဒွါရ၌ ရှိသော (၅၄)မျိုးသော ပရမတ်တရား (= ရုပ်အစစ်) တို့ကို သိမ်းဆည်းပါ။ ယင်း ပရမတ်ရုပ်တရားတို့၏ ဖြစ်ပြီး ပျက်သွားသော သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ကုန်ကုန်သွားသော သဘော ပျောက်ပျောက်သွားသော သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟု ရှုပါ။ ယင်း ရုပ်တရားတို့၏ ဖြစ်ပျက်သဘောကား မြန်နေမည် ဖြစ်သည်၊ မြန်သော်လည်း အနိစ္စဟုရှုမှုမှာ ခပ်ဖြည်းဖြည်းသာ ရှုပါ။ ဖြစ်ပျက် မြန်သလောက် အနိစ္စဟု ရှုမှုမှာ မြန်နေသော် မလိုက်နိုင်ဘဲ မောလာတတ်သည်။ ဖြစ်မှုပျက်မှု အကြိမ်မှာ အလွန် အရေအတွက်များသော် အနိစ္စဟု ရှုမှုမှာ နှေးသော်လည်း အပြစ်မဖြစ်ပါ။ အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်က ယင်း ရုပ်ပရမတ်တရားတို့၏ ဖြစ်ပျက်သဘောကို ခပ်နှေးနှေး ခပ်ဖြည်းဖြည်းသာ ဉာဏ်ဖြင့် မြင်နေလျှင်လည်း ဖြစ်ပျက်သဘောတရားတို့ကို မြန်မြန်မြင်အောင် စူးစူးစိုက်စိုက် ရှုပါ။ အဇ္ဈတ္တ၌ အောင်မြင်မှု ရရှိသောအခါ ဗဟိဒ္ဓ၌လည်း ဗဟိဒ္ဓချင်း တူညီ၍ သာမန်ပေါင်းစု ခြုံငုံလျက် စက္ခုဒွါရ၌ ရှိသော (၅၄)မျိုးသော ရုပ်အစစ်တို့၏ ဖြစ်မှုပျက်မှုကို အာရုံယူ၍ အနိစ္စဟု ရှုပါ။ ရံခါ အဇ္ဈတ္တ၌ ရံခါ ဗဟိဒ္ဓ၌ သွက်အောင် ရှုပါ။ ဗဟိဒ္ဓကို ရှုရာ၌ ရှေးဦးစွာ အနီးက စ၍ သာမန် ခြုံငုံရှုပါ။ နောက်ပိုင်း သွက်လာသောအခါ၌ တစ်စတစ်စ တိုးချဲ့၍ ရှုသွားပါ။ (၃၁)ဘုံအတွင်း၌တည်ရှိသော ရုပ်လောကအားလုံးကို ခြုံငုံ၍ ရှုနိုင်သည်အထိ ကြိုးပမ်းပါ။ အောင်မြင်မှု ကျေနပ်မှု ရရှိသောအခါ သောတဒွါရစသည်တို့၌လည်း နည်းမှီး၍ ရှုပါ။ ဥပမာ ---- သောတဒွါရ၌ (၅၄)မျိုးသောရုပ် ကာယဒွါရ၌ (၄၄)မျိုးသောရုပ် ဆံပင်၌ (၄၄)မျိုးသောရုပ် ----- ဤသို့စသည်ဖြင့် ရုပ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ဖော်ပြထားသည့်အတိုင်း ဒွါရတစ်ခုစီ တစ်ခုစီ၌ တည်ရှိသော ရုပ်တရားတို့ကိုလည်းကောင်း ကောဋ္ဌာသတစ်ခုစီ တစ်ခုစီ၌ တည်ရှိသော ရုပ်တရားတို့ကိုလည်းကောင်း ခြုံငုံ၍ ယင်း ရုပ်တရားတို့၏ ဖြစ်မှုပျက်မှုကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အနိစ္စဟုသာ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် တွင်တွင်ရှုနေပါ။

သတိပြုရန် အချက်တစ်ရပ်

ထိုသို့ ရှုရာ၌ သတိပြုရန် အချက်တစ်ရပ်မှာ ရုပ်ကလာပ်များ၏ ပြိုပြိုပျက်ပျက်နေမှု သဘောကို အာရုံယူ၍ အနိစ္စဟု ရှုခြင်းပင်ဖြစ်၏။ ယင်းသို့ ရုပ်ကလာပ်တို့၏ ဖြစ်မှုပျက်မှုကို အာရုံယူ၍ အနိစ္စဟုကား မရှုပါနှင့်၊ ရုပ်ကလာပ် ဟူသည် ရုပ်လောကဝယ် သမူဟဃနစသည့် ရုပ်အတုံးအခဲများ မပြိုသေးသည့် အသေးဆုံး ရုပ်အဖွဲ့ အစည်း တစ်ခုမျှသာဖြစ်၏။ သမူဟပညတ် မကွာသေးသည့် ပညတ်အတုံးအခဲကလေးမျှသာ ဖြစ်၏။ ပညတ်ကိုကား လက္ခဏာယာဉ် သုံးချက်တင်၍ ဝိပဿနာ မရှုကောင်း၊ ယင်းရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိကြသော (၈)မျိုး (၉)မျိုး (၁၀)မျိုး စသော ရုပ်ပရမတ်အစစ်တို့ကိုသာ ဝိပဿနာ ရှုကောင်းသည်။ သတိရှိစေ။

ထိုသို့ ပညတ်မှာ သောင်တင်၍ နေမည်စိုးသည်က တစ်ကြောင်း, ဝိပဿနာကို အားသစ်စတွင် ဉာဏ်က အလွန်ကြီးမထက်မြက် မစူးရှသေးသဖြင့် ရုပ်တရား အားလုံးကို အသိဉာဏ် သန့်သန့်ရှင်းရှင်းဖြင့် မခြုံနိုင် မငုံနိုင် ဖြစ်တတ်သေးသည်က တစ်ကြောင်း ဤအကြောင်းနှစ်ချက်ကြောင့် (၆)ဒွါရတို့၌လည်း ဒွါရတစ်ခုစီ တစ်ခုစီ၌ တည်ရှိသော ရုပ်တရားတို့ကို, (၄၂)ကောဋ္ဌာသတို့၌လည်း ကောဋ္ဌာသ တစ်ခုစီ တစ်ခုစီ၌ တည်ရှိသော ရုပ်တရား တို့ကို ရှေးဦးစွာ ခြုံငုံ၍ ဝိပဿနာ ရှုခိုင်းခြင်း ဖြစ်ပါသည် ။

ထိုကဲ့သို့ ဒွါရတစ်ခုစီ၌ တည်ရှိကြသော ရုပ်တရား, ကောဋ္ဌာသ တစ်ခုစီ၌ တည်ရှိကြသော ရုပ်တရား တို့ကို ဒွါရတစ်ခုစီ ကောဋ္ဌာသတစ်ခုစီ ခွဲ၍ ခြုံငုံ၍ ဝိပဿနာ ရှုရာ၌ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ပင် အားရ ကျေနပ်မှုရှိလာသောအခါ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိကြသော ရုပ်တရားအားလုံးကို ခြုံငုံ၍ ယင်း ရုပ်တရားတို့၏ ဖြစ်မှု ပျက်မှုကို အာရုံယူ၍ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ခြုံငုံ၍လည်း ရှုပါ။ တစ်စ တစ်စ (၃၁)ဘုံကို ခြုံငုံ၍ သို့မဟုတ် စကြဝဠာတစ်ခုလုံးကို ခြုံငုံ၍ ရှုနိုင်သည်အထိ တိုးချဲ့၍ ရှုပါ။

သတိပြုရန် ---ဤ၌ သတိပြုရန် အချက်တစ်ရပ်မှာ ------

၁။ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့တွင် ဒွါရ (၁)ခုစီ၌ ကောဋ္ဌာသ (၁)ခုစီ၌ရှိသော ရုပ်တရားတို့ကို ခြုံငုံ၍ရှုနည်း,

၂။ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိကြသော ရုပ်တရားအားလုံးကို ခြုံငုံ၍ရှုနည်းဟု ခြုံငုံ၍ရှုသော ကလာပသမ္မသနဟု ခေါ်သော နယဝိပဿနာ နှစ်မျိုးကို သတိပြု၍ မှတ်သားထားပါ။

သက်ရှိလောက၌ ရှိသော ရုပ်တရားတို့ကို ခြုံငုံ၍ အနိစ္စဟု တွင်တွင် ရှုနိုင်သော် ဗဟိဒ္ဓ သက်မဲ့လောက၌ ရှိသော ဥတုဇ ဩဇဋ္ဌမကရုပ် ဥတုဇ သဒ္ဒနဝကကလာပ်ရုပ်တို့ကိုလည်း အနီးမှ စ၍ တဖြည်းဖြည်း စကြဝဠာ တစ်ခုလုံး ခြုံငုံမိအောင် တိုးချဲ့၍ အနိစ္စဟုရှုပါ။ ဤသက်မဲ့လောက၌လည်း ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ရုပ်တရားတို့ကို သိမ်းဆည်း၍ ယင်း ပရမတ်တရားတို့၏ ဖြစ်မှုပျက်မှုကို အာရုံယူ၍ အနိစ္စဟု တွင်တွင် ရှုပါ။ ရုပ်ကလာပ်အမှုန်များ၏ ဖြစ်မှု ပျက်မှုကို အာရုံယူ၍ မရှုပါနှင့်။

ထိုသို့ ရုပ်လောက၌ အနီးမှသည် အဝေးသို့တိုင်အောင် အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံးတို့၌ စကြဝဠာတစ်ခုလုံးကို ခြုံငုံ၍ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် တွင်တွင်ကြီး ရှုနိုင်သောအခါ မိမိဉာဏ်စွမ်းရှိသမျှ အနန္တစကြဝဠာသို့ တိုင်အောင် ဉာဏ်ကို ဖြန့်ကြက်၍ ရုပ်တရားတို့ကို သိမ်းဆည်းပြီးလျှင် ယင်း ရုပ်တရားတို့၏ ဖြစ်မှု ပျက်မှုကို အာရုံယူ၍ အနိစ္စဟု အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် တွင်တွင်ကြီး ရှုနေပါ။

ဒုက္ခလက္ခဏာ

အနိစ္စလက္ခဏာကို အထက်ပါအတိုင်း တွင်တွင်ကြီး ရှုနိုင်၍ အားရကျေနပ်မှု ရရှိလာသောအခါ အလားတူပင် အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံး၌ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့တွင် ဒွါရ (၁)ခုစီ ကောဋ္ဌာသ (၁)ခုစီ၌ တည်ရှိကြသော ရုပ်တရားတို့ကို ခြုံငုံ၍လည်းကောင်း, (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိကြသော ရုပ်တရား အားလုံးကို ခြုံငုံ၍လည်းကောင်း ယင်းရုပ်တရားတို့၏ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံရသည့် သဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍လည်းကောင်း, ယင်း ရုပ်တရားတို့၏ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်းနှိပ်စက် ခံရသည့်အတွက်ကြောင့် ကြောက်လန့်ဖွယ်ကောင်းသော အနက်သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လည်းကောင်း ဒုက္ခ ဒုက္ခဟု ရှုပါ။ သက်ရှိလောက၌ အဇ္ဈတ္တ တစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရှု၍ ကျေနပ်မှု ရရှိသောအခါ သက်မဲ့လောက၌လည်း နည်းတူပင် အနိစ္စလက္ခဏာ ရှုကွက်၌ တင်ပြခဲ့သည့်အတိုင်း နည်းမှီး၍ ရှုပါ။ အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ နှစ်ပါး၌ အနန္တစကြဝဠာသို့ တိုင်အောင် ဉာဏ်ကို ဖြန့်ကြက်၍ ရှုလာရာ၌ အားရကျေနပ်မှု ရသောအခါ အနတ္တလက္ခဏာသို့ ပြောင်း၍ ရှုနိုင်ပေပြီ။

အနတ္တလက္ခဏာ

(၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိကြသော ရုပ်တရားတို့၏ အနိစ္စသဘော ဒုက္ခသဘောများသည် ဉာဏ်၌ ပေါလောကြီး ပေါ်လာသောအခါ ယင်း ဖြစ်ပျက် နေသော ရုပ်တရား, ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက် ခံနေရသော ရုပ်တရား ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်း နှိပ်စက်ခံနေရသည့် အတွက်ကြောင့် ကြောက်လန့်ဖွယ် ကြောက်မက်ဖွယ် ရုပ်သဘောတရားတို့၌ ----

၁။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် ခန္ဓာအိမ်အသစ်လဲသော်လည်း မပျက်စီးဘဲ တစ်ဘဝပြီးတစ်ဘဝ အမြဲတည်နေသော နိဝါသီအတ္တ,

၂။ ပြုလုပ်ဖွယ် မှန်သမျှကို ပြုလုပ်တတ်သော ကာရကအတ္တ,

၃။ ခံစားဖွယ် မှန်သမျှကို ခံစားတတ်သော ဝေဒကအတ္တ,

၄။ မိမိအတ္တ၏ အလိုအတိုင်း ဖြစ်စေနိုင်သော သယံဝသီအတ္တ,

၅။ ခန္ဓာအိမ်ကို ပိုင်ဆိုင်သော သာမိအတ္တ,

၆။ ပြုလုပ်ဖွယ်မှန်သမျှကို စီမံခန့်ခွဲတတ်သော အဓိဋ္ဌာယကအတ္တ ---

ဤသို့စသည့် သာသနာပ အယူအဆရှိသူ အတ္တဝါဒသမားတို့ ပြောဆိုလေ့ စွဲယူလေ့ရှိသော အတ္တ၏ မရှိမှု သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ---- အနတ္တ အနတ္တ ဟု တွင်တွင် ရှုပါ။ အနိစ္စလက္ခဏာ၌ ဖော်ပြခဲ့သည့်အတိုင်း အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံး၌လည်းကောင်း, သက်ရှိလောက သက်မဲ့လောက နှစ်မျိုးလုံး၌ လည်းကောင်း အနန္တစကြဝဠာသို့တိုင်အောင် ဖြန့်ကြက်၍ ရှုပါ။

ရုပ်လောကဝယ် အနန္တစကြဝဠာသို့တိုင်အောင် ဉာဏ်ကို ဖြန့်ကြက်၍ ရုပ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြား၍ ယူကြည့်ရာဝယ် ယင်းရုပ်တရားတို့၏ ဖြစ်ပြီးလျှင် ပျက်နေသည့် သဘောကိုသာ ဉာဏ်ဖြင့် မြင်တွေ့နေသော အခါ ယင်းရုပ်လောက၌ ဖြစ်ပြီးနောက် မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် အတ္တကို ယောဂါဝစရပုဂ္ဂိုလ်သည် ရှာမတွေ့ဖြစ်နေ၏။ (နာမ်လောက၌လည်း နည်းတူပင် မှတ်ပါ။) ဤသို့လျှင် အနိစ္စသညာ ကောင်းစွာ တည်နေသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ သန္တာန်၌ အနတ္တသညာလည်း တည် လာနိုင်သဖြင့် ----

အနိစ္စသညိနော ဟိ မေဃိယ အနတ္တသညာ သဏ္ဌာတိ။ (ဥဒါန်းပါဠိတော်၊၁၂၀။)

ချစ်သား မေဃိယ ... အနိစ္စသညာရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ အနတ္တသညာသည် ကောင်းစွာ တည်လာ၏။ (ဥဒါန၊၁၂၀။)

ဤသို့ ဘုရားရှင် ဟောကြားတော်မူခြင်း ဖြစ်၏။ ဥဒါန်းအဋ္ဌကထာကလည်း အောက်ပါအတိုင်း ဖွင့်ဆိုထား၏။ ----

အနိစ္စလက္ခဏေ ဟိ ဒိဋ္ဌေ အနတ္တလက္ခဏံ ဒိဋ္ဌမေဝ ဟောတိ။ တီသု ဟိ လက္ခဏေသု ဧကသ္မိံ ဒိဋ္ဌေ ဣတရဒွယံ ဒိဋ္ဌမေဝ ဟောတိ။ (ဥဒါန၊ဋ္ဌ၊၂၁၄။)

အနိစ္စလက္ခဏာကို ကောင်းစွာ မြင်သော် အနတ္တလက္ခဏာကိုလည်း ကောင်းစွာ မြင်နိုင်သည်သာလျှင် ဖြစ်၏။ မှန်ပေသည် ---- လက္ခဏာရေးသုံးတန်တို့တွင် လက္ခဏာတစ်ပါးကို မြင်က ကျန်လက္ခဏာ နှစ်ပါးကို မြင်နိုင်သည်သာ ဖြစ်ပေသည်။ (ဥဒါန၊ဋ္ဌ၊၂၁၄။)

ဤအရာ၌ အယူအဆ မမှားစေလိုပါ။ လက္ခဏာရေး သုံးတန်တို့တွင် တစ်ခုရှုလျှင်လည်း လိုရင်းကိစ္စ ပြီးသည်၊ မဂ်ဉာဏ်ကို ရနိုင်သည်ဟု ဆိုလိုရင်း မဟုတ်သည်ကိုကား သတိပြုစေလိုသည်။

၁။ သင်္ခါရတရားတို့ကို အနိစ္စဟု ရှုရာ၌လည်း ယင်းသင်္ခါရတရားတို့၏ ဖြစ်မှု ပျက်မှုကို ဉာဏ်ဖြင့် မြင်နေ ရမည်ဖြစ်၏။

၂။ ယင်းသင်္ခါရတရားတို့ကိုပင် ဒုက္ခဟု ရှုရာ၌လည်း ယင်း သင်္ခါရတရားတို့၏ ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်းနှိပ်စက်ခံနေရသည့် သဘောကို ဉာဏ်ဖြင့် မြင်နေရမည် ဖြစ်၏။

၃။ ယင်းသင်္ခါရတရားတို့ကိုပင် အနတ္တဟု ရှုရာ၌လည်း ဖြစ်ပြီးလျှင် ပျက်နေသည့် ယင်းသင်္ခါရတရားတို့၌ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် အတ္တ မရှိသည့် သဘောကို ဉာဏ်ဖြင့် မြင်နေရမည် ဖြစ်၏။

သို့အတွက် လက္ခဏာရေး သုံးတန်တို့တွင် မည်သည့်လက္ခဏာကိုပင် ဖြစ်စေ တင်၍ သင်္ခါရတရားတို့ကို ရှုရာ၌ ယင်း သင်္ခါရတရားတို့၏ ဖြစ်မှုပျက်မှု = ဖြစ်ပြီးသည်နှင့် ပျက်သွားမှုသဘောကို ဉာဏ်ဖြင့် တွေ့မြင်နေရမည်သာ ဖြစ်ပေသည်။ ထို့ကြောင့် လက္ခဏာတစ်ပါးကို မြင်က ကျန်လက္ခဏာ နှစ်ပါးကိုလည်း ဉာဏ်ဖြင့် တွေ့မြင်ရခြင်း တွေ့မြင်နိုင်ခြင်း ဖြစ်သည်ဟုသာ ဆိုလိုရင်း ဖြစ်ပေသည်။

နာမ်တရားများကို ဝိပဿနာ ရှုပုံ

နာမ်တရားတို့ကို သိမ်းဆည်းခဲ့စဉ်က ယင်း နာမ်တရားတို့ကို ခြုံငုံ၍ အာယတနဒွါရအလိုက် သိမ်းဆည်းထားနိုင်သဖြင့် နာမ်တရားတို့ကို ဝိပဿနာရှုရာ၌လည်း အာယတနဒွါရအလိုက် ခြုံငုံ၍ ဝိပဿနာရှုရန် အားသစ်စ ယောဂါဝစရပုဂ္ဂိုလ်များအတွက် စတင်၍ ရေးသားတင်ပြအပ်ပါသည်။

ရုပ်တရားများ၏ အနိစ္စသဘော ဒုက္ခသဘော အနတ္တသဘောတို့ကို အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ ကျေနပ်မှု ရအောင် ရှုပြီးသောအခါ သို့မဟုတ် သွက်သွက်လက်လက် ရှုနိုင်သောအခါ နာမ်တရားများကို ပြောင်း၍ တစ်လှည့် ဝိပဿနာ ရှုနိုင်ပါသည်။ ရှေးဦးစွာ နာမ်တရားများကို နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများအတိုင်း ----

၁။ အသိစိတ် = ဝိညာဏ်က စ၍ ဖြစ်စေ,

၂။ ဖဿက စ၍ ဖြစ်စေ,

၃။ ဝေဒနာက စ၍ ဖြစ်စေ ----

မိမိနှစ်သက်ရာကစ၍ အာယတနဒွါရအလိုက် နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများအတိုင်း သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းရာ၌ အသင်သူတော်ကောင်းသည် အာနာပါနစတုတ္ထစျာန်သို့ တိုင်အောင်သော စျာန်တရားများကို ရရှိထားပြီးသူဖြစ်သဖြင့် သို့မဟုတ် ဖြစ်နေပါက ယင်းစျာန်နာမ်တရားတို့ကစ၍ သိမ်းဆည်းနိုင်ပါသည်။ ယင်းသို့ သိမ်းဆည်းရာ၌ စျာနသမာပတ္တိဝီထိ ဇယားများအတိုင်း နာမ်တရားတို့ကို ခြုံငုံ၍ သိမ်းဆည်းပါ။ ယင်းသို့ သိမ်းဆည်းပြီးနောက် ဉာဏ်ဖြင့် ပိုင်းခြားယူပြီးနောက် ယင်း စျာန်နာမ်တရားတို့၏ ဖြစ်ပြီးလျှင် ပျက်သွားမှု သဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အနိစ္စ အနိစ္စ ဟု ရှုပါ။ ယင်းသို့ ရှုခြင်းကိုပင် အနိစ္စလက္ခဏာရေး တင်သည်ဟု ဆိုသည်။ ထိုသို့ ရှုရာ၌ ဖြစ်ပျက်ကား မြန်နိုင်သမျှ မြန်ပါစေ၊ အနိစ္စဟု ရှုမှုကား ခပ်ဖြည်းဖြည်းသာ ရှုပါ။ ပထမစျာနသမာပတ္တိဝီထိ ဒုတိယစျာနသမာပတ္တိဝီထိ တတိယစျာနသမာပတ္တိဝီထိ စတုတ္ထစျာနသမာပတ္တိ ဝီထိ နာမ်တရားတို့ကို တစ်ဝီထိပြီး တစ်ဝီထိ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ အကယ်၍ အသင်သူတော်ကောင်းသည် ကသိုဏ်း (၁၀)ပါး သမာပတ် (၈)ပါးတို့ကိုလည်းကောင်း စတုရာရက္ခကဲ့သို့သော အခြားအခြားသော စျာန်တရားများကိုလည်းကောင်း ရရှိထားပြီးသူ ဖြစ်ပါက ယင်း စျာန်နာမ်တရားတို့ကိုလည်း ပုံစံတူပင် ရှုပါ။ အားရကျေနပ်မှုရရှိသောအခါ ကြွင်းကျန်သော နာမ်တရားများကို ဆက်လက် သိမ်းဆည်း၍ ဝိပဿနာရှုပါ။

ထိုသို့ ရှုရာ၌ နာမ်တရားများကို သိမ်းဆည်းခဲ့စဉ်က အာယတနဒွါရအလိုက် သိမ်းဆည်းခဲ့သဖြင့် ယခု ဝိပဿနာပိုင်းတွင်လည်း အာယတနဒွါရအလိုက် ရှုခြင်းကပင် များသောအားဖြင့် ပို၍ အသိဉာဏ် သန့်ရှင်း တတ်ပေသည်။ ရှုပြီးသည့် နာမ်တရား, မရှုရသေးသည့် နာမ်တရားတို့ကိုလည်း အလွယ်တကူ သိနိုင်ပေသည်။ ထို့ကြောင့် နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ရေးသားတင်ပြထားသည့်အတိုင်း တစ်တန်းပြီး တစ်တန်း တစ်တန်းစီ တစ်တန်းစီ ရှုပါလေ။ ထိုသို့ ရှုရာ၌ ရှေးက စက္ခုဒွါရစသောပဉ္စဒွါရဝီထိ တစ်ကြိမ်ဖြစ်က နောက်က ယင်းရူပါရုံ စသည့် ပဉ္စာရုံကိုပင် ထိုက်သလို အာရုံပြုသည့် မနောဒွါရဝီထိများသည် ဝီထိတစ်ခုနှင့် တစ်ခု အကြားတွင် ဘဝင်များ ခြားလျက် အကြိမ်များစွာ ဖြစ်နိုင်သည်ကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ဝိပဿနာရှုပါ။ ဝီထိပေါင်း များစွာကို ခြုံငုံ၍ လက္ခဏာတစ်ချက်ပင် တင်ပါက လုံလောက်ပါသည်။ ရုပ်နာမ်နှစ်ပါးနည်း ခန္ဓာငါးပါးနည်း စသည်တို့၌လည်း နည်းတူသဘောပေါက်ပါ။ ဥဒယဗ္ဗယဉာဏ်စသည်တို့၌လည်း နည်းတူပင်တည်း။

ရူပါရုံလိုင်း သဒ္ဒါရုံလိုင်း ဂန္ဓာရုံလိုင်း ရသာရုံလိုင်း ဖောဋ္ဌဗ္ဗာရုံလိုင်း ဓမ္မာရုံလိုင်း ဟူသော (၆)လိုင်းလုံး၌ နာမ်တရားတို့ကို ကျွမ်းကျွမ်းကျင်ကျင် သိမ်းဆည်းနိုင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပြီးသော အသင်သူတော်ကောင်းသည် ယခုကဲ့သို့ စျာနသမာပတ္တိဝီထိများ အတွင်း၌ တည်ရှိကြသော နာမ်တရားတို့ကို ကျေနပ်အောင် အားရအောင် အနိစ္စလက္ခဏာတင်၍ ဝိပဿနာရှုပွားသုံးသပ်နိုင်သောအခါ ရူပါရုံလိုင်း နာမ်တရားတို့ကစ၍ (၆)လိုင်းလုံးအတွင်း၌ တည်ရှိကြသော နာမ်တရားတို့ကို တစ်လိုင်း တစ်လိုင်း၌ အကောင်းအုပ်စု မကောင်းအုပ်စုများကို ကုန်စင်အောင် သိမ်းဆည်း၍ ယင်းနာမ်တရားတို့၏ ဖြစ်မှုပျက်မှုကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အနိစ္စ အနိစ္စဟု တွင်တွင်ကြီး ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရှုပါ။ တဖြည်းဖြည်း ဗဟိဒ္ဓ၌ (၃၁)ဘုံကို ခြုံငုံ၍ ရှုနိုင်သည့်တိုင်အောင် ဉာဏ်ကို ဖြန့်ကြက်၍ ကြိုးစားအားထုတ်ပြီး ဝိပဿနာရှုပါ။ နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများအတိုင်း အတန်းလိုက် ရှုပါ။

ရံခါ အဇ္ဈတ္တ, ရံခါ ဗဟိဒ္ဓ

ထိုသို့ ဝိပဿနာရှုရာ၌ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ ရုပ်နာမ်တို့ကို သိမ်းဆည်းထားပြီးသော အသင်ယောဂါ ဝစရပုဂ္ဂိုလ်အဖို့ အဇ္ဈတ္တမှသာစ၍ ဝိပဿနာရှုနိုင်သည် မဟုတ်ပါ။ ဗဟိဒ္ဓကစ၍ ဝိပဿနာ နှလုံးသွင်းလိုကလည်း နှလုံးသွင်းနိုင် ရှုနိုင်သည်သာ ဖြစ်သည်။ အကယ်၍ အထက်ပါအတိုင်း အဇ္ဈတ္တကစ၍ ဝိပဿနာရှုပါက အဇ္ဈတ္တ၌ (၆)လိုင်းလုံးကို တစ်လိုင်းပြီး တစ်လိုင်း အနိစ္စလက္ခဏာတင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ပြီးသောအခါ ဗဟိဒ္ဓ၌လည်း ဆက်လက်၍ ဝိပဿနာရှုပါ။ သွက်လာသောအခါ တစ်လိုင်း တစ်လိုင်းမှာပင် အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် သွက်အောင် ရှုပါ။

ထိုသို့ရှုရာ၌ ေ့ရှက စက္ခုဒွါရဝီထိစသော ပဉ္စဒွါရဝီထိများ တစ်ကြိမ်ဖြစ်လျှင် ယင်းရူပါရုံစသည့် ပဉ္စာရုံကိုပင် ထိုက်သလိုအာရုံယူကြသည့် နောက်လိုက် မနောဒွါရဝီထိစသော မနောဒွါရဝီထိများသည် တစ်ဝီထိနှင့် တစ်ဝီထိ အကြား၌ ဘဝင်များခြားလျက် အကြိမ်များစွာ ဖြစ်နိုင်ကြသည်ကို သို့မဟုတ် ဖြစ်နေကြသည်ကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အနိစ္စဟု တွင်တွင် ရှုနေပါ။ ဒုက္ခဟု အနတ္တဟု ရှုရာတို့၌လည်း နည်းတူပင် မှတ်ပါ။

ရူပါရုံလိုင်း နာမ်တရားတို့ကို အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် အနိစ္စ အနိစ္စဟု ဝိပဿနာရှုရာ၌ သွက်လက်လာသောအခါ အလားတူပင် သဒ္ဒါရုံလိုင်း = အသံလိုင်းမှသည် ဓမ္မာရုံလိုင်းသို့တိုင်အောင် နာမ်တရားတို့ကိုလည်း အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ တစ်လှည့်စီ အနိစ္စဟု ရှုနေပါ။ တစ်စတစ်စ တိုးချဲ့၍ စကြဝဠာတစ်ခုလုံးကိုလည်းကောင်း အနန္တစကြဝဠာသို့တိုင်အောင်လည်းကောင်း ဉာဏ်ကို ဖြန့်ကြက်၍ ယင်း နာမ်တရားတို့ကို အနိစ္စဟု တွင်တွင် ရှုပေးပါ။

ယောဂီအများစု၌ကား ဗဟိဒ္ဓဝယ် အနီးမှ စ၍ ရှုပါမှ အနိစ္စာနုပဿနာ စသော အနုပဿနာဉာဏ်များ အရှိန်အဝါ အားကောင်းတတ်သည်ကို တွေ့ရ၏။ အဝေးမှစ၍ ဗဟိဒ္ဓနာမ်တရားတို့ကို ရှုပါက ဉာဏ်မှာ မငုံမိ ရှိတတ်၏၊ မထင်မရှားသော်လည်း ရှိတတ်၏။

တသ္မာ သသန္တာနဂတေ သဗ္ဗဓမ္မေ, ပရသန္တာနဂတေ စ တေသံ သန္တာနဝိဘာဂံ အကတွာ ဗဟိဒ္ဓါဘာဝသာမညတော သမ္မသနံ၊ အယံ သာဝကာနံ သမ္မသနစာရော။ (မ၊ဋီ၊၃၊၂၇၄-၂၇၅။)

မိမိသန္တာန်၌ ရှိသော ရုပ်တရား နာမ်တရားအားလုံးတို့ကိုလည်းကောင်း, သူတစ်ပါးသန္တာန်၌ ရှိသော ရုပ်တရား နာမ်တရားတို့ကိုလည်း ထို ရုပ်နာမ်တို့ကို ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ မည်သူမည်ဝါ စသည်ဖြင့် သန္တာန် ခွဲခြားဝေဖန်မှုကို မပြုမူ၍ ဗဟိဒ္ဓချင်း တူညီ၍ သာမညအားဖြင့် ပေါင်းစုခြုံငုံ၍လည်းကောင်း လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာရှုပွားသုံးသပ်ခြင်းသည်ကား သာဝကတို့၏ သမ္မသနစာရခေတ်ပင် ဖြစ်ပေသည်။ (မ၊ဋီ၊၃၊၂၇၄-၂၇၅။)

ဤအထက်ပါ အနုပဒသုတ္တန်ဋီကာ ဖွင့်ဆိုချက်နှင့်အညီ ဗဟိဒ္ဓကို ရှုရာ၌ ယောက်ျားမိန်းမ မည်သူမည်ဝါ စသည်ဖြင့် သန္တာန်ခွဲခြားဝေဖန်မှုကို မပြုဘဲ ဗဟိဒ္ဓချင်း တူညီ၍ သာမန်ပေါင်းစု ခြုံငုံ၍ ရှုခြင်းမျှသာ ဖြစ်သည်။ အနိစ္စလက္ခဏာကို တဖြည်းဖြည်း အနီးမှသည် အဝေးသို့ တိုးချဲ့၍ ရှုလာရာ၌ အနန္တစကြဝဠာသို့ တိုင်အောင် ခြုံငုံ၍ ဉာဏ်ကို ဖြန့်ကြက်၍ ရှုနိုင်သောအခါ ဒုက္ခလက္ခဏာသို့ ပြောင်း၍ ရှုပါ။

ဒုက္ခလက္ခဏာ ---- အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ နာမ်တရားတို့၏ အနိစ္စသဘောကို ကျေကျေနပ်နပ် ရှုပြီးသောအခါ ယင်း နာမ်တရားတို့၏ ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်းနှိပ်စက်ခံရမှုသဘော, ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်ပန်းနှိပ်စက်ခံနေရသည့်အတွက် ကြောက်လန့်ဖွယ်ကောင်းသောသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ဒုက္ခ ဒုက္ခ ဟု ရှုပါ။ အနိစ္စနည်းတူ -- (၆)လိုင်းလုံး၌ အကောင်း အုပ်စု မကောင်းအုပ်စု ကုန်စင်အောင် ရှုပါ၊ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရှုပါ။ (၃၁)ဘုံပေါင်း များစွာ = စကြဝဠာပေါင်းများစွာကို ခြုံငုံ၍ ရှုနိုင်သည်တိုင်အောင် တစ်စတစ်စ တိုးချဲ့၍ ရှုသွားပါ။

အနတ္တလက္ခဏာ ---- ဒုက္ခလက္ခဏာသဘော ဉာဏ်အမြင် သန့်ရှင်းလာသောအခါ အနတ္တသဘောကို ဆက်လက်၍ ရှုပါ။ ထိုနာမ်တရားတို့၌ အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း (သာမီ နိဝါသီ ကာရက ဝေဒက အဓိဋ္ဌာယက) ဟူသော မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် အတ္တမရှိမှု သဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ---- အနတ္တ အနတ္တ ---- ဟုရှုပါ။ (၆)လိုင်းလုံး၌ ကုသိုလ်ဇောဝီထိ = အကောင်းအုပ်စု နာမ်တရား, အကုသိုလ်ဇောဝီထိ = မကောင်းအုပ်စု နာမ်တရားတို့ကို ကုန်စင်အောင် ရှုပါ။

ရံခါ အဇ္ဈတ္တ ရံခါ ဗဟိဒ္ဓ, ရံခါ ရုပ်တရား ရံခါ နာမ်တရား

သော ကာလေန အဇ္ဈတ္တံ သမ္မသတိ၊ ကာလေန ဗဟိဒ္ဓါ။ ပ ။ သော ကာလေန ရူပံ သမ္မသတိ၊ ကာလေန အရူပံ။ (အဘိ၊ဋ္ဌ၊၁၊၂၇၀-၂၇၁။ ဝိသုဒ္ဓိ၊၂၊၃၀၀။)

ထိုသို့ လက္ခဏာရေးသုံးတန်ကို တစ်လှည့်စီ တင်၍ သင်္ခါရတရားတို့ကို ဝိပဿနာ ရှုရာ၌ အထက်ပါ အဋ္ဌကထာကြီးများ၏ ညွှန်ကြားသတ်မှတ်ပေးတော်မူသည့်အတိုင်း ----

၁။ ရံခါ အဇ္ဈတ္တ သင်္ခါရတရားကို,

၂။ ရံခါ ဗဟိဒ္ဓသင်္ခါရတရားကို -- ထိုတွင်လည်း ---

၃။ ရံခါ ရုပ်တရားကို,

၄။ ရံခါ နာမ်တရားကို ----

၅။ ရံခါ အနိစ္စလက္ခဏာတင်၍,

၆။ ရံခါ ဒုက္ခလက္ခဏာတင်၍,

၇။ ရံခါ အနတ္တလက္ခဏာတင်၍ ---

ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဝိပဿနာရှုနေပါ။ ထိုသို့ ရှုရာ၌ နာမ်တရားများကို သိမ်းဆည်းခဲ့စဉ်က လည်းကောင်း, ရုပ်နာမ်ကို သိမ်းဆည်းခဲ့စဉ်ကလည်းကောင်း အာယတနဒွါရအလိုက် သိမ်းဆည်းခဲ့သဖြင့် ယခု ဝိပဿနာပိုင်းတွင်လည်း အာယတနဒွါရအလိုက် ရှုခြင်းကပင် ပို၍ အသိဉာဏ် သန့်ရှင်းပေသည်။ ရှုပြီးသည် မပြီးသည်ကိုလည်း အလွယ်တကူ သိနိုင်ပေသည်။ နာမ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းခဲ့စဉ်ကလည်းကောင်း ရုပ်နာမ် ကို ပူးတွဲ သိမ်းဆည်းခဲ့စဉ်ကလည်းကောင်း ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ ဓမ္မာရုံ တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော နာမ်တရားတို့ကို ရူပါရုံလိုင်းစသည့် (၆)လိုင်းလုံး၌ တစ်လိုင်းတစ်လိုင်းတွင် အကောင်းအုပ်စု ဟု ခေါ်ဆိုသော ကုသိုလ်ဇောများ ပါဝင်သည့်ဇောဝီထိ, မကောင်းအုပ်စုဟု ခေါ်ဆိုသော အကုသိုလ်ဇောများ ပါဝင်သည့် ဇောဝီထိများကို ကုန်စင်အောင် သိမ်းဆည်းထားသကဲ့သို့ ဤဝိပဿနာပိုင်းတွင်လည်း ထိုသို့ သိမ်းဆည်းခဲ့သည့် ပုံစံအတိုင်း ရူပါရုံလိုင်းမှ စ၍ ဖြစ်စေ , သို့မဟုတ် ဓမ္မာရုံလိုင်းမှ စ၍ ဖြစ်စေ တစ်လိုင်း တစ်လိုင်းတွင် အကောင်းအုပ်စု မကောင်းအုပ်စုများကို ကုန်စင်အောင် ရှုပါ။

ထိုသို့ ရှုရာ၌ ဖြစ်မှုပျက်မှု သဘောတရားတို့ကို အလွန် လျင်လျင်မြန်မြန် မြင်အောင် ရှုပါ။ လက္ခဏာ တင်မှုကိုကား ခပ်ဖြည်းဖြည်းသာ တင်ပါ။ ဝီထိ စိတ္တက္ခဏတိုင်း၌ ပါဝင်တည်ရှိကြသော စိတ် စေတသိက်တို့ကို လုံးထွေးမနေပါစေနှင့်၊ တစ်လုံးစီ တစ်လုံးစီ ဉာဏ်၌ ကွဲပြားနေပါစေ။ ဃနမပြိုပါက သမူဟပညတ်စသည့် ပညတ်တွင် သောင်တင်နေမည် ဖြစ်သည်။ ရုပ်ဃန နာမ်ဃန အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ် ရုပ်နာမ်တို့၏ ခဏတိုင်း ခဏတိုင်း ဖြစ်မှုပျက်မှုကို ဉာဏ်ဖြင့်မြင်အောင် ကြည့်၍ လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်၍ တစ်လှည့်စီ ရှုပါ။ ဝီထိစိတ်များ အကြားအကြား၌ရှိသော ဘဝင်စိတ်စေတသိက် နာမ်တရားစု တို့ကိုလည်း အလားတူပင် ဃနအသီးအသီး ပြိုအောင် ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ယင်းဘဝင် နာမ်ပရမတ် တရားတို့၏ ဖြစ်မှုပျက်မှုကို ဉာဏ်ဖြင့်မြင်အောင်ကြည့်၍ လက္ခဏာယာဉ် သုံးတန် တစ်လှည့်စီတင်ကာ ဝီထိ နာမ်တရားစုတို့နှင့်အတူ ရောနှော၍သာ ရှုပါ။

ထိုသို့ရှုရာ၌ အဇ္ဈတ္တက စ၍လည်းကောင်း ဗဟိဒ္ဓက စ၍လည်းကောင်း မိမိနှစ်ခြိုက်ရာ လွယ်ကူရာက စ၍ ရှုနိုင်ပါသည်။ သို့သော် ----

၁။ အဇ္ဈတ္တသင်္ခါရတရား သက်သက်ကို ဝိပဿနာရှုနေရုံမျှဖြင့်,

၂။ ဗဟိဒ္ဓသင်္ခါရတရား သက်သက်ကို ဝိပဿနာရှုနေရုံမျှဖြင့်,

၃။ ရုပ်တရား သက်သက်ကို ဝိပဿနာရှုနေရုံမျှဖြင့်,

၄။ နာမ်တရား သက်သက်ကို ဝိပဿနာရှုနေရုံမျှဖြင့် ----

အရိယမဂ်သို့ မဆိုက်နိုင်ရကား ----

၁။ ရံခါ အဇ္ဈတ္တ သင်္ခါရတရားကို,

၂။ ရံခါ ဗဟိဒ္ဓ သင်္ခါရတရားကို --- ထိုတွင်လည်း ---

၃။ ရံခါ ရုပ်တရားကို,

၄။ ရံခါ နာမ်တရားကို ----

၅။ ရံခါ အနိစ္စလက္ခဏာ တင်၍,

၆။ ရံခါ ဒုက္ခလက္ခဏာတင်၍,

၇။ ရံခါ အနတ္တလက္ခဏာတင်၍ ----

တစ်လှည့်စီ လှည့်၍ကား ဝိပဿနာ ရှုရမည်ဖြစ်သည်။ (အဘိ၊ဋ္ဌ၊၁၊၂၇၀-၂၇၁။ ဝိသုဒ္ဓိ၊၂၊ ၃၀၀။)

ဤစည်းကမ်း သတ်မှတ်ချက်တို့ကား ဝိပဿနာ ဘာဝနာလုပ်ငန်းကို စတင်၍ အားသစ်နေသော အသင် သူတော်ကောင်းအဖို့ ကျောက်ထီးတန္တုကဲ့သို့ အလွန့်အလွန် အလေးဂရုပြုရမည့် ရိုသေစွာ လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များပင် ဖြစ်ကြပေသည်။ ထိုသို့ ရှုရာ၌ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ ရုပ်တုံးရုပ်ခဲ နာမ်တုံး နာမ်ခဲတည်းဟူသော ရုပ်ဃန နာမ်ဃနများကို ပြိုအောင် ဉာဏ်ဖြင့် ဖြိုခွဲ ဖျက်ဆီးလျက် ပရမတ် ရုပ်နာမ်တို့ကိုသာ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာရှုနိုင်ရန် ကြိုးစားအားထုတ်ပါ။

သွက်သွက်လက်လက် ရှုနိုင်သောအခါ ရူပါရုံလိုင်းတစ်ခုကိုပင် အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် အနိစ္စ တစ်လှည့် ဒုက္ခတစ်လှည့် အနတ္တတစ်လှည့် ရုပ်တစ်လှည့် (မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်) နာမ်တစ်လှည့် ဤသို့ လှည့်၍ ရှုနေပါ။ နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ရေးသားတင်ပြခဲ့သည့်အတိုင်း ရုပ်တရားအရ မှီရာဝတ္ထုရုပ် (၅၄) (၄၄) စသည်ဖြင့် တင်ပြခဲ့သည့် ရုပ်တရားများနှင့် ဆိုင်ရာ အာရုံရုပ်တရားတို့ကို ဆိုလိုသည်ဟု မှတ်ပါ။ နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများအတိုင်း တစ်တန်းပြီးတစ်တန်း အတန်းလိုက် ရုပ်တစ်လှည့် နာမ်တစ်လှည့် လှည့်၍ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်ကာ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ ဝီထိများ၏ အကြားအကြား၌ တည်ရှိကြသော ဘဝင်နာမ်တရားများနှင့် ဘဝင်၏မှီရာဟဒယဝတ္ထုနှင့်တကွ (၅၄)မျိုးသော ရုပ်တရားတို့ကိုလည်း ရုပ်ဃန နာမ်ဃန ပြိုအောင် ဉာဏ်ဖြင့် ဖြိုခွဲလျက် ရောနှော၍သာ ဝိပဿနာရှုပါ။ အထူးသဖြင့် အာရုံ ရုပ်တရားများကိုလည်း ရှုရာ၌ ဃနပြိုပါစေ၊ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ပါစေ။

သဒ္ဒနဝကကလာပ် = အသံလျှင် (၉)ခုမြောက်ရှိသော ရုပ်ကလာပ် ---- အသံသည် အာရုံ (၆)ပါးတွင် တစ်ပါး အပါအဝင်ဖြစ်၏။ အသက်ရှူသံစသည့် အဇ္ဈတ္တအသံကိုသော်လည်းကောင်း, ဗဟိဒ္ဓ အသံတစ်ခုခုကို သော်လည်းကောင်း အာရုံယူ၍ ရှုနိုင်ပါသည်။ သို့သော် အသံသည် ရုပ်တရားတို့၏ ဓမ္မတာအတိုင်း ရုပ်ကလာပ် အနေဖြင့်သာ ဖြစ်ရိုးဓမ္မတာ ရှိ၏။ ဤဝိပဿနာပိုင်းတွင်ကား ရုပ်အစစ်တို့ကိုသာ ဝိပဿနာ ရှုပွားသုံးသပ်ရမည် ဖြစ်သဖြင့် သဒ္ဒနဝကကလာပ်ရုပ်ကိုသာ ဦးစားပေး၍ ရှုပါ။ အလားတူပင် ဝဏ္ဏဓာတ် = ရူပါရုံကို ရှုရာ၌လည်း မိမိ ဝိပဿနာရှုလိုက်သော ရူပါရုံသည် အဋ္ဌကလာပ်၌ ပါဝင်သော ရူပါရုံဖြစ်လျှင် ရူပါရုံနှင့်တကွ (၈)မျိုးသော ရုပ်တရားတို့ကို, ဇီဝိတနဝကကလာပ်ကဲ့သို့သော နဝကကလာပ်၌ ပါဝင်သော ရူပါရုံဖြစ်လျှင် ရူပါရုံနှင့်တကွ (၉)မျိုးသော ရုပ်တရားတို့ကို, ကာယဒသကကလာပ် စသည်တို့ကဲ့သို့သော ဒသကကလာပ်၌ ပါဝင်သော ရူပါရုံ ဖြစ်ခဲ့လျှင် ရူပါရုံနှင့်တကွ (၁၀)မျိုးသော ရုပ်တရားတို့ကို ဃနပြိုအောင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းလျက် ဝိပဿနာ ရှုရန် သတိပြုပါ။ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ စသည်တို့၌လည်း နည်းတူပင် သဘော ပေါက်ပါ။

သတိပဋ္ဌာန်လေးပါးသို့ ဝင်သွားပုံ

ထိုသို့ ရုပ်တရား နာမ်တရားတို့ကို ဝိပဿနာရှုရာ၌ ----

၁။ ရုပ်တရားကို အဦးမူ၍ ရုပ်နာမ်တို့ကို သိမ်းဆည်းလျက် ယင်းရုပ်နာမ်တို့ကို လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ခဲ့သော် ကာယာနုပဿနာသတိပဋ္ဌာန်သို့ သက်ဝင်၏။

၂။ ဝေဒနာကို အဦးမူ၍ ရုပ်နာမ်တို့ကို သိမ်းဆည်းလျက် ယင်းရုပ်နာမ်တို့ကို လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်ကာ ဝိပဿနာရှုပွားသုံးသပ်ခဲ့သော် ဝေဒနာနုပဿနာသတိပဋ္ဌာန်သို့ သက်ဝင်၏။

၃။ အသိစိတ်ကို အဦးမူ၍ ရုပ်နာမ်တို့ကို သိမ်းဆည်းလျက် ယင်းရုပ်နာမ်တို့ကို လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်ကာ ဝိပဿနာရှုပွား သုံးသပ်ခဲ့သော် စိတ္တာနုပဿနာသတိပဋ္ဌာန်သို့ သက်ဝင်၏။

၄။ ဖဿကို အဦးမူ၍ ရုပ်နာမ်တို့ကို သိမ်းဆည်းလျက် ယင်းရုပ်နာမ်တို့ကို လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်ကာ ဝိပဿနာရှုပွားသုံးသပ်ခဲ့သော် ဓမ္မာနုပဿနာသတိပဋ္ဌာန်သို့ သက်ဝင်၏။

အထူးသတိပြုရန်အချက်

ဝေဒနာကို အဦးမူ၍ နာမ်တရားတို့ကို သိမ်းဆည်းပြီးလျှင် ယင်းနာမ်တရားတို့၏ မှီရာဝတ္ထုရုပ်နှင့် အာရုံ ရုပ်တည်းဟူသော ဘူတရုပ် ဥပါဒါရုပ်တို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုရာ၌ မိမိရှုပွားနေသော နာမ်တရားတို့၏ စိတ္တက္ခဏတိုင်း၌ တည်ရှိသော သုခဝေဒနာ, သို့မဟုတ် ဒုက္ခဝေဒနာ, သို့မဟုတ် သောမနဿဝေဒနာ, သို့မဟုတ် ဒေါမနဿဝေဒနာ, သို့မဟုတ် ဥပေက္ခာဝေဒနာတို့ကို အလေးဂရုပြု၍ ရှုပါ။ နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများကို ပြန်ကြည့်ပါ။ နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့သည့်အတိုင်း (၆)လိုင်းလုံးအတွင်း၌ တည်ရှိသော သုခဝေဒနာ, သောမနဿဝေဒနာ, ဒုက္ခဝေဒနာ, ဒေါမနဿဝေဒနာ, ဥပေက္ခာဝေဒနာတို့ကို အဦးမူ၍ နာမ်ရုပ်တို့ကို ကုန်စင်အောင်သိမ်းဆည်းလျက် ဝိပဿနာရှုနိုင်လျှင် ------

၁။ ကာမဂုဏ်နှင့် စပ်သော သာမိသ သုခ ဒုက္ခ ဥပေက္ခာဝေဒနာ,

၂။ ကာမဂုဏ်နှင့် မစပ်သော နိရာမိသ သုခ ဒုက္ခ ဥပေက္ခာဝေဒနာ ---

ဤ ဝေဒနာရှုကွက်တို့သည်လည်း အကျုံးဝင်သွားပြီ ဖြစ်ပေသည်။ ဒုက္ခ ဒုက္ခ အမည်ရသော ကာယိက ဒုက္ခဝေဒနာ, ဝိပရိဏာမ ဒုက္ခ အမည်ရသော သုခဝေဒနာတို့သည်လည်း ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲ မပြတ် အညှဉ်းပန်း အနှိပ်စက်ခံရသောကြောင့် သင်္ခါရဒုက္ခအတွင်းသို့ပင် အကျုံးဝင်သွားသည်ဟု မှတ်ပါ။

ဓမ္မာနုပဿနာ သတိပဋ္ဌာန်

တစ်နည်းအားဖြင့်ဆိုသော် ယင်း ရုပ်တရား နာမ်တရား ပရမတ္ထဓာတ်သားတို့ကို ------

၁။ (၅) ပုံ ပုံ၍ ခန္ဓာ (၅)ပါးနည်းအားဖြင့်,

၂။ (၁၂) ပုံ ပုံ၍ အာယတန (၁၂)ပါးနည်းအားဖြင့်,

၃။ (၁၈) ပုံ ပုံ၍ ဓာတ် (၁၈)ပါးနည်းအားဖြင့်,

၄။ ဒုက္ခသစ္စာ သမုဒယသစ္စာ အနေဖြင့် (၂) ပုံ ပုံ၍ သစ္စာဒေသနာတော်နည်းအားဖြင့် အသီးအသီး ဝိပဿနာ ရှုခဲ့လျှင်လည်း ဓမ္မာနုပဿနာသတိပဋ္ဌာန်သို့ပင် သက်ဝင်ပေသည်။

ခန္ဓာ (၅)ပါးနည်း ရှုကွက် စသည်ကို နောက်တွင် ဆက်လက်၍ ရေးသားတင်ပြပါမည်။ ယခုတစ်ဖန် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးအတွင်း၌ တည်ရှိကြသော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို လက္ခဏာရေး သုံးတန် တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ပုံကို ဆက်လက်၍ တင်ပြအပ်ပါသည်။

အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါး၌ ဝိပဿနာရှုပုံ

ပစ္စုပ္ပန်၌ သင်္ခါရတရားတို့ကို အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရုပ်တစ်လှည့် နာမ်တစ်လှည့် အနိစ္စ တစ်လှည့် ဒုက္ခတစ်လှည့် အနတ္တတစ်လှည့် လှည့်လည်၍ လက္ခဏာယာဉ်တင်ကာ ဝိပဿနာရှုခြင်း လုပ်ငန်းရပ်ဝယ် အတော်အသင့် အားရကျေနပ်မှု ရရှိလာသောအခါ အတိတ် ပစ္စုပ္ပန် အနာဂတ် ဟူသော ကာလသုံးပါး၏ အတွင်း၌ တည်ရှိကြသော ရုပ်တရား နာမ်တရားတို့ကိုလည်း နည်းတူ ရှုနိုင်ပေသည်။

ရှေးဦးစွာ အသင်သူတော်ကောင်းသည် နာမရူပပရိစ္ဆေဒဉာဏ်ပိုင်းတုန်းက မိမိသိမ်းဆည်းနိုင်သမျှသော အတိတ်ဘဝမှစ၍ အတိတ်ဘဝအဆက်ဆက်မှသည် ပစ္စုပ္ပန်၊ ပစ္စုပ္ပန်မှသည် အနာဂတ်ဘဝဆုံးသည်တိုင်အောင် အနာဂတ်အဆက်ဆက်သို့ ------

၁။ အဇ္ဈတ္တ၌လည်းကောင်း,

၂။ ဗဟိဒ္ဓ၌လည်းကောင်း - ထိုတွင်လည်း ----

၃။ ရုပ်တရားသက်သက်ကိုလည်းကောင်း,

၄။ နာမ်တရားသက်သက်ကိုလည်းကောင်း,

၅။ ရုပ်နာမ်ကိုလည်းကောင်း ----

သိမ်းဆည်းခဲ့ပုံကို ပြန်လည်၍ အာရုံယူထားပါ။ ထိုသို့ သိမ်းဆည်းခဲ့သည့် ပုံစံအတိုင်း ယခုအခါ ဝိပဿနာ ရှုရန် ဖြစ်ပါသည်။

မိမိသိမ်းဆည်းနိုင်သမျှ (၁၀-ခုမြောက် အတိတ်ဘဝ သို့မဟုတ် ၉-ခုမြောက် အတိတ်ဘဝစသည့်) ထိုထို အတိတ်ဘဝ၏ ပဋိသန္ဓေမှစ၍ စုတိတိုင်အောင် ဘဝတစ်ခု တစ်ခု၏ အတွင်း၌ တည်ရှိသော ရုပ်တရားတို့၏ ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက် သဘောကို တစ်နည်းဆိုရသော် ဖြစ်မှုပျက်မှုသဘောကို ဉာဏ်ဖြင့် မြင်နိုင်သမျှ မြင်အောင်ကြည့်၍ အတိတ်အဆက်ဆက်မှသည် ပစ္စုပ္ပန်၊ ပစ္စုပ္ပန်မှသည် အနာဂတ်အဆက်ဆက် ဆုံးသည် တိုင်အောင် အတိတ် ပစ္စုပ္ပန် အနာဂတ် တိုးလျှိုပေါက် ရုပ်တရားသက်သက်ကို အနိစ္စ အနိစ္စဟု ရှုပါ။ အဇ္ဈတ္တရုပ်တရား၌ ကာလသုံးပါးလုံး တိုးလျှိုပေါက် အနိစ္စဟု ရှုပြီးသောအခါ အဖန်ဖန် အထပ်ထပ် အခေါက်ပေါင်းများစွာ ရှုပြီးသောအခါ ဗဟိဒ္ဓရုပ်တရားကိုလည်း ကာလသုံးပါးလုံး၌ တိုးလျှိုပေါက် အနိစ္စဟု နည်းတူ ရှုပါ။ အဖန်ဖန် အထပ်ထပ် အခေါက်ပေါင်းများစွာ ရှုပါ။ ခပ်စိပ်စိပ် ရှုပါ၊ ကာလသုံးပါးလုံး၌ရှိသော ရှုလိုက်မိသော ရုပ်တရားတိုင်း၌ ဃနအသီးအသီး ပြိုနေပါစေ။ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်နေပါစေ။ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါးလုံး၌ တည်ရှိသော ရုပ်တရားတို့ကို အနိစ္စဟု အဖန်ဖန် ရှုရာ၌ အနိစ္စာနုပဿနာ ဉာဏ်အမြင် သန့်ရှင်းလာသောအခါ ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ်များ ဉာဏ်အမြင် သန့်ရှင်းအောင် ဆက်လက်၍ နည်းတူပင် ဝိပဿနာရှုပါ။

ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိကြသော ရုပ်တရားတို့ကို တစ်စ တစ်စ တဖြည်းဖြည်း တိုးချဲ့၍ (၃၁)ဘုံသို့တိုင်အောင်လည်းကောင်း, အနန္တစကြဝဠာသို့တိုင်အောင်လည်းကောင်း ဖြန့်ကြက်၍ လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာရှုပွားသုံးသပ်ခြင်းအမှု၌ အတော်အသင့် အားရ ကျေနပ်မှုကို ရရှိလာသောအခါ နာမ်တရားတို့ကိုလည်း အတိတ်အနာဂတ်ပစ္စုပ္ပန် ကာလသုံးပါး အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါးအတွင်း၌ ပုံစံတူပင် လက္ခဏာရေးသုံးချက် တစ်လှည့်စီတင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ပါ။

ထိုသို့ ရှုရာ၌ ကာလသုံးပါးလုံးအတွင်း၌ တည်ရှိကြသော နာမ်တရားများကို သိမ်းဆည်းခဲ့စဉ်က ပုံစံအတိုင်း, ဝိပဿနာရှုရာ၌လည်း မိမိရှုနိုင်သမျှ အတိတ်ဘဝမှ စ၍ = (၁၀-ခုမြောက်ဘဝ, ၉-ခုမြောက်ဘဝ စသည့် မိမိ ရှုနိုင်သမျှ အတိတ်ဘဝမှစ၍) ထိုထိုဘဝ၏ ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင်သော ဘဝတစ်လျှောက်အတွင်း၌ ဖြစ်ခဲ့သမျှ ဖြစ်နေသမျှ ဖြစ်လတ္တံ့ မှန်သမျှ နာမ်တရားတို့ကို ခြုံငုံ၍ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်ကာ ခပ်စိပ်စိပ် ရှုပါ။ ကြိမ်ဖန်များစွာ ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ ရှုပါ။ ဗဟိဒ္ဓ၌ကား အဇ္ဈတ္တ၌ ရှုသည့်ပုံစံအတိုင်း ဗဟိဒ္ဓချင်း တူညီ၍ သာမန်ပေါင်းစု ခြုံငုံ၍သာ တစ်စ တစ်စ တိုးချဲ့၍ (၃၁)ဘုံကို ခြုံငုံ၍ ရှုပါ။ စွမ်းနိုင်ပါက အနန္တစကြဝဠာသို့ တိုင်အောင် ဖြန့်ကြက်၍ ရှုပါ။

ထိုသို့ ဝိပဿနာရှုရာ၌ ဘဝတစ်လျှောက်အတွင်း၌ ဖြစ်ခဲ့သည့် ရုပ်နာမ်မှန်သမျှ, ဖြစ်ဆဲ ရုပ်နာမ်မှန်သမျှ, ဖြစ်လတ္တံ့ ရုပ်နာမ်မှန်သမျှကို ကုန်စင်အောင်ကား သာဝကတစ်ဦးသည် မရှုနိုင်၊ ယုတ်စွအဆုံး တစ်နာရီအတွင်း၌ ဖြစ်ခဲ့သမျှ ရုပ်နာမ်မှန်သမျှကိုပင် ကုန်စင်အောင် ဝိပဿနာရှုဖို့ရန်မှာ အလွန်ဖြစ်နိုင်ခဲသော အရာဖြစ်ပေသည်။ သို့သော် ရှုနိုင်သမျှ ခပ်စိပ်စိပ် ခြုံငုံ၍သာ ဝိပဿနာရှုရန် ဖြစ်ပါသည်။ ဧကဒေသ = တစ်စိတ်တစ်ဒေသ အယူ အဆပိုင်းတွင် ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်ပေသည်။ မိမိ၏ အတိတ်ဘဝထိုထိုက ဆည်းပူးခဲ့ဖူးသော ပါရမီအပေါင်းကြောင့် ကောင်းစွာစုပေါင်း၍ ဖြစ်ပေါ်လာသော ဉာဏ်၏ အာနုဘော်နှင့် ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်ထားသော သမာဓိ၏ စွမ်းအားရှိန်စော် အာနုဘော်တို့အပေါ်၌ အခြေစိုက်၍ ခပ်များများ တစ်စိတ်တစ်ဒေသနှင့် ခပ်နည်းနည်း တစ်စိတ်တစ်ဒေသ ထိုက်သလို ဖြစ်နိုင်၏။ ဗဟိဒ္ဓကို ဝိပဿနာရှုရာ၌ကား ------

ယဋ္ဌိကောဋိယာ ဥပ္ပီဠေန္တော ဝိယ ဧကဒေသမေဝ သမ္မသန္တော ...(မ၊ဋ္ဌ၊၄၊၅၈။)

အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကြီးတို့ကဲ့သို့သော သာဝကတို့သည် မြေကြီးကို တောင်ဝှေးစွန်းဖြင့် ထောက်သွားသကဲ့သို့ ဗဟိဒ္ဓတရားကို ရှုရာ၌ ရှုလိုက်နိုင်သော ဗဟိဒ္ဓတရားကား တောင်ဝှေးစွန်းထိပ်ဖြင့် ထိလိုက်မိသော မြေကြီး ပမာဏလောက်သာရှိ၍ မရှုလိုက်မိသော မရှုလိုက်နိုင်သော ဗဟိဒ္ဓတရားတို့ကား တောင်ဝှေးစွန်းထိပ်ဖြင့် မထိလိုက်မိသော မြေကြီးထုပမာဏလောက် များပြားပေသည်။ အဇ္ဈတ္တ၌လည်း နည်းတူပင်မှတ်ပါ။ သို့သော် အမျိုးအစားကိုကား ကုန်စင်အောင် ဝိပဿနာ ရှုရပေမည်။

အထူးသဖြင့် သာဝက ပါရမီဉာဏ်အရာ၌ ဗဟိဒ္ဓကို ဝိပဿနာရှုရာဝယ် ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ မည်သူမည်ဝါစသည်ဖြင့် သန္တာန်ခွဲခြား ဝေဖန်မှုမပြုဘဲ သာမန်ပေါင်းစုခြုံငုံ၍သာ ရုပ်နာမ်တို့ကို သိမ်းဆည်း လျက် ဝိပဿနာရှုပွားသုံးသပ်လျှင်လည်း မဂ်ဖိုလ်နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်သည်သာ ဖြစ်ပေသည်။ (မ၊ဋီ၊၃၊၂၇၄-၂၇၅ - အနုပဒသုတ္တန်အဖွင့်တွင် ကြည့်ပါ။)

သို့သော် ------

ထေရော ပန ဗဟိဒ္ဓါဓမ္မေပိ သန္တာနဝိဘာဂေန ကေစိ ကေစိ ဥဒ္ဓရိတွာ သမ္မသိ၊ တဉ္စ ခေါ ဉာဏေန ဖုဋ္ဌမတ္တံ ကတွာ။ (မ၊ဋီ၊၃၊၂၇၅။)

အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကြီးသည်ကား ဗဟိဒ္ဓတရားတို့ကိုလည်း သန္တာန်ခွဲခြမ်း ဝေဖန်ခြင်းဖြင့် အချို့အချို့သော ဗဟိဒ္ဓတရားကို သီးသန့်ထုတ်ဆောင်၍ ဝိပဿနာ ရှုပွားသုံးသပ်တော်မူ၏။ ထို သီးသန့်ထုတ်ဆောင်၍ ဝိပဿနာ ရှုပွားသုံးသပ်အပ်သော ဗဟိဒ္ဓတရားကိုလည်း ဝိပဿနာဉာဏ်တော်မြတ်ဖြင့် တွေ့ထိအပ်ကာမျှကိုသာ ပြု၍ ဝိပဿနာ ရှုပွားသုံးသပ်တော်မူလေသည်။ (မ၊ဋီ၊၃၊၂၇၅။)

ဤအထက်ပါ ကျမ်းဂန်များ၏ ဖွင့်ဆိုတော်မူချက်အရ အသင်သူတော်ကောင်းသည် ဗဟိဒ္ဓတရားတို့ကို ဝိပဿနာ ရှုပွားသုံးသပ်ရာ၌ အသင်သူတော်ကောင်း၏ ဝိပဿနာဉာဏ်ရောင်ဖြင့် တွေ့ထိမိရာ သတ္တဝါတို့ကို ဗဟိဒ္ဓချင်း တူညီ၍ သာမန်ပေါင်းစု ခြုံငုံ၍လည်းကောင်း ဝိပဿနာဉာဏ်ဖြင့် တွေ့ထိမိရာ အချို့အချို့သော သတ္တဝါတို့၏ ရုပ်နာမ်တို့ကို သီးသန့်ထုတ်နှုတ်၍ မိမိ၏ဝိပဿနာဉာဏ်ဖြင့် တွေ့ထိအပ်ကာမျှ ပြု၍လည်းကောင်း ဝိပဿနာ ရှုပွားသုံးသပ်နိုင်ပါသည်။ သို့သော် အချို့အချို့သော ရုပ်နာမ်တို့ကို သီးသန့်ထုတ်ဆောင်၍ ဝိပဿနာ ရှုခြင်းမှာ အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကြီးတို့ကဲ့သို့ အဘိညာဏ်ရသူ သူတော်ကောင်းကြီးများ အတွက်သာ ပို၍ လွယ်ကူဖွယ်ရာရှိပေသည်။

တသ္မာ သသန္တာနဂတေ သဗ္ဗဓမ္မေ, ပရသန္တာနဂတေ စ တေသံ သန္တာနဝိဘာဂံ အကတွာ ဗဟိဒ္ဓါဘာဝသာမညတော သမ္မသနံ၊ အယံ သာဝကာနံ သမ္မသနစာရော။ (မ၊ဋီ၊၃၊၂၇၄-၂၇၅။)

မိမိ၏သန္တာန်၌ တည်ရှိသော ရုပ်နာမ်အမျိုးအစား အားလုံးတို့ကိုလည်းကောင်း, သူတစ်ပါးသန္တာန်၌ တည်ရှိသော ရုပ်နာမ်တို့ကိုလည်း ထို သူတစ်ပါးသန္တာန်၌ တည်ရှိသော ရုပ်နာမ်တို့ကို ယောက်ျား မိန်းမ မည်သူ မည်ဝါ စသည်ဖြင့် သန္တာန်ခွဲခြမ်းဝေဖန်ခြင်းကို မပြုမူ၍ ဗဟိဒ္ဓချင်း တူညီသဖြင့် ဗဟိဒ္ဓအဖြစ် သာမန်ပေါင်းစု ခြုံငုံ၍လည်းကောင်း ဝိပဿနာ ရှုပွားသုံးသပ်ခြင်းသည် သာဝကတို့၏ သမ္မသနစာရခေတ်ပင် ဖြစ်ပေသည်။ (မ၊ဋီ၊၃၊၂၇၄-၂၇၅။)

ဤအထက်ပါ အနုပဒသုတ္တန်ဋီကာအဖွင့်နှင့် အညီ အသင်သူတော်ကောင်းသည် ဗဟိဒ္ဓ ရုပ်နာမ်တို့ကို ဝိပဿနာရှုရာ၌ ယောက်ျားမိန်းမ မည်သူမည်ဝါစသည်ဖြင့် သန္တာန်ခွဲခြမ်းဝေဖန်ခြင်း မပြုမူ၍ ဗဟိဒ္ဓချင်း တူညီ သဖြင့် ဗဟိဒ္ဓအဖြစ် သာမန်ပေါင်းစု ခြုံငုံ၍ဝိပဿနာရှုလျှင်လည်း အသင်သူတော်ကောင်းအတွက် လုံလောက်သည်သာဖြစ်ပါသည်၊ မဂ်ဖိုလ်နိဗ္ဗာန်ကို ရရှိနိုင်သည်သာ ဖြစ်ပါသည်။

ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သည့် စိတ် + စေတသိက် + ရုပ်တည်းဟူသော ပရမတ္ထဓာတ်သားတို့ကို ရုပ်တစ်ပုံ နာမ်တစ်ပုံ နှစ်ပုံခွဲ၍ ရုပ်+နာမ် နှစ်ပါးနည်းဖြင့် ဝိပဿနာရှု၍ အားရကျေနပ်မှု အတော်အသင့် ရသောအခါ လက္ခဏာရေး သုံးတန်တွင် သုံးတန်လုံးကိုလည်း အကွက်စေ့အောင် ရှုပြီးသောအခါ ယင်း လက္ခဏာရေးသုံးတန်မှ မိမိကြိုက်နှစ်သက်ရာ လက္ခဏာတစ်ခုကို ဦးစားပေး၍လည်း ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုနိုင်ပါသည်။ ယင်းသို့ ရှုနိုင်ခဲ့သော် ---- အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးလုံး၌ ------

၁။ ရံခါ အဇ္ဈတ္တ (ရုပ်-နာမ်),

၂။ ရံခါ ဗဟိဒ္ဓ (ရုပ်-နာမ်) - ထိုတွင်လည်း ------

၃။ ရံခါ ရုပ်တရားတို့၏,

၄။ ရံခါ နာမ်တရားတို့၏ ----

၅။ ရံခါ အနိစ္စသဘော,

၆။ ရံခါ ဒုက္ခသဘော,

၇။ ရံခါ အနတ္တသဘောတို့ကို ------

ဝိပဿနာ ရှုပွားပြီး ဖြစ်သွားပေသည်။ ထိုသို့ ရှုပွားနိုင်သော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ----- ရုပ်တရား နာမ်တရားတို့သည် ထိုထိုခဏ ထိုထိုဘဝ၌သာ ဖြစ်ပြီးလျှင် ပျက်သွားကြ၏၊ ခဏတစ်ခုမှ ခဏတစ်ခုသို့ ဘဝတစ်ခုမှ ဘဝတစ်ခုသို့ ပြောင်းရွှေ့၍ မဖြစ်နိုင် ------ ဟူသော ဉာဏ်အမြင်သည် သန့်ရှင်းလျက်ရှိနေမည် ဖြစ်သည်။ ယင်းသဘောတရားများကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နေမည် ဖြစ်သည်။ သို့သော် ဝိပဿနာကို အားသစ်စဖြစ်သော ဤကဲ့သို့သော သမ္မသနဉာဏ် အစပိုင်းတွင် ရုပ်နာမ် ပရမတ်တရားတို့၏ ဥပါဒ်-ဌီ-ဘင် ဟူသော ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်မှုမှာ အချို့အဝက်မျှသာ ရှိနေဦးမည် ဖြစ်သည်။ ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ဝိပဿနာဉာဏ်ဖြင့် မရှုလိုက်နိုင်သေးသော ပရမတ်ရုပ်နာမ်အချို့တို့သည်လည်း ရှိနေကြဦးမည်သာ ဖြစ်ပေသည်။

ခန္ဓာ (၅) ပါး ရှုနည်း

ယခုတစ်ဖန် ဓမ္မာနုပဿနာသတိပဋ္ဌာန်တွင် အကျုံးဝင်သော ခန္ဓာ (၅)ပါးရှုနည်းကို ဆက်လက်၍ ရေးသား တင်ပြအပ်ပါသည်။ အထက်တွင် တင်ပြခဲ့သည့်အတိုင်း ဝိပဿနာဉာဏ်၏ အရှုခံ အာရုံဖြစ်သော စိတ် + စေတသိက် + ရုပ် ပရမတ်တရားတို့ကို ရုပ်တစ်စု နာမ်တစ်စုပြု၍ ရုပ်နာမ် နှစ်ပါးနည်းဖြင့် ဝိပဿနာ ရှုပြီးသော အခါ ခန္ဓာ (၅)ပါးနည်းသို့ ပြောင်း၍ ရှုလိုက ရှုနိုင်ပါသည်။

အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓဟူသော သန္တာန်နှစ်ပါး အတွင်း၌ တည်ရှိသော စိတ္တက္ခဏ အသီးအသီး၌ ------

၁။ ယင်းစိတ္တက္ခဏ အသီးအသီး၌ တည်ရှိသော နာမ်တရားစု၏ မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်များကို တစ်ပုံ,

၂။ စိတ္တက္ခဏ အသီးအသီး၌ တည်ရှိသော ဝေဒနာကို တစ်ပုံ,

၃။ စိတ္တက္ခဏ အသီးအသီး၌ တည်ရှိသော သညာကို တစ်ပုံ,

၄။ စိတ္တက္ခဏ အသီးအသီး၌ တည်ရှိသော ဝေဒနာ သညာမှ ကြွင်းသော စေတသိက် သင်္ခါရတရားစုတို့ကို တစ်ပုံ,

၅။ စိတ္တက္ခဏ အသီးအသီး၌ တည်ရှိသော အသိစိတ် ဝိညာဏ်ကို တစ်ပုံ ----

ဤသို့လျှင် စိတ္တက္ခဏတိုင်း၌ ရုပ်တရားကို တစ်ပုံ နာမ်တရားကို ( ၄ )ပုံ ပုံ၍ ဝိပဿနာရှုသော နည်းစနစ် ဖြစ်သည်။ ဉာဏ်ပညာထက်မြက်သူ တိက္ခပညဝါ ယောဂါဝစရပုဂ္ဂိုလ်တို့အတွက် ဝိပဿနာရှုရမည့် ရှုကွက်လည်း ဖြစ်သည်။ ရုပ်တရား၌ အသိဉာဏ် သန့်ရှင်း၍ နာမ်တရား၌ အသိဉာဏ် မသန့်ရှင်းသူ တွေဝေသူ ယောဂါဝစရ ပုဂ္ဂိုလ်တို့အတွက် ဝိပဿနာ ရှုကွက်လည်း ဖြစ်သည်။ ဝိပဿနာအရာဝယ် အကျဉ်းနည်းကိုသာ နှစ်ခြိုက်ကြသည့် = သံခိတ္တရုစိ ပုဂ္ဂိုလ်တို့အတွက် ဝိပဿနာရှုကွက်လည်း ဖြစ်သည်။ (မဟာဋီ၊၂၊၈၅။)

ထိုသို့ရှုရာ၌ ရှေးနာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့သည့်အတိုင်း အတန်းလိုက် တစ်တန်းပြီး တစ်တန်း ရှုခြင်းက ပိုကောင်းပါသည်။ နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများကို ပြန်ကြည့်ပါ။ ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဉာဏ်ပီတိ နှစ်မျိုးလုံး ယှဉ်သည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိဖြစ်သည့် ဇယားပထမတန်းကို ပြန်အာရုံယူကြည့်ပါ။ ရှေးက စက္ခုဒွါရဝီထိ တစ်ဝီထိဖြစ်က နောက်က မနောဒွါရဝီထိပေါင်းများစွာ ဘဝင်ခြားလျက် ဖြစ်နိုင်သည်ကို သဘောပေါက်အောင် သိမ်းဆည်းရှုပွားပါ။ မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်တို့ကိုလည်း သိမ်းဆည်းရှုပွားပါ။ ထိုသို့ တစ်တန်းတစ်တန်း၌ ရုပ်နှင့်နာမ်ကို သိမ်းဆည်းရှုပွားနိုင်သော အသင်သူတော်ကောင်းသည် ခန္ဓာငါးပါးနည်း ရှုကွက်ကို ရှုနိုင်ပေပြီ။ ------

၁။ မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်များကို အာရုံပြု၍ တစ်တန်းလုံး တိုးလျှိုပေါက် ဝိပဿနာရှုပါ။ စိတ္တက္ခဏတိုင်း၏ မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်ဖြစ်သည်။

၂။ စိတ္တက္ခဏတိုင်း၌ တည်ရှိသော ဝေဒနာကိုအာရုံပြု၍ တစ်တန်းလုံး တိုးလျှိုပေါက် ဝိပဿနာရှုပါ။

၃။ စိတ္တက္ခဏတိုင်း၌ တည်ရှိသော သညာကိုအာရုံပြု၍ တစ်တန်းလုံး တိုးလျှိုပေါက် ဝိပဿနာရှုပါ။

၄။ စိတ္တက္ခဏတိုင်း၌ တည်ရှိသော သင်္ခါရကို အာရုံပြု၍ တစ်တန်းလုံး တိုးလျှိုပေါက် ဝိပဿနာရှုပါ။

၅။ စိတ္တက္ခဏတိုင်း၌ တည်ရှိသော ဝိညာဏ်ကိုအာရုံပြု၍ တစ်တန်းလုံး တိုးလျှိုပေါက် ဝိပဿနာရှုပါ။

ပထမအတန်း၌ ကျေနပ်မှုရအောင် ဝိပဿနာ ရှုပြီးသောအခါ ဒုတိယအတန်း၌လည်း ပုံစံတူပင် ရှုပါ။ တတိယအတန်းစသည်တို့၌လည်း သဘောပေါက်နိုင်လောက်ပေပြီ။ (၆)လိုင်းလုံး ကုန်အောင် ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓသန္တာန် နှစ်မျိုးလုံး၌ ရှုပါ။ ထိုသို့ရှုရာ၌ ရှေးက စက္ခုဒွါရဝီထိစသော ပဉ္စဒွါရဝီထိ တစ်ကြိမ်ဖြစ်က နောက်က မနောဒွါရဝီထိများ ကြိမ်ဖန်များစွာ ဘဝင်များခြားလျက် ဖြစ်နိုင်သည်ကို သဘောပေါက်အောင် ရှုပါ။ ဝီထိပေါင်း မည်မျှပင်များစေကာမူ ယင်း ဝီထိပေါင်းများစွာကို ခြုံငုံ၍ လက္ခဏာယာဉ်တစ်ချက်မျှလောက် တင်မိလျှင်လည်း လုံလောက်သည်သာ ဖြစ်ပေသည်။

နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ရုပ်နာမ်တို့ကို သိမ်းဆည်းခဲ့စဉ်က ---- နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် တင်ပြခဲ့သည့်အတိုင်း ဇယား တစ်တန်းစီ တစ်တန်းစီ၌ ------

၁။ ရုပ်နာမ် နှစ်ပါးနည်း,

၂။ ခန္ဓာ (၅)ပါးနည်း,

၃။ အာယတန တစ်ဆယ့်နှစ်ပါးနည်း,

၄။ ဓာတ် တစ်ဆယ့်ရှစ်ပါးနည်း ------

ဤသို့စသော နည်းအမျိုးမျိုးတို့ဖြင့် သိမ်းဆည်းခဲ့၏။ ထိုသို့ သိမ်းဆည်းခဲ့သည့်အတိုင်း ဤဝိပဿနာပိုင်း၌လည်း လက္ခဏာယာဉ်သုံးချက်ကို တစ်လှည့်စီတင်၍ ဝိပဿနာ ရှုပါ။ ဥဒယဗ္ဗယဉာဏ် ဘင်္ဂဉာဏ်စသည့် အထက်ပိုင်း ဝိပဿနာဉာဏ်ရှုကွက်တို့၌လည်း နည်းတူ သဘောပေါက်ပါ။

ထိုသို့ ရှုရာ၌ ပစ္စုပ္ပန်တွင် အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံး၌ ရုပ်နာမ်နှစ်ပါးနည်း ခန္ဓာငါးပါးနည်း စသည်တို့ဖြင့် ဝိပဿနာရှု၍ ကျေနပ်မှု အထိုက်အလျောက် ရရှိသောအခါ အတိတ်ပစ္စုပ္ပန်အနာဂတ် ဟူသည့် ကာလ သုံးပါးအတွင်း၌ တည်ရှိသော သင်္ခါရတရားတို့ကိုလည်း ရုပ်နာမ်နှစ်ပါးနည်း ခန္ဓာငါးပါးနည်း စသည်တို့ဖြင့် ဆက်လက်၍ ဝိပဿနာ ရှုနိုင်၏။ ထိုသို့ ရှုရာ၌ကား ---- အတိတ်အဆက်ဆက်မှသည် ပစ္စုပ္ပန်၊ ပစ္စုပ္ပန်မှသည် အနာဂတ်ဆုံးသည်တိုင်အောင် ------

၁။ ရုပ်သက်သက်ကို တိုးလျှိုပေါက်,

၂။ ဝေဒနာသက်သက်ကို တိုးလျှိုပေါက်,

၃။ သညာသက်သက်ကို တိုးလျှိုပေါက်,

၄။ သင်္ခါရသက်သက်ကို တိုးလျှိုပေါက်,

၅။ ဝိညာဏ်သက်သက်ကို တိုးလျှိုပေါက် ----

ခြုံငုံ၍သာ ဝိပဿနာရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ ရှုပါ။ ထိုသို့ ရှုရန် အောက်ပါဒေသနာတော်များက ညွှန်ကြားလျက် ရှိ၏။ ------

ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ရူပံ အနိစ္စတော ဝဝတ္ထပေတိ၊ ဧကံ သမ္မသနံ။ ဒုက္ခတော အနတ္တတော ဝဝတ္ထပေတိ၊ ဧကံ သမ္မသနန္တိ။ (ဝိသုဒ္ဓိ၊၂၊၂၄၄။)

ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အနိစ္စံ ခယဋ္ဌေန။ (ပဋိသံ၊၅၁။ ဝိသုဒ္ဓိ၊၂၊၂၄၅။)

တသ္မာ ဧသ ယံ အတီတံ ရူပံ၊ တံ ယသ္မာ အတီတေယေဝ ခီဏံ၊ နယိမံ ဘဝံ သမ္ပတ္တန္တိ အနိစ္စံ ခယဋ္ဌေန။ ယံ အနာဂတံ အနန္တရဘဝေ နိဗ္ဗတ္တိဿတိ၊ တမ္ပိ တတ္ထေဝ ခီယိဿတိ၊ န တတော ပရံ ဘဝံ ဂမိဿတီတိ အနိစ္စံ ခယဋ္ဌေန။

ယံ ပစ္စုပ္ပန္နံ ရူပံ၊ တမ္ပိ ဣဓေဝ ခီယတိ၊ န ဣတော ဂစ္ဆတီတိ အနိစ္စံ ခယဋ္ဌေန။

ယံ အဇ္ဈတ္တံ၊တမ္ပိ အဇ္ဈတ္တမေဝ ခီယတိ၊ န ဗဟိဒ္ဓါဘာဝံ ဂစ္ဆတီတိ အနိစ္စံ ခယဋ္ဌေန။

ယံ ဗဟိဒ္ဓါ၊ တမ္ပိ ဗဟိဒ္ဓါယေဝ ခီယတိ၊ န အဇ္ဈတ္တဘာဝံ ဂစ္ဆတီတိ အနိစ္စံ ခယဋ္ဌေန။ (ဝိသုဒ္ဓိ၊၂၊၂၄၅။)

ဤအထက်ပါ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီး ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကြီးတို့၏ ညွှန်ကြားသတ်မှတ်ချက်အရ အသင်သူတော်ကောင်းသည် ကာလသုံးပါး သန္တာန်နှစ်ပါး အတွင်း၌ တည်ရှိသော ရုပ်တရား နာမ်တရားတို့ကို (၅)ပုံ ပုံ၍ ခန္ဓာ (၅)ပါးနည်းဖြင့်လည်း ဝိပဿနာ ရှုနိုင်ပါသည်။ ရှေးဦးစွာ အဇ္ဈတ္တကစ၍ ရှုပုံကို ရေးသား တင်ပြအပ်ပါသည်။

၁။ ရူပက္ခန္ဓာ ------အသင်သူတော်ကောင်းသည် ရုပ်နာမ်နှစ်ပါးနည်း ရှုကွက်တွင် ရေးသား တင်ပြခဲ့သည့် အတိုင်း အသင်သူတော်ကောင်း၏ ရုပ်နာမ်သန္တာန်အစဉ်တွင် အသင်သူတော်ကောင်း ကိုယ်တိုင်ရှု၍ ရနိုင်သမျှသော အတိတ်ဘဝအဆက်ဆက်မှသည် ပစ္စုပ္ပန်၊ ပစ္စုပ္ပန်မှသည် အနာဂတ်ဆုံးသည်တိုင်အောင် တိုးလျှိုပေါက် ရုပ်တရား အားလုံးကို ခြုံငုံ၍ အနိစ္စ အနိစ္စ ဟုရှုပါ။ ခပ်စိပ်စိပ် ရှုပါ။ ဒုက္ခ အနတ္တတို့ကိုလည်း နည်းတူ ဆက်ရှုပါ။ ဗဟိဒ္ဓ၌လည်း နည်းတူရှုပါ။

၂။ ဝေဒနာက္ခန္ဓာ ------အသင်သူတော်ကောင်းသည် မိမိ၏ ရုပ်နာမ်သန္တာန်အစဉ်၌ အကျုံးဝင်သော ကာလ သုံးပါးအတွင်း၌ တည်ရှိသော မိမိ သိမ်းဆည်းနိုင်သမျှ အဆုံးစွန်သော အတိတ်ဘဝမှစ၍ အနာဂတ်ဆုံးသည် တိုင်အောင် ထိုထို ဘဝတစ်လျှောက်အတွင်း၌ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့ဖြစ်သော ထိုထို စိတ္တက္ခဏ အသီးအသီး၏ နာမ်တရားစုမှ ဝေဒနာကို ရွေးထုတ်၍ ထိုဝေဒနာကို အနိစ္စဟု တွင်တွင်ရှုပါ။ မိမိ သိမ်းဆည်းနိုင်သမျှ အတိတ်မှ သည် အနာဂတ်ဆုံးသည်တိုင်အောင် တိုးလျှိုပေါက် ရှုပါ၊ ခပ်စိပ်စိပ် ရှုပါ။ ထိုထို ဘဝတစ်လျှောက်အတွင်း၌ ဖြစ်ဖြစ်သမျှ စိတ္တက္ခဏတိုင်း၌ ပါဝင်တည်ရှိသော ဝေဒနာတိုင်းကို ကုန်စင်အောင် မရှုနိုင်စေကာမူ ရှုနိုင်သမျှ ဝေဒနာတို့ကို မိမိဉာဏ်စွမ်းအား ရှိသလောက် ရှုပါ။ ထိုသို့ ရှုရာ၌ ထိုထိုဘဝ ထိုထိုစိတ္တက္ခဏ အသီးအသီး၏ အတွင်း၌ တည်ရှိသော သုခဝေဒနာ, သို့မဟုတ် ဒုက္ခဝေဒနာ သို့မဟုတ် သောမနဿဝေဒနာ သို့မဟုတ် ဒေါမနဿဝေဒနာ သို့မဟုတ် ဥပေက္ခာဝေဒနာတို့ကို အသီးအသီး ကွဲပြားအောင် ရှုပါ။ (မည်သည့် စိတ္တက္ခဏ၌ မည်သည့်ဝေဒနာ ယှဉ်သည်ကို နာမ်ကမ္မဋ္ဌာန်းပိုင်း၌ ဆိုခဲ့ပြီးသည့်အတိုင်း သိပါလေ။)

အနိစ္စာနုပဿနာဉာဏ်၌ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှု၍ အတော်အသင့် အားရကျေနပ်မှု ရသော အခါ ဒုက္ခာနုပဿနာဉာဏ်နှင့် အနတ္တာနုပဿနာဉာဏ်များကို ရရှိအောင်လည်း နည်းတူပင် ဆက်လက်၍ ကြိုးပမ်းပါ။ အဇ္ဈတ္တ၌ အောင်မြင်မှု ရရှိသောအခါ ဗဟိဒ္ဓ၌လည်း နည်းတူပင် ရှုပါ။ ရံခါ အဇ္ဈတ္တ ရံခါ ဗဟိဒ္ဓ တစ်လှည့်စီ လှည့်၍ ရှုပါ။ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။

၃။ သညာက္ခန္ဓာ ------ သညာက္ခန္ဓာကို ဝိပဿနာ ရှုရာ၌လည်း ဝေဒနာက္ခန္ဓာ၌ ရေးသားတင်ပြခဲ့သည့်အတိုင်း ထိုထိုဘဝ ထိုထိုစိတ္တက္ခဏ အတွင်း၌ တည်ရှိသော နာမ်တရားစုမှ သညာကို ရွေးထုတ်၍ အနိစ္စ အနိစ္စဟု ကြိမ်ဖန်များစွာရှုပါ။ ဒုက္ခ အနတ္တတို့ကိုလည်း နည်းတူပင်ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန် နှစ်မျိုးလုံး၌ တစ်လှည့်စီ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ ထိုသို့ ရှုရာ၌ ရူပသညာ သဒ္ဒသညာ ဂန္ဓသညာ ရသသညာ ဖောဋ္ဌဗ္ဗသညာ ဓမ္မသညာဟူသော သညာ (၆)မျိုးကို ကွဲကွဲပြားပြား သိအောင် ရှုပါ။ ဘဝတစ်လျှောက်အတွင်း ထိုက်သည့် အားလျော်စွာ ဖြစ်ပေါ်သွားသော စက္ခုဒွါရဝီထိစသော ဝီထိ (၆)မျိုးနှင့် ပဋိသန္ဓေ ဘဝင် စုတိဟူသော ဝီထိမုတ်စိတ် တို့ကို ဖြစ်ခဲ့သည့်အတိုင်း ဖြစ်ပေါ်ဆဲအတိုင်း ဖြစ်လတ္တံ့အတိုင်း ဝီထိအမျိုးအစားများကို ကုန်စင်အောင် သိမ်းဆည်းလျက် ဝိပဿနာရှုနိုင်ပါက သညာ (၆)မျိုးတို့လည်း စုံလင်စွာ ပါဝင်သွားမည်သာ ဖြစ်ပေသည်။ သညာနှင့် ယှဉ်တွဲလျက်စိတ္တက္ခဏ တစ်ခုအတွင်းဝယ် အတူဖြစ် သွားကြသော ဝေဒနာ သင်္ခါရ ဝိညာဏ် နာမ်တရားစုတို့သည်လည်း စုံလင်သွားကြမည်သာ ဖြစ်ပေသည်။

၄။ သင်္ခါရက္ခန္ဓာ ------ဝေဒနာက္ခန္ဓာတွင် ရေးသား တင်ပြခဲ့သည့်အတိုင်း ထိုထိုဘဝ ထိုထိုစိတ္တက္ခဏ အသီး အသီး၏ နာမ်တရားစုမှ ဝေဒနာသညာကို နှုတ်၍ ကြွင်းကျန်သော စေတသိက်တို့ကို တစ်စုတစ်ပုံထား၍ စေတနာကို ပဓာနဦးတည်လျက် ဝိပဿနာရှုရမည့်အပိုင်း ဖြစ်သည်။ မိမိသိမ်းဆည်းနိုင်သမျှ အတိတ်ဘဝမှသည် ပစ္စုပ္ပန်၊ ပစ္စုပ္ပန်မှသည် အနာဂတ်ဆုံးသည်တိုင်အောင် စိတ္တက္ခဏ အသီးအသီး၌ ယှဉ်တွဲလျက်ရှိသော သင်္ခါရက္ခန္ဓာ စေတသိက်တရားစုတို့ကို ယင်းတရားတို့၏ ဖြစ်ပြီးလျှင် ပျက်သွားသည့် သဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အနိစ္စ အနိစ္စဟု တွင်တွင်သာ ရှုနေပါ။ ဒုက္ခ အနတ္တတို့ကိုလည်း နည်းတူပင် ရှုနေပါ။ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓ တစ်လှည့် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုနေပါ။ ဝေဒနာ သညာတို့ နည်းတူ ---- အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန် နှစ်ပါး လုံး၌ အတိတ် ပစ္စုပ္ပန် အနာဂတ် ကာလသုံးပါးလုံးဝယ် တိုးလျှိုပေါက်အောင် ခပ်စိပ်စိပ် ဝိပဿနာရှုပါ။ ရူပသေဉ္စတနာ သဒ္ဒသေဉ္စတနာ ဂန္ဓသေဉ္စတနာ ရသသေဉ္စတနာ ဖောဋ္ဌဗ္ဗသေဉ္စတနာ ဓမ္မသေဉ္စတနာဟူသော စေတနာ (၆)မျိုး ဦးဆောင်သည့် သင်္ခါရက္ခန္ဓာ တရားစုတို့ကို ကွဲကွဲပြားပြား သိအောင် သိမ်းဆည်းလျက် ဝိပဿနာ ရှုပါ။

၅။ ဝိညာဏက္ခန္ဓာ -----အထက်ပါ ဝေဒနာ သညာ သင်္ခါရအမည်ရသော စေတသိက်တရားစုတို့နှင့် စိတ္တက္ခဏ အသီးအသီး၌ အတူယှဉ်တွဲဖြစ်သည့် ကာလသုံးပါးလုံးအတွင်း၌ တည်ရှိသော စိတ္တက္ခဏ အသီးအသီး၌ ပါဝင် တည်ရှိသော အသိစိတ် ဝိညာဏ်ကို ရွေးထုတ်၍ အနိစ္စ အနိစ္စဟု ရှုပါ။ အတိတ် ပစ္စုပ္ပန် အနာဂတ် ကာလသုံးပါး ဝယ် တိုးလျှိုပေါက် ရှုပါ။ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရှုပါ။ ဒုက္ခ အနတ္တတို့ကိုလည်း နည်းတူ ရှုပါ။

ဤသို့လျှင် ကာလသုံးပါးလုံး တိုးလျှိုပေါက်အောင် ခန္ဓာငါးပါးလုံးကို တစ်ခုစီခွဲ၍ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓ တစ်လှည့် အနိစ္စတစ်လှည့် ဒုက္ခတစ်လှည့် အနတ္တတစ်လှည့် လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ်ဟူသော ဝိပဿနာဉာဏ်အမြင်များ သန့်ရှင်းအောင် ဆက်လက်၍ ကြိုးပမ်းပါလေ။

ဤ ရေးသားတင်ပြထားသည့် အတိုင်း ခန္ဓာငါးပါးတို့ကို စနစ်တကျ အဝါးဝစွာ ဝိပဿနာ ရှုနိုင်သောအခါ ယင်းသို့ ဖော်ပြထားသော ------

၁။ အတိတ်ခန္ဓာ ငါးပါး,

၂။ ပစ္စုပ္ပန်ခန္ဓာ ငါးပါး,

၃။ အနာဂတ်ခန္ဓာ ငါးပါး,

၄။ အဇ္ဈတ္တခန္ဓာ ငါးပါး,

၅။ ဗဟိဒ္ဓခန္ဓာ ငါးပါးတို့၌ ------

၆။ ဩဠာရိက = ရုန့်ရင်းကြမ်းတမ်းသော ခန္ဓာငါးပါး,

၇။ သုခုမ = သိမ်မွေ့နူးညံ့သော ခန္ဓာငါးပါး,

၈။ ဟီန = ယုတ်ညံ့သော ခန္ဓာငါးပါး,

၉။ ပဏီတ = မွန်မြတ်သော ခန္ဓာငါးပါး,

၁၀။ ဒူရ = ဝေးသော ခန္ဓာငါးပါး,

၁၁။ သန္တိက = နီးသော ခန္ဓာငါးပါး ---

ဤ (၁၁)မျိုးသော ခန္ဓာငါးပါးတို့သည်လည်း အကျုံးဝင်သွားပေသည်။

ဩဠာရိကရုပ် - သုခုမရုပ်

(၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိကြသော ရုပ်တရားတို့ကို ခြုံငုံ၍ ဝိပဿနာရှုရာ၌ ယင်းရုပ်တရား တို့တွင် ------ စက္ခုအကြည် သောတအကြည် ဃာနအကြည် ဇိဝှါအကြည် ကာယအကြည်ဟူသော အကြည်ရုပ် = ပသာဒရုပ် (၅ )ပါး, ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ (ပထဝီ တေဇော ဝါယော) ဟူသော အာရုံရုပ် = ဂေါစရရုပ် (၇)ပါး, နှစ်ရပ်ပေါင်း (၁၂)မျိုးသော ရုပ်တရားတို့သည် ဝိသယီ ဝိသယဖြစ်၍ ထိခိုက်သည်၏ အစွမ်းဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဖြင့် ပိုင်းခြား၍ ယူအပ်သည်၏ အဖြစ်ကြောင့် ဩဠာရိက = ရုန့်ရင်း ကြမ်းတမ်းသော ရုပ်မည်၏။ (ပသာဒရုပ်ငါးခုတို့ကား ဝိသယီရုပ်တို့ ဖြစ်ကြ၏၊ အာရုံရုပ် ခုနစ်မျိုးတို့ကား ဝိသယရုပ်တို့ ဖြစ်ကြ၏။ စက္ခုပသာဒစသော ဆိုင်ရာ ဝိသယီရုပ်သို့ ရူပါရုံစသော ဆိုင်ရာဝိသယရုပ်က ရှေးရှု ထိခတ်သောအခါ ထိုသို့ ရှေးရှုထိခတ်သောအချိန်၌ ယောဂါဝစရပုဂ္ဂိုလ်သည် မိမိ၏ဝိပဿနာဉာဏ်ဖြင့် ဤကား စက္ခုပသာဒ, ဤကား ရူပါရုံ ဤသို့စသည်ဖြင့် ပိုင်းခြား၍ ယူနိုင်၏။ ယောဂါဝစရပုဂ္ဂိုလ်၏အသိဉာဏ်၌ ထင်လွယ် မြင်လွယ်၏။ ထို့ကြောင့် ယင်းရုပ် ၁၂-မျိုးတို့သည် ရုန့်ရင်းကြမ်းတမ်းသော ဩဠာရိကရုပ် မည်ကုန်၏။)

အာပေါဓာတ်, ဘာဝရုပ် (= ဣတ္ထိဘာဝရုပ် ပုရိသဘာဝရုပ် ), ဇီဝိတ, ဟဒယဝတ္ထု, ဩဇာ ဟူသော ဤ ရုပ်အစစ်တို့ကား ဝိသယီ ဝိသယဖြစ်၍ ထိခိုက်သည်၏ အစွမ်းဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဖြင့် ပိုင်းခြား၍ ယူရသော ရုပ်တရားများကား မဟုတ်ကြပေ။ မဟာကုသိုလ် (မဟာကြိယာ) မနောဒွါရိကဇောဝီထိ စိတ်အစဉ်ဖြင့်သာ သို့မဟုတ် ယင်း ဇောဝီထိစိတ်အစဉ်တွင် အကျုံးဝင်သော ဝိပဿနာဉာဏ်ဖြင့်သာ ပိုင်းခြား၍ ယူရသော ယူနိုင်သော ရုပ်တရားတို့ ဖြစ်ကြ၏။ ထို့ကြောင့် ယင်း ရုပ်တရားတို့သည် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ သိမ်မွေ့သော သုခုမရုပ်တို့မည်၏။ (အနိပ္ဖန္နရုပ် ဆယ်မျိုးတို့သည်လည်း သုခုမရုပ်တို့ပင် ဖြစ်ကြ၏။ သို့သော် ဝိပဿနာ မရှုကောင်းသော ရုပ်တရားများသာ ရုပ်အတုတို့သာ ဖြစ်ခြင်းကြောင့် ချန်လှပ်ထားပါသည်။) (ဝိသုဒ္ဓိ၊၂၊၈၁။)

ဟီနရုပ် - ပဏီတရုပ်

ဟီနရုပ် ပဏီတရုပ် အမျိုးအစားသည် ------

၁။ ပရိယာယ်အားဖြင့်လည်းကောင်း,

၂။ မုချအားဖြင့်လည်းကောင်း ----

နှစ်မျိုးနှစ်စား ရှိကြောင်းကို သိသင့်ပေ၏။ ထိုတွင် အကနိဋ္ဌဗြဟ္မာတို့၏ ရုပ်အောက် သုဒဿီဗြဟ္မာတို့၏ ရုပ်သည် ယုတ်ညံ့၏၊ ထို သုဒဿီဗြဟ္မာတို့၏ ရုပ်သည်ပင်လျှင် သုဒဿာဗြဟ္မာတို့၏ ရုပ်ထက် မွန်မြတ်၏။ ဤသို့သောနည်းဖြင့် ငရဲသားသတ္တဝါတို့၏ ရုပ်သို့တိုင်အောင် ပရိယာယ်အားဖြင့် အဆင့်ဆင့် ယုတ်ညံ့ပုံကို လည်းကောင်း အဆင့်ဆင့် မွန်မြတ်ပုံကိုလည်းကောင်း သိရှိပါလေ။

မုချအားဖြင့်ကား အကြင်ရုပ်တရား၌ အကုသိုလ်ကံ၏ အကျိုးဖြစ်သော အကုသလဝိပါက်ဝိညာဏ်သည် အာရုံပြု၍ ဖြစ်ပေါ်လာ၏။ ထို အကုသလဝိပါက်ဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည် ယုတ်ညံ့၏။ အကြင် ရုပ်တရား၌ ကုသိုလ်ကံ၏ အကျိုးဖြစ်သော ကုသလဝိပါက်ဝိညာဏ်သည် အာရုံပြု၍ ဖြစ်ပေါ်လာ၏။ ထို ကုသလဝိပါက်ဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည် မွန်မြတ်၏။ (ဝိသုဒ္ဓိ၊၂၊၁၀၃။)

ဤအပိုင်း၌ အသင်သူတော်ကောင်းသည် စက္ခုဒွါရဝီထိစသော ဝီထိစဉ်များကို ပြန်လည်၍သတိပြုထားပါ။ ထိုဝီထိ (၆)မျိုးတို့တွင် ပဉ္စဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံ ဟူသော ဝိပါက်ဝိညာဏ်များ ပါဝင်ကြ၏။ အကြင်ရုပ်တရားကို အာရုံပြု၍ ယင်း ဝိပါက်ဝိညာဏ်များသည် အကုသလဝိပါက်ဝိညာဏ်များ ဖြစ်ကြငြားအံ့၊ ထို အကုသလဝိပါက်ဝိညာဏ်၏ အာရုံဖြစ်သော ထိုရုပ်သည် အနိဋ္ဌစင်စစ်ဖြစ်သောကြောင့် ဟီနရုပ် မည်၏။

အကြင်ရုပ်တရားကို အာရုံပြု၍ ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံဟူသော ဝိပါက်ဝိညာဏ်များသည် ကုသလဝိပါက်ဝိညာဏ်များ ဖြစ်ကြငြားအံ့၊ ထိုရုပ်တရားသည် ကုသိုလ်ကံ၏ အစွမ်းကြောင့် ဖြစ်ပေါ်လာသော စင်စစ်အလိုရှိအပ် ကောင်းမြတ်သော ဣဋ္ဌရုပ်ဖြစ်သောကြောင့် ပဏီတ = မွန်မြတ်သောရုပ် မည်၏။

ယထာ ဟိ အကုသလဝိပါကော သယံ အနိဋ္ဌော အနိဋ္ဌေ ဧဝ ဥပ္ပဇ္ဇတိ၊ န ဣဋ္ဌေ၊ ဧဝံ ကုသလဝိပါကောပိ သယံ ဣဋ္ဌော ဣဋ္ဌေ ဧဝ ဥပ္ပဇ္ဇတိ၊ န အနိဋ္ဌေ။ တထာ ဟိ ဝုတ္တံ အဋ္ဌကထာယံ ------

အကုသလကမ္မဇဝသေန အနိဋ္ဌာ ပဉ္စ ကာမဂုဏာ ဝိဘတ္တာ၊ ကုသလကမ္မဇံ ပန အနိဋ္ဌံ နာမ နတ္ထိ၊ သဗ္ဗံ ဣဋ္ဌမေဝ။ ကုသလကမ္မဇဝသေန ဣဋ္ဌာ ပဉ္စ ကာမဂုဏာ ဝိဘတ္တာ။ ကုသလကမ္မဇဥှိ အနိဋ္ဌံ နာမ နတ္ထိ၊ သဗ္ဗံ ဣဋ္ဌမေဝါတိ။ (မဟာဋီ၊၂၊၁၅၆-၁၅၇။ အဘိ၊ဋ္ဌ၊၂၊၈။)

ထင်ရှားအောင် ဆိုရသော် ဤသို့ ဖြစ်၏၊ ----- အကုသလဝိပါက်ဝိညာဏ်သည် မိမိကိုယ်တိုင်က အလိုမရှိအပ်သော အနိဋ္ဌတရားဖြစ်၍ အလိုမရှိအပ်သော အနိဋ္ဌအာရုံ၌သာလျှင် ဖြစ်သကဲ့သို့ အလိုရှိအပ် ကောင်းမြတ်သော ဣဋ္ဌအာရုံ၌ မဖြစ်သကဲ့သို့, ဤအတူ ကုသလဝိပါက်ဝိညာဏ်သည်လည်း မိမိကိုယ်တိုင်က အလိုရှိအပ် ကောင်းမြတ်သော ဣဋ္ဌတရားဖြစ်၍ အလိုရှိအပ် ကောင်းမြတ်သော ဣဋ္ဌအာရုံ၌သာလျှင် ဖြစ်၏။ အလိုမရှိ အပ်သော အနိဋ္ဌအာရုံ၌ မဖြစ်ပေ။ မှန်ပေသည် ----- သမ္မောဟဝိနောဒနီအဋ္ဌကထာ၌ အောက်ပါအတိုင်း ဖွင့်ဆိုထား၏။ ------

အကုသိုလ်ကံကြောင့်ဖြစ်သော အကုသိုလ်ကမ္မဇရုပ်၏ အစွမ်းဖြင့်သာလျှင် အလိုမရှိအပ်ကုန်သော အနိဋ္ဌဖြစ်ကုန်သော အာရုံ (၅)ပါး ကာမဂုဏ်တရားတို့ကို ခွဲခြားဝေဖန်၍ ဘုရားရှင်သည် ဟောကြားတော်မူအပ်ကုန်၏။ ကုသိုလ်ကံကြောင့်ဖြစ်သော ကုသိုလ်ကမ္မဇရုပ်သည်ကား အလိုမရှိအပ်သော အနိဋ္ဌာရုံမည်သည် မရှိ။ ကုသိုလ်ကံကြောင့်ဖြစ်သော ကုသိုလ်ကမ္မဇရုပ်အားလုံးသည် အလိုရှိအပ် ကောင်းမြတ်သော ဣဋ္ဌအာရုံရုပ်ချည်း သာတည်းဟုလည်းကောင်း, ကုသိုလ်ကံကြောင့်ဖြစ်သော ကုသိုလ်ကမ္မဇရုပ်၏ အစွမ်းဖြင့်သာလျှင် အလိုရှိအပ် ကောင်းမြတ်ကုန်သော ဣဋ္ဌဖြစ်ကုန်သော အာရုံငါးပါး ကာမဂုဏ်တရားတို့ကို ခွဲခြားဝေဖန်၍ ဘုရားရှင်သည် ဟောကြားထားတော်မူအပ်ကုန်၏။ မှန်ပေသည် ---- ကုသိုလ်ကံကြောင့်ဖြစ်သော ကုသိုလ်ကမ္မဇရုပ်သည် အလို မရှိအပ် မနှစ်သက်အပ်သော အနိဋ္ဌဖြစ်သော ရုပ်တရားမည်သည် မရှိစကောင်းပေ။ ကုသိုလ်ကံကြောင့်ဖြစ်သော ကုသိုလ်ကမ္မဇရုပ်အားလုံးသည် အလိုရှိအပ် ကောင်းမြတ်သော ဣဋ္ဌအာရုံရုပ်တရားချည်းသာတည်းဟုလည်းကောင်း ----- ဤသို့လျှင် သမ္မောဟဝိနောဒနီအဋ္ဌကထာကြီး၌ ဖွင့်ဆိုထားတော်မူပေသည်။ (မဟာဋီ၊၂၊၁၅၆-၁၅၇။ အဘိ၊ဋ္ဌ၊၂၊၈-၉။)

ဒူရရုပ် - သန္တိကရုပ်

အထက်တွင် ဖော်ပြခဲ့သော သိမ်မွေ့သော သုခုမရုပ်သည်ပင်လျှင် သိမ်မွေ့သည်ဖြစ်၍ ထိုးထွင်း၍ သိနိုင်ခဲသော သဘောရှိသည်၏ အဖြစ်ကြောင့် ယောဂါဝစရပုဂ္ဂိုလ်၏ ရှုနေသောအသိဉာဏ်နှင့် ဝေးရကား ဒူရေရုပ် = ဒူရရုပ် မည်၏။ ရုန့်ရင်းကြမ်းတမ်းသော ဩဠာရိကရုပ်သည် ရုန့်ရင်းသည်၏ အဖြစ်ဖြင့် ထိုးထွင်း၍ သိလွယ်သော သဘောရှိသည်၏ အဖြစ်ကြောင့် ယောဂါဝစရပုဂ္ဂိုလ်၏ ရှုနေသောအသိဉာဏ်နှင့် နီးကပ်ရကား သန္တိကေရုပ် = သန္တိကရုပ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၈၁။)

တစ်နည်း ------ အရပ်ဩကာသအားဖြင့်လည်း ဤ ဒူရဒုက်၌ အဆင့်ဆင့် ထောက်၍ထောက်၍ ဒူရ သန္တိက အဖြစ်ကို သိရှိပါလေ။ (ဝိသုဒ္ဓိ၊၂၊၁၀၄။)

ထိုစကားရပ်၌ အဘယ်မျှသော အရပ်မှစ၍ ရုပ်တရားသည် တည်ရာအရပ် ဩကာသ၏ အစွမ်းဖြင့် သန္တိကေရုပ် = ယောဂါဝစရပုဂ္ဂိုလ်၏ ရှုနေသောဉာဏ်နှင့် နီးသည် မည်သနည်း၊ တစ်ဖန် အဘယ်မျှသော အရပ်မှ စ၍ ရုပ်တရားသည် တည်ရာအရပ်ဩကာသ၏ အစွမ်းဖြင့် ဒူရေရုပ် = ယောဂါဝစရပုဂ္ဂိုလ်၏ ရှုနေသောဉာဏ်နှင့် ဝေးသည် မည်သနည်း ------

ပကတိသော စကားဖြင့် ပြောဆိုသောသူတို့၏ (၁၂)တောင်တို့သည် သဝနူပစာရမည်၏။ ထို သဝနူပစာရ၏ အတွင်းဘက်၌ တည်ရှိသောရုပ်သည် သန္တိကေရုပ်, အပြင်ဘက်၌ တည်ရှိသောရုပ်သည် ဒူရေရုပ် မည်၏။

ထိုဒူရသန္တိက အရပ်နှစ်မျိုးတို့တွင် သုခုမရုပ်သည် သဝနူပစာရ (၁၂)တောင်အရပ်မှ ပြင်ဘက် ဝေးသော အရပ်၌ ဖြစ်လတ်သော် လက္ခဏာအားဖြင့်လည်းကောင်း, ဩကာသ = တည်ရာအရပ်အားဖြင့်လည်းကောင်း ဒူရရုပ်မည်သည် ဖြစ်၏။ ဝေးသောရုပ် မည်၏။ သဝနူပစာရဟူသော (၁၂)တောင် အတွင်း နီးသောအရပ်၌ ဖြစ်လတ်သော်ကား တည်ရာအရပ် ဩကာသအားဖြင့်သာလျှင် သန္တိကေရုပ် = နီးသော ရုပ်မည်၏၊ လက္ခဏာ အားဖြင့်ကား သန္တိကေရုပ် = နီးသောရုပ် မမည်။

ဩဠာရိကရုပ် = ရုန့်ရင်းသောရုပ်သည်ကား သဝနူပစာရဟူသော (၁၂)တောင်အတွင်း နီးသောအရပ်၌ ဖြစ်လတ်သော် လက္ခဏာအားဖြင့်လည်းကောင်း, တည်ရာအရပ် ဩကာသအားဖြင့်လည်းကောင်း သန္တိကေရုပ် = နီးသောရုပ် မည်၏။ (၁၂)တောင်ဟူသော သဝနူပစာရအရပ်၏ ပြင်ဘက် ဝေးသောအရပ်၌ ဖြစ်လတ်သော် တည်ရာအရပ် ဩကာသအားဖြင့်သာလျှင် ဒူရေရုပ် = ဝေးသောရုပ် မည်၏၊ လက္ခဏာအားဖြင့်ကား ဒူရေရုပ် = ဝေးသောရုပ် မမည်။ (မဟာဋီ၊၂၊၁၅၈။)

တစ်ဖန် ------ ဥပါဒါယုပါဒါယ = ထောက်ဆ၍ ထောက်ဆ၍ တည်ရာအရပ် ဩကာသအားဖြင့် ရုပ်တရား ၏ ဒူရသန္တိကဖြစ်ပုံကို သိရှိရန် အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူသောကြောင့် မိမိ၏ ရုပ်သည် သန္တိကေရုပ် = နီးသောရုပ် မည်၏။ မိမိ၏ဝမ်းတွင်း၌ (ကိုယ်ဝန်သားငယ် သို့မဟုတ် ပိုးလောက်သတ္တဝါ စသည် အဖြစ်ဖြင့်) တည်ရှိငြားသော်လည်း သူတစ်ပါး၏ ရုပ်သည် ဒူရေရုပ် = ဝေးသောရုပ် မည်၏။

မိမိ၏ ဝမ်းတွင်း၌ တည်သော (ကိုယ်ဝန်သားငယ် သို့မဟုတ် ပိုးလောက်သတ္တဝါ စသော) သတ္တဝါ၏ ရုပ်သည် သန္တိကေရုပ် = နီးသောရုပ် မည်၏။ မိမိခန္ဓာအိမ်၏ ပြင်ပ၌ တည်ရှိသောရုပ်သည် ဒူရေရုပ် မည်၏။ ဝေးသောရုပ်မည်၏။ ဤသို့စသော နည်းဖြင့် ------

၁။ တိုက်ခန်းအတွင်းအရပ်,

၂။ ကျောင်းဦးမျက်နှာစာအရပ်,

၃။ ပရိဝုဏ်အရပ် = ကျောင်းဆောင် တစ်ဆောင်၏ ပတ်ဝန်းကျင်အရပ်,

၄။ သံဃာ့အာရာမ်ခေါ်သော ကျောင်းတိုက် တစ်တိုက်လုံး = ဥပစာရသိမ်အရပ်,

၅။ ရွာတစ်ရွာ,

၆။ ဇနပုဒ်တစ်ခု (တိုင်းနှင့် ပြည်နယ်),

၇။ တိုင်းပြည် တစ်ပြည် = နိုင်ငံ တစ်နိုင်ငံ,

၈။ သမုဒ္ဒရာ,

၉။ စကြဝဠာတို့တွင် ------

ထိုထိုသော အရပ်၏ အတွင်း၌ တည်သောရုပ်၊ အပ၌ တည်သောရုပ်တို့၏ အစွမ်းဖြင့် ဒူရရုပ် = ဝေးသော ရုပ်, သန္တိကရုပ် = နီးသောရုပ် အဖြစ်ကို သိရှိပါလေ။ (မဟာဋီ၊၂၊၁၅၈။)

အတိတ် အနာဂတ် ပစ္စုပ္ပန်ရုပ်, အဇ္ဈတ္တရုပ်, ဗဟိဒ္ဓရုပ်များ၏ ခွဲခြားသတ်မှတ်ပုံ အခြင်းအရာကို အထက်တွင် ရေးသားတင်ပြခဲ့ပြီး ဖြစ်ပေသည်။ ဤအထက်ပါ ရှင်းလင်းချက်များကို သဘောပေါက်ပြီးသော ဖတ်ရှုပြီးသော အသင်သူတော်ကောင်းသည် အနတ္တလက္ခဏသုတ္တန်စသော ထိုထိုသုတ္တန်တို့၌ ခန္ဓာ (၅)ပါးနည်းဖြင့် သင်္ခါရ တရားတို့ကို ဝိပဿနာရှုပွားသုံးသပ်ရန် ဘုရားရှင်၏ညွှန်ကြားတော်မူချက်များကို သဘောပေါက်နိုင်ပေလိမ့်မည်။ ပုံစံတစ်ခုကို အောက်တွင် ဖော်ပြအပ်ပါသည်။

တသ္မာတိဟ ဘိက္ခဝေ ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ရူပံ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ (သံ၊၂၊၅၆-အနတ္တလက္ခဏသုတ်။)

ရဟန်းတို့ ...ထိုသို့ ခန္ဓာငါးပါးတို့သည် အနိစ္စ, ဒုက္ခ, အနတ္တ ဖြစ်ခြင်းကြောင့် သင်ချစ်သားတို့သည် ဤ သာသနာတော်မြတ်အတွင်း၌ ------

၁။ အတိတ်ရုပ်တရား အားလုံးသည်လည်းကောင်း,

၂။ အနာဂတ်ရုပ်တရား အားလုံးသည်လည်းကောင်း,

၃။ ပစ္စုပ္ပန်ရုပ်တရား အားလုံးသည်လည်းကောင်း,

၄။ အဇ္ဈတ္တရုပ်တရား အားလုံးသည်လည်းကောင်း,

၅။ ဗဟိဒ္ဓရုပ်တရား အားလုံးသည်လည်းကောင်း,

၆။ ရုန့်ရင်းသော ဩဠာရိကရုပ်တရား အားလုံးသည်လည်းကောင်း,

၇။ သိမ်မွေ့သော သုခုမရုပ်တရား အားလုံးသည်လည်းကောင်း,

၈။ ယုတ်ညံ့သော ဟီနရုပ်တရား အားလုံးသည်လည်းကောင်း,

၉။ မွန်မြတ်သော ပဏီတရုပ်တရား အားလုံးသည်လည်းကောင်း,

၁၀။ ဝေးသော ဒူရေရုပ်တရား အားလုံးသည်လည်းကောင်း,

၁၁။ နီးသော သန္တိကေရုပ်တရား အားလုံးသည်လည်းကောင်း ရှိ၏။

ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဤအလုံးစုံသော ရုပ်တရားကို -----

နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ။

= ဤရုပ်တရားသည် ငါ့ဟာ မဟုတ်၊ ဤရုပ်တရားသည် ငါ မဟုတ်၊ ဤရုပ်တရားသည် ငါ၏အတ္တ မဟုတ်ဟု

= အနိစ္စဟု ဒုက္ခဟု အနတ္တဟု -----

မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာဉာဏ်အလင်းဖြင့် ရှုပါ။ (သံ၊၂၊၅၆။)

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၂၄၅)တွင် ဩဠာရိကရုပ်, သုခုမရုပ်, ဟီနရုပ်, ပဏီတရုပ်, ဒူရေရုပ်, သန္တိကေရုပ်တို့ကိုလည်း သီးသန့်ခွဲခြား၍ ဝိပဿနာရှုရန် ညွှန်ကြားထားပေသည်။ ထို ညွှန်ကြားတော် မူသည့်အတိုင်း အသင်သူတော်ကောင်းသည် ခွဲရှုလိုကလည်း ရှုပါ။

အကယ်၍ အသင်သူတော်ကောင်းသည် အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓဟူသော သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော ရုပ်တရားအားလုံးကို သိမ်းကျုံး၍ ခြုံငုံ၍ ဝိပဿနာရှုနိုင်ပါက ယင်း ရုပ်တရားတို့တွင် ဩဠာရိကရုပ်, သုခုမရုပ်, ဟီနရုပ်, ပဏီတရုပ်, ဒူရေရုပ်, သန္တိကေရုပ် အားလုံးတို့သည်လည်း အကျုံးဝင်သွားကြပြီးပင် ဖြစ်ကြ၏။ ထို့ကြောင့် ယင်း ရုပ်တရားတို့ကို သီးသန့်ခွဲခြား ရှုလိုကလည်း ရှုပါ။ ခြုံရှုလိုကလည်း ရှုပါ။ ဝေဒနာက္ခန္ဓာစသော နာမ်ခန္ဓာတို့၌လည်း ထိုနည်းတူပင် သဘောပေါက်ပါ။ (ပဋိသံ၊ဋ္ဌ၊၁၊၂၃၃ - ကြည့်ပါ။)

ဝေဒနာက္ခန္ဓာ စသော နာမ်ခန္ဓာတို့၌ အတိတ် အနာဂတ် ပစ္စုပ္ပန်, အဇ္ဈတ္တ ဗဟိဒ္ဓ ခွဲခြားသတ်မှတ်ပုံကို ရှေးပိုင်းတွင် ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်သည်။ ယခုအခါတွင် ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက ခွဲခြား သတ်မှတ်ပုံကို ဆက်လက်၍ ရေးသားတင်ပြအပ်ပါသည်။ ------

ဩဠာရိက ဝေဒနာ - သုခုမ ဝေဒနာ

အကုသလာ ဝေဒနာ ဩဠာရိကာ၊ ကုသလာဗျာကတာ ဝေဒနာ သုခုမာ။ (အဘိ၊၂၊၄။)

= အကုသိုလ်ဝေဒနာသည် ဩဠာရိက မည်၏၊ ကုသိုလ် အဗျာကတဝေဒနာသည် သုခုမ မည်၏။ ဤသို့ စသော နည်းဖြင့် ဝိဘင်းပါဠိတော် (အဘိ၊၂၊၄။)၌ ဘုရားရှင် ဟောကြားထားတော်မူအပ်သော ------

၁။ ဇာတိ = ဇာတ်၏အစွမ်းဖြင့် လည်းကောင်း,

၂။ သဘာဝ = သဘာဝ၏အစွမ်းဖြင့် လည်းကောင်း,

၃။ ပုဂ္ဂလ = ပုဂ္ဂိုလ်၏အစွမ်းဖြင့် လည်းကောင်း,

၄။ လောကီ လောကုတ္တရာတို့၏ အစွမ်းဖြင့် လည်းကောင်း ----

ဩဠာရိက, သုခုမဖြစ်ပုံကို သိသင့်ပေ၏။

၁။ ဇာတိ = ဇာတ်၏ အစွမ်းဖြင့် ဩဠာရိက သုခုမ ဖြစ်ပုံ

အကုသိုလ်ဝေဒနာသည် ပါဏာတိပါတ = သူ့အသက်ကို သတ်ခြင်းစသော ကဲ့ရဲ့ထိုက်သော အပြစ်နှင့်တကွ ဖြစ်သော အကုသိုလ်ကို ပြုခြင်း၏ အကြောင်းတရားဖြစ်သောကြောင့်လည်းကောင်း (ကြက်သား, ဝက်သားစသည်တို့၏ အရသာကို သုံးဆောင်ခံစားဖူးသော ယင်းအရသာ၌ တွယ်တာတပ်မက်တတ်သော ရသတဏှာနှင့် ယှဉ်တွဲနေသော အကုသိုလ်ဝေဒနာသည် လှုံ့ဆော်အပ်သဖြင့် နောက်ထပ်စားလိုသောအခါ ယင်း ကြက် ဝက်တို့ကို ထပ်မံ၍ သတ်ခဲ့သော် ယင်း အကုသိုလ်ဝေဒနာမျိုးကို ဩဠာရိကဝေဒနာဟု ဆိုလိုသည်။), ကိလေသာတည်း ဟူသော မီးဖြင့် ပူလောင်ခြင်းရှိသည် အဖြစ်ကြောင့်လည်းကောင်း အပူမငြိမ်းသော ဖြစ်ခြင်းရှိ၏။ ထို့ကြောင့် ကိလေသာမီးဖြင့် မပူပန်ခြင်း ကိလေသာမီး၏ ငြိမ်းအေးခြင်းသဘောရှိသော ကုသိုလ်ဝေဒနာအောက် ရုန့်ရင်း၏။

အကုသိုလ်ဝေဒနာသည် အကျိုးကို ဖြစ်စေခြင်းငှာ လျောက်ပတ်သဖြင့် ကြောင့်ကြဗျာပါရနှင့် အတူတကွ ဖြစ်သည်၏ အဖြစ်ကြောင့်လည်းကောင်း, အကျိုးဝိပါက်ကို ဖြစ်စေခြင်းငှာ စွမ်းနိုင်သော ကမ္မသတ္တိထူးနှင့် အတူ တကွ ဖြစ်သည်၏ အဖြစ်ကြောင့်လည်းကောင်း, ဂတိဝိပတ္တိ ဥပဓိဝိပတ္တိ ကာလဝိပတ္တိ ပယောဂဝိပတ္တိတည်း ဟူသော အခြားအကြောင်းတရားတို့နှင့် ပေါင်းဆုံမိလတ်သော် အကျိုးဝိပါက်ကို ဖြစ်စေနိုင်သဖြင့် အကျိုးဝိပါက် ရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း, တစ်နည်းဆိုရသော် ---- ကာယကံစသော ဗျာပါရ ထင်ရှားရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း, ဇောတည်းဟူသော ဥဿာဟ၏ အစွမ်းအားဖြင့် အားထုတ်ခြင်း ဥဿာဟ ရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း, အကျိုးဝိပါက်ကို ဖြစ်စေခြင်း၌လည်း စွမ်းနိုင်သည်၏ အဖြစ်တည်းဟူသော သတ္တိ ရှိသည်၏ အစွမ်းအားဖြင့် အကျိုးဝိပါက်ကို ဖြစ်စေနိုင်သော ကမ္မသတ္တိ ထင်ရှားသည်၏ အဖြစ်ကြောင့်လည်းကောင်း, ကိလေသာတည်းဟူသော မီးဖြင့် ပူလောင်ခြင်းရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း, ကဲ့ရဲ့ထိုက်သော ရာဂ ဒေါသ မောဟ စသော အပြစ်နှင့်တကွဖြစ်သော ဓမ္မ၏ အဖြစ်ကြောင့်လည်းကောင်း ဝိပါက် အဗျာကတ ဝေဒနာအောက် ရုန့်ရင်း၏။

အကျိုးဝိပါက်ကို ဖြစ်စေခြင်း၌လည်း စွမ်းနိုင်သည်၏အဖြစ်တည်းဟူသော သတ္တိရှိသည်၏ အစွမ်းအားဖြင့် အကျိုးဝိပါက်ကို ဖြစ်စေနိုင်သော ကမ္မသတ္တိထင်ရှားရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း, ကိလေသာတည်း ဟူသော မီးဖြင့် ပူလောင်ခြင်းရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း, ကိလေသဒုက္ခရှိသည်၏ အဖြစ်ကြောင့် လည်းကောင်း, ကဲ့ရဲ့ထိုက်သော ရာဂ ဒေါသ မောဟစသော အပြစ်နှင့်တကွ ဖြစ်သော ဓမ္မ၏ အဖြစ်ကြောင့် လည်းကောင်း ကိရိယာ အဗျာကတဝေဒနာအောက် ရုန့်ရင်း၏၊ ဩဠာရိကဖြစ်၏။ (ဝိသုဒ္ဓိ၊၂၊၁၀၄။)

ကုသိုလ်ဝေဒနာ အဗျာကတဝေဒနာတို့သည် အပြစ်ကင်းသော အပြုအမူ၏ အဖြစ်ကြောင့်လည်းကောင်း, ကိလေသာဟူသော ပူပန်ခြင်း၏ မရှိခြင်းကြောင့်လည်းကောင်း, ကိလေသာဟူသော ဆင်းရဲ၏ မရှိခြင်းကြောင့် လည်းကောင်း ငြိမ်းအေးသော ဖြစ်ခြင်း ရှိ၏။ ဤသို့ အကုသိုလ်ဝေဒနာ၌ ဆိုအပ်ပြီးသည်မှ ပြောင်းပြန်အားဖြင့် အကုသိုလ်ဝေဒနာထက် သိမ်မွေ့ပုံ = သုခုမဖြစ်ပုံကို သိရှိပါလေ။ (ဝိသုဒ္ဓိ၊၂၊၁၀၄။ မဟာဋီ၊၂၊၁၅၉။)

ကုသိုလ်ဝေဒနာ အကုသိုလ်ဝေဒနာ နှစ်မျိုးလုံးတို့သည်လည်း ကာယကံစသော ဗျာပါရ ထင်ရှားရှိသည့် အဖြစ်ကြောင့်လည်းကောင်း, ဇောတည်းဟူသော အားထုတ်ခြင်း ဥဿာဟ၏အစွမ်းဖြင့် အားထုတ်ခြင်း လုံ့လ ဥဿာဟ ရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း, အကျိုးဝိပါက်ကို ဖြစ်စေခြင်း၌လည်း စွမ်းနိုင်သည်၏ အဖြစ်တည်းဟူသော သတ္တိရှိသည်၏ အစွမ်းအားဖြင့် အကျိုးဝိပါက်ကို ဖြစ်စေနိုင်သော ကမ္မသတ္တိ ထင်ရှားရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း ယှဉ်သင့်သည့်အားလျော်စွာ ဝိပါက်အဗျာကတဝေဒနာ ကြိယာအဗျာကတဝေဒနာ ဟူသော အဗျာကတဝေဒနာနှစ်မျိုးအောက် ရုန့်ရင်းကုန်၏ = ဩဠာရိက ဖြစ်ကုန်၏။ (ဝိသုဒ္ဓိ၊၂၊၁၀၄။)

ကုသိုလ်ဝေဒနာ အကုသိုလ်ဝေဒနာတို့သည် ဝိပါက်အဗျာကတဝေဒနာအောက် အထက်ပါ အကြောင်းတရား သုံးမျိုးလုံးတို့ကြောင့်ပင် ဩဠာရိက = ရုန့်ရင်းကုန်၏။ ကြိယာအဗျာကတဝေဒနာအောက်မူကား အကျိုး ဝိပါက်ကို ဖြစ်စေခြင်း၌ စွမ်းနိုင်သည်၏ အဖြစ်တည်းဟူသော သတ္တိရှိသည်၏ အစွမ်းအားဖြင့် အကျိုးဝိပါက်ကို ဖြစ်စေနိုင်သော ကမ္မသတ္တိ ထင်ရှားရှိသည်၏ အဖြစ်ကြောင့် ဩဠာရိက = ရုန့်ရင်းကုန်၏။ တစ်နည်း အကျိုးကို ဖြစ်စေတတ်သော စွမ်းအင်ကမ္မသတ္တိရှိသော သဝိပါကတရား၏ အဖြစ်ဖြင့် ကြိယာအဗျာကတဝေဒနာထက် ထူးကဲသော ကြောင့်ကြဗျာပါရ, အားထုတ်ခြင်း လုံ့လဥဿာဟရှိသည်၏ အဖြစ်ကြောင့် ဩဠာရိက = ရုန့်ရင်း ကုန်၏။ ဤသို့ သိရှိပါလေ။ (မဟာဋီ၊၂၊၁၅၉။)

ဝိပါက်အဗျာကတဝေဒနာသည် ကာယကံစသော ဗျာပါရ၏ ထင်ရှားမရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း, ဇောဟူသော အားထုတ်ခြင်း လုံ့လဥဿာဟ၏ အစွမ်းအားဖြင့် အားထုတ်ခြင်း လုံ့လဥဿာဟ၏ မရှိ ခြင်းကြောင့်လည်းကောင်း, အကျိုးဝိပါက်ကို ဖြစ်စေခြင်း၌ စွမ်းနိုင်သည်၏ အဖြစ်တည်းဟူသော သတ္တိမရှိသည်၏ အစွမ်းဖြင့် အကျိုးဝိပါက်ကို ဖြစ်စေနိုင်သော ကမ္မသတ္တိ၏ ထင်ရှားမရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း, ကုသိုလ်ဝေဒနာ အကုသိုလ်ဝေဒနာတို့ထက် သိမ်မွေ့၏၊ သုခုမ ဖြစ်၏။ (ဝိသုဒ္ဓိ၊၂၊၁၀၅။ မဟာဋီ၊၂၊၁၆၀။)

ကိရိယာအဗျာကတဝေဒနာသည်ကား အကျိုးဝိပါက်ကို ဖြစ်စေခြင်း၌ စွမ်းနိုင်သည်၏အဖြစ်တည်းဟူသော သတ္တိမရှိသည်၏ အစွမ်းဖြင့် အကျိုးဝိပါက်ကို ဖြစ်စေနိုင်သော ကမ္မသတ္တိ၏ ထင်ရှားမရှိသည်၏ အဖြစ်ကြောင့်, တစ်နည်း ----- အကျိုးဝိပါက်ကို ဖြစ်စေတတ်သည့် စွမ်းအင်ကမ္မသတ္တိ မရှိသော အဝိပါကတရား၏ အဖြစ်ဖြင့် ထူးခြားသော ကာယကံစသော ဗျာပါရ, ဇောဟူသော အားထုတ်ခြင်း လုံ့လဥဿာဟ၏ အစွမ်းဖြင့် အားထုတ်ခြင်း လုံ့လဥဿာဟ၏ ထင်ရှားရှိသည်၏ အဖြစ်ကြောင့် ကုသိုလ်ဝေဒနာ အကုသိုလ်ဝေဒနာထက် သိမ်မွေ့၏။ ဤသို့လျှင် ကုသိုလ်ဝေဒနာ အကုသိုလ်ဝေဒနာ၌ ဆိုအပ်ခဲ့ပြီးသောနည်းမှ ပြောင်းပြန်အားဖြင့် ဝိပါက်အဗျာကတဝေဒနာ ကြိယာအဗျာကတဝေဒနာတို့သည် ကုသိုလ်ဝေဒနာ အကုသိုလ်ဝေဒနာတို့ထက် သုခုမဖြစ်ပုံ = သိမ်မွေ့ပုံကို သိရှိပါလေ။ မှန်ပေသည် ------ ကံ၏အဟုန်သည် ပစ်ချအပ်သောကြောင့်လည်းကောင်း, ကံ၏ ပုံတူသဘော ဖြစ်သောကြောင့်လည်းကောင်း ကာယကံမှုစသည်တို့၌ ကြောင့်ကြဗျာပါရ ကင်းခြင်းကြောင့် အားထုတ်ခြင်း လုံ့လ ဥဿာဟမရှိသော ဝိပါက်ဝေဒနာသည်လည်းကောင်း အားထုတ်ခြင်း လုံ့လဥဿာဟရှိသော ကြိယာဝေဒနာသည်လည်းကောင်း အကျိုးပေးခြင်းသဘော မရှိသောကြောင့် ကုသိုလ်ဝေဒနာ အကုသိုလ်ဝေဒနာတို့ထက် သိမ်မွေ့၏။

[ရဟန္တာအရှင်မြတ်တို့သည်လည်း သီလစောင့်ထိန်းမှုတည်းဟူသော ကာယကံမှု ဝစီကံမှု, တရားဟောမှု စသော ဝစီကံမှု, သမထဝိပဿနာ ပွားများအားထုတ်မှုဟူသော မနောကံမှုများကို ပြုတော်မူကြ၏။ ထိုအမှုတို့ကို ပြုစဉ် ဇောများ စောကြသည်သာဖြစ်ကြ၏။ သို့သော် ရဟန္တာအရှင်မြတ်ကြီးတို့သည်ကား ကုသိုလ် အကုသိုလ်တို့ကို ပယ်စွန့်ထားပြီး ဖြစ်တော်မူကြရကား ထိုဇောတို့မှာ ကြိယာဇောတို့သာ ဖြစ်ကြ၏။ ကြိယာဇောတို့၌လည်း အကျိုးဝိပါက် တစ်စုံတစ်ရာကို ဖြစ်ထွန်းစေနိုင်သော ကမ္မသတ္တိကား မရှိပေ။ အထက်ပါ စကားရပ်များက ဤ သဘောတရားများကို ရည်ညွှန်းထားသည်ဟု မှတ်ပါ။]

မှန်ပေသည် --- အကျိုးပေးခြင်းသဘောရှိသော ကုသိုလ်ဝေဒနာ အကုသိုလ်ဝေဒနာတို့သည် အကျိုးတည်း ဟူသော ကိုယ်ဝန်ကို ဆောင်ကုန်ဘိသကဲ့သို့ ဖြစ်ကုန်၍ ဩဠာရိက = ရုန့်ရင်းကုန်၏။ (ဝိသုဒ္ဓိ၊၂၊၁၀၅။ မဟာဋီ၊၂၊၁၆၀။)

အကုသလာ ဝေဒနာ ဩဠာရိကာ၊ ကုသလာဗျာကတာ ဝေဒနာ သုခုမာ။ ကုသလာကုသလာ ဝေဒနာ ဩဠာရိကာ၊ အဗျာကတာ ဝေဒနာ သုခုမာ။ (အဘိ၊၂၊၄။)

အကုသိုလ်ဝေဒနာတို့သည် ကိလေသာဟူသော အပူနှင့်တကွ ဖြစ်ကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း, မကောင်းသော အနိဋ္ဌ အကျိုးရှိကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း ဩဠာရိကာ = ရုန့်ရင်း ကြမ်းတမ်းကုန်၏။ (အဘိ၊ဋ္ဌ၊၂၊၁၃။)

ကုသိုလ်ဝေဒနာတို့သည် ကိလေသာဟူသော အပူမရှိကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း, ကောင်းမြတ်သော ဣဋ္ဌ အကျိုးရှိကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း သုခုမာ = သိမ်မွေ့ကုန်၏။ (အဘိ၊ဋ္ဌ၊၂၊၁၃။)

အဗျာကတဝေဒနာတို့သည် အားထုတ်ခြင်း လုံ့လဥဿာဟ (= အကျိုးတရား ဖြစ်ပေါ်လာအောင် အားထုတ်ခြင်း လုံ့လဥဿာဟ) မရှိကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း, အကျိုးမရှိကုန်သည်၏ အဖြစ်ကြောင့် = အကျိုးဝိပါက်တရားကို ဖြစ်ပေါ်စေတတ်သော စွမ်းအင်ကမ္မသတ္တိ မရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း သုခုမာ = သိမ်မွေ့ကုန်၏။ (နိရုဿာဟဋ္ဌေန = အကျိုးတရားဖြစ်ပေါ်လာအောင် အားထုတ်ခြင်း လုံ့လဥဿာဟ မရှိကုန်သည်၏ အဖြစ်ကြောင့်ဟူသော စကားရပ်ဖြင့် ဝိပါက်အဗျာကတဝေဒနာကို ပြ၏။ အဝိပါကဋ္ဌေန = အကျိုးဝိပါက်တရားကို ဖြစ်ပေါ်စေတတ်သော စွမ်းအင်ကမ္မသတ္တိ မရှိသည်၏ အဖြစ်ကြောင့် ------ ဟူသော စကားရပ်ဖြင့် ကြိယာအဗျာကတဝေဒနာကို ပြသည်။) (အဘိ၊ဋ္ဌ၊၂၊၁၃။)

ကုသိုလ်ဝေဒနာ အကုသိုလ်ဝေဒနာတို့သည် အကျိုးတရားကို ဖြစ်ပေါ်လာအောင် ဇောတည်းဟူသော အားထုတ်ခြင်း လုံ့လဥဿာဟနှင့်တကွ ဖြစ်ကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း, အကျိုးဝိပါက်တရားကို ဖြစ်ပေါ်စေတတ်သော စွမ်းအင် ကမ္မသတ္တိနှင့် အတူတကွ ဖြစ်ကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း ဩဠာရိကာ = ရုန့်ရင်းကြမ်းတမ်းကုန်၏။ (အဘိ၊ဋ္ဌ၊၂၊၁၃။)

အဗျာကတဝေဒနာတို့သည် ဆိုအပ်ခဲ့ပြီးသည့်အတိုင်း အကျိုးတရား ဖြစ်ပေါ်လာအောင် အားထုတ်ခြင်း လုံ့လဥဿာဟ မရှိကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း, အကျိုးဝိပါက်တရားကို ဖြစ်ပေါ်စေတတ်သော စွမ်းအင်ကမ္မသတ္တိ မရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း သုခုမာ = သိမ်မွေ့ကုန်၏။ (အဘိ၊ဋ္ဌ၊၂၊၁၃။)

ဤသို့လျှင် ကုသိုလ်ဇာတ်, အကုသိုလ်ဇာတ် , ဝိပါက် + ကြိယာဟူသော အဗျာကတဇာတ် ---- ဟူသော ဇာတ်၏အစွမ်းဖြင့် ရှေးဦးစွာ ဩဠာရိက-သုခုမ ဖြစ်ပုံကို သိရှိပါလေ။

၂ ။ သဘာဝ၏ အစွမ်းဖြင့် ဩဠာရိက သုခုမ ဖြစ်ပုံ

ဒုက္ခာ ဝေဒနာ ဩဠာရိကာ၊ သုခါ စ အဒုက္ခမသုခါ စ ဝေဒနာ သုခုမာ။ သုခဒုက္ခာ ဝေဒနာ ဩဠာရိကာ၊ အဒုက္ခမသုခါ ဝေဒနာ သုခုမာ။ (အဘိ၊၂၊၄။)

သဘာဝလက္ခဏာ၏ အစွမ်းအားဖြင့် ဒုက္ခဝေဒနာသည် သာယာအပ်သော သဘောမရှိခြင်းကြောင့်လည်းကောင်း = သာယာအပ်သော သုခကိုပယ်ခြင်းအားဖြင့်လည်းကောင်း, တုန်လှုပ်ခြင်းရှိသည်၏ အဖြစ်ကြောင့် လည်းကောင်း = မငြိမ်သက်သောအားဖြင့်လည်းကောင်း, ချောက်ချားခြင်းကို ပြုတတ်သည်၏ အဖြစ်ကြောင့် လည်းကောင်း, ထိတ်လန့်ဖွယ် ရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း, နှိပ်စက်လွှမ်းမိုးတတ်သည်၏ အဖြစ်ကြောင့် လည်းကောင်း သုခဝေဒနာ ဥပေက္ခာဝေဒနာတို့အောက် ရုန့်ရင်းကြမ်းတမ်း၏ ဩဠာရိကဖြစ်၏။ (ဝိသုဒ္ဓိ၊၂၊၁၀၅။)

သုခဝေဒနာ ဥပေက္ခာဝေဒနာတို့သည် သာယာအပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း, ငြိမ်သက်သည်၏ အဖြစ်ကြောင့်လည်းကောင်း, မွန်မြတ်သည်၏အဖြစ်ကြောင့်လည်းကောင်း, စိတ်နှလုံးကို ပွားစေတတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း, လျစ်လျူရှုတတ် အလယ်အလတ်၌တည်သောသဘော ရှိတတ်သည်၏အဖြစ်ကြောင့် လည်းကောင်း ယှဉ်သင့်သည်အားလျော်စွာ ဒုက္ခဝေဒနာထက် သိမ်မွေ့ကုန်၏ = သုခုမ ဖြစ်ကုန်၏။ (ဝိသုဒ္ဓိ၊၂၊ ၁၀၅။) အာရုံကိုလျစ်လျူရှုတတ် အလယ်အလတ်ခံစားတတ်သော မဇ္ဈတ္တတာသဘောသည် သုခဝေဒနာ၌ မရှိ၊ သာယာအပ်သော သာတသဘောသည် ဥပေက္ခာဝေဒနာ၌မရှိ၊ ငြိမ်သက်မှုသဘော သန္တတာစသည်တို့ကား သုခ ဥပေက္ခာ နှစ်မျိုးလုံးတို့၌ ရအပ်ကုန်၏၊ ထို့ကြောင့် ယထာယောဂံ = ယှဉ်သင့်သည့် အားလျော်စွာဟု ဆိုသည်။ (မဟာဋီ၊၂၊၁၆၀။)

တစ်ဖန် သုခဝေဒနာ ဒုက္ခဝေဒနာနှစ်မျိုးလုံးတို့သည် တုန်လှုပ်ခြင်းရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း = မငြိမ်သက်သောအားဖြင့်လည်းကောင်း, ချောက်ချားခြင်းကို ပြုတတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း, ထင်ရှားသည်၏ အဖြစ်ကြောင့်လည်းကောင်း အဒုက္ခမသုခအမည်ရသော ဥပေက္ခာဝေဒနာအောက် ရုန့်ရင်း ကုန်၏ = ဩဠာရိကဖြစ်ကုန်၏။ ထိုအဒုက္ခမသုခ = ဥပေက္ခာဝေဒနာသည် ဆိုအပ်ပြီးသည်မှ ပြောင်းပြန်သော အားဖြင့် ထိုသုခဝေဒနာ ဒုက္ခဝေဒနာနှစ်မျိုးထက် သိမ်မွေ့၏ = သုခုမ ဖြစ်၏။ ဤသို့လျှင် သဘာဝလက္ခဏာ၏ အစွမ်းဖြင့် ဩဠာရိက သုခုမ ဖြစ်ပုံကို သိရှိပါလေ။ (ဝိသုဒ္ဓိ၊၂၊၁၀၅။)

ဒုက္ခဝေဒနာတို့သည် မသာယာအပ်ကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း, ခဲယဉ်းသဖြင့် ခံစားအပ်ကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း = အခံခက်ကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း, မခံနိုင်ကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း, ဩဠာရိကာ = ရုန့်ရင်းကြမ်းတမ်းကုန်၏။ ။ သုခဝေဒနာတို့သည် သာယာအပ်ကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း, လွယ်ကူသဖြင့် ခံစားအပ်ကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း သုခုမာ = သိမ်မွေ့ကုန်၏။ ။ အဒုက္ခမသုခ = ဥပေက္ခာဝေဒနာတို့သည် ငြိမ်သက်ကုန်သည်၏အဖြစ်ကြောင့်လည်းကောင်း, မွန်မြတ်ကုန်သည်၏အဖြစ်ကြောင့်လည်းကောင်း သုခုမဖြစ်ကုန်၏ = သိမ်မွေ့ကုန်၏။ (အဘိ၊ဋ္ဌ၊၂၊၁၃။)

သုခဝေဒနာ ဒုက္ခဝေဒနာတို့သည် လှုပ်ရှားစေတတ်ကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း = ချောက်ချားစေတတ်ကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း, ဖြန့်တတ် = ပျံ့နှံ့စေတတ်ကုန်သည်၏ အဖြစ်ကြောင့် လည်းကောင်း ဩဠာရိက ဖြစ်ကုန်၏ = ရုန့်ရင်းကြမ်းတမ်းကုန်၏။ မှန်ပေသည် သုခဝေဒနာသည်လည်း လှုပ်ရှား စေတတ်၏ = ချောက်ချားစေတတ်၏၊ ဖြန့်တတ်၏ = ပျံ့နှံ့စေတတ်၏။ ဒုက္ခဝေဒနာသည်လည်း ထို့အတူပင်တည်း။ အကျယ်မှာ ဤသို့တည်း။ ---

သုခဝေဒနာသည် ဖြစ်ပေါ်လာလတ်သော် တစ်ကိုယ်လုံးကို လှုပ်ရှားစေလျက် ချောက်ချားစေလျက် လည်းကောင်း, မွှေနှောက်လျက်လည်းကောင်း, စိုစွတ်စေလျက်လည်းကောင်း, မိမိကိန်းရာ သတ္တဝါ၏ ဇိမ်ယစ်မှုကို ပြုလျက်လည်းကောင်း, နှစ်သက်စေလျက် လွှမ်းမိုးလျက်လည်းကောင်း, အေးမြသော ရေအိုးဖြင့် လောင်းလိုက် သကဲ့သို့ ဖြစ်ပေါ်လာ၏။ ။ ဒုက္ခဝေဒနာသည် ဖြစ်ပေါ်လာလတ်သော် အလွန်ပူသော ထယ်သွားကို ခန္ဓာကိုယ်၏ အတွင်းသို့ သွင်းလိုက်ဘိသကဲ့သို့လည်းကောင်း, မြက်မီးရှူးဖြင့် ခန္ဓာကိုယ်၏ ပြင်ဘက်က လောင်မြှိုက်ပေးလိုက် သကဲ့သို့လည်းကောင်း ဖြစ်ပေါ်လာ၏။ ။ အဒုက္ခမသုခ = ဥပေက္ခာဝေဒနာတို့သည် ဆိုအပ်ခဲ့ပြီးသည့်အတိုင်း ငြိမ်သက်ကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း, မွန်မြတ်ကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း သုခုမ ဖြစ်ကုန်၏ = သိမ်မွေ့ကုန်၏။

လှုပ်ရှားမှု - ချောက်ချားမှု

အဟိတ်ကုသလဝိပါက် သုခသဟဂုတ် ကာယဝိညာဏ်နှင့် ယှဉ်သော ကာယိက သုခဝေဒနာသည် တစ်နည်း ဆိုရသော် သုခဝေဒနာနှင့် တကွသော ယင်း သုခသဟဂုတ် ကာယဝိညာဏ် စိတ်စေတသိက် တရားစုသည် စိတ္တဇရုပ်ကို မဖြစ်စေနိုင်ပေ။ သို့သော် ------

ဥပဗြူဟိတာနံ ဓာတူနံ ပစ္စယဘာဝေန သုခါ ခေါဘေတိ ဝိဗာဓိတာနံ ပစ္စယဘာဝေန ဒုက္ခာ စ။ (မူလဋီ၊၂၊၁၃။)

ကာယိကသုခဖြစ်သောအခါ နောက်နောက်စိတ်များက ဓာတ်ကြီးလေးပါးကို တိုးပွားစေနိုင်၏ = များစွာ ဖြစ်စေနိုင်၏၊ ထို့ကြောင့် သုခဝေဒနာသည် ဓာတ်ကြီးလေးပါး တိုးပွားခြင်း၏ အရင်းခံဖြစ်သည်။ ထိုသုခကို အကြောင်းပြု၍ စိတ္တဇရုပ်ဖြစ်သော ဓာတ်ကြီးလေးပါး တိုးပွားလာသောအခါ ခန္ဓာကိုယ်ရှိ ရုပ်များသည် နဂိုအတိုင်း မငြိမ်သက်ဘဲ လှုပ်ရှားလာရသည်၊ ဥပမာ --- ပရိသတ်အတွင်း၌ လူတိုးလာသောအခါ ပရိသတ် မငြိမ်သက်သကဲ့သို့တည်း။ ကာယိကဒုက္ခကို အကြောင်းပြု၍ နာကျင်သောအခါ၌လည်း စိတ္တဇရုပ်ဓာတ်များသည် နည်းတူပင် မငြိမ်မသက် လှုပ်လှက်သည်ပင်တည်း။ (မူလဋီ၊၂၊၁၃။)

၃။ ပုဂ္ဂိုလ်၏ အစွမ်းဖြင့် ဩဠာရိက သုခုမ ဖြစ်ပုံ

တစ်ဖန် ပုဂ္ဂိုလ်၏ အစွမ်းဖြင့် သမာပတ်မဝင်စားသော ပုဂ္ဂိုလ်၏ ဝေဒနာသည် အာရုံအမျိုးမျိုး၌ ပျံ့လွင့်သည်၏ အဖြစ်ကြောင့် သမာပတ်ဝင်စားသော ပုဂ္ဂိုလ်၏ ဝေဒနာအောက် ဩဠာရိကဖြစ်၏ = ရုန့်ရင်း၏။ ပြောင်းပြန်အားဖြင့် သမာပတ်ဝင်စားသော ပုဂ္ဂိုလ်၏ ဝေဒနာသည် သမာပတ်မဝင်စားသော ပုဂ္ဂိုလ်၏ ဝေဒနာထက် သုခုမဖြစ်၏ = သိမ်မွေ့၏။ ဤသို့လျှင် ပုဂ္ဂိုလ်၏ အစွမ်းဖြင့် ဩဠာရိက သုခုမဖြစ်ပုံကို သိရှိပါလေ။ (ဝိသုဒ္ဓိ၊၂၊၁၀၅။ အဘိ၊ဋ္ဌ၊၂၊၁၃-၁၄။)

သမာပတ်ဝင်စားသော ပုဂ္ဂိုလ်၏ ဝေဒနာသည် လောကီစျာန်သမာပတ်ဖြစ်လျှင်လည်း မိမိ အာရုံပြုသည့် အာနာပါနပဋိဘာဂနိမိတ်အာရုံ သို့မဟုတ် ကသိုဏ်းပဋိဘာဂနိမိတ်အာရုံစသည့် အာရုံတစ်ခုတည်း၌သာ လှည့်လည်ဖြစ်ပေါ်နေ၏၊ လောကုတ္တရာသမာပတ်ဖြစ်လျှင်လည်း အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တည်း ဟူသော အာရုံတစ်ခုတည်း၌သာ လှည့်လည်ဖြစ်ပေါ်နေ၏၊ ထို့ကြောင့်သမာပတ်ဝင်စားသော ပုဂ္ဂိုလ်၏ ဝေဒနာသည် သမာပတ်မဝင်စားသော ပုဂ္ဂိုလ်၏ ဝေဒနာထက် သုခုမဖြစ်၏ = သိမ်မွေ့၏။ (အဘိ၊ဋ္ဌ၊၂၊၁၄။)

၄။ လောကီ လောကုတ္တရာ၏ အစွမ်းဖြင့် ဩဠာရိက သုခုမ ဖြစ်ပုံ

တစ်ဖန် လောကီ လောကုတ္တရာ၏အစွမ်းဖြင့် အာသဝေါတရားလေးပါးတို့၏ အာရုံဖြစ်သော ဝေဒနာသည် လောကိယမည်၏၊ ထိုလောကီဝေဒနာသည် အာသဝေါတရား (လောဘ ဒိဋ္ဌိ မောဟ) ဖြစ်ခြင်း၏ အကြောင်း ဖြစ်သောကြောင့်လည်းကောင်း, ဩဃလေးပါးတို့သည် အာရုံပြု၍ လွှမ်းမိုးအပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း, ယောဂလေးပါးတို့သည် အာရုံပြု၍ လွှမ်းမိုးအပ်သည်၏အဖြစ်ကြောင့်လည်းကောင်း, အာရုံ၏အဖြစ်ဖြင့် ဖြစ်တတ်သည်ဖြစ်၍ အာရုံနှင့်စိတ်ကို ထုံးဖွဲ့ထားတတ်ကုန်သော (လောဘ ဒိဋ္ဌိ ဒေါသ) ဂန္ထတရားတို့၏အစီးအပွား ဖြစ်သောကြောင့် လည်းကောင်း, နီဝရဏတရားတို့သည် အာရုံပြုသောအားဖြင့် မြှေးယှက် ပိတ်ဖုံးအပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း = နီဝရဏတရားတို့၏ အစီးအပွား ဖြစ်ခြင်းကြောင့်လည်းကောင်း, ဥပါဒါန်တရားတို့၏ အစီးအပွားဖြစ်ခြင်းကြောင့်လည်းကောင်း, ပူပန်စေတတ် နှိပ်စက်တတ်သော ကိလေသာကို ရခြင်းငှာ ထိုက်သည်၏ အဖြစ်ကြောင့်လည်းကောင်း, ပုထုဇန်ပုဂ္ဂိုလ်တို့အား ဆက်ဆံသည်၏ အဖြစ်ကြောင့်လည်းကောင်း အနာသဝ ဝေဒနာအောက် ဩဠာရိက ဖြစ်၏ = ရုန့်ရင်း၏။ အနာသဝဝေဒနာဟူသည် လောကုတ္တရာစိတ်နှင့် ယှဉ်သော ဝေဒနာတည်း။ ထိုအနာသဝဝေဒနာသည် ပြောင်းပြန်အားဖြင့် အာသဝဝေဒနာထက် သုခုမဖြစ်၏ = သိမ်မွေ့၏။ ဤသို့လျင် လောကီ လောကုတ္တရာ၏ အစွမ်းဖြင့် ဩဠာရိက သုခုမ ဖြစ်ပုံကို သိရှိပါလေ။ (ဝိသုဒ္ဓိ၊၂၊၁၀၅။)

ရှောင်ရှားသင့်သော အချက်

ထိုဆိုအပ်ခဲ့ပြီးသော ဩဠာရိက သုခုမအဖြစ်၌ ဇာတ်စသည်တို့၏ အစွမ်းဖြင့် ရောယှက်ရှုပ်ထွေးမှုကို ရှောင်ရှားသင့်ပေသည်။ ထင်ရှားစေအံ့ ----

အကုသလဝိပါက် ကာယဝိညာဏ်နှင့် ယှဉ်သော ဒုက္ခဝေဒနာသည် ဝိပါက်အဗျာကတတရား ဖြစ်ခြင်းကြောင့် ဇာတ်၏အစွမ်းဖြင့် သုခုမဖြစ်သော်လည်း သဘာဝ ပုဂ္ဂလ လောကိယတို့၏ အစွမ်းဖြင့် ဩဠာရိက ဖြစ်ပြန်၏။ မှန်ပေသည် ----

အဗျာကတာ ဝေဒနာ သုခုမာ၊ ဒုက္ခာ ဝေဒနာ ဩဠာရိကာ၊ သမာပန္နဿ ဝေဒနာ သုခုမာ။ အသမာပန္နဿ ဝေဒနာ ဩဠာရိကာ။ သာသဝါ ဝေဒနာ ဩဠာရိကာ။ အနာသဝါ ဝေဒနာ သုခုမာ။ (အဘိ၊၂၊၄။)

အဗျာကတဝေဒနာသည် သုခုမ ဖြစ်၏၊ ဒုက္ခဝေဒနာသည် ဩဠာရိက ဖြစ်၏။ သမာပတ်ဝင်စားသော ပုဂ္ဂိုလ်၏ ဝေဒနာသည် သုခုမ ဖြစ်၏၊ သမာပတ်မဝင်စားသော ပုဂ္ဂိုလ်၏ ဝေဒနာသည် ဩဠာရိက ဖြစ်၏။ အာသဝေါတရားတို့၏ အာရုံ ဖြစ်သော သာသဝဝေဒနာ = လောကီဝေဒနာသည် ဩဠာရိက ဖြစ်၏၊ အာသဝေါ တရားတို့၏ အာရုံမဟုတ်သော အနာသဝဝေဒနာ = လောကုတ္တရာဝေဒနာသည် သုခုမဖြစ်၏။ (အဘိ၊၂၊၄။)

ဤသို့လျှင် ဤစကားတော်ကို ဘုရားရှင်သည် ဟောကြားထားတော်မူအပ်ခဲ့လေပြီ။

တစ်ဖန် ဒုက္ခဝေဒနာသည် ဇာတိ = ဇာတ်အားဖြင့် ဝိပါက်အဗျာကတဇာတ်ဖြစ်၍ သုခုမ ဖြစ်ငြား သော်လည်း သဘာဝစသည်တို့၏ အစွမ်းဖြင့် ဩဠာရိကဖြစ်သကဲ့သို့, ဤအတူ အကုသိုလ် သုခဝေဒနာ = သောမနဿဝေဒနာသည် အကုသိုလ်ဇာတ်ဖြစ်၍ ဇာတိ = ဇာတ်၏အစွမ်းဖြင့် ဩဠာရိကဖြစ်၏။ သဘာဝ၏ အစွမ်းဖြင့်ကား သုခုမဖြစ်၏။ ကုသိုလ်စျာန်နှင့် အတူတကွဖြစ်သော သုခဝေဒနာ = သောမနဿဝေဒနာသည် ကုသိုလ်ဇာတ်ဖြစ်၍ ဇာတ်၏အစွမ်းဖြင့် ဩဠာရိကဖြစ်၏။ စျာန်သမာပတ်ကို ဝင်စားသော ပုဂ္ဂိုလ်၏ စျာန်သမာပတ်နှင့် ယှဉ်သောသုခ = သောမနဿဝေဒနာတို့ကား ပုဂ္ဂိုလ်၏အစွမ်းဖြင့် သုခုမဖြစ်ကုန်၏။ ဤသို့လျှင် သုခ = သောမနဿစသော ဝေဒနာတို့သည်လည်း ဇာတ်၏ အစွမ်းဖြင့် ဩဠာရိက ဖြစ်ကုန်သော်လည်း သဘာဝ ပုဂ္ဂလစသည်တို့၏ အစွမ်းဖြင့် သုခုမဖြစ်ကုန်၏။ (ဝိသုဒ္ဓိ၊၂၊၁၀၅။ မဟာဋီ၊၂၊၁၆၀။)

ထို့ကြောင့် အကြင်အခြင်းအရာအားဖြင့် ဇာတ်စသည်တို့၏အစွမ်းဖြင့် ရောယှက်ရှုပ်ထွေးခြင်းသည် မဖြစ်၊ ထိုအခြင်းအရာအားဖြင့် ဝေဒနာတို့၏ ဩဠာရိက သုခုမအဖြစ်ကို သိရှိအပ်ပေ၏။ ဤ ရောယှက် ရှုပ်ထွေးခြင်း မဖြစ်သော အခြင်းအရာသည် အဘယ်နည်း။ ----

အဗျာကတဝေဒနာသည် ဇာတိ၏အစွမ်းဖြင့် ကုသိုလ်ဝေဒနာ အကုသိုလ်ဝေဒနာတို့ထက် သုခုမဖြစ်၏၊ ထိုအဗျာကတဝေဒနာသည် ဇာတိ၏အစွမ်းဖြင့် ကုသိုလ်ဝေဒနာ အကုသိုလ်ဝေဒနာတို့ထက် သုခုမဖြစ်၏ဟူသော စကားရပ်၌ ----

၁။ အဘယ်အဗျာကတဝေဒနာနည်း၊

၂။ ဒုက္ခဝေဒနာလော၊

၃။ သုခဝေဒနာလော၊

၄။ သမာပတ်ဝင်စားသော ပုဂ္ဂိုလ်၏ ဝေဒနာလော၊

၅။ သမာပတ်မဝင်စားသော ပုဂ္ဂိုလ်၏ ဝေဒနာလော၊

၆။ သာသဝ ဝေဒနာလော၊

၇။ အနာသဝ ဝေဒနာလော ----

ဤသို့လျှင် ယင်း အဗျာကတဝေဒနာ၏ သဘာဝ ပုဂ္ဂလစသော အပြားကို = အမျိုးအစားကို မသုံးသပ်သင့်ပေ = မဆန်းစစ်သင့်ပေ။

၁။ ဇာတိ,

၂။ သဘာဝ,

၃။ ပုဂ္ဂလ,

၄။ သာသဝ-အနာသဝ = လောကိယ-လောကုတ္တရာ ----

ဤလေးမျိုးသော ကောဋ္ဌာသတို့ကို အချင်းချင်း မရောနှော မရောယှက်သည်တို့ကိုသာလျှင် ပြု၍ ယူအပ်ကုန်၏။ ဤသို့သော အခြင်းအရာအားဖြင့် ရောယှက်ခြင်းကို ရှောင်လွှဲခြင်းသည် ဖြစ်၏။ အခြားတစ်ပါးသော အခြင်းအရာအားဖြင့် ရှောင်လွှဲခြင်းသည် မဖြစ်။ ဤသို့သော အနက်အဓိပ္ပါယ်ကို ညွှန်ပြ၏။ အဗျာကတဝေဒနာ ကို အရင်းခံပြုသဖြင့် ညွှန်ပြထားသကဲ့သို့ အလားတူပင် ကုသိုလ်ဝေဒနာ အကုသိုလ်ဝေဒနာကို အဦးမူသဖြင့် လည်း ညွှန်ပြအပ်ပေ၏။ သည်မျှသာမကသေး ဇာတိကို အရင်းခံပြုသဖြင့် ညွှန်ပြအပ်သကဲ့သို့ သဘာဝ ပုဂ္ဂလ စသည်တို့ကို အရင်းခံပြုသဖြင့်လည်း ညွှန်ပြသင့်ပေ၏။ (ဝိသုဒ္ဓိ၊၂၊၁၀၅-၁၀၆။ မဟာဋီ၊၂၊၁၆၀-၁၆၁။)

အချင်းချင်း ထောက်ဆ၍ ထောက်ဆ၍ ဩဠာရိက သုခုမ ယူပုံ

တစ်နည်းလည်း ထိုထိုဝေဒနာကို ထောက်ဆ၍ ထောက်ဆ၍ ဝေဒနာကို ဩဠာရိကဖြစ်သည် သို့မဟုတ် သုခုမဖြစ်သည်ဟု မှတ်သားပါ။ ဤသို့ ဟောကြားတော်မူသောကြောင့် အကုသလဝေဒနာစသည်တို့တွင်လည်း လောဘနှင့် အတူတကွ ဖြစ်သော လောဘသဟဂုတ်ဝေဒနာအောက် ဒေါသနှင့် အတူတကွ ဖြစ်သော ဒေါသ သဟဂုတ်ဝေဒနာသည် မီးကဲ့သို့ မိမိ၏မှီရာ ဟဒယဝတ္ထုကို လောင်တတ်သောကြောင့် တစ်နည်းဆိုသော် မိမိ၏ မှီရာခန္ဓာကို လောင်တတ်သည်၏ အဖြစ်ကြောင့် ဩဠာရိက မည်၏။ လောဘသဟဂုတ် ဝေဒနာသည် ဒေါသ သဟဂုတ်ဝေဒနာထက် သိမ်မွေ့၏ သုခုမ ဖြစ်၏။ (ဝိသုဒ္ဓိ၊၂၊၁၀၆။)

ဒေါသနှင့် အတူတကွဖြစ်သော ဒေါသသဟဂုတ်ဝေဒနာသည်လည်း အမိကိုသတ်ခြင်း, အဖကိုသတ်ခြင်း, ရဟန္တာပုဂ္ဂိုလ်အား သတ်ခြင်း, ဘုရားရှင်အား သွေးစိမ်းတည်စေခြင်း, သံဃာသင်းခွဲခြင်းတည်းဟူသော သေသည်၏ အခြားမဲ့၌ အပါယ်လေးဘုံ၌ အကျိုးပေးမြဲသော အလွန်လေးလံသော အာနန္တရိယကံအဖြစ်သို့ ရောက်သော မိစ္ဆတ္တနိယတဝေဒနာသည် ဩဠာရိက ဖြစ်၏၊ အနိယတဖြစ်သောအကျိုးပေး ကိန်းသေမမြဲသော ဒေါသသဟဂုတ် ဝေဒနာသည် သုခုမဖြစ်၏။ အာနန္တရိယအဖြစ်သို့ ရောက်သော မိစ္ဆတ္တနိယတ ဒေါသသဟဂုတ် ဝေဒနာသည်လည်း ကမ္ဘာပတ်လုံး ငရဲ၌ တည်ကောင်းသော ဝိပါက်အကျိုးရှိသော ဝေဒနာသည် ဩဠာရိက ဖြစ်၏။ ကမ္ဘာပတ်လုံး ငရဲ၌ တည်ကောင်းသော ဝိပါက်အကျိုးမရှိသော = ကပ္ပဋ္ဌိတိက မဟုတ်သော အာနန္တရိယကံအဖြစ်သို့ ရောက်သော မိစ္ဆတ္တနိယတ ဒေါသသဟဂုတ်ဝေဒနာသည် သုခုမဖြစ်၏။ (အရှင်ဒေဝဒတ်၏ အာနန္တရိယကံကား ကပ္ပဋ္ဌိတိက ဒေါသသဟဂုတ်ဝေဒနာနှင့်ယှဉ်၏။ အဇာတသတ်၏ အာနန္တရိယကံကား ကပ္ပဋ္ဌိတိကမဟုတ်သော ဒေါသသဟဂုတ်ဝေဒနာနှင့် ယှဉ်၏ ---- ဤသို့ စသည်ဖြင့် သဘောပေါက်ပါ။) (ဝိသုဒ္ဓိ၊၂၊၁၀၆။)

ကပ္ပဋ္ဌိတိက ဒေါသသဟဂုတ်ဝေဒနာတို့တွင်လည်း အသင်္ခါရိက ဒေါသသဟဂုတ်ဝေဒနာသည် ဩဠာရိက ဖြစ်၏၊ သသင်္ခါရိက ဒေါသသဟဂုတ်ဝေဒနာသည် သုခုမ ဖြစ်၏။ (ဝိသုဒ္ဓိ၊၂၊၁၀၆။)

တစ်ဖန် လောဘသဟဂုတ်ဝေဒနာသည် ဒိဋ္ဌိဂတသမ္ပယုတ်ဖြစ်မူ ဩဠာရိက ဖြစ်၏၊ ဒိဋ္ဌိဂတဝိပ္ပယုတ် ဝေဒနာသည် သုခုမ ဖြစ်၏။ ထို ဒိဋ္ဌိဂတသမ္ပယုတ်ဝေဒနာသည်လည်း နိယတမိစ္ဆာဒိဋ္ဌိ ဖြစ်အံ့၊ ဩဠာရိက ဖြစ်၏။ နိယတမိစ္ဆာဒိဋ္ဌိ မဖြစ်အံ့ (= နိယတမိစ္ဆာဒိဋ္ဌိနှင့်မယှဉ်သော လောဘသဟဂုတ်ဝေဒနာ ဖြစ်အံ့) သုခုမ ဖြစ်၏။ နိယတမိစ္ဆာဒိဋ္ဌိနှင့် ယှဉ်သော ဒိဋ္ဌိဂတသမ္ပယုတ်ဝေဒနာသည်လည်း ကပ္ပဋ္ဌိတိကဝေဒနာသည် ဩဠာရိက ဖြစ်၏၊ ကပ္ပဋ္ဌိတိက မဟုတ်သော ဒိဋ္ဌိဂတသမ္ပယုတ်ဝေဒနာသည် သုခုမ ဖြစ်၏။ ကပ္ပဋ္ဌိတိကဝေဒနာတို့တွင်လည်း အသင်္ခါရိကဝေဒနာသည် ဩဠာရိက ဖြစ်၏၊ သသင်္ခါရိကဝေဒနာသည် သုခုမ ဖြစ်၏။ (ဝိသုဒ္ဓိ၊၂၊၁၀၆။)

လောဘသဟဂုတ် ဒေါသသဟဂုတ်ဟု မခွဲဘဲ သာမန်အားဖြင့်ကား အကုသိုလ်ဝေဒနာသည် များသော အကျိုးရှိမူ ဩဠာရိက ဖြစ်၏။ အကျိုးနည်းမူ သုခုမ ဖြစ်၏။ တစ်ဖန် ကုသိုလ်ဝေဒနာသည် အကျိုးနည်းမူ ဩဠာရိက ဖြစ်၏။ အကျိုးများမူ သုခုမ ဖြစ်၏။ (ဝိသုဒ္ဓိ၊၂၊၁၀၆။)

တစ်နည်း ဩဠာရိက သုခုမ ခွဲပုံ

တစ်နည်းလည်း ကာမာဝစရ ကုသိုလ်ဝေဒနာသည် ဩဠာရိကဖြစ်၏၊ ရူပါဝစရ ကုသိုလ်ဝေဒနာသည် သုခုမဖြစ်၏။ ထို ရူပါဝစရ ကုသိုလ်ဝေဒနာထက် အရူပါဝစရ ကုသိုလ်ဝေဒနာသည် သုခုမဖြစ်၏။ ထိုအရူပါဝစရ ကုသိုလ်ဝေဒနာထက် လောကုတ္တရာ ကုသိုလ်ဝေဒနာသည် သုခုမဖြစ်၏။

ဆက်၍ဆိုဦးအံ့၊ ---- ဒါနဖြစ်သော ကာမာဝစရကုသိုလ်ဝေဒနာသည် ဩဠာရိကဖြစ်၏၊ သီလဖြစ်သော ကာမာဝစရ ကုသိုလ်ဝေဒနာသည် သုခုမဖြစ်၏။ ထိုသီလဖြစ်သော ကာမာဝစရကုသိုလ် ဝေဒနာထက် ဘာဝနာ ဖြစ်သော ကာမာဝစရကုသိုလ်ဝေဒနာသည် သုခုမဖြစ်၏။ ဘာဝနာဖြစ်သော ကာမာဝစရကုသိုလ် ဝေဒနာသည်လည်း ဒွိဟိတ်ဖြစ်မူ ဩဠာရိကဖြစ်၏၊ တိဟိတ်ဖြစ်မူ သုခုမဖြစ်၏။ ဘာဝနာဖြစ်သော တိဟိတ် ကာမာဝစရ ကုသိုလ်ဝေဒနာသည်လည်း သသင်္ခါရိကဖြစ်မူ ဩဠာရိကဖြစ်၏၊ အသင်္ခါရိကဖြစ်မူ သုခုမဖြစ်၏။

တစ်ဖန် ----

၁။ ပထမစျာန်၌ ယှဉ်သော ရူပါဝစရကုသိုလ်ဝေဒနာသည် ဩဠာရိက,

ဒုတိယစျာန်၌ ယှဉ်သော ရူပါဝစရကုသိုလ်ဝေဒနာသည် သုခုမ၊

၂။ ဒုတိယစျာန်၌ ယှဉ်သော ရူပါဝစရကုသိုလ်ဝေဒနာသည် ဩဠာရိက,

တတိယစျာန်၌ ယှဉ်သော ရူပါဝစရကုသိုလ်ဝေဒနာသည် သုခုမ၊

၃။ တတိယစျာန်၌ ယှဉ်သော ရူပါဝစရကုသိုလ်ဝေဒနာသည် ဩဠာရိက,

စတုတ္ထစျာန်၌ ယှဉ်သော ရူပါဝစရကုသိုလ်ဝေဒနာသည် သုခုမ၊

၄။ စတုတ္ထစျာန်၌ ယှဉ်သော ရူပါဝစရကုသိုလ်ဝေဒနာသည် ဩဠာရိက,

ပဉ္စမစျာန်၌ ယှဉ်သော ရူပါဝစရကုသိုလ်ဝေဒနာသည် သုခုမတည်း။

တစ်ဖန် အရူပါဝစရဖြစ်သော ----

၁။ အာကာသာနဉ္စာယတနစျာန်၌ ယှဉ်သော ဝေဒနာသည် ဩဠာရိက,

ဝိညာဏဉ္စာယတနစျာန်၌ ယှဉ်သော ဝေဒနာသည် သုခုမ၊

၂။ ဝိညာဏဉ္စာယတနစျာန်၌ ယှဉ်သော ဝေဒနာသည် ဩဠာရိက,

အာကိဉ္စညာယတနစျာန်၌ ယှဉ်သော ဝေဒနာသည် သုခုမ၊

၃။ အာကိဉ္စညာယတနစျာန်၌ ယှဉ်သော ဝေဒနာသည် ဩဠာရိက,

နေဝသညာနာသညာယတနစျာန်၌ ယှဉ်သော ဝေဒနာသည် သုခုမတည်း။

တစ်ဖန် လောကုတ္တရာဖြစ်သော ---

၁။ သောတပတ္တိမဂ်၌ ယှဉ်သော ဝေဒနာသည် ဩဠာရိက,

သကဒါဂါမိမဂ်၌ ယှဉ်သော ဝေဒနာသည် သုခုမ၊

၂။ သကဒါဂါမိမဂ်၌ ယှဉ်သော ဝေဒနာသည် ဩဠာရိက,

အနာဂါမိမဂ်၌ ယှဉ်သော ဝေဒနာသည် သုခုမ၊

၃။ အနာဂါမိမဂ်၌ ယှဉ်သော ဝေဒနာသည် ဩဠာရိက,

အရဟတ္တမဂ်၌ ယှဉ်သော ဝေဒနာသည် သုခုမတည်း။

ထိုထိုဘုံ၌ဖြစ်သော ဝိပါက်ဝေဒနာ ကြိယာဝေဒနာတို့၌လည်းကောင်း, ဒုက္ခစသည်, အသမာပန္နစသည် (= သမာပတ်မဝင်စားသော ပုဂ္ဂိုလ်၏ ဝေဒနာစသည်), သာသဝစသည်တို့၏ ဖွင့်ဆိုအပ်ခဲ့ပြီးသော ဝေဒနာတို့၌ လည်းကောင်း ဤနည်းကို မှတ်သားပါလေ။ (ဝိသုဒ္ဓိ၊၂၊၁၀၆။)

ဩကာသ၏ အစွမ်းအားဖြင့်လည်း ငရဲ၌ဖြစ်သော ဒုက္ခဝေဒနာသည် ဩဠာရိကဖြစ်၏။ တိရ စ္ဆာန်ဘုံ၌ ဖြစ်သော ဒုက္ခဝေဒနာသည် သုခုမဖြစ်၏။ ပ ။ ပရနိမ္မိတဝသဝတ္တိ နတ်ဘုံတို့၌ ဖြစ်သော ဒုက္ခဝေဒနာသည် သုခုမသာတည်း။ ။ ဒုက္ခဝေဒနာကို ယှဉ်အပ်သကဲ့သို့လည်း အလားတူပင် သုခဝေဒနာကိုလည်း အလုံးစုံသော ဘုံတို့၌ ထိုက်သည့်အားလျော်စွာ ယှဉ်စေထိုက်၏။ ။ ဝေဒနာ၏ ဖြစ်ရာတည်ရာ အာရုံဖြစ်သော ဝတ္ထုအားဖြင့်လည်း ယုတ်သောဝတ္ထုကို အာရုံပြု၍ဖြစ်သော အမှတ်မရှိသော ဝေဒနာသည် ဩဠာရိကမည်၏။ မွန်မြတ်သော ဝတ္ထုကို အာရုံပြု၍ ဖြစ်သော အမှတ်မရှိသော ဝေဒနာသည် သုခုမ မည်၏။ (ဝိသုဒ္ဓိ၊၂၊၁၀၆။)

ဟီန - ပဏီတ = အယုတ် - အမြတ်

ဟီန-ပဏီတ = အယုတ် အမြတ် ကွဲပြားမှု၌ အကြင် ဝေဒနာသည် ဩဠာရိကဖြစ်၏၊ ထို ဝေဒနာသည် ဟီနဖြစ်၏။ အကြင် ဝေဒနာသည်ကား သုခုမဖြစ်၏၊ ထို ဝေဒနာသည်ကား ပဏီတဖြစ်၏၊ မွန်မြတ်၏။ ဤသို့လျှင် ဟီန = အယုတ်, ပဏီတ = အမြတ် ဖြစ်ပုံကို မှတ်သားပါလေ။ (ဝိသုဒ္ဓိ၊၂၊၁၀၆။)

ဒူရ - သန္တိက = အဝေး - အနီး

အကုသိုလ်ဝေဒနာသည် ဇာတ်စသောအားဖြင့် မတူသော ကောဋ္ဌာသ = အဖို့အစုရှိသည်၏ အဖြစ်ဖြင့် လည်းကောင်း, ဆင်းရဲသော အကျိုးတရားကိုဖြစ်စေခြင်း စသောအားဖြင့် မတူသောကိစ္စရှိသည်၏အဖြစ်ဟူသော မနှီးနှောသောအားဖြင့်လည်းကောင်း, မတူသောသဘောရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း ကုသလဝေဒနာ, အဗျာကတဝေဒနာတို့မှ ဝေး၏။ ထို့အတူ ကုသိုလ်ဝေဒနာ အဗျာကတဝေဒနာတို့သည် အကုသိုလ်ဝေဒနာမှ ဝေးကုန်၏။ ဩဠာရိက သုခုမကွဲပြားမှု၌ ဆိုအပ်ခဲ့ပြီးသော နည်းကိုမှီးသဖြင့် ဖွင့်ဆိုအပ်ကုန်သော ခပ်သိမ်းသော ဝါရတို့၌ ကြွင်းသောနည်းကို သိရှိပါလေ။ (ဝိသုဒ္ဓိ၊၂၊၁၀၇။)

တစ်ဖန် ---- အကုသိုလ်ဝေဒနာသည် ဇာတ်စသောအားဖြင့် တူသော ကောဋ္ဌာသ = အဖို့အစုရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း, ဆင်းရဲသော အကျိုးတရားကို ဖြစ်စေခြင်း စသောအားဖြင့် တူသောသဘော ရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း အကုသိုလ်ဝေဒနာနှင့် သန္တိက = နီး၏။ ဤကား ဝေဒနာက္ခန္ဓာ၌ အတိတ် စသည်၏အဖြစ်ကို ဝေဖန်ရာ၌ အကျယ်စကားအမြွက်တည်း။

ထိုထို ဝေဒနာက္ခန္ဓာနှင့် ယှဉ်ကုန်သော ---- သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ, ဝိညာဏက္ခန္ဓာတို့၏ အတိတ် စသည်ကို ခွဲခြားဝေဖန်ရာ၌ ဤဝေဒနာက္ခန္ဓာ၌ ဆိုခဲ့သော အကျယ်စကားအမြွက်အတိုင်းသာလျှင် သိရှိပါလေ။ (ဝိသုဒ္ဓိ၊၂၊၁၀၇။)

သင်္ခါရက္ခန္ဓာ

စေတနာတိ ဟေဋ္ဌိမကောဋိယာ ပဓာနသင်္ခါရဝသေန ဝုတ္တံ။ ဟေဋ္ဌိမကောဋိယာ ဟိ အန္တမသော စက္ခုဝိညာဏေန သဒ္ဓိံပါဠိယံ အာဂတာ စတ္တာရော သင်္ခါရာ ဥပ္ပဇ္ဇန္တိ။ တေသု စေတနာ ပဓာနာ, အာယူဟနဋ္ဌေန ပါကဋတ္တာ။ တသ္မာ အယမေဝ ဂဟိတာ။ တံသမ္ပယုတ္တသင်္ခါရာ ပန တာယ ဂဟိတာယ ဂဟိတာဝ ဟောန္တိ။ (အဘိ၊ဋ္ဌ၊၂၊၁၉။)

ဘုရားရှင်သည် ဝိဘင်းပါဠိတော်ဝယ် သင်္ခါရက္ခန္ဓာကို ဝေဖန်ဟောကြားတော်မူရာ၌ စေတနာတစ်ခုကိုသာ ဝေဖန်ဟောကြားသွားတော်မူ၏။ ယင်းသို့ ဟောကြားတော်မူရာ၌ စေတနာဟူသော ပုဒ်ကို အောက်ထစ်ပိုင်းခြား အယုတ်ဆုံး စိတ္တုပ္ပါဒ် အပိုင်းအခြားအားဖြင့် ပဓာနဖြစ်သော သင်္ခါရတရားကို ပြတော်မူသည်၏ အစွမ်းဖြင့် ဘုရားရှင်သည် ဟောကြားတော်မူအပ်၏။ အောက်ထစ်ဆုံး စိတ္တုပ္ပါဒ် အပိုင်းအခြားအားဖြင့် အောက်ထစ်ပိုင်းခြား အယုတ်ဆုံးအားဖြင့် စက္ခုဝိညာဏ်နှင့် အတူအကွ ဓမ္မသင်္ဂဏီပါဠိတော်၌ တိုက်ရိုက်လာကုန်သော ဖဿ စေတနာ ဧကဂ္ဂတာ ဇီဝိတိန္ဒြေဟူသော လေးမျိုးကုန်သော သင်္ခါရက္ခန္ဓာတရားတို့သည် ဖြစ်ကြကုန်၏။ (မနသိကာရသည် ဓမ္မသင်္ဂဏီပါဠိတော်၌ တိုက်ရိုက်မလာ၊ ယေဝါပနက တရားအဖြစ်ဖြင့်သာလာသည်၊ ဝေဒနာ သညာကား သီးခြား ခန္ဓာအဖြစ်ဖြင့် နှုတ်ပြီးတည်း။) ထိုသင်္ခါရက္ခန္ဓာတရားစုတွင် စေတနာကား ပြဓာန်း၏= ပဓာနဖြစ်၏။ အဘယ်ကြောင့်နည်း? ---- စေတနာ၏ အာယူဟနဋ္ဌ = အားထုတ်သည်၏ အဖြစ်ဟူသော အနက်သဘောအားဖြင့် ထင်ရှားသည်၏ အဖြစ်ကြောင့်တည်း။ ထိုသို့ ပဓာနဖြစ်သောကြောင့် ဤစေတနာကိုသာလျှင် စက္ခုသမ္ဖဿဇာ စေတနာစသည်ဖြင့် စေတနာကိုသာ ခေါင်းတပ်၍ သင်္ခါရက္ခန္ဓာအရာ၌ ယူတော်မူသည်၊ ထိုသို့ပင် စေတနာကိုသာ ခေါင်းတပ်၍ ဟောကြားတော်မူအပ်ပါသော်လည်း ထိုစေတနာနှင့် သမ္ပယုတ်ဖြစ်သော သင်္ခါရက္ခန္ဓာ စေတသိက် တရားစုတို့ကို ထိုစေတနာကို ယူအပ်ပြီးသော် ယူအပ်ပြီးသာ ဖြစ်ကုန်၏။ (အဘိ၊ဋ္ဌ၊၂၊၁၉။)

အကျုံးဝင်နိုင်ပုံ

အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော ရုပ်-ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်တို့ကို အတိတ်အဆက်ဆက်မှသည် ပစ္စုပ္ပန်၊ ပစ္စုပ္ပန်မှသည် အနာဂတ်ဆုံးသည့် တိုင်အောင် သိမ်းဆည်းလျက် ဝိပဿနာ ရှုပွားသုံးသပ်နိုင်ပါမူ အထက်ပါ ရှင်းလင်းချက်များအရ ဩဠာရိက- သုခုမ-ဟီန-ပဏီတ-ဒူရ-သန္တိက ဟူသော ခန္ဓာငါးပါးတို့သည်လည်း အကျုံးဝင်သွားပြီဖြစ်သည်ကို လက်ခံနိုင်ဖွယ်ရာရှိပေသည်။ ဩဠာရိက-သုခုမ-ဟီန-ပဏီတ-ဒူရ-သန္တိက ဟူသော ခန္ဓာငါးပါးတို့မှ အလွတ်ဖြစ်သော ခန္ဓာငါးပါးတို့ကား မရှိစကောင်းသည်သာတည်း။ ဤအကျုံးဝင်မှုကို လက်ခံနိုင်ပါလျှင် ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ စသည်ဖြင့် ဟောကြားထားတော်မူသော တေပရိဝဋ္ဋဓမ္မ ဒေသနာတော်များ၏ အဓိပ္ပါယ်ကို အောက်ပါအတိုင်းလည်း ယူဆနိုင်ပေသည်။ ----

ရုပ်-ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်ဟူသော ဥပါဒါနက္ခန္ဓာ (၅)ပါးသည် ----

၁။ အတိတ်ပင် ဖြစ်စေ,

၂။ အနာဂတ်ပင် ဖြစ်စေ,

၃။ ပစ္စုပ္ပန်ပင် ဖြစ်စေ,

၄။ အဇ္ဈတ္တပင် ဖြစ်စေ,

၅။ ဗဟိဒ္ဓပင် ဖြစ်စေ,

၆။ ဩဠာရိကပင် ဖြစ်စေ,

၇။ သုခုမပင် ဖြစ်စေ,

၈။ ဟီနပင် ဖြစ်စေ,

၉။ ပဏီတပင် ဖြစ်စေ,

၁၀။ ဒူရပင် ဖြစ်စေ,

၁၁။ သန္တိကပင် ဖြစ်စေ ----

ယင်းအလုံးစုံသော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ဟူသော ဥပါဒါနက္ခန္ဓာငါးပါးအားလုံးကို ----

နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ ဟု ----

= ငါ့ဟာ မဟုတ်၊ ငါ မဟုတ်၊ ငါ၏အတ္တ မဟုတ် ဟု ----

= အနိစ္စဟု ဒုက္ခဟု အနတ္တ ဟု----

မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာဉာဏ်အလင်းဖြင့် ရှုပါ။ ဤသို့ ဆိုလိုရင်းဖြစ်သည်ကို သဘောကျလေရာသည်။

နာမ်ခန္ဓာ လေးပါး

တစ်ဖန် အထက်ပါ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက ခွဲခြားသတ်မှတ်ပုံများကို ပြန်လည်၍ အာရုံယူကြည့်ပါ။ နာမ်ခန္ဓာလေးပါးကို ခွဲခြားသတ်မှတ်ရာ၌ ကိရိယာအဗျာကတဇောများနှင့် လောကုတ္တရာ ဇောများလည်း ပါဝင်နေ၏။ ပုထုဇန် ယောဂီအဆင့်တွင်သာ ရှိနေသေးသော အသင်သူတော်ကောင်း၏ သန္တာန်၌ ကြိယာအဗျာကတဇောများမှာ ဖြစ်နိုင်ခွင့်မရှိသေး၍ ချန်လှပ်ထားပါ။ လောကုတ္တရာဇောများမှာလည်း ဝိပဿနာဉာဏ်၏ အရှုခံအာရုံ မဟုတ်၍ ချန်လှပ်ထားပါ။ နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် တင်ပြခဲ့သည့်အတိုင်း ကုသိုလ်ဇောများ စောသည့် ဇောဝီထိများ, အကုသိုလ်ဇောများ စောသည့် ဇောဝီထိများကို (၆)လိုင်းလုံးဝယ် ကုန်စင်အောင် သိမ်းဆည်းလျက် ဝိပဿနာ ရှုပွားသုံးသပ်နိုင်ပါက ဩဠာရိက-သုခုမ၊ ဟီန-ပဏီတ၊ ဒူရ-သန္တိက နာမ်ခန္ဓာလေးပါးတို့လည်း အကျုံးဝင်သွားပြီး ဝိပဿနာရှုပွားပြီး ဖြစ်သည်ကိုလည်း သဘောကျလေရာသည်။ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါးလုံး၌ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့ ရုပ်နာမ် မှန်သမျှကို ခြုံငုံ၍ (အမျိုးအစား ကုန်စင်အောင်) ခပ်စိပ်စိပ် သိမ်းဆည်းလျက် ဝိပဿနာ ရှုပွား သုံးသပ်နိုင်လျှင်လည်း ဩဠာရိက-သုခုမ၊ ဟီန-ပဏီတ၊ ဒူရ-သန္တိက ခန္ဓာငါးပါး ရုပ်နာမ်တရားအားလုံး အကျုံးဝင်သွားပြီး ဖြစ်သည်ကိုလည်း သဘောကျလေရာသည်။

ရူပက္ခန္ဓာ၌ ခွဲ၍ ရှုပုံ

အကယ်၍ အသင်သူတော်ကောင်းသည် အဘိဓမ္မာအခြေခံပညာ၌ အတော်အသင့် ကျွမ်းကျင်လိမ္မာသူ ဆည်းပူးလေ့လာထားပြီးသူ ယောဂီသူတော်ကောင်း ဖြစ်၍ ဩဠာရိက-သုခုမ၊ ဟီန-ပဏီတ၊ ဒူရ-သန္တိက ခန္ဓာငါးပါးတို့ကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (၂၊၂၄၄-၂၄၅။)စသော အဋ္ဌကထာကြီးများ၏ သတ်မှတ်ချက်အတိုင်း ခန္ဓာတစ်ပါး တစ်ပါးစီ၌ (၁၁)မျိုးသော အခြင်းအရာအားဖြင့် ဝိပဿနာ ရှုပွားလိုခဲ့သော် ရှုနိုင်ပါသည်။

၁။ အတိတ် ----

အသင်ယောဂီသူတော်ကောင်းသည် သိမ်းဆည်း၍ရနိုင်သမျှ အတိတ်ဘဝများစွာတို့တွင် အစွန်ဆုံးအတိတ် ဘဝမှစ၍ (ဥပမာ ၉-ခုမြောက်အတိတ်ဘဝ သို့မဟုတ် ၅-ခုမြောက်အတိတ်ဘဝမှစ၍) ရုပ်တရားများ၏ ထိုထို ခဏ ထိုထိုအတိတ်ဘဝမှာပင် ဖြစ်ပြီးနောက် ကုန်ကုန်ပျောက်ပျောက်သွားသည့်သဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အနိစ္စ အနိစ္စဟု ရှုပါ။ ထိုသို့ရှုရာ၌ ထိုထိုရုပ်တရား၏ ထိုထိုခဏ ထိုထိုဘဝမှာပင် ဖြစ်ပြီးနောက် ကုန်ကုန် ပျောက်ပျောက်သွားမှု, ခဏတစ်ခုမှ ခဏတစ်ခုသို့ ဘဝတစ်ခုမှ ဘဝတစ်ခုသို့ ပြောင်းရွှေ့ဖြစ်ရိုး မရှိမှု သဘောကိုကား အသင်သူတော်ကောင်း၏ ဝိပဿနာဉာဏ်တွင် ထင်ထင်လင်းလင်းကြီး မြင်နေအောင် ကြိုးစား၍ ရှုပါ။ ဤအပိုင်းတွင်ကား ဘဝတစ်ခုမှ ရုပ်တရားများ ဘဝတစ်ခုသို့ ပြောင်းရွှေ့မှု မရှိပုံကို ဦးစားပေး၍ ရှုပါ။

၂။ ပစ္စုပ္ပန် ----

၃။ အနာဂတ်ရုပ်တို့၌ အနာဂတ်အဆက်ဆက် ဆုံးသည့်တိုင်အောင် နည်းတူရှုပါ။

၄။ အဇ္ဈတ္တရုပ် ----

၅။ ဗဟိဒ္ဓရုပ်တရားတို့ကိုလည်း ထိုထိုခဏ ထိုထိုသန္တာန်၌သာ ဖြစ်ပြီးနောက် ကုန်ကုန်ပျောက်ပျောက် သွားသည့်သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍, အဇ္ဈတ္တသန္တာန်မှ ဗဟိဒ္ဓသန္တာန်သို့ ဗဟိဒ္ဓသန္တာန်မှ အဇ္ဈတ္တ သန္တာန်သို့ ပြောင်းရွှေ့မဖြစ်သည်ကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ရှုပါ။ ဗဟိဒ္ဓရှုရာ၌ အနီးမှသည် အဝေးသို့ တစ်စတစ်စ တိုးချဲ့၍ (၃၁)ဘုံကို စွမ်းနိုင်ပါက အနန္တစကြဝဠာကို ခြုံငုံ၍ ရှုနိုင်သည့်တိုင်အောင် လေ့ကျင့်ပါ။

၆။ ဩဠာရိကရုပ်

၇။ သုခုမရုပ်

၈။ ဟီနရုပ်

၉။ ပဏီတရုပ်

၁၀။ ဒူရရုပ်

၁၁။ သန္တိကရုပ်တို့ကိုလည်း ----

ကာလသုံးပါး, သန္တာန်နှစ်ပါး အတွင်း၌ အထက်တွင် ဖော်ပြခဲ့သော ခွဲခြားသတ်မှတ်ပုံအတိုင်း ဩဠာရိက ရုပ်ကို တစ်ပုံ, သုခုမရုပ်ကို တစ်ပုံ ဤသို့စသည်ဖြင့် တစ်ပုံစီ တစ်ပုံစီ ပုံ၍ ထိုထို ရုပ်တရားတို့၏ ထိုထို ခဏ၌ ဖြစ်ပြီးနောက် ကုန်ကုန် ပျောက်ပျောက် သွားမှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စ အနိစ္စဟု တွင်တွင် ရှုနေပါ။ အနိစ္စလက္ခဏာယာဉ်တင်၍ ရှုသည့်ပုံစံအတိုင်း ဒုက္ခလက္ခဏာယာဉ်တင်၍လည်း ရှုပါ၊ အနတ္တလက္ခဏာယာဉ်တင်၍လည်း ရှုပါ။

ထိုသို့ ရှုရာ၌ အတိတ်ပစ္စုပ္ပန်အနာဂတ် ကာလသုံးပါးကို မူလထား၍ အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက, သုခုမ, ဟီန, ပဏီတ, ဒူရ, သန္တိကတို့ကို မူလီသွတ်၍ ရှုရန်ဖြစ်သည်။ ဆိုလိုသည်မှာ ----

အတိတ်ရုပ် = အတိတ်ရူပက္ခန္ဓာ၌လည်း ----

၁။ အဇ္ဈတ္တရုပ်

၂။ ဗဟိဒ္ဓရုပ်

၃။ ဩဠာရိကရုပ်

၄။ သုခုမရုပ်

၅။ ဟီနရုပ်

၆။ ပဏီတရုပ်

၇။ ဒူရရုပ်

၈။ သန္တိကရုပ်တို့ကို ဝိပဿနာရှုရန် ဖြစ်သည်။

တစ်ဖန် အတိတ် အဇ္ဈတ္တရုပ်၌လည်း ----

၁။ ဩဠာရိကရုပ်

၂။ သုခုမရုပ်

၃။ ဟီနရုပ်

၄။ ပဏီတရုပ်

၅။ ဒူရရုပ်

၆။ သန္တိကရုပ် ဟု (၆)မျိုး ခွဲ၍ ရှုပါ။

အလားတူပင် အတိတ်ဗဟိဒ္ဓရုပ်၌လည်း (၆)မျိုးပင်ခွဲ၍ ရှုပါ။ အတိတ်အဇ္ဈတ္တရုပ် အတိတ်ဗဟိဒ္ဓရုပ်၌ (၆)မျိုးစီ ခွဲရှုသကဲ့သို့ အလားတူပင် ပစ္စုပ္ပန်အဇ္ဈတ္တရုပ် ပစ္စုပ္ပန်ဗဟိဒ္ဓရုပ်, အနာဂတ်အဇ္ဈတ္တရုပ် အနာဂတ် ဗဟိဒ္ဓရုပ်တို့၌လည်း (၆)မျိုးစီပင် ခွဲ၍ ရှုပါ။ ဝေဒနာက္ခန္ဓာစသည့် နာမ်ခန္ဓာတို့၌လည်း နည်းမှီး၍ ပုံစံတူပင်ရှုပါ။

အတိတ်ပဲဖြစ်ဖြစ်, ပစ္စုပ္ပန်ပဲဖြစ်ဖြစ်, အနာဂတ်ပဲဖြစ်ဖြစ်, အဇ္ဈတ္တပဲဖြစ်ဖြစ်, ဗဟိဒ္ဓပဲဖြစ်ဖြစ်, ဩဠာရိကပဲ ဖြစ်ဖြစ်, သုခုမပဲဖြစ်ဖြစ်, ဟီနပဲဖြစ်ဖြစ်, ပဏီတပဲဖြစ်ဖြစ်, ဒူရပဲဖြစ်ဖြစ်, သန္တိကပဲဖြစ်ဖြစ်, ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ရုပ်-ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်ဟူသော ခန္ဓာငါးပါးတို့ကို ခန္ဓာတစ်ပါးစီ တစ်ပါးစီ ခြုံငုံ၍ အတိတ်မှသည် အနာဂတ်ဆုံးသည့်တိုင်အောင် တိုးလျှိုပေါက် လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်၍ ဝိပဿနာရှုနိုင်ပါကလည်း သာဝကပါရမီဉာဏ်အရာ၌ လုံလောက်သည်ပင် ဖြစ်သည်ဟု ဤကျမ်းက လက်ခံလျက်ပင် ရှိပါသည်။ ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မံ = ဖြစ်သောတရား မှန်သမျှ အားလုံး ပျက်၏ဟု တေဘူမက သင်္ခါရတရားအားလုံးကို ခြုံရှုသော ရှုကွက်ကို ထောက်ပါ။ (သံ၊၃၊၃၉၇။) (ကိံသုကောပမ သုတ္တန်။) တေဘူမက ကမ္မဋ္ဌာနိက ရဟန္တာမထေရ်မြတ်ကြီး၏ ရှုကွက် ဖြစ်သည်။

လက္ခဏဝဝတ္ထာန ဝါရ = အနိစ္စသမ္မသန, ဒုက္ခသမ္မသန, အနတ္တသမ္မသန

ဤသို့လျှင် အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက, သုခုမ, ဟီန, ပဏီတ, ဒူရ, သန္တိကဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့်ပြားသော ရုပ်တရားကို ဝိပဿနာဉာဏ်ဖြင့် သုံးသပ်ရှုပွားခြင်းကြောင့် (၁၁)မျိုးအပြားရှိသည်လည်း ဖြစ်သော ဤအလုံးစုံသော သမ္မသနသည် အနိစ္စံ ခယဋ္ဌေန= ယင်း ရုပ်တရား၏ ဖြစ်ပြီးနောက် ကုန်ကုန်ပျောက်ပျောက်သွားခြင်းကြောင့် အနိစ္စဟူသော တစ်ခုသော အခြင်းအရာ အားဖြင့် ဖြစ်သော ဤသမ္မသန၏အစွမ်းဖြင့် အနိစ္စဟူသော တစ်ခုသော အခြင်းအရာအားဖြင့် သုံးသပ်ခြင်းကို အကြောင်းပြု၍ တစ်ခုသော သမ္မသန မည်၏။ အနိစ္စဟု တစ်ခုသော အခြင်းအရာအားဖြင့် သုံးသပ်ခြင်းကို အကြောင်းပြု၍ တစ်ခုသော သမ္မသန မည်သော်လည်း အတိတ်စသော တည်ရာ ဩကာသ အပြားအားဖြင့် (၁၁)မျိုး အပြားရှိပေသည်။ (ဝိသုဒ္ဓိ၊၂၊၂၄၅။)

တစ်ဖန် အလုံးစုံသာလျှင် ဖြစ်သော ထို (၁၁)မျိုး အပြားရှိသည်လည်း ဖြစ်သော ရုပ်သည် ဘယဋ္ဌ = ကြောက်အပ်သောသဘော ရှိသည်၏ အဖြစ်ကြောင့် ဒုက္ခမည်၏ဟု သုံးသပ်ရှုပွား၏ = ဒုက္ခ ဒုက္ခဟု ရှု၏။ ဘယဋ္ဌ-ဟူသည်ကား ကြောက်အပ်သော အနက်သဘောရှိသည်၏ အဖြစ်ကြောင့်ဟု ဆိုလို၏။ မှန်ပေသည် --အကြင်ရုပ်သည် ဖြစ်ပြီးလျှင် ပျက်တတ်သည့် မမြဲသော အနိစ္စသဘော ရှိ၏၊ ထိုအနိစ္စဖြစ်သော ရုပ်သည် ကြောက်မက်ဖွယ်ဘေးကို ဆောင်တတ်၏။ အဘယ်သူတို့အား ကြောက်မက်ခြင်းကို ဖြစ်စေသကဲ့သို့နည်းဟူမူကား သီဟောပမသုတ္တန်ကို ဘုရားရှင်သည် ဟောကြားတော်မူအပ်သည်ရှိသော် အသက်ရှည်ကြသော နတ်ဗြဟ္မာတို့အား ကြောက်ရွံ့ထိတ်လန့်ခြင်းသည် ဖြစ်သကဲ့သို့တည်း။ ----

သီဟောပမသုတ္တန်

ရဟန်းတို့ ...သားတို့သနင်း ကေသရာဇာခြင်္သေ့မင်းသည် ညချမ်းအခါ နေရာမှထွက်၍ စမ္ပယ်ပြီးလျှင် ထက်ဝန်းကျင် အရပ်လေးမျက်နှာတို့ကို ကြည့်၍ သုံးကြိမ်တိုင်တိုင် ခြင်္သေ့သံကို ဟောက်လျက် ကျက်စားရာ အရပ်သို့ သွား၏၊ ရဟန်းတို့ သားတို့သနင်း ခြင်္သေ့မင်း၏ ဟောက်သံကို ကြားရသော တိရစ္ဆာန်သတ္တဝါ အားလုံးတို့သည် များသောအားဖြင့် ထိတ်ခြင်း လန့်ခြင်းသို့ ရောက်ကုန်၏။ တွင်းနေသတ္တဝါတို့သည် တွင်းသို့ ဝင်ကုန်၏၊ ရေနေသတ္တဝါတို့သည် ရေသို့ ဝင်ကုန်၏၊ တောနေသတ္တဝါတို့သည် တောသို့ ဝင်ကုန်၏၊ ငှက်တို့သည် ကောင်းကင်သို့ ပျံကုန်၏၊ ရဟန်းတို့ ရွာနိဂုံးမင်းနေပြည်တို့၌ ခိုင်ခံ့သော ကြိုးတို့ဖြင့် ချည်ထားအပ်ကုန်သော မင်းတို့၏ ဆင်တို့သော်မှလည်း ထိုကြိုးတို့ကို ဖြတ်ကုန်လျက် ချိုးဖဲ့ပြီးလျှင် ကြောက်သဖြင့် ကျင်ငယ် ကျင်ကြီးတို့ကို စွန့်ကြကာ ထိုမှ ဤမှ ပြေးသွားကုန်၏၊ ရဟန်းတို့ သားတို့သနင်း ခြင်္သေ့မင်းသည် တိရစ္ဆာန်သတ္တဝါတို့တွင် ဤသို့ တန်ခိုး ကြီး၏၊ ဤသို့ အစိုးရ၏၊ ဤသို့ အာနုဘော်ကြီး၏။

ရဟန်းတို့ ...ဤဥပမာအတူပင် အကြင်အခါ၌ လူနတ်ဗြဟ္မာသတ္တဝါတို့၏ မြတ်သောအလှူ ပူဇော် အထူးကို ခံယူတော်မူထိုက်သော အရဟံဂုဏ်တော်, အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော သမ္မာသမ္ဗုဒ္ဓဂုဏ်တော်, အသိဉာဏ် = ဝိဇ္ဇာ, အကျင့် = စရဏနှင့် ပြည့်စုံတော်မူသော ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်, ကောင်းသောစကားကို ဆိုတော်မူတတ်သော သုဂတဂုဏ်တော်, လောကကိုသိတော်မူသော လောကဝိဒူဂုဏ်တော်, ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အနုတ္တရောပုရိသဒမ္မသာရထိဂုဏ်တော်, နတ်လူတို့၏ ဆရာဖြစ်တော်မူသော သတ္ထာဒေဝမနုဿာနဂုဏ်တော်, ကျွတ်ထိုက်သသူ ဝေနေယျတို့အား သစ္စာလေးပါးတရားတို့ကို သိစေတော်မူတတ်သော ဗုဒ္ဓဂုဏ်တော်, ဘုန်းတန်ခိုး ကြီးမြတ်တော်မူသော ဘဂဝါ ဂုဏ်တော် ---- ဤသို့ ဂုဏ်တော် (၉)ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် လောက၌ ပွင့်ထွန်း ပေါ်ပေါက်တော်မူလာ၏။ ထိုမြတ်စွာဘုရားသည် ----

၁။ ဤကား ရုပ်တရားတည်း၊

၂။ ဤကား ရုပ်တရား၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတည်း၊

၃။ ဤကား ရုပ်တရား၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတည်း။

၁။ ဤကား ဝေဒနာတည်း၊

၂။ ဤကား ဝေဒနာ၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတည်း၊

၃။ ဤကား ဝေဒနာ၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတည်း။

၁။ ဤကား သညာတည်း၊

၂။ ဤကား သညာ၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတည်း၊

၃။ ဤကား သညာ၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတည်း။

၁။ ဤသည်တို့ကား သင်္ခါရတို့တည်း၊

၂။ ဤကား သင်္ခါရတို့၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတည်း၊

၃။ ဤကား သင်္ခါရတို့၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတည်း။

၁။ ဤကား ဝိညာဏ်တည်း၊

၂။ ဤကား ဝိညာဏ်၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတည်း၊

၃။ ဤကား ဝိညာဏ်၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတည်း။

ဤသို့လျှင် တရားတော်ကို ဟောကြားတော်မူ၏။ ရဟန်းတို့ ...ထိုအခါ အသက်ရှည်ကုန်သော အဆင်း လှကုန်သော ချမ်းသာများကုန်သော မြင့်သောဗိမာန်တို့၌ ကြာမြင့်စွာတည်ကုန်သော နတ်တို့သော်မှလည်း မြတ်စွာဘုရား၏ တရားသံကို ကြားနာရ၍ ----

အချင်းတို့ ...ငါတို့သည် မမြဲသူတို့သာ ဖြစ်ကုန်လျက် မြဲကြကုန်၏ဟု ထင်မိခဲ့ကုန်၏၊ အချင်းတို့ ငါတို့သည် မခိုင်ခံ့သူတို့သာ ဖြစ်ကြကုန်လျက် ခိုင်ခံ့ကုန်၏ဟု ထင်မိခဲ့ကုန်၏၊ အချင်းတို့ ငါတို့သည် မတည်တံ့သူတို့သာ ဖြစ်ကြကုန်လျက် တည်တံ့ကုန်၏ဟု ထင်မိခဲ့ကုန်၏။ အချင်းတို့ ငါတို့သည်လည်း မမြဲကြဘူးတဲ့ မခိုင်ခံ့ကြဘူးတဲ့ မတည်တံ့ကြဘူးတဲ့ သက္ကာယ၌ အကျုံးဝင်ကုန်သတဲ့ (= ထင်ရှားရှိသော ခန္ဓာငါးပါး၌ အကျုံးဝင်ကုန်သတဲ့)ဟု အများအားဖြင့် ကြောက်ခြင်း ထိတ်ခြင်း လန့်ခြင်းသို့ ရောက်ကုန်၏။ ရဟန်းတို့ ...မြတ်စွာဘုရားသည် နတ်နှင့် တကွသော လောက၌ ဤသို့ တန်ခိုးကြီးတော်မူ၏။ ဤသို့ အစိုးရတော်မူ၏။ ဤသို့ အာနုဘော်ကြီးမြတ်တော်မူ၏။ (သံ၊၂၊ရဝ။)

ဤသို့လျှင် အတိတ်စသောအားဖြင့် ပြားသောရုပ်ကို ဒုက္ခ ဒုက္ခဟု သုံးသပ်ခြင်းကြောင့် (၁၁)မျိုး အပြား ရှိသည်လည်းဖြစ်သော ဤအလုံးစုံသော သမ္မသနသည်လည်း ---- ဒုက္ခံ ဘယဋ္ဌေန = ကြောက်လန့်ဖွယ် အနက် သဘောကြောင့် ဒုက္ခဟူသော အခြင်းအရာအားဖြင့် သုံးသပ်သော ဤသမ္မသန၏ အစွမ်းဖြင့် ဒုက္ခဟူသော အခြင်းအရာအားဖြင့် သုံးသပ်ခြင်းကို အကြောင်းပြု၍ တစ်ခုသော သမ္မသန မည်၏။ ထိုသို့ပင် မည်ပါသော်လည်း အတိတ်စသော တည်ရာ ဩကာသအားဖြင့် (၁၁)မျိုး ပြား၏။ (ဝိသုဒ္ဓိ၊၂၊၂၄၅။)

အလုံးစုံသောရုပ်သည် ဒုက္ခချည်းသာလျှင် ဖြစ်သကဲ့သို့ ဤအတူ အလုံးစုံလည်းဖြစ်သော ထိုရုပ်သည် အနတ္တာ အသာရကဋ္ဌေန = အတ္တဟူသော အနှစ်သာရ မရှိသည်၏ အဖြစ်ကြောင့် အနတ္တမည်၏ = အနတ္တဟု သုံးသပ်၏။ အသာရကဋ္ဌေန-ဟူသည်ကား ခန္ဓာငါးပါးအပေါင်းကိုသော်လည်းကောင်း, ထိုခန္ဓာငါးပါး၏ တစ်စိတ် တစ်ဒေသကိုသော်လည်းကောင်း, အတ္တဝါဒသမားတို့က အတ္တကောင်ဟု ကြံဆအပ်၏၊ ထို အတ္တကောင်ဟု ကြံဆအပ်သော ထိုခန္ဓာငါးပါး အပေါင်းသည်လည်း အနိစ္စသာ မှန်၏၊ ဒုက္ခသာ မှန်၏။ သို့သော် အတ္တဝါဒသမားတို့က ယင်းခန္ဓာငါးပါး၏ အပေါင်းကို သို့မဟုတ် တစ်စိတ်တစ်ဒေသကို ----

၁။ အတ္တ = မပျက်စီးဘဲ အကျိတ်အခဲ အမြဲတည်နေသည့် အတ္တကောင်ဟု,

၂။ နိဝါသီ = ခန္ဓာအိမ်ထဲ၌ အမြဲနေလေ့ရှိသည့် နိဝါသီ အတ္တဟု,

၃။ ကာရက = ပြုလုပ်ဖွယ် မှန်သမျှကို ပြုလုပ်တတ်သော အတ္တဟု,

၄။ ဝေဒက = ခံစားဖွယ် သုခဒုက္ခမှန်သမျှကို ခံစားတတ်သော အတ္တဟု,

၅။ သယံဝသီ = ခန္ဓာအိမ်ကို မိမိအလိုသို့ လိုက်ပါစေတတ်သော အတ္တဟု ----

ကြံဆတတ်၏။ ဤသို့ အတ္တဝါဒသမားတို့က ကြံဆအပ်သော အတ္တဟူသော အနှစ်သာရ၏ မရှိသည်၏ အဖြစ်ကြောင့် အနိစ္စ ဒုက္ခဖြစ်သော ခန္ဓာအပေါင်းသည် အနတ္တမည်၏။ မှန်ပေသည် ---- အကြင် ရုပ်တရားသည် အနိစ္စဖြစ်၏၊ ထိုရုပ်တရားသည် ဒုက္ခသာတည်း။ ထို အနိစ္စ ဒုက္ခဖြစ်သော ရုပ်သည် မိမိရုပ်တရား၏သော်လည်း အနိစ္စ၏အဖြစ်ကိုလည်းကောင်း, ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အညှဉ်းပန်း အနှိပ်စက်ခံရခြင်း ဒုက္ခ၏အဖြစ်ကို လည်းကောင်း တားမြစ်ခြင်းငှာ မစွမ်းနိုင် ဖြစ်ရတုံသေး၏။ ထိုအနိစ္စဖြစ်သော ရုပ်တရား၏ ပြုစီရင်တတ်သူ ကာရကအစရှိသော အဖြစ်သည် အဘယ်မှာလျှင် ရှိနိုင်ပါအံ့နည်း။ ထို့ကြောင့် ဘုရားရှင်သည် ဤသို့ ဟောကြား ထားတော်မူ၏။ ----

ရူပဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ရူပံ အာဗာဓာယ သံဝတ္တေယျ။ (သံ၊၂၊၅၅ ---- အနတ္တလက္ခဏသုတ်။)

ရဟန်းတို့ ...ဤရုပ်တရားသည်ကား အကယ်၍ အတ္တသာ (နိဝါသီ ကာရက ဝေဒက သယံဝသီ အတ္တသာ) ဖြစ်ဘိပါမူကား ဤရုပ်တရားသည် ညှဉ်းပန်းနှိပ်စက်ခြင်းငှာ မဖြစ်လေရာ။ (သံ၊၂၊၅၅။)

ဤသို့လျှင် အတိတ်စသောအားဖြင့် ပြားသောရုပ်တရားကို အနတ္တဟု သုံးသပ်ခြင်းကြောင့် (၁၁)ပါး အပြား ရှိသည်လည်းဖြစ်သော ဤသမ္မသနသည်လည်း ---- အနတ္တာ အသာရကဋ္ဌေန = အတ္တဟူသော အနှစ်သာရ မရှိခြင်းကြောင့် အနတ္တဟု တစ်ခုသော အခြင်းအရာအားဖြင့် သုံးသပ်သော ဤသမ္မသန၏ အစွမ်းဖြင့် အနတ္တဟု တစ်ခုသော အခြင်းအရာအားဖြင့် သုံးသပ်ခြင်းကို အကြောင်းပြု၍ တစ်ခုသော သမ္မသန မည်၏။ ထိုသို့ပင် ဖြစ်သော်လည်း အတိတ်စသော တည်ရာ ဩကာသ အပြားအားဖြင့် (၁၁)မျိုး ပြား၏။ ဝေဒနာက္ခန္ဓာ စသော နာမက္ခန္ဓာလေးပါးတို့၌ ဤရူပက္ခန္ဓာ၌ ဆိုအပ်သောနည်းကို ဆောင်အပ်ပေ၏။ (ဝိသုဒ္ဓိ၊၂၊၂၄၆။)

သင်္ခါရဒုက္ခသည်သာ လိုရင်းဖြစ်သည်

၁။ ဒုက္ခသဟဂုတ် ကာယဝိညာဏ်နှင့်ယှဉ်သော ကာယိက ဒုက္ခဝေဒနာ, ဒေါသနှင့်ယှဉ်သော ဒေါမနဿ = စေတသိကဝေဒနာသည် သဘာဝအားဖြင့်လည်းကောင်း အမည်နာမအားဖြင့်လည်းကောင်း ဒုက္ခအစစ် ဖြစ်သောကြောင့် ဒုက္ခဒုက္ခ မည်၏။

၂။ သုခဝေဒနာသည် ဖောက်ပြန်ပျက်စီးခြင်းဖြင့် ဒုက္ခဖြစ်ခြင်း၏ အကြောင်းဖြစ်သောကြောင့် ဝိပရိဏာမ ဒုက္ခ မည်၏။

၃။ ဥပေက္ခာဝေဒနာသည်လည်းကောင်း, ဝေဒနာသုံးမျိုးမှ ကြွင်းကုန်သော တေဘူမက = ဘုံသုံးပါးအတွင်း၌ ရှိသော သင်္ခါရတရားမှန်သမျှသည်လည်းကောင်း, ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်း နှိပ်စက်ခံရတတ်သည့် အတွက်ကြောင့် သင်္ခါရဒုက္ခ မည်၏။ (ဝိသုဒ္ဓိ၊၂၊၁၃၀။)

တီသု ဒုက္ခတာသု သင်္ခါရဒုက္ခတာဝ ဗျာပိနီ, ယဒနိစ္စံ၊ တံ ဒုက္ခန္တိ စ အဓိပ္ပေတာတိ ဝုတ္တံ အနိစ္စတံ ဝါ ဥဒယဗ္ဗယပဋိပီဠနံ ဝါတိ။ (မဟာဋီ၊၂၊၃၉၂။)

ဒုက္ခဒုက္ခ, ဝိပရိဏာမဒုက္ခ, သင်္ခါရဒုက္ခဟူသော ယင်းဒုက္ခတာသုံးမျိုးတွင် သင်္ခါရဒုက္ခတာဟူသော သင်္ခါရ ဒုက္ခလက္ခဏာသည်သာလျှင် ဒုက္ခသုံးမျိုးလုံးသို့ ပျံ့နှံ့၍တည်၏။ (ဆိုလိုသည်မှာ ဒုက္ခဒုက္ခ, ဝိပရိဏာမဒုက္ခ တို့သည်လည်း ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အညှဉ်းပန်း အနှိပ်စက်ခံရသည်သာ ဖြစ်ကြ၏၊ ထို့ကြောင့် ယင်း ဒုက္ခနှစ်မျိုးတို့သည်လည်း သင်္ခါရဒုက္ခဟူသော အမည်ကို ရရှိနိုင်သည်သာ ဖြစ်၏။ သို့သော် ဒုက္ခဒုက္ခ ဝိပရိဏာမ ဒုက္ခဟူသော အမည်ထူးကို ရရှိထားသောကြောင့်သာ သင်္ခါရဒုက္ခဟု မဆိုခြင်းဖြစ်သည်၊ သင်္ခါရဒုက္ခ မဟုတ်၍ သင်္ခါရဒုက္ခဟု မဆိုသည်ကား မဟုတ်၊ ထို့ကြောင့် သင်္ခါရဒုက္ခတာဟူသော သင်္ခါရဒုက္ခလက္ခဏာသည်သာလျှင် ဒုက္ခသုံးမျိုးလုံးသို့ ပျံ့နှံ့၍ တည်ပေ၏ ဟူလိုသည်။) ယဒနိစ္စံ၊ တံ ဒုက္ခံ = အကြင်တရားသည် အနိစ္စတည်း၊ ထိုတရားသည် ဒုက္ခတည်း ---- ဤသို့လည်း အလိုရှိအပ်သည်သာတည်း။ ထို့ကြောင့် ----

အနိစ္စတံ ဝါ ဥဒယဗ္ဗယပီဠနံ ဝါ ဝါရေတုံ န သက္ကောတိ။ (ဝိသုဒ္ဓိ၊၂၊၂၄၅။)

အကြင်ရုပ်တရားသည် အနိစ္စဖြစ်၏၊ ထိုရုပ်တရားသည် ဒုက္ခသာတည်း၊ ထိုအနိစ္စဒုက္ခဖြစ်သော ရုပ်သည် မိမိရုပ်တရား၏သော်လည်း အနိစ္စ၏ အဖြစ်ကိုလည်းကောင်း, ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အညှဉ်းပန်း အနှိပ်စက်ခံရခြင်း ဒုက္ခ၏ အဖြစ်ကိုလည်းကောင်း တားမြစ်ခြင်းငှာ မစွမ်းနိုင်ဖြစ်တုံသေး၏၊ ထိုအနိစ္စဖြစ်သော ရုပ်တရား၏ ပြုစီရင်တတ်သူ ကာရကအစရှိသော အဖြစ်သည် အဘယ်မှာလျှင် ရှိနိုင်ပါအံ့နည်း ---- ဤသို့ စသည်ဖြင့် အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်းဖြစ်၏။ (မဟာဋီ၊၂၊၃၉၂။)

သမ္မသနအပြား

ရူပက္ခန္ဓာ၌ အတိတ်အနာဂတ် စသည်ဖြင့် ခွဲခြားကွဲပြားမှုကို မပြုဘဲ အနိစ္စဟု သုံးသပ်မှု, ဒုက္ခဟု သုံးသပ်မှု, အနတ္တဟု သုံးသပ်မှုကိုသာ ယူခဲ့သော် အဘေဒအားဖြင့် သမ္မသနသုံးမျိုး ပြား၏။ အနိစ္စာနုပဿနာဉာဏ်စသော အနုပဿနာဉာဏ်တို့၏ တည်ရာဩကာသ အပြားအားဖြင့်ကား အနိစ္စာနုပဿနာဉာဏ်၌ (၁၁)မျိုး, ဒုက္ခာနုပဿနာဉာဏ်၌ (၁၁)မျိုး, အနတ္တာနုပဿနာဉာဏ်၌ (၁၁)မျိုးစီ ပြားရကား ရူပက္ခန္ဓာ၌ အတိတ်အနာဂတ် စသော အပြားအားဖြင့် = ဘေဒအားဖြင့် (၃၃)မျိုး ပြား၏။

၁။ ရူပက္ခန္ဓာ၌ အဘေဒအားဖြင့် (၃) မျိုး, ဘေဒအားဖြင့် (၃၃) မျိုး ပြားသကဲ့သို့ အလားတူပင် ----

၂။ ဝေဒနာက္ခန္ဓာ၌ အဘေဒအားဖြင့် (၃) မျိုး, ဘေဒအားဖြင့် (၃၃) မျိုး,

၃။ သညာက္ခန္ဓာ၌ အဘေဒအားဖြင့် (၃) မျိုး, ဘေဒအားဖြင့် (၃၃) မျိုး,

၄။ သင်္ခါရက္ခန္ဓာ၌ အဘေဒအားဖြင့် (၃) မျိုး, ဘေဒအားဖြင့် (၃၃) မျိုး,

၅။ ဝိညာဏက္ခန္ဓာ၌ အဘေဒအားဖြင့် (၃) မျိုး, ဘေဒအားဖြင့် (၃၃) မျိုး ---

ဤသို့ အသီးအသီး ပြားသည်ဟု မှတ်ပါ။ အားလုံးပေါင်းသော် သမ္မသနဝါရပေါင်း (၁၆၅)ဝါရတို့ကို အဋ္ဌကထာဆရာတော်က ညွှန်ပြအပ်ကုန်၏။ ဒွါရ-ဆက္က စသည်တို့၌လည်း နည်းမှီး၍ သိလေ။ (မဟာဋီ၊၂၊၃၉၂-၃၉၄။)

အနိစ္စာနုပဿနာ ပရိယာယ်

တစ်ဖန် အကြင်ရုပ်တရားသည် အနိစ္စတည်း၊ ထိုအနိစ္စဖြစ်သော ရုပ်သည် ကိန်းသေဧကန်မြဲသော နိယမ သဘောအားဖြင့် သင်္ခတအဖြစ်စသော ထူးခြားမှု ဝိသေသ ရှိ၏၊ ထို့ကြောင့် ထိုအနိစ္စ၏ ပရိယာယ်ကို ပြခြင်းငှာ လည်းကောင်း, အထူးထူးသော အခြင်းအရာတို့ဖြင့် အနိစ္စအဖြစ် အနိစ္စာနုပဿနာဉာဏ်ကို တိုးပွားစေသော နှလုံးသွင်းမှု၏ ဖြစ်ပုံအခြင်းအရာကို ညွှန်ပြခြင်းငှာလည်းကောင်း ----

ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အနိစ္စံ သင်္ခတံ ပဋိစ္စသမုပ္ပန္နံ ခယဓမ္မံ ဝယဓမ္မံ ဝိရာဂဓမ္မံ နိရောဓဓမ္မံ။

ဤသို့ စသော ပါဠိတော်ကို တစ်ဖန်ဟောတော်မူအပ်၏။ ဝေဒနာက္ခန္ဓာစသည်တို့၌လည်း ဤနည်းကို ဆောင်ထိုက်ပေ၏။

၁။ အနိစ္စံ = ဖြစ်ပြီးလျှင် ပျက်ခြင်းသဘော = မရှိခြင်းသဘော၊

၂။ သင်္ခတံ = အကြောင်းတရားတို့သည် ပေါင်းစု၍ ပြုပြင်မှ ဖြစ်ပေါ်လာရသောသဘော၊

၃။ ပဋိစ္စသမုပ္ပန္နံ = အကြောင်းတရားတို့ကို စွဲမှီ၍ ဖြစ်ပေါ်လာရသောသဘော၊

၄။ ခယဓမ္မံ = ကုန်တတ်သောသဘော၊

၅။ ဝယဓမ္မံ = ပျက်တတ်သောသဘော၊

၆။ ဝိရာဂဓမ္မံ = သင်္ခါရတို့၏ ခဏအားဖြင့် ပျက်ခြင်းသဘော၊

(ခယဝိရာဂေါတိ သင်္ခါရာနံ ဘင်္ဂေါ။) (ဝိသုဒ္ဓိ၊၁၊၂၈၂။)

၇။ နိရောဓဓမ္မံ = သင်္ခါရတို့၏ ခဏအားဖြင့် ချုပ်ခြင်းသဘော ----

ယင်း (၇)ပုဒ်တို့တွင် ----- ခယဓမ္မ, ဝယဓမ္မ, ဝိရာဂဓမ္မ, နိရောဓဓမ္မ ဟူသော (၄)ပုဒ်တို့ကား အနိစ္စ၏ ပရိယာယ်တို့တည်း။ အမှတ် (၁) ဖြစ်သော အနိစ္စကား အနိစ္စ၏ ပရိယာယ်မဟုတ်၊ အနိစ္စသည်ပင် အနိစ္စ၏ ပရိယာယ်မဟုတ်သောကြောင့်တည်း။ အမှတ် (၂) သင်္ခတပုဒ်, အမှတ် (၃) ပဋိစ္စသမုပ္ပန္နပုဒ်တို့လည်း အနိစ္စ၏ ပရိယာယ်ပုဒ်တို့ မဟုတ်ကုန်။ အဘယ်ကြောင့်နည်းဟူမူ အနိစ္စပုဒ်က ဖြစ်ပြီးနောက် မရှိခြင်း အနက်သဘောကို ပြသောကြောင့်လည်းကောင်း, သင်္ခတပုဒ် ပဋိစ္စသမုပ္ပန္နပုဒ်တို့က အကျိုးတရားတို့ ဖြစ်ပေါ်လာအောင် မပြုအပ်သေးမီ, အကြောင်းမညီညွတ်သေးမီ ရှေးမဆွက မရှိသေးခြင်း အနက်သဘောကိုသာ ပြခြင်းကြောင့်တည်း။ စင်စစ်မှာမူ ရှေးမဆွက မရှိသေးခြင်းကို ပြသဖြင့် အနိစ္စအဖြစ်ကို ပြီးစေသောအဖို့၌ကား တည်ကုန်၏။ မှန်ပေသည် ထို့ကြောင့်ပင်လျှင် ခပ်သိမ်းကုန်သော (၇)ပုဒ်လုံးတို့၏ အနိစ္စ၏ ပရိယာယ်အဖြစ်၏ မဟုတ်ခြင်း မရှိခြင်း ကြောင့် နာနာကာရေဟိ ဝါတိ = အထူးထူးသော အခြင်းအရာတို့ဖြင့် အနိစ္စအဖြစ် အနိစ္စာနုပဿနာဉာဏ်ကို တိုးပွားစေသော နှလုံးသွင်းမှု၏ ဖြစ်ပုံ အခြင်းအရာကို ညွှန်ပြခြင်းငှာလည်းကောင်း ဟု ရည်ရွယ်ချက်တစ်မျိုးကို ထပ်မံ၍ အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်ပေသည်။ (မဟာဋီ၊၂၊၃၉၃။)

ရှုပုံစနစ်

၁။ (၆)ဒွါရ, (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်အစစ်အားလုံးတို့၏ ဖြစ်ပြီးလျှင် ပျက်သွားမှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စ-အနိစ္စဟု ရှုပါ။ (နာမ်ခန္ဓာတို့၌လည်း နည်းတူ ရှုပါ။)

၂။ (က) ကံကြောင့်ဖြစ်သော ကမ္မဇရုပ်တို့ကို ကံနှင့် အကြောင်း အကျိုးစပ်လျက် သင်္ခတ-သင်္ခတ ဟု ရှုပါ = ကံကြောင့် ကမ္မဇရုပ်ဖြစ်ပုံကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ သင်္ခတ-သင်္ခတ ဟု ရှုပါ။

(ခ) စိတ်ကြောင့် စိတ္တဇရုပ်ဖြစ်ပုံကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ သင်္ခတ-သင်္ခတ ဟု ရှုပါ။

(ဂ) ဥတုကြောင့် ဥတုဇရုပ်ဖြစ်ပုံကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ သင်္ခတ-သင်္ခတ ဟု ရှုပါ။

(ဃ) အာဟာရကြောင့် အာဟာရဇရုပ်ဖြစ်ပုံကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ သင်္ခတ-သင်္ခတ ဟု ရှုပါ။

[ဝေဒနာက္ခန္ဓာ စသော နာမ်ခန္ဓာတို့၌လည်း ဆိုင်ရာဆိုင်ရာ အကြောင်းတို့က ပြုပြင်ပေးပါမှ ယင်း အကျိုးတရားတို့၏ ဖြစ်ပေါ်လာရပုံကို ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ရေးသားတင်ပြခဲ့သည့်အတိုင်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ သင်္ခတ-သင်္ခတ ဟု ရှုပါ။]

၃။ အလားတူပင် ယင်း ဆိုင်ရာဆိုင်ရာ အကြောင်းတရားတို့ကို အစွဲပြု၍ ဆိုင်ရာဆိုင်ရာ အကျိုးတရားတို့ ဖြစ်ပေါ်လာရပုံကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ပဋိစ္စသမုပ္ပန္န-ပဋိစ္စသမုပ္ပန္န ဟု ရှုပါ။

၄။ ယင်းရုပ်တရားတို့၏ (ဝေဒနာက္ခန္ဓာစသည်တို့၏) ဘင်ကာလ၌ ကုန်ကုန်သွားမှု သဘောကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ခယဓမ္မ-ခယဓမ္မ ဟု ရှုပါ။

၅။ ယင်းရုပ်တရားတို့၏ (ဝေဒနာက္ခန္ဓာစသည်တို့၏) ဘင်ကာလ၌ ပြိုပြိုပျက်ပျက်သွားမှု သဘောကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ဝယဓမ္မ-ဝယဓမ္မ ဟု ရှုပါ။

၆။ ယင်းရုပ်တရားတို့၏ (ဝေဒနာက္ခန္ဓာစသည်တို့၏) ဘင်ကာလ၌ ကင်းပျောက်သွားမှုသဘောကို ဝိပဿနာဉာဏ်ဖြင့်မြင်အောင်ကြည့်၍ ဝိရာဂဓမ္မ-ဝိရာဂဓမ္မ ဟု ရှုပါ။

၇။ ယင်းရုပ်တရားတို့၏ (ဝေဒနာက္ခန္ဓာစသည်တို့၏) ဘင်ကာလတိုင်း၌ ခဏမစဲ တသဲသဲ ချုပ်ဆုံးသွား မှုသဘောကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ နိရောဓဓမ္မ-နိရောဓဓမ္မ ဟု ရှုပါ။

ခန္ဓာငါးပါးလုံး၌ ခန္ဓာတစ်ပါးစီ တစ်ပါးစီခွဲ၍ ပုံစံတူ ရှုရမည် ဖြစ်ပေသည်။ ဗဟိဒ္ဓ၌လည်းကောင်း အတိတ်အနာဂတ်၌လည်းကောင်း ခန္ဓာငါးပါးနည်းဖြင့် ပုံစံတူပင် ရှုပါ။

အာယတန (၁၂) ပါးနည်း, ဓာတ် (၁၈) ပါးနည်း

နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့သည့်အတိုင်း စိတ္တက္ခဏ တစ်ခုတစ်ခု၏ အတွင်း၌ အာယတန (၄) ပါးစီ ဓာတ် (၄) ပါးစီခွဲ၍ အာယတန (၁၂) ပါးနည်း, ဓာတ် (၁၈) ပါးနည်းတို့ဖြင့်လည်း ဝိပဿနာရှုလိုက ဆက်လက်ရှုနိုင်ပါသည်။

ရှုကွက်ပုံစံတစ်ခုကို ထုတ်ဆိုရသော် (မ၊ဋ္ဌ၊၁၊၂၆၈။)စသောအဋ္ဌကထာတို့၌ ဤသို့ ညွှန်ကြားထားတော်မူ၏။

စက္ခုဝိညာဏ် စိတ္တက္ခဏ အခိုက်၌ ----

၁။ စက္ခုပသာဒ = စက္ခုအကြည်သည် = စက္ခာယတန = စက္ခုဓာတ်,

၂။ ရူပါရုံသည် = ရူပါယတန = ရူပဓာတ်,

၃။ စက္ခုဝိညာဏ်သည် = မနာယတန = စက္ခုဝိညာဏဓာတ်,

၄။ စက္ခုဝိညာဏ်နှင့် ယှဉ်ဖက်စေတသိက် (၇) လုံးတို့သည် = ဓမ္မာယတန = ဓမ္မဓာတ် ----

ဤသို့လျှင် အာယတန (၄) ပါး, ဓာတ် (၄) ပါး ရှိကြောင်း ဖွင့်ဆိုထားတော်မူ၏။ ထိုသို့ ဖွင့်ဆိုထားတော် မူသည့်အတိုင်း စိတ္တက္ခဏတိုင်း၌ အာယတန ဓာတ်တို့ကို ထိုက်သည့်အားလျော်စွာ ဖွဲ့၍ ယင်း အာယတန ဓာတ် ပရမတ်တရားတို့ကိုလည်း လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာ ရှုပွားသုံးသပ်နိုင်ပါသည်။

သဠာယတနဝဂ္ဂသံယုတ်ပါဠိတော် ရှုကွက်များ

ဘုရားရှင်သည် သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်တွင် အာယတနဒေသနာနည်းရှုကွက်, ဓာတုဒေသနာနည်းရှုကွက်များကို များစွာ ဟောကြားထားတော်မူခဲ့၏။ ဤတွင် သဠာယတနဝဂ္ဂသံယုတ်ပါဠိတော် အာဒိတ္တပရိယာယသုတ္တန်၌လာသော ရှုကွက်တစ်မျိုးကို ဆက်လက်၍ ရေးသားတင်ပြအပ်ပါသည်။ ယင်း ရှုကွက်မှာ သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်၌လာရှိသော ရှုကွက်အားလုံးကို ခြုံမိ ငုံမိသော ရှုကွက်လည်း ဖြစ်ပေသည်။

ဣတိ စက္ခု အနိစ္စံ၊ ရူပါ အနိစ္စာ၊ စက္ခုဝိညာဏံ အနိစ္စံ၊ စက္ခုသမ္ဖေဿာ အနိစ္စော၊ ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ၊ တမ္ပိ အနိစ္စံ။ (သံ၊၂၊၃၇၈။)

အထက်ပါ ပါဠိတော်၏ ဆိုလိုရင်း ရှုကွက်မှာ ဤသို့ဖြစ်၏။

၁။ စက္ခုပသာဒ = စက္ခုအကြည်ဓာတ်ကို အနိစ္စဟု ရှုပါ။

၂။ ရူပါရုံကို အနိစ္စဟု ရှုပါ၊

၃။ စက္ခုဝိညာဏ်ကို အနိစ္စဟု ရှုပါ။

၄။ စက္ခုသမ္ဖဿကို အနိစ္စဟု ရှုပါ။

၅။ စက္ခုသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော သုခဝေဒနာ, သို့မဟုတ် ဒုက္ခဝေဒနာ, သို့မဟုတ် ဥပေက္ခာဝေဒနာကို အနိစ္စဟု ရှုပါ။

ဤကား အထက်ပါ ပါဠိတော်၏ ဆိုလိုရင်းတည်း။ ဤအရာတွင် အမှတ် (၅) ဖြစ်သည့် စက္ခုသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာသည့် သုခဝေဒနာကိုလည်းကောင်း ဒုက္ခဝေဒနာကိုလည်းကောင်း ဥပေက္ခာဝေဒနာကိုလည်းကောင်း ဤသုံးမျိုးသော ဝေဒနာတို့ကိုလည်း ဝိပဿနာရှုရန် ဘုရားရှင်၏ ညွှန်ကြားတော်မူချက်မှာ ဝေဒနာတစ်ခုတည်းကိုသာ ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူသည်ကား မဟုတ်၊ အောက်တွင် ဖော်ပြထားသော စူဠရာဟုလောဝါဒသုတ္တန်နှင့်အညီ စက္ခုသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာကြသော ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာဟူသော ယှဉ်ဖက်သမ္ပယုတ်တရားအားလုံးကိုပင် ဝိပဿနာရှုရမည်ဟု မှတ်သားပါ။

ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒနာဂတံ သညာဂတံ သင်္ခါရဂတံ ဝိညာဏဂတံ ... (မ၊၃၊၃၂၅။ သံ၊၂၊၃၂၄။) (စူဠရာဟုလောဝါဒသုတ္တန်)

ဤ စူဠရာဟုလောဝါဒသုတ္တန်၌ ဘုရားရှင်သည် စက္ခုသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာကြကုန်သော ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် ဟူသော နာမ်ခန္ဓာလေးပါးကို ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူ၏။ စက္ခုသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်ခန္ဓာတို့မှာ ----

၁။ ပဉ္စဒွါရာဝဇ္ဇန်း နာမ်ခန္ဓာ (၄)ပါး,

၂။ စက္ခုဝိညာဏ် နာမ်ခန္ဓာ (၄)ပါး,

၃။ သမ္ပဋိ စ္ဆိုင်း နာမ်ခန္ဓာ (၄) ပါး,

၄။ သန္တီရဏ နာမ်ခန္ဓာ (၄) ပါး,

၅။ ဝုဋ္ဌော နာမ်ခန္ဓာ (၄) ပါး,

၆။ ဇော အသီးအသီး၌ နာမ်ခန္ဓာ (၄) ပါးစီ,

၇။ တဒါရုံ အသီးအသီး၌ နာမ်ခန္ဓာ (၄) ပါးစီ,

(ဘဝင်နာမ်ခန္ဓာများ)

၈။ မနောဒွါရာဝဇ္ဇန်း နာမ်ခန္ဓာ (၄) ပါး,

၉။ ဇော အသီးအသီး၌ နာမ်ခန္ဓာ (၄) ပါးစီ,

၁၀။ တဒါရုံ အသီးအသီး၌ နာမ်ခန္ဓာ (၄) ပါးစီ ----

ဤသို့စသည့် နာမ်ခန္ဓာ အသီးအသီးတို့ ဖြစ်၏။ စက္ခုဒွါရဝီထိ နာမ်တရားများနှင့် မနောဒွါရဝီထိ နာမ်တရားများ၏ အကြားအကြား၌ တည်ရှိကြသော ဘဝင်နာမ်ခန္ဓာလေးပါးတို့မှာ စက္ခုသမ္ဖဿကြောင့် ဖြစ်ပေါ်လာကြသည့် နာမ်ခန္ဓာတို့ မဟုတ်ကြသော်လည်း ဝိပဿနာရှုရာ၌ ရောနှော၍ကား ရှုနိုင်သည်သာ ဖြစ်၏။ ရှုကောင်းသည်သာ ဖြစ်၏။ ပဉ္စဒွါရာဝဇ္ဇန်း နာမ်ခန္ဓာလေးပါးတို့ကိုလည်း မကင်းစကောင်းသော အဝိနာဘာဝ နည်းအရ ဝိပဿနာရှုခြင်းပင် ဖြစ်ပေသည်။

သတိပဋ္ဌာန်ကျင့်ထုံး ဥပဒေသများ

ထိုသို့ နာမ်တရားတို့ကို ဝိပဿနာရှုရာ၌ စိတ္တက္ခဏတိုင်းဝယ် နာမ်ခန္ဓာလေးပါးလုံးကို ကုန်စင်အောင် ဝိပဿနာရှုစေလိုလျှင် အဘယ်ကြောင့် ဘုရားရှင်သည် ----

၁။ စက္ခုဝိညာဏ်စသည့် ဝိညာဏ်,

၂။ စက္ခုသမ္ဖဿစသည့် ဖဿ,

၃။ စက္ခုသမ္ဖဿပစ္စယာ ဝေဒနာစသည့် ဝေဒနာ ----

ဤ ဝိညာဏ်, ဖဿ, ဝေဒနာသုံးမျိုးတို့ကိုသာ ရွေးထုတ်၍ ဟောတော်မူရပါသနည်းဟု မေးရန်ရှိ၏။ အဖြေကား နာမ်တရားတို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုပွားရာ၌ ----

၁။ ဝိညာဏ်ကို အဦးမူ၍ နာမ်တရားတို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုနည်း,

၂။ ဖဿကို အဦးမူ၍ နာမ်တရားတို့ကို သိမ်းဆည်းလျက်ဝိပဿနာရှုနည်း,

၃။ ဝေဒနာကို အဦးမူ၍ နာမ်တရားတို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုနည်း ----

ဤသို့လျှင် နာမ်တရားတို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုပွားပုံ နည်းဥပဒေသ သုံးမျိုး ရှိကြောင်းကို ညွှန်ကြားပြသ ဆိုဆုံးမတော်မူလိုသည်ဖြစ်၍ ဘုရားရှင်သည် နာမ်တရားတို့ကို ဝိပဿနာရှုရန် ညွှန်ကြားပြသတော်မူရာ၌ ဝိညာဏ်, ဖဿ, ဝေဒနာသုံးမျိုးတို့ကို နာမ်တရားအပေါင်းမှ ရွေးထုတ်၍ ညွှန်ကြားတော်မူခြင်း ဖြစ်သည်။ ဤညွှန်ကြားချက်များကို ဦးထိပ်ရွက်ပန်ဆင်လျက် အဋ္ဌကထာကြီးများကလည်း နာမ်ကမ္မဋ္ဌာန်းပိုင်း၌ သိမ်းဆည်းပုံ ရှုပွားပုံ သုံးနည်းရှိကြောင်းကို ဖွင့်ဆိုရေးသားတော်မူခြင်း ဖြစ်ကြသည်။ (အကျယ်ကို နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ပြန်ကြည့်ပါ။)

ထိုသို့ နာမ်တရားများကို သိမ်းဆည်းလျက် ဝိပဿနာရှုပွားရာ၌ ရှေးဦးစွာ ယောဂါဝစရပုဂ္ဂိုလ်သည် အထူးသဖြင့် ကာမာဝစရ နာမ်တရားတို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုပွားလိုခဲ့သော် ပရိဂ္ဂဟိတေ ရူပကမ္မဋ္ဌာနေ (မ၊ဋ္ဌ၊၁၊၂၈၀။) စသည့် အဋ္ဌကထာကြီးများ၏ ညွှန်ကြားချက်များအတိုင်း ရုပ်ကမ္မဋ္ဌာန်းကို (= ရုပ်တရား တို့ကို) သိမ်းဆည်းထားပြီး သိမ်းဆည်းနိုင်ပြီး ဖြစ်ရပေမည်။ ထိုရုပ်တရားများကို သဠာယတနဝဂ္ဂသံယုတ်ပါဠိတော် ရှုကွက်အရ သို့မဟုတ် သဠာယတန ရှုကွက်အရ ----

၁။ ဝတ္ထုရုပ် = မှီရာဝတ္ထုရုပ်,

၂။ အာရုံရုပ် = ရူပါရုံစသည့် အာရုံရုပ်ဟု

ရုပ်တရားတို့ကို နှစ်မျိုးခွဲ၍ ဝိပဿနာ ရှုရမည် ဖြစ်ပေသည်။ ထိုသို့ ဝိပဿနာရှုရာ၌ ----

၁။ မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်တို့ကို အဦးမူ၍ ရုပ်နာမ်တို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုပွားသုံးသပ်ခဲ့သော် ကာယာနုပဿနာသတိပဋ္ဌာန်သို့ သက်ဝင်၏။

၂။ ဝေဒနာကို အဦးမူ၍ နာမ်ရုပ်တို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုပွားသုံးသပ်ခဲ့သော် ဝေဒနာနုပဿနာ သတိပဋ္ဌာန်သို့ သက်ဝင်၏။

၃။ ဝိညာဏ်ကို အဦးမူ၍ နာမ်ရုပ်တို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုပွားသုံးသပ်ခဲ့သော် စိတ္တာနုပဿနာ သတိပဋ္ဌာန်သို့ သက်ဝင်၏။

၄။ ဖဿကိုအဦးမူ၍ နာမ်ရုပ်တို့ကို သိမ်းဆည်းလျက် ဝိပဿနာ ရှုပွားသုံးသပ်ခဲ့သော် ဓမ္မာနုပဿနာ သတိပဋ္ဌာန်သို့ သက်ဝင်၏။

သို့အတွက် ဤ သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်၌ လာရှိသော ဒေသနာတော်များနှင့် အညီ ဝေဒနာနုပဿနာသတိပဋ္ဌာန်စသည့် သတိပဋ္ဌာန်တရားတို့ကို ရှုပွားလိုသော် အောက်ပါအတိုင်း ဝိပဿနာရှုပါ။ ----

ဝေဒနာနုပဿနာ သတိပဋ္ဌာန်

၁။ ဝတ္ထု ... အနိစ္စ,

၂။ အာရုံ ... အနိစ္စ,

၃။ ဝေဒနာ ... အနိစ္စ,

ရှင်းလင်းချက်များ

၁။ ဝတ္ထု ----ပဉ္စဒွါရာဝဇ္ဇန်းမှစ၍ ဝီထိစိတ္တက္ခဏတိုင်း၌ ဤသုံးချက်ရှုနိုင်သည်။ ပဉ္စဒွါရာဝဇ္ဇန်းသည် တစ်နည်း ပဉ္စဒွါရာဝဇ္ဇန်းစိတ်နှင့် ယှဉ်သော ဥပေက္ခာဝေဒနာနှင့် တကွသော ပဉ္စဒွါရာဝဇ္ဇန်း နာမ်တရားစုသည် ဟဒယဝတ္ထုရုပ်ကိုမှီ၍ ဖြစ်သဖြင့် ဝတ္ထုအရ ယင်းနာမ်တရားစု၏မှီရာ ဟဒယဝတ္ထုရုပ်ကို သိမ်းဆည်းလျက် ယင်းဟဒယဝတ္ထုရုပ်၏ ဖြစ်မှု ပျက်မှုကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အနိစ္စဟု ရှုပါ။ သို့သော် ဃန အသီးအသီး ပြိုရေး ပရမတ်သို့ ဉာဏ်အမြင်ဆိုက်ရေးအတွက် ဟဒယဝတ္ထုရုပ်ကိုဦးတည်၍ ဟဒယဝတ္ထုရုပ်နှင့်တကွ နှလုံး၌ တည်ရှိသော (၅၄)မျိုးသော ရုပ်တရားများကိုပင် ခြုံငုံ၍ ယင်းရုပ်တရားတို့၏ ဖြစ်ခြင်းပျက်ခြင်းသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟု ရှုပါ။

၂။ အာရုံ ----အာရုံအရ ရူပါရုံလိုင်းဖြစ်လျှင် ရူပါရုံ, သဒ္ဒါရုံလိုင်းဖြစ်လျှင် သဒ္ဒါရုံ ဤသို့စသည့် အာရုံ (၆)ပါးကို ထိုက်သလို ကောက်ယူပါ။ အကယ်၍ အာရုံမှာ ရူပါရုံဖြစ်လျှင် ယင်းရူပါရုံမှာလည်း ရုပ်ကလာပ်အနေဖြင့်သာ ဖြစ်ရိုးဓမ္မတာရှိသဖြင့် မိမိဝိပဿနာရှုသည့် ရူပါရုံသည် သို့မဟုတ် ဝိပဿနာရှုမည့် ရူပါရုံသည် အဋ္ဌကကလာပ် ရုပ်တို့၌ အကျုံးဝင်သော ရူပါရုံဖြစ်လျှင် ရူပါရုံနှင့်တကွ (၈)မျိုးသော ရုပ်တရားတို့ကို, နဝကကလာပ်၌ အကျုံး ဝင်သော ရူပါရုံဖြစ်လျှင် ရူပါရုံနှင့်တကွ (၉)မျိုးသော ရုပ်တရားတို့ကို, ဒသကကလာပ်၌ အကျုံးဝင်သော ရူပါရုံ ဖြစ်လျှင် ရူပါရုံနှင့်တကွ (၁၀)မျိုးသော ရုပ်တရားတို့ကို သိမ်းဆည်းလျက် ယင်းရုပ်တရားတို့၏ ဖြစ်ခြင်း ပျက်ခြင်း သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်လျက် အနိစ္စဟု ရှုပါ။ ရူပါရုံအများစုကို ခြုံငုံ၍ ရှုရာ၌လည်း နည်းတူပင် သဘောပေါက်ပါလေ။ ထိုသို့ ရှုနိုင်ပါမှသာလျှင် ဃနပြိုမည်၊ ဃနပြိုမှသာလျှင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်မည်။ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်မှသာလျှင် ဝိပဿနာဉာဏ် အစစ်အမှန် ဖြစ်နိုင်မည်။ စစ်မှန်သော ဝိပဿနာဉာဏ်ကသာလျှင် မဂ်ဉာဏ် ဖိုလ်ဉာဏ်အား အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနိုင်မည်ဖြစ်ပေသည်။ သဒ္ဒါရုံစသည့် အာရုံတို့၌လည်း နည်းတူပင် သဘောပေါက်ပါ။ သဒ္ဒါရုံမှာ သဒ္ဒနဝကကလာပ်အနေဖြင့် ဖြစ်ရိုးဓမ္မတာ ရှိရကား ဝိပဿနာအရာဝယ် ယင်း (၉)မျိုးသော ရုပ်တို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုပါ။

၃။ ဝေဒနာ ---- ပဉ္စဒွါရာဝဇ္ဇန်း၌ ဥပေက္ခာဝေဒနာယှဉ်သဖြင့် ယင်းဥပေက္ခာဝေဒနာကို အဦးမူလျက် ဥပေက္ခာဝေဒနာနှင့် တကွ (၁၁)လုံးသော ယှဉ်ဖက်သမ္ပယုတ် နာမ်တရားစုအားလုံးကို ဉာဏ်ဖြင့် သိမ်းဆည်းလျက် ယင်းနာမ်တရားစု၏ ဖြစ်မှုပျက်မှုကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟု တွင်တွင်ရှုပါ။

ပဉ္စဒွါရာဝဇ္ဇန်း၌ ဝတ္ထု, အာရုံ, ဝေဒနာဟု (၃)ချက်ခွဲ၍ ဝိပဿနာရှုသကဲ့သို့ အလားတူပင် စက္ခုဝိညာဏ် စသော စိတ္တက္ခဏတိုင်း၌လည်း (၃)ချက်ခွဲ၍ပင် အသီးအသီး ဝိပဿနာရှုနိုင်ပါသည်။ အသင်ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်သည် နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများကို ပြန်လည်၍ အာရုံယူထားပါ။

ထို စက္ခုဒွါရဝီထိနာမ်တရားစုနှင့် ရူပါရုံကိုပင် ဆက်လက်၍ အာရုံယူသည့် မနောဒွါရဝီထိနာမ်တရားစု တို့တွင် စက္ခုဝိညာဏ် နာမ်တရားစုမှလွဲ၍ ကြွင်းကျန်သော ဝီထိစိတ္တက္ခဏ အသီးအသီး၌ တည်ရှိသော နာမ်တရားစုဟူသမျှသည် ဟဒယဝတ္ထုရုပ်ကိုသာ မှီ၍ဖြစ်ကြ၏။ စက္ခုဝိညာဏ်နှင့်တကွသော နာမ်တရားစုတို့ကား စက္ခုဝတ္ထုရုပ်ကို မှီ၍ ဖြစ်ကြ၏။ ထိုတွင် စက္ခုဝတ္ထုအရ စက္ခုဝတ္ထုရုပ်နှင့်တကွ စက္ခု = မျက်စိ၌ တည်ရှိသော (၅၄)မျိုးသော ရုပ်တရားတို့ကိုပင် သိမ်းဆည်း၍ ဝိပဿနာရှုပါ။

ဤနည်းအတိုင်း အာရုံ (၆)မျိုးကို ထိုက်သလို အာရုံပြု၍ ဖြစ်ပေါ်သွားကြကုန်သော ဝီထိတို့၏ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ (၁) ဝတ္ထု, (၂) အာရုံ, (၃) ဝေဒနာဟု သုံးမျိုးစီ ခွဲ၍ ခွဲ၍ လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ပါလေ။ (၆)လိုင်းလုံး၌ တစ်လိုင်းတစ်လိုင်းဝယ် အကောင်းအုပ်စု, မကောင်းအုပ်စု ကုန်စင်အောင် ရှုပါ။ အလားတူပင် ဝီထိစိတ်တို့၏ အကြားအကြား၌ ဖြစ်ပေါ်သွားကြကုန်သော ဘဝင် စိတ္တက္ခဏတို့၌လည်း (၁) ဝတ္ထု, (၂) ဆိုင်ရာအာရုံ = ဘဝင်၏ အာရုံ, (၃) ဝေဒနာဟု (၃)မျိုးစီ ခွဲ၍ ယင်းဘဝင် အခိုက် နာမ်ရုပ်တို့ကိုလည်း လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်၍ ဝိပဿနာရှုပါ။

လွယ်ကူသော စနစ်တစ်ခု

ထိုသို့ဝိပဿနာရှုရာ၌ ပို၍လွယ်ကူသော စနစ်တစ်ခုမှာ ဤသို့ ဖြစ်၏။ ----

၁။ အသင်သူတော်ကောင်းသည် နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများကို ပြန်လည်၍ အာရုံယူထားပါ။ စက္ခုဒွါရဝီထိ နာမ်တရားစုနှင့် ရူပါရုံကို ဆက်လက်အာရုံယူကြသည့် မနောဒွါရဝီထိ နာမ်တရားစုတို့တွင် စက္ခုဝိညာဏ်သည် စက္ခုဝတ္ထုရုပ်ကိုမှီ၍ ကြွင်းကျန်သော ဝီထိစိတ်အားလုံးတို့မှာ ဟဒယဝတ္ထုရုပ်ကိုချည်း မှီ၍ဖြစ်ကြ၏။ ထို့ကြောင့် ပဉ္စဒွါရာဝဇ္ဇန်း၏ မှီရာ ဟဒယဝတ္ထုရုပ်မှ စ၍ ဝီထိစိတ္တက္ခဏတိုင်း၏ မှီရာ ဝတ္ထုရုပ်တို့ကိုလည်းကောင်း, ဝီထိ အကြားအကြား၌ တည်ရှိကြသော ဘဝင်၏မှီရာ ဝတ္ထုရုပ်တို့ကိုလည်းကောင်း ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ပဉ္စဒွါရာဝဇ္ဇန်း၏မှီရာ ဝတ္ထုရုပ်မှသည် တဒနုဝတ္တက မနောဒွါရဝီထိစသော ရူပါရုံကို ဆက်လက်အာရုံယူကြသော မနောဒွါရဝီထိတို့၏ ဒုတိယတဒါရုံ၏မှီရာ ဟဒယဝတ္ထုရုပ်သို့ တိုင်အောင်သော ရုပ်တရားတို့ကို (= ၅၄-၅၄ စသော ရုပ်တရားတို့ကို) ခြုံငုံ၍ ယင်းရုပ်တရားတို့၏ ဖြစ်မှုပျက်မှုကို အာရုံယူ၍ အနိစ္စ အနိစ္စဟု ရှုပါ။

၂။ ယင်းစက္ခုဒွါရဝီထိ၏ အာရုံနှင့် ရူပါရုံကို ဆက်လက်အာရုံယူကြသည့် မနောဒွါရဝီထိတို့၏ အာရုံမှာ ရူပါရုံပင်ဖြစ်၏။ ဝီထိ အကြားအကြား၌ တည်ရှိသော ဘဝင်၏အာရုံမှာ ကံ ကမ္မနိမိတ် ဂတိနိမိတ် အာရုံ (၃)မျိုးတို့တွင် ထိုက်သလို တစ်မျိုးမျိုး ဖြစ်၏။ ယင်း ရူပါရုံကို ဃနပြိုအောင်, ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းလျက်, ဘဝင်၏အာရုံမှာ ပရမတ်ဖြစ်လျှင်လည်း ယင်းပရမတ်တရားတို့ကိုပါ သိမ်းဆည်းလျက် ယင်းစက္ခုဒွါရဝီထိ, မနောဒွါရဝီထိ နာမ်တရားစုတို့၏ အာရုံဖြစ်သည့် ရူပါရုံနှင့် ဘဝင်၏ အာရုံဖြစ်သည့် ပရမတ်အာရုံတို့ကို သိမ်းဆည်းလျက် ယင်းပရမတ်တရားတို့၏ ဖြစ်မှုပျက်မှုကို အာရုံပြု၍ အနိစ္စ အနိစ္စဟု ရှုပါ။

၃။ ဝီထိစိတ္တက္ခဏတိုင်း၌လည်းကောင်း, ဘဝင်စိတ္တက္ခဏတိုင်း၌လည်းကောင်း ဝေဒနာကို အဦးမူ၍ နာမ်တရားတို့ကို သိမ်းဆည်းလျက် ယင်းနာမ်တရားတို့၏ ဖြစ်မှုပျက်မှုကို အာရုံယူ၍ အနိစ္စ အနိစ္စဟု ရှုပါ။ ဃနပြိုပါစေ။ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ပါစေ။ ထိုသို့ ရှုရာ၌ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်, လက်ဖျစ်တစ်တွက်ဟူသော အချိန်ကာလအတွင်းဝယ် အကြိမ်ကုဋေတစ်သိန်းခန့် ဖြစ်ပျက်သွားကြသော နာမ်တရားစုတို့တွင် ဝိပဿနာ ရှုလိုက်နိုင်သော ရှုလိုက်မိသော နာမ်တရားစုတို့လည်း ရှိလေရာ၏၊ ဝိပဿနာ မရှုလိုက်နိုင်သော မရှုလိုက်မိသော နာမ်တရားအချို့တို့လည်း ရှိလေရာ၏။ ဝိပဿနာရှုလိုက်နိုင်သော ဝီထိနာမ်တရားစု ဘဝင်နာမ်တရားစုတို့၌ သန္တတိဃန သမူဟဃန ကိစ္စဃနဟူသော ဃန အသီးအသီး ပြိုအောင် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် သိမ်းဆည်းလျက် ဝိပဿနာရှုပါ။ နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် တင်ပြထားသည့် အတန်းတိုင်း အတန်းတိုင်းတွင် ဝတ္ထု, အာရုံ, ဝေဒနာ ဟု သုံးချက်စီ သုံးချက်စီ ဝိပဿနာရှုပါ။ ကုသိုလ်ဇောဝီထိများ, အကုသိုလ်ဇော ဝီထိများကို ကုန်စင်အောင်ရှုပါ။ ဒုက္ခနှင့် အနတ္တတို့၌လည်း နည်းတူပင် ရှုပါ။

စိတ္တာနုပဿနာ သတိပဋ္ဌာန်

၁။ ဝတ္ထု ... အနိစ္စ,

၂။ အာရုံ ... အနိစ္စ,

၃။ ဝိညာဏ် ... အနိစ္စ,

ဤရှုကွက်၌ ဝတ္ထုနှင့်အာရုံရှုကွက်မှာ အထက်ပါအတိုင်း နည်းတူပင်ဖြစ်သည်။ ဝိညာဏ်အရ ဝိညာဏ်ကို အဦးမူ၍ ဝိညာဏ်နှင့် ယှဉ်ဖက် နာမ်တရားစုအားလုံးကို သိမ်းဆည်းလျက် ဝေဒနာနုပဿနာသတိပဋ္ဌာန်တွင် ရေးသားခဲ့သည်အတိုင်း ရှုပါ။ ဒုက္ခ, အနတ္တတို့ကိုလည်း ရှုပါ။

ဓမ္မာနုပဿနာ သတိပဋ္ဌာန်

၁။ ဝတ္ထု ... အနိစ္စ,

၂။ အာရုံ ... အနိစ္စ,

၃။ ဖဿ ... အနိစ္စ,

ဝတ္ထုနှင့် အာရုံတို့မှာ အထက်ပါအတိုင်း နည်းတူမှတ်ပါ။ ဖဿအရ ဖဿကို အဦးမူ၍ ဖဿနှင့်တကွ ယှဉ်ဖက်သမ္ပယုတ်တရား အားလုံးကို ဝီထိစိတ္တက္ခဏတိုင်း၌လည်းကောင်း, ဝီထိများ အကြား၌ တည်ရှိသော ဘဝင်စိတ္တက္ခဏတို့၌လည်းကောင်း သိမ်းဆည်းလျက် လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်၍ ဝိပဿနာရှုပါ။ ဝေဒနာနုပဿနာသတိပဋ္ဌာန်၌ ရေးသားခဲ့သည့်အတိုင်း နည်းတူ မှတ်ပါ။ (၆)လိုင်းလုံး၌ ကုသိုလ်ဇောဝီထိ, အကုသိုလ်ဇောဝီထိများကို ကုန်စင်အောင် ရှုပါ။

အဇ္ဈတ္တ-ဗဟိဒ္ဓ ---- အဇ္ဈတ္တ၌ ဝိပဿနာရှုသည့် ပုံစံအတိုင်း ဗဟိဒ္ဓ၌လည်း ပုံစံတူပင် ဝိပဿနာရှုပါ။ ရံခါ အဇ္ဈတ္တ၊ ရံခါ ဗဟိဒ္ဓ တစ်လှည့်စီ ရှုပါ။ လက္ခဏာရေးသုံးတန်တွင်လည်း ရံခါ အနိစ္စ, ရံခါ ဒုက္ခ, ရံခါ အနတ္တ ---- ဤသို့ လှည့်၍ တစ်လှည့်စီ ရှုပါ။

အတိတ်, အနာဂတ်, ပစ္စုပ္ပန်

ပစ္စုပ္ပန်၌ ရှုကွက်အသားကျ၍ အားရမှု ကျေနပ်မှု အသင့်အတင့် ရရှိသောအခါ အတိတ်အဆက်ဆက်မှသည် ပစ္စုပ္ပန်, ပစ္စုပ္ပန်မှသည် အနာဂတ်အဆက်ဆက် ဆုံးသည့်တိုင်အောင် တိုးလျှိုပေါက် နည်းတူပင် ဝိပဿနာ ရှုပါလေ။ ဤသို့ ရှုရာ၌လည်း အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့်, အနိစ္စတစ်လှည့် ဒုက္ခတစ်လှည့် အနတ္တတစ်လှည့် လှည့်၍ ဝိပဿနာရှုပါလေ။

အသုဘ ဘာဝနာ

အသုဘာ ဘာဝေတဗ္ဗာ ရာဂဿ ပဟာနာယ။ (ဥဒါန၊၁၂၀။)

= ရာဂကို ပယ်ရှားရန်အတွက် အသုဘဘာဝနာကို ပွားများအားထုတ်ပါဟု ဘုရားရှင်သည် မေဃိယသုတ္တန် (ဥဒါန၊၁၂၀။) ၌ တိုက်တွန်းထားတော်မူ၏။

သမထပိုင်း အသုဘဘာဝနာ, ဝိပဿနာပိုင်း အသုဘဘာဝနာဟု အသုဘဘာဝနာကို ပွားများအားထုတ်ပုံ နှစ်မျိုးရှိ၏။ သမထပိုင်း အသုဘဘာဝနာ၌လည်း ----

၁။ ဗဟိဒ္ဓအလောင်းကို အာရုံယူ၍ အသုဘဘာဝနာ ရှုနည်း,

၂။ (၃၂)ကောဋ္ဌာသတို့ကို အာရုံယူ၍ အသုဘဘာဝနာ ရှုနည်း ----

ဤသို့ ရှုနည်း နှစ်မျိုးလာရှိ၏။ သမထပိုင်း၌ ဗဟိဒ္ဓအလောင်းကို အာရုံယူ၍ အသုဘဘာဝနာကို ပွားများခဲ့သော် ပထမစျာန်သမာဓိသို့ ဆိုက်၏။ ရှုပွားပုံကို သမထကမ္မဋ္ဌာန်းပိုင်းတွင် ကြည့်ပါ။

တစ်ဖန် (၃၂)ကောဋ္ဌာသတို့ကို ပဋိကူလမနသိကာရအဖြစ်ဖြင့် နှလုံးသွင်းရန် မဟာသတိပဋ္ဌာနသုတ္တန်တွင် (မ၊၁၊၇၂။) ဘုရားရှင်သည် ညွှန်ကြားထားတော်မူခဲ့၏။ ယင်းညွှန်ကြားထားတော်မူချက်မှာ (၃၂)ကောဋ္ဌာသတို့ကို အပ္ပနာစျာန်သမာဓိသို့ ဆိုက်အောင် ရှုပွားရန် အပ္ပနာကမ္မဋ္ဌာန်းအဖြစ် ဟောကြားထားတော်မူကြောင်းကို မဟာသတိပဋ္ဌာနသုတ္တန်အဋ္ဌကထာ (မ၊ဋ္ဌ၊၁၊၃၀၅။)တွင် ဖွင့်ဆိုထားတော်မူ၏။

သမ္မောဟဝိနောဒနီ အဋ္ဌကထာနှင့် မူလဋီကာ အဖွင့်

ဧတ္ထ ပန အတ္တနော ဇီဝမာနကသရီရေ ပဋိကူလန္တိ ပရိကမ္မံ ကရောန္တဿ အပ္ပနာပိ ဥပစာရမ္ပိ ဇာယတိ။ ပရဿ ဇီဝမာနကသရီရေ ပဋိကူလန္တိ မနသိကရောန္တဿ နေဝ အပ္ပနာ ဇာယတိ၊ န ဥပစာရံ။ နနု စ ဒသသု အသုဘေသု ဥဘယမ္ပေတံ ဇာယတီတိ။ အာမ ဇာယတိ။ တာနိ ဟိ အနုပါဒိန္နကပက္ခေ ဌိတာနိ၊ တသ္မာ တတ္ထ အပ္ပနာပိ ဥပစာရမ္ပိ ဇာယတိ။ ဣဒံ ပန ဥပါဒိန္နကပက္ခေ ဌိတံ၊ တေနေဝေတ္ထ ဥဘယမ္ပေတံ န ဇာယတိ။ အသုဘာနုပဿနာသင်္ခါတာ ပန ဝိပဿနာဘာဝနာ ဟောတီတိ ဝေဒိတဗ္ဗာ။ ဣမသ္မိံပဗ္ဗေ ကိံကထိတန္တိ၊ သမထဝိပဿနာ ကထိတာ။ (အဘိ၊ဋ္ဌ၊၂၊၂၄၈။)

အနုပါဒိန္နကပက္ခေ ဌိတာနီတိ ဧတေန စေတိယပဗ္ဗတဝါသီ မဟာတိဿတ္ထေရော ဝိယ, သံဃရက္ခိတတ္ထေရုပဋ္ဌာကသာမဏေရော ဝိယ စ အနုပါဒိန္နကပက္ခေ ဌပေတွာ ဂဟေတုံ သက္ကောန္တဿ ဒသဝိဓာသုဘဝသေန ဇီဝမာနကသရီရေပိ ဥပဋ္ဌိတေ ဥပစာရပ္ပတ္တိ ဒဿိတာ ဟောတီတိ ဝေဒိတဗ္ဗာ။ အတ္ထိဿ ကာယေတိ ပန သတ္တဝသေန ကေသာဒီသု ဂယှမာနေသု ယထာ ဣမသ္မိံကာယေတိ သတ္တ-ဂ္ဂဟဏရဟိတေ အဟံကာရဝတ္ထုမှိ ဝိဒ္ဓသ္တာဟံကာရေ သဒါ သန္နိဟိတေ ပါကဋေ စ အတ္တနော ကာယေ ဥပဋ္ဌာနံ ဟောတိ၊ န တထာ တတ္ထာတိ အပ္ပနံ အပ္ပတ္တာ အာဒီနဝါနုပဿနာဝ တတ္ထ ဟောတီတိ အဓိပ္ပါယေနာဟ အသုဘာနုပဿနာသင်္ခါတာ ပန ဝိပဿနာဘာဝနာ ဟောတီတိ ဝေဒိတဗ္ဗာတိ။ (မူလဋီ၊၂၊၁၅၆။)

သတ္တဂဟဏရဟိတေတိ သတ္တပညတ္တိမ္ပိ အနာမသိတွာ ဒေသိတတ္တာ ဝုတ္တံ။ သသန္တာနတာယ အဟံကာရဝတ္ထုမှိ အပ္ပဟီနမာနဿ ပဟီနာကာရံ သန္ဓာယာဟ ဝိဒ္ဓသ္တာဟံကာရေတိ။ (အနုဋီ၊၂၊၁၅၇။)

ဤ မိမိ၏ကိုယ် သူတစ်ပါး၏ ကိုယ်တို့တွင် မိမိ၏ အသက်ရှင်ဆဲဖြစ်သော ကိုယ်၌ ပဋိကူလ = ရွံရှာစက်ဆုပ်ဖွယ်----ဟူ၍ စီးဖြန်းခြင်း ပရိကမ်ကို ပြုသော ပုဂ္ဂိုလ်၏ သန္တာန်၌ အပ္ပနာစျာန်သည်လည်းကောင်း, ဥပစာရစျာန်သည်လည်းကောင်း ဖြစ်နိုင်၏။ သူတစ်ပါး၏ အသက်ရှင်ဆဲဖြစ်သော ကိုယ်၌ ပဋိကူလ = ရွံရှာစက်ဆုပ်ဖွယ် ဟူ၍ စီးဖြန်းခြင်း ပရိကမ်ကို ပြုသော ထိုသို့ နှလုံးသွင်းသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ အပ္ပနာစျာန်သည်လည်း မဖြစ်နိုင်၊ ဥပစာရစျာန်သည်လည်း မဖြစ်နိုင်။ ယင်းသို့ ဖြစ်သော် အသုဘ (= ဗဟိဒ္ဓ အသုဘ)ဆယ်မျိုးတို့၌ ဤ အပ္ပနာစျာန်, ဥပစာရစျာန် နှစ်မျိုးလုံးသည်လည်း ဖြစ်နိုင်သည် မဟုတ်ပါလောဟု မေးရန်ရှိ၏။ ဖြစ်နိုင်သည်ကား မှန်၏။ သို့သော် ထိုအသုဘ (၁၀)မျိုးတို့သည် တဏှာဒိဋ္ဌိတို့သည် ကပ်ရောက်အပ်သောကံသည် ငါ၏ အကျိုးဟု အကျိုး၏ အဖြစ်ဖြင့် မစွဲယူအပ်သော သက်မဲ့လောကအဖို့အစု၌ တည်ကုန်၏။ ထို့ကြောင့် ထိုအသုဘ (၁၀)ပါးတို့၌ အပ္ပနာစျာန်သည်လည်းကောင်း, ဥပစာရစျာန်သည်လည်းကောင်း ဖြစ်နိုင်၏။ (၃၂)ကောဋ္ဌာသတို့ကို ပဋိကူလသဘောအားဖြင့် ရှုသည့် ဤအပိုင်း၌ကား ဗဟိဒ္ဓဖြစ်သော ဤ သူတစ်ပါး၏ (၃၂)ကောဋ္ဌာသသည် ငါ-ငါ့ဥစ္စာဟု တဏှာဒိဋ္ဌိတို့ဖြင့် စွဲလမ်းအပ်သော သက်ရှိ ဥပါဒိန္နက အဖို့ အစု၌ တည်နေ၏။ ထို့ကြောင့်ပင်လျှင် ဤ သူတစ်ပါးကိုယ်၌ အကျုံးဝင်သော (၃၂)ကောဋ္ဌာသ၌ အပ္ပနာစျာန် ဥပစာရစျာန် နှစ်မျိုးလုံးသည်လည်း မဖြစ်နိုင်။ သို့သော် အသုဘဘာဝနာဟု ဆိုအပ်သော ဝိပဿနာဘာဝနာ ကား ဖြစ်နိုင်၏ဟု သိရှိပါလေ။ ဤကာယာနုပဿနာအပိုင်းအခန်း၌ (၃၂)ကောဋ္ဌာသတို့နှင့် ပတ်သက်၍ မည်ကဲ့သို့သော ရှုပုံစနစ်ကို ဘုရားရှင်သည် ဟောကြားတော်မူအပ်ပါသနည်းဟူမူ သမထရှုနည်း ဝိပဿနာ ရှုနည်း နှစ်မျိုးလုံးကိုပင် ဟောတော်မူအပ်၏ဟု ဖြေဆိုလေရာ၏။ (အဘိ၊ဋ္ဌ၊၂၊၂၄၈။)

အနုပါဒိန္နက ပက္ခ

အဋ္ဌကထာဆရာတော်က ဗဟိဒ္ဓဖြစ်သော အသုဘ (၁၀)မျိုးတို့၌ အပ္ပနာစျာန် ဥပစာရစျာန် နှစ်မျိုးလုံး ဖြစ်နိုင်ကြောင်းကို ဖွင့်ဆိုသွားတော်မူ၏။ ထိုအသုဘ (၁၀)မျိုးတို့သည် အနုပါဒိန္နကပက္ခ = တဏှာဒိဋ္ဌိတို့သည် ကပ်ရောက်အပ်သော ကံသည် ငါ၏ အကျိုးဟု အကျိုး၏အဖြစ်ဖြင့် မစွဲယူအပ်သော သက်မဲ့လောကအဖို့ အစု၌ တည်သောကြောင့် အပ္ပနာစျာန် ဥပစာရစျာန် နှစ်မျိုးလုံး ဖြစ်နိုင်ကြောင်းကိုလည်း ဖွင့်ဆိုသွားတော်မူ၏။ ထိုအသုဘ (၁၀)မျိုးတို့တွင် အဋ္ဌိက = အရိုးစုလည်း ပါဝင်လျက် ရှိ၏။

တသ္မာ အဋ္ဌိကန္တိ ပဋိက္ကူလဝသေနေဝ ဩလောကေတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၁၈၆။)

အဋ္ဌိကပဋိက္ကူလံ အဋ္ဌိကပဋိက္ကူလန္တိ မနသိကာရော ပဝတ္တေတဗ္ဗော။ (ဝိသုဒ္ဓိ၊၁၊၁၈၆-၁၈၇။)

ယင်း အရိုးစုအသုဘ၏ ရွံရှာစက်ဆုပ်ဖွယ်သဘောကိုပင် အာရုံယူ၍ အဋ္ဌိက-ပဋိက္ကူလ = အရိုးစု-ရွံစရာ ဟု ရှုခဲ့သော်အပ္ပနာစျာန်, ဥပစာရစျာန်များကို ရနိုင်ကြောင်း ဖွင့်ဆိုထား၏။

ဗဟိဒ္ဓသက်ရှိသတ္တဝါတို့၏ (၃၂)ကောဋ္ဌာသ အစုအဝေး၌လည်း အရိုးကောဋ္ဌာသ = အရိုးအစုအပုံ ပါဝင်လျက် ရှိ၏။ ယင်းအရိုးစုကား ဥပါဒိန္နကပက္ခ = တဏှာဒိဋ္ဌိတို့သည် ကပ်ရောက်အပ်သောကံသည် ငါ၏ အကျိုးဟု အကျိုး၏ အဖြစ်ဖြင့် စွဲယူအပ်သော သက်ရှိအဖို့အစု၌ တည်နေ၏။ ကြွင်းကောဋ္ဌာသတို့၌လည်း နည်းတူ မှတ်ပါ။

အထက်ပါ အနုပါဒိန္နကပက္ခ = သက်မဲ့အဖို့အစု၌တည်နေသော အရိုးတို့၌ အပ္ပနာစျာန် ဥပစာရစျာန်များ ဖြစ်နိုင်ကြောင်း ဖွင့်ဆိုထားသော ထိုစကားရပ်ဖြင့် စေတိယတောင်၌ သီတင်းသုံးတော်မူသော မဟာတိဿ မထေရ်မြတ်ကြီးကဲ့သို့လည်းကောင်း, သံဃရက္ခိတမထေရ်မြတ်ကြီး၏ အလုပ်အကျွေးဖြစ်သော သာမဏေကဲ့သို့ လည်းကောင်း ဥပါဒိန္နကအဖို့အစု၌ တည်နေသော သက်ရှိအရိုးစုကို အနုပါဒိန္နကပက္ခ သက်မဲ့အရိုးစု အဖို့အစု၌ ထား၍ = သက်မဲ့အရိုးစုအရာထား၍ ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းငှာ စွမ်းနိုင်သော ယောဂါဝစရပုဂ္ဂိုလ်အဖို့ (၁၀)မျိုးအပြားရှိသော အသုဘ၏အဖြစ်ဖြင့် အသက်ရှင်ဆဲဖြစ်သော ကိုယ်၌လည်း ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလ သဘော = အသုဘသဘောသည် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ ထင်လာလတ်သော် ဥပစာရစျာန်သို့ ရောက်ခြင်းကို ညွှန်ပြအပ်၏ဟု သိထိုက်ပေ၏။ တစ်ဖန် ----

အတ္ထိဿ ကာယေဟူ၍ သတ္တဝါ၏အဖြစ်ဖြင့် ဆံပင်အစရှိသည်တို့ကို ယူအပ်ကုန်လတ်သော် ဣမသ္မိံ ကာယေ = ဤကိုယ်ဟူ၍ သတ္တဝါဟု စွဲယူခြင်းမှကင်းသော, ငါဟု ပြုအပ်သော ကိုယ်၌ ဖျက်ဆီးအပ်ပြီးသော ငါဟု နှလုံးသွင်းခြင်းရှိသော (= ငါ၏ကိုယ်ဟု မဆိုသောကြောင့် ဖျက်ဆီးအပ်ပြီးသော ငါဟု ပြုခြင်းကင်းသော = ငါဟု နှလုံးသွင်းခြင်း ကင်းသော), အခါခပ်သိမ်း မိမိယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၏အနီး၌ ကောင်းစွာ စုဝေး တည်နေသော ထင်ရှားသည်လည်းဖြစ်သော မိမိကာယ၌ ထင်လာခြင်းကဲ့သို့ ထို့အတူ ထိုသူတစ်ပါး၏ ကိုယ်ကာယ၌ ထင်လာခြင်းသည် မဖြစ်ရကား အပ္ပနာစျာန်သို့ မရောက်သော အာဒီနဝါနုပဿနာ = ခန္ဓာအိမ်၏ အပြစ်အာဒီနဝကို အဖန်ဖန် ရှုတတ်သော အာဒီနဝါနုပဿနာဉာဏ်သည်သာလျှင် ထိုသူတစ်ပါး၏ ကိုယ်ကာယ၌ ဖြစ်နိုင်၏။ ---- ဤသို့သော အဓိပ္ပါယ်သဘောအားဖြင့် အသုဘာနုပဿနာဟု ခေါ်ဆိုအပ်သော ဝိပဿနာ ဘာဝနာသည်ကား ဖြစ်နိုင်၏ဟု သိရှိပါလေဟု အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်ပေသည်။ (မူလဋီ၊၂၊၁၅၅-၁၅၆။)

စေတိယပဗ္ဗတဝါသီ မဟာတိဿထေရ်

မဟာတိဿ မထေရ်မြတ်ကြီးသည် မိမိ သီတင်းသုံးတော်မူရာ စေတိယတောင်ကျောင်းမှ အနုရာဓမြို့တွင်းသို့ ဆွမ်းခံကြွဝင်တော်မူလာ၏။ မထင်ရှားသော အမျိုးသမီးတစ်ဦးသည် အိမ်ရှင်ယောက်ျားနှင့်အတူ စကား များပြီးနောက် နတ်သမီးကဲ့သို့ ကောင်းစွာ ဖီးလိမ်းပြုပြင် တန်ဆာဆင်ယင်ကာ ခပ်စောစောပင်လျှင် အနုရာဓမြို့မှ ထွက်ခဲ့၍ မိမိ၏ အမျိုးအိမ် = မိဘအိမ်သို့ ပြန်လာခဲ့၏။ လမ်းခုလတ်တစ်နေရာ၌ စေတိယတောင်ကျောင်းမှ အနုရာဓမြို့သို့ ဆွမ်းအလို့ငှာ ကြွလာတော်မူသော မဟာတိဿမထေရ်မြတ်ကြီးကို တွေ့မြင်လေသော် မထေရ်မြတ်ကြီး၏ အပေါ်၌ ရာဂဖြင့် ဖောက်ပြန်သော စိတ်ထားရှိသည်ဖြစ်၍ ထိုအမျိုးသမီးက အသံထွက်အောင် ရယ်မောလိုက်၏။ ထိုအချိန်တွင် မဟာတိဿမထေရ်မြတ်ကြီးကား ကမ္မဋ္ဌာန်းကို နှလုံးသွင်းလျက် ကြွလာတော် မူခိုက်ဖြစ်၏။ ပထမစျာန်၏ ရှေးအဖို့၌ဖြစ်သော ပထမစျာန်သို့ ရောက်ကြောင်း ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်း ပုဗ္ဗဘာဂမနသိကာရကား အသံနှင့် ထိပ်တိုက် ဆန့်ကျင်ဘက် ဖြစ်၏။ အသံသည် ဆူးငြောင့်ခလုတ် ဖြစ်၏။ ထို့ကြောင့် အသံသို့ အစဉ်လိုက်ခါ ဤတခိခိရယ်မောသော အသံကား အဘယ်အသံနည်းဟု ကြည့်လတ်သော် အသံထွက်အောင် ပြုံးရယ်နေသော ထိုအမျိုးသမီး၏ သွားရိုး၌ အဋ္ဌိကအသုဘသညာကို ရရှိတော်မူ၏။

အဋ္ဌိကကမ္မဋ္ဌာနံ ဟိ ထေရော တဒါ ပရိဟရတိ။ (မဟာဋီ၊၁၊၄၈။)

ထိုအချိန်အခါ၌ မထေရ်မြတ်ကြီးသည် အဋ္ဌိကကမ္မဋ္ဌာန်း = အရိုးစုကမ္မဋ္ဌာန်းကို ဆောင်လျက် ဆွမ်းခံကြွလာတော်မူဆဲဖြစ်၏။ (မဟာဋီ၊၁၊၄၈။)

မထေရ်မြတ်ကြီးသည် အဋ္ဌိက အသုဘသညာကို ရရှိသည်ဖြစ်၍ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားတော် မူ၏။ ထို့ကြောင့် ရှေးအဋ္ဌကထာဆရာတော်တို့က ဤသို့ မိန့်ဆိုတော်မူကြ၏။

တဿာ ဒန္တဋ္ဌိကံ ဒိသွာ၊ ပုဗ္ဗသညံ အနုဿရိ။

တတ္ထေဝ သော ဌိတော ထေရော၊ အရဟတ္တံ အပါပုဏိ။ (ဝိသုဒ္ဓိ၊၁၊၂၀။)

မဟာတိဿမထေရ်မြတ်ကြီးသည် ထိုအမျိုးသမီး၏ သွားရိုးကို မြင်တော်မူသည်ဖြစ်၍ ရှေး၌ရအပ်ဖူးသော အဋ္ဌိကသညာကို နှလုံးသွင်းတော်မူ၏။ ထိုနေရာ၌ပင်လျှင် ရပ်တော်မူလျက် ထိုမထေရ်ကြီးသည် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူခဲ့ပြီ။ (ဝိသုဒ္ဓိ၊၁၊၂၀။)

အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူပုံ

အရဟတ္တံ ပါပုဏီတိ ထေရော ကိရ တဿာ ဟသန္တိယာ ဒန္တဋ္ဌိဒဿနေနေဝ ပုဗ္ဗဘာဂဘာဝနာယ သုဘာဝိတတ္တာ ပဋိဘာဂနိမိတ္တံ, သာတိသယဉ္စ ဥပစာရဇ္ဈာနံ လဘိတွာ ယထာဌိတောဝ တတ္ထ ပထမဇ္ဈာနံ အဓိဂန္တွာ တံ ပါဒကံ ကတွာ ဝိပဿနံ ဝဍ္ဎေတွာ မဂ္ဂပရမ္ပရာယ အာသဝက္ခယံ ပါပုဏိ၊ ပုဗ္ဗသညံ အနုဿရီတိ ပုဗ္ဗကံ ယထာရဒ္ဓံ ကာလေန ကာလံ အနုယုဉ္ဇိယမာနံ အဋ္ဌိကကမ္မဋ္ဌာနံ အနုဿရိ သမန္နာဟရိ။ (မဟာဋီ၊၁၊၄၈-၄၉။)

မဟာတိဿမထေရ်မြတ်ကြီးကား အဋ္ဌိကသညာ အသုဘဘာဝနာကို ပွားများ အားထုတ်နေကျ ဖြစ်၏။ ထို အဋ္ဌိကသညာ = အရိုးစုကမ္မဋ္ဌာန်း၌ ပထမစျာန်သမာဓိသို့ ဆိုက်အောင် သမာဓိကို ထူထောင်တော်မူလျက် ထို ပထမစျာန်သမာဓိကို ဝိပဿနာ၏ အခြေပါဒကပြု၍ ဝိပဿနာသို့ ကူးနေကျလည်း ဖြစ်တော်မူ၏။ မထေရ်မြတ်ကြီးသည် ယခုအကြိမ်တွင်လည်း ပြုံးရယ်လိုက်သော ထိုအမျိုးသမီး၏ သွားရိုးကို မြင်တွေ့လိုက်ရသည်နှင့် တစ်ပြိုင်နက်တည်းမှာပင်လျှင် အရိုးစုကမ္မဋ္ဌာန်း၌ ဆွမ်းခံလမ်းတစ်လျှောက်လုံး၌လည်းကောင်း, ရှေးယခင်က လည်းကောင်း, ပထမစျာန်၏ ရှေးအဖို့ဖြစ်သော ပုဗ္ဗဘာဂဘာဝနာကို ကောင်းစွာ ပွားများထားအပ်ပြီးသည့် အတွက်ကြောင့် ပဋိဘာဂနိမိတ်ကိုလည်းကောင်း, အလွန်အကဲနှင့်တကွ ဥပစာရစျာန်ကိုလည်းကောင်း ရရှိတော်မူခဲ့၏။ အမျိုးသမီး၏ သွားရိုးကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက်တည်းမှာပင်လျှင် မထေရ်မြတ်ကြီး၏ ဘာဝနာဉာဏ်၌ ထိုအမျိုးသမီး၏ တစ်ကိုယ်လုံးသည် အရိုးစုတို့၏ အပေါင်းအစုအဖြစ်ဖြင့် ထင်လာ၏။ ထိုအခါ ထိုအရိုးစု၏ ရွံရှာစက်ဆုပ်ဖွယ် ပဋိက္ကူလသဘောကို ဆက်လက်၍ အားထုတ်တော်မူရာ ပဋိဘာဂနိမိတ်သို့ ဆိုက်ရောက်တော်မူ၏၊ ဥပစာရစျာန် ဥပစာရသမာဓိသို့လည်း ဆိုက်ရောက်တော်မူ၏။ တစ်ဖန် အဇ္ဈတ္တအရိုးစုသို့ ပြောင်း၍ ရွံရှာစက်ဆုပ်ဖွယ် ပဋိက္ကူလသဘောကို နှလုံးသွင်းတော်မူရာ ပထမစျာန်သို့ ဆိုက်ရောက်တော်မူ၏။ ထိုပထမစျာန်ကို ဝိပဿနာ၏ အခြေပါဒက ပြု၍ ဝိပဿနာဉာဏ်များကို တိုးပွားအောင် ပြုတော်မူရာ မဂ်ဉာဏ် အစဉ်အတိုင်း အရဟတ္တဖိုလ်သို့တိုင်အောင် ဆိုက်ရောက်တော်မူ၏။ (မဟာဋီ၊၁၊၄၈-၄၉။)

အိမ်ရှင်ယောက်ျားကလည်း ခရီးစဉ်အတိုင်း နောက်ကလိုက်လာခဲ့သော် မထေရ်မြတ်ကြီးကို မြင်၍ အရှင်ဘုရား ...အမျိုးသမီးတစ်ဦးကို တွေ့မြင်လိုက်ပါသလားဟု လျှောက်ထား၏။ မထေရ်မြတ်ကြီးက ဤသို့ မိန့်တော်မူလိုက်၏။

နာဘိဇာနာမိ ဣတ္ထီ ဝါ၊ ပုရိသော ဝါ ဣတော ဂတော။

အပိစ အဋ္ဌိသင်္ဃာဋော၊ ဂစ္ဆတေသ မဟာပထေ။

သူတော်ကောင်း ... ဤမှသွားသသူသည် အမျိုးသမီးဟူ၍လည်းကောင်း, အမျိုးသားဟူ၍လည်းကောင်း ငါ မသိပေ၊ စင်စစ်မူကား ဤအရိုးစုသည် ခရီးလမ်းမကြီးပေါ်၌ သွားနေပေ၏။ (ဝိသုဒ္ဓိ၊၁၊၂၀-၂၁။)

အသုဘသညာ ----အင်္ဂုတ္တရနိကာယ် ဒသကနိပါတ် ဂိရိမာနန္ဒသုတ္တန်တွင် (၃၂)ကောဋ္ဌာသတို့ကို ရွံရှာ စက်ဆုပ်ဖွယ် = ပဋိက္ကူလ အနေဖြင့် နှလုံးသွင်းခြင်းကို အသုဘသညာဟု ဟောကြားတော်မူခဲ့၏။ (အံ၊၃၊၃၄၃။)

သဝိညာဏကအသုဘ - အဝိညာဏကအသုဘ

သုတ္တနိပါတ်ပါဠိတော် (၃၀၇-၃၀၈) ဝိဇယသုတ္တန်တွင် သဝိညာဏကအသုဘ = ရှင်အသုဘ, အဝိညာဏက အသုဘ = သေအသုဘဟု အသုဘဘာဝနာ (၂)မျိုးခွဲခြား၍ ဟောကြားထားတော်မူခဲ့၏။ သဝိညာဏကအသုဘ = ရှင်အသုဘဟူသည်မှာ သက်ရှိ (၃၂)ကောဋ္ဌာသတို့၏ ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောကို အာရုံယူ၍ ရှုခြင်းတည်း။ အဝိညာဏကအသုဘ = သေအသုဘဟူသည်မှာ အလောင်းကောင်၏ ရွံရှာစက်ဆုပ်ဖွယ် အသုဘ သဘောကို အာရုံယူ၍ ရှုခြင်းတည်း။

သမထနှင့် ဝိပဿနာ

သမထပိုင်းတွင် သဝိညာဏကအသုဘ = ရှင်အသုဘကို ရှုရာ၌ အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း အပ္ပနာစျာန်ကိုလည်းကောင်း, ဥပစာရစျာန်ကိုလည်းကောင်း အလိုရှိခဲ့သော် မိမိ၏ (၃၂)ကောဋ္ဌာသတို့၏ ရွံရှာ စက်ဆုပ်ဖွယ် = ပဋိက္ကူလသဘောကို အာရုံယူ၍ ရှုပါ။ ထိုသို့ ရှုရာ၌ (၃၂)ကောဋ္ဌာသလုံးကို ခြုံ၍ ဖြစ်စေ, ကောဋ္ဌာသတစ်ခုခုကို အာရုံယူ၍ဖြစ်စေ ရှုနိုင်၏။

ဟတ္ထေဂဟိတပဥှဝတ္ထု = လက်ကိုကိုင်၍ ပြောပြသော ဝတ္ထု

မလ္လကမထေရ်သည် သက်တော်ရှည် ဒီဃနိကာယ်ဆောင် ဒီဃဘာဏက အဘယမထေရ်ကို လက်၌ ဆွဲကိုင်၍ ငါ့ရှင် အဘယ ...ရှေးဦးစွာ ဤပြဿနာကို သင်ယူပါဟု ဆို၍ ဤသို့ မိန့်ဆိုတော်မူ၏ ----မလ္လကမထေရ်သည် (၃၂)ကောဋ္ဌာသတို့၌ (၃၂)မျိုးသော ပထမစျာန်ကို ရလေ့ရှိ၏၊ ညဉ့်၌ တစ်ခုသောစျာန်ကို နေ့၌ တစ်ခုသောစျာန်ကို အကယ်၍ ဝင်စားငြားအံ့၊ လခွဲကို လွန်သဖြင့် တစ်ဖန် စပ်မိ၏။ သို့မဟုတ် နေ့တိုင်း နေ့တိုင်း စျာန်တစ်ခုတစ်ခုကို အကယ်၍ ဝင်စားငြားအံ့၊ တစ်လကိုလွန်သဖြင့် တစ်ဖန် စပ်မိ၏။ ဤသို့ မိန့်ဆိုဖူးလေသတတ်။ (ဝိသုဒ္ဓိ၊၁၊၂၅၇။) ဤသို့ ရှုခြင်းကို ပဋိကူလမနသိကာရ = (ပဋိက္ကူလမနသိကာရ) ဟု ခေါ်ဆိုပေသည်။

သဘာဂ - ဝိသဘာဂ

တစ်ဖန် ဗဟိဒ္ဓ (၃၂)ကောဋ္ဌာသတို့၏ ပဋိကူလသဘောကို အာရုံယူ၍ ရှုရာ၌ကား အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ဥပစာရစျာန် = ဥပစာရသမာဓိသို့ကား ဆိုက်နိုင်၏။

တစ်ဖန် အဝိညာဏကအသုဘ = သေအသုဘအလောင်းကို အာရုံယူ၍ ပထမစျာန်သမာဓိကို အလိုရှိ၍ ရှုလိုခဲ့သော် အမျိုးသားယောဂီသည် အမျိုးသားအလောင်းကောင်ကို, အမျိုးသမီးယောဂီသည် အမျိုးသမီး အလောင်းကောင်ကိုသာ ရှုရ၏။ အဇ္ဈတ္တတစ်လှည့်, ဗဟိဒ္ဓတစ်လှည့် ရှုရန်မလိုပါ။ ဤကား သမထပိုင်းအတွက်တည်း။

ဝိပဿနာပိုင်း၌ကား သဝိညာဏကအသုဘ, အဝိညာဏကအသုဘ နှစ်မျိုးလုံး၌ သဘာဂ ဝိသဘာဂ = လိင်တူ လိင်မတူ ခွဲရန် မလိုပေ။ ဝိဇယသုတ္တန်တွင် သိရိမာ၏ အလောင်းကောင်တစ်ခုကိုပင် ----

၁။ ရဟန်းယောက်ျား ပရိသတ်,

၂။ ရဟန်းမိန်းမ ပရိသတ်,

၃။ လူယောက်ျား ပရိသတ်,

၄။ လူမိန်းမ ပရိသတ် ဟူသော ----

ပရိသတ် (၄)မျိုးတို့အား ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူ၏။ အာဒီနဝါနုပဿနာ = မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ ခန္ဓာအိမ်အပြစ်ကို မြင်အောင်ရှုရန် ညွှန်ကြားတော်မူသော အနုပဿနာ ဖြစ်၏။ သဝိညာဏက အသုဘ = ရှင်အသုဘ၌လည်း နည်းတူပင်တည်း။ သမထပိုင်း၌ စျာန်ကို ရရှိရန် ဦးတည်ချက်ရှိ၏၊ ဝိပဿနာပိုင်း ၌ အပြစ်အာဒီနဝကို ရှုမြင်ရန် ဦးတည်ချက်ရှိ၏။ သမထပိုင်း၌ကား အဇ္ဈတ္တတစ်လှည့်, ဗဟိဒ္ဓတစ်လှည့် ရှုရန်မလို။ ဝိပဿနာပိုင်း၌ သဝိညာဏကအသုဘ, အဝိညာဏကအသုဘ နှစ်မျိုးလုံးကိုပင် အဇ္ဈတ္တတစ်လှည့်, ဗဟိဒ္ဓ တစ်လှည့်ရှုရန် ဘုရားရှင်သည် ဝိဇယသုတ္တန်တွင် ဤသို့ညွှန်ကြားထားတော်မူ၏။ ----

ယထာ ဣဒံ တထာ ဧတံ၊ ယထာ ဧတံ တထာ ဣဒံ။

အဇ္ဈတ္တဉ္စ ဗဟိဒ္ဓါ စ၊ ကာယေ ဆန္ဒံ ဝိရာဇယေ။

ဤ သက်ရှိ သဝိညာဏက အသုဘကောင်သည် ----

၁။ အာယု = အသက်ဟူသော ရုပ်ဇီဝိတ,

၂။ ဥသ္မာ = ကိုယ်ငွေ့ဟူသော ကမ္မဇတေဇောဓာတ်,

၃။ ဝိညာဏ်ဟူသော အသိစိတ် ----

ဤသုံးပါးကုန်သော တရားတို့၏ မကင်းမကွာသေး မချုပ်ငြိမ်းသေးခြင်းကြောင့် သွား,ရပ်,ထိုင်,လျောင်း သကဲ့သို့, ထို့အတူ ယခု သုသာန်၌ လျောင်းစက်နေသည့် သက်မဲ့ အဝိညာဏက အသုဘအလောင်းကောင်သည်လည်း မသေမီ ရှေးအခါက အာယု-ဥသ္မာ-ဝိညာဏ်ဟူသော ထိုတရားသုံးမျိုးတို့၏ မကင်းကွာသေး မချုပ်ငြိမ်းသေးခြင်းကြောင့် သွား, ရပ်, ထိုင်, လျောင်းခြင်း သဘောရှိသည် ဖြစ်ခဲ့လေပြီ။

ယခုသေနေသော ထို အဝိညာဏက အသုဘအလောင်းကောင်သည် အာယု, ဥသ္မာ, ဝိညာဏ်ဟူသော ထိုတရားသုံးမျိုးတို့၏ ချုပ်စဲပြတ်ကင်းခြင်းကြောင့် သွား, ရပ်, ထိုင်, လျောင်းခြင်းသဘော မရှိသကဲ့သို့ ထို့အတူ ဤသဝိညာဏက အသုဘကောင်သည်လည်း အာယု-ဥသ္မာ-ဝိညာဏ်ဟူသော ထိုတရားသုံးမျိုးတို့၏ ချုပ်စဲ ပြတ်ကင်းခြင်းကြောင့် သွား, ရပ်, ထိုင်, လျောင်းခြင်း သဘော မရှိသည် ဖြစ်ပေလတ္တံ့။

ဤသို့ ကျင့်ကြံ ကြိုးကုတ် ပွားများ အားထုတ်လျက်ရှိသော သံသရာဘေး ခန္ဓာရေးကို ထောက်တွေး မြော်မြင် ပညာရှင်သည် မိမိ၏ အတွင်းအဇ္ဈတ္တ ကိုယ်ကာယ၌လည်းကောင်း, အပြင်ဗဟိဒ္ဓ သူတစ်ပါး၏ ကိုယ်ကာယ၌လည်းကောင်း တွယ်တာငြိကပ် တက်မက်ခြင်း ဆန္ဒရာဂဓာတ်ကို လေးပါးမဂ်ဉာဏ် သမုစ္ဆေဒပဟာန်ဖြင့် ကင်းကွာစေနိုင်ရာ၏။ (သုတ္တနိပါတ၊၃၀၈။)

အာယု ဥသ္မာ စ ဝိညာဏန္တိ ရူပဇီဝိတိန္ဒြိယံ, ကမ္မဇတေဇောဓာတု, စိတ္တံ ... (မ၊ဋ္ဌ၊၂၊၂၅၀။)

ဤအထက်ပါ အဋ္ဌကထာအဖွင့်နှင့်အညီ အာယုအရ ရူပဇီဝိတိန္ဒြေကို = ရုပ်ဇီဝိတကို ကောက်ယူပါ။ နာမ်ဇီဝိတကား ဝိညာဏံ၌ ပူးတွဲ ပါဝင်သွားပေသည်။

ဤဂါထာ၌ ဆိုလိုရင်းသဘောကို ဤသို့ မှတ်သားပါ။ ----

ယထာ ဣဒံ တထာ ဧတံ = ဤသက်ရှိ သဝိညာဏက ငါ၏ကိုယ်ကဲ့သို့ပင် ထိုသက်မဲ့အဝိညာဏက အသုဘကောင်သည်လည်း ရှေးကဖြစ်ခဲ့ဖူးလေပြီဟု မိမိနှင့် သေသော သူကောင်ကို ထပ်မျှပြုကာ ဝိပဿနာဉာဏ်ဖြင့် ရှုကြည့်ခြင်းဖြင့် အပြင်ဗဟိဒ္ဓ ကိုယ်ကာယ၌ ဖြစ်ပေါ်လာမည့် ဒေါသကိလေသာကို ပယ်စွန့်နိုင်၏။

ယထာ ဧတံ တထာ ဣဒံ = ထို သေသော အဝိညာဏက သူသေကောင်ကဲ့သို့ပင် ဤ ငါ၏ သက်ရှိ သဝိညာဏက ကိုယ်ကောင်သည်လည်း နောင်တစ်ချိန်၌ ဖြစ်လိမ့်မည်ဟု သေသော အဝိညာဏက သူသေကောင်နှင့် မိမိကို ထပ်မျှပြုကာ ဝိပဿနာဉာဏ်ဖြင့် ရှုကြည့်ခြင်းဖြင့် မိမိ၏ အတွင်းအဇ္ဈတ္တ ကိုယ်ကာယအပေါ်၌ ဖြစ်ပေါ်လာမည့် ရာဂကိလေသာကို ပယ်စွန့်နိုင်၏။

အဇ္ဈတ္တ ဗဟိဒ္ဓ ကိုယ်ကာယနှစ်မျိုးလုံးကို တစ်နည်း သက်ရှိသက်မဲ့ ကိုယ်ကာယနှစ်မျိုးလုံးကို ထပ်မျှ ပြုကာ ဝိပဿနာဉာဏ်ပညာဖြင့် ကြည့်ရှုနိုင်၏။ အဇ္ဈတ္တ ဗဟိဒ္ဓ သက်ရှိသက်မဲ့ ကိုယ်ကာယနှစ်မျိုးလုံး၏ အသုဘ အခြင်းအရာကို ဝိပဿနာဉာဏ်ဖြင့် ကွဲကွဲပြားပြားသိခဲ့သော် ထိုကိုယ်ကာယနှစ်မျိုးလုံး၌ အသုဘအခြင်းအရာ သဘောသွားမှန်ကို မသိခြင်း = မောဟကိလေသာကို ပယ်စွန့်နိုင်၏။

ဤသို့လျှင် ေ့ရှပိုင်း ဝိပဿနာဉာဏ်အခိုက်၌ပင် အမှန်အတိုင်း သိမြင်သဖြင့် လောဘ ဒေါသ မောဟ တည်းဟူသော အကုသလ မူလတရားသုံးပါးကို တဒင်္ဂပဟာန်ဖြင့် ပယ်ရှားနိုင်ပြီးလျှင် ထိုဝိပဿနာဉာဏ်မှ အထက်၌ မဂ်လေးပါးအစဉ်ဖြင့် အလုံးစုံသော ဆန္ဒရာဂကို သမုစ္ဆေဒပဟာန်အနေအားဖြင့် အကြွင်းမဲ့ ပယ်စွန့်နိုင်လေသည်ဟု ဆိုလိုရင်းအဓိပ္ပါယ်ကို သိမှတ်လေရာ၏။ (သုတ္တနိပါတ၊ဋ္ဌ၊၂၄၂။)

ဤအထက်ပါ အရပ်ရပ်သော ညွှန်ကြားတော်မူချက်များနှင့်အညီ ယခုအခါ၌ ဝိပဿနာပိုင်း အဝိညာဏက အသုဘ, သဝိညာဏက အသုဘ ရှုကွက်များကို ဆက်လက်၍ တင်ပြအပ်ပါသည်။ သမထပိုင်း၌ကား အပ္ပနာစျာန် ဥပစာရစျာန်ကိုရအောင် ရှုပွားရသဖြင့် အသုဘအခြင်းအရာကို အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ ရှုရန်မလို။ ဝိပဿနာပိုင်း၌ကား မိမိ သူတစ်ပါး နှစ်ဦးသားလုံးတို့၏ ခန္ဓာအိမ်၏ အပြစ်ကို မြင်အောင် ရှုရသော အာဒီနဝါနုပဿနာပိုင်း ဖြစ်သဖြင့် အဇ္ဈတ္တ, ဗဟိဒ္ဓတစ်လှည့်စီ ရှုရ၏။ ဤ လိုရင်းအချက်ကို ကြိုတင်၍ မှတ်သားထားပါ။

ဝိပဿနာပိုင်း အဝိညာဏကအသုဘ = သေအသုဘ ရှုကွက်

ပုန စပရံ ဘိက္ခဝေ ဘိက္ခု သေယျထာပိ ပေဿယျ သရီရံ သိဝထိကာယ ဆဍ္ဍိတံ ဧကာဟမတံ ဝါ ဒွီဟမတံ ဝါ တီဟမတံ ဝါ ဥဒ္ဓုမာတကံ ဝိနီလကံ ဝိပုဗ္ဗကဇာတံ။ သော ဣမမေဝ ကာယံ ဥပသံဟရတိ အယမ္ပိ ခေါ ကာယော ဧဝံ ဓမ္မော ဧဝံ ဘာဝီ ဧဝံ အနတီတောတိ။ (မ၊၁၊၇၃။)

ရဟန်းတို့ ... တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ----

၁။ သေပြီး၍ တစ်ရက်ရှိသော သူသေကောင်,

၂။ သေပြီး၍ နှစ်ရက်ရှိသော သူသေကောင်,

၃။ သေပြီး၍ သုံးရက်ရှိသော သူသေကောင်,

၄။ ဖူးဖူးရောင်ကြွ ပုပ်ပွလျက်ရှိသော သူသေကောင်,

၅။ ရုပ်ဆင်းပျက်လျက် ညိုမည်းနေသော သူသေကောင်,

၆။ ပြည်ကဲ့သို့ စက်ဆုပ်ဖွယ် အပုပ်ရည်ယိုစီးသော သင်းချိုင်း၌ စွန့်ပစ်ထားအပ်သော သူသေကောင် ----

ဤ သူသေကောင်ကို တွေ့မြင်ရာသကဲ့သို့ = တွေ့မြင်ရာ၏။ ထိုသို့ တွေ့မြင်သော ရဟန်းသည် ဤငါ၏ ရုပ်အပေါင်းဖြစ်သော ရူပကာယ = ကိုယ်သည်လည်း ဤသို့သော သဘောရှိ၏၊ ဤသို့ မချွတ်ဧကန် ဖြစ်ပေလတ္တံ့၊ ဤသို့သော သဘောကို မလွန်ဆန်နိုင်ဟု ဤ မိမိ၏ ရူပကာယ = ကိုယ်ကိုပင် ဉာဏ်ဖြင့် (= ဝိပဿနာဉာဏ်ဖြင့်) ကပ်ဆောင်၍ ရှု၏။ (မ၊၁၊၇၃။)

ဒီဃဘာဏကမဟာသီဝတ္ထေရော ပန နဝသိဝထိကာ အာဒီနဝါနုပဿနာဝသေန ဝုတ္တာတိ အာဟ။ (မ၊ဋ္ဌ၊၁၊၃၀၅။)

ဒီဃဘာဏက မဟာသီဝမထေရ်မြတ်ကြီး၏ အယူအဆအားဖြင့် အထက်ပါ မဟာသတိပဋ္ဌာနသုတ္တန်၌ လာရှိသော အသုဘဘာဝနာရှုကွက်မှာ အာဒီနဝါနုပဿနာဟူသော မိမိ သူတစ်ပါး နှစ်ဦးသားလုံးတို့၏ ရူပကာယ = ကိုယ်၏ အပြစ်အာဒီနဝကို မြင်အောင် ဝိပဿနာဉာဏ်ဖြင့် ရှုရန် ဘုရားရှင်၏ ညွှန်ကြားတော်မူချက် ဖြစ်သည်ဟု မှတ်ပါ။ ယင်း ညွှန်ကြားတော်မူချက်များအတိုင်း အဝိညာဏကအသုဘ = သေအသုဘကို ဝိပဿနာပိုင်း၌ ရှုပွားလိုခဲ့သော် အောက်ပါအတိုင်း ရှုပါ။ ----

ဤအပိုင်းတွင် အသင်သူတော်ကောင်းသည် ကာလသုံးပါး သန္တာန်နှစ်ပါး အတွင်း၌ တည်ရှိကြသော သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုနိုင်သော အဆင့်သို့ ရောက်ရှိနေပြီး ဖြစ်၏။ ဤအချိန်တွင် အသုဘဘာဝနာကို အာဒီနဝါနုပဿနာအနေဖြင့် ထပ်ဆင့်၍ ပွားတော့မည့် အချိန် ဖြစ်ပေသည်။ သို့အတွက် အသင်သူတော်ကောင်းသည် မိမိရရှိထားပြီးသည့် အာနာပါနစတုတ္ထစျာန်သမာဓိသို့ တိုင်အောင်, သို့မဟုတ် ဩဒါတကသိုဏ်း စတုတ္ထစျာန်သမာဓိသို့တိုင်အောင်သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ပါ။ ထိုစတုတ္ထစျာန်သမာဓိနှင့်ယှဉ်သော ဉာဏ်ကြောင့် လင်းရောင်ခြည်များသည် ပြိုးပြိုးပြက် တလက်လက် တောက်ပလာသောအခါ ထိုလင်းရောင်ခြည် အကူအညီဖြင့် မိမိမြင်ဖူးသည့် ရွံရှာစက်ဆုပ်ဖွယ် အကောင်းဆုံး အသုဘ အလောင်းကောင်တစ်ခုကို ပြန်လည်၍ အာရုံယူကြည့်ပါ။ ထိုအလောင်းကောင်မှာ လိင်တူအလောင်းကောင် သော်လည်းကောင်း, လိင်မတူ အလောင်းကောင်သော်လည်းကောင်း နှစ်မျိုးလုံး ရနိုင်၏။

ထိုအလောင်းကောင်၏ ရွံရှာစက်ဆုပ်ဖွယ် အကောင်းဆုံး အနေအထား၌ မိမိ၏ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထား၍ အသုဘ-အသုဘဟု ရှုနေပါ။ အသုဘအခြင်းအရာသည် ဉာဏ်၌ ပေါလောပေါ်လာသောအခါ မိမိ၏ ရူပကာယ = ကိုယ်ကောင်ဘက်သို့ ဉာဏ်ကို ရှေးရှုကပ်ဆောင်၍ ငါ၏ကိုယ်သည်လည်း ဤသို့ သဘော ရှိ၏။ ဤသို့ မချွတ်ဧကန် ဖြစ်ပေလတ္တံ့၊ ဤသို့သော သဘောကို မလွန်ဆန်နိုင်ဟု ရှုကြည့်ပါ။ မိမိသေ၍ ပုပ်ပွနေသော မိမိ၏ အလောင်းကောင်ကို ဉာဏ်ဖြင့် မြင်အောင် ကပ်ဆောင်၍ ကြည့်ပါ။ တွေ့မြင်လျှင်ကား ကောင်း၏။ အကယ်၍ မတွေ့မြင်သေးပါက ဗဟိဒ္ဓ အဝိညာဏကအလောင်းကောင်ကိုပင် တစ်ဖန်ပြန်၍ ရှုပါ။ ထို့နောင် မိမိ၏ အလောင်းကောင်ကို တစ်ဖန်ပြန်၍ရှုပါ။ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ လေ့ကျင့်ပါက မိမိ၏ အလောင်းကောင်ကိုလည်း တွေ့မြင်နိုင်ပါသည်။ ထိုသို့ တွေ့မြင်ပါက ပုပ်ပွနေသော မိမိ၏ အလောင်းကောင်ကိုလည်း အသုဘ-အသုဘဟု ရှုပါ။ အဇ္ဈတ္တအလောင်းကောင်ကို တစ်လှည့် ဗဟိဒ္ဓအလောင်းကောင်ကို တစ်လှည့် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။

ထိုသို့ ရှုရာ၌ အသင်သူတော်ကောင်းကိုယ်တိုင် ရွေးချယ်၍ အသုဘဘာဝနာ ရှုပွားနေသော ဗဟိဒ္ဓ အလောင်းကောင်မှာ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က အလောင်းကောင်ဖြစ်ခဲ့သော် ထိုအလောင်းကောင်မှာ ယခုကဲ့သို့ အသုဘ ဘာဝနာရှုနေသောအချိန်၌ အရိုးများ မှုန့်မှုန့်ညက်ညက် ကြေနေသော အဆင့်သို့လည်း ရောက်ကောင်းရောက်နေနိုင်၏။ ထိုသို့ ဖြစ်ခဲ့သော် ထိုအလောင်းကောင်၏ မိမိမြင်ခဲ့ဖူးသော ပုပ်ပွနေသော အခြေအနေမှသည် အရိုးများ မုန့်မုန့်ညက်ညက် ကြေနေသော အချိန်သို့တိုင်အောင် ဉာဏ်ကို စေလွှတ်၍ ထို အလောင်းကောင်ကို တစ်စတစ်စ ရှုကြည့်လာပါက အလောင်းကောင်၏ အနေအထားမှာ အဆင့်ဆင့် ပြောင်းလဲ လာ၍ နောက်ဆုံး အရိုးစု၏ မုန့်မုန့်ညက်ညက် ကြေနေသည့် အဆင့်သို့ တိုင်အောင် ဉာဏ်ဆိုက်ရောက်သွားနိုင်၏။ ဤသို့ အဆင့်ဆင့် ပြောင်းလဲသွားရာ၌လည်း အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရှုပါ။

အကယ်၍ မိမိမြင်ဖူးသော အလောင်းကောင်မှာ သို့မဟုတ် မိမိ အသုဘဘာဝနာရှုရန် ရွေးချယ်ထားသော အလောင်းကောင်မှာ မကြာမီ ရက်ပိုင်းအတွင်းက အလောင်းကောင်ဖြစ်ခဲ့သော်လည်းကောင်း, အသုဘဘာဝနာ ရှုမည့်နေ့မှ လောလောလတ်လတ် တွေ့မြင်ရသော အလောင်းကောင်ဖြစ်သော်လည်းကောင်း, ထိုအလောင်းကောင်မှာ လောလောဆယ် မုန့်မုန့်ညက်ညက် ကြေနေသည့် အရိုးမှုန့်အဆင့်သို့ကား မရောက်နိုင်သေးပေ။ ထိုသို့ မရောက်နိုင်သေးသော်လည်း (အနာဂတ် ရုပ်နာမ်တို့ကိုပင် ဝိပဿနာရှုနိုင်ပြီး ဖြစ်နေသော အသင်သူတော်ကောင်းအဖို့) ထိုအလောင်းကောင်၏ အနာဂတ်ဘက်သို့ ဉာဏ်ကို စေလွှတ်၍ တစ်စတစ်စ တိုး၍ တိုး၍ ရှုလိုက်ပါက ထိုအလောင်းကောင်၏ အနေအထားမှာ အဆင့်ဆင့် ပြောင်းလဲသွားကာ နောက်ဆုံး မုန့်မုန့်ညက်ညက် ကြေနေသည့် အရိုးအမှုန့် အစုအပုံအဆင့်သို့ တိုင်အောင် ဆိုက်ရောက်သွားနိုင်ပါသည်။ ဤအဆင့်များတွင်လည်း အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် တစ်လှည့်စီ အသုဘဘာဝနာကို ပွားများပါလေ။

သူသေကောင် (၉) မျိုး

ဤတွင် မဟာသတိပဋ္ဌာနသုတ္တန်တွင် လာရှိသော အာဒီနဝါနုပဿနာ = ခန္ဓာကိုယ်၏ အပြစ်အာဒီနဝကို မြင်အောင် ရှုပွားရမည့် ဝိပဿနာပိုင်းဆိုင်ရာ အရှုခံအာရုံဖြစ်သည့် သူသေကောင် (၉)မျိုးကို ဆက်လက်၍ တင်ပြအပ်ပါသည်။ ----

၁။ (က) သေပြီး၍ တစ်ရက်ရှိသော သူသေကောင်,

( ခ ) သေပြီး၍ နှစ်ရက်ရှိသော သူသေကောင်,

( ဂ ) သေပြီး၍ သုံးရက်ရှိသော သူသေကောင်,

(ဃ) ဖူးဖူးရောင်ကြွ ပုပ်ပွလျက်ရှိသော သူသေကောင်,

( င ) ရုပ်ဆင်းပျက်လျက် ညိုမည်းနေသော သူသေကောင်,

( စ ) ပြည်ကဲ့သို့ စက်ဆုပ်ဖွယ် အပုပ်ရည်ယိုစီးသော သူသေကောင်,

၂။ (က) ကျီးတို့မူလည်း ခဲစားအပ်သော သူသေကောင်,

( ခ ) စွန်ရဲတို့မူလည်း ခဲစားအပ်သော သူသေကောင်,

( ဂ ) လင်းတတို့မူလည်း ခဲစားအပ်သော သူသေကောင်,

(ဃ) ဘုံမတီးငှက်တို့မူလည်း ခဲစားအပ်သော သူသေကောင်,

( င ) ခွေးတို့မူလည်း ခဲစားအပ်သော သူသေကောင်,

( စ ) ကျားတို့မူလည်း ခဲစားအပ်သော သူသေကောင်,

(ဆ) သစ်တို့မူလည်း ခဲစားအပ်သော သူသေကောင်,

( ဇ ) မြေခွေးတို့မူလည်း ခဲစားအပ်သော သူသေကောင်,

( စျ ) ပိုးအမျိုးမျိုးတို့မူလည်း ခဲစားအပ်သော သူသေကောင်,

၃။ အသားအသွေးရှိသေးသော အကြောတို့ဖြင့် ဖွဲ့စပ်ထားသော အရိုးဆက်လျက်ရှိသေးသော သူသေကောင်,

၄။ အသားကင်း၍ (= အသားမရှိတော့ဘဲ) သွေးတို့ဖြင့် ပေကျံလျက် အကြောတို့ဖြင့် ဖွဲ့စပ်လျက်ရှိသော အရိုးဆက်လျက်ရှိသေးသော သူသေကောင်,

၅။ အသားအသွေးကင်းလျက် အကြောတို့ဖြင့် ဖွဲ့စပ်ထားသော သူသေကောင်,

၆။ တစ်နေရာ၌ လက်ရိုး, တစ်နေရာ၌ ခြေရိုး, တစ်နေရာ၌ ခြေဖမျက်ရိုး, တစ်နေရာ၌ မြင်းခေါင်းရိုး, တစ်နေရာ၌ ပေါင်ရိုး တစ်နေရာ၌ ခါးရိုး, တစ်နေရာ၌ နံရိုး, တစ်နေရာ၌ ကျောက်ကုန်းရိုး, တစ်နေရာ၌ ပခုံးရိုး, တစ်နေရာ၌ လည်ပင်းရိုး, တစ်နေရာ၌ မေးရိုး, တစ်နေရာ၌ သွားရိုး, တစ်နေရာ၌ ဦးခေါင်းခွံ အားဖြင့် ဖွဲ့ခြင်းကင်းကုန်လျက် ထိုထိုအရပ်တို့၌ ပြန့်ကြဲနေကုန်သော အရိုးစုသူသေကောင်,

၇။ ခရုသင်းအဆင်းနှင့်အတူ ဖွေးဖွေးဖြူကုန်သော အရိုးစုသူသေကောင်,

၈။ နှစ်လွန်လျက် စုပုံနေသော အရိုးစုသူသေကောင်,

၉။ ဆွေးမြည့်လျက် အမှုန့်ဖြစ်ကုန်သော အရိုးစုသူသေကောင် ----

ဤ သူသေကောင် (၉)မျိုးတို့ကား အသုဘဘာဝနာရှုပွားရန် မဟာသတိပဋ္ဌာနသုတ္တန်တွင် ဘုရားရှင် ဟောကြားထားတော်မူသော သူသေကောင် (၉)မျိုးတို့ ဖြစ်ကြသည်။ သုသာန်သင်းချိုင်း၌ စွန့်ပစ်ထားအပ် ကုန်သော သူသေကောင်တို့ချည်းသာတည်း။ (မ၊၁၊၇၃-၇၄။ မ၊ဋ္ဌ၊၁၊၂၇၈။)

အသင်သူတော်ကောင်းသည် အထက်ပါ သူသေကောင် (၉)မျိုးလုံးကိုပင် ဖြစ်စေ, အချို့ကို ဖြစ်စေ အာဒီနဝါနုပဿနာအနေဖြင့် အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရှုပါ။

လက္ခဏာယာဉ် တင်ပါ

ကာလသုံးပါး, သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိကြသော ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့ကို လက္ခဏာရေး သုံးတန် တစ်လှည့်စီတင်ကာ နိုင်နိုင်နင်းနင်း ဝိပဿနာ ရှုပွားသုံးသပ်ပြီးပါမှ အသုဘဘာဝနာကို ဆက်လက် ကြိုးပမ်းလာသော အသင်သူတော်ကောင်းအဖို့ ထိုသို့အဇ္ဈတ္တ ဗဟိဒ္ဓနှစ်ဌာနတို့၌ အသုဘသဘောကို အပြန်ပြန် အလှန်လှန် ရှုနေရင်းဖြင့် ရုပ်ကလာပ်အမှုန်များကိုလည်း ဉာဏ်ဖြင့် တွေ့မြင်လာတတ်၏။ အကယ်၍ အားရ ကျေနပ်မှု ရရှိသည့်တိုင်အောင် အသုဘသဘောကို အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ ရှုနေသော်လည်း ရုပ်ကလာပ် အမှုန်များကို မတွေ့ပါက ယင်း အဇ္ဈတ္တ ဗဟိဒ္ဓအလောင်းကောင်တို့၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို စိုက်၍ ရှုလိုက်ပါက ရုပ်ကလာပ်အမှုန်များကို တွေ့ရှိနိုင်ပေသည်။ ယင်း ရုပ်ကလာပ်အမှုန်များကို ဃနပြိုအောင်, ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူလျက် သိမ်းဆည်းလျက် ယင်းရုပ်ပရမတ်တရားတို့ကို လက္ခဏာရေး သုံးတန် တစ်လှည့်စီ တင်၍ ဝိပဿနာရှုပါ။ ယင်း အဝိညာဏကအသုဘ = သေအသုဘ၌ ဥတုဇဩဇဋ္ဌမကရုပ်တို့ကိုသာ (ယေဘုယျအားဖြင့်) တွေ့ရှိမည်ဖြစ်သည်။ ယင်းဥတုဇ ရုပ်ကလာပ်တို့ကား မကြည်ပေ။ ဓာတ်ခွဲလိုက်သော် ရုပ်ကလာပ်တစ်ခုတစ်ခု၌ ပရမတ်ရုပ်သဘောတရား (၈)မျိုးစီ ရှိ၏။

ခြွင်းချက် အနည်းငယ်

အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့သည် အဇ္ဈတ္တ ဗဟိဒ္ဓဖြစ်သော ယင်း သေအသုဘအလောင်းကောင်၌ ဓာတ်ကြီးလေးပါးကို စိုက်၍ ရှုလိုက်သောအခါဝယ် ကြည်သော ရုပ်ကလာပ်အမှုန်များကိုလည်း မကြည်သော ရုပ်ကလာပ်တို့နှင့် ရောနှော၍ တွေ့နေတတ်၏။ ထိုသို့ တွေ့ရှိရခြင်း၏ အကြောင်းမှာ ထိုအလောင်းကောင်၌ ထိုအချိန်တွင် အသက်ရှင်နေဆဲ ပိုးလောက်များ ထကြွသောင်းကျန်းနေပါက ထိုပိုးလောက်တို့၌ ကာယအကြည်ဓာတ်စသော အကြည်ဓာတ်များ ထိုက်သလိုပါရှိသော ရုပ်ကလာပ်တို့ကိုပါ ရောထွေး၍ ယောဂါဝစရပုဂ္ဂိုလ်က ဉာဏ်ဖြင့် တွေ့မြင်လိုက်ခြင်းကြောင့် ဖြစ်သည်။ အမှန်မှာမူ အဇ္ဈတ္တ ဗဟိဒ္ဓဖြစ်သော သေအသုဘအလောင်းကောင် နှစ်မျိုးလုံး၌ကား ဥတုဇဩဇဋ္ဌမကရုပ် = ဥတုကြောင့်ဖြစ်သော ဩဇာလျှင် (၈)ခုမြောက်ရှိသော ရုပ် တရားများသာ ရှိပေသည်။

အခက်အခဲတစ်ရပ်

ဗဟိဒ္ဓအလောင်းကောင်၏ အသုဘသဘောကို ရှုပြီးသောအခါ အဇ္ဈတ္တဝယ် သေအသုဘသဘောကို ဉာဏ်ဖြင့်ရှေးရှု ကပ်ဆောင်၍ ရှုရာ၌ အချို့ယောဂီများ၌ မိမိ၏ သေအသုဘသဘောကို လွယ်လွယ်ကူကူဖြင့် မတွေ့နိုင် ဖြစ်နေတတ်၏။ ထိုသို့ ဖြစ်ခဲ့သော် မိမိ၏ ဤဘဝ အနာဂတ်စုတိဘက်သို့ ဉာဏ်ကို စေလွှတ်၍ ယခု အချိန်မှစ၍ ဤဘဝစုတိသို့တိုင်အောင် ရုပ်တရား နာမ်တရားတို့ကို တစ်စတစ်စ သိမ်းဆည်းသွားပါ။ နောက်ဆုံး စုတိအခိုက်သို့ ဆိုက်ရောက်သွားသောအခါ မိမိ၏ သေအသုဘသဘောကိုလည်း ဉာဏ်ဖြင့် မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါသည်။ ထိုအခါတွင် အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရှုပါ။

အကယ်၍ အသင်သူတော်ကောင်းသည် ဗဟိဒ္ဓအလောင်းကောင်၏ အနာဂတ်ဘက်သို့ ဉာဏ်ကို စေလွှတ်၍ ရှုလိုက်မိသဖြင့် ထိုဗဟိဒ္ဓအသုဘအလောင်းကောင်၏ ပုပ်ရာမှ ပွလာပြီးလျှင် အပုပ်ရည်များ ယိုစီးကျလာပုံ, ညိုမည်းကွဲအက်လာပုံ, ပိုးလောက်များ ထကြွလာပုံ, အရိုးစုဖြစ်သွားပုံ, အရိုးစုမှ အမှုန့်ဖြစ်သွားပုံ စသည့်ပြောင်းလဲ မှု အဆင့်ဆင့်တို့ကို ဉာဏ်ဖြင့် တွေ့မြင်ပါက ထိုသို့ တွေ့မြင်တိုင်း တွေ့မြင်တိုင်း အဇ္ဈတ္တအလောင်းကောင်သို့ လည်း ဉာဏ်ကို ေ့ရှရှုဆောင်ယူ၍ အသုဘသဘောကို မြင်အောင်ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ ရှုပါ။

ရာဂကို တိုက်ဖျက်ရေး

ထိုသို့ အဇ္ဈတ္တနှင့် ဗဟိဒ္ဓကို တစ်လှည့်စီလှည့်၍ သေအသုဘသဘောကို ဝိပဿနာဉာဏ်ဖြင့် ရှုခြင်းသည် ရာဂကိုတိုက်ဖျက်ရာ၌ လက်နက်ကောင်းတစ်ခုပင် ဖြစ်သည်။ သို့သော် ဤမျှဖြင့် ရပ်နားမနေသေးဘဲ ဗဟိဒ္ဓသို့ တဖြည်းဖြည်း ဉာဏ်ကို စေလွှတ်၍ တိုးချဲ့ရှုပါ။ ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အလင်းရောင်နှင့် တွေ့ထိမိရာ အရပ်၌ တွေ့သမျှသတ္တဝါတို့၏ သေအသုဘသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ဆက်လက်ရှုပါ။ ဉာဏ်ရောင်ဖြင့် တွေ့ထိမိရာ သတ္တဝါတိုင်း၏ အသုဘသဘောကို မြင်တွေ့သောအခါ အဇ္ဈတ္တ၏ အသုဘသဘောကိုလည်း ရံခါ ပြန်၍ ရှုပေးပါ။

ထိုသို့ ရှုရာ၌ ရုပ်ကလာပ်အမှုန်များကို ဉာဏ်ဖြင့် တွေ့မြင်သော် ရုပ်ကလာပ်များကို ဓာတ်ခွဲလျက် ရုပ်ပရမတ်တရားများကို လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာ ပြန်၍ရှုပါ။ အကယ်၍ ထိုသို့ အဇ္ဈတ္တ ဗဟိဒ္ဓတို့၌ အသုဘသဘောကို အားရကျေနပ်သည့် တိုင်အောင် ရှုပြီးသော်လည်း ရုပ်ကလာပ်အမှုန်များကို လွယ်လွယ်ကူကူ မတွေ့မြင်ပါက ယင်းအသုဘအလောင်းကောင်၌ ဓာတ်ကြီးလေးပါးကို စိုက်၍ရှုပါ။ ရုပ်ကလာပ် အမှုန်များကို တွေ့သောအခါ ရုပ်ကလာပ်များကို ဓာတ်ခွဲလျက် ရုပ်ပရမတ်တရားများကို လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်၍ ဝိပဿနာ ဆက်ရှုပါ။ ယင်းရုပ်တရားတို့၏ မကောင်းသော အဆင်း အနံ့ စသည်တို့ဖြင့် ရောပြွမ်းနေသည့် ရွံရှာစက်ဆုပ်ဖွယ်သဘောကို အာရုံယူ၍ အသုဘဟုလည်း ရှုပါ။ အထူးသဖြင့် မိမိ ရာဂဖြစ်တတ်သည့် ပုဂ္ဂိုလ်သတ္တဝါများကို ခပ်များများ ဦးစားပေး၍ ရှုပါ။

သဝိညာဏကအသုဘ = ရှင်အသုဘ ရှုကွက်

ဤ သဝိညာဏကအသုဘ = ရှင်အသုဘပိုင်း၌ ----

၁။ (၃၂)ကောဋ္ဌာသတို့၏ အသုဘသဘော,

၂။ ပိုးလောက်တို့နှင့် ပြည့်နေသော ခန္ဓာအိမ်၏ အသုဘသဘော,

၃။ ရုပ်ပရမတ်တို့၏ အသုဘသဘော ----

ဤသို့လျှင် အသုဘသဘောကို သုံးမျိုးခွဲ၍ ရှုပါ။

၁။ (၃၂)ကောဋ္ဌာသတို့၏ ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အသုဘ, အသုဘဟု ရှုပါ။ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရှုပါ။ ဗဟိဒ္ဓတွင်လည်း တိုးချဲ့၍ တစ်စတစ်စ ရှုပါ။ ရာဂဖြစ်နေကျ ပုဂ္ဂိုလ်သတ္တဝါများကို ဦးစားပေး၍ ရှုပါ။ သက်ရှိလောကတစ်ခုလုံးကို ငုံနိုင်သမျှ ငုံမိအောင် တိုးချဲ့၍ရှုပါ။

ထိုသို့ ရှုရာ၌ အသင်သူတော်ကောင်းသည် ဤအဆင့်တွင် အဇ္ဈတ္တ, ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံး၌ (၃၂) ကောဋ္ဌာသ၌ တည်ရှိသော ရုပ်တရားတို့ကို လက္ခဏာယာဉ် သုံးချက်သို့ တင်၍ တွင်တွင်ကြီး အဝါးဝစွာ ဝိပဿနာ ရှုထားပြီးဖြစ်သောကြောင့် ယင်း (၃၂) ကောဋ္ဌာသတို့မှာ အသုဘ, အသုဘဟု ရှုရင်း ရှုရင်းဖြင့် တဖြည်းဖြည်း ရုပ်ကလာပ်အမှုန်များ ဖြစ်သွားတတ်ပေသည်။ အကယ်၍ ရုပ်ကလာပ်အမှုန်များ ဖြစ်မလာခဲ့သော် ယင်း (၃၂) ကောဋ္ဌာသတို့၏ အသုဘအခြင်းအရာကို ရှု၍ အားရကျေနပ်မှု ရရှိလာသောအခါ ယင်းကောဋ္ဌာသတို့ကို ခြုံ၍ ဖြစ်စေ, ကောဋ္ဌာသတစ်ခုစီ ခွဲ၍ ဖြစ်စေ၊ ယင်းကောဋ္ဌာသတို့၌ တည်ရှိကြသော ဓာတ်ကြီးလေးပါးတို့ကို စိုက်၍ ရှုလိုက်ပါက ရုပ်ကလာပ်အမှုန်များကို လွယ်လွယ်ကူကူပင် တွေ့ရှိနိုင်ပေသည်။ ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသား တင်ပြခဲ့သည့်အတိုင်း ယင်းရုပ်ကလာပ်တို့ကို ဓာတ်ခွဲလျက် ယင်းရုပ်ပရမတ်တရားတို့ကို လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်၍ ဝိပဿနာဆက်ရှုပါ။

၂။ ဤရူပကာယခန္ဓာအိမ်ကြီး၌ အမျိုးအစားအားဖြင့် ပိုးအမျိုးပေါင်း (၈၀)တို့ မှီတင်းနေထိုင်ကြ၏။ ထို့ကြောင့် ထိုခန္ဓာအိမ်ကြီးသည် ထိုပိုးအမျိုးမျိုးတို့၏အိမ်ထောင်ရာ, သားမွေးရာအိမ်လည်းဖြစ်၏၊ ကျင်ကြီးစွန့်ရာ, ကျင်ငယ် စွန့်ရာ အိမ်လည်းဖြစ်၏၊ ဖျားနာရာ ဖျားနာဆောင်လည်းဖြစ်၏၊ သေလျှင် အသုဘချရာ သုသာန်သင်းချိုင်းလည်း ဖြစ်၏။ ထိုပိုးလောက်တို့သည် ဤခန္ဓာအိမ်မှ ပြင်ပတစ်နေရာ၌ သွား၍ သားမွေးခြင်း, ကျင်ကြီးစွန့်ခြင်း, ကျင်ငယ် စွန့်ခြင်း, ဆေးကုခြင်း, အသုဘချခြင်းစသည်တို့ကို ပြုလုပ်ကြသည်ကား မဟုတ်ကုန်။ (သံ၊ဋ္ဌ၊၂၊၂၉၄။) ထို့ကြောင့် ထိုပိုးလောက်အမျိုးမျိုးတို့ဖြင့် ပြည့်နှက်နေသော ဤခန္ဓာအိမ်ကြီးသည် ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောသာ ဧကန်ဖြစ်၏။ ယင်းသို့ ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အသုဘ-အသုဘ ဟု ရှုပါ။ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရှုပါ။ ထိုသို့ရှုရာ၌ ပိုးလောက်တို့ကိုလည်း ဉာဏ်ဖြင့်မြင်တွေ့ပါစေ၊ ပိုးလောက်တို့နှင့် ပြည့်နှက်နေသည့်ခန္ဓာအိမ်၏ ရွံရှာစက်ဆုပ်ဖွယ်သဘောကိုလည်း ဉာဏ်ဖြင့် မြင်တွေ့နေပါစေ။ ဤအပိုင်းတွင်လည်း အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရှုဖန်များလာသောအခါ ရုပ်ကလာပ်အမှုန်များကို မကြာမီ တွေ့ရှိတတ်ပါသည်။ မတွေ့ပါကလည်း ပိုးလောက်တို့နှင့် ပြည့်နှက်နေသော ခန္ဓာအိမ်၌ ဓာတ်ကြီးလေးပါးကို မြင်အောင် စိုက်ရှုလိုက်ပါက (ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားခဲ့သည့်အတိုင်း) ရုပ်ကလာပ်များကို တဖြည်းဖြည်း တွေ့ရှိနိုင်ပေသည်။ ယင်းရုပ်ကလာပ်တို့ကို ဓာတ်ခွဲလျက် ရုပ်ပရမတ်တရားတို့ကို လက္ခဏာယာဉ် သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာ ဆက်ရှုပါ။

၃။ ရုပ်ပရမတ်တရားတို့ကိုလည်း အသုဘရှုပုံ

ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။ (မ၊၁၊၇၃-၇၄။ နဝသိဝထိကပဗ္ဗ။)

ဣတိ အဇ္ဈတ္တံ ဝါတိ ဧဝံ ဥဒ္ဓုမာတာဒိပရိဂ္ဂဟဏေန အတ္တနော ဝါ ကာယေ, ပရဿ ဝါ ကာယေ, ကာလေန ဝါ အတ္တနော, ကာလေန ဝါ ပရဿ ကာယေ ကာယာနုပဿီ ဝိဟရတိ။ (မ၊ဋ္ဌ၊၁၊၂၇၇။)

သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။ (မ၊၁၊၇၃-၇၄။ နဝသိဝထိကပဗ္ဗ။)

ဤအထက်ပါ ပါဠိတော် အဋ္ဌကထာတို့နှင့်အညီ အသင်သူတော်ကောင်းသည် အထက်တွင် ရေးသားခဲ့သည့်အတိုင်း အဝိညာဏကအသုဘ = သေအသုဘကိုလည်းကောင်း, သဝိညာဏက အသုဘ = ရှင်အသုဘကို လည်းကောင်း ရှုပြီးသောအခါ ----

၁။ အဝိညာဏကအသုဘ = သေအသုဘ၌ တည်ရှိသော ရုပ်ပရမတ်တရားတို့ကိုလည်းကောင်း,

၂။ (၃၂)ကောဋ္ဌာသဟူသော သဝိညာဏကအသုဘ = ရှင်အသုဘ၌ တည်ရှိသော ရုပ်တရားတို့ကိုလည်းကောင်း,

၃။ ပိုးလောက်တို့ဖြင့် ပြည့်နှက်နေသော ခန္ဓာအိမ်၌ တည်ရှိသော ရုပ်တရားတို့ကိုလည်းကောင်း,

၄။ ယင်းရုပ်တရားတို့ကို အာရုံပြု၍ ယင်းရုပ်တရားတို့ကို မှီ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို လည်းကောင်း ----

ဤ ရူပကာယ = ရုပ်တရားအပေါင်း, နာမကာယ = နာမ်တရားအပေါင်းတို့ကို အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန် နှစ်မျိုးလုံး၌ သိမ်းဆည်း၍, ယင်းရုပ်နာမ်တို့၏ အကြောင်းတရားတို့ကို ရှာဖွေပြီးလျှင် အကြောင်းတရားနှင့်တကွ ယင်းရုပ်နာမ်တို့ကို ဆက်လက်၍ ဝိပဿနာရှုရန် ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန် နဝသိဝထိကပဗ္ဗ = သူသေကောင် (၉)မျိုးကို ရှုသည့်အပိုင်းတွင် ဆက်လက်ညွှန်ကြားထားတော်မူ၏။ အကြောင်းတရားနှင့်တကွသော ထို ရုပ်နာမ် = သင်္ခါရတရားတို့ကို ဆက်လက်၍ ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူသည့်အတွက် အထက်တွင် အဝိညာဏကအသုဘ = သေအသုဘအလောင်းကောင်၌ တည်ရှိသော ရုပ်တရား, သဝိညာဏကအသုဘ = ရှင်အသုဘ = (၃၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားတို့ကို ဝိပဿနာရှုရန် ရေးသားတင်ပြခဲ့ခြင်း ဖြစ်ပေသည်။

(၃၂)ကောဋ္ဌာသဟူသော ကောဋ္ဌာသပညတ်နှင့် အသုဘအလောင်းကောင်ဟူသော အသုဘပညတ်တို့ကို အာရုံယူ၍ ရှင်အသုဘ, သေအသုဘရှုကွက်ကို ရှုရသကဲ့သို့ အလားတူပင် ရုပ်ပရမတ်တရားတို့၏ အသုဘ သဘောကိုလည်း အာရုံယူ၍ ရုပ်ပရမတ်အစစ်တို့ကိုလည်း အသုဘဟု ရှုရန် ဖေဏပိဏ္ဍူပမသုတ္တန် (သံ၊၂၊ ၁၀၄။), အာသီဝိသောပမသုတ္တန် (သံ၊၂၊၃၈၁။)စသော ထိုထိုသုတ္တန် ပါဠိတော် အဋ္ဌကထာ ဋီကာတို့၌ အောက်ပါ အတိုင်း လာရှိပေသည်။ ----

ဧဝံ ရူပမ္ပိ နိစ္စန္တိ ဝါ ဓုဝန္တိ ဝါ အဟန္တိ ဝါ မမန္တိ ဝါ ဂဟေတုံ န သက္ကာ၊ ဂဟိတမ္ပိ န တထာ တိဋ္ဌတိ၊ အနိစ္စံ ဒုက္ခံ အနတ္တာ အသုဘညေဝ ဟောတီတိ ဧဝံ ဖေဏပိဏ္ဍသဒိသမေဝ ဟောတိ။ (သံ၊ဋ္ဌ၊၂၊၂၉၄။)

ဒုဂ္ဂန္ဓံ အသုစိံ ဗျာဓိံ၊ ဇရံ မရဏပဉ္စမံ။

အနတ္ထာ ဟောန္တိ ပေဉ္စတေ၊ မီဠှလိတ္တေဝ ပန္နဂေ။ (သံ၊ဋ္ဌ၊၃၊၅၉။)

ဤအထက်ပါ အဋ္ဌကထာတို့၌ ညွှန်ကြားသတ်မှတ်ထားသည်နှင့်အညီ ရုပ်ပရမတ်တရားတို့ကိုလည်း အနိစ္စ ဒုက္ခ အနတ္တဟု ရှုနိုင်ရုံသာမက အသုဘဟုလည်း ရှုနိုင်ပေသည်။ မည်သို့သော အသုဘနည်းဟု မေးရန်ရှိ၏။ ယင်း ရုပ်တရားတို့၌ ----

၁။ ဒုဂ္ဂန္ဓ = မကောင်းသော အနံ့ရှိခြင်း,

၂။ အသုစိ = မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ်သဘောရှိခြင်း,

၃။ ဗျာဓိ = နာမှုသဘောရှိခြင်း,

၄။ ဇရာ = အိုမှုသဘော = ဌီသဘောရှိခြင်း,

၅။ မရဏ = သေမှုသဘော = ပျက်မှုသဘော = ဘင်သဘောရှိခြင်း ---

ဤသဘောတရားတို့ကား ရုပ်တရားတို့၏ အသုဘအခြင်းအရာသဘောများပင် ဖြစ်ကြသည်။ ရုပ်ကလာပ် အသီးအသီး၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးတို့သည် ယင်း ဒုဂ္ဂန္ဓ အသုစိ ဗျာဓိ ဇရာ မရဏဟူသော အကျိုးမဲ့ တရား (၅)မျိုးကို ယူဆောင်လျက်သာ ဖြစ်ပေါ်လာကြ၏။ ရုပ်တရားတို့၌ တည်ရှိသော ယင်းသဘောတရားများကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ဉာဏ်ဖြင့် အာရုံယူ၍ ယင်းရုပ်ပရမတ်တို့ကို အသုဘ-အသုဘ ဟူ၍လည်း ရှုနိုင်ပေသည်။ ဤသို့လျှင် ရုပ်တရား၌ သို့မဟုတ် ကာယာနုပဿနာပိုင်း၌ ပညတ်ကို အသုဘရှုနည်း ရုပ်ပရမတ်ကို အသုဘရှုနည်းဟု နှစ်မျိုးရှိသည်ကို မှတ်သားပါလေ။

အာဒီနဝါနုပဿနာ

ယံ ရူပံ အနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ အယံ ရူပဿ အာဒီနဝေါ။ (သံ၊၂၊၅၁။ သတ္တဋ္ဌာနသုတ်။)

အကြင်ရုပ်တရားသည် အနိစ္စလည်း ဖြစ်၏၊ ဒုက္ခလည်း ဖြစ်၏၊ ဖောက်ပြန်ပျက်စီးတတ်သော ဝိပရိဏာမဓမ္မလည်း ဖြစ်၏၊ ဤ အနိစ္စ ဒုက္ခ ဝိပရိဏာမဓမ္မသဘောသည် ရုပ်တရား၏ အပြစ်အာဒီနဝပင်တည်း။ ယင်း အပြစ်အာဒီနဝကို ရှုခြင်းသည် အာဒီနဝါနုပဿနာပင်တည်း။ ယင်းအာဒီနဝါနုပဿနာကိုပင် အထက်၌ ဖော်ပြထားသော သံယုတ်အဋ္ဌကထာ (သံ၊ဋ္ဌ၊၃၊၅၉)က အသုဘဘာဝနာအဖြစ် ဖွင့်ဆိုခြင်းပင်ဖြစ်ပေသည်။ ဝေဒနာ စသည့် နာမ်ခန္ဓာ (၄)ပါးတို့၌လည်း နည်းတူပင် ဟောကြားထားတော်မူပေသည်။ (သံ၊၂၊၅၁ - ကြည့်။)

သမထနှင့်ဝိပဿနာ

(၃၂)ကောဋ္ဌာသတို့၏ ရွံရှာစက်ဆုပ်ဖွယ်သဘောကို အာရုံယူ၍ အဇ္ဈတ္တ, ဗဟိဒ္ဓ တစ်လှည့်စီ ရှုပွားသုံးသပ်ခြင်းကို အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ဝိဇယသုတ္တန်တွင် သဝိညာဏကအသုဘ = ရှင်အသုဘဟု လည်းကောင်း, ဂိရိမာနန္ဒသုတ္တန်တွင် အသုဘသညာဟုလည်းကောင်း ဟောကြားထားတော်မူခဲ့၏။ အပြစ် အာဒီနဝကို မြင်အောင်ရှုသော အာဒီနဝါနုပဿနာ တစ်မျိုးပင်ဖြစ်သည်။ ယင်း (၃၂)ကောဋ္ဌာသတို့ကို ရှုရာ၌ လမ်းသုံးသွယ် ရှိပေသည်။ ----

အာကင်္ခမာနဿ ဝဏ္ဏတော, အာကင်္ခမာနဿ ပဋိကူလတော, အာကင်္ခမာနဿ သုညတော ကမ္မဋ္ဌာနံ ဥပဋ္ဌဟိဿတိယေဝ။ (အဘိ၊ဋ္ဌ၊၂၊၂၄၃။)

၁။ အလိုရှိသသူအား ဝဏ္ဏကသိုဏ်း = အရောင်ကသိုဏ်းအားဖြင့်,

၂။ အလိုရှိသသူအား ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့်,

၃။ အလိုရှိသသူအား သုညတ = ဓာတ်ကမ္မဋ္ဌာန်းသဘောအားဖြင့် ---

ကမ္မဋ္ဌာန်းသည် ထင်ရှားလာလိမ့်မည်သာ ဖြစ်ပေသည်။ (အဘိ၊ဋ္ဌ၊၂၊၂၄၃။)

(၃၂)ကောဋ္ဌာသတို့ကို အဇ္ဈတ္တဗဟိဒ္ဓ နှစ်မျိုးလုံး၌ နိုင်နိုင်နင်းနင်း အဝါးဝစွာ လေ့လာထားနိုင်သော သူတော်ကောင်းသည် ယင်း (၃၂)ကောဋ္ဌာသတို့၌ ဝဏ္ဏကသိုဏ်းလမ်း, ပဋိကူလမနသိကာရလမ်း, သုညတဓာတ်က မ္မဋ္ဌာန်းလမ်းဟူသော လမ်းသုံးသွယ်တို့တွင် ကြိုက်နှစ်သက်ရာလမ်းသို့ လိုက်၍ ရွေးချယ်၍ ရှုနိုင်သည်သာဖြစ်သည်။

ဣဒဥှိ မဟာသတိပဋ္ဌာနေ ပဋိကူလဝသေနေဝ ကထိတံ၊ မဟာဟတ္ထိပဒေါပမ-မဟာရာဟုလောဝါဒဓာတုဝိဘင်္ဂေသု ဓာတုဝသေန ကထိတံ။ ကာယဂတာသတိသုတ္တေ ပန ယဿ ဝဏ္ဏတော ဥပဋ္ဌာတိ၊ တံ သန္ဓာယ စတ္တာရိ စျာနာနိ ဝိဘတ္တာနိ။ တတ္ထ ဓာတုဝသေန ကထိတံ ဝိပဿနာကမ္မဋ္ဌာနံ ဟောတိ၊ ပဋိကူလဝသေန ကထိတံ သမထကမ္မဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၂၊၂၁၆။ ဝိသုဒ္ဓိ၊၁၊၂၃၅။)

ဤ (၃၂)ကောဋ္ဌာသကို မဟာသတိပဋ္ဌာနသုတ္တန် (ဒီ၊၂၊၂၃၃။) ၌ ပဋိကူလမနသိကာရ၏ အစွမ်းဖြင့် ဟောကြားထားတော်မူ၏။ မဟာဟတ္ထိပဒေါပမသုတ္တန် (မ၊၁၊၂၄၂။), မဟာရာဟုလောဝါဒသုတ္တန် (မ၊၂၊၈၄။), ဓာတုဝိဘင်္ဂသုတ္တန် (မ၊၃၊၂၈၃။)တို့၌ ဓာတုမနသိကာရ၏အစွမ်းဖြင့် ဟောကြားထားတော်မူ၏။ ကာယဂတာသတိသုတ္တန် (မ၊၃၊၁၃၂။)၌ကား အကြင်ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ အရောင်အဆင်း = ဝဏ္ဏအားဖြင့် ထင်လာ၏။ ထိုဝဏ္ဏကို = ဝဏ္ဏကသိုဏ်းကို ရည်ရွယ်တော်မူ၍ စျာန်လေးပါးတို့ကို ဝေဖန်ဟောကြားထားတော် မူ၏။ ထိုတွင် ဓာတုမနသိကာရ၏ အစွမ်းဖြင့် ဟောကြားထားတော်မူအပ်သော ကမ္မဋ္ဌာန်းသည် ဝိပဿနာ ကမ္မဋ္ဌာန်းဖြစ်သည်။ ပဋိကူလမနသိကာရ၏ အစွမ်းဖြင့် ဟောကြားထားတော်မူအပ်သော ကမ္မဋ္ဌာန်းသည် သမထ ကမ္မဋ္ဌာန်းဖြစ်၏။ (အဘိ၊ဋ္ဌ၊၂၊၂၁၆။ ဝိသုဒ္ဓိ၊၁၊၂၃၅။)

ဤအထက်ပါ အဋ္ဌကထာများ၌ (၃၂)ကောဋ္ဌာသတို့၌ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့် နှလုံးသွင်းခြင်းကို သမထကမ္မဋ္ဌာန်းဖြစ်ကြောင်း ဖွင့်ဆိုချက်မှာ အပ္ပနာစျာန်, ဥပစာရစျာန်တို့ကို အလိုရှိသော သူတော်ကောင်းတို့အဖို့ အပ္ပနာစျာန်, ဥပစာရစျာန်တို့ကိုရအောင် အားထုတ်ပုံစနစ်ကို ရည်ညွှန်းထားတော်မူခြင်းဖြစ်၏။ ဝိဇယသုတ္တန်, ဂိရိမာနန္ဒသုတ္တန် စသည်တို့၌ ညွှန်ကြားထားတော်မူသည့်အတိုင်း ယင်း (၃၂)ကောဋ္ဌာသတို့ကို အာဒီနဝါနုပဿနာအနေဖြင့် ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောကို အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရှုပါကလည်း ယင်း အာဒီနဝါနုပဿနာမှာ ဝိပဿနာပိုင်းသို့ သက်ဝင်သည်သာဟု မှတ်ပါ။ ဒုက္ခာနုပဿနာ၏ အခြံအရံတည်း။ (မဟာဋီ၊၂၊၃၈၉။)

နာမ်တရားတို့၏ အသုဘသဘော

အထက်တွင် တင်ပြခဲ့သော သတ္တဋ္ဌာနကုသလသုတ္တန် (သံ၊၂၊၅၁။)၌ ဟောကြားထားတော်မူသည့်အတိုင်း နာမ်ခန္ဓာ (၄)ပါးတို့၌လည်း အနိစ္စပြစ်ချက်ကြီး, ဒုက္ခပြစ်ချက်ကြီး, ဖောက်ပြန်ပျက်စီးတတ်သော ဝိပရိဏာမဓမ္မ ပြစ်ချက်ကြီးများ ရှိကြသည်သာ ဖြစ်၏။ ယင်း ပြစ်ချက်ကြီးတို့ကား နာမ်တရားတို့၏ နာမှု အိုမှု သေမှုများပင် ဖြစ်ကြ၏၊ ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောတို့သာ ဖြစ်ကြ၏။ ယင်းသဘောကို အာရုံယူ နှလုံးသွင်း၍ နာမ်ခန္ဓာ (၄)ပါးတို့ကိုလည်း အသုဘ-အသုဘဟု ရှုပါ။

ကိလေသာသုစိပဂ္ဃရဏတာယ စ။ ပ ။ အသုဘာကာရာနုပဿီ။ (မ၊ဋီ၊၁၊၃၄၆။)

အကုသိုလ်ဇောနာမ်တရားစုတို့ကား မိမိအကုသိုလ်နာမ်တရားစုမှ မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ် ကိလေသာအပုပ်ရည်များ တစီစီ စီးကျ ယိုစီး စိမ့်ထွက်နေသဖြင့် ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောတရားတို့သာ ဖြစ်ကြ၏။ ထို့ကြောင့် ယင်းအကုသိုလ်ဇောများ စောကြသည့် မကောင်းအုပ်စု နာမ်တရားတို့ကိုလည်း ကိလေ သာ အပုပ်ရည်များ ယိုစီးစိမ့်ထွက်လာမှုကို အာရုံယူ၍ အသုဘ-အသုဘဟု ရှုပါ။

တစ်ဖန် အာရုံ (၆)ပါးကို ထိုက်သလို အာရုံပြု၍ ကုသိုလ်ဇောများစောသည့် စက္ခုဒွါရဝီထိစသော ဝီထိ (၆)မျိုးတို့ ထိုက်သလို ဖြစ်ပေါ်လာကြရာ ယင်းကုသိုလ်ဇောနာမ်တရားတို့ကို အကြောင်းပြု၍ လောဘ-ဒေါသ-မောဟ-မာန်မာန-ဣဿာ-မစ္ဆရိယစသော ကိလေသာ အပုပ်ရည်များ စီးကျလာသည်ဖြစ်အံ့၊ ဤကဲ့သို့သော သမထဝိပဿနာ ဘာဝနာတို့အပေါ်၌ သာယာမှု နိကန္တိ ဖြစ်နေငြားအံ့၊ သို့မဟုတ် သမထဝိပဿနာကုသိုလ်တို့ အပေါ်၌ စိတ်တိုင်းမကျသဖြင့် ဒေါသဖြစ်နေအံ့၊ ငါမို့ ဤသို့ရှုရတာ၊ သင်းတို့ ဘယ်ရှုလို့ရနိုင်မတုန်း စသည်ဖြင့် တစ်ဖက်သားအပေါ်၌ အသာယူလိုသည့် ထောင်လွှားမှု မာန်မာနတရားတွေ ဖြစ်လာငြားအံ့၊ ကိုယ့်ထက်သာ မနာလိုသည့် ဣဿာတရား, မိမိတရားကို အထိမခံနိုင်သည့် မစ္ဆရိယတရားတို့ ဖြစ်လာငြားအံ့၊ ဤသမထဝိပဿနာ ဘာဝနာကုသိုလ် အဟုန်ကြောင့် လူတော်လူကောင်း, နတ်ကောင်းနတ်မြတ်, နတ်ထက်နတ်, ဗြဟ္မာထက်ဗြဟ္မာ ဖြစ်ရပါလို၏ဟူသော အဝိဇ္ဇာ တဏှာ ဥပါဒါန်တရားတို့ ထင်ရှားဖြစ်ပေါ်လာသည် ဖြစ်ငြားအံ့၊ ယင်းသို့ဖြစ်သော် ကုသိုလ်ဇော အကောင်းအုပ်စု နာမ်တရားစုမှ ကိလေသာအပုပ်ရည်များ ယိုစီးစိမ့်ထွက်လာခြင်းပင်ဖြစ်၏။ ယင်း သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကောင်းအုပ်စု နာမ်တရားများကိုလည်း အာယတနဒွါရအလိုက် အသုဘ-အသုဘဟု ရှုပါ။ (ကိလေသာသုစိပဂ္ဃရဏတာယ စ ။ ပ ။ အသုဘာကာရာနုပဿီ။ မ၊ဋီ၊၁၊၃၄၆။) အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါးလုံး၌ နည်းတူ ရှုပါ။ ဤသို့ ရှုနိုင်ခဲ့သော် အောက်ပါအဋ္ဌကထာကြီးများ၏ သတ်မှတ်ချက် ဘောင်အတွင်းသို့ ဝင်သွားပြီ ဖြစ်ပေသည်။

အဋ္ဌကထာကြီးများ၏ သတ်မှတ်ချက်

သော ကာလေန အဇ္ဈတ္တံ သမ္မသတိ၊ ကာလေန ဗဟိဒ္ဓါ။ (အဘိ၊ဋ္ဌ၊၁၊၂၇၀။ ဝိသုဒ္ဓိ၊၂၊၃၀၀။)

သော ကာလေန ရူပံ သမ္မသတိ၊ ကာလေန အရူပံ။ (အဘိ၊ဋ္ဌ၊၁၊၂၇၁။ ဝိသုဒ္ဓိ၊၂၊၃၀၀။)

ဤအထက်ပါ အဋ္ဌသာလိနီအဋ္ဌကထာနှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတို့က ရံခါ အဇ္ဈတ္တခန္ဓာငါးပါး, ရံခါ ဗဟိဒ္ဓ ခန္ဓာငါးပါး, ထိုတွင်လည်း ရံခါ ရုပ်တရား, ရံခါ နာမ်တရားတို့ကို ရံခါ အနိစ္စလက္ခဏာ, ရံခါ ဒုက္ခလက္ခဏာ, ရံခါ အနတ္တလက္ခဏာ, ရံခါ အသုဘလက္ခဏာတို့ကို တင်၍ ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူ၏။ ထိုညွှန်ကြားတော်မူချက်များနှင့်အညီ အသင်သူတော်ကောင်းသည် ----

၁။ ရံခါ အဇ္ဈတ္တရုပ်တရားတို့၏ ရံခါ အနိစ္စသဘော, ရံခါ ဒုက္ခသဘော, ရံခါ အနတ္တသဘော, ရံခါ အသုဘ သဘောတို့ကိုလည်းကောင်း,

၂။ ရံခါ ဗဟိဒ္ဓရုပ်တရားတို့၏ ရံခါ အနိစ္စသဘော, ရံခါ ဒုက္ခသဘော, ရံခါ အနတ္တသဘော, ရံခါ အသုဘ သဘောတို့ကိုလည်းကောင်း,

၃။ ရံခါ အဇ္ဈတ္တနာမ်တရားတို့၏ ရံခါ အနိစ္စသဘော, ရံခါ ဒုက္ခသဘော, ရံခါ အနတ္တသဘော, ရံခါ အသုဘ သဘောတို့ကိုလည်းကောင်း,

၄။ ရံခါ ဗဟိဒ္ဓနာမ်တရားတို့၏ ရံခါ အနိစ္စသဘော, ရံခါ ဒုက္ခသဘော, ရံခါ အနတ္တသဘော, ရံခါ အသုဘ သဘောတို့ကို လည်းကောင်း ----

ဤသဘောတို့ကို တစ်လှည့်စီ လှည့်၍ ရှုပါ။ အတိတ်၌လည်း ထိုနည်းလည်းကောင်း, အနာဂတ်၌လည်း ထိုနည်းလည်းကောင်း ရှုပါ။ ဝိပဿနာအရာ၌ ဤသို့ရှုရသော ရှုကွက်မှာ ဝုဋ္ဌာနဂါမိနိဝိပဿနာ အမျိုးမျိုးတို့ကို ရှင်းလင်းတင်ပြ ဖွင့်ဆိုထားကြသော, သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့သည် ကျောက်ထီးတန္တု အလွန်အလေးဂရု ပြုထိုက်သော အထိကရ သာသနာ့မှတ်တိုင်ကြီးများ ဖြစ်ကြသော အဋ္ဌသာလိနီအဋ္ဌကထာ စာမျက်နှာ-၂၇၀-၂၇၁။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ-၃၀၀-၃၀၁ တို့၌လာရှိသော ညွှန်ကြားချက်များပင် ဖြစ်ကြသည်။ ဤညွှန်ကြားချက်များကို အသင်သူတော်ကောင်းသည် လက်ခံနိုင်ပါလျှင် ဝိပဿနာဟူသည် ပညတ် ပရမတ် မခွဲဘဲ ရှုချင်ရာကို စည်းမရှိ ကမ်းမရှိ ရှုချင်တိုင်း ရှုရသော စနစ် မဟုတ်ကြောင်းကို သဘောပေါက်သင့်ပေပြီ။

ရုပ်-နာမ် တွဲ၍လည်း ရှုပါ

အသင်ယောဂီသူတော်ကောင်းသည် အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ ရုပ်တရား နာမ်တရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက် အသုဘအချက်တို့ကို သွက်သွက်လက်လက် ကျေကျေနပ်နပ်ရှုပြီး၍ ဉာဏ်အမြင် သန့်ရှင်းလာသောအခါ ရုပ်နှင့်နာမ် အတွဲလိုက် အတွဲလိုက် - ဖြစ်မှုပျက်မှုကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အနိစ္စဟုလည်းကောင်း, ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံရသည့်သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ဒုက္ခဟုလည်းကောင်း, မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် အတ္တမရှိမှုသဘောကို ဉာဏ်ဖြင့်မြင်အောင်ကြည့်၍ အနတ္တဟုလည်းကောင်း, ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အသုဘဟုလည်းကောင်း အသီးအသီး တစ်လှည့်စီ ရှုပါ။

ဤသို့ရှုရာ၌ ရှေး ရုပ်နာမ်ကို ပူးတွဲသိမ်းဆည်းခဲ့သည့် နာမရူပပရိဂ္ဂဟပိုင်းတွင် ရုပ်နာမ်ကို သိမ်းဆည်းပုံ ရုပ်နာမ်ခွဲပုံ၌ ပြဆိုခဲ့ပြီးသည့်အတိုင်း အာရုံ (၆)ပါးကို ထိုက်သလိုအာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော (၆)လိုင်းလုံး အတွင်း၌ တည်ရှိကြသော နာမ်တရားတို့၏ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌လည်းကောင်း, ဝီထိတို့၏ အကြား အကြား၌တည်ရှိကြသော ဘဝင်နာမ်တရားတို့၏ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌လည်းကောင်း (၅၄-၄၄)စသော မှီရာဝတ္ထုရုပ်, ရူပါရုံစသော အာရုံရုပ်များနှင့်တကွ အတွဲလိုက် အတွဲလိုက် ပြိုပြိုပျက်ပျက်နေသည့်သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အာရုံယူ၍ ဝိပဿနာရှုပါ။ ရံခါ အဇ္ဈတ္တ, ရံခါ ဗဟိဒ္ဓ တစ်လှည့်စီရှုပါ။ ပစ္စုပ္ပန်ဝယ် အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ အားရကျေနပ်မှု ရရှိသောအခါ အသင်သူတော်ကောင်းကိုယ်တိုင် ရှု၍ရနိုင်သမျှသော အတိတ် အဆက်ဆက်မှသည် ပစ္စုပ္ပန်, ပစ္စုပ္ပန်မှသည် အနာဂတ်ဆုံးသည် အထိ --- (၁) ရုပ်သက်သက်ကို လည်းကောင်း, (၂) နာမ်သက်သက်ကိုလည်းကောင်း, (၃) ရုပ်နှင့်နာမ် တွဲ၍လည်းကောင်း, ယင်းရုပ်နာမ်တို့၏ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်, အသုဘအချက်တို့ကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အနိစ္စဟု လည်းကောင်း, ဒုက္ခဟုလည်းကောင်း, အနတ္တဟုလည်းကောင်း, အသုဘဟုလည်းကောင်း အသီးအသီး တစ်လှည့်စီ တစ်လှည့်စီ ရှုပါ။ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရှုပါ။ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ ထိုထိုရုပ်တရား ထိုထိုနာမ်တရားတို့၏ ခဏပစ္စုပ္ပန်သို့ဆိုက်အောင် အထူးအလေးဂရုပြု၍ ရှုပါ။ ဥပါဒ်-ဌီ-ဘင်ကို မြင်နိုင်သမျှ မြင်အောင် ဉာဏ်စိုက်၍ ရှုပါ။ အတိတ်အဆက်ဆက်မှသည် အနာဂတ်ဆုံးသည့်တိုင်အောင် ယင်းသို့ရှုနိုင်ခဲ့သော် အတိတ် အနာဂတ် ပစ္စုပ္ပန်ကာလသုံးပါး၌ ရံခါ အဇ္ဈတ္တ, ရံခါ ဗဟိဒ္ဓ, ရံခါ ရုပ်တရား, ရံခါ နာမ်တရားတို့၏ ရံခါ အနိစ္စသဘော, ရံခါ ဒုက္ခသဘော, ရံခါ အနတ္တသဘော, ရံခါ အသုဘသဘောတို့ကို ရှုပွားပြီး ဖြစ်သွားပေသည်။ (မှတ်ချက် ---- ရုပ်နာမ်ကို ပူးတွဲ၍ ရှုခြင်းမှာ ရုပ်နာမ်တို့၏ ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ဉာဏ်အမြင် သန့်ရှင်းသွားသော ဥဒယဗ္ဗယဉာဏ်စသော အထက်ပိုင်း ဝိပဿနာဉာဏ်သို့ တက်လှမ်းသွားသော ယောဂီတို့ကိုသာ ရည်ညွှန်းထားသည်ဟု မှတ်ပါ။)

ထိုသို့ ဝိပဿနာရှုပွားနိုင်သော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ရုပ်တရား နာမ်တရားတို့သည် ထိုထို ခဏ ထိုထိုဘဝ၌သာ ဖြစ်ပြီးလျှင် ပျက်သွားကြ၏။ ခဏတစ်ခုမှ ခဏတစ်ခုသို့, ဘဝတစ်ခုမှ ဘဝတစ်ခုသို့ ပြောင်းရွှေ့၍ မဖြစ်နိုင် ဟူသော ဉာဏ်အမြင်သည် သန့်ရှင်းလျက် ရှိနေမည်ဖြစ်သည်။ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နေမည် ဖြစ်သည်။ သို့သော် ဤသမ္မသနဉာဏ်ပိုင်းတွင် ခဏပစ္စုပ္ပန်သို့ဆိုက်အောင် ဝိပဿနာ ရှုလိုက်နိုင်သော ပရမတ္ထဓာတ်သား ရုပ်တရားနာမ်တရားတို့မှာ အချို့အဝက်မျှသာ ရှိကြပေမည်၊ ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် = ဥပါဒ်-ဌီ-ဘင်သို့ ဆိုက်အောင် မရှုလိုက်နိုင်သေးသော ရုပ်နာမ်ပရမတ္ထဓာတ်သား အချို့တို့လည်း ရှိနေကြဦးမည်သာ ဖြစ်ပေသည်။ ဓမ္မာနုပဿနာသတိပဋ္ဌာန်တွင် အကျုံးဝင်သော ခန္ဓာ ငါးပါးနည်း အာယတန တစ်ဆယ့်နှစ်ပါးနည်း ဓာတ် တစ်ဆယ့်ရှစ်ပါးနည်းတို့ကိုလည်း ဆက်လက်၍ရှုပါ။ အတိတ်အဆက်ဆက်မှသည် အနာဂတ်ဆုံးသည့်တိုင်အောင် အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ ရှုပါ။ အားရကျေနပ်မှု အတော်အသင့် ရရှိသောအခါ အထူးသဖြင့် ဤပစ္စုပ္ပန်၌ မိမိရရှိထားသည့် စျာန်နာမ်တရားတို့ကို ဦးစားပေး၍ ဝိပဿနာ ရှုပါလေ။

ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်များ

ဤအပိုင်း၌ကား ပဋိစ္စသမုပ္ပါဒ်ပထမနည်း၌ ရေးသားတင်ပြခဲ့သည့် ကြောင်း-ကျိုးဆက်နွယ်မှုသဘောကို အသင်သူတော်ကောင်းသည် ပြန်လည်၍ အာရုံယူထားပါ။ အတိတ်အဆက်ဆက်မှသည် အနာဂတ်အဆက်ဆက် ဆုံးသည့်တိုင်အောင် အဝိဇ္ဇာသင်္ခါရစသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ တစ်ခုနှင့်တစ်ခု ကြောင်း-ကျိုးဆက်နွယ်လျက် ဖြစ်ပေါ်ပုံကို ဉာဏ်ဖြင့် ရှေးဦးစွာ မြင်အောင်ကြည့်၍ ယင်းပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကို လက္ခဏာရေး သုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာရှုပွားရမည့် အပိုင်း ဖြစ်ပေသည်။ သမ္မသနဉာဏ်ဖြင့် ဝိပဿနာ ရှုပွား သုံးသပ်ရမည့် ဝိပဿနာဉာဏ်၏ အရှုခံ အာရုံစာရင်းတွင် ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်များလည်း ပါဝင်ကြောင်းကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတွင် ----

အဝိဇ္ဇာ အဘိညေယျာ။ ပ ။ ဇရာမရဏံ အဘိညေယျံ။ (ဝိသုဒ္ဓိ၊၂၊၂၄၄။)

ဤသို့စသည်ဖြင့် (သံ၊၂၊၂၅၈။ ပဋိသံ၊၆-၉။) စသည့် သံယုတ်ပါဠိတော် ပဋိသမ္ဘိဒါမဂ်ပါဠိတော်တို့ကို ကိုးကား ၍ ဖွင့်ဆိုထားပေသည်။ ထိုဖွင့်ဆိုချက်များနှင့်အညီ အသင်သူတော်ကောင်းသည် ရှေးဦးစွာ အတိတ်က သို့မဟုတ် ပထမအတိတ်က အဝိဇ္ဇာကြောင့် ယင်းပထမအတိတ်၌ သင်္ခါရဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ---

အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရဖြစ်၏။

အဝိဇ္ဇာ (ဖြစ်-ပျက်) အနိစ္စ၊ သင်္ခါရ (ဖြစ်-ပျက်) အနိစ္စ။

ဤသို့စသည်ဖြင့် ဝိပဿနာရှုပါ။ ထိုသို့ ဝိပဿနာရှုရာ၌ ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ရေးသားတင်ပြခဲ့သည့် အတိုင်း အဝိဇ္ဇာသည်လည်း အဝိဇ္ဇာတစ်လုံးတည်း ဖြစ်နိုင်သည့် စွမ်းအားမရှိ၊ နာမ်တရားတို့၏ ဓမ္မတာအတိုင်း အုပ်စုအလိုက် = နာမ်ကလာပ်အလိုက်သာ ဖြစ်ရိုးဓမ္မတာ ရှိ၏။ အလားတူပင် သင်္ခါရသည်လည်း သင်္ခါရတစ်ခုတည်း = စေတနာတစ်ခုတည်း ဖြစ်နိုင်သည့် စွမ်းအား မရှိ၊ နာမ်တရားတို့၏ ဓမ္မတာအတိုင်း အုပ်စုအလိုက် = နာမ်ကလာပ်အလိုက်သာ ဖြစ်ရိုးဓမ္မတာ ရှိ၏။ တစ်ဖန် ယင်းအဝိဇ္ဇာနာမ်တရားအုပ်စု၊ သင်္ခါရနာမ်တရားအုပ်စုတို့မှာလည်း ဝီထိခေါ်သည့် စိတ္တနိယာမလမ်းကြောင်းအတိုင်းသာ ဖြစ်ရိုးဓမ္မတာ ရှိ၏။ ပဋိသန္ဓေ ခန္ဓာငါးပါး စသည့် ဝိပါက်ခန္ဓာတို့ကို ဖြစ်စေနိုင်သည့် စွမ်းအားရှိသော ဝီထိမှာလည်း မနောဒွါရဝီထိပင် ဖြစ်၏။ ယင်း မနောဒွါရဝီထိ၌ တဒါရုံမှာ ကျသော်လည်း ရှိရာ၏။ မကျသော်လည်း ရှိရာ၏။ ဖြစ်ခဲ့သည့်အတိုင်း ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အဝိဇ္ဇာပါဝင်သည့် မနောဒွါရဝီထိကြောင့် သင်္ခါရပါဝင်သည့် မနောဒွါရဝီထိဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ----

အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရဖြစ်၏။

အဝိဇ္ဇာ (ဖြစ်-ပျက်) အနိစ္စ၊ သင်္ခါရ (ဖြစ်-ပျက်) အနိစ္စ။

ဤသို့ ရှုပါ။ တစ်ဖန် သင်္ခါရဖြစ်ခြင်းကြောင့် ဝိညာဏ်ဖြစ်ပုံကို ရှုသည့်အပိုင်း၌လည်း သင်္ခါရပါဝင်သော မနောဒွါရဝီထိကြောင့် ပဋိသန္ဓေဝိညာဏ်စသည့် ဝိပါက်ဝိညာဏ်များဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍----

သင်္ခါရဖြစ်ခြင်းကြောင့် ပဋိသန္ဓေဝိညာဏ် (နာမ်တရားစု) ဖြစ်၏။

သင်္ခါရ (ဖြစ်-ပျက်) အနိစ္စ၊ ပဋိသန္ဓေဝိညာဏ် (ဖြစ်-ပျက်) အနိစ္စ။

ဤသို့စသည်ဖြင့် ပဋိစ္စသမုပ္ပါဒ်ပိုင်း ပထမနည်းတွင် ရေးသားတင်ပြခဲ့သည့်အတိုင်း အကြောင်း အကျိုး စပ်ကာ ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကို ဝိပဿနာရှုပါ။ ဃနအသီးအသီး ပြိုအောင် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ရှုပါ။ မည်သည့်ဘဝ၌ မည်သို့သော အဝိဇ္ဇာ, မည်သို့သော သင်္ခါရ, မည်သို့သော ဝိညာဏ်ဖြစ်ခဲ့သည်ကို ပဋိစ္စသမုပ္ပါဒ် ပထမနည်းတွင် အကြောင်း အကျိုး သိမ်းဆည်းခဲ့စဉ်က ပုံစံအတိုင်း ရှုပါ။ ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ် အားလုံးတို့၌ နည်းတူသဘောပေါက်ပါ။ ဒုက္ခ အနတ္တတို့ကိုလည်း နည်းတူပင် ရှုပါ။ အတိတ်အဆက်ဆက်မှသည် အနာဂတ်ဆုံးသည်အထိ သုံးဘဝ သုံးဘဝတို့ကို ကြောင်း-ကျိုးဆက်စပ်လျက် ရှုပါ။ အဇ္ဈတ္တ၌ ရှုသကဲ့သို့ ဗဟိဒ္ဓ၌ လည်း ဗဟိဒ္ဓချင်းတူညီ၍ ပေါင်းစုခြုံငုံလျက် ရှုပါလေ။ ယောက်ျားမိန်းမ ပုဂ္ဂိုလ်သတ္တဝါ မည်သူမည်ဝါ စသည်ဖြင့် သန္တာန်ခွဲခြားဝေဖန်၍ မရှုပါနှင့်။ ရုပ်နာမ်ကို သိမ်းဆည်းခဲ့စဉ်က ဗဟိဒ္ဓချင်းတူညီ၍ သာမညအားဖြင့် ပေါင်းစု ခြုံငုံ၍ သိမ်းဆည်းရသကဲ့သို့ ဤဝိပဿနာပိုင်း၌လည်း အလားတူပင် ဗဟိဒ္ဓချင်းတူညီ၍ သာမညအားဖြင့် ပေါင်းစုခြုံငုံ၍သာ ဝိပဿနာရှုပါ။

__________