မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာနဂါမိနိပဋိပဒါ-ပဉ္စမတွဲ/အရူပသတ္တက ဝိပဿနာ ရှုနည်း

ဝီကီရင်းမြစ် မှ
5516နိဗ္ဗာနဂါမိနိပဋိပဒါ-ပဉ္စမတွဲအရူပသတ္တက ဝိပဿနာ ရှုနည်းဖားအောက်တောရဆရာတော်

အရူပသတ္တက ဝိပဿနာ ရှုနည်း

အရူပသတ္တက ဝိပဿနာရှုနည်း၌ -----

၁။ ကလာပအားဖြင့်ရှုနည်း = ပေါင်းစုခြုံငုံ၍ ရှုနည်း,

၂။ ယမက = အစုံအားဖြင့် ရှုနည်း,

၃။ ခဏိကအားဖြင့် ရှုနည်း,

၄။ ပဋိပါဋိ = အစဉ်အတိုင်းအားဖြင့် ရှုနည်း,

၅။ ဒိဋ္ဌိဥဂ္ဃါဋန = ဒိဋ္ဌိကို ခွာသောအားဖြင့် ရှုနည်း,

၆။ မာနဥဂ္ဃါဋန = မာနကို ခွာသောအားဖြင့် ရှုနည်း,

၇။ နိကန္တိပရိယာဒါန = တဏှာ = နိကန္တိကို ကုန်အောင် မဖြစ်အောင် ရှုနည်း ----

ဤသို့အားဖြင့် ဝိပဿနာရှုပွားသုံးသပ်ပုံ (၇)နည်း လာရှိပေသည်။

၁။ ကလာပအားဖြင့် ရှုနည်း

အထက်ပါ ရူပသတ္တက ရှုနည်း၌ လာရှိသော (၇)ဌာနတို့၌ တည်ရှိသော ရုပ်တရားကို ပေါင်းစုခြုံငုံ၍ အနိစ္စဟုလည်းကောင်း ဒုက္ခဟုလည်းကောင်း, အနတ္တဟုလည်းကောင်း တစ်လှည့်စီ ဝိပဿနာရှုနေသော စိတ်ကို နောက်စိတ်ဖြင့် အနိစ္စဟုလည်းကောင်း, ဒုက္ခဟုလည်းကောင်း, အနတ္တဟုလည်းကောင်း တစ်ဖန်ပြန်၍ တစ်လှည့် စီ ဝိပဿနာရှုပါ။ (ဝိသုဒ္ဓိ၊၂၊၂၆၁-၂၆၂။)

ဤမျှဖြင့် ဝိပဿနာရှုကွက်ကို သဘောမပေါက်သေးသော အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်အတွက် ရှင်းလင်းချက်များကို ထပ်မံ၍ ရေးသားတင်ပြအပ်ပါသည်။ ---

ရူပသတ္တကရှုနည်း၌ ရေးသားတင်ပြခဲ့သော အာဒါနနိက္ခေပနရုပ်မှသည် ဓမ္မတာရုပ်သို့တိုင်အောင်သော (၇)ဌာနတို့၌ တည်ရှိသော ရုပ်တရားတို့ကို (၇)ဌာန မခွဲခြားတော့ဘဲ တစ်ပေါင်းတည်းပြု၍ ယင်းရုပ်တရားတို့ကို အနိစ္စဟုလည်းကောင်း, ဒုက္ခဟုလည်းကောင်း, အနတ္တဟုလည်းကောင်း တစ်လှည့်စီ ဝိပဿနာ ရှုပါ။ ထိုသို့ ရှုရာဝယ် အနိစ္စဟုရှုသော ဝိပဿနာစိတ်ကို နောက်ဝိပဿနာစိတ်ဖြင့် တစ်ဖန်ပြန်၍ အနိစ္စဟုလည်းကောင်း, ဒုက္ခဟုလည်းကောင်း, အနတ္တဟုလည်းကောင်း တစ်လှည့်စီ ထပ်၍ ဝိပဿနာရှုရပြန်၏။

ဆိုလိုသည်မှာ ဤသို့ ဖြစ်၏ --- ယင်း (၇)ဌာနတို့၌ တည်ရှိသော ရုပ်တရားတို့ကို ပေါင်းစုခြုံငုံ၍ သိမ်းဆည်း ပြီးလျှင် ယင်းရုပ်တရားတို့၏ ဖြစ်ပြီးလျှင် ပျက်သွားသည့်သဘောကို = အနိစ္စအခြင်းအရာကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည်၍ အနိစ္စဟု ရှုပါ။ အနိစ္စဟုရှုသော ယင်းဝိပဿနာစိတ်ကိုပင် = အနိစ္စဟုရှုနေသော မနောဒွါရိက ဝိပဿနာဇောဝီထိ စိတ်အစဉ်ကိုပင် တစ်ဖန် ပြန်၍ နောက်ဝိပဿနာစိတ်ဖြင့် = နောက်ဝိပဿနာဇောဝီထိ စိတ်အစဉ်ဖြင့် ယင်း ေ့ရှဝိပဿနာဇောဝီထိ စိတ်အစဉ်၏ ဖြစ်ပြီးလျှင် ပျက်သွားသော အနိစ္စအခြင်းအရာကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟု ရှုပါ။

အလားတူပင် တစ်ဖန် ယင်းရုပ်တရားတို့ကို ပေါင်းစုခြုံငုံ၍ သိမ်းဆည်းပြီးလျှင် ယင်းရုပ်တရားတို့၏ အနိစ္စ အခြင်းအရာကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟု ရှုပါ။ အနိစ္စဟုရှုသော ယင်းေ့ရှဝိပဿနာ ဇောစိတ်အစဉ်ကိုပင် တစ်ဖန်ပြန်၍ နောက်ဝိပဿနာစိတ်ဖြင့် = နောက်ဝိပဿနာဇောစိတ်အစဉ်ဖြင့် မြင်အောင် ကြည့်၍ ယင်းေ့ရှဝိပဿနာစိတ်၏ = ေ့ရှဝိပဿနာဇောစိတ်အစဉ်၏ ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံရသည့် သဘောကို = ဒုက္ခအခြင်းအရာကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ဒုက္ခဟု ရှုပါ။

အလားတူပင် တစ်ဖန် ယင်းရုပ်တရားတို့ကို ပေါင်းစုခြုံငုံ၍ သိမ်းဆည်းပြီးလျှင် ယင်းရုပ်တရားတို့၏ အနိစ္စအခြင်းအရာကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟု ရှုပါ။ အနိစ္စဟုရှုသော ယင်းေ့ရှဝိပဿနာ ဇောစိတ်အစဉ်ကိုပင် တစ်ဖန်ပြန်၍ နောက်ဝိပဿနာဇောစိတ်အစဉ်ဖြင့် မြင်အောင်ကြည့်၍ ယင်းေ့ရှဝိပဿနာ စိတ်၏ = ေ့ရှဝိပဿနာဇောစိတ်အစဉ်၏ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် အတ္တမဟုတ်သည့် အနတ္တအခြင်းအရာကို အာရုံပြု၍ အနတ္တဟု ရှုပါ။

ယင်း(၇)ဌာနတို့၌ တည်ရှိသော ရုပ်တရားတို့ကို ဒုက္ခဟု ရှု၍ ဒုက္ခဟု ရှုသော ယင်းေ့ရှဝိပဿနာစိတ်ကို နောက်ဝိပဿနာစိတ်ဖြင့် အနိစ္စဟုလည်းကောင်း, ဒုက္ခဟုလည်းကောင်း, အနတ္တဟုလည်းကောင်း အသီးအသီးခွဲ၍ အလားတူပင် ဝိပဿနာရှုပါ။

အလားတူပင် ယင်း (၇)ဌာနတို့၌ တည်ရှိသော ရုပ်တရားတို့ကို အနတ္တဟု ရှု၍ အနတ္တဟု ရှုသော ယင်း ေ့ရှဝိပဿနာစိတ်ကို နောက်ဝိပဿနာစိတ်ဖြင့် အနိစ္စဟုလည်းကောင်း, ဒုက္ခဟုလည်းကောင်း, အနတ္တဟု လည်းကောင်း ဝိပဿနာရှုပါ။ သဘောပေါက်နိုင်လောက်ပေပြီ။

ေ့ရှစိတ် - နောက်စိတ်

ဝိပဿနာရှုနေသော စိတ်ဟူသည် ပုထုဇန်နှင့် သေက္ခပုဂ္ဂိုလ်များ၏ သန္တာန်၌ မဟာကုသိုလ် မနောဒွါရိက ဇောဝီထိစိတ်များ ဖြစ်၍ အသေက္ခ = ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌ မဟာကြိယာ မနောဒွါရိက ဇောဝီထိ စိတ်အစဉ်များ ဖြစ်ကြ၏။ (အဘိ၊ဋ္ဌ၊၂၊၃၈၈။)

ဤအရာ၌ ေ့ရှစိတ်-နောက်စိတ်ဟု အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်းမှာ ယင်း မနောဒွါရိက ဝိပဿနာဇောဝီထိ စိတ်အစဉ်အားလုံးကိုပင် ဧကတ္တနည်းအားဖြင့် ေ့ရှစိတ် နောက်စိတ်ဟု ဖွင့်ဆို သွားတော်မူခြင်း ဖြစ်၏။ စိတ္တက္ခဏတစ်ခု တစ်ခု၏ အတွင်း၌ တည်ရှိသော စိတ်တစ်ခု တစ်ခုကိုသာလျှင် ရည်ညွှန်း၍ ေ့ရှစိတ်-နောက်စိတ်ဟု ဖွင့်ဆိုသွားတော်မူခြင်း မဟုတ်ပေ။ အကြောင်းမှာ ဤသို့ ဖြစ်၏။ -----

အထက် ရူပသတ္တကရှုနည်းတွင် ရေးသားတင်ပြထားသော (၇)ဌာန၌ တည်ရှိကြသော ရုပ်တရားတို့ကို အာရုံအလိုက် ခွဲတမ်းချလိုက်သော် ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံဟု အာရုံ (၆)မျိုးပြားသည် ကို တွေ့ရှိနိုင်၏။ အနှစ် (၁၀၀)ဖြင့် ပိုင်းခြားထားအပ်သော အချိန်ကာလအတွင်း၌ တည်ရှိသော ရုပ်တရား အားလုံးကို ရည်ညွှန်းထားသောကြောင့် ဖြစ်၏။ ယင်းရုပ်တရားအားလုံးကို လောကီဝိပဿနာစိတ် တစ်ခုတည်းက တစ်ပြိုင်နက် တစ်ချက်တည်း လောကီဝိပဿနာ ဇောစိတ္တက္ခဏ တစ်ခုအတွင်း၌ကား မသိနိုင်။

(အညထာ) ဧကေနေဝ လောကိယစိတ္တေန ပဉ္စန္နံ ခန္ဓာနံ ပရိဂ္ဂဟပရိဇာနနာဒီိနံ အသမ္ဘဝတော။ န ဟိ သနိဒဿနသပ္ပဋိဃာဒိံ ဧကဇ္ဈံ အာရမ္မဏံ ကာတုံ သက္ကာ။ (မဟာဋီ၊၂၊၄၇၀။)

ပုထုဇန်အဆင့်တွင်သာ တည်ရှိနေသေးသော အသင်သူတော်ကောင်း၏သန္တာန်၌ ဖြစ်နိုင်သော ဝိပဿနာ စိတ်တို့မှာ မဟာကုသိုလ်မနောဒွါရိက ဇောဝီထိစိတ်အစဉ်တို့သာ ဖြစ်ကြ၏။ တစ်ခုတည်းသော လောကီ ဝိပဿနာစိတ်ဖြင့် = လောကီဝိပဿနာ စိတ္တက္ခဏ တစ်ချက်တည်းဖြင့် ခန္ဓာငါးပါးတို့ကို သိမ်းဆည်းခြင်း ခန္ဓာငါးပါးတို့၏ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တို့ကို ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ပိုင်းပိုင်းခြားခြား သိခြင်းစသည်တို့၏ မဖြစ်သင့်သောကြောင့်ပင်တည်း။ မှန်ပေသည် လောကီဝိပဿနာ စိတ္တက္ခဏ တစ်ချက် တည်းဖြင့် ရူပါရုံ, သဒ္ဒါရုံစသည့် အာရုံ (၆)ပါးလုံးကို တစ်ပေါင်းတစ်စည်းတည်း အာရုံပြုခြင်းငှာကား မစွမ်းနိုင်ပေ။ ထို့ကြောင့် -----

တမ္ပိ စိတ္တံ အပရေန စိတ္တေန အနိစ္စံ ဒုက္ခမနတ္တာတိ သမ္မသတိ။ (ဝိသုဒ္ဓိ၊၂၊၂၆၂။)

ဤသို့ စသည်ဖြင့် ေ့ရှဝိပဿနာစိတ်ကို နောက်ဝိပဿနာစိတ်ဖြင့် တစ်ဖန်ပြန်၍ ဝိပဿနာရှုရန် ညွှန်ကြားတော်မူခြင်းသည် ရှေးရှေးသော ဝိပဿနာမနောဒွါရိကဇောဝီထိ စိတ်အစဉ်ကို နောက်နောက်သော ဝိပဿနာ မနောဒွါရိကဇောဝီထိ စိတ်အစဉ်ဖြင့် တစ်ဖန် ပြန်၍ ဝိပဿနာ ရှုပွားသုံးသပ်ရန် ညွှန်ကြားတော်မူခြင်းသာ ဖြစ်သည်ဟု မှတ်ပါ။ ယင်း ဝိပဿနာ မနောဒွါရိကဇောဝီထိ စိတ်အစဉ်တစ်ခုလုံးက မိမိရှုပွားသုံးသပ်နေသော သင်္ခါရတရား၏ သို့မဟုတ် သင်္ခါရတရားစု၏ အနိစ္စအချက်, သို့မဟုတ် ဒုက္ခအချက် သို့မဟုတ် အနတ္တအချက်ကိုသာ အာရုံပြုနေသောကြောင့် ဧကတ္တနည်းအားဖြင့် -- တံ စိတ္တံ အပရေန စိတ္တေန = ထိုေ့ရှဝိပဿနာစိတ်ကို နောက်ဝိပဿနာစိတ်ဖြင့် ဝိပဿနာရှုပါ -- ဤသို့စသည်ဖြင့် စိတ်တစ်ခုတည်းအနေဖြင့် ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်ပေသည်။

ဤအရာဝယ် အသင်သူတော်ကောင်းသည် သဘာဝယုတ္တိဘက်ကလည်း တစ်ဖန် ဝေဖန်နှိုင်းချိန် စဉ်းစား သင့်လှပေ၏။ နိရောဓသမာပတ်မှ ထစဖြစ်သော အနာဂါမ်အရှင်မြတ်၏ သန္တာန်၌ အနာဂါမိဖိုလ်, ရဟန္တာ အရှင်မြတ်၏ သန္တာန်၌ အရဟတ္တဖိုလ်သည် အာဝဇ္ဇန်းမပါဘဲ ဖြစ်နိုင်သည့် ထုံးများရှိသော်လည်း ရိုးရိုး အာရုံ (၆)ပါးကို ထိုက်သလိုအာရုံပြုနေသည့် ကာမာဝစရစိတ်များ ဖြစ်ရာအခါ, ဝိပဿနာအရာစသည်တို့၌ ဝီထိစိတ် တို့သည် အာဝဇ္ဇန်းမပါဘဲ ဖြစ်နိုင်ရိုးဓမ္မတာ မရှိကြပေ။ အာဝဇ္ဇန်းပါမှသာ ဖြစ်နိုင်ရိုးဓမ္မတာ ရှိကြ၏။ တစ်ခုတည်းသော အာဝဇ္ဇန်းကလည်း အာရုံ (၆)ပါးလုံးကို တစ်ပြိုင်နက် တစ်ချက်တည်း ဆင်ခြင်နိုင်သည့် စွမ်းအားကား မရှိပေ။ အာရုံ တစ်မျိုးပြီးမှ တစ်မျိုးကိုသာ ထိုက်သလို ဆင်ခြင်နိုင်၏။ အထက်တွင် တင်ပြထားသော (၇)ဌာန၌ တည်ရှိသော ခြုံငုံ၍ ဝိပဿနာရှုရမည့် ရုပ်တရားတို့တွင် အာရုံ (၆)ပါးလုံး ထိုက်သလို ပါဝင်နေ၏။ ရူပါရုံကို ဆင်ခြင်သော အာဝဇ္ဇန်း သဒ္ဒါရုံကို ဆင်ခြင်သော အာဝဇ္ဇန်း စသည်ဖြင့် ရှုနေသော ဝိပဿနာဇော ဘက်၌လည်း အာဝဇ္ဇန်း အသီးအသီး ထိုက်သလို ရှိနိုင်၏။ အာဝဇ္ဇန်းတစ်မျိုးပါသော ဝိပဿနာဇောဝီထိ စိတ်အစဉ် တစ်ခုကို တစ်ဝီထိဟု ခေါ်ဆိုရကား အာဝဇ္ဇန်း အမျိုးမျိုး ထိုက်သလို ရှိနိုင်သကဲ့သို့ ဝိပဿနာဇောဝီထိ စိတ် အစဉ်လည်း အမျိုးမျိုးပင် ရှိနိုင်ပေသည်။

တစ်ဖန် ယင်းရုပ်တရားတို့ကို အာရုံပြု၍ ဝိပဿနာရှုနေသော မနောဒွါရိက ဝိပဿနာဇောဝီထိ စိတ်များကို တစ်ဖန်ပြန်၍ နောက်ဝိပဿနာမနောဒွါရိက ဇောစိတ်ဖြင့် ဝိပဿနာရှုရန် ညွှန်ကြားထား၏။ ဤ၌ ေ့ရှဝိပဿနာ မနောဒွါရိက ဇောစိတ်အစဉ်က ရုပ်တရားကို အာရုံပြု၏။ နောက်ဝိပဿနာ မနောဒွါရိက ဇောစိတ်အစဉ်က ေ့ရှဝိပဿနာ မနောဒွါရိက ဇောစိတ်အစဉ်ဟူသော နာမ်တရားစုကို အာရုံပြု၏။ ဤသို့လျှင် ေ့ရှစိတ်နှင့် နောက်စိတ်တို့ကား အာရုံချင်းလည်း မတူညီကြပေ။

တစ်နည်းဆိုရသော် ----- ေ့ရှစိတ်ဟု ခေါ်ဝေါ်သုံးစွဲထားအပ်သော ေ့ရှဝိပဿနာ မနောဒွါရိက ဇောဝီထိ စိတ်အစဉ်များကား ယင်း (၇)ဌာနတို့၌ တည်ရှိသော ရုပ်တရားတို့၏ အနိစ္စအခြင်းအရာ, သို့မဟုတ် ဒုက္ခအခြင်းအရာ, သို့မဟုတ် အနတ္တအခြင်းအရာကို အာရုံပြု၏။ နောက်စိတ်ဟု ခေါ်ဝေါ်သုံးစွဲထားအပ်သော ဝိပဿနာ မနောဒွါရိကဇောဝီထိ စိတ်အစဉ်များက ေ့ရှစိတ်ဟု ခေါ်ဝေါ်သုံးစွဲထားအပ်သော ေ့ရှဝိပဿနာ မနောဒွါရိက ဇောဝီထိ စိတ်အစဉ်ဟူသော နာမ်တရားတို့၏ အနိစ္စအခြင်းအရာ, သို့မဟုတ် ဒုက္ခအခြင်းအရာ, သို့မဟုတ် အနတ္တအခြင်းအရာဟူသော အခြင်းအရာ တစ်မျိုးမျိုးကို အာရုံပြု၏။ ဤသို့လျှင် ေ့ရှစိတ်နှင့် နောက်စိတ်တို့သည် = ေ့ရှဝီထိနှင့် နောက်ဝီထိတို့သည် အာရုံချင်းလည်း မတူကွဲပြား ခြားနားကြကုန်၏။ အာရုံချင်း မတူညီသဖြင့် အာဝဇ္ဇန်းချင်းလည်း မတူကွဲပြား ခြားနားလျက်ပင် ရှိ၏။ ေ့ရှစိတ်၏ အာဝဇ္ဇန်းကား ရုပ်တရားတို့၏ အနိစ္စ အခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာတို့တွင် တစ်မျိုးသော အခြင်းအရာကို ဆင်ခြင်တတ်သော အာဝဇ္ဇန်း ဖြစ်၏။ နောက်စိတ်၏ အာဝဇ္ဇန်းကား ေ့ရှစိတ်ဟူသော နာမ်တရားစု၏ အနိစ္စအခြင်းအရာ, ဒုက္ခ အခြင်းအရာ, အနတ္တအခြင်းအရာတို့တွင် တစ်မျိုးမျိုးသော အခြင်းအရာကို သိ၏။ ေ့ရှစိတ်၏ အာဝဇ္ဇန်းနှင့် နောက်စိတ်၏ အာဝဇ္ဇန်းသည် မတူညီသဖြင့် ေ့ရှစိတ်ကား ဝီထိစဉ် တစ်ခု, နောက်စိတ်ကား ဝီထိစဉ် တစ်ခုပင် ဖြစ်ပေသည်။

တဒါရုံ ---- တစ်ဖန် သမ္မောဟဝိနောဒနီအဋ္ဌကထာ ပဋိစ္စသမုပ္ပါဒ်ဝိဘင်း ဝိညာဏပုဒ်အဖွင့်၌ (အဘိ၊ဋ္ဌ၊ ၂၊၁၄၇။) လက္ခဏာရေးသုံးတန်ကို အာရုံပြုနေသော ဝိပဿနာဇောများ၏ နောင်၌ တဒါရုံကို မရနိုင်ကြောင်း ကိုလည်းကောင်း, ဝုဋ္ဌာနဂါမိနိဝိပဿနာ အမည်ရသော အလွန်အားကောင်းသော ဗလဝ ဝိပဿနာဇောများ၏ နောင်၌ တဒါရုံကို မရအပ် မရနိုင်ကြောင်းကိုလည်းကောင်း ဖွင့်ဆိုထားတော်မူ၏။ ယင်းဖွင့်ဆိုချက်မှာ အလွန် အားကောင်းသော ဗလဝဝိပဿနာပိုင်းကို ရည်ရွယ်၍ ဖွင့်ဆိုထားခြင်းပင် ဖြစ်ကြောင်းကို ပဋ္ဌာန်းပါဠိတော်နှင့် ပဋ္ဌာန်းအဋ္ဌကထာတို့ကို ကိုးကား၍ ရှေးနာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့၏။ ယခုအခါ၌ အသင် သူတော်ကောင်း၏ သန္တာန်၌ ယုံမှားသံသယများ ကင်းရှင်းသွားစေရန် ရည်သန်၍ ယင်းပဋ္ဌာန်းပါဠိတော် မြတ်ကြီးနှင့် ပဋ္ဌာန်းအဋ္ဌကထာတို့ကို ထပ်မံ၍ တင်ပြအပ်ပါသည်။ -----

သေက္ခာ ဝါ ပုထုဇ္ဇနာ ဝါ ကုသလံ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿန္တိ၊ ကုသလေ နိရုဒ္ဓေ ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတိ။ (ပဋ္ဌာန၊၁၊၁၃၃။)

ကုသလေ နိရုဒ္ဓေတိ ဝိပဿနာဇဝနဝီထိယာ ပစ္ဆိန္နာယ။ ဝိပါကောတိ ကာမာဝစရဝိပါကော။ တဒါရမ္မဏတာတိ တဒါရမ္မဏတာယ။ တံ ကုသလဿ ဇဝနဿ အာရမ္မဏဘူတံ ဝိပဿိတကုသလံ အာရမ္မဏံ ကတွာ ဥပ္ပဇ္ဇတီတိ အတ္ထော။ န ကေဝလဉ္စ တဒါရမ္မဏဝသေနေဝ၊ ပဋိသန္ဓိ-ဘဝင်္ဂ-စုတိဝသေနာပိ။ ဝိပါကော ဟိ ကမ္မံ အာရမ္မဏံ ကတွာ ဂဟိတပဋိသန္ဓိကဿ ကုသလာရမ္မဏော ဟောတိယေဝ၊ သော ပန ဒုဗ္ဗိညေယျတ္တာ ဣဓ န ဒဿိတော။ (အဘိ၊ဋ္ဌ၊၃၊၄၃၆။ ပဋ္ဌာနအဋ္ဌကထာ။)

သေက္ခပုဂ္ဂိုလ်တို့သည်လည်းကောင်း, ပုထုဇန်ပုဂ္ဂိုလ်တို့သည်လည်းကောင်း ကုသိုလ်တရားကို အနိစ္စအားဖြင့် = အနိစ္စဟု, ဒုက္ခအားဖြင့် = ဒုက္ခဟု, အနတ္တအားဖြင့် = အနတ္တဟု ဝိပဿနာ ရှုပွားသုံးသပ်ကြကုန်၏။ ဝိပဿနာရှုနေသော ဝိပဿနာကုသိုလ်ဇောဝီထိသည် = ကုသိုလ်ဇောစိတ်အစဉ်သည် ပြတ်ခဲ့သော် ချုပ်ခဲ့သော် ယင်းဝိပဿနာကုသိုလ်ဇော၏ နောင်၌ ကာမာဝစရဝိပါက်စိတ်သည် ထိုဝိပဿနာကုသိုလ်ဇော၏ အာရုံဖြစ်သော ထိုဝိပဿနာကုသိုလ်ဇော၏ အရှုခံ ကုသိုလ်တရားအာရုံကိုပင် အာရုံပြု၍ တဒါရုံအဖြစ်ဖြင့် ဖြစ်ပေါ်လာ၏။ (ပဋ္ဌာန၊၁၊၁၃၃။)

အဋ္ဌကထာ၌ကား ယင်း ကာမာဝစရဝိပါက်တရားသည် ကုသိုလ်တရားကို အာရုံပြု၍ တဒါရုံ၏ အစွမ်းဖြင့်သာ ဖြစ်သည် မဟုတ်သေး၊ ပဋိသန္ဓေကိစ္စ ဘဝင်ကိစ္စ စုတိကိစ္စ၏ အစွမ်းဖြင့်လည်း ဖြစ်နိုင်သေး၏ဟု ဖွင့်ဆိုထား၏။ ထင်ရှားအောင်ဆိုရသော် ဤသို့ ဖြစ်၏။ -----

သံသရာခရီး မဆုံးသေးသော သတ္တဝါမှန်သမျှသည် သေခါနီးမရဏာသန္နကာလဝယ် ကံ-ကမ္မနိမိတ်- ဂတိနိမိတ်ဟူသော နိမိတ်သုံးမျိုးတို့တွင် တစ်မျိုးမျိုးကို အာရုံပြုမြဲ ဓမ္မတာ ဖြစ်၏။ အကယ်၍ ယောဂါဝစရ ပုဂ္ဂိုလ် တစ်ဦးသည် အတိတ်ဘဝ သေခါနီးကာလ မရဏာသန္နအခါဝယ် ကုသိုလ်တရားတို့၏ အနိစ္စအခြင်းအရာကို အာရုံပြု၍ အနိစ္စဟုလည်းကောင်း, ဒုက္ခအခြင်းအရာကို အာရုံပြု၍ ဒုက္ခဟုလည်းကောင်း, အနတ္တ အခြင်းအရာကို အာရုံပြု၍ အနတ္တဟုလည်းကောင်း ဝိပဿနာရှုလျက် မရဏာသန္နဇောသည် စောခဲ့သည် ဖြစ်အံ့၊ ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဘဝသစ် ပဋိသန္ဓေ-ဘဝင်-စုတိဟူသော ဝိပါက်စိတ်သည် ထိုဝိပဿနာဉာဏ်၏ အရှုခံ အာရုံဖြစ်သော ကုသိုလ်ကံကိုပင် အာရုံပြု၏။ (အခြားကုသိုလ်ကံ အာရုံ တစ်ခုခု ထင်ရာ၌လည်း နည်းတူ မှတ်ပါ။) ထိုကုသိုလ်ကံအာရုံကို ပဋိသန္ဓေ-ဘဝင်-စုတိဟူသော ဝိပါက်တရားက အာရုံပြုမှုသည် သိနိုင်ခဲသော သဘောရှိသောကြောင့် ဤပဋ္ဌာန်းပါဠိတော် ပဥှာဝါရ အာရမ္မဏပစ္စည်းအရာ၌ ဘုရားရှင်သည် မညွှန်ပြတော် မူခြင်းဖြစ်သည်။ (ပဋ္ဌာန၊ဋ္ဌ = အဘိ၊ဋ္ဌ၊၃၊၄၃၆။)

ဤအထက်ပါ ပါဠိတော်နှင့် အဋ္ဌကထာတို့၌ ဝိပဿနာကုသိုလ်ဇော၏ နောင်၌ တဒါရုံကျမှု လာရှိသောကြောင့် ယင်းတဒါရုံကျနိုင်၏ဟူသော အဆိုမှာ တရုဏဝိပဿနာဟု ခေါ်ဆိုအပ်သော နုနယ်သော ဇော၏ နောင်၌ တဒါရုံကျမှုကို ရည်ရွယ်သည်ဟု ဆရာမြတ်တို့ အယူရှိတော်မူကြသည်။ ဗလဝဝိပဿနာ အမည်ရသော အလွန်အားကောင်းသော ဝိပဿနာဇော၏ နောင်၌ကား အထက်ပါ သမ္မောဟဝိနောဒနီအဋ္ဌကထာကြီး၌ ဖွင့်ဆိုထားသည့်အတိုင်း တဒါရုံ မကျနိုင်ဟုပင် မှတ်ပါ။ ပညာရှိ သူတော်ကောင်းအပေါင်းတို့သည် စိစစ်စူးစမ်း၍ ယူရန် အချက်တစ်ရပ်ပင် ဖြစ်သည်။

အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်အတွက်ကား လက်တွေ့ စမ်းသပ် ရှုပွားကြည့်ရန် အခွင့်ကောင်းကြီး တစ်ရပ်ပင် ဖြစ်ပေသည်။ ယင်း အထက်ပါ အဆိုအမိန့်များနှင့် အညီ ဝိပဿနာရှုသော စိတ်ဟူသည်မှာ မနောဒွါရိက ဇောဝီထိ စိတ်အစဉ်ပင် ဖြစ်သည်။ ယင်း ဝိပဿနာ မနောဒွါရိက ဇောဝီထိ စိတ်အစဉ်မှာ တဒါရုံ ကျခဲ့သော် မနောဒွါရာဝဇ္ဇန်း တစ်ကြိမ်, ဇော ခုနစ်ကြိမ်, တဒါရုံ နှစ်ကြိမ်တို့ ဖြစ်ကြ၏။ တဒါရုံ မကျခဲ့သော် မနောဒွါရာဝဇ္ဇန်း တစ်ကြိမ်, ဇော ခုနစ်ကြိမ်တို့ ဖြစ်ကြ၏။

ဇော အသီးအသီး၌လည်းကောင်း, အကယ်၍ တဒါရုံကျခဲ့သော် တဒါရုံ အသီးအသီး၌လည်းကောင်း -

၁။ ဉာဏ်လည်း ယှဉ်၍ ပီတိလည်း ယှဉ်သော် နာမ်တရား ----- ၃၄ ၊

၂။ ဉာဏ်သာ ယှဉ်၍ ပီတိ မယှဉ်သော် နာမ်တရား ----- ၃၃ ၊

၃။ ဉာဏ် မယှဉ်ဘဲ ပီတိသာ ယှဉ်သော် နာမ်တရား ----- ၃၃ ၊

၄။ ဉာဏ်လည်း မယှဉ် ပီတိလည်း မယှဉ်သော် နာမ်တရား ----- ၃၂ ၊

ဤသို့ အသီးအသီး ဖြစ်ပေသည်။ (စိတ္တန္တိ စေတ္ထ သသမ္ပယုတ္တစိတ္တံ အဓိပ္ပေတံ။ ပဋိသံ၊ဋ္ဌ၊၁၊၂၃၉။)

ထို့ကြောင့် ေ့ရှစိတ်-နောက်စိတ်ဟု စိတ်ကိုသာ မှတ်၍ ဆိုသော်လည်း ယှဉ်ဖက်သမ္ပယုတ်တရားတို့နှင့် တကွသော ဝိပဿနာမနောဒွါရိကဇောဝီထိ စိတ်အစဉ် တစ်ခုလုံးကိုပင် ဧကတ္တနည်းအားဖြင့် ေ့ရှစိတ်ဟုလည်းကောင်း, နောက်စိတ်ဟုလည်းကောင်း ဖွင့်ဆိုထားခြင်းဖြစ်သည်ဟု မှတ်ပါ။ အလားတူပင် ယှဉ်ဖက်သမ္ပယုတ် စေတသိက်များနှင့် အတူတကွသော ယင်းမနောဒွါရိကဇောဝီထိ စိတ်အစဉ်တစ်ခုလုံးကိုပင် အနိစ္စဟုရှုသော စိတ်, ဒုက္ခဟုရှုသော စိတ်, အနတ္တဟုရှုသော စိတ် စသည်ဖြင့်လည်းကောင်း, ပထမစိတ် ဒုတိယစိတ် စသည်ဖြင့် လည်းကောင်း ခေါ်ဝေါ်သုံးစွဲထားသည်ဟုလည်း မှတ်သားပါလေ။ ယမကအားဖြင့် ရှုနည်း စသည့် နောက်နောက် ရှုကွက်တို့၌လည်း နည်းတူပင် သဘောပေါက်ပါ။

၂။ ယမက = အစုံအားဖြင့် ရှုနည်း

အာဒါနနိက္ခေပရုပ်ကို ယင်းရုပ်တရား၏ အနိစ္စအခြင်းအရာကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အနိစ္စဟု ရှုပါ။ ထိုသို့ရှုသော ဝိပဿနာစိတ်ကို = သမ္ပယုတ်တရားတို့နှင့် တကွသော မနောဒွါရိကဇောဝီထိ စိတ်အစဉ်ကို နောက်ဝိပဿနာစိတ်ဖြင့် = နောက်မနောဒွါရိကဇောဝီထိ စိတ်အစဉ်ဖြင့် ယင်းပထမဝိပဿနာ မနောဒွါရိကဇောဝီထိ စိတ်အစဉ်၏ အနိစ္စအခြင်းအရာကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟု လည်းကောင်း, ဒုက္ခအခြင်းအရာကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ဒုက္ခဟုလည်းကောင်း, အနတ္တ အခြင်းအရာကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနတ္တဟုလည်းကောင်း အသီးအသီး ရှုပါ။ အလားတူပင် အာဒါနနိက္ခေပရုပ်ကို ဒုက္ခဟုရှုသော ဝိပဿနာစိတ်, အနတ္တဟုရှုသော ဝိပဿနာစိတ်တို့ကိုလည်း နည်းတူပင် လက္ခဏာယာဉ် သုံးတန် တစ်လှည့်စီ တင်၍ ဝိပဿနာရှုပါ။

ဝယောဝုဍ္ဎတ္ထင်္ဂမရုပ်, အာဟာရမယရုပ်, ဥတုမယရုပ်, ကမ္မဇရုပ်, စိတ္တသမုဋ္ဌာန်ရုပ်, ဓမ္မတာရုပ် အသီး အသီးကို အနိစ္စဟု (ဒုက္ခဟု, အနတ္တဟု) အသီးအသီး ရှု၍ ယင်း အနိစ္စဟု (ဒုက္ခဟု, အနတ္တဟု) ရှုသော ဝိပဿနာစိတ်ကို နောက်ဝိပဿနာစိတ်ဖြင့် အနိစ္စဟု (ဒုက္ခဟု, အနတ္တဟု) အသီးအသီး နည်းတူ ပြန်၍ ဝိပဿနာရှုပါ။ (ဝိသုဒ္ဓိ၊၂၊၂၆၂။)

[မှတ်ချက် ----- ကလာပအားဖြင့် ရှုနည်း၌ (၇)ဌာန၌ တည်ရှိသော ရုပ်တရားတို့ကို ဌာနတစ်ခုစီ မခွဲဘဲ ခြုံ၍ ဝိပဿနာရှု၏။ ဤယမကရှုနည်း၌ကား ဌာနတစ်ခုစီ ခွဲ၍ ဝိပဿနာရှု၏။ ဤမျှသာ ထူးထွေကွဲပြားသည်၊၊]

၃။ ခဏိကအားဖြင့် ရှုနည်း

အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် အာဒါနနိက္ခေပရုပ်ကို အနိစ္စဟု ဝိပဿနာ ရှုပွားသုံးသပ်ပါ။

၁။ ယင်းသို့ ရှုသော ပထမ ဝိပဿနာစိတ်ကို ဒုတိယ ဝိပဿနာစိတ်ဖြင့်,

၂။ ဒုတိယ ဝိပဿနာစိတ်ကို တတိယ ဝိပဿနာစိတ်ဖြင့်,

၃။ တတိယ ဝိပဿနာစိတ်ကို စတုတ္ထ ဝိပဿနာစိတ်ဖြင့်,

၄။ စတုတ္ထ ဝိပဿနာစိတ်ကို ပဉ္စမ ဝိပဿနာစိတ်ဖြင့် ----

အသီးအသီး အနိစ္စဟု ရှုပါ။ (ဒုက္ခဟု ရှုပါ။ အနတ္တဟု ရှုပါ။)

အာဒါနနိက္ခေပရုပ်ကို ဒုက္ခဟု ရှုရာ အနတ္တဟု ရှုရာတို့၌လည်း နည်းတူပင်မှတ်ပါ။ အလားတူပင် ဝယောဝုတ္ထဍ္ဎင်္ဂမရုပ်, အာဟာရမယရုပ်, ဥတုမယရုပ်, ကမ္မဇရုပ်, စိတ္တသမုဋ္ဌာန်ရုပ်, ဓမ္မတာရုပ် အသီးအသီးကို အနိစ္စဟု လည်းကောင်း, ဒုက္ခဟုလည်းကောင်း, အနတ္တဟုလည်းကောင်း အသီးအသီး ဝိပဿနာရှု၍ ယင်းဝိပဿနာ စိတ်ကို ဒုတိယဝိပဿနာစိတ်ဖြင့်, ဒုတိယဝိပဿနာစိတ်ကို တတိယဝိပဿနာစိတ်ဖြင့်, တတိယဝိပဿနာစိတ် ကို စတုတ္ထဝိပဿနာစိတ်ဖြင့်, စတုတ္ထဝိပဿနာစိတ်ကို ပဉ္စမဝိပဿနာစိတ်ဖြင့် တစ်ဖန်ပြန်၍ အသီးအသီး ဝိပဿနာရှုပါ။ ဤသို့လျှင် အာဒါနနိက္ခေပရုပ်စသော ရုပ်တရား အသီးအသီးကို သိမ်းဆည်းသော စိတ်မှ စ၍ လေးဆင့် လေးဆင့်သော စိတ်တို့ကို လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်၍ ဝိပဿနာ ရှုပွားသုံးသပ်ခဲ့သော် ခဏိကအားဖြင့် ဝိပဿနာရှုပွားသုံးသပ်သည် မည်ပေသည်။ (ဝိသုဒ္ဓိ၊၂၊၂၆၂။)

ဤ၌လည်း ရူပသတ္တကရှုနည်း၌လာသော (၇)မျိုးသော ရုပ်တို့ကို ခွဲ၍ တစ်ခုစီ ရှုပါ။ ဝယောဝုဍ္ဎတ္ထင်္ဂမရုပ်၌ အဆင့်ဆင့် ရှုရန် မမေ့ပါနှင့်။ ရှေးဝီထိစိတ်ကို နောက်ဝီထိစိတ်ဖြင့် ဝိပဿနာရှုခြင်း ဖြစ်သည်ကိုလည်း သဘောပေါက်ပါ။

၄။ ပဋိပါဋိ = အစဉ်အားဖြင့် ရှုနည်း

အာဒါနနိက္ခေပရုပ်ကို အနိစ္စဟု ရှုပွားသုံးသပ်၍ ထိုသို့ ဝိပဿနာ ရှုပွားသုံးသပ်သော -----

၁။ ပထမဝိပဿနာစိတ်ကို ဒုတိယဝိပဿနာစိတ်ဖြင့် အနိစ္စဟု ရှုပါ။

၂။ ဒုတိယဝိပဿနာစိတ်ကို တတိယဝိပဿနာစိတ်ဖြင့် အနိစ္စဟု ရှုပါ။

၃။ တတိယဝိပဿနာစိတ်ကို စတုတ္ထဝိပဿနာစိတ်ဖြင့် အနိစ္စဟု ရှုပါ။

၄။ စတုတ္ထဝိပဿနာစိတ်ကို ပဉ္စမဝိပဿနာစိတ်ဖြင့် အနိစ္စဟု ရှုပါ။

၅။ ပဉ္စမဝိပဿနာစိတ်ကို ဆဋ္ဌဝိပဿနာစိတ်ဖြင့် အနိစ္စဟု ရှုပါ။

၆။ ဆဋ္ဌဝိပဿနာစိတ်ကို သတ္တမဝိပဿနာစိတ်ဖြင့် အနိစ္စဟု ရှုပါ။

၇။ သတ္တမဝိပဿနာစိတ်ကို အဋ္ဌမဝိပဿနာစိတ်ဖြင့် အနိစ္စဟု ရှုပါ။

၈။ အဋ္ဌမဝိပဿနာစိတ်ကို နဝမဝိပဿနာစိတ်ဖြင့် အနိစ္စဟု ရှုပါ။

၉။ နဝမဝိပဿနာစိတ်ကို ဒသမဝိပဿနာစိတ်ဖြင့် အနိစ္စဟု ရှုပါ။

၁၀။ ဒသမဝိပဿနာစိတ်ကို ဧကာဒသမဝိပဿနာစိတ်ဖြင့် အနိစ္စဟု ဝိပဿနာ ရှုပါ။ ထို စိတ်ဟူသည် စိတ်ကို အဦးမူ၍ ညွှန်ပြပြောဆိုကြောင်း ဖြစ်သော စကားတည်း၊ စေတသိက်တို့လည်း ပါဝင်ကြသည်ဟု မှတ်ပါ။ (မဟာဋီ၊၂၊၄၁၄။)

တစ်ဖန် ယင်း အာဒါနနိက္ခေပရုပ်ကိုပင် အနိစ္စဟု ရှုနေသော ဝိပဿနာစိတ်ကို ဒုတိယဝိပဿနာစိတ်ဖြင့် ဒုက္ခဟုလည်းကောင်း, အနတ္တဟုလည်းကောင်း အသီးအသီး ဝိပဿနာရှုပါ။ အထက်တွင် တင်ပြထားသည့် အတိုင်း (၁၀)ဆင့်တိုင်တိုင် ဝိပဿနာရှုပါ။ အလားတူပင် အာဒါနနိက္ခေပရုပ်ကို ဒုက္ခဟု ဝိပဿနာရှု၍ ယင်းဝိပဿနာစိတ်ကို အနိစ္စဟုလည်းကောင်း, ဒုက္ခဟုလည်းကောင်း, အနတ္တဟုလည်းကောင်း, ယင်းအာဒါနနိက္ခေပရုပ်ကို အနတ္တဟု ဝိပဿနာရှု၍ ယင်းဝိပဿနာစိတ်ကို အနိစ္စဟုလည်းကောင်း, ဒုက္ခဟုလည်းကောင်း, အနတ္တဟုလည်းကောင်း အထက်ပါအတိုင်း (၁၀)ဆင့်တိုင်တိုင် ဝိပဿနာ ရှုပါ။

ဝယောဝုဍ္ဎတ္ထင်္ဂမရုပ်, အာဟာရမယရုပ်, ဥတုမယရုပ်, ကမ္မဇရုပ်, စိတ္တသမုဋ္ဌာန်ရုပ်, ဓမ္မတာရုပ် ဤရုပ်တရား အသီးအသီးကိုလည်း အနိစ္စဟုလည်းကောင်း, ဒုက္ခဟုလည်းကောင်း, အနတ္တဟုလည်းကောင်း အသီးအသီး ဝိပဿနာရှုပါ။ ယင်းဝိပဿနာစိတ်ကို ဒုတိယဝိပဿနာစိတ်ဖြင့်။ပ။ ဒသမဝိပဿနာစိတ်ကို ဧကာဒသမ ဝိပဿနာစိတ်ဖြင့် တစ်ဖန်ပြန်၍ လက္ခဏာရေးသုံးတန်ကို တစ်လှည့်စီ တင်၍ ဝိပဿနာရှုပါ။ (အထက်တွင် တင်ပြခဲ့သည့်အတိုင်း နည်းမှီး၍ ရှုပါ။) ဤသို့လျှင် ဝိပဿနာအစဉ်ဖြင့် အလုံးစုံသော နေ့အဖို့ပတ်လုံးလည်း ဝိပဿနာ ရှုပွားသုံးသပ်ခြင်းငှာ ဖြစ်သင့်လေရာ၏။ (= ေ့ရှစိတ်ကို နောက်စိတ်ဖြင့် ဆက်လက်၍ ဆယ်ခုမြောက် စိတ်ထက် ပိုလွန်၍ ဝိပဿနာရှုနေခဲ့သော် တစ်နေ့ပတ်လုံးသော်လည်း ဝိပဿနာရှုပွားသုံးသပ်ခြင်းငှာ ဖြစ်သင့် လေရာ၏။) ထိုသို့ပင် ဖြစ်သင့်သော်လည်း ဆယ်ခုမြောက်ဖြစ်သော ဝိပဿနာစိတ်ကို လက္ခဏာရေးသုံးတန် တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်သည်တိုင်အောင်သော သမ္မသနလုပ်ငန်းရပ်ဖြင့် ရုပ်ကမ္မဋ္ဌာန်းသည်လည်းကောင်း, နာမ်ကမ္မဋ္ဌာန်းသည်လည်းကောင်း အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့လာအပ်ပြီး ဖြစ်သွား၏။ ထို့ကြောင့် ဒသမစိတ် = ဆယ်ခုမြောက်သော စိတ်၌သာလျှင် တန့်ရပ်လေရာ၏ဟု အရိယဝံသကထာ၌ ဖွင့်ဆိုထား၏။ ဤသို့ လက္ခဏာယာဉ်သုံးချက်ကို တင်၍ ဝိပဿနာ ရှုပွားသုံးသပ်သော ယောဂါဝစရရဟန်းတော်သည် ပဋိပါဋိ = အစဉ်အားဖြင့် ဝိပဿနာ ရှုပွားသုံးသပ်သည် မည်၏။ (ဝိသုဒ္ဓိ၊၂၊၂၆၂။) ဤ၌လည်း ရှေးဝီထိကို နောက် ဝီထိဖြင့် ဝိပဿနာ ရှုခြင်းကိုသာ ရည်ညွှန်းထားသည်ကိုလည်း သဘောပေါက်လေရာသည်။

၅။ ဒိဋ္ဌိဥဂ္ဃါဋန = ဒိဋ္ဌိကို ခွာသောအားဖြင့် ရှုနည်း

အဟံ ဝိပဿာမိ၊ မမ ဝိပဿနာ = ငါသည် ဝိပဿနာရှု၏၊ ငါ၏ ဝိပဿနာတည်းဟု စွဲယူမိသော ယောဂါဝစရပုဂ္ဂိုလ်အား ဒိဋ္ဌိသမုဂ္ဃါဋန = ဒိဋ္ဌိ၏ ပျောက်ခြင်း ကွာခြင်း မည်သည် မဖြစ်သေး။ အလျော်အားဖြင့် ဆိုရမူ သင်္ခါရာဝ သင်္ခါရေ ဝိပဿန္တိ သမ္မသန္တိ ဝဝတ္ထပေန္တိ ပရိဂ္ဂဏှန္တိ ပရိစ္ဆိန္ဒန္တိ = သင်္ခါရတရားတို့သည်သာလျှင် သင်္ခါရတရားတို့ကို ဝိပဿနာရှုကုန်၏၊ လက္ခဏာယာဉ်ကို တင်ကာ သုံးသပ်ကုန်၏၊ အနိစ္စဟု ဒုက္ခဟု အနတ္တဟု ပိုင်းခြားမှတ်သားကုန်၏၊ သိမ်းဆည်းကုန်၏၊ ပိုင်းခြားယူကုန်၏။ ဤသို့ယူသော ယောဂါဝစရပုဂ္ဂိုလ်အား ဒိဋ္ဌိကို ခွာခြင်း မည်သည် ဖြစ်ပေါ်လာ၏။ (ဝိသုဒ္ဓိ၊၂၊၂၆၃။)

ဤ၌ ဝိပဿနာရှုတတ်သော သင်္ခါရတရားတို့မှာ ပုထုဇန်မျှသာ ဖြစ်နေသေးသော အသင် ယောဂါဝစရ ပုဂ္ဂိုလ် အတွက် ကွက်၍ ဆိုရမူ ဝိပဿနာဉာဏ်နှင့် အတူတကွဖြစ်သော မဟာကုသိုလ် မနောဒွါရိကဇောဝီထိ စိတ်အစဉ် နာမ်တရားစုတို့တည်း။ ယင်းဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော နာမ်တရားတို့မှာ ယင်း ဝိပဿနာ ဉာဏ်နှင့် အတူတကွဖြစ်သော မဟာကုသိုလ် မနောဒွါရိကဇောဝီထိ စိတ်အစဉ် နာမ်တရားစုတို့ အဝင်အပါ ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော သင်္ခါရတရားစုတို့တည်း။

ဤ၌ ငါ ဝိပဿနာရှု၏၊ ငါ၏ ဝိပဿနာတည်းဟု စွဲယူတတ်သော ငါမှာ အတ္တကို ရည်ညွှန်းထားသော စကားဟု မှတ်ပါ။

၆။ မာနဥဂ္ဃါဋန = မာနကို ခွာသောအားဖြင့် ရှုနည်း

သုဋ္ဌု ဝိပဿာမိ၊ မနာပံ ဝိပဿာမိ = ကောင်းစွာ ဝိပဿနာရှု၏၊ စိတ်နှလုံးကို ပွားစေသော အခြင်းအရာ အားဖြင့် ဝိပဿနာရှု၏ ဤသို့ လွန်ကဲသော အဓိမာနဖြင့် စွဲယူသော ယောဂါဝစရပုဂ္ဂိုလ်အား မာနကို ခွာအပ်သည် မည်သည် မဖြစ်သေး။ သင်္ခါရတရားတို့သည်သာလျှင် သင်္ခါရတရားတို့ကို ဝိပဿနာ ရှုကုန်၏၊ လက္ခဏာယာဉ်ကို တင်ကာ သုံးသပ်ကုန်၏၊ အနိစ္စဟု ဒုက္ခဟု အနတ္တဟု ပိုင်းခြားမှတ်သားကုန်၏၊ သိမ်းဆည်းကုန်၏၊ ပိုင်းခြားယူကုန်၏။ ဤသို့ ယူသော ယောဂါဝစရပုဂ္ဂိုလ်အား မာနကို ခွာအပ်သည် မည်သည် ဖြစ်ပေါ်လာ၏။ (ဝိသုဒ္ဓိ၊၂၊၂၆၃။)

၇။ နိကန္တိပရိယာဒါန = တဏှာ (= နိကန္တိ) ကုန်အောင် မဖြစ်အောင် ရှုနည်း

ဝိပဿိတုံ သက္ကောမိ = ငါသည် ဝိပဿနာရှုခြင်းငှာ စွမ်းနိုင်၏ ဤသို့ ဝိပဿနာကို သာယာသော ယောဂါဝစရပုဂ္ဂိုလ်အား နိကန္တိ မည်သော တဏှာ၏ ရေကဲ့သို့ ခန်းခြောက်လျက် ကုန်ပျက်သော သဘော မည်သည် မဖြစ်နိုင်။ အလျော်အားဖြင့် ဆိုရမူ --- သင်္ခါရတရားတို့သည်သာလျှင် သင်္ခါရတရားတို့ကို ဝိပဿနာ ရှုကုန်၏၊ လက္ခဏာယာဉ်ကို တင်ကာ သုံးသပ်ကုန်၏။ အနိစ္စဟု ဒုက္ခဟု အနတ္တဟု ပိုင်းခြားမှတ်သားကုန်၏၊ သိမ်းဆည်းကုန်၏၊ ပိုင်းခြားယူကုန်၏။ ဤသို့ ယူသော ယောဂါဝစရပုဂ္ဂိုလ်အား နိကန္တိမည်သော တဏှာ၏ ရေကဲ့သို့ ခန်းခြောက်လျက် ကုန်ပျက်သော သဘောမည်သည် ဖြစ်ပေါ်လာ၏။ (ဝိသုဒ္ဓိ၊၂၊၂၆၃။)

တစ်ဖန် ဒိဋ္ဌိဥဂ္ဃါဋန မာနဥဂ္ဃါဋန နိကန္တိပရိယာဒါန ဖြစ်အောင် တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲ ပြိုအောင် ဝိပဿနာ ရှုပွားသုံးသပ်ရမည့် အစီအရင်ကိုလည်း အဋ္ဌကထာဆရာတော်က အောက်ပါအတိုင်း ဆက်လက်၍ ဖွင့်ဆို သွားတော်မူ၏။ -----

ဒိဋ္ဌိဥဂ္ဃါဋန - မာနဥဂ္ဃါဋန - နိကန္တိပရိယာဒါန (၅ - ၆ - ၇။)

၁။ သစေ သင်္ခါရာ အတ္တာ ဘဝေယျုံ၊ အတ္တာတိ ဂဟေတုံ ဝဋ္ဋေယျုံ၊ အနတ္တာ စ ပန အတ္တာတိ ဂဟိတာ၊ တသ္မာ တေ အဝသဝတ္တနဋ္ဌေန အနတ္တာ၊ ဟုတွာ အဘာဝဋ္ဌေန အနိစ္စာ၊ ဥပ္ပါဒဝယပဋိပီဠနဋ္ဌေန ဒုက္ခာတိ ပဿတော ဒိဋ္ဌိဥဂ္ဃါဋနံ နာမ ဟောတိ။

၂။ သစေ သင်္ခါရာ နိစ္စာ ဘဝေယျုံ၊ နိစ္စာတိ ဂဟေတုံ ဝဋ္ဋေယျုံ၊ အနိစ္စာ စ ပန နိစ္စာတိ ဂဟိတာ၊ တသ္မာ တေ ဟုတွာ အဘာဝဋ္ဌေန အနိစ္စာ၊ ဥပ္ပါဒဝယပဋိပီဠနဋ္ဌေန ဒုက္ခာ၊ အဝသဝတ္တနဋ္ဌေန အနတ္တာတိ ပဿတော မာနသမုဂ္ဃါဋော နာမ ဟောတိ။

၃။ သစေ သင်္ခါရာ သုခါ ဘဝေယျုံ၊ သုခါတိ ဂဟေတုံ ဝဋ္ဋေယျုံ၊ ဒုက္ခာ စ ပန သုခါတိ ဂဟိတာ၊ တသ္မာ တေ ဥပ္ပါဒဝယပဋိပီဠနဋ္ဌေန ဒုက္ခာ၊ ဟုတွာ အဘာဝဋ္ဌေန အနိစ္စာ၊ အဝသဝတ္တနဋ္ဌေန အနတ္တာတိ ပဿတော နိကန္တိပရိယာဒါနံ နာမ ဟောတိ။

၄။ ဧဝံ သင်္ခါရေ အနတ္တတော ပဿန္တဿ ဒိဋ္ဌိသမုဂ္ဃါဋနံ နာမ ဟောတိ။ အနိစ္စတော ပဿန္တဿ မာနသမုဂ္ဃါဋနံ နာမ ဟောတိ။ ဒုက္ခတော ပဿန္တဿ နိကန္တိပရိယာဒါနံ နာမ ဟောတိ။ ဣတိ အယံ ဝိပဿနာ အတ္တနော အတ္တနော ဌာနေယေဝ တိဋ္ဌတီတိ။ (ဝိသုဒ္ဓိ၊၂၊၂၆၃-၂၆၄။)

ယသ္မာ ဒိဋ္ဌိသမုဂ္ဃါဋနံ နာမေတ္ထ ဝိသေသတော အနတ္တာနုပဿနာယ ဟောတိ၊ တသ္မာ တံ ဒေဿန္တေန သစေ သင်္ခါရာတိအာဒိနာ အနတ္တာနုပဿနာဝိဓိံ ဝတွာ ယသ္မာ ပန အနတ္တတော အနုပဿန္တေန သင်္ခါရာ အနိစ္စတောပိ ဒုက္ခတောပိ အနုပဿိတဗ္ဗာ ဧဝ တဒုပဗြူဟနတော၊ တသ္မာ ဟုတွာ အဘာဝဋ္ဌေနာတိအာဒိ ဝုတ္တံ။

ယသ္မာ မာနသမုဂ္ဃါဋနံ နာမ အနိစ္စာနုပဿနာယ ဟောတိ။ ခဏေ ခဏေ ဘိဇ္ဇနကေ သင်္ခါရေ ပဿန္တဿ ကုတော မာနဿ အဝသရော။ အနိစ္စသညာ ဘာဝေတဗ္ဗာ အသ္မိမာနသမုဂ္ဃါဋာယာတိ ဟိ ဝုတ္တံ။

ယသ္မာ နိကန္တိပရိယာဒါနံ နာမ ဒုက္ခာနုပဿနာယ ဟောတိ။ န ဟိ သဘာဝတော, ဒုက္ခဝတ္ထုတော စ ဒုက္ခဘူတေ သင်္ခါရေ ပဿန္တဿ တတ္ထ ဤသကမ္ပိ အဘိရတော ဟောတိ။ အဿာဒါနုပဿိနော ဟိ တတ္ထ တဏှာ ဥပ္ပဇ္ဇေယျ။ သေသံ အနတ္တလက္ခဏေ ဝုတ္တနယမေဝ။ အယံ ပနေတ္ထ သင်္ခေပတ္ထော ---- ဝုတ္တနယေန ပဋိပါဋိတော သမ္မသနံ ပသုတဿ ယောဂိနော ယဒါ အနတ္တာနုပဿနာ တိက္ခာ သူရာ ဝိသဒါ ပဝတ္တတိ၊ ဣတရာ ဒွေပိ တဒနုဂတိကာ၊ တဒါနေန ဒိဋ္ဌိဥဂ္ဃါဋနံ ကတံ ဟောတိ။ အတ္တဒိဋ္ဌိမူလိကာ ဟိ သဗ္ဗာ ဒိဋ္ဌိယော။ အနတ္တာနုပဿနာ စ အတ္တဒိဋ္ဌိယာ ဥဇုပဋိပက္ခာ။

ယဒါ ပန အနိစ္စာနုပဿနာ တိက္ခာ သူရာ ဝိသဒါ ပဝတ္တတိ၊ ဣတရာ ဒွေပိ တဒနုဂတိကာ၊ တဒါနေန မာနသမုဂ္ဃါဋနံ ကတံ ဟောတိ။ သတိ ဟိ နိစ္စဂါဟေ မာနဇပ္ပနာ ဣဒံ နိစ္စံ၊ ဣဒံ ဓုဝန္တိ အာဒိနာ ဗကဗြဟ္မုနော ဝိယ။ အနိစ္စာနုပဿနာ စ နိစ္စဂါဟဿ ဥဇုပဋိပက္ခာ။

ယဒါ ပန ဒုက္ခာနုပဿနာ တိက္ခာ သူရာ ဝိသဒါ ပဝတ္တတိ၊ ဣတရာ ဒွေပိ တဒနုဂတိကာ၊ တဒါနေန နိကန္တိပရိယာဒါနံ ကတံ ဟောတိ။ သတိ ဟိ သုခသညာယ တဏှာဂါဟောဝ၊ ဒုက္ခာနုပဿနာ စ နိကန္တိယာ ဥဇုပဋိပက္ခာ။

ဧဝံ တိဿန္နံ အနုပဿနာနံ ကိစ္စဝိသေသဝသေန ဒိဋ္ဌိဥဂ္ဃါဋနာဒီနိ ဟောန္တိ။ တေန ဝုတ္တံ ဣတိ အယံ ဝိပဿနာ အတ္တနော အတ္တနော ဌာနေယေဝ တိဋ္ဌတီတိ။ အနုပဿနာနံ ယထာရဟံ သကကိစ္စကရဏဥှိ သကဋ္ဌာနေယေဝ ဌာနံ။ တသ္မာ ဝိသုံ သမ္မသနနယော နတ္ထီတိ န ဝတ္တဗ္ဗန္တိ အဓိပ္ပါယော။ (မဟာဋီ၊၂၊၄၁၆။)

အဝသဝတ္တနဋ္ဌေန အနတ္တာ

၁။ သင်္ခါရတရားတို့သည် အကယ်၍ အတ္တဖြစ်ကုန်ငြားအံ့၊ အတ္တဟူ၍ ပညာဖြင့် ပိုင်းခြားယူခြင်းငှာ သင့်လေကုန်ရာ၏။ သို့သော် သင်္ခါရတရားတို့သည်ကား အနတ္တစင်စစ် ဖြစ်ကုန်၏။ အနတ္တစင်စစ် ဖြစ်ကုန်လျက်လျှင် အတ္တဟူ၍ စွဲယူကြခြင်း ဖြစ်၏။ ထိုသို့ အနတ္တစင်စစ် ဖြစ်ပါလျက် အတ္တဟူ၍ အတ္တဝါဒသမားတို့က စွဲယူအပ်သည်၏ အဖြစ်ကြောင့် ထိုသင်္ခါရတရားတို့သည် -----

က။ မိမိ အလိုသို့ လိုက်ပါစေတတ်သော အတ္တမရှိသည်၏ အဖြစ်တည်းဟူသော သကတ်အနက်ကြောင့် အနတ္တတို့တည်း။

ခ။ ရှေးအဖို့၌ ထင်ရှားမရှိ ယခုမှ ရုတ်ခြည်းဖြစ်၍ ချက်တစ်ဖြုတ် ပျက်တတ်သည် ဖြစ်၍ မရှိသည်၏ အဖြစ်တည်းဟူသော သကတ်အနက်ကြောင့် အနိစ္စတို့တည်း။

ဂ။ ဖြစ်ခြင်းပျက်ခြင်းသည် အဖန်တလဲလဲ ညှဉ်းပန်းနှိပ်စက်အပ်သည်၏ အဖြစ်တည်းဟူသော သကတ် အနက်ကြောင့် ဒုက္ခတို့တည်း။

ဤသို့ အနတ္တ အနိစ္စ ဒုက္ခ လက္ခဏာရေးကို တင်ကာ သင်္ခါရတရားတို့ကို ဝိပဿနာရှုသော ယောဂါဝစရ ပုဂ္ဂိုလ်အား ဒိဋ္ဌိကို ပယ်ခွာခြင်း မည်သည် ဖြစ်ပေါ်လာ၏။ (ဝိသုဒ္ဓိ၊၂၊၂၆၃။)

ဤဝိပဿနာအရာ၌ ဒိဋ္ဌိကို ပယ်ခွာခြင်းမည်သည် အထူးအားဖြင့် အနတ္တာနုပဿနာကြောင့် ဖြစ်ပေါ်လာရ၏။ ထို့ကြောင့် ထိုအနတ္တာနုပဿနာ ရှုပွားပုံ အစီအရင်ကို အကယ်၍ သင်္ခါရတရားတို့သည် အတ္တ ဖြစ်ကုန်ငြားအံ့စသည်ဖြင့် ဖွင့်ဆိုပြီးနောက် တစ်ဖန် သင်္ခါရတရားတို့ကို အနတ္တအားဖြင့် = အနတ္တဟု ဝိပဿနာ ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းသင်္ခါရတရားတို့ကို အနိစ္စဟုလည်းကောင်း, ဒုက္ခဟုလည်းကောင်း လက္ခဏာယာဉ်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ထိုက်သည်သာ ဖြစ်၏ဟု ဆက်လက်ဖွင့်ဆိုထားတော်မူ၏။ အကြောင်းမူ ----- ထိုအနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ်တို့က အနတ္တာနုပဿနာဉာဏ်ကို တိုးပွားစေသောကြောင့် ဖြစ်၏ = အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ် နှစ်ပါးတို့က အနတ္တာနုပဿနာဉာဏ်အား ဒိဋ္ဌိကို ပယ်ခွာနိုင်သည့် စွမ်းအင်များ ပြည့်ဝလာအောင် အားကြီးသော မှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြု ပေးသောကြောင့် အနတ္တာနုပဿနာဉာဏ်သည် စွမ်းအင် တိုးပွားလာသော ပြည့်ဝလာသော အနုပဿနာဉာဏ် ဖြစ်လာ၏၊ ထက်မြက်စူးရှလာ၏။ ထို့ကြောင့် သင်္ခါရတရားတို့ကို အနတ္တဟု လက္ခဏာယာဉ်တင်ကာ ရှုပွား သုံးသပ်ပြီးနောက် အနိစ္စဟုလည်းကောင်း, ဒုက္ခဟုလည်းကောင်း, လက္ခဏာယာဉ်တင်ကာ ရှုပွားသုံးသပ်ရန် ဆက်လက်၍ အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏။ (မဟာဋီ၊၂၊၄၁၅-၄၁၆။)

ဟုတွာ အဘာဝဋ္ဌေန အနိစ္စာ

အဋ္ဌကထာက အနိစ္စလက္ခဏာကို ဖော်ပြရာ၌ --- ဟုတွာ အဘာဝဋ္ဌေန အနိစ္စာ = ဖြစ်ပြီးနောက် မရှိခြင်း သဘောသို့ ရောက်ရှိသွားသော အနက်သဘောကြောင့် သင်္ခါရတရားတို့၏ အနိစ္စဖြစ်ကြောင်းကို ဖွင့်ဆိုသွားတော် မူ၏။ ထိုတွင် ဟုတွာ = ဖြစ်ပြီးနောက် ဟူသော စကားရပ်ဖြင့် သင်္ခါရတရားတို့၏ ဖြစ်ခြင်းဥပါဒ်မှ ေ့ရှအဖို့၌ ထင်ရှားမရှိ၊ ဆိတ်သုဉ်းသည်၏အဖြစ် ရှေးရှိ၍ ဥပါဒ်-ဌီ-ဘင် ဟူသော ခဏသုံးပါးတို့၏ အပေါင်းဖြစ်သော အလယ်၌ ထင်ရှားရှိသည်၏ အဖြစ်ကို ပြသည်။ ထို ဟုတွာ = ဖြစ်ပြီးနောက်ဟူသော စကားရပ်ကို ဖွင့်ဆိုပြီး၍ အဘာဝကို ထပ်မံဆိုပြန်သဖြင့် သင်္ခါရတရားတို့၏ ဥပါဒ်-ဌီ-ဘင်-ဟူသော ခဏသုံးပါးတို့၏ အပေါင်းဖြစ်သော အလယ်၌ ထင်ရှားရှိသည်၏ အဖြစ် ရှေးရှိ၍ ပျက်ခြင်း = ဘင်မှ အထက်ဖြစ်သော နောက်အဖို့၌ ထင်ရှားမရှိ ပျောက်ပျက်သည်၏အဖြစ်ကို ပြသည်။ ဟုတွာ အဘာဝ-ဟူသော စကားနှစ်ရပ်ဖြင့်လည်း သင်္ခါရတရားတို့သည် မဖြစ်ခင်က မရှိခြင်း, ဖြစ်ပြီးနောက် မရှိခြင်းဟူသော မရှိခြင်း နှစ်မျိုးတို့၏ အလယ်၌သာလျှင် ယာယီ အခိုက် အတန့်အားဖြင့်သာ တည်ရှိနိုင်၍ အခါခပ်သိမ်း မတည်ရှိခြင်းသည် အနိစ္စလက္ခဏာဟု ပြသတည်း။ (ပြည်နိဿယ၊၅၊၁၄၈-၌လည်း ကြည့်ပါ။)

၂။ သင်္ခါရတရားတို့သည် အကယ်၍ နိစ္စဖြစ်ကုန်ငြားအံ့၊ နိစ္စဟူ၍ ပညာဖြင့် ပိုင်းခြားယူခြင်းငှာ သင့်လေကုန်ရာ၏။ သို့သော် သင်္ခါရတရားတို့သည် အနိစ္စစင်စစ် ဖြစ်ကုန်လျက်လျှင် ယင်းသင်္ခါရတရားတို့ကို နိစ္စဟူ၍ စွဲယူခြင်း ဖြစ်၏။ ထို့ကြောင့် ထိုသင်္ခါရတရားတို့သည် ရှေးအဖို့၌ ထင်ရှားမရှိ ယခုမှ ရုတ်ခြည်းဖြစ်၍ ချက်တစ်ဖြုတ် ပျက်တတ်သည် ဖြစ်၍ မရှိခြင်းအဘာဝသို့ ရောက်ရှိသွားတတ်သည်၏ အဖြစ်တည်းဟူသော သကတ်အနက်ကြောင့် အနိစ္စတို့တည်း။ ဖြစ်ခြင်း ပျက်ခြင်းသည် အဖန်တလဲလဲ ညှဉ်းပန်းနှိပ်စက်တတ်သည်၏ အဖြစ်တည်း ဟူသော သကတ်အနက်ကြောင့် ဒုက္ခတို့တည်း။ မိမိ အလိုသို့ လိုက်ပါစေတတ်သော အတ္တမရှိသည်၏ အဖြစ်တည်း ဟူသော သကတ်အနက်ကြောင့် အနတ္တတို့တည်း။ ဤသို့လျှင် ဝိပဿနာ ရှုပွားသုံးသပ်လျက်ရှိသော ယောဂါဝစရ ပုဂ္ဂိုလ်၏ သန္တာန်၌ မာနကို ပယ်ခွာခြင်းမည်သည် ဖြစ်ပေါ်လာ၏။ (ဝိသုဒ္ဓိ၊၂၊၂၆၃။)

မာနကို ပယ်ခွာခြင်းမည်သည် အထူးသဖြင့် အနိစ္စာနုပဿနာကြောင့် ဖြစ်ပေါ်လာရ၏။ ခဏတိုင်း ခဏတိုင်း၌ ခဏမစဲ တသဲသဲ ပြိုပြို ပျက်ပျက်နေသော သင်္ခါရတရားတို့ကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်လျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ ငါ-ငါ ဟု ထောင်လွှားတက်ကြွတတ်သော မာန်မာနတရား၏ ထောက်ရာတည်ရာ ဖြစ်နိုင်ရာသော အခွင့်အလမ်းသည် အတည်မှာလျှင် ရှိနိုင်ပါတော့အံ့နည်း။ (သုံးဆယ့်တစ်ဘုံအတွင်း၌လည်း သင်္ခါရတရား အစုအပုံတို့သာ ရှိကြ၏။ သင်္ခါရတရားတို့မှ လွဲ၍ ငါ-ဟူသည်, သူ-ဟူသည် မရှိဖြစ်ခဲ့၏။ သင်္ခါရ တရားတို့သည်လည်း ခဏတိုင်း ခဏတိုင်း၌ ခဏမစဲ တသဲသဲ ပြိုပြို ပျက်ပျက်နေသော သဘာဝဓမ္မတို့သာ ဖြစ်ကြ၏။ ထိုသင်္ခါရတရားတို့၌ ဤသင်္ခါရတရားက ငါပဲ, ဤသင်္ခါရတရားက သူပဲစသည်ဖြင့် စွဲယူလောက်သည့် ပြောပြလောက်သည့် အချိန်ကာလသည်လည်း မရှိ ဖြစ်ခဲ့၏။ ထို့ကြောင့် ငါ-ငါစသည်ဖြင့် ထောင်လွှားတက်ကြွတတ်သော မာန်မာနတရားသည် သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာကို ဝိပဿနာဉာဏ်ပညာမျက်စိဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထောက်ရာတည်ရာကို မရရှိနိုင်ပေဟူလိုသည်။) ဘုရားရှင်ကိုယ်တော်တိုင်က မေဃိယသုတ္တန် (ဥဒါန၊၁၂၀)တွင် -----

အနိစ္စသညာ ဘာဝေတဗ္ဗာ အသ္မိမာနသမုဂ္ဃါဋာယ။

= ငါ-ငါဟု ထောင်လွှား တက်ကြွတတ်သော မာနတရားကို ပယ်နှုတ်ရန် အလို့ငှာ အနိစ္စသညာကို ပွားများ အားထုတ်ပါဟု ဟောကြားထားတော်မူခဲ့၏။ (မဟာဋီ၊၂၊၄၁၆။)

ဥပ္ပါဒဝယပဋိပီဠနဋ္ဌေန ဒုက္ခာ

၃။ သင်္ခါရတရားတို့သည် အကယ်၍ သုခဖြစ်ကုန်ငြားအံ့၊ သုခဟူ၍ ပညာဖြင့် ပိုင်းခြားယူခြင်းငှာ သင့်လေကုန်ရာ၏။ သို့သော် သင်္ခါရတရားတို့သည် ဒုက္ခစင်စစ် ဖြစ်ကုန်လျက်လျှင် ယင်းသင်္ခါရတရားတို့ကို သုခဟူ၍ စွဲယူခြင်းဖြစ်၏။ (ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံနေရသည့် ဒုက္ခတရား စင်စစ်ဖြစ်ပါကုန်လျက်လျှင် ယင်းသင်္ခါရတရားတို့ကို သုခဟူ၍ စွဲယူခြင်း ဖြစ်၏ ဟူလို။) ထို့ကြောင့် ထိုသင်္ခါရ တရားတို့သည် ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံရတတ်သော အနက် သဘောကြောင့် ဒုက္ခတို့တည်း။ ရှေးက မရှိ ယခုမှ ရုတ်ခြည်း ချက်တစ်ဖြုတ် ဖြစ်ပေါ်လာ၍ ဖြစ်ပေါ်ပြီးနောက် မရှိခြင်း = အဘာဝသဘောသို့သာ ဆိုက်ရောက်သွားတတ်သော အနက်သဘောကြောင့် အနိစ္စတို့တည်း။ မိမိအလိုသို့ လိုက်ပါစေတတ်သော အတ္တ မရှိသည်၏ အဖြစ်တည်းဟူသော သကတ်အနက်ကြောင့် အနတ္တတို့ တည်း။ ဤသို့ ဝိပဿနာဉာဏ်ပညာဖြင့် ရှုမြင်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ တဏှာ = နိကန္တိတရား၏ ရေကဲ့သို့ ခန်းလျက် ကုန်ပျက်ခြင်းမည်သည် ဖြစ်ပေါ်၍လာပေ၏။ (ဝိသုဒ္ဓိ၊၂၊၂၆၄။)

တဏှာ = နိကန္တိတရား၏ ရေကဲ့သို့ ခန်းလျက် ကုန်ပျက်ခြင်းမည်သည် အထူးသဖြင့် ဒုက္ခာနုပဿနာကြောင့် ဖြစ်ပေါ်လာရ၏။ မှန်ပေသည် ---- ပင်ကိုရင်း သဘာဝအားဖြင့်လည်းကောင်း, ဒုက္ခ၏တည်ရာ အကြောင်း တရားအားဖြင့်လည်းကောင်း ဒုက္ခစင်စစ် အဖြစ်ကြီး ဖြစ်ကုန်သော သင်္ခါရတရားတို့ကို ယင်းသင်္ခါရတရားတို့၏ ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံနေရသည့် အခြင်းအရာကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ဒုက္ခလက္ခဏာယာဉ်ကို တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်လျက်ရှိသော ယောဂါဝစရ ပုဂ္ဂိုလ်၏ သန္တာန်၌ ထိုသင်္ခါရတရားတို့အပေါ်၌ အနည်းငယ်မျှသော်လည်း မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ခြင်း မည်သည် မဖြစ်တော့သည်သာတည်း။ မှန်ပေသည် ----- သင်္ခါရတရားတို့ကို သာယာဖွယ် အဿာဒ သဘော တရားဟု ရှုမြင်နေသော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ထိုသင်္ခါရတရားတို့အပေါ်၌ နှစ်သက်မြတ်နိုးခြင်း၊ တွယ်တာမက်မောခြင်း တဏှာတရားသည် ထင်ရှားဖြစ်ပေါ်လာလေရာ၏ = ထင်ရှားဖြစ်ပေါ်နိုင်လေရာ၏။ (မဟာဋီ၊၂၊၄၁၆။)

ဤအနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ်အရာတို့၌လည်း အနတ္တာနုပဿနာဉာဏ်အရာ၌ ဖွင့်ဆိုရေးသားတင်ပြခဲ့သည့်အတိုင်း နည်းတူ မှတ်သားရန် မဟာဋီကာဆရာတော်က (မဟာဋီ၊၂၊၄၁၆)၌ မိန့်မှာ ထားတော်မူပေသည်။ ထိုမိန့်မှာတော်မူချက်နှင့် အညီ ဉာဏ်နုသူများအတွက် ထပ်မံ၍ အနည်းငယ် ရှင်းလင်း တင်ပြအပ်ပါသည်။ -----

အနိစ္စာနုပဿနာဉာဏ်သည် မာနစွဲကို ပယ်ခွာနိုင်သည်မှာ ဖြိုခွဲဖျက်ဆီးနိုင်သည်မှာ မှန်၏။ သို့သော် ယင်းအနိစ္စာနုပဿနာဉာဏ်သည် ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ် နှစ်ပါးတို့က အားကြီးသော မှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးပါမှ ထက်မြက်လာ၏၊ စူးရှလာ၏၊ ရဲရင့်လာ၏၊ တိုးပွားလာ၏၊ စွမ်းအင် ပြည့်ဝလာ၏။ ထိုကဲ့သို့ ထက်မြက် စူးရှ ရဲရင့်လာသော, တိုးပွားလာသော, စွမ်းအင်ပြည့်ဝလာသော, ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ် နှစ်ပါးတို့၏ အားကြီးသော မှီရာ ဥပနိဿယသတ္တိထူးကြီးဖြင့် ကျေးဇူး ပြုပေးမှု အရှိန်အဝါထူးကြီးကို ဆက်ခံရသော အနိစ္စာနုပဿနာဉာဏ်ကသာလျှင် မာနစွဲကို ဖြိုခွဲဖျက်ဆီးနိုင်သောကြောင့် သင်္ခါရတရားတို့ကို အနိစ္စလက္ခဏာယာဉ်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ပြီးသော်လည်း ဒုက္ခလက္ခဏာ နှင့် အနတ္တလက္ခဏာကိုပါ တင်၍ ဆက်လက်ကာ ဝိပဿနာ ရှုပွားသုံးသပ်ရန် (ဝိသုဒ္ဓိ၊၂၊၂၆၄။)၌ အဋ္ဌကထာ ဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်ပေသည်။

အလားတူပင် ဒုက္ခာနုပဿနာဉာဏ်သည် တဏှာ = နိကန္တိကို ကုန်ခန်းစေနိုင်သည်ကား မှန်၏။ သို့သော် ယင်းဒုက္ခာနုပဿနာဉာဏ်အား အနိစ္စာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ် နှစ်ပါးတို့က တဏှာ = နိကန္တိကို ကုန်ခန်းစေနိုင်သည့် စွမ်းအင်များ ပြည့်ဝလာအောင် ပင်ကို ပကတိအားဖြင့် အားကြီးသော မှီရာ ဥပနိဿယ သတ္တိဖြင့် ကျေးဇူးပြုပေးသောကြောင့် ယင်းဒုက္ခာနုပဿနာဉာဏ်သည် စွမ်းအင်တိုးပွားလာသော ပြည့်ဝလာသော အနုပဿနာဉာဏ်တစ်ခု ဖြစ်လာ၏၊ ထက်မြက်စူးရှလာ၏၊ ရဲရင့်လာ၏။ ထို့ကြောင့် သင်္ခါရတရားတို့ကို ဒုက္ခ လက္ခဏာယာဉ်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ပြီးနောက်လည်း ယင်းသင်္ခါရတရားတို့ကို အနိစ္စဟုလည်းကောင်း, အနတ္တဟုလည်းကောင်း လက္ခဏာယာဉ်တင်ကာ ဝိပဿနာရှုပွားသုံးသပ်ရန် အဋ္ဌကထာဆရာတော်က (ဝိသုဒ္ဓိ၊ ၂၊၂၆၄။)၌ ဆက်လက်၍ ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏။

လိုရင်းအကျဉ်းချုပ် မှတ်သားရန်

ဤအရာ၌ ဤဆိုလတ္တံ့သော စကားကား အကျဉ်းချုပ်ဆိုလိုရင်း အနက်သဘောတရားတည်း။ အထက်ပါ အရူပသတ္တက ရှုနည်းဝယ် ပဋိပါဋိ = အစဉ်အားဖြင့် ရှုနည်း ဟူသော ဝိပဿနာရှုနည်းကို ရေးသားတင်ပြခဲ့၏။ ဤသို့ ရေးသားဖွင့်ဆိုခဲ့သည့်အတိုင်း ပဋိပါဋိနည်းအားဖြင့် သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်ကို တင်ကာ ဝိပဿနာရှုပွားသုံးသပ်ခြင်း သမ္မသနလုပ်ငန်းရပ်ကို အလေ့အကျက် များပြားသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ အကြင်အခါဝယ် အနတ္တာနုပဿနာဉာဏ်သည် ထက်မြက်လာ၏၊ ရဲရင့်လာ၏၊ သန့်သန့်ရှင်းရှင်း ဖြစ်ပေါ်လာ၏။ ထိုအခါဝယ် အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ် နှစ်မျိုးတို့သည်လည်း ထိုအနတ္တာနုပဿနာဉာဏ်၏ နောက်သို့ အစဉ်တစိုက် လိုက်ပါကြရ၏။ ထိုအခါ၌ အနတ္တာနုပဿနာဉာဏ်က ဒိဋ္ဌိကို ပယ်ခွာခြင်း လုပ်ငန်းရပ်ကို ပြုလုပ်ပြီး ဖြစ်တော့၏။ မှန်ပေသည် - မိစ္ဆာဒိဋ္ဌိမှန်သမျှတို့သည် အတ္တဝါဒ အတ္တဒိဋ္ဌိလျှင် အခြေခံအကြောင်းရင်း ဇာစ်မြစ် ရှိကြကုန်၏။ အနတ္တာနုပဿနာဉာဏ်သည်လည်း အတ္တဒိဋ္ဌိနှင့် ဖြောင့်ဖြောင့်ထိပ်တိုက် ဆန့်ကျင်ဘက် အနုပဿနာဖြစ်၏။ ထိုကြောင့် အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ်နှစ်ပါးတို့က အားကြီးသောမှီရာ ဥပနိဿယသတ္တိထူးကြီးဖြင့် ကျေးဇူးပြုပေးလိုက်သည့် အရှိန်အဝါသတ္တိထူးကြီးကို ဆက်ခံရသော စွမ်းအင်သတ္တိ ပြည့်ဝစုံညီလာသော, ထက်မြက်စူးရှ ရဲရင့်သန့်ရှင်းလာသော အနတ္တာနုပဿနာဉာဏ်သည် အတ္တဒိဋ္ဌိကို ဖြိုခွဲနိုင်ခြင်း ဖြစ်ပေသည်။ (မဟာဋီ၊၂၊၄၁၆။)

အကြင်အခါ၌ကား အနိစ္စာနုပဿနာဉာဏ်သည် ထက်မြက်စူးရှလာ၏၊ ရဲရင့်လာ၏၊ သန့်သန့်ရှင်းရှင်း ဖြစ်ပေါ်လာ၏၊ ထိုအခါ၌ ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ် နှစ်မျိုးတို့သည်လည်း ထိုအနိစ္စာနုပဿနာဉာဏ်၏ နောက်သို့ အစဉ်တစိုက် လိုက်ပါကြရကုန်၏။ ထိုအခါဝယ် အနိစ္စာနုပဿနာဉာဏ်က မာနကို ပယ်ခွာခြင်း လုပ်ငန်းရပ်ကို ပြုပြီး ဖြစ်တော့၏။ မှန်ပေသည် ---- သင်္ခါရတရားတို့ကို နိစ္စဟု စွဲယူခြင်းသည် ထင်ရှားရှိလတ်သော် ဣဒံ နိစ္စံ ဣဒံ ဓုဝံ = ဤဌာနသည် မြဲသည့် နိစ္စတည်း၊ ခိုင်ခံ့သည့် ဓုဝတည်း (မ၊၁၊ ၄၀၁။) ---- ဤသို့ စသည်ဖြင့် ဗကဗြဟ္မာ၏ သန္တာန်၌ကဲ့သို့ မာန်မာနတရား ထောင်လွှားတက်ကြွခြင်းသည် ဖြစ်ပေါ်လာတတ်၏။ အနိစ္စာနုပဿနာသည်လည်း သင်္ခါရတရားကို နိစ္စဟု စွဲယူတတ်သော နိစ္စဂါဟ၏ ဖြောင့်ဖြောင့် ထိပ်တိုက် ဆန့်ကျင်ဘက် အနုပဿနာဖြစ်၏။ ထို့ကြောင့် ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ် နှစ်ပါးတို့က အားကြီးသော မှီရာ ဥပနိဿယသတ္တိထူးကြီးဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါ သတ္တိထူးကြီးကို ဆက်ခံရသော စွမ်းအင်သတ္တိ ပြည့်ဝစုံညီလာသော, ထက်မြက်စူးရှ ရဲရင့်သန့်ရှင်းလာသော အနိစ္စာနုပဿနာဉာဏ်သည် မာနစွဲကို ဖြိုခွဲဖျက်ဆီးနိုင်ခြင်း ဖြစ်ပေသည်။ (မဟာဋီ၊၂၊၄၁၆။)

အကြင်အခါ၌ကား ဒုက္ခာနုပဿနာဉာဏ်သည် ထက်မြက်စူးရှလာ၏၊ ရဲရင့်လာ၏၊ သန့်သန့်ရှင်းရှင်း ဖြစ်ပေါ်လာ၏။ ထိုအခါ၌ကား အနိစ္စာနုပဿနာဉာဏ်, အနတ္တာနုပဿနာဉာဏ် နှစ်မျိုးတို့သည်လည်း ထို ဒုက္ခာနုပဿနာဉာဏ်၏ နောက်သို့ အစဉ်တစိုက် လိုက်ပါကြရကုန်၏။ ထိုအခါဝယ် ဒုက္ခာနုပဿနာဉာဏ်က တဏှာ = နိကန္တိတရားကို ကုန်ခန်းစေခြင်းကို ပြုပြီးဖြစ်တော့၏။ မှန်ပေသည် -- သင်္ခါရတရားတို့၏ အပေါ်၌ သုခဟုထင်သော အမှတ်သညာသည် ထင်ရှားရှိလတ်သော် ယင်းသင်္ခါရတရားတို့ကို ငါ့ဟာဟု တဏှာဖြင့် စွဲယူခြင်း တဏှာဂါဟတရားသည် ထင်ရှားဖြစ်ပေါ်လာ၏။ ဒုက္ခာနုပဿနာသည်လည်း တဏှာ = နိကန္တိတရား၏ ဖြောင့်ဖြောင့် ထိပ်တိုက် ဆန့်ကျင်ဘက် အနုပဿနာတစ်မျိုးဖြစ်၏။ ထို့ကြောင့် အနိစ္စာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ် နှစ်မျိုးတို့က အားကြီးသော မှီရာ ဥပနိဿယသတ္တိထူးကြီးဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါ သတ္တိထူးကြီးကို ဆက်ခံရသော, စွမ်းအင်သတ္တိ ပြည့်ဝစုံညီလာသော, ထက်မြက်စူးရှ ရဲရင့်သန့်ရှင်းလာသော ဒုက္ခာနုပဿနာဉာဏ်သည် တဏှာ = နိကန္တိတရားကို ကုန်ခန်း ပျက်စီးစေနိုင်ခြင်း ဖြစ်ပေသည်။ (မဟာဋီ၊၂၊၄၁၆။)

ဤသို့လျှင် သင်္ခါရတရားတို့ကို အနတ္တဟု ဝိပဿနာဉာဏ်ဖြင့် ရှုမြင်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဒိဋ္ဌိကို ပယ်ခွာခြင်းမည်သည် ဖြစ်ပေါ်လာ၏။ အနိစ္စဟု ဝိပဿနာဉာဏ်ဖြင့် ရှုမြင်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ မာနကို ပယ်ခွာခြင်းမည်သည် ဖြစ်ပေါ်လာ၏။ ဒုက္ခဟု ဝိပဿနာဉာဏ်ဖြင့် ရှုမြင်သော ယောဂါဝစရ ပုဂ္ဂိုလ်၏ သန္တာန်၌ တဏှာ = နိကန္တိကို ကုန်ခန်းစေခြင်းမည်သည် ဖြစ်ပေါ်လာ၏။ ဤသို့လျှင် ဤဝိပဿနာသည် မိမိ မိမိ၏ အရာဌာန၌သာလျှင် ရပ်တည်၍ နေပေ၏ဟူသော ဤနည်းဥပဒေသကို ညွှန်ပြအပ်ပေသည်။ (ဝိသုဒ္ဓိ၊၂၊၂၆၄။)

ထို့ကြောင့် အသင်သူတော်ကောင်းသည် သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်လုံး တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ပါမှ တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲဟူသော အစွဲသုံးမျိုးလုံး ပြုတ်နိုင်မည်ဟူသော ဓမ္မူပဒေသ ရှေးဟောင်း ကျင့်စဉ်ထုံး တစ်ရပ်ကို ရိုသေစွာ နာယူမှတ်သားလေရာသည်။ ယင်း ဓမ္မူပဒေသအရ သင်္ခါရတရားတို့ကို အနတ္တဟု ရှုရုံသက်သက်မျှဖြင့်လည်း ယင်းအနတ္တာနုပဿနာဉာဏ်က ဒိဋ္ဌိကို တဒင်္ဂအားဖြင့် မခွာနိုင် မပယ်နိုင်။ အနိစ္စဟု ရှုရုံသက်သက်မျှဖြင့်လည်း ယင်းအနိစ္စာနုပဿနာဉာဏ်က မာနစွဲကို တဒင်္ဂအားဖြင့် မခွာနိုင် မပယ်နိုင်။ ဒုက္ခဟု ရှုရုံသက်သက်မျှဖြင့်လည်း ယင်းဒုက္ခာနုပဿနာဉာဏ်က သိမ်မွေ့သော နိကန္တိတဏှာကို မကုန်စေနိုင်၊ တဒင်္ဂ အားဖြင့် မပယ်နိုင်။ အနုပဿနာဉာဏ်တစ်ခုကို ကျန်အနုပဿနာဉာဏ်နှစ်ခုတို့က အားကြီးသော မှီရာ ဥပနိဿယ သတ္တိဖြင့် အားပေးထောက်ပံ့မှသာလျှင် ဆိုင်ရာဆိုင်ရာ အနုပဿနာဉာဏ်က ဆိုင်ရာဆိုင်ရာ ကိလေသာတို့ကို တဒင်္ဂအားဖြင့် ခွာနိုင် ပယ်နိုင်သည်ဟု သိရှိလေရာသည်။

ပဂုဏ ဖြစ်လေပြီ

ဧတ္တာဝတာ ပနဿ ရူပကမ္မဋ္ဌာနမ္ပိ အရူပကမ္မဋ္ဌာနမ္ပိ ပဂုဏံ ဟောတိ။ (ဝိသုဒ္ဓိ၊၂၊၂၆၄။)

ဤသို့ ရေးသားတင်ပြခဲ့သည့်အတိုင်း ရူပသတ္တကရှုနည်း အရူပသတ္တကရှုနည်းတို့ကို အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနတို့၌ အဝါးဝစွာ နိုင်နိုင်နင်းနင်း ဝိပဿနာ ရှုပွားသုံးသပ်နိုင်ခဲ့သော် ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးလုံး သည်လည်း အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့လာအပ်ပြီးသာ ဖြစ်တော့၏၊ ပဂုဏဖြစ်လေပြီ။ (ဝိသုဒ္ဓိ၊၂၊၂၆၄။)

မဟာဝိပဿနာ (၁၈) မျိုး (ဝိသုဒ္ဓိ၊၂၊၂၆၄။)

ဤ လက်လည်စွာလှ အဝါးဝအောင် လေ့လာအပ်ပြီးသော ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်းရှိသော ထိုယောဂါဝစရပုဂ္ဂိုလ်သည် အထက်ဘင်္ဂါနုပဿနာမှစ၍ ပဟာနပရိညာ၏ အစွမ်းဖြင့် ဤသမ္မသနဉာဏ်ပိုင်း၌ကဲ့သို့ တစ်စိတ်တစ်ဒေသအားဖြင့်သာ မဟုတ်ဘဲ သရုပ်အားဖြင့်လည်းကောင်း, ကိစ္စအားဖြင့်လည်းကောင်း, အလုံးစုံသော အခြင်းအရာအားဖြင့် ဆိုအပ်လတ္တံ့ကုန်သော အကြင်မဟာဝိပဿနာ (၁၈)မျိုးတို့သည် ရှိကုန်၏။ ထို မဟာ ဝိပဿနာ (၁၈)မျိုးတို့၏ ဤတီရဏပရိညာစခန်းဖြစ်သည့် သမ္မသနဉာဏ်ပိုင်း၌ပင်လျှင် ေ့ရှဦးစွာ တစ်စိတ် တစ်ဒေသကို ထိုးထွင်းလျက်သိသည်ဖြစ်၍ ထိုအနုပဿနာဉာဏ် အသီးအသီးက ဤအရာ၌ ဖြစ်သင့် ဖြစ်ထိုက် ကုန်သော ထိုထိုအနုပဿနာ၏ ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်ကုန်သော နိစ္စဟု အမှတ်မှားခြင်း နိစ္စသညာ စသည်တို့ကို ပယ်စွန့်လေ၏။ ပယ်ခွာလေ၏။

အနိစ္စာနုပဿနာ အစရှိကုန်သော ဝိပဿနာပညာတို့သည် (၁၈)မျိုးကုန်သော မဟာဝိပဿနာတို့ မည်ကုန်၏။ ယင်း မဟာဝိပဿနာ (၁၈)မျိုးတို့တွင် သင်္ခါရတရားတို့အပေါ်၌ -----

၁။ အနိစ္စာနုပဿနာကို ပွားစေသော ယောဂီသည် နိစ္စဟု အမှတ်မှားသော နိစ္စသညာကို ပယ်ခွာ၏။

၂။ ဒုက္ခာနုပဿနာကို ပွားစေသော ယောဂီသည် သုခဟု အမှတ်မှားသော သုခသညာကို ပယ်ခွာ၏။

၃။ အနတ္တာနုပဿနာကို ပွားစေသော ယောဂီသည် အတ္တဟု အမှတ်မှားသော အတ္တသညာကို ပယ်ခွာ၏။

၄။ အနိစ္စာနုပဿနာ စသည်တို့ကြောင့် ကောင်းစွာ ဖြစ်ပေါ်၍လာသော သင်္ခါရတရားတို့ကို ငြီးငွေ့သော အခြင်းအရာအားဖြင့် အဖန်တလဲလဲ ရှုသော နိဗ္ဗိဒါနုပဿနာကို ပွားစေသော ယောဂီသည် သင်္ခါရတရားတို့၌ နှစ်သက်မြတ်နိုးခြင်း နန္ဒီတရားကို ပယ်ခွာ၏။

၅။ သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တဖြစ်၍ အနိဋ္ဌအသုဘအခြင်းအရာကို သိမြင်သော ဝိပဿနာဉာဏ် ေ့ရှသွားရှိ၍ ယင်းသင်္ခါရတရားတို့ကို ရွံရှာစက်ဆုပ်ဖွယ် အခြင်းအရာအားဖြင့် အဖန်တလဲလဲ ရှုသော ဝိရာဂါနုပဿနာကို ပွားစေသော ယောဂီသည် သင်္ခါရတရားတို့၌ တပ်မက်သော ရာဂကို ပယ်ခွာ၏။ (သင်္ခါရတရားတို့၏ ပျက်ခြင်းဘင်ကား ရွံရှာစက်ဆုပ်ဖွယ် ဝိရာဂသဘောတရား ဖြစ်၏။ ယင်းဝိရာဂ သဘောကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာယာဉ်သုံးတန် တစ်လှည့်စီ တင်ကာ ရှုပွား သုံးသပ်သော ဝိပဿနာကို ဝိရာဂါနုပဿနာဟု ခေါ်သည်။ တစ်နည်း --- သင်္ခါရတို့၏ ပျက်ခြင်းဘင်ကို အာရုံယူ၍ လက္ခဏာယာဉ်သုံးချက်ကို တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ခိုက် ရာဂသည် တဒင်္ဂအားဖြင့် ချုပ်ငြိမ်းသွား၏။ ထို့ကြောင့် ယင်းအနုပဿနာကို ဝိရာဂါနုပဿနာဟု ဆိုသည်။ ရာဂ၏ စင်စစ်ချုပ်ရာ နိဗ္ဗာန်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော အရိယမဂ်ဉာဏ်ကိုလည်း ဝိရာဂါနုပဿနာဟုဆိုသည်။ ဝိသုဒ္ဓိ၊ ၁၊၂၈၂။)

၆။ သင်္ခါရတရားတို့၏ ခဏမစဲ တသဲသဲ ချုပ်ပျက်ခြင်း ခဏဘင်ကို အာရုံယူ၍ လက္ခဏာယာဉ်ကို တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ခြင်းတည်းဟူသော နိရောဓာနုပဿနာကို ပွားစေသော ယောဂီသည် သင်္ခါရ တရားတို့၏ အကြောင်းရင်း သမုဒယကို ပယ်ခွာ၏။ (သင်္ခါရတရားတို့၏ ခဏမစဲ တသဲသဲ ချုပ်ပျက်ခြင်း ခဏဘင်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော အနုပဿနာကိုလည်း နိရောဓာနုပဿနာဟု ဆိုသည်။ ကိလေသာတို့ကို တဒင်္ဂအားဖြင့် ချုပ်ငြိမ်းစေသော အနုပဿနာတည်း။ ရာဂ၏ စင်စစ်ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော အရိယမဂ်ဉာဏ်ကိုလည်း နိရောဓာနုပဿနာဟုပင် ဆိုသည်။ - ဝိသုဒ္ဓိ၊ ၁၊၂၈၂။)

၇။ သင်္ခါရတရားတို့ကို တစ်ဖန် မစွဲယူ မစွဲလမ်းမူ၍ စွန့်လွှတ်ကြောင်းဖြစ်သော ပဋိနိဿဂ္ဂါနုပဿနာကို ပွားစေသော ယောဂီသည် တစ်ဖန် ဘဝသစ် အခြင်းအရာအားဖြင့် သင်္ခါရတရားတို့ကို စွဲယူခြင်း, နိစ္စ စသည်တို့၏ အခြင်းအရာအားဖြင့် စွဲလမ်းခြင်းတို့ကို ပယ်ခွာ၏။ (သင်္ခါရတရားတို့၏ ပျက်ခြင်းဘင်ကို အာရုံယူ၍ လက္ခဏာယာဉ်ကို တင်ကာ ရှုပွားသုံးသပ်တတ်သော ဝိပဿနာသည် တဒင်္ဂ၏ အစွမ်းဖြင့် ခန္ဓာငါးပါး, ဘဝသစ်ကို ပြုပြင်တတ်သော အဘိသင်္ခါရတရားတို့နှင့် အတူတကွ ကိလေသာတို့ကို ပယ်စွန့်တတ်သောကြောင့် ပရိစ္စာဂပဋိနိဿဂ္ဂလည်း မည်၏၊ သင်္ခတတရားတို့၏ ခဏမစဲ တသဲသဲ ချုပ်ပျက်ခြင်း တည်းဟူသော သင်္ခတအပြစ်ကို ရှုမြင်သဖြင့် ထိုသင်္ခတတရားနှင့် ထိပ်တိုက် ဆန့်ကျင်ဘက် ပြောင်းပြန် ဖြစ်သော အသင်္ခတ နိဗ္ဗာန်တရားတော်မြတ်၌ ညွတ်ကိုင်းရှိုင်းသောအားဖြင့် ပြေးဝင်သောကြောင့် ပက္ခန္ဒန ပဋိနိဿဂ္ဂလည်းမည်၏။ အရိယမဂ်ဉာဏ်သည် အကြွင်းမဲ့ ပယ်သတ်တတ်သော သမုစ္ဆေဒ၏ အစွမ်းဖြင့် ခန္ဓအဘိသင်္ခါရတရားတို့နှင့်တကွ ကိလေသာတို့ကို ပယ်စွန့်တတ်သောကြောင့် ပရိစ္စာဂပဋိနိဿဂ္ဂလည်း မည်၏၊ အာရုံမျက်မှောက်ပြုသည်၏ အစွမ်းဖြင့် အသင်္ခတ အငြိမ်းဓာတ် နိဗ္ဗာန်၌ ပြေးဝင်သောကြောင့် ပက္ခန္ဒနပဋိနိဿဂ္ဂလည်း မည်၏။ ဝိသုဒ္ဓိ၊၁၊၂၈၂။ ယင်းပဋိနိဿဂ္ဂနှင့် ပြည့်စုံသော ဝိပဿနာဉာဏ်သည် ပဋိနိဿဂ္ဂါနုပဿနာမည်၏။)

၈။ သင်္ခါရတရားတို့၏ ခဏတိုင်း ခဏတိုင်း၌ ပျက်မှု ခဏဘင်ကို အာရုံယူ၍ လက္ခဏာယာဉ်တင်ကာ အဖန် တလဲလဲ ရှုသော ခယာနုပဿနာကို ဖြစ်စေသော ယောဂီသည် ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲတည်းဟူသော အတုံးအခဲပေါ်၌ အမှတ်မှားတတ်သော ဃနသညာကို ပယ်ခွာ၏။ (သင်္ခါရတရားတို့၏ သန္တတိဃန သမူဟဃန ကိစ္စဃန အာရမ္မဏဃနတည်းဟူသော ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲတို့ကို အကြင်ဝိပဿနာ ပညာဖြင့် ခွဲခြားဝေဖန် စိတ်ဖြာခြင်း ဖြိုခွဲဖျက်ဆီးခြင်းကို ပြု၍ ပရမတ်အစစ် ဓာတ်အနှစ်ဖြစ်သော ယင်းသင်္ခါရတရားတို့ကို --- အနိစ္စံ ခယဋ္ဌေန = ကုန်တတ် ပျက်တတ်သော အနက်သဘောကြောင့် အနိစ္စဟု ရှု၏။ ထိုဝိပဿနာပညာသည် ခယာနုပဿနာ မည်၏။ သင်္ခါရတရားတို့၏ ခဏဘင်ကို အဖန်တလဲလဲ ရှုသည်မှ စ၍ ထိုခယာနုပဿနာ၏ ထက်ဝန်းကျင် ပြည့်စုံခြင်းသည် ဖြစ်လေရကား ဃနသညာ၏ ကွာခြင်းသည် ဖြစ်၏။ ထိုဘင်္ဂါနုပဿနာ = ခယာနုပဿနာမှ ရှေးအဖို့၌ကား ခယာနုပဿနာ၏ ထက်ဝန်းကျင် မပြည့်စုံသေးသည်၏ အဖြစ်ကြောင့် ဃနသညာ၏ ကွာခြင်းသည် မဖြစ်သေး။ ဃနသညာဟူသည် သန္တတိဃန သမူဟဃန ကိစ္စဃန အာရမ္မဏဃနတို့၏ အစွမ်းဖြင့် သင်္ခါရတရားတို့ကို တစ်ခုတည်းအဖြစ် စွဲယူခြင်း အမှတ်မှားခြင်းတည်း။)

၉။ သင်္ခါရတရားတို့၏ ပျက်ခြင်း ချုပ်ခြင်းကို အဖန်တလဲလဲ ရှုသော ဝယာနုပဿနာကို ဖြစ်စေသော ယောဂီသည် အာယူဟနအမည်ရသော ကုသိုလ်သင်္ခါရ အကုသိုလ်သင်္ခါရတို့ကို ပေါင်းစုရုံးစည်းခြင်းကို ပြုတတ်သော တဏှာကို ပယ်ခွာ၏။ (ပစ္စက္ခအားဖြင့်လည်းကောင်း အနုမာန-ဆ၍ သိသော အနွယအားဖြင့် လည်းကောင်း သင်္ခါရတရားတို့၏ ဘင်ကို ရှု၍ ထိုဘင်ဟု ဆိုအပ်သော ချုပ်ခြင်း၌သာလျှင် နှလုံးသွင်းသည်၏အဖြစ် နှလုံးညွတ်သည်၏ အဖြစ်သည် ဝယာနုပဿနာ မည်၏။ သင်္ခါရတရားတို့၏ ထိုပျက်ခြင်း ချုပ်ခြင်းကို ရှုသော ဝယာနုပဿနာဖြင့် ပုညာဘိသင်္ခါရ အပုညာဘိသင်္ခါရ အာနေဉ္ဇာဘိသင်္ခါရတည်း ဟူသော သင်္ခါရတို့ကို ဆည်းပူးရုံးစုပေါင်းစည်းခြင်းကို ပြုသော တဏှာကို စွန့်ခွာနိုင်သတည်း။ အကြင် မပြတ် ဆက်ကာ ဆက်ကာ ဖြစ်သော ဝဋ်တရားအကျိုးငှာ အကြင်တဏှာဖြင့် ကုသိုလ်သင်္ခါရ အကုသိုလ် သင်္ခါရတို့ကို ဆည်းပူးရုံးစု ပေါင်းစည်းခြင်းကို ပြု၏ = ပြုစုပျိုးထောင်၏။ ထိုဝဋ်တရား၌ တဏှာဖြင့် ထိုယောဂီ၏ စိတ်သည်ကား မညွတ်ပြီ၊ ထို့ကြောင့် ဝယာနုပဿနာကို ဖြစ်စေသောယောဂီသည် အာယူဟနကို ပယ်ခွာ၏ဟု မိန့်ဆိုခြင်း ဖြစ်သည်။ မဟာဋီ၊၂၊၄၁၇။)

၁၀။ သင်္ခါရတရားတို့၏ ဇရာ-မရဏ (= ဌီကာလ-ဘင်ကာလ) ဟူသော နှစ်ပါးသော အဖို့အစုတို့ဖြင့် ဖောက်ပြန် ပျက်စီးခြင်း ဝိပရိဏာမသဘောကို အဖန်တလဲလဲ ရှုသော ဝိပရိဏာမာနုပဿနာကို ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်သည် သင်္ခါရတရားတို့၌ မြဲမြံသည်၏ အဖြစ်ကို မှတ်တတ်သော ဓုဝသညာကို ပယ်ခွာ၏။

၁၁။ အနိမိတ္တာနုပဿနာ အမည်ရသော အနိစ္စာနုပဿနာကို ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်သည် သန္တတိ ဃန သမူဟဃန မပြိုသဖြင့် ရုပ်သန္တတိ နာမ်သန္တတိ ရုပ်ကလာပ် နာမ်ကလာပ်တို့ကို ပရမတ္ထဓာတ်သား တစ်ခုတည်း တစ်လုံးတစ်ခဲတည်း၏ အဖြစ်ကို မှတ်သားတတ်သော သညာဖြင့် စွဲယူအပ်သော လုံးလုံး လျောင်းလျောင်း အထည်ကိုယ်ရှိသကဲ့သို့ ကပ်၍ ထင်ခြင်းဟူသော နိမိတ်ကို ပယ်ခွာ၏။

၁၂။ အပ္ပဏိဟိတာနုပဿနာ အမည်ရသော တောင့်တတပ်မက် နှစ်သက်ဖွယ် မရှိဟု အသိဉာဏ်ဖြစ်ကြောင်း ဖြစ်သော ဒုက္ခာနုပဿနာကို ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်သည် သုခကို တောင့်တတတ်သော တဏှာ ဟူသော ပဏိဓိကို ပယ်ခွာ၏။

၁၃။ သုညတာနုပဿနာအမည်ရသော သင်္ခါရတရားတို့၏ အတ္တမှ ဆိတ်သုဉ်းသည်၏ အဖြစ်ကို အဖန်တလဲလဲ ရှုတတ်သော အနတ္တာနုပဿနာကို ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်သည် သင်္ခါရတရားတို့၌ အတ္တဟု မှားသောအားဖြင့် နှလုံးသွင်းခြင်း အတ္တာဘိနိဝေသကို ပယ်ခွာ၏။

၁၄။ သင်္ခါရတရားတို့၏ နိစ္စ သုခ အတ္တမှ ဆိတ်သုဉ်းသည်၏ အဖြစ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော လွန်ကဲသော ဝိပဿနာဟု ဆိုအပ်သော အဓိပညာဓမ္မဝိပဿနာကို ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်သည် သင်္ခါရ တရားတို့၌ နိစ္စသာရ စသည်တို့ကို စွဲယူသည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော မှားသော နှလုံးသွင်းခြင်းဟု ဆိုအပ်သော တဏှာနှင့်တကွသော ဒိဋ္ဌိကို = သာရာဒါနာဘိနိဝေသကို ပယ်ခွာ၏။

၁၅။ အကြောင်းတရားနှင့်တကွသော နာမ်ရုပ်ကို ဟုတ်တိုင်းမှန်စွာ ရှုမြင်တတ်သော ဝိပဿနာပညာ, အကြောင်း တရားနှင့်တကွသော ယင်းနာမ်ရုပ်၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာကို ဟုတ်တိုင်းမှန်စွာ ရှုမြင်တတ်သော ဝိပဿနာပညာဟူသော ယထာဘူတဉာဏဒဿနကို ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်သည် ငါသည် အတိတ်ဘဝက ဖြစ်ခဲ့လေသလော ဤသို့ စသည်ဖြင့် ဖြစ်ပေါ်လာသော မှားသောအားဖြင့် နှလုံးသွင်းတတ်သော သမ္မောဟာဘိနိဝေသ, အစိုးရသော ပရမီသွာဗြဟ္မာ စသည်ကြောင့် လောကသည် ဖြစ်ပေါ်လာ၏ ဤသို့စသည်ဖြင့် ဖြစ်ပေါ်လာသော မှားသောအားဖြင့် နှလုံးသွင်းတတ်သော သမ္မောဟာဘိနိဝေသကို ပယ်ခွာ၏။

၁၆။ သင်္ခါရတရားတို့၏ အပျက်ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာယာဉ်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်လျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ ယင်းသင်္ခါရတရားတို့ကို ကြောက်လန့်ဖွယ်ရာ ဘေးဆိုးကြီးများအဖြစ်ထင်လာ၏။ ယင်းသို့ ကြောက်လန့်ဖွယ်ရာ ဘေးဆိုးကြီးအဖြစ် ထင်လာသည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော ဘဝအားလုံးတို့၌ သင်္ခါရတရားတို့၏ ဖောက်ပြန် ပျက်စီးတတ်သည့် ဝိပရိဏာမဓမ္မအပြစ်ကို ရှုမြင်တတ်သော အာဒီနဝါနုပဿနာကို ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်သည် တစ်စုံ တစ်ခုသော သင်္ခါရတရားမျှ၏လည်း ပုန်းအောင်းရာ မှီခိုရာ မရှိသည်၏ အဖြစ်ကို မြင်ခြင်းကြောင့် မှီခိုရာဟု ကပ်ငြိတတ်သောအားဖြင့် မှားမှားယွင်းယွင်း နှလုံးသွင်းတတ်သော တဏှာဟူသော အာလယာဘိနိဝေသကို ပယ်ခွာ၏။

၁၇။ သင်္ခါရတရားတို့ကို စွန့်လွှတ်ခြင်း၏ အကြောင်းဖြစ်သော ယင်းသင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခ အချက် အနတ္တအချက်စသည်တို့၌ အဖန်တလဲလဲ ဆင်ခြင်တတ် ရှုပွားတတ်သော ဝိပဿနာဉာဏ်ဟု ဆိုအပ်သော ပဋိသင်္ခါနုပဿနာကို ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်သည် အပ္ပဋိသင်္ခ အမည်ရသော သင်္ခါရတရားတို့၏ အနိစ္စအချက် စသည်တို့၌ အဖန်တလဲလဲ ဆင်ခြင်တတ်သော ရှုပွားတတ်သော ဝိပဿနာဉာဏ်၏ ဆန့်ကျင်ဘက် ဖြစ်သော အဝိဇ္ဇာကို ပယ်ခွာ၏။

၁၈။ သံသရာဝဋ်ဆင်းရဲဒုက္ခ၏ ကင်းပြတ်ရုပ်သိမ်း ချုပ်ငြိမ်းခြင်း အကျိုးငှာ အဖန်တလဲလဲ ရှုသော ဝိဝဋ္ဋာနုပဿနာအမည်ရသော သင်္ခါရုပေက္ခာဉာဏ် အနုလောမဉာဏ်ကို ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်သည် ကာမဂုဏ်နှင့် စပ်ယှဉ်ခြင်း အစရှိသော ကိလေသာ၏ ဖြစ်ခြင်းဟု ဆိုအပ်သော မှားမှားယွင်းယွင်း နှလုံး သွင်းခြင်း ဟူသော သံယောဂါဘိနိဝေသကို ပယ်ခွာ၏။ (ဝိသုဒ္ဓိ၊၂၊၂၆၄။)

ထို (၁၈)ပါးသော မဟာဝိပဿနာတို့တွင် ဤ ယောဂါဝစရပုဂ္ဂိုလ်သည် အနိစ္စ ဒုက္ခ အနတ္တဟူသော လက္ခဏာသုံးပါးအပေါင်း၏ အစွမ်းဖြင့် သင်္ခါရတရားတို့ကို မြင်အပ်ကုန်သည်၏ အဖြစ်ကြောင့် အနိစ္စာနုပဿနာ ဒုက္ခာနုပဿနာ အနတ္တာနုပဿနာတို့သည် ရအပ်သည် မည်ကုန်၏။

အနိမိတ္တာနုပဿနာ အပ္ပဏိဟိတာနုပဿနာ သုညတာနုပဿနာ

ယာ စ အနိစ္စာနုပဿနာ ယာ စ အနိမိတ္တာနုပဿနာ၊ ဣမေ ဓမ္မာ ဧကတ္ထာ၊ ဗျဉ္ဇနမေဝ နာနံ။ ။ ယာ စ ဒုက္ခာနုပဿနာ ယာ စ အပ္ပဏိဟိတာနုပဿနာ၊ ဣမေ ဓမ္မာ ဧကတ္ထာ၊ ဗျဉ္ဇနမေဝ နာနံ။ ။ ယာ စ အနတ္တာနုပဿနာ ယာ စ သုညတာနုပဿနာ၊ ဣမေ ဓမ္မာ ဧကတ္ထာ၊ ဗျဉ္ဇနမေဝ နာနံ။ (ပဋိသံ၊၂၅၉။ ဝိသုဒ္ဓိ၊၂၊၂၆၅။)

အနိစ္စာနုပဿနာ အနိမိတ္တာနုပဿနာဟူသော ဤအနုပဿနာ နှစ်မျိုးတို့သည် အနက်အားဖြင့် တူကုန်၏၊ သဒ္ဒါသည်သာလျှင် ထူး၏။ ဒုက္ခာနုပဿနာ အပ္ပဏိဟိတာနုပဿနာဟူသော ဤအနုပဿနာ နှစ်မျိုးတို့သည် အနက်အားဖြင့် တူကုန်၏၊ သဒ္ဒါသည်သာလျှင် ထူး၏။ အနတ္တာနုပဿနာ သုညတာနုပဿနာဟူသော ဤ အနုပဿနာ နှစ်မျိုးတို့သည် အနက်အားဖြင့် တူကုန်၏၊ သဒ္ဒါသည်သာလျှင် ထူး၏။ (ပဋိသံ၊၂၅၉။ ဝိသုဒ္ဓိ၊၂၊၂၆၅။)

အနိမိတ္တာနုပဿနာ

နိမိတ္တန္တိ သန္တတိယံ, သမူဟေ စ ဧကတ္တသညာယ ဂယှမာနံ ကာလန္တရာဝဋ္ဌာယိဘာဝေန, နိစ္စဘာဝေန စ သင်္ခါရာနံ သကိစ္စပရိစ္ဆေဒတာယ သဝိဂ္ဂဟံ ဝိယ (သဝိဂ္ဂဟာနံ ဝိယ) ဥပဋ္ဌာနမတ္တံ။ (မဟာဋီ၊၂၊၄၁၇။)

နိမိတ္တန္တိ သင်္ခါရနိမိတ္တံ။ ယံ သင်္ခါရာနံ သမူဟာဒိဃနဝသေန, သကိစ္စပရိစ္ဆေဒတာယ စ သဝိဂ္ဂဟာနံ ဝိယ ဥပဋ္ဌာနံ။ (မဟာဋီ၊၂၊၄၃၉။)

နိမိတ္တဓမ္မေသူတိ သမူဟာဒိဃနဝသေန စ သကိစ္စပရိစ္ဆေဒတာယ စ သပရိဂ္ဂဟေသု ခန္ဓေသု။ (မူလဋီ၊၁၊၁၁၃။)

နိမိတ္တဓမ္မာ သင်္ခါရာ တေဟိ သနိမိတ္တာ သဝိဂ္ဂဟာ ဝိယ ဥပဋ္ဌဟန္တီတိ တေသံ အဘာဝိတဘာဝနဿ ဘာဝိတဘာဝနဿ စ ဥပဋ္ဌဟနာကာရံ ဒေဿန္တော သမူဟာဒီတိအာဒိမာဟ။ (အနုဋီ၊၁၊၁၂၁။)

နိမိတ္တန္တိ သင်္ခါရနိမိတ္တံ၊ အတီတာနာဂတပစ္စုပ္ပန္နာနံ သင်္ခါရာနမေဝေတံ အဓိဝစနံ။ (ဝိသုဒ္ဓိ၊၂၊၂၈၄။)

သင်္ခါရနိမိတ္တန္တိ သင်္ခါရာနံ သမူဟာဒိဃနဝသေန, သကိစ္စပရိစ္ဆေဒတာယ စ သဝိဂ္ဂဟာနံ ဝိယ ဥပဋ္ဌာနန္တိ ဝုတ္တော ဝါယမတ္ထော။ သင်္ခါရာနံ ပန တထာ ဥပဋ္ဌာနံ သင်္ခါရဝိနိမုတ္တံ န ဟောတီတိ အာဟ အတီတာ။ ပ ။အဓိဝစနန္တိ။ (မဟာဋီ၊၂၊၄၄၇။)

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာဆရာတော်က နိမိတ္တအရ သင်္ခါရနိမိတ်ကို ဆိုလိုကြောင်းကိုလည်းကောင်း, ထိုနိမိတ္တ ဟူသော အမည်သည် အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါးအတွင်း၌ တည်ရှိသော သင်္ခါရတရားတို့၏ အမည်ဖြစ်ကြောင်းကိုလည်းကောင်း (ဝိသုဒ္ဓိ၊၂၊၂၈၄)၌ ဖွင့်ဆိုထားတော်မူ၏။

ဤကဲ့သို့ ရှင်းလင်းဖွင့်ဆိုချက်နှင့် ဆက်စပ်၍ ဋီကာဆရာတော်များက အဓိဝစနံ နာမံရှိရာ ဥပစာ-ဟူသော သဒ္ဒါစည်းကမ်းနှင့်အညီ ဤသို့ ရှင်းလင်းတင်ပြထားတော်မူကြ၏။ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် တကယ့် ဝိပဿနာနယ်မြေ အစစ်သို့ ရောက်အောင် မစီးဖြန်းရသေးသော မစီးဖြန်းဖူးသေးသော ပုဂ္ဂိုလ်နှင့် စီးဖြန်းဖူးသော်လည်း ဝိပဿနာကမ္မဋ္ဌာန်းကို ခေတ္တယာယီ ဖြစ်စေ, ခပ်ကြာကြာ ဖြစ်စေ ချထားသော ပုဂ္ဂိုလ်တို့သည် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို အတုံးလိုက် အခဲလိုက် မြင်နေတတ်၏၊ ရုပ်တရားတို့ကို သန္တတိဃန အတုံးအခဲ, သမူဟဃန အတုံးအခဲ, ကိစ္စဃန အတုံးအခဲ မပြိုဘဲ, နာမ်တရားတို့ကိုလည်း သန္တတိဃန အတုံးအခဲ, သမူဟဃန အတုံးအခဲ, ကိစ္စဃန အတုံးအခဲ, အာရမ္မဏဃန အတုံးအခဲ မပြိုဘဲ အတုံးလိုက် အခဲလိုက် မြင်နေတတ်၏။

ထိုသန္တတိဃန အတုံးအခဲ = ရုပ်နာမ် သန္တတိ အစဉ်အတန်း အတုံးအခဲ, သမူဟဃန အတုံးအခဲ = ရုပ်-နာမ် အပေါင်းအစု အတုံးအခဲ, ကိစ္စဃန အတုံးအခဲ = ရုပ်-နာမ် လုပ်ငန်းကိစ္စ အတုံးအခဲ, အာရမ္မဏဃန အတုံးအခဲ = အာရုံယူတတ်သော ဝိပဿနာရှုနေသော နာမ်တရားတို့၏ အတုံးအခဲ ဟူသော ဤအတုံးအခဲတို့မှာ ဝိပဿနာဘာဝနာကို မပွားများရသေးသော, သို့မဟုတ် ဝိပဿနာကမ္မဋ္ဌာန်းကို ချထားသော ပုဂ္ဂိုလ်တို့အဖို့ ထင်လာ မြင်လာသော ရုပ်-နာမ်ဓမ္မ သင်္ခါရတရားတို့၏ အတုံးအခဲတို့သာ ဖြစ်ကြ၏။ သင်္ခါရတရားတို့ မရှိက အတုံးအခဲလည်း မရှိနိုင်ပြီ။ သင်္ခါရတရားတို့မှ လွတ်သော အတုံးအခဲမည်သည် မရှိနိုင်သောကြောင့် ဖြစ်၏။

သင်္ခါရတရားတို့၏ အပေါင်းအစုဖြစ်သော သန္တတိဃန အတုံးအခဲ သမူဟဃန အတုံးအခဲ ကိစ္စဃန အတုံးအခဲ အာရမ္မဏဃန အတုံးအခဲတို့၏ သင်္ခါရနိမိတ်ဟူသော အမည်ကို အစိတ်အစိတ် ဖြစ်သော ဃနပြိုပြီးသော ပရမတ်အစစ် ဓာတ်အနှစ်ဖြစ်သော သင်္ခါရတရားတို့၌ တင်စား၍ သင်္ခါရတရားတို့ကိုပင် သင်္ခါရနိမိတ် ဟု ခေါ်ဆိုထားခြင်း ဖွင့်ဆိုထားခြင်း ဖြစ်ပေသည်။

ဤအဆိုအမိန့်များအရ ရုပ်တရား နာမ်တရားတို့ကို ဃန အသီးအသီး ပြိုအောင် ဉာဏ်ဖြင့် မဖြိုခွဲရသေးဘဲ ပရမတ်သို့ ဉာဏ်အမြင် မဆိုက်သေးဘဲ အတုံးလိုက် အခဲလိုက်အတိုင်းသာ ဝိပဿနာ ရှုနေလျှင်ကား, အတုံးလိုက် အခဲလိုက်ကိုပင် ကြည့်၍ ဖြစ်ပျက် ရှုနေလျှင်ကား အနိစ္စဟု ရှုနေလျှင်ကား နိမိတ္တကိုသာ ဝိပဿနာ ရှုနေသေးသည် မည်၏။ အနိမိတ္တကို ရှုသည် မမည်။ နိမိတ္တကိုသာ ရှုနေသေးလျှင် အနိမိတ္တကို ဝိပဿနာ မရှုနိုင်သေးလျှင် အနိမိတ္တာနုပဿနာ မမည်သေးပေ။ အနိမိတ္တာနုပဿနာ မမည်သေးပါက အနိစ္စာနုပဿနာလည်း မမည်သေးပေ။ အနိစ္စာနုပဿနာ မမည်သေးလျှင် ဝိပဿနာဉာဏ် အစစ်လည်း မဖြစ်သေးပေ။ ဘုရားဟော တကယ့် ဝိပဿနာအစစ်သို့ မဆိုက်ရောက်သေးပေ။

ထင်ရှားစေအံ့။ -- ဘုရားဟော တကယ့်ဝိပဿနာအစစ်ကား ရုပ်ကလာပ် နာမ်ကလာပ်တို့ကို ဉာဏ်ဖြင့် တွေ့မြင်သောအခါ ယင်းရုပ်ကလာပ် နာမ်ကလာပ်တို့ကို ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲတည်းဟူသော ရုပ်ဃန နာမ်ဃနတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်အစစ် ဓာတ်အနှစ်ဖြစ်သော ရုပ်နာမ်တို့ကို သိမ်းဆည်းပြီးလျှင် ယင်းရုပ်နာမ် ပရမတ်တရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်ကာ ရှုပွားသုံးသပ်ရသော လုပ်ငန်းခွင်မျိုးသာ ဖြစ်၏။ အကယ်၍ အသင်သူတော်ကောင်းသည် မိမိ၏ ခန္ဓာကိုယ်အတွင်းသို့ စိုက်ရှုလိုက်သောအခါ မာမှု ကြမ်းမှု လေးမှု ပျော့မှု ချောမှု ပေါ့မှု, ယိုစီးမှု ဖွဲ့စည်းမှု, ပူမှု အေးမှု, ထောက်မှု တွန်းမှု ဟူသော ဓာတ်သဘာဝတို့ကို အတုံးလိုက် အခဲလိုက်သာ တွေ့မြင်နေသည် ဖြစ်အံ့၊ ရုပ်ကလာပ် နာမ်ကလာပ်မျှကိုသော်လည်း ဉာဏ်ဖြင့် မတွေ့မြင်သေးသည် ဖြစ်အံ့၊ ရုပ်ကလာပ် နာမ်ကလာပ်ကို မြင်သော်လည်း ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ရုပ်ဃန နာမ်ဃန အသီးအသီးကို ဖြိုခွဲဖျက်ဆီးလျက် ရုပ်ပရမတ် နာမ်ပရမတ်တို့ကို မသိမ်းဆည်းနိုင်သေးသည် ဖြစ်ငြားအံ့၊ ဤကဲ့သို့သော ပရမတ်သို့ ဉာဏ်အမြင် မဆိုက်သေးသော သသမ္ဘာရပထဝီ, သသမ္ဘာရအာပေါ, သသမ္ဘာရ တေဇော, သသမ္ဘာရဝါယောဓာတ်မျှလောက်ကိုသာ တွေ့မြင်နေသေးသော အသင်သူတော်ကောင်းသည် ယင်း အတုံးလိုက် အခဲလိုက်သာ တွေ့မြင်နေရသော ဓာတ်သဘာဝတို့ကို ဝိပဿနာရှုနေပါက သို့မဟုတ် ဝိပဿနာ ရှုနေသည်ဟု ဆိုပါက ထိုဝိပဿနာမှာ နိမိတ္တကိုသာ ရှုနေသော ဝိပဿနာ ဖြစ်၏၊ အနိမိတ္တကို ဝိပဿနာ ရှုနေသော အနိမိတ္တာနုပဿနာ အနိစ္စာနုပဿနာကား မဟုတ်သေးပေ။ ထို့ကြောင့် ရုပ်နာမ်တို့ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် မသိမ်းဆည်းနိုင်သေးသော ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာကို တကယ့် ဘုရားဟော ဝိပဿနာအစစ် မဟုတ်သေးဟု ဆိုခြင်း ဖြစ်၏။

အကယ်၍ အသင်သူတော်ကောင်းသည် ပါရမီအားလျော်စွာ ရုပ်ကလာပ်များကို တွေ့ရှိ၍ ထိုရုပ်ကလာပ်တို့၏ အလွန် လျင်လျင်မြန်မြန် ဖြစ်မှု ပျက်မှုကို ကြည့်၍ ဖြစ်ပျက်ဟုလည်းကောင်း, အနိစ္စဟုလည်းကောင်း ရှုနေလျှင်လည်း နိမိတ္တဓမ္မကို ဝိပဿနာရှုနေသေးသည် မည်၏။ ရုပ်ကလာပ်တို့ဟူသည် သမူဟပညတ် သဏ္ဌာန ပညတ်စသည့် ပညတ်များ မကွာသည့် ပညတ်များ မစင်သေးသည့် အသေးဆုံး ပညတ် အတုံးအခဲများ ဖြစ်ကြ၏။ ပညတ်ဟူသမျှသည် နိမိတ္တဓမ္မမျိုးသာ ဖြစ်၏။ ယင်းရုပ်ကလာပ်များကို ဃန အသီးအသီး ပြိုအောင် ဉာဏ်ဖြင့် ခွဲခြား စိတ်ဖြာ၍ ရှုနိုင်ပါမှသာလျှင် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်၍ ယင်းပရမတ် ရုပ်တရားတို့သည်သာလျှင် အနိမိတ္တဓမ္မတို့ ဖြစ်ကြ၏။ ယင်းအနိမိတ္တဓမ္မတို့သည်သာလျှင် ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့ ဖြစ်ကြ၏။

အကယ်၍ အသင်သူတော်ကောင်းသည် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရာ၌ ရုပ်ကလာပ်များကိုသော်မှ မမြင်ဖူးသေးဟု ဆိုလျှင်, တစ်နည်းဆိုရသော် ရုပ်ကလာပ် နာမ်ကလာပ်ကိုသော်မျှ မမြင်ဖူးသေးဘဲ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲအတိုင်း ဖြစ်ပျက်ရှုနေသည် အနိစ္စဟု ရှုနေသည်ဟုဆိုလျှင် ယင်းကဲ့သို့သော ရှုမှုမှာ ရုပ်ပရမတ် နာမ်ပရမတ် ဖြစ်သော အနိမိတ္တဓမ္မသို့ ဉာဏ်အမြင် မဆိုက်သေးသော ရှုမှုမျှသာ ဖြစ်နေသဖြင့် အနိမိတ္တာနုပဿနာ အနိစ္စာနုပဿနာဟူသော အမည်ကို မရရှိနိုင်ဟူသော ဤအချက်ကိုကား အထူးပြောဖွယ်ရာပင် မလိုတော့ပေ။ အနိမိတ္တာနုပဿနာ အနိစ္စာနုပဿနာ အမည်မရနိုင်လျှင် ဝိပဿနာအစစ်လည်း မဖြစ်နိုင်သေးဟူသော အချက်မှာလည်း ရှင်းလျက် လင်းလျက် ထင်းလျက်ပင် ရှိပေသည်။ ပညာရှိသော်လည်း သတိဖြစ်ခဲ၏။

ရုပ်ကလာပ် နာမ်ကလာပ် တစ်ခုတစ်ခု အတွင်း၌ တည်ရှိသော ရုပ်တရား, နာမ်တရား ပရမတ္ထဓာတ်သား အသီးအသီး၏ ဥပါဒ်စွန်း ဘင်စွန်းကို ဉာဏ်အမြင် ဆိုက်ပါမှ သန္တတိဃန ပြိုမည် ဖြစ်၏။ ဥပါဒ်စွန်း ဘင်စွန်းကို ဉာဏ်ဖြင့် ပိုင်းခြားမမြင်ဘဲ ရုပ်ကလာပ် နာမ်ကလာပ် တစ်ခုအတွင်း၌ တည်ရှိသော ပရမတ္ထဓာတ်သားတို့၏ ဘင်ကာလနှင့် အခြားရုပ်ကလာပ် နာမ်ကလာပ်တစ်ခုအတွင်း၌ တည်ရှိသော ပရမတ္ထဓာတ်သားတို့၏ ဥပါဒ် ကာလကို, တစ်နည်းဆိုရသော် ရှေးရှေး ပရမတ္ထဓာတ်သားတို့၏ ဘင်ကာလနှင့် နောက်နောက် ပရမတ္ထဓာတ်သားတို့၏ ဥပါဒ်ကာလကို တစ်ဆက်တည်း တစ်စဉ်တည်းကဲ့သို့ ထင်နေ မြင်နေ တွေ့နေလျှင် ဥပါဒ်စွန်း ဘင်စွန်းကို ကန့်၍ ပိုင်းခြား၍ မမြင်လျှင် သင်္ခါရတရားတို့သည် ဥပါဒ်-ဌီ-ဘင်ဟူသော ကာလတစ်ပါးမှ ဥပါဒ်-ဌီ-ဘင်ဟူသော အခြားကာလတစ်ပါးသို့ တိုင်အောင် တည်နေနိုင်သည်ဟူသော အယူအဆမှားသည် ဖြစ်ပေါ်လာတတ်၏။ ရှေးရှေး ပရမတ္ထဓာတ်သားနှင့် နောက်နောက် ပရမတ္ထဓာတ်သားကို တစ်ခုတည်းဟု ယူဆလာတတ်၏။ ဧကတ္တ သညာတည်း။ ယင်းသို့ ယူဆခဲ့သော် သင်္ခါရတရားတို့ကို နိစ္စအဖြစ် လက်ခံလာတတ်၏။

တစ်ဖန် ရုပ်ကလာပ် နာမ်ကလာပ် တစ်ခုတစ်ခု အတွင်း၌ တည်ရှိသော အုပ်စုအလိုက် အုပ်စုအလိုက် ဖြစ်နေကြသော ရုပ်တရား နာမ်တရား ပရမတ္ထဓာတ်သားတို့ကို --- ဤကား ပထဝီ, ဤကား အာပေါ, ဤကား တေဇော, ဤကား ဝါယော စသည်ဖြင့်လည်းကောင်း - ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ, ဤကား ဝိညာဏ် စသည်ဖြင့်လည်းကောင်း တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြမ်းစိတ်ဖြာ၍ မယူနိုင် မရှုနိုင် မမြင်နိုင်လျှင် သမူဟဃန = ရုပ်အပေါင်းအစု အတုံးအခဲ နာမ်အပေါင်းအစု အတုံးအခဲ မပြိုပေ။ သမူဟဃန မပြိုလျှင် သမူဟပညတ် သဏ္ဌာနပညတ်များ မကွာနိုင်သေးသဖြင့် သဝိဂ္ဂဟဓမ္မ = သဏ္ဌာန်ဒြပ် ရှိသော တရားမျိုးသာ ဖြစ်နေ၏။ ယင်းသဝိဂ္ဂဟဓမ္မတို့ကို ပရမတ္ထဓာတ်သားတစ်ခုတည်း အနေ ထင်လာတတ် မြင်လာတတ် ယူဆလာတတ်၏၊ ဧကတ္တ သညာတည်း။ သဏ္ဌာန်ဒြပ်ရှိသော တရား မှန်သမျှ သဝိဂ္ဂဟဓမ္မ မှန်သမျှ နိမိတ္တဓမ္မတို့သာ ဖြစ်ကြ၏။ ယင်းနိမိတ္တဓမ္မတို့ကို ဝိပဿနာရှုနေသော် အနိမိတ္တာနုပဿနာ မမည်သဖြင့် အနိစ္စာနုပဿနာလည်း မမည်ရကား ဝိပဿနာ အစစ်အမှန်လည်း မဟုတ်သေးသည်သာဟု မှတ်သားလေရာသည်။

အပ္ပဏိဟိတာနုပဿနာ

ပဏိဓိန္တိ သုခပတ္ထနံ၊ ရာဂါဒိပဏိဓိံ ဝါ ၊ အတ္ထတော တဏှာဝသေန သင်္ခါရေသု နိန္နတံ။ (မဟာဋီ၊၂၊၄၁၇။)

ချမ်းသာသုခကို လိုလားတောင့်တခြင်းကို ပဏိဓိဟု ခေါ်ဆိုသည်။ တစ်နည်း --- ရာဂစသော တောင့်တခြင်းကို = ရာဂဟူသော တောင့်တခြင်းကို ပဏိဓိဟု ခေါ်ဆိုသည်။ ပရမတ္ထ တရားကိုယ် အနက်သဘောဖြင့်ကား တဏှာ၏ အစွမ်းဖြင့် ရုပ်နာမ်သင်္ခါရတရားတို့၌ ညွတ်ကိုင်းရှိုင်းသည်၏ အဖြစ်ကို ဆိုလိုပေသည်။ အပ္ပဏိဟိတ ဟူသည် ယင်းပဏိဓိ၏ ဆန့်ကျင်ဘက်တည်း။

အပ္ပဏိဟိတာနုပဿနာဟူသည် သင်္ခါရတရားတို့ အပေါ်၌ တဏှာဖြင့် လိုလားတောင့်တမှု ကင်းပြတ်အောင် ကျင့်သော အနုပဿနာတည်း။ သင်္ခါရတရားတို့၌ ဒုက္ခာနုပဿနာဉာဏ် ရင့်သန်လာလျှင် အပ္ပဏိဟိတသို့ ဆိုက်ရောက်လာမည် ဖြစ်ပေသည်။ ထို့ကြောင့် အပ္ပဏိဟိတာနုပဿနာနှင့် ဒုက္ခာနုပဿနာတို့သည် တရားကိုယ် အနက်သဘောအားဖြင့် တူညီကြပေသည်။

သုညတာနုပဿနာ

သင်္ခါရတရားတို့၌ သာမိ-နိဝါသိ-ကာရက-ဝေဒက-အဓိဋ္ဌာယကဟု သာသနာပ အယူအဆရှိသူ အတ္တဝါဒ သမားတို့ ကြံဆအပ်သော အတ္တမှ ဆိတ်သုဉ်းမှုကို မြင်အောင် အဖန်ဖန် အထပ်ထပ် ရှုသော အနုပဿနာဉာဏ်သည် သုညတာနုပဿနာဉာဏ် မည်၏။ ထို့ကြောင့် သုညတာနုပဿနာဉာဏ်နှင့် အနတ္တာနုပဿနာဉာဏ်တို့သည် တရားကိုယ် အနက်သဘောအားဖြင့် တူကြသည်။

အဓိပညာဓမ္မဝိပဿနာ

အဓိပညာဓမ္မဝိပဿနာ ပန သဗ္ဗာပိ ဝိပဿနာ။ (ဝိသုဒ္ဓိ၊၂၊၂၆၅။)

ရူပါဒိအာရမ္မဏံ ဉတွာ တဒါရမ္မဏဿ စိတ္တဿ ဘင်္ဂံ ဒိသွာ သင်္ခါရာ ဧဝ ဘိဇ္ဇန္တိ၊ သင်္ခါရာနံ မရဏံ၊ န အညော ကောစိ အတ္ထီတိ ဘင်္ဂဝသေန သုညတံ ဂဟေတွာ ပဝတ္တာ ဝိပဿနာ အဓိပညာ စ သာ ဓမ္မေသု စ ဝိပဿနာတိ အဓိပညာဓမ္မဝိပဿနာ၊ တာယ နိစ္စသာရာဒိအာဒါနဝသေန ပဝတ္တံ အဘိနိဝေသံ သတဏှံ ဒိဋ္ဌိံ ပဇဟတိ။ (မဟာဋီ၊၂၊၄၁၇။)

အဓိပညာဓမ္မဝိပဿနာဟူသည် ဝိပဿနာဉာဏ် အားလုံးကိုပင် ဆိုလိုသည်။ (ဝိသုဒ္ဓိ၊၂၊၂၆၅။)

ရုပ်တရား နာမ်တရားစသည့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော သင်္ခါရအာရုံကို သိပြီး၍ ထိုရုပ်တရား နာမ်တရား စသည်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော စိတ်၏ = ဝိပဿနာမနောဒွါရိက ဇောဝီထိ စိတ်အစဉ်၏ ပျက်ခြင်း = ဘင်ကို မြင်၍ သင်္ခါရတရားတို့သည်သာလျှင် ပျက်ကုန်၏၊ သင်္ခါရတရားတို့၏သာလျှင် သေခြင်းသည် ဖြစ်၏၊ ပျက်သော သေသော သင်္ခါရတရားတို့မှ အခြားတစ်ပါးသော တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါ မည်သည် မရှိဟု ပျက်ခြင်း = ဘင်၏ အစွမ်းဖြင့် သင်္ခါရတရားတို့၏ သုညဖြစ်မှုကို = အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတတ်သည့် အတ္တမှ ဆိတ်သုဉ်းမှုကို ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ဖြစ်ပေါ်လာသော ဝိပဿနာဉာဏ်သည် လွန်ကဲသော ပညာလည်း ဟုတ်၏၊ ထိုလွန်ကဲသော ပညာဟူသည် သင်္ခါရဓမ္မတို့၌ ရှုနေသော ဝိပဿနာဉာဏ်လည်း ဟုတ်၏၊ ထို့ကြောင့် အဓိပညာဓမ္မဝိပဿနာ မည်ပေသည်။ ထိုအဓိပညာဓမ္မဝိပဿနာဖြင့် သင်္ခါရတရားတို့၌ နိစ္စဟူသော အနှစ်သာရ, သုခဟူသော အနှစ်သာရ, အတ္တဟူသော အနှစ်သာရ ရှိ၏ စသည်ဖြင့် စွဲယူသည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော သင်္ခါရဓမ္မတို့ကို နိစ္စ-သုခ-အတ္တ-ဓုဝ စသည်ဖြင့် မြဲမြံစွာ နှလုံး သွင်းခြင်းဟု ဆိုအပ်သော တဏှာနှင့်တကွသော ဒိဋ္ဌိကို ပယ်စွန့်နိုင်၏။ (မဟာဋီ၊၂၊၄၁၇။)

ယထာဘူတဉာဏဒဿန

ယထာဘူတဉာဏဒဿနံ ကင်္ခါဝိတရဏဝိသုဒ္ဓိယာ ဧဝ သင်္ဂဟိတံ။ (ဝိသုဒ္ဓိ၊၂၊၂၆၅။)

ယထာဘူတဉာဏဒဿနံ နာမ သပ္ပစ္စယနာမရူပဒဿနံ။ တေန အဟောသိံနု ခေါ အဟမတီတမဒ္ဓါနန္တိ ဧဝမာဒိကံ, ဣဿရတော လောကော သမ္ဘဝတီတိ ဧဝမာဒိကဉ္စ သမ္မောဟာဘိနိဝေသံ ပဇဟတိ။ (မဟာဋီ၊၂၊၄၁၇-၄၁၈။)

အကြောင်းတရားနှင့် တကွသော နာမ်ရုပ်ကို သိမြင်တတ်သော ဉာဏ်သည် ယထာဘူတဉာဏဒဿန မည်၏။ ယင်းဉာဏ်ကို ကင်္ခါဝိတရဏဝိသုဒ္ဓိပိုင်းဖြင့်သာလျှင် သိမ်းကျုံးရေတွက်အပ်၏။ ထိုဉာဏ်ဖြင့် ငါသည် အတိတ်ကာလက ဖြစ်ခဲ့လေသလော, ဤသို့ စသော ပြင်းစွာ တွေဝေလျက် မှားမှားယွင်းယွင်း နှလုံးသွင်းခြင်းကိုလည်းကောင်း, ဖန်ဆင်းရှင် ပိုင်ရှင် ဣဿရကြောင့် လောကသည် ဖြစ်ပေါ်လာရ၏။ ဤသို့ စသော ပြင်းစွာ တွေဝေလျက် မှားမှားယွင်းယွင်း နှလုံးသွင်းခြင်းကိုလည်းကောင်း ပယ်စွန့်နိုင်၏။ (မဟာဋီ၊၂၊၄၁၇-၄၁၈။)

ဤမျှဖြင့် ယောဂါဝစရပုဂ္ဂိုလ်သည် အနိစ္စာနုပဿနာဉာဏ်, ဒုက္ခာနုပဿနာဉာဏ်, အနတ္တာနုပဿနာဉာဏ်, အနိမိတ္တာနုပဿနာဉာဏ်, အပ္ပဏိဟိတာနုပဿနာဉာဏ်, သုညတာနုပဿနာဉာဏ်, အဓိပညာဓမ္မ ဝိပဿနာ, ယထာဘူတဉာဏဒဿနဟူသော ဤဝိပဿနာဉာဏ်တို့ကို ရအပ်သည် မည်သည်သာလျှင် ဖြစ်ပေ၏။ ကြွင်းကုန်သော နိဗ္ဗိဒါနုပဿနာစသော ဝိပဿနာဉာဏ် (၁၀)ပါးတို့၌ အချို့ကို ရရှိပြီး ဖြစ်၏၊ အချို့ကိုကား မရအပ်သေးပေ။ နောက်၌ ထင်ရှားလတ္တံ့။

သမ္မသနဉာဏ်ခန်း ပြီး၏။

__________