မာတိကာသို့ ခုန်သွားရန်

မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေ

ဝီကီရင်းမြစ် မှ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ5840မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေ — National leagel For Democrazy၂၀၂၅President U Wim Myint and Prime Minister Of Foreign Affairs Daw Aung San Suu Kyi are leading The Myanmar(Burma)MM At November 20.2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေ

(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၄၁ /၂၀၂၅)

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၈ ရက်

(၂ဝ၂၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်)


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။


အခန်း(၁)
အမည်၊ သက်ဆိုင်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်

[ပြင်ဆင်ရန်]
၁။ ဤဥပဒေကို မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေ ဟု ခေါ်တွင်စေရမည်။
၂။ ဤဥပဒေသည် ရေပြင်နယ်နိမိတ်အတွင်းတွင်ရှိသော အောက်ပါ တို့နှင့် သက်ဆိုင်စေရမည် –
(က) ပြည်တွင်းပြည်ပမှ ရေယာဉ်နှင့် လေယာဉ်၊
(ခ) ပင်လယ်ဆိပ်ကမ်းအပါအဝင် ပင်လယ်ရေကြောင်းဆိုင်ရာ အဆောက်အအုံ၊
(ဂ) စီးပွားရေးလုပ်ငန်း။
ခြွင်းချက်။ ပြည်တွင်း စစ်ရေယာဉ်၊ စစ်လေယာဉ်များနှင့် သက်ဆိုင်ခြင်းမရှိစေရ။


၃။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည် –
(က) နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်ကို ဆိုသည်။
(ခ) အစိုးရအဖွဲ့ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ကို ဆိုသည်။
(ဂ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကို ဆိုသည်။
(ဃ) ကမ်းခြေစောင့်တပ်ဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းထားသော မြန်မာနိုင်ငံကမ်းခြေစောင့် တပ်ဖွဲ့ကို ဆိုသည်။
(င) ကမ်းခြေစောင့်တပ်ဖွဲ့အကြီးအကဲ ဆိုသည်မှာ ကမ်းခြေစောင့်တပ်ဖွဲ့အား ကြီးကြပ်ကွပ်ကဲရသူကို ဆိုသည်။
(စ) တပ်ဖွဲ့ဝင်အရာရှိ ဆိုသည်မှာ ကမ်းခြေစောင့်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်သော ပြန်တမ်းဝင် အရာရှိကို ဆိုသည်။
(ဆ) အရပ်ဘက်အရာရှိ ဆိုသည်မှာ ကမ်းခြေစောင့်တပ်ဖွဲ့တွင် တွဲဖက်၍ဖြစ်စေ၊ ဌာနကူးပြောင်း၍ ဖြစ်စေ တာဝန်ထမ်းဆောင်သော သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ ပြန်တမ်းဝင် အရာရှိကိုဆိုသည်။ ယင်းစကားရပ်တွင် စတင်ခန့်ထားသည့် ပြန်တမ်းဝင်အရာရှိနှင့် အမှုထမ်းမှ ပြန်တမ်းဝင်အရာရှိအဆင့် ရရှိသူများလည်း ပါဝင်သည်။
(ဇ) တပ်ဖွဲ့ဝင် ဆိုသည်မှာ ကမ်းခြေစောင့်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်အရာရှိ၊ အရပ်ဘက်အရာရှိ၊ တပ်ဖွဲ့ဝင်အမှုထမ်း သို့မဟုတ် အရပ်ဘက်အမှုထမ်းကို ဆိုသည်။
(ဈ) အခြေခံမျဉ်းများ ဆိုသည်မှာ မြန်မာနိုင်ငံပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များဥပဒေ၏ နောက်ဆက်တွဲ(က)တွင် သတ်မှတ်ထားသည့် အခြေခံမျဉ်းများကို ဆိုသည်။
(ည) အတွင်းပိုင်းရေပြင် ဆိုသည်မှာ ပိုင်နက်ပင်လယ်ကို စတင်သတ်မှတ်သည့် အခြေခံမျဉ်းမှ ကုန်းတွင်းဘက်ရှိ ရေပိုင်နက်ကိုဆိုသည်။ ယင်းစကားရပ်တွင် ပင်လယ်ဆိပ်ကမ်းမဟုတ်သည့် အခြားဆိပ်ကမ်း၊ ချောင်းနှင့်မြစ်များ မပါဝင်။
(ဋ) ပင်လယ်ဆိပ်ကမ်း ဆိုသည်မှာ အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်ထားသော ဆိပ်ကမ်းကိုဆိုသည်။ ယင်းစကားရပ်တွင် အဓိကဆိပ်ကမ်း သို့မဟုတ် ပင်လယ်ရေနက်ဆိပ်ကမ်းလည်း ပါဝင်သည်။
(ဌ) ပိုင်နက်ပင်လယ် ဆိုသည်မှာ အခြေခံမျဉ်းများမှ ပင်လယ်ဘက်သို့ ရေမိုင် ၁၂ မိုင်အထိ ကျယ်ဝန်းသော ဇုန်ကို ဆိုသည်။
(ဍ) ဆက်စပ်ဇုန် ဆိုသည်မှာ ပိုင်နက်ပင်လယ်၏ပြင်ပတွင် တည်ရှိပြီး ပိုင်နက်ပင်လယ်နှင့် တစ်ဆက်တည်းဖြစ်သည့်ပြင် အခြေခံမျဉ်းမှ ပင်လယ်ဘက်သို့ ရေမိုင် ၂၄ မိုင်အထိ ကျယ်ဝန်းသောဇုန်ကို ဆိုသည်။
(ဎ) သီးသန့်စီးပွားရေးဇုန် ဆိုသည်မှာ ပိုင်နက်ပင်လယ်၏ ပြင်ပတွင်တည်ရှိပြီး ပိုင်နက်ပင်လယ်နှင့် တစ်ဆက်တည်း ဖြစ်သည့်ပြင် အခြေခံမျဉ်းမှ ပင်လယ်ဘက်သို့ ရေမိုင် ၂၀၀ အထိ ကျယ်ဝန်းသောဇုန်ကို ဆိုသည်။
(ဏ) ရေပြင်နယ်နိမိတ် ဆိုသည်မှာ နိုင်ငံတော်၏အတွင်းပိုင်း ရေပြင်မှစ၍ သီးသန့်စီးပွားရေးဇုန်အထိ တစ်ဆက်တည်းရှိသောရေပြင်ကိုဆိုသည်။ ဤစကားရပ်တွင် ကမ်းရိုးတန်းလည်း ပါဝင်သည်။
(တ) ရေယာဉ် ဆိုသည်မှာ ရေပေါ် သို့မဟုတ် ရေအောက်တွင် ရွေ့လျားသွားလာနိုင်သော စက်တပ် ရေယာဉ်၊ စက်မဲ့ရေယာဉ် သို့မဟုတ် မောင်းသူမဲ့ရေယာဉ်တစ်မျိုးမျိုးကို ဆိုသည်။ ယင်းစကားရပ်တွင် တွဲတွန်း၊ တွဲဆွဲရေယာဉ်၊ စက်မဲ့ကုန်တွဲ၊ ရေနံတွဲ၊ ရေတွင်ပေါ်သော အခြားတွဲယာဉ်၊ လေကူရှင်သုံးရေယာဉ်၊ ရေယာဉ်ပျံ၊ အပျော်စီးရေယာဉ်၊ ဖောင် သို့မဟုတ် ရွက်လှေတို့ ပါဝင်သည်။
(ထ) လေယာဉ် ဆိုသည်မှာ လေထဲတွင်မောင်းနှင်သော စက်တပ် ယာဉ် သို့မဟုတ် စက်မဲ့ယာဉ်ကို ဆိုသည်။ ယင်းစကား ရပ်တွင် ရဟတ်ယာဉ်၊ စက်မဲ့လေယာဉ် (Glider)၊ မောင်းသူမဲ့လေယာဉ် (Drone)၊ မီးပုံးပျံ (Air Balloon) သို့မဟုတ် လေထဲတွင်ပျံသန်းနိုင်သော အခြားယာဉ်တစ်မျိုးမျိုး လည်း ပါဝင်သည်။
(ဒ) နိုင်ငံခြားရေယာဉ် ဆိုသည်မှာ ပြည်ပတွင်မှတ်ပုံတင်ထားသော ရေယာဉ်ကို ဆိုသည်။
(ဓ) ရေယာဉ်ပိုင်ရှင် ဆိုသည်မှာ ရေယာဉ်ကိုပိုင်ဆိုင်သည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကို ဆိုသည်။ ယင်းစကား ရပ်တွင် ရေယာဉ်နှင့် သက်ဆိုင်သည့်လုပ်ငန်းကို ရေယာဉ် ပိုင်ရှင် ကိုယ်စားဆောင်ရွက်ရန် တာဝန်လွှဲအပ်ခြင်းခံထား ရသော ကိုယ်စားလှယ်လည်း ပါဝင်သည်။
(န) ပင်လယ်ရေကြောင်းဆိုင်ရာအဆောက်အအုံ ဆိုရာတွင် နိုင်ငံတော်၏ ရေပြင်နယ်နိမိတ်အတွင်း ပင်လယ်ရေကြောင်းဆိုင်ရာအကျိုးစီးပွားအတွက် လူသားတို့ ဖန်တီးသောကျွန်း၊ ကမ်းလွန်စခန်း၊ အဏ္ဏဝါသိပ္ပံဆိုင်ရာသုတေသနစခန်း၊ ရေနံတူးစင်၊ အထိုင်တွင်းတူးစင်၊ ရေပေါ်တွင်းတူးစင်၊ သိုလှောင်ရုံ၊ ဖြန့်ဖြူးသိုလှောင်ရုံ၊ ရေအောက်ကေဘယ်ကြိုး၊ ပိုက်လိုင်း၊ စွန့်ပစ်ပစ္စည်းများလက်ခံရာနေရာ၊ ပင်လယ်ပြင် အခြေပြုပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်ယူရေးစခန်း သို့မဟုတ် စစ်ဘက်နှင့်မသက်ဆိုင်သည့် ရေကြောင်းဆိုင်ရာအခြေခံအဆောက်အအုံနှင့် ပစ္စည်းကိရိယာများ ပါဝင်သည်။
(ပ) အဏ္ဏဝါသဘာဝသယံဇာတ ဆိုသည်မှာ ပင်လယ်ကြမ်းပြင်၊ ပင်လယ်ကြမ်းပြင်အောက်ခံမြေထု၊ ပင်လယ်ကြမ်းပြင်အထက်ရှိရေထု သို့မဟုတ် ပင်လယ်ရေမျက်နှာပြင်တွင်ရှိသော သက်ရှိသက်မဲ့ သယံဇာတတစ်မျိုးမျိုးကို ဆိုသည်။ ယင်းစကားရပ်တွင် ဒီရေတောနှင့် သန္တာကျောက်တန်းများလည်း ပါဝင်သည်။
(ဖ) ရှားပါးမျိုးစိတ် ဆိုသည်မှာ ရေပြင်နယ်နိမိတ်အတွင်း ပုံမှန်တွေ့ရလေ့မရှိသော၊ ရှားပါးသော သို့မဟုတ် မျိုးသုဉ်းရန် အန္တရာယ်နှင့်ရင်ဆိုင်နေရသောအပင် သို့မဟုတ် တိရစ္ဆာန်မျိုးစိတ်တစ်ခုခုကို ဆိုသည်။
(ဗ) အဏ္ဏဝါပတ်ဝန်းကျင် ဆိုသည်မှာ ရေပြင်နယ်နိမိတ်အတွင်း အဏ္ဏဝါဂေဟစနစ်၏ လည်ပတ်မှု အခြေအနေနှင့် အရည်အသွေးတို့ကို အပြန်အလှန်အကျိုးသက်ရောက်စေသည့် ရုပ်ပိုင်းဆိုင်ရာ၊ မြေထု၊ ရေထု၊ လေထုဆိုင်ရာ သို့မဟုတ် ဇီဝဆိုင်ရာအခြေအနေကို ဆိုသည်။
(ဘ) အဏ္ဏဝါဂေဟစနစ် ဆိုသည်မှာ ရေပြင်နယ်နိမိတ်အတွင်း နေထိုင်ကျက်စားသော သို့မဟုတ် ရှင်သန် ပေါက်ပွားသော ကျွန်းနေဇီဝမျိုးစုံမျိုးကွဲ၊ အပင်၊ တိရစ္ဆာန်နှင့် သက်မဲ့ရုပ်ဝတ္ထုများ သဟဇာတဖြစ်လျက် တည်ရှိနေသည့် သဘာဝစနစ် သို့မဟုတ် ယင်းစနစ်ကြောင့် ဖြစ်ပေါ်ပြောင်းလဲနေသော အဏ္ဏဝါ ပတ်ဝန်းကျင်ကို ဆိုသည်။
(မ) ညစ်ညမ်းမှု ဆိုသည်မှာ ဘေးအန္တရာယ်ရှိပစ္စည်း၊ ညစ်ညမ်း ပစ္စည်း သို့မဟုတ် စွန့်ပစ်ပစ္စည်းကို စွန့်ပစ်ခြင်း၊ ထုတ်လွှတ်ခြင်း သို့မဟုတ် စုပုံခြင်းကြောင့် အဏ္ဏဝါပတ်ဝန်းကျင်၏ အစိတ်အပိုင်း တစ်ရပ်ရပ်ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြောင်းလဲစေခြင်း သို့မဟုတ် သက်ရောက်စေခြင်းကို ဆိုသည်။
(ယ) ပင်လယ်ဓားပြမှု ဆိုသည်မှာ နိုင်ငံတကာပင်လယ်ပြင်အတွင်း ရောက်ရှိနေသော ပုဂ္ဂလိကပိုင် ရေယာဉ် သို့မဟုတ် လေယာဉ်ပေါ်ရှိ လူပုဂ္ဂိုလ်တစ်ဦးဦးက အခြားသောရေယာဉ် သို့မဟုတ် လေယာဉ် ပေါ်ရှိ လူပုဂ္ဂိုလ် သို့မဟုတ် ပစ္စည်းအပေါ် ပုဂ္ဂလိကအကျိုးအလို့ငှာ အကြမ်းဖက်ခြင်း၊ တရားမဝင် ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းကို ဆိုသည်။ ယင်းစကားရပ်တွင် ထိုသို့ ပြုလုပ်ရန် ပူးပေါင်းကြံစည်ခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း သို့မဟုတ် အားပေးကူညီခြင်းလည်း ပါဝင်သည်။
(ရ) တရားမဝင်ဖြတ်ကျော်ဝင်ရောက်မှု ဆိုသည်မှာ ဥပဒေနှင့်အညီ ထုတ်ပေးထားသော ပြည်တွင်း ဝင်ရောက်ခွင့် လက်မှတ်နှင့် သက်ဆိုင်ရာနိုင်ငံက နည်းလမ်းတကျ ထုတ်ပေးထားသော နိုင်ငံကူး လက်မှတ်တို့မပါရှိဘဲ နိုင်ငံတော်၏ပိုင်နက်ပင်လယ်ကို ဖြတ်သန်း၍ အတွင်းပိုင်းရေပြင်သို့လည်းကောင်း၊ ပင်လယ်ဆိပ်ကမ်းတစ်ခုခုသို့လည်းကောင်း ဝင်ရောက်ခြင်း သို့မဟုတ် ဝင်ရောက်ရန် အားထုတ်ခြင်းကို ဆိုသည်။
(လ) ပင်လယ်ပြာစီးပွားရေး (Blue Economy) ဆိုသည်မှာ ရေပြင်နယ်နိမိတ်အတွင်း စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်နှင့် လူမှုစီးပွားဖူလုံရေးမြှင့်တင်ရန် အဏ္ဏဝါဂေဟစနစ်ကိုမထိခိုက်စေဘဲ အဏ္ဏဝါသဘာဝ သယံဇာတများကို ရေရှည်တည်တံ့စေသည့် နည်းလမ်းများအသုံးပြု၍ လုပ်ကိုင်သောစီးပွားရေးကို ဆိုသည်။
(ဝ) အဏ္ဏဝါသဘာဝသယံဇာတဆိုင်ရာပြစ်မှု ဆိုသည်မှာ အဏ္ဏဝါသဘာဝသယံဇာတများကို ညစ်ညမ်းမှု ဖြစ်စေရန် သို့မဟုတ် ထိခိုက်စေရန်လုပ်ဆောင်ခြင်း၊ တရားမဝင်ရှာဖွေတူးဖော်ခြင်း၊ ထုတ်လုပ်ခြင်း သို့မဟုတ် သယ်ယူရွှေ့ပြောင်းခြင်းကို ဆိုသည်။
(သ) ပင်လယ်ရေကြောင်းဆိုင်ရာ ဆိုက်ဘာခြိမ်းခြောက်မှု (Maritime Cyber Threat) ဆိုသည်မှာ ပင်လယ်ရေကြောင်းဆိုင်ရာ လုပ်ငန်းတစ်ရပ်ရပ်ကို နှောင့်ယှက်ဟန့်တားရန်အလို့ငှာ ဆိုက်ဘာ အရင်းအမြစ်တစ်ခုခုကိုအသုံးပြု၍ ခြိမ်းခြောက်မှုတစ်ရပ်ရပ်ကို ကျူးလွန်ခြင်း၊ ကျူးလွန်ရန် အားထုတ်ခြင်း၊ အားပေးကူညီခြင်း၊ လှုံ့ဆော်ခြင်း သို့မဟုတ် ကြံရာပါအဖြစ်ဆောင်ရွက်ခြင်းကို ဆိုသည်။
(ဟ) နိုင်ငံတကာသဘောတူစာချုပ်များ ဆိုရာတွင် နိုင်ငံတော်ကအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လက်မှတ် ရေးထိုးထားသည့် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းများ၊ ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံအချင်းချင်းချုပ်ဆို ထားသော စာချုပ်များနှင့် ယင်းစာချုပ်များ၏ နောက်ဆက်တွဲ သဘောတူညီချက်များအားလုံး ပါဝင်သည်။


အခန်း(၂)
ရည်ရွယ်ချက်များ

[ပြင်ဆင်ရန်]
၄။ ဤဥပဒေ၏ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် –
(က) ရေပြင်နယ်နိမိတ်အတွင်း နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ကာကွယ် စောင့်ရှောက်ရန်၊
(ခ) ရေပြင်နယ်နိမိတ်အတွင်း ပင်လယ်ရေကြောင်းကိုအသုံးပြု၍ ဆောင်ရွက်နေသည့် တရားမဝင် လုပ်ငန်းများ၊ တရားမဝင် ဖြတ်ကျော်ဝင်ရောက်မှုအပါအဝင် တရားမဝင်ဝင်ရောက် အခြေချနေထိုင်မှု များကို တားဆီးနှိမ်နင်းရန်နှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများဆောင်ရွက်ရန်၊
(ဂ) ပင်လယ်ရေကြောင်းဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးတို့ကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊
(ဃ) ပင်လယ်ရေကြောင်းဆိုင်ရာ အမျိုးသားအကျိုးစီးပွား၊ ပင်လယ်ပြာစီးပွားရေး၊ အဏ္ဏဝါပတ်ဝန်း ကျင်နှင့် အဏ္ဏဝါဂေဟစနစ်တို့ကို ကာကွယ်စောင့်ရှောက်ရန်၊
(င) ပင်လယ်ရေကြောင်းဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ရာတွင် နိုင်ငံတကာသဘောတူစာချုပ်များ နှင့်အညီ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံတကာကမ်းခြေ စောင့်တပ်ဖွဲ့များ၊ ပြည်တွင်းပြည်ပမှ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်။


အခန်း(၃)
ဖွဲ့စည်းခြင်း

[ပြင်ဆင်ရန်]
၅။ မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ကို ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်၊ ယင်း၏ကွပ်ကဲမှု အောက်ရှိ ကမ်းခြေစောင့်တပ်ဖွဲ့ရေယာဉ်စုများ၊ ကမ်းခြေစောင့်တပ်ဖွဲ့ ရေယာဉ်အုပ်များ၊ အခြား လိုအပ်သောဌာနများဖြင့် တည်ဆဲဖွဲ့စည်းပုံနှင့်အညီ ဖွဲ့စည်းရမည်။
၆။ ဝန်ကြီးဌာနသည် ကမ်းခြေစောင့်တပ်ဖွဲ့၏ဖွဲ့စည်းပုံကို လိုအပ်ပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ တိုးချဲ့ဖွဲ့စည်းနိုင်သည်။
၇။ ကမ်းခြေစောင့်တပ်ဖွဲ့သည် ကိုယ်ပိုင်အလံနှင့် ကိုယ်ပိုင်တံဆိပ်တို့ကို အသုံးပြုခွင့်ရှိသည်။


အခန်း(၄)
တာဝန်နှင့်လုပ်ပိုင်ခွင့်များ

[ပြင်ဆင်ရန်]
၈။ ကမ်းခြေစောင့်တပ်ဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည် –
(က) ရေပြင်နယ်နိမိတ်အတွင်း နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ထိပါးနှောင့်ယှက်မှု မရှိစေရန် ရေကြောင်းလုံခြုံရေးတာဝန်ဆောင်ရွက်ခြင်း၊
(ခ) ရေပြင်နယ်နိမိတ်အတွင်း ပင်လယ်ရေကြောင်းကို အသုံးပြု၍ ဆောင်ရွက်နေသည့် တရားမဝင် လုပ်ငန်း၊ မူးယစ်ဆေးဝါး သို့မဟုတ် လက်နက်ကို သယ်ဆောင်မှု သို့မဟုတ် ရောင်းဝယ်မှု၊ လူကုန်ကူးမှု၊ နိုင်ငံတကာ အကြမ်းဖက်မှုစသည့်နိုင်ငံဖြတ်ကျော်ပြစ်မှုများ၊ တရားမဝင်ဖြတ်ကျော်ဝင်ရောက်မှုနှင့် ပင်လယ်ဓားပြမှုများကို စုံစမ်းစစ်ဆေးခြင်းနှင့် အရေးယူခြင်း၊
(ဂ) ပင်လယ်ရေကြောင်းဆိုင်ရာအဆောက်အအုံ၊ ပင်လယ်ပြာစီးပွားရေးနှင့် ပင်လယ်ဆိပ်ကမ်းများ၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၏ တာဝန်ခံဌာနအဖြစ် တာဝန်ယူဆောင်ရွက်ခြင်း၊
(ဃ) ရေပြင်နယ်နိမိတ်အတွင်း ရေလမ်းကြောင်းဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ရေယာဉ် ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို ဆောင်ရွက်ခြင်း၊
(င) အဏ္ဏဝါပတ်ဝန်းကျင်နှင့် အဏ္ဏဝါဂေဟစနစ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေးတားဆီးကာကွယ်ခြင်း၊
(စ) နိုင်ငံတော်၏ကမ်းရိုးတန်းနိုင်ငံဆိုင်ရာလုပ်ငန်းတာဝန်များကို တာဝန်ခံဌာနအဖြစ်ဆောင်ရွက်ခြင်းနှင့် ဆိပ်ကမ်းနိုင်ငံဆိုင်ရာ လုပ်ငန်းတာဝန်များကို ပြည်တွင်းပြည်ပ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများ၊ ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
(ဆ) ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(ဇ) လူသားချင်းစာနာထောက်ထားမှု အကူအညီပေးခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
(ဈ) နိုင်ငံတော်၏အရေးပေါ်အခြေအနေတွင် တပ်မတော်(ရေ)နှင့်ပူးပေါင်း၍ နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်ခြင်း၊
(ည) ကမ်းခြေစောင့်တပ်ဖွဲ့နှင့် သက်ဆိုင်သည့် ပညာရပ်များလေ့ကျင့်သင်ကြားနိုင်သော သင်တန်း များနှင့် နိုင်ငံတကာရေကြောင်းဆိုင်ရာအဖွဲ့အစည်းများ၏ စံချိန်စံညွှန်းနှင့် ညီသောကျောင်းများ ဖွင့်လှစ်ခြင်း၊
(ဋ) အဏ္ဏဝါပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ရေထုညစ်ညမ်းမှုကာကွယ်တားဆီးခြင်းတို့နှင့် စပ်လျဉ်း၍ အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(ဌ) ဝန်ကြီးဌာနက အခါအားလျော်စွာပေးအပ်သော လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်း။
၉။ ကမ်းခြေစောင့်တပ်ဖွဲ့အကြီးအကဲသည်–
(က) ကမ်းခြေစောင့်တပ်ဖွဲ့ကို တာဝန်ခံကြီးကြပ်ကွပ်ကဲရမည်။
(ခ) ကမ်းခြေစောင့်တပ်ဖွဲ့၏ ဖွဲ့စည်းပုံကိုပြင်ဆင်ရန် လိုအပ်ပါက ဝန်ကြီးဌာနသို့ အဆိုပြုတင်ပြနိုင်သည်။
(ဂ) ကမ်းခြေစောင့်တပ်ဖွဲ့၏လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် လိုအပ်သောစီမံချက်များနှင့် စီမံကိန်းများကို ဝန်ကြီးဌာန၏ မူဝါဒများနှင့်အညီ ရေးဆွဲချမှတ်ဆောင်ရွက်ရမည်။
(ဃ) မိမိ၏ လုပ်ပိုင်ခွင့်တစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ သင့်လျော်သည့် တပ်ဖွဲ့ဝင် အရာရှိတစ်ဦးဦးအား သတ်မှတ်ချက်များနှင့်အညီ လွှဲအပ်ဆောင်ရွက်နိုင်သည်။
(င) တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည် မြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာ၊ စီမံကိန်းနှင့်လေ့ကျင့်ရေးစီမံချက်များကို ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ရမည်။


အခန်း(၅)
ပင်လယ်ရေကြောင်းဆိုင်ရာလုံခြုံရေး

[ပြင်ဆင်ရန်]
၁၀။ နိုင်ငံခြားရေယာဉ်သည် မြန်မာနိုင်ငံပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များဥပဒေနှင့်အညီ အပြစ်ကင်းသော ဖြတ်သန်းမှုကို ကျင့်သုံးခွင့်ရှိသည်။
၁၁။ ကမ်းခြေစောင့်တပ်ဖွဲ့သည် အောက်ပါတာဝန်တို့ကို ဆောင်ရွက်ရမည် –
(က) နိုင်ငံတော်၏အတွင်းပိုင်းရေပြင်မှစ၍ ပိုင်နက်ပင်လယ်အထိ တစ်ဆက်တည်းရှိသော နယ်နိမိတ် အတွင်းနှင့် ကမ်းရိုးတန်းတစ်လျှောက်တွင် –
(၁) နိုင်ငံခြားရေယာဉ်၏ အပြစ်ကင်းသောဖြတ်သန်းသွားလာခွင့်ကို မထိခိုက်စေဘဲ နိုင်ငံတော်၏ လုံခြုံရေး သို့မဟုတ် ပင်လယ်ရေကြောင်းဆိုင်ရာ လုံခြုံရေးနှင့်စပ်လျဉ်း၍ လိုအပ်ပါက ဖြတ်သန်းသည့် ရေယာဉ်ကို ရပ်တန့်စေခြင်း၊ စုံစမ်းစစ်ဆေး ခြင်း သို့မဟုတ် တက်ရောက်ရှာဖွေခြင်း၊
(၂) နိုင်ငံခြားရေယာဉ်၏ အပြစ်ကင်းသောဖြတ်သန်းသွားလာခွင့်ကို မထိခိုက်စေဘဲ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း မသင်္ကာဖွယ် တွေ့ရှိရသည့် သို့မဟုတ် သတင်းရရှိသည့် ရေယာဉ်ကို ရပ်တန့်စေခြင်း၊ စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် တက်ရောက်ရှာဖွေခြင်း၊
(၃) ပင်လယ်ရေကြောင်းကိုအသုံးပြု၍ ဆောင်ရွက်နေသည့် တရားမဝင်လုပ်ငန်းများနှင့် ပင်လယ် ရေကြောင်းဆိုင်ရာ ဆိုက်ဘာခြိမ်းခြောက်မှုများကို စုံစမ်းစစ်ဆေးခြင်း၊
(၄) နိုင်ငံတော်၏ ပိုင်နက်ပင်လယ်အတွင်း အပြစ်ကင်းသော ဖြတ်သန်းသွားလာခွင့်အရ ဖြတ်သန်း သွားလာသည့် နိုင်ငံခြားရေယာဉ်က ဝန်ဆောင်မှုလုပ်ငန်းတစ်ခုခုကို သီးခြားဆောင်ရွက်ပေးရန် တောင်းဆိုလျှင် အဆိုပါဝန်ဆောင်မှုလုပ်ငန်းအတွက် သတ်မှတ်ထားသော အခကြေးငွေကို ပေးသွင်းစေပြီး ဆောင်ရွက်ပေးခြင်း၊
(၅) နိုင်ငံတော်၏အတွင်းပိုင်းရေပြင်၌ တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခဲ့ပြီး ပိုင်နက် ပင်လယ်ကို ဖြတ်သန်းသွားလာသော နိုင်ငံခြား ရေယာဉ်ကို ရပ်တန့်စေခြင်း၊ စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် တက်ရောက်ရှာဖွေခြင်း၊
(၆) ရေယာဉ်၏အမှတ်အသား သို့မဟုတ် အလံကို အတုပြုလုပ်မှု သို့မဟုတ် ပုံစံတူဆင့်ပွားပြုလုပ်မှု ကျူးလွန်ကြောင်း မသင်္ကာဖွယ်တွေ့ရှိသည့် ရေယာဉ်ပေါ်သို့ တက်ရောက်စစ်ဆေးခြင်း၊
(၇) နိုင်ငံတော်၏ ပိုင်နက်ပင်လယ်အတွင်း အပြစ်ကင်းသော ဖြတ်သန်းသွားလာခြင်း မဟုတ်သည့် ဖြတ်သန်းသွားလာခြင်းကို သတ်မှတ်ချက်များနှင့်အညီ တားဆီးကာကွယ်ခြင်း၊
(၈) နိုင်ငံတော်၏ အတွင်းပိုင်းရေပြင်သို့ ခုတ်မောင်းနေသည့် ရေယာဉ်များ စည်းကမ်းလိုက်နာမှုရှိစေရန် ဆောင်ရွက်ခြင်း၊
(၉) လုံခြုံရေးဆိုင်ရာအရေးပေါ်အခြေအနေအရဖြစ်စေ၊ ဘေးအန္တရာယ်ကင်းရှင်းရေးအရဖြစ်စေ၊ ရေယာဉ်တွင်စီးနင်းလိုက်ပါသူများ၏ ကျန်းမာရေးဆိုင်ရာအရေးပေါ်အခြေအနေအရဖြစ်စေ၊ ရာသီဥတု အခြေအနေအရဖြစ်စေ၊ အခြားသော အရေးပေါ်အခြေအနေတစ်ရပ်ရပ်အရဖြစ်စေ ဝင်ရောက်လာသော နိုင်ငံခြားရေယာဉ်ကို သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီးရပ်နားခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊ အတွင်းပိုင်း ရေပြင်သို့ဝင်ခွင့်ပြုခြင်း သို့မဟုတ် ဝင်ခွင့်ပြုရန် ငြင်းပယ်ခြင်း၊
(၁၀) ပုံမှန်ကင်းလှည့်ခြင်းနှင့် နိုင်ငံတော်၏ တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ချိုးဖောက်ကြောင်း မသင်္ကာ ဖွယ်တွေ့ရှိသည့် သို့မဟုတ် သတင်းရရှိသည့် ရေယာဉ်ကို ရပ်တန့်စေခြင်း၊ စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် တက်ရောက်ရှာဖွေခြင်း၊
(၁၁) တရားမဝင်ဖြတ်ကျော်ဝင်ရောက်သည့် ရေယာဉ်ကို ရပ်တန့်စေခြင်း၊ စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် တက်ရောက်ရှာဖွေခြင်း၊
(၁၂) တရားမဝင်ဖြတ်ကျော်ဝင်ရောက်သည့် လူပုဂ္ဂိုလ်ကို တားဆီးခြင်း သို့မဟုတ် အရေးယူခြင်း၊
(၁၃) လူနေထိုင်သောကျွန်းများ၏ ဘေးကင်းလုံခြုံရေးကို ဆောင်ရွက်ခြင်းနှင့် လူနေထိုင်ခြင်းမပြုရန် သတ်မှတ်ထားသည့်ကျွန်းများတွင် တရားမဝင် ဝင်ရောက်နေထိုင်မှုမရှိစေရန် တားဆီးခြင်း။
(ခ) ဆက်စပ်ဇုန်အတွင်း နိုင်ငံတကာ သဘောတူစာချုပ်များအရ ပေးအပ်ထားသော လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်ကို မထိခိုက်စေဘဲ နိုင်ငံတော်၏ အကောက်ခွန်၊ ငွေကြေး၊ တရားမဝင်ဖြတ်ကျော် ဝင်ရောက်မှုအပါအဝင် လူဝင်မှုကြီးကြပ်ရေး သို့မဟုတ် ကျန်းမာသန့်ရှင်းရေးဆိုင်ရာဥပဒေများပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း မသင်္ကာဖွယ်တွေ့ရှိသည့် သို့မဟုတ် သတင်းရရှိသည့် ရေယာဉ်ကို ရပ်တန့်စေခြင်း၊ စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် တက်ရောက်ရှာဖွေခြင်း၊
(ဂ) သီးသန့်စီးပွားရေးဇုန်အတွင်း –
(၁) နိုင်ငံတကာသဘောတူစာချုပ်များအရ ပေးအပ်ထားသော လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်ကို မထိခိုက်စေဘဲ အဏ္ဏဝါသဘာဝသယံဇာတဆိုင်ရာ ပြစ်မှုတစ်ရပ်ရပ်ကိုကျူးလွန်ကြောင်း မသင်္ကာဖွယ် တွေ့ရှိသည့် သို့မဟုတ် သတင်းရရှိသည့် ရေယာဉ်ကို ရပ်တန့်စေခြင်း၊ စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် တက်ရောက်ရှာဖွေခြင်း၊
(၂) ပင်လယ်ရေကြောင်းဆိုင်ရာ အဆောက်အအုံ၊ ပင်လယ်ပြာစီးပွားရေး သို့မဟုတ် ပင်လယ်ဆိပ်ကမ်း အပေါ်ကျူးလွန်သော အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှု သို့မဟုတ် နှောင့်ယှက်မှုကို တားဆီးနှိမ်နင်းခြင်း၊
(၃) ပင်လယ်ရေကြောင်းဆိုင်ရာ အဆောက်အအုံ၊ ပင်လယ်ပြာစီးပွားရေးလုပ်ငန်းဆောင်ရွက်ရာနေရာ သို့မဟုတ် ပင်လယ်ဆိပ်ကမ်းတွင် လုံခြုံရေး ချိုးဖောက်ကြောင်း သို့မဟုတ် ပြစ်မှုကျူးလွန်သူတစ်ဦးဦးက ပင်လယ်ရေကြောင်းဆိုင်ရာ အဆောက်အအုံ သို့မဟုတ် ပင်လယ်ပြာစီးပွားရေးလုပ်ငန်းဆောင်ရွက်ရာ နေရာအတွင်းသို့ ထွက်ပြေးတိမ်းရှောင်ကြောင်း မသင်္ကာဖွယ်တွေ့ရှိပါက သို့မဟုတ် သတင်းရရှိပါက ဝင်ရောက်ရှာဖွေစစ်ဆေးခြင်း၊
(၄) ပင်လယ်ရေကြောင်း လုံခြုံရေးခြိမ်းခြောက်မှုကို တပ်မတော်(ရေ)နှင့်ပူးပေါင်း၍ ကာကွယ် တားဆီးခြင်း၊
(၅) ပင်လယ်ဆိပ်ကမ်း၊ ရေယာဉ်၊ လူပုဂ္ဂိုလ်၊ ကုန်ပစ္စည်း သို့မဟုတ် ပင်လယ်ပြာစီးပွားရေး၏လုံခြုံရေးကို ထိခိုက်နိုင်သည့်အခြေအနေတွင် ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ တပ်မတော်(ရေ) နှင့် ပူးပေါင်း၍ အမျိုးသားအဆင့် လုံခြုံရေးအဆင့်နှင့် ဧရိယာများသတ်မှတ်ခြင်းနှင့် သက်ဆိုင်သူများထံသို့ အသိပေး ကြေညာခြင်း။


အခန်း(၆)
ပင်လယ်ရေကြောင်းဆိုင်ရာဘေးအန္တရာယ်ကင်းရှင်းရေး

[ပြင်ဆင်ရန်]
၁၂။ ကမ်းခြေစောင့်တပ်ဖွဲ့သည် ပင်လယ်ရေကြောင်းဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်စပ်လျဉ်း၍ အောက်ပါတာဝန်တို့ကို ဆောင်ရွက်ရမည် –
(က) နိုင်ငံတော်၏အတွင်းပိုင်းရေပြင်မှစ၍ ပိုင်နက်ပင်လယ်အထိ တစ်ဆက်တည်းရှိသော နယ်နိမိတ် အတွင်းနှင့် ကမ်းရိုးတန်းတစ်လျှောက် –
(၁) ရေယာဉ်များ ပင်လယ်ရေကြောင်းဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
(၂) ရေနံတင်ရေယာဉ်များ၊ အဏုမြူစွမ်းအင်သုံးရေ ယာဉ်များနှင့် အဏုမြူသဘောအရဖြစ်စေ၊ ပင်ကိုသဘောအရဖြစ်စေ အန္တရာယ်ဖြစ်စေသည့်၊ အခြားသောအန္တရာယ်ဖြစ်စေသည့် သို့မဟုတ် အဆိပ်အတောက်ဖြစ်စေသည့် ပစ္စည်းတစ်မျိုးမျိုးကို သယ်ဆောင်လာသော ရေယာဉ်များသည် နိုင်ငံတော်က ကန့်သတ်ထိန်းချုပ်ပြီး သတ်မှတ်ပေးထားသော ရေလမ်းကြောင်းအတိုင်း သွားလာခြင်း ရှိ မရှိ စောင့်ကြည့်စစ်ဆေးခြင်း၊ နိုင်ငံတကာသဘောတူစာချုပ်များနှင့်အညီ သတ်မှတ်ထားသည့် ကြိုတင်ကာကွယ်ခြင်းအစီအမံများကို လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိ စောင့်ကြည့်စစ်ဆေးခြင်းနှင့် လိုအပ်သည့် စာရွက်စာတမ်းများ သယ်ဆောင်လာခြင်း ရှိ မရှိစစ်ဆေးခြင်း။
(ခ) နိုင်ငံတော်၏ အတွင်းပိုင်းရေပြင်မှစ၍ သီးသန့်စီးပွားရေးဇုန်အထိ တစ်ဆက်တည်းရှိသော နယ်နိမိတ်အတွင်းနှင့် ကမ်းရိုးတန်းတစ်လျှောက်တွင် –
(၁) နျူကလီးယားစွမ်းအင် ဘေးကင်းလုံခြုံစွာ အသုံးချရေးနှင့်စပ်လျဉ်းသည့် နိုင်ငံတော်၏တည်ဆဲ ဥပဒေများ၊ နိုင်ငံတကာသဘောတူစာချုပ်များ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (International Atomic Energy Agency) ၏ ဘေးအန္တရာယ်ကင်းရှင်းရေး စံချိန်စံညွှန်းများကို နျူကလီးယားစွမ်းအင်သုံး ရေပေါ်လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများက လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ စစ်ဆေးခြင်း၊
(၂) စွန့်ပစ်ခံရေယာဉ် သို့မဟုတ် အန္တရာယ်ရှိသော ရေယာဉ်ပျက်တစ်စီးစီးကို တွေ့ရှိပါက သတ်မှတ် ချက်များနှင့်အညီ စုံစမ်းစစ်ဆေးခြင်း၊ ဆယ်တင်ခြင်းနှင့် ရှင်းလင်းဖယ်ရှားခြင်း။
(ဂ) ပင်လယ်ဆိပ်ကမ်းသို့ ဝင်ရောက်လာသော ရေယာဉ်အား ပင်လယ်ရေကြောင်း ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိ မရှိရေယာဉ်ပေါ်သို့ တက်ရောက်စစ်ဆေးခြင်း၊
(ဃ) ရေလမ်းကြောင်းပြ အထောက်အကူပြုပစ္စည်းများကို ကာကွယ်စောင့်ရှောက်ခြင်း။
၁၃။ နိုင်ငံတော်၏ပိုင်နက်ပင်လယ်အတွင်းသို့ ခုတ်မောင်းလာသည့် ရေယာဉ်သည် အောက်ပါ သတင်းအချက်အလက်များကို ရေယာဉ် သတင်းအချက်အလက်အစီရင်ခံစနစ်အရ ကမ်းခြေစောင့်တပ်ဖွဲ့ သို့ သတ်မှတ်ချက်များနှင့်အညီပေးပို့ရမည် –
(က) ခရီးစဉ်အစီအစဉ်၊
(ခ) တည်နေရာသတင်းပို့ချက်၊
(ဂ) ဦးတည်လမ်းကြောင်းပြောင်းလဲမှုသတင်းပို့ချက်၊
(ဃ) ရောက်ရှိမှုသတင်းပို့ချက်၊
(င) သယ်ဆောင်လာသော ကုန်စည်အမျိုးအစားစာရင်း၊ ခရီးသည်စာရင်းနှင့် ရေယာဉ်အမှုထမ်းစာရင်း၊
(စ) ကမ်းခြေစောင့်တပ်ဖွဲ့က အခါအားလျော်စွာ သတ်မှတ်ထားသော အချက်အလက်များ။


အခန်း(၇)
အဏ္ဏဝါပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ညစ်ညမ်းမှုတုံ့ပြန်ခြင်း

[ပြင်ဆင်ရန်]
၁၄။ ကမ်းခြေစောင့်တပ်ဖွဲ့သည် ရေပြင်နယ်နိမိတ်အတွင်း အဏ္ဏဝါပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက် ခြင်းနှင့် ညစ်ညမ်းမှုတုံ့ပြန်ခြင်းတို့နှင့်စပ်လျဉ်း၍ အောက်ပါတာဝန်များကို ဆောင်ရွက်ရမည် –
(က) နိုင်ငံတကာသဘောတူစာချုပ်များအရ ပေးအပ်ထားသည့် လွတ်လပ်စွာဖြတ်သန်းသွားလာခွင့်ကို မထိခိုက်စေဘဲ ပင်လယ်ကြမ်းပြင်၊ ပင်လယ်ကြမ်းပြင်အောက်ခံမြေထု၊ ပင်လယ်ကြမ်းပြင်အထက်ရှိ ရေထုနှင့် ပင်လယ်ရေမျက်နှာပြင်တို့တွင်ရှိသော အဏ္ဏဝါသဘာဝသယံဇာတများကို တရားမဝင်စူးစမ်း ရှာဖွေခြင်း၊ ဖမ်းယူခြင်း သို့မဟုတ် တူးဖော်ထုတ်လုပ်ခြင်းတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း မသင်္ကာဖွယ် တွေ့ရှိသည့် သို့မဟုတ် သတင်းရရှိသည့်ရေယာဉ်ကို ရပ်တန့်စေခြင်း၊ စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် တက်ရောက်ရှာဖွေခြင်း၊
(ခ) အဏ္ဏဝါပတ်ဝန်းကျင်၊ အဏ္ဏဝါဂေဟစနစ်၊ ရှားပါးမျိုးစိတ်များကို ညစ်ညမ်းစေသည့် သို့မဟုတ် ပျက်စီးဆုံးရှုံးစေသည့် ပြုလုပ်မှုတစ်ခုခုကို ကျူးလွန်ကြောင်း မသင်္ကာဖွယ် တွေ့ရှိသည့် သို့မဟုတ် သတင်းရရှိသည့်ရေယာဉ် သို့မဟုတ် လူပုဂ္ဂိုလ်ကိုစစ်ဆေးခြင်း၊
(ဂ) စက်မှုလုပ်ငန်း၊ ပင်လယ်ရေကြောင်းဆိုင်ရာ အဆောက်အအုံ၊ ပင်လယ်ပြာစီးပွားရေးနှင့် သက်ဆိုင်သောလုပ်ငန်း၊ နျူကလီးယားစွမ်းအင်သုံး ရေပေါ်လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ စွမ်းအင်တစ်ခုခုကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်သော ရေပေါ်လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်း၊ ပင်လယ်ဆိပ်ကမ်း သို့မဟုတ် ရေယာဉ်က ဘေးအန္တရာယ်ဖြစ်စေသော သို့မဟုတ် အဆိပ်အတောက်ဖြစ်စေသော အငွေ့၊ အရည် သို့မဟုတ် အစိုင်အခဲကို နည်းလမ်းတကျ စွန့်ပစ်ခြင်းမပြု ကြောင်း မသင်္ကာဖွယ်တွေ့ရှိပါက သို့မဟုတ် သတင်းရရှိပါက ထိုလုပ်ငန်းရှင်ကိုဖြစ်စေ၊ တာဝန်ရှိသူကိုဖြစ်စေ စစ်ဆေးခြင်း၊
(ဃ) ပင်လယ်ရေကြောင်းဆိုင်ရာအဆောက်အအုံ သို့မဟုတ် ပင်လယ်ပြာစီးပွားရေးနှင့်သက်ဆိုင်သော အောက်ပါလုပ်ငန်းတစ်ရပ်ရပ်ကို တရားမဝင်လုပ်ကိုင်ကြောင်း မသင်္ကာဖွယ်တွေ့ရှိပါက သို့မဟုတ် သတင်းရရှိပါက စစ်ဆေးခြင်း –
(၁) ငါးလုပ်ငန်း၊
(၂) ပုလဲထုတ်လုပ်ရေးလုပ်ငန်း၊
(၃) အဏ္ဏဝါသဘာဝသယံဇာတတူးဖော်ထုတ်လုပ်ရေးလုပ်ငန်း၊
(၄) အဏ္ဏဝါခရီးသွားလုပ်ငန်း သို့မဟုတ် ပင်လယ်ပြင်ကိုအခြေခံသော ခရီးသွားလုပ်ငန်း၊
(၅) ကမ်းလွန်ရေနံ၊ သဘာဝဓာတ်ငွေ့နှင့်ဓာတ်သတ္တုသယံဇာတတူးဖော်ရေးလုပ်ငန်း၊
(၆) ပင်လယ်ရေကြောင်းဆိုင်ရာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်ရေးလုပ်ငန်း၊
(၇) ပင်လယ်ရေကြောင်းကုန်သွယ်ရေးလုပ်ငန်း၊
(၈) အဏ္ဏဝါသိပ္ပံဆိုင်ရာသုတေသနလုပ်ငန်း၊
(၉) အဏ္ဏဝါသဘာဝသယံဇာတများ ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်း၊
(၁၀) ပင်လယ်ရေအောက် သမိုင်းအမွေအနှစ် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်း။
(င) ပင်လယ်ပြာစီးပွားရေးလုပ်ငန်း သို့မဟုတ် ပင်လယ်ရေကြောင်းဆိုင်ရာ အဆောက်အအုံလုပ်ငန်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းကတောင်းခံပါက သဘောထားမှတ်ချက်ပေးခြင်း၊
(စ) အဏ္ဏဝါအရင်းအမြစ် ထိန်းသိမ်းရေးနယ်မြေများ သတ်မှတ်ခြင်းနှင့် ယင်းနယ်မြေများအတွင်း အဏ္ဏဝါ သဘာဝသယံဇာတများ၊ အဏ္ဏဝါဝတ်ဝန်းကျင်၊ အဏ္ဏဝါဂေဟစနစ်များကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်း၊
(ဆ) ရေပြင်နယ်နိမိတ်အတွင်းရှိ ရှေးဟောင်းဝတ္ထုပစ္စည်းများနှင့် သမိုင်းဝင်ပစ္စည်းများကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ခြင်း၊
(ဇ) အဏ္ဏဝါပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပင်လယ်ရေကြောင်းဆိုင်ရာလုံခြုံရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေးတို့နှင့်စပ်လျဉ်း၍ အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(ဈ) ရေထုညစ်ညမ်းမှု တုံ့ပြန်ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ အမျိုးသားအဆင့် ရေထုညစ်ညမ်းမှုတုံ့ပြန် ဆောင်ရွက်ရေးစီမံချက်နှင့်အညီ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ခြင်း၊
(ည) အဏ္ဏဝါပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ညစ်ညမ်းမှုတုံ့ပြန်ခြင်းတို့နှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊
(ဋ) အဏ္ဏဝါပတ်ဝန်းကျင်ညစ်ညမ်းမှုအတွက် နိုင်ငံတော်ကိုယ်စား လျော်ကြေးတောင်းခံခြင်းဆိုင်ရာ လုပ်ငန်းများကို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
(ဌ) အဏ္ဏဝါပတ်ဝန်းကျင်၊ အဏ္ဏဝါဂေဟစနစ်၊ ရှားပါးမျိုးစိတ်များကို ထိခိုက်စေသည့်ဖြစ်ရပ် သို့မဟုတ် ညစ်ညမ်းမှုတစ်ခုခုပေါ်ပေါက်ကြောင်း သတင်းပေးသူ သို့မဟုတ် တုံ့ပြန်ဆောင်ရွက်သည့်အဖွဲ့အစည်းကို ဆုကြေးပေးနိုင်ရန် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ခြင်း၊
(ဍ) ရေထုညစ်ညမ်းမှု တုံ့ပြန်ရေးဆောင်ရွက်ရာတွင် လေကြောင်းပျံသန်းမှုလိုအပ်ပါက သက်ဆိုင်ရာသို့ လေယာဉ်တောင်းခံခြင်း။


အခန်း(၈)
ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေး

[ပြင်ဆင်ရန်]
၁၅။ ကမ်းခြေစောင့်တပ်ဖွဲ့သည် ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးနှင့်စပ်လျဉ်း၍ အောက်ပါတာဝန်တို့ကို ဆောင်ရွက်ရမည် –
(က) အမျိုးသားအဆင့် ရှာဖွေကယ်ဆယ်ရေးစီမံချက်နှင့်အညီ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
(ခ) အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်းပင်လယ်ရေကြောင်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့အစည်းများ၊ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေး သတင်းအချက် အလက်များဖလှယ်ခြင်း၊
(ဂ) ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် ကင်းလှည့်စစ်ဆေးခြင်း သို့မဟုတ် ရှာဖွေကယ်ဆယ်ခြင်းဆိုင်ရာလေ့ကျင့်မှုကို နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊
(ဃ) ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများကို အသင့်အနေအထားဖြစ်စေရန် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(င) ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ရာတွင် လေကြောင်းပျံသန်းမှုလိုအပ်ပါက သက်ဆိုင်ရာသို့ လေယာဉ်တောင်းခံခြင်း။


အခန်း(၉)
ပူးပေါင်းဆောင်ရွက်ခြင်း

[ပြင်ဆင်ရန်]
၁၆။ ကမ်းခြေစောင့်တပ်ဖွဲ့သည် –
(က) ဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် တာဝန်ပေးအပ်ပါက နိုင်ငံတကာပင်လယ်ပြင် (High Seas) တွင် ဖြစ်စေ၊ နိုင်ငံတော်၏စီရင်ပိုင်ခွင့်အာဏာပြင်ပရှိ နေရာတစ်ခုခုတွင်ဖြစ်စေ ပင်လယ်ဓားပြမှုတားဆီး နှိမ်နင်းခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းတို့ကို တပ်မတော်(ရေ)၊ သက်ဆိုင်ရာ ပြည်တွင်းပြည်ပအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်။
(ခ) နိုင်ငံတော်၏ကုန်းတွင်းပိုင်းတစ်နေရာရာတွင် လူပုဂ္ဂိုလ်တစ်ဦးဦးက တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပြီး ရေပြင်နယ်နိမိတ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ကြောင်း သတင်းရရှိပါက ယင်းပြစ်မှုကျူးလွန်သူကို ဖမ်းဆီးခြင်းနှင့် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းသို့ လွှဲပြောင်း ပေးခြင်းပြုနိုင်သည်။
(ဂ) ပြစ်မှုတစ်ရပ်ရပ်ကိုကျူးလွန်ပြီး ရေပြင်နယ်နိမိတ်ပြင်ပသို့ ထွက်ပြေးတိမ်းရှောင်သည့် ပြစ်မှု ကျူးလွန်သူ သို့မဟုတ် ရေယာဉ်ကိုဖမ်းဆီးရန် ပြည်တွင်းပြည်ပသက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများထံသို့ အကူအညီတောင်းခံခြင်း သို့မဟုတ် အခွင့်အာဏာလွှဲအပ်ခြင်းပြုနိုင်သည်။
(ဃ) ရေယာဉ်ပိုင်ရှင်၊ ရေယာဉ်မှူး သို့မဟုတ်သက်ဆိုင်ရာအလံတင်နိုင်ငံ၏ တောင်းဆိုချက်အရ နိုင်ငံတကာပင်လယ်ပြင်တွင် ရောက်ရှိနေသော ရေယာဉ်ပေါ်ရှိ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီး၍ အရေးယူနိုင်ရန် သက်ဆိုင်ရာနိုင်ငံ၏အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်။
(င) ရေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပင်လယ်ရေကြောင်းဆိုင်ရာအဆောက်အအုံ ကာကွယ်စောင့်ရှောက်ရေးတို့ကို ဆောင်ရွက်ရမည်။
(စ) တပ်မတော်(ရေ)နှင့်ပူးပေါင်း၍ အဏ္ဏဝါသိပ္ပံဆိုင်ရာ သုတေသနလုပ်ငန်းများကို ဥပဒေနှင့်အညီ စစ်ဆေးနိုင်သည်။
(ဆ) ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေး သို့မဟုတ် ရေထုညစ်ညမ်းမှုတုံ့ပြန်ရေးတာဝန်ကို ထမ်းဆောင် ရာတွင် လေကြောင်းပျံသန်းမှု လိုအပ်ပါက လေယာဉ်ရရှိရေးအတွက် သက်ဆိုင်ရာသို့တင်ပြခြင်း သို့မဟုတ် တောင်းခံခြင်းဆောင်ရွက်နိုင်သည်။
၁၇။ ကမ်းခြေစောင့်တပ်ဖွဲ့သည် ပုဒ်မ ၁၆ ပါ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းများကို နိုင်ငံတော်ကသတ်မှတ်ထားသည့် မူဝါဒများနှင့်အညီ ဆောင်ရွက်နိုင်သည်။
၁၈။ ကမ်းခြေစောင့်တပ်ဖွဲ့သည် ဤဥပဒေပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် လိုအပ်သည့် ပင်လယ်ရေကြောင်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းသော သတင်းအချက်အလက်များကို ပြည်တွင်း ပြည်ပအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ အခြားအဖွဲ့အစည်းများထံမှ တောင်းခံရယူခွင့်ရှိသည်။
၁၉။ ကမ်းခြေစောင့်တပ်ဖွဲ့သည် –
(က) ရေပြင်နယ်နိမိတ်အတွင်း နိုင်ငံခြားရေယာဉ်ပေါ်တွင် လူပုဂ္ဂိုလ်တစ်ဦးဦးက ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း သို့မဟုတ် ပြည်ပတွင် ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာသူက နိုင်ငံခြား ရေယာဉ်တစ်စီးစီးတွင် စီးနင်းလိုက်ပါလာကြောင်း သတင်းရရှိပါက ထိုသူကိုအရေးယူနိုင်ရန် ပြည်တွင်း ပြည်ပအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည်။
(ခ) ပြည်ပတွင် ပြစ်မှုကျူးလွန်ခဲ့သည့် နိုင်ငံခြားရေယာဉ် တစ်စီးစီးသည် ရေပြင်နယ်နိမိတ်အတွင်း ဝင်ရောက်လာကြောင်း ကိုယ်တိုင်သိရှိပါက သို့မဟုတ် သတင်းရရှိပါက အဆိုပါရေယာဉ်ကို စစ်ဆေးခြင်း၊ ထိန်းသိမ်းခြင်း သို့မဟုတ် လွှဲပြောင်းခြင်းဆောင်ရွက်ရန် သက်ဆိုင်ရာပြည်တွင်းပြည်ပ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်။
၂၀။ ကမ်းခြေစောင့်တပ်ဖွဲ့သည် ရေပြင်နယ်နိမိတ်အတွင်း အဏ္ဏဝါပတ်ဝန်းကျင်၊ အဏ္ဏဝါဂေဟစနစ်နှင့် ရှားပါးမျိုးစိတ်များ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း၊ ညစ်ညမ်းမှုကာကွယ်တားဆီးခြင်း၊ ညစ်ညမ်းမှု တုံ့ပြန်ခြင်းဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့အစည်းများ၊ နိုင်ငံတကာကမ်းခြေစောင့်တပ်ဖွဲ့များ၊ ပြည်တွင်းပြည်ပမှ သက်ဆိုင်ရာအစိုးရဌာနများ၊ အခြားအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည်။
၂၁။ ကမ်းခြေစောင့်တပ်ဖွဲ့သည် ပင်လယ်ရေကြောင်းဆိုင်ရာလုံခြုံရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး အတွက် ကင်းလှည့်စစ်ဆေးခြင်း သို့မဟုတ် ရှာဖွေကယ်ဆယ်ခြင်းဆိုင်ရာလေ့ကျင့်မှုများကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်။

အခန်း(၁ဝ)
တားမြစ်ချက်များ

[ပြင်ဆင်ရန်]
၂၂။ (က) မည်သူမျှ သို့မဟုတ် မည်သည့်ရေယာဉ်မျှ နိုင်ငံတော်၏အတွင်းပိုင်းရေပြင်မှစ၍ သီးသန့် စီးပွားရေးဇုန်အထိတစ်ဆက်တည်းရှိသော နယ်နိမိတ်အတွင်းနှင့် ကမ်းရိုးတန်းတစ်လျှောက်တွင် ပင်လယ်ပြာစီးပွားရေးကို ထိခိုက်ပျက်စီးစေမည့်ပြုလုပ်မှုတစ်ခုခုကိုမပြုရ။
(ခ) မည်သူမျှ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဥပဒေအရ သတ်မှတ်သည့် ဆိပ်ကမ်းနယ်နိမိတ်ပြင်ပရှိ ရေပြင် နယ်နိမိတ်အတွင်းတွင် အစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်မရရှိဘဲ ရေလမ်းကြောင်းပိတ်ဆို့စေနိုင်သော သို့မဟုတ် ရေကြောင်းသွားလာမှုကို ဟန့်တားခြင်းဖြစ်ပေါ်စေနိုင်သော သို့မဟုတ် တစ်နည်းနည်းဖြင့် ထိခိုက်စေနိုင်သော ရေယာဉ်ကိုဖြစ်စေ၊ ပစ္စည်းတစ်မျိုးမျိုးကိုဖြစ်စေ၊ ရေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေနိုင် သော ပစ္စည်းတစ်မျိုးမျိုးကိုဖြစ်စေ စွန့်ပစ်ခြင်း၊ တစ်နည်းနည်းဖြင့်ရောက်ရှိစေခြင်း သို့မဟုတ် တည်ဆောက်ခြင်းမပြုရ။
(ဂ) မည်သူမျှ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သတ်မှတ်ထားသည့် ဆိပ်ကမ်းနယ်နိမိတ်ပြင်ပရှိ ရေပြင်နယ်နိမိတ်အတွင်းတွင် အစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်မရရှိဘဲ ဆိပ်ကမ်းတံတားတစ်မျိုးမျိုးကို သော်လည်းကောင်း၊ သင်္ဘောကျင်း၊ ရေလုံသင်္ဘောကျင်းနှင့် လွန်းလမ်းတစ်မျိုးမျိုးကိုသော်လည်းကောင်း တည်ဆောက်ခြင်းမပြုရ။
(ဃ) မည်သူမျှ လူနေထိုင်ခြင်းမပြုရန် သတ်မှတ်ထားသည့် ကျွန်းများတွင် ဝင်ရောက်နေထိုင်ခြင်းမပြုရ။
(င) မည်သူမျှညစ်ညမ်းမှုတုံ့ပြန်ရေး အထောက်အကူပြုပစ္စည်း သို့မဟုတ် ပင်လယ်ပြင်ရှာဖွေ ကယ်ဆယ်ရေးအထောက်အကူပြုပစ္စည်းကိုဖယ်ရှားခြင်း၊ ရွှေ့ပြောင်းခြင်း၊ ဖျက်ဆီးခြင်း၊ ပျက်စီးစေခြင်း၊ ရေတွင်မျှောခြင်း သို့မဟုတ် ခိုးယူခြင်း မပြုရ။
(စ) မည်သူမျှ သို့မဟုတ် မည်သည့်ရေယာဉ်မျှ နိုင်ငံတော်၏ အတွင်းပိုင်းရေပြင်မှစ၍ ပိုင်နက်ပင်လယ် အထိတစ်ဆက်တည်းရှိသော နယ်နိမိတ်အတွင်းနှင့် ကမ်းရိုးတန်းတစ်လျှောက်တွင် မမှန်ကန်သောအမှတ် အသားကိုဖော်ပြခြင်း၊ တရားမဝင်အလံလွှင့်ထုခြင်း သို့မဟုတ် အတုပြုလုပ်ထားသော စာရွက်စာတမ်းကို သယ်ဆောင်ခြင်း မပြုရ။
(ဆ) နိုင်ငံတော်၏ပိုင်နက်ပင်လယ်အတွင်းသို့ ခုတ်မောင်းလာသည့် မည်သည့်ရေယာဉ်မျှ ပုဒ်မ ၁၃ အရ သတ်မှတ်ထားသော သတင်းအချက်အလက်ကို ပေးပို့ရန် ပျက်ကွက်ခြင်း မရှိစေရ သို့မဟုတ် မမှန်မကန် သတင်းပို့ခြင်းမပြုရ။
(ဇ) မည်သည့် ရေပေါ်လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမျှ ရေပြင်နယ်နိမိတ်အတွင်းတွင် အဏ္ဏဝါ ပတ်ဝန်းကျင်နှင့် အဏ္ဏဝါဂေဟစနစ်အပေါ် ညစ်ညမ်းမှုဖြစ်စေသည့် သို့မဟုတ် ထိခိုက်ပျက်စီးစေသည့် ပြုလုပ်မှုတစ်ခုခုကို မပြုရ။


အခန်း(၁၁)
ပြစ်မှုနှင့် ပြစ်ဒဏ်များ

[ပြင်ဆင်ရန်]
၂၃။ (က) မည်သူမဆို သို့မဟုတ် မည်သည့်ရေယာဉ်မဆို ပုဒ်မ ၂၂ ပုဒ်မခွဲ (က) ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ကျူးလွန်သူ သို့မဟုတ် ရေယာဉ်ပိုင်ရှင် သို့မဟုတ် ရေယာဉ်မှူးကို အနည်းဆုံး ထောင်ဒဏ်သုံးနှစ်မှ အများဆုံး ထောင်ဒဏ်တစ်သက်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
(ခ) မည်သူမဆို ပုဒ်မ ၂၂ ပုဒ်မခွဲ (ခ) ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်သည်။ ထို့ပြင် အဆိုပါပြုလုပ်မှုကြောင့် ပေါ်ပေါက်လာသည့် နစ်နာဆုံးရှုံးမှုကို လည်းကောင်း၊ အဆိုပါ အရာဝတ္ထုများကို ဖယ်ရှားရှင်းလင်းရသည့် ကုန်ကျစရိတ်ကိုလည်းကောင်း ပြစ်မှုကျူးလွန်သူက ပေးလျော်စေရမည်။
(ဂ) မည်သူမဆို –
(၁) ပုဒ်မ ၂၂ ပုဒ်မခွဲ (ဂ) ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ထို့ပြင် အဆိုပါ တည်ဆောက်ထားသည့် အရာများကို ပြစ်မှုကျူးလွန်သူက မိမိစရိတ်ဖြင့် သတ်မှတ် ကာလအတွင်း မူလအနေအထားသို့ ပြန်လည်ရောက်ရှိစေရန် ဖယ်ရှားရှင်းလင်းစေရမည်။
(၂) ပုဒ်မခွဲငယ် (၁) ပါ သတ်မှတ်ကာလအတွင်း ဖယ်ရှားရှင်းလင်းခြင်းမပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ပုဒ်မခွဲငယ် (၁) ပါ သတ်မှတ်ကာလစေ့ရောက်သည့်နေ့မှစ၍ အဆိုပါ တည်ဆောက်ထားသည့်အရာများ ဖယ်ရှားရှင်းလင်းပြီးသည့်နေ့အထိ နေ့စဉ် ငွေဒဏ် ကျပ်သိန်း ၁ဝဝ စီ ပေးဆောင်စေရမည်။
(ဃ) မည်သူမဆို ပုဒ်မ ၂၂ ပုဒ်မခွဲ (ဃ) ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည်။
(င) မည်သူမဆို ပုဒ်မ ၂၂ ပုဒ်မခွဲ (င) ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
(စ) မည်သူမဆို သို့မဟုတ် မည်သည့်ရေယာဉ်မဆို ပုဒ်မ ၂၂ ပုဒ်မခွဲ (စ) ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ကျူးလွန်သူ သို့မဟုတ် ရေယာဉ်ပိုင်ရှင် သို့မဟုတ် ရေယာဉ်မှူးကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်ပြင် ကျပ်သိန်း ၁,၀၀၀ အောက် မလျော့သည့် ငွေဒဏ်ချမှတ်ရမည်။
(ဆ) မည်သည့်ရေယာဉ်မဆို ပုဒ်မ ၂၂ ပုဒ်မခွဲ(ဆ) ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ရေယာဉ်ပိုင်ရှင် သို့မဟုတ် ရေယာဉ်မှူးကို အနည်းဆုံး ကျပ်သိန်း ၅၀၀ မှ အများဆုံး ကျပ် သိန်း ၁,၀၀၀ အထိ ငွေဒဏ်ချမှတ်ရမည်။
(ဇ) ပုဒ်မ ၂၂ ပုဒ်မခွဲ (ဇ) ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုလုပ်ငန်းပိုင်ရှင်ကိုဖြစ်စေ၊ တာဝန်ရှိသူကိုဖြစ်စေ၊ ကိုယ်စားလှယ်လွှဲအပ်ခံရသူကို ဖြစ်စေ ညစ်ညမ်းမှု သို့မဟုတ် ထိခိုက်ပျက်စီးမှုပမာဏအလိုက် ဆုံးရှုံးမှုတန်ဖိုးငွေ၏ လေးဆကို ငွေဒဏ်အဖြစ် ချမှတ်ရမည်။
၂၄။ မည်သူမဆို –
(က) ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ခုနစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။ ထို့အပြင် ဖောက်ဖျက်မှုကြောင့် ပေါ်ပေါက်လာသည့် ထိခိုက်နစ်နာ ဆုံးရှုံးမှုများအတွက် ပြစ်မှုကျူးလွန်သူက မိမိစရိတ်ဖြင့် သတ်မှတ်ကာလအတွင်း မူလအနေအထားသို့ ရောက်ရှိစေရန် ဆောင်ရွက်ပေးစေရမည်။
(ခ) ပုဒ်မခွဲ (က) ပါ သတ်မှတ်ကာလအတွင်း မူလအနေအထားသို့ ရောက်ရှိစေရန် ဆောင်ရွက်ခြင်း မပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ပုဒ်မခွဲ(က)ပါ သတ်မှတ်ကာလ စေ့ရောက်သည့် နေ့မှစ၍ အဆိုပါ ထိခိုက်နစ်နာဆုံးရှုံးမှုများ မူလအနေအထားသို့ ရောက်ရှိရန်ဆောင်ရွက်ပြီးသည့်နေ့အထိ နေ့စဉ်ငွေဒဏ်ကျပ်သိန်း ၁၀၀ စီ ပေးဆောင်စေရမည်။


အခန်း(၁၂)
ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်းနှင့် လွှဲပြောင်းခြင်း

[ပြင်ဆင်ရန်]
၂၅။ ကမ်းခြေစောင့်တပ်ဖွဲ့သည် နိုင်ငံတော်၏အတွင်းပိုင်းရေပြင်မှစ၍ သီးသန့်စီးပွားရေးဇုန်အထိ တစ်ဆက်တည်းရှိသော နယ်နိမိတ်အတွင်းနှင့် ကမ်းရိုးတန်းတစ်လျှောက်တွင် အောက်ပါတားမြစ်ချက် သို့မဟုတ် ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ ဖောက်ဖျက်ကျူးလွန်ရန် အားထုတ်ခြင်း သို့မဟုတ် အားပေးကူညီခြင်း ပြစ်မှုတစ်ရပ်ရပ်ကျူးလွန်သူကို ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်းနှင့် တည်ဆဲဥပဒေများနှင့်အညီ ဆက်လက်အရေးယူနိုင်ရန်အတွက် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းထံသို့ လွှဲပြောင်းပေးခြင်းတို့ကို နှောင့်နှေးကြန့်ကြာခြင်းမရှိစေဘဲ ဆောင်ရွက်ရမည် –
(က) သက်ဆိုင်ရာတည်ဆဲဥပဒေများပါ တားမြစ်ချက်များ၊
(ခ) နိုင်ငံတကာသဘောတူစာချုပ်ပါ ပြဋ္ဌာန်းချက်များ။
၂၆။ ကမ်းခြေစောင့်တပ်ဖွဲ့သည် ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးချုပ်နှောင်ပြီး ပြစ်မှုနှင့်သက်ဆိုင်သည့် သက်သေခံပစ္စည်းများကို သိမ်းဆည်း၍ ထိုပြစ်မှုကျူးလွန်သူကို သက်သေခံပစ္စည်းနှင့်တကွ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းထံသို့ သတ်မှတ်ပုံစံဖြင့် လွှဲပြောင်းခြင်း သို့မဟုတ် နီးစပ်ရာရဲစခန်းသို့ သတင်းပေးတိုင်ကြားခြင်း ပြုနိုင်သည်။
၂၇။ ကမ်းခြေစောင့်တပ်ဖွဲ့သည် ပုဒ်မ ၂၅ သို့မဟုတ် ၂၆ အရ ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်းခံရသူက နာမကျန်းသည့်အခြေအနေတွင် သက်ဆိုင်ရာမှတ်ပုံတင်ဆရာဝန်၏ထောက်ခံချက်ဖြင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု သို့မဟုတ် ဆေးကုသမှုခံယူခွင့်ပြုနိုင်သည်။
၂၈။ ကမ်းခြေစောင့်တပ်ဖွဲ့သည် ပုဒ်မ ၂၅ သို့မဟုတ် ၂၆ အရ ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်းခံရသူကို တစ်နေရာမှတစ်နေရာသို့ ပို့ဆောင်ရာတွင် ထိုသူ၏ လုံခြုံရေးအရဖြစ်စေ၊ ကျန်းမာရေးအရဖြစ်စေ လိုအပ် ပါက မိမိ၏အစီအစဉ်ဖြင့် ပို့ဆောင်နိုင်သည်။
၂၉။ ဤဥပဒေပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း စွပ်စွဲခံရသူသည် နိုင်ငံခြား သားဖြစ်ပါက ဤဥပဒေအရသော်လည်းကောင်း တရားခံလွှဲပြောင်းရေးဥပဒေအရသော်လည်းကောင်း အရေးယူဆောင်ရွက်နိုင်သည်။
၃၀။ ကမ်းခြေစောင့်တပ်ဖွဲ့သည် –
(က) ပြည်ပတွင်ပြစ်မှုကျူးလွန်ပြီး ရေပြင်နယ်နိမိတ်အတွင်းသို့ ဝင်ရောက်နေသော နိုင်ငံခြားသား တစ်ဦးဦးကို စစ်ဆေးတွေ့ရှိပါက တရားခံလွှဲပြောင်းရေးဥပဒေနှင့်အညီ ဆောင်ရွက်နိုင်သည်။
(ခ) ပြည်ပတွင် ပြစ်မှုကျူးလွန်ခဲ့သည့် နိုင်ငံခြားရေယာဉ်တစ်စီးစီးသည် ရေပြင်နယ်နိမိတ်အတွင်း ဝင်ရောက်နေကြောင်း ကိုယ်တိုင်သိရှိလျှင်ဖြစ်စေ၊ သတင်းရရှိလျှင်ဖြစ်စေ အဆိုပါရေယာဉ်ကို စစ်ဆေးခြင်း သို့မဟုတ် ထိန်းသိမ်းခြင်း သို့မဟုတ် လွှဲပြောင်းခြင်းကိစ္စရပ်များ ဆောင်ရွက်နိုင်သည်။


အခန်း (၁၃)
အထွေထွေ

[ပြင်ဆင်ရန်]
၃၁။ ကမ်းခြေစောင့်တပ်ဖွဲ့သည် –
(က) တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်သော သို့မဟုတ် ဖောက်ဖျက်ကျူးလွန်သည်ဟု ယုံကြည်ရန် အကြောင်းရှိသော နိုင်ငံခြားရေယာဉ်ကို ထက်ကြပ်မကွာ လိုက်လံဖမ်းဆီးခွင့်ရှိသည်။
(ခ) ပုဒ်မခွဲ(က)အရ ထက်ကြပ်မကွာ လိုက်လံဖမ်းဆီးရာတွင် သင့်လျော်သည့် အင်အားသုံးခွင့်ရှိသည်။
၃၂။ ကမ်းခြေစောင့်တပ်ဖွဲ့ သို့မဟုတ် တပ်ဖွဲ့ဝင်က တာဝန်အရ ရေယာဉ်ကို ရပ်တန့်စေခြင်း၊ စစ်ဆေးခြင်း သို့မဟုတ် တက်ရောက် ရှာဖွေခြင်းအား ဟန့်တားသူကို ရာဇသတ်ကြီးနှင့်အညီ အရေးယူခွင့်ရှိသည်။
၃၃။ ကမ်းခြေစောင့်တပ်ဖွဲ့သည် အဏ္ဏဝါပတ်ဝန်းကျင်ညစ်ညမ်းမှု တုံ့ပြန်ရေးဆောင်ရွက်ရာတွင် ကျိုးကြောင်းဆီလျော်စွာ ဆောင်ရွက်ရသည့်ကိစ္စရပ်များအတွက် ကုန်ကျစရိတ်များကို ညစ်ညမ်းမှု ဖြစ်ပေါ်စေသူထံမှ သတ်မှတ်ချက်နှင့်အညီ ပြန်လည်တောင်းခံခွင့်ရှိသည်။
၃၄။ ဤဥပဒေပါပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။
၃၅။ ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို အရေးယူဆောင်ရွက်ခြင်းသည် တရားမကြောင်းအရ တရားစွဲဆို ခြင်းကို ထိခိုက်ခြင်းမရှိစေရ။
၃၆။ ကမ်းခြေစောင့်တပ်ဖွဲ့သည် ရေပြင်နယ်နိမိတ်အတွင်း တရားမဝင်ဖြတ်ကျော်ဝင်ရောက်မှုအပါအဝင် ပင်လယ်ရေကြောင်းကို အသုံးပြု၍ ကျူးလွန်သောပြစ်မှုများကို တားဆီးနှိမ်နင်းခြင်း၊ သက်သေခံ ပစ္စည်းများသိမ်းဆည်းခြင်း၊ သက်သေခံပစ္စည်းများကို တရားရုံးသို့တင်ပြခြင်းတို့ဆောင်ရွက်ရာတွင် ရာဇဝတ်ကျင့်ထုံးဥပဒေပါ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဆီလျော်သရွေ့ ကျင့်သုံး ဆောင်ရွက်ခွင့်ရှိသည်။
၃၇။ ကမ်းခြေစောင့်တပ်ဖွဲ့သည် စွန့်ပစ်ခံရေယာဉ် သို့မဟုတ် အန္တရာယ်ရှိသော ရေယာဉ်ပျက်ကို ဆယ်တင်ခြင်းနှင့် ရှင်းလင်းဖယ်ရှားခြင်းတို့တွင် ဆယ်တင်သူ၏ အခွင့်အရေးကို ရယူခွင့်ရှိသည်။
၃၈။ တပ်ဖွဲ့ဝင်များသည် ဤဥပဒေပါ ကမ်းခြေစောင့်တပ်ဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ပြည်ပနိုင်ငံများတွင် သွားရောက်တာဝန်ထမ်းဆောင်ခွင့် ရှိသည်။
၃၉။ ကမ်းခြေစောင့်တပ်ဖွဲ့သည် –
(က) ဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် ပင်လယ်ရေကြောင်းဆိုင်ရာကိစ္စရပ်များတွင်ဖြစ်စေ၊ နိုင်ငံတော် လုံခြုံရေးတွင်ဖြစ်စေ လိုအပ်ပါက သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ အမှုထမ်း၊ အရာထမ်းများကို ကမ်းခြေစောင့်တပ်ဖွဲ့ဝင်အဖြစ် တွဲဖက်တာဝန်ထမ်းဆောင်နိုင်စေရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်နိုင်သည်။
(ခ) ဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် ပင်လယ်ရေကြောင်းဆိုင်ရာကိစ္စရပ်တွင်ဖြစ်စေ၊ နိုင်ငံတော် လုံခြုံရေးတွင်ဖြစ်စေ လိုအပ်ပါက သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ အမှုထမ်း၊ အရာထမ်း များကို ကမ်းခြေစောင့်တပ်ဖွဲ့ဝင်အဖြစ် ဌာနကူးပြောင်းတာဝန်ထမ်းဆောင်နိုင်စေရန် နိုင်ငံ့ဝန်ထမ်း ဥပဒေနှင့်အညီ ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်နိုင်သည်။
၄၀။ ကမ်းခြေစောင့်တပ်ဖွဲ့သည် မိမိ၏လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် လိုအပ်သည့် ပြည်တွင်း ပြည်ပအထောက်အပံ့ သို့မဟုတ် နည်းပညာဆိုင်ရာ အကူအညီများကို ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ရယူနိုင်သည်။
၄၁။ တပ်ဖွဲ့ဝင်စည်းကမ်းထိန်းသိမ်းရေးနှင့်စပ်လျဉ်း၍ တပ်ဖွဲ့ဝင်အရာရှိများ၊ တပ်ဖွဲ့ဝင်အမှုထမ်းများ၊ အရပ်ဘက်အရာရှိများနှင့် အရပ်ဘက်အမှုထမ်းများသည် ၎င်းတို့နှင့်သက်ဆိုင်သည့် တည်ဆဲဥပဒေ များကို လိုက်နာရမည်။
၄၂။ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များသည် ဤဥပဒေပါလုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် နိုင်ငံတော်၏ တည်ဆဲဥပဒေများနှင့် နိုင်ငံတကာသဘောတူစာချုပ်များအပြင် ကမ်းခြေစောင့်တပ်ဖွဲ့အကြီးအကဲက ထုတ်ပြန်သည့် တပ်ဖွဲ့တွင်းအမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာရမည်။
၄၃။ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရာတွင်သော်လည်းကောင်း၊ ရေယာဉ် သို့မဟုတ် အခြားသက်သေခံ ပစ္စည်းများကို သိမ်းဆည်းရာတွင်သော်လည်းကောင်း စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့သော တပ်ဖွဲ့ဝင်ကို ဖြစ်စေ၊ သတင်းပေးသည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကို လုပ်ဆောင်မှုဆိုင်ရာ ဆုကြေး သို့မဟုတ် ဆုတံဆိပ်များပေးအပ်နိုင်သည်။
၄၄။ ကမ်းခြေစောင့်တပ်ဖွဲ့သည် နိုင်ငံတကာစည်းမျဉ်းများ၊ လမ်းညွှန်ချက်များ၊ ဆက်သွယ်ရေးဥပဒေ နှင့်အညီ သတ်မှတ်ထားသည့် လှိုင်းနှုန်းခွင် (Frequency Band) များကို အသုံးပြုခွင့်ရှိသည်။
၄၅။ ဤဥပဒေအရ သဘောရိုးဖြင့်ဆောင်ရွက်သော ကိစ္စတစ်ရပ်ရပ်အတွက် တပ်ဖွဲ့ဝင်တစ်ဦးဦးကို တရားမကြောင်းအရသော်လည်းကောင်း၊ ရာဇဝတ်ကြောင်းအရသော်လည်းကောင်း တရားစွဲဆိုခြင်း မပြုရ။
၄၆။ ဤဥပဒေအရချမှတ်သည့်ငွေဒဏ်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်ထားသည့် ငွေပေးချေမှုနည်းလမ်းများအတိုင်း ပေးဆောင်စေရမည်။
၄၇။ ဤဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် –
(က) ဝန်ကြီးဌာနသည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို အစိုးရအဖွဲ့၏ သဘောတူညီ ချက်ဖြင့် ထုတ်ပြန်နိုင်သည်။
(ခ) ဝန်ကြီးဌာနနှင့် ကမ်းခြေစောင့်တပ်ဖွဲ့တို့သည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ကျွန်ုပ်လက်မှတ်ရေးထိုး သည်။



ဤဖန်တီးမှုသည် မြန်မာနိုင်ငံတွင် အခြေတည်ခဲ့ပြီး အောက်ပါအချက်များကြောင့် ကမ္ဘာတစ်ဝှမ်းတွင် အများပြည်သူပိုင်အဖြစ် သတ်မှတ်နိုင်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ စာပေနှင့် အနုပညာ မူပိုင်ခွင့် ဥပဒေ (၂၀၁၉ ခုနှစ်) ပုဒ်မ ၁၆ အရ

၁၆။ ပုဒ်မ ၁၃၊ ၁၄ နှင့် ၁၅ တို့တွင် မည်သို့ပင်ပါရှိစေကာမူ စာပေ သို့မဟုတ် အနုပညာလက်ရာ သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာလက်ရာသည် အောက်ပါအချက်အလက် တစ်ရပ်ရပ်တွင် အကျုံးဝင်လျှင် စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးအတွက် အကာအကွယ် မရရှိစေရ-

(က) စိတ်ကူးစိတ်သန်း၊ လုပ်ထုံးလုပ်နည်း၊ လုပ်ကိုင်ဆောင်ရွက်ပုံနည်းလမ်း၊ သင်္ချာ အတွေးအခေါ် အယူအဆ၊ အခြေခံမူ၊ ရှာဖွေတွေ့ရှိချက် သို့မဟုတ် အချက်အလက်များ၊
(ခ) သက်ဆိုင်ရာနေ့၏သတင်း သို့မဟုတ် ပုံနှိပ်ဖော်ပြထားသော သတင်းအချက်အလက်ဟု သတ်မှတ် နိုင်သော လက္ခဏာရှိသည့် အမျိုးမျိုးသော အချက်အလက်များ၊
(ဂ) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေများ၊
(ဃ) နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ဦးစီးဌာန များမှ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ၊
(င) တရားရုံးစီရင်ချက်များနှင့်အမိန့်များ၊
(စ) ပုဒ်မခွဲ (ဂ) မှ (င) အထိပါ အချက်အလက်များအား အစိုးရမှ တရားဝင်ဘာသာပြန်ဆိုခြင်းနှင့် စုပေါင်းခြင်း။

.

         By U Heinzarni Admin
For Myanmar(Burma)MM NLD