မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာနဂါမိနိပဋိပဒါ-ပဉ္စမတွဲ/ဥဒယဗ္ဗယဉာဏ်ခန်း

ဝီကီရင်းမြစ် မှ

ဥဒယဗ္ဗယဉာဏ်ခန်း

ထိုယောဂါဝစရပုဂ္ဂိုလ်သည် ဤသို့လျှင် အနိစ္စာနုပဿနာ စသည်တို့၏ ဆန့်ကျင်ဘက် ဖြစ်ကုန်သော နိစ္စသညာစသည့် သံကိလေသ အညစ်အကြေးတို့ကို ပယ်နိုင်ခြင်းကြောင့် အထူးသဖြင့် စင်ကြယ်သော ဝိပဿနာဉာဏ်သည် ထိုပုဂ္ဂိုလ်၏သန္တာန်ဝယ် ဖြစ်ပေါ်လာ၏။ တိမ်တိုက်စသည်တို့၏ ကင်းစင်ခြင်းကြောင့် ကောင်းကင်၏ ထက်ဝန်းကျင် စင်ကြယ်ခြင်းသည် ဖြစ်ပေါ်လာသကဲ့သို့လည်းကောင်း, ညွန်အညစ်အကြေး၏ ကင်းစင်ခြင်းကြောင့် ရေ၏ထက်ဝန်းကျင် စင်ကြယ်ခြင်းသည် ဖြစ်ပေါ်လာသကဲ့သို့လည်းကောင်း, သံစသော အညစ်အကြေး၏ ကင်းစင်ခြင်းကြောင့် ရွှေ၏ စင်ကြယ်ခြင်းသည် ဖြစ်ပေါ်လာသကဲ့သို့လည်းကောင်း ဝိပဿနာဉာဏ်၏ ညစ်နွမ်းကြောင်း ဖြစ်သော နိစ္စသညာစသော သံကိလေသ အညစ်အကြေး၏ ကင်းစင်ခြင်းကြောင့် ဝိပဿနာဉာဏ်၏ ထက်ဝန်းကျင် စင်ကြယ်ခြင်းသည် ဖြစ်ပေါ်လာရပေသည်။

တစ်ပါးမက များပြားစွာသော အခြင်းအရာတို့ဖြင့် ပြွမ်းသော သင်္ခါရတရားတို့၌ လက္ခဏာယာဉ်တင်၍ ဝိပဿနာ ရှုပွားသုံးသပ်ခြင်းဟူသော သမ္မသနဉာဏ်၏ ကိစ္စ ပြေကုန်စွာ ပြုအပ်ပြီးသည်၏ အဖြစ်ကြောင့် ထို ယောဂါဝစရပုဂ္ဂိုလ်သည် သမ္မသနဉာဏ်၏ ကမ်းတစ်ဘက်သို့လည်း ဆိုက်ရောက်လာ၏။ ယင်းသမ္မသနဉာဏ် အမြင်နှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သည် ဥဒယဗ္ဗယဉာဏ်အမြင်နှင့် ပြည့်စုံအောင် ဆက်လက်၍ အားသစ်ရမည် ဖြစ်၏။ (ဝိသုဒ္ဓိ၊၂၊၂၆၅။ မဟာဋီ၊၂၊၄၁၉။)

ဥဒယဗ္ဗယဒဿန (၂) မျိုး

၁။ ပစ္စယတော ဥဒယဗ္ဗယဒဿန = အကြောင်းတရားအားဖြင့် ဖြစ်ပျက်ကို ရှုခြင်း,

၂။ ခဏတော ဥဒယဗ္ဗယဒဿန = ဥပါဒ်-ဌီ-ဘင် ဟူသော ခဏအားဖြင့် ဖြစ်ပျက်ကို ရှုခြင်း ---

ဤသို့လျှင် ဥဒယဗ္ဗယဒဿန နှစ်မျိုး ရှိ၏။ ထိုနှစ်မျိုးတို့တွင် ခဏတော ဥဒယဗ္ဗယဒဿန = ဥပါဒ်-ဌီ-ဘင် ဟူသော ခဏတ္တယအားဖြင့် = ခဏတ္တယသို့ ဆိုက်အောင် သင်္ခါရတရားတို့၏ ဖြစ်မှု ပျက်မှုကို သိမြင်သော ဥဒယဗ္ဗယဉာဏ်ကို ရရှိခြင်းငှာ ေ့ရှဦးစွာ ဥဒယဗ္ဗယအကျဉ်းနည်းကို စတင်၍ အားထုတ်ရ၏။ အားထုတ်ရန် ညွှန်ပြသော ပါဠိတော်မှာ အောက်ပါအတိုင်း ဖြစ်၏။ ----

ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌ ဟောကြားထားတော်မူပုံ

ကထံ ပစ္စုပ္ပန္နာနံ ဓမ္မာနံ ဝိပရိဏာမာနုပဿနေ ပညာ ဥဒယဗ္ဗယာနုပဿနေ ဉာဏံ? ဇာတံ ရူပံ ပစ္စုပ္ပန္နံ၊ တဿ နိဗ္ဗတ္တိလက္ခဏံ ဥဒယော၊ ဝိပရိဏာမလက္ခဏံ ဝယော၊ အနုပဿနာ ဉာဏံ။ ဇာတာ ဝေဒနာ, သညာ, သင်္ခါရာ, ဝိညာဏံ။ ဇာတံ စက္ခု။ ပ ။ ဇာတော ဘဝေါ ပစ္စုပ္ပန္နော၊ တဿ နိဗ္ဗတ္တိလက္ခဏံ ဥဒယော၊ ဝိပရိဏာမလက္ခဏံ ဝယော၊ အနုပဿနာ ဉာဏံ။ (ပဋိသံ၊၅၂။ ဝိသုဒ္ဓိ၊၂၊၂၆၅။)

ဤအထက်ပါ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်နှင့်အညီ ဥဒယဗ္ဗယဉာဏ်ပိုင်း၌ ဝိပဿနာ စတင်ရှုရမည့် ဝိပဿနာဉာဏ်၏ အရှုခံ အာရုံတရားများမှာ ပစ္စုပ္ပန်ဖြစ်သော ဥပါဒ်-ဌီ-ဘင်ဟူသော ခဏသုံးပါး အပေါင်း၌ အကျုံး ဝင်သော ဥပါဒါနက္ခန္ဓာ (၅)ပါး, အာယတန (၁၂)ပါး, ဓာတ် (၁၈)ပါး, လောကီဣန္ဒြေတရားများ, အဝိဇ္ဇာမှသည် ဘဝသို့ တိုင်အောင်သော ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ် (၁၀)ပါးတို့တည်း။

ပစ္စုပ္ပန်ဟူသည်မှာ

ဧတ္ထ စ ခဏာဒိကထာဝ နိပ္ပရိယာယာ။ သေသာ သပရိယာယာ။ (ဝိသုဒ္ဓိ၊၂၊၁၀၃။)

ပစ္စုပ္ပန္နရူပံ နာမ ဇာတံ ခဏတ္တယပရိယာပန္နန္တိ အတ္ထော။ တံ ပန အာဒိတော ဒုပ္ပရိဂ္ဂဟန္တိ သန္တတိပစ္စုပ္ပန္နဝသေန ဝိပဿနာဘိနိဝေသော ကာတဗ္ဗော။ (မဟာဋီ၊၂၊၄၁၉။)

အဒ္ဓါပစ္စုပ္ပန် သန္တတိပစ္စုပ္ပန် ခဏပစ္စုပ္ပန်ဟု ပစ္စုပ္ပန်သုံးမျိုးရှိရာ သမ္မသနဉာဏ်ပိုင်း၌ အဒ္ဓါပစ္စုပ္ပန်တရား တို့က စ၍ ဝိပဿနာ ရှုပွားနှလုံးသွင်းရ၏။ ဤဥဒယဗ္ဗယဉာဏ်ပိုင်း၌ကား သန္တတိပစ္စုပ္ပန်မှ စ၍ ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ဝိပဿနာ ရှုပွားနှလုံးသွင်းရ၏။ အဒ္ဓါပစ္စုပ္ပန်တရားမှ စ၍ ဝိပဿနာ နှလုံးသွင်းသည်ပင် ဖြစ်စေ၊ သန္တတိပစ္စုပ္ပန်တရားမှ စ၍ ဝိပဿနာ နှလုံးသွင်းသည်ပင် ဖြစ်စေ၊ သင်္ခါရတရားတို့၏ ဥပါဒ်-ဌီ-ဘင်ဟူသော ခဏအားဖြင့် ဖြစ်မှု ပျက်မှု = ခဏပစ္စုပ္ပန်သို့ ဉာဏ်အမြင်ဆိုက်အောင် ဝိပဿနာရှုရမည်သာ ဖြစ်ပေသည်။

ထိုပစ္စုပ္ပန် သုံးမျိုးတို့တွင် အဒ္ဓါပစ္စုပ္ပန် သန္တတိပစ္စုပ္ပန်တို့ကား ပရိယာယကထာ စကားတို့တည်း။ အဒ္ဓါ ပစ္စုပ္ပန် အမည်ရသော သင်္ခါရတရား, သန္တတိပစ္စုပ္ပန်အမည်ရသော သင်္ခါရတရားတို့၌ တရားကိုယ် ပရမတ္ထဓမ္မ များသည် ေ့ရှနှင့် နောက် ကွဲပြားမှု ရှိကြ၏။ ဆိုလိုသည်မှာ ဤသို့ ဖြစ်၏၊ ---- အဒ္ဓါပစ္စုပ္ပန် အမည်ရသော ပဋိသန္ဓေမှသည် စုတိသို့ တိုင်အောင်သော ဘဝတစ်ခုဖြင့် ပိုင်းခြားထားအပ်သော တရားတို့ကား အမျိုးမျိုး အစားစားပင် ရှိကြ၏။ ဘဝတစ်လျှောက်လုံး၌ ပရမတ္ထဓာတ်သား တစ်ခုတည်းသာ ဖြစ်နေသည်ကား မဟုတ်ပေ။ ရုပ် အမျိုးမျိုး, နာမ် အမျိုးမျိုး, ကုသိုလ် အမျိုးမျိုး, အကုသိုလ် အမျိုးမျိုး, ဝိပါက် အမျိုးမျိုး, ကြိယာ အမျိုးမျိုးတို့ ဖြစ်ကြ၏။ သန္တတိပစ္စုပ္ပန်တရားတို့၌လည်း ထိုက်သလို နည်းတူပင် မှတ်ပါ။

ထိုအဒ္ဓါပစ္စုပ္ပန် သန္တတိပစ္စုပ္ပန်တရားတို့တွင် တစ်ခုသော ဥပါဒ်-ဌီ-ဘင်ဟူသော ခဏသုံးပါးအပေါင်း = ခဏတ္တယမှ စောင့်ကြည့်ခဲ့သော် အချို့ကား ခဏတ္တယကို လွန်ပြီး အတိတ်တရားများ ဖြစ်ကြ၏၊ အချို့ကား ခဏတ္တယသို့ မရောက်သေးသော အနာဂတ်တရားများ ဖြစ်ကြ၏။ အချို့ကား ခဏတ္တယသို့ ရောက်ဆဲ ပစ္စုပ္ပန် တရားများ ဖြစ်ကြ၏။ ထို့ကြောင့် အဒ္ဓါပစ္စုပ္ပန်, သန္တတိပစ္စုပ္ပန်ဟု ဆိုသော စကားတို့ကား ပရိယာယကထာ = ပစ္စုပ္ပန်ဟု ပရိယာယ်အားဖြင့် ဆိုသော စကားတို့သာ ဖြစ်ကြ၏။ ဥပါဒ်-ဌီ-ဘင်ဟူသော ခဏသုံးပါးတို့၏ အပေါင်း ဖြစ်သော ခဏတ္တယနှင့် ပြည့်စုံသော တရားသည် မုချအားဖြင့် ပစ္စုပ္ပန်တရားမည်၏ဟု ဆိုသော ခဏပစ္စုပ္ပန်နှင့် ဆက်စပ်သော စကား, ယင်းခဏတ္တယမှ ရှေး၌ဖြစ်သော တရားကား အတိတ်တရား, ယင်းခဏတ္တယမှ နောက်၌ ဖြစ်သောတရားကား အနာဂတ်တရားဟု ဆိုသော စကားများသည်သာလျှင် နိပ္ပရိယာယကထာ = ပရိယာယ် မဖက်သည့် မုချစကားများ ဖြစ်ကြ၏။

ဆိုလိုသည်မှာ --- ခဏပစ္စုပ္ပန်တရားသည်သာလျှင် မုချ ပစ္စုပ္ပန်တရားတည်း။ အဒ္ဓါပစ္စုပ္ပန်တရား သန္တတိ ပစ္စုပ္ပန်တရားတို့ကား ပရိယာယပစ္စုပ္ပန်တရားတို့တည်း။ အကြောင်းမူ ဥပါဒ်-ဌီ-ဘင်ဟူသော ခဏတ္တယအတွင်း၌ တည်ရှိသော ခဏပစ္စုပ္ပန်တရားတို့၌ ပရမတ္ထဓာတ်သား တရားလုံးများ ကွဲပြားခြားနားမှု မရှိ။ ပရမတ္ထဓာတ်သား အုပ်စုများသည် မျိုးတူလျက်သာ ရှိကြ၏။ ပရမတ္ထဓာတ်သား ကွဲပြားမှု ထူးခြားမှု မရှိဘဲ ဥပါဒ်ကာလ, ဌီကာလ, ဘင်ကာလဟူသော ကာလကွဲပြားမှုသာ ရှိ၏။ ယင်းခဏတ္တယအတွင်း၌ အဒ္ဓါပစ္စုပ္ပန် သန္တတိပစ္စုပ္ပန်တရားတို့ကဲ့သို့ တစ်စုံတစ်ခုသော နည်းပရိယာယ်ဖြင့် ဤကား အတိတ်တရား, ဤကား အနာဂတ်တရားဟု ဆိုဖွယ် အထူး မရှိသောကြောင့် ဖြစ်၏။

အခြေခံအဘိဓမ္မာပညာ အားနည်းသူတို့အတွက် သဘောပေါက်စေရန် သန္တတိပစ္စုပ္ပန် အမည်ရသော စက္ခုဒွါရဝီထိ စိတ်အစဉ် တစ်ခုကို ပုံစံထုတ်၍ ထပ်မံ ရှင်းလင်း တင်ပြအပ်ပါသည်။ ----

အတိမဟန္တာရုံ စက္ခုဒွါရိကဝီထိ စိတ်အစဉ် တစ်ခုအတွင်း၌ ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော (၇)ကြိမ်, တဒါရုံ (၂)ကြိမ်ဟု ဝီထိစိတ်များ ရှိကြ၏။ ဤစက္ခုဒွါရဝီထိအတွင်း၌ တည်ရှိ သော နာမ်တရား အားလုံးသည် သန္တတိပစ္စုပ္ပန်တရားစုတို့သာ ဖြစ်ကြ၏။

ထိုတွင် ပဉ္စဒွါရာဝဇ္ဇန်း စိတ္တက္ခဏအခိုက်၌ စိတ်+စေတသိက် = နာမ်တရား (၁၁)လုံးတို့ ပြိုင်တူ ဖြစ်ကြ၏၊ နာမ်ကလာပ် တစ်မျိုး အုပ်စုတစ်မျိုး ဖြစ်၏။ စက္ခုဝိညာဏ် စိတ္တက္ခဏအခိုက်၌ စိတ်+စေတသိက် = နာမ် တရား (၈)လုံးတို့ ပြိုင်တူ ဖြစ်ကြ၏၊ နာမ်ကလာပ် တစ်မျိုး အုပ်စုတစ်မျိုး ဖြစ်၏။ ဤသို့ စသည်ဖြင့် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ စိတ်+စေတသိက် = နာမ်တရားအုပ်စုချင်း တစ်မျိုး တခြား တစ်ပါးစီသာ အသီးအသီး ဖြစ်- ၏။ ရှေးရှေး စိတ္တက္ခဏအတွင်း၌ တည်ရှိကြသော နာမ်တရားစုတို့ ချုပ်ပျက်သွားပါမှ နောက်နောက် စိတ္တက္ခဏ အတွင်း၌ တည်ရှိကြသော နာမ်တရားစုတို့သည် ဖြစ်ခွင့် ရရှိကြသဖြင့် ရှေးရှေး စိတ္တက္ခဏ၏ ပရမတ္ထဓာတ်သား တရားကိုယ်နှင့် နောက်နောက် စိတ္တက္ခဏ၏ ပရမတ္ထဓာတ်သားတရားကိုယ်တို့သည် မတူကြပေ။ ေ့ရှဖဿကား တခြား နောက်ဖဿကား တခြား, ေ့ရှဝေဒနာကား တခြား နောက်ဝေဒနာကား တခြား ---- ဤသို့ စသည်ဖြင့် တစ်မျိုးတခြားစီသာ ဖြစ်ကြ၏။ ဤသို့လျှင် ေ့ရှစိတ္တက္ခဏနှင့် နောက်စိတ္တက္ခဏတို့သည် ပရမတ္ထ ဓာတ်သား အချင်းချင်းလည်း ကွဲပြားကြ၏။

တစ်ဖန် စက္ခုဝိညာဏ်၏ ဥပါဒ်-ဌီ-ဘင် = ခဏတ္တယမှ ကြည့်ခဲ့သော် ပဉ္စဒွါရာဝဇ္ဇန်းသည် အတိတ် ဖြစ်၏၊ သမ္ပဋိစ္ဆိုင်းသည် အနာဂတ် ဖြစ်၏၊ ဤသို့ စသည်ဖြင့် အတိတ်အနာဂတ် ကွဲပြားမှုလည်း ရှိကြ၏။ ထို့ကြောင့် သန္တတိပစ္စုပ္ပန်ဟူသော စကား၌ ----

၁။ ပရမတ္ထဓာတ်သား တရားကိုယ် ကွဲပြားခြားနားမှု အမျိုးမျိုး ရှိခြင်း,

၂။ အတိတ်တရား အနာဂတ်တရားတို့ ရောထွေးလျက် ပါဝင်နေခြင်း ---

ဤအကြောင်းများကြောင့် သန္တတိပစ္စုပ္ပန်သည် တကယ့် ပစ္စုပ္ပန်စစ်စစ် မဟုတ်၊ ပရိယာယ်အားဖြင့်သာ ပစ္စုပ္ပန်ဟု ဆိုသော စကားဖြစ်သည်။ အဒ္ဓါပစ္စုပ္ပန်၌လည်း နည်းတူပင် သဘောပေါက်ပါလေ။

ဥပါဒ်-ဌီ-ဘင် ဟူသော ခဏသုံးပါး အပေါင်း = ခဏတ္တယ၌ အကျုံးဝင်သော ခဏတ္တယနှင့် ပြည့်စုံသော ပရမတ်တရားကား ခဏပစ္စုပ္ပန် ဖြစ်၏၊ ယင်းခဏပစ္စုပ္ပန်တရားသည်သာလျှင် တကယ့် ပစ္စုပ္ပန်စစ်စစ် ဖြစ်၏၊ မုချပစ္စုပ္ပန် ဖြစ်၏။

ထို့ကြောင့် သန္တတိပစ္စုပ္ပန်မှ ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် သန္တတိပစ္စုပ္ပန်တရားမှ စတင်၍ ဝိပဿနာရှုမှုသည်ပင် တကယ့်ပစ္စုပ္ပန်တည့်တည့်ကို ဝိပဿနာရှုနေသည် မဟုတ်သေးသည်ကိုလည်းကောင်း, အတိတ်တရား နှင့် အနာဂတ်တရားတို့ ရောထွေးလျက် ပါဝင်နေသေးသည်ကိုလည်းကောင်း သဘောကျလေရာသည်။ ဤ အထက်ပါ ရှင်းလင်းချက်များနှင့် အညီ အသင်သူတော်ကောင်းသည် ----

၁။ ကာလသုံးပါးအတွင်း၌ တည်ရှိသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ် အသီးအသီးကို ယင်းအင်္ဂါရပ် အသီးအသီး၏ ထိုထိုခဏ၌ ဖြစ်မှု တည်မှု ပျက်မှုကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ခဏပစ္စုပ္ပန်သို့ဆိုက်အောင် ဝိပဿနာ ရှုပါ ဟူသော စကား,

၂။ သန္တတိပစ္စုပ္ပန်တရားမှသည် ခဏပစ္စုပ္ပန်တရားသို့ ဉာဏ်အမြင် ဆိုက်အောင် ဝိပဿနာ ရှုပါ ဟူသော စကား,

ဤစကားရပ်များနှင့် ဆက်စပ်၍ ဤတွင် ဆိုလိုသော ပစ္စုပ္ပန်ကို နေရာတကျ အဓိပ္ပါယ်မှန် ယူဆတတ် ဖို့လိုပေသည်။

ဣဒါနိ အနန္တရံ ဝုတ္တဿ သမ္မသနဉာဏဿ နာနာနယေဟိ ဘာဝနာထိရကရဏေန ပါရံ ဂန္တွာ ဌိတေန အနိစ္စာဒိတော ဒိဋ္ဌေ သင်္ခါရေ ဥဒယဗ္ဗယေန ပရိစ္ဆိန္ဒိတွာ အနိစ္စာဒိတော ဝိပဿနတ္ထံ ဝုတ္တဿ ဥဒယဗ္ဗယာနုပဿနာဉာဏဿ နိဒ္ဒေသေ ဇာတံ ရူပန္တိအာဒီသု သန္တတိဝသေန ယထာသကံ ပစ္စယေဟိ နိဗ္ဗတ္တံ ရူပံ။ တဿ ဇာတဿ ရူပဿ နိဗ္ဗတ္တိလက္ခဏံ ဇာတိံ ဥပ္ပါဒံ အဘိနဝါကာရံ ဥဒယောတိ, ဝိပရိဏာမလက္ခဏံ ခယံ ဘင်္ဂံ ဝယောတိ, အနုပဿနာ ပုနပ္ပုနံ နိသာမနာ၊ ဥဒယဗ္ဗယာနုပဿနာဉာဏန္တိ အတ္ထော။ ဝေဒနာဒီသုပိ ဧသေဝ နယော။ (ပဋိသံ၊ဋ္ဌ၊၁၊၂၃၄။)

ယခုအခါ အခြားမဲ့၌ ဟောတော်မူအပ် ဖွင့်ဆိုအပ်ခဲ့သော သမ္မသနဉာဏ်၏ အထူးထူးသော နည်းတို့ဖြင့် ဝိပဿနာဘာဝနာကို မြဲမြံအောင် ပြုခြင်းဖြင့် ကမ်းတစ်ဘက်သို့ ရောက်ရှိ၍ တည်နေသော ယောဂါဝစရပုဂ္ဂိုလ်သည် အနိစ္စစသောအားဖြင့် ရှုမြင်အပ်ပြီးသော သင်္ခါရတရားတို့ကို ဖြစ်ခြင်း ပျက်ခြင်းဖြင့် ပိုင်းခြား၍ အနိစ္စ စသောအားဖြင့် လက္ခဏာယာဉ် တင်၍ ဝိပဿနာရှုခြင်းငှာ ဖွင့်ဆိုတော်မူအပ် ဟောကြားတော်မူအပ်သော ဥဒယဗ္ဗယာနုပဿနာဉာဏ်၏ နိဒ္ဒေသ၌ ----

ဇာတံ ရူပံ စသည့် ပါဠိရပ်တို့၌ သန္တတိ၏ အစွမ်းဖြင့် မိမိ မိမိတို့ ဆိုင်ရာ ကိုယ်ပိုင် အကြောင်းတရားတို့သည် ဖြစ်စေအပ်သော ရုပ်တရားသည် ဇာတ ရူပတည်း၊ ဖြစ်ဆဲ ရုပ်တည်း။ ထိုဖြစ်ဆဲ ဇာတ ရူပ ရုပ်တရား၏ နိဗ္ဗတ္တိလက္ခဏာဖြစ်သော ဇာတိသဘော ဥပါဒ်သဘောဟူသော အသစ်ဖြစ်သော အခြင်းအရာကို ဥဒယ = ဖြစ်မှုသဘောဟူ၍, ဝိပရိဏာမလက္ခဏာဖြစ်သော ကုန်ခြင်း ပျက်ခြင်းသဘောကို ဝယ = ပျက်မှုသဘောဟူ၍, ယင်းဖြစ်မှု ပျက်မှု ဖြစ်ခြင်း ပျက်ခြင်းသဘောကို အဖန်ဖန်အထပ်ထပ် ရှုတတ်သော ဉာဏ်ကို ဥဒယဗ္ဗယာနုပဿနာဉာဏ် = ဥဒယ-ဝယကို အဖန်ဖန် အထပ်ထပ် ရှုတတ်သော ဉာဏ်ဟူ၍ ဆိုလိုပေသည်။ (ပဋိသံ၊ဋ္ဌ၊၁၊၂၃၄။)

ဤအထက်ပါ အဋ္ဌကထာစကားရပ်၌ ----

၁။ သမ္မသနဉာဏ်၏ ကမ်းတစ်ဘက်သို့ ရောက်ရှိ၍ တည်နေသော ယောဂါဝစရပုဂ္ဂိုလ်သည် (သမ္မသနဉာဏ်ပိုင်း၌) အနိစ္စစသောအားဖြင့် ရှုမြင်အပ်ပြီးသော သင်္ခါရတရားတို့ကို ဖြစ်ခြင်း ပျက်ခြင်းဖြင့် ပိုင်းခြား၍ အနိစ္စစသောအားဖြင့် လက္ခဏာယာဉ်တင်၍ ဝိပဿနာရှုခြင်းငှာ ဖွင့်ဆိုတော်မူအပ် ဟောကြားတော်မူအပ်သော ဥဒယဗ္ဗယာနုပဿနာဉာဏ်ဟူသော စကားတစ်ရပ်,

၂။ သန္တတိ၏ အစွမ်းဖြင့် မိမိ မိမိတို့ ဆိုင်ရာ ကိုယ်ပိုင် အကြောင်းတရားတို့သည် ဖြစ်စေအပ်သော ရုပ်သည် ဇာတ ရူပ = ဖြစ်ဆဲ ရုပ်တည်း ဟူသော စကားတစ်ရပ် ---- ဤစကား နှစ်ရပ်ကို အသင်သူတော်ကောင်းသည် သေချာစွာ မှတ်သားထားပါ။

ဇာတန္တိ နိဗ္ဗတ္တံ ပဋိလဒ္ဓတ္တဘာဝံ။ အယံ ဟိ ဇာတသဒ္ဒေါ ခဏတ္တယသမင်္ဂိတံ သန္ဓာယ ဝုတ္တော ယေ ဓမ္မာ ဇာတာ ဘူတာတိအာဒီသု ဝိယ၊ န အတီတံ ----

ယေ တေ ဇာတာ, န တေ သန္တိ၊ ယေ န ဇာတာ, တတ္ထေဝ တေ။

လဒ္ဓတ္တဘာဝါ နော ဘဂ္ဂါ၊ တေဝ သန္တိ သဘာဝတော။တိ ----

အာဒီသု ဝိယ၊ နာပိ ဇာတတာမတ္တံ ယံ တံ ဇာတံ ဘူတံ သင်္ခတန္တိအာဒီသု ဝိယ။ တေနာဟဇာတံ ရူပံ ပစ္စုပ္ပန္နန္တိ။ ပစ္စုပ္ပန္နရူပံ နာမ ဇာတံ ခဏတ္တယပရိယာပန္နန္တိ အတ္ထော။ တံ ပန အာဒိတော ဒုပ္ပရိဂ္ဂဟန္တိ သန္တတိပစ္စုပ္ပန္နဝသေန ဝိပဿနာဘိနိဝေသော ကာတဗ္ဗော။ (မဟာဋီ၊၂၊၄၁၉။)

ဇာတ-ဟူသည် ဖြစ်ပေါ်လာသော ရအပ်သော အတ္တဘောတည်း။ (ရုပ်နာမ်ပရမတ္ထဓာတ်သားတို့၏ ဥပါဒ် -ဌီ-ဘင်အားဖြင့် သရုပ်အထည် ထင်ထင်ရှားရှား ဖြစ်သည်ကိုပင် အတ္တဘောကို ရသည်ဟု ဆိုသည်။ ရုပ်ကလာပ် တစ်ခု၏ အတွင်း၌ --- မာမှု ကြမ်းမှု လေးမှု သို့မဟုတ် ပျော့မှု ချောမှု ပေါ့မှုဟူသော ပထဝီဓာတ်, ယိုစီးမှု သို့မဟုတ် ဖွဲ့စည်းမှုဟူသော အာပေါဓာတ်, ပူမှု သို့မဟုတ် အေးမှုဟူသော တေဇောဓာတ်, ထောက်ကန်မှု တွန်းကန်မှုဟူသော ဝါယောဓာတ် - ဤသို့ စသော ပရမတ္ထဓာတ်သားတို့၏ ဥပါဒ်-ဌီ-ဘင်အနေအားဖြင့် သရုပ် အထည်ကိုယ် ဒြပ် ထင်ထင်ရှားရှား ဖြစ်ပေါ်လာသည်ကိုပင် အတ္တဘောကို ရသည်ဟု ဆိုသည်။ နာမ်ကလာပ်တို့၌လည်း နည်းတူပင် မှတ်ပါ။) ဤ ဇာတ-သဒ္ဒါကို ----

ယေ ဓမ္မာ ဇာတာ ဘူတာ (အဘိ၊၁၊၂၁၃။) = အကြင်တရားတို့သည် ဖြစ်ကုန်၏ ထင်ရှားဖြစ်ကုန်၏-- ဤသို့စသော ပါဠိရပ်တို့၌ကဲ့သို့ ဥပါဒ်-ဌီ-ဘင်ဟူသော ခဏတ္တယသမင်္ဂီ = ခဏသုံးပါးအပေါင်းနှင့် ပြည့်စုံသည်၏ အဖြစ်ကို ရည်ရွယ်၍ -- ဇာတံ ရူပံ ပစ္စုပ္ပန္နံ စသည်ဖြင့် ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌ ဟောကြားထားတော်မူပေသည်။

ယေ တေ ဇာတာ န တေ သန္တိ။ ပ ။ တေဝ သန္တိ သဘာဝတော = အကြင်တရားတို့သည် ဖြစ်ပြီးကုန်ပြီ၊ ထိုဖြစ်ပြီးကုန်သော အတိတ်တရားတို့သည် ရှိဆဲ မဟုတ်ကြကုန်။ အကြင်တရားတို့သည် မဖြစ်ကြကုန်သေး၊ ထို မဖြစ်ကြကုန်သေးသော အနာဂတ်တရားတို့သည် ထို့အတူပင် ရှိဆဲမဟုတ်ကြကုန်။ အကြင်တရားတို့သည် ဥပါဒ်-ဌီ-ဘင်အားဖြင့် သရုပ်အထည်ကိုယ်ဒြပ် ထင်ထင်ရှားရှား ဖြစ်ခြင်းဟူသော ရအပ်သော အတ္တဘော ရှိကြကုန်၏၊ မပျက်ကြကုန်သေး၊ ထိုတရားတို့သည်သာလျှင် သင်္ခတပရမတ္ထ သဘာဝအားဖြင့် ထင်ရှားရှိဆဲ ဖြစ်ကြကုန်၏။

ဤသို့ စသော အရာဌာနတို့၌ ဇာတ-သဒ္ဒါကို အတိတ်တရားကို ရည်ရွယ်၍ ဟောကြားထား၏။ ဤ -- ဇာတံ ရူပံပစ္စုပ္ပန္နံ - စသော ပါဠိတော်၌ကား ထိုကဲ့သို့ အတိတ်တရားကို ရည်ရွယ်၍ ဟောကြားထားသည်ကား မဟုတ်ပေ။ တစ်ဖန် ----

ယံ တံ ဇာတံ ဘူတံ သင်္ခတံ (ဒီ၊၂၊၁၁၉။ သံ၊၃၊၁၄၁။) = အကြင်တရားသည် ဖြစ်ပေါ်လာ၏။ ထင်ရှား ဖြစ်လာ၏။ အကြောင်းတရားတို့က ပေါင်းစု၍ ပြုပြင်အပ်၏။ ထိုတရားသည် စင်စစ် မပျက်စီးပါစေသတည်းဟု ဤသို့ တောင့်တ၍ ရနိုင်ခြင်း၏ အခွင့်အလမ်းသည် မရှိနိုင်----

ဤသို့ စသော ပါဠိတော်တို့၌ ဇာတ-သဒ္ဒါသည် ဖြစ်ခြင်းမျှ = ဇာတမတ္တကိုသာ ဟော၏။ ဤ --- ဇာတံ ရူပံ ပစ္စုပ္ပန္နံ - စသည်၌ ဇာတသဒ္ဒါသည် ထိုကဲ့သို့ ဇာတမတ္တ = ဖြစ်ခြင်းမျှ သဘောကိုလည်း မဟောပေ။ ဟောသည်မှာကား ဥပါဒ်-ဌီ-ဘင်ဟူသော ခဏတ္တယသမင်္ဂီ = ခဏသုံးပါး အပေါင်းနှင့် ပြည့်စုံသည်၏ အဖြစ်ကိုသာ ဟောပေသည်။ ထို့ကြောင့် ဇာတံ ရူပံ ပစ္စုပ္ပန္နံ = ပစ္စုပ္ပန်ရုပ်ဟူသည် ထင်ရှားဖြစ်ပေါ်လာသော ဥပါဒ်-ဌီ-ဘင်ဟူသော ခဏသုံးပါး၌ အကျုံးဝင်သော တရားပင်တည်းဟု ဟောတော်မူခြင်း ဖြစ်သည်။ ထိုခဏသုံးပါး အပေါင်းနှင့် ပြည့်စုံသည့် ခဏတ္တယသမင်္ဂီဖြစ်သော ပစ္စုပ္ပန်တရားကိုကား ဝိပဿနာကို အားသစ်စဖြစ်သော အာဒိကမ္မိကပုဂ္ဂိုလ်သည် သိမ်းဆည်းနိုင်ဖို့ရန် ခဲယဉ်းလှ၏၊ ထို့ကြောင့် သန္တတိပစ္စုပ္ပန်တရားကစ၍ ဝိပဿနာကို နှလုံးသွင်းရန် မဟာဋီကာဆရာတော်က ဖွင့်ဆိုထားပေသည်။ ဤညွှန်ကြားချက်အတိုင်း အသင်သူတော်ကောင်းသည် သန္တတိပစ္စုပ္ပန်တရားမှတစ်ဆင့် ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် တဖြည်းဖြည်း ဆက်လက်၍ ဝိပဿနာ နှလုံးသွင်း ရှုပွားပါ။ (မဟာဋီ၊၂၊၄၁၉-ကြည့်ပါ။)

ဤစကားရပ်၌ ဥပါဒ်-ဌီ-ဘင်-အားဖြင့် သရုပ်အထည်ကိုယ် ထင်ထင်ရှားရှား ဖြစ်ပေါ်လာသော ပရမတ္ထ ဓာတ်သားတည်းဟူသော အထည်ကိုယ် အတ္တဘော ရစကောင်းသော ဥပါဒ်-ဌီ-ဘင်ဟူသော ခဏသုံးပါးအပေါင်း = ခဏတ္တယ၌ အကျုံးဝင်သောတရားသည် ပစ္စုပ္ပန်တရား မည်၏ ဟူသော လိုရင်းအချက်ကို မှတ်သားထားပါ။ သို့မှသာလျှင် အောက်ပါ ပါဠိတော် ရှုကွက်ကို သဘောပေါက်နိုင်မည်။

ဇာတံ ရူပံ ပစ္စုပ္ပန္နံ၊ တဿ နိဗ္ဗတ္တိလက္ခဏံ ဥဒယော၊ ဝိပရိဏာမလက္ခဏံ ဝယော၊ အနုပဿနာ ဉာဏံ ။ ပ ။ ဇာတာ အဝိဇ္ဇာ ပစ္စုပ္ပန္နာ၊ တဿာ နိဗ္ဗတ္တိလက္ခဏံ ဥဒယော၊ ဝိပရိဏာမလက္ခဏံ ဝယော၊ အနုပဿနာ ဉာဏံ။ (ပဋိသံ၊၅၂။)

ဖြစ်ဆဲဖြစ်သော ဥပါဒ်-ဌီ-ဘင်အားဖြင့် သရုပ်အထည်ကိုယ် ထင်ထင်ရှားရှား ဖြစ်ခြင်းဟူသော ရအပ်သော အတ္တဘော ရှိသော = အတ္တဘောကို ရဆဲဖြစ်သော အဝိဇ္ဇာသည် ပစ္စုပ္ပန် မည်၏။ (ပစ္စုပ္ပန်ဖြစ်သော အဝိဇ္ဇာ မည်သည် ဖြစ်ဆဲ ဖြစ်၍ ဥပါဒ်-ဌီ-ဘင်ဟူသော ခဏသုံးပါး အပေါင်း၌ အကျုံးဝင်သော အဝိဇ္ဇာပင်တည်း ဟူလိုသည်။) ထိုပစ္စုပ္ပန်ဖြစ်သော အဝိဇ္ဇာ၏ စ၍ ဖြစ်ခြင်းဟူ၍ မှတ်အပ်သော သင်္ခတလက္ခဏာသည် ဥဒယ = ဖြစ်ခြင်း မည်၏။ ဖောက်ပြန်ပျက်စီးခြင်းဟူ၍ မှတ်အပ်သော သင်္ခတလက္ခဏာသည် ဝယ = ပျက်ခြင်း မည်၏။ ယင်း ဥဒယ-ဝယကို အဖန်တလဲလဲ ရှုသော ပညာသည် ဉာဏ် မည်၏။

စဉ်းစားရန် အချက်များ

ဤအထက်ပါ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌ အဝိဇ္ဇာတွင် အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါးလုံး အတွင်း၌ အကျုံးဝင်သော အဝိဇ္ဇာ အမျိုးမျိုး ပါဝင်နိုင်သည်ကို ရှေးပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ရေးသားတင်ပြခဲ့သော ရှုကွက်များနှင့် ဆက်စပ်၍ သဘောပေါက်ပါလေ။ ပစ္စုပ္ပန် ဝိပါက်ခန္ဓာ (၅)ပါးတို့၏ အကြောင်းတရား များတွင် ပါဝင်သော အတိတ်ဘဝထိုထိုက ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာလည်း ပါဝင်၏။ အတိတ် ဝိပါက်ခန္ဓာ တို့၏ အကြောင်းတရားများတွင် ပါဝင်သော အတိတ်ဘဝထိုထိုက ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာလည်း ပါဝင်၏။ အနာဂတ် ဝိပါက်ခန္ဓာ ရရှိရေးအတွက် ပြုစုပျိုးထောင်နေသော ပစ္စုပ္ပန်အကြောင်းတရားများတွင် အကျုံးဝင်သော အဝိဇ္ဇာလည်း ပါဝင်၏။ အနာဂတ် သံသရာခရီး ဆက်လက်ရန် ရှိနေသေးသော သူတော်ကောင်းများအတွက် အနာဂတ်ဘဝထိုထို၌ တည်ရှိသော ဝိပါက်ခန္ဓာများ၏ အကြောင်းတရားစုတွင် ပါဝင်သော အနာဂတ် အဝိဇ္ဇာလည်း ပါဝင်၏။ အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါးလုံးဖြင့် သိမ်းကျုံးရေတွက်အပ်သော အဝိဇ္ဇာ အားလုံး ပါဝင်၏။ ယင်းအဝိဇ္ဇာတိုင်းကိုပင် ----

ဇာတာ အဝိဇ္ဇာ ပစ္စုပ္ပန္နာ၊

ဖြစ်ဆဲဖြစ်သော ဥပါဒ်-ဌီ-ဘင်အားဖြင့် သရုပ်အထည်ကိုယ် ထင်ထင်ရှားရှား ဖြစ်ခြင်းဟူသော ရအပ်သော အတ္တဘော ရှိသော = အတ္တဘောကို ရဆဲဖြစ်သော အဝိဇ္ဇာသည် ပစ္စုပ္ပန် မည်၏ = ပစ္စုပ္ပန်ဖြစ်သော အဝိဇ္ဇာ မည်သည် ဖြစ်ဆဲ ဖြစ်၍ ဥပါဒ်-ဌီ-ဘင်ဟူသော ခဏသုံးပါး အပေါင်း၌ အကျုံးဝင်သော အဝိဇ္ဇာပင်တည်း။ ဤသို့ ဟောကြားထားတော်မူပေသည်။ ကြွင်းကျန်သော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၌လည်း နည်းတူ သဘောပေါက်ပါလေ။ ယင်းသို့ ဖြစ်လျှင် ----

ဇာတံ ရူပံ ပစ္စုပ္ပန္နံ ---- စသည်ဖြင့် ဟောကြားထားတော် မူအပ်သော ရုပ်-ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်တို့သည်လည်း မည်သို့သော ခန္ဓာငါးပါးတို့ပါနည်းဟု မေးရန်ရှိ၏။ အဖြေမှာ ---- အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလ သုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓဟူသော သန္တာန် နှစ်ပါး၌ အကျုံးဝင်သော ခန္ဓာငါးပါးတို့ပင် ဖြစ်ကြသည်ဟူ၍ ဖြေဆိုလေရာ၏။

အဘယ်ကြောင့်နည်းဟူမူ အထက်တွင် ရေးသားတင်ပြခဲ့သော ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ (၁၊၂၃၄) ၌ လာရှိသော စကားအတိုင်း ဥဒယဗ္ဗယဉာဏ်၏ အခြားမဲ့၌ ဖြစ်ခဲ့သော သမ္မသနဉာဏ်၏ ကမ်းတစ်ဘက်သို့ ရောက်၍ တည်နေသော ယောဂါဝစရပုဂ္ဂိုလ်သည် အနိစ္စစသောအားဖြင့် ရှုအပ်ပြီး မြင်အပ်ပြီးသော သင်္ခါရ တရားတို့ကိုပင် ဖြစ်ခြင်း ပျက်ခြင်း ဥဒယဗ္ဗယဖြင့် ပိုင်းခြား၍ အနိစ္စစသောအားဖြင့် ဝိပဿနာ ရှုပွားသုံးသပ်ရန် ဤဥဒယဗ္ဗယာနုပဿနာရှုပွားနည်းကို ဟောကြားထားတော်မူခြင်း ဖြစ်သောကြောင့်တည်း ---- ဟူ၍ ဖြေဆိုလေရာသည်။

သမ္မသနဉာဏ်ဖြင့် အနိစ္စစသောအားဖြင့် ရှုအပ်ပြီး မြင်အပ်ပြီးသော သင်္ခါရတရားတို့ကိုပင် ဤ ဥဒယဗ္ဗယဉာဏ်ကလည်း ဥဒယဗ္ဗ္ဗယ = ဖြစ်ခြင်း ပျက်ခြင်းဖြင့် ပိုင်းခြား၍ ထပ်မံ၍ ဝိပဿနာရှုခြင်း ဖြစ်၏။ သမ္မသနဉာဏ်ဖြင့် ရှုအပ်ပြီး မြင်အပ်ပြီးသော သင်္ခါရတရားတို့ဟူသည်မှာ အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓဟူသော သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့ ဖြစ်ကြသည်။ ယင်းတရားတို့တွင် ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ် (၁၂)ပါးတို့သည်လည်း ပါဝင်ကြ၏။ ယင်းတရားတို့ကိုပင် ဤဥဒယဗ္ဗယဉာဏ်ကလည်း တစ်ဖန်ပြန်၍ အနိစ္စစသောအားဖြင့် ဝိပဿနာရှုရမည် ဖြစ်သည်။

ထို့ကြောင့် ဇာတံ ရူပံ ပစ္စုပ္ပန္နံ --- စသည်ဖြင့် ဟောတော်မူအပ်သော ခန္ဓာငါးပါးတို့မှာ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓဖြစ်သော ခန္ဓာငါးပါးတို့ပင် ဖြစ်ကြသည်။ ယင်းသို့ဖြစ်လျှင် ဇာတံ ရူပံ ပစ္စုပ္ပန္နံ-ဟု အဘယ်ကြောင့် ဟောတော်မူရသနည်းဟု မေးရန်ရှိ၏။ ကာလသုံးပါး သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော မည်သည့် တရားကို မဆို ဝိပဿနာရှုသောအခါ ယင်းတရား၏ ဥပါဒ်-ဌီ-ဘင်ဟူသော ခဏပစ္စုပ္ပန်ကို မြင်အောင် ခဏ ပစ္စုပ္ပန်သို့ ဆိုက်အောင် ဝိပဿနာရှုရမည်ဟု သိစေလိုသောကြောင့် ဇာတံ ရူပံ ပစ္စုပ္ပန္နံ-ဟု ဟောကြားတော် မူရသည်ဟူပေ။ သို့ဖြစ်ရကား ပစ္စုပ္ပန္နံ-ဟူသည်မှာ ပစ္စုပ္ပန်ဘဝ၌ အကျုံးဝင်သော တရားသက်သက်ကိုသာ ဆိုလို သည် မဟုတ်ဘဲ ကာလသုံးပါးအတွင်းဝယ် ဥပါဒ်-ဌီ-ဘင် ဟူသော ခဏသုံးပါးအပေါင်း = ခဏတ္တယ၌ အကျုံး ဝင်သော ဖြစ်ဆဲဆဲတရားကိုသာ ဆိုလိုသည်ဟု မှတ်ပါ။

ဤ၌ ဆိုလိုသော သဘောတရား

ဆိုလိုသည်မှာ ဤသို့ ဖြစ်၏။ ဤဥဒယဗ္ဗယဉာဏ်ပိုင်း၌ ဥဒယဗ္ဗယာနုပဿနာဉာဏ်ဖြင့် ဝိပဿနာ ရှုပွားရမည့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံတရားမှာ ဥပါဒ်-ဌီ-ဘင် ဟူသော ခဏသုံးပါးအပေါင်း = ခဏတ္တယ အတွင်း၌ တည်ရှိဆဲတရားသာ ဖြစ်သည်။

၁။ ထိုတရားသည် ကာလအားဖြင့် ပစ္စုပ္ပန်ဘဝ ပစ္စုပ္ပန်အဓွန့်ကာလတွင် အကျုံးဝင်သော တရားဖြစ်လျှင်လည်း ထိုတရား၏ ဥပါဒ်-ဌီ-ဘင်ဟူသော ခဏသုံးပါးအပေါင်း = ခဏတ္တယအတွင်း၌ တည်ရှိနေဆဲ အခိုက်ကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ယင်းခဏသုံးပါး၌ အကျုံးဝင်သော တရား၏ ဖြစ်မှု ပျက်မှုကို ဉာဏ်ဖြင့် အာရုံယူ၍ ဉာဏ်ဖြင့် ကြည့်၍ ယင်းတရားကို အနိစ္စဟု (ဒုက္ခဟု အနတ္တဟု) အသီးအသီး လက္ခဏာယာဉ်တင်ကာ ဝိပဿနာ ရှုရမည် ဖြစ်သည်။

၂။ ထိုတရားသည် ကာလအားဖြင့် အတိတ်ဘဝ အတိတ်အဓွန့်ကာလ၌ အကျုံးဝင်သော တရားဖြစ်လျှင်လည်း ထိုတရား၏ ထိုအတိတ်ကာလက ဥပါဒ်-ဌီ-ဘင်ဟူသော ခဏတ္တယနှင့် ပြည့်စုံခိုက်ကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ယင်းခဏသုံးပါးအပေါင်း၏ အတွင်း၌ တည်ရှိသော တရား၏ ဖြစ်မှုပျက်မှု = ဥဒယ-ဝယ သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟု (ဒုက္ခဟု အနတ္တဟု) အသီးအသီး လက္ခဏာယာဉ်တင်ကာ ဝိပဿနာ ရှုရမည် ဖြစ်သည်။

၃။ ထိုတရားသည် ကာလအားဖြင့် အနာဂတ်ဘဝ အနာဂတ်အဓွန့်ကာလ၌ အကျုံးဝင်သော တရားဖြစ်လျှင်လည်း ထိုတရား၏ ထိုအနာဂတ်အဓွန့်ကာလ၌ ဥပါဒ်-ဌီ-ဘင်ဟူသော ခဏတ္တယနှင့် ပြည့်စုံခိုက်ကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ယင်းခဏသုံးပါးအပေါင်း ခဏတ္တယအတွင်း၌ တည်ရှိသော တရား၏ ဖြစ်မှု ပျက်မှု ဥဒယ-ဝယကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟု (ဒုက္ခဟု အနတ္တဟု) အသီးအသီး လက္ခဏာယာဉ်ကို တင်၍ ဝိပဿနာ ရှုရမည် ဖြစ်သည်။

ဥဒယဗ္ဗယဉာဏ်ဖြင့် ဝိပဿနာရှုပွားသုံးသပ်ရမည့် ထိုတရားသည် အတိတ်ဘဝ အတိတ်အဓွန့်ကာလက ဖြစ်ခဲ့သော တရားပင် ဖြစ်ချင်ဖြစ်ပါစေ, ပစ္စုပ္ပန်ဘဝ ပစ္စုပ္ပန်အဓွန့်ကာလတွင် အကျုံးဝင်သော တရားပင် ဖြစ်ချင် ဖြစ်ပါစေ, အနာဂတ်ဘဝ အနာဂတ်အဓွန့်ကာလတွင် အကျုံးဝင်သော တရားပင် ဖြစ်ချင် ဖြစ်ပါစေ မည်သည့် တရားကို မဆို ဝိပဿနာရှုပါက ထိုဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော တရား၏ ဥပါဒ်-ဌီ-ဘင်ဟူသော ခဏတ္တယသမင်္ဂီ = ခဏသုံးပါးအပေါင်းနှင့် ပြည့်စုံခိုက်ဝယ် ထိုတရား၏ ဥပါဒ်စွန်း ဘင်စွန်းဟူသော ဖြစ်မှု ပျက်မှုကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟု (ဒုက္ခဟု အနတ္တဟု) လက္ခဏာယာဉ်ကို တင်၍ ဝိပဿနာ ရှုရမည်သာ ဖြစ်သည်။

အသင်သူတော်ကောင်းသည် ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကို ပြန်လည်၍ အာရုံယူကြည့်ပါ။ ဤပစ္စုပ္ပန်တွင် ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဟူသော အကျိုး ဝိပါကဝဋ် ခန္ဓာငါးပါးတို့၏ အကြောင်းရင်းစစ် ဖြစ်သော အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဟူသော အကြောင်းတရား ငါးပါးတို့ကား အတိတ်ခန္ဓာငါးပါး၌ အကျုံးဝင်ကြ၏။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တို့မှာ ကိလေသဝဋ် မနောဒွါရိကဇောဝီထိ စိတ်အစဉ် နာမ်တရားစုတို့ ဖြစ်ကြ၏။ သင်္ခါရနှင့် ကံတို့မှာ လူသားတစ်ဦး ဖြစ်နေသော အသင်သူတော်ကောင်းအတွက် ကွက်၍ ဆိုရမူ ကမ္မဝဋ် မဟာကုသိုလ် မနောဒွါရိကဇောဝီထိ စိတ်အစဉ် နာမ်တရားစုတို့ ဖြစ်ကြ၏။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန် တို့ ပါဝင်သော ဇောစိတ္တက္ခဏ အသီးအသီးသည် သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကဖြစ်လျှင် နာမ်တရား အလုံး (၂၀)စီ ယင်းဇော အသီးအသီး၌ ပါဝင်တည်ရှိကြမည် ဖြစ်၏။

အကယ်၍ အသင်သူတော်ကောင်းသည် ယင်းအဝိဇ္ဇာကို လှမ်း၍ အာရုံယူကာ ဝိပဿနာ ရှုခဲ့သော် မကင်းစကောင်းသော အဝိနာဘာဝနည်းအားဖြင့် ဇော၏ေ့ရှတွင် တည်ရှိသော မနောဒွါရာဝဇ္ဇန်း နာမ်တရားစုကိုလည်းကောင်း, ဇော၏ နောင်တွင် တဒါရုံကျခဲ့သော် ယင်းတဒါရုံ နာမ်တရားစုတို့ကိုလည်းကောင်း ရောနှော၍ ဝိပဿနာ ရှုရမည် ဖြစ်သည်။ ထိုသို့ ရှုရာ၌ ယင်းကိလေသဝဋ် မနောဒွါရိကဇောဝီထိ၏ စိတ္တက္ခဏတိုင်း၏ နာမ်တရားစုတို့၏ ဖြစ်မှု ပျက်မှုကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာယာဉ်ကို တင်ကာ ဝိပဿနာရှုပါ။ အထူးသဖြင့် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ဦးဆောင်သည့် ဇောစိတ္တက္ခဏ အသီးအသီး၌ တည်ရှိကြသော နာမ်တရားစုတို့၏ ဖြစ်မှု ပျက်မှု = ဥပါဒ်စွန်း ဘင်စွန်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာယာဉ် တင်ကာ ဝိပဿနာ ရှုပါ။ ထိုသို့ ရှုနိုင်ခဲ့သော် အသင်သူတော်ကောင်းသည် အဝိဇ္ဇာကို တစ်နည်းဆိုသော် အဝိဇ္ဇာ နှင့် တကွသော နာမ်တရားစုကို ပစ္စုပ္ပန်သို့ ဆိုက်အောင် ပစ္စုပ္ပန်တည့်အောင် ဝိပဿနာ ရှုနိုင်ပြီ ဖြစ်ပေသည်။

အလားတူပင် အသင်သူတော်ကောင်းသည် ကမ္မဝဋ်ဖြစ်သော သင်္ခါရ-ကံကို လှမ်း၍ အာရုံယူကာ ဝိပဿနာ ရှုခဲ့သော် မကင်းစကောင်းသော အဝိနာဘာဝနည်းအားဖြင့် ဇော၏ေ့ရှတွင် တည်ရှိသော မနောဒွါရာဝဇ္ဇန်း နာမ်တရားစုကိုလည်းကောင်း, ဇော၏ နောင်တွင် တဒါရုံကျခဲ့သော် ယင်းတဒါရုံ နာမ်တရားစုတို့ကိုလည်းကောင်း ရောနှော၍ ဝိပဿနာ ရှုရမည် ဖြစ်သည်။ ထိုသို့ ရှုရာ၌ ယင်းကမ္မဝဋ် မဟာကုသိုလ် မနောဒွါရိကဇောဝီထိ စိတ်အစဉ်ဝယ် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ နာမ်တရားစုတိုင်း နာမ်တရားစုတိုင်း၏ အထူးသဖြင့် ဇော စိတ္တက္ခဏတိုင်း ဇောစိတ္တက္ခဏတိုင်း၌ တည်ရှိသော နာမ်တရားစုတိုင်း နာမ်တရားစုတိုင်း၏ ဖြစ်မှု ပျက်မှု (= ဥဒယ-ဝယ) သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာယာဉ် သုံးချက်ကို တစ်လှည့်စီ တင်ကာ ဝိပဿနာ ရှုပါ။ ထိုသို့ ရှုနိုင်ခဲ့သော် အသင်သူတော်ကောင်းသည် သင်္ခါရကို တစ်နည်းဆိုသော် သင်္ခါရနှင့် တကွသော နာမ်တရားစုကို ပစ္စုပ္ပန်သို့ ဆိုက်အောင် ပစ္စုပ္ပန်တည့်အောင် ဝိပဿနာ ရှုနိုင်ပြီ ဖြစ်ပေသည်။ ကြွင်းသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၌လည်း နည်းတူပင် သဘောပေါက်ပါ။

ထို့ကြောင့် ဝိပဿနာအရာ၌ ဝိပဿနာရှုရာ၌ ပစ္စုပ္ပန်ဆတ်ဆတ်ကိုသာ ပစ္စုပ္ပန်တည့်တည့်ကိုသာ ပစ္စုပ္ပန် ပေါ်ရာပေါ်ရာကိုသာ ဝိပဿနာ ရှုကောင်း၏ အတိတ် အနာဂတ်ကို ဝိပဿနာ မရှုရဟု ဆိုလျှင် ထိုစကားမှာ အားလုံး မမှန်ချေ။ ကာလသုံးပါး သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော မည်သည့်တရားကိုမဆို ဝိပဿနာရှုရာ၌ မိမိ ရှုပွားလိုသော တရား၏ ဥဒယ-ဝယ = ဖြစ်မှု ပျက်မှုကို မြင်အောင် ဖြစ်-တည်-ပျက်ဟူသော ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ပစ္စုပ္ပန်တည့်အောင် ဝိပဿနာရှုရ၏ဟု ဆိုလျှင် ထိုစကားမှာ ခြွင်းချက်မရှိ မှန်ကန်သော စကားပင် ဖြစ်ပေသည်။

ထို့ကြောင့် ဤဥဒယဗ္ဗယဉာဏ်ခန်း၌ ဇာတံ ရူပံ ပစ္စုပ္ပန္နံ --- ဤသို့ စသည်ဖြင့် ဟောကြားတော်မူအပ်သော ပစ္စုပ္ပန်တရားဟူသည် ---- ပစ္စုပ္ပန်ဖြစ်သော ဖြစ်ဆဲ ဖြစ်၍ ဥပါဒ်-ဌီ-ဘင်ဟူသော ခဏသုံးပါးအပေါင်း၌ အကျုံးဝင်သော တရားတည်းဟု လိုရင်းကို မှတ်သားထားလေရာသည်။

အသင်သူတော်ကောင်းသည် ဤအထက်ပါ အယူအဆကို အကယ်၍ လက်မခံနိုင်ပါလျှင် ----

၁။ သမ္မသနဉာဏ်ပိုင်း၌ ရှုခဲ့သော သင်္ခါရတရားတို့ကိုပင် ဥဒယဗ္ဗယဉာဏ်က တစ်ဖန်ထပ်၍ ဥပါဒ်စွန်း ဘင်စွန်းဖြင့် ပိုင်းခြား၍ ဝိပဿနာရှုရမည်ဟူသော အချက်အလက် အဆိုအမိန့်ကိုလည်း လက်မခံရာ ရောက်ရှိသွားနိုင်သည်။

၂။ ထိုသို့လက်မခံနိုင်သဖြင့် သမ္မသန-ဝိပဿနာဉာဏ်၏ အရှုခံအာရုံတရားနှင့် ဥဒယဗ္ဗယ-ဝိပဿနာဉာဏ်၏ အရှုခံအာရုံတရားတို့သည် မတူညီကြပေ ---- ဟူသော အပြစ်သို့လည်း ရောက်ရှိသွားနိုင်သည်။

၃။ ကာလသုံးပါး၌ အကျုံးဝင်သော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကိုလည်း ဇာတာ အဝိဇ္ဇာ ပစ္စုပ္ပန္နာ -- စသည်ဖြင့် ပစ္စုပ္ပန္နသဒ္ဒါဖြင့် ဟောကြားချက်ကိုလည်း ဖြေရှင်း၍ မရနိုင်သော အပြစ်များသည်လည်း ရောက်ရှိ၍ လာနိုင်ပေသည်။

ယင်းသို့ ဖြစ်လျှင် ----

သန္တတိပစ္စုပ္ပန္နေ ခဏပစ္စုပ္ပန္နေ ဝါ ဓမ္မေ ဥဒယဗ္ဗယဒဿနာဘိနိဝေသော ကာတဗ္ဗော၊ န အတီတာနာဂတေ။ (မဟာဋီ၊၂၊၄၁၉။)

= သန္တတိပစ္စုပ္ပန်တရား၌လည်းကောင်း ခဏပစ္စုပ္ပန်တရား၌လည်းကောင်း ဥဒယဗ္ဗယဉာဏ်ဖြင့် ဝိပဿနာ ရှုပွား နှလုံးသွင်းခြင်းကို ပြုအပ်၏။ အတိတ်အနာဂတ်တရား၌ ဥဒယဗ္ဗယဉာဏ်ဖြင့် ဝိပဿနာ ရှုပွား နှလုံးသွင်းခြင်းကို မပြုအပ်။

ဤသို့ ဖွင့်ဆိုထားတော်မူသော မဟာဋီကာဆရာတော်၏ စကားကို မည်သို့ အဓိပ္ပါယ် ယူဆရမည်နည်းဟု မေးရန် ရှိ၏။

အဓိပ္ပါယ်ယူဆပုံ

အတိတ် အနာဂတ် ပစ္စုပ္ပန် အဓွန့်ကာလသုံးပါးလုံး၌ ဖြစ်ပြီး ဖြစ်လတ္တံ့ ဖြစ်ဆဲ တရားမှန်သမျှတို့သည် ဖြစ်တုန်း ဖြစ်ခိုက် ဖြစ်စဉ်ဝယ် ဥပါဒ်-ဌီ-ဘင်ဟူသော ခဏပစ္စုပ္ပန်အနေအထားဖြင့်သာ ဖြစ်ရိုးဓမ္မတာ ရှိကြ၏၊ ဖြစ်ပြီး ဖြစ်လတ္တံ့ ဖြစ်ဆဲ တရားများ ဖြစ်ကြ၏။ ထို ဥပါဒ်-ဌီ-ဘင်ဟူသော ခဏတ္တယ = ခဏသုံးပါးအပေါင်း၏ ေ့ရှအဖို့၌ဖြစ်သော တရားကား အတိတ်တရားတည်း။ ထို ဥပါဒ်-ဌီ-ဘင်ဟူသော ခဏတ္တယ = ခဏသုံးပါး အပေါင်း၏ နောက်အဖို့၌ ဖြစ်သော တရားကား အနာဂတ်တရားတည်း။ ယောဂါဝစရပုဂ္ဂိုလ်သည် ဥဒယဗ္ဗယဉာဏ်ပိုင်းသို့ ရောက်ရှိလာသောအခါ သင်္ခါရတရားတို့ကို ဥဒယဗ္ဗယာနုပဿနာဉာဏ်ဖြင့် ဝိပဿနာ ရှုပွားသုံးသပ်ရာဝယ် ထို မိမိ ရှုပွားလိုက်သော သင်္ခါရတရား၏ ဥပါဒ်-ဌီ-ဘင်ဟူသော ခဏတ္တယ = ခဏသုံးပါးအပေါင်း၏ ေ့ရှအဖို့ နောက်အဖို့၌ ဖြစ်သော အတိတ် အနာဂတ်တရားတို့ကို ဥဒယဗ္ဗယာနုပဿနာဉာဏ်ဖြင့် ဝိပဿနာ မရှုရ၊ ဥပါဒ်-ဌီ-ဘင်ဟူသော ခဏတ္တယ = ခဏသုံးပါးအပေါင်း၏ အတွင်း၌ တည်ရှိသော သင်္ခါရတရားကိုသာ ဥဒယဗ္ဗယာနုပဿနာဉာဏ်ဖြင့် ဝိပဿနာ ရှုရ၏၊ အကြောင်းမူ ---- ဥဒယဗ္ဗယဉာဏ်၏ ဝိပဿနာအရှုခံအာရုံ တရားမှာ ဥပါဒ်-ဌီ-ဘင်ဟူသော ခဏတ္တယ = ခဏသုံးပါးအပေါင်းနှင့် ပြည့်စုံခိုက်, ခဏသုံးပါးအပေါင်း၌ အကျုံးဝင်သော သင်္ခါရတရားသာ ဖြစ်သောကြောင့်တည်း။

ဆိုလိုသည်မှာ ဤသို့ ဖြစ်၏။ အတိတ်အဓွန့်ကာလ၌ အကျုံးဝင်သော သင်္ခါရတရားပင် ဖြစ်ချင် ဖြစ်ပါစေ, အနာဂတ်အဓွန့်ကာလ၌ အကျုံးဝင်သော သင်္ခါရတရားပင် ဖြစ်ချင် ဖြစ်ပါစေ, ပစ္စုပ္ပန်အဓွန့်ကာလ၌ အကျုံး ဝင်သော သင်္ခါရတရားပင် ဖြစ်ချင် ဖြစ်ပါစေ၊ မည်သည့် သင်္ခါရတရားကို မဆို ဥဒယဗ္ဗယာနုပဿနာဉာဏ်ဖြင့် လှမ်း၍ အာရုံယူကာ ဝိပဿနာရှုရာ၌ ထို မိမိ ရှုပွားလိုက်သော သင်္ခါရတရား၏ ဥပါဒ်-ဌီ-ဘင်ဟူသော ခဏတ္တယ = ခဏသုံးပါးအပေါင်းကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ဝိပဿနာ ရှုရ၏၊ ထို မိမိ ရှုပွားလိုက်သော သင်္ခါရ တရား၏ ေ့ရှအဖို့ နောက်အဖို့ ဖြစ်သော သင်္ခါရတို့ကို ဥဒယဗ္ဗယာနုပဿနာဉာဏ်ဖြင့် ဝိပဿနာ ရှုရမည် မဟုတ်၊ ဥပါဒ်-ဌီ-ဘင်ဟူသော ခဏသုံးပါးအပေါင်း၌ အကျုံးဝင်သော သင်္ခါရတရားသည်သာလျှင် ဥဒယဗ္ဗယာနုပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သည် ဟူလို။ အကယ်၍ အသင်သူတော်ကောင်းသည် မိမိ ဝိပဿနာ ရှုလိုက်သော သင်္ခါရတရား၏ ေ့ရှအဖို့၌ ရှိသော အတိတ်သင်္ခါရတရား, နောက်အဖို့၌ ရှိသော အနာဂတ်သင်္ခါရ တရားတို့ကိုလည်း ဝိပဿနာရှုလိုသည် ဖြစ်အံ့, ထို မိမိ ဝိပဿနာရှုပွားလိုသော ထိုတရား၏ ဥပါဒ်-ဌီ-ဘင်ဟူသော ခဏတ္တယ = ခဏသုံးပါးအပေါင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ထိုသင်္ခါရတရား၏ ဖြစ်မှု ပျက်မှုကို ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ဥဒယဗ္ဗယာနုပဿနာဉာဏ်ဖြင့် လက္ခဏာယာဉ်ကို တင်ကာ ဝိပဿနာ ရှုပါလေ။ ခဲစွ၊ သဘောကျနိုင်ခဲ၏။

ထို့ကြောင့် ဤဥဒယဗ္ဗယာနုပဿနာပိုင်း ရှုကွက်ကို ညွှန်ပြထားတော်မူသော ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီး၏ မြန်မာပြန် ဆိုလိုရင်းသဘောကို အောက်ပါအတိုင်း မှတ်သားလေရာသည်။ ----

ကထံ ပစ္စုပ္ပန္နာနံ ဓမ္မာနံ ဝိပရိဏာမာနုပဿနေ ပညာ ဥဒယဗ္ဗယာနုပဿနေ ဉာဏံ? ဇာတံ ရူပံ ပစ္စုပ္ပန္နံ၊ တဿ နိဗ္ဗတ္တိလက္ခဏံ ဥဒယော၊ ဝိပရိဏာမလက္ခဏံ ဝယော၊ အနုပဿနာ ဉာဏံ။ ဇာတာ ဝေဒနာ, သညာ, သင်္ခါရာ, ဝိညာဏံ။ ဇာတံ စက္ခု။ ပ ။ ဇာတော ဘဝေါ ပစ္စုပ္ပန္နော၊ တဿ နိဗ္ဗတ္တိလက္ခဏံ ဥဒယော၊ ဝိပရိဏာမလက္ခဏံ ဝယော၊ အနုပဿနာ ဉာဏံ။ (ပဋိသံ၊၅၂။)

အဘယ်သို့လျှင် (သန္တတိပစ္စုပ္ပန်), ဥပါဒ်-ဌီ-ဘင်ဟူသော ခဏသုံးပါးအပေါင်း၌ အကျုံးဝင်သော ခဏ ပစ္စုပ္ပန် ဖြစ်ကုန်သော ဘုံသုံးပါး အတွင်း၌ တည်ရှိကြကုန်သော တေဘူမက သင်္ခါရတရားတို့၏ ဖောက်ပြန် ပျက်စီးခြင်း ဝိပရိဏာမသဘောကို အဖန်ဖန် အထပ်ထပ် ရှုခြင်း၌ ဖြစ်ပေါ်လာသော ပညာသည် ဖြစ်ခြင်း ပျက်ခြင်း = ဥဒယ-ဝယကို ရှုခြင်း၌ ဖြစ်သော ဥဒယဗ္ဗယာနုပဿနာဉာဏ် မည်လေသနည်း။

ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက်ဟူသော ခဏသုံးပါးအပေါင်း၌ အကျုံးဝင်သော ဖြစ်ဆဲဖြစ်သော = ပရမတ္ထ အထည်ကိုယ် အတ္တဘောကို ရဆဲဖြစ်သော ရုပ်သည် ပစ္စုပ္ပန် မည်၏ (= ပစ္စုပ္ပန်ဖြစ်သော ရုပ်မည်သည် ဖြစ်ဆဲ ဖြစ်၍ ဥပါဒ်-ဌီ-ဘင်ဟူသော ခဏသုံးပါးအပေါင်း၌ အကျုံးဝင်သော ရုပ်တည်း)။ ထိုပစ္စုပ္ပန်ဖြစ်သော ရုပ်၏ စ၍ဖြစ်ခြင်းဟု မှတ်အပ်သော သင်္ခတလက္ခဏာသည် ဖြစ်ခြင်း = ဥဒယ မည်၏။ ဖောက်ပြန်ပျက်စီးခြင်းဟု မှတ်အပ်သော သင်္ခတလက္ခဏာသည် ပျက်ခြင်း = ဝယ မည်၏။ ယင်း ဥဒယ-ဝယကို အဖန်တလဲလဲ ရှုတတ်သော ပညာသည် ဥဒယဗ္ဗယာနုပဿနာဉာဏ် မည်၏။

ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက်ဟူသော ခဏသုံးပါးအပေါင်း၌ အကျုံးဝင်သော ဖြစ်ဆဲ ဖြစ်သော = ပရမတ္ထ အထည်ကိုယ် အတ္တဘောကို ရဆဲဖြစ်သော ဝေဒနာသည်။ ပ။ သညာသည်။ ပ။ သင်္ခါရတို့သည်။ ပ။ ဝိညာဏ်သည်။ ပ။ စက္ခာယတန သောတာယတန ဃာနာယတန ဇိဝှါယတန ကာယာယတန မနာယတန ရူပါယတန သဒ္ဒါယတန ဂန္ဓာယတန ရသာယတန ဖောဋ္ဌဗ္ဗာယတန ဓမ္မာယတနသည်။ ပ။ ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက်ဟူသော ခဏသုံးပါးအပေါင်း၌ အကျုံးဝင်သော ဖြစ်ဆဲဖြစ်သော = ပရမတ္ထ အထည်ကိုယ် အတ္တဘောကို ရဆဲဖြစ်သော အဝိဇ္ဇာသည်။ ပ။ ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက်ဟူသော ခဏသုံးပါးအပေါင်း၌ အကျုံးဝင်သော ဖြစ်ဆဲဖြစ်သော = ပရမတ္ထ အထည်ကိုယ် အတ္တဘောကို ရဆဲဖြစ်သော ဘဝသည် (= ကမ္မဘဝ, ဥပပတ္တိဘဝသည်) ပစ္စုပ္ပန် မည်၏ (= ပစ္စုပ္ပန်ဖြစ်သော ဘဝမည်သည် ဖြစ်ဆဲဖြစ်၍ ဥပါဒ်-ဌီ-ဘင်ဟူသော ခဏသုံးပါးအပေါင်း၌ အကျုံးဝင်သော ကမ္မဘဝ, ဥပပတ္တိဘဝတည်း)။ ထိုပစ္စုပ္ပန်ဖြစ်သော ဘဝ၏ စ၍ ဖြစ်ခြင်းဟု မှတ်အပ်သော သင်္ခတလက္ခဏာသည် ဖြစ်ခြင်း ဥဒယ မည်၏။ ဖောက်ပြန်ပျက်စီးခြင်းဟု မှတ်အပ်သော သင်္ခတလက္ခဏာသည် ပျက်ခြင်း = ဝယ မည်၏။ ယင်း ဥဒယ-ဝယကို အဖန်တလဲလဲ ရှုတတ်သော ပညာသည် ဥဒယဗ္ဗယာနုပဿနာဉာဏ် မည်၏။ (ပဋိသံ၊၅၂။)

ဘဝကို အဆုံးထား၍ ဟောကြားတော်မူရခြင်း

သမ္မသနဉာဏ်ပိုင်းဝယ် ကလာပသမ္မသနစသည့် ဝိပဿနာဘာဝနာ လုပ်ငန်းရပ်တို့၌ အဝိဇ္ဇာမှသည် ဇရာမရဏသို့ တိုင်အောင် ဇာတိ-ဇရာ-မရဏကို အဦးမူသဖြင့် ဇာတိ-ဇရာ-မရဏသဘော ရှိကြကုန်သော = ဖြစ်-တည်-ပျက်သဘော ရှိကြကုန်သော ရုပ်တရား နာမ်တရားတို့ကို (သုတ္တန်နည်းအရ ဝိပါက်ခန္ဓာငါးပါးတို့ကို) ဟောကြားထားတော်မူ၏။ ဤဥဒယဗ္ဗယဉာဏ်ပိုင်း၌ကား ----

ဇာတိ ပစ္စုပ္ပန္နာ၊ တဿာ နိဗ္ဗတ္တိလက္ခဏံ ဥဒယော၊ ဝိပရိဏာမလက္ခဏံ ဝယော ----

ဤသို့ စသည်ဖြင့် ဇာတိ၌လည်း ဥဒယ-ဝယ ရှိမှုကို ဟောတော်မူခဲ့သော် ဇာတိ-ဇရာ- မရဏ အသီးအသီး၌ ဇာတိ-ဇရာ- မရဏ အသီးအသီး ရှိသည်၏ အဖြစ်ကို ခွင့်ပြုအပ်သကဲ့သို့ ဖြစ်နေ၏။ (ဖြစ်မှု = ဇာတိတရား၌လည်း ဥပါဒ်-ဌီ-ဘင် = ဖြစ်မှု-တည်မှု-ပျက်မှု သုံးမျိုးလုံးရှိသည်ဟုလည်းကောင်း, တည်မှု = ဇရာတရား၌လည်း ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက် သုံးမျိုးလုံးရှိသည်ဟုလည်းကောင်း, ပျက်မှု = မရဏတရား၌လည်း ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက် သုံးမျိုးလုံးရှိသည်ဟုလည်းကောင်း ခွင့်ပြုအပ်သကဲ့သို့ ဖြစ်နေ၏ ဟူလိုသည်။) ထို့ပြင်လည်း ယင်း ဇာတိ-ဇရာ-မရဏတရား အသီးအသီး၌ ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက် အသီးအသီး ကိုယ်စီကိုယ်စီ ရှိသည်ဟုဆိုလျှင် ယင်း ဇာတိ-ဇရာ-မရဏတို့၏လည်း နိပ္ဖန္နရုပ်ဖြစ်သည်ဟု နိပ္ဖန္နရုပ်ဖြစ်မှုကိုလည်း ခွင့်ပြုအပ် သကဲ့သို့ ဖြစ်နေ၏။ ထို့ကြောင့် ထိုကဲ့သို့သော အပြစ်ဒေါသကို ရှောင်လွှဲခြင်းငှာ ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၌ ---

ဇာတော ဘဝေါ ပစ္စုပ္ပန္နော၊ တဿ နိဗ္ဗတ္တိလက္ခဏံ ဥဒယော၊ ဝိပရိဏာမလက္ခဏံ ဝယော၊ အနုပဿနာ ဉာဏံ။

ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက်ဟူသော ခဏသုံးပါးအပေါင်း၌ အကျုံးဝင်သော ဖြစ်ဆဲဖြစ်သော = ပရမတ္ထ အထည်ကိုယ် အတ္တဘောကို ရဆဲဖြစ်သော ဘဝသည် ပစ္စုပ္ပန် မည်၏။ ထိုပစ္စုပ္ပန်ဖြစ်သော ဘဝ၏ စ၍ ဖြစ်ခြင်းဟု မှတ်အပ်သော သင်္ခတလက္ခဏာသည် ဖြစ်ခြင်း = ဥဒယ မည်၏။ ဖောက်ပြန်ပျက်စီးခြင်းဟု မှတ်အပ်သော သင်္ခတလက္ခဏာသည် ပျက်ခြင်း = ဝယ မည်၏။ ယင်း ဥဒယ-ဝယကို အဖန်တလဲလဲ ရှုတတ်သော ပညာသည် ဥဒယဗ္ဗယာနုပဿနာဉာဏ် မည်၏ ---- ဟု ဘဝအဆုံး ရှိသည်သာလျှင်ဖြစ်သော ဒေသနာတော်ကို ပြုတော်မူအပ်ပေသည်။ (မဟာဋီ၊၂၊၄၂၀။)

ဇာတိဇရာမရဏဝန္တာနံယေဝ ဥဒယဗ္ဗယဿ ပရိဂ္ဂဟေတဗ္ဗတ္တာ ဇာတိဇရာမရဏာနံ ဥဒယဗ္ဗယာဘာဝတော ဇာတိဇရာမရဏံ အနာမသိတွာ ဇာတံ စက္ခု။ ပ ။ ဇာတော ဘဝေါတိ ပေယျာလံ ကတံ။ (ပဋိသံ၊ဋ္ဌ၊၁၊၂၃၄။)

ရုပ်လောက၌ ဇာတိ-ဇရာ-မရဏဟူသည် ရုပ်အစစ်တို့၏ ဖြစ်မှု-တည်မှု-ပျက်မှု ဟု ခေါ်ဆိုအပ်သော ဥပစယ-သန္တတိ-ဇရတာ-အနိစ္စတာ ရုပ်တို့တည်း။ နာမ်တရားတို့၏ ဖြစ်မှု-တည်မှု-ပျက်မှုကိုလည်း ဇာတိ-ဇရာ-မရဏဟု ဆိုလိုသည်။ ပရမတ္ထသစ္စာတည်း။

ဇာတိ-ဇရာ-မရဏ = ဖြစ်-တည်-ပျက် ရှိကြကုန်သော သင်္ခတတရားတို့၏သာလျှင် ဖြစ်ခြင်း-ပျက်ခြင်း = ဥဒယ-ဝယကို သိမ်းဆည်းအပ် သိမ်းဆည်းနိုင်သည်၏ အဖြစ်ကြောင့် ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့တွင် ပါဝင်သော ဇာတိ-ဇရာ-မရဏတို့၏ ဥဒယ-ဝယ = ဖြစ်-ပျက် သဘော မရှိခြင်းကြောင့် (ဇာတိနှင့် ဥဒယကား တူ၏၊ ဝယနှင့် မရဏကား တူ၏။) ဇာတိ-ဇရာ-မရဏကို မသုံးသပ်မူ၍ --- ဇာတံ စက္ခု။ ပ။ ဇာတော ဘဝေါ - ဟု ပေယျာလကို ပြုတော်မူသည်။ (ပဋိသံ၊ဋ္ဌ၊၁၊၂၃၄။)

ဤသို့ တိုင်အောင်သော စကားရပ်တို့ဖြင့် ဥဒယဗ္ဗယာနုပဿနာဉာဏ်ဖြင့် ဝိပဿနာ ရှုပွားသုံးသပ်ရမည့် အရှုခံအာရုံတရားများကို စိစစ်တင်ပြ၍ ပြီးလေပြီ။ အကယ်၍ အသင်သူတော်ကောင်းသည် ပစ္စုပ္ပန်တရား သက်သက်ကိုသာ ပစ္စုပ္ပန်တရား တစ်မျိုးတည်းကိုသာ ဝိပဿနာရှုရမည် ဝိပဿနာရှုကောင်းသည်ဟု အစွဲသန် နေပါလျှင် အသင်သူတော်ကောင်းအဖို့ အဝိဇ္ဇာမှသည် ဘဝသို့ တိုင်အောင်သော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကို ပြည့်ပြည့်စုံစုံ စုံစုံလင်လင် ဝိပဿနာရှုရန် မည်သည့်နည်းနှင့်မျှ ဖြစ်နိုင်တော့မည် မဟုတ်ပေ။ ဤပစ္စုပ္ပန် ဝိပါကဝဋ် တရားစု၏ အကြောင်းရင်းစစ် ဖြစ်သော အဝိဇ္ဇာ သင်္ခါရတို့မှာ အတိတ်ဘဝထိုထိုဝယ် ကမ္မဘဝကို ထူထောင်ခဲ့စဉ်က ဖြစ်ခဲ့သော အတိတ်ဘဝ၌ အကျုံးဝင်သော အတိတ်တရားစုတို့သာ ဖြစ်ကြ၏။ တစ်ဖန် ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်လိုက်သော အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံတို့ကြောင့် ဖြစ်ပေါ်လာမည့် ဥပပတ္တိဘဝ အမည်ရသော ဝိပါကဝဋ် ခန္ဓာတို့မှာလည်း အနာဂတ်ဘဝတွင် အကျုံးဝင်သော အနာဂတ် သင်္ခါရ တရားစုတို့သာ ဖြစ်ကြ၏။ ပစ္စုပ္ပန်ဘဝတွင် အကျုံးဝင်သော တရားစုတို့ကား မဟုတ်ကြပေ။ တစ်ဖန် ပစ္စုပ္ပန် ဝိပါကဝဋ်တွင် အကျုံးဝင်သော ဝိညာဏ်- နာမ်ရုပ်ဟူသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့တွင် အရေးကြီးလှသော ပဋိသန္ဓေ ဝိညာဏ်-နာမ်ရုပ်တို့လည်း ပါဝင်လျက်ပင် ရှိကြ၏။ ထို ပဋိသန္ဓေ ဝိညာဏ်-နာမ်ရုပ်တို့မှာလည်း အချို့အချို့သော မျက်မှောက်ခေတ် ယောဂါဝစရပုဂ္ဂိုလ်တို့ လက်ခံယူဆထားသော ပစ္စုပ္ပန်တရားမျိုးကား မဟုတ်ပေ။ ပစ္စုပ္ပန် ပေါ်ဆဲပေါ်ဆဲ တရားမျိုးကား မဟုတ်ပေ။ အမိဝမ်းကြာတိုက်ဝယ် ပဋိသန္ဓေ တည်နေစက ဖြစ်ခဲ့ကြသော သင်္ခါရတရားစုတို့သာ ဖြစ်ကြ၏။ မုချအားဖြင့် ဆိုရမူ အတိတ်တရားစုတို့သာ ဖြစ်ကြ၏။ တစ်ဖန် ပစ္စုပ္ပန် သက်သက်ကိုသာ ဝိပဿနာ ရှုကောင်းပါသည်ဟု အစွဲသန်နေလျှင် ----

အဝိဇ္ဇာသမုဒယာ ရူပသမုဒယော။ (ပဋိသံ၊၅၄။)

အဝိဇ္ဇာဖြစ်ခြင်းကြောင့် (ကမ္မဇ)ရုပ် ဖြစ်၏။

ဤသို့စသော ဥဒယဗ္ဗယ အကျယ် ရှုပွားနည်းဟု ခေါ်ဆိုအပ်သော ပစ္စယတော ဥဒယဗ္ဗယဒဿန = အကြောင်းတရားအားဖြင့် ဖြစ်ပျက် ရှုနည်းကိုလည်း မည်သည့်နည်းနှင့်မျှ ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အောင် ရှုနိုင်တော့မည်လည်း မဟုတ်ပေ။ ထို့ကြောင့် တရားစစ် တရားမှန်ကို လိုလား တောင့်တလျက် ရှိသော အသင်သူတော်ကောင်းသည် ဤအကြောင်းအရာများကို အထူး အလေးဂရုပြုကာ သတိထား သင့်လှပေသည်။

ရှုပုံစနစ်

ထိုယောဂါဝစရပုဂ္ဂိုလ်သည် ဇာတံ ရူပံ ပစ္စုပ္ပန္နံ ---- ဤသို့ စသည်ဖြင့် ဟောကြားထားတော်မူအပ်သော ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်နည်းကို အစဉ်မှီးသဖြင့် ဥပါဒ်-ဌီ-ဘင်ဟူသော ခဏသုံးပါးအပေါင်း၌ အကျုံးဝင်သော ဖြစ်ဆဲဖြစ်သော နာမ်ရုပ်၏ စ၍ ဖြစ်ခြင်းဟု မှတ်အပ်သော သင်္ခတလက္ခဏာဖြစ်သော နိဗ္ဗတ္တိလက္ခဏာဟူသော ဖြစ်ခြင်း ဥပါဒ်ကို အသစ်ဖြစ်ပေါ်လာသော အခြင်းအရာကို ဥဒယ = ဖြစ်-ဟူ၍ အဖန်တလဲလဲ ရှု၏ = (လက္ခဏာ ယာဉ်ကို တင်ကာ အဖန်တလဲလဲ ရှု၏။) ဖောက်ပြန် ပျက်စီးခြင်း = ဝိပရိဏာမလက္ခဏာဟူ၍ မှတ်အပ်သော သင်္ခတလက္ခဏာဖြစ်သော ကုန်ခြင်း ချုပ်ခြင်း ပျက်ခြင်း ဘင်ကို ဝယ = ပျက်-ဟူ၍ လက္ခဏာယာဉ်ကို တင်ကာ အဖန်တလဲလဲ ဝိပဿနာရှု၏။ (ဝိသုဒ္ဓိ၊၂၊၂၆၆။)

ဤကဲ့သို့ လက္ခဏာယာဉ်ကို တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်နေသော ထိုယောဂါဝစရပုဂ္ဂိုလ်သည် ဤသို့သော အခြင်းအရာအားဖြင့် ကွဲကွဲပြားပြား သိ၏။

၁။ ဤနာမ်ရုပ်၏ ဖြစ်သည်မှ ရှေးအဖို့၌ မဖြစ်မီ ဖြစ်ဖို့ရန် အသင့်စောင့်ဆိုင်းနေသော အစုအပုံသည်လည်းကောင်း, အပေါင်းအစုသည်လည်းကောင်း မရှိပေ။ ပရမတ္ထဓမ္မသဘာဝလက္ခဏာဟူသော အထည်ကိုယ် အတ္တဘောကို မရရှိအပ်သေးသော တရား၏ အချင်းခပ်သိမ်း ထင်ရှားမရှိသည်၏ အဖြစ်ကြောင့်တည်း။

၂။ ဖြစ်ဆဲ ဖြစ်နေသော နာမ်ရုပ်၏လည်း အသင့်ဖြစ်ရန် စောင့်ဆိုင်းနေသော အစုအပုံမှလည်းကောင်း အပေါင်းအစုမှလည်းကောင်း လာခြင်း မည်သည် မရှိပေ။

၃။ ချုပ်ဆဲဖြစ်သော နာမ်ရုပ်၏လည်း တူရူအရပ် အထောင့်အရပ်သို့ ကပ်ရောက်ခြင်း သွားခြင်းမည်သည် မရှိ။

၄။ ချုပ်ပြီးသော ရုပ်နာမ်၏လည်း တစ်ခုသော နေရာဌာန၌ အစုအပုံအားဖြင့်လည်းကောင်း အပေါင်းအစု အားဖြင့်လည်းကောင်း တည်နေခြင်း မည်သည် မရှိ။

ထိုစကားကို ထင်ရှားစေအံ့။ တီးအပ်သော စောင်းမှ ဖြစ်ပေါ်လာသော အသံ၏ အသံဖြစ်သည်မှ ရှေး၌ အသံမဖြစ်မီ တစ်နေရာ၌ စုဝေးနေသော အပေါင်းအစု အစိုင်အခဲသည် မရှိသာ ဖြစ်ခဲ့၏။ ဖြစ်ဆဲဖြစ်သော အသံသည်လည်း တစ်ခုသော အစိုင်အခဲ အပေါင်းအစုမှ ရောက်ရှိလာသည်လည်း မဟုတ်။ ချုပ်ဆဲဖြစ်သော အသံ၏လည်း တူရူအရပ် အထောင့်အရပ်သို့ သွားရောက်ခြင်း ကပ်ရောက်ခြင်းမည်သည် မရှိပေ။ ချုပ်ပြီးသော အသံသည်လည်း ချုပ်ပြီးနောက် တစ်စုံတစ်ခုသော အရပ်ဌာန၌ ပေါင်းစုစည်းဝေး၍ မတည်။ စင်စစ်သော်ကား စောင်းကိုလည်းကောင်း စောင်းကြက်သားရေကိုလည်းကောင်း စောင်းသမား၏ ထိုအသံဖြစ်ခြင်းအား လျောက်ပတ်သော စောင်းတီးခြင်း လုံ့လကိုလည်းကောင်း အစွဲပြု၍ ရှေးက မရှိမူ၍ ယခုမှ ရုတ်ခြည်း ဖြစ်ပေါ်လာ၏်၊ ဖြစ်ပြီး၍လည်း အရှည်မတည် ချက်တစ်ဖြုတ် ချုပ်ပျောက်ပျက်စီးသကဲ့သို့ ဤဥပမာတူ -- ခပ်သိမ်းကုန်သော ရုပ်-နာမ်ဓမ္မ သင်္ခါရတရား မှန်သမျှတို့သည်လည်း ရှေးက မရှိမူ၍ ယခုမှ ရုတ်ခြည်း ဖြစ်ပေါ်လာကြကုန်၏၊ (ဟေတုအကြောင်း ပစ္စယအကြောင်းဟူသော အကြောင်းတရားတို့ ညီညွတ်ကြသည် ရှိသော် ဥပါဒ်အားဖြင့် ထင်ရှား ဖြစ်ပေါ်လာကြကုန်၏ ဟူလို။) ဖြစ်ပြီး၍လည်း အရှည်မတည် ချက်တစ်ဖြုတ် ချုပ်ပျောက် ပျက်စီး ကြကုန်၏။ ---- ဤသို့ ကွဲကွဲပြားပြား သိ၏။ (ဝိသုဒ္ဓိ၊၂၊၂၆၆။)

ဤဖွင့်ဆိုချက်များနှင့် အညီ အသင်သူတော်ကောင်းသည် ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော သင်္ခါရ တရားတို့ကို ----

၁။ ရုပ်-နာမ် နှစ်ပါးနည်းဖြင့် (၂)ပုံ ပုံ၍ ဖြစ်စေ,

၂။ ခန္ဓာ (၅)ပါးနည်းဖြင့် (၅)ပုံ ပုံ၍ ဖြစ်စေ,

၃။ အာယတန (၁၂)ပါးနည်းဖြင့် (၁၂)ပုံ ပုံ၍ ဖြစ်စေ,

၄။ ဓာတ် (၁၈)ပါးနည်းဖြင့် (၁၈)ပုံ ပုံ၍ ဖြစ်စေ,

၅။ ပဋိစ္စသမုပ္ပါဒ်နည်းဖြင့် အဝိဇ္ဇာမှသည် ဘဝသို့တိုင်အောင်သော အင်္ဂါရပ်တို့ကို (၁၀)ပုံ ပုံ၍ ဖြစ်စေ ---

ဤသို့ စသော နည်းဖြင့် ယင်းသင်္ခါရတရားတို့ကို, ယင်းတို့၏ ဖြစ်မှု-ပျက်မှု = ဥဒယ-ဝယသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟု သို့မဟုတ် ဒုက္ခဟု သို့မဟုတ် အနတ္တဟု လက္ခဏာရေးသုံးတန်ကို တစ်လှည့်စီ တင်၍ ဝိပဿနာ ရှုပါ။ မိမိ ဝိပဿနာ ရှုလိုက်သော သင်္ခါရတရား၏ ဖြစ်-ပျက် = ဥဒယ-ဝယကို ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် မြင်နေပါစေ။

လက္ခဏာယာဉ်ကို တင်ပါ

အထက်တွင် တင်ပြထားသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (၂၊၂၆၆) ၌ သင်္ခတလက္ခဏာ ရှိကြကုန်သော ရုပ်-နာမ်တို့၏ ဥပါဒ်စွန်း ဘင်စွန်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ဥဒယဟု, ဝယဟု = ဖြစ်-ပျက်ဟု ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူ၏။ ထိုသို့ ဖြစ်-ပျက်ဟု ရှုရန် ညွှန်ကြားထားတော်မူသဖြင့် ယင်းသင်္ခါရ တရားတို့ကို အနိစ္စဟု ဒုက္ခဟု အနတ္တဟု လက္ခဏာယာဉ်တင်၍ ဝိပဿနာ မရှုရတော့ပြီလောဟု မေးရန်ရှိ၏။ အဖြေကား ဤသို့တည်း။ ----

အနိစ္စတော မနသိကရောတော ဩဘာသော ဥပ္ပဇ္ဇတိ။ (ပဋိသံ၊၂၉၁။ ဝိသုဒ္ဓိ၊၂၊၂၆၉။)

သင်္ခါရတရားတို့ကို အနိစ္စဟု သို့မဟုတ် ဒုက္ခဟု သို့မဟုတ် အနတ္တဟု နှလုံးသွင်းနေသော ဝိပဿနာ ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ဩဘာသ = အရောင်အလင်းနှင့်တကွ ပီတိ ပဿဒ္ဓိစသော ဝိပဿနာ ညစ်ညူးကြောင်း ဥပက္ကိလေသတရားများသည် ဖြစ်ပေါ်လာတတ်ကြောင်းကို ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် (၂၉၁)ကို ကိုးကား၍ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ ဖွင့်ဆိုထားတော်မူ၏၊ ဤဖွင့်ဆိုချက်နှင့် အညီ ယောဂါဝစရပုဂ္ဂိုလ် သည် ဤ ဥဒယဗ္ဗယဉာဏ်ပိုင်း၌ သင်္ခါရတရားတို့၏ ဖြစ်-ပျက်ကိုလည်း မြင်ရမည်၊ ယင်းသင်္ခါရတရားတို့ကို အနိစ္စဟု (ဒုက္ခဟု အနတ္တဟု) လက္ခဏာယာဉ်ကိုလည်း တင်၍ ဝိပဿနာ ရှုရမည်ဟု မှတ်သားပါ။

သမ္မသနဉာဏဿ။ ပ ။ ပါရံ ဂန္တွာ ဌိတေန အနိစ္စာဒိတော ဒိဋ္ဌေ သင်္ခါရေ ဥဒယဗ္ဗယေန ပရိစ္ဆိန္ဒိတွာ အနိစ္စာဒိတော ဝိပဿနတ္ထံ ...(ပဋိသံ၊ဋ္ဌ၊၁၊၂၃၄။)

သမ္မသနဉာဏ်၏ ကမ်းတစ်ဘက်သို့ ရောက်၍ တည်နေသော ယောဂါဝစရပုဂ္ဂိုလ်သည် သမ္မသနဉာဏ်ဖြင့် အနိစ္စစသောအားဖြင့် ရှုမြင်အပ်ပြီးသော သင်္ခါရတရားတို့ကိုပင် ဖြစ်ခြင်း ပျက်ခြင်းဖြင့် ပိုင်းခြား၍ အနိစ္စ စသောအားဖြင့် ဝိပဿနာရှုခြင်းငှာ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌ ဤဥဒယဗ္ဗယဉာဏ်ကို ဆက်လက်၍ ဟောကြား ထားတော်မူကြောင်းကို အထက်ပါ ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာကလည်း ဖွင့်ဆိုထားတော်မူ၏။ ဤဖွင့်ဆိုချက်နှင့် အညီ သမ္မသနဉာဏ်ပိုင်း၌ သင်္ခါရတရားတို့ကို အနိစ္စဟု (ဒုက္ခဟု အနတ္တဟု) လက္ခဏာယာဉ်ကို တင်ကာ ဝိပဿနာ ရှုရသကဲ့သို့ အလားတူပင် ဤဥဒယဗ္ဗယဉာဏ်ပိုင်း၌လည်း ယင်းသင်္ခါရတရားတို့ကိုပင် အနိစ္စဟု (ဒုက္ခဟု အနတ္တဟု) လက္ခဏာယာဉ်ကို တင်ကာ ဝိပဿနာ ရှုရမည်သာ ဖြစ်သည်။

တစ်ဖန် ဝုဋ္ဌာနဂါမိနိဝိပဿနာ အမျိုးမျိုးတို့ကို ဖွင့်ဆိုရာ အပိုင်း (အဘိ၊ဋ္ဌ၊၁၊၂၇၀-၂၇၁။ ဝိသုဒ္ဓိ၊၂၊၃၀၀-၃၀၁။) တွင်လည်း သင်္ခါရတရားတို့ကို အနိစ္စဟု ရှုခိုက် မဂ်ဆိုက်သည်လည်း ရှိ၏ဟုလည်းကောင်း, ဒုက္ခဟု ရှုခိုက် မဂ်ဆိုက်သည်လည်းရှိ၏ဟုလည်းကောင်း, အနတ္တဟု ရှုခိုက် မဂ်ဆိုက်သည်လည်း ရှိ၏ဟုလည်းကောင်း ဖွင့်ဆိုထား၏။ ယင်းသို့ ဖွင့်ဆိုထားသဖြင့် သင်္ခါရတရားတို့ကို အနိစ္စဟု ဒုက္ခဟု အနတ္တဟု လက္ခဏာယာဉ်ကို တင်ကာ ဝိပဿနာရှုမှုမှာ ဝုဋ္ဌာနဂါမိနိဝိပဿနာသို့တိုင်အောင် တည်ရှိနေ၏ဟု မှတ်ပါ။ သို့သော် ဝုဋ္ဌာနဂါမိနီ ဝိပဿနာသို့တိုင်အောင်ဟူသော စကားရပ်၌ ဝုဋ္ဌာနဂါမိနီဝိပဿနာ မပါဝင်ဟု မှတ်ပါ၊ အကြောင်းမူ ဝုဋ္ဌာနဂါမိနီ ဝိပဿနာအမည်ရသော အနုလောမဉာဏ်သို့တိုင်အောင်သော လောကီဝိပဿနာဉာဏ်သည် သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ သို့မဟုတ် ဒုက္ခအခြင်းအရာ သို့ဟုတ် အနတ္တအခြင်းအရာကိုသာ မြင်၏၊ ယင်းသင်္ခါရတရားတို့ကို အနိစ္စဟု သို့မဟုတ် ဒုက္ခဟု သို့မဟုတ် အနတ္တဟု လက္ခဏာယာဉ်ကို မတင်ပေ၊ ထင်ရုံသာ ထင်၍ မတင် ဟူလိုသည်။

ထို့ကြောင့် ဤဥဒယဗ္ဗယဉာဏ်ပိုင်းတွင်လည်း သင်္ခါရတရားတို့ကို ဖြစ်-ပျက်ဟု ရှုနေရုံမျှဖြင့် လိုရင်း ကိစ္စ မပြီးစီးနိုင်သေး၊ ယင်းဖြစ်-ပျက်၏ နောက်မှ ယင်းသင်္ခါရတရားတို့၏ ဖြစ်-ပျက်ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟုလည်းကောင်း, ဒုက္ခဟုလည်းကောင်း, အနတ္တဟုလည်းကောင်း, လက္ခဏာရေး သုံးတန်ကို တစ်လှည့်စီတင်ကာ ဝိပဿနာရှုပါမှသာလျှင် လိုရင်းကိစ္စ ပြီးစီးနိုင်သည်။ အရိယမဂ်သို့ ဆိုက်ရောက်နိုင်မည်ဟု သန္နိဋ္ဌာန်ကျ မုချပုံသေ မှတ်သားနာယူလေရာသည်။

ထိုသို့ သင်္ခါရတရားတို့ကို လက္ခဏာယာဉ်ကို တင်ကာ ဝိပဿနာ ရှုရာ၌ ယင်းသင်္ခါရတရားတို့၏ ဖြစ်ပျက် ကို ဉာဏ်ဖြင့် အလွန့်အလွန် လျင်လျင်မြန်မြန် မြင်အောင် ကြိုးစားပါ၊ အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓဟူသော သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော မည်သည့်သင်္ခါရတရားကို မဆို ဝိပဿနာရှုရာ၌ ထိုသင်္ခါရတရား၏ ဖြစ်မှုပျက်မှုကို ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် သန္တတိပစ္စုပ္ပန်မှသည် ခဏ ပစ္စုပ္ပန်သို့ ဆိုက်သည့်တိုင်အောင် ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာယာဉ်ကို တစ်လှည့်စီ တင်၍ ဝိပဿနာရှုပါ၊ သင်္ခါရတရားတို့၏ ဖြစ်-ပျက်မှာ အလွန့်အလွန် လျင်မြန်သော်လည်း အလွန့်အလွန်များပြား သော်လည်း အနိစ္စဟု သို့မဟုတ် ဒုက္ခဟု သို့မဟုတ် အနတ္တဟု လက္ခဏာယာဉ်ကို တင်ကာ ဝိပဿနာရှုမှုမှာ ခပ်ဖြည်းဖြည်းသာ ရှုပါ။

သင်္ခါရတရားတို့၏ ဖြစ်မှု ပျက်မှုကား အလွန်လျင်မြန်လှ၏၊ မျက်စိတစ်မှိတ်, လျှပ်တစ်ပြက်, လက်ဖျစ် တစ်တွက်ဟု ခေါ်ဆိုအပ်သော အလွန့်အလွန် တိုတောင်းသော အချိန်ကာလအတွင်း၌ပင် ကုဋေထောင်ပေါင်း များစွာသော ကုဋေသောင်းပေါင်းများစွာသော သင်္ခါရတရားတို့သည် ဖြစ်ပြီးလျှင် ပျက်သွားကြ၏၊ ထိုမျှ တိုတောင်းလှသော အချိန်ကာလအတွင်း၌ ထိုမျှ များပြားစွာ ထိုမျှ လျင်မြန်စွာ ဖြစ်ပျက်သွားကြသော သင်္ခါရတရားတိုင်း၌ ကုဋေပေါင်းထောင်နှင့် သောင်းနှင့်ချီ၍ လက္ခဏာယာဉ်ကိုတင်ကာ ဝိပဿနာ မရှုနိုင်ပေ၊ ထို့ကြောင့် အသင်သူတော်ကောင်း၏ဝိပဿနာဉာဏ်တွင် သင်္ခါရတရားတို့၏ ဖြစ်မှုပျက်မှုမှာ လျင်မြန်နိုင်သလောက် လျင်မြန်နေပါစေ၊ ခဏပစ္စုပ္ပန်သို့ ဉာဏ်အမြင် ဆိုက်နေပါစေ၊ အနိစ္စဟု သို့မဟုတ် ဒုက္ခဟု သို့မဟုတ် အနတ္တဟု လက္ခဏာယာဉ်ကို တင်ကာ ဝိပဿနာရှုမှုကိုကား ခပ်ဖြည်းဖြည်း ခပ်အေးအေးသာ ရှုပါ၊ သင်္ခါရတရားတို့၏ ဖြစ်မှု ပျက်မှု မြန်သလောက် လက္ခဏာယာဉ်ကိုလည်း ခပ်မြန်မြန်ပင် လိုက်၍ တင်နေပါက ကြာလျှင် မောပန်းသွားတတ်ပေသည်၊ နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ရေးသားတင်ပြခဲ့သည့်အတိုင်း တစ်တန်းပြီး တစ်တန်း အတန်းလိုက် ရှုပါ။

သမ္မသနဉာဏ်ပိုင်းတွင် ဝိပဿနာရှုသည့်ပုံစံအတိုင်းပင် ဤဥဒယဗ္ဗယဉာဏ်ပိုင်း၌လည်း ----

၁။ ရံခါ အဇ္ဈတ္တ ရုပ်တရားကို,

၂။ ရံခါ ဗဟိဒ္ဓ ရုပ်တရားကို,

၃။ ရံခါ အဇ္ဈတ္တ နာမ်တရားကို,

၄။ ရံခါ ဗဟိဒ္ဓ နာမ်တရားကို,

တစ်လှည့်စီ လှည့်လည်၍ လက္ခဏာယာဉ်သုံးတန်ကိုလည်း တစ်လှည့်စီတင်ကာ ဝိပဿနာရှုပါ၊ ဝိပဿနာ ဉာဏ်များသည် အလွန်ထက်မြက်စူးရှ ရဲရင့်သန့်ရှင်းလာသောအခါ ယင်းဝိပဿနာဉာဏ်ဝယ် သင်္ခါရတရားတို့၏ ဖြစ်မှုပျက်မှုတို့သည် အလွန်လျင်လျင်မြန်မြန် ထင်လာပေမည်၊ ဝိပဿနာဉာဏ်က ထက်မြက်စူးရှ၍ လျင်မြန် လာသောအခါ သန့်ရှင်းလာသောအခါ ရုပ်-နာမ်တို့၏ အဖြစ်အပျက်ကို သန္တတိပစ္စုပ္ပန်မှသည် ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ရှင်းရှင်းလင်းလင်း ကျေကျေနပ်နပ် တွေ့ရှိလာမည် ဖြစ်ပေသည်၊ ထိုသို့တွေ့ရှိခဲ့သော် ရုပ်နှင့်နာမ်ကို တွဲ၍ (နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ရေးသားတင်ပြထားခဲ့သည့်အတိုင်း ရုပ်နာမ်ကို ပူးတွဲသိမ်းဆည်းခဲ့သည့် အတိုင်း) ယင်းရုပ်-နာမ်ဓမ္မ သင်္ခါရတရားတို့၏ အဖြစ် အပျက်ကို ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ လက္ခဏာယာဉ်သုံးချက်ကို တစ်လှည့်စီတင်၍ ဝိပဿနာရှုပါ၊ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရှုပါ၊ ဗဟိဒ္ဓကို ရှုရာ၌ အနီးမှသည် အဝေးသို့တိုင်အောင် တစ်စတစ်စ တိုးချဲ့၍ (၃၁)ဘုံကို သို့မဟုတ် စွမ်းနိုင်ပါက (၃၁)ဘုံပေါင်းများစွာကို ခြုံငုံ၍ ဝိပဿနာရှုပါ။ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ကြိမ်ဖန် များစွာ ထပ်ကာ ထပ်ကာ ရှုပွားသုံးသပ်ခဲ့သော် ဝိပဿနာဉာဏ်သည်လည်း အထူးသဖြင့် ထက်မြက်စူးရှလာတတ်၏၊ ရဲရင့်လာ တတ်၏၊ သန့်ရှင်းလာတတ်၏။

ပစ္စုပ္ပန်သင်္ခါရတရားတို့ကို ဝိပဿနာရှုရာ၌ ဝိပဿနာဉာဏ်သည် အလွန် သွက်လက်လာ၍ သင်္ခါရ တရားတို့၏ ခဏပစ္စုပ္ပန်သို့ ဉာဏ်အမြင် ဆိုက်သည့်တိုင်အောင် အထူးသဖြင့် ထက်မြက်စူးရှ ရဲရင့်လျက် အလွန် သန့်ရှင်းလာသောအခါ အတိတ် အနာဂတ် သင်္ခါရတရားတို့၌လည်း နည်းကိုဆောင်၍ နည်းတူပင် ရှုပါ။ ထိုသို့ ရှုရာ၌ အသင်သူတော်ကောင်းသည် အကယ်၍ အတိတ်ဘဝ ငါးဘဝသို့ တိုင်အောင် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို သိမ်းဆည်းထားခဲ့သည် ဖြစ်အံ့ ----

၁။ ပဉ္စမအတိတ် ပဋိသန္ဓေမှသည် စုတိသို့ တိုင်အောင်,

၂။ စတုတ္ထအတိတ် ပဋိသန္ဓေမှသည် စုတိသို့ တိုင်အောင်,

၃။ တတိယအတိတ် ပဋိသန္ဓေမှသည် စုတိသို့ တိုင်အောင်,

၄။ ဒုတိယအတိတ် ပဋိသန္ဓေမှသည် စုတိသို့ တိုင်အောင်,

၅။ ပထမအတိတ် ပဋိသန္ဓေမှသည် စုတိသို့ တိုင်အောင်,

၆။ ပစ္စုပ္ပန် ပဋိသန္ဓေမှသည် စုတိသို့ တိုင်အောင်,

၇။ ပထမအနာဂတ် ပဋိသန္ဓေမှသည် စုတိသို့ တိုင်အောင်,

၈။ (ရှိခဲ့သော်) ဒုတိယအနာဂတ် ပဋိသန္ဓေမှသည် စုတိသို့ တိုင်အောင်,

ဤသို့စသည်ဖြင့် မိမိသိမ်းဆည်းထားသော အစွန်ဆုံး အတိတ်ဘဝမှသည် အနာဂတ်ဆုံးသည်အထိ ----ဤ အတိတ်-ပစ္စုပ္ပန်-အနာဂတ်ဟူသော ကာလသုံးပါး အတွင်း၌ တည်ရှိသော အဇ္ဈတ္တ-ဗဟိဒ္ဓ သန္တာန်နှစ်ပါး အတွင်း၌ တည်ရှိသော ----

၁။ ရုပ်တရား သက်သက်ကိုလည်းကောင်း,

၂။ နာမ်တရား သက်သက်ကိုလည်းကောင်း,

၃။ ရုပ်နှင့်နာမ်ကို တွဲ၍လည်းကောင်း ----

ပေါင်းစုခြုံငုံ၍ ယင်းသင်္ခါရတရားတို့၏ ဖြစ်မှုပျက်မှုကို = ဥပါဒ်စွန်း ဘင်စွန်းကို မြင်အောင်ကြည့်၍----

၁။ ရံခါ အနိစ္စဟုလည်းကောင်း,

၂။ ရံခါ ဒုက္ခဟုလည်းကောင်း,

၃။ ရံခါ အနတ္တဟုလည်းကောင်း ---

ဤသို့ လက္ခဏာယာဉ်သုံးချက်ကို တစ်လှည့်စီတင်၍ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဝိပဿနာရှုပါ။ ထိုသို့ ရှုရာ၌ ရုပ်ကလာပ်တို့၏ ဖြစ်မှု ပျက်မှုကို အာရုံမယူပါနှင့်၊ ယင်းရုပ်ကလာပ်တို့၏ အတွင်း၌ တည်ရှိသော ရုပ်ပရမတ်တရားတို့ကိုသာ အာရုံယူ၍ ဝိပဿနာရှုပါ၊ နာမ်ပရမတ်တရားတို့၌လည်း နည်းတူပင် သဘောပေါက်ပါ။ ဥပမာ -- ပဉ္စဒွါရာဝဇ္ဇန်း စိတ္တက္ခဏအခိုက်၌ - ရူပါရုံနှင့် ဟဒယဝတ္ထုနှင့်တကွသော (၅၄) မျိုးသော ရုပ်တို့လည်း ဖြစ်-ပျက်, ပဉ္စဒွါရာဝဇ္ဇန်း နာမ်တရား (၁၁)လုံးလည်း ဖြစ်-ပျက် အနိစ္စဟု ဤသို့စသည်ဖြင့် ရုပ်နှင့်နာမ် အစုံလိုက် အစုံလိုက် ဖြစ်ပျက်မှုကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာယာဉ်သုံးချက်ကို တစ်လှည့်စီ တင်၍ ဝိပဿနာ ရှုပါ။ ကာလသုံးပါး သန္တာန်နှစ်ပါး အတွင်း၌ တည်ရှိသော သင်္ခါရတရားတို့၌ ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ဉာဏ် အမြင် သန့်ရှင်းခဲ့သော် သမ္မသနဉာဏ်မှ ဥဒယဗ္ဗယနယ်ထဲသို့ ဝင်ရောက်လာပြီ ဖြစ်ပေသည်။ သို့သော် ဝီထိ စိတ္တက္ခဏတို့၌လည်းကောင်း, ဝီထိမုတ်စိတ် စိတ္တက္ခဏတို့၌လည်းကောင်း, ရုပ်တရားတို့၌လည်းကောင်း ခဏ ပစ္စုပ္ပန်သို့ ဆိုက်အောင် ဉာဏ်အမြင် သန့်ရှင်းမှု ရှိမရှိကို အထူး အလေးဂရုပြု၍ ကြိမ်ဖန်များစွာ ဝိပဿနာရှုလျက် ဆန်းစစ်ပါ။

ရုပ်နာမ် နှစ်ပါးနည်းဖြင့် ရှု၍ အားရကျေနပ်မှုကို ရရှိသောအခါ ----

၁။ ခန္ဓာငါးပါး နည်းဖြင့်လည်းကောင်း,

၂။ အာယတန (၁၂)ပါး နည်းဖြင့်လည်းကောင်း,

၃။ ဓာတ် (၁၈)ပါး နည်းဖြင့်လည်းကောင်း,

၄။ ပဋိစ္စသမုပ္ပါဒ် ပထမနည်းဖြင့် ကြောင်းကျိုးစပ်လျက် ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကို အဝိဇ္ဇာမှသည် ဘဝသို့ တိုင်အောင် (၁၀) ပုံ ပုံ၍ ပဋိစ္စသမုပ္ပါဒ်နည်းဖြင့်လည်းကောင်း ---

ဆက်လက်၍ ဝိပဿနာရှုကြည့်ပါ၊ တစ်ဖန် ရှေးသမ္မသနဉာဏ်ပိုင်းတွင် ရေးသားတင်ပြခဲ့သည့်အတိုင်း-

၁။ ဝတ္ထ္ထု + အာရုံ + ဝေဒနာ = (ဝေဒနာနုပဿနာ)

၂။ ဝတ္ထု + အာရုံ + ဝိညာဏ် = (စိတ္တာနုပဿနာ)

၃။ ဝတ္ထု + အာရုံ + ဖဿ = (ဓမ္မာနုပဿနာ)

ဤ ဝေဒနာနုပဿနာ, စိတ္တာနုပဿနာ, ဓမ္မာနုပဿနာ ရှုကွက်တို့ကိုလည်း ဆက်လက်၍ ဝိပဿနာရှုပါ။

ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့ကို ဝိပဿနာရှုရာ၌ ----

၁။ အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်၏၊

အဝိဇ္ဇာလည်း ဖြစ်-ပျက် --- အနိစ္စ,

သင်္ခါရလည်း ဖြစ်-ပျက် --- အနိစ္စ,

ဤသို့ လက္ခဏာယာဉ်ကို တင်၍ ဝိပဿနာရှုပါ၊ ဒုက္ခ-အနတ္တတို့ကိုလည်း နည်းတူရှုပါ။ ထိုသို့ ရှုရာ၌ အဝိဇ္ဇာဦးဆောင်သည့် မနောဒွါရိကဇောဝီထိ, ကုသိုလ်စေတနာ စေတသိက်သင်္ခါရ ဦးဆောင်သည့် မနောဒွါရိက ဇောဝီထိတို့ကို ဃန အသီးအသီး ပြိုအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် အဝိဇ္ဇာနှင့် တကွသော ပရမတ်တရား, သင်္ခါရနှင့်တကွသော ပရမတ်တရားတို့ကို သိမ်းဆည်းလျက် လက္ခဏာယာဉ်ကို တင်ကာ ဝိပဿနာရှုပါ။ ဘဝ၌ ကမ္မဘဝ, ဥပပတ္တိဘဝဟု ဘဝနှစ်မျိုးရှိရာ ဥပပတ္တိဘဝ၏ တရားကိုယ် ဖြစ်သော ဥပါဒါနက္ခန္ဓာ ငါးပါးတို့ကား ဝိပဿနာ ရှုကောင်းသော တရားများပင် ဖြစ်ကြ၏။ ဇာတိကို ထပ်၍ ဝိပဿနာ မရှုကောင်းသော်လည်း ဇာတိ၏ တရားကိုယ်ဖြစ်သော ဥပပတ္တိဘဝအမည်ရသော ဥပါဒါနက္ခန္ဓာ ငါးပါးတို့ကား ဝိပဿနာ ရှုကောင်းသည်သာ ဖြစ်သည်၊ ထိုကြောင့် ဤဥဒယဗ္ဗယဉာဏ်ပိုင်း၌ ဘဝကိုပါ ထည့်သွင်း၍ ဝိပဿနာရှုရန် ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် (၅၂)၌ ညွှန်ကြားထားတော်မူခြင်းပင် ဖြစ်ပေသည်။

ဤသို့လျှင် အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓဟူသော သန္တာန်နှစ်ပါး အတွင်း၌ တည်ရှိသော ရုပ်နာမ်နှစ်ပါး = ဥပါဒါနက္ခန္ဓာငါးပါးတို့ကို အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာရေး သုံးတန်ကို တစ်လှည့်စီ တင်၍ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သည်တိုင်အောင် အသင် သူတော်ကောင်းသည် ကျေကျေနပ်နပ်ကြီး ဝိပဿနာ ရှုပွားသုံးသပ်နိုင်ခဲ့သော် အောက်ပါ အနတ္တလက္ခဏသုတ္တန်၌ လာရှိသော ဝိပဿနာရှုကွက်ကို အကျေနပ်ကြီး ကျေနပ်၍ သဘောအကျကြီး ကျနိုင်မည် ဖြစ်ပေသည်၊ ဘုရားရှင်၏ အပေါ်၌လည်းကောင်း ပဉ္စဝဂ္ဂီငါးဦး အစဖြာသည့် ရှေးရှေး အရိယာသူတော်ကောင်းကြီးတို့၏ အပေါ်၌ လည်းကောင်း အကြည်ညိုကြီး ကြည်ညိုနိုင်ပြီလည်း ဖြစ်နိုင်ပေသည်။

တသ္မာတိဟ ဘိက္ခဝေ ...

၁။ ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ရူပံ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မ္ပပ္ပညာယ ဒဋ္ဌဗ္ဗံ။

၂။ ယာ ကာစိ ဝေဒနာ။ ပ ။

၃။ ယာ ကာစိ သညာ။ ပ ။

၄။ ယေ ကေစိ သင်္ခါရာ။ ပ ။

၅။ ယံ ကိဉ္စိ ဝိညာဏံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္စျတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ဝိညာဏံ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ (သံ၊၂၊၅၆။)

ရဟန်းတို့ ...ထိုသို့ ဥပါဒါနက္ခန္ဓာငါးပါးတို့၏ အနိစ္စ-ဒုက္ခ-အနတ္တတို့သာ ဖြစ်၍ နေခြင်းကြောင့် ဤ သာသနာတော်မြတ် အတွင်း၌ သင်တို့သည် ----

၁။ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း, အဇ္ဈတ္တမူလည်းဖြစ်သော ဗဟိဒ္ဓမူလည်းဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း, ရုန့်ရင်းကြမ်းတမ်းသော ဩဠာရိကမူလည်း ဖြစ်သော သိမ်မွေ့နူးညံ့သော သုခုမမူလည်းဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း, ယုတ်ညံ့သော ဟီနမူလည်းဖြစ်သော မွန်မြတ်သော ပဏီတမူလည်းဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း, ဝေးသော ဒူရမူလည်းဖြစ်သော နီးသော သန္တိကမူလည်းဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း ရှိချေ၏။ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော အလုံးစုံသော ရုပ်တရားကို ဤရုပ်တရားသည် ငါ့ဟာ မဟုတ်၊ ဤရုပ်တရားသည် ငါ မဟုတ်၊ ဤရုပ်တရားသည် ငါ၏အတ္တ မဟုတ်ဟု ဤသို့လျှင် ဤရုပ်တရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာဉာဏ်အလင်းဖြင့် ရှုပါ။

၂။ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အလုံးစုံသော ဝေဒနာ။ ပ ။

၃။ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အလုံးစုံသော သညာ။ ပ ။

၄။ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အလုံးစုံသော သင်္ခါရ။ ပ ။

၅။ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အလုံးစုံသော ဝိညာဏ်တရားသည်လည်းကောင်း, အဇ္ဈတ္တမူလည်း ဖြစ်သော ဗဟိဒ္ဓမူလည်းဖြစ်သော အလုံးစုံသော ဝိညာဏ်တရားသည်လည်းကောင်း, ရုန့်ရင်း ကြမ်းတမ်းသော ဩဠာရိကမူလည်းဖြစ်သော သိမ်မွေ့နူးညံ့သော သုခုမမူလည်းဖြစ်သော ဝိညာဏ်တရားသည် လည်းကောင်း, ယုတ်ညံ့သော ဟီနမူလည်းဖြစ်သော မွန်မြတ်သော ပဏီတမူလည်းဖြစ်သော အလုံးစုံသော ဝိညာဏ်တရားသည်လည်းကောင်း, ဝေးသော ဒူရမူလည်းဖြစ်သော နီးသော သန္တိကမူလည်းဖြစ်သော အလုံးစုံသော ဝိညာဏ်တရားသည်လည်းကောင်း ရှိချေ၏။ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော အလုံးစုံသော ဝိညာဏ်တရားကို ဤဝိညာဏ်တရားသည် ငါ့ဟာ မဟုတ်၊ ဤဝိညာဏ်တရားသည် ငါ မဟုတ်၊ ဤဝိညာဏ်တရားသည် ငါ၏အတ္တ မဟုတ် ဟု ဤသို့လျှင် ဤဝိညာဏ်တရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာဉာဏ်အလင်းဖြင့် ရှုပါ။ (သံ၊၂၊၅၆ ---- အနတ္တလက္ခဏသုတ္တန်။)

[မှတ်ချက် ---- ဤ၌ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ = ဤရုပ်တရားသည် ငါ့ဟာ မဟုတ်၊ ဤရုပ်တရားသည် ငါ မဟုတ်၊ ဤရုပ်တရားသည် ငါ၏အတ္တ မဟုတ်ဟု ရှုပါဆိုသည်နှင့် ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ရုပ်တရားကို အနိစ္စဟု ဒုက္ခဟု အနတ္တဟု ရှုပါဆိုသည်မှာ အတူတူပင် ဖြစ်သည်ဟု မှတ်ပါ။ ခန္ဓာငါးပါးလုံး၌ နည်းတူ သဘောပေါက်ပါ။ (မ၊ဋ္ဌ၊၄၊၂၃၂-ကြည့်ပါ။)]

တူညီပုံကို ဤသို့ သဘောပေါက်ပါ

သင်္ခါရတရားတို့၏ ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံရမှုသဘောကို အာရုံယူ၍ ဒုက္ခဟု လက္ခ္ခဏာယာဉ် တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုခဲ့သော် ယင်းသင်္ခါရတရားတို့၏ ခဏ ပစ္စုပ္ပန်သို့ ဆိုက်အောင် ဖြစ်ခြင်းပျက်ခြင်း ဒုက္ခဒဏ်ချက်ဖြင့် အနှိပ်စက်ခံနေရမှု ဒုက္ခသဘောကို ကွက်ကွက် ကွင်းကွင်း ရှင်းရှင်းလင်းလင်း ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်နေပါက ထိုသင်္ခါရတရားတို့အပေါ်၌ ငါ့ဟာ-ငါ့ဟာဟု စွဲယူတတ်သော တဏှာစွဲသည် စွဲယူဖို့ရန် အခွင့်အလမ်းကို မရနိုင်တော့ပြီ၊ ထို့ကြောင့် သင်္ခါရတရားတို့ကို ဒုက္ခဟု ရှုခြင်းနှင့် ငါ့ဟာ မဟုတ်ဟု ရှုခြင်းသည် တူညီလျက် ရှိ၏။

တစ်ဖန် ယင်းသင်္ခါရတရားတို့ကိုပင် ယင်းတို့၏ ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ဖြစ်မှု ပျက်မှုကို ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟု လက္ခဏာယာဉ်ကို တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ခဲ့သော် ခဏမစဲ တသဲသဲ ပြိုပြိုပျက်ပျက်နေသော သင်္ခါရတရားတို့၌ ဤသင်္ခါရတရားက ငါပဲ, ဤသင်္ခါရတရားက သူပဲ စသည်ဖြင့် စွဲယူဖို့ရန် အခွင့်အလမ်းကိုပင် စွဲယူဖို့ရန် အချိန်ကိုပင် မရရှိနိုင်တော့ပေ၊ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက်ဟူသော အချိန်ကာလကို ကုဋေထောင်ပေါင်းများစွာ ပုံခဲ့သော် သို့မဟုတ် ကုဋေသိန်းနှင့် ချီ၍ ပုံခဲ့သော် တစ်ပုံခန့်သာ သက်တမ်းရှိသောကြောင့် ဖြစ်၏၊ ထို့ကြောင့် အနိစ္စဟု ရှုခြင်းနှင့် ငါ မဟုတ်ဟု ရှုခြင်းသည် တူညီလျက် ရှိ၏။

တစ်ဖန် ယင်းသင်္ခါရတရားတို့၌ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် အတ္တမရှိမှု သဘောကို အာရုံယူ၍ အနတ္တဟု လက္ခဏာယာဉ်ကို တင်ကာ တွင်တွင်ကြီး ဝိပဿနာ ရှုခဲ့သော် ယင်းသင်္ခါရတရားတို့၌ အတ္တမရှိမှု အနတ္တသဘောကို ကျေကျေနပ်နပ်ကြီး လက်ခံနိုင်မည်ဖြစ်၏၊ ထိုအခါ ယင်း သင်္ခါရတရားတို့၌ အတ္တဟု စွဲနေသော အတ္တစွဲသည် ခြေကုတ်ယူ၍ မရရှိနိုင်တော့ပေ၊ အကြောင်းမူ ရုပ်တရားတို့၏ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက် တစ်စက္ကန့်ဟူသော အချိန်ကာလကို ကုဋေငါးထောင်ကျော်ခန့် ပုံလျှင် တစ်ပုံခန့်လောက်သာ သက်တမ်းရှိမှုကိုသော်လည်းကောင်း, နာမ်တရားတို့၏ ယင်းကဲ့သို့သော အချိန် ကာလကိုပင် ကုဋေတစ်သိန်းခန့် ပုံလျှင် တစ်ပုံခန့်လောက်သာ သက်တမ်းရှိမှုကိုသော်လည်းကောင်း ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်နေသည့်အတွက် ထိုရုပ်နာမ်ဓမ္မသင်္ခါရတရားတို့၌ ဤတရားကား ခိုင်မာသည့် အနှစ်သာရ အတ္တတည်းဟု စွဲယူဖို့ရန် အခွင့်အလမ်းသည် အဘယ်မှာလျှင် ထောက်ရာ တည်ရာကို ရရှိနိုင်တော့အံ့နည်း၊ ထိုကြောင့် အနတ္တဟု ရှုခြင်းနှင့် ငါ၏အတ္တ မဟုတ်ဟု ရှုခြင်းသည် တူညီလျက် ရှိ၏။

မြတ်သောအသက်ရှင်ခြင်း

ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော အထက်ပါ ဥပါဒါနက္ခန္ဓာငါးပါးကို ခန္ဓာတစ်ပါး တစ်ပါး၌ အနိစ္စလက္ခဏာတစ်လှည့် ဒုက္ခလက္ခဏာတစ်လှည့် အနတ္တလက္ခဏာတစ်လှည့် ဤသို့ လက္ခဏာယာဉ် သုံးချက်ကို တစ်လှည့်စီတင်၍ ဝိပဿနာရှုပွားသုံးသပ်ရသော ဘာဝနာကျင့်စဉ်လမ်းသည် ဘုရားအစရှိသော ပဉ္စဝဂ္ဂီငါးဦး အမှူးရှိသော ရှေးရှေး အရိယာသူတော်ကောင်းတို့၏ နိဗ္ဗာန်သို့ ကြွသွားတော်မူရာ တစ်ကြောင်း တည်းသော လမ်းရိုးလမ်းဟောင်းကြီးသာ ဖြစ်၏။ အသင်သူတော်ကောင်းသည်လည်း ဘုရားရှင်ဆိုလိုသည့် အစစ် အမှန် နိဗ္ဗာန်တရားတော်မြတ်ကြီးကို တကယ်တမ်း လိုလားတောင့်တသည် ဖြစ်ငြားအံ့၊ ထိုလမ်းရိုးလမ်းဟောင်းကြီး အတိုင်းသာ ဣန္ဒြေရရ ဂုဏ်သိက္ခာရှိရှိဖြင့် ပိပိရိရိ ငြိမ်ငြိမ်သက်သက် လျှောက်သွားရမည်သာ ဖြစ်သည်၊ အကြောင်းမူ နိဗ္ဗာန်သို့ သွားရာ လမ်းကြောင်းမှာ နှစ်ကြောင်းမရှိ၊ တစ်ကြောင်းတည်းသာ ရှိသောကြောင့် ဖြစ်၏။

ယော စ ဝဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ။

ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ။ (ဓမ္မပဒ၊၃၀။)

ယော စ = အကြင်ပုဂ္ဂိုလ်သည်ကား။ ဥဒယဗ္ဗယံ = ခန္ဓာငါးပါး = ရုပ်-နာမ်တရားတို့၏ ဖြစ်ခြင်း-ပျက်ခြင်း = ဥဒယ-ဝယ သဘောကို။ အပဿံ = အပဿန္တော = ဝိပဿနာပညာ မဂ်ပညာဖြင့် မသိမမြင်ဘဲ။ ဝဿသတံ = နှစ်ပေါင်း (၁၀၀) ကာလကြာအောင်။ စေ ဇီဝေ = အကယ်၍ အသက်ရှင်ငြားအံ့။ တဿ = ထိုပုဂ္ဂိုလ်၏။ တံ ဇီဝိတံ = ထိုသို့ အသက်ရှည်ခြင်းသည်။ န သေယျော = မမြတ်သည်သာတည်း။

ယော စ = အကြင်ပုဂ္ဂိုလ်သည်ကား။ ဥဒယဗ္ဗယံ = ခန္ဓာငါးပါး = ရုပ်-နာမ်တရားတို့၏ ဖြစ်ခြင်း-ပျက်ခြင်း = ဥဒယ-ဝယသဘောကို။ ပဿတိ = ဝိပဿနာပညာ မဂ်ပညာဖြင့် သိမြင်၏။ ဥဒယဗ္ဗယံ = ခန္ဓာငါးပါး = ရုပ်- နာမ်တရားတို့၏ ဖြစ်ခြင်း-ပျက်ခြင်း = ဥဒယ-ဝယသဘောကို။ ပဿတော = ဝိပဿနာပညာ မဂ်ပညာဖြင့် သိမြင်သော။ တဿ = ထိုပုဂ္ဂိုလ်၏။ ဧကာဟံ = တစ်နေ့ တစ်ရက် တစ်နံနက်မျှ။ ဇီဝိတံ = အသက်ရှင်ရခြင်းသည်။ သေယျော = မြတ်လှပါပေ၏။ (ဓမ္မပဒ၊၃၀။ ဂါထာနံပါတ်-၁၁၃။)

ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ ဖြစ်ခြင်း-ပျက်ခြင်း = ဥဒယ-ဝယသဘောကို ဝိပဿနာပညာ သို့မဟုတ် အရိယမဂ်ပညာဖြင့် မသိမမြင်သော သူ၏ နှစ်ပေါင်း (၁၀၀) ကာလကြာအောင် အသက်ရှင်ရခြင်းကား မမြတ်၊ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ ဖြစ်ခြင်း-ပျက်ခြင်း = ဥဒယ-ဝယ-သဘောကို ဝိပဿနာပညာ သို့မဟုတ် အရိယမဂ် ပညာဖြင့် သိမြင်သောသူ၏ တစ်နေ့တစ်ရက် တစ်နံနက်မျှ အသက်ရှင်ရခြင်းကသာ မြတ်၏၊ ဤသို့ ဘုရားရှင် ကိုယ်တော်တိုင် ဟောကြားပြသ ဆိုဆုံးမထားတော်မူခြင်းကြောင့် အသင်သူတော်ကောင်းသည်လည်း မိမိ၏ ဘဝကို ဘုရားရှင်၏ အလိုဆန္ဒတော်အတိုင်း အလွန် အဆင့်အတန်း မြင့်မားသည့် မြင့်မြတ်သော ဘဝတစ်ခု ဖြစ်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လေရာသည်။

ဥဒယဗ္ဗယ အကျယ် ရှုပွားနည်း - သမုဒယဓမ္မာနုပဿီပိုင်း

ပစ္စယတော ဥဒယဗ္ဗယဒဿန = အကြောင်းတရားအားဖြင့် ဖြစ်-ပျက်ရှုနည်းကို, တစ်နည်းအားဖြင့် ဆိုရသော် အကြောင်းတရားအားဖြင့် ဖြစ်-ပျက်ရှုနည်းနှင့် ခဏအားဖြင့် ဖြစ်-ပျက်ရှုနည်းဟူသော နှစ်နည်းလုံးကို ပေါင်းစပ်၍ ဝိပဿနာရှုရသော နည်းကိုပင် ဥဒယဗ္ဗယ အကျယ်ရှုပွားနည်းဟု ခေါ်ဆို၏။ ဤတွင် ပါဠိကျွမ်းကျင်သူများအနေဖြင့် နှုတ်တက်ရအောင် ကြိုတင် ကျက်ထားသင့်သော ပါဠိတော်ကို ရှေးဦးစွာ ဖော်ပြအပ်ပါသည်။

ရူပက္ခန္ဓာ၌ ဥဒယရှုပုံ - ပါဠိတော်

၁။ အဝိဇ္ဇာသမုဒယာ ရူပသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။

၂။ တဏှာသမုဒယာ ရူပသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။

၃။ ကမ္မသမုဒယာ ရူပသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။

၄။ အာဟာရသမုဒယာ ရူပသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။

၅။ နိဗ္ဗတ္တိလက္ခဏံ ပဿန္တောပိ ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။

ရူပက္ခန္ဓဿ ဥဒယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။

ရူပက္ခန္ဓာ၌ ဝယရှုပုံ - ပါဠိတော်

၁။ အဝိဇ္ဇာနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ။

၂။ တဏှာနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ။

၃။ ကမ္မနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ။

၄။ အာဟာရနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ။

၅။ ဝိပရိဏာမလက္ခဏံ ပဿန္တောပိ ရူပက္ခန္ဓဿ ဝယံ ပဿတိ။

ရူပက္ခန္ဓဿ ဝယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။

ဥဒယဗ္ဗယံ ပဿန္တော ဣမာနိ ဒသ လက္ခဏာနိ ပဿတိ။

ဝေဒနာက္ခန္ဓာ၌ ဥဒယရှုပုံ - ပါဠိတော်

၁။ အဝိဇ္ဇာသမုဒယာ ဝေဒနာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ဝေဒနာက္ခန္ဓဿ ဥဒယံ ပဿတိ။

၂။ တဏှာသမုဒယာ ဝေဒနာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ဝေဒနာက္ခန္ဓဿ ဥဒယံ ပဿတိ။

၃။ ကမ္မသမုဒယာ ဝေဒနာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ဝေဒနာက္ခန္ဓဿ ဥဒယံ ပဿတိ။

၄။ ဖဿသမုဒယာ ဝေဒနာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ဝေဒနာက္ခန္ဓဿ ဥဒယံ ပဿတိ။

၅။ နိဗ္ဗတ္တိလက္ခဏံ ပဿန္တောပိ ဝေဒနာက္ခန္ဓဿ ဥဒယံ ပဿတိ။

ဝေဒနာက္ခန္ဓဿ ဥဒယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။

ဝေဒနာက္ခန္ဓာ၌ ဝယရှုပုံ - ပါဠိတော်

၁။ အဝိဇ္ဇာနိရောဓာ ဝေဒနာနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ဝေဒနာက္ခန္ဓဿ ဝယံ ပဿတိ။

၂။ တဏှာနိရောဓာ ဝေဒနာနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ဝေဒနာက္ခန္ဓဿ ဝယံ ပဿတိ။

၃။ ကမ္မနိရောဓာ ဝေဒနာနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ဝေဒနာက္ခန္ဓဿ ဝယံ ပဿတိ။

၄။ ဖဿနိရောဓာ ဝေဒနာနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ဝေဒနာက္ခန္ဓဿ ဝယံ ပဿတိ။

၅။ ဝိပရိဏာမလက္ခဏံ ပဿန္တောပိ ဝေဒနာက္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခန္ဓဿ ဝယံ ပဿတိ။

ဝေဒနာက္ခန္ဓဿ ဝယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။

ဥဒယဗ္ဗယံ ပဿန္တော ဣမာနိ ဒသ လက္ခဏာနိ ပဿတိ။

သညာက္ခန္ဓာ၌ ဥဒယရှုပုံ - ပါဠိတော်

၁။ အဝိဇ္ဇာသမုဒယာ သညာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သညာက္ခန္ဓဿ ဥဒယံ ပဿတိ။

၂။ တဏှာသမုဒယာ သညာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သညာက္ခန္ဓဿ ဥဒယံ ပဿတိ။

၃။ ကမ္မသမုဒယာ သညာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သညာက္ခန္ဓဿ ဥဒယံ ပဿတိ။

၄။ ဖဿသမုဒယာ သညာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သညာက္ခန္ဓဿ ဥဒယံ ပဿတိ။

၅။ နိဗ္ဗတ္တိလက္ခဏံ ပဿန္တောပိ သညာက္ခန္ဓဿ ဥဒယံ ပဿတိ။

သညာက္ခန္ဓဿ ဥဒယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။

သညာက္ခန္ဓာ၌ ဝယရှုပုံ - ပါဠိတော်

၁။ အဝိဇ္ဇာနိရောဓာ သညာနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သညာက္ခန္ဓဿ ဝယံ ပဿတိ။

၂။ တဏှာနိရောဓာ သညာနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သညာက္ခန္ဓဿ ဝယံ ပဿတိ။

၃။ ကမ္မနိရောဓာ သညာနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သညာက္ခန္ဓဿ ဝယံ ပဿတိ။

၄။ ဖဿနိရောဓာ သညာနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သညာက္ခန္ဓဿ ဝယံ ပဿတိ။

၅။ ဝိပရိဏာမလက္ခဏံ ပဿန္တောပိ သညာက္ခန္ဓဿ ဝယံ ပဿတိ။

သညာက္ခန္ဓဿ ဝယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။

ဥဒယဗ္ဗယံ ပဿန္တော ဣမာနိ ဒသ လက္ခဏာနိ ပဿတိ။

သင်္ခါရက္ခန္ဓာ၌ ဥဒယရှုပုံ - ပါဠိတော်

၁။ အဝိဇ္ဇာသမုဒယာ သင်္ခါရသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သင်္ခါရက္ခန္ဓဿ ဥဒယံ ပဿတိ။

၂။ တဏှာသမုဒယာ သင်္ခါရသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သင်္ခါရက္ခန္ဓဿ ဥဒယံ ပဿတိ။

၃။ ကမ္မသမုဒယာ သင်္ခါရသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သင်္ခါရက္ခန္ဓဿ ဥဒယံ ပဿတိ။

၄။ ဖဿသမုဒယာ သင်္ခါရသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သင်္ခါရက္ခန္ဓဿ ဥဒယံ ပဿတိ။

၅။ နိဗ္ဗတ္တ္တ္တ္တ္တိလက္ခဏံ ပဿန္တောပိ သင်္ခါရက္ခန္ဓဿ ဥဒယံ ပဿတိ။

သင်္ခါရက္ခန္ဓဿ ဥဒယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။

သင်္ခါရက္ခန္ဓာ၌ ဝယရှုပုံ - ပါဠိတော်

၁။ အဝိဇ္ဇာနိရောဓာ သင်္ခါရနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သင်္ခါရက္ခန္ဓဿ ဝယံ ပဿတိ။

၂။ တဏှာနိရောဓာ သင်္ခါရနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သင်္ခါရက္ခန္ဓဿ ဝယံ ပဿတိ။

၃။ ကမ္မနိရောဓာ သင်္ခါရနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သင်္ခါရက္ခန္ဓဿ ဝယံ ပဿတိ။

၄။ ဖဿနိရောဓာ သင်္ခါရနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သင်္ခါရက္ခန္ဓဿ ဝယံ ပဿတိ။

၅။ ဝိပရိဏာမလက္ခဏံ ပဿန္တောပိ သင်္ခါရက္ခန္ဓဿ ဝယံ ပဿတိ။

သင်္ခါရက္ခန္ဓဿ ဝယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။

ဥဒယဗ္ဗယံ ပဿန္တော ဣမာနိ ဒသ လက္ခဏာနိ ပဿတိ။

ဝိညာဏက္ခန္ဓာ၌ ဥဒယရှုပုံ - ပါဠိတော်

၁။ အဝိဇ္ဇာသမုဒယာ ဝိညာဏသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ဝိညာဏက္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခန္ဓဿ ဥဒယံ ပဿတိ။

၂။ တဏှာသမုဒယာ ဝိညာဏသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ဝိညာဏက္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခန္ဓဿ ဥဒယံ ပဿတိ။

၃။ ကမ္မသမုဒယာ ဝိညာဏသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ဝိညာဏက္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခန္ဓဿ ဥဒယံ ပဿတိ။

၄။ နာမရူပသမုဒယာ ဝိညာဏသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ဝိညာဏက္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခန္ဓဿ ဥဒယံ ပဿတိ။

၅။ နိဗ္ဗတ္တိလက္ခဏံ ပဿန္တောပိ ဝိညာဏက္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခန္ဓဿ ဥဒယံ ပဿတိ။

ဝိညာဏက္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခန္ဓဿ ဥဒယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။

ဝိညာဏက္ခန္ဓာ၌ ဝယရှုပုံ - ပါဠိတော်

၁။ အဝိဇ္ဇာနိရောဓာ ဝိညာဏနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ဝိညာဏက္ခန္ဓဿ ဝယံ ပဿတိ။

၂။ တဏှာနိရောဓာ ဝိညာဏနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ဝိညာဏက္ခန္ဓဿ ဝယံ ပဿတိ။

၃။ ကမ္မနိရောဓာ ဝိညာဏနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ဝိညာဏက္ခန္ဓဿ ဝယံ ပဿတိ။

၄။ နာမရူပနိရောဓာ ဝိညာဏနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ဝိညာဏက္ခန္ဓဿ ဝယံ ပဿတိ။

၅။ ဝိပရိဏာမလက္ခဏံ ပဿန္တောပိ ဝိညာဏက္ခန္ဓဿ ဝယံ ပဿတိ။

ဝိညာဏက္ခန္ဓဿ ဝယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။

ဥဒယဗ္ဗယံ ပဿန္တော ဣမာနိ ဒသ လက္ခဏာနိ ပဿတိ။ (ပဋိသံ၊၅၂- ၅၅။)

အထက်ပါ ရှုကွက်တို့မှာ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌ လာရှိသော ဥဒယဗ္ဗယ အကျယ်ရှုပွားနည်း ရှုကွက်တို့ပင် ဖြစ်ကြသည်။ ယင်းပါဠိတော်၌ လာရှိသော ရှုကွက် အပြည့်အစုံကို နောက်တွင် ဆက်လက်၍ ရေးသားတင်ပြပါမည်၊ ယခုအခါတွင် ယင်းပါဠိတော်၏ ဆိုလိုရင်းသဘော အဓိပ္ပါယ်ကို ရှင်းလင်းဖွင့်ဆိုထားသော ပဋိသမ္ဘိဒါမဂ္ဂ အဋ္ဌကထာအဖွင့် အချို့နှင့် မဟာဋီကာအဖွင့် အချို့ကို ေ့ရှဦးစွာ ရေးသားတင်ပြအပ်ပါသည်။

တတ္ထ အဝိဇ္ဇာသမုဒယာ ရူပသမုဒယောတိ ပုရိမကမ္မဘဝသ္မိံမောဟော အဝိဇ္ဇာတိ ဝုတ္တာယ အဝိဇ္ဇာယ သတိ ဣမသ္မိံဘဝေ ရူပဿ ဥပ္ပါဒေါ ဟောတီတိ အတ္ထော၊ ပစ္စယသမုဒယဋ္ဌေနာတိ ပစ္စယဿ ဥပ္ပန္နဘာဝေနာတိ အတ္ထော၊ အဝိဇ္ဇာ-တဏှာ-ကမ္မာနိ စေတ္ထ ဣဓ ပဋိသန္ဓိဟေတုဘူတာ အတီတပစ္စယာ၊ ဣမေသု စ တီသု ဂဟိတေသု သင်္ခါရုပါဒါနာနိ ဂဟိတာနေဝ ဟောန္တိ၊ အာဟာရသမုဒယာတိ ပဝတ္တိပစ္စယေသု ကဗဠီကာရာဟာရဿ ဗလဝတ္တာ သောယေဝ ဂဟိတော၊ တသ္မိံပန ဂဟိတေ ပဝတ္တိဟေတုဘူတာနိ ဥတုစိတ္တာနိပိ ဂဟိတာနေဝ ဟောန္တိ။ (ပဋိသံ၊ဋ္ဌ၊၁၊၂၃၅။)

တတ္ထ အဝိဇ္ဇာသမုဒယာတိ အဝိဇ္ဇာယ ဥပ္ပါဒါ၊ အတ္ထိဘာဝါတိ အတ္ထော။ နိရောဓဝိရောဓီ ဟိ ဥပ္ပါဒေါ အတ္ထိဘာဝဝါစကောပိ ဟောတီတိ ဝုတ္တော ဝါယမတ္ထော၊ တသ္မာ ပုရိမဘဝသိဒ္ဓါယ အဝိဇ္ဇာယ သတိ ဣမသ္မိံ ဘဝေ ရူပဿ ဥပ္ပါဒေါ ဟောတီတိ အတ္ထော။ ပစ္စယသမုဒယဋ္ဌေနာတိ ပစ္စယဿ ဥပ္ပန္နဘာဝေန၊ အတ္ထိဘာဝတောတိ အတ္ထော။ အဝိဇ္ဇာဒီဟိ စ တီဟိ အတီတကာလိကာနိ တေသံ သဟကာရီကာရဏဘူတာနိ ဥပါဒါနာဒီနိပိ ဂဟိတာနေဝါတိ ဒဋ္ဌဗ္ဗံ။

ပဝတ္တိပစ္စယေသု ကဗဠီကာရာဟာရဿ ဗလဝတာယ သောဧဝ ဂဟိတော အာဟာရသမုဒယာတိ။ တသ္မိံပန ဂဟိတေ ပဝတ္တိပစ္စယတာသာမညေန ဥတုစိတ္တာနိပိ ဂဟိတာနေဝ ဟောန္တီတိ စတုသမုဋ္ဌာနိကရူပဿ ပစ္စယတော ဥဒယဒဿနံ ဝိဘာဝိတမေဝါတိ ဒဋ္ဌဗ္ဗံ။ အဝိဇ္ဇာတဏှုပနိဿယသဟိတေနေဝ ကမ္မုနာ ရူပကာယဿ နိဗ္ဗတ္တိ။ အသတိ စ အဝိဇ္ဇုပနိဿယာယ ဘဝနိကန္တိယာ ဇာတိယာ အသမ္ဘဝေါ ဧဝါတိ။ ယထာ စ ရူပဿ အဝိဇ္ဇာတဏှုပနိဿယတာ၊ ဧဝံ ဝေဒနာဒီနမ္ပိ ဒဋ္ဌဗ္ဗာ။ အာဟာရော ပန ဥပ္ပန္နဿ ရူပဿ ပေါသကော၊ ကဗဠီကာရာဟာရဿ အဓိပ္ပေတတ္တာ, ကာမဓာတာဓိဋ္ဌာနတ္တာ စ ဒေသနာယ။ ဥက္ကံသနိဒ္ဒေသေန ဝါ အာဟာရဂ္ဂဟဏံ၊ နိဗ္ဗတ္တိလက္ခဏန္တိအာဒိနာ ကာလဝသေန ဥဒယဒဿနမာဟ။ တတ္ထ အဒ္ဓါနဝသေန ပဂေဝ ဥဒယံ ပဿိတွာ ဌိတော ဣဓ သန္တတိဝသေန ဒိသွာ အနုက္ကမေန ခဏဝသေန ပဿတိ။ (မဟာဋီ၊၂၊၄၂၀-၄၂၁။)

အထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ဆိုလိုရင်း အဓိပ္ပါယ်ကား ဤသို့တည်း။ ----

အဝိဇ္ဇာသမုဒယာ ရူပသမုဒယော = အဝိဇ္ဇာဖြစ်ခြင်းကြောင့် (ကမ္မဇ) ရုပ် ဖြစ်၏ ---- ဤသို့စသည်ဖြင့် ဟောကြားတော်မူရာဝယ် ရှေးရှေးဘဝဝယ် ကမ္မဘဝကို ပြုစုပျိုးထောင်ခဲ့စဉ်က ဖြစ်ခဲ့သော အဝိဇ္ဇာ-တဏှာ-ကံ၏ အကျိုးရုပ်ကို ဖြစ်စေနိုင်သော သဘာဝသတ္တိစွမ်းအင်သည် ထင်ရှားရှိနေသော် ဤဘဝ၌ (ကမ္မဇ) ရုပ် တရားသည် ထင်ရှားဖြစ်ပေါ်လာ၏ဟု ဆိုလို၏၊ ဤသို့ အကြောင်းတရား၏ ဖြစ်ပြီးသည်၏ အဖြစ်ဖြင့် ယင်း အကြောင်းတရား၌ အကျိုးတရားကို ဖြစ်စေနိုင်သော သဘာဝသတ္တိစွမ်းအင်၏ ထင်ရှားရှိနေသည်၏ အဖြစ်ဖြင့် ရူပက္ခန္ဓာ၏ ဖြစ်ခြင်း = ဥဒယကို ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အောင် ရှုရမည် ဖြစ်၏။

ထိုအကြောင်းတရားတို့တွင် အဝိဇ္ဇာနှင့် တဏှာကို တိုက်ရိုက်ယူ၍ ဟောကြားတော်မူလိုက်သဖြင့် ယင်း အဝိဇ္ဇာ-တဏှာတို့နှင့် ကိလေသဝဋ်ခြင်း တူညီသော ဥပါဒါန်ကိုလည်း ယူပြီး ဟောပြီးပင် ဖြစ်၏။ ကံ-ကို တိုက်ရိုက် ယူ၍ ဟောကြားတော်မူလိုက်သဖြင့် ယင်းကံနှင့် ကမ္မဝဋ်ချင်း တူညီသော သင်္ခါရကိုလည်း ယူပြီး ဟောပြီးပင် ဖြစ်၏။ ထိုကြောင့် ကမ္မဇရုပ်တရားနှင့် ဝိပါက်နာမ်တရားတို့ကို တိုက်ရိုက် ဖြစ်ပေါ်စေတတ်သော အကြောင်း တရားတို့မှာ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့က ခြံရံထားအပ်သော သင်္ခါရ-ကံတို့ပင် ဖြစ်ကြ၏၊ တစ်နည်းဆိုရသော် အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံတို့ပင် ဖြစ်ကြ၏။

ဘဝတစ်ခုဝယ် ပဋိသန္ဓေနှင့် စုတိ၏ အကြားကာလကို ပဝတ္တိဟု ခေါ်ဆို၏၊ ထိုပဝတ္တိကာလ၌ ဖြစ်ပေါ်နေသော အကြောင်းတရားတို့ကို ပဝတ္တိဟေတု = ပဝတ္တိပစ္စယဟု ခေါ်ဆို၏၊ ယင်းပဝတ္တိပစ္စယကား အဒ္ဓါပစ္စုပ္ပန် အမည်ရသော ပစ္စုပ္ပန်ဘဝတွင် အကျုံးဝင်သော ပစ္စုပ္ပန်အကြောင်းတရားပင်တည်း။ ယင်းပဝတ္တိအကြောင်းတရား တို့တွင် = စိတ်-ဥတု-အာဟာရဟူသော ရုပ်တရားကို ဖြစ်စေတတ်သော အကြောင်းတရားတို့တွင် အာဟာရကား ပြဓာန်းလျက်ရှိ၏။ အားကြီးသော အားကောင်းသော အကြောင်းတရားဖြစ်၏။ ကဗဠီကာရာဟာရ၏ အထောက် အပံ့ကို ရရှိပါမှသာလျှင် ကာမဘုံ၌ ရုပ်တရားများသည် အဓွန့်ရှည်စွာ ဆက်လက်တည်တံ့နိုင်၏။ ကဗဠီကာရာဟာရသည် ဖြစ်ပြီးသော စတုသန္တတိရုပ်ကို စောင့်ရှောက်တတ်၏၊ မွေးမြူတတ်၏။ အကြောင်းမူ ကဗဠီကာရာဟာရကို အလိုရှိအပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း = ဤဥဒယဗ္ဗယ အကျယ်ရှုပွားနည်း ရှုကွက်ဒေသနာတော်၏ ကဗဠီကာရာဟာရဟူသော အကြောင်းတရားကို အလိုရှိအပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း ဤ ရှုကွက်ဒေသနာတော်၏ ကာမဘဝဟူသော ကာမဓာတ်လျှင် တည်ရာရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း ဖြစ်ပေ၏။

တစ်နည်းဆိုရသော် ပဝတ္တိအကြောင်းတရားတို့တွင် အာဟာရဟူသော အကြောင်းတရားတစ်ခုကို ယူ၍ ဟောတော်မူခြင်းသည် အလွန်အမြတ်ကို ညွှန်ပြပြောဆိုသော ဥက္ကံသနိဒ္ဒေသ = ဥက္ကဋ္ဌနိဒ္ဒေသနည်း ဖြစ်၏။ နေတ္တိပါဠိတော်ကြီး၌ လာရှိသော လက္ခဏာဟာရနေတ္တိနည်းနှင့် ညှိ၍ ယူခဲ့သော် ပဝတ္တိအကြောင်းတရားတို့တွင် အာဟာရဟူသော အကြောင်းတရား တစ်ခုကို ယူ၍ ဟောတော်မူခြင်းဖြင့် ပဝတ္တိအကြောင်းတရားခြင်း တူညီသော ဥတုစိတ်တို့ကိုလည်း ယူပြီး ဟောပြီး ထင်ရှားပြပြီးသာ ဖြစ်၏၊ လက္ခဏာချင်းတူရာကို စုပေါင်းဟောကြားထားတော် မူသောကြောင့်တည်း။ ထို့ကြောင့် စိတ်-ဥတုတို့ကြောင့် ဖြစ်သော ရုပ်တရားတို့ကိုပါ ထည့်သွင်း၍ ဝိပဿနာ ရှုရန်ကိုလည်း ထင်ရှားပြပြီးသာ ဖြစ်သည်ဟု မှတ်ပါ။

ဤ၌ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော အကြောင်းတရားတို့သည် အတိတ်ဘဝက ဖြစ်ခဲ့သော အတိတ်ဘဝတစ်ခုခုက ပြုစုပျိုးထောင်ခဲ့သော ကိလေသဝဋ် ကမ္မဝဋ်တရားများ ဖြစ်ကြ၏၊ ယခုကဲ့သို့ အသင် သူတော်ကောင်းကိုယ်တိုင် ဥဒယဗ္ဗယ အကျယ်ရှုပွားနည်းဟူသော ဝိပဿနာရှုကွက်ကို လက်တွေ့ ကျင့်သုံး နေသော အခါမျိုး၌ ယင်းအတိတ်အကြောင်းတရား ငါးမျိုးတို့သည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား ဖြစ်နေကြသော တရားမျိုးတို့ကား မဟုတ်ကြပေ၊ ထိုကြောင့် ယင်းအဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့၏ ဖြစ်ခြင်းကြောင့် ရုပ်တရား ဖြစ်၏-ဟူရာဝယ် ယင်းအကြောင်းတရားတို့၏ ဖြစ်မှုဟူသည် ယင်းအကြောင်းတရားတို့၏ အကျိုး တရားကို ဖြစ်စေနိုင်သော သဘာဝသတ္တိ စွမ်းအင်၏ ထင်ရှားရှိမှုကို ဆိုလိုသည်၊ ထိုထင်ရှားရှိမှုဟူသည် ဥပါဒ်-ဌီ-ဘင်-အားဖြင့် ပရမတ္ထ သရုပ်အထည်ကိုယ် ထင်ထင်ရှားရှား ဖြစ်မှု ထင်ထင်ရှားရှား ရှိမှု ပရမတ္ထအတ္တဘောကို ရရှိမှုကို မဆိုလို၊ ယင်းအကြောင်းတရားတို့၏ အကျိုးတရားကို ဖြစ်စေနိုင်သည့် သဘာဝသတ္တိ စွမ်းအင်၏ ထင်ရှားရှိမှုဟူသော ဖြစ်ခြင်း ဥပ္ပါဒသဘော မချုပ်သေးသော စွမ်းအင်မကုန်သေးသော အနိရောဓသဘောကိုသာ ဆိုလိုသည်။

ထိုအနိရောဓ = မချုပ်သေးသော သဘောမည်သည် အဘယ်နည်းဟူမူ ---- အရိယမဂ်တရားဖြင့် မပယ်သတ်အပ်သေးသည်၏ အဖြစ်ကြောင့် ထင်ရှားရှိနေသည်၏ အဖြစ်သည်လည်းကောင်း, မဖြစ်စေအပ်သေးသော အကျိုးတရားရှိသည်၏ အဖြစ် = အကျိုးမပေးရသေးသည်၏ အဖြစ်, အရိယမဂ်တရားဖြင့် ပယ်သတ်ခြင်းငှာ မထိုက်သည်၏ အဖြစ်တို့ဖြင့် အကျိုးတရားကို ဖြစ်စေခြင်းငှာ ထိုက်သည်၏ အဖြစ်သည်လည်းကောင်း အနိရောဓ မည်၏၊ အတ္ထိဘာဝ = ထင်ရှားရှိမှု ဥပ္ပါဒသဘော မည်၏။

ထင်ရှားစေအံ့ ---- အဝိဇ္ဇာ-တဏှာ-ဥပါဒါန်စသော အကုသိုလ်တရားတို့ကား အရိယမဂ်တရားဖြင့် ပယ်သတ်ထိုက်သော အကုသိုလ်တရားတို့တည်း၊ ထိုအကုသိုလ်တရားတို့ကို အရိယမဂ်တရားက မပယ်သတ်ရသေးလျှင် ထိုတရားတို့သည် မချုပ်ငြိမ်းကြသေးသဖြင့် ယင်းအကုသိုလ်တရားတို့ကို အနိရောဓဟု ဆိုရ၏၊ ထင်ရှားရှိနေသေး သဖြင့် အတ္ထိဘာဝဟု ဆိုရ၏၊ ယင်းအနိရောဓသဘော အတ္ထိဘာဝသဘောကိုပင် ဤ၌ ဥပ္ပါဒ = ဖြစ်ခြင်းဟု ဆိုလိုသည်။ သမုဒယဟု ဆိုလိုသည်။

တစ်ဖန် ကုသိုလ်တရားနှင့် အဗျာကတ = ဝိပါက်ကြိယာတရားတို့ကား အရိယမဂ်တရားဖြင့် မပယ်သတ်အပ် မပယ်သတ်ထိုက်ကုန်သော တရားတို့ ဖြစ်ကြ၏။ ထိုကုသိုလ်-အဗျာကတ တရားတို့၌ ရဟန္တာ မဟုတ်ကုန်သေး မဖြစ်ကုန်သေးသော ပုဂ္ဂိုလ်တို့အား သံယောဇဉ်တရားတို့သည် ဖြစ်ကြကုန်၏။ လူ့ဘဝ လူ့ခန္ဓာ နတ်ဘဝ နတ်ခန္ဓာ တို့ကို တွယ်တာမက်မောခြင်း လူ့ဘဝ လူ့ခန္ဓာ နတ်ဘဝ နတ်ခန္ဓာတို့ကို ရကြောင်း ရောက်ကြောင်း ဖြစ်သည့် ကုသိုလ်တရားတို့ကို တွယ်တာမက်မောခြင်း စသည်တို့တည်း။ ထိုသံယောဇဉ်တရားတို့၏ မကုန်သေးသည်၏ အဖြစ်သည်လည်း အပ္ပဟီနဘာဝ = အရိယမဂ်တရားဖြင့် မပယ်ရှားရသေးသည်၏ အဖြစ်ပင် မည်ပေသည်၊ မှန်ပေသည် ---- အနုသယဓာတ်ကို အရိယမဂ်တရားဖြင့် အကြွင်းမဲ့ မပယ်သတ်အပ်သေးသည်၏ အဖြစ်ကြောင့် သံယောဇဉ်နှင့်တကွသော ခန္ဓာတို့၏ မပြတ်ဖြစ်ခြင်းသည် ပဋိစ္စသမုပ္ပါဒ်ပင် မည်ပေသည်။ အနုသယဓာတ်ကို မပယ်သတ်ရသေးလျှင် အကျိုးပေးနိုင်သော စွမ်းအင်သတ္တိ ထင်ရှား ရှိနေသေးသော သင်္ခါရ-ကံတို့ကား မြုံမသွားပေ။ နာနာက္ခဏိကကမ္မသတ္တိ အနေအားဖြင့် သင့်လျော်သော အကျိုးတရားကို ဖြစ်ထွန်းစေနိုင်သည့် စွမ်းအင် သတ္တိကား တည်ရှိနေသည်သာ ဖြစ်သည်။

ထိုကဲ့သို့ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်ဟူသော ကိလေသဝဋ်တရားတို့၏ အရိယမဂ်တရားဖြင့် မပယ်သတ် ရသေးခြင်း, ယင်းအနုသယဓာတ်တို့၏ ကိန်းဝပ်တည်ရှိနေသေးသဖြင့် သင်္ခါရ-ကံတို့က နာနာက္ခဏိကကမ္မသတ္တိ အနေဖြင့် ရုပ်နာမ်ခန္ဓာအစဉ်၌ တည်ရှိနေသေးခြင်းကိုပင် --- အဝိဇ္ဇာသမုဒယာ ... တဏှာသမုဒယာ ... ကမ္မသမုဒယာ ..., အဝိဇ္ဇာ ဖြစ်ခြင်းကြောင့်.... တဏှာ ဖြစ်ခြင်းကြောင့် ... ကံ ဖြစ်ခြင်းကြောင့် ... ရုပ်ဖြစ်၏ ဤသို့စသည်ဖြင့် ဟောကြားတော်မူသည်ဟု မှတ်ပါ၊ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံတို့၏ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားဖြစ်နေသည့် ဖြစ်မှုမျိုး မဟုတ်သည်ကိုကား သတိပြုပါလေ။

နိဗ္ဗတ္တိလက္ခဏာ

နိဗ္ဗတ္တိလက္ခဏန္တိ အဒ္ဓါ-သန္တတိ-ခဏဝသေန ရူပဿ ဥပ္ပါဒံ၊ ဥပ္ပါဒေါယေဝ သင်္ခတလက္ခဏတ္တာ လက္ခဏန္တိ စ ဝုတ္တော။ (ပဋိသံ၊ဋ္ဌ၊၁၊၂၃၅။)

နိဗ္ဗတ္တိလက္ခဏန္တိအာဒိနာ ကာလဝသေန ဥဒယဒဿနမာဟ။ တတ္ထ အဒ္ဓါနဝသေန ပဂေဝ ဥဒယံ ပဿိတွာ ဌိတော ဣဓ သန္တတိဝသေန ဒိသွာ အနုက္ကမေန ခဏဝသေန ပဿတိ။ (မဟာဋီ၊၂၊၄၂၁။)

တီဏိမာနိ ဘိက္ခဝေ သင်္ခတဿ သင်္ခတလက္ခဏာနိ။ ကတမာနိ တီဏိ၊ ဥပ္ပါဒေါ ပညာယတိ၊ ဝယော ပညာယတိ၊ ဌိတဿ အညထတ္တံ ပညာယတိ။ (အံ၊၁၊၁၅၀။)

ဘုရားရှင်သည် သင်္ခတလက္ခဏသုတ္တန် (အံ၊၁၊၁၅၀။)တွင် သင်္ခတတရား မှန်သမျှတို့၌ ----

၁။ ဥပ္ပါဒ = ဖြစ်မှု,

၂။ ဝယ = ပျက်မှု,

၃။ ဌိတဿ အညထတ္တ = တည်နေသော တရား၏ ပျက်မည့်ဘက်သို့ ယိုင်လဲနေသော အခြင်းအရာဟူသော တည်မှု ဌီကာလ ----

ဤသို့ လက္ခဏာ သုံးမျိုးစီ ရှိကြောင်းကို ဟောကြားထားတော်မူ၏။

သမ္မသနဉာဏ်ပိုင်း၌ အတိတ် ပစ္စုပ္ပန် အနာဂတ်ဟူသော အဓွွန့်ကာလ၏ အစွမ်းဖြင့် ရုပ်တရား၏ ဖြစ်မှု ဥဒယသဘောကို ရှေးဦးစွာ ရှုပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဤ ဥဒယဗ္ဗယဉာဏ်ပိုင်း၌ သန္တတိ၏ အစွမ်းဖြင့် ရုပ်တရား၏ ဖြစ်မှု = ဥဒယ သဘောကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုရ၏။ သန္တတိ၏အစွမ်းဖြင့် ရုပ်တရား၏ ဖြစ်မှု = ဥဒယသဘောကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်ပြီးသောအခါ တစ်ဖန် အစဉ်အတိုင်း ဆက်လက်၍ ခဏ၏ အစွမ်းဖြင့် ရုပ်တရား၏ ဖြစ်မှု = ဥဒယသဘောကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ဆက်လက်၍ ရှုရ၏၊ ထိုခဏ၏ အစွမ်းဖြင့် ရုပ်တရား၏ ဖြစ်မှု = ဥဒယသဘော = ဥပါဒ်သဘောသည်ပင်လျှင် နိဗ္ဗတ္တိမည်၏။ ပဋိသမ္ဘိဒါမဂ္ဂ အဋ္ဌကထာ အလိုအားဖြင့် ထိုအဒ္ဓါ-သန္တတိ-ခဏ၏ အစွမ်းအားဖြင့် ရုပ်တရား၏ ဖြစ်မှု = ဥပါဒ်သဘော = ဥဒယသဘောသည်ပင်လျှင် နိဗ္ဗတ္တိ မည်၏။ ယင်းနိဗ္ဗတ္တိသည်ပင်လျှင် သင်္ခတ၏လက္ခဏာ ဖြစ်သောကြောင့် ယင်းနိဗ္ဗတ္တိကိုပင်လျှင် လက္ခဏဟူ၍လည်း ဟောတော်မူအပ်ပေသည်။ နိဗ္ဗတ္တိ နှင့် လက္ခဏ နှစ်ရပ်ကို ပေါင်းသော် နိဗ္ဗတ္တိလက္ခဏာ ဖြစ်သည်။ ဝေဒနာက္ခန္ဓာ စသည်တို့၌လည်း ဤနည်းကိုပင် အစဉ်လျှောက်၍ သိရှိပါလေ။

အဝိဇ္ဇာနိရောဓာ ရူပနိရောဓော

အဝိဇ္ဇာနိရောဓာ ရူပနိရောဓောတိ အနာဂတဘဝဿ ပစ္စယဘူတာယ ဣမသ္မိံဘဝေ အဝိဇ္ဇာယ အရဟတ္တမဂ္ဂဉာဏေန နိရောဓေ ကတေ ပစ္စယာဘာဝါ အနာဂတဿ ရူပဿ အနုပ္ပါဒနိရောဓော ဟောတီတိ အတ္ထော။ ပစ္စယနိရောဓဋ္ဌေနာတိ ပစ္စယဿ နိရုဒ္ဓဘာဝေနာတိ အတ္ထော။ နိရောဓော စေတ္ထ အနာဂတပဋိသန္ဓိပစ္စယာနံ ဣဓ အဝိဇ္ဇာ-တဏှာ-ကမ္မာနံယေဝ နိရောဓော။ (ပဋိသံ၊ဋ္ဌ၊၁၊၂၃၆။)

အဝိဇ္ဇာနိရောဓာ ရူပနိရောဓောတိ အဂ္ဂမဂ္ဂဉာဏေန အဝိဇ္ဇာယ အနုပ္ပါဒနိရောဓတော အနာဂတဿ ရူပဿ အနုပ္ပါဒနိရောဓော ဟောတိ ပစ္စယာဘာဝေ အဘာဝတော။ ပစ္စယနိရောဓဋ္ဌေနာတိ အဝိဇ္ဇာသင်္ခါတဿ အနာဂတေ ဥပ္ပဇ္ဇနကရူပပစ္စယဿ နိရုဒ္ဓဘာဝေန။ တဏှာနိရောဓာ ကမ္မနိရောဓာတိ ဧတ္ထာပိ ဧသေဝ နယော။ (မဟာဋီ၊၂၊၄၂၁။)

အဝိဇ္ဇာချုပ်ခြင်းကြောင့် ရုပ်ချုပ်၏ ---- ဤသို့စသည်ဖြင့် ဟောကြားထားတော်မူအပ်သော ဝိပဿနာ ရှုကွက်ဝယ် အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့ကို အရဟတ္တမဂ်က အကြွင်းမဲ့ ပယ်သတ်လိုက်သောအခါ သို့မဟုတ် ပယ်သတ်နိုင်သောအခါ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့ ဦးဆောင်သည့် ကိလေသဝဋ်တရားတို့သည် လုံးဝ ချုပ်ငြိမ်း သွားကြမည် ဖြစ်၏၊ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်း အနုပ္ပါဒနိရောဓသဘောသို့ ရောက်ရှိ သွားကြမည် ဖြစ်၏၊ ကိလေသဝဋ်များ၏ အကြွင်းမဲ့ ချုပ်ငြိမ်းသွားခြင်းကြောင့် ကိလေသာ အစိုဓာတ် အစေးဓာတ် ရှိပါမှ အကျိုးပေးနိုင်စွမ်း ရှိကြသည့် သင်္ခါရ-ကံဟူသော ကမ္မဝဋ်တရားတို့သည်လည်း ချုပ်ငြိမ်းသွားကြမည် ဖြစ်၏။ နောင်တစ်ဖန် ဘဝသစ်ကို ဖြစ်စေတတ်သော အကြောင်းတရားတို့၏ အရဟတ္တမဂ်ကြောင့် လုံးဝ ချုပ်ငြိမ်း သွားခြင်းကြောင့် အကြောင်းတရားများ ထင်ရှားရှိပါမှသာလျှင် ပရိနိဗ္ဗာနစုတိ၏ နောက်ဆွယ်တွင် ဖြစ်ပေါ်လာနိုင်သော အနာဂတ် ဝိပါကဝဋ်တရားတို့သည်လည်း ဖြစ်နိုင်ခွင့် မရှိကြတော့သဖြင့် ချုပ်ငြိမ်းသွားကြပြန်၏။ (ယင်းဝိပါကဝဋ်တွင် ပရိနိဗ္ဗာနစုတိ၏ အခြားမဲ့ နောင်အနာဂတ်ဘဝ၌ ဖြစ်လတ္တံ့သော ရုပ်တရားများလည်း ပါဝင်ကြ၏။) အကြောင်းတရားများ၏ ထင်ရှား မရှိကြတော့ခြင်းကြောင့် အကျိုးတရားများသည်လည်း ထင်ရှား မရှိနိုင်ကြတော့ပေ။ ယောဂါဝစရပုဂ္ဂိုလ်သည် အရဟတ္တမဂ်သို့ ဆိုက်ရောက်သွားသောအခါ ယင်းအရဟတ္တမဂ်ကြောင့် အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံတို့၏ ချုပ်ငြိမ်းသွားခြင်းကြောင့် ပရိနိဗ္ဗာနစုတိ၏ အခြားမဲ့ နောင် အနာဂတ်ဘဝဝယ် ဖြစ်နိုင်ခွင့်ရှိသော ဝိပါကဝဋ်ဖြစ်သော ရုပ်တရား (နာမ်တရား)တို့၏ ချုပ်ငြိမ်းမှုကို ဝိပဿနာ ဉာဏ်ဖြင့် = ဥဒယဗ္ဗယာနုပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ဤရှုကွက်ကို မြင်အောင် ရှုရမည် ဖြစ်သည်။

အရဟတ္တမဂ်ကို ရရှိမည့် အချိန်

အရဟတ္တမဂ်ဟူသည် မည်သည့် အချိန်အခါတွင် ဖြစ်ပေါ်လာမည့် အရဟတ္တမဂ်ပါနည်းဟု မေးရန်ရှိ၏။ ယခု ဤရှုကွက်မှာ ပုထုဇန်အဖြစ်မှသည် အရိယာအဖြစ်သို့ တက်လှမ်းလိုကြသူ ယောဂါဝစရပုဂ္ဂိုလ်မွန်တို့အတွက် အထူးအလေးပေး၍ ပါဠိတော် အဋ္ဌကထာ ဋီကာတို့က ဟောကြားထားတော်မူသော ဖွင့်ဆိုထားတော်မူသော ရှုကွက် ဖြစ်ပါသည်။ အရိယာသူတော်ကောင်းများသည်လည်း ဤရှုကွက်ကို မရှုကောင်းဟု မဆိုလိုပါ။ ပုထုဇန်ပင် ဖြစ်ချင် ဖြစ်ပါစေ, အရိယာသူတော်ကောင်းပင် ဖြစ်ချင် ဖြစ်ပါစေ, မည်သည့် ယောဂါဝစရပုဂ္ဂိုလ် မဆို အရဟတ္တ မဂ်သို့ မဆိုက်ရောက်သေးသမျှ ကာလပတ်လုံး ဣန္ဒြေ မရင့်ကျက်သေးပါက ရှုပွားရမည့် ဝိပဿနာ ရှုကွက်တို့သာ ဖြစ်ကြသည်။ သို့သော် ပုထုဇန်သူတော်ကောင်းတစ်ဦးသည်လည်း အရိယာသူတော်ကောင်း အဖြစ်သို့ တက်လှမ်းနိုင်ရန် အလို့ငှာ ဤဝိပဿနာရှုကွက်ကို ရှုပွားရန် ပါဠိတော် အဋ္ဌကထာ ဋီကာတို့က ညွှန်ကြားနေခြင်း ဖြစ်ကြောင်းကို သဘောပေါက်ရန် ပြောဆိုနေခြင်းသာ ဖြစ်သည်။ ယခုကဲ့သို့ ဥဒယဗ္ဗယဉာဏ်ကို ရရှိအောင် အားသစ် နေဆဲဖြစ်သော ပုထုဇန်အဖြစ်၌သာ တည်ရှိနေသေးသော အသင်ယောဂါဝစရပုဂ္ဂိုလ်အဖို့ အရဟတ္တမဂ်ကိုလည်း မရရှိသေးသဖြင့် အရဟတ္တမဂ်ဟူသည် အချို့အချို့သော ဆရာမြတ်တို့ ယူဆကြသလို ပစ္စုပ္ပန်ဆတ်ဆတ် တရားမျိုး = ပစ္စုပ္ပန်တည့်တည့် တရားမျိုးကား မဟုတ်သေးပေ၊ ပုထုဇန်အဆင့်၌သာ တည်ရှိနေသေးသော အသင်သူတော်ကောင်း၏ သန္တာန်ဝယ် ဤဥဒယဗ္ဗယဉာဏ် အဆင့်၌သာ တည်ရှိနေသေးခိုက် အရဟတ္တမဂ်ဉာဏ်သည်လည်း မဖြစ်ပေါ်သေးသောကြောင့်တည်း။

အကယ်၍ အသင်သူတော်ကောင်းသည် ပစ္စုပ္ပန်တည့်တည့်ကိုသာ ပစ္စုပ္ပန်ဆတ်ဆတ်ကိုသာ ဝိပဿနာ ရှုကောင်းပါသည်ဟု သံကုန်ဟစ်ကာ ကြွေးကြော်နေလျှင် -- ပစ္စယတော ဥဒယဗ္ဗယဒဿန = အကြောင်းတရား အားဖြင့် ဥဒယ-ဝယကို ရှုနည်းဟူသော ဤ ဥဒယဗ္ဗယ အကျယ်ရှုပွားနည်း ဝိပဿနာ ရှုကွက်သည် အသင်သူတော်ကောင်း အတွက် အဓိပ္ပါယ်ကင်းမဲ့နေသည့် ရှုကွက်တစ်မျိုးသာ ဖြစ်နေဖွယ်ရာ ရှိပေသည်၊ ဘုရားရှင်သည် ဤ ဝိပဿနာရှုကွက်ကို အသင်သူတော်ကောင်းအတွက် ဟောကြားထားတော်မူခဲ့သည် မဟုတ်ဟူသော သဘော အဓိပ္ပါယ်သို့လည်း သက်ရောက်သွားနိုင်ပေသည်၊ ဘုရားရှင်နှင့်လည်းကောင်း, ဘုရားရှင်၏ တရားတော်နှင့်လည်းကောင်း အလွဲကြီး လွဲမသွားရအောင် အထူး သတိပြုသင့်လှပေသည်။

ဤ ဥဒယဗ္ဗယဉာဏ်အဆင့်၌သာ တည်နေသေးသော ပုထုဇန်မျှသာ ဖြစ်နေသေးသော အသင်သူတော်ကောင်းအတွက် အရဟတ္တမဂ်ဟူသည် နောင်အနာဂတ် တစ်ချိန်ချိန်၌သာ ဖြစ်ပေါ်မည့် တရားဖြစ်သည်၊ ထို အနာဂတ်ဟူသည်မှာ ဤဘဝအတွင်း တစ်ချိန်ချိန်ဟူသော အနာဂတ်လည်း ဖြစ်နိုင်၏၊ ဤဘဝစုတိ၏ နောက်၌ ဖြစ်လတ္တံ့သော အနာဂတ်ဘဝ တစ်ခုခုလည်း ဖြစ်နိုင်၏။

ထိုအရဟတ္တမဂ် ဖြစ်ပေါ်လာမည့် အချိန်အခါကို ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ၌ အရဟတ္တမဂ်ကြောင့် အဝိဇ္ဇာ၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် ပရိနိဗ္ဗာနစုတိ၏ နောက်ဆွယ်၌ အကယ်၍ အကြောင်းတရား မကုန်သေးပါက ဖြစ်နိုင်ခွင့်ရှိသော အနာဂတ်ရုပ်တရား၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်းသည် ဖြစ်ပေါ်လာ၏ ဤသို့စသည်ဖြင့် ဘဝအကန့်အသတ် မရှိဘဲ မည်သည့်ဘဝဟု မဆိုဘဲ သာမညသာ ဖွင့်ဆိုထားတော်မူ၏။ သို့သော် အထက်တွင် ရေးသားတင်ပြထားသော ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ၌ ကား --- [နိရောဓော စေတ္ထ အနာဂတပဋိသန္ဓိပစ္စယာနံ ဣဓ အဝိဇ္ဇာ-တဏှာ-ကမ္မာနံယေဝ နိရောဓော။ (ပဋိသံ၊ဋ္ဌ၊၁၊၂၃၆။)] အနာဂတ်ဘဝ၏ အကြောင်းရင်းဖြစ်သော အဝိဇ္ဇာ၏ (အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ- ကံ၏) ဤဘဝ၌ပင် အရဟတ္တမဂ်ဉာဏ်ကြောင့် ချုပ်ငြိမ်းခြင်းကို ပြုလုပ်နိုင်ခဲ့သော် အကြောင်းတရား၏ ထင်ရှား မရှိတော့ခြင်းကြောင့် နောင်အနာဂတ်ဖြစ်သော ဖြစ်လတ္တံ့သော ပဋိသန္ဓေရုပ်တရား၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ငြိမ်းခြင်းဖြင့် ချုပ်ငြိမ်းခြင်းသည် ဖြစ်ပေါ်လာ၏။

ဤသို့စသည်ဖြင့် ဖွင့်ဆိုထားတော်မူ၏။ ထိုသို့ ဤဘဝ၌ ဖြစ်ပေါ်လတ္တံ့သော အရဟတ္တမဂ်ဟု ဖွင့်ဆိုခြင်းမှာ များရာသို့လိုက်၍ ယေဘုယျနည်းအားဖြင့် ဖွင့်ဆိုထားတော်မူခြင်းသာ ဖြစ်သည်ဟု ယူဆသင့်ပေသည်။ တစ်နည်း အားဖြင့် ဆိုရသော် အရိပ်ပြလျှင် အကောင်ထင်ရမည့် ဥပလက္ခဏနည်း နိဒဿနနည်းအားဖြင့် ဤဘဝတွင် အရဟတ္တမဂ်သို့ ဆိုက်မည့် ယောဂီသူတော်ကောင်းကို ပုံစံထုတ်၍ ဖွင့်ဆိုထားသည်ဟု ယူဆသင့်ပေသည်။ အကြောင်းမူ --- ဤဘဝတွင် အရိယမဂ်ဉာဏ်သို့ မဆိုက်ရောက်နိုင်သေးသော ဤဥဒယဗ္ဗယဉာဏ် စသည့် ဝိပဿနာဉာဏ်မျှကိုသာ ရရှိနိုင်သော ပုထုဇန်, ဧကဗီဇိ သောတာပန်, ကောလံကောလ သောတာပန်, သတ္တက္ခတ္တုပရမ သောတာပန်, နတ်ပြည် ဗြဟ္မာ့ပြည်၌ ပရိနိဗ္ဗာန်စံတော်မူကြမည့် သကဒါဂါမ် အနာဂါမ်စသော သူတော်ကောင်းတို့သည် အနာဂတ် ဘဝတစ်ခုခုတွင်သာ အရဟတ္တမဂ်ကို ရရှိနိုင်သောကြောင့် ဖြစ်သည်။

မည်သို့ပင် ရှိစေ၊ ယောဂါဝစရပုဂ္ဂိုလ်သည် အကယ်၍ ဤဘဝတွင်ပင် အရဟတ္တမဂ်ကို ရရှိလတ္တံ့သည် ဖြစ်အံ့၊ ယင်း အရဟတ္တမဂ်ကြောင့် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်း = အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့်, အကယ်၍ အရဟတ္တမဂ်ကို မရရှိပါက ဖြစ်နိုင်ခွင့်ရှိသော, လာမည့်အနာဂတ်ဘဝတွင် ရူပက္ခန္ဓာ၏ (ဝိပါက် နာမ်ခန္ဓာတို့၏) နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားမှု အနုပ္ပါဒနိရောဓသဘောကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ဤဥဒယဗ္ဗယ အကျယ်ရှုပွားနည်း ရှုကွက်ကို ရှုရန် ဖြစ်ပေသည်၊ (ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ရေးသားတင်ပြခဲ့သော ပဋိလောမ ပဋိစ္စသမုပ္ပါဒ် ရှုကွက်ကို ပြန်လည်၍ အာရုံယူထားပါ။)

အကယ်၍ အသင်သူတော်ကောင်းသည် နောင်အနာဂတ် ဘဝတစ်ခုခုတွင်မှ အရဟတ္တမဂ်ကို ရရှိလတ္တံ့သည် ဖြစ်ပါက ယင်းအရဟတ္တမဂ်ကြောင့် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှု အနုပ္ပါဒနိရောဓသဘောသို့ ရောက်ရှိသွားခြင်းကြောင့် ယင်းအရဟတ္တမဂ်ကို ရလတ္တံ့သည့် အနာဂတ်ဘဝ၏ နောက်၌ အရဟတ္တမဂ်ကို မရရှိက ဖြစ်နိုင်ခွင့်ရှိသော ရူပက္ခန္ဓာ၏ (ဝိပါက် နာမ်ခန္ဓာတို့၏) နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှု အနုပ္ပါဒနိရောဓသဘောကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ဤဥဒယဗ္ဗယဉာဏ် အကျယ်ရှုပွားနည်း ရှုကွက်ကို ရှုရမည် ဖြစ်ပေသည်။

ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ရေးသားတင်ပြခဲ့သော ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်း ရှုကွက်ကို ပြန်လည်၍ အာရုံ ယူထားပါ။ ယင်းပဉ္စမနည်းအတိုင်း ဤ ဥဒယဗ္ဗယ အကျယ် ရှုပွားနည်းကို ရှုရမည်ဖြစ်သည်။ ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်းဖြင့် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းခဲ့စဉ်က အနာဂတ်တွင် ပဋိစ္စသမုပ္ပါဒ် သံသရာ စက်ရဟတ် ရပ်စဲမည့်အချိန်သို့ တိုင်အောင် သို့မဟုတ် ဘဝသို့ တိုင်အောင် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းခဲ့၏။ ထိုသံသရာခရီးကို အဆုံးသတ်မည့် ဘဝတွင် သံသရာခရီး မဆုံးမီ သံသရာစက်ရဟတ် အဆုံး မသတ်မီ တစ်ချိန်ချိန်၌ အရဟတ္တမဂ်ကြောင့် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့သည် အနုပ္ပါဒနိရောဓသဘော အားဖြင့် ချုပ်ငြိမ်းသွားခဲ့ကြ၏။ ယင်းအဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရကံတို့၏ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် ခန္ဓာငါးပါးတို့၏လည်း အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းမှုကို ဝိပဿနာ ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ -- အဝိဇ္ဇာချုပ်ခြင်းကြောင့် ရုပ်ချုပ်၏ - စသည့် ဤ ဥဒယဗ္ဗယ အကျယ်ရှုပွားနည်း ရှုကွက်ကို ရှုပါ။

သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်ဖြင့် မှတ်အပ်သော ဝိပရိဏာမသဘောသည်လည်း သင်္ခတ၏ လက္ခဏာပင် ဖြစ်၍ ဝိပရိဏာမလက္ခဏဟု ဆိုသည်။ ဝေဒနာက္ခန္ဓာ စသည်တို့၌လည်း နည်းတူ မှတ်ပါ။

ဖဿ ------ ဖုဋ္ဌော ဝေဒေတိ၊ ဖုဋ္ဌော သဉ္ဇာနာတိ၊ ဖုဋ္ဌော စေတေတိ။ (သံ၊၂၊၂၉၂။)

အာရုံကို တွေ့ထိသော သူသည် အာရုံကို ခံစား၏၊ အာရုံကို တွေ့ထိသော သူသည် အာရုံကို မှတ်သား၏၊ အာရုံကို တွေ့ထိသော သူသည် အာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော် အားထုတ်၏။ ဤသို့စသည်ဖြင့်လည်းကောင်း,

ဖဿပစ္စယာ ဝေဒနာ, စက္ခုသမ္ဖဿဇာ ဝေဒနာ, သညာ, စေတနာ။ (အဘိ၊၂၊၁၄၃။)

ဖဿဟူသော အကြောင်းကြောင့် ဝေဒနာသည် ဖြစ်၏၊ စက္ခုသမ္ဖဿဇာ ဝေဒနာလည်းကောင်း, သညာ လည်းကောင်း, စေတနာလည်းကောင်း ဖြစ်၏ --- ဤသို့ စသည်ဖြင့်လည်းကောင်း,

ဘုရားရှင်သည် ဟောကြားထားတော်မူခြင်းကြောင့် ဖဿသည် ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ တို့၏ ပဝတ္တိပစ္စယ = ပဝတ္တိအကြောင်းတရား = ပစ္စုပ္ပန်အကြောင်းတရား ဖြစ်၏။ ထိုဖဿ၏ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ခြင်းကြောင့်လည်း ထိုဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာတို့၏ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းခြင်းသည် ဖြစ်ပေါ်လာ၏။

မဟာပဒါနသုတ် (ဒီ၊၂၊၂၈။), မဟာနိဒါနသုတ် (ဒီ၊၂၊၄၈။) တို့၌လည်းကောင်း, အဘိဓမ္မာ အညမညပစ္စယဝါရ (အဘိ၊၄၊၃၇၁။) ၌လည်းကောင်း --- နာမရူပပစ္စယာ ဝိညာဏံ - ဟု ဘုရားရှင်သည် ဟောကြား ထားတော်မူခြင်းကြောင့် နာမ်ရုပ်သည် ဝိညာဏက္ခန္ဓာ၏ ပဝတ္တိပစ္စယ = ပဝတ္တိအကြောင်းတရား = ပစ္စုပ္ပန် အကြောင်းတရား ဖြစ်သည်၊ ထိုနာမ်ရုပ်၏ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ခြင်းကြောင့် ဝိညာဏက္ခန္ဓာ၏ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းခြင်းသည်လည်း ဖြစ်ပေါ်လာ၏။ ထိုကြောင့် ---

ဖဿသမုဒယာ ဝေဒနာသမုဒယော၊ ဖဿနိရောဓာ ဝေဒနာနိရောဓော။ နာမရူပသမုဒယာ ဝိညာဏ သမုဒယော၊ နာမရူပနိရောဓာ ဝိညာဏနိရောဓော ...

= ဖဿ ဖြစ်ခြင်းကြောင့် ဝေဒနာ ဖြစ်၏, ဖဿ ချုပ်ခြင်းကြောင့် ဝေဒနာ ချုပ်၏။ နာမ်ရုပ် ဖြစ်ခြင်းကြောင့် ဝိညာဏ် ဖြစ်၏၊ နာမ်ရုပ် ချုပ်ခြင်းကြောင့် ဝိညာဏ် ချုပ်၏ ...

ဤသို့ စသည်ဖြင့် ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌ ဟောကြားထားတော်မူပေသည်။ (မဟာဋီ၊၂၊၄၂၂။)

ဥပ္ပါဒနိရောဓ - အနုပ္ပါဒနိရောဓ

အဝိဇ္ဇာ-တဏှာ-ဥပါဒါန်စသော ကိလေသဝဋ်တရားတို့သည် ဆိုင်ရာဆိုင်ရာ အရိယမဂ်တရားဖြင့် မပယ်ရှား ရသေးသမျှ ကာလပတ်လုံး သတ္တဝါတို့၏ ရုပ်နာမ် သန္တာန် အစဉ်ဝယ် အနုသယဓာတ်အနေဖြင့် ကိန်းဝပ်လျက် လိုက်ပါတည်နေလျက် ရှိကြ၏၊ ဥပါဒ်-ဌီ-ဘင်-အနေအားဖြင့် ထင်ရှား ဖြစ်ပေါ်လာဖို့ရန် အကြောင်းတရားများသည် အညီအညွတ် ပေါင်းဆုံမိပါက ယင်းကိလေသဝဋ်တရားတို့သည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား ဖြစ်ပွားလာကြ၏၊ ယင်းသို့ ဥပါဒ်ထင်ရှား ဖြစ်ပွားလာကြသောအခါ ပရမတ္ထဓမ္မသဘာဝတို့၏ ထုံးစံဓမ္မတာအတိုင်း ဥပါဒ်ပြီးနောက် ဘင်ကာလသို့ ရောက်က ပျက်စီးသွားကြရ၏၊ ယင်းသို့ ချုပ်ပျက်သွားခြင်းကား ဥပ္ပါဒနိရောဓတည်း။ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား ဖြစ်ပေါ်လာဖို့ရန် အကြောင်းတရားတို့သည် အညီအညွတ် ပေါင်းဆုံ မိပါက နောက်ထပ် တစ်ဖန် ဥပါဒ်-ဌီ-ဘင်အနေဖြင့် ထင်ရှားဖြစ်ခွင့် ရှိနေသေးသော ချုပ်ခြင်းတည်း။ ကိလေသာ ဟူသမျှတို့သည် ယင်းတို့၏ အနုသယဓာတ်ငုတ်ကို ဆိုင်ရာဆိုင်ရာ အရိယမဂ်တရားဖြင့် အကြွင်းမဲ့ မပယ်သတ် ရသေးသမျှ ကာလပတ်လုံး ဤနည်းနှင်နှင် ချည်းပင်တည်း။ အကြင်အခါ၌ကား ယင်းအနုသယကိလေသာ ဓာတ်ငုတ်တို့ကို ဆိုင်ရာဆိုင်ရာ အရိယမဂ်တရားက အကြွင်းမဲ့ ပယ်သတ်လိုက်၏၊ ထိုအခါ ဆိုင်ရာဆိုင်ရာ ကိလေသာတို့သည် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားကြ၏၊ ယင်းသို့ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်းကို အနုပ္ပါဒနိရောဓဟု ဆိုသည်။

နိရောဓ (၅) မျိုး

၁။ မဟာကုသိုလ်သည် ပယ်အပ်သော ကိလေသာ၏ မရှိခြင်း အဘာဝဟု ဆိုအပ်သော တဒင်္ဂနိရောဓ,

၂။ ရူပါဝစရကုသိုလ် အရူပါဝစရကုသိုလ်သည် ပယ်အပ်သော ကိလေသာ၏ မရှိခြင်း အဘာဝဟု ဆိုအပ်သော ဝိက္ခမ္ဘနနိရောဓ,

၃။ အရိယမဂ်တရားသည် အကြွင်းမဲ့ ပယ်ရှား ဖျက်ဆီးအပ်သော ကိလေသာ၏ မရှိခြင်း အဘာဝဟု ဆိုအပ်သော သမုစ္ဆေဒနိရောဓ,

၄။ အရိယဖိုလ်သည် ပယ်အပ်သော ကိလေသာ၏ မရှိခြင်း အဘာဝဟု ဆိုအပ်သော ပဋိ့ပဿဒ္ဓိနိရောဓ,

၅။ စိတ်-စေတသိက် (ရုပ်)တို့၏ ခဏတိုင်း ခဏတိုင်း ဘင်ကာလတိုင်း ဘင်ကာလတိုင်း၌ ပျက်ခြင်းဟု ဆိုအပ်သော ခဏဘင်္ဂနိရောဓ --- ဤသို့လျှင် နိရောဓ (၅)မျိုး ရှိပေသည်။ (အဘိ၊ဋ္ဌ၊၃၊၃၁၁။)

ထိုတွင် တဒင်္ဂနိရောဓ ဝိက္ခမ္ဘနနိရောဓ ခဏဘင်္ဂနိရောဓတို့ကား ဥပ္ပါဒနိရောဓတည်း။ အကြောင်းမကုန် သေးပါက နောင်တစ်ဖန် ဖြစ်ခွင့်ရှိသော ချုပ်ခြင်းတည်း။ (ထိုတရားတို့တွင် ပရိနိဗ္ဗာနစုတိ မပါဝင်ပေ။) သမုစ္ဆေဒ နိရောဓ နှင့် ပဋိပဿဒ္ဓိနိရောဓတို့ကား အနုပ္ပါဒနိရောဓတည်း။ နောင်တစ်ဖန် ဖြစ်ခွင့် မရှိသော နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားသော ချုပ်ငြိမ်းခြင်းမျိုးတည်း။ ပရိနိဗ္ဗာနစုတိ၏ နောက်၌ ခန္ဓာငါးပါးတို့၏ ချုပ်ငြိမ်းခြင်း ခန္ဓပရိနိဗ္ဗာန်သည်လည်း နောက်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်း အနုပ္ပါဒ နိရောဓပင်တည်း။

ဤအထက်ပါ ရှင်းလင်းချက်များကို ကြည့်ပါက ဤဥဒယဗ္ဗယ အကျယ် ရှုပွားနည်းနှင့် ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်း ရှုကွက်တို့သည် တစ်ခုနှင့် တစ်ခု ကျေးဇူးပြုလျက် ရှိသည်ကို အသင်သူတော်ကောင်းသည် သဘော ပေါက်နိုင်လောက်ပေပြီ၊ ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်း၌ ရေးသားတင်ပြခဲ့သည့်အတိုင်း အကြောင်းတရား အကျိုး တရားတို့ကို သိမ်းဆည်းတတ်ပါက ဤ ဥဒယဗ္ဗယ အကျယ်ရှုပွားနည်းကို လွယ်ကူစွာပင် သဘောပေါက်နိုင်မည် ဖြစ်ပေသည်။ ဤတွင် ရှုပွားပုံ နည်းစနစ် ပုံစံအချို့ကို သဘောပေါက်နိုင်ရုံမျှ ရေးသားတင်ပြအပ်ပါသည်။

__________