မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်ဆိုင်ရာ တရားတော်

ဝီကီရင်းမြစ် မှ
6111နိဗ္ဗာန်ဆိုင်ရာ တရားတော် — မဟာစည်ဆရာတော်

မဟာစည်ဆရာတော် ဘုရားကြီး ဟောကြားတော်မူသော

နိဗ္ဗာနပဋိသံယုတ္တကထာ (ခေါ်)
နိဗ္ဗာန်ဆိုင်ရာ တရားတော်

လက်ဦးရှုဖွယ်

▬▬▬▬▬

ကျေးဇူးတော်ရှင် မဟာစည် ဆရာတော် ဘုရားကြီးသည် “နိဗ္ဗာန်ဆိုင်ရာ တရားတော်” ဤ နိဗ္ဗာန ပဋိသံယုတ္တကထာကို ၁၃၂၆-ခု တော်သလင်းလဆန်း ၈-ရက်ပင် စတင်၍ ရန်ကုန်မြို့ မဟာစည် သာသနာ့ရိပ်သာ ဖလ်ယဉ် ဓမ္မာရုံကြီးအတွင်း၌ ဟောကြားတော်မူခဲ့သည်။ ယခု ၁၃၃၆-ခုနှစ် အရောက်တွင် ၁၀-နှစ်တာကာလအထိ ကြာညောင်းခဲ့လေပြီ၊ ထိုစဉ်အခါက တရားတစ်ပွဲလျှင် တစ်ပိုင်းအဖြစ်ဖြင့် ဟောကြားတော်မူခဲ့ရာ သီတင်းကျွတ်လဆုတ် ၈-ရက်အထိ တရားပွဲ ၇-ပွဲ ၇-ပိုင်းဖြင့် အပြီး ဟောကြားတော်မူခဲ့သည်။

ထိုတရားတော်ကို အငြိမ်းစား တရားမ, တရားသူကြီး ဦးသိန်းဟန်, က ရီကော်ဒါဖြင့် ဖမ်းယူပြီးလျှင် ဖျာပုံသာသနာ့ရိပ်သာ ဆရာတော် ဦးဝဏ္ဏိတက ကမ္မကတပြု၍ တပည့်များက လက်နှိပ်စက်ဖြင့် ကူးယူကာ ဦးသိန်းဟန်က အချောကိုင်ထား ခဲ့ပေသည်၊ ဦးသိန်းဟန်သည် ထိုတရားစာမူကို သိမ်းပိုက်ကာ တရားစာ တစ်စောင် တစ်ဖွဲ့ ဖြစ်မြောက်ရန်အတွက် အချိန်ကာလကို စောင့်လင့် နေခဲ့ပေသည်၊ အကြောင်းမှာ အဖိုးထိုက်တန်မှန်း သိသဖြင့် ဤစာမူကို တရားပွဲတွင်မပါ၍ မနာကြားလိုက်ရသော ပုဂ္ဂိုလ်တို့အား ဖတ်ရှု နာကြားစေချင်လှသော စေတနာဖြင့် စာအုပ် တစ်အုပ်အဖြစ်သို့ ရောက်စေချင်လှသော်လဲ ဆရာတော်ဘုရားကြီးထံ တင်ပြခြင်းမပြုပဲ စက်တင် ပုံနှိပ်ရန် မဖြစ်သောကြောင့် ဖြစ်လေသည်၊

ဆရာတော်ဘုရားကြီးမှာ ထိုအချိန်ကာလတွင် မျက်စိရောဂါ ကုသရန်ကိစ္စ၊ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ ဘာသာပြန်ကိစ္စဝိသုဒ္ဓိမဂ် မဟာဋီကာ နိဿယကိစ္စ စသော ကိစ္စများက ရှေ့မှရှိနေသည်ကို သိရှိနေသဖြင့် ထိုစာမူကို ဆရာတော်ဘုရားကြီးထံ တင်ပြခွင့်မရပဲ ဤအချိန်အထိ စောင့်ဆိုင်း ခဲ့ရသည်၊ အခွင့်ရ၍ စာအုပ်အဖြစ်သို့ ရောက်ချိန်မှာ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး ရန်ကုန် မဟာစည် သာသနာ့ရိပ်သာသို့ ကြွရောက်၍ ပဋိပတ္တိ သာသနာပြုသော ၂၅-နှစ်မြောက် ငွေရတုသဘင် ဆင်ယင် ကျင်းပသည့်နှစ်နှင့် တိုက်တိုက်ဆုံဆုံ ကြုံလျက်ရှိရာ လျော်ကန်သင့်မြတ် လှပေသည်၊ မမေ့သင့်သော ဤနှစ်တွင် ၁၀-နှစ်ပတ်လုံး မမေ့ပဲ သိမ်းဆည်းထားခဲ့ရသော တရားတော်ကြီးကို ထူးထူးခြားခြား ဖော်ထုတ်နိုင်သောကြောင့် လျော်ကန် သင့်မြတ်သည်ဟု ဆိုလိုက်ရပေသည်။

နိဗ္ဗာနကထာ

▬▬▬▬▬

၁၃၀၅-ခုနှစ်တွင် စီရင်ရေးသားခဲ့သော ဝိပဿနာရှုနည်းကျမ်း ဒုတိယတွဲ အခန်း (၆)၌လဲ နိဗ္ဗာန်ဆိုင်ရာ “နိဗ္ဗာနကထာ” ကို ဆရာတော်ဘုရားကြီးသည် ထည့်သွင်း ရေးသားတော်မူခဲ့ပြီး ဖြစ်ပေသည် သို့သော် ထိုနိဗ္ဗာနကထာမှာ စာအုပ်တစ်အုပ်အဖြစ်ဖြင့် သီးခြားမဟုတ်ပဲ ကျမ်းကြီး တစ်စောင်အတွင်း၌ တစ်ကဏ္ဍ အနေဖြင့် ရေးသား ထားခြင်းကြောင့် ဖတ်ရှုမိသူ နည်းပါးပြီး နေမည်က တစ်ကြောင်း၊ ဟောတရားမျိုးမဟုတ်ပဲ ကျမ်းဂန်ရေးသားနည်းအတိုင်း ရေးသား ထားသဖြင့် ကြည့်ရှုသူတိုင်း သဘောပေါက်ရန် ခဲယဉ်းမည်က တစ်ကြောင်းကြောင့် ဤနိဗ္ဗာန်ဆိုင်ရာ တရားတော်လောက် ဖတ်ရှုသူတို့ အသိဉာဏ်တွင် သက်ဝင်နိုင်စွမ်း ရှိမည်မဟုတ်ပေ။

လူတို့လောက၌ သိဖွယ်, မှတ်ဖွယ်, ပြုလုပ် အားထုတ်ဖွယ်တွေ များပြားသလောက် စာပေလောက မှာလဲ များပြား ကျယ်ဝန်းလျက် ရှိနေပေသည်၊ “တစ်ဦးခေါင်း တစ်ပညာ၊ တစ်ရွာ တစ်ပုဒ်ဆန်း” ဆိုသလို ထိုထိုသိဖွယ် မှတ်ဖွယ် ပြုလုပ်ဖွယ် တွေကို မိမိတို့ ရှုထောင့်မှနေ၍ မိမိတို့ အမြင်အတိုင်း စာပေရှင်တို့က စာဖြင့်ဖော်ပြထားကြသည်၊ ထိုသို့ ဖော်ပြရာ၌ သဘာဝ တစ်မျိုး တည်းကိုပင် အမျိုးမျိုးသော အမြင်ကြောင့် အမျိုးမျိုး ကွဲပြားလျက် ရှိနေလေတော့သည်၊ လက်တွေ့ ကို ဖော်ပြရလျှင် ဤနိဗ္ဗာန်ဆိုင်ရာ တရားတော် နှာ ၈၁-၌ပင်-

နိဗ္ဗာန်-ဟူသည်မှာ ဘုံနန်းပြာသာဒ်ကြီးလဲ မဟုတ်၊ မြို့ပြကြီး ပြည်ကြီးလဲ မဟုတ်၊ အလင်းရောင်, အဝင်းရောင်ကြီးလဲ မဟုတ်၊ အကြည်ဓာတ်, အအေးဓာတ်လဲ မဟုတ်၊ အဘယ်ကြောင့်နည်းဟူမူ ထိုဘုံနန်းပြာသာဒ် မြို့, ပြည်, အလင်းရောင်, အဝင်းရောင်, အကြည်ဓာတ်, အအေးဓာတ်, များသည် အသင်္ခတ ပရမတ်တရားများ မဟုတ်၊ ထိုက်သည်အားလျော်စွာ ပညတ်တရား, သင်္ခတ ပရမတ် တရားများသာ ဖြစ်သောကြောင့်တည်း။ (ရှုနည်းကျမ်း ဒု-နှာ-၃၄၇)

အဲဒီလို ရေးတုန်းက ဘယ်သူ့ကျမ်းကိုမျှ မရည်ရွယ်ပါဘူး ဓမ္မဓိဋ္ဌာန်ကျကျ ရေးခဲ့တာပါပဲ၊ ဒါပေမယ့် နောက်တစ်ချိန်မှာ “နိဗ္ဗာန်ဆိုတာ ဧရာမအလင်းရောင်ကြီး ဖြစ်တဲ့အကြောင်း” ပြဆိုထားတဲ့ ကျမ်း စာအုပ်တစ်ခုကို တွေ့ရတော့ “အင်း-ငါ ဟိုတုန်းက ရေးခဲ့တာကို-“ဒီကျမ်းကို စောင်းပြီး ရေးတယ်လို့ တစ်ချို့က ထင်ကောင်း ထင်ကြပေလိမ့်မယ်လို့ စဉ်းစားမိခဲ့ပါတယ်၊ ဒါပေမယ့် အဲဒီ ကျမ်းကို စောစောက ရှိမှန်းတောင် ဘုန်းကြီးက မသိခဲ့ပါဘူး၊ မိမိ သဘောကျအတိုင်း စင်ကြယ်တဲ့ စိတ်နဲ့ ရေးခဲ့တာပါပဲ” ဟူသော- ဤအဆိုကို ဆရာတော်ဘုရားကြီးက ထည့်သွင်း ဟောကြား ထားပါသည်။

ဤတွင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး အမြင်က နိဗ္ဗာန်ဟူသည်မှာ အလင်းရောင်, အဝင်းရောင် စသည် မဟုတ်ကြောင်းဖြင့် လည်းကောင်း၊ ကျမ်းစာအုပ်တစ်အုပ်က အလင်းရောင် အဝင်းရောင် စသည်ဖြစ်ကြောင်းကို လည်းကောင်း တစ်မျိုးတည်းသော နိဗ္ဗာန် သဘော၌ အဆို ၂-မျိုးဖြစ်နေပေသည်။

အရောင်သုံးမျိုး

▬▬▬▬▬

နိဗ္ဗာန်အရောင်အလင်း ရှိကြောင်း အဆိုနှင့်စပ်၍ ကိုယ်တွေ့ တစ်ခုကို ဤနေရာ၌ ဖော်ပြ လိုပါသေးသည်၊ ၁၃၃၆- ခုနှစ် တန်ခူးလထဲကဖြစ်သည်၊ စစ်ကိုင်းမြို့ အနောက် ကျေးရွာ တစ်ရွာ၏ ကျောင်းတစ်ကျောင်းတွင် ဘုန်းကြီးပျံရှိရာ ခန်းဖွင့် အခမ်းအနား၌ ညတရားပွဲ ပါရှိခဲ့သည်၊ ထိုတရားပွဲ၌ ပရိယတ္တိ သာသနဟိတ သကျသီဟ ဓမ္မာစရိယလဲဖြစ်၊ ပါဠိတက္ကသိုလ် ကျောင်းအုပ် လဲဖြစ်၊ ဓမ္မကထိကလည်းဖြစ်၍ ထင်ရှားသော ဆရာတော်ဘုရား တစ်ပါးလဲ ပါရှိပေသည်၊ ထိုဆရာတော်ဘုရားကြီး ဟောကြားသော တရားထဲတွင် လောက၌ ထင်ရှားသော အရောင်အလင်း သုံးမျိုးရှိကြောင်းကို ထည့်သွင်း ဟောကြားတော်မူခဲ့သည်၊ ဟောကြားသော အရောင်သုံးမျိုးမှာ-

၁။ ရုပ်၏အရောင် (နေ လ-စသည်တို့အရောင်)
၂။ ပညတ်ရောင် (ပဋိဘာဂနိမိတ်ရောင်)
၃။ နိဗ္ဗာန်ရောင် (ထူးခြားသော အလင်း အဝင်းရောင်)

တို့ ဖြစ်လေသည်၊ ထိုအရောင်သုံးမျိုးထဲက နိဗ္ဗာန်ရောင်မှာ ဘယ်အရောင်နှင့်မျှမတူဘဲ အင်မတန် နှစ်သက်ဖွယ် ကောင်းကြောင်း ကိုပါ ဟောကြား၏၊ ထိုဆရာတော်မှာ မိမိနှင့် ခင်မင်ရင်းနှီး သည့်အပြင် မိမိအောက်ငယ်သော ဆရာတော် ဖြစ်သည့်အလျောက် ဆွေးနွေးနေကျအတိုင်း ထောက်ထား အားနာ မနေဘဲ တရားပလ္လင်ကဆင်း၍ နေရာသို့ရောက်လျှင် ရောက်ချင်းပင် မိမိက မေးခဲ့သည်။

“နိဗ္ဗာန်မှာ အရောင်ရှိပါသလား ဆရာတော်”

အနန္တံ သဗ္ဗတောပဘံ - လို့ ဟောတော်မူထားတာပဲ၊ နိဗ္ဗာန်မှာ အရောင်ရှိတာပေါ့” တဲ့၊

သူအာဂုံ ရထားသော ပါဠိတပိုဒ်ကို ထောက်ထားကာ အဖြေပေးတော်မူ၏၊ မိမိကလဲ နိဗ္ဗာန်မှာ အရောင် အလင်း မရှိနိုင်ကြောင်း ကိုယ့်အထောက်အထားနှင့် ကိုယ်ရှင်းပြပါသော်လဲ နားမဝင် ဖြစ်နေသဖြင့် အမေးအဖြေမှာ မတင်မကျ ဖြစ်နေလေတော့သည်၊ ထိုအခါ မိမိက နိဗ္ဗာနကထာကို ဆရာတော်ဘုရားကြီး ရေးသားသည့်အတိုင်း သေသေချာချာ ကြည့်ရှုလေ့လာပြီးသား ဖြစ်သော ကြောင့် မဟာစည် ဆရာတော်ဘုရား၏ နိဗ္ဗာနကထာကို ကိုးကား ချေဆိုလိုက်တော့သည်။

“မဟာစည် ဆရာတော်ဘုရားကြီး ရေးသားသော နိဗ္ဗာနကထာတွင် ‘သဗ္ဗတောပတံ’ ကို ဖွင့်ပြရာ၌ (နိဗ္ဗာန်ကို တောက်ပသည်ဟု ဆိုရာ၌ တစ်စုံတစ်ခုသော ညစ်ညူးကြောင်းနှင့်မျှ မစပ်ယှက် သောကြောင့်သာ ဆိုသည်)လို့ ဆိုထားပါတယ် ဆရာတော်ဆိုတဲ့ ဆရာတော်ထင် နေတဲ့ အရောင်ရှိလို့ ဆိုထားတဲ့ ပဘံ မဟုတ်ပါဘူး”ဟု- မိမိက ဤလို ချေပလိုက်ပါသည်။

လာလုဒါယီနှင့် အရှင်သာရိပုတ္တရာ

▬▬▬▬▬▬▬

ကာမဂုဏ်ချမ်းသာမျိုး ဝေဒယိတသုခမှ ကင်းလျှင် မနှစ်မြို့နိုင်သော ပုထုဇဉ် အတ္တစွဲ ရှိနေသူတို့က နိဗ္ဗာန်ကို သူတို့ အလိုရှိသည့်အတိုင်း ဖြစ်လိုကြသဖြင့် ဝေဒယိတသုခဘက်သို့ မရောက် ရောက်အောင် ဆွဲဆောင်ကြံစည် ကြသည်၊ ဝေဒယိတ သုခမျိုး မရှိ-ဟု ထင်မြင်သဘောရလျှင်လဲ ဘယ်လိုချမ်းသာပါသည် ဆိုဆို နိဗ္ဗာန်ကို မကြိုက်နိုင်ဘဲ ဖြစ်နေကြပြန်သည်၊ ဤသည်ကို ထင်ရှား ပေါ်လွင်စေရန် ဆရာတော်ဘုရားကြီးက ပုထုဇဉ် လာလုဒါယီနှင့် အရှင်သာရိပုတ္တရာ မထေရ်မြတ် တို့၏ ဝတ္ထုသွားကို ဤနိဗ္ဗာန်ဆိုင်ရာ တရားတော် နှာ ၅၉-တွင် သာဓကအဖြစ် ဟောကြား ထားသည်ကို တွေ့နိုင်ပေသည်။

“ငါ့ရှင်သာရိပုတ္တရာ- နိဗ္ဗာန်၌ ခံစားစရာ မရှိပါဘဲ ဘယ်လိုလုပ်ပြီး ချမ်းသာမှာလဲ”

“ငါ့ရှင် ဥဒါယီ- နိဗ္ဗာန်၌ ခံစားခြင်း မရှိပါဘူး၊ အဲဒီခံစားခြင်း မရှိတာပင်လျှင် နိဗ္ဗာန်ချမ်းသာပါပဲ”

ဤသို့ လာလုဒါယီနှင့် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးတို့ နိဗ္ဗာန်ချမ်းသာနှင့် နိဗ္ဗာန်၏ သဘောကို မေးဖြေဖော် ထုတ်ခဲ့ကြသည်၊ လာလုဒါယီသည် နိဗ္ဗာန်ကို တခါတရံမျှ မမြင်ဘူး သေးသော ပုထုဇဉ်အတ္တစွဲ ရှိနေသူ ဖြစ်သည့်အလျောက် ဝေဒယိတသုခမရှိသော နိဗ္ဗာန်ချမ်းသာကို မနှစ်မြို့နိုင်အောင် ဖြစ်နေသည်၊ အရှင်သာရိပုတ္တရာ မထေရ်မြတ်မှာမူ သန္တိသုခ နိဗ္ဗာန်ကို ဒိဋ္ဌထင်ထင် ကိုယ်တိုင်မြင်ပြီးသား, ကိုယ်တိုင် ချမ်းသာဖူးပြီးသား ဖြစ်သောကြောင့် လာလုဒါယီ မထေရ်တို့ကဲ့သို့ နိဗ္ဗာန်ကို ကြံဆတွေးတောပြီး မနှစ်မြို့နိုင် ဖြစ်မနေတော့ပေ။

ပဋိပတ်ဖြင့်သာ မြင်နိုင်သည်

▬▬▬▬▬▬

နိဗ္ဗာန်ကို ပရိယတ်အမြင်ဖြင့် အတိအကျ မြင်နိုင်သည်မဟုတ်၊ နိဗ္ဗာန်ကို ဒိဋ္ဌထင်ထင်မြင်ပြီးဖြစ်သော အရိယာပုဂ္ဂိုလ်တို့ ပြောပြထားချက်ဖြင့် တဆင့်ကြား မှန်းဆသိရသော အမြင်လောက်သာ မြင်နိုင်ပေသည်၊ ဘုရားစသော အရိယာပုဂ္ဂိုလ်တို့ မြင်ရသော နိဗ္ဗာန်မှာကား ပဋိပတ် အကျင့်မြတ် ဖြင့် မြင်တော်မူကြရသော နိဗ္ဗာန်ဖြစ်ပေသည်၊ တဆင့်ကြား မဟုတ်သောကြောင့် ပရိယတ် အမြင်ဖြင့် မြင်သလို မှန်းဆတွေးတော နေရခြင်းမျိုး မဟုတ်သဖြင့် အထင်မှားအမြင်မှား မဖြစ်နိုင် တော့ပေ၊ လာလုဒါယီမထေရ်သည် နိဗ္ဗာန်ကို ပရိယတ် တဆင့်ကြားဖြင့် သိနေသော နိဗ္ဗာန်ဖြစ်နေရာ လွဲလွဲမှားမှား သိမြင်ပြီး အင်မတန် မွန်မြတ်သော နိဗ္ဗာန်ကို မလိုချင်အောင် ဖြစ်နေခဲ့၏။

လာလုဒါယီကဲ့သို့ပင် နိဗ္ဗာန်ချမ်းသာကို ကိုယ်တိုင်မသိ၍ တော်အောင်, လျော်အောင် ထင်ကာ မလိုချင်ဘဲ ဖြစ်နေသူတွေကား များစွာ ရှိနေကြပေလိမ့်မည်ဟု မှန်းဆရသည်။ “တို့တော့ နိဗ္ဗာန်ကို မလိုချင်ပေါင် ဆေးလိပ်သောက်ချင်လို့မှ ဆေးလိပ်မရှိတဲ့ နိဗ္ဗာန်ဟု အပျက်လိုလို, ဘာလိုလို ကရော်ကမယ်လုပ်၍ ပြောသော်လဲ ထိုသူတို့ပြောသော စကားထဲတွင် ဝေဒယိတသုခမှ ကင်းဆိတ် နေသည်ကိုသိ၍ နိဗ္ဗာန်ချမ်းသာကို မကြိုက် မနှစ်သက်ကြောင်းမှာ ပေါ်လွင်ထင်ရှားနေပေသည်၊

တစ်ခါက ဥရောပတိုက်သား အခြားဘာသာဝင် တစ်ယောက်သည် ဗုဒ္ဓဘာသာဝင်တစ်ယောက်ထံ “ခင်ဗျားတို့ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို ပြောပြစမ်းပါဗျာ”ဟု ဘာသာရေး လေ့လာမှု ပြသည်ဆို၏၊ နတ်ရွာ သုဂတိရောက်ကြောင်းဖြစ်သော ဒါနအကြောင်း, သီလအကြောင်း, ဘာဝနာအကြောင်း များကို ဗုဒ္ဓဘာသာဝင် ဖြစ်သူက ပြောပြ၏၊ “ဒါပဲလားခင်ဗျာ၊ နောက်ဆုံး ပန်းတိုင်က ဘယ်လို ပါလဲ”ဟု ဥရောပတိုက်သားက မေးရာ “နောက်ဆုံး ပန်းတိုင်ကတော့ နိဗ္ဗာန်ပါပဲ၊ နိဗ္ဗာန်ဆိုတာ ရုပ် နာမ် ခန္ဓာ အားလုံး ချုပ်ဆုံးသွားတာပါ”ဟု ပြောလိုက်တော့ “ဟင်-အပြီးကျမှ အဖျားရှူး လိုက်တာဗျာ”လို့ ပြောသွားသတဲ့၊

ထို ဥရောပတိုက်သားမှာလဲ လာလုဒါယီမထေရ်ကဲ့သို့အတ္တစွဲပုထုဇဉ်တစ်ဦးပင်ဖြစ်သဖြင့် နိဗ္ဗာန်၏ သန္တိသုခမျိုးကို အထင်သေးလျက် ဝေဒယိတသုခကိုသာ နှစ်ခြိုက်ကြောင်း ထင်ရှားလှပေသည်၊ ကိုယ်တိုင် ပဋိပတ်အမြင်ဖြင့် မမြင်ရသေးဘဲ တဆင့်ကြား ပရိယတ်အမြင်မျိုး မြင်ကြရသူတို့သည် လာလုဒါယီနှင့် ထိုဥရောပတိုက်သားတို့ကဲ့သို့ နိဗ္ဗာန်ကို လေ့လာကြရာ၌ အဖျားရှူးသည်ဟု ထင်သည်က များကြပေလိမ့်မည်။

အရိယာပုဂ္ဂိုလ်တို့အမြင်

▬▬▬▬▬▬▬▬

ပြုပြင်မှု သင်္ခါရသဘောနှင့် မကင်းသော ဝေဒယိတသုခမျိုးကို အရိယာပုဂ္ဂိုလ်တို့က သုခဟူ၍မမြင်၊ ဒုက္ခနှင့်တန်းတူ ထားတော်မူကြလျက် လောကီသုခ ဒုက္ခဟူသမျှအားလုံး ဒုက္ခချည်းသာဟု မြင်တော် မူကြသည်၊ ထို့ကြောင့် အရိယာပုဂ္ဂိုလ်တို့သည် ဒုက္ခဟူ၍ မြင်ပြီးဖြစ်သော ဝေဒယိတသုခ မျိုးကိုအလိုရှိတော်မမူကြ၊ ထိုဝေဒယိတသုခ ဒုက္ခတို့မှ ကင်းသော သန္တိသုခ ကိုသာ အလို ရှိတော်မူကြလေသည်၊ သန္တိ သုခ အပြည့်အဝရှိသော နိဗ္ဗာန်ကို ပဋိပတ်အမြင်ဖြင့် ဒိဋ္ဌထင်ထင် ကိုယ်တိုင်မြင်ပြီး ငြိမ်းအေး ချမ်းသာဖူးပြီးဖြစ်၍လဲ ဝေဒယိတသုခမျိုးကို အထင်ကြီးတော် မမူကြ တော့ပေ၊ ထို့ကြောင့်ပင် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် အချိန်ရတိုင်း နိဗ္ဗာန်ချမ်းသဖြင့် နေတော်မူလေ့ရှိပြီး “သုခမိဒံ အာဝုသော နိဗ္ဗာနံ၊ သုခမိဒံ အာဝုသော နိဗ္ဗာနံ”ဟူ၍လဲ နှုတ်တော်မှ ဥဒါန်းကျူးတော်မူလေ့ရှိပေသည်၊

ကိလေသာ အလုံးစုံကုန်ပြီးသား ရဟန္တာအဖြစ်သို့ ရောက်သွားပြီဆိုလျှင် ဝေဒယိတသုခဆိုသည့် ချမ်းသာမျိုးကို “ချမ်းသာလှပါပေသည်”ဟူ၍ နိဗ္ဗာန်ချမ်းသာကို ဥဒါန်းကျူးသကဲ့သို့ မည်သည့်အခါမျှ ကျူးရင့်တော်မူလေ့မရှိကြတော့ပေ၊ အရိယာပုဂ္ဂိုလ်တို့သည် နိဗ္ဗာန်ကို ဒိဋ္ဌထင်ထင်မြင်ပြီး၍ နိဗ္ဗာန်ချမ်းသာဖြင့် အချမ်းသာဆုံး ချမ်းသာနေကြပြီ ဖြစ်သောကြောင့် ပုထုဇဉ်တို့ လိုလားနေသော ဝေဒယိတသုခမျိုးကို လိုလားတော်မူခြင်း မရှိကြဘဲ လျစ်လျုရှုတော်မူနိုင်ကြသည်၊ အရိယာပုဂ္ဂိုလ်တို့ မြင်ထားသော ဤနိဗ္ဗာန်ချမ်းသာကို ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီးသည် ဤ “နိဗ္ဗာန်ဆိုင်ရာ တရားတော်”တွင် ထိထိမိမိ အပြည့်အစုံ ဟောကြားထားသည်ကို တွေ့ကြရ မည်သာ ဖြစ်ပေသည်။

ပြည့်စုံလှပေသည်

▬▬▬▬▬▬

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီးသည် ဤနိဗ္ဗာန်ဆိုင်ရာ တရားတော်ကို တရားတစ်ပွဲလျှင် တစ်ပိုင်း ပိုင်း၍ တရားပွဲ ၇-ပွဲ ဟောခဲ့သည်၊ သို့သော် “နောက်ဆုံး ၂-ပိုင်းကို ချုံး၍ တစ်ပိုင်းတည်း ရေးထားသည်”ဟု အမိန့်ရှိပါသည်၊ ထို့ကြောင့် အပိုင်းကြီး (၆)ပိုင်းနှင့် မာတိကာပေါင်း ရာကျော် ရှိနေပေရာ နိဗ္ဗာန်ကို လက်နှင့် ကိုင်ပြသကဲ့သို့ နိုင်နင်းတော်မူလှပေသည်၊ နိုင်နင်းတော်မူသလောက်ပင် ဟောကြားထားသည့်နေရာမှာလဲ ဘယ်နေရာမှာ လိုနေသေးသည်ဟူ ၍မရှိရအောင် အကွက်စေ့စေ့ ပြည့်ပြည့်စုံစုံ ဟောထားသည်ကို တွေ့ကြရပေလိမ့်မည်၊ တဘက်သတ် ပရိယတ်အမြင်မျိုးနှင့် ကြည့်ပြီး ဟောကြားထားသော တရားမဟုတ်၊ ပရိယတ်, ပဋိပတ်နှင့် ဟောထားသော တရားဖြစ်သောကြောင့်လဲ ပရိယတ် သမားများရော ပဋိပတ်သမားများပါ အားရ နှစ်သက် လောက်သည့် တရားတော်လဲ ဖြစ်ပေသည်၊ ပရိယတ်, ပဋိပတ်နှစ်ရပ် အပြည့်အစုံ ဟောကြားထားသော ဤတရားမျိုး (နိဗ္ဗာန်တရားမျိုး)ကို ပဋိပတ်အတွေ့ အမြင် မရှိလျှင် အဘယ်ပုဂ္ဂိုလ်သည် ဟောကြားနိုင်စွမ်း ရှိပေမည်နည်း၊ ပဋိပတ် အတွေ့အမြင် မရှိသော သာမန် ပုဂ္ဂိုလ်တို့ ဟောကြားနိုင်စွမ်းမရှိသော တရားမျိုးဖြစ်ပေသည်။

ဤနိဗ္ဗာန်ဆိုင်ရာ တရားတော်တွင် နိဗ္ဗာန်ကို မျက်မှောကြ်ုပနိုင်သည့် အခြေခံ ဝိပဿနာ ရှုနည်းလဲပါသည်၊ ဝိပဿနာ ရှုမှတ်ရင်း နိဗ္ဗာန်သို့ ဆိုက်ရောက်သွားပုံလဲ ပါသည်၊ ပါဠိတော် အဋ္ဌကထာက သာမန်ဆိုထား၍ အသိခက်သော နေရာမျိုးတွင် အတိအကျ ဖော်ထုတ် ပြထား သည်လဲပါသည်၊ လမ်းမှား အားထုတ်နေကြသော ယောဂီတို့အတွက် လမ်းမှန်ရောက်အောင် လမ်းညွှန်လဲပါသည်၊ အနည်းငယ်မျှ ဖော်ပြရလျှင်-

“ဒွါရ ၆-ပါးက ဖြစ်တိုင်း, ဖြစ်တိုင်းကို လိုက်ပြီး မရှုနိုင်သေးခင် အားထုတ်ခါစမှာထင်ရှားတဲ့ ရုပ်အမူအရာတစ်ခုခု ကစပြီးရှုမှတ်ရတယ်၊ သွားနေဆဲဆိုလျှင် သွားတဲ့ အမူအရာကပဲစပြီး ရှုရတယ်” နှာ(၁၁) ဤသို့ စသည် အခြေခံ ဝိပဿနာ ရှုမှတ်နည်း။

“ရှုတိုင်းရှုတိုင်း ဖြစ်ဖြစ်ပြီး ပျက်ပျက် သွားတာကိုချည်းဉာဏ်ဖြင့် တွေ့နေရတာတွေဟာ သင်္ခါရ တွေချည်းပဲ၊ နောက်ဆုံးကျတော့ ဒီလို ရှုနေရင်းထဲကပင် ဖြစ်ပျက်ခြင်းမရှိတဲ့ သဘောထဲကို အသိဉာဏ်က သူ့အလိုလို ရောက်သွားတယ်၊ အဲဒါဟာ မဂ်ဖိုလ်ဉာဏ်ဖြင့် ဖြစ်ခြင်းကင်းတဲ့ နိဗ္ဗာန် အငြိမ်းဓာတ်ကို မျက်မှောက်တွေ့သွားတာပဲ” နှာ (၇၂)။

ဤသို့ စသည် ရှုမှတ်ရင်း နိဗ္ဗာန်သို့ ဆိုက်ရောက်သွားပုံ။

အနိမိတ္တ ပစ္စုပဋ္ဌာနံ- ပုံသဏ္ဌာန် အရိပ်နိမိတ် ကင်းသောအားဖြင့် ဉာဏ်အား ရှေးရှုထင်၏-လို့ ပြဆိုထားပါတယ်၊ အဲဒီမှာ ဉာဏ်အား ရှေးရှုထင်တယ်ဆိုတာက ဘယ်ဉာဏ်ကိုဆိုပါသလဲဆိုရင် နိဗ္ဗာန်အစစ်ကို အရိယာများသာ သိနိုင်တဲ့အတွက် အရိယာများ၏ မဂ်ဖိုလ်ဉာဏ်နှင့် ပစ္စဝေက္ခဏာ ဉာဏ်ကို ယူရင်အသင့်တော်ဆုံးပါပဲ “နှာ ၈၂။

ဤသို့စသည် သာမန်ဆိုထား၍ အသိခက်သော နေရာများတွင် အတိအကျ ဖော်ထုတ်ပြထားပုံ။

“တချို့က ဒီလို ပါဠိကိုပြပြီး အလွဲအမှားတွေကို ဟောနေကြတာရှိတယ်၊ သူတို့ဟောပုံကတော့ အားထုတ်နေရင် သင်္ခါရဆင်းရဲတွေ ဖြစ်နေတာပဲ ။ပ။ ဘာဝနာကုသိုလ်တွေပြုနေဖို့မလိုပါဘူး ။ပ။ အဲဒါဗုဒ္ဓတရားတော်နဲ့ ပြောင်းပြန်ဆန့်ကျင်ဘက်ပဲ” နှာ ၈၈။ ဤသို့ စသည် လမ်းညွှန်ပုံတွေပါ ပါရှိပေသည်။

ဖတ်ကြည့်ပါ

▬▬▬▬

ကောင်းမွန် ပြည့်စုံသမျှကို ဤနေရာတွင် ကုန်စင်အောင် ဖော်ပြနေရန် အခွင့်မရပေ၊ ကောင်းမွန် သလောက်ကို တကယ်ကုန်စင်အောင်လဲ ဖော်ပြနိုင်စွမ်း မရှိပါ၊ လျှာပေါ်တင်၍ မြည်းရုံ၊ အရသာ သိလောက်ရုံမျှသာ ဖော်ပြလိုက်ရခြင်း ဖြစ်ပေသည်၊ ကိုယ်တိုင်ဖတ်ရှုကြည့်သည့်အခါ အပြည့်အဝ သိရပါလိမ့်မည်။ဤတရားတော်တွင် သဥပါဒိသေသနိဗ္ဗာန်မှ ပရိနိဗ္ဗာန်ပြု၍ အနုပါဒိသေသ နိဗ္ဗာန် အထိ ဟောကြားထားသဖြင့် နိဗ္ဗာန် သဘောကို ထင်ရှားအောင် အပြည့်အစုံ ဟောကြား ထားပေသည်၊

ဆရာတော်ဘုရားကြီးဟောကြားသော တရားဖြစ်စေ၊ ရေးထားသော ကျမ်းဂန်ဖြစ်စေ ဟောခွင့်ရေးခွင့် ရောက်လာလို့ဟောရပြီ, ရေးရပြီဆိုလျှင် သိပြီးဖြစ်ကြသည့်အတိုင်း ပရိယတ်ရော ပဋိပတ်ပါ အပြည့်အစုံ ဟောကြား ရေးသားတော် မူလေ့ရှိပါသည်၊ ယခု ဤနိဗ္ဗာန် ဆိုင်ရာ တရားတော်တွင်လဲ ဘယ်နေရာမှာ ပရိယတ်ဘက်က လိုနေသည်၊ ဘယ်နေရာမှာ ပဋိပတ်ဘက်က လိုနေသည်ဟူ၍ တွေ့ကြရမည် မဟုတ်ဘဲ အဘက်ဘက်က ပြည့်စုံနေသည်ကို တွေ့ကြရမည်သာ ဖြစ်ပေသည်။ ဟောရာ ပြောရာ ရေးသားကြရာ၌ ပရိယတ် အားသန်သူတို့က ပရိယတ် တစ်ဘက်ကိုသာ လည်းကောင်း၊ ပဋိပတ်အားသန်သူတို့က ပဋိပတ်တစ်ဘက်ကိုသာ လည်းကောင်း ဟောပြောရေးသားတတ်ကြ သဖြင့် မပြည့်မစုံ ဖြစ်နေတတ်ကြပေသည်၊

ဤကဲ့သို့ တဘက်ဘက်က လိုနေပြီဆိုလျှင် ထမင်းကောင်းပါသော်လဲ ဟင်းမကောင်း၊ ဟင်းက ကောင်းပါသော်လဲ ထမင်း မကောင်းသည်ကို စားရသကဲ့သို့ ဖတ်ရှုရာ၌ အရသာမပြည့်စုံဘဲ ဖြစ်နေတတ်ပေသည်၊ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြား ရေးသားသော တရားနှင့် ကျမ်းဂန်များမှာကား နှစ်ဘက်စလုံး ပြည့်ပြည့်စုံစုံ ထမင်းရော ဟင်းရော အကောင်းချည်း စားရသည်နှင့် တူသောကြောင့် အရသာပြည့်ပြည့်စုံစုံ စားကြရသကဲ့သို့ ရှိပေသည်။

ဤနိဗ္ဗာန်ဆိုင်ရာတရားတော်သည် နောင်လာ နောက်သား ပညာရှိ သူတော်ကောင်း တို့အတွက်ရော မျက်မှောက်ရှိ ပညာရှိ သူတော်ကောင်းတို့ အတွက်ပါ ရတနာထုပ်ကြီးကို ရရှိသည့်အလား ကျေးဇူး များလှသော တရားတော်ဖြစ်သဖြင့် ဗုဒ္ဓ မြတ်စွာသာသနာတော် တည်သမျှ ကာလပတ်လုံး အဓွန့် ရှည်ကြာ တည်ပါစေ-ဟူသော ပတ္ထနာပြုရင်း ဤလက်ဦးရှုဖွယ်ကို အဆုံးသတ်ပါသတည်း။

ဝက်လက် မစိုးရိမ် ဦးတိဿ။

၁၃၃၆-ခု၊ တော်သလင်းလ။

မာတိကာ

▬▬▬

ပဌမပိုင်း
တရားပလ္လင်ခံ
နိဗ္ဗာန်ဆိုတာ ဘာလဲ
ရတနသုတ် ပရိတ်ဂါထာ
ကံကုန်အောင် ကျင့်နည်း
စိတ္တဝိသုဒ္ဓိ ဖြစ်ပုံ
ဒိဋ္ဌိဝိသုဒ္ဓိ ဖြစ်ပုံ
သမ္မသနဉာဏ် ဖြစ်ပုံ
ဥဒယဗ္ဗယဉာဏ် စသည်ဖြစ်ပုံ
သောတာပန် စသည် ဖြစ်ပုံ
ဒါနကုသိုလ်က အရဟတ္တဖိုလ် အကျိုးပေးသည်
ဝိပဿနာလဲ ရှုပြီးမှ အရဟတ္တဖိုလ် ရတယ်
ရဟန္တာမှာ သေရေးနေရေး မတောင့်တ
တဏှာကြောင့် ဘဝသစ် ဖြစ်တယ်
ရဟန္တာမှာ တဏှာမရှိလို့ ဘဝသစ် မဖြစ်
ဆီမီးတောက်ငြိမ်းတာနဲ့ တူတယ်
နိဗ္ဗာနံ-ပုဒ်၏ ဝစနတ္ထများ
သန္တိလက္ခဏာ အဓိပ္ပာယ်
ကိလေသဝဋ်
ကမ္မဝဋ်
လူမိုက် မမှီဝဲတာ မင်္ဂလာ
ဝိပါကဝဋ်
ဝဋ်သုံးပါး လည်နေပုံ
ဝဋ်သုံးပါး ကြောက်စရာ ကောင်းတယ်
ဝဋ်သုံးပါး ကင်းအောင် ကျင့်ပုံ
လောက ဖြစ်ပုံ
လောက ချုပ်ပုံ
သမ္မသသုတ်
ထန်းငုတ်တိုနှင့် တူတယ်
နိဗ္ဗာန် ချမ်းသာပုံ
အဲဒါကမှ ချမ်းသာအစစ်
ကာမဂုဏ် ချမ်းသာထက် ပထမ ဈာန် ချမ်းသာက သာ၍ ကောင်းသည်
ပထမဈာန် ချမ်းသာ စသည်ထက် ဒုတိယဈာန် ချမ်းသာ စသည်က သာ၍ ကောင်းသည်
ဈာန်ချမ်းသာတွေထက် နိဗ္ဗာန်က သာ၍ချမ်းသာသည်
နိဂုံးချုပ် တရားသိမ်းပတ္ထနာ

ဒုတိယပိုင်း
တရားအနုသန္ဓေ
သင်္ခါရနှင့် နိဗ္ဗာန်ခွဲပုံ
(၁) ဥပ္ပာဒနှင့် အနုပ္ပာဒ
(၂) ပဝတ္တနှင့် အပ္ပဝတ္တ
(၃) နိမိတ္တနှင့် အနိမိတ္တ
ဘင်္ဂဉာဏ်ရောက်တော့ သဏ္ဌာန်နိမိတ်ကင်းသည်
နိဗ္ဗာန်၏ လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်
နိဗ္ဗာန်မှာ အဆင်းအရောင် ပုံသဏ္ဌာန် မရှိ
(၄) အာယူဟနာနှင့် အနာယူဟနာ
အားမထုတ်ပဲ နေရုံနဲ့တော့ ကံမကင်းနိုင်
အကုသိုလ်က ရေစုန်မျောတာလိုပင် ဖြစ်လွယ်တယ်
ကုသိုလ် မပြုပဲနေရင် အကုသိုလ်ချည်း မပြတ်ဖြစ်နေမယ်
ရဟန္တာဟာ ကုသိုလ်အမှုကိုတော့ မပယ်ဘူး
(၅) ပဋိသန္ဓေနှင့် ပဋိသန္ဓေကင်းတာ
နိဗ္ဗာန်ဓာတ် ၂-ပါး
သဥပါဒိသေသ နိဗ္ဗာန်
ဝန်ထုပ်ကြီး ၃-ခု
(၁) ကိလေသာ ဝန်ထုပ်ကြီး
(၂) အဘိသင်္ခါရ ဝန်ထုပ်ကြီး
(၃) ခန္ဓာဝန်ထုပ်ကြီး
ဝန်ထုပ်တွေ ပယ်ချပြီး ဖြစ်နေပြီ
ဘဝနှောင်ကြိုးလဲ မရှိတော့ပြီ
မှန်စွာသိ၍ လွတ်မြောက်နေပြီ
ဣန္ဒြေငါးပါးရှိနေလို့ သုခ ဒုက္ခခံစားရတယ်
ရာဂ စသည်မဖြစ်ခြင်း- ငြိမ်းခြင်းဟာ သဥပါဒိသေသနိဗ္ဗာန်ပဲ
အနုပါဒိသေသနိဗ္ဗာန်
အထူးမှတ်ဖွယ်ကောင်းသည့် ဂါထာ ၂-ပုဒ်
ရာဂ စသည် ကုန်ခြင်းကိုပင် နိဗ္ဗာန်ဟုဆိုသည်
အကြောင်းနိဗ္ဗာန် အကျိုးနိဗ္ဗာန်မခွဲသင့်
နိဂုံးချုပ် တရားသိမ်း ပတ္ထနာ

တတိယပိုင်း
တရားအနုသန္ဓေ
မြတ်စွာဘုရားကျူးရင့်သော ဥဒါန်း ဂါထာတော်
ဗာဟိယဒါရုစီရိယ ဝတ္ထု
ဗာဟိယသုတ် တရားတော်
ဒိဋ္ဌေ ဒိဋ္ဌမတ္တံ စသည် ရှုနည်းအကျဉ်း
အရှင်ဗာဟိယ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်စံသည်
မျက်စိနှင့် ရူပသညာချုပ်လျှင် နိဗ္ဗာန်
ကြားသိ ရှုပြီး အငြိမ်းဓာတ်တွေ့ပုံ
နံသိရှုပြီး အငြိမ်းဓာတ်တွေ့ပုံ
စားသိရှုပြီး အငြိမ်းဓာတ်တွေ့ပုံ
ထိသိရှုပြီး အငြိမ်းဓာတ်တွေ့ပုံ
အသိစိတ် ရှုပြီး အငြိမ်းဓာတ်တွေ့ပုံ
အာယတန ၆-ပါးချုပ်တာ နိဗ္ဗာန်ပဲ
နိဗ္ဗာန်မျက်မှောက်ပြုပုံ
သမ္မာပဋိပန္န - နည်းလမ်းမှန်စွာကျင့်ပုံ
နိဗ္ဗိဒါဉာဏ်ဖြစ်ပုံ ဥပမာ
နိဂုံးချုပ် တရားသိမ်းပတ္ထနာ

စတုတ္ထပိုင်း
တရားအနုသန္ဓေ
အရိုအသေ တရားနာကြသည်
တစ္ဆေမ တစ်ယောက်တောင် တရားနာတယ်
နိဗ္ဗာန ပဋိသံယုတ္တံ ဥဒါန်းပါဠိ (၁၇၇)
နိဗ္ဗာန်ဆိုတာ တကယ်ရှိတဲ့တရား
နိဗ္ဗာန်မှာ ဓာတ်လေးပါးမရှိ
ဥပါဒါရုပ်လဲမရှိ
ရုပ်မှီတဲ့စိတ်လဲ မရှိ
အရူပစိတ်လဲ မရှိ
နိဗ္ဗာန်မှာ ရုပ်နာမ် အားလုံးပင်မရှိ
နိဗ္ဗာန်ဆိုတာ လောကမှ အလွတ်ဖြစ်သည်
နိဗ္ဗာန်မှာ လာခြင်း သွားခြင်း တည်ခြင်းမရှိ
စုတေခြင်း ကပ်ရောက်ခြင်းလဲ မရှိ
တည်ရာလဲ မရှိ
ရုပ်နာမ်လဲ အယဉ်လဲ မရှိ
ရောဟိတဿသုတ်တရား
လောက၏အဆုံး သွား၍မရောက်နိုင်
လောက၏ အဆုံးရောက်မှ ဆင်းရဲငြိမ်းသည်
သစ္စာလေးပါးလုံး ကိုယ်ထဲမှာရှိသည်
လောကနှင့် လောကသမုဒယ ကိုယ်ထဲ၌ ရှိနေပုံ
ကြားရာ စသည်၌ ဒုက္ခနှင့် သမုဒယဖြစ်ပုံ
ထိသိရာ၌ ဒုက္ခနှင့် သမုဒယဖြစ်ပုံ
ထိသိမှုနှင့် ဓာတ်လေးပါးကစပြီး ဝိပဿနာရှုရတယ်
လူတိုင်း ရှုလို့ လွယ်တဲ့ ဖောင်းပိန်မှု
ကြံသိဆဲ ခဏ၌ ဒုက္ခနှင့် သမုဒယဖြစ်ပုံ
လောက၏အဆုံး နိဗ္ဗာန်တွေ့သိပုံတွေ
အနေကဇာတင် ဂါထာ ၂-ပုဒ်
တည်ရာရှိမရှိ ဆိုတာက ပြလိုရင်းပဲ
နိဂုံးချုပ် တရားသိမ်း ပတ္ထနာ

ပဉ္စမပိုင်း
တရားအနုသန္ဓေ
တဏှာကင်းတာ နိဗ္ဗာန်
တဏှာက နိဗ္ဗာန်ကိုမကြိုက်
နင်တို့က မစဉ်းစားပေမယ့် ငါကစဉ်းစားဦးမယ်
နိဗ္ဗာန်ရောက်ကြောင်း ကုသိုလ်ပြုနိုင်ခဲတယ်
မောင်ကာလ ဝတ္ထု
သောတာပန် ဖြစ်ရတာက စကြဝတေးမင်းအဖြစ် ထက်လဲ မြတ်တယ်
နတ်ဗြဟ္မာ ဖြစ်ရတာထက်လဲ မြတ်တယ်
ဗြဟ္မာမင်းကြီး ဖြစ်ရတာထက်လဲ မြတ်တယ်
ကာမသတ္တဝါတွေက ဗြဟ္မာဘဝတောင်မကြိုက်
ကာမ-ရူပသတ္တဝါတွေက ရုပ်မရှိတာ မကြိုက်
နိဗ္ဗာန်ကိုတော့ ဘယ်တဏှာကမျှ မကြိုက်
နိရောဓသစ္စာအဖွင့်
ဥပဓိ ၄-ပါး
နိရောဓော-ပုဒ်၏ မုချအနက်
သီလက္ခန္ဓဝဂ်-ကေဝဋ္ဋသုတ်
ကေဝဋ်ဒါယကာက လျှောက်ပုံ
ဣဒ္ဓိ(တန်ခိုး)ပြာဋိဟာ
ဂန္ဓာရီအတတ်
အာဒေသနာ (အတပ်ဟော) ပြာဋိဟာ
အနုသဝသနီ (ဆုံးမညွှန်ကြားမှု) ပြာဋိဟာ
ဘုတ်ငြိမ်းရာရှာတဲ့ ရဟန်း
နိဂုံးချုပ် တရားသိမ်း ပတ္ထနာ

ဆဋ္ဌမပိုင်း
တရားအနုသန္ဓေ
အငြိမ်းဓာတ်ရှိ၍ ငြိမ်းသည်
မိထွေးတော်မဟာပဇာပတိ ဂေါတမီ ဝတ္ထု
နေပြည်တော် ကြွရန် ပင့်လျှောက်ပုံ
သုဒ္ဓေါဒနမင်းကြီး သောတာပန်ဖြစ်ပုံ
မိထွေးတော်ဂေါတမီ သောတာပန်ဖြစ်ပုံ
နန္ဒမင်းသားနှင့် ရာဟုလာကို ရှင်ရဟန်းပြုပေးခြင်း
သုဒ္ဓေါဒနမင်းကြီး ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်စံခြင်း
ဘိက္ခုနီပြုရန် ခွင့်တောင်းခြင်း
အရှင်အာနန္ဒာက ဘိက္ခုနီပြုရန် တောင်းပန်ခြင်း
ဘိက္ခုနီပြုရန် ခွင့်ပြုတော်မူခြင်း
မိထွေးတော် ဂေါတမီထေရီ ပရိနိဗ္ဗာန်ပြုပုံ
ငိုသူတို့အား နှစ်သိမ့်စေခြင်း
မြတ်စွာဘုရားအား လျှောက်ပုံ
ကျက်သရေမင်္ဂလာရှိလှသည့် ၃-ဂါထာ
သံဝေဂဖြစ်ဖွယ် ဂါထာ ၂-ပုဒ်
အရှင်အာနန္ဒာ၏ ငိုချင်း
အရှင်အာနန္ဒာအား နှစ်သိမ့်စေခြင်း
တန်ခိုး ပြစေတော်မူခြင်း
ပရိနိဗ္ဗာန်ပြုရန် လျှောက်ခြင်း
နောက်ဆုံး ပရိနိဗ္ဗာန်စံဝင်ပုံ
နိဗ္ဗာန်၏ သရုပ်ဖော်ဂါထာ ၂-ပုဒ်
ဘုရားရှင်၏ ဥယျောဇဉ် ဂါထာ
နိဂုံးချုပ်တရားသိမ်းပတ္ထနာ

မာတိကာ ပြီး၏။

နိဗ္ဗာနပဋိသံယုတ္တကထာ
နိဗ္ဗာန်ဆိုင်ရာတရားတော် (ပဌမပိုင်း)

(၁၃၂၆-ခုနှစ်၊ တော်သလင်းလဆန်း ၈-ရက်နေ့ဟောသည်)

တရားပလ္လင်ခံ

လွန်ခဲ့တဲ့ သီတင်းနေ့က စူဠဝေဒလ္လသုတ် တရားတော်ကို အပြီးသတ် ဟောခဲ့တယ်၊ အဲဒီသုတ် အဆုံးပိုင်းမှာ “သုခဝေဒနာနှင့်တူတာ ဘာလဲ” လို့ ဝိသာခသဌေးကြီးက မေးတယ်၊ “သုခဝေဒနာ နှင့်တူတာ ဒုက္ခဝေဒနာပဲ”လို့ ဓမ္မဒိန္နာထေရီမက ဖြေတယ်။ “ဒုက္ခဝေဒနာနှင့် တူတာဘာလဲ”လို့ မေးမြန်းတော့ “သုခဝေဒနာပဲလို့ ဖြေတယ် သုခနှင့် ဒုက္ခဟာ အကောင်းနှင့် အဆိုးအဖြစ်ဖြင့် အချင်းချင်း ပြောင်းပြန်ဆန့်ကျင်ဘက်ဖြစ်ပြီး တူနေတာကို ရည်ရွယ်ပါတယ်။

အဲဒီကနောက် “ဥပေက္ခာ ဝေဒနာနှင့်တူတာ ဘာလဲ”လို့ မေးပြန်တယ်၊ “ဥပေက္ခာဝေဒနာနှင့် တူတာ အဝိဇ္ဇာပဲ”လို့ ထေရီမက ဖြေတယ်။ သုခနှင့် ဒုက္ခ ဆိုတာတွေက ကိုယ်ထဲစိတ်ထဲမှာ ဖြစ်ပေါ်လာရင် ထင်ရှားတယ် သိလွယ်တယ်၊ ဥပေက္ခာ ကတော့ မထင်ရှားဘူး၊ အသိခက်တယ်၊ ထို့အတူပင် လောဘ နှင့် ဒေါသဆိုတာတွေ ဖြစ်ပေါ်လာရင် ထင်ရှားတယ်၊ သိလွယ်တယ်၊ အဝိဇ္ဇာဆိုတဲ့ မောဟကတော့ မထင်ရှားဘူး၊ အသိခက်တယ်၊ အဲဒီလို အသိခက်ပုံချင်း တူတယ်လို့ ဆိုလိုပါတယ်။

အဲဒီကနောက် “အဝိဇ္ဇာနှင့်တူတာ ဘာလဲ”လို့ မေးပြန်တော့ “ဝိဇ္ဇာပဲ”ဖြေတယ်။ ဝိဇ္ဇာဆိုတာ အရိယမဂ်ဉာဏ်ပဲ အဝိဇ္ဇာက သစ္စာလေးပါးကို မသိဘူး ဖုံးကွယ်တယ်၊ ဝိဇ္ဇာဉာဏ်က သစ္စာလေးပါး ကို သိတယ် ထင်ရှားပြတယ်၊ အဲဒီလို ပြောင်းပြန်ဆန့်ကျင်ဘက်အနေဖြင့် တူတာကို ဆိုလိုတယ်။

အဲဒီကနောက် “ဝိဇ္ဇာနှင့်တူတာ ဘာလဲ”လို့ မေးပြန်တယ်၊ “ဝိမုတ္တိပဲ”လို့ ထေရီမကဖြေတယ်၊ ဝိမုတ္တိဆိုတာ အရိယဖိုလ်တရား အရိယဖိုလ်ဉာဏ်ပဲ၊ အရိယမဂ်နှင့် အရိယဖိုလ်ဟာ သဘောအားဖြင့် အတူတူပါပဲ၊ အရိယာပုဂ္ဂိုလ်၏ သန္တာန်မှာ အရိယမဂ်နှင့်အလားတူ ထပ်ခါထပ်ခါဖြစ်နေတဲ့ အကျိုး တရားကို အရိယဖိုလ်လို့ ခေါ်ရတာပဲ၊ ဒါကြောင့် ဝိဇ္ဇာနှင့် ဝိမုတ္တိကတော့ တစ်ထပ်တည်း တစ်ပုံ တည်း တူတဲ့တရားများ ဖြစ်တယ်။

အဲဒီဝိမုတ္တိနှင့် တူတာက ဘာလဲလို့ မေးပြန်တော့ “ဝိမုတ္တိနှင့် တူတာဟာ နိဗ္ဗာန်ပဲလို့” ထေရီမက ဖြေတယ်၊ ဖိုလ်ဝင်စား နေတဲ့အခါမှာ ဖိုလ်နှင့် နိဗ္ဗာန်ဟာ ငြိမ်းနေတဲ့ အနေအားဖြင့် ထင်ရှား တွေ့ရတယ်၊။ ဒါကြောင့် နိဗ္ဗာန်ကို ဖိုလ်နှင့်တူတဲ့ (ပဋိဘာဂ) တရားလို့ ဆိုပါတယ်။

အဲဒီတော့ ဝိသာခ သဌေးကြီးက “အဲဒီ နိဗ္ဗာန်နှင့်တူတဲ့ တရားကဘာလဲ”လို့ မေးပြန်တယ်၊ အဲဒီတော့ ဓမ္မဒိန္နာထေရီမက “အရှင်သဌေးကြီး မေးခွန်းပြဿနာဟာ ရပ်သင့်ရာတွင် မရပ်ပဲ နယ်ပယ် လွန်သွားပြီ၊ မြတ်စွာဘုရား သာသနာတော်မှာ နိဗ္ဗာန်ဟာ အမြင့်အမြတ်ဆုံး ဖြစ်တယ်၊ သီလ သမာဓိ ပညာဆိုတဲ့ အကျင့်မြတ်ဟာ နိဗ္ဗာန်မှာ အဆုံးသတ်သွားတယ်၊ နိဗ္ဗာန်ထက် ပိုလွန်ပြီး ရောက်စရာ မရှိတော့ဘူး။ ဒါကြောင့် နိဗ္ဗာန်နှင့်တူတဲ့ (ပဋိဘာဂ) တရားဟာ ဘာလဲလို့ မမေးသင့်ဘူး အဲဒီ မမေးသင့်တာကို မေးတဲ့အတွက် အမေးပြဿနာ နယ်ပယ် လွန်သွားတယ်။ အကယ်၍ မကျေနပ်သေးရင် မြတ်စွာဘုရားထံ သွားပြီး မေးပါတော့”လို့ ပြောကြားလိုက်တယ်။

ဝိသာခသဌေးကြီးလဲ မြတ်စွာဘုရားထံ သွားပြီးတော့ သူကမေးခဲ့ပုံ ထေရီမက- ဖြေလိုက်ပုံများကို လျှောက်တယ်၊ ဒီတော့ မြတ်စွာဘုရားက ဓမ္မဒိန္နာထေရီမကို ချီးကျူးပြီးတော့ “ငါဘုရားကို မေးရင်လဲ ဒီအတိုင်း ဖြေမှာပဲ အဲဒီအတိုင်းပင် မှတ်လေတော့”လို့ မိန့်တော်မူလိုက်တယ်၊ အဲဒါဟာ စူဠဝေဒလ္လသုတ်ရဲ့ အဆုံးသတ် နိဂုံးချုပ်ပဲ။

အဲဒီနိဂုံးချုပ်ကို ဟောစဉ်တုန်းကပင် နိဗ္ဗာန်အကြောင်းကိုလဲ ထည့်သွင်းဟောဖို့ စဉ်းစားမိခဲ့ပါတယ်၊ ဒါပေမယ့် နိဗ္ဗာန်အကြောင်းက အချိန်အနည်းငယ်လောက်နဲ့တော့ မပြည့်စုံနိုင်ဘူး၊ အနည်းဆုံး ၂-နာရီ ၃-နာရီလောက်ဟောမှ အတော်အတန် ပြည့်စုံမယ်။ ဒါကြောင့် အဲဒီတုန်းက ထည့်သွင်း မဟောတော့ပဲ ဒီသီတင်းနေ့ကစပြီး ဟောဖို့ ရည်ရွယ်ထားခဲ့တယ် အဲဒီ ရည်ရွယ်ချက်အတိုင်း နိဗ္ဗာန် အကြောင်းကို ဒီနေ့ကစပြီး ဟောရမယ်။

နိဗ္ဗာန် ဆိုတာ ဘာလဲ

▬▬▬▬▬▬▬▬

နိဗ္ဗာန်ဆိုတာ ပါဠိလို နိဗ္ဗာနံဆိုတဲ့ပုဒ်မှ ဖြစ်ပေါ်လာတဲ့အမည်ပဲ၊ အနက်အဓိပ္ပာယ် အားဖြင့်တော့ ငြိမ်းရာ၊ ငြိမ်းကြောင်း၊ ငြိမ်းခြင်း သဘောပါပဲ။ ဘာတွေ ငြိမ်းသလဲဆိုရင် ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်ဆိုတဲ့ ဝဋ်ဆင်းရဲတွေ ငြိမ်းတာ ပါပဲ ကိလေသဝဋ်ဆိုတာ အဝိဇ္ဇာ, တဏှာ, ဥပါဒါန် ဆိုတဲ့ ကိလေသာတွေပါပဲ၊ ကမ္မဝဋ်ဆိုတာ သင်္ခါရ, ကမ္မဘဝလို့ဆိုရတဲ့ ကုသိုလ်ကံ အကုသိုလ်ကံတွေပါပဲ၊ ဝိပါကဝဋ်ဆိုတာ အဲဒီ ကုသိုလ်ကံ အကုသိုလ်ကံရဲ့ အကျိုးဖြစ်တဲ့ ဝိညာဉ်နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဆိုတာတွေပါပဲ ပေါ်ပေါ်လွင်လွင် ပြောရရင် ယခုမြင်တိုင်း ကြားတိုင်း နံတိုင်း စားသိတိုင်း တွေ့ထိတိုင်း ကြံသိတိုင်း ထင်ရှားဖြစ်နေတာတွေဟာ ဝိပါကဝဋ် တရားတွေပါ။

အဲဒီမြင်သိ ကြားသိ စသည်ဖြစ်တဲ့ခါ အမှန်အတိုင်းမသိပဲ အလွဲသိမြင်တာက အဝိဇ္ဇာပါပဲ။ ဘယ်လိုလဲ ဆိုရင် မြင်သိတာငါပဲ၊ ကြားသိတာငါပဲငါကမြင်တယ်၊ ကြားတယ်စသည်ဖြင့် အလွဲသိမြင်တာလဲ အဝိဇ္ဇာပဲ၊ အဲဒီမြင်တာကြားတာ မြင်တာ ကြားရတာ စသည်ကို မြဲတယ် ကောင်းတယ်စသည်ဖြင့် ထင်တာတဲ့ အလွဲသိတဲ့ အဝိဇ္ဇာပဲ။ အဲဒီတော့ မြင်တာ ကြားရတာ မြင်ရတာ ကြားရတာ စသည်ကို နှစ်သက်သာယာတယ်၊ အဲဒါက တဏှာပဲ။ အဲဒီလို နှစ်သက်သာယာပြီးတော့ စွဲလမ်းတာက ဥပါဒါန် ပဲ။ အဲဒါဟာ ကိလေသဝဋ်ဆိုတဲ့ တရားတွေ မပြတ်ဖြစ်နေပုံပါပဲ။

အဲဒီလို နှစ်သက်သာယာပြီး စွဲလမ်းတော့ မိမိအလိုအတိုင်း ပြီးစီးအောင် ပြုလုပ်အားထုတ်တယ် အဲဒါက သင်္ခါရ ကမ္မဘဝဆိုတဲ့ ကမ္မဝဋ်ပဲ အဲဒီကံကြောင့် သေသည်၏ အခြားမဲ့မှာ ပဋိသန္ဓေစိတ်မှစ၍ ဘဝအသစ် ဖြစ်ရတယ်၊ အဲဒါက ဝိညာဉ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ အကျိုးတရား ဝိပါကဝဋ်ပဲ။ အဲဒီ ဝိပါကဝဋ်ဟာ ယခု မြင်မှု ကြားမှု စသည်မျိုးတွေပါပဲ။

အဲဒီ မြင်မှု ကြားမှု စသော ဝိပါကဝဋ်ကို မှီပြီးတော့ အဝိဇ္ဇာ စသော ကိလေသဝဋ် ဖြစ်ရပြန်တယ်၊ အဲဒီ ကိလေသဝဋ်ကြောင့် ကမ္မဝဋ် ဖြစ်ရပြန်တယ်၊ အဲဒီ ကမ္မဝဋ်ကြောင့် ဘဝသစ်မှာ အကျိုးဝိပါက ဝဋ်တရားတွေ ဖြစ်ရပြန်တယ်၊ ဒီပုံဒီနည်းဖြင့် ဝဋ်သုံးပါးဟာ အဖန်ဖန် အထပ်ထပ် မပြတ်လည်ပြီး ဖြစ်နေတယ်၊ အဲဒီလို မပြတ်ဖြစ်နေရာမှာ ရှုမှတ်မှု ဝိပဿနာဉာဏ်၏ အစွမ်းဖြင့် အရိယမဂ် ဖြစ်ပေါ်ပြီး နိဗ္ဗာန်ကိုမြင်သွားရင် အဝိဇ္ဇာ အစရှိသော ကိလေသဝဋ်တရားတွေ မဖြစ်နိုင်တော့ဘူး၊ ကိလေသာ မရှိတော့ ကမ္မဝဋ်ဆိုတဲ့ ကံတွေလဲ မဖြစ်နိုင်တော့ဘူး၊ ဖြစ်ပြီး ကံတွေကလဲ အကျိုး မပေးနိုင်တော့ဘူး၊ ဒါကြောင့် ရဟန္တာမှာ ပရိနိဗ္ဗာန်စုတိမှ နောက်၌်ဘဝသစ် ရုပ်နာမ်အကျိုး တရားတွေ မဖြစ်ပေါ်လာတော့ပဲ လုံးဝပြတ်ငြိမ်းသွားတယ်၊ အဲဒါဟာ အရဟတ္တမဂ်ဖြင့် နိဗ္ဗာန်ကို မြင်ပြီး ငြိမ်းခြင်းဖြစ်တဲ့အတွက်-

နိဗ္ဗာတိ ဝဋ္ဋဒုက္ခံ ဧတ္ထာတိ နိဗ္ဗာနံ၊ နိဗ္ဗာတိ ဝဋ္ဋဒုက္ခံ ဧတသ္မိံ အဓိဂတေတိ ဝါ နိဗ္ဗာနံ- လို့ ပါဠိလို ၀စနတ္ထ ပြုရပါတယ်။

ဧတ္တ - ဤအငြိမ်းဓာတ်၌၊
ဝဋ္ဋဒုက္ခ - ဝဋ်ဆင်းရဲအလုံးစုံသည်၊
နိဗ္ဗာတိ - ငြိမ်း၏၊
ဣတိ - ဤသို့ ဝဋ်ဆင်းရဲ၏ ငြိမ်းရာဖြစ်သောကြောင့်၊
နိဗ္ဗာနံ - နိဗ္ဗာန် မည်၏၊

အရဟတ္တမဂ်ဖြင့် နိဗ္ဗာန်ကို တွေ့မြင်လျက် ရောက်တဲ့အခါ ဝဋ်ဆင်းရဲများ လုံးဝ ငြိမ်းသွား သောကြောင့် အဲဒီ အငြိမ်းဓာတ်ကို ငြိမ်းရာ နိဗ္ဗာန်လို့ ဆိုပါတယ် နောက်ပြီးတော့-

ဝါ- တစ်နည်းကား၊
ဧတသ္မိံ အဓိဂတေ - ဤအငြိမ်းဓာတ်ကို အရဟတ္တမဂ်ဖြင့် မြင်လျက်ရလတ်သော်၊
ဝဋ္ဋဒုက္ခံ - ဝဋ် ဆင်းရဲ အလုံးစုံသည်၊
နိဗ္ဗာတိ - ငြိမ်း၏၊
ဣတိ၊ ဤသို့ ဝဋ်ဆင်းရဲ ငြိမ်းကြောင်း ဖြစ်သောကြောင့်၊
နိဗ္ဗာနံ၊ နိဗ္ဗာန်မည်၏။

ဒီ ဝစနတ္ထအရအားဖြင့် အငြိမ်းဓာတ်ကို ဆင်းရဲငြိမ်းကြောင်း နိဗ္ဗာန်လို့ ဆိုတယ်။

ယခု ပြောပြခဲ့တဲ့ ဝစနတ္ထများအရ “ဆင်းရဲ ငြိမ်းရာကို နိဗ္ဗာန်၊ ဆင်းရဲငြိမ်းကြောင်းကို နိဗ္ဗာန်”လို့ ဆိုတာတွေကတော့ မုချစကား မဟုတ်ဘူး၊ နည်းပရိယာယ်ဖြင့် ပြဆိုချက်တွေပါပဲ၊ မုချအားဖြင့်တော့ ဝဋ်ဆင်းရဲ သုံးပါးလုံး ငြိမ်းခြင်းသာလျှင် လိုရင်း ဖြစ်တယ်၊ ဒါကြောင့် -

နိဗ္ဗာယတေ - ငြိမ်းခြင်း၊ နိဗ္ဗာနံ - ငြိမ်းခြင်း လို့ -

ဒီလို ဘာဝသာဓနလဲ ပြုရပါတယ်။ ဒီဘာဝသာဓန ဝစနတ္ထအရအားဖြင့် ဆိုရင်တော့ ဝဋ်ဆင်းရဲ ငြိမ်းခြင်းသည်သာ နိဗ္ဗာန်မည်ပါတယ်၊ အရဟတ္တမဂ်၏အစွမ်းကြောင့် ဝဋ်ဆင်းရဲဟူသမျှ မဖြစ်ပေါ် နိုင်တော့ပဲ လုံးဝငြိမ်းခြင်း သဘောကိုပင် နိဗ္ဗာန်လို့ ဆိုရပါတယ်၊ ဒါဟာ မသွယ်မဝိုက်ပဲ တည့်တည့်ပြဆိုတဲ့ စကားဖြစ်ပါတယ်။ ဒါကြောင့် နိဗ္ဗာန်ဆိုတာ ငြိမ်းခြင်းမျှပဲတဲ့၊ အတိုချုပ် မှတ်ထားကြရမယ်၊

ဘာတွေငြိမ်းသလဲ ဆိုလျှင် ကိလေသာ, ကံ, ဝိပါက်ဆိုတဲ့ ဝဋ်သုံးပါး ဆင်းရဲတွေ ငြိမ်းတယ်။ အဲဒီ ဆင်းရဲငြိမ်းတာကိုပင် သန္တိလက္ခဏာလို့လဲ ဆိုတယ်၊ သမဏံ-ငြိမ်းခြင်း၊ သန္တိငြိမ်းခြင်း ဆိုတဲ့ ဝစနတ္ထအရ သန္တိ-ဆိုတာလဲ ငြိမ်းခြင်းပဲ၊ နိဗ္ဗာန်မှာ သန္တိလက္ခဏာ ရှိတယ်လို့ အဋ္ဌကထာများမှာ ပြဆို ထားတယ်၊ အဲဒါလဲ ဒီငြိမ်းခြင်း သဘောကို ပြဆိုတာပါပဲ၊ ဒီငြိမ်းခြင်းကိုပင် ဂုဏ်မြောက်အောင်လို့ အေး-ဆိုတဲ့ ဂုဏ်ပုဒ်ပါထည့်ပြီး “ငြိမ်းအေးခြင်း လက္ခဏာရှိတယ်”လို့ မြန်မာပြန်ဆိုထားကြတယ်။

ဒါပေမယ့် ငြိမ်းတာမှ တစ်ပါး အေးတာ ရယ်လို့တော့ အထူးမရှိပါဘူး၊ ဆင်းရဲတွေ အကုန်ငြိမ်းရင် အေးတယ်လို့လဲ ဆိုနိုင်ပါတယ်၊ ဒါလောက်ပါပဲ လိုရင်းကတော့ တစ်ဘဝပြီးတစ်ဘဝ မပြတ်ဖြစ် နေတဲ့ ဝဋ်ဆင်းရဲရုပ်နာမ် သင်္ခါရတွေ မဖြစ်ပေါ်နိုင်တော့ပဲ ပြတ်စဲ ချုပ်ငြိမ်းသွားခြင်းဟာ လိုရင်းပါပဲ အဲဒီလို ချုပ်ငြိမ်းခြင်းဟာ အကောင်းဆုံး အမြတ်ဆုံးပဲ၊ အဲဒီမှာ နိဗ္ဗာတိ-ငြိမ်း၏၊ နိဗ္ဗာယတေ - ငြိမ်းခြင်းဆိုတဲ့ ပုဒ်များမှ နိဗ္ဗာန-နိဗ္ဗာန်-လို့ ပြီးလာကြောင်း ပြဆိုရာ၌ သာဓက မှီရာကတော့ -

နိဗ္ဗန္တိ ဓီရာ ယထယံ ပဒီပေါ” ဆိုတဲ့ ရတနသုတ် ပရိတ်ကြီး ပါဠိပါပဲ။

အယံ ပဒီပေါ - ဤ ဆီမီးသည်၊
နိဗ္ဗာတိ ယထာ - ငြိမ်းသကဲ့သို့၊
တေဓီရာ - ထိုရဟန္တာ ပညာရှိတို့သည်၊
နိဗ္ဗန္တိ - ငြိမ်းကုန်၏-တဲ့၊

အဲဒီမှာ … နိ-ရှေးရှိသော ဝါ-ဓာတ်ဖြင့်၊ နိဗ္ဗန္တိ-ငြိမ်းကုန်၏၊ နိဗ္ဗာတိ ငြိမ်း၏-လို့ ဆိုရသလိုပဲ ဒီမှာလဲ နိ-ရှေးရှိသော ဝါ- ဓာတ်ဖြင့်ပင် “နိဗ္ဗာတိ - နိဗ္ဗာယတေ - နိဗ္ဗာန - နိဗ္ဗာန်”လို့ဆိုခြင်းဖြစ်ပါတယ်။ အဲဒီရတနသုတ်ပါဠိဂါထာကို အပြည့်အစုံထုတ်ပြီး ရှင်းပြလိုက်ရင် နိဗ္ဗာန်သဘောဟာ ထင်ရှား ပေါ်သွားနိုင်ပါတယ်၊ ဒါကြောင့် အဲဒီဂါထာကို အပြည့်အစုံ ထုတ်ပြဦးမည်။

ရတနသုတ် ပရိတ် ဂါထာ

ခီဏံ ပုရာဏံ နဝ နတ္ထိ သမ္ဘဝံ၊
ဝိရတ္တစိတ္တာ ယတိကေ ဘဝသ္မိံ။
တေ ခီဏဗီဇာ အဝိရူဠှီဆန္ဒာ၊
နိဗ္ဗန္တိ ဓီရာ ယထယံ ပဒီပေါ။

ဒါဟာ ရဟန္တာပုဂ္ဂိုလ်၏ ဂုဏ်ကို ချီးကျူးပြဆိုတဲ့ ရတနသုတ် ပရိတ်ဂါထာပဲ။ အနက် အဓိပ္ပာယ် ကတော့ -

ယေသံ - အကြင် ရဟန္တာ ပုဂ္ဂိုလ်တို့မှာ၊
ပုရာဏံ - ရှေးဟောင်းကံသည်၊
ခီဏံ - အရဟတ္တမဂ်ဖိုလ်၏ အစွမ်းကြောင့် ကုန်ခန်းခဲ့လေပြီ၊
သမ္ဘဝံ - ဘဝသစ်ကို ဖြစ်စေနိုင်သော၊
နဝံ - အသစ်ဖြစ်သော ကံသည်လည်း၊
နတ္ထိ - မရှိပေ။

ရဟန္တာဆိုတာ မြင်တိုင်း ကြားတိုင်း ဒွါရ ၆-ပါးက ပေါ်လာသမျှ ရုပ်နာမ်တွေကို ဝိပဿနာရှုပြီးတော့ ဝိပဿနာ ဉာဏ်အစဉ်ဖြင့် အရဟတ္တမဂ်ဖိုလ်ကို ရောက်ပြီး ကိလေသာ လုံးဝကင်းနေတဲ့ပုဂ္ဂိုလ်ပဲ အဲဒီရဟန္တာပုဂ္ဂိုလ်မှာ ကိလေသာမရှိတဲ့ အတွက်ကြောင့် ကံဟောင်းတွေကလဲ ဘဝသစ် အကျိုးကို မပေးနိုင်တော့ဘူး၊ ဒါကြောင့် ကံဟောင်းတွေ ကုန်ခန်းသွားပြီလို့ ဆိုရတယ်။ ကိလေသာ မရှိတဲ့အတွက်ကြောင့် အကုသိုလ်အမှုကိုတော့ ပြုလုပ်ခြင်း လုံးဝမရှိဘူး၊ ကုသိုလ်အမှုမျိုး တွေကိုတော့ ပြုပါတယ်၊ ရဟန္တာ ပုဂ္ဂိုလ်ဟာ တရားလဲ ဟောတယ်၊ တရားလဲနာတယ် ဘုရားကို အရိုအသေ ပြုတယ်၊ ရှိခိုးတယ် သိက္ခာဝါကြီးတဲ့ ရဟန်းတော်များကို အရိုအသေ ပြုတယ်၊ ရှိခိုးတယ်၊ မိမိမှာ ပိုလျှံနေတဲ့ ဆွမ်းသင်္ကန်းစသည်ကို သူတစ်ပါးအား ပေးလှူတယ်၊ သီလအကျင့်ကို ရိုသေစွာ ကျင့်တယ်၊ သမထ ဝိပဿနာ အလုပ်ကို အားထုတ်တယ်၊ ဒီလို ကုသိုလ်အလုပ်တွေကို အခွင့်သာတိုင်း ပြုလုပ်ပါတယ်၊ ဒါပေမယ့် ကိလေသာ အဖော် မရှိတော့တဲ့အတွက်ကြောင့် အကျိုးပေးတတ်တဲ့ ကုသိုလ်ကံတော့မဖြစ်ဘူး၊ ကြိယာတရားသာဖြစ်တယ်။ ဒါကြောင့် “သမ္ဘဝံ - ဘဝသစ်ကို ဖြစ်စေနိုင်သော၊ နဝံ - အသစ် ဖြစ်သော ကံသည်လည်း၊ နတ္ထိ- မရှိပေ”လို့ ဆိုပါတယ်။

ဒီနေရာမှာ ပရိယတ္တိ ဗဟုသုတ နည်းပါးတဲ့သူ တစ်ချို့က အယူလွဲပြီး ဟောပြောနေတာ ရှိတယ်၊ ဘယ်လိုလဲ ဆိုတော့ “ရဟန္တာဟာ ကုသိုလ်အမှုလဲ မပြုတော့ဘူး”တဲ့ ဒီလို အယူလွဲပြီး, “ကုသိုလ် ကိုလဲ မပြုလုပ်ရဘူး”တဲ့ ဒီလို အလွဲအမှားတွေကို ဟောပြောနေတာရှိတယ်။ အဲဒီလို ပုဂ္ဂိုလ်၏ စကားကို ယုံကြည်ပြီး ကုသိုလ်အမှုကို မပြုပဲနေရင် အဲဒီလူမှာ သုဂတိဘဝရောက်ကြောင်း, မဂ်ဖိုလ်နိဗ္ဗာန် ရောက်ကြောင်း ကုသိုလ်ကောင်းမှုတွေ မရှိပဲ အပါယ်လေးပါး ရောက်ကြောင်း အကုသိုလ် ချည်း ဖြစ်ပွားနေတော့မှာပဲ၊ ကုသိုလ်အမှုကတော့ မလုပ်ချင်ရင် မလုပ်ပဲ နေလဲရပါတယ်၊ အကုသိုလ်အလုပ်ကိုတော့ မလုပ်ပဲ မနေနိုင်ပေဘူး၊ လောဘ ဒေါသ မောဟ မာန ဒိဋ္ဌိ အစရှိသော အကုသိုလ်တရားတွေက တိုက်တွန်းတိုင်း အဲဒီလိုလူဟာ အကုသိုလ်တွေကို ထက်ထက်သန်သန်နဲ့ ပြုလုပ်နေမှာပဲ၊ ဒါကြောင့် အပါယ်လေးပါးရောက်ကြောင်း အကုသိုလ်ကံတွေသာ ဖြစ်ပွားပြီး အပါယ်လေးပါး ရောက်ဖို့ကတော့ သေချာနေတော့တာပါပဲ။

ကံကုန်အောင်ကျင့်နည်း

▬▬▬▬▬▬▬▬

အမှန်ကတော့ ကံဟောင်းတွေ ကုန်ခန်းပြီး ကံသစ်တွေကိုလဲ မဖြစ်စေချင်ရင် အရဟတ္တမဂ် အရဟတ္တဖိုလ်ရောက်အောင် ကျင့်ရမည်။ ဘယ်လို ကျင့်ရမှာလဲ ဆိုရင်၊ ရှေးဦးစွာ သီလနှင့် ပြည့်စုံ စေရမယ်၊ သီလပြည့်စုံပြီးတဲ့အခါ သမာဓိ ပညာ အကျင့်တွေကို ကျင့်ရမယ်၊ သမာဓိဘက်က ဈာန်ရအောင် ကျင့်နိုင်ရင် သာပြီးကောင်းတယ်၊ ဈာန်ရပြီးတော့ အဲဒီ ဈာန်ကို အခြေခံပြုပြီး ဝိပဿနာအလုပ်ကို အားထုတ်ရမယ်၊ ဈာန်ရအောင် အားမထုတ်နိုင်ရင် မဟာသတိပဋ္ဌာနသုတ်မှာ ဟောထားတဲ့ နည်းများအရ ဒွါရ ၆-ပါးက ထင်ရှားဖြစ်ပေါ်နေတဲ့ ရုပ်နာမ်တရားတွေကို ရှုရမယ်။

အဲဒီလို ရှုတာက ဝိပဿနာအလုပ်ပဲ၊ ဒီ ဝိပဿနာကတော့ ယခုဒီသာသနာ့ရိပ်သာမှာ ယောဂီတွေ ရှုမှတ်နေကြတဲ့ အလုပ်ပါပဲ။ ဒွါရခြောက်ပါးက ဖြစ်တိုင်း ဖြစ်တိုင်းကိုလိုက်ပြီး မရှုနိုင်သေးခင် အားထုတ်ခါစမှာ ထင်ရှားတဲ့ရုပ်အမူအရာ တစ်ခုခုကစပြီး ရှုမှတ်ရတယ်။ သွားနေဆဲဆိုလျှင် သွားတဲ့ အမူအရာကပဲ စပြီးရှုရတယ်၊ ထိုင်နေဆဲဆိုရင် ထိုင်တဲ့ အမူအရာက စပြီး ရှုရတယ်၊ ထိုင်ဆဲမှာ အထူးထင်ရှားတဲ့ အမူအရာတစ်ခုခုကလဲ စပြီးရှုနိုင်ပါတယ်၊ ဒါကြောင့် ဘုန်းကြီးတို့က အလွန် ထင်ရှားပြီး ရှုမှတ်ဖို့ လွယ်ကူတဲ့ ဝမ်းဗိုက်၏ ဖောင်းမှု, ပိန်မှု, တောင့်တင်း လှုပ်ရှားမှုက စပြီး ရှုဖို့ ညွှန်ကြားနေပါတယ်၊ အဲဒီလို ညွှန်ကြားတဲ့အတိုင်း ရှုမှတ်နေယင်း ဖြစ်ပေါ်လာတဲ့ စိတ်ကူးကြံစည်မှု တွေကိုလဲ ရှုမှတ်ရတယ်၊ ညောင်းမှု, ပူမှု, နာကျင်မှု အစရှိသော ဝေဒနာတွေကိုလဲ ရှုမှတ်ရတယ်၊ မြင်မှု, ကြားမှု, နှစ်သက်မှု အစရှိသော သဘောတရားတွေကိုလဲ ထင်ရှားဖြစ်ပေါ်လာတိုင်း ရှုမှတ်ရတယ်။

စိတ္တဝိသုဒ္ဓိ ဖြစ်ပုံ

▬▬▬▬▬▬

ဒါပေမယ့် ရှုမှတ်အားထုတ်ခါစမှာတော့ သမာဓိက အားမရှိသေးတဲ့ အတွက်ကြောင့် စိတ်ကူးတွေက တစ်ခြားကို ထွက်ထွက်သွားတယ် အဲဒီလို ထွက်ထွက်သွားတဲ့ စိတ်ကူးတွေကို မှတ်သိနိုင်အောင် ကြိုးစားရတယ်၊ အဲဒီလို ကြိုးစားပြီး ရှုမှတ်လို့ သမာဓိအားကောင်းလာတဲ့ အခါကျတော့ စိတ်ဟာ တစ်ခြားကို ထွက်မသွားတော့ဘူး၊ ဖောင်းတယ်, ပိန်တယ် စသည်ဖြင့် ရှုမှတ်စရာ အာရုံ၌သာ ကပ်လျက်, ကပ်လျက် တည်တည်နေတယ်၊ တစ်ရံတစ်ခါ စိတ်ကူးထွက်ရင်လဲ အဲဒီ စိတ်ကူးကို ချက်ခြင်းပဲ ရှုမှတ်ပြီးသိတယ်၊ သိတာနှင့် တပြိုင်နက် အဲဒီစိတ်ကူးဟာ ရပ်ပြီးဖောင်းတယ်, ပိန်တယ် စသည်ဖြင့် မှတ်သိလျက်, မှတ်သိလျက် ဖြစ်နေတယ် အဲဒီလိုအခါမှာ ရှေးစိတ်ကလဲ ရှုမှတ်စိတ် + နောက်စိတ်ကလဲ ရှုမှတ်စိတ် + သူ့နောက် စိတ်ကလဲ ရှုမှတ်စိတ် စသည်ဖြင့် ရှုမှတ်စိတ်ချည်း စင်ကြယ်နေတယ်၊ အဲဒါဟာ စိတ္တဝိသုဒ္ဓိပဲ။

ဒိဋ္ဌိဝိသုဒ္ဓိ ဖြစ်ပုံ

▬▬▬▬▬

အဲဒီလို စိတ်စင်ကြယ်တဲ့အခါမှာ မှတ်ရတဲ့ အာရုံကို ပိုင်းပိုင်းခြားခြား သိသိလာတယ်၊ မှတ်သိတဲ့ စိတ်ကိုလဲ ပိုင်းခြား ပြီးသိတယ်၊ ဘယ်လိုလဲဆိုလျှင်၊ သိမှတ်ရတဲ့ အာရုံ၊ ရုပ်က တစ်ခြား + မှတ်သိတာက တစ်ခြားလို့ ပိုင်းခြားပြီး သိတယ်၊ မှတ်တိုင်း မှတ်တိုင်း အဲဒီလိုသိဖန်များတဲ့အခါ မိမိ ကိုယ်ထဲမှာသိစရာ ကိုယ်ရုပ်နဲ့ သိတဲ့စိတ်။ ဒီ ၂ ခုပဲရှိတယ်လို့ သိလာတယ်၊ အဲဒါဟာ နာမရူပပရိစ္ဆေဒဉာဏ်နှင့် ဒိဋ္ဌိဝိသုဒ္ဓိပဲ။

သမ္မသနဉာဏ် ဖြစ်ပုံ

▬▬▬▬▬▬▬
အဲဒီကနောက် ဆက်ပြီးရှုမှတ်နေယင် အကြောင်းနဲ့အကျိုး ဆက်စပ်ပြီး ဖြစ်နေတာကိုလဲ ကိုယ်ပိုင် ဉာဏ်ဖြင့် သဘောကျပြီးသိတယ်။ ပစ္စယပရိဂ္ဂဟဉာဏ်နှင့် ကင်္ခါဝိတရဏ ဝိသုဒ္ဓိပဲ၊ အဲဒီကနောက် ဆက်ပြီး ရှုမှတ်နေရင် ရှုမှတ်ရတဲ့ အာရုံတွေ အသစ်အသစ် ဖြစ်ပေါ်လာလိုက်, တခဏလောက် နေ ပျောက်ကွယ်သွားလိုက်နဲ့ အစ အလယ် အဆုံး သုံးပါးလုံးကို ထင်ရှား တွေ့ရတယ်၊ အဲဒီတော့ “ဖြစ်ပေါ်လာပြီး ပျောက်ပျက်သွားလို့ မမြဲဘူး- ဆင်းရဲတွေ-ပဲ အစိုးမရတဲ့ အနတ္တ သဘော တရားတွေပဲ” စသည်ဖြင့် သုံးသပ် ဆင်ခြင်မိတယ် အဲဒါက သမ္မသနဉာဏ်ပဲ။

ဥဒယဗ္ဗယဉာဏ် စသည်ဖြစ်ပုံ

▬▬▬▬▬▬
အဲဒီကနောက် ဆက်ပြီး ရှုမှတ်နေရင် ခဏ မစဲ လျင်မြန်စွာ ဖြစ်ပျက်နေတာကိုသာ တွေ့ရတယ်။ လျင်မြန်စွာ ရှုမှတ် သိနိုင် သိနိုင်တဲ့ သတိဉာဏ်အထူးများ ဖြစ်လာတာကိုလဲ တွေ့ရတယ်။ အရောင် အလင်းပီတိပဿဒ္ဓိ စသည်ဖြစ်ပေါ်လာတာကိုလဲ တွေ့ရတယ် အဲဒါက အဖြစ်အပျက်ကိုသိတဲ့ ဥဒယဗ္ဗယဉာဏ်ပဲ။

အဲဒီကနောက် ရှုမှတ်မှုကိုသာ အလေးပြုပြီး မပြတ်မစဲ တမှတ်တည်း မှတ်နေလျှင် ပုံသဏ္ဌာန် အထည်ဒြပ်တွေ မထင်တော့ပဲ အလွန်လျင်မြန်စွာ ကွယ်ပျောက် ကွယ်ပျောက် သွားတာကိုသာ တွေ့ရတယ်၊ မှတ်သိရတဲ့ အာရုံရောမှတ်သိတဲ့ စိတ်ရော ပျောက်ပျောက် သွားတာကိုသာ တွေ့ရ တယ်။ အဲဒါက အပျက် ကို သိမြင်တဲ့ ဘင်္ဂဉာဏ်ပဲ။

သောတာပန် စသည်ဖြစ်ပုံ

▬▬▬▬
အဲဒီဘင်္ဂဉာဏ်ဖြင့် မပြတ်ဆက်ပြီးရှုနေလျှင် ဘယဉာဏ် စသည်တွေ အစဉ်အတိုင်းဖြစ်ပြီး သင်္ခါရတွေကို သိရုံ သိရုံမျှ လျစ်လျူရှုနိုင်တဲ့ သင်္ခါရုပေက္ခာဉာဏ် ရောက်တယ်။ အဲဒီ သင်္ခါရုပေက္ခာဉာဏ်က ရင့်သန်တဲ့ အခါမှာ မပြတ်ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တွေကို ရှုသိနေရင်း ထဲကပင် ရုပ်နာမ် သင်္ခါရတွေ လုံးဝချုပ်ငြိမ်းတဲ့ သဘောထဲကို အသိဉာဏ်က ရောက်သွားတယ်၊ အဲဒါက အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်ပဲ၊ အဲဒီလို မဂ်ဖိုလ်ဉာဏ် တစ်ကြိမ်ဖြစ်ရင် သောတာပန် ပုဂ္ဂိုလ်ဖြစ်တယ်။ အဲဒီ သောတာပန်မှာ အပါယ်ကျစေနိုင်တဲ့ ကံဟောင်းတွေ ကုန်ခန်းသွားပြီ၊ အပါယ်ကျစေနိုင်တဲ့ အကုသိုလ်ကံသစ်တွေကိုလဲ မပြုလုပ်တော့ဘူး။

အဲဒီသောတာပန်က အထက်မဂ်ဖိုလ်များကို ရအောင်ဆက်ပြီး ရှုမြဲရှုမှတ်နေရင် ဥဒယဗ္ဗယဉာဏ် အစရှိတဲ့ ဝိပဿနာဉာဏ်တွေ အစဉ်အတိုင်း ဖြစ်ပြီး သကဒါဂါမိ မဂ်ဖိုလ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုတယ်၊ သကဒါဂါမ်ပုဂ္ဂိုလ် ဖြစ်သွားတယ်။ အဲဒီသကဒါဂါမ်ကဆက်ပြီး ရှုနေရင် ဝိပဿနာဉာဏ် ရင့်သန်ပြည့်စုံတဲ့အခါမှာ အနာဂါမိ မဂ်ဖိုလ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုတယ်၊ အနာဂါမ်ပုဂ္ဂိုလ် ဖြစ်သွားတယ်။ ကာမဘုံ၌ ဖြစ်စေနိုင်တဲ့ ကံဟောင်းတွေ ကုန်သွားတယ်၊ ကာမဘုံ၌ ဖြစ်စေမည့် ကံသစ်လဲ မဖြစ်တော့ဘူး။ ဒီနေရာမှာ “ကာမာဝစရကုသိုလ်ကံ မဖြစ်တော့ဘူးလား”လို့ မေးစရာရှိပါတယ်။ ဖြစ်တော့ ဖြစ်ပါတယ်၊ ဒါပေမယ့် ကာမဘဝကို သာယာတပ်မက်တဲ့ ကာမတဏှာ အဖော်က မရှိတော့တဲ့အတွက် အဲဒီကာမ ကုသိုလ်ကံက ကာမ ဘဝကို မဖြစ်စေနိုင်တော့ဘူး။ ဒါကြောင့် “ကာမဘုံ၌ ဖြစ်စေမည့် ကံသစ်လဲ မဖြစ်တော့ဘူး”လို့ ဆိုရတယ်။ ဒါဖြင့် အဲဒီ ကာမကုသိုလ်ကံက လုံးဝ အကျိုးမပေး တော့ဘူးလား လို့လဲ မေးစရာ ရှိလာပြန်တယ်၊ မျက်မှောက် အကျိုးနဲ့ ပကတူပနိဿယသတ္တိဖြင့့် အရဟတ္တမဂ်ဖိုလ် အကျိုးများကိုတော့ ပေးနိုင်ပါတယ်၊ အဲဒီ အကြောင်းကို ဥဂ္ဂါသူကြွယ် ဝတ္ထုဖြင့် သိရပါတယ်။

ဒါနကုသိုလ်က အရဟတ္တဖိုလ် အကျိုးပေးသည်

▬▬▬▬▬▬▬▬▬▬
တစ်ခါက ဥဂ္ဂါသူကြွယ်ဟာ သံဃာတော်များနှင့်တကွ မြတ်စွာဘုရားကို ပင့်ပြီး မွန်မြတ်သော ဆွမ်းခဲဖွယ်ဘောဇဉ် စသည်တို့ကို ကပ်လှူပါတယ် ကပ်လှူတဲ့အခါမှာလဲ “မနာပဒါယီ လဘထေ မနာပံ-မြတ်နိုးဖွယ်ကိုလှူရင်, မြတ်နိုးဖွယ်ကို ရတယ်”လို့ ဟောထားတဲ့ မြတ်စွာဘုရား စကားတော်အရ သူမြတ်နိုးတဲ့ အကျိုးကို ရချင်လို့ လှူတဲ့ အကြောင်းကို လျှောက်ထားပါတယ်၊ အဲဒီ သူကြွယ်ဟာ အဲဒီလှူတဲ့အခါက အနာဂါမ်ဖြစ်တဲ့အတွက် အရဟတ္တမဂ်ဖိုလ်ကို မျှော်လင့်ပြီး လှူတာပါပဲ၊ နောက်ကာလ အသက်တမ်းကုန်လို့ သူဟာ လူ့ဘဝက ကွယ်လွန်သွားတဲ့အခါ သုဒ္ဓါဝါသ ဗြဟ္မာ့ဘုံမှာ ဖြစ်တယ်၊ အဲဒီဘုံက လာပြီး မြတ်စွာဘုရားကို ကန်တော့တဲ့အခါ မြတ်စွာဘုရားက “ဘယ့်နှယ်လဲ ဥဂ္ဂါ, သင်အလိုရှိတဲ့ မြတ်နိုးဖွယ် အကျိုးကို ရပါရဲ့လား”လို့ မေးတော်မူတယ်။ “ရပါတယ်ဘုရား”လို့ ဥဂ္ဂါဗြဟ္မာက ဖြေကြားလျှောက်ထားတယ်၊ အဲဒီမှာ သူ မြတ်နိုးတဲ့ အရဟတ္တဖိုလ်ကို မျှော်လင့်ပြီး မြတ်နိုးဖွယ်ဆွမ်း စသည်ကို လှူခဲ့လို့ သုဒ္ဓါဝါသဘုံမှာဖြစ်ပြီး မကြာမီမှာပင် အရဟတ္တဖိုလ်ရပြီး ရဟန္တာဖြစ်သွားတယ်၊ အဲဒီအရဟတ္တဖိုလ် အကျိုးကိုရကြောင်း ဝန်ခံလျှောက်ထားခြင်းပါပဲတဲ့၊ ဒါကြောင့် အနာဂါမ်မှာ ကာမကုသိုလ်ကံက ဥပနိဿယ သတ္ထိဖြင့် အရဟတ္တဖိုလ် အကျိုးကိုပေးကြောင်း သိရပါတယ်။

ဝိပဿနာလဲ ရှုပြီးမှ အရဟတ္တဖိုလ် ရတယ်

▬▬▬▬▬▬▬▬
အဲဒီလို ဒါနကုသိုလ်ကြောင့် အရဟတ္တဖိုလ်အကျိုးကို ရတယ်ဆိုပေမယ့် ဝိပဿနာမရှုပဲ အလိုလိုရတာတော့မဟုတ်ဘူး။ ဝိပဿနာရှုပြီးမှ ရတာပါပဲ၊ ဒါကြောင့် အနာဂါမ်က အရဟတ္တ မဂ်ဖိုလ် ရအောင် ရည်ရွယ်ပြီး ဝိပဿနာရှုယင် ဝိပဿနာဉာဏ် ရင့်သန်ပြည့်စုံတဲ့အခါမှာ အရဟတ္တ ဖိုလ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုပြီး ရဟန္တာ ဖြစ်သွားတယ်၊ အဲဒီလို ရဟန္တာဖြစ် သွားတဲ့အခါမှာ အဝိဇ္ဇာ တဏှာ စသော ကိလေသာတွေ လုံးဝ မရှိတော့တဲ့အတွက် ကံဟောင်းတွေကလဲ ဘဝ အကျိုးကို မပေးနိုင်တော့ဘူး၊ ဒါကြောင့် ကံဟောင်းတွေလဲ ကုန်ခန်းသွားပြီလို့ ဆိုရတယ်၊ ပေးကမ်းခြင်း, သီလကို ရိုသေစွာ စောင့်ထိန်းခြင်း, တရားဟောခြင်း, တရားနာခြင်း, မေတ္တာ ပွားခြင်း, ဝိပဿနာရှုခြင်း စသော ကောင်းမှုများကိုပြုပေမယ့် ရဟန္တာမှာ ကိလေသာ မရှိတော့တဲ့ အတွက်ကြောင့် အကျိုးပေးတတ်တဲ့ ကုသိုလ်ကံအသစ်လဲ မဖြစ်တော့ဘူး၊ အကျိုးမပေးတတ်တဲ့ ကြိယာတရားမျှသာ ဖြစ်တယ်၊ ဒါကြောင့် -

ယေသံ - အကြင်ရဟန္တာ ပုဂ္ဂိုလ်တို့မှာ၊
ပုရာဏံ - ရှေးဟောင်းကံသည်၊
ခီဏံ - အရဟတ္တ မဂ်ဖိုလ်၏ အစွမ်းကြောင့် ကုန်ခန်းခဲ့လေပြီ၊
သမ္ဘဝံ - ဘဝသစ်ကို ဖြစ်စေနိုင်သော၊
န ဝံ - အသစ်ဖြစ်သော ကံသည်လည်း၊
နတ္ထိ - မရှိပေ-လို့ ဆိုပါတယ်။

နောက်ပြီးတော့-
ယေ - ယင်း ရဟန္တာအရှင်မြတ်တို့သည်၊
အာယတိကေ ဘဝသ္မိံ - နောင်အနာဂတ်ဘဝ၌၊
ဝိရတ္တစိတ္တာ - တပ်မက်ခြင်း ကင်းသော စိတ်ရှိကုန်၏၊
ဝါ- တပ်မက်လိုချင်ခြင်း ကင်းကုန်၏။

ပုထုဇဉ် ပုဂ္ဂိုလ်တွေမှာ ယခုဘဝကိုလဲ တပ်မက် သာယာနေကြတယ်၊ မအို မနာ မသေပဲ အမြဲတမ်း အသက်ရှင်ပြီး နေလိုကြတယ်၊ သေရပြန်ယင်လဲ ယခုဘဝလိုပင် ကောင်းတဲ့ဘဝ, ယခုဘဝထက် ကောင်းတဲ့ဘဝမှာ ဖြစ်ချင်ကြတယ်၊ သောတာပန် သကဒါဂါမ် ပုဂ္ဂိုလ်တွေလဲ ဘဝ၌ တပ်မက် သာယာမှု ရှိနေသေးတာပဲ၊ အနာဂါမ် ပုဂ္ဂိုလ်တွေလဲ ရူပဘဝ အရူပ ဘဝ၌ သာယာမှု ရှိနေကြ သေးတာပဲ၊ ဘဝ၌ တပ်မက် သာယာမှု လုံးဝ မကင်းကြသေးဘူး၊ ဒါကြောင့် အနာဂါမ်ပုဂ္ဂိုလ်များလဲ လူ့ဘဝမှ ကွယ်လွန်သွားတဲ့အခါ ရူပဘဝ အရူပဘဝ၌ ဖြစ်ကြရပြန်တယ်၊ ရဟန္တာပုဂ္ဂိုလ် တွေမှာတော့ လက်ရှိဘဝ၌လဲ သာယာမှုမရှိဘူး၊ နောင်ဘဝကိုလဲ လိုချင် တောင့်တမှုမရှိဘူး၊ ဒါကြောင့် ရဟန္တာ အရှင်မြတ်များက သေရေးနေရေးနှင့်စပ်ပြီးတော့ ဒီလိုမိန့်ဆိုတော်မူကြပါတယ်။

ရဟန္တာမှာ သေရေးနေရေး မတောင့်တ

▬▬▬▬▬▬▬▬▬▬
နာဘိနန္ဒာမိ မရဏံ၊ နာဘိနန္ဒာမိ ဇီဝိတံ။
ကာလဉ္စ ပဋိကင်္ခါမိ၊ နိဗ္ဗိသံ ဘတကော ယထာ။

မရဏံ-သေခြင်းကို၊ နာဘိနန္ဒာမိ-မနှစ်သက် မတောင့်တပါတဲ့၊ ဒီစကားဖြင့် သေပြီးတော့ ချမ်းသာရေးကိုလဲ မတောင့်တတဲ့အကြောင်း ပြပါတယ်၊ ဗုဒ္ဓသာသနာကို မကြည်ညိုတဲ့ သူတွေက ဒီလိုပြောတတ်ကြတယ်၊ “သူတော်ကောင်းတွေဟာ သေပြီး နတ်ပြည် ရောက်မယ်၊ နိဗ္ဗာန် ရောက်မယ်၊ ကောင်းရာရောက်မယ်လို့ ဆိုကြတယ်၊ တကယ်ဟုတ်ယင် သူတို့ဟာ မြန်မြန် ချမ်းသာရအောင် မြန်မြန်သေရာ သေကြောင်း ပြုလုပ်ကြရောပေါ့၊ ဒီလို မြန်မြန်သေအောင် မပြုလုပ်ရဲတာဟာ သူတို့ ပြောတဲ့အတိုင်း မဟုတ်လို့ မယုံလို့ပေါ့” စသည်ဖြင့် ကဲ့ရဲ့ ပြောဆို တတ်ကြတယ်၊ ရဟန္တာများမှာ သေပြီး ကောင်းစား ချမ်းသာတာကိုလဲ မတောင့်တတဲ့ အတွက် ကြောင့် သေခြင်းကိုလဲ အလိုမရှိကြတာပါပဲ၊ ဒါဖြင့် ယခုဘဝ အသက်ရှင်နေရတာကတော့ အလို ရှိပါသလားဆိုယင်-

ဇီဝိတံ-ယခုဘဝ၌ အသက်ရှင်နေရခြင်းကိုလဲ၊ နာဘိနန္ဒာမိ၊ အလိုမရှိပါဘူးတဲ့။ ရဟန္တာများမှာ လိုချင် နှစ်သက်မှု တဏှာက လုံးဝမရှိတဲ့အတွက်ကြောင့် ယခုဘဝ အသက်ရှင်နေရတာကိုလဲ မနှစ်သက် ပါဘူး အလိုမရှိပါဘူးတဲ့၊ ဒါဖြင့် သေခြင်းကို အလိုရှိရာ မရောက်ပေဘူးလားလို့ ဆိုတော့ သေစေချင် ပျက်စေချင်တာက ဒေါသပဲ၊ ရဟန္တာများမှာ ဒေါသကလဲ လုံးဝမရှိတဲ့ အတွက်ကြောင့် သေခြင်းကိုလဲ မနှစ်သက် အလိုမရှိတဲ့ အကြောင်း “နာဘိနန္ဒာမိ မရဏံ”လို့ ပြောခဲ့ပါတယ်၊ ဒါဖြင့် ဘာကို အလိုရှိသလဲလို့ဆိုတော့-

ကာလဉ္စ ပဋိကင်္ခါမိ၊ နိဗ္ဗိသံ ဘတကော ယထာ-တဲ့။

ကာလဉ္စ - ပရိနိဗ္ဗာန် ပြုရမည့် ကာလကိုသာလျှင်၊
ပဋိကင်္ခါမိ - မျှော်လင့်၏၊
ဘာလို့လဲ ဆိုတော့, ဘတကော အခစား လုပ်သူသည်၊
နိဗ္ဗိသံ - လုပ်ခကို၊
ပဋိကင်္ခတိ ယထာ - မျှော်လင့်တောင့်တ သကဲ့သို့ပင်တည်း-တဲ့၊

အခစားအလုပ် လုပ်တဲ့သူဟာ အလုပ်လုပ်ရတာလဲ အလိုမရှိဘူး၊ အလုပ်လက်မဲ့ နေရတာလဲ အလိုမရှိဘူး၊ အလုပ်လက်မဲ့ ဖြစ်နေယင် စားဝတ်နေရေး မပြေလည်မှာကြောင့် အလုပ်လက်မဲ့ နေရတာကို အလိုမရှိတာပါပဲ ဘာကိုအလိုရှိသလဲလို့ ဆိုတော့ နေ့စားခ လစားခရတဲ့ လုပ်ခ ကိုသာ အလိုရှိတယ် အဲဒီလုပ်ခရတဲ့ အချိန်ကိုသာ မျှော်လင့်နေတယ်၊ အဲဒါလိုပဲ, ရဟန္တာပုဂ္ဂိုလ်ကလဲ သေခြင်းကိုလဲ အလိုမရှိဘူး၊ အသက်ရှင်နေခြင်းကိုလဲ အလိုမရှိဘူး၊ ပရိနိဗ္ဗာန် ပြု ရမည့် အချိန်ကာလကိုသာ အလိုရှိပါတယ်-တဲ့၊ ဘာကြောင့်လဲဆိုတော့ အဲဒီ ပရိနိဗ္ဗာန် ပြုရတဲ့ အချိန်ကျမှ ခန္ဓာငါးပါးဆိုတဲ့ ဝန်ထုပ်ကြီးက ကျသွားမှာ ဖြစ်လို့ပါပဲ။

ရဟန္တာပုဂ္ဂိုလ်မှာ သူ့ကိုယ်ထဲက ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဆိုတဲ့ ခန္ဓာငါးပါးကို လေးလံတဲ့ ဝန်ထုပ်ကြီးများလို ထင်မြင်နေတယ်၊ ဒီခန္ဓာဝန်ကို အမြဲမပြတ် ပြုပြင်ပေးနေရတယ်၊ ရံခါ သွားလိုက်, ရံခါ ရပ်လိုက်, ရံခါ ထိုင်လိုက်, ရံခါ လဲလျောင်းလိုက်နဲ့ ဣရိယာပုထ် လေးပါးဖြင့်လဲ ပြုပြင် ပေးနေရတယ်၊ ကွေးလိုက်, ဆန့်လိုက်, လှုပ်ရှားလိုက်စသည် အမျိုးမျိုးသော အမူအရာများဖြင့်လဲ ပြုပြင်ပေးနေရတယ်၊ နေ့စဉ် ရှာကြံ၍ အစာစားရခြင်း၊ ရေသောက်ရခြင်း၊ အညစ်အကြေး သုတ်သင် ရခြင်း၊ မျက်နှာသစ်ရခြင်း၊ ရေချိုးရခြင်း စသည်ဖြင့်လဲ ပြုပြင်ပေးနေရတယ်၊ မျက်စိမှိတ်ခြင်း၊ ဖွင့်ခြင်း၊ မျက်တောင် ခတ်ခြင်း၊ သင့်လျော်တဲ့ အာရုံကို နှလုံးသွင်းခြင်း စသည်ဖြင့်လဲ ပြုပြင် ပေးနေရတယ်၊ ဝင်လေထွက်လေ ရှူရှိုက်ခြင်းဖြင့်လဲပြုပြင်ပေးနေရတယ်၊ သင့်လျော်သော ဥတုအစာ တို့ဖြင့်လဲ ပြုပြင်ပေးနေရတယ်၊ ဒါကြောင့် ခန္ဓာငါးပါးကို လေးလံတဲ့ ဝန်ထုပ်ကြီး ထမ်းဆောင် နေရသလိုပင် အပြစ်မြင်နေတယ်။

ဒီခန္ဓာဝန်ကို ဘယ်ကစပြီး ရလာသလဲဆိုတော့ ရဟန္တာမှာ လက်ရှိနောက်ဆုံးဘဝ အတွက်ဆိုလျှင် အဲဒီဘဝပဋိသန္ဓေ ကာလက စပြီးရလာတယ်၊ အဲဒီ ပဋိသန္ဓေ ကာလမှစပြီး သိလိုက်ထိလိုက် မြင်လိုက်ကြားလိုက် စသည်ဖြင့် ရုပ်နာမ်ခန္ဓာတွေဟာ မပြတ်မစဲ ဖြစ်လာခဲ့တယ်၊ အဲဒီ ခန္ဓာတွေ ပဋိသန္ဓေမှစပြီး ဖြစ်လာတာလဲ ရှေးဘဝက ကိလေသာနှင့် ကံဆိုတဲ့ အကြောင်း ရှိခဲ့လို့ပဲ၊ အဲဒီ ကိလေသာကံ ရှိခဲ့တဲ့ ရှေးဘဝမှာလဲ ရုပ်နာမ်ခန္ဓာတွေ ရှိခဲ့တယ်၊ အဲဒီ ရုပ်နာမ်ခန္ဓာတွေလဲ သူ့ထက် ရှေးကျတဲ့ ဘဝက ကိလေသာနှင့် ကံဆိုတဲ့ အကြောင်း ရှိခဲ့လို့ ဖြစ်လာခဲ့တာပဲ၊ ဒီပုံ ဒီနည်းဖြင့် ရုပ်နာမ် ခန္ဓာတွေ ဖြစ်ခဲ့ရာ အစကို ရှာကြည့်လျှင် အစကိုရှာလို့ မတွေ့နိုင်ဘူး။

ဥပမာအားဖြင့် ကြက်ဥဟာ ဘယ်ကဖြစ်လာသလဲ၊ ကြက်မက ဖြစ်လာတယ်၊ အဲဒီကြက်မဟာ ဘယ်က ဖြစ်လာသလဲ၊ ကြက်ဥက ဖြစ်လာတယ်၊ ဒီပုံဒီနည်းဖြင့် ကြက်ဥနှင့် ကြက်မတို့၏ အစ ဖြစ်ခဲ့ရာကို လိုက်ရှာလျှင် အစဖြစ်ခဲ့ရာကို မတွေ့နိုင် သလိုပါပဲ။ တနည်း ဥပမာအားဖြင့် သရက်စေ့ ဘယ်ကဖြစ်လာသလဲ သရက်ပင်မှ ဖြစ်လာတယ်၊ အဲဒီသရက်ပင်ဟာ ဘယ်က ဖြစ်လာသလဲ၊ သရက်စေ့က ဖြစ်လာတယ်၊ ဒီပုံ ဒီနည်းဖြင့် သရက်စေ့နှင့် သရက်ပင်တို့၏ အစကို ရှာလို့ မတွေ့နိုင်တာနှင့်လဲ တူပါတယ်။

ဒါပေမယ့် ဒီဥပမာတွေမှာတော့ ကမ္ဘာဦး ကာလတုန်းက ကြက်မနှင့် သရက်ပင်ကစပြီး ဖြစ်လာတယ်လို့ ဆိုနိုင်စရာ ရှိပါသေးတယ်။ ရုပ်နာမ်ခန္ဓာတို့၏ အစကိုတော့ ဘယ်လိုမှ မပြောဆို နိုင်ဘူး၊ ဒါကြောင့် ရုပ်နာမ် ခန္ဓာဝန်ကို ထမ်းဆောင်လာရတဲ့ ကာလဟာ အလွန်ရှည်ကြာလှပြီဆိုတာ သိရပါတယ်၊ အဲဒီလို အစမထင်အောင် အလွန် ရှည်ကြာတဲ့ သံသရာကာလပတ်လုံး ထမ်းဆောင် လာခဲ့ရတဲ့ ခန္ဓာဝန်ထုပ်ကြီးကို ပရိနိဗ္ဗာန်စုတိကာလကျမှ စွန့်ချနိုင်မယ်၊ ဒါကြောင့် ရဟန္တာ အရှင်မြတ်တွေဟာ ပရိနိဗ္ဗာန် ပြုရမည့် အချိန်ကာလကိုသာ မျှော်လင့်ကြ အလိုရှိကြပါတယ်တဲ့၊ ဒါကြောင့်-

နာဘိနန္ဒာမိ မရဏံ၊ နာဘိနန္ဒာမိ ဇီဝိတံ။
ကာလဥဗန ပဋိကင်္ခါမိ၊ နိဗ္ဗိသံ ဘတကော ယထာ-လို့ မိန့်ဆိုတော်မူကြပါတယ်။

မရဏံ - သေခြင်းကို၊
နာဘိနန္ဒာမိ - မနှစ်သက် မတောင့်တပါ၊
ဇီဝိတံ - အသက်ရှင် နေရခြင်းကိုလည်း၊
နာဘိနန္ဒာမိ - မနှစ်သက်မတောင့်တပါ၊
ဘတကော - နေ့စားလစား အလုပ်သမားသည်၊
နိဗ္ဗိသံ - လုပ်ခကို၊
ဝါ- လုပ်ခရမည့်အချိန်ကို၊
ပဋိကင်္ခတိ ယထာ - တောင့်တမျှော်မိ အလိုရှိသကဲ့သို့၊
ကာလဉ္စ - ပရိနိဗ္ဗာန် ပြုရမည့် ကာလကိုသာလျှင်၊
ပရိကင်္ခါမိ - မျှော်လင့်ပါသည် တဲ့။

ကိလေသာ မကင်းသေးတဲ့ ပုဂ္ဂိုလ်တွေမှာ စုတိစိတ်ဖြင့် သေပြီးသည်၏ အခြားမဲ့၌ ပဋိသန္ဓေ စိတ်မှစပြီး ရုပ်နာမ်ခန္ဓာဝန်တွေ အဆက်မပြတ် ဖြစ်ဖြစ်သွားတယ်၊ ခန္ဓာဝန်ကို ထမ်းဆောင် နေရ လျက်သာ ဖြစ်နေတယ်။ ခန္ဓာဝန်ထုပ်ကြီးက မပြတ် လေးနေတယ်၊ ရဟန္တာမှာတော့ ပရိနိဗ္ဗာန် စုတိမှနောက်ကာလ၌ ဘဝခန္ဓာအသစ် မဖြစ်လာတော့ဘူး။ ခန္ဓာဝန်ထုပ်ကြီး တခါ တည်းကျ သွားတယ်၊ အဲဒီလို ခန္ဓာဝန်ထုပ်ကြီး ကျသွားတာကိုသာ ရဟန္တာအရှင်မြတ်တွေက အလိုရှိကြတယ်။ ဘဝသစ်ရုပ်နာမ် ခန္ဓာတွေဖြစ်လာမှာကို အလိုရှိကြဘူး၊ ဒါကြောင့်-

ယေ - ယင်းရဟန္တာ အရှင်မြတ်တို့သည်၊
အာယတိကေ ဘဝသ္မိံ - နောင်အနာဂတ်ဘဝ၌၊
ဝိရတ္တစိတ္တာ - တပ်မက်ခြင်း ကင်းသော စိတ်ရှိကုန်၏၊
ဝါ- တပ်မက်လိုချင်ခြင်းကင်းကုန်၏၊
တေ ဓီရာ - ထိုရဟန္တာသခင် ပညာရှိတို့သည်၊
အဝိရူဠှီဆန္ဒာ - မစည်ပင် မဖြစ်ပွားသော အလိုဆန္ဒရှိကုန်သည်ဖြစ်၍၊
ဝါ- ဖြစ်လိုသော တဏှာဆန္ဒ မဖြစ်ကြသောကြောင့်၊
ခီဏဗီဇာ - ကုန်ပြီးသော မျိုးစေ့ရှိကုန်သည်ဖြစ်၍၊
ဝါ- ဘဝအသစ်ဖြစ်ရန် မျိုးစေ့ကုန်ပြီး ဖြစ်ကြသောကြောင့်၊
နိဗ္ဗန္တိ - ရုပ် နာမ် ခန္ဓာ အသစ် မဖြစ်တော့ပဲ ငြိမ်းလေကုန်၏-တဲ့။

တဏှာကြောင့် ဘဝသစ်ဖြစ်တယ်

▬▬▬▬▬▬
တဏှာမကင်းသေးတဲ့ သတ္တဝါတွေမှာ လက်ရှိဘဝကိုလဲ သာယာ တပ်မက်နေတယ်၊ မသေပဲနဲ့ အမြဲတမ်းနေရမယ် ဆိုယင် အမြဲတမ်း အသက်ရှင်နေလိုကြတယ်၊ သေရပြန်ရင်လဲ ဘဝအသစ် ဖြစ်နေချင်တယ်၊ ဘဝလောကထဲ ပြန်မလာရတော့ဘူး ဆိုရင် လက်မခံနိုင်ကြဘူး၊ ဒါကြောင့် သေပြီးသည်၏ အခြားမဲ့ အခြားမဲ့မှာ ပဋိသန္ဓေစိတ်မှစပြီး ဘဝသစ် ရုပ်နာမ် ခန္ဓာတွေ ကံအား လျော်စွာ မပြတ်ဖြစ်ဖြစ်နေတယ်၊

ရဟန္တာအရှင်မြတ် များမှာတော့ ဘဝသစ်၌ တပ်မက် လိုချင်ခြင်း မရှိကြဘူး၊ ရုပ်နာမ်ခန္ဓာအစဉ် ပြတ်စဲချုပ်ငြိမ်းသွားခြင်းကိုသာ အလိုရှိကြတယ်၊ ဒီနေရာမှာ ဘဝသစ်ဖြစ်ရန် အလိုရှိတာက တဏှာ၊ ဘဝ ချုပ်ရန် အလိုရှိတာက ကြိယာဆန္ဒ၊ ဒီလိုကွဲပြားချက်ကိုလဲ နားလည်ထားကြရမယ်၊ ပုထုဇဉ် ပုဂ္ဂိုလ်များမှာ နိဗ္ဗာန်အစစ်ဖြစ်တဲ့ ဘဝချုပ်ငြိမ်းခြင်းကို အလိုရှိတာ တဏှာလဲ မဟုတ်ဘူး၊ ကုသိုလ် ဆန္ဒသာ ဖြစ်တယ်၊ အဲဒါကိုလဲ နားလည် မှတ်သားထားကြရမယ်၊ ဘာကြောင့်လဲဆိုလျှင် ဘဝသစ် ဖြစ်ရန် အလိုရှိတာက သာယာတပ်စွဲပြီး အလိုရှိတာဖြစ်တယ်၊ ဘဝချုပ်ရန် အလိုရှိတာ ကတော့ သာယာတပ်စွဲခြင်းမရှိပဲ လိုလားကာမျှ သဘောဖြစ်တယ်၊ ဒါကြောင့်ပါပဲ၊ ဒီလို သာယာတပ်စွဲခြင်း မရှိပဲ လိုလားကာမျှ ဖြစ်တဲ့အတွက် ဘဝချုပ်ရန် လိုလားတာဟာ ဆန္ဒသာဖြစ်တယ်လို့ မှတ်ရမယ်။

ရဟန္တာမှာ တဏှာမရှိလို့ ဘဝသစ် မဖြစ်

▬▬▬▬▬▬
ရဟန္တာအရှင်မြတ်တွေမှာ ဘဝသစ်၌ တပ်မက်လိုချင်တဲ့ တဏှာမရှိကြတဲ့ အတွက်ကြောင့် ဘဝသစ်ဖြစ်ရန် ဝိညာဏ် မျိုးစေ့ ကုန်ခန်းသွားပြီ မရှိတော့ဘူးတဲ့၊ ဘယ်လိုဝိညာဏ် မျိုးစေ့လဲ ဆိုတော့ -

ကမ္မံ - ကုသိုလ်ကံ အကုသိုလ်ကံသည်၊
ခေတ္တံ - ပေါက်ရောက် ဖြစ်ပွားရာ လယ်မြေပေတည်း၊
ဝိညာဏံ - ကံနှင့်တကွ ဖြစ်သော ဝိညာဏ်သည်၊
ဗီဇံ- မျိုးစေ့ပေတည်း၊
တဏှာ-လိုချင်တပ်မက်သော တဏှာသည်၊
သ္နေဟော - အရည်အစိုဓာတ်ပေတည်းလို့

ဟောထားတဲ့ အင်္ဂုတ္တရ တိကနိပါတ် (၂၄၄) ပါဠိတော်အရ ကံနှင့်တကွဖြစ်တဲ့ စိတ်ဝိညာဏ်ဟာ မျိုးစေ့ပါပဲ၊ တဏှာ ဆိုတဲ့ ရေဓာတ် အစိုဓာတ်ရှိနေယင် ဒီကမ္မဝိညာဏ်က သေခါနီးကာလမှာ ကံ, ကမ္မနိမိတ်, ဂတိနိမိတ်ဆိုတဲ့အာရုံကို သန်သန်စွမ်းစွမ်းအာရုံပြုပြီး ဖြစ်လာတယ်၊ အဲဒီလိုအခါ စုတိစိတ်ဖြင့် သေသွားရင် အဲဒီကံအစရှိတဲ့ အာရုံကိုပဲ အာရုံပြုပြီးပဋိသန္ဓေဝိညာဏ် အညှောက် အပင်ပေါက်လာတယ်၊ ရဟန္တာမှာတော့ တဏှာရေက မရှိတော့တဲ့အတွက် ပရိနိဗ္ဗာန်ပြုခါနီးမှာ ကံ, ကမ္မနိမိတ်, ဂတိနိမိတ်လဲမထင်ဘူး၊ ကံ, ကမ္မနိမိတ်, ဂတိနိမိတ်ကို အာရုံပြုတဲ့ ကမ္မဝိညာဏ်စိတ်လဲ မဖြစ်ဘူး၊ ကြိယာဈာန်စိတ်များနှင့် အဲဒီ ဈာန်ကို ဆင်ခြင်တဲ့ ပစ္စဝေက္ခဏာ ကြိယာစိတ်များ သို့မဟုတ် ထင်ပေါ်တိုင်းသော သင်္ခါရတို့ကို ရှုတဲ့ ဝိပဿနာ ကြိယာစိတ်များသာ ဖြစ်ကြတယ်၊ အဲဒီ ဈာန်ပစ္စဝေက္ခဏာ ဝိပဿနာ ကြိယာစိတ်များ၏ အခြားမဲ့မှာ ပရိနိဗ္ဗာန် စုတိစိတ်ဖြင့် ပရိနိဗ္ဗာန် ပြုတော်မူကြတယ်၊ အဲဒီလို ပရိနိဗ္ဗာန်ပြုခါနီးမှာ ကမ္မဝိညာဏ်ဆိုတဲ့ ဘဝမျိုးစေ့ မရှိတဲ့အတွက် ကြောင့် ပရိနိဗ္ဗာန် စုတိစိတ်၏အခြားမဲ့မှာ ဘဝသစ် ပဋိသန္ဓေ ဝိညာဏ် အညှောက်အပင် မပေါက်လာတော့ပဲ ရုပ်, နာမ်သင်္ခါရအားလုံး ချုပ်ငြိမ်းသွားပါတယ်၊ ဒါကြောင့် ခီဏဗီဇာ - ကုန်ပြီး သော မျိုးစေ့ရှိကုန်သည်ဖြစ်၍၊ ဝါ- ဘဝသစ်ဖြစ်ရန် ကမ္မဝိညာဏ် မျိုးစေ့ ကုန်ခန်းပြီး ဖြစ်ကြ သောကြောင့်၊ နိဗ္ဗန္တိ - ရုပ်နာမ်ခန္ဓာအသစ် မဖြစ်တော့ပဲ ငြိမ်းလေကုန်၏လို့ မိန့်ဆိုတော်မူပါတယ်၊ ငြိမ်းပုံက ဘာနှင့်တူသလဲဆိုတော့-

ဆီမီးတောက် ငြိမ်းတာနဲ့ တူတယ်

▬▬▬▬▬▬▬
အဲဒီအခါတုန်းက ရတနသုတ်ပရိတ်ကို မြတ်စွာဘုရား၏ အမိန့်တော်အရ အရှင်အာနန္ဒာမထေရ်က ဝေသာလီ မြို့တော်မှာ လှည့်ပြီးရွတ်ဖတ်နေပါတယ်၊ အဲဒီဂါထာကို ရွတ်ဖတ်နေဆဲမှာ ထွန်းညှိ ပူဇော်ထားတဲ့ ဆီမီးတစ်ခုက မီးစာရော ဆီရောကုန်ပြီး ရုတ်တရက် ငြိမ်းသွားပါသတဲ့၊ ဒါကြောင့် “အယံ ပဒီပေါ - ဤ ဆီမီးသည်၊ နိဗ္ဗာတိ ယထာ - ငြိမ်းသွားသကဲ့သို့၊ နိဗ္ဗန္တိ - ငြိမ်းတော်မူကုန်၏”လို့ ရွတ်ဆိုတော်မူပါသတဲ့။

ဒါကြောင့် ရဟန္တာလို့ခေါ်ရတဲ့ ရုပ်နာမ်ခန္ဓာအစဉ်ဟာ ပရိနိဗ္ဗာန် စုတိစိတ်ဖြင့် ဆီမီးတောက်ကလေး ငြိမ်းသလိုပင် ငြိမ်းသွားတယ်လို့ မှတ်ရပါတယ်၊ ဆီမီးဆိုတာ လျှပ်စစ်ဓာတ်မီး မပေါ်မီ ရှေးခေတ်က သုံးခဲ့ကြပါတယ်၊ ယခုခေတ်မှာလဲ တစ်ချို့က သုံးနေပါတယ်၊ ခွက်ကလေးထဲမှာ ဆီနဲ့မီးစာကို ထည့်ပြီး ထွန်းရတာပါပဲ၊ ဆီကလဲ ရှိနေမယ်၊ မီးစာကလဲ ရှိနေမယ်ဆိုရင် ဆီအသစ်အသစ်ကို လောင်ပြီး မီးတောက် အသစ် အသစ် ကလေးတွေဟာ မပြတ်ဖြစ်နေပါတယ်၊ အောက်မှ တောက်လောင်ပြီး တက်တက်လာတယ်၊ အထက်မှာ အခိုးအငွေ့ဖြစ်ပြီး ပျောက်ပျောက်သွားတယ်၊ ဒါပေမယ့် သာမန် အမြင် အားဖြင့်ဆိုရင် မီးတောက်ကလေးတကြံ့တည်း အမြဲတည်နေတယ်လို့ ထင်ရတယ်၊ အဲဒါလိုပဲ သတ္တဝါတွေရဲ့ သန္တာန်က ရုပ်နာမ်ခန္ဓာတွေဟာလဲ ကံ စိတ် ဥတု အာဟာရ စသော အကြောင်းများ ရှိနေသမျှကာလပတ်လုံး အသစ်အသစ်ဖြစ်ပြီး ခဏမစဲ ပျောက်ပျက် သွားကြတယ်၊

အဲဒီသဘောကို သိချင်ရင် မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း ဒွါရ ၆-ပါးက ပေါ်လာ သမျှကို စူးစိုက်ပြီး မပြတ်ရှုကြည့်နေပါ၊ ကြားတာလဲ ချက်ချင်းပျောက်သွားပုံ၊ ကြံသိတာလဲ ချက်ချင်း ပျောက်သွားပုံကို ထင်ရှားသိရပါလိမ့်မယ်၊ သမာဓိဉာဏ် အားကောင်းလာတဲ့အခါကျတော့ မြင်တာ ထိသိတာ စသည်တွေရော အားလုံးပင် ချက်ချင်း ပျောက်ပျက်သွားတာကို သိရပါလိမ့်မယ်၊ ဒါပေမယ့် သာမန်ပုဂ္ဂိုလ်တွေရဲ့ အမြင်နဲ့ ဆိုယင်တော့ မြင်တာ ကြားတာ စသည်တွေကို အမြဲ တည်ရှိနေတယ် လို့ ထင်ကြရတယ်၊ ဒါက ဆီမီးတောက်ကလေး အသစ်အသစ်ဖြစ်ပျက်နေပုံနှင့် ရုပ်နာမ် ခန္ဓာတွေ အသစ်အသစ် ဖြစ်ပျက်နေပုံတူကြောင်း ဖော်ပြချက်ပါပဲ။

အဲဒီဆီမီးတောက်ဟာ အဟောင်း အဟောင်းတွေ ကုန်ကုန်သွားပေမယ်လို့ ဆီနဲ့မီးစာကရှိနေရင် အသစ် အသစ် တောက်လျက် တောက်လျက် တည်နေတာပဲ၊ အဲဒါလိုပင် ကံ အစရှိသော အကြောင်း တရားက ရှိနေရင် သတ္တဝါတို့၏ သန္တာန်က ရုပ်နာမ်တွေလဲ အသစ်အသစ်ဖြစ်ဖြစ်ပြီး တည်မြဲပင် တည်နေတယ်၊ ဘဝဟောင်းက သေပျက်သွားပေမယ့် ကံအကြောင်းနဲ့ ကမ္မဝိဉာဏ်မျိုးစေ့ကရှိနေရင် ဘဝသစ်မှာ ပဋိသန္ဓေဝိညာဏ်ဆိုတဲ့ အညှောက်အပင်ပေါက်ပြီး ဖြစ်မြဲဖြစ် တည်မြဲတည်နေတယ်။

ဆီမီးခွက်မှာ ဆီနဲ့ မီးစာ ကုန်သွားတဲ့ အခါကျတော့ နောက်ဆုံး တောက်လောင်တဲ့ မီးတောက် ကလေး အထက်ဘက်မှာ အခိုးအငွေ့ဖြစ်ပြီး ဟုတ်ကနဲ ပျောက်သွားတယ်ဆိုရင် မီးတောက် အသစ်လဲ မပေါ်လာတော့တဲ့အတွက် တခါတည်း လုံးဝ ပျောက်သွားတော့တာပဲ၊ ရဟန္တာ ပုဂ္ဂိုလ်များ၏ ရုပ်နာမ် ခန္ဓာတွေ ချုပ်ငြိမ်းပုံကလဲ အဲဒီနောက်ဆုံး ဆီမီးတောက်ကလေး ငြိမ်းပုံ နှင့်တူပါတယ်တဲ့၊ ပရိနိဗ္ဗာန် စုတိစိတ်နှင့်တကွ နောက်ဆုံး ရုပ်နာမ်တွေ ချုပ်ပျောက်သွားတဲ့အခါမှာ ဘဝသစ် ရုပ်နာမ်တွေ မဖြစ်ပေါ်လာတော့တဲ့အတွက် တခါတည်း ငြိမ်းတော့တာပဲ၊ အဲဒါဟာ ရဟန္တာ ပုဂ္ဂိုလ်လို့ခေါ်ရတဲ့ ရုပ်နာမ်ခန္ဓာတွေ ငြိမ်းသွား တာပါပဲ၊ ပုဂ္ဂိုလ်သတ္တဝါ ပျောက်ကွယ် တာတော့ မဟုတ်ဘူး။

ဒါပေမယ့် လူတွေက ပုဂ္ဂိုလ်သတ္တဝါလို့ အစွဲအလမ်း ရှိနေကြတဲ့အတွက် ရဟန္တာပုဂ္ဂိုလ် ပျောက်ကွယ်သွားတယ်လို့ ထင်မှတ်တတ်ကြတယ်၊ ပြောလဲ ပြောတတ်ကြတယ်၊ ပုဂ္ဂိုလ် ပျောက်ကွယ် သွားတယ်လို့ တကယ်ထင်မြင် စွဲလမ်းယင် ဥစ္ဆေဒဒိဋ္ဌိဖြစ်တယ်၊ အမှန်စင်စစ်ကတော့ ပုဂ္ဂိုလ်ဆိုတာ မူလကပင် တကယ်ရှိတာ မဟုတ်ဘူး၊ အသစ် အသစ် မပြတ်ဖြစ်ဖြစ်နေတဲ့ ရုပ်နာမ်အစဉ် သန္တာန်ကိုပင် ပုဂ္ဂိုလ်သတ္တဝါလို့ ခေါ်ရတာပဲ၊ ရဟန္တာဆိုတာလဲ ရုပ်နာမ် ခန္ဓာအစဉ်မျှပဲ ရုပ် နာမ် ခန္ဓာအစဉ်မှ အလွတ် ပုဂ္ဂိုလ်သတ္တဝါရယ်လို့ အသီးအခြား ရှိတာမဟုတ်ဘူး၊ ဒါကြောင့် ရဟန္တာပုဂ္ဂိုလ် ငြိမ်းသွားတယ် ဆိုတာဟာ ရဟန္တာလို့ခေါ်ရတဲ့ ရုပ် နာမ် ခန္ဓာအစဉ်အသစ် မဖြစ်ပေါ်လာတော့ပဲ ပြတ်စဲချုပ်ငြိမ်းသွားတာပါပဲ အဲဒီရုပ်နာမ် ခန္ဓာအစဉ် အသစ် မဖြစ်လာတော့ပဲ ပြတ်စဲ ချုပ်ငြိမ်းတာကိုပင် ရည်ရွယ်ပြီးတော့ -

တေ ဓီရာ - အနာဂတ်ဘဝ၌ တပ်မက်လိုချင်ခြင်း ကင်းကုန်သော ထိုရဟန္တာသခင် ပညာရှင်တို့သည်၊ အဝိရူဠှိဆန္ဒာ - ဖြစ်လိုသည့် တဏှာဆန္ဒ မရှိကြသောကြောင့်၊
ခီဏဗီဇာ - ဘဝသစ်ဖြစ်ရန် ကံ ဝိညာဏ်မျိုးစေ့ကုန်ပြီး ဖြစ်ကြသောကြောင့်
အယံ ပဒီပေါ ယထာ - ဆီနှင့် မီးစာကုန်၍ ဟုတ်ကနဲ ငြိမ်းသွားလေသော ဤဆီမီးကဲ့သို့၊
နိဗ္ဗန္တိ - ရုပ်နာမ် ခန္ဓာအသစ်မဖြစ်တော့ပဲ ပြတ်စဲ ချုပ်ငြိမ်းတော် မူကြလေကုန်၏ လို့
အရှင် အာနန္ဒာမထေရ်က ရွတ်ဖတ် မိန့်ဆိုတော်မူခဲ့ပါတယ်။

နိဗ္ဗာနံ-ပုဒ်၏ ဝစနတ္ထများ

▬▬▬▬▬▬▬▬▬
ဒီ-ရတနသုတ် ဂါထာက “နိဗ္ဗန္တိ - ငြိမ်းကုန်၏” ဆိုတဲ့ ပုဒ်ဟာလဲ နိ-ရှေးရှိသော ဝါ- ဓာတ်ဖြင့် နိဗ္ဗာနပုဒ်ပြီးကြောင်း သာဓကတစ်ခုပါပဲ၊ ဒီပြင်လဲ ပါဠိကျမ်းဂန်တွေမှာ “ပရိနိဗ္ဗာယတု - ပရိနိဗ္ဗာန် စံတော်မူပါလော့၊ ပရိနိဗ္ဗာယိဿာမိ - ပရိနိဗ္ဗာန်စံပေအံ့၊ နိဗ္ဗာယိဿတိ - ငြိမ်းလတံ့၊ နိဗ္ဗုတော ငြိမ်းသည်”စသည်ဖြင့် သာဓကကြိယာပုဒ်တွေ များစွာပင် ရှိပါသေးတယ်၊ အဲဒီ နိ - ရှေးရှိသော ဝါ- ဓာတ်ဖြင့် ပြီးတဲ့ ကြိယာပုဒ်များကဲ့သို့ပင် “နိဗ္ဗာန-နိဗ္ဗာန်”ဆိုတဲ့ ပုဒ်ပြီးတယ်လို့ ယူဆပြီးတော့ ဘုန်းကြီးက -

နိဗ္ဗာတိ ဝဋ္ဋဒုက္ခံ ဧတ္ထာတိ နိဗ္ဗာနံ-လို့ ဝစနတ္ထကို ပြခဲ့တယ်။

ဧတ္ထ - ဤအငြိမ်းဓာတ်၌၊
ဝဋ္ဋဒုက္ခံ - ဝဋ်ဆင်းရဲ အလုံးစုံသည်၊
နိဗ္ဗာတိ - ငြိမ်း၏၊
ဣတိ - ဤသို့ ဝဋ်ဆင်းရဲ အားလုံးငြိမ်းရာ ဖြစ်သောကြောင့်၊
တံ - ထို အငြိမ်းဓာတ်သည်၊
နိဗ္ဗာနံ - နိဗ္ဗာန် မည်၏။

ဝိပဿနာရှုလို့ အရဟတ္တမဂ်ဉာဏ်ဖြင့် အငြိမ်းဓာတ်ကို မြင်ရတဲ့အခါ အဝိဇ္ဇာ တဏှာအစရှိသော ကိလေသာတွေ မဖြစ်နိုင်တော့ပဲ လုံးဝငြိမ်းသွားတယ်၊ ကိလေသာ ငြိမ်းသွားတော့ ရှိပြီးကံတွေကလဲ ဘဝသစ်အကျိုးကို မပေးနိုင်တော့ပဲ ငြိမ်းသွားကြတယ် ဘဝသစ်အကျိုးကို ဖြစ်စေတတ်တဲ့ကံလဲ မဖြစ်တော့ဘူး၊ ဒါကြောင့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ ဘဝသစ် ရုပ်နာမ် တွေလဲ မဖြစ်နိုင်တော့ဘူး၊ အဲဒီလို ကိလေသာ ကံ ဝိပါက်ဆိုတဲ့ ဝဋ်ဆင်းရဲအားလုံး ငြိမ်းတာ ဟာ အရဟတ္တမဂ်ဉာဏ်ဖြင့် နိဗ္ဗာန်အငြိမ်းဓာတ်ကို ရောက်တဲ့အခါမှာပြီးစီးတယ်။ ဒါကြောင့် အဲဒီ အငြိမ်းဓာတ်ကို ဝဋ်ဆင်းရဲ ငြိမ်းရာ နိဗ္ဗာန်လို့ခေါ်ဆိုတယ်၊ အမှန်မှာတော့ ငြိမ်းခြင်းသဘောကိုပင် ငြိမ်းရာလို့ တင်စားပြီးဆိုရတာပါပဲ၊ နောက်တစ်နည်းကတော့ -

နိဗ္ဗာတိ ဝဋ္ဋဒုက္ခံ ဧတသ္မိံ အဓိဂတေတိ ဝါ နိဗ္ဗာနံ-လို့ ပြခဲ့ပြီ။

ဝါ- တစ်နည်း ဝစနတ္ထကား၊
ဧတသ္မိံ အဓိဂတေ - ဤအငြိမ်းဓာတ်ကို အရဟတ္တမဂ်ဉာဏ်ဖြင့် မြင်လျက်ရလတ်သော်၊
ဝဋ္ဋဒုက္ခံ - ဝဋ်ဆင်းရဲအလုံးစုံသည်၊
နိဗ္ဗာတိ - ငြိမ်း၏။
ဣတိ - ဤသို့ ဝဋ်ဆင်းရဲအားလုံး ငြိမ်းကြောင်း ဖြစ်သောကြောင့်၊
တံ - ထိုအငြိမ်းဓာတ်သည်၊
နိဗ္ဗာနံ - နိဗ္ဗာန်မည်၏။

ဒီဝစနတ္ထအလိုအားဖြင့်တော့ အရဟတ္တမဂ်ဟာ အငြိမ်းဓာတ်ကို မြင်ရမှ ဝဋ်ဆင်းရဲကို ငြိမ်းစေ နိုင်တယ်၊ ဒီတော့ ဝဋ်ဆင်းရဲကို ငြိမ်းစေရာမှာ အငြိမ်းဓာတ်က အကူအညီ အထောက်အပံ့ အကြောင်းဖြစ်နေတယ်၊ ဥပမာအားဖြင့် သစ်သားကို ဖြတ်ရာမှာ ဓားဖြင့် လွှဖြင့် ဖြတ်ရတယ်၊ ဓားလွှ အကူအညီမပါပဲ မဖြတ်နိုင်ဘူး ဓား လွှက အကူအညီအကြောင်းဖြစ်နေတယ်၊ အဲဒါလိုပဲ ဝဋ်ဆင်းရဲကို ငြိမ်းစေရာမှာ အငြိမ်းဓာတ်က အကူအညီ အကြောင်းဖြစ်နေတဲ့အတွက် ဝဋ်ဆင်းရဲငြိမ်းကြောင်းဖြစ် နေပါတယ်၊ ဒါကြောင့် အငြိမ်းဓာတ်ကို ဝဋ်ဆင်းရဲငြိမ်းကြောင်း နိဗ္ဗာန်လို့ ဆိုရပါတယ်၊ ဒါလဲ တင်စားပြီး ဆိုတာပါပဲ၊ မုချအားဖြင့်တော့ -

နိဗ္ဗာယတေ - ငြိမ်းခြင်း၊ နိဗ္ဗာနံ - ငြိမ်းခြင်းလို့ ပြဆိုတဲ့ ဘာဝသာဓနအရ ဝဋ်ဆင်းရဲ အပေါင်း၏ ငြိမ်းခြင်းသဘောမျှ, အငြိမ်းဓာတ်မျှကိုသာ နိဗ္ဗာန်လို့ဆိုရပါတယ်၊ အရဟတ္တမဂ်ဖြင့် ကိလေသာ ငြိမ်းခြင်းသည်သာ လိုရင်းဖြစ်ပါတယ်၊ ကိလေသာ ငြိမ်းရင် အကျိုးပေးမည့်ကံလဲ ငြိမ်းတော့တာပဲ၊ ကံ, ငြိမ်းတော့ ပရိနိဗ္ဗာန်စုတိ၏ အခြားမဲ့၌ ဘာသစ် ရုပ်နာမ်ဝိပါက်လဲ မဖြစ်ပေါ်လာပဲ ငြိမ်းသွားတော့တာပဲ ဘဝသစ်မဖြစ်ပဲ ငြိမ်းရင် ဆင်းရဲအားလုံး ငြိမ်းတော့တာပဲ၊ ဒါကြောင့် ကိလေသာ, ကံ, ဝိပါက်ဆိုတဲ့ ဝဋ်ဆင်းရဲအားလုံး ငြိမ်းခြင်းသဘောကို နိဗ္ဗာန်လို့ မှတ်ထားရမယ်၊ ဒါပေမယ့် ဝစနတ္ထနည်း သုံးပါးလုံးစုံအောင် “နိဗ္ဗာန်ဆိုတာ ဝဋ်ဆင်းရဲ ငြိမ်းရာ၊ ဝဋ်ဆင်းရဲ ငြိမ်းကြောင်း၊ ဝဋ်ဆင်းရဲငြိမ်းခြင်း သဘောပင် ဖြစ်သည်” ဆိုတဲ့ ဆောင်ပုဒ်ကိုလဲ မှတ်ထားကြရမယ်၊ ကဲ အဲဒီဆောင်ပုဒ်ကို ဆိုကြရမယ်။

နိဗ္ဗာန်ဆိုတာ ဝဋ်ဆင်းရဲငြိမ်းရာ ဝဋ်ဆင်းရဲ ငြိမ်းကြောင်း၊ ဝဋ်ဆင်းရဲ ငြိမ်းခြင်းသဘောပင် ဖြစ်သည်။

ဝိပဿနာရှုနေတဲ့ ယောဂီဟာ မပြတ်ဖြစ်ပျက်နေတဲ့ သင်္ခါရဆင်းရဲတွေကိုသာ မပြတ်ရှုသိနေရတယ် အဲဒီလို ရှုသိတိုင်း ရှုသိတိုင်း ကိလေသာတွေကို တဒင်္ဂလောက်သာ ငြိမ်းစေနိုင်တယ်၊ တဒင်္ဂ လောက်ငြိမ်းတယ်ဆိုတာ အနိစ္စ စသည်ဖြင့် ရှုသိရတဲ့ အာရုံနှင့်စပ်ပြီး ကိလေသာ မဖြစ်ရုံမျှ (အဲဒီ ကိလေသာမှ ဆက်ပြီး ကံနှင့် အကျိုးဝိပါက် မဖြစ်နိုင်ရုံမျှ) ငြိမ်းတာကို ဆိုပါတယ် ကိလေသာတွေကို အမြစ်ပြတ်လုံးဝအားဖြင့်တော့ မငြိမ်းစေနိုင်သေးဘူး၊ ဝိပဿနာဉာဏ် ရင့်သန်ပြည့်စုံတဲ့အခါ ရုပ်နာမ်သင်္ခါရ ချုပ်ငြိမ်းကင်းဆိတ်တဲ့ အငြိမ်းဓာတ်သဘောထဲသို့ အရိယမဂ်ဉာဏ်ဖြင့် ဝင်ရောက် သွားတယ်၊ အဲဒီအငြိမ်းဓာတ်သို့ရောက်မှ ကိလေသာတွေကို အမြစ်ပြတ် လုံးဝငြိမ်းစေနိုင်တယ်၊

ဒါကြောင့် အငြိမ်းဓာတ်ဟာ ကိလေသာစသော ဝဋ်ဆင်းရဲ၏ ငြိမ်းရာဌာနသဖွယ်ဖြစ်နေတယ်၊ ဒါကြောင့် နိဗ္ဗာန်ကို ဝဋ် ဆင်းရဲ၏ငြိမ်းရာလို့ ဆိုရတယ်။ အငြိမ်းဓာတ်ကို အရိယမဂ်ဉာဏ်ဖြင့် မြင်သည်နှင့်တြုပိင်နက် ဝဋ်ဆင်းရဲတွေ ငြိမ်းသွားသောကြောင့်် အငြိမ်းဓာတ်ဟာ ဝဋ်ဆင်းရဲ ငြိမ်းကြောင်းလဲ ဖြစ်နေတယ်၊ ဒါကြောင့် နိဗ္ဗာန်ကို ဝဋ်ဆင်းရဲငြိမ်းကြောင်း လို့လဲဆိုရပါတယ်။ အဲဒီ ၂-နည်းကတော့ မုချမဟုတ်ဘူး၊ တင်စားပြီး ပြောဆိုရတာပဲ၊ မုချအားဖြင့်တော့ နိဗ္ဗာန်ဆိုတာ အရဟတ္တမဂ်၏ အစွမ်းကြောင့် ဝဋ်ဆင်းရဲအလုံးစုံ မဖြစ်ပေါ်လာနိုင်တော့ပဲ ငြိမ်းခြင်းသဘောမျှသာ ဖြစ်ပါတယ်၊ အဲဒီလို ဝဋ်ဆင်းရဲငြိမ်းအောင်လို့ပဲ မြတ်စွာဘုရား၏ သာသနာတော်မှာ မြတ်သော အကျင့်ကို ကျင့်နေကြပါတယ်၊ အဲဒီနိဗ္ဗာန်ကို သန္တိလက္ခဏာ ရှိတယ်လို့လဲ အဋ္ဌကထာများမှာ ပြဆိုထားပါတယ်။

သန္တိလက္ခဏာ အဓိပ္ပာယ်

▬▬▬▬▬▬▬▬▬
သန္တိ ဆိုတာကလဲ ငြိမ်းခြင်းလို့ အနက်ရပါတယ်၊ ဘာတွေငြိမ်းသလဲဆိုရင် ဝဋ်ဆင်းရဲတွေ ငြိမ်းတာပါပဲ၊ လက္ခဏာဆိုတာကလဲ ဒီနေရာမှာ သူ့ပင်ကိုသဘောကို ဆိုတာပါပဲ၊ ဒါကြောင့် သန္တိလက္ခဏာ ရှိတယ်ဆိုတာ ငြိမ်းခြင်းသဘောရှိတယ်၊ ငြိမ်းခြင်းသဘောသည်ပင် နိဗ္ဗာန်ပဲလို့ ဆိုလိုပါတယ်၊ ဒါလောက်ဆိုရင် နိဗ္ဗာန်အကြောင်း တော်တော် သဘောပေါက်လောက်ပါပြီ၊ ဒါပေမယ့် သာပြီး ပေါ်လွင်အောင် ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ် အကြောင်းကို ထပ်ပြီး စွဲပြဦးမယ်။

ကိလေသဝဋ်

▬▬▬▬▬
ကိလေသဝဋ်ဆိုတာ ပဋိစ္စသမုပ္ပာဒ် ဒေသနာအရအားဖြင့် အဝိဇ္ဇာ တဏှာ ဥပါဒါန် ဒီသုံးပါးပါပဲ၊ အဝိဇ္ဇာကြောင့် အားထုတ်မှု-သင်္ခါရများ ဖြစ်ကြတယ်ဆိုတဲ့ အပိုဒ်က အဝိဇ္ဇာရယ်၊ တဏှာကြောင့် စွဲလမ်းမှု-ဥပါဒါန် ဖြစ်တယ်ဆိုတဲ့ အပိုဒ်က တဏှာနဲ့ ဥပါဒါန်ရယ် ဒီသုံးပါးပါပဲ၊ ဒါကြောင့် “အဝိဇ္ဇာ တဏှာ ဥပါဒါန် ဒီသုံးပါးကို ကိလေသဝဋ်ဟု ခေါ်သည်” ဆိုတဲ့ ဆောင်ပုဒ်ကို ကျက်မှတ်ထား ကြရမယ်၊ အဲဒီဆောင်ပုဒ်ကို ဆိုကြရမယ်။ အဝိဇ္ဇာ တဏှာဥပါဒါန်-ဒီသုံးပါးကို ကိလေသဝဋ်ဟု ခေါ်သည်။

အဝိဇ္ဇာဆိုတာ အမှန်အတိုင်း မသိပဲ အလွဲအမှားတွေကို သိနေတဲ့သဘောပဲ၊ ဒွါရ ၆-ပါးက မပြတ်ထင်ပေါ်နေတဲ့ ရုပ်နာမ်တရားတွေဟာ တဏှာမှတစ်ပါး ဆိုလျှင် ဒုက္ခသစ္စာ ဆင်းရဲအမှန် တရားတွေချည်းပဲ၊ မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း အဲဒါတွေကို သတ္တဝါတွေက ဆင်းရဲလို့ မထင်ဘူး၊ ငါပဲ သူပဲ အမြဲတည်ရှိနေတယ်၊ ချမ်းသာတယ် ကောင်းတယ်၊ လှတယ် စသည်ဖြင့် အကောင်းတွေလို့သာ ထင်နေကြတယ်၊ အဲဒါဟာ အဝိဇ္ဇာပဲ၊ ကောင်းတယ် ထင်တော့ နှစ်သက်လိုချင် တယ်၊ တဏှာပဲ၊ နှစ်သက်လိုချင်တော့ စွဲလမ်းတယ် ဥပါဒါန်ပဲ စွဲလမ်းတော့ ကိုယ့်အလိုအတိုင်း ပြီးမြောက်အောင် ပြုလုပ်အားထုတ်တယ်၊ အဲဒီ ပြုလုပ် အားထုတ်တာတွေကတော့ သင်္ခါရနှင့် ကမ္မဘဝတွေပဲ၊ အဲဒီလို ဖြစ်ပုံကို ရည်ပြီးတော့ ဘုန်းကြီးက ပဋိစ္စသမုပ္ပာဒ် တရားတော်မှာ ‘အမှန်မသွား၊ အမှားမြင်ကာ၊ အဝိဇ္ဇာကြောင့်၊ ချမ်းသာလိမ့်နိုး၊ ရည်မျှော်ကိုးလျက်၊ သုံးမျိုးမှုကံ၊ ပြုစီမံ၍’ စသည်ဖြင့် ဆောင်ပုဒ်စီထားပါတယ်။

ကမ္မဝဋ်

▬▬▬
အဝိဇ္ဇာ တဏှာ ဥပါဒါန်ဆိုတဲ့ ပြဋ္ဌာန်းတဲ့ ကိလေသာ သုံးပါးကို ယူလိုက်ရင် အဲဒီကိလေသာ သုံးပါးနှင့် မကင်းရာ မကင်းကြောင်းဖြစ်တဲ့ ဒေါသ မာန ဒိဋ္ဌိအစရှိသော အခြား ကိလေသာတွေလဲ ပါဝင်သွားတယ်၊ ဒါကြောင့် တဏှာဆိုတဲ့ လောဘဖြင့် လိုချင်စွဲလမ်းပြီး လိုချင်တာကိုရအောင် ပြုလုပ်အားထုတ်တယ်၊ ဒေါသဖြင့် စိတ်ဆိုးပြီး သူတစ်ပါးတွေသေအောင် ပျက်အောင် ပြုလုပ်တယ်၊ မောဟ ဆိုတာကတော့ အဝိဇ္ဇာပဲ၊ သူကတော့ အကုသိုလ်တိုင်းနှင့် ပူးတွဲပြီး ဖြစ်တယ် ဒါကြောင့် လိုချင်လို့ ပြုလုပ်ရာမှာလဲ မောဟပါတာပဲ၊ စိတ်ဆိုးလို့ ပြုလုပ်ရာမှာလဲ မောဟပါတာပဲ၊ နောက်ပြီးတော့ မာနဖြင့် အထင်ကြီးပြီး သူများထက်သာအောင် ပြုလုပ်တယ်၊ ဒိဋ္ဌိဖြင့် အယူမှားပြီး ကိုယ့်အလိုအတိုင်း ပြီးမြောက်အောင် လုပ်တယ်၊ အယူမှားနေတဲ့ သူတွေက သူတို့အယူသာမှန်တယ်၊ အခြားအယူတွေက မှားတယ်လို့ယူဆပြီး သူတို့အယူကို အများကလက်ခံအောင် အကြမ်း နည်းနဲ့လဲ လုပ်တတ်တယ်၊ အနုနည်းနဲ့လဲ ဝါဒဖြန့်တယ်၊ အဲဒီလို ပြုလုပ်သမျှတွေဟာ ကိလေသဝဋ်ကို မှီပြီး ပြုတဲ့ ကမ္မဝဋ် ချည်းပါပဲ။ ဒါကြောင့် ကိလေသာကိုမှီ၍ ပြုလုပ်တဲ့ ကောင်းမှု မကောင်းမှုကံကို ကမ္မဝဋ်ဟုခေါ်သည်-တဲ့၊ အဲဒါကို ဆိုကြရမယ်။

ကိလေသာကို မှီ၍ ပြုလုပ်တဲ့ ကောင်းမှု မကောင်းမှု ကံကို ကမ္မဝဋ်ဟု ခေါ်သည်။

ကိလေသာကို မှီပြီး ပြုတာက သတ်ခြင်း၊ နှိပ်စက်ခြင်း၊ ခိုးယူခြင်း၊ လိမ်ခြင်းအစရှိတဲ့ မကောင်းမှုလဲ ရှိတယ်၊ နောင် ဘဝ နောင်ကာလမှာ ချမ်းသာရအောင် ရည်ရွယ်ပြီး ပြုတဲ့ ဒါန သီလ အစရှိသော ကောင်းမှုလဲ ရှိတယ်၊ ပုထုဇဉ် သေက္ခပုဂ္ဂိုလ် တွေမှာ အဝိဇဗနာ တဏှာ အစရှိသော ကိလေသဝဋ်က ရှိနေတဲ့ အတွက် ပြုသမျှအမှုတွေဟာ အကုသိုလ်ကံရင်လဲ ဖြစ်တယ်၊ ကုသိုလ်ကံရင်လဲဖြစ်တယ်၊ လောဘ ဒေါသနဲ့တွဲပြီး မစင်ကြယ်တဲ့ စိတ်စေတနာနဲ့ပြုရင် မကောင်းကျိုး ပေးတတ်တဲ့ အကုသိုလ် ကံဖြစ်တယ်၊ လောဘ ဒေါသ မောဟ မပါပဲ စင်ကြယ်တဲ့ စိတ်စေတနာနဲ့ပြုရင် ကုသိုလ်ကံဖြစ်တယ်၊ အကုသိုလ်ကံက အပါယ် လေးပါးလဲ ကျစေတတ်တယ်၊ အသက်တိုခြင်း, အနာများခြင်း, ဆင်းရဲနွမ်းပါးခြင်းအစရှိသော မကောင်းကျိုးတွေလဲ ပေးတတ်တယ်၊ ကုသိုလ်ကံက လူ နတ် ဗြဟ္မာ သုဂတိဘဝများသို့ရောက် စေတတ်တယ်၊ အသက်ရှည်ခြင်း၊ ကျန်းမာခြင်း၊ ပေါများ ကြွယ်ဝခြင်း စသော ကောင်းကျိုးတွေကိုလဲ ပေးတတ်တယ်၊ အလိုရှိလျှင် မဂ်ဖိုလ် နိဗ္ဗာန်ကို ရခြင်း၏ အကြောင်းလဲ ဖြစ်တယ်၊ ဒါကြောင့် အပါယ်လေးပါး မကျချင်ရင်, အသက်တိုခြင်း အစရှိသော မကောင်းကျိုးတွေကို ကြောက်ရင် သတ်ဖြတ်နှိပ်စက်ခြင်း ခိုးယူခြင်း အစရှိသော မကောင်းမှု ကံတွေကို ကြဉ်ရှောင်ရတယ်။ လူ့ဘဝ နတ်ဘဝ ဗြဟ္မာဘဝများမှာ ရောက်ပြီးတော့ ချမ်းသာချင်ရင် မဂ်ဖိုလ်နိဗ္ဗာန်ကို ရောက်ချင်ရင် ဒါန သီလ ဘာဝနာဆိုတဲ့ ကောင်းမှုကံတွေကို ပြုလုပ်ရတယ်၊ ယခုဘဝတွင် မဂ်ဖိုလ်နိဗ္ဗာန်ကို ရချင်ရင် ဝိပဿနာ ဘာဝနာ အလုပ်ကို အားထုတ်ရတယ်၊ ဒါက မြတ်စွာဘုရား၏ အလိုတော်နှင့်အညီ သြဝါဒတရားပဲ။

လူမိုက် မမှီဝဲတာ မင်္ဂလာ

▬▬▬▬▬▬▬▬▬
ယခုခေတ်မှာ အယူမှားနေတဲ့ အချို့ဆရာတွေက အလွဲအမှားတွေကို ဟောနေတာရှိတယ်၊ ဘယ်လိုလဲဆိုတော့ “ဒါန သီလ ဘာဝနာ ဆိုတဲ့ ကုသိုလ်ကံတွေလဲ အဝိဇ္ဇာ တဏှာ ဥပါဒါန်ဆိုတဲ့ ကိလေသဝဋ်ကို မှီပြီးဖြစ်တဲ့ ကမ္မဝဋ်ပဲ၊ ဒီကမ္မဝဋ်ကလဲ ဝိညာဏ် နာမ် ရုပ် သဠာယတန ဖဿ ဝေဒနာ ဆိုတဲ့ ဝိပါကဝဋ် ဘဝသစ်ကို ဖြစ်စေတတ်တာပဲ ဒါကြောင့်လဲဘဝသစ် ဆင်းရဲ မဖြစ်ချင်ရင် ဒါန သီလ ဘာဝနာ ကုသိုလ်တွေလဲ မလုပ်ပဲ ပယ်ရမယ်” လို့ ဒီလို ဟောတတ်ကြတယ်၊ အဲဒီလို ဟောတာကို အကြားအမြင် အသိအလိမ္မာနည်းတဲ့ သူတွေက ယုံကြည်ပြီးတော့ ပြုနေကျဖြစ်တဲ့ ကုသိုလ်တွေကို မပြုတော့ဘူး၊ ပေးလှူနေကျ ကုသိုလ်ကိုလဲ မပြုဘူး၊ စောင့်နေကျ ငါးပါးသီလ ရှစ်ပါးသီလကိုလဲ မဆောက်တည် မစောင့်ရှောက်တော့ဘူး မေတ္တာပို့ခြင်း အစရှိတဲ့ ဘာဝနာ အလုပ်ကိုလဲ မလုပ်ဘူး၊ ဘုရားဆင်းတုတော် စေတီတော် ရှိခိုးခြင်းကိုလဲ မပြုတော့ဘူးတဲ့၊ ရှေးက ပြုဖူးတဲ့ ဒါနကုသိုလ် စသည်တွေကိုတောင် မှားသွားတယ်လို့ ထင်သေးသတဲ့၊ အဲဒီလို လူမှာ ကောင်းကျိုးချမ်းသာကို ပေးမည့် ကုသိုလ်တွေ အကုန်လုံး ဆုံးရှုံးသွားရှာတာပါပဲ၊ ဒါပေမယ့် အပါယ်လေးပါး ပစ်ချမည့် အကုသိုလ်ကံတွေကတော့ သူ့မှာ ဖြစ်နေမှာပဲ၊ လောဘက မကင်း သေးတော့ လိုချင်မက်မောတဲ့ စိတ်တွေလဲ ရှိနေမှာပဲ၊ လိုချင်မက်မောပြီး မတော်တာတွေ ကြံတာ ပြုတာ ပြောတာလဲ ရှိမှာပဲ၊ ထို့အတူ ဒေါသမကင်းသေးတဲ့အတွက် စိတ်ဆိုးတာ ပြစ်မှားတာ မတော်မသင့်ပြုတာ တွေလဲ ရှိမှာပဲ၊ အဲဒါတွေဟာ အပါယ်လေးပါးကျစေနိုင်တဲ့ အကုသိုလ်ကံတွေပဲ။

ပုထုဇဉ်တွေမှာ ကုသိုလ်စိတ်နဲ့ အကုသိုလ်စိတ် တလဲစီ ဖြစ်တယ်၊ ကုသိုလ်စိတ်ဖြစ်နေဆဲမှာ အကုသိုလ်စိတ် မဖြစ်ဘူး။ အကုသိုလ်စိတ်ဖြစ်နေဆဲမှာ ကုသိုလ်စိတ်မဖြစ်ဘူး၊ လမ်းလျှောက် နေတဲ့လူမှာ ဘယ်ဘက်ခြေက ကြွနေတုန်း ညာဘက်ခြေက ရပ်တည်နေတယ်၊ ညာဘက်ခြေက ကြွနေတုန်း ဘယ်ဘက်ခြေက ရပ်တည်နေတယ်၊ အဲဒါလိုပဲ၊ ကုသိုလ်ဖြစ်နေဆဲမှာ အကုသိုလ် မဖြစ်ဘူး၊ အကုသိုလ်ဖြစ်နေဆဲမှာ ကုသိုလ်မဖြစ်ဘူး ကုသိုလ်ဆိုတာက တမင်ပြုမှ ဖြစ်တာ၊ အကုသိုလ်ကတော့ လောဘဒေါသအလျောက် သူ့အလိုလို ဖြစ်နေတာ၊ မဖြစ်စေချင်လို့ တရား အားထုတ် နေရာမှာတောင် ဝင်ဝင်ပြီး ဖြစ်တတ်သေးတာပဲ၊ ကုသိုလ်ကမပြုပဲ စွန့်လွှတ်ထားတဲ့ လူမှာတော့ အချိန်ရှိသမျှ အကုသိုလ်တွေချည်း မပြတ်ဖြစ်ပွားနေမှာက သေချာပါတယ်၊ အဲဒီတော့ အဲဒီ အကုသိုလ်တွေကြောင့် အပါယ်လေးပါး ကျသွားဖို့ရာ ကိန်းသေ ဖြစ်နေတော့တာပဲ၊ အဲဒီလိုလူမှာ အဲဒီလို အကုသိုလ်တွေပွားပြီး အပါယ်လေးပါးကျရတာ ဘာကြောင့်လဲလို့ အရင်းအမြစ်ကို စစ်ကြည့်လိုက်ရင် အလွဲအမှားတွေကို ဟောပြောတဲ့ ဆရာကြောင့်ပဲဆိုတာ ထင်ရှားပေါ်လာတယ်၊ ဒါကြောင့် မြတ်စွာဘုရားက “အသေဝနာ စ ဗာလာနံ၊ လူမိုက်တို့ကို မမှီဝဲခြင်းဟာ မြတ်သော မင်္ဂလာ ဖြစ်တယ်လို့ ဟောတော်မူခဲ့တာပဲ။

ဝိပါကဝဋ်

အမှန် မှတ်သိထားရမှာကတော့ ကုသိုလ် အကုသိုလ် ကမ္မဝဋ်ကြောင့် ဘဝသစ် ရုပ် နာမ် ဝိပါကဝဋ်ဖြစ်တယ်၊ အဲဒီ ဝိပါကဝဋ်မှ လွတ်လိုလျှင် မဂ်ဖိုလ်နိဗ္ဗာန်ကို ရည်သန်ပြီးတော့ ဒါန သီလ ဘာဝနာ ကုသိုလ်အလုပ်ကို များများအားထုတ်ရမယ်၊ အထူးအားဖြင့် ဝိပဿနာအလုပ်ကို အားထုတ်ရမယ်၊ ဒီလိုအားထုတ်လို့ အရဟတ္တမဂ်ဖိုလ် ရောက်သွားတဲ့အခါမှာ အဲဒီကမ္မဝဋ်တွေ အကုန်ပျက်ပြယ်ပြီးတော့ ဝိပါကဝဋ်ဆိုတဲ့ ဘဝသစ် ရုပ်နာမ်တွေလဲ လုံးဝ မဖြစ်ပေါ်လာတော့ပဲ ကင်းငြိမ်သွားတယ်၊ ဒါကလမ်းမှန်ပဲ၊ အဲဒီလမ်းမှန်အတိုင်း အားမထုတ်နိုင်သေးရင်, အားထုတ် ပေမယ့် အရဟတ္တမဂ်ဖိုလ်အထိ မရောက်သေးရင် ကုသိုလ် အကုသိုလ်ကံဆိုတဲ့ ကမ္မဝဋ်ကြောင့် ဝိပါကဝဋ်ဆိုတဲ့ ဘဝသစ်ရုပ်နာမ်ခန္ဓာတွေဟာ မဖြစ်ချင်ပေမယ့် ဖြစ်နေဦးမှာပဲ၊ ဒါကြောင့် “ကောင်းမှုကံ မကောင်းမှုကံကြောင့် ဘဝသစ်၌ ဖြစ်ပေါ်သော ရုပ်နာမ် ခန္ဓာကို ဝိပါကဝဋ်ဟု ခေါ်သည်” ဆိုတာ ကိန်းသေမှတ်ထားကြရမယ်၊ အဲဒါကို ဆိုကြရမယ်။

ကောင်းမှုကံ မကောင်းမှုကံကြောင့် ဘဝသစ်၌ ဖြစ်ပေါ်သော ရုပ်နာမ် ခန္ဓာကို ဝိပါကဝဋ်ဟု ခေါ်သည်။

ဝဋ်သုံးပါး လည်နေပုံ

ဝဋ္ဋ-ဝဋ်ဆိုတာ တစ်ပတ်ပြီး တစ်ပတ် လည်နေတယ်လို့ အဓိပ္ပာယ် ရှိတယ်၊ ပုထုဇဉ် ပုဂ္ဂိုလ်တွေမှာ အဝိဇ္ဇာ တဏှာ အစရှိသော ကိလေသာတွေက ရှိနေတော့ အဲဒီ ကိလေသာတွေကြောင့် ကိုယ်ကျိုးအတွက် ကိုယ်နဲ့ စပ်တဲ့ သူတွေရဲ့ အကျိုး အတွက် ပြုလုပ်တယ်၊ ကမ္မဝဋ် ဖြစ်လာတာပဲ၊ အဲဒီ ကမ္မဝဋ် မဖြစ်အောင် ဘယ့်နှယ်မှ မတားမြစ်နိုင်ဘူး၊ ကုသိုလ်ကံကို မလုပ်ပဲ နေနိုင်ပေမယ့် အကုသိုလ်ကံကိုတော့ မလုပ်ပဲ မနေနိုင်ဘူး၊ ကုသိုလ်ကံ မလုပ်ရင် အကုသိုလ်ကံ တွေချည်း ဖြစ်နေမှာပဲ၊ ကုသိုလ်ကံရှိရင် လူ့ဘဝ နတ်ဘဝ ဆိုတဲ့ကောင်းမြတ်တဲ့ အကျိုးဝိပါက်တွေ ဖြစ်မယ်၊ ကုသိုလ်မရှိရင် သို့မဟုတ် ကုသိုလ်ကံ အားနည်းရင် အကုသိုလ်ကံတွေက အပါယ်လေးပါးဘဝဆိုတဲ့ ယုတ်ညံ့တဲ့ အကျိုး ဝိပါက်တွေချည်း ပေးသွားမှာပဲ၊ အဲဒီ ဖြစ်ရာ ဘဝတွေမှာလဲ မြင်မှု ကြားမှု တွေ့သိမှု ခံစားမှု ဆိုတဲ့ ဝိပါကဝဋ်ကိုမှီပြီး အဝိဇ္ဇာ တဏှာ အစရှိသော ကိလေသာဝဋ် တွေ တစ်ဖန်ဖြစ်မယ်၊ အဲဒီကိလေသာကြောင့် ကံအမျိုးမျိုးကို ပြုမိမယ်၊ သူတော်ကောင်းမိတ်ဆွေကို အမှီရတဲ့အခါ ကုသိုလ်ကံကိုပြုမယ်၊ သူယုတ်မာနှင့် ပေါင်းမိတဲ့အခါ, သူတော်ကောင်း တရားကို မကြားမနာရသောအခါများမှာ အကုသိုလ် ကံတွေကိုပြုမိမယ်၊ အများအားဖြင့် အကုသိုလ် ကံပြုမိတာကပဲ များဖို့ရှိပါတယ်၊ တစ်ဘဝ တစ်ဘဝ အတွင်းမှာ ပြုမိတဲ့ကံတွေက ရာထောင် သိန်းသန်းမက များစွာရှိနိုင်ပါတယ်၊ အဲဒီ တစ်ဘဝ တစ်ဘဝမှ သေတဲ့အခါ အကျိုးပေးတဲ့ကံက တစ်ခု တစ်ခုသာ ရှိတယ်၊ အကျိုးမပေးရသေးတဲ့ ကံကြွင်းတွေက အများကြီးရှိနေတယ်။

အဲဒီကံတွေကြောင့် ငရဲမှာ ဖြစ်ရင် ငရဲ ဆင်းရဲတွေကို အနှစ် သိန်းသန်း များစွာ ခံစားနေရတယ်၊ ပြိတ္တာ ဖြစ်ရင်လဲ ပြိတ္တာဘုံမှာ တွေ့ကြုံရမြဲ ဖြစ်တဲ့ အစာငတ် ရေငတ်ခြင်း မီးလောင်ခံရခြင်း ဓားလှံ လက်နက်တို့ဖြင့် အထိုး အခုတ်ခံနေရခြင်း စသော ဆင်းရဲတွေကို ဟစ်အော်မြည်တမ်းလျက် ခံစားနေရတယ်၊ တိရစ္ဆာန် ဖြစ်ရင်တော့ ပိုးမွှားကလေးတွေမှ ကျွဲ နွား ဆင် မြင်းအထိ သူတို့မှာ တွေ့ကြုံရမြဲဖြစ်တဲ့ ဆင်းရဲတွေကို ခံစားနေရတယ်၊ နိုင်ရာနိုင်ရာက နှိပ်စက်ခြင်း သတ်ဖြတ်ခြင်း ကိုလဲ ခံနေရတယ်၊ ဒါက ကုသိုလ်နည်းပြီး အကုသိုလ် များတဲ့သူတွေရဲ့ တွေ့ကြုံ ခံစားရပုံ အရိပ် အမြွက်မျှပါပဲ။

ကုသိုလ်ကံကြောင့် လူ့ဘဝမှာ ဖြစ်ရပြန်တော့လဲ အိုရခြင်း နာရခြင်း သေရခြင်း စိုးရိမ် ပူဆွေးရခြင်းအစရှိသော ဆင်းရဲတွေကို ခံစားရပြန်တာပဲ၊ စားဝတ်နေရေးအတွက် ရှာကြံရခြင်း ကြောင့်လဲ ဆင်းရဲဒုက္ခတွေကို ခံစားရတယ်၊ ကံမကောင်း အကြောင်း မသင့်ရင် အစစ အရာရာ မပြည့်စုံတဲ့အတွက်လဲ ဆင်းရဲရတယ်၊ နိုင်တဲ့သူတွေက နှိပ်စက်လို့လဲ ဆင်းရဲရတယ်၊ မကောင်းမှု အကုသိုလ်ကို ပြုမိရင် အဲဒီမကောင်းမှု ကံကြောင့် အပါယ်လေးပါး ကျရောက်ပြီးတော့လဲ ဆင်းရဲ ရပြန်တယ်၊ နတ် ဘဝမှာ ဖြစ်ရပြန်တော့လဲ ကိုယ့်အလိုအတိုင်းမပြည့်လို့ စိတ်ဆင်းရဲရတာ တွေရှိတာပဲ၊ သေရမည့်အရေးကြောင့်လဲ စိတ်ဆင်းရဲ ရတယ်၊ ကာမဂုဏ်အာရုံတွေနဲ့ မေ့လျော့ နေတုန်း သေသွားရင် အပါယ်လေးပါးကျပြီးတော့လဲ ဆင်းရဲရပြန်တယ်။

ဒီပုံဒီနည်းဖြင့် ကိလေသဝဋ်ကြောင့် ကမ္မဝဋ် ဖြစ်တယ်။ ကမ္မဝဋ်ကြောင့် ဘဝသစ် ဝိပါကဝဋ် ဖြစ်ရတယ်၊ တစ်ဖန် မြင်မှုကြားမှုစသော ဝိပါကဝဋ်ကြောင့် ကိလေသဝဋ် ဖြစ်ပြန်တယ်၊ အဲဒီ ကိလေသဝဋ်ကြောင့် ကမ္မဝဋ်ဖြစ်ပြန်တယ်။ ကမ္မဝဋ်ကြောင့် အပါယ်ဘဝ အစရှိသော ဝိပါကဝဋ် တွေဖြစ်ပြီး ဆင်းရဲအမျိုးမျိုးကို ခံစားရတယ်၊ ဒီဝဋ်သုံးပါးမှလွတ်အောင် ရှောင်တိမ်းဖို့ အခြား နည်းလမ်း မရှိဘူး၊ မြတ်စွာဘုရား ဟောကြားညွှန်ပြထားတဲ့ မဇ္ဈိမပဋိပဒါခေါ် မဂ္ဂင်ရှစ်ပါး အကျင့်လမ်းသာရှိတယ်၊ အဲဒါဟာ စောစောပိုင်းကပြောခဲ့တဲ့ သီလ သမာဓိ ပညာအကျင့်ပါပဲ၊ အရေးအကြီးဆုံးကတော့ ဝိပဿနာအကျင့် ပါပဲ၊ အဲဒီ ဝိပဿနာအကျင့်ကို မကျင့်နိုင်သေးရင်, ကျင့်သော်လဲ ဣန္ဒြေ မရင့်ကျက်သေးလို့ အရဟတ္တ မဂ်ဖိုလ်သို့ မရောက်သေးရင် ကမ္မဝဋ် အဟောင်းအသစ်တွေကြောင့် ဘဝသစ်ဝိပါကဝဋ်တွေ ဖြစ်ဖြစ်ပြီး အိုခြင်း နာခြင်း အစရှိသော ဆင်းရဲတွေကို ခံစားနေကြရမှာပဲ၊ ဘယ်လို နတ် သိကြား ဗြဟ္မာ ဘုရား သခင်ဆိုတာကမှ အဲဒီ ဝဋ်ဆင်းရဲတွေကို မဖြစ်အောင် မလုပ်နိုင်ဘူး၊ အဲဒီ နတ်သိကြားစသည်တွေကိုယ်တိုင်လဲ ကိလေသဝဋ် ကမ္မဝဋ်ကြောင့် ဝိပါကဝဋ်ဆိုတဲ့ ဘဝ၀ဋ်ဆင်းရဲတွေကို တွေ့ကြုံခံစား နေကြရတာပဲ ဒီဝဋ်ဆင်းရဲတွေမှလွတ်အောင် ဘယ်ကိုမှပြေးလို့ ရှောင်လို့ မလွတ်နိုင်ဘူး။

ဝဋ်သုံးပါး ကြောက်စရာ ကောင်းတယ်

ဒီလိုဝဋ်သုံးပါး မပြတ်လည်ပြီး ဖြစ်နေပုံကို သေသေချာချာ လေးလေးနက်နက် ဆင်ခြင်ကြည့်ရင် အင်မတန် ကြောက်စရာ ကောင်းပါတယ် ဒီဝဋ်သုံးပါးမှ လွတ်မြောက်စေနိုင်တဲ့ သတိပဋ္ဌာန် ဝိပဿနာနည်းကိုရနေကြတဲ့ ယခုအခါမှာ ဒီဝိပဿနာ အလုပ်ကို အရေးတကြီး ထက်ထက်သန်သန် အားထုတ်ဖို့ အလွန်သင့်ပါတယ်၊ သတိပဋ္ဌာန် ဝိပဿနာရှုနည်းဆိုတာ ဒီ သာသနာ့ရိပ်သာက ယောဂီတွေ ကြားနာသိနားလည်ပြီး အားထုတ်နေကြတဲ့အတိုင်း ဝိပါကဝဋ်ကနေပြီး တစ်ဖန် ကိလေသာဝဋ် ပြန်မလည်အောင် ရှုနေတဲ့နည်းပဲ၊ ယခု မြင်တိုင်း ကြားတိုင်း တွေ့သိတိုင်း ဒွါရ ၆-ပါးက ထင်ရှား ဖြစ်ပေါ်နေတာတွေဟာ ဝိညာဏ် နာမ်ရုပ်သဠာယတန ဖဿ ဝေဒနာဆိုတဲ့ ပစ္စုပ္ပန် ဝိပါကဝဋ်အကျိုးတရားတွေပဲ။

ဝဋ်သုံးပါးကင်းအောင် ကျင့်ပုံ

နဲနဲချဲ့ပြောဦးမယ်၊ မြင်သိမှု ကြားသိမှု စသည်တွေက စက္ခုဝိညာဏ် သောတဝိညာဏ် အစရှိတဲ့ ဝိညာဏ် ၆-ပါးပဲ၊ မြင်သိမှု ကြားသိမှု စသည်တွေထဲမှာ ပူးတွဲပါဝင်တဲ့ စေတသိက် တရားတွေက နာမ်ပဲ၊ မြင်သိမှု စသည်တို့၏ မှီရာ ဖြစ်ရာ မျက်စိ အကြည် စသည်နှင့် တစ်ကိုယ်လုံးက ရုပ်ပဲ၊ မျက်စိအကြည် စသည်က အာယတနပဲ၊ မြင်တွေ့မှု စသည်က ဖဿပဲ၊ မြင်လို့ကောင်းတာ မကောင်းတာ စသည်က ခံစားမှု ဝေဒနာပဲ၊ အဲဒီငါးမျိုးဟာ ယခု လောလောဆယ် ဖြစ်နေတဲ့ ဝိပါကဝဋ် အကျိုးတရားတွေပဲ၊ အဲဒီအကျိုးတရားငါးပါးကို မရှုနိုင် မသိနိုင်လျှင် အကောင်းအဆိုး ခံစားရတာကို အကြောင်းပြုပြီး နှစ်သက်သာယာမှု တဏှာ ဖြစ်လာတယ်၊ နှစ်သက်သာယာတော့ စွဲလမ်းမှု ဥပါဒါန်လဲ ဖြစ်လာတယ်၊ အဲဒီမှာ မရှုလို့ မသိတာ ကအဝိဇ္ဇာပဲ၊ အဲဒီအဝိဇ္ဇာနှင့် တဏှာဥပါဒါန်တွေဟာ ကိလေသဝဋ်ပဲ၊ အဲဒီကိလေသဝဋ်ကြောင့် ကမ္မဝဋ်ဖြစ်လာမယ်၊ ကမ္မဝဋ် ဖြစ်ရင် ဘဝသစ် ဝိပါကဝဋ် ဖြစ်တော့မှာပဲ၊ အဲဒီလို ကိလေသဝဋ် စသည်တွေ မဖြစ်ရအောင် မြင်မှု ကြားမှုစသော ဝိပါကဝဋ် တရားတွေကို ဖြစ်တိုင်း ဖြစ်တိုင်း ရှုမှတ်ရတယ်၊ ရှုမှတ်လို့ ရုပ် နာမ်အဖြစ်အပျက် အနိစ္စ ဒုက္ခ အနတ္တ သဘောတွေကို အမှန်အတိုင်း သိသိသွားရင် မသိမူ အဝိဇ္ဇာကင်းတယ်၊ ကောင်းတယ် ချမ်းသာတယ် စသည်ဖြင့် သိမှားမှု အဝိဇ္ဇာ မရှိတော့ နှစ်သက် သာယာမှု တဏှာလဲ မဖြစ်နိုင်တော့ဘူး၊ တဏှာမဖြစ်တော့ စွဲလမ်းမှု ဥပါဒါန်လဲ မဖြစ်တော့ဘူး၊ စွဲလမ်းမှု မရှိတော့ ပြုလုပ် အားထုတ်မှု ကံဆိုတဲ့ ကမ္မဝဋ်လဲမဖြစ်လာတော့ဘူး၊ ကံမရှိတော့ အဲဒီကံကြောင့်ဖြစ်မည့် ဘဝသစ် ဝိပါကဝဋ်လဲ မရှိတော့ဘူး၊ အဲဒါဟာ ဖြစ်ဆဲ ပစ္စုပ္ပန် အကျိုးတရားကို ရှုသိတဲ့အတွက် အဲဒီပစ္စုပ္ပန်အကျိုး ဝေဒနာမှ ပစ္စုပ္ပန်အကြောင်း တဏှာ စသည် မဖြစ်တော့ပဲ ဝဋ်သုံးပါး ပြတ်စဲချုပ်ငြိမ်းပုံပါပဲ။
ဒီနေရာမှာ လောက၏ ဖြစ်ပုံချုပ်ပုံကို ဟောထားတဲ့ သုတ်တစ်ခုကို ထုတ်ပြဦးမယ်။

လောက၏ဖြစ်ပုံ

ကတမော စ ဘိက္ခဝေ လောကဿ သမုဒယော၊ စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ၊ သင်္ဂတိ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ သောက ပရိဒေဝ ဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ၊ အယံ ခေါ ဘိက္ခဝေ လောကဿ သမုဒယော။

ဘိက္ခဝေ၊ ရဟန်းတို့။
လောကဿ သမုဒယော၊ လောက၏ ဖြစ်ပုံသည်။
ကတမော၊ အဘယ်နည်း၊
စက္ခုဉ္စ ပဋိစ္စ ရူပေစ၊ မျက်စိနှင့် အဆင်းတို့ကို စွဲမှီ၍။
စက္ခုဝိညာဏံ ဥပ္ပဇ္ဇတိ၊ မြင်သိမှုဖြစ်ပေါ်၏။
တိဏ္ဏံ၊ မျက်စိ အဆင်း မြင်သိမှု ဟူသော သုံးပါးတို့၏၊
သင်္ဂတိ၊ ဆုံမိခြင်းသည်။
ဖဿော၊ အာရုံကိုတွေ့မှုပေတည်း။
ဝါ- ဆုံမိခြင်းကြောင့် တွေ့မှုဖြစ်၏။
ဖဿ ပစ္စယာ ဝေဒနာ၊ အာရုံကိုတွေ့မှုကြောင့် ခံစားမှုဖြစ်၏။
ဝေဒနာပစ္စယာ၊ ခံစားမှုကြောင့်။
တဏှာ၊ တပ်မက်ဆာလောင်မှုဖြစ်၏၊
တဏှာပစ္စယာ၊ တပ်မက်ဆာလောင်မှုကြောင့်။
ဥပါဒါနံ၊ စွဲလမ်းမှု ဖြစ်၏။
ဥပါဒါနပစ္စယာ၊ စွဲလမ်းမှုကြောင့်။
ဘဝေါ၊ ဘဝသစ်ဖြစ်ကြောင်းကံဖြစ်၏။
ဘဝပစ္စယာ၊ ဖြစ်ကြောင်းကံကြောင့်။
ဇာတိ၊ ဘဝအသစ် ဖြစ်ခြင်းပေါ်လာ၏။
ဇာတိပစ္စယာ၊ ဘဝအသစ်ဖြစ်ခြင်းကြောင့်။
ဇရာမရဏံ၊ အိုခြင်းသေခြင်းရှိရသည်။
သောကပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ၊ စိုးရိမ်ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်နှလုံးမသာခြင်း ပြင်းစွာ ပူပန်ခြင်းတို့သည်လည်း။
သမ္ဘဝန္တိ၊ ဖြစ်ပေါ်လာကုန်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
အယံ၊ ဤပြဆိုခဲ့သော ဖြစ်ပုံသည်။
လောကဿ၊ လောက၏။
ဝါ- လောကဟုခေါ်သောဆင်းရဲ၏။
သမုဒယော၊ ဖြစ်ပုံပေတည်း။

ဒါက မြင်ရာမှစပြီး လောက၏ဖြစ်ပုံ ဝဋ်ဆင်းရဲ ဖြစ်ပုံပဲ၊ မျက်စိအကြည်မှာ အဆင်းထင်တော့ မြင်သိတယ်၊ အဆင်းအာရုံကို ထင်ရှားတွေ့ရတယ်၊ တွေ့တော့ မြင်လို့ကောင်းတယ်- မကောင်းဘူးဆိုတဲ့ ခံစားမှု ဝေဒနာဖြစ်တယ်၊ အဲဒါကို မရှုနိုင်လို့ အမှန်အတိုင်း မသိရင် အဲဒီ ဝေဒနာကြောင့် တပ်မက်ဆာလောင်တဲ့ တဏှာ ဖြစ်လာတယ်၊ တပ်မက်တော့ စွဲလမ်းတယ်၊ စွဲလမ်းတော့ အလိုအတိုင်း ပြီးစီးအောင် ကြံစည်ပြုလုပ်တယ်၊ ကမ္မဘဝ ဖြစ်တာပါပဲ၊ အဲဒီ ကမ္မဘဝကြောင့် ဘဝသစ် ရုပ်နာမ် ဝိပါကဝဋ်ဖြစ်ပြီး အိုခြင်း သေခြင်း အစရှိသော ဆင်းရဲတွေ ဖြစ်ပွားသွားတယ်၊ ဒါဟာ မြင်ရာကစပြီး သံသရာလည်ပုံပဲ၊ ကြားရာ နံရာ စသည်က သံသရာလည်ပုံတွေလဲ နည်းတူပါပဲ၊ သံသရာပြတ်ပုံ လောက၏ ချုပ်ပုံကို ဟောမယ်။

လောက၏ ချုပ်ပုံ

ကတမော စ ဘိက္ခဝေ လောကဿ အတ္ထင်္ဂမော၊ စက္ခုဉ္စ ပဋိစ္စ ရူပေ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ။ တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓာ။ ဥပါဒါနနိရောဓော၊ ဥပါဒါနနိရောဓာ ဘဝနိရောဓော၊ ဘဝနိရောဓာ ဇာတိနိရောဓော၊ ဇာတိနိရောဓာ၊ ဇရာမရဏံ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ နိရုဇ္ဈန္တိ။ ဧဝ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။ အယံ ခေါ ဘိက္ခဝေ လောကဿ အတ္ထင်္ဂမော။

ဘိက္ခဝေ၊ ရဟန်းတို့။
လောကဿ အတ္ထင်္ဂမော၊ လောက၏ ချုပ်ပုံသည်။
ကတမော စ၊ အဘယ်နည်း။
စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ မျက်စိအကြည်နှင့် အဆင်းတို့ကို စွဲမှီ၍ မြင်သိမှု ဖြစ်သည်။
တိဏ္ဏံ သင်္ဂတိ ဖဿော၊ မျက်စိ အဆင်း မြင်သိမှုသုံးပါးတို့၏ ဆုံမိခြင်းသည် အာရုံကို တွေ့မှုပေတည်း။
ဝါ၊ ဆုံမိခြင်းကြောင့် တွေ့မှုဖြစ်သည်။
ဖဿပစ္စယာ ဝေဒနာ၊ အာရုံကိုတွေ့မှုကြောင့် ခံစားမှုဖြစ်သည်။
ဝေဒနာပစ္စယာ တဏှာ၊ ခံစားမှုကြောင့် တဏှာ ဖြစ်တတ်သည်။

(ကိလေသာ မကင်းသေးတဲ့ ပုဂ္ဂိုလ်မှာ အကောင်းအဆိုးကို ခံစားမိလျှင် မရှုနိုင်လို့ အမှန်အတိုင်း မသိပါမူ တဏှာ ဖြစ်တတ်ကြောင်းကို ပြတဲ့စကားပဲ ကိလေသာကင်းပြီးတဲ့ ရဟန္တာပုဂ္ဂိုလ်တွေမှာလဲ မြင်ပြီးလျှင် ခံစားမှုဝေဒနာ အထိတော့ ဖြစ်တာပါပဲ၊ သို့ပေမယ့် အဲဒီခံစားမှုကြောင့် တဏှာကတော့ မဖြစ်တော့ဘူး၊ အဲဒါလိုပဲ မြင်ခိုက်မှာ ရှုမှတ်နိုင်လို့ အဖြစ်အပျက် အနိစ္စ ဒုက္ခ အနတ္တ သဘော မှန်ကိုသိတဲ့ ယောဂီမှာလဲ ဝေဒနာကြောင့် တဏှာ မဖြစ်တော့ဘူး၊ ဝေဒနာတွင်ပဲ ရပ်သွားတယ် အဲဒီလို ဖြစ်ပုံကိုဆက်ပြီး ပြသွားပုံကတော့)

တဿာယေဝ တဏှာယ၊ ထိုဖြစ်တတ်သော တဏှာ၏ ပင်လျှင်။
အသေသဝိရာဂနိရောဓာ၊ ဝိရာဂမည်သော အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့်။

(ဒါက ရဟန္တာအတွက် ဖြစ်ပါတယ်၊ ဝိပဿနာ ယောဂီအတွက်ဆိုရင်တော့)

အသေသဝိရာဂနိရောဓာ၊ အကြွင်းမဲ့ ပျက်ပြယ်ခြင်းချုပ်ခြင်းကြောင့်။

(ရှုမိတဲ့ ထိုအာရုံနှင့် စပ်ပြီး တဏှာ လုံးဝမဖြစ်နိုင်တာကို ဆိုလိုပါတယ်)

ဥပါဒါန နိရောဓော၊ စွဲလမ်းမှု၏ ချုပ်ခြင်းပြီးစီး၏။
ဥပါဒါနနိရောဓာ၊ စွဲလမ်းမှု၏ ချုပ်ခြင်းကြောင့်။
ဘဝနိရောဓော၊ ဘဝ၏ ချုပ်ခြင်း ပြီးစီး၏။
ဘဝနိရောဓာ၊ ဘဝ၏ ချုပ်ခြင်းကြောင့်။
ဇာတိနိရောဓော၊ ဘဝသစ်ဖြစ်မှု၏ ချုပ်ခြင်းပြီးစီး၏။
ဇာတိနိရောဓာ၊ ဘဝသစ်မဖြစ်ခြင်း ချုပ်ခြင်းကြောင့်။
ဇရာမရဏံ၊ အိုခြင်း, သေခြင်း ချုပ်၏ ကင်း၏။
သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ၊ စိုးရိမ်ပူဆွေးခြင်း, ငိုကြွေးခြင်း, ကိုယ်ဆင်းရဲခြင်း, စိတ်နှလုံးမသာခြင်း, ပြင်းစွာပူပန်ခြင်း တို့သည်လည်း။
နိရုဇ္ဈန္တိ၊ ချုပ်ကုန် ကင်းကုန်၏။
ဧဝံ၊ ဤဆိုခဲ့သည့်အတိုင်း၊
ဧတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ၊ ဤဆင်းရဲအစုအားလုံး၏။
ဝါ၊ ဤဆင်းရဲ အစုသက်သက်၏။
နိရောဓော ဟောတိ၊ ချုပ်ခြင်း, ကင်းခြင်း ဖြစ်ပေသည်။
ဘိက္ခဝေ၊ ရဟန်းတို့။
အယံ၊ ဤပြဆိုခဲ့သော ချုပ်ပုံသည်။
လောကဿ၊ လောက၏။
ဝါ၊ လောကဟုခေါ်သော ဆင်းရဲ၏၊
အတ္ထင်္ဂမော၊ ချုပ်ခြင်း ချုပ်ပုံပေတည်း။

ဒါက မြင်ရာမှစပြီး ဝေဒနာအထိ ဖြစ်ပေါ်လာတဲ့ သဘောတရားတွေကို ရှုပြီးသိသူမှာ တဏှာ မဖြစ်ပေါ်လာသဖြင့် ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်ဆိုတဲ့ ဝဋ်သုံးပါးလုံး ချုပ်ကင်းသွားပုံပဲ ရှုသိပုံကိုတော့ ရှေ့နားကပြခဲ့ပါပြီ၊ ကြားရာစသည်မှာလဲ ဝဋ်သုံးပါးချုပ်ပုံဟာ နည်းတူပါပဲ၊ ဒီနေရာမှာ ဝိပဿနာ ဉာဏ်ဖြင့်ပင် တဏှာစသည်ကို ချုပ်စေနိုင်ကြောင်း သာ၍ထင်ရှားအောင် နိဒါနဝဂ္ဂ သံယုတ် ပါဠိ (၃၃၃)မှ သမ္မသသုတ် တစိတ်ကို ထုတ်ပြဦးမယ်။

သမ္မသသုတ်

ယေ ဟိကေစိ ဘိက္ခဝေ ဧတရဟိ သမဏာ ဝါ ဗြာဟ္မဏာ ဝါ ယံ လောကေ ပိယရူပံ သာတရူပံ၊ တံ အနိစ္စတော ပဿန္တိ ဒုက္ခာတော အနတ္တတော ရောဂတော ဘယတော ပဿန္တိ၊ တေ တဏှံ ပဇဟန္တိ ... ဥပဓိံ ပဇဟန္တိ ... ဒုက္ခံ ပဇဟန္တိ၊ ယေ ဒုက္ခံ ပဇဟန္တိ၊ တေ ပရိမုစ္စန္တိ ဇာတိယာ ဇရာယ မရဏေန သောကေဟိ ပရိဒေဝေဟိ ဒုက္ခေဟိ ဒေါမနေဿဟိ ဥပါယာသေဟိ၊ ပရိမုစ္စန္တိ ဒုက္ခသ္မာတိ ဝဒါမိ။

ဘိက္ခဝေ၊ ရဟန်းတို့။
ဧတရဟိ၊ ယခု ပစ္စုပ္ပန်ကာလ၌။
(အတိတ် အနာဂတ်ကာလ၌လဲ နည်းတူပင် ဟောထားသည်)
ယေ ကေစိ သမဏာ ဝါ၊ အမှတ်မရှိ အချို့သော အကြင်သမဏ တို့သည်လည်းကောင်း။
ယေကေစိဗြာဟ္မဏာ ဝါ၊ အမှတ်မရှိ အချို့သော အကြင် ဗြာဟ္မဏ တို့သည်လည်းကောင်း၊
ယံ လောကေပိယရူပံ သာတရူပံ၊ လောက၌ အကြင်ချစ်ဖွယ်သာယာဖွယ် သဘောသည်ရှိ၏။
တံ၊ ထိုချစ်ဖွယ် သာယာဖွယ်သဘောကို။
အနိစ္စတောပဿန္တိ၊ မမြဲဟုရှုမြင်ကုန်၏။
ဒုက္ခတော၊ ဆင်းရဲဟု ရှုမြင်ကုန်၏။
အနတ္တတော၊ အစိုးမရ, အတ္တမဟုတ်ဟု ရှုမြင်ကုန်၏။
ရောဂတော၊ စွဲကပ်နေသော ရောဂါနှင့်တူသည်ဟု ရှုမြင်ကုန်၏။
ဘယတော ပဿန္တိ၊ ကြောက်ဖွယ်ဘေးဟု ရှုမြင်ကုန်၏။
တေ၊ ထိုသို့ရှုမြင်သော ပုဂ္ဂိုလ်တို့သည်။
တဏှံ ပဇဟန္တိ၊ တဏှာကို ပယ်ကုန်၏။

(ချစ်ဖွယ် သာယာဖွယ် ပိယရုပ် သာတရုပ်ဆိုတာ မြင်ခိုက် ကြားခိုက်စသည်မှာ ထင်ရှားတွေ့ရတဲ့ မျက်စိအကြည်စသော ဒွါရ ၆-ပါး၊ အဆင်းစသော အာရုံ ၆-ပါး၊ သိမြင်မှုစသော ဝိညာဏ် ၆-ပါး၊ မြင်တွေ့မှုစသော ဖဿ ၆-ပါး၊ မြင်လို့ကောင်းတာ မကောင်းတာ စသော ဝေဒနာ ၆-ပါး စသည်တွေပါပဲ၊ မဟာသတိပဋ္ဌာနသုတ်မှာ အဲဒါတွေကို အကျယ်ပြထားပါတယ်၊ မြင်ခိုက် ကြားခိုက် စသည်မှာထင်ရှားတဲ့ အဲဒီ မျက်စိ အဆင်းမြင်မှု အစရှိသော ပိယရုပ် သာတရုပ်တရားကို အနိစ္စ စသည်ဖြင့် ရှုမြင်တဲ့သူတွေမှာ အဲဒီမျက်စိစသည်တို့နှင့် စပ်ပြီး ဖြစ်မည့်တဏှာကို ပယ်နိုင်ပါတယ်၊ ကင်းစေနိုင်ပါတယ်တဲ့၊ ဒီအနက်ဟာ အလွန်ထင်ရှားပါတယ်။)

တေ၊ ထိုသို့ရှုမြင်၍ တဏှာကိုပယ်သော ပုဂ္ဂိုလ်တို့သည်။
ဥပဓိံ၊ တဏှာမှ အကြောင်းအကျိုးဆက်၍ ဖြစ်မည့် ဘဝသစ်ခန္ဓာကို။
ပဇဟန္တိ၊ ပယ်ကုန်၏။
ဒုက္ခံ၊ ဆင်းရဲကို။
ပဇဟန္တိ၊ ပယ်ကုန်၏၊

(တဏှာမဖြစ်တော့ ဥပါဒါန်နှင့် ကံလဲ မဖြစ်နိုင်တော့ဘူး၊ ကံမရှိရင် ဘဝသစ် ခန္ဓာလဲ မဖြစ်တော့ဘူး၊ ဘဝသစ်ခန္ဓာမရှိရင် ဇာတိ ဇရာ မရဏ အစရှိသော ဆင်းရဲတွေလဲ ကင်းတော့တာပဲ၊ ဒါကြောင့်)

ယေ၊ အကြင်သူတို့သည်။
ဒုက္ခံ၊ ဆင်းရဲကို။
ပဇဟန္တိ၊ ပိယရုပ် သာတရုပ်ကို အနိစ္စစသည် ရှုသောအားဖြင့် ပယ်အပ်ကုန်၏။
တေ၊ ထိုသူတို့သည်။
ဇာတိယာ ဥပါယာသေဟိ၊ ဘဝအသစ်ဖြစ်ခြင်း အိုခြင်း သေခြင်း စိုးရိမ်ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာပူပန်ခြင်းတို့မှ။
ပရိမုစ္စန္တိ၊ လွတ်မြောက်ကုန်၏။
ပရိမုစ္စန္တိ ဒုက္ခသ္မာတိ၊ ဆင်းရဲမှ လုံးဝလွတ်မြောက်ကြသည်ဟု။
ဝဒါမိ၊ ငါဘုရားဟောပေသည်တဲ့။

ဒီသမ္မသသုတ်အရအားဖြင့် မြင်မှု စသည်ကို ရှုမှတ်၍ အနိစ္စ စသည်ဖြင့် သိလျှင် ထိုမြင်မှု စသည်နှင့်စပ်ပြီး တဏှာ မဖြစ်နိုင်တော့ပဲ တဒင်္ဂအားဖြင့် ကင်းငြိမ်းကြောင်း အလွန်ပင် ပေါ်လွင် ထင်ရှားနေပါတယ်၊ အဲဒါဟာ ဝိပဿနာဖြင့် ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ် ချုပ်ငြိမ်းတဲ့ တဒင်္ဂနိဗ္ဗာန်ပဲ။

ထန်းငုတ်တိုနှင့်တူတယ်

အဲဒီဝိပဿနာက ရင့်သန်ပြည့်စုံလို့ အရဟတ္တ မဂ်ဖိုလ်သို့ ရောက်တဲ့အခါကျတော့ အရဟတ္တမဂ် ဉာဏ်၏ အစွမ်းကြောင့် ကိလေသာတွေ အကုန်လုံး ကင်းသွားတယ်၊ ကံဟောင်းတွေလဲ ဘဝအကျိုး မပေးနိုင်တော့ပဲ အစွမ်းသတ္တိ ကုန်သွားတယ်၊ ကံအသစ်တွေလဲ မဖြစ်တော့ဘူး၊ ဒါကြောင့် ပရိနိဗ္ဗာန် စုတိစိတ်ချုပ်သည်မှ နောက်၌ ရုပ်နာမ် အသစ် မဖြစ်လာတော့ပဲ ခန္ဓာအစဉ် လုံးဝပြတ်စဲသွားတယ်၊ အဲဒါဟာ ကိလေသာရော ခန္ဓာရော အကြွင်းမဲ့ ချုပ်ငြိမ်းတဲ့ အနုပါဒိသေသ နိဗ္ဗာန်ပါပဲ၊ အဲဒီလို ငြိမ်းတာဟာ အရဟတ္တမဂ် ခဏကတည်းက ပြီးစီးခဲ့ပါတယ်၊ ဒါပေမယ့် ခန္ဓာငြိမ်းပုံကတော့ ပရိနိဗ္ဗာန်စုတိ၏ အခြားမဲ့ကျမှ ထင်ရှားတယ်၊ ဥပမာ ပြရလျှင် ထန်းပင် ငုတ်တိုနှင့် တူပါတယ်၊ ထန်းပင်ငုတ်တိုဟာ လည်ဆစ်မှ ခါးလယ်မှ ကျိုးပြတ်သွားကတည်းက သေတော့တာပါပဲ၊ အညွန့်အတက် မပေါက်နိုင်တော့ပါဘူး၊ ဒါပေမယ့် ထန်းငုတ်တိုကြီးရှိနေတုန်း တော့ ထန်းပင်ကြီးရှိနေသလိုလို ထင်ရတယ်၊ တဖြည်းဖြည်းနဲ့ ဆွေးမြေ့ပြီး ထန်းငုတ်တိုကြီးပါ လုံးဝမရှိတော့မှပင် ထန်းပင်ကြီး မရှိတော့ကြောင်း ပိုပြီးထင်ရှားတယ်၊ အဲဒီ ထန်းငုတ်တိုကြီးလိုပါပဲ၊ အရဟတ္တမဂ် ခဏမှစပြီး ကိလေသာလဲ မဖြစ်နိုင်တော့ဘူး၊ ကံကြောင့် ဘဝသစ်ခန္ဓာလဲ မဖြစ်နိုင်တော့ဘူး၊ ဒါပေမယ့် ရှေးဘဝကံက အကျိုးပေးထားလို့ ပဋိသန္ဓေမှစပြီး ဖြစ်နေတဲ့ ခန္ဓာဟောင်းအစဉ်ကတော့ ရှိမြဲရှိ, ဖြစ်မြဲဖြစ်နေသေးတာပဲ၊ ဒါကြောင့် ခန္ဓာငြိမ်းပုံက မထင်ရှား သေးဘူး၊ ပရိနိဗ္ဗာန် စုတိ၏အခြားမဲ့မှစ၍ ခန္ဓာအသစ်မဖြစ်လာတော့ပဲ လုံးဝချုပ်ငြိမ်းသွားတယ် အဲဒါဟာ ဟိုထန်းငုတ်ကြီး လုံးဝ ပျောက်သွားတာလိုပါပဲ၊ ဒါကြောင့် ပရိနိဗ္ဗာန် မစံသေးမီမှာ ကိလေသာခန္ဓာတွေ ပယ်ပြီးဖြစ်ပုံကို “တာလာဝတ္ထုကတာ - စည်ပင်ကြောင်း မဟုတ်တဲ့ ထန်းငုတ်တို ကဲ့သို့ပြုပြီးပြီ” လို့ ဟောလေ့ရှိပါတယ် အဲဒီလို ခန္ဓာအစဉ် ချုပ်ငြိမ်းသွားပုံကို -

တေ ဓီရာ၊ အနာဂတ်ဘဝ၌ တပ်မက်လိုချင်ခြင်း ကင်းကုန်သော ထိုရဟန္တာသခင် ပညာရှင်တို့သည်။
အဝိရုဠှီဆန္ဒာ၊ ဖြစ်လိုသည့် တဏှာဆန္ဒ မရှိကြသောကြောင့်။
ခီဏဗီဇာ၊ ဘဝသစ်ဖြစ်ရန် ကံဝိညာဏ် မျိုးစေ့ကုန်ပြီး ဖြစ်ကြသောကြောင့်။
အယံ ပဒီပေါ ယထာ၊ ဆီနှင့် မီးစာကုန်၍ ဟုတ်ကနဲ ငြိမ်းသွားလေသော ဆီမီးကဲ့သို့။
နိဗ္ဗန္တိ၊ ရုပ်နာမ် ခန္ဓာအသစ်မဖြစ်တော့ပဲ ပြတ်စဲ ချုပ်ငြိမ်းတော်မူကြလေကုန်၏ လို့
အရှင်အာနန္ဒာမထေရ်မြတ်က ရွတ်ဖတ် မိန့်ဆိုတော်မူခဲ့ပါတယ်။

ရဟန္တာမှာ ကိလေသာ ကင်းနေလို့ ကိလေသာ ဆင်းရဲ စိတ်ဆင်းရဲတော့မရှိဘူး၊ ဒါပေမယ့် ရုပ်ခန္ဓာကရှိနေတဲ့ အတွက် ကိုယ်ဆင်းရဲကတော့ မကင်းသေးဘူး၊ ပြုပြင်ပေးရတဲ့ သင်္ခါရ ဆင်းရဲကလဲ ရှိနေသေးတာပဲ၊ ထိုထိုအာရုံတွေ ပေါ်ပေါ်ပြီး မြင်ကြားတွေ့သိနေရတာ ကြံသိနေရတာလဲ သင်္ခါရဆင်းရဲတွေပဲ၊ ဒါကြောင့် ပရိနိဗ္ဗာန် မစံမီမှာ လုံးဝ အေးငြိမ်းချမ်းသာမှုကို မရသေးဘူး၊ ပရိနိဗ္ဗာန်စံပြီးသောအခါကျမှ ဆင်းရဲအားလုံး အကုန်ငြိမ်းပြီး လုံးဝ အေးငြိမ်းမှုကို ရသွားတယ်၊ ဒါကြောင့် အရှင်သာရိပုတ္တရာ မထေရ်မြတ်က ရဟန်းတော်များအား ဒီလို မိန့်ကြားတော်မူပါတယ်။

နိဗ္ဗာန် ချမ်းသာပုံ

သုခမိဒံ အာဝုသော နိဗ္ဗာနံ၊ သုခမိဒံ အာဝုသော နိဗ္ဗာနံ။

အာဝုသော၊ ငါ့ရှင်တို့။
ဣဒံ နိဗ္ဗာနံ၊ ဤနိဗ္ဗာန်သည်။
သုခံ၊ ချမ်းသာပါပေစွ။
အာဝုသော၊ ငါ့ရှင်တို့။
ဣဒံ နိဗ္ဗာနံ၊ ဤနိဗ္ဗာန်သည်။
သုခံ၊ ချမ်းသာပါပေစွ-တဲ့။

အဲဒီလို ချီးကျူး မိန့်ဆိုတော်မူတဲ့အခါမှာ လာလုဒါယီဆိုတဲ့ ကိုယ်တော်ကြီးက မကျေနပ်လို့ မေးခွန်းထုတ်ပြီး ဒီလို စောဒနာလိုက်တယ်။

ကိံ ပနေတ္ထ အာဝုသော သာရိပုတ္တ သုခံ၊ ယဒေတ္ထ နတ္ထိ ဝေဒယိတံ-တဲ့။

အာဝုသော သာရိပုတ္တ၊ ငါ့ရှင် သာရိပုတ္တရာ။

(ဘုရားလက်ထက်တော် ကာလတုန်းကတော့ ရဟန်းငယ်များကလဲ ထေရ်ကြီးဝါကြီးပုဂ္ဂိုလ်ကို အာဝုသော - ငါ့ရှင်လို့ပဲ ခေါ်ဝေါ်ပြောဆိုလေ့ရှိကြတယ်၊ ဒါကြောင့် ဥဒါယီကိုယ်တော်ကြီးက အရှင် သာရိပုတ္တရာကို အာဝုသောလို့ ခေါ်တာပါပဲ)

ဧတ္ထ၊ ဤနိဗ္ဗာန်၌။
ဝေဒယိတံ၊ ခံစားခြင်းသည်။
ယံ-ယေန၊ အကြင်ကြောင့်။
နတ္ထိ၊ မရှိ။
တေန၊ ထို့ကြောင့်။
ဧတ္ထ၊ ဤနိဗ္ဗာန်၌။
သုခံ၊ ချမ်းသာသည်။
ကိံ ပန၊ အဘယ်ပါနည်း-တဲ့။

နိဗ္ဗာန်မှာ ခံစားတတ်တဲ့ ဝေဒနာမရှိဘူး မဟုတ်ပါလား။ အဲဒီလို ခံစားရမှုမရှိရင် အဲဒီ နိဗ္ဗာန်မှာ ဘာချမ်းသာရှိသလဲ၊ ဘာမှချမ်းသာမရှိဘူး မဟုတ်ပါလားလို့ စောဒနာပါတယ်။ ဒီလာလုဒါယီ ကိုယ်တော်ကြီးဟာ သူကိုယ်တိုင်က ဘာမှ တတ်သိ နားလည်ခြင်း မရှိပါပဲနဲ့ ပညာရှိတွေ ပြောဟော နေရာမှာ အရမ်းဝင်ဝင်ပြီး ပြောဆိုတတ်တယ်၊ ဒီလို မိုက်မိုက်ကန်းကန်း အရမ်းပြောဆို တတ်တဲ့အတွက် သူ့ကိုလာလ-ဆိုတဲ့ ပုဒ်နဲ့တွဲပြီး လာလုဒါယီလို့ ခေါ်ကြတာပါပဲ၊ အဲဒီလို စောဒနာ တော့ အရှင်သာရိပုတ္တရာ မထေရ်မြတ်က ဒီလို ဖြေရှင်းလိုက်ပါတယ်။

ဧတ ဒေဝ ခေါဧတ္တ အာဝုသော သုခံ၊ ယဒေတ္ထ နတ္ထိ ဝေဒယိတံ-တဲ့။

အာဝုသော၊ ငါ့ရှင် ဥဒါယီ။
ဧတ္ထ၊ ဤနိဗ္ဗာန်၌။
ဝေဒယိတံ၊ ခံစားခြင်းသည်။
ယံ နတ္ထိ၊ အကြင် မရှိပေ။
ဧတဒေဝ ခေါ၊ ဤခံစားမှု မရှိခြင်းသည်ပင်လျှင်။
ဧတ္ထ၊ ဤနိဗ္ဗာန်၌။ သုခံ၊ ချမ်းသာပေတည်း-တဲ့။

ချမ်းသာဆိုတာ ခံစားပြီး ချမ်းသာတာက တစ်မျိုး၊ မခံစားရပဲ ချမ်းသာတာက တစ်မျိုး ဒီလို နှစ်မျိုးရှိတယ်၊ အာရုံကောင်း ၆-ပါးနှင့် တွေ့ထိခံစား၍ ချမ်းသာတာကို ဝေဒယိတသုခလို့ ခေါ်တယ်၊ ကဲ-အဲဒါကလေးကို ဆိုကြရမယ်။

အာရုံကောင်း ၆-ပါးနှင့် တွေ့ထိခံစား၍ ချမ်းသာတာကို ဝေဒယိတ သုခ ခေါ်သည်။

အဲဒီအာရုံ ၆-ပါးထဲက အဆင်း အသံ အနံ့ အရသာ အတွေ့ဆိုတဲ့ ကာမဂုဏ်ငါးပါး အာရုံတွေကို ခံစားပြီး ချမ်းသာတာကို အကောင်းဆုံးလို့ ကာမဘုံသားတွေက ထင်နေကြတယ်၊ အဲဒီ ကာမဂုဏ်တွေကို မခံစားရဘူးဆိုရင် မကြိုက်ကြဘူး၊ ဆေးလိပ် ကွမ်းကြိုက်တဲ့ လူတွေက ဆေးလိပ် ကွမ်းမသုံးဆောင်ရတဲ့ နေရာကို မကြိုက်ကြဘူး၊ အစားအသောက်အရသာကို မက်မောနေတဲ့ လူက အစာမစားရဘဲ ချမ်းသာနေတယ်ဆိုတဲ့ ဗြဟ္မာ့ဘုံကိုတောင် မကြိုက်ဘူး၊ အဲဒီ ဗြဟ္မာ့ဘုံမှာ အဖို, အမ ဆိုင်ရာ ကာမဂုဏ်တွေ မရှိတဲ့အတွက် အတွေ့အထိ ကာမဂုဏ်ကို မက်မောနေတဲ့ လူက အဲဒီဘုံကို မကြိုက်ဘူး၊ ခံစားမှု ဝေဒနာ လုံးဝမရှိတဲ့ နိဗ္ဗာန်ကိုတော့ အဝိဇ္ဇာ တဏှာ အားကြီးသူတွေက မကြိုက်ကြတာပဲ များပါလိမ့်မယ်၊

လာလုဒါယီဆိုတဲ့ ကိုယ်တော်ကြီးကလဲ အဲဒီလို မကြိုက်တဲ့ အမျိုးအစားထဲက ဖြစ်နေတဲ့အတွက် ခံစားမှု မရှိတဲ့ နိဗ္ဗာန်ကို ချမ်းသာမရှိဘူးလို့ ထင်ပြီး စောဒနာတာပါပဲ၊ အရှင်သာရိပုတ္တရာ မထေရ်မြတ်က အဲဒီ ခံစားမှုမရှိလို့ မခံစားရတာသည်ပင် အကောင်းအမြတ်ဆုံး ချမ်းသာပဲလို့ ဖြေရှင်းလိုက်ပါတယ်၊

အာရုံ ၆-ပါးကို မခံစားရပဲ ငြိမ်းအေးတဲ့ချမ်းသာကို အဝေဒယိတသုခ ခေါ်တယ်၊ အဲဒါကို ဆိုကြရမယ်။

အာရုံ ၆-ပါးကို မခံစားရပဲ ငြိမ်းအေးနေတဲ့ ချမ်းသာကို အဝေဒယိတသုခ ခေါ်သည်။

အဲဒါကမှ ချမ်းသာအစစ်

အဲဒါဟာ မခံစားရဘဲ ငြိမ်းအေးတဲ့ သဘောပဲ၊ ဒါကြောင့် အဲဒီ အငြိမ်းဓာတ်ချမ်းသာကို သန္တိသုခ လို့လဲခေါ်တယ်၊ အဲဒါကမှ ချမ်းသာအစစ်ပဲ၊ ကာမဂုဏ်အာရုံတွေ ခံစားပြီး ချမ်းသာတယ် ဆိုတာကတော့ ကြိုက်နေလို့ ချမ်းသာတယ် ထင်ရတာပဲ၊ တကယ်ချမ်းသာအစစ်ကတော့ မဟုတ် ဘူး၊ ဆေးလိပ်ကြိုက်တဲ့ သူမှာ ဆေးလိပ်သောက်ရတာကို ကောင်းတယ် ထင်တာမျိုးပါပဲ၊ တစ်နည်းအားဖြင့် ယားနာရှိတဲ့သူမှာ အယားဖျောက်ရတာကို ကောင်းတယ် ထင်တာမျိုးပါပဲ၊ အဲဒါကို လက်တွေ့ စမ်းကြည့်နိုင်ပါတယ်။

လှပတဲ့ မိန်းမ ယောက်ျား ပန်းချီကား ပန်းပွင့်များ၏ အဆင်းအာရုံကို မိနစ် စက္ကန့်မျှ မပြတ်မခြားဘဲ တစ်နေ့လုံး ကြည့်နေရမယ်ဆိုရင် ကြည့်နေနိုင်ပါမည်လား၊ တစ်လ တစ်နှစ် စသည်မပြတ် ကြည့်နေရမယ်ဆိုရင်ကော ကြည့်နေနိုင်ပါမည်လား၊ အသံကောင်းအဆိုကောင်း အတီးအမှုတ် ကောင်းတွေကို တစ်နေ့လုံး တစ်လလုံး တစ်နှစ်လုံးမပြတ် နားထောင်နေရမယ် ဆိုရင်ကော နားထောင်နေနိုင်ပါမည်လား၊ နိုင်ငံခြားမှ အတုယူပြီး သီဆိုတဲ့ အသံတွေဟာ ရှေးရိုး မြန်မာ လူကြီးတွေ၏ နားထဲမှာ နှစ်သက်သာယာဖွယ် ဖြစ်ပါမည်လား၊ အရသာကောင်းတွေကို ဝအောင် စားပြီးသည့်နောက် မရပ်မနားဘဲ မပြတ် ဆက်စားနေရမယ်ဆိုရင်ကော စားနေနိုင်ပါမည်လား၊ အတွေ့အထိ အာရုံကောင်းတွေနဲ့ မပြတ်တွေ့ထိခံစားနေရမယ် ဆိုရင်ကော မပြတ်တွေ့ထိ ခံစားနေနိုင်ပါမည်လား၊ နားခြင်း အိပ်စက်ခြင်းမရှိဘဲ အမြဲမပြတ် ကြည့်ရှုနားထောင် စားသောက် တွေ့ထိပြီး မပြတ် ခံစားနေရမယ်ဆိုရင် အဲဒါတွေ မခံစားနိုင်တော့ဘဲ ငြီးငွေ့လာမှာ သေချာပါတယ်၊ အဲဒီမှာ နားတယ် အိပ်စက်တယ် ဆိုတာ အဲဒီအာရုံတွေကို မခံစားဘဲ ငြိမ်းအေးနေတဲ့ ချမ်းသာပဲ မဟုတ်ပါလား။

ဒါပေမယ့် ကာမဂုဏ် ချမ်းသာလောက်သာ တွေ့ဖူးတဲ့သူတွေက ကာမဂုဏ် ခံစားရတာကိုပဲ အကောင်းဆုံးလို့ထင်နေကြတယ်၊ ဒါ့ကြောင့် ဒိဋ္ဌဓမ္မနိဗ္ဗာနဝါဒီ ပုဂ္ဂိုလ်တွေက “မသေမီအတွင်း ကာမဂုဏ်တွေကို ရနိုင်သမျှရှာပြီး ခံစားရမယ်၊ အဲဒါဟာ အကောင်းဆုံးပဲ၊ အဲဒါထက်ကောင်းတဲ့ ချမ်းသာဆိုတာ မရှိတော့ဘူး”လို့ ဆိုကြတဲ့အကြောင်း ဗြဟ္မာဇာလသုတ်မှာ ဟောထားပါတယ်၊ ဈာန်ချမ်းသာ ဗြဟ္မာ့ချမ်းသာလောက်သာ တွေ့ဖူးတဲ့ ပုဂ္ဂိုလ်တွေကလဲ ဈာန်ချမ်းသာ ဗြဟ္မာ့ ချမ်းသာကို အကောင်းဆုံးလို့ ချီးမွမ်းပြောဆိုကြပါတယ်၊ ဒါကြောင့် ဗကဆိုတဲ့မဟာ ဗြဟ္မာကြီးက သူ့ဗြဟ္မာဘုံက ချမ်းသာကို အကောင်းဆုံး ဖြစ်ကြောင်း မြတ်စွာဘုရားအား ပြောဆိုတာပဲ၊ ဘာနဲ့တူသလဲ ဆိုတော့ အစွန်အဖျားကျတဲ့ တောရွာကလေးများက လူတွေဟာ သူတို့အရပ်မှာ တွေ့ကြုံရတာထဲမှ ထူးခြားတဲ့ စားသုံးဖွယ်ကို အကောင်းဆုံးလို့ ထင်နေကြတာမျိုးပါပဲ။

အမှန်ကတော့ တောရွာကလေးက အစားအသောက် အသုံးအဆောင်ထက် တောမြို့ကလေးများက အစားအသောက် အသုံးအဆောင်ကပိုပြီး ကောင်းတယ်၊ အဲဒါထက် မြို့ကြီးများက အစားအသောက် အသုံးအဆောင်က ပိုပြီးကောင်းတယ်၊ အဲဒီမှာလဲ ပြည့်စုံ ကြွယ်ဝပြီး အထက်တန်းကျတဲ့ လူကြီး တွေရဲ့ အစားအသောက် အသုံးအဆောင်က ပိုပြီးကောင်းတယ်၊ ဒါလိုပါပဲ ကာမ ချမ်းသာထက် ဈာန်ချမ်းသာ အဆင့်ဆင့်က ပိုပြီး ကောင်းတယ်၊ အဲဒါထက် မဂ်ဖိုလ်ချမ်းသာက ပိုပြီး ကောင်းတယ်၊ အဲဒါထက် နိဗ္ဗာန်ချမ်းသာကပိုပြီး ကောင်းတယ်၊ ဒါကြောင့် အဲဒီလို အဆင့်ဆင့်ပိုပိုပြီး ကောင်းပုံကို အရှင်သာရိပုတ္တရာ မထေရ်မြတ်က ဒီလို ရှင်းပြတော်မူပါတယ်။

ကာမဂုဏ် ချမ်းသာထက် ပထမ ဈာန် ချမ်းသာက သာ၍ ကောင်းသည်

ဣဋ္ဌာ ကန္တာ မနာပါ၊ လိုချင်ဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ်ကောင်းကုန်သော။
ပိယရူပါ၊ ချစ်ဖွယ် ကောင်းကုန်သော။
ကာမူပသံဟိတာ၊ နှစ်သက် လိုချင်မှုကို ဖြစ်ပွားစေတတ်ကုန်သော။
ရဇနီယာ၊ တပ်မက်ဖွယ် ကောင်းကုန်သော။
စက္ခုဝိညေယျာ ရူပါ၊ မျက်စိဖြင့် မြင်နိုင်သည့် အဆင်းတို့သည် လည်းကောင်း၊
သောတဝိညေယျာ သဒ္ဒါ၊ နားဖြင့် ကြားနိုင်သည့် အသံတို့သည်လည်းကောင်း၊
ဃာနဝိညေယျာ ဂန္ဓာ၊ နှာခေါင်းဖြင့် နံနိုင်သည့် အနံ့တို့သည်လည်းကောင်း၊
ဇိဝှာဝိညေယျာ ရသာ၊ လျှာဖြင့်သိနိုင်သည့် အရသာတို့သည်လည်းကောင်း၊
ကာယ ဝိညေယျာဖောဋ္ဌဗ္ဗာ၊ ကိုယ်ဖြင့် တွေ့ထိနိုင်သည့် ထိသိစရာ အာရုံတို့သည် လည်းကောင်း၊
အတ္ထိ၊ ရှိကုန်၏။
အာဝုသော၊ ငါ့ရှင်တို့။
ဣမေ ခေါ ပဉ္စ၊ ဤအာရုံငါးပါးတို့သည်။
ကာမဂုဏာ၊ ကာမဂုဏ်တို့ပေတည်း။

(ယံ ခေါ အာဝုသော ဣမေ ပဉ္စ ကာမဂုဏေ ပဋိစ္စ ဥပ္ပဇ္ဇတိ သုခံ သောမနဿံ ဣဒံ ဝုစ္စတာဝုသော ကာမသုခံ) ငါ့ရှင်တို့ ဤကာမဂုဏ်ငါးပါးတို့ကို မှီ၍ဖြစ်ပေါ်သော ကောင်းစားချမ်းသာမှု ရွှင်လန်းဝမ်းသာမှုကို ကာမ ချမ်းသာခေါ်သည် ငါ့ရှင်တို့-လို့ ဒီလို ကာမချမ်းသာကို ရှေးဦးစွာ ပြပါတယ်။

အဲဒီကနောက် ပထမဈာန် ချမ်းသာကို ဣဓာဝုသော ဘိက္ခု ဝိဝိစ္စေဝ ကာမေဟိ- စသည်ဖြင့် ကာမချမ်းသာတွေကို လုံးဝ နှလုံးမသွင်းတော့ဘဲ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဆိုတဲ့ ဈာန်အင်္ဂါငါးပါးနှင့်ပြည့်စုံတဲ့ ပထမဈာန်ကို ဝင်ရောက်ပြီး နေကြောင်းပြပါတယ်၊ အဲဒီပထမ ဈာန်ဖြစ်နေတဲ့အခါမှာ တစ်ကိုယ်လုံး ပီတိသုခတွေဖြင့် ပြည့်နေသလိုပင် ချမ်းသာနေပါတယ်၊ ကာမချမ်းသာလို ပြတ်တောင်း ပြတ်တောင်း မဟုတ်ဘူး၊ တစ်နာရီ နှစ်နာရီစသည် ကြာမြင့်စွာ တဆက်တည်း ချမ်းသာနေပါတယ်၊ အဲဒီလိုအခါမှာ ကာမအာရုံကို အမှတ်ရခြင်း နှလုံး သွင်းမိခြင်းများ မတော်တဆဖြစ်ပေါ်လာလျှင် အဲဒါတွေကို နာကျင်နှိပ်စက်တဲ့ အနာလိုပဲ ထင်မြင် ပါသတဲ့၊ အနာပေါ်မှာ တုတ်ကျလို့ နာကျင်သလိုပင် အခံခက်ပါသတဲ့၊ ကာမဂုဏ် ကြိုက်တဲ့သူတွေမှာ ကာမအာရုံ နှလုံးသွင်းနေရတာ သာယာဖွယ်ဖြစ်ပေမယ့် ဈာန်ရနေတဲ့သူမှာ အဲဒီလို နှလုံး သွင်းမိတာကို အနာလိုပင် အခံခက်ပါသတဲ့၊ ကြောက်ရွံ့ပါသတဲ့၊ အဲဒီလို အခံခက်တာကို မြတ်စွာဘုရားက ဒုက္ခ-ဆင်းရဲလို့ ဟောတော်မူပါတယ်။ ပထမ ဈာန်ရနေတဲ့သူမှာ ယခုပြောခဲ့တဲ့ အတိုင်း ကာမချမ်းသာကို အနာလိုပင် ရွံ့မုန်းကြောက်ရွံ့တဲ့ အတွက် ကာမအာရုံ မခံစားရတဲ့ နိဗ္ဗာန်ကို ချမ်းသာကြောင်း သိနိုင်ပါတယ်-တဲ့။

ပထမဈာန် ချမ်းသာ စသည်ထက် ဒုတိယဈာန် ချမ်းသာ စသည်က သာ၍ကောင်းသည်

နောက်ပြီးတော့ ဒုတိယဈာန် ဝင်စားနေတဲ့သူမှာ မကြံရ မစဉ်းစားရဘဲနဲ့ ပီတိ သုခတွေ အလွန် အားကောင်းပြီး စိတ်တည်ငြိမ်မှု ဧကဂ္ဂတာ မပြတ်ဖြစ်နေတယ်၊ ပီတိသုခတွေက ပထမဈာန်မှာ ထက်ပိုပြီး ကောင်းတယ်၊ တစ်နာရီ နှစ်နာရီ စသည်လဲ မပြတ်တည်နေတယ်၊ အဲဒီလို ပုဂ္ဂိုလ်မှာ မရည်ရွယ်ဘဲနဲ့ မတော်တဆ ဝိတက် ဝိစာရတို့နှင့်တကွ ပထမဈာန်စိတ် ဖြစ်ပေါ်လာလို့ရှိရင် အနာပေါ်မှာ တုတ်ကျသလိုပင် အခံရခက်ပါတယ်-တဲ့၊ ဒီပုံ ဒီနည်းဖြင့် အထက် အထက်ဈာန် သမာပတ်ကို ရောက်နေတဲ့ပုဂ္ဂိုလ်မှာ အောက် အောက်ဈာန် သမာပတ် မရည်ရွယ်ဘဲ မတော်တဆ ဖြစ်လာရင် အနာပေါ်မှာ တုတ်ကျ သလိုပင် အခံရခက်ကြောင်းများကို ပြဆိုတော်မူပါတယ်။

ဈာန် ချမ်းသာတွေထက် နိဗ္ဗာန်က သာ၍ ချမ်းသာတယ်

ဆိုလိုတာကတော့ ကာမ ချမ်းသာကို ခံစားရတာထက် ပထမဈာန်ချမ်းသာက အဆပေါင်းများစွာ သာလွန်ကောင်းမြတ်တယ် ပထမဈာန် ချမ်းသာထက် ဒုတိယဈာန် ချမ်းသာက သာလွန် ကောင်းမြတ်တယ်၊ အဲဒါထက် တတိယဈာန် ချမ်းသာက သာလွန်ကောင်းမြတ်တယ် အဲဒါထက် စတုတ္ထဈာန်ချမ်းသာက သာ၍ကောင်းမြတ်တယ်၊ အဲဒါထက် အရူပဈာန်ချမ်းသာက သာလွန် ကောင်းမြတ်တယ်၊ အရူပဈာန်လေးပါးထဲမှာလဲ အောက် အောက် ဈာန်ချမ်းသာထက် အထက် အထက်ဈာန် ချမ်းသာက သာလွန် ကောင်းမြတ်တယ်၊ နေဝသညာ နာသညာယတနဆိုတဲ့ အမြတ်ဆုံး ဈာန်မှာလဲ အလွန်သိမ်မွေ့သော ခံစားမှုက ရှိနေသေးတာပဲ၊ ဒါကြောင့် အဲဒီ နေဝသညာနာသညာယတန ဈာန်ချမ်းသာထက် ခံစားမှု လုံးဝမရှိတဲ့ နိရောဓ သမာပတ် ချမ်းသာ နိဗ္ဗာန်ချမ်းသာက အကောင်းဆုံး အမြတ်ဆုံးဖြစ်တဲ့ အကြောင်းကို ထင်ရှား သိစေလိုပါတယ်၊ အဲဒီ ရှင်းပြချက်ဖြင့် ဈာန်ရတဲ့ ပုဂ္ဂိုလ်မှာ ဆိုရင် မိမိရထားတဲ့ ဈာန်ချမ်းသာနဲ့ နှိုင်းယှဉ်ပြီး ကောင်းကောင်း သဘောပေါက်နိုင်ပါတယ်။

ဝိပဿနာယောဂီလဲ ဥဒယဗ္ဗယဉာဏ်မှာ ပီတိ သုခတွေနဲ့ ချမ်းသာပုံထက် သင်္ခါရုပေက္ခာဉာဏ်မှာ သာ၍ကောင်းမြတ်ပုံ, အဲဒါထက် ဖလသမာပတ် ဝင်နေတဲ့အခါ သာ၍ကောင်းမြတ်ပုံများနှင့် နှိုင်းယှဉ်ပြီးတော့ ခံစားပြီး ချမ်းသာတဲ့ ဝေဒယိတသုခထက် “မခံစားရဘဲ ချမ်းသာတဲ့ အဝေဒယိတ သုခ - သန္တိသုခက ပိုပြီးကောင်းမြတ်တယ်”ဆိုတာ ကောင်းကောင်းကြီး သဘော ပေါက်နိုင်ပါတယ်၊ ဝိပဿနာလဲ မရှုနိုင် ဈာန်ကိုလဲ မရတဲ့ပုဂ္ဂိုလ်တွေမှာတော့ ဒေသနာအစဉ်အရ ကာမချမ်းသာထက် ဈာန်ချမ်းသာက ကောင်းမြတ်ပုံ၊ အောက် အောက်ဈာန်ထက် အထက်အထက် ဈာန်ချမ်းသာက ကောင်းမြတ်ပုံများကို နက်နက်နဲနဲ စဉ်းစားကြည့်လျှင် “မခံစားရဘဲ ငြိမ်းအေးနေတဲ့ သန္တိသုတ-က သာလွန်ပြီး ကောင်းမြတ်တယ်” ဆိုတာ သဘောကျနိုင်ဖွယ် ရှိပါတယ်။

နောက်ပြီးတော့ ဈာန်ချမ်းသာတွေ တစ်ဆင့်ထက် တစ်ဆင့် ကောင်းမြတ်ပုံ၊ အထက်ဆုံး ဈာန်ချမ်းသာထက် နိဗ္ဗာန်ချမ်းသာက ကောင်းမြတ်ပုံများကို ဆင်ခြင် ကြည့်လျှင် “ဗုဒ္ဓမြတ်စွာ၏ သာသနာတော်မှာ ငါတို့ လက်လှမ်းမမီတဲ့ အမြင့်အမြတ် တရားတွေ အများကြီး ရှိပါသေးတကား”လို့ ဉာဏ်သက်ဝင်ပြီး ထက်သန်သောသဒ္ဓါတရားတွေလဲ ဖြစ်ပွားနိုင်ဖွယ်ရှိပါတယ်။ ယခုပြောပြခဲ့တဲ့ အတိုင်းမခံစားရဘဲ ငြိမ်းအေးတဲ့ချမ်းသာဟာ အကောင်းအမြတ်ဆုံး ဖြစ်တဲ့အတွက် မြတ်စွာဘုရားရှင်ကလဲ -

နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ-လို့ ဟောတော်မူခဲ့ပါတယ်။

နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
ပရမံ၊ အမြတ်ဆုံးဟူ၍။
ဗုဒ္ဓါ၊ အဆူဆူသော ဘုရားရှင်တို့က။
ဝဒန္တိ၊ ကိန်းသေအားဖြင့် ဟောကြားတော်မူကြပါတယ်-တဲ့။

နိဗ္ဗာန်ဟာ မခံစားရဘဲနဲ့ ငြိမ်းအေး ချမ်းသာတယ်၊ အိုခြင်း နာခြင်း သေခြင်း ပျက်ခြင်းစသော ဆင်းရဲ ဟူသမျှတွေလဲ အကုန်ငြိမ်းနေတယ်၊ သေခြင်း ကင်းတဲ့အတွက် ဘယ်တော့မှလဲ အဲဒီချမ်းသာဟာ မပျက်တော့ဘူး၊ ဒါကြောင့် အမြတ်ဆုံး ချမ်းသာလို့ ဘုရားရှင်တို့က ဟောတော်မူပေတာပဲ။

ဒီကနေ့ နိ-ရှေးရှိသော ဝါ-ဓာတ်ဖြင့် ပြီးတဲ့ နိဗ္ဗာနပုဒ်ကို အရင်းခံပြုပြီး နိဗ္ဗာန်အကြောင်းကို ဟောလာခဲ့တယ်၊ နိနှင့် ဝါန-၂ပုဒ် သမာသ်တွဲပြီး ပြီးတဲ့ နိဗ္ဗာန-ပုဒ် အကြောင်းကိုတော့ ဟောဖို့ အချိန်မရှိတော့ဘူး၊ ဒါကြောင့် လိုရင်းဆောင်ပုဒ်များကို ဆိုပြီး တရားပွဲသိမ်းရမယ်၊ ကဲ-လိုက်ဆိုကြ။

နိဗ္ဗာန်ဆိုတာ ဝဋ်ဆင်းရဲ ငြိမ်းရာ၊ ဝဋ်ဆင်းရဲ ငြိမ်းကြောင်း၊ ဝဋ်ဆင်းရဲ ငြိမ်းခြင်းပင်ဖြစ်သည်။
အဝိဇ္ဇာတဏှာ ဥပါဒါန်-ဒီသုံးပါးကို ကိလေသဝဋ်ဟု ခေါ်သည်။
ကိလေသာကို မှီ၍ ပြုတဲ့ ကောင်းမှု မကောင်းမှုကံကို ကမ္မဝဋ်ဟု ခေါ်သည်။
ကောင်းမှုကံ မကောင်းမှုကံကြောင့် ဘဝသစ်၌ ဖြစ်ပေါ်သော ရုပ်နာမ် ခန္ဓာကို ဝိပါကဝဋ် ဟု ခေါ်သည်။
အာရုံ ၆-ပါးကို တွေ့ထိခံစား၍ ချမ်းသာတာကို ဝေဒယိတ သုခ ခေါ်သည်။
အာရုံ ၆-ပါးကို မခံစားရဘဲ ငြိမ်းအေးတဲ့ ချမ်းသာကို အဝေဒယိတ သုခ ခေါ်သည်။

ဒီကနေ့ဟောတဲ့ တရားက နိဗ္ဗာန ပဋိသံယုတ္တ ကထာတဲ့၊ ဒီတရားက ကြားရနာရခဲပါတယ်၊ ဟောလဲ ဟောရခဲပါတယ်၊ ဒီတရားမျိုးနာနိုင်တဲ့ ပရိသတ်ကလဲ အရှားသားပဲ၊ မြတ်စွာဘုရားရှင်ကတော့ ဒီနိဗ္ဗာန ပဋိသံယုတ္တ ကထာကို ရံခါရံခါ ဟောတော်မူပါတယ်၊ အဲဒါကို ဥဒါန်းပါဠိတော်မှာ သင်္ဂါယနာ တင်ထားတယ်၊ နောက်သီတင်းနေ့များကျမှ အဲဒီပါဠိတော်မှ ထုတ်ဆောင်ပြီး ဟောရဦးမယ်၊ ကြည်ညိုစရာ အင်မတန် ကောင်းပါတယ်၊ အဲဒီနိဗ္ဗာန ပဋိသံယုတ္တကထာဆိုတဲ့အမည်ကို ခေါ်ဝေါ်ရလွယ်ကူအောင် ဒီမှာ နိဗ္ဗာန်ဆိုင်ရာ တရားတော်လို့ ပြဆိုထားတယ်၊ ကဲ-တရားသိမ်းကြစို့။

နိဂုံးချုပ် တရားသိမ်း ပတ္ထနာ

နိဗ္ဗာန ပဋိသံယုတ္တ ကထာခေါ် နိဗ္ဗာန်ဆိုင်ရာ တရားတော်ကို ရိုသေစွာ နာယူမှတ်သားကြရသော ဓမ္မသဝနကုသိုလ်ကံ စေတနာတို့၏ အစွမ်းအာနုဘော်ကြောင့် ယခု တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ခံစား၍ ချမ်းသာသော ဝေဒယိတသုခတို့ထက် အဆထောင်သောင်း သိန်းသန်းပေါင်း များစွာ သာလွန်ကောင်းမြတ်လှသော မခံစားရပဲငြိမ်းအေးလျက် အမြဲတမ်း ချမ်းသာနေသဖြင့် အဝေဒယိတသုခ သန္တိသုခခေါ်သော အမြတ်ဆုံး နိဗ္ဗာန်ချမ်းသာကို မိမိတို့ အလိုရှိသော မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေ။

သာဓု သာဓု သာဓု

နိဗ္ဗာနပဋိသံယုတ္တကထာ
နိဗ္ဗာန်ဆိုင်ရာ တရားတော် ပထမပိုင်းပြီး၏။

နိဗ္ဗာနပဋိသံယုတ္တကထာ

နိဗ္ဗာန် ဆိုင်ရာ တရားတော် (ဒုတိယပိုင်း)
(၁၃၂၆-ခုနှစ်၊ တော်သလင်းလပြည့်နေ့ ဟောသည်)

တရားအနုသန္ဓေ

ပြီးခဲ့တဲ့ ၈-ရက် သီတင်းနေ့ကစပြီး နိဗ္ဗာန်ဆိုင်ရာ တရားတော်ကို ဟောခဲ့တယ်၊ နိဗ္ဗာန်ဆိုတာ ဝဋ်သုံးပါး ဆင်းရဲငြိမ်းရာ၊ ငြိမ်းကြောင်း၊ ငြိမ်းခြင်းပင် ဖြစ်ကြောင်း ဟောခဲ့တာ တော်တော် ပြည့်စုံသွားပါပြီ၊ ဒီကနေ့ ပဋိသမ္ဘိဒါမဂ်ပါဠိတော်ကို အရင်းခံပြုပြီး ဟောရမယ်၊ ပဋိသမ္ဘိဒါမဂ် ပါဠိတော်မှာ သင်္ခါရနှင့်နိဗ္ဗာန်ကို ဒီလိုခွဲခြားပြီး ဟောထားတယ်။

သင်္ခါရနှင့် နိဗ္ဗာန် ခွဲပုံ

(၁) ဥပ္ပာဒနှင့် အနုပ္ပာဒ

ဥပ္ပာဒေါ သင်္ခါရာ၊ အနုပ္ပာဒေါ နိဗ္ဗာနံ-”တဲ့။

ဥပ္ပာဒေါ၊ ဖြစ်ပေါ်ခြင်းသည်။
ဝါ- ဖြစ်ပေါ်ခြင်းရှိတဲ့ သဘောသည်။
သင်္ခါရာ၊ သင်္ခါရတို့ပေတည်း။
ဖြစ်ပေါ်တာဆိုရင် သင်္ခါရချည်းပဲ၊ ဝိပဿနာရှုတဲ့ ယောဂီဟာ ရှုတိုင်းရှုတိုင်း အသစ်အသစ် ဖြစ်ပေါ် တာကိုချည်း တွေ့နေရတယ်၊ အဲဒါဟာ သင်္ခါရတွေကို တွေ့နေတာပဲ။

အနုပ္ပာဒေါ၊ မဖြစ်ခြင်းသည်။
ဝါ- ဖြစ်ခြင်း ကင်းသော သဘောသည်။
နိဗ္ဗာနံ၊ အငြိမ်းဓာတ်နိဗ္ဗာန်ပေတည်း။

ဝိပဿနာရှုနေတဲ့ ယောဂီဟာ သင်္ခါရုပေက္ခာဉာဏ် ရင့်သန်ပြည့်စုံတဲ့ အခါကျတော့ ဖြစ်ပျက်သင်္ခါရ ကင်းတဲ့ သဘောထဲကို ရောက်သွားတယ်၊ အဲဒါဟာ သင်္ခါရကင်းတဲ့ နိဗ္ဗာန်ကို မျက်မှောက် တွေ့သွားတာပါပဲ သင်္ခါရနဲ့နိဗ္ဗာန်ဟာ ပြောင်းပြန် ဆန့်ကျင်ဘက်ပဲ၊ ဖြစ်ရင် သင်္ခါရ၊ မဖြစ်မှ နိဗ္ဗာန်၊ ဖြစ်ပျက်နေတဲ့သင်္ခါရထဲမှာ နိဗ္ဗာန်မရှိဘူး၊ နိဗ္ဗာန်မှာလဲ သင်္ခါရမရှိဘူး။ ဥပမာအားဖြင့် အမှောင်ထဲမှာ အလင်းမရှိ၊ အလင်းထဲမှာလဲ အမှောင်မရှိသလိုပါပဲ။

သတ္တဝါတွေမှာ ပဋိသန္ဓေကစပြီး ရုပ်နာမ် တရားတွေ အသစ်အသစ် ဖြစ်နေတယ်၊ အဲဒါဟာ သင်္ခါရတွေပဲ၊ ပဋိသန္ဓေစိတ်၏ အခြားမဲ့မှာ ဘဝင်စိတ်တွေနဲ့ရုပ်တွေ ဖြစ်ပေါ်နေတယ်၊ အဲဒီကနောက် ကြံသိမှု ထိသိမှု စသောရုပ်နာမ်တွေ ဖြစ်ပေါ်လာခဲ့တယ်။ အမိဝမ်းထဲမှ ဖွားမြင်ပြီးတဲ့ နောက်ကာလမှာလဲ မြင်လိုက် ကြားလိုက် စသည်ဖြင့် နာမ်ရုပ်တွေ မပြတ် ဖြစ်လာခဲ့တယ် အဲဒီဘဝက သေပြီးတဲ့ နောက်ကာလမှာလဲနည်းတူပင် မပြတ်ဖြစ်နေတယ်၊ အဲဒီလိုဖြစ်ပေါ်လာတဲ့ သဘောတွေဟာ သင်္ခါရတွေချည်းပဲ၊ သင်္ခါရဆိုတာ ကံ စိတ် ဥတု အာဟာရ အစရှိသော ဆိုင်ရာဆိုင်ရာ အကြောင်းတရားတွေက အညီအညွတ်ပေါင်းစုပြီး ပြုပြင်ပေးလို့ဖြစ်ပေါ်နေတဲ့ တရားတွေပဲ၊ ဖြစ်ပြီးရင်လဲ ချက်ချင်းပဲ ပျက်ပျက်သွားတယ်၊ အဲဒီ ဖြစ်ပျက်နေတဲ့ တရားတွေက သင်္ခါရပဲ၊ ရှုတိုင်း ရှုတိုင်း ဖြစ်ဖြစ်ပြီး ပျက်ပျက် သွားတာကိုချည်း ဉာဏ်ဖြင့် တွေ့နေရတာတွေဟာ သင်္ခါရတွေချည်းပဲ၊ နောက်ဆုံးကျတော့ ဒီလို ရှုနေရင်းထဲကပင် ဖြစ်ပျက်ခြင်းမရှိတဲ့ သဘောထဲကို အသိဉာဏ်က သူ့အလိုလို ရောက်သွားတယ်၊ အဲဒါဟာ မဂ်ဖိုလ်ဉာဏ်ဖြင့် ဖြစ်ခြင်းကင်းတဲ့ နိဗ္ဗာန် အငြိမ်းဓာတ်ကို မျက်မှောက်တွေ့သွားတာပဲ ဒါကြောင့် “ဖြစ်ပေါ်တာက သင်္ခါရ၊ မဖြစ်ပေါ်မှ နိဗ္ဗာန်”လို့ အတိုချုပ် မှတ်ထားကြရမယ်၊ အဲဒါကို လိုက်ဆိုကြ။

ဖြစ်ပေါ်တာက သင်္ခါရ၊ မဖြစ်ပေါ်မှ နိဗ္ဗာန်။

(၂) ပဝတ္တနှင့် အပ္ပဝတ္တ

ပဝတ္တံ သင်္ခါရာ၊ အပ္ပဝတ္တံ နိဗ္ဗာနံ။

ပဝတ္တံ၊ မပြတ်စပ်၍ဖြစ်နေသော ရုပ်နာမ်အပေါင်းသည်။
သင်္ခါရာ၊ သင်္ခါရတို့ပေတည်း၊
အပ္ပဝတ္တံ၊ မပြတ်စပ်၍ ဖြစ်သည့် ရုပ်နာမ် သင်္ခါရကင်းသော သဘောသည်။
နိဗ္ဗာနံ၊ နိဗ္ဗာန် အငြိမ်းဓာတ်ပေတည်း-တဲ့။

ပဋိသန္ဓေစိတ်၏ အခြားမဲ့ကာလမှ စပြီး ရုပ်နာမ်တွေဟာ အဆက်မပြတ် ဖြစ်နေတယ်၊ မြစ်ထဲ ချောင်းမြောင်းထဲမှာ ရေယဉ်တွေ မပြတ်စီးသွားနေသလိုပဲ၊ ပဋိသန္ဓေစိတ်ချုပ်သွားတဲ့အခါ ဘဝင် စိတ်တွေ အဆက်ဆက် ဖြစ်လာတယ်၊ အဲဒီက နောက် ရံခါ ကြံသိစိတ်ဖြစ်တယ်၊ ရံခါ ထိသိစိတ် ဖြစ်တယ်၊ မွေးဖွားပြီးတဲ့နောက်ကျတော့လဲ မြင်လိုက် ကြားလိုက် ထိသိလိုက် ကြံသိလိုက်စသည်ဖြင့် ရုပ်နာမ်တွေ အဆက်မပြတ်ဖြစ်နေတယ်၊ ရေစီးကြောင်းထဲမှာ ရေတွေ မပြတ်စီးနေသလိုပါပဲ၊ ဒါကြောင့် ပကတိလူတွေဟာ အဲဒီရုပ်နာမ်တွေကို အမြဲတည်ရှိနေတယ်လို့လဲ ထင်နေကြတယ်၊ ငယ်ငယ်က ရုပ်ကိုယ်နဲ့ ယခုရှိတဲ့ရုပ်ကိုယ်ဟာ တစ်ယောက်တည်းပဲလို့ ထင်နေကြတယ်၊ ငယ်ငယ်က မြင်လိုက် ကြားလိုက် ကြံလိုက် စသည်ဖြင့် သိသိနေတာနဲ့ ယခုသိသိနေတာဟာ ငါတစ်ယောက် တည်းပဲလို့ ထင်နေကြတယ်၊ မြဲတဲ့အနေ အတ္တကောင်အနေဖြင့် စွဲလမ်းနေကြတယ်၊ အဲဒီအထဲက ကောင်းတဲ့ အစိတ်အပိုင်းကလေးတွေကို အမှီပြုပြီး ချမ်းသာတယ် ကောင်းတယ်လို့လဲ ထင်မြင် စွဲလမ်းနေကြတယ်၊ အဲဒါဟာ ပဝတ္တခေါ် မပြတ်ဖြစ်နေတဲ့ ရုပ်နာမ်အယဉ်ကို ရှုမှတ်ပြီး ခွဲခြားမသိနိုင်လို့ နိစ္စ, သုခ, အတ္တ အနေနဲ့ ထင်မြင်စွဲလမ်းနေကြတာပါပဲ။

ဖြစ်ခိုက် ဖြစ်ခိုက် ရုပ်နာမ်ကို မပြတ်လိုက်ပြီး ရှုမှတ်နေတဲ့ ဝိပဿနာ ယောဂီမှာတော့ ရှုတိုင်း ရှုတိုင်း ဖြစ်ဖြစ်ပြီး ပျက်ပျက်သွားတာကို ကိုယ်ပိုင်ဉာဏ်ဖြင့် တွေ့ရပါတယ်၊ ဒါကြောင့် ဖြစ်ဖြစ်ပြီး ပျောက်ပျောက် သွားလို့ မမြဲဘူးလို့လဲ သိတယ်၊ ဖြစ်ပြီးပျက် ဖြစ်ပြီးပျက်နဲ့ အဖြစ်အပျက်က မပြတ် နှိပ်စက်နေလို့ ဆင်းရဲချည်းပဲလို့လဲ သိမြင်သဘောကျတယ်၊ ဘယ်အချိန်မဆို သေပျက်သွားနိုင်လို့ ကြောက်စရာကောင်းတယ်လို့လဲ ထင်မြင်တယ်၊ ကိုယ့်အလိုအတိုင်းမဟုတ်ဘဲ သူ့သဘောအတိုင်း သူဖြစ်ပျက်နေလို့ အတ္တကောင် ငါကောင်မဟုတ်တဲ့ သဘောတရားမျှပဲလို့လဲ ထင်မြင်သဘော ကျတယ်၊ ဒါပေမယ့် ပေါ်လာတာကို ရှုလိုက်ရင်း ပျောက်သွားရင်း၊ နောက်တစ်ခုက ပေါ်လာပြန်ရင်း, အဲဒါကို ရှုလိုက်လို့ ပျောက်သွားပြန်ရင်း၊ နောက်တစ်ခုက ပေါ်လာပြန်ရင်းနဲ့ ရှုမှတ်လို့ မကုန် မဆုံးနိုင်တဲ့ ရုပ်နာမ်အယဉ်ကို မပြတ်တွေ့နေရတယ်၊ အဲဒါ ဝိပဿနာဉာဏ်ဖြင့် ပဝတ္တခေါ်တဲ့ ရုပ်နာမ်အယဉ်ကို တွေ့နေတာပါပဲ။ ဥပမာအားဖြင့် မြေပြင်မှာ လမ်းလျှောက်နေတဲ့ သူဟာ နင်းတိုင်း နင်းတိုင်း မြေပြင်ပေါ်မှာသာ ကျကျနေသလိုပဲ ဝိပဿနာယောဂီမှာလဲ ရှုတိုင်း ရှုတိုင်း ဖြစ်ပျက်တဲ့ ရုပ်နာမ် အယဉ်ပေါ်မှာသာ ကျကျနေတယ်၊ သင်္ခါရုပေက္ခာဉာဏ် ရင့်သန်ပြည့်စုံတဲ့အခါကျတော့ အဲဒီလို ရှုသိနေရင်းထဲက မပြတ်ဖြစ်ပျက်တဲ့ ရုပ်နာမ်အယဉ် ကင်းဆိတ်တဲ့ အငြိမ်းဓာတ်ထဲကို အသိဉာဏ်က ကျရောက်သွားတယ်၊ အဲဒါဟာ မပြတ်ဖြစ်မှု ကင်းတဲ့အတွက် အပ္ပဝတ္တခေါ်တဲ့ နိဗ္ဗာန်ကို မဂ်ဖိုလ်ဉာဏ်ဖြင့် မျက်မှောက်ပြုသွားတာပါပဲ၊ ဒါကြောင့် “မပြတ်ဖြစ်နေတဲ့ ရုပ်နာမ် အစဉ်က သင်္ခါရ၊ မပြတ်ဖြစ်စဉ်ငြိမ်းမှ နိဗ္ဗာန်” လို့ အတိုချုပ် မှတ်ထားကြရမယ်၊ ကဲ-အဲဒါကို ဆိုကြရမယ်။

မပြတ်ဖြစ်နေတဲ့ ရုပ်နာမ်အစဉ်က သင်္ခါရ၊ မပြတ်ဖြစ်စဉ်ငြိမ်းမှ နိဗ္ဗာန်။

(၃) နိမိတ္တနှင့် အနိမိတ္တ

နိမိတ္တံ သင်္ခါရာ၊ အနိမိတ္တံ နိဗ္ဗာနံ။

နိမိတ္တံ၊ အကောင်အထည် ပုံသဏ္ဌာန်ဒြပ် ရှိသလို ထင်ရသော နိမိတ်သည်။
သင်္ခါရာ၊ သင်္ခါရတို့ပေတည်း။
အနိမိတ္တံ၊ ပုံသဏ္ဌာန် အရိပ်နိမိတ် ကင်းသော သဘောသည်။
နိဗ္ဗာနံ၊ နိဗ္ဗာန်ပေတည်း။

ဝိပဿနာမရှုတဲ့ ပကတိပုဂ္ဂိုလ်တွေမှာ မြင်ရာ ကြားရာစသည်မှ ထင်ပေါ်လာသမျှကို အကောင်အထည် ပုံသဏ္ဌာန် ဒြပ်ဝတ္ထုတွေအနေနဲ့သာ ထင်မြင် သိမှတ်နေကြတယ်၊ ဝိပဿနာ ရှုခါစပုဂ္ဂိုလ်တွေမှာလဲ အဲဒီလိုပဲ ထင်မြင်နေကြတယ်၊(ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ) အစရှိသော သတိပဋ္ဌာန်ဒေသနာတော်နှင့်အညီ “သွားတယ် သွားတယ်၊ ကြွတယ် လှမ်းတယ် ချတယ်”စသည်ဖြင့် ရှုမှတ်နေပေမယ်လို့ သွားနေတဲ့ ကိုယ်ကောင်ကြီး၊ ကြွလှမ်းချနေတဲ့ ခြေစသော အထည်ဒြပ်ပါထိုင်ပြီး သိနေရတယ်၊ “ကွေးတယ် ဆန့်တယ်”စသည်ဖြင့် ရှုမှတ်ရာမှာလဲ လက်, ခြေ, ပုံသဏ္ဌာန် အထည်ဒြပ်နဲ့ တကွ ထင်ပေါ်နေတယ်၊ “ဖောင်းတယ် ပိန်တယ် ထိုင်တယ်”စသည်ဖြင့် ရှုမှတ် ရာမှာလဲ ဝမ်းဗိုက် ကိုယ်ပုံသဏ္ဌာန်နှင့်တကွ ထင်ပေါ်နေတယ်၊ အဲဒီလိုထင်ပေါ်နေတာဟာ သင်္ခါရ နိမိတ်ထင်နေတာပါပဲ။

ဒါပေမယ့် ဝိပဿနာရှုသူမှာ ဉာဏ်ရင့်လာတဲ့အခါကျတော့ အဲဒီပုံသဏ္ဌာန် အထည်ဒြပ်တွေ မထင်တော့ဘူး၊ တောင့်တင်း လှုပ်ရှားခြင်း တွန်းကန်ခြင်းစသော သဘောတရားမျှသာ ထင်ပေါ် တော့တယ်၊ အဲဒီလိုအခါမှာ ဖြစ်ပေါ်ပြီး ပျောက်သွားလို့ မမြဲဘူးဆိုတဲ့ အသိဉာဏ်ဟာ ဖြစ်ပေါ် လာတာပဲ၊ အထူးအားဖြင့် ဘင်္ဂဉာဏ်ရောက်တဲ့အခါမှာ အဲဒီပုံသဏ္ဌာန်ပညတ်တွေ အကုန် ပျောက်သွားတယ်၊ ဒါကြောင့် ဝိသုဒ္ဓိမဂ် ဘင်္ဂဉာဏ်အရာမှာ ဘင်္ဂဉာဏ်ဖြစ်ပုံကို ဒီလို ပြထားတယ်။

ဘင်္ဂဉာဏ်ရောက်တော့ သဏ္ဌာန် နိမိတ်ကင်းသည်

ဉာဏေ တိက္ခေ ဝဟန္တေ သင်္ခါရေသု လဟုံ ဥပဋ္ဌဟန္တေသု ဥပ္ပာဒံ ဝါ ဌီတိံ ဝါ ပဝတ္တံ ဝါ နိမိတ္တံ ဝါ န သမ္ပာပုဏာတိ၊ ခယ-ဝယ-ဘေဒ-နိရောဓေ ယေဝ သတိ သန္တိဋ္ဌတိ-တဲ့။

ဉာဏေ၊ ရှုသိဉာဏ်သည်။
တိက္ခေ ဝဟန္တေ၊ ထက်မြက်၍ သူ့အလိုလို ဆောင်သွားသကဲ့သို့ ဖြစ်လတ်သော်။
(ဉာဏ်က ထက်မြက်ပြီး သူ့ဟာသူ မှတ်သိမှတ်သိသွားနေသလို ဖြစ်တဲ့အခါမှာတဲ့)

သင်္ခါရေသု၊ ရှုသိစရာ သင်္ခါရတို့က၊
လဟုံဥပဋ္ဌဟန္တေသု၊ လျင်စွာထင်ပေါ်ကုန်လတ်သော်၊
(အသိဉာဏ်က လျင်လျင်မြန်မြန် ဖြစ်နေတော့ ရှုသိစရာ သင်္ခါရတွေကလဲ မြန်မြန် ပေါ်ပေါ် လာကြသလို ထင်ရတယ်၊ အဲဒီလိုအခါမှာတဲ့)

ဥပ္ပါဒံ ဝါ (န သမ္ပာပုဏာတိ)၊ အစဖြစ်ပေါ်မှုသို့လဲ မရောက်ပါဘူးတဲ့၊
(ဥဒယဗ္ဗယဉာဏ်ဖြစ်နေတုန်းက အစ-ဖြစ်မှုရော + အဆုံး-ပျက်မှုရော အဖြစ်အပျက် ၂-မျိုးလုံး ထင်ရှားပေါ်ခဲ့တယ်၊ အဲဒီဉာဏ်က ရင့်လို့ ဘင်္ဂဉာဏ်ရောက်တော့ အစပိုင်းဖြစ်ပေါ်မှု မထင်ရှား တော့ဘူးတဲ့)။

ဌီတိံ ဝါ၊ အလယ်ပိုင်း တည်မှုသို့လဲ မရောက်ပါဘူးတဲ့။
(သမ္မသနဉာဏ် အခိုက်တုန်းက အစရော + အလယ်ရော + အဆုံး ရော ဥပါဒ် ဌီဘင် သုံးပါးလုံး ထင်ပေါ်ခဲ့တယ်၊ ယခု အလယ်ပိုင်း ဌီလဲ မပေါ်တော့ဘူးတဲ့)။

ပဝတ္တံ ဝါ၊ မပြတ်စပ်လျက်ဖြစ်နေသော ရုပ်နာမ်အယဉ်သို့လဲ မရောက်ပါဘူးတဲ့၊

(သမ္မသနဉာဏ်မရောက်မီ ရှေးအဖို့ကဆိုရင် အစနဲ့အဆုံးနဲ့ ပိုင်းခြားပြီး မသိနိုင်သေးဘူး၊ ရေစီး ရေယဉ်များလို အပြတ် အခြားမရှိတဲ့ အနေနဲ့သာ ထင်ပေါ်ခဲ့တယ်၊ ယခု အဲဒီလို အပြတ်အခြားမရှိဘဲ တည်နေတဲ့ ပဝတ္တလဲ မထင်တော့ပါဘူးတဲ့၊ ရှုမှတ်တိုင်း ရှုမှတ်တိုင်း တစ်ပိုင်းစီ တစ်ပိုင်းစီ ပြတ်ပြီးတော့သာ ထင်နေတယ်လို့ ဆိုလိုပါတယ်၊ အဲဒီလိုထင်တာဟာ သမ္မသနဉာဏ်ပိုင်းက စပြီး ထင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီတုန်းကတော့ သန္တတိအနေနဲ့ လောက်သာထင်ခဲ့တယ်၊ ဥဒယဗ္ဗယ ဉာဏ်ကစပြီး ခဏအားဖြင့် ထင်လာခဲ့တယ်၊ ဘင်္ဂဉာဏ် ကျတော့ သာပြီးလျင်လျင်မြန်မြန် အပြတ် အပြတ်ထင်ပေါ်တယ်၊ အဲဒီလိုထူးခြားပုံလဲ မှတ်ထားကြရမယ်)။

နိမိတ္တံ ဝါ န သမ္ပာပုဏာတိ၊ ပုံသဏ္ဌာန် နိမိတ်သို့လဲ မရောက်ပါဘူးတဲ့၊
(ဝိပဿနာ မရှုမီကရော ရှုခါစမှာရော ပုံသဏ္ဌာန် ပညတ်နိမိတ်တွေ ထင်ခဲ့တယ်၊ နာမရူပ ပရိစ္ဆေဒဉာဏ် ကောင်းစွာဖြစ်သည်မှစ၍ ထိုနိမိတ်များထင်မှု လျော့ပါးလာခဲ့တယ်၊ ဘင်္ဂဉာဏ်သို့ ရောက်သောအခါ ထိုနိမိတ်များ မထင်တော့ဘူးလို့ ဆိုလိုပါတယ်၊ ဒါဖြင့် ဘယ်ရောက်လို့ ဘာတွေကို သိနေပါသလဲလို့ ဆိုတော့)။

ခယ-ဝယ-ဘေဒ-နိရောဓေ ယေဝ၊ ကုန်ခြင်း-ပျောက်ခြင်း-ပျက်ခြင်း ဟူသော ချုပ်ခြင်း သဘော၌ သာလျှင်။
သတိ၊ အမှတ်ရမှု သတိသည်။
ဝါ၊ အသိဉာဏ်သည်။
သန္တိဋ္ဌတိ၊ ကောင်းစွာတည်လေတော့၏-တဲ့၊

(နိရောဓ၊ ချုပ်ခြင်းဆိုတာ အရဟတ္တမဂ်၏ အစွမ်းကြောင့် ကိလေသာကံ ဝိပါက်ခန္ဓာတို့ မဖြစ်ပေါ်လာတော့ပဲ ချုပ်ခြင်းကတစ်မျိုး၊ အဲဒါက နိဗ္ဗာန်၊ နိရောဓပဲ၊ ဥပါဒ်အားဖြင့် ဖြစ်ပြီးသော ရုပ်နာမ်တို့၏ ခဏဘင်အားဖြင့် ချုပ်ခြင်းကတစ်မျိုး၊ ဒီလို ၂-မျိုးရှိတယ်၊ ဒီ ၂-မျိုးထဲမှာဘင်္ဂဉာဏ်ဖြင့် သိရတဲ့ နိရောဓ-ချုပ်ခြင်းဆိုတာက ဖြစ်ပြီးသော တရားတို့၏ ကုန်ဆုံးသွားခြင်း-ပျောက်ကွယ် သွားခြင်း- ပျက်သွားခြင်းဆိုတဲ့ ချုပ်ခြင်းပဲလို့ သိစေရန်အတွက် နိရောဓေ ယေဝ-လို့သာမဆိုပဲ ခယ-ဝယ-ဘေဒ-ဆိုတဲ့ ပုဒ်တို့ဖြင့် အထူးသတ်မှတ်ပြီး ပြထားခြင်းဖြစ်ကြောင်း ဝိသုဒ္ဓိမဂ် ဋီကာမှာ ဖွင့်ပြထားပါတယ်၊ အဲဒီအဖွင့်နှင့်အညီအနက် ပြန်လိုက်ပါတယ်၊)

ဒီဝိသုဒ္ဓိမဂ်စကားဖြင့် သိစေလိုရင်းကတော့ ဘင်္ဂဉာဏ်ရောက်တဲ့အခါ အကြမ်းစားဖြစ်တဲ့ သင်္ခါရ နိမိတ်များ မထင်တော့ဘဲ ကင်းသွားကြောင်းကို သိစေလိုရင်းပါပဲ၊ ဒါပေမယ့် ဝိပဿနာဉာဏ်ဆိုတာ ဖြစ်ပျက်တဲ့ သင်္ခါရတရားကို ရှုမှတ်ပြီး သိသိနေတဲ့ ဉာဏ်ဖြစ်တဲ့အတွက် သင်္ခါရနိမိတ်ကင်းတဲ့ နိဗ္ဗာန်ကိုတော့ မသိမမြင်သေးပါဘူး၊ ဒါကြောင့် ရှုမှတ်တိုင်း ရှုမှတ်တိုင်း ဖြစ်ပျက်တဲ့ သင်္ခါရ တရားဆိုတဲ့ သင်္ခါရ နိမိတ်ကိုပဲ အနိစ္စ ဒုက္ခ အနတ္တအနေဖြင့် သိသိနေပါတယ်၊ အဲဒီလို သင်္ခါရကို အနိစ္စဒုက္ခ အနတ္တအနေဖြင့် သိသိနေခိုက်မှာ သင်္ခါရချုပ်ငြိမ်းတဲ့ နိဗ္ဗာန်အာရုံ မထင်ပေါ်သေးဘူး၊ သင်္ခါရုပေက္ခာဉာဏ်က ရင့်သန်ပြီး ပြည့်စုံတဲ့အခါမှာ မြင်မှုကြားမှုစသော အဲဒီသင်္ခါရနိမိတ် အာရုံတွေကို ရှုသိရှုသိနေရင်းပင် အဲဒီသင်္ခါရတွေ လုံးဝ ဆိတ်သုဉ်းတဲ့သဘောထဲကို ရောက်သွား တယ်၊ အဲဒီအခါမှာ ပုံသဏ္ဌာန်အရိပ် နိမိတ်ဆိုရင် ဘယ်လိုဟာကိုမှ မတွေ့ရဘူး၊ ဖြစ်ပျက် သင်္ခါရတွေ လုံးဝ ဆိတ်သုဉ်း ကင်းငြိမ်းနေတဲ့ သဘောကိုသာ ထင်ရှားတွေ့ရတယ်၊ အဲဒီလို တွေ့ပြီးတဲ့နောက် ပြန်လည်ဆင်ခြင်တဲ့ အခါများမှာလဲ (ပစ္စဝေက္ခဏာဉာဏ်ဖြင့်) ဖြစ်ပျက်သင်္ခါရ ဆိတ်သုဉ်း ကင်းငြိမ်းတဲ့ သဘောကိုသာ သိရတယ်၊ ဒါကြောင့် နိဗ္ဗာန်၏ လက္ခဏာ ရသ ပစ္စုပဋ္ဌာန်တို့ကို ပြတဲ့ အဋ္ဌကထာများမှာ-

နိဗ္ဗာန်၏ လက္ခဏာ ရသ ပစ္စုပဋ္ဌာန်

နိဗ္ဗာနံ၊ နိဗ္ဗာန်သည်။
သန္တိလက္ခဏံ၊ ငြိမ်းခြင်းသဘောလက္ခဏာရှိ၏။
ဝါ ငြိမ်းခြင်းသဘောဟု မှတ်အပ်၏။
အစ္စုတိရ သံ၊ မရွေ့လျောခြင်း မပျက်စီးခြင်း ဂုဏ်ရှိ၏။
အနိမိတ္တပစ္စုပဋ္ဌာနံ၊ ပုံသဏ္ဌာန် အရိပ်နိမိတ် ကင်းသောအားဖြင့် ဉာဏ်အား ရှေးရှုထင်၏-လို့ ပြဆိုထားပါတယ်။

အဲဒီ ဉာဏ်အား ရှေးရှုထင်တယ် ဆိုတာက ဘယ်ဉာဏ် ကိုဆိုပါသလဲဆိုရင် နိဗ္ဗာန်အစစ်ကို အရိယာများသာ သိနိုင်တဲ့အတွက် အရိယာများ၏ မဂ်ဖိုလ်ဉာဏ်နှင့် ပစ္စဝေက္ခဏာဉာဏ်ကိုယူရင် အသင့် အတော်ဆုံးပါပဲ၊ အရိယာပုဂ္ဂိုလ်များဟာ မဂ်ဖိုလ်သို့ ရောက်ပြီးခါစမှာဖြစ်စေ၊ ဖလသမာပတ် ကို ဝင်စားပြီးတဲ့အခါဖြစ်စေ၊ မဂ်ဖိုလ် ဖြစ်ခိုက်က အာရုံကိုပြန်ပြီး ဆင်ခြင်ကြည့်လျှင် သင်္ခါရ အာရုံ ပုံသဏ္ဌာန်အရိပ် နိမိတ်ကင်းတဲ့ အနေနဲ့သာသိရတယ်၊ ဒါကြောင့်”နိဗ္ဗာန် ၏ အဆင်းသဏ္ဌာန်အရွယ် ပမာဏကို ဥပမာဖြင့် အကြောင်းဖြင့် နည်းဖြင့် ယှဉ်ကပ်ပြီး ပြနိုင်ပါသလား”လို့ မိလိန္ဒမင်းကြီးက မေးတဲ့အခါ အရှင်နာဂသိန်မထေရ်က ဒီလို ဖြေရှင်းပြခဲ့ပါတယ်။

နိဗ္ဗာန်မှာ အဆင်းအရောင် ပုံသဏ္ဌာန် မရှိ

မဟာရာဇ၊ မြတ်သော မိလိန္ဒမင်းကြီး။
နိဗ္ဗာနံ၊ နိဗ္ဗာန်သည်။
အပ္ပဋိဘာဂံ၊ တူသောအရာမရှိ။
နိဗ္ဗာနဿ၊ နိဗ္ဗာန်၏။
ရူပံ ဝါ သဏ္ဌာနံ ဝါ ဝယံ ဝါ ပမာဏံ ဝါ၊ အဆင်း ပုံသဏ္ဌာန် အရွယ်ပမာဏကို။
သြပဓမ္မန ဝါ ကာရဏေန ဝါ ဟေတုနာ ဝါ နယေန ဝါ၊ ဥပမာဖြင့် အကြောင်းဖြင့် သိကြောင်းနည်းဖြင့်။
ဥပဒဿယိတုံ န သက္ကာ၊ ယှဉ်ကပ်၍ ပြရန် မဖြစ်နိုင်ပေ-တဲ့။
(မိလိန္ဒ ၃၀၃)

အဲဒီ မိလိန္ဒပဉှာအရအားဖြင့် နိဗ္ဗာန်မှာ ပုံတူမရှိဘူး၊ အဆင်းအရောင် ပုံသဏ္ဌာန်မရှိဘူးဆိုတာ သိရပါတယ်၊ အဆင်း မရှိဘူးဆိုတော့ နိဗ္ဗာန်ဟာ ဖြူဖြူလဲမဟုတ်ဘူး၊ ဝင်းဝင်းလင်းလင်း အရောင်လဲမဟုတ်ဘူး၊ ကြီးတယ် ငယ်တယ်လို့လဲ မပြောနိုင်ဘူး၊ ဟုတ်ပေတယ်။ နိဗ္ဗာန်ဆိုတာ ကိလေသာ ကံဝိပါက်ခန္ဓာတို့၏ မဖြစ်ပေါ်လာခြင်း-ချုပ်ငြိမ်းခြင်း သဘောမျှသာဖြစ်တယ်၊ အဲဒီ မဖြစ်ခြင်းဆိုတဲ့ ချုပ်ငြိမ်းခြင်းသဘောမှာ ဘယ်လိုသဏ္ဌာန် အဆင်းအရောင်မျှ မရှိသင့်ကြောင်း ထင်ရှားပါ တယ်၊ ဒါကြောင့် ဘုန်းကြီးက ၁၃၀၅-ခုနှစ် ဝိပဿနာရှုနည်းကျမ်း ရေးစဉ်တုန်းက နိဗ္ဗာနကထာ၏အစနားမှာ အောက်ပါအတိုင်း ရေးသားဖော်ပြခဲ့တယ်။

နိဗ္ဗာန်ဟူသည်မှာ ဘုံနန်းပြသာဒ်ကြီးလဲမဟုတ်၊ မြို့ကြီး ပြည်ကြီးလဲမဟုတ်၊ အလင်းရောင် အဝင်းရောင်လဲမဟုတ်၊ အကြည်ဓာတ် အအေးဓာတ်လဲမဟုတ်၊ အဘယ့်ကြောင့်နည်း ဟူမူ ... ထိုဘုံနန်းပြာသာဒ် မြို့ပြည် အလင်းရောင် အဝင်းရောင် အကြည်ဓာတ် အအေးဓာတ်များသည် အသင်္ခတ ပရမတ်တရားမဟုတ်၊ ထိုက်သည်အားလျော်စွာ ပညတ်တရား သင်္ခတ ပရမတ်တရားများသာ ဖြစ်သောကြောင့်ပေတည်း။ (ဝိပဿနာ ရှုနည်းကျမ်း ဒုတိယတွဲ အခန်း ၆၊ သတ္တမရိုက် နှာ ၃၄၇)

အဲဒီလို ရေးတုန်းက ဘယ်သူ့ကျမ်းလို့မှ မရည်ရွယ်ပါဘူး။ ဓမ္မဓိဋ္ဌာန်ကျကျ ရေးခဲ့တာပါပဲ၊ ဒါပေမယ့် နောက်တစ်ချိန်မှာ နိဗ္ဗာန်ဆိုတာ ဧရာမအလင်းရောင်ကြီး ဖြစ်တဲ့ အကြောင်းပြဆိုထားတဲ့ ကျမ်းစာအုပ်တစ်ခုကို တွေ့ရတော့ “အင်း ... ငါ ဟိုတုန်းက ရေးခဲ့တာကို ဒီကျမ်းစာ စောင်းပြီး ရေးတယ်လို့ တချို့က ထင်ကောင်း ထင်ကြပေလိမ့်မယ်” လို့ စဉ်းစားမိခဲ့ပါတယ်၊ ဒါပေမယ့် အဲဒီကျမ်းစာကို စောစောကရှိမှန်းတောင် ဘုန်းကြီးကမသိခဲ့ပါဘူး၊ မိမိသဘောကျထားတဲ့အတိုင်း စင်ကြယ်တဲ့စိတ်နဲ့ ရေးခဲ့တာပါပဲ။

ယခုလဲ ဘုန်းကြီးက နိဗ္ဗာန်ကိုဟောတဲ့အခါမှာ “အဆင်းအရွယ် ပုံသဏ္ဌာန်မရှိဘူး”လို့ ပြဆိုထားတဲ့ အဲဒီ မိလိန္ဒပဉှာပါဠိ၊ “အနိမိတ္တပစ္စုပဋ္ဌာနံ - ပုံသဏ္ဌာန် အရိပ်နိမိတ် ကင်းသောအားဖြင့် ဉာဏ်အားရှေးရှုထင်တယ်”လို့ဆိုတဲ့ အဋ္ဌကထာများနှင့် အညီ “အရောင်အဆင်း ပုံသဏ္ဌာန် အရိပ်နိမိတ် မရှိတဲ့ သဘောတရား” လို့ပဲ ဟောနေပါတယ်၊ ဝိပဿနာယောဂီဟာ မပြတ် ဖြစ်ပျက် နေသော သင်္ခါရအာရုံ နိမိတ်ကို သင်္ခါရုပေက္ခာဉာဏ် အနုလောမဉာဏ်တို့ဖြင့် ရှုသိနေရင်းထဲက (ဂေါတြဘူဉာဏ် မဂ်ဖိုလ်ဉာဏ်တို့ဖြင့်) ဖြစ်ပျက်သင်္ခါရ လုံးဝချုပ်ငြိမ်းတဲ့ သဘောထဲသို့ ရောက်သွားတယ်၊ ရောက်သွားပုံက ထူးဆန်းတယ်၊ ရှုသိနေတဲ့စိတ်ပါ ပျောက်သွားသလိုဖြစ်ပြီး ရောက်သွားတယ်၊ ဒါကြောင့် “ဖြစ်ပျက်နေဟန် ပုံသဏ္ဌာန် နိမိတ်ထင်နေတာက သင်္ခါရ၊ သင်္ခါရနိမိတ်လုံးဝကင်းမှ နိဗ္ဗာန်” လို့ မှတ်ထားကြရမယ်၊ အဲဒါဟာ နိမိတ္တံသင်္ခါရ၊ အနိမိတ္တံ နိဗ္ဗာနံ-ဆိုတဲ့ ပဋိသမ္ဘိဒါမဂ်နှင့် အညီပါပဲ။ အဲဒါကို ဆိုကြရမယ်။

ဖြစ်ပျက်နေဟန် ပုံသဏ္ဌာန် နိမိတ်ထင်နေတာက သင်္ခါရ၊ သင်္ခါရနိမိတ် လုံးဝကင်းမှ နိဗ္ဗာန်။

(၄) အာယူဟနာနှင့် အနာယူဟနာ

အာယူဟနာ သင်္ခါရာ၊ အနာယူဟနာ နိဗ္ဗာနံ။

အာယူဟနာ၊ ပေါင်းစုခြင်း၊ ပြုလုပ်အားထုတ်ခြင်းသည်။
သင်္ခါရာ၊ သင်္ခါရတို့ပေတည်း။
အနာယူဟနာ၊ မြုပလုပ်ခြင်း အားမထုတ်ခြင်းသည်။
ဝါ၊ အားထုတ်မှု ကင်းခြင်းသည်။
နိဗ္ဗာနံ၊ နိဗ္ဗာန်ပေတည်း။

အာယူဟနဆိုတာ သဒ္ဒါနက်အားဖြင့် ပေါင်းစုတယ်လို့ ရတယ်၊ လောကမှာ အိမ်ဆောက်တယ်ဆိုရင် အိမ်၏ အစိတ်အပိုင်းတွေကို စုပေါင်းပြီး သင့်တော်သလို နေရာချထားရတာပဲ၊ အဲဒါကို အိမ်ဆောက် တယ်၊ အိမ်ပြုတယ်လို့ ခေါ်တယ်၊ စင်စစ်ကတော့ သူ့ဆိုင်ရာ အစိတ်အပိုင်းတွေကို ပေါင်းစု ပေးရတာပဲ အဲဒါပါဠိလို အာယူဟနပါပဲ၊ မြန်မာဝေါဟာရအားဖြင့်တော့ ပြုလုပ်တယ်၊ အားထုတ် တယ်လို့ပဲ ဆိုရပါတယ်၊ ဒါကြောင့် ပြုလုပ်အားထုတ်နေတဲ့ သဘောဟာ သင်္ခါရလို့ ဆိုပါတယ်။

သင်္ခါရဆိုတာ အပြုခံသင်္ခါရ, ပြုတတ်တဲ့ သင်္ခါရလို့ ၂-မျိုးရှိတယ်၊ သဗ္ဗေ သင်္ခါရာ - အလုံးစုံသော သင်္ခါရတို့သည် အနိစ္စာ၊ မမြဲကုန်။ ဒုက္ခာ၊ ဆင်းရဲတို့တည်း၊ အနတ္တာ၊ အတ္တမဟုတ်-အတ္တမရှိကုန်လို့ ဆိုရာမှာ သင်္ခါရတွေကတော့ ကံ စိတ် ဥတု အာဟာရစသော အကြောင်းတရားတို့ကြောင့် ဖြစ်ပေါ်လာတဲ့ ရုပ်နာမ်တရားတွေကို ဆိုတာပဲ၊ သူ့ဆိုင်ရာအကြောင်းတွေက ပြုပေးတဲ့ သင်္ခါရ, အပြုခံ သင်္ခါရတွေလို့ ဆိုလိုတယ်၊ အဲဒီ သင်္ခါရတွေက ပြုလုပ်တယ်၊ အားထုတ်တယ်လို့ မဆိုလိုဘူး၊ သင်္ခါရက္ခန္ဓာဆိုတဲ့ (စေတသိက်-၅၀) သင်္ခါရတွေကတော့ ပြုတတ်အားထုတ်တတ်တဲ့ သင်္ခါရတွေပဲ၊ သူတို့က ကိုယ်အမူအရာ အမျိုးမျိုး, နှုတ်အမှုအရာအမျိုးမျိုး, စိတ်အမူအရာအမျိုးမျိုးကို ပြုလုပ်တတ်တယ်၊ အဲဒီ (စေတသိက် ၅၀) သင်္ခါရထဲက စေတနာဆိုတဲ့ သင်္ခါရကတော့ ဘဝသစ်ပဋိသန္ဓေမှ စ၍ ကောင်းကျိုး ဆိုးကျိုး ဝိပါက်တွေကိုလဲ ဖြစ်စေတတ်တယ်၊ ဒါကြောင့် အဲဒီစေတနာကို ကံလို့ခေါ်ရတယ်၊ အဲဒါဟာ ကုသိုလ်ကံလဲ ရှိတယ် အကုသိုလ်ကံလဲ ရှိတယ်၊ အဲဒီကုသိုလ်ကံ အကုသိုလ်ကံ ဆိုတဲ့ စေတနာကို ဒီနေရာမှာ “သင်္ခါရ- ပြုလုပ်အားထုတ်မှု” လို့ ဆိုလိုတယ်၊ အဲဒီ စေတနာ သင်္ခါရက အကျိုးပေးနိုင်စွမ်းရှိနေရင် ဘဝသစ် ရုပ်နာမ်တွေ မငြိမ်ဘူး၊ တစ်ဘဝပြီး တစ်ဘဝ အဆက်မပြတ် ဖြစ်နေမှာပဲ၊ အဲဒီ စေတနာဆိုတဲ့ အားထုတ်မှု ကင်းမှ ဘဝသစ်ရုပ်နာမ်တွေ မဖြစ်ပဲငြိမ်းတယ်၊ ဒါကြောင့် “အနာယူဟနာ - အားထုတ်မှုကင်းခြင်းသည်၊ နိဗ္ဗာနံ - နိဗ္ဗာန်ပေတည်း”လို့ ပဋိသမ္ဘိဒါမဂ်က ဆိုထားပေတာပဲ။

ဒီနေရာမှာ အားထုတ်မှု ကင်းတယ်ဆိုတာက အားထုတ်မှုကံတွေ အကျိုးမပေးနိုင်တာကိုဆိုတယ်၊ အဲဒီလို အကျိုးမပေး နိုင်တာကလဲ ကိလေသာ အဖော်မရှိလို့ အကျိုးမပေးနိုင်တာပါဘဲ၊ ဝိပဿနာ ရှုလို့ အရဟတ္တမဂ်ဉာဏ် ရောက်ရင် ကိလေသာ အားလုံး ကင်းတယ်၊ ကိလေသာကင်းတဲ့အတွက် ကံဟောင်းတွေလဲ ဘဝအကျိုးကို မဖြစ်စေနိုင်တော့ဘူး၊ အကျိုးပေးနိုင်တဲ့ ကံသစ်လဲ မဖြစ်တော့ဘူး၊ အဲဒီလို အရဟတ္တမဂ်၏ အစွမ်းကြောင့် ကံဟောင်းလဲကုန်ပြီး ကံသစ်လဲ မဖြစ်တဲ့အတွက် ရဟန္တာ ပုဂ္ဂိုလ်မှာ ပရိနိဗ္ဗာန်စုတိမှ နောက်ကာလ၌ ဘဝသစ် ရုပ်နာမ်ခန္ဓာတွေ မဖြစ်လာတော့ပဲ ဆင်းရဲအားလုံးငြိမ်းသွားတယ်၊အဲဒါဟာ အနုပါဒိသေသ နိဗ္ဗာန်ပဲ၊ အဲဒီ နိဗ္ဗာန် အကြောင်းကို တော်တော်ကြာမှ ပါဠိတော်ပါ ထုတ်ပြပြီး ဟောရမယ်။

အားမထုတ်ပဲ နေရုံနဲ့တော့ ကံမကင်းနိုင်

အားထုတ်မှု ကင်းတယ်ဆိုတာ ယခုပြောခဲ့တဲ့အတိုင်း ကိလေသာကင်းလို့ ကံကင်းတာကိုဆိုတာ၊ ဘာမှ မပြုပဲ အားမထုတ်ပဲ နေရုံနဲ့ ကင်းတယ်လို့တော့ အယူမမှားကြလေနဲ့၊ တချို့က ဒီလိုပါဠိကိုပြပြီး အလွဲအမှားတွေကိုဟောနေကြတာ ရှိတယ်၊ သူတို့ ဟောပုံကတော့ “အားထုတ်နေရင် သင်္ခါရ ဆင်းရဲတွေ ဖြစ်နေတာပဲ သဗ္ဗေ သင်္ခါရာ၊ အလုံးစုံသော အားထုတ်မှု သင်္ခါရတို့သည်။ ဒုက္ခာ၊ ဆင်းရဲတို့သာတည်းလို့ ဟောထားတယ် ဒီတော့ လုပ်သမျှဒုက္ခချည်းပဲ၊ မလုပ်ဘဲ အားမထုတ်ဘဲနေမှ ငြိမ်းအေးတယ်။ အနာယူဟနာ၊ အားမထုတ်ခြင်းသည်။ နိဗ္ဗာနံ၊ နိဗ္ဗာန်ပေတည်းလို့ ဟောထားတာလဲ ရှိတယ်၊ ဒါကြောင့် ဒါန သီလ ဘာဝနာ ကုသိုလ်တွေကို ပြုနေဖို့ မလိုဘူး စိတ်ကို စိတ်အတိုင်းထားရင် နိဗ္ဗာန်ရတယ်” စသည်ဖြင့် ပါဠိတစွန်းတစကို ယူပြီး အနက်အဓိပ္ပာယ်အလွဲကို ဟောနေကြတယ်၊ ဘုန်းကြီး ရန်ကုန်ရောက်ခါစ ၁၃၁၃-ခုနှစ် (၁၉၅၁) ခုနှစ်ဆီလောက်က အဲဒီလို တရားကို အသံလွှင့် ဟောတာတောင် ကြားရဖူးသေးတယ်၊ တရားအားမထုတ်ချင်တဲ့ သူတွေနဲ့တော့ အံကျကိုက်နေတဲ့ တရားပါပဲ၊ ဒါကြောင့် အဲဒီလို တရား ကြိုက်ပြီး တဆင့်ဝါဒဖြန့် ဟောပြောနေတာတွေလဲ ရှိတာပဲ။

အဲဒါဟာ ဗုဒ္ဓတရားတော်နှင့် ပြောင်းပြန် ဆန့်ကျင်ဖက်ပဲ၊ ပိဋကတ်သုံးပုံမှာ အကုသိုလ် ဟူသမျှကိုပယ်ရန်, ဒါန, သီလ, ဘာဝနာ ကုသိုလ် ဟူသမျှကို ပွားစေရန်သာ ဟောထားတယ်၊ ဘာဝနာ ဆိုတဲ့ အမည်ကိုက ပွားစေရမည့် တရားလို့ အနက် အဓိပ္ပာယ် ရှိပါတယ်၊ ကုသိုလ်တရား ဘာဝနာတရားကို ပယ်ရမယ် မပြုရဘူးလို့ ဘယ်ပိဋကတ် ကျမ်းစာထဲမှာမှ မရှိပါဘူး၊ ကုသိုလ်အမှုကို မပြုဘဲနေရုံနဲ့ ရှေးကပြုထားတဲ့ အကုသိုလ်ကံတွေ ဘယ်လိုနည်းနဲ့မျှ မကင်းပျောက်နိုင်ဘူး၊ လွန်ခဲ့တဲ့ လဆန်း ရှစ်ရက် သီတင်းနေ့ကလဲ ဒီအကြောင်းနဲ့စပ်ပြီး အတော်အတန် ပြောခဲ့ပါပြီ၊ ဒါပေမယ့် ဗုဒ္ဓသာသနာပျက်ကြောင်း ဝါဒဖြစ်တဲ့ အတွက် ယခုလဲ ထပ်ပြီး ရှင်းပြရဦးမှာပဲ။

အကုသိုလ်က ရေစုံမျောတာလိုပင် ဖြစ်လွယ်တယ်

ကုသိုလ်တရားဆိုတာ ထက်သန်တဲ့ သဒ္ဓါ ဆန္ဒ ဝီရိယနဲ့ တမင်ပြုလုပ်မှဖြစ်တာ၊ ရေဆန် သွားရတာနဲ့တူတယ်၊ အကုသိုလ် ဆိုတာကတော့ သူ့အလိုလိုကို ဖြစ်ချင်နေတာ၊ ရေစုန်မျော သွားတာနဲ့ တူတယ်၊ လောက ဥပဒေတွေနဲ့ ပညာရှိ သူတော်ကောင်းတွေကိုငဲ့ပြီး စောင့်ရှောက် နေကြလို့သာ အကုသိုလ်အဖြစ် သက်သာနေတာ၊ ပုထုဇဉ် ပုဂ္ဂိုလ်တွေမှာ ကြံစည်ပြုလုပ်တဲ့စိတ်က ကုသိုလ်နဲ့ အကုသိုလ် ဒီ ၂-မျိုးပဲရှိတယ်၊ ကုသိုလ်ကို မပြုဘဲနေရင် အကုသိုလ်စိတ်တွေချည်း မပြတ်ဖြစ်နေ တော့မှာပဲ၊ မူလက မိနစ် (၁၀ဝ)မှာ (၁၀)မိနစ်ခန့်က ကုသိုလ်စိတ် ဖြစ်နေတယ်ဆိုရင် အကုသိုလ်စိတ်က မိနစ် (၉၀)ခန့်သာ ဖြစ်နေမယ်၊ အဲဒီလိုလူဟာ ကုသိုလ်ကို မပြုဘဲ စွန့်လွှတ် လိုက်ရင် ရာခိုင်နှုန်း မိနစ် (၁၀ဝ) အပြည့် အကုသိုလ်စိတ်တွေချည်း ဖြစ်နေတော့မှာပဲ။ ကုသိုလ်က မပြုဘဲနေလို့ ရပေမယ့်အကုသိုလ်ကတော့ ဘာဝနာမရှိတဲ့သူမှာ မဖြစ်အောင်ထိန်းမထားနိုင်ဘူး၊ စဉ်းစား ကြည့်ပါ၊ နှစ်သက်စရာ သာယာစရာအာရုံများနှင့် တွေ့တဲ့အခါ မနှစ်သက် မသာယာအောင် ထိန်းထားနိုင်ပါမည်လား၊ ကိုယ်ကြိုက်တဲ့ အဆင်းတွေကိုမြင်ရင် နှစ်သက် သာယာမှာပဲ၊ ကိုယ်ကြိုက်တဲ့ အသံကို ကြားရရင် နှစ်သက် သာယာမှာပဲ၊ အရသာ ကောင်းတွေကို စားရရင် နှစ်သက်သာယာမှာပဲ။

အဲဒါတွေမှာ နှစ်သက်သာယာမှု မဖြစ်အောင် ထိန်းထားနိုင်ပါမည်လား။ အိမ်ထောင်ရှိသူဆိုလျှင် အိမ်သူအိမ်သားနှင့်စပ်ပြီး နှစ်သက်မှု မဖြစ်အောင် ထိန်းထားနိုင်ပါမည်လား၊ အိမ်ထောင်မရှိတဲ့ သူမှာလဲ ကိုယ်ကြိုက်တဲ့ အာရုံကို မကြံမိအောင် ထိန်းထားနိုင်ပါမည်လား၊ ခံစားနေကျ အာရုံ ဝတ္ထုတွေကို မခံစားချင်အောင် ထိန်းထားနိုင်ပါမည်လား၊ စိတ်ဆိုးစရာ အာရုံနှင့်တွေ့ရင် စိတ်မဆိုးအောင် ထိန်းထားနိုင်ပါမည်လား၊ တခါက ရွာတစ်ရွာမှာ ဦးလေးဖြစ်သူက သူ့တူကို လက်ဖြင့် ပါးကိုရိုက်လိုက်သတဲ့၊ အဲဒီတော့ တူဖြစ်သူက အလွန်စိတ်ဆိုးပြီးတော့ ဘာ့ကြောင့် ပါးရိုက်ရသလဲလို့ မေးသတဲ့၊ ဦးလေးဖြစ်သူက “စိတ်ကို စိတ်အတိုင်းထားရင် ကိလေသာ ငြိမ်းတယ်”လို့ မင်းက အပြောသန်လွန်းလို့ ဟုတ် မဟုတ် သိရအောင် ရိုက်ကြည့်တာပဲလို့ ပြောလိုက် သတဲ့။ ဝိပဿနာရှုလို့ ရဟန္တာဖြစ်ရင်တော့ အဲဒီလို စိတ်မဆိုးဘဲ ငြိမ်းပါတယ်။

မြတ်စွာဘုရား လက်ထက်တော် ကာလတုန်းက “အရှင်သာရိပုတ္တရာဟာ စိတ်မဆိုးတတ်ဘူး”ဆိုတဲ့ စကားကို မယုံတာနဲ့ ပုဏ္ဏားတစ်ယောက်က အရှင်သာရိပုတ္တရာ ဆွမ်းခံကြွနေစဉ်မှာ နောက်ကလိုက်ပြီး ကျောကုန်းကို ရိုက်သတဲ့၊ အရှင် သာရိပုတ္တရာဟာ လှည့်ပြီးတောင် မကြည့်ဘဲ သွားမြဲသွားနေသတဲ့၊ ဒီတော့မှ အဲဒီပုဏ္ဏားက ယုံကြည်ပြီး အရှင်သာရိပုတ္တရာအား ကန်တော့ တောင်းပန်သတဲ့။ အဲဒါဟာ ဝိပဿနာရှုပြီး အရဟတ္တမဂ်ဖြင့် ဒေါသ ကင်းငြိမ်းနေလို့ပါပဲ၊ အဲဒီလို ကိလေသာ ငြိမ်းတာဟာ ကုသိုလ်မလုပ်ဘဲ နေရုံနဲ့တော့ မဖြစ်နိုင်ကြောင်း အလွန်ထင်ရှားပါတယ်။

ရွံ့စရာ မုန်းစရာတွေနဲ့တွေ့ရင် မရွံ့အောင် မမုန်းအောင် စိတ်ကို ထိန်းထားနိုင်ပါမည်လား၊ ဝမ်းနည်းစရာ စိတ်ညစ်စရာ စိတ်ပူစရာတွေနဲ့တွေ့ရင် ဝမ်းမနည်းအောင် စိတ်မညစ်အောင် စိတ်မပူအောင် ထိန်းထားနိုင်ပါမည်လား၊ ဘာဝနာ အလုပ် မရှိရင် ထိန်းမထားနိုင်ကြောင်း ထင်ရှားပါတယ်၊ ကြောက်စရာနဲ့တွေ့ရင် မကြောက်အောင် ထိန်းထားနိုင်ပါမည်လား၊ သမထ ဝိပဿနာမရှိပဲ စိတ်ကို စိတ်အတိုင်းထားရုံမျှဖြင့် ထိန်းမထားနိုင်ကြောင်း ထင်ရှားပါတယ်။

ကုသိုလ်မပြုပဲ နေရင် အကုသိုလ်ချည်း မပြတ် ဖြစ်နေမယ်

အဲဒီတော့ ကုသိုလ်ကို မပြုပဲနေတဲ့ သူမှာ နတ်ရွာသုဂတိ ရောက်စေနိုင်တဲ့ ကုသိုလ်မဖြစ်တော့ပဲ အပါယ်လေးပါးနှင့် မကောင်းကျိုး ပေးတတ်တဲ့ အကုသိုလ်တွေချည်း မပြတ်ဖြစ်ပွားနေဖို့ရှိတယ်။ သာမန် ဒါန သီလ ဘာဝနာ ကုသိုလ်ရှိရင် ယခုဘဝတွင် မဂ်ဖိုလ် မရောက်သေးတောင်မှ လူ့ဘဝ နတ်ဘဝမှာ ဖြစ်ပြီး ချမ်းချမ်း သာသာ နေရဖို့ကတော့ သေချာပါတယ်၊ နောက်ပြီးတော့ ဖြစ်ရာဘဝမှာ သူတော်ကောင်းတရားကို ကြားနာပြီး ဘာဝနာအလုပ် အားထုတ်နိုင်တယ် အဲဒီလို အားထုတ်ပြီး အရိယမဂ်ဖိုလ်ကိုလဲ ရနိုင်တယ်။ ကုသိုလ်ကို မပြုပဲ စွန့်ပယ်ထားတဲ့သူမှာတော့ သုဂတိဘဝရောက်ကြောင်း ကုသိုလ်တောင် မရှိတော့ဘူး၊ မကောင်းကျိုးပေးတတ်တဲ့ အကုသိုလ် ချည်း အချိန်ပြည့် ပွားနေတော့မှာပဲ ဒါကြောင့်သေတဲ့အခါမှာ အဲဒီ အကုသိုလ် မိတ်ဆွေတွေက အပါယ်လေးပါး ခေါ်သွားဖို့သာ ရှိတော့တာပဲ၊ နိဗ္ဗာန်ရောက်ဖို့ ဆိုတာကတော့ ဝေးသည်ထက် ဝေးသွားတာပဲ၊ ဒါကြောင့် ကုသိုလ်ကို မပြုဖို့ညွှန်ကြားတဲ့ ဝါဒဟာ အလွန်ကြောက်စရာကောင်းတဲ့ ဝါဒပါပဲ၊ အဲဒီလို ကြောက်စရာ ကောင်းတဲ့လမ်းမှားကို သိပြီးရှောင်လွှဲနိုင်အောင်, လမ်းမှား ရောက်နေတဲ့ မိတ်ဆွေများလဲ သတိပေးနိုင်အောင် ဒီလိုစပ်ဆိုင် ရာမှာ ထည့်သွင်းပြီး ဘုန်းကြီးက အရိပ်အမြွက်မျှ ဟောကြားရတာပဲ။

နောက်ပြီးတော့ “အနာယူဟနာ-အားမထုတ်ခြင်းသည်၊ နိဗ္ဗာနံ-နိဗ္ဗာန်ပေတည်း”ဟု ဆိုရာမှာ “တရား အားမထုတ်ပဲ နေမှ နိဗ္ဗာန်ရတယ်”လို့ ဒီလိုလဲ အလွဲအမှားကိုပြောတတ်တယ်၊ ဒီနေရာမှာ “အနာယူဟနာ-အားမထုတ်ခြင်း”ဆိုတာက တရား အားမထုတ်တာကို ပြောတာမဟုတ်ဘူး၊ ဘဝသစ်အကျိုးကို ဖြစ်စေတတ်တဲ့ အကုသိုလ်ကံ ကုသိုလ်ကံကို မဖြစ်စေတာကိုပြောတာပဲ၊ အဲဒါကလဲ မပြုပဲနေရုံနဲ့တော့ နိဗ္ဗာန်မရောက်နိုင်ပါဘူး။ အမှန်ကတော့ ဝိပဿနာဘာဝနာကိုပွားလို့ အရဟတ္တမဂ်ဉာဏ် ရောက်တဲ့အခါ ကိလေသာတွေ ကင်းသွားတဲ့အတွက် ကံဟောင်းတွေကလဲ ဘဝသစ်အကျိုးကို မပေးနိုင်တော့ဘူး၊ အကျိုးပေးတတ်တဲ့ ကံသစ်လဲ မဖြစ်တော့ဘူး၊ အဲဒီလို အရဟတ္တမဂ်ဖြစ် ကိလေသာ ကင်းပြီး အကျိုးပေးနိုင်တဲ့ကံ ကင်းငြိမ်းတာကိုသာ ဆိုတာပဲ၊ အနာယူဟနာ နိဗ္ဗာနံ-ဆိုတဲ့ ပါဠိကိုက ဝိပဿနာရှုတဲ့သူမှာ ဘယဉာဏ် အာဒီနဝဉာဏ် နိဗ္ဗိဒါဉာဏ် ဖြစ်ပုံကိုပြတဲ့ ပါဠိပဲ၊ အဲဒီဉာဏ်တွေကလဲ ဝိပဿနာအလုပ်ကို တကယ်တန်း အားထုတ်တဲ့ သူတွေမှာမှ ဖြစ်တဲ့ဉာဏ်တွေပဲ၊ ဒါကြောင့် “ဘဝအသစ် ဖြစ်စေနိုင်တဲ့ အားထုတ်မှုကံက သင်္ခါရ၊ ယင်းအားထုတ်မှုကံ ကင်းမှ နိဗ္ဗာန်”လို့ မှတ်ထားကြရမယ်၊ အဲဒါကို ဆိုကြရမယ်။

ဘဝသစ်ဖြစ်စေနိုင်တဲ့ အားထုတ်မှုကံက သင်္ခါရ၊ ယင်းအားထုတ်မှုကင်းမှ နိဗ္ဗာန်။

ရဟန္တာဟာ ကုသိုလ်အမှုကိုတော့ မပယ်ဘူး

ရဟန္တာများမှာ လောဘ ဒေါသ မောဟကိလေသာတွေ ကင်းနေတဲ့အတွက် အကုသိုလ်အမှုကို ပြုလုပ်ခြင်း မရှိဘူး ဆိုတာကတော့ ရှင်းနေပါတယ်၊ ကုသိုလ်အမှုတွေလဲ မပြုတော့ဘူးလားလို့ မေးစရာရှိတယ်၊ ကုသိုလ်အမှုတွေကိုတော့ အကြောင်း အားလျော်စွာ ပြုပါတယ်၊ ပိုနေတဲ့ ဆွမ်းသင်္ကန်း စသည်ကို အခြား ရဟန်းများအား ပေးလှူပါတယ်၊ သီလ သိက္ခာပုဒ်များကို ရိုရိုသေသေ စောင့်ရှောက်ပါတယ်၊ တရားဟောတယ်၊ တရားနာတယ်၊ မေတ္တာ စသော သမထ ဘာဝနာကိုပွားစေတယ်၊ ဈာန်သမာပတ် ဝင်စားတယ်၊ ဝိပဿနာရှုတယ်၊ မြတ်စွာဘုရားကို ရှိခိုးတယ် စေတီတော်ကို ရှိခိုးတယ်၊ မထေရ်ကြီးများကို အရိုအသေပြုတယ်၊ ဝေယျာဝစ္စ ကိစ္စကြီးငယ်ကို အခွင့်သင့်သည် အားလျော်စွာ ဆောင်ရွက်တယ်။ ဒါပေမယ့် အဲဒီကုသိုလ်အမှု တွေကို အသေပြုတဲ့အတွက် အကျိုးပေးတတ်တဲ့ ကုသိုလ်ကံကတော့ မဖြစ်ဘူး၊ အကျိုးမပေး တတ်တဲ့ ကြိယာစိတ်သာ ဖြစ်တယ်၊ ဒါကြောင့် နမက္ကာရ ဘုရားရှိခိုးထဲမှာ “ကုသလံ ကုသလံ - ကုသိုလ် အကုသိုလ်ကို၊ ဇဟံ - ပယ်စွန့်တော်မူပြီးသော မြတ်စွာဘုရားကို (ရှိခိုးပါ၏)” လို့ ဆိုထားတယ်၊ ဘုရားနှင့် ရဟန္တာဟာ ကိလေသာ ပယ်ပုံချင်း ကံပယ်ပုံချင်း အားဖြင့် အတူတူပါပဲ။ မြတ်စွာဘုရားက ဝါသနာကိုလဲ ပယ်နိုင်တယ်၊ သာဝက ရဟန္တာများမှာတော့ ဝါသနာကိုမပယ်နိုင်ဘူး၊ ဒါလောက်သာ ထူးပါတယ်၊ အဲဒီဘုရားရှိခိုးထဲမှာ ကုသိုလ်ကို ပယ်စွန့်တယ် ဆိုတာဟာ အရဟတ္တမဂ်၏ အစွမ်းကြောင့် ကိလေသာ မရှိတော့တဲ့ အတွက် အကျိုးပေးတတ်တဲ့ ကုသိုလ်ကံ မဖြစ်တာကို ဆိုတာပါပဲ။

ပုထုဇဉ် သေက္ခပုဂ္ဂိုလ်တွေမှာတော့ ကိလေသာ မကင်းသေးတဲ့အတွက်၊ အထူးအားဖြင့် တဏှာ မကင်းသေးတဲ့အတွက် အကျိုးပေးနိုင်တဲ့ ကံဟောင်းတွေလဲ ရှိနေတယ်၊ ကိုယ်, နှုတ်, စိတ်ဖြင့် ပြုတိုင်း ပြောတိုင်း ကြံတိုင်း (ကံမြောက်လောက်တဲ့ အမှုဆိုရင်) အကျိုးပေးနိုင်တဲ့ ကံအသစ်လဲ ဖြစ်နေတာပဲ၊ အာယူဟနာဆိုတဲ့ အားထုတ်မှု ရှိနေတယ် ဒါကြောင့် ဘဝဟောင်းမှ သေလျှင် အခွင့်သင့်တဲ့ ကံတစ်ခုခုက ဘဝသစ်သို့ ဖြစ်စေတယ်၊ အဲဒီလို ဖြစ်စေလို့ ဘဝသစ်ဖြစ်ရာမှာ ရှေးဦးစွာ စပြီးဖြစ်တဲ့ ရုပ်နာမ်ခန္ဓာကို ပဋိသန္ဓေလို့ခေါ်တယ်၊ ဘဝဟောင်းနှင့် ဆက်စပ်တဲ့သဘောပါပဲ၊ ဥပမာအားဖြင့် ကြေးနန်းကြိုး ဓာတ်မီးကြိုးများ တပ်ဆင်တဲ့အခါ ကြိုးတစ်ခုဆုံးသွားရာမှာ အခြားကြိုး တစ်ခုနှင့် ဆက်ရတယ်၊ ကြိုးတစ်ချောင်း ပေတစ်ထောင်ရှိတယ်ဆိုရင် ဒုတိယကြိုး ဆက်လိုက်တော့ပေ နှစ်ထောင်အထိ ရှည်သွားတယ်၊ တစ်ဖန် တတိယကြိုး ဆက်ပြန်လျှင် ပေသုံးထောင်အထိ ရှည်သွားတယ်၊ ဒီပုံဒီနည်းဖြင့် ပေပေါင်း သိန်းသန်းမက မိုင်ပေါင်း ထောင် သောင်းမက ရှည်သွားနိုင်တယ်၊ အဲဒါလိုပဲ ကိလေသာ ရှိတဲ့သူမှာ ဘဝဟောင်းက သေတိုင်း သေတိုင်း ကုသိုလ်ကံ အကုသိုလ်ကံ၏ အစွမ်းကြောင့် အကျိုးဝိပါက် ခန္ဓာတွေဟာ ဘဝသစ်အနေဖြင့် အဆက်မပြတ် ဆက်စပ်ပြီး ဖြစ်ဖြစ်သွားတယ်၊ ဘဝပေါင်း သိန်းသန်း ကုဋေ အသင်္ချေတို့ဖြင့် မရေ မတွက်နိုင်အောင် ကမ္ဘာပေါင်း သိန်းသန်းကုဋေ အသင်္ချေ တို့ဖြင့်လဲ မရေတွက်နိုင်အောင် ဖြစ်နေတယ်။

(၅) ပဋိသန္ဓေနှင့် ပဋိသန္ဓေ ကင်းတာ

ဒါကြောင့် ဒီလို ဆက်စပ်ပြီး ဖြစ်နိုင်တဲ့ ပဋိသန္ဓေခန္ဓာတွေ ရှိနေသမျှ ကာလပတ်လုံး ဆင်းရဲ မငြိမ်းသေးဘူး၊ သင်္ခါရ နယ်ပယ်ထဲကပဲရှိနေသေးတယ်၊ အဲဒါကို ရည်ပြီးတော့ ပဋိသမ္ဘိဒါမဂ် ပါဠိမှာ -

ပဋိသန္ဓိ သင်္ခါရာ၊ အပ္ပဋိသန္ဓိ နိဗ္ဗာနံ”လို့ ဟောထားတယ်။

ပဋိသန္ဓိ - ဘဝဟောင်းနှင့် ဆက်စပ်၍ ဖြစ်ခြင်းသည်၊
သင်္ခါရာ - သင်္ခါရတို့ပေတည်း၊
အပ္ပဋိသန္ဓိ - ဘဝဟောင်းနှင့် ဆက်စပ်၍ မဖြစ်ခြင်းသည်၊
နိဗ္ဗာနံ - နိဗ္ဗာန်ပေတည်း။

ပုထုဇဉ်ပုဂ္ဂိုလ်တွေမှာ ဘဝဟောင်းမှ သေတိုင်းသေတိုင်း ဆက်စပ်ပြီး ဘဝသစ်တွေ ဖြစ်ဖြစ် နေမှာချည်းပဲ၊ အကန့်အသတ် မရှိဘူး၊ သေသေချာချာ စဉ်းစားကြည့်ရင် ကြောက်စရာပဲ၊ အဲဒီဆက်စပ်ဖြစ်မည့် ဘဝတွေထဲမှာ ငရဲဘဝတွေ ပြိတ္တာ ဘဝတွေ တိရစ္ဆာန်ဘဝတွေက သာပြီး များလိမ့်မယ်၊ အလွန်ပင် ကြောက်စရာ ကောင်းပါတယ်၊ သောတာပန်မှာတော့ ကာမဘုံ မှာချည်း ဖြစ်မယ်ဆိုရင် အများဆုံး ခုနစ်ဘဝသာ ဖြစ်ရတော့မယ်၊ အဲဒါလဲ လူ့ဘဝ နတ်ဘဝ ကောင်းမြတ်တဲ့ ဘဝချည်းပါပဲ၊ အဲဒီ ခုနစ်ဘဝထဲကနောက်ဆုံးဘဝမှာ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်ဝင်စံရမယ် သကဒါဂါမ်မှာ ကာမဘုံတွင်သာ ဖြစ်မယ် ဆိုရင် အများဆုံး နှစ်ဘဝသာ ဖြစ်ပြီး ရဟန္တာဖြစ်မယ်၊ အနာဂါမ်မှာတော့ သုဒ္ဓါဝါသငါးဘုံမှာ အများဆုံးငါးဘဝဖြစ်ပြီး ရဟန္တာဖြစ်မယ်၊ ဘဝသစ်မှာ ဖြစ်တိုင်းဖြစ်တိုင်း သင်္ခါရနယ်ပယ်ထဲမှာချည်း ရှိနေသေးတာပဲ၊ ရဟန္တာမှာ ရှေ့ပိုင်းကပြောခဲ့တဲ့ အတိုင်း ကိလေသာနှင့် ကံ လုံးဝကင်းသောကြောင့် ပရိနိဗ္ဗာန်စုတိ၏ အခြားမဲ့မှာ ဝိပါက် ရုပ်နာမ် ခန္ဓာများ ဆက်စပ်၍ဖြစ်ခြင်းမရှိတော့ဘူး၊ ဝဋ်ဆင်းရဲဟူသမျှ လုံးဝကင်းငြိမ်းသွားတယ်၊ အဲဒါဟာ “အပ္ပဋိသန္ဓိ ဆက်စပ်၍ မဖြစ်ခြင်းသည်၊ နိဗ္ဗာနံ-အငြိမ်းဓာတ် နိဗ္ဗာန်ပေတည်း” လို့ဟောတဲ့ နိဗ္ဗာန်အစစ်ပါပဲ၊ ဒါကြောင့် “ဘဝဟောင်းနှင့်ဆက်စပ်၍ ဖြစ်တာကသင်္ခါရ၊ ဆက်စပ်၍ မဖြစ်မှ နိဗ္ဗာန်”လို့ အတိုချုပ် မှတ်ထားကြရမယ်၊ အဲဒါကို ဆိုကြရမယ်။

ဘဝဟောင်းနှင့် ဆက်စပ်၍ ဖြစ်တာက သင်္ခါရ၊ ဆက်စပ်၍ မဖြစ်မှ နိဗ္ဗာန်။

ဘယ အာဒီနဝ နိဗ္ဗိဒါဉာဏ်များဖြစ်နေတဲ့ ယောဂီက ဘဝဟောင်းက သေပြီးရင်း ဘဝသစ် ဖြစ်ပြန်ရင်း၊ ဘဝဟောင်းကသေပြီးရင်း ဘဝသစ်ဖြစ်ပြန်ရင်းနဲ့ ဒီလိုချည်း ဆက်ဆက်ပြီး ဖြစ်ဖြစ် နေတာဟာ သင်္ခါရဆင်းရဲတွေပဲ၊ အရဟတ္တမဂ်ဉာဏ်လဲ ရောက်, ကိလေသာတွေလဲ ကင်းပြီး ကံတွေကလဲ အကျိုးမပေးနိုင်လို့ စုတိစိတ်ဖြင့် သေပြီးတဲ့နောက် ရုပ်နာမ်ဝိပါက်ဆက်ပြီး မဖြစ်မှ ငြိမ်းအေးမှာပဲလို့ သင်္ခါရတွေ၏အပြစ်ကို မြင်ပြီး ငြီးငွေ့တယ်၊ နိဗ္ဗာန်ကို သိဖြစ်ဖို့ ရဖို့ မျှော်လင့်တယ်၊ ဒါဟာ အဲဒီဉာဏ်များ ဖြစ်တဲ့ ယောဂီမှာ ဖြစ်ရိုးဖြစ်စဉ်ပဲ၊ ဒါကြောင့် ပဋိသမ္ဘိဒါမဂ်မှာ “ဘဝဟောင်း နှင့်စပ်၍ ဖြစ်တာက သင်္ခါရတွေပဲ ဟု ဘေးထင်သောပညာသည် အာဒီနဝဉာဏ်မည်၏”စသည်ဖြင့် ဟောထားတာပါပဲ။

အဲဒီလို ဟောထားတဲ့အတိုင်းပင် ဘယ အာဒီနဝ နိဗ္ဗိဒါဉာဏ်များကရင့်သန်ပြီး ဣန္ဒြေရင့်ကျက်တဲ့ အခါ အရဟတ္တမဂ်ဉာဏ်ဖြစ်ပြီး နိဗ္ဗာန်ကို မျက်မှောက်တွေ့မြင်တယ်၊ အဲဒီအခါမှာ အရဟတ္တ မဂ်ဉာဏ်၏ အစွမ်းကြောင့် လောဘ ဒေါသ မောဟ အစရှိသော ကိလေသာတွေ အားလုံး မဖြစ်ပေါ်နိုင်တော့ပဲ ငြိမ်းသွားတယ်၊ ကိလေသာ ငြိမ်းတဲ့အတွက် ကံကလဲ ဘဝသစ် ရုပ်နာမ် ခန္ဓာတွေကို မဖြစ်စေနိုင်တော့ဘူး၊ အဲဒီလို ကိလေသာ ကံ ဝိပါက်ခန္ဓာတွေ မဖြစ်ပေါ်နိုင်အောင် ငြိမ်းတာဟာ နိဗ္ဗာန်ပဲ၊ ဒီနိဗ္ဗာန်က ငြိမ်းခြင်း သဘောအားဖြင့် တပါတည်းပါပဲ။ ဒါပေမယ့် ကိလေသာ တွေသာ ငြိမ်းပြီးဖြစ်ဆဲ ရုပ်နာမ်ခန္ဓာ အကြွင်းရှိနေခိုက်မှာ သဥပါဒိသေသ နိဗ္ဗာန်လို့ ခေါ်တယ်၊ ပရိနိဗ္ဗာန်စုတိမှ နောက်ကာလ၌ ရုပ်နာမ်ခန္ဓာပါ အကြွင်းမရှိတော့ဘဲ ငြိမ်းတာကိုတော့ အနုပါဒိသေသနိဗ္ဗာန် လို့ခေါ်တယ်၊ အဲဒီနိဗ္ဗာန် ၂-ပါးကို ဣတိဝုတ်ပါဠိတော်မှာ ဒီလို ဟောတော်မူပါတယ်။

နိဗ္ဗာန်ဓာတ် ၂-ပါး

ကတမာ စ ဘိက္ခဝေ သဥပါဒိသေသာ နိဗ္ဗာနဓာတု၊ ဣဓ ဘိက္ခဝေ ဘိက္ခု အရဟံ ဟောတိ ခီဏာသဝေါ ဝုသိတဝါ ကတကရဏီယော သြဟိတဘာရော အနုပ္ပတ္တ သဒတ္ထော ပရိက္ခီဏ ဘဝသံယော ဇနော သမ္မဒညာ ဝိမုတ္တော၊ တဿ တိဋ္ဌန္တေဝ ပဉ္စိန္ဒြိယာနိ ယေသံ အဝိဃာတတ္တာ မနာပါမနာပံ ပစ္စနုဘောတိ သုခ ဒုက္ခံ၊ ပဋိသံဝေဒေတိ၊ တဿ ယော ရာဂက္ခယော ဒေါသက္ခယော မောဟက္ခယော၊ အယံ ဝုစ္စတိ ဘိက္ခဝေ သဥပါဒိသေသာ နိဗ္ဗာနဓာတု။ (နှာ-၂၂၁)

ဘိက္ခဝေ - ရဟန်းတို့၊
သဥပါဒိသေသာ နိဗ္ဗာနဓာတု - အကျိုးခန္ဓာ အကြွင်းရှိသော အငြိမ်းဓာတ်နိဗ္ဗာန်သည်၊
ကတမာ စ - အဘယ်ပါနည်း။

သဥပါဒိသေသနိဗ္ဗာန်

သဥပါဒိသေသ-ဆိုတဲ့ ပါဠိမှာ -က တစ်ပုဒ်, ဥပါဒိ-က တစ်ပုဒ်, သေသ-က တစ်ပုဒ် သုံးပုဒ်တွဲထားတယ်၊ -ကရှိတယ်တဲ့ + ဥပါဒိ-က ခန္ဓာတဲ့ + သေသ-က ကြွင်းတယ်တဲ့၊ သဥပါဒိသေသလို့ ပေါင်းလိုက်တော့ “ခန္ဓာအကြွင်းရှိတယ်”- “ကိလေသာမျှသာ ငြိမ်းတယ်၊ ခန္ဓာ ကတော့ အကုန်အငြိမ်းသေးပဲ အကြွင်းအကျန် ရှိနေသေးတယ်လို့” ဆိုလိုပါတယ်၊

ဘယ်လိုလဲဆိုတော့ ရဟန္တာပုဂ္ဂိုလ်မှာ အရဟတ္တမဂ်ရောက်တဲ့ အချိန်ကတည်းက ကိလေသာ အားလုံးကင်းငြိမ်းသွားတယ်၊ ဘဝသစ် ခန္ဓာလဲ အဲဒီအချိန်ကတည်းက မဖြစ်နိုင်တော့သည့် အခြေအနေရောက်ပြီး ငြိမ်းခဲ့ပါတယ်၊ ရဟန္တာမဖြစ်မီ ပဋိသန္ဓေ ကာလကတည်းက ရလာခဲ့တဲ့ ရုပ်နာမ်ခန္ဓာ အစဉ်ကတော့ ရှိနေသေးတာပဲ၊ အဲဒါကတော့ ရှေးဘဝဟောင်းမှ ကံက အကျိုး ပေးထားပြီး ဖြစ်နေတယ်၊ ပစ်လိုက်တဲ့ခဲဟာ အရှိန်ကုန်မှကျတာလိုပဲ၊ အဲဒီကံဟောင်း၏ အစွမ်းကုန်မှ ပရိနိဗ္ဗာန် စုတိကာလကျမှ ချုပ်ငြိမ်း ပြတ်စဲမယ်။

တနည်းဥပမာအားဖြင့် ထန်းပင်ဟာ လည်ဆစ်ကဖြစ်စေ ခါးလယ်ကဖြစ်စေ ပြတ်သွားရင် အဲဒီ အချိန်ကတည်းက အညွန့်အတက်အသစ် မပွားတော့ဘူး၊ ဒါပေမယ့် အငုတ်ကြီးကတော့ ရှိမြဲ ရှိနေသေးတာပဲ၊ အဲဒီထန်းပင်ငုတ်ကြီးဟာ နှစ်ပေါင်းများစွာ ကြာတဲ့အခါ ဆွေးမြေ့ပြီး ပျက်စီး သွားတယ်၊ အဲဒီနေရာမှာ ထန်းငုတ် အစအနတောင် မရှိဘဲ ဖြစ်သွားတယ်၊ အဲဒါလိုပဲ ပရိနိဗ္ဗာန် စုတိကာလကျတော့ ရဟန္တာပုဂ္ဂိုလ်၏ ခန္ဓာအစဉ်ဟာ လုံးဝချုပ်ငြိမ်းသွားမယ်၊ အဲဒီ စုတိကာလ မရောက်သေးခင်မှာတော့ ရဟန္တာ၏ ရုပ်နာမ် ခန္ဓာအစဉ်ဟာ မူလကံနှင့်စိတ်ဥတု အာဟာရ အစရှိသော အကြောင်းများကြောင့် ဖြစ်မြဲ ဖြစ်နေသေးတာပဲ၊ အဲဒီလို ခန္ဓာအကြွင်း ရှိတာနဲ့ ကိလေသာငြိမ်းတာကို အကြောင်းပြုပြီး သဥပါဒိသေသ နိဗ္ဗာန်လို့ခေါ်တယ်၊ အဲဒီနိဗ္ဗာန်က ဘယ်လို ဟာလဲလို့ မေးခွန်းထုတ်ပါတယ်၊

ဘိက္ခဝေ - ရဟန်းတို့၊
ဣဓ - ဤသာသနာတော်၌၊
ဘိက္ခု - ရဟန်းသည်၊
အရဟံ - အရိုအသေ, အပူဇော်ကို ခံထိုက်သည်။
ဟောတိ - ဖြစ်၏။
ခီဏာသဝေါ - ကုန်ပြီးသော အာသဝေါရှိ၏။
ဝါ- အာသဝေါ ကိလေသာခပင်းကုန်ခဲ့ ကင်းခဲ့ပြီ။
(ဝိပဿနာ ဘာဝနာအလုပ် အားထုတ်သဖြင့် အရဟတ္ထမဂ် ရောက်ပြီး ကိလေသာကုန်ခမ်း ရဟန္တာဖြစ်နေပါပြီလို့ ဆိုလိုပါတယ်။)

ဝုသိတဝါ - အကျင့်မြတ်ကို အပြည့်အစုံ ကျင့်သုံးပြီးလဲ ဖြစ်ပေ၏၊
ကတ ကရဏီယော - ပြုကျင့်သင့်တဲ့ အမှုကိစ္စ ဟူသမျှကိုလဲ ပြုကျင့်ပြီးဖြစ်ပေ၏။
သြဟိတဘာရော - ချထားပြီးသော ဝန်ထုပ်ဝန်ပိုး ရှိပေ၏၊
ဝါ- ဝန်ထုပ်ဝန်ပိုးများကို ချထားပြီး ဖြစ်ပေ၏။

ဝန်ထုပ်ကြီး ၃-ခု

လောကမှာ သုံးတင်းဝင် ဆန်အိတ်ကြီးများ ထမ်းနေရတဲ့သူမှာ လေးလံပင်ပန်းနေသလို သတ္တဝါ တွေမှာ အလွန်လေးလံတဲ့ ဝန်ထုပ်ကြီးတွေကို ထမ်းဆောင်နေကြရတယ်၊ ဘယ်လို ဝန်ထုပ်တွေလဲ ဆိုရင် …

(၁) ကိလေသာ ဝန်ထုပ်ကြီးက တစ်ခု၊
(၂) ကုသိုလ်ကံ အကုသိုလ်ကံဆိုတဲ့ အဘိသင်္ခါရ ဝန်ထုပ်ကြီးက တစ်ခု၊
(၃) ခန္ဓာဝန်ထုပ်ကြီးက တစ်ခု၊
ဒီဝန်ထုပ်ကြီးသုံးခု ပါပဲ။

(၁) ကိလေသာ ဝန်ထုပ်ကြီး

လောဘ ဒေါသအစရှိသော ကိလေသာတွေခိုင်းသမျှ လုပ်နေကြရတာဟာ ကိလေသာဝန်ထုပ်ကြီး ထမ်းနေကြရတာပဲ၊ သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း အစရှိသော မကောင်းမှုတွေကို ပြုကြ တာဟာ အဲဒီကိလေသာ ဝန်ထုပ်ကြောင့်ပဲ၊ မနေနိုင်မထိုင်နိုင်ဖြစ်ပြီး ကိလေသာအလိုအတိုင်း လိုက်ပြီး ပြုကြရတာပဲ အဲဒီ လို ပြုမိကြတဲ့အတွက် အပါယ်လေးပါးကျရောက်ပြီး ဆင်းရဲကြရတယ်၊ အဲဒါဟာ ကိလေသာဝန်ပိပြီး ဒုက္ခရောက်ကြရတာပါပဲ။

(၂) အဘိသင်္ခါရ ဝန်ထုပ်ကြီး

အဘိသင်္ခါရဆိုတဲ့ ကုသိုလ်ကံ အကုသိုလ်ကံတွေကို ပြုမိတဲ့အတွက် ဘဝသစ်တွေမှာ ဖြစ်ကြရတယ်၊ အကုသိုလ်ကံကြောင့် အပါယ်လေးပါးမှာ ဖြစ်ပြီး အလွန်အမင်း ဆင်းရဲကြရတယ်၊ ကုသိုလ်ကံကြောင့် သုဂတိဘဝမှာဖြစ်ပြီး အတော်အသင့် သက်သာရာ ရပေမယ့် အိုခြင်း နာခြင်း သေခြင်း အစရှိသော ဆင်းရဲတွေကို ခံစားနေကြရတယ်၊ အဲဒီ ဘဝအကျိုးပေးတတ်တဲ့ ကံတွေကို အလိုမရှိပေမယ့် မပယ်မချနိုင်ဘူး၊ ထမ်းဆောင်မြဲ ထမ်းဆောင်နေကြရတယ်၊ အကုသိုလ် ကိုပြုမိရင် အဲဒီ အကုသိုလ် ကံက အကြောင်းညီညွတ်တဲ့အခါ အပါယ်လေးပါးပစ်ချပြီး ဆင်းရဲဒုက္ခရောက်စေမယ်၊ လူ့ဘဝ ရောက်လာပြန်ရင်လဲ အသက်တိုခြင်း၊ အနာများခြင်း စားသုံးစရာမရှိ ဆင်းရဲခြင်းစသော မကောင်း ကျိုးတွေကို ပေးမယ်၊ ကုသိုလ်ကံက မြှင့်တင်ပေးလို့ လူ့ဘဝ နတ်ဘဝရောက်နေရပေမယ့် အဲဒီ အကုသိုလ်ကံက အကျိုးမပေးရသေးရင် မကောင်းကျိုးပေးဖို့ရာ အသင့်ရှိနေတာပဲ၊ဘယ် အရပ်မှာမှ တိမ်းရှောင်နေလို့ မရဘူး၊ လောကမှာ ရာဇဝတ်မှုဆိုတာကမှ တိမ်းရှောင်လို့ ရတာလဲ ရှိနိုင် သေးတယ်၊ ရှေ့နေက အပြောကောင်းလို့ဖြစ်စေ၊ တံစိုးလက်ဆောင် ပေးထားလို့ဖြစ်စေ၊ အခါ အားလျော်စွာ လွတ်ငြိမ်း ခွင့်ပြုလို့ဖြစ်စေ လွတ်ငြိမ်းနိုင်သေးတယ်၊ အကုသိုလ်ကံကတော့ ပြုမိရင် ဘဝပေါင်း ကမ္ဘာပေါင်းများစွာ ကြာပေမယ်လို့ သူ့အလိုလို ပပျောက် မသွားဘူး၊ အကြောင်း ညီညွတ်တဲ့အခါ မကောင်းကျိုးတွေကို ပေးဦးမှာပဲ၊ အလွန်လေးတဲ့ ဝန်ထုပ်ကြီးပါပဲ။

အဲဒီအကုသိုလ် ဝန်ထုပ်ကြီးကို ကျေပျောက်စေနိုင်တဲ့ အလုပ်ကတော့ တစ်ခုပဲရှိတယ်၊ ဘာလဲဆိုရင် ဝိပဿနာတရား အားထုတ်တဲ့အလုပ်ပါပဲ။ ဝိပဿနာအလုပ် အားထုတ်လို့ သောတာပတ္တိမဂ်ကို ရောက်သွားရင်တော့ အပါယ်လေးပါး ပစ်ချမည့် အကုသိုလ်ကံတွေ အကုန်ငြိမ်းတယ်၊ အရဟတ္တမဂ် ရောက်ပြီး ရဟန္တာဖြစ်သွားရင်တော့ ဘဝသစ်ဖြစ်စေမည့် ကုသိုလ်ဝန်ထုပ် တွေပါအကုန်ငြိမ်းတယ်၊ ဒါပေမယ့် ပရိနိဗ္ဗာန်မဝင်စံမီ အတွင်းမှာတော့ ရှေးကုသိုလ်ကံက ကောင်းကျိုးတွေ ပေးသလိုပင် အကုသိုလ်ကံဟောင်းကလဲ မကောင်းကျိုးပေးနိုင်သေးတာပဲ၊ မြတ်စွာဘုရားမှာ ဝိပါက်တော် လိုက်တယ်ဆိုတာ အကုသိုလ် ကံဟောင်းက မကောင်းကျိုးပေးတာကိုဆိုတာပဲ၊ ဒါကြောင့် “ဝဋ်အမြဲ ငရဲအပ” လို့ ဆိုလေ့ရှိကြတာပဲ၊ ငရဲစသော အပါယ်ဘဝ မကောင်းကျိုးကို မပေးပေမယ်လို့ ပဝတ္တိ မကောင်းကျိုး ဝိပါကဝဋ်ကတော့ အကြောင်းညီညွတ်ရင် ဖြစ်မြဲဖြစ်နေသေးတယ်လို့ ဆိုလိုပါတယ်၊ ဒါကြောင့် ကံဆိုတဲ့ အဘိသင်္ခါရဝန်ထုပ်ဟာ အလွန်လေးပါတယ်၊

(၃) ခန္ဓာဝန်ထုပ်ကြီး

အဲဒီအဘိသင်္ခါရ ရှိနေတဲ့အတွက် ဘဝဟောင်းက သေတိုင်း သေတိုင်း ဘဝသစ် ဖြစ်ဖြစ်နေတယ်၊ ဘဝအသစ်ဖြစ်ရာမှာ ခန္ဓာငါးပါးဆိုတဲ့ ဝန်ထုပ်ကြီးကိုရနေတယ်၊ အဲဒီခန္ဓာဝန်ကို ထမ်းဆောင်နေကြရတယ်၊ ရုပ်ခန္ဓာဝန်ကို သွားလိုက် ရပ်လိုက် ထိုင်လိုက် အိပ်လိုက်နဲ့ ဣရိယာပုထ် လေးပါးဖြင့် ပြောင်းလဲပြီးတော့လဲ ထမ်းဆောင်နေကြရတယ်၊ ကွေးလိုက် ဆန့်လိုက် လှုပ်ရှားပြုပြင်လိုက်နဲ့ အမူအရာအမျိုးမျိုးဖြင့်လဲ ထမ်းဆောင်နေကြရတယ်၊

အစာရှာကျွေးခြင်း၊ ရေတိုက်ပေးခြင်း စသည်ဖြင့်လဲ ထမ်းဆောင်နေကြရတယ်၊ မျက်နှာသစ်ခြင်း၊ ရေချိုးခြင်း၊ အညစ်အကြေး သုတ်သင်ခြင်း စသည်ဖြင့်လဲ ထမ်းဆောင်နေကြရတယ် အဝတ်တန်ဆာ အသုံးအဆောင်အမျိုးမျိုးဖြင့် ထောက်ပံ့ပြီးတော့လဲ ထမ်းဆောင်နေကြရတယ်၊ ကောင်းသော ခံစားမှုတွေဖြစ်ရအောင် အာရုံကောင်းတွေကို ရှာကြံပေးသောအားဖြင့် ဝေဒနာဝန်ထုပ်ကိုလဲ ထမ်းဆောင်နေကြရတယ်၊ ကြိုက်တဲ့ အာရုံတွေကိုခံစားရအောင် လောကပြစ် သံသရာပြစ် မကင်းတဲ့ အမှုတွေ ပြုပြီးတော့လဲ ထမ်းဆောင်နေကြရတယ်၊

ထို့အတူပင် သညာကောင်း သင်္ခါရကောင်း စိတ်ဝိညာဏ်ကောင်း တွေဖြစ်အောင်လဲ ပင်ပန်းကြီးစွာ လုပ်ကိုင်ပြီး ထမ်းဆောင်နေကြရတယ်၊ မကျန်းမာတဲ့အခါ အိုမင်းတဲ့အခါများမှာမှ ခန္ဓာဝန်လေးကြောင်း ပိုပြီးထင်ရှား သိမြင်တတ်ကြတယ်၊ အဲဒီခန္ဓာဝန်ကို ဆောင်ရတာဟာ တခဏကလေးလဲ မဟုတ်ဘူး၊ ခဏလောက် ချထားချင်လို့လဲ မဖြစ်ဘူး၊ နားခွင့်လဲ မရဘူး၊ သံသရာတစ်လျှောက်လုံး ထမ်းဆောင်လာခဲ့ကြရတယ်၊ ကိလေသာ မကင်းသေးရင် နောင်ကာလ မှာလဲ အကန့်အသတ် မရှိ ထမ်းဆောင်သွားရဦးမယ်၊ အလွန်လေးတဲ့ ခန္ဓာဝန်ကြီးပါပဲ၊

အကျဉ်းချုပ် အားဖြင့်တော့ ကိလေသာ, ကံနှင့် ခန္ဓာတွေကို ဝန်ထုပ်ကြီး သုံးခုလို့ ဆိုတာပါပဲ၊ ကိလေသဝဋ်, ကမ္မဝဋ်, ဝိပါကဝဋ်ဆိုတဲ့ ဝဋ်သုံးပါးနှင့်လဲသဘောအားဖြင့် တူပါတယ်၊

ကဲ ကောင်းကောင်း မှတ်မိအောင် လိုက်ဆိုကြရမယ်။
လောဘ ဒေါသ စသော ကိလေသာ အပေါင်းကို ကိလေသာဝန်ထုပ် ခေါ်သည်။
ကုသိုလ်ကံ အကုသိုလ်ကံကို အဘိသင်္ခါရ ဝန်ထုပ်ခေါ်သည်။
ရုပ်နာမ်ခန္ဓာ ငါးပါးကို ခန္ဓာဝန်ထုပ် ခေါ်သည်။

ဝန်ထုပ်တွေ ပယ်ချပြီး ဖြစ်နေပြီ

ရဟန္တာပုဂ္ဂိုလ်မှာ အရဟတ္တမဂ်ဖြင့် ကိလေသာကိုပယ်ပြီး ဖြစ်သောကြောင့် ကိလေသာဝန်ထုပ်ကို ချထားပြီးဖြစ်နေပြီး ကိလေသာ မရှိတော့ ကံဟောင်းတွေကလဲ အကျိုးမပေးနိုင်တော့ဘူး၊ ကံသစ် လဲမဖြစ်တော့ဘူး၊ ဒါကြောင့် အဘိသင်္ခါရ ဝန်ထုပ်ကိုလဲ ချထားပြီးဖြစ်နေပြီ၊ ဒီနေရာမှာ ကံဟောင်းက အကျိုးမပေးဘူး ဆိုပေမယ်လို့ ဘဝသစ် အကျိုးကိုသာ မပေးတာ၊ ပရိနိဗ္ဗာန် မစံမီ အတွင်းမှာ ပဝတ္တိအကျိုးကိုတော့ ပေးသေးတာပဲ၊

ဒါကြောင့် ဘဝများစွာက ဆည်းပူးခဲ့သော ကုသိုလ်ကံကြောင့် မြတ်စွာဘုရားမှာ လာဘ်လာဘ ပေါများခြင်း အစရှိသော ကောင်းကျိုးတွေကို အတိုင်းမသိ များစွာရနေကြောင်း အဋ္ဌကထာများမှာ ပြဆိုထားပါတယ်၊ အကုသိုလ်ကံဟောင်းကြောင့် သုန္ဒရီ ပရိဗိုဇ်မ၏ စွပ်စွဲခံရခြင်း အစရှိသော ဝိပါက်တော် ၁၂-ပါးကိုလည်း တွေ့ကြုံရကြောင်း အပဒါန်ပါဠိ (ပ၊၃၄၆) ဥဒါနအဋ္ဌကထာ (၂၃၉)တို့၌ ပြဆိုထားပါတယ်၊ အရှင်သီဝလိမထေရ်မှာ ရှေးကုသိုလ်ကြောင့် လာဘ်ပေါများကြောင်း၊ လောသကတိဿ ရဟန္တာမထေရ်မှာ ရှေးအကုသိုလ်ကံကြောင့် ဆွမ်းဝအောင်တောင် မဘုဉ်းပေး ရကြောင်း စသည်တို့ကိုလဲ အဋ္ဌကထာများမှာပင် ပြဆိုထားပါတယ်။

ဒါပေမယ့်ကံဆိုတဲ့ အဘိသင်္ခါရဝန်ထုပ်ကို ချထားပြီးဖြစ်သောကြောင့် ဘဝသစ်ခန္ဓာတော့ မဖြစ်နိုင်တော့ဘူး၊ ဒါကြောင့် ခန္ဓာဝန်ကိုလဲချထားပြီး ဖြစ်နေပါပြီ၊ အဲဒီလို ဝန်ထုပ်ကြီး သုံးခုစလုံးကို ပယ်စွန့်ချထားပြီးဖြစ်သောကြောင့် “သြဟိတဘာရော၊ ချထားပြီးသော ဝန်ထုပ်ဝန်ပိုး ရှိတယ်- ဝန်ထုပ်ဝန်ပိုးတွေကို ချထားပြီးဖြစ်တယ်”လို့ ဒီမှာ ချီးကျူးထားပါတယ်၊ နောက်ပြီးတော့ -

အနုပ္ပတ္တသဒတ္တော-ရောက်အပ်ပြီးသော မိမိ၏ အကျိုးစီးပွားရှိပေ၏။ အရိယာ ပုဂ္ဂိုလ်များမှာ အလိုရှိအပ်တဲ့ အကျိုး အစစ်က အရဟတ္တဖိုလ်ပဲ၊ အဲဒီ အကျိုးစီးပွားအစစ် အရဟတ္တဖိုလ်ကိုလဲ ရောက်ပြီးပါပြီ၊ ရပြီးပါပြီ-တဲ့၊ နောက်ပြီးတော့ -

ဘဝနှောင်ကြိုးလဲ မရှိတော့ပြီ

ပရိက္ခီဏဘဝသံယောဇနော - ကုန်ပြီးသော ဘဝသံယောဇဉ်-ဘဝနှောင်ကြိုးရှိ၏။ ဝါ-ဘဝ နှောင်ကြိုးလဲ မရှိတော့ပါဘူးတဲ့၊ ယခုလောကမှာ နှောင်ကြိုးမဲ့ ကမ္ဘာဆိုတဲ့ ဝေါဟာရကို ကြားရတွေ့ရတယ်၊ အင်မတန်ယဉ်တဲ့ စကားလုံးကလေးပဲ၊ ဒါပေမယ့် လောကထဲမှာ နှောင်ကြိုး မဲ့တယ် ဆိုတာကတော့ တကယ်ဟုတ်တောင် သိပ်ပြီး အဆင့်အတန်း မမြင့်လှပါဘူး၊ အချင်းချင်း အချုပ်အခြယ် ကင်းရုံလောက်ပါပဲ၊ ရဟန္တာမှာ ဘဝနှောင်ကြိုး ကင်းတယ်ဆိုတာကတော့ အလွန်မြင့်မြတ်ပါတယ်၊ ဘဝသံယောဇဉ် ဘဝနှောင်ကြိုး ရှိနေတဲ့ သတ္တဝါတွေမှာ ဘဝဟောင်းက သေတိုင်း သေတိုင်း ဘဝသစ်မှာ ဖြစ်ဖြစ်နေကြရတယ်၊ များသောအားဖြင့် ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသူရကာယ်ဆိုတဲ့ အပါယ်ဘဝတွေမှာ ဖြစ်ကြရတာက များပါတယ်၊ တစ်ရံတစ်ခါ ကုသိုလ်ကံ ကြောင့် သုဂတိဘုံဘဝကို ရောက်နေရပေမယ့် ဖြစ်လွယ် ပြုလွယ်တဲ့ အကုသိုလ်ကံကြောင့် မကြာခင်ပဲ အပါယ်လေး ပါး ပြန်ရောက်နေရပြန်တယ်၊ ဒါကြောင့် ဓမ္မပဒအဋ္ဌကထာမှာ -

ပမတ္တဿ - မေ့မေ့ လျော့လျော့ နေသော ပုထုဇဉ်ပုဂ္ဂိုလ်အား၊
စတ္တာရော အပါယာ - အပါယ်လေးဘုံတို့သည်၊
သကဂေ ဟသဒိသာ - ကိုယ်ပိုင်အိမ်နှင့် တူကြသည်”လို့ ပြဆိုထားတယ်၊

လူတွေဟာ ဘယ်မှာအနေများကြသလဲ၊ ကိုယ့်အိမ်မှာပဲ အနေများကြတယ်၊ တစ်ခြား အိမ်မှာတော့ မလွှဲသာလို့ သွားနေရရင် ခေတ္တခဏမျှပါပဲ၊ အဲဒါလိုပင် ကုသိုလ်မှုမှာ မေ့လျော့နေတဲ့ ပုဂ္ဂိုလ်တွေဟာ အပါယ်လေးဘုံမှာ အမြဲလိုလိုပင် ဖြစ်နေကြရတယ်၊ သုဂတိဘုံကိုတော့ တစ်ရံတစ်ခါ ခေတ္တခဏ လောက်သာ ရောက်ကြရပါသတဲ့၊ မိန်းမအဖြစ် ယောက်ျား အဖြစ်ကို ကြိုက်တဲ့ သံယောဇဉ် နှောင်ကြိုးရှိနေကြတဲ့ သတ္တဝါတွေဟာ တစ်ရံတစ်ခါ ဗြဟ္မာ့ဘုံ ရောက်နေရပေမယ့် အဲဒီဘုံက အသက်တမ်း ကုန်တဲ့အခါ ကာမဘဝကို ပြန်ရောက်လာကြရတယ်၊ အဲဒါ ကာမနှောင်ကြိုးက ဆွဲချလိုက်တာပဲ။

ဥပမာအားဖြင့် ကြိုးတိုတိုနဲ့ ချည်ထားတဲ့ နွားဟာ ချည်တိုင်အနီး ပတ်ဝန်းကျင် နယ်ကျဉ်းကျဉ်းလောက်သာ သွားနိုင်တယ်၊ အဝေးကို မသွားနိုင်ဘူး၊ အဲဒါလိုပဲ ကာမ နှောင်ကြိုး ရှိနေတဲ့ ပုဂ္ဂိုလ်ဟာ ကာမဘုံထဲမှာသာ ဖြစ်နေရတယ်၊ ကြိုး ရှည်ရှည်နဲ့ချည်ထားတဲ့ နွားဟာလဲ သူ့ကြိုး ရှည်သလောက်သာ သွားနိုင်တယ်၊ အဲဒီက အပြင်ကိုတော့ ထွက်မသွားနိုင်ဘူး၊ ဒါလိုပဲ ရူပဘဝ အရူပဘဝ နှောင်ကြိုး ရှိနေတဲ့ပုဂ္ဂိုလ်တွေလဲ ရူပဘဝ အရူပဘဝလောက်အထိသာ သွားနိုင်ကြတယ်၊ ဘဝမှလွတ်မြောက်ရာ နိဗ္ဗာန်ကိုတော့ မသွားနိုင်ကြဘူး၊ ဘဝထဲမှာဖြစ်နေကြရင် ထိုက်သည်အားလျော်စွာ အိုကြရမယ်၊ နာကြရမယ်၊ သေကြရမယ်၊ စိုးရိမ်ပူဆွေးခြင်း ငိုကြွေးခြင်း အစရှိသော ဆင်းရဲအမျိုးမျိုးတွေကို အလိုမရှိပဲ ခံစားနေကြရမယ်၊ ရဟန္တာ အရှင်မြတ်များမှာတော့ အဲဒီဘဝနှောငြ်ုကိးကို အရဟတ္တမဂ်ဖြင့် ပယ်ပြီး ဖြစ်နေတယ်။ ဘဝ နှောင်ကြိုး မရှိတော့ ဘဝဆင်းရဲတွေမှ လွတ်မြောက်ပြီး နိဗ္ဗာန်ရောက်ရမယ်၊ ဒါကြောင့် ဘဝ နှောင်ကြိုး မရှိတော့ဘူး ဆိုတာဟာ အင်မတန် မြင့်မြတ်လှပါတယ်၊ အဲဒီလို ဘဝ နှောင်ကြိုး ကင်းတယ် ဆိုတာကလဲ အမှန်အတိုင်းသိပြီး လွတ်မြောက်ပါမှ ပြီးစီးတယ်၊ ဒါကြောင့် -

မှန်စွာသိ၍ လွတ်မြောက်နေပြီ

သမ္မဒညာဝိမုတ္တော - မှန်စွာသိ၍ လွတ်မြောက်ပါပြီ-တဲ့။ သင်္ခါရဆင်းရဲငြိမ်းတဲ့ နိဗ္ဗာန်ကို အမှန် အတိုင်း အပြည့်အစုံ သိပြီးမှ လွတ်မြောက်တယ်၊ သောတာပန်လဲ နိဗ္ဗာန်ကိုသိပြီး သောတာပတ္တိ ဖိုလ်ဖြင့် လွတ်မြောက်တယ်၊ အဲဒါကတော့ အပါယ် လေးပါးဆိုင်ရာ ကိလေသာကံတွေနဲ့ ခုနစ်ဘဝထက် ပိုလွန်ပြီး ဖြစ်စေနိုင်တဲ့ ကိလေသာကံတွေမှသာ လွတ်မြောက်တယ်၊ ခုနစ်ဘဝအထိ သုဂတိ၌ ဖြစ်စေနိုင်တဲ့ ကိလေသာနဲ့ ကံတွေမှတော့ မလွတ်မြောက်သေးဘူး၊ သကဒါဂါမ်မှာလဲ ၂-ဘဝအထိ ဖြစ်စေနိုင်တဲ့ ကိလေသာကံတွေမှ မလွတ်မြောက်သေးဘူး၊ အနာဂါမ်မှာလဲ ကာမဘဝ ဆိုင်ရာ ကိလေသာနဲ့ကံတွေမှ လွတ်မြောက်ပေမယ့် ရူပဘဝ အရူပဘဝမှာဖြစ်စေနိုင်တဲ့ ကိလေသာနဲ့ ကံတွေမှတော့ မလွတ်မြောက်သေးဘူး၊ ရဟန္တာမှာတော့ ဘဝသစ်ဖြစ်စေနိုင်တဲ့ ကိလေသာတွေ ကံတွေအားလုံးမှ လွတ်မြောက်တယ်၊ ဒါကြောင့် သမ္မဒညာဝိမုတ္တော - မှန်စွာသိ၍ အပြည့်အစုံ လွတ်မြောက်ပါပြီ-လို့လဲ။ ရဟန္တာ၏ ဂုဏ်ပုဒ်တွေကို ချီးကျူးပြဆိုပါတယ်။

ဣန္ဒြေ ငါးပါး ရှိနေလို့ သုခ ဒုက္ခ ခံစားရတယ်

တဿ - အာသဝေါ ကိလေသာခပ်သိမ်း ကုန်ငြိမ်းပေပြီ စသည်ဖြင့် ချီးကျူးအပ်သော ထို ရဟန္တာပုဂ္ဂိုလ်မှာ၊
ပညိန္ဒြိယာနိ - မျက်စိ နား နှာခေါင်း လျှာ ကိုယ်အကြည်ဟုဆိုအပ်သော ဣန္ဒြေငါးပါးတို့သည်၊
တိဋ္ဌန္တေဝ - တည်လျက် ရှိကုန်သေးသည်သာတည်း၊

အဲဒီရဟန္တာပုဂ္ဂိုလ်၏ သန္တာန်မှာ မျက်စိကလဲ သူများလိုပဲ ကြည်လျက်ရှိနေတယ် နား နှာခေါင်း လျှာ ဆိုတာတွေ ကလဲ ကြည်လျက် ကောင်းလျက် ရှိနေတယ်၊ ကိုယ်အကြည် ဆိုတာကလဲသူများလိုပဲ ကောင်းလျက် ရှိနေတယ်၊ ရဟန္တာမှာ ကိလေသာ မဖြစ်နိုင်တာ ကင်းတာလောက်ပဲထူးတယ်၊ မျက်စိ အကြည်အစတဲ့ ရုပ်တွေကတော့ ပုထုဇဉ်အဖြစ် အနာဂါမ် အဖြစ်ကလိုပဲ ရှိမြဲ ရှိနေပါတယ်တဲ့။

ယေသံ - မျက်စိအကြည်စသော ယင်းဣန္ဒြေ ငါးပါးတို့၏၊
အဝိဃာတတ္ထာ - မပျက်စီးခြင်းကြောင့်၊
မနာပါ မနာပံ - အကောင်းအဆိုး အာရုံကို၊
ပစ္စနုဘောတိ - မြင်ခြင်း ကြားခြင်း စသည်ဖြင့် သုံးဆောင်ရ သိရ၏၊

ရဟန္တာမှာ မျက်စိကလဲ ရှိမြဲ ရှိနေတဲ့အတွက် အကောင်းအဆိုး မြင်စရာ အဆင်းကိုလဲ သူများလိုပင် မြင်တယ်၊ နားရှိနေတဲ့အတွက် အသံအမျိုးမျိုးကို ကြားတယ်၊ နှာခေါင်းရှိနေတဲ့အတွက် အနံ့အမျိုးမျိုးကို နံသိတယ်၊ လျှာရှိနေတဲ့အတွက် ဆွမ်းခဲဖွယ်များကို သုံးဆောင်ပြီး အရသာ အကောင်းအဆိုးကိုသိတယ်၊ ကိုယ်အကြည်ရုပ်ကလဲ ရှိမြဲရှိနေတဲ့အတွက် တွေ့ထိစရာ အကောင်း အဆိုးတွေကို တွေ့ထိပြီးသိတယ်၊ အာရုံငါးပါး အကောင်း အဆိုးတွေကို ရဟန္တာကလဲ သူများလိုပင် သိတာပါပဲတဲ့၊ နောက်ပြီးတော့ -

သုခဒုက္ခံ - ချမ်းသာ ဆင်းရဲကို၊
ပဋိသံဝေဒေတိ - ခံစား၏၊

ရဟန္တာမှာ ဝေဒနာကလဲ ရှိနေတဲ့အတွက် အဲဒီအာရုံငါးပါးကိုသိပြီး ချမ်းသာ ဆင်းရဲကိုလဲ ခံစားရပါတယ်တဲ့၊ ဒါပေမယ့် ဒေါသကိလေသာ မရှိတဲ့အတွက် စိတ်ဆင်းရဲကိုတော့ မခံစားရဘူး၊ ကိုယ်ဆင်းရဲကတော့ ရဟန္တာမှာလဲရှိတာပဲ၊ အပူနဲ့ အအေးနဲ့ တွေ့ထိရတဲ့အခါ နေမကောင်း ထိုင်မသာဖြစ်တဲ့အခါ အတွေ့ဆိုးအာရုံ တစ်မျိုးမျိုးနဲ့ တွေ့ထိရတဲ့ အခါစသည်မှာ ကိုယ်ဆင်းရဲ ဒုက္ခဝေဒနာ ကတော့ ဖြစ်တာပဲ၊ ဒါပေမယ့် နှလုံး မသာမှု စိတ်ဆင်းရဲကတော့ မဖြစ်ဘူး၊ ဘယ်လိုကောင်းတဲ့ အာရုံကို မြင်ရကြားရနံရ စားသိရ ထိသိရပေမယ့် နှစ်သက်သာယာမှု ကတော့ မဖြစ်တော့ဘူး၊ အဲဒီလို အကောင်းအဆိုး အာရုံတွေနှင့်စပ်ပြီး လောဘလဲ မဖြစ်ဘူး၊ ဒေါသလဲ မဖြစ်ဘူး၊ မောဟလဲ မဖြစ်ဘူး၊ ဒါကြောင့်-

ရာဂသည် မဖြစ်ခြင်း-ငြိမ်းခြင်းဟာ သဥပါဒိသေသ နိဗ္ဗာန်ပဲ

တဿ၊ ထိုရဟန္တာ ပုဂ္ဂိုလ်၏ သန္တာန်၌။
ယော ရာဂက္ခယော၊ အကြင် နှစ်သက်တပ်စွဲမှု ရာဂ၏ ကုန်ခြင်း မဖြစ်ခြင်း ငြိမ်းခြင်းသည်။
ယော ဒေါသက္ခယော၊ အကြင် ဒေါသ၏ ကုန်ခြင်း မဖြစ်ခြင်း ငြိမ်းခြင်းသည်။
ယော မောဟက္ခယော၊ အကြင် မောဟ၏ ကုန်ခြင်းမဖြစ်ခြင်း ငြိမ်းခြင်းသည်။
အတ္ထိ၊ ရှိ၏။
အယံ၊ ရဟန္တာ၏ သန္တာန်၌ မြင်သိမှုစသည် ရှိပါလျက် ဤရာဂ ဒေါသ မောဟ၏ ကုန်ခြင်း မဖြစ်ခြင်း ငြိမ်းခြင်းကို။
သဥပါဒိသေသာ နိဗ္ဗာနဓာတု၊ သဥပါဒိသေသ နိဗ္ဗာန်ဓာတ်ဟူ၍။
ဝါ- ခန္ဓာ အကြွင်းရှိသော အငြိမ်းဓာတ် နိဗ္ဗာန်ဟူ၍။
ဝုစ္စတိ၊ ခေါ်ဆိုအပ်၏-တဲ့။

အတိုချုပ်ဆိုလိုတာကတော့-ရဟန္တာမှာလဲ မျက်စိစသော ဣန္ဒြေငါးပါးက ရှိနေတဲ့အတွက် ပုထုဇဉ် သေက္ခ-အခြားသူများလိုပင် အကောင်းအဆိုး အာရုံတွေကို မြင်ကြားတွေ့သိနေတာပဲ၊ အကောင်း အဆိုး ခံစားမှုဝေဒနာလဲ ဖြစ်တာပဲ၊ ဒါပေမယ့် အရဟတ္တမဂ်၏ အစွမ်းကြောင့် ရာဂ ဒေါသ မောဟ အစရှိသော ကိလေသာတွေကတော့ လုံးဝ မဖြစ်နိုင်တော့ဘူး၊ ကုန်ငြိမ်းနေတယ်၊ အဲဒီရာဂစသော ကိလေသာ မဖြစ်နိုင်တော့ဘဲ ငြိမ်းတာကို နိဗ္ဗာန်လို့ခေါ်တယ်၊

အဲဒီနိဗ္ဗာန်ဟာ ပရိနိဗ္ဗာန် မစံရသေးမီမှာ ပဋိသန္ဓေမှ ရလာခဲ့တဲ့ ရုပ် နာမ် အစဉ်ခန္ဓာ အကြွင်းက ရှိနေတဲ့အတွက် သဥပါဒိသေသ နိဗ္ဗာန် ခန္ဓာအကြွင်းရှိနေတဲ့ နိဗ္ဗာန် မည်တယ်လို့ ဆိုလိုပါတယ်၊ အကျိုးခန္ဓာ အကြွင်းရှိလျက် ကိလေသာ ငြိမ်းတာက သဥပါဒိသေသ နိဗ္ဗာန်-တဲ့၊ အဲဒါကို ဆိုကြရမယ်။

အကျိုးခန္ဓာ အကြွင်းရှိလျက် ကိလေသာ ငြိမ်းတာက သဥပါဒိသေသ နိဗ္ဗာန်။

အရဟတ္တ မဂ်ဖိုလ် ရောက်ပြီးတဲ့ အခါမှစ၍ ပရိနိဗ္ဗာန် မပြုရသေးမီမှာ ဒီသဥပါဒိသေသနိဗ္ဗာန်ကို ရောက်နေတယ်၊ ကိလေသာ ငြိမ်းတဲ့အတွက် ကိလေသာဆင်းရဲ မရှိတော့ဘူး၊ ချမ်းသာနေပါတယ်၊ ဒါပေမယ့် ခန္ဓာအကြွင်းက ရှိနေသေးတဲ့ အတွက် ရဟန္တာမှာ ခန္ဓာဝန်ကိုတော့ ပရိနိဗ္ဗာန် မပြုရသေးမီမှာ ဆောင်နေရသေးတာပဲ၊ ဗြဟ္မာ့ပြည်က ရဟန္တာများမှာဆိုရင်ကမ္ဘာပေါင်း တစ်ထောင် နှစ်ထောင်စသည် အကြာကြီး ဆောင်နေရတယ် ဒါပေမယ့် ဗြဟ္မာ့ပြည်မှာ ကိုယ်ဆင်းရဲကလဲ မရှိ၊ အနိဋ္ဌာရုံတွေလဲ မရှိလို့ တော်ပါသေးရဲ့၊ လူ့ပြည်က ရဟန္တာများမှာတော့ ကိုယ်ဆင်းရဲလဲ မကင်းဘူး၊ အနိဋ္ဌာရုံတွေလဲ တွေ့နေရတယ်၊ နေ့စဉ်ဆွမ်း ကိစ္စအတွက် ကြောင့်ကြ စိုက်နေရတယ်၊ ကိုယ်လက် သုတ်သင်ရတယ်၊ မျက်နှာသစ်ရ ရေချိုးရတယ်၊ ဒီပုံ ဒီနည်းဖြင့် နှစ်သက်သာယာမှု မရှိပါပဲ ခန္ဓာဝန်ကို ဆောင်နေကြရတယ်။

ဘုရားလက်ထက်တော် ကာလက အရှင်ဗာကုလ မထေရ်ဆိုတာ ကျန်းမာရေးဘက်မှာ ဧတဒဂ် ရတယ်၊ အနှစ် (၈၀) ပတ်လုံး ခန္ဓာဝန်ကို ဆောင်သွားတော်မူရတယ်၊ လူ့ဘဝက အသက် (၈၀) ရဟန္တာ အဖြစ်နဲ့ အသက် (၈၀) ပေါင်းသက်တော် (၁၆၀)မှာ ပရိနိဗ္ဗာန် ပြုတော်မူရတယ်၊ အဲဒီအခါကျမှ ခန္ဓာဆင်းရဲပါ အကုန်ငြိမ်းသွားတယ်၊ ဒါပေမယ့် ရဟန္တာမှာ ဒေါသ ကိလေသာ မရှိတဲ့အတွက် ခန္ဓာဝန်ဆောင်နေရပေမယ့် စိတ်ဆင်းရဲကတော့ မရှိပါဘူး၊ မြန်မြန် ပရိနိဗ္ဗာန်ပြု ရပါစေလို့ ဒီလို တောင့်တခြင်းလဲ မရှိပါဘူး၊ အဲဒီလို အကြောင်းအရာတွေကို လွန်ခဲ့တဲ့ သီတင်းနေ့က “နာဘိနန္ဒာမိ မရဏံ - သေခြင်းကိုလဲ အလိုမရှိပါ၊ နာဘိနန္ဒာမိ ဇီဝိတံ - အသက်ရှည်နေရခြင်းကိုလဲ အလိုမရှိပါ” စသည်ဖြင့် ရဟန္တာ အရှင်မြတ်တို့၏ မိန့်ဆိုတော်မူပုံ များနှင့်တကွ အကျယ်ဟောခဲ့ပါပြီ၊ သို့သော်လဲ ပရိနိဗ္ဗာန် ဝင်စံရတဲ့အခါကျမှ ရုပ်နာမ် ခန္ဓာ သင်္ခါရ ဆင်းရဲများပါ အကုန် ငြိမ်းတဲ့အတွက် အဲဒီ ပရိနိဗ္ဗာန်ပြုရမည့် ကာလကိုတော့ မျှော်လင့်တော်မူတဲ့ အကြောင်းကိုလဲ မိန့်တော်မူကြပါတယ်။ အဲဒီလို ရုပ်နာမ်ခန္ဓာ ဆင်းရဲပါ ငြိမ်းတာက အနုပါဒိသေသနိဗ္ဗာန်ပဲ၊ အဲဒါကို ဒီလို ဟောတော် မူပါတယ်။

အနုပါဒိသေသနိဗ္ဗာန်

ကတမာ စ ဘိက္ခဝေ အနုပါဒိသေသာ နိဗ္ဗာနဓာတု။ ဣဓ ဘိက္ခဝေ ဘိက္ခု အရဟံ ဟောတိ ခီဏာသဝေါ ဝုသိတဝါ ကတကရဏီယော သြဟိတဘာရော အနုပ္ပတ္တသဒတ္ထော ပရိက္ခီဏဘဝသံ ယောဇနော သမ္မဒညာ ဝိမုတ္တော၊ တဿ ဣဓေဝ ဘိက္ခဝေ သဗ္ဗဝေဒယိတာနိ အနဘိ နန္ဒိတာနိ သီတီ ဘဝိဿန္တိ၊ အယံ ဝုစ္စတိ ဘိက္ခဝေ အနုပါဒိသေသာ နိဗ္ဗာနဓာတု၊ (ဣတိဝုတ်-၂၂၁)

ဘိက္ခာဝေ - ရဟန်းတို့၊
အနုပါဒိသေသာ နိဗ္ဗာနဓာတု - ခန္ဓာအကြွင်း မရှိသော အငြိမ်းဓာတ် နိဗ္ဗာန်သည်၊
ကတမာ စ - အဘယ်ပါနည်း၊
ဘိက္ခဝေ - ရဟန်းတို့၊
ဣဓ - ဤ သာသနာတော်၌၊
ဘိက္ခု - ရဟန်းသည်၊
အရဟံ - အရိုအသေ, အပူဇော်ခံထိုက်သော ရဟန္တာသည်၊
ဟောတိ - ဖြစ်၏၊
ခီဏာသဝေါ - အာသဝေါ ကိလေသာ ခပ်သိမ်းကုန်ငြိမ်းလေပြီ၊
ဝုသိတဝါ - အကျင့်မြတ်ကို အပြည့်အစုံ ကျင့်သုံးပြီးလဲ ဖြစ်ပေ၏၊
ကတကရဏီယော - ပြုကျင့်သင့်သမျှကို ပြုကျင့်ပြီး ဖြစ်ပေ၏၊
သြဟိတဘာရော - လေးလံသော ဝန်ထုပ်ဝန်ပိုးများကိုလဲ ချထားပြီးဖြစ်ပေ၏၊
အနုပ္ပတ္တသဒတ္ထော - အရဟတ္တဖိုလ်ဟူသော မိမိ၏အကျိုးအစစ်ကိုလဲ ရောက်ပြီးရပြီး ဖြစ်ပေ၏၊
ပရိက္ခီဏ ဘဝသံယောဇနော - ကုန်ပြီးသော ဘဝနှောင်ကြိုး ရှိ၏၊
ဝါ- ဘဝနှောင်ကြိုး လည်း ကုန်ဆုံးကင်းကွာလေပြီ၊
သမ္မဒညာ ဝိမုတ္တော - မှန်စွာသိ၍ အပြည့်အစုံ လွတ်မြောက်ပေပြီ၊

(ဒီထိအောင် ပြဆိုချက်ကတော့ ရှေ့နားက ပြခဲ့တဲ့ ပါဠိအနက် အဓိပ္ပာယ်နဲ့ အတူတူပါပဲ၊ အတိုချုပ် အားဖြင့်တော့ အာသဝေါ ကိလေသာကုန်ခန်း၍ ရဟန္တာ ဖြစ်နေပါပြီလို့ ဆိုလိုပါတယ်၊ ထူးတာ ကတော့ …

တဿ - ထို ရဟန္တာပုဂ္ဂိုလ်၏ သန္တာန်၌၊
သဗ္ဗဝေဒယိတာနိ - အလုံးစုံသော ခံစားမှုဝေဒနာတို့သည်၊
အနဘိနန္ဒိတာနိ - မနှစ်သက်အပ် လက်မခံအပ်ကုန်သည်ဖြစ်၍၊
ဝါ- နှစ်သက် သာယာလျက် သိမ်းပိုက် စွဲလမ်းမှု ကင်းသောကြောင့်၊
ဣဓေဝ - ဤမျက်မှောက် လက်ရှိဘဝ၌ပင်လျှင်၊
သီတီ ဘဝိဿန္တိ - အေးငြိမ်းသွားကြပေကုန် လတ္တံ့။

ထိုရဟန္တာသန္တာန်ကခံစားမှု ဝေဒနာအားလုံးဟာ မျက်မှောက်ဘဝမှာပဲ အေးငြိမ်းသွားကြလိမ့်မယ်တဲ့ ဒါက ပါဠိအသုံး အနှုန်းအထူးပဲ၊ မြန်မာအသုံးနဲ့ မတူဘူး၊ ဆိုလိုတာကတော့ ဝေဒနာတွေဟာ ပရိနိဗ္ဗာန်စုတိမှ နောက်ဆက်ပြီး မဖြစ်တော့ဘဲ မျက်မှောက် ဘဝတွင်ပဲ ချုပ်ငြိမ်းပြတ်စဲ သွားကြလိမ့်မယ်လို့ ဆိုလိုတာပါပဲ၊ မီးစာကုန်ဆီခမ်းတဲ့အခါ မီးတောက်ကလေးဟာ ထိုနေရာတွင်ပဲ ငြိမ်းပျောက်သွားသလိုပင် အေးငြိမ်းသွားကြလိမ့်မယ်လို့ တင်စားပြီး ပြောဆိုတာပါပဲ၊ ဘာကြောင့် ဒီလို အေးငြိမ်းရသလဲဆိုတော့ အနဘိနန္ဒိဘာနိ - အဲဒီဝေဒနာတွေကို နှစ်သက်သာယာပြီး လက်ခံမထားလို့ပါပဲတဲ့၊

ပုထုဇဉ်ပုဂ္ဂိုလ် သေက္ခပုဂ္ဂိုလ်တွေမှာတော့ မိမိတို့သန္တာန်မှာ ဖြစ်နေတဲ့ ဝေဒနာတွေကို နှစ်သက် သာယာနေကြတယ်၊ လက်ခံထားကြတယ်၊ အဲဒီဝေဒနာတွေ ဆက်လက်ပြီး ဖြစ်နေစေလိုကြတယ်၊ စွဲလမ်းနေကြတယ်။ ဒါကြောင့် ကိလေသာ မကင်းသေးတဲ့ အဲဒီ ပုဂ္ဂိုလ်တွေမှာ နောက်ဆုံးစုတိ စိတ်ဖြင့် လက်ရှိဘဝမှ သေဆုံးသွားပေမယ့် ပဋိသန္ဓေ ဝေဒနာမှစ၍ ဝေဒနာတွေမပြတ်ဆက်ပြီး ဖြစ်သွားပြန်တာပဲ ရဟန္တာပုဂ္ဂိုလ်မှာတော့ ခံစားမှု ဝေဒနာတွေကို နှစ်သက်သာယာခြင်းမရှိဘူး၊ အဲဒီဝေဒနာတွေကို လက်ခံစွဲလမ်းခြင်း မရှိဘူး၊ ဒါကြောင့် ပရိနိဗ္ဗာန်ုစုတိဖြင့် လက်ရှိဝေဒနာ ချုပ်ဆုံး သွားတဲ့အခါမှာ ဘဝသစ် ဝေဒနာတွေ ဆက်ပြီး မဖြစ်တော့ဘူး၊ အပြီးတိုင် ချုပ်ငြိမ်း သွားတယ်၊ ဒါကြောင့် -

တဿ - ထိုရဟန္တာပုဂ္ဂိုလ်၏ သန္တာန်၌၊
သဗ္ဗဝေဒယိတာနိ - ခံစားမှုဝေဒနာအားလုံးတို့သည်၊
အနဘိနန္ဒိတာနိ - မနှစ်သက် လက်မခံအပ်ကုန်သည်ဖြစ်၍၊
ဣဓေဝ - ဤမျက်မှောက် လက်ရှိဘဝ၌ပင်လျှင်
သီတီဘဝိဿန္တိ - အေးငြိမ်းသွားကြပေလတ္တံ့လို့ ဟောတော်မူပါတယ်။

အဲဒီစကားထဲမှာ ဝေဒနာတွေ အားလုံး အေးငြိမ်းကြမယ် ဆိုတာက ဝေဒနာကို ခေါင်းတပ်ပြီးဟောတဲ့ စကားတော်ပါပဲ၊ အပြည့်အစုံအားဖြင့်ဆိုရင်တော့ ဝေဒနာမဖြစ်ရင် ဝေဒနာနှင့် ယှဉ်ဖက်ဖြစ်ကြတဲ့ သညာ သင်္ခါရ ဝိညာဏ်ဆိုတဲ့ အခြားနာမ်ခန္ဓာတွေလဲ မဖြစ်နိုင်တော့ဘူး၊ နာမ်ခန္ဓာတို့၏ တည်ရာ ရုပ်ခန္ဓာ ရုပ်တရားတွေလဲ မဖြစ်တော့ဘူး၊ ဒါကြောင့် ခန္ဓာငါးပါးလုံး အသစ်မဖြစ်လာတော့ဘဲ ပြတ်စဲချုပ်ငြိမ်း သွားတယ်လို့ပဲ အပြည့်အစုံအားဖြင့် ဆိုလိုပါတယ်၊ အဲဒီလို ပရိနိဗ္ဗာန်စုတိမှနောက်၌ ရုပ် နာမ် ခန္ဓာအသစ် မဖြစ်လာတော့ဘဲ ချုပ်ငြိမ်းသွားတာဟာ အနုပါဒိသေသနိဗ္ဗာန်ပဲ၊ ဒါကြောင့် -

ဘိက္ခဝေ - ရဟန်းတို့၊
အယံ - နှစ်သက်လက်ခံခြင်းမရှိသဖြင့် ဝေဒနာအားလုံးတို့ ယခုမျက်မှောက်ဘဝ၌ပင် အေးငြိမ်းခြင်း ဟူသော ဤသဘောကို၊
အနုပါဒိသေသာ နိဗ္ဗာနဓာတု - အနုပါဒိသေသ နိဗ္ဗာန်ဓာတ်ဟူ၍၊
ဝါ- ခန္ဓာ အကြွင်း မရှိသော အငြိမ်းဓာတ်ဟူ၍၊
ဝုစ္စတိ - ခေါ်ဆိုအပ်ပေသည်-လို့ နိဂုံးချုပ်ပြီး ဟောတော်မူပါတယ်။

ရဟန္တာပုဂ္ဂိုလ်၏ သန္တာန်မှာ ရှေးကံကြောင့် ပဋိသန္ဓေမှ စပြီး ဖြစ်လာခဲ့တဲ့ ဝိပါက်ရုပ်နာမ် ခန္ဓာတွေဟာ ပရိနိဗ္ဗာန် စုတိစိတ်အထိ မပြတ်ဖြစ်လာခဲ့တယ်၊ အဲဒီ ဝိပါက်ခန္ဓာ အကြွင်းတွေ မပြတ်စဲဘဲ ရှိနေသေးတဲ့အတွက် ကိလေသာငြိမ်းတာကို သဥပါဒိသေသနိဗ္ဗာန်လို့ ဆိုတယ်၊ ပရိနိဗ္ဗာန် စုတိမှ နောက်၌ ဝိပါက်ခန္ဓာအသစ်လဲ မဖြစ်ပေါ်လာတော့ဘူး၊ ကိလေသာရော ဝိပါက်ခန္ဓာပါ အကုန်ငြိမ်းသွားတယ်၊ အဲဒီလို ငြိမ်းတာဟာလဲ အရဟတ္တမဂ် ခဏကပဲ ပြီးစီးခဲ့ပါတယ်၊ ဒါပေမယ့် ပရိနိဗ္ဗာန် စုတိ၏ နောက်ကာလကျမှ လက်ရှိခန္ဓာ အကြွင်းပါ ကင်းငြိမ်းပြီး ထင်ရှားလို့ ပရိနိဗ္ဗာန် စုတိမှ နောက်ကာလ၌ ငြိမ်းတာကို အနုပါဒိသေသနိဗ္ဗာန်လို့ ဟောတော်မူတယ်၊ ဒါကြောင့် “အကျိုးခန္ဓာ အကြွင်းပါ ငြိမ်းတာကို အနုပါဒိသေသ နိဗ္ဗာန်”လို့ မှတ်ကြရမယ်၊ အဲဒါကို ဆိုကြ ရမယ်။

အကျိုးခန္ဓာ အကြွင်းပါ ငြိမ်းတာက အနုပါဒိသေသ နိဗ္ဗာန်။

သဥပါဒိသေသနိဗ္ဗာန်, အနုပါဒိသေသနိဗ္ဗာန်အကြောင်းများကို နားလည်လောက်ပါပြီ၊ ဒါပေမယ့် အဲဒီ ဣတိဝုတ်ပါဠိတော်မှာ ဂါထာများနဲ့လဲ ဟောထားသေးတယ်၊ အဲဒီဂါထာများထဲမှာ အထူး မှတ်စရာလဲပါတယ်၊ ကြည်ညိုဖွယ်လဲ ကောင်းတယ်၊ ဒါကြောင့် အဲဒီ ဂါထာများကိုလဲ ရွတ်ပြပြီး ဟောဦးမယ်။

အထူးမှတ်ဖွယ်ကောင်းသည့် ဂါထာ ၂-ပုဒ်

ဒုဝေ ဣမာ စက္ခုမတာ ပကာသိတာ၊
နိဗ္ဗာနဓာတူ အနိဿိတေန တာဒိနာ။
ဧကာ ဟိ ဓာတု ဣဓ ဒိဋ္ဌဓမ္မိကာ၊
သဥပါဒိသေသာ ဘဝနေတ္တိသင်္ခယာ။
အနုပါဒိသေသာ ပန သမ္ပရာယိကာ၊
ယမှီ နိရုဇ္ဈန္တိ ဘဝါနိ သဗ္ဗသော။
ယေ ဧတဒညာယ ပဒံ အသင်္ခတံ၊
ဝိမုတ္တစိတ္တာ ဘဝ နေတ္တိသင်္ခယာ၊
တေ ဓမ္မသာရာ ဓိဂမာ ခယေ ရတာ၊
ပဟံသု တေ သဗ္ဗဘဝါနိ တာဒိနော။

အနိဿိတေန - တဏှာဒိဋ္ဌိ အမှီကင်းတော်မူသည် ဖြစ်၍၊
တာဒိနာ - အကောင်းအဆိုး အာရုံနှစ်ခုကို အတူပြု၍ ရှုနိုင်သည့် တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော။
စက္ခုမတာ - ဉာဏ်အမြင်မျက်စိရှိတော်မူသော မြတ်စွာဘုရားသည်၊
ဒုဝေ - နှစ်ပါးကုန်သော၊
ဣမာ နိဗ္ဗာနဓာတူ - ဤအငြိမ်းဓာတ် နိဗ္ဗာန်တို့ကို၊
ပကာသိတာ - အထင်အရှား ဟောကြားတော်မူအပ်ကုန်၏၊
တာသု - ထို နှစ်ပါးတို့တွင်၊
သဥပါဒိသေသာ - ခန္ဓာ အကြွင်း ရှိသော၊
ဧကာ ဓာတု - တစ်ခုသော နိဗ္ဗာန်ဓာတ်သည်၊
ဣဓ ဒိဋ္ဌဓမ္မိကာ - ဤ မျက်မှောက်ဘဝ၌ ပြီးစီးထင်ရှား၏၊
ဘဝနေတ္တိသင်္ခယာ - ဘဝနှောင်ကြိုး ၏ ကုန်ခြင်း ကင်းပြတ်ခြင်း သဘောပေတည်း၊

(အရဟတ္တမဂ်ခဏမှစ၍ ပြီးစီးခဲ့သော သဥပါဒိသေသနိဗ္ဗာန်ဟာ ပရိနိဗ္ဗာန် မပြုရသေးမီ မျက်မှောက် ဘဝ၌ပင် ထင်ရှားသည်၊ ယင်းသည် ကိလေသာအားလုံး၏ ငြိမ်းခြင်းသဘောဖြစ်၍ ဘဝသံယောဇဉ် ခေါ် ဘဝနှောင်ကြိုး ၏ ကုန်ခြင်း ပြတ်ခြင်း ကင်းငြိမ်းခြင်း သဘောလဲ ဖြစ်သည်ဟု ဆိုလိုပါတယ်)။

အနုပါဒိသေသာ ပန - အနုပါဒိသေသ နိဗ္ဗာန်သည်ကား၊
သမ္ပရာယိကာ - ပရိနိဗ္ဗာန်စုတိမှ နောက်ကာလ၌ ပြီးစီး ထင်ရှားပေ၏။

(သမ္ပရာယိကာ-ဆိုတဲ့ပုဒ်ကို အခြားနေရာများမှာတော့ “နောင်တမလွန်ဘဝ၌ ပြီးသည်-ဖြစ်သည်”လို့ အနက် ပြန်ရတယ်၊ ဒီနေရာမှာတော့ ရဟန္တာမှာ နောင်ဘဝမရှိတဲ့အတွက် အဲဒီအနက်မျိုး ပြန်လို့ မလျော်ဘူး၊ ဒါကြောင့် ပရိနိဗ္ဗာန် စုတိမှ နောက်ကာလ၌ ပြီးစီးထင်ရှားပေ၏-လို့ ပြန်ပါတယ်၊ ဝိပါက်ခန္ဓာ အကြွင်းပါ မရှိတော့ဘဲ အကုန်လုံးငြိမ်းတဲ့ အနုပါဒိသေသ နိဗ္ဗာန်ကတော့ ပရိနိဗ္ဗာန် စုတိစိတ်ချုပ်သည့် နောက်ကာလကျမှ ပြီးစီးထင်ရှားပါတယ် တဲ့)

ယမှိ - ယင်းအနုပါဒိသေသနိဗ္ဗာန်ဓာတ်၌၊
ဘဝါနိ - ဘဝဟူသမျှတို့သည်၊
သဗ္ဗသော - အခြင်းခပ်သိမ်း၊
နိရုဇ္ဈန္တိ - ချုပ်ငြိမ်းကုန်၏။

ဒီပါဠိမှာ ချုပ်ငြိမ်းခြင်း သဘောမျှဖြစ်တဲ့ အနုပါဒိသေသ နိဗ္ဗာန်ကိုပင် “ယမှိ - ယင်းနိဗ္ဗာန်ဓာတ်၌ ချုပ်ငြိမ်းကြတယ်” လို့-ချုပ်ငြိမ်းရာဌာန အဖြစ်နဲ့ ဆိုထားတာကို ပါဠိပညာရှင်တို့ အထူး သတိပြုကြ ရမယ်၊ ဘဝတို့၏ငြိမ်းခြင်းနှင့် အနုပါဒိသေသ နိဗ္ဗာန်ဆိုတာဟာ အရအားဖြင့် အတူတူပါပဲ၊ ဒါပေမယ့် သိနားလည်လွယ်စေရန် အနုပါဒိသေသ နိဗ္ဗာန်ကို ဘဝတို့၏ငြိမ်းရာ ဌာန အဖြစ်ဖြင့်တင်စားပြီး ပြဆိုတော်မူပါတယ်၊ ဒီဒေသနာမှနည်းယူပြီးတော့ ဘုန်းကြီးတို့လဲ လွန်ခဲ့တဲ့သီတင်းနေ့က (နိဗ္ဗာတိ ဝဋ္ဋဒုက္ခံ ဧတ္ထာဟိ နိဗ္ဗာနံ)လို့ ဝဋ်ဆင်းရဲ၏ချုပ်ငြိမ်းရာ အဖြစ်ဖြင့် ဝစနတ္ထပြခဲ့ပါတယ်၊ အမှန်မှာတော့ နိဗ္ဗာန်ဟာ ငြိမ်းရာဌာနလဲ မဟုတ်ဘူး၊ ငြိမ်းကြောင်းတရားလဲ မဟုတ်ဘူး၊ ငြိမ်းခြင်း သဘော မျှသာဖြစ်ပါတယ်၊ ဒါကြောင့် ရှေ့နားတုန်းက သဥပါဒိသေသနိဗ္ဗာန်ကို သရုပ်အားဖြင့်ပြဆိုရာမှာ (ရာဂက္ခယော-ရာဂ၏ကုန်ခြင်း၊ ဒေါသက္ခယော-ဒေါသ၏ကုန်ခြင်း၊ မောဟက္ခယော-မောဟ၏ ကုန်ခြင်းကိုပင်) သဥပါဒိသေသနိဗ္ဗာန်ခေါ်ကြောင်း ပြခဲ့တယ်၊ သူ့အဖွင့် အဋ္ဌကထာမှာလဲ ဒီလို ဖွင့်ပြထားပါတယ်။

ရာဂ စသည် ကုန်ခြင်းကိုပင် နိဗ္ဗာန်ဟု ဆိုသည်

ရာဂက္ခယောတိ - ရာဂက္ခယော ဟူသည်မှာ၊
ရာဂဿ - ရာဂ၏၊
ခယော - ကုန်ခြင်းတည်း၊
ခီဏာကာရော - ကုန်သော အခြင်းအရာတည်း၊
အဘာဝေါ - မရှိခြင်းတည်း၊
အစ္စန္တမနုပ္ပာဒေါ - စင်စစ် မဖြစ်ပေါ်ခြင်းတည်း၊

(ဒီပုဒ်ဖြင့် မရှိ-ဆိုတာ ခေတ္တမျှ မရှိတာကို ဆိုတာမဟုတ်ဘူး၊ ဘယ်တော့မှ မဖြစ်ပေါ်တာကို ဆိုတယ်လို့ သိစေပါတယ်။)

သေသေသုပိ - ကြွင်းသော ဒေါသက္ခယော မောဟက္ခယော- ပုဒ်တို့၌လည်း
ဧသ နယော - ဤအဖွင့်နည်းကိုပင် သိအပ်၏၊
ဧတ္တာဝတာ - ဤမျှဖြင့်၊
ရာဂါဒိက္ခယော သဥပါဒိသေသာ နိဗ္ဗာန ဓာတူတိ - ရာဂ စသည်တို့၏ ကုန်ခြင်းသည် သဥပါဒိသေသ နိဗ္ဗာန်ဓာတ် မည်သည်ဟု၊
ဒဿိတံ ဟောတိ-ပြတော်မူအပ်ပေသည်-တဲ့။

ဒီအဋ္ဌကထာ အဖွင့်မှာ ရာဂ ဒေါသ မောဟတို့၏ ကုန်ခြင်းစင်စစ် မဖြစ်ပေါ်ခြင်းကိုပင် သဥပါဒိသေသ နိဗ္ဗာန်ခေါ်ကြောင်း အထင်အရှား ဖွင့်ပြထားပါတယ်၊ ရာဂ စသည်တို့၏ ကုန်ရာဌာနလို့လဲ မဖွင့်ပြဘူး၊ ကုန်ကြောင်းလို့လဲ မဖွင့်ပြဘူး၊ ဒါကြောင့် ဒီပါဠိ အဋ္ဌကထာတို့နှင့်အညီ ကိလေသာတို့၏ ကုန်ရာ ငြိမ်းရာ၊ ကုန်ကြောင်း ငြိမ်းကြောင်းကို နိဗ္ဗာန်လို့ခေါ်ကြောင်း ကိန်းသေ မှတ်ထားကြရမယ်၊ ကိလေသာတို့၏ ကုန်ရာ ငြိမ်းရာ၊ ကုန်ကြောင်း ငြိမ်းကြောင်းကို နိဗ္ဗာန်လို့ ပြတာတွေကိုတော့ မုချ မဟုတ်ဘူး၊ တင်စားပြထားတာလို့ မှတ်ကြရမယ်။

ယေ - အကြင် ရဟန္တာပုဂ္ဂိုလ်တို့သည်၊
ဧတံ - ဤဆိုခဲ့သော သဥပါဒိသေသ အနုပါဒိသေသဟု ဆိုအပ်သော၊
ပဒံ အသင်္ခတံ - အသင်္ခတ နိဗ္ဗာန်ကို၊
အညာယ - အရဟတ္တမဂ်ဉာဏ်ဖြင့် သိကြကုန်၍၊
ဝါ- သိကြသောကြောင့်၊
ဝိမုတ္တစိတ္တာ - လွတ်မြောက်သော အရဟတ္တဖိုလ်စိတ ရှိတော်မူကုန်၏၊
ဘဝနေတ္တိသင်္ခယာ - ကုန်ငြိမ်းပြီးသော ဘဝနှောင်ကြိုး ရှိတော်မူကုန်၏၊
ဝါ- ဘဝနှောင်ကြိုး ကင်းတော်မူကုန်၏။

<h3>အကြောင်းနိဗ္ဗာန် အကျိုးနိဗ္ဗာန် မခွဲသင့်</h3> <p> ဒီဂါထာပါဠိထဲမှာ “သဥပါဒိသေသ, အနုပါဒိသေသဆိုတဲ့ နိဗ္ဗာန်ဓာတ်ကိုသိပြီး အရဟတ္တဖိုလ် ရောက်တော်မူကြတယ်၊ ဘဝ နှောင်ကြိုး ကင်းတော်မူကြတယ်”ဆိုတာကို ပါဠိပညာရှင်တို့ အထူး သတိပြုကြရမယ်၊ ဒီပါဠိတော်အရ ဆိုလျှင် မဂ်ဖိုလ်၏ အာရုံနိဗ္ဗာန်ဆိုတာလဲ သဥပါဒိသေသနိဗ္ဗာန် အနုပါဒိသေသ နိဗ္ဗာန်ပင်ဖြစ်ကြောင်း ထင်ရှားပါတယ်၊ “မဂ်ဖိုလ်တို့၏ အာရုံနိဗ္ဗာန်က ကိလေသာ ခန္ဓာငြိမ်းကြောင်း နိဗ္ဗာန်၊ ကိလေသာ ခန္ဓာငြိမ်းခြင်းဆိုတဲ့ သဥပါဒိသေသ အနုပါဒိသေသနိဗ္ဗာန်က အကျိုးနိဗ္ဗာန်”လို့ ဒီလိုခွဲခြားရန် မသင့်တော်ပါဘူး၊ အကယ်၍ အဲဒီလိုခွဲခြားရင် <b>“ဧတဒညာယ-သဥပါဒိသေသ, အနုပါဒိသေသဆိုတဲ့ ဤနိဗ္ဗာန်ကိုသိပြီး အရဟတ္တဖိုလ် ရောက်ကြတယ်”</b>ဆိုတဲ့ ဒီဂါထာ ပါဠိနှင့်မညီပဲ ရှိတော့မှာပဲ၊ <br> ဒါကြောင့် “မဂ်ဖိုလ်တို့၏ အာရုံဖြစ်တဲ့ ငြိမ်းမှုက သာမည နိဗ္ဗာန်၊ သဥပါဒိသေသနိဗ္ဗာန်, အနုပါဒိသေသနိဗ္ဗာန် ဆိုတာတွေက ဝိသေသ နိဗ္ဗာန်၊ အဲဒီဝိသေသ နိဗ္ဗာန် ၂-ပါးဟာလဲ မဂ်ဖိုလ်တို့၏ အာရုံဖြစ်တဲ့ သာမညအငြိမ်းဓာတ် နိဗ္ဗာန်ထဲမှာ အတွင်းဝင်ကြတယ်” လို့ ဒီလိုသာ ယူသင့်တယ်၊ အဲဒါကို ပညာရှိများ အထူး သတိပြုသင့်ပါတယ်၊ နောက်ပြီးတော့ “နိဗ္ဗာန် ဆိုတာ ကိလေသာ ခန္ဓာတို့၏ ငြိမ်းခြင်းဆိုတဲ့ သန္တိလက္ခဏာနှင့် ပြည့်စုံတယ်၊ ငြိမ်းခြင်း သဘောလို့ မှတ်အပ်တယ်”ဆိုတဲ့ စကားကိုလဲ အထူး သတိပြုသင့်တယ်။</p>
<p>အကယ်၍ “မဂ်ဖိုလ်တို့၏ အာရုံဖြစ်တဲ့ နိဗ္ဗာန်ကတစ်ခြား၊ သဥပါဒိသေသ အနုပါဒိသေသ နိဗ္ဗာန်တို့က တစ်ခြား”လို့ ခွဲပြီးယူလျှင် “အဘယ် နိဗ္ဗာန်က သန္တိလက္ခဏာနှင့် ပြည့်စုံပါသလဲ”လို့ စဉ်းစားကြည့်ရလိမ့်မယ်၊ သဥပါဒိသေသ, အနုပါဒိသေသ နိဗ္ဗာန်တို့ကတော့ ကိလေသာခန္ဓာတို့၏ ငြိမ်းခြင်းသဘော ဖြစ်သောကြောင့် ကိလေသာငြိမ်းခြင်း ခန္ဓာငြိမ်းခြင်းဆိုတဲ့ သန္တိလက္ခဏာနှင့် ပြည့်စုံကြောင်း ထင်ရှားနေပါတယ်၊ <br> ဒါကြောင့် “မဂ်ဖိုလ်တို့၏အာရုံ နိဗ္ဗာန်က ကိလေသာငြိမ်းခြင်း၊ ခန္ဓာငြိမ်းခြင်း စသည်ဖြင့် အထူး မပြုဘဲ သာမန်ငြိမ်းခြင်း သဘောမျှဖြစ်သည်၊ သဥပါဒိသေသ, အနုပါဒိသေသ နိဗ္ဗာန်တို့က ကိလေသာ တို့၏ ငြိမ်းခြင်း, ခန္ဓာတို့၏ငြိမ်းခြင်းဟု အထူးပြုအပ်သော ဝိသေသ နိဗ္ဗာန်များ ဖြစ်ကြသည်၊ ထိုဝိသေသ နိဗ္ဗာန်များသည် မဂ်ဖိုလ်တို့၏ အာရုံဖြစ်တဲ့ သာမန်ငြိမ်းခြင်း သဘောထဲ၌ အတွင်းဝင်ကြသည်”ဟု မှတ်ကြရမယ်၊ အဲဒါကို ထင်ရှားအောင် လိုက်ဆိုကြရမယ်။</p>
<p>မဂ်ဖိုလ်တို့၏ အာရုံနိဗ္ဗာန်က သာမန် ငြိမ်းခြင်းသဘောဖြစ်သည်၊ သဥပါဒိသေသ အနုပါဒိသေသ နိဗ္ဗာန်တို့က ဝိသေသ နိဗ္ဗာန်များ ဖြစ်ကြသည်။ ယင်းဝိသေသ နိဗ္ဗာန်တို့သည် သာမန် အငြိမ်းဓာတ် နိဗ္ဗာန်၌ပင် အတွင်းဝင်ကြသည်၊ အားလုံးပင် ငြိမ်းခြင်း သန္တိ လက္ခဏာနှင့် ပြည့်စုံကြသည်၊ သို့ဖြစ်၍ သန္တိလက္ခဏာ အလိုအားဖြင့် နိဗ္ဗာန် တစ်ပါးတည်းသာ ဖြစ်သည်။</p>
<p>ဒီနေရာမှာ အရဟတ္တမဂ် ခဏ၌ ကိလေသာ ငြိမ်းတယ်ဆိုတော့ အဲဒီမဂ်က ငြိမ်းဆဲနိဗ္ဗာန်ကို အာရုံပြုပါသလား၊ ပရိနိဗ္ဗာန်စုတိမှ နောက်၌ ခန္ဓာငြိမ်းတယ်ဆိုတော့ အနာဂတ် ခန္ဓနိဗ္ဗာန်ကို အာရုံပြုပါသလားလို့ မေးစရာရှိတယ်၊ နိဗ္ဗာန်ဆိုတာ ပစ္စုပ္ပန်ရယ် အနာဂတ်ရယ်လို့ မရှိပါဘူး၊ ဘာကြောင့်လဲဆိုလျှင် ငြိမ်းတဲ့ ကိလေသာတွေကိုက ပစ္စုပ္ပန်လဲ မဟုတ်၊ အနာဂတ်လဲ မဟုတ်၊ ကာလသုံးပါးမှ လွတ်တဲ့ ကာလဝိမုတ် ဖြစ်လို့ပါပဲ၊ အရိယာမဂ်ဖြင့် မပယ်ရသေးလို့ ပုထုဇဉ် သေက္ခပုဂ္ဂိုလ်တို့၏ သန္တာန်မှာ အကြောင်းညီညွတ်တဲ့ အခါဖြစ်နိုင်တဲ့ အနုသယ ကိလေသာဟာ ဥပါဒ် ဌီ ဘင်ရောက်လျက် ဖြစ်ဆဲမဟုတ်လို့ ပစ္စုပ္ပန် လဲမဟုတ်ဘူး ဖြစ်ဆဲပရိယုဋ္ဌာန် ကိလေသာကိုတော့ အရိယမဂ်က မငြိမ်းစေနိုင်ဘူး၊ ဘင်ခဏရောက်ပြီး သူ့အလိုလိုပင် ကင်းပျောက်သွားတယ်၊</p>
<p>နောက်ပြီးတော့ အကြောင်းညီညွတ်လျှင် ဖြစ်နိုင်တဲ့ အနုသယ ကိလေသာဟာ ဧကန်ဖြစ်လတ္တံ့ မဟုတ်သောကြောင့် အနာဂတ်လဲမဟုတ်ဘူး၊ အနာဂတ်ဆိုရင် သူ့အချိန်ကျတော့ ဧကန်ဖြစ်မှာပဲ၊ ဒါကြောင့် အဲဒီအနာဂတ် ကိလေသာကိုလဲ အရိယမဂ်က မပယ်နိုင်ဘူး၊ အတိတ် မဟုတ်ကြောင်းကတော့ ထင်ရှားနေပါသည်၊ ဒါကြောင့် အကြောင်း ညီညွှတ်ရင် ဖြစ်နိုင်တဲ့ အနုသယ ကိလေသာဟာ ကာလသုံးပါးမှ လွတ်တဲ့ ကာလဝိမုတ် ကိလေသာပဲ၊ အဲဒီကာလဝိမုတ် ကိလေသာ ကိုသာ အရိယမဂ်ဖြင့် ပယ်နိုင်တယ်၊ ဒါကြောင့် အရိယမဂ်က ပယ်လို့ ငြိမ်းသွားတယ်”ဆိုတဲ့ အနုသယ ကိလေသာက ကာလသုံးပါးမှလွတ်တဲ့ ကာလဝိမုတ် ဖြစ်တဲ့အတွက် အဲဒီငြိမ်းခြင်း သဘောဟာလဲ ကာလသုံးပါးမှ လွတ်တဲ့ ကာလဝိမုတ်ပင် ဖြစ်တယ်။</p>
<p>နောက်ပြီးတော့ ငြိမ်းခြင်း ဆိုတာ ဖြစ်ပေါ်လာတာ မဟုတ်တဲ့ အတွက် ဖြစ်ပြီးလို့လဲ မဆိုရဘူး၊ ဖြစ်ဆဲ ဖြစ်လတ္တံ့ လို့လဲ မဆိုရဘူး၊ မဂ်၏အစွမ်းဖြင့် ငြိမ်းတဲ့အတွက် မဂ်ခဏမှာ ပြီးစီးတယ်လို့သာ ဆိုရတယ်၊ ကိလေသာ ငြိမ်းသွားတော့ အဲဒီ ကိလေသာကို မှီပြီးဖြစ်မည့် ခန္ဓာတွေဟာလဲ ဖြစ်ခွင့် မရတော့ပဲ ငြိမ်းသွားကြတယ်၊ အဲဒါတွေလဲ ကာလဝိမုတ်တွေပဲ၊ ဒါကြောင့် အနာဂတ်ခန္ဓာငြိမ်းမှုကို အာရုံပြုသလားလို့လဲ မေးစရာမရှိတော့ပါဘူး နောက်တစ်ခု အထူးသတိပြု စရာ ကတော့ အရိယ မဂ်၏ အာရုံဖြစ်တဲ့ နိဗ္ဗာန်ဟာ သာမန်ငြိမ်းမှု ဖြစ်ကြောင်း ပြဆိုခဲ့ပါပြီ၊ ဒါကြောင့် အရိယမဂ်ခဏ၌ ရာဂငြိမ်းသည် ဒေါသငြိမ်းသည် ကိလေသာငြိမ်းသည် ခန္ဓာငြိမ်းသည် စသည်ဖြင့် အထူးဝိသေသြုပ၍ အာရုံပြုသည်မဟုတ်ပေ၊ ကိလေသာ ကံ ရုပ် နာမ် ခန္ဓာ သင်္ခါရလုံးဝ ကင်းငြိမ်းဆိတ်သုဉ်းခြင်း သဘောမျှကိုသာလျှင် အာရုံပြုပေသည်၊ သို့ဖြစ်၍ ပစ္စုပ္ပန်နိဗ္ဗာန်ကို အာရုံပြုသလော၊ အနာဂတ် နိဗ္ဗာန်ကို အာရုံပြုသလော စသည်ဖြင့် မေးဖွယ်မရှိတော့ပါဘူး၊ နိဗ္ဗာန် အကြောင်း ရှင်းပြော နေရတာနဲ့ ဂါထာ၏ အနက်အဓိပ္ပာယ်ပြောနေတာ အဆက်ပြတ်သွားတယ်၊ အဲဒါ ပြန်ဆက်ကြဦးစို့။</p>
<p><b>တေ</b> - လွတ်မြောက်သော စိတ်ရှိကြသည့် ထိုရဟန္တာတို့သည်၊ <br> <b>ဓမ္မသာရာဓိဂမာ</b> - တရားတို့၌ အနှစ်သာရ အကောင်း အမြတ်ဆုံးဖြစ်သော အရဟတ္တဖိုလ် နိဗ္ဗာန်ကို ရကြပြီးသည်ဖြစ်၍၊ <br> <b>ခယေ</b> - သင်္ခါရအားလုံး၏ ကုန်ခြင်းသဘောဖြစ်သော အနုပါဒိသေသနိဗ္ဗာန်၌၊ <br> <b>ရတာ</b> - မွေ့လျော်နှစ်ခြိုက် ပျော်ပိုက်တော်မူကြလေကုန်၏၊ <br> <b>တေ</b> - ထိုရဟန္တာသခင် အရှင်မြတ်တို့သည်၊ <br> <b>တာဒိနော</b> - အကောင်းအဆိုး အာရုံ ၂-မျိုးကို အတူပြု၍ ရှုနိုင်သော တာဒိဂုဏ်နှင့် ပြည့်စုံတော် မူကြသည်ဖြစ်၍၊ <br> <b>သဗ္ဗဘဝါနိ</b> - အလုံးစုံသော ဘဝတို့ကို၊ <br> <b>ပဟံသု</b> - စွန့်ပယ်တော်မူကြလေကုန်ပြီ။</p>
<p>ဥပါဒ် ဌီ ဘင်ရှိတဲ့ သဘောတရားထဲက အကောင်းအမြတ်ဆုံး တရားဟာ အရဟတ္ထဖိုလ်ပဲ၊ ဥပါဒ် ဌီ ဘင်မရှိတဲ့ ပရမတ်တရားကတော့ အငြိမ်းဓာတ်နိဗ္ဗာန် တစ်ပါးတည်းသာရှိတယ်၊ အဲဒီအငြိမ်းဓာတ် နိဗ္ဗာန်တရားကတော့ သဘောတရား အားလုံးထဲမှာ အကောင်းအမြတ်ဆုံးပဲ၊ ဒါကြောင့် <b>“နိဗ္ဗာနံ - အငြိမ်းဓာတ်နိဗ္ဗာန်ကို၊ ပရမံ - အမြတ်ဆုံးဟူ၍၊ ဗုဒ္ဓါ - မြတ်စွာဘုရားတို့သည်၊ ဝဒန္တိ - ချီးကျူး သောအားဖြင့် ဟောကြားတော်မူကုန်၏”</b> လို့ ဟောတော်မူပါတယ်၊ အမြတ်ဆုံးဖြစ်တဲ့ အရဟတ္တဖိုလ်စိတ် ဖြစ်တဲ့အခါ အဲဒီအမြတ်ဆုံးဖြစ်တဲ့ အငြိမ်းဓာတ်နိဗ္ဗာန်ကိုပင် အာရုံပြုပြီး ဖြစ်တယ်၊ အဲဒီအခါမှာ သင်္ခါရ ဆင်းရဲဟူသမျှတွေ အကုန်ငြိမ်းနေတဲ့ သဘောထဲကို ရောက်နေသလို ဖြစ်နေတယ်၊ အလွန်ပင် အေးငြိမ်းချမ်းသာပါတယ်၊ ဒါကြောင့် ရဟန္တာအရှင်မြတ်တွေဟာ နိဗ္ဗာန် အာရုံပြုတဲ့ ဖလသမာပတ်မှ ထလာတဲ့အခါ အဲဒီနိဗ္ဗာန်အရသာ ကောင်းလွန်းလို့ ဒီလို ဥဒါန်း ကျူးရင့်တော် မူကြပါတယ်။</p>
<p><b>သုသုခံ ဝတ နိဗ္ဗာနံ၊ သမ္မာသမ္ဗုဒ္ဓ ဒေသိတံ။</b> <br> <b>အသောကံ ဝိရဇံ ခေမံ၊ ယတ္ထ ဒုက္ခံ နိရုဇ္ဈတိ-တဲ့။</b></p>
<p><b>ယတ္ထ</b> - အကြင် နိဗ္ဗာန်အရပ်၌၊ <br> <b>ဒုက္ခံ</b> - ဆင်းရဲဟူသမျှသည်၊ <br> <b>နိရုဇ္ဈတိ</b> - ချုပ်ငြိမ်းကင်းပလျက် ရှိပေ၏၊ <br> <b>အသောကံ</b> - စိုးရိမ်ဖွယ်လည်း မရှိ၊ စိုးရိမ်ခြင်းလည်း မရှိသော၊ <br> <b>ဝိရဇံ</b> - ကိလေသာမြူ အညစ်အကြေးလည်း ကင်းသော၊ <br> <b>ခေမံ</b> - ဘေးခပ်သိမ်းတို့၏ ငြိမ်းရာလည်းဖြစ်သော၊ <br> <b>သမ္မာသမ္ဗုဒ္ဓ ဒေသိတံ</b> - မြတ်စွာဘုရား ဟောကြားတော်မူအပ်သော၊ <br> <b>တံ နိဗ္ဗာနံ</b> - ထိုနိဗ္ဗာန်သည်၊ <br> <b>သုသုခံ တဝ</b> - သြော်... အလွန်ပင်ချမ်းသာပါပေစွတကား-တဲ့။</p>
<p>အဲဒီအရဟတ္တဖိုလ်နှင့် နိဗ္ဗာန်ဆိုတဲ့ အကောင်းအမြတ်ဆုံးတရားကို ရတော်မူကြတဲ့အတွက် ရဟန္တာ အရှင်မြတ်တွေဟာ ရုပ်နာမ်သင်္ခါရခပ်သိမ်း ချုပ်ငြိမ်းတဲ့ အနုပါဒိသေသ နိဗ္ဗာန်၌သာ မွေ့လျော် ပျော်ပိုက် နေကြပါတယ်တဲ့၊ နောက်ပြီးတော့ ကောင်းလဲ သင်္ခါရဆင်းရဲပဲ၊ မကောင်းလဲ သင်္ခါရ ဆင်းရဲပဲ၊ ဒါကြောင့် အကောင်းအဆိုး နှစ်မျိုးလုံးကို အတူပြု၍ ရှုတော်မူနိုင် ကြပါတယ်-တဲ့၊ <br> ဒါကြောင့် သင်္ခါရ ဆင်းရဲအစဉ်, သင်္ခါရဆင်းရဲအစုမျှသာ ဖြစ်တဲ့ ဘဝဟူသမျှတွေကို နှစ်သက် လက်ခံခြင်း မရှိဘဲ စွန့်တော်မူကြပါတယ်၊ အဲဒီလို စွန့်တော်မူကြတဲ့အတွက် ပရိနိဗ္ဗာန်စုတိမှ နောက် ကာလ၌ ရုပ်နာမ်ခန္ဓာ သင်္ခါရ ဆင်းရဲ အပေါင်းမျှဖြစ်တဲ့ ဘဝဟူသမျှ မဖြစ်လာတော့ပဲ လုံးဝငြိမ်းအေးတော်မူကြပါတယ်တဲ့၊ အချိန်ကုန်ပါပြီ တရားသိမ်းကြစို့။</p>
<h3>နိဂုံးချုပ် တရားသိမ်း ပတ္ထနာ</h3>
<p>နိဗ္ဗာနပဋိသံယုတ္တကထာခေါ် နိဗ္ဗာန်ဆိုင်ရာ တရားတော်ကို ရိုသေစွာ နာယူမှတ်သားကြရသော ဓမ္မသဝန ကုသိုလ်ကံ စေတနာတို့၏ အစွမ်းအာနုဘော်ကြောင့် ယခု တရားနာ ပရိသတ် အပေါင်းသူတော်ကောင်းတို့သည် အကောင်းအမြတ်ဆုံး ဖြစ်သော နိဗ္ဗာန်တရားကို မိမိတို့အလိုရှိ အပ်သော မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေ။</p>
<p>သာဓု သာဓု သာဓု</p>
<p>နိဗ္ဗာနပဋိသံယုတ္တ ကတာ <br> နိဗ္ဗာန် ဆိုင်ရာ တရားတော် ဒုတိယပိုင်း ပြီး၏။</p>
<h3>နိဗ္ဗာန ပဋိသံယုတ္တ ကထာ</h3>
<p>နိဗ္ဗာန် ဆိုင်ရာ တရားတော် - တတိယပိုင်း <br> (၁၃၂၆-ခုနှစ်၊ တော်သလင်းလဆုတ် ၈-ရက်နေ့ ဟောသည်)</p>
<h3>တရားအနုသန္ဓေ</h3>
<p>တော်သလင်းလပြည့်နေ့က သင်္ခါရနှင့် နိဗ္ဗာန်ခွဲပုံက စပြီးဟောခဲ့တယ်၊ သဥပါဒိသေသနှင့် အနုပါဒိသေသ နိဗ္ဗာန်တို့ကို ခွဲပြပြီးတော့ အနုပါဒိသေသနိဗ္ဗာန်ဖြင့် ဘဝတို့ကို စွန့်လွှတ်သွားကြောင်း မှာ အဆုံးသတ်ခဲ့တယ်၊ ဒီကနေ့ အဲဒီ အနုပါဒိသေသ နိဗ္ဗာန်နှင့်စပ်ပြီး မြတ်စွာဘုရား ဥဒါန်းကျူးတဲ့ ဂါထာကစပြီး ဟောရမယ်။</p>
<h3>မြတ်စွာဘုရား ကျူးရင့်သော ဥဒါန်းဂါထာတော်</h3>
<p><b>ယတ္ထ အာပေါ စ ပထဝီ၊ တေဇော ဝါယော န ဂါဓတိ။</b> <br> <b>န တတ္ထ သုက္ကာ ဇောတန္တိ၊ အာဒိစ္စော နပ္ပကာသတိ။</b> <br> <b>န တတ္ထ စန္ဒိမာ ဘာတိ၊ တမော တတ္ထ န ဝိဇ္ဇတိ။</b> <br> <b>ယဒါ စ အတ္တနာ ဝေဒိ၊ မုနိ မောနေန ဗြာဟ္မဏော၊</b> <br> <b>အထ ရူပါ အရူပါ စ၊ သုခဒုက္ခာ ပမုစ္စတိ။ (ဥဒါန- ၈၆)</b></p>
<p>ဗာဟိယဒါရုစီရိယဆိုတဲ့ ရဟန္တာပုဂ္ဂိုလ် အနုပါဒိသေသ နိဗ္ဗာန် ဝင်စံသွားခြင်းကို အကြောင်းပြုပြီး မြတ်စွာဘုရား ကျူးရင့်တော်မူတဲ့ ဥဒါန်းဂါထာတဲ့၊ ပါဠိတတ်တဲ့သူဆိုရင် ဒီဂါထာပါဠိ ရွတ်သံ ကြားရတာနဲ့ သဒ္ဓါကြည်ညိုတဲ့ စိတ်တွေ, စိတ်တက်ကြွမှု ပီတိတွေ ဖြစ်ပွားနိုင်တယ်၊ ဘုန်းကြီး တို့မှာဆိုရင် ဒီပါဠိကိုရွတ်ရင်း အဲဒီလိုသဒ္ဓါပီတိတွေ ဖြစ်တယ်၊ အလွန်စိတ် ကြည်နူးဖွယ်ကောင်းတဲ့ ဂါထာပါပဲ၊ ထပ်ပြီး ရွတ်ပြဦးမယ်။</p>
<p><b>ယတ္ထ အာပေါ စ ပထဝီ၊ တေဇော ဝါယော န ဂါဓတိ။</b> <br> <b>န တတ္ထ သုက္ကာ ဇောတန္တိ၊ အာဒိစ္စော နပ္ပကာသတိ။</b> <br> <b>န တတ္ထ စန္ဒိမာ ဘာတိ၊ တမော တတ္ထ န ဝိဇ္ဇတိ။</b> <br> <b>ယဒါ စ အတ္တနာ ဝေဒိ၊ မုနိ မောနေန ဗြာဟ္မဏော၊</b> <br> <b>အထ ရူပါ အရူပါ စ၊ သုခဒုက္ခာ ပမုစ္စတိ။</b></p>
<p><b>ယတ္ထ</b> - အကြင် နိဗ္ဗာန်အရပ်၌၊ <br> <b>အာပေါ စ န ဂါဓတိ</b> - ရေဓာတ်သည်လည်း မတည်မရှိ၊ <br> <b>ပထဝီ</b> - မြေဓာတ်သည်လည်း မတည်ရှိ၊ <br> <b>တေဇော ဝါယော စ</b> - မီးဓာတ် လေဓာတ်သည်လည်း၊ <br> <b>န ဂါဓတိ</b> - မတည်ရှိ။</p>
<p>(ရုပ်ရှိတဲ့ လောကမှာဆိုရင် သတ္တဝါတို့၏ သန္တာန်မှာရော အပြင်ပမှာရော ပထဝီ အာပေါ တေဇော ဝါယောဆိုတဲ့ ဓာတ်ကြီးလေးပါးရှိတယ်၊ ဓာတ်ကြီးလေးပါးရှိတော့ အဲဒီ ဓာတ်ကြီးလေးပါးကို မှီပြီးဖြစ်တဲ့ အဆင်း အသံ အစရှိသော ဥပါဒါရုပ်တွေလဲ ရှိတာပဲ၊ ယခု ချီးကျူးနေတဲ့ နိဗ္ဗာန်မှာတော့ အဲဒီဓာတ်ကြီးလေးပါးလဲ မရှိဘူး၊ ဓာတ်ကြီးလေးပါး မရှိတော့ အဲဒီဓာတ်ကြီးလေးပါးကို မှီပြီးဖြစ်တဲ့ အခြားရုပ်တွေလဲ မရှိဘူးလို့ ဆိုလိုပါတယ်၊ ရုပ်ရှိတဲ့လောကနှင့် နှိုင်းယှဉ်ကြည့်လျှင် အလွန်ထူးဆန်း တာပဲ၊)</p>
<p><b>တတ္ထ</b> - ထိုနိဗ္ဗာန်အရပ်၌၊ <br> <b>သုက္ကာ</b> - တောက်ပထွန်းလင်းတတ်သော ဂြိုဟ် နှင့် ကြယ်တာရာတို့သည်၊ <br> <b>န ဇောတန္တိ</b> - ထွန်းလင်းတောက်ပလျက် မရှိကုန်၊ <br> <b>အာဒိစ္စော</b> - နေသည်လည်း၊ <br> <b>နပ္ပကာသတိ</b> - မထွန်းလင်းပေ၊ <br> <b>တတ္ထ</b> - ထိုနိဗ္ဗာန်အရပ်၌၊ <br> <b>စန္ဒိမာ</b> - လ သည်လည်း၊ <br> <b>န ဘာတိ</b> - မထွန်းလင်းပေ၊</p>
<p>(အဲဒီ နိဗ္ဗာန်မှာ ဂြိုဟ်တွေ နက္ခတ်ကြယ်တာရာ တွေလဲ မထွန်းလင်းဘူး၊ နေနှင့် လလဲ မထွန်းလင်းဘူးတဲ့၊ ဒီလိုဆိုရင် မှောင်အတိကျနေသလား လို့ဆိုတော့)</p>
<p><b>တတ္ထ</b> - ထိုနိဗ္ဗာန်အရပ်၌၊ <br> <b>တမော</b> - အမှောင်သည်လည်း၊ <br> <b>န ဝိဇဗနတိ</b> - မရှိပေ၊</p>
<p>(အမှောင်လဲ မရှိဘူးတဲ့၊ သိပ်ထူးဆန်းတာပဲ၊ လောကမှာတော့ အလင်းရောင် မရှိရင် အမှောင် ကျနေတာပဲ၊ နိဗ္ဗာန်မှာတော့ နေလ- ဂြိုဟ် - ကြယ်ရောင်များ မရှိပေမယ့် အမှောင်လဲ မရှိဘူးတဲ့၊ အမှန်စင်စစ်ကတော့ ရုပ်တရား အားလုံးပင် မရှိတဲ့အတွက် အလင်းရော အမှောင်ရော မရှိတာပါပဲ။)</p>
<p>ဒါဖြင့် အဲဒီနိဗ္ဗာန်က ဘယ်အရပ်မှာ တည်ရှိနေပါသလဲလို့ မေးစရာရှိတယ်၊ ကိလေသာနဲ့ ကံတို့ ကြောင့် မပြတ်ဖြစ်နေတဲ့ ရုပ်နာမ်အစဉ်ဟာ အရဟတ္တမဂ်၏ အစွမ်းကြောင့် ကိလေသာနဲ့ ကံတွေ ကင်းသွားတဲ့အတွက် ပရိနိဗ္ဗာန်စုတိမှ နောက်ကာလ၌ အသစ်မဖြစ်ပေါ်တော့ဘဲ ငြိမ်းသွားတယ် အဲဒီလို ငြိမ်းခြင်းကိုပင် နိဗ္ဗာန်လို့ ခေါ်ကြောင်း အကြိမ်ကြိမ် ပြောခဲ့ပါပြီ၊</p>
<p>အဲဒီတော့ အဲဒီလို ရုပ်နာမ်အစဉ် မဖြစ်ပေါ်လာတော့ပဲ ငြိမ်းခြင်းဟာ ဘယ်အရပ်မှာမျှ တည်နေတယ်လို့ မဆိုနိုင်ဘူး၊ဒါကြောင့် သုတ်တစ်ခုမှာ တည်ရာမရှိဘူးလို့ ဟောထားတာလဲ ရှိပါတယ် သုတ်တစ်ခုမှာတော့ တလံမျှလောက်သော ခန္ဓာကိုယ်ထဲမှာပင် သစ္စာလေးပါးကို ပညတ် ဟောကြားကြောင်း ပြဆိုထားတယ်၊ အဘိဓမ္မာဒေသနာမှာတော့ ဗဟိဒ္ဓတရား မည်ကြောင်း ဟောထားတယ်၊ အဲဒါတွေကို နောက်ကျမှ ရှင်းပြီး ဟောရမယ်၊ ယခု ဥဒါန်းဂါထာကိုပဲ ဆက်ပြီး ဟောဦးမယ်။</p>
<p><b>ယဒါ စ</b> - အကြင်အခါ၌မူ၊ <br> <b>မုနိ</b> - သိတတ်သော ပုဂ္ဂိုလ်သည်၊ <br> <b>မောနေန</b> - အရဟတ္တမဂ်အသိ ဉာဏ်ဖြင့်၊ <br> <b>တံ</b> - ထိုနိဗ္ဗာန်ကို၊ <br> <b>အတ္တနာ အဝေဒိ</b> - ကိုယ်တိုင်ပင် သိလေ၏၊ <br> (<b>ဝိဒိတွာ</b> - သိပြီး၍၊) <br> <b>ဗြာဟ္မဏော</b> - မကောင်းမှုကို အပြုပပြီးသော ရဟန္တာဖြစ်လေ၏၊ <br> <b>အထ</b> - ထိုသို့ ရဟန္တာ ဖြစ်ပြီးသော အခါ၌၊ <br> <b>ရူပါ</b> - ရုပ်မှလည်းကောင်း၊ <br> <b>အရူပါ စ</b> - နာမ်မှလည်းကောင်း၊ <br> <b>သုခဒုက္ခာ</b> - ချမ်းသာဆင်းရဲ ဟုဆိုအပ်သော သင်္ခါရဒုက္ခ အပေါင်းမှ လည်းကောင်း၊ <br> <b>ပမုစ္စတိ</b> - လုံးဝ လွတ်မြောက် လေတော့သတည်း။</p>
<p>ဓာတ်လေးပါး မရှိ၊ ရုပ်မရှိ၊ အလင်းအမှောင် မရှိဆိုတဲ့ နိဗ္ဗာန်ကို ကိုယ်ပိုင် ဉာဏ်ဖြင့်သိပြီး၍ မကောင်းမှုကင်းပြီးသော ရဟန္တာပုဂ္ဂိုလ်မှာ ပရိနိဗ္ဗာန် စုတိမှ နောက်ကာလ၌ ရုပ်ရှိတဲ့ ကာမဘဝ ရူပဘဝ ပဋိသန္ဓေမှလဲ လွတ်မြောက်တယ်၊ နာမ်သာရှိတဲ့ အရူပဘဝ ပဋိသန္ဓေမှလဲ လွတ်မြောက် တယ်၊ ချမ်းသာတယ် ဆင်းရဲတယ်လို့ သတ္တဝါအများက ထင်ရတဲ့ သင်္ခါရ ဆင်းရဲဟူသမျှမှလဲ လွတ်မြောက်တယ်၊ ဗာဟိယဒါရုစီရိယ ဆိုတဲ့ပုဂ္ဂိုလ်ဟာ ရဟန္တာဖြစ်ပြီး အဲဒီဆင်းရဲအပေါင်းမှ လွတ်မြောက်သွားပြီလို့ ဆိုလိုပါတယ်၊ ဒီနေရာမှာ ဗာဟိယ အကြောင်းကိုလဲ ပြောဦးမှ ရှင်းလင်းစွာ သဘောပေါက်နိုင်မယ်၊ ဒါကြောင့် ဗာဟိယ အကြောင်းကိုလဲ အကျဉ်းချုပ်ပြောဦးမယ်။</p>
<h3>ဗာဟိယ ဒါရုစီရိယ ဝတ္ထု</h3>
<p>မြတ်စွာဘုရား လက်ထက်တော် ကာလက (ဝတ္ထုကြောင်း အစကတော့ ဘုရားမပွင့်မီက ဖြစ်ဖွယ် ရှိပါတယ်) အဲဒီတုန်းက ဗာဟိယတိုင်းသားဖြစ်လို့ ဗာဟိယမည်တဲ့ လူတစ်ယောက်ဟာ ပင်လယ်ကူးသင်္ဘောဖြင့် ပင်လယ်ကိုကူးပြီး ကုန်အရောင်း အဝယ်လုပ်သတဲ့၊ ခုနစ်ကြိမ်တိုင် အောင်မြင်ပြီး ရှစ်ကြိမ်မြောက်ကျတော့ လေမုန်တိုင်းမိပြီး သင်္ဘောပျက်တယ်၊ အခြားသင်္ဘောသား ခရီးသည်တွေတော့ အားလုံး သေကုန်ရှာကြတယ်၊ <br> ဗာဟိယကတော့ သင်္ဘောပျက်မှ ပျဉ်ချပ် ကလေးတစ်ခုကို တွယ်ကပ်နေရင်း လှိုင်းအဟုန်ကြောင့် သုပ္ပာရက သင်္ဘောဆိပ်ကမ်းစ ရောက် လာတယ်၊ အဝတ်ကတော့ ပင်လယ်ထဲ ကျွတ်ကျရစ်ခဲ့တယ်၊ ဒါကြောင့် ရှက်တာနဲ့ အမြင်မတော်တဲ့ ကိုယ်အင်္ဂါတွေ လုံခြုံအောင် လျှော်မျှင်ဖြင့် တုတ်ချောင်းကလေးတွေကို ခက်ပြီး ခါးမှာဝတ်တယ်၊ နတ်စင်တစ်ခုက ခွက်တစ်ခုကိုယူပြီး သုပ္ပာရကရွာထဲလှည့်ပြီး ထမင်းတောင်းတယ်၊</p>
<p>တုတ်ချောင်းစီးထားတဲ့ အဝတ်ကို အကြောင်း ပြုပြီး လူအများက သူ့ကို ရဟန္တာလို့ ထင်မှတ်ကြတယ်၊ စားဖွယ်တွေကို ပေးလှူကြတယ်။ အဝတ် အထည်တွေကိုလဲ ပေးလှူကြတယ်၊ ဒါပေမယ့် ဗာဟိယက အဝတ်အထည်ကို လက်ခံပြီး ဝတ်လိုက်ရင် သူ့ဂုဏ်ပျက်သွားမှာ စိုးရိမ်လို့ အဝတ်အထည်ကိုတော့ လက်မခံဘူး၊ တုတ်ချောင်းစီ အဝတ်နဲ့သာနေတယ်၊ အဲဒီတော့မှ သူ့ကို လူတွေက ရဟန္တာ လို့သာပြီး အထင်ကြီးလာကြတယ်၊ <br> ဒါရုစီရခေါ် - တုတ်ချောင်းစီ အဝတ်ကိုသာ သုံးဆောင်တဲ့အတွက် သူ့ကို ဒါရုစီရိယ ဆိုတဲ့ အမည်သစ် တစ်ခုနဲ့လဲ ဂုဏ်ပြုပြီးခေါ်ကြတယ်၊ အများက ရဟန္တာလို့ အပြောများလာတော့ ဗာဟိယဒါရုစီရိယကလဲ သူ့ကိုယ်သူ ရဟန္တာလို့ ထင်လာသတဲ့၊ လူဆိုတာသူများက အပြောများရင် မဟုတ်တာပေမယ့် အဟုတ်လိုပဲ ထင်တတ် ကြပါတယ်၊ အဲဒီလို ထင်တတ်ပုံကို ဟိတောပဒေသမှ ထုတ်ပြီး ဝမ္မိကသုတ် တရားတော်ထဲမှာ ပြထားပြီး ရှိပါတယ်။</p>
<p>အဲဒီအခါမှာ ကဿပ မြတ်စွာဘုရား သာသနာတော် နောက်ပိုင်း ကာလတုန်းက တောင်ကလပ် တစ်ခုပေါ်တက်ပြီး သက်စွန့်ကြိုးပမ်း တရားအားထုတ်ကြတဲ့ ရဟန်းခုနှစ်ပါးထဲက အနာဂါမ် ဖြစ်နေတဲ့ ဗြဟ္မာကြီးက ဗဟိယဒါရုစီရိယ လမ်းမှား လိုက်နေတာကိုမြင်ရလို့ သူ့ထံလာပြီး သြဝါဒပေးပါတယ်၊ ပေးပုံကတော့ “ဗာဟိယ သင်ဟာ ကဿပဘုရား သာသနာတော်တွင်းက တောင်ကလပ်ပေါ်တက်ပြီး တရားအားထုတ်တဲ့ ရဟန်းခုနစ်ပါးထဲမှာ အပါအဝင် တစ်ပါးဖြစ်ခဲ့တယ်၊ အဲဒီတုန်းက သံဃာ့မထေရ်ကြီးဟာ ရဟန္တာဖြစ်ခဲ့တယ်၊ ငါက အနာဂါမ်ဖြစ်ပြီး ဗြဟ္မာ့ဘုံ ရောက်နေတယ်၊ <br> သင်ဟာ ဟိုတုန်းက ရဟန္တာ မထေရ်က လှူတဲ့ဆွမ်းကိုတောင် လက်မခံပဲ အစာအငတ်ခံပြီး တရားအားထုတ်ခဲ့တယ်၊ ယခုတော့ သင်ဟာ ရဟန္တာမဟုတ်ပဲ ရဟန္တာ ဟန်ဆောင်ပြီး မစင်ကြယ်တဲ့ လာဘ်လာဘ ဂုဏ်တွေကို သာယာနေတယ်၊ သင်ဟာ ရဟန္တာလဲ မဟုတ်ဘူး၊ ရဟန္တာဖြစ် ကြောင်း အကျင့်လဲ သင့်မှာ မရှိဘူး”လို့ သြဝါဒ ပေးပါတယ်။</p>
<p>အဲဒီတော့မှ ဗာဟိယဟာ အယူအကျင့် မှားနေကြောင်း သတိရပြီး သံဝေဂဖြစ်တယ်၊ ဒါဖြင့် ယခုအခါမှာ ရဟန္တာအစစ် ဆိုတာရှိပါသလားလို့ မေးတယ်၊ ဗြဟ္မာက ရှိတဲ့ အကြောင်း ပြောတယ်၊ ဘယ်အရပ်မှာ ရှိပါသလဲ ဆိုတော့ သုပ္ပာရက သင်္ဘောဆိပ်အရပ်မှ အရှေ့မြောက်အရပ်၌ ကောသလ တိုင်း သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ ဗုဒ္ဓမြတ်စွာဘုရား ရှိတဲ့အကြောင်း၊ အဲဒီ ဗုဒ္ဓမြတ်စွာဟာ အရဟံခေါ်တဲ့ ရဟန္တာအစစ်လဲ ဖြစ်ကြောင်း၊ ရဟန္တာ ဖြစ်စေရန်အတွက်လဲ ဟောပြောနေကြောင်း များကို ဗြဟ္မာက ပြောကြားတယ်။</p>
<p>အဲဒီတော့ ဗာဟိယဟာ ဘုံဘေမြို့နယ် မြောက်ဘက်သုပ္ပာရကအရပ်မှ ယူဇနာ ၁၂၀-ဝေးတဲ့ သာဝတ္ထိသို့-<b>သဗ္ဗတ္ထ</b> အလုံးစုံသောအရပ်တို့၌၊ <b>ဧကရတ္တိဝါးသေန</b>-တစ်ညဉ့်မျှသာနေခြင်းဖြင့် အရောက် သွားပါတယ်-တဲ့။ <br> ဒီနေရာမှာ <b>သဗ္ဗတ္ထ ဧကရတ္တိဝါသေန</b>-အရ တစ်ညဉ့်တည်းဖြင့် အရောက် သွားတယ် လို့ ဥဒါန်းအဋ္ဌကထာ ဓမ္မပဒ အဋ္ဌကထာများက ဖွင့်ပြထားပါတယ်၊ ဘုန်းကြီး ကတော့ <b>“ဧကရတ္တိယာဝ ဧကရတ္တေနေဝ-တစ်ညဉ့်တည်းဖြင့် သာလျှင်”</b>လို့ မဆိုပဲ <b>“ဧကရတ္တိဝါသေန-တစ်ညဉ့်မျှနေခြင်းဖြင့်”</b> လို့ ဆိုထားတာကလဲ တစ်ကြောင်း၊ <b>“သဗ္ဗတ္ထ-အလုံးစုံသော အရပ်တို့၌ (နေခြင်း)”</b> လို့ ဆိုထားတာကလဲ တစ်ကြောင်း ဒီအကြောင်း ၂-ပါးကိုထောက်ဆပြီးတော့ “တစ်နေ့ခရီးဖြင့် ရောက်ရာရောက်ရာ အရပ်တိုင်းမှာ တစ်ည တစ်ညသာ နားနေတယ်၊ ၂-ညတောင် နားမနေဘူး၊ အဲဒီလို တစ်ည တစ်ညသာ နားပြီး အရေးတကြီး အလျင်အမြန် သွားတယ်” လို့သာ သဘောကျပါတယ်၊ အဲဒီအနက်ဟာ သဒ္ဒယုတ္တိ အတ္ထယုတ္တိ ၂-မျိုးလုံးရှိ၍ သင့်လျော်ပါတယ်။</p>
<p>တစ်ညတည်းဖြင့် ယူဇနာ ၁၂၀-ခရီးကို သွားတယ် ဆိုရင်တော့ လူ့ပကတိအစွမ်းဖြင့် မသွားနိုင်ဘူး၊ ဒါကြောင့် နတ်တန်ခိုး ဘုရားတန်ခိုး အကူအညီတွေ လိုလာပါတယ်၊ အဲဒီလို တစ်ညတည်းနဲ့ ရောက်တဲ့အတွက် အကျိုးထူးလဲ ပြစရာ မရှိပါဘူး၊ ဒါကြောင့် ရောက်ရာ ရောက်ရာမှာ တစ်ညဉ့် မျှသာ နေပြီး အလျင်အမြန် သွားတယ်ဆိုရင် အရေးတကြီး ဂရုတစိုက် သွားတယ်ဆိုတဲ့ အနက်လဲ ပြည့်စုံလောက်ပါတယ်၊ သံယုတ်အဋ္ဌကထာ တတိယတွဲ စုန္ဒသုတ်အဖွင့် အဋ္ဌကထာမှာတော့ အောက်ပါအတိုင်းပြဆိုထားပါတယ်။</p>
<p><b>အထခေါ</b>-မြတ်စွာဘုရားထံမှ ပရိနိဗ္ဗာန်ပြုရန် ခွင့်ပန်ပြီး၍ ကြွသွားသောထိုအခါ၌၊ <br> <b>အာယသ္မာ သာရိပုတ္တော</b> - အရှင်သာရိပုတ္တရာသည်၊ <br> <b>သဗ္ဗတ္ထ</b> - အလုံးစုံသော (တစ်နေ့ ခရီးဆုံးရာ) အရပ်တို့၌၊ <br> <b>ဧကရတ္တိဝါသေန</b> - တစ်ညဉ့်မျှနေခြင်းဖြင့်၊ <br> <b>အန္တရာမဂ္ဂေ</b> - လမ်းခရီးအကြား၌၊ <br> <b>သတ္တာဟံ</b> - ခုနစ်ရက်ပတ်လုံး၊ <br> <b>မနုဿာနံသင်္ဂဟံ ကရောန္တော</b> - လူတို့အား ချီးမြှောက်ခြင်းကို ပြုတော်မူလျက်၊ <br> <b>သာယံ</b> - (ခုနစ်ရက်မြောက်နေ့) ညနေချမ်းအချိန်၌ ဇာတိဌာန နာလကရွာသို့ ရောက်တော်မူ၍ ရွာတံခါး ပညောင်ပင်အောက်၌ ရပ်တည်နေတော်မူလေသည်- စသည်ဖြင့် ပြဆိုထားပါတယ်၊</p>
<p>အဲဒီအဆိုထဲမှာ လမ်းခရီးအကြား ၇-ရက် ပတ်လုံး ဟောပြော ချီးမြောက်တော်မူတယ်ဆိုတော့ တစ်နေ့ခရီးဆုံးရာ ဆုံးရာဌာနမှာ တစ်ညတစ်ည နေခြင်းသာ ဖြစ်သင့်တယ်၊ တစ်ညတည်းဖြင့် အရောက်ကြွ တာတော့ မဖြစ်သင့်ဘူး၊ နောက်ပြီးတော့ အဲဒီအဋ္ဌကထာ နှာ ၂၅၃-မှာလဲ အရှင်စုန္ဒ မထေရ်က အရှင်သာရိပုတ္တရာ၏ ဓာတ်တော်များ ယူဆောင်ခဲ့ပြီး ဘုရားထံ လာရောက်ပုံကို အောက်ပါအတိုင်း ပြထားပါတယ်။</p>
<p><b>စုန္ဒထေရော</b> - စုန္ဒထေရ်သည်၊ <br> <b>ဓာတုယော</b> - အရှင်သာရိပုတ္တရာ၏ ဓာတ်တော်တို့ကို၊ <br> <b>ပရိဿာဝနေ ပက္ခိပိတွာ</b> - ရေစစ် ပုဝါထဲ၌ ထည့်ပြီး၍။ပ။ <br> <b>သာဝတ္တိံ</b> - သာဝတ္ထိမြို့သို့၊ <br> <b>အဂမာသိ</b> - သွားလေ၏၊ <br> <b>စ</b> - သွားပုံကို ဆက်၍ ပြဦးအံ့၊ <br> <b>ဧကဌာနေပိ</b> - တစ်ခုသော အရပ်၌သော်လည်း၊ <br> <b>ဒွေ ရတ္တိယော အဝသိတွာ</b> - ၂-ညဉ့် မနေမူ၍၊ <br> <b>သဗ္ဗတ္ထ</b> - အလုံးစုံသော အရပ်တို့၌၊ <br> <b>ဧကရတ္တိ ဝါသေနေဝ</b> - တစ်ညဉ့်မျှ နေခြင်းဖြင့်သာလျှင်၊ <br> <b>သာဝတ္ထိံ</b> - သာဝတ္ထိမြို့သို့၊ <br> <b>ပါပုဏိ</b> - ရောက်လေ၏-တဲ့၊</p>
<p>ဒီပြဆိုချက်ကတော့ အလွန်ပင် ရှင်းနေပါတယ်၊ ဘုန်းကြီးက ဒီသံယုတ်အဋ္ဌကထာ ပြဆိုချက်ကိုပဲ နှစ်သက် သဘောကျပါတယ်။</p>
<p>အဲဒီတော့ ဗာဟိယဟာ တစ်နေ့ တစ်နေ့ (၁၀)ယူဇနာလောက် သွားနိုင်ရင် ယူဇနာ ၁၂၀-ခရီးကို ၁၂-ရက်လောက်-သွားရမှာပေါ့၊ တစ်နေ့ ၅-ယူဇနာလောက်သာ သွားနိုင်ရင် ၂၄-ရက်လောက် သွားရမှာပေါ့၊ အဲဒီလိုသွားလို့ ဇေတဝန်ကျောင်းတော် ရောက်တဲ့အခါ မြတ်စွာဘုရားက ဆွမ်းခံ ကြွတော်မူခိုက် ဖြစ်နေလို့ မြို့ထဲကို လိုက်သွားတယ်၊ ဆွမ်းခံကြွတော်မူနေတဲ့ မြတ်စွာဘုရားကို ဖူးမြင်ရတော့ အလွန်ကြည်ညိုဝမ်းမြောက်တဲ့ သဒ္ဓါပီတိသောမနဿတွေဖြစ်လျက် မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးကန်တော့ပြီး သူ့အားတရားဟောဖို့ တောင်းပန်တယ်၊ <br> အဲဒီအခါ သူ့မှာ ဣန္ဒြေ တွေကမရင့်ကျက်သေးလို့ မြတ်စွာဘုရားက “မြို့ထဲ ဆွမ်းခံသွားနေဆဲ ဖြစ်တယ်၊ တရားဟောရန် အချိန်မဟုတ်ဘူး”လို့ မိန့်တော်မူပါတယ်။ ဗာဟိယက ဒုတိယအကြိမ်လဲ ထပ်ပြီးတောင်းပန်တယ်၊ မြတ်စွာဘုရားက အချိန်မဟုတ်ကြောင်း မိန့်တော်မူပြန်တယ်၊ တတိယအကြိမ် တောင်းပန်တဲ့ အခါကျတော့မှ သူ့မှာ ဣန္ဒြေတွေလဲရင့်ကျက်နေပြီဖြစ်တဲ့အတွက် မြတ်စွာဘုရားက အောက်ပါ အတိုင်း ဟောကြားတော်မူပါတယ်။</p>
<h3>ဗာဟိယသုတ် တရားတော်</h3>
<p><b>တသ္မာတိဟ တေ ဗာဟိယ ဧဝံ သိက္ခိတဗ္ဗံ “ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ၊ သုတေ</b> <br> <b>သုတမတ္တံ ဘဝိဿတိ၊ မုတေ မုတမတ္တံ ဘဝိဿတိ၊ ဝိညာတေ ဝိညာတမတ္တံ၊</b> <br> <b>ဘဝိဿတီ” တိ ဧဝဉှိ တေ ဗာဟိယ သိက္ခိတဗ္ဗံ။</b></p>
<p><b>ဗာဟိယ</b> - ဗာဟိယ၊ <br> <b>တသ္မာ</b> - ထိုသို့ တရားဟောရန် တောင်းပန်သောကြောင့်၊ <br> <b>ဣဟ</b> - ငါဘုရား၏ အဆုံးအမ ဤ သာသနာ၌၊ <br> <b>တေ</b> - သင်သည်၊ <br> <b>ဧဝံ သိက္ခိတဗ္ဗံ</b> - ဤဆိုလတ္တံ့အတိုင်း ကျင့်ရမည်၊ <br> <b>ဒိဋ္ဌေ</b> - မြင်သည်၌၊ <br> <b>ဒိဋ္ဌမတ္တံ</b> - မြင်ရုံမျှသည်၊ <br> <b>ဘဝိဿတိ</b> - ဖြစ်လတ္တံ့၊ <br> <b>သုတေ သုတမတ္တံ ဘဝိဿတိ</b> - ကြားသည်၌ ကြားရုံမျှ ဖြစ်လတ္တံ့၊ <br> <b>မုတေ မုတမတ္တံ ဘဝိဿတိ</b> - နံသိ စားသိ ထိသိလျက် ရောက်သည်၌ ရောက်ရုံမျှဖြစ်လတ္တံ့၊ <br> <b>ဝိညာတေ ဝိညာတမတ္တံ ဘဝိဿတီ”တိ</b> - ကြံသိသည်၌ ကြံသိရုံမျှ ဖြစ်လတ္တံ့-ဟူ၍၊ <br> <b>ဗာဟိယ</b> - ဗာဟိယ၊ <br> <b>ဧဝဉှိ</b> - ဤသို့လျှင်၊ <br> <b>တေ</b> - သင်သည်၊ <br> <b>သိက္ခိတဗ္ဗံ</b> - ကျင့်ရမည်-တဲ့။</p>
<h3>ဒိဋ္ဌေ ဒိဋ္ဌမတ္တံ စသည် ရှုနည်းအကျဉ်း</h3>
<p>ဒါဟာ ဗာဟိယ-အား မြတ်စွာဘုရားက အကျဉ်းချုပ်ဟောတဲ့ ဝိပဿနာတရားပါပဲ၊ ဝိညာဏ် ၆-ပါးဖြင့် သိပုံကို အကျဉ်းချုံးပြီး ၄-ပိုင်းမျှဖြင့် ဟောထားပါတယ်၊ ရှင်းလဲရှင်းပါတယ်၊ ပကတိလူတွေမှာ မျက်စိဖြင့် အဆင်းကိုမြင်တဲ့အခါ မြင်သိရုံတွင်မရပ်ပဲ အဲဒီမြင်သိရတဲ့အဆင်း မြင်သိမှု မြင်တွေ့မှု မြင်လို့ ကောင်း, မကောင်း ခံစားမှုတွေကို နှစ်သက်သာယာမှုလဲ ဖြစ်တယ်၊ စိတ်ဆိုးပြစ်မှားမှုလဲ ဖြစ်တယ်၊ ငါကောင်အနေဖြင့် ထင်မှားမှုလဲ ဖြစ်တယ်၊ အဲဒီလို မဖြစ်စေပဲ မြင်သိရုံမျှတွင်ပဲ တည်အောင် ကျင့်ပါတဲ့၊ ဒါဟာ “မြင်သည်၌ မြင်ရုံမျှ ဖြစ်လတ္တံ့”ဆိုတဲ့ အပိုဒ်ဖြင့် ဆိုလိုတဲ့ အနက်အဓိပ္ပာယ်အကျဉ်းပါပဲ၊</p>
<p>အဲဒီလိုမြင်ရုံမျှ တည်စေရမယ် ဆိုတာဟာ ပြောရုံတော့ လွယ်ပါတယ်၊ ဒါပေမယ့် တကယ် လက်တွေ့လုပ်ဖို့ကတော့ ခက်ပါတယ်၊ မရှုမမှတ်ပဲ ပကတိအတိုင်း နေရုံမျှဖြင့်တော့ အဲဒီအတိုင်း မတည်နိုင်ပါဘူး၊ မြင်ပြီးတာနဲ့ ဘယ်သူဘယ်ဝါ စသည်ဖြင့် သိပြီး နှစ်သက်ဖွယ်ဆိုရင် နှစ်သက်သွားတော့တာပဲ၊ မုန်းဖွယ်ဆိုရင်လဲ စိတ်ဆိုးပြစ်မှား ရွံ့မုန်းသွားတော့တာပဲ၊ သာမန်အာရုံ ဖြစ်ရင်လဲ မြဲတဲ့အနေ ပုဂ္ဂိုလ် သတ္တဝါ အနေဖြင့် ထင်မှားသွားတော့တာပဲ၊ အဲဒီလို မဖြစ်အောင် တားမြစ်ဖို့ခက်ပါတယ်။</p>
<p>ထို့အတူပင် ကြားရုံမျှ နံသိရုံမျှ အရသာ သိရုံမျှ ထိသိရုံမျှတွင် ရပ်တည်အောင် ထားဖို့ ဆိုတာတွေကလဲ ဝိပဿနာ မရှိပဲ ထားနိုင်ဖို့ ခက်ပါတယ်၊ ကြံသိမှုကို ကြံသိရုံမျှတွင် တည်အောင် ထားဖို့သာပြီး ခက်ပါသေးတယ်၊ ဒါကြောင့် မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း မြင်တယ် မြင်တယ် ကြားတယ် ကြားတယ် စသည်ဖြင့် မပြတ် ရှုမှတ်နေရတယ်၊ အဲဒီလို ရှုမှတ်ရာမှာလဲ အားထုတ်ခါစမှာတော့ မြင်ရာ ကြားရာကစပြီး ရှုမှတ်လို့ အများအားဖြင့် မဖြစ်ပဲ ရှိတတ်တယ်၊ <br> ဒါကြောင့် ထင်ရှားတဲ့ အတွေ့အထိ တစ်ခုခုကစပြီး ရှုမှတ်ရတယ်၊ သတိပဋ္ဌာန် ဒေသနာတော်အရ သွားဆဲမှာ သွားတာကို ရှုမှတ်ရတယ်၊ အဲဒါဟာ ခြေထဲကိုယ်ထဲက တောင့်တင်းတွန်းကန်လှုပ်ရှားတဲ့ ဝါယောဓာတ်အတွေ့အထိ ရှုမှတ်ရတာပါပဲ၊ ရပ်ဆဲမှာ ရပ်တာကို ရှုရတယ်၊ ထိုင်ဆဲမှာ ထိုင်တာကို ရှုရတယ်၊ တစ်နေရာရာက အထူး ထင်ရှားတဲ့ အတွေ့အထိ တစ်ခုခုကိုရင်လဲ ရှုမှတ်နေရတယ်၊ ဘုန်းကြီးတို့ကတော့ ဝမ်းဗိုက်က ဖောင်းတက်လာလိုက် ပိန်ကျသွားလိုက်နဲ့ အဲဒီ တောင့်တင်း လှုပ်ရှားမှုက စပြီးရှုမှတ်ဖို့ ညွှန်ကြားနေပါတယ်။</p>
<p>ဒါပေမယ့် အဲဒီဖောင်းတာနဲ့ပိန်တာ ၂-ခုထဲတော့ မဟုတ်ပါဘူး၊ ဖောင်းတယ် ပိန်တယ်လို့ ရှုမှတ်နေဆဲမှာ စိတ်ကူးကြံစည်မှု ဖြစ်လာရင် အဲဒီ ကြံသိမှုကိုလဲ ရှုမှတ်ရတယ်၊ ကိုယ်ထဲက ညောင်းမှု ပူမှု နာကျင်မှု စသော မခံသာတဲ့ သဘောတစ်ခုခု ဖြစ်လာရင် အဲဒါကိုလဲ ရှုမှတ်ရတယ်၊ လက် ခြေ ကိုယ်အင်္ဂါ လှုပ်ရှား ပြုပြင်မှုရှိရင် အဲဒီလှုပ်ရှားပြုပြင်တာကိုလဲ ရှုမှတ်ရတယ်၊ အသံကြားတာ ကြည့်တာ မြင်တာတွေ့ရှိရင် အဲဒါတွေကိုလဲ ရှုမှတ်ရတယ်၊ အတိုချုပ် ပြောရရင်တော့ ကိုယ်အမူအရာ အထူး စိတ်အမူအရာအထူး ခံစားမှုဝေဒနာ အထူးများ ထင်ရှားပေါ်လာရင် အဲဒါတွေကိုလဲ ရှုမှတ်ရတယ်၊ ဘာမှအထူး ရှုမှတ်စရာမရှိတဲ့အခါ ဖောင်းတာ ပိန်တာကိုမပြတ် ရှုမှတ် နေရတယ်၊ ဒါက ရှုမှတ်ပုံ အကျဉ်းချုပ်ပဲ၊ အကျယ်ကိုတော့ ဝိပဿနာ အလုပ်ပေး တရားတော် စာအုပ်၊ ဝိပဿနာ ရှုနည်း အကျဉ်းချုပ်စာအုပ် စသည်မှာ ကြည့်ရှုပြီး သိနိုင်ပါတယ်။</p>
<p>အဲဒီလို ရှုမှတ်နေရင် သမာဓိဉာဏ် ရင့်လာတဲ့အခါကျတော့ မြင်သည်၌မြင်ရုံမျှတည်တာကို ကိုယ်တိုင် တွေ့ရပါလိမ့်မယ်၊ ထို့အတူပင် ကြားသည်၌ ကြားရုံမျှ, တွေ့သည်၌ တွေ့ရုံမျှ, ကြံသိ သည်၌ ကြံသိရုံမျှ တည်သည်ကိုလဲ ကိုယ်တိုင်ပင် တွေ့ရပါလိမ့်မယ်၊ အဲဒီလိုအခါမှာ ကြားတယ်လို့ မှတ်တဲ့အခါ ကြားတာရော သိတာရော ချက်ချင်းပျောက်သွားတာကို တွေ့လိမ့်မယ်၊ သိတယ်လို့ မှတ်တဲ့အခါ သိတာရောမှတ်တာရော ချက်ချင်းပျောက်သွားတာကို တွေ့လိမ့်မယ်၊ နာတယ်၊ နာတယ် စသည်ဖြင့် မှတ်တဲ့အခါများမှာလဲ နာမှုအစရှိတဲ့ ဝေဒနာရော မှတ်သိတာရော ချက်ချင်း ပျောက်သွားတာကို တွေ့လိမ့်မယ်၊ <br> မြင်တယ် မြင်တယ်လို့ စူးစိုက်ပြီး ရှုမှတ်နေရင် မြင်တာရော မှတ်သိတာရော ချက်ချင်း ပျောက်ပျောက်သွားတာကို တွေ့လိမ့်မယ်၊ အဲဒီလို တွေ့ရတော့ “ဖြစ်ပြီး ပျောက်သွားလို့ မမြဲဘူး”လို့ သိတဲ့ အနိစ္စာ နုပဿနာဉာဏ်လဲ ဖြစ်တယ်၊ “ဖြစ် ချည် ပျက်ချည်နဲ့ ဆင်းရဲချည်းပဲ”လို့ သိတဲ့ ဒုက္ခာနုပဿနာ ဉာဏ်လဲဖြစ်တယ်၊ “သူ့သဘောအတိုင်း သူဖြစ်ပျက်နေတဲ့ သဘောတရားမျှပဲ”လို့ သိတဲ့ အနတ္တာနုပဿနာလဲ ဖြစ်တယ်၊ အဲဒီလို သိမြင်တော့ ရှုမှတ်တိုင်း ရှုမှတ်တိုင်း နိစ္စသုခ အတ္တ အစွဲအလမ်းတွေ ကင်းတယ်။</p>
<p>ဗာဟိယကတော့ ပါရမီထူး ရှိတဲ့သူ ဖြစ်တဲ့အတွက် အဲဒီတရားနာစဉ်မှာပဲ မြင်မှုကြားမှု သိမှုစသည်ကို ရှုပြီး ထူးခြားတဲ့ ဝိပဿနာဉာဏ်တွေ သူ့မှာဖြစ်တယ်၊ အစွဲအလမ်းတွေလဲ ကင်းသွားတယ်၊ အဲဒီလိုဖြစ်ပုံကို မြတ်စွာဘုရားက ဒီလိုဖော်ပြတော်မူပါတယ်။</p>
<p>ဗာဟိယ သင့်မှာ မြင်သည်၌ မြင်ရုံမျှ, ကြားသည်၌ ကြားရုံမျှ, ရောက်သည်၌ ရောက်ရုံမျှ, ကြံသိသည်၌ ကြံသိရုံမျှ အကြင်အခါ၌ဖြစ်လိမ့်မည်၊ ထိုအခါ၌ သင်သည် ထိုမြင်မှု စသည်နှင့်တကွ မဖြစ်လတ္တံ့၊ ဗာဟိယ အကြင်အခါ၌ သင်သည်ထိုမြင်မှု စသည်နှင့်တကွ မဖြစ်လတ္တံ့၊ ထိုအခါ သင်သည် ထိုမြင်မှု စသည်၌ မတည်လတ္တံ့၊ (ထိုမြင်မှု စသည်တို့၌ “ငါ့ဟာပဲ, ငါပဲ, ငါ့အတ္တပဲ”ဟု တဏှာမာန ဒိဋ္ဌိတို့ဖြင့် ငြိတွယ်လျက် တည်သည် မဖြစ်လတ္တံ့ ဟူ၍ ဆိုလိုကြောင်း အဋ္ဌကထာ၌ ဖွင့်ပြထား၏။)</p>
<p><b>တတော တွံ ဗာဟိယ နေဝိဓ န ဟုရံ န ဥဘယမန္တရေန၊ ဧသေဝန္တော ဒုက္ခဿ။</b></p>
<p><b>ဗာဟိယ</b> - ဗာဟိယ၊ <br> <b>တတော</b> - ထိုသို့ မြင်မှုစသည်၌ ငြိတွယ်လျက် မတည်သောအခါ၌၊ <br> <b>တွံ</b> - သင်သည်၊ <br> <b>နေဝဣဓ</b> - ဤ လောက၌လဲ မရှိတော့ပြီ၊ <br> <b>န ဟုရံ</b> - အခြား လောက၌ မရှိတော့ပြီ၊ <br> <b>န ဥဘယမန္တရေန</b> - ဤလောက အခြားလောက ၂-ပါးလုံး၌လဲ မရှိတော့ပြီ၊ <br> <b>ဧသေဝ</b> - ဤလောက အခြားလောကတို့၌ သင်မရှိတော့ခြင်း ဟူသော ဤသဘောသည်ပင်လျှင်၊ <br> <b>ဒုက္ခဿ</b> - ကိလေသာ ဆင်းရဲ ဝဋ်ဆင်းရဲ၏၊ <br> <b>အန္တော</b> - အဆုံးအပိုင်းအခြား နိဗ္ဗာန် တရားပေတည်း-လို့ ဟောတော်မူပါတယ်။</p>
<p>ဒီအနက်အရ ဆိုလိုတာကတော့ မြင်မှုစသည်တို့၌ တဏှာမာန ဒိဋ္ဌိတို့ဖြင့် ငြိတွယ်ခြင်း မရှိရင် ကိလေသာငြိမ်းတာပဲ၊ ကိလေသာ ကင်းရင် ဤလောက အခြားလောကတို့၌ တည်ရှိနေသည် မမည်တော့ဘူး၊ အဲဒါက ပရိနိဗ္ဗာန်မစံမီ သဥပါဒိသေသ နိဗ္ဗာန်ပဲ၊ ကိလေသာ ကင်းခြင်းကြောင့် ကံကလဲ ဘဝသစ် အကျိုးမပေးနိုင်တော့ဘူး၊ ဒါကြောင့် ပရိနိဗ္ဗာန် စုတိမှ နောက်ကာလ၌ ဤလောကမှာလဲ မဖြစ်၊ အခြားလောကမှာလဲ မဖြစ်၊ ဒီလို လောကထဲ၌ မဖြစ်ခြင်း မရှိခြင်းဟာ အနုပါဒိသေသနိဗ္ဗာန်ခေါ် ဆင်းရဲ၏ အဆုံးပဲလို့ ဆိုလိုတယ်၊ နက်နဲစွ။</p>
<p>ဒီနေရာမှာ ဥဒါန်းအဋ္ဌကထာက ပြဆိုထားတဲ့ အညေဝါဒ အနက်က သိလွယ်တယ်၊ အဲဒီ အဖွင့်အရဆိုရင် “ဣဓ- ဤ၌”ဆိုတဲ့ စကားအရ မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဆိုတဲ့ အတွင်းအာယတန ၆-ပါးကို ယူရတယ်၊ “ဟုရံ-ဟို၌-အခြား၌” ဆိုတဲ့ စကားအရ အဆင်း အသံ အနံ့ အရသာ အတွေ့သဘော ဆိုတဲ့ အပြင် အာယတန ၆-ပါးကို ယူရတယ်၊ “န ဥဘယမန္တရေန- ထိုနှစ်ပါးကို ကြဉ်၍လဲမရှိ” ဆိုတဲ့ စကားဖြင့် ဝိညာဏ် ၆-ပါးနှင့်တကွ စေတသိက်များမှာလဲ မရှိလို့ ယူရတယ်၊ <br> အပေါင်းလိုက်အားဖြင့် ဆိုလိုတာကတော့ မြင်မှုစသည်၌ အစွဲအလမ်းကင်း၍ ဝိပဿနာဉာဏ် ရင့်တဲ့အခါ နိဗ္ဗာန်ကို မျက်မှောက်တွေ့မြင်ရတယ်၊ အဲဒီလို နိဗ္ဗာန်အငြိမ်းဓာတ်ကို တွေ့ရတဲ့အခါ မျက်စိအစရှိသော အတွင်းအာယတနများသို့ ရောက်နေသည်ကိုလဲ မတွေ့ရဘူး၊ (အဲဒါကို နေဝိဓ - ဤ၌လဲ သင်မရှိလို့ ဆိုတယ်) အဆင်းစသော အပြင် အာယတနများသို့ ရောက်နေသည်ကိုလဲ မတွေ့ရဘူး၊ (အဲဒါကို နဟုရံ-ဟို၌လဲ သင်မရှိလို့ ဆိုတယ်) မြင်သိမှုစသော ဝိညာဏ် ၆-ပါးသို့ ရောက်နေသည်ကိုလဲ မတွေ့ရဘူး၊ (အဲဒါကို န ဥဘယမန္တရေန - ထိုနှစ်ပါးလုံးကို ကြဉ်၍လဲ သင်မရှိလို့ ဆိုတယ်) အဲဒီလို ဒွါရ အာရုံ ဝိညာဏ်တို့၌ ရောက်နေတဲ့ သင်မရှိခြင်း (ဒွါရ အာရုံ ဝိညာဏ်တို့ မထင်ပေါ်ပဲ ကင်းဆိတ်ခြင်း) သဘောသည်ပင် အဆုံးအပိုင်းအခြား နိဗ္ဗာန်ပင် ဖြစ်တယ်လို့ ဆိုလိုပါတယ်။</p>
<p>အဲဒီအဆိုဟာ ယောဂီတို့၏ နိဗ္ဗာန်တွေ့ပုံနှင့် ကိုက်ညီပါပေတယ်၊ ဝိပဿနာ ရှုသူတွေဟာ ဝိပဿနာဉာဏ် မပြည့်စုံ သေးမီက မြင်မှုကြားမှု ထိမှုသိမှုစသော ဒွါရအာရုံ ဝိညာဏ်တွေကိုသာ ရှုနေရတယ်၊ ဖြစ်ပျက်တဲ့ သဘောတွေကိုသာ ရှုမြင်နေရတယ်၊ ဝိပဿနာဉာဏ် ရင့်သန်ပြည့်စုံတဲ့ အခါကျတော့ မြင်မှုကြားမှု ထိမှုသိမှုစသော ဖြစ်ပျက်တရားတွေ ချုပ်ငြိမ်းကင်းဆိတ်တဲ့ သဘော ထဲသို့ ရောက်သွားတယ်၊ အဲဒါဟာ နိဗ္ဗာန်ကို မျက်မှောက် တွေ့မြင်သွားတာပဲ၊ အဲဒီအခါ မြင်မှုကြားမှု ထိမှု သိမှုစသော ဒွါရအာရုံ ဝိဉာဏ်တွေ လုံးဝမထင်ဘဲ ရှိနေတယ်၊ ဒါကြောင့် အညေဝါဒအရ ဖွင့်ပြချက်ဟာ ယောဂီတွေ၏ တွေ့မြင်ပုံနှင့် ညီညွတ်ပြီး ထင်ရှား ပေါ်လွင်ပါပေတယ်၊ သိလွယ် ပါပေတယ်။</p>
<h3>အရှင်ဗာဟိယ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်စံသည်</h3>
<p>ဗာဟိယဟာ မြတ်စွာဘုရား ဟောတော်မူတဲ့ ဒီအကျဉ်းချုပ်တရားကို နာနေရင်း မြင်သည်၌ မြင်ရုံမျှ ကြားသည်၌ ကြားရုံမျှ ရောက်သည်၌ ရောက်ရုံမျှသိသည်၌ သိရုံမျှတည်အောင်ရှုပြီး ရဟန္တာအဖြစ်သို့ ရောက်တော်မူပါတယ်၊ အရှင်ဗာဟိယအား တရားဟောပြီးတော့ မြတ်စွာဘုရားဟာ ကြွမြဲပင် ကြွသွားတော်မူပါတယ်၊ အရှင်ဗာဟိယလဲ ရဟန်းပြုဖို့ ပံ့သကူသင်္ကန်း ရှာနေတုန်း သားငယ်ရှိတဲ့ နွားမက ဝှေ့လို့ ပရိနိဗ္ဗာန်စံတော်မူပါတယ်တဲ့၊ <br> ဒီနေရာမှာ ဥဒါန်းပါဠိတော်အဆိုကတော့ (ဂါဝီ တရုဏ ဝစ္ဆာ) သားငယ်ရှိတဲ့ နွားမက ဝှေ့သတ်တယ်လို့ ဆိုပါတယ်၊ အဲဒီပါဌ်၏အဖွင့် အဋ္ဌကထာမှာတော့ ရန်ငြိုးရှိတဲ့ ဘီလူးမက နွားမယောင်ဆောင်ပြီး ဝှေ့သတ်တယ်လို့ ဖွင့်ပြထားတယ်၊ စူးစမ်းဆင်ခြင်မှု များတဲ့ ယခုခေတ် လူအချို့ကတော့ ပါဠိတော်မှာ ရှိတဲ့အတိုင်းကို သာပြီး နှစ်သက်ကြဖွယ် ရှိပါတယ်။</p>
<p>မြတ်စွာဘုရား မြို့မှ အပြင်ထွက်လာတော်မူတဲ့အခါ အရှင်ဗာဟိယ၏ အလောင်းကို တွေ့မြင် တော်မူပါတယ်၊ အဲဒီ အလောင်းကို ညောင်စောင်းဖြင့် သယ်ဆောင်ပြီး မီးသင်္ဂြိုဟ်ရန်၊ အရိုးဓာတ် များကိုလဲ စေတီပုထိုးတည်ထားရန် ရဟန်းတော် များအား မိန့်တော်မူပါတယ်၊ သင်တို့၏ သီတင်း သုံးဖော် တစ်ဦးဖြစ်တယ်လို့လဲ မိန့်တော်မူပါတယ်၊ ရဟန်းတော်များက မြတ်စွာဘုရား၏ အမိန့်တော်အတိုင်း သင့်လျော်ရာသို့ သယ်ဆောင်ပြီး မီးသင်္ဂြိုဟ်ကြတယ်၊ ထူပခေါ်တဲ့ စေတီ ပုထိုးကိုလဲတည်ထားကြပါတယ်တဲ့၊</p>
<p>ထူပါရဟ - စေတီတည်ထိုက်တယ် ဆိုတာ ဗုဒ္ဓမြတ်စွာဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ စကြဝတေးမင်း- ဒီလေးဦးသာရှိကြောင်း မဟာပရိနိဗ္ဗာနသုတ်မှာ ဟောထားတယ်၊ <br> ဒါကြောင့် ရဟန်းတော်များက ဗာဟိယဟာ ဘယ်လိုဂတိသို့ ရောက်သွားပါသလဲလို့ မေးလျှောက်ကြတယ်၊ မြတ်စွာဘုရားက ဗာဟိယဟာ အရဟတ္တမဂ်ဖိုလ် တရားကိုရပြီး ပရိနိဗ္ဗာန်ပြုသွားကြောင်း မိန့်တော်မူပြီးတော့ အဲဒီ အရှင်ဗာဟိယ၏ အနုပါဒိသေသ နိဗ္ဗာန်ကို အကြောင်းပြုပြီး ဒီလိုဥဒါန်းကျူးတော်မူပါတယ်။</p>
<p><b>ယတ္ထ အာပေါ စ ပထဝီ</b> <br> <b>တေဇော ဝါယော န ဂါဓတိ။</b> <br> <b>န တတ္ထ သုက္ကာ ဇောတန္တိ၊</b> <br> <b>အာဒိစ္စော နပ္ပကာ သတိ။</b> <br> <b>န တတ္ထ စန္ဒိမာ ဘာတိ၊</b> <br> <b>တမော တတ္ထ န ဝိဇဗနတိ။</b> <br> <b>ယဒါ စ အတ္တနာ ဝေဒိ၊ မုနိ မောနေန ဗြဟ္မဏော။</b> <br> <b>အထ ရူပါ အရူပါ စ၊ သုခဒုက္ခာ ပမုစ္စတိ။</b></p>
<p><b>ယတ္ထ</b> - အကြင် နိဗ္ဗာန်အရပ်၌၊ <br> <b>အာပေါစ ပထဝီ</b> - ရေဓာတ်လည်း မတည်ရှိ၊ မြေဓာတ်လည်း မတည်ရှိ၊ <br> <b>တေဇောဝါယော န ဂါဓတိ</b> - မီးဓာတ် လေဓာတ်လည်း မတည်ရှိ၊ <br> <b>တတ္ထ</b> - ထိုနိဗ္ဗာန်အရပ်၌၊ <br> <b>သုက္ကာ</b> - ဂြိုဟ်နှင့် ကြယ်တာရာတို့သည်၊ <br> <b>န ဇောတန္တိ</b> - မထွန်းလင်း မတောက်ပကုန်၊ <br> <b>အာဒိစ္စော</b> - နေသည်၊ <br> <b>နပ္ပကာသတိ</b> - မထွန်းလင်းပေ၊ <br> <b>တတ္ထ</b> - ထိုနိဗ္ဗာန်အရပ်၌၊ <br> <b>စန္ဒိမာ</b> - လသည်၊ <br> <b>န ဘာတိ</b> - မထွန်းလင်းပေ၊ <br> <b>တတ္ထ</b> - ထိုနိဗ္ဗာန်အရပ်၌၊ <br> <b>တမော</b> - အမှောင်သည်၊ <br> <b>န ဝိဇဗနတိ</b> - မရှိပေ။ <br> <b>ယဒါ စ</b> - အကြင်အခါ၌မူ၊ <br> <b>မုနိ</b> - သိတတ်သော ပုဂ္ဂိုလ်သည်၊ <br> <b>မောနေန</b> - အရဟတ္တမဂ် အသိ ဉာဏ်ဖြင့်၊ <br> <b>တံ</b> - ရေဓာတ် မြေဓာတ် မရှိစသည်ဖြင့် ဆိုခဲ့သော ထိုနိဗ္ဗာန်ကို၊ <br> <b>အတ္တနာ အဝေဒိ</b> - ကိုယ်တိုင်သိလေ၏၊ <br> <b>ဗြာဟ္မဏော</b> - သိပြီး၍ မကောင်းမှုကို အပြုပပြီးသော ရဟန္တာဖြစ်လေ၏၊ <br> <b>အထ</b> - ထိုသို့ရဟန္တာဖြစ်ပြီးသောအခါ၌၊ <br> <b>ရူပါ</b> - ရုပ်ရှိသော ဘဝမှလည်းကောင်း၊ <br> <b>အရူပါစ</b> - နာမ်သာရှိသော ဘဝမှလည်းကောင်း၊ <br> <b>သုခဒုက္ခာ</b> - ခံစားတတ်သော ချမ်းသာဆင်းရဲမှလည်းကောင်း၊ <br> <b>ဝါ</b>- ချမ်းသာဆင်းရဲဟု ဆိုအပ်သော သင်္ခါရဒုက္ခ အပေါင်းမှ လည်းကောင်း၊ <br> <b>ပမုစ္စတိ</b> - လုံးဝ လွတ်မြောက် လေတော့သတည်း။</p>
<p>အဲဒါဟာ အရှင်ဗာဟိယ၏ အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် ဝင်စံခြင်းကို အကြောင်း ပြုပြီး မြတ်စွာဘုရားက ပီတိသောမနဿအစွမ်းဖြင့် ဥဒါန်းကျူးတော်မူပုံပါပဲ၊ နွားဝှေ့ခံရလို့ သေတယ် ဆိုတော့ သာမန်ပုဂ္ဂိုလ်များ အမြင်အားဖြင့် ယုတ်ညံ့သော သေခြင်းလို့ ထင်မြင်စရာပဲ၊ သို့သော်လဲ မြတ်စွာဘုရားရှင်၏ ဉာဏ်တော်အမြင်အားဖြင့် အလွန်မြင့်မြတ် ကောင်းမွန်သော သေခြင်း ဖြစ်ပါတယ်၊ အရှင်ဗာဟိယ၏ နောက်ဆုံးဘဝ တစ်ခုတွင် တွေ့ကြုံရသည့် ဆင်းရဲများနှင့် နှိုင်းစာ ကြည့်ရင်ပင် ဘဝသစ်ရုပ်နာမ် မပေါ်တော့ဘဲ ချုပ်ငြိမ်းခြင်းဟာ အလွန် ကောင်းမြတ်သော ချုပ်ငြိမ်းခြင်း ဖြစ်ကြောင်း ထင်ရှားပါတယ်၊</p>
<p>အရှင်ဗာဟိယဟာ အရွယ်ရောက်သည့် အချိန်မှစ၍ စား ဝတ် နေရေးအတွက် ပင်ပန်း ဆင်းရဲစွာ ရှာကြံနေခဲ့ရတယ်၊ အသက်ကိုစွန့်ပြီး ပင်လယ်ရပ်ခြား သွားရောက်ခဲ့ရတယ်၊ သင်္ဘောပျက်လို့ ပင်လယ်ထဲမှာမျောပြီး ဆင်းရဲခဲ့ရတယ်၊ အစာငတ် ရေငတ်ဘေးဒုက္ခနှင့် တွေ့ကြုံခံစားခဲ့ရတယ်၊ ရဟန္တာမဟုတ်မှန်း သိပါလျက်နဲ့ ရဟန္တာ ယောင်ဆောင်ပြီး မတရားသဖြင့် အသက်မွေးခဲ့ရတယ်၊ နောက်ကာလမှာ ရဟန္တာ မဟုတ်ပါဘဲ ရဟန္တာလို့ အထင်အယူမှားခဲ့တယ်၊ မိတ်ဆွေဗြဟ္မာက လာပြီး သြဝါဒမပေးရင် အဲဒီအယူမှား အကျင့်မှားတွေနဲ့ သေရမှာပဲ၊ အဲဒီလို သေသွားရင် အပါယ်ငရဲ ကျရောက်ပြီး အကြီးအကျယ် ဒုက္ခရောက်သွားတော့မှာပဲ၊ <br> တစ်ခုသော ဘဝတုန်းက မိန်းမ တစ်ယောက် ခေါ်ယူကာ ပျော်ပါးပြီးတော့ သူ့အဖော်များနှင့်အတူ အဲဒီမိန်းမကို သတ်ပြီး လက်ဝတ် လက်စားတွေကို ယူကြတယ်၊ အဲဒီမိန်းမက သူတို့ကို သတ်ပြီး လက်စားချေနိုင်ဖို့ ရန်ငြိုးဖွဲ့ပြီး သေသွားတယ်၊ ဘီလူးမဖြစ်ပြီး သူတို့ကို ဘဝပေါင်းများစွာမှာ လိုက်ပြီး သတ်သတဲ့၊ ယခုနောက်ဆုံး ဘဝမှာလဲ အဲဒီ ဘီလူးမက နွားမ ယောင်ဆောင်ပြီး ဝှေ့သတ်တဲ့ အကြောင်း အဋ္ဌကထာများမှာ ပြဆို ထားပါတယ်။</p>
<p>အဲဒီတော့ ဗာဟိယဟာ အဲဒီဘီလူးမက သတ်လို့ သေခဲ့ရတာတွေလဲ များလှပြီ- သူပြုထားတဲ့ မကောင်းမှုကြောင့် အပါယ်လေးပါးကျရောက်ပြီး ဆင်းရဲဒုက္ခ ခံစားရတာတွေလဲ များလှပြီ၊ အကယ်၍ ရဟန္တာ မဖြစ်သေးရင် အဲဒီလို ဆင်းရဲတွေကို မရေမတွက်နိုင်အောင် တွေ့ကြုံခံစား သွားရဦးမယ်၊ ယခုတော့ မြတ်စွာဘုရားဟောတဲ့ အကျဉ်းချုပ်တရားကိုနာရင်း ရဟန္တာ ဖြစ်သွားတဲ့ အတွက် နွားဝှေ့လို့ သေရပေမယ့် ဘဝသစ် ရုပ်နာမ်ခန္ဓာတွေ မဖြစ်ပေါ်လာဘဲ အပြီးတိုင် ဆင်းရဲငြိမ်းသွားတယ်၊ <br> ဒါကြောင့် မြတ်စွာဘုရားက သူ့အတွက် ဆင်ခြင်တော်မူတဲ့အခါ ဝမ်းမြောက် ဖွယ်တွေကို မြင်တော်မူသောကြောင့် ပီတိ သောမနဿတွေဖြစ်ပြီး ဥဒါန်းကျူးတော်မူတာပါပဲ၊ နောက်တစ်ချိန်ကျတော့ မြတ်စွာဘုရားက အရှင်ဗာဟိယကို <b>ခိပ္ပာဘိည</b> (လျင်မြန်စွာ မဂ်ဖိုလ်ကို မျက်မှောက်ပြုခြင်း) အရာမှာ ဧတဒဂ်ဂုဏ်ထူးဖြင့်လဲ ချီးကျူးတော်မူပါတယ်။</p>
<p>ဥဒါန်းဂါထာနဲ့စပ်ပြီး ပြောစရာကတော့ ပြည့်စုံလောက်ပါပြီ၊ ယခု မြင်မှုစသည်နှင့်စပ်ပြီး ဝိပဿနာ ရှုရင်း အငြိမ်းဓာတ်နိဗ္ဗာန် ရောက်ပုံကို ဟောရဦးမယ်၊ အာယတန ၂-ပါး၊ ၂-ပါးချုပ်ငြိမ်းတဲ့ နိဗ္ဗာန် တွေ့မြင်ပုံကို သဠာယတနသံယုတ် ပါဠိတော် (နှာ-၃၁၇)မှာ ဒီလို ဟောထားပါတယ်။</p>

မျက်စိနှင့် ရူပသညာ ချုပ်လျှင် နိဗ္ဗာန်

▬▬▬▬▬▬

တသ္မာ တိဟ ဘိက္ခဝေ သေ အာယတနေ ဝေဒိတဗ္ဗေ။ ယတ္ထစက္ခု စ နိရုဇ္ဈတိ၊ ရူပသညာ စ နိရုဇ္ဈတိ၊ သေ အာယတနေ ဝေဒိတဗ္ဗေ။

ဘိက္ခဝေ - ရဟန်းတို့၊
တသ္မာ - (နိဗ္ဗာန်ကိုမသိသေးလျှင် စိတ်ကို သတိဖြင့် စောင့်ရှောက်ရခြင်း သိပြီးလျှင်မူကား စောင့်ရှောက်ရန် မလိုတော့ခြင်း ဟူသော) ထိုအကြောင်းကြောင့်၊
သေ အာယတနေ - နိဗ္ဗာန်ဟူသော ထိုအာရုံ အကြောင်းကို၊
ဝေဒိတဗ္ဗေ - သိအပ်၏၊
ဝါ- သိအောင် အားထုတ်အပ်၏၊
ယတ္ထ - အကြင်နိဗ္ဗာန်၌၊
စက္ခု စ နိရုဇ္ဈတိ - မျက်စိအကြည်ရုပ် သည်လည်းချုပ်၏။
ရူပသညာ စ နိရုဇ္ဈတိ - အဆင်းကို မှတ်သားမှုသည်လည်း ချုပ်၏၊
သေ အာယတနေ - စက္ခုနှင့် ရူပသညာတို့၏ ချုပ်ရာနိဗ္ဗာန် ဟူသော ထိုအာရုံအကြောင်းကို၊
ဝေဒိတဗ္ဗေ - သိအပ်၏၊
ဝါ- သိအောင် အားထုတ်အပ်၏-တဲ့။

ဒါက မြင်တာကို ရှုသိပြီး နိဗ္ဗာန်တွေ့မြင်ပုံပဲ၊ ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထိတယ် မြင်တယ် ကြားတယ် စသည်ဖြင့် ထင်ရှားပေါ်ရာ ပေါ်ရာကို မပြတ်ရှုမှတ်နေသော ယောဂီမှာ ဘင်္ဂဉာဏ် စသည်ရောက်နေတဲ့အခါ မြင်တာကို ရှုမှတ်မိရင် မြင်တာရော မြင်ရတာရော မှတ်သိတာရော ချက်ချင်းပင် ပျောက်ပျောက် သွားတာကိုသာ တွေ့နေရတယ်၊ ဒါကြောင့် မျက်စိနှင့်တကွ တကိုယ်လုံးဘက်ကနေ ကြည့်ရင်လဲ မြဲတဲ့အနေ ငါကောင်အနေနဲ့ စွဲလမ်းစရာမရှိဘူး၊ မြင်ရတဲ့ အဆင်းဘက်ကနေ ကြည့်ရင်လဲ မြဲတဲ့အနေ ပုဂ္ဂိုလ်သတ္တဝါအနေနဲ့ စွဲလမ်းစရာမရှိဘူး၊ မြင်သိတဲ့ဘက် မှတ်သိတဲ့ဘက်ကနေ ကြည့်ရင်လဲ မြဲတဲ့အနေ ငါကောင်အနေနဲ့ စွဲလမ်းစရာမရှိဘူး၊ အဲဒီလိုရှုသိနေရင်းထဲက သင်္ခါရရုပေက္ခာဉာဏ် ကောင်းကောင်း ရင့်သန်ပြည့်စုံတဲ့အခါ မြင်တာကို ရှုသိရင်းပင် ရုပ်နာမ်သင်္ခါရ လုံးဝချုပ်ငြိမ်းတဲ့သဘောထဲ ရောက်သွားတယ်၊ အဲဒီလို ရောက်သွားတဲ့ အခါမှာ မျက်စိနှင့်တကွ တကိုယ်လုံးရုပ်တွေလဲ မရှိတော့သလိုပင် ထင်ရတယ်၊

အဲဒီလို ထင်ရပုံကို “စက္ခု စ နိရုဇ္ဈတိ - မျက်စိလဲ ချုပ်တယ်လို့” ဆိုတယ်၊ နောက်ပြီးတော့ အဲဒီအခါမှာ မြင်ရတဲ့အဆင်းရော မြင်သိစိတ်နဲ့ အမှတ်သညာရော ရှုသိတာရော ကင်းပြတ်သွားတဲ့ အနေနဲ့ ထင်တယ်၊ အဲဒီလို ထင်တာကို “ရူပသညာ စ နိရုဇ္ဈတိ - အဆင်း မှတ်သားတဲ့ ရူပသညာလဲ ချုပ်တယ်”လို့ ဆိုတယ်၊ အဲဒါဟာ သညာကို ခေါင်းတပ်ပြီး ဆိုတဲ့ စကားပဲ။ ဒါကြောင့် အဆင်း ရူပါယတန ချုပ်တာကိုလဲ ယူရတယ်၊ သညာနှင့်ယှဉ်ဘက် မြင်သိစိတ်ကိုလဲ ယူရတယ်၊ အဲဒီအဆင်း, သညာ, မြင်သိစိတ်တို့ကိုရှုတဲ့ သိမှုကိုလဲ ယူရတယ်၊ လိုရင်းကတော့ မျက်စိဆိုတဲ့ စက္ခာယတနနှင့် အဆင်းဆိုတဲ့ ရူပါယတန-ဒီ အာယတန ၂-ပါး ချုပ်တာကို ဆိုလိုရင်းပါပဲ၊

ဒါကြောင့် ဥပရိပဏ္ဏာသ ပဉ္စတ္တယသုတ်အဖွင့် အဋ္ဌကထာမှာ “ဧတ္ထ - (ယတ္ထ စက္ခု စ နိရုဇ္ဈတိ၊ ရူပသညာ စ နိရုဇ္ဈတိ၊ သေ အာယတနေ ဝေဒိတဗ္ဗေ-ဟူသော) ဤစကားရပ်၌ ဒွိန္နံအာယတနာနံ - ၂ ပါးသော အာယတနတို့ကို၊ ပဋိက္ခေပေန - ပယ်ခြင်းဖြင့်၊ ဝါ-ချုပ်သည် ကင်းသည်ဟု ဆိုခြင်းဖြင့်၊ နိဗ္ဗာနံ ဒဿိတံ - နိဗ္ဗာန်ကို ပြတော်မူအပ်ပေသည်” လို့ ဖွင့်ပြထားပါတယ်၊ အဲဒါကို ဋီကာမှာ ပုဂ္ဂလဇ္ဈာသယအားဖြင့် ဟောတယ်လို့လဲ ဆိုပါတယ်၊ ချုပ်ခြင်း၏အကြောင်းကို နိဗ္ဗာန်လို့လဲ ဆိုပါတယ်၊ သာမန် အငြိမ်းဓာတ်ကိုပင် အကြောင်းအဖြစ်ဖြင့် ဆိုတယ်လို့ ယူရမှာပဲ၊ အမှန်စင်စစ် အားဖြင့်တော့ အဲဒီလို ချုပ်ရာရောက်နေတဲ့အချိန်မှာ နားရုပ် အသံရုပ် ကြားသိမှုစသော အခြား ရုပ်နာမ်တွေလဲ အားလုံးပင် ချုပ်ငြိမ်း ကင်းဆိတ်တဲ့ အနေအားဖြင့် ထင်ပါတယ်၊ ဒါပေမယ့် မြင်သိတာကို ရှုရင်း ချုပ်ငြိမ်းရာရောက်သွားခြင်း ဖြစ်တဲ့အတွက် အဲဒီလို ရောက်ပုံကို သိရတဲ့ ပုဂ္ဂိုလ်၏အလိုအားဖြင့် မျက်စိနဲ့ ရူပသညာ ချုပ်ပုံကိုသာ ဖော်ပြထားတယ်လို့ မှတ်ယူရပါတယ်၊ နားနှင့် သဒ္ဒသညာ ချုပ်ပုံစသည်ကို ပြရာမှာလဲ နည်းတူပါပဲ။

ကြားသိရှုပြီး အငြိမ်းဓာတ် တွေ့ပုံ

▬▬▬▬▬▬▬

ယတ္ထ သောတဉ္စ နိရုဇ္ဈတိ၊ သဒ္ဒသညာ စ နိရုဇ္ဈတိ၊ သေ အာယတနေ ဝေဒိတဗ္ဗေ။

ယတ္ထ - အကြင်နိဗ္ဗာန်၌၊
သောတဉ္စ နိရုဇ္ဈတိ - နားအကြည်ရုပ်သည်လည်း ချုပ်၏၊
သဒ္ဒသညာ စ နိရုဇ္ဈတိ - အသံမှတ်သားမှုသည်လည်း ချုပ်၏၊
သေ အာယတနေ - နားနှင့်အသံ မှတ်သားမှုတို့၏ ချုပ်ရာ နိဗ္ဗာန်ဟူသော ထိုအာရုံအကြောင်းကို၊
ဝေဒိတဗ္ဗေ - သိအောင်အားထုတ်အပ်၏-တဲ့။

ဒါက ကြားတာကို ရှုသိပြီး နိဗ္ဗာန်တွေ့မြင်ပုံပဲ၊ သင်္ခါရုပေက္ခာဉာဏ် ရင့်သန်ပြည့်စုံတဲ့အခါ အသံတစ်ခုခုကို ကြားရရင် အဲဒီကြားတာကို မှတ်သိပြီးလျှင်ပြီးချင်း ရုပ်နာမ်သင်္ခါရ လုံးဝချုပ်ငြိမ်းတဲ့ သဘောလဲ ရောက်သွားတတ်တယ်၊ အဲဒီလိုရောက်သွားတဲ့အခါမှာ နားနှင့်တကွ တစ်ကိုယ်လုံး ရုပ်တွေ မရှိတော့သလိုလဲ ထင်ရတယ်၊ ကြားသိတာ မှတ်သိတာတွေလဲ မရှိတဲ့အနေနဲ့ ထင်ရှားတယ်၊ အဲဒါကို “နားနှင့် အသံမှတ်သားမှု ချုပ်ရာ နိဗ္ဗာန်”လို့ ဒီအပိုဒ်က ပြတယ်။

နံသိရှုပြီး အငြိမ်းဓာတ်တွေ့ပုံ

▬▬▬▬▬▬▬

ယတ္ထ ဃာနဉ္စ နိရုဇ္ဈတိ၊ ဂန္ဓသညာ စ နိရုဇ္ဈတိ၊ သေ အာယတနေ ဝေဒိတဗ္ဗေ။

ယတ္ထ - အကြင်နိဗ္ဗာန်၌၊
ဃာနဉ္စ နိရုဇ္ဈတိ - နှာအကြည်ရုပ်သည်လည်း ချုပ်၏၊
ဂန္ဓသညာ စ နိရုဇ္ဈတိ - အနံ့မှတ်သားမှု သည်လည်းချုပ်၏၊
သေ အာယတနေ - နှာနှင့် အနံ့မှတ်သားမှုတို့၏ ချုပ်ရာ နိဗ္ဗာန်ဟူသော ထိုအာရုံအကြောင်းကို၊
ဝေဒိတဗ္ဗေ - သိအောင် အားထုတ်အပ်၏-တဲ့။

ဒါက နံသိတာ ရှုသိပြီး နိဗ္ဗာန် တွေ့မြင်ပုံပဲ၊ သင်္ခါရုပေက္ခာဉာဏ် ရင့်သန်ပြည့်စုံနေတဲ့အခါ အနံ့ တစ်ခုခုကို နံသိပြီး, အဲဒါကို ရှုသိပြီးတဲ့အခါ ရုပ်နာမ်သင်္ခါရ လုံးဝချုပ်ငြိမ်းတဲ့ သဘောထဲ ရောက်သွားတာလဲ ရှိနိုင်တယ် အဲဒီလို ရောက်သွားရင် နှာခေါင်းနှင့်တကွ တစ်ကိုယ်လုံး ရုပ်တွေရော နံသိရတဲ့ အနံ့ရော နံသိတာ မှတ်သိတာရော အကုန်လုံး ချုပ်ငြိမ်း ကင်းဆိတ် သွားသည့် အနေဖြင့် သိရလိမ့်မယ်၊ အဲဒီလို သိရတာကို “နှာခေါင်းနှင့် အနံ့ မှတ်သားမှု ချုပ်ရာနိဗ္ဗာန်”လို့ ဒီအပိုဒ်က ပြတယ်။

စားသိရှုပြီး အငြိမ်းဓာတ် တွေ့ပုံ

▬▬▬▬▬▬▬

ယတ္ထ ဇိဝှာ စ နိရုဇ္ဈတိ၊ ရသ သညာ စ နိရုဇ္ဈတိ။ သေ အာယတနေ ဝေဒိတဗ္ဗေ။

ယတ္ထ - အကြင် နိဗ္ဗာန်၌၊
ဇိဝှာ စ နိရုဇ္ဈတိ - လျှာအကြည်ရုပ်သည်လည်း ချုပ်၏၊
ရသ သညာ စ နိရုဇ္ဈတိ - အရသာ မှတ်သားမှုသည်လည်း ချုပ်၏၊
သေ အာယတနေ - လျှာနှင့် အရသာ မှတ်သားမှုတို့၏ ချုပ်ရာ နိဗ္ဗာန်ဟူသော ထိုအာရုံ အကြောင်းကို၊
ဝေဒိတဗ္ဗေ - သိအောင် အားထုတ်အပ်၏-တဲ့။

ဒါက စားနေစဉ် အရသာ သိတာကို ရှုသိပြီး နိဗ္ဗာန်တွေ့မြင်ပုံပဲ၊ သင်္ခါရုပေက္ခာဉာဏ် ရင့်သန် ပြည့်စုံနေတဲ့အခါ စားသောက်နေရင်း ရိုရိုသေသေ ရှုမှတ်နေတဲ့ ယောဂီမှာ အရသာပေါ်တာ, သိတာကို ရှုမှတ်ပြီး ရုပ်နာမ်သင်္ခါရ လုံးဝချုပ်ငြိမ်းတဲ့ သဘောထဲ ရောက်သွားနိုင်တယ်၊ အဲဒီလို ရောက်နိုင်ပုံကို သမ္ပဇညပိုင်း အဖွင့် သီလက္ခန် အဋ္ဌကထာ, သတိပဋ္ဌာနသုတ် အဋ္ဌကထာများမှာ ဒီလို ပြထားတယ်။

ဧဒိသာ ဘိက္ခူ- (ဝမ်းပူလောင်၍ ဆွမ်း ခံသွားစဉ်က မရှုနိုင်, ယာဂု အနည်းငယ် သောက်ရသည်မှစ၍ ရှုနိုင်သော) ဤသို့သောရဟန်းတို့သည်၊
ယာဂုံ ပိဝိတွာ - ယာဂု ဆန်ပြုတ်ကိုသောက်လျက်၊
ဝိပဿနံ အာရဘိတွာ - ဝိပဿနာကို အားထုတ်ကုန်၍၊
ဗုဒ္ဓသာသနေ - ဘုရား သာသနာတော်၌၊
အရဟတ္တံ ပတ္တာ နာမ - ရဟန္တာအဖြစ်သို့ ရောက်သောပုဂ္ဂိုလ်တို့မည်သည်၊
ဂဏနပထံဝီတိဝတ္တာ - ရေတွက်နိုင်သည့် နယ်ပယ်ကို ကျော်လွန်ကြလေပြီ၊
ဝါ- မရေတွက်နိုင်အောင် များပြားကြလေပြီ-တဲ့၊

နောက်ပြီးတော့ သီဟိုဠ်မှာ ထိုထိုရွာများက ဆွမ်းစားဇရပ်တို့၌ ယာဂု သောက်ရင်း ရဟန္တာ မဖြစ်ဖူးတဲ့ နေရာရယ်လို့တောင် မရှိဘူးတဲ့၊ ဒီလိုလဲ-အဋ္ဌကထာများမှာ ပြဆိုထားပါတယ်။ အဲဒီလို စားသောက်နေရင်း အငြိမ်းဓာတ်သို့ ရောက်တဲ့ ပုဂ္ဂိုလ်များမှာ လျှာနှင့်တကွ တစ်ကိုယ်လုံးရော အရသာရော အရသာ သိတာရော ရှုမှတ်သိတာရော အကုန်လုံး ချုပ်ငြိမ်း ကင်းဆိတ်သွားသည့် အနေဖြင့်ထင်ရတယ်၊ အဲဒီလို ထင်ရ သိရတာကို “လျှာနဲ့ အရသာ မှတ်သားမှု ချုပ်ငြိမ်းရာ နိဗ္ဗာန်”လို့ ဒီအပိုဒ်က ပြတယ်။

ထိသိရှုပြီး အငြိမ်းဓာတ်တွေ့ပုံ

▬▬▬▬▬▬▬

ယတ္ထ ကာယော စ နိရုဇ္ဈတိ၊ ဖောဋ္ဌဗ္ဗသညာ စ နိရုဇ္ဈတိ၊ သေ အာယတနေ ဝေဒိတဗ္ဗေ။

ယတ္ထ - အကြင် နိဗ္ဗာန်၌၊
ကာယော စ နိရုဇ္ဈတိ - ကိုယ်အကြည်ရုပ် သည်လည်း ချုပ်၏၊
ဖောဋ္ဌဗ္ဗသညာ စ နိရုဇ္ဈတိ - အတွေ့အထိ မှတ်သားမှုသည်လည်း ချုပ်၏၊
သေ အာယတနေ - ကိုယ်အကြည်နှင့် အတွေ့အထိ မှတ်သားမှုတို့၏ ချုပ်ရာ နိဗ္ဗာန်ဟူသော ထိုအာရုံအကြောင်းကို၊
ဝေဒိတဗ္ဗေ - သိအောင် အားထုတ်အပ်၏-တဲ့။

ဝိပဿနာရှုသူမှာ ထိသိမှုကတော့ အများဆုံး ရှုမှတ်ရတဲ့ အာရုံပဲ၊ ဒါကြောင့် သင်္ခါရုပေက္ခာဉာဏ် ရင့်သန်ပြည့်စုံနေတဲ့အခါ ကိုယ်ထဲက ထိသိမှု တစ်ခုခုကို ရှုနေရင်း ရုပ်နာမ်သင်္ခါရ လုံးဝ ချုပ်ငြိမ်းတဲ့ သဘောထဲ ရောက်သွားတတ်တယ်၊ အဲဒီလို ရောက်သွားတဲ့အခါ ထိရာဌာနက ကိုယ်အကြည်ရုပ် နှင့်တကွ တစ်ကိုယ်လုံး ရုပ်တွေကရော ထိသိရတဲ့ အတွေ့ရုပ်ရော ထိသိတာ မှတ်သိတာရော အကုန်လုံး ချုပ်ငြိမ်း ကင်းဆိတ်သွားသည့် အနေဖြင့် သိရတယ်၊ အဲဒီလို သိရတဲ့ ချုပ်ငြိမ်းမှုသဘော ကို “ကိုယ်အကြည်နှင့် အတွေ့အထိမှတ်သားမှုချုပ်ရာ နိဗ္ဗာန်”လို့ ဒီအပိုဒ်က ပြတယ်။

အသိစိတ်ရှုပြီး အငြိမ်းဓာတ် တွေ့ပုံ

▬▬▬▬▬▬▬

ယတ္ထ မနောစ နိရုဇ္ဈတိ၊ ဓမ္မသညာစ နိရုဇ္ဈတိ၊ သေ အာယတနေ ဝေဒိတဗ္ဗေ၊

ယတ္ထ - အကြင်နိဗ္ဗာန်၌၊
မနောစ နိရုဇ္ဈတိ - မနခေါ် စိတ်နှလုံးသည်လည်း ချုပ်၏၊
ဓမ္မသညာ စ နိရုဇ္ဈတိ - သဘော အာရုံမှတ်သားမှုသည်လည်း ချုပ်၏၊
သေ အာယတနေ - မနနှင့်ဓမ္မသညာတို့၏ ချုပ်ရာနိဗ္ဗာန်ဟူသော ထိုအာရုံအကြောင်းကို
ဝေဒိတဗ္ဗေ - သိအောင် အားထုတ်အပ်၏-တဲ့။

ဒါကစိတ်အသိကို ရှုပြီး နိဗ္ဗာန်တွေ့မြင်ပုံပဲ၊ ဒီလို တွေ့မြင်တာကတော့ အများဆုံး ဖြစ်ဖွယ် ရှိပါတယ်၊ ယောဂီမှာ သင်္ခါရုပေက္ခာဉာဏ် ရင့်သန်တဲ့အခါ ပေါ်ရာ ပေါ်ရာ ရှုနေရင်းထဲက အာရုံကြမ်း တွေပျောက်ပြီး သိမ်မွေ့တဲ့ အာရုံများသာ ပေါ်နေတတ်တယ် ကိုယ်ကြီးတစ်ခုလုံး ပျောက်ပြီး ထိသိတာကလေးများသာ ထင်ပေါ်နေတတ်တယ်၊ ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထိတယ် စသည်ဖြင့် ရှုမှတ်နေယင်း ဖောင်းတာ ပိန်တာ ပျောက်ပြီး ထိတာ သိတာကိုသာ ရှုနေရတတ်တယ်၊ ထိတာလဲ ပျောက်ပြီး အသိကလေးကိုသာ “သိတယ် သိတယ်”လို့ ရှုနေရတတ်တယ် အဲဒီ အသိကလေးကို ရှုသိနေရင်း ရုပ်နာမ် သင်္ခါရ လုံးဝချုပ်ငြိမ်းရာ ရောက်သွားတတ်တယ်၊ အဲဒီလို ရောက်သွားတဲ့အခါ အသိစိတ်ရော သိစရာအာရုံရော မှတ်သိတာရော အကုန်လုံး ချုပ်ငြိမ်း ကင်းဆိတ်သွားသည့် အနေဖြင့် သိရတယ်၊ အဲဒီလို သိရတဲ့ ချုပ်ငြိမ်းမှုသဘောကို “စိတ်နှလုံးနှင့် သဘော အာရုံမှတ်သားမှု ချုပ်ရာ နိဗ္ဗာန်”လို့ ဒီအပိုဒ်က ပြတယ်။

အာယတန ၆-ပါး ချုပ်တာ နိဗ္ဗာန်ပဲ

▬▬▬▬▬▬

ယခုထုတ်ပြတဲ့ သံယုတ်ပါဠိ တစ်ပိုဒ် တစ်ပိုဒ်ဖြင့် အာယတန ၂-ပါး, ၂-ပါးချုပ်ခြင်း သဘောကိုပင် နိဗ္ဗာန်လို့ပြတယ် ဒါကြောင့် ပဉ္စတယသုတ် အဖွင့်အဋ္ဌကထာမှာ “ဒိန္နံ အာယတနာနံ ပဋိက္ခေပေန - အာယတန ၂-ပါးတို့ကို ပယ်သော အားဖြင့်၊ နိဗ္ဗာနံ - နိဗ္ဗာန်ကို၊ ဒဿိတံ - ပြတော်မူအပ်သည်”လို့ ဖွင့်ပြထားတာပဲ၊ အဲဒီ အဖွင့်နှင့်အညီ စာပိုဒ် အသီးအသီးမှာ ဖော်ပြခဲ့ပြီ၊ အဲဒီ စာ ၆-ပိုဒ် တစ်သုတ်လုံးဖြင့် ဆိုရင်တော့ အာယတန အားလုံး ချုပ်ငြိမ်းရာ ချုပ်ငြိမ်းခြင်း သဘောကို နိဗ္ဗာန်လို့ ဖော်ပြပါတယ်၊ ဒါကြောင့် ဒီသုတ်ကို ဝေဖန်တော်မူတဲ့ အရှင် အာနန္ဒာ မထေရ်မြတ်က -

သဠာယတန နိရောဓံ နော ဧတံ အာဝုသော ဘဂဝတာ သန္ဓာယ ဘာသိတံ-လို့ ဝေဖန် ဖွင့်ပြတော်မူပါတယ်။

အာဝုသော - ငါ့အရှင်တို့၊
သဠာယတန နိရောဓံ - ၆ ပါးသော အတွင်း အာယတန (၆-ပါးသော အာယတန) တို့၏ ချုပ်ရာ ချုပ်ခြင်းသဘော နိဗ္ဗာန်ကို၊
သန္ဓာယ - ရည်တော်မူ၍၊
ဘဂဝတာ - မြတ်စွာဘုရားသည်၊
ဧတံ - (တသ္မာတိဟ ဘိက္ခဝေ သေ အာယတနေ ဝေဒိတဗ္ဗေ အစရှိသော)ဤသုတ်ကို၊
နော-ငါတို့အား၊
ဘာသိတံ - ဟောကြားတော်မူအပ်ပေသည်-
လို့ အရှင်အာနန္ဒာမထေရ်မြတ်က ဖွင့်ပြတော်မူပါတယ်။

အဲဒီမှာ အတွင်း အာယတန ၆-ပါးဆိုတာ မျက်စိ နား နှာ လျှာ ကိုယ် စိတ်ဆိုတဲ့ ဒီ ၆-ပါးပါပဲ၊ ဒီ ၆-ပါးကိုပဲ အစွဲပြုပြီး ပုဂ္ဂိုလ်သတ္တဝါ မိန်းမယောက်ျား စသည်ဖြင့် သက်ရှိဝေါဟာရ ဖြစ်နေတယ်၊ ဒီ ၆-ပါး ချုပ်သွားရင်မဖြစ်ပေါ်လာပဲ ကင်းပြတ်သွားရင် အိုခြင်း သေခြင်း စသော ဆင်းရဲတွေ အကုန် ငြိမ်းတော့တာပဲ၊ ဒါကြောင့် ဒီအတွင်း အာယတန ၆-ပါး ချုပ်ငြိမ်းခြင်းဟာ နိဗ္ဗာန်ပါပဲ၊

အပြင် အာယတန ၆-ပါးဆိုတာကတော့ အဆင်း အသံ အနံ့ အရသာ အတွေ့ သဘောဆိုတဲ့- အာရုံ ၆-ပါးပါပဲ၊ အဲဒီအပြင်အာယတန ၆-ပါးသက်သက်နဲ့တော့ ပုဂ္ဂိုလ်သတ္တဝါ အနေဖြင့် မခေါ်ဆိုနိုင်ဘူး၊ ဒါကြောင့် အဲဒီအပြင်အာယတန ၆-ပါးချုပ်တာကတော့ ဆင်းရဲငြိမ်းရာမှာ လိုရင်းပဓာနမဟုတ်ဘူး၊ ဒါပေမယ့် အတွင်းအာယတနတွေ ရှိနေရင် အပြင်အာယတနတွေကို အာရုံပြုပြီး ဝိညာဏ် ဖဿ ဝေဒနာဆိုတဲ့ဒုက္ခတွေ ဖြစ်ပွားနေတယ်၊ နောက်ပြီးတော့ အတွင်းအာယတနတွေ ချုပ်ရင် အပြင်အာယတနတွေလဲ ချုပ်တော့တာပါပဲ၊ ဒါကြောင့် အတွင်းအာယတန ချုပ်ရာမှာ အပြင် အာယတန ၆-ပါးချုပ်ခြင်းကိုလဲ ထည့်သွင်းပြီး ယူနိုင်ပါတယ်၊ အဲဒီ အတွင်းအပြင် အာယတနတွေ မဖြစ်ပေါ်လာပဲ ချုပ်ခြင်းဟာ နိဗ္ဗာန်ပါပဲ။

ဗာဟိယသုတ်မှာရှုရမည့် တရားကို ဒိဋ္ဌ သုတ မုတ ဝိညာထ ဆိုတဲ့အမည် ၄-ပါးဖြင့် ခွဲပြတော်မူတယ်၊ ဒီသံယုတ် ပါဠိမှာတော့ အာယတန ၆-ပါးဖြင့် ၆-မျိုးခွဲ ပြတော်မူတယ်၊ အဲဒီရှုရမည့် တရားတွေကို ရှုနေရင်း အငြိမ်းဓာတ်သို့ ရောက်သွားပုံများကို ရှင်းပြပြီးပါပြီ၊ ဒါပေမယ့် သာပြီး ရှင်းရှင်းလင်းလင်း သိရအောင် မိလိန္ဒပဉှာ ပါဠိတော်မှ နိဗ္ဗာန် မျက်မှောက်ပြုပုံ ပြထားတဲ့ အဆိုကို ထုတ်ဆောင်ပြီး ဟောရဦးမယ်။

နိဗ္ဗာန် မျက်မှောက်ပြုပုံ

▬▬▬▬▬▬▬▬

တဿ တံ စိတ္တံ အပရာပရံ မနသိကရောတော ပဝတ္တံ သမတိက္ကမိတွာ အပ္ပဝတ္တံ သြက္ကမတိ၊ အပ္ပဝတ္တမနုပ္ပတ္တော မဟာရာဇ သမ္မာပဋိပန္နော နိဗ္ဗာနံ သစ္ဆိ ကရောတီတိ ဝုစ္စတိ။ (မိလိန္ဒ-၃၁၁)

အပရာပရံ မနသိကရောတော - အဆင့်ဆင့် နှလုံးသွင်း ရှုမှတ်နေသော၊
တဿ - ထိုယောဂီပုဂ္ဂိုလ်၏၊
တံ စိတ္တံ - အဆင့်ဆင့် နှလုံးသွင်း ရှုမှတ်နေသော ထိုစိတ်သည်၊
အပရာပရံ မနသိ ကရောတော - အဆင့်ဆင့် နှလုံးသွင်း ရှုမှတ်နေစဉ်၊
ပဝတ္တံ သမတိက္ကမိတွာ - မပြတ်ဖြစ်နေသော ရုပ်နာမ်အယဉ်ကို ကျော်လွန်၍၊
အပ္ပဝတ္တံ သြက္ကမတိ - မပြတ်ဖြစ်နေသော ရုပ်နာမ်အယဉ်၏ ပြောင်းပြန် ဆန့်ကျင်ဘက် သဘောထဲသို့ သက်ရောက်သွားလေတော့သည်-တဲ့။

ဝိပဿနာရှုနေတဲ့ ယောဂီပုဂ္ဂိုလ်ဟာ ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထိတယ် သိတယ် မြင်တယ် ကြားတယ် စသည်ဖြင့် ထင်ရှားပေါ်ရာ ပေါ်ရာလိုက်ပြီး ရှုမှတ်နေရတယ်၊ ရှုမှတ်နေရင်း လျင်မြန်စွာ ပျောက်ပျောက် သွားတာကိုချည်း တွေ့နေရတော့ အလွန်ပျက်လွယ်တဲ့ သဘောတရားတွေ ပါကလားလို့ အပြစ်မြင်လာတယ်၊ ငြီးငွေ့လာတယ်၊ သိမ်းပိုက်မထား လိုတော့ဘူး စွန့်လွှတ် ချင်လာတယ်၊ ပေါ်ပြီး ပျောက်သွား ပေါ်ပြီး ပျောက်သွားနဲ့ မကုန်မဆုံးနိုင်တဲ့ ရုပ်နာမ်အယဉ်ကိုချည်း တွေ့နေရတယ်၊ စွန့်လွှတ်နိုင်အောင် မဆုတ်မနစ် မပြတ်ရှုမှတ်နေတော့ အထူးကြောင့်ကြမစိုက်ရဘဲ သိရုံမျှသိရုံမှ လျစ်လျူရှုနိုင်တဲ့ သင်္ခါရုပေက္ခာဉာဏ် ရောက်လာတယ်၊

အဲဒီဉာဏ်ရောက်တော့ သိတယ်သိတယ် စသည်ဖြင့် တစ်ခုကို ရှုသိပြီးရင် နောက်တစ်ခုက အဆင်သင့် ပေါ်လာတယ်၊ အဲဒါကို ရှုသိပြီးပြန်ရင် နောက်တစ်ခုက အဆင်သင့် ပေါ်လာပြန်တယ်၊ အဲဒီလို မကုန်မဆုံးနိုင်အောင် ပေါ်ပေါ်လာတဲ့ ရုပ်နာမ် အယဉ်ကိုချည်း တွေ့နေရတယ်၊ အဖန်ဖန် အဆင့်ဆင့် ရှုသိနေတဲ့ စိတ်ဟာပေါ်လာပြီး ပျောက်ပျောက်သွားတဲ့ အဲဒီရုပ်နာမ် အယဉ်ပေါ်မှာသာ ကျကျနေတယ်၊ အဲဒီလို ကျကျနေရင်းထဲက ဣန္ဒြေငါးပါး ညီညွတ်တဲ့အခါ ပေါ်လာတဲ့ ရုပ်နာမ် တစ်ခုခုကို ရှုသိလိုက်လို့ အဲဒီအာရုံနှင့် အသိကလေး ပျောက်သွားသည်နှင့် တပြိုင်နက် ရုပ်နာမ် အယဉ် ချုပ်ငြိမ်းပြတ်စဲတဲ့ သဘောသို့ ကျရောက်သွားတယ်၊ အဲဒါဟာ ပဝတ္တခေါ်တဲ့ ရုပ်နာမ် အယဉ်ကို ရှုသိနေရင်း အပ္ပဝတ္တခေါ်တဲ့ ရုပ်နာမ်အယဉ်၏ ပြောင်းပြန်သဘောထဲ ရောက်သွားတာပါပဲ၊ ရုပ်နာမ်အယဉ်၏ ပြောင်းပြန် ဆိုတော့ အဲဒီ ရုပ်နာမ်အယဉ် လုံးဝမရှိတော့ပဲ ပြန်စဲကင်းဆိတ်တဲ့ သဘောပါပဲ၊ ဒါကြောင့် -

တဿ - သင်္ခါရုပေက္ခာဉာဏ်သို့ ရောက်နေသော ထိုယောဂီပုဂ္ဂိုလ်၏၊
တံစိတ္တံ - အဆင့်ဆင့် နှလုံးသွင်း ရှုမှတ်နေသော ထိုစိတ်သည်၊
အပရာပရံ မနသိကရောတော - အဆင့်ဆင့် နှလုံးသွင်းရှုမှတ်နေစဉ်၊
ပဝတ္တံ သမတိက္ကမိတွာ - မပြတ် ဖြစ်နေသော ရုပ်နာမ်အယဉ်ကိုကျော်လွန်၍၊
အပ္ပဝတ္တံ သြက္ကမတိ - ရုပ်နာမ်အယဉ်၏ ပြတ်စဲ ကင်းဆိတ်ခြင်းသဘောသို့ သက်ရောက်သွား လေတော့သည်။
မဟာရာဇ - မိလိန္ဒမင်းကြီး၊
(သမ္မာပဋိပန္နော - နည်းလမ်းမှန်စွာ ကျင့်ခဲ့သည်ဖြစ်၍၊)
အပ္ပဝတ္တံ အနုပ္ပတ္တော - ရုပ်နာမ်အယဉ်၏ ပြတ်စဲ ကင်းဆိတ်ခြင်းသို့ ဆိုက်ရောက်သွားသော ယောဂီပုဂ္ဂိုလ်ကို၊
နိဗ္ဗာနံ သစ္ဆိကရောတီတိ - နိဗ္ဗာန်ကို မျက်မှောက်ပြုသည် ဟူ၍၊
ဝုစ္စတိ - ဆိုရပါသည် တဲ့။

နိဗ္ဗာန်ကို မျက်မှောက်ပြုတယ်၊ မျက်မှောက် တွေ့မြင်တယ် ဆိုတာ ပဝတ္တခေါ်တဲ့ ရုပ်နာမ်အယဉ်ကို ရှုသိနေရင်း အပ္ပဝတ္တခေါ်တဲ့ ရုပ်နာမ်အယဉ်ပြတ်စဲရာသို့ ရောက်သွားတာပါပဲတဲ့၊ အဲဒါဟာ ဒုတိယပိုင်းတုန်းက ဟောခဲ့တဲ့ “ပဝတ္တံ သင်္ခါရာ၊ အပ္ပဝတ္တံ နိဗ္ဗာနံ” ဆိုတဲ့ ပဋိသမ္ဘိဒါမဂ်ပါဠိနဲ့လဲ သဘောအားဖြင့် တူပါတယ်၊ အဲဒီတုန်းက “မပြတ်ဖြစ်နေတဲ့ ရုပ်နာမ် အစဉ်က သင်္ခါရ၊ မပြတ်ဖြစ်စဉ် ငြိမ်းမှနိဗ္ဗာန်”လို့ ဆောင်ပုဒ်ချပေးခဲ့တယ်၊ အဲဒါကို ယခုထပ်ပြီး ဆိုလိုက်ကြဦးစို့။

မပြတ်ဖြစ်နေတဲ့ ရုပ်နာမ်အစဉ်က သင်္ခါရ၊ မပြတ်ဖြစ်စဉ်ငြိမ်းမှ နိဗ္ဗာန်။

ဒါကြောင့် အရှင်နာဂသိန် မထေရ်က “မပြတ်ဖြစ်နေတဲ့ ရုပ်နာမ်အယဉ်ကို ရှုသိနေရင်း အဲဒီ ရုပ်နာမ်အယဉ် ပြတ်စဲ ကင်းဆိတ်ရာ ရောက်သွားတာကို နိဗ္ဗာန် မျက်မှောက်ပြုတယ်လို့ ဆိုရတဲ့ အကြောင်း” မိလိန္ဒ မင်းကြီးအား ဟောကြားပါတယ်၊ အဲဒီလို ရုပ်နာမ်အယဉ် ပြတ်စဲ ကင်းဆိတ်ရာ ရောက်တာကလဲ အကျင့်လမ်းမှန်အတိုင်း ကျင့်ခဲ့ပါမှဖြစ်တယ်၊ ဒါကြောင့် -

မဟာရာဇ - မိလိန္ဒမင်းကြီး၊
သမ္မာပဋိပန္နော - ရှေးအဖို့က နည်းလမ်းမှန်စွာ ကျင့်ခဲ့သည်ဖြစ်၍-တဲ့၊
အဲဒီ သမ္မာပဋိပန္န - နည်းလမ်းမှန်စွာကျင့်ဖို့က အရေးကြီးတယ်၊ အကျင့်လမ်း မမှန်ရင် နိဗ္ဗာန် မရောက်နိုင်ဘူး။ ဒါကြောင့်
သမ္မာပဋိပန္နော - ရှေးအဖို့က နည်းလမ်းမှန်စွာ ကျင့်ခဲ့သည်ဖြစ်၍၊
အပဝတ္တံ အနုပ္ပတ္တော - ရုပ်နာမ်အယဉ် ပြတ်စဲ ကင်းဆိတ်ခြင်းသို့ ဆိုက်ရောက်သော ယောဂီကို၊
နိဗ္ဗာနံ သစ္ဆိကရောတီတိ - နိဗ္ဗာန်ကို မျက်မှောက်ပြုသူဟူ၍၊
ဝုစ္စတိ - ခေါ်ဆိုရပါတယ် မင်းကြီး-တဲ့၊

အဲဒါ အရှင်နာဂသိန်မထေရ်က မိလိန္ဒမင်းကြီးအား နိဗ္ဗာန် မျက်မှောက်ပြုပုံ မျက်မှောက် တွေ့မြင်ပုံကို ဖြေရှင်းပြတဲ့ စကားပါပဲ၊ ယခုအခါ ယောဂီတွေ တွေ့ပုံသိမြင်ပုံနဲ့ ကိုက်ညီပါတယ်။ အဲဒီစကားထဲမှာ သမ္မာပဋိပန္နော-ရှေးအဖို့က နည်းလမ်းမှန်စွာ ကျင့်ခဲ့တယ် ဆိုတာက အရေးကြီးပါတယ်၊ ဒါကြောင့် ဘယ်လိုကျင့်မှ နည်းလမ်းမှန်တယ် ဆိုတာ အတိုချုပ် ရှင်းပြဦးမယ်၊

သမ္မာပဋိပန္န နည်းလမ်းမှန်စွာ ကျင့်ပုံ

▬▬▬▬▬▬▬▬

ယခုဘဝတွင် နိဗ္ဗာန်ကို မျက်မှောက်တွေ့ရအောင် ကျင့်လိုတဲ့ပုဂ္ဂိုလ်ဟာ ရှေးဦးစွာ သီလစင်ကြယ်တဲ့ သီလဝိသုဒ္ဓိနှင့် ပြည့်စုံရမယ်၊ လူဝတ်ကြောင်ဆိုရင် စောစောပိုင်းက မပြည့်စုံတောင်မှ တရား အားထုတ်ခါနီးမှာ အောက်ထစ်ဆုံး ငါးပါးသီလ, အာဇီဝဋ္ဌမကသီလကို ဆောက်တည်ရမယ်၊ အဲဒီလို သီလဝိသုဒ္ဓိနှင့် ပြည့်စုံတဲ့အခါမှာ စိတ္တဝိသုဒ္ဓိနှင့် ပြည့်စုံအောင် အားထုတ်ရမယ်၊

ဘယ်လို အားထုတ်ရမှာလဲဆိုရင် တတ်စွမ်းနိုင်ပါမူ သမထကမ္မဋ္ဌာန်း တစ်ခုခုဖြင့် ဈာန်တစ်ပါး ဖြစ်စေ, နှစ်ပါး, သုံးပါး, လေးပါးလုံးဖြစ်စေ ရအောင် အားထုတ်ရမယ်၊ ရပြီးတော့လဲ အဲဒီဈာန်ကို အလိုရှိတိုင်း ဝင်စားနိုင်အောင် လေ့လာရမယ်၊ အဲဒီ ဈာန်ရနေရင် နီဝရဏ ကင်းပြီး စိတ်စင်ကြယ်တဲ့ စိတ္တဝိသုဒ္ဓိ ပြည့်စုံတယ်၊ အဲဒီ ဈာန်ကို ဝင်စားပြီးတော့ ဈာန်မှထပြီး အဲဒီဈာန်ကိုလဲ ရှုရတယ် ဒွါရ ၆-ပါးက ထင်ရှားပေါ်လာသမျှကိုလဲ ရှုရတယ်၊ အဲဒါက ဝိပဿနာပဲ။

ဈာန်ရအောင် အားမထုတ်နိုင်ရင်လဲ နီဝရဏ ကင်းတဲ့ ဥပစာရ သမာဓိကို ရအောင် အားထုတ်ရတယ်၊ အဲဒီလို သမထကမ္မဋ္ဌာန်းကို အသီးအခြား အားမထုတ်နိုင်ရင်လဲ မဟာဘုတ် ဓာတ်ကြီး လေးပါးကစ၍ ဖြစ်စေ၊ ဓာတ် ၁၈-ပါးက စ၍ဖြစ်စေ၊ အာယတန ၁၂-ပါးက စ၍ဖြစ်စေ၊ ခန္ဓာငါးပါးက စ၍ဖြစ်စေ၊ ရုပ်နာမ် ၂-ပါးက စ၍ဖြစ်စေ ရှုရတယ်၊ အဲဒီလို ရှုရတာက သုဒ္ဓ ဝိပဿနာယာနိက၏ ရှုနည်းတဲ့၊ ဝိသုဒ္ဓိမဂ် ဒိဋ္ဌိဝိသုဒ္ဓိနိဒ္ဒေသ အစပိုင်းမှာ ပြထားတဲ့နည်းပါပဲ၊

မဟာသတိပဋ္ဌာနသုတ် ပါဠိတော်အရဆိုရင် ဣရိယာပုထ်လေးပါး, ဓာတ်လေးပါး အစရှိသော ကိုယ်အမူအရာက စ၍ဖြစ်စေ၊ ဝေဒနာ, စိတ်, သဘော တရားတို့ကစ၍ ဖြစ်စေ ရှုရတယ်၊ အဲဒီလို ရှုတော့လဲ ဖြစ်ခိုက် ရုပ်နာမ်ကို ရှုရတယ်၊ ဒါကြောင့် မဟာသတိပဋ္ဌာနသုတ် ပါဠိတော်မှာ “ဂစ္ဆန္တော ဝါ- သွားဆဲဖြစ်လတ်သော်မူလည်း၊ ဝါ- သွားနေဆဲဖြစ်လျှင်မူလည်း၊ ဂစ္ဆာမီတိ-သွားသည်ဟူ၍၊ ပဇာနာတိ-အပြားအားဖြင့် သိ၏၊ ဝါ- ကွဲပြား ပြတ်သားစွာသိ၏”စသည်ဖြင့် သွားဆဲမှာ သွားနေတာကို ရှုရန်၊ ရပ်ဆဲ ထိုင်ဆဲ စသည်မှာလဲ ရပ်တာ ထိုင်တာ စသည်ကိုရှုရန် ညွှန်ပြ ထားပါတယ်၊

အဲဒီလိုရှုလို့ စိတ်ဟာ ဘယ်ကိုမှ မပျံ့လွင့်တော့ပဲ ရှုရာ ရှုရာ အာရုံမှာသာ ကပ်ကပ်ပြီး တည်နေရင် စိတ်စင်ကြယ်တဲ့ စိတ္တဝိသုဒ္ဓိ ပြည့်စုံတာပဲ၊ အဲဒီအခါမှာ ကာမစ္ဆန္ဒ အစရှိသော နီဝရဏတွေ ကင်းနေတဲ့ အတွက် ဈာန်၏အနီးကပ် ဥပစာရသမာဓိနှင့် အစွမ်းအင်အားတူတဲ့ ဝိပဿနာခဏိက သမာဓိ ဖြစ်နေတယ်၊ ဥပစာရသမာဓိ လို့လဲ ခေါ်ရပါတယ်၊ ဒါကြောင့် အဲဒီဝိပဿနာ သမာဓိဖြင့်လဲ စိတ္တဝိသုဒ္ဓိ ပြီးစီးပါတယ်၊ စိတ္တဝိသုဒ္ဓိဆိုတာ နီဝရဏကိလေသာတွေနဲ့ မရောဘဲ မှတ်တဲ့ ဘာဝနာ စိတ်ချည်း စင်ကြယ်နေတာကို ဆိုတာပါပဲ။

အဲဒီလို စိတ္တဝိသုဒ္ဓိ ပြည့်စုံတဲ့နောက်မှာ မဟာသတိပဋ္ဌာနသုတ် အစရှိသော သုတ္တန်ဒေသနာတော်များ နှင့်အညီ ဒွါရ၆-ပါးက ထင်ရှားဖြစ်ပေါ်နေသော ရုပ်နာမ်တရားတွေကို အနိစ္စ ဒုက္ခ အနတ္တ အခြင်း အရာတို့ဖြင့် သိမြင်အောင် မပြတ်ရှုမှတ် နေရတယ်၊ အဲဒီလို ရှုအပ် သိအပ်ပုံကို (ရူပံ အနိစ္စံရုပ်သည် မမြဲ၊ ဝေဒနာ အနိစ္စာ-ဝေဒနာသည် မမြဲ-ဤသို့ စသည်ဖြင့်) သုတ်ပေါင်းများစွာတို့မှာ ပြတော် မူပါတယ်။

အဲဒီလိုရှုလို့ ရုပ်နာမ်တရားတွေကို အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာတို့ဖြင့် တကယ် ထင်မြင်ရင် အဲဒီရုပ်နာမ်တွေမှာ မနှစ်သက် မပျော်မွေ့တော့ဘူး၊ ငြီးငွေ့တယ်၊ အဟုတ်တကယ် ငြီးငွေ့တော့ အဲဒီရုပ်နာမ် သင်္ခါရတွေကို တပ်မက်ခြင်း မရှိဘဲ စွန့်နိုင်တယ်၊ စွန့်လိုက်တော့ လွတ်မြောက်တဲ့ အရိယဖိုလ်ဖြစ်တယ်၊ အဲဒီလို ဖြစ်ပုံ ကျင့်ပုံ အစဉ်ကို သုတ္တန်တရားတော်များမှာ (ဧဝံပဿံ နိဗ္ဗိန္ဒတိ၊ နိဗ္ဗိန္ဒံ ဝိရဇဗနတိ၊ ဝိရာဂါ ဝိမုစ္စတိ၊ စသည်ဖြင့်) ဖော်ပြထားပါသည်။ အဲဒါက သုတ္တန်ပါဠိတော်များမှာ ပြထားတဲ့ ကျင့်စဉ်လမ်းမှန်ပဲ။

အဲဒီအကျဉ်းချုပ်ပြထားတဲ့ ကျင့်စဉ်ကို ပဋိသမ္ဘိဒါမဂ် စသည်မှာ “နာမရူပပရိစ္ဆေဒ ဉာဏ်နှင့် ဒိဋ္ဌိဝိသုဒ္ဓိပစ္စယပရိဂ္ဂဟဉာဏ်နှင့် ကင်္ခါဝိတရဏဝိသုဒ္ဓိ၊ သမ္မသနဉာဏ် ဥဒယဗ္ဗယဉာဏ် ဘင်္ဂဉာဏ် ဘယဉာဏ် အာဒီနဝဉာဏ် နိဗ္ဗိဒါဉာဏ် မုဉ္စိတုကမျတာဉာဏ် ပဋိသင်္ခါဉာဏ် သင်္ခါရုပေက္ခာဉာဏ် အနုလောမ ဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ် ပစ္ဝေက္ခဏာဉာဏ်ဆိုတဲ့ ဉာဏ်စဉ်တွေနဲ့ရော၊ မဂ္ဂါမဂ္ဂဉာဏဒဿန ဝိသုဒ္ဓိအစရှိတဲ့ ဝိသုဒ္ဓိတွေနဲ့ရော အကျယ်ပြဆိုထားပါတယ်၊ အဲဒီဉာဏ်စဉ် ဝိသုဒ္ဓိအစဉ်တွေနဲ့ အညီ ကျင့်ခဲ့ဖို့ လိုပါတယ်။

တချို့က ကိုယ်တိုင်လဲ တရားအားမထုတ်ချင်၊ သူတစ်ပါးတွေ အားထုတ်တာလဲ အလိုမရှိတာနဲ့ မပြောသင့်တဲ့ စကားကို ပြောကြတယ်၊ ပြောပုံကတော့ သင်္ခါရတရားတွေကို ဆင်းရဲမှန်း သိနေတာပဲ၊ ရှုနေဖို့ မလိုပါဘူး၊ ဒုက္ခတရားတွေကို ရှုနေရင် ဒုက္ခတွေကိုသာ တွေ့နေမှာပေါ့၊ ဘာမှမရှုဘဲ စိတ်ကိုစိတ်အတိုင်း ထားလိုက်ရင် ပြီးတာပဲ” စသည်ဖြင့် ပြောကြတယ်၊ အဲဒါကတော့ ဗုဒ္ဓတရားတော်နဲ့ ဆန့်ကျင်ဘက် စကားပါပဲ၊ ရုပ်နာမ်သင်္ခါရတွေ ဒုက္ခဆင်းရဲတွေပဲလို့ ကြားနာရုံမျှနဲ့ သိနေတယ် ဆိုတာက တကယ်သိတာ မဟုတ်ပါဘူး၊

နိဗ္ဗိဒါဉာဏ်ဖြစ်ပုံ ဥပမာ

▬▬▬▬▬▬▬▬

ငါးဖမ်းတဲ့လူတစ်ယောက်ဟာ မြှုံးထဲဆောင်းထဲမှာ လက်ဖြင့်နှိုက်ပြီး ငါးကိုဖမ်းယူတယ်၊ ငါးကြီးကို ဖမ်းမိပြီလို့ထင်ပြီး ဝမ်းမြောက်ဝမ်းသာတယ်၊ ရေပေါ်ထုတ်ပြီး ကြည့်လိုက်တဲ့အခါ လည်ရေး သုံးဆင့်ကို မြင်ရတော့ အဆိပ်ပြင်းထန်တဲ့ မြွေဆိုးကြီးမှန်းသိရတယ်၊ အဲဒီအခါကြောက်တယ်၊ ဖမ်းပြီးဆုပ်ကိုင်ထားမိတာကို မှားတယ်လို့လဲမြင်တယ်၊ ဆုပ်ကိုင်မထား လိုတော့ဘူး၊ ငြီးငွေ့တယ်၊ ငြီးငွေ့တော့ လွတ်ဖို့ကြံတယ်၊ မိမိခေါင်းပေါ်မှာ သုံးပတ်လောက်လှည့်ရမ်းပြီး ဝေးရာသို့ လွှတ်ပစ် လိုက်တယ် စသည်ဖြင့် ပြထားပါတယ်။

ယခုလူတွေ မြင်မှုကြားမှုအစရှိသော မိမိတို့၏ ရုပ်နာမ်တွေကို ချမ်းသာတယ် ကောင်းတယ်ထင်ပြီး နှစ်သက်ဝမ်းမြောက်နေကြတာဟာ ငါးဖမ်းတဲ့လူက မြွေကို ငါးထင်ပြီး ဆုပ်ကိုင်ထားစဉ်က အားရဝမ်းသာ ဖြစ်နေတာနဲ့ တူတယ်၊ မတူပေဘူးလား၊ တကယ့်ကို တူပါတယ်၊ ဖြစ်ခိုက် ရုပ်နာမ် တွေကို ရှုမှတ်လို့ ခဏမစဲ လျင်မြန်စွာ ပျက်နေတာကို တကယ်တွေ့ရတော့ အနိစ္စ ဒုက္ခ အနတ္တ-ဆိုတဲ့ လက္ခဏာရေးသုံးပါးကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိမြင်ရတယ်၊ အဲဒါဟာ မြွေ၏ လည်ရေး သုံးဆင့်ကိုမြင်ပြီး မြွေဆိုးကြီးမှန်း သိတာနဲ့တူတယ်၊ ရုပ်နာမ်သင်္ခါရတွေဟာ အနိစ္စ ဒုက္ခ အနတ္ထတရားတွေပဲလို့ ကြားနာလို့ သိရုံမျှဖြင့် မြွေဆိုးကြီးလို ကြောက်စရာကောင်းပုံကို တကယ် ထင်နိုင်ပါမည်လား၊ အဲဒီလို ထင်ဖို့ဝေးပါရဲ့၊ ခဏမစဲ ပျက်နေတာကိုမြင်ရလို့ ရုပ်နာမ်တွေကို အပြစ်မြင်ပြီး အဲဒီရုပ်နာမ်တွေကို သာယာသိမ်းပိုက်မထားလိုတော့ပဲ ငြီးငွေ့တာ စွန့်လိုတာတွေဟာ မြွေဆိုးကြီးကို ဆုပ်ကိုင်မထားလိုတော့ပဲ ငြီးငွေ့တာ၊ စွန့်လွှတ်လိုတာများနဲ့ တူတယ်၊ ရုပ်နာမ် သင်္ခါရတွေဟာ ဆင်းရဲ ဒုက္ခတွေချည်းပဲလို့ ကြားနာပြီး သိရုံမျှဖြင့် မြွေဆိုးကြီးဆုပ်ကိုင်ထားရတာ ငြီးငွေ့သလို စွန့်လွှတ်ချင်သလို မိမိတို့သန္တာန်က ရုပ်နာမ်တွေမှာ ငြီးငွေ့ကြ စွန့်လိုကြပါမည်လား၊ အဲဒီလို ငြီးငွေ့ဖို့ စွန့်လို့ဖို့ ဝေးပါရဲ့၊

ဖြစ်ခိုက် ရုပ်နာမ်တွေကို ရှုမှတ်ပြီး ခဏမစဲ လျင်မြန်စွာ ပျက်နေတဲ့ ရုပ်နာမ်တွေကို တကယ်သိမြင်တဲ့ ယောဂီမှာတော့ အဲဒီမြွေဆိုးကြီးလိုပင် ကြောက်တယ်၊ အပြစ်မြင်တယ်၊ ငြီးငွေ့တယ်၊ စွန့်လိုတယ်၊ စွန့်နိုင်အောင်လဲ မဆုတ်မနစ် အားထုတ်တယ်၊ သိရုံမြင်ရုံမျှ လျစ်လျူရှုနိုင်တဲ့ သင်္ခါရုပေက္ခာဉာဏ်လဲ ရောက်တယ်၊ ဒီဉာဏ်က အလွန်သိမ်မွေ့ အလွန်ထူးခြားတဲ့ဉာဏ်ပဲ၊ ဒီဉာဏ်ရောက်နေတဲ့ ယောဂီမှာ အစ လေး-ငါး-ဆယ်ချက် လောက်သာ ကြောင့်ကြ စိုက်ပေးရတယ်၊ နောက်တော့ အာရုံ ပေါ်အောင်လဲ ကြောင့်ကြ မစိုက်ရဘူး၊ ရှုသိမိအောင်လဲ ကြောင့်ကြ မစိုက်ရဘူး၊ အာရုံတစ်ခု တစ်ခုကိုသိပြီးလျှင် နောက်တစ်ခု နောက်တစ်ခုက အသင့် ပေါ်ပေါ်လာတယ်၊ ပေါ်လာသမျှကိုလဲ အထူး ကြောင့်ကြ မပြုရပဲ သိလျက်သိလျက်ဖြစ်နေတယ်၊ သူ့အရှိန်နဲ့သူ သိသိသွားနေတယ်၊ တစ်နာရီ နှစ်နာရီ သုံးနာရီစသည်ဖြင့် အရှိန်မပျက်ပဲ သိသိသွားနေတယ်၊ ကောင်းတဲ့အာရုံ၌လဲ နှစ်သက်သာယာမှု ဝမ်းသာမှုမဖြစ်ဘူး၊ မကောင်းတဲ့အာရုံ၌လဲ နှလုံးမသာမှု ရွံမုန်းစက်ဆုပ်မှု မဖြစ်ဘူး၊ အကောင်းအဆိုးကို အညီအမျှရှုနိုင်တဲ့ ရဟန္တာပုဂ္ဂိုလ်၏ ဂုဏ်နှင့် တစ်စိတ် တစ်ဒေသ အားဖြင့် တူနေတယ်၊

အဲဒီလိုအခါမှာ တစ်ခြားတစ်ပါးကို စိတ်ကူးကြည့်ရင် စိတ်က တယ်မသွားချင်ဘူး၊ ရှုသိနေကျကိုသာ ပြန်ပြီး ရှုသိလျက် ရှုသိလျက် ဖြစ်နေတယ်၊ ဒီလိုသင်္ခါရုပေက္ခာဉာဏ် ဖြစ်အောင် အားထုတ်တာလဲ သမ္မာပဋိပန္နပဲ၊ ဒီထိအောင် သမ္မာပဋိပန္နအရ နည်းလမ်းမှန်စွာ ကျင့်ဖို့ လိုပါတယ်။ ဒီလိုနည်းလမ်း မှန်စွာကျင့်ခဲ့ရင်တော့ သင်္ခါရုပေက္ခာဉာဏ် ရင့်သန်ပြည့်စုံတဲ့အခါမှာ အနုလောမဉာဏ်ဖြစ်ပြီး အပ္ပဝတ္တ ခေါ်တဲ့ အငြိမ်းဓာတ်ထဲ ဆိုက်ရောက်သွားတော့တာပါပဲ၊ ဒါကြောင့် မပြတ်ဖြစ်နေတဲ့ ရုပ်နာမ်အယဉ်ကို ရှုသိနေရာက ရုပ်နာမ် အယဉ် ကင်းဆိတ်ရာ ရောက်သွားတာကို နိဗ္ဗာန် မျက်မှောက်ပြုသည်ဟု ဆိုသည်၊ ကဲ-အဲဒါကို ဆိုကြရမယ်။

မပြတ်ဖြစ်နေတဲ့ ရုပ်နာမ်အယဉ်ကို ရှုသိနေရာက ရုပ်နာမ် အယဉ်ကင်းဆိတ်ရာ ရောက်သွားတာကို နိဗ္ဗာန် မျက်မှောက်ပြုသည်ဟု ဆိုသည်။

နိဗ္ဗာန်ကို မျက်မှောက်ပြုတယ်၊ မျက်မှောက် သိမြင်တယ် ဆိုပေမယ့် ရှေ့နားမှာ ချထားတဲ့စာအုပ်တို့ ဖောင်တိန်တို့ကို မျက်စိနဲ့မြင်တာမျိုး မဟုတ်ဘူး သိသိနေတဲ့ သဘောတရားပါ ချုပ်ငြိမ်း ကွယ်ပျောက် သွားသလို ဖြစ်ပြီး ကိုယ်တိုင်တွေ့အားဖြင့် သိတာပဲ၊ ဒါကြောင့် အဲဒီအခိုက်က ဘာကိုတွေ့သိနေတယ်လို့လဲ မထင်ရှားဘူး၊ အားလုံး ချုပ်ငြိမ်းနေတယ်လို့သာ သိရတယ်၊ အဲဒါ အပ္ပဝတ္တရောက်လျက် နိဗ္ဗာန် အငြိမ်းဓာတ်ကို ကိုယ်တွေ့ ဉာဏ်တွေ့အားဖြင့် မျက်မှောက်ပြုပုံပဲ၊ ဒီကနေ့ နိဗ္ဗာန်အကြောင်း ဟောပြောလာတာ တော်တော်လဲ ကြာ တော်တော်လဲ စုံသွားပါပြီ၊ တရားသိမ်းကြစို့။

နိဂုံးချုပ် တရားသိမ်း ပတ္ထနာ

▬▬▬▬▬▬▬▬▬▬

နိဗ္ဗာန ပဋိသံယုတ္တကထာခေါ် နိဗ္ဗာန်ဆိုင်ရာ တရားတော်ကို ရိုသေစွာ နာယူမှတ်သားကြရသော ဓမ္မသဝန ကုသိုလ် ကံစေတနာတို့၏ အစွမ်းအာနုဘော်ကြောင့် ယခုတရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ဧသေဝန္တော ဒုက္ခဿ ဟူသည်နှင့်အညီ ဒွါရ အာရုံ ဝိညာဏ်တို့၏ ချုပ်ငြိမ်းခြင်း ဟူ၍ လည်းကောင်း၊ ရုပ်ရှိသောဘဝ နာမ်သာရှိသောဘဝ, သုခဒုက္ခတို့မှ လွတ်မြောက်ရာ ဟူ၍လည်းကောင်း၊ အာယတန ၆-ပါးတို့၏ ချုပ်ရာချုပ်ခြင်း သဘောဟူ၍ လည်းကောင်း၊ မပြတ်ဖြစ်နေသော ရုပ်နာမ်အယဉ်၏ပြတ်စဲ ကင်းဆိတ်ရာဟူ၍ လည်းကောင်း ဟောကြားအပ်သော နိဗ္ဗာန်တရားတော်မြတ်ကို နည်းလမ်းမှန်စွာ ကျင့်သုံးကြ၍ လျင်မြန်စွာ ဆိုက်ရောက်လျက် မျက်မှောက်ပြုနိုင်ကြပါစေ။

သာဓု သာဓု သာဓု

နိဗ္ဗာနပဋိသံယုတ္တကထာ
နိဗ္ဗာန်ဆိုင်ရာ တရားတော် တတိယပိုင်း ပြီး၏။

နိဗ္ဗာန ပဋိသံယုတ္တ ကထာ

နိဗ္ဗာန် ဆိုင်ရာ တရားတော် - စတုတ္ထပိုင်း

(၁၃၂၆-ခုနှစ်၊ တော်သလင်း လကွယ်နေ့ ဟောသည်)

တရား အနုသန္ဓေ

▬▬▬▬▬▬

နိဗ္ဗာန ပဋိသံယုတ္တ ကထာခေါ် နိဗ္ဗာန်နှင့် စပ်ဆိုင်တဲ့တရားကို ဟောလာတာ သုံးသီတင်း သုံးကြိမ်ရှိခဲ့ပါပြီ၊ ဒီကနေ့ လေးကြိမ်မြောက်ပေါ့၊ နိဗ္ဗာန်အကြောင်း သိကောင်းစရာတွေလဲ တော်တော် စုံသွားပါပြီ၊ နိဗ္ဗာန်ဆိုတာ ကိလေသာ ဟူသမျှ၏ ဆန့်ကျင်ဘက်ဖြစ်တယ်၊ ဒါကြောင့် ရာဂက္ခယော၊ ရာဂ၏ကုန်ခြင်း၊ ဒေါသက္ခယော-ဒေါသ၏ ကုန်ခြင်း စသည်ဖြင့်လဲ ဟောထားတယ်၊ သင်္ခါရတရားတို့၏ ဆန့်ကျင်ဘက် ဖြစ်သောကြောင့် သင်္ခါရ နိရောဓော -သင်္ခါရတို့၏ ချုပ်ရာ၊ ဝိသင်္ခါရံ - သင်္ခါရကင်းရာစသည်ဖြင့်လဲ ဟောထားတယ်၊ အဲဒီလို ကိလေသာ သင်္ခါရတို့၏ ပြောင်းပြန် ဆန့်ကျင်ဘက်အနေဖြင့် နိဗ္ဗာန်မှာ အမည်တွေ အများကြီးရှိတယ်၊ ကိလေသာတွေ ရုပ်နာမ် သင်္ခါရတွေမှာ အမည်များသလောက် နိဗ္ဗာန်မှာလဲ သူတို့၏ ဆန့်ကျင်ဘက် ပြောင်းပြန်ဖြစ်တဲ့ အမည်တွေ ရှိနိုင်တာပဲ၊ ဒါကြောင့် နိဗ္ဗာန်ကို ဟောတဲ့အခါ အဲဒီကိလေသာ သင်္ခါရတွေနဲ့ပဲ ယှဉ်စပ်ပြီး ဟောရတယ်၊ ယနေ့ဟောမည့် နိဗ္ဗာန်ဆိုင်ရာ တရားကိုလဲ အဲဒီနည်းအတိုင်း ဟောရမှာပဲ။

အရိုအသေ တရားနာကြသည်

▬▬▬▬▬▬

တချိန်က မြတ်စွာဘုရားဟာ သာဝတ္ထိပြည် ဇေတဝန် ကျောင်းတိုက်အတွင်း ဂန္ဓကုဋိတိုက် ရှေ့မျက်နှာစာမှာ ညဉ့်ဦးယာမ် မှောင်ရီချိန်၌ ရဟန်းတော်များအား နိဗ္ဗာန်နှင့်စပ်သောတရားကို ဟောကြားနေတော်မူပါတယ်၊ အဲဒီအခါမှာ ရဟန်းတော်များက ရိုရိုသေသေ နာနေကြပုံကို ဒီလိုပြဆိုထားပါတယ်၊

တေ စ ဘိက္ခူ - ထိုရဟန်းတော်တို့သည်လည်း၊
အဋ္ဌိံကတွာ- အလိုရှိသည်ကို ပြုလျက် ၊
ဝါ- အကျိုးရှိသည် ပြုလျက်၊
ဝါ- စီးပွား သဖွယ် ပြုလျက်၊
မနသိကတွာ - နှလုံးသွင်းကုန်၍၊
သဗ္ဗစေတသာ သမန္နာဟရိတွာ - အားလုံးသောစိတ်ဖြင့် ဆင်ခြင်ကုန်၍၊
သြဟိတသောတာ - နားစွင့်ကုန်လျက်၊
သုဏန္တိ-နာယူကြကုန်၏-တဲ့။

အဲဒီမှာ အတ္ထ-သဒ္ဒါက အလိုရှိသော အကျိုးဟောဖြစ်၍ အတ္ထီ-ဆိုတော့ အလိုရှိသည်၊ အကျိုးရှိသည်လို့ အနက်ရတယ်၊ ဒါကြောင့် အဋ္ဌိံကတွာ - အလိုရှိသည်ကို ပြုလျက် လို့ ပြန်တယ်၊ လိုလိုချင်ချင်လို့ ဆိုလိုပါတယ်၊ တနည်းအားဖြင့် အကျိုးရှိသည်ကို ပြုလျက် - လို့လဲ ပြန်တယ်၊ တရားနာတာကို တကယ်အကျိုးရှိတယ်-လို့ အလေးအမြတ်သဘောထားကြောင်း ပြဆိုတယ်၊ နောက်တနည်းကတော့ အတ္ထ က-စီးပွား ဥစ္စာ ဟောတယ်၊ အဘူတတဗ္ဘောအနက်မှာ ဤပစ္စည်းနှင့် တကွ အတ္ထီကတွာ-ဟု ဖြစ်ပြီးတော့ အဋ္ဌီကတွာ ရှိသင့်တယ်-လို့ ယူဆပြီး စီးပွားသဖွယ် ပြုလျက် -လို့ အနက်ပြန်တယ်၊ စီးပွားရေး အလုပ်လုပ်တဲ့အခါ ရသင့်သမျှမှ တစ်ပြားတစ်ချပ်တောင် မဆုံးရှုံး ရအောင် ကြိုးစား သလိုပင် တရားစကားလုံး တစ်လုံးမျှ မလွတ်ရအောင် ရိုရိုသေသေ နာတယ်လို့ ဆိုလိုပါတယ်၊ ယခုတရားနာ ပရိသတ်တွေလဲ အဲဒီလိုပဲ ရိုရိုသေသေ နာကြရမယ်၊ နောက်ပြီးတော့ သဗ္ဗစေတသာ အားလုံးသောစိတ်ဖြင့် ဆင်ခြင်ပြီး နာကြပါတယ်-တဲ့၊ တခြားတစ်ပါးသို့ စိတ်ကို မသွားစေဘဲ စိတ်တိုင်းစိတ်တိုင်းဖြင့် အာရုံပြုပြီး နာကြတယ်လို့ ဆိုလိုပါတယ်၊ ယခုလဲ အဲဒီနည်း အတိုင်း စိတ်အားလုံးဖြင့် တရားကိုသာ နှလုံးသွင်းပြီး လေးလေးနက်နက် နာကြရမယ်။

တစ္ဆေမ တစ်ယောက်တောင် တရားနာတယ်

▬▬▬▬▬▬

အဲဒီ နိဗ္ဗာန်နှင့်စပ်တဲ့တရားကို မြတ်စွာဘုရားဟောနေတဲ့အခါမှာ ပုနဗ္ဗသုမာတာ - ပုနဗ္ဗသုရဲ့ အမေ ယက္ခမျိုး ပိသာစမျိုးဖြစ်တဲ့ တစ္ဆေမတစ်ယောက်ကလဲ သားငယ်သမီးငယ်ကလေးများနဲ့ အစာရှာရင်း ဇေတဝန်ကျောင်းတိုက်ဝ ရောက်လာတယ်၊ ဗမာဝေါဟာရ တစ္ဆေဆိုတာက ပြိတ္တာလဲရှိတယ် ပြိတ္တာလောက်နီးနီး ဆင်းရဲဒုက္ခရောက်နေတဲ့ ပိသာစ ယက္ခ - မြေဘုတ် ဘီလူးမျိုးလဲရှိတယ်၊ ယခုပြောနေတဲ့ ပုနဗ္ဗသုအမေ ဆိုတာကတော့ ပိသာစခေါ်တဲ့ မြေဘုတ်ဘီလူးမျိုးပါပဲ၊ ဒီမြေဘုတ် ဘီလူးမျိုးဟာ နတ်မျိုးထဲက ဖြစ်ပေမယ့် စားစရာလဲ မရှိဘူး၊ ဝတ်စရာလဲ မပြည့်စုံဘူး၊ နေစရာအိမ်လဲ မရှိဘူး၊ အလွန်ဆင်းရဲပါတယ်၊ ဒါကြောင့် အဲဒီပုနဗ္ဗသုရဲ့မိခင် တစ္ဆေမဟာ ဥတ္တရာဆိုတဲ့ သမီးငယ်ကလေးကို ရင်ခွင်မှာပွေ့ချီပြီးတော့ ပုနဗ္ဗသုဆိုတဲ့ သားငယ်ကို လက်ဆွဲပြီး ဇေတဝန်ကျောင်း နောက်ဖေး တံတိုင်းအနီးမှာ (ဥစ္စာရပဿာဝ ခေဠသိင်္ဃာဏိကံ) ကျင်ကြီး ကျင်ငယ် တံတွေး နှပ်ကို စားသောက်ဖို့ရှာရင်း ဇေတဝန်ကျောင်း တံခါးပေါက်ဝ ရောက်လာပါသတဲ့။

မြတ်စွာဘုရားက “အာနန္ဒာ သပိတ်ယူခဲ့၊ သင်္ကန်းယူခဲ့၊ စားကြွင်းစားတို့အား ပေးကမ်းစရာ အကျန်များကို ပေးလိုက်ပါ”စသည်ဖြင့် ပကတိပြောနေကျ ပြောတဲ့အသံဟာ ၁၂-တောင်လောက် အတွင်းသာ ကြားရတယ်၊ တရားဟောတဲ့ အသံကတော့ တဆက်တည်း တည်နေတဲ့ ပရိသတ်ဆိုရင် စကြဝဠာ အဆုံးတိုင်အောင်လဲ ကြားရသတဲ့၊ ယခုအခါလို အသံချဲ့စက်မလိုဘူး၊ ဒါပေမယ့် ပရိသတ် အစွန်မှ အပြင်ဘက်တော့ လုံးလုံးမထွက်ဘူးတဲ့၊ ဒါကြောင့် အဲဒီတစ္ဆေမက တံခါးဝကနေပြီး ကြည့်လိုက်တော့ တရားနာနေတဲ့ ပရိသတ်တွေ ငြိမ်ပြီးနေတာကိုသာ တွေ့ရတယ်၊ တရားသံ ကိုတော့ မကြားရဘူး၊ ဒီတော့ သူက တစုံတစ်ခုပစ္စည်း ဝေငနေတယ်လို့ ထင်တယ်၊ ပစ္စည်းဝေငရာမှ ဖိတ်လျှံကျတဲ့ ထောပတ်တို့ ဆီတို့ ပျားရည်တို့ တင်လဲတို့ ဒီလိုစားစရာ တစ်ခုခုတော့ ရလိမ့်မယ်လို့ မျှော်လင့်ပြီး ကျောင်းဝင်းထဲ ဝင်သွားတယ်။

ပရိသတ် အစွန်နားရောက်လို့ ဆက်စပ်မိတဲ့ အခါကျတော့ မြတ်စွာဘုရားဟောတဲ့ တရားသံကို ကြားရတယ်၊ မြတ်စွာဘုရား အသံတော်ကလဲ အလွန်ကောင်းတဲ့အသံ ဖြစ်တဲ့အတွက် အရေအသား အကြောအရိုးများကို ဖောက်ထွင်းပြီးတော့ ခြင်ဆီကို ဆိုက်ပြီးတည်သတဲ့၊ တရားသံလဲ ဖြစ်နေတဲ့ အတွက် ငြိမ်ပြီး ရပ်တန့်လျက် ရိုရိုသေသေနဲ့ တရားနာနေတယ်၊ အဲဒီအခါ သူ့ကလေးတွေက ဆူပူကြတယ်၊ ကျွန်တော်တို့ ကျွန်မတို့ ဆာလှပြီ၊ စားစရာကို ရှာပေးပါဦး၊ အမေက ဘာဖြစ်လို့ သစ်ငုတ်ကြီးလို ရပ်တည်နေရသလဲ- စသည်ဖြင့် ဆူပူကြသတဲ့၊ အဲဒီတော့ မိခင် တစ္ဆေမကြီးက သားသမီးကလေးငယ်တွေကို ဒီလို တောင်းပန်ရှာသတဲ့။

တုဏှီ ဥတ္တရိကေ ဟောတိ၊ တုဏှီ ဟောတိ ပုနဗ္ဗသု။
ယာဝါဟံ ဗုဒ္ဓသေဋ္ဌဿ၊ ဓမ္မံ သောဿာမိ သတ္ထုနော။

ဥတ္တရိကေ - ချစ်သမီး ဥတ္တရာရေ၊
တုဏှီ ဟောတိ - တိတ်တိတ်နေပါကွယ်၊
ပုနဗ္ဗသု - ချစ်သား ပုနဗ္ဗသုရေ၊
တုဏှီ ဟောတိ - တိတ်တိတ်နေပါကွယ်၊
သတ္ထုနော - နတ်လူအားလုံး၏ တစ်ပါးတည်းသော ဆရာမြတ် ဖြစ်တော်မူသော၊
ဗုဒ္ဓသေဋ္ဌဿ ဓမ္မံ - မြတ်စွာဘုရား၏ တရားတော်ကို၊
ယာဝ အဟံ သောဿာမိ - ငါနာကြားနေသမျှ ကာလပတ်လုံး တိတ်တိတ် နေကြကွယ်-လို့ ငါနာကြားနေသမျှ ကာလပတ်လုံး တိတ်တိတ် နေကြကွယ်-လို့ တောင်းပန်ရှာပါသတဲ့၊ နောက်ပြီးတော့ -

နိဗ္ဗာနံ ဘဂဝါ အာဟ၊ သဗ္ဗဂန္ထပ္ပမောစနံ၊
အတိဝေလာစ မေ ဟောဟိ၊
အသ္မိံ ဓမ္ေ ပိယာ ယနာ။

ဘဂဝါ- ဘုန်းတော်ကြီးသော ဘုရားရှင်သည်၊
သဗ္ဗဂန္ထပ္ပ မောစနံ - ဆင်းရဲ နှောင်ကြိုးဖြင့် နှောင်ဖွဲ့မှု အားလုံးကို ပြေစေနိုင်သော၊
နိဗ္ဗာနံ - နိဗ္ဗာန်တရားကို၊
အာဟ - ဟောတော်မူပေ၏။
မေ - ငါအား၊
အသ္မိံ ဓမ္မေ - ထိုနိဗ္ဗာန်တရား၌၊
ပိယာယနာ - နှစ်သက် လိုလားခြင်းသည်၊
အတိဝေလာဟောတိ - အတိုင်းထက်အလွန်ပင် ဖြစ်လျက်ရှိပါသည် ချစ်သားတို့-တဲ့။

ဆင်းရဲငြိမ်းတဲ့ နိဗ္ဗာန်တရားဟာ ဆင်းရဲနဲ့ ရင်ဆိုင်တွေ့နေတဲ့သူမှာ အဖိုးတန်ကြောင်း ပိုပြီး ထင်ရှားတယ်၊ ရောဂါမရှိတဲ့ ပကတိ ကျန်းမာနေတဲ့သူမှာ ဆေးအကြောင်း ကျန်းမာရေးအကြောင်း တယ်စိတ်မဝင်စားပဲ ရှိတတ်တယ်၊ သူများက ကျန်းမာရဲ့လားလို့ မေးတာတောင် အပိုပဲလို့ ထင်တတ်တယ်၊ ဘုန်းကြီးလဲ ငယ်ငယ်တုန်းတုန်းက ကျန်းမာရဲ့လားလို့ သူများက မင်္ဂလာ စကား အနေနဲ့ မေးတဲ့အခါ အမြဲတမ်းကျန်းမာနေတာပဲ၊ မေးစရာမကောင်းဘူးလို့တောင် ထင်ခဲ့ ဖူးသေးတယ်၊ အရွယ် တော်တော်ကြီးလာမှ ကျန်းမာရေးဟာ အလွန်အရေးကြီးကြောင်း သဘော ပေါက်လာတယ်၊ မကျန်းမမာ ရောဂါရှိနေတဲ့သူတွေမှာ ဆေးဝါးတွေအဖိုးတန်ကြောင်း အရေး ကြီးကြောင်း သိကြတယ်၊ ရောဂါပျောက်စေတတ်တဲ့ ဆေးအကြောင်းပြောရင် ရောဂါ ရှိတဲ့သူက ရိုရိုသေသေ လိုလိုချင်ချင်နဲ့ နားထောင်တယ်၊ မှတ်သားတယ်၊ အဲဒါလိုပဲ သံသရာမှာလဲ ဆင်းရဲ ဒုက္ဓရောက်နေတဲ့ ပုဂ္ဂိုလ်တွေက ဆင်းရဲငြိမ်းတဲ့ နိဗ္ဗာန်ကို အဖိုးတန်မှန်း ပိုပြီး သဘော ပေါက်တယ်၊ တကယ်လိုလားတဲ့ စိတ်ဆန္ဒ ရှိတတ်တယ်။

ယခုပြောနေတဲ့ ပုနဗ္ဗသု အမေ တစ္ဆေမဟာ စားစရာမရှိလို့ ရှာနေရတယ်၊ ဝတ်စရာလဲ ရှိချင်မှရှိမယ် အလွန်ဆင်းရဲရှာပါတယ်၊ ဒါပေမယ့် ကာမရာဂ ရှိနေတဲ့အတွက် သားသမီးကလေးတွေနဲ့ ဒုက္ခ ရောက်နေရှာတယ်၊ လူ့လောကမှာ သားသမီးတွေ ပတ်လည်ဝိုင်းနေတဲ့ မိခင်များလိုပင် ဒုက္ခ ရောက်နေတဲ့ လက္ခဏာရပါတယ်၊ အဲဒီလို အတိဒုက္ခ ရောက်နေတော့ ဆင်းရဲဒုက္ခ ငြိမ်းစေနိုင်တဲ့ နိဗ္ဗာန်တရားကို အလေး အမြတ်ပြု တာပေါ့၊ ဒါကြောင့် နိဗ္ဗာန်ကို နှစ်သက်လိုလားတဲ့ ဆန္ဒဟာ အတိုင်းထက် အလွန်ဖြစ်နေတဲ့အကြောင်း သူ့သားသမီး ကလေးများအား ပြောကြားပါတယ်၊ နောက်ပြီးတော့ သားသမီးများကို ချစ်ပေမယ့် နိဗ္ဗာန်တရားကိုပိုပြီး ချစ်တဲ့အကြောင်းကို ဆက်ပြီး ပြောပြန်ပါတယ်။

ပိယော လောကေ သကော ပုတ္တော၊
ပိယော လောကေ သကော ပတိ၊
တတော ပိယတရာ မယှံ၊ အဿ ဓမ္မဿ မဂ္ဂနာ၊

လောကေ - လောက၌၊
သကော ပုတ္တော - မိမိ၏ သားကို၊
ပိယော - ချစ်အပ်ပါ၏၊
လောကေ - လောက၌၊
သကောပတိ - မိမိ၏လင်ကို၊
ပိယော - ချစ်အပ်ပါ၏၊
တတော - ထိုသားနှင့်လင်ထက်၊
အဿ ဓမ္မဿ မဂ္ဂနာ - ထိုနိဗ္ဗာန်တရား ရှာမှီးခြင်းကို၊
မယှံ - ငါသည်၊
ပိယတရာ - သာ၍ ချစ်လှပါတော့သည်-တဲ့။

အဲဒါအထူး သတိပြု စရာပါပဲ၊ တစ်ချို့ကတော့ တရားက သိပ်အရေးမကြီးဘူး၊ သားတို့ မယားတို့ လင်တို့ စီးပွားဥစ္စာတို့က သာပြီး အရေးကြီးတယ်လို့ ထင်နေတတ်ကြတယ်။ နောက်ပြီးတော့ တရားကို ပိုပြီး ချစ်မြတ်နိုးခြင်း အကြောင်းကိုလဲ ဆက်ပြီး ပြောပြန်တယ်။

န ဟိ ပုတ္တော ပတိ ဝါပိ၊
ပိယော ဒုက္ခာ ပမောစယေ၊
ယထာ သဒ္ဓမ္မဿဝနံ၊
ဒုက္ခာ မောစေတိ ပါဏိနံ။

ဟိ - တရားကိုပို၍ ချစ်မြတ်နိုးခြင်း အကြောင်းမှာ၊
ပိယော - မချစ်အပ်သော၊
ပုတ္တော ပတိ ဝါပိ - သားက ဖြစ်စေ ခင်ပွန်းလင်ကဖြစ်စေ၊
န ဒုက္ခာ ပမောစယေ - ဆင်းရဲမှ မလွတ်စေနိုင်ပါဘူးတဲ့၊

(လူ့လောကမှာတော့ အများအားဖြင့် ခင်ပွန်း လင်ဖြစ်သူက အစစအရာရာရှာဖွေပြီး ပြုစု စောင့်ရှောက် နေတဲ့အတွက် စားဝတ်နေရေးနဲ့ စပ်ပြီး ဆင်းရဲဒုက္ခမှ လွတ်မြောက် စေတာတွေ ရှိပါတယ်၊ လိမ္မာတဲ့ သားသမီးဖြစ်သူက ပေးကမ်း ထောက်ပံ့ပြုစု နေလို့ မိဘဖြစ်သူများ ချမ်းသာနေတာတွေလဲ ရှိတန်သလောက် ရှိပါတယ်၊ ဒါပေမယ့် အဲဒီ လောကဆင်းရဲမှ လွတ်စေ တာကို မဆိုလိုပါဘူး၊ ဒါကြောင့်)

သဒ္ဓမ္မဿဝနံ - သူတော်ကောင်းတရား ကြားနာခြင်းက၊
ပါဏိနံ - သတ္တဝါတို့ကို၊
ဒုက္ခာ - သံသရာဆင်းရဲမှ၊
မောစေတိယထာ - လွတ်စေသကဲ့သို့တော့ မလွတ်စေနိုင်ပါဘူးတဲ့။

အဲဒါကြောင့် အိုခြင်း သေခြင်း အစရှိသော သံသရာ ဆင်းရဲမှ လွတ်မြောက်ရန်အတွက် တရားကို နာချင်ပါတယ် ချစ်သားရယ် တိတ်တိတ်နေပါကွယ်-လို့ ချော့မော့တောင်းပန်ရှာတယ်။ လူ့လောက မှာလဲ တစ်ချို့မိခင်က တရားကို ရိုရိုသေသေ နာချင်ပါတယ်၊ ဒါပေမယ့် ကလေးကငိုတာနဲ့ တရား မနာရရှာဘူး၊ ယခုပြောနေတဲ့ တစ္ဆေမရဲ့ကလေးတွေကတော့ လိမ္မာကြပါတယ်၊ သူ့အမေက ပြောတဲ့အတိုင်းပဲ တိတ်တိတ်နေကြပါတယ်၊ အဲဒီလို ကလေးတွေက အလိုက်သိပြီး တိတ်တိတ် နေတဲ့အခါ အဲဒီတစ္ဆေမဟာ တရားကို အလွန်အားကိုးပြီး ရိုရိုသေသေနဲ့ နာနေတယ်၊

အဲဒီပိသာစ- မြေဘုတ်ဘဝမှာ တရားမှ တစ်ပါးဆိုရင် ဘာမှအားကိုးစရာ ရှိတာမဟုတ်ဘူး၊ လူ့လောကမှာဆိုရင် ကြိုးကြိုးစားစား စီးပွားရှာပြီး လိမ်လိမ်မာမာ နေသွားရင် ဆင်းရဲတဲ့ လူကလဲ ကြီးပွားချမ်းသာ သွားနိုင်သေးတယ်၊ အဲဒီ ပိသာစ-မြေဘုတ်ဘဝမှာတော့ စီးပွားရေး အလုပ်ကိုလဲ လုပ်လို့ ဖြစ်တာမဟုတ်ဘူး၊ ဒါကြောင့် တရားမသိလို့ ဒီလိုဆင်းရဲတဲ့ ဘဝရောက် နေရတယ်၊ တရားသိမှ လွတ်မြောက်မယ်ဆိုတာသိပြီး အလွန်လိုလားတဲ့ စိတ်ဆန္ဒနဲ့ မိခင်တစ္ဆေမရော သားဖြစ်သူ ပုနဗ္ဗသုရော တရားကို ရိုသေစွာ နာနေကြတယ်။

အဲဒီအခါ မြတ်စွာဘုရားက အဲဒီတစ္ဆေမ သားအမိ သောတာပတ္တိဖိုလ် ရနိုင်တဲ့ ဥပနိဿယ အကြောင်းထူးကို မြင်တော်မူတဲ့အတွက် သစ္စာလေးပါး တရားကိုလဲ ဟောတော်မူတယ်၊ အဲဒီ တရားကိုနာနေရင်း ရှုမှတ်နှလုံးသွင်းပြီး ပုနဗ္ဗသုရဲ့မိခင်ဟာ သားဖြစ်သူ ပုနဗ္ဗသုနှင့်တကွ သောတာပတ္တိ မဂ်ဖိုလ်ရောက်ပြီး သောတာပန် ဖြစ်သွားကြပါသတဲ့။

သောတာပန်ဖြစ်သည်နှင့် တပြိုင်နက် မြေဘုတ်တစ္ဆေဘဝက အခြေအနေတွေ အကုန်ပြောင်းလဲပြီး နတ်ကောင်းနတ်မြတ် အခြေအနေမျိုးနဲ့ ပြည့်စုံသွားတယ်၊ ရုပ်အဆင်းတွေလဲ လှပတင့်တယ်ပြီး အဝတ်အဆင် တန်ဆာတွေလဲ ပြည့်စုံသွားတယ်၊ စားစရာတွေလဲ နတ်သြဇာ အစာကောင်းကို ရသွားကြတယ်၊ သမီးဖြစ်သူ ဥတ္တရာကတော့ ငယ်သေးတဲ့အတွက် တရားကို မနာနိုင်လို့ တရားထူး မရဘူး၊ ဒါပေမယ့် သူ့အမေ၏ ကံကြောင့် အဲဒီဥတ္တရာလဲ နတ်ကောင်းအနေ အသုံးအဆောင်မျိုးကို ရသွားပါသတဲ့၊ အဲဒါဟာ တရားနာလို့ တရားထူးရပြီး တစ္ဆေမြေဘုတ်ဘဝမှ နတ်ကောင်း နတ်မြတ် အခြေအနေနဲ့ ပြည့်စုံပြီး ကောင်းစား ချမ်းသာသွားပုံပါပဲ၊ အဲဒီမှာ တစ္ဆေဘဝက သေပြီး နတ်ဖြစ်သွားတယ်လို့တော့ မမှတ်ကြနဲ့၊ ဘဝမပြောင်းပဲနဲ့ ရုပ်အဆင်းစသည် အခြေအနေမျှသာ ပြောင်းလဲသွားတယ်လို့ မှတ်ရမယ်။

အဲဒီအခါတုန်းက နိဗ္ဗာန်နှင့်စပ်သောတရားကို ဟောတယ်လို့သာ ပြဆိုထားတယ်၊ ဘယ်လိုတရားကို ဟောတယ်လို့ ဟောတဲ့တရားကိုတော့ သံယုတ်ပါဠိတော်မှာ ပြမထားဘူး၊ ဥဒါန်းပါဠိတော်မှာတော့ အဲဒီတရားနှင့်စပ်ပြီး ဥဒါန်းကျူးပုံကို ပြထားတယ်၊ အဲဒီဥဒါန်းတရားကို ယခု ဟောမယ်။

နိဗ္ဗာနပဋိသံယုတ္တ ဥဒါန်းပါဠိ (၁၇၇)

▬▬▬▬▬▬

အတ္ထိ ဘိက္ခဝေ တဒါယတနံ၊ ယတ္ထ နေဝ ပထဝီ န အာပေါ န တေဇော န ဝါယော န အာကာသာနဉ္စာယတနံ န ဝိညာဏဉ္စာယတနံ န အာကိဉ္စညာယတနံ န နေဝသညာ နာသညာယတနံ၊ နာယံ လောကော န ပရော လောကော၊ န ဥဘော စန္ဒိမသူရိယာ တတြာပါဟံ ဘိက္ခဝေ နေဝ အာဂတိံ ဝဒါမိ န ဂတိံ န ဌိတိံ န စုတိံ န ဥပပတ္တိံ၊ အပ္ပတိဋ္ဌံ အပ္ပဝတ္တံ အနာရမ္မဏမေဝေတံ။ ဧသေဝန္တော ဒုက္ခဿ။

ဘိက္ခဝေ - ရဟန်းတို့၊
တဒါယတနံ - ထိုနိဗ္ဗာန်ဟူသော အာရုံအကြောင်းတရားသည်၊
ဝါ- မဂ်ဉာဏ် ဖိုလ်ဉာဏ် ပစ္စဝေက္ခဏာဉာဏ်တို့၏ အာရုံအကြောင်းဖြစ်သော ထိုနိဗ္ဗာန် တရားသည်၊
အတ္ထိ - ပရမတ္ထအားဖြင့် ထင်ရှားရှိပေ၏။

နိဗ္ဗာန်ဆိုတာ တကယ်ရှိတဲ့တရား

▬▬▬▬▬▬▬

တချို့က နိဗ္ဗာန်ဆိုတာ ရုပ်နာမ်သင်္ခါရတွေ ချုပ်ငြိမ်းသွားခြင်းမျှပဲ၊ ဘာမျှ မရှိတဲ့တရားပဲ၊ ဘာမျှမရှိတော့ ဘာမှ အသုံးမကျတဲ့ အလဟဿ တရားပဲလို့ ထင်ကြတယ်၊ အဲဒီလိုထင်ကြတဲ့ အတိုင်း ဘာမျှမရှိတဲ့တရား မဟုတ်ဘူး၊ ရုပ်နာမ်သင်္ခါရ တို့၏ ငြိမ်းရာ ငြိမ်းခြင်း သဘောတရား အဖြစ်ဖြင့် တကယ်ရှိတဲ့ တရားပဲ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် ပစ္စဝေက္ခဏာဉာဏ်တို့၏ အာရုံ အကြောင်းအဖြစ်ဖြင့် တကယ်စင်စစ်ရှိတဲ့ တရားပဲ၊ ဘုရား ရဟန္တာ အရိယာပုဂ္ဂိုလ်များ မျက်မှောက် တွေ့ရတဲ့ တရားပဲလို့ သိစေပါတယ်၊ အကယ်၍ ကိလေသာ ကံ ဝိပါက် ခန္ဓာ ဆိုတဲ့ ဆင်းရဲတို့၏ ငြိမ်းခြင်းသဘော နိဗ္ဗာန်သာ မရှိခဲ့လို့ရှိရင် ဘယ်ပုဂ္ဂိုလ်မှာမျှ ဆင်းရဲငြိမ်းမှာ မဟုတ်တော့ဘူး၊ ကိလေသာတွေကလဲ ရှိမြဲရှိ ဖြစ်မြဲဖြစ်နေမှာပဲ။ ကိလေသာရှိတော့ ကံကလဲ ရှိမြဲရှိပြီး အကျိုးပေးမြဲလဲ အကျိုးပေးနေမှာပဲ၊ ကံကရှိပြီး အကျိုးပေးနေတော့ ဝိပါက်ခန္ဓာ ဘဝသစ် ရုပ်နာမ်ဆင်းရဲတွေလဲ ရှိမြဲရှိ ဖြစ်မြဲဖြစ်နေမှာပဲ၊ အမှန်အားဖြင့်တော့ အရဟတ္တမဂ်ဉာဏ်၏ အစွမ်းကြောင့် ကိလေသာ တွေကလဲ မဖြစ်နိုင်တော့ဘဲ ချုပ်ငြိမ်းသွားကြတယ်၊ ကိလေသာ မရှိတော့ ကံတွေကလဲ ဘဝအကျိုး ပေးရန် မစွမ်းနိုင်တော့ဘဲ ကင်းငြိမ်းသွားကြတယ်၊

ကံက အကျိုးမပေးနိုင်တဲ့အတွက် အကျိုးဝိပါက်ခေါ်တဲ့ ဘဝသစ် ရုပ်နာမ်ခန္ဓာတွေလဲ မဖြစ်နိုင်တော့ဘဲ ပြတ်စဲချုပ်ငြိမ်းသွားတယ်၊ အဲဒီလို ချုပ်ငြိမ်းခြင်းသဘောဟာ တကယ်ပင် ရှိနေတာပဲ၊ ရှိနေတဲ့အတွက် ဘုရား ရဟန္တာအရှင်မြတ်တွေဟာ ပရိနိဗ္ဗာန် ဝင်စံပြီး ဆင်းရဲခပ်သိမ်း ကင်းငြိမ်းတော်မူကြပေတာပဲ၊ ဒါကြောင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် ပစ္စဝေက္ခဏာဉာဏ် တို့၏ အာရုံ အကြောင်းဖြစ်တဲ့ အငြိမ်းဓာတ် နိဗ္ဗာန်ဟာ ပရမတ္ထအားဖြင့် ထင်ရှားရှိတဲ့တရားပဲလို့ ထိုစဉ်အခါက တရားနာနေကြတဲ့ ရဟန်းတော်တို့အား သိစေတော်မူပါတယ်။

နိဗ္ဗာန်မှာ ဓာတ်လေးပါး မရှိ

▬▬▬▬▬▬

ယတ္ထ - ပရမတ္ထအားဖြင့် ထင်ရှားရှိသော ယင်း နိဗ္ဗာန်၌၊
နေဝ ပထဝီ - ခက်မာခြင်းသဘော မြေရုပ်လဲ မရှိသည်သာ၊
န အာပေါ - ယိုစီးခြင်းသဘော ရေရုပ်လဲ မရှိ၊
န တေဇော - ပူခြင်းသဘော အခိုးအငွေ့ရုပ် မီးရုပ်လဲ မရှိ၊
န ဝါယော - ထောက်ကန်ခြင်းသဘော လေရုပ်လဲမရှိ။

ဒီစကားတော်ဖြင့် သိစေလိုတာကတော့ ထင်ရှားတယ်ဆိုတဲ့ အဲဒီအငြိမ်းဓာတ်နိဗ္ဗာန်မှာ လူ့ဘုံနတ်ဘုံ ကာမလောကနှင့် ရူပဗြဟ္မာ့လောကများမှာလို ကြမ်းတမ်းခက်မာတဲ့ ပထဝီရုပ်မျိုးလဲမရှိဘူး၊ လူတွေနတ်ဗြဟ္မာတွေမှာ အမာခံ ပထဝီရုပ်ရှိနေ တဲ့အတွက် ပုံသဏ္ဌာန် အထည်ဒြပ်နှင့်တကွ ထင်ရှား တွေ့နေကြရတယ်၊ အငြိမ်းဓာတ် ဆိုတာကတော့ မဖြစ်ခြင်း ချုပ်ငြိမ်းခြင်း သဘောမျှပဲ၊ ဒါကြောင့် အဲဒီမှာအထည်ဒြပ်နှင့်ဆိုင်တဲ့ ပထဝီဓာတ်လဲ မရှိဘူး၊ အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်တွေလဲ မရှိဘူး၊ မဟာဘုတ် ဓာတ်ကြီး လေးပါးလုံး မရှိဘူးလို့ တိုက်ရိုက်အားဖြင့် ထင်ရှား သိစေပါတယ်။

ဥပါဒါရုပ်လဲ မရှိ

▬▬▬▬▬

အဲဒီဓာတ်ကြီးလေးပါး မရှိတော့ ဓာတ်ကြီးလေးပါးကို မှီပြီးဖြစ်တဲ့ မျက်စိနှင့်အဆင်း၊ နားနှင့်အသံ အစရှိတဲ့ ဥပါဒါရုပ်တွေလဲ မရှိဘူး၊ မျက်စိ နားအစရှိတဲ့ မှီရာရုပ် မရှိတော့ အဲဒီမျက်စိစသည်ကို မှီပြီးဖြစ်တဲ့ မြင်သိမှု ကြားသိမှု စသော ကာမာဝစရစိတ် ရူပါဝစရစိတ် နာမ်တရားတွေလဲ မရှိဘူးလို့ နည်းမှီသောအားဖြင့် သိစေပါတယ်။

စဉ်းစားကြည့်ပါ၊ မျက်လုံးသား အစရှိတဲ့ မှီရာရုပ်ကြမ်းတွေ မရှိရင် မျက်စိအကြည်ရုပ် နားအကြည်ရုပ် စသည်တွေဟာ မဖြစ်နိုင်ဘူး၊ မျက်စိမရှိရင် မြင်သိမှု မဖြစ်နိုင်ဘူး၊ နားမရှိရင် ကြားသိမှု မဖြစ်နိုင်ဘူး၊ နှာခေါင်းမရှိရင် နံသိမှု မဖြစ်နိုင်ဘူး၊ လျှာမရှိရင် အရသာသိမှုမဖြစ်နိုင်ဘူး၊ ကိုယ်အကြည်ရုပ်မရှိရင် သိထိမှုမဖြစ်နိုင်ဘူး၊ ရူပဗြဟ္မာ့လောကမှာ နှာခေါင်းပုံသဏ္ဌာန် ရှိပေမယ့် အကြည်ရုပ် မရှိလို့ နံသိမှုမဖြစ်နိုင်ဘူး၊ လျှာရှိလို့ စကားပြောနိုင်ပေမယ့် အကြည်ရုပ် မရှိလို့ အရသာသိမှု မဖြစ်ဘူး၊ သူတို့မှာ ဆာလောင်ခြင်းလဲ မရှိဘူး၊ စားလိုခြင်းလဲ မရှိဘူး၊ အစာမစားရပဲနဲ့ ချမ်းသာနေကြတယ်၊ သိပ်ကောင်းတာပဲ၊ ကိုယ်အထည်ဒြပ်ကြီးရှိပေမယ့် အကြည်ရုပ် မရှိလို့ အကောင်းအဆိုး ထိသိမှု မဖြစ်ဘူး၊ ဒါလဲ သိပ်ကောင်းတာပဲ၊ လူတွေ နတ်တွေမှာရော ရူပဗြဟ္မာ တွေမှာရော ဟဒယဝတ္ထု ဆိုတဲ့ မှီရာရုပ် ရှိနေလို့ ကြံသိမှုစိတ်တွေ ဈာန်စိတ်တွေ ဖြစ်နေတယ်။

ရုပ်မှီတဲ့စိတ်လဲ မရှိ

▬▬▬▬▬▬▬

အငြိမ်းဓာတ် နိဗ္ဗာန်မှာတော့ ဓာတ်လေးပါးလဲမရှိ၊ ဓာတ်လေးပါး မှီပြီးဖြစ်တဲ့ အဲဒီ မျက်စိ နား နှာ လျှာ ကိုယ် ဟဒယဝတ္ထု ဆိုတဲ့ ရုပ်တွေကလဲ မရှိတဲ့အတွက် မြင်သိမှု စသော ကာမာဝစရစိတ် နာမ်တရားတွေလဲ မရှိဘူး၊ ပဌမဈာန်စိတ်အစရှိတဲ့ ရူပါဝစရစိတ် နာမ်တရားတွေလဲမရှိဘူး၊ အဲဒါကို နည်းမှီပြီး သိနိုင်ပါတယ်၊ ဒါကြောင့် ဓာတ်လေးပါး မရှိဘူးဆိုတဲ့ စကားတော်ဖြင့် ဥပါဒါရုပ်တွေကလဲ မရှိဘူး၊ ရုပ်ကိုမှီပြီး ဖြစ်တဲ့ ကာမာဝစရစိတ် ရူပါဝစရစိတ်ဆိုတဲ့ နာမ်တရားတွေလဲ မရှိဘူးဆိုတာကို နည်းမှီသောအားဖြင့် သိစေပါတယ်၊ ဒီနေရာမှာ တိုတိုနဲ့ပြီးအောင် စိတ်ကိုသာ ခေါင်းတပ်ပြီး ပြောပါတယ်၊ စိတ်မရှိရင် စိတ်နှင့်ပူးတွဲပြီးဖြစ်တဲ့ စေတသိက် နာမ်တရားတွေလဲ မရှိဘူးဆိုတာ မှတ်ယူကြဖို့ပါပဲ၊ နောက်ပြီးတော့ ရုပ်ကိုမမှီပဲ ဖြစ်တဲ့ အရူပစိတ်တွေတော့ ရှိပါသေးသလားလို့ မေးစရာ တွေးစရာ ရှိတဲ့အတွက် ဒီလို ဆက်ပြီး မိန့်ဆို ဥဒါန်းကျူးတော်မူပြန်ပါတယ်။

အရူပစိတ်လဲ မရှိ

▬▬▬▬▬▬

ယတ္ထ - ယင်းနိဗ္ဗာန်၌၊ န အာကာသာနဉ္စာယတနံ - အာကာသာနဉ္စာယတန စိတ်စေတသိက် နာမ်တရားလဲ မရှိဘူး-တဲ့၊ အာကာသာနဉ္စာယတနဘုံမှာ ရုပ်မရှိဘူး၊ ပဋိသန္ဓေ ကာလကတည်းက အာကာသာနဉ္စာယတန ဝိပါက်စိတ် စေတသိက် သက်သက်ချည်း စပြီး ဖြစ်လာတယ်၊ ပဝတ္တိ ကာလမှာတော့ ပုထုဇဉ်သေက္ခ သန္တာန်မှာ ကုသိုလ် အကုသိုလ် စိတ်စေတသိက်လဲ ဖြစ်တယ်၊ သေက္ခအဖြစ်နဲ့ အဲဒီဘုံရောက်ပြီး အဲဒီဘုံကျမှ ရဟန္တာဖြစ်တဲ့ ပုဂ္ဂိုလ်လဲ ရှိနိုင်တယ်၊ အဲဒီလို ရဟန္တာမှာ ကြိယာ စိတ်စေတသိက်လဲ ဖြစ်တယ်၊ အဲဒီဘုံက ပုဂ္ဂိုလ်၏သန္တာန်မှာ ရုပ်ဆိုရင် ဘာတစ်ခုမျှမရှိဘူး၊ စိတ် စေတသိက် အစဉ်သက်သက် မျှဖြစ်နေတယ်၊ သိပ်အံ့စရာကောင်းတာပဲ၊ အဲဒီလိုစိတ်စေတသိက် နာမ်အစဉ်သက်သက်ဖြစ်နေတဲ့ ပုဂ္ဂိုလ်မှာ ဝတ်စရာ အဝတ်အထည် လိုပါဦး မလား၊ အိပ်စရာ နေစရာ ခုတင် ပလ္လင် ပြာသာဒ်တို့ကော လိုပါဦးမလား၊ ဘုန်းကြီး သဘော ကျတာကတော့ မလိုဘူးလို့ပဲ ထင်တယ်၊ ဒါပေမယ့် အရူပဘုံကို ပြသာဒ်ပုံတွေနဲ့ ပြလေ့ရှိကြတယ်၊ ဒီနေရာမှာ သိစေလိုတာကတော့ ရုပ်အမှီမရှိပဲ ဖြစ်နေတဲ့ အဲဒီ အာကာသာနဉ္စာယတနစိတ် စေတသိက် နာမ်တရားလဲ နိဗ္ဗာန်မှာ မရှိဘူးလို့ သိစေလိုရင်းပါပဲ။

ယခုခေတ်ကာလမှာ ဗုဒ္ဓသာသနာဝင် မဟုတ်တဲ့ သူတွေဆိုရင် အဆုံး အပိုင်းအခြားမရှိတဲ့ ကောင်းကင်ပညတ်ကိုသာ အခြေခံပြုပြီး ဖြစ်နေတဲ့ အဲဒီအာကာသာနဉ္စာယတနဈာန်နဲ့ အဲဒီ ဘုံအကြောင်းကို သိကြမှာတောင် မဟုတ်ပါဘူး၊ ဒါကြောင့် ဒီလိုဈာန်စိတ်နဲ့ အဲဒီဈာန်စိတ်ရှိရာ ဘုံကိုရော အဲဒီဈာန်စိတ်မရှိရာ နိဗ္ဗာန်ကိုရော ခွဲခြားပြီး ဟောကြားတော်မူတဲ့ မြတ်စွာဘုရား တရားတော်ဟာ အင်မတန် မြင့်မြတ်ပါပေတယ်၊ အံ့သြဖွယ် ကြည်ညိုဖွယ်လဲ အလွန်ကောင်းပါတယ်၊ ယခု တရားအားထုတ် နေကြတဲ့ အချို့ယောဂီတွေလဲ မိမိတို့သန္တာန်က ရုပ်နာမ်တွေကို ရှုမှတ်နေရင်း သင်္ခါရုပေက္ခာဉာဏ်ဆီ ရောက်နေတဲ့အခါမှာ ကိုယ်ကြီးတစ်ခုလုံး ပျောက်နေပြီး ဟင်းလင်းပြင် ကောင်းကင်ထဲမှာ ကြည်လင်တဲ့ စိတ်ကလေးဟာ အဆင့်ဆင့်ဖြစ်နေတာကို တွေ့ကြရတယ်၊ အဲဒါဟာ အာကာသာနဉ္စာယတန ဈာန်လို့တော့ မဆိုနိုင်ဘူး၊ ဒါပေမယ့် အဲဒီဈာန်နဲ့ အလားတူတဲ့ ဝိပဿနာ စိတ်အထူးလိုတော့ ဆိုနိုင်ပါတယ်၊ နောက်ပြီးတော့ -

န ဝိညာဏဉ္စာယတနံ - ဝိညာဏဉ္စာယတန စိတ်စေတသိက် နာမ်တရားလဲ မရှိပါဘူးတဲ့၊ ဝိညာဏဉ္စာယတနဘုံက ပုဂ္ဂိုလ်တွေမှာ ပဋိသန္ဓေ ကာလကတည်းက ဝိညာဏဉ္စာယတန ဝိပါက် စိတ်စေတသိက် သက်သက်ချည်း စပြီး ဖြစ်လာတယ်၊ ပဝတ္တိကာလမှာတော့ ရှေးနည်းတူပဲ ကုသိုလ် အကုသိုလ်စိတ် ကြိယာစိတ်များလဲ ဖြစ်တယ်၊ နိဗ္ဗာန်မှာ အဲဒီစိတ်စေတသိက် နာမ်တရားမျိုးလဲ မရှိပါဘူးတဲ့၊ နောက်ပြီးတော့ -

န အာကိဉ္စညာယတနံ - အာကိဉ္စညာယတန စိတ်စေတသိက် နာမ်တရားလဲ မရှိ၊ န နေဝသညာနာသညာယတနံ - သညာမရှိတရှိ အလွန်သိမ်မွေ့တဲ့စိတ် စေတသိက် နာမ်တရားလဲ မရှိပါဘူးတဲ့ ဒီ နေဝသညာနာသညာယတနစိတ်ကတော့ လောကီတရားထဲမှာ အမြင့်မြတ်ဆုံးပဲ၊ အလွန်လဲ သိမ်မွေ့တယ်၊ သညာ မရှိတော့သလို ထင်ရလောက်အောင် သိမ်မွေ့တယ်၊ သညာသာ မဟုတ်ဘူး၊ ဖဿ ဝေဒနာ စေတနာ စိတ် စသည်တွေလဲ မရှိတော့သလို ထင်ရလောက်အောင် သိမ်မွေ့တယ် ဒီစိတ်မျိုးကို ယခုနေအခါ ဗုဒ္ဓသာသနာအပြင်က လူတွေသိကြဟန် မတူပါဘူး၊ သာသနာတွင်းက ပုဂ္ဂိုလ်တွေလဲ ကျကျနန တရား အားမထုတ်ဖူးရင် သဘောပေါက်ဖို့ မလွယ်ပါဘူး၊ သင်္ခါရုပေက္ခာဉာဏ်ရောက်နေတဲ့ အချို့ယောဂီများကတော့ ဒီစိတ်နဲ့ အလားတူတဲ့ အလွန်သိမ်မွေ့တဲ့ ဝိပဿနာစိတ်ကို တွေ့ကြရပါတယ်၊ မသိတသိဖြစ်ပြီး နေတယ်လို့ ပြောတတ်ကြတယ်၊ ဒီလို အလွန်သိမ်မွေ့တဲ့ နေဝသညာနာသညာယတနစိတ်လဲ နိဗ္ဗာန်မှာ မရှိပါဘူးတဲ့၊ ဒီဥဒါန်းစကားကို ထောက်ဆ ကြည့်သော အားဖြင့်လဲ မြတ်စွာဘုရား၏ တရားတော်ဟာ အလွန်ကြည်ညိုစရာ ကောင်းလှပါပေတယ်၊ “နိဗ္ဗာန်မှာ ဒါလောက် သိမ်မွေ့ မြင့်မြတ်တဲ့ စိတ်တောင်မှ မရှိဘူးတဲ့၊ ဒီစိတ်ထက်တောင် မြင့်မြတ်သေးတယ်”လို့ ဆင်ခြင်ပြီး ကြည်ညိုစရာ အလွန်ကောင်းပါတယ်။

ဒါပေမယ့် သဒ္ဓါတရား မွဲပြာကျနေတဲ့ ပုဂ္ဂိုလ်တွေကတော့ သူတို့မှာ ဒီလို ဈာန် သမာပတ် စိတ်မျိုးဆိုရင် အနံ့တောင် မနံပါပဲနဲ့ ဗုဒ္ဓတရားတော်ကို အရမ်း ပစ်ပယ်နေကြတာလဲ ရှိတယ်၊ အမှန်ကတော့ ဗုဒ္ဓ မြတ်စွာဘုရား ဟောထားတဲ့အတိုင်း ကျင့်ကြံ အားထုတ်ပြီးတော့ ယခုပြောတဲ့ နေဝသညာနာသညယတန ဈာန်ကိုလဲ ရပြီးတဲ့ပြင် ဒီဈာန် စိတ်မျိုးကင်းရာ နိဗ္ဗာန်ဆိုတာကိုလဲ ကိုယ်တိုင်တွေ့ပြီးတော့မှ မကောင်းဘူး မသင့်ဘူး ထင်ရင်လဲ ပစ်ပယ်သင့်ပါတယ်၊ ဘာမျှမသိပဲနဲ့ အရမ်းပစ်ပယ် နေတာကတော့ အလွန်သဘာဝ မကျတဲ့ အလုပ်ပါပဲ။

နိဗ္ဗာန်မှာ ရုပ်နာမ် အားလုံးပင် မရှိ

▬▬▬▬▬▬

အကာသာနဉ္စာယတနစိတ် စေတသိက် နာမ် တရားမရှိဘူး အစရှိသော ဒီစကားတော်ဖြင့် နိဗ္ဗာန်မှာ ရုပ်မရှိတဲ့၊ အရူပဘုံက စိတ်စေတသိက် နာမ်တရားမျိုးလဲ မရှိဘူးလို့ သိစေပါတယ်၊ ဒါကြောင့် ဒီ စကားတော်နှင့် ပထဝီဓာတ်မရှိ စသည်ဖြင့် ဆိုသော ရှေ့စကားတော် ဒီနှစ်ရပ်ဖြင့် နိဗ္ဗာန်မှာ ၃၁-ဘုံတွင်ရှိတဲ့ ရုပ်တရား နာမ်တရားမျိုး တစ်စုံတစ်ခုမျှမရှိကြောင်းကို သိစေပါတယ်၊ ဒီနေရာမှာ တစ်ချို့က ဉာဏ်ကွန့်ပြီး ပြောကြတာလဲ ရှိတယ်၊ ဘယ်လိုလဲ ဆိုတော့-နိဗ္ဗာန်မှာ ၃၁-ဘုံက ရုပ်နာမ်မျိုးသာ မရှိတာ၊ ရုပ်ဝိသေသ နာမ်ဝိသေသတော့ ရှိတယ်၊ ဒါကြောင့် ဘုရား ရဟန္တာ အရှင်မြတ်တွေဟာ ပရိနိဗ္ဗာန် စံပြီးတဲ့နောက် နိဗ္ဗာန်မှာ ရုပ်ထူး နာမ်ထူးတွေနဲ့ ရှိနေကြတယ်လို့ ထူးထူးကဲကဲ ကြံဆပြီး ပြောဟောကြ ရေးသားကြတယ်၊ အဲဒီ ဝါဒကို အတ္တစွဲအားကြီးတဲ့ သူများက ကြိုက်နှစ်သက်ဖွယ် ရှိပါတယ်။

အဲဒီလို ပြောဆို ရေးသားချက်နှင့်စပ်ပြီး သုံးပုံပိဋကတ် ကျမ်းဂန်တတ် ဆရာတော်ဘုရားကြီး တစ်ပါးက ဒီလိုဖြေရှင်း ပြတယ်၊ နိဗ္ဗာန်မှာ ရုပ်ထူး နာမ်ထူးရှိနေရင် ဘဝအသစ်ဖြစ်မှု ဇာတိ အထူးလဲ ရှိလိမ့်မယ်၊ ဇရာအထူး အိုခြင်း အထူးလဲ ရှိလိမ့်မယ်၊ မရဏအထူး သေခြင်းအထူးလဲ ရှိလိမ့်မယ်၊ သောကအထူး ပရိဒေဝအထူး ဒုက္ခအထူး ဒေါမနဿအထူး ဥပါယာသ အထူးတွေလဲ ရှိလိမ့်မယ်၊ “ရုပ်နာမ်တွေအားလုံး ချုပ်ငြိမ်းပါတယ် မရှိပါဘူး” လို့ အထင်အရှား ဟောထားပါလျက် “ရုပ်ထူး နာမ်ထူး ရှိတယ်”လို့ ကြံတာကတော့ အကြံဉာဏ် နယ်ပယ် လွန်သွားတာပါပဲ၊ “ချုပ်ငြိမ်းတယ် ကင်းတယ် မရှိဘူး”လို့ အတိအလင်း ဟောထားရာမှာ “မမှီဘူး”လို့ မှတ်ယူရန်မှတစ်ပါး အထူး အထွေကြံနေစရာ မရှိပါဘူးလို့ ဖြေရှင်းပြပါတယ်၊ အဲဒီ ဖြေရှင်းချက်ဟာ ဘုရားအလိုတော်နှင့် အံဝင်ခွင်ကျ ကိုက်ညီပါပေတယ်၊ အဲဒီကို ရုပ်နာမ်တွေ လုံးဝ မရှိတဲ့ အတွက် နိဗ္ဗာန်ဟာ ယခု မျက်မှောက် လူ့လောကထဲမှာလဲ မပါဝင်ဘူး၊ အခြားလောကထဲမှာလဲ မပါဝင်ဘူး၊ ဒါကြောင့် -

နိဗ္ဗာန်ဆိုတာ လောကမှ အလွတ်ဖြစ်သည်

▬▬▬▬▬▬

နာယံ လောကော - နိဗ္ဗာန်မှာ ဤလောကထဲ မရှိ = ဤလောကလဲမဟုတ်၊ န ပရော လောကော - အခြားလောကလဲ မရှိ အခြားလောကလဲ မဟုတ်ဘူးတဲ့၊ ဤလောက အခြား လောကများနှင့် ဆိုင်တဲ့ ရုပ်နာမ်တွေ လုံးဝမရှိတဲ့အတွက် နိဗ္ဗာန်ဆိုတာ ဤလောကလဲ မဟုတ်၊ အခြားလောကလဲ မဟုတ်၊ လောကမှ အလွတ်ဖြစ်တယ်လို့ သိစေပါတယ်၊ နောက်ပြီးတော့ ဤလောက အခြားလောက များမှာလို ရုပ် နာမ်တွေ မရှိတဲ့အတွက် အထူးအားဖြင့် ရုပ်မရှိတဲ့အတွက် အမှောင်မရှိဘူး၊ အမှောင် မရှိတော့ အလင်းရောင်လဲ မလိုဘူး၊ ဒါကြောင့် -

န ဥဘော စန္ဒိမသူရိယာ - အလင်းရောင်ကို ပေးတတ်သည့် နှစ်ပါးသော လနေတို့လဲ မရှိကြဘူး-လို့လဲ ဖော်ပြထားပါတယ်၊ ဒီစကားတော်ဖြင့် တစ်နေ့က ဟောခဲ့တဲ့ ဗာဟိယသုတ်မှာလိုပင် လ-နေ-ဂြိုဟ်-ကြယ် စသည်တွေလဲ မရှိကြောင်း၊ အမှောင်လဲ မရှိကြောင်း သိစေပါတယ်၊ “နိဗ္ဗာန်ဆိုတာ ရုပ်နာမ်ခန္ဓာတို့၏ ချုပ်ငြိမ်းခြင်း သဘောမျှပဲ” ဆိုတာ သိထားရင် “လ-နေမရှိ အလင်း အမှောင်မရှိ” ဆိုတဲ့ ဒီအနက်ဟာ ရှင်းနေပါတယ်၊ ဘဝသစ် ရုပ်နာမ်ခန္ဓာတွေမဖြစ်ပေါ်ပဲ ချုပ်ငြိမ်းသွားရာမှာ လ-နေတွေ ဂြိုဟ်တွေ ကြယ်တွေ အလင်း-အမှောင်တွေ ဘယ်မှာရှိနိုင်မလဲ၊ ရှိဖို့လဲ မလိုပါဘူး၊ ဒါကြောင့် အဲဒီ အနက်ကတော့ ရှင်းနေပါပြီ၊ ဒါပေမယ့် နတ်လောကမှ လူ့လောကသို့ ပြောင်းလာတာလို အဲဒီ နိဗ္ဗာန်မှာ တစ်ခြားမှ ပြောင်းလာတာ ရှိလေသလားလို့ စဉ်းစားစရာလဲရှိတယ်၊ ဒါကြောင့် အဲဒီလို ပြောင်းလာတာလဲ မရှိကြောင်း စသည်ကို ဆက်ပြီး မိန့်ဆို ကျူးရင့်တော်မူပြန်ပါတယ်။

နိဗ္ဗာန်မှာ လာခြင်း သွားခြင်း တည်ခြင်းမရှိ

▬▬▬▬▬▬▬▬

အပိ - ထို့ပြင်လဲ၊
တတြ - ထိုနိဗ္ဗာန်၌၊
အဟံ - ငါသည်၊
နေဝ အာဂတိံ ဝဒါမိ ဘိက္ခဝေ - တစ်ခြားမှ လာရောက်ခြင်းကိုလဲ မဟောပါဘူး ရဟန်းတို့-တဲ့၊

လူ့လောကမှာဆိုရင် အပါယ်ဘုံများမှ ရောက်လာတာရှိတယ်၊ နတ်လောကမှ ရောက်လာတာလဲ ရှိတယ်၊ နတ်လောကမှာလဲ အခြားဘုံများမှ ရောက်လာတာရှိတယ်၊ နိဗ္ဗာန်မှာတော့ အဲဒီလို တစ်ခြားမှ ရောက်လာတာရှိတယ်၊ နိဗ္ဗာန်မှာတော့ အဲဒီလို တစ်ခြားမှ ရောက်လာခြင်းလဲ မရှိပါဘူး-တဲ့ လူ့လောက နတ်လောက ဗြဟ္မာလောကမှ ရဟန္တာ ပုဂ္ဂိုလ်များ ပရိနိဗ္ဗာန် ပြုသွားတဲ့အခါ အနုပါဒိသေသ နိဗ္ဗာန် ဝင်စံသွားတယ်လို့ ပြောရပါတယ်၊ ဒါပေမယ့် လူ့လောက နတ်လောက ဗြဟ္မာလောကမှ ရုပ်နာမ်ခန္ဓာ အစဉ်ဖြင့် အသစ် ဖြစ်ပြီး ရောက်လာတာမျိုးတော့ မဟုတ်ဘူး၊ ရုပ်နာမ်ခန္ဓာ အသစ် မဖြစ်တော့ပဲ ချုပ်ငြိမ်းပြတ်စဲ သွားရုံမျှသာ ဖြစ်တယ်၊ အဲဒီလို ချုပ်ငြိမ်း ပြတ်စဲသွားတာကိုပင် အနုပါဒိသေသ နိဗ္ဗာန် ဝင်စံသွားတယ်လို့ ဆိုရတယ်၊ ဒါကြောင့် ထိုနိဗ္ဗာန်၌ တစ်ခြားမှ လာရောက်ခြင်းကိုလဲ ငါမဟောဘူးလို့ မိန့်ဆိုတော်မူပါတယ်၊ ဒီအဆိုကို ထောက်ဆ ကြည့်ရင်လဲ နိဗ္ဗာန်မှာ ရုပ်ထူး နာမ်ထူးနဲ့ အသစ် ဖြစ်ခြင်း မရှိဘူးဆိုတာ အလွန် ထင်ရှားပါတယ်၊ နောက်ပြီးတော့ -

န ဂတိံ - တစ်ခြားသို့ ပြောင်းသွားခြင်းကိုလဲ ငါမဟောဘူးတဲ့၊ ကုသိုလ်ကံရှိတဲ့ သူတွေက လူ့ဘုံမှ နတ်ဘုံသို့ ပြောင်းသွားကြတယ်၊ နတ်ဘုံမှလဲ လူ့ဘုံသို့ ပြောင်းလာကြတယ်၊ အကုသိုလ်ကံ အားကြီးတဲ့ သူတွေက အပါယ်ဘုံများသို့ ပြောင်းသွားတယ်၊ နိဗ္ဗာန်မှာတော့ အဲဒီလို တစ်ခြားသို့ ပြောင်းသွားခြင်းလဲ မရှိပါဘူးတဲ့၊ ဒါဖြင့် နိဗ္ဗာန်မှာ ဘုရားရဟန္တာ အရှင်မြတ်တွေဟာ ပုဂ္ဂိုလ်အထည် ဒြပ်နှင့်တကွ တည်ရှိနေကြပါသလားလို့ မေးစရာရှိတယ်၊ ဒါကြောင့် -

န ဌီတိံ - တောင်ကြီးများလို ပုဂ္ဂိုလ် အနေအားဖြင့် တည်တံ့နေခြင်းကိုလဲ ငါမဟောဘူးတဲ့၊ ဒီစကားဖြင့်လဲ ရုပ်ထူးနာမ်ထူးနဲ့ တည်နေတာ မဟုတ်ကြောင်း အလွန် ထင်ရှားလှပါတယ် နောက်ပြီးတော့ ၃၁-ဘုံ လောကမှာလို အဆက်ဆက် သေလိုက် ဖြစ်လိုက်နဲ့ ဖောက်ပြန်ခြင်းလဲ မရှိတဲ့ အကြောင်းကို -

စုတေခြင်း ကပ်ရောက်ခြင်းလဲ မရှိ

▬▬▬▬▬▬▬▬

န စုတိံ - ရွေ့လျောစုတေခြင်းကိုလဲ ငါ မဟောဘူးတဲ့၊ န ဥပပတ္တိံ - ကပ်ရောက်၍ ဖြစ်ခြင်းကိုလဲ ငါ မဟောဘူးတဲ့၊ ဒီ-၂ပုဒ်ဖြင့် အဆက်ဆက် သေခြင်း အဆက်ဆက်ဖြစ်ခြင်း မရှိကြောင်း ပြတယ်လို့ အဋ္ဌကထာများမှာ ဖွင့်ပြထားပါတယ်။ အချို့ ဆရာများကတော့ ဥပပါတ်ပုဂ္ဂိုလ်များ၏ စုတေခြင်း ဖြစ်ခြင်းမျိုး မရှိကြောင်း ပြတယ်လို့ ဆိုကြပါသတဲ့၊ နတ် ဗြဟ္မာများသေတာကို စုတိ-စုတေတယ်လို့ ပါဠိအသုံး ရှိတယ်။ နတ်ပြည် ဗြဟ္မာ့ပြည်၌ ကိုယ်ထင်ရှား အပြည့်အစုံဖြစ်တာကို ဥပပါတ်ဖြစ်တယ်လို့ ပါဠိ အသုံးရှိတယ်၊ ဒါကြောင့် အချို့ဆရာတို့၏ ဖွင့်ပြချက်ကပိုပြီး အသင့်ယုတ္တိရှိတယ်လို့ သဘောကျဖွယ် ရှိပါတယ်၊ အဲဒီအဖွင့်အရ အားဖြင့်ဆိုရင် နတ်များ စုတေတာလို ရုတ်တစ်ရက် ပျောက်ကွယ်သွားတဲ့ သေခြင်းမျိုးလဲ မရှိဘူး၊ နတ်ပြည်၌ ဘဝသစ် ဖြစ်တာလို ရုတ်တစ်ရက် ကိုယ်ထင်ရှား အပြည့်အစုံဖြစ်တဲ့ ဖြစ်ခြင်းမျိုးလဲ မရှိဘူးလို့ သိစေ တယ် ဆိုရမှာပဲ၊ ဒီအနက်ဟာ ရုပ် နာမ် ချုပ်ငြိမ်းခြင်း သဘောမှာ ရုတ်တစ်ရက် ပျောက်ကွယ် ပျက်စီး စရာလဲ မရှိ၊ ကိုယ်ထင်ရှား ဖြစ်စရာလဲ မရှိတဲ့အတွက် အလွန်ပဲ သင့်လျော် ထင်ရှားပါတယ်၊ နောက်ပြီးတော့ -

တည်ရာလဲ မရှိ

▬▬▬▬▬

ဧတံ - ဤနိဗ္ဗာန်သည်၊ အပ္ပတိဋ္ဌံ - တည်ရာလဲ မရှိပေ၊ ဘဝသစ် ရုပ်နာမ်ခန္ဓာတွေ မဖြစ်ပေါ် လာတော့ပဲ ချုပ်ငြိမ်းပြတ်စဲသွားခြင်း သဘောဟာ ဘယ်အရပ်မှာတည်နေတယ်၊ ဘာပေါ်မှာ တည်နေတယ်လို့ ဆိုစရာ မရှိဘူး၊ ဒါကြောင့်-နိဗ္ဗာန်မှာ တည်ရာ အရပ်ဌာနမရှိဘူးလို့ မိန့်ဆိုတော်မူတာပါပဲ၊ ဒါလဲ ထင်ရှားပါတယ်၊ နိဗ္ဗာန်ဆိုတာ ရုပ်နာမ် ၂-မျိုးထဲက နာမ်တရားထဲမှာ ပါဝင်တယ် ဒါပေမယ့် စိတ်စေတသိက် နာမ်တရားလို ဥပါဒ် ဌီ ဘင် ရှိတာမဟုတ်ဘူး၊ ဒါကြောင့် ရုပ်ရှိတဲ့ ဘုံများက စိတ်စေတသိက်များလို ရုပ်ကိုလဲ မမှီဘူး၊ အခြားတရားကိုလဲ မမှီဘူး၊ အရူပဘုံက နာမ်များမှာ မှီရာရုပ် မရှိပေမယ့် ဖြစ်ရာဘုံ ဆိုတဲ့ တည်ရာအရပ်ကတော့ ရှိနေတာပဲ၊ ဒီနိဗ္ဗာန်ကတော့ ချုပ်ခြင်း သဘောမျှ ဖြစ်သောကြောင့် ဘယ်အရပ် ဘယ်ဌာနမှာမျှ တည်နေတယ်လို့ မဆိုနိုင်ဘူး၊ ကောင်းကင်ထဲမှာ တည်နေတယ်လို့လဲ မဆိုနိုင်ဘူး၊ ဒါပေမယ့် နည်းပရိယာယ်အားဖြင့်တော့ တစ်လံမျှလောက်သော ခန္ဓာကိုယ်ထဲမှာ ရှိတယ်လို့ ဟောထားတဲ့ ဒေသနာကတော့ ရှိပါတယ်၊ အဲဒါကို တော်တော်ကြာမှ ဆက်ပြီး ဟောရမယ်၊ နောက်ပြီးတော့ -

ရုပ် နာမ် အယဉ်လဲ မရှိ

▬▬▬▬▬▬▬▬

ဧတံ - ဤနိဗ္ဗာန်သည်၊ အပ္ပဝတ္တံဧဝံ - မပြတ် ဖြစ်နေသော ရုပ်နာမ်အယဉ်လဲ မရှိသည်သာတည်း၊ ဝါ- ရုပ်နာမ် အယဉ်၏ ပြောင်းပြန် ပြတ်စဲ ချုပ်ငြိမ်းခြင်းသာလျှင် ဖြစ်ပေသည်-တဲ့၊ သတ္တဝါတို့၏ သန္တာန်မှာ ရုပ်နာမ်တွေဟာ တစ်ခုပြီးတစ်ခု မပြတ်ဖြစ်နေတယ် ရေစီးကြောင်းထဲက ရေအယဉ်လိုပါပဲ၊ ဥဒယဗ္ဗယဉာဏ် စသည်ကို ရောက်နေတဲ့ ယောဂီတွေမှာ ထိသိမှု ကြံသိမှု ကြားမှုအစရှိသော ရုပ်နာမ်တွေကို တစ်ခုပြီးတစ်ခု မပြတ် ရှုမှတ်ပြီးသိနေတယ်၊ တစ်ခုတစ်ခုက ပျောက်သွားရင် နောက်တစ်ခု တစ်ခုက ပေါ်ပေါ်လာပြန်တာပဲ၊ မကုန်နိုင် မဆုံးနိုင်တဲ့ ရုပ် နာမ် အစဉ်တွေကို မပြတ်မှတ် သိနေရတယ်၊ အဲဒီလို ရှုသိနေရင်းထဲက သင်္ခါရုပေက္ခာဉာဏ် ရင့်သန် ပြည့်စုံတဲ့အခါမှာ အဲဒီ ရုပ်နာမ်အစဉ်အယဉ်ကို ယူပစ်လိုက်သလိုပင် ရုတ်တရက် ချုပ်ငြိမ်းတဲ့ သဘောထဲ ကျရောက်သွားတယ်၊ အဲဒါဟာ ရုပ်နာမ်အယဉ် ပြတ်စဲ ချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ပဲ၊ ထို့အတူပင် ပရိနိဗ္ဗာန်စုတိစိတ် ချုပ်ငြိမ်းတဲ့အခါမှာလဲ ရုပ်နာမ်အယဉ် လုံးဝပြတ်စဲသွားတယ် အဲဒါကလဲ ပဝတ္တခေါ်တဲ့ ရုပ်နာမ်အယဉ် လုံးဝ ကင်းတဲ့ အနုပါဒိသေသနိဗ္ဗာန်ပဲ၊ ဒါကြောင့် အပ္ပဝတ္တံ ဧဝ - မပြတ်ဖြစ်နေသော ရုပ်နာမ်အယဉ်လဲ မရှိသည်သာတည်းလို့ မိန့်ဆို ကျူးရင့်တော်မူပါတယ်၊ နောက်ပြီးတော့ -

ဧတံ - ဤနိဗ္ဗာန်သည်၊ အနာရမ္မဏမေဝ - အာရုံမရှိသည်သာတည်း၊ ဝါ- အာရုံမပြုတတ် မသိတတ် သည်သာတည်း-တဲ့၊ နိဗ္ဗာန်ဟာရုပ်နာမ် ၂-ပါးထဲက နာမ်တရားထဲမှာ ပါဝင်တယ်၊ ဒါပေမယ့် စိတ်စေတသိက်နာမ်များလို အာရုံကိုတော့မယူတတ် မသိတတ်ဘူး မဂ်ဖိုလ် ပစ္စဝေက္ခဏာ စိတ်များကို မိမိဆီသို့ ညွတ်စေတတ်သောကြောင့်သာ နိဗ္ဗာန်ကို နာမ-နာမ်လို့ ခေါ်ရတယ်၊ ဒါကြောင့် အနာရမ္မဏမေဝ - အာရုံ မပြုတတ် သည်သာတည်းလို့ မိန့်ဆို ကျူးရင့်တော်မူပါတယ်၊ အဲဒီလို နိဗ္ဗာန်၏ ဂုဏ်တွေကို ဖော်ပြပြီးတော့ -

ဧသေဝ - မြေဓာတ်မရှိ စသည်ဖြင့် ဖော်ပြခဲ့သော ဤနိဗ္ဗာန်သည်သာလျှင်၊
ဒုက္ခဿ - ဆင်းရဲ အပေါင်း၏၊
အန္တော - အဆုံး ပေတည်း-
လို့ နိဂုံးချုပ်၍ ကျူးရင့်တော်မူပါတယ်။

ဓာတ်လေးပါး ကင်းရာ, ရုပ်နာမ်အားလုံး ကင်းရာ စသည်ဖြင့် ချီးကျူးဖော်ပြခဲ့တဲ့ အငြိမ်းဓာတ် သဘောတရားဟာ ဆင်းရဲဟူသမျှ၏ အဆုံးပဲတဲ့၊ အဲဒါဟာ ဘဝသစ် ရုပ်နာမ်ခန္ဓာ ချုပ်ငြိမ်း ကင်းပြတ်တဲ့ အနုပါဒိသေသ နိဗ္ဗာန်ပင်ပဲ၊ အဲဒီနိဗ္ဗာန် မရောက်သေးရင်တော့ ရုပ်ကို မှီပြီး ဖြစ်တဲ့ ဆင်းရဲနာမ်ကို မှီပြီးဖြစ်တဲ့ ဆင်းရဲ၊ ရုပ်နာမ်နှစ်ပါးနှင့် စပ်ဆိုင်တဲ့ သင်္ခါရ ဆင်းရဲ ဆိုတာတွေ ရှိနေသေးတာပဲ၊ ရဟန္တာမှာ ကိလေသာဆင်းရဲ ကင်းပေမယ်လို့ ပရိနိဗ္ဗာန်မစံမီမှာဆိုရင် ခန္ဓာအကြွင်း ရှိနေသေးတဲ့ အတွက် ရုပ်နာမ် ခန္ဓာဆင်းရဲတွေက ရှိနေသေးတာပဲ၊ အနုပါဒိသေသ ပရိနိဗ္ဗာန် ဝင်စံသွားတဲ့ အခါကျတော့မှ ဆင်းရဲဟူသမျှတွေ အားလုံး ကုန်ဆုံးသွားတယ်၊ ဒါကြောင့် အဲဒီ အနုပါဒိသေသနိဗ္ဗာန်ကို ဆင်းရဲအပေါင်း၏ အဆုံးပဲလို့ မိန့်ဆို ကျူးရင့်တော်မူပါတယ်။

ဒီဥဒါန်းစကားတော်ထဲမှာ အပ္ပတိဋ္ဌံ - တည်ရာ မရှိဘူးလို့ မိန့်ဆိုတော်မူသောကြောင့် “နိဗ္ဗာန်ဟာ ဘယ်မှာ တည်နေပါသလဲ” ဆိုရင် ဘယ်မှာမှ တည်နေတယ်လို့ မုချအားဖြင့်တော့ မဆိုနိုင်ဘူး၊ ဒါပေမယ့် ပရိယာယ် အားဖြင့်တော့ ရဟန္တာ ပုဂ္ဂိုလ်၏ ကိုယ်ထဲမှာ တည်တယ်လို့ ဆိုရပါသေးတယ်၊ အဲဒီလိုဆိုရခြင်း၏ အကြောင်းကတော့ သံယုတ်ပါဠိတော် အင်္ဂုတ္တရ ပါဠိတော်များမှာ သင်္ဂါယနာ တင်ထားတဲ့ ရောဟိတဿသုတ်မှာ မြတ်စွာဘုရား ဟောတော်မူတဲ့ စကားတော်ပါပဲ။

ရောဟိတဿသုတ်တရား

▬▬▬▬▬▬▬▬▬

တချိန်က သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်မှာ သီတင်းသုံး နေတော်မူစဉ် မြတ်စွာဘုရားကို ရောဟိတဿ ဆိုတဲ့ နတ်သားက ဒီလိုမေးတယ်။

မြတ်စွာဘုရား၊ မဖြစ်ရာ မအိုရာ မသေရာ မစုတေရာ ဘဝသစ်သို့ မကပ်ရောက်ရာ ဖြစ်သော လောက၏ အဆုံးကို သွားခြင်းဖြင့် သိနိုင်တွေ့မြင်နိုင် ရောက်နိုင်ပါသလား အရှင်ဘုရားလို့ မေးတယ်၊ အဲဒီအမေးကို မြတ်စွာဘုရားက ဒီလို ဖြေတော်မူတယ်။

လောက၏ အဆုံး သွား၍ မရောက်နိုင်

▬▬▬▬▬▬▬

ယတ္ထ ခေါ အာဝုသော န ဇာယတိ န ဇီယတိ န မီယတိ န စဝတိ န ဥပပဇ္ဇတိ၊ နာဟံ “တံ ဂမနေန လောကဿ အန္တံ ဉာတေယျံ ဒဋ္ဌေယျံ ပတ္တေယျ”န္တိ ဝဒါမိ။

အာဝုသော - အမောင် ရောဟိတဿ၊
ယတ္ထ - အကြင်အရပ်၌၊
န ဇာယတိ န ဇီယတိ န မီယတိ - မဖြစ် မအို မသေ၊
န စဝတိ န ဥပပဇ္ဇတိ - မစုတေ ကပ်၍မဖြစ်၊
တံ - ထိုသို့သော၊
လောကဿ အန္တံ - လောက၏ အဆုံးကို၊
ဂမနေန - ခြေလျင် သွားခြင်းဖြင့်၊
ဉာတေယျံ ဒဋ္ဌေယျံ ပတ္တေယျန္တိ - သိနိုင် မြင်နိုင် ရောက်နိုင်သည်ဟု၊
န အဟံ ဝဒါမိ - ငါ မဟောဘူး-တဲ့။

အဲဒီလို ဖြေတာကို ကြားရတော့ ရောဟိတဿ နတ်သားက အလွန်သဘောကျသွားတယ်၊ မြတ်စွာဘုရား မိန့်တော်မူတဲ့ အတိုင်းပင် လောက၏အဆုံးသို့ ခြေလျင်သွားလို့ မရောက်နိုင်တာ အလွန် မှန်ကန်ပါတယ်၊ ဘာကြောင့်လဲဆိုရင် သူဟာ ရှေးတုန်းက ဈာန်အဘိညာဉ်ရတဲ့ ရသေ့ဖြစ်ခဲ့တယ်၊ အဘိညာဉ် တန်ခိုးဖြင့် လောက၏အဆုံးကို ရှာကြည့်ခဲ့တယ်၊ စကြဝဠာ တစ်ခုကို ခြေတစ်လှမ်းလောက်နဲ့ ရောက်အောင် သွားခဲ့တယ်၊ အိပ်ချိန် စားချိန် ကိုယ်လက် သုတ်သင်ချိန် များကို ချန်ထား၍ အနှစ်တစ်ရာပတ်လုံး စကြဝဠာလှည့်ပြီး လောက၏ အဆုံးအရပ်ကို ရှာခဲ့တယ်၊ ဒါပေမယ့် လောက၏အဆုံးအရပ်ကို မတွေ့ခဲ့ဘူးတဲ့၊

အနှစ်တစ်ရာပြည့်လို့ အသက်တမ်း ကုန်တဲ့အခါ အဲဒီဘဝကသေပြီး ဒီစကြဝဠာထဲမှာပဲ နတ်သားဖြစ်နေကြောင်းလဲ လျှောက်တယ်၊ ဒေဝပုတ္တောလို့ ဆိုတဲ့အတွက် နတ်သားလို့ ပြောရတာပဲ၊ ဈာန်အဘိညာဉ်ရ ရသေ့ ဘဝက သေလာတာဆိုတော့ ဗြဟ္မာ နတ်ဖြစ်ဟန် လက္ခဏာရှိပါတယ်၊ အဲဒီ ရောဟိတဿနတ်သား ဆိုလိုတာကတော့ စကြဝဠာ ကမ္ဘာလောက၏ အဆုံးကို ဆိုလိုပါတယ်၊ မြတ်စွာဘုရား၏ ရည်ရွယ်ချက်ကတော့ ရုပ်နာမ်အစဉ် သင်္ခါရလောက၏ အဆုံးနိဗ္ဗာန်ကို ဆိုလို ပါတယ်၊ ဒါကြောင့် မြတ်စွာဘုရားက ဒီလိုဆက်ပြီး မိန့်တော်မူပါတယ်။

လောက၏အဆုံးရောက်မှ ဆင်းရဲငြိမ်းသည်

▬▬▬▬▬▬

န ခေါ ပနာဟံ အာဝုသော အပ္ပတွာ လောကဿ အန္တံ ဒုက္ခဿ အန္တကိရိယံ ဝဒါမိ၊ အပိ စ ခွာဟံ အာဝုသော ဣမသ္မိံယေဝ ဗျာမမတ္တေ ကဠေဝရေ သသညိမှိ သမနကေ လောကဉ္စ ပညပေမိ လောကသမုဒယဉ္စ လောကနိရောဓဉ္စ လောကနိရောဓဂါမိနိဉ္စ ပဋိပဒံ။

အာဝုသော - အမောင်ရောဟိတဿ၊
ပန - ခြေလျင်သွား၍ လောက၏အဆုံးသို့ မရောက်နိုင်သော်လည်း
အပ္ပတွာ လောကဿ အန္တံ - လောက၏ အဆုံးသို့ (ဉာဏ်ဖြင့်) မရောက်ပါပဲ၊
ဒုက္ခဿ အန္တကိရိယံ - ဆင်းရဲ၏ အဆုံး ပြုခြင်း ပြီးစေခြင်းကို၊
န ခေါ အဟံ ဝဒါမိ - ငါမဟောပေတဲ့။

(ဒီစကားဖြင့် သိစေလိုတာကတော့ ခြေလျင်သွား၍ မရောက်နိုင်ပေမယ်လို့ ဉာဏ်ဖြင့် သွားလို့တော့ ရောက်နိုင်တယ်၊ အဲဒီလိုဉာဏ်ဖြင့် လောက၏အဆုံးကို မရောက်ရင် ဆင်းရဲ ကုန်ဆုံးခြင်း ငြိမ်းခြင်းကို မပြီးစေနိုင်ဘူး၊ လောက၏အဆုံးကို ဉာဏ်ဖြင့် ရောက်ပါမှ ဆင်းရဲကုန်ဆုံးခြင်း ငြိမ်းခြင်းကို ပြီးစေနိုင်တယ်လို့ သိစေလိုပါတယ်၊) အဲဒီတော့ မြတ်စွာဘုရား ရည်ရွယ်တဲ့ လောကနှင့် လောက၏ အဆုံးဆိုတာက ဘာတွေလဲလို့ မေးစရာရှိလာတယ်၊ ဒါကြောင့် ဒီလို ဆက်ပြီး မိန့်တော်မူပြန်ပါတယ်။

သစ္စာလေးပါးလုံး ကိုယ်ထဲရှိသည်

▬▬▬▬▬▬

အာဝုသော - အမောင် ရောဟိတဿ၊
အပိစ ခေါ - စင်စစ်သော်ကား၊
အဟံ - ငါသည်၊
သသညိမှိ သမနကေ - သညာလဲရှိ စိတ်လဲရှိသော၊
ဣမသ္မိံ ယေဝ ဗျာမမတ္တေ ကဠေဝရေ - တလံမျှရှိသော ဤ ကိုယ်ကောင်၌ပင်လျှင်၊
လောကဉ္စ ပညပေမိ - လောကကိုလဲ ပညတ်ဟောကြား၏၊

(လောက ဆိုတာ ဤကိုယ်ထဲက ရုပ်နာမ် ဒုက္ခသစ္စာတရားကို ဆိုပါတယ်တဲ့၊)

လောက သမုဒယဉ္စ - လောက၏ ဖြစ်ကြောင်းသမုဒယ သစ္စာကိုလဲ ဟောကြား၏၊
လောကနိရောဓဉ္စ - လောက၏ ချုပ်ရာ ကုန်ဆုံးရာ နိရောဓသစ္စာကိုလဲ ဟောကြား၏၊
လောကနိရောဓဂါမိနိဉ္စ ပဋိပဒံ - လောက၏ ချုပ်ရာကုန်ဆုံးရာသို့ ရောက်ကြောင်း မဂ္ဂသစ္စာ ကိုလဲ ဟောကြား၏။

အဲဒီမှာ လောကဆိုတဲ့ ဒုက္ခသစ္စာနဲ့ လောကသမုဒယဆိုတဲ့ သမုဒယသစ္စာ ဒီသစ္စာ ၂-ပါးဟာ သတ္တဝါတို့၏ ကိုယ်ထဲမှာ ရှိတယ် ဆိုတာကတော့ ရှင်းနေပါတယ်၊ မဂ္ဂသစ္စာဆိုတာလဲ မဂ်ရောက်ဆဲ ပုဂ္ဂိုလ်သန္တာန်မှာ ဖြစ်တဲ့အတွက် ဒါလဲ ရှင်းပါတယ်၊ လောကနိရောဓ ဆိုတဲ့ နိဗ္ဗာန်က တလံမျှသော ကိုယ်ထဲမှာ ရှိတယ်ဆိုတာ ဘယ်လိုပါလဲတဲ့ မေးစရာရှိပါတယ်၊ အမှန်စင်စစ်ကတော့ ရုပ် နာမ် ခန္ဓာတို့၏ ချုပ်ခြင်းဆိုတဲ့ နိဗ္ဗာန်မှာ တည်ရာဌာန မရှိပါဘူး၊ ဘယ်နေရာမှာမှ တည်ရှိနေတယ်လို့ မဆိုနိုင်ပါဘူး၊ ဒါပေမယ့် ချုပ်ငြိမ်းတဲ့ ရုပ်နာမ်ခန္ဓာတွေက ရဟန္တာပုဂ္ဂိုလ်၏ သန္တာန်မှာ ရှိနေတဲ့ အတွက် အဲဒီရုပ်နာမ်ခန္ဓာတို့၏ ချုပ်ငြိမ်းခြင်းကိုလဲ ရဟန္တာပုဂ္ဂိုလ်၏ တစ်လံမျှလောက်ရှိ ခန္ဓာကိုယ် ထဲမှာပင် ရှိသကဲ့သို့ တင်စားပြီး ပညတ်ဟောကြားတော်မူခြင်း ဖြစ်ပါတယ်။

အဘိဓမ္မာဒေသနာမှာတော့ အဲဒီ ရုပ် နာမ် ခန္ဓာတို့၏ချုပ်ခြင်းဆိုတဲ့ နိဗ္ဗာန်ကို သတ္တဝါတို့၏ ခန္ဓာ ကိုယ်မှ အပြင်ပ ဗဟိဒ္ဓတရားလို့ အတိအကျဟောထားပါတယ်၊ မုချအားဖြင့် ဆိုရင် အဲဒီ အဘိဓမ္မာ ဒေသနာတော်အတိုင်း နိဗ္ဗာန်ကို ဗဟိဒ္ဓတရားလို့သာ မှတ်ရတယ်၊ ဒါပေမယ့် အပြင်ပ ဘယ်အရပ်မှာ တည်ရှိနေတယ်လို့ တည်ရာအားဖြင့်တော့ ပြစရာမရှိဘူး၊ ဘာကြောင့်လဲ ဆိုရင် ရုပ်နာမ်ခန္ဓာတို့၏ အဲဒီ ချုပ်ခြင်းဆိုတာဟာ ရုပ်နာမ်ခန္ဓာတို့၏ မဖြစ်ခြင်းသဘောမျှသာ ဖြစ်သောကြောင့် အဲဒီ မဖြစ်ခြင်းသဘောကို ဘယ်နေရာမှာမျှ တည်ရှိနေတယ်လို့ ဆိုဖွယ်မရှိတဲ့ အတွက်ကြောင့်ပါပဲ၊ ဒါကြောင့် ဒီဥဒါန်းပါဠိမှာ အပ္ပတိဋ္ဌံ - တည်ရာမရှိဘူးလို့ မုချအားဖြင့် မိန့်ဆို ကျူးရင့်တော် မူခဲ့တာပါပဲ။

လောကနှင့် လောကသမုဒယ ကိုယ်ထဲ၌ ရှိနေပုံ

▬▬▬▬▬▬

လောကနှင့် လောကသမုဒယ ဆိုတာတွေကတော့ ရောဟိတဿသုတ်မှာ ဟောထားသည့် အတိုင်းပင် တလံမျှလောက်သော ကိုယ်ထဲ၌ အမြဲရှိနေတာပဲ၊ အဲဒီအကြောင်းကို ပိုပြီး ရှင်းရှင်း လင်းလင်း သိရအောင် ထပ်ပြီး ပြောဦးမယ်။

အဲဒီသုတ်အဖွင့် အဋ္ဌကထာမှာ လောကန္တိ - လောကကို (ပညတ်တယ်) ဆိုတဲ့ စကားဖြင့်၊ ဒုက္ခသစ္စံ - ဒုက္ခသစ္စာကို ဟောပါတယ်တဲ့။ ဒုက္ခသစ္စာ ဆိုတာ ဥပါဒါနက္ခန္ဓာ ငါးပါးပါပဲ၊ ဥပါဒါနက္ခန္ဓာငါးပါး ဆိုတာ ဒွါရ ၆-ပါးက အကြောင်းအားလျော်စွာ ထင်ရှားဖြစ်နေတဲ့တရားတွေပဲ၊ မျက်စိထဲမှာ အဆင်းထင်ပေါ်လာတဲ့အခါ မြင်သိမှု ဖြစ်သွားတယ်၊ အဲဒီလိုဖြစ်ရာမှာ မျက်စိရုပ်လဲ ထင်ရှားတယ်၊ အဆင်းရုပ်လဲ ထင်ရှားတယ်၊ မြင်သိတာလဲ ထင်ရှားတယ်၊ အဲဒီလို ထင်ရှားတဲ့အတွက် မျက်စိရုပ် ကိုလဲ “ငါ့မျက်စိ၊ အမြဲရှိနေတယ်၊ ငါ့မျက်စိကြည်တယ် ကောင်းတယ်” စသည်ဖြင့် စွဲလမ်းနိုင်တယ်၊ အဲဒီလို စွဲလမ်းနိုင်တဲ့အတွက် မျက်စိရုပ်ကို ဥပါဒါနက္ခန္ဓာလို့ ခေါ်ရတယ်။ မျက်စိကိုသာ မဟုတ်သေးဘူး၊ မျက်စိနှင့်တကွ တကိုယ်လုံးရုပ်တွေကိုလဲ နည်းတူပဲ စွဲလမ်းနိုင်တယ်၊ ဒါကြောင့် တကိုယ်လုံး ရုပ်တွေကိုလဲ ဥပါဒါနက္ခန္ဓာလို့ ခေါ်ရတယ်၊ မြင်ရတဲ့အဆင်းရုပ်ကိုလဲ မိန်းမပဲ၊ ယောက်ျားပဲ၊ လှတယ်၊ အမြဲရှိနေတယ်၊ စသည်ဖြင့် စွဲလမ်းနိုင်တယ်၊ ဒါကြောင့် အဲဒီမြင်ရတဲ့ အဆင်းနှင့်တကွ သူ၏တည်မှီရာ ရုပ်အပေါင်းကိုလဲ ဥပါဒါနက္ခန္ဓာ လို့ ခေါ်ရတယ်၊ အဲဒီမျက်စိနှင့် အဆင်းရုပ်တွေက ရုပ်ဥပါဒါနက္ခန္ဓာပဲ။

မြင်သိမှု ဆိုတာထဲမှာ မြင်သိရုံမျှသဘောက ဝိညာဏ်ပဲ၊ မြင်လို့ကောင်းတာ မကောင်းတာက ဝေဒနာပဲ၊ မြင်ရတဲ့ အဆင်းကို မှတ်သားတာက သညာပဲ၊ မြင်မှုကိစ္စပြီးအောင် နှလုံးသွင်းတာ ကြောင့်ကြစိုက်တာက သင်္ခါရတွေပဲ၊ အဲဒါတွေကိုလဲ “ငါမြင်တယ်၊ ငါကောင်းတယ်၊ ငါက မှတ်သားတယ်၊ ငါက နှလုံးသွင်းတယ်၊ ကြောင့်ကြစိုက်တယ်” စသည်ဖြင့် စွဲလမ်းနိုင်သောကြောင့် ဝိညာဏ်ဥပါဒါနက္ခန္ဓာ၊ ဝေဒနာဥပါဒါနက္ခန္ဓာ၊ သညာဥပါဒါနက္ခန္ဓာ၊ သင်္ခါရဥပါဒါနက္ခန္ဓာလို့ ခေါ်ရတယ်။

အဲဒီဥပါဒါနက္ခန္ဓာတွေဟာ မြင်တိုင်း မြင်တိုင်း ထင်ရှားဖြစ်နေကြတာပဲ၊ မရှုနိုင်လို့ လျင်မြန်စွာ ဖြစ်ပျက်နေတာကို မသိရင် စွဲလမ်းမှု ဥပါဒါန်၏ အာရုံဖြစ်ကြသောကြောင့် ဥပါဒါနက္ခန္ဓာတွေလို့ ခေါ်ရတယ်၊ ဝိပဿနာဉာဏ်ဖြင့် ရှုကြည့်လျှင် လျင်မြန်စွာ ဖြစ်ပျက်နေသောကြောင့်လဲ နှစ်သက်ဖွယ် အားကိုးဖွယ်မရှိတဲ့ ဒုက္ခတရားတွေပဲ မကောင်းတဲ့ တရားတွေပဲလို့ ကိုယ်ပိုင်ဉာဏ်ဖြင့် သိရတယ်၊ ဆင်ခြင်ကြည့်ရင်လဲ မြင်မှုကို အကြောင်းပြုပြီး ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဖြစ်နိုင်တဲ့အတွက် ဒုက္ခတရားတွေပဲ၊ မကောင်းတဲ့ တရားတွေပဲလို့ သိရတယ်၊ ဒါကြောင့် မြင်ဆဲခဏ၌ ထင်ရှားတဲ့ အဲဒီ-ဥပါဒါနက္ခန္ဓာငါးပါးကို ဒုက္ခသစ္စာလို့ မြတ်စွာဘုရားက ဟောတော်မူပါတယ်။ ကဲ-အဲဒီ ဥပါဒါနက္ခန္ဓာ ငါးပါးကို ကောင်းကောင်းမှတ်မိအောင် လိုက်ဆို ကြရမယ်။

(၁) မြင်ဆဲခဏ၌ မျက်စိ, အဆင်းနှင့် တကိုယ်လုံး ရုပ်က ရုပ် ဥပါဒါနက္ခန္ဓာ
(၂) မြင်သိတာက ဝိညာဏ် ဥပါဒါနက္ခန္ဓာ
(၃) မြင်လို့ကောင်းတာ မကောင်းတာက ဝေဒနာ ဥပါဒါနက္ခန္ဓာ
(၄) မြင်ရတဲ့အဆင်းကို မှတ်သားတာက သညာ ဥပါဒါနက္ခန္ဓာ
(၅) မြင်အောင်နှလုံးသွင်းတာ အားထုတ်တာက သင်္ခါရ ဥပါဒါနက္ခန္ဓာ

အဲဒါဟာ ဥပါဒါနက္ခန္ဓာငါးပါးပဲ၊ ဒီ ဥပါဒါနက္ခန္ဓာငါးပါးကိုပင် လောကလို့လဲ ခေါ်တယ်၊ ဒုက္ခသစ္စာလို့လဲ ခေါ်တယ်၊ ဒါပေမယ့် မြင်ဆဲခဏမှာ မရှုနိုင်လို့ တစ်ခဏချင်းဖြစ်ပျက်သွားတဲ့ သဘောမှန်ကိုမသိလျှင် အဲဒီမြင်တာနဲ့မြင်တာကို ကောင်းတယ်လို့ ထင်မှတ်ပြီး နှစ်သက် သာယာတယ် လောလောဆယ် မြင်နေရတာကိုလဲ နှစ်သက်သာယာတယ်၊ နောင်အခါလဲ အဲဒီလို အကောင်းတွေကို မြင်ချင်နေတယ်၊

အဲဒါဟာ ဒုက္ခကို သုခထင်ပြီး နှစ်သက်တဲ့ တဏှာပဲ၊ အဲဒီတဏှာကြောင့် စွဲလမ်းမှု ဥပါဒါန်လဲ ဖြစ်တယ်၊ စွဲလမ်းတာကိုရအောင် အားထုတ်တဲ့ ကံ-သင်္ခါရလဲဖြစ်တယ်၊ အဲဒီ ကံသင်္ခါရကြောင့် သေခါနီးမှာ ကံ, ကမ္မနိမိတ်, ဂတိနိမိတ်ဆိုတာ ထင်ပေါ်တယ်၊ အဲဒီ ထင်ပေါ်လာတဲ့ အာရုံ နိမိတ်ကို တဏှာဥပါဒါန်ဖြင့် စွဲလမ်းနေတယ်၊ရေနစ်တဲ့သူမှာ ကိုင်ဆွဲမိရာ တစ်စုံတစ်ခုကို မလွှတ်ပဲဆွဲကိုင်ထား သလို အဲဒီ အာရုံနိမိတ်ကို စိတ်ထဲမှာ စွဲလမ်းနေတယ် အဲဒီလို စွဲလမ်းနေဆဲမှာ နောက်ဆုံး စုတိစိတ်ဖြင့် ဘဝဟောင်းက ရုပ်နာမ် ပြတ်စဲသွားတဲ့အခါ သေခါနီးက စွဲလမ်းခဲ့တဲ့ အာရုံကိုပင် အာရုံပြုလျက် ဘဝသစ်မှာစိတ် အသစ်စပြီးဖြစ်တယ်၊

အဲဒီ စိတ်ဟာ ရှေးဘဝနှင့် ဆက်စပ်ပြီး ဖြစ်တဲ့အတွက် သူ့ကို ပဋိသန္ဓေစိတ်လို့ ခေါ်တယ်၊ အဲဒီ ပဋိသန္ဓေစိတ်မှ နောက်လဲ အခြား အခြား စိတ်တွေဟာ အဆက်မပြတ် ဖြစ်သွားတယ်၊ ယခု ဘဝမှာ မြင်လိုက် ကြားလိုက်စသည်ဖြင့် စိတ်တွေ အဆက်မပြတ် ဖြစ်နေသလိုပါပဲ၊ စိတ်ဖြစ်နေတော့ သူနှင့် ယှဉ်ဖက် စေတသိက်တွေရော သူ၏မှီရာရုပ်တွေရော ယခုဘဝမှာလိုပင် မပြတ်ဖြစ်နေတယ်၊ တဏှာ မကင်းသေးလျှင် ဒီပုံဒီနည်းဖြင့် တစ်ဘဝပြီးတစ်ဘဝ မပြတ်ဖြစ်နေတယ်၊ ဒါကြောင့် နှစ်သက် သာယာတတ်တဲ့ တဏှာကို လောကသမုဒယ-လောက၏ ဖြစ်ကြောင်း တရား သမုဒယသစ္စာလို့ခေါ်တယ်၊ အဲဒါဟာ မြင်ရာက လောကဆိုတဲ့ ဒုက္ခသစ္စာနဲ့ လောက သမုဒယဆိုတဲ့ သမုဒယသစ္စာ ဖြစ်နေပုံပါပဲ၊ တဏှာမကင်းသေးတဲ့ သတ္တဝါတွေမှာ မြင်မှု-ဒုက္ခ သစ္စာကို မှီပြီး တဏှာဆိုတဲ့ သမုဒယသစ္စာဖြစ်တယ်၊ အဲဒီ သမုဒယကြောင့် ဘဝအသစ်ဖြစ်ပြီး မြင်မှု အစရှိတဲ့ ဒုက္ခသစ္စာတွေ ဖြစ်နေတယ်၊ ကဲ-ဒါကိုလဲ လိုက်ပြီး ဆိုကြရမယ်။

မြင်မှု ဒုက္ခ သစ္စာကို မှီ၍ နှစ်သက်သာယာမှု တဏှာ သမုဒယဖြစ်သည်၊ သမုဒယကြောင့် ဘဝသစ်ဖြစ်၍ မြင်မှု စသော ဒုက္ခသစ္စာတွေ ဖြစ်နေသည်။

ကြားရာ စသည်၌ ဒုက္ခနှင့် သမုဒယ ဖြစ်ပုံ

▬▬▬▬▬▬▬▬

ကြားရာ စသည်မှာလဲ ယခု ပြောခဲ့တဲ့ မြင်ရာမှာလိုပင် ဒုက္ခနှင့် သမုဒယတွေ ဖြစ်နေတယ်၊ ဖြစ်ပုံ အကျဉ်းချုပ် ကတော့ နားထဲမှာ အသံထင် ပေါ်လာတဲ့အခါ ကြားသိမှု ဖြစ်တယ်၊ အဲဒီလို ဖြစ်တဲ့အခါ နားရုပ်လဲ ထင်ရှားတယ်၊ အသံရုပ်လဲ ထင်ရှားတယ်၊ ကြားသိတာလဲ ထင်ရှားတယ်၊ အဲဒီလို ထင်ရှားတဲ့အတွက် ငါ့နားကောင်းတယ်၊ ငါကကြားတယ်၊ ကြားရတဲ့ အသံက ဘယ်သူ့အသံပဲ၊ သာယာတယ် စသည်ဖြင့် စွဲလမ်းနိုင်တယ် အဲဒီလို စွဲလမ်းနိုင်တဲ့အတွက် နားရုပ်အသံရုပ်နှင့်တကွ တကိုယ်လုံးရုပ်တွေကို ရုပ်ဥပါဒါနက္ခန္ဓာ ခေါ်တယ်၊ ကြားသိကာမျှ စိတ်ကို ဝိညာဏ် ဥပါဒါနက္ခန္ဓာ ခေါ်တယ်၊ ကြားလို့ ကောင်းတာ မကောင်းတာကို ဝေဒနာ ဥပါဒါနက္ခန္ဓာ ခေါ်တယ်၊ ကြားရတဲ့ အသံမှတ်သားတာကို သညာဥပါဒါနက္ခန္ဓာ ခေါ်တယ်၊ ကြားရအောင် နှလုံးသွင်းတာ ကြောင့်ကြ စိုက်တာကို သင်္ခါရ ဥပါဒါနက္ခန္ဓာ ခေါ်တယ်။

ဒီဥပါဒါနက္ခန္ဓာငါးပါးဟာ ကြားတိုင်းကြားတိုင်း အသစ်အသစ် ဖြစ်နေတယ်၊ ဖြစ်ပြီးရင်လဲ ချက်ချင်းပဲ ပျောက်ပျက် သွားတယ်၊ အဲဒီလို ဖြစ်ပျက်နေလို့ အဲဒါတွေဟာ နှစ်သက်ဖွယ် အားကိုးဖွယ် မရှိတဲ့ ဒုက္ခတရား မကောင်းတဲ့ ဆင်းရဲတရားတွေပဲ၊ နောက်ပြီးတော့ အဲဒီကြားမှုကို အကြောင်း ပြုပြီး ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဖြစ်နိုင်တဲ့အတွက်လဲ ဒုက္ခတရားတွေ မကောင်းတဲ့ တရားတွေပဲ၊ ဒါကြောင့် ကြားဆဲခဏ၌ ထင်ရှားတဲ့ အဲဒီ ဥပါဒါနက္ခန္ဓာ ငါးပါးကို မြတ်စွာဘုရားက ဒုက္ခသစ္စာလို့ ဟောတော်မူတာပါပဲ၊

ကဲ-အဲဒီ ဥပါဒါနက္ခန္ဓာ ငါးပါးကို ကောင်းကောင်းမှတ်မိအောင် လိုက်ဆိုကြရမယ်။

(၁) ကြားဆဲခဏ၌ နား, အသံနှင့် တစ်ကိုယ်လုံးရုပ်က ရုပ် ဥပါဒါနက္ခန္ဓာ
(၂) ကြားသိတာက ဝိညာဏ် ဥပါဒါနက္ခန္ဓာ
(၃) ကြားလို့ ကောင်းတာ မကောင်းတာက ဝေဒနာ ဥပါဒါနက္ခန္ဓာ
(၄) ကြားရတဲ့ အသံကို မှတ်သားတာက သညာ ဥပါဒါနက္ခန္ဓာ
(၅) ကြားအောင် နှလုံးသွင်းတာ အားထုတ်တာက သင်္ခါရဥပါဒါနက္ခန္ဓာ

အဲဒါဟာ ကြားဆဲခဏမှာ ထင်ရှားတဲ့ ဥပါဒါနက္ခန္ဓာငါးပါးပဲ၊ အဲဒီဥပါဒါနက္ခန္ဓာ ငါးပါးကို လောကလို့လဲ ခေါ်တယ်၊ ဒုက္ခသစ္စာလို့လဲ ခေါ်တယ်၊ ဒါပေမယ့် ကြားဆဲခဏမှာ မရှုနိုင်လို့ တစ်ခဏချင်း ဖြစ်ပျက်သွားတာကို မသိလျှင် အဲဒီကြားတာနဲ့ ကြားရတာကိုပင် ကောင်းတယ်လို့ ထင်မှတ်ပြီး နှစ်သက် သာယာတယ်၊ အဲဒါဟာ ဒုက္ခကို သုခထင်ပြီးနှစ်သက်တဲ့အခါ တဏှာပဲ၊ အဲဒီ တဏှာကြောင့် စွဲလမ်းပြီးတော့ မိမိအလိုရှိရာ ပြီးမြောက်အောင် ပြုလုပ် အားထုတ်တယ်၊ အဲဒီအားထုတ်မှုကံ-သင်္ခါရကြောင့် သေခါနီးမှာ ထင်ပေါ်လာတဲ့ ကံ, ကမ္မနိမိတ် ဂတိနိမိတ် အာရုံကို စွဲလမ်းနေရင်း သေသွားတဲ့အခါ အဲဒီအာရုံ ကိုပင် အာရုံပြုလျက် ပဋိသန္ဓေစိတ်ဖြစ်တယ်၊ ပဋိသန္ဓေစိတ်ဖြစ်မိရင် အဲဒီဘဝသစ်မှာလဲ ရုပ်နာမ် ဒုက္ခသစ္စာတွေ မပြတ်ဖြစ် သွားတော့တာပဲ၊ အဲဒါဟာ ကြားမှု ဒုက္ခသစ္စာကို မှီပြီး နှစ်သက်သာယာမှု တဏှာသမုဒယ ဖြစ်ပုံနှင့် သမုဒယကြောင့် တဖန် ဘဝသစ်ဖြစ်ပြီး ကြားမှုစသော ဒုက္ခသစ္စာတွေ ဖြစ်သွားပုံပါပဲ၊ အဲဒါကို ဆိုကြရမယ်။

ကြားမှု ဒုက္ခသစ္စာကို မှီ၍ နှစ်သက် သာယာမှု တဏှာသမုဒယ ဖြစ်သည်၊ သမုဒယကြောင့် ဘဝသစ်ဖြစ်၍ ကြားမှုစသော ဒုက္ခသစ္စာတွေ ဖြစ်နေသည်။

နံဆဲခဏမှာ နှာခေါင်းရုပ်လဲ ထင်ရှားတယ်၊ အနံ့ရုပ်လဲ ထင်ရှားတယ်၊ နံသိတာလဲ ထင်ရှားတယ်၊ အဲဒီလို ထင်ရှား တဲ့အတွက် ငါ့နှာခေါင်းက ကောင်းတယ်၊ ငါက နံသိတယ်။ လူးလိမ်းထားတဲ့ ပန်းနံ့ နံ့သာနံ့ကလေးက မွှေးတယ် စသည်ဖြင့် စွဲလမ်းနိုင်တယ်၊ ဒါကြောင့် အဲဒီနှာခေါင်းရုပ်စသည်ကို ဥပါဒါနက္ခန္ဓာလို့ ခေါ်တယ်၊ အဲဒါတွေဟာလောကလို့ ဒုက္ခလို့ခေါ်ရတဲ့ တရားတွေပါပဲ၊ ကဲ-လိုက်ဆိုကြ။

(၁) နံဆဲခဏ၌ နှာခေါင်း, အနံ့နှင့် တကိုယ်လုံးရုပ်က ရုပ် ဥပါဒါနက္ခန္ဓာ
(၂) နံသိတာက ဝိညာဏ် ဥပါဒါနက္ခန္ဓာ
(၃) နံလို့ကောင်းတာ မကောင်းတာက ဝေဒနာ ဥပါဒါနက္ခန္ဓာ
(၄) နံရတဲ့အနံ့ကို မှတ်သားတာက သညာဥပါဒါနက္ခန္ဓာ
(၅) နံအောင် နှလုံးသွင်းတာ အားထုတ်တာက သင်္ခါရဥပါဒါနက္ခန္ဓာ

အဲဒါ နံဆဲခဏမှာ ထင်ရှားတဲ့ ဥပါဒါနက္ခန္ဓာငါးပါးပဲ၊ အဲဒီဥပါဒါနက္ခန္ဓာ ငါးပါးကို လောကလို့လဲ ခေါ်တယ်၊ ဒုက္ခသစ္စာလို့လဲ ခေါ်တယ်၊ ဒါပေမယ့် မရှုနိုင်လို့ အမှန်အတိုင်း မသိတဲ့သူတွေမှာ အဲဒီနံသိတာနဲ့ နံရတာကိုပင် ကောင်းတယ်လို့ ထင်ပြီး နှစ်သက်သာယာတယ်၊ အဲဒါဟာ ဒုက္ခကို သုခထင်ပြီး နှစ်သက်တဲ့ တဏှာပဲ၊ အဲဒီတဏှာကြောင့် စွဲလမ်းပြီးတော့ မိမိ အလိုရှိရာ ပြီးမြောက်အောင် ပြုလုပ်အားထုတ်တယ်၊ အဲဒီအားထုတ်မှုကံ-သင်္ခါရကြောင့် သေခါနီးမှာ ထင်ပေါ်လာတဲ့ အာရုံ နိမိတ်ကို စွဲလမ်းနေရင်း သေသွားတဲ့အခါ အဲဒီအာရုံကိုပင် အာရုံပြုလျက် ပဋိသန္ဓေစိတ်ဖြစ်တယ်၊ ပဋိသန္ဓေစိတ်ဖြစ်မိရင် အဲဒီဘဝသစ်မှာလဲ ရုပ် နာမ် ဒုက္ခသစ္စာတွေ မပြတ်ဖြစ်သွားတော့တာပဲ၊ အဲဒါဟာ နံသိမှု ဒုက္ခသစ္စာကို မှီပြီး နှစ်သက်မှု-တဏှာသမုဒယဖြစ်ပုံနှင့် သမုဒယကြောင့် တဖန်ဘဝသစ်ဖြစ်ပြီး နံမှုစသော ဒုက္ခသစ္စာတွေ ဖြစ်သွားပုံပါပဲ၊ အဲဒါကို ဆိုကြရမယ်။

နံမှု ဒုက္ခသစ္စာကို မှီ၍ နှစ်သက်သာယာမှု တဏှာသမုဒယ ဖြစ်သည်၊ သမုဒယကြောင့် ဘဝသစ်ဖြစ်၍ နံမှုစသော ဒုက္ခသစ္စာတွေ ဖြစ်နေသည်။

အရသာ စားဆဲခဏမှာ လျှာရုပ်လဲ ထင်ရှားတယ်၊ အရသာရုပ်လဲ ထင်ရှားတယ်၊ အရသာ သိတာလဲ ထင်ရှားတယ်၊ အဲဒီလို ထင်ရှားတဲ့အတွက် ငါ့လျှာ ကောင်းတယ်၊ ငါက စားသိတယ်၊ အချက်အပြုတ် အပြုအပြင်က ကောင်းတယ် စသည်ဖြင့် စွဲလမ်းနိုင်တယ်၊ ဒါကြောင့် အဲဒီ လျှာရုပ်စသည်ကို ဥပါဒါနက္ခန္ဓာလို့ ခေါ်တယ်၊ အဲဒါတွေဟာ လောကလို့ ဒုက္ခလို့ခေါ်ရတဲ့ တရားတွေ ပါပဲ၊ ကဲ-လိုက်ဆိုကြ။

(၁) စားဆဲခဏ၌ လျှာ, အရသာနှင့် တကိုယ်လုံးရုပ်က ရုပ် ဥပါဒါနက္ခန္ဓာ
(၂) အရသာသိတာက ဝိညာဏ် ဥပါဒါနက္ခန္ဓာ
(၃) စားလို့ကောင်းတာ မကောင်းတာက ဝေဒနာ ဥပါဒါနက္ခန္ဓာ
(၄) အရသာကို မှတ်သားတာက သညာ ဥပါဒါနက္ခန္ဓာ
(၅) အရသာသိအောင် နှလုံးသွင်းတာ အားထုတ်တာက သင်္ခါရ ဥပါဒါနက္ခန္ဓာ

အဲဒါ စားဆဲခဏမှာ ထင်ရှားတဲ့ ဥပါဒါနက္ခန္ဓာငါးပါးပဲ၊ အဲဒီငါးပါးကို လောကလို့လဲ ခေါ်တယ်၊ ဒုက္ခသစ္စာလို့လဲ ခေါ်တယ်၊ ဒါပေမယ့် စားဆဲ အရသာသိဆဲမှာ မရှုနိုင်လို့ အမှန်အတိုင်း မသိတဲ့သူတွေမှာ အဲဒီစားတာနဲ့ အရသာကိုပင် ကောင်းတယ်လဲ ထင်ပြီး နှစ်သက် သာယာတယ်၊ အဲဒါဟာ ဒုက္ခကို သုခထင်ပြီး နှစ်သက်တဲ့ တဏှာပဲ၊ အဲဒီတဏှာကြောင့် စွဲလမ်းပြီးတော့ ကောင်းတာတွေကိုချည်း စားရအောင် ကြံစည်ပြုလုပ် အားထုတ်တယ်၊ အဲဒီကြံစည်အားထုတ်မှု ကံသင်္ခါရကြောင့် သေခါနီးမှာ ထင်ပေါ်လာလို့ အာရုံနိမိတ်ကို စွဲလမ်းနေရင်း သေသွားတဲ့အခါ အဲဒီအာရုံကိုပင် အာရုံပြု လျက် ပဋိသန္ဓေစိတ် ဖြစ်တယ်၊ ပဋိသန္ဓေစိတ် ဖြစ်မိရင် အဲဒီဘဝသစ်မှာလဲ ရုပ်နာမ် ဒုက္ခသစ္စာတွေ မပြတ်ဖြစ်သွားတော့တာပဲ၊ အဲဒါဟာ စားသိမှု ဒုက္ခသစ္စာကိုမှီပြီး နှစ်သက်မှု တဏှာသမုဒယ ဖြစ်ပုံနှင့် သမုဒယကြောင့် တဖန် ဘဝသစ်ဖြစ်ပြီး စားမှု စသော ဒုက္ခသစ္စာတွေ ဖြစ်သွားပုံပါပဲ၊ အဲဒါကို ဆိုကြရမယ်။

စားမှု ဒုက္ခသစ္စာကိုမှီ၍ နှစ်သက်သာယာမှု တဏှာသမုဒယ ဖြစ်သည်၊ သမုဒယကြောင့် ဘဝသစ်ဖြစ်၍ စားမှုစသော ဒုက္ခသစ္စာတွေ ဖြစ်နေသည်။

ထိသိရာ၌ ဒုက္ခနှင့် သမုဒယဖြစ်ပုံ

▬▬▬▬▬

ထိသိဆဲခဏမှာ ကိုယ်အကြည်ရုပ်လဲ ထင်ရှားတယ်၊ ထိသိစရာ အတွေ့ရုပ်လဲ ထင်ရှားတယ်၊ ထိသိမှုလဲ ထင်ရှားတယ်၊ အဲဒီသုံးပါးထဲမှာ ကိုယ်အကြည်ရုပ်ဆိုတာက တစ်ကိုယ်လုံး အသွေးအသား ကောင်းတဲ့ နေရာတိုင်းမှာရှိတယ်၊ အပ်ဖျား စာလောက်တောင် နေရာအလပ် မရှိဘူး၊ အပြင်က အရေပေါ်မှာရော အတွင်းက အသားအသွေးအကြော အရိုးတွေထဲမှာရော နေရာတိုင်းမှာ အနှံ့အပြား တည်ရှိနေတယ်၊ အဲဒီ ကိုယ်အကြည်ရုပ်ဟာ အတွေ့ အထိရုပ်တွေကို ဖမ်းယူနိုင်အောင် သူက ကြည်နေတယ်၊ လမ်းဘေးမှာ မှန်ကိုထောင်ထားလျှင် အဲဒီလမ်းမှာ ဖြတ်သန်း သွားသမျှတွေဟာ အဲဒီမှန်ထဲမှာ အရိပ်ထင်ထင် သွားသလိုပင် ကိုယ်မှာကျရောက်လာသမျှ တွေ့ထိစရာရုပ်တွေကလဲ အဲဒီကိုယ်အကြည်ထဲမှာ ထင်ပေါ်ကြတယ်၊

တွေ့ထိစရာတွေက သုံးမျိုးရှိတယ်၊ ခက်မာကြမ်းတမ်းတဲ့ ပထဝီရုပ်အတွေ့က တစ်မျိုး၊ ပူအေးနွေးတဲ့ တေဇောရုပ် အတွေ့ကတစ်မျိုး။ တောင့်တင်းတွန်းကန် လှုပ်ရှားတဲ့ ဝါယောရုပ်အတွေ့က တစ်မျိုး- ဒီသုံးမျိုးပါပဲ၊ တစ်နည်းအားဖြင့်ဆိုရင် ဆိုးတဲ့အတွေ့ ကောင်းတဲ့အတွေ့ ဒီ ၂-မျိုးပါပဲ၊ ဆိုးတဲ့ အတွေ့နဲ့ တွေ့ထိတဲ့အခါမှာ နာကျင်ကိုက်ခဲခြင်း၊ ပူလောင်ခြင်း စသည်ဖြင့် အခံခက် တဲ့ဝေဒနာ တွေဖြစ်တယ်၊ ကောင်းတဲ့အတွေ့နဲ့ တွေ့ထိတဲ့အခါမှာ ခံစားလို့ ကောင်းတဲ့ ဝေဒနာတွေ ဖြစ်တယ်၊ အဲဒီ အတွေ့အထိ သဘောတွေကို ဖြစ်ခိုက်ဖြစ်ခိုက်မှာ မရှုမှတ်နိုင်လို့ အမှန်အတိုင်း မသိတဲ့ သူတွေမှာ ငါ့ကိုယ်က ကောင်းတယ်၊ ငါကပဲ တွေ့ထိတယ်၊ တွေ့ထိရတာ ကောင်းတယ်စသည်ဖြင့် စွဲလမ်းနိုင်တယ်၊ ဒါကြောင့် ထိသိခိုက်မှာ ထင်ရှားတဲ့ အဲဒီ တရားတွေကို ဥပါဒါနက္ခန္ဓာလို့ ခေါ်တယ်၊ ဒုက္ခသစ္စာလို့လဲ ခေါ်တယ်၊ အဲဒါကို လိုက်ဆိုကြရမယ်။

(၁) ထိသိဆဲခဏ၌ ကိုယ်အကြည်ရုပ်, အတွေ့ရုပ်နှင့် တကိုယ်လုံးရုပ်က ရုပ် ဥပါဒါနက္ခန္ဓာ
(၂) ထိသိတာက ဝိညာဏ် ဥပါဒါနက္ခန္ဓာ
(၃) တွေ့ထိလို့ ကောင်းတာ မကောင်းတာက ဝေဒနာ ဥပါဒါနက္ခန္ဓာ
(၄) အတွေ့အထိကို မှတ်သားတာက သညာ ဥပါဒါနက္ခန္ဓာ
(၅) ထိသိအောင် နှလုံးသွင်းတာ အားထုတ်တာက သင်္ခါရ ဥပါဒါနက္ခန္ဓာ

အဲဒါ ထိသိဆဲမှာ ထင်ရှားတဲ့ ဥပါဒါနက္ခန္ဓာငါးပါးပဲ၊ အဲဒီငါးပါးကို လောကလို့လဲခေါ်တယ်၊ ဒုက္ခသစ္စာလို့လဲ ခေါ်တယ်၊ ဒါပေမယ့် ထိသိဆဲခဏမှာ မရှုနိုင်လို့ အမှန်အတိုင်း မသိတဲ့ သူတွေ မှာတော့ အဲဒီ ထိသိတာနဲ့ ထိသိရတဲ့ အတွေ့ကိုပင် ကောင်းတယ်လို့ ထင်ပြီး နှစ်သက် သာယာတယ်၊ အဲဒါဟာ ဒုက္ခကိုသုခထင်ပြီး နှစ်သက်တဲ့တဏှာပဲ၊ အဲဒီလို နှစ်သက်တော့ စွဲလမ်းတယ်၊ စွဲလမ်းတော့ မိမိအလိုရှိတဲ့ အတွေ့အထိ အာရုံတွေကို ခံစားရအောင် ကြံစည်ပြုလုပ် အားထုတ်တယ်။ အဲဒီ ကြံစည်အားထုတ်မှု ကံ-သင်္ခါရကြောင့် သေခါနီးမှာ ထင်ပေါ်လာတဲ့ အာရုံနိမိတ်ကို စွဲလမ်းနေရင်း သေသွားတဲ့အခါ အဲဒီအာရုံကိုပင် အာရုံပြု လျက် ပဋိသန္ဓေစိတ်ဖြစ်တယ်၊ ပဋိသန္ဓေစိတ်ဖြစ်မိရင် အဲဒီဘဝသစ်မှာလဲ ရုပ်နာမ် ဒုက္ခသစ္စာတွေ မပြတ် ဖြစ်သွားတော့တာပဲ၊ အဲဒါဟာ ထိသိမှု ဒုက္ခသစ္စာကို မှီပြီး နှစ်သက်မှုတဏှာ သမုဒယဖြစ်ပုံနှင့် သမုဒယကြောင့် တဖန် ဘဝသစ်ဖြစ်ပြီး ထိသိမှုစသော ဒုက္ခသစ္စာတွေ ဖြစ်သွားပုံပါပဲ၊ အဲဒါကို ဆိုကြရမယ်။

ထိသိမှု ဒုက္ခသစ္စာကို မှီ၍ နှစ်သက်သာယာမှု တဏှာ သမုဒယဖြစ်သည်၊ သမုဒယကြောင့် ဘဝသစ်ဖြစ်၍ ထိသိမှုစသော ဒုက္ခသစ္စာတွေ ဖြစ်နေသည်။

ထိသိမှုနှင့် ဓာတ်လေးပါးကစပြီး ဝိပဿနာ ရှုရတယ်

▬▬▬▬▬▬▬

ထိသိမှု ဆိုတာကတော့ အလွန်လဲ ကျယ်ပြန့်တယ်၊ အမြဲလိုလိုလဲ ထင်ရှားနေတယ်၊ ဒါကြောင့် ဝိပဿနာရှုတဲ့ ယောဂီဟာ ဒီထိသိမှုက စပြီးတော့လဲ ရှုရတယ်၊ ဓာတ်လေးပါးက စပြီး ရှုရတယ် ဆိုတာ ပထဝီ တေဇော ဝါယောဆိုတဲ့ ထိသိရတဲ့ ရုပ်တွေကို စပြီး ရှုရတာပဲ မဟာသတိပဋ္ဌာန သုတ်မှာ (ဂစ္ဆန္တောဝါ ဂစ္ဆာမီတိ ပဇာနာတိ) သွားလျှင်လဲသွားသည်ဟု သိ၏-စသည်ဖြင့် ဟောထားတာဟာ ဒီထိသိမှုနဲ့ ဆိုင်တဲ့ တောင့်တင်း လှုပ်ရှား ရုပ်တွေကို ရှုပြီး သိဖို့ ညွှန်ကြား ထားတာပဲ၊ ဒါကြောင့် ထိုင်နေဆဲဆိုရင် ကိုယ်ထဲက တောင့်တင်းတဲ့ အတွေ့ရုပ်ကို ထိုင်တယ် ထိုင်တယ် စသည်ဖြင့် ရှုပြီး သိရတယ်၊ ဒီပြင်လဲ ထိုင်နေဆဲမှာ ထင်ရှားတဲ့ အခြား အတွေ့ရုပ်များရှိရင် အဲဒီ အတွေ့ရုပ်များကိုလဲ ရှုရတယ်၊ ကိုယ်မှာ တွေ့ထိနေတာတွေက အများကြီးရှိနေတာပဲ၊ ကိုယ်ထဲမှာ စူးစိုက်ပြီး ကြည့်နေရင် အဲဒီအတွေ့ရုပ်တွေကို ထင်ရှားသိရပါတယ်၊ ခြေအချင်းချင်း, လက်အချင်းချင်း, လက်နဲ့ ကိုယ်, ကိုယ်နဲ့အဝတ်, နေရာ စသည် ထိသိနေတာတွေ အများကြီးပဲ၊ ကိုယ်ထဲမှာလဲ အသွေး အသားစသည်တွေ အချင်းချင်း တွေ့ထိနေတာတွေ ရှိနေတာပဲ၊ စိတ်နဲ့ ဉာဏ်နဲ့ စိုက်ကြည့်လိုက်ရင် အဲဒီအတွေ့ရုပ်တွေ ထင်ရှားပေါ်နေတာပဲ၊ အဲဒီလို ထင်ရှားပေါ်နေတဲ့ အတွေ့ရုပ် ဟူသမျှကို ရှုပြီး သိရတယ်။

လူတိုင်း ရှုသိလို့ လွယ်တဲ့ ဖောင်းပိန်မှု

▬▬▬▬▬▬▬

ဘုန်းကြီးတို့ကတော့ ကလေးလူကြီး လူတိုင်း လူတိုင်း လွယ်လွယ်နဲ့ ရှုတတ်အောင် ဝမ်းဗိုက်က အတွေ့အထိကို စပြီး ရှုဖို့ ညွှန်ကြားတယ်၊ အသက်ရှူတိုင်း ရှိုက်တိုင်း ဝမ်းဗိုက်က ဖောင်းတက်လာလိုက် ပိန်ကျသွားလိုက်နဲ့ တောင့်တင်း လှုပ်ရှားတဲ့ အတွေ့အထိ ဝါယောရုပ်တွေ ထင်ရှားနေတယ်၊ အဲဒါကို ဖောင်းတယ် ပိန်တယ် ဖောင်းတယ် ပိန်တယ်လို့ မပြတ်ရှုမှတ်နေရတယ်၊ ရှုတယ် မှတ်တယ်ဆိုတာ တကယ် ဖြစ်ပေါ်နေတဲ့ သဘောကို သိအောင်လို့ စိတ်နဲ့ ဉာဏ်နဲ့ စူးစိုက်ပြီး နှလုံးသွင်းတာကို ခေါ်တာပါပဲ၊ ဖောင်းခိုက်မှာ ဖောင်းစက ဖောင်းဆုံးအထိ မပြတ် သိနေရတယ်၊ ဖောင်းတာ ဆုံးရင်ပိန်တာပဲ၊ အဲဒါကိုလဲ ပိန်စက ပိန်ဆုံးအထိ မပြတ်သိနေရတယ်၊ ကြားထဲမှာ နားရမည့် အချိန်မရှိဘူး၊

အကယ်၍ ကြားထဲမှာ အားနေသေးတယ် ထင်ရင် အဲဒီအခိုက်မှာ ထိုင်တာကို ရှုမှတ်ရတယ်၊ ဖောင်းတယ် ပိန်တယ် ထိုင်တယ်၊ ဖောင်းတယ် ပိန်တယ် ထိုင်တယ်လို့ ဒီလိုမပြတ် ရှုမှတ်နေရတယ်၊ အဲဒီလို ရှုနေရင်း တစ်ခြားသို့ စိတ်ကူးက ထွက်သွားရင် အဲဒီ စိတ်ကူးကိုလဲ စိတ်ကူးတယ် စဉ်းစားတယ် ကြံတယ် စသည်ဖြင့် ရှုမှတ်ရတယ် အဲဒီလိုရှုပြီးတော့ ဖောင်းတယ် ပိန်တယ် စသည်ဖြင့် ရှုနေကျ အတိုင်း ပြန်ပြီး ရှုမှတ်နေရတယ်၊ တစ်နေရာရာက မကောင်းတဲ့ အတွေ့နဲ့ တွေ့ထိပြီး ညောင်းမှု ပူမှု နာကျင်မှုစသည် ဖြစ်ပေါ်လာရင် အဲဒါကိုလဲ ညောင်းတယ် ညောင်းတယ်၊ ပူတယ် ပူတယ်၊ နာတယ် နာတယ် စသည်ဖြင့် စူးစိုက်ပြီး ရှုမှတ်ရတယ် အဲဒါ ပျောက်သွားရင် ဖောင်းတယ် ပိန်တယ် စသည်ဖြင့် ရှုနေကျအတိုင်း ပြန်ပြီး ရှုမှတ်နေရတယ်၊

အတိုချုပ်အားဖြင့်တော့ ဖောင်းတယ် ပိန်တယ် ထိုင်တယ် စသည်ဖြင့် ရှုမှတ်နေရင်း စိတ်ကူးတွေ စိတ်အမူအရာတွေ ပေါ်လာသမျှကိုလဲ မှတ်ရတယ်၊ အကောင်း အဆိုး ပေါ်လာသမျှ ဝေဒနာကိုလဲ မှတ်ရတယ်၊ ကွေးမှု ဆန့်မှု လှုပ်ရှား ပြုပြင်မှု ကိုယ်အမူအရာ ဟူသမျှကိုလဲ မှတ်ရတယ်၊ ဘာမျှ အထူး မှတ်စရာ မရှိရင် ဝမ်းဗိုက်က တောင့်တင်း လှုပ်ရှားတာကိုပဲ ဖောင်းတယ် ပိန်တယ်လို့ ရှုမှတ်နေရတယ်။

အဲဒီလိုရှုမှတ်နေရင်း သမာဓိဉာဏ် အားရှိလာတဲ့ အခါကျတော့ ဖောင်းတယ်လို့ မှတ်ခိုက်မှာ ဝမ်းဗိုက်ထဲက တောင့်တင်း လှုပ်ရှားမှုတွေ ပေါ်လိုက် ပျောက်လိုက်နဲ့ အဆင့်ဆင့် ပေါ်ပေါ်ပြီး ပျောက်ပျောက် သွားတာကို တစ်ပိုင်းစီတစ်ပိုင်းစီပိုင်းခြားပြီး သိရတယ်၊ ပိန်တယ် ကွေးတယ် ဆန့်တယ် ကြွတယ် လှမ်းတယ် ချတယ် စသည်ဖြင့် မှတ်ရာမှာလဲနည်းတူပင် တစ်ပိုင်းစီ တစ်ပိုင်းစီ ပိုင်းခြားပြီး သိရတယ်၊ မှတ်သိတဲ့ စိတ်ကိုလဲ သိလိုက် ပျောက်လိုက်, သိလိုက် ပျောက်လိုက်နဲ့ တစ်ပိုင်းစီ တစ်ပိုင်းစီ ပိုင်းခြားပြီး သိတာပဲ၊

အဲဒီလို မှတ်တိုင်း မှတ်တိုင်း ပိုင်းခြားပြီး သိသိနေရင်တော့ ဖောင်းမှု ပိန်မှု စသော ကိုယ်အတွေ့အထိ ရုပ်နှင့် မှတ်သိမှု စိတ်နာမ် တရားတွေကို ဖြစ်ဖြစ်ပြီး ပျောက်ပျောက် သွားသောကြောင့် မမြဲတာတွေချည်းပဲလို့လဲ ကိုယ်ပိုင် ဉာဏ်ဖြင့် ရှင်းရှင်းလင်းလင်း သိသိသွားတယ်၊ ဖြစ်လိုက် ပျက်လိုက်နဲ့ ဆင်းရဲတွေ မကောင်းတာတွေ ချည်းပဲလို့လဲ သိသိသွားတယ်၊ သူ့သဘောအတိုင်း ဖြစ်ပျက်နေတဲ့ သဘောတရားတွေချည်းပဲလို့လဲ သိသိသွားတယ်၊ အဲဒီလို သိတာဟာ “ဒုက္ခံ ပရိညေယျံ - ဒုက္ခသစ္စာကို ပိုင်းခြားသိရမယ်”လို့ ဆိုတဲ့ ဒေသနာနှင့်အညီ ဒုက္ခသစ္စာကို ပိုင်းခြားသိတဲ့ ဉာဏ်ပါပဲ၊

အဲဒီလို သိနေရင် ရှုသိရတဲ့ အာရုံမှာ မသိမှု အဝိဇ္ဇာ ကင်းတယ်၊ တပ်မက် သာယာတဲ့ တဏှာလဲ အဲဒီ အာရုံမှာ မဖြစ်နိုင်ဘူး၊ တဏှာ မဖြစ်နိုင်တော့ စွဲလမ်းမှု-ဥပါဒါန်လဲ မဖြစ်နိုင်တော့ဘူး၊ မစွဲလမ်းတော့ ကိုယ့်အလိုပြည့်အောင် အားထုတ်မှု ကံ သင်္ခါရလဲ မဖြစ်နိုင်တော့ဘူး၊ ကံ-သင်္ခါရမဖြစ်တော့ ပဋိသန္ဓေ ဝိညာဏ် အစရှိသော ဘဝသစ် ရုပ်နာမ် ခန္ဓာလဲ မဖြစ်နိုင်တော့ဘူး၊ အဲဒါဟာ ရှုသိရတဲ့ တစ်အာရုံ တစ်အာရုံနဲ့ စပ်ပြီး သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာ ချုပ်ငြိမ်းပုံပါပဲ၊ ဒီလို ရှုသိရတဲ့ တစ်အာရုံ တစ်အာရုံမှာ သမုဒယနဲ့ ဒုက္ခချုပ်ငြိမ်းတာကို တဒင်္ဂနိဗ္ဗာန် လို့လဲခေါ်တယ်၊ ရှုသိတိုင်း ရှုသိတိုင်း အဲဒီတဒင်္ဂ နိဗ္ဗာန်ကို မျက် မှောက်ပြုတယ် လို့လဲ ဆိုရတယ်၊ အဲဒီလို ရှုသိတာကိုလဲ လောကီ မဂ္ဂသစ္စာလို့ ဆိုရတယ်။

ဒါကြောင့် ဖောင်းတယ် ပိန်တယ် စသည်ဖြင့် ရှုမှတ်နေတဲ့ ယောဂီပုဂ္ဂိုလ်၏ သန္တာန်မှာ နည်းပရိယာယ် အရအားဖြင့် သစ္စာလေးပါးလုံး ရှိနေတယ်လို့ ဆိုနိုင်ပါတယ်၊ ဘယ်လိုလဲဆိုရင် ထိမှုဆိုင်ရာ ရုပ်နာမ်နှင့်တကွ တကိုယ်လုံးက, ပိုင်းခြားသိအပ်သည့် ဒုက္ခသစ္စာ၊ နှစ်သက်သာယာမှု တဏှာက, သမုဒယသစ္စာ၊ အဲဒီဟာ ပယ်သင့် ပယ်ထိုက်တဲ့ ပဟာတဗ္ဗတရားပဲ၊

ရှုသိတိုင်း ရှုသိတိုင်း အဲဒီတဏှာကို ပယ်တယ် ကင်းစေတယ်၊ ရှုသိရတဲ့ အာရုံမှာ မသိမှု အဝိဇ္ဇာနှင့်တကွ တဏှာ ကံ ဝိညာဏ်စသည်တို့ မဖြစ်နိုင်ဘဲ ချုပ်ငြိမ်းတာက, တဒင်္ဂ နိရောဓသစ္စာ၊ ရှုသိမှု၌ ပါဝင်သော သမ္မာဒိဋ္ဌိ စသည်က, လောကီ မဂ္ဂသစ္စာ၊ ဒါက ဝိပဿနာရှုခိုက်မှာ ရှုသူ၏ သန္တာန်၌ သစ္စာလေးပါး ရနိုင်ပုံကို ပြဆိုချက်ပါပဲ။

ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထိတယ် စသည်ဖြင့် ကိုယ်ထဲက အတွေ့အထိကို ရှုမှတ်နေတဲ့ ယောဂီဟာ သင်္ခါရုပေက္ခာဉာဏ် ရင့်သန်ပြည့်စုံတဲ့အခါ ထိသိမှုတစ်ခုခုကို ရှုနေရင်း ကိုယ်ရုပ်တွေရော ထိသိမှုရော မှတ်သိမှုရော ကုန်ဆုံး ပျောက်ကွယ်သွားတဲ့ သဘောထဲကို ကျရောက်သွားတယ်၊ အဲဒါဟာ -

ယတ္ထ - အကြင်နိဗ္ဗာန်အရပ်၌၊
ကာယော စ - ကိုယ်ရုပ်သည်လည်း၊
နိရုဇ္ဈတိ - ချုပ်၏၊
ဖောဋ္ဌဗ္ဗသညာ စ - အတွေ့အထိ အမှတ်သညာသည်လည်း၊
နိရုဇ္ဈတိ - ချုပ်၏၊
သေ အာယတနေ - ကိုယ်ရုပ်နှင့် အတွေ့အထိ မှတ်သားမှုသညာတို့၏ ချုပ်ရာ နိဗ္ဗာန်ဟူသော ထိုအာရုံအကြောင်းကို၊
ဝေဒိတဗ္ဗေ - သိအပ်၏၊
ဝါ- သိအောင်အားထုတ်အပ်၏-လို့

ဟောတော်မူတဲ့ ဒေသနာတော်အရ အငြိမ်းဓာတ်နိဗ္ဗာန်ကို အရိယမဂ်ဖိုလ်ဖြင့် မျက်မှောက်ပြု သွားတာပါပဲ၊ အဲဒီလို အငြိမ်းဓာတ် နိဗ္ဗာန်ကို မျက်မှောက်ပြု တဲ့ အရိယာပုဂ္ဂိုလ် သန္တာန်မှာ၊ အထူးအားဖြင့် ရဟန္တာပုဂ္ဂိုလ်၏ သန္တာန်မှာ သစ္စာလေးပါးလုံး ရှိတယ်လို့ ဆိုရတယ်။ ဒါကြောင့် ရောဟိတဿ သုတ်အဖွင့် အဋ္ဌကထာမှာ-

လောကန္တိ - (သညာရှိ စိတ်ရှိသော တလံမျှလောက်သော ဤကိုယ်ထဲ၌) လောကကို (ပညတ် ဟောကြားသည်) ဟူသောစကားဖြင့်၊
ဒုက္ခသစ္စံ - ဒုက္ခသစ္စာကို (ပညတ် ဟောကြားသည်ဟု ဆိုတော်မူ၏)။
လောကသမုဒယန္တိ - လောကသမုဒယကို (ပညတ် ဟောကြားသည်) ဟူသော စကားဖြင့်၊
သမုဒယသစ္စံ - သမုဒယသစ္စာကို (ပညတ် ဟောကြားသည်ဟု ဆိုတော်မူ၏)။
လောကနိရောဓန္တိ - လောက နိရောဓကို (ပညတ် ဟောကြားသည် ဟူသော စကားဖြင့်၊
နိရောဓသစ္စံ - နိရောဓသစ္စာကို (ပညတ် ဟောကြားသည်ဟု ဆိုတော်မူ၏)။

ပဋိပဒန္တိ - လောကနိရောဓသို့ ဆိုက်ရောက်သော အကျင့် ပဋိပဒါကို (ပညတ်ဟောကြားသည်) ဟူသော စကားဖြင့်၊
မဂ္ဂသစ္စံ - မဂ္ဂသစ္စာကို (ပညတ်ဟောကြားသည်ဟု ဆိုတော်မူ၏၊
ဣတိ - ဤစကား အလုံးစုံဖြင့်၊
အာဝုသော - အမောင်ရောဟိတဿ၊
အဟံ - ငါသည်၊
ဣမာနိ စတ္တာရိ သစ္စာနိ - ဤသစ္စာလေးပါးတို့ကို၊
တိဏကဋ္ဌာဒီသု - မြက် သစ်သား အစရှိသော အသက်ဝိညာဏ်မဲ့ ဝတ္ထုတို့၌၊
န ပညပေမိ - ပညတ်ဟောကြားသည် မဟုတ်၊
ပန - စင်စစ်သော်ကား၊
စာတုမဟာဘူတိကေ - မဟာဘုတ်လေးပါး ရှိသော၊
ဣမသ္မိံ ကာယသ္မိံ ယေဝ - အသက်ဝိညာဉ် သညာရှိသော ဤကိုယ်၌သာလျှင်၊
ပညပေမီတိ - ပညတ်ဟောကြားသည်ဟူ၍၊
ဒေဿတိ-ပြတော်မူ၏-လို့ ဖွင့်ပြထားပါတယ်။

အဲဒီ ရောဟိတဿသုတ်ပါဠိ အဋ္ဌကထာများ အရအားဖြင့် ပုဂ္ဂိုလ်တိုင်း၏ သန္တာန်မှာ မြင်မှုကြားမှု စသော ဒုက္ခသစ္စာက မပြတ်ဖြစ်လျက် ရှိနေတယ်၊ သမုဒယသစ္စာကတော့ ကိလေသာ မကင်းသေးတဲ့ ပုဂ္ဂိုလ်တို့၏ သန္တာန်မှာ ရှိနေတယ်၊ ရဟန္တာ ပုဂ္ဂိုလ်မှာ အရဟတ္တမဂ်သို့ မရောက်သေးမီက ရှိခဲ့တယ်၊ မဂ္ဂသစ္စာကတော့ မဂ်လေးပါးရောက်ဆဲ ပုဂ္ဂိုလ်၏သန္တာန်မှာ ရှိတယ်၊ ဖိုလ်ပုဂ္ဂိုလ်၏ သန္တာန်မှာလဲ ရှိခဲ့ပြီးရခဲ့ပြီးဖြစ်သောကြောင့် ရှိတယ်လို့ပဲ ဆိုနိုင်တယ်၊ ကိလေသာငြိမ်းခြင်း၊ ခန္ဓာငြိမ်းခြင်းဆိုတဲ့ နိရောဓသစ္စာကတော့ အရိယာပုဂ္ဂိုလ်တို့၏ သန္တာန်က ကိလေသာနှင့် ခန္ဓာတို့၏ ထိုက်သည် အားလျော်စွာ ငြိမ်းခြင်းဖြစ်တဲ့ အတွက် အရိယာပုဂ္ဂိုလ်တို့၏ သန္တာန်မှာ ရှိတယ်လို့ပဲ ပရိယာယ် အားဖြင့် ဆိုရတယ်၊

အထူးအားဖြင့် ရဟန္တာ၏ သန္တာန်မှာ အကြွင်းမဲ့ ချုပ်ငြိမ်းတဲ့အတွက် ရဟန္တာသန္တာန်မှာ ရှိတယ်လို့ ပရိယာယ်အားဖြင့် ဆိုရတယ်၊ အဲဒီ ကိလေသာခန္ဓာတို့၏ ချုပ်ငြိမ်းခြင်းဆိုတာကို စိတ်ညွတ်ကြည့်ရုံနဲ့တော့ ကိစ္စမပြီးဘူး၊ ခုတင်က ပြောခဲ့တဲ့အတိုင်း ဝိပဿနာရှုနေဆဲပုဂ္ဂိုလ်မှာ သင်္ခါ ရုပေက္ခာဉာဏ် ရင့်သန်ပြည့်စုံတဲ့အခါ ရှုရတဲ့ရုပ်နာမ်အာရုံတွေရော ရှုသိနေတဲ့စိတ်ရော အကုန်လုံး ချုပ်ငြိမ်းသွားတာကို မဂ်ဖိုလ်ဉာဏ်ဖြင့် တွေ့မြင်မှ ကိစ္စပြီးတယ်၊ ဒါကြောင့် အဲဒီအငြိမ်းဓာတ် နိဗ္ဗာန်ကို တကယ်သိချင် ရောက်ချင်ရင် ကိုယ်ထဲက ထိသိမှု အစရှိသော ဖြစ်ခိုက် ရုပ်နာမ်တွေကို မပြတ်ရှုပြီး ဝိပဿနာဉာဏ်ကို ဖြစ်ပွားစေရမယ်၊ ယခု ကြံသိဆဲခဏမှာ ဒုက္ခ စသည်ဖြစ်ပုံကို ပြောမယ်။

ကြံသိဆဲခဏ၌ ဒုက္ခနှင့် သမုဒယဖြစ်ပုံ

▬▬▬▬▬▬▬▬

ကြံသိဆဲခဏမှာ ကြံသိမှု၏တည်ရာ ကိုယ်ရုပ် နှလုံးရုပ်လဲ ထင်ရှားတယ်၊ ကြံသိရတဲ့အာရုံလဲ ထင်ရှားတယ်၊ ကြံသိမှုလဲ ထင်ရှားတယ်၊ အဲဒီသုံးပါးထဲမှာ ကိုယ်ရုပ် နှလုံးရုပ်ဆိုတာက ကိုယ်ထဲ နှလုံးထဲက သွေးထဲမှာရှိတဲ့ ဟဒယဝတ္ထု ခေါ်တဲ့ ရုပ်ပါပဲ၊ အဲဒီရုပ်ကို မှီပြီးတော့ ကြံသိမှုစိတ်ဟာ ဖြစ်နေတယ်၊ အဲဒီကြံသိစိတ်ကို မရှုနိုင်လို့ အမှန်အတိုင်း မသိရင် စိတ်၏တည်ရာ နှလုံးရုပ်နှင့်တကွ တကိုယ်လုံးကိုလဲ ငါပဲ၊ ငါ့ကိုယ်ပဲလို့ စွဲလမ်းနိုင်တယ် ကြံသိတဲ့စိတ်ကိုလဲ ငါက ကြံစည် စိတ်ကူးနေတယ် စသည်ဖြင့် စွဲလမ်းနိုင်တယ်၊ စိတ်ကူးမိတဲ့ အာရုံကိုလဲ ငါပဲ-သူပဲ စသည်ဖြင့် စွဲလမ်းနိုင်တယ်၊ ဒါကြောင့် ကြံသိခိုက်မှာ ထင်ရှားတဲ့ အဲဒီတရားတွေကို ဥပါဒါနက္ခန္ဓာလို့ ခေါ်တယ်။ ဒုက္ခသစ္စာလို့လဲ ခေါ်တယ်၊ အဲဒါကို လိုက်ဆိုကြရမယ်။

(၁) ကြံသိဆဲခဏ၌ ကြံသိစိတ်၏တည်ရာနှင့် တကိုယ်လုံးရုပ်က ရုပ် ဥပါဒါနက္ခန္ဓာ
(၂) ကြံသိတာက ဝိညာဏ် ဥပါဒါနက္ခန္ဓာ
(၃) ကြံသိလို့ကောင်းတာမကောင်းတာက ဝေဒနာ ဥပါဒါနက္ခန္ဓာ
(၄) ကြံမိတဲ့ အာရုံကို မှတ်သားတာက သညာ ဥပါဒါနက္ခန္ဓာ
(၅) ကြံမိမှုပြီးအောင် နှလုံးသွင်းတာ အားထုတ်တာက သင်္ခါရ ဥပါဒါနက္ခန္ဓာ

အဲဒါကြံသိဆဲမှာ ထင်ရှားတဲ့ ဥပါဒါနက္ခန္ဓာငါးပါးပဲ၊ အဲဒီငါးပါးထဲမှာ သင်္ခါရ ဥပါဒါနက္ခန္ဓာဆိုတာက အထူးထင်ရှားတယ်၊ ကျယ်လဲကျယ်ပြန့်တယ်၊ လိုချင်တယ်၊ နှစ်သက်တယ်၊ သာယာတယ် ဆိုတာလဲ ထင်ရှားတယ်၊ စိတ်ဆိုးတယ်၊ စိတ်ပျက်တယ် မုန်းတယ် ဆိုတာလဲ ထင်ရှားတယ်၊ ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ မာနလဲ ထင်ရှားတယ်၊ အယူမှား အမြင်မှားတဲ့ ဒိဋ္ဌိဆိုတာလဲ ထင်ရှားတယ်၊ ယုံမှား တွေးတောတဲ့ ဝိစိကိစ္ဆာ ဆိုတာလဲ ထင်ရှားတယ် မနာလိုတဲ့ ဣဿာ, ဝန်တိုတဲ့ မစ္ဆရိယ, နောင်တပူပန်တဲ့ ကုက္ကုစ္စဆိုတာတွေလဲ ထင်ရှားတယ်၊ သဒ္ဓါ သတိ အလောဘ အဒေါသ ကရုဏာ မုဒိတာ အစရှိတဲ့ ကုသိုလ်တရားတွေလဲ ထင်ရှားတယ်၊

အဲဒါတွေဟာ သင်္ခါရက္ခန္ဓာထဲက တရားတွေပဲ ကွေးမယ်, ဆန့်မယ်, ထိုင်မယ်, ထမယ်, သွားမယ်, ပြောမယ် ဆိုမယ် စသည်ဖြင့် ကြံတာတွေလဲ သင်္ခါရတွေပဲ၊ ကိုယ်အမူအရာ အမျိုးမျိုး၊ နှုတ်အမူအရာ အမျိုးမျိုး၊ စိတ်ကူးကြံစည်မှု အမျိုးမျိုးတွေကို အဲဒီ သင်္ခါရတွေက ပြုလုပ်နေတာပဲ၊ ဒါကြောင့် ကောင်းတဲ့ စေတနာက ရှေ့ဆောင်ပြီး ကြံရင် ပြုရင် ပြောရင် ကုသိုလ်ကံဖြစ်တယ်၊ မကောင်းတဲ့ စေတနာက ရှေ့ဆောင်ပြီး ကြံရင် ပြုရင် ပြောရင် အကုသိုလ်ကံ ဖြစ်တယ်၊ အဲဒါ သင်္ခါရ ဥပါဒါနက္ခန္ဓာ တွေချည်းပဲ ဒီသင်္ခါရဥပါဒါနက္ခန္ဓာနှင့်တကွ ကြံသိဆဲမှာ ထင်ရှားတဲ့ ဥပါဒါနက္ခန္ဓာ ငါးပါးကို လောက လို့လဲခေါ်တယ် ဒုက္ခသစ္စာလို့လဲခေါ်တယ်၊

ဒါပေမယ့် ကြံသိဆဲခဏမှာ မရှုနိုင်လို့အမှန်အတိုင်း မသိတဲ့လူတွေမှာတော့ အဲဒီကြံစည်စဉ်းစား နေရတာကိုပင် ကောင်းတယ်လို့ထင်ပြီး နှစ်သက်သာယာတယ်၊ ဆင်းရဲဒုက္ခနဲ့ တွေ့ရစေကာမူ ကြံသိနေတာကိုတော့ ငါကောင်ထင်ပြီး သာယာ နှစ်သက်တာပဲ၊ အဲဒီ ငါကောင်းစားရေးကို မျှော်တွေးပြီး တောင့်တတယ်၊ အဲဒါဟာ ဒုက္ခကိုပင် သုခထင်ပြီး နှစ်သက်သာယာတာ၊ တောင့်တ တာပါပဲ၊ နှစ်သက် သာယာတော့ စွဲလမ်းတယ်၊ စွဲလမ်းတော့ မိမိအလိုရှိတဲ့ အတိုင်းပြည့်စုံအောင် ကြံစည်ပြုလုပ် အားထုတ်တယ်၊ ယခု လောလောဆယ် ချမ်းသာရအောင် သူတစ်ပါးကို သတ်ပြီး တော့လဲ ချမ်းသာရှာတယ်၊ သူ့ဥစ္စာကို လုယက် ခိုးယူပြီးတော့လဲ ချမ်းသာရှာတယ် လိမ်လည် လှည့်စားပြီးတော့လဲ ချမ်းသာရှာတယ်၊ မတော်မတရားလဲ ပြုတယ်၊ နောင်ဘဝသံသရာမှာ ချမ်းသာ ရအောင် ရည်ရွယ်ပြီးတော့လဲ ကုသိုလ် ကောင်းမှုကို ပြုလုပ်တယ်၊ အဲဒီကောင်းမှုဆိုတာတွေထဲမှာလဲ သတ္တဝါကိုသတ်ပြီး ယဇ်ပူဇော်ခြင်း၊ ကျွေးမွေးခြင်း စသည်ကို ပြုရင် အကုသိုလ်ကံတွေ ဖြစ်တာပဲ၊

အဲဒီကုသိုလ်ကံ အကုသိုလ်ကံဆိုတဲ့ သင်္ခါရတွေကြောင့် သေခါနီးမှာ ကံ, ကမ္မနိမိတ် ဂတိနိမိတ် ဆိုတဲ့ အာရုံတွေ ထင်ပေါ်လာတယ်၊ အဲဒီ ထင်ပေါ်လာတဲ့ အာရုံနိမိတ်ကို စွဲလမ်းနေရင် သေသွားတဲ့အခါ အဲဒီ အာရုံကိုပင် အာရုံပြုလျက် ဘဝသစ်မှာ ပဋိသန္ဓေစိတ် ဖြစ်တယ်၊ ပဋိသန္ဓေစိတ်ဖြစ်မိရင် အဲဒီဘဝသစ်မှာလဲ ကြံသိမှု-မြင်မှု-ကြားမှု စသော ဒုက္ခသစ္စာတွေ မပြတ်ဖြစ်သွားတော့တာပဲ။ အဲဒါဟာ ကြံသိမှု ဒုက္ခသစ္စာကို မှီပြီးတော့ နှစ်သက်မှု တဏှာ သမုဒယဖြစ်ပုံနှင့် သမုဒယကြောင့် တဖန် ဘဝသစ်ဖြစ်ပြီး ကြံသိမှုစသော ဒုက္ခသစ္စာတွေ ဖြစ်သွားပုံပါပဲ၊ အဲဒါကို ဆိုကြရမယ်။

ကြံသိမှု ဒုက္ခသစ္စာကိုမှီ၍ နှစ်သက်သာယာမှု တဏှာ သမုဒယ ဖြစ်သည်၊ သမုဒယကြောင့် ဘဝသစ်ဖြစ်၍ ကြံသိမှု စသော ဒုက္ခသစ္စာတွေ ဖြစ်နေသည်။ ဒီကြံသိမှုကလဲ အလွန် ကျယ်ဝန်း ပါတယ်၊ မြင်ပြီးရင်လဲ ကြံသိတာပဲ၊ ကြားပြီးရင်လဲ ကြံသိတာပဲ၊ နံပြီးရင် စားသိ ပြီးရင်လဲ ကြံသိတာပဲ ထိသိပြီးရင်လဲ ကြံသိတာပဲ။ သူ့သက်သက်လဲ ကြံစည်စဉ်းစားပြီး ကြံသိနေတာပဲ၊ အဲဒီ ကြံသိမှုတွေကို ဖြစ်တိုင်းဖြစ်တိုင်းသိအောင် ရှုမှတ်ဖို့လိုပါတယ်၊ မရှုနိုင်လို့မသိရင် အဲဒီကြံသိတာကို ငါကောင်အနေနဲ့လဲ ထင်မှတ်တတ်တယ်၊ ကြံသိနေတာကိုပင် ကောင်းတယ်လို့ ထင်ပြီးတော့လဲ သာယာတတ်တယ်၊ အဲဒီလို ထင်မှတ်ပြီး သာယာရင် တဏှာဖြစ်တာပဲ၊ နောက်ပြီးတော့ ကောင်းစား ချမ်းသာဖို့လဲ လိုချင်တောင့်တတယ်။

အဲဒါလဲ တဏှာပဲ၊ အဲဒီ တဏှာဖြစ်တော့ စွဲလမ်းပြီး ပြုလုပ်တဲ့ ကံတွေ ဖြစ်တယ်၊ အဲဒီ ကံတွေကြောင့် ဘဝသစ် ရုပ်နာမ်ခန္ဓာ, ဒုက္ခသစ္စာတွေ ဖြစ်ဖြစ်သွားတယ်၊ ဒါကြောင့် အဲဒီလို တဏှာဥပါဒါန် ကံနှင့် ဘဝသစ် ဒုက္ခသစ္စာတွေ မဖြစ်ပွားရအောင် ကြံသိတိုင်း ကြံသိတိုင်း ရှုမှတ်ရတယ် ရှုမှတ်လို့ ဝိပဿနာဉာဏ် အားကောင်းတဲ့အခါမှာ အဲဒီကြံသိတာကလေးတွေ တစ်ခုပြီးတစ်ခု ဖြစ်ပျက် နေတာကို တွေ့ရတယ်၊ အဲဒီလို တွေ့ရတော့ မမြဲတာတွေချည်းပဲလို့ ကိုယ်ပိုင်ဉာဏ်ဖြင့် သိရတယ်၊ အဲဒီလို သိသိနေရင်း သင်္ခါရုပေက္ခာဉာဏ် ရင့်သန်တဲ့အခါမှာ ကြံသိမှုတစ်ခုခုကို သိပြီးတော့ ကြံသိတာရော ရှုသိတာရော အကုန်လုံး ချုပ်ငြိမ်းပြတ်စဲသွားတာကို တွေ့ရတယ် အဲဒါဟာ အငြိမ်းဓာတ်နိဗ္ဗာန်ကို တွေ့တာပဲ၊ အဲဒီလို တွေ့ပြီး သိအောင် အားထုတ်ဖို့ရာ မြတ်စွာဘုရားက -

ယတ္ထ - အကြင် နိဗ္ဗာန်အရပ်၌၊
မနော စ - စိတ်သည်လည်း၊
နိရုဇ္ဈတိ - ချုပ်၏၊
ဓမ္မ သညာ စ - ဓမ္မသညာသည်လည်း၊
နိရုဇ္ဈတိ - ချုပ်၏၊
သေ အာယတနေ - စိတ်နှင့်ဓမ္မသညာ တို့၏ ချုပ်ရာနိဗ္ဗာန်ဟူသော ထိုအာရုံအကြောင်းကို၊
ဝေဒိတဗ္ဗေ - သိအပ်၏၊
ဝါ- သိအောင် အားထုတ်အပ်၏-လို့-

ဟောတော်မူခဲ့ပါတယ်၊ အဲဒီမှာ မန-ဆိုတာ ဘဝင်စိတ်နဲ့ အာဝဇ္ဇန်းစိတ်ပဲ၊ ဘဝင်စိတ် ဆိုတာ အိပ်ပျော်နေတဲ့အခါ ဖြစ်နေတဲ့စိတ်မျိုးပဲ၊ အဲဒါကိုတော့ သိဖို့ခဲယဉ်းပါတယ်၊ နှလုံးသွင်း ဆင်ခြင်တဲ့ အာဝဇ္ဇန်းစိတ် ချုပ်တာသိဖို့က အရေးကြီးပါတယ်၊ နောက်ပြီးတော့ ဓမ္မသညာဆိုတာက ပကတိကြံသိတဲ့စိတ်နဲ့ ရှုသိတဲ့ စိတ်ပဲ၊ သညာကို ခေါင်းတပ်ပြီး ဟောထားပေမယ့် ဗမာလိုကတော့ စိတ်နဲ့ပြောမှ သိလွယ်တယ်၊ ဒါကြောင့်စိတ်နဲ့ပဲ ပြောရတယ်၊ အဲဒီပကတိ အသိစိတ်နဲ့ ရှုသိတဲ့စိတ် ချုပ်သွားတာကို ထင်ရှားသိရမယ်၊ ဒါကြောင့် အာရုံကို နှလုံးသွင်းတဲ့စိတ်ရော ပကတိအသိစိတ်ရော ရှုသိတဲ့စိတ်ရော ပြတ်စဲချုပ်ငြိမ်းသွားရင် အဲဒါဟာ နိဗ္ဗာန်ပဲ၊ အသိစိတ်ရှိနေသေးရင် သင်္ခါရအာရုံ ထင်နေသေးတာပဲ၊ သင်္ခါရသဘောတွေ အားလုံး ချုပ်ငြိမ်းမှ နိဗ္ဗာန်ပဲ၊ အဲဒီချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကိုသိတဲ့ မဂ်စိတ်ဖိုလ်စိတ် ကတော့ရှိပါတယ်၊ ဒါပေမယ့် သင်္ခါရ အားလုံး ချုပ်ငြိမ်းတဲ့သဘောက သင်္ခါရသဘောမျိုး မဟုတ်တဲ့အတွက် အသိစိတ်မရှိသလိုပဲ ထင်ရှားတယ်၊ အကယ်၍ အသိစိတ်ရှိတဲ့ အနေနဲ့ ထင်ရှားနေရင် အဲဒီစိတ်ရဲ့ အဖြစ်အပျက်လဲ ထင်ရှားတာပဲ၊ ဝိပဿနာရှုလို့ဖြစ်တဲ့ တရားပဲ၊ ချုပ်ငြိမ်း သဘောထဲ ရောက်နေတဲ့ မဂ်ဖိုလ်စိတ် ဆိုတာကတော့ ဝိပဿနာ ရှုလို့ မဖြစ်တဲ့ တရားပဲ၊ ဒါကြောင့် နိဗ္ဗာန်ကို မျက်မှောက်ပြုတဲ့ အခါမှာ အသိစိတ်ပါ ချုပ်ငြိမ်းသွားတဲ့ အနေဖြင့်ပင် တွေ့ရတယ်၊ ဒါကြောင့် ဓမ္မသညာ စ နိရုဇ္ဈတိ-ဓမ္မသညာလဲ ချုပ်တယ်လို့ ဟောတော်မူတာပဲ။

လောက၏အဆုံး နိဗ္ဗာန် တွေ့သိပုံတွေ

▬▬▬▬▬▬▬

ယခုပြောခဲ့တာနှင့် တတိယပိုင်းတုန်းက ထုတ်ပြခဲ့တဲ့ ဒေသနာတော်အရ “မြင်တာကို ရှုသိရင်း မျက်စိနဲ့ ရူပသညာ ချုပ်သွားတာကို တွေ့ရတယ်၊ ကြားသိတာကို ရှုသိရင်း နားနဲ့ သဒ္ဒသညာ ချုပ်သွားတာကို တွေ့ရတယ်၊ နံတာကို ရှုသိရင်း နှာခေါင်းနဲ့ ဂန္ဓသညာ ချုပ်သွားတာကို တွေ့ရတယ်၊ စားသိတာကို ရှုသိရင်းလျှာနဲ့ ရသသညာ ချုပ်သွားတာကို တွေ့ရတယ်၊ ထိသိတာကို ရှုသိရင်း ကိုယ်နဲ့ ဖောဋ္ဌဗ္ဗသညာ ချုပ်သွားတာကို တွေ့ရတယ်၊ ကြံသိတာကို ရှုသိရင်း စိတ်နဲ့ ဓမ္မသညာ ချုပ် သွားတာကို တွေ့ရတယ်” ဆိုတာတွေဟာ လောက ဆိုတဲ့ ဒုက္ခသစ္စာကို ရှုသိနေရင်း လောက၏ အဆုံးဖြစ်တဲ့ နိရောဓသစ္စာကို မျက်မှောက်တွေ့သွားပုံတွေပါပဲ၊ အဲဒီလို တွေ့တာဟာ စိတ်ကူး စဉ်းစားကြည့်ရုံနဲ့တော့ မဖြစ်နိုင်ဘူး၊ ဒွါရ ၆-ပါးက ထင်ရှား ဖြစ်ပေါ်တဲ့ ရုပ်နာမ်တရားတွေကို မပြတ် ရှုသိပြီး သင်္ခါရုပေက္ခာဉာဏ် ရင့်သန်ပြည့်စုံတဲ့အခါကျမှ အဲဒီလို မျက်မှောက် တွေ့နိုင်တယ်။

အဲဒီလို ရုပ်နာမ် သင်္ခါရချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကို အရဟတ္တမဂ်ဉာဏ်ဖြင့် တွေ့ရင် “မပြတ် ဖြစ်ပျက်နေတဲ့ မြင်မှု ကြားမှု အစရှိသော ရုပ်နာမ် သင်္ခါရတွေဟာ မငြိမ်းအေးတဲ့ ဆင်းရဲတရားတွေပဲ”လို့လဲ ပိုင်ပိုင် နိုင်နိုင် သိတယ်၊ အဲဒီ မြင်မှု ကြားမှု စသည်၌ နှစ်သက်လိုချင်တဲ့ တဏှာကိုလဲ “ဆင်းရဲကို တောင့်တနေတဲ့ ဆင်းရဲဖြစ်ကြောင်း တရားပဲ” လို့လဲ ပိုင်ပိုင်နိုင်နိုင်သိတယ်၊ ဒါကြောင့် အဲဒီ နှစ်သက်လိုချင်မှု တဏှာလဲ လုံးဝကင်းငြိမ်းသွားတယ်၊ အဲဒီတဏှာ ကင်းတဲ့အတွက် ဘဝသစ် ရုပ် နာမ် ခန္ဓာ ဒုက္ခသစ္စာတွေလဲ မဖြစ်နိုင်တော့ပဲ ကင်းငြိမ်းသွားတယ်၊ အဲဒီလို တဏှာနှင့် ဘဝသစ်ခန္ဓာ ဆင်းရဲတွေ ကင်းငြိမ်းပုံကို မြင်တော်မူပြီး ဝမ်းမြောက်တော်မူတဲ့အတွက် မြတ်စွာဘုရားရှင်က ဘုရားဖြစ်တော်မူပြီးခါစမှာ နှုတ်ကမရွတ်ပဲ စိတ်အကြံမျှဖြင့် ဒီလို ဥဒါန်းကျူးရင့်တော်မူခဲ့ပါတယ်။

အနေကဇာတင် ဂါထာ ၂-ပုဒ်

▬▬▬▬▬▬▬▬▬▬

အနေက ဇာတိ သံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။
ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ။

ဂဟ ကာရက ဒိဋ္ဌောသိ၊ ပုန ဂေဟံ န ကာဟသိ။
သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ဝိသင်္ခတံ။
ဝိသင်္ခါရ ဂတံ စိတ္တံ၊ တဏှာနံ ခယ မဇ္ဈဂါ။

ဗုဒ္ဓမြတ်စွာဘုရားအဖြစ်သို့ ရောက်တော်မူပြီးခါစက ဗောဓိညောင်ပင်ကြီးအောက် အပရာဇိတ ပလ္လင်တော်ထက်မှာ အရှေ့အရပ်သို့ မျက်နှာမူလျက် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူရင်း စိတ်နှလုံး တော် သက်သက်ဖြင့် ဆင်ခြင်တော်မူလျက် ဥဒါန်း ကျူးရင့်တော်မူတဲ့ ဂါထာတော်များဖြစ်တယ်၊ အဲဒီအခါတုန်းက မြတ်စွာဘုရား အနီးအပါးမှာ ဘယ်သူမှမရှိဘူး၊ တော အရပ်ဒေသမှာ တစ်ပါးတည်း နှလုံးသွင်းလျက် ကျူးရင့်တော်မူပုံကို ဆင်ခြင်ကြည့်ရင် အင်မတန် ကြည်ညိုစရာ ကောင်းတယ်၊ ဘုန်းကြီးမှာတော့ ဒီဂါထာကို နှလုံးသွင်းရ ရွတ်ဆိုရတဲ့အခါ ကြည်နူးတဲ့စိတ်တွေ များစွာဖြစ်တယ်၊ ယခုထပ်ပြီး ရွတ်ပြပြီးတော့ အနက်ပြန်ပြမယ်။

အနေက ဇာတိ သံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။ပ။
ဝိသင်္ခါရ ဂတံ စိတ္တံ၊ တဏှာနံ ခယ မဇ္ဈဂါ။

ပုနပ္ပုနံ ဇာတိ - ဘဝ အသစ် အဖန်ဖန် ဖြစ်ရခြင်းသည်၊
ဒုက္ခာ - ဆင်းရဲကြောင်းဖြစ်၍ ဆင်းရဲလှ ဆိုးရွားလှ၏၊
(သာ စ - ထိုဘဝအသစ် ဖြစ်ခြင်းသည်လည်း၊
ဂဟ ကာရေ - အတ္တဘော တည်းဟူသော ခန္ဓာအိမ်ကို အကြိမ်ကြိမ် တီထွင်၍ စီရင် ဆောက်လုပ် တတ်သော တဏှာယောက်ျား လက်သမားကို
အဓိဋ္ဌေ - အရဟတ္တမဂ်ဉာဏ်ဖြင့် မမြင်ရသေးသည်ရှိသော်၊
န နိဝတ္တတိ - ဆုတ်နစ် ရပ်တန့်ခြင်း ပြတ်စဲခြင်း မရှိချေ၊
တသ္မာ - ထို့ကြောင့်၊)
ဂဟကာရံ - အတ္တဘော တည်းဟူသော ခန္ဓာအိမ်ကို အကြိမ်ကြိမ် တီထွင်၍ စီရင် ဆောက်လုပ် တတ်သော တဏှာယောက်ျား လက်သမားကို၊
ဂဝေသန္တော - ဒီပင်္ကရာ မြတ်စွာခြေရင်း တံတားခင်း၍ ဝပ်စင်း ဦးခ နိယတဗျာဒိတ် အောင် ဘိသိက်ပန်း ဆင်မြန်းသည်မှ အဦးစ၍ တွေ့ရလေအောင် ကျင့်ဆောင် ရှာမှီးနေသောငါသည်၊
(ယေနဉာဏေန - အကြင်အရဟတ္တမဂ်ဉာဏ်ဖြင့်၊
တံ - ထိုတဏှာလက်သမားကို၊
ဒဋ္ဌုံ သက္ကာ - မြင်ခြင်းငှာ စွမ်းနိုင်၏၊
တံဉာဏံ - ထိုတဏှာကို မြင်နိုင်ကြောင်း အရဟတ္တမဂ်ဉာဏ် တည်းဟူသော ပညာ မျက်စိ မျက်မှန် ကောင်းကို၊)
အနိဗ္ဗိသံ အဝိန္ဒန္တော - မရသေးသည်ဖြစ်၍၊
အနေက ဇာတိ သံသာရံ - ဘဝများစွာ ခန္ဓာအစဉ်ဟူသော သံသရာသို့၊
ဝါ- ဘဝများစွာ သံသရာ ကာလပတ်လုံး၊
သန္ဓာဝိဿံ သံသရိံ - ပြေးသွား ကျင်လည်ခဲ့ရလှလေပြီ။

ကိုယ့်ဘဝ ကိုယ့်ခန္ဓာကို သာယာတဲ့ တဏှာရှိနေသမျှ ကာလပတ်လုံး တစ်ဘဝ တစ်ဘဝမှသေရင် နောက်တစ်ဘဝ တစ်ဘဝ အသစ်အသစ် ဖြစ်ဖြစ်နေတယ်၊ အဲဒီလို ဘဝသစ်ခန္ဓာအိမ် ဖြစ်ဖြစ် နေတာဟာ ဘာကြောင့်လဲဆိုရင် အရင်းမူလအားဖြင့် တဏှာကြောင့်ပဲ ဖြစ်တယ်၊ ဒါကြောင့် တဏှာကို ဂဟကာရ - ခန္ဓာအိမ်ကို ဆောက်လုပ်သူဟု ဆိုတယ်၊ ဘဝအသစ်ဖြစ်မိရင် အဲဒီ တစ်ဘဝလုံးနှင့်ဆိုင်တဲ့ ဆင်းရဲအမျိုးမျိုးတွေကို ခံစားရတော့တာပဲ ဒါကြောင့် ဘဝ အသစ်ဖြစ်ခြင်း ဇာတိဆိုတာဟာ ကြောက်စရာကောင်းတဲ့ ဒုက္ခပဲ၊ ဆင်းရဲပဲ၊ ဆိုးရွားတဲ့ သဘော တရားပဲ၊ အဲဒီလို မကောင်းမှန်းသိလို့ မဖြစ်ချင်ဘူးဆိုပေမယ့် ဖြစ်ချင်တဲ့ တဏှာဆိုတဲ့ ခန္ဓာအိမ်ဆောက်သမားကို မသိမမြင်သေးရင် ထပ်ခါထပ်ခါ ဖြစ်ဖြစ်နေတာပဲ၊

ဥပမာ ငရဲမှာမဖြစ်ချင်ပေမယ့် ဘဝကိုသာယာတဲ့ တဏှာက ရှိနေတဲ့သူမှာ ငရဲကျလောက်တဲ့ကံ ရှိနေရင် တဏှာက ငရဲ ခန္ဓာအိမ်ကိုလဲ ဆောက်လုပ် ပေးမှာပဲ ဒါကြောင့် ခန္ဓာအိမ် ဆောက်သမားကို မြတ်စွာဘုရားက သုမေဓာရသေ့ ဘဝကစပြီးရှာခဲ့ပါတယ် ဒါပေမယ့် ခန္ဓာအိမ် ဆောက်သမား တဏှာကို မြင်နိုင်တဲ့ သမ္မာသမ္ဗောဓိဉာဏ်ဆိုတဲ့ အရဟတ္တမဂ်ဉာဏ်မျက်စိ မျက်မှန်ကောင်းကို မရသေးတဲ့ အတွက် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဘဝများစွာ သံသရာမှာ ပြေးသွားကျင်လည်လာခဲ့ပါပြီလို့ ဆိုလိုပါတယ်။

ဂဟကာရက - အတ္တဘော တည်းဟူသော ခန္ဓာအိမ်ကို အကြိမ်ကြိမ် တီထွင်၍ စီရင် ဆောက်လုပ် တတ်သော တဏှာ ယောက်ျား ဟယ် လက်သမား၊
(ဣဒါနိ - အရဟတ္တမဂ်ဉာဏ် ဟူသော သမ္မာသမ္ဗောဓိ ဉာဏ်ပညာ မျက်မှန်ကို ရသော ယခုအခါ ကာလ၌၊
တွံ - တဏှာ ယောကျာ်း သင်လက်သမားကို၊)
ဒိဋ္ဌော - မျက်ဝါး ထင်ထင် သိမြင်ရသည်၊
အသိ - ဖြစ်ပေ၏၊
(တသ္မာ - ထို့ကြောင့်၊
တွံ - တဏှာယောက်ျား သင်လက်သမားသည်၊)
ဂေဟံ - ငါ၏ခန္ဓာအိမ်ကို၊
ပုန န ကာဟသိ - တစ်ဖန် ဆောက်လုပ်ရတော့မည် မဟုတ်ပေ၊
တေ - သင်၏၊
သဗ္ဗာ - အလုံးစုံကုန်သော၊
ဖာသုကာ - ခန္ဓာအိမ်၏ အခြင်ပမာ (အဝိဇ္ဇာ၏ နောက်လိုက်) ကိလေသာတို့ကို၊
ဘဂ္ဂါ - ချိုးဖျက်အပ်ကုန်ပြီ၊
ဂဟကူဋံ - အိမ်၏ အထွတ်အဖူးပမာ အဝိဇ္ဇာ ခေါင်ချုပ်ကြီးကို၊
ဝိသင်္ခတံ - ဖျက်ဆီးအပ်ပြီ။
စိတ္တံ - ငါ၏စိတ်သည်
ဝိသင်္ခါရဂတံ - သင်္ခါရကင်းရာ နိဗ္ဗာန်၌ အာရုံပြုသောအားဖြင့် သက်ဝင်လျက် တည်နေပေပြီ၊
တဏှာနံ - ဆာလောင်တတ်စွာ သာယာတောင့်တ တဏှာဟူသမျှတို့၏၊
ခယ - ကုန်ရာဖြစ်သော အရဟတ္တဖိုလ်ကို၊
အဇ္ဈဂါ - ဖြစ်ပွားစေကာ ကောင်းစွာရလျက် ရှိပေပြီ-တဲ့။

ဒီဒုတိယဂါထာကတော့ အနက်ပြန်လိုက်တာနဲ့ အဓိပ္ပာယ်လဲ ပေါ်လွင် ထင်ရှားနေပါပြီ၊ ဒီဂါထာ ၂-ပုဒ်ဟာ ဘုရား ဖြစ်ပြီးခါစက ကိုယ်တော်တိုင် နှလုံးသွင်း ဆင်ခြင်တော်မူတဲ့ ဂါထာများ ဖြစ်သော ကြောင့် ဘုရားဆင်းတုတော်များ၊ စေတီတော်များ အသစ်ပြုလုပ်၍ ကိုးကွယ်ကြတဲ့အခါမှာ အနေကဇာတိသံသာရံ အစချီတဲ့ ဒီဂါထာများဖြင့် ရွတ်ဖတ်ပြီးပူဇော်ကြတယ်၊ အဲဒါကို ဗုဒ္ဓဘိသေက မင်္ဂလာ အနေကဇာ တင်တယ်လို့ခေါ်ကြတယ်၊ နောက်ပြီးတော့ အဲဒီလို အနေကဇာတင်တဲ့အခါမှာ ဥဒါန်းပါဠိတော်အရ ဘုရားဖြစ်ပြီး ခုနစ်ရက်မြောက်ညဉ့်မှာ ဆင်ခြင်တော်မူတဲ့ ပဋိစ္စသမုပ္ပာဒ် အနုလုံပဋိလုံနှင့် နှုတ်ဖြင့် ရွတ်ဆိုပြီး ဥဒါန်းကျူးရင့်တော်မူတဲ့ ယဒါဟဝေ အစချီတဲ့ သုံးဂါထာတို့ကိုလဲ ရွတ်ဖတ်ပြီး ပူဇော်ကြတယ်၊

ဒါက မြန်မာပြည်မှာ ပြုလုပ်လေ့ရှိတဲ့ ကောင်းမြတ်သော ပူဇော်ခြင်းပါပဲ၊ ယိုးဒယား သီဟိုဠ်တို့မှာ အဲဒီအလေ့အထ မရှိဘူးလို့ ဆိုပါတယ်၊ ဒါကြောင့် အနေကဇာ မတင်ရသေးတဲ့ ဆင်းတုတော် စေတီတော်များကိုလဲ ဗုဒ္ဓမြတ်စွာဘုရား ကဲ့သို့ပင် အရိုအသေ ပူဇော်ကောင်းတယ်ဆိုတာလဲ သိမှတ်ထားကြရမယ်။

ရဟန္တာမဟုတ်တဲ့ ပုဂ္ဂိုလ်တိုင်း၏ သန္တာန်မှာ မြင်ခိုက် ကြားခိုက် စသည်၌ ဒုက္ခနှင့် သမုဒယ ဖြစ်ပုံကို ပြောပြရာက ထိသိခိုက် ကြံသိခိုက်များမှာ ဝိပဿနာရှုပြီး နိရောဓသို့ ဆိုက်ရောက်သွားပုံကိုလဲ ထည့်သွင်းပြောခဲ့တယ်၊ အဲဒီ နိရောဓကို မျက်မှောက်ပြုတော့ တဏှာကိုမြင်ပုံ တဏှာ ကင်းပုံများနှင့် စပ်ပြီး ဘုရားဖြစ်တော်မူပြီးခါစက နှလုံးသွင်း ဆင်ခြင်လျက် ကျူးရင့်ခဲ့တဲ့ အနေကဇာတိ သံသာရံ အစချီသော ဂါထာများကို ဟောပြောခဲ့တယ်၊ အဲဒါကတော့ ကြည်ညိုဖွယ်ကောင်းလို့ ကြည်ညို ကြရအောင် ဟောပြတာပါပဲ။

တည်ရာရှိ, မရှိ ဆိုတာက ပြလိုရင်းပဲ

▬▬▬▬▬▬▬▬

ယခု ဒီနေရာမှာ ပြလိုရင်းကတော့ အပ္ပတိဋ္ဌံ - နိဗ္ဗာန်မှာ တည်ရာဌာန မရှိဘူးဆိုတဲ့ ဒေသနာတော်အရ နိရောဓသစ္စာ ခေါ်တဲ့ နိဗ္ဗာန်မှာ မုချအားဖြင့် တည်ရာဌာန မရှိဘူး နည်းပရိယာယ် အရအားဖြင့်တော့ ရောဟိတဿသုတ်မှာ တစ်လံမျှလောက်သော ခန္ဓာကိုယ်ထဲမှာ ရှိတယ်လို့ ဆိုရတဲ့အကြောင်း ပြလိုရင်းပါပဲ၊ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာ တို့ကတော့ သာမန်ပုဂ္ဂိုလ်တိုင်း၏ သန္တာန်မှာ တကယ်ကိုဖြစ်ပေါ်ပြီး ရှိနေတယ်ဆိုတာ သိရအောင် မြင်ဆဲခဏ စသည်ဖြင့် ရှင်းပြခဲ့ပြီ၊ မဂ္ဂသစ္စာကတော့ ဝိပဿနာရှုဆဲ အရိယမဂ်ရောက်ဆဲ ပုဂ္ဂိုလ်တို့၏သန္တာန်မှာမုချအားဖြင့် ဖြစ်ပေါ် လျက် ရှိနေကြောင်းလဲ ပြောပြခဲ့ပြီ၊ နိရောဓသစ္စာဆိုတဲ့ နိဗ္ဗာန်ကတော့ မဂ်ဖိုလ်ရောက်နေတဲ့ ပုဂ္ဂိုလ်များသန္တာန်မှာ ပရိယာယ်အားဖြင့် ရှိတယ်လို့ဆိုရကြောင်း အထူးအားဖြင့် ရဟန္တာပုဂ္ဂိုလ်၏ သန္တာန်မှာ ရှိတယ်လို့ဆိုရကြောင်း ပြောခဲ့ပြီ၊ အဲဒါနဲ့စပ်ပြီးတော့ သာဓက ပါဠိပါထုတ်ပြီး ရှင်းပြ ဦးမယ်။

မြတ်စွာဘုရားက သစ္စာလေးပါးလုံး သညာရှိ စိတ်ရှိတဲ့ တလံမျှလောက်သော ကိုယ်ထဲမှာ ပညတ်ဟောကြားတော်မူတယ်လို့ ဆိုရာမှာ ဒုက္ခ သမုဒယ မဂ္ဂဆိုတဲ့ သစ္စာသုံးပါးကတော့ ရှင်းနေပါတယ်၊ နိရောဓဆိုတဲ့ နိဗ္ဗာန်က ပုဂ္ဂိုလ်တိုင်း၏ သန္တာန်မှာ တည်ရှိပါသလား၊ ဘယ်အနားမှာ ဘယ်လို တည်ရှိနေပါသလဲလို့ စဉ်းစားစရာ ရှိပါတယ်၊ အဲဒါဟာ အမှန်အားဖြင့်တော့ ပုဂ္ဂိုလ် တိုင်း၏သန္တာန်မှာ တည်ရှိတယ်လို့ မဆိုနိုင်ပါဘူး၊ အရိယာပုဂ္ဂိုလ်တို့၏ သန္တာန်မှာ ချုပ်ငြိမ်းတဲ့ ကိလေသာ ခန္ဓာတို့ကို အကြောင်းပြုပြီးတော့ တည်ရှိတယ်လို့ ပရိယာယ်အားဖြင့် ဟောထား ခြင်းသာ ဖြစ်ပါတယ်၊ အဲဒီအကြောင်းကို ဝိသုဒ္ဓိမဂ် မဟာဋီကာမှာ ဒီလိုရှင်းပြထားပါတယ်။

တံ - ထိုနိဗ္ဗာန်သည်၊
အဒေသမ္ပိ - တည်ရာအရပ် မရှိငြားသော်လည်း၊
ယေသံ - အကြင် ကိလေသာခန္ဓာတို့၏၊
နိရောဓော - ချုပ်ခြင်းသည်ဖြစ်၏၊
တေသံဝသေန - ထိုချုပ်သော ကိလေသာခန္ဓာတို့၏ အစွမ်းအားဖြင့်၊
ဥပစာရတော - ကိလေသာ ခန္ဓာတို့၏တည်ရာ၌ တင်စားသောအားဖြင့်၊
ဒေသတောပိ - တည်ရာအရပ်အားဖြင့်လည်း၊
နိဒ္ဒိသီယတိ - ညွှန်ပြအပ်ပေ၏၊
အဘယ်လိုပါလဲဆိုတော့ …
လောကေ - လောက၌၊
စက္ခု - မျက်စိသည်၊
ပိယရူပံ သာတရူပံ - ချစ်ဖွယ် သာယာဖွယ် သဘောပေတည်း၊
ဧသာ တဏှာ ပဟီယမာနာ - ထိုတဏှာကို ပယ်အပ်သည်ရှိသော်၊
ဧတ္ထ ပဟီယတိ - ချစ်ဖွယ် သာယာဖွယ်ဖြစ်သော ဤမျက်စိ၌ ပယ်အပ်၏၊
နိရုဇ္ဈမာနာ - ထိုတဏှာ ချုပ်သည်ရှိသော်၊
ဧတ္ထ နိရုဇ္ဈတိ - ချစ်ဖွယ် သာယာဖွယ်ဖြစ်သော ဤမျက်စိ၌ချုပ်၏၊
ဣတိ ယထာ - ဤသို့ ဟောတော်မူသကဲ့သို့ပင်တည်း-တဲ့။

ကိလေသာတို့၏ ငြိမ်းခြင်း, ခန္ဓာတို့၏ ငြိမ်းခြင်းဆိုတဲ့ နိဗ္ဗာန်ဟာ ငြိမ်းခြင်း, မဖြစ်ခြင်း သဘောမျှဖြစ်သောကြောင့် မုချအားဖြင့် ဘယ်မှာမျှ မတည်ဘူး, တည်ရာဌာန မရှိဘူး၊ သို့သော်လဲ ချုပ်ငြိမ်းတဲ့ ကိလေသာတွေ ခန္ဓာတွေက အရိယာ ပုဂ္ဂိုလ်တို့၏ သန္တာန်မှာ တည်ရှိနေတယ်၊ ဒါလဲ တကယ်တော့ တည်ရှိနေတာ မဟုတ်ပါဘူး၊ ဖြစ်နိုင်တဲ့အတွက် တည်ရှိတယ်လို့ ဆိုရတာပါပဲ၊ ဒါကြောင့် အဲဒီချုပ်ငြိမ်းတဲ့ ကိလေသာခန္ဓာတို့၏ တည်ရာဖြစ်တဲ့ အရိယာပုဂ္ဂိုလ် သန္တာန်မှာ ချုပ်ငြိမ်းခြင်းကိုလဲ တည်ရှိတဲ့ အနေနဲ့ တင်စား ဟောခြင်း ဖြစ်တယ်၊ ဘယ်လိုလဲဆိုတော့ အရဟတ္တမဂ်၏ အစွမ်းကြောင့် တဏှာမဖြစ်နိုင်တော့ပဲ ချုပ်ငြိမ်းတာဟာ မုချအားဖြင့် ဘယ်နေရာ မှာမှ ချုပ်ငြိမ်းတယ်လို့ မဆိုနိုင်ဘူး၊

ဒါပေမယ့် တဏှာဖြစ်ရင် ချစ်ဖွယ်သာယာဖွယ် ဖြစ်တဲ့ မျက်စိ နားအစရှိတဲ့ ဒွါရ ၆-ပါး၊ အဆင်းအသံ အစရှိတဲ့ အာရုံ ၆-ပါး မြင်သိ ကြားသိအစရှိတဲ့ ဝိညာဏ် ၆-ပါး စသည်မှာ အာရုံပြုပြီးဖြစ်တယ်၊ ဒါကြောင့် အဲဒီဖြစ်ရာ ဌာနများဖြစ်တဲ့ ချစ်ဖွယ် သာယာဖွယ် မျက်စိစသည်မှာလဲ ချုပ်တယ်လို့ တင်စားပြီး ဟောသလိုပါပဲတဲ့။ ဒါပေမယ့် အဘိဓမ္မာဒေသနာမှာ ကိုယ်မှ အပြင်၌ ပြီးစီးတဲ့ ဗဟိဒ္ဓတရားလို့ မုချအားဖြင့် ဟောတော်မူပါတယ်၊ အဲဒီ အဘိဓမ္မာဒေသနာအရ အပြင်၌ ပြီးစီးတယ်ဆိုတာလဲ ကိုယ်တွင်းတရား မဟုတ်ကြောင်းကို ပြလိုရင်းပါပဲ၊ အပြင်ပ ဘယ်အရပ်မှာ တည်ရှိတယ်လို့ တည်ရာအားဖြင့်တော့ မပြနိုင်မဆိုနိုင်ဘူး- ဒါကြောင့် ဒီဥဒါန်းသုတ်မှာ “အပ္ပတိဋ္ဌံ - နိဗ္ဗာန်မှာ တည်နေရာ ဌာန မရှိဘူး”လို့ မုချအားဖြင့် မိန့်ဆိုကျူးရင့်တော်မူခဲ့ပါတယ်၊ အနုမာန အားဖြင့် ဆင်ခြင်ကြည့်ရင်လဲ “အကြောင်းညီညွတ်ရင် ဖြစ်ထိုက်တဲ့ ကိလေသာ ခန္ဓာတွေ အရဟတ္တ မဂ်၏ အစွမ်းကြောင့် မဖြစ်နိုင်တော့ဘဲ ချုပ်ငြိမ်းသွားတာဟာ ဘယ်နေရာမှာမျှ တည်ရှိနေတယ်လို့ မဆိုနိုင်ကြောင်း ထင်ရှားပါတယ်၊ ဒီကနေ့ ဒီတွင်ရပ်ပြီး တရားသိမ်းကြစို့။

နိဂုံးချုပ် တရားသိမ်း ပတ္ထနာ

▬▬▬▬▬▬▬▬▬▬▬

နိဗ္ဗာန ပဋိသံယုတ္တကထာ ခေါ် နိဗ္ဗာန်ဆိုင်ရာ တရားတော်ကို ရိုသေစွာ နာယူမှတ်သားကြရသော ကောင်းမှုကံ စေတနာတို့၏ အစွမ်းအာနုဘော်ကြောင့် ယခု တရားနာ ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ဝိပဿနာဉာဏ် အရိယ မဂ်ဉာဏ်တို့ဖြင့် ပိုင်းခြားသိအပ်သော မြင်မှုကြားမှုအစရှိသော ဒုက္ခသစ္စာ လောကတရားတို့ကို ဖြစ်တိုင်း ဖြစ်တိုင်း ရှုမှတ်လျက် ပိုင်းခြား သိနိုင်ကြ၍ ဒုက္ခသစ္စာ ဟူသော လောက၏ အဆုံးဖြစ်သော နိဗ္ဗာန်ကို မိမိတို့ အလိုရှိအပ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေ။

သာဓု သာဓု သာဓု

နိဗ္ဗာနပဋိသံယုတ္တကထာ
နိဗ္ဗာန်ဆိုင်ရာ တရားတော် စတုတ္ထပိုင်း ပြီး၏။

နိဗ္ဗာန ပဋိသံယုတ္တ ကထာ
နိဗ္ဗာန် ဆိုင်ရာ တရားတော် (ပဉ္စမပိုင်း)

(၁၃၂၆-ခုနှစ်၊ သီတင်းကျွတ်လဆန်း ၈-ရက်နေ့ ဟောသည်)

တရား အနုသန္ဓေ

▬▬▬▬▬▬

နိဗ္ဗာန်အကြောင်းလို့ ဟောလာတာ လေးကြိမ် ရှိခဲ့ပြီ၊ တော်တော်လဲ စုံသွားပါပြီ၊ ဒါပေမယ့် ဗဟုသုတ ပွားစေရန် ယနေ့လဲ ငါးကြိမ်မြောက် အနေဖြင့် ဒီတရားပွဲကိုပဲ ဆက်ပြီးတော့ ဟောရမယ်၊ ပထမအကြိမ်က နိဗ္ဗာန်ပုဒ်ကို နိ-ရှေးရှိသော ဝါ- ဓာတ်ဖြင့် အဓိကရဏသာဓန စသည်ပြုပြီး ငြိမ်းရာ ငြိမ်းကြောင်း၊ ငြိမ်းခြင်း သဘောကို နိဗ္ဗာန်လို့ ဟောခဲ့တယ်၊ အဲဒီသုံးနက်ထဲက ငြိမ်းခြင်းသဘော ဆိုတဲ့ အနက်သာလျှင် မုချအနက် ဖြစ်ကြောင်းလဲ ပြောခဲ့ပြီ၊ မီးစာကုန် ဆီခန်းတဲ့ အခါ မီးတောက်ကလေး ငြိမ်းသွားတာလို အရဟတ္တမဂ်၏ အစွမ်းကြောင့် ကိလေသာ ကံကုန် သွားသဖြင့် ပရိနိဗ္ဗာန် စုတိမှ နောက်၌ ဘဝသစ်ခန္ဓာမဖြစ်လာတော့ပဲ ငြိမ်းသွားတာကိုပင် နိဗ္ဗာန်လို့ခေါ်ကြောင်းလဲ ပြောခဲ့ပြီ။

တဏှာ ကင်းတာ နိဗ္ဗာန်

▬▬▬▬▬▬▬▬

ဒီကနေ့ ငါးကြိမ်မြောက်မှာတော့ နိ-ပုဒ်နှင့် ဝါန-ပုဒ်မှ နိဗ္ဗာန ပြီးပုံကစပြီး ဟောရမယ်၊ ဝါန-ဆိုတာက ကာမရူပ - အရူပဘုံသုံးပါး ဆိုင်ရာ တရားတွေကို သာယာတပ်မက်ပြီး နှောင်ဖွဲ့ ဆက်စပ်တတ်တဲ့ သဘောလို့ဆိုလိုတယ်၊ ဆာလောင်တပ်မက်တဲ့ တဏှာပါပဲ၊ တဏှာက ရူပါရုံမှစပြီး ဓမ္မာရုံတိုင်အောင်လဲ သာယာ တပ်မက်တတ်တယ်၊ ဓမ္မာရုံမှစပြီး ရူပါရုံ တိုင်အောင်လဲ သာယာ တပ်မက်တတ်တယ်၊ အလယ်အာရုံတွေမှ စပြီးတော့ နှစ်ဘက် အစွန်းတိုင်အောင်လဲ သာယာ တပ်မက်တတ်တယ်၊ ကာမအာရုံမှစပြီး ရူပ အရူပအာရုံများကိုလဲ သာယာ တပ်မက်တတ်တယ်၊ အရူပအာရုံမှ စပြီး ရူပ ကာမအာရုံများကိုလဲ သာယာ တပ်မက်တတ်တယ်၊ ရူပအာရုံမှစပြီး ကာမ အရူပ အာရုံများကိုလဲ သာယာ၊ တပ်မက်တတ်တယ်၊

အဲဒီလို အထက် အောက်တရားတွေကို သာယာတပ်မက်လျက်၊ နှောင်ဖွဲ့ ဆက်စပ်တတ်သောကြောင့် တဏှာကို ဝါန- လို့ ခေါ်ရပါတယ်-တဲ့၊ တနည်းအားဖြင့် ရှေးဘဝနှင့် နောက်ဘဝတို့ကို ဆက်စပ် ဖွဲ့ချည် တတ်သောကြောင့်လည်း တဏှာကို ဝါနလို့ခေါ်ရပါတယ်၊ ဝါနမည်သော အဲဒီတဏှာမှ ထွက်မြောက်သောကြောင့် -

ဝါနတော နိက္ခန္တန္တိ နိဗ္ဗာနံ။

ဝါနတော - ဝါန မည်သော တဏှာမှ၊
နိက္ခန္တံ - ထွက်မြောက်၏၊
ဣတိ - ဤအကြောင်းကြောင့်၊
နိဗ္ဗာနံ - နိဗ္ဗာန်မည်၏-ဆိုတဲ့

ဝစနတ္ထ အရအားဖြင့် အငြိမ်းဓာတ်သဘောကို နိဗ္ဗာန်လို့ ခေါ်ရတယ်၊ တနည်းအားဖြင့်-

နတ္ထိ ဝါနံ ဧတ္ထာတိ နိဗ္ဗာနံ။

ဧတ္ထ - ဤ အငြိမ်းဓာတ်၌၊
ဝါနံ - ဝါန မည်သော တဏှာသည်၊
နတ္ထိ - မရှိ၊
ဣတိ - ဤ အကြောင်းကြောင့်၊
နိဗ္ဗာနံ - နိဗ္ဗာန်မည်၏-ဆိုတဲ့-

ဝစနတ္ထအရ အားဖြင့်လဲ အငြိမ်းဓာတ် သဘောကို နိဗ္ဗာန်လို့ ခေါ်ရတယ်၊ တဏှာမှ ဘယ်လို ထွက်မြောက်သလဲ၊ တဏှာ မရှိပုံက ဘယ်လိုလဲဆိုတော့ ... တဏှာက နိဗ္ဗာန်ကို အာရုံမပြုနိုင်တာလဲ တဏှာမှ ထွက်မြောက်တာ, တဏှာ မရှိတာပါပဲ၊ နိဗ္ဗာန်ကို အရိယမဂ်ဉာဏ်ဖြင့် တွေ့မြင်လျှင် တဏှာ မဖြစ်နိုင်တာ, တဏှာ ကင်းတာလဲ တဏှာမှ ထွက်မြောက်တာ, တဏှာမရှိတာပါပဲ၊ ယခု တဏှာက နိဗ္ဗာန်အာရုံ မပြုပုံကို ပြောရမယ်။

တဏှာက နိဗ္ဗာန်ကို မကြိုက်

▬▬▬▬▬▬▬▬▬▬

ကာမတဏှာက မိန်းမ ယောက်ျား တို့နှင့်စပ်တဲ့ အဆင်းအသံ အစရှိသော ကာမဂုဏ် အာရုံကိုသာ ကြိုက်တယ်၊ ကာမဂုဏ် အာရုံတွေမရှိရာကို မကြိုက်ဘူး၊ ကာမဂုဏ် အာရုံတွေကို မခံစားရတဲ့ နေရာဆိုရင် မကြိုက်ဘူး၊ ရူပတဏှာ အရူပတဏှာဆိုတာ တွေကလဲ ရူပ-အရူပဘဝဆိုင်ရာကိုသာ ကြိုက်တယ်၊ ဘဝကင်းရာ နိဗ္ဗာန်ကိုတော့ မကြိုက်ဘူး၊ ဒါကြောင့် တဏှာမကင်းသေးတဲ့ သူတွေက ဘဝ၏ အပြစ်ကို မမြင်ရင် ဘဝကင်းရာ နိဗ္ဗာန်ကို အလိုမရှိပဲ ရှိတတ်ကြတယ်၊ တချို့က နိဗ္ဗာန်ကိုရောက်ရပါလို၏ လို့ ဆုတောင်းနေကြပေမယ့် “နိဗ္ဗာန်ကို ပို့ပေးမယ်၊ ယခုပဲလိုက်မလား၊ အဲဒီနိဗ္ဗာန်ကိုရောက်ပြီးရင် လူ့ဘဝသို့ ပြန်မလာရတော့ဘူး”လို့ ဆိုရင် ချက်ချင်းလိုက်ဖို့ကတော့ ခပ်ခက်ခက် ဖြစ်နေတတ်တယ်၊ ဒီ အကြောင်း ပေါ်လွင်အောင် ဓမ္မကထိက အများပင် ပြောလေ့ရှိတဲ့ ပုံကလေးတစ်ခုကို ပြောရဦးမယ်။

နင်တို့က မစဉ်းစားပေမယ့် ငါက စဉ်းစားဦးမယ်

▬▬▬▬▬▬▬▬

ဒကာကြီးတစ်ယောက်က ဘုရားဆင်းတုတော်ကြီး တစ်ဆူရှေ့ကို သွားပြီး ရှိခိုးနေတယ်၊ နိဗ္ဗာန်ကို အမြန်ရောက်ရပါလို၏ လို့လဲ နေ့စဉ် ဆုတောင်းနေသတဲ့၊ တစ်နေ့တော့ လူတစ်ယောက်က ဘုရားဆင်းတုတော်ကြီးနောက်က ပုန်းပြီးနေတယ်၊ အဲဒီ ဒကာကြီး လာရောက်ပြီး ဆုတောင်းတဲ့ အခါကျတော့ ပုန်းနေတဲ့လူက ဘုရားဟန်ဆောင်ပြီးတော့ “ဒကာကြီး၊ သင်ဆုတောင်းတာ များလှပြီ၊ ဒီကနေ့တော့ ဒကာကြီးကို နိဗ္ဗာန်သို့ ပို့ပေးတော့မယ့်” လို့ ခန့်ညားတဲ့ အသံနဲ့ ပြောလိုက်ပါသတဲ့၊ အဲဒီတော့ နိဗ္ဗာန်ဆုတောင်းတဲ့ ဒကာကြီးက “ကောင်းပါပြီ ဘုရား၊ အိမ်ပြန်ပြီး တိုင်ပင်ပါရစေဦး” လို့ ဆင်းတုတော်ဘုရားကို လျှောက်ပြီး သူ့အိမ်ပြန်သွားသတဲ့၊ အိမ်ရောက်တော့ “ငါ့ကို ဒီကနေ့ ဆင်းတုတော်ဘုရားကြီးက နိဗ္ဗာန် ပို့တော့မယ်လို့ အမိန့် ရှိလိုက်တယ်၊ နင်တို့ ဘယ်လို သဘောကျသလဲ”လို့ အိမ်ရှင်မကိုပြောသတဲ့၊ “ရှင့်မှာ ဒီလိုဆိုရင် သိပ်ကံကောင်းတာပဲ၊ မြန်မြန် သာကြွပေတော့”လို့ အိမ်ရှင်မကပြောသတဲ့၊ ဒကာကြီးက ခပ်ရိုးရိုးခပ်ထူထူဖြစ်ပြီး သူ့အိမ်ရှင်မကတော့ ပါးနပ်လိမ္မာဟန် လက္ခဏာရှိပါတယ်၊ ဒီတော့ ဒကာကြီးက “ငါမရှိရင် နင်တို့ချည်း ဖြစ်ပါ့မလား၊ စဉ်းစားပါဦး”လို့ ပြောသတဲ့၊ “စဉ်းစား စရာမလိုပါဘူး၊ စိတ်ချလက်ချနဲ့ ကြွသာကြွပါ”လို့ အိမ်ရှင်မက ပြန်ပြောတဲ့အခါ ဒကာကြီးက “နင်တို့က မစဉ်းစားပေမယ့် ငါက စဉ်းစားရဦးမယ်”လို့ ဆိုပါသတဲ့၊ ဒါဟာ တကယ် ဖြစ်ဖူးတာတော့ ဟုတ်ချင်မှဟုတ်မယ်၊ ဒါပေမယ့် သူ့ဟာ သဘာဝကျတဲ့ ပုံကလေးပါပဲ။

နိဗ္ဗာန်ရောက်ကြောင်း ကုသိုလ်ပြုနိုင်ခဲတယ်

▬▬▬▬▬▬▬▬

နိဗ္ဗာန် ရောက်ကြောင်း ကုသိုလ်တွေထဲမှာ ဝိပဿနာကုသိုလ်ဟာ အနီးဆုံး ကုသိုလ်ပဲ၊ အဲဒီ ဝိပဿနာကုသိုလ်ကို ပြုနိုင်တဲ့လူတွေက အများစုနှင့် နှိုင်းယှဉ်ကြည့်ရင် အလွန်နည်းပါတယ်၊ လူတစ်ယောက် တစ်ယောက် ဝိပဿနာအလုပ် အားထုတ်ချင်အောင် တကယ်အားထုတ်အောင် တော်တော်များများ တိုက်တွန်း ဟောပြောပေးရတာကပဲ များပါတယ်၊ တချို့ဆိုရင် ဝိပဿနာတရား နာဖို့တောင် တော်တော် တိုက်တွန်း ပေးရတယ်၊ တချို့မှာ အရိယမဂ်ဖိုလ် ရထိုက်တဲ့ ပါရမီရှိနေ ပေမယ်လို့ တော်တော်ခက်ခက်ခဲခဲ တိုက်တွန်းပေးရတယ်၊

ဗိမ္ဗိသာရမင်းကြီး၏ မိဖုရားကြီး ခေမာဒေဝီဆိုရင် ရိုးရိုးတိုက်တွန်း ရုံမျှနဲ့မဖြစ်လို့ ဝေဠုဝန် ကျောင်းတော်ကို သွားချင်စိတ် ဖြစ်ပေါ်အောင် နည်းပရိယာယ်ဖြင့် သွယ်ဝိုက်ပြီးတော့တောင် တိုက်တွန်းပေးရသေးတယ်၊ မလွှဲမကင်းသာ အနေနဲ့ ဘုရားထံ ရောက်တဲ့အခါကျတော့လဲ သူ့ဟာ နေရာ အကျသားပဲ၊ တရားကို တစ်ခါနာရုံနဲ့ ရဟန္တာမ ဖြစ်သွားတယ်၊ အနာထပိဏ်သူဌေးကြီး၏သား ကာလဆိုတဲ့ သူငယ်ဟာလဲ မြတ်စွာဘုရား၏ ကျောင်းဒါယကာကြီးသား ဖြစ်ပါလျက်နဲ့ ကျောင်းတောင် မသွားပဲနေလို့ အနာထပိဏ် သူဌေးကြီးက နည်းပရိယာယ်နဲ့ ချော့ပြီး စေလွှတ် ရတယ်၊ စေလွှတ်ပုံကတော့ -

မောင်ကာလ ဝတ္ထု

▬▬▬▬▬▬

အနာထပိဏ်သူဌေးကြီးက ရာဇဂြိုဟ်မြို့သို့ ကုန်ရောင်းဝယ်ရေး ကိစ္စနဲ့ သွားရင်း ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မူကြောင်း ရာဇဂြိုဟ်မြို့ သုသာန်မှာ သီတင်းသုံး နေတော်မူကြောင်း ကြားသိရပြီး အဲဒီကြားရတဲ့ညဉ့် လင်းအားကြီးယာမ်မှာ ဘုရားထံ ရောက်သွားတယ်၊ မြတ်စွာဘုရားက ဟောတဲ့ တရားကိုနာပြီး သောတာပတ္တိဖိုလ် ရောက်လျက် သောတာပန် ဖြစ်ခဲ့တယ်၊ သာဝတ္ထိပြည် ကြွရောက်ပြီး ဝါကပ်သီတင်းသုံးဖို့ မြတ်စွာဘုရားကို ပင့်လျှောက်ခဲ့တယ်၊ မြတ်စွာဘုရား သီတင်းသုံးရန် အတွက် သာဝတ္ထိမြို့နှင့် မနီးမဝေး သင့်လျော်တဲ့ ဇေတမင်းသား၏ ခြံဥယျာဉ်ကို ငွေ ၁၈-ကုဋေ ပေးပြီး ဝယ်ယူတယ်၊ ငွေ ၁၈-ကုဋေဖြင့် ကျောင်းတော်များကို ဆောက်လုပ်တယ်၊ ငွေ ၁၈-ကုဋေ အကုန်ခံပြီး ကျောင်းတော်များကို ရေစက်ချ လှူဒါန်းတယ်၊ နေ့စဉ်လဲ သူ့အိမ်မှာ သံဃာငါးရာအား ဆွမ်းကပ်လှူနေတယ်၊ သီတင်းနေ့များမှာ ကိုယ်တိုင် ဥပုသ်စောင့်ပြီး အလုပ်သမားများပါ အိမ်သူ အိမ်သားတွေကို ဥပုသ် စောင့်စေတယ်၊ ဒီလို အလွန် သဒ္ဓါတရား ကောင်းတဲ့ ဘုရားကျောင်း ဒါယကာကြီး ဖြစ်နေပေမယ့် သူ့သားသူငယ် တစ်ယောက်ဖြစ်တဲ့ မောင်ကာလ ကတော့ ဗုဒ္ဓသာသနာတော်ကို မကြည်ညိုသေးပဲ ဖြစ်နေသတဲ့။

မကြည်ညိုနိုင်ခြင်း၏ အကြောင်းကလဲ ရှိပေလိမ့်မယ်၊ ဘယ်လိုလဲ ဆိုတော့ကာ မြတ်စွာဘုရား မပွင့်မီကတည်းက အဲဒီ အရပ်ဒေသတွေမှာ ကိုးကွယ်တဲ့ ဘာသာတရားတွေက ရှိနေပါတယ်၊ ပူရာဏကဿပ အစရှိသော ဂိုဏ်းဆရာကြီးတွေကို ကိုးကွယ်ကြတာလဲ ရှိတယ်၊ နတ်အမျိုးမျိုး ကိုးကွယ်ကြတာလဲ ရှိတယ်၊ ကောင်းကင်ဘုံက ဘုရားသခင်ဆိုတဲ့ ဗြဟ္မာကို ကိုးကွယ်ကြတာလဲ ရှိတယ်၊ အနာထပိဏ် သူဌေးကြီးလဲ အစပထမတုန်းက အဲဒီလိုဟာတွေ ကိုးကွယ်နေတာ ဖြစ်မှာပါပဲ။ အဲဒီတော့ မောင်ကာလကလဲ အဲဒီလို ဘာသာ ကိုးကွယ်နေတာ ဖြစ်မှာပဲ၊ ဘာသာတစ်ခုမှ ဘာသာတစ်ခု ပြောင်းတယ်ဆိုတာ လွယ်တာ မဟုတ်ဘူး၊ မူလက ကြည်ညို ယုံကြည်နေတဲ့ ဘာသာ တရား စွန့်လွှတ်ပြီး ဘာသာတရား အသစ်ကို လက်ခံဖို့ဆိုတာ ခက်ပါတယ်၊ ယခုကာလမှာ ခက်သလိုပဲ ရှေးကာလကလဲ ခက်မှာပါပဲ၊ ဒါကြောင့် မောင်ကာလက ဗုဒ္ဓသာသနာတော် မသက်ဝင် နိုင်ဘဲ ရှိနေဟန် တူပါတယ်။

အဲဒီမောင်ကာလအတွက် အနာထပိဏ် သူဌေးကြီးက စဉ်းစားတယ်၊ “ငါ့သားဟာ ဘုရားမှန်းမသိ၊ တရားမှန်းမသိ သံဃာမှန်းမသိ၊ ခက်တာပဲ၊ သူဟာ ဘုရားထံလဲ မသွားချင်ဘူး၊ အိမ်ကြွလာတဲ့ အခါလဲ ဘုရားကို မဖူးမြော်ချင်ဘူး တရားကိုလဲ မနာချင်ဘူး၊ သံဃာမှန်းမသိ၊ ခက်တာပဲ၊ သူဟာ ဘုရားထံလဲ မသွားချင်ဘူး၊ အိမ်ကြွလာတဲ့အခါလဲ ဘုရားကို မဖူးမြော်ချင်ဘူး တရားကိုလဲ မနာချင်ဘူး၊ သံဃာ့ ဝေယျာဝစ္စကိုလဲ မပြုချင်ဘူး၊ ဒီအတိုင်းသာ မိစ္ဆာအယူကို ယူနေရင်း သေသွားရင် အဝီစိငရဲ ကျရောက်တော့မှာပဲ၊

သောတာပန်လဲဖြစ် ဘုရားကျောင်း ဒကာကြီးလဲဖြစ်တဲ့ ငါလိုပုဂ္ဂိုလ်၏သားဟာ ဗုဒ္ဓသာသနာကို မသက်ဝင် မကြည်ညိုဘူး ဆိုတာလဲ မတော်ဘူး၊ ငါ့မျက်မှောက်မှာပင် ငရဲကျသွားမယ်ဆိုတာလဲ မတော်ဘူး၊ လောကမှာ ငွေပေးရင် စိတ်မပြောင်းတဲ့ လူဆိုတာ မရှိဘူး၊ ငွေနဲ့ ဖြားယောင်းပြီး ကျောင်းပို့မှပဲ”လို့ ကြံပြီးတော့ ဟေ့-ငါ့သား မောင်ကာလ၊ မင်းဟာ ဥပုသ်ဆောက်တည်ပြီးတော့ ကျောင်းသွား တရားနာခဲ့ကွာ၊ မင့်အား ဖေဖေက ငွေတရာ ပေးမယ်”လို့ ပြောတယ်၊ “အဟုတ် ပေးမှာလား ဖေဖေ”လို့ မေးတယ်၊ သူဌေးကြီးက “တကယ်ကို ပေးမှာပါကွ”လို့ ပြောတယ်၊ သုံးကြမ်တိုင်တိုင် အဲဒီလို မေးပြီး ဝန်ခံပြီးတဲ့အခါ မောင်ကာလက ဥပုသ်သီလ ဆောက်တည် ပြီးတော့ ကျောင်းသွားတယ်။

ဒါပေမယ့် သူက တရားနာဖို့တော့ အလိုမရှိဘူး၊ ဒါကြောင့် ဇေတဝန် ကျောင်းတိုက်သို့ ရောက်တဲ့အခါ ချောင်ကျတဲ့ ကျောင်းတစ်ခုမှာ အိပ်ပြီးတော့ တရားမနာပဲ နံနက် စောစောပြန်လာတယ်၊ သူဌေးကြီးက ငါ့သား ဥပုသ်စောင့်ပြီး ပြန်လာတယ်၊ ယာဂုစသည်တို့ကို မြန်မြန်ယူခဲ့ကြပါလို့ ပြောကာ ကျွေးစေပါတယ်၊ မောင်ကာလက “ငွေတရာကို မရသေးရင် မစားဘူး”ဆိုပြီး ယူလာသမျှ စားသောက်ဖွယ်တွေကို ပယ်နေတယ်၊ ငွေတရာကိုရတဲ့အခါကျမှ အဲဒီငွေကို လက်ဖြင့် ကိုင်ထားရင်း စားသတဲ့။

မောင်ကာလ တရားမနာခဲ့ပဲ ကျောင်းမှ ပြန်လာတယ်ဆိုတာ သိတဲ့အတွက် ဖခင်သူဌေးကြီးက “ချစ်သား ကာလ၊ မင်းဟာလေ မြတ်စွာဘုရား ရှေ့မှာတည်နေပြီး တရားတစ်ပုဒ်ကို မှတ်မိအောင် နာခဲ့ရင် ငွေတစ်ထောင် ပေးမယ်”လို့ ပြောပြီး ဇေတဝန် ကျောင်းတော်သို့ စေလွှတ်လိုက်ပြန်တယ်၊ မောင်ကာလဟာ ကျောင်းတော်သို့သွားပြီး မြတ်စွာဘုရားရှေ့မှာ တည်နေပြီး တရားနာတယ်၊ တရားတစ်ပုဒ် မှတ်မိရင် ပြန်ပြေးဖို့ရာ ရည်ရွယ်ပြီး နာနေပါသတဲ့၊ မြတ်စွာဘုရားက သူ့အကြောင်း သိတော်မူတဲ့အတွက် ဟောတဲ့တရားကို မမှတ်နိုင်အောင် ဟောတော်မူတယ်၊

မောင်ကာလကလဲ တစ်ပုဒ်လောက် မှတ်မိရင် ပြန်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မှတ်မိအောင် ဂရုစိုက်ပြီး နာနေတယ်၊ နောက်တစ်ပုဒ် မှတ်မိအောင် နောက်တစ်ပုဒ် မှတ်မိအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဂရုစိုက်ပြီး နာနေတယ်၊ အဲဒီလို မှတ်မိအောင် ဂရုတစိုက်နာရင်း (သက္ကစ္စံ သုဏာတိ နာမ) ရိုသေစွာ နာသည် မည်ပါသတဲ့၊ အဲဒီလို ရိုသေစွာ နာတဲ့သူများမှာ သောတာပတ္တိဖိုလ် စသည်ဖြစ်တတ်တယ်လို့ အဋ္ဌကထာက ပြဆိုထားပါတယ်။

မြတ်စွာဘုရားက မောင်ကာလ မမှတ်မိနိုင်အောင် ဟောနေတဲ့အတွက် မောင်ကာလဟာ တစ်ပုဒ်မှ မမှတ်မိပဲ ဖြစ်နေတယ်၊ အဲဒီတော့ မှတ်မိအောင် နာလိုတဲ့ဆန္ဒ ဖြစ်လာတယ် အဲဒီလိုဆန္ဒဖြင့် ဂရုတစိုက်နာနေရင်း တရားသဘောကို နားလည်လာတော့ သဒ္ဓါအစစ် ဖြစ်လာတယ်၊ ဒါကြောင့် အဲဒီလို တရားနာနေရင်း တရားနှလုံးသွင်းပြီး မောင်ကာလ သောတာပန် ဖြစ်သွားပါသတဲ့၊ အံ့သြစရာပဲ၊ အကြောင်းကတော့ မောင်ကာလကလဲ သောတာပန် ဖြစ်လောက်အောင် ပါရမီ ရှိနေတယ်၊ မြတ်စွာဘုရားကလဲ သူ့ အလိုအကြိုက်နဲ့ သင့်လျော်တဲ့ တရားကို ဟောတော်မူတယ်၊ အဲဒီအကြောင်းများကြောင့် သောတာပန် ဖြစ်တာပါပဲ။

သောတာပန်ဖြစ်သွားတော့ မောင်ကာလမှာ အဝေစ္စပသာဒ ဆိုတဲ့ မပျက်နိုင်အောင် ခိုင်မြဲတဲ့ သဒ္ဓါတရားနဲ့ ပြည့်စုံသွားပြီ၊ ဘုရားစစ် ဘုရားမှန်, တရားစစ် တရားမှန်, သံဃာစစ် သံဃာမှန်ကို သူ့ကိုယ်ပိုင်ဉာဏ်ဖြင့်ပင် သိသွားပြီ၊ မူလက ရှိခဲ့တဲ့ မိစ္ဆာအယူလဲ ကင်းသွားပြီ၊ ယုံမှားမှု ဝိစိကိစ္ဆာလဲ ကင်းသွားပြီ ဒါကြောင့် ဘုရား တရား သံဃာအား ကြည်ညိုအောင် ယုံကြည်အောင် ရိုသေအောင် ဘယ်သူကမှ တိုက်တွန်းပေးဖို့ မလိုတော့ဘူး။ ဒါကြောင့် နောက်တစ်နေ့ကျတော့ သူ တစ်ယောက် တည်း စောစော ပြန်မသွားဘူး၊ ဘုရားအမှူးရှိတဲ့ သံဃာတော်နှင့်အတူ နောက်မှ ရိုသေစွာ လိုက်ပါလာတယ်၊ အဲဒါကိုမြင်ရတော့ သူဌေးကြီးက “ဒီကနေ့ ငါ့သားရဲ့ အမူအရာဟာ ကြည်ညိုဖွယ် ရှိတာပဲ”လို့ ဆင်ခြင်မိတယ်၊ မောင်ကာလ ကလဲ “ဒီကနေ့ ဖေဖေက ဥပုသ်စောင့် တရားနာတဲ့အတွက် ငွေတစ်ထောင်ကို မြတ်စွာဘုရားရှေ့မှာ မပေးပါစေနဲ့”လို့ ကြံစည်မိသတဲ့၊ “ငွေလိုချင်လို့ ဥပုသ်စောင့်တယ် တရားနာတယ်” ဆိုတာ မသိစေချင်လို့ပါပဲ၊ မတော်မသင့်တဲ့ အမှုနဲ့စပ်ပြီး ရှက်ကြောက်မှု ဟိရီသြတ္တပ္ပ ဖြစ်လာတဲ့ သဘောပါပဲ။

ဘုရားအမှူးရှိသော သံဃာတော်များအား ယာဂုဆွမ်းများ ကပ်ပြီးတဲ့အခါ မောင်ကာလ အားလဲ ဆန်ပြုတ် ယာဂုကို ပေးတယ်၊ ဘာမျှမပြောပဲ တိတ်တိတ် ဆိတ်ဆိတ် သုံးဆောင်တယ် ခဲဖွယ်ထမင်းများကို ပေးတဲ့အခါလဲ တိတ်တိတ်ပဲ သုံးဆောင်တယ်၊ အဲဒီအခါ သူဌေးကြီးက ငွေတစ်ထောင်ထုပ်ကို မောင်ကာလ ရှေ့မှာ ချပြီး “ဟောဒါဟာ ဥပုသ်စောင့်ပြီး တရားတစ်ပုဒ် မှတ်မိအောင် နာလာရင်ပေးမယ်လို့ ငါဝန်ခံထားတဲ့ - ငွေတစ်ထောင်ပဲ”လို့ ပြောပြီးပေးတယ်၊ ဒီတော့ မောင်ကာလက မြတ်စွာဘုရားရှေ့တော်မှာ ဥပုသ်စောင့်ခငွေကို ပေးတဲ့အတွက် ရှက်ပြီး “ငွေတွေကို မလိုချင်ပါဘူး”လို့ ငြင်းပယ်ပါသတဲ့၊ “ယူပါ ငါ့သား”လို့ အတင်းပေးပေမယ်လို့ မောင်ကာလက မယူပဲ ရှိနေပါသတဲ့၊ အဲဒီအခါမှာ သူဌေးကြီးက မြတ်စွာဘုရားအား လျှောက်တယ်၊ “ဒီကနေ့ တပည့်တော်၏သား ကာလရဲ့ အမူအရာ အခြေအနေဟာ နှစ်သက်ဖွယ် ကြည်ညိုဖွယ် ကောင်းလှပါ တယ်ဘုရား၊ ဟိုတစ်နေ့ကဆိုရင် ဥပုသ်စောင့်ခငွေမရပဲ မစားမသောက်ဘူးလို့ ဆိုပြီးတော့တောင် ငွေကို အလွန်မက်မောနေပါတယ်၊ ဒီကနေ့တော့ ငွေကို ယူပါ ဆိုလို့တောင် မယူဘဲ ရှိနေပါတယ် ဘုရား”လို့ လျှောက်တယ်။

ဒီတော့ မြတ်စွာဘုရားက “သူဌေးကြီး ယခုသင့်သား မောင်ကာလ ရတဲ့ သောတာပန် အဖြစ် သောတာပတ္တိဖိုလ်ဟာ စကြဝတေးမင်း၏ စည်းစိမ် ချမ်းသာထက်လဲ မြင့်မြတ်တယ်၊ နတ်စည်းစိမ် ချမ်းသာထက်လဲ မြင့်မြတ်တယ်၊ ဗြဟ္မာ့စည်းစိမ် ချမ်းသာထက်လဲ မြင့်မြတ်တယ်”လို့ မိန့်တော် မူပြီးတော့ ဂါထာတစ်ပုဒ်ကို ဟောတော်မူပါတယ်၊ ဟောတော်မူပုံကတော့ -

ပထဗျာ ဧကရဇ္ဇေန၊ သဂ္ဂဿ ဂမနေန ဝါ။
သဗ္ဗလောကာ ဓိပစ္စေန၊ သောတာပတ္တိဖလံ ဝရံ။

သောတာပတ္တိဖလံ - သောတာပန် အဖြစ် သောတာပတ္တိဖိုလ်သည်၊
ပထဗျာ ဧကရဇ္ဇေန - တမြေထောင်လုံးကို အစိုးရတဲ့ စကြဝတေးမင်း၏ စည်းစိမ်ချမ်းသာ ထက်လည်း၊
ဝရံ - သာလွန် ကောင်းမြတ်လှပေ၏-တဲ့။

သောတာပန် ဖြစ်ရတာက စကြဝတေးမင်း အဖြစ်ထက်လဲ မြတ်တယ်

▬▬▬▬▬▬▬▬▬

လောကမှာ မင်းအဖြစ်ဆိုတာ ရမယ် ဆိုရင် လူတိုင်းလိုလိုပင် အလိုရှိကြတာပဲ၊ မင်းအဖြစ် ထားလိုက် ပါဦးတော့ ရပ်ရွာထဲမှာ သူကြီးအဖြစ် လူကြီးအဖြစ်တောင် အင်မတန် လိုချင်ကြတာပဲ၊ ဒါကြောင့် ဟိုရှေးခေတ်က အကြိတ်အနယ် အရွေးခံကြတာပဲ၊ မင်းအဖြစ်ထဲမှာလဲ စော်ဘွားနယ်များမှာထက် တိုင်းပြည်တစ်ခုလုံး နိုင်ငံတစ်ခုလုံးကို အစိုးရတဲ့ မင်းအဖြစ်က သာပြီး မြင့်မြတ်တယ်၊ တိုင်းပြည် ငယ်ငယ်ထက် တိုင်းပြည်ကြီးကြီးကို အစိုးရတဲ့ မင်းအဖြစ်ကသာပြီး မြင့်မြတ်တယ်၊ မြေတစ်စိတ် တစ်ဒေသလောက် အစိုးရတဲ့ ပဒေသရာဇ်မင်း အဖြစ်ထက် တစ်ကျွန်းလုံးကို အစိုးရတဲ့ မင်းအဖြစ်က သာပြီး မြင့်မြတ်တယ်၊ အဲဒါထက် လူ့လောက တစ်မြေထောင်လုံးကို အစိုးရတဲ့ စကြဝတေးမင်း အဖြစ်ကသာပြီး မြင့်မြတ်တယ်၊ လူ့လောကမှာတော့ စကြဝတေးမင်း စည်းစိမ်ဟာ အကောင်း အမြတ်ဆုံးပါပဲ၊

ဘုန်းကံအလွန်ကြီးမားတဲ့ ပုဂ္ဂိုလ်မှ အဲဒီ စကြဝတေးမင်း အဖြစ်ကိုရတယ်၊ အဲဒီစကြဝတေးမင်းက လက်နက်အင်အား စစ်အင်အားနဲ့ နယ်ချဲ့ရတာ မဟုတ်ဘူး၊ သူ့ဘုန်းကံအလျောက် စကြရတနာ၏ အစွမ်းအာနုဘော်ကြောင့် လူ့လောကရှိ အခြားမင်းအားလုံးတို့က စကြဝတေးမင်း၏ အဆုံးအမ သြဝါဒကို ခံယူကြတယ်၊ စကြဝတေးမင်း၏ ဘုန်းကံကြောင့် အဲဒီလိုအခါ လူ့လောကမှာ အစစအရာရာ ပေါများြ ကြွယ်ဝ ပြည့်စုံနေတယ်၊ လူတွေဟာလဲ အကြီးအကျယ် ကွဲပြားခြင်းမရှိပဲ ညီညွတ်နေကြတယ်၊ မတရား ပြုလုပ်တဲ့ မှုခင်းကိစ္စတွေလဲ မရှိသလောက်ပင် နည်းပါးတယ်၊ ဒါကြောင့် အုပ်ချုပ်ရေးဘက် ဆိုင်ရာပုဂ္ဂိုလ်တွေမှာ အလွယ်တကူနဲ့ စီမံခန့်ခွဲလို့ ရတဲ့အတွက် မဆင်းရဲ မပင်ပန်းဘူး၊ ချမ်းသာတယ်၊ အဲဒါကို ရှေးရှေးခေတ်များက နောက်နောက် ခေတ်များထက် ညီညွတ်ကြပုံ၊ ချမ်းသာကြပုံနှင့် နှိုင်းစာကြည့်ရင် ယုတ္တိလဲ ရှိပါတယ်။

ဒါပေမယ့် အဲဒီ စကြဝတေးမင်း၏ စည်းစိမ်ချမ်းသာထက် သောတာပန် အဖြစ်က သာလွန် ကောင်းမြတ်တယ်တဲ့၊ ဘာကြောင့်လဲဆိုရင် - စကြဝတေးမင်း အဖြစ် ချမ်းသာတယ် ဆိုတာက အဲဒီတစ်ဘဝထဲပဲ၊ စကြဝတေးမင်း ဆိုတာဟာ သီလနှင့် မင်းကျင့်တရားနှင့် ပြည့်စုံတဲ့အတွက် နောင်ဘဝမှာ ကောင်းမြတ်တဲ့ သုဂတိဘဝ၌ ဖြစ်နိုင်ပေမယ့် အပါယ်လေးပါးမှ အစဉ် ထာဝရ လွတ်ပြီလို့တော့ မဆိုနိုင်ဘူး၊ စကြဝတေးမင်း အဖြစ်ကိုအကြောင်း ပြုပြီး နိဗ္ဗာန်သို့ ရောက်ပါ လိမ့်မယ် လို့လဲ မဆိုနိုင်ဘူး၊ သောတာပန် ဖြစ်ရင်တော့ အပါယ်လေးပါးမှလဲ အစဉ်ထာဝရ လွတ်ပြီ၊ သုဂတိဘဝမှာတောင် ခုနစ်ဘဝထက် ပိုလွန်ပြီး မဖြစ်တော့ဘူး၊ အလွန်ဆုံး ခုနှစ်ဘဝသာဖြစ်ပြီး နောက်ဆုံးဘဝမှာ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန် ဝင်စံရမယ်၊ ဒါကြောင့် သောတာပတ္တိဖိုလ်ဟာ စကြဝတေးမင်း စည်းစိမ်ချမ်းသာ ထက်လဲ သာလွန်မြင့်မြတ်တယ်လို့ မြတ်စွာဘုရားက ဟောတော် မူပါတယ် နောက်ပြီးတော့ -

နတ်ဗြဟ္မာ ဖြစ်ရတာထက်လဲ မြတ်တယ်

▬▬▬▬▬▬▬▬▬▬

သဂ္ဂဿ ဂမနေန ဝါ- နတ်ပြည် ဗြဟ္မာ့ပြည်သို့ ရောက်ရခြင်းထက်လည်း၊
ဝရံ - သာလွန်ကောင်းမြတ်လှပေ၏။

သောတာပန်အဖြစ် သောတာပတ္တိဖိုလ်ဟာ စတုမဟာရာဇ်, တာဝတိံသာ အစရှိတဲ့ နတ်ပြည် ၆-ထပ် ရောက်ရတာ ထက်လဲ မြင့်မြတ်တယ်၊ ဗြဟ္မာ့ပြည်တွေ ရောက်ရတာထက်လဲ မြင့်မြတ်ပါတယ်တဲ့၊ မြင့်မြတ်ပုံကတော့ - စတုမဟာရာဇ် နတ်ဘုံဆိုတာ လူ့ဘုံထက် အသက်တမ်း အားဖြင့်လဲ အများကြီး သာတယ်၊ အဆင်း အသုံး အဆောင် စသည်အားဖြင့်လဲ အများကြီး သာတယ်၊ ဘယ်လိုလဲဆိုတော့ လူ့ပြည့်က အနှစ် ၅၀-ဟာ စတုမဟာရာဇ်က တစ်ရက်နှင့် တူညီတယ်၊ အဲဒီလို ရက်ပေါင်း ၃၀-မှာတစ်လ၊ လပေါင်း ၁၂-လမှာ တစ်နှစ်၊ အဲဒီလို နှစ်ပေါင်း ငါးရာဟာ စတုမဟာရာဇ်နတ်တို့၏ အသက်တမ်း ဖြစ်တယ်၊ လူတို့၏နှစ်ဖြင့် ရေတွက်ရင် အနှစ်ကိုးသန်းရှိတယ်၊ လူ့သက်တမ်း အနှစ်တစ်ရာ၏ အဆပေါင်းကိုးသောင်းရှိတယ်၊

အဲဒီလို အသက်တမ်းဖြင့် သာလွန်သလိုပင် အဆင်းချမ်းသာ စသည်တို့ဖြင့်လဲ စတုမဟာရာဇ် နတ်တွေက လူ့ထက် သာလွန်မြင့်မြတ်ကြတယ်၊ တာဝတိံသာနတ်တွေက စတုမဟာရာဇ်ထက် အသက်တမ်း သုံးဆသာတယ်၊ လူတို့၏ နှစ်အရေအတွက်အားဖြင့် ကိုးသန်း လေးလီ သုံးဆယ့် ခြောက်သန်း ရှိတယ်၊

ယာမာနတ်တို့၏ အသက်တမ်းက တာဝတိံသာ၏ လေးဆဖြစ်တယ်၊ လူတို့၏နှစ်အားဖြင့် ၁၄၄-သန်း ရှိတယ်၊ တုသိတာနတ်တို့၏ အသက်တမ်းက ၅၇၆-သန်း ရှိတယ်၊ နိမ္မာနရတိနတ်တို့၏ အသက် တမ်းက ၂၃၀၄-သန်း ရှိတယ်၊ ပရနိမ္မိတဝသဝတ္တီနတ်တို့၏ အသက်တမ်းက လူတို့၏နှစ်အားဖြင့် ၉၂၁၆-သန်း ရှိတယ်၊ အသက်တမ်းအားဖြင့် သာလွန်သလိုပင် အဆင်းချမ်းသာ စသည်အားဖြင့်လဲ လူထက် အဆသန်းပေါင်းများစွာ သာလွန် မြင့်မြတ်ကြတယ်။

အဲဒီနတ်တွေ၏ စည်းစိမ်ချမ်းသာထက် သောတာပတ္တိဖိုလ်က သာလွန်မြင့်မြတ်တယ် ဘာကြောင့်လဲ ဆိုလျှင် အဲဒီ နတ်တွေက သူတို့၏အသက်တမ်း ရှိသလောက်သာ ချမ်းသာကြတယ်၊ အသက်တမ်း ကုန်တဲ့အခါ အပါယ်လေးပါးလဲ ကျသွားနိုင်တယ်၊ အိုခြင်း နာခြင်း သေခြင်း အစရှိသော သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်ဖို့ရာလဲ အပိုင်းအခြား မရှိသေးဘူး သောတာပန်မှာတော့ အပါယ်လေးပါး မှလဲ လုံးဝလွတ်တယ်၊ အိုခြင်း အစရှိသော သံသရာ ဝဋ်ဆင်းရဲတွေကိုလဲ အများဆုံး ခုနစ်ဘဝသာ ခံစားရမယ်၊ ခုနစ်ဘဝမြောက်မှာ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန် ဝင်စံရတော့မယ်၊ ဒါကြောင့် သာလွန် မြင့်မြတ်တာပါပဲ။

နောက်ပြီးတော့ ဗြဟ္မာတွေဆိုတာ ကာမဂုဏ်ကို ခံစားလိုတဲ့စိတ် မရှိဘူး၊ အင်မတန် ချမ်းသာပါတယ်၊ အသက်တမ်းကလဲ ကမ္ဘာနဲ့ချီပြီး ရေတွက်ရတယ်၊ ကမ္ဘာ၏ သုံးပုံတစ်ပုံခန့်မှ ကမ္ဘာပေါင်း ရှစ်သောင်း လေးထောင်အထိ အသက်ရှည်ကြတယ် အဲဒီ ဗြဟ္မာတွေမှာ ကိုယ်ဆင်းရဲလဲ မရှိဘူး၊ စိတ်ဆင်းရဲလဲ မရှိဘူး၊ အင်မတန် ချမ်းသာကြပါတယ် အဲဒီ ဗြဟ္မာ့ချမ်းသာထက်လဲ သောတာပန် အဖြစ်က သာလွန်မြင့်မြတ်တယ်၊ ဘာကြောင့်လဲဆိုရင် အဲဒီဗြဟ္မာဟာ ပုထုဇဉ်ဆိုရင် သူ့အသက်တမ်းကုန်တဲ့ အခါ ကာမဘဝ ပြန်ရောက်မှာပဲ၊ ကာမဘဝရောက်တော့ မကောင်းမှုကို ပြုမိရင် အပါယ်လေးပါးလဲ ကျရောက်နိုင်သေးတာပဲ၊ နောက်ပြီးတော့ မရေမတွက်နိုင်တဲ့ သံသရာ ဘဝတွေမှာ အိုခြင်း သေခြင်း အစရှိသော ဆင်းရဲဒုက္ခ တွေကိုလဲ ခံစားနေရဦးမှာပဲ၊ သောတာပန် ကတော့ အပါယ်လဲ မကျတော့ဘူး၊ ခုနစ်ဘဝထက် ပိုလွန်ပြီးတော့လဲ သံသရာ ဝဋ်ဆင်းရဲတွေကို မခံစားရတော့ဘူး၊ ခုနစ်ဘဝမြောက်မှာ ဆင်းရဲခပ်သိမ်း ငြိမ်းတဲ့ အနုပါဒိသေသနိဗ္ဗာန်သို့ ဝင်စံရတော့မယ်၊ ဒါကြောင့် သာလွန်မြင့်မြတ်တာပါပဲ၊ ဒါကြောင့် -

သောတာပတ္တိဖလံ - သောတာပန်အဖြစ် သောတာပတ္တိဖိုလ်သည်၊
ပထဗျာ ဧကရဇ္ဇေန ဝါ- တမြေထောင်လုံးကို အစိုးရသော စကြဝတေးမင်းအဖြစ်ထက်လဲ၊
ဝရံ - သာလွန်ကောင်းမြတ်လှပေ၏၊
သဂ္ဂဿ ဂမနေန ဝါ- နတ်ပြည် ဗြဟ္မာ့ပြည်သို့ လားရောက် ရသည်ထက်လဲ၊
ဝရံ - ကောင်းမြတ်လှပေ၏-လို့ ဟောတော်မူတာပါပဲ၊ နောက်ပြီးတော့ -

ဗြဟ္မာမင်းကြီး ဖြစ်ရတာထက်လဲ မြတ်တယ်

▬▬▬▬▬▬▬▬▬▬

သဗ္ဗ လောကာဓိပစ္စေန ဝါ- တလောကလုံးကို အစိုးရတဲ့ မဟာဗြဟ္မာမင်းကြီး အဖြစ်ထက်လဲ၊
ဝရံ - သာလွန် ကောင်းမြတ်လှပေသည်-လို့လဲ ဟောတော်မူပါတယ်။

မဟာဗြဟ္မာမင်းကြီးဆိုတာ ခုတင်က ပြောခဲ့တဲ့ ဗြဟ္မာတွေထဲက အကြီးအမြတ်ဆုံး ဖြစ်တဲ့ ဗြဟ္မာကြီးတွေပါပဲ၊ အဲဒီ ဗြဟ္မာကြီးတွေလဲ ပုထုဇဉ်ဆိုရင် အပါယ်လေးပါးမှ မလွတ်သေးဘူး၊ သံသရာ ဘဝဆင်းရဲတွေကိုလဲ အကန့်အသတ် အပိုင်းအခြားမရှိ ခံစားသွားရဦးမယ် သောတာပန်ကတော့ အပါယ်လေးပါးမှလဲ လွတ်ပြီ၊ သံသရာ ဘဝဆင်းရဲကိုလဲ အများဆုံးခုနစ်ဘဝသာ ခံစားရမယ်၊ ခုနစ်ခုမြောက် ဘဝမှာ ရဟန္တာဖြစ်ပြီး ဆင်းရဲခပ်သိမ်း ငြိမ်းရတော့မယ်၊ ဒါကြောင့် သောတာပန် အဖြစ် သောတာပတ္တိဖိုလ်က အဲဒီ ဗြဟ္မာမင်းကြီး အဖြစ်ထက်လဲ မြတ်တာပါပဲ။

အဲဒီဂါထာဖြင့် သိစေလိုရင်းကတော့ အနာထပိဏ် သူဌေးကြီး၏သား မောင်ကာလဟာ စကြဝတေး မင်းစည်းစိမ် နတ်စည်းစိမ် ဗြဟ္မာ့စည်းစိမ်တို့ထက် သာလွန်မြင့်မြတ်တဲ့ သောတာပတ္တိဖိုလ်ကို ရနေပြီ ဖြစ်တဲ့အတွက် သူဌေးကြီးကပေးတဲ့ ငွေတစ်ထောင်ကို အလေးမပြု အရေးမစိုက်တော့ဘဲ မလိုချင်တော့ဘဲ ဖြစ်နေတယ်ဆိုတာဟာ သိစေလိုရင်းပါပဲ။

ဒီမောင်ကာလဝတ္ထုထဲမှ ဘုန်းကြီးသိစေလိုတာကတော့ “မောင်ကာလဟာ သောတာပန် ဖြစ်နိုင် လောက်တဲ့ ပါရမီထူး ရှိနေတဲ့သူ ဖြစ်ပေမယ်လို့ တရားမနာချင်ဘူး၊ တရား အားမထုတ်ချင်ဘူး၊ တရားနာစေရန် ကြံဖန်ပြီး တိုက်တွန်းပေးရတယ်” ဆိုတာရယ်၊ “တဏှာက နိဗ္ဗာန်ကို မကြိုက်ဘူး နိဗ္ဗာန်ရောက်ကြောင်း တရားကိုတောင် မကြိုက်ဘူး” ဆိုတာရယ် အဲဒီ ၂-ချက်ဟာ သိစေလိုရင်းပါပဲ၊

နောက်ပြီးတော့ “သောတာပတ္တိမဂ်ဖြင့် နိဗ္ဗာန်ကို သိမြင်သွားရင် အများဆုံးအားဖြင့် ခုနစ်ဘဝသာ သံသရာ ဆင်းရဲကို ခံစားရတော့တယ်၊ ခုနစ်ခု မြောက်ဘဝမှာ ကိလေသာ ကုန်ခန်းတဲ့ ရဟန္တာဖြစ်ပြီး ဆင်းရဲအားလုံး ကုန်ဆုံး ကင်းပြတ်သွားတယ်၊ အဲဒီလို ဘဝဆင်းရဲတွေ ကုန်ငြိမ်းတာဟာ တဏှာ ကုန်ငြိမ်းသွားလို့ပဲ” ဆိုတာရယ်၊ “အဲဒီ တဏှာကုန်ငြိမ်း တာကလဲ နိဗ္ဗာန်ကို သောတာပတ္တိမဂ် စသည်ဖြင့် မြင်သွားလို့ပဲ” ဆိုတာရယ် ဒီအချက်များကိုလဲ သိစေလိုပါတယ်၊ ဒါကြောင့် ဒီမောင်ကာလ ဝတ္ထုကို ဒီနေရာမှာ ထည့်သွင်းပြီး ပြောရခြင်းဖြစ်ပါတယ်။

ကာမ သတ္တဝါတွေက ဗြဟ္မာဘဝတောင် မကြိုက်

▬▬▬▬▬▬▬▬▬▬

ကာမဘုံသားတွေက အဖိုအမ အစုံရှိတဲ့ ကာမဘုံကိုသာ ကြိုက်ကြတယ်၊ အဖိုအမ မရှိတဲ့ ဗြဟ္မာဘုံကိုတောင် မကြိုက်ကြဘူး ဗြဟ္မာဘုံမှ လူ့လောကမှာလို အဖိုအမ အင်္ဂါမရှိဘူး၊ ပုံပန်းသဏ္ဌာန်ကတော့ ယောက်ျား ပုံသဏ္ဌာန်ဖြင့် ခန့်ခန့်ညားညား ရှိပါတယ် ဒါပေမယ့် ပုမ္ဘောဆိုတဲ့ ဘာဝရုပ် မရှိတဲ့အတွက် ပုလ္လိင်ဆိုတဲ့ အဖိုအင်္ဂါကတော့ မရှိဘူး၊ ကာမဂုဏ်ကိုလဲ အလိုမရှိကြဘူး၊ ကာမဂုဏ်အာရုံကို လိုချင်နှစ်သက်ခြင်း မရှိတဲ့အတွက် အလွန်ပဲ ချမ်းသာကြပါတယ်၊ ဒါပေမယ့် ကာမတဏှာအားကြီးတဲ့ သူတွေက အဲဒီဗြဟ္မာအဖြစ်မျိုးကို အလိုမရှိကြဘူး၊ မစားမသောက်ရပဲ အတွေ့အာရုံကို မခံစားရပဲ နေရတာကို ဆင်းရဲတယ် လို့ သူတို့က ထင်နေကြတယ်၊ အမှန်ကတော့ မစားချင်လို့ မစားပဲ နေရတာလဲ ချမ်းသာတာ ကောင်းတာပဲ၊ အတွေ့အာရုံကို အလိုမရှိလို့ မခံစားရတာလဲ ချမ်းသာတာ ကောင်းတာပဲ၊ ဒါကြောင့် ရူပါဝစရဈာန်တွေရပြီး ကာမဆန္ဒ ကင်းနေတဲ့ ဈာနလာဘီ ပုဂ္ဂိုလ်တွေမှာ အင်မတန် ချမ်းသာနေတာပဲ၊ အဲဒီ ဈာန်ကုသိုလ်ကြောင့် ဗြဟ္မာ့ဘုံ ရောက်ပြီး ကာမဂုဏ် အာရုံကို အလိုမရှိတဲ့ အတွက် မသုံးဆောင်ပဲ နေရတာလဲ အင်မတန် ချမ်းသာနေတာပဲ၊ အဲဒီလို ချမ်းသာနေတဲ့ ဗြဟ္မာ့အဖြစ်ကို ဆင်းရဲလို့ထင်နေတာဟာ ကာမတဏှာ ကြောင့်ပါပဲ၊ ကာမတဏှာက အဲဒီ ဘဝမျိုးကို မကြိုက်လို့ပါပဲ။

ကာမရူပ သတ္တဝါတွေက ရုပ်မရှိတာ မကြိုက်

▬▬▬▬▬▬▬

ရုပ်မရှိပဲ စိတ်စေတသိက် နာမ်တရားချည်း ဖြစ်နေတဲ့ အရူပဘုံတွေဆိုတာ ရှိတယ်၊ အာကာသနဉ္စာ- ယတနဘုံ ဝိညာဏဉ္စာယတနဘုံ အာကိဉ္စညာယတနဘုံ နေဝသညာနာသညာယတန ဘုံလို့ ဘုံ ၄-ဆင့် ရှိတယ်၊ အရူပဈာန် လေးပါးရတဲ့ ပုဂ္ဂိုလ်တွေဟာ အသီးအသီး အဲဒီဘုံလေးပါးမှာ ဖြစ်ကြရတယ်၊ ပဋိသန္ဓေ ကာလ ကတည်းက ရုပ်မပါဘူး၊ စိတ်စေတသိက်နာမ် တရားချည်း ဖြစ်လာခဲ့တယ်၊ ပဝတ္တိကာလမှာလဲ ထို့အတူစိတ် စေတသိက် နာမ်တရားချည်း စိတ်ကူးကြံသိမှု သက်သက်မျှသာ အဆက်မပြတ် ဖြစ်နေတယ်၊ သိပ်အံ့သြစရာ ကောင်းတာပဲ၊

ကာမတဏှာ ရူပတဏှာ အားကြီးတဲ့ ပုဂ္ဂိုလ်တွေက အဲဒီဘုံဘဝမျိုးကို မကြိုက်ဘူး၊ ဒါပေမယ့် အဲဒီဘုံမှာ ရုပ်မရှိတဲ့အတွက် ရုပ်နဲ့စပ်တဲ့ ဆင်းရဲတွေမရှိဘူး၊ ချမ်းသာနေကြတာပါပဲ၊ သို့သော်လဲ ပုထုဇဉ်အဖြစ်နဲ့ အဲဒီဘုံရောက်သွားရင်တော့ တိုးတက်လမ်း ပိတ်နေတယ် ဘုရားပွင့်လာပေမယ့် သူတို့မှာ မသိနိုင်ဘူး၊ ဘုရားကလဲ သူတို့ဆီသွားပြီး တရားမဟောနိုင်ဘူး၊ ဘာကြောင့်လဲဆိုရင် သူတို့မှာ ကြားသိစရာ နားမရှိလို့ပါပဲ၊ အသက်တမ်းကလဲ အဲဒီဘုံတွေမှာ ကမ္ဘာပေါင်း နှစ်သောင်း, လေးသောင်း, ခြောက်သောင်း, ရှစ်သောင်း, လေးထောင် အသီးအသီး ရှိကြတယ်၊ အဲဒီ အသက်တမ်းကုန်လို့ စုတေတဲ့အခါ ကာမဘုံပြန်ရောက်လာရတာပဲ၊ အာဠာရနှင့် ဥဒကတို့ဟာ အဲဒီ အရူပလေးဘုံထဲက တတိယနဲ့ စတုတ္ထဘုံများကို ရောက်သွားကြတယ်၊ မြတ်စွာဘုရား၏ တရားကို နာခွင့် မရကြတဲ့အတွက် သူတို့မှာ အများကြီး ဆုံးရှုံးသွားတယ်လို့ မြတ်စွာဘုရားက ညည်းညူတော် မူခဲ့ပါတယ်၊ ဒါကြောင့် ပုထုဇဉ်အဖြစ်နဲ့ အဲဒီ အရူပဘုံတွေကို ရောက်သွားရင် ရပ်ပြစ်ရှစ်ပါးလို့ခေါ်တဲ့ ရှစ်မျိုးထဲက တစ်ခုသော အရပ်ရောက်သွားတယ်လို့ ဆိုရတယ်၊

သောတာပန် သကဒါဂါမ် အနာဂါမ် ရောက်သွားရင်တော့ ရှုနည်းကို သိပြီးဖြစ်တဲ့အတွက် သူတို့သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ စိတ်စေတသိက် ကြံသိမှုကို ရှုပြီးတော့ ဝိပဿနာဉာဏ် မဂ်ဉာဏ်တွေ အဆင့်ဆင့် တက်ပြီး ရဟန္တာ ဖြစ်သွားနိုင်တယ်၊ ရဟန္တာ ဖြစ်ရင် အဲဒီဘုံမှာပဲ ပရိနိဗ္ဗာန်ပြု သွားတယ်၊ ဒါကြောင့် အရိယာပုဂ္ဂိုလ် များအတွက် ဆိုရင်တော့ တက်လမ်းရှိပါတယ်၊ ဒီမှာ ပြောလိုရင်းကတော့ ကာမတဏှာ ရူပတဏှာ အားကြီးတဲ့သူတွေက ရုပ်မရှိတဲ့ အဲဒီအရူပဘုံကို မကြိုက်ဘူး၊ ဘာကြောင့် လဲ ကာမအာရုံနဲ့ရုပ်အာရုံကိုသာ ကြိုက်တဲ့တဏှာက ကာမဂုဏ်မခံစားရတာ, ရုပ်မရှိတာကို မကြိုက် လို့ပါပဲ။

နိဗ္ဗာန်ကိုတော့ ဘယ်တဏှာကမျှ မကြိုက်

▬▬▬▬▬▬▬▬▬

ရဟန္တာပုဂ္ဂိုလ်မှာ ပရိနိဗ္ဗာန်စုတိမှ နောက်ကာလ၌ ရုပ်နာမ်ခန္ဓာ အသစ် မဖြစ်လာတော့ပဲ ချုပ်ငြိမ်းသွားတယ် ဆိုတဲ့ အနုပါဒိသေသနိဗ္ဗာန် အငြိမ်းဓာတ်ကိုတော့ ကာမ တဏှာကလဲ မကြိုက်ဘူး၊ ရူပတဏှာကလဲ မကြိုက်ဘူး အရူပတဏှာကလဲ မကြိုက်ဘူး၊ ဒါကြောင့် ရုပ်နာမ်ခန္ဓာ သင်္ခါရတို့၏အပြစ်ကို မမြင်နိုင်သေးတဲ့ အများစုပုဂ္ဂိုလ်တွေက အဲဒီနိဗ္ဗာန်ကို အလိုမရှိကြဘူး၊ ကောင်းတယ် ချမ်းသာတယ်လို့ မထင်ကြဘူး၊ ဟိုတစ်နေ့က ဟောခဲ့တဲ့ သုတ်တစ်ခုထဲမှာ လာလုဒါယီဆိုတဲ့ ကိုယ်တော်ကြီးက “ခံစားရမှုဝေဒနာ မရှိတဲ့ နိဗ္ဗာန်မှာ ဘာချမ်းသာရှိသလဲ”လို့ စောဒနာတာလဲ ဒါကြောင့်ပဲ၊ သူ့အလိုကတော့ ချမ်းသာ မရှိဘူး ဆင်းရဲတယ်လို့ ဆိုလိုတာပါပဲ၊ ယခုခေတ်ကာလမှာ ဗုဒ္ဓသာသနာကိုလဲ မကြည်ညို၊ ရုပ်နာမ်သင်္ခါရတွေကိုပင် အကောင်းအမြတ် တွေလို့လဲ ထင်နေတဲ့ ပုဂ္ဂိုလ်တွေက “ပရိနိဗ္ဗာန် စံသွားတယ်ဆိုတာ တစ်ဖန်ပြန်မရလာတော့ပဲ အသေကြီးသေသွားတာပဲ”လို့ ကဲ့ရဲ့ရှုတ်ချပြီး ပြောတတ်ကြတယ်၊ အဲဒါဟာနိဗ္ဗာန်ကို တဏှာက အာရုံ မပြုနိုင်ဘူး မကြိုက် မနှစ်သက်ဘူးဆိုတာ ဝန်ခံတာ ဖော်ပြတာပါပဲ၊ ဒါကြောင့် -

ဝါနတော နိက္ခန္တန္တိ နိဗ္ဗာနံ။

ဝါနတော - ဝါနမည်သော တဏှာမှ၊
နိက္ခန္တံ - ထွက်မြောက်၏၊
ဣတိ - တဏှာမှ ထွက်မြောက်ခြင်း, တဏှာ၏အာရုံ မဟုတ်ခြင်းဟူသော ဤအကြောင်းကြောင့်၊
နိဗ္ဗာနံ - နိဗ္ဗာန် မည်၏လို့ ၀စနတ္ထ ပြုရတယ်၊

ဒါကြောင့် နိဗ္ဗာန်ဆိုတာ တဏှာမှ ထွက်မြောက်တဲ့ သဘော, တဏှာ၏အာရုံ မဟုတ်တဲ့သဘော, တဏှာ၏လက်လှမ်းမမီတဲ့ သဘောဖြစ်သည်-လို့ မှတ်ထားကြရမယ်၊ အဲဒါကို ဆိုကြမယ်။

နိဗ္ဗာန်ဆိုတာ တဏှာမှ ထွက်မြောက်တဲ့သဘော တဏှာ၏အာရုံ မဟုတ်တဲ့သဘော, တဏှာ၏ လက်လှမ်း မမီတဲ့သဘော ဖြစ်သည်။

တစ်နည်းအားဖြင့်-

နတ္ထိ ဝါနံ ဧတ္ထာတိ နိဗ္ဗာနံ- လို့လဲ ၀စနတ္ထ ပြုနိုင်တယ်၊

ဧတ္ထ - ဤနိဗ္ဗာန်၌၊
ဝါနံ - ဝါနမည်သော တဏှာသည်၊
နတ္ထိ - မရှိ
ဣတိ - တဏှာမရှိရာ တဏှာကင်းရာဟူသော ဤ အကြောင်းကြောင့်၊
နိဗ္ဗာနံ - နိဗ္ဗာန်မည်၏၊
တဏှာက အာရုံ မပြုနိုင်တဲ့ တရားဖြစ်သောကြောင့် အဲဒီနိဗ္ဗာန်မှာ တဏှာ မရှိဘူးလို့လဲ ဆိုနိုင်တယ် ဒါကြောင့် နိဗ္ဗာန်ဆိုတာ တဏှာ မရှိရာ တဏှာကင်းရာ ဖြစ်သည်- လို့လဲ ဆိုရတယ်၊ အဲဒါကို ဆိုကြရမယ်။

နိဗ္ဗာန်ဆိုတာ၊ တဏှာမရှိရာ တဏှာကင်းရာ ဖြစ်သည်။

နောက်တစ်နည်းအားဖြင့်တော့ -

နတ္ထိ ဝါနံ ဧတသ္မိံ အဓိဂတေတိ နိဗ္ဗာနံ- လို့လဲ ၀စနတ္ထ ပြုနိုင်တယ်၊

ဧတသ္မိံ - ဤနိဗ္ဗာန်ကို၊
အဓိဂတေ - အရဟတ္တမဂ်ဖြင့် ရောက်လတ် ရလတ်သော်၊
ဝါနံ - ဝါန မည်သော တဏှာသည်၊
နတ္ထိ - မရှိတော့ပဲ ကင်း၏၊
ဣတိ - တဏှာမရှိကြောင်း ကင်းကြောင်း ဟူသော ဤအကြောင်းကြောင့်။
နိဗ္ဗာနံ - နိဗ္ဗာန် မည်၏၊

ဒီ ဝစနတ္ထ အရအားဖြင့် သူ့ကိုသိလျှင် သိသူမှာ တဏှာကင်းသောကြောင့် နိဗ္ဗာန်ဆိုတာ တဏှာ ကင်းကြောင်းဖြစ်သည်-လို့လဲ မှတ်ထားကြရမယ်၊ အဲဒါကို ဆိုကြရမယ်။

နိဗ္ဗာန်ဆိုတာ တဏှာကင်းကြောင်း ဖြစ်သည်။

နိရောဓသစ္စာဆိုတဲ့ နိဗ္ဗာန်ကို အကျယ်ဝေဖန် ဖွင့်ပြရာမှာ ဒီလို ပြဆိုတော်မူပါတယ်။

နိရောဓသစ္စာ အဖွင့်

▬▬▬▬▬▬▬

ကတမဉ္စ ဘိက္ခဝေ ဒုက္ခ နိရောဓော အရိယ သစ္စံ၊ ယော တဿာယေဝ တဏှာယ အသေသ ဝိရာဂ နိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။ အယံ ဝုစ္စတိ ဘိက္ခဝေ ဒုက္ခနိရောဓော အရိယသစ္စံ။

ဘိက္ခဝေ - ရဟန်းတို့၊
ဒုက္ခနိရောဓော - ဒုက္ခ၏ ချုပ်ရာချုပ်ခြင်းသဘောဖြစ်သော၊
အရိယသစ္စံ - အရိယာတို့ သိအပ်သော အမှန်တရားသည်၊
ကတမဉ္စ - အဘယ်နည်းဟူမူ၊
တဿာယေဝ တဏှာယ - ဆင်းရဲ ဖြစ်ပွားကြောင်း သမုဒယသစ္စာမည်သော ထိုတဏှာ၏ပင်လျှင်၊
ယော အသေသဝိရာဂနိရောဓော - ဝိရာဂမည်သော အရဟတ္တမဂ်ဖြင့် အကြင် အကြွင်းမဲ့ ချုပ်ခြင်း ချုပ်ရာ သဘောသည်၊
ဝါ- အကြင် အကြွင်းမဲ့ ပျက်ပြယ်ခြင်း, ချုပ်ခြင်း, အကြွင်းမဲ့ ပျက်ပြယ်ရာ ချုပ်ရာ သဘောသည်၊
ယော စာဂေါ - (ယင်းတဏှာကို) အကြင်စွန့်ခြင်းသဘော, စွန့်ရာသဘောသည်၊
ယော ပဋိနိဿဂ္ဂေါ - အကြင် ဝေးစွာ စွန့်ခြင်းသဘော, ဝေးစွာစွန့်ရာသဘောသည်၊
ယာ မုတ္တိ - အကြင်လွှတ်ခြင်းသဘော, လွှတ်ရာ သဘောသည်၊
ယော အနာလယော - (ယင်း တဏှာဖြင့်) အကြင် တွယ်တာမှု ကင်းခြင်းသဘော, ကင်းရာ သဘောသည်၊
အတ္ထိ - ရှိ၏၊
အယံ - ဤသဘောကို၊
ဒုက္ခနိရောဓော အရိယသစ္စံ - ဒုက္ခနိရောဓ အရိယသစ္စာဟူ၍၊
ဝုစ္စတိ ဘိက္ခဝေ - ခေါ်ဆိုအပ်သည် ရဟန်းတို့။

အဲဒီမှာ သမုဒယသစ္စာ ဆိုတဲ့ တဏှာ၏ အကြွင်းမဲ့ ပျက်ပြယ်ခြင်း ချုပ်ခြင်းဆိုတာ အရဟတ္တမဂ်၏ အစွမ်းကြောင့် တဏှာ မဖြစ်နိုင်တော့ပဲ ကင်းခြင်းကို ဆိုတာပဲ၊ ယင်းတဏှာကို စွန့်ခြင်း ဝေးစွာ စွန့်ခြင်း လွှတ်ခြင်း ယင်းတဏှာဖြင့် တွယ်တာမှုကင်းခြင်း ဆိုတာတွေလဲ တဏှာကင်းခြင်း မဖြစ်ခြင်း မရှိခြင်းကို ပြတာချည်းပါပဲ ဒါကြောင့် နိဗ္ဗာန်ဆိုတာ သမုဒယသစ္စာ ဆိုတဲ့ တဏှာချုပ်ခြင်း ကင်းခြင်းပင် ဖြစ်သည်လို့လဲ မှတ်ထားကြရမယ်၊ အဲဒါကို ဆိုကြရမယ်။

နိဗ္ဗာန်ဆိုတာ သမုဒယသစ္စာဆိုတဲ့ တဏှာချုပ်ခြင်း ကင်းခြင်းပင် ဖြစ်သည်။

တဏှာကင်းတော့ ကံကလဲ ဘဝသစ်ကို မဖြစ်စေနိုင်ဘူး၊ ဒါကြောင့် ဘဝသစ် ရုပ်နာမ် ခန္ဓာတွေလဲ အကုန်ကင်းငြိမ်း သွားတော့တာပဲ၊ အဲဒီ တဏှာ ကင်းခြင်း သဘောကိုပင် ချုပ်ရာ စွန့်ရာ စသည်ဖြင့်လဲ တင်စားပြီး ပြောရပါတယ်၊ ဒါကြောင့် အကြွင်းမဲ့ ပျက်ပြယ်ရာ စွန့်ရာ စသည်ဖြင့်လဲ တနည်းအနက် ပြန်ထားပါတယ်။

ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ရက်ငါးဆယ်မြောက်မှာ နိဗ္ဗာန်၏ သိမ်မွေ့နက်နဲပုံ သိနိုင်ခဲပုံကို ဒီလို နှလုံးသွင်း ဆင်ခြင်တော်မူပါတယ်။

ဣဒမ္ပိ ခေါ ဌာနံ ဒုဒ္ဒသံ၊ ယဒိဒံ သဗ္ဗသင်္ခါရသမထော သဗ္ဗူပဓိပဋိနိဿဂ္ဂေါ တဏှာက္ခယော ဝိရာဂေါ နိရောဓော နိဗ္ဗာနံ။

သဗ္ဗသင်္ခါရသမထော - သင်္ခါရအားလုံး ငြိမ်းရာဖြစ်သော၊
သဗ္ဗူပဓိပဋိနိဿဂ္ဂေါ - သင်္ခါရအားလုံးကို စွန့်လွှတ်ရာဖြစ်သော၊
တဏှာက္ခယော-တဏှာကုန်ရာဖြစ်သော၊
ဝိရာဂေါ - ရာဂကင်းရာဖြစ်သော၊
နိရောဓော - ချုပ်ရာဖြစ်သော၊
ယဒိဒံ နိဗ္ဗာနံ - အကြင်အငြိမ်းဓာတ် သဘောသည်
အတ္ထိ - ရှိ၏၊
ဣဒမ္ပိ ခေါ ဌာနံ - ဤအရာဌာနသည်လည်း၊
ဒုဒ္ဒသံ - မြင်နိုင်ခဲစွ-လို့ နှလုံးသွင်း ဆင်ခြင်တော်မူပါတယ်။

အဲဒီဆင်ခြင်ပုံထဲမှာ ငြိမ်းရာ, စွန့်ရာ, ကုန်ရာ, ကင်းရာ ဆိုတာတွေဟာ တင်းစားပြီး ပြန်ဆိုတဲ့ အနက်ချည်းပါပဲ၊ အမှန်အားဖြင့်တော့ သင်္ခါရအားလုံး မဖြစ်လာတော့ပဲ ငြိမ်းခြင်း ဥပဓိအားလုံးကို စွန့်ခြင်း, တဏှာ ကုန်ခြင်း ရာဂကင်းခြင်း သဘောသာ ဖြစ်ပါတယ်။

ဥပဓိ ၄-ပါး

▬▬▬▬

အဲဒီဝေါဟာရတွေထဲမှာ ဥပဓိဆိုတာ ဆင်းရဲချမ်းသာတို့ တည်ရာဖြစ်ရာကို ဆိုတာပါပဲ၊ အဲဒီ ဥပဓိ-က ကာမုပဓိ, ခန္ဓုပဓိ, ကိလေသုပဓိ, အဘိသင်္ခါရုပဓိ-လို့ လေးပါးရှိတယ်၊

ကာမုပဓိဆိုတာ ကာမဂုဏ် ငါးပါးပါပဲ၊ အဲဒါကတော့ ထင်ရှားပါတယ်၊ ကာမဂုဏ်ငါးပါးကို အကြောင်းပြုပြီး ဆင်းရဲတွေများစွာ ဖြစ်ရတယ်၊ ဒါကြောင့် အဲဒီကာမဂုဏ်တွေကို ဥပဓိ လို့ခေါ်တယ်၊ ပုထုဇဉ်တွေ အနေအားဖြင့်တော့ အဲဒီ ကာမဂုဏ်တွေကိုမှီပြီး ချမ်းသာတွေ ဖြစ်တယ်လို့လဲ ဆိုနိုင်ပါတယ်။

ခန္ဓုပဓိဆိုတာကတော့ ခန္ဓာငါးပါးပါပဲ၊ ဒီခန္ဓာငါးပါးကိုမှီပြီးတော့ ဆင်းရဲတွေ များစွာ ဖြစ်ရတယ်၊ ဒါကြောင့် ဥပဓိလို့ ဆိုတယ်၊ ပုထုဇဉ်တွေ အလိုအားဖြင့်တော့ ခန္ဓာတွေကိုမှီပြီး ချမ်းသာ ဖြစ်တယ်လို့လဲ ဆိုဖွယ်ရှိပါတယ် ဥပဓိဆိုတဲ့ ပုဒ်သက်သက်ကတော့ တည်ရာလို့ အနက်ရှိတယ် ချမ်းသာ၏ တည်ရာလို့လဲ ဆိုနိုင်တယ်၊ ဆင်းရဲ၏ တည်ရာလို့လဲ ဆိုနိုင်တယ်၊

ပုထုဇဉ်တွေ အနေနဲ့ဆိုရင် ကာမဂုဏ်အာရုံတွေ ခံစားရတာကိုအကောင်းဆုံးလို့ အချမ်းသာဆုံးလို့ ထင်နေကြတယ်၊ ကိုယ်ကြည့်ချင်တာကိုကြည့်ရလို့လဲ ချမ်းသာတယ်၊ ကိုယ်နားထောင်ချင်တာကို နားထောင်ရလို့လဲ ချမ်းသာတယ်၊ ကောင်းတဲ့အနံ့တွေကို နမ်းရှူရလို့လဲ ချမ်းသာတယ်၊ ကောင်းတဲ့ အတွေ့အာရုံတွေကို တွေ့ထိခံစားရလို့ ချမ်းသာတယ်လို့ ထင်နေကြတယ်၊ အာရုံကောင်းတွေကို ကြံစည်စဉ်းစားပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေရလို့လဲ ချမ်းသာတယ်၊ အယုတ်ဆုံးအားဖြင့် အချိန်ရှိတိုင်း စဉ်းစားနေရတာကိုပင် ချမ်းသာတယ်လို့ ထင်နေကြတယ်၊ ဘုရားရဟန္တာတို့၏ အမြင် အားဖြင့်တော့ အဲဒီလို ချမ်းသာတာတွေဟာ ဆင်းရဲတွေချည်းပါပဲ။

နောက်ပြီးတော့ ကာမဂုဏ်တွေ အကြောင်းပြုပြီးတော့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတွေလဲ များစွာပင် ဖြစ်နေတယ်။ ရအောင်ရှာကြံရလို့လဲ ဆင်းရဲတယ်၊ အချို့မှာဆိုရင် အသက်ကိုတောင်စွန့်ပြီး ရှာရတယ်၊ ရပြီးတွေကို စောင့်ရှောက်ရလို့လဲ ဆင်းရဲတယ်၊ အချို့မှာဆိုရင် အသက်ကိုတောင်စွန့်ပြီး စောင့်ရှောက်ရတယ်၊ အလွန်ချစ်ခင်တဲ့ မိတ်ဆွေ အချင်းချင်းလဲ ကာမဂုဏ် အကြောင်းပြုပြီး ကွဲကြရတယ်၊ ရန်ဖြစ်ကြရတယ်၊ အင်မတန်ချစ်ခင်နေကြတဲ့ ညီအစ်ကို မောင်နှမ အချင်းချင်းလဲ ပစ္စည်းဥစ္စာဆိုတဲ့ ကာမဂုဏ် အကြောင်းပြုပြီး ကွဲကြရတယ်၊ အမွေလုမှုစသည် ဖြစ်ရတယ်၊ မိဘနှင့်သားသမီးတွေလဲ ပစ္စည်းဥစ္စာအကြောင်းပြုပြီး ငြင်းခုံကြရ ကွဲပြားကြရတယ်၊ ဒီလိုဖြစ်ရတာ တွေဟာ ဆင်းရဲတွေချည်းပဲ၊ ဒီဆင်းရဲတွေဟာ ကာမဂုဏ်ကို အကြောင်းပြုပြီး ဖြစ်ရတယ်၊ ဒါကြောင့် ကာမဂုဏ်တွေကို ဆင်းရဲ၏တည်ရာ ကာမုပဓိလို့ ခေါ်တယ်။

ပုထုဇဉ်တွေအနေအားဖြင့် ရုပ်နာမ် ခန္ဓာတွေရှိလို့ အဲဒီရုပ်နာမ်တွေကိုမှီပြီး ချမ်းသာတွေ ခံစားနေရတယ်လို့ ထင်နေကြတယ်၊ မျက်စိရုပ်ရှိလို့ မြင်ချင်တာ မြင်ရတယ်၊ နားရုပ်ရှိလို့ ကြားချင်တာ ကြားရတယ်၊ နှာခေါင်းရုပ်ရှိလို့ အလိုရှိတာ နမ်းရှူရတယ်၊ လျှာရုပ်ရှိလို့ စားချင်တာ စားရတယ်၊ ကိုယ်ရုပ်ရှိလို့ အတွေ့အထိ အမျိုးမျိုးကို တွေ့ထိခံစားရတယ်၊ နှလုံးရုပ်နဲ့ စိတ်ရှိလို့ အာရုံအမျိုးမျိုးတွေကို သိရတယ်၊ ချမ်းသာတွေချည်းပဲလို့ ထင်နေကြတယ်၊ ဘုရား, ရဟန္တာတို့၏ အမြင်အားဖြင့်တော့ အဲဒီလိုချမ်းသာတွေဟာလဲ ဆင်းရဲတွေချည်းပါပဲ၊ နောက်ပြီးတော့ ရုပ်ရှိလို့ ရုပ်ကိုမှီပြီး ဆင်းရဲရတယ်၊ နာမ်ရှိလို့ နာမ်ကိုမှီပြီး ဆင်းရဲရတယ်၊ ရုပ်နာမ်မရှိရင် ဘာဆင်းရဲမှ မဖြစ်နိုင်ဘူး၊ ဒါကြောင့် ရုပ်နာမ်ခန္ဓာတွေဟာ ဆင်းရဲ၏တည်ရာ ဥပဓိ တွေချည်းပါပဲ၊ အဲဒီလို ဆင်းရဲ၏တည်ရာ ဖြစ်တဲ့အတွက် ခန္ဓာငါးပါးကို ခန္ဓုပဓိလို့ခေါ်တယ်၊ ကဲ မှတ်မိအောင် ဆိုကြရမယ်။

ကာမဂုဏ်ငါးပါးကို ကာမုပဓိဟု ခေါ်သည်။
ခန္ဓာငါးပါးကို ခန္ဓုပဓိဟု ခေါ်သည်။

လောဘ ဒေါသ မောဟအစရှိသော ကိလေသာတွေကြောင့် မျက်မှောက်မှာလဲ ဆင်းရဲဒုက္ဲ အမျိုးမျိုးကို တွေ့ကြုံခံစားရတယ်၊ သံသရာဘဝတွေမှာလဲ ငရဲဆင်းရဲ, ပြိတ္တာဆင်းရဲ, တိရစ္ဆာန် ဆင်းရဲတွေကို ခံစားရတယ်၊ လူဆင်းရဲ နတ်ဆင်းရဲတွေ ဖြစ်ပြီးတော့လဲ ဆင်းရဲတွေကို ခံစားရတယ်၊ ဒီလို မျက်မှောက်ဆင်းရဲ သံသရာဆင်းရဲတို့၏ တည်ရာအကြောင်းဖြစ်တဲ့အတွက် လောဘ ဒေါသ စသော ကိလေသာတွေကို ကိလေသုပဓိဟု ခေါ်သည်၊ အဲဒါကို ဆိုကြရမယ်။

လောဘ ဒေါသ စသော ကိလေသာကို ကိလေသုပဓိဟု ခေါ်သည်။

ကုသိုလ်ကံ အကုသိုလ်ကံကို အဘိသင်္ခါရခေါ်ကြောင်း ရှေးကလဲ ပြောခဲ့ပါပြီ။ ဒါန သီလ သမထ ဘာဝနာဆိုတဲ့ ကုသိုလ်ကံ အဘိသင်္ခါရ-က လူ နတ် ဗြဟ္မာ ဆိုတဲ့ သုဂတိဘဝတွေမှာ ဖြစ်စေတယ်၊ ပုထုဇဉ်တို့၏ အမြင်အားဖြင့် အဲဒီလို ဖြစ်ရတာကို ချမ်းသာလို့ ထင်ရတယ်။ ဘုရားရဟန္တာတို့၏ အမြင်အားဖြင့်တော့ ဖြစ်ရာဘဝမှာ အိုရခြင်း သေရခြင်း စသည်တို့နှင့် တွေ့ရသောကြောင့် အဲဒီလို ဖြစ်ရတာကို ဆင်းရဲလို့မြင်ရတယ်၊ အကုသိုလ်ကံ အဘိသင်္ခါရ-ကတော့ အပါယ်လေးပါး၌ ဖြစ်စေတယ်၊ အဲဒါကိုတော့ ဆင်းရဲလို့ပဲ အများအားဖြင့် မြင်ကြပါတယ်၊ ဒါကြောင့် အဘိသင်္ခါရဟာ ဆင်းရဲ၏တည်ရာ ဥပဓိ ဖြစ်တယ်၊ ကဲ လိုက်ဆိုကြ။

ကုသိုလ်ကံ အကုသိုလ်ကံကို အဘိသင်္ခါရုပဓိ ဟုခေါ်သည်။

အငြိမ်းဓာတ် နိဗ္ဗာန်ကို အရဟတ္တမဂ်ဖြင့် မြင်လျှင် အဲဒီဥပဓိလေးပါးလုံး ကင်းတယ် အဲဒီလေးပါး ထဲက ကိလေသုပဓိ ဆိုတာဟာ အရင်းခံအကျဆုံးပါပဲ၊ ဘာကြောင့်လဲဆိုရင်- ကိလေသာမရှိတော့ အဘိသင်္ခါရ ဆိုတဲ့ ကံက အကျိုးမပေးနိုင်တော့ဘူး၊ ကံက ဘဝသစ်အကျိုးကို မဖြစ်စေရင် ခန္ဓာငါးပါးဆိုတဲ့ ဥပဓိလဲ ကင်းတော့တာပဲ၊ ခန္ဓာမရှိရင် ကာမဂုဏ်ဆိုတဲ့ ဥပဓိလဲ မရှိနိုင်တော့ဘူး၊ ဒါကြောင့် ကိလေသာဥပဓိက အရင်းခံ အကျဆုံးပဲလို့ သိရပါတယ်၊ အရဟတ္တမဂ်ဉာဏ်၏ အစွမ်း ကြောင့် ကိလေသာကင်းသည်နှင့် တပြိုင်နက် ကျန်တဲ့ဥပဓိတွေလဲ အကုန်ကင်းသွားကြတော့တာပဲ၊ ဒါကြောင့်နိဗ္ဗာန်ကို သဗ္ဗူပဓိပဋိ နိဿဂ္ဂေါ - ဥပဓိလေးပါး အားလုံးကို စွန့်ရာလို့ ဆိုပါတယ်၊ မုချအားဖြင့်တော့ အရဟတ္တမဂ်၏ အစွမ်းကြောင့် ဥပဓိအားလုံး ကင်းငြိမ်းခြင်း သဘောမျှပါပဲ။

နိရောဓောပုဒ်၏ မုချအနက်

▬▬▬▬▬▬▬▬▬▬

တဏှာက္ခယော - တဏှာကုန်ရာ တဏှာကုန်ခြင်း၊ ဝိရာဂေါ - ရာဂကင်းရာ ရာဂကင်းခြင်း ဆိုတာတွေကတော့ ဒုတိယပိုင်း နှာ (၁၁၃)မှာ ပြခဲ့တဲ့ ရာဂက္ခယော - ရာဂ၏ကုန်ခြင်းမဖြစ်ခြင်း ငြိမ်းခြင်း ဆိုတာနှင့် ထပ်တူပါပဲ၊

နိရောဓော - ချုပ်ရာ ချုပ်ခြင်း”ဆိုတာကလဲ
အဝိဇ္ဇာနိရောဓာ - အဝိဇ္ဇာ၏ ချုပ်ခြင်းကြောင့်၊
သင်္ခါရနိရောဓော - ကံဟူသော သင်္ခါရတို့၏ ချုပ်ခြင်းသည်၊
ဟောတိ - ဖြစ်၏၊
သင်္ခါရနိရောဓာ - သင်္ခါရတို့၏ ချုပ်ခြင်းကြောင့်၊
ဝိညာဏနိရောဓော - ပဋိသန္ဓေစိတ်အစရှိသော ဘဝသစ်ဝိညာဏ်၏ ချုပ်ခြင်းသည်၊
ဟောတိ - ဖြစ်၏”
စသည်ဖြင့် ဟောထားတဲ့ ပဋိလောမ ပဋိစ္စသမုပ္ပာဒ် ဒေသနာတော်နှင့် အရတူပါပဲ၊

အဲဒီ ပဋိလောမပဋိစ္စသမုပ္ပာဒ် ဒေသနာ၏ အဖွင့်အဋ္ဌကထာမှာ နိရောဓောပုဒ်ဖြင့် နိဗ္ဗာန်ကိုပြကြောင်း ဖွင့်ပြထားပါတယ်၊ အဲဒီ ဒေသနာမှာတော့ “အဝိဇ္ဇာနိရောဓာ - အဝိဇ္ဇာ၏ ချုပ်ရာကြောင့်၊ သင်္ခါရနိရောဓာ - သင်္ခါရတို့၏ ချုပ်ရာသည်ဖြစ်၏” စသည်ဖြင့် တင်စားပြီး ဆိုလို့မဖြစ်ဘူး၊ အဝိဇ္ဇာ၏ချုပ်ခြင်းကြောင့် သင်္ခါရတို့၏ ချုပ်ခြင်းသည် ဖြစ်၏” စသည်ဖြင့် မုချအနက်သာ ပြန်လို့ဖြစ်တယ်၊ ဒါကြောင့် ဒီနေရာမှာလဲ မုချအားဖြင့် “နိရောဓောချုပ်ခြင်း”လို့သာ အနက် ပြန်ရတယ်။

နောက်ပြီးတော့ “သဗ္ဗသင်္ခါရသမထော - သင်္ခါရအားလုံး၏ ငြိမ်းရာ-ငြိမ်းခြင်းသဘော”ဆိုတဲ့ ပထမပုဒ်၏ အနက်ကတော့ သင်္ခါရတရား ချုပ်ငြိမ်းပုံကို ထပ်ကာထပ်ကာ ပြောလာခဲ့တဲ့အတွက် ထင်ရှားနေပါပြီ၊ ဒါပေမယ့်ပိုပြီး ရှင်းရှင်းလင်းလင်း သိရအောင် ကေဝဋ္ဋသုတ်ကို ထုတ်ပြီး ဟောဦးမယ်။

သီလက္ခန္ဓဝဂ် - ကေဝဋ္ဋသုတ်

▬▬▬▬▬▬▬▬▬▬

ဝိညာဏံ အနိဒဿနံ၊ အနန္တံ သဗ္ဗတောပဘံ။
ဧတ္ထ အာပေါ စ ပထဝီ၊ တေဇော ဝါယော န ဂါဓတိ။
ဧတ္ထ ဒီဃဉ္စ ရဿဉ္စ၊ အဏုံ ထူလံ သုသာသုဘံ။
ဧတ္ထ နာမဉ္စ ရူပဉ္စ၊ အသေသံ ဥပရုဇ္ဈတိ။
ဝိညာဏဿ နိရောဓေန၊ ဧတ္ထေတံ ဥပရုဇ္ဈတိ။

ဝိညာဏံ - ထူးသော အရိယမဂ်ဉာဏ်ဖြင့် သိအပ်သော၊
ယံ - အကြင် အငြိမ်းဓာတ် နိဗ္ဗာန်သည်၊
အနိဒဿနံ - မြင်အပ် မြင်ကောင်းသော သဘောမရှိပေ၊
ဝါ- ပုံတူဥပမာ မရှိပေ။

အငြိမ်းဓာတ် နိဗ္ဗာန်ကို လေးပါးသော မဂ်ဉာဏ်အထူးဖြင့်သာ သိအပ်တယ် သိနိုင်တယ်၊ သမထ ဝိပဿနာကို အားမထုတ်ဘဲ ပကတိစိတ်ဖြင့် ကြံစည်မှန်းဆကြည့်လို့ မမြင်နိုင်မသိနိုင်တဲ့ တရားပဲ-တဲ့၊ ဖြစ်တိုင်းသော ရုပ်နာမ် တရားတွေကို ဝိပဿနာဉာဏ်ဖြင့် အဖန်ဖန်ရှုပြီးတော့ အဖြစ်အပျက် အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာတို့ကို ထင်ရှားသိမြင်ပြီး သင်္ခါရုပေက္ခာဉာဏ် ရင့်သန်ပြည့်စုံတဲ့အခါမှာ မပြတ်ဖြစ်ပျက်နေတဲ့ အဲဒီရုပ်နာမ်တွေကို ရှုသိနေရင်း ထူးသော အရိယမဂ်ဉာဏ်ဖြင့် ရုပ်နာမ်သင်္ခါရ ချုပ်ငြိမ်းတဲ့ အဲဒီ အငြိမ်းဓာတ်ကို သိမြင်ရတယ်၊ အဲဒီလို သိမြင်တာကလဲ ရှေ့မျက်မှောက်မှာ တည်ရှိနေတဲ့ အရာဝတ္ထု တစ်ခုခုကို မြင်တာမျိုးမဟုတ်ဘူး၊ ရှုသိနေတဲ့ အသိပါ ရုပ်နာမ်သင်္ခါရ အားလုံး ချုပ်ဆုံးသွားတဲ့ အနေနဲ့သာသိရတယ်၊ ခဏမစဲဖြစ်ပျက်နေတဲ့ ရုပ်နာမ်သင်္ခါရတွေ လုံးဝမရှိတဲ့အနေနဲ့သာ သိရတယ်၊ ယူပစ်လိုက်သလို သင်္ခါရအားလုံး ကုန်ဆုံးသွားသည့် အနေနဲ့သာ သိရတယ်၊ အဲဒီအခိုက်မှာ နှလုံးသွင်းနေတဲ့စိတ် ဆင်ခြင်နေတဲ့စိတ် ရှုသိနေတဲ့ စိတ်တွေ ဘာမျှမရှိဘူး၊ မိမိကိုယ်ပါ အကုန်လုံး ဆိတ်သုဉ်းနေတဲ့ အနေနဲ့သာ သိရတယ်၊ အဲဒါဟာ အငြိမ်းဓာတ်နိဗ္ဗာန်ကို အရိယမဂ်ဉာဏ်အထူးဖြင့် သိမြင်ပုံပါပဲ၊ ပြီးတော့ အဲဒီနိဗ္ဗာန်ကို ပကတိ မျက်စိဖြင့်လဲ မမြင်နိုင်ဘူး၊ ကြံတွေးကြည့်တဲ့ စဉ်းစားဉာဏ်ဖြင့်လဲ မမြင်နိုင်ဘူး၊ နောက်ပြီးတော့ ဘာနဲ့ တူတယ်လို့ ပြစရာ ပုံတူဥပမာလဲ မရှိဘူး။ ဒါကြောင့်-

ဝိညာဏံ - ထူးသော အရိယမဂ်ဉာဏ်ဖြင့် သိအပ်သော၊
ယံ - အကြင် အငြိမ်းဓာတ် နိဗ္ဗာန်သည်၊
အနိဒဿနံ - မြင်အပ် မြင်ကောင်းသော သဘောမရှိပေ၊
ဝါ- ပုံတူဥပမာ မရှိပေ၊
အနန္တံ - ဖြစ်ခြင်းပျက်ခြင်းဟူသော အစအပိုင်းအခြင်း+ အဆုံးအပိုင်း အခြားမရှိပေ။

နိဗ္ဗာန်မှ တစ်ပါးသော ပရမတ္ထတရား တွေကတော့ အကြောင်းအားလျော်စွာဖြစ်ပေါ်ပြီး ကွယ်ပျောက် ပျက်စီးသွားတာချည်းပဲ၊ ဒါကြောင့် ဖြစ်ခြင်း ဆိုတဲ့ အစအပိုင်းအခြားလဲ ရှိတယ်၊ ပျက်ခြင်း ကွယ်ပျက်ခြင်းဆိုတဲ့ အဆုံးအပိုင်းအခြားလဲ ရှိတယ်၊ နိဗ္ဗာန်ဆိုတဲ့ ပရမတ်တရားကတော့ ဖြစ်ခြင်းဆိုတဲ့ အစအပိုင်းအခြားလဲ မရှိဘူး၊ ပျက်ခြင်းဆိုတဲ့ အဆုံးအပိုင်းအခြားလဲ မရှိဘူးတဲ့၊ နိဗ္ဗာန်ဆိုတာ ကိလေသာ ကံ ဘဝသစ်ခန္ဓာတို့၏ မဖြစ်ခြင်း ချုပ်ငြိမ်းခြင်း သဘောမျှပဲ၊ အဲဒီမဖြစ်ခြင်း ချုပ်ငြိမ်းခြင်းမှာ ဖြစ်ခြင်းလဲ မရှိနိုင်ဘူး၊ ပျက်ခြင်းလဲ မရှိနိုင်ဘူး၊ ဒါကြောင့် အစအဆုံး အပိုင်းအခြား မရှိကြောင်း ထင်ရှားပါတယ်၊ အဲဒီမဖြစ်ခြင်း ချုပ်ငြိမ်းခြင်းဟာ အရဟတ္တမဂ်ဉာဏ်၏ အစွမ်းကြောင့် ပြီးစီးတယ်၊ ဒါပေမယ့် အဲဒီ အရဟတ္တမဂ်ခဏမှာ အဲဒီ ချုပ်ငြိမ်းမှု ဖြစ်ပေါ်လာတယ်လို့လဲ မဆိုနိုင်ဘူး။ ပရိနိဗ္ဗာန် စုတိစိတ်၏ အခြားမဲ့မှာ ဘဝသစ်ခန္ဓာတွေ မဖြစ်လာတော့ပဲ ချုပ်ငြိမ်း သွားတယ်၊ ဒါပေမယ့် အဲဒီခဏမှာ ချုပ်ငြိမ်းမှုဖြစ်ပေါ် လာတယ်လို့လဲ မဆိုနိုင်ဘူး၊ ဘာကြောင့်လဲ- မဖြစ်မှု ချုပ်ငြိမ်းမှုမှာ ဖြစ်ပေါ်မှု မရှိသောကြောင့်ပါပဲ၊ ဖြစ်မှုမရှိတော့ ပျက်မှုလဲ မရှိဘူး ဒါကြောင့် -

အနန္တ - ဖြစ်ခြင်း ပျက်ခြင်းဟူသော အစ အဆုံး အပိုင်းအခြားလဲ မရှိပေ၊
သဗ္ဗတောပဘံ - အညစ်အကြေး ကင်းသောကြောင့် ခပ်သိမ်းသော အခြင်းအရာအားဖြင့် စင်ကြယ် တောက်ပလျက်ရှိ၏၊
(ရုပ်တရားဆိုရင်တော့ အညစ်အကြေးနဲ့ လူးလဲ ညစ်ပေနိုင်တယ်၊ စိတ် စေတသိက် နာမ်တရား တွေမှာလဲ လောဘ ဒေါသ စသည်နှင့် ယှဉ်တွဲပြီး ညစ်ညူးနိုင်တယ်၊ ကုသိုလ် တရားတွေမှာလဲ ရှေ့ပိုင်းနောက်ပိုင်းက လောဘ ဒေါသ စသည်တွေ ကြားဝင်ပြီး ဖြစ်ရင် မစင် မကြယ် ဖြစ်နိုင်တယ်၊ နိဗ္ဗာန်မှာတော့ ဘယ်အညစ်အကြေးနဲ့မှ မထိမငြိနိုင်တဲ့အတွက် အထူးစင်ကြယ်နေတယ်၊ အဲဒါကိုပင် အချင်းခပ်သိမ်း တောက်ပနေတယ်လို့ဆိုတဲ့အကြောင်း ဖွင့်ပြထားကြပါတယ်၊ တချို့ကတော့ ဒီပုဒ်ကို ထောက်ဆပြီး နိဗ္ဗာန်ဆိုတာ အလွန်တောက်ပတဲ့ အလင်းဓာတ်ကြီးလို့ အပြောဆိုကြတယ် အလင်း ဆိုတာ ရူပါရုံပဲ၊ ဒါကြောင့် အဲဒီအဆိုကတော့ ဘုရားအလိုတော်နှင့် မညီပါဘူး၊ မဖြစ်ခြင်း၊ ချုပ်ခြင်း သဘောမှာ ညစ်ညူးကြောင်း သင်္ခါရ လုံးဝ ကင်းစင်နေတဲ့အတွက် အချင်းခပ်သိမ်း တောက်ပတယ် ဆိုတဲ့ အနက်သာ သင့်လျော်ပါတယ်၊ နောက်တစ်နည်း အနက်ကတော့ ပပံ-ပုဒ်မှ ပဘံ-ဖြစ်လာတယ်လို့ ဖွင့်ပြပါတယ်၊ အဲဒီအဖွင့်အရ အားဖြင့်တော့)
သဗ္ဗတောပဘံ - ၃၈ ပါးသော ကမ္မဋ္ဌာန်းဟူသော အရပ်ခပ်သိမ်းမှ သက်ရောက်နိုင်သည့် ဆိပ်ကမ်း ရှိပေ၏။

ဘုရားဟော ပါဠိတော်များမှာ တိုက်ရိုက်ဟောထားတဲ့ ကမ္မဋ္ဌာန်းက ၃၈-ပါး ရှိတယ်၊ ဘာတွေလဲဆိုရင်- ဝိသုဒ္ဓိမဂ်ကျမ်း အဘိဓမ္မတ္ထသင်္ဂဟကျမ်းများမှာ ပြထားတဲ့ ကမ္မဋ္ဌာန်း ၄၀-ထဲမှာ အာလောက ကသိုဏ်း၊ အာကာသ ကသိုဏ်းဆိုတာ ၂-ပါးကိုနုတ်ပြီး ကျန်တဲ့ ၃၈-ပါးပါပဲ၊ အဲဒီ ၃၈-ပါးထဲမှာ စတုဓာတုဝ၀တ္ထာန်ဆိုတဲ့ ကမ္မဋ္ဌာန်းကတော့ မဟာသတိပဋ္ဌာနသုတ်မှာ ဝိပဿနာ ကမ္မဋ္ဌာန်းအဖြစ်ဖြင့် ဟောထားတဲ့ ဓာတုမနသိကာရ ကမ္မဋ္ဌာန်းပါပဲ၊ အဲဒါနဲ့ အလားတူဖြစ်တဲ့ ခန္ဓာရှုတဲ့ ကမ္မဋ္ဌာန်း အာယတနရှုတဲ့ ကမ္မဋ္ဌာန်း အစရှိတဲ့ ဝိပဿနာ ကမ္မဋ္ဌာန်း ဟူသမျှတွေကိုလဲ အဲဒီ ဓာတုဝ၀တ္ထာန် ကမ္မဋ္ဌာန်းထဲမှာ ထည့်သွင်းပြီး ယူရတယ်၊ အဲဒီကမ္မဋ္ဌာန်းတွေထဲမှ တစ်ခုခုသော ကမ္မဋ္ဌာန်းဖြင့် နှလုံးသွင်းအားထုတ်လျှင် နိဗ္ဗာန်ကို ရောက်နိုင် တာချည်းပဲ၊ မရောက်နိုင်တဲ့ ကမ္မဋ္ဌာန်းရယ်လို့ မရှိဘူး၊

ဥပမာအားဖြင့် ပင်လယ် သမုဒ္ဒရာထဲ ဆင်းချင်ရင် ဘယ်ကမ်းခြေ အရပ်ကမဆို ဆင်းနိုင်သလိုပါပဲတဲ့၊ ဒီနေရာမှာ ပတ်လည်လှည့်ပြီး လှေကားထစ်တွေ အဆင့်ဆင့်နဲ့ လုပ်ထားတဲ့ ရေကန်ဝိုင်းကြီး ဥပမာဖြင့်ရှင်းပြရလျှင် သာပြီးရှင်းလင်းစရာ ရှိပါတယ်၊ အဲဒီလို ရေကန်ဝိုင်းကြီးမှာဆိုရင် ဘယ်နေရာကမဆိုဆင်းပြီး ရေချိုးနိုင်တယ်၊ ရေခပ်နိုင်တယ် အဲဒါလိုပဲ ၃၈-ပါးသော ကမ္မဋ္ဌာန်းထဲက ဘယ်ကမ္မဋ္ဌာန်းနဲ့ဖြစ်ဖြစ် နိဗ္ဗာန်ကို ရောက်နိုင်ပါတယ်တဲ့၊ ဒါပေမယ့် သမထဈာန် ရရုံနဲ့တော့ နိဗ္ဗာန်ကို မရောက်နိုင်ဘူး၊ သမထဈာန်ကို အခြေခံပြီး ဝိပဿနာ ရှုလိုက်ရင် ရောက်နိုင်တယ်လို့ ဆိုလိုတာပါပဲ။

အရေးကြီးတာက ဝိပဿနာရှုနည်းကို သိနားလည်ထားဖို့ပါပဲ အဲဒီရှုနည်းကို သိနားလည် ထားရင်တော့ ဈာန်ရတယ် ဆိုရင် အဲဒီဈာန်မှထပြီး ဝိပဿနာ ရှုလိုက်တာနဲ့ တခဏလေး အတွင်းမှာလဲ အရိယမဂ်ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို တွေ့မြင်သွားနိုင်တယ်၊ အဲဒီလို တွေ့မြင် သွားဖူး ကြောင်းကို သမ္ပဇညပိုင်းအဖွင့် အဋ္ဌကထာများမှာ ဒီလို ပြဆိုထားတယ်။

တစ်ခါက ရဟန်းငယ်တစ်ပါးဟာ ဒန်ပူသစ်သား ကပ်ရန်အတွက် ကိုရင်တစ်ပါးကိုခေါ်ပြီး တောထဲကို သွားတယ်၊ ကိုရင်က လမ်းခွဲပြီး ရှေ့ကသွားတော့ လူသေကောင် အသုဘကို တွေ့ရတယ်၊ အဲဒီအလောင်းကို အသုဘရှုပြီး ပထမဈာန်ကို ရတယ်၊ အဲဒီပထမဈာန်ကို အခြေခံပြုပြီးတော့ မိမိသန္တာန်မှာ ဖြစ်ပေါ်နေတဲ့ ရုပ်နာမ်သင်္ခါရတွေကို ရှုမှတ်သုံးသပ်လျက် အောက်မဂ်ဖိုလ် သုံးပါး ရပြီးတော့ အရဟတ္တမဂ်ရရန် ဆက်ပြီး ရှုမှတ်နေသတဲ့၊

အဲဒီအခါ ရဟန်းငယ်က ကိုရင်ကို မတွေ့ရလို့ “ဟေ့ ကိုရင်”လို့ လှမ်းခေါ်လိုက်တယ်၊ ကိုရင်က ဘာလဲ အရှင်ဘုရားလို့ အသံပြုပြီး ရဟန်းငယ်ထံ လာတယ်၊ လာပြီးတော့ “အရှင်ဘုရား ဟောဒီ တပည့်တော်လာခဲ့တဲ့ လမ်းအတိုင်းသွားပြီး ဟိုအနားရောက်တော့ ရပ်ပြီး ရှေ့ဘက်ကို ကြည့်စမ်းပါ” လို့ ပြောတယ်၊ ရဟန်းငယ်ကလဲ ကိုရင်ပြောတဲ့အတိုင်းသွားပြီး ကိုရင်ပြောတဲ့နေရာမှာရပ်လျက် ကြည့်လိုက်တဲ့အခါမှာ အသုဘကောင်ကို တွေ့ရတော့ အဲဒီအသုဘကိုရှုပြီး ပထမဈာန်ကိုလဲ ရတယ်၊ အဲဒီဈာန် အခြေခံပြုပြီး ဝိပဿနာရှုလိုက်တော့ သုံးမဂ် သုံးဖိုလ်ကိုရပြီး အနာဂါမ်လဲ ဖြစ်သွား ပါသတဲ့၊ အဲဒီကိုရင်နဲ့ ရဟန်းငယ်ဟာ စောစောကတည်းက ရှုမှတ်နည်းကို သိနားလည် ထားပြီးဖြစ်တဲ့အတွက် အသုဘအာရုံမှာ ပထမဈာန်ကိုရလျှင်ပင် အဲဒီဈာန်မှထပြီး မိမိသန္တာန်က သင်္ခါရတရားတွေကို ဝိပဿနာရှုနိုင်တယ်၊ အဲဒီလိုရှုနိုင်တဲ့အတွက် အနာဂါမိမဂ်ဖိုလ်အထိ ရသွားကြတာပဲ၊ ဒါကြောင့် ရှုနည်းသိနားလည်ထားဖို့က အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်၊ အဲဒီအကြောင်းအရာကို ထောက်ဆပြီးတော့ ၃၈-ပါးသော ကမ္မဋ္ဌာန်းထဲမှ ဘယ်ကမ္မဋ္ဌာန်း ဖြင့်မဆို နိဗ္ဗာန်ရောက်နိုင်တယ်ဆိုတာလဲ သဘောပေါက်ဖို့ပါပဲ။ တစ်နည်းအဖွင့်အနက်ကတော့ -

သဗ္ဗတောပဘံ - အရပ်ခပ်သိမ်းတို့၌ အမြတ်အားဖြင့် ထင်ရှားရှိပေ၏-တဲ့၊ မည်သည့်အရပ် မည်သည့်ဌာနမှာမဆို နည်းလည်းမှန်စွာကျင့်ရင် အဲဒီနိဗ္ဗာန်ကို တွေ့နိုင်ရောက်နိုင်တယ်လို့ ဆိုလိုပါတယ်၊ ဒါကြောင့်-

ဝိညာဏံ - ထူးသောမဂ်ဉာဏ်ဖြင့် သိအပ်သော၊
ယံ - အကြင် အငြိမ်းဓာတ်နိဗ္ဗာန်သည်၊
အနိဒဿနံ - မြင်အပ်, မြင်ကောင်းသော သဘောမရှိပေ၊
ဝါ- ပုံတူဥပမာ မရှိပေ၊
အနန္တံ - ဖြစ်ခြင်း ပျက်ခြင်းဟူသော အစအပိုင်းအခြား အဆုံးအပိုင်း အခြားလဲ မရှိပေ၊
သဗ္ဗတောပဘံ - အညစ်အကြေး ကင်းသောကြောင့် အချင်းခပ်သိမ်း စင်ကြယ်တောက်ပလျက် ရှိ၏၊ ဝါ- (၃၈)ပါးသော ကမ္မဋ္ဌာန်းဟူသော အရပ်ခပ်သိမ်းမှ သက်ရောက်နိုင်သည့် ဆိပ်ကမ်းလဲ ရှိပေ၏၊
ဝါ- အရပ်ခပ်သိမ်းတို့၌ အမြတ်အားဖြင့် ထင်ရှားပေ၏၊
ဧတ္ထ - ဤအငြိမ်းဓာတ်နိဗ္ဗာန်၌၊
အာပေါစ - အရည်ရုပ် အစိုရုပ်သည် လည်းကောင်း၊
ပထဝီ စ - အမာခံ ပထဝီရုပ်သည် လည်းကောင်း၊
တေဇော စ - အပူငွေ့ တေဇောရုပ်သည် လည်းကောင်း၊
ဝါယော စ - တွန်းကန်လှုပ်ရှားရုပ် လေရုပ်သည် လည်းကောင်း၊
န ဂါဓတိ - မတည် မရှိပေ။

တတိယပိုင်း အစနားတုန်းက ဟောခဲ့တဲ့အတိုင်းပင် နိဗ္ဗာန်မှာ ပထဝီ အာပေါ တေဇော ဝါယောဆိုတဲ့ မဟာဘုတ်ရုပ် ဓာတ်ကြီးလေးပါး မရှိပါဘူးတဲ့၊ မဟာဘုတ်လေးပါး မရှိတော့ အဲဒီမဟာဘုတ် လေးပါးရှိမှ ဖြစ်နိုင်တဲ့ ဥပါဒါရုပ်ဆိုတဲ့ အခြားရုပ်တွေလဲ မရှိဘူး၊ အဲဒီဥပါဒါရုပ်တွေမရှိတော့ မျက်စိ နားအစရှိတဲ့ အဲဒီဥပါဒါရုပ်တွေကို မှီပြီးဖြစ်တဲ့ စိတ်စေတသိက် နာမ်တရားတွေလဲ မရှိဘူးလို့ ဆိုပါတယ်၊ နောက်ပြီးတော့ -

ဧတ္ထ - ဤနိဗ္ဗာန်၌၊
ဒီဃဉ္စ - အရှည်သည်လည်းကောင်း။
ရဿဉ္စ - အတိုသည်လည်းကောင်း၊
အဏုဉ္စ - အငယ်သည် လည်းကောင်း၊
ထူလဉ္စ - အကြီးသည်လည်းကောင်း၊
သုဘာသုဘဉ္စ - တင့်တယ်, မတင့်တယ်သော အရာသည်လည်းကောင်း၊
န ဂါဓတိ - မတည်ရှိပေ၊
ရုပ်မရှိတော့ အရှည်အတို ပုံသဏ္ဌာန်လဲမရှိ၊ အကြီး အငယ် ပုံသဏ္ဌာန်လဲမရှိ၊ လှတယ် မလှဘူးဆိုတာ လဲ မရှိပါဘူးတဲ့၊ ဒါကတော့ ရှင်းနေပါပြီ၊ နောက်ပြီးတော -

ဧတ္ထ - ဤနိဗ္ဗာန်၌၊
နာမဉ္စ - အာရုံဆီသို့ ညွတ်တတ် အာရုံကို သိတတ်သော နာမ်တရားသည် လည်းကောင်း၊
ရူပဉ္စ - ရုပ်တရားသည်လည်းကောင်း၊
အသေသံ ဥပရုဇ္ဈတိ - အကြွင်းမဲ့ ချုပ်၏။

အဲဒီနိဗ္ဗာန်မှာ နာမ်ရော ရုပ်ရော အကုန်လုံး အကြွင်းမဲ့ ချုပ်ပါတယ်တဲ့၊ ဒီစကားထဲမှာ (အသေသံ) အကြွင်းမဲ့ ချုပ်တယ်ဆိုတာကို အထူးသတိပြုရမယ်၊ သိမ်သိမ်မွေ့မွေ့ကလေးများ ကျန်ရှိနေသေး သလားလို့ တွေးတောစဉ်းစားစရာ မလိုတော့ပါဘူး၊ အကြွင်းမဲ့ ဆိုတော့ တစွန်းတစ်စမျှမကျန်ဘဲ အကုန်ချုပ်တယ် ဆိုတာ ရှင်းနေပါပြီ၊ ဘာကြောင့် ချုပ်သလဲလို့ ဆိုတော့ -

ဝိညာဏဿ - ကမ္မဝိညာဏ်, ပရိနိဗ္ဗာန် စုတိ ဝိညာဏ်၏၊
နိရောဓေန - ချုပ်ခြင်းကြောင့်၊
ဧတ္ထ - ဤ အငြိမ်းဓာတ် နိဗ္ဗာန်၌၊
ဧတံ - ဤ နာမ်ရုပ်အလုံးစုံသည်၊
နိရုဇ္ဈတိ - ပြတ်စဲ ချုပ်ကင်းလေတော့၏-တဲ့။

အကျိုးပေးတတ်တဲ့ ကံနှင့် ပူးတွဲဖြစ်တဲ့ ကမ္မဝိညာဏ်ချုပ်ခြင်း ကင်းခြင်းကြောင့်လဲ ဘဝသစ် နာမ်ရုပ်အပေါင်း ပြတ်စဲချုပ်ကင်းသွားတယ်၊ ပရိနိဗ္ဗာန် စုတိစိတ်ဆိုတဲ့ နောက်ဆုံး ဝိညာဏ် ချုပ်ခြင်းကြောင့်လဲ ပြတ်စဲချုပ်ကင်းသွားပါတယ်တဲ့၊ အရဟတ္တမဂ်၏အစွမ်းကြောင့် ဘဝသစ်ကို ဖြစ်စေနိုင်တဲ့ ကံတွေအစွမ်းကုန်သွားတယ်၊ ကံနှင့်ယှဉ်တွဲဖြစ်တဲ့ စိတ်ဝိညာဏ်ဟာလဲ ကုန်သွား တယ်၊ ဒါကြောင့် ပရိနိဗ္ဗာန်စုတိမှ နောက်ကာလ၌ ဘဝသစ် ရုပ်နာမ်တွေ မဖြစ်နိုင်တော့ဘူး၊

ဒါပေမယ့် အဲဒီ နောက်ဆုံး စုတိစိတ် ဝိညာဏ်တိုင်အောင်တော့ ရဟန္တာပုဂ္ဂိုလ်၏ သန္တာန်မှာ နာမ်ရုပ်တွေက မပြတ်ဖြစ်မြဲ ဖြစ်လျက် ရှိနေသေးတာပဲ၊ အရှင်ဗာကုလမှာဆိုရင် အနှစ်ရှစ်ဆယ် တိုင်တိုင်နာမ်ရုပ်တွေ ဖြစ်မြဲဖြစ်နေသေးတာပဲ၊ သုဒ္ဓါဝါသဘုံက ရဟန္တာများမှာဆိုရင် ကမ္ဘာပေါင်း တစ်ထောင်, နှစ်ထောင်, လေးထောင်, ရှစ်ထောင်, တစ်သောင်း ခြောက်ထောင် တိုင်အောင် အသက်တမ်းရှိသလောက် နာမ်ရုပ်တွေ မပြတ်ဖြစ်လျက် ရှိနေသေးတာပဲ၊ နောက်ဆုံး ပရိနိဗ္ဗာန် စုတိဝိညာဏ် ချုပ်သွားတဲ့အခါကျတော့မှ ဘဝသစ်နာမ်ရုပ်တွေ မဖြစ်လာတော့တဲ့အတွက် လုံးဝ ချုပ်ငြိမ်းပြတ်စဲသွားတယ်၊ ဒါကြောင့် -

ဝိညာဏဿ နိရောဓေန - ကမ္မဝိညာဏ်, ပရိနိဗ္ဗာန် စုတိဝိညာဏ်၏ ချုပ်ခြင်းကြောင့်၊
ဧတံ - ဤနာမ်ရုပ်အပေါင်းသည်၊
ဧတ္ထ - ဤအငြိမ်းဓာတ် နိဗ္ဗာန်၌၊
နိရုဇ္ဈတိ - အကြွင်းမဲ့ ချုပ်ငြိမ်း ပြတ်စဲလေတော့၏-လို့ ဟောတော်မူတယ်။

ဒီဒေသနာတော်မှာ “ဧတ္ထ - ဤနိဗ္ဗာန်၌ ချုပ်တယ်”လို့ ဆိုတာကတော့ တစ်နေ့က ဟောခဲ့တဲ့ ဣတိဝုတ်ပါဠိတော်၌ ယမှိ - ယင်းအနုပါဒိသေသ နိဗ္ဗာန်၌ ဘဝတွေ အားလုံး ချုပ်ကြတယ်”လို့ တင်စားပြီး ပြောတာမျိုးပါပဲ၊ ချုပ်ငြိမ်းခြင်းသဘောကိုပင် ချုပ်ငြိမ်းရာ အဖြစ်ဖြင့် တင်စားပြီး ဟောတော်မူတာပါပဲ၊ ဒီကေဝဋ္ဋသုတ် ဒေသနာမှာ “နာမ်ရော ရုပ်ရော နိဗ္ဗာန်မှာ အကုန်လုံး အကြွင်းမဲ့ ချုပ်တယ်”လို့ ဟောထားတဲ့အတွက် သဗ္ဗသင်္ခါရသမထော - သင်္ခါရ အားလုံး ငြိမ်းရာငြိမ်းခြင်း သဘောကို နိဗ္ဗာန် ခေါ်တယ်ဆိုတာ ထင်ရှားပေါ်သွားပါပြီ၊ နာမ်ရုပ်ဆိုတာ သင်္ခါရပဲ၊ သင်္ခါရဆိုတာလဲ နာမ်ရုပ်ပဲ၊ ဒါကြောင့် ထင်ရှား ပေါ်သွားပါပြီ၊ ဒါပေမယ့် အဲဒီကေဝဋ္ဋသုတ် ဟောတော်မူခြင်း၏ အကြောင်းကို ထုတ်ပြဖို့ လိုပါသေးတယ်၊ ဒါကြောင့် အဲဒီ အကြောင်းကို ထုတ်ပြဦးမယ်။

ကေဝဋ်ဒါယကာက လျှောက်ပုံ

▬▬▬▬▬▬▬▬▬▬

“မြတ်စွာဘုရား, ဒီနာဠန္ဒာမြို့ဟာ အလွန်သာယာ စည်ကားပါတယ်၊ မြတ်စွာဘုရား၌လဲ ကြည်ညို ပါတယ်၊ တန်ခိုးပြနိုင်တဲ့ ရဟန်းတစ်ပါးကို ၁၅-ရက်တစ်ကြိမ်ဖြစ်စေ၊ တစ်လတစ်ကြိမ်ဖြစ်စေ၊ တစ်နှစ်တစ်ကြိမ်ဖြစ်စေ၊ တန်ခိုးပြရန် ညွှန်ကြား ခန့်ထားတော်မူပါ၊ အဲဒီလို တန်ခိုးပြလျှင် တပည့်တော်တို့၏ နာဠန္ဒာမြို့သူ မြို့သားတွေဟာ အတိုင်းထက်အလွန် သဒ္ဓါကြည်ညို ဖြစ်ကြ ပါလိမ့်မယ်၊ ကုသိုလ်တရားလဲ ပွားများ လာကြပါလိမ့်မယ် ဘုရား”လို့ ကေဝဋ် ဒါယကာက မြတ်စွာဘုရားအား လျှောက်ထား တောင်းပန်ပါတယ်၊

အဲဒီတော့ မြတ်စွာဘုရားက “လူတို့အား တန်ခိုးပြကြရမယ်လို့ ရဟန်းတို့အား ဒီလိုတရားကို ငါမဟောဘူး”လို့ မိန့်တော်မူပါတယ်၊ ကေဝဋ် ဒါယကာက သူ့အမြင်အားဖြင့် အကျိုးများလိမ့်မယ်လို့ မျှော်လင့် ယုံကြည်ချက်ဖြင့် သုံးကြိမ်တိုင်တိုင် လျှောက်ထား တောင်းပန်တယ်၊ တန်ခိုးပြရင် အများအားဖြင့် ယုံကြည်ကြ ကြည်ညိုကြဖွယ် ရှိတာပါပဲ၊ ဒါပေမယ့် မြတ်စွာ ဘုရားကတော့ ဖြစ်ပေါ်လာမည့် အပြစ်ကို မြင်တော်မူတဲ့အတွက် ခွင့်မြုပခဲ့ဘူး၊ ဒါကြောင့် ပဋိဟာရိယလို့ခေါ်တဲ့ ပြာဋိဟာ ၃- မျိုးကို ထုတ်ဖော်ပြီး ဟောတော်မူပါတယ်။

ဣဒ္ဓိ (တန်ခိုး) ပြာဋိဟာ

▬▬▬▬▬▬▬▬▬

အထွေထွေ အမျိုးမျိုး တန်ခိုး ဖန်ဆင်းတာကို တန်ခိုးပြာဋိဟာ ခေါ်သည်၊ အဲဒါကို ဆိုကြရမယ်။

အထွေထွေ အမျိုးမျိုး တန်ခိုး ဖန်ဆင်းတာကို တန်ခိုးပြာဋိဟာ ခေါ်သည်။

အဲဒီလို ဖန်ဆင်းနိုင်တာဟာ ဣဒ္ဓိဝိဓ အဘိညာဏ်၏ အစွမ်းပါပဲ၊ အဲဒီ အဘိညာဏ်နှင့် ပြည့်စုံတဲ့ ပုဂ္ဂိုလ်ဟာ မိမိ တစ်ပါးတည်းကို တစ်ရာတစ်ထောင် စသည် အများဖြစ်အောင်လဲ ဖန်ဆင်းနိုင်တယ်၊ အများကို တစ်ပါးတည်း ဖြစ်အောင်လဲ ဖန်ဆင်းနိုင်တယ်၊ မြေကြီးကို ရေဖြစ်အောင် အခေါင်း ဖြစ်အောင် ဖန်ဆင်းပြီး မြေကြီးထဲလဲ ငုတ်လျှိုးသွားနိုင်တယ်၊ ကောင်းကင်လဲ ပျံသွားနိုင်တယ်၊ ရေပေါ်လဲ လမ်းလျှောက်နိုင်တယ်၊ အနီးကိုလဲ အဝေးဖြစ်အောင်၊ အဝေးကိုလဲ အနီးဖြစ်အောင် ဖန်ဆင်းနိုင်တယ်။

မြတ်စွာဘုရားဟာ အင်္ဂုလိမာလကို ဆုံးမတော်မူစဉ်က ခြေတစ်လှမ်းစာလောက်ကို ကွင်းပြင် ကျယ်ကြီး တစ်ခုဖြစ်အောင် ခဲလုံးကြီးတစ်ခုကို တောင်ပူစာ တစ်ခုလောက် ဖြစ်အောင် စသည်ဖြင့် ဖန်ဆင်းခဲ့တယ်၊ ဒါကြောင့် အင်္ဂုလိမာလဟာ ခြေတစ်လှမ်းစာလောက်ကိုပင် ပင်ပန်းကြီးစွာနှင့် အကြာကြီး ပြေးလွှားပြီး လိုက်ရတယ်၊ ခဲတစ်လုံးကိုပင် တက်လိုက်ဆင်းလိုက်နဲ့ အကြာကြီး ကျော်တက် နေရတယ်၊ မြတ်စွာဘုရားကတော့ သွားရိုးသွားစဉ်အတိုင်း မှန်မှန်ပဲ ကြွသွားနေတယ်၊ သုံးယူဇနာ ခရီးကို တစ်ဟုန်တည်းပြေးသွားနိုင်တဲ့ အင်္ဂုလိမာလဟာ ကြာတော့ ခြေကုန် လက်ပမ်းကျပြီး မောလာတယ်၊ အဲဒီတော့ သူက စဉ်းစားတယ်၊ “ခါတိုင်းဆိုရင် ဘယ်သူမှ ငါ့လက်မှ လွတ်အောင် မပြေးနိုင်ဘူး၊ ဒီရဟန်းကတော့ မှန်မှန်ပဲ သွားနေတယ်၊ ငါက တအားကုန် ပြေးလိုက်တာလဲ မမီဘူး၊ ငါလဲမောလှပြီ၊ မပြေးနိုင်တော့ဘူး၊ ရဟန်းကို အရပ်ခိုင်းမှပါပဲ”လို့ စဉ်းစားပြီးတော့ “ရပ်ပါ ရှင်ရဟန်း ကျွန်ုပ်လဲ ရပ်နေပါပြီ”လို့ လျှောက်လိုက်တယ်၊ အဲဒီတော့ မြတ်စွာဘုရားက “အင်္ဂုလိမာလ၊ ငါက ရပ်နေပြီ၊ သင်က သွားနေတုန်းပဲ”လို့ မိန့်တော် မူလိုက်တယ်။

အဲဒီစကားကိုကြားရတော့ အင်္ဂုလိမာလက ဆင်ခြင်တယ်၊ “ရဟန်းဆိုတာ မုသာဝါဒမှ ကြဉ်ရှောင် ရတယ်၊ ဒီရဟန်းကတော့ သူက သွားမြဲသွားနေပါလျက် ရပ်နေတယ်လို့ဆိုတယ်၊ ငါရပ်တန့် နေတာကိုတော့ သွားနေတယ်လို့ ဆိုတယ်၊ ဘယ်လို ရည်ရွယ်ချက်နဲ့ ပြောပါလိမ့်မလဲ”လို့ ဆင်ခြင်ပြီးတော့ အဲဒီအကြောင်းကို မေးလျှောက်တယ်၊ အဲဒီတော့ မြတ်စွာဘုရားက “သံသရာမှာ ကျင်လည်ရကြောင်းဖြစ်တဲ့ ကိလေသာ ကင်းလို့ မိမိမှာ သံသရာခရီး ရပ်တန့်နေတယ်၊ အင်္ဂုလိမာလမှာတော့ ကိလေသာတွေ ရှိနေလို့ သံသရာခရီး သွားနေတုန်းပင်ဖြစ်တယ်၊ အဲဒီ အကြောင်းအရာကို ရည်ရွယ်ပြီး မိန့်ဆိုခြင်း ဖြစ်တယ်”လို့ ဖြေလိုက်တယ်၊ ဒီတော့မှ အင်္ဂုလိမာလ ဟာ သတိတရားရပြီးတော့ လက်နက်ကိုလဲ စွန့်ပစ်လိုက်ပြီး မြတ်စွာဘုရားထံ ရဟန်း အဖြစ် တောင်းပန်တယ်၊ မြတ်စွာဘုရားက ဧဟိဘိက္ခုခေါ်ပြီး ရဟန်းပြုပေးတော်မူတယ်၊ ဒီအင်္ဂုလိမာလ ဆုံးမခန်းမှာ အနီးကို အဝေးဖြစ်အောင် ဖန်ဆင်းတော်မူပုံဟာ ဒီနေရာ၌ ပြောလိုရင်းပါပဲ။

ရာဇဂြိုဟ် မြို့နယ် သက္ကရနိဂုံးရွာကြီးက မစ္ဆရိယကောသိယ သူဌေးကို အရှင်မဟာမောဂ္ဂလာန် မထေရ်က သဒ္ဓါတရား ဖြစ်အောင် ဆုံးမပြီးနောက် အဲဒီသူဌေးနှင့် သူဌေးကတော်တို့ကို ၄၅-ယူဇနာခန့်ဝေးကွာတဲ့ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်သို့ ခေါ်ဆောင် လာတဲ့အခါမှာ သူဌေးအိမ်ပြသာဒ် လှေကားရင်း အနီးတွင် ဇေတဝန် ကျောင်းတိုက် တံခါးမုခ် တည်ရှိနေအောင် ဖန်ဆင်းပြီး ခေါ်ဆောင်လာခဲ့ပါသတဲ့၊ အဲဒါဟာ အဝေးကို အနီးဖြစ်အောင် ဖန်ဆင်းတာပါပဲ။

ဂန္ဓာရီအတတ်

▬▬▬▬▬

အဲဒီလို အထွေထွေ အမျိုးမျိုး တန်ခိုး ဖန်ဆင်းပြတာဟာ အလွန်ကြည်ညိုစရာ ကောင်းပါတယ်၊ ဒါပေမယ့် ကြည်ညိုတဲ့လူက မိမိတို့ကိုးကွယ်တဲ့ ဆရာရဟန်း၏ တန်ခိုး ဖန်ဆင်းပုံတွေကို ချီးကျူးပြီး ပြောတဲ့အခါ မယုံကြည်တဲ့ ဘာသာခြား လူက ဒီလိုချေဖျက်ပြီး ပြောစရာရှိပါတယ်တဲ့ ချေဖျက်ပြီး ပြောပုံကတော့ “ဂန္ဓာရတိုင်းက ရသေ့ တီထွင်ထားတဲ့ ဂန္ဓာရီအတတ် ဆိုတာရှိတယ်၊ အဲဒီ ဂန္ဓာရီမျက်လှည့် အတတ်ကလဲ ဒီလိုအံ့သြဖွယ်တွေဖြစ်အောင် လုပ်တတ်တယ်၊ မိတ်ဆွေတို့ ဆရာ ရဟန်းဟာ အဲဒီ ဂန္ဓာရီ မျက်လှည့်အတတ်နဲ့ ဖန်ဆင်းပြတာ ဖြစ်ပါလိမ့်မယ်”လို့ ပြောစရာရှိတယ်၊ “အဲဒီလို မပြောပေဘူးလား”လို့ မြတ်စွာဘုရားက ကေဝဋ်ဒါယကာကို မေးတော်မူပါတယ် “ပြောနိုင်ပါတယ် ဘုရား”လို့ ကေဝဋ် ဒါယကာက လျှောက်တယ်၊ အဲဒီလို အပြစ်ကို မြင်တော် မူတဲ့အတွက် တန်ခိုးပြခြင်းကို မလိုလားတဲ့ အကြောင်း မြတ်စွာဘုရားက မိန့်တော်မူပါတယ်၊

နောက်ပြီးတော့ တန်ခိုးပြခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အခြား အပြစ်တွေလဲ ရှိပါသေးတယ်၊ ဘာတွေလဲဆိုရင် ဘုန်းကြီးအောင် ရည်ရွယ်ပြီး တန်ခိုးပြလို့ ကြည်ညိုတဲ့လူတွေက လှူတဲ့ပစ္စည်းကို သုံးစွဲရင် အာဇီဝသီလ ပျက်တယ်၊ သန့်ရှင်း စင်ကြယ်တဲ့ စိတ်နဲ့ ပြတောင်မှ အဲဒီတန်ခိုးပြတာ အကြောင်းပြုပြီး လှူတဲ့ပစ္စည်းတွေကို သုံးစွဲရင် မစင်ကြယ်ဘူး၊ တန်ခိုးပြတဲ့ ပုဂ္ဂိုလ်ကိုသာ ကြည်ညိုပြီးတော့ တန်ခိုးမပြနိုင်တဲ့ ပုဂ္ဂိုလ်တွေ အထင်သေးပြီး ပြစ်မှားရင် အကုသိုလ် အပြစ်တွေလဲ ဖြစ်နိုင်တယ်၊ ရဟန္တာအစစ် ဖြစ်စေကာမူ တန်ခိုးမပြနိုင်တဲ့အတွက် အများက အထင်သေးနေကြရင် သာသနာတော် ဆုတ်ယုတ် ပျက်စီးကြောင်းလဲ ဖြစ်နိုင်တယ်၊ ဒီနေရာမှာ ထုတ်ဖော်ပြီး ပြမထား ပေမယ့် အဲဒီလို အပြစ်တွေကြောင့်လဲ မြတ်စွာဘုရားက တန်ခိုးပြခြင်းကို ခွင့်မပြုတာ ဖြစ်ပါ လိမ့်မယ်၊ အရှင်ပိဏ္ဍောလက တန်ခိုးပြပြီး စန္ဒကူးသပိတ် အလှူခံခြင်း အကြောင်းပြပြီးတော့ တန်ခိုးမပြရန် သိက္ခာပုဒ်ကိုလဲ ပညတ်ထားတော်မူခဲ့ပါတယ်။

အာဒေသနာ (အတပ်ဟော) ပြာဋိဟာ

သူတစ်ပါး၏ စိတ်အကြံကို သိပြီး ထုတ်ဖော်ပြောတာကို အတပ်ဟော ပြာဋိဟာ ခေါ်သည်၊ အဲဒါကို ဆိုကြရမယ်။

သူတစ်ပါး၏ စိတ်အကြံကို သိပြီး ထုတ်ဖော်ပြောတာကို အတပ်ဟောပြာဋိဟာ ခေါ်သည်။

သူတစ်ပါး၏ စိတ်အကြံကို အတပ်သိပြီး ပြောနိုင်တာကတော့ စေတောပရိယ အဘိညာဉ်၏ အစွမ်းဖြင့်ပြီးတယ်၊ အဲဒီ အဘိညာဉ်နှင့်ပြည့်စုံတဲ့ ပုဂ္ဂိုလ်ဟာသူတစ်ပါး၏ စိတ်ကူး ကြံစည်တာ တွေကို အဘိညာဉ်ဖြင့် ဆင်ခြင်ကြည့်လိုက်ရင် အကုန်လုံးကို သိရတယ်၊ အဲဒါဟာလဲ အံ့စရာပဲ။

ဥရုဝေလကဿပ အမှူးရှိသော ရသေ့တွေကို ဆုံးမစဉ်က အဲဒီ ရသေ့ ဆရာကြီးအား ပူဇော်တဲ့ ပွဲနေ့မှာ မြတ်စွာဘုရားက သူတို့ထံမကြွပဲ အခြားမှာ ဆွမ်းခံပြီး ဘုဉ်းပေးတော်မူတယ်၊ နောက်တစ်နေ့ကျတော့ ဥရုဝေလကဿပတို့ထံသို့ ကြွမြဲ ကြွသွားတဲ့အခါ ကဿပရသေ့ကြီးက “အရှင်ဂေါတမ ယမန်နေ့က ဘာကြောင့် ဒီကို ကြွမလာသလဲ၊ အရှင်ဂေါတမအတွက် စားဖွယ်တွေကို အသင့်ထားပြီး မျှော်နေကြပါတယ်”လို့ ပြောတဲ့အခါ မြတ်စွာဘုရားက “ကဿပ၊ ဒီကနေ့ ပူဇော်ပွဲမှာ အရှင် ဂေါတမ-က တန်ခိုးတစ်ခုပြလိုက်ရင် လူအများက အရှင်ဂေါတမကို ကြည်ညိုကုန်တော့မှာပဲ၊ ငါ့အပေါ် အကြည်ညို နည်းကုန်တော့မှာပဲ၊ ဒီကနေ့ တစ်ရက်လောက် အရှင်ဂေါတမ မလာပဲနေရင် ကောင်းမှာပဲလို့ သင့်မှာ ဒီလို စိတ်အကြံဖြစ်တယ် မဟုတ်လား”လို့ ကဿပရသေ့ကြီး၏ စိတ်ကူးကြံစည်ပုံကို ထုတ်ဖော်ပြီးမိန့်တော်မူတယ် အဲဒီအခါမှာ “အရှင်ဂေါတမဟာ သူတစ်ပါး၏ စိတ်အကြံကိုတောင် သိတယ်၊ အလွန်တန်ခိုးကြီးတာပဲ”လို့ သဒ္ဓါကြည်ညိုမှု ပွားကြပါသတဲ့၊ အဲဒါဟာ အတပ်ဟောပြာဋိဟာဖြင့် တန်ခိုးပြပြီး ဆုံးမတော်မူတာပါပဲ။

တစ်ခါက မြတ်စွာဘုရားဟာ နောက်ပါ သုနက္ခတ္တဆိုတဲ့ လိစ္ဆဝီအမျိုးသား ရဟန်းနှင့်တကွ ဥတ္တရကာဆိုတဲ့ နိဂုံးရွာကြီးမှာ ဆွမ်းခံကြွတော်မူတယ်၊ အဲဒီတုန်းက သုနက္ခတ္တရဟန်းဟာ အဝတ်မဝတ်ပဲ ခွေးလိုသွား ခွေးလိုစား ခွေးလိုအိပ်ပြီး ခွေးအကျင့်ကိုကျင့်နေတဲ့ ကောရက္ခတ္တိယကို မြင်တော့ သူကစိတ်ကူးဖြင့် ကြည်ညိုနေတယ် သုနက္ခတ္တ-ဟာ ဘဝများစွာက မိစ္ဆာအကျင့်တွေကို ကြိုက်လာခဲ့တဲ့အတွက် မိစ္ဆာအကျင့်ကို ကြည်ညိုလေ့ရှိပါတယ်၊ အဲဒီလို မကြည်ညိုသင့်ရာမှာ ကြည်ညိုနေတာကို သိတော်မူတဲ့အတွက် မြတ်စွာဘုရားက “မဂ်ဖိုလ်မမှီး အချည်းနှီး ယောက်ျား၊ သင်လို ပုဂ္ဂိုလ်ကတောင် သာကီနွယ်ဘုရား သားတော်ရဟန်းလို့ ဝန်ခံတာ အံ့စရာပဲ”လို့ သုနက္ခတ္တကို မိန့်ဆိုတော်မူပါတယ်၊ “မြတ်စွာဘုရားက တပည့်တော်ကို ဘာကြောင့် ဒီလိုဖိနှိပ်ပြီး ဆိုတော် မူရပါသလဲ”လို့ သုနက္ခတ္တက မေးလျှောက်တယ်၊ “သုနက္ခတ္တ သင်ဟာ မြေပြင်မှာ သွန်ချ ထားတဲ့ အစာကို ခွေးအကျင့်ကျင့်နေတဲ့ ကောရက္ခတ္တိယ - ကလေးဘက်ထောက်ပြီး ခွေးလိုပင် ပါးစပ်နဲ့ ဟပ်ဟပ်ပြီး စားနေတာ ကြည့်ပြီးတော့ ရဟန္တာသူတော်ကောင်းပဲလို့ သင်က ကြံစည်ပြီး ကြည်ညို နေတယ် မဟုတ်လား၊ အဲဒီလို မကြည်ညိုသင့်ရာမှာ ကြည်ညိုနေတဲ့အတွက် ငါကသင့်ကို ထိုက်တန် တဲ့ စကားဖြင့် မိန့်ဆိုတယ်”လို့ မိန့်တော်မူပါတယ်၊ အဲဒါလဲ အတပ်ဟော ပြာဋိဟာဖြင့် ဆုံးမတာပါပဲ။

အဲဒီလို သူတစ်ပါးစိတ်ကိုသိပြီး အတပ်ဟော ပြာဋိဟာဖြင့် ဆုံးမတာဟာလဲ အလွန်ပင် အံ့သြဖွယ် ကြည်ညိုဖွယ် ကောင်းပါတယ်၊ ဒါပေမယ့် အပြစ်မကင်းတဲ့အတွက် မြတ်စွာဘုရားက ဒီလို မိန့်တော်မူပြန်ပါတယ်၊ အဲဒီလို အတပ် ဟောတာကို ကြည်ညိုတဲ့ သူက ချီးမွမ်းပြောဆိုတဲ့အခါမှာ မကြည်ညိုတဲ့ ဘာသာခြား ဖြစ်သူက အဲဒါကိုချေဖျက်ပြီး ပြောစရာရှိတယ်၊ ဘယ်လိုလဲ ဆိုတော့ “မဏိကာမန္တန် ဆိုတဲ့ မှော်အတတ် ရှိတယ်အဲဒီ မန္တန်အတတ်ဖြင့် သူတစ်ပါးစိတ်ကို သိနိုင်တယ်၊ မိတ်ဆွေရဲ့ ကိုယ်တော်ဟာ အဲဒီ မဏိကာဆိုတဲ့ မန္တန်အတတ်ဖြင့် သူတစ်ပါး စိတ်ကိုသိပြီး ပြောဟောတာ ဖြစ်ပါလိမ့်မယ်”လို့ ပြောစရာရှိတယ်။ “အဲဒီလို မပြောပေဘူးလား”လို့ မြတ်စွာဘုရား က မေးတော်မူပါတယ်၊ “ပြောနိုင်ပါတယ် ဘုရား”လို့ ကေဝဋ်ဒါယကာက လျှောက်တယ်၊ အဲဒီလို အပြစ်ကို မြင်တော်မူတဲ့အတွက် အတပ်ဟော ပြာဋိဟာဖြင့် တန်ခိုးပြခြင်းကိုလဲ လိုလားတော် မမူကြောင်း မြတ်စွာဘုရားက မိန့်တော်မူပါတယ်၊

အာနုသာသနီ (ဆုံးမညွှန်ကြားမှု) ပြာဋိဟာ

ဧဝံ ဝိတက္ကေထ - ဤသို့ကြံကြလော၊
မာ ဧဝံ ဝိတက္က-ယိတ္တ - ဤသို့တော့ မကြံကြလင့်၊
ဧဝံ မနသိကရောထ - ဤသို့ နှလုံးသွင်းကြကုန်လော့၊
မာ ဧဝံ မနသာကတ္ထ - ဤသို့တော့ နှလုံးသွင်းကြလင့်၊
ဣဒံ ပဇဟထ - ဤ အကုသိုလ်ကို ပယ်ကြလော့၊
ဣဒံ ဥပသမ္ပဇဗန ဝိဟရထ - ဤကုသိုလ်ကို ပြည့်စေလျက်နေကြကုန်လော့
စသည်ဖြင့် ဆုံးမညွှန်ကြားတာကို အနုသာသနီ ပြာဋိဟာ ခေါ်တယ်၊ ဆိုကြရမယ်။

ဆုံးမညွှန်ကြားတာကို အနုသာသနီပြာဋိဟာ ခေါ်သည်။

ဒီအနုသာသနီ ပြာဋိဟာကတော့ အပြစ်လဲ ကင်းတယ်၊ လိုက်နာပြီး ကျင့်ကြံရင် အရဟတ္တ မဂ်ဖိုလ်တိုင်အောင် သီလ သမာဓိ ပညာ အားလုံးပြည့်စုံသွားနိုင်တယ်၊ ဒါကြောင့် မြတ်စွာဘုရားက ဒီဆုံးမညွှန်ကြားမှု ပြာဋိဟာကိုသာလျှင် ချီးမွမ်းတော်မူတယ်။

တန်ခိုး ဣဒ္ဓိပါဒ်ဘက်က ဘယ်လောက်ပင် ကြီးနေစေကာမူ တန်ခိုးသက်သက်နဲ့တော့ ကိလေသာ ငြိမ်းစေခြင်း ကိစ္စကို မပြီးစေနိုင်ဘူး၊ အဲဒီအကြောင်းကိုလဲ သိရအောင် မြတ်စွာဘုရားက ဘူတရုပ် ငြိမ်းရာကို ရှာတဲ့ ရဟန်းတစ်ပါးအကြောင်းကို ဒီလို ပြတော်မူပါတယ်။

ဘုတ်ငြိမ်းရာ ရှာတဲ့ ရဟန်း

တခါကရဟန်းတစ်ပါးမှာ “မဟာဘုတ်လေးပါးဟာ ဘယ်မှာ အကြွင်းမဲ့ ချုပ်ငြိမ်းပါလိမ့်မလဲ”လို့ စိတ်အကြံ ဖြစ်ပါသတဲ့၊ အဲဒီရဟန်းက ဈာန်အဘိညာဉ် တန်ခိုးနှင့်လဲ ပြည့်စုံတဲ့အတွက် ဣဒ္ဓိဝိဓ အဘိညာဉ် တန်ခိုးဖြင့် စတုမဟာရာဇ် နတ်မင်းကြီးများထဲ သွားရောက်ပြီးတော့ “မဟာဘုတ် လေးပါးဟာ ဘယ်မှာ အကြွင်းမဲ့ ချုပ်ငြိမ်းပါသလဲ”လို့ မေးတယ်၊အဲဒီတော့ စတုမဟာရာဇ် နတ်မင်းကြီးတွေက “ကျွန်ုပ်တို့လဲမသိဘူး၊ ကျွန်ုပ်တို့ထက် ဘုန်းတန်ခိုးကြီးတဲ့ တာဝတိံသာနတ် တွေကို မေးပါလေ”လို့ ပြောလိုက်ကြတယ်။

အဲဒီရဟန်းက အဘိညာဉ်တန်ခိုးဖြင့် တာဝတိံသာနတ်တွေထံ သွားရောက်ပြီးတော့ မေးပြန်တယ်၊ အဲဒီနတ်တွေကလဲ “ကျွန်ုပ်တို့တော့ မသိဘူး၊ သိကြားမင်းထံ မေးပါလေ”လို့ ပြောလိုက်ကြတယ်၊ သိကြားမင်းထံ သွားမေးတော့လဲ “ကျွန်ုပ်တော့ မသိဘူး၊ ယာမာနတ်တွေကို မေးပါလေ”လို့ ပြောလိုက်တယ်၊ ဒီနည်းဖြင့် တုသိတာ နိမ္မာနရတိ ပရနိမ္မိတဝသဝတ္ထီနတ်တွေထံ မေးပါလေလို့ အဆင့်ဆင့် ညွှန်ကြားလိုက်ကြတယ်၊ ပရနိမ္မိတဝသဝတ္ထီနတ်တွေထံ သွားမေးတော့လဲ “ကျွန်ုပ်တို့ မသိဘူး၊ ဗြဟ္မာတွေထံ မေးပါလေ”လို့ ညွှန်ကြားလိုက်တယ်၊ ဗြဟ္မာတွေကလဲ ဗြဟ္မာမင်းကြီးထံ မေးဖို့ ညွှန်ကြားလိုက်တယ်။

မဟာဗြဟ္မာကြီးထံ တန်ခိုးဖြင့်သွားရောက်ပြီး မေးတဲ့အခါကျတော့ မဟာဗြဟ္မာမင်းကြီးက သူလဲ မသိဘူး၊ အခြား ဗြဟ္မာတွေရှေ့မှာ မသိဘူးလို့ပြောရင်လဲ အခြားဗြဟ္မာတွေက သူ့အပေါ်အထင်ကြီးမှု လျော့ပါးသွားမှာ စိုးတာနဲ့ မသိဘူးလို့ မပြောသေးပဲ သူဟာ အကြီးဆုံး ဗြဟ္မာမင်းကြီး ဖြစ်တဲ့ အကြောင်းကို ဒီလိုပြောနေပါသတဲ့။

အဟမသ္မိ ဘိက္ခု ဗြဟ္မာ မဟာ ဗြဟ္မာ - အရှင်ရဟန်း၊ ကျွန်ုပ်ဟာ မဟာဗြဟ္မာကြီးဖြစ်ပါတယ်၊
အဘိဘူ အနဘိဘူတော - ကျွန်ုပ်ကသာ အခြားသူတို့ကို အရောင် အဝါစသည်ဖြင့် လွှမ်းမိုး သာလွန်ပါတယ်၊ အခြားသူတို့က ကျွန်ုပ်ကို မလွှမ်းမိုးနိုင်ပါ၊
အညဒတ္ထုဒသော - စင်စစ်မြင်နိုင်ပါတယ်၊
ဝသဝတ္ထီ - မိမိ အလိုအတိုင်း ဖြစ်စေနိုင်ပါတယ်၊
ဣဿရော - လောကကို အစိုးရသူဖြစ်ပါတယ်၊
ကတ္တာနိမ္မာတာ - ကမ္ဘာနှင့်သတ္တဝါတွေကို ပြုလုပ်ဖန်ဆင်းသူဖြစ်ပါတယ်၊
သေဋ္ဌော - အမြတ်ဆုံးဖြစ်ပါတယ်၊
သဇိတာ - စီရင်ဖန်ဆင်းသူဖြစ်ပါတယ်၊
ဝသီ - မိမိအလိုအတိုင်း ဖြစ်နိုင်ပါတယ်၊
ပိတာ ဘူတဘဗျာနံ - ဖြစ်ပြီး ဖြစ်ဆဲ သတ္တဝါတို့၏ ဖခင်ကြီးဖြစ်ပါတယ်-လို့ ပြောနေပါသတဲ့။

အဲဒီဗြဟ္မာကြီး၏ပြောပုံဟာ လိုရင်း အတိုချုပ်အားဖြင့် “အခြားဗြဟ္မာတွေရော နတ်တွေလူတွေရော အားလုံးသတ္တဝါတွေဟာ သူ့အလိုအတိုင်း ဖြစ်ကြရတယ်၊ သူက ဖန်ဆင်းတယ်၊ သူက အားလုံးကို အစိုးရတယ်”လို့ ဆိုတာပါပဲ၊ အဲဒီလို ထင်မြင်ပြောဆိုခြင်း၏ အကြောင်းကတော့ ကမ္ဘာဦးကာလက အဲဒီဗြဟ္မာ့ဘုံမှာ သူက အလျင်ဆုံးဖြစ်တယ်၊ တစ်ယောက်တည်း နေရတာ ကြာလာတော့ ပျင်းလာတယ်၊ “အခြား ဗြဟ္မာအဖော်တွေလဲရှိရင် ကောင်းမှာပဲ”လို့ ကြံစည်တယ်၊ အဲဒီအခါမှာ လူ့ပြည်ကဈာန်ရပြီး စုတေသွားကြတဲ့သူတွေက သူတို့၏ ဈာန်ကုသိုလ်ကံကြောင့် အဲဒီဘုံမှာ ဖြစ်ကြတယ်၊

နောက်မှဖြစ်လာတဲ့ အဲဒီဗြဟ္မာတွေက ပထမဗြဟ္မာကြီးလောက် တန်ခိုးလဲမကြီးဘူး၊ အဆင်းစသည်လဲ မကောင်းမြတ်ဘူး၊ အဲဒီတော့ ပထမဗြဟ္မာကြီးက “သူအလိုရှိလို့ ကြံနေစဉ်မှာ ဖြစ်လာကြတဲ့အတွက် အဲဒီဗြဟ္မာအသစ်တွေဟာ သူ့အလိုကြောင့်ဖြစ်ရတယ်၊ သူက ဖန်ဆင်းလို့ ဖြစ်တယ်”လို့ ထင်တယ်၊ အဲဒီထင်မြင်ချက်အတိုင်း သူကပြောတယ် ဗြဟ္မာအသစ်တွေလဲ သူပြောတဲ့အတိုင်း ဟုတ်တယ်လို့ ထင်မြင် ယုံကြည်ကြတယ်၊ ဒါကြောင့် ဗြဟ္မာကြီးက “သတ္တဝါတွေကို သူက ဖန်ဆင်းတယ်”လို့ ပြောတာ-တဲ့၊ အဲဒီလိုပြောတာကို ယုံကြည်တဲ့ ဗြဟ္မာ အသစ်တွေထဲမှ စုတေပြီး လူ့လောကရောက်လာတဲ့ သူကလဲ “သတ္တဝါတွေကို ဗြဟ္မာကြီးက ဖန်ဆင်းတယ်၊ ဖန်ဆင်းထားတဲ့ သတ္တဝါတွေကတော့ သေရတယ်၊ ဖန်ဆင်းတဲ့ ဗြဟ္မာကြီးကတော့ မသေဘူး အမြဲတည်ရှိနေတယ်”လို့ ပြောဟောတယ်၊ အဲဒီလို ပြောဟောရာကစပြီး “လောကကို တန်ခိုးရှင်ကြီးက ဖန်ဆင်းတယ်”ဆိုတဲ့ အယူဝါဒ ဖြစ်လာကြောင်း ဗြဟ္မဇာလသုတ် စသည်မှာ ဟောတော်မူပါတယ်။

ဗြဟ္မာကြီးက မေးတာကို မပြောပဲ အလွဲ ပြောနေတော့ မေးရတဲ့ရဟန်းက ဒီလို ရှင်းပြီး ပြောတယ်၊ “အရှင်ဗြဟ္မာကြီး၊ ကျွန်ုပ်က ဗြဟ္မာမင်းကြီး ဟုတ်, မဟုတ် မေးတာမဟုတ်ပါဘူး၊ မဟာဘုတ် လေးပါးငြိမ်းရာ အရပ်ကို မေးတာပါ”လို့ ရှင်းပြီး ပြောတယ်။

ဒါပေမယ့် ဗြဟ္မာကြီးကတော့ မူလကအတိုင်းပဲ ထပ်ပြီးပြောပြန်တယ်၊ ရဟန်းကတစ်ဖန် ထပ်ပြီးရှင်းပြတယ်၊ ဗြဟ္မာကြီးက ပြောနေကျ အတိုင်း ပြောပြန်တယ်၊ အဲဒီလို ပြောပြီးတော့ ရဟန်းကို အခြားဗြဟ္မာတွေ မရှိရာ ခေါ်ဆောင်သွားတယ်၊ အဲဒီနေရာကျတော့မှ သူ့အကြောင်းမှန်ကို ဖွင့်ပြီးပြောတယ်၊

“အရှင်ရဟန်း အခြားဗြဟ္မာတွေက ကျွန်ုပ်ကို အလုံးစုံ သိမြင်တယ်၊ မသိမမြင်တာ မရှိဘူးလို့ ထင်နေကြပါတယ်၊ ဒါကြောင့် သူတို့ ရှေ့မှာ မပြောခဲ့တာပါ၊ မဟာဘုတ်လေးပါး ချုပ်ငြိမ်းရာကို ကျွန်ုပ်လဲ မသိဘူး၊ အရှင်ရဟန်းဟာ မြတ်စွာဘုရားကို မမေးပဲ အပြင်ထွက်ပြီးတော့ ဒီပြဿနာ၏ အဖြေကို ရှာတာဟာ သင့်အပြစ်ပဲ၊ သင့် ချွတ်ယွင်းချက်ပဲ၊ မြတ်စွာဘုရားကိုသာ မေးပါလေ”လို့ ပြောလိုက်သတဲ့။

အဲဒီတော့မှ အဲဒီရဟန်းဟာ မြတ်စွာဘုရားထံ လာရောက်ပြီးတော့ မြတ်စွာဘုရား ကို ရိုသေစွာ ရှိခိုးပြီး ဒီလိုမေး လျှောက်ပါသတဲ့။

ကတ္ထ နု ခေါ ဘန္တေ ဣမေ စတ္တာရော မဟာဘူတာ အပရိသေသ နိရုဇ္ဈန္တိ။

ဘန္တေ - မြတ်စွာဘုရား၊
ဣမေ စတ္တာရော မဟာဘူတာ - ဤလေးပါးသော မဟာဘုတ်ရုပ်တို့သည်၊
ကတ္ထ - အဘယ် အရပ်၌၊
အပရိသေသာ - အကြွင်း အကျန် မရှိကုန်ပဲ၊
နိရုဇ္ဈန္တိ နုခေါ - ချုပ်ငြိမ်းကြပါကုန်သနည်း အရှင်ဘုရားလို့ မေးလျှောက်ပါတယ်။

အဲဒီတော့ မြတ်စွာဘုရားက ပင်လယ်ကူး သင်္ဘောမှ လွှတ်လိုက်တဲ့ ငှက်ဟာ အရပ်ရှစ်မျက်နှာနှင့် အထက်အရပ်များသို့ ပျံ့သွားပြီး ကမ်းခြေကို လိုက်ရှာတယ်၊ ကမ်းခြေကို မတွေ့ရတော့ နောက်ဆုံးမှာ သင်္ဘောသို့ပဲ ပြန်လာရတယ်၊ အဲဒီလိုပဲ သင် ရဟန်းဟာ ဗြဟ္မာ့ပြည်တိုင်အောင် မေးမြန်းခဲ့ပြီး အဖြေမရတာနဲ့ နောက်ဆုံးကျတော့ ငါ့ထံကိုပဲရောက်လာရတယ်လို့ မိန့်တော် မူပြီးတော့ “ဤလေးပါးသော မဟာဘုတ်ရုပ်တို့ဟာ ဘယ်အရပ်မှာ အကြွင်းမဲ့ ချုပ်ငြိမ်းကြ ပါသလဲ”လို့ သာမညအားဖြင့် မမေးရဘူး၊ အဲဒီလို သာမညအားဖြင့်မေးရင် သတ္တဝါ၏သန္တာန်မှ အပြင်ပ မဟာဘုတ်တွေ၏ ချုပ်ငြိမ်းရာဌာနကိုလဲ မေးရာ ရောက်တယ်၊ အဲဒီအပြင်ပ မဟာဘုတ် တွေ၏ ချုပ်ငြိမ်းရာကတော့ မရှိဘူး၊ ဒါကြောင့် အဲဒီလိုမေးရင် ဖြေလို့မဖြစ်ဘူး၊ ဒါကြောင့် -

ကတ္ထ အာပေါ စ ပထဝီ၊
တေဇော ဝါယော န ဂါဓတိ၊
ကတ္ထ ဒီဃဉ္စ၊ ရဿဉ္စ အဏုံ ထူလံ သုဘာသုဘံ၊
ကတ္ထ နာမဉ္စ၊ ရူပဉ္စ အသေသံ ဥပရုဇ္ဈတိ

အာပေါ စ - အရည်ရုပ် အစိုရုပ် အာပေါဓာတ်သည်လည်းကောင်း၊
ပထဝီ စ - အမာခံရုပ် ပထဝီဓာတ်သည်လည်းကောင်း၊
တေဇော စ - အပူငွေ့ရုပ် တေဇောဓာတ်သည်လည်းကောင်း၊
ဝါယော စ - တွန်းကန် လှုပ်ရှားရုပ် ဝါယောဓာတ်သည် လည်းကောင်း
ကတ္ထ - အဘယ်အရပ်၌၊
န ဂါဓတိ - မတည်ရှိပဲ ပြတ်စဲပါသနည်း၊
ဒီဃဉ္စ - အရှည်သည် လည်းကောင်း၊
ရဿဉ္စ - အတိုသည်လည်းကောင်း၊
အဏုံ ထူလံ စ - အငယ်သည်လည်းကောင်း၊ အကြီးသည် လည်းကောင်း၊
သုဘာသုဘံ စ - တင့်တယ် မတင့်တယ်သောအရာသည် လည်းကောင်း၊
ကတ္ထ - အဘယ်အရပ်၌၊
နဂါဓတိ - မတည်ရှိပဲ ပြတ်စဲပါသနည်း၊
နာမဉ္စ - နာမ်သည် လည်းကောင်း၊
ရူပဉ္စ - ရုပ်သည်လည်းကောင်း၊
ကတ္ထ - အဘယ်အရပ်၌
အသေသံ - အကြွင်းမဲ့၊
ဥပရုဇ္ဈတိ - ချုပ်ငြိမ်းပါသနည်း”
လို့ ဒီလိုမေးရမယ်လို့ မေးပုံကို ပြင်ပေးတော်မူပါတယ်။

အဲဒီလိုမေးရင်တော့ ဒီလိုအဖြေ ထွက်လာတယ်လို့ မိန့်တော်မူပြီးတော့ အောက်ပါအတိုင်း ဖြေကြား တော်မူပါတယ်။

ဝိညာဏံ အနိဒဿနံ၊ အနန္တံ သဗ္ဗတောပဘံ။
ဧတ္ထ အာပေါ စ ပထဝီ၊ တေဇော ဝါယော န ဂါဓတိ။
ဧတ္ထ ဒီဃဉ္စ ရဿဉ္စ၊ အဏုံ ထူလံ သုဘာသုဘံ။
ဧတ္ထ နာမဉ္စ ရူပဉ္စ၊ အသေသံ ဥပရုဇ္ဈတိ။
ဝိညာဏဿ နိရောဓေန၊ ဧတ္ထေတံ ဥပရုဇ္ဈတိ။

ဒီဂါထာတွေ အနက်ကတော့ ရှေးစာမျက်နှာ ၂၈၁-စသည်မှာ ပြခဲ့ပါပြီ ဆိုလိုရင်းကတော့ မေးခွန်းထဲမှာ ရုပ်နာမ်ချုပ်ရာကို မေးတဲ့အတွက် သတ္တဝါသန္တာန်က ရုပ်နာမ် ချုပ်ရာကို မေးကြောင်း ထင်ရှားပါတယ်၊ ဒါကြောင့် သတ္တဝါသန္တာန်က ရုပ်နာမ်အားလုံး ချုပ်ရာနိဗ္ဗာန်ကို ဖြေကြားလိုက်ခြင်း ပါပဲ၊ ဓာတ်လေးပါးနှင့်တကွ ရုပ်အားလုံးရော နာမ်အားလုံးရော (ဝိညဏ, အနိဒဿန, အနန္တ, သဗ္ဗတောပဘ မည်သော) နိဗ္ဗာန်၌ အကြွင်းမဲ့ ချုပ်ငြိမ်း ပြတ်စဲသွားကြတယ်၊ အဲဒီလို ချုပ်ငြိမ်းခြင်း၏ အကြောင်းကတော့ အရဟတ္တမဂ်၏ အစွမ်းဖြင့် ကိလေသာ ကုန်ခန်း၍ အကျိုးပေးနိုင်သည့် ကံစွမ်း မရှိတော့သဖြင့် ကမ္မဝိညာဏ် ချုပ်ငြိမ်း ကင်းရှင်းသွားခြင်းနှင့် နောက်ဆုံး စုတိစိတ် ချုပ်ငြိမ်း ပြတ်စဲသွားခြင်း ဆိုတဲ့ အဲဒီအကြောင်း ၂-ပါးကြောင့် နာမ်ရုပ် အားလုံး အကြွင်းမဲ့ ချုပ်ငြိမ်း ပြတ်စဲ သွားကြတယ်လို့ ဆိုလိုပါတယ်။

ဒီကနေ့ဟောလာတဲ့ နိဗ္ဗာန်ဆိုင်ရာ တရားကတော့ “ဝါနမည်သော တဏှာမှ ထွက်မြောက်တာ, တဏှာကင်းတာ, တဏှာက မကြိုက်တာဟာ နိဗ္ဗာန်ပဲ-ဆိုတာက အရင်းခံပြီးတော့ တဏှာက နိဗ္ဗာန်ရောက်ကြောင်း တရားကိုတောင် မကြိုက်ကြောင်း မောင်ကာလ ဝတ္ထုဖြင့် ပြောခဲ့တယ်၊ အဲဒီမှာ မောင်ကာလ ရသွားတဲ့ သောတာပတ္တိဖိုလ်ဟာ စကြဝတေးမင်းအဖြစ် နတ်အဖြစ် ဗြဟ္မာမင်းကြီး အဖြစ်များထက် မြင့်မြတ်ကြောင်း၊ အဲဒီလို မြင့်မြတ်တာကလဲ နိဗ္ဗာန်ရောက်ဖို့ရာ သေချာနေတဲ့ အတွက် စသည်ကြောင့် ဖြစ်ကြောင်းများကိုလဲ ဟောခဲ့တယ်၊ အဲဒီကနောက် နိရောဓသစ္စာ ဆိုတဲ့ နိဗ္ဗာန်ကို ဝေဖန်ဖွင့်ပြတဲ့ သုတ်များကိုလဲ ထုတ်ပြီး ဟောခဲ့တယ်၊ အဲဒီသုတ် တွေထဲက သဗ္ဗသင်္ခါရသမထော - သင်္ခါရ အားလုံး ချုပ်ငြိမ်းရာ ချုပ်ငြိမ်းခြင်း သဘောနှင့် စပ်လျဉ်း၍ ကေဝဋ္ဋသုတ်ကို ထုတ်ဟောခဲ့တယ်။ ဒီနောက်ဆုံး ကေဝဋ္ဋသုတ်မှာ နာမ်ရုပ်အားလုံး အကြွင်းမဲ့ ချုပ်တယ်ဆိုတာနဲ့ သင်္ခါရအားလုံး ငြိမ်းတယ်ဆိုတာ အတူတူပါပဲ၊ ဒါကြောင့် သိစရာတွေ ပြည့်စုံ သွားပါပြီ၊ ဒီကနေ့ ဒီတွင်ပဲ တရားသိမ်းကြစို့။

နိဂုံးချုပ် တရားသိမ်း ပတ္ထနာ

နိဗ္ဗာနပဋိသံယုတ္တကထာခေါ် နိဗ္ဗာန်ဆိုင်ရာ တရားတော်ကို ရိုသေစွာ နာယူ မှတ်သားကြရသော ဓမ္မသဝန ကုသိုလ်ကံ စေတနာတို့၏ အစွမ်းအာနုဘော်ကြောင့် “သင်္ခါရပဋိက္ခေပေန - သင်္ခါရတို့ကို ပယ်သဖြင့်၊ နိဗ္ဗာနံ ဒဿိတံ - နိဗ္ဗာန်ကို ပြအပ်သည် ဟူသော အဋ္ဌကထာနှင့်အညီ ရုပ်နာမ် သင်္ခါရအားလုံး ချုပ်ငြိမ်းကင်းဆိတ်ရာဖြစ်သဖြင့် ဝါနမည်သော တဏှာမှထွက် မြောက်ရာ တဏှာကင်းရာဖြစ်သော နိဗ္ဗာန် တရားတော်မြတ်ကို မိမိတို့ အလိုရှိအပ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ် တို့ဖြင့် လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေ။

သာဓု သာဓု သာဓု

နိဗ္ဗာနပဋိသံယုတ္တကထာ
နိဗ္ဗာန်ဆိုင်ရာ တရားတော် ပဉ္စမပိုင်း ပြီး၏။

နိဗ္ဗာန ပဋိသံယုတ္တ ကထာ
နိဗ္ဗာန် ဆိုင်ရာ တရားတော် (ဆဋ္ဌမပိုင်း)

(၁၃၂၆-ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ ဟောသည်)

တရား အနုသန္ဓေ

နိဗ္ဗာန်အကြောင်း ဟောခဲ့တာ ၅-ကြိမ်ရှိပြီ၊ တော်တော် စုံသွားပါပြီ၊ ဒီကနေ့တော့ သီတင်းကျွတ် လပြည့်နေ့ဖြစ်တဲ့ အတွက် တရားနာပရိသတ်က အများစု အစုံဖြစ်နေတယ်၊ ဒါကြောင့် နိဗ္ဗာန် အကြောင်းက နည်းနည်းနဲ့ အများစု နားလည်လွယ်တဲ့ တရားက များများ ဟောရမယ်၊ မိထွေးတော် ဂေါတမီ ပရိနိဗ္ဗာန်စံခန်း တရားဟာ အများလဲ နားလည်လွယ်တယ်၊ နိဗ္ဗာန်နဲ့လဲ စပ်ဆိုင်တယ်၊ ဒါကြောင့် အဲဒီ မိထွေးတော်ဂေါတမီ ပရိနိဗ္ဗာန် စံခန်းကို များများ ဟောရမယ်။

ယခု ဟောလာခဲ့တဲ့ တရားများဖြင့် နိဗ္ဗာန်ဆိုတာ ကိလေသာ, ကံ, ဝိပါက် ခန္ဓာဆိုတဲ့ ဆင်းရဲတွေ ငြိမ်းခြင်း သဘောပဲ ဆိုတာ နားလည်လောက်ပါပြီ၊ အဲဒီလို နားလည်တော့ ဘာမျှမရှိတဲ့ ဟာပဲလို့ တချို့က ထင်ကောင်း ထင်ကြပေလိမ့်မယ်၊ ဘာမျှမရှိတာတော့ မဟုတ်ဘူး၊ အဲဒီ ကိလေသာ, ကံ, ဝိပါက်ခန္ဓာတွေရဲ့ ငြိမ်းခြင်း ဆိုတာကတော့ တကယ်ရှိနေတာပဲ၊ အကယ်၍ ငြိမ်းခြင်းသဘောမရှိရင် အဲဒီ ကိလေသာတွေ, ကံတွေ, ဝိပါက်ခန္ဓာတွေ မငြိမ်းဘဲ ရှိမြဲရှိ, ဖြစ်မြဲ ဖြစ်နေမှာပဲ၊ အဲဒီလိုဆိုရင် ဘယ်သူမှ သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး၊ အမှန်အားဖြင့်တော့ မဇ္ဈိမပဋိပဒါ အကျင့်ကို ပြည့်စုံစွာကျင့်ရင် အဲဒီကျင့်သူ၏သန္တာန်မှာ အရဟတ္တမဂ်ဉာဏ်၏ အစွမ်းကြောင့် ကိလေသာတွေ ကံဟောင်းတွေ မဖြစ်နိုင်တော့ဘဲ လုံးဝချုပ်ငြိမ်း ကင်းပြတ်သွားတယ်။

ကိလေသာကင်းတော့ ကံဟောင်းတွေကလဲ ဘဝသစ်အကျိုးကို မပေးနိုင်တော့ဘူး၊ အကျိုးပေး တတ်တဲ့ ကံသစ်လဲ မဖြစ်တော့ဘူး၊ ဒါကြောင့် ရဟန္တာပုဂ္ဂိုလ်၏ ပရိနိဗ္ဗာန် စုတိစိတ်ခေါ်တဲ့ နောက်ဆုံးစိတ် ချုပ်သွားတဲ့အခါ ဘဝသစ် ရုပ်နာမ်ခန္ဓာတွေ မဖြစ်လာတော့ပဲ ငြိမ်းသွားတယ်၊ အဲဒါဟာ အငြိမ်းဓာတ်သဘော တကယ်ရှိနေလို့ပါပဲ၊ ဥပမာအားဖြင့် မပျောက်နိုင်တဲ့ ကင်ဆာ ရောဂါလို အနာမျိုးကို ဘယ်လိုပင် ဆေးကုသော်လဲ မပျောက်ဘူး၊ ဘာကြောင့်လဲ? ပျောက်ခြင်း သဘော ပျောက်နိုင်ခြင်းသဘော မရှိလို့ပါပဲ၊ အခြား အနာရောဂါတွေကိုတော့ သင့်တော်တဲ့ ဆေးဖြင့် ကုစားလိုက်ရင် ပျောက်သွားတယ်၊ ဘာကြောင့်လဲ? ပျောက်ခြင်းသဘော ပျောက်နိုင်ခြင်း သဘော ရှိနေလို့ပါပဲ၊ အဲဒါလိုပဲ ကိလေသာ အစရှိသော ဆင်းရဲတွေ၏ ချုပ်ငြိမ်းခြင်းသဘောက ရှိနေ သောကြောင့် အဲဒီဆင်းရဲတွေ ချုပ်ငြိမ်းသွားကြတာပါပဲ၊ အဲဒီအကြောင်းကို မြတ်စွာဘုရားက ဒီလို ဟောတော်မူခဲ့ပါတယ်။

အငြိမ်းဓာတ်ရှိ၍ ငြိမ်းသည်

အတ္ထိ ဘိက္ခဝေ အဇာတံ အဘူတံ အကထံ အသင်္ခတံ၊ နော စေတံ ဘိက္ခဝေ အဘဝိဿ အဇာတံ အဘူတံ အကတံ အသင်္ခတံ၊ နယိဓ ဇာတဿ ဘူတဿ ကတဿ သင်္ခတဿ နိဿရဏံ ပညာယေထ၊ ယသ္မာ စ ခေါ ဘိက္ခဝေ အတ္ထိ အဇာတံ အဘူတံ အကတံ အသင်္ခတံ၊ တသ္မာ ဇာတဿ ဘူတဿ ကတဿ သင်္ခတဿ နိဿရဏံ ပညာယတိ။

ဘိက္ခဝေ - ရဟန်းတို့၊
အဇာတံ အဘူတံ - မဖြစ်ပေါ်သော၊
ဝါ- ဖြစ်ပေါ်ခြင်း မရှိသော၊
(နိဗ္ဗာန် အငြိမ်းဓာတ်ဆိုတာ ကိလေသာ ကံ ရုပ် နာမ် ခန္ဓာတွေ မဖြစ်ပေါ်လာတော့ပဲ ငြိမ်းခြင်း သဘောမျှပဲ၊ ငြိမ်းခြင်း သဘောဆိုတော့ ဖြစ်ပေါ်လာတာ မဟုတ်ဘူး၊ ဖြစ်ခြင်းသဘော မရှိဘူး၊ ဒါကြောင့် အဇာတံ အဘူတံ-လို့ ဆိုပါတယ်၊ အဲဒီနှစ်ပုဒ်ဟာ ပါဠိမှာ ကွဲနေပေမယ့် ဗမာမှာတော့ မဖြစ်ဘူးလို့ တစ်မျိုးတည်းပဲ ဝေါဟာရရှိတယ်၊ ဒါကြောင့်)
အဇာတံ အဘူတံ - မဖြစ်ပေါ်သော၊
ဝါ - ဖြစ်ပေါ်ခြင်း မရှိသော၊
အကတံ - အကြောင်း တစ်ခုခုက ပြုအပ်သည် မဟုတ်သော၊
အသင်္ခတံ - အကြောင်းများစွာ ညီညွတ်၍ ပြုအပ်သည်လည်း မဟုတ်သော၊ အငြိမ်းဓာတ် သဘောသည်၊
အတ္ထိ - ရှိပေ၏။

(နိဗ္ဗာန်မှ တစ်ပါးသော ပရမတ် ရုပ်နာမ် တရားဆိုရင် ဆိုင်ရာ အကြောင်းများစွာ ညီညွတ်မှ ဖြစ်တယ်၊ အကြောင်းများစွာက ပေါင်းစုပြီး ပြုအပ်တဲ့ သင်္ခတတရားလို့ ခေါ်ရတယ်၊ ဒီအငြိမ်းဓာတ် ကတော့ အဲဒီ သင်္ခတတရား မဟုတ်ဘူး။ အသင်္ခတတရားပဲ၊ အဲဒီအငြိမ်းဓာတ် အသင်္ခတတရားဟာ တကယ်ပင်ရှိပါတယ်-တဲ့၊ ဘာကြောင့်ရှိကြောင်း သိရပါသလဲဆိုတော့)

ဘိက္ခဝေ - ရဟန်းတို့၊
အဇာတံ အဘူတံ - မဖြစ်ပေါ်သော၊
ဝါ- ဖြစ်ပေါ်ခြင်း မရှိသော၊
အကတံ - အကြောင်းတစ်ခုခုက ပြုအပ်သည် မဟုတ်သော၊
အသင်္ခတံ - အကြောင်းများစွာတို့က ပေါင်းစု၍ ပြုအပ်သည်လည်း မဟုတ်သော၊
ဧတံ - ဤအငြိမ်းဓာတ် နိဗ္ဗာန်သည်၊
နော စေ အဘဝိဿ - အကယ်၍ မရှိငြားအံ့၊
ဧဝံ - ဤသို့ မရှိပါမူ၊
ဣဓ - ဤလောက၌၊
ဇာတဿ ဘူတဿ - ဖြစ်ပေါ်သော၊
ဝါ- ဖြစ်ပေါ်ခြင်း ရှိသော၊
ကတဿ - ဆိုင်ရာအကြောင်းက ပြုအပ်သော၊
သင်္ခတဿ - ဆိုင်ရာ အကြောင်းများစွာတို့က ပေါင်းစု၍ ပြုအပ်သော ရုပ်နာမ်တရားအပေါင်း၏၊
နိဿရဏံ - ထွက်သွားခြင်း ကုန်ခန်း ကင်းငြိမ်းခြင်းသည်၊
န ပညာယေထ - မထင်လေရာ၊
ဝါ- မရှိလေရာ။

(အကယ်၍ ဥပါဒ်အားဖြင့် ဖြစ်ပေါ်ခြင်း မရှိတဲ့ နိဗ္ဗာန် အငြိမ်းဓာတ် မရှိပါမူ ဇာတ ဘူတ ကတဖြစ်သော သင်္ခတ တရားအပေါင်းဟာ သတ္တဝါ၏ သန္တာန် အနေအားဖြင့် ဖြစ်မြဲဖြစ်လျက်သာ ရှိရာသည် ရဟန္တာ၏ စုတိနောက်၌လဲ ဖြစ်မြဲဖြစ် လျက်သာ ရှိရာသည်၊ ကုန်ဆုံးပြတ်စဲခြင်း၊ ချုပ်ငြိမ်းခြင်း မည်သည် မရှိလေရာသို့ ဆိုလိုပါတယ်။)

- သို့သော်လည်း၊
ဘိက္ခဝေ - ရဟန်းတို့။
ယသ္မာ - အကြင်ကြောင့်၊
အဇာတံ အဘူတံ - မဖြစ်သော၊
ဝါ- ဖြစ်ခြင်းမရှိသော၊
အအတံ - အကြောင်းတစ်ခုခုက မပြုအပ်သော၊
အသင်္ခတံ - အကြောင်းများစွာတို့က ပေါင်းစု၍ ပြုအပ်သည် မဟုတ်သော နိဗ္ဗာန်အငြိမ်းဓာတ်သည်၊
အတ္ထိ - ရှိပေ၏၊
တသ္မာ - ထို့ကြောင့်၊
ဇာတဿ ဘူတဿ - ဖြစ်ပေါ်သော၊
ဝါ- ဖြစ်ပေါ်ခြင်း ရှိသော
ကတဿ - အကြောင်းတစ်ခုခုက ပြုအပ်သော၊
သင်္ခတဿ - အကြောင်းများစွာတို့က ပေါင်းစု၍ ပြုအပ်သော (ရဟန္တာသန္တာန်ဟု ဆိုအပ်သော) ရုပ်နာမ် အပေါင်း၏၊
နိဿရဏံ - ထွက်သွားခြင်း ကုန်ခန်း ကင်းငြိမ်းခြင်းသည်၊
ပညာယတိ - ထင်ပေ၏၊
ဝါ- ထင်ရှားရှိသည်ဟု သိရပေ၏-တဲ့။

နိဗ္ဗာန်အငြိမ်းဓာတ်ဟာ တကယ်ရှိနေတဲ့အတွက် ရဟန္တာ၏ သန္တာန်က မပြတ်ဖြစ်နေတဲ့ ရုပ်နာမ် သင်္ခတ တရားအပေါင်းဟာ ပရိနိဗ္ဗာန် စုတိမှ နောက်ကာလ၌ ချုပ်ငြိမ်းပြတ်စဲခြင်း ရှိပေသည်၊ ဒီအကြောင်းကို ထောက်ဆ၍ နိဗ္ဗာန်အငြိမ်းဓာတ် တကယ်ရှိကြောင်း ထင်ရှားသိရပါတယ်တဲ့၊ စတုတ္ထပိုင်း နှာ (၁၈၈)မှစလဲ “အတ္ထိ ဘိက္ခဝေ တဒါယတနံ” စသည်ဖြင့် နိဗ္ဗာန် အငြိမ်းဓာတ် ထင်ရှားရှိကြောင်း ဟောတော်မူပုံကို ပြခဲ့ပါပြီ၊ အဲဒီတော့ ယခု အဲဒီ အနုပါဒိသေသ နိဗ္ဗာန်ဖြင့် ဆင်းရဲခပ်သိမ်း ငြိမ်းပုံကို မိထွေးတော်ဂေါတမီထေရီ၏ ဝတ္ထုဖြင့် ဖော်ပြသွားမယ်။

မိထွေးတော် မဟာပဇာပတိဂေါတမီ ဝတ္ထု

မြတ်စွာဘုရား၏ မယ်တော်အရင်းက မဟာမာယာဒေဝီတဲ့၊ မဟာပဇာပတိဂေါတမီ ဆိုတာကတော့ မဟာမာယာ၏ ညီမဖြစ်တယ်၊ ကပိလ၀တ်မြို့နယ် အနီး ဒေဝဒဟမြို့က အဉ္စနမင်းကြီး၏ သမီးတော်များဖြစ်တယ်၊ အဲဒီမင်းသမီးများ ဖွားမြင်ပြီးစအခါကပင် ပုဏ္ဏားတော်တွေက “မဟာ မာယာနဲ့ မဟာပဇာပတိ ဂေါတမီတို့က ဖွားမြင်တဲ့ သားရတနာများဟာ စကြဝတေးမင်း ဖြစ်လိမ့်မယ်” လို့ ဟောထားတယ်၊ ရုပ်ရေကလဲ အလွန်ပင် လှပကြတယ်၊ ဒါကြောင့် ကပိလဝတ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒန မင်းကြီးက မဟာမာယာကို မိဖုရားကြီးအဖြစ် မြှောက်ပြီး ဂေါတမီကို မိဖုရားငယ်အဖြစ် မြှောက်ထားခဲ့တယ်။

ပစ္ဆိမဘဝိက ဖြစ်တဲ့ ဘုရားအလောင်းတော်တို့ဟာ မယ်တော်၏ အရွယ်သုံးပါးတွင် ဒုတိယအရွယ်၏ တတိယပိုင်းမှာ ပဋိသန္ဓေ တည်နေမြဲ ဖြစ်တဲ့အတွက် ဘုန်းကြီးတို့၏ ဘုရားအလောင်းတော် ဟာလဲ မယ်တော် မဟာမာယာ၏ ဒုတိယအရွယ်မှ တတိယပိုင်းမှာပဲ ပဋိသန္ဓေ တည်နေတော်မူခဲ့ပါသတဲ့၊ အသက်တရာတမ်းကို သုံးပိုင်း ပိုင်းရင် ဝိသုဒ္ဓိမဂ်မှာ ပြထားတဲ့အတိုင်း ပထမအရွယ်နဲ့ တတိယအရွယ်တို့က ၃၃-နှစ်စီ၊ ကျန်တဲ့ ၃၄-နှစ်က ဒုတိယအရွယ်လို့ ပိုင်းခြားရတယ်၊ အဲဒီ ဒုတိယအရွယ် ၃၄-နှစ်ကို သုံးပိုင်းပိုင်းကြည့်ရင် တစ်ပိုင်းမှာ ၁၁-နှစ်နဲ့ ၄-လစီရတယ်၊ အဲဒီ ၁၁-နှစ်နဲ့ ၄-လ ၂-ပိုင်းကို ကျော်လွန်ရမယ်ဆိုတော့ ၂၂-နှစ်နဲ့ (၈)လ ကျော်လွန်ရမှာပေါ့၊ ပထမအရွယ် ၃၃-နှစ်နဲ့ ပေါင်းလိုက်ရင် ၅၅-နှစ်နဲ့ (၈)လကျော်မှဖြစ်မှာပေါ့၊ ယခုနေအခါဆိုရင် အသက် ၅၅-နှစ် ကျော်တဲ့ အမျိုးသမီးတွေမှာ ကိုယ်ဝန်ရမည့် လက္ခဏာ မရှိပါဘူး၊ ဒါပေမယ့် ဟိုတုန်းက အသက် တရာတမ်း အပြည့်ဆိုတော့ အဲဒီအရွယ်မှာလဲ တချို့ပုဂ္ဂိုလ်ထူးများမှာ ကိုယ်ဝန်ရနိုင်တယ်လို့ ယူရမှာပဲ။

နောက်ပြီးတော့ ပစ္ဆိမဘဝိက ဘုရား အလောင်းတော်များဟာ ပဋိသန္ဓေ ဆယ်လတိတိနေပြီးမှ ဖွားမြင်တယ်၊ ဖွားမြင်ပြီးတော့လဲ ခုနစ်ရက်မြောက်မှာ မယ်တော်ဟာ နတ်ရွာစံတယ်လို့ ဆိုပါတယ်၊ ဒါကြောင့် ဘုန်းကြီးတို့၏ ဘုရားအလောင်းတော်ဟာ မယ်တော်မာယာဒေဝီ ၅၅-နှစ်နဲ့ ၉-လ ပထမရက်ဆီမှာ ပဋိသန္ဓေ တည်နေတော် မူပြီးတော့ မယ်တော်၏ အသက် ၅၆-နှစ်နဲ့ ၆-လပြည့်တဲ့အခါ ဖွားမြင်တော်မူခဲ့တယ်၊ မယ်တော် မဟာမာယာဒေဝီလဲ ဖွားမြင်ပြီးနောက် ခုနစ်ရက် မြောက်မှာ နတ်ရွာစံတော်မူခဲ့တယ်၊ တုသိတာ နတ်ပြည်ရောက်ပြီး နတ်သားဖြစ်တယ်လို့ အချို့ကဆိုကြတယ်၊ အချို့ကလဲ နတ်သမီးအဖြစ်နဲ့ပဲ ရောက်နေတယ်လို့ဆိုကြတယ်၊ ဒါကြောင့် နတ်ရွာစံတယ်ဆိုတဲ့ ဒီဝေါဟာရဟာ ဘုရားမယ်တော် အတွက်တော့ အတိအကျ မှန်တဲ့စကားပါပဲ၊ အခြားမင်းတွေ မိဖုရားတွေအတွက် ဆိုရင်တော့ မမှန်တာလဲ ရှိနိုင်တယ်။

မယ်တော် မာယာဒေဝီ နတ်ရွာစံသွားတော့ သုဒ္ဓေါဒနမင်းကြီးက မဟာမာယာ၏ ညီမဖြစ်တဲ့ မဟာပဇာပတိဂေါတမီကို အဂ္ဂမဟေသီ မိဖုရားကြီးအဖြစ် တင်မြှောက်တယ်၊ ဘုရား အလောင်းတော် နှင့် စပ်ကြည့်ရင် အမေညီမ ဆိုတော့ (မာတုစ္ဆာ-မာတုဘဂိနီ) ဆိုတဲ့ အဘိဓာန်အရ မိထွေးတော်ဖြစ်ပါတယ်၊ ဒါကြောင့် မိထွေးတော် ဂေါတမီလို့ ခေါ်ရပါတယ်၊ အဲဒီမိထွေးတော် ဂေါတမီဟာ အဲ့ဒီအခါတုန်းက အသက်ဘယ်လောက် ရှိပြီလဲဆိုရင် အစ်မတော်က ၅၆-နှစ်ခွဲ ကျော်ဆိုတော့ ၅၄-နှစ် ကျော်လောက် ရှိလိမ့်မည်လို့ ခန့်မှန်းရပါတယ်၊ အဲဒီလို ခန့်မှန်းနိုင်အောင်လို့ ရည်ရွယ်ပြီးတော့ မယ်တော် မာယာဒေဝီ၏ အသက်ကို စိစစ်တွက်ချက်ပြခဲ့ တာပါပဲ။

ဘုရားအလောင်းတော် ဖွားမြင်တော်မူပြီးသည့်နောက် ရက်အနည်းငယ်အတွင်းမှာပင် မိထွေးတော် ဂေါတမီက နန္ဒမင်းသားကို ဖွားမြင်ခဲ့တယ်၊ အဲဒီအခါမှာ နန္ဒမင်းသားကို အထိန်းတော်များအား ထိန်းစေပြီးတော့ ဘုရားအလောင်းတော်ကို မိထွေးတော်ဂေါတမီက ကိုယ်တိုင်နို့ရည် တိုက်ကျွေးပြီး မွေးမြူပြုစုခဲ့ပါတယ်၊ ဒီလို မွေးမြူပြုစုရတာဟာ ဝမ်းနဲ့ လွယ်ခဲ့ရတဲ့ မိခင်အရင်းထက် တာဝန်ကြီး ပါတယ်၊ အဲဒီ ကြီးလေးတဲ့ တာဝန်ကို ယူပြီး မိထွေးတော် ဂေါတမီက ဘုရားအလောင်းတော်ကို စောင့်ရှောက်ခဲ့ပါတယ်။

ဘုရားအလောင်းတော်ဟာ အစဉ်အတိုင်း ကြီးထွားလာပြီး ၁၆-နှစ် အရွယ်မှာ ဒေဝဒဟမြို့နယ်ရှင် သုပ္ပဗုဒ္ဓမင်း၏ သမီးတော် ယသော်ဓရာနှင့် လက်ထပ်ထိမ်းမြားပြီး မင်းစည်းစိမ်ကို ၂၉ နှစ်အရွယ်ထိ ချမ်းသာစွာ ခံစားနေတော်မူခဲ့ပါတယ်၊ ၂၉-နှစ်အရွယ်မှာ တောထွက်ရဟန်းပြုပြီး ဒုက္ကရစရိယာ ခေါ်တဲ့အကျင့်ကို ၆-နှစ်တိုင်တိုင် ကျင့်တော်မူခဲ့ပါတယ်။ နောက်ကာလမှာ အဲဒီဒုက္ကရစရိယာ အကျင့်ကိုပယ်စွန့်ပြီး မဇ္ဈိမပဋိပဒါအကျင့်ဖြင့် အသက်တော် ၃၅-နှစ်ပြည့်တဲ့ ကဆုန်လပြည့်နေ့မှာ ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်။

ဘုရားဖြစ်တော်မူပြီးနောက် ဗာရာဏသီပြည် မိဂဒါဝုန်တောမှာ ဝါဆိုလပြည့်နေ့ ညနေချမ်းအချိန်၌ ဓမ္မစကြာသုတ် တရားကိုစ၍ ဟောတော်မူခဲ့ပါတယ်၊ အဲဒီပထမတရားပွဲမှာ ဗြဟ္မာတွေက ၁၈-ကုဋေ, နတ်တွေက မရေတွက်နိုင်အောင် တရားထူးရကြတယ်၊ လူသားထဲကတော့ ပဉ္စဝဂ္ဂီငါးဦးသာ တရားနာကြရတယ်၊ အဲဒီငါးဦးထဲကလဲ အရှင်ကောဏ္ဍညတစ်ပါးသာ တရားနာစဉ်မှာ တရားထူးကို သိမြင်ပြီး သောတာပန်ဖြစ်ခဲ့တယ် ကျန်တဲ့ ၄-ပါးကတော့ တစ်ရက် နှစ်ရက် သုံးရက် လေးရက်ခန့် တိုင်အောင် အစဉ်အတိုင်း အားထုတ်ပြီးမှ သောတာပန် ဖြစ်ကြပါတယ်၊

ဝါဆိုလပြည့်ကျော် ၅-ရက်နေ့မှာ အဲဒီ ပဉ္စဝဂ္ဂီငါးဦးအား အနတ္တလက္ခဏသုတ်တရားကို ဟောကြား တော်မူတယ်၊ အဲဒီအခါ ပဉ္စဝဂ္ဂီရဟန်းတော် ငါးပါးစလုံး ရဟန္တာ ဖြစ်တော်မူကြတယ်၊ အဲဒီဝါတွင်းမှာ ယသမထေရ် အမှူးရှိသော ၅၅-ပါးသော ရဟန်းတော်များလဲ ရဟန္တာ ဖြစ်တော်မူကြတယ်။

အဲဒီပထမဝါကျွတ်တဲ့အခါ ၆၀-သော ရဟန္တာအရှင်မြတ်တွေကို ထိုထိုအရပ်သို့လှည့်လည်ပြီး သာသနာပြုစေတော်မူခဲ့တယ်၊ မြတ်စွာဘုရားကိုယ်တော်တိုင်လဲ ဥရုဝေလကဿပ ရသေ့အမှူး ရှိသော တစ်ထောင်သော ရသေ့တို့ကို ဟောပြော ညွှန်ကြားပြီး ရဟန္တာအဖြစ်သို့ ရောက်စေ တော်မူခဲ့တယ်၊ အဲဒီရသေ့, တစ်ထောင်မှဖြစ်လာသော ရဟန္တာတစ်ထောင်နှင့်တကွ ရာဇဂြိုဟ်မြို့သို့ ရောက်တော်မူခဲ့တယ်၊ ပထမ ကြိုဆိုပွဲမှာ ဟောပြောတော်မူ၍ ဗိမ္ဗိသာရမင်းကြီးနှင့် တကွ တစ်သိန်း တစ်သောင်းသော လူတို့အား သစ္စာလေးပါးကို သိစေတော်မူခဲ့တယ်၊ ဗိမ္ဗိသာရမင်းကြီးက လှူတဲ့ ဝေဠုဝန်ကျောင်းတိုက်နှင့် ဂိဇ္ဈကုဋ်တောင် စသည်တို့၌ သီတင်းသုံးလျက် တရားဟောပြော နေတော်မူစဉ်အခါ သုဒ္ဓေါဒနမင်းကြီးက သတင်းစကားကြားရ၍ သားတော်ဘုရားကို ကပိလဝတ် နေပြည်တော်သို့ ပင့်စေပါတယ်၊

နောက်လိုက် တစ်ထောင်စီနှင့် ခေါင်းဆောင် အမတ် ၁၀-ဦးတို့ကို တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဆယ်ကြိမ် တိုင်တိုင် ပင့်စေတယ်လို့ ဆိုပါတယ်၊ အဲဒီ အပင့်သွားတဲ့လူတွေဟာ တရားနာပြီးအားလုံး ပင် ရဟန္တာဖြစ်ပြီးတော့ ဧဟိဘိက္ခုရဟန်း ဖြစ်ကုန်ကြတယ်လို့ ဆိုပါတယ်၊ နောက်ဆုံးအဖွဲ့၏ ခေါင်းဆောင်ဖြစ်တဲ့ ကာဠုဒါယီဆိုတဲ့ မထေရ်ကတော့ မင်းကြီးက မှာလိုက်တဲ့အတိုင်း မြတ်စွာဘုရားကို ပင့်လျှောက်ပါတယ်၊ သူပင့်လျှောက်ပုံ ကလဲ အလွန်ကြည်ညိုဖွယ် ကောင်းပါတယ်၊ ဂါထာပေါင်း ၆၀-တို့ဖြင့် တော တောင် လမ်းစခန်းတွေကို ချီးကျူးဖွဲ့ဆိုပြီး လျှောက်တယ်၊ အဲဒီ ဂါထာတွေထဲက အစနဲ့အဆုံး ၂-ဂါထာကို ကြည်ညိုရအောင် ရွတ်ပြမယ်။

နေပြည်တော် ကြွရန် ပင့်လျှောက်ပုံ

အင်္ဂါရိ နော ဒါနိ ဒုမာ ဘဒန္တေ၊
ပလေသိ နော ဆဒနံ ဝိပ္ပဟာယ၊
တေ အစ္စီမန္တောဝ ပဘာ သယန္တိ၊
သမယော မဟာဝီရ အင်္ဂီရသာနံ၊

ဘဒန္တေ - မြတ်စွာဘုရား၊
ဒါနိ ဒုမာ - ယခုအခါ တောတောင် လမ်းစခန်း တစ်လျှောက်၌ သစ်ပင်တို့သည်၊
ဆဒနံ ဝိပ္ပဟာယ - ရွက်ဟောင်းကို ပယ်စွန့်ကုန်၍၊
အင်္ဂါရိနော - နီမြန်းသော ရွက်သစ်ညွန့်တို့ဖြင့် မီးကျီးအသွင် နီရဲလျက် ရှိပါကုန်၏၊
ဖလေသိနော - အသီးသီးရန် ပွင့်တန်အစုံ ဖူးငုံလျက် ရှိကြပါကုန်၏၊
တေ - ထိုသစ်ပင်တို့သည်၊
အစ္စိမန္တောဝ - မီးလျှံထွက်ကုန် သကဲ့သို့၊
ပဘာသယန္တိ - တောက်ပလျက် ရှိပါကုန်၏၊
မဟာဝီရ - ကြီးမြတ်သော လုံ့လရှိတော်မူသော မြတ်စွာဘုရား၊
ဒါနိ - ယခုအခါ၌၊
အင်္ဂီရသာနံ - ကိုယ်တော်မှ ကွန့်မြူးသည့် ရောင်ခြည်ရှိသော ဘုရားရှင်တို့၏၊
သမယော - နေပြည်ရပ်ဌာန် ကြွရန် အချိန်ကျပါပြီ အရှင်ဘုရား။

ဒီဂါထာဖြင့် တောလမ်းစခန်းတွေ သာယာပုံကို ချီးကျူးပြီး လျှောက်တယ်၊ အဲဒါကို ဘုန်းကြီးကလဲ ဆောင်ပုဒ် တစ်ခု စီထားတယ်။

ရွက်ဟောင်း စွန့်ပစ် ရွက်သစ်ဝေစည်၊
မီးကျီးအလား ညွှန့်ဖျား နီးနီ၊
မီးလျှံတူမျှ တောက်ပနေပြီ။
နေပြည်သို့ ကြွဖို့ ချိန်တန်ပြီ၊

နာတိသီတံ နာတိ ဥဏှံ၊ နာတိ ဒုဗ္ဘိက္ခ ဆာတကံ။
သဒ္ဒလာ ဟရိတာ ဘူမိ၊ ဧသ ကာလော မဟာမုနိ။

မဟာမုနိ - မြတ်စွာဘုရား၊
ဒါနိ - ယခုအခါ၌၊
နာတိသီ တံ - အလွန်လဲ မအေးတော့ပါ၊
နာတိဥဏှံ - အလွန်လဲ မပူသေးပါ၊
(တပေါင်းလပြည့်ဆိုတော့ မအေးလွန်း မပူလွန်း မျှတတဲ့ အချိန်ဖြစ်ပါတယ်လို့ ဆိုလိုပါတယ်၊

နာတိ ဒုဗ္ဘီက္ခဆာတကံ - စပါးသစ်ပေါ်ချိန် ဖြစ်၍ အစာရှားပါးခြင်းလဲ မရှိတော့ပါ၊

(သံဃာတော်များနှင့်တကွ ကြွတဲ့အခါ လမ်းတစ်လျှောက် ဆွမ်းအတွက် မခက်ခဲကြောင့် ဖော်ပြတဲ့ စကားဖြစ်ပါတယ်)၊

ဘူမိ - မြေပြင်သည်၊
သဒ္ဒလာ ဟရိတာ - မြေနုကျွန်းပေါ် အသွင်ပေါက် သစ်စမြက်ပင်တို့ဖြင့် စိမ်းစိုလျက် ရှိပါ၏၊
ဧသ - ဤအခါသည်၊
ကာလော - နေပြည်တော် သို့ကြွရန် အချိန်တန် အခါသင့် ဖြစ်ပါတော့သည် အရှင်ဘုရားလို့ လျှောက်ပါတယ်။

ဆောင်ပုဒ်ကတော့ -

ပူအေး ညီမျှ ကောင်းလှ ရာသီ၊
ဆန်ရေ စပါး မရှား ပေါသည်။
မြေပြင် ခပ်သိမ်း ညိုစိမ်း အေးကြည်၊
နေပြည်သို့ သို့ ကြွဖို့ ချိန်တန်ပြီ။

အဲဒီလို ပင့်လျှောက်တဲ့အတွက် မြတ်စွာဘုရားဟာ သံဃာတော် နှစ်သောင်းနှင့်တကွ တပေါင်း လပြည့်ကျော် ၁-ရက် နေ့မှာ ရာဇဂြိုဟ်မှ ကပိလဝတ်နေပြည်တော်သို့ ကြွတော်မူတယ် လမ်းခရီးက ယူဇနာ ၆၀-ရှိတယ်၊ တစ်နေ့တစ်ယူဇနာ ဖြည်းဖြည်းသက်သက်ကြွတော်မူသဖြင့် ကဆုန်လပြည့် နေ့မှာ ကပိလ၀တ် မြို့တော်သို့ ရောက်တော်မူပါတယ်၊ ဆွေတော် မျိုးတော်များက ခရီးဦး ကြိုဆိုပြီး နိဂြောဓာရုံကျောင်းတိုက်သို့ ပင့်ဆောင်ကြပါတယ်။

သာကီဝင် မင်းမျိုးတွေက အလွန်မာန ကြီးကြတယ်၊ အဲဒီအခါမှာ မြတ်စွာဘုရားက လူ့ဇာတိ အသက်အားဖြင့် (၃၆)နှစ် ပြည့်ကာမျှ ရှိသေးတယ်၊ ဒီတော့ အသက်ကြီးတဲ့ သာကီဝင်တွေက သူတို့ ကိုယ်တိုင် အရိုအသေ မပြု လိုကြတဲ့အတွက် ညီများ, သားများ, တူများ, မြေးများကိုသာ ရှေ့က နေစေပြီး သူတို့ကတော့ နောက်ကွယ်က အရိုအသေ မပြုပဲ နေကြသတဲ့၊ အဲဒီအခါ ဘုရားမှန်းလဲ မသိကြ၊ ဘုရား၏ စွမ်းရည် ဂုဏ်တော်တွေကိုလဲ မသိကြတဲ့ ဆွေတော်မျိုးတော်များအား ဘုရား၏ ဂုဏ်တော်များကို သိစေရန်အတွက် မြတ်စွာဘုရားက ကောင်းကင်မှာ ရတနာ ခုနစ်ပါးဖြင့်ပြီးသော ရတနာစင်္ကြံကြီး ဖန်ဆင်းပြီးတော့ အဲဒီစင်္ကြံပေါ်သို့ ကြွ၍ စင်္ကြံ ကြွရင်း ရေမီး အစုံအစုံ တပြိုင်နက် မြင်ရစေသော ယမိုက် ပြာဋိဟာ တန်ခိုးကို ပြတော်မူတယ်၊ အဲဒီအခါကျတော့မှ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးက စပြီး ရှိခိုးတယ်၊ အဲဒီအခြားသာကီဝင်မင်းတွေလဲ ရှိခိုးကြတယ်၊ မြတ်စွာဘုရားက သင့်လျော်သော တရားကိုလဲ ဟောတော်မူတယ်။

သုဒ္ဓေါဒနမင်းကြီး သောတာပန်ဖြစ်ပုံ

▬▬▬▬▬▬

နောက်တစ်နေ့နံနက်ကျတော့ သံဃာတော် နှစ်သောင်းနှင့်တကွ မြတ်စွာဘုရားဟာ ကပိလ၀တ် မြို့တော်သို့ ဆွမ်းခံကြွတော်မူတယ်၊ အဲဒီအခါ ယသော်ဓရာဒေဝီက မြတ်စွာဘုရားအိမ်စဉ် လျှောက်ပြီး ဆွမ်းခံကြွတော် မူနေတာကို မြင်ရတဲ့အတွက် မသင့်တော်ဘူး ထင်ပြီး သုဒ္ဓေါဒန မင်းကြီးအား သွားရောက် တိုင်ကြားတယ်၊ သုဒ္ဓေါဒနမင်းကြီးကလဲ အလွန်ရှက်ပြီး ခါးဝတ် ပုဆိုး ကိုတောင် သပ်သပ်ရပ်ရပ် ဖြစ်အောင် မဝတ်နိုင်တော့ပဲ လက်တစ်ဘက်ဖြင့် ကိုင်မလျက် အဆောတလျင် သွားပြီး မြတ်စွာဘုရားကို လျှောက်တယ်၊

တပည့်တော်တို့ကို အဘယ့်ကြောင့် အရှက်ခွဲပါသနည်း၊ အဘယ့်ကြောင့် အိမ်စဉ်လှည့်၍ ဆွမ်းအလှူခံရပါသနည်း၊ သံဃာနှစ်သောင်းကို မကျွေးနိုင်ဘူးလို့ ထင်မှတ်တော်မူပါသလော-ဟု လျှောက်တယ်၊ ပင့်လျှောက်သူ မရှိလျှင် အိမ်စဉ်လှည့်၍ ဆွမ်းအလှူခံခြင်း ကျင့်ဝတ်သည် အားလုံးသော ဘုရားရှင်တို့၏ ကျင့်ဝတ်ဖြစ်သည်ဟု မိန့်တော်မူပြီးလျှင် -

ဥတ္တိဋ္ဌေ နပ္ပမဇ္ဇေယျ၊ ဓမ္မံ သုစရိတံ စရေ။
ဓမ္မစာရီ သုခံ သေတိ၊ အသ္မိံ လောကေ ပရမှိ စ -

ဆိုတဲ့ ဂါထာကို ဟောတော်မူတယ်။

ဥတ္တိဋ္ဌေ - ဆွမ်းကိုရည်၍ အိမ်စဉ်ရပ်သောကျင့်ဝတ်၌၊
ဝါ- ဆွမ်းခံကျင့်ဝတ်၌၊
နပ္ပမဇ္ဇေယျ - မမေ့လျော့ရာ၊
သုစရိတံ - မတရားသဖြင့် ရှာမှီးခြင်းကို ကြဉ်၍ ကောင်းစွာ ကျင့်အပ်သော၊
ဓမ္မံ - ဆွမ်းခံ အကျင့်တရားကို၊
စရေ - ကျင့်ရာ၏၊
ဓမ္မစာရိ - တရားကို ကျင့်သောသူသည်၊
အသ္မိံ လောကေ စ - ဤမျက်မှောက် လောက၌လည်းကောင်း၊
ပရမှိ စ - တစ်ပါးသော လောက၌ လည်းကောင်း၊
သုခံ - ချမ်းသာစွာ၊
သေတိ - အိပ်ရ နေရလေတော့သတည်း-တဲ့။

ဒီဂါထာတစ်ပုဒ်ကို ကြားနာရင်း နှလုံးသွင်းပြီး သုဒ္ဓေါဒနမင်းကြီးဟာ သောတာပတ္တိမဂ်ဖိုလ် ရောက်ပြီး သောတာပန် ဖြစ်သွားပါသတဲ့ အင်း ဒီလိုဆိုတော့ သောတာပန်ဖြစ်တာက တယ် လွယ်တာပဲ၊ ယခုအခါမှာတော့ ဒွါရ ၆-ပါးက ပေါ်လာသမျှကို ရှုမှတ်လိုက်ကြရတာ တစ်ရက် လောက်နဲ့ဆိုရင် သမာဓိတောင် ကောင်းကောင်း မဖြစ်သေးဘူး၊ ရက်တစ်ပတ်လောက် ကြာမှ သမာဓိဖြစ်ပြီး ရုပ်နာမ်တရားအကြောင်း သဘောပေါက်ရုံလောက် ရှိတတ်ကြသေးတယ်၊ ဒါပေမယ့် ယခုခေတ်လူတွေနဲ့ ဘုရားခမည်းတော် သုဒ္ဓေါဒန မင်းကြီးကို နှိုင်းယှဉ်ကြည့်လို့တော့ မဖြစ်ပေဘူး၊ ဘာကြောင့်လဲ ဆိုတော့ သုဒ္ဓေါဒနမင်းကြီး ဆိုတာ ဘဝပေါင်းများစွာ ပါရမီတွေကို အပြည့်အစုံ ဖြည့်ဆည်းပူးခဲ့ပြီး ဖြစ်တယ်၊ ဒါကြောင့် သာမန်ပုဂ္ဂိုလ်တွေနဲ့ နှိုင်းယှဉ်ပြီး မကြည့်သင့်ပေဘူး၊ ဒါပေမယ့် အဲဒီဂါထာထဲမှာ ရုပ်နာမ်အကြောင်းလဲ မပါဘူး၊ အဖြစ်အပျက် အနိစ္စ ဒုက္ခ အနတ္တ အကြောင်းလဲမပါဘူး၊ ဘယ်ပုံဘယ်နည်းဖြင့် မဂ်ဖိုလ်ရောက်သွားပါလိမ့်မလဲလို့တော့ စဉ်းစားစရာ ရှိပါတယ်၊ အဲဒီအကြောင်းကို ယခု ပြောပြရမယ်။

သုဒ္ဓေါဒနမင်းကြီး အနေနဲ့ဆိုရင် သူတစ်ပါးအိမ်မှ အလှူခံ တောင်းရမ်းစားဖို့ဆိုတာ စားရုံမျှပင် အလွန်တာဝန်လေးပါတယ်၊ သားတော်ဘုရားဟာ မျက်မှောက် အခြေအနေကိုမငဲ့ပဲ ရှေးရှေး ဘုရားတို့၏ ကျင့်ဝတ်ကို ကျင့်တယ်ဆိုတာ ကြားရုံနဲ့လဲ ဘုရားဂုဏ်တွေကို အာရုံပြုပြီး ကြည်ညိုတယ်၊ ဘုရားနှင့် သံဃာတော်များဟာ ဆွမ်းစသည်ကို ရည်စူးပြီး အိမ်ရှေ့၌ ရပ်လျက်သာ အလှူခံရတယ်၊ နှုတ်ဖြင့် မတောင်းကောင်းဘူး၊ လှူချင်အောင် အရိပ်အမြွက်တောင် မပြော ကောင်းဘူး ဆိုတဲ့ ကျင့်ဝတ်ကို ကြားရတော့ မြတ်စွာဘုရားအား ကြည်ညိုပြီး ဝမ်းမြောက်တယ်၊ ဝမ်းမြောက်တယ်ဆိုတာ ပီတိပဲ၊ အဲဒီ ဝမ်းမြောက်တဲ့ ပီတိကို စူးစိုက်ပြီး ရှုမိတော့ ဝမ်းမြောက်မှု ပီတိကလေး ဖြစ်ဖြစ်ပြီး ပျက်ပျက်သွားတာကိုတွေ့ရသဖြင့် အနိစ္စ-မမြဲတဲ့ သဘောကိုသိပြီး ဝိပဿနာဉာဏ်ဖြစ်တယ်၊ တစ်ခဏလေး အတွင်းမှာပင် အဲဒီဝိပဿနာဉာဏ် ရင့်သန်ပြီး သောတာပတ္တိမဂ်ဖိုလ်သို့ ရောက်သွား တယ်လို့ယူရတယ်၊ ဒါကြောင့် အဋ္ဌကထာများမှာ -

ဗုဒ္ဓါရမ္မဏံပီတိံ - ဘုရားဂုဏ်လျှင် အာရုံရှိသော ပီတိကို၊
ခယတော ဝယတော - ကုန်သွားသည် ပျက်သွားသည်ဟု၊
သမ္မသန္တော - သုံးသပ်လျက်၊
အရဟတ္တံ - အရဟတ္တဖိုလ်သို့၊
ပါပုဏာတိ - ရောက်တတ်သည်- ရောက်နိုင်သည် လို့ မိန့်ဆိုထားကြပါတယ်။

အဲဒီလို သောတာပန်ဖြစ်ပြီးတော့ သုဒ္ဓေါဒနမင်းကြီးဟာ မြတ်စွာဘုရား၏ သပိတ်တော်ကိုယူပြီး နန်းတော်သို့ ပင့်ဆောင်သွားပါတယ်၊ နောက်ပါ ရဟန္တာ နှစ်သောင်းနှင့် တကွ မြတ်စွာဘုရားဟာ အသင့်ခင်းထားသော နေရာ၌ ထိုင်ပြီးတဲ့အခါ သုဒ္ဓေါဒနမင်းကြီး အမှူးရှိသော မင်းပရိသတ်အား အောက်ပါ ဂါထာကို ဟောတော်မူပါတယ်။

မိထွေးတော် ဂေါတမီ သောတာပန် ဖြစ်ပုံ

▬▬▬▬▬▬▬

ဓမ္မံ စရေ သုစရိတံ၊ န နံ ဒုစ္စရိတံ စရေ။
ဓမ္မစာရီ သုခံ သေတိ၊ အသ္မိံ လောကေ ပရမှိ စ။

သုစရိတံ - မတရားသဖြင့် ရှာမှီးခြင်းကိုကြဉ်၍ ကောင်းစွာ ကျင့်အပ်သော၊
ဓမ္မံ - ဆွမ်းခံကျင့်ဝတ် တရားကို၊
စရေ - ကျင့်ရာ၏၊
(ပါဠိအနေအားဖြင့် သုစရိတံ ဓမ္မံ-အရ ပါဏာတိပါတမှ ကြဉ်ရှောင်ခြင်း အစရှိသော သုစရိုက် ၁၀-ပါး အကျင့်တရားကို ယူမယ်ဆိုရင် ယူနိုင်ပါတယ်၊ ဒါပေမယ့် အဋ္ဌကထာမှာ ဆွမ်းခံအကျင့်ကိုသာ ဖွင့်ပြထားပါတယ်၊ လမ်းမှာရပ်နေရင်း ဟောခဲ့တဲ့ တရားနှင့် အတူတူပါပဲ၊ ဘာကြောင့် ထပ်ဟော ရသလဲ လို့ဆိုတော့ လမ်းမှာဟောတုန်းက သုဒ္ဓေါဒနမင်းကြီး တစ်ဦးတည်းသာ ကြားနာရသေးတယ်၊ မိထွေးတော် မဟာပဇာပတိ ဂေါတမီနှင့်တကွ အခြားသူတွေက ဘုရားရှင်တို့၏ အဲဒီကျင့်ဝတ်ကို မကြားရ မသိရသေးဘူး၊ နောက်ပြီးတော့ အဲဒီဆွမ်းခံ ကျင့်ဝတ်ကို နာယူရခြင်းဖြင့် သုဒ္ဓေါဒန မင်းကြီးဟာ သကဒါဂါမ်ဖြစ်မယ်၊ မိထွေးတော် ဂေါတမီလဲ သောတာပန်ဖြစ်မယ်၊ အဲဒီအကြောင်း ကြောင့် ဆွမ်းခံကျင့်ဝတ်ကိုပဲ ရည်ရွယ်ပြီး ဟောတော်မူတယ်လို့ ယူရမယ်၊)

ဒုစ္စရိတံ - ကိုယ်နှုတ်တို့ဖြင့် တိုက်ရိုက် တောင်းခြင်း, လှူချင်အောင် အရိပ်အမြွက်ပြ၍ ဟောခြင်း စသော မကောင်းသောအကျင့်ကို၊
န စရေ - မကျင့်ရာ၊
ဓမ္မစာရီ - တရားကို ကျင့်သောသူသည်၊
အသ္မိံလောကေ စ - ဤမျက်မှောက် လောက၌ လည်းကောင်း။
ပရမှီ စ - တစ်ပါးသော တမလွန်လောက၌ လည်းကောင်း၊
သုခံ - ချမ်းသာစွာ၊
သေတိ - အိပ်ရ နေရ လေတော့သတည်း။
အဲဒီ ဂါထာတရားကို နာပြီးတော့ သုဒ္ဓေါဒနမင်းကြီးက သကဒါဂါမ်, မိထွေးတော် မဟာပဇာပတိ ဂေါတမီက သောတာပန် ဖြစ်သွားပါသတဲ့။

နန္ဒမင်းသားနှင့် ရာဟုလာကို ရှင်ရဟန်းပြုပေးခြင်း

▬▬▬▬▬▬▬▬

နောက်တစ်နေ့ကျတော့ ညီတော်နန္ဒအား ထီးနန်းလွှဲအပ်တဲ့ မင်္ဂလာအဖြစ်ဖြင့် သံဃာတော် နှစ်သောင်းနှင့်တကွ မြတ်စွာဘုရားအား ပင့်ပြီး ဆွမ်းကပ်တယ်၊ ဆွမ်းဘုဉ်းပေး ပြီးတဲ့အခါ မြတ်စွာဘုရားက ညီတော်နန္ဒလက်ထဲ သပိတ်တော်ကို အပ်ပြီး ကြွတော်မူတယ်၊ ညီတော်နန္ဒလဲ ဟိုအနားကျတော့ သပိတ်ကိုပြန်ယူနိုးနိုး ဒီအနားကျတော့ ပြန်ယူနိုးနိုးနဲ့ သပိတ်တော်ကိုထမ်းပြီး နောက်တော်က လိုက်ပါသွားရတယ်၊ အဲဒီအခါ နှမတော် ဇနပဒကလျာဏီက ခေါင်းဖြီးနေရာက အဆောတလျင် လှမ်းမျှော်ကြည့်ပြီးတော့ “မြန်မြန်ပြန်ခဲ့ပါ မောင်တော်”လို့ မှာလိုက်တယ်။

ကျောင်းတော်ရောက်တဲ့အခါ မြတ်စွာဘုရားက “ညီတော်နန္ဒ ရဟန်းပြုနိုင်ပါမည်လား”လို့ မေးတော်မူတယ်၊ ညီတော် နန္ဒက စိတ်မပါသော်လဲ ရိုသေသောအားဖြင့် “ရဟန်းပြုနိုင်ပါတယ်”လို့ လျှောက်တယ်၊ အဲဒီတော့ ရဟန်းတော်များကို ညီတော် နန္ဒအား ရဟန်းပြုပေးစေတော်မူတယ်၊ ခုနစ်ရက်မြောက် နေ့မှာတော့ ဆွမ်းဘုဉ်းပေးနေရာမှာ သားတော်ရာဟုလာက အမွေလာတောင်း တယ်၊ ကျောင်းတော် ရောက်သည်တိုင်အောင် လိုက်လာပြီး အမွေတောင်းတယ်၊ အဲဒီအခါ မြတ်စွာဘုရားက အရှင်သာရိပုတ္တရာကို ရာဟုလာအား ရှင်သာမဏေ ပြုပေးစေတယ်၊ တစ်နေ့ သောအခါ သုဒ္ဓေါဒနမင်းကြီးအား မြတ်စွာဘုရားက မဟာဓမ္မပါလဇာတ်ကို ဟောတော်မူတယ်၊ ထိုအခါ သုဒ္ဓေါဒနမင်းကြီးသည် အနာဂါမ် ဖြစ်သွားပါသတဲ့။

ကပိလဝတ်ပြည်၌ နေသင့်သမျှ နေတော်မူပြီး နောက်မလ္လတိုင်း အနုပိယ နိဂုံးရွာကြီး၌ သီတင်းသုံးနေစဉ်အခါမှာ ဘဒ္ဒိယဆိုတဲ့ သာကီဝင်မင်း, အနုရုဒ္ဓါမင်းသား, အာနန္ဒာမင်းသား, ဘဂုမင်းသား, ကိမိလမင်းသား, ဒေဝဒတ်မင်းသားတို့ဟာ ဆေတ္တာသည် ဥပါလိနှင့်တကွ မြတ်စွာဘုရားထံလာရောက်ပြီး ရဟန်းပြုကြတယ်၊ အဲဒီဝါတွင်းမှာပဲ အရှင်ဘဒ္ဒိယက ရဟန္တာ ဖြစ်တယ်၊ အရှင်အနုရုဒ္ဓါက ဒိဗ္ဗစက္ခုအဘိညာဏ်ကိုရတယ်။ အရှင်အာနန္ဒာက သောတာပန် ဖြစ်တယ်၊ အရှင် ဒေဝဒတ်ကတော့ ဣဒ္ဓိဝိဓ အဘိညာဉ်ကို ရတယ်။

သုဒ္ဓေါဒနမင်းကြီး ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်စံခြင်း

▬▬▬▬▬▬

မြတ်စွာဘုရားဟာ အနုပိယနိဂုံးမှ ရာဇဂြိုဟ်သို့ ကြွ၍ ဒုတိယ ဝါကပ်တော်မူတယ်၊ တတိယဝါ စတုတ္ထဝါတို့ကိုလဲ အဲဒီ ရာဇဂြိုဟ်မှာပဲ ကပ်တော်မူတယ်။ ပဉ္စမဝါကျတော့ ဝေသာလီပြည် မဟာဝုန်တော ကူဋာဂါရသာလာ ခေါ်တဲ့ ပြာသာဒ် ကျောင်းတော်မှာ ဝါကပ်တော်မူတယ်၊ အဲဒီအခါမှာ သုဒ္ဓေါဒနမင်းကြီးဟာ ရွှေနန်းတော်အတွင်း ထီးဖြူတော် အောက်မှာပင် နောက်ဆုံး လျောင်းခြင်းဖြင့် လျောင်းနေစဉ် တရားနှလုံးသွင်း ရှုမှတ်လျက် အရဟတ္တဖိုလ်သို့ ရောက်ပြီးလျှင် ပရိနိဗ္ဗာန် ဝင်စံတော် မူသွားပါသတဲ့၊ အဲဒီအခါ မြတ်စွာဘုရားလည်း ကြွရောက်၍ သင်္ဂြိုဟ်ခြင်းကို ပြုတော်မူပါသတဲ့။

ဘိက္ခူနီပြုရန် ခွင့်တောင်းခြင်း

▬▬▬▬▬▬

သုဒ္ဓေါဒနမင်းကြီး ပရိနိဗ္ဗာန် ဝင်စံပြီးတဲ့အခါမှာ မိထွေးတော် မဟာပဇာပတိ ဂေါတမီက မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီး ရိုသေစွာရှိခိုးလျက် မာတုဂါမတို့အား ရဟန်းပြုရန် ခွင့်ပြုတော်မူဖို့ လျှောက်ထား တောင်းပန်ကြောင်း ထေရိဂါထာ အဋ္ဌကထာကဆိုတယ်၊ အချို့ကတော့ မြတ်စွာဘုရား ကပိလဝတ်ပြည်သို့ ပထမအကြိမ် ကြွစဉ်ကပင် တောင်းပန်တဲ့ အနေနဲ့ ပြဆိုကြပါတယ်၊ အဲဒီတုန်းက မိထွေးတော် ဂေါတမီဟာ သောတာပန်မျှသာ ဖြစ်သေးတယ်၊ သုဒ္ဓေါဒန မင်းကြီးကလဲ အသက်တော် ထင်ရှားရှိစဉ်ဖြစ်နေတယ်၊ ဒီအကြောင်း ၂-ခုကြောင့် သုဒ္ဓေါဒန မင်းကြီးကို စွန့်ပစ်၍ ရဟန်းပြုရန် မိထွေးတော်ဂေါတမီကကြံမည့် လက္ခဏာ အရိပ်နိမိတ် မရှိပါဘူး၊ ဒါကြောင့် “သုဒ္ဓေါဒနမင်းကြီး မရှိတဲ့အခါကျမှ ရဟန်းပြုရန် ကြံစည်တယ်”ဆို တာကသာပြီး အသင့်ယုတ္တိ ရှိပါတယ်၊ နောက်ပြီး ပထမအကြိမ် ကပိလဝတ်ပြည် ကြွစဉ်က ကပိလဝတ်ပြည်မှ အနုပိယနိဂုံးသို့ ကြွတော်မူကြောင်း (ဒုတိယအကြိမ် ကြွတော်မူပြီးသည့်နောက်) မိထွေးတော်ဂေါတမီ၏ တောင်းပန်ချက်ကိုလဲ ပယ်ပြီးတဲ့နောက် ဝေသာလီပြည်သို့ ကြွတော် မူကြောင်း ပါဠိတော်များမှာ ထင်ရှားရှိပါတယ်၊ ဒါကြောင့် “ဝေသာလီမှာ သီတင်းသုံးခိုက် ခမည်းတော်၏ ဈာပနအတွက် ခေတ္တြွကတော်မူတယ်၊ အဲဒီအခါမှာ မိထွေးတော် ဂေါတမီက မာတုဂါမတို့ ရဟန်းပြုခွင့် ရရန် တောင်းပန်တယ်၊ အဲဒီ တောင်းပန်ချက်ကို ပယ်ပြီးနောက် ဝေသာလီပြည်သို့ပင် ပြန်ကြွတော်မူတယ်” ဆိုတဲ့ အစဉ်ဟာ အသင့် ယုတ္တိရှိပါတယ်။

မြတ်စွာဘုရား ကပိလဝတ်ပြည်မှ ဝေသာလီပြည်သို့ ပြန်ကြွ၍ မဟာဝုန်တော ကူဋာဂါရသာလာခေါ် ပြာသာဒ် ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူသောအခါ ရောဟိဏီ မြစ်ရေအတွက် ရန်စစ်ပွဲမှ မြတ်စွာဘုရားထံ၌ ရဟန်းပြုခဲ့ကြသော သာကီနွယ် ကောလိယနွယ် မင်းသား ငါးရာတို့၏ ဇနီးဖြစ်ကြသော မင်းသမီး ငါးရာတို့သည် သူတို့၏ ခင်ပွန်း ရဟန်းတော်များ ရဟန္တာ ဖြစ်ကုန်ကြ သဖြင့် လူ့ဘောင်၌ ငြီးငွေ့ကြသောကြောင့် မိထွေးတော် ဂေါတမီထံသို့ လာရောက်ကြ၍ မြတ်စွာဘုရားထံ ရဟန်းပြုခွင့် လျှောက်တောင်းပေးရန် တောင်းပန်ကြပါတယ်၊

အဲဒီအခါ မဟာပဇာပတိ ဂေါတမီနှင့်တကွ အဲဒီမုဆိုးမ မင်းသမီးငါးရာတို့ဟာ မြတ်စွာဘုရားကို ရည်စူးလျက် ခေါင်းများကို ရိတ်ပြီးတော့ ဖန်ရည်စွန်းသော အဝတ်သင်္ကန်းများကို ဝတ်ရုံ၍ ရဟန်းမလောင်း အသွင်ကို ယူကြပါတယ်၊ အဲဒီလို ဖန်ရည်စွန်းသောအဝတ်များကို ဝတ်ရုံကြပြီးတော့ မြတ်စွာဘုရားထံ ခွင့်တောင်းရန် ဝေသာလီပြည်သို့ လာခဲ့ကြပါတယ်။ ကပိလဝတ်နှင့် ဝေသာလီဟာ (၅၁)ယူဇနာ ဝေးကွာတယ်လို့ ဆိုပါတယ်၊ သက်ဆိုင်ရာ မင်းမှုထမ်းတို့က ရွှေထမ်းစင်များဖြင့် လိုက်ပို့ရန် စီမံကြပါသတဲ့၊ ဒါပေမယ့် ရွှေထမ်းစင် စီးပြီးသွားလျှင် ဘုရားကို မရိုသေရာ ရောက်လိမ့်မယ်လို့ ကြံဆပြီး ခြေလျင်သာ သွားကြပါတယ်၊ သက်ဆိုင်ရာ မင်းမှုထမ်းများက ရှေ့မှရော နောက်မှရော စောင့်ရှောက်လျက် လိုက်ပါလာကြပါတယ်၊ စားသောက်ရေးနှင့် ရောက်ရာစခန်းမှာ နားနေရေးများအတွက်လဲ လိုက်ပါပြီး ဆောင်ရွက်ကြပါတယ်၊

နန်းတွင်းသူတွေ ဆိုတာ ခြေကလည်း နူးညံ့တယ်၊ ခရီးရှည်ကလဲ သွားဖူးကြတာ မဟုတ်ဘူး၊ ဒါကြောင့် ခြေဖဝါးမှာ အဖူး အလုံးတွေဖြစ်ပြီး ပေါက်ကွဲကုန်ကြပါ သတဲ့၊ (၅၁) ယူဇနာဆိုတော့ တစ်နေ့ တယူဇနာခရီး သွားတယ်ဆိုတောင် ရက် ၅၀-ကျော် ၂-လနီးနီး သွားကြရလိမ့်မယ် ဒီတော့ ခြေတွေအတော် ပေါက်ကွဲကုန်မှာပါပဲ။

ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ကျောင်းတိုက်ကြီး အဝင်ဝ ရောက်တဲ့အခါကျတော့ မဟာပဇာပတိဂေါတမီက မြတ်စွာဘုရားထံ ခွင့်တောင်းဖို့အရေး မျှော်တွေးပြီး မျက်ရည်စီးယို ငိုကျွေးနေပါသတဲ့၊ အကြောင်းကတော့ အလျင်တစ်ခါခွင့် တောင်းတုန်းက သုံးကြိမ်တိုင်တိုင် ပယ်ချခဲ့တယ်၊ အခွင့်မရခဲ့ဘူး၊ ဒီတစ်ခါ ပယ်ချလို့ အခွင့်မရရင် ခက်တာပဲ မင်းသမီးငါးရာ နှင့်တကွ အားလုံးခေါင်းလဲ ရိတ်ထားကြပြီ၊ ဖန်ရည်စွန်းသော အဝတ်ကိုလဲ ရဟန်းမလောင်း အသွင်ဖြင့် ဝတ်ဆင်ထားကြပြီ၊ နိုင်ငံခြား နယ်ပယ်ထဲလဲ ရောက်နေကြပြီ၊ ဒီတစ်ခါ အခွင့်မရရင် ဘယ်သွားပြီး ဘယ်လို နေကြရပါမလဲ စသည်ဖြင့် စဉ်းစားပြီး စိတ်အားငယ်တာနှင့် မျက်ရည်စီးယို ငိုနေတာပါပဲ-တဲ့။

အရှင်အာနန္ဒာက ဘိက္ခုနီပြုခွင့် တောင်းပန်ခြင်း

▬▬▬▬▬▬▬▬▬▬▬

အဲဒီအခါ အရှင်အာနန္ဒာက အဲဒီကျောင်းတိုက် အဝရောက်လာလို့ မိထွေးတော်ဂေါတမီ ခေါင်းတုံးရိတ်ပြီး ဖန်ရည်စွန်းသော အဝတ်ကိုလဲ ဝတ်လျက် ငိုနေတာကို တွေ့ရလို့မေးကြည့်တော့ မိထွေးတော်ဂေါတမီက အကြောင်းစုံကို လျှောက်ထားတယ်၊ ဒီတော့ အရှင်အာနန္ဒာက “ဒါဖြင့် မာတုဂါမများအား ရဟန်း ပြုခွင့်ရအောင် တောင်းပန်ပေးမယ်၊ ဒီမှာပဲနေကြဦး”လို့ အားပေးစကား ပြောပြီးတော့ မြတ်စွာဘုရားထံ သွားရောက် လျှောက်ထား တောင်းပန်တယ်။

“မြတ်စွာဘုရား၊ မိထွေးတော်ဂေါတမီဟာ မာတုဂါမများအား ဤသာသနာ၌ ရဟန်းပြုရန် ခွင့်ပြုချက် မရသောကြောင့် ပင်ပန်းဆင်းရဲစွာ လာခဲ့ပြီး ကျောင်းတိုက်အဝမှာ မဝင်ဝံ့ပဲ ငိုနေပါသည်၊ မာတုဂါမများအား ဤသာသနာ၌ ရဟန်း ပြုခွင့် ပေးတော်မူပါဘုရား”လို့- အရှင်အာနန္ဒာက လျှောက်ထားတောင်းပန်တယ်၊ ထိုအခါ မြတ်စွာဘုရားက “ချစ်သားအာနန္ဒာ၊ မသင့်တော်ဘူး၊ မာတုဂါမတို့ အတွက် ရဟန်း ပြုခွင့် အလိုမရှိလင့်”လို့ ပယ်မြစ်တော်မူပါတယ်၊ အရှင်အာနန္ဒာက နှစ်ကြိမ်မြောက် သုံးကြိမ်မြောက်လဲ ထပ်ပြီးတောင်းပန်တယ်၊ သုံးကြိမ်လုံး မြတ်စွာဘုရားက ပယ်ချတော်မူတယ်၊ အဲဒီတော့ အရှင်အာနန္ဒာက ဒီနည်းနဲ့ ခွင့်မပြုရင် အခြားနည်းနဲ့ တောင်းပန် ဦးမယ်လို့ ကြံစည်ပြီးတော့ -

“မြတ်စွာဘုရား၊ မာတုဂါမများဟာ ဒီသာသနာတော်မှာ ရဟန်း ပြုပြီး တရားကျင့်သုံးလျှင် အရိယမဂ်လေးပါး ဖိုလ်လေးပါးကို ရနိုင်ပါသလား”လို့- မေးလျှောက်တယ်၊ မြတ်စွာဘုရားက ရနိုင်ကြောင်း မိန့်တော်မူတယ်၊ အဲဒီအခါမှာ အရှင်အာနန္ဒာက “ဒီလိုဆိုရင် မိထွေးတော် ဂေါတမီဟာ ရှင်တော်ဘုရားအတွက် များစွာ ကျေးဇူးရှိပါတယ်၊ ရှင်တော်ဘုရားအား နို့ရည်တိုက်ကျွေး၍ မွေးမြူ ခဲ့ပါတယ်၊ ဒါကြောင့် မာတုဂါမများအား ဒီသာသနာမှာရဟန်း ပြုခွင့် ပေးတော်မူပါ”လို့ လျှောက်ထား တောင်းပန်တယ်၊ လျှောက်ပုံက တော်တော်နေရာကျတာပဲ၊ ဘုရားတိုင်း၏သာသနာမှာ ဘိက္ခုနီ ဆိုတာ ရှိမြဲပါပဲ၊ ဘိက္ခုနီမအဖြစ်နဲ့ ကျွတ်တမ်းဝင်မည့် အမျိုး သမီးတွေလဲရှိနေတာပဲ ဒါကြောင့် မာတုဂါမတို့အား ရဟန်း ပြုရန် အခွင့်ပြုဖို့ဆိုတာဟာ မူလကတည်းကရှိခဲ့ပါတယ်၊ ဒါပေမယ့် ခက်ခက်ခဲခဲခွင့်တောင်းပြီး အခွင့်ရပါမှ အမျိုးသမီးများအတွက် အကျိုးများမည့်အရေးကို မြင်တော် မူလို့ မိထွေးတော်ဂေါတမီ ကိုယ်တိုင် တောင်းပန်တုန်းက သုံးကြိမ်တိုင်တိုင် ပယ်တော်မူခဲ့တယ် အရှင်အာနန္ဒာ တောင်းပန်တဲ့အခါလဲ သုံးကြိမ်တိုင်တိုင် ပယ်တော်မူခဲ့တယ်။

ဘိက္ခုနီပြုရန် ခွင့်ပြုတော်မူခြင်း

▬▬▬▬▬▬

စတုတ္ထအကြိမ် အခြားနည်းဖြင့် တောင်းပန်သောအခါမှာတော့ ခွင့်ပြုရန် သင့်တော်နေပြီ ဖြစ်တဲ့ အတွက် မြတ်စွာဘုရားက “မိထွေးတော်မဟာပဇာပတိ ဂေါတမီဟာ ဂရုဓမ်ရှစ်ပါးကို လက်ခံလျှင် ဘိက္ခုနီ(ရဟန်းမ) ဖြစ်စေ”လို့ ခွင့်ပြုတော်မူ လိုက်ပါတယ်။

အခြားသာကီဝင်မင်းသမီး ရဟန်းမအလောင်း ငါးရာတွေကိုတော့ ရဟန်းတော်များက ကမ္မဝါဖြင့် ရဟန်းပြုပေးစေတော် မူခဲ့ပါတယ်၊ အဲဒီအခါကစပြီး ရဟန်းမများ ဖြစ်ပေါ်လာခဲ့တယ်၊ အဲဒီအခါဟာ မြတ်စွာဘုရား၏ ငါးဝါမြောက်ကာလ ဖြစ်တယ်၊ မြတ်စွာဘုရား၏ အသက်တော် (၄၀)၊ မိထွေးတော် မဟာပဇာတိဂေါတမီ၏ အသက် (၉၄)နှစ်ခန့် ဖြစ်တယ်။

မိထွေးတော် ဂေါတမီထေရီဟာ ဂရုဓမ်ရှစ်ပါးကို လက်ခံရုံမျှဖြင့် ရှေးဦးစွာ ဘိက္ခုနီဖြစ်တယ်၊ အခြားသာကီဝင် ရဟန်းမလောင်း ငါးရာတို့ကိုတော့ ရဟန်းတော်များက ကမ္မဝါဖြင့် ရဟန်းမ ပြုပေးကြပါတယ်၊ နောက်ကာလမှာတော့ ရဟန်းအမ လောင်းများကို ဘိက္ခုနီသံဃာက ရှေးဦးစွာ ကမ္မဝါဖြင့် ရဟန်းမ ပြုပေးပြီးနောက် ရဟန်းများကလဲ ထပ်ပြီးကမ္မဝါဖြင့် ဥပသမ္ပဒ ကံဆောင် ပေးကြပါတယ်။

မိထွေးတော်ဂေါတမီထေရီဟာ မြတ်စွာဘုရား၏ အဆုံးအမဖြင့် တရားအားထုတ်၍ မကြာမီပင် ရဟန္တာမ ဖြစ်သွားတယ်၊ ရဟန္တာမဖြစ်သွားတော့ သူ့သန္တာန်မှာ ကိလေသာ လုံးဝကင်းစင်သွားတယ်၊ ကိလေသာ မရှိတော့ ရှေးဟောင်းကံတွေ ကလဲ ဘဝအကျိုးကို မဖြစ်စေနိုင်တော့ဘူး၊ အကျိုးပေးနိုင်တဲ့ ကံအသစ်လဲ သူ့သန္တာန်မှာ မဖြစ်တော့ဘူး၊ ဘုရားကို ရှိခိုးခြင်း, သံဃာတော်ကို ရှိခိုးခြင်း, ဈာန်ဝင်စားခြင်း, ဝိပဿနာ ရှာုခြင်း အစရှိတဲ့ ကုသိုလ် အလုပ်တွေကိုတော့ ပြုလုပ်ပါတယ်၊ ဒါပေမယ့် အကျိုးပေးတတ်တဲ့ ကံတော့ မဖြစ်တော့ဘူး၊ အကျိုးမပေးတဲ့ ကြိယာသာ ဖြစ်တော့တယ်၊ ရဟန္တာများက ကုသိုလ်ကံကို ပယ်တယ်ဆိုတာ ကိလေသာမရှိလို့ အကျိုးပေး တတ်တဲ့ ကုသိုလ်ကံ မဖြစ်တော့ပဲ အကျိုးမပေးတတ်တဲ့ ကြိယာမျှ ဖြစ်တာကိုသာဆိုတာ၊ အဲဒါကိုအထူး သတိပြုပြီး မှတ်ထားကြရမယ်၊ အခြားသာကီဝင် မင်းသမီးရဟန်းမငါးရာတို့ ကတော့ သာကီဝင်မင်းသား နန္ဒက မထေရ်ဟောတဲ့ တရားကို နာကြားပြီး ရဟန္တာမ ဖြစ်သွားကြတယ်။

မိထွေးတော် ဂေါတမီထေရ်မ ပရိနိဗ္ဗာန်ပြုပုံ

▬▬▬▬

မိထွေးတော် ဂေါတမီထေရီဟာ ရဟန်းပြုတဲ့ အချိန်က အသက် (၉၄)နှစ်ခန့် ရှိတယ်လို့ ခန့်မှန်းရပါတယ်၊ ရဟန္တာ ဖြစ်ပြီးနောက် (၂၆)နှစ် ခန့်ရှိသောအခါ, ဝါအားဖြင့်လဲ (၂၆)ဝါခန့် ရှိသော အခါ အသက် (၁၂၀)ရှိပါတယ်၊ မြတ်စွာဘုရား၏ အသက်တော်လဲ အဲဒီအခါ (၆၆)နှစ်ခန့် ရှိနေလိမ့်မယ်၊ အဲဒီအခါမှာ မြတ်စွာဘုရားဟာ ဝေသာလီပြည် ကူဋာဂါရသာလာမှာ သီတင်းသုံး နေတော်မူခိုက်ဖြစ်တယ်၊ ဝါကပ်နေတာတော့ မဟုတ်ပေဘူး၊ ဒေသစာရီ ကြွချီတော်မူရင်း ခေတ္တ သီတင်းသုံးနေခိုက် ဖြစ်ပါလိမ့်မယ်၊ မိထွေးတော် မဟာပဇာပတိ ဂေါတမီထေရီကလဲ သူ့အခြွေအရံ ဘိက္ခုနီငါးရာတို့နှင့်တကွ ဝေသာလီ မြို့တွင်း ဘိက္ခုနီကျောင်းတိုက်မှာ နေထိုင်လျက် ရှိကြတယ်၊ တစ်နေ့သောအခါမှာ မဟာပဇာပတိ ဂေါတမီဟာ ဖလသမာပတ်ဝင်စားပြီး သမာပတ်မှ ထတဲ့အခါ မိမိ၏အာယုသင်္ခါရ အသက်အခြေအနေကို ဆင်ခြင်ကြည့်လိုက်တယ်၊ အဲဒီအခါ အာယုသင်္ခါရ ကုန်နေတာကို မြင်ရတယ်၊ ဒီတော့ “မြတ်စွာဘုရားထံသွားပြီး ခွင့်တောင်းတယ်၊ ခွင့်တောင်းပြီးတော့ သီတင်းသုံးဖော် မထေရ်မြတ်တွေကို ပန်ကြားပြီး ဒီဘိက္ခုနီကျောင်းတိုက်မှာပဲ ပြန်လာပြီး ပရိနိဗ္ဗာန် ပြုမယ်”လို့ ကြံစည်ပါသတဲ့ သူ့ အခြွေအရံဘိက္ခုနီမ ငါးရာတို့ကလဲ အဲဒီ အချိန်မှာ အဲဒီအတိုင်းပဲ ကြံစည်ကြပါသတဲ့။

အဲဒီ မဟာပဇာပတိ ဂေါတမီကတော့ အသက် (၁၂၈) ရှိနေလို့ ပရိနိဗ္ဗာန် ပြုချိန် တန်နေကြောင်း ထင်ရှားတယ်၊ အခြား သူ့ အခြွေအရံ ဘိက္ခုနီတွေကတော့ အသက် (၁၂၀) ရှိကြပုံမပေါ်သေးပါဘူး၊ ဒါပေမယ့် သူတို့လဲ အသက် (၆၀)ကျော် (၇၀)ကျော် စသည်ရှိပြီး အာယုသင်္ခါရ ကုန်နေတယ် လို့ယူရမှာပဲ၊ ဒါကြောင့် သူတို့အကြံအစည်ဖြစ်ပုံကို အချင်းချင်း ပြောကြ ပြီးတော့ မြတ်စွာဘုရား ထံသို့ သွားကြတယ်၊ အဲဒီအခါ ကြည်ညို ကိုးကွယ်နေကြတဲ့ အမျိုးသမီးများက ဘယ်ကိစ္စအတွက် ဘယ်ကို ကြွကြမလို့ပါလဲလို့ မေးကြတော့၊ ပရိနိဗ္ဗာန် ပြုရန် ဘုရားထံခွင့်ပန်ဖို့ သွားကြကြောင်း ပြောကြားတယ်၊ အဲဒါကို ကြားရတော့ ပရိနိဗ္ဗာန် မပြုနိုင်ရန် ငိုယိုပြီး တောင်းပန်ကြတယ်၊ အဲဒီ အမျိုးသမီးများကို ဂေါတမီထေရီမကြီးက ဒီလိုနှစ်သိမ့်စေသည့် စကားပြောကြားပါသတဲ့။

ငိုသူတို့အား နှစ်သိမ့်စေခြင်း

▬▬▬▬▬▬

ရုဒိတေန အလံ ပုတ္တာ၊
ဟာသကာလော, ယမဇ္ဇဝေါ။

ပုတ္တာ - ချစ်သမီးတို့၊
ရုဒိတေန - ငိုကြွေးခြင်းဖြင့်၊
အလံ - မသင့်တော်ပါ၊
အယံ အဇ္ဇ - ယနေ့ ဤအချိန် ကာလသည်၊
ဝေါ - သင် ချစ်သမီးတို့၏၊
ဟာသကာလော - ပျော်ရွှင်ရမည့်အချိန်အခါသာ ဖြစ်ပါတယ် တဲ့။

ခင်မင်ရင်းနှီးတဲ့သူ သေတယ်ဆိုရင် လူတွေက ငိုကြတော့တာပဲ။ အထူးအားဖြင့် အမျိုးသမီးတွေက ငိုကြတော့တာပဲ ဒါပေမယ့် ဖြစ်ရာဖြစ်ရာ ဘဝမှာမသေပဲနဲ့ အမြဲအသက်ရှင်နေရတယ် ဆိုတာ ဘယ်မှာမှမရှိဘူး၊ တစ်နေ့ကျရင် သေကြရမှာချည်းပဲ၊ အရေးကြီးတာကတော့ သေပြီးတဲ့နောက် အပါယ်ဘုံ အစရှိတဲ့ ဆင်းရဲတဲ့ ဘုံဘဝတွေ မရောက်ဖို့က အရေးကြီးတာပဲ၊ ကုသိုလ် မရှိပဲ အကုသိုလ်ကံတွေ များပြီး သေသွားရင်တော့ သနားစရာ ဝမ်းနည်းစရာ ငိုစရာပါပဲ၊ ဒါန သီလ ဘာဝနာ အစရှိတဲ့ ကုသိုလ်တွေကို ပွားများပြီး သေသွားရင်တော့ ကောင်းမြတ်ရာဘဝရောက်ဖို့ နီးစပ်ပါတယ်၊

အထူးအားဖြင့် သေခါနီးမှာ မတွေဝေပဲ ကြည်ကြည်လင်လင် စိတ်နဲ့ သေသွားရင် ကောင်းရာ ရောက်ဖို့ သေချာပါတယ်၊ အိမ်ဟောင်း အိမ်ညံ့မှ အိမ်သစ် အိမ်ကောင်း ပြောင်းသွားတာ မျိုးပါပဲ၊ သနားစရာ ဝမ်းနည်းစရာ ငိုစရာ မဟုတ်ပါဘူး၊ သေသေချာချာ သိရရင် ဝမ်းသာစရာပဲ၊ အထူး အားဖြင့် ဝိပဿနာတရားကို ထိထိရောက်ရောက် အားထုတ်ထားတဲ့သူဟာ သေခါနီးမှာလဲ ရှုမှတ်မှု မကင်းပဲ သေသွားရင် ဝမ်းနည်းစရာ ငိုကြွေးစရာ မဟုတ်ပါဘူး၊ ယခု မိထွေးတော် ဂေါတမီနှင့် ငါးရာသော ဘိက္ခုနီတွေကတော့ ရဟန္တာမ တွေပဲ၊ ပရိနိဗ္ဗာန်စံဝင်ကြတာပဲ၊ ဝမ်းနည်းစရာ ငိုစရာ မဟုတ်ပါဘူး၊ ဝမ်းသာစရာသာ ဖြစ်တယ်၊ အဲဒီအကြောင်းကိုလဲ ဒီလို ဆက်ပြီး ပြောကြားတယ်။

ဒုက္ခသစ္စာ သမုဒယသစ္စာ နိရောဓသစ္စာ မဂ္ဂသစ္စာဆိုတဲ့ သစ္စာလေးပါးကို သိပြီး ပွားစေပြီး ဖြစ်ကြောင်း၊ ကိလေသာဝန် အဘိသင်္ခါရဝန်၊ ခန္ဓာဝန်ဆိုတဲ့ ဝန်ထုပ်ကြီးများကိုလဲ စွန့်ချပြီး ဖြစ်ကြောင်း၊ ဘဝနှောင်ကြိုးကိုလဲ ပယ်ဖြတ်ပြီးဖြစ်ကြောင်း များကို ပြောကြားပြီးတော့ -

ပုတ္တိကာ - ချစ်သမီးတို့၊
မေ - ငါအား၊
နိဗ္ဗာထုံ - ဆင်းရဲငြိမ်းရာသို့ သွားခြင်းငှာ၊
တာဝ ကာလော - အချိန်ကျနေပါပြီ၊
မံ - ငါ့ကို၊
မာ သောစထ - မစိုးရိမ် ကြပါနဲ့တော့လို့ ပြောကြားပါတယ်၊
နောက်ပြီးတော့ -

စိရပ္ပဘုတီ ယံ မယှံ၊
ပတ္ထိတံ အဇ္ဇ သိဇ္ဈတေ။
အာနန္ဒ ဘေရိ ကာလောယံ၊
ကိံ ဝေါ အဿူဟိ ပုတ္တိကာ။

ပုတ္တိကာ - ချစ်သမီးတို့၊
စိရပ္ပဘုတိ - ရှည်မြင့်စွာသော ကာလမှစ၍၊
ယံ - အကြင် ဆင်းရဲခပ်သိမ်း ငြိမ်းရာ နိဗ္ဗာန်ဆုကို၊
ပတ္ထိတံ - တောင့်တခဲ့၏၊
မယှံ - ငါ၏၊
တံ - ထိုနိဗ္ဗာန်ဆုသည်၊
အဇ္ဇ - ယနေ့ ယခု၊
သိဇ္ဈတေ - ပြီးစီးပြည့်စုံပေ၏၊
တသ္မာ - ထို့ကြောင့်၊
အယံ - ဤအခါကာလသည်၊
အာနန္ဒ ဘေရိ ကာလော - ဝမ်းမြောက် ဝမ်းသာသည့် အထိမ်းအမှတ် စည်ကြီးကိုတီးရမည့် အခါ ကာလပေတည်း၊

(ရှေးကဘုရင်များဟာ စစ်ပွဲအောင်လာတဲ့အခါ အောင်စည်ကြီးကို တီးခပ်ပြီး လှည့်လည်ကြတယ်၊ အဲဒါလိုပင် ကမ္ဘာတစ်သိန်းထက် ကြာမြင့်စွာသော ကာလမှစ၍ တောင့်တခဲ့သည့် နိဗ္ဗာန်ဆုကြီးဟာ ယနေ့ ပြီးမြောက်ပြည့်စုံတယ်၊ ဒါကြောင့် ယနေ့ အောင်စည်တီးပြီး ဝမ်းမြောက်ဝမ်းသာရမည့် အခါ သာ ဖြစ်တယ်၊ ဝမ်းနည်းရမည့် ငိုကြွေးရမည့်အခါ မဟုတ်ဘူးလို့ ဆိုလိုပါတယ်၊ ဒါကြောင့်)

ဝေါ - သင် ချစ်သမီးတို့အား၊
အဿူဟိ - မျက်ရည်စီးယို ငိုကြွေးခြင်း တို့ဖြင့်၊
ကိံ - အဘယ်အကျိုးရှိအံ့နည်း၊ အကျိုးမဲ့သာ ဖြစ်ပါတယ် ချစ်သမီးတို့လို့ ပြောဆိုပါတယ်။

မိထွေးတော်ဂေါတမီဟာ လွန်ခဲ့သော ကမ္ဘာတစ်သိန်းထက်က ပဒုမုတ္တရဘုရား- လက်ထက်တော်မှာ အမတ်သမီးကလေး ဖြစ်ခဲ့တယ်၊ အဲဒီတုန်းက ပဒုမုတ္တရမြတ်စွာဘုရားထံ သူ့ဖခင်နှင့် သွားရောက်ပြီး တရားနာတယ်၊ အဲဒီအခါ မြတ်စွာဘုရားက မိထွေးတော် ဘိက္ခုနီမကြီးကို ရတ္တညူ ဧတဒဂ်ဖြင့် ချီးကျူးတော် မူတယ်၊ ရတ္တညူဆိုတာ ဘိက္ခူနီမအဖြစ်နဲ့ ညဉ့်နေ့ ကာလတွေကို အများဆုံး သိသူလို့ ဆိုလိုပါတယ်၊ တည့်တည့်ပြောရရင် ဘိက္ခုနီထဲမှာ ဝါအကြီးဆုံးလို့ ဆိုလိုပါတယ်၊ အဲဒါကို မြင်ရ ကြားရတော့ အမတ်သမီးကလေးက အလွန်သဘောကျသွားတယ်၊ အမျိုးသမီးထဲမှာ ဒီဂုဏ်က အကောင်း အမြတ်ဆုံးပဲလို့ သဘောကျသွားတယ်၊

ဘာကြောင့်လဲဆိုတော့ ဘုရားအလောင်း မယ်တော်အရင်းက မွေးဖွားပြီး ခုနစ်ရက်မြောက်မှာ ကွယ် လွန်သွားရတယ်၊ ဘုရားအလောင်းကို ကောင်းကောင်း မပြုစုလိုက်ရဘူး၊ ဘုရားဖြစ်လာတဲ့ အခါကျတော့လဲ ဘုရားမယ်တော် အနေနဲ့ လူလောကမှာ မထင်ရှားဘူး မိထွေးတော်က ခုနစ် ရက်သား ဘဝကတည်းက ဘုရားအလောင်းတော်ကို ပြုစုစောင့်ရှောက် လာခဲ့ရတယ်၊ ဘုရား မယ်တော်ကြီး အဖြစ်နဲ့လဲ လူအများ၏ လေးစားခြင်းကို ခံယူရတယ်၊ အရင်းနှီးဆုံးလဲ ဖြစ်တယ်၊ ဒါကြောင့် အမျိုးသမီးဘဝမှာ ဘုရားလောင်း၏ မိထွေးတော်ဖြစ်ပြီး ဝါအကြီးဆုံး အစဆုံး ဘိက္ခုနီမ ဖြစ်ရတာဟာ အကောင်း အမြတ်ဆုံးပဲလို့ သူကသဘောကျပြီး အဲဒီရတ္တညူ ဧတဒဂ်ရတဲ့ ဘုရား၏ မိထွေးတော် ဆုထူးကိုပန်ခဲ့တယ် အဲဒီတုန်းက ဆုပန်လာတာ ကြာလှပါပြီ၊ ကမ္ဘာပေါင်းတစ်သိန်းရှိပြီ၊ အဲဒီကမ္ဘာတစ်သိန်းအတွင်း မရေတွက်နိုင်တဲ့ ဘဝများစွာမှာ အိုရခြင်း သေရခြင်း စိုးရိမ် ပူဆွေးရခြင်း အစရှိသော ဆင်းရဲ အမျိုးစုံတွေကို ခံစားခဲ့ရလှပြီ၊ ယခု နောက်ဆုံးဘဝကျမှ အဲဒီ ဆုက ပြည့်စုံပြီးစီးတယ်၊ အဲဒီဆုမြတ်အရ ဆင်းရဲငြိမ်းရာ နိဗ္ဗာန်သွားရမယ်၊ ဝမ်းမြောက်စရာ အကောင်းဆုံး အချိန်ဖြစ်တယ်၊ ဝမ်းမြောက်တဲ့ အထိမ်းအမှတ်စည်ကြီးကို တီးသင့်တဲ့အချိန်ဖြစ်တယ်၊ စိုးရိမ် ပူဆွေးရ ငိုကြွေးရမည့်အချိန်မဟုတ်ဘူး ချစ်သမီးတို့လို့ နှစ်သိမ့်စေသည့် စကားကို ပြောကြား ပါတယ်။

အဲဒီလို ပြောကြားပြီးတော့ သမီးတို့က မယ်တော်ကြီးကို ချစ်ပါတယ်၊ သနားပါတယ်၊ ကျေးဇူးတင်ပါတယ်ဆိုရင် ဗုဒ္ဓသာသနာတော်ဆိုတဲ့ သူတော်ကောင်းတရား ရှည်မြင့်စွာ တည်အောင် တရားအားထုတ်မှု လုံ့လဝီရိယကိုသာ မြဲမြံစွာ ပြုရစ်ကြပါ၊ မယ်တော်ကြီးက တောင်းပန်လို့ မြတ်စွာဘုရားက သာသနာတော်မှာ အမျိုးသမီးများ၏ ရှင်ရဟန်းပြုခွင့်ကို ပေးတော်မူခဲ့တယ်၊ အဲဒါကို မယ်တော်ကြီးက နှစ်သက်ဝမ်းမြောက်သလိုပင် သမီးတို့က အတုလိုက်ပြီး ဝမ်းမြောက် ဝမ်းသာနှင့် ကျင်ရစ်ကြပါလို့ သြဝါဒစကားကိုလဲ ပြောကြားပြီး မြတ်စွာဘုရားထံသို့ သွားရောက်၍ ရှိခိုးကန်တော့ကြတယ်၊ ရှိခိုး ကန်တော့ပြီး မိထွေးတော် ဂေါတမီ လျှောက်ပုံကတော့ -

မြတ်စွာဘုရားအား လျှောက်ပုံ

▬▬▬▬▬▬▬▬▬▬▬

“မြတ်စွာဘုရား လောက အလိုအားဖြင့် တပည့်တော်မက အရှင်ဘုရား၏ မိခင်ဖြစ်ပါတယ်၊ တရားတော် အလိုအားဖြင့် အရှင်ဘုရားက တပည့်တော်၏ ဖခင်ဖြစ်ပါတယ်၊ အရှင်ဘုရား၏ တရားနယ်အတွင်းမှာ တပည့်တော်ဟာ အရိယာ သူတော်စင်အစစ် ဖြစ်ရပါပေတယ်၊ တပည့်တော် မက အရှင်ဘုရား၏ ရုပ်ကိုယ်တော်ကို နို့ရည်တိုက်ကျွေးခြင်း စသည်ဖြင့် ကြီးထွားစေခဲ့ပါတယ်၊ အရှင်ဘုရားက တပည့်တော်မ၏ (သတိပဋ္ဌာန် အစရှိသော) တရားကိုယ်ကို ကြီးပွား ပြည့်စုံစေ ခဲ့ပါတယ်၊ တပည့်တော်မက အရှင်ဘုရားအား နို့ရည်တိုက်ကျွေးပြီး ဆာလောင်မှု တခဏမျှ ငြိမ်းခြင်းကို ပြီးစေခဲ့ပါတယ်၊ အရှင်ဘုရားက တပည့်တော်မအား တရားနို့ရည်ဖြင့် တဏှာဟူသော ဆာလောင်မှု အစဉ်ထာဝရ ငြိမ်းခြင်းကို ပြီးစေတော်မူခဲ့ပါတယ်” စသည်ဖြင့် လျှောက်ထားပြီးတော့ အောက်ပါဂါထာဖြင့်လဲ လျှောက်ပါတယ်။

ရညော မာတာ မဟေသီတိ၊ သုလဘံ နာမ မိတ္ထီနံ။
ဗုဒ္ဓမာတာတိ ယံ နာံ၊ ဧတံ ပရမဒုလ္လဘံ။

ပုတ္တ - သားတော် ဘုရား၊
ရညော - စကြဝတေး မန္ဓာတ်စသော ဘုရင်မင်းမြတ်၏၊
မာတာ - မယ်တော်ဖြစ်သော၊
မဟေသီတိ - မိဖုရားကြီးဟူသော၊
နာမံ - အမည်ကို၊
ဣတ္ထီနံ - မိန်းမတို့သည်
သုလဘံ - ရလွယ်ပါသည် ဘုရား၊
ဗုဒ္ဓမာတာတိ - ဘုရား၏ မယ်တော်ကြီးဟူသော၊
ယံနာမံ - အကြင်အမည်သည်၊
အတ္ထိ - ရှိ၏၊
ဧတံ - ဘုရားမယ်တော်ကြီးဟူသော ဤအမည်သည်
ပရမဒုလ္လဘံ - အလွန်ရခဲသော အမည်စင်စစ်ဖြစ်ပါတော့သည် အရှင်ဘုရား။
(တဉ္စ လဒ္ဓံ - ထိုအမည်ကိုလဲ ရအပ်ပါပြီ အရှင်ဘုရား)
စသည်ဖြင့် လျှောက်ထားပြီတော့-

ပရိနိဗ္ဗာတု မိစ္ဆာမိ၊ ဝိဟာယေမံ ကဠေဝရံ။
အနုဇာနာဟိ မေ ဝီရ၊ ဒုက္ခန္တကရ နာယက။

ဒုက္ခန္တကရ - သံသရာဆင်းရဲ ကုန်ဆုံးခြင်းကို ပြုတတ်ပေသော
ဝီရိယ - ရဲရင့်တော်မူပေသော၊
နာယက - တလောကလုံး၏ အကြီးအမှူး ရှေ့ဆောင်ဖြစ်ပေသော သားတော်ဘုရား၊
အဟံ - တပည့်တော်မသည်၊
ဣမံ ကဠေဝရံ - ဤကိုယ်ကောင်ကို၊
ဝိဟာယ - ပယ်စွန့်၍၊
နိဗ္ဗာတုံ - ပရိနိဗ္ဗာန်ဝင်စံခြင်းငှာ၊
ဣစ္ဆာမိ - အလိုရှိပါ၏၊
မေ - တပည့်တော်မအား၊
အနုဇာနာဟိ - ခွင့်ပြုတော်မူပါ အရှင်ဘုရားလို့ ခွင့်တောင်းတယ်၊
အဲဒီလို ခွင့်တောင်းပြီးတော့-

စက္ကင်္ကုသဓဇာကိဏ္ဏေ၊ ပါဒေ ကမလ ကောမလေ။
ပသာရေဟိ ပဏာမံ တေ၊ ကရိဿံ ပုတ္တ ဥတ္တမေ။

ပုတ္တ - သားတော်ဘုရား၊
စက္ကင်္ကုသဇောကိဏ္ဏေ - စက်လက္ခဏာ၊ ချွန်းတောင်း လက္ခဏာ၊ တံခွန်လက္ခဏာတို့ဖြင့် ပြိုးြွပမ်း လျက်ရှိကုန်သော၊
ကမလကောမလေ - ကြာပန်းတို့ကဲ့သို့ နူးညံ့ပျော့ပျောင်း ကုန်သော၊
တေ ဥတ္တမေ ပါဒေ - အရှင်ဘုရား၏ ခြေတော်မြတ်တို့ကို၊
ပသာရေဟိ - ဆန့်တော်မူပါ အရှင်ဘုရား၊
တေ - အရှင်ဘုရားအား၊
ပဏာမံ ကရိဿံ - ရှိခိုးခြင်းကို ပြုပါ့မည်ဘုရားလို့ လျှောက်ထားပြီးတော့ မြတ်စွာဘုရား၏ ခြေတော်များကို ဦးခေါင်းနဖူးနှင့် တိုက်ပြီး ရှိခိုးကန်တော့ပါတယ်။

မြတ်စွာဘုရားက ခြေတော်များကိုဆန့်ပြီး အကန်တော့ခံတယ်၊ မိထွေးတော် ဂေါတမီထေရီမကြီးက ဦးခေါင်းနဖူးဖြင့် တိုက်ပြီးရှိခိုးတယ်၊ အဲဒါကို အထူး သတိပြုရမယ်၊ မြန်မာပြည်အောက်ပိုင်းက အချို့တန်ခိုးကြီး နာမည်ကြီးစေတီတော် ဆင်းတုတော်တွေမှာ ဂေါပကလူကြီးတွေ ရဟန်းတော် တွေက “စေတီအနီး ကုန်းဘောင်ပေါ်သို့ မိန်းမများ မတက်ရ၊ ဆင်းတုတော်ရှိရာ တန်ဆောင်း ပြာသာဒ်ပေါ်သို့ မတက်ရ” စသည်ဖြင့် တားမြစ်ကြတာကို စဉ်းစားစရာပဲ၊ “မိန်းမတွေတက်ပြီး ဖူးမြော်ရင် ဘာဖြစ်မယ် ညာဖြစ်မယ်” စသည်ဖြင့်လဲ ခြိမ်းခြောက် ပြောဆိုကြတယ်၊ ဘုရား စင်စစ်ကတောင် ဦးခေါင်းနဲ့တိုက်ပြီး အကန်တော့ခံတယ်ဆိုတော့ အဲဒီလိုတားမြစ်တာ ခြိမ်းခြောက် တာတွေဟာ ဗုဒ္ဓမြတ်စွာဘုရား၏ အလိုတော်နှင့် မညီဘူးလို့ ယူဆဖွယ်ရှိပါတယ်။ အဲဒီလို ရှိခိုးကန်တော့ပြီးတော့ အလွန် ကျက်သရေမင်္ဂလာနှင့်ပြည့်စုံသော ဂါထာ ၃-ပုဒ်တို့ဖြင့်လဲ ဒီလို လျှောက်ပါတယ်။

ကျက်သရေ မင်္ဂလာ ရှိလှသည့် ၃-ဂါထာ

▬▬▬▬▬▬▬

(၁) နဒတော ပရိသာယံ တေ၊
ဝါဒိတဗ္ဗ ပဟာရိနော။
ယေ တေ ဒုက္ခန္တိ ဝဒနံ၊
ဓညာ တေ နရပုင်္ဂဝ။

နရပုင်္ဂဝ - လူသုံးပါးတို့၏ ရှေ့သွားခေါင်းဆောင် ဖြစ်တော်မူပေသော သားတော်မြတ်ဘုရား၊
ဝါဒိတဗ္ဗ ပဟာရိနော - တီးသင့်တီးထိုက်သော စည်အမျိုးမျိုးကို အကွက်ကျကျ တီးခတ်ဘိသကဲ့သို့၊
ပရိသာယံ - ပရိသတ်လေးပါး အလယ်၌၊
နဒတော - ကျူးရင့်ဟောကြားတော်မူသော
တေ - ရှင်တော်ဘုရား၏၊
ဝဒနံ - ရွှေနှုတ်တော် မျက်နှာတော်ကို၊
ယေ တေ - အကြင် နတ်လူတို့သည်၊
ဒက္ခန္တိ - မျက်ဝါးထင်ထင် ဖူးမြင်ကြရပါ ကုန်လတ္တံ့၊
တေ - ရှင်တော်ဘုရား၏မျက်နှာတော်ကို ဖူးမြင်ရသော ထိုနတ်လူတို့သည်၊
ဓညာ - ဘုန်းကံကြီးမား ကြပါပေကုန်စွာ့ အရှင်ဘုရားတဲ့။

ဆိုလိုတာ ကတော့ အရှင်တော်မြတ်ဘုရား၏ မျက်နှာတော်ကို ယခုတပည့်တော်မတို့ ဖူးမြော် ရတာဟာ နောက်ဆုံး ဖူးမြော်ရခြင်း ဖြစ်ပါတယ် ဒီကနောက်တော့ ဖူးမြော်ကြရတော့မှာ မဟုတ် ပါဘူး၊ အခြားသော နတ်လူတွေကတော့ ရှင်တော်ဘုရား တရား ဟောနေစဉ် ရွှေနှုတ်တော် မျက်နှာတော်ကို ဖူးမြော်ကြရပါလိမ့်မယ်၊ အဲဒီလို ဖူးမြော်ကြရမည့် နတ်လူတွေဟာ ဘုန်းကံ ကြီးမားကြပါပေတယ်၊ ဘုန်းကံကြီးမားတဲ့ နတ်တွေဟာ ရှင်တော်မြတ်ဘုရား၏ ရွှေနှုတ်တော် မျက်နှာတော်ကို ဖူးမြော်ရစ်ကြ ပါလိမ့်မယ်၊ တပည့်တော်မတို့မှာတော့ ယခုနောက်ဆုံး ဖူးမြော်ကြ ရခြင်း ဖြစ်ပါတော့သည် အရှင်ဘုရားလို့ ဆိုပါတယ်။

(၂) ဒီဃင်္ဂုလီ တမ္ဗနခေ၊
သုဘေ အာယတပဏှိကေ။
ယေ ပါဒေ ပဏမိသန္တိ၊
တေပိ ဓညာ ဂုဏန္ဓရ။

ဂုဏန္ဓရ - အရဟံ အစရှိသော ဂုဏ်ကျေးဇူးတို့ကို ဆောင်တော်မူပေသော သားတော်မြတ်ဘုရား၊
ဝါ- အရဟံအစ ရှိသောဂုဏ်တော်တို့၏ တည်ရာဖြစ်တော်မူပေသော သားတော်မြတ်ဘုရား၊
ဒီဃင်္ဂုလီ - ရှည်သွယ်သော ခြေချောင်းတော်ရှိကုန်သော၊
တမ္ဗနခေ - နီမြန်းသော ခြေသည်းတော် ရှိကုန်သော၊
အာယတပဏှိကေ - ရှည်သော ခြေဖနှောင့်ရှိကုန်သော၊
သုဘေ - လှပတင့်တယ်ကုန်သော၊
တေပါဒေ - ရှင်တော်ဘုရား၏ ခြေတော်တို့ကို၊
ယေ - အကြင် သူတို့သည်၊
ပဏမိဿန္တိ - ရိုသေမြတ်နိုး ဦးနှိမ်လျှိုး၍ ရှိခိုးကန်တော့ကြရပေကုန်လတ္တံ့၊
တေပိ - ထိုသို့ရှိခိုးကြရသော သူတို့သည်လည်း၊
ဓညာ - ဘုန်းကံကြီးမား ကြပါပေကုန်စွာ့ အရှင်ဘုရားတဲ့။

ဒီဂါထာဖြင့် ဆိုလိုတာကတော့ တပည့်တော်မတို့ ယခုရှိခိုး ကန်တော့ကြရတာဟာ နောက်ဆုံးဖြစ်ပါ တော့သည်၊ ဒီက နောက်တော့ ရှိခိုး ကန်တော့ကြရတော့မည် မဟုတ်ပါ၊ အသက်ထင်ရှား ရှိနေကြတဲ့ အခြားသူတွေဟာ ရှင်တော်ဘုရား၏ ခြေတော်တို့ကို ရှိခိုးကြရပါလိမ့်မယ်၊ အဲဒီလို ရှိခိုးကြရမည့် သူတွေလဲ ဘုန်းကံကြီးမားကြပါပေတယ်၊ ဘုန်းကံကြီးတဲ့အတွက်လဲ နောက်နောက် ကာလတွေမှာ ရှိခိုးကန်တော့ခွင့် ရသွားကြပါလိမ့်မယ်လို့ ဆိုလိုပါတယ်။

(၃) မဓုရာနိ ပဟဋ္ဌာနိ၊
ဒေါသဂ္ဃါနိ ဟိတာနိ စ။
ယေ တေ ဝါကျာနိ သောဿန္တိ၊
တေပိ ဓညာ နရုတ္တမ။

နရုတ္တမ - နတ်လူတို့တွင် အမြန်ဆုံးဖြစ်တော်မူပေသော သားတော်မြတ်ဘုရား၊
တေ - ရှင်တော်မြတ်ဘုရား၏၊
မဓုရာနိ - ချိုမြိန်သာယာကောင်းလှစွာကုန်သော၊
ပဟဋ္ဌာနိ - ကြားနာသူတို့၏ စိတ်နှလုံးကို ရွှင်ပြုံးစေနိုင်ကုန်သော၊
ဒေါသဂ္ဃါနိ - အပြစ်များကို ပယ်ရှားဖျက်ဆီးတတ်ကုန်သော၊
ဟိတာနိ စ - အကျိုးစီးပွားကိုလဲ ဖြစ်စေနိုင်ကုန်သော၊
တေ - အရှင်တော်မြတ်ဘုရား၏၊
ဝါကျာနိ - စကားတော် တရားတော် တို့ကို၊
ယေ - အကြင်သူ တို့သည်၊
သောဿန္တိ - ကြားနာကြကုန်လတ္တံ့၊

(သုယျန္တိ-ဟုရှိသောပါဌ်ကား ယေ-ဟူသော ဝုတ္ထကတ္တားပုဒ် နှင့်လည်း မလျော်၊ ရှေး ၂-ဂါထာတို့၌ အနာဂတ်ဟော ဝိဘတ်ဖြင့် ဆိုခဲ့သော ဒက္ခန္တိ-ပဏမိဿန္တိ -ပုဒ်တို့နှင့်လည်း မညီ၊ မိထွေးတော် ဂေါတမီက သူပရိနိဗ္ဗာန်စံပြီးသည့်နောက်ကာလကို ရည်၍ဆိုသော စကားနှင့်လည်း မကိုက်။)

တေပိ - ရှင်တော်မြတ်ဘုရား၏ စကားတော် တရားတော်တို့ကို ကြားနာရမည့် ထိုသူတို့သည်လည်း၊
ဓညာ - ဘုန်းကံကြီးမားကြပါပေကုန်စွာ့ အရှင်ဘုရားတဲ့။

ဒီဂါထာအဆိုအားဖြင့်တော့ ယခုနေအခါ မြတ်စွာဘုရား၏ တရားတော်တွေကို ကြားနာနေကြရတဲ့ သူတွေဟာ အင်မတန်ဝမ်းသာစရာပါပဲ၊ မြတ်စွာဘုရား လက်ထက်တော်ကာလ ဘုရား ကိုယ်တော်တိုင် ဟောတဲ့ တရားတော်ကို နာကြရတဲ့ သူတွေမှာတော့ ဘုရားရှင်၏အသံတော်ကို ကြားနာလို့လဲ ကံကောင်းတယ်၊ တရားတော်ကိုသိရလို့လဲ ကံကောင်းတယ်၊ နှစ်မျိုး နှစ်ထွေ ကံကောင်းတယ်လို့ ဆိုရမှာပေါ့၊ ယခုနေအခါ ဘုရားတပည့်များကတဆင့် ဟောတဲ့တရားကို နာကြရတဲ့သူတွေမှာတော့ တရားသိရတာ တစ်မျိုးတည်းဖြင့် ကံကောင်းတယ်လို့ ဆိုရမှာပဲ၊

ဒါပေမယ့် အရေးကြီးတာကတော့ တရားသိရတာဟာ လိုရင်းပါပဲ၊ အသံလောက်သာ အာရုံပြုပြီး တော့ တရားမသိရင် သိပ်အဖိုးမတန်လှပါဘူး၊ တရားကို သိနားလည်ပြီးတော့ တရားနှလုံးသွင်း အားထုတ်ပြီး တရားထူးသိမြင်သွားရင် အဲဒါဟာ အကောင်းမြတ်ဆုံးပါပဲ။ ဒါကြောင့် ယခုနေအခါမှာ မြတ်စွာဘုရား၏ တရားတော်ကို နာကြားပြီး တရားအားထုတ်ကြတယ်၊ အားထုတ်ပြီး ဝိပဿနာ ဉာဏ်တွေနဲ့ ပြည့်စုံကြတယ်၊ ဝိပဿနာဉာဏ် ရင့်သန်ပြည့်စုံပြီးတော့ အရိယမဂ်ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက် တွေ့မြင်ကြတယ်ဆိုရင် အဲဒီလိုပုဂ္ဂိုလ်တွေဟာ အလွန်ကံကောင်းတဲ့ ပုဂ္ဂိုလ် တွေပါပဲ၊ အောက်ထစ်ဆုံးအားဖြင့် သောတာပန်လောက် ဖြစ်ရင်ကို ကံကောင်းလှပါပြီ၊ သကဒါဂါမ်, အနာဂါမ် ရဟန္တာဖြစ်သွားတယ်ဆိုရင်တော့ အထူးပြောစရာ မလိုပါဘူး၊ အင်မတန် ကံကောင်းတဲ့ ပုဂ္ဂိုလ်တွေပါပဲ၊ ဒါကြောင့် ယခုတရားနာနေကြရတဲ့သူတွေဟာ “ငါတို့ ကံကောင်းတဲ့ လူတွေပါ ကလား”လို့ ဆင်ခြင်ပြီး ဝမ်းသာ ဝမ်းမြောက်ကြဖို့ပါပဲ။

ဒီဂါထာရဲ့အစမှာ မြတ်စွာဘုရား၏ အသံတော်ဟာ (မဓုရာနိ) အလွန် ချိုမြိန်သာယာပါတယ်၊ ကောင်းလှပါတယ်တဲ့၊ ယခုနေအခါမှာတော့ အဲဒီအသံတော်ကို မကြားရနိုင်တော့ဘူး၊ ဒါပေမယ့် ကရဝိတ်ငှက်၏ အသံလိုပင် သာယာတယ်လို့ ပြဆိုထားတဲ့အတွက် အဲဒီငှက်၏အသံကို ကြားရ ရင်တော့ နှိုင်းယှဉ် မှန်းဆပြီး ကြည်ညိုနိုင်ဖို့ ရှိပါတယ်၊ သီရိဓမ္မာသောကမင်းကြီး၏ မိဖုရားကြီးဟာ အသန္ဓိမိတ္တာတဲ့၊ အဲဒီ မိဖုရားကြီးဟာ အလွန်ချောမောလှပတယ်၊ လက်ဆစ် နိမိတ်သဏ္ဌာန်တောင် မထင်ရှားပဲ ချောမော ပြေပြစ်နေတယ်၊ ဒါကြောင့် သူ့ကို အသန္ဓိမိတ္တာလို့ ခေါ်ပါသတဲ့၊ အဲဒီ မိဖုရားကြီးဟာ ကရဝိတ်ငှက် မြည်သံကို ကြားရတော့ မြတ်စွာဘုရား အသံတော်ဟာ ဒီငှက် အသံထက် အဆပေါင်းများစွာ သာယာပေလိမ့်မယ်လို့ အာရုံပြုရင်း တကိုယ်လုံးပီတိတွေ ပျံ့နှံ့ပြီး ဖြစ်လာတယ်၊ အဲဒီပီတိကို နှလုံးသွင်းရှုမှတ်ပြီးတော့ တခဏလေးအတွင်းမှာပင် သောတာပန် ဖြစ်သွားသတဲ့၊

ယခု မြန်မာပြည်မကြီးထဲမှာတော့ အဲဒီကရဝိတ်ငှက်က ရှိပုံမပေါ်ဘူး၊ ဘယ်မှာမှရှိတယ်လို့ မကြားရဘူး၊ ရခိုင်ပြည်နယ် စစ်ထွေဘက် တရားဟောသွားတုန်းက မြို့ဟောင်း ဆိုတဲ့ မြို့၌ တရားဟောရောက်တဲ့အခါ ရှေးကရခိုင်ဘုရင် တည်ဆောက်ထားတဲ့ ဘုရားတိုက်တစ်ခုကို ဝင်ကြည့် ကြတယ်၊ အဲဒီတိုက်အတွင်း နံရံမှာ ဘုရားအလောင်းတော်၏ အဖြစ်တော်များ အနေနဲ့ ငှက်ရုပ်တွေ, သားကောင်ရုပ်တွေ လုပ်ထားတယ်။ အဲဒီမှာ လိုက်ပြတဲ့သူက ကရဝိတ်ငှက်ရုပ်ကိုပြတယ်၊ အဲဒီ ငှက်ကို မြင်ဖူးရဲ့လားလို့ မေးကြည့်တော့ မြင်ဖူးကြောင်း၊ မြို့ဟောင်းနယ် လယ်ကွင်းထဲများမှာ တွေ့ရကြောင်း၊ အကောင်က မကြီးလှကြောင်း၊ အသံသာယာကြောင်းများကို အဲဒီ လိုက်ပြတဲ့သူက ပြောတယ်၊ ဒီတော့ ကရဝိတ်ငှက် အကြောင်း ကိုယ်တွေ့ သိချင်ရင် အဲဒီအရပ်ကိုသွားပြီး လေ့လာရုံပဲ၊ မြန်မာပြည်မကြီးထဲမှာ ရှိကြတဲ့ ငှက်တွေထဲက မြန်မာ့နားနဲ့ အသံအသာဆုံး ကတော့ ဥသြငှက်ပဲ၊ မြတ်စွာဘုရား၏ အသံတော်ဟာ အဲဒီဥသြငှက်ထက်လဲ အများကြီး သာယာတယ်လို့ အာရုံပြုရမှာပဲ။

နောက်ပြီးတော့ မြတ်စွာဘုရား၏ အသံတော် တရားတော်ဟာ (ပဟဋ္ဌာနိ) ကြားနာရသူတို့၏ စိတ်နှလုံးကို ရွှင်ပြုံး ကြည်လင်စေနိုင်ပါတယ်-တဲ့၊ ကာမသုတ္တန် တရားတော်မှာလာတဲ့ လယ်သမား ပုဏ္ဏားဟာ သူ့ဂျုံခင်း ရေလွှမ်းသွားလို့ အကြီးအကျယ် စိတ်ဆင်းရဲနေတယ်၊ အဲဒီအခါ မြတ်စွာဘုရား က ကြွရောက်ပြီး သင့်လျော်တဲ့ ကာမသုတ္တန် တရားကို ဟောကြားတယ် အဲဒီ တရားကိုနာပြီး အဲဒီပုဏ္ဏားနှင့် သူ့ဇနီးဟာ ဝိပဿနာဉာဏ် အစဉ်ဖြင့် သောတာပန် ဖြစ်သွားကြတယ်၊ စိတ်နှလုံး ကြည်လင် ရွှင်ပျမှုကို ရသွားကြတယ်။

အများသိနေကြတဲ့ အဇာတသတ်မင်းဆိုတာဟာ ခမည်းတော်ဗိမ္ဗိသာရ မင်းကြီးကို လုပ်ကြံ သတ်ဖြတ်မိတဲ့အတွက် အိပ်လို့တောင် မရအောင် စိတ်ပူပန်မှုဖြစ်နေရတယ်၊ အဲဒီလိုဖြစ်နေရာက တညဉ့်သောအခါမှာ မြတ်စွာဘုရားထံ သွားရောက်ပြီး သာမညဖလဆိုတဲ့ ရဟန်းအဖြစ်၏အကျိုးကို မေးလျှောက်တယ်၊ မြတ်စွာဘုရားက ရဟန်းပြုသည်မှစ၍ သာမန်ရနိုင်တဲ့ အကျိုး, သီလ စင်ကြယ်လို့ ရနိုင်တဲ့အကျိုး စသည်ဖြင့် ရဟန္တာဖြစ်သည့်တိုင်အောင် အကျိုးများကို အစဉ်အတိုင်း ဟောကြားတော်မူတယ်၊ အဇာတသတ်မင်းဟာ အဲဒီတရားကို နာနေရင်း စိတ်ကြည်လင် ရွှင်လန်းပြီး ချမ်းသာသွားတယ်၊ အဘကို သတ်မိတဲ့ ကံမရှိရင် အဲဒီတရားနာရင်းပင် သောတာပတ္တိမဂ်ဖိုလ် တရားထူးကို ရနိုင်လောက်တဲ့ အခြေရှိတယ်၊ ဒါပေမယ့် အဘကို သတ်မိတဲ့ကံကြောင့် မဂ်ဖိုလ်ကို မရဘဲ ဆုံးရှုံးသွားရပါသတဲ့၊ ဒါပေမယ့် အဲဒီတရားနာပြီးတဲ့နောက်မှာ ချမ်းသာစွာ အိပ်နိုင်ခြင်း၊ စိတ်ကြည်လင် ချမ်းသာခြင်း အကျိုးများကိုတော့ ရသွားပါတယ်-တဲ့။

နောက်ပြီးတော့ မြတ်စွာဘုရား၏ တရားတော်ဟာ (ဒေါသဂ္ဃါနိ) အပြစ်ဒေါသတွေကို ပယ်ဖျောက် တတ်ပါတယ်တဲ့၊ မြတ်စွာဘုရား၏ တရားတော်ကို နာရရင် မကောင်းမှု အကုသိုလ်အပြစ်တွေကို ပယ်ဖျောက်နိုင်တယ်၊ တရားနာနေရင်း မိမိပြုဖူးတဲ့ မကောင်းမှုတွေကို အပြစ်မြင်ပြီး အဲဒီ မကောင်းမှုမျိုးတွေကို မပြုတော့ပါဘူးလို့ ဆုံးဖြတ်ချက်ချပြီး ကြဉ်ရှောင်လိုက်ရင် အဲဒီအကုသိုလ် အပြစ်တွေမှ စင်ကြယ်သွားနိုင်တယ်၊ တရားကိုနာပြီး နှလုံးသွင်း ရှုမှတ်သောအားဖြင့် ဝိပဿနာ ကုသိုလ်တွေ ဖြစ်ပွားသွားရင် အပါယ်လေးပါး ကျစေနိုင်တဲ့ အကုသိုလ် အပြစ်တွေမှ ကင်းလွတ် စေနိုင်တယ်၊ တမ္ဗဒါဌီကဆိုတဲ့ လူသတ်ဗိုလ်ကြီးဟာ အရှင်သာရိပုတ္တရာ၏ တရားကိုနာရင်း ဝိပဿနာကုသိုလ်တွေ ရသွားလို့ မကြာမီအတွင်း သေသွားတဲ့အခါ အပါယ်မှလွတ်ပြီး တုသိတာ နတ်ဘုံရောက်သွားတာမျိုးပေါ့၊ နောက်အင်္ဂုလိမာလ မထေရ်လို အကုသိုလ်အပြစ်တွေ အားလုံးမှလဲ လွတ်စေတတ်တယ်၊ အင်္ဂုလိမာလဟာ လူတစ်ယောက် တစ်ယောက်ကို သတ်ပြီးလက်ညှိုး တစ်ချောင်း တစ်ချောင်းကိုယူတယ်၊ တချို့ လက်ညှိုးတွေက ပျောက်ပျက်ကုန်လို့ လူတွေကို သူသတ်တာ တစ်ထောင်တောင် မကဘူး၊ ဒါပေမယ့် နောက်ဆုံးကျတော့ မြတ်စွာဘုရားထံမှာ ရဟန်း ပြုပြီး တရားအားထုတ်လိုက်တော့ ရဟန္တာ ဖြစ်သွားတယ်။ လူတစ်ထောင်မက သတ်ထားတဲ့ အကုသိုလ် အပြစ်တွေ အကုန်ပျောက်ကင်းသွားတယ်။

နောက်ပြီးတော့ မြတ်စွာဘုရား၏ တရားတော်ဟာ (ဟိတာနိ) အကျိုးစီးပွားတွေကိုလဲ ဖြစ်စေ တတ်ပါတယ်တဲ့၊ တရားကိုနာပြီး အဲဒီတရားတော်အတိုင်းကျင့်ရင် လောကအကျိုးစီးပွားကိုလဲ ဖြစ်စေတတ်တယ်၊ မူးရစ်သောက်စား လောင်းကစားမှု၊ အပျော်အပါး လိုက်စားမှုစသည်ဖြင့် အကျိုး စီးပွား ပျက်စီးနေတဲ့သူမှာ မြတ်စွာဘုရား တရားတော်ကို နာပြီးကျင့်ခြင်းဖြင့် အဲဒီစီးပွားပျက်မှုတွေ ကင်းပြီး စီးပွားတွေကို ဖြစ်စေနိုင်ပါတယ်၊ သံသရာအကျိုးစီးပွား ဖြစ်စေတတ်တာကတော့ အထူး ပြောစရာ မလိုပါဘူး၊ သရဏဂုံ တည်ရုံနဲ့လဲ အပါယ်မှ လွတ်ပြီး နတ်ရွာသုဂတိ ရောက်ခြင်း အကျိုးစီးပွား ဖြစ်တယ်၊ ငါးပါး သီလတည်ခြင်းစသည်ဖြင့် သာပြီးအကျိုးစီးပွားဖြစ်တော့တာပဲ၊ ဝိပဿနာ ရှုလိုက်ရင်တော့ ယခု မျက်မှောက် စိတ်အပူတွေလဲ ကင်းပြီး အကျိုးစီးပွားဖြစ်တယ်၊ အရိယမဂ်ဖိုလ်တွေရောက်ပြီးတော့လဲ အကျိုးစီးပွားတွေ ဖြစ်တယ်၊ ဒါကြောင့် -

မဓုရာနိ - ချိုမြိန်သာယာ ကောင်းလှစွာကုန်သော၊
ပဟဋ္ဌာနိ - ကြားနာသူတို့၏ စိတ်နှလုံးကို ရွှင်ပြုံး ကြည်လင်စေနိုင်ကုန်သော၊
ဒေါသဂ္ဃါနိ - အပြစ်များကို ပယ်ရှားဖျက်ဆီးတတ်ကုန်သော၊
ဟိတာနိစ - အကျိုးစီးပွား ကိုလည်း ဖြစ်စေနိုင်ကုန်သော
တေ - ရှင်တော်မြတ်ဘုရား၏၊
ဝါကျာနီ - စကားတော် တရားတော်တို့ကို၊
ယေ - အကြင်သူတို့သည်၊
သောဿန္တိ - ကြားနာကြရကုန်လတ္တံ့၊
တေပိ - ရှင်တော်မြတ်ဘုရား၏ စကားတော် တရားတော်တို့ကို ကြားနာရမည့် ထိုသူတို့သည်လည်း၊
ဓညာ - ဘုန်းကံကြီးမား ထူးခြားကြပါပေကုန်စွ အရှင်ဘုရား-လို့

မိထွေးတော် ဂေါတမီက လျှောက်ပါတယ်၊ ဒီဂါထာက ရှေးဂါထာ ၂-ခုထက် ပိုပြီး လေးနက်ပါတယ်။

အဲဒီလိုလျှောက်ပြီးတော့ သူကိုယ်တိုင်လဲ မြတ်စွာဘုရားအား ပူဇော်ရတဲ့အပြင် မြတ်စွာဘုရား၏ တရားတော်ဖြင့် သံသရာခရီးခဲကို ကျော်လွန်ပြီး ဖြစ်တဲ့အတွက် ဘုန်းကံကြီးမားသူပင် ဖြစ်ကြောင်း ကိုလဲ လျှောက်တယ်၊ အဲဒီလိုလျှောက်ပြီးတော့ သံဃာတော်ကိုလဲ ကန်တော့တယ်၊ မြေးတော် အရှင်ရာဟုလာ၊ သားတော် အရှင်နန္ဒနှင့် တူတော် အရှင်အာနန္ဒာတို့ကိုလဲ ရှိခိုးကန်တော့ပြီး ဒီလို ပန်ကြား လျှောက်ထားတယ်။

သံဝေဂဖြစ်ဖွယ် ဂါထာ ၂-ပုဒ်

▬▬▬▬▬▬▬▬▬▬

အာသီဝိသာလယသ မေ၊ ရောဂါဝါသေ ကဠေဝရေ။
နိဗ္ဗိန္ဒာ ဒုက္ခသင်္ဃာဋေ၊ ဇရာမရဏ ဂေါစ ရေ။
နာနာကလိ မလာကိဏ္ဏေ၊ ပရာယတ္တေ နိရီဟကေ။
တေန နိဗ္ဗာတု မိစ္ဆာမိ၊ အနု မညထ ပုတ္တကာ။

ပုတ္တကာ - သားတော် မြေးတော်တို့၊
အာသီဝိသာလယသမေ - မြွေဆိုးတို့၏ ကိန်းအောင်းရာ တောင်ပို့ကြီးနှင့်အလား တူသော၊
ရောဂါဝါသေ - ရောဂါအမျိုးမျိုးတို့၏ ဖြစ်ရာတည်ရာဖြစ်သော၊
ဒုက္ခသင်္ဃာဋေ - ဆင်းရဲအပေါင်းတို့၏ စုဝေးရာ ဖြစ်သော၊
ဇရာမရဏဂေါစရေ - အိုမင်း သေမင်းတို့၏ကျက်စားရာပိုင်နက်ဖြစ်သော၊
နာနာကလိမလာကိဏ္ဏေ - အမျိုးမျိုးသော အပြစ်များနှင့် အမျိုးမျိုးသော အညစ်အကြေးတို့၏ ပြိုးြွပမ်းဖြစ်ရာ တည်ရာဖြစ်သော၊
ပရာယတ္တေ - သူတစ်ပါးတို့နှင့် သက်ဆိုင်သော၊
နိရီဟကေ - မိမိအလိုလို တစ်စုံတစ်ခုကိုမျှ မပြုလုပ်နိုင်သော၊
ကဠေဝရေ - ကိုယ်ကောင်ကြီး၌၊
နိဗ္ဗိန္ဒာ - မပျော်မမွေ့ ငြီးငွေ့လျက်ရှိပါ၏၊
တေန - ထိုသို့ မပျော်မမွေ့ငြီးငွေ့နေသောကြောင့်၊
အဟံ - ဘုရားတပည့် မယ်တော်ကြီးသည်၊
နိဗ္ဗာတုံ - ဆင်းရဲခပ်သိမ်း ငြိမ်းရန်အလို့ငှာ၊
ဝါ- ပရိနိဗ္ဗာန်ဝင်စံရန်အလို့ငှာ၊
ဣစ္ဆာမိ - အလိုရှိပါ၏၊
ပုတ္တကာ - သားတော် မြေးတော်တို့၊
မံ - ဘုရားတပည့် မယ်တော်ကြီးကို၊
အနုမညထ - အနူးအညွတ် ခွင့်လွှတ်ကြပါကုန် အရှင်ဘုရားတို့။

ရုပ်ကိုယ်ကြီးဟာ ဘာနဲ့တူသလဲဆိုတော့ မြွေဆိုးကြီးများ ကိန်းအောင်းနေရာ တောင်ပို့ကြီးနဲ့ တူပါတယ်တဲ့၊ တူပုံကတော့ ရုပ်ကိုယ်ကြီးထဲမှာ ပထဝီ အာပေါ တေဇော ဝါယောဆိုတဲ့ ဓာတ်ကြီးလေးပါး ရှိတယ်၊ အဲဒီ ဓာတ်ကြီးလေးပါးဟာ မြွေဆိုးကြီး လေးကောင်နဲ့တူတယ်၊ ပထဝီဓာတ်ဆိုတာ ခက်မာကြမ်းတမ်းတဲ့ သဘော, အစိုင်ခဲသဘောပဲ၊ လက်နဲ့စမ်းသပ် ကြည့်လျှင် တစ်ကိုယ်လုံး နေရာတိုင်းမှာ ခက်မာကြမ်းတမ်းတဲ့ သဘော အစိုင်အခဲသဘောကို တွေ့ရတယ်၊ စိတ်နဲ့ ဉာဏ်နဲ့ စိုက်ကြည့်ရင်လဲ တွေ့ရတယ်၊ နူးညံ့တယ်ဆိုတာလဲ နုံ့တဲ့ ပထဝီဓာတ်ပဲ၊

ခေါင်းကဆံပင်တွေ ပထဝီဓာတ်ပဲ၊ တစ်ကိုယ်လုံး အမွေးတွေ ပထဝီဓာတ်ပဲ၊ လက်သည်း ခြေသည်း တွေ ပထဝီဓာတ်ပဲ၊ သွားတွေ ပထဝီဓာတ်ပဲ၊ တစ်ကိုယ်လုံး အပြင်ဘက်အစက အရေတွေ ပထဝီ ဓာတ်ပဲ၊ အသားတွေ အကြောတွေ အရိုးတွေ ခြင်ဆီတွေ ပထဝီဓာတ်ပဲ၊ အညှို့နှလုံး အသည်း အမြှေး အဖျဉ်းအဆုပ်တွေ ပထဝီဓာတ်ပဲ၊ အူမ အူသိမ် အစာသစ် အစာဟောင်းဦးနှောက်တွေ ပထဝီဓာတ်ပဲ၊ ခက်မာကြမ်းတမ်းတဲ့ ပထဝီဓာတ်လွန်ကဲလို့ ပထဝီဓာတ်လို့ခေါ်ရတယ်၊ အဲဒါတွေဟာ အကုန်လုံး နှစ်ဆယ်ရှိတယ်၊ အဲဒီပထဝီဓာတ်က ကဋ္ဌမုခ မြွေဆိုးကြီးနှင့်တူတယ်၊ ကဋ္ဌမုမြွေဆိုးကြီးကိုက်ရင် တစ်ကိုယ်လုံး သစ်တုံးလို တောင့်မာပြီး သေတယ်၊ အဲဒါလိုပင် ပထဝီဓာတ် ဖောက်ပြန်ရင် တစ်ကိုယ်လုံးတောင့်မာပြီး သေသွားတော့တာပဲ၊

နောက်ပြီးတော့ ဒီရုပ်ကိုယ်ကြီးထဲမှာ အာပေါဓာတ်ဆိုတာကလဲရှိတယ်၊ အရည်ဓာတ်အစိုဓာတ် သဘောပဲ၊ လက်နဲ့ စမ်းသပ်ကြည့်ရင်လဲ ထင်ရှားတယ်၊ စိတ်နဲ့ ဉာဏ်နဲ့စိုက်ပြီး ရှုရင်လဲ ထင်ရှား တွေ့ရတယ်၊ အကြမ်းအားဖြင့်ဆိုရင် သည်းခြေ သလိပ် ပြည် သွေး ချွေး အဆီခဲဆိုတာတွေ၊ မျက်ရည် ဆီကြည် တံထွေး နှပ် အစေးကျင်ငယ် ဆိုတာတွေအားလုံး ၁၂- မျိုးရှိတယ်၊ အဲဒါတွေဟာ အာပေါ ဓာတ် အရည်ဓာတ် အစိုဓာတ်တွေပဲ၊ အဲဒီ အာပေါဓာတ်ကတော့ ပူတိမုခမြွေဆိုးကြီးနဲ့တူ တယ်၊ ပူတိမုခမြွေဆိုးကြီးကိုက်ရင် တစ်ကိုယ်လုံးမှ အရည်တွေထွက်ပြီး သေတယ်၊ အဲဒါလိုပင် ဒီ အာပေါဓာတ် ဖောက်ပြန်ရင်လဲ တစ်ကိုယ်လုံးမှ ပုပ်ပွ အရည်တွေထွက်ပြီး သေသွားတော့တာပဲ။

နောက်ပြီးတော့ ဒီရုပ်ကြီးထဲမှာ တေဇောဓာတ်က လေးမျိုးရှိတယ်၊ ပကတိ ကိုယ်အပူငွေ့က တစ်မျိုး၊ အဲဒီအပူငွေ့က တဖြည်းဖြည်းချင်း အိုမင်းရင့်ယော် စေတတ်လို့ သူ့ကို ဇိရဏတေဇော ခေါ်တယ်၊ ပကတိအပူငွေ့ထက်လွန်ကဲတဲ့ အဖျားရှိန် အပူငွေ့ကို သန္တပ္ပနတေဇော ခေါ်တယ်၊ အလွန်မခံသာအောင် ပူလောင်တဲ့ အပူငွေ့ကိုတော့ ဍာဟတေဇောလို့ ခေါ်တယ်၊ အစာကို ကျေစေတတ်တဲ့ အပူငွေ့ကိုတော့ ပါစကတေဇောလို့ ခေါ်တယ်၊ အဲဒီတေဇောဓာတ်ဟာ အဂ္ဂိမုခ မြွေဆိုးကြီးနဲ့ တူတယ်၊ အဂ္ဂိမုခ မြွေဆိုးကြီး ကိုက်ရင် တစ်ကိုယ်လုံး ပြင်းစွာပူလောင်ပြီးသေတယ် အဲဒါလိုပဲ တေဇောဓာတ်ဖောက်ပြန်ရင်လဲ တစ်ကိုယ်လုံး ပူလောင်ပြီး သေသွားတာပဲ၊

နောက်ပြီးတော့ ဒီရုပ်ကိုယ်ကြီးထဲမှာ ဝါယောဆိုတဲ့ လေရုပ်က …
(၁) အထက်သို့ဆန်တက်တဲ့လေ၊
(၂) အောက်သို့ စုန်ဆင်းတဲ့လေ၊
(၃) ဝမ်းထဲမှာတည်နေတဲ့လေ၊
(၄) အူထဲမှာတည်နေတဲ့လေ၊
(၅) အင်္ဂါကြီးငယ်သို့ လျှောက်သွားတဲ့လေ၊
(၆) ဝင်သက် ထွက်သက် ရှူရှိုက်တဲ့လေရယ်လို့ ခြောက်မျိုးရှိတယ်၊

အဲဒီဝါယောဓာတ်က သတ္ထမုခ မြွေဆိုးကြီးနဲ့တူတယ်၊ သတ္ထမုခ မြွေဆိုးကြီး ကိုက်ရင် တစ်ကိုယ်လုံးမှ အဆက်အစပ် သွေးကြောလေကြောတွေ ပြတ်ပြီးသေတယ်၊ အဲဒါလိုပဲ ဝါယောဓာတ် ဖောက်ပြန် ရင်လဲ အဆက်အစပ်သွေးကြော လေကြောတွေ ပြတ်ပြီး သေသွားတာပဲ။

ယခုကာလမှာ လေဖြတ်တယ်ဆိုတဲ့ ရောဂါနဲ့ ဒုက္ခ ရောက်နေကြတာတွေ တော်တော်များတယ်၊ ကိုယ်တစ်ပိုင်းလောက် ဖြတ်ရင် အဲဒီ တစ်ပိုင်းက မလှုပ်နိုင်တော့ဘူး၊ သူ့အလိုလို မထနိုင်ဘူး၊ မထိုင်နိုင်ဘူး၊ တချို့က စကား မပြောနိုင်ဘူး၊ တချို့က လက်တွေခြေတွေ မလှုပ်နိုင်ဘူး၊ သူတစ်ပါး ကိုချည်း အားကိုးနေရတယ်၊ အချို့က မသေမရှင်ဖြစ်ပြီး အိပ်ရာထဲမှာ လဲနေတယ်၊ ရက်ပေါင်းများစွာ လပေါင်းများစွာ ဒုက္ခရောက်နေရတယ်၊ တချို့မှာ ၂-နှစ် ၃-နှစ် စသည်ကြာအောင် ဒုက္ခရောက် နေရတယ်၊ အဲဒါဟာ သတ္ထမုခ မြွေဆိုးကြီးနဲ့ အလားတူတဲ့ ဝါယောဓာတြွေ်မဆိုးကြီးက ကိုက်ထား လို့ပါပဲ။

အဲဒီမြွေဆိုးကြီး လေးကောင်နှင့်တူတဲ့ ဓာတ်ကြီးလေးပါးတို့၏ တည်ရာဖြစ်လို့ ဓာတ်ကြီးလေးပါးဖြင့် တည်ဆောက် ထားတဲ့ကိုယ်ကြီးဖြစ်လို့ “အာသီဝိသာလယသမေ - မြွေဆိုးကြီးတို့၏ ကိန်းအောင်းရာ တောင်ပို့ကြီးနှင့် တူတယ်”လို့ ဆိုပါတယ်၊ တကယ်ကိုတူတာပါပဲ၊ နောက်ပြီးတော့-ရောဂါဝါသေ-အနာရောဂါ အမျိုးမျိုးတို့၏ ဖြစ်ရာ တည်နေရာဖြစ်တဲ့ ရုပ်ကိုယ်ကြီးတဲ့၊ ဒါကတော့ ထင်ရှားနေပါပြီ၊ အနာရောဂါ ဟူသမျှတွေဟာ ဒီရုပ်ကိုယ်ကြီးရှိနေလို့ ဒီရုပ်ကိုယ်ကြီးထဲမှာ ဖြစ်နေကြတာပဲ။ အကြောင်းညီညွတ်လို့ ကျန်းမာနေတဲ့ အခါတော့ ဒီရုပ်ကိုယ်က ဟန်ကျသလိုလို ကောင်းသလိုလို ရှိတယ်၊ အကြောင်းမညီညွတ်တဲ့ အခါကျတော့ ရောဂါအမျိုးမျိုးတွေ ဖြစ်ပေါ်လာတယ်၊ တချို့များ ကျန်းမာတယ်လို့တောင် မရှိပါဘူး၊ ရောဂါကို ဆေးကုနေရတာနဲ့ အချိန်ကုန်နေတာပါပဲ၊ ဒါကြောင့် ရောဂါအမျိုးမျိုးတို့၏ တည်နေရာလို့ ဆိုပါတယ်၊ ရောဂါအိုးကြီးလို့လဲ ဆိုလိုပါတယ်၊

နောက်ပြီးတော့ ဒုက္ခသင်္ဃာဋေ - ဆင်းရဲအပေါင်းတို့၏ စုဝေးရာတဲ့၊ ဒါလဲ ထင်ရှားပါတယ်၊ ကိုယ်ဆင်းရဲ ဟူသမျှတွေဟာ ဒီကိုယ်ကြီးရှိနေလို့ ဖြစ်ရတာ တွေ့ကြုံခံစားရတာပဲ၊ စိတ်ဆင်းရဲ ဆိုတာလဲ ဒီကိုယ်ကြီးမှီပြီး ဖြစ်တာပဲ၊ ဒိပြင်သင်္ခါရဆင်းရဲတွေဆိုတာလဲ ဒီကိုယ်ကြီးရှိနေလို့ ရှိနေကြ တာပဲ၊ ဒါကြောင့် ဒီကိုယ်ကြီးဟာ ဆင်းရဲတို့၏စုဝေးရာလဲ ဟုတ်တာပဲ။

နောက်ပြီးတော့ ဇရာမရဏဂေါစရေ - အိုမင်း သေမင်းတို့၏ ကျက်စားရာနယ်ပယ် ဖြစ်ပါတယ်တဲ့၊ ဆံဖြူခြင်းသွားကျိုးခြင်း အရေတွန့်ခြင်း၊ ခါးကိုင်းခြင်း၊ နားထိုင်းခြင်း၊ မျက်စိမှုံခြင်းစသည်ဖြင့် အိုရတာဟာ ရုပ်ကိုယ်ကြီးရှိနေလို့ပဲ၊ သေတယ် ဆိုတာကတော့ ရုပ်ကိုယ်နဲ့လဲဆိုင်တယ်၊ နာမ်ကိုယ် နဲ့လဲ ဆိုင်တယ်၊ ရုပ် နာမ် ၂-ပါးစပ် ကိုယ်ဖြစ်စေ၊ နာမ်သက်သက်ကိုယ် ဖြစ်စေ၊ ရုပ်သက်သက်ကိုယ် ဖြစ်စေရှိနေရင် အိုရမှာ သေရမှာချည်းပဲ၊ ရုပ်နာမ်ကိုယ်ဟာ အိုခြင်းသေခြင်းတရားတို့၏ နယ်ပယ်ပဲ၊ သူ့နယ်ပယ်ထဲမှာ ဖြစ်နေရင် အိုခြင်းသေခြင်းတို့၏ နှိပ်စက်မှုကိုခံကြရမှာချည်းပဲ၊ ဘယ်လိုအစွမ်းရှိတဲ့ အင်အားကြီးတဲ့ ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ဘယ်လို တန်ခိုးကြီးတဲ့, ဉာဏ်ပညာကြီးတဲ့ ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် သူ့နယ်ပယ်ထဲမှာ ဖြစ်နေရင် အိုရ, သေရမှာပဲ၊ ဘယ်သူမှ အိုခြင်း, သေခြင်းကို မတွန်းလှန်, မကာကွယ်နိုင်ဘူး၊ အိုခြင်း, သေခြင်းတရားတွေက အာဏာပိုင်မင်းနဲ့တူတယ်၊ ဒါကြောင့် သူတို့ကို အိုမင်း, သေမင်းလို့လဲ တင်စားပြီးခေါ်ရတယ်၊ ဒီကိုယ်ကောင်ကြီးဟာ အဲဒီအိုမင်း သေမင်းတို့၏ ပိုင်နက် နယ်ပယ်ဖြစ်ပါတယ်တဲ့၊ အဲဒီ အိုမင်း, သေမင်းတို့၏ နယ်ပယ်ဖြစ်တဲ့ ကိုယ်ကောင်ကြီးကို အိုမင်း, သေမင်းတို့၏ နယ်ပယ်မှ လွတ်ကင်းရာသို့ သွားပါတော့မယ် လို့လဲ သိစေပါတယ်၊

နောက်ပြီးတော့ နာနာကလိ မလာကိဏ္ဏေ-အမျိုးမျိုးသောအပြစ်, အမျိုးမျိုးသော အညစ်အကြေး တို့၏ ပြိုးြွပမ်းရာ ဖြစ်သည်တဲ့၊ အပြစ်ဟူသမျှတွေဟာ ဒီကိုယ်ကြီးရှိလို့ ဖြစ်ရတယ်၊ အဲဒီအပြစ် တွေက ရုပ်နဲ့စပ်တဲ့အပြစ်၊ နာမ်နဲ့စပ်တဲ့အပြစ်လို့ ဒီလိုနှစ်မျိုးရှိတယ်၊ ရုပ်နဲ့စပ်တဲ့ အပြစ်တွေကတော့ ပုဂ္ဂိုလ်တိုင်းနဲ့ ဆိုင်တယ်၊ ပုဂ္ဂိုလ်တိုင်း၏ ရုပ်ကိုယ်မှာ အဲဒီ အပြစ်တွေ ရှိတာပဲ၊ ဘာတွေလဲ ဆိုရင်တော့ ရှေ့နားကပြောခဲ့တဲ့ အနာရောဂါအမျိုးမျိုး စွဲကပ်ခြင်း အစရှိတဲ့ မလိုလားအပ်တဲ့ ဟာတွေပါပဲ၊ နာမ်နဲ့စပ်တဲ့ အပြစ်တွေကတော့ အကုသိုလ် အပြစ်တွေလဲရှိတယ် သင်္ခါရအပြစ်တွေလဲ ရှိတယ်၊ အကုသိုလ် အပြစ်တွေကတော့ ရဟန္တာမှာ မရှိတော့ဘူး၊ ပြုပြင်ပေးရခြင်း၊ မမြဲခြင်း အစရှိတဲ့ သင်္ခါရ အပြစ်တွေကတော့ ပုဂ္ဂိုလ်တိုင်းနဲ့ ဆိုင်ပါတယ်၊ အညစ် အကြေးတွေကတော့ နှပ်, တံတွေး, သလိပ်, ကျင်ကြီး, ကျင်ငယ်အစရှိသော အညစ်အကြေးတွေပါပဲ၊ အပြည့်အစုံဆိုရင်တော့ ၃၂-ပါးသော ကောဋ္ဌာသ အညစ်အကြေး တွေပါပဲ၊ ကိလေသာ မကင်းသေးတဲ့ ပုဂ္ဂိုလ်မှာ ဆိုရင် အကုသိုလ်ကိလေသာတွေလဲ အညစ်အကြေးတွေပါပဲ၊ အဲဒီ အပြစ်အမျိုးမျိုး အညစ်အကြေး အမျိုးမျိုး တွေနဲ့ ပြိုးြွပမ်းရှုပ်ယှက်ခတ်နေတဲ့ ကိုယ်ကောင်ကြီးမှာလဲ ငြီးငွေ့နေပါတယ်-တဲ့။

နောက်ပြီးတော့ ဒီကိုယ်ကြီးက ကိုယ့်ကိုယ်လို့ ဆိုရပေမယ့် ကိုယ်တစ်ဦးတည်းပိုင်တာ မဟုတ်ဘူး၊ အများနဲ့လဲ စပ်ဆိုင်နေတယ်၊ ကိုယ်ထဲမှာ ပိုးမျိုးရှစ်ဆယ် ဆိုတာတွေက သူတို့၏ နေအိမ်သဖွယ် အသုံးပြုနေကြတယ်၊ သူတို့က ဒီကိုယ်ထဲမှာပဲ စားကြ သောက်ကြ ကျင်ကြီး ကျင်ငယ်စွန့်ကြ အိမ်ထောင်သားမွေးလဲ ပြုနေကြတယ်၊ နောက်ပြီးတော့ ခြင်, ယင်, သန်း, ကြမ်းပိုးစသည်တို့ကလဲ ဒီကိုယ်ကြီးကို သူတို့၏ သုံးဆောင်စရာအနေနဲ့ အသုံးပြုနေကြတယ်၊ ဒါကြောင့် သူတစ်ပါးတို့ နဲ့လဲ စပ်ဆိုင်နေတယ်လို့ ဆိုရပါတယ်၊

နောက်ပြီးတော့ ဒီကိုယ်ကြီးကို ကောင်းစေချင်ရင် မိမိအလိုမျှနဲ့ မပြုလုပ်နိုင်ဘူး၊ သင့်လျော်တဲ့ အကြောင်းတွေနဲ့ ပြုလုပ်ပေးမှ ဖြစ်တယ်၊ နေမကောင်းတဲ့အခါ နေကောင်းအောင် သင့်လျော်တဲ့ ဆေးနဲ့ ပြုပြင်ပေးမှ ဖြစ်တယ်၊ ဆေးဆရာကိုလဲ အားကိုးရတယ်၊ ထမင်းဆာရင် ရေငတ်ရင် အစာကို စားရမှ ရေကို သောက်ရမှ အဆာ အငတ် ပြေတယ်၊ အမြင်ကောင်း အကြားကောင်း စသည် ဖြစ်စေချင်ရင် အဆင်းကောင်း အသံကောင်း စသည်ကို ရှာပေးရတယ်၊ ကိုယ့်အလိုအတိုင်း မဖြစ်နိုင်ဘူး၊ ကိုယ့်အလိုမျှနဲ့ မဖြစ်နိုင်ဘူး၊ ဒါကြောင့်-

ပရာယတ္တေ - သူတစ်ပါးတို့နှင့် စပ်ဆိုင်သော၊
နိရီဟကေ - ကိုယ့်အလိုမျှဖြင့် တစ်စုံတစ်ခုကိုမျှ မဖြစ်စေနိုင်သော၊
ကဠေဝရေ - ကိုယ်ကောင်ကြီး၌၊
နိဗ္ဗိန္ဒာ - မပျော်မမွေ့ ငြီးငွေ့နေပါ၏။
တသ္မာ - ထိုသို့ ငြီးငွေ့နေသောကြောင့်၊
နိဗ္ဗာဘုံ ဣစ္ဆာမိ - ပရိနိဗ္ဗာန် ပြုလိုပါတယ်၊
ငါ့သား ငါ့တူ ငါ့မြေးတို့က သဘောတူ ခွင့်ပြုကြပါလို့ ခွင့်တောင်း ပန်ကြားပါတယ်။

အဲဒီအခါ သားတော် အရှင်နန္ဒနဲ့ မြေးတော် အရှင်ရာဟုလာတို့ကတော့ အာသဝေါကုန်ခန်း ရဟန္တာ ဖြစ်နေကြပြီမို့ တုန်လှုပ်ခြင်း မရှိကြဘူး၊ ဓမ္မတာ သဘောတရားပဲလို့သာ ဆင်ခြင်ပြီး အညီအမျှ ရှုနိုင်ကြပါတယ်၊ အရှင်အာနန္ဒာကတော့ အဲဒီတုန်းက ကျင့်ဆဲ သောတာပန် သေက္ခပုဂ္ဂိုလ်မျှသာ ဖြစ်နေသေးတယ်၊ ရာဂ ဒေါသတွေက မကုန်မကင်းသေးဘူး၊ဒါကြောင့် အရှင်အာနန္ဒာက သောက ပွားပြီး ဒီလို ငိုယိုမြည်တမ်းပါသတဲ့။

အရှင်အာနန္ဒာ၏ ငိုချင်း

▬▬▬▬▬▬▬▬

ဟာ သန္တိံ ဂေါတမီ ယာတိ၊ နူန ဗုဒ္ဓေါပိ နိဗ္ဗုတိံ။
ဂစ္ဆတိ န စိရေ နေဝ၊ အဂ္ဂိ ရိဝ နိရိန္ဓနော။

အဲဒါ အရှင်အာနန္ဒာရွတ်ဆိုတဲ့ ပါဠိဂါထာ ငိုချင်းကလေးပါပဲ၊ အနက်ကတော့ -

ဂေါတမီ - ဘုရားမြတ်စွာ၏ မိထွေးတော် ဂေါတမီသည်၊
သန္တိံ - ရုပ်နာမ်ဆင်းရဲတို့၏ ငြိမ်းခြင်း သဘောဟု ဆိုအပ်သော နိဗ္ဗာန်သို့၊
ဟာ ယာတိ - သြော်-သွားတော့မှာပါတကား။
ဗုဒ္ဓေါပိ - မြတ်စွာဘုရားသည်လည်း၊
န စိရေနေဝ - မကြာမီပင်လျှင်၊
အဂ္ဂိရိဝနိရိန္ဓနော - လောင်စာမရှိသော မီးငြိမ်းသလိုပင်၊
နူန နိဗ္ဗုတိံ ဂစ္ဆတိ - ငြိမ်းခြင်းသို့ ရောက်လိမ့်မည်တကား၊
ဝါ- နိဗ္ဗာန်နန်းသို့ ကြွမြန်းဝင်ရောက်တော်မူလိမ့်မည် တကား-တဲ့။

သြော်-မိထွေးတော် ဂေါတမီကြီး ပရိနိဗ္ဗာန်ဝင်စံတော့မည်တဲ့၊ မြတ်စွာဘုရားလဲ မကြာမီပင် ပရိနိဗ္ဗာန် ဝင်စံတော့မှာ ဧကန်ပဲ၊ လောင်စာမရှိတဲ့ မီးငြိမ်းသွားသလို ငြိမ်းသွားတော့မှာပဲလို့ အရှင် အာနန္ဒာက ငိုကြွေးမြည်တမ်းပါသတဲ့၊ အဲဒီအခါ မိထွေးတော် ဂေါတမီက ဒီလို အားပေး စကား ပြောကြားပါတယ်။

အရှင်အာနန္ဒာအား နှစ်သိမ့်စေခြင်း

▬▬▬▬▬▬

သုတ သာဂရ ဂမ္ဘီရ၊ ဗုဒ္ဓေါပဋ္ဌာန တပ္ပရ။
န ယုတ္တံ သောစိတုံ ပုတ္တ၊ ဟာသကာလေ ဥပဋ္ဌိတေ။
တယာ မေ သရဏံ ပုတ္တ၊ နိဗ္ဗာနံ တမုပါဂတံ။

သုတသာဂရဂမ္ဘီရ - သမုဒ္ဒရာသဖွယ် နယ်ကျယ်သည့် သုတနှင့် ပြည့်စုံသည့်ပြင်၊
ဗုဒ္ဓေါပဋ္ဌာနတပ္ပရ - မြတ်စွာဘုရားကို ပြုစုလုပ်ကျွေးခြင်းလျှင် ပြဋ္ဌာန်းသော အလုပ်ရှိပေသော၊
ပုတ္တ - သားတော် အရှင်အာနန္ဒာ၊
ဟာသကာလ - ပရိနိဗ္ဗာန်ဝင်စံ သည့်အတွက် ရွှင်ပျဝမ်းသာရမည့် အချိန်ကာလသည်၊
ဥပဋ္ဌီတေ - ဖြစ်ပေါ်လျက် ရှိနေစဉ်မှာ၊
သောစိတုံ - စိုးရိမ်ခြင်းငှာ၊
န ယုတ္တံ - မသင့်ပါ ချစ်သား၊
ပုတ္တ - သားတော် အရှင်အာနန္ဒာ၊
မေ - မယ်တော်ကြီး၏၊
သရဏံ - ကိုးကွယ်ရာ အစစ်ဖြစ်သော၊
ယံ နိဗ္ဗာနံ - အကြင် နိဗ္ဗာန်သည်၊
အတ္ထိ - ရှိ၏၊
တံ - ထိုနိဗ္ဗာန်ကို၊
တယာ - သင်ချစ်သား၏ အကူအညီဖြင့်၊
ဥပါဂတံ - ရောက်ခဲ့ရပါသည် အရှင်ဘုရား။

ပရိနိဗ္ဗာန်စံတာဟာ ရဟန္တာတို့၏ အမြင်ဖြင့် ဝမ်းသာစရာ အကောင်းဆုံးပဲ၊ ဒါပေမယ့် တဏှာ မကင်းသေးတဲ့ လူတွေရဲ့ အမြင်နဲ့ဆိုတော့ “ပြန်မလာတော့ဘူး၊ ဒီကနောက် မတွေ့ရတော့ဘူး” စသည်ဖြင့် ကြံဆပြီးတော့ လွမ်းဆွတ် ဝမ်းနည်းခြင်း ဖြစ်တတ်တယ်၊ ဒါကြောင့် အရှင်အာနန္ဒာက ဝမ်းနည်းပြီး ငိုကြွေး မြည်တမ်းပေတာပဲ၊ အဲဒါကို “ပျော်ရွှင်ရမည့် အခါပါ၊ စိုးရိမ်ရမည့်အခါ မဟုတ်ပါဘူး၊ အရှင်အာနန္ဒာ၏ အကူအညီဖြင့် ရဟန်းမ ဘဝကိုရပြီး နိဗ္ဗာန်ကို ရောက်ခဲ့ရပါတယ်” လို့ ပြောပြီးတော့ ဒီလိုလဲ အားပေး စကားပြောကြားပြန်ပါတယ်။

တယာ တာတ သမဇ္ဈိဋ္ဌော၊
ပဗ္ဗဇ္ဇံ အနုဇာနိနော။
မာ ပုတ္တ ဝိမနော ဟောဟိ၊
သဖလော တေ ပရိဿမော။

တာတ - သားတော် အရှင်အာနန္ဒာ၊
တယာ သမဇ္ဈိဋ္ဌော - အရှင်ဘုရားက အခွင့်ပြုရန် တောင်းပန် အပ်သောကြောင့်၊
နော - မယ်တော်ကြီးတို့အား၊
ပဗ္ဗဇ္ဇံ - ရှင်ရဟန်းအဖြစ်ကို၊
အနုဇာနိ - သားတော်ဘုရားက ခွင့်ပြုတော်မူခဲ့ပါသည်၊
ပုတ္တ - သားတော် အရှင်အာနန္ဒာ၊
မာ ဝိမနော ဟောတိ - နှလုံးမသာ မရှိပါလင့်၊
တေ - အရှင်ဘုရား၏၊
ပရိဿမော - အပန်းခံကာ တောင်းပန်ပေးခြင်းသည်၊
သဖလော - အကျိုးများ လှပါပေသည် အရှင်ဘုရား-တဲ့။

နောက်ပြီးတော့ အကျိုးများပုံကို ဒီလိုလဲ ဆက်ပြီးလျှောက်ပါတယ်။

ယံ န ဒိဋ္ဌံ ပုရာ ဏေဟိ၊
တိတ္ထိကာ စရိယေဟိပိ။
တံ ပဒံ သုကုမာရီဟိ၊
သတ္တဝဿာဟိ ဝေဒိတံ။

ပုတ္တ - သားတော် အရှင်အာနန္ဒာဘုရား၊
ပုရာဏေဟိ - ရှေးကာလ၌ ဖြစ်ခဲ့ကုန်သော၊
တိတ္ထိကာစရိယေဟိပိ - ဈာန် အဘိညာဉ်ရ သရဘင်္ဂအစရှိသော ရသေ့ဂိုဏ်း ဆရာကြီးတို့ သော်မှလည်း၊
ယံ - အကြင်နိဗ္ဗာန်ကို၊
န ဒိဋ္ဌံ - မမြင်ခဲ့ရပါ၊
တံ ပဒံ - ထိုနိဗ္ဗာန်ကို၊
သတ္တဝဿာဟိ - ခုနစ်နှစ်အရွယ်မျှ ဖြစ်ကုန်သော၊
သုကုမာရီဟိ - သူငယ်မကလေးတို့ သည်သော်လည်း၊
ဝေဒီတံ - အရှင်မြတ် တောင်းပန်ပေးသည့် ဘိက္ခုနီ သာသနာမှာ ထင်ရှားစွာ သိရပါသည် အရှင်ဘုရား-တဲ့။

အရှင်အာနန္ဒာက တောင်းပန်ပေးလို့ မြတ်စွာဘုရားက မာတုဂါမတို့အား သာသနာတော်မှာ ရဟန်းပြုရန် ခွင့်ပြုတော်မူတယ်၊ အဲဒီလို ခွင့်ပြုတော်မူတဲ့အတွက် မိထွေးတော်ဂေါတမီနှင့်တကွ သာကီဝင်မင်းသမီးငါးရာတို့ဟာ ရဟန်းပြုပြီး ရဟန္တာ ထေရီမတွေ ဖြစ်ကြရတယ်၊ လူဝတ်ကြောင် ဘဝနဲ့ဆိုရင် ရဟန္တာထိအောင် ဖြစ်ဖို့မလွယ်ဘူး၊ အဲဒီသာကီဝင် မင်းသမီးငါးရာနှင့် မိထွေးတော် ဂေါတမီတို့ ရဟန်းမအဖြစ်နဲ့ ရဟန္တာမ ဖြစ်ကြရတာလဲ အရှင်အာနန္ဒာ တောင်းပန်ပေးခြင်း၏ အကျိုးကျေးဇူးပါပဲ

ဒါတွင်လဲ မကသေးပါဘူး၊ ဘုရားလက်ထက်တော်ကရော ဘုရားပရိနိဗ္ဗာန် စံပြီးတဲ့ နောက်ကာလ မှာရော အမျိုးသမီးတွေ သိန်းသန်းမကများစွာ ဘိက္ခုနီ ပြုပြီးတော့ အရဟတ္ထမဂ်ဖိုလ်ကို ရောက်ကြ ရတယ်၊ ဒါတွေလဲ အရှင်အာနန္ဒာ တောင်းပန်ပေးခြင်း၏ အကျိုးတွေပါပဲ၊ အထူးအားဖြင့်တော့ သာသနာပ, ကာလ ရှေးအခါတုန်းက သရဘင်္ဂရသေ့ အစရှိသော ဈာန်အဘိညာဉ်ရ ဂိုဏ်းဆရာကြီး တွေရှိခဲ့တယ်၊ အာဠာရ, ဥဒကတို့လို ဂိုဏ်းဆရာကြီးတွေလဲ ရှိခဲ့ကြတယ်၊ အဲဒီဂိုဏ်းဆရာကြီး တွေတောင် နိဗ္ဗာန်ကို မသိမမြင်ခဲ့ကြဘူး၊ ဒါပေမယ့် အရှင်အာနန္ဒာ တောင်းပန်ပေးလို့ ရှင်သာမဏေရီ ပြုခွင့်ရကြတဲ့ ခုနစ်နှစ်အရွယ် သူငယ်မကလေးများပင် အဲဒီသိမြင်နိုင်ခဲ့တဲ့ နိဗ္ဗာန်ကို သိမြင်ကြရပါတယ်၊ ဒါလဲ အရှင်အာနန္ဒာ တောင်းပန် ဆောင်ရွက် ပေးခြင်း၏ အကျိုးကျေးဇူးပါပဲလို့ ဆိုလိုပါတယ်၊ ဒီလို အကျိုးများအောင် ဆောင်ရွက်ခဲ့တဲ့အတွက် စိုးရိမ်စရာ ဝမ်းနည်းစရာ မရှိပါဘူး၊ ရွှင်လန်း ဝမ်းမြောက်စရာသာ ရှိပါတယ်လို့ အားပေးစကား ပြောကြားပါတယ်၊ အဲဒီလို ပြောကြား ပြီးတဲ့နောက် ပရိနိဗ္ဗာန် ပြုရန် အချိန်နီးလာတဲ့အခါ မြတ်စွာဘုရားက မိထွေးတော် ဂေါတမီကို တန်ခိုး ပြခိုင်းပါတယ်။

တန်ခိုး ပြစေတော်မူခြင်း

▬▬▬▬▬▬▬▬▬

ထီနံ ဓမ္မာဘိသမယေ၊
ယေ ဗာလာ ဝိမတိံ ဂတာ။
တေသံ ဒိဋ္ဌိပ္ပဟာနတ္ထံ၊
ဣဒ္ဓိံ ဒေဿဟိ ဂေါတမိ။

ဂေါတမိ - မိထွေးတော် ဂေါတမီ၊
ထီနံ - အမျိုးသမီးတို့၏၊
ဓမ္မာဘိသမယေ - သစ္စာလေးပါး တရားထူးကို သိခြင်း၌။
ယေ ဗာလာ - မသိ မလိမ္မာသော အကြင်သူတို့သည်၊
ဝိမတိံ ဂတာ - သို့လော သို့လော တွေးတော ယုံမှားခြင်းသို့ ရောက်လျက်ရှိကုန်၏၊
တေသံ ဒိဋ္ဌိပ္ပဟာနတ္ထံ - ထိုသူတို့၏ မိစ္ဆာအယူကို ပယ်ရန်အတွက်၊
ဣဒ္ဓိံ ဒေဿဟိ - တန်ခိုးပြပါလော့-တဲ့။

မြတ်စွာဘုရား လက်ထက်တော်ကာလ မိစ္ဆာအယူရှိတဲ့သူတွေက မိန်းမတွေ တရားအားထုတ်လို့ မဂ်ဖိုလ်တရားထူးရတယ် ဆိုတာကို မယုံကြဘူး၊ ဈာန်အဘိညာဉ် ရတယ်ဆိုတာကို မယုံကြဘူး၊ ဟုတ်မယ် မထင်ပါဘူး၊ ဖြစ်နိုင်မယ် မထင်ပါဘူးလို့ ယုံမှား တွေးတောနေကြတယ် အဲဒီလို ပုဂ္ဂိုလ် တွေ၏ ယုံမှားနဲ့ မိစ္ဆာအယူတွေကို ပယ်နိုင်အောင် တန်ခိုးပြပါဦးလို့ မြတ်စွာဘုရားက တိုက်တွန်း တော်မူပါတယ်၊

စောစောက တန်ခိုးပြရင်တော့ တန်ခိုးပြတာအကြောင်း ပြုပြီးတော့ ကြည်ညိုသူတွေရှိလာမယ်၊ အဲဒီလို ကြည်ညိုတဲ့သူတွေက လှူဒါန်းကြလိမ့်မယ်၊ အဲဒီလိုကြည်ညိုခြင်း လှူဒါန်းခြင်းကို အကြောင်း ပြုပြီးတော့ ကဲ့ရဲ့ဖွယ်စသည် အပြစ်တွေဖြစ်နိုင်တယ်၊ ဒါကြောင့် စောစောကတော့ တန်ခိုးအပြ မခိုင်းခဲ့ဘူး၊ ပရိနိဗ္ဗာန် ပြုခါနီး နောက်ဆုံး အချိန်မှာတော့ အဲဒီလို အပြစ်တွေ မဖြစ်နိုင်တော့ဘူး၊ ဒါကြောင့် တန်ခိုးပြရန် တိုက်တွန်းတော်မူပါတယ်။

အဲဒီတော့ မိထွေးတော် ဂေါတမီထေရီမကြီးက “တစ်ပါးတည်းက အများ ဖြစ်အောင် ဖန်ဆင်းခြင်း၊ အများက တစ်ပါးတည်း ဖြစ်အောင် ဖန်ဆင်းခြင်း ကောင်းကင်သို့ ပျံတက်ခြင်း မြေကြီးထဲသို့ ငုတ်လျှိုးသွားခြင်း၊ ပုံသဏ္ဌာန် အမျိုးမျိုး ဖန်ဆင်းခြင်း၊ အခြွေအရံ ပရိသတ်နှင့်တကွ စကြဝတေးမင်း ကြွလာဟန်ဖန်ဆင်းခြင်း” စသည်ဖြင့် အမျိုးမျိုး ဖန်ဆင်းပြပါတယ်-တဲ့ အဲဒီလိုတန်ခိုးပြတာကို မြင်ရတဲ့သူတွေမှာ အံ့သြဖွယ် အလွန်ထူးတဲ့ ရုပ်ရှင်ကို ကြည့်ရသလို နေမှာပေါ့၊ သဒ္ဓါရှိသူများကတော့ အဲဒီတန်ခိုးကို တွေ့မြင်ပြီး သာသနာတော်အတွက်ရော ဘိက္ခုနီမတွေ အတွက်ရော ယုံကြည်တဲ့ သဒ္ဓါတရားတွေ ဖြစ်ပွားကြပါလိမ့်မယ်၊ တချို့လဲမိစ္ဆာအယူကို ပယ်စွန့်နိုင်ကြပါလိမ့်မယ်၊ ဒါပေမယ့် မယုံချင်တဲ့ ဘာသာခြားပုဂ္ဂိုလ် တွေတချို့ ကတော့ ယုံချင်မှယုံမှာ၊ မျက်လှည့် အတတ်လို့လဲ ပြောချင်ပြောမှာပဲ၊ မှော်အတတ်လို့ ပြောချင်လဲပြောမှာပဲ၊

တစ်ခါကရဟန်း တစ်ပါးက ဘာသာခြားလူတစ်ယောက်အား ဗုဒ္ဓတရားတော်ကို ကျကျနန ဟောပြ သတဲ့၊ အဲဒီအခါ ဘာသာခြားလူက ဘယ့်နှယ်ပြောသလဲ ဆိုတော့ “ကိုယ်တော်က ကောင်းကင် ပျံပြတောင် မယုံကြည်နိုင်ဘူး၊ ကိုယ့်ဘာသာကို မစွန့်နိုင်ဘူး” လို့ပြောသတဲ့၊ အင်း-သန္ဒိဋ္ဌိပရာမာသီ - ကိုယ့်အယူကိုသာ အမှန် ထင်ပြီး စွဲမြဲစွာ သုံးသပ်နေတယ်- အယူသည်းနေတယ်- ဆိုတာ ဒါမျိုးပါပဲ၊

မိထွေးတော် ဂေါတမီက အထွေထွေ အမျိုးမျိုး တန်ခိုးပြပြီးတော့ မြတ်စွာဘုရားထံ လာရောက်ပြီး ရိုသေစွာရှိခိုးလျက် လျှောက်ပြန်ပါတယ်။

ပရိနိဗ္ဗာန်ပြုရန် လျှောက်ခြင်း

▬▬▬▬▬

သာ ဝီသ ဝဿ သတိကာ၊
ဇာတိယာဟံ မဟာ မုနေ။
အလ မေတ္တာဝတာ ဝီရ၊
နိဗ္ဗာယိဿာမိ နာယက။

မဟာမုနေ - ရဟန်းမြတ် ဖြစ်တော်မူသော သားတော်မြတ်အရှင်ဘုရား၊
သာ အဟံ - အမျိုးမျိုး အထွေထွေ တန်ခိုးပြခဲ့သော ထိုအကျွန်ုပ်သည်၊
ဇာတိယာ - မွေးဖွားခြင်း ဇာတိအားဖြင့်၊
ဝါ- ဖွားမြင်ခဲ့သည်မှစ၍၊
ဝီသဝဿသတိကာ - အနှစ် ၁၂၀ ရှိပါပြီ အရှင်ဘုရားတဲ့၊
(အသက်အရွယ်ကြီး လှပါပြီလို့ ဆိုလိုပါတယ်)
ဝီရ - ရဲရင့်သော လုံ့လရှိတော်မူသော သားတော်ဘုရား၊
ဧတ္တာဝတာ - ဤမျှလောက် တန်ခိုးပြခြင်းဖြင့်၊
အဟံ - သင့်တော်လောက်ပါပြီဘုရား၊
နာယက - လူသုံးဦးတို့၏ အကြီးအမှူး ဖြစ်တော်မူပေထသော သားတော်မြတ်ဘုရား၊
နိဗ္ဗာယိဿာမိ - ဆင်းရဲခပ်သိမ်း ငြိမ်းပါတော့မည်၊
ဝါ- ဆင်းရဲချုပ်ပြတ် နိဗ္ဗာန်ခေါ် အငြိမ်းဓာတ်သို့ ချဉ်းကပ်ဝင်ရောက်ပါတော့မည် ဘုရား-လို့ နောက်ဆုံးစကား လျှောက်ထားပါတယ်၊

အဲဒီမှာ မဟာပဇာပတိ ဂေါတမီက အသက် ၁၂၀-ရှိနေတယ်ဆိုတော့ မြတ်စွာဘုရား အသက် တော်က ဘယ်လောက် ရှိပါသလဲဆိုတာ နှိုင်းချိန်နိုင်ဖို့ရာ ရှေ့ပိုင်းတုန်းက ဘုရားအလောင်းတော် ပဋိသန္ဓေ စတည်စဉ်က မယ်တော်မဟာမာယာဒေဝီဟာ ၅၅-နှစ် (၈)လကျော် (၉)လအစလောက် ရှိခဲ့တယ် ဆိုတာ စိစစ်ပြခဲ့တယ်၊ ပဋိသန္ဓေတည်လို့ (၁၀)လကြာတဲ့အခါ ဖွားမြင်တယ်၊ အဲဒီအခါ မဟာမာယာ၏ အသက်ဟာ ၅၆-နှစ်နှင့် ၆-လခန့်ရှိလိမ့်မယ်၊ အဲဒီတုန်းက ညီမဖြစ်တဲ့ မဟာ ပဇာပတိ ဂေါတမီဟာ ၂-နှစ် လျှော့တွက်ရင် ၅၄-နှစ်ကျော်ကျော် ရှိလိမ့်မယ်လို့ ခန့်မှန်းရတယ်၊

ဒါကြောင့် မြတ်စွာဘုရား ဖွားမြင်စဉ်က ၅၄-နှစ်ဆိုတော့ ၁၂၀-ထဲမှာ ၅၄-နှစ်နုတ်လိုက်လျှင် ၆၆-နှစ်ကျန်တယ်၊ အဲဒီ ၆၆နှစ်ဟာ မိထွေးတော်ဂေါတမီ ပရိနိဗ္ဗာန်စံဝင်သည့်အခါက မြတ်စွာဘုရား၏ အသက်တော်ပဲ-လို့ မှတ်ယူရပါတယ်၊ မြတ်စွာဘုရားက အသက်တော် (၈၀)မှာ ပရိနိဗ္ဗာန် စံဝင် တော်မူတယ်ဆိုတော့ အဲဒီနှစ်ထက် ၁၄- နှစ်လောက်စောတယ်လို့ ယူရမှာပဲ၊ ခန့်မှန်းတယ်ဆိုတာ အတိအကျတော့ မဟုတ်ဘူး၊ ၁-နှစ် ၂-နှစ်လောက်တော့ အလိုအပို ရှိနိုင်ပါတယ်။

မိထွေးတော် ဂေါတမီဟာ ယခု ပြောခဲ့တဲ့အတိုင်း နောက်ဆုံးစကား လျှောက်ထားပြီးတော့ မြတ်စွာဘုရားက ဆိတ်ဆိတ် နေတော်မူခြင်းဖြင့် အခွင့်ပြုတော်မူတဲ့အတွက် မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးကန်တော့ပြီး အခြွေအရံ ဘိက္ခုနီငါးရာနှင့်တကွ ဘိက္ခုနီကျောင်းသို့ ပြန်ကြွပါတယ်၊ အဲဒီအခါ သံဃာတော် ပရိသတ် လူပရိသတ် များနှင့်တကွ မြတ်စွာဘုရား ကိုယ်တော်တိုင် ကျောင်းတိုက် တံခါးဝအထိ လိုက်ပို့တော်မူ ပါတယ်၊ မိထွေးတော် ဂေါတမီ အမှူးရှိသော ဘိက္ခုနီမတွေလဲ အဲဒီတံခါးပေါက်ဝမှာ နောက်ဆုံး ရှိခိုးခြင်းဖြင့် ရှိခိုးကန်တော့ပြီး ဘိက္ခုနီ ကျောင်းတိုက်သို့ ပြန်သွားကြပါတယ်၊ အဲဒီ အချိန်အခါလေးကို စဉ်းစားကြည့်ရင် ဝမ်းနည်းစရာလိုလို ဘာလိုလိုနဲ့ စိတ်ထဲမှာ ဖြစ်တတ်တယ်၊ ဖြစ်ရင်လဲ အဲဒါကို စူးစိုက်ပြီး ရှုမှတ်ရမယ်။

နောက်ဆုံး ပရိနိဗ္ဗာန်စံဝင်ပုံ

▬▬▬▬▬▬

သာ သဟတာဟိ ဂန္တွာန၊
ဘိက္ခုနုပဿယံ သကံ။
အဍ္ဎပလ္လင်္က မာတုဇဗန၊
နိသီဒိ ပရမာသနေ။

သာ - ထိုမိထွေးတော် ဂေါတမီထေရီသည်၊
သဟ တာဟိ - ထိုသာကီဝင် မင်းသမီးဘိက္ခုနီ ငါးရာတို့နှင့်တကွ၊
သကံ ဘိက္ခုနုပဿယံ - မိမိ၏ ဘိက္ခုနီ ကျောင်းတိုက်တို့၊
ဂန္တွာန - သွားရောက်ပြီး၍၊
ပရမာသနေ - မြတ်သောနေရာ၌၊
အဍ္ဎပလ္လင်္ကံ အာဘုဇ္ဇ - ထက်ဝက် တင်ပလ္လင်ခွေကို ဖွဲ့ခွေ၍၊
(ရဟန်းမများမှာ ခြေနှစ်ဘက်လုံး အပြည့် တင်ပလ္လင်ခွေ မထိုင်ရဘူး၊ ခြေတစ်ဘက်သာ ခွေပြီး ထိုင်ရတယ်၊ အဲဒါကို အဍ္ဎပလ္လင်္က- ထက်ဝက် တင်ပလ္လင်ခွေခေါ်တယ်၊ ယခု မြန်မာအမျိုးသမီးများ၏ အရိုအသေပြု ထိုင်ပုံနှင့် တူတန်သလောက် တူပါလိမ့်မယ်၊)
နိသီဒီ - ထိုင်နေလေတော့သည်။

ဘိက္ခုနီမငါးရာတို့လဲ သူ့နေရာနှင့်သူ အသီးသီး ထက်ဝက် တင်ပလ္လင်ခွေဖြင့် ထိုင်နေကြတယ်၊ အဲဒီအခါမှာ သတင်းကြားရလို့ တပည့် ဒါယိကာမတွေက လာရောက်ပြီးတော့ ငိုကြပါသတဲ့၊ အဲဒီ ဒါယိကာမတွေထဲမှ သဒ္ဓါတရားအကောင်းဆုံး, တရားလဲ အားအထုတ်ဆုံး ဥပါသိကာမကို မိထွေးတော် ဂေါတမီက ဦးခေါင်းကို ပွတ်သပ်ပြီးတော့ ဒီလိုသြဝါဒစကား ပြောကြားပါတယ်။

အလံ ပုတ္တာ ဝိသာဒေန၊
မာရပါသာနုဝတ္တိနာ။
အနိစ္စံ သင်္ခတံ သဗ္ဗံ၊
ဝိယောဂန္တံ စလာစလံ။

ပုတ္တာ - ချစ်သမီးတို့၊
မာရပါသာနုဝတ္တိနာ - ကိလေသမာရ်၏ ကျော့ကွင်းသို့ အစဉ်လိုက်လာသော၊
ဝါ- ကိလေသာ၏ အလိုသို့ လိုက်လျောသော၊
ဝိသာဒေန - ငိုယို ပင်ပန်းခြင်းဖြင့်၊
အလံ - အကျိုးမရှိပါဘူး သမီးတို့၊
သဗ္ဗံ သင်္ခတံ - ရုပ်နာမ်သင်္ခတ တရားအားလုံးသည်၊
အနိစ္စံ - မမြဲသည်ဖြစ်၍၊
ဝိယော ဂန္တံ - ကွေကွင်းကွဲကွာ ရခြင်းလျှင် အဆုံးရှိချေ၏၊
စလာစလံ - ဘယ်မှာမျှ မတည်တံ့ မခိုင်မြဲပဲ အလွန်ပင် ပြောင်းလဲလှုပ်ရှားခြင်း သဘောရှိသည် ချည်းသာ ဖြစ်သည် သမီးတို့လို့ ပြောပြီးတော့ အဲဒီလို ငိုယိုကြတဲ့ အမျိုးသမီးတွေကို ပြန်လွှတ် လိုက်တယ်။

အဲဒီလို လွှတ်လိုက်ပြီး ပထမဈာန်ကို ဝင်စားကြတယ်၊ ပြီးတော့ ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန်တို့ကို အစဉ်အတိုင်း ဝင်စားကြတယ်၊ အဲဒီကနောက် အရူပသမာပတ် လေးပါးကို အစဉ်အတိုင်း ဝင်စားကြတယ် တဖန် ပဋိလောမ အားဖြင့် ပထမဈာန် တိုင်အောင် ဝင်စားတယ်၊ အဲဒီကနောက် စတုတ္ထဈာန်အထိ အစဉ်အတိုင်းဝင်စားပြီးနောက် အဲဒီစတုတ္ထဈာန်မှထပြီး -

ဒီပစ္စီဝ - မီးစာကုန် ဆီခန်း၍ ငြိမ်းလေသော ဆီမီးတောက်ကဲ့သို့၊
နိရာသဝါ - ရုပ်နာမ်ခန္ဓာ အသစ်ဖြစ်ကြောင်း အာသဝေါတရား ကင်းသည်ဖြစ်၍၊
နိဗ္ဗာယိ - စုတိခန္ဓာ ချုပ်သဖြင့် ရုပ်နာမ်ဆင်းရဲ ပြတ်စဲ ချုပ်ငြိမ်းလေတော့သည်”တဲ့၊

အဲဒါက မိထွေးတော် ဂေါတမီ ပရိနိဗ္ဗာန် စံဝင်ပုံကို ပြတာပဲ၊ သူ့ အခြွေအရံဘိက္ခုနီတွေလဲ -

တာယောပိ - ထိုဘိက္ခုနီ တို့သည်လည်း၊
အနုပါဒါနာ - ရုပ်နာမ် ခန္ဓာဖြစ်ကြောင်း ကင်းကြကုန်သည်ဖြစ်၍၊
ဒီပစ္စိဝိယ - ဆီမီးလျှံငြိမ်းသကဲ့သို့၊
နိဗ္ဗုတာ - ဆင်းရဲခပ်သိမ်း ချုပ်ငြိမ်းကြလေတော့သည်”လို့ ပြဆိုထားတယ်၊

မိထွေးတော်ဂေါတမီနှင့်တကွ ထေရီမ ငါးရာတို့ဟာ ထိုင်လျက် သမာပတ် ဝင်စားပြီး ပရိနိဗ္ဗာန် ဝင်စံကြတယ်၊ သူများတွေလို သေခါနီးမှာ အလူးအလဲခံစားရတဲ့ ဆင်းရဲမျိုးဆိုရင် ဘာမျှမရှိဘူး၊ ချမ်းသာစွာ တည်ငြိမ်စွာနှင့်ပင် ပရိနိဗ္ဗာန် ဝင်စံသွားကြတယ်၊ ကြည်ညိုဖွယ် အလွန်ကောင်းတာပဲ။

အဲဒီလို ပရိနိဗ္ဗာန်စံပြီးတဲ့အခါ မြတ်စွာဘုရားက ဈာပနကိစ္စအတွက် ဆောင်ရွက်ကြရန် အရှင် အာနန္ဒာအား နှိုးတော်စေတယ်၊ အရှင်အာနန္ဒာက နှိုးဆော်တဲ့အခါ အနီးအဝေးမှ သံဃာတော်တွေ များစွာ ကြွလာတော်မူကြပါတယ်၊ လူတွေတွင်မက နတ်တွေပါ လာရောက်ပူဇော်ကြတယ်လို့ ဆိုပါတယ်၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူတဲ့ အခါမှာတောင် အဲဒီလောက် မစည်ကားမကြီးကျယ် မခမ်းနားဘူးလို့လဲ ဆိုပါတယ်၊ မီးသင်္ဂြိုဟ်ပြီးတဲ့အခါ မိထွေးတော်ဂေါတမီ၏ အရိုးဓာတ်တော်များကို သပိတ်ဖြင့်ထည့်၍ အရှင်အာနန္ဒာက မြတ်စွာဘုရားထံ ဆက်ကပ်ပါတယ်။

မြတ်စွာဘုရားက အဲဒီဓာတ်တော် သပိတ်ကို လက်ဖြင့် ကိုင်တော်မူလျက် “ဧရာမ သစ်ပင်ကြီးမှာ အကြီးဆုံးကိုင်းကြီး ကျိုးသွားသလိုပင် ဘိက္ခုနီ သံဃာ၏ အကြီးဆုံးဖြစ်သော ဂေါတမီထေရီ ပရိနိဗ္ဗာန်စံ သွားလေပြီ၊ မိထွေးတော် ဂေါတမီဟာ သံသရာ ပင်လယ်ကြီးကို ကူးမြောက်ပြီး ဖြစ်ပေတယ်၊ ကိလေသာ အပူအပင် ငြိမ်းပြီး ဖြစ်ပေတယ်၊ ဆင်းရဲခပ်သိမ်း အကုန် ငြိမ်းသွားလေပြီ ဒါကြောင့် သူ့အတွက် စိုးရိမ်ဖွယ်မရှိ” စသည်ဖြင့် မိန့်တော်မူတယ်၊ နောက်ပြီးတော့ “မိထွေးတော် ဂေါတမီဟာ ပညာကြီးကြောင်း၊ ဘိက္ခုနီတို့တွင် ရတ္တညူ ဧတဒဂ်ဖြင့် ချီးမွမ်းအပ်သူဖြစ်ကြောင်း၊ ဣဒ္ဓိဝိဓ အစရှိသော လောကီအဘိညာဉ် ငါးပါး၌ နိုင်နင်းကြောင်း လောကုတ္တရာ အာသဝက္ခယ အဘိညာဉ်နှင့်လဲ ပြည့်စုံ၍ ပဋိသမ္ဘိဒါပတ္တထေရီ ဝိသေသဖြစ်ကြောင်း” စသည်များကိုလဲ ထုတ်ဖော် ချီးကျူးတော်မူတယ်၊ အဲဒီလို ချီးကျူးတော်မူပြီးတော့ အောက်ပါ ဂါထာတို့ကိုလဲ မိန့်မြွက်တော် မူပါတယ်။

နိဗ္ဗာန်၏ သရုပ်ဖော် ဂါထာ ၂-ပုဒ်

▬▬▬▬▬

အယောဃန ဟတေဿဝ၊
ဇလတော ဇာတဝေဒဿ။
အနုပုဗ္ဗူပသန္တဿ၊
ယထာ န ဉာယတေ ဂတိ။

ဧဝံ သမ္မာ ဝိမုတ္တာနံ၊
ကာမ ဗန္ဓောဃ တာရိနံ။
ပညာပေတုံ ဂတိ နတ္ထိ၊
ပတ္တာ နံ အစလံ သုခံ။

အယောဃန ဟတေဿဝ - သံတူဖြင့် သံတုံး စသည်ကို ထုရိုက်စဉ်ပင်လျှင်၊
ဇလတော - ဝင်းလက် တောက်ပလျက်၊
ဝါ- ဝင်းလက် တောက်ပပြီးလျှင်၊
အနုပုဗ္ဗူပသန္တဿ - အစဉ်အတိုင်း ငြိမ်းသွားလေသော၊
ဇာတဝေဒဿ - မီးပွား မီးပန်း အလင်းရောင်၏၊
ဂတိ - ရောက်ရာ တည်ရာ အရပ်ကို
န ဉာယတေ ယထာ - မသိအပ် မသိနိုင်သကဲ့သို့-တဲ့၊

ဒါကဥပမာပဲ၊ သံတူကြီးဖြင့် သံတုံးစသည်ကို ထုရိုက်လိုက်တဲ့အခါ လင်းကနဲလက်ကနဲ မီးပွား မီးပန်းကလေး ထွက်ပေါ်လာတယ်။ အဲဒီအလင်းရောင်ကလေးဟာ တခဏကလေးအတွင်းမှာပဲ ပျောက်သွားတယ်၊ အဲဒီလို ပျောက်သွားတဲ့အခါ အဲဒီ အလင်းရောင်ကလေးဟာ ဘယ်နားရောက်ပြီး ဘယ်လိုတည်နေတယ်လို့ မသိမမြင်နိုင်ဘူး၊ အဲဒါလိုပါပဲတဲ့။

ဧဝံ - ဤအတူ၊
ကာမ ဗန္ဓောဃ တာရိနံ - ကာမ အနှောင်အဖွဲ့နှင့် သြဃလေးပါးကို ကျော်လွန်ကုန်ပြီးသော၊
သမ္မာဝိ မုတ္တာနံ - ကောင်းစွာ လွတ်မြောက်ကုန်ပြီးသော၊
ဝါ- ကောင်းစွာ လွတ်မြောက်ကြပြီး၍
အစလံ သုခံ ပတ္တာနံ - လှုပ်ရှားပြောင်းလဲခြင်း မရှိဘဲ အမြဲချမ်းသာသည့် အငြိမ်းဓာတ်သို့ ရောက်ကြသောရဟန္တာတို့၏၊
ဂတိ - လားရာ တည်ရာ ဂတိသည်၊
ပညာပေတုံ - သိစေရန် ပြရန်အလို့ငှာ၊
နတ္ထိ - မရှိတော့သည်သာတည်း-တဲ့။

နည်းမှန် လမ်းမှန်အတိုင်း ကျင့်လို့ အရဟတ္တမဂ်ဖိုလ်ဖြင့် ကိလေသာအနှောင်အဖွဲ့တွေ ကိလေသာ ရေယဉ်တွေကို ကျော်လွန်သွားကြတဲ့ ရဟန္တာပုဂ္ဂိုလ်တွေမှာ အစွဲအလမ်း ဥပါဒါန် မရှိတဲ့အတွက် နောက်ဆုံး ကာလမှာ စွဲလမ်းစရာ ကံ ကမ္မနိမိတ်ဆိုတဲ့ အာရုံတွေမထင်ဘူး၊ ဈာန်ဝင်စားရင်းဖြစ်စေ၊ ဝိပဿနာရှုရင်းဖြစ်စေ ပရိနိဗ္ဗာန်စုတိစိတ် ချုပ်သွားတယ်၊ အဲဒီစုတိစိတ် ချုပ်သွားတဲ့အခါ ရုပ်နာမ်ခန္ဓာ အသစ်လဲ မဖြစ်ပေါ်လာတော့ပဲ ပြတ်စဲ ချုပ်ငြိမ်းသွားတယ်၊ အဲဒီလို ရုပ်နာမ်ခန္ဓာ လုံးဝ ပြတ်စဲချုပ်ငြိမ်းသွားတာဟာ အနုပါဒိသေသနိဗ္ဗာန်ခေါ်တဲ့ အငြိမ်းဓာတ်ပဲ၊

အဲဒီအငြိမ်းဓာတ်ဟာ ငြိမ်းမြဲ ငြိမ်းနေတော့တာပဲ၊ ပြောင်းလဲလှုပ်ရှားခြင်းမရှိပဲ ငြိမ်းလျက်ပဲ တည်နေတယ်၊ အဲဒါကို အစလံ - လှုပ်ရှားခြင်းမရှိဘူးလို့ ဆိုတယ်၊ နောက်ပြီးတော့ အဲဒီ အငြိမ်းဓာတ်ဟာ ဆင်းရဲဟူသမျှ လုံးဝကင်းငြိမ်းနေတယ်၊ အဲဒီလိုဆင်းရဲတွေ အကုန်ကင်းငြိမ်း နေတဲ့အတွက် မခံစားရပဲနဲ့ အမြဲတမ်းချမ်းသာနေတယ်၊ အနုပါဒိသေသ နိဗ္ဗာန်အငြိမ်းဓာတ်သို့ ရောက်သွားတဲ့ အဲဒီ ရဟန္တာပုဂ္ဂိုလ်ဟာ ဘုံ ၃၁-ထဲက ဘယ်မှာရောက်နေတယ်လို့ မပြောပြနိုင်ဘူး၊ ဘယ်အရပ်ဘယ်ဌာန ရောက်နေတယ်လို့လဲ မပြောပြနိုင်ဘူး၊ လက်ကနဲ ထွက်ပေါ်လာပြီး ငြိမ်းသွားတဲ့ မီးပွားအလင်းရောင်ကလေး၏ ရောက်နေရာ တည်နေရာကို မပြောပြနိုင်သလိုပါပဲတဲ့၊ ပွင့်ပွင့်လင်းလင်း ပြောပြရရင်တော့ အဲဒီ မီးပွားအလင်းရောင် ကကလေးလဲ ဘယ်နာမ်မှာမှ မရှိဘူး၊ အဲဒါလိုပဲ ရဟန္တာပုဂ္ဂိုလ်၏ ရုပ်ခန္ဓာ အစဉ်ပရိနိဗ္ဗာန် စုတိစိတ်မှ နောက်ကာလ၌ လုံးဝမရှိတော့ပဲ ပြတ်စဲချုပ်ငြိမ်း သွားတာပါပဲ၊ ဘယ်အရပ်မှာမှ အဲဒီရုပ်နာမ်အစဉ်ဟာ မရှိတော့ပါဘူး။

ဒီလိုဆိုတော့ အတ္တအစွဲရှိတဲ့ သူတွေက ရဟန္တာပုဂ္ဂိုလ် တစ်ယောက်လုံး ပျောက်သွားတယ်လို့ ထင်မှတ်စရာရှိတယ်၊ အဲဒီလိုလဲ မဟုတ်ဘူး၊ ပုဂ္ဂိုလ်သတ္တဝါဆိုတာ အစကတည်းက ရှိခဲ့တာ မဟုတ်ဘူး၊ ရုပ်နာမ်ခန္ဓာအစဉ်မျှသာ ရှိခဲ့တာပါပဲ၊ ဒါကြောင့် အစက မပြတ်ဖြစ်လျက် ရှိနေခဲ့တာလဲ သမုဒယ တဏှာကြောင့် ဖြစ်နေတဲ့ ဒုက္ခသစ္စာမျှသာ ရှိခဲ့တယ်၊ သီလ သမာဓိ ဝိပဿနာ အကျင့် မှန်ဖြင့် အရဟတ္တမဂ်ဖိုလ်သို့ ရောက်တဲ့အခါ ဘယ်လိုအာရုံ ဘယ်လိုဘဝမျိုးကိုမျှ မသာယာတော့ဘူး၊

ရှေ့နားတုန်းက မိထွေးတော်ဂေါတမီ လျှောက်ခဲ့တဲ့ (အာသီဝိသာလယသ မေ အစရှိသော) ဂါထာ ၂-ပုဒ်ထဲမှာ ပြထားတဲ့အတိုင်း ရုပ်နာမ်ခန္ဓာတွေအပေါ်မှာ ငြီးငွေ့နေတယ်၊ အဲဒီလို သမုဒယသစ္စာ တဏှာ ကင်းတဲ့အတွက် ပရိနိဗ္ဗာန်စုတိမှ နောက်ကာလ၌ ရုပ်နာမ်ဒုက္ခသစ္စာတွေ မဖြစ်ပေါ်လာ တော့ပဲ ပြတ်စဲချုပ်ငြိမ်းသွားတယ်၊ အဲဒါဟာ ပုဂ္ဂိုလ်သတ္တဝါ ပျောက်သွားတာ မဟုတ်ဘူး၊ ဒုက္ခသစ္စာ တွေ ငြိမ်းခြင်းမျှပဲ

အဲဒီလို ဒုက္ခသစ္စာတွေ ချုပ်ငြိမ်းသွားတော့ ဘဝသစ်ဖြစ်ရတဲ့ ဆင်းရဲလဲ ကင်းတယ်၊ အိုရ, နာရ, သေရတဲ့ ဆင်းရဲတွေလဲ ကင်းတယ်၊ စိုးရိမ် ပူဆွေးရ ငိုကြွေးရတဲ့ ဆင်းရဲတွေလဲကင်းတယ်၊ ရုပ်ကိုယ်နဲ့စပ်တဲ့ ဆင်းရဲစိတ်နဲ့စပ်တဲ့ ဆင်းရဲတွေလဲ ကင်းတယ်၊ အောက်ထစ်ဆုံးအားဖြင့် စိတ်ကူး ကြံစည်နေရတဲ့ ဆင်းရဲတွေလဲ ကင်းတယ်၊ ကောင်းနိုးနိုးနဲ့ ခံစားနေရတဲ့ ဆင်းရဲတွေလဲ ကင်းတယ်၊ ဘယ်လို ဆင်းရဲမျှ မရှိတဲ့အတွက် အမြဲတမ်း ချမ်းသာနေတယ်

ဒီနေရာမှာ အတ္တစွဲ အားကြီးမားတဲ့ သူတွေက မေးစရာရှိတယ်၊ ကောင်းကင်ဘုံကို ရောက်ပြီး မအို, မနာ, မသေပဲ နေရတာက ပိုမကောင်းဘူးလားလို့ မေးစရာရှိတယ်၊ မအို, မနာ, မသေရတဲ့ ကောင်းကင်ဘုံဆိုတာက စိတ်ကူးယဉ်ထားတာပဲ၊ ဘယ်မှာမဆို ဖြစ်ရင် ပျက်တာချည်းပဲ၊ ကောင်းကင်ဘုံဆိုတာ နတ်ဘုံဗြဟ္မာဘုံတွေပါပဲ၊ အဲဒီဘုံတွေမှာလဲ ရုပ်နာမ်တွေကို အထည်ကိုယ် လုပ်နေကြရတာပဲ၊ အဲဒီရုပ်နာမ်တွေက ဖြစ်တတ်ပျက်တတ်တဲ့ သဘောတွေပဲ၊ ဒါကြောင့် အဲဒီနတ်တွေဗြဟ္မာတွေလဲ သူ့သက်တမ်းကုန်တော့ သေရပျက်ရတာပဲ၊ အမှန်စင်စစ် အားဖြင့်တော့ စိတ်အသိကလေးရှိနေရင်ကို စိတ်ကူး ကြံစည်ပြီး ပင်ပန်းဆင်းရဲနေတာပဲ။

ဒါကြောင့် ဖြစ်တတ်ပျက်တတ်တဲ့ ရုပ်နာမ်ဒုက္ခသစ္စာတရားတွေ လုံးဝမရှိပဲ ပြတ်စဲချုပ်ငြိမ်းသွားမှ စင်စစ်ချမ်းသာတာ၊ အဲဒီလို ဒုက္ခသစ္စာတရားတွေမဖြစ်ပဲ ပြတ်စဲ ချုပ်ငြိမ်းတာကလဲ အရဟတ္တ မဂ်ဖိုလ်၏ အစွမ်းဖြင့် တဏှာ သမုဒယ ချုပ်ငြိမ်းမှ ပြီးစီးတယ်၊ ဒါကြောင့် အရဟတ္တ မဂ်ဖိုလ်ဉာဏ်၏ အစွမ်းဖြင့် တဏှာ သမုဒယငြိမ်း၍ ပရိနိဗ္ဗာန်စုတိမှ နောက်ကာလ၌ ရုပ်နာမ်ခန္ဓာ ဒုက္ခသစ္စာ မဖြစ်ပေါ်လာပဲ ပြတ်စဲ ချုပ်ငြိမ်းတာက အနုပါဒိသေသ နိဗ္ဗာန်ချမ်းသာ အစစ်အမှန်ဖြစ်သည်- တဲ့၊ အဲဒါကို မှတ်မိအောင် ဆိုကြရမယ်။

အရဟတ္တမဂ်ဖိုလ် ဉာဏ်၏အစွမ်းဖြင့် တဏှာ သမုဒယငြိမ်း၍ ပရိနိဗ္ဗာန်စုတိမှ နောက်ကာလ၌ ရုပ်နာမ်ခန္ဓာ ဒုက္ခ သစ္စာ မဖြစ်ပေါ်လာတော့ပဲ ပြတ်စဲ ချုပ်ငြိမ်းတာက အနုပါဒိသေသ နိဗ္ဗာန်ချမ်းသာ အစစ်အမှန်ဖြစ်သည်။

မိထွေးတော် ဂေါတမီ ပရိနိဗ္ဗာန်စံခန်းကတော့ ပြည့်စုံသွားပါပြီ၊ အဲဒီ ဂေါတမီထေရီ အပါဒါန် ပါဠိတော်မှာ နိဂုံးချုပ် အနေနဲ့ မြတ်စွာဘုရားက တိုက်တွန်းတော်မူတဲ့ ဥယျောဇဉ် ဂါထာတစ်ပုဒ် ရှိတယ်၊ အဲဒီဂါထာဖြင့် တိုက်တွန်းပြီး တရားသိမ်းတော့မယ်။

ဘုရားရှင်၏ ဥယျောဇဉ် ဂါထာ

▬▬▬▬▬▬

အတ္တဒီပါ တတော ဟောထ၊
သတိပဋ္ဌာန ဂေါစရာ၊
ဘာဝေတွာ သတ္တ ဗောဇ္ဈင်္ဂေ၊
ဒုက္ခဿန္တံ ကရိဿထ။

တတော - ထိုသို့ သမ္မာဝိမုတ္တဖြစ်လျှင် အမြဲတမ်းချမ်းသာသည့် အငြိမ်းဓာတ်သို့ ရောက်လျက် ဂတိငါးပါးမှ ကင်းလွတ်ခြင်းကြောင့်၊
တုမှေ - သင်ချစ်သား ချစ်သမီးတို့သည်၊
သတိပဋ္ဌာန ဂေါစရာ - ရှုမှတ်သူ သတိပဋ္ဌာန် လေးပါးလျှင် ကျက်စားရာ ရှိကုန်သည်ဖြစ်၍၊
အတ္တဒီပါ- မိမိကိုယ် (ဟုဆိုအပ်သော တရား)လျှင် မှီရာကျွန်းမြေသဖွယ် အားကိုးရာ ရှိကုန်သည်၊
ဟောထ - ဖြစ်ကြပါကုန်လော့-တဲ့။

ကိုယ်အမူအရာ ဟူသမျှကို ရှုမှတ်တာက ကာယာနုပဿနာ သတိပဋ္ဌာန်,
ခံစားမှုဝေဒနာ ဟူသမျှကို ရှုမှတ်တာက ဝေဒနာနုပဿနာ သတိပဋ္ဌာန်,
စိတ်အမူအရာ ဟူသမျှကို ရှုမှတ်တာက စိတ္တာနုပဿနာ သတိပဋ္ဌာန်,
သဘောတရား ဟူသမျှကို ရှုမှတ်တာက ဓမ္မာနုပဿနာသတိပဋ္ဌာန် -

အဲဒီ သတိပဋ္ဌာန်လေးပါးကို ပွားစေသောအားဖြင့် လေ့လာ ကျက်စားနေကြပါတဲ့၊ အဲဒီလို လေ့လာ ကျက်စားနေရင် မိမိကိုယ်ကို အားကိုးရာ ကျွန်းမြေသဖွယ် ပြုနေသည်မည်ပါတယ်၊ မိမိကိုယ ်ဆိုတာကလဲ မိမိသန္တာန်မှာ ဖြစ်ပွားစေတဲ့ သတိပဋ္ဌာန်တရားကိုပဲ ဆိုလိုပါတယ်၊ အဲဒီလို သတိပဋ္ဌာန် တရားကို မှီရာတည်ရာ ကျွန်းမြေသဖွယ် အားကိုးနေကြရင် ဘာဖြစ်မလဲ ဆိုတော့

သတ္တဗောဇ္ဈင်္ဂေ -ဗောဇ္ဈင် ခုနစ်ပါးတို့ကို၊
ဘာဝေတွာ - ပွားစေ၍
ဒုက္ခဿန္တံ - ဆင်းရဲ၏ ကုန်ဆုံးရာ အရဟတ္တဖိုလ် နိဗ္ဗာန်ကို၊
ကရိဿထ - ပြီးစေနိုင်ကြပေလတ္တံ့သတည်း-တဲ့။

သတိပဋ္ဌာန်လေးပါးကို ပွားစေလျှင် ဗောဇ္ဈင် ခုနစ်ပါး ပြည့်စုံပြီး အရဟတ္တဖိုလ် နိဗ္ဗာန်သို့ ရောက်ကြပါလိမ့်မယ်-တဲ့။ အဲဒီတော့ ဆင်းရဲ ခပ်သိမ်း ကုန်ငြိမ်းရာ နိဗ္ဗာန်ရောက်ချင်တဲ့ သမ္မာဆန္ဒ အပြည့်အဝရှိကြရင် သတိပဋ္ဌာန် တရားလေးပါးကို မပြတ်ပွားနေကြရုံပဲ၊ ကဲ-တရားသိမ်းတော့မယ်။

နိဂုံးချုပ် တရားသိမ်းပတ္ထနာ

▬▬▬▬▬▬▬▬▬▬

နိဗ္ဗာန ပဋိသံယုတ္တကထာခေါ် နိဗ္ဗာန်ဆိုင်ရာ တရားတော်ကို ရိုသေစွာ နာယူမှတ်သားကြရသော ဓမ္မသဝနကုသိုလ်ကံ စေတနာတို့၏ အစွမ်းအာနုဘော်ကြောင့် ရှုမှတ်မှု သတိပဋ္ဌာန်တရား၌ ကျက်စားလျက် ဗောဇ္ဈင်ခုနစ်ပါးကို ပွားစေကြ၍ ရုပ်နာမ်ခန္ဓာ ဒုက္ခသစ္စာဟု ဆိုအပ်သော ဆင်းရဲခပ်သိမ်း တို့၏ငြိမ်းရာ အမြဲတမ်း ချမ်းသာအစစ်ဖြစ်သော နိဗ္ဗာန် တရားတော်မြတ်ကို မိမိတို့အလိုရှိသော မဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ဖြင့် လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြု နိုင်ကြပါစေ။

သာဓု သာဓု သာဓု

နိဗ္ဗာန ပဋိသံယုတ္တ ကထာ
နိဗ္ဗာန်ဆိုင်ရာ တရားတော် ဆဋ္ဌမပိုင်း ပြီး၏။
နိဗ္ဗာန်ဆိုင်ရာ တရားတော် ဤတွင် ပြီး၏။