မာတိကာသို့ ခုန်သွားရန်

နိုင်ငံတွင်းပုစ္ဆာအဖြေပေါင်းချုပ်-ပထမတွဲ

ဝီကီရင်းမြစ် မှ
5743လယ်တီဆရာတော်ဘုရားကြီးနိုင်ငံတွင်းပုစ္ဆာအဖြေပေါင်းချုပ်-ပထမတွဲလယ်တီဆရာတော်

နိုင်ငံတွင်းပုစ္ဆာအဖြေပေါင်းချုပ်-ပထမတွဲ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ကမ္ဗောဇပုစ္ဆာအဖြေ

တောင်ပိုင်းရှမ်းပြည်-စကားမြို့ ဒကာတော် စော်ဘွားကြီးက ကျေးဇူးတော်ရှင် မုံရွာမြို့ လယ်တီဆရာတော်ဘုရားကြီးထံ လျှောက်လွှာ

ဘုရားတပည့်တော်-စကားမြို့ ဒကာတော် စော်ဘွားကြီးက ရိုသေလေးမြတ်စွာ လျှောက်ထားပါသည်၊ ကျေးဇူးတော်ရှင် ဆရာ တော်မြတ်ကြီးဘုရား၊ လျှောက်ထားရန်အကြောင်းထူးမှာ ကျေးဇူးရှင် ဆရာတော်ဘုရားကြီး ရေးထုတ်နုတ်တော်မူသည့် အမျိုးမျိုးသော ကျမ်းစာများကို ဘုရားတပည့်တော် ဝါသနာအလျောက် လေ့လာကြည့်ရှု ရာ ဆရာတော်ဘုရားကြီး၏ ဂုဏ်ကျေးဇူးကြောင့် အနည်းငယ် သိရှိရိပ်မိပါ၏ဘုရား၊ ဉာဏ်မမီ၍ ဝိဝါဒမကွဲသည့် အချက်မှာ အောက်ပါ အချက်များဖြစ်ပါသောကြောင့်ဘုရား၊ တပည့်တော်တို့ စိတ်ဒွိဟ ကင်းရှင်းပါရအောင် သနားတော်မူပါသဖြင့် ဥပမာအမျိုးမျိုးနှင့် ဖြေကြားတော်မူပါမည့်အကြောင်းကို ရိုသေစွာ လျှောက်ထား အသနား တော် မြတ်ခံပါသည်၊ ကျေးဇူးတော်သခင် အရှင်မြတ်ကြီးဘုရား။

၁။ ငယ်စဉ်အခါကလည်း ကံ,စိတ်,ဥတု, အာဟာရနှင့် ဖြစ်ကြ ပါသည်၊ ကြီးလာလည်း ၎င်းအတိုင်းပင် ဖြစ်ကြပါသည်။

၂။ ငယ်စဉ်အခါကလည်း ဓာတ်လေးပါး, အဋ္ဌကလာပ် ရုပ် ရှစ်ပါးနှင့်ဖြစ်ကြပါသည်၊ ကြီးလာလည်း ၎င်းအတိုင်းပင် ဖြစ်ကြပါသည်။

၃။ ငယ်စဉ်အခါကလည်း ခဏိကဇာတိ,ဇရာ,မရဏ, ဥပါဒ်, ဌီ,ဘင်နှင့်ဖြစ်ကြပါသည်၊ ကြီးလာလည်း ၎င်းအတိုင်းပင် ဖြစ်ကြပါသည်။

၄။ သို့ပါလျက် တပည့်တော်တို့ လူများသည် မည်သည့် အတွက်ကြောင့် အိုရကြောင်းကို သိလိုပါသည်ဘုရား။

ဒကာတော်စကားစော်ဘွားကြီး လယ်တီဆရာတော်ဘုရားကြီးဖြေဆိုချက် သတ္တဝါတို့၌ တေဇောဓာတ်လေးပါးရှိကြောင်းကို ပါဠိတော်၌ လာရှိ၏၊

လေးပါးဆိုသည်ကား
၁။ သန္တပ္ပနတေဇော
၂။ ဒါဟတေဇော
၃။ ဇိရဏတေဇော
၄။ ပါစကတေဇော
ဤလေးပါးတည်း။

၁။ သန္တပ္ပနတေဇော-ဆိုသည်ကား ရက်ဆက် ရက်ခြားဖျားခြင်း အစရှိသည်ဖြင့် အလွန်ပူသော တေဇောပေတည်း။

၂။ ဒါဟတေဇော-ဆိုသည်ကား ကျောက်နာ, ဝက်သက်နာ, ဝက်ခြင်နာအစရှိသည်ဖြင့် ပကတိအသွေး အသားတို့ကို သွေးပုပ်,ပြည်ပုပ်ဖြစ်အောင် လောင်တတ်သော တေဇော ပေတည်း။

၃။ ဇိရဏတေဇော-ဆိုသည်ကား ဆံဖြူခြင်း,သွားကျိုးခြင်း, အရေတွန့်ခြင်း,မျက်စိနာစသော အင်္ဂါတို့၏ ဆုတ်ယုတ်ခြင်း, အားခွန်ဗလလျော့ပါးခြင်း-စသည်ဖြင့် အိုချိန်ကျလျှင် အိုရုပ် ပေါ်အောင် လောင်တတ်သော တေဇောပေတည်း။

၄။ ပါစကတေဇော-ဆိုသည်ကား စားအပ်,မျိုအပ်သော အစာ အာဟာရတို့ကို ကြေကျက်စေတတ်သော တေဇောပေ တည်း။

အထက်လျှောက်လွှာတွင်

၁။ ငယ်စဉ်အခါကလည်း ကံ,စိတ်,ဥတု,အာဟာရနှင့် ဖြစ်ကြ ပါသည်၊ ကြီးလာလည်း ၎င်းအတိုင်းပင် ဖြစ်ကြပါသည်။

၂။ ငယ်စဉ်အခါကလည်း ဓာတ်လေးပါး,အဋ္ဌကလာပ်ရုပ်ရှစ်ပါး နှင့်ဖြစ်ကြပါသည်၊ ကြီးလာလည်း ၎င်းအတိုင်းပင် ဖြစ်ကြပါသည်။

၃။ ငယ်စဉ်အခါကလည်း ခဏိကဇာတိ,ဇရာ,မရဏ,ဥပါဒ်,ဌီ, ဘင်နှင့်ဖြစ်ကြပါသည်၊ ကြီးလာလည်း ၎င်းအတိုင်းပင် ဖြစ်ကြပါသည်။

၄။ သို့ပါလျက် တပည့်တော်တို့ လူများသည် မည်သည့် အတွက်ကြောင့် အိုရကြောင်းကို သိလိုပါသည်-ဟူသော ပုစ္ဆာလေးချက်၌အဖြေကား။။ ပြဆိုခဲ့ပြီးသော တေဇောလေးပါးတို့တွင် ဇိရဏ တေဇောလောင်မှုကြောင့် အိုရသည်-ဟု မှတ်ရမည်၊ ထိုတေဇောသည် ဇာတိမီး,ဇရာမီး,မရဏမီး-ဟူသော သုံးပါးတို့တွင် သန္တတိဇရာမီးကို လွန်စွာ တောက်ပစေနိုင်၏၊ မြက်ပင်မျိုး, ကောက်စပါးမျိုး, သစ်ပင်မျိုး, ချုံနွယ်မျိုးတို့၌ ချင့်ချိန်ကျလျှင် ရင့်ရခြင်း, အိုချိန်ကျလျှင် အိုရခြင်း များသည်လည်း ထိုဇိရဏတေဇော၏ လောင်မှုပေတည်း၊ မီးနှစ်ပါးတို့၏ အထူးကား- ပူလောင်မှုသည် ဇိရဏတေဇောမီးပေတည်း၊ ပူလောင် သည့်အတွက် အပူလောင်ခံရသော ဝတ္ထုတို့၌ ဆုတ်ယုတ် လျော့ပါး ဖောက်ပြန်၍ သွားမှုသည် ဇရာမီးပေတည်း။

ကံ,စိတ်,ဥတု,အာဟာရ-ဟူသော အကြောင်းတရားလေးပါးရှိ သည်တွင် အကြင်အခါ ကမ္ဘာနေလူအပေါင်းတို့၌ ကောင်းသောစိတ် သည် ပွါးစီး၏၊ ထိုအခါ ဗဟိဒ္ဓသန္တာန်၌ မြေ,ရေ,တော,တောင်,နေ,လ, နက္ခတ်,တာရာတို့မှ ဖြစ်ကုန်သော ဥတု,အာဟာရတို့သည် အလွန်အဆီ အနှစ်ဩဇာနှင့် ပြည့်စုံကုန်၏၊ သတ္တဝါတို့သန္တာန်၌ ဥတု,အာဟာရတို့၏ အထောက်အပံ့ကိုခံရသော ဇီဝိတိန္ဒြေစသော ကမ္မဇရုပ်တရားတို့သည် အလွန်ထက်သန် ရွှင်လန်းကုန်၏၊ ဇိရဏတေဇော မပွါးစီးနိုင်ရှိ၏၊ သတ္တဝါတို့ အသက်ရှည်ကြကုန်၏၊ တက်ကပ်အလားပေတည်း။ အကြင်အခါ ကမ္ဘာနေလူအပေါင်းတို့၌ မကောင်းသော စိတ်သည် ပွါးစီး၏၊ ထိုအခါ ဗဟိဒ္ဓသန္တာန်၌ မြေ,ရေ,တော,တောင်, နေ,လ,နက္ခတ်,တာရာတို့မှ ဖြစ်ကုန်သော ဥတု,အာဟာရတို့သည် အဆီအနှစ်ကုန်ခန်း ကြမ်းတမ်းကုန်၏၊ သတ္တဝါတို့၏သန္တာန်၌ ထိုဥတု, အာဟာရတို့၏ အထောက်အပံ့ကိုခံရသော ဇီဝိတိန္ဒြေစသော ကမ္မဇရုပ် တရားတို့သည် အလွန်နုံ့နဲ့ညှိုးနွမ်းကုန်၏၊ ဇိရဏတေဇောပွါးစီးနိုင်ရှိ၏၊ သတ္တဝါတို့ အသက်တိုကြကုန်၏၊ ဆုတ်ကပ်အလားပေတည်း။ သတ္တဝါတို့ အရွယ်သုံးပါးရှိသည်တွင် ပထမအရွယ်၌ ရုပ်တရား တို့သည် တိုးပွါးကုန်၏၊ ဒုတိယအရွယ်၌ တိုးပွါးပြီးသည့်အတိုင်း တည်နေ ကုန်၏၊ တတိယအရွယ်၌ ဆုတ်ယုတ်၍ သွားကုန်၏၊

[ဤကား-ဓမ္မတာပေတည်း။]

ထိုသုံးပါးတို့တွင်

၁။ တိုးပွါးသောအခါ၌ အစစွာတစ်ခုသောဥတု, တစ်ခုသော အာဟာရမှ ရုပ်ကလာပ်ပေါင်းအနည်းငယ် မျှသာပွါးစီး၏၊ ထို့ထက် အားရှိလာသောအခါ တစ်ခုသောဥတု, တစ်ခုသောအာဟာရမှ ရုပ်ကလာပ်ပေါင်း အမြောက်အမြားပွါးစီး၍လာ၏၊ အဆင့်ဆင့်အားရှိ သည်ထက် အားရှိလေလေ ရုပ်ကလာပ်အပွါးများသည်ထက် များလေ လေဖြစ်၏၊

[ဤကား ပထမအရွယ်၌ ရုပ်တရားတို့၏ တိုးပွါးပုံတည်း။]

၂။ ဒုတိယအရွယ်၌ကား အတိုးအပွါးရပ်၍ တိုးပွါးပြီးသော အတိုင်း အစဉ်ဖြစ်ပွါး၍ နေလေ၏၊

၃။ တတိယအရွယ်၌ကား တိုးပွါးမြဲတိုင်း အစဉ်ပွါး၍နေရာမှ အစဉ်အတိုင်း ရုပ်ကလာပ်ပွါးမှုဆုတ်ယုတ်၍ သွားလေ၏၊ ရုပ်ကလာပ် ပွါးမှု ကုန်ဆုံး၍သွားသောအခါ ထိုအစဉ်ချုပ်ကွယ်၍သွားလေ၏၊ စိတ္တဇရုပ်,ကမ္မဇရုပ်တို့ သည်လည်း ဥတုဇရုပ်,အာဟာရဇရုပ်တို့နှင့်အတူ တိုးပွါးလျှင်တိုးပွါးခြင်း, တည်လျှင်တည်ခြင်း, ဆုတ်ယုတ်လျှင် ဆုတ်ယုတ် ခြင်းရှိကြကုန်၏၊

[ဤကား မည်သည့်အတွက်ကြောင့် ဆိုရကြောင်းကို သိလိုပါသည်-ဟူသော အမေးကို ဖြေဆိုချက်တည်း။] ဇိရဏတေဇောကို အဘယ်ဆေးဝါးဓာတ်စာများနှင့်ကွယ်ကာ တားဆီးနိုင်ပါသနည်းဟူမူ ငွေဓာတ်, ရွှေဓာတ်,သံဓာတ်,ပြဒါးဓာတ်တို့ကို ဝိဇ္ဇာမယလုပ်ရတ်လမ်းတို့ဖြင့် ကောင်းစွာစီရင်အောင်မြင်ထမြောက် ပြီးသော ဓာတ်ပြာဆေးဝါးများသည် ထိုဇိရဏတေဇောကို တားဆီး ကာကွယ်နိုင်၏၊

ထို့ကြောင့် နေတ္တိပါဠိတော်၌

သက္ကတေဝ ဇရာယ ပဋိကမ္မံ ကာတုံ

ဟု လာ၏၊

အနက်ကား။။ ဇရာယ=အိုခြင်းတရားကို၊ ပဋိကမ္မံ=မအိုရ အောင်တားဆီးကာကွယ်မှုကို၊ ကာတုံ=ပြုခြင်းငှါ၊ သက္ကတေဝ=တတ် ကောင်းသည်သာလျှင်တည်း။

ဝိသုဒ္ဓိမဂ် မဟာဋီကာ၌လည်း

သာယနဘေသဇ္ဇံ ပန သုစိရံပိ ကာလံ ဇီဝိတံ ပဝတ္တေတုံ သက္ကောတိ

ဟူ၍လည်း လာ၏၊

အနက်ကား။။ ရသာယနဘေသဇ္ဇံ ပန=ရသာယနဆေးမျိုး သည်ကား၊ သုစိရံပိ ကာလံ=အလွန်ရှည်မြင့်စွာသော ကာလတိုင် အောင်လည်း၊ ဇီဝိတံ=အသက်ကို၊ ပဝတ္တေတုံ=တည်စေခြင်းငှါ၊ သက္ကောတိ=တတ်နိုင်၏၊

တစ်ရာတမ်းမှာပင် တစ်ထောင်ရှည်အောင်, တစ်သောင်းရှည် အောင်တတ်နိုင်၏-ဟူလို၊ ရသာယနဆေးဆို သည်ကား အထက်၌ပြ ဆိုခဲ့ပြီးသော ဓာတ်ပြာကြီးပွါးမှုပေတည်း၊ ဒဗ္ဗဂုဏဆေးကျမ်းများ, သာရကောမုဒိဆေးကျမ်း များတွင်လည်း ရသာယနဆေးအမျိုးမျိုးတို့ လာရှိ၏၊ ဓာတ်ပြာကြီးလုပ်လမ်းများသည် သာသနာတော်ထမ်းရဟန်း တော်များ၏ လုပ်ငန်းမဟုတ်၊ ကံထူး,ဉာဏ်ထူး,ဝီရိယထူးများ၏ အလုပ် ပေတည်း။

ကမ္ဗောဇပုစ္ဆာအဖြေပြီး၏၊

---