နိဗ္ဗာနဂါမိနိပဋိပဒါ-ပဉ္စမတွဲ/အာဒီနဝါနုပဿနာဉာဏ်ခန်း
အာဒီနဝါနုပဿနာဉာဏ်ခန်း
ထို ဘယတုပဋ္ဌာနဉာဏ်ကို ရိုရိုသေသေ လေးလေးစားစား မှီဝဲသော ဖြစ်စေသော ပွားများသော ကြိမ်ဖန် များစွာ အလေ့အလာပြုသော ထိုယောဂါဝစရပုဂ္ဂိုလ်အား အလုံးစုံသော (၃၁)ဘုံတို့ အတွင်း၌ သင်္ခါရလျှင် အကြောင်းရင်းရှိသော ဇာတိ-ဇရာ-မရဏ = ဖြစ်-တည်-ပျက် စသော အကျိုးမဲ့များမှ စောင့်ရှောက်တတ်သော တရားသည် ဉာဏ်၌ မထင်တော့ပေ။ အလုံးစုံသော ဖြစ်မှုဘဝ မှန်သမျှ၏ အနိစ္စ ဝိပရိဏာမစသော ဖောက်ပြန် ပျက်စီးခြင်း အပြစ်ရှိသည်၏ အဖြစ်ဖြင့် တူသည်၏ အဖြစ်ကြောင့်တည်း။ သင်္ခါရတရားလျှင် အကြောင်းရင်းရှိသော ဇာတိဇရာမရဏစသော အကျိုးမဲ့ကို ရှောင်လွှဲသဖြင့် စောင့်ရှောက်ခြင်းငှာ ပုန်းအောင်းရာသည် မထင်တော့ပေ။ သင်္ခါရတရားလျှင် အကြောင်းရင်းရှိသော ဇာတိဇရာမရဏစသော အကျိုးမဲ့ကို ရှောင်လွှဲခြင်းငှာ ပြေးသွားရာသည် မထင်တော့ပေ။ သင်္ခါရတရားလျှင် အကြောင်းရင်းရှိသော ဇာတိဇရာမရဏစသော အကျိုးမဲ့မှ ကိုယ်းကွယ် အားထားရာသည် မထင်တော့ပေ။ အလုံးစုံသော ဘုံဘဝတို့၌ ဖြစ်ကုန်သော သင်္ခါရတရားတို့တွင် တစ်ခုသော သင်္ခါရတရား၌သော်လည်း တောင့်တခြင်းသည်သော်လည်းကောင်း ဧသော မေ အတ္တာ = ငါ၏ အတ္တဟု မှားသောအားဖြင့် သုံးသပ်ခြင်းသည်သော်လည်းကောင်း မဖြစ်တော့ပေ။
၁။ ကာမ ရူပ အရူပတည်းဟူသော ဘုံသုံးပါးတို့သည် မီးတောက် မီးလျှံကင်းသော မီးကျီးတို့ဖြင့် ပြည့်သော မီးကျီးတွင်းတို့ကဲ့သို့ ထင်လှာကုန်၏။
၂။ မဟာဘုတ် ဓာတ်ကြီးလေးပါးတို့သည် ကြမ်းတမ်းသော အဆိပ်ရှိသော မြွေ, လျင်သော အဆိပ်ရှိသော မြွေတို့ကဲ့သို့ ထင်လှာကုန်၏။
၃။ ခန္ဓာငါးပါးတို့သည် သန်လျက် မြှောက်ချီမိုးလျက် နောက်က ထပ်ကြပ်မကွာ လိုက်ပါလာသော လူသတ် ယောက်ျား ငါးဦးတို့ကဲ့သို့ ထင်လှာကုန်၏။
၄။ အတွင်း အဇ္စျတ္တိက အာယတန (၆)ပါးတို့သည် လူသူတို့မှ ဆိတ်သုဉ်းသော ရွာပျက်ကုန်း ရွာဆိုးကုန်းကဲ့သို့ ထင်လှာကုန်၏။
၅။ အပြင်ဗာဟိရ အာယတန (၆)ပါးတို့သည် ရွာကို လုယက်ဖျက်ဆီးသော ခိုးသားတို့ကဲ့သို့ ထင်လာကုန်၏။
၆။ အလုံးစုံသော ဘုံဘဝတို့သည် ရာဂမီး ဒေါသမီး မောဟမီး ဇာတိမီး ဇရာမီး မရဏမီး သောကမီး ပရိဒေဝမီး ဒုက္ခမီး ဒေါမနဿမီး ဥပါယာသမီးတည်းဟူသော (၁၁)သီးသော မီးတို့ဖြင့် တောက်လောင်အပ်ကုန်သကဲ့သို့လည်းကောင်း, ထက်ဝန်းကျင်မှ အလျှံပြောင်ပြောင် တောက်ကုန်သကဲ့သို့လည်းကောင်း, တစ်ပြိုင်နက်သော မီးတောက် မီးလျှံအပေါင်းနှင့်တကွ ဖြစ်ကုန်သကဲ့သို့လည်းကောင်း ထင်လှာကုန်၏။
၇။ အလုံးစုံသော သင်္ခါရတရားတို့သည် အိုင်းအမာကဲ့သို့ ဖြစ်ကုန်၍လည်းကောင်း, များစွာသော အနာကဲ့သို့ ဖြစ်ကုန်၍လည်းကောင်း, မြားငြောင့်ကဲ့သို့ ဖြစ်ကုန်၍လည်းကောင်း, အစီးအပွားမဲ့ကို ဆောင်သကဲ့သို့ ဖြစ်ကုန်၍လည်းကောင်း, အမြဲစွဲနေသော ယာပျရောဂါဟူသော မူလဓာတ်ခံရောဂါမှ တစ်ပါးသော ပြင်းပြ သည်းထန်စွာသော အနာရောဂါကဲ့သို့ ဖြစ်ကုန်၍လည်းကောင်း, ဒုက္ခသဘောရှိသည်၏ အဖြစ်ကြောင့် သာယာအပ်သော သဘောမှ ကင်းကုန်သည့်, ပျက်စီးခြင်း အဆုံးရှိသည်၏ အဖြစ်ကြောင့် ပြည့်စုံခြင်းမှ ကင်းကုန်သည့် ကြီးမားသော အပြစ်အစုအပုံကြီးဖြစ်၍ ထင်လှာကုန်၏။
ဤယောဂါဝစရပုဂ္ဂိုလ်သည် သင်္ခါရတရားတို့၏ ပျက်ခြင်း = ဘင်ကို ရှုသော ဘင်္ဂါနုပဿနာ၏ အစွမ်းဖြင့် အလုံးစုံသော သင်္ခါရတရားတို့သည် ကြောက်လန့်အပ်သည့် ဘေးအဖြစ်ဖြင့် ထင်ကုန်လတ်သော် ထက်ဝန်းကျင်မှ ပြည့်စုံခြင်း ကင်းသော, သာယာအပ်သည်၏အဖြစ် ကင်းသော, အမြဲမပြတ် ပျက်ခြင်းဟူသော ဘေးဘျမ်းနှင့်တကွ ဖြစ်ခြင်းဟူသော အပြစ်အာဒီနဝကိုသာလျှင် တွေ့မြင်နေ၏။ ဤသို့သော နည်းဖြင့် ရှုသော ထိုယောဂါဝစရ ပုဂ္ဂိုလ်အား သင်္ခါရတရားတို့၏ အပြစ်အာဒီနဝကို ရှုတတ်သော ရှုမြင်သော အာဒီနဝဉာဏ် = အာဒီနဝါနုပဿနာဉာဏ် မည်သည် ဖြစ်ပေါ်လာ၏။ (ဝိသုဒ္ဓိ၊၂၊၂၈၄-၂၈၅။)
ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌ ဟောကြားထားတော်မူပုံ
ဥပ္ပါဒဉ္စ ပဝတ္တဉ္စ၊ နိမိတ္တံ ဒုက္ခန္တိ ပဿတိ။
အာယူဟနံ ပဋိသန္ဓိံ၊ ဉာဏံ အာဒီနဝေ ဣဒံ။
အနုပ္ပါဒံ အပ္ပဝတ္တံ၊ အနိမိတ္တံ သုခန္တိ စ။
အနာယူဟနာ အပ္ပဋိသန္ဓိ၊ ဉာဏံ သန္တိပဒေ ဣဒံ။
ဣဒံ အာဒီနဝေ ဉာဏံ၊ ပဉ္စဌာနေသု ဇာယတိ။
ပဉ္စဌာနေ သန္တိပဒေ၊ ဒသ ဉာဏေ ပဇာနာတိ။
ဒွိန္နံ ဉာဏာနံ ကုသလတာ၊ နာနာဒိဋ္ဌီသု န ကမ္ပတိ။
(ပဋိသံ၊၅၆-၅၈။ ဝိသုဒ္ဓိ၊၂၊၂၈၆။)
ဤ အာဒီနဝါနုပဿနာဉာဏ် ဖြစ်ပုံ အပိုင်းဝယ် ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌ လာရှိသော အကြောင်းအရာများကို အကျဉ်းချုပ်၍ ဖော်ပြအပ်ပါသည်။ ဤဉာဏ်ပိုင်း၌ ---- ဥပ္ပါဒ, ပဝတ္တ, နိမိတ္တ, အာယူဟန, ပဋိသန္ဓိ -ဤ (၅)မျိုး, အနုပ္ပါဒ, အပ္ပဝတ္တ, အနိမိတ္တ, အနာယူဟနာ, အပ္ပဋိသန္ဓိ - ဤ (၅)မျိုး, နှစ်ရပ်ပေါင်းသော် (၁၀)မျိုး သော တရားတို့ကို အထူးဂရုပြု၍ မှတ်သားပါ။ ယင်းတို့ကို အစဉ်အတိုင်း တင်ပြပေအံ့။ -----
၁။ ဥပ္ပါဒ -----ရှေးအတိတ်ကံကြောင့် ဤဘဝ၌ ဝိပါကဝဋ်ခန္ဓာဟူသော သင်္ခါရတရားတို့၏ ဖြစ်ခြင်းသည် ကြောက်မက်ဖွယ် ဘေးတည်း။ ဤသို့လျှင် သင်္ခါရတရားတို့၏ ကြောက်မက်ဖွယ် ဘေးအဖြစ်ဖြင့် ထင်ခြင်း၌ ဖြစ်သော ပညာသည် သင်္ခါရတရားတို့၏ အပြစ်ကို ရှုမြင်တတ်သော အာဒီနဝါနုပဿနာဉာဏ် မည်၏။
၂။ ပဝတ္တ --- ပဝတ္တိအခါ သင်္ခါရတရားတို့၏ စပ်ကာစပ်ကာဖြစ်ခြင်းသည် ကြောက်မက်ဖွယ် ဘေးတည်း။ပ။
၃။ နိမိတ္တ ----- သင်္ခါရနိမိတ်သည် ကြောက်မက်ဖွယ် ဘေးတည်း။ ပ ။
၄။ အာယူဟန --- နောင်အခါ ပဋိသန္ဓေ၏အကြောင်းဖြစ်သော ကံသည် ကြောက်မက်ဖွယ် ဘေးတည်း။ ပ။
၅။ ပဋိသန္ဓေ -----နောင်အခါ ပဋိသန္ဓေသည် ကြောက်မက်ဖွယ် ဘေးတည်း။ ပ ။
ပဋိသန္ဓေ၏ ဖြစ်ရာဖြစ်သော ငါးဖြာသော ဂတိသည် ကြောက်မက်ဖွယ် ဘေးတည်း။ ပ ။ အလုံးစုံသော ခန္ဓာတို့၏ ဖြစ်ခြင်း = နိဗ္ဗတ္တိသည်။ပ။ ဝိပါက်တရား၏ ဖြစ်ခြင်း = ဥပပတ္တိသည်။ပ။ ဇာတိသည်။ ဇရာသည်။ ဗျာဓိသည်။ မရဏသည်။ သောကသည်။ ပရိဒေဝသည်။ ဥပါယာသသည် ကြောက်မက်ဖွယ် ဘေးတည်း။ ဤသို့လျှင် သင်္ခါရတရားတို့၏ ကြောက်မက်ဖွယ် ဘေးအဖြစ်ဖြင့် ထင်ခြင်း၌ ဖြစ်သော ပညာသည် သင်္ခါရတရားတို့၏ အပြစ်ကို ရှုသော အာဒီနဝါနုပဿနာဉာဏ်မည်၏။ ဤကား ပထမဝါရတည်း။ (ပဋိသံ၊၅၆။)
ဤပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌ လာရှိသော တရားတို့တွင် ဥပ္ပါဒ, ပဝတ္တ, နိမိတ္တ, အာယူဟန, ပဋိသန္ဓိ ဤ ငါးပါးတို့ကိုသာလျှင် အာဒီနဝါနုပဿနာဉာဏ်၏ အာရုံဟုဆိုအပ်သော ယင်းဝိပဿနာဉာဏ်၏ ဖြစ်ရာဌာန၏ အစွမ်းဖြင့် အထက်တွင် ဖော်ပြထားသော ပဋိသမ္ဘိဒါမဂ္ဂဂါထာများ၌ ဟောကြားတော်မူအပ်ကုန်၏။ ကြွင်းကုန်သော ဂတိစသည်တို့ကို ထိုငါးမျိုးတို့၏ ပရိယာယ် ဝေဝုစ်၏ အစွမ်းဖြင့် ဟောကြားထားတော် မူအပ်ကုန်၏။ မှန်ပေသည် နိဗ္ဗတ္တိနှင့် ဇာတိ ဤနှစ်ပုဒ်အပေါင်းသည် ဥပ္ပါဒပုဒ်၏ လည်းကောင်း, ပဋိသန္ဓိပုဒ်၏လည်းကောင်း ပရိယာယ် ဝေဝုစ်စကားသာတည်း။ ဂတိ, ဥပပတ္တိ - ဤနှစ်ပုဒ်အပေါင်းသည် ပဝတ္တ-သဒ္ဒါ၏ ပရိယာယ်ဝေဝုစ်စကားတည်း။ ဇရာ, ဗျာဓိ, မရဏ, သောက, ပရိဒေဝ, ဥပါယာသပုဒ်တို့သည် နိမိတ္တပုဒ်၏ ပရိယာယ်ဝေဝုစ်စကားတို့တည်း။ ဤသို့ အသီးအသီး မှတ်ပါ။ (ဝိသုဒ္ဓိ၊၂၊၂၈၆။)
၁။ အနုပ္ပါဒ ----- ဖြစ်ခြင်း မရှိသော နိဗ္ဗာန်သည်, တစ်နည်း ----- သင်္ခါရတရားတို့၏ နောင်အခါ ဖြစ်ခြင်း ကင်းကြောင်း ဖြစ်သော နိဗ္ဗာန်သည် ဘေးမရှိ၊ ဤသို့ သိသော ဉာဏ်သည် အလုံးစုံသော သင်္ခါရတရားတို့၏ ကင်းငြိမ်းရာ ဖြစ်သော အမြိုက်နိဗ္ဗာန်၌ ဖြစ်သော ဉာဏ် မည်၏။
၂။ အပ္ပဝတ္တ -----ပဝတ္တ မရှိသော နိဗ္ဗာန်သည်, တစ်နည်း ပဝတ္တကင်းကြောင်း ဖြစ်သော နိဗ္ဗာန်သည်။ ပ ။
၃။ အနိမိတ္တ ----- နိမိတ္တ မရှိသော နိဗ္ဗာန်သည်, တစ်နည်း သင်္ခါရကင်းကြောင်း ဖြစ်သော နိဗ္ဗာန်သည်။ ပ ။
၄။ အနာယူဟနာ ----- အာယူဟန မရှိသော နိဗ္ဗာန်သည်, တစ်နည်း အာယူဟနကင်းကြောင်း ဖြစ်သော နိဗ္ဗာန်သည်။ ပ ။
၅။ အပ္ပဋိသန္ဓိ ----- ပဋိသန္ဓေ မရှိသော နိဗ္ဗာန်သည်, တစ်နည်း ပဋိသန္ဓေကင်းကြောင်း ဖြစ်သော နိဗ္ဗာန်သည်။ပ ။
အနုပါယာသ ----- ဥပါယာသ မရှိသော နိဗ္ဗာန်သည်, တစ်နည်း ဥပါယာသကင်းကြောင်း ဖြစ်သော နိဗ္ဗာန်သည် ဘေးမရှိ၊ ---- ဤသို့ သိသော ဉာဏ်သည် အလုံးစုံသော သင်္ခါရတရားတို့၏ ကင်းငြိမ်းရာ ဖြစ်သော အမြိုက်နိဗ္ဗာန်၌ ဖြစ်သော ဉာဏ် မည်၏။ (ပဋိသံ၊၅၇။) ဤကား ဒုတိယဝါရတည်း။
ဤဒုတိယဝါရကို အနွယ = အလျော်အားဖြင့် ပြအပ်သော အာဒီနဝဉာဏ်၏ ဆန့်ကျင်ဘက် ဖြစ်သော ဉာဏ်ကို ----- အကြင်တရား၌ ဖြစ်ခြင်းသည် မရှိ၊ ထိုတရား၌ အချင်းခပ်သိမ်း ကြောက်မက်ဖွယ် ဘေးဘျမ်းသည်လည်း မရှိဟု ဗျတိရိက် = ပြောင်းပြန်အားဖြင့် ပြခြင်းငှာ ဟောကြားတော်မူအပ်ပေသည်။ တစ်နည်း သင်္ခါရတရားတို့၌ ကြောက်မက်ဖွယ် ဘေးအဖြစ်ဖြင့် ထင်ခြင်းဖြင့် သင်္ခါရတရားတို့၏ အပြစ်ကို မြင်၍ ထိတ်လန့်သော သံဝေဂ စိတ်နှလုံးထားရှိကြကုန်သော ယောဂီသူတော်ကောင်းတို့အား ဘေးမရှိရာ ဘေးဥပါဒ်ကုန်ရာ အပြစ်မရှိသော တရားသည်လည်း ရှိပါသေး၏ဟု သက်သာခြင်းကို ဖြစ်စေခြင်း အကျိုးငှာလည်း ဤဒုတိယဝါရကို ဟောကြားတော်မူအပ်ပေသည်။ တစ်နည်း ---- ထိုယောဂါဝစရပုဂ္ဂိုလ်အား ဥပ္ပါဒစသည်တို့သည် ကြောက်မက်ဖွယ် ဘေးအဖြစ်ဖြင့် ထင်လှာကုန်၏၊ ထိုယောဂါဝစရပုဂ္ဂိုလ်အား ထိုကြောက်မက်ဖွယ် ဘေးဘယ၏ ဆန့်ကျင်ဘက် ဖြစ်သော ဘေးမဲ့ရာ အဘယသို့ ညွတ်သောစိတ်သည် ဖြစ်ပေါ်လှာ၏။ အဘယ်ကြောင့်နည်းဟူမူ ----- ပူလောင်ခြင်းဖြင့် အနှိပ်စက်ခံရသောသူ၏ အအေးဓာတ်၌ ညွတ်ကိုင်းရှိုင်းသော စိတ်ဓာတ်ရှိမှုသည် ထင်ရှား ဖြစ်တတ် သကဲ့သို့ ကောင်းစွာ မြင်အပ်ပြီးသော အပြစ်ရှိသော သင်္ခါရတရားအပေါင်းမှ စင်စစ်အားဖြင့် လွတ်မြောက်ခြင်းငှာ အလိုရှိသည်၏ အဖြစ်ဟူသော မုဉ္စိတုကမျတာဉာဏ်သည် ဖြစ်ပေါ်လှာသောကြောင့် ဖြစ်၏။ ထိုကြောင့် သင်္ခါရ တရားတို့၌ ကြောက်မက်ဖွယ် ဘေးအဖြစ်ဖြင့် ထင်သည်၏ အစွမ်းဖြင့် ပြီးသော သင်္ခါရတရားတို့၏ အပြစ်ကို မြင်သော အာဒီနဝါနုပဿနာဉာဏ်၏ အကျိုးအာနိသင်ကို ပြခြင်းငှာလည်း ဤဒုတိယဝါရကို ဟောကြားတော် မူအပ်သည်ဟု သိရှိပါလေ။ (ဝိသုဒ္ဓိ၊၂၊၂၈၇။)
ဥပ္ပါဒ - အနုပ္ပါဒ -----သင်္ခါရတရားတို့၏ ဖြစ်ခြင်းသည် ကြောက်မက်ဖွယ်ဘေးတည်း၊ သင်္ခါရတရားတို့၏ ဖြစ်ခြင်း မရှိသော နိဗ္ဗာန်သည်, တစ်နည်း ----- သင်္ခါရတရားတို့၏ နောင်အခါ ဖြစ်ခြင်း ကင်းကြောင်း ဖြစ်သော နိဗ္ဗာန်သည် ဘေးမရှိ၊ - ဤသို့သိသော ဉာဏ်သည် အလုံးစုံသော သင်္ခါရတရားတို့၏ ကင်းငြိမ်းရာ ဖြစ်သော အမြိုက်နိဗ္ဗာန်၌ ဖြစ်သော ဉာဏ် မည်၏။ ပ ။
ဥပါယာသသည် ကြောက်မက်ဖွယ် ဘေးတည်း၊ ဥပါယာသ မရှိသော နိဗ္ဗာန်သည်, တစ်နည်း --- ဥပါယာသ ကင်းကြောင်း ဖြစ်သော နိဗ္ဗာန်သည် ဘေးမရှိ၊ - ဤသို့ သိသော ဉာဏ်သည် အလုံးစုံသော သင်္ခါရတရားတို့၏ ကင်းငြိမ်းရာဖြစ်သော အမြိုက်နိဗ္ဗာန်၌ ဖြစ်သော ဉာဏ် မည်၏။ ဤကား တတိယဝါရတည်း။
ပထမဝါရကား ပဝတ္တိတည်း။ ပဝတ္တိ၌ အာဒီနဝဉာဏ်ဖြစ်ပုံကို ပြ၏။ ဒုတိယဝါရကား နိဝတ္တိတည်း၊ နိဝတ္တိ၌ အကျိုးအာနိသင်ကို ပြ၏။ ပဝတ္တိ၌ အပြစ်အာဒီနဝကိုမြင်၍ ထိုမြင်သည်၏ အခြားမဲ့မှာလျှင် နိဝတ္တိ၌ အကျိုး အာနိသင်ကို မြင်သဖြင့် လျင်မြန်စွာ ဝိပဿနာကို လုံ့လကြိုးကုတ် အားထုတ်သူတို့၏ အစွမ်းအားဖြင့် -----ဥပ္ပါဒေါ ဘယံ၊ အနုပ္ပါဒေါ ခေမံ = သင်္ခါရတရားတို့၏ ဖြစ်ခြင်းသည် ကြောက်မက်ဖွယ် ဘေးတည်း၊ သင်္ခါရ တရားတို့၏ ဖြစ်ခြင်းမရှိသော နိဗ္ဗာန်သည်, တစ်နည်း ---- သင်္ခါရတရားတို့၏ နောင်အခါ ဖြစ်ခြင်း ကင်းကြောင်း ဖြစ်သော နိဗ္ဗာန်သည် ဘေးမရှိ၊ - ဤသို့စသော ဤတတိယဝါရကို အားထုတ်သတည်း။ ဆဋ္ဌဝါရစသည်တို့၌ လည်း နည်းတူ မှတ်ပါ။ (မဟာဋီ၊၂၊၄၄၉။)
ဂတိ -----ဂတိဟူသည်ကား ပရမတ္ထတရားကိုယ်အားဖြင့် ထိုထိုကံဖြင့် မှတ်အပ်ကုန်သော ဘဝဟူသော အမည်ကို ရခြင်းငှာ ထိုက်ကုန်သော ဝိပါက်နာမက္ခန္ဓာ ကဋတ္တာရုပ်ပင် ဟူ၍ သိအပ်၏။ ဤပုဒ်တို့တွင်လည်း ဥပ္ပါဒ, ပဝတ္တ, အာယူဟန သဒ္ဒါဖြင့် ပစ္စုပ္ပန်အဓွန့်ကာလ၌ အတွင်းဝင်ကုန်သော (= ပဋိသန္ဓေမှသည် စုတိသို့ တိုင်အောင်သော ဘဝတစ်ခုအတွင်း၌ တည်ရှိကုန်သော) သင်္ခါရတရားတို့ကို ကောက်ယူအပ်ကုန်၏။ ပဋိသန္ဓိ သဒ္ဒါဖြင့် အနာဂတ်အဓွန့်၌ အတွင်းဝင်ကုန်သော ကံကြောင့် ဖြစ်ကုန်သော ဥပါဒိန္နက္ခန္ဓာတို့ကို ကောက်ယူအပ်ကုန်၏။ ဥပ္ပါဒ သဒ္ဒါဖြင့်လည်း အတိတ်အဓွန့်ကာလ၌ အတွင်းဝင်ကုန်သော ကမ္မ-သင်္ခါရတို့ကို ထုတ်ပြအပ်ကုန်၏။ နိမိတ္တသဒ္ဒါဖြင့်ကား အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော သုံးပါးသော အဓွန့်ကာလ၌ တည်သော ရုပ်တရား နာမ်တရား, အဇ္စျတ္တ ဗဟိဒ္ဓစသည် ဝေဖန်ခြင်းရှိသော ကုန်အောင်စုံသော သင်္ခါရတရားတို့ကိုလည်း ကောက်ယူအပ်ကုန်၏။ (မဟာဋီ၊၂၊၄၄၉-၄၅၀။)
ဒုက္ခ - သာမိသ - သင်္ခါရ
ဤပါဠိတော်၌ ဥပ္ပါဒစသည်သည် ကြောက်မက်ဖွယ်ဘေးတည်း။ ထိုကြောက်မက်ဖွယ် ဘေးဖြစ်သည့် ဥပ္ပါဒစသည်သည် အမြဲအားဖြင့် ဒုက္ခသာတည်း။ (ထိုဥပ္ပါဒစသည်၏ ဒုက္ခ၏ အဖြစ်ဖြင့် ကြောက်မက်ဖွယ် ဘေးဆိုးကြီးဖြစ်ရကား ကြောက်မက်ဖွယ် ဘေးဆိုးကြီးသည် ဒုက္ခ၏အဖြစ်ကို လွန်၍မဖြစ်ဟု ဤစကားက ဖော်ပြသည်။) ထိုမြဲသောအားဖြင့် ဒုက္ခဖြစ်သော ကြောက်မက်ဖွယ် သဘောရှိသော ဥပ္ပါဒစသည်သည် ----- (၁) ဝဋ္ဋာမိသ, (၂) လောကာမိသ, (၃) ကိလေသာမိသတို့မှ မလွတ်သည်၏ အဖြစ်ကြောင့် အာမိသနှင့်တကွ ဖြစ်သည်သာလျှင်တည်း။ (ဝိသုဒ္ဓိ၊၂၊၂၈၇။)
၁။ ဝဋ္ဋာမိသ ----- ကံကြောင့် ဖြစ်သော ဥပါဒိန္နက္ခန္ဓာ ငါးပါးတို့ကို ဝဋ္ဋာမိသ မည်၏ဟု ဆရာမြတ်တို့ ဆိုကြကုန်၏။ ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်ဟူသော ဝဋ်သုံးပါးသည်လည်းကောင်း, ယင်းဝဋ်ကို မှီသော တရားသည် လည်းကောင်း ဝဋ္ဋာမိသ မည်၏။ (မဟာဋီ၊၂၊၄၅၀။)
၂။ လောကာမိသ ----- ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ ဟူကုန်သော အာရုံငါးပါး ကာမဂုဏ် တရားတို့သည် ရာဂ ဒေါသ မောဟစသော ကိလေသာတို့သည် ငါ-ငါ့ဥစ္စာ စသည်ဖြင့် သုံးသပ်အပ်သည်၏ အဖြစ်ကြောင့် လောကာမိသမည်၏။ ကိလေသာတို့၏ စားဖတ် ဝါးဖတ် နင်းနယ် ကြိတ်ချေရာ တရားစုတို့ ပင်တည်း။ (မဟာဋီ၊၂၊၄၅၀။)
၃။ ကိလေသာမိသ ----- ရာဂ ဒေါသ မောဟ စသော ကိလေသာတို့သည် ကိလေသာမိသ မည်၏။ (မဟာဋီ၊၂၊၄၅၀။)
အကြင် ဥပ္ပါဒစသော သဘောတရားသည် သာမိသ = အာမိသနှင့်တကွ ဖြစ်၏။ ထိုအာမိသနှင့်တကွ ဖြစ်သော ဥပ္ပါဒစသော တရားသည် သင်္ခါရမတ္တမေဝ = လောကီသင်္ခါရမျှသာတည်း။ (ဝိသုဒ္ဓိ၊၂၊၂၈၇။)
ဤ သင်္ခါရမတ္တမေဝ-၌ ဧဝ = သာလျှင်ဟူသော စကားဖြင့် (= လောကီသင်္ခါရမျှသာ-၌ သာ ဟူသော စကားဖြင့်) ဝိသင်္ခါရဟု ဆိုအပ်သော နိဗ္ဗာန်ကို နစ်စေ၏။ အကြောင်းမူ ----- ထိုဝိသင်္ခါရဖြစ်သော နိဗ္ဗာန်၌ သာမိသအဖြစ်၏ အမြွက်မျှသော်လည်း မရှိသောကြောင့် ဖြစ်၏။ မတ္တ = မျှ ဟူသော စကားဖြင့် မပြည့်စုံသော သင်္ခါရတရားကို ထင်ရှားပြ၏။ အကြောင်းမူ အလုံးစုံသော ဖြစ်ခြင်း ပျက်ခြင်းသဘောရှိသော သင်္ခါရတရား မှန်သမျှသည် အာမိသနှင့် အတူတကွ ဖြစ်သည်ချည်း မဟုတ်။ အာမိသနှင့်တကွ မဖြစ်သော မဂ်-ဖိုလ်တရားလည်း ပါဝင်နေ၏။ မဂ်-ဖိုလ်တရားတို့သည်လည်း ဖြစ်ခြင်း ပျက်ခြင်းရှိသော သင်္ခါရတရားစုတို့တွင် ပါဝင်ကြ၏။ ထိုတွင် ဤ၌ လောကီ သင်္ခါရတရားမျှကိုသာ ကောက်ယူရသောကြောင့် ဖြစ်သည်။ (မဟာဋီ၊၂၊၄၅၀။)
ထိုသို့ ဘယဟု ဆိုအပ်သော ဥပ္ပါဒစသည်သည် ဒုက္ခစသည်ပင် ဖြစ်သောကြောင့် ဥပ္ပါဒေါ ဒုက္ခန္တိ ဘယတုပဋ္ဌာနေ ပညာ အာဒီနဝေ ဉာဏံ = ဖြစ်ခြင်း ဥပ္ပါဒသည် ဒုက္ခတည်း။ ဤသို့ သင်္ခါရတရားတို့၌ ကြောက်မက်ဖွယ် အဖြစ်ဖြင့် ထင်ခြင်း၌ ဖြစ်သော ပညာသည် အာဒီနဝဉာဏ် မည်၏။ ဤသို့ စသည်ကို ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌ ဟောကြားတော်မူခြင်း ဖြစ်သည်။ ဤ၌ တစ်ပုဒ်ပုဒ်ဖြင့် ဒုက္ခသဘောဟူသော အနက် သည် ပြီးကောင်းပါသော်လည်း -----
၁။ ဘယာကာရ = ကြောက်အပ်သည်၏ အဖြစ်ဟူသော အခြင်းအရာအားဖြင့်,
၂။ ဒုက္ခာကာရ = ဒုက္ခဟူသော အခြင်းအရာအားဖြင့်,
၃။ သာမိသာကာရ = အာမိသနှင့်တကွ ဖြစ်ခြင်းဟူသော အခြင်းအရာအားဖြင့် ----
ဤသို့ အခြင်းအရာ ထူးသောအားဖြင့် ဉာဏ်ဖြစ်ပုံ ထူးသည်၏ အစွမ်းဖြင့် ဤပုဒ်တို့၌ ဉာဏ်ထူးသည်၏ အဖြစ်ကို သိရှိပါလေ။ (ဝိသုဒ္ဓိ၊၂၊၂၈၇။)
ထို သင်္ခါရတရားတို့၌ပင်လျှင် အနိစ္စအားဖြင့် ဒုက္ခအားဖြင့် အနတ္တအားဖြင့် ဖြစ်ခြင်းထူးသည်၏ အစွမ်းဖြင့် အခြင်းအရာထူးသည်၏ အဖြစ်ကြောင့် အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ် ဟု အနုပဿနာဉာဏ်၏ ထူးခြားမှု ဖြစ်သကဲ့သို့ ထို့အတူ ဘယာကာရ ဒုက္ခာကာရ သာမိသာကာရ ဟူသော အခြင်းအရာ အာကာရ ထူးခြားသည်၏ အဖြစ်ကြောင့် ဖြစ်ပေါ်လာပုံ၏ အစွမ်းဖြင့် ဉာဏ်၏ ထူးခြားသည်၏ အဖြစ်ကို သိအပ်ပေသည်။ ထိုအခြင်းအရာ အာကာရတို့တွင် ဘယာကာရအားဖြင့်ဖြစ်သော ဉာဏ်သည် ဘယတုပဋ္ဌာနဉာဏ် မည်၏။ ဒုက္ခာကာရ, သာမိသာကာရ အားဖြင့် ဖြစ်သော ဉာဏ်သည် အာဒီနဝဉာဏ် မည်၏။ (မဟာဋီ၊၂၊၄၅၀-၄၅၁။)
ဉာဏ် (၁၀) ပါး
အာဒီနဝဉာဏ်ကို သိသော ယောဂါဝစရပုဂ္ဂိုလ်သည် ဥပ္ပါဒ, ပဝတ္တ, နိမိတ္တ, အာယူဟန, ပဋိသန္ဓိဟူသော (၅)မျိုးတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာသော, ယင်း (၅)မျိုးလျှင် တည်ရာ ဖြစ်ရာ ရှိကုန်သော (၅)ပါးသော အာဒီနဝဉာဏ်, အနုပ္ပါဒ, အပ္ပဝတ္တ, အနိမိတ္တ, အနာယူဟန, အပ္ပဋိသန္ဓိဟူသော (၅)မျိုးသော ဉာဏ်၏ ဖြစ်ရာ တည်ရာ ဝတ္ထုကို အာရုံပြု၍ ဖြစ်ပေါ်လာကုန်သော (၅)မျိုးသော သန္တိပဒဉာဏ် --နှစ်ရပ်ပေါင်း ဤ (၁၀)မျိုးသော ဉာဏ်တို့ကို ထိုးထွင်း၍ သိ၏ မျက်မှောက်ပြု၏။ (ဝိသုဒ္ဓိ၊၂၊၂၈၇။)
ဉာဏ်တစ်ခုက ဉာဏ်တစ်ခုကိုကား သိနိုင်၏။ သို့သော် ဉာဏ်သည် မိမိကိုယ်ကို မိမိ မသိ။ အဘယ်ကြောင့် ဒသ ဉာဏေ ပဇာနာတိ = (၁၀) ပါးသော ဉာဏ်တို့ကို သိ၏ ----- ဟု ဤသို့ ဆိုသနည်းဟု မေးရန်ရှိ၏။ အဖြေကား ဤသို့တည်း။ -----
ဤအရာ၌ သိခြင်းဟူသည်မှာလည်း ဥပ္ပါဒ, ပဝတ္တ, နိမိတ္တ, အာယူဟန, ပဋိသန္ဓိဟူသော အာရုံ, အနုပ္ပါဒ, အပ္ပဝတ္တ, အနိမိတ္တ, အနာယူဟန, အပ္ပဋိသန္ဓိဟူသော အာရုံ၌ တည်သော ကျရောက်နေသော ဉာဏ်သည် ယင်းအာရုံပေါ်၌ လွန်လွန်ကဲကဲ တွေဝေခြင်း ကင်းနေ၏၊ တွေဝေမှု မောဟ အမိုက်တိုက်ကို ပယ်ဖျောက်ပြီး လွင့်စင်စေပြီး ဖြစ်၏။ ထိုသို့ တွေဝေမှု ကင်းသဖြင့် ယင်းအာရုံ (၁၀)မျိုး၌ မတွေဝေသည် ဖြစ်၍ တွေဝေခြင်း ကင်းသည်ဖြစ်၍ ဉာဏ်ဟူသော မိမိ၌လည်း တွေဝေခြင်း ကင်းသည်သာလျှင် ဖြစ်နေ၏။ ထိုကြောင့် ဉာဏ်သည် မိမိကိုယ်ကိုလည်း မိမိ သိသကဲ့သို့ ဖြစ်နေ၏။ ဤသို့သော အကြောင်းကြောင့် (၁၀)ပါးသော ဉာဏ်တို့ကို သိ၏ဟု ဆိုခြင်း ဖြစ်သည်။ (မဟာဋီ၊၂၊၄၅၁။)
ယောဂါဝစရပုဂ္ဂိုလ်သည် ရံခါ ဥပ္ပါဒ, ပဝတ္တ, နိမိတ္တစသည်တို့ကို ဝိပဿနာ ရှုနေသော ဝိပဿနာဉာဏ်ကိုလည်း တစ်ဖန်ပြန်၍ ဝိပဿနာရှုရ၏။ ထိုသို့ ရှေးဝိပဿနာဉာဏ်ကို နောက်ဝိပဿနာဉာဏ်ဖြင့် တစ်ဖန် ပြန်၍ ဝိပဿနာရှုနိုင်သော် ----- ဒသ ဉာဏေ ပဇာနာတိ = (၁၀)ပါးသော ဉာဏ်တို့ကို သိ၏ - ဟု ဤသို့ ဆိုနိုင်သည်သာ ဖြစ်ပေသည်။
ယောဂါဝစရပုဂ္ဂိုလ်သည် ဤဖော်ပြပါ အာဒီနဝဉာဏ်, သန္တိပဒဉာဏ် နှစ်ပါးတို့၌ လိမ္မာသည်၏အဖြစ်ကြောင့် အထူးထူးသော ဒိဋ္ဌိတို့ကြောင့် မတုန်လှုပ်တော့ပေ။ (ပဋိသံ၊၅၆-၅၈။)
မပြတ်ဖြစ်သော ရုပ်နာမ်အစဉ်ဟူသော ပဝတ္တိ၌ မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း ဝိပဿနာဉာဏ်ဖြင့် မြင်ပြီးသည်၏ အဖြစ်ကြောင့် ထိုပဝတ္တိနှင့် ဆန့်ကျင်ဘက်အားဖြင့် သင်္ခါရတရားတို့၏ ကင်းငြိမ်းရာ နိဗ္ဗာန် တရားတော်မြတ်သည် ကောင်းစွာ ဆုံးဖြတ်အပ်သည် ဖြစ်၍သာလျှင် ထင်လာ၏။ ထိုကြောင့် ထိုယောဂါဝစရ ပုဂ္ဂိုလ်၏ စိတ်သည် မျက်မှောက်သော ကိုယ်၏အဖြစ်၌ အလွန်မွန်မြတ်သော ပရမဒိဋ္ဌဓမ္မ နိဗ္ဗာန် ရှိ၏ -- ဤသို့ စသော မိစ္ဆာအယူ၏ အစွမ်းဖြင့် မတုန်လှုပ်တော့ပေ။ အဘယ်ကြောင့်နည်းဟူမူ ----- ရုပ်နာမ်အယဉ် ပဝတ္တိ၌ ကောင်းစွာ ထက်ဝန်းကျင် မြင်အပ်သော အပြစ်အာဒီနဝ ရှိသောကြောင့် ဖြစ်၏။ ထိုကြောင့် အထူး ထူးသော ဒိဋ္ဌိတို့ကြောင့် မတုန်လှုပ်တော့ပေဟု မိန့်ဆိုခြင်း ဖြစ်သည်။ (မဟာဋီ၊၂၊၄၅၁။)
အာဒီနဝါနုပဿနာဉာဏ်ခန်း ပြီး၏။
__________