မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာနဂါမိနိပဋိပဒါ-ပထမတွဲ/ဒုတိယဇ္ဈာနကထာ

ဝီကီရင်းမြစ် မှ

ဒုတိယဇ္ဈာနကထာ

ဤဝသီငါးတန်တို့၌ လေ့ကျက်အပ်ပြီး လေ့လာအပ်ပြီး နိုင်နင်းပြီးသော ဝသီရှိသော ယောဂါဝစရပုဂ္ဂိုလ် သည် နိုင်နိုင်နင်းနင်း လေ့လာထားအပ်ပြီးသော ပထမစျာန်မှ ထ၍ ----

အယံ သမာပတ္တိ အာသန္နနီဝရဏပစ္စတ္ထိကာ, ဝိတက္ကဝိစာရာနံ ဩဠာရိကတ္တာ အင်္ဂဒုဗ္ဗလာ

(ဝိသုဒ္ဓိ၊၁၊၁၅၀။)

၁။ ဤပထမစျာန် သမာပတ်သည် နီးကပ်သော နီဝရဏ ရန်သူ ရှိ၏၊

၂။ ဝိတက် ဝိစာရတို့၏ ရုန့်ရင်းသည်၏ အဖြစ်ကြောင့် အားနည်းသော စျာန်အင်္ဂါရှိ၏ဟု ထိုပထမစျာန်၌ အပြစ်ကို မြင်အောင်ကြည့်၍,

၃။ ဒုတိယစျာန်ကို (ပထမစျာန်ထက် ပို၍) ငြိမ်သက်သော တရားဟု နှလုံးသွင်း၍,

၄။ ပထမစျာန်၌ လိုချင်ငဲ့ကွက် တသက်သက် ရှိခြင်းကို ကုန်ခန်းစေ၍ ----

ဒုတိယစျာန်ကို ရရှိခြင်းငှာ ကြိုးစားအားထုတ်ခြင်း အာနာပါနဿတိသမာဓိဘာဝနာမှုကို ပြုလုပ်အပ်၏၊

(ဝိသုဒ္ဓိ၊၁၊၁၅၀။)

နီဝရဏရန်သူ ---- နီဝရဏရန်သူတို့ကား ပထမစျာန်၏ ဥပစာရသမာဓိအခိုက်၌ ဝိက္ခမ္ဘန = ခွာထားသည့် အနေဖြင့် ကွာကျသွားကြ၏၊ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ အာနာပါနဿတိသမာဓိကို ထူထောင် လာရာ ပထမစျာန်သို့ ဆိုက်လုနီးဖြစ်သည့် ဥပစာရသမာဓိနယ်မြေသို့ ရောက်ရှိပါမှ နီဝရဏတရားတို့ ငြိမ်း အေး သွားကြခြင်း ဖြစ်၏၊ ပထမစျာန်နှင့် ပထမစျာန်၏ ဥပစာရသမာဓိကား အလွန်နီးကပ်လျက် ရှိသဖြင့် ဥပစာရသမာဓိသို့ ဆိုက်ပါမှ ကွာကျသွားသော နီဝရဏရန်သူနှင့် နီးကပ်လျက်ပင် ရှိပေသည်။

ဝိတက်-ဝိစာရ ---- ဝိတက်ကား အာနာပါနပဋိဘာဂနိမိတ် အာရုံပေါ်သို့ ဘာဝနာစိတ်ကို ရှေးရှု တင်ပေး ခြင်းသဘော, ဝိစာရကား အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထပ်ကာ ထပ်ကာ သုံးသပ် ဆင်ခြင်ခြင်းသဘော ဖြစ်သဖြင့် ငြိမ်သက်မှု သမာဓိစွမ်းအင်ကို အလိုရှိသော ယောဂါဝစရပုဂ္ဂိုလ်အဖို့ ထိုအာနာပါနပဋိဘာဂနိမိတ် အာရုံပေါ်သို့ ဘာဝနာစိတ်ကို ရှေးရှုတင်ပေးရခြင်း ထိုအာရုံကို သုံးသပ်နေရခြင်းတို့မှာ ရုန့်ရင်း ကြမ်းတမ်း သော စိတ်အမူအရာ တစ်မျိုး ဖြစ်နေ၏၊ အကယ်၍ ဘာဝနာစိတ်ကို ထိုကဲ့သို့ တင်မပေးရဘဲ ဘာဝနာအာရုံကို ထိုကဲ့သို့ မသုံးသပ်ရဘဲ ဘာဝနာအာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်နေပါက ပို၍ ကောင်းမည်ဟု နှလုံးပိုက်၍ ဝိတက် ဝိစာရတို့၏ ရုန့်ရင်းသည်၏ အဖြစ်ကြောင့် အားနည်းသော စျာန်အင်္ဂါရှိသော ပထမစျာန်ကို အလိုမရှိသော စိတ်ထား, ပို၍ငြိမ်သက်သော ဒုတိယစျာန်ကို အလိုရှိသော စိတ်ထားဖြင့် အာနာပါနပဋိဘာဂ နိမိတ် အာရုံကိုပင် အာရုံယူ၍ အာနာပါနဿတိသမာဓိဘာဝနာကို ဆက်လက်ပွားများရမည်ဟု ဆိုလိုပေသည်။

ဒုတိယစျာန်သို့ ---- ထိုသို့ အားထုတ်လတ်သော် ထိုယောဂါဝစရပုဂ္ဂိုလ်အား အကြင်အခါ၌ ပထမစျာန်မှ ထ၍ သတိနှင့် ပြည့်စုံသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ စျာန်အင်္ဂါတို့ကို ဉာဏ်ဖြင့် ရှေးရှုသက်၍ ဆင်ခြင်စဉ် ဝိတက် ဝိစာရတို့သည် ရုန့်ရင်းကြမ်းတမ်းသောအားဖြင့် ထင်လာကုန်၏၊ ပီတိ သုခ စိတ္တေကဂ္ဂတာ တို့သည် ငြိမ်သက်သော သဘောအားဖြင့် ထင်လာ၏၊ ထိုအခါ၌ ရုန့်ရင်းကြမ်းတမ်းသော စျာန်အင်္ဂါကို ပယ်ခြင်း ငှာလည်းကောင်း, ငြိမ်သက်သော စျာန်အင်္ဂါကို ရရှိခြင်းငှာလည်းကောင်း ထိုအာနာပါနပဋိဘာဂနိမိတ် အာရုံကို ပင်လျှင် အဖန်ဖန် အထပ်ထပ် နှလုံးသွင်းနေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် - ယခုအခါ၌ ဒုတိယ စျာန်သည် ဖြစ်ပေတော့လတ္တံ့ဟု ပြောဆိုသင့်သော ဇောဝါရ၌ ဘဝင်အယဉ်ကို ဖြတ်၍ ထိုအာနာပါနပဋိဘာဂ နိမိတ် အာရုံကိုပင် အာရုံပြု၍ အာနာပါနပဋိဘာဂနိမိတ်ကို ဆင်ခြင်တတ်သော မနောဒွါရာဝဇ္ဇန်းသည် ဖြစ်ပေါ် လာ၏၊ ထိုနောင် ထို အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ပင်လျှင် ဣန္ဒြေ ထက်မြက်သူအား လေးကြိမ်မူလည်း ဖြစ်ကုန်သော ဣန္ဒြေ မထက်လွန်းသူအား ငါးကြိမ်မူလည်း ဖြစ်ကုန်သော ဇောတို့သည် စောကုန်၏၊ ယင်း လေးကြိမ် ငါးကြိမ်သော ဇောတို့တွင် နောက်ဆုံး၌ဖြစ်သော တစ်ခုသော လေးကြိမ်မြောက်ဇောသည် သို့မဟုတ် ငါးကြိမ်မြောက်ဇောသည် ဒုတိယစျာန်ရှိသော ရူပါဝစရစျာန်ဇောတည်း။ အဆုံးဇောမှ ကြွင်းကုန်သော သုံးကြိမ် လေးကြိမ်သော ဇောတို့သည်ကား ပထမစျာန်၌ ဆိုအပ်ခဲ့ပြီးသည့်အတိုင်း ပရိကံ ဥပစာ အနုလုံ ဂေါတြဘု ဟူသော သို့မဟုတ် ဥပစာ အနုလုံ ဂေါတြဘုဟူသော အမည်ထူး ရှိသည်သာလျှင် ဖြစ်ကုန်သော ကာမာဝစရ ဇောတို့ ဖြစ်ကြကုန်၏၊

ဤမျှလောက်သော ဘာဝနာအစဉ်ဖြင့် ဤယောဂါဝစရပုဂ္ဂိုလ်သည် ဝိတက် ဝိစာရတို့၏ ချုပ်ငြိမ်းခြင်း ကြောင့် မိမိတို့၏ ကိုယ်တွင်းအဇ္ဈတ္တသန္တာန်၌ ဖြစ်သော စိတ်ကို ကြည်လင်စေတတ်သော စိတ်၏ မြတ်သော တည်ကြည်မှု သမာဓိကို ပွားစေတတ်သော ဝိတက် မရှိသော ဝိစာရ မရှိသော ပထမစျာန်သမာဓိကြောင့် ဖြစ် သော (သို့မဟုတ် မိမိနှင့် အတူယှဉ်ဖက် သမ္ပယုတ်သမာဓိကြောင့် ဖြစ်သော) နှစ်သက်ခြင်း ပီတိ, ချမ်းသာခြင်း သုခရှိသော ဒုတိယစျာန်ကို ပြည့်စုံစေ၍ (ဒုတိယစျာန်သို့ ကပ်ရောက်၍) နေထိုင်ပေ၏၊ ဤသို့လျှင် ဤ ယောဂါ ဝစရပုဂ္ဂိုလ်သည် ဝိတက် ဝိစာရဟူသော ပယ်အပ်သော နှစ်ပါးသော စျာန်အင်္ဂါရှိသော, ပီတိ သုခ ဧကဂ္ဂတာ ဟူသော သုံးပါးသော စျာန်အင်္ဂါနှင့် ပြည့်စုံသော, သုံးပါးအပြားရှိသော ကောင်းခြင်းဂုဏ်ရှိသော, ဆယ်ပါးသော လက္ခဏာနှင့် ပြည့်စုံသော အာနာပါနပဋိဘာဂနိမိတ်လျှင် အာရုံရှိသော ဒုတိယစျာန်ကို ရရှိအပ်သည် ဖြစ်ပေ သတည်း။ (ဝိသုဒ္ဓိ၊၁၊၁၅၀-၁၅၁။)

ဝိတက် ဝိစာရ ချုပ်ငြိမ်းမှု

ပရမတ္ထဓမ္မသဘာဝတို့ကား ဖြစ်ပြီးလျှင် ပျက်ရိုးဓမ္မတာ ရှိသောကြောင့် ပထမစျာန်အတွင်းရှိ ပရမတ္ထဓမ္မ တို့သည် ပထမစျာန်အတွင်း၌ပင် ပျက်သွားကြ၏၊ ဒုတိယစျာန်သို့ တိုင်အောင် ဆက်လက်၍ ဖြစ်နေကြသည် တည်တံ့ခိုင်မြဲနေကြသည်ကား မဟုတ်ကုန်။ သို့အတွက် ထိုဒုတိယစျာန်၌ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံ ယူ၍ ဖြစ်ပေါ်လာကြကုန်သော ပထမစျာန် နာမ်တရား (၃၄) ဟူသော နာမ်တရားအားလုံးတို့သည်ပင် အကယ် ၍ကား မရှိကြလေကုန်။ မှန်ပေသည် ---- ပထမစျာန်အတွင်း၌ တည်ရှိကုန်သော ဖဿ စသော (၃၄)မျိုးသော နာမ်တရားတို့ကား တစ်ပါးတခြားတည်း။ ဒုတိယစျာန်အတွင်း၌ တည်ရှိကုန်သော (၃၂)လုံးသော ဖဿ စသော တရားတို့ကား သီးသန့် တစ်ပါးတခြားသာတည်း၊ စိတ္တက္ခဏချင်း မတူကြသဖြင့် သီးသန့်စီ ဖြစ်ကြကုန်၏၊ ဒုတိယစျာန်ဖြစ်ခိုက်၌ ပထမစျာန်နာမ်တရားတို့သည် ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက် သဘောအရ သက်တမ်း စေ့၍ ချုပ်ပျက်သွားကြပြီး ဖြစ်သဖြင့် ထိုသို့ပင် ထင်ရှားမရှိသော်လည်း ရုန့်ရင်း ရုန့်ရင်းသော စျာန်အင်္ဂါကို ကျော်လွှား လွန်မြောက်သွားခြင်းကြောင့် ပထမစျာန်မှ တစ်ပါးကုန်သော ဒုတိယစျာန် စသည်တို့ကို ရရှိခြင်း သည် ဖြစ်ပေါ်လာနိုင်၏ဟူသော ဤကဲ့သို့သော အနက်သဘောကို ထင်ရှားပြခြင်းငှာ --- ဝိတက္ကဝိစာရာနံ ဝူပသမာ = ဝိတက် ဝိစာရတို့၏ ချုပ်ငြိမ်းခြင်းကြောင့် - ဟူ၍ ဤသို့ ဘုရားရှင် ဟောကြားတော်မူအပ်ပေသည်။ ဝိတက် ဝိစာရနှင့် အတူတကွ ဖြစ်သော တရားတို့၏လည်း ချုပ်ငြိမ်းခြင်းကြောင့်ဟူ၍ ဟောတော် မမူအပ်ဟု သိရှိပါလေ။ (ဝိသုဒ္ဓိ၊၁၊၁၅၁။)

သဒ္ဓါ နှင့် သမာဓိ

ဤဒုတိယစျာန်၌ -- အဇ္ဈတ္တံ သမ္ပသာဒနံ စေတသော ဧကောဒိဘာဝံ (မ၊၁၊၈၉။) - စသည်ဖြင့် မိမိ၏ ကိုယ်တွင်းအဇ္ဈတ္တသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော သဒ္ဓါတရားနှင့် မွန်မြတ်သော စိတ်တည်ကြည်မှု သမာဓိ ရှိမှုကို အထူးပြု၍ ဘုရားရှင် ဟောကြားထားတော်မူခဲ့၏၊

ဤအရာ၌ မေးမြန်းဖွယ်ကား ဤသို့ ဖြစ်၏၊ ဤကဲ့သို့သော စိတ်ကို ကြည်လင်စေတတ်သော သဒ္ဓါ တရားနှင့် ဧကောဒိ အမည်ရသော မွန်မြတ်သော စိတ်တည်ကြည်မှု သမာဓိတရားသည် ပထမစျာန်၌လည်း ရှိသည်ပင် မဟုတ်ပါလား၊ အဘယ်ကြောင့် ဤဒုတိယစျာန်ကိုသာလျှင် သမ္ပသာဒန = စိတ်ကို ကြည်လင်စေ တတ်သော သဒ္ဓါတရား ရှိ၏ဟူ၍လည်းကောင်း, စေတသော ဧကောဒိဘာဝ = မွန်မြတ်သော စိတ်တည်ကြည် မှု သမာဓိကို တိုးပွားစေတတ်၏ဟူ၍လည်းကောင်း ဟောကြားတော်မူအပ်ပါသနည်းဟု မေးမြန်းဖွယ် ရှိ၏၊ အဖြေမှာ ဤသို့ ဖြစ်၏၊

ဤပထမစျာန်သည် ဝိတက် ဝိစာရတို့၏ လှုပ်ချောက်ချားခြင်း လောက်လက်ခတ်ခြင်းကြောင့် လှိုင်းတံပိုး ငယ် လှိုင်းတံပိုးကြီးတို့ဖြင့် ရောပြွမ်းသော ရေကဲ့သို့ ကောင်းစွာ ကြည်လင်သည်ကား မဖြစ်သေး။ ထိုကြောင့် ပထမစျာန်၌ သဒ္ဓါတရား ရှိသော်လည်း သမ္ပသာဒန = စိတ်ကို ကြည်လင်စေတတ်၏ဟူ၍ ဘုရားရှင် ဟော တော် မမူအပ်ပေ။ ဆိုအပ်ပြီးသော စိတ်၏ ကောင်းစွာ မကြည်သည်၏ အဖြစ်ဟူသော အကြောင်းကြောင့် လည်းကောင်း, ဆိုအပ်ပြီးသည်သာဖြစ်သော ဝိတက် ဝိစာရတို့၏ လောက်လက်ခတ်ခြင်း ချောက်ချားခြင်း ဟူ သော အကြောင်းကြောင့်လည်းကောင်း သဒ္ဓါနှင့် ပညာတို့၏ ညီမျှမှု ဝီရိယ၏ သမာဓိနှင့် ညီမျှမှု ရှိခဲ့သော် (ပျစ်ချွဲသော ရေ၌ ငါးကဲ့သို့ ) ဤပထမစျာန်၌ သမာဓိသည်လည်း ကောင်းစွာ ထင်ရှားသည် မဖြစ်၊ ထိုကြောင့် ဧကောဒိဘာဝ = မွန်မြတ်သော စိတ်တည်ကြည်မှု သမာဓိကို တိုးပွားစေတတ်၏ ဟူ၍လည်း ဟောတော်မမူ အပ်ပေ။

အထူးမှာ ဤဒုတိယစျာန်၌ ဝိတက် ဝိစာရတို့၏ ထက်ဝန်းကျင်မှ နှောင့်ယှက်ခြင်း မရှိသည်၏ အဖြစ် ကြောင့် စိတ်ကို ကြည်လင်စေတတ်သော သဒ္ဓါတရားသည် အခွင့်ရလာသည်ဖြစ်၍ အားရှိလာ၏၊ စွမ်းအင် ပြည့်ဝလာ၏၊ အားရှိသော စွမ်းအင်ပြည့်ဝသော သဒ္ဓါဟူသော အဖော်သဟဲကို ရရှိခြင်းကြောင့်ပင်လျှင် သမာဓိ သည်လည်း ထင်ရှားလာ၏၊ ထိုကြောင့် ဤဒုတိယစျာန်ကိုသာလျှင် သမ္ပသာဒနံ စေတသော ဧကောဒိဘာဝံ - ဟု မိမိ၏ ကိုယ်တွင်းအဇ္ဈတ္တသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော သဒ္ဓါတရားနှင့် ဧကောဒိ အမည်ရသော မွန်မြတ်သော စိတ်တည်ကြည်မှု သမာဓိရှိမှုကို အထူးပြု၍ ဘုရားရှင်သည် ဟောကြားတော်မူအပ်ပေသည် --- ဟု သိရှိပါလေ။ (ဝိသုဒ္ဓိ၊၁၊၁၅၂။)

အဝိတက္က အဝိစာရ ---- ဝိတက် ဝိစာရတို့အပေါ်၌ တွယ်တာတပ်မက်သည့် တဏှာကို စွန့်ပယ်ခြင်းဖြင့် ဝိတက် ဝိစာရတို့ကို ငြိမ်းစေခြင်းကြောင့် ဤဒုတိယစျာန်သည် စိတ်ကို ကြည်လင်စေတတ်၏၊ ဥပစာရသမာဓိ အခိုက်၌ကဲ့သို့ နီဝရဏကိလေသာဟူသော နောက်ကျိခြင်းကို ငြိမ်းစေခြင်းကြောင့် စိတ်ကို ကြည်လင်စေတတ် သည်ကား မဟုတ်၊ ထို့ပြင် ဝိတက် ဝိစာရတို့၏ ချုပ်ငြိမ်းခြင်းကြောင့်ပင်လျှင် ဤဒုတိယစျာန်သည် မွန်မြတ် သော စိတ်တည်ကြည်မှု သမာဓိကို တိုးပွားစေတတ်ခြင်း ဖြစ်၏၊ ဥပစာရစျာန်၌ကဲ့သို့ နီဝရဏကိလေသာ အညစ်အကြေးကို ပယ်ခွာခြင်းကြောင့်လည်းကောင်း, ပထမစျာန်၌ကဲ့သို့ စျာန်အင်္ဂါ ထင်ရှား ဖြစ်ခြင်းကြောင့် လည်းကောင်း ဤဒုတိယစျာန်သည် မွန်မြတ်သော စိတ်တည်ကြည်မှု = သမာဓိကို တိုးပွားစေသည်ကား မဟုတ်၊ ဤသို့လျှင် ဤ - ဝိတက္ကဝိစာရာနံ ဝူပသမာ = ဝိတက် ဝိစာရတို့ကို ငြိမ်းစေခြင်းကြောင့်ဟူသော - ဤစကားသည် စိတ်ကို ကြည်လင်စေမှုနှင့် မွန်မြတ်သော စိတ်တည်ကြည်မှု သမာဓိကို တိုးပွားစေမှုတို့၏ အကြောင်းကို ထင်ရှား ဖော်ပြသော စကားသာ ဖြစ်၏၊

ထိုမှတစ်ပါး ဝိတက် ဝိစာရတို့၏ ငြိမ်းခြင်းကြောင့် ဤဒုတိယစျာန်သည် ဝိတက် မရှိသည် ဝိစာရ မရှိသည် ဖြစ်၏၊ တတိယစျာန် စတုတ္ထစျာန်တို့ကဲ့သို့လည်းကောင်း, စက္ခုဝိညာဏ် စသည်တို့ကဲ့သို့လည်းကောင်း ပင်ကိုယ် သဘောအားဖြင့် မရှိခြင်းကြောင့် ဝိတက် မရှိသည် ဝိစာရလည်း မရှိသည် မဟုတ်၊ ဤသို့လျှင် ဝိတက် မရှိမှု ဝိစာရ မရှိမှု၏ အကြောင်းကို ပြတတ်သည်လည်း ဖြစ်၏၊ ဝိတက် ဝိစာရတို့၏ မရှိခြင်းမျှကို ပြတတ်သည် မဟုတ်။

သို့သော် - အဝိတက္ကံ အဝိစာရံ = ဝိတက် မရှိသော ဝိစာရ မရှိသော - ဟူသော ဤ စကားသည်ကား ဤဒုတိယစျာန်၌ ဝိတက် ဝိစာရတို့၏ မရှိခြင်းမျှကိုသာလျှင် ပြတတ်ရှာ၏၊ ထိုကြောင့် ရှေးဖြစ်သော ဝိတက် ဝိစာရာနံ ဝူပသမာ = ဝိတက် ဝိစာရတို့ကို ငြိမ်းစေခြင်းကြောင့်ဟူသော စကားကို ပြောဆိုပြီး၍လည်း အဝိတက္ကံ အဝိစာရံ = ဝိတက် မရှိသော ဝိစာရ မရှိသောဟူသော နောက်စကားကို ပြောဆိုသင့်သည်သာ ဖြစ်ပေသည်။ ထိုကြောင့် ဝိတက် ဝိစာရတို့ကို ငြိမ်းစေခြင်းကြောင့်ဟု ဆိုပြီးသော်လည်း ဝိတက် မရှိသော ဝိစာရ မရှိသော ဟူသော စကားကိုလည်း ဤဒုတိယစျာန်၏ ဂုဏ်ကို ဖော်ပြရာဝယ် ထပ်မံ၍ ဆိုရပြန်ပေသည်။

(ဝိသုဒ္ဓိ၊၁၊၁၅၂-၁၅၃။)

သမာဓိဇံ = သမာဓိကြောင့် ဖြစ်သော ----

ဤဒုတိယစျာန်ကား ပထမစျာန်သမာဓိက ဥပနိဿယစသော သတ္တိတို့ဖြင့် ကျေးဇူးပြုပေးခြင်းကြောင့် လည်းကောင်း, ဒုတိယစျာန်သမာဓိဟူသော မိမိ ဒုတိယစျာန်နှင့် စိတ္တက္ခဏတစ်ခုအတွင်း အတူယှဉ်တွဲ ဖြစ် သည့် သမ္ပယုတ်သမာဓိကလည်း သဟဇာတ အညမည နိဿယစသော သတ္တိတို့ဖြင့် ကျေးဇူးပြုပေးခြင်းကြောင့် လည်းကောင်း ဖြစ်ပေါ်လာရသဖြင့် သမာဓိဇံ = သမာဓိကြောင့်ဖြစ်သောဟု ဟောကြားတော်မူခြင်း ဖြစ်ပေ သည်။ ထိုပထမစျာန် ဒုတိယစျာန် နှစ်ပါးတို့တွင် ပထမစျာန်သည်လည်း မိမိ ပထမစျာန်နှင့် စိတ္တက္ခဏတစ်ခု အတွင်း၌ အတူယှဉ်တွဲ ဖြစ်သည့် သမ္ပယုတ် သမာဓိကြောင့်ပင် အကယ်၍ကား ဖြစ်ပေါ်လာပေ၏၊ ထိုသို့ ဖြစ်သော်လည်း ဤဒုတိယစျာန်သမာဓိသည်သာလျှင် သမာဓိဟူ၍ ဆိုအပ်သည်၏ အဖြစ်ကို ထိုက်တန်၏၊ အဘယ်ကြောင့်နည်းဟူမူ ---- စိတ်အစဉ်ကို ထိုထို အာရုံသို့ ရောက်အောင် ရှေးရှုတင်ပေးခြင်း ဆုပ်နယ်ပေး ခြင်းဖြင့် ဝိတက် ဝိစာရတို့သည် စိတ်ကို လှုပ်ချောက်ချားစေတတ်၏၊ ဒုတိယစျာန်၌ကား ထိုကဲ့သို့ စိတ်ကို လှုပ် ချောက်ချားစေတတ်သော ဝိတက် ဝိစာရ ကင်းသဖြင့် အလွန်လျှင် တုန်လှုပ်ခြင်း ကင်းသည်၏ အဖြစ်ကြောင့် လည်းကောင်း, ကောင်းစွာ ကြည်လင်သည်၏ အဖြစ်ကြောင့်လည်းကောင်း ဤဒုတိယစျာန်သမာဓိသည်သာလျှင် သမာဓိဟူ၍ ဆိုအပ်သည်၏ အဖြစ်ကို ထိုက်တန်ပေသည်။ ထိုသို့ ဒုတိယစျာန်သမာဓိ၏သာလျှင် သမာဓိဟူ၍ ဆိုခြင်းငှာ ထိုက်သည်၏ အဖြစ်ကြောင့် ဤဒုတိယစျာန်၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းခြင်းငှာ ဤဒုတိယစျာန်ကို သာလျှင် သမာဓိဇံ = သမာဓိကြောင့် ဖြစ်၏ဟူ၍ ဘုရားရှင်သည် ဟောကြားတော်မူအပ်ပေသည်။

(ဝိသုဒ္ဓိ၊၁၊၁၅၃။)

အသင် ယောဂီသူတော်ကောင်းသည် ဤအထက်ပါ ရှင်းလင်းချက်များကို ဖတ်ရှုပြီးပါက အောက်ပါ ဘုရားဟောဒေသနာတော်ကို ဖတ်ရှုပါလျှင် လွယ်ကူစွာပင် နားလည်၍ အရသာ ပေါ်လွင်နေမည် ဖြစ်ပေသည်။

ဝိတက္ကဝိစာရာနံ ဝူပသမာ အဇ္ဈတ္တံ သမ္ပသာဒနံ စေတသော ဧကောဒိဘာဝံ အဝိတက္ကံ အဝိစာရံ သမာဓိဇံ ပီတိသုခံ ဒုတိယံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ (မ၊၁၊၈၉။)

= ဝိတက် ဝိစာရတို့၏ ချုပ်ငြိမ်းခြင်းကြောင့် မိမိ၏ ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌ ဖြစ်သော စိတ်ကို ကြည်လင် စေတတ်သော, စိတ်၏ မြတ်သော တည်ကြည်မှု = သမာဓိကို ပွားစေတတ်သော ဝိတက် မရှိသော ဝိစာရ မရှိသော, ပထမစျာန်သမာဓိကြောင့် ဖြစ်သော (သို့မဟုတ် မိမိနှင့် အတူယှဉ်ဖက် သမ္ပယုတ်သမာ

ဝိတက် ဝိစာရ ပြုတ်ချိန်

ယထာ စ ပဌမဇ္ဈာနဿ ဥပစာရက္ခဏေ နီဝရဏာနိ ပဟီယန္တိ၊ န တထာ ဣမဿ ဝိတက္ကဝိစာရာ။ အပ္ပနာက္ခဏေယေဝ စ ပနေတံ ဝိနာ တေဟိ ဥပ္ပဇ္ဇတိ။ တေနဿ တေ ပဟာနင်္ဂန္တိ ဝုစ္စန္တိ။ ပီတိ သုခံ စိတ္တေကဂ္ဂတာတိ ဣမေသံ ပန တိဏ္ဏံ ဥပ္ပတ္တိဝသေန တိဝင်္ဂသမန္နာဂတတာ ဝေဒိတဗ္ဗာ။ (ဝိသုဒ္ဓိ၊၁၊၁၅၃။)

ပထမစျာန်၏ ဥပစာရသမာဓိအခိုက် ခဏ၌ နီဝရဏတို့ကို ပယ်အပ်ကုန်၏သို့ အလားတူ ဤဒုတိယ စျာန်၏ ဥပစာရသမာဓိအခိုက် ခဏ၌ ဝိတက် ဝိစာရတို့ကို ပယ်အပ်သည်ကား မဟုတ်ကုန်၊ အဘယ်ကြောင့် နည်းဟူမူ ဝိတက် ဝိစာရတို့၏ စိတ်အစဉ်ကို ညစ်နွမ်းစေတတ် ပူပန်စေတတ်သော သံကိလိဋ္ဌသဘော မရှိ သည်၏ အဖြစ်ကြောင့်လည်းကောင်း, ဥပစာရဘာဝနာ၏လည်း ထိုဝိတက် ဝိစာရတို့ကို ပယ်ခြင်းငှာ မစွမ်းနိုင် သည်၏ အဖြစ်ကြောင့်လည်းကောင်း ဤအကြောင်း နှစ်ပါးကြောင့် ဖြစ်ပေသည်။ အမှန်စင်စစ်အားဖြင့်မူကား အပ္ပနာစျာန် စောခိုက်၌သာလျှင် ဤဒုတိယစျာန်သည် ထိုဝိတက် ဝိစာရတို့နှင့် ကင်း၍ ဖြစ်ပေါ်လာပေသည်။ ထိုကြောင့် ထို ဝိတက် ဝိစာရတို့ကို ထို ဒုတိယစျာန်၏ ပယ်အပ်သော အင်္ဂါရပ်တို့ဟူ၍ ဆိုအပ်ကုန်သည်။ တစ်ဖန် ပီတိ သုခ စိတ္တေကဂ္ဂတာ ---- ဤတရားသုံးပါးတို့၏ ထင်ရှားဖြစ်ခြင်း၏ အစွမ်းဖြင့် ထိုဒုတိယစျာန်၏ သုံးပါးသော အင်္ဂါနှင့် ပြည့်စုံသည်၏ အဖြစ်ကို သိရှိပါလေ။ (ဝိသုဒ္ဓိ၊၁၊၁၅၃။)

ဤအဋ္ဌကထာ၏ သတ်မှတ်ချက် မိန့်ဆိုတော်မူချက်အရ အထွတ်အထိပ်သို့ ရောက်နေသော ဥပစာရ သမာဓိ အမည်ရသော, ဒုတိယစျာနဝီထိ ဒုတိယစျာနသမာပတ္တိဝီထိ စသည်တို့၌ အကျုံးဝင်သော ပရိကံ ဥပစာ အနုလုံ ဂေါတြဘု ဟူသော ဥပစာရဇောတို့၌ ဝိတက် ဝိစာရ မပြုတ်သေးဘဲ ယှဉ်လျက်ပင် ရှိနေသေးသည်ဟု မှတ်ပါ။ ဤ ဒုတိယစျာန်ကိုလည်း ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပါ။ ဝိတက် ဝိစာရ ပြုတ်-မပြုတ် ကို ကြိမ်ဖန်များစွာ ဆန်းစစ်ကြည့်ပါ။ ဤ ဒုတိယစျာန်၌လည်း ရစတွင် ဝင်စားမှု များပါစေ၊ စျာန်အင်္ဂါကို ဆင်ခြင်မှု နည်းပါစေ။

_________