မာတိကာသို့ ခုန်သွားရန်

န စ သော၊ န စ အညော

ဝီကီရင်းမြစ် မှ
5884ဒေါက်တာနန္ဒမာလာဘိဝံသ

န စ သော၊ န စ အညော

မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၂ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၀-ပြည့်နှစ် ပြာသိုလပြည့်ကျော် (၁၁)ရက်နေ့ (၂၁-၁-၂၀၀၉) တာမွေမြို့နယ် ကျောက်မြောင်း၊ မလွှကုန်း ဌေးကြွယ်ရပ်ကွက် ရန်ကုန်တိုင်း၊ (၁၄)ကြိမ်မြောက် ဆွမ်းလောင်း အောင်ပွဲ အထူးဓမ္မသဘင်ဝယ် ဟောကြားအပ် သော "န စ သော၊ န စ အညော" တရား ဒေသနာတော်။

---

န စ သော၊ န စ အညော

န စ သော၊ န စ အညော ဆိုတာ ပါဠိစကား၊ မြန်မာလို "သူလည်း မဟုတ်၊ တစ်ခြားသူလည်း မဟုတ်" တဲ့။ အဲဒီအကြောင်းကို ကိုယ့်ကိုယ်ကို ပြန်ပြီး စစ်တမ်းထုတ်ဖို့ ဒီကနေ့ ဟောမှာပါ။ မြတ်စွာဘုရား သာသနာတော်ကြီးနှင့် ကြုံတွေ့လာတဲ့အခါမှာ တရား ဓမ္မနဲ့ ပတ်သက်ပြီး လေးလေးနက်နက် စဉ်းစား တတ်တဲ့ အသိဉာဏ်လေးရအောင် ကြိုးပမ်းအားထုတ် ကြရမယ်။ ဒါ အခွင့်ကောင်းကြီးတစ်ခုပဲ။ စိတ်ဝင်စား စရာ ဇာတ်လမ်းတွေဆိုတာက ဘယ်အခါဖြစ်ဖြစ် နာလို့ရတယ်၊ ကိုယ့်ကိုယ်ကို ဆင်ခြင်တွေးတောရမယ့် တရား ဓမ္မ ဆိုတာ ဘုရားပွင့်မှ နားလည်ခွင့်ရမယ်။ ဒါကြောင့် တရားချစ်ခင် သူတော်စင် ပရိသတ်တို့ ဒီနေ့ ကိုယ့်ကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်အောင် ဒီ စကားလုံး လေးကို မှတ်ထားပါ။ 'န စ သော၊ န စ အညော' 'သူလည်း မဟုတ်၊ တစ်ခြားသူလည်း မဟုတ်'။ ဒီလူ လည်း မဟုတ်ဘူး၊ ဟိုလူလည်း မဟုတ်ဘူးလို့ ဆိုလို တယ်၊ ဟုတ်ကဲ့လား။ တစ်ယောက်ထဲလည်း မဟုတ် ဘူး၊ နှစ်ယောက်လည်း မဟုတ်ဘူးလို့ ပြောလိုတာပါ။

ဒီစကားလုံးကို ဘယ်သူစသုံးခဲ့တုန်းလို့ သာသနာ့ သမိုင်းကို ပြန်ကြည့်ရမယ်။ ဒီစကားလုံးဟာ ပိဋကတ် သုံးပုံမှာပါတဲ့ စကားလုံးတော့ မဟုတ်ဘူး။ သို့သော် ပိဋကတ်သုံးပုံနဲ့လျော်တယ်။ စတင်သုံးခဲ့တဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူတုန်းဆိုရင် အားလုံးသိနေကြတဲ့ မိလိန္ဒ မင်းကြီးရဲ့ အမေးကိုဖြေတဲ့ အရှင်နာဂသေနမထေရ်ပဲ။ မြန်မာတွေကတော့ ရှင်နာဂသိန်လို့ ခေါ်ကြတယ်။

သာသနာတော်နှစ် ၁၀၀၀ ထက် စောပြီးတော့ မိလိန္ဒမင်းကြီးနှင့် အရှင်နာဂသိန်တို့ သာသနာတော်မှာ ပေါ်ပေါက်ခဲ့ကြပြီး ဗုဒ္ဓမြတ်စွာဘုရားရဲ့ တရားဓမ္မ တွေနဲ့ ပတ်သက်တာတွေ လေးလေးနက်နက် နားလည်ဖို့ မိလိန္ဒမင်းကြီးက မေးတယ်၊ ရှင်နာဂသိန်က ဖြေတယ်။ ကပ်ကပ်သပ်သပ်မေးခွန်းတွေပဲ။ ဘာသာ ရေးနဲ့ ပတ်သက်ပြီး မေးထားတဲ့မေးခွန်းပေါင်း ၃၀၄ ခု ရှိတယ်။ အဲဒီ မေးခွန်းတွေကို ဖြေဆိုချက်နှင့်အတူ မှတ်တမ်းတင်ထားတဲ့ကျမ်းကို မိလိန္ဒပဥှာ လို့ ခေါ် တယ်။ မြန်မာနိုင်ငံမှာ သာသနာနှစ် ၂၅၀၀ အထိမ်း အမှတ်အဖြစ် ကမ္ဘာအေးကုန်းမြေမှာ ဗုဒ္ဓဘာသာနိုင်ငံ တွေစုပြီး သင်္ဂါယနာတင်ခဲ့တုန်းက ဒီ မိလိန္ဒပဥှာ ကျမ်း ကို ခုဒ္ဒကနိကာယ်ထဲ ထည့်သွင်းပြီး ပိဋကတ်သုံးသွယ် နိကာယ်ငါးဖြာ ဓမ္မက္ခန္ဓာပေါင်း ၈၄၀၀၀ ထဲ ထည့်ထား ကြတယ်။ ဘာဖြစ်လို့တုန်းဆိုရင် ဘုရားဟောတဲ့ တရား ဓမ္မတွေကို နားလည်ဖို့အတွက် အထောက်အကူ ဖြစ်လို့ ပဲ။

ဗုဒ္ဓမြတ်စွာ သာသနာတော်နဲ့ ပတ်သက်ပြီး တရားဓမ္မကို နားလည်လို့ သောတာပန်ဖြစ်တယ်၊ သောတာပန် သောတာပန်လို့ ပြောနေကြတယ်။ သောတာပန်ရဲ့အရည်အသွေးက ဘာလဲလို့ မေးလိုက် ရင် သောတာပန်ဆိုတာ အမြင်မှန်ပြီး သံသယ ကင်းသွားတာ၊ အမြင်မှန်ပြီး သံသယ ကင်းရမယ်၊ လုံးဝအမြင်မှန်ပြီး လုံးဝ သံသယကင်းသွားတဲ့ ပုဂ္ဂိုလ် ဟာ သောတာပန်ပုဂ္ဂိုလ်။ သောတာပန်ပုဂ္ဂိုလ်ရဲ့ အင်္ဂါ ၄-မျိုးဆိုပြီးတော့ ဖော်ပြထားတာရှိတယ်။ ထို ၄-မျိုး ထဲမှာ သံသယကင်းမှုနဲ့ပတ်သက်ပြီး ဘယ်နေရာမှာ အမြင်မှန်ပြီး ဘယ်နေရာမှာ သံသယကင်းသွားသလဲ ဆိုရင် ဗုဒ္ဓရဲ့ သဗ္ဗညုတဉာဏ်တော်ကြီးကို ယုံကြည် တယ်၊ သံသယကင်းတယ်။ ဒါကို ဗုဒ္ဓေ အဝေစ္စပသာဒ လို့ ခေါ်တယ်။ မြတ်စွာဘုရားအပေါ်မှာ အသိဉာဏ် ရှိရှိနဲ့ လက်ခံယုံကြည်တာ။

အဝေစ္စပသာဒ ဆိုတာ အသိဉာဏ်နဲ့ ယုံကြည် တာ၊ ယုံကြည်တာ အမျိုးမျိုးရှိတယ်လို့ မှတ်ရမယ်။ အသိဉာဏ်မပါတဲ့ ယုံကြည်တာကော မရှိနိုင်ဘူးလား၊ ရှိနိုင်တယ်။ ပညာမဲ့သဒ္ဓါ လို့ခေါ်တယ်၊ ဉာဏ်မပါဘူး။

အဲဒီအသိဉာဏ်မပါတဲ့ ယုံကြည်မှုကျတော့ မှန်ကန်မှု ကို ဦးမဆောင်နိုင်ဘူး။ ဒါကြောင့်မို့ အသိဉာဏ်ရှိတဲ့ ယုံကြည်မှုမျိုးဖြစ်သင့်တယ်။ သောတာပန် ဖြစ်သွား လို့ရှိရင် အသိဉာဏ်ရှိတဲ့ ယုံကြည်မှုမျိုး ရသွားတယ်။

ဗုဒ္ဓေ အဝေစ္စပသာဒ - မြတ်စွာဘုရားကို ယုံကြည် တယ်ဆိုတာ မြတ်စွာဘုရားရဲ့ အသိဉာဏ်ကို လက်ခံ တာ၊ မြတ်စွာဘုရား အမှန်တရားကို သိတယ်ဆိုတာ လက်ခံတယ်။ မြတ်စွာဘုရားရဲ့ ဗောဓိဉာဏ်ကြီးကို လက်ခံတယ်။ အမှန်တရားကို သိတယ်ဆိုတာ ဟုတ်တယ်လို့ မိမိကိုယ်တိုင် အသိဉာဏ်ပါတဲ့ ယုံကြည်မှုရှိတာက တစ်ချက်။

ဓမ္မေ အဝေစ္စပသာဒ တရားဓမ္မနဲ့ ပတ်သက် လာရင်လည်း မှန်ကန်တဲ့အတိုင်း အသိဉာဏ်နဲ့ လက်ခံ ယုံကြည်တယ်။ တရားဓမ္မကို ယုံကြည်တယ်ဆိုတာ ဘာလဲဆိုရင် ဒီတရားဓမ္မကိုကျင့်ရင် ဒီအကျိုးရတယ် ဆိုတာ သေချာပေါက်ပဲလို့ ဆိုလိုတာ။ ဆိုပါစို့ မြတ်စွာ ဘုရားက သီလနဲ့ပြည့်စုံလို့ရှိရင် (ကိုယ်ကျင့်သီလ ဆိုတာ အားလုံးသိတဲ့အတိုင်း (၅)ပါးသီလဆိုတာ လူတွေအနည်းဆုံးရှိရမယ့်ကိုယ်ကျင့်သီလ) ကောင်းရာ သုဂတိ ရောက်တယ်လို့ မြတ်စွာဘုရားက ဟောတယ်။ အဲဒီကိုယ်ကျင့်သီလ (၅)ပါးကို အကျယ်ချဲ့လိုက်ရင် သုစရိုက်(၁၀)ပါးပေါ့။ ငါးပါးျသီလနဲ့ သုစရိုက် (၁၀)ပါး၊ ချုံ့လိုက်ရင် သုစရိုက် (၁၀)ပါးကို ကုသလ ကမ္မပထ တရား (၁၀)ပါး လို့လည်းခေါ်တယ်။ အဲဒါရဲ့ အပြန်က အကုသလ ကမ္မပထ တရား (၁၀)ပါး။ မြတ်စွာဘုရား က ယှဉ်ပြီးဟောထားတယ်၊ အားလုံးသိကြတဲ့အတိုင်း ကာယဒုစရိုက်၊ ကာယသုစရိုက်က (၃)မျိုးစီ။ ဝစီ ဒုစရိုက်၊ ဝစီသုစရိုက်က (၄)မျိုးစီ။ မနောဒုစရိုက်နဲ့ မနောသုစရိုက်က (၃)မျိုးစီ၊ အားလုံးပေါင်းလိုက်တဲ့ အခါ ကုသလကမ္မပထ တရား(၁၀)ပါး၊ အကုသလ ကမ္မပထတရား(၁၀)ပါး အဲဒါ ကိုယ်ကျင့်တရား၊ အားလုံးကျင့်ရမယ့် အခြေခံကျင့်စဉ်။

ဗုဒ္ဓဘာသာမှန်ရင် ကုသလကမ္မပထလမ်းကြောင်း ပေါ် လျှောက်ရမယ်လို့ ပြောတာနော်။ နို့မို့ဆိုရင် ဘုရားကို ကိုးကွယ်တယ်၊ ယုံကြည်တယ်ဆိုတာ ပါးစပ် ပြောပဲဖြစ်မယ်၊ အသိဉာဏ်နဲ့ မဟုတ်ဘူး။ မှန်ကန်တဲ့ ကုသလကမ္မပထတရား ဆိုတဲ့ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းပြီဆိုရင် ကိုယ်ကျင့်သီလနဲ့ ပြည့်စုံပြီ။ အဲဒီ ကုသလ ကမ္မပထတရား(၁၀)ပါး ကိုယ်ကျင့်တရား နဲ့ ပြည့်စုံပြီဆိုရင် လူ့ပြည်၊ နတ်ပြည် ရောက်နိုင်တယ်။ လူ့ပြည်နတ်ပြည်ရောက်ခြင်းရဲ့ အကြောင်းတရားဟာ ကိုယ်ကျင့်သီလပဲ။ ကိုယ်ကျင့်သီလပြည့်စုံတဲ့ ပုဂ္ဂိုလ်မှာ စေတောပဏိဓိ လို့ခေါ်တဲ့ စိတ်ဆန္ဒ တောင့်တချက် ပြည့်စုံတယ်။ ကိုယ်ကျင့်သီလနဲ့ မပြည့်စုံရင် ဆုတောင်း ပြည့်ဖို့ဆိုတာ မသေချာဘူးပေါ့။ အေး၊ မကောင်းတာ တောင်းရင်တော့ ရကောင်းရမှာပေါ့၊ နောင်ဘဝ သူ့ကို နိုင်ရပါလို၏ ဆိုတာမျိုး။ ကောင်းတာတောင်းဖို့ဆိုတာ ကိုယ်ကျင့်သီလနဲ့ပြည့်စုံမှ ပြည့်တယ်တဲ့။

အဲဒီကိုယ်ကျင့်သီလကို အခြေခံပြီးရင် ဘာလုပ်ရ မလဲဆိုရင် သမာဓိကျင့်စဉ်တစ်ခုကို ကျင့်တယ်၊ ကိုယ်ကျင့်သီလ မပါဘဲနဲ့ သမာဓိကျင့်စဉ်တစ်ခုကို ကျင့်လို့မရဘူး။ သမာဓိကျင့်စဉ် ကျင့်လို့ အောင်မြင်ပြီ ဆိုရင် ဗြဟ္မာဘုံ(၂၀)ထဲက အောင်မြင်တဲ့ စျာန် အားလျှော်စွာ ဗြဟ္မာဘုံကို ရောက်နိုင်တယ်။ အဲဒီ ဗြဟ္မာ့ပြည်(၂၀)နဲ့ နတ်ပြည် (၆)ထပ်၊ အဲဒီ (၂၆)ဘုံကို ဒေဝလောက (၂၆)ဘုံလို့ ခေါ်တယ်။

အဲဒီတော့ လူ့ပြည်ကိုလည်း ကိုယ်ကျင့်တရားနဲ့ ရောက်နိုင်တယ်။ ဗြဟ္မာ့ပြည်ဆိုတာကတော့ သမာဓိ ကျင့်စဉ်ကျင့်ပြီး သမထကျင့်စဉ် အောင်မြင်လို့ စျာန် တရားတွေရတဲ့အခါကျမှ ရောက်နိုင်တယ်။ သီလ သက်သက်နဲ့တော့ မရောက်နိုင်ဘူး။ သို့သော် သီလကို Foundation အဖြစ် အခြေခံရမယ်တဲ့။

ကဲ၊ သံသရာဝဋ်ကလွတ်အောင် လုပ်မယ်ဆိုရင် လည်း သီလကိုပဲ အခြေခံရမယ်။ အဲဒါကြောင့် ဝိသုဒ္ဓိ မဂ်ကျမ်းရေးတဲ့ အရှင်မဟာဗုဒ္ဓဃောသ က သူဖွင့်ဆို မယ့် ဂါထာတစ်ပုဒ်ကို ရှေ့ဆုံးကတင်ပြီး ရေးတယ်။ 'သီလေ ပတိဋ္ဌာယ နရော သပ္ပညော' တဲ့၊ ကိုယ်ကျင့် တရားပေါ်မှာ ရပ်တည်ပြီးတော့မှ သမထကျင့်စဉ် ကျင့်နိုင်တယ်၊ ကိုယ်ကျင့်တရားပေါ်မှာ ရပ်တည်ပြီး တော့မှသာ ဝိပဿနာကျင့်စဉ် ကျင့်နိုင်တယ်။ အဲဒီတော့ ကိုယ်ကျင့်သီလဆိုတာ ဗုဒ္ဓဘာသာမှာ အခြေခံဖြစ်ပြီး ကုသိုလ်တရားတွေရဲ့ အစ, သို့မဟုတ် သာသနာလုပ်ငန်းရဲ့ အစပဲ။ ကိုယ်ကျင့်တရားကို အခြေခံပြီး ဝိပဿနာဉာဏ် ရင့်သန်လာအောင် ကျင့်ကြံကျိုးကုတ် အားထုတ်ရမယ်။ အဲဒီ ဝိပဿနာ ဉာဏ် ရင့်သန်ဖို့ဆိုတာ ကိုယ်ကျင့်တရားရှိရမယ်၊ ကိုယ်ကျင့်သီလ ပြည့်စုံရမယ်။ ကိုယ်ကျင့်သီလဆိုတာ ခုနက ကုသလကမ္မပထတရား(၁၀)ပါးကျင့်လို့ (၅)ပါး သီလပြည့်စုံရင် ကိုယ်ကျင့်တရားကောင်းတယ်။ အဲဒီ ကိုယ်ကျင့်သီလအခြေခံပြီး ဝိပဿနာကျင့်စဉ် ကျင့်ရင် ဘာဖြစ်သလဲ။ ခုနကပြောတဲ့ အမှန်မြင်တာနဲ့ သံသယ ကင်းတယ်ဆိုတဲ့ အဆင့်ကို ရောက်တယ်။ အဲဒါ သောတာပန်အဆင့်လို့ ပြောတာ။ စာလိုပြောရင် တော့ ဒိဋ္ဌိ, ဝိစိကိစ္ဆာ ပယ်တယ်လို့ ပြောကြတာပေါ့။ ဒိဋ္ဌိ ဆိုတာ မှားယွင်းနေတဲ့ အမြင်တစ်ခု၊ အမြင်မှန် သွားရင် ဒိဋ္ဌိ ဘယ်ရှိတော့မလဲ၊ ဝိစိကိစ္ဆာဆိုတာ ယုံမှား သံသယဖြစ်နေတာ။ သောတာပန် ဖြစ်သွားလို့ရှိရင် လုပ်တဲ့အတိုင်းရတယ်လို့ တရားဓမ္မအပေါ် လက်ခံ ယုံကြည်လာတာ။ ဒီ ဓမ္မကို ကျင့်သုံးလို့ အရိယာ သူတော်စင် သူတော်မြတ်အဖြစ် ရောက်သွားတယ်လို့ သံဃာ့ဂုဏ်ကို ယုံကြည်တယ်။ ထိုအကျင့်ဟာ မှန်ကန် တဲ့ အကျင့်ပဲလို့ယုံကြည်တယ်၊ သံဃေ အဝေစ္စပသာဒ-သံဃာကို အသိဉာဏ်နဲ့ သက်ဝင်ယုံကြည်တယ်၊ သောတာပန် ဖြစ်သွားပြီဆိုလို့ရှိရင် ဒီအရည်အသွေး တွေ ရသွားတယ်။

ဒါတင်လားဆိုရင် သောတာပန် ပုဂ္ဂိုလ်ဟာ ထာဝရ မြတ်မြတ်နိုးနိုး ထိန်းသိမ်း စောင့်ရှောက်တဲ့ အရာရှိတယ်။ ဘာတုန်းဆိုရင် (၅)ပါး သီလတဲ့၊ အရိယကန္တလို့ ခေါ်တယ်၊ 'အရိယ'ဆိုတာ သူတော်စင် များ၊ 'ကန္တ' ဆိုတာ မြတ်မြတ်နိုးနိုး။ သီလကို မချိုး မဖောက်တော့ဘူး၊ သီလကို မြတ်နိုးတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်တော့မှ သီလကို မချိုးမဖောက်ဘူး။ ပစ္စည်း ဥစ္စာလေးတစ်ခုကို မြတ်နိုးတဲ့လူဟာ သေသေချာချာ မသိမ်းဘူးလား၊ သိမ်းတယ်။ သီလကိုမြတ်နိုးတဲ့ ပုဂ္ဂိုလ် ဟာ နောက်ဆုံး ကိုယ့်အသက် စွန့်ရဦးတော့ သီလကို မဖျက်ဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူက သီလကို မြတ်နိုးတာကိုး။ မမြတ်နိုးတဲ့ပုဂ္ဂိုလ်ကတော့ သီလကို လွယ်လွယ်ပဲ ချိုးဖျက်တယ်။ 'နောင်ခါလာ နောင်ခါ စျေး' ဆိုပြီး ချိုးဖျက်တယ်။

ပါဏာတိပါတာ ဝေရမဏိ ဆိုပြီး ဆောက်တည် ထားတယ်။ အေး သတ်စရာ ကြုံလာတယ်၊ ကိုယ့် အန္တရာယ်ကြုံလာတယ်ဆိုရင် ကိုယ့်ကိုယ်ကို ကာကွယ် တယ်ဆိုတဲ့ ဆင်ခြေပေးပြီး သတ်လိုက်တာပဲ။ ခြင် ကိုက်ရင် ရောဂါဖြစ်လိမ့်မယ်၊ ဒီခြင်တွေတော့ သတ် မှပဲဆိုပြီး ဆင်ခြေလေးနဲ့လေ၊ မသတ်ကြဘူးလား။

ဒီနေရာမှာ သေသေချာချာစဉ်းစားကြည့်၊ ကိုယ့် အသက်နဲ့ ၅-ပါးသီလ ဒီနှစ်ခု ဘယ်ဟာကို ပိုတန်ဖိုး ထားရာရောက်တုန်း။ ကိုယ့်အသက်ကို ပိုပြီး တန်ဖိုး ထားရာ ရောက်တယ်။ အဲဒါ သီလကို မြတ်နိုးတယ်လို့ မခေါ်နိုင်ဘူး၊ ကိုယ့်အသက်ကို သီလထက်ပိုပြီး မြတ်နိုးနေတယ်။

အဲဒီလိုပဲ ကာမေသု မိစ္ဆာစာရ၊ အဒိန္နာဒါန၊ မုသာဝါဒ၊ သုရာမေရယ ဆိုတာ ကိုယ့်ရဲ့လိုအပ်ချက် တစ်ခုခုကြောင့် ချိုးဖောက်လိုက်မယ်ဆိုရင် ကိုယ် မြတ်နိုးတာဟာ သီလဆိုတာ ဖြစ်နိုင်ပါ့မလား၊ မဖြစ်နိုင် ဘူး။

သောတာပန် ဖြစ်သွားရင်တော့ ဟောဒီ ၅-ပါး သီလကို မြတ်မြတ်နိုးနိုး မကျိုးမပေါက် မပြောက် မကြားရအောင် ထိန်းသိမ်းစောင့်ရှောက်တယ်။ အဲဒါ သောတာပန်ပုဂ္ဂိုလ်ရဲ့ အင်္ဂါ ၄ ရပ် လို့ ခေါ်တယ်၊ သောတာပန်ပုဂ္ဂိုလ် ဟုတ်မဟုတ် အဲဒါနဲ့ တိုင်းလို့ ရတယ်။ သောတာပန်ပုဂ္ဂိုလ်ဆိုတာ သံသယ ကင်းတာ နဲ့ အမှန်မြင်တာအပြင် ရတနာသုံးပါးနဲ့ ငါးပါးသီလကို မြတ်နိုးတတ်တယ်။

ဒါဖြင့် အမှန်မြင်ဖို့၊ သံသယကင်းဖို့ ဘာလုပ် ရမလဲဆိုရင် သီလကိုအခြေခံတဲ့ ဝိပဿနာဉာဏ် ရင့်သန်အောင် လုပ်ရမယ်။ ဘာဖြစ်လို့တုန်း၊ သာသနာ နဲ့ ကြုံတွေ့တဲ့အခါမှသာ ဒီအသိဉာဏ်မျိုးက ရနိုင်တာ ဖြစ်လို့ပဲ။

---

တစ်ယောက်တည်းလား

မိလိန္ဒမင်းကြီးက ရှင်နာဂသိန်ကို မေးတယ်။ “အရှင်ဘုရားတဲ့၊ ဆိုပါစို့၊ လူ့လောက လူတစ်ယောက် ရောက်လာတယ်၊ ရောက်လာပြီးတဲ့အခါ အဲဒီလူ ငယ်ရာကနေ ကြီးမသွားဘူးလား၊ ဆိုပါစို့ ၁ နှစ်သား ကနေ အသက် ၈၀ အထိ နေရတယ်ဆိုရင် အနှစ် ၈၀ သူနေသွားရတယ်။ ၁ နှစ်သားတုန်းက အရွယ်နဲ့ အသက် ၈၀ အရွယ်ကို ယှဉ်ကြည့်လိုက်ရင် တူ သလား ကွာခြားသလား၊ ကွာခြားသွားတယ်ဆိုရင် အဲဒါ တစ်ယောက်တည်းလား နှစ်ယောက်လား”။

တစ်ယောက်တည်းဆိုရင် ဟိုလူက ပေါက်စလေး၊ ဒီလူကအဘိုးကြီး၊ သွားတွေကကျိုးပြီးတော့ မျက်စိ တွေ မှုန်နေပြီ၊ ဟိုက ပေါက်စလေး ရှိသေးတယ်။ တစ်ယောက်တည်းလို့ ဘယ်လိုလုပ် ပြောမှာတုန်း၊ ပြောလို့ရသေးရဲ့လား။ ၁ နှစ်သားကလေးနဲ့ အဘိုးကြီး နဲ့ ယှဉ်ပြီးတော့ ထားကြည့်လိုက်၊ ဒီလူတွေရဲ့ ဓာတ်ပုံ ၂ ပုံ ရိုက်ထားလိုက်၊ တစ်ယောက်တည်းလို့ ပြောလို့ ရလား၊ မျက်စိလည်မသွားနဲ့နော်။

ရှင်နာဂသိန်ကလည်း ကြံကြံဖန်ဖန် ဖြေတယ်။ 'န စ သော၊ န စ အညော' တဲ့။ သူဖြေလိုက်တဲ့ စကားလုံးလေး။ 'သူလည်း မဟုတ်ဘူး၊ တစ်ခြား သူလည်း မဟုတ်ဘူး'။ သူမဟုတ်ဘူးလို့ ဘာကြောင့် ပြောတာလဲဆိုရင် သူက ဖြေထားတာနော်၊ ဥပမာ ၁ နှစ်သားအရွယ်က ပေါက်စလေးလေ၊ သွားမကျိုး ဘူး၊ ဆံပင်မဖြူသေးဘူး၊မျက်စိမမှုန်သေးဘူး။ အသက် ၈၀ ရောက်တဲ့အခါကျတော့ သွားကျိုးပြီလေ၊ မျက်စိ မှုန်ပြီ၊ ဆံပင်ဖြူပြီ၊ အဲဒီတော့ ၁ ယောက်တည်းလား၊ ၂ ယောက်လားဆိုတော့ ၂ ယောက်လို့လည်း ပြောလို့ မရဘူး၊ ၁ ယောက်ထဲလို့လည်းပြောလို့မရဘူး၊ သူလို့ လည်း ပြောလို့မရဘူး၊ တစ်ခြားသူလို့လည်း ပြောလို့ မရဘူး။ အလေးအနက်စဉ်းစား၊ ဒါက ဒဿန နည်းနဲ့ ဖြေတာ။ "န စ သော၊ န စ အညော" Neither he nor other 'သူလည်း မဟုတ်ဘူး၊ တခြားသူလည်း မဟုတ်ဘူး' တဲ့။

'သူလည်း မဟုတ်ဘူး၊ တခြားသူလည်း မဟုတ် ဘူး' ဆိုတော့ မိလိန္ဒမင်းကြီးက သဘောမကျဘူး၊ တရားနာ ပရိသတ်တွေလည်း သဘောကျပုံ မပေါ် သေးဘူး။ မိလိန္ဒမင်းကြီးက ပြန်မေးတယ်၊ သူလည်း မဟုတ်ဘူး၊ တစ်ခြားသူလည်းမဟုတ်ဘူးဆိုတာ မဖြစ် နိုင်ဘူးတဲ့။

အဲဒီတော့ မိလိန္ဒမင်းကြီးကို ရှင်နာဂသိန်က ပြန်မေးတယ်။ “ကဲ မဟာရာဇာကြီးတဲ့၊ မင်းကြီး ငယ်ငယ်တုန်းကအရွယ် ပက်လက်အိပ်တဲ့ တစ်နှစ် သား အရွယ်လေး၊ အခုအရွယ်နဲ့ တူသလား မတူ ဘူးလား” ဆိုတော့ သူက ဘယ်လိုဖြေလဲ “မတူဘူး” တဲ့၊ မတူဘူးဆိုရင် သူလို့ ပြောလို့ရပါ့မလား။ အဲဒီ တော့ မိလိန္ဒမင်းကြီးက ဘယ်လိုဖြေတုန်းဆိုရင် ဟိုတုန်းက ငယ်ငယ်လေးတုန်းက တစ်ခြား ဖြစ်ပြီး တော့ အခုအရွယ်ရောက်လာတော့ တခြားတဲ့၊ သူက အဲဒီလိုပြောတယ်။

အဲဒါကို ရှင်နာဂသိန်က ရှင်းပြတာ၊ အဲဒီလို မဟုတ်ဘူးတဲ့။ 'ဓမ္မသန္တတိ' လို့ ခေါ်တဲ့ သဘာဝ တရားကြီးက ဆက်စပ်ပြီးတော့နေတယ်။ ဆက်စပ်ပြီး နေသည့်အတွက်ကြောင့် သူလို့ ပြောလိုက်ရင် ပုံတူ ဖြစ်ရမယ်။ တစ်ခြားသူလို့ ပြောလိုက်ရင်လည်း သူနဲ့ ဆက်စပ်မှုမရှိရဘူး။ အခုတော့ သူနဲ့လည်း ဆက်စပ်မှု ရှိနေတယ်၊ ဆက်စပ်နေလို့ တစ်ခြားသူလည်း မဟုတ် ဘူး၊ ပုံတူမဟုတ်သည့် အတွက်ကြောင့် သူလည်း မဟုတ်ဘူးတဲ့၊ ဓမ္မသန္တတိ ဆိုတာ တရားသဘော အားဖြင့် ဆက်နွယ်နေတယ်၊ ဒါပေမယ့် ပုံစံတူ မဟုတ် ဘူးလို့ ဒီလိုပြောတာ။

အဲဒီအဆင့်ရောက်အောင် စဉ်းစားကြည့်လိုက်လို့ ရှိရင် တစ်ပြင်တည်းစီးနေတဲ့ မြစ်ရေမှ သောက်ရေ တစ်ခွက် ခပ်ယူလိုက်မယ်၊ ခုနရေလေးပေးစမ်း ဆိုလို့ ရှိရင် ခုနရေလေး ရှိသေးလား၊ စီးသွားပြီ။ ဒီနေရာ ကတော့ ခပ်မှာပဲ၊ ဒီနေရာကခပ်လိုက်ရင်ရော ခုနရေ ရရဲ့လား၊ တစ်ခြားရေ မရပေဘူးလား။ တစ်ခြား ဖြစ်မသွားဘူးလား။ အဲဒီလို ပြောင်းလဲမှုလေးတော့ ရှိတန်သလောက်ရှိတယ်။ သို့သော် ရေဆိုတဲ့ အစဉ် တန်းကြီးကတော့ မတူဘူးလား၊ တူနေတယ်တဲ့။ အဲဒါ ကို အခြေခံပြီးတော့ မိလိန္ဒမင်းကို ရှင်းလိုက်တယ်တဲ့။

---

နွားနို့ ဥပမာ

“အရှင်ဘုရားတဲ့၊ အရှင်ဘုရားအဆိုကို ဥပမာနဲ့ ပြောပါဦး” နားမလည်သေးဘူးပေါ့၊ ဥပမာနဲ့ပြောပါဦး ဆိုတော့ ရှင်နာဂသိန်က ပြောပြတယ်။ ဥပမာပြောရ မယ်၊ ဆိုပါစို့၊ လတ်လတ်ဆတ်ဆတ် ညှစ်ယူပြီးစ နွားနို့ကို(ရေခဲသေတ္တာထဲ မထားဘဲနဲ့) နောက်တစ်ရက် နှစ်ရက်ထားလိုက်လို့ရှိရင် အဲဒီနွားနို့ဟာ ဘာဖြစ် သွားမလဲ၊ 'ဒဓိ' လို့ ခေါ်တဲ့အဆင့် ပြောင်းသွားတယ်။ အဲဒီအဆင့်ကနေ တဖြေးဖြေး ပြောင်းသွားလိုက်တာ 'ရက်တတ်'၊ အဲဒီကနေ'ထောပတ်' 'ဆီဦး'အဆင့်ဆင့် ပြောင်းသွားတယ်။ ဟုတ်လား၊ ပြောင်းသွားရင် ဆိုပါစို့ အဲဒီနွားနို့ဟာ နို့ချဉ်လားလို့မေးရင် မဟုတ်ဘူး၊ နို့ချဉ် ဟာ ပြောင်းလဲသွားတဲ့ အရာသာဖြစ်တယ်၊ ဒါပေမယ့် လို့ နွားနို့မရှိဘဲ နို့ချဉ်ရော ဖြစ်ရဲ့လား၊ နို့ချဉ်သည် နွားနို့က တစ်ခြားလည်းမဟုတ်ဘူး။ ယခင်နွားနို့လည်း မဟုတ်ဘူး၊ ဒါကြောင့်မို့ န စ သော၊ န စ အညော လို့ ပြောတာ။ အဲဒီလို ဥပမာ ဥပမေယျနဲ့ ရှင်းပြလိုက်တယ်။

ရှင်နာဂသိန်က ပြောတယ်၊ ဓမ္မသန္တတိ အစဉ် ဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်သွားတယ်၊ အညော ဥပ္ပဇ္ဇတိ အညော နိရုဇ္ဈတိ တစ်ခုက ဖြစ်လာပြီး တစ်ခုက ချုပ်သွားတယ်။

ဆိုပါစို့ ၁ နှစ်သားအရွယ် ကုန်ဆုံးသွားပြီးတော့ ၂ နှစ်သားအရွယ် ရောက်မလာဘူးလား၊ ၂ နှစ်သား အရွယ် ကုန်ဆုံးတဲ့အခါ ၃ နှစ်သားအရွယ် ရောက် လာတယ်၊ ရပ်နေတာ မဟုတ်ဘူးနော်။ ၁ နှစ်သား ဟာ ၂ နှစ်သားမဟုတ်ဘူး၊ ၂ နှစ်သားဟာ ၃ နှစ်သား မဟုတ်ဘူး။ သူ့အပိုင်းလိုက် အပိုင်းလိုက် ပြီးဆုံး ပြီးဆုံး သွားတယ်။ သို့သော် ဆက်ပြီးတော့ ဖြစ်နေတာ။ အညော ဥပ္ပဇ္ဇတိ-တခြားအရာဖြစ်လာတယ်၊ အညော နိရုဇ္ဈတိ-တခြားအရာ ချုပ်သွားတယ်။ အပုဗ္ဗံ အစရိမံ သန္ဒဟတိ-ရှေ့လည်းမကျ နောက်လည်းမကျ ဆက်စပ်ပြီးနေတယ်။ နောက်က ဆက်ပြီးလိုက်နေတဲ့ အတွက်ကြောင့် ပြောင်းလဲမှုရှိသော်လည်း ပြောင်းလဲမှု ကို မသိနိုင်ဘူး၊ တစ်ယောက်ထဲတော့ မဟုတ်ဘူး။

ဒီ့ထက်ရှင်းအောင်စဉ်းစားကြည့်၊ တစ်နေရာကို သွားတယ်။ ခြေလှမ်းလေး ၁၀ လှမ်း လှမ်းကြည့်လိုက် ရင် ပထမ ခြေလှမ်းဟာ ဒုတိယ ခြေလှမ်းလားလို့ ပြောရင် ဘယ်လိုဖြေမလဲ၊ မဟုတ်ဘူး။ ပထမခြေလှမ်း က ပြီးသွားပြီးလေ၊ ပထမခြေလှမ်းက ဒုတိယခြေလှမ်း မဟုတ်ဘူး၊ ဒါပေမယ့် ပထမခြေလှမ်း မရှိဘဲနဲ့ ဒုတိယခြေလှမ်း ဖြစ်ရဲ့လား။ ပထမကို ကြည့်ပြီးတော့ ဒုတိယလို့ ခေါ်တာလေ။ အဲဒီလိုပဲ ပထမ မရှိရင် ဒုတိယ မရှိဘူး၊ ဒုတိယ မရှိရင် တတိယ မရှိဘူး၊ တတိယမရှိရင် စတုတ္ထမရှိဘူးတဲ့။ အဲဒါကို ရည်ညွှန်း ပြီး ပြောတာ။ န စ သော၊ န စ အညော၊ သူလည်း မဟုတ်ဘူး၊ တစ်ခြားသူလည်း မဟုတ်ဘူး၊ တစ်ခုနဲ့ တစ်ခု အကြောင်းအကျိုးအနေနဲ့ ဆက်စပ်မှုတော့ ရှိတယ်လို့ပြောတာ။

၁ နှစ်သားလေးအရွယ် မရှိခဲ့လို့ရှိရင် ၈၀ ကျော် အဖိုးကြီး အဖွားကြီးအရွယ် ရှိပါ့မလား။ ၁ နှစ်သား တောင်မှ မမွေးဖွားနိုင်ခဲ့ဘူးဆိုရင် ၈၀ အရွယ်ဆိုတာ မဖြစ်နိုင်ဘူး။ အေး အဲဒါကို “န စ သော၊ န စ အညော” တဲ့။ သဘာဝရဲ့ ပြောင်းလဲမှုတွေဟာ ဆက်စပ်ပြီးဖြစ်နေတာမို့ သူလည်းမဟုတ်ဘူး၊ တစ်ခြား သူလည်းမဟုတ်ဘူးလို့ပြောတာ။

---

အဓိပ္ပါယ်တစ်မျိုး

ဒီနေရာမှာ တချို့က အဓိပ္ပာယ် တစ်မျိုးယူတာ ရှိသေးတယ်။ ဒီဘဝကသေပြီး နောင်ဘဝမှာ ဖြစ်တာနဲ့ ပတ်သက်တယ်။ အဲဒါကျတော့ အလှမ်းဝေးသွားပြီ ပေါ့၊ ပိုပြီးတော့ ထင်ရှားတယ်။

ဥပမာ ဒီဘဝကလူတစ်ယောက် ကွယ်လွန်အနိစ္စ ရောက်သွားတယ်၊ နောက်ဘဝမှာ လူတစ်ယောက် သွားဖြစ်တယ်၊ ဒီဘဝမှ ဒီလူမသေသေးရင် နောက် ဘဝမှာ ဟိုလူမဖြစ်ဘူး။ အဲဒီ လူနှစ်ယောက်ဟာ တစ်ယောက်ထဲလားလို့ အမေးမျိုးရှိတယ်။ အဲဒီအမေး ကိုလည်းပဲ ဓမ္မဓိဋ္ဌာန်ကျကျ၊ တရားကို ရည်ညွှန်းပြီး ဖြေမယ်ဆိုရင် “န စ သော၊ န စ အညော” ပဲ။ ဒီလူလည်း မဟုတ်ဘူး၊ တစ်ခြားလူလည်း မဟုတ်ဘူး လို့ ပြောရမယ်။

ဘာဖြစ်လို့လဲဆိုရင် ဒီလူက သေသွားပြီလေ၊ ဒီလူမသေဘဲ ဟိုလူ မဖြစ်နိုင်သောကြောင့် တစ်ခြား လူလည်း မဟုတ်နိုင်ဘူး၊ တစ်ခြားလူ မဟုတ်ရင် လုံးဝ ဆက်စပ်မှု ရှိတာပေါ့။ အဲဒီ သဘောလေးက စဉ်းစား ကြည့်ရင် ထင်ရှားပါတယ်။

ဒါကြောင့် ပန်းပွင့်ကလေးပဲကြည့်၊ ပန်းပွင့်လေး မပွင့်ခင် အဖူးလေး။ ပြီးတော့မှ အပွင့်လေး လာတာ။ ဒါဆိုရင် အဖူးလေးက အပွင့်လေးလားဆိုရင် အဖူးက အဖူးပဲ၊ အဖူးက အပွင့်မဟုတ်ဘူးလို့ပဲ ပြောရမှာပေါ့။ အဲဒီတော့ အဖူးကနေ အပွင့်ဖြစ်လာတာလားဆိုရင် အဖူးက အဖူးပဲလေ၊ အပွင့်ဖြစ်သွားရင် သူ့ကို အဖူးလို့ မခေါ်နိုင်ဘူး၊ အဲဒါကိုပြောတာ။ 'န စ သော၊ န စ အညော' ဆိုတာ သူလည်း မဟုတ်ဘူး၊ တစ်ခြားသူ လည်း မဟုတ်ဘူးလို့။

အေး၊ မိလိန္ဒမင်းကြီးနဲ့ ရှင်နာဂသိန်တို့ အမေး အဖြေမှာ ရှင်နာဂသိန်က ဓမ္မလမ်းကြောင်းအတိုင်း ဝိပဿနာကျင့်စဉ် ရှုထောင့်ကနေ ပြောလိုက်တာ၊ ဒါ ဓမ္မသန္တတိ လို့ ခေါ်တယ်တဲ့။ သဘာဝတရားရဲ့ ဖြစ်စဉ် ကြီးတစ်ခုဟာ ရှေ့နဲ့နောက် ဆက်စပ်ပြီးနေတယ်လေ။ တစ်ခုလည်းမဟုတ်ဘူး၊ အစဉ်ပြောင်းလဲနေတဲ့ ဖြစ်စဉ် ကြီးတစ်ခု။ ဒါအနိစ္စရဲ့သဘောတရားကို အထင်အရှား ပြနေတာ၊ မမြဲဘူးဆိုတာကို ထင်ရှားပြနေတာ။

ဘုန်းကြီးတို့တတွေလည်း ကိုယ့်ကိုယ်ကို ဆင်ခြင် စဉ်းစားကြည့်ပေါ့။ အကယ်၍သာ မြဲနေမယ် ဆိုလို့ ရှိရင် ကလေးဘဝကနေ ပြောင်းလဲပါ့မလား၊ မပြောင်း လဲဘူး။ အခု တဖြည်းဖြည်း အိုလာတာ၊ အဲဒါမပြောနဲ့ ပန်းပွင့်လေးတောင်မှ တစ်ရက်နဲ့ တစ်ရက် မတူဘူး၊ အငုံလေးတွေက ရွေ့ရွေ့လာပြီးတော့ အဖူးလေးက အပွင့်လေး ဖြစ်လာတာ၊ ချက်ချင်းကြီး မဟုတ်ဘူး။

မျိုးစေ့လေးတစ်ခုကို မြေထဲမှာ ချစိုက်ရင် တစ်ပတ်လောက်နေတဲ့အခါ အမြစ်ကလေး ဆင်းလာ ပြီး အပေါ်ကအညှောင့်ကလေးထွက်လာတာ တွေ့ဖူး ကြလိမ့်မယ်။ အဲဒီလို တွေ့တာဟာ (၇)ရက်ကြာမှ တစ်ခါတည်း ဝုန်းကနဲထွက်လာတာလား၊ ဒါမှမဟုတ် တဖြည်းဖြည်းချင်း ပြောင်းလဲလာတာလား၊ တဖြည်း ဖြည်းချင်း ပြောင်းလဲလာတာ။ အဲဒါ ဖြစ်စဉ်လို့ ခေါ်တယ်။ ဓမ္မသန္တတိ သဘာဝတရားရဲ့ ဖြစ်စဉ် တစ်ခု၊ အဲဒီသဘာဝတရားဟာ တစ်ခုပြီးတစ်ခုဖြစ်ပြီး ဆက်စပ်နေတယ်၊ အညော နိရုဇ္ဈတိ တစ်ခုက ချုပ်သွားလို့ရှိရင်၊ အညော ဥပ္ပဇ္ဇတိ - နောက်တစ်ခုက ဖြစ်လာတယ်။ အပုဗ္ဗံ အစရိမံ သန္ဒဟတိ-ရှေ့လည်း မကျ နောက်လည်းမကျ ဆက်စပ်မိသွားသည့်အတွက် ကြောင့် ကွဲပြားတာ မသိလိုက်တော့ဘူး။

ကဲ အဲဒီမှာ ဗုဒ္ဓဘာသာ မဟုတ်ဘဲနဲ့ သိပ္ပံ ဆရာကြီးတစ်ဦးက ဒါကိုပြောနိုင်တယ်။ အလေး အနက် စဉ်းစားပြီး သူပြောခဲ့တာ ဘာတုန်းဆိုရင် “မြစ်ထဲ နှစ်ခါဆင်းပြီး ရေမချိုးနိုင်ဘူး” တဲ့၊ ဟုတ်ကဲ့ လား။ အဲဒီစကားဟာ အကြမ်းစား အနိစ္စသဘော လေးကို ပြောတာ။ ထာဝရ ပြောင်းလဲနေတဲ့ အရာကို ဖော်ပြတဲ့ စကားတစ်ခုပဲနော်။

အေး အဲဒီလို ပြောင်းလဲနေတာဟာ အပုဗ္ဗံ အစရိမံ ရှေ့လည်းမကျ နောက်လည်းမကျ တစ်ပြိုင်နက်ထဲ၊ ရှေ့မကျ နောက်မကျဘူး ဆိုတာ တစ်ပြိုင်နက်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ပြန်ပြီး ဆက်စပ်မိနေ တယ်တဲ့။ ဆက်စပ်မိရုံတင်မကဘူး၊ ရှေ့စိတ်နဲ့ နောက် စိတ်ဟာ အဆက်မပြတ်ဖြစ်လို့ တစ်ခုထဲလို့ ထင်သွားရတယ်။ သို့သော် ရှေ့စိတ်မဖြစ်ဘဲနဲ့ နောက်စိတ် မဖြစ်နိုင်ဘူး။ ရှေ့က ပထမခြေလှမ်းမရှိဘဲနဲ့ ဒုတိယ ခြေလှမ်း မပေါ်ဘူး၊ ဒုတိယခြေလှမ်းမရှိဘဲ တတိယ ခြေလှမ်း မပေါ်ဘူး ဆိုတာလို ဘယ်အရာပဲဖြစ်ဖြစ် ရှေ့ကဖြစ်စဉ်တစ်ခု ဖြစ်လာပြီးတော့မှ နောက်ဖြစ်စဉ် တစ်ခုက တိုးတက် ဖြစ်ပေါ်လာတာတဲ့။ အဲဒါဟာ Continuousity ဆက်လက် ဖြစ်ပေါ်နေမှု၊ သန္တတိ လို့ခေါ်တယ်။ အဲဒီ သန္တတိ လို့ခေါ်တဲ့ ဖြစ်စဉ်ကြီးက ဖုံးထားလိုက်သည့် အတွက်ကြောင့် ပျက်သွားတဲ့ သဘောကို မမြင်နိုင်တာ၊ အဲဒါကိုမြင်မှ အမှန်မြင် တယ်လို့ ခေါ်တာနော်။

သောတာပန်ဖြစ်ဖို့ဆိုတာ အမှန်မြင်မှ ဖြစ်နိုင် တယ်။ ဖြစ်စဉ်ကြီးတစ်ခုက ဖုံးကွယ်နေတယ်၊ အခု ဖြစ်စဉ်ကြီးတစ်ခုက ဖုံးကွယ်တော့ ဘာကို မစဉ်းစား မိလဲဆိုတော့ ဖြစ်ပြီးပျက်သွားတွေကို မမြင်လိုက်ဘူး။ ဖြစ်ပြီးပျက်သွားတာ မမြင်လိုက်သည့်အတွက်ကြောင့် အနိစ္စလက္ခဏာဟာ မထင်ရှားဘဲ ဖြစ်နေရတယ်။ 'သန္တတိယာ ပဋိစ္ဆန္နတ္တာ' ဖြစ်စဉ်ကြီး တစ်ခုကနေ ဖုံးထားတယ်တဲ့။ 'ဥဒယဗ္ဗယဿ အမနသိကာရာ' ဖြစ်မှုပျက်မှုကို နှလုံးမသွင်းမိဘူး။ ဘယ်သူက လာဖုံး တုန်းဆိုရင် ဖြစ်စဉ်ကြီးတစ်ခုက လာဖုံးလိုက်တယ်၊ ဖုံးလိုက်တဲ့ အတွက်ကြောင့် အနိစ္စ မမြင်ကြဘူး။ အဲဒီလို ဖြစ်စဉ်တစ်ခုက ဖုံးထားတော့ ဖြစ်မှုပျက်မှုကို မစဉ်းစားမိဘူး။ မစဉ်းစားမိလို့ မမြဲဘူးဆိုတဲ့ အနိစ္စ သဘောကို မမြင်နိုင်ဘူး။ မမြင်နိုင်တော့ နိစ္စ မြဲနေ တယ်လို့ထင်တဲ့ ဒီအထင်ကြီး ရောက်သွားတယ်။ အဲဒီ အထင်ကြီးက မှားယွင်းနေတဲ့ အထင်ကြီးဖြစ်တယ်။

သောတာပန်ဖြစ်သွားပြီဆိုရင် ဖြစ်တာ ပျက်တာ ကို နှလုံးသွင်း ဆင်ခြင်တတ်လာတယ်။ ဆင်ခြင်တတ် လာသည့် အတွက်ကြောင့် ဖြစ်စဉ်ကြီးတစ်ခု ဖုံးမနေ တော့ဘူး။ ဖုံးကွယ်မနေသည့် အတွက်ကြောင့် မမြဲဘူး ဆိုတာ ရှင်းရှင်းကြီး မြင်သွားတယ်။ မြင်တာနဲ့ တစ်ပြိုင် နက် အမှန်မြင်ပြီး သံသယဆိုတာ ကင်းစင်သွား တယ်။ အဲဒါလည်း ဘုရားပွင့်မှ ဒီလိုမြင်နိုင်တာ။

အေး န စ သော၊ န စ အညော ဆိုတာ သဘာဝတရားကို လူတစ်ယောက်ရဲ့ ဘဝတစ်ခုနဲ့ နှိုင်းယှဉ်ပြီး ပြောတဲ့စကား။ ဒီဘဝနေပြီး နောက်ဘဝ သွားတာကိုလည်း ဒီစကားလုံးနဲ့ပဲ ပြောလို့ရတယ်။ ဒီဘဝက လူတစ်ယောက် သေသွားတယ်၊ နောက်ဘဝ မှာ လူတစ်ယောက် လာဖြစ်တယ်။

ဆိုပါစို့၊ ဦးဘ ဆိုတဲ့ လူကြီးတစ်ယောက် ကွယ်လွန်သွားတယ်၊ နောက် လေးငါးနှစ်ကြာတော့ မောင်လှ ဆိုတဲ့ ကလေးတစ်ယောက် ပေါ်လာတယ်။ အဲဒီလူက မှတ်မိလို့ပြောတယ်၊ သူဟာ ဦးဘ ဝင်စား တာပါ။ ဟုတ်ကဲ့လား၊ ဒီတော့ သူတို့နှစ်ယောက်ဟာ တစ်ယောက်ထဲလားလို့ မေးလို့ရှိရင် “န စ သော န စ အညော” ဦးဘကိုယ်တိုင်က မောင်လှဖြစ်သွား တာ မဟုတ်ဘူး၊ မောင်လှကိုယ်တိုင်လဲပဲ တစ်ခြားလူ မဟုတ်ဘူး၊ အဲဒါ ဘာပြောတာလဲဆိုရင် ဖြစ်စဉ် အားဖြင့် ဆက်စပ်နေတယ်၊ တိုက်ရိုက်ကြီး ဆက်စပ် နေတာ ဟုတ်ကဲ့လား၊ ဒီလူက ဟိုလူဖြစ်သွားတာ မဟုတ်ဘူး။

ဗုဒ္ဓဝင်ကို ဖတ်တဲ့အခါကျတော့ သိဒ္ဓတ္ထမင်းသား သည် ဘုရားအလောင်းဖြစ်တယ်၊ သိဒ္ဓတ္ထ မင်းသား သည် တောထွက်ပြီး ဘုရားဖြစ်သွားတဲ့အခါ သိဒ္ဓတ္ထ မင်းသား ဘုရားဖြစ်တယ်လို့မပြောကြဘူးလား၊ သိဒ္ဓတ္ထ မင်းသား ဘာလုပ်နေတုန်းဆိုရင် ယသောဓရာနဲ့ အိမ်ထောင်ပြုတယ်မို့လား၊ ဘယ်လို သိဒ္ဓတ္ထမင်းသား က ဘုရားဖြစ်သွားတာလဲဆိုရင် ဘုရားနဲ့ သိဒ္ဓတ္ထ မင်းသားက အတူတူလား၊ တစ်ခြားစီလားလို့ပြောရင် တူတဲ့အပိုင်း တူတယ်၊ မတူတဲ့အပိုင်း မတူဘူး ဟုတ်ကဲ့ လား။ အဲဒါကို ရည်ညွှန်းပြီး “န စ သော၊ န စ အညော” ဘုရားဟာ သိဒ္ဓတ္ထ မင်းသားလည်း မဟုတ် ဘူး၊ တခြားလည်း မဟုတ်ဘူးလို့ ပြောတာ။ သိဒ္ဓတ္ထ မင်းသားရဲ့ ဘဝရှေ့ပိုင်းကဟာတွေဟာ ဆက်စပ်ပြီး တစ်ခုပြီးတစ်ခုပျက်၊ တစ်ခုဖြစ်တစ်ခုပျက်။ ခုခေတ်လို ပြောမယ်ဆိုရင် OnLine ပဲပေါ့။ Line တစ်ခုထဲ ရောက်နေတာ၊ အဲဒီလို တစ်လိုင်းထဲမှာ ရောက်နေလို့ တူတယ်လို့ပြောတာ၊ တကယ်တမ်းကျတော့ မတူဘူး၊ မတူဘူးဆိုတာ ဘာနဲ့သက်သေပြရမလဲဆိုရင် သိဒ္ဓတ္ထ မင်းသားက ယသောဓရာနဲ့ အိမ်ထောင်ပြုပြီး သား တစ်ယောက်တောင် ရနေပြီ၊ ဘယ်လိုဘုရားဖြစ်မလဲ။ Line က ကြည့်မယ်ဆိုရင် ဟုတ်ကဲ့လား၊ ဒါကြောင့် မို့လို့ တူတဲ့အပိုင်း ရှိသလို မတူတဲ့အပိုင်း ရှိတယ်။ ဒါကြောင့် လုံးဝတူတာ မဟုတ်တဲ့အတွက်ကြောင့် “န စ သော၊ န စ အညော”။ အဲဒါ သူကိုယ်တိုင် လည်း မဟုတ်ဘူး၊ တစ်ခြားသူလည်းမဟုတ်ဘူး။ အဲဒီ အချက်ကို သဘောပေါက်ဖို့လိုတယ်။ သဘောပေါက် ရင် အနိစ္စ လက္ခဏာကို ရှင်းရှင်းသိနိုင်တယ်။ သောတာပန်တို့ရဲ့အမြင်ဖြစ်တဲ့ မှန်ကန်သောအမြင်နှင့် သံသယကင်းစင်မှုဆိုတဲ့ ဒီအရည်အသွေး နှစ်ရပ်ကို ရမှာဖြစ်တယ်။ နို့မို့ဆိုရင် သံသယတန်းလန်း ရှိနေ ကြမှာ။

---

ပြုလုပ်သူနှင့် ခံရသူ

နောက်တစ်ခု စဉ်းစားကြည့်ရမှာ၊ မိလိန္ဒမင်းကြီး က နောက်မေးခွန်းတစ်ခု ထပ်မေးတယ်။ “ဒီဘဝ လူတစ်ယောက်ဟာ အကုသိုလ်တွေလုပ်တယ်၊ သူများ အသက်တွေ သတ်တယ်။ နောက်ဘဝ ရောက်တဲ့အခါ ကျတော့ ငရဲသွားခံရတယ်။ ဆိုပါစို့၊ ဥပမာတစ်ခုပေါ့ နော်၊ လုပ်တာက တစ်ယောက်၊ ခံနေရတာက တစ်ယောက် မဖြစ်ဖူးလား” တဲ့။

လုပ်တုန်းက ဒီဘဝက ရုပ်နာမ်တွေက လုပ်တာ၊ ခံရတဲ့အခါ နောက်ဘဝ ရုပ်နာမ်တွေက ခံနေရတာ၊ ဗမာတွေ ပြောကြတယ်မဟုတ်လား၊ “ဒီဘဝ ဒီကိုယ်စံ၊ နောက်ဘဝ နောက်ကိုယ်ခံ” ဆိုပြီးတော့ ဒီလို အတွေး အမြင်တွေလွဲပြီးတော့ “ဟာ နောက်ဘဝ ဒီကိုယ်ခံရ တာ မဟုတ်ဘူး၊ ဒီဘဝစံဖို့ အရေးကြီးတယ်” ဆိုပြီး တော့ မကောင်းမှုတွေ လုပ်တဲ့လူ မရှိဘူးလား။

မိလိန္ဒမင်းကြီးက မေးပြန်တယ်။ ဒီဘဝ ရုပ်နာမ် တွေက အကုသိုလ်လုပ်တာ၊ အဲဒီ အကုသိုလ်လုပ်တဲ့ ရုပ်နာမ်တွေ ရှိသေးလားဆိုရင် မရှိတော့ပါဘူး၊ လုပ်ပြီး ပျောက်သွားတာပဲ၊ ပျောက်သွားတယ်ဆိုတာ ဘယ် လောက်ထင်ရှားတုန်း၊ ဆိုပါစို့၊ အိမ်မှာ ကိုယ့်မိသားစု တစ်ယောက်နဲ့တစ်ယောက် စိတ်ဆိုးတယ်၊ စိတ်ဆိုးတာ တစ်ရက်ပဲ စိတ်ဆိုးတယ်၊ နောက်မှာ ထမင်းအတူ စားနေတယ်၊ အဲဒီစိတ် ရှိသေးလား၊ စိတ်ဆိုးတုန်းက ဆိုးခဲ့ပြီးတော့ ပျောက်သွားတယ်၊ ဒါပေမယ့် စိတ်ဆိုး တုန်းက ပြောခဲ့တဲ့ဟာတွေမှာ နောက်တစ်ရက် ကျတော့ သူ့မှာတာဝန်မရှိဘူးလား ရှိနေတယ်နော်၊ သို့သော် စိတ်ဆိုးတုန်းကစိတ်ကမရှိတော့ဘူး၊ တာဝန် ရှိတာက နောက်နေ့ စိတ်မဆိုးတဲ့နေ့မှာ တာဝန် လာရှိနေမယ်ဆိုတော့ “လုပ်တာက တစ်ယောက်၊ ခံရ တာက တစ်ယောက် ဖြစ်မနေဘူးလား။ အဲဒါ ဘယ်လို ရှင်းမလဲ”။

---

သရက်သီးခိုးသူ

ရှင်နာဂသိန်က ဥပမာနဲ့ ဖြေတယ်။ လူ တစ်ယောက်ဟာ သရက်ခြံကြီးလုပ်ပြီး သရက်ပင် စိုက်ထားတယ်။ နောက်တစ်ယောက်က တိတ်တဆိတ် ဝင်ပြီးခိုးစားတယ်၊ ခိုးစားတော့ဖမ်းမိတယ်။ သရက်သီး သူခိုးဆိုပြီးတော့ ရုံးပို့တယ်။ ရုံးက တရားစွဲတယ်၊ ဒဏ်ရိုက်တဲ့အခါကျတော့ သရက်သီးခိုးတဲ့ကောင်က ပြောတယ်၊ သူပြောတဲ့စကားကကြည့်၊ “သူ့သရက်သီး မခိုးပါဘူးတဲ့၊ သူစိုက်တဲ့ သရက်သီးက မရှိဘူး၊ ဒါက ဒီအပင်ကသီးတာ” တဲ့၊ အဲဒီလိုပြောလို့ ရမလား၊ “အဲဒီလူစိုက်တဲ့ အသီးက တစ်ခြား၊ ကျွန်တော်ခိုးတဲ့ သရက်သီးက တစ်ခြားပါ” တဲ့၊ ပြောလို့မရဘူးလား၊ သူစိုက်တဲ့အသီးမှ မဟုတ်တာ၊ အခုဟာ သူစိုက်တဲ့ အပင်က သရက်သီးလေ၊ သူစိုက်တဲ့အသီးက သွားပြီ လေ မရှိတော့ဘူး၊ အဲတော့ သူစိုက်တဲ့သရက်သီးကို ကျွန်တော်မျိုး မခိုးရပါဘူးတဲ့။ အဲတော့ ကျွန်တော်မျိုး ခိုးတဲ့သရက်သီးက သူစိုက်တဲ့သရက်သီး မဟုတ်ပါဘူးလို့ ထုချေလွှာ သွင်းသတဲ့၊ ရုံးတော်က လွှတ်ပါ့မလား၊ လူတွေလုပ်တဲ့ရုံးကမှ မလွှတ်ရင် သဘာဝတရားက လွှတ်ပါ့မလား။ ဒီဘဝလုပ်ရတာ ဟိုဘဝ ခံရတယ် ဆိုရင် လွတ်ပါ့မလား၊ ဘာလို့လဲဆိုရင် ဆက်စပ်နေ တယ်တဲ့၊ ဒီဘဝလုပ်ထားတဲ့ရုပ်နာမ်က ချုပ်ပြီးတော့ နောက်ဘဝ ရုပ်နာမ်က တာဝန်ရှိလာတာ၊ OnLine ဖြစ်နေသည့်အတွက်ကြောင့် လုပ်တုန်းက တစ်ခု၊ ခံရတော့တစ်ခု ဒီလိုဖြစ်နေတယ်။

ဝိပဿနာဉာဏ်နဲ့ကြည့်ရင် လူတစ်ယောက်ကို “ဟာ သူငယ်ချင်း” လို့ဆိုပြီး ဝမ်းသာအားရ သွားဖက် လိုက်တယ်။ မြင်လိုက်တဲ့အချိန်မှာရှိတဲ့ရုပ်ဟာ အဲဒီလို ဖက်လိုက်တဲ့အချိန်မှာ မရှိတော့ဘူး။ ဝိပဿနာဉာဏ် အမြင်နဲ့ကြည့်ရင် အဲဒီလောက်ထိအောင် ပြောင်းလဲ မှုက မြန်တယ်။ သူဖက်တာက Copy ကို ဖက်မိနေ တာ၊ ဟုတ်ကဲ့လား။ နှုတ်ဆက်တဲ့အချိန်က ဖြစ်နေတဲ့ ရုပ်နာမ်က အဲဒီလူမှာ မရှိတော့ဘူး၊ နောက်ထပ် ရုပ်နာမ်သာ ရှိတယ်၊ အဲဒါကိုမြင်မှ အမှန်ကိုမြင်တဲ့ ဝိပဿနာဉာဏ်၊။

ဒီဘဝ အကုသိုလ်လုပ်ပြီး နောက်ဘဝ သွားခံ ရတယ်ဆိုတာ ဘာဖြစ်လို့ ခံရတာလဲမေးရင် သဘာဝ တရားချင်း ပြန်ပြီးဆက်စပ်နေတဲ့ အတွက်ကြောင့် လွတ်ခွင့်မရှိဘူး။ ခုနတုန်းက သရက်သီးသူခိုး ဘာလို့ မလွတ်သလဲ၊ ပိုင်ရှင်က စိုက်ထားမှ ဒီသရက်ပင် ပေါက်တာကိုး၊ ပိုင်ရှင်စိုက်တဲ့ သရက်စေ့ကမှ သရက်ပင်ပေါက်တဲ့အတွက်ကြောင့် ဒီလူဟာ မှုခင်းက မလွတ်နိုင်ဘူး၊ ဒီလူစိုက်တဲ့ သရက်သီးက ဖြစ်လာ တဲ့အပင်၊ ကြောင်းကျိုးဆက်နေတဲ့ အတွက်ကြောင့် လောကဥပဒေအရ လွတ်ခွင့်မရှိဘူး။

---

ဖယောင်းတိုင်မီး ဥပမာ

နောက်ဥပမာတစ်ခု စဉ်းစား၊ ရှင်နာဂသိန်က ပြောတယ်။ ဖယောင်းတစ်တိုင်ထွန်းပြီး ရွာတစ်ရွာ ကလူတွေပေါင်းပြီးထမင်းစားကြတယ်၊ အဲဒီ ဖယောင်း တိုင်မီးလေးက တိုတိုသွားပြီးတော့ မီးထလောင်တယ်။ အိမ်လည်းမီးလောင်သွားတယ်၊ အရပ်လည်းမီးလောင် သွားတယ်၊ အဲဒီလူကိုဖမ်းပြီး တရားစွဲတယ်၊ မင်း ကြောင့် မီးလောင်ရတယ်ပေါ့။

ဒီလူက ငြင်းချက်ထုတ်တယ်တဲ့၊ ကျွန်တော့်မီး မဟုတ်ပါဘူး၊ ကျွန်တော် ထမင်းစားတုန်း ထွန်းတဲ့ မီးက ဖယောင်းတိုင်မီးပါ။ အိမ်တွေလောင်တဲ့မီးက အဲဒီမီး မဟုတ်ပါဘူးတဲ့၊ ပြောလို့ရမလား၊ အဲဒီလို မရဘူးနော်။

အဲဒီလိုပဲ ဘဝတစ်ခုနဲ့တစ်ခုက အကြောင်းနဲ့ အကျိုး ဆက်စပ်နေတာလေ၊ ဘယ်လိုဆက်တုန်း ဆိုရင် သူပြောတဲ့အတိုင်း သူထွန်းတဲ့ဖယောင်းတိုင်မီး မဟုတ်ဘူး၊ အဲဒီဖယောင်းတိုင်မီးကနေ ကူးသွားတဲ့မီး။ အဲဒီမီးကနေ တစ်ခုကူး နောက်တစ်ခုကူးတယ်၊ အဲဒီ မီးကနေ အပြောင်းအလဲတစ်ခုဖြစ်သွားတယ်၊ သူပြော တာကလည်း ဟုတ်တယ်၊ သူ့မီးမဟုတ်ဘူးတဲ့။

---

နွားနို့ ဥပမာ

နောက် ဥပမာတစ်ခုကို ဆင်ခြင်စဉ်းစားကြည့်ဦး နော်။ လူတစ်ယောက်က နွားနို့စစ်စစ်ရချင်လို့ သွား ဝယ်တယ်၊ ပိုက်ဆံချေပြီး နွားနို့ကို နောက်နေ့ကျမှ လာယူမယ်ဆိုပြီး ပုလင်းထဲထည့်ထားခဲ့တယ်။ နောက် တစ်နေ့ အဲဒီနွားနို့က ချဉ်ပြီး ဒိန်ချဉ်ဖြစ်သွားပြီ၊ ဒိန်ချဉ် ဖြစ်သွားတော့မှ သူက ပြန်လာတယ်၊ “မနေ့က ကျွန်တော်ထားခဲ့တဲ့ နွားနို့လေး ပေးပါခင်ဗျ” ဆိုပြီး ပြောတော့ ထားခဲ့တဲ့ ပုလင်းလေး ပေးလိုက်တယ်။ ပေးလိုက်တဲ့အခါ နွားနို့က ချဉ်နေပြီ။ “ကျွန်တော် ဝယ်ထားတာက နွားနို့၊ ခင်ဗျားပေးတာက ဒိန်ချဉ်၊ ကျွန်တော် မယူနိုင်ဘူး” “ဟာ မဟုတ်ဘူး၊ ခင်ဗျား ထားခဲ့တဲ့ဟာ” ဆိုပြီး စကားများကြတယ်။ ရုံးရောက် တဲ့အခါ ဘယ်သူ့အနိုင်ပေးမတုန်း၊ နွားနို့ရောင်းတဲ့သူ အနိုင်ပေးမှာဟုတ်လား၊ ဘာလို့လဲဆိုတော့ သူပြော တာမှန်တယ်၊ ပြောင်းသွားတာ သူနဲ့မဆိုင်ဘူး၊ နွားနို့ ကနေ ဒိန်ချဉ်ဖြစ်သွားတာ၊ ဟိုလူက တရားစွဲဖို့မရှိဘူး၊ ဒါပေမယ့် သူဝယ်တာက နွားနို့၊ ရတာက ဒိန်ချဉ်၊ အကြောင်းနဲ့အကျိုးဆက်စပ်နေတယ်။ အဲဒီလိုပဲ ဒီဘဝ ဒီကိုယ်စံ၊ ဟိုဘဝ ဟိုကိုယ်ခံ၊ အဲဒီလိုလာမှာပဲ။ ဒီဘဝ လုပ်ထားလို့ရှိရင် ဟိုဘဝ လိုက်အကျိုးပေးမယ်။ ကဲ ရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ကြီး ဒီဘဝ မှာ သူတော်ကောင်းကြီးပါ။ ဥပတိဿ ကောလိတ ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်တို့ဟာ တကယ်ချမ်းသာ ကြတယ်။ သွားအတူ၊ လာအတူ၊ စားအတူ၊ ပွဲကြည့် ရင်းကနေ သံဝေဂရပြီး သင်္ကန်းဝတ်လာတာ၊ တကယ့် သူတော်ကောင်းကြီး။ ဒီဘဝမှာ သူ့အမေလည်း မနှိပ်စက်ဘူး၊ အဖေလည်း မနှိပ်စက်ဘူး၊ ဒါပေမယ့် နောက်ဆုံးနေ့ကျတော့ ရှင်မဟာမောဂ္ဂလာန် မထေရ် မြတ် ရာဇဂြိုဟ်ပြည်နားက ကာဠသိလာ ကျောက် တောင်ကြီးမှာ သီတင်းသုံးစဉ် လူသတ်သမားငါးရာက လာပြီးသတ်သွားလို့ ပရိနိဗ္ဗာန်စံသွားရတယ် မဟုတ် လား။

အဲဒါကို ဘယ်လိုရှင်းလဲဆိုရင် အရင်ဘဝတုန်းက အဖေ၊ အမေကို သတ်ခဲ့တဲ့ကံက အကျိုးပေးတာ။ သတ်တာသူမဟုတ်ဘူး၊ ဟုတ်ကဲ့လား၊ ရှင်မောဂ္ဂလာန် က မသတ်ဘဲနဲ့ ဘာကြောင့် ရှင်မောဂ္ဂလာန်က လာခံ ရတာတုန်းဆိုတော့ အကြောင်းနဲ့အကျိုး ဆက်နေလို့ ဖြစ်တယ်။ အတိတ်ဘဝက အရှင်မောဂ္ဂလာန်ဖြစ်မယ့် ပုဂ္ဂိုလ် သန္တာန်မှာဖြစ်ခဲ့တဲ့၊ ရုပ်နာမ်တွေမှာ ဖြစ်ပေါ် ခဲ့တဲ့ အကုသိုလ်အမှုသည် ရှင်မောဂ္ဂလာန် ဘဝအထိ ဆက်စပ်နေတယ်။

အဲဒီအကုသိုလ်ကို တိမ်းလို့ မရဘူးဆိုတာ သတိ ထားနော်။ Line ဆိုတာ အဲဒါကို ပြောတာ။ Line ပေါ်မှာရောက်နေတယ်၊ သူ့ Line နဲ့သူ၊ ကိုယ့် Line နဲ့ကိုယ်။ ကိုယ်လုပ်ထားရင် ကိုယ်နဲ့ပဲဆိုင်တယ်ဆိုတာ အဲဒါပြောတာ။ ကောင်းတာလုပ်လုပ်၊ ဆိုးတာလုပ်လုပ် လုပ်သမျှဟာ ကိုယ်ပဲခံရမယ်၊ အဲဒီ အဓိပ္ပါယ်။ အကြောင်းအကျိုးတွေနဲ့ ဆက်စပ်နေတယ်။ ဒါပေမယ့် ပြောမယ်ဆိုရင် သူလုပ်တာ မဟုတ်ဘူး၊ ခံရတဲ့သူ လုပ်တာ မဟုတ်ဘူး၊ ရှင်မောဂ္ဂလာန်က ခံသာခံလိုက် ရတာ၊ ရှင်မောဂ္ဂလာန်ဘဝမှာဘာလုပ်ခဲ့လို့တုန်း၊ ဘာမှ မလုပ်ဘူး။ အဖေ အမေ သတ်တာ သူမလုပ်ဘူး၊ ဒါပေမယ့် သူခံရတာ။

ရှင်ဒေဝဒတ်ကြီးလည်း ကြည့်ဦးပေါ့။ သိဒ္ဓတ္ထ မင်းသားကို သန္ဓေကပါလာတဲ့ အမုန်းတရားနဲ့မုန်းတာ။ မြတ်စွာဘုရား သက်တော် ရွယ်တော်လည်း ကြီးလာ တဲ့အခါ ပရိသတ်အလယ် ဘုရား တရားဟောနေတဲ့ အချိန် “ပရိသတ်ကို သူ့လွှဲပါ၊ သူ တာဝန်ယူပြီး ခေါင်းဆောင်လုပ်ပါ့မယ်၊ အရှင်ဘုရား အသက်ကြီးပြီ” တဲ့။

အဲဒီကျတော့ မြတ်စွာဘုရားက အမိန့်ရှိလိုက်တဲ့ အထဲမှာ “သူများထွေးတဲ့တံတွေးကို မျိုချင်တာလား” ဆိုတဲ့ စကားလုံးလေး သုံးလိုက်တယ်။ အဲဒီမှာ နာကြည်းမှုက ပိုပြီးပြင်းထန်လာတယ်၊ နောက်ဆုံး ဘုရားကို ရန်လုပ်တာ အားလုံးအသိပဲနော်။

အဲဒီ ရန်လုပ်သွားတဲ့ ဒေဝဒတ်ဟာ အခု ဘယ် အခြေအနေရောက်တုန်းဆိုရင် အဝီစိငရဲမှာ ခံနေရ တယ်။ ရန်လုပ်တုန်းကဒီဘဝလုပ်တာ၊ ခံတော့ နောက် ဘဝမှာ သွားခံရတယ်၊ ဘာလို့တုန်း၊ တစ်ယောက်ထဲ လား နှစ်ယောက်လား၊ အတိအကျ တစ်ယောက်ထဲ တော့ ဟုတ်ရဲ့လား၊ ရန်လုပ်တုန်းက ဒီဘဝ ရုပ်နာမ် တွေက လုပ်တာ၊ ခံရတော့ နောက်ဘဝ ရုပ်နာမ်တွေ ခံရတာ၊ ဘာကြောင့် ခံရတာတုန်းဆိုရင် အကြောင်း အကျိုးတွေ ဆက်စပ်နေလို့။ ဆက်စပ်မှုဆိုတာ အကြောင်းအကျိုး ဆက်စပ်နေတဲ့ အဓိပ္ပာယ်ကို ပြောတာ။

---

ဖြစ်စဉ်ကြီးတစ်ခု

ဘဝကူးတယ်ဆိုတာကလည်း အဲဒီလိုပဲ။ ဖြစ်စဉ် ကြီး တစ်ခုဟာ စပ်နေတယ်။ ကြားထဲမှာ အပြတ် မရှိအောင် စပ်နေတယ်၊ ခုနက ပထမ ခြေလှမ်းသည် ဒုတိယခြေလှမ်းနဲ့တစ်ဆက်တည်း၊ အဲဒီလို စပ်နေတယ်။ နွားနို့ကနေ ဒိန်ချဉ်၊ ဒိန်ချဉ်ကနေ ရက်တက် ဖြစ်တယ်၊ ထောပတ် ဖြစ်လာတယ်၊ ဆီဦး ဖြစ်လာ တယ်၊ ဆက်မနေဘူးလား။ ဒီဖြစ်စဉ်က စပ်နေသည့် အတွက်ကြောင့် တစ်ခုလည်း မဟုတ်ဘူး၊ တစ်ခြား လည်း မဟုတ်ဘူး၊ ဒီအဖြေမျိုးပဲ ဖြေလို့ရတယ်။ ဒီ အပိုင်းအခြားကိုမမြင်တဲ့ မိလိန္ဒမင်းကြီးက တစ်ခြားစီ လို့ဖြေတယ်။

အဲဒီတော့ ရှင်နာဂသိန်က မှန်မှန်ကန်ကန် ဖြေတယ်။ 'န စ သော၊ န စ အညော' သူလည်း မဟုတ် တစ်ခြားသူလည်း မဟုတ်။ ဘာ့ကြောင့် သူ မဟုတ်သလဲဆိုရင် ဒီပုဂ္ဂိုလ်က ဟိုပုဂ္ဂိုလ်ဖြစ်သွားတာ မဟုတ်ဘူး၊ နောက်ဖြစ်တဲ့ ပုဂ္ဂိုလ်ကလည်းပဲ ဒီပုဂ္ဂိုလ် အတိအကျ မဟုတ်ဘူးတဲ့။ အဲဒီတော့ မတင်မကျ ဖြေထားတယ်လို့ မအောက်မေ့နဲ့နော်။ ပြောမယ်ဆိုရင် တစ်ခုနဲ့တစ်ခု အကြောင်းအကျိုးအနေနဲ့ ဆက်စပ်နေ တာတဲ့။ ဒါကြောင့်မို့ သူလည်းမဟုတ်ဘူး၊ တစ်ခြားသူ လည်း မဟုတ်ဘူးလို့ ဒီစကားကိုသုံးပြီး ဖြေရတယ်။

အဲဒီလို ဖြစ်ပျက်အစဉ်ကို မြင်တာဟာ အနိစ္စ လက္ခဏာကို ရှင်းရှင်းကြီး မြင်တာပဲ။ အဲဒီလို အနိစ္စ လက္ခဏာကိုမြင်လို့ရှိရင် ဖြစ်စဉ်ကြီးတစ်ခုကို ဖျက်လိုက် နိုင်တယ်။ ဘာနဲ့ ဖျက်တုန်းဆိုရင် ဥဒယဗ္ဗယ မနသိကာရ နဲ့ဖျက်တယ်။ ဖြစ်မှုပျက်မှုတွေကို မြင်လို့ ရှိရင် သန္တတိ ဆိုတဲ့ ဖြစ်စဉ်ကြီးတစ်ခုဟာ ဖြစ်ပျက် အစဉ်တန်းမျှသာ ဖြစ်တယ်လို့ သဘောပေါက်လာ တယ်။ ဖြစ်မှုပျက်မှုတွေ စုဝေးနေတယ် ဆိုတာကို သဘောပေါက်လာတဲ့အတွက်ကြောင့် အဲဒီဖြစ်မှုပျက်မှု ကို ဆင်ခြင်စဉ်းစားတတ်လာတဲ့ ပုဂ္ဂိုလ်ဟာ ဖြစ်စဉ် ကြီးကို ပယ်ရှားလိုက်နိုင်တယ်။ အနိစ္စလက္ခဏာ ဖြစ်ပြီး ပျက်သွားတယ်။

ဖယောင်းတိုင်မီး ဥပမာနဲ့ဆိုရင် ထင်ရှားတယ်၊ တစ်ညလုံးခံတဲ့ ဖယောင်းတိုင် ထွန်းထားတယ်။ စပြီး ထွန်းတဲ့မီးတောက်နဲ့ ညသန်းခေါင်က မီးတောက်နဲ့ တူသလား မတူဘူးလား။ မတူဘူးနော်။ ပထမယာမ် မီးတောက်က ပထမပိုင်းက ဆီလေးနဲ့ မီးစာလေး ပေါ်မှာရှိတယ်၊ ဒုတိယယာမ် ကျတော့ နောက်ထပ် ဆီလည်း ပြောင်းသွားပြီ၊ မီးစာလည်း ပြောင်းသွားပြီ။ နံနက်မိုးသောက် အလင်းရောက်တဲ့အခါ ကုန်ခါနီး ကျတော့ကော ကုန်ခါနီးဆီနဲ့ ကုန်ခါနီး မီးစာရဲ့ မီးတောက် မဖြစ်ဘူးလား၊ ဖြစ်တယ်။ ဒါကြောင့် ပထမယာမ်က မီးလို့လည်း ပြောစရာမရှိဘူး၊ တစ်ခြား လို့လည်း ပြောစရာမရှိဘူး၊ အဲဒါကို န စ သော၊ န စ အညော၊ ဒါလည်း မဟုတ်၊ တစ်ခြားဟာလည်း မဟုတ်လို့ ဟောတာပါ။ ဝိပဿနာကျင့်စဉ်တစ်ခုကို ကျင့်မယ်ဆိုရင် ဒီအဖြေရဲ့ သဘာဝအဓိပ္ပာယ်ကို ရှင်းရှင်းသိမြင်ရမှာ ဖြစ်ပါတယ်။

တရားနာ ပရိသတ် အပေါင်းတို့၊ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော် နှစ်ထောင်နီးပါးက ပညာရှိ အရှင်နာဂသိန်မထေရ် ရှင်းလင်း ဟောပြ သွားတဲ့ သဘာဝဖြစ်စဉ်ကြီးတစ်ခုရဲ့ အနေထားကို မြင်နိုင်အောင် “န စ သော၊ န စ အညော” ဆိုတဲ့ တရားကို ရှင်းလင်းပြခြင်း ဖြစ်ပါတယ်။ တရားချစ်ခင် သူတော်စင် ပရိသတ်တို့သည် ဗုဒ္ဓမြတ်စွာ သာသနာ တော်ကြီးနဲ့ ကြုံတဲ့အခါ အမြင်မှန်ဖို့နဲ့ သံသယကင်းဖို့ အတွက် ဓမ္မကို ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြ ပါစေကုန်သတည်း။