ပဋိစ္စသမုပ္ပါဒ် တရားတော်ကြီး (ဒုတိယတွဲ)
ပဋိစ္စသမုပ္ပါဒ် တရားတော်ကြီး (ဒုတိယတွဲ)
▬▬▬▬▬ஜ۩۞۩ஜ▬▬▬▬▬
မဟာစည် ဆရာတော်
မာတိကာ
▬▬▬▬
ဆဋ္ဌမပိုင်း
(ဆဋ္ဌမပိုင်း) တရားအနုသန္ဓေ
အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ
သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ပုံ
ကုသိုလ်ကံ အကုသိုလ်ကံ၏ အကျိုးတွေ
ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်သည်
အာယတနကြောင့် ဖဿဖြစ်သည်
ခေတ်ပေါ် ဝတ္ထုအာရုံတွေကို တွေ့နေတာမျိုးပါဘဲ
အာရုံကို တွေ့တော့ ခံစားမှုဖြစ်သည်
ဝေဒနာပစ္စယာ တဏှာ
နတ်တွေဟာ ပြิတ္တာနဲ့တူတယ်
တဏှာ ၆-ပါး
သဘောအာရုံကို တောင့်တပုံ
တဏှာ ၆-ပါးမှာ ၁၀၈-ပါး
ဝေဒနာကြောင့် တဏှာဖြစ်ပုံ
တဏှာဖြစ်လျှင် သံသရာစက် လည်သွားသည်
တဏှာ မဖြစ်လျှင် သံသရာစက် ပြတ်သည်
အောက်မဂ်များဖြင့်လဲ ငြိမ်းတန်သမျှ ငြိမ်းတယ်
ဝိပဿနာဖြင့်လဲ တဒင်္ဂတော့ ငြိမ်းပါတယ်
ငြိမ်းဘူးတဲ့ သာဓက မဟာတိဿမထေရ် ဝတ္ထု
ကြက်တူရွေးတောင် ထင်နိုင်ပါသေးတယ်
ကြက်တူရွေး ဝတ္ထု
မဟာတိဿမထေရ်ဝတ္ထုအဆက်
ရှုတိုင်း ရှုတိုင်း ကိလေသာ, ကံ, ဝိပါက်ငြိမ်းတယ်
ပစ္စုပ္ပန်အကျိုးကိုမှီပြီး အကြောင်းတရား ဖြစ်ပေါ်လာပုံ
ချုပ်စပ်သော့ချက်က ဖြတ်တဲ့နည်း
ဥဒေါင်းမင်းဝတ္ထု
စောင်းသံကြောင့် သေရတဲ့ အမျိုးသမီး
ကြားရမှု မမြဲတာကတော့ အလွန်ထင်ရှားပါတယ်
စားသိမှုက အရေးကြီးတယ်
ထိတာနဲ့ သိတာကတော့ အများဆုံးမှတ်ရတာဘဲ
ရှုပုံ ရှုနည်းကို ပြရခြင်းအကြောင်း
ဝေဒနာကြောင့် တဏှာ ၃-ပါးဖြစ်ပေါ်ပုံ
သတ္တမပိုင်း
တဏှာပစ္စယာ ဥပါဒါနံ
ဥပါဒါန် ၄-ပါး
(၁) ကာမုပါဒါန်
ရူပါရုံ ကာမဂုဏ်
သဒ္ဒါရုံ ကာမဂုဏ်
ဂန္ဓာရုံ ကာမဂုဏ်
ရသာရုံ ကာမဂုဏ်
ဖောဋ္ဌဗ္ဗာရုံ ကာမဂုဏ်
အခြေခံကာမဂုဏ်
တဏှာမှ ကာမုပါဒါန် ဖြစ်လာပုံ
(၂) ဒိဋ္ဌုပါဒါန်
ဒသဝတ္ထုက မိစ္ဆာဒိဋ္ဌိဖြစ်ပုံ
မိစ္ဆာဒိဋ္ဌိနှင့် သမ္မာဒိဋ္ဌိ
ဒသဝတ္ထုက သမ္မာဒိဋ္ဌိဖြစ်ပုံ
ဒါန၏ တမလွန်အကျိုးလဲ ထင်ရှားသည်
ကောင်းမှု မကောင်းမှု၏ အကျိုး
မိဘကျေးဇူး
တပါးသော လောကကို တွေ့မြင်နိုင်တဲ့နည်း
မုချ ကိန်းသေ ဆင်ခြင်ပုံ
ပါရမီဆိုတာ ပညာသင်ရတာမျိုးဘဲ
ဘုရားအလောင်းလို စွန့်ရဲပါ့မလား
ဒိဋ္ဌုပါဒါန်၌ အတိုချုပ်မှတ်ရန်
(၃) သီလဗ္ဗတုပါဒါန်
နွားလို ကျင့်ခြင်း
ခွေးလို ကျင့်ခြင်း
သတ္တဝါတို့၏ အလိုအကြိုက်က သိပ်ဆန်းကြယ်တာဘဲ
ကောရခတ္တိယဝတ္ထု
ယုတ်ညံ့သူက ယုတ်ညံ့တဲ့ အကျင့်နည်းလမ်းကို ကြိုက်သည်
အနာဂတ်ဟော မိန့်ခွန်းတော်
သီလဗ္ဗတခေါ်တဲ့ အလေ့အကျင့် အမျိုးမျိုး
သီလဗ္ဗတုပါဒါန်၌ အတိုချုပ်မှတ်ရန်
သောတာပန်မှာ သီလဗ္ဗတုပါဒါန် ကင်းပုံ
ပုထုဇဉ်မှာ ဆရာများသည်
လမ်းဆုံးထင်လျှင် ဈာန်လဲ သီလဗ္ဗတမည်တာဘဲ
ဥဒကရသေ့၏ စွဲလမ်းပုံ
(၄) အတ္တဝါဒုပါဒါန်
အတ္တစွဲ အမျိုးမျိုး
သာမီ အတ္တစွဲ
နိဝါသီ အတ္တစွဲ
ကာရက အတ္တစွဲ
ဝေဒက အတ္တစွဲ
ခန္ဓာငါးပါး မဟုတ်ဟု ငြင်းပေမဲ့
အတ္တဝါဒုပါဒါန်၌ အတိုချုပ်မှတ်ရန်
တဏှာကြောင့် ဥပါဒါန်ဖြစ်ပုံ
အဋ္ဌမပိုင်း
ဥပါဒါနပစ္စယာ ဘဝေါ
(၁) ကမ္မဘဝ
(၂) ဥပပတ္တိဘဝ ၉-ပါး
မေဏ္ဍကသေဋ္ဌေးကြီးဝတ္ထု
ဆုတောင်းပြည့်ပုံ
ဥပါဒါန်ကြောင့် ကမ္မဘဝဖြစ်ပုံ
ပုပ္ဖရတ္တဇာတ်
ကမ္မဘဝဖြစ်ပုံ အဆက်
ကောင်းမှုကလဲ အမှားအမှန် ၂-မျိုးရှိတယ်
ကောင်းမှု ကံမှားတွေ
မှန်ကန်သောတရားကြားရလျှင် ကောင်းမှုဖြစ်တယ်
ကောင်းမှုမှန် စိစစ်ချက်
ကုသိုလ်ကမ္မဘဝဖြစ်ပုံ
ကမ္မဘဝကြောင့် ဇာတိပေါ်ပုံ
ကံ ၄-ပါး
အဇာတသတ်မင်း ဝတ္ထု
ကြွင်းသော ကံကြီး ၃-ပါး
အာစိဏ္ဏကံခေါ် ဗဟုလကံ
အာသန္နကံ
သုတရှင်တို့ စဉ်းစားဘွယ်
ကဋတ္တာကံ
ဇာတိပေါ်လာပုံ
ဇာတိကြောင့် ဇရာမရဏ စသည် ပေါ်လာပုံ
လူ့ဘဝမှာ ဖြစ်မိယင် အိုနာသေကို ရှောင်လို့မရ
အို, နာ, သေဘေး ရှောင်ပြေးလို့ မလွတ်
စိုးရိမ်ပူဆွေးခြင်း
ငိုကြွေးရခြင်း
ကိုယ်ဆင်းရဲ အမျိုးမျိုး
စိတ်ဆင်းရဲ အမျိုးမျိုး
ဆူး ၂-ချောင်း စူးတာနဲ့တူတယ်
စိတ်ဆင်းရဲ၏ အကြောင်းများ
စိတ်နှလုံး ပြင်းစွာ ပူပန်ခြင်း
အားလုံး ဆင်းရဲချည်းဘဲ
နတ်ဘဝ၌ ဇာတိဇရာမရဏ စသည်ဖြစ်ပုံ
သုဗြဟ္မနတ်သား ဝတ္ထု
ကာမုပါဒါန်ကြောင့် ရူပ, အရူပ, ကမ္မဘဝ စသည်ဖြစ်ပုံ
အားကြီးတဲ့ တဏှာဟူသမျှကို ကာမုပါဒါန်ခေါ်သည်
ဇရာမရဏကတော့ ဘယ်မှာဖြစ်ဖြစ် ရှိနေတာဘဲ
နဝမပိုင်း
ဒိဋ္ဌုပါဒါန်ကြောင့် ဘဝဖြစ်ပုံ
နန္ဒကပေတဝတ္ထု
သဿတဒိဋ္ဌုပါဒါန်ကြောင့် ကမ္မဘဝဖြစ်ပုံ
ဒိဋ္ဌမင်္ဂလာအစွဲ စသည်ကြောင့်လဲ ကမ္မဘဝဖြစ်သည်
စိတ္တသမ္ဘူတဇာတ်အကျဉ်း
ကောကမုဆိုးဝတ္ထု
ဒိဋ္ဌမင်္ဂလာအစွဲ စသည်ကြောင့် ကုသိုလ်ကံလဲ ဖြစ်နိုင်ပါတယ်
ကောသလမင်း၏ ယဇ်အစီအရင်
ဒု-သ-န-သော၏ အဓိပ္ပါယ်
ဘာသာအယူအစွဲကြောင့်လဲ ကမ္မဘဝဖြစ်နိုင်တယ်
ဝါဒစွဲကြောင့်လဲ ကမ္မဘဝ ဖြစ်နိုင်တယ်
သီလဗ္ဗတုပါဒါန်ကြောင့် ဘဝဖြစ်ပုံ
အတ္တဝါဒုပါဒါန်ကြောင့် ဘဝဖြစ်ပုံ
ကောသလ အမေးနှင့် မလ္လိကာ အဖြေ
ကိုယ့်ကိုယ်ဟာ အချစ်ဆုံး
လောကဝေါဟာရ အတ္တကို ရည်ရွယ်ပါတယ်
အမိသော်မှ သားတော်ခဲ
အတ္တစွဲကြောင့် ကံဖြစ်ပုံ
အရိယာမှာ ကာမုပါဒါန်သာ ရှိတယ်
ဥဂ္ဂါသူကြွယ်ဝတ္ထု
ဝိပဿနာကုသိုလ်ကံက ဘယ်ဥပါဒါန်ကြောင့် ဖြစ်သလဲ
ဝိပဿနာကံကြောင့် ဘဝသစ် ဖြစ်ပါသေးသလား
ဝိပဿနာက ဘဝမှ လွတ်မြောက်စေပုံ
ဝိပဿနာ မရှုနိုင်လျှင် သံသရာစက်လည်လည်
ဒသမပိုင်း
အင်္ဂါ ၁၂-ပါး
မူလ ၂-ပါးနဲ့ ဘဝစက် ၂-ပါး
ကာလ ၃-ပါး
အတိတ်အကြောင်း ငါးပါး
သင်္ခါရနှင့် ကမ္မဘဝခွဲပုံ
အတိတ်အကြောင်းကြောင့် ပစ္စုပ္ပန်အကျိုးဖြစ်ပုံ
ပစ္စုပ္ပန်အကျိုး ငါးပါး
ခေါင်းစဉ် အမည်လောက်ရထားတဲ့သူက အထင်သေးတတ်တယ်
အကျဉ်းချုပ် သုတမယဉာဏ်
ပစ္စုပ္ပန်အကြောင်း ငါးပါး ဖြစ်ပေါ်လာပုံ
ပစ္စုပ္ပန်အကြောင်းကို ပယ်ပုံ
ရဟန္တာ၏ အမြင်
သေရတာလဲ အလိုမရှိ၊ နေရတာလဲ အလိုမရှိ
ပုဂ္ဂိုလ် သေပျက်တာ မဟုတ်၊ ဆင်းရဲငြိမ်းတာ
ပရိနိဗ္ဗာန်ကို သဘောမပေါက်လျှင် ဥစ္ဆေဒဒိဋ္ဌီ ဖြစ်တတ်သည်
ယမကရဟန်း ဝတ္ထု
ဆင်းရဲငြိမ်းပုံ အကျဉ်းချုပ်
ဝဇိရာထေရီ ဝတ္ထု
ပရမတ္ထအားဖြင့် နာမ်ရုပ် အကြောင်း အကျိုးမျှသာ ရှိသည်
အလွှာ ၄-ခု
အခြင်းအရာ သရုပ် ၂၀ ရှိတယ်
ဝဋ် ၃-ပါး လည်နေပုံ
သံသရာဝဋ်ဆင်းရဲ ပြတ်ပုံ
ကမ္မဝဋ်, ဝိပါကဝဋ်မျှဖြင့် ဉာဏ်ဖြစ်ပုံ
နည်းလေးပါး
ဧကတ္တနည်း
သာတိရဟန်း ဝတ္ထု
နာနတ္တနည်း
အဗျာပါရနည်း
ဧဝံဓမ္မတာနည်း
ပါရမီဉာဏ်အားလျော်စွာ သိဘို့က လိုရင်းဘဲ
ဘာဝနာမယဉာဏ်က အရေးအကြီးဆုံး
ဧကာဒသမပိုင်း
တရားအနုသန္ဓေ
ဝဋ်သုံးပါး လည်နေပုံ
အပါယ်ဘုံမှာ လည်ဘို့က များသည်
အကြောင်း ကိလေသဝဋ်ကို ဖြတ်ရမယ်
ကိလေသဝဋ်ကို ဖြတ်ပုံ
အရဟံဂုဏ်တော်ဖွင့်
(၁) အရဟံဂုဏ်တော်
ပိလိန္ဒဝစ္ဆမထေရ် ဝတ္ထု
မြတ်စွာဘုရားမှာတော့ ဝါသနာလဲ ကင်းတယ်
(၂) အရဟံဂုဏ်တော်
တထောင့်ငါးရာ ကိလေသာ
(၄) အရဟံဂုဏ်တော်
(၅) အရဟံဂုဏ်တော်
(၃) အရဟံဂုဏ်တော်
ထောက်အကန့်တို့ကို ပယ်ဖျက်ပုံ
ဗကဗြဟ္မာဝတ္ထု
အရူပဘဝနှင့် စပ်၍ အဝိဇ္ဇာစသည်ဖြစ်ပုံ
ထောက်အကန့်တို့ကို ပယ်ဖျက်ပုံ นိဂုံးချုပ်
သမ္မာသမ္ဗုဒ္ဓဂုဏ်တော်
အင်္ဂါ ၁၂-ပါးကို သစ္စာ ၄-ပါးဖြင့် ပိုင်းခြားသိပုံ
အရဟံဂုဏ်တော်ဖွင့်များ
ဘဝဂ်တိုင်အောင် ကျော်စောပုံ
သမ္မာသမ္ဗုဒ္ဓဂုဏ်တော်
သစ္စာ ၄-ပါး အကျဉ်းချုပ်
ဗုဒ္ဓဂုဏ်တော်
ဉေယျဓံ ငါးပါး
ဗုဒ္ဓဂုဏ်တော်ဖွင့်
အရဟံဂုဏ်တော်ဖြင့် နိဂုံးချုပ်ခြင်း အကြောင်း
မြန်မာပြန် ဆောင်ပုဒ်
ခေါင်းစဉ် မူလဆောင်ပုဒ်ကြီး
အတိတ်အကြောင်းကြောင့် ပစ္စုပ္ပန်အကျိုးပေါ်ပုံ
ပစ္စုပ္ပန်အကျိုးငါးပါး ပေါ်လာပုံ
ပစ္စုပ္ပန်အကျိုးနှင့် စပ်၍ အကြောင်းအသစ် ပေါ်လာပုံ
အနာဂတ်အကျိုးများ ဖြစ်ပေါ်ပုံ
နိဂုံးချုပ် အာသီသ ဆုတောင်းပတ္ထနာ
အမှတ် ၁-ပဋိစ္စသမုပ္ပါဒါ စက်ဝိုင်းပုံ
အမှတ် ၂-ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းပုံ
ရှုသိသူမှာ တဏှာမှစ၍ ချုပ်ပုံရှင်းပြချက်
အသေးစိတ် ရှင်းပြချက်
.....
ပဋိစ္စသမုပ္ပါဒ် တရားတော်ကြီး (ဒုတိယတွဲ)
၁၃၂၄-ခု၊ ဝါဆိုလကွယ်နေ့ ဟောသည်။
ဆဋ္ဌမပိုင်း
(ဤဆဋ္ဌမပိုင်းသည် ဒုတိယတွဲ၏ အစပိုင်းဖြစ်သောကြောင့် ဤအပိုင်း၌ နောက်ကြောင်းပြန်၍ ဟောထားသော အနုသန္ဓေ စကားရပ်တို့ကိုလည်း မချုံးဘဲ မူလကဟောခဲ့ရင်း အတိုင်းပင် ဖော်ပြအံ့၊ အလိုမရှိလျှင် ယင်း အနုသန္ဓေကို ကျော်၍ဖတ်ပါ။)’
(ဆဋ္ဌမပိုင်း) တရားအနုသန္ဓေ
▬▬▬▬▬▬▬▬▬▬▬
ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီးကို လွန်ခဲ့တဲ့ ၅-သီတင်းက ဟောခဲ့တာဟာ “ဖဿပစ္စယာ ဝေဒနာ-ဖဿကြောင့် ဝေဒနာဖြစ်သည်” ဆိုတဲ့အပိုဒ်ထိအောင် ပြီးခဲ့ပြီ၊ ယနေ့ ဟောဘို့ရာကတော့ “ဝေဒနာပစ္စယာ တဏှာ-ဝေဒနာကြောင့် တဏှာ ဖြစ်သည်” ဆိုတဲ့အပိုဒ်ကို ဟောဘို့ပါဘဲ။
ဆောင်ပုဒ်လင်္ကာအရ ဆိုယင်လဲ အမှန်မသွား အမှားမြင်က အဝိဇ္ဇာကြောင့်၊ ချမ်းသာ လိမ့်နိုးရည်မြှော်ကိုးလျက် သုံးမျိုးမှုကံပြုစီမံ၍၊ ဝိညာဏ်တွယ်စပ်၊ နာမ်ရုပ် ကပ်လျက်၊ ခြောက်ရပ်အာယတန၊ ဖဿခြောက်ဖြာ၊ ဝေဒနာကြောင့်-ဆိုတဲ့ အပိုဒ်အထိ ဟောပြီးခဲ့ပါပြီ။
အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ
▬▬▬▬▬▬▬▬▬▬
အဲဒီမှာ နောက်ကြောင်းကလေး နဲနဲ ပြန်ပြောလိုက်ကြဦးစို့။ သစ္စာလေးပါး တရားတွေကို အမှန်အတိုင်းမသိလို့ ပြောင်းပြန်အထင်မှားပြီး သိတာက အဝိဇ္ဇာတဲ့။ ဘယ်လိုအထင်မှားသလဲ ဆိုယင်-မြင်တိုင်း ကြားတိုင်း နံတိုင်း စားသိတိုင်း ထိသိတိုင်း ကြံသိတိုင်း ထင်ရှားတွေ့နေရာတာတွေက ဒုက္ခသစ္စာ-ဆင်းရဲအမှန် တရားတွေ ချည်းဘဲ။ ခဏမစဲ ဖြစ်ပျက်နေလို့ ဘာမျှအားမကိုးလောက်တဲ့ တရားတွေချည်းဘဲ။ ဒါပေမဲ့ ခဏမစဲ ဖြစ်ပျက်နေတာကို မသိရတဲ့အတွက် အဲဒါတွေကို အမြဲတည်နေတယ် ချမ်းသာကောင်းစားတယ်လို့ ထင်နေကြတယ်။
ဒါကြောင့် အဲဒီချမ်းသာတွေကို ရချင်လို့ တနေ့ထက် တနေ့ ချမ်းသာလိမ့်နိုးနိုး၊ တဘဝထက် တဘဝ ချမ်းသာလိမ့် နိုးနိုးနဲ့ ရည်ရွယ်မြှော်ကိုးပြီး စိတ်ကူး စဉ်းစား ကြံစည်နေကြတယ်၊ နေ့ရှိသမျှ အချိန်ရှိသမျှ စိတ်ကူးကြံစည် နေကြတာဟာ ကောင်းစားချမ်းသာဘို့ချည်းဘဲ၊ မကောင်းဘို့ ဆင်းရဲဒုက္ခရောက်ဖို့ ဆိုတာကိုတော့ ဘယ်သူမျှ မစဉ်းစား မရည်ရွယ်ဘူး၊ ကောင်းဘို့ချည်း စိတ်ကူးစဉ်းစားနေကြတယ်။
အဲဒါဟာ စိတ်ကူးသက်သက်ဆိုယင် စိတ္တသင်္ခါရခေါ်တဲ့ မနောကံပဲ။ ကြံစည်တဲ့ အတိုင်း နှုတ်ကပြောဆိုယင် ဝစီသင်္ခါရခေါ်တဲ့ဝစီကံဘဲ။ ကိုယ်လက်လှုပ်ရှားပြီး ပြုလုပ်အားထုတ်ယင် ကာယသင်္ခါရခေါ်တဲ့ ကာယကံဘဲ။ ဒါကြောင့် အမှန်မသွား အမှားမြင်ကာ အဝိဇ္ဇာကြောင့်၊ ချမ်းသာလိမ့်နိုး ရည်မြှော်ကိုးလျက် သုံးမျိုးမှုကံ ပြုစီမံ၍-လို့ ဆိုထားပါတယ်။
တနည်းအားဖြင့် ဒီကံသုံးပါးကို ကုသိုလ်ကံဆိုယင် ပုညာဘိသင်္ခါရခေါ်တယ်၊ အကုသိုလ်ကံ ဆိုယင် အပုညာဘိသင်္ခါရခေါ်တယ်၊ အရူပကုသိုလ်ကိုတော့ အာနေဉ္ဇာဘိသင်္ခါရ ခေါ်တယ်။ ဒီသုံးမျိုးထဲမှာ အာနေဉ္ဇာဘိသင်္ခါရဆိုတာလဲ ကုသိုလ်ပါဘဲ။ ဒါကြောင့် အကျဉ်းချုပ်အားဖြင့်ဆိုယင် ကြံစည်သမျှ ပြုလုပ်သမျှ ပြောဆိုသမျှ အမှုတွေဟာ ကုသိုလ်ကံနဲ့ အကုသိုလ်ကံတွေချည်းပါဘဲ။
သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ပုံ
▬▬▬▬▬▬▬▬▬▬
အဲဒီသင်္ခါရသုံးမျိုးဆိုတဲ့ ကုသိုလ်ကံ အကုသိုလ်ကံဖြစ်တော့ ဒီကံကြောင့် ဘဝသစ် ဝိညာဏ်ဖြစ်ရတယ်။ ဖြစ်ပုံကတော့-သေခါနီးကာလမှာ မိမိကိုယ်တိုင် ပြုထားတဲ့ အမှုကလေးယင်လဲ ပေါ်လာတယ်၊ အဲဒီအမှု ပြုလုပ်တုန်းက တွေ့ခဲ့ရတဲ့ အခြေအနေတွေယင်လဲ ပေါ်လာတယ်၊ အဲဒီကံကြောင့် ဖြစ်ရမည့်ဘဝက အခြေအနေ တွေယင်လဲ ပေါ်လာတယ်။
အဲဒီသုံးမျိုးထဲက တမျိုးမျိုး ထင်ပေါ်နေတုန်းမှာ ဘဝဟောင်းက စိတ်အစဉ် ပြတ်စဲသွားတယ်။ အဲဒီလို ဘဝဟောင်းက စိတ်အစဉ်ပြတ်ပြီး သေလိုက်တာနဲ့ တပြိုင်နက် သေခါနီးက ထင်ပေါ်ခဲ့တဲ့ အာရုံကိုစွဲပြီး ဘဝသစ်မှာ စိတ်အသစ် ဖြစ်ပေါ်လာတယ်၊ အဲဒီ စိတ် အသစ်ကဆက်ပြီး အဲဒီတဘဝလုံး စိတ်အစဉ်မပြတ် ဖြစ်သွားပြန်တယ်။ အဲဒါဟာ သင်္ခါရပစ္စယာ ဝိညာဏံ-သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ပုံ ပါဘဲ။
အဲဒီဝိညာဏ်ဟာ အာရုံအကြောင်းအထူးမရှိယင် သေခါနီးကစွဲခဲ့တဲ့ အာရုံကိုဘဲ အာရုံပြုပြီး ထပ်ကာ ထပ်ကာ မပြတ်ဖြစ်နေတယ်၊ အဲဒါကို “ဘဝင်စိတ်” လို့ ခေါ်တယ်။ ဘဝင်ဆိုတာ ဘဝ၏အစိတ်အပိုင်းလို့ ဆိုလိုပါတယ်၊ အဲဒီ ဘဝင်စိတ် အရှိန်အဟုန် မကုန်သေးလို့ ထပ်ကာထပ်ကာ ဖြစ်နေသမျှ ကာလပတ်လုံး အဲဒီဘဝမှာ အသက်ရှင်နေတယ်လို့ ဆိုရတယ်။
အာရုံအထူးတွေ ထင်ပေါ်လာတဲ့ အခါမှာတော့ အဲဒီဘဝင်စိတ်က နိုးလာသလိုဘဲ မြင်သိတဲ့စိတ်, ကြားသိတဲ့စိတ် စသည်တွေ ဖြစ်ပေါ်လာတယ်။ အဲဒီလိုဖြစ်ပုံကို “စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” စသည်ဖြင့် ဟောထားပါတယ်။
စက္ခုဉ္စ ပဋိစ္စ ရူပေ စ၊ မျက်စိနဲ့ အဆင်းကို စွဲမှီ၍။
စက္ခုဝိညာဏံ၊ မြင်သိမှု စက္ခု ဝိညာဏ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်ပေါ်၏။
မျက်စိထဲမှာ အဆင်းရူပါရုံ ထင်ပေါ်လာတဲ့အခါ မြင်သိမှုကလေးဖြစ်သွားတယ်၊ အဲဒါဟာ စက္ခုဝိညာဏ် ခေါ်တဲ့ စိတ်ပါဘဲ၊ သူလဲ သင်္ခါရကြောင့်ဖြစ်တဲ့ စိတ်ဝိညာဏ် အရထဲမှာ ပါဝင်ပါတယ်။ သင်္ခါရကြောင့် စိတ်ဝိညာဏ်ဖြစ်တယ် ဆိုတာဟာ ပဋိသန္ဓေက စပြီး စုတိတိုင်အောင် တဘဝလုံးက စိတ်ဝိညာဏ်တွေ အကုန်လုံးကို ဆိုလိုပါတယ်။ ဒါကြောင့် မြင်သိတဲ့ စက္ခုဝိညာဏ်စိတ်ဟာ အဲဒီဘဝလုံးက စိတ်တွေထဲမှာ တစိတ်တပိုင်းအဖြစ်နဲ့ ပါဝင်နေပါတယ်။
ကုသိုလ်ကံ အကုသိုလ်ကံ၏ အကျိုးတွေ
▬▬▬▬▬▬▬▬▬▬▬
ဒီမြင်တဲ့စိတ်ဟာ ကောင်းတာကို မြင်တာလဲရှိတယ်၊ မကောင်းတာကို မြင်တာလဲ ရှိတယ်။ ကောင်းတာကို မြင်တာက ကုသလဝိပါက်စက္ခုဝိညာဏ်တဲ့၊ ရှေးဘဝ ရှေးကာလကပြုခဲ့တဲ့ ကုသိုလ်ကြောင့်ဖြစ်တဲ့ မြင်သိစိတ်လို့ ဆိုလိုပါတယ်၊ ရှေးက ပြုထားတဲ့ ကုသိုလ်ကံများတဲ့ သူတွေမှာ လှလှပပ တင့်တင့်တယ်တယ် ရှုချင် စဖွယ် အကောင်းတွေကို မြင်တွေ့နေရတာဘဲ များပါတယ်၊ အပေါင်းအဖော်တွေ အိမ်သူ အိမ်သားတွေ အဝတ်အထည်တွေ နေရာထိုင်ခင်းတွေ စသည်ဖြင့် အကောင်းတွေကို ချည်း မြင်ရတာများတယ်၊ အဲဒါဟာ ကုသိုလ်သင်္ခါရကြောင့် ဖြစ်ပေါ်တဲ့ ကောင်းကျိုး ဝိပါက်စိတ်ပဲ။
မကောင်းတာတွေကို မြင်ရတာကတော့ အကုသလ ဝိပါက်စက္ခုဝိညာဏ်တဲ့၊ ရှေးဘဝ ရှေးကာလပြုခဲ့တဲ့ အကုသိုလ်ကြောင့်ဖြစ်တဲ့ မြင်သိစိတ်လို့ ဆိုလိုပါတယ်၊ ရှေးကပြုထားတဲ့ အကုသိုလ် ကံများတဲ့ သူတွေမှာ ရွံစရာ မုန်းစရာ ကြောက်စရာ ကောင်းတဲ့ အမြင်ဆိုးတွေကို မြင်တွေ့နေရတာဘဲ များနေတတ်တယ်၊ အပေါင်း အဖော်တွေ အိမ်သူအိမ်သားတွေကလဲ အရုပ်ဆိုးတွေ, အဝတ်အထည် နေရာထိုင်ခင်း တွေကလဲ အဟောင်းအညံ့ အစုပ်အနုပ်တွေ, ဘေးပတ်ဝန်းကျင်ကလဲ ကြောက်စရာ လန့်စရာတွေ ဒီလို အမြင်ဆိုးတွေကိုချည်း မြင်ရတာ များနေ တတ်တယ်၊ အဲဒါဟာ အကုသိုလ်သင်္ခါရကြောင့် ဖြစ်ပေါ်တဲ့ မကောင်းကျိုး ဝိပါက်စိတ်ပဲ။
အဲဒီ အကောင်းအဆိုး မြင်ရတာတွေဟာ ကုသိုလ်ကံ အကုသိုလ်ကံ ဆိုတဲ့ သင်္ခါရကြောင့်ဖြစ်တဲ့ စိတ်ဝိညာဏ်ချည်းပါဘဲ။
ထို့အတူ “သောတဉ္စ ပဋိစ္စ သဒ္ဒေ စ ဥပ္ပဇ္ဇတိ သောတဝိညာဏံ” ဆိုတဲ့ ဒေသနာတော် နှင့်အညီ နားနဲ့အသံကိုစွဲမှီပြီး ကြားသိမှု သောတဝိညာဏ်စိတ် ဖြစ်ပေါ်တယ်၊ အဲဒါလဲ “သင်္ခါရပစ္စယာ ဝိညာဏံ” ဆိုတဲ့ ဒေသနာတော်နှင့်အညီ သင်္ခါရကြောင့်ဖြစ်တဲ့ စိတ်ဝိညာဏ်ဘဲ၊
ကုသိုလ်ကံသင်္ခါရကြောင့် ကောင်းတဲ့အသံ ချိုချိုသာသာပြောတဲ့ စကားလေးတွေကို ကြားရတယ်၊ အကုသိုလ်ကံသင်္ခါရကြောင့် ဆိုးတဲ့အသံ ဆဲဆိုခြင်း ခြိမ်းချောက်ခြင်း မာန်မဲခြင်းအစရှိတဲ့ အသံဆိုးတွေမကြားကောင်း မနာသာတွေကို ကြားရတယ်။ ကံကောင်းတဲ့သူမှာ ချိုချိုသာသာနဲ့ ပြောမည့်သူတွေကို တွေ့ရတယ်။ ကံမကောင်း အကြောင်းမသင့်တဲ့သူတွေမှာတော့ ဆဲဆိုငေါက်ငမ်းမဲ့သူတွေ ကြိမ်းမောင်းမဲ့ သူတွေကိုသာ တွေ့နေရတတ်တယ်။ အဲဒါက လူ့လောကမှာ တွေ့ရပုံပါဘဲ။
တိရစ္ဆာန်လောက ပြိတ္တာလောကမှာတော့ ကြောက်စရာ လန့်စရာအသံတွေ မကောင်းတဲ့အသံတွေကို ကြားနေရာတာကဘဲများပါတယ်။ ငရဲလောကမှာတော့ ကောင်းတဲ့အသံဆိုယင် မကြားရသလောက်ပဲ ရှိနေပါတယ်၊ ဒါကြောင့် အဲဒီ ငရဲဘုံ တွေကို ဆဖဿာယတနိကဒုက္ခဌာနတွေလို့ မြတ်စွာဘုရားက ဟောတော်မူခဲ့ပါတယ်၊ မြင်တိုင်းကြားတိုင်း တွေ့တိုင်းကြံသိတိုင်း ဒွါရ ၆-ပါးက ဖဿ ၆-ပါးဖြစ်တိုင်း ဒုက္ခဝေဒနာ ဆင်းရဲတဲ့ခံစားမှုဖြစ်ဖို့ရာ အဆိုးတွေကိုချည်း တွေ့ရတဲ့ ဌာနတွေလို့ ဆိုလိုပါတယ်။
အချုပ်အားဖြင့် ပြောရယင် ကောင်းတာကို ကြားရတာက ကုသိုလ်၏ အကျိုး ဝိပါက်စိတ်၊ မကောင်းတာကို ကြားရတာက အကုသိုလ်၏ အကျိုး ဝိပါက်စိတ်၊ ဒါကြောင့် ကြားသိရတာဟူသမျှဟာ ကုသိုလ်ကံအကုသိုလ်ကံ သင်္ခါရကြောင့်ဖြစ်တဲ့ စိတ်ဝိညာဏ်ချည်းပါဘဲ၊
ထို့အတူ နံသိမှု ဖြစ်ရာမှာလဲ ကောင်းတဲ့အနံ့ကို နံရယင် ကုသိုလ်၏အကျိုး ဝိပါက်စိတ်, မကောင်းတဲ့အနံ့ကို နံရယင် အကုသိုလ်၏ အကျိုးဝိပါက်စိတ်၊ ဒါကြောင့် နံသိရတာဟူသမျှလဲ ကုသိုလ်ကံ အကုသိုလ်ကံ သင်္ခါရကြောင့်ဖြစ်တဲ့ စိတ်ဝိညာဏ် ချည်းပါဘဲ။
ထို့အတူ စားသိရာမှာလဲ ကောင်းတာကို စားရယင် ကုသိုလ်၏အကျိုး ဝိပါက်စိတ်, မကောင်းတာကို စားရယင် အကုသိုလ်၏ အကျိုးဝိပါက်စိတ်ပဲ။ တချို့မှာ ရှေးကံက ညံ့တော့ ရောဂါဝေဒနာက နှိပ်စက်လို့ အမြဲတမ်းလိုဘဲ မကျန်းမမာ ဖြစ်နေတယ်၊ ကောင်းတဲ့အရသာတွေကို မစားရဘူး။ စားလဲ မစားဝံ့ဘူး၊ အစာအာဟာရ အညံ့တွေကိုသာ စားနေရတယ်၊ အရသာဆိုးတဲ့ ဆေးတွေကိုသာ စားသောက်နေ ရတယ်၊ အဲဒါဟာ အကုသိုလ်၏ အကျိုးဖြစ်တဲ့ ဇိဝှါဝိညာဏ်စိတ် တွေများစွာ ဖြစ်နေတာပါဘဲ။ ဒါကြောင့် စားသိရတာဟူသမျှလဲ ကုသိုလ်ကံ အကုသိုလ်ကံ သင်္ခါရကြောင့်ဖြစ်တဲ့ စိတ်ဝိညာဏ်ချည်းပါဘဲ။
ထို့အတူ ကိုယ်က တွေ့ထိရာမှာလဲ နူးညံ့ချောညက်တဲ့ အတွေ့, အလောတော်တဲ့ အနွေးအအေးအတွေ့, နေကောင်းထိုင်သာ ကျန်းမာတဲ့ ကိုယ်တွင်းအတွေ့အစရှိတဲ့ အတွေ့ကောင်းများနဲ့ တွေ့ထိရတာက ကုသိုလ်၏ အကျိုးဝိပါက်စိတ်ပဲ၊ ရှေး ကံကောင်းတဲ့သူမှာ ကိုလ်အလိုရှိတဲ့ အတွေ့အာရုံတွေနဲ့ အလိုရှိတိုင်း တွေ့ပြီး ခံစားနေရတယ်။ ကြမ်းတမ်းတဲ့ ဆူးငြောင့်ခလုပ် စသော အတွေ့, အလွန်ပူ အလွန်အေးတဲ့ ဥတုကြမ်းအတွေ့, ရောဂါဆိုးအတွေ့ အစရှိတဲ့ အတွေ့ဆိုးများနဲ့ တွေ့ထိရတာက အကုသိုလ်၏ အကျိုးဝိပါက်စိတ်ပဲ၊ ကံမကောင်း အကြောင်း မသင့်တဲ့သူတွေမှာ ဒီလိုအတွေ့ဆိုးတွေနဲ့တွေ့ပြီး ဒုက္ခရောက်နေကြရတယ်။ တချို့မှာ ရောဂါဆိုးအတွေ့တွေနဲ့ တွေ့ထိပြီး အမြဲလိုလိုဘဲ အတိဒုက္ခ ရောက်နေကြရတယ်၊ အဲဒါဟာ သူတပါးကို ညှဉ်းဆဲနှိပ်စက်ခဲ့ဘူးတဲ့ အကုသိုလ်ရဲ့ အကျိုးပဲလို့ ယူရပါတယ်။ ဒါကြောင့် မြတ်စွာဘုရားက---
ဗဝှါဗာဓသံဝတ္တနိကာ ဧသာ မာဏဝ ပဋိပဒါ ယဒိဒံ သတ္တာနံ ဝိဟေဋ္ဌကဇာတိကော ဟောတိ -
လို့ ဟောတော်မူပါတယ်။ (မ ၃-၂၄၅)
မာဏဝ၊ သုဘလုလင်။
ယဒိဒံ-ယော အယံ၊ အကြင်သူသည်။
သတ္တာနံ၊ သတ္တဝါတို့ကို။
ဝိဟေဌကဇာတိကော၊ ညှဉ်းဆဲတတ်သော အလေ့ရှိသည်။
ဟောတိ၊ ဖြစ်၏။
တဿ၊ ထိုသူ၏။
ဧသာ ပဋိပဒါ၊ ဤညှဉ်းဆဲသော အကျင့်သည်။
ဗဝှါဗာဓသံဝတ္တနိကာ၊ အနာများခြင်းကို ဖြစ်စေတတ်သော အကျင့်ပေတည်း-တဲ့။
သူတပါးကို နှိပ်စက် ညှဉ်းဆဲတာဟာ အနာများခြင်း, မကျန်းမမာခြင်း၏ အကြောင်း ဖြစ်တယ်တဲ့။ အဲဒီက ပြောင်းပြန်ပြန်ပြီး သူတပါးကို ကိုယ်ချင်းစာတရားနဲ့ သနား ငဲ့ညှာပြီး မညှင်းဆဲတဲ့အကျင့်ဟာ အနာရောဂါ ကင်းခြင်း, ကျန်းမာခြင်း၏ အကြောင်း ဖြစ်တယ်ဆိုတဲ့ အကြောင်းလဲ မြတ်စွာဘုရားက ဟောတော်မူခဲ့ ပါသေးတယ်။ အဲဒါကို ဘုန်းကြီးက ဆောင်ပုဒ်ကလေး စီထားတယ်။
ညှဉ်းဆဲသူကား၊ အနားများ၊ သနား ကျန်းမာသည်တဲ့။ အဲဒါကို ဆိုကြရမယ်။
ညှဉ်းဆဲသူကား၊ အနာများ၊ သနား ကျန်းမာသည်။ (ဆို)
အဲဒါကတော့ အနာကင်းရှင်း ကျန်းမာချင်ကြလို့ရှိယင် ညှဉ်းဆဲမှုမှ ကြဉ်ရှောင်ကြဘို့ ဩဝါဒပေးတဲ့ စကားပါဘဲ။ ယခုဒီနေရာမှာ မှတ်သားထားဘို့ လိုရင်းကတော့ ကိုယ်တွင်းက အတွေ့နဲ့ဘဲ ဖြစ်ဖြစ်, ကိုယ်ပက အတွေ့နဲ့ဘဲဖြစ်ဖြစ်, ကောင်းတဲ့ အတွေ့နဲ့ဘဲဖြစ်ဖြစ်, ဆိုးတဲ့အတွေ့နဲ့ဘဲဖြစ်ဖြစ် ထိသိမှုဟူသမျှဟာ ကုသိုလ်ကံ အကုသိုလ်ကံ သင်္ခါရကြောင့်ဖြစ်တဲ့ စိတ်ဝိညာဏ်ချည်းဘဲလို့ မှတ်သားထားဘို့ပါဘဲ။
စိတ်ကူးစဉ်းစားကြံသိမှု ဖြစ်ရာမှာတော့ မနောဒွါရခေါ်တဲ့ ဘဝင်စိတ်ရယ်, နှလုံးသွင်း ဆင်ခြင်တဲ့ အာဝဇ္ဇန်းစိတ်ရယ်, မှီရာဝတ္ထုရုပ်ရယ်, ထင်ပေါ်လာတဲ့ အာရုံရယ်-ဒါတွေကို စွဲမှီပြီး ကြံသိမှုဆိုတဲ့ မနောဝိညာဏ်ဖြစ်တယ်၊ အဲဒါဟာ ဇော (၇) ကြိမ်နဲ့ တဒါရုံ (၂)ကြိမ်ဆိုတဲ့ စိတ်တွေပါဘဲ။ အဲဒီစိတ်တွေထဲမှာ တဒါရုံဆိုတာကတော့ ကုသိုလ်ကံ အကုသိုလ်ကံ သင်္ခါရကြောင့်ဖြစ်တဲ့ ဝိပါက်ဝိညာဏ် အစစ်ပါဘဲ။
ကောင်းတဲ့အာရုံကို ကြံမိတဲ့အခါ ကုသိုလ်၏ အကျိုးဝိပါက် ဝိညာဏ်ဖြစ်တယ်၊ မကောင်းတဲ့အာရုံကို ကြံမိတဲ့အခါမှာ အကုသိုလ်၏ အကျိုးဝိပါက် ဝိညာဏ် ဖြစ်တယ်။ ဒါကြောင့် တဒါရုံစိတ်တွေဟာ သင်္ခါရ ပစ္စယာ ဝိညာဏံ” ဆိုတဲ့ ဒေသနာတော်နှင့်အညီ သင်္ခါရကြောင့် ဖြစ်တဲ့ ဝိညာဏ်အစစ်ပါဘဲ။
ဇောဆိုတဲ့ စိတ်ကတော့ မုချအားဖြင့် သင်္ခါရ၏အကျိုးမဟုတ်ပေဘူး၊ ဒါပေမဲ့ သင်္ခါရ၏အကျိုးဖြစ်တဲ့ ဘဝင်မှထပြီး ဖြစ်ပေါ်လာတဲ့အတွက် အဘိဓမ္မာနည်းအရ အားဖြင့် အဲဒီဇောစိတ်ကိုလဲ သင်္ခါရကြောင့်ဖြစ်တဲ့ ဝိညာဏ်လို့ ဆိုရပါတယ်။
အဲ ယခုပြောခဲ့တာတွေဟာ သင်္ခါရကြောင့် (မြင်သိမှု အစရှိတဲ့) ဝိညာဏ် ၆-ပါး ဖြစ်ပုံတွေပါဘဲ။ အဲဒါကို အလျင်သီတင်းတွေကလဲ ပြောခဲ့ပါပြီ။ ယခု ထပ်ပြီး ပြောရတာကတော့ ဒီကနေ့ ဟောမည့် တရားအသစ်နဲ့ ဆက်စပ်မိအောင်လို့ပါဘဲ။ အဲဒီ ဝိညာဏ် ၆-ပါးဖြစ်ပုံကို ဆောင်ပုဒ်လင်္ကာထဲမှာ “သုံးမျိုးမှုကံ ပြုစီမံ၍ ဝိညာဏ်တွယ်စပ်” လို့ ဆိုထားပါတယ်။ ပြုမိတဲ့ ကံသုံးမျိုးကြောင့် ဘဝသစ်မှာ ဝိညာဏ် ၆-ပါး ဆက်စပ်ပြီး ဖြစ်သွားတယ်လို့ ဆိုလိုတာပါဘဲ။
ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်သည်
▬▬▬▬▬▬▬▬▬▬▬
အဲဒီလို ဝိညာဏ် ၆-ပါး ဆက်စပ်ပြီးဖြစ်တော့ အဲဒီစိတ် ဝိညာဏ်ဖြစ်တိုင်း ဖြစ်တိုင်း တွဲဘက်စေတသိက် နာမ်တရားနဲ့ ရုပ်တရားတွေလဲ တပါးတည်းပူးတွဲပြီး ဖြစ်ကြတယ်။ အဲဒါကို ဆောင်ပုဒ်ထဲမှာ “ဝိညာဏ်တွယ်စပ် နာမ်ရုပ်ကပ်လျက်” လို့ ဆိုထားပါတယ်။ အဲဒါဟာ “ဝိညာဏပစ္စယာ နာမရူပံ-ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်ပေါ်တယ်” ဆိုတာကို ဖော်ပြတာပါဘဲ။
စိတ်ဝိညာဏ်ဖြစ်ယင် နာမ်ရုပ်တွင် မကသေးဘူး၊ သဠာယတနခေါ်တဲ့ အာယတန ၆-ပါးလဲ ထိုက်သည် အားလျော်စွာ ပါဝင်ပြီးဖြစ်သေးတယ်၊ ဖဿ ၆-ပါးလဲ ပါဝင်ပြီး ဖြစ်သေးတယ်။ ဒါကြောင့် “ဝိညာဏ်တွယ်စပ် နာမ်ရုပ်ကပ်လျက် ၆-ရပ် အာယတန ဖဿ ၆-ဖြာ” လို့လဲ ဆောင်ပုဒ်မှာ ဆက်ပြီးပြဆိုထားပါတယ်။ အဲဒါဟာ “နာမရူပပစ္စယာ သဠာယတနံ-နာမ်ရုပ်ကြောင့် အာယတန ၆-ပါး ဖြစ်ပေါ်သည်။ သဠာယတနပစ္စယာ ဖဿော-အာယတန ၆-ပါးကြောင့် ဖဿဖြစ်ပေါ်သည်”ဆိုတဲ့ ဒေသနာအရ ဖော်ပြထားတာတွေပါဘဲ။
အာယတနကြောင့် ဖဿဖြစ်သည်
▬▬▬▬▬▬▬▬▬▬▬
စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ-စသည်ဖြင့် စက္ခုဝိညာဏ်စသော ဝိညာဏ် ၆-ပါးဖြစ်ပုံက စပြီးပြတဲ့ ဒေသနာမှာတော့ ဝိညာဏ်ဖြစ်ပြီး ဖဿဖြစ်ပုံကို “တိဏ္ဏံ သင်္ဂတိ ဖဿော” လို့ပြထားပါတယ်။
တိဏ္ဏံ၊ ဒွါရ, အာရုံ, ဝိညာဏ် ဟူသော ၃-ပါးသော တရားတို့၏။
သင်္ဂတိ၊ ဆုံမိခြင်းသည်။
ဖဿော၊ အာရုံကိုတွေ့မူ ဖဿပေတည်း။
ဝါ၊ တရားသုံးပါး ဆုံမိခြင်းကြောင့် ဖဿဖြစ်ပေါ်သည်-တဲ့။
မြင်ဆဲခဏ၌ မျက်စိရယ်, အဆင်းရယ်, မြင်သိမှုရယ်-ဒီတရားသုံးပါး ဆုံမိတယ်၊ အဲဒီအခါမှာ မြင်ရတဲ့ အဆင်းအာရုံကို မြင်သိစိတ်ထဲမှာ ထင်ရှားတွေ့သွားတယ်၊ အဲဒါဟာ ဖဿဘဲ။ ကြားဆဲခဏ၌ နားရယ်, အသံရယ်, ကြားသိမှုရယ် ဒီတရားသုံးပါး ဆုံမိတယ်။ အဲဒီအခါမှာ ကြားရတဲ့ အသံ အာရုံကို ထင်ရှား တွေ့သွားတယ်၊ ဒါလဲ ဖဿဘဲ။
နံဆဲခဏ၌ နှာခေါင်းရယ်, အနံရယ်, နံသိမှုရယ်- ဒီတရားသုံးပါး ဆုံမိတယ်၊ အဲဒီအခါမှာ နံရတဲ့ အနံ့အာရုံကို ထင်ရှားတွေ့သွားတယ်၊ ဒါလဲ ဖဿဘဲ။ စားဆဲခဏ၌ လျှာရယ်, အရသာရယ်, အရသာသိမှုရယ်-ဒီတရားသုံးပါး ဆုံမိတယ်၊ အဲဒီအခါမှာ အရသာ အာရုံကို ထင်ရှား တွေ့သွားတယ်၊ ဒါလဲ ဖဿဘဲ။
ထိသိဆဲခဏ၌ ကာယပသာဒခေါ်တဲ့ ကိုယ်အကြည်ရုပ်ရယ်, အတွေ့ရယ်, ထိသိမှုရယ်, ဒီတရားသုံးပါး ဆုံမိတယ်၊ အဲဒီအခါမှာ ထိသိရတဲ့ အတွေ့အာရုံကို ထင်ရှား တွေ့သွားတယ်၊ ဒါလဲ ဖဿဘဲ။
ဒီကိုယ်အတွေ့ ဖဿကတော့ အလွန်ထင်ရှားပါတယ်၊ ကောင်းတဲ့ အတွေ့ ကလေးတွေကို တွေ့ရတဲ့အခါ ကိုယ်ထဲမှာ အလွန် နေလို့ကောင်းပြီး ကိုယ်ရောစိတ်ပါ အလွန်ရွှင်လန်း တက်ကြွနေတယ်၊ ကောင်းလိုက်တာ ကောင်းလိုက်တာနဲ့လဲ ချီးကျူးနေတတ်တယ်။
မကောင်းတဲ့ အတွေ့ဆိုးတွေကို တွေ့ရတဲ့အခါမှာတော့ ကိုယ်ထဲမှာ မခံမရပ် နိုင်အောင် မနေသာ မထိုင်သာဖြစ်ပြီး ကိုယ်ရောစိတ်ပါ အလွန်ညှိုးနွမ်းနေတယ်၊ နာလိုက်တာ ပူလိုက်တာ ဆင်းရဲလိုက်တာ စသည်ဖြင့် ညည်းညူလဲ ညည်းညူ နေတတ်တယ်။
စိတ်ကူးစဉ်းစား ကြံသိဆဲခဏမှာတော့ နှလုံးရယ်, ကြံမိတဲ့ သဘောအာရုံရယ် ကြံသိမှုရယ်-ဒီတရားသုံးပါး ဆုံမိတယ်၊ အဲဒီအခါမှာ ကြံမိတဲ့အာရုံကို စိတ်ကူးထဲမှာ ထင်ရှားတွေ့သွားတယ်၊ ဒါလဲ ဖဿဘဲ၊ ဒီဖဿကလဲ အလွန်ထင်ရှားပါတယ်။ စိတ်ကူးကြံစည်တဲ့ အာရုံက တကယ်ရှိသည်ဖြစ်စေ, မရှိသည်ဖြစ်စေ, ဟုတ်သည် ဖြစ်စေ, မဟုတ်သည်ဖြစ်စေ, စိတ်ကူးလိုက်တဲ့အတိုင်း အာရုံကတော့ ထင်ရှား ပေါ်နေတာဘဲ၊ အဲဒီအာရုံကို စိတ်ကူးထဲမှာ ထင်ရှားတွေ့နေတာဘဲ။
ခေတ်ပေါ် ဝတ္ထုအာရုံတွေကို တွေ့နေတာမျိုးပါဘဲ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
တနေ့က ခေတ်ပေါ် ဒဏ္ဍာရီဝတ္ထုဖတ်တဲ့အကြောင်းကို ပြောခဲ့ပါတယ်။ အဲဒီခေတ်ပေါ် ဝတ္ထုစာအုပ်ကို ဖတ်တဲ့သူမှာ သူ့စာအုပ်ထဲက ပြထားတဲ့အတိုင်း အကုန်လုံး ထင်ရှားတွေ့နေတယ်၊ ရွာနေပုံ မြို့နေပုံ လမ်းနေပုံ မြစ်ချောင်းနေပုံ တောတောင်နေပုံ အိမ်တိုက် အဆောက်အဦနေပုံ လူကြီးမိဘ တွေပြောဆို လုပ်ကိုင်နေပုံ လူငယ် လူရွယ်တွေရဲ့ အခြေအနေနဲ့ ဆက်သွယ်ပြုမူနေပုံ စသည်တွေကို စာဖတ်နေရင်း ထင်ရှား တွေ့နေတယ်၊ တွေ့တာမှ ရိုးတိုးရိပ်တိတ် မဟုတ်ဘူး၊ မဟုတ်မှန်း သိလျက်သားနဲ့ ဖျောက်လို့မရအောင် အထင်အရှားကို တွေ့ရတာ၊
ဒါကြောင့် ပျော်စရာအခဏ်းကို ဖတ်တဲ့အခါ ပျော်နေတယ်၊ ရယ်စရာအခဏ်းကို ဖတ်တဲ့အခါ ပြုံးရရယ်ရတယ်၊ စိတ်ဆိုးစရာအခဏ်းကို ဖတ်တဲ့အခါ စိတ်ဆိုးရတယ်၊ ဝမ်းနည်းစရာအခဏ်းကိုဖတ်တဲ့အခါ ဝမ်းနည်းရတယ်၊ သနားစရာအခဏ်းကို ဖတ်တဲ့အခါ သနားရတယ်။
အမှန်စင်စစ်ကတော့ အဲဒီ ခေတ်ပေါ် ဝတ္ထုထဲက အကြောင်းအရာတွေဟာ ဘာမျှမဟုတ်ဘူး၊ စာရေးဆရာက စိတ်ကူးသက်သက်နဲ့ ရေးထားတာတွေဘဲ။ ဒါပေမဲ့ စာဖတ်တဲ့သူမှာ အဟုတ်တကယ်ရှိသလိုဘဲ တွေ့နေပါတယ်၊ အဲဒါဟာ စိတ်ကူး ကြံတွေ့မှု ဖဿထင်ရှားပုံပါဘဲ။ ယခုပြောခဲ့ တာဟာ အာရုံ ၆-ပါးကို တွေ့တဲ့ ဖဿ ၆-ပါးဖြစ်ပုံဘဲ၊ အဲဒါ တော်တော်စုံသွားပါပြီ။
အာရုံကိုတွေ့တော့ ခံစားမှုဖြစ်သည်
▬▬▬▬▬▬▬▬▬▬▬▬▬
အဲဒီလို အာရုံကိုတွေ့ရတော့ အဲဒီအာရုံခံစားတဲ့ ဝေဒနာဖြစ်ပေါ်လာတယ်၊ ခလုတ် တိုက်ယင် ဆူးစူးယင် နာတဲ့သဘောမျိုးပါဘဲ။ အဲဒါကို “ဖဿပစ္စယာ ဝေဒနာ-အာရုံကို ထင်ရှားတွေ့မှုကြောင့် ခံစားမှုဝေဒနာ ဖြစ်သည်” လို့ ဟောထား ပါတယ်။
ဆောင်ပုဒ်မှာ “ဖဿ ၆-ဖြာ ဝေဒနာကြောင့်” လို့ အတိုချုပ်လောက်ပဲ ပြထားတယ်။ ဆိုလိုတာကတော့ အာရုံ ၆-ပါးကိုတွေ့တဲ့ ဖဿ ၆-ပါးကြောင့် ခံစားမှုဝေဒနာ ၆-မျိုး ဖြစ်ပေါ်တယ်လို့ ဆိုလိုပါတယ်။ ဝေဒနာ ၆-မျိုးဖြစ်တယ် ဆိုတာလဲ အကျဉ်းဘဲ ရှိသေးတယ်၊ အပြည့်အစုံဆိုယင်တော့ အာရုံတမျိုးတမျိုးမှာ အကောင်း,အဆိုး, အလတ်အစားအားဖြင့် ခံစားမှု ဝေဒနာက ၃-မျိုး ၃-မျိုးဖြစ်ပါတယ်၊ အာရုံ ၆-မျိုးမှာဆိုတော့ ၆-ခု ၃-လီ ၁၈-မျိုးပေါ့။
ကောင်းတဲ့ အဆင်းအာရုံကို မြင်တွေ့ရတဲ့ အခါမှာ ကောင်းတဲ့ ခံစားမှုဖြစ်တယ်၊ ကြည့်လို့ မြင်လို့ကောင်းတဲ့ သဘောပါဘဲ၊ အဲဒါကို ပါဠိလို သုခဝေဒနာခေါ်တယ်။ မကောင်းတဲ့ အဆင်းအာရုံကို မြင်တွေ့ရတဲ့အခါမှာ မကောင်းတဲ့ ခံစားမှုဖြစ်တယ်၊ ကြည့်လို့မြင်လို့ မကောင်းတဲ့ သဘောပါဘဲ၊ အဲဒါကို ပါဠိလို ဒုက္ခဝေဒနာ ခေါ်တယ်။ မကောင်းမဆိုး ရိုးရိုး မြင်နေကျ အဆင်းအာရုံကို မြင်တွေ့ရတဲ့အခါမှာတော့ မကောင်း မဆိုး အလယ်အလတ် ခံစားမှုဖြစ်တယ်၊ အဲဒါကို ပါဠိလိုဥပေက္ခာဝေဒနာ ခေါ်တယ်။ အဲဒါဟာ မြင်တွေ့မှုကြောင့် ခံစားမှုဝေဒနာ ၃-မျိုး ဖြစ်ပုံပါဘဲ။ အလျင်နေ့များကလဲ ပြောခဲ့ပါပြီ။
ထို့အတူ အသံကောင်းကို ကြားတွေ့ရတဲ့အခါ သုခဝေဒနာ ဖြစ်တယ်၊ အသံဆိုးကို ကြားတွေ့ရတဲ့အခါ ဒုက္ခဝေဒနာ ဖြစ်တယ်၊ မကောင်းမဆိုး ရိုးရိုးအသံကို ကြားတွေ့ရတဲ့အခါ ဥပေက္ခာ ဝေဒနာဖြစ်တယ်။ ဒါက ကြားတွေ့မှုကြောင့် ဝေဒနာ ၃-မျိုး ဖြစ်ပုံဘဲ။
အနံ့ကောင်းကို နံတွေ့ရတဲ့အခါ သုခဝေဒနာဖြစ်တယ်၊ အနံ့ဆိုးကို နံတွေ့ရတဲ့အခါ ဒုက္ခဝေဒနာဖြစ်တယ်၊ ရိုးရိုးအနံ့ကို နံတွေ့ရတဲ့အခါ ဥပေက္ခာဝေဒနာဖြစ်တယ်။ ဒါက နံတွေ့မှုကြောင့် ဝေဒနာ ၃-မျိုး ဖြစ်ပုံဘဲ။
အဘိဓမ္မာနည်းအရအားဖြင့် မြင်ခိုက် ကြားခိုက် နံခိုက် စားသိခိုက်မှာ ဥပေက္ခာ ဝေဒနာသာ ဖြစ်တယ်လို့ ဆိုရတယ်။ ဒါပေမဲ့ ကုသိုလ်အကျိုး ဥပေက္ခာက သုခသဘောရှိတယ်၊ အကုသိုလ်၏အကျိုး ဥပေက္ခာက ဒုက္ခသဘောရှိတယ်။
အဲဒါဟာ အနံ့ကောင်းကလေးများကို နမ်းရှုရတဲ့အခါ ခံသာပုံကောင်းပုံ၊ အနံဆိုးကို နမ်းရှုရတဲ့အခါ မခံသာပုံအခံရခက်ပုံနဲ့ ထောက်ဆကြည့်ယင် အင်မတန် ထင်ရှား ပါတယ်။ အဆိပ်နံ့ကို နမ်းရှုမိယင် သေသည်အထိ ဒုက္ခရောက်သွား နိုင်ပါတယ်။ ဒါကြောင့် သုတ္တန်နည်းအရအားဖြင့် မြင်ခိုက် ကြားခိုက် နံခိုက် စားသိခိုက်မှာလဲ သုခဝေဒနာ ဒုက္ခဝေဒနာဖြစ်ပုံကို မှတ်သားရပါတယ်။
နောက်ပြီးတော့ စားခိုက်မှာ အရသာကောင်းကို စားတွေ့ရတဲ့အခါ သုခဝေဒနာ ဖြစ်တယ်၊ စားလို့ သိပ်အရသာရှိတယ်၊ သိပ်မြိန်ရှက်တယ်လို့တောင် ပြောတတ်ကြ ပါသေးတယ်။ ဆေးခါးကြီးအစရှိတဲ့ အရသာဆိုးကို စားတွေ့ရတဲ့အခါ ဒုက္ခဝေဒနာ ဖြစ်တယ်။
တခါက မျက်စိနဲ့ပတ်သတ်တဲ့ ဒိဗ္ဗစက္ခုခေါ်တဲ့ဆေးကို သောက်ဘူးတယ်၊ အလွန် ခါးတဲ့ဆေးပါဘဲ၊ နဲနဲလောက်သောက်ပြီး ကတည်းက ဆက်ပြီးမသောက်နိုင် တော့ဘူး၊ အတင်းပေပြီး မျိုချဘို့ ကြိုးစားပေမယ်လို့ အော့ချင် အန်ချင်ဖြစ်လာတာနဲ့ ရပ်ထားလိုက်ရတယ်။ အဲဒီဆေးကလျှာပေါ်မှာစွဲပြီး ခါးနေတယ်၊ ကွမ်းတယာ လောက်စားပြီးလို့လဲ အခါးက မပျောက်သေးဘူး၊ တော်တော်ကိုခါးတဲ့ ဆေးပါဘဲ။
အဲဒီအခါမှာ အခံခက်တဲ့ ဒုက္ခဝေဒနာတွေဖြစ်တာ အလွန်ထင်ရှားပါတယ်၊ အဆိပ်ပါတဲ့ အရသာစားမိယင်တော့ သေသည်အထိ ဒုက္ခဖြစ်သွားနိုင်ပါတယ်။ မကောင်းမဆိုး ရိုးရိုးအရသာကို စားတွေ့ရတဲ့ အခါမှာတော့ ရိုးရိုးခံစားမှု ဥပေက္ခာ ဝေဒနာဖြစ်တယ်။ ဒါက စားတွေ့မှုကြောင့် ဝေဒနာ ၃-မျိုးဖြစ်ပုံဘဲ။
ထိတွေ့ရာမှာတော့ အတွေ့ကောင်းကို တွေ့ရတဲ့အခါမှာ သုခဝေဒနာဖြစ်တယ်၊ အတွေ့ဆိုးကို တွေ့ရတဲ့အခါမှာ ဒုက္ခဝေဒနာဖြစ်တယ်။ ဒါကတော့ ကိုယ်တွေ့အားဖြင့် အလွန်ထင်ရှားပါတယ်။ ကိုယ်ထဲမှာ အေးနေတဲ့အခါ ပူးနွေးတဲ့စောင်နဲ့ ခြုံထွေးပြီး နေရယင် အင်မတန်နေသာပြီး ကောင်းသွားတယ်။ ပူအိုက်နေတဲ့အခါ လေအေး ရေအေးကလေးများနဲ့ တွေ့လိုက်ရယင် နေသာပြီး ကောင်းသွားတယ်။ ကျောညောင်း နေတဲ့အခါ နူးညံ့တဲ့ အိပ်ရာပေါ်မှာ လှဲအိပ်လိုက်ရယင် နေသာပြီးကောင်းသွားတယ်။
ဒီနည်းဖြင့် အတွေ့ကောင်းတွေနဲ့ တွေ့ရတဲ့အခါ ကိုယ်ထဲမှာ နေကောင်းတဲ့ သဘောတွေဖြစ်တာ အလွန်ထင်ရှား ပါတယ်။ ခလုတ်တိုက်တဲ့အခါ ဆူးစူးတဲ့အခါ မကောင်းတဲ့အတွေ့နဲ့တွေ့ပြီး အင်မတန်နာကျင် အခံခက်တယ်၊ မီးလောင်တဲ့အခါ ပူလောင်ပြီး အခံခက်တယ်၊ အဖျားတတ်တဲ့အခါ အနာပေါက်တဲ့အခါ ခေါင်းကိုက်ခြင်း သွားနာခြင်း ယားယံခြင်း စသည်ဖြစ်တဲ့အခါ မကောင်းတဲ့ အတွေ့တွေနဲ့တွေ့ပြီး အင်မတန်အခံခက်တယ်။
ဒီနည်းဖြင့် အတွေ့ဆိုးတွေနဲ့ တွေ့ရတဲ့အခါ ကိုယ်ထဲမှာ မခံသာတဲ့ အခံခက်တဲ့ သဘောတွေဖြစ်တာ အလွန်ဘဲထင်ရှားပါတယ်။ နဲနဲတွေ့ယင် နဲနဲအခံရခက်တယ်၊ များများကြီးတွေ့ယင် များများကြီး အခံရခက်တယ်။ ဆူးစူးတာနဲ့ နှိုင်းယှဉ်ပြီး ကြည့်ပါ၊ နဲနဲစူးယင် နဲနဲနာတယ်၊ များများစူးယင် များများနာတယ်။
ဒီကိုယ်အတွေ့မှာတော့ အဘိဓမ္မာနည်းအရဆိုယင် သုခနဲ့ ဒုက္ခသာရှိပါတယ်၊ ဥပေက္ခာရယ်လို့ မရှိဘူး၊ ဒါပေမဲ့ အဝတ်အထည် နေရာထိုင်ခင်း အစရှိတဲ့ သာမန်အတွေ့များနဲ့ တွေ့ရတဲ့အခါမှာ အခံသာတဲ့ ဒုက္ခသဘောလဲ မထင်ရှားဘူး၊ ခခံသာတဲ့ ကောင်းတဲ့ သုခသဘောလဲ မထင်ရှားဘူး၊ မဆိုးမကောင်း အလယ်အလတ် ဥပေက္ခာသဘောသာ ထင်ရှားတယ်၊
အဲဒါကို အဘိဓမ္မာနည်းအရတော့ သိမ်မွေ့တဲ့ သုခလို့ ဆိုရမှာဘဲ။ သုတ္တန်နည်းအရ အားဖြင့်တော့ ဥပေက္ခာဝေဒနာလို့ဘဲ ဆိုရပါတယ်၊ ယခုပြောခဲ့တာဟာ ထိတွေ့မှုကြောင့် ဝေဒနာ ၃-မျိုး ဖြစ်ပုံဘဲ။
ကြံသိခိုက်မှာတော့ ရှေးက ကောင်းစားချမ်းသာခဲ့တာတွေ, ယခုကောင်းစား ချမ်းသာ နေတာတွေ, နောင်ကောင်းစား ချမ်းသာဘို့ရာတွေဆိုတဲ့ ဒီလိုအာရုံ ကောင်းတွေကို စိတ်ကူးထဲ ထင်ရှားတွေ့ရတဲ့အခါ ရွှင်လန်းဝမ်းသာတဲ့ သဘော တွေဖြစ်တယ်၊ သောမနဿလို့ခေါ်တဲ့ သုခဝေဒနာတွေပါဘဲ။ ရှေးကဆင်းရဲခဲ့ တာတွေ၊ ယခု ဆင်းရဲနေတာတွေ၊ နောင်ဆင်းရဲဘို့ရာတွေ ဆိုတဲ့အာရုံဆိုးတွေကို စိတ်ကူးထဲ ထင်ရှားတွေ့ရတဲ့အခါ စိတ်နှလုံးမသာခြင်း, ဝမ်းနည်းခြင်း ဖြစ်တယ်၊ ဒေါမနဿ လို့ခေါ်တဲ့ ဒုက္ခဝေဒနာတွေပါဘဲ။ သာမန်ရိုးရိုးအာရုံတွေကို စိတ်ကူးထဲ တွေ့နေတဲ့ အခါမှာတော့ ဝမ်းလဲမသာဘူး၊ နှလုံးမသာလဲ မရှိဘူး။ အလယ်အလတ် ဥပေက္ခာ ဝေဒနာဘဲ ဖြစ်တယ်၊ ဒါကြောင့် အဲဒီလို အခါမှာ ခံစားမှုဝေဒနာက မထင်ရှားဘဲ ရှိနေတတ်တယ်။
ယခုပြောခဲ့တာဟာ စိတ်ကူးထဲမှာ ကြံတွေ့မှုကြောင့် ဝေဒနာသုံးပါး ဖြစ်ပုံဘဲ။ အဲဒီတော့ ဖဿ ၆-ပါးကြောင့် အကျဉ်းအားဖြင့် ဝေဒနာ ၆-ပါး၊ အကျယ်အားဖြင့် ဝေဒနာ ၁၈-ပါး ဖြစ်ပေါ်ပုံ စုံသွားပြီ။
အတိုချုပ်ပြောရယင်တော့ အမြင်ကောင်း အကြားကောင်းအစရှိတဲ့ အကောင်းတွေ ကိုတွေ့ယင် ကိုယ်စိတ်ထဲမှာ ကောင်းတဲ့သဘော သုခဝေဒနာ ဖြစ်ပေါ်လာတယ်၊ အမြင်ဆိုး, အကြားဆိုး အစရှိတဲ့ အဆိုးတွေကို တွေ့ယင် ကိုယ်စိတ်ထဲမှာ မခံသာတဲ့သဘော ဒုက္ခဝေဒနာဖြစ်ပေါ်လာတယ်၊ မကောင်းမဆိုး ရိုးရိုးအာရုံကို တွေ့ယင် မကောင်းမဆိုး ရိုးရိုးခံစားတဲ့သဘော ဥပေက္ခာဝေဒနာဖြစ်ပေါ်လာတယ် ဒါပါဘဲ။ အဲဒါကို ဆိုကြဦးစို့--
ကောင်းတာကိုတွေ့လျှင် သုခဝေဒနာ ဖြစ်ပေါ်သည်။
မကောင်းတာကို တွေ့လျှင် ဒုက္ခဝေဒနာဖြစ်ပေါ်သည်။
မကောင်းမဆိုး ရိုးရိုးအာရုံကိုတွေ့လျှင် ဥပေက္ခာဝေဒနာ ဖြစ်ပေါ်သည်။
တရားအနုသန္ဓေ ဆက်စပ်မိအောင် နောက်ကြောင်း ပြန်ပြောနေရတာနဲ့ အချိန်က အတော်ကုန်သွားပြီ။ ယခု ဒီကစပြီး တရားအသစ်ကို ဟောရမယ်။ ဝေဒနာပစ္စယာ တဏှာ-ဝေဒနာကြောင့် တဏှာ ဖြစ်ပေါ်သည်-ဆိုတာကစပြီး ဟောရမယ်။
ဝေဒနာပစ္စယာ တဏှာ
▬▬▬▬▬▬▬▬
ခုတင်ကပြောခဲ့တဲ့အတိုင်း အာရုံအကောင်းအဆိုးတွေကိုတွေ့ပြီး ခံစားရတဲ့အတွက် ဆာလောင်တပ်မက်မှု တဏှာဖြစ် လာတယ်။ တဏှာဆိုတာ အာရုံကို ဆာလောင်တဲ့ သဘောဘဲ။ ဒါကြောင့် သူ့ကို ဝစနတ္ထပြုလျှင် “တဿတိ ပရိတဿတီတိတဏှာ” လို့ပြုရတယ်။
တဿတိ၊ ဆာလောင်တတ်၏။
ပရိတဿတိ၊ ထက်ဝန်းကျင် အခါခပ်သိမ်း အရာရာမှာ ဆာလောင်တတ်၏။
ဣတိ-တသ္မာ၊ ထို့ကြောင့်။
တဏှာ၊ တဏှာမည်ပါတယ်တဲ့။
ဘာတွေကို ဆာသလဲဆိုတော့ အာရုံတွေကို ဆာလောင်တောင့်တနေတာပါဘဲ။ မရသေးတာကို ရချင်တယ်၊ ရပြီးဟာမျိုးကိုလဲ တိုးပြီးရချင်တယ်၊ မခံစားရသေး တာကို ခံစားချင်တယ်၊ ခံစားဘူးတာကိုလဲ တိုးပြီးခံစားချင်တယ်။ သူက ထမင်းဆာနေတာနဲ့ အင်မတန်တူပါတယ်။ ထမင်းဆာတာကမှ ဝမ်းဗိုက်ပြည့်အောင် စားပြီးတဲ့အခါ ခေတ္တခဏတော့ အဆာပြေနေသေးတယ်၊
ဒီတဏှာကတော့ ဘယ်လောက်များများ ခံစားရပေမဲ့ ဝ-တယ် အဆာပြေတယ်လို့ မရှိဘူး၊ အခါခပ်သိမ်း အမြဲတမ်း ဆာနေတာဘဲ။ ဒါကြောင့် “ပရိတဿတိ၊ ထက်ဝန်းကျင် အခါခပ်သိမ်း ဆာလောင်တတ်တယ်” လို့ သူ့ကို ဆိုထားပါတယ်။ ကာမဂုဏ် အာရုံတွေနဲ့ ဘယ်လိုကျွေးကျွေး သူက ဝ-တယ် အဆာပြေတယ်လို့ မရှိဘူး။ .
နတ်တွေဟာ ပြိတ္တာနဲ့တူတယ်
▬▬▬▬▬▬▬▬▬▬▬
ဒါကြောင့် နတ်သားတယောက်က ဒီလိုပြောပါတယ်၊ နတ်တွေဟာ ကာမဂုဏ် အာရုံတွေကို အလိုရှိတိုင်း ခံစားနေရပေမဲ့ ဝ-တယ်လို့မရှိဘူး၊ ဆာနေတာဘဲ၊ ဒါကြောင့် နတ်တွေဟာ ပြိတ္တာတွေနဲ့ တူပါတယ်တဲ့။ ပြိတ္တာဆိုတာ ပြိတ္တာဘုံ ရောက်ကတည်းက တခါမျှ မစားရ မသောက်ရဘူး၊ အလွန်ဆာမှာပေါ့၊ အဲဒါနဲ့ တူတယ်တဲ့။
အဲဒါဟာ တော်တော်သဘာဝကျတဲ့ စကားပဲ။ တာဝတိံသာ နတ်တွေမှာ လူတို့၏နှစ်နဲ့ နှစ်ပေါင်း သုံးကုဋေနှင့် ခြောက်သန်း အသက်ရှည်တယ်။ အဲဒီလောက် ရှည်လျားတဲ့ ကာလပတ်လုံး ကာမဂုဏ်အာရုံတွေကို မပြတ်မစဲ ခံစားနေကြတယ်။ ဒါပေမဲ့ သူတို့မှာ ဝ-တယ် အဆာပြေတယ်လို့ မရှိဘူး၊
ယာမာဘုံက အဲဒါထက် ၄-ဆ အသက်ရှည်တယ်၊ တုသိတာဘုံက ယာမာထက် ၄-ဆ အသက်ရှည်တယ်၊ နိမ္မာနရတိဘုံက တုသိတာထက် ၄-ဆ အသက်ရှည်တယ်၊ ပရနိမ္မိတဝသဝတ္တိဘုံက နိမ္မာနရတိထက် ၄-ဆ အသက်ရှည်တယ်၊ လူတို့၏ နှစ်နဲ့ ဆိုယင် နှစ်ပေါင်း ကိုးရာနှစ်ဆဲ့တစ်ကုဋေနှင့် ခြောက်သန်း (၉,၂၁၆,ဝဝဝ,ဝဝဝ) အသက် ရှည်တယ်။
အဲဒီဘုံကနတ်တွေဟာ အဲဒီလောက် ရှည်လျားတဲ့ ကာလပတ်လုံး ကာမဂုဏ်အာရုံ တွေကို မပြတ်ခံစားနေကြရတယ်၊ သူတို့မှာ ဒီပြင်အလုပ်လဲမရှိဘူး၊ ဒီအာရုံခံစားတဲ့ အလုပ်ပဲရှိတယ်။ ဒိလိုနှစ်ပေါင်း ကုဋေ ကိုးရာကျော်အောင် ခံစားနေရပေမဲ့ သူတို့မှာ ဝ-တယ်အဆာပြေတယ်လို့တော့ မရှိဘူး၊
ဒါကြောင့် နတ်တွေဟာ အမြဲတမ်း အာရုံဆာနေလို့ ပြိတ္တာတွေနဲ့ တူတယ်-ဆိုတဲ့ စကားဟာ အလွန်သဘာဝကျတဲ့ စကားပါဘဲ။ ဒီလို အဆာမပြေတာကလဲ တခြားကြောင့် မမဟုတ်ဘူး။ ဒီတဏှာက အဆာမပြေလို့ပါဘဲ။
နတ်တွေဆိုတာက မမြင်ရလို့ ထားလိုက်ပါဦးတော့၊ လူတွေကိုဘဲ ချင့်ချိန်ကြည့်ပါဦး၊ ပစ္စည်းမဲ့ ဆင်းရဲသားတွေမှာလဲ သူစွမ်းနိုင်သမျှ ရှာကြံပြီး ကာမဂုဏ်အာရုံတွေကို ကျွေးနေရတယ်၊ ဒါပေမဲ့ ဝ-တယ်လို့တော့မရှိဘူး၊ အဲဒါက ဆင်းရဲသားမို့ မပြည့်စုံရှာလို့ဘဲလို့ ဆိုစရာရှိပါသေးတယ်၊ ကဲ-ချမ်းသာကြွယ်ဝတဲ့ သူတွေရာထူး ဌာနန္တရကြီးတဲ့သူတွေ အထက်တန်း ပုဂ္ဂိုလ်တွေကို ကြည့်ပါဦး၊ သူတို့မှာလဲ အာရုံအဆာပြေတယ် ဝ-တယ်လို့ မရှိကြပါဘူး၊
အဲဒါဟာ တဏှာဆိုတဲ့တရားက ဆာလောင်တတ်တဲ့ သဘောမို့ မဝနိုင်တာအဆာ မပြေနိုင်တာပါဘဲ။ ဒီတဏှာက သူ့ကို အစာကျွေးလေလေ ပိုပိုပြီး ဆာလောင် လေလေဘဲ၊ ဆင်းရဲတဲ့ သူတွေထက် ချမ်းသာတဲ့သူတွေမှာ သာပြီးဆိုးနေတတ်တယ်၊ ဆင်းရဲ့တဲ့ နိုင်ငံမှာထက် ချမ်းသာတဲ့ နိုင်ငံတွေမှာ သာပြီးဆိုးသေးတယ်။ ပြည့်စုံ လေလေ သာသာပြီး လိုချင်တောင့်တမှု များလေလေဘဲ။ အဲဒါဟာ တဏှာက အဆာမပြေတဲ့ သဘောပါဘဲ။ ဒါကြောင့် ဒီတဏှာကို ဆာလောင်တတ်တဲ့ သဘောလို့ ဆိုတာဘဲ။ .
တဏှာ ၆-ပါး
▬▬▬▬▬
ဒီတဏှာက အဆင်းရူပါရုံကိုလဲ ဆာတယ်၊ လှပတင့်တယ်တဲ့ ရူပါရုံ, ကိုယ်ကြည့်ချင်တဲ့ မိန်းမ ယောက်ျား အာရုံတွေကို ကြည့်လို့ မြင်လို့ အားမရနိုင်ဘူး၊ ထပ်ကာထပ်ကာ တိုးတိုးပြီး ကြည့်ချင် မြင်ချင်နေတာဘဲ။ ထို့အတူ အသံအာရုံကိုလဲ ဆာတယ်၊ အသံကောင်းကလေးတွေ, ကိုယ်နားထောင်ချင်တဲ့ အသံကလေးတွေကို နားထောင်လို့ ကြားနာလို့ အားမရနိုင်ဘူး၊ ထပ်ကာထပ်ကာ ကြားချင်နေကြတာဘဲ၊ တချို့လူတွေက သွားရင်းလာရင်းတောင် အိတ်ထောင့်ထဲရေဒီယိုထည့်ပြီး နားထောင်နေကြသေးတယ်။
ထို့အတူ အနံ့ကောင်းအာရုံကိုလဲ ဆာတယ်၊ အရသာကောင်းအာရုံကိုလဲ ဆာတယ်၊ အရသာကောင်းဆိုယင် စားပြီးရင် စားချင်ရင်းနဲ့ ဝ-တယ်လို့ကို မရှိဘူး၊ စားချင် နေတာဘဲ။ ဒီနေရာမှာတော့ သေရည်အရက် ကြိုက်တတ်တဲ့ သူတွေရဲ့ တဏှာက စံပြပါဘဲ။ ထို့အတူ အတွေ့အထိအာရုံကိုလဲ ဆာတယ်၊ ဒါကတော့ ကာမဘုံသား တွေအတွက် အဆိုးဆုံးလို့ ဆိုရမှာဘဲ။
ထို့အတူ သဘောအာရုံကိုလဲ ဆာတယ်၊ သဘောအာရုံဆိုတာ မျက်စိနဲ့လဲ မမြင်နိုင်ဘူး၊ နားနဲ့လဲ မကြားနိုင်ဘူး၊ နှာခေါင်းနဲ့လဲ မနံနိုင်ဘူး။ လျှာနဲ့လဲမသိနိုင်ဘူး၊ ကိုယ်နဲ့လဲ မတွေ့ထိနိုင်ဘူး၊ စိတ်ကူး သက်သက်နဲ့သာ သိနိုင်တဲ့ အာရုံဘဲဖြစ်တယ်။
ကျမ်းဂန်အရပြောရယင် ပသာဒရုပ်ခေါ်တဲ့ အကြည်ရုပ် ၅-ပါးလဲ သဘောအာရုံဘဲ။ အာပေါဓာတ်အစရှိတဲ့ သုခုမရုပ်တွေလဲ သဘောအာရုံဘဲ၊ စိတ်စေတသိက်တွေလဲ သဘောအာရုံဘဲ။ မိန်းမယောက်ျား မျက်နှာ အစရှိတဲ့ ပုံသဏ္ဌာန်ပညတ်, ချီးမွမ်းဘွယ် ဂုဏ်ပညတ်, အမည်ပညတ် ဒီလိုပညတ်တွေလဲ သဘောအာရုံဘဲ။ ဒီလို သဘောအာရုံတွေကိုလဲ တဏှာက ဆာလောင်တောင့်တနေတယ်။ .
သဘောအာရုံကို တောင့်တပုံ
▬▬▬▬▬▬▬▬▬▬
ဘယ်လိုလဲဆိုယင် မျက်စိကြည်လင်ချင်တယ်၊ နားကြည်လင်ချင်တယ်၊ ကိုယ်အသား အသွေးကောင်းပြီး အတွေ့အထိ ကောင်းချင်တယ်။ ဒါတွေဟာ ပသာဒရုပ် သဘောအာရုံကို ဆာလောင်တောင့်တနေတာပါဘဲ။ နောက်ပြီးတော့ လည်ချောင်း အာခေါင်စသည်မှာ မချောက်စေချင်ဘူး၊ စိုနေစေချင်တယ်၊ ကိုယ်မှာ အသား အသွေးတွေ စိုနေစေချင်တယ်၊ ဒီပုံဒီနည်းဖြင့် ကိုယ်ထဲမှာ အစိုဓာတ်တွေကို အလိုရှိနေတာဟာ အာပေါဆိုတဲ့ သုခုမရုပ် (သိမ်မွေ့တဲ့ရုပ်) ကို ဆာလောင်နေ တာပါဘဲ။
ကိုယ့်သန္တာန်က မိန်းမဖြစ်ကြောင်းရုပ်နဲ့ သူများသန္တာန်က ယောက်ျားဖြစ်ကြောင်း ရုပ်ဆိုတာတွေကို အမသတ္တဝါတွေက သာယာနှစ်သက် နေကြတယ်။ ကိုယ့်သန္တာန်က ယောက်ျားဖြစ်ကြောင်းရုပ်နဲ့ သူများသန္တာန်က မိန်းမဖြစ်ကြောင်း ရုပ်ဆိုတာတွေကို အဖိုသတ္တဝါတွေက သာယာနှစ်သက်နေကြတယ်။ အဲဒါဟာ ဣတ္ထိဘာဝရုပ်, ပုမ္ဘာဝရုပ်ဆိုတဲ့ သုခုမရုပ်ကို ဆာလောင် တောင့်တနေတာပါဘဲ။
အသက်ရှည်ချင်တယ်၊ ဇီဝိတခေါ်တဲ့ သုခုမရုပ်ကို ဆာလောင် တောင့်တတာဘဲ။ ကိုယ်ကာယပေါ့ပါးလျင်မြန်စွာနဲ့ သွားလာလှုပ်ရှား နိုင်တာကို နှစ်သက်သာယာတယ်၊ ကာယလဟုတာအစရှိတဲ့ သုခုမရုပ်ကို ဆာလောင်တောင့်တတာဘဲ။ အမြဲတမ်း စိတ်ကြည်လင်ရွှင်ပျ နေချင်တယ်၊ ကိုယ်ရောစိတ်ရော အမြဲတမ်း ချမ်းသာချင်တယ်၊ အမှတ်သတိကောင်းချင်တယ်၊ ဉာဏ်ကောင်းချင်တယ်၊
ဒီလိုဟာတွေကတော့ စိတ်စေတသိက် သဘောအာရုံကို ဆာလောင်တောင့်တနေ တာတွေဘဲ။ အမသတ္တဝါတွေက မိမိတို့ရဲ့ ပုံသဏ္ဌာန် အခြေအနေကိုလဲ နှစ်သက် သာယာနေတယ်။ ယောက်ျားတွေရဲ့ ပုံသဏ္ဌာန် အမူအယာတွေကိုလဲ နှစ်သက် သာယာနေတယ်၊ အဖိုသတ္တဝါတွေကလဲ ထို့အတူဘဲ နှစ်သက်သာယာ နေကြတယ်၊ အားလုံးကပင် အချီးမွမ်းခံချင်ကြတယ်၊ ဂုဏ်သတင်း ကျော်စော ချင်ကြတယ်။ ဒါတွေဟာ ပညတ်သဘောအာရုံကို ဆာလောင် တောင့်တနေတာ တွေဘဲ။ .
တဏှာ ၆-ပါးမှ ၁၀၈-ပါး
▬▬▬▬▬▬▬▬▬
ယခု ပြောခဲ့တဲ့အတိုင်း အာရုံတပါးတပါးမှာ ဆာလောင်တောင့်တမှု တဏှာ တပါးတပါးဆိုတော့ အာရုံ ၆-ပါးမှာ တဏှာ ၆-ပါးဖြစ်တယ်။ အဲဒီ ၆-ပါးဟာ ကာမဂုဏ်ကိုသာယာတဲ့ အနေသက်သက်နဲ့ ဖြတ်တာလဲ ရှိတယ်၊ အဲဒါကို ကာမတဏှာ ခေါ်တယ်။ အဲဒီအာရုံကို မပျက်စီးဘဲ အမြဲတမ်း တည်ရှိတဲ့အနေနဲ့ သာယာတာလဲ ရှိတယ်၊ အဲဒါကို ဘဝတဏှာလို့ ခေါ်တယ်၊ သဿတဒိဋ္ဌိနဲ့ ယှဉ်တွဲပြီးဖြစ်တဲ့ တဏှာပါဘဲ။
အဲဒီအာရုံကို သေပြီးတဲ့နောက် လုံးလုံးပြတ်စဲ သွားမည့် အနေနဲ့ သာယာတာလဲ ရှိတယ်၊ မသေခင်အခွင့်ရသမျှ ခံစားမယ်ဆိုတဲ့အနေနဲ့ ဖြစ်တဲ့တဏှာပါဘဲ၊ အဲဒါကို ဝိဘဝတဏှာလို့ ခေါ်တယ်၊ ဥစ္ဆေဒဒိဋ္ဌိနဲ့ ယှဉ်တွဲပြီးဖြစ်တဲ့ တဏှာပါဘဲ။
အဲဒီတော့ ကာမတဏှာက ၆-ပါး၊ ဘဝတဏှာက ၆-ပါး၊ ဝိဘဝတဏှာက ၆-ပါး=ပေါင်းလိုက်ယင် တဏှာ ၁၈-ပါး ဟာလဲ ကိုယ်တွင်းသန္တာန်က အာရုံမှာ ဖြစ်တာလဲရှိတယ်၊ အပြင်ပ သူတပါးသန္တာန်က အာရုံမှာဖြစ်တာလဲ ရှိတယ်၊ ဒီတော့ ၁၈-ပါး ၂-လီ ၃၆-ပါးရတယ်။ တဖန် အဲဒီ ၃၆-ပါးဟာလဲ အတိတ် အာရုံနဲ့ စပ်တာလဲ ရှိတယ်။ အနာဂတ်အာရုံနဲ့ စပ်တာလဲ ရှိတယ်၊ ပစ္စုပ္ပန်အာရုံနဲ့ စပ်တာလဲ ရှိတယ်၊
ဒီတော့ ၃၆-ပါးကို ကာလ ၃-ပါးနဲ့ မြှောက်လိုက်ယင် တဏှာ ၁၀၈-ပါး ရတယ်။ အဲဒီ ၁၀၈-ပါးကို ပြန်ပြီး ချုံးလိုက်မယ်ဆိုယင် အာရုံ ၆-ပါးကို ဆာလောင်တဲ့ တဏှာ ၆-ပါးမျှဘဲ ဖြစ်ပါတယ်။ အဲဒါကိုလဲ ချုံးလိုက်ယင် ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာဆိုတဲ့ တဏှာ ၃- ပါးမျှဘဲ ဖြစ်ပါတယ်။ အဲဒါကိုလဲ ချုံးလိုက်ယင် ဆာလောင်တဲ့ နှစ်သက်သာယာတဲ့ သဘောအားဖြင့် တဏှာတပါးတည်းဘဲ ဖြစ်ပါတယ်။ .
ဝေဒနာကြောင့် တဏှာဖြစ်ပုံ
▬▬▬▬▬▬▬▬▬▬
ဝေဒနာအကြောင်းလဲ ပြောခဲ့ပြီ၊ တဏှာအကြောင်းလဲ ပြောခဲ့ပြီ။ ယခု ဝေဒနာကြောင့် တဏှာ ဖြစ်ပေါ်လာပုံကို ပြောရမယ်။ မကောင်းတဲ့အာရုံတွေနဲ့တွေ့ပြီး ဆင်းရဲဒုက္ခ ရောက်နေတဲ့သူက ချမ်းသာကို တောင့်တတယ်၊ အပူနဲ့တွေ့ယင် အအေးကို တောင့်တတယ်၊ အလွန်အေးပြန်တော့လဲ အပူအနွေးကို တောင့်တတယ်။ ကိုယ်ထဲမှာ နာကျင်မှုစသည်နဲ့ တွေ့ရတော့၊ အဲဒီနာကျင်မှုစသည် ပျောက်ပြီး ချမ်းချမ်းသာသာနဲ့ နေချင်တယ်။ စားရမဲ့၊ သောက်ရမဲ့၊ ဝတ်ရမဲ့ဖြစ်တော့ အဝတ်အစား ပြည့်စုံချင်တယ်။ လမ်းဆိုးကို သွားနေရတော့ လမ်းကောင်းနဲ့ ချမ်းချမ်းသာသာ သွားချင်တယ်။ ဒီပုံဒီနည်းဖြင့် ဒုက္ခဝေဒနာ ခံစားရတော့ သုခကို တောင့်တတယ်။ အဲဒါဟာ ဒုက္ခကြောင့် သုခကို တောင့်တတဲ့ တဏှာဖြစ်လာတာဘဲ။ ဒါကြောင့် အဋ္ဌကထာမှာ-
ဒုက္ခီ သုခံ ပတ္ထယတိ၊
ဒုက္ခီ၊ ဆင်းရဲသောသူသည်။
သုခံ၊ ချမ်းသာကို။
ပတ္ထယတိ၊ တောင့်တတယ်-လို့ ဆိုထားပါတယ်။
အဲဒါဟာ အင်မတန် ထင်ရှားပါတယ်။ အမြင်ဆိုးကို တွေ့မြင်ရယင် အမြင်ကောင်းကို အလိုရှိတယ်။ မကောင်းတာကို ကြားရတွေ့ရယင် ကောင်းတာကို ကြားချင်တယ်၊ လူကြီးမိဘ ဆရာသမားတွေက အပြစ်ပြပြီး ခပ်ကြမ်းကြမ်း ပြောဆိုဆုံးမယင် တောင်မှ ချိုချိုသာသာ ပြောပါတော့လို့ တောင့်တတတ်သေးတယ်။ မကောင်းတာကို နံရ, စားရယင် ကောင်းတာကို နံချင်, စားချင်တယ်။ မကောင်းတာကို တွေ့ထိရယင် ကောင်းတာကို တွေ့ထိချင်တယ်၊ အောက်ထစ်ဆုံးအားဖြင့် မကောင်းတဲ့ အတွေ့အထိမှ လွတ်မြောက်ချင်တယ်၊ ဒါလဲ ချမ်းသာကို တောင့်တတာပါဘဲ။
ဆင်းရဲကင်းတာကို ချမ်းသာလို့ ခေါ်ရတယ် မဟုတ်လား။ စိတ်မချမ်းသာစရာ အာရုံတွေ စိတ်ထဲရောက်နေယင် အဲဒီအာရုံဆိုးတွေမှ လွတ်မြောက်ချင်တယ်၊ ဒါလဲ ချမ်းသာကို တောင့်တတာဘဲ။ စားရမဲ့ သောက်ရမဲ့ အတိဒုက္ခ ရောက်နေတဲ့ သူက မှန်မှန် စားသောက်မနေထိုင်ရရုံ အတော်အသင့် ချမ်းသာလောက်ပဲ တောင့်တ တတ်ပါတယ်။ ဒါပေမဲ့ အတော်အတန် ပြည့်စုံလာတော့ အဲဒါထက် တိုးပြီး တောင့်တတတ်ပြန်တာဘဲ။ ဒါက တဏှာရဲ့ ဆာလောင်မှု သဘောဘဲ။ ဒါကြောင့် အဋ္ဌကထာမှာ -
သုခီ ဘိယျောပိ ဣစ္ဆတိ။
သုခီ၊ ချမ်းသာနှင့် ပြည့်စုံသောသူသည်။
ဘိယျောပိ၊ တိုး၍ ချမ်းသာခြင်းကိုလည်း။
ဣစ္ဆတိ၊ အလိုရှိပြန်တယ်-လို့ ဆိုထားပါတယ်။
ရလေလိုလေ အိုတစ္ဆေ ဆိုတာလိုဘဲ၊ နဲနဲလောက် ချမ်းသာလာယင် များများ ချမ်းသာချင်လာတယ်။ တကြိမ်တခါလောက် အရသာကောင်းကို ခံစားရလို့ရှိယင် အဲဒါမျိုးကို ထပ်ကာ ထပ်ကာလဲ ခံစားချင်တယ်။ အဲဒါထက် ကောင်းတာကိုလဲ ခံစားချင်တယ်။ တခုလောက်ရလာယင် ၂-ခု, ၃-ခု လိုချင်လာတယ်။ ၂-ခု, ၃-ခု ရလာပြန်တော့ ၄-ခု, ၅-ခု စသည်ဖြင့် လိုချင်ပြန်တယ်။ အဲဒီလောက် ရလာပြန်တော့လဲ တဆယ်, တရာ စသည်ဖြင့် လိုချင်လာပြန်တယ်။ တော်ပါပြီ မလိုချင်ပါဘူးလို့ ရပ်တန့်ခြင်း မရှိဘူး၊ ရတိုင်း ရတိုင်း လိုချင်နေတာဘဲ၊ အဲဒါဟာ ဝေဒနာကြောင့် တဏှာတွေ ပွါးပွါးလာတာပါဘဲ။ ကဲ ဆိုကြပါဦး-
ဆင်းရဲနဲ့တွေ့တော့ ချမ်းသာကို တောင့်တသည်။
ချမ်းသာပြန်တော့ တိုး၍ တိုး၍ ချမ်းသာချင်သည်။
ဒီလိုဆိုယင် အလယ်အလတ် ခံစားမှု ဥပေက္ခာနဲ့ တွေ့တဲ့အခါ တဏှာက ဘယ်လိုဖြစ်သလဲလို့ ဆိုတော့- “ဥပေက္ခာ ပန သန္တတ္တာ သုခမိစ္စေဝ ဘာသိတာ” လို့ အဋ္ဌကထာက ဆိုထားပါတယ်။
ဥပေက္ခာ ပန၊ အလယ်အလတ် ခံစားမှု ဥပေက္ခာဝေဒနာကိုမူကား။
သန္တတ္တာ၊ ငြိမ်သက်သိမ်မွေ့သည်၏ အဖြစ်ကြောင့်။
သုခမိစ္စေဝ၊ ချမ်းသာဟူ၍ သာလျှင်။
ဘာသိတာ၊ ဆိုအပ်ပါတယ်-တဲ့။
မကောင်းမဆိုး ရိုးရိုးအဆင်းကို မြင်ရတဲ့အခါ, ရိုးရိုးအသံကို ကြားရတဲ့အခါ, ရိုးရိုးအနံ့ကို နံရတဲ့အခါ, ရိုးရိုးအရသာကို စားရတဲ့အခါ, ရိုးရိုးအတွေ့နဲ့ တွေ့ထိရတဲ့အခါမှာ မခံသာတဲ့သဘော ဆင်းရဲတဲ့သဘောလဲ မထင်ရှားဘူး၊ ခံသာတဲ့သဘော ကောင်းတဲ့သဘောလဲ မထင်ရှားဘူး၊ မဆိုးမကောင်း အလယ်အလတ် ဖြစ်နေတယ်၊ အဲဒါဟာ ဥပေက္ခာဘဲ၊ သူက သိမ်မွေ့တယ်၊ ဒါကြောင့် သုခ-ချမ်းသာတဲ့သဘော၊ နေသာတဲ့ သဘောရှိပါတယ်တဲ့။
နေသာတဲ့အတွက် သုခ-ချမ်းသာထဲမှာ ထည့်သွင်းပြီး ယူရပါတယ်။ ချမ်းသာထဲ ထည့်သွင်းယူလိုက်တော့ “ချမ်းသာပြန်တော့ တိုး၍တိုး၍ ချမ်းသာချင်တယ်” လို့ ဆိုတဲ့အတိုင်း အဲဒီလို မဆိုးမကောင်း အလယ်အလတ် ဖြစ်နေရုံမျှနဲ့ အားမရနိုင်ဘဲ၊ အထင်အရှား ချမ်းသာချင်လာတာပေါ့။ အဲဒါကို ခေါင်းအုံးပေါ်မှာ ခေါင်းတင်ပြီး အိပ်နေရာက အားမရလို့ လက်ပေါ် ခေါင်းအုံးပြီး အိပ်တာနဲ့လဲ နှိုင်းဆပြီး သဘောပေါက်နိုင်ပါတယ်။ ကဲ ဆိုကြဦးစို့--
ဥပေက္ခာက သိမ်မွေ့လို့ သုခသဘော ရှိသည်။
ဥပေက္ခာကိုလဲ အားမရလို့ သုခကို အလိုရှိသည်။
မကောင်းမဆိုး ရိုးရိုးအဝတ်အထည် အိပ်ရာနေရာ စသည်ကို မြင်နေရတဲ့အခါမှာ မမြင်ချင် မကြည့်ချင်အောင် မခံသာတဲ့ သဘောလဲ မရှိဘူး၊ ဝမ်းသာအားရလဲ မရှိလှဘူး၊ မြင်လို့ မကောင်းတကောင်း အလယ်အလတ်မျှဘဲ ဖြစ်နေတယ်။ အဲဒါဟာ ဥပေက္ခာသဘောဘဲ၊ သူက သိမ်မွေ့ပါတယ်၊ သုခနဲ့ နီးစပ်ပါတယ်။
အဲဒီလို အခါမှာ အဲဒါတွေထက်ကောင်းတဲ့ အဝတ်အထည် နေရာထိုင်ခင်း စသည်တွေကို လိုချင်တောင့်တတတ်တယ်။ အဝတ်ဆိုယင် ဝတ်နေကျ ရိုးရိုးထက် အသွေး အရောင်ကောင်းတဲ့ လှပတင့်တယ်တဲ့ အဝတ်ကို လိုချင်တယ်၊ နေရာ ထိုင်ခင်းဆိုယင်လဲ ထို့အတူဘဲ သာပြီး လှပတင့်တယ်တဲ့ ဟာတွေကို လိုချင်တယ်။ ဒါကြောင့် ပစ္စည်းအင်အားရှိတဲ့ လူတွေဟာ အဝတ်သစ် နေရာထိုင်ခင်း အသစ်စသည်ကို လဲလှယ်ပြီး သုံးစွဲနေကြတာဘဲ။ အပေါင်း အသင်း အတူနေ ပုဂ္ဂိုလ်တောင်မှ ရိုးသွားယင် ပြောင်းလဲချင်တတ်ကြတယ်။
နောက်ပြီးတော့ ကြားနေကျ ရိုးရိုးအသံကို ကြားရတဲ့အခါ, နံနေကျ ရိုးရိုးအနံ့ကို နံရတဲ့အခါ, စားနေကျ ရိုးရိုးအစာကို စားရတဲ့အခါ, တွေ့ထိနေကျ ရိုးရိုးအတွေ့ကို တွေ့ထိရတဲ့ အခါများမှာလဲ မကောင်းမဆိုး အလယ်အလတ် ခံစားမှု ဥပေက္ခာဖြစ်တယ်၊ အဲဒါလဲ သိမ်မွေ့လို့ သုခသဘော ရှိပါတယ်။ ဒါပေမဲ့ အဲဒါလောက်နဲ့ အားမရလို့ အဲဒါထက် ကောင်းတဲ့ အသံ, အနံ့, အရသာ, အတွေ့တွေကို လိုချင်တယ်၊ ဒါဟာ အလယ်အလတ်ခံစားမှု ဥပေက္ခာ ဝေဒနာကြောင့် ချမ်းသာကို တောင့်တတဲ့ တဏှာဖြစ်တာဘဲ။
နောက်ပြီးတော့ ရှေ့ရေး နောက်ရေး မြှော်တွေး ကြည့်တဲ့အခါ, ယခု လောလောဆယ် အခြေအနေကို စဉ်းစားကြည့်တဲ့အခါများမှာ မတိုးမဆုတ် မထူးခြားတဲ့ အခြေအနေကို တွေ့ရယင် ဝမ်းသာရွှင်ပျခြင်းလည်းမရှိ၊ နှလုံးမသာ ညှိုးနွမ်းခြင်းလည်းမရှိ၊ အလယ်အလတ်သဘောမျှသာ ဖြစ်လျက်ရှိနေတယ်၊ အဲဒါလဲ ဥပေက္ခာဘဲ၊ သိမ်မွေ့ပါတယ်၊
သိမ်မွေ့တဲ့အတွက် အဲဒီလိုအခါမှာ ခံစားမှု မရှိဘူးလို့တောင် ထင်ရတတ်ပါတယ်၊ ဒါကြောင့် သုခသဘောရှိပါတယ်။ ဒါပေမဲ့ အဲဒါကို အားမရနိုင်တဲ့အတွက် ဝမ်းမြောက် ဝမ်းသာ ဖြစ်ဘို့ရာကို မြှော်လင့် တောင့်တနေတတ်တယ်၊ အဲဒါဟာ ဥပေက္ခာကို အားမရလို့ သုခကို တောင့်တတဲ့ တဏှာ ဖြစ်လာတာပါဘဲ။
အတိုချုပ် ပြောရမယ်ဆိုယင်တော့ အာရုံကောင်းနဲ့တွေ့လို့ ကောင်းတာကို ခံစားရယင် အဲဒီ ကောင်းတဲ့ ခံစားမှုကိုလဲ နှစ်သက်သာယာတယ်၊ အဲဒါထက် သာပြီး ကောင်းတာကိုလဲ လိုချင်တောင့်တတယ်။ အာရုံဆိုးနဲ့ တွေ့လို့ ဆင်းရဲယင်တော့ အဲဒီဆင်းရဲမှ လွတ်ပြီး ချမ်းသာချင်တယ်၊ မကောင်းမဆိုး ရိုးရိုးဖြစ်နေတဲ့ အခါကျတော့ အဲဒါကို အားမရလို့ ချမ်းသာတာ ကောင်းတာကို လိုချင်တောင့်တတယ်။ ဒါတွေဟာ ဝေဒနာကြောင့် တဏှာ ဖြစ်နေတာတွေပါဘဲ။ .
တဏှာဖြစ်လျှင် သံသရာစက် လည်သွားသည်
▬▬▬▬▬▬▬▬▬▬▬
ယခုပြောခဲ့တဲ့အတိုင်း မြင်သိမှု, ကြားသိမှု အစရှိသော ဝိညာဏ် ၆-ပါး ဖြစ်တိုင်းဖြစ်တိုင်း နာမ်နဲ့ရုပ်လဲ တပါတည်း ပူးတွဲပြီး ဖြစ်တယ်။ အာယတန ၆-ပါးလဲ ထိုက်သည်အားလျော်စွာ ပါဝင်ပြီးဖြစ်တယ်။ အာရုံကိုတွေ့တဲ့ ဖဿလဲပါဝင်ပြီး ဖြစ်တယ်။ ခံစားမှု ဝေဒနာတမျိုးမျိုးလဲ မြင်တိုင်းကြားတိုင်း နံတိုင်း စားသိတိုင်း ထိသိတိုင်း ကြံသိတိုင်း ပါဝင်ပြီး ဖြစ်တယ်။
အဲဒီလို ခံစားမှုဝေဒနာ ဖြစ်တိုင်းဖြစ်တိုင်း ကိလေသာ မကင်းသေးတဲ့ သာမန် ပုဂ္ဂိုလ်တွေမှာ သာယာတောင့်တတဲ့ တဏှာ ဖြစ်တယ်။ တဏှာဖြစ်မှတော့ စွဲလမ်းတဲ့ ဥပါဒါန်လဲ ဖြစ်တော့ တာဘဲ၊ စွဲလမ်းမိတဲ့အတိုင်း ကမ္မဘဝခေါ်တဲ့ ကုသိုလ်ကံ အကုသိုလ်ကံ တခုခုကိုလဲ ပြုမိတော့တာဘဲ။ အဲဒီကံက အကြောင်းညီညွတ် တဲ့အခါမှာ ဘဝသစ်ကို ဖြစ်စေတယ်။
အဲဒီ ဖြစ်ရာဘဝမှာ အိုရတယ်၊ နာရတယ်၊ သေရတယ်၊ စိုးရိမ် ပူဆွေးရတယ်၊ ငိုကြွေးရတယ်၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ အမျိုးမျိုး ဖြစ်ရတယ်။ ဒါဟာ ခံစားမှု ဝေဒနာမှ ဆက်ပြီး တဏှာဖြစ်မိယင် သံသရာဆင်းရဲတွေ တပတ်လည်ပြီး ဖြစ်သွားပုံပါဘဲ၊ ဒီတော့ ခံစားမှုဝေဒနာမှ ဆက်ပြီး တဏှာ မဖြစ်ရအောင် အားထုတ်ဖို့ လိုပါတယ်။ .
တဏှာမဖြစ်လျှင် သံသရာစက်ပြတ်သည်
▬▬▬▬▬▬▬▬
မြင်သိမှု, ကြားသိမှု အစရှိတဲ့ စိတ်ဝိညာဏ်တခုခု ဖြစ်လျှင် နာမ်ရုပ်, အာယတန, ဖဿ, ဝေဒနာဆိုတဲ့ တရား ၄-မျိုးလဲ တပါတည်း အတူတကွဖြစ်ကြတော့တာဘဲ၊ အဲဒါတွေကို မဖြစ်အောင် ဘယ်သူမျှ မတတ်နိုင်ဘူး၊ ဘုရား ရဟန္တာ ပုဂ္ဂိုလ်တွေမှာလဲ ကောင်းတာကို မြင်ရ, ကြားရ, သိရယင် သုခဝေဒနာ ဖြစ်တာဘဲ။ မကောင်းတာကို မြင်ရ, ကြားရ, သိရယင် ဒုက္ခသဘောရှိတဲ့ အကုသလဝိပါက် ဥပေက္ခာနှင့် ဒုက္ခဝေဒနာ ဖြစ်တာဘဲ။
ဒါကြောင့် ဘုရား ရဟန္တာများမှာလဲ ဆူးစူးယင် နေပူ မီးပူနဲ့ ထိယင် ရောဂါဖြစ်ယင် အခံခက်တဲ့ ဒုက္ခဝေဒနာကတော့ ဖြစ်တာဘဲ။ ဒါပေမဲ့ စိတ်ဆင်းရဲကတော့ မဖြစ်ဘူး၊ ချမ်းသာကို တောင့်တမှုလဲ မဖြစ်ဘူး၊ ချမ်းသာကို ခံစားနေရပေမဲ့ နှစ်သက် သာယာမှုလဲ မဖြစ်ဘူး၊ ဒီလို နှစ်သက်သာယာတဲ့ တဏှာမဖြစ်တဲ့အတွက် စွဲလမ်းမှု ဥပါဒါန်လဲ မဖြစ်ဘူး၊ ပြုလုပ်အားထုတ်မှု ကံလဲမဖြစ်ဘူး။
အဲဒီလို ကံမဖြစ်တဲ့အတွက် ဘဝဆင်းရဲတွေလဲ မဖြစ်ရတော့ဘူး၊ ဘဝသစ် ရုပ်နာမ် ဆင်းရဲခပ်သိမ်း အကုန်ငြိမ်းသွားတယ်။ ဒါက ကိလေသာလုံးဝ ကင်းငြိမ်းတဲ့ ဘုရား ရဟန္တာမှာ ဆင်းရဲငြိမ်းပုံဘဲ။
ဒါကြောင့်--
တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓာ ဥပါဒါနနိရောဓော၊ ဥပါဒါန နိရောဓာ ဘဝနိရောဓော၊ ဘဝနိရောဓာ ဇာတိနိရောဓော၊ ဇာတိနိရောဓာ ဇရာမရဏံ သောကပရိဒေဝ ဒုက္ခဒေါမနဿုပါယာသာ နိရုဇ္ဈန္တိ။ ဧဝမေတဿ ဧကဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ --
လို့ ဟောထားပါတယ်။
တဿာယေဝ တဏှာယ၊ အကောင်းအဆိုးကို ခံစားမှုကြောင့် ဖြစ်တတ်သော ထိုတဏှာ၏ပင်လျှင်။
အသေသဝိရာဂ နိရောဓော၊ အရိယာမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့်။
ဝါ၊ အကြွင်းမဲ့ ပျက်ပြယ်ခြင်း ချုပ်ခြင်းကြောင့်။
ဥပါဒါနနိရောဓော၊ စွဲလမ်းမှု ဥပါဒါန်၏ ချုပ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
အရဟတ္တမဂ် မရောက်သေးတဲ့သူတွေမှာ အာရုံအကောင်းအဆိုးကို ခံစားရတဲ့ အတွက် အကောင်းတွေကို နှစ်သက် လိုချင်တဲ့ တဏှာ ဖြစ်တတ်တယ်၊ ဒါဟာ ကိလေသာ မကင်းသေးတဲ့ သာမန်ပုဂ္ဂိုလ်တို့သန္တာန်မှာ ဖြစ်ရိုးဖြစ်စဉ်ပါဘဲ။ ဝိပဿနာဘာဝနာကို အားထုတ်လို့ ဝိပဿနာဉာဏ်စဉ် အရိယာမဂ်ဉာဏ်စဉ် အတိုင်းတက်ပြီး အရဟတ္တမဂ်ကို ရောက်တဲ့ ပုဂ္ဂိုလ်မှာတော့ အဲဒီအရဟတ္တ မဂ်ဉာဏ်၏ အစွမ်းကြောင့် နှစ်သက်သာယာမှု ဆာလောင်တောင့်တမှု တဏှာတွေ အကုန်ကင်းသွားတယ်၊
ဘယ်လိုကောင်းတဲ့အာရုံကို တွေ့ပြီးခံစားရပေမဲ့ နှစ်သက် သာယာမှု မဖြစ်တော့ဘူး၊ အဲဒါဟာ ပကတိလူတွေအနေ နဲ့ဆိုယင်တော့ ယုံစရာတောင် မရှိဘူး၊ အင်မတန် ထူးပါတယ်။ ဘယ်လို အမြင်ကောင်းတွေကို မြင်ရပေမဲ့ နှစ်သက်သာယာမှု မဖြစ်ဘူး၊ ဘယ်လို အသံကောင်းတွေကို ကြားရပေမဲ့ နှစ်သက်သာယာမှု မဖြစ်ဘူး၊ ဘယ်လိုအနံ့ကောင်း, အရသာကောင်း အတွေ့ကောင်းတွေကို ခံစားရပေမဲ့ နှစ်သက် သာယာမှု မဖြစ်ဘူး၊ ဘယ်လိုကြီးပွါး ချမ်းသာရေးတွေ ကောင်းစားရေး တွေကို ခံစားပေမဲ့ စိတ်မဝင်စားဘူး၊ မနှစ်သက် မသာယာဘူး။ နှစ်သက်သာယာမှု လုံးဝ မရှိတဲ့အတွက် စွဲလမ်းမှုလဲ မရှိတော့ဘူး၊
အဲဒါကို ဥပါဒါန်ချုပ်တယ်လို့ ဆိုပါတယ်၊ စွဲလမ်းမှု လုံးဝကင်းသွားတယ်၊ လုံးဝ မရှိတော့ဘူး မဖြစ်တော့ဘူးလို့ ဆိုလိုပါတယ်။ တဏှာကင်းလျှင် ဥပါဒါန်သာ ကင်းတာမဟုတ်သေးဘူး၊ ပြုလုပ်အားထုတ်မှုကံလဲ ကင်းသွားတယ်၊ ဘဝအသစ် ဖြစ်မှုလဲ ကင်းသွားတယ်၊ အိုရခြင်း သေရခြင်းအစရှိသော သံသရာဆင်းရဲ ဟူသမျှတွေလဲ တပါတည်း အကုန်ကင်းသွားတယ်။ ဒါကြောင့်--
ဥပါဒါနနိရောဓာ၊ စွဲလမ်းမှု ဥပါဒါန်၏ ချုပ်ခြင်းကြောင့်။
ဘဝနိရောဓော၊ ဘဝအသစ်ဖြစ်ကြောင်း ပြုလုပ်အားထုတ်မှု ကံ၏ ချုပ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဘဝနိရောဓာ၊ ဘဝအသစ်ဖြစ်ကြောင်း ကံ၏ချုပ်ခြင်းကြောင့်။
ဇာတိနိရောဓော၊ ဘဝအသစ်ဖြစ်မှု ဇာတိ၏ချုပ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဇာတိနိရောဓာ၊ ဇာတိ၏ချုပ်ခြင်းကြောင့်။
ဇရာမရဏံ၊ အိုရခြင်း သေရခြင်းသည်။
နိရုဇ္ဈတိ၊ ချုပ်လေတော့၏။
သောကပရိဒေဝ ဒုက္ခဒေါမနဿုပါယာသာ၊ စိုးရိမ်ပူဆွေးရခြင်း ငိုကြွေးရခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပူလောင်ခြင်း တို့သည်လည်း။
နိရုဇ္ဈန္တိ၊ ချုပ်ငြိမ်းလေကုန်တော့၏။
ဧဝံ၊ ဤဆိုခဲ့သော အခြင်းအရာဖြင့်။
ဧတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ၊ ဤဆင်းရဲအစုမျှ သက်သက်၏။
နိရောဓော၊ ချုပ်ငြိမ်းခြင်းသည်။
ဟောတိ၊ ဖြစ်တယ်-
လို့ ဟောထားပါတယ်။
အဲဒါဟာ အလွန်ရှင်းနေပါတယ်။ အရဟတ္တမဂ်၏ အစွမ်းကြောင့် တဏှာ ဖြစ်နိုင်ခွင့်မရှိတော့ဘဲ လုံးဝ ချုပ်ငြိမ်းသွားလျှင် တဏှာမှ ဆက်ပြီးဖြစ်မည့် အကြောင်း အကျိုးတရားတွေ အကုန်လုံး မဖြစ်ပေါ်နိုင်တော့ဘဲ ချုပ်ငြိမ်းသွားတယ်၊ လုံးဝ ကင်းသွားတယ်။ အဲဒီလို ချုပ်ငြိမ်းကင်းပြတ်သွားတာတွေဟာ မပြတ်ဖြစ်နေတဲ့ ဆင်းရဲသက်သက်မျှဘဲ၊ အိုခြင်း နာခြင်း သေခြင်း စသည်သဘောရှိတဲ့ ဆင်းရဲတွေ ချည်းဘဲ။ ချမ်းသာဆိုယင် ဘာတခုမျှမပါဘူး၊
ဒါကြောင့် ချမ်းသာတွေ ပျောက်သွားတာလဲ မဟုတ်ဘူး၊ အသက်ရှင်နေတဲ့ သတ္တဝါအကောင်လိုက် ပျောက်သွားတာလဲ မဟုတ်ဘူး၊ အမှန်စင်စစ်ကတော့ အိုတတ် နာတတ် သေတတ်တဲ့ စိုးရိမ်ပူဆွေးခြင်း စသည်ကို ဖြစ်စေတတ်တဲ့ ခဏမစဲ ဖြစ်ပျက်နေတဲ့ အကြောင်းအကျိုး အစဉ်အဆက် ရုပ်နာမ် ဆင်းရဲအစု အဝေးမျှ ချုပ်ငြိမ်း ပြတ်စဲသွားခြင်းသာ ဖြစ်တယ်၊ မီးပုံကြီး ငြိမ်းသွားတာလို ဆင်းရဲအစု ဆင်းရဲအပုံကြီး ငြိမ်းသွားခြင်းသာ ဖြစ်တယ်လို့ ဆိုလိုပါတယ်။ .
အောက်မဂ်များဖြင့်လဲ ငြိမ်းတန်သမျှ ငြိမ်းတယ်
▬▬▬▬▬▬▬▬▬
အရဟတ္တမဂ်ဖြင့် တဏှာအကြွင်းမဲ့ ချုပ်ငြိမ်းသလို အနာဂါမိမဂ်ဖြင့်လဲ ကာမတဏှာ ချုပ်ငြိမ်းတယ်။ ဒါကြောင့် ကာမတဏှာနဲ့ ပတ်သက်တဲ့ဥပါဒါန်ကံ ကာမဘဝ၌ ဖြစ်ရခြင်း အိုရသေရခြင်းစသည်တွေ အကုန်ငြိမ်းသွားတယ်။ သောတာပတ္တိ မဂ်ဖြင့်လဲ အပါယ်ကျစေနိုင်တဲ့ တဏှာ, ခုနစ်ဘဝထက်ပိုပြီး ဖြစ်စေနိုင်တဲ့ တဏှာတွေ အကုန်ငြိမ်းတယ်။ ဒါကြောင့် သောတာပန်မှာ အပါယ်ဘဝနဲ့ဆိုင်တဲ့ ဆင်းရဲတွေ အကုန်ငြိမ်းသွားတယ်၊ ကာမသုဂတိမှာလဲ ခုနစ်ဘဝထက် ပိုပြီးဖြစ်မည့် ဘဝ ဆင်းရဲတွေ အကုန်ငြိမ်းသွားတယ်။
ဒါတွေလဲ “တဿာ ယေဝ တဏှာယ အသေသဝိရာ ဂနိရောဓော ဥပါဒါနနိရောဓော” အစရှိတဲ့ ဒေသနာထဲမှာ ဩမကနည်းအားဖြင့် အတွင်းဝင်ပါတယ်၊ အလွန်အကဲကို ယူတာ မဟုတ်ပဲ ယူသင့်ယူထိုက်သမျှ လျှော့ယူတာကို ဩမကနည်းလို့ ခေါ်ပါတယ်။ .
ဝိပဿနာဖြင့်လဲ တဒင်္ဂတော့ ငြိမ်းပါတယ်
▬▬▬▬▬▬▬▬▬
ဒီ ဩမကနည်း အရအားဖြင့်ဆိုလျှင် ဝိပဿနာဉာဏ်ဖြင့်လဲ တဒင်္ဂတော့ ငြိမ်းတယ်လို့မှတ်ရမယ်။ ဘယ်လိုလဲဆိုယင် မျက်စိ နား အစရှိတဲ့ ဒွါရ ၆-ပါးမှာ အာရုံအကောင်းအဆိုး တမျိုးမျိုး ပေါ်လာတဲ့အခါ ခံစားမှု အကောင်းအဆိုး ဝေဒနာ တမျိုးမျိုးဖြစ်တယ်။ အဲဒီအခါမှာ ဝိပဿနာဉာဏ်ဖြင့် အမှန်အတိုင်း မသိယင် တဏှာဖြစ်ပေါ်လာတယ်၊ တဏှာဖြစ်ပေါ်လာတော့ ဥပါဒါန် ကမ္မဘဝ ဇာတိ ဇရာ မရဏ စသည်တွေလဲ ထိုက်သည်အားလျော်စွာ ဖြစ်ပေါ်လာကြတော့တာဘဲ။ ဝိပဿနာဉာဏ် ကင်းမဲ့တဲ့သူတွေမှာ ဒီပုံ ဒီနည်းဖြင့် သံသရာ ဝဋ်ဆင်းရဲတွေ မပြတ် ဆက်စပ်ပြီး ဖြစ်နေတယ်။
မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း မပြတ်ရှုနေတဲ့သူမှာ ဝိပဿနာဉာဏ် ရင့်တဲ့အခါ တရိပ်ရိပ်နဲ့ ဖြစ်ဖြစ်ပြီး ပျက်ပျက်သွားတဲ့ သဘောတွေကိုသာ တွေ့ရတယ်၊ မမြဲတဲ့သဘော, ဆင်းရဲတဲ့သဘော, အတ္တကောင် မဟုတ်တဲ့ သဘောတွေကိုသာ တွေ့ရတယ်၊ အဲဒီလိုအခါမှာ အကောင်းအဆိုး ဝေဒနာတမျိုးမျိုး ထင်ရှားပေါ်လာ ယင်လဲ တခဏချင်း ပျက်သွားတာကိုသာ တွေ့ရတယ်။ ဒီတော့ အဲဒီ ထင်ပေါ်လာတဲ့ ဝေဒနာကိုလဲ မနှစ်သက် မသာယာဘူး၊ တခြားဝေဒနာကိုလဲ မတောင့်တဘူး၊ တရိပ်ရိပ်နဲ့ ခဏမစဲ ဖြစ်ပျက်နေတဲ့ သဘောတွေနဲ့ စပ်ပြီး နှစ်သက်သာယာမှု ဆာလောင်တောင့်တမှု တဏှာဟာ ဖြစ်နိုင်ခွင့် မရှိဘဲ လုံးဝကင်းနေတယ်။
အဲဒါဟာ “တဿာယေဝ တဏှာယ၊ ခံစားမှု ဝေဒနာကြောင့် ဖြစ်တတ်သော ထိုတဏှာ၏ပင်လျှင်။ အသေသဝိရာဂနိရောဓာ၊ အကြွင်းမဲ့ ပျက်ပြယ်ခြင်း ချုပ်ခြင်း ကြောင့်” လို့ ဆိုတဲ့ ဒေသနာထဲမှာ ဩမက နည်းအရအားဖြင့် ပါဝင်နေပါတယ်။
ဒီနေရာမှာ ထူးတာကတော့ အရိယမဂ်ဖြင့် ငြိမ်းတာက မဂ်ဖိုလ်ရတဲ့ ပုဂ္ဂိုလ်၏ သန္တာန်မှာ အစဉ်ထာဝရငြိမ်းတယ်၊ အာရုံတိုင်းမှာလဲ ငြိမ်းတယ်။ ဝိပဿနာဖြင့် ငြိမ်းတယ်ဆိုတာကတော့ ရှုမိတဲ့ တအာရုံ တအာရုံမှာသာ ငြိမ်းတယ်၊ မရှုမိတဲ့ အာရုံတွေမှာတော့ မငြိမ်းဘူး။ အစဉ်ထာဝရငြိမ်းတာလဲ မဟုတ်ဘူး၊ ရှုနေဆဲမှာသာ ငြိမ်းတယ်။ ဒါကြောင့် ဒီဝိပဿနာဖြင့် ငြိမ်းတာကို “တဒင်္ဂနိဗ္ဗုတိ=တဒင်္ဂအားဖြင့် ငြိမ်းတယ်” လို့သာ ဆိုရတယ်။ ရှုမိတဲ့ ဝိပဿနာကုသိုလ်တစိတ်၏အစွမ်းဖြင့် ရှုမိတဲ့အာရုံနဲ့ ဆိုင်တဲ့ ကိလေသာ တစိတ် ငြိမ်းတယ်လို့ ဆိုလိုပါတယ်။
အဲဒီလို ရှုမိတဲ့အာရုံနဲ့စပ်ပြီး နှစ်သက်သာယာမှု လိုချင်တောင့်တမှု တဏှာမဖြစ်ပဲ ငြိမ်းသွားယင် အဲဒီတဏှာက ဆက်ပြီးဖြစ်မည့် ဥပါဒါန်ကံနှင့် ဘဝသစ်ဖြစ်ခြင်း အိုခြင်း နာခြင်း သေခြင်း စိုးရိမ်ပူဆွေးခြင်း အစရှိသော အကျိုးဆက် ဆင်းရဲတွေလဲ ဖြစ်ခွင့်မရှိတော့ဘဲ အကုန်လုံး ချုပ်ငြိမ်းသွားတယ်။ ဒီလို ရှုမိတဲ့ အာရုံတိုင်းမှာ ငြိမ်းငြိမ်းသွားတာကို “တဒင်္ဂနိရောဓ=တစိတ် တပိုင်းအားဖြင့် ချုပ်ခြင်း၊ တဒင်္ဂနိဗ္ဗုတိ=တစိတ်တပိုင်းအားဖြင့် ငြိမ်းခြင်း” လို့ခေါ်တယ်။
အဲဒါဟာ ဝေဒနာကနေပြီး တဏှာမဖြစ်ပဲ သံသရာစက် ပြတ်သွားအောင် ရှုပုံပါဘဲ။ မြင်တိုင်း မြင်တိုင်း မှတ်ယင် မြင်တိုင်း မြင်တိုင်း မြင်ရုံမျှတွင်ဘဲ ရပ်တန့်သွားတယ်၊ အဲဒီမြင်တာနဲ့စပ်ပြီး တဏှာမဖြစ်ရတော့ဘူး။ တဏှာ မဖြစ်တော့ ဥပါဒါန် ကံ ဘဝသစ် စသည်လဲ မဖြစ်ရတော့ဘူး၊ အကုန်လုံး ငြိမ်းသွားတယ်။ ထို့အတူ ကြားတိုင်း နံတိုင်း စားသိတိုင်း ထိသိတိုင်း ကြံသိတိုင်း မှတ်ယင်လဲ ကြားရုံမျှ စသည်တွင်ဘဲ ရပ်တန့်သွားတယ်၊ အဲဒီ ကြားမှုစသည်နှင့်စပ်ပြီး တဏှာ မဖြစ်ရတော့ဘူး၊ တဏှာမဖြစ်တော့ ဥပါဒါန် ကံ ဘဝသစ် စသည်လဲ မဖြစ်ရတော့ဘူး၊ အကုန်လုံး ငြိမ်းသွားတယ်။ အဲဒီလို ငြိမ်းပုံကို သမထ, ဝိပဿနာ နှစ်မျိုးလုံးဖြင့် ငြိမ်းဘူးတဲ့ သာဓကနှင့် နှိုင်းဆပြီး သိနိုင်ပါတယ်။ .
ငြိမ်းဘူးတဲ့သာဓက မဟာတိဿမထေရ် ဝတ္ထု
▬▬▬▬▬▬▬▬▬▬▬
သီဟိုဠ်ကျွန်း မဟိန္ဒလေ့ခေါ်တဲ့ မဟိန္ဒတောင် တောကျောင်းမှာ သီတင်းသုံးနေတဲ့ မဟာတိဿ မထေရ်က တနေ့သောအခါ နံနက် စောစော ကျောင်းကထွက်ပြီး အနုရာဓ မြို့ဆီကို ဆွမ်းခံရန်ကြွလာခဲ့ပါတယ်၊ အဲဒီအချိန်မှာ အနုရာဓမြို့က အမျိုးသမီးတယောက်လဲ သူ့ခင်ပွန်းနဲ့ ရန်ဖြစ်စိတ်ဆိုးပြီး အိမ်ကထွက်လာခဲ့ပါတယ်၊ ဒီလိုထွက်လာရင်း မဟာတိဿမထေရ်နဲ့ ခရီးရင်ဆိုင်တွေ့တယ်၊ တွေ့တဲ့အခါ ဒီအမျိုးသမီးက တပ်မက်တဲ့ရာဂစိတ်နဲ့ ဖောက်ပြန်ပြီး ကျယ်လောင်တဲ့အသံ ထွက်သွားအောင် ပြင်းစွာ ရယ်မိပါသတဲ့။ ဒီတော့ မဟာတိဿမထေရ်က လှမ်းကြည့်လိုက်တဲ့အခါ အဲဒီ အမျိုးသမီးရဲ့ သွားတွေကို တွေ့ရတယ်၊
မူလကလဲ အရိုးစုကမ္မဋ္ဌာန်းကို နှလုံးသွင်း အားထုတ်နေတဲ့အတွက် အဲဒီလို သွားကိုမြင်လိုက်တာနဲ့ အဲဒီအမျိုးသမီးရဲ့ တကိုယ်လုံးပင် အရိုးစု အနေနဲ့ ကမ္မဋ္ဌာန်း အာရုံ ထင်ပေါ်လာပါတယ်၊ အဲဒီ ထင်ပေါ်လာတဲ့ အရိုးစု အာရုံနိမိတ်ကိုဘဲ အာရုံပြုပြီး ဈာန်ကိုလဲ ရသွားတယ်၊ အဲဒီဈာန်စိတ်နဲ့ အရိုးစုအာရုံကို ဝိပဿနာရှုပြီးတော့ အရဟတ္တမဂ်ဖိုလ်ရောက်ပြီး ရဟန္တာလဲ ဖြစ်သွားတော်မူပါတယ်။
အဲဒီလို ရဟန္တာဖြစ်ပြီးတဲ့နောက် မဟာတိဿမထေရ်လဲ ဆွမ်းခံရန်ခရီးဆက်ပြီး ကြွသွားတော်မူပါတယ်၊ အဲဒီလို ကြွနေရင်း အဲဒီအမျိုးသမီးလိုက်ရှာတဲ့ သူ့ခင်ပွန်း အမျိုးသားကိုလဲ တွေ့ရပြန်တယ်၊ တွေ့တဲ့အခါမှာ အဲဒီ အမျိုးသားဒကာက “ဒီလမ်းမှာ မိန်းမတယောက် သွားတာကို တွေ့ခဲ့ပါသလား အရှင်ဘုရား” လို့ မေးပါတယ်။ ဒီတော့ မဟာတိဿ မထေရ်က ဒီလို ဖြေကြား လိုက်ပါတယ်--
နာဘိဇာနာမိ ဣတ္ထီ ဝါ၊
ပုရိသော ဝါ ဣတော ဂတော။
အပိ စ အဋ္ဌိသင်္ဃာတော၊
ဂစ္ဆတေသ မဟာပထေ။
ဣတော ဂတော၊ ဤအရပ် ဤလမ်းမှ သွားလေသောသူသည်။
ဣတ္ထီ ဝါ၊ မိန်းမဖြစ်သည်ဟူ၍၎င်း။
ပုရိသော ဝါ၊ ယောက်ျားဖြစ်သည်ဟူ၍၎င်း။
နာဘိဇာနာမိ၊ ငါ မသိပါ။
အပိ စ၊ စင်စစ်သော်ကား။
ဧသ အဋ္ဌိသင်္ဃာတော၊ အရိုးစုဖြစ်သော ဤအကောင်သည်။
မဟာပထေ၊ လမ်းမကြီး၌။
ဂစ္ဆတေ၊ သွားလေ၏တဲ့။
အဲဒါ မဟာတိဿမထေရ်ရဲ့ ပြောပုံဘဲ။ သူမြင်တုန်းက သွားရိုးကိုသာ မြင်တယ်၊ အဲဒါကို အရိုးစုလို့ နှလုံးသွင်းလိုက်တော့ အဲဒီမိန်းမ၏ တကိုယ်လုံးဟာ အရိုးစုလို့သာ သူ့မှာထင်ပေါ်ခဲ့တယ်၊ မိန်းမအနေအားဖြင့် မထင်ခဲ့ဘူး။ ဒါကြောင့် မိန်းမနေနဲ့ အာရုံပြုပြီး ကိလေသာစိတ်တွေ သူ့မှာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့ဘူး။ နောက်ပြီး တော့ အဲဒီလို အရိုးစုထင်တဲ့ ဈာန်စိတ်ဖြစ်ရာက ဝိပဿနာရှုလိုက်ပြန် တဲ့အတွက် အဲဒီ မဟာတိဿမထေရ်ဟာ ကိလေသာ လုံးဝကင်းငြိမ်းတဲ့ ရဟန္တာအဖြစ်သို့လဲ ရောက်သွားတော်မူပါတယ်။ .
ကြက်တူရွေးတောင် ထင်နိုင်ပါသေးတယ်
▬▬▬▬▬▬▬▬
ဒီမဟာတိဿမထေရ်ရဲ့ ဝတ္ထုထဲမှာ သွားကိုမြင်ရုံနဲ့ အရိုးစုထင်တယ်ဆိုရာမှာ ကမ္မဋ္ဌာန်းလက်မဲ့ ပုဂ္ဂိုလ်တွေက ယုံမှား တွေးတောစရာ ရှိပါတယ်။ ဒါပေမဲ့ ဘာဝနာဆိုတာ ကိုယ်တိုင်အားထုတ်ကြည့်မှ သူ့သဘောသတ္တိကို သေသေချာချာ သိနိုင်ပါတယ်၊ အလေ့အကျင့်မရှိဘဲနဲ့ အနည်းငယ်လောက် ဆင်ခြင်ကြည့်ရုံနဲ့တော့ ဒီလို အာရုံနိမိတ်မထင်နိုင်ပါဘူး၊ အမြဲမပြတ် ကြာရှည်စွာ နှလုံးသွင်းနေမှ ထင်နိုင်ပါတယ်၊ အာရုံထင်တယ်ဆိုတာ သညာရဲ့အစွမ်းဘဲ၊ ထပ်ကာထပ်ကာ နှလုံးသွင်းနေတော့ သညာဟာ အားကောင်းပြီး ခိုင်မြဲလာတယ်၊ အရိုးစုအရိုးစု နှလုံးသွင်းနေယင် ကိုယ့်ကိုယ်ကြီးကိုလဲ အရိုးစုအနေနဲ့ ထင်တယ်၊ သူများ ကိုယ်တွေကိုလဲ အရိုးစုအနေနဲ့ ထင်တယ်။ လူမပြောနဲ့ ကြက်တူရွေးတောင် ထင်နိုင်ပါသေးတယ်။ .
ကြက်တူရွေး ဝတ္ထု
▬▬▬▬▬▬▬
ဘုရားလက်ထက်တုန်းက ကုရုတိုင်း ကမ္မာသဓမ္မအရပ်မှာ သတိပဋ္ဌာန်တရား အားထုတ်သူများပြားပုံကို အဋ္ဌကထာက ကြက်တူရွေးဝတ္ထုနဲ့ ပြထားတယ်။ ကခြေသည်တဦးဟာ ဘိက္ခုနီမကျောင်းတခုမှာ ဝင်ရောက်တည်းခိုပြီး ထွက်သွားတဲ့ အခါကျတော့ စကားပီနားလည်တဲ့ ကြက်တူရွေး လိမ္မာတကောင် ကျန်နေရစ်သတဲ့၊ အဲဒီကြက်တူရွေးကို သာမဏေရီမကလေးတွေက မွေးမြူပြုစုထားတယ်၊ ဗုဒ္ဓရက္ခိတ လို့လဲ အမည်ပေးထားတယ်။
တနေ့သောအခါမှာ ကျောင်းအုပ်ထေရီမကြီးက “ဟေ့ ဗုဒ္ဓရက္ခိတ.... ဘာတရားကို နှလုံးသွင်းသလဲ” လို့မေးတယ်။ ကြက်တူရွေးက “ဘာတရားကိုမှ နှလုံးမသွင်းပါဘူး အရှင်မ” လို့ ပြောတယ်။ ရှင်ရဟန်း သူတော်ကောင်းတွေ နေရာမှာ နေတဲ့သူဟာ ဘာတရားကိုမှ နှလုံးမသွင်းဘဲ နေလို့တော့ မသင့်လျော်ဘူး၊ ကမ္မဋ္ဌာန်းတခုခု ကိုတော့ နှလုံးသွင်းရတယ်၊ သင်ကတော့ နှလုံးသွင်းနိုင်မှာမဟုတ်ဘူး၊ “အဋ္ဌိ, အဋ္ဌိ=အရိုးစု, အရိုးစု”လို့ အဲဒါဘဲ နှလုံးသွင်း နေပေတော့လို့ ထေရီမကြီးက ကမ္မဋ္ဌာန်း ပေးထားတယ်၊ ကြက်တူးရွေးကလဲ အရိုးစု, အရိုးစုလို့ မပြတ် နှလုံးသွင်း နေသတဲ့။
တနေ့သော နံနက်ခင်းအခါ တံခါးတိုင်ပေါ်မှာ နေပူစာလှုံနေတုန်း အဲဒီ ဗုဒ္ဓရက္ခိတကြက်တူရွေးကို သိန်းငှက်က သုတ်သွားတယ်၊ ဒီတော့ သာမဏေရီ မကလေးတွေက “ဗုဒ္ဓရက္ခိတကို သိန်းငှက်သုတ်သွားတယ်- ဟေး-ဟေး” စသည်ဖြင့် ကျယ်လောင်စွာ ဟစ်အော်ပြီး ခဲနဲ့ဒုတ်နဲ့ လိုက်ချောက်ကြတယ်။ ဒါနဲ့ သိန်းငှက်က လန့်ပြီးလွှတ်ချထားခဲ့တယ်။ သာမဏေရီမ ကကလေးတွေက ဗုဒ္ဓရက္ခိတကို ကောက်ယူလာပြီး ထေရီမကြီးရှေ့မှာ ချထားတယ်၊
ဟေ့ ဗုဒ္ဓရက္ခိတ သင့်ကို သိန်းက သုတ်သွားတဲ့အခါ ဘယ်လိုနှလုံးသွင်းသလဲလို့ ထေရီမကြီးက မေးတယ်။ ဒီတော့ ကြက်တူရွေးက တခြားကိုတော့ နှလုံး မသွင်းမိပါဘူး၊ အရိုးစုတစုက အရိုးစုတခုကို သုတ်ချီသွားတယ်၊ ဘယ်နေရာ ကျယင် ဒီအရိုးစုကို ဖရိုဖရဲ ကြဲပစ်လိုက်မလဲ မသိဘူးလို့ ဒါကိုဘဲ နှလုံးသွင်းမိပါတယ်” လို့ ပြောသတဲ့။
အေးကွယ်... သာဓု-သာဓု၊ သင့်မှာ ဒီလို နှလုံးသွင်းတာဟာ နောင်အခါဘဝမှ လွတ်မြောက်ရေးအတွက် အကြောင်း အထောက်အပံ့ ဖြစ်ပါလိမ့်မယ်လို့ ထေရီမကြီးက အားပေးစကား ပြောကြားသတဲ့။
စိတ်ဆိုတာ ထပ်ကာ ထပ်ကာ နှလုံးသွင်းနေယင် ကြာတော့ စွဲမြဲသွားတာဘဲ၊ ကြက်တူရွေးတောင် အရိုးစုထင်အောင် နှလုံးသွင်းနိုင်သေးယင် လူပုဂ္ဂိုလ်က ဘာကြောင့် နှလုံးမသွင်းနိုင်ဘဲ ရှိရမှာလဲ။ အဲဒီကြက်တူရွေးဟာ သူ့ကိုယ်ကိုလဲ အရိုးစုမျှဘဲလို့ နှလုံးသွင်းနေတယ်၊ သူများကိုယ်ကိုလဲ အရိုးစုမျှဘဲလို့ နှလုံးသွင်း နေတယ်။ ဒါကြောင့် သိန်းက သုတ်သွားတဲ့အခါမှာ ကြောက်ခြင်းလန့်ခြင်း မရှိဘူး၊ စိုးရိမ်ပူပန်ခြင်းမရှိဘူး၊ တော်တော် သက်သာခွင့်ရနေတယ်၊
အဲဒီလိုသာ ကမ္မဋ္ဌာန်းနှလုံးသွင်းမှု မရှိယင်တော့ သိန်းသုတ်သွားစဉ်က ကြက်တူရွေးမှာ ကြောက်လန့်ခြင်း စိုးရိမ်ပူပန်ခြင်းတွေဟာ အများကြီး ဖြစ်ရရှာလိမ့်မယ်၊ သိန်းအပေါ်မှာလဲ အများကြီးဒေါသဖြစ်လိမ့်မယ်၊ ငါ့ကို တနေရာကျယင် သတ်စားလိမ့်မယ်လို့လဲ ကြံတွေးမိလိမ့်မယ်။
ယခုတော့ သူ့မှာကိုယ်လဲ အရိုးစုဘဲ၊ သူလဲ အရိုးစုဘဲ၊ အရိုးစုတခုက အရိုးစုတခုကို ချီဆောင်သွားတာဘဲလို့ ဒီလို နှလုံးသွင်းနေတဲ့အတွက် အဲဒီလို ကြောက်လန့် တာတွေ စိတ်ဆိုးတဲ့ အမျက်ဒေါသတွေ ငါ့ကို သတ်စားလိမ့်မယ်လို့ ကြံတွေးတာတွေ ဘာမျှမဖြစ်ရတော့ဘူး။ သူ့ဟာ တော်တော်နေရာကျတာဘဲ။
အဲဒီလို ဖြစ်ပုံမျိုးကိုဘဲ ရည်ရွယ်ပြီးတော့ -
“သောကပရိဒေဝါနံ သမတိက္ကမာယ = စိုးရိမ်ပူဆွေးမှု ငိုကြွေးမှုတို့ကို ကျော်လွန်ရန် အတွက်လဲ ဖြစ်ပါတယ်။
ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ = ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတွေ ချုပ်ငြိမ်းရန် အတွက်လဲ ဖြစ်ပါတယ်”
စသည်ဖြင့် သတိပဋ္ဌာန်ဘာဝနာအလုပ်ကို ချီးမွမ်းထားပေတာဘဲ။
ယခုပြောခဲ့တဲ့အတိုင်း ကြက်တူရွေးတောင် နှလုံးသွင်းလို့ အရိုးစုထင်သေးယင် လူဆိုတော့ ပြောစရာတောင် မလိုတော့ပါဘူး၊ ဒါပေမဲ့ တရားထဲစိတ်မဝင်စားလို့ တရားနှလုံးသွင်းမှုက မရှိတဲ့အတွက် ကြက်တူရွေးလောက်တောင် နေရာမကျတဲ့ လူတွေကလဲ အများကြီး ရှိပေလိမ့်မယ်။ အဲဒီတော့ ကမ္မဋ္ဌာန်းတရား အားထုတ်မှုနဲ့စပ်ပြီး ကြက်တူရွေးထက် သာအောင် အားထုတ်မယ်လို့ ဒီလိုတော့ နှလုံးသွင်းထားဘို့ လိုပါတယ်။ .
မဟာတိဿမထေရ် ဝတ္ထုအဆက်
▬▬▬▬▬▬▬▬▬▬▬
ခုတင်ကပြောခဲ့တဲ့ အရှင်မဟာတိဿ မထေရ်ကတော့ မူလကတည်းက အရိုးစု ကမ္မဋ္ဌာန်းကို လေ့လာပွါးများနေတဲ့အတွက် ရယ်တဲ့မိန်းမရဲ့ သွားကို မြင်လိုက်တာနဲ့ အဲဒီမိန်းမရဲ့ တကိုယ်လုံးပင် အရိုးစုကြီးအနေနဲ့ ထင်သွားပါတယ်၊ အဲဒီလိုထင်ပြီး ဈာန်ကိုလဲ ရသွားပါတယ်၊ အဲဒီဈာန်ကို အခြေခံပြုပြီး ဝိပဿနာ ရှုလိုက်တဲ့အတွက် ထိုနေရာမှာဘဲ ရဟန္တာ ဖြစ်တော်မူသွားပါတယ်။
အကယ်၍သာ မဟာတိဿမထေရ်ဟာ ရယ်တဲ့ မိန်းမကို မြင်စဉ်က အရိုးစု အနေနဲ့မရှုဘဲ မိန်းမတယောက်အနေနဲ့ ကြည့်မိနှလုံးသွင်းမိလို့ရှိယင် အဲဒီ အချိန်မှာလဲ ကာမရာဂ ကိလေသာတွေ ဖြစ်နိုင်တယ်။ ရာဂဖြစ်ရုံတွင်တောင်မကဘူး၊ အဲဒီမိန်းမက တပ်မက်တဲ့ရာဂနဲ့ ဖောက်ပြန်နေတဲ့အတွက် တောစခန်းမှာ ဆိတ်ကွယ်ရာကလဲ ရနေတော့ ရဟန်းသီလတောင် ပျက်စီးသွားစရာ အကြောင်း ရှိနေပါသေးတယ်၊
အဲဒီအချိန်က ရာဂမဖြစ်ခဲ့တောင် ပြုံးရယ်နေပုံကို နှလုံးသွင်းမှတ် စွဲထားမိယင် နောင်တချိန်မှာ ရာဂကိလေသာတွေ ဖြစ်လာနိုင်ပါတယ်။ ယခု အရှင်မဟာတိဿ မထေရ်မှာတော့ ပြုံးရယ်နေပုံကို နှလုံးသွင်းမည့်အစား အရိုးစုလဲ နှလုံးသွင်းမိတယ်၊ အဲဒီကနောက် ဝိပဿနာဉာဏ်နဲ့လဲ ဆက်ပြီး ရှုသွားတယ်။ ဒါကြောင့် အဲဒီ မဟာတိဿမထေရ်မှာ အဲဒီမိန်းမကို မြင်မှုနဲ့ စပ်ပြီး ဘာကိလေသာမျှ မဖြစ်ရတော့ဘူး၊ ကိလေသာမှ ဆက်ပြီးဖြစ်မည့် ဥပါဒါန်တို့ ကံတို့ ဘဝသစ်ဆင်းရဲတို့ ဖြစ်ဖို့ဆိုတာကတော့ ဝေးရော့ဘဲ။
အဲဒါဟာ မြင်သိမှု ဝိညာဏ်နှင့်တကွ နာမ်ရုပ် အာယတန ဖဿ ဝေဒနာဆိုတဲ့ အကျိုးတရားတွေ ဖြစ်ပေါ်လာရာမှာ ဝေဒနာအကျိုးတရားမှဆက်ပြီး တဏှာ မဖြစ်ရတော့ဘဲ သံသရာစက် ပြတ်သွားပုံသာဓကပါဘဲ။ အဲဒီမှာ ဝိပဿနာ ရှုမိတဲ့ အတွက် မြင်ရတဲ့ အာရုံနဲ့စပ်ပြီး တဏှာမဖြစ်တော့ဘဲ ချုပ်ငြိမ်းသွားတာက
“တဒင်္ဂနိရောဓ=တစိတ်တပိုင်းအားဖြင့် ချုပ်တာ၊
တဒင်္ဂနိဗ္ဗုတိ=တစိတ် တပိုင်းအားဖြင့် ငြိမ်းတာ” လို့ မှတ်ရမယ်။
အရဟတ္တမဂ်ဖြင့် ငြိမ်းတာကတော့
“သမုစ္ဆေဒ=အမြစ်ပြတ် အကြွင်းမဲ့ချုပ်တာ ငြိမ်းတာ” လို့ မှတ်ရမယ်။
ဒါကြောင့် -
“တဿာယေဝ တဏှာယ၊ ခံစားမှုဝေဒနာကို အကြောင်းပြု၍ ဖြစ်နိုင်သော ထိုတဏှာ၏ပင်လျှင်။
အသေသ ဝိရာဂ နိရောဓာ၊ အကြွင်းမဲ့ ပျက်ပြယ်ခြင်း ချုပ်ခြင်းကြောင့်။
ဥပါဒါနနိရောဓော၊ စွဲလမ်းမှုဥပါဒါန်၏ ချုပ်ခြင်း မဖြစ်ပေါ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏”
စသည်ဖြင့် တဏှာကဆက်ပြီး ဖြစ်မည့် အကျိုးအဆက်ဆက်တွေ မဖြစ်ပေါ်လာ တော့ဘဲ ချုပ်ငြိမ်းသွားကြကြောင်းကို ဟောထားပါတယ်။ .
ရှုတိုင်းရှုတိုင်း ကိလေသာ, ကံ, ဝိပါက်ငြိမ်းတယ်
▬▬▬▬▬▬▬▬▬▬▬
ဒါကြောင့် မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း အနိစ္စ ဒုက္ခ အနတ္တ သဘောကိုမြင်အောင် ရှုနိုင်ယင် ရှုတိုင်း ရှုတိုင်း တဏှာ ဥပါဒါန် ကံတို့နှင့်တကွ ဘဝသစ် ဝိပါက်ခန္ဓာတွေ တဒင်္ဂအားဖြင့် ငြိမ်းငြိမ်း သွားကြတယ်။ ဝိပဿနာ ရှုတယ်ဆိုတာ ဒီကိလေသာ, ကံနဲ့ ဝိပါက်ခန္ဓာဆိုတဲ့ ဝဋ်ဆင်းရဲတွေ ငြိမ်းအောင် ရှုရတာဘဲ၊ သေးသေး သိမ်သိမ် အလုပ် မဟုတ်ဘူး၊ အင်မတန် ကြီးကျယ်တဲ့ အလုပ်ဘဲ။ ဒါကြောင့် သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်လိုတဲ့ သူတိုင်း ဒီဝိပဿနာ အလုပ်ကို လုပ်သင့်တယ်။
ဝိပဿနာ မရှုနိုင်ယင်တော့ မြင်တိုင်း ကြားတိုင်း နံတိုင်း စားသိတိုင်း တွေ့ထိတိုင်း ကြံသိတိုင်း အကောင်းအဆိုး ခံစားမှုဝေဒနာ ဖြစ်ပြီးယင် တပ်မက်သာယာမှု တောင့်တမှု တဏှာဆိုတာက ဖြစ်တော့တာဘဲ၊ တဏှာဖြစ်ပြီး ယင် ဥပါဒါန်နဲ့ ကံလဲ ဖြစ်တော့တာဘဲ၊ ကံဖြစ်တော့ အဲဒီကံ၏အကျိုး ဘဝသစ်ခန္ဓာလဲ ဖြစ်တော့တာဘဲ၊ အဲဒါတွေ ဖြစ်ပုံကိုတော့ နောက်ရက်တွေကျမှ အကျယ်ပြောရမယ်။ ဒီကနေ့တော့ ပစ္စုပ္ပန်အကျိုး ငါးပါးကဆက်ပြီး တဏှာဖြစ်ပုံ လောက်ပဲ များများပြောရမယ်။ .
ပစ္စုပ္ပန်အကျိုးကို မှီပြီး အကြောင်းတရား ဖြစ်ပေါ်လာပုံ
▬▬▬▬▬▬▬▬▬▬▬
ယခု အဆင်းအာရုံ အကောင်းအဆိုးတွေကို မြင်တာဟာ စက္ခုဝိညာဏ်ဘဲ၊ ဒီဝိညာဏ်ဟာ ရှေးဘဝက ပြီးစီးခဲ့တဲ့ အဝိဇ္ဇာနဲ့သင်္ခါရကြောင့် ဖြစ်ပေါ်လာတယ်၊ ယခု တဘဝလုံး မြင်တိုင်းမြင်တိုင်း ရှေးဘဝက အဝိဇ္ဇာနဲ့သင်္ခါရကြောင့် မြင်ရတာချည်းဘဲ။ မြင်တယ်ဆိုယင် သူနဲ့တွဲဘက် နာမ်ရုပ်လဲ ပါတယ်။ သဠာယတနဆိုတဲ့ အာယတန လဲပါတယ်၊ အာရုံနဲ့တွေ့တဲ့ ဖဿလဲ ပါတယ်၊ အကောင်းအဆိုးကို ခံစားတဲ့ ဝေဒနာလဲပါတယ်၊ ဒါကြောင့် မြင်တိုင်း မြင်တိုင်း ဝိညာဏ်, နာမ် ရုပ်, အာယတန, ဖဿ, ဝေဒနာဆိုတဲ့ အကျိုးတရား ငါးပါးလုံး တပေါင်းတည်း ဖြစ်ကြတာပါဘဲ။
ဒေသနာမှာတော့ အကြောင်း အကျိုးဆက်စပ်ပြီး အသေးစိတ်အားဖြင့် တပါးချင်း ဟောထားတယ်၊ အဲဒါက အသေးစိတ်အားဖြင့် ခွဲခြားပြီး မှတ်ရအောင်လို့ ဟောထားတာဘဲ၊ ဒါပေမဲ့ အဲဒီလို တခုပြီးမှတခု အသီးအသီး ဖြစ်နေတာတော့ မဟုတ်ဘူး။ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ်ဆိုယင် အဲဒီ ဝိညာဏ်နဲ့ ဆိုင်တဲ့ နာမ်ရုပ်, အာယတန, ဖဿ, ဝေဒနာတွေလဲ တပေါင်းတည်း ဖြစ်ကြတော့တာဘဲ။
အဲဒါတွေဟာ ရှေးကံ သင်္ခါရကြောင့်ဖြစ်တဲ့ အကျိုးတရား တွေဘဲ၊ ဝိပါက်ဝဋ် တရားတွေလို့လဲ ခေါ်ရတယ်။ ဝဋ်ဆိုတာ အလှည့်ကျအားဖြင့် လည်နေတဲ့တရားဘဲ၊ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်ဆိုတဲ့ ကိလေသဝဋ်ကြောင့် ကံနဲ့ သင်္ခါရဆိုတဲ့ ကမ္မဝဋ် ဖြစ်ပေါ်လာတယ်၊ အဲဒီ ကမ္မဝဋ်ကြောင့် ဝိညာဏ် နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ ဝိပါကဝဋ် ဖြစ်ပေါ်လာတယ်၊ အဲဒီ ဝိပါကဝဋ်ကိုမှီပြီး တဖန် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်ဆိုတဲ့ ကိလသဝဋ် ဖြစ်ပေါ် လာပြန်တယ်။
ဒီလို တလှည့်စီလည်ပြီး ဖြစ်နေလို့ ကိလေသာရယ်, ကံရယ်, ဝိပါက်ရယ် ဒီသုံးပါးကို ဝဋ်သုံးပါးလို့ ခေါ်ရတယ်။ အဲဒီသုံးပါးထဲက ယခုပြောနေတဲ့ ဝိညာဏ်, နာမ်ရုပ်, အာယတန, ဖဿ, ဝေဒနာဆိုတဲ့ တရားငါးပါးကိုတော့ ဝိပါကဝဋ်လို့ ခေါ်တယ်။
မြင်ဆဲခဏမှာ ဖြစ်ပေါ်လာတဲ့ အဲဒီ ဝိပါကဝဋ်ငါးပါးကို မြင်တယ်လို့ဘဲ အများအားဖြင့် ပြောလေ့ရှိကြပါတယ်။ တခါတရံလောက်တော့ “မျက်စိကြည်တယ်၊ မကြည်ဘူး၊ မြင်တွေ့တယ်၊ မြင်လို့ကောင်းတယ်၊ မကောင်းဘူး” စသည်ဖြင့် ပြောတာလဲ ရှိပါသေးရဲ့။ ဒါပေမဲ့ အများအားဖြင့်တော့ မြင်တယ်လို့ဘဲ ပြောလေ့ရှိကြပါတယ်။
ဒီတော့ မြင်တယ်ဆိုတာဟာ “ဝိညာဏ်, နာမ်ရုပ်, အာယတန, ဖဿ, ဝေဒနာ” ဆိုတဲ့ အကျိုးတရားငါးပါး အပေါင်းဘဲ။ ထို့အတူ ကြားတယ်ဆိုတာလဲ အကျိုးတရားငါးပါး အပေါင်းဘဲ။ နံတယ် ဆိုတာလဲ အကျိုးတရားငါးပါး အပေါင်းဘဲ။ စားသိတယ် ဆိုတာလဲ အကျိုးတရား ငါးပါးအပေါင်းဘဲ။ ကြံသိတယ်ဆိုတာလဲ “ဝိညာဏ်, နာမ်ရုပ်, အာယန, ဖဿ, ဝေဒနာ” ဆိုတဲ့ အကျိုးတရားငါးပါး အပေါင်းဘဲ။
ဘယ်လိုလဲဆိုယင် မြင်ဆဲခဏမှာ မြင်သိတာက စက္ခုဝိညာဏ်ဘဲ။ အဲဒီ ဝိညာဏ်နဲ့တွဲပြီး မြင်ရတဲ့အာရုံကို နှလုံးသွင်းတဲ့ မနသိကာရ၊ မြင်မှုကိစ္စ ပြီးအောင် စေ့ဆော်အားထုတ်တဲ့ စေတနာအစရှိသော သဘောတရားတွေက နာမ်၊ မြင်မှု၏ မှီရာ မျက်စိကြည်လင်တာကရုပ်၊ ဒီနှစ်မျိုးက နာမ်နဲ့ရုပ်ပဲ။
မျက်စိကြည်တာက စက္ခာယတန၊ မြင်ရတဲ့အဆင်းက ရူပါယတန၊ မြင်သိတာက မနာယတန၊ နှလုံးသွင်းမှု စသည်က ဓမ္မာယတန၊ ဒီအာယတန ၄-ပါးလဲ ပါဝင်တယ်။ မြင်ရတဲ့အဆင်းကို တွေ့ရတာက ဖဿဘဲ၊ မြင်လို့ကောင်းတာ မကောင်းတာက ဝေဒနာဘဲ။ ယခုပြောခဲ့တဲ့ “စက္ခုဝိညာဏ်, နာမ်နဲ့ရုပ်, အာယတန ၄-ပါး, ဖဿ, ဝေဒနာ” ဆိုတဲ့ အကျိုးတရား ငါးပါးဟာ မြင်တိုင်း မြင်တိုင်း ပါဝင်ပြီး ဖြစ်နေတယ်။
ထို့အတူ ကြားဆဲခဏမှာ ကြားသိတဲ့ သောတဝိညာဏ်နဲ့ နာမ်ရုပ် အစရှိတဲ့ အကျိုးတရား ငါးပါးဘဲ။ နံဆဲ ခဏမှာလဲ နံသိတဲ့ ဃာနဝိညာဏ် အစရှိတဲ့ အကျိုးတရား ငါးပါးဘဲ။ စားသိဆဲ ခဏမှာလဲ အရသာသိတဲ့ ဇိဝှါဝိညာဏ် အစရှိတဲ့ အကျိုးတရား ငါးပါးဘဲ။ ထိသိဆဲ ခဏမှာလဲ ထိသိတဲ့ ကာယဝိညာဏ် အစရှိတဲ့ အကျိုးတရား ငါးပါးဘဲ။ ကြံသိဆဲ ခဏမှာလဲ ကြံတိုင်း ကြံတိုင်း ကြံသိတဲ့ မနောဝိညာဏ်အစရှိတဲ့ အကျိုးတရား ငါးပါးဘဲ။
ဒီမြင်သိမှု ကြားသိမှု အစရှိတဲ့ အကျိုးငါးပါး ငါးပါးအပေါင်း ဆိုတဲ့ သဘောတရားတွေဟာ ခဏမစဲ တမျိုးပြီးတမျိုး ဆက်ကာဆက်ကာ ဖြစ်နေတယ်။ အဲဒီလို ဆက်ကာဆက်ကာ မပြတ်ဖြစ်နေတဲ့ မြင်မှုကြားမှုအစရှိတဲ့ အကျိုးတရား အပေါင်းတွေကိုဘဲ လူလို့လဲခေါ်ရတယ်၊ နတ်လို့လဲ ခေါ်ရတယ်၊ မိန်းမလို့လဲ ခေါ်ရတယ်၊ ယောက်ျားလို့လဲ ခေါ်ရတယ်၊ ပုဂ္ဂိုလ် သတ္တဝါလို့လဲ ခေါ်ရတယ်။ အဲဒါတွေဟာ လောကဝေါဟာရအားဖြင့် ခေါ်ဝေါ် ရုံမျှပါဘဲ၊
အမှန်စင်စစ်ကတော့ ရှေးဘဝက ပြီးခဲ့တဲ့ အဝိဇ္ဇာနဲ့ သင်္ခါရကြောင့် ယခုဘဝ ပဋိသန္ဓေကစပြီး အဆက်ဆက် မပြတ်ဖြစ်နေတဲ့ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ အကျိုးတရား ငါးပါးအပေါင်းမျှသာ ဖြစ်ပါတယ်။ အမြဲတမ်း တကြံ့တည်း တလုံးတခဲတည်း တည်နေတဲ့ ပုဂ္ဂိုလ်သတ္တဝါရယ်လို့တော့ မရှိပါဘူး။ မြင်တိုင်းကြားတိုင်း တွေ့တိုင်းသိတိုင်း မပြတ်လိုက်ပြီးရှုနိုင်ယင် ယခုပြောခဲ့တဲ့ အတိုင်း ခဏမစဲ အသစ်အသစ် ဖြစ်ပြီး ပျက်ပျက်သွားတဲ့ သဘောတရားမျှသာ ရှိတယ်၊
အမြဲတမ်း တကြံ့တည်း တလုံးတခဲတည်း တည်နေတဲ့ ပုဂ္ဂိုလ်သတ္တဝါ ရယ်လို့တော့ မရှိဘူးဆိုတာကို အမှန်အတိုင်း သိရတယ်၊ ဒီလိုသိတဲ့အတွက် ခံစားမှုဝေဒနာမှ ဆက်ပြီးဖြစ်ပေါ်မည့် တပ်မက်သာယာမှု တောင့်တမှု တဏှာဆိုတာ မဖြစ်ရတော့ဘူး၊ အဲဒါကို တဏှာချုပ်တယ်လို့ ဆိုပါတယ်။
တဏှာမဖြစ်ရတော့ တဏှာက ဆက်ပြီးဖြစ်မည့် စွဲလမ်းမှု ဥပါဒါန်လဲ မဖြစ်ရတော့ဘူး၊ ဘဝသစ်ဖြစ်ကြောင်း ကုသိုလ်ကံ အကုသိုလ်ကံဆိုတဲ့ ကမ္မဘဝလဲ မဖြစ်ရတော့ဘူး၊ ကံမဖြစ်ရတော့ ဘဝအသစ် ဖြစ်ရခြင်း, အိုရခြင်း, သေရခြင်းအစရှိတဲ့ သံသရာဝဋ် ဆင်းရဲတွေလဲ ကင်းပြတ်သွားတယ်။
ဒါကြောင့် -
“တဿာယေဝ တဏှာယ၊ ခံစားမှုဝေဒနာကြောင့် ဖြစ်တတ်သော ထိုတဏှာ ၏ပင်လျှင်။
အသေသဝိရာဂနိရောဓာ၊ အကြွင်းမဲ့ပျက်ပြယ်ခြင်း ချုပ်ခြင်းကြောင့်။
ဥပါဒါနနိရောဓော၊ စွဲလမ်းမှုဥပါဒါန်၏ ချုပ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏”
စသည်ဖြင့် ဟောထားပါတယ်။ .
ချုပ်စပ်သော့ချက်က ဖြစ်တဲ့နည်း
▬▬▬▬▬▬▬▬▬▬▬
အဲဒါဟာ ပဋိစ္စသမုပ္ပါဒ်စက်ကြီး မပြတ်လည်နေရာမှ ရပ်စဲသွားအောင် “ဝေဒနာပစ္စယာ တဏှာ” ဆိုတဲ့ ချုပ်စပ်သော့ ချက်ကနေပြီး ဖြုတ်လိုက် ဖြတ်လိုက်တဲ့ နည်းပါဘဲ။ ဒါကြောင့် သံသရာစက်ကြီး မလည်စေချင်ယင် မြင်တိုင်းမြင်တိုင်း ဝေဒနာက ဆက်ပြီးတဏှာမဖြစ်အောင် ရှုရတယ်၊ ကြားတိုင်း ကြားတိုင်းလဲ ရှုရတယ်၊ နံတိုင်း စားတိုင်း တွေ့ထိတိုင်း စိတ်ကူး စဉ်းစား ကြံစည်တိုင်းလဲ ရှုရတယ်။
အကျဉ်းချုပ်အားဖြင့် ဆိုယင် ဒီ ၆-ဌာနက မပြတ် ရှုမှတ် နေရုံပါဘဲ၊ ဒီ ၆-ဌာနထဲမှာ တွေ့ထိတယ်ဆိုတာက မဟာဘုတ်ရုပ်ကြမ်းတွေမို့ အထင်အရှားဆုံးပါဘဲ။ ဒါကြောင့် တရားအားထုတ်ခါစ ပုဂ္ဂိုလ်ဟာ အဲဒီ တွေ့ထိရာဌာနကစပြီး ရှုမှတ်ရတယ်။
အဲဒီလို ရှုမှတ်ဘို့ရာ မြတ်စွာဘုရားက “ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ” စသည်ဖြင့် သတိပဋ္ဌာန်သုတ်မှာ ဟောထားပါတယ်။ သွားလျှင် သွားတယ်လို့ သိပါစေတဲ့။ သိအောင် ဘယ့်နှယ်လုပ်မလဲ၊ သွားတယ်-သွားတယ် စသည်ဖြင့် ရှုရတယ်၊ မှတ်ရတယ်၊ နှလုံးသွင်းရတယ်၊ ရှုတယ် မှတ်တယ်ဆိုတာ သိအောင်လို့ နှလုံးသွင်းလိုက်တာကို ဆိုတာပါဘဲ။ ထို့အတူ ရပ်လျှင်လဲ ရပ်တယ်လို့ ရှုသိရတယ်၊ ထိုင်လျှင်လဲ ထိုင်တယ်လို့ ရှုရတယ်၊ လဲလျောင်းအိပ်လျှင်လဲ လျောင်းတယ် အိပ်တယ်လို့ ရှုရတယ်၊ လက်ချေများကို ကွေးလျှင် ဆန့်လျှင်လဲ ကွေးတယ် ဆန့်တယ်လို့ ရှုရတယ်၊ ကိုယ်အမူအရာ တစုံတခုကို ပြုလုပ်တိုင်း အဲဒီ ကိုယ်အမူအရာကို ရှုရတယ်။
အဲဒီ ကိုယ်အမူအရာတွေကိုရှုယင် ကိုယ်ထဲက တွေ့ထိတဲ့သဘောကို သိတာပါဘဲ။ ကိုယ်အမူအရာ အထူးမထင်ရှားတဲ့ အခါမှာတော့ ကိုယ်ထဲမှာ တနေရာရာက ထိမှုကို စုးစိုက်ပြီး ထိတယ် ထိတယ်လို့ ဒီလို ရှုမှတ်နေရတယ်၊ အသက်ရှုတိုင်း ရှိုက်တိုင်း ဝမ်းဗိုက်က ဖောင်းတက်လာလိုက် ပိန်ကျသွားလိုက်နဲ့ လှုပ်ရှားနေတာလဲ ဝါယော ဓာတ်ပဲ၊ ဒါကြောင့် အဲဒါကို ဖောင်းတယ်ပိန်တယ်လို့ ရှုမှတ်နေယင် ဝမ်းဗိုက်ထဲက အတွေ့အထိကိုသိတာဘဲ။ ဒါကြောင့် ဘုန်းကြီးတို့က ဘာမျှ အထူးမှတ်စရာမရှိတဲ့အခါ အဲဒီ ဖောင်းတာပိန်တာကိုဘဲ ရှုမှတ်နေဘို့ ညွှန်ကြားနေပါတယ်။
ဒါပေမဲ့ အဲဒီ ဖောင်းတာပိန်တာ ၂-ခုထဲ မှတ်ဘို့တော့ မဟုတ်ပါဘူး၊ စိတ်ကူးကြံစည်မှု ပေါ်လာယင် အဲဒါကိုလဲ မှတ်ရတယ်၊ အဲဒါက စိတ္တာနုပဿနာဘဲ။ ဒုက္ခ သုခဝေဒနာ တမျိုးမျိုး ပေါ်လာယင် အဲဒါကိုလဲ မှတ်ရတယ်၊ အဲဒါက ဝေဒနာနုပဿနာဘဲ။ ကွေးခြင်း, ဆန့်ခြင်း, ပြုပြင်လှုပ်ရှားခြင်းအစရှိတဲ့ ကိုယ်အမူအရာ အထူးပေါ်လာယင် အဲဒါကိုလဲမှတ်ရတယ်၊ သွားတာရပ်တာ ထိုင်တာ လျောင်းတာတွေလဲ မှတ်ရတယ်၊ ဒါတွေ ကတော့ ဖောင်းတာပိန်တာကို မှတ်တာနဲ့ အတူတူပါဘဲ၊ ကာယနုပဿနာ ချည်းပါဘဲ။
နောက်ပြီးတော့ ကြည့်တာ မြင်တာကိုလဲ မှတ်ရတယ်၊ နားထောင်တာ ကြားတာကိုလဲ မှတ်ရတယ်၊ အနံ့နံတာကိုလဲ မှတ်ရတယ်၊ စားသောက်တာကိုလဲ မှတ်ရတယ်၊ ကျင်ကြီးကျင်ငယ် စွန့်တာတောင် မှတ်ရသေးတာဘဲ၊ ဒွါရ ၆-ပါးမှာ ထင်ပေါ်လာ သမျှကို အကုန်လုံးဘဲ မှတ်ရတယ်၊ ဘာမျှမကျန်ပါဘူး။ ဒါကြောင့် သမာဓိဉာဏ် ရင့်ကျက်လာတဲ့အခါမှာ ဒွါရ၆-ပါးက ထင်ပေါ်လာသမျှ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ သဘောတရားတွေဟာ ဖြစ်ပြီးပျက် ဖြစ်ပြီးပျက်နဲ့ မမြဲတဲ့ တရားတွေချည်းဘဲလို့လဲ ကိုယ်ပိုင်ဉာဏ်ဖြင့် ရှင်းရှင်း လင်းလင်း သိရတယ်၊ ဖြစ်ချည် ပျက်ချည်နဲ့ ဆင်းရဲချည်းဘဲလို့လဲ သိရတယ်၊ သူ့သဘော အတိုင်း သူ့ဟာသူ ဖြစ်ပျက်နေတဲ့ အနတ္တသဘောတရားမျှဘဲလို့လဲ သိရတယ်။
ဒီလို သိရတဲ့အတွက် အဲဒီ မြင်မှု, ကြားမှု, တွေ့မှု, ကြံသိမှု, ခံစားမှုတွေနဲ့စပ်ပြီး တောင့်တသာယာမှု တဏှာမဖြစ်ရတော့ဘူး။ တဏှာမဖြစ်ရတော့ ဥပါဒါန်ကံနှင့် ဘဝသစ် ဆင်းရဲတွေလဲ မဖြစ်ရတော့ဘူး။ ဒါဟာ ဝေဒနာကြောင့် တဏှာ ဖြစ်တယ် ဆိုတဲ့ သော့ချက်ကနေပြီး တဏှာမဖြစ်အောင် ဖြတ်ပြီး ပဋိစ္စသမုပ္ပါဒ် သံသရာ စက်ကြီးကို မလည်နိုင်အောင် ဖြတ်ပုံပါဘဲ။
အဲဒီလိုဖြတ်ပုံကို သဘောပေါက်နားလည်ထားဖို့ အရေးကြီးပါတယ်၊ နားမလည်ယင် သံသရာစက်ကြီးကို ရပ်ချင်ပေမဲ့ ရပ်လို့မဖြစ်ဘူး။ ယခုခေတ်မှာ သိပ္ပံပညာနဲ့ တည်ထွင်ထားတဲ့ စက်ကြီးတွေဆိုတာရှိတယ်။ အဲဒီစက်ကြီးတွေကို နားမလည်ယင် လည်အောင်လဲမလုပ်နိုင်ဘူး၊ လည်နေတာကိုရပ်အောင်လဲ မလုပ်နိုင်ဘူး။ တတ်သိ နားလည်တဲ့ သူကတော့ လိုရင်းသော့ချက် ခလုတ်ကလေးကို တင်လိုက်, ချလိုက်တာနဲ့ လည်လဲ လည်စေနိုင်တယ်၊ ရပ်လဲ ရပ်စေနိုင်တယ်။
ဒါလိုပါဘဲ ဒီပဋိစ္စသမုပ္ပါဒ်သံသရာစက်ကြီးမှာလဲ သူ့သော့ချက်က ဝေဒနာကြောင့် တဏှာဖြစ်တတ်တယ်ဆိုတဲ့ အချက်ပဲ။ ဒီလိုဆိုယင် ဝေဒနာဖြစ်တိုင်း တဏှာဖြစ် သလားလို့ဆိုတော့ သန္တာနာနုသယ, အာရမ္မဏာနုသယဆိုတဲ့ အကြောင်းကလဲရှိပါမှ တဏှာဖြစ်နိုင်ပါတယ်။ အဲဒီ အနုသယနှစ်မျိုး မရှိယင်တော့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ရဟန္တာပုဂ္ဂိုလ်များမှာ အာရုံအမျိုးမျိုးတွေကို မြင်, ကြား, တွေ့သိပြီး ခံစားမှုဝေဒနာ ဖြစ်ပေမဲ့ တပ်မက်သာယာမှု တဏှာကတော့ မဖြစ်တော့ဘူး။
အဲဒါဟာ အနုသယနှစ်မျိုးလုံးကင်းနေလို့ မဖြစ်နိုင်တာပါဘဲ။ ဒါကြောင့် ရဟန္တာပုဂ္ဂိုလ် များမှာ ဥပါဒါန်လဲ မရှိတော့ဘူး၊ ကံအသစ်လဲ မဖြစ်တော့ဘူး၊ ကံအဟောင်းကလဲ ဘဝသစ်ကို မဖြစ်စေနိုင်တော့ဘူး၊ ဒါကြောင့် ပရိနိဗ္ဗာန်စုတိစိတ်ချုပ် သွားပြီး တဲ့နောက် ဘဝသစ်ရုပ်နာမ် ခန္ဓာတွေလဲ မဖြစ်လာတော့ဘူး၊ တခါတည်း အပြီးတိုင် ငြိမ်းအေးသွားတယ်။
ကိလေသာမကင်းသေးတဲ့ ပုထုဇဉ် သေက္ခပုဂ္ဂိုလ်တွေမှာတော့ သန္တာနာနုသယ ဆိုတာက ရှိနေတယ်။ သန္တာနာနုသယဆိုတာ အရိယမဂ်ဖြင့် မပယ်ရသေးလို့ ရုပ်နာမ်အစဉ်သန္တာန်မှာ အကြောင်းညီညွတ်တဲ့ အခါ ဖြစ်နိုင်တဲ့ ကိလေသာကို ဆိုတာပါဘဲ။ အဲဒီကိလေသာက တနေရာရာမှာ အောင်းပြီးတည်ရှိနေတာတော့ မဟုတ်ပါဘူး၊
အဖျားရောဂါ မပြတ်စဲသေးတဲ့သူမှာ အဖျားကျနေတဲ့ အခါပေမဲ့ အကြောင်း ညီညွတ်ယင် အဖျားက တက်လာဦးမှာမို့ ဖျားနေပါတယ်၊ အဖျားရောဂါ ရှိနေပါတယ်လို့ ပြောရသလို၊ အကြောင်းညီညွတ်ယင် ဖြစ်ပေါ်လာဦးမှာမို့ အဲဒီ ကိလေသာမျိုးကို ကိန်းနေတယ် ရှိနေတယ်လို့ ဆိုရတာပါဘဲ၊
အဲဒီလို သန္တာနာနုသယ ကိလေသာရှိနေတဲ့ ပုထုဇဉ် သေက္ခပုဂ္ဂိုလ်တွေမှာ ဖြစ်ပေါ်လာတဲ့ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ အကျိုးဝိပါက် တရားတွေကို ဝိပဿနာဉာဏ်ဖြင့် အနိစ္စ, ဒုက္ခ, အနတ္တထင်အောင် မရှုနိုင်လို့ရှိယင် အဲဒီ မရှုမိတဲ့အာရုံကို အကြောင်းပြုပြီး နိစ္စမြဲတယ်၊ သုခ-ချမ်းသာတယ်၊ အတ္တ-ငါကောင်, သတ္တဝါကောင်ဘဲလို့ ထင်မှတ်ပြီး လောဘ, ဒေါသ, မောဟ အစရှိတဲ့ ကိလေသာတွေ ဖြစ်နိုင်တယ်၊ အဲဒီလို မရှုမိတဲ့ အာရုံနဲ့စပ်ပြီး ဖြစ်နိုင်တဲ့ ကိလေသာတွေကို အာရမ္မဏာနုသယလို့ ခေါ်ပါတယ်။
ဒီနေရာမှာ သန္တာနုသယနဲ့ အာရမ္မဏာနုသယ ဒီနှစ်မျိုးကို ရှင်းရှင်းလင်းလင်း မှတ်သားထားရအောင် ဆောင်ပုဒ်ကို လိုက်ဆိုကြရမယ်။
သတ္တဝါတဦး၏ သန္တာန်၌ အရိယမဂ်ဖြင့် မပယ်ရသေးသောကြောင့် အကြောင်း ညီညွတ်တိုင်း ဖြစ်ပေါ်နိုင်သော ကိလေသာကို သန္တာနာနုသယဟု ခေါ်သည်။
ထင်ရှားသိရသော အာရုံဟူသမျှ၌ ဝိပဿနာဉာဏ်ဖြင့် အမှန်အတိုင်း မသိလျှင် အကြောင်းညီညွတ်တိုင်း ဖြစ်ပေါ်နိုင်သော ကိလေသာကို အာရမ္မဏာနုသယဟု ခေါ်သည်။
ယခု မြင်ဘူးတာတွေ ကြားဘူးတာတွေ တွေ့ဘူး သိဘူးတာတွေနဲ့ စပ်ပြီး လောဘ, ဒေါသ, ဖြစ်နေကြတာတွေဟာ အဲဒီအာရမ္မဏာနုသယရဲ့ အစွမ်းကြောင့်ပါဘဲ။ မြင်စဉ် ကြားစဉ် တွေ့သိစဉ် ကာလတုန်းက ဝိပဿနာဉာဏ်ဖြင့်ရှုမှတ်ပြီး အနိစ္စ, ဒုက္ခ, အနတ္တ သဘောမျှဘဲ ဆိုတာကို အမှန်အတိုင်း မသိခဲ့ရဘူး၊ အမြဲတမ်း တည်ရှိနေတဲ့ ချမ်းသာကောင်းစားတဲ့ ပုဂ္ဂိုလ်သတ္တဝါ ယောက်ျားမိန်းမအနေနဲ့သာ အထင်အရှား သိခဲ့ရတယ်၊ သုံးဆောင်ဘွယ် အရာဝတ္ထု အနေနဲ့သာ အထင်အရှား သိခဲ့ရတယ်။
ဒါကြောင့် အဲဒီလို သိမှတ်ထားတဲ့ အာရုံဝတ္ထုတွေဟာ ပြန်လည်စဉ်းစား ကြည့်တိုင်း အယင် မြင်ခဲ့စဉ် ကြားခဲ့စဉ် တွေ့သိခဲ့စဉ်ကအတိုင်းဘဲ စိတ်ကူးထဲ ပေါ်နေတယ်၊ ဓာတ်ပုံရိုက်ထားတဲ့ ရုပ်ပုံကလေးကို ပြန်ကြည့်ရသလိုပါဘဲ၊ ချစ်စရာ ကောင်းတဲ့အနေ မုန်းစရာကောင်းတဲ့ အနေအားဖြင့် ထင်ရှားပေါ်နေပါတယ်။ ဒါကြောင့် ချစ်စရာ ကောင်းတယ်ထင်ယင် ချစ်ခင်နှစ်သက်တဲ့ လောဘဖြစ်တယ်၊ မုန်းစရာကောင်းတယ် ထင်ယင် အမျက်ထွက်တဲ့ စိတ်ဆိုးတဲ့ ဒေါသဖြစ်တယ်၊ အမြဲ တည်ရှိနေတဲ့ သာမန် အာရုံ ဝတ္ထုအနေအားဖြင့် ထင်ယင်တော့ အမြဲတည်နေတဲ့ ပုဂ္ဂိုလ် ဝတ္ထုအနေအားဖြင့် မှတ်ထင်တဲ့ မောဟ ဖြစ်တယ်။
ဒီအထဲမှာ လောဘဆိုတာကတော့ တဏှာဘဲ၊ ဒါကြောင့် လောဘဖြစ်တာဟာ ကောင်းတဲ့ခံစားမှုဆိုတဲ့ သုခဝေဒနာကြောင့် တဏှာ ဖြစ်တာပါဘဲ။ မကောင်းတဲ့ အာရုံ ခံစားရမှုဆိုတဲ့ ဒုက္ခဝေဒနာကြောင့် ဒေါသ ဖြစ်ပြန်ယင်လဲ ကောင်းတာကို လိုချင်တောင့်တတဲ့ တဏှာဖြစ်ပြန်တာဘဲ။ မောဟဖြစ်ယင်လဲ အဲဒီလို ဖြစ်နေရာတကို မမုန်းနိုင်ဘူး၊ မစွန့်နိုင်ဘူး၊ သာယာနေတာဘဲ၊ နောက်ပြီးတော့ အဲဒါထက် ကောင်းတာကို မြှော်လင့်တောင့်တတဲ့ တဏှာလဲ ဖြစ်ပြန်တာဘဲ။
ဒါကြောင့် လောဘ, ဒေါသ, မောဟဖြစ်တိုင်း ဝေဒနာကြောင့် တဏှာဖြစ်တယ်၊ တဏှာဖြစ်ယင် ဥပါဒါန်နဲ့ ကံလဲဖြစ်ပြီး ဘဝသစ်ဆင်းရဲတွေ ဖြစ်တော့တာဘဲ၊ ဒီပုံဒီနည်းဖြင့် သံသရာစက်ကြီး မပြတ်လည်နေတာဘဲ။ အဲဒါဟာ မြင်စဉ် ကြားစဉ် တွေ့သိစဉ်က မရှုမမှတ်နိုင်လို့ အာရမ္မဏာနုသယ ကိန်းပြီးတော့ “ဝေဒနာပစ္စယာ တဏှာ-ဝေဒနာကြောင့် တဏှာ ဖြစ်တယ်” ဆိုတဲ့ သော့ချက်က ပွင့်ပြီး သံသရာစက် လည်နေပုံပါဘဲ။
မြင်စဉ်ကတည်းက ရှုမှတ်လို့ မြင်ကာမျှ ဖြစ်ပျက်သွားကာမျှ အနေအားဖြင့် အမှန်အတိုင်း သိသွားယင်တော့ အဲဒီ မြင်မှု ခံစားမှုနဲ့ စပ်ပြီး သာယာမှု နှစ်သက်မှု လိုချင်မှု တောင့်တမှုဆိုတဲ့ တဏှာဟာ မဖြစ်နိုင်တော့ဘူး။ တဏှာမဖြစ်တော့ ဥပါဒါန် ကံအစရှိတဲ့ ဝဋ်ဆင်းရဲတွေလဲ မဖြစ်နိုင်တော့ဘူး။ ဒီမှာ အကုန်လုံး တခါတည်း ငြိမ်းသွားတယ်။
ထို့အတူ ကြားစဉ်ကတည်းက ရှုမှတ်လို့ ကြားကာမျှ ဖြစ်ပျက်သွားကာမျှ အနေအားဖြင့် အမှန်အတိုင်း သိသွားယင်လဲ ကြားမှု ခံစားမှုနဲ့စပ်ပြီး တဏှာ မဖြစ်ရတော့ဘူး။ မရှုမမှတ်နိုင်လို့ မသိနိုင်ယင်တော့ နားထောင်လို့ ကြားလို့ကောင်းတဲ့ သဘောကလေးကို သဘောကျနေတတ်တယ်။ ကြားပြီးတဲ့ နောက်လဲ အဲဒါကလေးကို တအောက်မေ့မေ့နဲ့ ဖြစ်နေတတ်တယ်၊ အဲဒီအသံနဲ့ စပ်ဆိုင်တဲ့သူကိုလဲ နှစ်သက်နေတတ်တယ်၊ ဒါတွေဟာ ဝေဒနာကြောင့်ဖြစ်တဲ့ တဏှာတွေပါဘဲ။ တဏှာဖြစ်ယင် စွဲလမ်းမှုအစရှသော ဝဋ်ဆင်းရဲတွေလဲ ဖြစ်တော့တာဘဲ။ ဒီတဏှာက ယခုဘဝတွင်လဲ ဆင်းရဲဒုက္ခ ရောက်စေတတ်ပါတယ်။ .
ဥဒေါင်းမင်းဝတ္ထု
▬▬▬▬▬▬
မောရဇာတ်မှာ ဘုရားအလောင်း ရွှေဥဒေါင်းကြီးဟာ နံနက် နေထွက်ချိန် အိပ်တန်းက ဆင်းတဲ့အခါ “ဥဒေတယံ စက္ခုမာ ဧကရာဇာ” ဆိုတဲ့ဂါထာကို ရွတ်ဆိုပြီး ဆင်းလေ့ရှိတယ်၊ ညနေ အိပ်တန်းတက်တဲ့အခါလဲ “အပေတယံ စက္ခုမာ ဧကရာဇာ”ဆိုတဲ့ ဂါထာကိုရွတ်ဆိုပြီး တက်လေ့ရှိတယ်။ ဒါကြောင့် နှစ်ပေါင်း ခုနစ်ရာပတ်လုံး မုဆိုးက ကျော့ကွင်းပေါင်း များစွာနဲ့ထောင်ဖမ်းသော်လဲ မမိဘူး၊
တနေ့သောအခါမှာ မုဆိုးက ဒေါင်းမကလေး တကောင်ကို ယူသွားပြီး နံနက် စောစောမှာ ကျော့ကွင်းတွေ အသင့်ထောင်ထားပြီးတော့ ဒေါင်းမကလေးကို မြည်တွန်စေတယ်။ ဒေါင်းမရဲ့ အသံကိုကြားရတော့ ရွှေဥဒေါင်းကြီးဟာ အခါတိုင်းလို ပရိတ်ဂါထာကို ရွတ်ဆိုဖို့ရာ သတိမရတော့ဘဲ အိပ်တန်းက ကဗျာကရာနဲ့ဆင်းပြီး ဒေါင်းမကလေးဆီ ပျံသွားလိုက်လို့ မုဆိုးရဲ့ ကျော့ကွင်းထဲမှာ မိသွားတယ်။ အဲဒါဟာ အသံကြားရာက တဏှာဖြစ်ပြီး လက်ငင်း ဒုက္ခရောက်ရပုံပါဘဲ။ .
စောင်းသံကြောင့် သေရတဲ့အမျိုးသမီး
▬▬▬▬▬▬▬▬▬▬▬
ရှေးက ဗာရာဏသီပြည်မှာ ဂုတ္တိလဆိုတဲ့ စောင်းဆရာတယောက် ရှိခဲ့တယ်၊ အဲဒီစောင်းဆရာက အမျိုးသမီးတဦးထံ ငွေတထောင်ပေးပြီး ဆက်သွယ်တယ်၊ အမျိုးသမီးက ပြက်ရယ်ပြုပြီး လွှတ်လိုက်တယ်။ အဲဒါကို အခဲမကြေတာနဲ့ စောင်းဆရာက ညဉ့်ဦးယာမ်အချိန်မှာ အဲဒီအမျိုးသမီးရဲ့ အိမ်ရှေ့ မျက်နှာစာ အိမ်ကနေပြီး အလွန်သာယာတဲ့ အသံနဲ့သီဆိုပြီး စောင်းကို တီးလိုက်တယ်။ အဲဒီ အမျိုးသမီးဟာ သီချင်းနဲ့စောင်းသံကို ကြားရတော့ မအောင့်နိုင်တော့ဘူး၊ စောင်းတီးရာအရပ်ကို သွားဘို့ရည်ရွယ်ပြီး ပြူတင်းပေါက်က မှားဆင်းလိုက်တာ လိမ့်ကျပြီး သေရှာပါရောတဲ့။ ဒါလဲ ကြားရာက တဏှာဖြစ်ပြီး လက်ငင်း ဒုက္ခရောက်ရပုံပါဘဲ။ (အံ ဋ္ဌ ၁-၂၁)
ထူးတာကတော့ ခုတင်က ဝတ္ထုက အမသံကြောင့် ဒုက္ခရောက်ပုံကို ပြတယ်၊ ယခု နောက်ဝတ္ထုကတော့ အဖိုသံကြောင့် ဒုက္ခရောက်ပုံကို ပြတယ်၊ ဒါလောက်ပဲ ထူးပါတယ်။ .
ကြားရမှု မမြဲတာကတော့ အလွန်ထင်ရှားပါတယ်
▬▬▬▬▬▬▬▬▬
ကြားရတယ်ဆိုတာဟာ သေသေချာချာ စဉ်းစားကြည့်ယင် ဘာမျှမဟုတ်ဘူး၊ ကြားပြီးရင်း ပျောက်သွားရင်း၊ ကြားပြီးရင်း ပျောက်သွားရင်းနဲ့ မမြဲတာ အလွန် ထင်ရှားပါတယ်။ ယခု ဟောနေတဲ့ တရားသံကို ကြားတိုင်း ကြားတိုင်း မှတ်ကြည့်ပါ၊ တလုံးပြီးတလုံး ကြားပြီးယင် ပျောက်ပျောက်သွားတာချည်းဘဲ။ သာယာတဲ့ သီချင်းသံ စောင်းသံ ဗုံသံ စကားသံဆိုတာတွေလဲ ဒါလိုပါဘဲ၊ ကြားပြီးယင် ချက်ခြင်း ပျောက်ပျောက် သွားတာချည်းဘဲ၊ လူတွေက ပိုင်းခြားပြီး မရှုနိုင် မမှတ်နိုင်ကြတဲ့ အတွက် ရှေ့အသံနဲ့ နောက်အသံတွေ တပေါင်းတည်း ဆက်စပ်ပြီး သာယာဘွယ် ဖြစ်နေတာ။
အဲဒါကို ကြားရုံမျှ ပေါ်လာပြီး ပျောက်ပျောက်သွားရုံမျှ အမှန်အတိုင်း ထင်အောင် “ကြားတယ် ကြားတယ်” လို့ပိုင်းခြားပြီး ရှုမှတ်ဖို့ လိုပါတယ်။ အဲဒီလို ရှုမှတ်နိုင်ယင် သမာဓိဉာဏ် အားကောင်းလာတဲ့အခါမှာ ချက်ခြင်း ပျောက်ပျောက် သွားလို့ မမြဲဘူးဆိုတာ ထင်ရှားသိရပါတယ်၊ ဒီလိုသိတော့ အဲဒီကြားမှု ခံစားမှုနှင့်စပ်ပြီး တပ်မက်မှုတဏှာ မဖြစ်ရတော့ဘူး၊ တဏှာမဖြစ်ရတော့ ဥပါဒါန်ကံနဲ့ ဘဝသစ် ဆင်းရဲတွေ မဖြစ်ရတော့ဘူး၊ အကုန်လုံး ငြိမ်းသွားတယ်။
နံမှုဆိုတာကတော့ တရားအားထုတ်နေတဲ့ ယောဂီမှာ တွေ့ရခဲပါတယ်၊ တွေ့ယင် အဲဒါကိုလဲ တပ်မက်သာယာမှု တဏှာဖြစ်ခွင့်မရအောင် ရှုမှတ်ရတာဘဲ။ .
စားသိမှုက အရေးကြီးတယ်
▬▬▬▬▬▬▬▬▬▬
စားသောက်ရာမှာတော့ ရှုမှတ်ပြီးသိဘို့ အရေးကြီးပါတယ်၊ မရှုမမှတ်နိုင်ယင်တော့ အရသာကောင်းလေးတွေကို စားသောက်ရတဲ့အခါ နှစ်သက်သာယာတယ်၊ သဘောကျတယ်၊ စားသောက်ရတဲ့ အရသာကိုလဲ ကြိုက်တယ်၊ အဲဒီအရသာ ခံစားရတာကိုလဲ ကြိုက်တယ်၊ နောင်လဲ ဒီလိုအရသာကောင်းတွေကို စားသောက် ခံစားချင်တယ်၊ နောက်နောက် ဘဝတွေမှာလဲ ဒီလိုဘဲ စားသောက်ခံစား နေချင်တယ်။ ဒီလို စားသောက်ခံစားနေချင်တဲ့ တဏှာဟာ သေးတဲ့ဟာမဟုတ်ဘူး။
ဒီတဏှာကြောင့် မကောင်းတာတွေကို စားရတဲ့ဘဝမျိုးလဲ ရောက်သွားတတ်တယ်။ လူ့ဘဝ နတ်ဘဝမှာ အရသာကောင်းတွေကို သာယာတပ်မက်ပြီး စားနေရတဲ့ သူတွေဟာ မကောင်းမှုကံပြုမိလို့ အဲဒီမကောင်းမှုကံက အကျိုးပေးတဲ့အခါမှာ နွား ကျွဲ ဆင် မြင်း အစရှိတဲ့ တိရစ္ဆာန်မျိုးတွေ ဖြစ်ပြီး မြက် သစ်ရွက်တွေလဲ စားနေရတတ်တယ်၊ ကြက် ဝက် ခွေး အစရှိတဲ့ တိရစ္ဆာန်မျိုးတွေဖြစ်ပြီး မစင်ကိုလဲ စားနေရတတ်တယ်လို့ မြတ်စွာဘုရားက ဗာလပဏ္ဍိတသုတ်မှာ ဟောထားပါတယ်။
မကောင်းတာကို စားရယင်လဲ ကောင်းတာကို တောင့်တတဲ့ တဏှာ ဖြစ်တတ်တယ်၊ ဒါကြောင့် စားသောက်ရာမှာ တဏှာမဖြစ်အောင် စားသောက်ဖို့ ပြင်ဆင်တာကစပြီး မှတ်ရတယ်။ ဘယ်လိုလဲဆိုယင် ထမင်းပွဲကို ကြည့်ယင် ကြည့်တယ် မြင်တယ်လို့ မှတ်ရတယ်။ လက်ကြွယင် ကြွတယ် ကြွတယ် လှမ်းတယ် လှမ်းတယ် စသည်ဖြင့် မှတ်ရတယ်။ ထမင်းနဲ့ထိယင် ထိတယ်၊ ယက်ယင် ယက်တယ်၊ ထမင်းလုပ်ပြင်ယင် ပြင်တယ်၊ ဆုပ်ပြီးကိုင်ယင် ကိုင်တယ်၊ မြှောက်ပြီး ယူလာတော့ ယူတယ် ယူတယ်လို့ မှတ်ရတယ်၊ ဖြည်းဖြည်းချင်းဘဲ ပြုလုပ်ရတယ်။
ပါးစပ်ကို ထိတာ ပါးစပ်ဖွင့်တာ ပါးစပ်ထဲခွံထည့်တာ ပါးစပ်ပြန်ပိတ်တာ လက်ပြန်ချတာ ပန်းကန်ပြားနဲ့ ထိတာ ဒါတွေကို အစဉ်အတိုင်း မှတ်ပြီးတော့ ဝါးတဲ့အခါမှာ ဝါးတိုင်း ဝါးတိုင်း ဝါးတယ် ဝါးတယ်လို့ မှတ်ရတယ်၊ ဝါးနေရင်း ချိုတဲ့ချဉ်တဲ့ အရသာကိုသိယင် ချိုတယ် ချဉ်တယ် သိတယ် စသည်ဖြင့် မှတ်ရတယ်၊ စားသိတယ်ဆိုတာ ဒီအရသာသိတာကို ပြောတာပါဘဲ။
အဲဒီကနောက် မျိုချလိုက်တော့ မျိုတယ် မျိုတယ်လို့ မှတ်ရတယ်။ လည်ချောင်း တလျှောက်မှာ ထိသွားတာကိုလဲ မှတ်နိုင်ယင် ထိတယ် ထိတယ်လို့ မှတ်ရသေးတယ်။ အဲဒါဟာ ထမင်းတလုပ်စားရာမှာ မှတ်ပုံအကျဉ်းချုပ်ပါဘဲ။ အဲဒီအထဲမှာ ချိုတဲ့ချဉ်တဲ့ အရသာကလေးများကို ကောင်းတယ်ထင်ယင် ကောင်းတယ်လို့ မှတ်လိုက် ရသေးတယ်၊ အဲဒါဟာ စားသိမှုနဲ့ စပ်ပြီးဖြစ်တဲ့ သုခဝေဒနာကို မှတ်သိတာပါဘဲ။
အဲဒီလို စူးစိုက်ပြီး မှတ်နေယင် စိတ်အမူအရာ ကိုယ်အမူအရာတွေဟာ တခုပြီးတခု ပျောက်ပျောက်သွားလို့ မမြဲဘူးဆိုတာကိုလဲ ကိုယ်ပိုင်ဉာဏ်ဖြင့် ထင်ရှားသိပြီး သဘောပေါက်သွားပါလိမ့်မယ်၊ ချိုတာ ချဉ်တာ ကောင်းတာကလေးတွေလဲ တခဏချင်း ပျောက်ပျက်သွားလို့ မမြဲဘူးဆိုတာကိုလဲ ထင်ရှားသိရပါလိမ့်မယ်။
ဒီလိုသိတဲ့အတွက် တချို့ယောဂီမှာစားနေရင်း မစားချင်တဲ့ စိတ်တွေတောင် ဖြစ်တတ် ပါသေးတယ်၊ အဲဒါဟာ စားသိမှုခံစားမှုနှင့်စပ်ပြီး တပ်မက် သာယာမှုတဏှာ ကင်းငြိမ်းသွားတာပါဘဲ၊ တဏှာကင်းတော့ အဲဒီတဏှာက ဆက်ဖြစ်မည့် ဥပါဒါန် ကံနဲ့ ဘဝသစ်ဆင်းရဲတွေလဲ အကုန်လုံး ငြိမ်းသွားကြတယ်။ .
ထိတာနဲ့ သိတာကတော့ အများဆုံးမှတ်ရတာဘဲ
▬▬▬▬▬▬▬▬▬
နောက်ပြီးတော့ ထိတယ်ဆိုတာ တကိုယ်လုံးမှာ အမြဲလိုဘဲ ရှိနေပါတယ်၊ တကိုယ်လုံးမှာ ဘယ်နေရာကဘဲဖြစ်ဖြစ် စဉ်းစားကြည့်လိုက်ယင် ထိသိမှု တမျိုးမျိုးဟာ ရှိနေတာဘဲ၊ နောက်ပြီးတော့ ကြံသိမှုဆိုတာကလဲ အိပ်ပျော်နေတဲ့ အခါမဟုတ်ယင် အမြဲတမ်းရှိနေတာဘဲ။ ဒါကြောင့် ဒီထိတာနဲ့ သိတာကိုတော့ မှတ်ရတာ အများဆုံးပါဘဲ၊ ဒါကြောင့် ဘာမျှထူးထူးခြားခြား မှတ်သိစရာမရှိယင် ကိုယ်ထဲက ထိသိတာကိုဘဲ ရှုမှတ်နေရတယ်၊ ဖောင်းတယ်ပိန်တယ် ထိုင်တယ် ထိတယ် စသည်ဖြင့်မှတ်နေရတယ်။
ဒီလိုမှတ်နေရင်း ကွေးမှုဆန့်မှု လှုပ်ရှားပြုပြင်မှု အစရှိသော ကိုယ်အမူအရာအထူးတွေ ပေါ်လာယင် အဲဒီ ထိမှု အထူးတွေကို လိုက်မှတ်ရတယ်၊ တွေ့ထိရာက ညောင်းမှု ပူမှု နာကျင်မှု မခံသာမှု ကောင်းမှုဆိုတဲ့ ဝေဒနာအထူးတွေ ပေါ်လာယင် အဲဒါတွေကိုလဲ လိုက်မှတ်ရတယ်၊ ဒါတွေဟာ အကုန်လုံး ထိသိပြီး ခံစားရတဲ့ ဝေဒနာတွေချည်းပါဘဲ။
နောက်ပြီးတော့ စိတ်ကူးစဉ်းစား ကြံစည်မှုဖြစ်ပေါ်လာယင် အဲဒါကို ရှုမှတ်ရတယ်။ ကောင်းတဲ့စိတ်ကူးလဲ မှတ်ရတယ်၊ မကောင်းတဲ့စိတ်ကူးလဲ မှတ်ရတယ်။ တရားအားမထုတ်ဘဲ အလွတ်နေတဲ့ ပုဂ္ဂိုလ်တွေ, အားထုတ်ခါစ ပုဂ္ဂိုလ်တွေမှာ အများအားဖြင့် ကိုယ်လုပ်နေကျ ကိုင်နေကျ ကြံစည်နေကျ အမှုကိစ္စတွေကို ကြံနေတာဘဲ များတတ်ပါတယ်။ တရားအားထုတ်လို့ သမာဓိဉာဏ် ရင့်ကျက် လာတဲ့အခါ ကျတော့ အဲဒီလို ကြံစည်မှုတွေဟာ မရှိသလောက်ပဲ ကင်းငြိမ်းသွားပါတယ်၊
ဒါပေမဲ့ တရားနဲ့စပ်တဲ့ စိတ်ကူး ကြံစည်မှုတွေကတော့ အချို့ပုဂ္ဂိုလ်မှာ မကြာခဏ ဖြစ်ပေါ်နေတတ်တယ်၊ အဲဒါတွေလဲ ရှုမှတ်ရတယ်၊ အဲဒီလို ရှုမှတ်ပြီး “ချက်ခြင်းပင် ပျောက်ပျောက်သွားလို့ မမြဲတဲ့ တရားတွေဘဲ” ဆိုတာ သိသိသွားယင် အဲဒီကြံစည်မှု ထဲမှာပါတဲ့ ဝေဒနာကြောင့်ဖြစ်မည့် တဏှာဟာဖြစ်ခွင့်မရှိဘဲ ငြိမ်းသွားပါတယ်၊ တဏှာငြိမ်းတော့ ဥပါဒါန်ကံနဲ့ ဘဝသစ်ဆင်းရဲတွေလဲ အကုန်ငြိမ်းသွားတယ်။ ဒါဟာ ဝေဒနာကြောင့် တဏှာ ဖြစ်တတ်သည်ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် အလယ်ပိုင်းမှ တဏှာမဖြစ်ပဲ ငြိမ်းပြတ် သွားအောင် အားထုတ်ပုံ အားထုတ်နည်းပါဘဲ။
အဲဒီလိုဖြတ်ပုံကို သဘောပေါက်နားလည်ထားဖို့ အရေးကြီးပါတယ်၊ နားမလည်ယင် သံသရာစက်ကြီးကို ရပ်ချင်ပေမဲ့ ရပ်လို့မဖြစ်ဘူး။ ယခုခေတ်မှာ သိပ္ပံပညာနဲ့ တည်ထွင်ထားတဲ့ စက်ကြီးတွေဆိုတာရှိတယ်။ အဲဒီစက်ကြီးတွေကို နားမလည်ယင် လည်အောင်လဲမလုပ်နိုင်ဘူး၊ လည်နေတာကိုရပ်အောင်လဲ မလုပ်နိုင်ဘူး။ တတ်သိ နားလည်တဲ့ သူကတော့ လိုရင်းသော့ချက် ခလုတ်ကလေးကို တင်လိုက်, ချလိုက်တာနဲ့ လည်လဲ လည်စေနိုင်တယ်၊ ရပ်လဲ ရပ်စေနိုင်တယ်။
ဒါလိုပါဘဲ ဒီပဋိစ္စသမုပ္ပါဒ်သံသရာစက်ကြီးမှာလဲ သူ့သော့ချက်က ဝေဒနာကြောင့် တဏှာဖြစ်တတ်တယ်ဆိုတဲ့ အချက်ပဲ။ ဒီလိုဆိုယင် ဝေဒနာဖြစ်တိုင်း တဏှာဖြစ် သလားလို့ဆိုတော့ သန္တာနာနုသယ, အာရမ္မဏာနုသယဆိုတဲ့ အကြောင်းကလဲရှိပါမှ တဏှာဖြစ်နိုင်ပါတယ်။ အဲဒီ အနုသယနှစ်မျိုး မရှိယင်တော့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ရဟန္တာပုဂ္ဂိုလ်များမှာ အာရုံအမျိုးမျိုးတွေကို မြင်, ကြား, တွေ့သိပြီး ခံစားမှုဝေဒနာ ဖြစ်ပေမဲ့ တပ်မက်သာယာမှု တဏှာကတော့ မဖြစ်တော့ဘူး။
အဲဒါဟာ အနုသယနှစ်မျိုးလုံးကင်းနေလို့ မဖြစ်နိုင်တာပါဘဲ။ ဒါကြောင့် ရဟန္တာပုဂ္ဂိုလ် များမှာ ဥပါဒါန်လဲ မရှိတော့ဘူး၊ ကံအသစ်လဲ မဖြစ်တော့ဘူး၊ ကံအဟောင်းကလဲ ဘဝသစ်ကို မဖြစ်စေနိုင်တော့ဘူး၊ ဒါကြောင့် ပရိနိဗ္ဗာန်စုတိစိတ်ချုပ် သွားပြီး တဲ့နောက် ဘဝသစ်ရုပ်နာမ် ခန္ဓာတွေလဲ မဖြစ်လာတော့ဘူး၊ တခါတည်း အပြီးတိုင် ငြိမ်းအေးသွားတယ်။
ကိလေသာမကင်းသေးတဲ့ ပုထုဇဉ် သေက္ခပုဂ္ဂိုလ်တွေမှာတော့ သန္တာနာနုသယ ဆိုတာက ရှိနေတယ်။ သန္တာနာနုသယဆိုတာ အရိယမဂ်ဖြင့် မပယ်ရသေးလို့ ရုပ်နာမ်အစဉ်သန္တာန်မှာ အကြောင်းညီညွတ်တဲ့ အခါ ဖြစ်နိုင်တဲ့ ကိလေသာကို ဆိုတာပါဘဲ။ အဲဒီကိလေသာက တနေရာရာမှာ အောင်းပြီးတည်ရှိနေတာတော့ မဟုတ်ပါဘူး၊
အဖျားရောဂါ မပြတ်စဲသေးတဲ့သူမှာ အဖျားကျနေတဲ့ အခါပေမဲ့ အကြောင်း ညီညွတ်ယင် အဖျားက တက်လာဦးမှာမို့ ဖျားနေပါတယ်၊ အဖျားရောဂါ ရှိနေပါတယ်လို့ ပြောရသလို၊ အကြောင်းညီညွတ်ယင် ဖြစ်ပေါ်လာဦးမှာမို့ အဲဒီ ကိလေသာမျိုးကို ကိန်းနေတယ် ရှိနေတယ်လို့ ဆိုရတာပါဘဲ၊
အဲဒီလို သန္တာနာနုသယ ကိလေသာရှိနေတဲ့ ပုထုဇဉ် သေက္ခပုဂ္ဂိုလ်တွေမှာ ဖြစ်ပေါ်လာတဲ့ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ အကျိုးဝိပါက် တရားတွေကို ဝိပဿနာဉာဏ်ဖြင့် အနိစ္စ, ဒုက္ခ, အနတ္တထင်အောင် မရှုနိုင်လို့ရှိယင် အဲဒီ မရှုမိတဲ့အာရုံကို အကြောင်းပြုပြီး နိစ္စမြဲတယ်၊ သုခ-ချမ်းသာတယ်၊ အတ္တ-ငါကောင်, သတ္တဝါကောင်ဘဲလို့ ထင်မှတ်ပြီး လောဘ, ဒေါသ, မောဟ အစရှိတဲ့ ကိလေသာတွေ ဖြစ်နိုင်တယ်၊ အဲဒီလို မရှုမိတဲ့ အာရုံနဲ့စပ်ပြီး ဖြစ်နိုင်တဲ့ ကိလေသာတွေကို အာရမ္မဏာနုသယလို့ ခေါ်ပါတယ်။
ဒီနေရာမှာ သန္တာနုသယနဲ့ အာရမ္မဏာနုသယ ဒီနှစ်မျိုးကို ရှင်းရှင်းလင်းလင်း မှတ်သားထားရအောင် ဆောင်ပုဒ်ကို လိုက်ဆိုကြရမယ်။
သတ္တဝါတဦး၏ သန္တာန်၌ အရိယမဂ်ဖြင့် မပယ်ရသေးသောကြောင့် အကြောင်း ညီညွတ်တိုင်း ဖြစ်ပေါ်နိုင်သော ကိလေသာကို သန္တာနာနုသယဟု ခေါ်သည်။
ထင်ရှားသိရသော အာရုံဟူသမျှ၌ ဝိပဿနာဉာဏ်ဖြင့် အမှန်အတိုင်း မသိလျှင် အကြောင်းညီညွတ်တိုင်း ဖြစ်ပေါ်နိုင်သော ကိလေသာကို အာရမ္မဏာနုသယဟု ခေါ်သည်။
ယခု မြင်ဘူးတာတွေ ကြားဘူးတာတွေ တွေ့ဘူး သိဘူးတာတွေနဲ့ စပ်ပြီး လောဘ, ဒေါသ, ဖြစ်နေကြတာတွေဟာ အဲဒီအာရမ္မဏာနုသယရဲ့ အစွမ်းကြောင့်ပါဘဲ။ မြင်စဉ် ကြားစဉ် တွေ့သိစဉ် ကာလတုန်းက ဝိပဿနာဉာဏ်ဖြင့်ရှုမှတ်ပြီး အနိစ္စ, ဒုက္ခ, အနတ္တ သဘောမျှဘဲ ဆိုတာကို အမှန်အတိုင်း မသိခဲ့ရဘူး၊ အမြဲတမ်း တည်ရှိနေတဲ့ ချမ်းသာကောင်းစားတဲ့ ပုဂ္ဂိုလ်သတ္တဝါ ယောက်ျားမိန်းမအနေနဲ့သာ အထင်အရှား သိခဲ့ရတယ်၊ သုံးဆောင်ဘွယ် အရာဝတ္ထု အနေနဲ့သာ အထင်အရှား သိခဲ့ရတယ်။
ဒါကြောင့် အဲဒီလို သိမှတ်ထားတဲ့ အာရုံဝတ္ထုတွေဟာ ပြန်လည်စဉ်းစား ကြည့်တိုင်း အယင် မြင်ခဲ့စဉ် ကြားခဲ့စဉ် တွေ့သိခဲ့စဉ်ကအတိုင်းဘဲ စိတ်ကူးထဲ ပေါ်နေတယ်၊ ဓာတ်ပုံရိုက်ထားတဲ့ ရုပ်ပုံကလေးကို ပြန်ကြည့်ရသလိုပါဘဲ၊ ချစ်စရာ ကောင်းတဲ့အနေ မုန်းစရာကောင်းတဲ့ အနေအားဖြင့် ထင်ရှားပေါ်နေပါတယ်။ ဒါကြောင့် ချစ်စရာ ကောင်းတယ်ထင်ယင် ချစ်ခင်နှစ်သက်တဲ့ လောဘဖြစ်တယ်၊ မုန်းစရာကောင်းတယ် ထင်ယင် အမျက်ထွက်တဲ့ စိတ်ဆိုးတဲ့ ဒေါသဖြစ်တယ်၊ အမြဲ တည်ရှိနေတဲ့ သာမန် အာရုံ ဝတ္ထုအနေအားဖြင့် ထင်ယင်တော့ အမြဲတည်နေတဲ့ ပုဂ္ဂိုလ် ဝတ္ထုအနေအားဖြင့် မှတ်ထင်တဲ့ မောဟ ဖြစ်တယ်။
ဒီအထဲမှာ လောဘဆိုတာကတော့ တဏှာဘဲ၊ ဒါကြောင့် လောဘဖြစ်တာဟာ ကောင်းတဲ့ခံစားမှုဆိုတဲ့ သုခဝေဒနာကြောင့် တဏှာ ဖြစ်တာပါဘဲ။ မကောင်းတဲ့ အာရုံ ခခံစားရမှုဆိုတဲ့ ဒုက္ခဝေဒနာကြောင့် ဒေါသ ဖြစ်ပြန်ယင်လဲ ကောင်းတာကို လိုချင်တောင့်တတဲ့ တဏှာဖြစ်ပြန်တာဘဲ။ မောဟဖြစ်ယင်လဲ အဲဒီလို ဖြစ်နေရာတကို မမုန်းနိုင်ဘူး၊ မစွန့်နိုင်ဘူး၊ သာယာနေတာဘဲ၊ နောက်ပြီးတော့ အဲဒါထက် ကောင်းတာကို မြှော်လင့်တောင့်တတဲ့ တဏှာလဲ ဖြစ်ပြန်တာဘဲ။
ဒါကြောင့် လောဘ, ဒေါသ, မောဟဖြစ်တိုင်း ဝေဒနာကြောင့် တဏှာဖြစ်တယ်၊ တဏှာဖြစ်ယင် ဥပါဒါန်နဲ့ ကံလဲဖြစ်ပြီး ဘဝသစ်ဆင်းရဲတွေ ဖြစ်တော့တာဘဲ၊ ဒီပုံဒီနည်းဖြင့် သံသရာစက်ကြီး မပြတ်လည်နေတာဘဲ။ အဲဒါဟာ မြင်စဉ် ကြားစဉ် တွေ့သိစဉ်က မရှုမမှတ်နိုင်လို့ အာရမ္မဏာနုသယ ကိန်းပြီးတော့ “ဝေဒနာပစ္စယာ တဏှာ-ဝေဒနာကြောင့် တဏှာ ဖြစ်တယ်” ဆိုတဲ့ သော့ချက်က ပွင့်ပြီး သံသရာစက် လည်နေပုံပါဘဲ။
မြင်စဉ်ကတည်းက ရှုမှတ်လို့ မြင်ကာမျှ ဖြစ်ပျက်သွားကာမျှ အနေအားဖြင့် အမှန်အတိုင်း သိသွားယင်တော့ အဲဒီ မြင်မှု ခံစားမှုနဲ့ စပ်ပြီး သာယာမှု နှစ်သက်မှု လိုချင်မှု တောင့်တမှုဆိုတဲ့ တဏှာဟာ မဖြစ်နိုင်တော့ဘူး။ တဏှာမဖြစ်တော့ ဥပါဒါန် ကံအစရှိတဲ့ ဝဋ်ဆင်းရဲတွေလဲ မဖြစ်နိုင်တော့ဘူး။ ဒီမှာ အကုန်လုံး တခါတည်း ငြိမ်းသွားတယ်။
ထို့အတူ ကြားစဉ်ကတည်းက ရှုမှတ်လို့ ကြားကာမျှ ဖြစ်ပျက်သွားကာမျှ အနေအားဖြင့် အမှန်အတိုင်း သိသွားယင်လဲ ကြားမှု ခံစားမှုနဲ့စပ်ပြီး တဏှာ မဖြစ်ရတော့ဘူး။ မရှုမမှတ်နိုင်လို့ မသိနိုင်ယင်တော့ နားထောင်လို့ ကြားလို့ကောင်းတဲ့ သဘောကလေးကို သဘောကျနေတတ်တယ်။ ကြားပြီးတဲ့ နောက်လဲ အဲဒါကလေးကို တအောက်မေ့မေ့နဲ့ ဖြစ်နေတတ်တယ်၊ အဲဒီအသံနဲ့ စပ်ဆိုင်တဲ့သူကိုလဲ နှစ်သက်နေတတ်တယ်၊ ဒါတွေဟာ ဝေဒနာကြောင့်ဖြစ်တဲ့ တဏှာတွေပါဘဲ။ တဏှာဖြစ်ယင် စွဲလမ်းမှုအစရှသော ဝဋ်ဆင်းရဲတွေလဲ ဖြစ်တော့တာဘဲ။ ဒီတဏှာက ယခုဘဝတွင်လဲ ဆင်းရဲဒုက္ခ ရောက်စေတတ်ပါတယ်။ .
“တဿာယေဝ တဏှာယ၊ ခံစားမှုဝေဒနာကြောင့် ဖြစ်တတ်သော ထိုတဏှာ ၏ပင်လျှင်။
အသေသဝိရာဂနိရောဓာ၊ အကြွင်းမဲ့ပျက်ပြယ်ခြင်း ချုပ်ခြင်းကြောင့်။
ဥပါဒါနနိရောဓော၊ စွဲလမ်းမှုဥပါဒါန်၏ ချုပ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏”
စသည်ဖြင့် ဟောထားပါတယ်။ .
ရှုပုံရှုနည်းကို ပြရခြင်းအကြောင်း
▬▬▬▬▬▬▬▬▬▬▬
ဒီနေရာမှာ ပဋိစ္စသမုပ္ပါဒ် တရားတော်ဆိုပြီး ဝိပဿနာ ရှုပုံ ရှုနည်းတွေကို ဘာကြောင့် ပြောနေရသလဲလို့ တချို့က မေးချင်ကောင်း မေးချင်ကြပေလိမ့်မယ်။ အဲဒါကို ရှင်းပြပါဦးမယ်၊ ပဋိစ္စသမုပ္ပါဒ်ဆိုတာ သူ့ဆိုင်ရာဆိုင်ရာ အကြောင်းကြောင့် သူ့ဆိုင်ရာ ဆိုင်ရာ အကျိုးတရား အဆက်ဆက်ဖြစ်ပေါ်ပြီး သံသရာဝဋ်ဆင်းရဲတွေ မပြတ်ဖြစ်နေပုံကို ပြတဲ့ တရားပါဘဲ။
ဒါပေမဲ့ ဒီတရားကို ဟောတာက သံသရာဝဋ်ဆင်းရဲ မပြတ်ဖြစ်နေပုံကို သိရုံမျှ အတွက်သာ ရည်ရွယ်ပြီး ဟောတာမဟုတ်ဘူး၊ အဲဒီသံသရာဝဋ်ဆင်းရဲတွေ ပြတ်စဲသွားအောင် အားထုတ်ဖို့အတွက်ပဓာနပြုပြီး ဟောထားတာဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာမှာ သံသရာဝဋ်ဆင်းရဲ ပြတ်စဲသွားအောင် ကျင့်ပုံ ကျင့်နည်းကို ထည့်သွင်းပြရပါတယ်၊
ပုံစံထုတ်ပြရယင် “အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်သည်၊ သင်္ခါရကြောင့် ပဋိသန္ဓေဝိညာဏ် ဖြစ်သည်” လို့ ဆိုရာမှာ ဘဝသစ် ပဋိသန္ဓေဝိညာဏ် မဖြစ်စေ လိုလျှင် အကြောင်း သင်္ခါရနဲ့ အဝိဇ္ဇာကင်းအောင် ကျင့်ရလိမ့်မည်၊ အဲဒါဘယ်လို ကျင့်ရမည်လဲလို့ သိဘို့လိုလာပါတယ်။ ဒါကြောင့် အဲဒီ ‘အဝိဇ္ဇာပစ္စယာသင်္ခါရာ ဆိုတဲ့အပိုဒ်မှာ ဝိဇ္ဇာဉာဏ်ဖြစ်ပြီး အဝိဇ္ဇာကင်းအောင် ရှုမှတ်ပုံကို အတော်အသင့် ပြခဲ့ပါတယ်။
နောက်ပြီးတော့ ယခုမြင်လိုက် ကြားလိုက် တွေ့ထိလိုက်နဲ့ ခံစားနေရတာဟာ အဲဒီအဝိဇ္ဇာနဲ့ သင်္ခါရဆိုတဲ့ အတိတ်ဘဝက အကြောင်းကြောင့် ယခုတဘဝလုံးမှာ မပြတ်ဖြစ်ပေါ်နေတဲ့ “ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ,ဝေဒနာ” ဆိုတဲ့ အကျိုးတရားငါးပါးဖြစ်တယ်။ ဒီအကျိုးတရား ငါးပါးလုံးပင် အဝိဇ္ဇာနှင့်တကွ တဏှာဖြစ်စရာ အခြေခံတရားတွေ ဖြစ်ပါတယ်၊ အထူးအားဖြင့်ဆိုယင်တော့ ဒီအကျိုးတရား ငါးပါးထဲကဝေဒနာဟာ တဏှာဖြစ်စရာ အခြေခံတရား ဖြစ်ပါတယ်၊
အဲဒီဝေဒနာကို အကြောင်းပြုပြီး တဏှာဖြစ်မိယင် ဥပါဒါန်နဲ့ ကံဖြစ်ပြီး နောင်အနာဂတ်ဘဝသစ် ဆင်းရဲတွေဖြစ်ပေါ်သွားတော့မှာ ဧကန်ဘဲ။ ဒါကြောင့် အနာဂတ်ဘဝဆင်းရဲ မဖြစ်စေချင်ယင် ဝေဒနာမှတဏှာ မဖြစ်အောင် ကျင့်ဘို့ လိုလာပြန်ပါတယ်။ ဒါက ဒီမှာအရေးအကြီးဆုံးလိုရင်းအချက် ဖြစ်ပါတယ်။ ဒါကြောင့် ဝေဒနာမှဆက်ပြီး တဏှာမဖြစ်အောင် ကျင့်ကြံအားထုတ် နည်းကို ကောင်းကောင်း သဘောပေါက်အောင်လို့ ဒီနေရာမှာ ဝိပဿနာရှုပုံ ရှုနည်းကို ထပ်ကာထပ်ကာ အကျယ်ပြနေခြင်း ဖြစ်ပါတယ်။ .
ဝေဒနာကြောင့် တဏှာ ၃-ပါး ဖြစ်ပေါ်ပုံ
▬▬▬▬▬▬▬▬▬
ဝေဒနာကြောင့် တဏှာ ၃-ပါးဖြစ်ပေါ်ပုံကို အကျဉ်းသရုပ်လောက်တော့ ရှေ့နားက ပြောခဲ့ပါပြီ၊ ဒါပေမဲ့ သဘော သဘာဝအားဖြင့် မပေါ်လွင်လှသေးဘူး။ ဒါကြောင့် ယခုအဲဒါကို နည်းနည်းချဲ့ပြီး ပြောလိုက်ဦးမယ်။ မြင်တိုင်း, ကြားတိုင်း, တွေ့တိုင်း, သိတိုင်းဖြစ်ပေါ်လာတဲ့ ခံစားမှုကို အနိစ္စ, ဒုက္ခ, အနတ္တအနေအားဖြင့် ရှုမှတ်ပြီး မသိလျှင် အဲဒီခံစားမှု ဝေဒနာကို အကြောင်းပြုပြီး တဏှာ ၃-ပါးထဲက တပါးပါးဖြစ်ပေါ်လာတယ်။ တဏှာ ၃-ပါးဆိုတာ ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာ ဆိုတဲ့ ဒီ ၃-ပါးပါဘဲ။
ကာမတဏှာ ဆိုတာ ကာမဂုဏ်အာရုံတွေကို သာယာနှစ်သက်တဲ့ သဘောဘဲ၊ လှပတင့်တယ်တဲ့ အဆင်းအာရုံတွေ၊ သာယာတဲ့ အသံအာရုံတွေ၊ မွှေးြုကိင်တဲ့ အနံ့အာရုံတွေ၊ ချိုမြိန်တဲ့ အရသာ အာရုံတွေ၊ နူးညံ့ချောညက်တဲ့ အတွေ့ အာရုံတွေ၊
ဒီလို လိုချင်နှစ်သက်ဖွယ် အာရုံဝတ္ထုတွေကို ကာမဂုဏ်လို့ ခေါ်တယ်၊ ဒီကာမဂုဏ် အာရုံ ဝတ္ထုတွေကို နှစ်သက် သာယာတာ လိုချင်တောင့်တတာက ကာမတဏှာဘဲ။ ကာမဘုံသားတွေမှာ ဒီကာမတဏှာက အများဆုံး ဖြစ်တတ်ပါတယ်။
ဘဝတဏှာ ဆိုတာကတော့ သဿတဒိဋ္ဌိနှင့် တွဲပြီးဖြစ်တဲ့ နှစ်သက်သာယာမှုတဲ့၊ မြင်ကြားတွေ့သိရတဲ့ သူတပါးတွေရော, မိမိရော အမြဲတည်နေတယ်၊ ရုပ်ကိုယ် ကြမ်းကြီးက သေပျက်သွားပေမဲ့ အတွင်းသားအသက်ကောင် အတ္တကောင်ကတော့ ဒီဘဝမှဟိုဘဝသို့, အဲဒီဘဝမှာလဲ တခြားဘဝသို့ ဤပုံဤနည်းဖြင့် ပြောင်းရွှေ့ပြီး တည်မြဲတည်နေတယ်၊ ဘယ်တော့မှ ပျက်ခြင်း မရှိဘူးလို့ ဒီလိုအယူအဆကို သဿတဒိဋ္ဌိလို့ ခေါ်တယ်၊
ဒီသဿတအယူက ဗုဒ္ဓသာသနာဝင်တွေထဲမှာတော့ ခိုင်ခိုင်မြဲမြဲကြီး မရှိပါဘူး၊ မဂ်ဖိုလ်ကို အန္တရာယ်ပြုလောက်အောင် အစွဲမသန်လှ ပါဘူး။ ဗုဒ္ဓသာသနာမှ အပြင်ပဘာသာဝင်တွေထဲမှာတော့ ဒီသဿတ အစွဲက သိပ်အစွဲသန်တယ်၊ ဒါကြောင့် သူတို့မှာ မဂ်ဖိုလ်ရအောင် ကျင့်ရေးအတွက် အန္တရာယ်ဖြစ်နေပါတယ်။ အဲဒီ သဿတအယူရှိတဲ့ သူတွေမှာ အဲဒီသဿတ အယူအတိုင်း ပျက်စီးခြင်းမရှိဘဲ တည်မြဲ နေတာကို နှစ်သက်တာလဲ ဘဝတဏှာဘဲ၊
အဲဒီလိုအယူရှိပြီး ထိုထိုအာရုံဝတ္ထုတွေကို နှစ်သက်တာလဲ ဘဝတဏှာဘဲ။ သူက ဘယ်လိုဖြစ်တတ်သလဲဆိုယင် ယခု ကောင်းစားချမ်းသာသလို နောင်လဲ ငါဘဲ ကောင်းစားချမ်းသာမယ်လို့ မြှော်လင့်ပြီးတော့လဲ ဖြစ်တတ်တယ်၊ ငါတယောက် ထဲက ခံစားနေရတဲ့ အနေနဲ့လဲ ဖြစ်တတ်တယ်၊ အမြဲတမ်း တည်ရှိနေတဲ့ အနေနဲ့ သာယာနှစ်သက်တဲ့ သဘောပါဘဲ။
ဝိဘဝတဏှာ ဆိုတာကတော့ ဥစ္ဆေဒဒိဋ္ဌိနှင့် တွဲပြီး ဖြစ်တဲ့ နှစ်သက်သာယာမှုတဲ့၊ မိမိရော, သူတပါးရော သေပြီးယင် ဘာမျှမရှိတော့ဘူး၊ နောင်ဘဝဆိုတာမရှိဘူး၊ မသေခင်သာရှိတယ်၊ မသေခင် ယခုဘဝအတွင်းမှာ ချမ်းသာကို ခံစားနိုင်တယ်လို့ ဒီလိုထင်မြင်တဲ့အယူအဆကို ဥစ္ဆေဒဒိဋ္ဌိခေါ်တယ်။
ဒီ ဥစ္ဆေဒအယူကတော့ ဗုဒ္ဓသာသနာဝင်တွေမှာမရှိဘူး၊ ဒီအယူရှိလျှင်လဲ ဗုဒ္ဓသာသနာဝင် မဟုတ်ဘူး။ အဲဒီ အယူအတိုင်းသေပြီး အလိုလို ဘဝပြတ်သွားတာကို သာယာနှစ်သက်တာလဲ ဝိဘဝတဏှာဘဲ၊ သေပြီးတဲ့နောက် ဘာမျှမရှိတော့ဘူး၊ မသေခင်အတွင်း ရသမျှကို ခံစားမယ်ဆိုတဲ့အနေနဲ့ ထိုထိုအာရုံတွေကို သာယာ နှစ်သက်တာလဲ ဝိဘဝတဏှာဘဲ။
မြင်တိုင်း, ကြားတိုင်း, တွေ့သိတိုင်း ဖြစ်ပေါ်လာတဲ့ ဝေဒနာကို ရှုမှတ်ပြီး အနိစ္စ, ဒုက္ခ, အနတ္တအနေနဲ့ အမှန်အတိုင်း မသိလျှင် ဒီတဏှာသုံးပါးထဲက တပါးပါး ဖြစ်တယ်၊ တဏှာဖြစ်ယင် ဥပါဒါန်နဲ့ကံလဲဖြစ်ပြီး ဘဝသစ်ဆင်းရဲတွေ ဖြစ်သွားမယ်။ ဒါကြောင့် အဲဒီ ဘဝသစ်ဆင်းရဲတွေ မဖြစ်ရအောင် ဝေဒနာနှင့်တကွ မြင်မှု, ကြားမှု စသည်ကို အမှန်အတိုင်း သိသိသွားအောင် ရှုမှတ်ဖို့လိုပါတယ်။ ဒီကနေ့တော့ “ဝေဒနာပစ္စယာ တဏှာ=ဝေဒနာကြောင့် တဏှာဖြစ်သည်” ဆိုတဲ့ ဒီအပိုဒ်တွင်ဘဲ ရပ်ကြဦးစို့။ နောက်သီတင်းကျမှ တဏှာကြောင့် စွဲလမ်းမှု ဥပါဒါန်ဖြစ်ပုံကို ဟောရမယ်။
ကဲ ဆောင်ပုဒ်ကို လိုက်ဆိုကြ။
အမှန်မသွား၊ အမှားမြင်ကာ၊ အဝိဇ္ဇာကြောင့်၊ ချမ်းသာလိမ့်နိုး၊ ရည်မြှော်ကိုးလျက်၊ သုံးမျိုးမှုကံ၊ ပြုစီမံ၍၊ ဝိညာဏ်တွယ်စပ်၊ နာမ်ရုပ်ကပ်လျက်၊ ခြောက်ရပ်အာယတန၊ ဖဿခြောက်ဖြာ၊ ဝေဒနာကြောင့်၊ တဏှာ ၆-တန်၊ ဥပါဒါန်နှင့်၊ ဖြစ်ရန်အကြောင်း၊ ကံဆင့်လောင်း၍၊ ဆိုးကောင်းဘဝ၊ ဖြစ်ရပြန်ရာ၊ အိုကာသေရေး၊ ပူအဆွေးနှင့်၊ ငိုကြွေးကိုယ်နွမ်း၊ စိတ်မချမ်းမြ၊ ပူပန်ရသည်။ လုံးဝဆင်းရဲစုသာတည်း။
ဤပဋိစ္စသမုပ္ပါဒ် တရားဒေသနာတော်ကို ရိုသေစွာနာယူမှတ်သားကြရသော ဓမ္မသဝန ဥက္ကဋ္ဌကုသိုလ်ကံ စေတနာတို့၏ အစွမ်းအာနုဘော်ကြောင့် ယခုတရားနာ ပရိသတ် အပေါင်း သူတော်ကောင်းတို့သည် ကိုယ်၏ချမ်းသာခြင်း, စိတ်၏ချမ်းသာခြင်းတို့နှင့် အခါခပ်သိမ်း ပြည့်စုံကြ၍ အကြောင်းအကျိုးဆက်စပ်လျက် မပြတ်ဖြစ်နေ သော ရုပ်နာမ်တရားတို့ကို အမှန်အတိုင်း သိအောင် ရှုမှတ်ပွါးများ အားထုတ် နိုင်ကြပြီး အထူးအားဖြင့် ဝေဒနာမှ ဆက်၍ တဏှာဖြစ်တတ်ရာဝယ် ထိုသို့ တဏှာဆက်၍ ဖြစ်ခွင့်မရအောင် ဖြစ်ပေါ်လာတိုင်းသော ဝေဒနာတို့ကို ပိုင်ပိုင်နိုင်နိုင် မှတ်သိနိုင်ကြ၍ ဝိပဿနာဉာဏ်အစဉ် အရိယမဂ်ဉာဏ်အစဉ်ဖြင့် နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေကုန် သတည်း။
သာဓု.... သာဓု..... သာဓု....။
ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး ဆဋ္ဌမပိုင်း ပြီး၏။
......
ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး
၁၃၂၄-ခု၊ ဝါခေါင်လဆန်း (၈)ရက်နေ့ ဟောသည်။
သတ္တမပိုင်း
တဏှာပစ္စယာ ဥပါဒါနံ
▬▬▬▬▬▬▬▬
ဝါဆိုလကွယ်နေ့က “ဝေဒနာကြောင့် တဏှာဖြစ်သည်” ဆိုတဲ့ အပိုဒ်ကို ဟောခဲ့တယ်၊ အဲဒီမှာ တဏှာဖြစ်ပုံရော တဏှာငြိမ်းပုံရော တော်တော်ကျယ်ကျယ် ပြန့်ပြန့် ဟောခဲ့တယ်။ ဒီကနေ့တော့ “တဏှာပစ္စယာ ဥပါဒါနံ=တဏှာကြောင့် ဥပါဒါန်ဖြစ်သည်” ဆိုတဲ့ အပိုဒ်ကို ဟောရမယ်။
ဥပါဒါနပုဒ်မှာ ဥပနှင့် အာဒါန တွဲစပ်ထားတယ်၊ ဥပ-က လွန်စွာ-ပြင်းစွာ မြဲမြံစွာ-လို့ အဓိပ္ပါယ်ရှိတယ်၊ အာဒါနကယူတယ်-ဆုပ်ကိုင်တယ်-လို့ အဓိပ္ပါယ်ရတယ်။ နှစ်ပုဒ် ပေါင်းစပ်လိုက်တော့ လွန်စွာဆုပ်ကိုင်တယ်၊ ပြင်းစွာ ဆုပ်ကိုင်တယ်၊ မြဲမြံစွာယူတယ်၊ မြဲမြံစွာ ဆုပ်ကိုင်တယ်-လို့ အနက်ရတယ်၊ စိတ်နဲ့ မြဲမြံစွာ ဆုပ်ကိုင်တယ်ဆိုတာက စွဲလမ်းတာပါဘဲ၊ ဒါကြောင့် ဥပါဒါန်ဆိုတာ စွဲလမ်းတာပါဘဲ။ ဘာကို စွဲလမ်းသလဲ ဆိုယင် သာယာနှစ်သက် တပ်မက်တဲ့ဟာတွေကို စွဲလမ်းတာပါဘဲ။ သာယာနှစ်သက် တပ်မက်ရာက အားကြီးပြီး လွန်ကဲလာတဲ့အခါမှာ ဒီစွဲလမ်းမှု ဥပါဒါန်ဖြစ်တယ်။ ဒါကြောင့် -
“တဏှာပစ္စယာ၊ သာယာနှစ်သက်တပ်မက်မှုတဏှာ ဟူသော အကြောင်းကြောင့်။
ဥပါဒါနံ၊ စွဲလမ်းမှု ဥပါဒါန်သည်။
သမ္ဘဝတိ၊ ဖြစ်သည်”
လို့ ဟောထားပါတယ်။ .
ဥပါဒါန် ၄-ပါး
▬▬▬▬▬
ဒီဥပါဒါန်က -
(၁) ကာမုပါဒါန်၊
(၂) ဒိဋ္ဌုပါဒါန်၊
(၃) သီလဗ္ဗတုပါဒါန်၊
(၄) အတ္တဝါဒုပါဒါန် လို့ ဒီလို ၄-ပါးရှိတယ်။
(၁) ကာမုပါဒါန်ဆိုတာ လိုချင်နှစ်သက်ဖွယ် ကာမဂုဏ် အာရုံဝတ္ထုတွေကို လိုချင် နှစ်သက်တပ်မက်ပြီး ခိုင်ခိုင်မြဲမြဲ စွဲလမ်းတဲ့သဘောပါဘဲ။
(၂) ဒိဋ္ဌုပါဒါန်ဆိုတာ ကံ-ကံ၏အကျိုးမရှိ စသည်ဖြင့် မြဲမြံစွာ စွဲလမ်းတဲ့ အယူအစွဲ ပါဘဲ။
(၃) သီလဗ္ဗတုပါဒါန်ဆိုတာ မဂ္ဂင်အကျင့်မပါဘဲ တစုံတခုသော အလေ့အကျင့်မျှဖြင့် သံသရာဆင်းရဲတွေမှ လွတ်မြောက်တယ်လို့ မြဲမြံစွာစွဲလမ်းတဲ့ အယူအစွဲပါဘဲ။
(၄) အတ္တဝါဒုပါဒန်ဆိုတာ အတ္တကောင် အသက်ကောင် တကယ်ရှိတဲ့အနေအားဖြင့် မြဲမြံစွာ စွဲလမ်းတဲ့ အယူအစွဲပါဘဲ၊ အဲဒီ ဥပါဒါန် ၄-ပါးကို တခုချင်း အကျယ်ရှင်းပြီး ပြောမယ်။ .
(၁) ကာမုပါဒါန်
▬▬▬▬▬
ကာမုပါဒါန်ဆိုတာ ကာမနဲ့ ဥပါဒါန်နှစ်ပုဒ် တွဲစပ်ထားတယ်၊ လိုချင်နှစ်သက်ဖွယ် ကာမဂုဏ်အာရုံတွေကို ကာမလို့ ခေါ်တယ်၊ လိုချင်နှစ်သက် တပ်မက်ပြီး စွဲလမ်း တာကို ဥပါဒါန်ခေါ်တယ်။ လိုချင်နှစ်သက်ဖွယ် ကာမဂုဏ် အာရုံဝတ္ထုတွေကို လိုချင်နှစ်သက် တပ်မက်စွဲလမ်းတာက ကာမုပါဒါန်တဲ့။ ကဲအဲဒါကလေး ဆိုကြရမယ်။
လိုချင်နှစ်သက်ဖွယ် ကာမဂုဏ်အာရုံဝတ္ထုတွေကို လိုချင်နှစ်သက် တပ်မက်စွဲလမ်း တာက ကာမုပါဒါန်။ (ဆို ၃-ခေါက်)
ကာမဂုဏ်အာရုံတွေဆိုတာ ကာမရာဂ မကင်းသေးတဲ့သူတွေက လိုချင်နေတဲ့ ဟာတွေပါဘဲ၊ ဒီလူကလဲ လိုချင်တယ်၊ ဟိုလူကလဲ လိုချင်တယ်၊ ဒီနတ်ကလဲ လိုချင်တယ်၊ ဟိုနတ်ကလဲ လိုချင်တယ်၊ မိန်းမကလဲ လိုချင်တယ်၊ ယောက်ျားကလဲ လိုချင်တယ်၊ ကာမရာဂမကင်းသေးတဲ့ သူတိုင်းက လိုချင်နေကြတယ်။ အဲဒါတွေက ဘာတွေလဲဆိုယင် တနေ့ကပြောခဲ့တဲ့ အဆင်း, အသံ, အနံ့, အရသာ, အတွေ့ ဆိုတဲ့ ဒီအာရုံငါးပါးပါဘဲ။ .
ရူပါရုံ ကာမဂုဏ်
▬▬▬▬▬▬
အဆင်း ရူပါရုံဆိုတာ မျက်စိနဲ့ ကြည့်လို့ မြင်လို့ကောင်းတဲ့ လှပတင့်တယ်တယ်လို့ ထင်ရတဲ့ အဆင်းအာရုံပါဘဲ၊ အာရုံကိုက တကယ်လှပတင့်တယ်တဲ့ ဣဋ္ဌာရုံ အစစ်လဲ ရှိတယ်၊ အဲဒါကို သဘာဝဣဋ္ဌာရုံလို့ ခေါ်တယ်။ အာရုံက မလှပေမဲ့ ကြည့်တဲ့သူရဲ့ မျက်စိနဲ့တဲ့နေလို့ လှတယ်ထင်ရတဲ့ ဣဋ္ဌာရုံအတုလဲရှိတယ်၊ အဲဒါကို ပရိကပ္ပဣဋ္ဌာရုံ လို့ခေါ်တယ်၊ ကြည့်တဲ့သူက ကောင်းတဲ့အနေနဲ့ ကြံဆပြီးကြည့်လို့ လိုချင်စရာ ဖြစ်နေတဲ့ အာရုံလို့ဆိုလိုပါတယ်။ ဒီနေရာမှာတော့ အစစ်ရော အတုရော နှစ်မျိုးလုံးကို ရူပါရုံကာမဂုဏ်လို့ ခေါ်ပါတယ်။ ဒါကြောင့် ရူပါရုံကာမဂုဏ်ကို သရုပ်ဖော်ပြီး ဟောတဲ့ အခါမှာ ဒီလို ဟောထားပါတယ်။
စက္ခုဝိညေယျာ၊ မျက်စိဖြင့် မြင်ရကုန်သော။
ဣဋ္ဌာ၊ အလိုရှိအပ်ကုန်သော။
ကန္တာ၊ နှစ်သက်အပ်ကုန်သော။
မနာပါ၊ မြတ်နိုးအပ်ကုန်သော။
ပိယရူပါ၊ ချစ်ဖွယ်သဘော ရှိကုန်သော။
ကာမူပသံဟိတာ၊ လိုချင်နှစ်သက်ဖွယ် ဂုဏ်နှင့် စပ်ယှဉ်ကုန် ပြည့်စုံကုန်သော။
ရဇနီယာ၊ တပ်စွဲဘွယ်ကောင်းကုန်သော။
ရူပါ၊ အဆင်းအာရုံတို့လဲ ကာမဂုဏ်တပါး - လို့ ဒီလို ဟောထားပါတယ်။
ဒီလိုချင်နှစ်သက်ဖွယ် ရူပါရုံကာမဂုဏ်က ဘယ်မှာ တည်ရှိနေတာလဲဆိုယင် မိန်းမ ယောက်ျားတို့ရဲ့ သန္တာန်မှာ အလွန်အကဲဆုံး တည်ရှိနေပါတယ်၊ အသုံးအဆောင် ဝတ္ထုပစ္စည်းတွေမှာလဲ တည်ရှိနေပါတယ်၊ အဖိုသတ္တဝါတွေရဲ့ အကြိုက်အဆင်း ရူပါရုံက အမသတ္တဝါတွေရဲ့ သန္တာန်မှာ ရှိတယ်၊ အမသတ္တဝါတွေရဲ့ အကြိုက် အဆင်းရူပါရုံက အဖိုသတ္တဝါတွေရဲ့ သန္တာန်မှာ ရှိတယ်။ နှစ်ဦးလုံးရဲ့အကြိုက် အဆင်းရူပါရုံကတော့ အင်္ကျီလုံချည် ရွှေ ငွေ ကျောက်သံပတ္တမြား ကျွဲ နွား ဆင် မြင်းအစရှိတဲ့ အသုံးအဆောင် အထည်ဒြဗ်တွေမှာ ရှိတယ်၊ ဒါကြောင့် တပ်မက်သာယာမှု စွဲလမ်းမှု ဖြစ်တဲ့အခါကျတော့ အဆင်းသက်သက် တွင်ကွက်ပြီး တပ်မက်စွဲလမ်းတာ မဟုတ်ဘူး၊ တည်ရာဖြစ်တဲ့ အထည်ဝတ္ထုကြီးပါ တပ်မက်ပြီး စွဲလမ်းတယ်၊
မိန်းမသန္တာန်က အဆင်းရူပါရုံကို တပ်မက်စွဲလမ်းတယ်ဆိုယင် မိန်းမရဲ့ တကိုယ်လုံးပါ တပ်မက်စွဲလမ်းတယ်၊ ယောက်ျားသန္တာန်က အဆင်း ရူပါရုံကို တပ်မက်စွဲလမ်းယင်လဲ နည်းတူဘဲ တကိုယ်လုံးပါ တပ်မက်စွဲလမ်းတယ်၊ အသုံး အဆောင်တွေ တပ်မက် စွဲလမ်းရာမှာလဲ ဒီနည်းအတိုင်းဘဲ တပ်မက်စွဲလမ်းတယ်။ အဆင်းရူပါရုံကတော့ သူရဲ့တည်ရာဖြစ်တဲ့ အထည်ဒြဗ်နဲ့ ဆက်သွယ်ပေးတဲ့ သဘောရှိပါတယ်။
ဥပမာ အသံကိုကြားရယင် အသံရှင်ဖြစ်တဲ့ ပုဂ္ဂိုလ်ဆီ စိတ်ရောက်သွားသလိုပါဘဲ။ တောလိုက်တဲ့မုဆိုးများဟာ တောကောင်သတ္တဝါရဲ့ အသံကိုကြားရယင် သူတို့ အလိုရှိနေတဲ့အကောင် ဒီနေရာမှာရှိတယ်လို့ သိရတယ်၊ အဲဒီလိုသိရာမှာ အသံက ဒီမှာရှိတယ်လို့ ဖော်ပြသလို ဆက်သွယ်ပေးသလို ဖြစ်နေပါတယ်။ အဲဒါလိုပါဘဲ လိုချင်နှစ်သက်ဖွယ် အဆင်းကို မြင်ရယင် အဲဒီအဆင်းရဲ့တည်ရာ မိန်းမယောက်ျား တကိုယ်လုံး အထည်ဒြဗ် ဝတ္ထုတခုလုံးကိုပါ တပ်မက် စွဲလမ်းတော့တာဘဲ၊ အဲဒီမှာ အဆင်းရူပါရုံက တပ်မက်စွဲလမ်းဘို့ရာ ဆက်သွယ်ပေးသလို ဖြစ်နေပါတယ်။ .
သဒ္ဒါရုံ ကာမဂုဏ်
▬▬▬▬▬▬
အသံအာရုံ ကာမဂုဏ် ဆိုတာ နားထောင်လို့ ကြားလို့ကောင်းတဲ့ နားဝင်ချိုတယ်လို့ ထင်ရတဲ့ မိန်းမ ယောက်ျားတွေရဲ့ စကားသံ သီချင်းသံ တီးမှုတ်တဲ့ တူရိယာသံ တွေပါဘဲ၊ ဒီအသံမှာလဲ တကယ်သာယာတဲ့ ဣဋ္ဌာရုံအစစ်နဲ့ မသာယာသော်လဲ သာယာတယ်လို့ ထင်ရတဲ့ ဣဋ္ဌာရုံ အတုအားဖြင့် နှစ်မျိုး ရှိတာဘဲ။ အဲဒီ အသံအာရုံ ကာမဂုဏ်ကိုလဲ မြတ်စွာဘုရားက --
သောတဝိညေယျာ၊ နားဖြင့် ကြားရကုန်သော။
ဣဋ္ဌာ၊ အလိုရှိအပ်ကုန်သော။
ကန္တာ၊ နှစ်သက်အပ်ကုန်သော။
မနာပါ၊ မြတ်နိုးအပ်ကုန်သော။
ပိယရူပါ၊ ချစ်ဖွယ် သဘောရှိကုန်သော။
ကာမမူပသံဟိတာ၊ လိုချင်နှစ်သက်ဖွယ် ဂုဏ်နှင့် စပ်ယှဉ်ကုန် ပြည့်စုံကုန်သော။
ရဇနီယာ၊ တပ်စွဲဘွယ်ကောင်းကုန်သော။
သဒ္ဒါ၊ အသံအာရုံတို့လဲ ကာမဂုဏ်တပါး - လို့ ဒီလို ဟောထားပါတယ်။
ဒီအသံအာရုံ ကာမဂုဏ်ကို တပ်မက်စွဲလမ်းတဲ့အခါလဲ အသံသက်သက်တွင်ကွက်ပြီး တပ်မက်စွဲလမ်းတာ မဟုတ်ဘူး၊ အသံရှင် မိန်းမယောက်ျား တကိုယ်လုံးကိုပါ တပ်မက်စွဲလမ်းတယ်၊ သီဆိုတီးမှုတ်တဲ့သူကိုလဲ တပ်မက်စွဲလမ်းတယ်၊ အသံ မြည်တဲ့ တူရိယာကိုလဲ တပ်မက်စွဲလမ်းတယ်။ အဲဒီလို တပ်မက် စွဲလမ်းဘို့ရာ အသံအာရုံက ဆက်သွယ်ပေးတယ်။ .
ဂန္ဓာရုံ ကာမဂုဏ်
▬▬▬▬▬▬
အနံ့အာရုံ ကာမဂုဏ် ဆိုတာ ရေမွှေးနံ့ ပန်းနံ့ နံ့သာနံ့ အစရှိတဲ့ နမ်းရှုလို့ ကောင်းတယ်ထင်ရတဲ့ အနံ့တွေပါဘဲ။ အထူးအားဖြင့် လူးလိမ်းထားလို့ ဖြစ်စေ သူ့ပင်ကိုယ်ရင်းအတိုင်း ဖြစ်စေ မိန်းမ ယောက်ျားတို့၏ ကိုယ်မှ ထွက်လာတဲ့ အနံ့ပါဘဲ၊ အဲဒီအနံ့ကို နှစ်သက်တပ်စွဲကြတယ်၊ ဒါကြောင့် သူတပါးနှစ်သက် တပ်စွဲအောင် မိမိတို့ကိုယ်ကို နံ့သာရေမွှေး စသည်ဖြင့် လူးလိမ်းပေးနေကြတာဘဲ။ ဒီအနံ့ကလဲ ဣဋ္ဌာရုံအစစ် အတု နှစ်မျိုးလုံး ရှိတာဘဲ။ အဲဒီ အနံ့အာရုံ ကာမဂုဏ်ကိုလဲ မြတ်စွာဘုရားက--
ဃာနဝိညေယျာ၊ နှာခေါင်းဖြင့် နံသိအပ်ကုန်သော။
ဣဋ္ဌာ၊ အလိုရှိအပ်ကုန်သော။
ကန္တာ၊ နှစ်သက်အပ်ကုန်သော။
မနာပါ၊ မြတ်နိုးအပ်ကုန်သော။
ပိယရူပါ၊ ချစ်ဖွယ်သဘောရှိကုန်သော။
ကာမူပသံဟိတာ၊ လိုချင်နှစ်သက်ဖွယ် ဂုဏ်နှင့်စပ်ယှဉ်ကုန် ပြည့်စုံကုန်သော။
ရဇနီယာ၊ တပ်စွဲဘွယ် ကောင်းကုန်သော။
ဂန္ဓာ၊ အနံ့အာရုံတို့လဲ ကာမဂုဏ်တပါး - လို့ ဒီလိုဟောထားပါတယ်။
ဒီအနံ့အာရုံ ကာမဂုဏ်ကို တပ်မက်စွဲလမ်းတဲ့အခါလဲ အနံ့သက်သက်တွင် ကွက်ပြီး တပ်မက်စွဲလမ်းတာ မဟုတ်သေးဘူး၊ အနံ့ထွက်လာခဲ့ရာ မိန်းမ ယောက်ျား တကိုယ်လုံးကိုပါ တပ်မက်စွဲလမ်းတယ်၊ အနံ့၏ တည်ရာ ပန်းနံ့သာ စသည်ကိုလဲ တပ်မက်စွဲလမ်းတယ်။ .
ရသာရုံ ကာမဂုဏ်
▬▬▬▬▬▬
အရသာအာရုံ ကာမဂုဏ်ဆိုတာ စားလို့ သောက်လို့ကောင်းတဲ့ ထမင်း ဟင်းမုံ့ အဖျော်ယမကာ စသည်မှာပါတဲ့ အရသာပါဘဲ၊ ဒီအရသာမှာလဲ ဣဋ္ဌာရုံ အစစ်အတု နှစ်မျိုးလုံး ရှိတာဘဲ၊ အညစ်အကြေးကို စားနေကြတဲ့ ခွေး ဝက် အစရှိတဲ့ သတ္တဝါတွေမှာ အညစ်အကြေးလဲ အရသာကောင်း ဖြစ်နေတယ်၊ အဲဒါဟာ ဣဋ္ဌာရုံအတုပါဘဲ၊ အချို့က အလွန်ပူတာ အလွန် စပ်တာ အလွန်ခါးတာတွေကို ကြိုက်နေတယ်၊ သေရည်အရက်ကို ကြိုက်နေတယ်၊ ဒါတွေလဲ ဣဋ္ဌာရုံ အတုတွေပါဘဲ။
ဘာကြောင့်လဲ အလေ့အကျင့်မရှိတဲ့ သာမန်လူတွေဟာ ဒီလိုပြင်းထန်တဲ့ အရသာ တွေကို မသုံးဆောင်နိုင်ဘူး၊ ဒါကြောင့်ပါဘဲ။ ဒီနေရာမှာတော့ စားရတာ ကိုသာ အရသာလို့ခေါ်တာ မဟုတ်သေးဘူး၊ တစုံတယောက်က ပြုပြင်ပေးတာ ပြုစုတာ တွေလဲ သာယာဘွယ် ဖြစ်တဲ့အတွက် ပရိဘောဂရသလို့ ခေါ်သေးတယ်၊ အဲဒါကလဲ လူတွေမှာ အရသာရှိနေသလို ဖြစ်နေပါတယ်၊
ဥပမာအားဖြင့် အိမ်ထောင်ရှင်တွေမှာ ကိုယ့်အိမ်သူက ပြုစုပေးတာကို ပိုပြီး ကောင်းသလို ထင်နေတတ်တယ်၊ အိပ်ရာကလေး ပြင်ပေးတာ၊ စားသောက်ဖွယ်ကို ချက်ပြုတ် ပြုပြင်ပေးတာ၊ ဆေးလိပ်မီးညှိပေးတာ၊ ဒီလိုဟာတွေကို ပိုပြီး မြိန်ရှက် တတ်တယ်၊ အဲဒါဟာ ပရိဘောဂရသကို နှစ်သက်တာပါဘဲ။ အဲဒီ အရသာ နှစ်မျိုးထဲက လိုရင်းပဓာနဖြစ်တဲ့ အရသာအာရုံ ကာမဂုဏ်ကို မြတ်စွာဘုရားက--
ဇိဝှါဝိညေယျာ၊ လျှာဖြင့် စားသိအပ်ကုန်သော။
ဣဋ္ဌာ၊ အလိုရှိအပ်ကုန်သော။
ကန္တာ၊ နှစ်သက်အပ်ကုန်သော။
မနာပါ၊ မြတ်နိုးအပ်ကုန်သော။
ပိယရူပါ၊ ချစ်ဖွယ်သဘောရှိကုန်သော။
ကာမူပသံဟိတာ၊ လိုချင်နှစ်သက်ဖွယ် ဂုဏ်နှင့်စပ်ယှဉ်ကုန် ပြည့်စုံကုန်သော။
ရဇနီယာ၊ တပ်စွဲဘွယ်ကောင်းကုန်သော။
ရသာ၊ အရသာအာရုံတို့လဲ ကာမဂုဏ်တပါး-လို့ ဒီလို ဟောထားပါတယ်။
ဒီအရသာအာရုံကို တပ်မက်စွဲလမ်းတဲ့ အခါမှာလဲ အရသာ သက်သက်တွင် ကွက်ပြီး တပ်မက်စွဲလမ်းတာ မဟုတ်သေးဘူး၊ အရသာ၏တည်ရာ စားကောင်း သောက်ဖွယ်တွေ, စားသောက်ဖွယ်၏ အရင်းခံဖြစ်တဲ့ ဆန် စပါး ကြက် ဝက် စသည်တွေ, အရသာပေါ်အောင် ပြုပြင်ဆောင်ရွက်ပေးတဲ့သူတွေ ဒါတွေကိုပါ အကုန်လုံး တပ်မက်စွဲလမ်းတယ်၊ အဲဒီလို တပ်မက်စွဲလမ်းဘို့ရာ အရသာက ဆက်သွယ်ပေးတယ်။ .
ဖောဋ္ဌဗ္ဗာရုံ ကာမဂုဏ်
▬▬▬▬▬▬▬▬
အတွေ့အာရုံ ကာမဂုဏ်ဆိုတာ တွေ့ထိလို့ ကောင်းတယ် ထင်ရတဲ့ နူးညံ့ ချောညက်တဲ့ အတွေ့အာရုံ စသည်တွေပါဘဲ၊ နူးညံ့ချောညက်တဲ့ အိပ်ရာနေရာ အတွေ့, အင်္ကျီလုံချည် အဝတ်အထည်အတွေ့, ချမ်းအေးနေတဲ့အခါ ပူနွေးတဲ့ အတွေ့, ပူအိုက်နေတဲ့အခါ အေးတဲ့ အတွေ့-ဒီလိုဟာတွေပါဘဲ။ အထူးအားဖြင့် အဖို, အမသတ္ဝါတွေမှာ အမ, အဖိုသတ္တဝါတွေရဲ့ ကိုယ်အတွေ့တွေပါဘဲ။ ဒီအတွေ့ အာရုံ ကာမဂုဏ်ကိုလဲ မြတ်စွာဘုရားက--
ကာယဝိညေယျာ၊ ကိုယ်ဖြင့် ထိသိအပ်ကုန်သော။
ဣဋ္ဌာ၊ အလိုရှိအပ်ကုန်သော။
ကန္တာ၊ နှစ်သက်အပ်ကုန်သော။
မနာပါ၊ မြတ်နိုးအပ်ကုန်သော။
ဝိယရူပါ၊ ချစ်ဖွယ်သဘောရှိကုန်သော။
ကာမူပသံဟိတာ။ လိုချင်နှစ်သက်ဖွယ် ဂုဏ်နှင့်စပ်ယှဉ်ကုန် ပြည့်စုံကုန်သော။
ရဇနီယာ၊ တပ်စွဲဘွယ်ကောင်းကုန်သော။
ဖောဋ္ဌဗ္ဗာ၊ အတွေ့အာရုံတို့လဲ ကာမဂုဏ်တပါး - လို့ ဒီလို ဟောထားပါတယ်။
ဒီအတွေ့အာရုံကို တပ်မက်စွဲလမ်းတဲ့ အခါမှာလဲ တွေ့ထိရတာကလေး သက်သက် တွင် ကွက်ပြီး တပ်မက်စွဲလမ်းတာ မဟုတ်သေးဘူး၊ တွေ့ထိရတဲ့ လူတကိုယ်လုံးပါ တပ်မက်စွဲလမ်းတယ်၊ နူးညံ့တဲ့ အတွေ့ စသည်၏တည်ရာ အသုံးအဆောင် ဝတ္ထုတွေပါ အကုန်လုံးကို တပ်မက်စွဲလမ်းတယ်၊ အဲဒီလို တပ်မက်စွဲလမ်းဘို့ရာ အတွေ့အာရုံက ဆက်သွယ်ပေးတယ်။ .
အခြေခံ ကာမဂုဏ်
▬▬▬▬▬▬▬
ကာမဂုဏ်ငါးပါး အကြောင်းကတော့ တော်တော် ပြည့်စုံသွားပါပြီ။
နောက်ပြီးတော့ ဒီကာမဂုဏ်ငါးပါး ရဘို့ရာ, သုံးဆောင်ဘို့ရာ အခြေခံဖြစ်တဲ့ ကာမဂုဏ်ဝတ္ထုတွေ ဆိုတာလဲ ရှိသေးတယ်၊ ဘာတွေလဲဆိုလျှင် ရွှေ, ငွေ, ကျောက်သံ, ပတ္တမြား, ဆန်, စပါး, ကျွဲ, နွား, ဆင်, မြင်း, ကြက်, ဝက်, ဆိတ်, ဘဲ, ယာဉ်, ရထား, ကား, အိမ်, လယ်, ယာ, အခြွေအရံ စသည်တွေပါဘဲ။ ယခုလူတွေ နေ့စဉ်မပြတ် တလှုပ်လှုပ်တရွရွနဲ့ အားထုတ်လုပ်ကိုင်နေကြရတာ ဘာအတွက်လဲ ဒီကာမဂုဏ် ဝတ္ထုတွေ ရဘို့အတွက်ပဲ မဟုတ်လား၊
ဒီကာမဂုဏ်ဝတ္ထုတွေနဲ့ ပြည့်စုံမှ ကိုယ်အလိုရှိတဲ့ အာရုံငါးပါး ကာမဂုဏ်တရားတွေကို ခံစားနိုင်မယ်။ ထမင်း ကောင်းစားရအောင် ထမင်းဘိုးရှာရတယ်၊ အဝတ်ကောင်း ဝတ်ရအောင် အဝတ်ဘိုးရှာရတယ်၊ အိပ်ရာကောင်းနဲ့ အိပ်ရအောင် နေရာထိုင်ခင်း အဘိုး ရှာရတယ်၊ ပွဲကောင်းကြည့်ရအောင် ပွဲခရုံဝင်ခကို ရှာရတယ်၊
ဒါတွေဟာ ကာမဂုဏ်ငါးပါး အတွက်ချည်းပါဘဲ။ ဘာကြောင့် ရှာရသလဲ၊ ဒီအာရုံတွေကို လိုချင် တပ်စွဲနေလို့ပါဘဲ၊ ဒါကြောင့် ဒီအာရုံတွေကို -
“ကာမိယတီတိ = အလိုရှိအပ်, နှစ်သက်အပ်, တောင့်တအပ်သောကြောင့်။
ကာမော = ကာမဂုဏ် မည်တယ်”
လို့ ဆိုပါတယ်။
ကာမဂုဏ်ဆိုတာ လိုချင်စရာတွေဘဲ၊ မရသေးယင် ရချင်တယ်၊ ရပြီးဖြစ်ယင်လဲ အဲဒါကို မစွန့်လွတ်ပဲနဲ့ အမြဲသိမ်းပိုက်ထားချင်တယ်။ .
တဏှာမှ ကာမုပါဒါန် ဖြစ်လာပုံ
▬▬▬▬▬▬▬▬
အဲဒီလို နှစ်သက်လိုချင်ရာမှာ ပဌမ နှစ်သက်သာယာရုံမျှ လိုချင်ရုံမျှ ဆိုယင်တော့ တဏှာတဲ့၊ ဆာလောင်ရုံမျှ ရှိသေးတဲ့သဘောပါဘဲ။ အဲဒီအာရုံကို လိုချင်နှစ်သက်ရာက တော်တော်ကြာတော့ စွဲစွဲလမ်းလမ်းကြီး ဖြစ်လာတယ်၊ မရယင် မဖြစ်တော့ဘူးဆိုတဲ့ အနေနဲ့ မြဲမြံစွာ စွဲလမ်းလာတယ်၊ မခွါနိုင် မခွဲနိုင်တော့ဘူး ဆိုတဲ့ အနေနဲ့ စွဲလမ်းလာတယ်၊ အဲဒီလို စွဲလမ်းတဲ့အဆင့် ရောက်လာယင် ကာမုပါဒါန်ခေါ်တယ်၊ ဥပမာ ဆေးလိပ်မသောက်တတ်တဲ့ လူဟာ ပဌမစပြီး ဆေးလိပ်သောက်ခါစမှာတော့ နှစ်သက်ရုံလောက်ပဲ ရှိသေးတယ်၊ မစွဲလမ်းသေးဘူး၊ သောက်ဖန်များတော့ စွဲလာတယ်၊ မသောက်ရယင် မနေနိုင်တော့ဘူး ဆိုတဲ့အနေကို ရောက်လာတယ်။
တနည်းဥပမာကတော့ ကွမ်းမကြိုက်သေးတဲ့ လူဟာကွမ်းကိုစပြီး စားကြည့်တဲ့အခါ နှစ်သက် သဘောကျရုံလောက်ပဲ ရှိသေးတယ်၊ မစွဲသေးဘူး၊ စားဖန်များလာတဲ့ အခါကျတော့ ကြိုက်လာတယ်၊ မစားရယင် မနေနိုင်လောက်အောင် စွဲလာတယ်၊ တနည်းဥပမာကတော့ လဖက်မကြိုက်သေးတဲ့သူဟာ စပြီးစားခါစမှာ နှစ်သက်ရုံ သဘောကျရုံလောက်ပဲ ရှိသေးတယ်၊ မစွဲသေးဘူး၊ စားဖန်များလာတဲ့ အခါကျတော့ ကြိုက်လာတယ်၊ တချို့များ သူ့အချိန်ကျယင် မစားရဘဲ မနေနိုင်သလိုတောင် ဖြစ်နေတယ်၊ စွဲလမ်းတဲ့သဘောပါဘဲ။
ယခုပြောခဲ့တဲ့ ဥပမာတွေလိုပါဘဲ၊ နှစ်သက်ဖွယ် ကာမဂုဏ်အာရုံကို တွေ့ခါစမှာတော့ လိုချင်နှစ်သက်ရုံ သဘောကျရုံလောက်ပဲ ရှိပါတယ်၊ အဲဒီအာရုံကို ထပ်ကာထပ်ကာ နှလုံးသွင်း ဆင်ခြင်နေလို့ အတန်ကြာ လာယင်တော့ လိုချင်မှု နှစ်သက်မှုတွေက အားကြီးလာတတ်တယ်၊ အဲဒီ အာရုံဝတ္ထုကို မရယင်နေမဖြစ်တော့မလိုဘဲ အလွန် အကဲ ဖြစ်လာတတ်တယ်၊ ရပြီးဆိုယင်လဲ မစွန့်နိုင် မခွါရက်အောင် တစွဲတလမ်းကြီး ဖြစ်လာတတ်တယ်၊ အဲဒါဟာ တဏှာက ရင့်ကျက်ပြီး ဥပါဒါန်ခေါ်တဲ့ စွဲလမ်းမှု ဖြစ်လာတာပါဘဲ။ ဒါကြောင့် -
“တဏှာပစ္စယာ-လိုချင်နှစ်သက်မှု တဏှာဟူသော အကြောင်းကြောင့်။
ဥပါဒါနံ-စွဲလမ်းမှု ဥပါဒါန်သည်။
သမ္ဘဝတိ-ဖြစ်သည်”
လို့ ဟောထားတာဘဲ။
လိုချင်နှစ်သက်မှု တဏှာရှိမှ ဒီဥပါဒါန်ကဖြစ်တယ်၊ လိုချင်နှစ်သက်မှု တဏှာ မရှိယင်တော့ ဒီဥပါဒါန်က မဖြစ်နိုင်ဘူး။ နိုင်ငံခြား လူမျိုးခြားတွေရဲ့ အတီးအမှုတ် တူရိယာတွေ သီချင်းတွေ ရှိတယ်၊ အဲဒါတွေထဲမှာ တချို့တူရိယာသံ သီဆိုသံ တွေဟာ ဗမာလူမျိုးတွေရဲ့ နားနဲ့ မကိုက်ဘူး၊ ဒါကြောင့် အဲဒီလို အသံတွေကို ဗမာလူမျိုးတွေက မကြိုက်ဘူး၊ မကြားချင်ဘူး၊ တဏှာမဖြစ်တဲ့ သဘောပါဘဲ၊ ဒါကြောင့် အဲဒီအသံ မျိုးတွေကို နားထောင်ချင်ပါဘိတော့တယ်လို့ စွဲလမ်းမှုဥပါဒါန် မဖြစ်ဘူး။
နောက်ပြီးတော့ ဗမာလူမျိုးတွေက ခွေးသားကို စားလေ့မရှိဘူး၊ ဒါကြောင့် တချို့လူမျိုးတွေ ခွေးသားစာတာကို တွေ့ရသည် ဖြစ်စေ, ကြားရသည်ဖြစ်စေ, ဗမာတွေမှာ ခွေးသား စားချင်တဲ့စိတ် မဖြစ်ဘူး၊ ရွံတဲ့စိတ်သာ ဖြစ်တယ်၊ တဏှာ မဖြစ်တဲ့ သဘောပါဘဲ၊ ဒါကြောင့် ခွေးသားစားချင်ပါဘိတော့တယ်လို့ စွဲလမ်းမှုလဲ မဖြစ်ဘူး။
ဒါလောက်ဆိုယင် တဏှာကြောင့် ဥပါဒါန် ဖြစ်တယ်၊ ကာမုပါဒါန်ဖြစ်တယ်-ဆိုတာ သဘောပေါက်လောက်ပါပြီ။ .
(၂) ဒိဋ္ဌုပါဒန်
▬▬▬▬
ဒိဋ္ဌုပါဒါန်ဆိုတာ ဒိဋ္ဌိနဲ့ ဥပါဒါန်နှစ်ပုဒ် တွဲစပ်ထားတာဘဲ၊ ဒိဋ္ဌိ-ဆိုတာက မှားသောအယူ + ဥပါဒါန်- ဆိုတာက စွဲလမ်းတာ = နှစ်ခုပေါင်းလိုက်တော့ အယူမှားကိုစွဲလမ်းတာ၊ စွဲလမ်းတဲ့အယူမှားလို့ ဆိုလိုပါတယ်။
ဒီဒိဋ္ဌုပါဒါန်က ကျယ်ပြန့်ပါတယ်၊ နံပါတ် ၃-သီလဗ္ဗတုပါဒါန်နဲ့ နံပါတ် ၄-အတ္တဝါဒုပါဒါန် တို့မှတပါး အယူမှားဟူသမျှကို ဒိဋ္ဌုပါဒါန်လို့ခေါ်ပါတယ်။
မိစ္ဆာဒိဋ္ဌိ-အယူမှားဆိုတာ အစွဲလမ်းချည်းပါဘဲ။ ကမ္ဘာပေါ်မှာ ဘာသာအယူဝါဒတွေ ဟူသမျှဟာ ကိုယ့်ဟာမှမှန်တယ်လို့ချည်း စွဲလမ်းယူဆ နေကြတာချည်းဘဲ။ ဒါကြောင့် အယူမှားဆိုယင် ဥပါဒါန်မဟုတ်တာ rယ်လို့ မရှိဘူး၊ စွဲလမ်းမှု ဥပါဒါန်အဆင့် ရောက်နေတာချည်းပါဘဲ။ အဲဒီ အယူမှားအမျိုးမျိုးထဲမှ ဒသဝတ္ထုက မိစ္ဆာဒိဋ္ဌိကို ဒီနေရာမှာ အကျယ်ဖွင့်ပြီး ဟောထားပါတယ်။ ဒသဝတ္ထုက မိစ္ဆာဒိဋ္ဌိ ဆိုတာ စွဲလမ်းချက် ဆယ်ပါးရှိတဲ့ အယူမှားလို့ ဆိုလိုပါတယ်။ .
ဒသဝတ္ထုက မိစ္ဆာဒိဋ္ဌိ ဖြစ်ပုံ
▬▬▬▬▬▬▬▬
(၁) အဲဒီဆယ်ပါးထဲက အမှတ် (၁) က “နတ္ထိ ဒိန္နံ=ပေးလှူခြင်း အကျိုးမရှိဘူး” တဲ့။ ပေးလှူတဲ့အတွက် ကောင်းကျိုး ပေးတတ်တဲ့ ကုသိုလ်လဲ မဖြစ်ဘူး၊ ကောင်းကျိုး ကိုလဲ မရဘူး၊ ပစ္စည်းကုန်ရုံမျှဘဲ-လို့ ဆိုလိုပါတယ်။ ဒီအယူက ကုသိုလ်ကံ အကုသိုလ်ကံမရှိ၊ အဲဒီကံရဲ့အကျိုးလဲမရှိလို့ ယူဆထားတဲ့ အယူဖြစ်တယ်၊ ဒါကြောင့် ပေးလှူတာအကျိုးမရှိဘူးလို့ ယူဆထားတာ။
ပေးလှူခြင်းမှာ အကျိုးရှိတာကတော့ ထင်ရှားနေတာပါဘဲ၊ အလှူခံ ပုဂ္ဂိုလ်မှာ ရသွားရုံနဲ့ဘဲ ဝမ်းမြောက် ဝမ်းသာတဲ့ အကျိုး ရှိသွားတာဘဲ။ အဲဒီ အလှူဝတ္ထုကို သုံးဆောင်ရတဲ့အတွက် ကိုယ်ချမ်းသာ စိတ်ချမ်းသာ ဖြစ်ခြင်းအကျိုး ရှိသွားတယ်၊ စားစရာမရှိလို့ သေလုသေခါနီး ဖြစ်နေတဲ့သူမှာဆိုယင် အသက်မသေပဲ အသက် ရှည်ခြင်း အစရှိသော အကျိုးတွေကိုလဲရသွားတယ်၊
အဲဒါတွေကို ဆင်ခြင်ကြည့်လိုက်လျှင် ပေးလှူတဲ့သူမှာလဲ ဝမ်းမြောက်ခြင်းစသော အကျိုးတွေကိုရတယ်။ နောက်ပြီးတော့ ပေးလှူတဲ့သူကို အများက ချစ်ခင်ကြည်ညို ကြတယ်၊ အရပ်ထဲမှာ ကိစ္စကြီးငယ်ရှိလို့ အလှူငွေကောက်ခံတဲ့အခါ စေတနာ ထက်ထက်သန်သန်နဲ့ ပေးလှူတဲ့ ပုဂ္ဂိုလ်ကို ကြည်ညိုလေးစားကြတယ်၊ သူတော်ကောင်းတွေကလဲ ပေးလှူတဲ့သူကို အထူးသဖြင့် ချဉ်းကပ်ပြီး ချီးမြှောက်ကြတယ်၊ ပေးလှူတဲ့သူမှာ ချီးမွမ်းဘွယ် ဂုဏ်သတင်းကျော်စောတယ်၊ ဘယ်ပရိသတ် အစည်းအဝေး တက်တက် ပေးလှူတဲ့ပုဂ္ဂိုလ်ဟာ မျက်နှာမငယ်ရဘူး၊ ဒါတွေဟာ မျက်မှောက်တွင်ဘဲ အထင်အရှားတွေ့ရတဲ့ အကျိုးတွေပါဘဲ။
သေသည်၏ အခြားမဲ့မှာ နတ်ရွာသုဂတိကို ရောက်ရတယ်၊ ဒါကတော့ သေပြီးမှ ရမည့် အကျိုးဘဲ၊ မျက်မှောက် မတွေ့နိုင်ဘူး။ မယုံချင်တဲ့သူကို ယုံအောင် ပြောဘို့ခက်တယ်။ ဒါပေမဲ့ ဒီတမလွန်အကျိုး ဆိုတာက အဘိညာဉ်နဲ့ ပြည့်စုံတဲ့ ဘုရား, ရဟန္တာ, အဘိညာဉ်ရ ပုဂ္ဂိုလ်တို့၏ အရာသာ ဖြစ်ပါတယ်၊ ကိုယ်တိုင် တွေ့ချင်လျှင် အဲဒီ အဘိညာဉ်တွေကိုရအောင် အားထုတ်ပြီး ကြည့်ပါ။
အဲဒီ အဘိညာဉ်တွေထဲမှာ ဒိဗ္ဗစက္ခုအဘိညာဉ်ဆိုတာ ရှိတယ်၊ အဲဒီ အဘိညာဉ်ကို ရယင်တော့ ပေးလှူတဲ့ပုဂ္ဂိုလ်တွေ နတ်ပြည်ရောက်ပြီး ချမ်းသာနေကြတာကို ထောင်သောင်းများစွာ တွေ့နိုင်ပါတယ်၊ ပေးလှူခြင်းမရှိဘဲ အကုသိုလ်များတဲ့သူတွေ ငရဲဘုံပြိတ္တာဘုံတွေရောက်ပြီး အတိဒုက္ခရောက်နေတာကိုလဲ ထောင်သောင်းများစွာ တွေ့မြင်နိုင်ပါတယ်။
အဲဒီလို အဘိညာဉ်ကိုမရသေးဘဲနဲ့တောင်မှ တချို့ယောဂီတွေဟာ သမာဓိအစွမ်းဖြင့် ကုသိုလ်ကံကြောင့် နတ်ပြည်ရောက်နေတဲ့သူတွေ,အကုသိုလ်ကံကြောင့် ငရဲဘုံ ပြိတ္တာဘုံရောက်နေတဲ့ သူတွေကို တွေ့မြင်နေကြပါသေးတယ်။ အဲဒီလို တွေ့တာ တွေက တကယ်ဟုတ်ပါ့မလား၊ စိတ်ကူးတွေများ မဖြစ်ပေဘူးလားလို့ မေးစရာ ရှိပါတယ်။
တဦးသော ပုဂ္ဂိုလ်က တွေ့မြင်ပြီး ပြောပြထားတဲ့အတိုင်း နောက်တဦး နှစ်ဦး စသည်က မကြားဘူးဘဲနဲ့ ထပ်တူထပ်မျှ တွေ့မြင်ပြီး ပြောတယ်ဆိုယင် အစစ် အမှန်ဘဲလို့ ယုံကြည်ဆုံးဖြတ်ဖို့ ရှိပါတယ်။ ဒါကြောင့် “ပေးလှူခြင်း အကျိုးမရှိ” ဆိုတဲ့ ယူဆချက်ဟာ မှားယွင်းတဲ့ မိစ္ဆာအယူရဲ့ အစိတ်အပိုင်းတခုဖြစ်ပါတယ်။
(၂) နောက် အမှတ် (၂) ကတော့ “နတ္ထိ ယိဋ္ဌံ=အကြီးအကျယ် ပူဇော်ခြင်း အကျိုးမရှိ” တဲ့၊ အလှူပွဲကြီး အကြီး အကျယ်လုပ်ပြီး ပေးလှူပူဇော်တာလဲ အကျိုးမရှိဘူးလို့ ဆိုလိုပါတယ်။
(၃) အမှတ် (၃) ကတော့ နတ္ထိ ဟုတံ=ဧည့်ခံခြင်းအစရှိတဲ့ အသေးအဖွဲ့ ပေးလှူပူဇော်ခြင်း အကျိုးမရှိ” တဲ့၊ ဧည့်သည်ကိုဧည့်ခံကျွေးမွေးခြင်း, မင်္ဂလာကိစ္စ၌ ကျွေးမွေးပေးကမ်းခြင်း, နှစ်သစ်ကူးပွဲ စသည်၌ လက်ဆောင်ပေးကမ်းခြင်း ဤသို့သော ပေးကမ်းကျွေးမွေးခြင်းများဟာ ဘာမျှအကျိုးမရှိဘူးလို့ ဆိုလိုပါတယ်။
ဒီအမှတ် (၂-၃) ကတော့ အမှတ် (၁)နဲ့ သဘောအားဖြင့် အတူတူပါဘဲ။ ဟိုခေတ်တုန်းက အိန္ဒိယမှာ ပြုလေ့ရှိတဲ့ ကောင်းမှု အမျိုးကွဲကလေးများ ဖြစ်တဲ့အတွက် အဲဒီခေတ်တုန်းက မိစ္ဆာအယူရှိတဲ့ သူက အသီးအသီး ခွဲခြားပြီး ပယ်မြစ်ပုံကို ဟောထားတာပါဘဲ။
(၄) အမှတ် (၄) ကတော့ “နတ္ထိ သုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော = ကောင်းစွာ ပြုလုပ်တဲ့ကောင်းမှုကံ, မကောင်းစွာပြုတဲ့ မကောင်းမှုကံတို့၏ အကျိုးရင်းအကျိုးဖျား မရှိ”တဲ့။ ဒါကတော့ ကောင်းမှုမကောင်းမှုအဖြစ်နဲ့ ယုံကြည်ပြီး ပြုလုပ်နေကြတဲ့ အမှုဟူသမျှဟာ ဘာမျှအကျိုးမရှိဘူး၊ ပင်ပန်းရုံမျှဘဲလို့ ဆိုလိုပါတယ်။
အမှတ် (၁)မှာ ပြခဲ့သလိုဘဲ ကောင်းမှုကံ၏ ကောင်းကျိုးတွေ, မကောင်းကျိုးတွေ, မကောင်းမှုကံ၏ မကောင်းကျိုးတွေကို မျက်မှောက်တွင်ဘဲ အများကြီး တွေ့မြင် ရပါတယ်၊ တမလွန်မှာလဲ အဘိညာဉ် မျက်စိနဲ့ တွေ့မြင်ပါတယ်။ ဒါပေမဲ့ ကာမဂုဏ်တွေမှာ တပ်မက်တဲ့ တဏှာအားကြီးတဲ့ပုဂ္ဂိုလ်က ကာမဂုဏ် ခံစားမှု လောက်သာ အခွင့်အရေး ပေးချင်တယ်၊ ကာမဂုဏ် ခံစားရေးအတွက် အနှောင့် အယှက် ဖြစ်စေနိုင်တဲ့ ကုသိုလ်အလုပ်ကိုလဲ အလိုမရှိဘူး၊ မကောင်းမှုမှ ကြဉ်ရှောင်ရတဲ့ အလုပ်ကိုလဲ အလိုမရှိဘူး။
ဘာကြောင့်လဲဆိုယင် ကောင်းမှုကံ မကောင်းမှုကံ၏ ကောင်းကျိုး ဆိုးကျိုးရှိတယ်လို့ ယူတဲ့သူမှာ ကောင်းမှုကို လုပ်ရတဲ့အတွက် စီးပွါးရေးအလုပ်အကိုင်တွေ လစ်ဟင်း သွားနိုင်တယ်၊ ပျက်သွား နိုင်တယ်၊ လျော့ပါးသွားနိုင်တယ်၊ စီးပွါးရေးနဲ့ပတ်သက်တဲ့ မကောင်းမှုအလုပ်တွေကို ရှောင်နေရတဲ့အတွက်လဲ မကြီးပွါးနိုင်ဘူးလို့ ဒီအယူဝါဒရှင်က ယူဆတယ်။
ဒါကြောင့် ကောင်းမှုကံ မကောင်းမှုကံ အကျိုးရှိတယ် ဆိုတဲ့ဘက်ကို သူက မစဉ်းစားတော့ဘူး၊ အကျိုးမရှိဘူး ဆိုတဲ့ဘက်ကသာ အလေးပေးပြီး အကြောင်းယုတ္တိ အမျိုးမျိုးနဲ့ သူကစဉ်းစားတယ်။ ဒါဟာ အရင်းစစ်လိုက်တော့ ကာမတဏှာ အားကြီးတဲ့အတွက် ဖြစ်ပေါ်လာတဲ့ စွဲလမ်းမှု ဥပါဒါန်ပါဘဲ။ ဒါကြောင့် “တဏှာပစ္စယာ ဥပါဒါနံ” လို့ ဟောထားပေတာဘဲ။
(၅) နောက်အမှတ် (၅)ကတော့ “နတ္ထိ မာတာ = အမိရယ်လို့ အထူးအလေးပြုစရာ မရှိဘူး” တဲ့၊ မွေးသမိခင် ကျေးဇူးရှင်ဆိုပြီး ပညာရှိ သူတော်ကောင်းတွေက အမိကို ရိုသေလေးစားရမယ်၊ ကျေးဇူးတုံပြန်ပြီး ပြုစုရမယ်၊ ကျွေးမွေးရမယ်လို့ ဟောပြောညွှန်ကြားနေကြပါတယ်။
အဲဒါကို ဒီမိစ္ဆာအယူရှင်က လက်မခံဘူး၊ ပယ်ချတယ်၊ မိဘတွေ သားသမီး ရလာတာဟာ သူတို့ကိစ္စ ပြုလုပ်ရင်း မတော်တဆ ရလာတာဘဲ၊ သူတို့ စောင့်ရှောက် မွေးမြူလာတာလဲ တာဝန်ဝတ်တရားအရ ဆောင်ရွက်လာတာဘဲ၊ ဘာမျှကျေးဇူး တင်စရာ မရှိဘူးလို့ ဒီမိစ္ဆာ အယူရှင်က ယူဆ ထားတယ်၊ သူ့မှာ ကုသိုလ် အကုသိုလ်မရှိဘူးလို့ ယူဆထားတဲ့အတွက် အမိကို ပြုစုသော်လဲ ဘာမျှ အကျိုးမရှိဘူး၊ ပြစ်မှားသော်လဲ ဘာမျှ အပြစ်မရှိဘူးလို့လဲ ယူဆထားတယ်။
ဒါကြောင့် အမိရယ်လို့မရှိဘူးလို့ ဒီမိစ္ဆာအယူရှင်ကဆိုတာ၊ အမိရယ်လို့ အထူး ရိုသေလေးစားစရာ မရှိဘူးလို့ ဆိုလိုပါတယ်။ အတော် ကြောက်စရာကောင်းတဲ့ အယူဘဲ။ သူ့အယူအတိုင်းဆိုယင် သူ့သားသမီးတွေကလဲ သူ့ကို ရိုသေလေးစားကြ တော့မှာ မဟုတ်ဘူး၊ အဲဒီ အကျိုးရဘို့ကတော့ သေချာနေပါတယ်။
(၆) အမှတ် (၆) ကတော့ “နတ္ထိ ပိတာ = အဘရယ်လို့ အထူးအလေးပြုစရာ မရှိဘူး” တဲ့။ ဒီအဆိုကတော့ အမှတ် (၅)နှင့် အတူတူပါဘဲ။
(၇) အမှတ် (၇) ကတော့ “နတ္ထိ အယံ လောကော = ဤလောကဆိုတာ မရှိဘူး”တဲ့၊ တပါးသော လောကမှ သေပြီး ဒီလူ့လောက မှာ ဖြစ်တယ်ဆိုတာ မရှိဘူးလို့ ဆိုလိုပါတယ်။ ဒီမိစ္ဆာ အယူရှိတဲ့သူက မျက်မြင် မတွေ့ရတဲ့ နတ်ပြည်လောက, ငရဲလောက, ပြိတ္တာလောက ဆိုတာတွေကို အယုံအကြည် မရှိဘူး။ ဒါကြောင့် သူ့အလိုအားဖြင့် တပါးသော လောကဆိုတာ တိရစ္ဆာန် လောကဘဲ ရှိတယ်၊ အဲဒီ တိရစ္ဆာန်လောကမှ သေပြီး ဒီလူ့ပြည်လောကမှာ ဖြစ်တာမရှိဘူးလို့ ဆိုလိုပါတယ်။
(၈) အမှတ် (၈) ကတော့ “နတ္ထိ ပရော လောကော = တပါးသော လောကဆိုတာ မရှိဘူး” တဲ့၊ လူ့လောကမှ သေပြီး နတ်ပြည်မှာ ဖြစ်တယ်။ ငရဲမှာ ဖြစ်တယ်၊ ပြိတ္တာ ဖြစ်တယ်၊ ကျွဲ နွား စသော တိရစ္ဆာန်ဖြစ်တယ် ဆိုတာမရှိဘူး၊ အသက်ရှင်ဆဲ ဘဝက သေပြီးယင် ဘာမျှ မရှိတော့ဘူးလို့ ဆိုလိုပါတယ်။
(၉) အမှတ် (၉)ကတော့ “နတ္ထိ ဩပပါတိကာ သတ္တာ = ဘဝဟောင်းက သေပြီးတဲ့နောက် ဘဝသစ်မှာ ကပ်ရောက်ပြီး ဖြစ်တာမရှိဘူး၊ သေပြီးယင် ဘာမျှ မဖြစ်တော့ဘူး” တဲ့။ ဒီအနက်အရသာဆိုယင် ခုတင်က အမှတ် (၇-၈) နှင့် အတူတူဘဲ ဖြစ်နေပါတယ်။ တနည်းအားဖြင့် ဩပပါတိကာ-ပုဒ်ကို ဥပပါတ် ပဋိသန္ဓေရှိတဲ့ သတ္တဝါတွေလို့လဲ ပြန်သင့်ပါတယ်။
ဒီအနက် အရအားဖြင့်တော့ ကိုယ်အင်္ဂါ အပြည့်အစုံ အထင်အရှား အနီးအပါးမှာ ကျလာသကဲ့သို့ ဖြစ်တဲ့ သတ္တဝါဆိုတာ မရှိဘူးလို့ ယူရပါမယ်၊ အဲဒီလို သတ္တဝါတွေက ဘယ်ဟာတွေလဲဆိုယင် ဗုဒ္ဓဝါဒအရအားဖြင့် နတ်တွေ ဗြဟ္မာတွေ ငရဲသတ္တဝါတွေ ပြိတ္တာတွေ အသုရကာယ်သတ္တဝါတွေ ကမ္ဘာဦးက သတ္တဝါတွေ ဒီသတ္တဝါတွေပါဘဲ။ ယခု ပြောနေတဲ့ မိစ္ဆာ ဝါဒရှင်အလိုအားဖြင့် အဲဒီ နတ်တို့ ဗြဟ္မာတို့ ငရဲသတ္တဝါတို့ ပြိတ္တာတို့ဆိုတာတွေဟာ မျက်မြင်အားဖြင့် မတွေ့ရတဲ့ အတွက် မရှိဘူးလို့ ဆိုလိုပါတယ်။
အဲဒါကတော့ တော်တော်ကို ယုတ္တိမတန်တဲ့ ဝါဒပါဘဲ။ ဘာကြောင့်လဲ ဆိုယင် အရပ်ရပ် အနယ်နယ်မှာ နတ်ဆိုးတွေ နတ်ကောင်းတွေဆိုတာ မကြာခဏ တွေ့နေကြရတာဘဲ၊ ရုက္ခစိုးတွေဆိုတာလဲ တွေ့ရတတ်တယ်၊ သူ့သစ်ပင်ကို ဖျက်ဆီးလို့ ချက်ခြင်း ဒုက္ခရောက်သွားကြရတဲ့ လူတွေလဲရှိကြတယ်။ ဥစ္စာစောင့်တွေ ဆိုတာလဲ တခါတရံ တွေ့ရတတ်တယ်၊ နောက်ပြီး တော့ မှော်ဆရာတွေရဲ့အစွမ်းလဲ တွေ့တန်သမျှ တွေ့နေကြရတာဘဲ၊
အဲဒီလို တွေ့နေကြရတဲ့အတွက် နတ် ဗြဟ္မာ စသည်တွေ မရှိဘူးဆိုတာကတော့ ယုတ္တိမတန်ပါဘူး။ တရားအားထုတ်တဲ့ သူတွေမှာတော့ သမာဓိ၏အစွမ်းဖြင့် အဲဒီ နတ်တွေ ဗြဟ္မာတွေ ငရဲသတ္တဝါတွေ ပြိတ္တာတွေ ဆိုတာကို မျက်မှောက်ပဲ တွေ့မြင်ရပါတယ်။ ဒါကြောင့်လဲ ယုတ္တိမတန်ဘူးလို့ ဆိုပါတယ်။
(၁၀) အမှတ် (၁၀) ကတော့ “နတ္ထိလောကေ သမဏဗြာဟ္မဏာ သမ္မဂ္ဂတာ သမ္မာပဋိပန္နာ ယေ ဣမဉ္စ လောကံ ပရဉ္စ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တိ”တဲ့၊ ဒီအချက်ကတော့ အလွန်အရေးကြီးတဲ့ အချက် ဖြစ်ပါတယ်။ ဒါကြောင့် အနက် ပြန်ပြီး ရှင်းပြောရမယ်။
ယေ သမဏဗြာဟ္မဏာ၊ အကြင်ရဟန်းသူမြတ်တို့သည်။
ဣမဉ္စ လောကံ၊ ဤမျက်မှောက် လောကကို၎င်း။
ပရဉ္စ၊ အခြားတပါးသော မျက်ကွယ်လောကကို၎င်း။
သယံ အဘိညာ၊ ကိုယ်တိုင်အထူးသိ၍။
သစ္ဆိကတွာ၊ မျက်မြင်တွေ့၍။
ပဝေဒေန္တိ၊ ဟောကြားကုန်၏။
သမ္မဂ္ဂတာ၊ ကောင်းမွန်ဖြောင့်မှန်စွာ သွားကုန်သော။
သမ္မာပဋိပန္နာ၊ ဖြောင့်မှန်စွာ ကျင့်ကုန်သော။
တေသမဏဗြာဟ္မဏာ၊ ထိုသို့သော ရဟန်းသူမြတ်တို့သည်။
လောကေ၊ လောက၌။
နတ္ထိ၊ မရှိကြဘူးတဲ့။
ဆိုလိုတာကတော့ လောကမှာ ဘာသာရေးတရားတွေကို တီထွင်ဟောကြားနေ ကြတဲ့ ပုဂ္ဂိုလ်တွေထဲမှာ မျက်မှောက် လူ့လောက အကြောင်းကိုရော နတ်လောက ငရဲလောကအစရှိတဲ့ မျက်ကွယ်လောက အကြောင်းကိုရော ကိုယ်ပိုင်ဉာဏ်ဖြင့် ထူးထူးခြားခြား တွေ့မြင်ပြီးဟောနိုင်တဲ့ ပုဂ္ဂိုလ်ရယ်လို့မရှိဘူး၊ အပြောနှင့်အလုပ် ဖြောင့်မှန်တဲ့ပုဂ္ဂိုလ်ရယ်လို့ မရှိဘူး၊ မသိဘဲနဲ့ အရမ်းကြံတွေးပြီး ဟောနေကြတာ ချည်းဘဲလို့ ဆိုလိုပါတယ်။ ဒါကြောင့် ဘာသာတရားတွေဆိုတာ ကောင်းတာ မှန်တာရယ်လို့ မရှိဘူးလို့လဲ ဆိုလိုပါတယ်။ ရှေးကသာမဟုတ်ဘူး၊ ယခုကာလမှာလဲ ဘာသာရေးကို အလိုမရှိတဲ့သူတွေက ဒီလိုဘဲ ဆိုနေကြပါတယ်။
ဒီအချက်ဖြင့် လောကမှာ ကျင့်ကြံအားထုတ်ပြီး လောကအကြောင်းကို အမှန်အတိုင်း သိမြင်တဲ့ ဘုရားရဟန္တာဆိုတာ မရှိဘူးလို့ ပယ်ချလိုက်ပါတယ်။ ဒီနေရာမှာ ပညာရှိအနေနဲ့ ဆင်ခြင်ဘို့ရာကတော့ ဒီလိုယူဆပြောဆိုတဲ့ ပုဂ္ဂိုလ်လဲ သူများလိုဘဲ ကိုယ်တိုင်က ဘာမျှ ထူးထူးခြားခြား သိတာမရှိဘဲနဲ့ ကြံတွေးပြီး ပြောဆိုတာဘဲ ဆိုတာကိုတော့ သူ့စကားအရအားဖြင့် မှန်ကန်ပေတယ်လို့ ဆင်ခြင်ဆုံးဖြတ်ရ ပေလိမ့်မယ်။ ဒီတော့ မသိတဲ့သူပြောတဲ့ စကားကို အတည်ပြုပြီး ယုံကြည် ယူဆ ထားဘို့ကတော့ မသင့်ပေဘူး။ ကိုယ်ပိုင်ဉာဏ်နဲ့ နက်နက်နဲနဲ စဉ်းစား ဆင်ခြင်ဘို့ လိုပါတယ်။
လောကမှာ ဘာသာတရားတွေဆိုတာ များစွာဘဲ ရှိကြပါတယ်။ တချို့ ဘာသာတရား တွေက ကိုယ်တိုင် မမြင်တွေ့ရဘဲ ကြံဆပြီး ဟောထားတယ်ဆိုတာ သူ့ဆိုင်ရာ ကျမ်းစာတွေထဲမှာဘဲ ဝန်ခံထားပြီး ဖြစ်နေပါတယ်။ နောက်ပြီးတော့ ကျင့်ကြံ အားထုတ်သူတွေ ကိုယ်တိုင်တွေ့နိုင်တဲ့ သဘောလဲမရှိဘူး။ အဲဒီလို ဘာသာတရား တွေကတော့ ပညာရှိတွေအနေနဲ့ ကျေနပ်ဖွယ်မရှိပေဘူး။
ဗုဒ္ဓတရားတော်ကတော့ “သယံ အဘိညာ ဒေသိတာ = ကိုယ်တိုင် ထူးခြားသော ဉာဏ်ဖြင့် သိပြီးမှ ဟောတယ်” လို့လဲ ဝန်ခံပါတယ်၊ အဲဒီလို ဝန်ခံထားတဲ့အတိုင်း ကျကျနနကျင့်လျှင် ယခုလဲ ကိုယ်တိုင်တွေ့ရပါတယ်၊ သိပ္ပံနည်းအရအားဖြင့်လဲ ဘုရားဟောထားတာတွေ မှန်ကန်ကြောင်း ထောက်ခံချက်တွေများစွာ ရှိပါတယ်။ နောက်ပြီးတော့ တရားတော် ဟုတ်မဟုတ်ကို ကျကျနန ကျင့်ကြံ လေ့လာကြည့်မှလဲ သိနိုင်ပါတယ်။
ဒါကြောင့် ဒီအမှတ် (၁၀) အရ အယူရှိနေသူ ဆိုလျှင် ဗုဒ္ဓတရားတော်ကို ကျကျနန လေ့လာကျင့်သုံး ကြည့်သင့်ပါတယ်။
ဘုရားလက်ထက်တော်က ဒီအယူဝါဒကို ဟောပြောနေတဲ့ ပုဂ္ဂိုလ်ကတော့ “အဇိတ” ဆိုတဲ့လူ ဖြစ်ပါတယ်၊ သူက ဆံပင်ဖြင့် ရက်တဲ့အဝတ်ကို ဝတ်နေလို့ သူ့ကို “ကေသကမ္ဗလ” လို့လဲ ခေါ်တယ်၊ သူက ဘုရားမပွင့်ခင်ကတည်းက ဒီဝါဒကို ဟောပြောနေခဲ့ပါတယ်။ ဒါကြောင့် သူပဌမဟောစဉ်တုန်းက ပယ်မြစ်တဲ့ ရဟန်း သူမြတ်တွေထဲမှာ ဗုဒ္ဓမြတ်စွာဘုရားနှင့် ဘုရား၏တပည့် ရဟန္တာတွေ မပါသေးဘူးလို့ ဆိုရမှာဘဲ၊
ဒါပေမဲ့ သူ့ဟာက အကန့်အသတ်မရှိဘဲ ရဟန်းသူမြတ်တွေကို အကုန်လုံး ပယ်ပစ်လိုက်တော့ ဘုရားရဟန္တာတွေလဲ ပါသွားတယ်လို့ ဆိုရမှာဘဲ။ နောက်ပြီးတော့ ဗုဒ္ဓမြတ်စွာဘုရားပွင့်လာတဲ့ နောက်ကာလမှာလဲ သူက ဟောမြဲ အတိုင်းပင် ဟောနေတာပါဘဲ၊ ဒါကြောင့် ဘုရားရဟန္တာတွေလဲ သူ့ပယ်မြစ်ချက်ထဲ ပါသွားတယ်လို့ ဆိုရပါတယ်။
မိစ္ဆာဒိဋ္ဌိနှင့် သမ္မာဒိဋ္ဌိ
▬▬▬▬▬▬▬
ကံနှင့် ကံ၏အကျိုးမရှိဘူးလို့ ယူလိုက်ယင် ခုတင်ကပြောခဲ့တဲ့ ဒသဝတ္ထုက မိစ္ဆာဒိဋ္ဌိ ဖြစ်တော့တာဘဲ၊ ဘာကြောင့်လဲဆိုလျှင် ပေးလှူခြင်းအကျိုးမရှိ၊ အကြီးအကျယ် ပေးလှူပူဇော်ခြင်း အကျိုးမရှိ၊ ဧည့်ခံကျွေးမွေးခြင်း အကျိုးမရှိ၊ ကောင်းမှုကံ မကောင်းမှုကံ၏ အကျိုးရင်းအကျိုးဖျားမရှိ-ဆိုတဲ့ ဒီ ၄-ချက်ဟာ ကံ, ကံ၏အကျိုး မရှိဆိုတာထဲမှာ အတွင်းဝင်သွားပါတယ်။ အမိမရှိ၊ အဘမရှိ ဆိုတဲ့ ဒီနှစ်ချက်လဲ ရိုသေမှု ပြစ်မှားမှုကံ၏ အကျိုးအပြစ် မရှိတာကို ရည်ရွယ်သောကြောင့် အဲဒီ ၂-ချက်လဲ ပါဝင်သွားပါတယ်။ ဤလောကမရှိ။ တပါးသောလောက မရှိ၊ ဥပပါတ်သတ္တဝါမရှိဆိုတဲ့ ဒီ ၃-ချက်လဲ ဘဝသစ်ကို ဖြစ်စေနိုင်တဲ့ ကံမရှိဘူးလို့ ဆိုတဲ့အတွက် အဲဒီ ၃-ချက်လဲ အတွင်းဝင်သွားပါတယ်။
ဘုရားရဟန္တာတွေ မရှိ-ဆိုတဲ့ နောက်ဆုံးအချက်မှာလဲ ဒါနအစရှိသော ပါရမီ ကုသိုလ်ကံရှိလျှင် အဲဒီ ပါရမီ ကံတွေကြောင့် ဘုရားရဟန္တာဖြစ်မယ်၊ ဘုရားရဟန္တာ မရှိဘူးလို့ ဆိုလိုက်တော့ ဒါနအစရှိသော ပါရမီကံ မရှိဘူးလို့ ပယ်ရာရောက်ပါတယ်၊ ဒါကြောင့် အဲဒီ နောက်ဆုံးအချက်လဲ ကံ, ကံ၏အကျိုး မရှိဆိုတဲ့ အယူထဲမှာ ပါဝင်သွားပါတယ်။ ဒါကြောင့် ဒသဝတ္ထုမိစ္ဆာဒိဋ္ဌိဟာ ကံ, ကံ၏ အကျိုးမရှိဆိုတဲ့ မိစ္ဆာအယူနဲ့ အတူတူဘဲလို့ မှတ်ရမယ်။
ထို့အတူပင် “ပေးလှူခြင်းအကျိုးရှိ၏” စသည်ဖြင့် ပြဆိုထားတဲ့ ဒသဝတ္ထုက သမ္မာဒိဋ္ဌိဟာလဲ ကံ, ကံ၏အကျိုးရှိတယ်ဆိုတဲ့ ကမ္မဿကတာသမ္မာဒိဋ္ဌိနဲ့ အတူတူဘဲ လို့ မှတ်ရမယ်။ အဲဒါက အရေးကြီးတဲ့အချက် ဖြစ်တဲ့အတွက် နဲနဲချဲ့ပြောရဦးမယ်။
ဒသဝတ္ထုက သမ္မာဒိဋ္ဌိဖြစ်ပုံ
▬▬▬▬▬▬▬▬
(၁) ကံရှိတယ်၊ ကံ၏အကျိုးလဲ ရှိတယ်လို့ အယူရှိတဲ့သူမှာ “အတ္ထိ ဒိန္နံ=ပေးလှူခြင်း အကျိုးရှိတယ်” လို့ ဆိုတဲ့အယူမှန်လဲ ဖြစ်တော့တာဘဲ။ ပေးလှူမှုအကျိုးရှိပုံကို ထုတ်ဖော်ပြောရဦးမယ်။ လူတယောက်ကို အသုံးကျတဲ့ ပစ္စည်း တခုခု ပေးကြည့်ပါ။ အဲဒီပစ္စည်းရသွားတဲ့လူက ပေးတဲ့လူကို အောက်ထစ်ဆုံး ခင်မင်ကြည်ညိုမှာကတော့ သေချာနေတာဘဲ၊
ကိုက်တတ်တဲ့ခွေးတောင် ထမင်းကျွေးလိုက်လျှင် ယဉ်ပါး သွားသေးတာဘဲ၊ အကြပ်အတည်းကျနေတဲ့သူကို ပေးကမ်း မ,စလိုက်ယင် သာပြီးကျေးဇူးတင်လိမ့်မယ်၊ အဲဒီလူက တတ်နိုင်လို့ရှိယင် အကူအညီပေးမယ်၊ ဘေးရန်အန္တရာယ်ရှိရင်လဲ ကာကွယ် စောင့်ရှောက်မယ်၊ ပေးကမ်းတဲ့သူရဲ့အပြစ်ကို တစုံတယောက်က ပြောနေယင် အဲဒီလိုမပြောဘို့ရာ သူကတားမြစ်မယ်၊ ကောင်းတဲ့ ဂုဏ်ကျေးဇူးကို ထုတ်ဖော်ပြော လိမ့်မယ်။ ဒီလိုစေတနာသက်သက်နဲ့ ပေးလှူရာမှာ ကျေးဇူးတင်တာကိုတော့ အထူးပြောစရာ မလိုပါဘူး။
အလုပ်ကိစ္စအတွက် အခကြေးငွေကို ပေးရာမှာတောင် လွယ်လွယ်ကူကူနဲ့ ပြည့်ပြည့်ဝ၀ ပေးတယ်ဆိုယင် အဲဒီလို ပေးတဲ့ သူကို ချစ်ခင်ကြည်ညိုကြသေးတာဘဲ။ နောက်ပြီးတော့ ပေးလှူခြင်း အကျိုးမရှိဆိုတဲ့ မိစ္ဆာအယူနဲ့စပ်ပြီး ခုတင်က ပြောခဲ့တဲ့ အတိုင်းပင် ပေးလှူတဲ့သူမှာ ချီးမွမ်းဘွယ်ဂုဏ်နှင့် ပြည့်စုံတယ်၊ အချီးမွမ်းခံရတယ်၊ ကောင်းသတင်း ကျော်စောတယ်၊ သူတော်ကောင်းတွေရဲ့ ချဉ်းကပ်ခြင်း, ချီးမြှောက်ခြင်းကို အထူးသဖြင့် ခံယူရတယ်၊
ပေးလှူလေ့ရှိတဲ့လူဟာ ဘယ်ပရိသတ် ဘယ် အစည်းအဝေး တက်တက် မျက်နှာ မငယ်ရဘူး၊ မိမိကိုယ်တိုင်လဲ ပေးလှူနိုင်တဲ့ ဂုဏ်ကို အာရုံပြုပြီး ဝမ်းမြောက်ရတယ်၊ ဒါတွေဟာ မျက်မှောက်ဘဝတွင် ကိုယ်တိုင်တွေ့မြင်နိုင်တဲ့ အကျိုးတွေပါဘဲ၊ ဒီလို မျက်မှောက်အကျိုးတွေ အထင်ရှားရှိနေတာကိုလဲ ရည်ရွယ်ပြီးတော့ “အတ္ထိ ဒိန္နံ=ပေးလှူခြင်း အကျိုးရှိတယ်” ဆိုတဲ့ သမ္မာဒိဋ္ဌိ-အယူမှန် ဖြစ်ပေါ်လာပါတယ်။
ဒါန၏ တမလွန်အကျိုးလဲ ထင်ရှားသည်
▬▬▬▬▬
နောက်ပြီးတော့ ပေးလှူမှုဒါနကုသိုလ်နှင့် ပြည့်စုံတဲ့သူဟာ မျက်မှောက်ဘဝက ရုပ်နာမ်ခန္ဓာပျက်စီးလို့ သေရတဲ့အခါမှာ ကုသိုလ်အာရုံနိမိတ်တွေထင်ပြီး မတွေမဝေဘဲ ရွှင်ရွှင်ပျပျ ကြည်ကြည်လင်လင်နဲ့ သေရတယ်၊ သေပြီးတဲ့အခါလဲ ချမ်းသာပြည့်စုံတဲ့ လူ့ဘဝနတ်ဘဝ သုဂတိဘဝကိုရောက်ပြီး လူ့ချမ်းသာ နတ်ချမ်းသာတွေကို ခံစားရမယ်၊ မဂ်ဖိုလ်နိဗ္ဗာန်ကို ရည်သန် တောင့်တပြီးပြုတဲ့ ဒါနကုသိုလ်ဆိုယင် အဲဒီကုသိုလ်ကြောင့် နောင်ဘဝတခုခုမှာ တရားနာခြင်း, ကျင့်ခြင်းဖြင့် မဂ်ဖိုလ်နိဗ္ဗာန်ကိုလဲ ရနိုင်တယ်၊
ဗုဒ္ဓမြတ်စွာဘုရားအလောင်းလျာ တွေလဲ ဒီဒါနဆိုတဲ့ ပါရမီကုသိုလ်ကို အရင်းခံပြုပြီး ပါရမီတော်တွေကို ဖြည့်ကျင့်ခဲ့လို့ နောက်ဆုံးဘဝမှာ ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်တော် မူကြရတယ်၊ ပစ္စေကဗုဒ္ဓါ အလောင်း သာဝကအလောင်းတွေလဲ နည်းတူဘဲ မိမိတို့နှင့် သက်ဆိုင်တဲ့ ဒါနအစရှိသော ပါရမီတွေကို ဖြည့်ကျင့်ခဲ့ကြလို့ နောက်ဆုံးဘဝမှာ ပစ္စေကဗုဒ္ဓါ အရိယာသာဝကတွေ ဖြစ်ကြရတယ်။
ဒါတွေကတော့ နောင်တမလွန်ကျမှ တွေ့ရမည့်အကျိုးတွေဘဲ၊ ယခု မျက်မှောက် မှာတော့ မတွေ့နိုင်ဘူး။ ဒါပေမဲ့ ဒေသနာတရားတော်ကိုမှီပြီး အနုမာနအားဖြင့်တော့ တွေ့နိုင်ပါသေးတယ်၊
လူလူချင်း တူနေပါလျက်နဲ့ အကျိုးပေးပုံ ကွာနေတာကို ထောက်ဆကြည့်ယင် ကောင်းစားချမ်းသာအောင် ဆင်းရဲအောင် စီမံဖန်တီးပေးနေတဲ့ ကုသိုလ်ကံ, အကုသိုလ်ကံ ရှိနေတယ်ဆိုတာ ယုံကြည်ဆုံးဖြတ်နိုင်ပါတယ်၊ တချို့လူတွေဟာ စိုက်ပျိုးရေးလုပ်ငန်း အတူတူလုပ်ကြတာဘဲ၊ ကုန်သည်လုပ်ငန်း လခစားလုပ်ငန်း စသည်ကို အတူတူလုပ်ကြတာဘဲ၊ ဒါပေမဲ့ အကျိုးပေးပုံက ခြားနားခြင်း ရှိနေတယ်၊ တချို့က ဆင်းရဲမြဲဆင်းရဲနေတယ်၊ တချို့က တနှစ်တမျိုးဆိုသလိုဘဲ တိုးတက် ကြီးပွါးလာတယ်၊ ချမ်းသာကြွယ်ဝလာတယ်၊ ရာထူးဌာနန္တရ တိုးတက်လာတယ်၊ ဤပုံဤနည်းဖြင့် အကျိုးပေးပုံ ခြားနားနေတာကို တွေ့ကြရတယ်၊
အဲဒါကို တွေ့ရတဲ့အတွက် ဒါနကုသိုလ်နည်းတဲ့သူမှာ အလိုရှိတိုင်း မပြည့်စုံဘူး၊ ဘယ်လိုပင် ကြိုးစားအားထုတ်ပေမဲ့ ရည်ရွယ်တဲ့အတိုင်း မအောင်မြင်ဘူး၊ ဒါနကုသိုလ် များတဲ့ သူမှာ အလိုရှိတိုင်း ပြည့်စုံတယ်၊ ပင်ပန်းကြီးစွာနဲ့ အားမထုတ်ရဘဲ သက်သက်သာသာ အလွယ်တကူနဲ့ ရည်ရွယ်ချက်အတိုင်း အောင်မြင်တယ် ဆိုတာကို ယုံကြည် ဆုံးဖြတ်နိုင်ပါတယ်။ ဒီလိုတမလွန် အကျိုးတွေ ထင်ရှား ရှိနေတာကိုလဲ ရည်ရွယ်ပြီးတော့ “အတ္ထိ ဒိန္နံ=ပေးလှူခြင်း အကျိုးရှိတယ်ဆို”တဲ့ သမ္မာဒိဋ္ဌိ-အယူမှန် ဖြစ်ပေါ်လာပါတယ်။
(၂) နောက်ပြီးတော့ “အတ္ထိ ယိဋ္ဌံ=အကြီးအကျယ် ပေးလှူပူဇော်ခြင်း အကျိုးရှိတယ်” ဆိုတဲ့ အယူမှန်လဲ ကမ္မဿကတာသမ္မာဒိဋ္ဌိရှိတဲ့သူမှာ ဖြစ်တော့တာဘဲ။
(၃) “အတ္ထိ ဟုတံ=ဧည့်ခံကျွေးမွေးခြင်း လက်ဆောင်ပေးခြင်း အစရှိတဲ့ အသေးအဖွဲ့ ပေးလှူပူဇော်ခြင်း အကျိုးရှိတယ်” ဆိုတဲ့ အယူမှန်လဲ ဖြစ်တော့တာဘဲ။
ကောင်းမှုမကောင်းမှု၏ အကျိုး
▬▬▬▬▬▬▬▬▬
(၄) အတ္ထိ သုကတဒုက္ကဋာနံ ကမ္မာနံ ဖလံဝိပါကော=ကောင်းမှုကံ, မကောင်းမှုကံ တို့၏ အကျိုးရင်း, အကျိုးဖျား ရှိတယ်ဆိုတဲ့ အယူမှန်လဲ ဖြစ်တော့တာဘဲ။ ဒီနံပါတ် (၄) အယူမှန်ထဲမှာ သွင်းမယ်ဆိုယင် နံပါတ် (၁-၂-၃) အယူမှန်တွေလဲ ဝင်နိုင်ပါတယ်၊ ဒါပေမဲ့ ဟိုရှေးခေတ်တုန်းက ကောင်းမှုထူးအနေနဲ့ ထင်ရှားနေတဲ့ ဒါန ယိဋ္ဌ, ဟုတတို့ကို သီးခြားထုတ်ပြီး ပြဆိုထားခြင်း ဖြစ်ပါတယ်။
ကောင်းတဲ့အလုပ်ကိုလုပ်ယင် ကောင်းကျိုးရတယ်၊ မကောင်းတဲ့အလုပ်ကိုလုပ်ယင် မကောင်းကျိုးရတယ်ဆိုတာ လောကတွင်ဘဲ အလွန်ထင်ရှားနေပါတယ်။ ငယ်ငယ် ရွယ်ရွယ်ကစပြီးတော့ ဆရာမိဘတို့ရဲ့စကားကို နားထောင်ပြီး လိမ်လိမ်မာမာ နေလာတဲ့သူဟာ ငယ်ငယ်ကတည်းကစပြီး လူကြီးလူကောင်းတွေရဲ့ အချီးမွမ်း ခံရတယ်၊ အများထံမှ အကူအညီ အစောင့်အရှောက်ကိုလဲရတယ်၊ လူချစ်လူခင် များတယ်၊ ကြီးလာတဲ့အခါကျတော့လဲ လူကြီးလူကောင်းတယောက်ဖြစ်ပြီး ကြီးပွါးချမ်းသာတယ်၊ ဒါတွေဟာ ကောင်းတဲ့အလုပ်ကို လုပ်တဲ့အတွက် ရလာတဲ့ ကောင်းကျိုးတွေပါဘဲ။
ထို့အတူ ဘဝတပါးမှာလဲ ကောင်းမှုရှိတဲ့သူဟာ ကောင်းကျိုးတွေကို ရသွားတယ်၊ အမိဝမ်းထဲမှာ ပဋိသန္ဓေနေကတည်းက မိဘတွေက ရိုရိုသေသေ စောင့်ရှောက်တယ်၊ မွေးလာတဲ့အခါလဲ ကောင်းကောင်း မွေးမြူပြုစုတယ်၊ အဲဒီလို ပြုစုဘို့ရာ ပစ္စည်းဥစ္စာကလဲ ပြည့်စုံနေတယ်၊ ရောဂါကင်းပြီး ကျန်းမာတယ်၊ အရုပ်အဆင်း လှပတင့်တယ်တယ်၊ ချစ်ခင်တဲ့သူများတယ် စသည်ဖြင့် ဒီလို ကောင်းကျိုးတွေ ကိုရတာလဲ အနုမာနအားဖြင့် မှန်းဆကြည့်ယင် ထင်ရှားပါတယ်။
မကောင်းမှုရှိတဲ့သူမှာ မျက်မှောက်ဘဝမှာရော တမလွန် ဘဝတွေမှာရော မကောင်းကျိုး ရသွားပုံကတော့ ကောင်းမှုရဲ့ ကောင်းကျိုးနဲ့ ပြောင်းပြန် ပြန်ပြီးကြည့်ပေတော့၊ အဲဒီ မကောင်းကျိုးတွေက သာပြီးထင်ရှားပါသေးတယ်၊ မကောင်းမှုကို ပြုလွယ်ကြတဲ့အတွက် သတ္တဝါတွေဟာ မကောင်းကျိုး ခံစားနေ ရတာတွေက များနေတာဘဲ။ ဒါကြောင့် ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးရင်း, အကျိုးဖျားရှိတယ်ဆိုတဲ့ ဒီအယူမှန်ကတော့ ကမ္မဿကတာ သမ္မာဒိဋ္ဌိထဲမှာ တထပ်တည်းကျပြီး ပါဝင်နေပါတယ်။
မိဘကျေးဇူး
▬▬▬▬
(၅) နောက်ပြီးတော့ “အတ္ထိ မာတာ=အမိဆိုတာ ရှိတယ်၊ အမိကို ရိုသေခြင်း, မရိုသေခြင်း၏ ကောင်းကျိုး, ဆိုးကျိုးရှိတယ်” ဆိုတဲ့ အယူမှန်လဲ ကမ္မဿကတာ-သမ္မာဒိဋ္ဌိ ရှိတဲ့သူမှာ ဖြစ်တော့တာဘဲ။
(၆) အတ္ထိ ပိတာ=အဘဆိုတာ ရှိတယ်၊ အဘကို ရိုသေခြင်း, မရိုသေခြင်း၏ ကောင်းကျိုး ဆိုးကျိုး ရှိတယ်ဆိုတဲ့ အယူမှန်လဲ ဖြစ်တော့တာဘဲ။ အမိအဘ ကျေးဇူးဆိုတာ အလွန်များပါတယ်၊ ပဋိသန္ဓေကိုယ်ဝန် ရှိလာကတည်းက ယုယုယယနဲ့ စောင့်ရှောက်လာခဲ့ကြတယ်၊ ဝမ်းဗိုက်ထဲက သူငယ်ကလေးဟာ ချမ်းသာစွာနဲ့ ကြီးပွါးပြီး ချမ်းသာစွာနဲ့ ဖွားမြင်လာပါစေလို့ မနောကံဖြင့်လဲ မေတ္တာ ပွါးခဲ့ကြတယ်၊ ကာယကံဖြင့်လဲ မေတ္တာပွါးပြီး မိခင်ဖြစ်တဲ့သူက အထူးသဖြင့် ဆင်ခြင်ပြီး စောင့်ရှောက်ခဲ့တယ်၊ အလွန်ပူတာ, အလွန်အေးတာတွေ အစပ်, အချဉ်, အပူတွေကို စားချင်ပေမဲ့ မစားမသောက်ပဲ ရှောင်ကြဉ်လာခဲ့တယ်၊ ကိုယ်လက် လှုပ်ရှားရာမှာလဲ ဝမ်းထဲက ခလေး မဆင်းရဲရအောင် အထူးသတိပြုပြီး စောင့်ရှောက်ခဲ့တယ်၊ ကျန်းမာရေးကိုလဲ ဂရုစိုက်တယ်၊
ရတနာသုံးပါး ကိုးကွယ် ဆည်းကပ်နေတဲ့ ဗုဒ္ဓသာသနာဝင် မိခင်ဆိုလျှင် မိမိ၏ဝမ်းထဲက သူငယ်လဲ သူတော် ကောင်းတရား အရှိန်အဝါ ရပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဥပုသ်သီတင်း သီလများကို အထူးဆောက်တည်ပြီး သူတော်ကောင်း တရားတွေကို ပွါးများခဲ့တယ်၊ ဘုရား, တရား, သံဃာ၏ ဂုဏ်ကျေးဇူးတွေကို တတ်သိသမျှ နှလုံးသွင်းခဲ့တယ်၊ ဒီလို ပြုကျင့်ပုံတွေကို ရည်ပြီးတော့ ရက်ချုပ် မှတ်တမ်းမှာ “ရတနာသုံးပါး ဦးထိပ်ထား၍ မာတာမိခင် ဖွားသန့်စင်သည်” စသည်ဖြင့် ရေးမှတ်လေ့ ရှိကြပါတယ်။
ဖွားမြင်ပြီးတဲ့နောက်လဲ မလှုပ်မလှဲ့နိုင်တဲ့ အရွယ်ကစပြီး နို့ရည်တိုက်ကျွေးခြင်း, အညစ်အကြေး သုတ်သင်ပေးခြင်း, ရေချိုးပေးခြင်း, အဝတ်အထည်ဖြင့် ခြုံရုံပေးခြင်း, မညောင်းရ မပူရအောင် ပြုပြင်ပေးခြင်း, ခြင် ယင် စသည်ကို ချောက်ပေးခြင်း စသည်ဖြင့် ယုယုယယ စောင့်ရှောက်လာခဲ့တယ်။ အချိန်တန်တဲ့ အခါ ပညာသင်ပေးတယ်၊ အရင်းအနှီး ပစ္စည်းဥစ္စာ အမွေအနှစ်ကိုလဲပေးတယ်၊ ဒါတွေဟာ မိဘကျေးဇူးတွေဘဲ၊
ကျေးဇူးရှိတဲ့သူကို ကျေးဇူးတုံပြန်ရတယ် ဆိုတာဟာ လောကဝတ်တရား အနေ အားဖြင့် အလွန်ထင်ရှားနေပါတယ်၊ ဒါကြောင့် ကျေးဇူးရှင် မိဘများကို ရိုသေစွာ ပြုစုလုပ်ကျွေးယင် ကောင်းကျိုးကိုရတယ်၊ မရိုမသေ ပြစ်မှားယင် ဆိုးကျိုးကို ရတယ်ဆိုတာလဲ သဘာဝကျပြီး ထင်ရှားနေပါတယ် အယုတ်ဆုံးအားဖြင့် မိဘကို ရိုသေလျှင် သူ၏သားသမီးတွေကလဲ သူ့ကို ရိုသေကြပါလိမ့်မယ်၊ မိဘကိုမရိုမသေ ပြစ်မှားယင်တော့ အဇာတသတ်မျိုးတွေကို သူ့သားသမီးတွေကလဲ သူ့ကို ပြစ်မှားကြမှာဘဲ။ ဒါကြောင့် ကံ, ကံ၏အကျိုး ရှိတယ်လို့ ယူတဲ့ သမ္မာဒိဋ္ဌိ-အယူမှန်ထဲမှာ မိဘရှိတယ်၊ မိဘကို ရိုသေခြင်း, မရိုသေခြင်း၏ အကျိုးအပြစ် ရှိတယ်လို့ဆိုတဲ့ ဒီအယူမှန်လဲ ပါဝင်သွားတော့ တာပါဘဲ။
တပါးသောလောကကို တွေ့မြင်နိုင်တဲ့နည်း
▬▬▬▬▬▬▬
(၇) နောက်ပြီးတော့ “အတ္ထိ အယံ လောကော=ဤမျက်မှောက်လောက ရှိတယ်၊
(၈) အတ္ထိ ပရော လောကော=တပါးသော မျက်ကွယ်လောကရှိတယ်၊
(၉) အတ္ထိ ဩပပါတိကာ သတ္တာ=ဘဝသစ်၌ ကပ်ရောက်၍ဖြစ်သော သတ္တဝါတွေ ရှိတယ်၊ ကိုယ်ထင်ရှားဖြစ်တဲ့ နတ်အစရှိသော ဥပပါတ် သတ္တဝါတွေရှိတယ်”
ဆိုတဲ့ ဒီအယူမှန်သုံးပါးလဲ ကမ္မဿကတာ သမ္မာဒိဋ္ဌိ ရှိတဲ့သူမှာ ဖြစ်တော့တာဘဲ။
ဘာကြောင့်လဲ ဆိုယင် ကံနဲ့ ကံ၏အကျိုး ရှိတယ်ဆိုတော့ နတ်လောက, တိရစ္ဆာန်လောက အစရှိတဲ့ တပါးသောလောကမှ သတ္တဝါတွေဟာ လူဖြစ်ဖို့ ကုသိုလ်ကံရှိလျှင် အဲဒီလောကမှ သေပြီးတဲ့အခါ ဒီလူ့ပြည် လောကမှာ ဖြစ်နိုင်တယ်၊ လူ့ပြည်လောကမှ သေပြီးလျှင်လဲ အဲဒီ တပါးသော လောကတွေမှာ ကံအားလျော်စွာ ဖြစ်နိုင်တယ်၊
ဒီလိုဖြစ်ပုံကို သက်သေအထောက်အထားနဲ့ ပြနိုင်ပါရဲ့လားဆိုလျှင် ပြတန် သလောက်တော့ ပြနိုင်ပါတယ်၊ ပြတဲ့သူက ပြပေမဲ့ ကြည့်တဲ့သူမှာ ဉာဏ်မျက်စိရှိဘို့လဲ လိုပါတယ်၊ ဥပမာဇာတ်ပွဲ ရုပ်ရှင်ပွဲတွေပြရာမှာ မျက်စိရှိတဲ့ သူတွေမှသာ မြင်နိုင်သလိုပါဘဲ။ ဘယ်လို ဉာဏ်မျက်စိ ရှိရမှာလဲဆိုယင် အဘိညာဉ်မျက်စိ, ဝိပဿနာမျက်စိ အနုမာနဉာဏ်မျက်စိ ဆိုတဲ့ ဒီလို မျက်စိရှိဘို့ လိုပါတယ်။
သမထဈာန်လမ်းက အားထုတ်လျှင် ရှေးဘဝတွေကို သိနိုင်တဲ့ ပုဗ္ဗေနိဝါသ အဘိညာဉ်ကိုလဲ ရနိုင်တယ်၊ အဆင်း ရူပါရုံ ဟူသမျှနှင့်တကွ ဘဝဟောင်းမှသေပြီး ဘဝသစ်မှာ ဖြစ်ပုံတွေကို မြင်နိုင်တဲ့ ဒိဗ္ဗစက္ခု အဘိညာဉ်ကိုလဲ ရနိုင်တယ်၊ အဲဒီ အဘိညာဉ်မျက်စိတွေကို ရအောင်အားထုတ်ဖို့ လိုပါတယ်၊ အဲဒီအဘိညာဉ် မျက်စိတွေ ရှိနေယင်တော့ ဘဝဟောင်းမှ ဘဝသစ်၌ဖြစ်နေတာတွေကို ကိုယ်တိုင် မျက်မှောက် တွေ့မြင်နိုင်ပါတယ်။
နောက်ပြီးတော့ ဝိပဿနာလမ်းက အားထုတ်ယင်လဲ သမာဓိ အတော်အတန် ကောင်းတဲ့အခါ အချို့ပုဂ္ဂိုလ်မှာ ဒီလိုဉာဏ်အမြင်မျိုးကို ရတတ်ပါတယ်၊ အဲဒီလို မမြင် ရတောင်မှ ဘဝဟောင်းက သေပြီး ဘဝသစ်ဖြစ်ပုံကိုတော့ သဘောပေါက်နိုင်ပါတယ်။
အဲဒီလို အားမထုတ်နိုင်ယင်တော့ အနုမာနဉာဏ်နဲ့ ပြည့်စုံဘို့ လိုပါတယ်၊ ဘဝဟောင်းက အဖြစ်အပျက်တွေကို အောက်မေ့နိုင်တဲ့ သူတွေဟာ ဟိုအရပ် ဒီအရပ်မှာ အနည်းငယ်စီတော့ ရှိတတ်ပါတယ်၊ ဒီလိုလူကို ဗုဒ္ဓစာပေထဲမှာ ဇာတိဿရဉာဏ်ရှိတဲ့သူလို့ ဆိုလိုပါတယ်၊ ဘဝဟောင်းကို အောက်မေ့နိုင်တဲ့သူလို့ ဆိုလိုပါတယ်၊ မြန်မာတွေကတော့ အဲဒီလိုလူကို လူဝင်စားလို့ ခေါ်ပါတယ်၊
အဲဒီလို ဘဝဟောင်းကို အမှတ်ရတဲ့သူတွေထဲမှာ တချို့က ရှေးဘဝက လူဖြစ်ခဲ့ပုံကို ပြောကြတယ်၊ တချို့က နတ်တို့ တစ္ဆေတို့ ဖြစ်ခဲ့ပုံတွေကို ပြောကြတယ်၊ တချို့က နွားဖြစ်ခဲ့ပုံ, ခွေးဖြစ်ခဲ့ပုံ, ဝက်ဖြစ်ခဲ့ပုံ, မျောက်ဖြစ်ခဲ့ပုံ စသည်တွေကို ပြောကြတယ်၊ တချို့ကတော့ လူ့ဘဝမှ နတ်တို့ တစ္ဆေတို့ဖြစ်ပြီး လူပြန်ဖြစ်လာပုံကိုလဲ ပြောကြတယ်၊
အဲဒါတွေကို ထောက်ဆပြီးတော့ ဤလောကမှ တပါးသော လောက၌ ဖြစ်တာလဲရှိတယ်၊ တပါးသော လောကမှ ဤလောက၌ ဖြစ်တာလဲရှိတယ်၊ အပြည့်အစုံ ကိုယ်ထင်ရှားဖြစ်တဲ့ ဥပပါတ် သတ္တဝါတွေလဲ ရှိတယ်ဆိုတာ အနုမာနဉာဏ်ဖြင့် မှန်းဆပြီး ယုံကြည် ဆုံးဖြတ်နိုင်ပါတယ်။ ဒီလိုမှန်းဆနိုင်တဲ့ အနုမာနဉာဏ်တောင်မှ မရှိတဲ့သူကိုတော့ ဒီအချက်ကို သဘောကျအောင် ပြောပြဘို့ ခက်ပါတယ်။
မုချကိန်းသေ ဆင်ခြင်ပုံ
▬▬▬▬▬▬▬▬
ဒီနေရာမှာ မလွဲနိုင်တဲ့ မုချကိန်းသေ ဆင်ခြင်ပုံဖြစ်လို့ “အပဏ္ဏကပဋိပဒါ” ခေါ်တဲ့ ပညာရှိတို့၏ စူးစမ်းဆင်ခြင်ပုံကို ပြောပြချင်သေးတယ်။ အဲဒါက ဘယ်လိုလဲဆိုလျှင်၊ လူတယောက်က ကံ, ကံ၏အကျိုး မရှိဘူး၊ တမလွန်လောက မရှိဘူးလို့ ယူတယ်၊ အခြားလူတယောက်က ရှိတယ်လို့ယူတယ်၊ ဒီလူ ၂-ယောက်ထဲက ပဌမလူဟာ ဒါနသီလ အစရှိသော ကောင်းမှုကိုလဲ မပြုပေဘူး၊ သတ်မှု, ခိုးမှု, လုယက်မှု စသော မကောင်းမှုကိုလဲ မရှောင်ပေဘူး၊ အခွင့်သာလျှင် စိတ်အလိုအတိုင်း သူလုပ်ချင်တာ တွေကို လျှောက်လုပ်လိမ့်မယ်၊ ဒါကြောင့် သူ့မှာ မျက်မှောက်ဘဝတွင်လဲ ချီးမွမ်းဖွယ် ကြည်ညိုဖွယ်ဂုဏ် မရှိဘူး၊ ကိုယ့်ဟာကိုယ် ဝမ်းမြောက်ဖွယ်ဂုဏ်လဲ မရှိဘူး၊
အကယ်၍ သူယူတဲ့အတိုင်း မဟုတ်ပါဘဲ ကံ, ကံ၏အကျိုးကလဲ ရှိနေမယ်၊ တမလွန်လောကကလဲ ရှိနေမယ်ဆိုယင်တော့ အဲဒီလူဟာ သေသည်နှင့်တပြိုင်နက် မီးပုံကြီးထဲ ခုန်ချလိုက်ရသလို ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသုရကာယ်ဆိုတဲ့ အပါယ်ဘုံ တွေကို ရောက်သွားမယ်၊ သူ့မှာ ကုသိုလ် အထောက်အပံ့က ဘာမျှ မရှိတဲ့အတွက် ဘာမျှထောက်တည်ရာမရဘဲ အပါယ်သံသရာမှာ ဘဝပေါင်းများစွာ အတိဒုက္ခ ရောက်သွားရပေလိမ့်မယ်၊
ကံ, ကံ၏အကျိုးလဲရှိတယ်၊ တမလွန်လောကလဲ ရှိတယ်လို့ ယူတဲ့ ဒုတိယလူကတော့ ညှဉ်းဆဲသတ်ဖြတ်ခြင်း, လုယက်ခိုးယူခြင်း စသော မကောင်းမှုမှလဲ ကြဉ်ရှောင် လိမ့်မယ်၊ ဒါနသီလအစရှိသော ကောင်းမှုတွေကိုလဲ စွမ်းနိုင်သမျှပြုလိမ့်မယ်၊ ဒါကြောင့် ကံ,ကံ၏အကျိုး မရှိစေကာမူ, တမလွန်လောက မရှိစေကာမူ သူဟာ မျက်မှောက်ဘဝမှာတော့ သူတော်ကောင်းအဖြစ်ဖြင့် အချီးမွမ်းခံရမယ်၊ ကောင်းတဲ့ဂုဏ်သတင်းလဲ ကျော်စောမယ်၊ မိမိပြုခဲ့တဲ့ ကောင်းမှုတွေကို အာရုံပြုပြီးတော့လဲ ဝမ်းမြောက်ဝမ်းသာရမယ်၊ မသင့်မတော် တာကို မပြုတဲ့အတွက် လောကအပြစ် ရာဇဝတ်အပြစ်တွေမှလဲ လွတ်ကင်းနေပေ လိမ့်မယ်၊ ဒါတွေကတော့ တမလွန်လောကမရှိတောင် မုချရနိုင်တဲ့ အကျိုးတွေဘဲ။
အကယ်၍ သူယူတဲ့အတိုင်း ကံ, ကံ၏ အကျိုးကလဲ ရှိမယ်၊ တမလွန်လောကကလဲ ရှိမယ်ဆိုယင်တော့ ယခုပြောခဲ့တဲ့ မျက်မှောက်အကျိုးတွေကို ရတဲ့အပြင် တမလွန် မှာလဲ လူချမ်းသာ နတ်ချမ်းသာတွေကို ဘဝပေါင်းများစွာမှာ ရရှိသွားပေလိမ့်မယ်။ ဒါကြောင့် မျက်မှောက်မှာရော တမလွန်မှာရော နှစ်ဖက်လုံးမှာ မုချအကျိုးရှိနိုင်သည့် အယူကိုသာ ငါယူမယ်၊ ကံ, ကံ၏အကျိုးလဲ ရှိတယ်၊ တမလွန်လောကလဲ ရှိတယ် ဆိုတဲ့အယူကိုသာ ငါယူမယ်လို့ ဒီလိုစူးစမ်းဆင်ခြင်တာဟာ “အပဏ္ဏကပဋိပဒါ” ခေါ်တဲ့ မလွဲနိုင်တဲ့ မုချကိန်းသေ လမ်းစဉ် ဖြစ်တဲ့အကြောင်းကို မြတ်စွာဘုရားက မဇ္ဈိမနိကာယ် အပဏ္ဏကသုတ်မှာ ဟောထားပါတယ်။ ဒါကြောင့် ကံ, ကံ၏အကျိုး, တမလွန်လောကတို့နှင့်စပ်ပြီး ကိုယ်တိုင်သိနိုင်တဲ့ အဘိညာဉ် ဉာဏ်ထူးကိုရအောင် အားမထုတ်နိုင်လျှင် အဲဒီ အပဏ္ဏကလမ်းစဉ်အတိုင်း ဆင်ခြင်ပြီး ယူဆတာဟာ အကောင်းဆုံးပါဘဲ။
ပါရမီဆိုတာ ပညာသင်ရတာမျိုးဘဲ
▬▬▬▬▬▬▬▬
(၁၀) ပြီးတော့ နောက်ဆုံးအချက်က “အတ္ထိ လောက သမဏဗြဟ္မဏာ သမ္မဂ္ဂတာ သမ္မာပဋိပန္နာ၊ ယေ ဣမဉ္စ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တိ” တဲ့၊ ဤလောက တပါးသော လောကအကြောင်းကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိပြီး ဟောနိုင်တဲ့ ကောင်းသောအကျင့်ရှိတဲ့ ဖြောင့်မတ်မှန်ကန်တဲ့ ဘုရား, ရဟန္တာ, ရဟန်းသူမြတ် တွေ လောကမှာ ရှိတယ်ဆိုတဲ့ အယူလဲ ကံ, ကံ၏အကျိုး ရှိတယ်လို့ အယူရှိတဲ့သူမှာ ဖြစ်တော့တာဘဲ။
ဘာကြောင့်လဲ ဆိုယင် ကံနဲ့ ဒါန အစရှိသော ပါရမီဟာ သဘောအားဖြင့် အတူတူပါဘဲ၊ ဒီတော့ ကံ၏အကျိုးရှိယင် ပါရမီ၏ အကျိုးလဲ ရှိတော့တာဘဲ၊ ဘုရား, ရဟန္တာဖြစ်တယ်ဆိုတာ ဒါနအစရှိသော ပါရမီ၏ အကျိုးဆက်ပဲ၊ ဒီတော့ ဘုရား ဖြစ်ကြောင်း ရဟန္တာဖြစ်ကြောင်း ပါရမီတွေကို ဖြည့်ကျင့်နေလျှင် တချိန်ကျတော့ ဘုရားရဟန္တာ ဖြစ်မယ်ဆိုတာ သေချာနေတာဘဲ။
ပါရမီဆိုတာ လောကမှာ ပညာသင်ရတာမျိုးပါဘဲ၊ ကလေးသူငယ်တွေဟာ လေးငါး ခြောက်နှစ် အရွယ်ကစပြီး စာရေး စာဖတ် ဂဏန်းသင်္ချာ စသည့် ပညာရပ်တွေကို သင်ယူလေ့လာရတယ်၊ အဲဒီလို သင်ယူလေ့လာတဲ့ သူငယ်တွေဟာ တနေ့ တချိန်ကျတော့ လူကြီးဖြစ်လာတယ်၊ အဲဒီအခါမှာ ဘီအေ၊ ဘီအီးဒီ၊ အမ်အေ စသည်ဖြင့် ဘွဲ့ထူးဂုဏ်ထူးတွေရပြီး သူ့ဆိုင်ရာမှာ တကယ် တတ်သိနားလည်တဲ့ ပညာရှိကြီးတွေ ဖြစ်လာတယ်။
အဲဒါဟာ ငယ်ငယ်ကစပြီး တဖြည်းဖြည်းချင်း လေ့ကျက်လာလို့ ဖြစ်တာဘဲ၊ မလေ့ကျင့်ရတဲ့ သူတွေမှာတော့ အဲဒီလို လူနဲ့တရွယ်တည်း ဖြစ်ပေမဲ့ ဘာပညာမျှ မတတ်ဘူး၊ အဲဒီတော့ ပညာဟာ သင်ယူလေ့လာယင် တတ်တယ်၊ မသင်ယင် မတတ်ဘူးဆိုတာ အလွန် ထင်ရှားပါတယ်။
ပါရမီဆိုတာကလဲ အဲဒီလိုပါဘဲ၊ မလေ့လာ မဆည်းပူးယင် ဘာမျှမဖြစ်ဘူး၊ လေ့လာ ဆည်းပူးယင် ရင့်ကျက်ပြီး ဘုရားဖြစ်သည်တိုင်အောင် ကျေးဇူးပြုပေး ပါတယ်။ ယခု အချို့ လူကြီးမိဘတွေက သားသမီး မြေးကလေးတွေကို ရုပ်ရှင်ပွဲ ဇာတ်ပွဲတွေကို ခေါ်ခေါ်သွားတယ်၊ အဲဒီ ကလေးတွေဟာ ရုပ်ရှင်ပွဲ ဇာတ်ပွဲတွေ ကြည့်ရှုတဲ့ အလေ့အကျင့် ရသွားတယ်၊ အဲဒီလို ပွဲတွေကြည့်ဘို့ရာ သူတို့မှာ စိတ်စောနေတယ်၊ ဒါလဲ မကောင်းတဲ့ဘက်က အလေ့အကျင့်တွေဘဲ။
တချို့မိဘတွေကတော့ ကလေးသူငယ်တွေကို ဘုရားတို့ ကျောင်းတို့ တရားပွဲတို့ တရားအားထုတ်ရာဌာနတို့ ဒီလိုနေရာတွေကို ခေါ်ခေါ်သွားတယ်၊ ကြာတော့ အဲဒီ ကလေးသူငယ်တွေဟာ ဘုရားသွားဘို့ ကျောင်းသွားဖို့ အလေ့အကျင့် ရသွားကြတယ်၊ ဘုရားကိုသွားချင်တယ်၊ ကျောင်းကို သွားချင်တယ်၊ တရားနာချင်တယ်၊ တရားအားထုတ်ချင်တယ်၊ ဒီလို အလေ့အကျင့်တွေ ရသွားတယ်၊ ဒါတွေဟာ ကောင်းတဲ့ အလေ့အကျင့်တွေဘဲ၊ ပါရမီတွေလို့လဲ ဆိုနိုင်ပါတယ်။
တချို့ ကလေးသူငယ်တွေကတော့ သူတို့အလိုလိုဘဲ တရား အားထုတ်ချင်လွန်းလို့ မိဘတွေကို ငိုပြီးတော့တောင် တောင်းပန်နေတယ်ဆိုတာဘဲ၊ အဲဒါကတော့ ရှေးဘဝကတည်းက အလေ့အကျင့် ပါရမီ ပါလာတယ်လို့ ဆိုရမှာဘဲ။ ယခု တရားအားထုတ်ချင်တဲ့ စိတ် ထက်ထက်သန်သန်ရှိတဲ့သူတွေ, အပြည့်အစုံ တင်းတင်း ရင်းရင်း အားထုတ်နိုင်တဲ့သူတွေဟာလဲ ရှေးက လေ့ကျင့်ခဲ့တဲ့ အထုံပါရမီ ရှိနေလို့ပါဘဲ၊ ဒီလို ရှေးပါရမီထက်သန်တဲ့ ပုဂ္ဂိုလ်က အားထုတ်တဲ့အခါမှာလဲ ထက်သန်တယ်၊ သမာဓိညာဏ် ဖြစ်ရာမှာလဲ ထူးခြားတယ်။
ဒါကြောင့် ပါရမီကံဟာ အရေးကြီးပါတယ်၊ ယခုလေ့ကျင့်ယင် နောင်တချိန်မှာ ရင့်ကျက်ပြီး ထူးခြားသွား နိုင်ပါတယ်။
ဘုရားအလောင်းလို စွန့်ရဲပါ့မလား
▬▬▬▬▬▬▬▬▬
ဗုဒ္ဓမြတ်စွာဘုရားအဖြစ်သို့ ရောက်ရတယ်ဆိုတာလဲ ဒီလို တဖြည်းဖြည်းချင်း လေ့ကျင့်ပြီး ရောက်ရတာဘဲ၊ ဒီတဘဝထဲနဲ့ အလွယ်တကူ ဖြစ်ရတာမဟုတ်ဘူး။ လေးသင်္ချေနဲ့ ကမ္ဘာတသိန်းအတွင်းမှာ ဘဝပေါင်းများစွာက စွန့်ကြဲပေးကမ်းနိုင်ခဲ့တဲ့ ပစ္စည်းတွေကို စွန့်ကြဲပေးကမ်း လှူဒါန်းပြီး ဒါနပါရမီကို ဖြည့်ကျင့်ခဲ့ရတယ်၊ ပစ္စည်းနှင့်စပ်ပြီး ခင်မင်တွယ်တာမှုကို ဖြတ်နိုင်အောင် လေ့ကျင့်တဲ့သဘောပါဘဲ။
ထို့အတူ သီလပါရမီတွေကို ဖြည့်ကျင့်ခဲ့ရပါတယ်၊ ကိုယ်အမှုနုတ်အမှုတွေကို ယဉ်ကျေးသိမ်မွေ့အောင် လေ့ကျင့်တဲ့သဘောပါဘဲ။ သား မယား စသည်ကို စွန့်ပြီး တောထွက်တဲ့ နေက္ခမ္မပါရမီကို ဖြည့်ကျင့်ခဲ့ရတယ်၊ အဲဒါက နောက်ဆုံးဘဝမှာ ယသောဓရာ အစရှိတဲ့ မိဖုရားမှစပြီး ထီးနန်းစည်းစိမ်ကို စွန့်လွတ်နိုင်သည့် တိုင်အောင် ရင့်ကျက်ဖို့ လေ့ကျင့်တဲ့ သဘောပါဘဲ။
အဲဒါဟာ သေသေချာချာ စဉ်းစားကြည့်ယင် လွယ်ကူတဲ့အလုပ် မဟုတ်ကြောင်း ထင်ရှားပါတယ်။ ယခုလူတွေဟာ သံဝေဂရတယ်ဆိုပေမဲ့ ချမ်းသာပြည့်စုံနေတဲ့ ကိုယ်ပိုင်အိုးအိမ် စည်းစိမ်ကို ယတိပြတ်စွန့်လွတ်ပြီး ရဟန်းပြုဘို့ရာဟာ မလွယ်ကူ ကြပါဘူး၊ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားရဲ့ စည်းစိမ်မျိုးဆိုယင်တော့ စွန့်ခွါဘို့ရာ စဉ်းစားလို့တောင် ရမယ်မဟုတ်ပါဘူး။
ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားဟာ တောထွက်တဲ့အခါ အသက်အရွယ် အားဖြင့် ၂၉-နှစ်ဆိုတော့ အငယ်ကလေးရှိသေးတာဘဲ၊ အမျိုးအားဖြင့်လဲ သုဒ္ဓေါဒနမင်းကြီးနှင့် မယ်တော် မာယာဒေဝီ မိဖုရားကြီးတို့မှ မွေးဖွားတဲ့ မင်းသား ဖြစ်တယ်၊ စည်းစိမ်ဥစ္စာတွေမှာလဲ လိုလေသေးမရှိ ပြည့်စုံနေပါတယ်၊ ယသောဓရာ အမှူးရှိသော သက်တူရွယ်တူ မိဖုရားမောင်းမ အခြွေအရံတွေကလဲ များစွာ ရှိနေပါတယ်၊ ဒါတွေကိုစွန့်ပြီး တောထွက်တယ် ဆိုတာဟာ ရှေးရှေးဘဝတွေက အလေ့အကျင့် မရှိဘဲနဲ့ မဖြစ်နိုင်ပေဘူး။ ဒါကြောင့် ဘဝပေါင်းများစွာက တောထွက်ပြီး နေက္ခမ္မပါရမီကို ဖြည့်ကျင့်တော်မူခဲ့ရတယ်။
နောက်ပြီးတော့ ဘုရားအလောင်းတော်ဟာ ပညာပါရမီကိုလဲ ဘဝပေါင်းများစွာက လေ့ကျင့်လာခဲ့ရတယ်။ ဒါကြောင့် နောက်ဆုံးဘဝမှာ သူတပါးထံမှ နည်းမခံဘဲနဲ့ ပဋိစ္စသမုပ္ပါဒ်တရားတွေကို ကိုယ်ပိုင်ဉာဏ်ဖြင့် ဆင်ခြင်ပြီး မှန်ကန်စွာ သိတော်မူတယ်၊ ခန္ဓာငါးပါး တရားတွေ, အဖြစ်အပျက် အနိစ္စလက္ခဏာ စသည်တွေ အလုံးစုံကိုလဲ ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူတယ်။ ဒါဟာ ရှေးရှေးဘဝတွေက လေ့ကျင့်ခဲ့တဲ့ ပါရမီကုသိုလ်တွေရဲ့ အစွမ်းသတ္တိဘဲ။ ဒိပြင် ဝီရိယ ပါရမီစသည်တွေကို ဖြည့်ကျင့်ရတာတွေလဲ ဒီနည်းချည်းပါဘဲ။
အဲဒီလို ပါရမီ ကုသိုလ်တွေကို ဘဝပေါင်းများစွာက လေ့ကျင့်ခဲ့လို့ နောက်ဆုံးဘဝမှာ ဤ လောကကိုရော တပါးသောလောကကိုရော ကိုယ်ပိုင်ဉာဏ်ဖြင့် မျက်မှောက်သိပြီး ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်တော်မူရပါတယ်။ ပစ္စေကဗုဒ္ဓါနဲ့ ရဟန္တာတွေလဲ ဒီနည်းအတိုင်းဘဲ မိမိတို့နဲ့ဆိုင်တဲ့ ပါရမီတွေကို ဖြည့်ကျင့်လာခဲ့ရလို့ နောက်ဆုံး ဘဝမှာ ပစ္စေကဗုဒ္ဓါ ဖြစ်ကြရတယ်၊ သာဝကရဟန္တာ ဖြစ်ကြရတယ်။
ဒါကြောင့် ကံ, ကံ၏ အကျိုးရှိတယ်လို့ အယူမှန်ရှိတဲ့သူမှာ ပါရမီ ကုသိုလ်ကံကြောင့် ဤလောက တပါးသောလောက အကြောင်းကိုသိနိုင်တဲ့ ဘုရားဆိုတာလဲ ဖြစ်နိုင်တယ်၊ ပစ္စေကဗုဒ္ဓါ ရဟန္တာဆိုတာတွေလဲ ဖြစ်နိုင်တယ်လို့ ယုံကြည် ယူဆထားပါတယ်။ ဒီလို ယုံကြည်ယူဆထားတဲ့အတွက် ဤလောက တပါးသော လောကအကြောင်းကိုသိပြီး ဟောပြောနိုင်တဲ့ ဘုရားအစရှိသော ရဟန်းသူမြတ် တွေဟာ လောကမှာရှိတယ်ဆိုတဲ့ အယူမှန်လဲ သူ့သန္တာန်မှာ ဖြစ်တော့တာပါဘဲ၊ ဒါကြောင့် ဒသဝတ္ထုကသမ္မာ ဒိဋ္ဌိဟာ ကမ္မဿကတာသမ္မာဒိဋ္ဌိနဲ့ သဘောအားဖြင့် အတူတူဘဲလို့ မှတ်ရမယ်။
ဒိဋ္ဌုပါဒါန်၌ အတိုချုပ်မှတ်ရန်
▬▬▬▬▬▬▬▬▬
ဒီတော့ “ပေးလှူခြင်းအကျိုး မရှိ” စသည်ဖြင့်ဆိုတဲ့ ဒသဝတ္ထုကမိစ္ဆာ ဒိဋ္ဌိဟာ “ပေးလှူခြင်းအကျိုး ရှိတယ်” စသည်ဖြင့်ဆိုတဲ့ ဒသဝတ္ထုကသမ္မာဒိဋ္ဌိနဲ့ ဆန့်ကျင်ဖက်ဖြစ်သလို ကံ, ကံ၏အကျိုးရှိတယ်ဆိုတဲ့ ကမ္မဿ ကတာသမ္မာဒိဋ္ဌိနဲ့လဲ ပြောင်းပြန် ဆန့်ကျင်ဘက်ဖြစ်ပါတယ်၊ ကံ, ကံ၏ အကျိုးမရှိဘူးလို့ ဆိုတဲ့ မိစ္ဆာဒိဋ္ဌိနဲ့လဲ ထပ်တူဖြစ်ပါတယ်။ ဒါကြောင့် ဒိဋ္ဌုပါဒါန် ဆိုတာ အတိုချုပ်အားဖြင့် ကံ, ကံ၏ အကျိုးမရှိဘူးလို့ ယူတဲ့ မိစ္ဆာဒိဋ္ဌိ ပါဘဲ။ ကဲ ဆိုကြရမယ် -
ကံ, ကံ၏ အကျိုးမရှိဟု ထင်တာ ယူတာက ဒိဋ္ဌုပါဒါန်။ (၃-ခေါက်)
ဒီ ဒိဋ္ဌုပါဒါန်ဟာ ဘုရားလက်ထက်ဆီတုန်းကဆိုယင် တယ် အဖြစ်မများသေးဘူး၊ လွန်ခဲ့တဲ့ နှစ်ပေါင်းတရာကျော်လောက်ဆီကတောင် သိပ်မများလှသေးဘူး၊ ဒါပေမဲ့ ယခုနေအခါမှာတော့ ဟိုနိုင်ငံ ဒီနိုင်ငံက ရေးထုတ်လိုက်တဲ့ ဒီလို ဝါဒစာအုပ်တွေကို ခေတ်မှီပညာအနေနဲ့ ကြည့်ရှု လေ့လာကြလို့ တော်တော်ကို အဖြစ်များနေပါပြီ။
ဒိဋ္ဌိဟာ လောဘ ရာဂကြောင့် ဖြစ်တယ်လို့ ကျမ်းဂန်တွေမှာ ပြဆိုထားတဲ့အတိုင်း လူတွေမှာ စားဝတ်နေရေးနဲ့ ပတ်သက်ပြီး လောဘတွေက ပွါးများလာတဲ့အတွက် နောက်ကြာလေကြာလေ ဒီ ဒိဋ္ဌုပါဒါန်တွေဟာ လူတွေရဲ့ သန္တာန်မှာ တိုးပွါး တိုးပွါးသွားမည့် အခြေအနေရှိပါတယ်။ ဒီတော့ ဒီ ဒိဋ္ဌုပါဒါန် မိမိတို့ သန္တာန်မှာ မရောက်လာအောင် အထူးကြိုးစား အားထုတ်သင့်လှပါပေတယ်။
နောက်ပြီးတော့ ဒီ ဒိဋ္ဌုပါဒါန်က ကံ, ကံ၏အကျိုးမရှိဆိုတဲ့ မိစ္ဆာအယူမျှတွင် မဟုတ်သေးပါဘူး၊ ယခုဆက်ပြီးပြောမည့် သီလဗ္ဗတုပါဒါန်နဲ့ အတ္တဝါဒုပါဒါန်တို့မှတပါး မိစ္ဆာဒိဋ္ဌိဟူသမျှကိုလဲ ဒိဋ္ဌုပါဒါန်လို့လဲ ဟောထားပါတယ်။ဒါကြောင့် သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ အစရှိသော မိစ္ဆာအယူ ဟူသမျှကိုလဲ ဒိဋ္ဌုပါဒါန်လို့ဘဲ မှတ်ရမယ်။ ကဲ ဆိုရမယ် -
သီလဗ္ဗတုပါဒါန်, အတ္တဝါဒုပါဒါန်တို့မှ တပါး မိစ္ဆာဒိဋ္ဌိဟူသမျှကို ဒိဋ္ဌုပါဒါန်ဟု ခေါ်သည်။
(၃) သီလဗ္ဗတုပါဒါန်
▬▬▬▬▬▬▬
ယခု သီလဗ္ဗတုပါဒါန်ကို ပြောရမယ်။ ဆင်းရဲငြိမ်းကြောင်း နိဗ္ဗာန်ရောက်ကြောင်း မဟုတ်တဲ့ အကျင့်မှားတွေကို ဆင်းရဲငြိမ်းကြောင်း နိဗ္ဗာန်ရောက်ကြောင်း အကျင့်အနေနဲ့ ယူဆစွဲလမ်းတာကို သီလဗ္ဗတုပါဒါန်ခေါ်တယ်။ သီလဆိုတာ အလေ့ဘဲ၊ ဝတ်ဆိုတာ ကျင့်ဝတ်ပဲ၊ ဥပါဒါနဆိုတာ မြဲမြံစွာ စွဲလမ်းတာဘဲ၊ နွား ခွေးစသည်တို့၏ အလေ့အကျင့်ကို ကျင့်ခြင်းဖြင့် ဆင်းရဲမှလွတ်မြောက်တယ်၊ ဆင်းရဲငြိမ်းရာကို ရောက်တယ်လို့ ယူဆ စွဲလမ်းတာဟာ သီလဗ္ဗတုပါဒါန်ပါဘဲ။ နွားလိုသွား နွားလိုစား, နွားလိုအိပ်စသည်ဖြင့် နွားလိုအတုလိုက်ပြီးပြုကျင့်တာကို ဂေါဝတ=နွားအကျင့်ခေါ်တယ်။ ခွေလိုသွား, ခွေးလိုစား, ခွေးလိုအိပ် စသည်ဖြင့် ခွေးလိုအတုလိုက်ပြီး ပြုကျင့်တာကို ကုက္ကုရဝတ=ခွေးအကျင့်ခေါ်တယ်။
နွားလိုကျင့်ခြင်း
▬▬▬▬▬▬
အဲဒီနှစ်မျိုးထဲမှာ နွားလိုကျင့်ပုံကတော့ နွားမှာ အဝတ်မဝတ်သလို အဲဒီအကျင့်ကို ကျင့်တဲ့သူကလဲ အဝတ်မဝတ်ဘူး၊ နွားမှာ ချိုနဲ့ အမြီးရှိတာလို သူ့မှာလဲ ချိုနဲ့ အမြီးအတု တပ်ထားရတယ်၊ နွားလို လေးဘက်ထောက် သွားရတယ်။ လေးဘက် ထောက်လျက်စားရတယ်၊ လေးဘက်ထောက်လျက် ကျင်ကြီး, ကျင်ငယ်စွန့်ရတယ်၊ နွားလိုဘဲ မြေပြင်မှာ တုံးလုံးလှဲအိပ်ရတယ် စသည်ဖြင့် နွားတို့၏ အပြုအမူတွေကို အတုလိုက်ပြီး ကျင့်ရတယ်။ “ဒီလိုကျင့်တဲ့အတွက် မကောင်းမှု ကံဟောင်းတွေ ကုန်သွားတယ်၊ မကောင်းမှု ကံအသစ်လဲ မဖြစ်ဘူး၊ ဒါကြောင့် အဲဒီဘဝကသေလျှင် ဆင်းရဲမှ လွတ်မြောက်ပြီး အမြဲတမ်း ချမ်းသာရာကို ရောက်သွားတယ်” လို့ အဲဒီမိစ္ဆာအယူရှိတဲ့ သူတွေက ယုံကြည် စွဲလမ်းကြတယ်။
ခွေးလိုကျင့်ခြင်း
▬▬▬▬▬
ခွေးလိုကျင့်ပုံကတော့ ခွေးမှာ အဝတ်မရှိတာလို သူလဲ အဝတ်မဝတ်ဘူး၊ ခွေးလို လေးဘက်ထောက်သွားရတယ်၊ လေးဘက်ထောက်ပြီး ပါးစပ်နဲ့ ဟပ်စားရတယ်၊ လေးဘက်ထောက်လျက် ကျင်ကြီး, ကျင်ငယ် စွန့်ရတယ်၊ ခွေးကို တွေ့လျှင် ခွေးလိုဘဲ သွားဖြဲပြရတယ်၊ ခွေးလိုဘဲ မြေပြင်နှင့် ပြာပုံမှာ ခွေပြီးအိပ်ရတယ် စသည်ဖြင့် ခွေးတို့၏ အပြုအမူတွေကို အတုလိုက်ပြီး ကျင့်ရတယ်။ “ဒီလိုကျင့်တဲ့အတွက် မကောင်းမှု ကံဟောင်းတွေ ကုန်သွားတယ်၊ ကံအသစ်လဲ မဖြစ်ဘူး၊ ဒါကြောင့် အဲဒီဘဝကသေလျှင် ဆင်းရဲမှလွတ်မြောက်ပြီး အမြဲတမ်း ချမ်းသာရာကို ရောက်သွားတယ်” လို့ အဲဒီ မိစ္ဆာအယူရှိတဲ့သူတွေက ယုံကြည် စွဲလမ်းကြတယ်။
သတ္တဝါတို့၏ အလိုအကြိုက်က သိပ်ဆန်းကြယ်တာဘဲ
ယခုပြောနေတဲ့ အယူအဆမျိုးဟာ ဗုဒ္ဓသာသနာဝင် ပုဂ္ဂိုလ်တွေ အနေနဲ့ဆိုယင် ရှိတယ်လို့တောင် ယုံကြည်စရာ မကောင်းဘူး။ ဒါပေမဲ့ သတ္တဝါတွေရဲ့ အလိုအကြိုက်က သိပ်ဆန်းကြယ်တာဘဲ၊ ဟိုလူတစုက တမျိုး၊ ဒီလူတစုက တမျိုး၊ ဟိုအရပ်ကတမျိုး၊ ဒီအရပ်ကတမျိုး၊ ယူဆပုံကြိုက်ပုံချင်း မတူကြဘူး။
ဒါကြောင့် မြတ်စွာဘုရား လက်ထက်တော်ကာလတုန်းက နွားလိုကျင့်တဲ့ ပုဏ္ဏဆိုတဲ့လူက တယောက်၊ ခွေးလိုကျင့်တဲ့ သေနိယဆိုတဲ့ လူတယောက် ဒီလိုထူးထူး ဆန်းဆန်းကျင့်တဲ့ လူနှစ်ယောက် မြတ်စွာဘုရားထံ ရောက်လာကြတယ်။ ရောက်လာကြပြီးတော့ ပုဏ္ဏက သေနိယရဲ့ ခွေးလိုကျင့်တဲ့ အကျင့်၏ အကျိုးကို မေးလျှောက်တယ်၊ သေနိယကလဲ ပုဏ္ဏရဲ့ နွားလိုကျင့်တဲ့ အကျင့်၏အကျိုးကို မေးလျှောက်တယ်။
ဒီတော့ မြတ်စွာဘုရားက ၂-ကြိမ်တိုင်တိုင် မမေးဘို့တားမြစ်ပြီးတော့ ၃-ကြိမ် မြောက်ထပ်ပြီး မေးလျှောက်တဲ့အတွက် ဒီလို ဖြေကြားတော်မူပါတယ်။ ခွေးတို့၏ အလေ့အကျင့်ကို အပြည့်အစုံ မပြတ်မစဲ ကျင့်တဲ့သူဟာ သေသည်၏ အခြားမဲ့မှာ ခွေးဘဝရောက်တယ်၊ ခွေးဖြစ်သွားတယ်။ နွားတို့၏ အလေ့အကျင့်ကို အပြည့်အစုံ မပြတ်မစဲ ကျင့်တဲ့သူဟာ သေသည်၏ အခြားမဲ့မှာ နွားဘဝရောက်တယ်၊ နွားဖြစ်သွားတယ်။ အကယ်၍ အဲဒီ ခွေးအကျင့်, နွားအကျင့်ဖြင့် နတ်ဖြစ်မယ်လို့ အယူရှိလျှင် အဲဒါဟာ မှားတဲ့မိစ္ဆာဒိဋ္ဌိဘဲ၊ မိစ္ဆာအယူရှိတဲ့သူဟာ သေလျှင် ငရဲနှင့် တိရစ္ဆာန်တမျိုးမျိုးမှာ ဖြစ်တတ်တယ်လို့ မြတ်စွာ ဘုရားက ဖြေကြားတော်မူပါတယ်။ အဲဒီလို ဖြေကြားပြီးတဲ့နောက် မြတ်စွာဘုရားက -
(၁) မည်းညစ်၍ မည်းညစ်သော အကျိုးကို ပေးတတ်သောအကုသိုလ်ကံ၊
(၂) ဖြူစင်၍ ဖြူစင်သောအကျိုးကို ပေးတတ်သောကုသိုလ်ကံ၊
(၃) အမည်းအဖြူ ရောသော အကုသိုလ်နှင့် ကုသိုလ်ကံ၊
(၄) ကုသိုလ်ကံ, အကုသိုလ်ကံ ဟူသမျှကို ကုန်စေတတ်သော အရိယမဂ်ကံ -
ဆိုတဲ့ ကံ ၄-မျိုးကို ခွဲခြားပြီး ဟောတော်မူပါတယ်။
အဲဒီတရားကို ကြားနာပြီး နွားကျင့်ရှိတဲ့ ပုဏ္ဏ-က သရဏဂုံ ဆောက်တည်ပါတယ်၊ ခွေးကျင့်ရှိတဲ့ သေနိယကတော့ သာသနာတော်မှာ ရဟန်းပြုပြီး တရားကျင့်သုံး သဖြင့် ရဟန္တာ ဖြစ်သွားပါတယ်။ (ကုက္ကုရဝတိကသုတ် မ-၅၀)
ကောရခတ္တိယဝတ္ထု
▬▬▬▬▬▬▬
နောက်ပြီးတော့ မြတ်စွာဘုရား လက်ထက်တော် ကာလတုန်းက ထူလုဆိုတဲ့ နယ်မှာ ဥတ္တရကာဆိုတဲ့ နိဂုံးရွာကြီး ရှိတယ်။ အဲဒီနိဂုံးရွာကြီးမှာ ခွေးလိုကျင့်နေတဲ့ ကောရခတ္တိယဆိုတဲ့ လူတယောက် ရှိတယ်၊ တနေ့သောအခါမှာ မြတ်စွာဘုရားက အဲဒီ ကောရခတ္တိယနေတဲ့ နေရာအနီးအပါးက ဖြတ်ပြီး ကြွတော်မူတယ်၊ အဲဒီတုန်းက မြတ်စွာဘုရား နောက်တော်က သုနက္ခတ္တဆိုတဲ့ လိစ္ဆဝီအမျိုးသား ရဟန်းကလဲ ပါလာတယ်၊ အဲဒီ သုနက္ခတ္တဆိုတဲ့ ရဟန်းက ခွေးလိုကျင့်နေတဲ့ ကောရခတ္တိယကို မြင်ရတော့ သူက ဒီလို ကြည်ညိုသွားသတဲ့ -
အယံ သမဏော၊ ဤ ကောရခတ္တိယ ရဟန်းသည်။
သာဓုရူပေါ ဝတ၊ ကောင်းသောသဘော ရှိပေစွာတကား။
စတုက္ကုဏ္ဍိ တော၊ လေးဘက်ထောက်လျက်။
ဆမာနိကိဏ္ဏံ၊ မြေပေါ်၌ ပစ်ချထားသော။
ဘက္ခသံ၊ အစာကို။
မုခေနေဝ၊ လက်ဖြင့်မကိုင်ဘဲ ခံတွင်း ပါးစပ်ဖြင့်သာလျှင်။
ခါဒတိ၊ ခဲပေ၏။
မုခေနေဝ၊ ပါးစပ်ဖြင့်သာလျှင်။
ဘုဉ္ဇတိ၊ စားပေ၏-လို့ ဒီလို နှလုံးသွင်းပြီး ကြည်ညိုသတဲ့။
သုနက္ခတ္တ ဆိုလိုတာကတော့ “ကောရခတ္တိယဟာ ကိလေသာ ကင်းငြိမ်းနေတဲ့ ရဟန္တာအစစ်ပေဘဲ၊ ငါတို့မှာ ရဟန်းဆိုပေမဲ့ သင်္ကန်းသပိတ် ပရိက္ခရာတွေနဲ့ ပလိဗောဓ များနေသေးတာဘဲ၊ ကောရခတ္တိယမှာ အလိုနည်းတဲ့ အပ္ပိစ္ဆာဂုဏ်နဲ့ ပြည့်စုံတဲ့အတွက် အဝတ်ကိုလဲ မသုံးဆောင်ဘူး၊ သပိတ်စားခွက်ကိုလဲ မသုံးဆောင်ဘူး၊ မြေပေါ်မှာ ပုံချထားတဲ့ အစာကို ပါးစပ်နဲ့ဟပ်ပြီး စားနိုင်ပေတယ်၊ ပလိဗောဓနည်းပြီး အလွန်ကောင်းတဲ့ အကျင့်ကိုကျင့်နေပေတာဘဲ” လို့ ကြံစည်ပြီး ကြည်ညိုနေပါသတဲ့။
ယုတ်ညံ့သူက ယုတ်ညံ့တဲ့ အကျင့်နည်းလမ်းကို ကြိုက်သည်
ခွေးလိုကျင့်နေတဲ့ ကောရခတ္တိယရဲ့ အကျင့်ဟာ သီလဗ္ဗတပရာမသ အကျင့်ဘဲ၊ မဟုတ်မမှန်တဲ့အကျင့် မှားယွင်းတဲ့အကျင့်ဘဲ၊ ခုတင်ကပြောခဲ့တဲ့ ကုက္ကုရဝတိက သုတ်မှာ မြတ်စွာဘုရားက ဖြေကြားတော်မူခဲ့တဲ့အတိုင်း အပြည့်အစုံကျင့်ယင် ခွေးဖြစ်ဖို့အကျင့်ဘဲ၊ အဲဒီခွေးလိုကျင့်တာနဲ့ နတ်ဖြစ်မယ် နိဗ္ဗာန်ရောက်မယ်လို့ယူယင် မိစ္ဆာအယူဖြစ်တယ်၊ အဲဒီ မိစ္ဆာအယူရှိယင် ငရဲနှင့် တိရစ္ဆာန် တမျိုးမျိုးဖြစ်ဘို့ဘဲ၊ အဲဒီမှာ ငရဲနှင့် တိရစ္ဆာန်ဆိုတာက နိဒဿနနည်းပါ၊ ပြိတ္တာနှင့် အသုရကာယ်လဲ ဖြစ်နိုင်ပါတယ်၊
ဒါကြောင့် ဒီကောရခတ္တိယ သေတဲ့အခါ အသုရကာယ် ဖြစ်တယ်လို့ ဟောထားပါတယ်၊ အဲဒီတော့ ဒီခွေးလို ကျင့်နေရာမှာ ဘာမျှကြည်ညိုစရာမရှိပါဘူး၊ အလိုအဇ္ဈာသယ မြင့်မြတ်တဲ့သူဆိုယင် ရွံရှာစက်ဆုပ်ပြီး တံတွေးတောင် ထွေးမိကောင်း ထွေးမိလိမ့်ဦးမယ်။ ဒါပေမဲ့ သုနက္ခတ္တမှာတော့ ဘဝပေါင်းများစွာက မှားယွင်းတဲ့ မိစ္ဆာအယူကို ကြိုက်လာခဲ့တယ်၊ ဒါကြောင့် အလိုအဇ္ဈာသယက ယုတ်ညံ့တဲ့အတွက် မဂ္ဂင်ရှစ်ပါး အကျင့်ထက် ခွေးလိုကျင့်နေတာကို ပိုပြီး ကြိုက်နေတယ်။
သုနက္ခတ္တသာ မဟုတ်ဘူး၊ အလို အဇ္ဈာသယ ယုတ်ညံ့တဲ့ သူတွေက သုနက္ခတ္တလိုဘဲ မဟုတ်တာကိုမှ သဘောကျတတ် ကြည်ညိုတတ်တယ်။ မြတ်စွာဘုရား ဟောကြား ထားတဲ့ ဒေသနာတော်နဲ့အညီ ဟောပြောနေတာ ကျင့်ကြံအားထုတ် နေတာကို မကြည်ညိုနိုင်ဘဲ တရားကျမ်းဂန်လွတ် စာလွတ် ပေလွတ် တွေးတော ဝေဘန်တာတွေ ဟောပြောတာတွေ စာလွတ် ပေလွတ် ကျင့်ကြံ အားထုတ်တာတွေကိုမှ သဘောကျတဲ့ ကြည်ညိုတဲ့ သူတွေဟာ ဟိုတုန်းကလဲ ရှိတာဘဲ၊ ယခုလဲ ရှိနေတာဘဲ။ ဘဝများစွာက မဟုတ်တဲ့ဘက်က လေ့ကျက်လာယင် ဒီလိုဖြစ်တတ်တာဘဲ၊ ဒါကြောင့် မှားယွင်းတဲ့ အလေ့အကျင့် မျိုးကို မလေ့ကျင့်မိအောင် အထူးသတိပြုဘို့ လိုပါတယ်။
သုနက္ခတ္တက မဟုတ်တဲ့အကျင့်ကို ကြည်ညိုနေကျ ဖြစ်တဲ့အတွက် ကောရခတ္တိယကို မြင်တဲ့အခါ သုနက္ခတ္တ ဘယ်လိုများ ကြံစည်မိသလဲလို့ မြတ်စွာဘုရားက စေတောပရိယအဘိညာဉ်နဲ့ ဆင်ခြင်တော်မူပါတယ်၊ အဲဒီလို ဆင်ခြင်ကြည့်လိုက်တဲ့ အခါ ခုတင်က ပြောခဲ့တဲ့အတိုင်း ကောရခတ္တိယရဲ့ အကျင့်ကို ကြည်ညိုနေပုံ ကောရခတ္တိယကို ရဟန္တာလို့ ထင်နေပုံတွေကို အကုန်လုံး မြတ်စွာဘုရားက သိမြင်တော် မူပါတယ်။ အဲဒီတော့ မြတ်စွာဘုရားက သုနက္ခတ္တကို--
မောဃပုရိသ၊ မဂ်ဖိုလ်မမှီး အချည်းအနှီး ပုဂ္ဂိုလ်ဖြစ်သော သုနက္ခတ္တ။
တွံပိ၊ သင်လို လူကတောင်မှ။
သကျပုတ္တိယော သမဏော၊ သာကီဝင်နွယ်ဘွား ဘုရားတပည့် ရဟန်းဟူ၍။
ပဋိဇာနိဿာတိ၊ ဝန်ခံနေပါပေရဲ့--
ဆိုလိုတာကတော့ “သုနက္ခတ္တ.... သင်ဟာ ခွေးလို ကျင့်နေတာကိုလဲ ကြည်ညို နေတယ်၊ အဲဒီလို ကျင့်နေတဲ့ ကောရခတ္တိယကိုလဲ ရဟန္တာလို့ ထင်နေတယ်၊ ဒါလောက် ယုတ်ညံ့တဲ့ အကျင့်နဲ့ ဒါလောက် ယုတ်ညံ့တဲ့ ပုဂ္ဂိုလ်ကို ကြည်ညိုနေတဲ့ သင်ဟာ သာကီဝင်နွယ်ဘွား ဘုရားတပည့်တော်လို့ ဝန်မခံထိုက်တော့ဘူး၊ အဲဒီလို ဝန်မခံထိုက်ပါဘဲနဲ့ ဝန်ခံနေတာဟာ အံ့ပါရဲ့” ဆိုတဲ့ အနေမျိုးနဲ့ မြတ်စွာဘုရားက သူ့အမှုပေါ်လာအောင် ခပ်နာနာကလေး မိန့်တော်မူလိုက်တာပါဘဲ။
ဒီတော့ သုနက္ခတ္တက “တပည့်တော်ကို မြတ်စွာဘုရားက ဘာကြောင့် နှိမ့်နှိမ့်ချချ မိန့်တော်မူရပါသလဲ”လို့ မေးလျှောက်ပါတယ်။
မြတ်စွာဘုရားက “သုနက္ခတ္တ ..... သင်ဟာ ဘာမျှကြည်ညိုစရာမရှိတဲ့ ခွေးလို ကျင့်နေတဲ့ ကောရခတ္တိယကို ကောင်းသောသဘော ရှိပါပေတယ်၊ ရဟန္တာပေဘဲလို့ ထင်မှတ်နေတယ် မဟုတ်လား၊ ဒါကြောင့် ငါကသင့်ကို ဒီလို မိန့်တော်မူရတယ်” လို့ ဖြေကြားတော်မူပါတယ်။
ဒီတော့ သုနက္ခတ္တက “သူများ ရဟန္တာဖြစ်တာကို မြတ်စွာဘုရားက ဝန်တိုနေပါ သေးလား” လို့ ဘုရားကို ဝန်တိုခြင်း မစ္ဆရိယရှိတဲ့ အနေနဲ့ စွပ်စွဲပြီး ချေပပါတယ်။
မြတ်စွာဘုရားကတော့ မမှားသင့်တာမမှားရအောင်လို့ ကရုဏာတော်ဖြင့် သနားပြီး ဆုံးမတဲ့အနေနဲ့ ပြောကြားတာပါဘဲ၊ ဒါပေမဲ့ မသိနားမလည်တဲ့ပုဂ္ဂိုလ်ကို ပြောရ တာဟာ ခက်ပါတယ်။ သူကြည်ညိုနေတဲ့ပုဂ္ဂိုလ်ကို အမှန်အတိုင်း ထုတ်ဖော် ပြောယင် မကြိုက်တတ်ဘူး။ ယခုကာလမှာလဲ မဟုတ်တာကို ကြည်ညိုနေရာမှာ အမှန်အတိုင်း ဝင်ပြောယင် မကြိုက်တတ်ဘူး၊ ဝန်တိုလို့ မနာလိုလို့ ပြောတယ်လို့ ထင်တတ် စွပ်စွဲတတ်တယ်။ ဒီလိုဟာမျိုးက အထူးသတိပြုရပါတယ်။
အနာဂတ်ဟော မိန့်ခွန်းတော်
▬▬▬▬▬▬▬▬▬
အဲဒီလို စွပ်စွဲပြီးချေပတော့ မြတ်စွာဘုရားက ဒီလို ရှင်းပြီး ပြောကြားတော်မူပါတယ်။ သုနက္ခတ္တ.... ငါက သူတပါးရဲ့ ရဟန္တာအဖြစ်ကို ဝန်တိုလို့ပြောတာ မဟုတ်ဘူး၊ သင့်မှာ အယူမှားပြီး ကြာမြင့်စွာ ဆင်းရဲဒုက္ခ မရောက်ပါစေနဲ့လို့ ရည်ရွယ်ပြီး ငါက ပြောတာ၊ သင်ကြည်ညိုနေတဲ့ ကောရခတ္တိယဟာ ရဟန္တာလဲ မဟုတ်ဘူး၊ ရဟန္တာဖြစ်ဘို့အကျင့်လဲ သူ့မှာမရှိဘူး၊ သင်ကြည်ညိုနေတဲ့ ကောရခတ္တိယဟာ ဒီကနေ့က နောက် ခုနစ်ရက် လွန်မြောက်တဲ့နေ့မှာ အစာမကြေဘဲ စားပိုးနင့်ပြီး သေလိမ့်မယ်၊ သေပြီးတော့လဲ အသုရကာယ်မျိုးထဲမှာ အယုတ်အညံ့ဆုံး ဖြစ်သော ကာလကဥ္စိခေါ်တဲ့ အသုရာ ဖြစ်လိမ့်မည်၊ သူ၏အလောင်းကို ပြိတ်မြက်ရှိသော သင်းချိုင်းမှာ စွန့်ပစ်ရလိမ့်မည်၊
သုနက္ခတ္တ .... သင် အလိုရှိရင် ကောရခတ္တိယရဲ့ အလောင်းထံ သွားပြီးတော့ မေးပါလေ၊ ငါ့ရှင်ကောရခတ္တိယ .... သင်၏ လားရာ ဂတိကို သိပါရဲ့လား၊ ယခု သင်ဘယ်မှာ ဖြစ်နေပါသလဲလို့ မေးပါ၊ အဲဒီလိုမေးလျှင် ကောရခတ္တိယ သူသေကောင်က “သုနက္ခတ္တ... ငါ၏ လားရာဂတိကို သိပါတယ်၊ အသုရကာယ် မျိုးထဲမှာ အယုတ်အညံ့ဆုံးဖြစ်တဲ့ ကာလကဥ္စိကအသုရာ ဖြစ်နေပါတယ်” လို့ ပြောလိမ့်မယ်ဟု မြတ်စွာဘုရားက အနာဂတ်အကြောင်းကို ကြိုတင်ပြီး ဟောလိုက်ပါတယ်။
ဒီလို ဟောရတာလဲ တခြားကြောင့် မဟုတ်ဘူး၊ သုနက္ခတ္တက ဘုရားအပေါ်မှာ ယုံကြည်မှု သဒ္ဓါတရားပျက်နေလို့ သဒ္ဓါတရား ပြန်ဖြစ်စေလိုသောကြောင့်ပါဘဲ။ သဒ္ဓါတရား ပျက်ခြင်း၏ အကြောင်းကတော့ သူဟာ သမထလမ်းက တရား အားထုတ်လို့ ဈာန်နဲ့ဒိဗ္ဗစက္ခု အဘိညာဉ်အထိ ရခဲ့ပါတယ်၊ အဲဒီအဘိညာဉ်နဲ့ နတ်ပြည်လောကကို ကြည့်လိုက်တဲ့အခါ နတ်သားနတ်သမီးတွေကို သူမြင်ရတယ်၊ အလွန်လှပတင့်တယ်တဲ့ နတ်သားနတ်သမီးတွေကို မြင်ရတော့ အဲဒီ နတ်သား နတ်သမီးတွေရဲ့ ပြောဆိုသံကိုလဲ သူကကြားချင်လာတယ်။
ဒါနဲ့ အဲဒီအသံကို ကြားနိုင်တဲ့ ဒိဗ္ဗသောတ အဘိညာဉ်ကိုရအောင် အားထုတ်တဲ့ နည်းကို မြတ်စွာဘုရားထံမှာ မေးလျှောက်တယ်။ သူ့မှာ ဒိဗ္ဗသောတအဘိညာဉ်ကို မရနိုင်အောင် တားမြစ်တဲ့ အကုသိုလ်က ရှိနေတာနဲ့ မြတ်စွာဘုရားက နည်းမပေးဘဲ ထားပါတယ်။ ဒီလို နည်းမပေးတာကလဲ တခြားကြောင့် မဟုတ်ပါဘူး၊ နည်းပေးလိုက်ပေမဲ့ သူ့မှာ အဲဒီ အဘိညာဉ်ကို ရမှာမဟုတ်ဘူး၊ မရတော့ “မဟုတ်မမှန်တဲ့နည်းမှားကို ပေးလိုက်တယ်” ဆိုပြီး သူက ဘုရားကို စွပ်စွဲဦးမယ်၊ အဲဒါကြောင့် နည်းမပေးလိုက် တာပါဘဲ။
ဒါပေမဲ့ သူ့အထင်ကတော့ “ဘုရားလဲ သာကီဝင်မင်းသားဘဲ၊ ငါလဲ လိစ္ဆဝီမင်းသားဘဲ၊ ဒီအချက်မှာလဲ ငါဟာ ဘုရားနဲ့ မင်းသားအဖြစ်ဖြင့် တန်းတူ ဖြစ်နေတယ်၊ နောက်ပြီးတော့ ဘုရားလဲ ဒိဗ္ဗစက္ခု အဘိညာဉ်ရပြီး အမြင်ပေါက် နေတယ်၊ ငါလဲ ဒိဗ္ဗစက္ခုအဘိညာဉ်ရပြီး အမြင်ပေါက်နေတယ်၊ ဒီအချက်မှာလဲ တန်းတူဖြစ်နေတယ်၊ ဒိဗ္ဗသောတ အဘိညာဉ်ကိုတော့ ဘုရားမှာသာ ရတယ်၊ ငါ့မှာ မရဘူး၊ ဒီအချက်တခုဘဲ မတူဘဲ ဖြစ်နေတယ်၊
အကယ်၍ ဒိဗ္ဗသောတအဘိညာဉ်ကို ငါရသွားယင် ဘုရားနဲ့ ငါဟာ တန်းတူ ဖြစ်လာမယ်၊ ဒါကြောင့် တန်းတူမဖြစ်စေချင်လို့ ဒိဗ္ဗသောတအဘိညာဉ်ရအောင် အားထုတ်တဲ့နည်းကို ငါ့မပေးတာဘဲ” လို့ သူက အထင်မှားပြီး ဘုရားအပေါ်မှာ ယုံကြည်မှု သဒ္ဓါတရား ပျက်နေပါတယ်။ ဒါကြောင့် အဲဒီပျက်နေတဲ့ သဒ္ဓါတရားဟာ နောင်တချိန်မှာ ဖြစ်တန်သမျှ ဖြစ်ပြီး သဒ္ဓိန္ဒြေ ရင့်ကျက်တန်သမျှ ရင့်ပါစေဆိုတဲ့ ရည်ရွယ်ချက် ရှိတော်မူသောကြောင့် ဒီလို အနာဂတ်အရေးကို တင်ကြိုပြီး ဟောလိုက်ခြင်းဖြစ်ပါတယ်။
အဲဒီလိုဟောလိုက်တော့ သုနက္ခတ္တက ကောရခတ္တိယထံသွားပြီး အကြောင်းကြား ပါတယ်၊ “ငါ့ရှင် ကောရခတ္တိယ.... ရဟန်းဂေါတမက သင်ရဲ့ အနာဂတ်အရေးကို ဒီလို ဟောထားတယ်၊ ယနေ့မှ ခုနစ်ရက်မြောက်မှာ ကောရခတ္တိယဟာ စားပိုးနင့်ပြီး သေမယ်၊ သေပြီးတော့ ကာလကဥ္စိကအသုရာ ဖြစ်မယ်၊ အလောင်းကိုလဲ ပြိတ်မြက်ရှိတဲ့ သင်းချိုင်းမှာ စွန့်ပစ်ရမယ် လို့ ဟောထားပါတယ်၊
ဒါကြောင့် ငါ့ရှင် ကောရခတ္တိယ .... ရဟန်းဂေါတမ၏ ဟောပြောချက်မမှန်ဘဲ လွဲမှားသွားအောင် အထူး သတိပြုပြီး အတိုင်းအရှည်နဲ့ စားသောက်ပါလေ” လို့ သတိပေးစကားလဲ ပြောပါတယ်။ သူ့အလိုကတော့ ဘုရားဟောလိုက်တဲ့စကား မှားစေချင်တာပါဘဲ၊ မှားယင် ဘုရားကို စွပ်စွဲဘို့ ရည်ရွယ်ချက်နဲ့ သွားပြောတာပါဘဲ။ အဲဒါကို ထောက်ဆကြည့်ယင် သုနက္ခတ္တဟာ ဘုရားအပေါ် သဒ္ဓါတရား လုံးဝပျက်စီးနေတယ် ဆိုတာ ထင်ရှားနေပါတယ်။
ဒါပေမဲ့ ဘုရားစကားဆိုတာ လွဲမှားရိုးမရှိဘူး၊ မချွတ်ဧကန် မှန်နေတာချည်းဘဲ။ ဒါကြောင့် မြတ်စွာဘုရားဟောတဲ့အတိုင်း အကုန်လုံး အမှန်ချည်း ဖြစ်သွားပါတယ်။ ဖြစ်ပုံကတော့- ကောရခတ္တိယဟာ သုနက္ခတ္တရဲ့စကားကို ကြားရတော့ ရဟန်း ဂေါတမက ငါ့ကို ဒီလိုပြောရမလားလို့ မခံချင်တဲ့စိတ်ကလဲရှိတာနဲ့ စားပိုးနင့်ပြီး သေခြင်း မဖြစ်နိုင်အောင် အဲဒီနေ့ကစပြီး သူကအစာမစားဘဲ နေသတဲ့။
သုနက္ခတ္တက သူ့ကိုယ်တော်ကို တယ်စိတ်မချတာနဲ့ နေ့စဉ်နေ့တိုင်း သွားပြီး သတိပေးနေတယ်၊ တရက်တော့ အောင်သွားပြီနော်၊ နောက် ၆-ရက်ပဲ လိုတော့တယ်၊ သတိပြုပါ၊ ၂-ရက်တော့ အောင်သွားပြီ၊ သုံးရက်, လေးရက်, ငါးရက်, ၆-ရက်တော့ အောင်သွားပြီ၊ တရက်ပဲလိုတော့တယ်၊ ကြပ်ကြပ်သတိပြုပါလို့ နေ့စဉ်သွားပြီး သတိပေးနေတယ်။ ဘုရားဟောတဲ့စကား မှားစေချင်လွန်းလို့ ကြိုးစားနေတဲ့ သဘောပါဘဲ၊ ယုတ်ညံ့တဲ့ အလိုရှိတာဟာ သိပ်ကြောက်စရာ ကောင်းတာဘဲ။
ဒီလို သုနက္ခတ္တကလဲ နေ့စဉ်သတိပေးလို့ ကောရခတ္တိယကလဲ အထူးသတိပြုပြီး စောင့်ရှောက်နေပေမယ်လို့ ခုနစ်ရက်မြောက်နေ့ကျတော့ ကောရခတ္တိယရဲ့ ဆွမ်းဒကာ ငါ့အရှင် ကိုယ်တော်မြတ်ဟာ ဆွမ်းစား မကြွလာတာ ခုနစ်ရက်တောင် ရှိသွားပြီ၊ နေမကောင်းလို့လေလား- လို့စဉ်းစားပြီး ဝက်သားဟင်းနဲ့ ဆွမ်းသွား ပို့ပါသတဲ့။ ကောရခတ္တိယကို ဆွမ်းကျွေးရတာကတော့ အင်မတန်လွယ်ပါတယ်၊ ခွေးကို အစာကျွေးသလိုဘဲ မြေကြီးပေါ်မှာ ပုံပြီး ကျွေးလိုက်ရုံပါဘဲ၊
အဲဒီလို ကျွေးလိုက်တော့ ထမင်းနံ့ဟင်းနံ့ကိုရတဲ့အခါ ကောရခတ္တိယက သိပ်စားချင် လာတယ်၊ စားချင်မယ်ဆိုလဲ စားချင်စရာပေဘဲ၊ မစားရတာ ၆-ရက်တောင် ရှိသွားပြီ။ ဒါကြောင့် သူက စဉ်းစားတယ်၊ မစားဘဲနေလဲ အဆာလွန်ပြီး သေသွားနိုင်တယ်၊ ရဟန်းဂေါတမရဲ့စကားဟာ မှန်ချင်လဲမှန်ပါစေတော့ အစာစားပြီး ဝဝလင်လင်နဲ့ သေရတာက ဆာလောင်ပြီး သေရတာထက်တော့ ကောင်းသေးတာဘဲလို့ ဆင်ခြင်ပြီးတော့ တတောင်နှစ်ဖက် ဒူးနှစ်ဖက်နဲ့ လေးချောင်းထောက်ပြီး အဲဒီ ထမင်း ဟင်းတွေကို ဝမ်းပြည့်အောင် အများကြီး စားလိုက်ပါရောတဲ့။ အဲဒီလို စားလိုက်တဲ့အတွက် အစာမကြေဖြစ်ပြီး စားပိုးနင့်တဲ့ရောဂါနဲ့ ကောရခတ္တိယဟာ အဲဒီညမှာဘဲ သေသွားရှာတယ်။ သေပြီးတော့ အယုတ်အညံ့ဆုံး ကာလကဥ္စိက အသုရာမျိုးမှာ ဖြစ်သွားရှာတယ်။
အဲဒီလို သေသွားတော့ သူ့ဆိုင်ရာ တိတ္ထိဂိုဏ်းသားတွေက ရက်ကို တွက်ကြည့် ကြတယ်၊ “ဘုရားဟောတဲ့အတိုင်း ခုနစ်ရက်မြောက်နေ့မှာ သေမယ်၊ စားပိုးနင့်ပြီး သေမယ်” ဆိုတာတွေ မှန်နေကြောင်း တွေ့ကြရတယ်။ ဒါပေမဲ့ နောက်ဆက်တွဲ ဟောပြောချက်ကိုတော့ လွဲအောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြိတ်မြက်မရှိတဲ့ သင်းချိုင်းမှာ စွန့်ပစ်ဖို့ရာ အလောင်းကို နွယ်နဲ့ချည်ပြီး ခွေးသေကောင်များလို ဆွဲဆောင်သွားကြပါသတဲ့၊
အဋ္ဌကထာမှာ “အာကဍ္ဎုန္တာ၊ ကဍ္ဎုမာနာ=ဆွဲဆောင် ကြတယ်” လို့သာ ဆိုထား ပါတယ်၊ ထမ်းဆောင်ကြတယ်လိုတော့ မဆိုဘူး။ ဒါကြောင့် ခွေးသေကောင်ကို ဆွဲသလို ဆွဲဆောင်သွားကြတယ်လို့ ပြောရပါတယ်။ အဲဒီလို ဆွဲသွားရင်း သင်းချိုင်းကုန်းတခုကို ရောက်သွားတယ်၊ အဲဒီမှာ စွန့်ပစ်မယ်လို့ ကြံစည်ကြပြီးတော့ ပြိတ်မြက် ရှိ-မရှိ စုံစမ်းကြည့်ရှုတဲ့အခါ ပြိတ်မြက် ရှိနေတာကို တွေ့ကြရတယ်၊
ဒါကြောင့် တခြားသင်းချိုင်းကို ပို့ဘို့ရာ ဆွဲဆောင်ကြပြန်တယ်၊ အဲဒီအခါ ချည်ထားတဲ့ နွယ်က ပြတ်သွားပါရောတဲ့။ အဲဒီက နောက်မှာ အလောင်းကောင်ကို လှုပ်လို့တောင် မရတော့ဘူးတဲ့။ ဒါနဲ့ အဲဒီ တိတ္ထိဂိုဏ်းသား တွေဟာ ခြေကုန် လက်ပမ်းကျပြီး မောကုန်တဲ့အတွက် အဲဒီပြိတ်မြက်ရှိတဲ့ သင်းချိုင်းမှာဘဲ အလောင်းကောင်ကို စွန့်ပစ်ထားခဲ့ ကြပါရောတဲ့။
ကောရခတ္တိယ၏ အလောင်းကို ပြိတ်မြက်ရှိတဲ့ သင်းချိုင်းမှာဘဲ စွန့်ပစ်ခဲ့ကြသတဲ့ ဆိုတဲ့ သတင်းကို ကြားရတဲ့အခါ သုနက္ခတ္တက ဒီလို စဉ်းစားပြန်တယ်၊ ရှေ့ပိုင်းက ဟောပြောချက်တွေတော့ မှန်ကန်ပြီ၊ ဒါပေမဲ့ သူသေကောင်ကထပြီး စကားပြောရိုး တော့မရှိဘူး၊ ဒီအချက်ကတော့ ဧကန်မှားရမယ်လို့ စဉ်းစားပြီးတော့ အဲဒီသင်းချိုင်းကို သွားတယ်၊ကောရခတ္တိယ၏ အလောင်းကို လက်နဲ့ပုတ်ပြီးတော့ “ငါ့ရှင် ကောရခတ္တိယ ... သင်၏ လားရာဂတိကို သိပါရဲ့လား၊ ဘာဖြစ်နေသလဲ” လို့ မေးပါတယ်။ ဒီတော့ အလောင်းကောင်ကြီးက ထလာပြီးတော့ “သုနက္ခတ္တ... ငါ၏ လားရာဂတိကို ငါသိပါတယ်၊ အယုတ်အညံ့ဆုံးဖြစ်တဲ့ ကာလကဥ္စိကအသုရာ ဖြစ်နေပါတယ်” လို့ ပြောပြီး ပြန်လဲကျသွားသတဲ့။
ကာလကဥ္စိက အသုရာဆိုတာ ပြိတ္တာလို အကောင်မျိုးပါဘဲ၊ ကိုယ်ကောင်က ၃-ဂါဝုတ်၊ မိုင်အားဖြင့် ၆-မိုင်လောက်ရှိတဲ့၊ ပါးစပ်ပေါက်က ထိပ်တဲ့တဲ့မှာ အပ်နဖားပေါက် လောက် ရှိသတဲ့၊ အဲဒီထိပ်က ပါးစပ်နဲ့ အောက်ကို စိုက်ပြီး စားဘို့ သောက်ဖို့ အားထုတ်ရတယ်၊ ရေလဲမသောက်ရ အစာလဲ ကောင်းကောင်း မစားရနဲ့ ပိန်ခြောက်နေတယ်လို့ ဆိုပါတယ်။
ဒီနေရာမှာ အသေကောင်ဆိုတာ ထပြီးစကားပြောရိုး မရှိဘူး၊ ကောရခတ္တိယ အလောင်းဟာဘာကြောင့် ထပြီးစကား ပြောသလဲလို့ စဉ်းစားစရာ ရှိပါတယ်။ မြတ်စွာဘုရားက တန်ခိုးတော်ဖြင့် အသုရကာယ်ပြိတ္တာကို အဲဒီအလောင်းကောင် ထဲမှာ ဝင်စေပြီး ပြောစေတယ်လို့ အဋ္ဌကထာမှာ ပြထားပါတယ်။ တချို့ မှော်ဆရာ တွေတောင် ဒီလိုဟာမျိုး ပြုလုပ်နိုင်သေးတာဘဲ၊ မြတ်စွာဘုရား၏ တန်ခိုးတော်အရ ဆိုတော့ ဘာမျှ သံသယဖြစ်စရာ မရှိတော့ပါဘူး။
အဲဒီလို ကောရခတ္တိယ အလောင်းက ပြောလိုက်တော့မှ သုနက္ခတ္တဟာ သူ့ထင်ခြေတွေ အကုန်လုံး ပျက်ကုန်တာနဲ့ စိတ်ပျက်ပြီး မြတ်စွာဘုရားထံ ပြန်လာသတဲ့။ ဒီတော့ မြတ်စွာဘုရားက “ဘယ့်နှယ်လဲ သုနက္ခတ္တ ... ငါဟောတာတွေ မှန်ရဲ့ မဟုတ်လား” လို့ မေးတော်မူပါတယ်။ အကုန်လုံး မှန်တဲ့အကြောင်း လျှောက်ထားပါတယ်။
အဲဒါ အကြောင်းပြုပြီး သုနက္ခတ္တမှာ သဒ္ဓိန္ဒြေ နဲနဲတော့ ရင့်ကျက်သွားမှာပါဘဲ၊ ဒါပေမဲ့ မြတ်စွာဘုရားကို သူက ကောင်းကောင်းတော့ မကြည်ညိုဘူး။ ဒါကြောင့် သုနက္ခတ္တဟာ နောက်တချိန် ကျတော့ သာသနာတော်ကတောင် လူထွက်ပြီး ဘုရားအကြောင်း မကောင်း သတင်းတောင် လွှင့်နေသေးသတဲ့။ အဲဒါဟာ အလိုအဇ္ဈာသယက ယုတ်ညံ့လို့ ယုတ်ညံ့တဲ့ ပုဂ္ဂိုလ် ယုတ်ညံ့တဲ့အယူကိုမှ ယုံကြည် သဘောကျနေလို့ပါဘဲ။
ဒီဝတ္ထုထဲမှာ ကောရခတ္တိယ ကျင့်နေတဲ့အကျင့်ဟာ သီလဗ္ဗတုပါဒါန်နဲ့ဆိုင်တဲ့ အကျင့်ပါဘဲ။ အတိုချုပ် အားဖြင့်တော့ “နွား, ခွေးစသည်တို့၏ အလေ့အကျင့်မျိုးဖြင့် ချမ်းသာကောင်းစားနိုင်သည်” ဟု ယုံကြည်စွဲလမ်းတာဟာ သီလဗ္ဗတုပါဒါန်ပါဘဲ။ ကဲ ဆိုကြရမယ်---
နွား, ခွေး စသည်တို့၏ အလေ့အကျင့်မျိုးဖြင့် ချမ်းသာကောင်းစား နိုင်သည်ဟု ယုံကြည်စွဲလမ်းတာက သီလဗ္ဗတုပါဒါန်။
သီလဗ္ဗတခေါ်တဲ့ အလေ့အကျင့် အမျိုးမျိုး
▬▬▬▬▬▬▬▬▬
နွား, ခွေး စသည်တို့၏ အလေ့အကျင့်လို့ ဆိုရာမှာ စသည်အရ အလေ့အကျင့်တွေက အများကြီး ရှိနေသေးတယ်။ မဟာနိဒ္ဒေသပါဠိတော်မှာ ဟတ္ထိဝတိက-ဆင်အမူအရာ အတုလိုက်ပြီး ကျင့်တဲ့သူတဲ့၊ ဆင်ကို ကိုးကွယ်တဲ့ အကျင့်ရှိတဲ့သူလဲ ဖြစ်သင့်ပါတယ်။ အဿဝတိက-မြင်းအမူအရာ အတုလိုက်ပြီး ကျင့်တဲ့သူတဲ့၊ မြင်းကို ကိုးကွယ်တဲ့ အကျင့် ရှိသူလဲ ဖြစ်နိုင်ပါတယ်။ တချို့ အရပ်ဒေသက လူတွေဟာ ဆင်ရုပ် မြင်းရုပ်တွေကို ကိုးကွယ်နေကြတာ ရှိပါတယ်။
ကာကဝတိက ကျီးအမူရာ အတုလိုက်ပြီး ကျင့်တဲ့သူတဲ့၊ ဒီနေရာမှာတော့ ကျီးကို ကိုးကွယ်တာက ပိုပြီး သဘာဝကျဘွယ် ရှိပါတယ်။ ဝါသုဒေဝဝတိက ဝါသုဒေဝ မင်းကို ကိုးကွယ်သူတဲ့၊ ဗလဒေဝဝတိက ဗလဒေဝမင်းကို ကိုးကွယ်သူတဲ့၊ ဒီအကျင့် ၂-ခုကတော့ လူလူချင်း အတုလိုက်ပြီး ကျင့်စရာမလိုပါဘူး၊ ဗမာပြည်မှာ မင်းကလေးတို့, ၃၇-မင်းတို့, ဘိုးတော်ကြီးတို့ ကိုးကွယ်တာမျိုးဘဲ ဖြစ်သင့်ပါတယ်။ ထူးတာကတော့ ဗမာပြည်က နတ်အမျိုးမျိုး ကိုးကွယ်ကြတာကတော့ နောင် ဘဝအတွက် သံသရာမှ လွတ်မြောက်ရေးအတွက်ရည်ရွယ်ပြီး ကိုးကွယ်ကြတာ မဟုတ်ဘူး၊ မျက်မှောက် တွင်ဘဲမ, စလိမ့်မယ်၊ စောင့်ရှောက်လိမ့်မယ်လို့ မြှော်လင့်ပြီး ကိုးကွယ်ကြတာသာ ဖြစ်တယ်၊ ရာထူးဌာနန္တရရှိတဲ့ အထက်လူကြီးတွေကို အားကိုးတဲ့ သဘောမျိုးပါဘဲ၊ ဒါကြောင့် သီလဗ္ဗတုပါဒါန် ဖြစ်တယ်လို့တော့ မဆိုရပါဘူး။
ဒါပေမဲ့ နတ်ကိုးကွယ်တဲ့ သူတွေက အင်မတန် အစွဲအလမ်းကြီးတယ်၊ အစွဲအလမ်း ကြီးတဲ့အတွက် သားငါးတွေကို သတ်ပြီး ပူဇော်ပသတာတွေလဲ ရှိတယ်လို့ ကြားရတယ်၊ အဲဒါတွေကတော့ ဥပါဒါန်သဘော သက်ရောက်နေပါတယ်။
နောက်ပြီးတော့ အဂ္ဂိဝတိက-မီးကို ပူဇော်ကိုးကွယ်တဲ့သူတဲ့၊ ဒီအကျင့်မှာလဲ မီးကို အတုလိုက်ကျင့်လို့တော့ မဖြစ်ဘူး၊ ဒါကြောင့် မီးကို ပူဇော်ကိုးကွယ်တဲ့ အကျင့်ကိုသာ ယူရမယ်။ နောက်ပြီးတော့ -
နာဂဝတ-နဂါးကို ကိုးကွယ်တဲ့အကျင့်၊
သုဝဏ္ဏဝတ-ဂဠုန်ကို ကိုးကွယ်တဲ့အကျင့်၊
ယက္ခဝတ-ဘီလူးကို ကိုးကွယ်တဲ့အကျင့်၊
ဂန္ဓဗ္ဗဝတ-ဂန္ဓဗ္ဗနတ် ကိုးကွယ်တဲ့အကျင့်၊
မဟာရာဇဝတ-စတုမဟာရာဇ် နတ်မင်းကြီးတွေ ကိုးကွယ်တဲ့အကျင့်၊
စန္ဒဝတ-လ ကိုးကွယ်တဲ့အကျင့်၊
သူရိယဝတ နေ ကိုးကွယ်တဲ့ အကျင့်၊
ဣန္ဒဝတ-သိကြားမင်းကိုးကွယ်တဲ့အကျင့်၊
ဗြဟ္မဝတ-ဗြဟ္မာမင်း ကိုးကွယ်တဲ့အကျင့်၊
ယခုကာလ ဖန်ဆင်းတဲ့ ထာဝရဘုရားသခင် ကိုးကွယ်တဲ့ အကျင့်မျိုးပါဘဲ။
ဒေဝဝတ-နတ်ကိုးကွယ်တဲ့ အကျင့်၊ နောင်ဘဝချမ်းသာ ကောင်းစားအောင် သံသရာ ဆင်းရဲမှ လွတ်မြောက်အောင် ကယ်တင်နိုင်တယ်လို့ ယုံကြည်ပြီး ကိုးကွယ်လျှင် ဒါလဲ သီလဗ္ဗတုပါဒါန်ဖြစ်တာဘဲ။ ဒိသာဝတ အရှေ့, အနောက်စသော အရပ်မျက်နှာကို ကိုးကွယ်တဲ့ အကျင့်၊ ဒီနေရာမှာတော့ အဋ္ဌကထာက အရပ်မျက်နှာ ရှိခိုးတဲ့အကျင့်လို့ အထင်အရှား ဖွင့်ပြထားပါတယ်။ အဲဒီတော့ အတုလိုက်ပြီး ကျင့်ဘို့ မဖြစ်သင့်ရာမှာ ပူဇော်ကိုးကွယ်တာကို ဝတလို့ယူရမယ်၊
အတုလိုက်ပြီးတော့ ကျင့်ဘို့ဖြစ်နိုင်ရာမှာတော့ အတုလိုက်ပြီး ကျင့်တာရော, ပူဇော် ကိုးကွယ်တာရော နှစ်မျိုးလုံးကို ဝတ-လို့ ယူရမယ်။ စောစောပိုင်းက ပြောခဲ့တဲ့ ဂေါဝတ, ကုက္ကုရဝတ-ဆိုတာတွေကိုလဲ ဒီနိဒ္ဒေသပါဠိတော်မှာ ပြထားပါသေးတယ်၊ အဲဒီမှာလဲ နွားကိုးကွယ်တဲ့ အကျင့်၊ ခွေးကိုးကွယ်တဲ့အကျင့် တွေကိုလဲ ဝတ-လို့ ယူသင့်တာ ပါဘဲ။ ဘာကြောင့်လဲ ဆိုယင် အချို့လူမျိုးတွေက နွားကိုးကွယ် နေကြတယ်၊ အချို့က ခွေးကိုးကွယ်နေကြတယ်၊ ဒါကြောင့်ပါဘဲ။
သီလဗ္ဗတုပါဒါန်၌ အတိုချုပ်မှတ်ရန်
▬▬▬▬▬▬
အဲဒါကြောင့် သီလဗ္ဗတ-ဆိုတာ နွား, ခွေး စသည်တို့၏ အလေ့အကျင့်ရော၊ အဲဒီ နွား, ခွေး စသည်ကို ကိုးကွယ်တဲ့ အကျင့်ရော အဲဒါတွေကို ခေါ်တယ်လို့ မှတ်ရမယ်။ အတိုချုပ်အားဖြင့်ဆိုယင်တော့ သစ္စာ ၄-ပါးကို မြင်အောင်ကျင့်ရတာလဲ မဟုတ်ပါဘဲ၊ မဂ္ဂင်ရှစ်ပါးလဲ မပါဘဲ ကျင့်ရတဲ့ အလေ့အကျင့် ဟူသမျှကို သီလဗ္ဗတခေါ်တယ်၊ အဲဒီ အကျင့်မျိုးကို သံသရာမှ လွတ်မြောက်ကြောင်း ဆင်းရဲမှ လွတ်မြောက်ကြောင်း အကျင့်ကောင်းအနေနဲ့ ယုံကြည်စွဲလမ်းတာကို သီလဗ္ဗတုပါဒါန်ခေါ်တယ်လို့ မှတ်ရမယ်။ ကဲ ဆိုကြရမယ် -
သစ္စာမမြင်၊ မဂ္ဂင်မပါ၊ လေ့ကျင့်တာ၊ မှတ်ပါသီလဗ္ဗတ။
ဗုဒ္ဓသာသနာတော်မှ အပြင်ဘက်မှာ ဆင်းရဲမှလွတ်မြောက်ကြောင်း အနေနဲ့ ယုံကြည်ယူဆပြီး ကျင့်နေကြတာတွေဟာ အများအားဖြင့် သီလဗ္ဗတခေါ်တဲ့ အကျင့်ဘဲ များပါတယ်။ တချို့က ဂင်္ဂါမြစ်ရေချိုးရုံနဲ့ အပြစ်စင်ကြယ်တယ်လို့ ယူကြတယ်၊ တချို့ကလဲ ကောင်းကင်ဘုံက ထာဝရဘုရားသခင်ကို ယုံကြည် ကိုးကွယ်ရုံနဲ့ အပြစ်မှစင်ကြယ်တယ်၊ သေတဲ့အခါ ကောင်းကင်ဘုံ ရောက်တယ်လို့ ယူကြတယ်၊ တချို့ကလဲ နွား, ဆိတ် စသည်ကို သတ်ပြီး ပူဇော်ရုံနဲ့ အပြစ်ကင်းတယ်လို့ ယူကြတယ်။
အဲဒီလို အကျင့်တွေထဲမှာ သစ္စာ ၄-ပါးကို မြင်အောင် ကျင့်ရတာလဲ မပါဘူး၊ မဂ္ဂင်ရှစ်ပါးဆိုတဲ့ သီလ, သမာဓိ, ပညာကို ပွါးစေရတာလဲ မပါဘူး၊ ဒါကြောင့် အဲဒီလို အလေ့အကျင့်မျိုးကို သံသရာမှ လွတ်မြောက်ကြောင်း နတ်ပြည် နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်း အနေနဲ့ ယူဆ စွဲလမ်းယင် အဲဒါဟာ သီလဗ္ဗတုပါဒါန်ဘဲ။
သောတာပန်မှာ သီလဗ္ဗတုပါဒါန်ကင်းပုံ
▬▬▬▬▬▬▬▬
ဒွါရ ၆-ပါးက ဖြစ်တိုင်းသော ရုပ်နာမ်တရားတွေကို ရှုမှတ်လို့ အောက်ထစ်ဆုံး အားဖြင့် သောတာပန် အရိယာ ဖြစ်နေတဲ့ ပုဂ္ဂိုလ်မှာတော့ နိဗ္ဗာန်ရောက်ကြောင်း ဝိပဿနာ အကျင့်လမ်းမှန်ကို သိပြီးဖြစ်နေတယ်၊ ဒါကြောင့် အရိယာ ပုဂ္ဂိုလ်များဟာ ဒီသီလဗ္ဗတခေါ်တဲ့ အလေ့အကျင့်မျိုးကို အကျင့်ကောင်းအနေနဲ့ ယုံကြည်ခြင်း ယူဆခြင်း မရှိတော့ဘူး၊ အဲဒါကို ရည်ပြီးတော့ ဘုန်းကြီးက ဉာဏ်စင်တရားထဲမှာ သောတာပန်က သီလဗ္ဗတပရာမာသ သံယောဇဉ်ကို ပယ်တဲ့အကြောင်း ဒီလို ဆောင်ပုဒ် စီထားပါတယ်--
သစ္စာမမြင်၊ မဂ္ဂင်မပါ၊ လေ့ကျင့်ကာဖြင့်၊ ချမ်းသာမြဲမည်၊ မယုံကြည်၊ ကုန်ပြီ သီလဗ္ဗတာတဲ့။
ဆိုလိုတာကတော့ သစ္စယ ၄-ပါးကို ရှုရခြင်း သိမြင်ရခြင်းလဲ မရှိပါဘဲ, မှတ်သိမှု သမ္မာဒိဋ္ဌိ အစရှိသော မဂ္ဂင်ရှစ်ပါး တရားတွေကိုလဲ ပွါးစေရခြင်းမရှိပါဘဲ တစုံတခုသော အလေ့အကျင့်ကို လေ့ကျင့်ရုံမျှဖြင့် ဆင်းရဲကင်းပြီး အမြဲတမ်းချမ်းသာသွားမယ်၊ အမြဲတမ်း ချမ်းသာရာရောက်သွားမယ်လို့ ဒီလို ယုံကြည်ယူဆတဲ့ အယူအစွဲဟာ သောတာပန်မှာ လုံးဝကင်းသွားပြီ, ကုန်သွားပြီလို့ ဆိုလိုပါတယ်၊
အဲဒါဟာ ဘာကြောင့်လဲဆိုယင် အကျင့်လမ်းမှန်ကို သိပြီးဖြစ်နေလို့ပါဘဲ။ ဒွါရ ၆-ပါးက ဖြစ်ခိုက် ရုပ်နာမ်တရားတွေကို ရှုမှတ် အမှန်အတိုင်း သိမြင်တဲ့ သမ္မာဒိဋ္ဌိ အစရှိသော မဂ္ဂင်ရှစ်ပါး တရားတွေဖြစ်တယ်၊ ခဏမစဲ ဖြစ်ပျက်နေလို့ ဆင်းရဲမျှဖြစ်တဲ့ ဒုက္ခသစ္စာ အစရှိတဲ့ သစ္စာ ၄-ပါးကို သိမြင်တယ်၊ ဒီလို သိမြင်မှ ဆင်းရဲချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကို မျက်မှောက် တွေ့နိုင်တယ်ဆိုတာကို သောတာပန် ပုဂ္ဂိုလ်က သူကိုယ်တိုင် တွေ့ပြီး, သိပြီး ဖြစ်နေပါတယ်၊ ဒီလို လမ်းမှန်ကို သိပြီးဖြစ်နေတဲ့အတွက်ကြောင့် အဲဒီ အလေ့အကျင့်မျှဆိုတဲ့ လမ်းမှားတွေကို ယုံကြည်ခြင်းလက်ခံခြင်း မရှိတာပါဘဲ။
ဥပမာ-ဒီ သာသနာ့ရိပ်သာမှ ရွှေတိဂုံစေတီတော်ကို သွားဖူးမယ်ဆိုယင် ကုက္ကိုင်း လမ်းမကြီးအတိုင်း တောင်ဘက်ကို လျှောက်သွားရတယ်၊ ကန်တော်ကြီးစောင်း ရောက်တော့ စေတီတော်ဆီ တဲ့တဲ့သွားတဲ့လမ်းကို လိုက်သွားယင် အရှေ့မုခ်ဝကို ရောက်တယ်၊ အဲဒီက တက်သွားတော့ စေတီယင်ပြင်ပေါ် ရောက်တယ်၊ အဲဒီလို မှတ်မှတ်သားသားနဲ့ တခေါက် တခေါက် ရောက်ဘူးတယ် ဆိုယင် စေတီတော်ကို သွားတဲ့လမ်းစဉ်ကို သိတော့တာဘဲ၊ အဲဒီလို သိနေတဲ့လူဟာ ကုက္ကိုင်းလမ်းက မြောက်ဖက်လျှောက်သွားရတယ်လို့ တစုံတယောက်ကပြောယင် လက်မခံတော့ဘူး၊ မယုံတော့ဘူး၊ ဘာကြောင့်လဲ သူကိုယ်တိုင် သွားပြီးဖြစ်၍ လမ်းမှန်ကိုသိပြီး ဖြစ်သောကြောင့်ပါဘဲ။
အဲဒါလိုပါဘဲ သောတာပန်က နိဗ္ဗာန်ရောက်ကြောင်း လမ်းမှန်ကို သိပြီးဖြစ်နေပါတယ်၊ ဒါကြောင့် နွား, ခွေး စသည်တို့၏ အကျင့်၊ နွား, ခွေး စသည်ကို ကိုးကွယ်တဲ့အကျင့်၊ အရှင်ကြီး, နတ်, သိကြား, ဗြဟ္မာ ထာဝရဘုရား ဆိုတာတွေကို ယုံကြည်ကိုးကွယ်တဲ့ အကျင့်၊ ရေစိမ်တဲ့အကျင့်၊ နေလှန်းတဲ့အကျင့်၊ ကိုယ်ပင်ပန်းအောင် လုပ်တဲ့အကျင့် အစရှိတဲ့ ဒီလိုအလေ့အကျင့်မျိုးတွေကို အကျင့်ကောင်းအနေနဲ့ ယုံကြည်ခြင်း ယူဆခြင်းမရှိပဲ ကင်းနေတာပါဘဲ။
ပုထုဇဉ်မှာ ဆရာများသည်
▬▬▬▬▬▬▬▬▬
တရားလမ်းမှန်ကို မသိသေးတဲ့ ပုထုဇဉ်တွေမှာတော့ အဲဒီ အလေ့အကျင့်မှားတွေကို အလေ့အကျင့်ကောင်းအနေနဲ့ ယုံကြည်ယူဆမှုက လုံးဝမကင်းသေးဘူး၊ မိစ္ဆာအယူ ရှိနေတဲ့ မိဘတို့ ဆရာတို့, အပေါင်းအဖော်တို့ ဒီလိုပုဂ္ဂိုလ်တွေကို အမှီပြုပြီးတော့လဲ အဲဒီ သီလဗ္ဗတအယူအစွဲမျိုးကို သဘောကျ လက်ခံတတ်တယ်၊ အဲဒီအယူဝါဒ ဆိုင်ရာ ကျမ်းစာကို ကြည့်မိလို့လဲ သဘောကျ လက်ခံတတ်တယ်၊
စဉ်းစားကြည့်ပါ၊ အဲဒီလို မိစ္ဆာ အယူရှိတဲ့ မိဘတွေရဲ့ သားသမီးဖြစ်ယင်, အဲဒီလို ဆရာတွေရဲ့ တပည့်ဖြစ်ယင်, အဲဒီလို မိတ်ဆွေတွေရဲ့ အပေါင်းအဖော်ဖြစ်ယင် အဲဒီ မိစ္ဆာအယူကို သဘောကျလို့ လက်ခံဘို့ရာ အင်မတန် နီးစပ်နေပါတယ်၊ ကိုယ့်မှာဘာမျှ သုတအခံမရှိဘဲနဲ့ အဲဒီလိုကျမ်းစာကို လေ့လာမိယင်လဲ အဲဒီလို မိစ္ဆာအယူကို သဘောကျလို့ လက်ခံဘို့ နီးစပ်နေပါတယ်။
ဘာကြောင့်လဲဆိုယင် ပုထုဇဉ်ဟာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်လမ်းမှန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် မသိသေးတဲ့အတွက် ဟိုဆရာက ဟုတ်နိုးနိုး ဒီဆရာက ဟုတ်နိုးနိုး၊ ဟိုအကျင့်က ဟုတ်နိုးနိုး ဒီအကျင့်က ဟုတ်နိုးနိုးနဲ့ ဆရာတွေများနေတယ်၊ ဒီလိုဆရာတွေများနေလို့ဘဲ ပုထုဇန-ပုထုဇဉ် လို့ခေါ်ရတာ။
အဲဒီတော့ ပုထုဇဉ်အဖြစ်နဲ့ သံသရာမှာ ကျင်လည်နေရယင် ဘဝတိုင်း ဘဝတိုင်းမှာ ဆရာအမျိုးမျိုး အကျင့်အမျိုးမျိုးနဲ့ တွေ့နေရမယ်၊ ဆရာမှား အကျင့်မှားတွေနဲ့ တွေ့ရယင် “ပေါ့စေလိုလို့ ဆေးထိုး ဆေးအတွက်လေး” ဆိုတာလို ချမ်းသာချင်လို့ ကျင့်လိုက်မှ အကျင့်မှားအတွက် ဒုက္ခတွေ အများကြီး ရောက်သွားနိုင်တယ်။
ကျွဲ, နွား, ဆိတ်, ဝက် စသည်ကို သတ်ပြီး ပူဇော်တဲ့ အကျင့်ဖြင့် နတ်ရွာနိဗ္ဗာန် ရောက်နိုင်တယ်လို့ယုံကြည်ပြီး အဲဒီအကျင့်ကိုကျင့်မိယင် အပါယ်ငရဲရောက်ဖို့ရာ သေချာနေတာဘဲ၊ အင်မတန် ကြောက်စရာကောင်းပါတယ်။ အဝတ်မဝတ်ပဲ မစား မသောက်ပဲ ဣရိယာပုထ် မမျှစေပဲ ကိုယ်ပင်ပန်းအောင် ကျင့်ခြင်းဖြင့် ဆင်းရဲမှ လွတ်မြောက်တယ်လို့ ယုံကြည်ပြီး ကျင့်ယင်လဲ ဆင်းရဲ ပင်ပန်းရုံမျှ ရှိမှာဘဲ။
လမ်းဆုံးထင်လျှင် ဈာန်လဲ သီလဗ္ဗတမည်တာဘဲ
▬▬▬▬▬▬▬▬
တချို့က ရူပဈာန်မျှနဲ့ ဆင်းရဲမှ လုံးဝလွတ်မြောက်တယ်လို့ ယူဆကြတယ်၊ တချို့ကလဲ အရူပဈာန်မျှနဲ့ ဆင်းရဲမှ လုံးဝလွတ်မြောက်တယ်လို့ ယူဆကြတယ်၊ ဒါတွေလဲ သီလဗ္ဗတအယူအစွဲတွေပါဘဲ။ အချုပ်အားဖြင့်တော့ သစ္စာ ၄-ပါးကို သိမြင်နိုင်တဲ့ မဂ္ဂင်အကျင့်မဟုတ်တဲ့ အလေ့အကျင့်ဟူသမျှကို အမြဲတမ်း ချမ်းသာ ရာသို့ ရောက်ကြောင်း အကျင့်ကောင်းအဖြစ်နဲ့ ယူဆစွဲလမ်းတာ ဟူသမျှဟာ သီလဗ္ဗတုပါဒါန်ချည်းဘဲ။ ဒါကြောင့် ဝိသုဒ္ဓိမဂ် မဟာဋီကာ (၂-၃၃၃)မှာ---
သုဒ္ဓိမဂ္ဂပရာမသနဝသေန ပဝတ္တိတံ ယံ ကိဉ္စိ လောကိယံ သီလံ ဈာနဉ္စ သီလဗ္ဗတ မိစ္စေဝ ဣဓာဓိပ္ပေတံ--
လို့ မိန့်ဆိုထားပါတယ်။
သုဒ္ဓိမဂ္ဂပရာမသနဝသေန၊ သံသရာဝဋ်ဆင်းရဲမှ စင်ကြယ်ကြောင်း = လွတ်မြောက် ကြောင်း အကျင့်လမ်းကောင်းဟု သုံးသပ်မှတ်ယူသည်၏ အလိုအားဖြင့်။
ပဝတ္တိတံ၊ ဖြစ်စေအပ် ကျင့်သုံးအပ်သော။
ယံ ကိဥ္စိ၊ အမှတ်မရှိ တစုံတခုသော။
လောကိယံ သီလံ စ၊ လောကီ သီလ ဟူသမျှကို၎င်း။
လောကိယံ ဈာနဉ္စ၊ လောကီဈာန်ဟူသမျှကို၎င်း။
သီလဗ္ဗတမိစ္စေဝ၊ အလေ့အကျင့်ဟူ၍ သာလျှင်။
ဣဓ၊ တဏှာကြောင့် ဥပါဒါန်ဖြစ်သည်, ဥပါဒါန်ကြောင့် ဘဝဖြစ်သည်ဟူသော ဤအရာ၌။
အဓိပ္ပေတံ၊ အလိုရှိအပ်၏။
ဝါ၊ ဆိုလိုအပ်၏-တဲ့။
ဒီ ဋီကာစကားရပ်ဖြင့် အလေ့အကျင့်ကောင်းဖြစ်တဲ့ လောကီသီလ လောကီဈာန် တွေလဲ ဝိပဿနာမဂ် အရိယမဂ် မပါဘဲ အဲဒီ သီလမျှ အဲဒီဈာန်မျှဖြင့်ပင် သံသရာမှ လွတ်မြောက်တယ်လို့ ယူဆ စွဲလမ်းယင် သီလဗ္ဗတုပါဒါန် မည်ကြောင်း ထင်ရှား နေပါတယ်။
ဒါကြောင့် အာဠာရ ရသေ့, ဥဒကရသေ့တို့မှာ သူတို့ ရထားတဲ့ အရူပဈာန်မျှဖြင့် အရူပဘုံရောက်ပြီး မအိုမသေတော့ဘဲ အမြဲတမ်း ချမ်းသာသွားမယ်၊ ဝဋ်ဆင်းရဲမှ လွတ်မြောက်မယ်လို့ ယုံကြည်စွဲလမ်းတာလဲ ဒီသီလဗ္ဗတုပါဒါန်ထဲမှာ အတွင်းဝင်တယ် လို့ မှတ်ရမယ်။ အဲဒီ ရသေ့ ၂-ပါးထဲက ဥဒကရသေ့၏ ယုံကြည်စွဲလမ်းပုံကို သံယုတ်ပါဠိ (၂-၃၀၄) ဥဒကသုတ်မှာ ဒီလို ပြထားပါတယ်။
ဥဒကရသေ့၏ စွဲလမ်းပုံ
▬▬▬▬▬▬▬▬
ဘိက္ခဝေ၊ ရဟန်းတို့။
ရာမပုတ္တော၊ ရာမဆရာကြီး၏ သားဖြစ်သော။
ဥဒကော၊ ဥဒကရသေ့သည်။
ဧဝံ ဝါစံ၊ ဤသို့သောစကားကို။
ဘာသတိ၊ ပြောဆို၏။
ဣဒံ၊ ဤဟာကို မှတ်ကြ။
အဟံ၊ ငါသည်။
ဇာတု၊ စင်စစ်။
ဝေဒဂူ၊ ဉာဏ်ဖြင့်ရောက်၏။
သဗ္ဗဇီ၊ ဝဋ်ဆင်းရဲအလုံးစုံကို အောင်ပြီ။
အပလိခတံ ဂဏ္ဍမူလံ၊ မတူးြုဖိ မဖျက်ဆီးဘူးသေးသော ဆင်းရဲ၏ အမြစ်အရင်းကို။
ပလိခဏိံ၊ တူးြုဖိဖျက်ဆီးပြီးပြီ။
ဣတိ၊ ဤသို့ ဆို၏-
စသည်ဖြင့် ပြထားပါတယ်။
အဲဒီမှာ “သဗ္ဗဇီ-ဝဋ်ဆင်းရဲ အလုံးစုံကို အောင်ပြီ” ဆိုတဲ့ စကားဖြင့် သူရထားတဲ့ နေဝသညာနာသညာယတနဈာန်မျှနဲ့ပင် ကိစ္စပြီးပြီ၊ ဆင်းရဲမှ လွတ်မြောက်ပြီလို့ ဆိုတာဘဲ၊ ဒါကြောင့် သီလဗ္ဗတုပါဒါန် အစွဲရှိနေကြောင်း ထင်ရှားပါတယ်၊ အဲဒီ ဥဒကရသေ့၏ စွဲလမ်းပုံကို ထောက်ဆသော အားဖြင့် အာဠာရရသေ့မှာလဲ နည်းတူဘဲ စွဲလမ်းမှု ရှိတယ်ဆိုတာ သိနိုင်ပါတယ်။
ဒါကြောင့် အဲဒီအာဠာရ, ဥဒကတို့မှာ အဲဒီဥပါဒါန်ကြောင့် အာကိဉ္စညာယတန ကုသိုလ်ကံ, နေဝသညာနာသညာယတန ကုသိုလ်ကံဆိုတဲ့ ကမ္မဘဝဖြစ်တယ်၊ အဲဒီကမ္မဘဝကြောင့် အာကိဉ္စညာ, နေဝသညာဆိုတဲ့ အရူပဘုံတွေမှာ ဘဝအသစ်ဖြစ်မှု = ဇာတိ ပေါ်ရတယ်၊ အဲဒါဟာ ဘဝမှလွတ်မြောက်ရန် အားထုတ်ပါလျက် ဘဝထဲ ပြန်ကျနေတာပါဘဲ။ ဒါကြောင့် မြတ်စွာဘုရားက ဗကဗြဟ္မာကို ဆုံးမတဲ့အခါ -
ဘဝေ ဝါဟံ ဘယံ ဒိသွာ၊
ဘဝဉ္စ ဝိဘဝေသိနံ။
ဘဝံ နာဘိဝဒိံ ကဥ္စိ၊
နန္ဒိဉ္စ န ဥပါဒိယိံ --
လို့ မိန့်တော်မူပါတယ်။
ဘဝေ၊ ကာမ, ရူပ, အရူပဟူသော သုံးပါးသောဘဝ၌။
ဘယံ၊ ဖြစ်ခြင်း, အိုခြင်း, သေခြင်း အစရှိသော ကြောက်ဖွယ်ဘေးကို။
ဒိသွာ ဧဝ၊ မြင်သောကြောင့်သာလျှင်။
ဝိဘဝေသိနံ။ ဘဝကင်းရာ နိဗ္ဗာန်ကို ရှာမှီးသော ပုဂ္ဂိုလ်တို့၏။
ဘဝဉ္စ၊ ဘဝ၌သာလျှင် ဖြစ်နေရခြင်းကိုလည်း။
ဒိသွာဧဝ၊ မြင်သောကြောင့် သာလျှင်။
ကဥ္စိ ဘဝံ၊ တစုံတခုသောဘဝကိုမျှ။
အဟံ၊ ငါသည်။
နာဘိဝဒိံ၊ မချီးမွမ်းသတည်း။
နန္ဒိဉ္စ၊ ဘဝ၌ နှစ်သက်ပျော်ကာ တွယ်တာသော တဏှာကိုလည်း။
န ဥပါဒိယိံ၊ ဆုပ်ကိုင်မထားဘဲ စွန့်လွှတ်ခဲ့ပေသတည်း-တဲ့။
အဲဒီ မိန့်ခွန်းတော်ထဲမှာ ဘဝကင်းရာကို ရှာတဲ့ ပုဂ္ဂိုလ်တွေ ဘဝထဲ ပြန်ဖြစ်နေတယ် ဆိုတာဟာ အာဠာရ, ဥဒကတို့လို ပုဂ္ဂိုလ်တွေကို ဆိုတာပါဘဲ။ မြတ်စွာဘုရား၏ တရားလမ်းမှန်ကို မသိရတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီလိုချည်းပါဘဲ၊ အမြဲတမ်း ချမ်းသာရာ ရောက်ဖို့ ရှာကြံကျင့်သုံးနေကြပေမဲ့ အကျင့်လမ်းတွေက သီလဗ္ဗတမျိုးမျှသာဖြစ်ပြီး လွဲမှားနေတဲ့အတွက် ဆင်းရဲမကင်းတဲ့ဘဝထဲမှာဘဲ ဖြစ်နေကြရပါတယ်။
ဒါကြောင့် ယခုလို မြတ်စွာဘုရား၏ အကျင့်လမ်းမှန်ရနေတဲ့အခါ အဲဒီလမ်းမှန်ကို ကိုယ်ပိုင် ရသွားအောင် အားထုတ်ကြဖို့ အထူးလိုနေပါတယ်။ ယခုလို အခါကောင်းထဲမှာမှ အားမထုတ်ပဲနေယင်တော့ သစ္စာ ၄-ပါး သိမြင်တဲ့ မဂ္ဂင်မပါသော အကျင့်တွေကိုလဲ အကျင့်ကောင်းလို့ ထင်မှတ်စွဲလမ်းတဲ့ ဒီသီလဗ္ဗတုပါဒါန်နဲ့ တွေ့တွေ့နေဦးမှာဘဲ။ ကဲ ဆိုကြရမယ် -
သစ္စာမမြင် မဂ္ဂင်မပါသော အလေ့အကျင့် တစုံတခုကို သံသရာမှ လွတ်မြောက်ကြောင်း အကျင့်ကောင်းဟု ထင်မှတ် စွဲလမ်းတာက သီလဗ္ဗတုပါဒါန်။
(၄) အတ္တဝါဒုပါဒါန်
▬▬▬▬▬▬▬
သီလဗ္ဗတုပါဒါန်ကတော့ နားလည်လောက်ပါပြီ။ ယခု အတ္တဝါဒုပါဒါန်ကို ပြောရမယ်။ အတ္တဝါဒဆိုတာ အသက်ရှင်နေတဲ့အကောင် တကယ်ရှိတဲ့ အနေအားဖြင့်ယူဆပြီး ပြောဆိုတာကို ခေါ်ပါတယ်၊ အတ္တဒိဋ္ဌိပါဘဲ၊ သက္ကာယဒိဋ္ဌိလို့လဲ ခေါ်ပါတယ်။ အဲဒီလို အတ္တကောင် အသက်ကောင် တကယ်ရှိနေတဲ့ အနေအားဖြင့် ယုံကြည်စွဲလမ်းတာကို အတ္တဝါဒုပါဒါန်လို့ခေါ်ပါတယ်။ ဒီဥပါဒါန်က မိမိကိုယ်ကိုလဲ အသက်ရှင်နေတဲ့ အတ္တကောင်လို့ ထင်မှတ်စွဲလမ်းတယ်၊ သူတပါးတွေကိုလဲ အသက်ရှင်နေတဲ့ အတ္တကောင်တွေလို့ ထင်မှတ် စွဲလမ်းတယ်။ ကဲ ဆိုကြရမယ်။
မိမိကိုရော သူတပါးကိုရော အသက်ရှင်နေတဲ့ အတ္တကောင် တကယ်ဟုတ်သည်ဟု ထင်မှတ်စွဲလမ်းတာက အတ္တဝါဒုပါဒါန်။
ဒီအတ္တစွဲက သာမန်အစွဲလဲရှိတယ်၊ သေသေချာချာ ခိုင်ခိုင်မြဲမြဲ စွဲလမ်းတာလဲရှိတယ်။ သာမန်အစွဲကတော့ မဂ္ဂန္တရာယ် ဖြစ်လောက်အောင် အရေးမကြီးလှပါဘူး။ ဘယ်လိုဟာလဲဆိုယင် ဗုဒ္ဓသာသနာ ဝင်တွေထဲမှာ သုတနည်းတဲ့ သာမန်ပုဂ္ဂိုလ်တွေ စွဲလမ်းတာမျိုးပါဘဲ။ ဒါပေမဲ့ ဗုဒ္ဓသာသနာဝင်တွေမှာ မြတ်စွာဘုရားဟောထားတဲ့ အတိုင်း ရုပ်နာမ် ၂-ပါးမျှသာ ရှိတယ်၊
ရုပ်နာမ်အစုအဝေးမျှဘဲ၊ အမြဲတမ်း အသက်ရှင်နေတဲ့ အတ္တကောင် အသက်ကောင် ရယ်လို့ တော့ မရှိဘူးဆိုတာကို ယုံကြည် လက်ခံထားတဲ့ အတွက် ဒီအတ္တစွဲဟာ သိပ်မခိုင်ခံ့ပါဘူး။ သုတများတဲ့ ပုဂ္ဂိုလ်တွေမှာ ဆိုယင် သာပြီး အားနည်းပါ သေးတယ်။ ဘယ်လို သုတများရမလဲဆိုယင် မြင်တယ်ဆိုတာ မျက်စိနဲ့ အဆင်းက ရုပ်၊ မြင်တာသိတာက နာမ်၊ ဒီ ရုပ်နာမ် ၂-ပါးမျှသာ ရှိပါတယ်၊ မြင်တယ် သိတတ်တဲ့ အကောင် ရယ်လို့တော့မရှိဘူးလို့ ဒီလိုလဲ ကြားနာမှတ်သားထားတဲ့ သုတရှိရမယ်။
ထို့အတူ ကြားတယ်ဆိုတာ နားနဲ့ အသံက ရုပ်၊ ကြားတာ သိတာက နာမ်၊ ဒီရုပ်နာမ် ၂-ပါးမျှသာ ရှိတယ်။ နံဆိုတာ နှာခေါင်းနဲ့ အနံ့က ရုပ်၊ နံတာသိတာက နာမ်၊ ဒီရုပ်နာမ် ၂-ပါးမျှသာ ရှိပါတယ်။ စားသိတယ်ဆိုတာ လျှာနဲ့အရသာက ရုပ်၊ အရသာသိတာက နာမ်၊ ဒီ ရုပ်နာမ် ၂-ပါးမျှသာ ရှိတယ်၊ ထိသိတယ်ဆိုတာ ကိုယ်နဲ့ အတွေ့က ရုပ်၊ ထိတာသိတာက နာမ်၊ ဒီ ရုပ်နာမ် ၂-ပါးမျှသာ ရှိတယ်၊ ကြံသိတယ်ဆိုတာ ကြံသိရာဌာန နှလုံးက ရုပ်၊ ကြံသိတာက နာမ်၊ ဒီ ရုပ်နာမ် ၂-ပါးမျှသာ ရှိတယ်၊ ကြံသိတတ်တဲ့ အကောင်ရယ်လို့တော့မရှိဘူးလို့ ဒီလိုလဲ ကြားနာမှတ်သားထားတဲ့ သုတရှိရမယ်။ ဒါလောက်ကြားဘူးတဲ့ သုတ ရှိယင်ကို ဒီအတ္တစွဲဟာ အတော် အားနဲနေပါပြီ။
ဒါပေမဲ့ အတ္တဒိဋ္ဌိဆိုတာ ကင်းခဲပါတယ်၊ ကင်းခဲတဲ့ အကြောင်းကို ဒုတိယပိုင်း တုန်းကလဲ ပြောခဲ့ပါပြီ။ ဝိပဿနာရှုနေတဲ့ ပုဂ္ဂိုလ်မှာတောင် ရံဖန်ရံခါ ဝင်ဖြစ်နိုင် သေးတာဘဲ၊ အရိယမဂ်ကို မရောက်သေးယင် ဒီအတ္တစွဲကဖြစ်နိုင်တဲ့ သဘော ရှိနေတာပါဘဲ။ သာမန်ပုဂ္ဂိုလ်တွေမှာတော့ မြင်တိုင်းကြားတိုင်း တွေ့တိုင်းသိတိုင်း ငါအနေနဲ့ ဒီအတ္တစွဲက ဖြစ်နေတတ်တာဘဲ။
အတ္တစွဲ အမျိုးမျိုး
▬▬▬▬▬▬
ဗုဒ္ဓသာသနာအပြင်က ပုဂ္ဂိုလ်တွေမှာတော့ ဒီအတ္တစွဲက သေသေချာချာ ခိုင်ခိုင်မြဲမြဲကို စွဲလမ်းနေပါတယ်။ တချို့က ရုပ်ကို အတ္တလို့ စွဲလမ်းတယ်၊ ကွေးခြင်း, ဆန့်ခြင်း, လှုပ်ရှားခြင်းစသော ကိုယ်အမူရာတွေ ပြုလုပ်နေတဲ့ ကိုယ်ကောင်းကြီးကို စွဲလမ်းတဲ့ သဘောပါဘဲ။ တချို့က ဝေဒနာကို စွဲလမ်းတယ်၊ အကောင်းအဆိုးတွေ ခံစားနေတာကို ငါကောင်သတ္တဝါကောင် အသက်ကောင်အနေနဲ့ စွဲလမ်းတာပါဘဲ။
တချို့က သညာကို စွဲလမ်းတယ်၊ ငယ်ရွယ်စဉ်မှစပြီး ယခုထက်ထိ အစစအရာရာကို မှတ်မိနေတာဟာ ငါကောင် သတ္တဝါကောင် အသက်ကောင်ဘဲလို့ စွဲလမ်းတာပါဘဲ။ တချို့က ပြုလုပ်မှုကို စွဲလမ်းတယ်၊ စိတ်နဲ့ ကြံစည်အားထုတ် ပြုလုပ်နေတာ, နှုတ်နဲ့ပြောဆိုနေတာ, ကိုယ်နဲ့ပြုလုပ်နေတာ, သွားမှုစသည်ကို ပြုလုပ်နေတာ, ဒီလို အားထုတ် ပြုလုပ်နေတာကို ငါကောင် သတ္တဝါကောင်အနေနဲ့ စွဲလမ်းတာပါဘဲ၊
ဒီပြုလုပ်မှုကတော့ အရာလဲ အလွန်ကျယ်ပါတယ်၊ ပြဓာန်းလဲ ပြဓာန်းပါတယ်၊ နှစ်သက်တာ, မနှစ်သက်တာ, ချစ်တာ, မုန်းတာ, ကြောက်တာ, လန့်တာ, ကြည်ညိုတာ, သနားတာစသည်ဖြင့် စိတ်အမူအရာတွေ အမျိုးမျိုးဟာ စိတ်နဲ့ပြုလုပ်မှု တွေဘဲ၊ ကျမ်းဂန်ဝေါဟာရအားဖြင့်ဆိုယင် သင်္ခါရက္ခန္ဓာတွေပေါ့၊ ကိုယ်အမူအရာ, နှုတ်အမူအရာ, စိတ်အမူအရာတွေ ဟူသမျှဟာ ဒီသင်္ခါရက္ခန္ဓာနဲ့ချည်း လုပ်ရတာဘဲ။ ဒါကြောင့် အလွန်လဲ ပြဓာန်းပါတယ်။ တချို့က စိတ်ဝိညာဏ်ကို စွဲလမ်းတယ်၊ မြင်တာ, တာ, အာရုံသိတာ, ကြံသိတာကို ငါကောင် သတ္တဝါကောင် အသက်ကောင် အနေနဲ့ စွဲလမ်းတာပါဘဲ၊ အဲဒါကို တချို့က ဝိညာဉ်ကောင်လို့တောင် ခေါ်ကြပါသေးတယ်။
တချို့က အဲဒီရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ဆိုတဲ့ ငါးမျိုးလုံးကို အတ္တကောင် ငါကောင် သတ္တဝါကောင်လို့ စွဲလမ်းတယ်။ တချို့ကတော့ အတ္တဟာ ခန္ဓာငါးပါး မဟုတ်ဘူး၊ ခန္ဓာနှင့်အတ္တ တခြားစီလို့လဲဆိုကြတယ်၊ ဒါပေမဲ့ သူတို့ရဲ့ စွဲလမ်းချက်ဟာလဲ ခန္ဓာငါးပါးအပေါ်ဘဲ ရောက်နေပါတယ်၊ ဘာကြောင့်လဲဆိုတော့ ခန္ဓာငါးပါးလုံးမရှိယင် အဲဒီအတ္တမှာ ရုပ်အထည်ဒြဗ်လဲမရှိဘူး၊ အကောင်းအဆိုးလဲ မခံစားတတ်ဘူး၊ ဘာကိုမျှလဲ မမှတ်တတ်ဘူး၊ ဘယ်လိုအမှုကိုမျှလဲ မပြုလုပ်တတ်ဘူး၊ ဘာကိုမျှလဲ မသိတတ် ဘူးလို့ ဆိုရလိမ့်မယ်၊ အဲဒီလိုဆိုတော့ ဒီအတ္တဟာ ဘာမျှ အသုံးမကျပေဘူး၊ ဘယ်လိုဟာလဲလို့လဲ ပြောပြလို့ မဖြစ်ပေဘူး။
သာမီအတ္တစွဲ
▬▬▬▬▬▬▬▬
အမှန်ကတော့ အတ္တဝါဒရှိတဲ့ ခေါင်းဆောင်ဆရာကြီးတွေက အတ္တဆိုတာ “သာမီ=ခန္ဓာအိမ်ကို အစိုးရတဲ့ ပိုင်ရှင်ဘဲ” လို့လဲ ဆိုကြတယ်၊ ကိုယ်သွားချင်သွား ကိုယ်စားချင်စား ကိုယ်လုပ်ချင်လုပ် ကိုယ်ကြည့်ချင်ကြည့် စသည်ဖြင့် ကိုယ်အလို ရှိတိုင်း အစိုးရတယ်လို့ ဆိုလိုပါတယ်။ အဲဒီလို အတ္တစွဲကို ရည်ပြီးတော့ မြတ်စွာဘုရားက အတ္တဝါဒရှိတဲ့ သစ္စကပရိဗိုဇ်ကြီးကို ဒီလို မေးတော်မူပါတယ်-
“သစ္စက .... သင်က ရုပ်ကို သင်၏အတ္တလို့ ဆိုတယ်၊ အတ္တဟုတ်လို့ရှိလျှင် ကိုယ့်ကိုယ်ကို အစိုးရရမယ်၊ သင်၏ရုပ်ကိုယ်ကြီးကို အကောင်းချည်းဖြစ်ပါစေ၊ မကောင်းတာတွေ မဖြစ်ပါစေနဲ့ စသည်ဖြင့် အစိုးရပါရဲ့လား၊ ရုပ်ကိုယ်ကြီးက သင်၏ အလိုအတိုင်း ဖြစ်ပါရဲ့လား လို့ မေးတော်မူပါတယ်။ ဒီတော့ သစ္စကပရိဗိုဇ်ကြီးက “အစိုးမရပါ၊ အလိုအတိုင်း မဖြစ်ပါ” လို့ ဖြေကြား လျှောက်ထားပါတယ်။
ထို့အတူ ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်တို့ကိုလဲ အစိုးရရဲ့လားလို့ မြတ်စွာဘုရားက မေးတော်မူပါတယ်။ သစ္စက ပရိဗိုဇ်ကြီးက အစိုးမရတဲ့အကြောင်း ဖြေကြား လျှောက်ထားပါတယ်။
ဒါကြောင့် “ရူပံ၊ ရုပ်သည်။ အနတ္တာ၊ အစိုးမရ”စသည်ဖြင့် ရှေးဆရာမြတ်တွေက မြန်မာပြန်ဆိုတော် မူခဲ့ကြပါတယ်။ အဲဒါဟာ သာမီအတ္တဆိုတဲ့ အစွဲကိုရည်ပြီး ပြန်ဆိုတဲ့ အဓိပ္ပါယတ္ထ အနက်ဖြစ်ပါတယ်။ သဒ္ဒါနက်အားဖြင့် ဆိုယင်တော့ “အနတ္တာ၊ အစိုးရသော အတ္တကောင်မဟုတ်၊ အသက်ကောင် လိပ်ပြာကောင် မဟုတ်” လို့ ပြန်ရပါမယ်။ အဲဒီလို အတ္တဝါဒရှိသူတွေက အတ္တကို သာမီလို့ ဆိုကြတဲ့အတွက် ခန္ဓာကိုယ်ထဲ၌ အစိုးရတဲ့ အတ္တကောင် အသက်ကောင် ငါကောင်ရှိတယ်လို့ စွဲလမ်းတာကို သာမီအတ္တစွဲလို့ မှတ်ရမယ်။ ကဲ ဆိုကြရမယ်---
ခန္ဓာကိုယ်ထဲ၌ အလိုရှိတိုင်း အစိုးရတဲ့ အတ္တကောင် ငါကောင်ရှိသည်ဟု ထင်တာက သာမီအတ္တစွဲ။
ဒီသာမီအတ္တစွဲက ပုထုဇဉ် သတ္တဝါတိုင်းမှာ ရှိနေတယ်။ ကိုယ်သွားချင်သွားနိုင်တယ်။ ကိုယ်စားချင် စားနိုင်တယ်၊ ကိုယ်ကြည့်ချင် ကြည့်နိုင်တယ်၊ ကိုယ်လုပ်ချင်တာ လုပ်နိုင်တယ်လို့ ဒီလိုထင်နေတာဟာ ဒီသာမီအတ္တစွဲဘဲ။ ဝိပဿနာရှုလို့ သူ့အကြောင်း အားလျော်စွာ ဖြစ်ပျက်နေတဲ့သဘောကို တွေ့ရတဲ့အခါကျမှ ဒီသာမီအတ္တစွဲက ကောင်းကောင်း ကင်းကွာသွားတယ်။
နိဝါသီ အတ္တစွဲ
▬▬▬▬▬
နောက်ပြီးတော့ အတ္တဝါဒရှိတဲ့ ခေါင်းဆောင်ဆရာကြီးတွေက အတ္တဆိုတာ “နိဝါသီ=ခန္ဓာကိုယ်ထဲမှာ အမြဲတမ်းတည်ရှိနေတယ်” လို့လဲ ဆိုကြတယ်။ ငယ်ရွယ်စဉ်ကာလမှစ၍ ယခုထက်တိုင် ငါဟာ အမြဲရှိနေတယ်လို့ ထင်မှတ်နေ တာဟာ ဒီနိဝါသီ အတ္တစွဲပါဘဲ။ ကဲ ဆိုကြရမယ်--
ငါကောင်ဟာ ခန္ဓာကိုယ်ထဲ၌ အမြဲတမ်း တည်ရှိနေသည်ဟု ထင်တာက နိဝါသီ အတ္တစွဲ။
ကာရက အတ္တစွဲ
▬▬▬▬▬▬
နောက်ပြီးတော့ အတ္တဆိုတာ “ကာရက=အမူအရာ အမှုကိစ္စ အမျိုးမျိုးကို ပြုလုပ်တတ်တယ်” လို့လဲ ဆိုကြပါတယ်။ သင်္ခါရက္ခန္ဓာကို အတ္တလို့ စွဲလမ်းရာ ရောက်ပါတယ်။ မြင်ခြင်း, ကြားခြင်း စသည်၊ သွားခြင်း, ရပ်ခြင်း, ထိုင်ခြင်း စသည်၊ ကွေးခြင်း, ဆန့်ခြင်း စသည် အမျိုးမျိုးသော အမှုကိစ္စဟူသမျှကို ငါကပင် ပြုလုပ်တယ်လို့ ထင်မှတ်စွဲလမ်းတာဟာ ဒီကာရကအတ္တစွဲပါဘဲ။ ကဲ ဆိုကြရမယ်။
အမူအရာ အမှုကိစ္စဟူသမျှကို ငါကောင်ကပင် ပြုလုပ်သည်ဟု ထင်တာက ကာရကအတ္တစွဲ။
ဝေဒက အတ္တစွဲ
▬▬▬▬▬
နောက်ပြီးတော့ အတ္တဆိုတာ “ဝေဒက=ခံစားတဲ့ အကောင်ဘဲ” လို့လဲ ဆိုကြ ပါတယ်။ ဝေဒနာကို အတ္တလို့ဆိုရာရောက်ပါတယ်။ ဘာကြောင့်လဲဆိုလျှင် ဝေဒနာ မှတပါး ခံစားတတ်တာမရှိပါဘူး၊ ဒါကြောင့်ပါဘဲ။ ယခုလူတွေက အကောင်း အဆိုးတွေ ခံစားနေတာဟာ ငါဘဲ၊ ငါကဘဲ ခံစားတယ်၊ ငါဘဲ ဆင်းရဲတယ်၊ ငါဘဲ ချမ်းသာတယ်လို့ ထင်မှတ်နေတာဟာ ဒီဝေဒကအတ္တစွဲပါဘဲ။ ကဲ ဆိုကြရမယ်။
အကောင်းအဆိုး ဟူသမျှကို ငါကောင်ကပင် ခံစားသည်ဟု ထင်တာက ဝေဒကအတ္တစွဲ။
ခန္ဓာငါးပါး မဟုတ်ဟု ငြင်းပေမဲ့
▬▬▬▬▬▬▬▬▬
ယခုပြောခဲ့တဲ့အတိုင်း အတ္တဝါဒီ ဆရာကြီးတွေကပင် “အတ္တဆိုတာ သာမီ, နိဝါသီ, ကာရက, ဝေဒကဘဲ” လို့ ဆိုထားတဲ့အတွက် အတ္တဟာ ခန္ဓာငါးပါးမဟုတ်ဘူးလို့ သူတို့က ငြင်းကြပေမဲ့ အမှန်စင်စစ်ကတော့ ခန္ဓာငါးပါးကိုဘဲ အတ္တကောင် ငါကောင်လို့ ဆိုရာရောက်ပါတယ်။ အတ္တက ခံစားတတ်တယ်လို့ ဆိုတော့ ခံစား တတ်တဲ့ ဝေဒနာကို အတ္တလို့ဆိုရာရောက်ပါတယ်။ တဖန်အတ္တက ပြုလုပ်တတ် တယ်လို့ဆိုတော့ ပြုလုပ်တတ်တဲ့ သင်္ခါရက္ခန္ဓာကို အတ္တလို့ ဆိုရာရောက်ပါတယ်။
နောက်ပြီးတော့ သိတတ်တဲ့ ဝိညာဏ်, မှတ်သားတတ်တဲ့ သညာတို့ကိုလဲ အတ္တလို့ ဆိုရာ ရောက်ပါတယ်။ နောက်ပြီးတော့ လှုပ်ရှားတတ်တဲ့ ရုပ်ကိုလဲ အတ္တလို့ ဆိုရာ ရောက်ပါတယ်။ ဒါကြောင့် အတ္တကောင်အနေနဲ့ စွဲလမ်းမှုဟူသမျှဟာ ခန္ဓငါးပါးကို မှီပြီးဖြစ်တာပါဘဲ။ ဝိပဿနာရှုလို့ ခန္ဓာငါးပါးကို အမှန်အတိုင်းသိတဲ့အခါ ဒီအတ္တစွဲဟာ လုံးဝကင်းသွားပါတယ်။ ဒီလို အတ္တစွဲ အတ္တဝါဒုပါဒါန် ကင်းအောင်လို့ဘဲ ဝိပဿနာရှုရပါတယ်။
အတ္တဝါဒုပါဒါန်၌ အတိုချုပ်မှတ်ရန်
▬▬▬▬▬▬▬
ဒီနေရာမှာ လူတိုင်း လူတိုင်း အလွယ်တကူနဲ့ သိနားလည်ထားဘို့ကတော့ သွားမှု, ရပ်မှု, ထိုင်မှု ကွေးမှု, ဆန့်မှု, လှုပ်ရှားမှု, ပြောဆိုမှု, မြင်မှု, ကြားမှု, ခံစားမှု, ကြံစည်မှု အစရှိသော ကိုယ်အမူအရာ, နှုတ်အမူအရာ, စိတ်အမူအရာဟူသမျှကို ငါကောင် သတ္တဝါကောင်ဟု ထင်မှတ်စွဲလမ်းယင် အဲဒါဟာ အတ္တဝါဒုပါဒါန်ဘဲ။ ကဲ အဲဒါကလေးကို မှတ်မိအောင် ဆိုလိုက်ကြဦးစို့ -
သွားမှု, ရပ်မှု, ထိုင်မှု ကွေးမှု, ဆန့်မှု, လှုပ်ရှားမှု, ပြောဆိုမှု, မြင်မှု, ကြားမှု, ခံစားမှု, ကြံစည်မှု အစရှိသော ကိုယ်အမူအရာ, နှုတ်အမူအရာ, စိတ်အမူအရာ ဟူသမျှကို ငါကောင် သတ္တဝါကောင်ဟု ထင်မှတ် စွဲလမ်းတာက အတ္တဝါဒုပါဒါန်။
တဏှာကြောင့် ဥပါဒါန်ဖြစ်ပုံ
▬▬▬▬▬▬▬▬▬
ယခု ပြောခဲ့တဲ့ ဥပါဒါန် ၄-ပါးထဲက ကာမုပါဒါန်ဆိုတာ တရားကိုယ်အားဖြင့် တဏှာ အရင့်စားဖြစ်တဲ့ အကြောင်း ပြောခဲ့ပြီ။ ဒိဋ္ဌုပါဒါန်, သီလဗ္ဗတုပါဒါန်, အတ္တဝါဒုပါဒါန် ဆိုတဲ့ ဒီဥပါဒါန် ၃-ပါးကတော့ စွဲလမ်းပုံမျှသာ ကွဲပြားပါတယ်၊ တရားကိုယ် အားဖြင့်တော့ ဒိဋ္ဌိချည်းပါဘဲ။ ရုပ်နာမ်ခန္ဓာတွေကို အတ္တကောင် အသက်ကောင် သတ္တဝါကောင်အနေနဲ့ စွဲလမ်းတဲ့ ဒိဋ္ဌိကို အတ္တဝါဒုပါဒါန် ခေါ်တယ်၊ သံသရာမှ လွတ်မြောက်ကြောင်း မဟုတ်တဲ့ အလေ့အကျင့်ကို လွတ်မြောက်ကြောင်း အလေ့ အကျင့်အနေနဲ့ ယူဆစွဲလမ်းတဲ့ဒိဋ္ဌိကို သီလဗ္ဗတုပါဒါန်ခေါ်တယ်၊ အဲဒီဒိဋ္ဌိ ၂-မျိုးမှ တပါးသော အယူမှားဟူသမျှကို ဒိဋ္ဌုပါဒါန်ခေါ်တယ်၊
ဒီလို စွဲလမ်းပုံလောက်သာ ကွဲပြားပါတယ်၊ အရတရားကိုယ်ကတော့ မှားယွင်းတဲ့ မိစ္ဆာဒိဋ္ဌိအယူချည်းပါဘဲ။ မှားတဲ့အယူဆိုတာ နှစ်သက်သာယာတဲ့ တဏှာနဲ့တွဲပြီး ဖြစ်တာချည်းဘဲ၊ စဉ်းစားကြည့်ပါ၊ ကိုယ့်အယူအဆကိုတော့ မနှစ်သက်တဲ့လူ ဘယ်မှာရှိမလဲ၊ အနှစ်သက်ဆုံးဖြစ်လို့ဘဲ အဲဒီအယူကို စွဲလမ်းတာ၊ ဒါကြောင့် ဒီဒိဋ္ဌိအစွဲအလမ်း ဥပါဒါန် ၃-မျိုးဟာလဲ တဏှာကြောင့် ဖြစ်တယ်ဆိုတာ ထင်ရှား ပါတယ်။ အဲဒါကြောင့် မြတ်စွာဘုရားက “တဏှာပစ္စယာ ဥပါဒါနံ = တပ်မက် ဆာလောင်တဲ့ တဏှာကြောင့် စွဲလမ်းမှု ဥပါဒါန် ဖြစ်တယ်” လို့ ဟောတော်မူခဲ့တာဘဲ။
အဲဒီတော့ ကာမဂုဏ်အာရုံတွေကို တပ်မက်စွဲလမ်းနေယင် နှစ်သက်ဆာလောင်မှု တဏှာကြောင့် စွဲလမ်းမှု ဖြစ်တယ်၊ နှစ်သက် ဆာလောင်တာက အကြောင်း + စွဲလမ်းတာက အကျိုး = ဒီအကြောင်းနဲ့ အကျိုးမျှဘဲလို့ မှတ်ရမယ်။ မြင်တာ ကြားတာ ကွေးတာ ဆန့်တာ ကြံစည်တာ စသည်ကိုပင် ငါကောင်ဟု ထင်မှတ်စွဲလမ်းယင် မိမိအခြေအနေကို နှစ်သက်သာယာတဲ့ တဏှာကြောင့် စွဲလမ်းမှု အတ္တဝါဒုပါဒါန်ဖြစ်တယ်၊ နှစ်သက်တာက အကြောင်း + ငါကောင်လို့ ထင်မှတ်တာက အကျိုး=ဒီ အကြောင်းနဲ့ အကျိုးမျှဘဲ ရှိတယ်လို့မှတ်ရတယ်။
ကံ, ကံ၏အကျိုးမရှိ၊ နောင်တမလွန်ဘဝမရှိဟု ထင်ယင်လဲ ထို့အတူဘဲ အကြောင်းနဲ့ အကျိုးမျှ ရှိတယ်လို့မှတ်ရတယ်။ သတ္တဝါဟာ ဟိုဘဝဒီဘဝပြောင်းရွှေ့ပြီး ကျင်လည်နေတယ်၊ပျက်စီးခြင်းမရှိဘူး လို့ထင်လျှင်လဲ ထို့အတူ အကြောင်းနဲ့အကျိုး မျှဘဲလို့ မှတ်ရမယ်။ သတ္တဝါဟာသေပြီးလျှင် ဘာမျှမရှိတော့ဘူးလို့ ထင်လျှင်လဲ ထို့အတူ တဏှာအကြောင်းနဲ့ ဒိဋ္ဌိဥပါဒါန် အကျိုးမျှဘဲလို့ မှတ်ရမယ်။
နွား, ခွေးစသည်တို့၏ အလေ့အကျင့်၊ နွား, ခွေး စသည်ကို ကိုးကွယ်တဲ့အကျင့်မျိုးကို အကျင့်ကောင်းလို့ ထင်လျှင်လဲ ထို့အတူ နှစ်သက်ယာတဲ့ တဏှာအကြောင်းနဲ့ သီလဗ္ဗတုပါဒါန် အကျိုးမျှဘဲလို့ မှတ်ရမယ်။ အကျဉ်းချုပ်အားဖြင့်တော့ စွဲလမ်းမှု ဥပါဒါန်တွေဟာ နှစ်သက်ဆာလောင်မှု တဏှာရှိနေလို့ ဖြစ်ရတယ်ဆိုတာ ကိန်းသေ မှတ်ထားကြရမယ်။ ကဲ ဒီကနေ့တော့ ဒီတင်ဘဲ ရပ်နားကြဦးစို့။
အမှန်မသွား အမှားမြင်ကာ အဝိဇ္ဇာကြောင့်၊ ချမ်းသာလိမ့်နိုး။ ပ။ ဝေဒနာကြောင့်၊ တဏှာ၊ ၆-တန်၊ ဥပါဒါန်နှင့်၊ ဖြစ်ရန်အကြောင်း၊ ကံဆင့်လောင်း၍၊ ဆိုးကောင်းဘဝ၊ ဖြစ်ရပြန်ရာ၊ အိုကာသေရေး၊ ပူအဆွေးနှင့်၊ ငိုကြွေးကိုယ်နွမ်း၊ စိတ်မချမ်းမြ၊ ပူပန်ရသည်၊ လုံးဝဆင်းရဲစုသာတည်း။
ဤပဋိစ္စသမုပ္ပါဒ် တရားဒေသနာတော်ကို ရိုသေစွာနာယူမှတ်သားကြရသော ဓမ္မသဝန ဥက္ကဋ္ဌကုသိုလ်ကံ စေတနာတို့၏ အစွမ်းအာနုဘော်ကြောင့် ယခုတရားနာ ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကိုယ်၏ချမ်းသာခြင်း, စိတ်၏ချမ်းသာ ခြင်းတို့နှင့်အခါခပ်သိမ်း ပြည့်စုံကြ၍ အကြောင်းအကျိုးဆက်စပ်လျက် မပြတ်ဖြစ်နေ သော ရုပ်နာမ်တရားတို့ကို အမှန်အတိုင်း သိအောင် ရှုမှတ်ပွါးများ အားထုတ် နိုင်ကြပြီး အထူးအားဖြင့် ဝေဒနာမှ ဆက်၍ တဏှာဖြစ်တတ်ရာဝယ် ထိုသို့ တဏှာဆက်၍ ဖြစ်ခွင့်မရအောင် ဖြစ်ပေါ်လာတိုင်းသော ဝေဒနာတို့ကို ပိုင်ပိုင်နိုင်နိုင် မှတ်သိနိုင်ကြ၍ ဝိပဿနာဉာဏ်အစဉ် အရိယမဂ်ဉာဏ်အစဉ်ဖြင့် နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေကုန် သတည်း။
သာဓု....၊ သာဓု....၊ သာဓု....။
ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး သတ္တမပိုင်း ပြီး၏။
......
ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး
၁၃၂၄-ခု၊ ဝါခေါင်လဆုတ် (၈)ရက်နေ့ ဟောသည်။
အဋ္ဌမပိုင်း
ဥပါဒါနပစ္စယာ ဘဝေါ
▬▬▬▬▬▬▬▬
လွန်ခဲ့တဲ့ လဆန်း (၈)ရက် သီတင်းနေ့က ပဋိစ္စသမုပ္ပါဒ်တရားကို ဟောခဲ့တာဟာ တဏှာပစ္စယာ “ဥပါဒါနံ=တဏှာကြောင့် ဥပါဒါန်ဖြစ်သည်” ဆိုတာအထိ ပြီးခဲ့ပြီ။ “ဒီကနေ့တော့ ဥပါဒါနပစ္စယာ ဘဝေါ=စွဲလမ်းမှု ဥပါဒါန်ကြောင့် ဘဝဖြစ်သည်” ဆိုတဲ့ အပိုဒ်ကစပြီး ဟောရမယ်။
အဲဒီစွဲလမ်းမှုကြောင့် ဖြစ်တဲ့ဘဝက ၂-မျိုးရှိတယ်၊
(၁) ကမ္မဘဝ၊
(၂) ဥပပတ္တိဘဝ - ဆိုတဲ့ ဒီ ၂-မျိုးပါဘဲ။
(၁) ကမ္မဘဝ
▬▬▬▬▬
ကမ္မဘဝဆိုတာ ဘဝအသစ်ဖြစ်ကြောင်း ကံပါဘဲ၊ အဲဒါကို မြတ်စွာဘုရားက ဒီလို ဝေဘန်ပြီး ဟောထားပါတယ်။
ပရိတ္တဘူမကော ဝါ၊ သေးနုပ်သော ကာမဘုံ၌မူလည်း ဖြစ်သော။
မဟာဘူမကောဝါ၊ ကြီးမြတ်သော ရူပ, အရူပဘုံ၌မူလည်းဖြစ်သော။
ပုညာဘိသင်္ခါရော၊ ပုညာဘိသင်္ခါရ၎င်း။
အပုညာဘိသင်္ခါရော၊ အပုညာဘိသင်္ခါရ၎င်း။
အာနေဉ္ဇာဘိသင်္ခါရော၊ အာနေဉ္ဇာဘိသင်္ခါရ၎င်း။
အယံ၊ ဤသင်္ခါရသုံးပါးကို။
ကမ္မဘဝေါ၊ ကမ္မဘဝဟူ၍။
ဝုစ္စတိ၊ ခေါ်ဆိုအပ်၏။
သဗ္ဗမ္ပိ ဘဝဂါမိကမ္မံ၊ ဘဝသစ်ကို ဖြစ်စေတတ်သော ကံ အလုံးစုံကိုလည်း။
ဝုစ္စတိ၊ ကမ္မဘဝဟု ခေါ်ဆိုအပ်၏ - လို့ ဟောထားပါတယ်။
ပုညာဘိသင်္ခါရဆိုတာ ပဌမပိုင်းတုန်းက (ပဌမအုပ် နှာ ၄၈ မှာ) ပြောခဲ့တဲ့ ကာမကုသိုလ်စေတနာ ၈-ပါးနှင့် ရူပကုသိုလ်စေတနာ ၅-ပါး၊ ဒီ ၁၃-ပါးပါဘဲ။ အပုညာဘိသင်္ခါရဆိုတာ အကုသိုလ်စေတနာ ၁၂-ပါးပါဘဲ။ အာနေဉ္ဇာဘိသင်္ခါရ ဆိုတာ အရူပကုသိုလ်စေတနာ ၄-ပါးပါဘဲ။ ဘဝသစ်ကို ဖြစ်စေတတ်တဲ့ ကံဆိုတာထဲမှာ ကာမကုသိုလ်စေတနာနဲ့ တွဲပြီးဖြစ်တဲ့ -
(၁) အနဘိဇ္ဈာ = သူတပါး၏ စည်းစိမ်ကို ကိုယ့်စည်းစိမ်အဖြစ်ဖြင့် မတရား မကြံစည်ခြင်း။
(၂) အဗျာပါဒ = သူတပါးတို့ကို သေပျက်စေရန် မကြံစည်ခြင်း။
(၃) သမ္မာဒိဋ္ဌိ = မှန်သောအယူအမြင်ဆိုတဲ့ ဒီသုံးပါးလဲပါဝင်တယ်၊
ဒီသုံးပါးကတော့ ပုညာဘိသင်္ခါရထဲမှာ အတွင်းဝင်သွားပါတယ်။ အတိုချုပ်အား ဖြင့်တော့ ကမ္မဘဝဆိုတာ ဘဝသစ်ကိုဖြစ်စေတတ်တဲ့ ကုသိုလ်, အကုသိုလ် စေတနာပါဘဲ။
(၂) ဥပပတ္တိဘဝ ၉-ပါး
▬▬▬▬▬▬▬▬
ဥပပတ္တိဘဝဆိုတာကတော့ ၉-ပါး ရှိပါတယ်။
(၁) ကာမဘဝ = ကာမဘုံသားတို့၏ သန္တာန်မှာရှိတဲ့ (ဝိညာဏ်နာမ်ရုပ် သဠာယတန ဖဿဝေဒနာ-လို့ ခေါ်တဲ့) ကံ၏အကျိုး ရုပ် နာမ် ခန္ဓာတွေပါဘဲ၊ အဲဒါတွေကိုဘဲ လူ့ဘဝ နတ်ဘဝ တိရစ္ဆာန်ဘဝ ပြိတ္တာဘဝ ငရဲဘဝ-လို့ ခေါ်ရပါတယ်။
(၂) ရူပဘဝ = ရုပ်ရှိတဲ့ ဗြဟ္မာတွေရဲ့ ခန္ဓာတွေပါဘဲ။
(၃) အရူပဘဝ = ရုပ်မရှိတဲ့ ဗြဟ္မာတွေရဲ့ နာမ်ခန္ဓာတွေပါဘဲ။
(၄) သညီဘဝ = ရုန့်ရင်းကြမ်းတမ်းတဲ့ အမှတ်သညာရှိတဲ့ သတ္တဝါတွေရဲ့ ရုပ်နာမ် ခန္ဓာတွေပါဘဲ၊ အသညသတ်နဲ့ နေဝသညာမှတပါး ၂၉-ဘုံက သတ္တဝါတွေရဲ့ ခန္ဓာတွေကိုဆိုပါတယ်။
(၅)အသညီဘဝ = အသညသတ် ဗြဟ္မာတွေရဲ့ ရုပ်ခန္ဓာတွေပါဘဲ။
(၆) နေဝသညီနာသညီဘဝ = အထက်ဘဝဂ် လို့ခေါ်တဲ့ ဘုံကဗြဟ္မာတွေရဲ့ နာမ်ခန္ဓာတွေပါဘဲ။
(၇) ဧကဝေါကာရဘဝ = ရုပ်ခန္ဓာတပါးသာရှိတဲ့ ဘဝ၊ အသညီဘဝနဲ့ အတူတူပါဘဲ။
(၈) စတုဝေါကာရဘဝ = နာမ်ခန္ဓာ ၄-ပါးသာ ရှိတဲ့ဘဝ၊ အရူပဘဝနဲ့ အတူတူပါဘဲ။
(၉) ပဉ္စဝေါကာရဘဝ = ရုပ်နာမ် ငါးပါးလုံးရှိတဲ့ဘဝ၊ လူ နတ် စသည်တို့၏ ရုပ်နာမ် ခန္ဓာတွေပါဘဲ။
အဲဒါတွေဟာ ဥပပတ္တိဘဝတွေပါဘဲ၊ ဒီဥပပတ္တိဘဝတွေက ကံကြောင့်ဖြစ်တဲ့ ဘဝသစ် ရုပ်နာမ်ခန္ဓာတွေပါဘဲ၊ အဲဒါတွေကိုဘဲ လူ့ဘဝ, နတ်ဘဝ စသည်ဖြင့် ခေါ်ရပါတယ်။ တရားကိုယ်အားဖြင့်တော့ ဝိညာဏ်, နာမ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ ဒီ အကျိုးတရားငါးပါးပါဘဲ။
ဒီဘဝ ၂-မျိုးထဲက စွဲလမ်းမှု ဥပါဒါန်ကြောင့် ဘဝဖြစ်တယ်ဆိုရာမှာ ကမ္မဘဝက လိုရင်းပါဘဲ၊ ဥပပတ္တိဘဝကတော့ ကမ္မဘဝကြောင့် တဆင့်ဖြစ်ရတဲ့ အကျိုး ဖြစ်ပါတယ်။ ဒါကြောင့် ဒီမှာ ဥပါဒါန်ကြောင့် ကမ္မဘဝဖြစ်ပုံကိုသာ ပြောရမယ်။
ဖဿ ၆-ဖြာ၊ ဝေဒနာကြောင့်၊ တဏှာ ၆-တန်၊ ဥပါဒါန်နှင့် ဖြစ်ရန်အကြောင်းကံ ဆင့်လောင်း၍-လို့ ဆိုထားတဲ့ အတိုင်း အာရုံ ၆-မျိုး အကောင်းအဆိုးနဲ့တွေ့ရလို့ အကောင်းအဆိုး ခံစားမှုဝေဒနာ ၆-မျိုး ဖြစ်ရတယ်၊ အကောင်းအဆိုးတွေကို ခံစားရတဲ့အတွက် တပ်မက်သာယာမှု တဏှာ ၆-မျိုး ဖြစ်ရတယ်။ အဲဒီတဏှာ ထက်သန်အားကောင်းလာတဲ့အခါ စွဲလမ်းမှု ဥပါဒါန်ဖြစ်လာတယ်၊
ကာမုပါဒါန်ဆိုယင် လိုချင်နှစ်သက်စရာ အာရုံဝတ္ထုတွေကို မရလျှင်မဖြစ်တော့ဘူး ဆိုတဲ့ အနေနဲ့လဲ ဖြစ်လာတယ်၊ ရပြီးအာရုံဝတ္ထုဆိုယင်လဲ ငါ့ဥစ္စာ ငါ့သား ငါ့သမီး စသည်အနေဖြင့် မစွန့်မခွါနိုင်အောင် တစွဲတလမ်းကြီး ဖြစ်လာတယ်၊ ဘယ်လောက်အထိ စွဲလမ်းသလဲဆိုယင် ဒီဘဝတွင်တောင် မဟုတ်သေးဘူး၊ နောက်နောက် ဘဝတွေမှာလဲ ဒီလင် ဒီသားဒီမယားနှင့် အတူတကွဖြစ်သွားပါရစေ လို့တောင် စွဲလမ်းသေးတယ်၊ နိဗ္ဗာန်ဝင်တဲ့အခါတောင် အတူလက်တွဲ ဝင်မယ်ဆိုတဲ့ အနေမျိုးနဲ့ စွဲလမ်းသေးတယ်။ အဲဒါဟာ ကျမ်းဂန်နဲ့ ပြောရမယ်ဆိုယင် မေဏ္ဍက သေဋ္ဌေးကြီး ဝတ္ထုဖြင့် ထင်ရှားပါတယ်။
### မေဏ္ဍကသေဋ္ဌေးကြီး ဝတ္ထု
မေဏ္ဍကသေဋ္ဌေးကြီးရဲ့ အလောင်းအလျာဟာ တခုသောဘဝမှာ သေဋ္ဌေးကြီးဘဲ ဖြစ်ခဲ့ပါတယ်၊ အဲဒီအခါတုန်းက စားနပ်ရိက္ခာ ရှားပါးတဲ့ဘေးကြီး သင့်လိမ့်မယ်လို့ ပုရောဟိတ်ပုဏ္ဏားက ဟောထားတာနဲ့ စပါးတွေကို ရသမျှစုဆောင်းထားတယ်၊ ဒါပေမဲ့ ရှားပါးတဲ့အခါ အခြွေအရံတွေနဲ့တကွ ထုတ်ထုတ်ပြီး သုံးလိုက်တော့ နောက်ဆုံးမှာ စပါးဆန်တွေ မရှိတော့တဲ့အတွက် အခြွေအရံအလုပ်သမားတွေကို သင့်လျော်ရာမှာသွားပြီး နေထိုင်စားသောက်ဖို့ရာ လွှတ်လိုက်ရတယ်။
သေဋ္ဌေးကြီး ရယ်, သေဋ္ဌေးကတော်ကြီးရယ်, သားရယ်, ချွေးမရယ်, မောင်ပုဏ္ဏဆိုတဲ့ ကျွန်ရယ် ဒီငါးယောက်သာ ကျန်ရှိတော့တယ်။ ဒီငါးယောက်မှာလဲ နောက်ဆုံး တနေ့ကျတော့ စားစရာလုံးဝ မရှိသလောက် ဖြစ်သွားတယ်။ သေဋ္ဌေးကတော်ကြီးက နံရံအခြေမှာ လိမ်းကျံထားတဲ့ မြေညက်ထဲမှ ရေစိမ်ပြီး ထုတ်ယူထားတဲ့ စပါးကို ထောင်းထု ယူထားတဲ့ ဆန်တစလယ်သာ ရှိတော့တယ်။
အဲဒီဆန်တစလယ်ကို ချက်ပြီးတော့ ငါးယောက်အတွက် ငါးပုံဝေပြီး ထမင်းစားမယ် လုပ်နေတုန်း ဂန္ဓမာဒနတောင်မှ ပစ္စေကဗုဒ္ဓါတပါးက ဆွမ်းအလှူခံကြွလာသတဲ့။ ဒီလိုကြွလာတာကလဲ အကြောင်းထူး ရှိပါတယ်။ သေဋ္ဌေးကြီးနှင့်တကွ အဲဒီ အိမ်သူ အိမ်သားစု ငါးဦးက သူတို့စားမည့် ထမင်းကို လှူလိုက်လျှင် နေ့ချင်းပင် စပါးဆန် တွေကို သုံးမကုန်နိုင်အောင်ရမယ်၊ အဲဒီ သေဋ္ဌေးအိမ်သားစုကို အကြောင်းပြုပြီး ပတ်ဝန်းကျင်လူတွေလဲ စားနပ်ရိက္ခာ ပြည့်စုံသွားမယ် ဆိုတာကို မြင်တော်မူတဲ့ အတွက် အရှင်ပစ္စေကဗုဒ္ဓါက နိရောဓ သမာပတ်မှ ထပြီး ကြွလာခြင်း ဖြစ်ပါတယ်။
သေဋ္ဌေးကြီးက အရှင်ပစ္စေကဗုဒ္ဓါကို မြင်ရတော့ ကြည်လင်တဲ့ သဒ္ဓါစိတ်ဖြစ်ပြီး ဒီလိုဆင်ခြင်ပါတယ်။ ငါဟာ ရှေးတုန်းက မပေးမလှူခဲ့တဲ့အတွက် ယခုလို အငတ်ဘေးနဲ့ တွေ့ရတယ်၊ ယခု ပြင်ထားတဲ့ ထမင်းကလေးကို စားလိုက်ယင် တနေ့လောက်သာ အဆာခံမှာဘဲ၊ နောက်ရက်တွေကျယင် စားစရာလဲမရှိဘူး၊ ဆာလောင်ပြီး သေဘို့ဘဲရှိတော့တယ်။
ဒီထမင်းကို ငါမစားဘဲ အရှင်မြတ်အား လှူလိုက်လျှင်တော့ ကမ္ဘာပေါင်း တကုဋေမက ငါ့အား စီးပွါးချမ်းသာကို ဖြစ်စေ နိုင်လိမ့်မယ်လို့ ဆင်ခြင်ပြီး အဲဒီထမင်းကို အရှင် ပစ္စေကဗုဒ္ဓါအား ကပ်လှူလိုက် ပါတယ်။ အဲဒီလို လှူပြီးတော့ ဆုတောင်းလိုက်ပုံက ဒီလိုတဲ့ -
ဘန္တေ၊ အရှင်ဘုရား။
နိဗ္ဗတ္တနိဗ္ဗတ္တဋ္ဌာနေ၊ ဖြစ်တိုင်း ဖြစ်တိုင်းသော ဘဝဌာန၌။
ဧဝရူပံ ဆာတကဘယံ၊ ဤသို့သော အငတ်ဘေးကို။
ပုန၊ တဖန်။ မာ အဒ္ဒသံ၊ မတွေ့ရပါစေသတည်း။
ဣတော ပဋ္ဌာယ၊ ဤအခါမှစ၍။
သကလဇမ္ဗုဒီပဝါသီနံ၊ အလုံးစုံသော ဇမ္ဗူဒိပ် ကျွန်းသူကျွန်းသားတို့အား။
ဗီဇဘတ္တံ၊ ထမင်းမျိုးကို။
ဝါ၊ မျိုးစပါးနှင့်ထမင်းကို။
ဒါတုံ သမတ္ထောဘဝေယျံ၊ ပေးကမ်းနိုင်ရပါလို၏။
သဟတ္ထေန၊ မိမိ၏လက်ဖြင့်။
ကမ္မံ ကတွာ၊ အလုပ်လုပ်၍။
ဇီဝိကံ၊ အသက်မွေးမှုကို။
နကပ္ပေယျံ၊ မပြုရပါစေသတည်း။
အဍ္ဎုတေရသ ကောဋ္ဌသတာနိ၊ တထောင့်နှစ်ရာ့ငါးဆယ်သော စပါးကျီဂိုဒေါင်တို့ကို။
သောဓာပေတွာ၊ သုတ်သင်ရှင်းလင်းစေပြီး၍။
သီသံ နှာယိတွာ၊ ဦးခေါင်းလျှော်ပြီး၍။
ဝါ၊ ဦးခေါင်းလျှော် ရေချိုးပြီး၍။
တေသံ ဒွါရေနိသီဒိတွာ၊ ထိုဂိုဒေါင်တို့၏ တံခါးဝ၌ထိုင်လျက်။
ဥဒ္ဓံ ဩလောကိတက္ခဏေယေဝ၊ အထက်သို့မော်ကြည့်သော ခဏ၌ပင်လျှင်။
ရတ္တသာလိဓာရာ ပတိတွာ၊ နီသော သလေးစပါး အယဉ်တို့သည် ကျလာကုန်၍။
မေ၊ အကျွနု်ပ်၏။
သဗ္ဗကောဋ္ဌေ၊ ဂိုဒေါင်အားလုံးတို့ကို။
ပူရေယျုံ၊ ပြည့်ပါစေကုန်သတည်း။
နိဗ္ဗတ္ထနိဗ္ဗတ္တဋ္ဌာနေ စ၊ ဖြစ်တိုင်းဖြစ်တိုင်းသော ဘဝ၌လည်း။
အယမေဝ ဘရိယာ ဟောတု၊ ဤမယားသည်ပင် မယားဖြစ်ပါစေ။
အယမေဝ ပုတ္တော၊ ဤသားသည်ပင် သားဖြစ်ပါစေ။
အယမေဝ သုဏိသာ၊ ဤချွေးမသည်ပင် ချွေးမဖြစ်ပါစေ။
အယမေဝ ဒါသော ဟောတူတိ၊ ဤပုဏ္ဏသည်ပင် ကျွန်အစေခံ ဖြစ်ပါစေဟူ၍။
ပတ္ထနံ ပဋ္ဌပေသိ၊ ဆုတောင်းလိုက်လေသတည်း-တဲ့။
သေဋ္ဌေးကြီးရဲ့ ဆုတောင်းပုံကို ကြားကြရဲ့လား၊ ဖြစ်လေရာရာ ဘဝတိုင်းမှာ ဒီမယား ဒီသား ဒီချွေးမ ဒီကျွန်နဲ့ချည်းဘဲ အတူဖြစ်ရပါစေလို့ ဆုတောင်းလိုက်တယ်။ သေဋ္ဌေးကြီးတွင် မဟုတ်သေးဘူး၊ သေဋ္ဌေးကတော်ကြီးကလဲ သူစားဘို့ထမင်းကို အရှင်ပစ္စေကဗုဒ္ဓါအား လှူပြီးတော့ နည်းတူဘဲ ဆုတောင်းတယ်၊ ဖြစ်လေရာရာ ဘဝတိုင်းမှာ ဒီလိုအငတ်ဘေးကို မတွေ့ပါရစေနဲ့၊ ထမင်းအိုးကို ရှေ့မှာထားပြီးတော့ ဇမ္ဗူဒိပ် ကျွန်းသူကျွန်းသား အားလုံးကို ထမင်းပေးကမ်းနေလျှင် နေရာမှ မထမချင်း ထမင်းအိုးမှာ ပြည့်မြဲပင်ပြည့်နေပါစေတဲ့။
ဒီဆုတောင်းကတော့ ကောင်းတယ်လို့ ဆိုရမှာဘဲ။ ဒါပေမဲ့ နောက်ဆုံးနိဂုံးချုပ် ဆုတောင်းကတော့ ဒီလင်ဒီသား ဒီချွေးမ ဒီကျွန်သည်ပင်လျှင် လင် သား ချွေးမ ကျွန်ဖြစ်ပါစေ-တဲ့ ဒီလို ဆုတောင်း လိုက်ပါတယ်။
သားဖြစ်သူကလဲ သူစားဘို့ထမင်းကို လှူပြီးတော့ ယခုကာလမှစ၍ ဒီလို အငတ်ဘေးကို မတွေ့ပါရစေနဲ့၊ ငွေတထောင်ထုပ်ကိုကိုင်ပြီး ဇမ္ဗူဒိပ် ကျွန်းသူ ကျွန်းသား အားလုံးအား ပေးနေသော်လဲ ငွေထုပ်ဟာ ပြည့်မြဲပင် ပြည့်နေပါစေ၊ ဒီအမိ ဒီအဖ ဒီမယား ဒီကျွန်သည်ပင်လျှင် အမိ အဖ မယား ကျွန်ဖြစ်ပါစေ-လို့ ဆုတောင်းလိုက်ပါတယ်။
သေဋ္ဌေးကြီးရဲ့ ချွေးမကလဲ သူစားဘို့ထမင်းကို လှူပြီးတော့ ယခုကာလမှစ၍ ဒီလို အငတ်ဘေးကို မတွေ့ပါရစေနဲ့၊ စပါးကတောင်းကို ရှေ့မှာထားပြီး ဇမ္ဗူဒိပ် ကျွန်းသူ ကျွန်းသား အားလုံးတို့အား မျိုးစပါး ပေးကမ်းနေသော်လဲ မကုန်လဲဘဲ ရှိပါစေ၊ ဘဝတိုင်း၌ ဒီယောက္ခမများ ဒီလင်ဒီကျွန်သည်ပင်လျှင် ယောက္ခမများ လင် ကျွန် ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
ယခုပြောခဲ့တဲ့ သေဋ္ဌေးကြီးလင်မယား သားနဲ့ချွေးမတွေရဲ့ ဆုတောင်းပုံတွေဟာ ကာမုပါဒါန်နဲ့ စွဲလမ်းပုံကို အထင်အရှား ဖော်ပြနေပါတယ်။ ယခုခေတ်လူတွေလဲ ဒီပုံဒီနည်း စွဲလမ်းနေကြတာပါဘဲ။ အဲဒါထက်ဆိုးတဲ့ စွဲလမ်းပုံကတော့ ကျွန်ဖြစ်တဲ့ ပုဏ္ဏရဲ့ စွဲလမ်းပုံပါဘဲ။ ပုဏ္ဏကလဲ သူ့အတွက်ထမင်းကို လှူပြီးတော့ ယခု ကာလမှစ၍ ဒီလိုအငတ်ဘေးကို မတွေ့ပါရစေနဲ့၊ ယခုလက်ရှိ အရှင်သခင်တွေ အားလုံးဟာ နောက်ဘဝများမှာလဲ အရှင်သခင်တွေ ဖြစ်ကြပါစေ-လို့ ဆုတောင်းလိုက်သတဲ့။
အစွဲအလမ်းများ သိပ်ကြောက်စရာ ကောင်းတာဘဲ၊ ပုဏ္ဏဟာ အဲဒီအခါတုန်းက သေဋ္ဌေးအဖြစ် မင်းအဖြစ်မျိုးကို ဆုတောင်းယင်လဲ ရနိုင်ပါတယ်။ ဒါပေမဲ့ သူ့ အရှင်သခင်တွေကို ခင်မင်တွယ်တာပြီး စွဲလမ်းနေတဲ့အတွက် နောက်ဘဝတွေမှာလဲ ဒီသခင်တွေရဲ့ ကျွန်ဖြစ်ဖို့ရန်သာ ဆုတောင်းတယ်။ အဲဒါမျိုးဟာ ယခုခေတ်မှာလဲ ရှိနိုင်တာဘဲ။
ဘုန်းကြီးတို့ ငယ်စဉ်တုန်းက ရွာတရွာမှာ နာမည်ကောင်းရတဲ့ ရွာသူကြီးတယောက် ရှိတယ်၊ ဟိုအချိန်တုန်းကတော့ အင်္ဂလိပ်လူမျိုးတွေ ကြီးစိုးနေတဲ့အခါ ဖြစ်တယ်၊ ဝန်ထောက်တို့ အရေးပိုင်တို့ဆိုတာ များသောအားဖြင့် အင်္ဂလိပ် လူမျိုးတွေဘဲ ဖြစ်တတ်ပါတယ်။ အဲဒီလို အရာရှိတွေကို အရိုအသေ ပြုရတဲ့အတွက် အဲဒီ ရွာသူကြီးက သိပ်သဘောကျသတဲ့၊ အဲဒီအရာရှိတွေက သူ့အမည်ကို ခေါ်လိုက်လို့ “ဘုရား” လို့ ထူးလိုက်ရတာများ အင်မတန် အရသာ ရှိတယ်လို့ အဲဒီရွာသူကြီးက ထုတ်ဖော်ပြောသတဲ့။ အဲဒါဟာလဲ မောင်ပုဏ္ဏရဲ့ စွဲလမ်းပုံမျိုးပါဘဲ။
### ဆုတောင်းပြည့်ပုံ
ကာမုပါဒါန်နဲ့ စွဲလမ်းပုံကတော့ တော်တော် သဘောပေါက်လောက်ပါပြီ။ ယခု သေဋ္ဌေးကြီးရဲ့ အိမ်သားစုများရဲ့ အလှူဒါနနဲ့ ဆုတောင်းက အကျိုးပေးပုံကို နဲနဲ ဆက်ပြောကြဦးစို့။
အရှင်ပစ္စေကဗုဒ္ဓါလဲ “ဣစ္ဆိတံ ပတ္ထိတံ တုယှံ၊ ခိပ္ပမေဝ သမိဇ္ဈတု” စသည်ဖြင့် “ဆုတောင်းသည့်အတိုင်း ဖြစ်စေ” လို့ အနုမောဒနာပြုပြီး ဂန္ဓမာဒနတောင်သို့ ကောင်းကင်ခရီးဖြင့် ပြန်ကြွသွားတယ်၊ ဆွမ်းဒကာတွေ မြင်အောင်လို့လဲ အဘိညာဉ် တန်ခိုးဖြင့် အဓိဋ္ဌာန်ပြုသွားတယ်။ ဒါကြောင့် သေဋ္ဌေးကြီးအိမ်သားစုတွေဟာ အရှင်ပစ္စေကဗုဒ္ဓါ ကြွသွားတာကို မျှော်ကြည့်ပြီး ကြည်ညိုနေကြတယ်၊
ဂန္ဓမာဒန တောင်ရောက်တော့ ငါးရာသော ပစ္စေကဗုဒ္ဓါတွေနဲ့ အဲဒီဆွမ်းကိုဝေဘန်ပြီး ဘုဉ်းပေးနေကြတာကိုလဲမြင်ကြရတယ်။ ရုပ်ရှင်ထဲမှာ ကြည့်ရတာမျိုး နေမှာပေါ့။ အဲဒီ ဆွမ်းတစလယ်ချက်ဟာလဲ ကြွလာတဲ့ အရှင်ပစ္စေကဗုဒ္ဓါရဲ့ အဘိညာဉ် တန်ခိုးကြောင့် အရှင်ပစ္စေကဗုဒ္ဓါငါးရာ လုံလုံလောက်လောက် ဘုဉ်းပေးကြ ရတာကိုလဲ မြင်ကြ ရတယ်၊ ဝမ်းမြောက်ဝမ်းသာနဲ့ အင်မတန် ထက်သန်တဲ့ သဒ္ဓါတရားတွေ ဖြစ်ကြမှာပေါ့။
မွန်းလွဲတဲ့အခါမှာ သေဋ္ဌေးကတော်ကြီးက ထမင်းအိုးကို ဆေးကြောပြီး အဖုံး ပိတ်ထားလိုက်တယ်။ သေဋ္ဌေးကြီးက ဆာလောင်တာနဲ့ အိပ်လိုက်တာ အိပ်မောကျ သွားတယ်၊ အိပ်ရာကနိုးလာတဲ့အခါမှာ အလွန်ဆာတာနဲ့ သေဋ္ဌေးကတော်ကြီးကို မေးတယ်၊ ရှင်မရေ ဆာလိုက်တာကွယ်၊ ထမင်းအိုးမှာကပ်နေတဲ့ ထမင်းချိုး ကလေးများ ရှိသေးသလားကြည့်ပါဦးလို့ ပြောတော့ -
သေဋ္ဌေးကတော်ကြီးက သူကိုယ်တိုင် ဆေးကြောပြီး သိမ်းထားတာကို သိပေမဲ့ သေဋ္ဌေးကြီးကို လေးစားသောအားဖြင့် “မရှိတော့ဘူး” လို့ မပြောဘူး၊ “ဖွင့်ကြည့်ပြီးမှ ပြန်ကြားပါမည်” လို့ပြောပြီး ထမင်းအိုးဆီကို ထသွားတယ်၊
သွားပြီးတော့ ထမင်းအိုးကို ဖွင့်ကြည့်လိုက်တဲ့အခါ မြတ်လေးပန်းငုံနဲ့တူတဲ့ ထမင်းတွေပြည့်နေတာကို တွေ့ရတယ်။ ဒီတော့ သေဋ္ဌေးကတော်ကြီးမှာ တကိုယ်လုံး ပီတိဖြင့်ပြည့်ပြီး ဝမ်းမြောက်ဝမ်းသာနဲ့ “သေဋ္ဌေးကြီး .... ထထ၊ ထမင်းအိုးကို ကျမ အပြောင်အစင် ဆေးပြီးတော့ စလောင်းဖုံးနဲ့ ပိတ်ထားတယ်၊ အဲဒီထမင်းအိုးဟာ ယခုထမင်းတွေနဲ့ ပြည့်နေတယ်၊ ကောင်းမှုများဟာ ပြုသင့်လှ ပါပေတယ်၊ ဒါနကုသိုလ်ဟာ ပြုသင့်လှပါပေတယ်၊
ကဲ အရှင်သေဋ္ဌေးကြီး .... ထပြီး သုံးဆောင်ပါ” လို့ ပြောပြီး ထမင်းကျွေးပါတယ်၊ သားအဖ ၂-ဦး စားပြီးတဲ့အခါ သေဋ္ဌေးကတော်ကြီးက ချွေးမနဲ့အတူ စားတယ်၊ ကျွန်ပုဏ္ဏကိုလဲ ကျွေးတယ်၊ ထမင်းအိုးထဲမှာ ယူတိုင်း ယူတိုင်း ထမင်းက ပြည့်ပြည့် တတ်လာသတဲ့၊ အဲဒါဟာ သေဋ္ဌေးကတော်ကြီးရဲ့ ဆုတောင်း ပြည့်ပုံပါဘဲ။ ထို့အတူ သေဋ္ဌေးကြီးရဲ့ ဆုတောင်းအတိုင်းလဲ ဂိုဒေါင် တထောင့်နှစ်ရာ့ ငါးဆယ်မှာ စပါးတွေ ပြည့်နေသတဲ့။
ယခု ဂေါတမဘုရား လက်ထက်မှာ မဂဓတိုင်းနိုင်ငံထဲက ဘိဒ္ဒိယမြို့မှာ အဲဒီ သေဋ္ဌေးအိမ်သားစု ငါးဦးဟာ သူတို့ ဆုတောင်းအတိုင်းပင် မေဏ္ဍကသေဋ္ဌေးကြီးနဲ့ သေဋ္ဌေးကတော်ကြီးရယ်, ဓနဉ္စယမည်သော သားနဲ့ သူ့ဇနီးရယ်, ကျွန်မောင် ပုဏ္ဏရယ် ငါးဦးလုံး တစုတည်း အိမ်သားစုတွေ ဖြစ်နေကြတယ်၊ သူတို့ရဲ့ အသီးအသီး ဆုတောင်းအတိုင်းလဲ အံ့ဩဘွယ် ဂုဏ်ထူးတွေနဲ့ အကျိုးပေး နေပါတယ်၊
အဲဒီလို အကျိုးပေးပုံတွေ ထူးဆန်းလွန်းလို့ ဘုရင်မင်းမြတ် ကတောင် အမတ်ကြီး တဦးကို စေလွှတ်ပြီး စုံစမ်းခိုင်းရတယ်၊ စုံစမ်းတဲ့အခါမှာလဲ တကယ် ဟုတ်နေတာကို တွေ့ရတဲ့အကြောင်း ဝိနည်းပါဠိတော်မှာ အထင်အရှားပြဆို ထားပါတယ်။
ဥပါဒါန်စွဲလမ်းပုံနဲ့ စပ်ပြီး မေဏ္ဍကသေဋ္ဌေး အကြောင်း ပြောမိတာနဲ့ စကား အဆက်အစပ်က နဲနဲပျောက်သွားတယ်၊ ယခု စွဲလမ်းမှု ဥပါဒါန်ကြောင့် ကမ္မဘဝ ဖြစ်ပုံကို ဆက်ပြောရမယ်။
### ဥပါဒါန်ကြောင့် ကမ္မဘဝဖြစ်ပုံ
လိုချင်နှစ်သက်စရာ အာရုံဝတ္ထုတွေကို မရလျှင် မဖြစ်တော့ဘူးဆိုတဲ့ အနေနဲ့ စွဲလမ်းတဲ့ ကာမုပါဒါန် ဖြစ်လာယင် အဲဒီအာရုံဝတ္ထုတွေကို တနည်းနည်းနဲ့မရရအောင် အားထုတ်ပြုလုပ်တော့တာဘဲ၊ ခိုးမှရမယ်ထင်ယင်လဲ ခိုးလိမ့်မယ်၊ လုယက်ယူမှ ရမယ်ထင်ယင်လဲ လုယက်လိမ့်မယ်၊ လိမ်မှ ရမယ်ထင်ယင်လဲ လိမ်လိမ့်မယ်၊ မတရားလုပ်မှ ရမယ်ထင်ယင်လဲ မတရား လုပ်လိမ့်မယ်၊ သတ်မှ ရမယ်ထင်ယင်လဲ သတ်လိမ့်မယ်။ ယခုလောကမှာ ခိုးမှု, လုယက်မှု, လိမ်မှု, မတရားပြုလုပ်မှု, သတ်မှု တွေ ဖြစ်နေတာဟာ ဒီစွဲလမ်းမှုကြောင့်ချည်းဘဲ။
တချို့အမှုက ကာမုပါဒါန်ကြောင့် ဖြစ်တယ်၊ တချို့အမှုက ဒိဋ္ဌုပါဒါန် ၃-မျိုးထဲက တမျိုးမျိုးကြောင့် ဖြစ်တယ်၊ အများအားဖြင့်တော့ လိုချင်စရာတွေကို ရလိုတဲ့ ကာမုပါဒါန်ကြောင့် ဖြစ်တာကဘဲ များပါတယ်။ ဒီလို ခိုးမှုစသည်ဖြစ်တာကလဲ ကိုယ့်အတွက်သာ မဟုတ်ဘူး၊ လင်, မယား, သား, သမီးစသည်ဖြင့် စွဲလမ်းတဲ့ သူတွေအတွက်လဲ ဖြစ်တာဘဲ။ အဲဒါတွေဟာ ကာမုပါဒါန်ကြောင့်ဖြစ်တဲ့ အကုသိုလ် ကမ္မဘဝတွေပါဘဲ။ ဒီနေရာမှာ သူတပါးအတွက် ကာမုပါဒါန်ကြောင့် အကုသိုလ် ကမ္မဘဝဖြစ်ပုံကို ဇာတ်ဝတ္ထုတခုနဲ့ အတိုချုပ် ပြောချင်တယ်။
### ပုပ္ဖရတ္တဇာတ်
ရှေးတုန်းက ဗာရာဏသီပြည်မှာ သူဆင်းရဲတယောက် ရှိခဲ့တယ်၊ အဲဒီသူဆင်းရဲမှာ ထူထဲတဲ့ အဝတ်တစုံသာရှိတယ်၊ ကြတ္တိကာနက္ခတ်သဘင် ခေါ်တဲ့ တန်ဆောင်တိုင် ပွဲတော်မှာ ဝတ်ဖို့ အဲဒီ ဝတ်စုံကို လျှောက်ဖွပ်ပြီး ပြုပြင်ထားတယ်၊ ဒါပေမဲ့ သူ့ဇနီးက အဲဒီအဝတ်ဖြူကို မကြိုက်ဘူး၊ ပန်းရောင်အဝတ်ကို ဝတ်ချင်တယ်၊ ရှိတဲ့အဝတ်ကိုဘဲ ဝတ်ဖို့ အမျိုးမျိုး နားချတယ်၊
လက်မခံဘူး၊ ဒါနဲ့နောက်ဆုံးတော့ ဘုရင့်ဥယျာဉ်တော်က ဝတ်ပန်းကို ခိုးယူပြီး ဆိုးပေးဘို့ ညဉ့်အချိန်မှာ ဘုရင့်ဥယျာဉ်တော်ကို စည်းရိုးကကျော်ပြီးဝင်တယ်။ အစောင့်အရှောက်တွေက အသံကြားလို့ ဝိုင်းဖမ်းပြီး ဘုရင့်ထံပြကြတယ်၊ ဘုရင်က တံကျင်လျှိုဘို့ အမိန့်ချလိုက်တယ်။ မင်းချင်းယောက်ျားတွေက အဲဒီဆင်းရဲသား ပန်းသူခိုးကို မြို့ပြင်ထုတ်ပြီး တံကျင်မှာ လျှိုထားတယ်၊
တံကျင်ဆိုတာ တံစို့ပါဘဲ၊ ဒါကြောင့် တံကျင်လျှိုတယ်ဆိုတာ တံစို့နဲ့ ထိုးတာပါဘဲ။ တံကျင်လျှိုထားတော့ မလှုပ်နိုင်, မလှဲ့နိုင်နဲ့ မသေမရှင် ဖြစ်ပြီး နာကျင်တဲ့ ဒုက္ခဝေဒနာတွေကို အကြီးအကျယ် ခံစားနေရတာပေါ့။ နောက်ပြီးတော့ ကျီးတွေက မျက်စိကို လာပြီး ဆိတ်ကြသတဲ့၊ အကြီးအကျယ် ဒုက္ခရောက်နေရှာတာပါဘဲ။ ဒါပေမဲ့ သူက ဒီလို ညည်းတွားလိုက်သေးသတဲ့-
နယိဒံ ဒုက္ခံ အဒုံ ဒုက္ခံ၊
ယံ မံ တုဒတိ ဝါယသော။
ယံ သာမာ ပုပ္ဖရတ္တေန၊
ကတ္တိကံ နာနုဘောဿတိ။
ဝါယသော၊ ကျီးသည်။
မံ၊ ငါ့ကို။
ယံ တုဒတိ၊ အကြင်ဆိတ်လျက် ထိုးဆွ၏။
ဣဒံ၊ ဤကျီး၏ ထိုးဆိတ်ခြင်းသည်။
န ဒုက္ခံ၊ ဆင်းရဲမဟုတ်သေး။
ဝါ၊ မဆင်းရဲလှသေးပါ။
သာမာ၊ ဝါဝင်းသော အသားအရေရှိသော ချစ်ဇနီးသည်။
ပုပ္ဖရတ္တေန၊ ဝတ်ပန်းဖြင့် ဆိုးအပ်သော ထမီခြုံထည်ဖြင့်။
ကတ္တိကံ၊ တန်ဆောင်တိုင်ပွဲတော်ကို။
ယံ နာနုဘောဿတိ၊ အကြင်မခံစားရ မပျော်ရဘဲ ရှိချေလတံ့။
အဒုံ၊ ထိုချစ်ဇနီး၏ တန်ဆောင်တိုင်ပွဲတော်ကို ငါနှင့်အတူ မနွှဲမပျော်ရခြင်းသည်။
ဒုက္ခံ၊ ဆင်းရဲလှပါပေတော့သည် -
လို့ ညည်းတွား မြည်တမ်းနေသတဲ့၊ ဒီလို ညည်းတွား မြည်တမ်းရင်းဘဲ သေပြီး ငရဲကို ရောက်သွားရရှာပါသတဲ့။
### ကမ္မဘဝဖြစ်ပုံ အဆက်
အဲဒါဟာ သူများအတွက် စွဲလမ်းမှု ဥပါဒါန်ကြောင့် အကုသိုလ်ကမ္မဘဝ ဖြစ်ပြီးတော့ “ဘဝပစ္စယာ ဇာတိ”လို့ ဟောထားတဲ့အတိုင်း အကုသိုလ် ကမ္မဘဝကြောင့် သူ၏ အကျိုး ငရဲဘဝဇာတိ ဖြစ်ပေါ်သွားတာပါဘဲ။ ယခု ကာလမှာလဲ ချစ်တဲ့သူတွေရဲ့ အပူကပ်မှုကြောင့် မတော်မတရား အလွဲသုံးစားပြုမှု ခိုးမှု လိမ်မှု စသည်တွေ အများကြီး ရှိနေမှာဘဲ၊ အဲဒီလို ဖြစ်ပေါ်လာတဲ့ အမှုကံတွေဟာ ဥပါဒါန်ကြောင့် ဖြစ်ပေါ်လာတဲ့ ကမ္မဘဝချည်းပါဘဲ၊ အပါယ် ၄-ပါးဘဝဖြစ်ဖို့ရာ အကြောင်းကံ တွေချည်းပါဘဲ။ ယခု ပြောခဲ့တဲ့အတိုင်း ကိုယ့်အတွက် ဖြစ်စေ, သူများအတွက် ဖြစ်စေ မျက်မှောက်ကာမဂုဏ် အာရုံတွေကို စွဲလမ်းမှု ကာမုပါဒါန်ကြောင့် အကုသိုလ် ကမ္မဘဝဖြစ်ပုံကို ဝိသုဒ္ဓိမဂ် (ဒု-၂၀၈) ဒီလိုပြထားပါတယ်။
သန္ဒိဋ္ဌိကေ ကာမေ၊ မျက်မှောက်ဘဝနှင့်ဆိုင်သော ကာမဂုဏ်တို့ကို။
ပတ္ထယမာနော ဝါ၊ လိုချင်တောင့်တသောကြောင့်၎င်း (ဟေတုမန္တကို ရည်သည်)။
ပဋိလဒ္ဓေ၊ ရအပ်ပြီးသော ကာမဂုဏ်တို့ကို။
ဂေါပယမာနော ဝါ၊ စောင့်ရှောက်လိုသောကြောင့်၎င်း။
ကာမုပါဒါနဝသေန၊ ကာမုပါဒါန်၏ အစွမ်းအားဖြင့်။
ကာယဒုစ္စရိတာဒီနိ၊ ကာယဒုစရိုက် စသည်တို့ကို။
ကရောတိ။ ပြုလုပ်၏။
(သတ်ခြင်း, လုယက်ခိုးယူခြင်း, ကာမဂုဏ်တို့၌ မတော်မတရား ကျူးလွန်ခြင်း ဟူသော ဤအမှု ၃-ပါးကို ကာယဒုစရိုက် ခေါ်သည်၊ အာဒိ=စသည်ဟူသော စကားဖြင့် ဝစီဒုစရိုက်, မနောဒုစရိုက်တို့ကို ဆိုသည်၊ ထိုတွင် လိမ်ခြင်း, ဂုံးတိုက်ခြင်း, ဆဲရေးခြင်း, အပြိန်အဖျင်း ပြောဆိုခြင်း ဟူသော ဤအမှု ၄-ပါးကို ဝစီဒုစရိုက် ခေါ်သည်၊ သူတပါး၏ စည်းစိမ်ဥစ္စာကို မိမိဥစ္စာ အဖြစ်ဖြင့် ကြံစည်ခြင်း, သူတပါးကို သေပျက်စေရန် ကြံစည်ခြင်း, ကံ,ကံ၏အကျိုး မရှိ-စသည်ဖြင့် မှားယွင်းစွာ ကြံစည်ယူဆခြင်းဟူသော ဤအမှု ၃-ပါးကို မနောဒုစရိုက်ဟု ခေါ်သည်။)
သော၊ ထို ဒုစရိုက်တို့ကို ပြုသောသူသည်။
ဒုစ္စရိတပါရိပူရိယာ၊ မကောင်းမှု ဒုစရိုက်ကံတို့၏ ပြည့်ခြင်းကြောင့်။
အပါယေ၊ အပါယ် ၄-ဘုံ၌။
ဥပပဇ္ဇတိ၊ ဖြစ်၏-
လို့ ပြထားပါတယ်။
အဲဒါဟာ မျက်မှောက်ဘဝမှာ မိမိ၏ ကောင်းစားချမ်းသာရေး, မိမိနဲ့စပ်တဲ့ သူတွေ၏ ကောင်းစားချမ်းသာရေးအတွက် ဒီအမှုကို ငါမလုပ်ယင် မမဖြစ်တော့ဘူးဆိုတဲ့ အနေနဲ့ စွဲလမ်းပြီး သတ်မှု, ခိုးမှု စသည်တွေကို ပြုလုပ်တဲ့အတွက် အကုသိုလ် ကမ္မဘဝ ဖြစ်ပြီး အပါယ် ၄-ပါး ဘဝသစ်ဇာတိဖြစ်ပေါ်လာပုံပါဘဲ။
### ကောင်းမှုကလဲ အမှားအမှန် ၂-မျိုးရှိတယ်
တချို့ကလဲ နောင်ဘဝ နောင်ကာလမှာ ချမ်းသာရအောင်လို့ ရည်ရွယ်ပြီး ကောင်းမှုတွေကို ပြုကြတယ်။ ဒီလိုပြုရာမှာ ကောင်းမှုဆိုတာကလဲ အမှားနဲ့ အမှန် ၂-မျိုးရှိတယ်၊ ကောင်းမှုကံ အမှန်ဆိုတာ အပြစ်ကင်းတယ်၊ အပြစ်မကင်းတဲ့ အမှုဆို ယင်တော့ ကောင်းမှုကံ အမှန်မဟုတ်ဘူး၊ အမှားပါဘဲ။ ကောင်းမှုကံ အမှားဆိုတာ မကောင်းမှု အကုသိုလ်ကံပါဘဲ။
### ကောင်းမှုကံမှားတွေ
ဘယ်လိုဟာလဲဆိုယင် တချို့က “ခရုတို့, ယောက်သွားတို့ ဒီလိုအကောင်တွေဟာ ဝဋ်ခံနေရတာဘဲ၊ ဒီလိုအကောင်တွေကို မြန်မြန်သေအောင် ရေနွေးနဲ့ ပြုတ်ခြင်း စသည်ဖြင့် သတ်လိုက်ယင် ဝဋ်ကျွတ်သွားတယ်၊ ဒါကြောင့် အဲဒီလို သတ္တဝါတွေကို မြန်မြန်သေအောင် လုပ်တာဟာ ကုသိုလ်ရတယ်၊ ကောင်းမှု ဖြစ်တယ်” လို့ ယူဆကြတယ်။
အဲဒီလိုလုပ်ရာမှာ သေရမည့် သတ္တဝါတွေကို မေးကြည့်ယင် သေချင်ရှာကြမှာ မဟုတ်ပေဘူး။ ရေနွေး အပူလောင်ခံရတဲ့ ဆင်းရဲစသည်ကိုလဲ အလိုရှိကြမှာ မဟုတ်ပေဘူး။ ဒါကြောင့် မသေချင်ကြတဲ့ သတ္တဝါတွေ, ဆင်းရဲ အလိုမရှိကြတဲ့ သတ္တဝါတွေကို သေအောင် ဆင်းရဲအောင် လုပ်တာဟာ ဘယ်မှာ အပြစ်ကင်းနိုင် ပါမည်လဲ၊ အပြစ်မကင်းနိုင်ပါဘူး၊ အပြစ်မကင်းတော့ အဲဒီလို အမှုဟာ သူတို့က ကောင်းမှုလို့ ထင်ပေမဲ့ မကောင်းမှုဘဲ ဖြစ်နေပါတယ်။
နောက်ပြီးတော့ တချို့ကလဲ “ဒုက္ခဝေဒနာတွေကို များစွာခံစားရပြီး မသေမရှင် ဖြစ်နေတဲ့သူကို မြန်မြန်သေအောင် လုပ်ပေးယင် ကုသိုလ်ဖြစ်တယ်” လို့ ယူဆ ကြတယ်။ အဲဒီမှာလဲ ဒုက္ခခံနေရတဲ့သူက ဆင်းရဲကိုသာ အလိုမရှိတာဘဲ၊ သေတော့ သေချင်လှမယ်မဟုတ်ပေဘူး၊ ဒါကြောင့် အဲဒါလဲ အပြစ်မကင်းဘူး။ ဒုက္ခခံနေ ရတဲ့သူက သေချင်ပါတယ်လို့ ဆိုသည်တိုင်အောင် ဗုဒ္ဓတရားတော်အရ ဆိုယင်တော့ သေအောင်လုပ်တာဟာ အပြစ်ရှိတာချည်းဘဲ။
ဘယ်လောက်အထိ အပြစ်ရှိသလဲဆိုယင် အမိ အဖ ဖြစ်တဲ့သူကို မြန်မြန်သေအောင် ကိုယ်တိုင်ပြုလျှင် ဖြစ်စေ, သူတပါးကို ပြုစေလျှင်ဖြစ်စေ, နည်းလမ်းပြပေးလျှင် ဖြစ်စေ, အဲဒီ လုံ့လ ပယောဂကြောင့် သေချိန်မကျသေးဘဲ အမိအဖဖြစ်သူ သေဆုံးသွားယင် မာတုဃာတကကံ, ပိတုဃာတကကံ ထိုက်တယ်၊ သေသည်၏ အခြားမဲ့မှာ ငရဲကို ကျစေနိုင်တဲ့ ကံကြီးပါဘဲ၊ အာနန္တရိယကံလို့ ခေါ်ပါတယ်၊ ဒီလိုကံကြီးထိုက်သည် အထိ အပြစ်ကြီးလေးတယ်။
တချို့ကလဲ “ကျွဲ နွား ဆိတ် သိုး ကြက် ဝက် စသည်ကိုသတ်ပြီး နတ်အရှင်ကြီး ဘုရားသခင်ဆိုတာတွေကို ပူဇော် ပသလိုက်ယင်, လူတွေကို ကျွေးမွေးလှူဒါန်း လိုက်ယင် ကောင်းစားချမ်းသာကြောင်း ကောင်းမှုဖြစ်တယ်၊ မှားယွင်းမိတဲ့ အပြစ်တွေ ကင်းပြီး နောင်ကာလ နောင်ဘဝတွေမှာ ကောင်းစားချမ်းသာသွားမယ်” လို့ ယူဆကြတယ်၊ အဲဒီမှာလဲ အသတ်ခံရတဲ့ သတ္တဝါတွေဘက်က ကြည့်ယင် အပြစ်ကင်းတယ်လို့ ဘယ်နည်းနဲ့မျှ မဆိုနိုင်ပါဘူး၊
အပြစ်မကင်းဘူးဆိုတာ ဟုတ်, မဟုတ် အတိအကျ ဆုံးဖြတ်ချင်ယင် မိမိကိုယ်တိုင်က အသတ်ခံရမည့်သူ အဖြစ်နဲ့နေပြီး လေးလေးနက်နက် စဉ်းစားကြည့်ပါ၊ အပြစ် မကင်းကြောင်း ထင်ရှားပေါ်လာပါလိမ့်မယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တချို့က ဒီလိုလဲ ဆင်ခြေပေးကြတယ်၊ ပူဇော်ပသဘို့ အသတ်ခံရတဲ့ သတ္တဝါတွေလဲ မနစ်နာပါဘူး၊ သူတို့လဲ ကောင်းကင်ဘုံ ရောက်သွားကြပါတယ်-တဲ့။ ဒီလို ဆင်ခြင်ပေးတဲ့ သူတွေဟာ အဲဒီအတိုင်း ယုံကြည်လို့ရှိယင် မိမိတို့အချစ်ဆုံးဖြစ်တဲ့ သားမယား တွေကိုသတ်ပြီး ပူဇော်ပါတော့လား၊ ကိုယ်တိုင် အသတ်ခံပြီး ပူဇော်စေပါတော့လား၊ ကောင်းကင်ဘုံကို မရောက်ချင်သေးလို့ ဆိုင်းငံ့နေတာလား စသည်ဖြင့် မယုံကြည်တဲ့ သူတွေက မေးစရာရှိပါတယ်။
အဲဒီ အမေးကို ပညာရှိများ ကျေနပ်လောက်အောင် ဖြေရှင်းနိုင်ဘွယ် မရှိပါဘူး၊ ကိုယ်ချစ်တဲ့ သားမယားကို ဖြစ်စေ, မိမိကိုယ်တိုင်ကိုဖြစ်စေ သူတပါးကသတ်ပြီး ပူဇော်မယ်ဆိုယင် အဲဒီလို ဆင်ခြင်ပေးတဲ့သူတွေဟာ လက်ခံနိုင်မယ် မဟုတ်ပါဘူး။ ဒါကြောင့် သတ်တယ် ဆိုတာ သတ်တဲ့သူဘက်က ဘယ်လိုဘဲ ဆင်ခြေပေးနေစေကာမူ အသတ်ခံရတဲ့ သူဘက်ကတော့ ကျေနပ်မှာ မဟုတ်ပါဘူး။
ဒါကြောင့် ဘာသာရေးအရ ကျွဲ နွားစသည်ကိုသတ်ပြီး ပူဇော်တာလဲ အပြစ် မကင်းဘူးလို့ ဆိုရမှာဘဲ၊ အပြစ်မကင်းယင် ကုသိုလ်လို့ထင်ပေမဲ့ ကုသိုလ်မဟုတ်ဘူး၊ အကုသိုလ်ဘဲ ဖြစ်နေပါတယ်။
ဒါကြောင့် နောင်ဘဝနောင်ကာလမှာ ချမ်းသာကိုရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သတ္တဝါတွေကိုသတ်ပြီး ပူဇော်တာ ကျွေးမွေး လှူဒါန်းတာတွေဟာလဲ ကာမုပါဒါန် ကြောင့် ဖြစ်တဲ့ အကုသိုလ်ကမ္မဘဝချည်းပါဘဲ။ ယခုပြောခဲ့တဲ့အတိုင်း မှားယွင်းသော ဘာသာတရားကို ကြားနာရခြင်း စသည်ကြောင့် အကုသိုလ် အလုပ်ကိုပင် ကုသိုလ် အလုပ်ထင်ပြီး ကာမုပါဒါန်၏ အစွမ်းဖြင့် အကုသိုလ် ကမ္မဘဝဖြစ်တတ်ကြောင်းကို ဝိသုဒ္ဓိမဂ် (ဒု-၂၀၈)မှာ ဒီလို ပြဆိုထားပါတယ်။
တေသံ၊ ထိုလူ့လောက, နတ်လောက ကာမဂုဏ်တို့ကို။
အဓိဂမတ္ထံ၊ ရရန်အတွက်။
အသဒ္ဓမ္မဿဝနာဒီဟိ ဝဥ္စိတော၊ မှားယွင်းသော ဘာသာတရားကို ကြားနာရခြင်း စသည်တို့က လှည့်စားအပ်သည်ဖြစ်၍။
ဣမိနာ ကမ္မေန၊ ဤသတ်ခြင်းအစရှိသောအမှုဖြင့်။
ကာမာ၊ ကာမဂုဏ်တို့သည်။
သမ္ပဇ္ဇန္တီတိ မညမာနော၊ ပြည့်စုံကြလိမ့်မည်ဟု ထင်မှတ်လျက်။
ဝါ၊ ထင်မှတ်သောကြောင့်။
ကာမုပါဒါနဝသေန၊ ကာမုပါဒါန်၏ အစွမ်းအားဖြင့်။
ကာယဒုစ္စရိတာဒီနိပိ၊ ကာယဒုစရိုက်စသည်တို့ကိုသော်လည်း။
ကရောတိ၊ ပြု၏။
သော၊ ကာယဒုစရိုက် စသည်တို့ကိုသော်လည်း ကောင်းမှုထင်၍ ပြုမိသော ထိုသူသည်။
ဒုစ္စရိတပါရိပုရိယာ၊ မကောင်းမှု ဒုစရိုက်ကံတို့၏ ပြည့်ခြင်းကြောင့်။
အပါယေ၊ အပါယ် ၄-ဘုံ၌။
ဥပပဇ္ဇတိ၊ ဖြစ်၏ -
လို့ ပြဆိုထားပါတယ်။
အဲဒီအဆိုထဲမှ “မှားယွင်းသော ဘာသာတရားကို ကြားနာရခြင်း စသည်က လှည့်စားထားတယ်” လို့ ဆိုရာမှာ စသည်အရဖြင့် သူယုတ်မာကို ဆရာတင်ပြီး မှီဝဲခြင်း, ရှေးဘဝ ရှေးကာလက ပြုခဲ့တဲ့ကောင်းမှုမရှိခြင်း, မိမိကိုယ်ကို ကောင်းစွာ မထားခြင်းတို့ကိုလဲ ယူရမယ်လို့ ဋီကာက ပြဆိုထားပါတယ်။
မှန်ပေတယ်။ သူယုတ်မာ လူမိုက်ကို ဆရာတင်ပြီး မှီဝဲနေလျှင် အဲဒီလူမိုက်ရဲ့ လုပ်ကိုင်ပုံတွေကို အကောင်းတင်ပြီး လိုက်လုပ်တတ်တယ်။ ရှေးကကောင်းမှုကို မပြုခဲ့ဘဲ မကောင်းမှုကို အပြုများလျှင်လဲ မကောင်းမှုပြုဘို့ရာ အလေ့အကျင့်ရပြီး လွယ်ကူနေတတ်တယ်၊ အလွဲအမှားတွေကိုမှ သဘောကျတတ်တယ်။ မိမိကိုယ်ကို ကောင်းစွာမစောင့်ထိန်းတဲ့ သူကလဲ မကောင်းမှုကို ပြုဘို့ရာ အလွန်လွယ်ကူ နေတတ်တယ်။ ဒါကြောင့် သူယုတ်မာကို ဆရာတင်ပြီး မှီဝဲခြင်းစသည်တွေဟာလဲ မကောင်းမှု အကုသိုလ် ဖြစ်ပွါးကြောင်းတွေပါဘဲ။ အဲဒါတွေကိုလဲ သတိပြုပြီး ရှောင်ကြဉ်ရတယ်၊ ပြုပြင် ပြောင်းလဲပေးရတယ်။
### မှန်ကန်သောတရား ကြားရလျှင် ကောင်းမှုဖြစ်တယ်
မှန်ကန်သော ဘာသာရေးတရားကို “သဒ္ဓမ္မ=သူတော်ကောင်းတရား” လို့ခေါ်တယ်၊ အဲဒီ သူတော်ကောင်း တရား = မှန်ကန်သော ဘာသာရေးတရားကို ကျင့်သုံး နေတဲ့သူဟာ သူတော်ကောင်းဘဲ၊ အဲဒီလို သူတော်ကောင်းကို မှီဝဲရတဲ့ သူမှာ သူတော်ကောင်းတရားတွေကို ကြားနာရတယ်၊ သတ်ခြင်း, ခိုးခြင်း, ဖောက်ပြား ကျူးလွန်ခြင်းဆိုတဲ့ ကာယဒုစရိုက် ၃-ပါးမှ ရှောင်ကြဉ်ပြီး ကာယသုစရိုက်ကို ကျင့်ရတယ်။ လိမ်ခြင်း, ဂုံးတိုက်ခြင်း, ဆဲရေးခြင်း, အပြိန်အဖျင်း ပြောဆိုခြင်းဆိုတဲ့ ဝစီဒုစရိုက် ၄-ပါးမှ ရှောင်ကြဉ်ပြီး ဝစီသုစရိုက်ကို ကျင့်ရတယ်။
သူတပါးဥစ္စာကို ကိုယ့်ဥစ္စာအဖြစ်ဖြင့် မတရားမကြံရဘူး၊ သူတပါးကို သေကြေ ပျက်စီးပါစေလို့ မပြစ်မှား မကြံစည်ရဘူး၊ ကံ,ကံ၏အကျိုးရှိတယ်၊ နောင်တမလွန် ဘဝရှိတယ် စသည်ဖြင့် အမြင်မှန်ရှိစေရမယ်၊ အဲဒီလို မတရား အကြံခြင်း, အမြင်မှန် ရှိခြင်းဆိုတဲ့ မနောသုစရိုက်ကို ပွါးစေရတယ်-စသည်ဖြင့် သူတော်ကောင်းတရား မှန်ကန်သော ဘာသာရေး တရားတွေကို ကြားနာရတယ်။ အဲဒီလို ဘာသာရေး တရားမှန်တွေကို ကြားနာရတဲ့ သူတွေကတော့ ကောင်းစား ချမ်းသာရေးအတွက် ရည်ရွယ်ပြီးတော့ ဒါန, သီလ, ဘာဝနာဆိုတဲ့ ကုသိုလ်ကောင်းမှု အစစ်အမှန်တွေကို ပြုလုပ်ကြတယ်။
### ကောင်းမှုမှန် စိစစ်ချက်
ဒါန, သီလ, ဘာဝနာကို ကုသိုလ်ကောင်းမှု အစစ်အမှန်လို့ ဆိုရခြင်း၏ အကြောင်း ကတော့ အဲဒီ အမှုတွေမှာ အပြစ်ကင်းလို့ ဆိုရတာပါဘဲ။ စဉ်းစားကြည့်ပါ၊ သူတပါးအား စေတနာကောင်းနဲ့ ပေးကမ်းလှူဒါန်းယင် အပေးအကမ်း ခံရတဲ့ သူတိုင်းက လက်ခံနိုင်ပါတယ်၊ သဘောကျပါတယ်၊ အဲဒါဟာ ယုံမှားဘွယ် မရှိပါဘူး၊ ဒါကြောင့် အပြစ်ကင်းပါတယ်၊ အပြစ်ကင်းတဲ့အတွက် ပေးလှူတဲ့ ဒါနဟာ ကုသိုလ်အစစ် ဖြစ်ပါတယ်၊
ထို့အတူ သတ်ခြင်း, ခိုးခြင်း, ဖောက်ပြားကျူးလွန်ခြင်း, လိမ်ခြင်းစသည်မှ ကြဉ်ရှောင်တဲ့ သီလဟာလဲ အပြစ်ကင်းပါတယ်၊
စဉ်းစားကြည့်ပါ၊ အသတ်မခံရတဲ့ အတွက် မသတ်တဲ့သူကို ဘယ်သူက အပြစ်တင်မလဲ၊ အခိုးမခံရတဲ့အတွက် မခိုးတဲ့သူကို ဘယ်သူကအပြစ်တင်မလဲ၊ ကိုယ့်သားမယားကို မပြစ်မှားတဲ့အတွက် မပြစ်မှားတဲ့သူကို ဘယ်သူက အပြစ်တင်မလဲ၊ အလိမ် မခံရတဲ့အတွက် မလိမ်တဲ့သူကို ဘယ်သူက အပြစ်တင်မလဲ၊ ဂုံးအတိုက် မခံရတဲ့အတွက် ညီညွတ်ရေး ပျက်စေတတ်တဲ့ ဂုံးအတိုက်စကား မပြောတဲ့သူကို ဘယ်သူက အပြစ်တင်မလဲ၊ အဆဲမခံရတဲ့အတွက် မဆဲတဲ့သူကို ဘယ်သူက အပြစ်တင်မလဲ။ ဒါကြောင့် သတ်ခြင်း, ခိုးခြင်းစသည်မှ ရှောင်ကြဉ်တဲ့ သီလ အကျင့်ဟာ အပြစ်ကင်းပါတယ်၊ အပြစ်ကင်းတဲ့အတွက် သီလဟာလဲ ကုသိုလ်အစစ် ဖြစ်ပါတယ်။
ထို့အတူ အရိုအသေပေးတဲ့သူကို အရိုအသေ အပေးခံရတဲ့သူက အပြစ်မတင်ဘူး၊ ကူညီဆောင်ရွက်တဲ့သူကို အကူအညီခံရတဲ့သူက အပြစ်မတင်ဘူး၊ ကုသိုလ်အဖို့ အမျှပေးဝေတဲ့သူကို သဒ္ဓါတရားရှိတဲ့သူတွေက အပြစ်မတင်ဘူး၊ မိမိပြုလုပ်တဲ့ ကုသိုလ်အတွက် သာဓုခေါ်တဲ့သူ ချီးမွမ်းတဲ့သူကို ကုသိုလ်ရှင်က အပြစ်မတင်ဘူး၊ သင့်လျော်တဲ့အခါ တရားဟောယင် တရားနာယင် ဟောသူ နာသူအချင်းချင်းလဲ မပြစ်မတင်ဘူး၊
ဘာဝနာအလုပ်ကို အားထုတ်နေတာဟာလဲ ဘယ်သူ့အကျိုးကိုမျှ မထိခိုက်တဲ့အတွက် ဘယ်သူကမျှ အပြစ်တင်ဘွယ်မရှိဘူး၊ ဒါကြောင့် အရိုအသေပေခြင်း, ကူညီ ဆောင်ရွက်ခြင်း, အမျှဝေခြင်း, သာဓုခေါ်ခြင်း, တရား ဟောခြင်း, တရားနာခြင်း, ဘာဝနာအလုပ်ကို အားထုတ်ခြင်းဆိုတာတွေ ဟာလဲ ကုသိုလ်အစစ်ချည်းပါဘဲ။
### ကုသိုလ်ကမ္မဘဝဖြစ်ပုံ
ယခုဘဝတွင်ဘဲ ကြီးပွါးချမ်းသာအောင်ဖြစ်စေ, နောင်ဘဝများမှာ လူ့ချမ်းသာ နတ်ချမ်းသာတွေကို ရအောင်ဖြစ်စေ ရည်ရွယ်ပြီးတော့ ယခုပြောခဲ့တဲ့ ဒါန, သီလအစရှိသော ကုသိုလ်အမှုတွေကို ပြုယင် အဲဒါတွေဟာ ကာမုပါဒါန်ကြောင့် ဖြစ်တဲ့ ကုသိုလ်ကမ္မဘဝတွေဘဲ၊ ဒီ ကုသိုလ် ကမ္မဘဝတွေကြောင့် အကြောင်း ညီညွတ်တဲ့အခါ လူ့ဘဝမှာလဲ ဖြစ်ရမယ်၊ နတ်ပြည် ၆-ထပ်က နတ်ဘဝတွေမှာလဲ ဖြစ်ရမယ်။ အဲဒီလို ဖြစ်ပုံကိုလဲ ဝိသုဒ္ဓိမဂ် (ဒု-၂၀၉) မှာ ဒီလိုပြဆိုထားပါတယ်---
အပရော၊ တပါးသောသူသည်။
(ရှေ့နားက ပြောခဲ့တဲ့သူတွေမှ တပါးသော သူလို့ ဆိုပါတယ်။)
သဒ္ဓမ္မဿဝနာဒီဟိ၊ ဘာသာတရားမှန် ဟူသော သူတော်ကောင်းတရားကို ကြားနာ ရခြင်း စသည်တို့က။
ဥပဗြူဟိတဉာဏော၊ ပွါးစေအပ်သောအသိအမြင် ရှိသည်ဖြစ်၍။
(မူလကပင် ကံ, ကံ၏ အကျိုးရှိတယ် စသည်ဖြင့် ယုံကြည် သိမြင်တဲ့ ကမ္မဿကတဉာဏ် ရှိနေရာမှာ ကုသိုလ်ကံကိုပြုလျှင် လူ့ลောက၌ မင်းမျိုး, သေဋ္ဌေးမျိုး စသည်မှာ ဖြစ်နိုင်တယ်၊ စတုမဟာရာဇ် တာဝတိံသာ စသော နတ်ပြည် ၆-ထပ်မှာ ဖြစ်နိုင်တယ်၊ နတ်တို့၏အသက်က လူတို့၏နှစ်အားဖြင့် အောက်ထစ်ဆုံး အနှစ် ကိုးသန်း အသက်ရှည်တယ်၊ နတ်စည်းစိမ်ချမ်းသာတွေက မည်သို့ မည်ပုံ ကြီးကျယ်တယ် စသည်ဖြင့် ဘာသာ တရားမှန်ကို ကြားနာရသောကြောင့် မူလကအသိအမြင်ထက် ကျယ်ပြန့်လာသည်ဟုဆိုလို၏။)
ဣမိနာကမ္မေန၊ မသတ်ခြင်း မခိုခြင်း စသော ဤသုစရိုက်အမှုဖြင့်။
ကာမာ၊ လူ့လောက နတ်လောက ကာမဂုဏ်တို့သည်။
သမ္ပဇ္ဇန္တီတိ၊ ပြည့်စုံကြလိမ့်မည်ဟူ၍။
မညမာနော၊ ထင်မှတ် မြှော်လင့်လျက်။
ကာမုပါဒါနဝသေန၊ ကာမုပါဒါန်၏ အစွမ်းအားဖြင့်။
ကာယသုစရိတာဒီနိ၊ ကာယသုစရိုက် စသည်တို့ကို။
ကရောတိ၊ ပြုလုပ်၏။
သော၊ ထိုကာယသုစရိုက် စသည်တို့ကို ပြုသော သူသည်။
သုစရိတပါရိပူရိယာ၊ သုစရိုက်တို့၏ ပြည့်ခြင်းကြောင့်။
ဒေဝေသုဝါ၊ နတ်တို့၌သော်၎င်း။
မနုဿေသုဝါ၊ လူတို့၌သော်၎င်း။
ဥပပဇ္ဇတိ၊ ဖြစ်၏-
လို့ ပြဆိုထားပါတယ်။
### ကမ္မဘဝကြောင့် ဇာတိပေါ်ပုံ
ယခုပြောခဲ့တဲ့အတိုင်း အကုသိုလ်ကံကြောင့် အပါယ် ၄-ပါးမှာ ဖြစ်ရတာလဲ “ဘဝပစ္စယာ ဇာတိ” လို့ ဟောထားတဲ့အတိုင်း ကမ္မဘဝကြောင့် ဘဝအသစ် ဖြစ်ပေါ်မှုဇာတိဘဲ၊ ကုသိုလ်ကံကြောင့် လူ့ဘဝ နတ်ဘဝမှာ ဖြစ်ရတာလဲ ကမ္မဘဝ ကြောင့် ဘဝအသစ် ဖြစ်ပေါ်မှု ဇာတိဘဲ။ အဲဒါကို ဆောင်ပုဒ်မှာ “ဖဿ ၆-ဖြာ ဝေဒနာကြောင့်၊ တဏှာ ၆-တန် ဥပါဒါန်နှင့် ဖြစ်ရန်အကြောင်း ကံဆင့်လောင်း၍၊ ဆိုကောင်းဘဝ ဖြစ်ရပြန်ရာ” လို့ ဆိုထားပါတယ်။
အာရုံ ၆-မျိုးနဲ့ တွေ့ထိပြီး ခံစားရတဲ့အတွက် အဲဒီ အာရုံ ၆-မျိုးနဲ့ စပ်ပြီး တပ်မက်သာယာတဲ့ တဏှာ ၆-မျိုး ဖြစ်ပေါ်လာပါတယ်၊ အဲဒီတဏှာက ရင့်လာတော့ စွဲလမ်းမှု ဥပါဒါန်ဖြစ်လာတယ်၊ အဲဒီ စွဲလမ်းမှုကြောင့် စွဲလမ်းတဲ့အတိုင်း ပြည့်စုံ ရအောင် အကုသိုလ် အမှု, ကုသိုလ် အမှုတွေကို ပြုလုပ်တယ်၊ အဲဒီလို ပြုလုပ်တာဟာ ဘဝသစ်တဖန် ဖြစ်ဘို့ရန်အတွက် အကြောင်းကံ တဆင့်တိုး လာပြန်တာဘဲ။ ဒါကြောင့် “ဖြစ်ရန်အကြောင်း ကံဆင့် လောင်း၍” လို့ ဆိုထားပါတယ်။
ရှေးဘဝက အဝိဇ္ဇာ သင်္ခါရ အစရှိသော အကြောင်းကြောင့် ယခုဘဝ၌ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဆိုတဲ့အကျိုးတရား ငါးပါးဖြစ်နေရာမှာ နောက်ထပ်တဖန် ဘဝသစ်ဖြစ်ဘို့ရာ တဏှာနဲ့ဥပါဒါန်အရင်းခံပြီး ကံအသစ် နောက် ထပ်တိုးလာပြန်ပြီ-လို့ ဆိုလိုပါတယ်။ ဥပမာ အားဖြင့် ရာဇဝတ်အပြစ်မှု တခုကြောင့် ထောင်ကျ နေရာမှာ အမှုပြစ်တခုကို ထပ်ပြီး ကျူးလွန်မိတာနဲ့လဲ တူပါတယ်။ တနည်းအားဖြင့် ကြွေးတင်နေတဲ့သူဟာ ကြွေးဟောင်းကို ဆပ်လို့မှ မပြေလယ်သေး ခင် နောက်ထပ်ကြွေးသစ် ယူရတာနဲ့လဲ တူပါတယ်။
ဒီလို ကံအသစ်တွေကတော့ တဘဝ တဘဝအတွင်းမှာ နောက်ထပ်ဖြစ်တာတွေဟာ သိန်းသန်းမက အများကြီးရှိပါတယ်။ အဲဒီ ကံတွေထဲမှာ အကြောင်းညီညွတ်လျှင် တခုသော ကံက ယခုဘဝ သေခါနီးမှာ ထင်ပေါ်လာပြီးတော့ ဘဝသစ်ကို ဖြစ်စေတယ်၊ ကျန်တဲ့ကံတွေကတော့ နောက်ဘဝတွေမှာ အကြောင်းညီညွတ် တဲ့အခါ ဘဝသစ်ကို ဖြစ်စေလိမ့်မယ်။
ရှေးဘဝတွေမှ ကံကြွင်းတွေက အားကြီး လို့ရှိယင် ယခုဘဝ ကံက အကျိုးပေးခွင့် မရဘဲ အဲဒီ ရှေးကံကဘဲ သေခါနီးမှာ ထင်ပေါ်လာပြီး ဘဝသစ်ကို ဖြစ်စေတယ်။ အဲဒီလို ကံသစ်ကြောင့် ဘဝသစ် ဖြစ်ရပြန်တယ်ဆိုတာကို ရည်ပြီးတော့ “ကံဆင့်လောင်း၍ ဆိုးကောင်းဘဝ ဖြစ်ရပြန်ရာ” လို့ ဆိုထားပါတယ်။
အကုသိုလ် ကံသစ်က အခွင့်သင့်လို့ အကျိုး ပေးယင် ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသုရကာယ် ဆိုတဲ့ အပါယ်ဘဝဆိုးတွေ ဖြစ်ရလိမ့်မယ်၊ ကုသိုလ်ကံသစ်က အကျိုးပေးယင် လူ့ဘဝ နတ်ဘဝဆိုတဲ့ ဘဝကောင်းတွေ ဖြစ်ရလိမ့်မယ်။ ဒီနေရာမှာ ကံက အကျိုးပေးပုံကို ကံ ၄-ပါးနဲ့ ခွဲပြီး ပြောဦးမယ်။
### ကံ ၄-ပါး
အကျိုးပေးပုံ အစဉ်အားဖြင့် ကံဆိုတာ ဂရုကံ, ဗဟုလကံ, အာသန္နကံ, ကဋတ္တာကံ-လို့ ၄-ပါးရှိပါတယ်။ ဂရုကံဆိုတာ အကုသိုလ်ဘက်က ဆိုလျှင် မာတုဃာတက, ပိတုဃာတက, အရဟန္တဃာတက, လောဟိတုပ္ပါဒက, သံဃဘေဒကဆိုတဲ့ ကံကြီး ငါးပါးပါဘဲ၊ ကုသိုလ်ဘက်က ဆိုလျှင်တော့ ရူပ, အရူပ ကုသိုလ်ကံတွေပါဘဲ။
ဒီဂရုကံ ရှိနေလျှင် တခြားကံက အကျိုးမပေးနိုင်တော့ဘူး၊ ဒီဂရုကံကဘဲ ဘဝသစ် အကျိုးကို ပေးတယ်။ အဲဒီ ဂရုကံတွေထဲမှာ ရူပ, အရူပဈာန် ကုသိုလ်ဆိုတဲ့ ဂရုကံတွေ ရှိနေလျှင် အဲဒီ ဈာန်ကုသိုလ်ကံကဘဲ ရူပဘဝ, အရူပ ဘဝသစ်ကို ဖြစ်စေတယ်။ အဲဒီ ဈာန်ကံ အကြောင်းကိုတော့ တော်တော်ကြာမှဘဲ ပြောရမယ်။
အကုသိုလ်ဂရုကံကြီးတွေ ရှိနေတဲ့ သူမှာတော့ ဈာန်မဂ်ဖိုလ် တရားထူးတွေကိုလဲ မရနိုင်ဘူး၊ သေသည်၏ အခြားမဲ့မှာလဲ အဲဒီအကုသိုလ် ဂရုကံကဘဲ ငရဲဘဝကို ဖြစ်စေတယ်။ ဒါကြောင့် အဲဒီ ကံကြီးတွေကို “ပဉ္စာနန္တရိယကံ” လို့လဲ ခေါ်ပါတယ်၊
သေသည်၏အခြားမဲ့မှာ ငရဲဘဝသို့ မုချရောက်စေတတ်တဲ့ ကံကြီးငါးပါးလို့ ဆိုလိုပါတယ်။ အဲဒီငါးပါးထဲက မာတုဃာတကကံ ဆိုတာ အမိရင်းကို သတ်တဲ့ကံဘဲ၊ ပိတုဃာတကကံ ဆိုတာ အဘအရင်းကို သတ်တဲ့ကံဘဲ၊ အဲဒီလို သတ်ရာမှာ အမိ အဘမှန်းသိပြီး သတ်သည်ဖြစ်စေ, မသိလို့ ရန်သူ ထင်မှတ်ပြီး သတ်သည်ဖြစ်စေ အမိအဘရင်းတွေ သေသွားလျှင် မာတုဃာတကကံ, ပိတုဃာတကကံ ထိုက်တော့ တာဘဲ။
အဲဒီ ပုဂ္ဂိုလ်ဟာ ဒီဘဝမှာ ဈာန်မဂ်ဖိုလ်တရားကို မရနိုင်တော့ဘူး၊ သေသည်၏ အခြားမဲ့မှာလဲ ငရဲကို မုချရောက်ရတော့မှာဘဲ၊ ဘယ်လိုကုသိုလ်ကံကမျှ မကယ်နိုင် တော့ဘူး။ အဲဒါကို အဇာတသတ်မင်း ဝတ္ထုဖြင့် သိနိုင်ပါတယ်။
အဇာတသတ်မင်း ဝတ္ထု
အဇာတသတ်မင်းဆိုတာ မဂဓတိုင်းပြည် ရာဇဂြိုဟ်မြို့မှာ ထီးနန်းစိုက်ထူပြီး နေတဲ့ ဗိမ္ဗိသာရ မင်းကြီး၏ သားတော်ဖြစ်ကြောင်းအများလဲ သိကြပြီး ဖြစ်ပါတယ်။ အဲဒီ ဗိမ္ဗိသာရမင်းကြီးဆိုတာ သာမန်ပုဂ္ဂိုလ် မဟုတ်ပါဘူး၊ မြတ်စွာဘုရား ရာဇဂြိုဟ်မြို့ကို ပဌမ ကြွလာစဉ်မှာ တသိန်းနှစ်သောင်းသော လူထုပရိသတ်နှင့် ခရီးဦး ကြိုဆိုပြီး တရားနာလို့ သောတာပန်လဲ ဖြစ်နေတယ်၊ ဝေဠုဝန်ခေါ်တဲ့ ဥယျာဉ်တော်ကြီးကိုလဲ ကျောင်းအဖြစ်ဖြင့် သီတင်းသုံးရန် မြတ်စွာဘုရားအားလှူတယ်၊
ဒါကြောင့် မြတ်စွာဘုရား၏ ကျောင်းဒကာ, ပစ္စည်းလေးပါး ဒကာကြီးလဲ ဖြစ်တယ်။ သူ့သားတော်ကို အဇာတသတ်မင်းလို့ ခေါ်တာကတော့ မမွေးခင်ကတည်းက မင်းကြီး၏ ရန်သူဖြစ်လိမ့်မယ်လို့ နိမိတ်ဖတ် ဟောကြားထားတဲ့အတွက် ခေါ်ခြင်းဖြစ် ပါတယ်။
အဲဒီလို ဖြစ်ပုံကတော့ အဲဒီမင်းသားကိုယ်ဝန်ရှိစဉ်မှာ မယ်တော် မိဖုရားကြီးအား မင်းကြီး၏ လကျာ်လက်မောင်းသွေးကို သောက်လိုတဲ့ တောင့်တခြင်း (ချင်ခြင်း) ဖြစ်ပါတယ်။ ဒါပေမဲ့ မိဖုရားကြီးက “အင်မတန် ဝန်လေးတဲ့ မသင့်လျော်ရာမှာ ချင်ခြင်းဖြစ်တယ်။ မပြောသင့်ဘူး” လို့ ယူဆပြီး လျှို့ဝှက်ထားတယ်။ ချုပ်တီး သည်းခံပြီး နေတယ်။ ဒါနဲ့ တဖြည်းဖြည်းချင်း မိဖုရားကြီးဟာ ပိန်းချုံးကျလာတယ်။
အဲဒါကိုမြင်ရတော့ ပိန်းချုံးရခြင်း၏ အကြောင်းကို မင်းကြီးက မေးတယ်။ ဒီအကြောင်း မမေးပါနဲ့လို့ မိဖုရားကြီးက တားမြစ်ပြီး မပြောဘဲနေတယ်။ ရှင် မိဖုရား .... သင်ဟာ ငါ့ကိုမှ မပြောယင် ဘယ်သူကို ပြောမှာလဲလို့ မေးတော့မှ မလွှဲသာလို့ ထုတ်ဖော်ပြီး ပြောရတယ်။
အဲဒီလို ပြောတဲ့အခါကျတော့ “ဟဲ့ အမိုက်မ.... ဒီအရာမှာ ဝန်လေးတယ်လို့ သင်ဘာကြောင့် ထင်မှတ်နေသလဲ၊ ဝန်မလေးပါဘူး” လို့ဆိုပြီး ဆေးဆရာခေါ်တယ်၊ လက်မောင်းသွေးကို ထုတ်စေပြီး ရေနဲ့ ရောတိုက်တယ်။ အဲဒီ အကြောင်းကို ကြားသိ ရတော့ နိမိတ်ဖတ်ကြားတဲ့ သူတွေက “မိဖုရားကြီးရဲ့ ဝမ်းထဲမှာရှိတဲ့ သူငယ်ဟာ မင်းကြီး၏ ရန်သူဖြစ်လိမ့်မယ်၊ မင်းကြီးကို သတ်လိမ့်မယ်” လို့ နိမိတ်ဖတ်ကြား ကြတယ်။
အဲဒါကို အကြောင်းပြုပြီး မင်းသားကို “အဇာတသတ္တု” လို့ ပါဠိလို ခေါ်ကြပါတယ်။ အဇာတ=မမွေးခင်ကတည်းက + သတ္တု=ခမည်းတော် မင်းကြီးရဲ့ ရန်သူ = နှစ်ပုဒ်ပေါင်း လိုက်တော့ “မမွေးခင်ကတည်းက ရန်သူဖြစ်နေတယ်”လို့ ဆိုလိုပါတယ်၊ အဲဒီမှာ အဇာတသတ္တုဆိုတဲ့ ပါဠိကို “အဇာတသတ်” လို့ မြန်မာလို ပြန်ထားပါတယ်။
မိဖုရားကြီးက ငါ့ဗိုက်ထဲက သားဟာ မေးလာယင် မင်းကြီးကို သတ်လိမ့်မယ်၊ ကိုယ်ဝန်ပျက်အောင် လုပ်မယ်လို့ ကြံပြီးတော့ ဥယျာဉ်ကို သွားသွားပြီး ဝမ်းဗိုက်ကို နှိပ်နယ်စေပါတယ်၊ ဒါပေမဲ့ မင်းကြီးရဲ့ ကံနဲ့ သူ့အကြောင်းကံက အားကြီးနေတော့ ကိုယ်ဝန်က မပျက်ဘူး။ ဥယျာဉ်ကို သွားသွားပြီး ကိုယ်ဝန်ပျက်အောင် နှိပ်နယ်စေတယ် ဆိုတဲ့ အကြောင်းကို မင်းကြီးက ကြားသိရတော့ “ရှင်မိဖုရားရေ ... ကိုယ့်ဗိုက်ထဲက သူငယ်ဟာ သားရယ်, သမီးရယ် လို့ အတပ်မသိပါဘဲနဲ့ ဒီလို မလုပ်ပါနဲ့ကွယ်၊ မကောင်းသတင်း ကျော်ကြားသွားပါလိမ့်မယ်”လို့ ပြောပြီး တားမြစ်ပါတယ်။ အဲဒီလို မလုပ်ရအောင် အစောင့်အရှောက်လဲ ပေးထားပါတယ်။ ဒီလိုနဲ့ဖွားမြင်ပြီး အရွယ်ရောက်လာတဲ့အခါမှာ အဇာတသတ် မင်းသားကို အိမ်ရှေ့မင်းအဖြစ် ပေးထားပါတယ်။
အရှင်ဒေဝဒတ် ဆိုတာ အများဘဲ ကြားဘူးကြပါတယ်၊ အဲဒီ အရှင်ဒေဝဒတ်က အဇာတသတ်မင်းသားကို ဒီလို တန်ခိုးပြတယ်၊ သူ့ကိုယ်ကို သူငယ်ကလေးအသွင် အဘိညာဉ်တန်ခိုးဖြင့် ဖန်ဆင်ပြီးတော့ သူ့ခါးမှာ မြွေကိုပတ်ပြီး အဇာတသတ်မင်းရဲ့ ရင်ခွင်ထဲမှာ ဝင်ထိုင်တယ်၊ ဒီတော့ အဇာတသတ်မင်းသားဟာ အလွန် ကြောက်လန့်သွားတယ်၊ အဲဒီအခါ အရှင်ဒေဝဒတ်က “မင်းသားကလေး ... ကြောက်သလား” လို့မေးတယ်။ ကြောက်ပါတယ်၊ သင်ဘယ်သူလဲလို့ မေးတော့ “ငါဟာ ဒေဝဒတ်ရဟန်းဘဲ” လို့ ပြောပါတယ်။
အရှင် ဒေဝဒတ်ဆိုယင် ရဟန်း အသွင်နဲ့ဘဲ တည်နေပါလို့ ဆိုတော့ မင်းသားရဲ့ရှေ့မှာ အရှင်ဒေဝဒတ်က ရဟန်းအသွင်နဲ့ ပကတိအတိုင်း ရပ်တည်နေပါတယ်။ အဲဒီလို တန်ခိုးပြတာကို မြင်ရတဲ့အတွက် အဇာတသတ်ဟာ အရှင်ဒေဝဒတ်ကို အလွန်အမင်း ကြည်ညို သွားပါတယ်။
ဟုတ်တယ် လူတွေကတန်ခိုးပြတာကို သိပ်သဘောကျတယ်၊ ယခုကာလမှာ မှော်ဆရာတွေ ဂိုဏ်းဆရာတွေက အထူးအဆန်း တခုလောက် ပြလိုက်ယင် သိပ် ယုံကြည်တတ်ကြတယ်၊ အကြားအမြင် သဘောကလေးတခုလောက် ကြားသိရ ယင်လဲ သိပ်ယုံကြည်တတ်ကြတယ်၊
ဒါကြောင့် အဇာတသတ်မင်းသားလဲ အရှင်ဒေဝဒတ်ကို အလွန်ကြည်ညိုပြီး နေ့စဉ် နံနက် တကြိမ် ညနေ တကြိမ် အခြွေအရံ ရထားငါးရာနဲ့ အရှင်ဒေဝဒတ်ထံ သွားရောက် ဆည်းကပ်တယ်၊ ဩဝါဒခံတဲ့သဘောပါဘဲ။ အဲဒီလို ရင်းရင်းနှီးနှီး ဆည်းကပ်တဲ့အခါ တနေ့ကျတော့ အရှင်ဒေဝဒတ်က ဒီလို ဩဝါဒပေးသတဲ့---
ကုမာရ၊ မင်းသား။
ပုဗ္ဗေ၊ ရှေးကာလ၌။
မနုဿာ၊ လူတို့သည်။
ဒီဃာယုကာ၊ အသက်ရှည်ကုန်၏။
ဧတရဟိ၊ ယခုအခါ၌မူ။
အပ္ပါယုကာ၊ အသက်တိုကုန်၏။
(အသက်တိုတဲ့အတွက် သင့်ခမည်းတော် နတ်ရွာစံပြီးမှ မင်းဖြစ်ရမယ် ဆိုယင် အဖိုးအိုကြီး ဖြစ်နေလိမ့်မယ်၊ စည်းစိမ်ခံဘို့အချိန် မရှိတော့ဘဲ ဖြစ်နေလိမ့်မယ်လို့ ဆိုလိုပါတယ်။)
တေနဟိ၊ ထိုအကြောင်းကြောင့်။
ကုမာရ၊ မင်းသား။
တွံ၊ သင်သည်။
ပိဟရံ ဟန္တွာ၊ ဖခင်မင်းကြီးကို သတ်၍။
ရာဇာ ဟောတိ၊ မင်းလုပ်ပါ။
အဟံ၊ ငါသည်။
ဘဂဝန္ထံ၊ မြတ်စွာဘုရားကို။
ဟန္တွာ၊ သတ်၍။
ဗုဒ္ဓေါ၊ ဘုရားသည်။
ဘဝိဿာမိ၊ ဖြစ်အံ့။
သင်က ခမည်းတော်မင်းကြီးကို သတ်ပြီး မင်းလုပ်၊ ငါကလဲ ဘုရားကိုသတ်ပြီး ဘုရားလုပ်မယ်လို့ ဒီလို ဩဝါဒပေးသတဲ့။ (ဒီ၊ ဋ္ဌ-၁-၁၂၄)
တယ်ကြောက်စရာကောင်းတဲ့ ဩဝါဒဘဲ၊ ဗာလ ခေါ်တဲ့ လူမိုက်ဆိုတာ ဒီလို မတော်တဲ့ ဩဝါဒကို ပေးတတ်တာဘဲ၊ လူမိုက်တွေရဲ့ အမြင်နဲ့ကြည့်ယင်တော့ မျက်မှောက် လက်ငင်း ကြီးပွါးချမ်းသာရေးကို ညွှန်ကြားတဲ့အတွက် သဘာဝ ကျတယ်လို့ ထင်မှာဘဲ၊ ယခုခေတ်မှာလဲ နောင်သံသရာကို လုံးဝပယ်ပြီး မျက်မှောက် အကျိုး လောက်သာ ယုံကြည်တဲ့သူတွေက ဒီ ဝါဒကို ထောက်ခံကြကောင်း ထောက်ခံကြ ပေလိမ့်မယ်၊ ဒါကြောင့်ဘဲ ယခုခေတ်မှာ ဒီလို ဩဝါဒကို ပေးတဲ့သူကပေး ယုံတဲ့သူက ယုံပြီး အဇာတသတ် လက်သစ်တွေ ပေါ်နေကြတာဘဲ။
ဒါပေမဲ့ အဇာတသတ် မင်းသားကတော့ ကုသိုလ်ကံ အကုသိုလ်ကံနဲ့ နောင် သံသရာကို မပယ်ပါဘူး၊ ယုံကြည်မှုရှိပါတယ်။ ဒါကြောင့် “အဖကို ဓားဖြင့် မသတ်ကောင်းဘူး မဟုတ်ပါလား” လို့ သူက ဆရာဒေဝဒတ်ကို မေးပါသေးတယ်။ ဒါပေမဲ့ အရှင်ဒေဝဒတ်ကို သူက အကြွင်းမဲ့ ယုံကြည်ထားတယ်။ အရှင်ဒေဝဒတ် မသိတာ မရှိဘူး၊ အကုန်လုံး သိတယ်လို့ ယုံကြည်ထားတယ်။ ဒါကြောင့် အရှင်ဒေဝဒတ်၏ ဩဝါဒအတိုင်း ဖခင်မင်းကြီးကို သတ်ရန် ကြိုးစားတယ်၊
အဲဒီလို ကြိုးစားရာမှာ လက်နက်နှင့်တကွ ဖမ်းမိလို့ မင်းကြီးထံ တင်ပြကြတယ်။ အဲဒီအခါ “သားတော် ... ငါ့ကို ဘာ့ကြောင့် သတ်ချင်ရသလဲ” လို့ မင်းကြီးက မေးတယ်။ မင်းဖြစ်ချင်လို့ မင်းသားက ဖြေတယ်။ ဒီတော့ မင်းကြီးက အဇာတသတ်ကို မင်းအဖြစ် ပေးလိုက်ပါတယ်။
ဒါပေမဲ့ သူ့ဆရာ အရှင်ဒေဝဒတ်က “ဒီလို မင်းအဖြစ်ကို လွှဲပြောင်းပေးရုံနဲ့ စိတ်မချရသေးဘူး၊ မကြာခင် သင့်အဖက ပြန်ပြီး မင်းလုပ်လိမ့်မယ်၊ အမြစ်ပြတ် သတ်ရမယ်” လို့ ညွှန်ကြားပြန်ပါတယ်၊ ဒီတော့ အဇာတသတ်က “အဖကို ဓားဖြင့် မသတ်ကောင်းဘူး မဟုတ်ပါလား” လို့ ခုတင်က ပြောခဲ့တဲ့အတိုင်း ပြန်ပြီး မေးပါတယ်၊ အစာဖြတ်ပြီး သတ်ဖို့ အရှင်ဒေဝဒတ်က ညွှန်ကြားတယ်။ အဲဒီ ညွှန်ကြားချက်အရ အဇာတသတ်က ခမည်းတော် မင်းကြီးကို အကျဉ်းထောင်ထဲ ချထားတယ်၊ မယ်တော်ကြီးမှတပါး မည်သူမျှ မဝင်စေရ-လို့လဲ အမိန့်ထုတ် ထားတယ်။
ဒီတော့ မယ်တော် မိဖုရားကြီးက ရွှေထမင်းအုပ်ကို ခါးပိုက်ထဲမှာ ထည့်ပြီး မင်းကြီးထံ ဝင်တယ်၊ မင်းကြီးဟာ အဲဒီ မိဖုရားကြီး ယူလာတဲ့ထမင်းနဲ့ မျှတပြီး နေရရှာတယ်။ နောက်တော့ အဲဒီလို ခါးပိုက်ထဲထည့်ပြီး မဝင်ဘို့ အမိန့်ထုတ်ပြန်တယ်။ ဒီတော့ မိဖုရားကြီးက ဆံထုံးထဲထည့်ပြီး ဝင်ပြန်တယ်၊ အဲဒါကိုလဲ တားမြစ်ပြန်တော့ ရွှေခြင်နင်းဘိနပ်ထဲထည့်ပြီး ဝင်ပြန်တယ်။
အဲဒါကိုလဲ တားမြစ်ပြန်တော့ နံ့သာရေနဲ့ စင်ကြယ်အောင် ရေချိုးပြီးတော့ ကိုယ်မှာ စတုမဓူနဲ့ လိမ်းကျံပြီး ဝင်ပြန်တယ်၊ မင်းကြီးလဲ မိဖုရားကြီးရဲ့ ကိုယ်မှစတုမဓူကို လျှာနဲ့လျက်ပြီး မျှတနေရရှာတယ်။ အဲဒါကိုလဲ ကြားသိရတော့ မယ်တော် မိဖုရားကြီးအား ဝင်ခွင့်မပြုရန် အမိန့်ပေးလိုက်ပါတယ်။ အဲဒီအခါမှာ မိဖုရားကြီးလဲ ဝင်ခွင့်မရတာနဲ့ တခါးဝကရပ်ပြီး နောက်ဆုံးစကားကို ဒီလိုပြောကြားလိုက်ပါသတဲ့---
သာမိ ဗိမ္ဗိသာရ၊ အရှင်ဗိမ္ဗိသာရရေ။
ဧတံ၊ ဤသားမိုက်ကို။
ဒဟရကာလေ၊ ငယ်စဉ်ကာလတုန်းက။
မာရေတုံ နအဒါသိ၊ သတ်ဖို့ အခွင့်မပေးခဲ့ချေ။
အတ္တနော သတ္တံု၊ မိမိ၏ ရန်သူကို။
အတ္တနာဝ ပေါသေသိ၊ မိမိကိုယ်တိုင်ပင် မွေးမြူခဲ့ဘိ၏။
ဒါနိ၊ ယခုအခါ၌။
ဣဒံ၊ ဤတွေ့မြင်ရခြင်းသည်။
တေ၊ သင်မင်းကြီးကို။
ပစ္ဆိမဒဿနံ၊ နောက်ဆုံး ဖူးမြင်ရခြင်း ဖြစ်ပါတော့သည်။
ဣတော ပဋ္ဌာယ၊ ယခုအခါမှ စ၍။
အဟံ၊ ကျမသည်။
တုမှေ၊ အသင်မင်းကြီး တို့ကို။
ပဿိတုံ န လဘာမိ၊ ဖူးမြင်ခွင့် မရတော့ပါ။
မယှံ ဒေါသော၊ ကျမ၏ အပြစ်သည်။
သစေ အတ္ထိ၊ အကယ်၍များ ရှိခဲ့ငြားအံ့။
ခမထ ဒေဝါတိ၊ သည်းခံတော်မူပါ အရှင်မင်းကြီး ဟူ၍။
ရောဒိတွာ ကန္ဒိတွာ၊ ငိုကြွေးမြည်တမ်း၍။
နိဝတ္တိ၊ ပြန်သွားရှာလေတော့သတည်း-တဲ့။
အဲဒါဟာ မိဖုရားကြီး ငိုချင်းချပြီး ပြန်သွားပုံကို ပြဆိုထားတဲ့ အဋ္ဌကထာစကားပါဘဲ၊ လေးလေးနက်နက် စဉ်းစားကြည့်ယင် အတော်ကို ရင်နင့်စရာ ကောင်းပါတယ်။ အဲဒီနေ့ကစပြီး မင်းကြီးမှာ အစာအာဟာရ ပြတ်တော့တာဘဲ၊ ဒါပေမဲ့ မဂ်ဖိုလ် ချမ်းသာနဲ့ စင်္ကြံလျှောက်နေတဲ့အတွက် နေသာထိုင်သာ မျှတပြီးနေသတဲ့။ စင်္ကြံလျှောက်နေလို့ မျှတနေတယ် ဆိုတာကို ကြားရပြန်တော့ အဇာတသတ်မင်းက စင်္ကြံမလျှောက်နိုင်အောင် ဒီလို အမိန့်ပေးလိုက်သတဲ့---
မယှံ ပိတု၊ ငါ့ခမည်းတော်၏။
ပါဒေ၊ ခြေဖဝါးတို့ကို။
ခုရေန ဖာလေတွာ၊ သင်ဓုန်းဖြင့် ခွဲ၍။
လောဏတေလေနမက္ခေတွာ၊ ဆားနှင့်ရောသော ဆီဖြင့် လိမ်းကျံ၍။
ခဒိရင်္ဂါရေဟိ ဝီတစ္စိကေဟိ ပစထ၊ မီးလျှံကင်းသော ရှားမီးကျီးတို့ဖြင့်ကင်မြှိုက် ကြလေ -
လို့ အမိန့်ပေးပြီး ဆတ္တာသည်တွေကို စေလွှတ်လိုက်ပါသတဲ့။ (ဒီ ဋ္ဌ ၁-၁၂၅)
ဆတ္တာသည်တွေလဲ အဇာတသတ်မင်း၏ အမိန့်အတိုင်း မင်းကြီးထံ သွားရောက်ပြီး ခြေဖဝါးတွေကို သင်ဓုန်းဓားနဲ့ အမြွာမြွာလှီးခွဲ ဆားနဲ့ရောသောဆီနဲ့ လိမ်းကျံပြီး ရှားမီးကျီးနဲ့ မီးမြှိုက်ကြ ကင်ကြပါတယ်၊ ဗိမ္ဗိသာရ မင်းကြီးမှာ အကြီးအကျယ် ဒုက္ခဝေဒနာတွေဖြစ်ပြီး နတ်ရွာစံ ကံတော်ကုန် သွားရှာပါတယ်။
မင်းကြီးက သောတာပန်ဖြစ်တဲ့အတွက် သေဆုံးခါနီးအထိ ဘုရားဂုဏ်, တရားဂုဏ်, သံဃာ့ဂုဏ် တွေကို အောက်မေ့ရင်း စုတိစိတ်ကျပြီး စတုမဟာရာဇ်နတ်ပြည်မှာ ဇနဝသတ မည်သော နတ်ဘီလူးမင်း ဖြစ်သွားပါသတဲ့။ အဲဒီမှာ ခြေဖဝါး ဓားနဲ့ အခွဲခံရခြင်း အကြောင်းကို အဋ္ဌကထာ (ဒီ ဋ္ဌ၊ ၁-၁၂၆)မှာ ဒီလို ပြထားပါတယ်။
ရာဇာ၊ ဗိမ္ဗိသာရမင်းသည်။
ပုဗ္ဗေ၊ ရှေးဘဝတခု၌။
စေတိယင်္ဂဏေ၊ စေတီယင်ပြင်၌။
သဥပါဟနော၊ ဘိနပ်စီးလျက်။
အဂမာသိ ကိရ၊ သွားဘူးသတဲ့။
(ဒါလဲ အကြောင်းတခုလို့ ဆိုလိုပါတယ်။)
နိသဇ္ဇနတ္ထာယ - (ဘိက္ခုသံဃနိသီဒနတ္တာယ)
ပညတ္တကဋသာရကဉ္စ၊ ရဟန်းသံဃာတော်တို့ ထိုင်ဘို့ခင်းထားသော သင်ဖျာ ကိုလည်း။
အဓောတေဟိ ပါဒေဟိ၊ မဆေးအပ်သောခြေတို့ဖြင့်။
အက္ကမိ ကိရ၊ နင်းခဲ့ဘူးသတဲ့။
အယံ၊ ဤခြေဖဝါးကို ဓားဖြင့် အခွဲခံရခြင်းသည်။
တဿ၊ ထိုစေတီယင်ပြင်၌ ဘိနပ်စီးခဲ့ခြင်း, ရဟန်းသံဃာတို့ ထိုင်ဘို့ခင်းထားသော သင်ဖျာကို ခြေမဆေးဘဲ နင်းခဲ့ခြင်းဟူသော မကောင်းမှု၏။
နိဿန္ဒောကိရ၊ အကျိုးဆက် ဖြစ်သတဲ့။
ဣတိ၊ ဤသို့။
ဝဒန္တိ၊ ရှေးဆရာတို့က ဆိုကြပါတယ်တဲ့။
(ဒါဟာ ဘုရားဟော စကားတော့ မဟုတ်ဘူး၊ ရှေးဆရာတို့၏ စကားဘဲလို့သာ မှတ်ကြရမယ်။)
အဲဒီတုန်းက ဗိမ္ဗိသာရမင်းကြီးဟာ ဘယ်အရွယ် ရှိနေသလဲဆိုလျှင် ၆၇-နှစ်အရွယ် ရှိနေပြီလို့ ယူဆရပါတယ်။ ဒီလို ယူဆနိုင်ခြင်းရဲ့ အကြောင်းကတော့-အဇာတသတ် မင်း၏ နန်းသက်ကို မြတ်စွာဘုရား ပရိနိဗ္ဗာန်မစံမီက ရှစ်နှစ်၊ပရိနိဗ္ဗာန်စံပြီး တဲ့နောက် ၂၄-နှစ်လို့ ပြဆိုထားပါတယ်။ ဒါကြောင့် အဇာတသတ်မင်း နန်းတတ်တာဟာ မြတ်စွာဘုရား အသက်တော် ၇၂- နှစ်ခန့်က ဖြစ်တယ်လို့ သိရပါတယ်၊ ဗိမ္ဗိသာရ မင်းကလဲ မြတ်စွာဘုရားထက် ၅-နှစ်ငယ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူ၏ အသက်အရွယ်ကို ၆၇-နှစ်လို့ ယူဆရပါတယ်။
၆၇-နှစ်ဆိုတော့ တော်တော် အိုမင်းနေပါပြီ။ သူ့သား အဇာတသတ်ဆိုတာလဲ ငယ်လှတော့မယ် မဟုတ်ပါဘူး၊ နောက်ပြီးတော့ အဇာတသတ်မင်းဟာ ပကတိ အားဖြင့် ဆိုးသွမ်းတဲ့သူ မဟုတ်ပါဘူး အင်မတန် စိတ်နှလုံးကောင်းတဲ့သူ ဖြစ်ပါတယ်။ အဲဒါဟာ ခမည်းတော်မင်းကြီးကို ပြစ်မှားပြီးတဲ့နောက် လပိုင်းလောက် အတွင်းမှာဘဲ မြတ်စွာဘုရားထံဆည်းကပ်ပြီး ရိုရိုသေသေ လေးလေးစားစားနဲ့ ကြည်ညိုပုံ, ဘုရားဓာတ်တော်များကို အကြီးအကျယ် ပူဇော်ပြီး ဌာပနာပုံ, ပဌမသံဂါယနာတင်ရာ၌ အားပေးထောက်ပံ့ပုံ များဖြင့် ထင်ရှားပါတယ်။
ဒါပေမဲ့ အရှင်ဒေဝဒတ် ဆိုတဲ့ ပါပမိတ္တနဲ့ ပေါင်းမိတဲ့အတွက် အဖကို သတ်တဲ့ ပိတုဃာတကကံကို ကျူးလွန်မိသည်အထိ မှားယွင်းသွားရှာတယ်။ အဲဒါဟာ အကျိုးမဲ့ကို ညွှန်ပြတတ်တဲ့ ပါပမိတ္တခေါ် မိတ်ဆွေယုတ်ကို ဆရာတင်ပြီး မမှီဝဲအောင် အထူးသတိပြုစရာ အချက်ကြီးတခုပါဘဲ။
အဲဒီ ဗိမ္ဗိသာရမင်းကြီး နတ်ရွာစံတဲ့နေ့မှာဘဲ အဇာတသတ်မင်းရဲ့ မိဖုရားမှာ သားရတနာကို ဖွားမြင်တယ်၊ အဲဒီ သားရတနာ ဖွားမြင်တဲ့အကြောင်းကို အဇာတသတ်မင်းထံ သံတော်ဦးတင်တဲ့အခါ အဇာတသတ်မင်းမှာ သားအပေါ် ချစ်စိတ်တွေ ဖြစ်လာလိုက်တာ တကိုယ်လုံးကို တုန်လှုပ်ချောက်ချားစေပြီး ရိုးတွင်းခြင်ဆီကို ဆိုက်တည်သတဲ့။
ဒီတော့မှ အဇာတသတ်မင်းက “ဪ.. ငါမွေးတုန်းကလဲ ငါ့ဖခင်မှာ ဒီလိုဘဲ ချစ်ခြင်း ဖြစ်ပေလိမ့်မယ်” လို့ ဖခင်ရဲ့ ဂုဏ်ကျေးဇူးကို အမှတ်ရပြီးတော့ “ငါ့ခမည်းတော်ကို လွှတ်လိုက်ကြ” လို့ မင်းချင်း များကို အမိန့်ပေးသတဲ့။ ဒီတော့ “အလာကောင်း သော်လဲ အခါနှောင်းပြီ” ဆိုတာ လိုဘဲ ဖခင်ရဲ့ ဂုဏ်ကျေးဇူးကို အမှတ်ရတာကတော့ ကောင်းပါရဲ့။ ဒါပေမဲ့ ခမည်းတော်ကြီးမှာ နတ်ရွာစံသွားရှာပြီ ဖြစ်သောကြောင့် အချိန်က နှောင်းသွားပြီ ဆိုတဲ့ အကြောင်းကို အမတ်များက လျှောက်ကြားကြတယ်။
ဒီတော့မှ အဇာတသတ်မင်းဟာ ယူြုကံးမရ ဖြစ်ပြီး ငိုကြွေးမြည်တမ်းကာ မယ်တော်ကြီးထံသွားပြီး “မိမိ မွေးဖွားစဉ်အခါတုန်းက ခမည်းတော်မှာ ချစ်ခြင်းများ ဖြစ်ပါရဲ့လား” လို့ မေးပါတယ်။ ဒီတော့ မယ်တော်ကြီးက “ဟဲ့- သားမိုက် … ဘယ့်နှယ် ပြောတာလဲ၊ သင်ငယ်စဉ်တုန်းကလေ သင့်လက်ညှိုးမှာ အမာအဖု ပေါက်တယ်၊ သင်ဟာ နာလွန်းလို့ တငိုတည်း ငိုနေတယ်။ ချော့လို့မရဘူး၊ ဒါနဲ့ သင့်ခမည်းတော်မင်းကြီး တရားစီရင်နေရာရုံးခန်းကို ချီဆောင်သွားကြတယ်၊ အနာသက်သာအောင်လို့ ခမည်းတော်မင်းကြီးက သင့်လက်ညှိုးကို ပါးစပ်နဲ့ ငုံထားတယ်၊ အဲဒီလို ငုံထားတုန်းမှာဘဲ အမာက ပြည်ပေါက်သွားတယ်၊ အဲဒီပြည်ပုပ် သွေးပုပ်တွေကို ထွေးမပစ်ပဲ သင့်ခမည်းတော်က မျိုချရှာတယ်၊ သင့်ခမည်းတော်ဟာ သင့်အပေါ်မှာ ဒီလောက်အထိ အချစ်ကြီးခဲ့ရှာတယ်ကွဲ့ သားမိုက်ရဲ့” စသည်ဖြင့် မယ်တော်မိဖုရားကြီးက မျက်ရည်စက်လက်နဲ့ ပြန်ပြောရှာတယ်။
ဒီတော့မှ မပြစ်မှားထိုက်တဲ့ အဖခမည်းတော်ကြီးကို ပြစ်မှားမိတဲ့အတွက် အဇာတသတ်မင်းမှာ အကြီးအကျယ် စိတ်နှလုံးပူပန်ရတယ်။ ဗိမ္ဗိသာရမင်းကြီး ဆိုတာ သာမန်ပုဂ္ဂိုလ် မဟုတ်ဘူး၊ သောတာပန်လဲ ဖြစ်တယ်၊ မြတ်စွာဘုရား၏ ကျောင်းဒကာ, ပစ္စည်းလေးပါးဒကာ သာသနာ့ဒါယကာကြီးလဲ ဖြစ်တယ်၊ ဒီလို ဂုဏ်ကျေးဇူးတွေကြီးမားတဲ့ ခမည်းတော်ကို ပြစ်မှားမိတဲ့အတွက် အကြီးအကျယ် အလွန်အကဲ စိတ်ပူပန်ရတယ်။ စိတ်ပူပန်ရရုံတွင်တောင် မကသေးဘူး၊ အိပ်ပြန် ယင်လဲ မှေးမှေး မှေးမှေးနဲ့ အိပ်ပျော်စပြုလိုက်ယင် ငရဲနိမိတ်တွေက ပေါ်လာ ကြတယ်။ ငရဲထိန်းတွေက လှံတွေနဲ့ ဝိုင်းထိုးကြသလို ထင်ပြီး အလန့်တကြား နိုးလာတယ်၊ အိပ်လို့ကို မရဘဲ ဖြစ်နေသတဲ့၊
ပဌမတုန်းကတော့ ခမည်းတော် သတ်ပြီး မင်းလုပ်လိုက်ရလျှင် အင်မတန် ပျော်ရလိမ့်မယ်၊ အင်မတန် စည်းစိမ် ရှိလိမ့်မယ်၊ အင်မတန် ချမ်းသာလိမ့်မယ်လို့ ဒီလိုမြှော်လင့်ပြီး ခမည်းတော် မင်းကြီးကို သတ်ခဲ့တယ်။ ဒါပေမဲ့ သူ့ထင်မြင်ချက်နဲ့ အများကြီးလွဲနေတယ်၊
မူလက အိမ်ရှေ့မင်းသားအဖြစ်နဲ့ နေစဉ်တုန်းက တိုင်းရေး ပြည်ရေး အုပ်ချုပ်ရေး အတွက်လဲ သိပ်ပူစရာမရှိဘူး၊ နောင်သံသရာရေးအတွက်လဲ ပူစရာမရှိဘူး၊ ကောင်းကောင်းစား, ကောင်းကောင်းအိပ်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ နေနိုင်ခဲ့တယ်၊ ယခု ခမည်းတော်ကို လုပ်ကြံပြီးမှ စိတ်နှလုံးမှာလဲ ယူြုကံးမရဖြစ်ပြီး ပူပန်နေတယ်၊ အိပ်ပြန်ယင်လဲ ငရဲနိမိတ်တွေ ထင်နေတာနဲ့ ကောင်းကောင်း မအိပ်ရဘူး၊ အကြီးအကျယ် ဒုက္ခရောက်နေတယ်။
ဒါကြောင့် အဲဒီနှစ် တန်ဆောင်မုန်း လပြည့်နေ့ညမှာ ဆရာဇီဝကကို ရှေ့ဆောင်ပြုပြီး မြတ်စွာဘုရားထံ ဆည်းကပ်ပါတယ်၊ အဲဒီတုန်းက မြတ်စွာဘုရား၏ ပတ်ဝန်းကျင်မှာ ရဟန်း သံဃာတော်တွေက တထောင့်နှစ်ရာ့ ငါးဆယ်ခန့် ရှိပါတယ်။ ဒီလောက် ရဟန်းတွေ များပေမဲ့ ကိုယ့်တရားနဲ့ကိုယ် နှလုံးသွင်းကြတဲ့အတွက် အချင်းချင်း စကားပြောခြင်းလဲမရှိဘူး၊ ကိုယ်လက်တွေ လှုပ်ရှားခြင်းလဲမရှိဘူး၊ ချောင်းဟန့်ခြင်း တောင်မရှိဘဲနဲ့ အလွန်ငြိမ်သက် တိတ်ဆိတ်နေပါတယ်၊ အဲဒါကို တွေ့ရတော့ အဇာတသတ်မင်းက အလွန်ဘဲ ကြည်ညိုသဒ္ဓါတွေ ဖြစ်လာပါတယ်။ ဒါကြောင့် နှုတ်က ဒီလိုတောင် ရွတ်ဆိုမိသွားသတဲ့---
မေ၊ ငါ၏ ဥဒယဘဒ္ဒေါ ကုမာရော၊ ဥဒယဘဒ္ဒမည်သော သားသူငယ်သည်။
ဣမိနာ ဥပသမေန၊ ဤရဟန်းသံဃာတော်၏ ငြိမ်သက်သိမ်မွေ့ခြင်းမျိုးနှင့်။
သမန္နာဂတော ဟောတု၊ ပြည့်စုံပါစေသတည်း -
လို့ ဝမ်းမြောက်ဝမ်းသာနဲ့ ရုတ်တရက် ရွတ်ဆိုမိသွားပါသတဲ့၊ အဲဒါကို ဥဒါန်း ကျူးတယ်လို့ ခေါ်ပါတယ်။
ဒီလို ဥဒါန်းကျူးရာမှာ ရည်ရွယ်ချက်က ဒီလိုတဲ့၊ ငါ့သားကြီးလာတဲ့အခါ အဖေ အကြောင်း, အဘိုးအကြောင်းတွေကို မေးလိမ့်မယ်၊ အဖကိုသတ်ပြီး နန်းတတ်တယ် ဆိုတဲ့ အကြောင်း ကြားရလို့ရှိယင် ငါလဲ အဖကိုသတ်ပြီး နန်းတတ်ရမယ်လို့ ကြံစည် အားထုတ်လိမ့်မယ် ဆိုတဲ့အကြောင်း စိုးရိမ်မကင်း ဖြစ်နေတယ်၊ ဒါကြောင့် သားဖြစ်သူ ဒီလို ငြိမ်သက်သိမ်မွေ့တဲ့ ဂုဏ်ကျေးဇူးနဲ့ ပြည့်စုံချင်တဲ့အတွက် ဒီလို ဥဒါန်းကျူးမိပါတယ်တဲ့။
ဒါပေမဲ့ သူ့သားက ကြီးလာတဲ့အခါ သူ့ကိုသတ်ပြီး နန်းတတ်လာတာပါဘဲ၊ သူ့သားတွင်တောင် မကသေးဘူး၊ သူ့မြေး မြစ် ၃-ဆက်တိုင်အောင် သားက အဖကို သတ်သတ်ပြီး နန်းတတ်ကြသေးတယ်၊ “အတုမြင် အတတ်သင်” ဆိုတာလိုဘဲ ဒိဋ္ဌာနုဂတိဆိုတာ အတုလိုက်ပြီး ပြုလိုက်တတ်ကြ တာဘဲ။
အဇာတသတ်မင်းဟာ အဲဒီလို ဥဒါန်းကျူးပြီးတဲ့နောက် သာမညဖလဆိုတဲ့ ရဟန်းပြုရခြင်း၏ မျက်မှောက်အကျိုးကို မေးလျှောက်ပါတယ်။ မြတ်စွာဘုရားက ရဟန်းပြုရခြင်း၏အကျိုးများကို ရဟန်းပြုရုံမျှဖြင့် ရနိုင်တဲ့ အရိုအသေ အပူဇော်ခံရတဲ့ အကျိုး၊ သီလနှင့် ပြည့်စုံတဲ့အတွက် ရတဲ့အကျိုး၊ ပဌမဈာန်စသော လောကီ သမာဓိနှင့် ပြည့်စုံတဲ့အတွက် ရတဲ့အကျိုး၊ ဝိပဿနာ အဘိညာဉ်တို့နှင့် ပြည့်စုံတဲ့ အတွက် ရတဲ့အကျိုး။ အာသဝက္ခယ မည်သော အရိယမဂ်နှင့် အရိယဖိုလ် ၄-ပါးဆိုတဲ့ အမြတ်ဆုံး သာမညဖိုလ်တရားအထိ ရဟန်းပြု၍ ကျင့်ခြင်းဖြင့် ရနိုင်ပုံကို အကျယ်တဝင့် ဖွင့်ပြ ဟောကြားတော်မူပါတယ်။
အဲဒီ သုတ်တရားတော်ကြီးကို ကြားနာပြီးတဲ့အခါ အဇာတသတ်မင်းမှာ အလွန် နှစ်သက်အားရ သဘောကျပြီး သရဏဂုံဆောက်တည်ကာ ဥပါသကာအဖြစ် ခံယူသွားပါတယ်။ သို့သော်လဲ ပိတုဃာတကကံကြီးကို ကျူးလွန်ထားမိတဲ့အတွက် အရိယမဂ်ဖိုလ် တရားထူးကိုတော့ မရရှာဘူး၊
အကယ်၍သာ အဲဒီကံကြီးကို မပြုမိယင်တော့ အဲဒီ သုတ်တရားတော်ကြီးကို နာစဉ်မှာ သောတာပန် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မြတ်စွာဘုရားက အဇာတသတ်မင်း ပြန်သွားတဲ့နောက် မကြာမီမှာပင် “ခတာယံ ဘိက္ခဝေ ရာဇာ”စသည်ဖြင့် ဒီအကြောင်းကို ထုတ်ဖော် မိန့်ကြားတော်မူပါတယ်။
ဘိက္ခဝေ၊ ရဟန်းတို့။
အယံ ရာဇာ၊ ဤမင်းသည်။
ခတော၊ ကိုယ့်ဟာကိုယ်ပင် အရိယမဂ်တရား ထောက်တည်ရာ မရအောင် တူးဖြို အပ်လေပြီ။
ဥပဟတော၊ ဖျက်ဆီးအပ်လေပြီ -
လို့ မိန့်တော်မူပါတယ်။ အဲဒါကို အဋ္ဌကထာက ဒီလို ဖွင့်ပြထားပါတယ်-
ဣဒံ ဝုတ္တံ ဟောတိ၊ ပေါ်ပေါ်လွင်အားဖြင့် ဤသို့ ဆိုလို၏။
ဣမိနာ၊ ဤအဇာတသတ်မင်းသည်။
ပိတာဃာတိတော၊ ဖခင်ကို သတ်မိသည်။
သစေ နာဘဝိဿ၊ အကယ်၍ မဖြစ်ငြားအံ့။
ဣဒါနိ၊ ငါဘုရား တရားဟောစဉ် ယခုအခါ၌။
ဣဓေဝါသနေ၊ ဤတရားနာလျက် ထိုင်နေရာ၌ပင်လျှင်။
နိသိန္နော၊ ထိုင်နေလျက်။
သောတာပတ္တိမဂ္ဂံ ပတ္တော၊ သောတာပတ္တိမဂ်သို့ ရောက်သည်။
အဘဝိဿ၊ ဖြစ်လေရာ၏။
ပန၊ ထိုသို့ ရောက်နိုင်လောက်သော ပါရမီ ရှိငြားသော်လည်း။
အဿ၊ ထို အဇာတသတ်မင်းအား
ပါပမိတ္တသံသဂ္ဂေန၊ ယုတ်ညံ့သော မိတ်ဆွေဖြစ်သော ဒေဝဒတ်နှင့် ပေါင်းမိခြင်းကြောင့်။
အန္တရာယော ဇာတော၊ မဂ်ဖိုလ်၏ အန္တရာယ် ဖြစ်သွားရှာလေတော့သည်-
လို့ ဆိုလိုပါသတဲ့။
ဒါပေမဲ့ တရားနာရတဲ့အတွက် အဇာတသတ်မင်းမှာ ရသင့်သလောက်တော့ အကျိုးကို ရသွားပါသေးတယ်၊ ခမည်းတော်မင်းကြီးကို သတ်ပြီးကတည်းက တထိတ်ထိတ် တလန့်လန့်ဖြစ်ပြီး အိပ်စက်လို့မရဘဲ ရှိနေခဲ့တာဟာ အဲဒီ တရားနာ ပြီးတဲ့ နောက်မှာတော့ ထိတ်လန့်ခြင်းကင်းပြီး ကောင်းကောင်း အိပ်နိုင်သွားပါတယ်၊ နောက်ပြီးတော့ သေသည်၏ အခြားမဲ့မှာ အဝီစိငရဲကြီးထဲ ကျရောက်ဖို့ ရှိနေသော်လဲ အဲဒီ အဝီစိငရဲကြီးထဲမကျရဘဲ အပြင်ဘက်က လောဟကုမ္ဘီခေါ် သံရည်ပွက်အိုး ငရဲထဲလောက်သာ ကျရတယ်၊
အဲဒီမှာလဲ အောက်သို့နစ်ကျနေတာက အနှစ်သုံးသောင်း + အထက် ပြန်တက် လာတာက သုံးသောင်း = ပေါင်း အနှစ် ခြောက်သောင်းမျှ ကြာယင် အဲဒီ ငရဲမှ လွတ်မယ်၊ နောက်ပြီးတော့ တခုသောကမ္ဘာမှာ “ဝိဇိတာဝီ” အမည်ရှိသော ပစ္စေကဗုဒ္ဓါဖြစ်ပြီး ပရိနိဗ္ဗာန် စံရလိမ့်မယ်တဲ့၊ ဒီအကျိုးများကို တရားနာရတဲ့အတွက် ရသွားပါတယ်။
ယခု ပြောခဲ့တဲ့ အဇာတသတ်မင်း ဝတ္ထုထဲမှာ ပြောလိုရင်းကတော့ မာတုဃာတကကံ, ပိတုဃာတကကံ အစရှိတဲ့ အကုသိုလ် ဂရုကံကြီး ရှိနေယင် မျက်မှောက်ဘဝမှာ ပါရမီ ပြည့်စုံနေသူ ဖြစ်သော်လဲ မဂ်ဖိုလ်ကို မရနိုင်ဘူး။ သေသည်၏ အခြားမဲ့မှာလဲ ငရဲကို မုချ ကျရောက်ရမယ်၊ ဘယ်ကုသိုလ်နဲ့မှ မပြုပြင်နိုင်တော့ဘူး၊ သက်သာရာ လောက်သာ ရနိုင်တော့တယ်ဆိုတဲ့ အကြောင်းကို ပြောလိုရင်းပါဘဲ။
ကြွင်းသော ကံကြီး ၃-ပါး
နောက်ပြီးတော့ ရဟန္တာပုဂ္ဂိုလ်ကိုသတ်ယင် အရဟန္တဃာတက ကံကြီးထိုက်တယ်၊ သက်တော်ထင်ရှား ရှိတော်မူတဲ့ မြတ်စွာဘုရားကို သွေးခြေအုအောင် အနာတရ ဖြစ်အောင်ပြုယင် လောဟိတုပ္ပါဒကတံ ထိုက်တယ်၊ ဝိနည်းမှား တရားမှားကို နားသွင်းပြီး မဲခွဲသောအားဖြင့် သံဃာကို ဂိုဏ်းကွဲအောင် ပြုတဲ့ရဟန်းမှာ သံဃဘေဒကကံ ထိုက်တယ်၊ ဒီကံသုံးမျိုးကိုပြုမိယင်လဲ မျက်မှောက်ဘဝမှာ ဈာန်မဂ်ဖိုလ် တရားထူးကို မရနိုင်တော့ဘူး၊ သေသည်၏ အခြားမဲ့မှာလဲ ငရဲကို မုချ ရောက်ရမယ်။ ဒါကြောင့် ဒီကံကြီးတွေကို အာနန္တရိယကံလို့ ခေါ်ပါတယ်။
အာစိဏ္ဏကံခေါ် ဗဟုလကံ
ယခုပြောခဲ့တဲ့ ဂရုကံမရှိယင်တော့ ဗဟုလကံက အကျိုးပေးတယ်၊ ဗဟုလကံဆိုတာ အကြိမ်များစွာ ခဏခဏ အထပ်ထပ် ဖြစ်နေတဲ့ ကံပါဘဲ၊ အဘိဓမ္မတ္ထသင်္ဂဟ ကျမ်းမှာတော့ ဒီကံကို “အာစိဏ္ဏကံ” လို့ အမည်ပေးထားပါတယ်၊ အမြဲမပြတ် လေ့ကျင့်ပြုလုပ်နေတဲ့ကံလို့ ဆိုလိုပါတယ်။ သီလ ပျက်နေယင် အဲဒါဟာ မပြုပြင် မကုစားဘဲလဲ နေမယ်ဆိုယင် ဗဟုလကံဘဲ၊
အဲဒီလို သီလပျက်နေခိုက်မှာ သေသွားယင် သူက အကျိုးပေးလိမ့်မယ်။ ဒါကြောင့် လူများမှာ ငါးပါးသီလကို အမြဲတမ်းစင်ကြယ်အောင် စောင့်ရှောက်နေရတယ်။ သိက္ခာပုဒ်တခုခု မတော်တဆပျက်သွားယင် နောင် ဒီလို မပျက်စေရတော့ဘူး နှလုံး သွင်းပြီး ထပ်မံဆောက်တည်ရပါတယ်၊ စိတ်နဲ့ ဆောက်တည်ရုံနဲ့လဲ ပြီးစီးနိုင်ပါတယ်၊ ဒါပေမဲ့ နှုတ်နဲ့ရွတ်ဆိုပြီး ဆောက်တည်တာက ပိုပြီးကောင်းပါတယ်။ ဆောက်တည် ပြီးသည်ကစပြီး သီလဟာ စင်ကြယ်သွားပါတယ်။
ရဟန်းများမှာလဲ ပါတိမောက်သီလကို အမြဲတမ်းစင်ကြယ်အောင် စောင့်ရှောက် နေရတယ်၊ သိက္ခာပုဒ်တခုခုကို လွန်ကျူးလိုတဲ့စိတ်နဲ့ မရိုမသေ ကျူးလွန်မိယင်, ဒေသနာပြောကြားခြင်း စသည်ဖြင့် မကုစားဘဲလဲနေယင် အဲဒါဟာ သီလ မစင်ကြယ်တဲ့ ဗဟုလကံ ဖြစ်နေတာဘဲ။
ဒါကြောင့် ဒီလိုအမှုကို မပြုတော့ဘူးလို့ နှလုံးသွင်းပြီး ဒေသနာပြောကြားခြင်း စသည်ဖြင့် ကုစားရတယ်၊ ကုစားပြီးတဲ့ အချိန်ကစပြီး သီလစင်ကြယ်သွားတယ်၊ အဲဒါ သီလကုသိုလ် ဗဟုလကံပါဘဲ။ အဲဒီလို သီလစင်ကြယ်နေတုန်း သေသွားမယ်ဆိုယင် အဲဒီ သီလကုသိုလ်က အကျိုးပေးတယ်၊ လူ့ဘဝ နတ်ဘဝ သုဂတိဘဝမှာ ဖြစ်စေတယ်။
နောက်ပြီးတော့ အမြဲမပြတ် ပေးကမ်းလှူဒါန်းခြင်း, မိဘ ဆရာသမားတို့အား အမြဲဝတ်ပြုခြင်း, နေ့စဉ် ဘုရားဝတ်ပြုခြင်း, ဘုရားဂုဏ်တော် စသည်ကိုအာရုံပြု၍ ပုတီးစိတ်ခြင်း, တရားအားထုတ်ခြင်းဆိုတဲ့ ဒီလို အမြဲမပြတ် လေ့လာကျင့်သုံးနေတဲ့ ကုသိုလ်အမှုတွေလဲ ဗဟုလကံတွေပါဘဲ၊ ဒီဗဟုလကံတွေကလဲ ရှေးဦးစွာ အကျိုးပေးတတ်ပါတယ်။
အာသန္နကံ
အဲဒီ ဗဟုလကံလဲ မရှိယင်တော့ သေခါနီးမှာ ပြုတဲ့ကံက အကျိုးပေးတယ်၊ အဲဒီကံကို သေခါနီးမှာ ပြုတဲ့အတွက် အာသန္နကံလို့ ခေါ်တယ်။ အဘိဓမ္မတ္ထသင်္ဂဟ ကျမ်းမှာတော့ ဒီအာသန္နကံက ဗဟုလကံထက် အားကောင်းတယ်ဆိုတဲ့အနေနဲ့ သူ့ကို ရှေးဦးစွာ ပြဆိုထားပါတယ်။
ဒါပေမဲ့ အာသန္နကံက ဗဟုလကံကို လွှမ်းမိုးပြီး အကျိုးပေးတယ်ဆိုတာက တရံတခါလောက် ဖြစ်ဖွယ်ရှိပါတယ်၊ အများအားဖြင့် တော့ အဋ္ဌကထာကြီးများက ပြထားတဲ့အတိုင်း အမြဲမပြတ် လေ့လာနေတဲ့ ဗဟုလကံကဘဲလွှမ်းမိုးပြီး အကျိုး ပေးဘွယ် ရှိပါတယ်။ ဒါကြောင့် ဒီမှာ အဲဒီ အဋ္ဌကထာကြီးများက ဆိုထားတဲ့အတိုင်းဘဲ ရှေ့နောက် စဉ်ပြီး ပြထားပါတယ်။
ဒါပေမဲ့ တမ္ဗဒါဌိကဝတ္ထု စသည်ကို ထောက်ဆကြည့်လျှင် အာသန္နကံကလဲ အားကိုးရပါတယ်။ တမ္ဗဒါဌိကဟာ ၅၅-နှစ်ပတ်လုံး လူတွေကို သတ်လာခဲ့တယ်၊ သေခါနီးမှာ အရှင်သာရိပုတြာအား နွားနို့ယာဂုကိုလှူပြီး တရားနာတာနဲ့ သေသည်၏ အခြားမဲ့မှာ တုသိတာနတ်ပြည် ရောက်သွားရတယ်။ (ဓမ္မပဒ-ဋ္ဌ၊ ၁-၄၀၅-စသည်)
သီဟိုဠ်ကျွန်း မဓုအင်္ဂဏရွာမှာ ဒမိဠ = တမယ်လ် လူမျိုး ဒါရဝမ်တယောက် ရှိသတဲ့၊ သူက နေ့စဉ် ငါးမျှားပြီး အနှစ် ငါးဆယ်ပတ်လုံး အသက်မွေးနေသတဲ့။ သေခါနီးကျတော့ စူဠပိဏ္ဍပါတိကတိဿထေရ်က သနားတာနဲ့သွားပြီး သရဏဂုမ်နဲ့ ငါးပါးသီလကို ပေးတယ်၊ သရဏဂုမ်ကို ဆောက်တည်ပြီး မေးခိုင်သွားလို့ သီလကိုတော့ မဆောက်တည်နိုင်ရှာဘူး။ အဲဒီ ဒါရဝမ်ဟာ သေသွားတဲ့အခါ သရဏဂုမ် ဆောက်တည်တဲ့ ကုသိုလ်ကြောင့် စတုမဟာရာဇ် နတ်ပြည်မှာ ဖြစ်ရသတဲ့။ (အံ-ဋ္ဌ ၂၊ ၁၀၈)
ကုသိုလ်အာသန္နကံသာ မဟုတ်ဘူး အကုသိုလ်အာသန္နကံကလဲ အကျိုးပေးတာဘဲ။ သီဟိုဠ်ကျွန်း အန္တရဂင်္ဂါဆိုတဲ့ အရပ်မှာ မဟာဝါစကာလအမည်ရှိတဲ့ ဥပါသကာဟာ အနှစ် ၃၀-ပတ်လုံး ဒွတ္တိံ သာကာရကမ္မဋ္ဌာန်းကို ရွတ်ဖတ်သရဇ္ဈာယ်ပြီး နှလုံးသွင်း အားထုတ်နေတယ်၊ ဒါပေမဲ့ အရောင်အလင်းကလေး လောက်တောင် မတွေ့ရတာနဲ့ ဗုဒ္ဓသာသနာတော်ဟာ ထွက်မြောက်စေနိုင်တဲ့ နိယျာနိကတရားမဟုတ်ဘူး-လို့ အယူလွဲပြီး သေသွားတဲ့အခါ မိကျောင်းပြိတ္တာကြီး ဖြစ်သွားရှာသတဲ့။ (အံ-ဋ္ဌ ၂၊ ၁၀၈)
တရားအားထုတ်ရာမှာ အရောင်စသည်ကို မတွေ့တာကတော့ အားထုတ်တဲ့ နည်းလမ်းက မမှန်လို့ဘဲ ဖြစ်တတ်တယ်၊ အားထုတ်ပုံက အချိုးမကျလို့လဲ ဖြစ်တတ်တယ်၊ အခြေခံပါရမီက လိုနေလို့လဲ ဖြစ်တတ်တယ်။ မြတ်စွာဘုရား လက်ထက်တော်ကာလက သုနက္ခတ္တဆိုတဲ့ ရဟန်းဟာ ဒိဗ္ဗစက္ခုအဘိညာဉ်ကိုသာ ရတယ်၊ ဒိဗ္ဗသောတအဘိညာဉ်ကို ရဘို့အကြောင်းက ချို့ယွင်းနေတယ်၊
အဲဒီအဘိညာဉ်ကို မရနိုင်အောင် တားမြစ်တဲ့ အကုသိုလ်က ရှိနေတယ်၊ ဒါကြောင့် မြင်နိုင်တဲ့ အဘိညာဉ်ကို ရပါလျက် ကြားနိုင်တဲ့ အဘိညာဉ်ကိုတော့ မရနိုင်ဘဲ ရှိနေပါတယ်။ အဲဒါကို ထောက်ဆကြည့်ယင် ပါရမီအကြောင်းက လိုနေတာလဲ ရှိတတ်ပါတယ်။ ဒါကြောင့်တရားအားထုတ်ရာမှာ မိမိအလိုရှိတဲ့အတိုင်း မဖြစ်ပေမဲ့ စိတ်တော့မပျက်ရဘူး။ ပါရမီကုသိုလ်တွေ ဖြစ်သွားတယ်လို့သာ အာရုံပြုရတယ်။
သုတရှင်တို့ စဉ်းစားဘွယ်
အများအားဖြင့်တော့ နည်းလမ်းမှန်အတိုင်း တရားအားထုတ်ယင် ထူးထူးခြားခြား တွေကို တွေ့တာကဘဲ များပါတယ်၊ ဝိပဿနာရှုယင် စိတ်တည်ငြိမ်ပြီး စိတ္တဝိသုဒ္ဓိဖြစ်တဲ့အခါမှာ ရှုမှတ်ရတဲ့ အာရုံရုပ်က တခြား+ရှုမှတ်သိတဲ့ စိတ်က တခြား ကွဲပြားပြီးထင်တယ်၊ အကြောင်းနဲ့အကျိုး ဆက်သွယ်ပြီး ဖြစ်နေတာကိုလဲ တွေ့ရတယ်၊ ရှုမှတ်ရတဲ့ အာရုံရော+ရှုမှတ်သိနေတဲ့ စိတ်ရော ခဏမစဲလျင် မြန်စွာဖြစ်ပြီး ပျက်ပျက်သွားတာကိုလဲ တွေ့ရတယ်။ အဲဒီအခါမှာ အရောင် အလင်းတွေကို တွေ့ပြီး ပီတိသုခ စသည်တွေကိုလဲ ထူးထူးခြားခြား တွေ့ရတယ်၊
အရောင်အလင်းကို ထင်ထင်ရှားရှား မတွေ့ရတောင် ပီတိသုခ စသည်ကိုတော့ တွေ့ရတာဘဲ။ ဘာကြောင့်လဲဆိုလျှင် ထူးခြားတဲ့ ပီတိ, ပဿဒ္ဓိ, သတိ, ဉာဏ်, ဝီရိယ, ဥပေက္ခာ ဆိုတာတွေဟာ ဗောဇ္ဈင်တရားတွေဘဲ၊ ဒီ ဗောဇ္ဈင်တရားတွေကို ထူးထူးခြားခြားတွေ့ရမှ ဝိပဿနာဟာ ထက်ထက်သန်သန် ဖြစ်နိုင်ပါတယ်။
သုတမယဉာဏ်နဲ့ ရုပ်နာမ်တရားတွေကို ဆင်ခြင်နေရုံမျှနဲ့တော့ ဒီလို ဗောဇ္ဈင်တရား တွေကို ထင်ရှားမတွေ့နိုင်ပေဘူး၊ အဲဒီလို မတွေ့ရယင်တော့ ကျေနပ်ဖွယ် မရှိပေဘူး။ အဲဒါဟာ ဆင်ခြင်နေရုံမျှနဲ့ ဗောဇ္ဈင်တရားတွေ ထင်ရှားဖြစ် မဖြစ်ကို သုတရှင်တို့ စဉ်းစားဘို့ပါဘဲ။
ကဋတ္တာကံ
ယခုပြောခဲ့တဲ့ ဗဟုလကံ, အာသန္နကံတွေလဲ မရှိယင်တော့ ကဋတ္တာကံဆိုတာက အကျိုးပေးတယ်။ ကဋတ္တာကံ ဆိုတာ ဂရုကံ, ဗဟုလကံ, အာသန္နကံ တို့၏ ဂုဏ်ထူးမျိုးမရှိဘဲ ပြုဘူးရုံမျှဖြစ်တဲ့ ကံပါဘဲ။ ဝိသုဒ္ဓိမဂ်ဋီကာ မှာတော့ ရှေးဘဝများက ပြုခဲ့တဲ့ကံကို ကဋတ္တာကံလို့ ပြဆိုထားပါတယ်။ ဒီဘဝမှာလဲ သေခါနီး ပြုတာလဲ မဟုတ်၊ အထူးဆင်ခြင်တာလဲ မဟုတ်၊ ထပ်တလဲလဲ ပြုတာလဲမဟုတ်၊ ထပ်တလဲလဲ နှလုံးသွင်းနေတဲ့ ကံလဲ မဟုတ်ပဲ တကြိမ်တခါမျှ ပြုထားတဲ့ ကံဆိုယင် ကဋတ္တာကံ လို့ဘဲ ယူသင့်ပါတယ်။
ဇာတိပေါ်လာပုံ
အဲ ယခုပြောခဲ့တာဟာ ကမ္မဘဝဆိုတဲ့ ကုသိုလ်ကံ, အကုသိုလ်ကံက ဘဝအသစ်ဖြစ်ခြင်း=ဇာတိဆိုတဲ့ အကျိုးကို ဖြစ်ပေါ်စေရာမှာ ကံများစွာရှိနေယင် ဘယ်လိုကံက အကျိုးပေးတယ်ဆိုတာကို ပြောလာတာဖြစ်တယ်၊ အဲဒါဟာ ပြည့်စုံသွားပါပြီ။ ဒါပေမဲ့ အဲဒီကံက ဘယ်လိုဖြစ်ပေါ်စေသလဲလို့ မေးစရာတော့ ရှိပါသေးတယ်၊ အဲဒါကတော့ “သင်္ခါရပစ္စယာ ဝိညာဏံ = သင်္ခါရကြောင့် ဘဝသစ် ဝိညာဏ်ဖြစ်တယ်” ဆိုရာမှာ အကျယ်ပြောခဲ့ပါပြီ၊
အဲဒီတုန်းက ပြောခဲ့တဲ့အတိုင်း ပါဘဲ၊ သေခါနီးမှာ ကံ, ကမ္မနိမိတ်, ဂတိနိမိတ် ထင်စေတယ်၊ အဲဒီ အာရုံနိမိတ်ကို စွဲလမ်းနေရင်း နောက်ဆုံး စုတိစိတ်ဖြင့် စိတ်အစဉ်ပြတ်ပြီး သေသွားတဲ့အခါ အဲဒီ စွဲလမ်းခဲ့တဲ့ အာရုံနိမိတ်ကိုဘဲ စွဲမှီအာရုံပြုပြီး ဘဝသစ် စိတ်ဝိညာဏ်ဖြစ်တယ်၊ အဲဒီ စိတ်နဲ့အတူ ကမ္မဇရုပ်တွေလဲ ဖြစ်တယ်၊ အဲဒီ ရုပ်နာမ်ခန္ဓာတွေရဲ့ ရှေးဦးစွာ ဖြစ်ပေါ်မှုကို “ဇာတိ=ဘဝအသစ် ဖြစ်တယ်”လို့ ဆိုရတာဘဲ။
ဒါကြောင့် “တဏှာ ၆-တန် ဥပါဒါန်နှင့် ဖြစ်ရန်အကြောင်း ကံဆင့်လောင်း၍ ဆိုးကောင်းဘဝ ဖြစ်ရပြန်ရာ”လို့ ဆောင်ပုဒ်က ဆိုထားပါတယ်။ အာရုံ ၆-မျိုး အကောင်းနဲ့အဆိုးကို ခံစားရလို့ တပ်မက်သာယာတဲ့ တဏှာ ၆-ပါး ဖြစ်ပေါ် လာတယ်၊ အဲဒီ တဏှာကရင့်လာတော့ စွဲလမ်းမှု ဥပါဒါန် ဖြစ်လာတယ်။
မရသေးတာကို ရအောင်, ရပြီးတာတွေလဲ မပျောက်မပျက်ရအောင်, မခွဲမခွါရအောင် သတ်မှဘဲ, ခိုးမှဘဲ, လိမ်မှဘဲ, ဂုံးတိုက်မှဘဲ စသည်ဖြင့် မှားယွင်းစွာလဲ စွဲလမ်းတယ်၊ ကုသိုလ်ပြုမှဘဲ, ဒါနပြုမှဘဲ, သီလစောင့်မှဘဲ, တရားနာမှဘဲ, တရားအားထုတ်မှဘဲ စသည်ဖြင့် မှန်ကန်စွာလဲ စွဲလမ်းတယ်၊ အဲဒီလို စွဲလမ်းတဲ့အတိုင်း ပြုလုပ်တယ်၊ အဲဒါဟာ ကမ္မဘဝဘဲ၊ အဲဒီကံကြောင့် ဘဝအသစ် ဇာတိဖြစ်ပေါ်ရတယ်။
ကဲ အဲဒီ ဆောင်ပုဒ်ကို အစကဘဲစပြီး ဆိုလိုက်ကြဦးစို့---
အမှန်မသွား အမှားမြင်ကာ အဝိဇ္ဇာကြောင့်၊ ချမ်းသာလိမ့်နိုး ရည်မြှော်ကိုးလျက် သုံးမျိုးမှုကံ ပြုစီမံ၍၊ ဝိညာဏ်တွယ်စပ်၊ နာမ်ရုပ်ကပ်လျက်၊ ခြောက်ရပ်အာယတန၊ ဖဿခြောက်ဖြာ၊ ဝေဒနာကြောင့်၊ တဏှာ ၆-တန် ဥပါဒါန်နှင့် ဖြစ်ရန်အကြောင်း၊ ကံဆင့်လောင်း၍ ဆိုးကောင်းဘဝ ဖြစ်ရပြန်ရာ။
အဲဒါကို ဆောင်ပုဒ်အတိုမှာ “ခံစားသည့်တွက်-တပ်မက်ခင်မင်၊ မည်သို့ပြုငြား ကောင်းစားမည်ထင်၊ ဝင်စားစွဲလမ်း-ရော်ရမ်းပြုလျှင်၊ နောင်ဘဝ-ဖြစ်ရဇာတိပင်” လို့ ဆိုထားပါတယ်။ အဲဒါကိုလဲ ဆိုကြရမယ်---
ခံစားသည့်တွက် တပ်မက်ခင်မင်၊
မည်သို့ပြုငား ကောင်းစားမည်ထင်၊
ဝင်စားစွဲလမ်း ရော်ရမ်းပြုလျှင်၊
နောင်ဘဝ ဖြစ်ရ ဇာတိပင်။ (ဆို ၃-ခေါက်)
အဲဒါဟာ အနက်အဓိပ္ပါယ်ပေါ်လွင် ထင်ရှားနေပါပြီ။ ဒါပေမဲ့ ရှင်းသည်ထက် ရှင်းသွားအောင် နည်းနည်းထပ်ပြီး ပြောလိုက်ဦးမယ်။ ပဌမအပိုဒ်က အာရုံ ၆-ပါးကို ခံစားရသည့်အတွက် တပ်မက်ခင်မင်မှု တဏှာ ၆-ပါးဖြစ်တယ်လို့ ဆိုလိုပါတယ်၊ ကောင်းတာကို ခံစားရယင် အဲဒီ ကောင်းတဲ့အာရုံမျိုးကိုလဲ တပ်မက်တယ်၊ အဲဒါထက် ကောင်းတာကိုလဲ တပ်မက်တယ်၊
တခုရယင် ၂-ခုရချင်တယ်၊ ၂-ခု ရပြန်ယင်လဲ သုံးခုလေးခု ရချင်တယ်၊ ဒီနည်းဖြင့် တိုးတိုးပြီးတော့တပ်မက် လိုချင်မှု တဏှာဖြစ်တယ်၊ မကောင်းတာ ခံစားရပြန်ယင်လဲ ကောင်းတာကို လိုချင် တောင့်တတဲ့ တဏှာဖြစ်တယ်၊ အဲဒီလို ဖြစ်ပုံကိုရည်ပြီးတော့ “ခံစားသည့် တွက် တပ်မက်ခင်မင်” လို့ ဆိုထားပါတယ်၊
ဒုတိယအပိုဒ်ကတော့ သတ်ယင် ခိုးယင် လိမ်ယင် ပေးလှူယင် ကိုယ်နှုတ်နှလုံး စောင့်သုံးယင် မိမိ အလိုရှိတဲ့အတိုင်း ပြည့်စုံပြီး ကောင်းစားချမ်းသာလိမ့်မယ်လို့ စွဲလမ်းမှု ဖြစ်ပုံကို ပြပါတယ်။ အဲဒါဟာ ကောင်းစားချမ်းသာချင်တဲ့ တဏှာက ရင့်လာတဲ့သဘောပါဘဲ။ အဲဒါကတော့ ထင်ရှားနေပါတယ်။
တတိယအပိုဒ်ကတော့ ဒုတိယအပိုဒ်က ပြခဲ့တဲ့အတိုင်း မည်သို့ပြုလုပ်လျှင် ကောင်းစားချမ်းသာလိမ့်မယ်လို့ စိတ်ဝင်စားပြီး စွဲလမ်းတဲ့အတွက် အဲဒီအတိုင်း ရော်ရမ်း-မြှော်မှန်းပြီး ပြုလုပ်တယ်လို့ ပြပါတယ်။ အဲဒီလို ပြုလုပ်ရာမှာ သတ်ခြင်း ခိုးခြင်း လိမ်ခြင်း စသည်ကို ပြုလုပ်လျှင် အကုသိုလ်ကမ္မဘဝ ဖြစ်တယ်၊ ပေးလှူခြင်း သရဏဂုဏ်သီလ ဆောက်တည်ခြင်း စသည်ကိုပြုလုပ်လျှင် ကုသိုလ်ကမ္မဘဝ ဖြစ်တယ်။ အဲဒီလို စွဲလမ်းမှုဥပါဒါန်ကြောင့် ကမ္မဘဝဖြစ်ပုံကို ပြပါတယ်။ နောက်ဆုံး အပိုဒ်ကတော့ အဲဒီ ကမ္မဘဝကြောင့် ဘဝအသစ်ဖြစ်ခြင်း ဇာတိဆိုတဲ့ အကျိုးတရား တဖန် ပေါ်လာပုံကို ပြပါတယ်။
ဘဝသစ်ဖြစ်ခြင်း ဇာတိပေါ်လာယင် အဲဒီ တဘဝလုံးနဲ့ဆိုင်တဲ့ ဆင်းရဲတွေကို တွေ့ကြုံခံစား သွားရတော့မယ်။ ငရဲဇာတိပေါ်လာယင် ငရဲမီးအလောင်ခံရခြင်း, ငရဲထိန်းတို့၏ အနှိပ်စက်ခံရခြင်းအစရှိတဲ့ ဆင်းရဲတွေကို နှစ်ပေါင်း သိန်းသောင်း များစွာ ခံစားသွားရလိမ့်မယ်။
ပြိတ္တာဘုံမှာ ဇာတိပေါ်လာယင် နှစ်ပေါင်း သိန်းသောင်းများစွာ ငတ်မွတ် ဆာလောင်နေခြင်း အစရှိသော ဆင်းရဲတွေကို ခံစားသွားရလိမ့်မယ်။ တိရစ္ဆာန်ဘုံမှာ ဇာတိပေါ်လာယင် နိုင်ရာနိုင်ရာက ညှဉ်းဆဲနှိပ်စက်ခြင်း အစရှိသော ဆင်းရဲတွေကို သူ့တသက်လုံး ခံစားသွား ရလိမ့်မယ်။ အိုရ နာရ သေရတဲ့ ဆင်းရဲတွေကိုလဲ ခံစားသွားရလိမ့်မယ်။
လူ့ဘဝမှာ ဇာတိပေါ်လာယင် အမိဝမ်းတွင်းမှာ ရှိစဉ်ကတည်းက အမိဖြစ်သူက အပူအစပ်တွေကို စားသောက်လျှင် ပူလောင်ခြင်း, အအေးကို စားသောက်လျှင် အလွန်အေးခြင်း, အမိဖြစ်သူက နာဖျားလျှင် အနေဆိုးခြင်း အစရှိသော ဆင်းရဲတွေကို ခံစားရလိမ့်မယ်၊ မွေးတဲ့အခါလဲ နာကျင်ခြင်းအစရှိသော ဆင်းရဲတွေကို ခံစား ရလိမ့်မယ်။ မွေးဖွားပြီးတဲ့နောက်လဲ သူ့တဘဝလုံးနဲ့ဆိုင်တဲ့ ဆင်းရဲအမျိုးမျိုးကို ခံစားသွားရလိမ့်မယ်၊
ကံမကောင်းအကြောင်းမသင့်ယင် စားဝတ်နေရေးအတွက် အပန်းတကြီး ရှာဖွေ လုပ်ကိုင်ရတဲ့ ဆင်းရဲတွေကို ခံစားသွားရလိမ့်မယ်၊ နိုင်တဲ့သူတွေရဲ့ နှိပ်စက်ညှဉ်းပန်း ခြင်းကိုလဲ ခံရလိမ့်မယ်၊ မည်သူမဆို အိုခြင်းသေခြင်း ဆိုတာတွေကိုတော့ မုချတွေ့ရပါလိမ့်မယ်၊ ဒါကြောင့် “ဇာတိပစ္စယာ ဇရာမရဏံ” စသည်ဖြင့် ဟောတော်မူပါတယ်။
ဇာတိပစ္စယာ၊ ဘဝအသစ်ဖြစ်မှု ဇာတိဟူသော အကြောင်းကြောင့်။
ဇရာမရဏံ၊ အိုခြင်း သေခြင်းသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဘဝအသစ် ဖြစ်မိလို့ရှိယင် အိုခြင်းနဲ့ သေခြင်းဆိုတာကတော့ မုချ တွေ့ရတော့ တာဘဲ၊ ဘယ်မှ ပြေးလို့ တိမ်းလို့ ရှောင်လို့မရနိုင်ဘူး။ နာခြင်းဆိုတာကတော့ နတ်တွေ ဗြဟ္မာတွေမှာ မရှိတဲ့အတွက် ဧကန်မုချ အကျိုးကိုပြတဲ့ ဒီအပိုဒ်ထဲမှာ ထည့်မထားဘူး။ သောက-ပရိဒေဝ-ဒုက္ခ-ဒေါမနဿုပါယာသာ သမ္ဘဝန္တိ ဆိုတဲ့ အနေကန်အကျိုးပြ အပိုဒ်ထဲမှာမှ ထည့်ထားတယ်၊
အဲဒီအပိုဒ်ထဲက ဒုက္ခ-ဆိုတာ ကိုယ်မှာတွေ့ရတဲ့ ဆင်းရဲတွေဟူသမျှ အကုန်လုံးပါဘဲ၊ မကျန်းမမာ နာဖျားပြီး အခံခက်တဲ့ ကိုယ်ဆင်းရဲတွေလဲ ပါပါတယ်၊ အဲဒါကို ဗျာဓိဒုက္ခလို့ ခေါ်တယ်။ လူ့ဘဝမှာဆိုယင်တော့ အဲဒီ နာဖျားပြီးဆင်းရဲရတဲ့ ဗျာဓိ ဒုက္ခလဲ မုချတွေ့ရတဲ့ ဆင်းရဲပါဘဲ။
လူ့ဘဝမှာ ဖြစ်မိယင် အို, နာ, သေကို ရှောင်လို့မရ
ဒါကြောင့် လူ့ဘဝအနေနဲ့ဆိုယင် အိုခြင်း, နာခြင်း, သေခြင်းဆိုတဲ့ ဒီဆင်းရဲ သုံးမျိုးဟာ တိမ်းလို့ရှောင်လို့ ပုန်းလို့ မရတဲ့ တရားဆိုးကြီးတွေဘဲ၊ ယနေ့အမိဝမ်းထဲ ရောက်ခါစ ကလေးတွေ မွေးပြီးခါစ ကလေးတွေ ဒီလို နုနုနယ်နယ် ကလေးတွေလဲ ခဏအတိုင်း စက္ကန့်တိုင်း မိနစ်တိုင်း နာရီတိုင်း ရက်ပိုင်း လပိုင်းတိုင်း ရင့်ရင့်လာတာဘဲ၊ ဆံဖြူ သွားကျိုး ခါးကိုင်းနားထိုင်း မျက်စိမှုစသည်ဖြင့် အိုမင်းတဲ့ အဖိုးအို အမယ်အို အဖြစ်ဆီကို ချဉ်းကပ် လာနေတာဘဲ၊ မကျန်းမမာ နာဖျားဘို့, နောက်ဆုံးမှာ သေလောက်အောင် မခံသာတဲ့ နာဖျားမှုနဲ့ တွေ့ဘို့ရာ ချဉ်းကပ် လာနေတာဘဲ၊ သေဘို့ရာဆီလဲ ချဉ်းကပ်လာနေတာဘဲ။
လူပုဂ္ဂိုလ်တွေက အိပ်ပြီး နားနေပေမယ်လို့ လူ့သန္တာန်က ရုပ်နာမ် တရားတွေကတော့ နားမနေကြဘူး၊ အိုဘို့ နာဘို့ သေဘို့ရာ တသွားတည်း သွားနေကြတာဘဲ။ လူတွေက သွားလိုက် လာလိုက် စားလိုက် သောက်လိုက်နဲ့ ပျော်ရွှင်နေကြပေမဲ့ ကိုယ်ထဲက ရုပ်နာမ်တွေကတော့ အိုဘို့ နာဘို့ သေဘို့ရာ တဖြည်းဖြည်း ကူးပြောင်း ပြင်ဆင်နေကြတာဘဲ။
ဒါကြောင့် လူ့လောကမှာ ဘဝအသစ် ဖြစ်ခြင်းဆိုတဲ့ ဇာတိပေါ်လာယင် ဒီ အိုခြင်း, နာခြင်း, သေခြင်းဆိုတာ တွေကတော့ မုချတွေ့ရတော့မှာဘဲ။ ဘယ်ကိုမှ ပြေးလို့ မလွတ်နိုင်ဘူး၊ တိမ်းလို့ ရှောင်လို့ ပုန်းလို့ မရဘူး။
အဲဒီ အကြောင်းနဲ့စပ်ပြီး ကလေးဘဝတုန်းက ဘုန်းကြီးတပါး တရားဟောတာကို ကြားဘူးတယ်၊ ဝတ္ထုကြောင်းကလေး တခုပါဘဲ။ အဲဒီ ဝတ္ထုဟာ ကျမ်းကြီး ကျမ်းခိုင် တွေမှာတော့ မတွေ့ရပါဘူး၊ ကျပင်းတရားစာ-ဆိုတဲ့ ကျမ်းကလေးထဲမှာသာ တွေ့ရပါတယ်။ ဒါပေမဲ့ အိုဘေး, နာဘေး, သေဘေးကို ရှောင်လို့ပုန်းလို့ မလွတ်နိုင်ဘူးဆိုတဲ့ သဘောသဘာဝကိုတော့ ထင်ရှားပေါ်စေပါတယ်။ ဒါကြောင့် အဲဒါကို အတိုချုပ် ပြောရဦးမယ်။
အို, နာ, သေဘေး ရှောင်ပြေးလို့မလွတ်
သာဝတ္ထိပြည်မှာ သုဒဿနရဲ့အဖက အိုရမှာကြောက်လို့ ပြဒါးရှင်လုံးငုံပြီး ကောင်းကင်မှာ တက်ပုန်းနေသတဲ့။ ပြဒါးရှင်လုံးနဲ့ ကောင်းကင်းပျံတက်တယ် ဆိုတာ ယခုခေတ်အနေနဲ့တော့ ယုတ္တိမရှိဘူးလို့ တချို့က ဆိုကြပေလိမ့်မယ်။ မယုံတဲ့ သူတွေလဲ ဥပမာဖြစ်နဲ့ ဆင်ခြင်ကြည့်လျှင် သတိသံဝေဂဖြစ်ပြီး အကျိုးများနိုင် ပါတယ်၊ ယခုခေတ်အနေနဲ့ ယုတ္တိရှိအောင် ဆိုယင်တော့ အာကာသယာဉ်နဲ့ ကောင်းကင်တတ်ပြီး ပုန်းနေတယ်လို့လဲ ဆိုနိုင်ပါတယ်။
နောက်ပြီးတော့ သုဘောဂရဲ့ အဖကလဲ နာရမှာကြောက်လို့ သုမုဒ္ဒရာထဲဆင်းပြီး ပုန်းနေသတဲ့။ ဒီနေရာမှာလဲ ယခုခေတ်အနေနဲ့ဆိုယင် ရေအောက်မှာ နေနိုင်တဲ့ စက်ယာဉ်နဲ့ ပင်လယ်အောက် ဆင်းနေတယ်လို့လဲ ဆိုနိုင်ပါတယ်။ နောက်ပြီးတော့ သုမနရဲ့အဖကလဲ သေရမှာကြောက်လို့ ဟိမဝန္တာက တောင်ခေါင်းထဲ ဝင်ပြီး ပုန်းနေသတဲ့။
နောင်ကြာမြင့်တဲ့ အချိန်ကာလမှာ သားဖြစ်တဲ့ သုဒဿနက သူ့အဖအကြောင်း သိချင်လို့ ကောင်းကင်ကိုတက်ပြီး ကြည့်သတဲ့။ အဲဒီလို ကြည့်တဲ့အခါမှာ သူ့အဖဟာ ဆံဖြူ သွားကျိုး နားထိုင်း ခါးကိုင်းလို့ အဖိုးအိုကြီး ဖြစ်နေတာကို တွေ့ရသတဲ့၊ အိုတတ်တဲ့ ရုပ် နာမ် တရားတွေက ကိုယ်ထဲမှာ ရှိနေတော့ ဘယ်အရပ်ကိုဘဲ သွားသွား ဒီရုပ်နာမ်တရားတွေက အိုမင်း ရင့်ရော်ပြီး လိုက်ပါလာကြမှာဘဲ၊
ယခုခေတ်မှာ အာကာသယာဉ်နဲ့ ကောင်းကင်မှာ တက်နေသည်ဖြစ်စေ, လဗိမာန်မှာ တက်နေသည်ဖြစ်စေ ကိုယ်ထဲက ရုပ်နာမ်တရားတွေကတော့ အိုချိန်ကျယင် အိုမင်း ရင့်ရော်ကုန်ကြမှာဘဲ။ သုဘောဂကလဲ သူ့အဖကို လိုက်ရှာတဲ့အခါ သမုဒ္ဒရာထဲမှာ သေလုသေခါနီး အကြီးအကျယ် နာနေတာကို တွေ့ရသတဲ့။ သုမနကလဲ သူ့အဖကို လိုက်ရှာတဲ့အခါ တောင်ခေါင်းထဲမှာ သေနေတာကို တွေ့ရသတဲ့။
ဒီဝတ္ထုကြောင်းကတော့ ယုတ္တိရှိသည်ဖြစ်စေ, မရှိသည်ဖြစ်စေ, ဟုတ်သည်ဖြစ်စေ, မဟုတ်သည်ဖြစ်စေ ဥပမာအဖြစ်နဲ့ သံဝေဂယူစရာတော့ ကောင်းပါတယ်။ လူ့လောကမှာ ဘဝအသစ်ဖြစ်ခြင်းဆိုတဲ့ ဇာတိပေါ်လာယင် အိုခြင်း, နာခြင်း, သေခြင်း ဆိုတာတွေကတော့ တိမ်းလို့ရှောင်လို့ ပုန်းလို့မရနိုင်ဘူး၊ တနေ့ကျယင် မိမိတို့တွေ့မြင်နေကြတဲ့ အဖိုးအို, အဖွားအိုကြီးတွေလို လူအိုကြီးတွေ ဖြစ်ကြရမှာဘဲ၊
သေလောက်တဲ့ ရောဂါဝေဒနာဆိုးကြီးတွေကို မချိမဆန့် ခံစားနေရတဲ့ လူနာကြီး တွေလဲ ဖြစ်ကြရမှာဘဲ၊ နောက်ဆုံး တနေ့ကျတော့ သေပြီး အလောင်းကောင်ကြီး အဖြစ်ကို ရောက်ကြရမှာချည်းဘဲ။ ဒါကြောင့် မြတ်စွာဘုရားက ဓမ္မပဒမှာ သေခြင်းတရားမှ မလွတ်နိုင်ပုံကို ပဓာနပြုပြီး ဒီလို ဟောထားပါတယ် -
န အန္တလိက္ခေ န သမုဒ္ဒမဇ္ဈေ၊
န ပဗ္ဗတာနံ ဝိဝရံ ပဝဿ။
န ဝိဇ္ဇတိ သော ဇဂတိပ္ပဒေသော၊
ယတ္ထ ဌိတံ နပ္ပသဟေယျ မစ္စု။
အန္တလိက္ခေ၊ အာကာသအပြင် အထက်ကောင်းကင်၌။
(ဌိတောပိ၊ တည်နေသောသူသည်လည်း။
မစ္စုတော၊ သေခြင်းမှ။)
န မုစ္စေယျ၊ မလွတ်နိုင်ချေ။
သမုဒ္ဒမဇ္ဈေ၊ သမုဒ္ဒရာအလယ်၌ ဝင်၍ နေသောသူသည်လည်း။
န၊ သေခြင်းမှ မလွတ်နိုင်။
ပဗ္ဗတာနံ ဝိဝရံ ပဝိဿ၊ တောင်တို့၏ အကြား တောင်ခေါင်းသို့ ဝင်၍နေသော သူသည်လည်း။
န၊ သေခြင်းမှ မလွတ်နိုင်ချေ။
ယတ္ထ ဌိတံ၊ အကြင် မြေပြင်, ရေပြင်, ကောင်းကင်အရပ်၌ တည်နေသောသူကို။
မစ္စု၊ သေခြင်းတရားသည်။
နပ္ပသဟေယျ၊ မနှိပ်စက်နိုင်ရာ။
သော ဇဂတိပ္ပဒေသော၊ ထိုသို့ သေခြင်းတရား မနှိပ်စက်နိုင်ရာ ဖြစ်သော မြေပြင်အရပ်, ရေပြင်အရပ်, ကောင်းကင်အရပ် မည်သည်။
န ဝိဇ္ဇတိ၊ မရှိသည်သာတည်း။
သေတတ် ပျက်တတ်တဲ့ ရုပ်နာမ်တရားတွေကိုပင် အထည်ကိုယ်ပြုလုပ်နေရတဲ့ လောကထဲမှာ ဘဝအသစ်ဖြစ်ပေါ်လာယင် သေရမှာချည်းဘဲ၊ မြေပြင်မှာနေလဲ သေရမှာဘဲ၊ ရေထဲမှာ ဆင်းနေလဲ သေရမှာဘဲ၊ ကောင်းကင်မှာ တက်နေလဲ သေရမှာဘဲ၊သေခြင်းတရားမှ လွတ်တဲ့နေရာဆိုတာ ဘယ်မှာမှမရှိဘူး။ ထို့အတူပင် အိုခြင်းတရားမှ လွတ်တဲ့နေရာလဲမရှိဘူး။ဒါကြောင့် -
“ဇာတိပစ္စယာ၊ ဘဝအသစ်ဖြစ်မှု ဇာတိဟူသော အကြောင်းကြောင့်။
ဇရာမရဏံ၊ အိုခြင်း သေခြင်းသည်။
သမ္ဘဝတိ၊ ဖြစ်ပေါ်သည်”
လို့ ဟောထားပါတယ်။
ဇာတိကြောင့် အိုခြင်း, သေခြင်းမျှသာ ဖြစ်တာမဟုတ်သေးဘူး၊ စိုးရိမ်ပူဆွေးခြင်း, ငိုကြွေးခြင်း, ကိုယ်ပင်ပန်းဆင်းရဲခြင်း, စိတ်ပင်ပန်းဆင်းရဲခြင်း, အပြင်းအထန် စိတ်နှလုံး ပူပန်ခြင်း ဆိုတာတွေလဲ ဇာတိကြောင့် ဖြစ်ပေါ်လာကြသေးတယ်။
စိုးရိမ်ပူဆွေးခြင်း
အဲဒီထဲမှာ စိုးရိမ်ပူဆွေးခြင်းဆိုတာ -
(၁) ဉာတိဗျသန=ဆွေမျိုးတို့၏ ပျက်စီးခြင်း၊
(၂) ဘောဂဗျသန=စီးပွါးဥစ္စာတို့၏ ပျက်စီးခြင်း၊
(၃) ရောဂဗျသန=ရောဂါဆိုး စွဲကပ်လျက် ကျန်းမာရေး ပျက်စီးခြင်း၊
(၄) သီလဗျသန=သီလ ပျက်စီးခြင်း၊
(၅) ဒိဋ္ဌိဗျသန=အယူ၏ပျက်စီးခြင်းဆိုတဲ့ ဒီဗျသနတရား ငါးပါးနဲ့ တွေ့ကြုံရတဲ့ အခါလဲ ဖြစ်တတ်တယ်၊
(၆) ဆင်းရဲကြောင်း ဘေးရန်အန္တရာယ် တမျိုးမျိုးနဲ့ တွေ့ကြုံရတဲ့အခါလဲ ဖြစ်တတ်တယ်။
ဒါကြောင့် စိုးရိမ်ပူဆွေးမှု ဖြစ်စရာအကြောင်းဟာ အကျဉ်းချုပ်အားဖြင့် ၆-မျိုး ရှိတယ်လို့ မှတ်ရမယ်။
ဒီ ၆-မျိုးထဲက -
(၁) ဉာတိဗျသန-ဆိုတာ အလွန် ချစ်ခင်ရင်းနှီးတဲ့ မိဘ, လင်မယား, သားသမီး, ညီအကို, ညီအမ အစရှိတဲ့ ဆွေမျိုးသားချင်းတွေ သေကြေ ပျက်စီးခြင်းကို ဆိုပါတယ်၊ အဲဒီ မိဘအစရှိတဲ့ ဆွေမျိုးသားချင်း ဖြစ်သူ သေကြေ ပျက်စီးသွားတာကို မြင်တွေ့ ရယင် ကြားသိရယင် စိုးရိမ်ပူဆွေးမှုတွေ ဖြစ်ရတယ်၊ အထူးအားဖြင့် မှီခို အားထားနေရတဲ့ အလွန်အမင်း ချစ်မြတ်နိုးနေတဲ့သူ ဒီလိုပုဂ္ဂိုလ် သေကြေ ပျက်စီးသွားတဲ့အခါ သာပြီးစိုးရိမ်ပူဆွေးမှုက ဖြစ်တတ်တယ်။
မိဘကို အားကိုး နေရတဲ့ သားသမီးတွေမှာ မိဘသေဆုံးသွားယင် မနေတတ် မထိုင်တတ်ဖြစ်ပြီး အကြီးအကျယ် စိုးရိမ်ပူဆွေးကြရတယ်၊ လင်ယောက်ျားကိုသာ အားကိုးနေရတဲ့ အမျိုးသမီးမှာလဲ အဲဒီ လင်ယောက်ျား သေးဆုံးသွားယင် အကြီးအကျယ် စိုးရိမ်ပူဆွေးရတယ်၊ အင်မတန်ချစ်မြတ်နိုးတဲ့ သားသမီးစသည် သေဆုံးသွားယင်လဲ ချစ်မြတ်နိုးတဲ့သူမှာ အကြီးအကျယ် စိုးရိမ်ပူဆွေးရတယ်။
အဲဒီလိုဖြစ်ရာမှာ ဇာတိကြောင့်ချည်း မဟုတ်ဘူး၊ ချစ်မြတ်နိုးခြင်းဆိုတဲ့ အကြောင်း ကလဲ အားပေးနေတဲ့ အတွက် စိုးရိမ် ပူဆွေးရတယ်။ ဒါကြောင့် “ပိယတော ဇာယတေ သောကော” လို့လဲ ဟောထားပါတယ်။
ပိယတော၊ ချစ်အပ်သူနှင့် ချစ်ခင်ခြင်းကြောင့်။
သောကော၊ စိုးရိမ်ပူဆွေးခြင်းသည်။
ဇာယတေ၊ ဖြစ်ပေါ်သည် - တဲ့။
(၂) ဘောဂဗျသန-ဆိုတာ -
ရာဇတောဝါ=မင်းဆိုး အရာရှိဆိုးတို့ကြောင့်ဖြစ်စေ,
စောရတော ဝါ=သူခိုး ဒမြတို့ကြောင့် ဖြစ်စေ,
အဂ္ဂိတော ဝါ=မီးလောင်လို့ဖြစ်စေ,
ဥဒကတော ဝါ=ရေဘေး, လေဘေးကြောင့်ဖြစ်စေ,
အပ္ပိယဒါယာဒတော=မချစ်အပ်တဲ့ အမွေခံဆိုးကြောင့်ဖြစ်စေ,
စီးပွါးဥစ္စာတွေ ပျက်စီး ဆုံးရှုံးသွားခြင်းပါဘဲ၊ အဲဒါဟာ နဲနဲပျက်စီးယင် နဲနဲ စိုးရိမ်ပူဆွေးရတယ်။ များများပျက်စီးယင် များများ စိုးရိမ်ပူဆွေးရတယ်၊ ရှိသမျှ ပစ္စည်းတွေ အကုန်လုံး ပျက်စီးသွားယင်တော့ သေရသည်တိုင်အောင် သေရသည် တိုင်အောင် စိုးရိမ် ပူဆွေးရတတ်ပါသေးတယ်။
(၃) ရောဂဗျသန-ဆိုတာ ရောဂါဆိုး စွဲကပ်နှိပ်စက်လို့ ကျန်းမာရေး ပျက်စီးခြင်းပါဘဲ၊ ရောဂါကင်းရှင်းပြီး ကျန်းမာနေရာက အနာရောဂါဆိုးတခုခု ဖြစ်ပေါ်လာယင် ကုဋ္ဌနူနာတို့ နှလုံးရောဂါတို့ ကင်ဆာရောဂါတို့ ဒီလိုရောဂါဆိုး တခုခုဖြစ်ပြီး မနေသာမထိုင်သာ ဖြစ်နေယင် စိတ်ဓာတ်တွေ ကျဆင်းပြီး အကြီးအကျယ် စိုးရိမ်ပူဆွေးခြင်း ဖြစ်တတ်တယ်၊ တခုချို့ပုဂ္ဂိုလ်မှာဆိုယင် စိုးရိမ်ပူဆွေးမှု အားကြီး တာနဲ့ တနေ့တခြား အားယုတ်ပြီး သေကြေ ပျက်စီးတောင် သွားတတ်သေးတယ်။
(၄) သီလဗျသန-ဆိုတာ သီလပျက်ခြင်းပါဘဲ၊ သီလကို ရိုရိုသေသေ စောင့်ထိန်းနေတဲ့ ရှင်ရဟန်းများ လူသူတော်ကောင်းများနဲ့ ဆိုင်ပါတယ်။ အဲဒီလို သီလကို အလေးပြုပြီး စောင့်ထိန်းနေတဲ့သူမှာ သီလပျက်စီးသွားယင် စိုးရိမ်ပူဆွေးမှု အကြီးအကျယ် ဖြစ်တတ်ပါတယ်၊ ရှင်ရဟန်းများမှာ သာပြီးဖြစ်တတ်ပါတယ်၊ ဇာတ်နိပါတ်တော်ထဲမှာ အလမ္ဗုသာနတ်သမီး၏ ဖြားယောင်းမှုကြောင့် သီလ ပျက်ရတဲ့ ဣသိသိင်္ဂရသေ့မှာ အကြီးအကျယ် စိုးရိမ်ပူဆွေးမှု ဖြစ်ရတယ်၊ အဲဒီလို ဖြစ်ပုံမျိုးပါဘဲ။
(၅) ဒိဋ္ဌိဗျသန-ဆိုတာ သမ္မာဒိဋ္ဌိ အယူမှန်ရှိနေတဲ့သူမှာ မိစ္ဆာတရားကို ကြားနာရတဲ့ အတွက် အယူဖောက်ပြန်သွားခြင်းပါဘဲ၊ အဲဒီလို ဖောက်ပြန်ရာမှာ အယူ ဖောက်ပြန်မှန်း သိရယင် မှားလေစွ မှားလေစွ ဟု နောင်တပူပန်ပြီး ဝမ်းနည်းခြင်း, စိုးရိမ်ပူဆွေးခြင်း ဖြစ်တတ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေထဲမှာလဲ တရားမှား, ဆရာမှားတွေနောက် လိုက်မိတဲ့အတွက် စိုးရိမ် ပူဆွေးခြင်း ဖြစ်ရတဲ့သူတွေ ရှိပါတယ်။
(၆) ဆင်းရဲကြောင်း ဘေးအန္တရာယ်တွေ ဆိုတာကတော့ အလွန်များပါတယ်၊ လူဆိုး သူဆိုးလူနိုင်တွေက နှိပ်စက်တာ၊ မီးလောင်တာ၊ ရေနစ်တာ၊ လိမ့်ကျတာ၊ မြွေကင်း စသည်ကိုက်ခဲတာ၊ စားဝတ်နေရေး အဆင်မပြေတာ၊ အလုပ်အကိုင် အဆင်မပြေတာ၊ ပြစ်မှုဖြင့် အစွပ်အစွဲ ခံရတာ-ဒီလိုဟာမျိုးတွေပါဘဲ၊ အဲဒီလို ဘေးရန် အန္တရာယ် အမျိုးမျိုးနဲ့ တွေ့ရတဲ့အခါမှာလဲ ငါ့မှာ ကံဆိုးတယ်၊ ဘေးအန္တရာယ် များတယ် စသည်ဖြင့် ကြံတွေးပြီး စိုးရိမ်ပူဆွေးခြင်း ဖြစ်ရတတ်တယ်။
ငိုကြွေးရခြင်း
အဲဒီလို စိုးရိမ်ပူဆွေးရာက သည်းမခံနိုင်တော့ ငိုကြွေးခြင်း ဖြစ်ရပြန်တယ်၊ များသောအားဖြင့် အမျိုးသမီးတွေဟာ ဒီလို စိုးရိမ်ပူဆွေးစရာတွေနဲ့ တွေ့ရယင် စိုးရိမ်ပူဆွေးရုံတွင် မဟုတ်ပဲ ငိုကြွေး မြည်တမ်းမိသည်အထိ ရောက်သွားတတ် ကြတယ်။
ကိုယ်ဆင်းရဲအမျိုးမျိုး
နောက်ပြီးတော့ ဆူးစူးခြင်း, ခလုတ်တိုက်ခြင်း, မီးလောင်းခြင်း, အရိုက်အနှက် အထိုးအခုတ်ခံရခြင်း, နာဖျားခြင်း စသည်ဖြင့် မကောင်းတဲ့ အတွေ့ဆိုးတွေနဲ့ တွေ့ရတဲ့အခါ ကိုယ်ထဲမှာ မခံသာတဲ့ အခံရခက်တဲ့ ကိုယ်ဆင်းရဲတွေလဲ ဖြစ်ရတယ်။ ငရဲဘုံမှာဆိုယင် ငရဲမီးတွေလောင်ခြင်း, ငရဲထိန်းတို့၏ အနှိပ်အစက်ခံရခြင်း စသည်ဖြင့် ဒီကိုယ်ဆင်းရဲတွေကို မိနစ်စက္ကန့်မျှမခြားဘဲ အမြဲခံစားနေရတယ်။
ပြိတ္တာဘုံမှာလဲ ငရဲလိုဘဲ တချို့က မီးလောင်ခံနေကြရတယ်၊ တချို့က သံတူကြီး တွေနဲ့အထုခံရခြင်း, အပ်တွေနဲ့ အစူးခံရခြင်း, ဘီလူးလင်းတ ကျီးစသည်တို့၏ အထိုးအဆိတ်ခံရခြင်း စသည်ဖြင့် အတိုင်းမသိသော ကိုယ်ဆင်းရဲတွေကို ခံနေကြရတယ်၊ တချို့ကလဲ ပြိတ္တာဘဝ ရောက်ကတည်းက တခါမျှ မစားရ မသောက်ရတဲ့အတွက် အင်မတန် ဆာလောင်ပြီး ဆင်းရဲဒုက္ခ ရောက်နေကြရတယ်။
တိရစ္ဆာန်ဘုံမှာတော့ နွားတွေ ကျွဲတွေ မြင်းတွေ ဒီလိုအကောင်တွေမှာ အရိုက် အနှက်ခံရ လေးလံတဲ့ဝန်ကို ရုန်းရ ရွှံထဲမှာ အိပ်ရ ခြင်မှက်စသည် အကိုက်ခံရ စသည်ဖြင့် ကိုယ်ဆင်းရဲတွေ ခံစားနေကြရတယ်၊ ဒီအထဲမှာ တချို့ကလဲ ဆာလောင်နေပါလျက်နဲ့ အစားမစားရ ရေမသောက်ရနဲ့ ဒုက္ခရောက်နေရှာကြတယ်။
ဒီ ကျွဲ နွား မြင်း ဆိုတာတွေကမှ စောင့်ရှောက်မည့်လူ ရှိသေးလို့ သက်သာရာ ရတန်သလောက် ရကြပါသေးတယ်၊ အဲဒီလို စောင့်ရှောက်သူ လုံးဝမရှိကြတဲ့ တိရစ္ဆာန် သတ္တဝါကလေးတွေမှာမှ သာပြီး ဆင်းရဲဒုက္ခ ရောက်ကြရတာဘဲ။ အဲဒီ ကိုယ်ဆင်းရဲတွေ ဟူသမျှဟာ ဘဝအသစ်ဖြစ်ခြင်း ဆိုတဲ့ ဇာတိကြောင့် ဖြစ်ပေါ် လာတာချည်းဘဲ။
စိတ်ဆင်းရဲ အမျိုးမျိုး
နောက်ပြီးတော့ ဒေါမနဿဆိုတဲ့ စိတ်နှလုံးမသာမှု စိတ်ဆင်းရဲဆိုတာ မကောင်းတဲ့ အာရုံဆိုးတွေနဲ့ တွေ့ရတိုင်း ဖြစ်ပေါ်တတ်တယ်။ မမြင်ချင်တဲ့ဟာတွေကို မြင်ရတဲ့အခါ မကြားချင်တဲ့ အသံတွေ စကားတွေကို ကြားရတဲ့အခါ အနံ့ဆိုးတွေကို နံရတဲ့အခါ မကောင်းတဲ့အစာကို စားရတဲ့အခါ အတွေ့ဆိုးတွေနဲ့ တွေ့ပြီး ဆင်းရဲဒုက္ခ ရောက်နေတဲ့အခါ အများအားဖြင့် စိတ်နှလုံးမသာမှု စိတ်ဆင်းရဲတွေ ဖြစ်တတ်တယ်။ အဲဒီလို ကိုယ်ဆင်းရဲ ဖြစ်နေရာမှာ စိတ်ဆင်းရဲထပ်ပြီး ဖြစ်တာမျိုးကို မြတ်စွာဘုရားက ဆူးနှစ်ချောင်းစူးတာနဲ့ တူတယ်လို့ ဥပမာပေးထားပါတယ်။
ဆူး ၂-ချောင်း စူးတာနဲ့ တူတယ်
ဘယ်လိုလဲဆိုတော့ကာ-လက်မှာဖြစ်စေ, ခြေမှာဖြစ်စေ ဆူးငြောင့်စူးနေလို့ အဲဒီ ဆူးငြောင့်ကိုထွင်တဲ့အခါ ထိုးကော်တဲ့ နောက်ထပ်ဆူးသစ်ကလဲ အသားထဲမှာ ကျိုးပြီးကျန်နေယင် ပဌမစူးဝင်နေတဲ့ ဆူးငြောင့်ကြောင့်လဲ မြက်မြက်မြက်မြက်နဲ့ နာနေတယ်၊ ဒုတိယထိုးကော်တဲ့ ဆူးကျိုးကြောင့်လဲ မြက်မြက်မြက်မြက်နဲ့ နာနေတယ်၊ တနာပေါ် တနာထပ်ပြီး ၂-နာ ဖြစ်နေတယ်။
အဲဒါလိုဘဲ ဘာဝနာ ကင်းမဲ့တဲ့ သာမန်ပုဂ္ဂိုလ်တွေမှာ မကောင်းတဲ့ အာရုံတွေနဲ့ တွေ့ရလို့ ကိုယ်ဆင်းရဲက ဖြစ်ပေါ်နေယင် အဲဒါကို သည်းမခံနိုင်တဲ့အတွက် စိတ်ဆင်းရဲကလဲ ထပ်ပြီး ဖြစ်ပြန်တယ်၊ သူ့အလိုလို ဖြစ်နေတဲ့ ကိုယ်ဆင်းရဲက တခု၊ သည်းမခံနိုင်တဲ့ စိတ်ဆင်းရဲက တခုဆိုတော့ ဆင်းရဲ ၂-ခု ဖြစ်နေတယ်၊ ခုတင်က ပြောခဲ့တဲ့ ဥပမာထဲက ဆူး ၂-ချောင်းကြောင့် ၂-နာဖြစ်နေတာနဲ့ တူနေတာပေါ့။
အနာဂါမ် ရဟန္တာ ပုဂ္ဂိုလ်များမှာတော့ သည်းမခံနိုင်တဲ့ ဒေါသက လုံးဝကင်းနေ တဲ့အတွက် အတွေ့ဆိုးတွေနဲ့ တွေ့ပြီး ကိုယ်ဆင်းရဲဖြစ်ပေမဲ့ နှလုံးမသာတဲ့ စိတ်ဆင်းရဲကတော့မဖြစ်ဘူး၊ ထို့အတူဘဲ ရှုမှတ်နေတဲ့ ယောဂီပုဂ္ဂိုလ်မှာလဲ ကိုယ်ဆင်းရဲ ဖြစ်ပေမဲ့ စိတ်ဆင်းရဲကတော့ မဖြစ်ဘူး၊
ကိုယ်ထဲက နာကျင်ကိုက်ခဲမှု ဖြစ်ပေါ်လာယင် “နာတယ် နာတယ်” စသည်ဖြင့် မှတ်ပြီးနာမှုစသည်ကို ဒုက္ခဝေဒနာ သဘောတရားမျှဘဲလို့ သိနေတယ်၊ ငါနာတယ် ငါအခံခက်တယ် စသည်ဖြင့် ငါကောင်အနေနဲ့ မစွဲလမ်းဘူး၊ သူ့အကြောင်း အားလျော်စွာ ဖြစ်ပျက်နေတဲ့ ဝေဒနာ သဘောတရားမျှဘဲလို့သာ သိနေတယ်၊ ဒါကြောင့် မခံချင်တဲ့ နှလုံးမသာတဲ့ စိတ်ဆင်းရဲဟာ မဖြစ်ရတော့ဘူး၊ ကိုယ်ဆင်းရဲ တမျိုးတည်းကိုသာ ခံစားရတယ်၊ အဲဒါဟာ ဒုတိယဆူး ထပ်ပြီးမစူးဘဲ ပဌမဆူးတချောင်းရဲ့ဒဏ်ကိုသာ ခံရတာနဲ့ တူပါတယ်တဲ့။
ဒါကြောင့် အနာဂါမ်ရဟန္တာများလို ခံနိုင်ရည်ရှိအောင် အလိုအလျောက် ဒုက္ခ ဝေဒနာပေါ်လာယင် နောက်ထပ် ဒေါမနဿ ဝေဒနာ မပေါ်လာနိုင်အောင် ရှုမှတ်ပြီးသိဘို့ အရေးကြီးပါတယ်။ အဲဒီလို ရှုမှတ်ပြီးသိဘို့ရာ မြတ်စွာဘုရားက -
“ဒုက္ခံ ဝါ ဝေဒနံ ဝေဒယမာနော = ဒုက္ခဝေဒနာကို ခံစားရလျှင်လည်း၊
ဒုက္ခံ ဝေဒနံ ဝေဒယာမီတိ = ဒုက္ခဝေဒနာကို ခံစားသည်ဟူ၍၊
ပဇာနာတိ=သိ၏”
လို့ ဟောထားပါတယ်။
အဲဒီလို မရှုနိုင်ယင်တော့ အာရုံဆိုးတွေကို တွေ့တိုင်း, ဒုက္ခဝေဒနာတွေ ဖြစ်တိုင်း ဒေါမနဿဆိုတဲ့ ဒီစိတ်ဆင်းရဲဟာ အနဲနဲ့အများ ဖြစ်နေမှာချည်းဘဲ။ ဒါလဲ ဘဝသစ် ဖြစ်ခြင်းဆိုတဲ့ ဇာတိကြောင့် ဖြစ်ပေါ်လာတဲ့ ဆင်းရဲဘဲ။
စိတ်ဆင်းရဲ၏ အကြောင်းများ
အထူးအားဖြင့်တော့ ဒီစိတ်နှလုံးမသာမှု စိတ်ဆင်းရဲဟာ ရှေးကာလက ကိုယ့်အလို အတိုင်း မပြည့်စုံတဲ့ ဆင်းရဲဒုက္ခ ရောက်လာခဲ့တာတွေကို ပြန်တွေးပြီးတော့လဲ ဖြစ်တတ်တယ်၊ နောင်ကာလမှာ အဆင်မပြေမှာတွေ ဘေးဒုက္ခတွေ့ရမှာတွေ မြှော်တွေးပြီးတော့လဲ စိတ်နှလုံးမသာခြင်း စိတ်ဆင်းရဲခြင်း ဝမ်းနည်းခြင်း ဖြစ်တတ်တယ်၊ ယခု လောလောဆယ်မှာ မပြည့်စုံတာတွေ ဆင်းရဲဒုက္ခရောက်နေ တာတွေကို ဆင်ခြင်ပြီးတော့လဲ စိတ်နှလုံးမသာခြင်း စိတ်ဆင်းရဲခြင်း ဝမ်းနည်းခြင်း ဖြစ်တတ်တယ်။ ဒါတွေဟာလဲ ဇာတိကြောင့် ဖြစ်ပေါ်လာတဲ့ ဆင်းရဲတွေချည်းဘဲ။
စိတ်နှလုံး ပြင်းစွာ ပူပန်ခြင်း
နောက်ပြီးတော့ ဥပါယာသ-ဆိုတာ စိတ်နှလုံး၏ ပြင်းစွာပူပန်ခြင်းဘဲ၊ ကိုယ့်အတွက်ဖြစ်စေ, ကိုယ်နဲ့စပ်တဲ့ သူတွေအတွက်ဖြစ်စေ ကိုယ်ဖြစ်စေချင် တဲ့အတိုင်း အဖြစ်ပဲ မဖြစ်သင့်တာတွေချည်း ဖြစ်နေတဲ့အခါ, အလွန်ဆိုးတဲ့ ဒုက္ခတွေနဲ့ တွေ့နေရတဲ့အခါမှာ ဖြစ်မှဖြစ်ရလေခြင်းလို့ တောက် တခေါက်ခေါက်နဲ့ စိတ်နှလုံး အလွန်အကဲ ပူပန်နေတာကို “ဥပါယာသ” လို့ ခေါ်ပါတယ်၊
တရားကိုယ်အားဖြင့်တော့ မခံချိမခံသာဖြစ်နေတဲ့ ဒေါသပါဘဲ၊ ဒီ စိတ်ပူပန်မှုဟာလဲ ဇာတိကြောင့် ဖြစ်ပေါ် လာတာဘဲ၊ ဒါကြောင့် -
“ဇာတိပစ္စယာ၊ ဘဝအသစ် ဖြစ်ခြင်း ဇာတိဟူသော အကြောင်းကြောင့်။
ဇရာမရဏံ၊ အိုခြင်း သေခြင်းသည်။
သမ္ဘဝတိ ဖြစ်ပေါ်၏။
သောကပရိဒေဝ ဒုက္ခဒေါမနဿုပါယာသာ၊ စိုးရိမ်ပူဆွေးခြင်း, ငိုကြွေးခြင်း, ကိုယ်ဆင်းရဲခြင်း, စိတ်နှလုံး မသာခြင်း, စိတ်နှလုံး၏ ပြင်းစွာပူပန်ခြင်းတို့ သည်လည်း။
သမ္ဘဝန္တိ၊ ဖြစ်ပေါ်ကုန်၏”
လို့ ဟောထားပါတယ်။
အားလုံး ဆင်းရဲချည်းဘဲ
ဒီတော့ တဘဝ တဘဝမှာ ဇာတိမှစပြီး မရဏ-ဆိုတဲ့ သေသည်တိုင်အောင် ဖြစ်ဖြစ်သမျှတွေဟာ ဆင်းရဲတွေ မကောင်းတာတွေချည်းဘဲ၊ ကောင်းတာ ချမ်းသာတာလဲ မပါဘူး၊ အသက်ရှင်နေတဲ့ အတ္တကောင်ဆိုတာလဲ မပါဘူး၊ ဆင်းရဲ အစု သက်သက်မျှသာ ဖြစ်တယ်။ ဒါကြောင့် မြတ်စွာဘုရားက -
“ဧဝံ၊ ဤသို့ ဆိုအပ်ခဲ့သော အစီအစဉ်ဖြင့်။
ကေဝလဿ၊ ချမ်းသာသုခနှင့်, အတ္တနှင့်မရောယှက်သော။
ဧတဿ ဒုက္ခက္ခန္ဓဿ၊ ဤဆင်းရဲအစု၏ သာလျှင်။
သမုဒယော၊ ဖြစ်ပွါးခြင်းသည်။
ဟောတိ၊ ဖြစ်သည်”
လို့ ဟောတော်မူပါတယ်။
သာမန်လူတွေရဲ့ အမြင်နဲ့ဆိုယင်တော့ လူ့ဘဝမှာ ဖြစ်ရတယ်ဆိုယင် ကောင်းတယ်၊ နတ်ဘဝမှာ ဖြစ်ရတယ်ဆိုယင် သာပြီးကောင်းတယ်၊ မသေမီ အတွင်းလဲ ကာမဂုဏ် အာရုံတွေကို ခံစားနေရလို့ ကောင်းတယ်၊ ချမ်းသာတွေ အများကြီး ရှိတယ်လို့လဲ ထင်နေကြတယ်။ အဲဒီလို လူ့ဘဝ နတ်ဘဝမှာဖြစ်ပြီး ခံစားနေရတာဟာ အသက်ရှင်နေတဲ့ အတ္တကောင် သတ္တဝါကောင်ဘဲ-လို့လဲ ထင်နေကြတယ်။
မြတ်စွာဘုရား၏ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်အရ ဆိုယင်တော့ ယခု ပြောခဲ့တဲ့ အတိုင်း အကြောင်းနဲ့အကျိုးမျှသာ ရှိတယ်၊ ဘဝတခုတခုမှာ အဝိဇ္ဇာအရင်းခံပြီး တဏှာ ဥပါဒါန် အထောက်အပံ့တွေကြောင့် သင်္ခါရဆိုတဲ့ ကုသိုလ်ကံ အကုသိုလ်ကံ ဖြစ်ခဲ့တယ်။ အဲဒီကံကြောင့် နောက် တဘဝမှာ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ အကျိုးတရားငါးပါး ဖြစ်ပေါ်လာတယ်။
အဲဒီအကျိုးတရားတွေရဲ့ အစဖြစ်ပေါ်မှုက ဇာတိဘဲ၊ အဆုံးပျက်သွားတာက မရဏဘဲ၊ အလယ်ပိုင်းမှာ အဆက်ဆက်ဖြစ်ပြီး တည်နေတာက ဇရာဘဲ၊ အဲဒီ ဇရာအခိုက် အတန့်ထဲမှာ ရံဖန်ရံခါ သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ ဆိုတဲ့ တရားဆိုးတွေလဲ ဖြစ်ပေါ်သေးတယ်။
ဒီတော့ ဘဝတိုင်း ဘဝတိုင်းဟာ အနှစ်သတ္တုချကြည့်ယင် ဖြစ်ခြင်း, အိုခြင်း, သေခြင်း, စိုးရိမ်ပူဆွေးခြင်း, ငိုကြွေးခြင်း, ကိုယ်ဆင်းရဲခြင်း, စိတ်ဆင်းရဲခြင်း, စိတ်နှလုံး၏ ပြင်းစွာပူပန်ခြင်းဆိုတဲ့ ဒီတရားဆိုးတွေချည်းဘဲ၊ အဲဒါတွေဟာ ချမ်းသာလဲ မဟုတ်ဘူး၊ အသက်ရှင်နေတဲ့ အတ္တကောင်လဲ မဟုတ်ဘူး၊ ဆင်းရဲတွေချည်းဘဲ။ ဒါကြောင့် မူလရင်း ဆောင်ပုဒ်ကြီးမှာ --
အမှန်မသွား အမှားမြင်ကာ အဝိဇ္ဇာကြောင့်၊ ချမ်းသာလိမ့်နိုး ရည်မြှော်ကိုးလျက် သုံးမျိုးမှုကံ ပြုစီမံ၍၊ ဝိညာဏ်တွယ်စပ်။ပ။ တဏှာ ၆-တန် ဥပါဒါန်နှင့် ဖြစ်ရန်ကြောင်း ကံဆင့်လောင်း၍၊ ဆိုးကောင်းဘဝ ဖြစ်ရပြန်ရာ အိုကာသေရေး ပူအဆွေးနှင့် ငိုကြွေးကိုယ်နွမ်း စိတ်မချမ်းမြ ပူပန်ရသည် လုံးဝဆင်းရဲစုသာတည်း-
လို့ ဆိုထားပါတယ်။
ရှစ်လုံးဖွဲ့ ဆောင်ပုဒ်မှာတော့ နောက်ဆုံး ၂-ပိုဒ်မှာ--
ခံစားသည့်တွက် တပ်မက်ခင်မင်၊
မည်သို့ပြုငား ကောင်းစားမည်ထင်၊
ဝင်စားစွဲလမ်း ရော်ရမ်းပြုလျှင်၊
နောင်ဘဝ ဖြစ်ရဇာတိပင်။
ဘဝဇာတိ သူရှိပြန်လျှင်၊
အို သေ ပူဆွေး ငိုကြွေးထို့ပြင်၊
ကိုယ်-စိတ်ဆင်းရဲ ထန်သဲပူပင်၊
သို့ဖြစ်ရ လုံးဝ ဆင်းရဲပင်-
လို့ ဆိုထားပါတယ်။ အဲဒီ ရှစ်လုံးဖွဲ့ ဆောင်ပုဒ်များကို ဆိုကြရမယ် -
ခံစားသည့်တွက် တပ်မက်ခင်မင်၊
မည်သို့ပြုငား ကောင်းစားမည်ထင်၊
ဝင်စားစွဲလမ်း ရော်ရမ်းပြုလျှင်၊
နောင်ဘဝ ဖြစ်ရဇာတိပင်။
ဘဝဇာတိ သူရှိပြန်လျှင်၊
အို သေ ပူဆွေး ငိုကြွေးထို့ပြင်၊
ကိုယ်-စိတ်ဆင်းရဲ ထန်သဲပူပင်၊
သို့ဖြစ်ရ လုံးဝ ဆင်းရဲပင်-
ယခု ပြောလာခဲ့တာဟာ ကာမုပါဒါန်ကြောင့် အကုသိုလ်ကံ, ကာမာဝစရ ကုသိုလ်ကံဆိုတဲ့ ကမ္မဘဝဖြစ်ပုံနဲ့ အဲဒီ ကမ္မဘဝကြောင့် အပါယ်လေးဘုံမှာဖြစ်ပြီး ဆင်းရဲရပုံ, လူ့ဘုံမှာ ဖြစ်ပြီး အိုရ နာရ သေရ စိုးရိမ်ပူဆွေးရ စသည်ဖြင့် ဆင်းရဲရ ပုံတွေကို ပြောလာခဲ့တာဘဲ၊ အဲဒါ တော်တော် စုံသွားပါပြီ။
နတ်ဘဝ၌ ဇာတိ ဇရာ မရဏ စသည်ဖြစ်ပုံ
ယခု ပြောခဲ့တဲ့ ဒါနသီလ အစရှိသော ကုသိုလ်ကမ္မဘဝကြောင့် စတုမဟာရာဇ် တာဝတိံသာ အစရှိသော နတ်ပြည်မှာ ဘဝအသစ် ဖြစ်ရတာလဲ ရှိတယ်၊ အဲဒီ နတ်ဘဝတွေမှာလဲ လူ့ဘဝမှာလဲ အိုခြင်း သေခြင်း စိုးရိမ်ပူဆွေးခြင်း အစရှိတဲ့ ဆင်းရဲတွေရှိတာဘဲ၊ ဘူမဋ္ဌဒေဝတာ-ဆိုတဲ့ ဘုမ္မဇိုင်းနတ် မြေတည်နတ်တွေထဲမှာ တချို့နတ်တွေဟာ စားစရာမရှိ ဝတ်စရာမရှိ နေစရာမရှိနဲ့ လူတွေထက်တောင် ဆင်းရဲပါသေးတယ်၊ သူတို့ကို ဝိနိပါတိက နတ်တွေလို့ ခေါ်ပါတယ်၊ သုဂတိ ချမ်းသာမှ ပြုတ်ကျနေတဲ့ နတ်တွေလို့ ဆိုလိုပါတယ်။ မြန်မာတွေက အစိမ်း တစ္ဆေ သရဲခေါ်တဲ့ နတ်ညံ့ကလေးတွေပါဘဲ။
ကောင်းကင်မှာ တည်တဲ့နတ်တွေမှာလဲ သူတို့ အလိုရှိတိုင်း မပြည့်စုံလို့ စိုးရိမ်ပူတွေးရ စိတ်နှလုံး မသာရတဲ့ ဆင်းရဲတွေ ရှိနေပါတယ်၊ တချို့နတ်တွေမှာ သူများလို ဘုံဗိမာန် အခြွေအရံ မပြည့်စုံလို့ စိတ်ဆင်းရဲရတယ်၊ တချို့နတ်တွေမှာ သူများလို တန်ခိုးအရောင်အဝါနဲ့ မပြည့်စုံလို့ စိတ်ဆင်းရဲရတယ်၊ သိကြား မင်းကြီးရဲ့ ဖြစ်ပုံမျိုးပေါ့။
သိကြားမင်းကြီးက အရှင်မဟာကဿပကို ဆွမ်းလှူတဲ့အခါ ဒီလိုလျှောက်တယ် “တပည့်တော်ဟာ နတ်ပြည်မှာ သိကြားမင်းကြီး ဖြစ်နေရပေမဲ့ ဆင်းရဲပါတယ်ဘုရား၊ တပည့်တော်ဟာ သာသနာပက ကုသိုလ်ပြုပြီး နတ်ဖြစ်ရလို့ ကိုယ်ရောင်ကိုယ်ဝါ သိပ်မတောက်ပပါ၊ သာသနာတွင်းက ကုသိုလ်ပြုပြီး နတ်ပြည်ကို ရောက်လာကြတဲ့ စူဠရထနတ်သား, မဟာရထနတ်သား, အနေကဝဏ္ဏ နတ်သားဆိုတဲ့ ဒီနတ်သားကြီး တွေက တပည့်တော်ထက် တန်ခိုးအရောင်အဝါ ကြီးမားကြပါတယ်၊ သူတို့နဲ့ လမ်းမှာတွေ့ဆုံနေယင် အရောင်အဝါချင်း မယှဉ်ပြိုင်နိုင်လို့ တပည့်တော်က ပုန်းလျှိုးတိမ်းရှောင် နေရပါတယ်” လို့ လျှောက်ပါတယ်။
အဲဒါကို ထောက်ဆကြည့်ယင် နတ်ပြည်မှာလဲ ကိုယ်အလိုရှိတိုင်း မပြည့်စုံလို့ စိတ်ဆင်းရဲနေရတာတွေ အများကြီးရှိမယ် ဆိုတာ ယူဆနိုင်ပါတယ်။
အဲဒါထက် သိကြားမင်း၏ အလုပ်အကျွေး နတ်သမီးတစုက အရှင်မဟာကဿပ အား ဆွမ်းလှူဘို့ရာ အသနားခံကြတာကသာပြီး ထင်ရှားပါသေးတယ်။ သူတို့ လျှောက်ပုံ ကတော့ “တပည့်တော်မတို့ဟာ သိကြားမင်းရဲ့ အလုပ်အကျွေး နတ်မိဖုရား ကလေးတွေ ဖြစ်ရတာကတော့ မှန်ပါတယ်၊ ဒါပေမဲ့ တပည့်တော်မ တို့ထက် အဆင်အတန်းမြင့်တဲ့ နတ်မိဖုရားကြီးတွေက ဒုနဲ့ဒေးရှိနေတော့ တပည့်တော်မတို့ဟာ အင်မတန် ဆင်းရဲကြပါတယ်ဘုရား၊ ဒါကြောင့် အဆင့်အတန်း မြင့်ရအောင် အရှင်ဘုရားကို ဆွမ်းလှူလိုကြပါတယ်” လို့ လျှောက်ထား အသနားခံ ကြတယ်။
အဲဒါဟာ တော်တော်ယုတ္တိ ရှိပါတယ်၊ ဘာကြောင့်လဲဆိုတော့ သိကြားမင်းမှာ အလုပ်အကျွေး နတ်သမီးတွေက ကုဋေနဲ့ချီပြီး ရှိနေတယ်လို့ ဆိုပါတယ်၊ ဒီတော့ သိကြားမင်းကြီးရဲ့ ပတ်ဝန်းကျင်မှာ နတ်မိဖုရားကြီးတွေက ရှိနေတဲ့အတွက် သာမန်အလုပ်အကျွေး နတ်သမီးတွေမှာ အနား နားတောင်ကပ်ရမှာ မဟုတ်ပေဘူး၊ အဲဒီလို နတ်သမီးတွေမှာ စိတ်အလိုအတိုင်း မပြည့်တဲ့အတွက် အင်မတန် ဆင်းရဲကြမှာဘဲ။
ဒိပြင်လဲ တန်ခိုးကြီးတဲ့ နတ်သားကြီးတွေမှာ အခြွေအရံ နတ်သမီးတွေ ငါးရာ, တထောင်, တသောင်း စသည်ဖြင့် ရှိနေကြပါတယ်၊ အဲဒီလို နတ်သမီးတွေ အစုထဲမှာလဲ နတ်သားကြီးတွေနား ချဉ်းကပ်ခွင့်မရတဲ့ နတ်သမီးတွေ အများကြီး ရှိနေမှာဘဲ၊ အဲဒီလို နတ်သမီးတွေမှာလဲ စိတ်အလိုအတိုင်း မပြည့်လို့ ဆင်းရဲရှာကြမှာဘဲ။
တချို့နတ်တွေမှာ စုတေခါနီးကျတော့ ပန်ဆင်ထားတဲ့ ပန်းတွေက ညှိုးနွမ်း ကုန်တယ်၊ ဝတ်ထားတဲ့ အဝတ်အဆင် တန်းဆာတွေက ညစ်နွမ်းကုန်တယ်၊ လက်ကတီးကြားတို့မှ ချွေးတွေကျတယ်၊ အိုမင်းရုပ်တွေ ပေါ်လာတယ်၊ မပျော်မွေ့ နိုင်ဘဲ ဖြစ်လာတယ်ဆိုတဲ့ ပုဗ္ဗနိမိတ်တွေကို တွေ့ရတဲ့အတွက် ငါတော့ နတ်ဘဝမှ စုတေရတော့မယ် ဆိုတာကို မြှော်တွေးပြီး အကြီးအကျယ် စိုးရိမ် ပူဆွေးရတယ်။
တချို့နတ်တွေလဲ နတ်စည်းစိမ်တွေနဲ့ ပျော်မွေ့နေရင်း အမှတ်တမဲ့ စုတိစိတ်ကျပြီး သေသွားရတယ်၊ ယခု လူ့ပြည်မှာ ဗြုံးကနဲလေဖြတ်ပြီး သေတာမျိုးလို့ ဆိုရမှာပေါ့၊ လူ့ပြည်က အသေမြန်တယ် ဆိုတာကတော့ နာရီပိုင်း မိနစ်ပိုင်း လောက်တော့ ကြာနေသေးတယ်၊
နတ်ပြည်က ရုတ်တရက် သေတယ် ဆိုတာကတော့ မိနစ်ပိုင်းတောင် ကြာနေတာ မဟုတ်ဘူး၊ ဖရောင်းတိုင် မီးတောက်ကလေးများ ငြိမ်းသွားတာလို ချက်ခြင်းဘဲ သေသွားတာ။ အဲဒါဟာ သုဗြဟ္မနတ်သား၏ ဝတ္ထုဖြင့် ထင်ရှားပါတယ်။
သုဗြဟ္မနတ်သားဝတ္ထု
သုဗြဟ္မမည်တဲ့ နတ်သားဟာ အခြွေအရံ နတ်သမီး တထောင်နှင့်တကွ နန္ဒဝန်ဥယျာဉ်ထဲမှာ ပျော်ပွဲခံနေတယ်၊ နတ်သမီးငါးရာက ပန်းပင်ပေါ်တက်ပြီး သီချင်းဆိုရင်း ပန်းတွေကို ချွေချနေကြတယ်၊ အဲဒီလို ချွေချနေရင်း ဥပစ္ဆေဒက ကံကြောင့် ရုတ်တရက် စုတေပြီး ငရဲရောက်သွားကြတယ်။
သီချင်းဆိုသံကို မကြားရတဲ့အတွက် နတ်သားကြီးက ဘယ်သွားကြမှာလိမ့်မလဲလို့ ဆင်ခြင်ကြည့် လိုက်တဲ့အခါ နတ်ဘဝမှစုတေပြီး ငရဲမှာကျရောက်လို့ ဒုက္ခရောက်နေကြတာကို တွေ့ရတယ်။နောက်ပြီးတော့ ဆင်ခြင်ကြည့်လိုက်တဲ့အခါ ကျန်တဲ့ နတ်သမီး ငါးရာနှင့်တကွ ၇-ရက် အတွင်းမှာစုတေပြီး အဲဒီ ငရဲမှာဖြစ်ရမည့် အရေးကို မြင်ရတယ်။
ဒီတော့ အလွန်ကြောက်လန့်ကာ စိတ်နှလုံး မသာဖြစ်ပြီးတော့ မြတ်စွာဘုရားထံ လာရောက်ပြီး ဒီလို မေးလျှောက်ပါတယ် -
နိစ္စံ ဥတြသ္တမိဒံ စိတ္တံ၊
နိစ္စံ ဥဗ္ဗိဂ္ဂိဒံ မနော။
အနုပ္ပန္နေသု ကိစ္ဆေသု၊
အထော ဥပ္ပတိတေသု စ။
သစေ အတ္ထိ အနုတြသ္တံ၊
တံ မေ အက္ခာဟိ ပုစ္ဆိတော။
ဘန္တေ၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား။
အနုပ္ပန္နေသု၊ မဖြစ်ပေါ်ကုန်သေးသော။
ကိစ္ဆေသု စ၊ ကျွနု်ပ်နှင့်တကွ ကျန်သောနတ်သမီးငါးရာတို့ ငရဲသို့ ကျရောက်ရမည့် ဆင်းရဲတို့ကြောင့်၎င်း။
အထော၊ ထိုမှတပါး။
ဥပ္ပတိတေသု၊ ဖြစ်ပေါ်ကုန်ပြီးသော။
ကိစ္ဆေသု စ၊ ပန်းခူးရင်း စုတေ၍ ငရဲ၌ ကျရောက်နေကြသော နတ်သမီး ငါးရာတို့၏ ဆင်းရဲတို့ကြောင့်၎င်း။
ဣဒံ စိတ္တံ၊ ကျွနု်ပ်၏ ဤစိတ်သည်။
နိစ္စံ၊ အမြဲ။
ဥတြသ္တံ၊ ထိတ်လန့်နေပါသည်ဘုရား။
ဣဒံ မနော၊ ကျွနု်ပ်တို့၏ ဤနှလုံးသည်။
နိစ္စံ၊ အမြဲ။
ဥဗ္ဗိဂ္ဂံ၊ ကြောက်ရွှံ့နေပါသည်ဘုရား။
အနုတြသ္တံ၊ မထိတ်လန့်ရာ မထိတ်လန့်ကြောင်းဖြစ်သော နည်းလမ်းကောင်း အရပ်ဒေသသည်။
သစေ အတ္ထိ၊ အကယ်၍ ရှိငြားအံ့။
ဧဝံ သတိ၊ ဤသို့ ရှိလတ်သော။
ပုစ္ဆိတော၊ မေးအပ်သော အရှင်ဘုရားသည်။
တံ၊ ထိုထိတ်လန့်မှု ငြိမ်းကြောင်း နည်းလမ်းကောင်း အရပ်ဒေသကို။
မေ၊ အကျွနု်ပ်အား။
အက္ခာဟိ၊ ဟောကြား ညွှန်ပြတော်မူပါဘုရား-တဲ့။
ဒီလို မေးလျှောက်တော့ မြတ်စွာဘုရားက ဒီလို ဟောကြားတော်မူပါတယ်--
နာညတြ ဗောဇ္ဈာ တပသာ၊
နာညတြိနြ္ဒိယသံဝရာ။
နာညတြ သဗ္ဗနိဿဂ္ဂါ၊
သောတ္ထိံ ပဿာမိ ပါဏိနံ။
ဒေဝပုတ္တ၊ သိလိုရေးနှင့် မေးလျှောက်လာသော အမောင်နတ်သား။
ဗောဇ္ဈာ၊ သိကြောင်းဖြစ်သော သတိစသော ဗောဇ္ဈင်တရားအပေါင်းကို။
တပသာ၊ ကိလေသာကို ပူလောင်သွေ့ခြောက် ကင်းပျောက်စေနိုင်သော ဓုတင်အကျင့် သမ္မပ္ပဓာန်အကျင့်ကို။
အညတြ၊ ကြဉ်ဖယ်ရှောင်ရှား၍။
ပါဏိနံ၊ သတ္တဝါတို့၏။
သောတ္တိံ၊ ဘေးရန်ကင်းကွာ ချမ်းသာခြင်းကို။
န ပဿာမိ၊ ငါမမြင်ပေ။
ဣန္ဒြိယသံဝရာ၊ ဣန္ဒြေ ၆-ပါး ၆-တံခါးတို့မှ ကိလေသာ မဖြစ်ပွါးအောင် စောင့်ရှောက် ပိတ်ဆို့ခြင်းကို။
အညတြ၊ ကြဉ်ဖယ်ရှောင်ရှား၍။
ပါဏိနံ၊ သတ္တဝါတို့၏။
သောတ္တိံ၊ ဘေးရန်ကင်းကွာ ချမ်းသာခြင်းကို။
န ပဿာမိ၊ ငါ မမြင်ပေ။
သဗ္ဗနိဿဂ္ဂါ၊ အလုံးစုံကို စွန့်လွှတ်ရာ နိဗ္ဗာန်ကို။
အညတြ၊ ကြဉ်ဖယ်ရှောင်ရှား၍။
ပါဏိနံ၊ သတ္တဝါတို့၏။
သောတ္တိံ၊ ဘေးရန်ကင်းကွာ ချမ်းသာခြင်းကို။
န ပဿာမိ၊ ငါမမြင်ပေ-လို့
ဒီလို ဟောကြားတော်မူလိုက်တဲ့အခါ အခြွေအရံ နတ်သမီးငါးရာနှင့်တကွ သုဗြဟ္မနတ်သားဟာ သောတာပန်ဖြစ်သွားပါသတဲ့။ ဒီဝတ္ထုထဲမှာ ပန်းခူးနေရင်း နတ်သမီး ငါးရာ ရုတ်တရက် သေဆုံးသွားကြတာဟာ ဒီမှာပြောလိုရင်းပါဘဲ။ ဒီလို ပျောက်နေရင်း အမှတ်တမဲ့ သေရတာဟာ အင်မတန် ကြောက်စရာ ကောင်းပါတယ်။ အကုသိုလ်ဇောတွေနဲ့ သေသွားတော့ အဲဒီ နတ်သမီးငါးရာလိုဘဲ ငရဲကို ကျရောက်သွားတတ်ပါတယ်။ ဒါကြောင့် နတ်ပြည်မှာ ဇာတိကြောင့် အမှတ်တမဲ့ သေရတဲ့ မရဏဟာ အင်မတန် ကြောက်စရာကောင်းပါတယ်။
ပုဗ္ဗနိမိတ်ထင်လို့ သေရမှာ စောစောက သိပြန်ယင်လဲ သေရမှာလဲကြောက်, အပါယ်ငရဲကျရမှာလဲကြောက်ပြီး စိတ်ဆင်းရဲတွေ များစွာ ဖြစ်ရတယ်။ ဒါတွေဟာ နတ်ဘဝမှာ အသစ်ဖြစ်တဲ့ ဇာတိကြောင့် ဖြစ်ပေါ်လာတဲ့ ဇရာ မရဏာ သောက အစရှိသော ဆင်းရဲတွေဘဲ၊ ဒါကြောင့် ဒီ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်မှာ ဘဝအသစ် ဖြစ်ခြင်းဆိုတဲ့ ဇာတိကြောင့် အိုခြင်း သေခြင်း စိုးရိမ်ပူဆွေးခြင်း အစရှိသော ဆင်းရဲတွေ ဖြစ်ပွါးရတယ်လို့ ဟောထားပေတာဘဲ။
ကာမုပါဒါန်ကြောင့် ကာမကမ္မ ဘဝဖြစ်ပြီး ကာမဘုံမှာ ဇာတိကြောင့် ဇရာမရဏ သောက စသည် ဖြစ်ပုံတွေကတော့ အတော်စုံသွားပါပြီ။ ယခု ကာမုပါဒါန်ကြောင့် ရူပ, အရူပ ကမ္မဘဝဖြစ်ပြီး ဗြဟ္မာလောက၌ ဇာတိကြောင့် ဇရာ မရဏ ဖြစ်ပုံကို ပြောရမယ်။
ကာမုပါဒါန်ကြောင့် ရူပ, အရူပ, ကမ္မဘဝ စသည်ဖြစ်ပုံ
ဗြဟ္မာ့လောကမှာ ကာမဘုံက အဖို အမတွေ ခံစားနေရတဲ့ ကာမဂုဏ်မျိုးဆိုတာ မရှိဘူး၊ အနံ့ အရသာ အတွေ့အထိ ဆိုတဲ့ ကာမဂုဏ်တွေဟာ လုံးဝမရှိဘူး၊ မြင်ရ ကြားရ ကြံသိရတာလောက်ပဲ ရှိတယ်၊ အဲဒါတွေကလဲ အဖိုအမအနေနဲ့ သာယာရတဲ့ အာရုံမျိုးတွေ မဟုတ်ဘူး။
ဒါပေမဲ့ တချို့ ပုဂ္ဂိုလ်က အဲဒီ ဗြဟ္မာ့လောကမှာ ကာမဂုဏ်အာရုံတွေက ပိုပြီး ပြည့်စုံကောင်းမြတ်တယ်လို့ ကြားဘူးလို့ဖြစ်စေ, မိမိအလိုလို ကြံဆပြီးတော့ဖြစ်စေ အဲဒီ ကာမဂုဏ်တွေကိုရချင်တဲ့ စွဲလမ်းမှု ကာမုပါဒါန်ကြောင့် ရူပဈာန်, အရူပဈာန်တွေကို ဖြစ်ပွါးစေပါသတဲ့။
အဲဒီလို ဖြစ်ပွါးစေတဲ့ ဈာန်စေတနာတွေကို ကမ္မဘဝလို့ ခေါ်ပါတယ်၊ အဲဒီ ကမ္မဘဝကြောင့် သေသည်၏ အခြားမဲ့မှာ ရူပ ဗြဟ္မာ့ လောက, အရူပဗြဟ္မာ့ လောကမှာ ဖြစ်ရတယ်။ ဒါကြောင့် ဝိသုဒ္ဓိမဂ် (ဒု-၂၀၉) မှာ ဒိလို ပြဆိုထားပါတယ်။
အပရော၊ အခြားတပါးသော သူသည်။
ရူပါရူပဘဝေသု၊ ရူပဘဝ, အရူပဘဝတို့၌။
ကာမာ၊ ကာမဂုဏ် တို့သည်။
တတော၊ ထိုလူ့ပြည် နတ်ပြည်ထက်။
သမိဒ္ဓတရ၊ သာ၍ ပြည့်စုံ ကောင်းမြတ်ကုန်၏။
ဣတိ၊ ဤသို့။
သုတွာ ဝါ၊ ကြားဘူး၍ဖြစ်စေ။
ပရိကပ္ပေတွာဝါ၊ မိမိအလိုလို ကြံဆ၍ဖြစ်စေ။
ကာမုပါဒါနဝသေနေဝ၊ ကာမဂုဏ်တို့ကို လိုချင်စွဲလမ်းမှု၏ အစွမ်းဖြင့်သာလျှင်။
(ဒီစကားထဲမှာ “ဧဝ=သာလျှင်” ဆိုတဲ့ ကန့်သတ်ချက် ကလေးပါတယ်၊ အဲဒီ ကန့်သတ်ချက်ဖြင့် ဒိဋ္ဌုပါဒါန်, သီလဗ္ဗတုပါဒါန်, အတ္တဝါဒုပါဒါန်တို့၏ အစွမ်းအားဖြင့် ဖြစ်တာမဟုတ်ဘူး၊ ကာမုပါဒါန်သက်သက်၏ အစွမ်းအားဖြင့်သာလျှင် ဖြစ်တယ်လို့ ဖော်ပြပါတယ်။)
ရူပါရူပသမာပတ္တိယော၊ ရူပဈာန်, အရူပဈာန် သမာပတ်တို့ကို။
နိဗ္ဗတ္တေတွာ၊ ဖြစ်ပွါးစေပြီး၍။
သမာပတ္တိဗလေန၊ ထိုသမာပတ်တို့၏ အားအစွမ်းဖြင့်။
ရူပါရူပဗြဟ္မလောကေ၊ ရူပဗြဟ္မာ့လောက, အရူပဗြဟ္မာ့လောက၌။
ဥပပဇ္ဇတိ၊ ဖြစ်၏-
လို့ ပြဆိုထားပါတယ်။
ဒီနေရာမှာ ဗြဟ္မာ့လောက၌ ကာမဂုဏ်တွေ ရှိတဲ့အနေဖြင့် ကြားရခြင်း ကြံစည်ခြင်း ဟာ ဖြစ်သင့်ပါမည်လား-လို့ မေးစရာရှိပါတယ်၊ ဗုဒ္ဓတရားတော်ကို အမှန်အတိုင်း ကြားနာ မှတ်သားထားတဲ့ ပုဂ္ဂိုလ်တွေမှာတော့ မဖြစ်နိုင်ပါဘူး။ တရားမှန်ကို မကြားရဘူးတဲ့ သူတွေမှာတော့ ဖြစ်နိုင်ပါတယ်။
ဘာကြောင့်လဲဆိုတော့-အိန္ဒိယက ဘာသာရေး ကျမ်းတွေထဲမှာ ဗြဟ္မာကိုလဲ မယားနဲ့ ယှဉ်တွဲပြီး ပြဆိုထားတာ ရှိပါတယ်။ နောက်ပြီးတော့ တချို့က နိဗ္ဗာန်မှာတောင် ဘုံနန်း ပြသာဒ်ကြီးတွေ ဥယျာဉ် ရေကန်တွေ စသည်နဲ့ မြို့ကြီး ပြည်ကြီးလို ထင်နေတာလဲ ရှိပါတယ်၊ တချို့က နိဗ္ဗာန်မှာလဲ သားမယားစသည် အခြွေအရံတွေနဲ့ နေရလိမ့်မယ်လို့ ထင်နေတာလဲ ရှိပါတယ်။ ဒါကြောင့် ဗြဟ္မာ့ လောကမှာ ကာမဂုဏ်တွေ သာပြီးပြည့်စုံတယ်လို့ ယုံကြည်တဲ့သူ ကြံစည်တဲ့သူ စွဲလမ်းတဲ့သူလဲ ရှိနိုင်ပါတယ်။
အားကြီးတဲ့ တဏှာဟူသမျှကို ကာမုပါဒါန်ခေါ်သည်
တနည်းအားဖြင့် ဒီနေရာမှာ ကာမဥပါဒါန်ဆိုတာက ကာမတဏှာတပါးတည်းကိုသာ ဆိုတာမဟုတ်ပါဘူး၊ ရူပတဏှာ, အရူပတဏှာ တွေကိုလဲ စွဲလမ်းတဲ့အနေနဲ့ ရင့်သန်လျှင် ကာမုပါဒါန်လို့ဘဲ ဆိုရပါတယ်။ ဒါကြောင့် ဒီကာမုပါဒါန်ကို အရဟတ္တမဂ် ကမှ ပယ်တယ်လို့ ပြဆိုထားတာလဲ ရှိပါတယ်။ ဘယ်လိုလဲ ဆိုယင်--
ဥပါဒါနေသု၊ ဥပါဒါန် ၄-ပါးတို့တွင်။
သဗ္ဗေသမ္ပိ လောကိယဓမ္မာနံ၊ လောကီတရား အလုံးစုံတို့ကိုလည်း။
ဝတ္ထုကာမဝသေန၊ ဝတ္ထုအာရုံ ကာမဂုဏ်၏ အလိုအားဖြင့်။
ကာမာတိ၊ ကာမတို့ဟူ၍။
အာဂတတ္တာ၊ ဒေသနာတော်၌ လာသောကြောင့်။
ဝါ၊ ဟောထားသောကြောင့်။
(ကိလေသကာမ, ဝတ္ထုကာမအားဖြင့် နှစ်မျိုးခွဲပြီး ဟောတဲ့ ဒေသနာမှာ လိုချင်တပ်မက်သော တဏှာဟူသမျှကို ကိလေသာကာမ ဟူ၍၎င်း, လိုချင်တပ်မက် အပ်သော လောကီတရား ဟူသမျှကို ဝတ္ထုကာမဟူ၍၎င်း ဟောထားသောကြောင့်-လို့ ဆိုလိုပါတယ်။)
ရူပါရူပ ရာဂေါပိ။ ရူပရာဂ, အရူပရာဂသည်လည်း။
ကာမုပါဒါနေပကတိ၊ ကာမုပါဒါန်၌ ကျရောက်၏-အတွင်းဝင်၏။
တသ္မာ၊ ထိုသို့ ရူပရာဂ, အရူပရာဂလဲ ကာမုပါဒါန်၌ အတွင်းဝင်သောကြောင့်။
တံ၊ ထိုကာမုပါဒါန်ကို။
စတုတ္ထဉာဏဝဇ္ဈံ၊ အရဟတ္တမဂ်ဉာဏ်ဖြင့် ပယ်သတ်အပ်၏-
လို့ ပြဆိုထားပါတယ်။ (ဝိသုဒ္ဓိမဂ် ဒု-၃၂၆)
ဒါကြောင့် ရူပဈာန် အရူပဈာန်ကို ရချင်ပြီး စွဲလမ်းတာ ဗြဟ္မာ့ပြည်မှာ ဖြစ်ချင်ပြီး စွဲလမ်းတာတွေကိုလဲ ကာမုပါဒါန် လို့ဘဲ ခေါ်ရပါတယ်။ ရူပုပါဒါန် အရူပပါဒါန်ရယ်လို့ မရှိပါဘူး၊ ဒါကြောင့် ရူပဈာန် အရူပဈာန်ကို ရချင်လို့ဖြစ်စေ, ရူပအရူပ ဗြဟ္မာ့ပြည်မှာ ဖြစ်ချင်လို့ဖြစ်စေ ရူပဈာန် အရူပဈာန်ကို ရအောင် အားထုတ်တာတွေ ဟူသမျှဟာ ကာမုပါဒါန်ကြောင့်ချည်းဘဲလို့ မှတ်ယူသင့်ပါတယ်။
အဲဒီလိုအားထုတ်လို့ ဖြစ်ပေါ်လာတဲ့ ရူပဈာန် အရူပဈာန် ဟူသမျှတွေဟာလဲ ပုထုဇဉ် သေက္ခသန္တာန်မှာ ဆိုယင် ကာမုပါဒါန်ကြောင့်ဖြစ်တဲ့ ရူပကမ္မဘဝ အရူပကမ္မဘဝ ချည်းပါဘဲ။ အဲဒီ ရူပကမ္မဘဝ အရူပကမ္မဘဝတွေ ဖြစ်ပေါ်လာယင် အဲဒီ ကမ္မဘဝကြောင့် ရူပဗြဟ္မာ့ပြည် အရူပဗြဟ္မာ့ပြည်မှာ ဘဝအသစ် ဖြစ်ရတယ်။
အဲဒါဟာ ဇာတိဘဲ၊ အဲဒီဇာတိကြောင့် အဲဒီဘဝမှာ ရုပ်နာမ် ၂-ပါးလုံးဖြစ်စေ, ရုပ်သက်သက် ဖြစ်စေ, နာမ်သက်သက်ဖြစ်စေ ခဏမစဲ ရင့်ကျက်နေတာဟာ ဇရာ=အိုခြင်းသဘောဘဲ။
ဒါပေမဲ့ ဒီဗြဟ္မာတွေရဲ့ အိုမင်းခြင်း ဇရာကတော့ လူ့သန္တာန်က ဇရာလို မထင်ရှားဘူး၊ ပတ္တမြားတုံး စိန်တုံးများမှာ ရှိတဲ့ ဇရာလိုဘဲ ဖြစ်နေတယ်။ ဒါကြောင့် အဲဒီလို ဇရာကို အပါကဋဇရာလို့ ခေါ်ပါတယ်။ မထင်ရှားတဲ့ အိုခြင်းလို့ဆိုလိုပါတယ်။ ဒါပေမဲ့ ဒီဇရာ၏အစွမ်းဖြင့် ရင့်ရော်လိုက်နေတဲ့အတွက် သူတို့၏ အသက်တမ်း စေ့တဲ့ အခါကျတော့ စုတေရ သေပျက်သွားရတာပါဘဲ။ ဒါကြောင့် -
“ဇာတိပစ္စယာ၊ ဘဝအသစ်ဖြစ်ခြင်း ဇာတိဟူသော အကြောင်းကြောင့်။
ဇရာမရဏံ၊ အိုခြင်း, သေခြင်းသည်၊
သမ္ဘဝတိ၊ ဖြစ်ပေါ်သည်”
လို့ ဟောထားပါတယ်။
ဇရာမရဏကတော့ ဘယ်မှာဘဲဖြစ်ဖြစ် ရှိနေတာဘဲ
ဒီ ဗြဟ္မာ့ဘဝမှာတော့ ဒေါသမရှိတဲ့အတွက် သောက ပရိဒေဝ ဒေါမနဿ ဥပါယာသ ဆိုတာတွေကတော့ မရှိဘူး၊ ကာယပသာဒရုပ် မရှိတဲ့အတွက် ကိုယ်ဆင်းရဲ ဒုက္ခဆိုတာလဲမရှိဘူး၊ ဇာတိနဲ့ ဇရာမရဏသာ ရှိပါတယ်။ ဒီဇာတိနဲ့ ဇရာမရဏ ကတော့ ဘယ်ဘဝမှာဘဲ ဖြစ်ဖြစ် ရှိနေတာဘဲ။ ဒါကြောင့် ဒီဇာတိနဲ့ ဇရာ မရဏကတော့ ဘဝတိုင်း ဘဝတိုင်းနဲ့ဆိုင်တယ်။ ဘယ်ဘဝမှာဘဲဖြစ်ဖြစ် ဘဝသစ် ဖြစ်ပေါ်မိယင် ဇရာမရဏ=အိုခြင်းနဲ့ သေခြင်းမှာ အဆုံးသတ် သွားတာချည်းဘဲ။
ဒါကြောင့် အိုခြင်း သေခြင်းမှ လွတ်မြောက်ချင်လျှင် ဘဝသစ်ဖြစ်မှု ဇာတိဖြစ်ပေါ်ခွင့် မရှိအောင် အားထုတ်ရမယ်၊ ဇာတိဖြစ်ခွင့် မရစေလိုလျှင် ကုသိုလ်ကံ, အကုသိုလ်ကံ ဆိုတဲ့ ကမ္မဘဝဖြစ်ခွင့် မရှိအောင် အားထုတ်ရမယ်၊ ကမ္မဘဝဖြစ်ခွင့် မရစေလိုလျှင် တဏှာနဲ့ ဥပါဒါန် မဖြစ်နိုင်အောင် အားထုတ်ရမယ်။
ဘယ်လို အားထုတ်ရမလဲဆိုလျှင် ဆဋ္ဌမပိုင်းတုန်းက ပြောခဲ့တဲ့အတိုင်း ဝေဒနာ ကြောင့် တဏှာ မဖြစ်အောင်, ဝေဒနာမျှတွင် ရပ်တန့်သွားအောင် မြင်တိုင်း, ကြားတိုင်း, နံတိုင်း စားသိတိုင်း တွေ့သိတိုင်း ကြံသိတိုင်း ရှုမှတ်ရုံပါဘဲ။ အဲဒီလို ရှုမှတ်လို့ မြင်မှု ကြားမှု တွေ့သိမှု ခံစားမှု ဟူသမျှကို အနိစ္စ, ဒုက္ခ, အနတ္တ သဘောမျှဘဲလို့ ပိုင်ပိုင်နိုင်နိုင် သိသိသွားလျှင် ခံစားမှု ဝေဒနာမျှသာဖြစ်ပြီး လိုချင်နှစ်သက်မှု တဏှာမဖြစ်ပဲ ချုပ်ငြိမ်းသွားပါလိမ့်မယ်၊
တဏှာချုပ်လျှင် တဏှာမှဆက်ပြီးဖြစ်မည့် ဥပါဒါန်နဲ့ကံတွေလဲ ချုပ်သွားကြပါ လိမ့်မယ်၊ ကံချုပ်လျှင် ဘဝအသစ်ဖြစ်မှု ဇာတိ မပေါ်လာနိုင်တော့ဘူး၊ ဇာတိမရှိလျှင် ဇရာမရဏမရှိဘဲ ချုပ်ငြိမ်းသွားပါလိမ့်မယ်၊ အဲဒါဟာ ရှုမိတဲ့ အာရုံနဲ့စပ်ပြီး တဒင်္ဂ အားဖြင့် ချုပ်ငြိမ်းပုံပါဘဲ။ ဝိပဿနာဉာဏ် ရင့်သန်ပြည့်စုံတဲ့အခါမှာ အရိယ မဂ်ဉာဏ်ဖြစ်ပေါ်ပြီး သမုစ္ဆေဒအားဖြင့် အကြွင်းမဲ့ ချုပ်ငြိမ်းသွားစေပါလိမ့်မယ်။ ကဲဒီကနေ့တော့ ဒီတွင်ဘဲ ရပ်နားကြဦးစို့၊ နောက်သီတင်းကျမှ ဒိဋ္ဌုပါဒါန် စသည်ကြောင့် ကမ္မဘဝစသည်ဖြစ်ပုံကို ဆက်ဟောရမယ်။
ဤပဋိစ္စသမုပ္ပါဒ် တရားဒေသနာတော်ကို ရိုသေစွာနာယူမှတ်သားကြရသော ဓမ္မသဝန ဥက္ကဋ္ဌကုသိုလ်ကံ စေတနာတို့၏ အစွမ်းအာနုဘော်ကြောင့် ယခုတရားနာ ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကိုယ်၏ချမ်းသာခြင်း, စိတ်၏ချမ်းသာ ခြင်းတို့နှင့်အခါခပ်သိမ်း ပြည့်စုံကြ၍ အကြောင်းအကျိုးဆက်စပ်လျက် မပြတ်ဖြစ်နေ သော ရုပ်နာမ်တရားတို့ကို အမှန်အတိုင်း သိအောင် ရှုမှတ်ပွါးများ အားထုတ် နိုင်ကြပြီး အထူးအားဖြင့် ဝေဒနာမှ ဆက်၍ တဏှာဖြစ်တတ်ရာဝယ် ထိုသို့ တဏှာဆက်၍ ဖြစ်ခွင့်မရအောင် ဖြစ်ပေါ်လာတိုင်းသော ဝေဒနာတို့ကို ပိုင်ပိုင်နိုင်နိုင် မှတ်သိနိုင်ကြ၍ ဝိပဿနာဉာဏ်အစဉ် အရိယမဂ်ဉာဏ်အစဉ်ဖြင့် နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေကုန် သတည်း။
သာဓု....၊ သာဓု.....၊ သာဓု.....။
ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး အဋ္ဌမပိုင်း ပြီး၏။
......
ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး
၁၄၂၄-ခု၊ တော်သလင်းလဆန်း (၈)ရက်နေ့ ဟောသည်။
နဝမပိုင်း
ဒိဋ္ဌုပါဒါန်ကြောင့် ဘဝဖြစ်ပုံ
ဝါခေါင်လဆုတ် (၈)ရက်နေ့က “ဥပါဒါနပစ္စယာ ဘဝေါ = ဥပါဒါန်ကြောင့် ဘဝဖြစ်သည်” ဆိုတဲ့အပိုဒ်ကို ဟောခဲ့တာဟာ ကာမုပါဒါန်ကြောင့် ဖြစ်ပုံလောက်သာ ပြီးခဲ့သေးတယ်၊ ဒီကနေ့ ဒိဋ္ဌုပါဒါန်ကြောင့် ဖြစ်ပုံက စပြီးဟောရမယ်။
ဒိဋ္ဌုပါဒါန်ဆိုတာ ကံ, ကံ၏အကျိုးစသည်ဖြင့် ယူဆစွဲလမ်းမှုဖြစ်ကြောင်း သတ္တမပိုင်းမှာ ပြောခဲ့ပါပြီ။ နောင်ဘဝ မရှိဘူးဆိုယင်လဲ ကံ, ကံ၏အကျိုးဆိုတာ မရှိနိုင်တော့ဘူး။ ဒါကြောင့် ယခုဘဝကသေပြီးလျှင် ဘာမျှမရှိတော့ဘူးလို့ ယူတဲ့ ဥစ္ဆေဒဒိဋ္ဌိဟာလဲ ဒီကံ, ကံ၏အကျိုးမရှိဘူးလို့ ယူဆစွဲလမ်းတဲ့ ဒိဋ္ဌိဥပါဒါန်ထဲမှာ အတွင်းဝင်နေပါတယ်။
အဲဒီလို ကံ, ကံ၏ အကျိုးမရှိဘူး၊ နောင်ဘဝမှာလဲ မရှိဘူးလို့ ယုံကြည် စွဲလမ်း နေတဲ့သူမှာ ကောင်းမှုကုသိုလ်ကိုလဲ ပြုဘို့မလိုဘူး၊ မကောင်းမှု အကုသိုလ်ကိုလဲ ရှောင်ကြဉ်ဘို့ မလိုဘူး၊ အသက်ရှည်ရှည် နေရဘို့နဲ့ မသေမီ အတွင်း ကောင်းစား ချမ်းသာဘို့ လောက်သာ ကြိုးစားအားထုတ်ဘို့ လိုတော့တယ်၊
အဲဒီလို အယူအစွဲ ရှိတဲ့သူတွေက ဒီလိုဘဲ ပြောကြပါတယ်၊ “မသေမီ ကာလ အတွင်းမှာ ရတတ်သမျှနည်းနဲ့ ရှာကြံပြီး ခံစားရမယ်၊ ဒီလို ခံစားရသမျှဟာ အမြတ်ပဲ၊ လောကနိဗ္ဗာန်ဘဲ၊ နောင်ဘဝအတွက် ရည်မြှော်ပြီး အကုသိုလ် အလုပ်ဆိုတာတွေကို ရှောင်နေယင်, ကုသိုလ်အလုပ်ဆိုတာတွေကို လုပ်နေယင် အခွင့်အရေးဆုံးရှုံးရုံမျှဘဲ၊ အရှုံးမခံရဘူး” စသည်ဖြင့် ဒီ ဒိဋ္ဌုပါဒါန် ရှိတဲ့သူတွေက ပြောနေကြပါတယ်။
ဒါကြောင့် ကံ, ကံ၏အကျိုးမရှိဘူး၊ နောင်တမလွန်ဘဝမရှိဘူးလို့ အယူအစွဲ ရှိတဲ့သူက မိမိကိုယ် ချမ်းသာကောင်းစားရေး အတွက်ရော မိမိနဲ့ စပ်တဲ့သူတွေ ချမ်းသာ ကောင်းစားရေး အတွက်ရော ဖြစ်နိုင်သမျှ နည်းအမျိုးမျိုးဖြင့် ရှာကြံ အားထုတ် ပြုလုပ်တယ်၊
အဲဒီလို ပြုလုပ်ရာမှာ များသောအားဖြင့် အကုသိုလ်ကံတွေ ဖြစ်ပွါးတယ်၊ အဲဒီ ကံတွေဟာ ဒိဋ္ဌုပါဒါန်ကြောင့် ဖြစ်တဲ့ ကမ္မဘဝတွေပါဘဲ၊ အဲဒီကံတွေက အကြောင်း ညီညွတ်ယင် သေခါနီးမှာ ကံ, ကမ္မနိမိတ်, ဂတိနိမိတ် ထင်စေပြီး အပါယ်ဘဝသစ်ကို ဖြစ်စေပါတယ်။ အဲဒါဟာ နန္ဒကပေတဝတ္ထုဖြင့် ထင်ရှားပါတယ်။
နန္ဒကပေတဝတ္ထု
မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူပြီးသည့်နောက် အနှစ် နှစ်ရာကျော် ကာလတုန်းက သုရဋ္ဌဆိုတဲ့ တိုင်းပြည်မှာ ပိင်္ဂလဆိုတဲ့မင်း စိုးစံနေခဲ့ပါသတဲ့။ သုရဋ္ဌတိုင်းပြည်၏ တည်ရာဌာနကတော့ ယခု အိန္ဒိယပြည် အနောက်စွန်း ဘုံဘေနယ်ရဲ့ မြောက်ဖက် ကာတိယာဝါခေါ်တဲ့ ကျွန်းဆွယ်ကြီးပေါ်မှာ ဖြစ်ပါတယ်။ အဲဒီပိင်္ဂလမင်းရဲ့ စစ်သူကြီးက နန္ဒကအမည်ရှိပါသတဲ့၊ မိစ္ဆာအယူလဲ ရှိပါသတဲ့။
ဒါကြောင့် ပေတဝတ္ထု အဋ္ဌကထာမှာ -
တဿ၊ ထိုပိင်္ဂလမင်း၏။
သေနာပတိ၊ စစ်သူကြီးသည်။
နန္ဒကောနာမ၊ နန္ဒက အမည်ရှိ၏။
မိစ္ဆာဒိဋ္ဌိ၊ မှားသောအယူ ရှိ၏။
ဝိပရီတဒဿနော၊ ဖောက်ပြန်သော အမြင်ရှိ၏။
ဝါ၊ အမြင်မှား၏။
နတ္ထိ ဒိန္နန္တိအာဒိနာ၊ ပေးလှူခြင်းသည် အကျိုးမရှိစသည်ဖြင့်။
မိစ္ဆာဂါဟံ၊ မှားသောအယူကို။
ပဂ္ဂယှ၊ ချီးမြှောက်အားပေး၍။
ဝါ၊ မြဲမြံစွာ ယူ၍။
ဝိစရိ၊ နေခဲ့လေသည်
လို့ ပြဆိုထားပါတယ်။
အဲဒီ နန္ဒကဟာ သေတဲ့အခါ ဝိဉ္ဈတောမှာ ပညောင်ပင်ကြီးကို အမှီပြုပြီးနေရတဲ့ ပြိတ္တာကြီး ဖြစ်နေရှာတယ်။အဲဒီအခါမှာ သူ့သမီးဥတ္တရာက အိမ်ကိုဆွမ်းခံကြွလာတဲ့ ရဟန်းတော်တပါးအား ရေနဲ့မုံ့များကိုလှူပြီး သူ့ဖခင်အား အမျှပေးဝေပါတယ်။
အဲဒီ အမျှပေးဝေလိုက်တဲ့ ကောင်းမှုကြောင့် နန္ဒက ပြိတ္တာကြီးမှာ နတ်ပြည်လောက၌ ဖြစ်သော သောက်ရေတွေနဲ့ မုံ့တွေဟာ စားလို့သုံးလို့ မကုန်နိုင်အောင် ဖြစ်ပေါ် လာပါသတဲ့။
အဲဒီတော့မှ နန္ဒက ပြိတ္တာကြီးဟာ ကံ, ကံ၏အကျိုးရှိမှန်းသိပြီး သံဝေဂရတယ်၊ ပေးလှူတာအကျိုးမရှိ စသည်ဖြင့် လူ့ဘဝတုန်းက ဟောပြောညွှန်ကြားမိခဲ့တာ ဝါဒဖြန့်မိခဲ့တာတွေဟာ မှားကုန်ပြီလို့ နောင်တရမိသတဲ့။
တနေ့သောအခါ ပိင်္ဂလမင်းက ဓမ္မာသောကမင်းထံ အခွန်ဆက်ပြီး ပြန်လာတယ်၊ အဲဒီအခါမှာ အဲဒီနန္ဒကပြိတ္တာကြီးက သူ့ညောင်ပင်ကြီးဆီကို လမ်းဖန်ဆင်းပြတယ်။ အဲဒီ လမ်းအတိုင်း ပိင်္ဂလမင်းက လိုက်လာတဲ့အခါ အဲဒီ ညောင်ပင်ကြီးအောက် ရောက်လာတယ်၊ အဲဒီအခါ နန္ဒကပြိတ္တာက နောက်ပါ ပရိသတ်နှင့်တကွ ပိင်္ဂလမင်းကို သောက်ရေနဲ့ မုံများဖြင့် ဧည့်ခံကျွေးမွေးတယ်၊
အဲဒီလို ကျွေးမွေးတဲ့အတွက် ပိင်္ဂလမင်းက အံ့သြပြီး တန်ခိုးကြီးတဲ့ နတ်လား, သိကြားလား စသည်ဖြင့် မေးပါတယ်။ အဲဒီအခါ နန္ဒကပြိတ္တာက နတ်လဲမဟုတ်၊ သိကြားလဲ မဟုတ်၊ သုရဋ္ဌတိုင်းပြည်က သေလာပြီး ပြိတ္တာဖြစ်နေတဲ့အကြောင်း ပြောပါတယ်။ ဘယ်လိုအမှုကြောင့် ဒီလို ဖြစ်ရသလဲလို့ မေးပြန်တော့ နန္ဒကပြိတ္တာက-
ဒေဝ၊ အရှင်မင်းမြတ်။
အဟံ၊ အကျွန်ုပ်သည်။
သုရဋ္ဌသ္မိံ၊ သုရဋ္ဌတိုင်း၌။
ပါပစေတသော ပုရိသော၊ ယုတ်မာသောစိတ် ရှိသောသူဖြစ်ခဲ့ပါ၏။
မိစ္ဆာဒိဋ္ဌိ၊ မှားသောအယူ ရှိခဲ့ပါ၏။
ဒုဿီလော၊ သီလမဲ့သူ = ကိုယ်ကျင့်တရား ပျက်သူဖြစ်ခဲ့ပါ၏။
ကဒရိယော၊ နှမြောစေးနှဲသည်ဖြစ်၍။
ပရိဘာသကော၊ အလှူခံပုဂ္ဂိုလ်နှင့် ပေးလှူသူတို့ကို ပက်ပက်စက်စက် ကဲ့ရဲ့ပြောဆို တတ်သူ ဖြစ်ခဲ့ပါ၏--
စသည်ဖြင့် ပြောပြတတ်၏။
ဒီလို မကောင်းမှုတွေ ပြုလာပါလျက် စားစရာ သောက်စရာ ပြည့်ပြည့်စုံစုံနဲ့ တန်ခိုးကြီးတဲ့နတ်လိုပင် ဖြစ်နေရတာ အကောင်းသားဘဲလို့ ထင်စရာရှိတဲ့အတွက် မကြာမီကပင် အကုသိုလ်က အကျိုးပေး တော့မည့်အကြောင်းကိုလဲ ဆက်ပြီး ဒီလို ပြောပြန်ပါတယ်---
ဩရံ ဆဟိ မာသေဟိ၊ ၆-လအတွင်း၌။
မေ၊ အကျွနု်ပ်၏။
ကာလကိရိယာ၊ ဤဘဝမှ သေခြင်းသည်။
ဘဝိဿတိ၊ ဖြစ်ပါလတံ့။
ကာလံကတွာ၊ သေပြီး၍။
ဧကန္တကဋုကံ၊ စင်စစ် ခါးစပ်လှ- ဆင်းရဲလှစွာသော။
ဃောရံ၊ ကြောက်မက်ဖွယ် ကောင်းလှစွာသော။
နိရယံ၊ ငရဲသို့။
အဟံ ပပတိဿံ၊ အကျွနု်ပ် ကျရောက်ရပါတော့မည်-
လို့ ပြောပြီးတော့ အဲဒီငရဲမှာ ကြောက်ဖွယ် ကောင်းပုံတွေကို ဆက်ပြီး ပြောသွားပါတယ်။
အဲဒီ ငရဲကြီးဟာ လေးထောင့် သံသေတ္တာကြီးလိုဘဲ အခင်း အကာ အမိုးအားလုံး သံဖြင့်ပြီးတဲ့အကြောင်း၊ မီးတွေ တဟုန်းဟုန်း တောက်လောင်နေတဲ့ အကြောင်း၊ နှစ်ပေါင်း တသိန်းကြာတဲ့အခါ မောင်မင်းတို့ ... သင်တို့ ငရဲခံနေရတာ အနှစ်တသိန်း ရှိပြီဆိုတဲ့ အသံကို ကြားရတဲ့အကြောင်း၊ အဲဒီ အသံဟာ ငရဲခံရမည့် နှစ်ပေါင်း ကုဋေများစွာရဲ့ မှတ်တိုင်တခု ဖြစ်ကြောင်း၊
မိစ္ဆာအယူရှိတဲ့ ဒုဿီလပုဂ္ဂိုလ်တွေ, အရိယာကို ပြစ်မှားတဲ့ ပုဂ္ဂိုလ်တွေဟာ အဲဒီငရဲမှာ နှစ်ပေါင်း ကုဋေတသိန်း ပတ်လုံးခံရကြောင်း၊ အဲဒီငရဲမှာ ရှည်မြင့်စွာသော ကာလပတ်လုံး ခံရမည့်အရေးကို မြှော်တွေးပြီး သူ့မှာ စိုးရိမ်ပူပန်နေရတဲ့ အကြောင်း များကို ပြောပြီးတော့ သူ့မှာ နတ်ရေစင် နတ်မုံ့များကို ရခြင်းအကြောင်းလဲ ဆက်ပြောပြန်ပါတယ်။
သူ့သမီး ဥတ္တရာဟာ ဗုဒ္ဓသာသနာဝင် ဥပါသိကာမ ဖြစ်ပြီး သီတင်းသီလနဲ့ ပြည့်စုံတဲ့အကြောင်း၊ သီလနှင့် ပြည့်စုံသော ရဟန်းတပါး ဆွမ်းခံကြွလာတဲ့အခါ သောက်ရေနဲ့ မုံ့များကို လှူပြီးတော့ ဤကောင်းမှုသည် ကွယ်လွန်လေသော ဖခင်အား ဆိုက်ရောက်၍ ကျေးဇူးပြုပါစေလို့ ဆုတောင်း အမျှဝေတဲ့အကြောင်း၊ အဲဒီလို ဆုတောင်း အမျှဝေသည်၏ အခြားမဲ့မှာပင် ရေတွေမုံ့တွေကို အလိုရှိတိုင်း သုံးဆောင်ရတဲ့အကျိုးကို ခံစားရတဲ့ အကြောင်းများကို ပြောကြားပါတယ်။
ဒီဝတ္ထုထဲမှာ ပြောလိုရင်းကတော့ ကံ, ကံ၏အကျိုးမရှိ စသည်ဖြင့် ယူဆစွဲလမ်းတဲ့ ဒိဋ္ဌိဥပါဒါန်ကြောင့် အကုသိုလ် ကမ္မဘဝဖြစ်ပုံနှင့် အဲဒီ အကုသိုလ်ကံကြောင့် အပါယ်ငရဲသို့ ကျရောက်ပြီး ဇာတိဖြစ်ပေါ်ပုံများပင် ဖြစ်ပါတယ်။
အဋ္ဌကထာမှာတော့ နတ်ဘဝမှ ဖြစ်စေ, ဗြဟ္မဘဝမှ ဖြစ်စေ သေတဲ့အခါ ဘဝပြတ်တယ်လို့ ယူဆစွဲလမ်းတဲ့ ဥစ္ဆေဒဒိဋ္ဌိ ဥပါဒါန်ဖြင့် ထိုနတ်ဘဝ ဗြဟ္မာဘဝကို ရောက်စေတတ်တဲ့ ကံကို ပြုတယ်လို့လဲ ပြဆိုထားပါတယ်။
နတ်ဘဝ ဗြဟ္မာဘဝ ရောက်ပြီးမှ ဘဝပြတ်တယ်လို့ ယူဆတဲ့ အစွဲအလမ်းမျိုးကတော့ ယခုနေအခါမှာ ဆိုလျှင် ရှိပုံမရပါဘူး။ ဒါကြောင့် အများအားဖြင့် ခုတင်က ပြောခဲ့တဲ့ အတိုင်း ယခု ဘဝကသေပြီးယင် ဘာမှမရှိတော့ဘူးလို့ယူတဲ့ အစွဲအလမ်းဖြင့် အကုသိုလ်အမှုတွေ ပြုလုပ်တာကဘဲ ထင်ရှားပါတယ်။
သဿတဒိဋ္ဌုပါဒါန်ကြောင့် ကမ္မဘဝဖြစ်ပုံ
နောက်ပြီးတော့ သဿတဒိဋ္ဌိဥပါဒါန်ကြောင့်လဲ ကမ္မဘဝ ဖြစ်နိုင်ပါသေးတယ်။ ဘယ်လိုလဲဆိုယင် ယခုဘဝရော, နောင်သံသရာ ဘဝတွေမှာရော ကျင်လည် နေတာဟာ ငါတဦးတည်းဘဲ၊ ယခုဘဝက အကုသိုလ်ကံတွေကို ပြုယင်နောင်ဘဝ တွေမှာ ငါဘဲ ဆင်းရဲရမယ်၊ ယခုဘဝက ကုသိုလ်ကံတွေကို ပြုယင်လဲ နောင်ဘဝတွေမှာ ငါဘဲ ချမ်းသာမယ်၊
ဒါကြောင့် နောင်ဘဝ သံသရာမှာ ချမ်းသာကြောင်းဖြစ်တဲ့ ကုသိုလ်ကံကို ပြုမယ်လို့ သဿတဒိဋ္ဌိဥပါဒါန်ဖြင့် စွဲလမ်းပြီး ကုသိုလ်ကံလို့ ယုံကြည်ယူဆထားတဲ့ အမှုကံတွေကို ပြုတယ်၊ အဲဒီလိုပြုရာမှာ ကုသိုလ်အမှန်လဲပါမယ်၊ ကုသိုလ်အမှားလဲ ပါမယ်၊ ကုသိုလ်အမှားဆိုတာ အကုသိုလ် ပါဘဲ။
အဲဒီလိုပြုတဲ့ ကုသိုလ်ကံ အကုသိုလ်ကံတွေဟာ သဿတဒိဋ္ဌိ ဥပါဒါန် ကြောင့်ဖြစ်တဲ့ ကမ္မဘဝတွေဘဲ၊ အဲဒီ ကမ္မဘဝတွေကြောင့် ဘဝသစ် ဖြစ်ပေါ် ရလိမ့်မယ်၊ အဲဒါက ဇာတိဘဲ၊ ဇာတိပေါ်လာတော့ အဲဒီ ဖြစ်ရာဘဝမှာအိုခြင်း သေခြင်း စိုးရိမ် ပူဆွေးခြင်း အစရှိသော ဆင်းရဲတွေကို ခံစားသွားရလိမ့်မယ်။
ဒိဋ္ဌမင်္ဂလာအစွဲ စသည်ကြောင့်လဲ ကမ္မဘဝဖြစ်သည်
နောက်ပြီးတော့ ဒိဋ္ဌမင်္ဂလာ, သုတမင်္ဂလာ, မုတမင်္ဂလာ အစရှိသော အယူအစွဲ တွေကြောင့်လဲ ကမ္မဘဝတွေဖြစ်တယ်။ ဘယ်လိုလဲဆိုယင် “သူယုတ်ကိုမြင်ရယင် မကောင်းကျိုး ဖြစ်တတ်တယ်၊ အိမ်ကို ပျားစွဲယင် ဖွတ်တက်ယင် ဘေးသင့် တတ်တယ်” စသည်ဖြင့် ယုံကြည်စွဲလမ်းမှု ရှိတဲ့သူက တွေ့မြင်ရတဲ့ သူယုတ်ကို ညှဉ်းဆဲနှိပ်စက် တတ်တယ်၊ ပျားအုံတို့ ဖွတ်တို့ကို ညှဉ်းဆဲတတ်တယ်။
ဒီပုံ ဒီနည်းဖြင့် မိမိ၏ ယုံကြည်စွဲလမ်းချက် အားလျှော်စွာ အမှုတစုံတရာကို ပြုလုပ်တတ်တယ်၊ အဲဒီလို ပြုတာဟာ အမင်္ဂလာဖြစ်တယ်လို့ ယူဆစွဲလမ်းတဲ့ ဥပါဒါန်ကြောင့်ဘဲ။ အဲဒါကို စိတ္တသမ္ဘူတဇာတ် စသည်ဖြင့် သိနိုင်ပါတယ်။
စိတ္တသမ္ဘူတဇာတ် အကျဉ်း
အခါတပါးက ဘုရားအလောင်းတော်ဟာ ဥဇ္ဇေနီမြို့တံခါးဝ စဏ္ဍာလရွာမှာ စဏ္ဍာလမျိုး၌ ဖြစ်ခဲ့ပါတယ်၊ စိတ္တအမည်ရှိပါတယ်။ အရှင်အာနန္ဒာအလောင်း ကလဲ ညီဝမ်းကွဲဖြစ်ပါတယ်၊ သမ္ဘူတ အမည်ရှိပါတယ်။ အရွယ်ရောက်တဲ့အခါမှာ ဝါးလုံးဖြင့် ကပြတဲ့အတတ်ကိုသင်ပြီး ကပြနေကြတယ်။ တနေ့သောအခါမှာ တဦးက ဥဇ္ဇေနီမြို့ရဲ့ မြောက်ဖက်တံခါးပေါက်မှာ အတတ်ပြနေတယ်၊ တစ်ဦးက အရှေ့ဖက် တံခါးပေါက်မှာ ပြနေတယ်။
အဲဒီမြို့မှာ သေဋ္ဌေးသမီးတယောက်နဲ့ ပုရောဟိတ်ပုဏ္ဏား သမီးတယောက်ဟာ ဒိဋ္ဌမင်္ဂလာ အယူရှိတယ်၊ ဒိဋ္ဌမင်္ဂလာအယူဆိုတာ ကောင်းမြတ်တာကို မြင်ရလျှင် ကောင်းကျိုးရတယ်၊ လာဘ်ကောင်းတယ်၊ အယုတ်အညံ့ကို မြင်ရလျှင် မကောင်းကျိုး ရတယ်၊ လာဘ်တိတ်တယ်လို့ ယူဆတာပါဘဲ။ အဲဒီ အမျိုးသမီး ၂-ယောက်ဟာ အဲဒီနေ့မှာ အခြွေအရံတွေနဲ့ ပျော်ပွဲစား ထွက်ကြတယ်၊ တယောက်က မြောက်တံခါးမှ ထွက်တယ်၊ တယောက်က အရှေ့တံခါးမှ ထွက်တယ်။
စိတ္တနှင့် သမ္ဘူတတို့ စဏ္ဍာလအတတ် ပြနေတာကို တွေ့ရတဲ့အခါ အမင်္ဂလာကို မြင်ရတယ်၊ အတိတ်နိမိတ် မကောင်းဘူး ဆိုပြီးတော့ နံ့သာရေနဲ့ မျက်နှာသစ်ပြီး ပြန်သွား ကြတယ်၊ သူတို့ရဲ့ အခြွေအရံတွေက ပျော်ပွဲပျက်တယ်ဆိုပြီး စိတ္တနဲ့ သမ္ဘူတတို့ကို ဝိုင်းရိုက်ကြတယ်။
စိတ္တနဲ့ သမ္ဘူတတို့ဟာ အချင်းချင်း ဆုံမိတဲ့အခါ ဒီလို အနှိပ်စက်ခံရတာဟာ အမျိုးဇာတ်ကြောင့် ဖြစ်ရတာဘဲ၊ ဇာတ်မြှုပ်ပြီး ဗြာဟ္မဏမျိုးအနေနဲ့ တက္ကသိုလ် သွားပြီး ပညာသင်ကြစို့လို့ တိုင်ပင်ပြီး တက္ကသိုလ်မှာ ပညာသင်နေကြတယ်။
ဘုရားအလောင်း စိတ္တဟာ ပညာပြည့်စုံတဲ့အတွက် ကျောင်းသားခေါင်းဆောင် ဖြစ်နေတယ်။ အဲဒီအခါ ဆရာကြီးက စိတ္တကို ခေါင်းဆောင်အဖြစ်နဲ့ တာဝန်လွှဲပြီး စေလွှတ်လိုက်လို့ တနေရာမှာ ပုဏ္ဏားတို့၏ မင်္ဂလာပရိတ်ရွတ်ဖို့ သွားရောက် ကြရတယ်။
သမ္ဘူတက နို့ဆွမ်းပူပူကြီးကို အေးတယ်ထင်ပြီး ရုတ်တရက်သောက်မိလို့ ပါးစပ်ကို အပူလောင်တာနဲ့ သတိမပြုနိုင်ဘဲ ဒွန်းစဏ္ဍားဘာသာဖြင့် “ခဠု ခဠု” လို့ ဆိုမိသတဲ့၊ စိတ္တ-ကလဲ သတိမပြုမိဘဲ ဒွန်းစဏ္ဍား ဘာသာဖြင့်ပင် “နိဂ္ဂလ=ထွေးလိုက် ထွေးလိုက်”လို့ ပြန်ပြောမိသတဲ့။
အဲဒီတော့ ဇာတ်မြင့် ဗြာဟ္မဏကျောင်းသားတွေက သမ္ဘူတနဲ့စိတ္တတို့ ပြောတဲ့ စကားဟာ မည်သည့် ဘာသာစကားလဲလို့ စိစစ်ကြတယ်၊ စိစစ်တဲ့အခါ ဒွန်းစဏ္ဍား ဘာသာမှန်း သိကြတော့ ဒီအကောင် ၂-ယောက်ဟာ ဒွန်းစဏ္ဍား အမျိုးယုတ်တွေဘဲ၊ ဗြဟ္မဏအမျိုးအနေနဲ့ ငါတို့ကို လိမ်တယ်ဆိုပြီး ဝိုင်းရိုက်ကြတယ်၊ ကျောင်းမှလဲ နှင်ထုတ်ခံကြရတယ်။
အဲဒီကနောက် ဆရာကြီး၏ ညွှန်ကြားချက်အရ ရသေ့ပြုလုပ်ကြတယ်။ အဲဒီဘဝက သေတဲ့အခါ နေရဉ္ဇရာမြစ်အနီးမှာ သမင်ညီနောင် ဖြစ်ကြတယ်၊ မုဆိုး၏ လှံချက်ကြောင့် အဲဒီဘဝက သေရပြန်တဲ့အခါ နမ္မဒါမြစ်ကမ်းမှာ ဝန်လိုငှက် ညီနောင် ဖြစ်ကြရပြန်တယ်။ အဲဒီဘဝကလဲ မုဆိုးကဖမ်းပြီးသတ်လို့ သေရပြန်တဲ့အခါ စိတ္တက ကောသမ္ဗီပြည်မှာ ပုရောဟိတ် ပုဏ္ဏားသားဖြစ်တယ်၊
ဘဝဟောင်း ၃-ခုလုံးကို အမှတ်ရပြီး သိနေတယ်၊ အရွယ်ရောက်တဲ့အခါ ရသေ့ ရဟန်းပြုပြီး ဈာန်အဘိညဉ်တွေဖြင့် ပျော်မွေ့နေတယ်။ သမ္ဘူတကတော့ ဥတ္တရပဉ္စာလပြည်မှာ မင်းသားဖြစ်တယ်၊ ဒွန်းစဏ္ဍားဖြစ်ခဲ့တဲ့ ဘဝကိုသာ အမှတ်ရပြီး သိနိုင်တယ်။ အရွယ်ရောက်တဲ့ အခါ မင်းဖြစ်ပြီး ကာမဂုဏ်အာရုံတွေဖြင့် ပျော်မွေ့နေတယ်။
စိတ္တရသေ့က အဘိညာဉ်ဖြင့် ကြည့်လိုက်တဲ့အခါ ရှေးဘဝက သူ့ညီဖြစ်တဲ့ သမ္ဘူတဟာ မင်းဖြစ်ပြီး မင်းစည်းစိမ်ဖြင့် ပျော်မွေ့နေတာကို တွေ့ရတယ်၊ ငယ်ရွယ်နုပျိုစဉ်မှာ တရားကို လိုက်နိုင်မည့် အခြေအနေ မရှိသေးတာနဲ့ အနှစ် ၅၀-တိုင်အောင် စောင့်ဆိုင်းနေတယ်၊ အနှစ် ၅၀-ကျော်တဲ့ အခါကျတော့ စိတ္တရသေ့ကြီးက အဘိညဉ်တန်ခိုးဖြင့် ပဉ္စာလမင်း၏ ဥယျာဉ်ကို ကြွလာတယ်၊
သူငယ်တယောက်ထံမှ ရသေ့ကြီး၏ ဂုဏ်သတင်းကို ကြားရလို့ သမ္ဘူတမင်းကြီးက ရသေ့ကြီးထံ လာရောက်တယ်၊ မြင်လျှင်မြင်ခြင်း ငါ့အစ်ကို စိတ္တဘဲလို့ ယုံကြည် ယူဆပြီး မြတ်သောနေရာကို ခင်းပေတယ်၊ ရင်းရင်းနှီးနှီး အာလာပ သလ္လာပ စကားများကို ပြောတယ်၊ အတူတကွ မင်းစည်းစိမ်ကို ခံစားဘို့ရာလဲ ဖိတ်မန္တက ပြုတယ်။
ဒီတော့ ဘုရားအလောင်း ရသေ့ကြီးက ကောင်းမှုမကောင်းမှု နှစ်ပါးလုံး၏ အကျိုးအဖြစ်ကို သိမြင်သောကြောင့် မိမိကိုယ်ကို စောင့်စည်းသွားတော့မယ်၊ သား မယား ဥစ္စာစသော လောကီစည်းစိမ်ကို မလိုလား မတောင့်တတော့ဘူး စသည်ဖြင့် ပြောပြပြီးတော့ သံဝေဂရစေရန် ဒီလိုလဲ ပြောကြားလိုက်ပါတယ်--
စဏ္ဍာလာဟုမှ အဝန္တီသု၊
မိဂါ နေရဉ္ဇရံ ပတိ။
ဥက္ကုသာ နမ္မဒါတီရေ၊
တျဇ္ဇဗြဟ္မဏခတ္တိယာ။
မဟာရာဇ၊ မြတ်သောမင်းကြီး။
မယံ၊ သင်နှင့်ငါ နှစ်ဦးတို့သည်။
အဝန္တီသု၊ အဝန္တိတိုင်းပြည်၌။
(ပါဠိနည်းအားဖြင့် ဗဟုဝုစ်နှင့်ဆိုသော်လည်း တပြည်တည်းဖြစ်သောကြောင့်၎င်း, မြန်မာဘာသာတွင် ဤသို့သောအရာ၌ ဧကဝုစ်ဖြင့်သာ ဆိုလေ့ ရှိသောကြောင့်၎င်း ဧကဝုစ်အနက်ပြန်သည်။)
စဏ္ဍလာ၊ လူ့အောက်တန်းစား ဒွန်းစဏ္ဍားမျိုးတို့သည်။
အဟုမှ၊ ဖြစ်ဘူးခဲ့ကြပြီ။
နေရဉ္ဇရံပတိ၊ နေရဉ္ဇရာမြစ်အနီး၌။
မိဂါ၊ သမင်ညီနောင်တို့သည်။
အဟုမှ၊ ဖြစ်ဘူးခဲ့ကြပြီ။
နမ္မဒါတီရေ၊ နမ္မဒါမြစ်ကမ်း၌။
ဥက္ကုသာ၊ ဝန်လိုငှက်ညီနောင်တို့သည်။
အဟုမှ၊ ဖြစ်ဘူးခဲ့ကြပြီ။
တေ၊ ဒွန်းစဏ္ဍားညီနောင်, သမင်ညီနောင်, ဝန်လိုငှက်ညီနောင် ဖြစ်ခဲ့ဘူးသော ထိုငါတို့ ၂-ဦးသည်။
အဇ္ဇ၊ ယခုအခါ၌။
ဗြာဟ္မဏခတ္တိယာ၊ အထက်တန်းလွှာဖြစ်သော ပုဏ္ဏားမျိုး မင်းမျိုးတို့ ဖြစ်လာ ကြကုန်သည် မင်းကြီး ...
လို့ သတိ သံဝေဂရစေရန် ရှေးဟောင်းနှောင်းဖြစ်တွေကို ဖော်ပြောပါတယ်။
ဒီလိုပြောတဲ့ စကားထဲမှာ နက်နဲတဲ့ ရည်ရွယ်ချက်တွေ ပါဝင်ပါတယ်၊ အကုသိုလ် ကြောင့် ဒွန်းစဏ္ဍားဘဝ သမင်ဘဝ ငှက်ဘဝတွေရောက်ပြီး အောက်တန်းကျခဲ့ရတယ်၊ မျက်နှာငယ်ခဲ့ရတယ်၊ ရသေ့ ရဟန်းပြုခြင်းစသော ကုသိုလ်ကြောင့် ငါလဲ အထက်တန်းကျတဲ့ ပုဏ္ဏားမျိုးမှာ ဖြစ်ရတယ်၊ သင်လဲ မင်းမျိုးမှာ ဖြစ်ရတယ်။ ဒါကြောင့် မိမိ၏ဘဝကို မြင့်သည်ထက်မြင့်အောင် ရသေ့ရဟန်းပြုပြီး ကုသိုလ်တရားကို ပွါးများချိန် တန်နေပြီလို့ ဆိုလိုပါတယ်။
ဒါပေမဲ့ မင်းစည်းစိမ်တွေကို စွန့်ပြီး ရဟန်းပြုဘို့ ဆိုတာ လွယ်တဲ့အလုပ် မဟုတ်ပေဘူး။ ဒါကြောင့် သမ္ဘူတမင်းက ရသေ့ရဟန်း မပြုနိုင်ကြောင်း ပြောပါတယ်။
အဲဒီအခါ သင့်လျော်တဲ့ဩဝါဒတွေကိုပေးပြီး ဘုရားအလောင်းတော်က မင်းကြီး ... သင်နေရစ်ပေတော့၊ ငါသွားတော့မယ်” ဆိုကာ ကောင်းကင်ခရီးဖြင့် ဟိမဝန္တာသို့ အထင်အရှား ကြွသွားပါတယ်။
ဒီတော့မှ သမ္ဘူတမင်းလဲ သတိသံဝေဂရပြီးတော့ ထီးနန်းကို သားအားလွှဲအပ်ပြီး တောထွက်ပါတယ်။ ဘုရားအလောင်း စိတ္တရသေ့ကြီးကလဲ တပည့်ပရိသတ်တွေနှင့် တကွ ခရီးဦး ကြိုဆိုပြီး ရသေ့သင်္ခမ်းကျောင်းသို့ ခေါ်ဆောင်သွားတယ်၊ ကသိုဏ်းပရိကံကို သင်ပြပေးတယ်။ ဒါကြောင့် အဲဒီ သမ္ဘူတရသေ့လဲ ဈာန် အဘိညာဉ်နဲ့ ပြည့်စုံသွားပါတယ်တဲ့။
ဒီဇာတ်ဝတ္ထုထဲမှာ ပြောလိုရင်းကတော့ ဒွန်းစဏ္ဍား သူယုတ်ကို မြင်ရတာ နိမိတ်မကောင်းဘူး စသည်ဖြင့် စွဲလမ်းတဲ့ ဒိဋ္ဌမင်္ဂလာအစွဲကြောင့် အကုသိုလ် ဖြစ်တာရယ်၊ ဒွန်းစဏ္ဍားသူယုတ်နဲ့ မပေါင်းနိုင်ဘူးဆိုတဲ့ အနေနဲ့ စွဲလမ်းပြီး ရိုက်ကြ ပုတ်ခတ်ကြတာရယ်-ဒါတွေဟာ ဒိဋ္ဌုပါဒါန်ကြောင့်ဖြစ်တဲ့ အကုသိုလ်ကံတွေလို့ ပြောလိုရင်းပါဘဲ။ ကျန်တဲ့ ဝတ္ထုကြောင်းတွေကတော့ သံဝေဂရဘွယ် မှတ်ဖွယ် ကောင်းလို့ ပြလက်စရှိတဲ့ အတိုင်း အဆုံးတိုင်အောင် ပြလိုက်ခြင်း ဖြစ်ပါတယ်။
နောက်ပြီးတော့ ကောကခေါ်တဲ့ မူဆိုး၏ဝတ္ထုဖြင့်လဲ ဒိဋ္ဌမင်္ဂလာ အစွဲအလမ်းကြောင့် အကုသိုလ်ကမ္မဘဝ ဖြစ်တတ်တယ်ဆိုတာကို သိနိုင်ပါတယ်။
ကောကမုဆိုးဝတ္ထု
မြတ်စွာဘုရား လက်ထက်တော်ကာလက ရွာတရွာမှာ ကောကဆိုတဲ့ မူဆိုး တယောက်ရှိတယ်၊ တနေ့သောအခါမှာ အဲဒီကောကဆိုတဲ့ မူဆိုးက လေးမြားကို စွဲကိုင်ပြီး သားလိုက်ခွေးတွေနဲ့ တောလိုက်ဖို့ထွက်လာတယ်၊ လမ်းမှာ ဆွမ်းခံ ကြွလာတဲ့ ရဟန်းတပါးနဲ့ ရင်ဆိုင်တွေ့ရတယ်။
ဒီလိုတွေ့ရတော့ မူဆိုးက ဆင်ခြင်တယ်၊ ယနေ့ဖိုးကတုံး သူယုတ်ကို နံနက်စောစောကြီးမှာ တွေ့ရတယ်၊ ဒါကြောင့် ဒီကနေ့ ဘာကောင်မှ ရမှာမဟုတ်တော့ပါဘူးလို့ ဆင်ခြင်ပြီး သွားတယ်၊ သူနိမိတ်ဖတ်ထားတဲ့ အတိုင်းဘဲ ဘာကောင်မှမရဘဲနဲ့ အချိန်ကုန်တော့ ပြန်လာရတယ်။
အဲဒီလို ပြန်လာတဲ့အခါမှာလဲ နံနက်ကတွေ့ခဲ့ရသော ရဟန်းက ရွာမှကျောင်းသို့ ပြန်လာတာကို ရင်ဆိုင်တွေ့ရပြန်တယ်။ တွေ့ရတော့ ယနေ့ ငါဟာ ဒီသူယုတ် ဖိုးကတုံးကို တွေ့ရတဲ့အတွက် တောမှာ ဘာတကောင်မျှမရခဲ့ဘူး၊ ယခုလဲ သူငါ့ရှေ့ ရောက်လာပြန်ပြီ၊ ဒီအကောင်ကို ခွေးတွေနဲ့ ကိုက်စေမယ် ဆိုပြီး ခွေးတွေနဲ့ တိုက်ပေးတယ်။
ဒီတော့ ရဟန်းက “ဥပါသကာ .... ဒီလိုမလုပ်ပါနဲ့” လို့ အသာတကြည် တောင်းပန်ပါတယ်။ ဒါပေမဲ့ မရဘူး၊ သူက သူ့ခွေးတွေကို လွှတ်ပြီးတိုက်တာဘဲ။ ဒီတော့ ရဟန်းက အလျင်အမြန်ပြေးပြီး သစ်ပင်တပင်ပေါ် တက်နေရတယ်၊ သစ်ပင်ကလဲ သိပ်မမြင့်လှဘူး၊ လူ့တရပ်ကျော်ကျော် သစ်ကိုင်းပေါ်မှာ ထိုင်နေရတယ်။ ခွေးတွေက အောက်က ဝိုင်းနေတယ်၊ မူဆိုးက ရဟန်းရဲ့ ခြေထောက်ကို မြားချွန်နဲ့ထိုးတယ်၊ ရဟန်းက “ဒီလိုမလုပ်ပါနဲ့” လို့ အတန်တန် တောင်းပန်တယ်၊ မူဆိုးက နောက်မဆုတ်ဘူး၊ ထိုးမြဲထိုးနေတာဘဲ။
ရဟန်းတော်မှာ အလွန်နာကျင်ပြီး ဗယ်ဘက်ခြေမြှောက်ထားလိုက်၊ ညာဘက်ခြေ မြှောက်ထားလိုက်နဲ့ အလူးအလဲ ခံနေရရှာတယ်၊ ကြာတော့ မထိန်းသိမ်း နိုင်တာနဲ့ ကိုယ်မှာ ရုံထားတဲ့ သင်္ကန်းက လျှောကျသွားတယ်၊ အဲဒီ သင်္ကန်းက မူဆိုးအပေါ် အုပ်လျက်ခြုံလျက် ဖြစ်နေပါတယ်၊ ဒါကြောင့် ခွေးတွေက ရဟန်းကျလာတယ် ထင်ပြီး မူဆိုးကို ဝိုင်းကိုက်ပြီး စားကြတယ်၊ အရိုးမျှသာ ကျန်တော့တယ်လို့ ဆိုပါတယ်။
အဲဒီအခါ ရဟန်းက သစ်ကိုင်းခြောက်တခုကို ချိုးပြီး ခွေးတွေကို ချောက်လိုက်တယ်၊ ဒီတော့မှ ခွေးတွေက သူတို့သခင်ကို သူတို့ ကိုက်စားမိပြီ ဆိုတာသိတာနဲ့ ပြေးကုန်ကြသတဲ့။ အဲဒီအကြောင်းကို ရဟန်းက မြတ်စွာဘုရားကို လျှောက်ထားတဲ့ အခါ မြတ်စွာဘုရားက ဒီလို ဟောကြားတော်မူပါတယ်--
ယော အပ္ပဒုဋ္ဌဿ နရဿ ဒုဿတိ၊
သုဒ္ဓဿ ပေါသဿ အနင်္ဂဏဿ။
တမေဝ ဗာလံ ပစ္စေတိ ပါပံ၊
သုခုမော ရဇော ပဋိဝါတံဝ ခိတ္တော။
ယော ဗာလော၊ အကြင်လူမိုက်သည်။
အပ္ပဒုဋ္ဌဿ နရဿ၊ သူတပါးအား မပြစ်မှားတတ်သော သူကို။
ဒုဿတိ၊ ပြစ်မှား၏။
သုဒ္ဓဿ အနင်္ဂဏဿ၊ စိတ်အညစ်အကြေးကင်း၍ သန့်ရှင်းစင်ကြယ်သော။
ပေါသဿ၊ ပုဂ္ဂိုလ်ကို။
ဒုဿတိ၊ ပြစ်မှား၏။
ပါပံ၊ ထိုသူပြုသော မကောင်းမှုသည်။
တမေဝ ဗာလံ၊ ထိုလူမိုက်သို့သာလျှင်။
ပစ္စေတိ၊ ပြန်လာ၏။
ကိမိဝ၊ အဘယ်ကဲ့သို့နည်းဟူမူ။
သုခုမော ရဇော၊ သိမ်မွေ့သော မြူမုန်သည်။
ပဋိဝါတံ ခေတ္တော၊ လေညာဘက်သို့ ပစ်လွှင့်အပ်သည်ရှိသော်။
တမေဝ၊ ထိုပစ်လွှင့်သူထံသို့သာလျှင်။
ပစ္စေတိ ဣဝ၊ ပြန်လာသကဲ့သို့ပင်တည်း-
လို့ ဟောတော်မူပါတယ်။
ဒီ ကောကမူဆိုးဝတ္ထုထဲမှာ ပြောလိုရင်းကတော့ သူယုတ်ကိုမြင်ရလို့ နိမိတ် မကောင်းဘူး လာဘ်တိတ်တယ်လို့ ထင်မှတ်စွဲလမ်းပြီး ရဟန်းကို ပြစ်မှားတာဟာ ပြောလိုရင်းပါဘဲ၊ အဲဒီမှာ ရဟန်းကိုမြင်ရလို့ လာဘ်တိတ်တယ် ထင်မှတ်တာဟာ ဒိဋ္ဌမင်္ဂလာ အယူအစွဲဘဲ၊ အဲဒီအယူအစွဲကြောင့် ရဟန်းကို ခွေးတွေနဲ့တိုက်တယ်၊ မြားနဲ့လဲ ထိုးတယ်၊ ဒါတွေဟာ ဒိဋ္ဌုပါဒါန်ကြောင့်ဖြစ်တဲ့ အကုသိုလ်ကမ္မဘဝတွေဘဲ။
အဲဒီ အကုသိုလ်ကမ္မဘဝကြောင့် အပါယ်ငရဲမှာ ဖြစ်ရမယ်၊ အဲဒါက ဇာတိဘဲ၊ ဇာတိကြောင့် အဲဒီဖြစ်ရာဘဝမှာ အိုခြင်း သေခြင်း စိုးရိမ်ပူဆွေးခြင်း ငိုကြွေးရခြင်း ငရဲမီးလောင်မှု စသည်ကြောင့် ကိုယ်ဆင်းရဲရခြင်း စိတ်ဆင်းရဲရခြင်း စိတ်နှလုံး ပြင်းစွာ ပူပန်ရခြင်းဆိုတဲ့ ဆင်းရဲတွေ အတိုင်းမသိ ဖြစ်သွားမယ်၊ ကြောက်စရာပါဘဲ။
ဒိဋ္ဌမင်္ဂလာ အစွဲစသည်ကြောင့် ကုသိုလ်ကံလဲ ဖြစ်နိုင်ပါတယ်
ယခု ပြောခဲ့တာတွေကတော့ အကုသိုလ်ကံ ဖြစ်ပုံတွေဘဲ၊ ကုသိုလ်ကံ ဖြစ်နိုင်တာ တွေလဲ ရှိပါတယ်။ ဘယ်လိုလဲဆိုယင်-တချို့မှာ ဂြိုဟ်စီးဂြိုဟ်နင်းရှိတယ်၊ ဇာတာညံ့နေတယ်၊ အဲဒါ ပပျောက်သွားအောင် ယတြာချေရမယ်လို့ ဗေဒင်ဆရာတွေ က ဟောတာနဲ့ မြတ်စွာဘုရားအား ဆီးမီး ရေချမ်း ပန်းနံ့သာ စသည်ဖြင့် ပူဇော်ကြတယ်၊ ရဟန်း သံဃာတော်တို့အား လှူဒါန်းကြတယ်၊ ပရိတ်တော် တရားတော်တို့ကို နာကြားကြတယ်၊ သီလ စောင့်ကြတယ်၊ တရား အားထုတ် ကြတယ်။ တချို့ကလဲ အိပ်မက်ကောင်းဘူးလို့ ယူဆပြီး ပရိတ်ရွတ်ခြင်းစသည်ကို ပြုလုပ်ကြတယ်။
ဒီလိုဟာတွေကတော့ ဒိဋ္ဌမင်္ဂလာ အစွဲအလမ်းကြောင့် ကုသိုလ် ကမ္မဘဝတွေ ဖြစ်တာပါဘဲ၊ အဲဒီ ကုသိုလ်ကံကြောင့် သုဂတိဘဝမှာ ဖြစ်နိုင်ပါတယ်၊ အဲဒါက ဇာတိဘဲ၊ ဇာတိရှိတော့ ဇရာမရဏ စသည်တွေလဲ ဖြစ်တော့မှာဘဲ။
ဒီယတြာချေရာမှာ အကုသိုလ်ဖြစ်တာလဲရှိတယ်၊ သတ္တဝါတွေကို သတ်ဖြတ်ပြီး ယတြာချေယင် အကုသိုလ်ဖြစ်တယ်၊ ဒီလိုဟာ ရှိပါ့မလားလို့ဆိုယင် ရှိပါတယ်၊ ဇာတ်နိပါတ်တော်တွေထဲမှာ သဗ္ဗစတုက္ကယဇ်, သဗ္ဗအဋ္ဌကယဇ် စသည်တွေကိုစီမံပြီး ယတြာချေကြတဲ့ မင်းတွေအကြောင်း ထင်ရှားရှိပါတယ်။
သဗ္ဗစတုက္ကယဇ် ဆိုတာ ဆိတ် ၄-ကောင် နွား ၄-ကောင် မြင်း ၄-ကောင် လူ ၄-ယောက် စသည်ဖြင့် သတ္တဝါမျိုးစုံ ၄-ကောင်စီ သတ်ပြီး ယဇ်နတ် ပူဇော်ကြတာပါဘဲ။ သဗ္ဗအဋ္ဌကယဇ် ဆိုတာကလဲနည်းတူပါဘဲ၊ ရှစ်ကောင်စီသတ်ပြီး ပူဇော်တဲ့ယဇ်ပါဘဲ။ အဲဒါ မြတ်စွာဘုရား လက်ထက်က ပသေနဒီကောသလမင်းကြီး ယဇ်ပူဇော်ရန် စီမံပုံဖြင့် ထင်ရှားပါတယ်။
ကောသလမင်း၏ ယဇ်အစီအရင်
ကောသလမင်းကြီးဟာ သာဝတ္ထိမြို့သား တယောက်၏ မယားကိုအလိုရှိတာနဲ့ အဲဒီမြို့သားကို သူ့ထံမှာ ခစားစေတယ်၊ အပြစ်တွေ့ယင် သေဒဏ်ပေးပြီး သူ့မယားကို သိမ်းပိုက်ဖို့ ကြံစည်တာပါဘဲ။ ဒါပေမဲ့ အဲဒီ အမျိုးသားက အထူး သတိပြုပြီး ဆောင်ရွက်နေတာနဲ့ အပြစ်ရှာလို့ မရဘူး။
ဒါကြောင့် တနေ့သော အခါမှာ တယူဇနာလောက် ဝေးတဲ့အရပ်မှာရှိတဲ့ ကြာပန်းနဲ့ အရုဏ်အဆင်းရှိတဲ့ အရုဏဝတီမြေညက် (ရွံ့)ကို နေ့ချင်းပြန် အယူခိုင်းတယ်၊ ညနေမရောက်လာယင် အပြစ်ပေးမယ်လို့လဲ ပြောတယ်။
အဲဒီအမျိုးသားကလဲ တမင်အပြစ်ရှာတဲ့ အကြောင်းကို သိတာနဲ့ နေ့ချင်း ပြန်ရောက် နိုင်အောင် အမြန်ပြေးသွားတယ်၊ ကံအားလျော်စွာ နေမဝင်မီဘဲ မြို့တံခါးဝကို ပြန်ရောက်လာတယ်။ ဒါပေမဲ့ မင်းက တံခါးကို စောစောပိတ်ဖို့ အမိန့်ပေးထား တဲ့အတွက် တံခါးက ပိတ်ပြီးဖြစ်နေလို့ မြို့တွင်း မဝင်ရရှာတော့ဘူး၊ ဒါကြောင့် စိတ်သက်သာရာရအောင် ဇေတဝန်ကျောင်း သွားပြီး အိပ်နေတယ်။
ကောသလမင်းကြီးဟာ အဲဒီ ညဉ့်မှာ ကာမဝိတက်, ဗျာပါဒဝိတက်တွေ အားကြီး နေတဲ့အတွက် အိပ်လို့ မပျောက်နိုင်ဘဲ ရှိနေတယ်၊ အဲဒီလို အိပ်မပျော်ဘဲ ရှိနေရာမှ ဒု-သ-န-သော ဆိုတဲ့ အသံကြီး ၄-ခုကို ကြားရတယ်။
အဲဒီ အသံကြီးတွေက တခြား မဟုတ်ပါဘူး၊ ကာမေသုမိစ္ဆာစာရကံ အားကြီးတဲ့ သေဋ္ဌေးသား ၄-ယောက် လောဟကုမ္ဘီငရဲအိုးထဲ ကျရောက်နေရာမှာ ငရဲအိုး နှုတ်ခမ်းဝ ပေါ်လာခိုက် အချင်းချင်း ပြောဆိုတဲ့ တဂါထာ တဂါထာမှအစ တလုံးတလုံး ဖြစ်ပါတယ်။ အဲဒီ တလုံးတလုံးမျှကိုသာ ရွတ်ဆိုနိုင်ပြီး ငရဲအိုးထဲပြန်ပြီး မြုပ်သွားကြတယ်။
အဲဒီငရဲက ရွတ်ဆိုတဲ့အသံဟာလဲ ပကတိ အတိုင်းသာဆိုယင်တော့ လူ့လောကမှ မကြားနိုင်ပါဘူး၊ အကျိုးကျေးဇူး ဖြစ်ဖွယ်ရှိတဲ့အတွက် မြတ်စွာဘုရား၏ အဓိဋ္ဌာန် တန်ခိုးတော်ကြောင့် ကြားခြင်း ဖြစ်တယ်လို့ ယူရပါတယ်။ အဲဒီလို အလွန် စူးရှပြင်းထန်တဲ့ အသံကြီး ၄-ခုကို ကြားရတဲ့အတွက် မင်းကြီးမှာ ဘယ်လိုဘေးရန် ဖြစ်မှာပါလိမ့်မလဲလို့တွေးပြီး အလွန် ကြောက်နေတယ်၊ ဒါကြောင့် နံနက်စောစောမှာ ပုရောဟိတ်ကိုခေါ်ပြီး အဲဒီအကြောင်းကို ပြောတယ်။
ပုရောဟိတ်က ဝန်လေးတဲ့ နိမိတ်ဖြစ်တဲ့အကြောင်း အသက်အန္တရာယ်ဖြစ်နိုင်တဲ့ အကြောင်းကိုပြောတော့ မင်းကြီးက သာပြီး ကြောက်တဲ့အတွက် ကုစားနိုင်တဲ့ နည်းများ ရှိပါသေးသလားလို့ မေးတယ်။ ဒီတော့ ပုရောဟိတ်က “ဆင် အကောင်တရာ မြင်းအကောင်တရာ စသည်ဖြင့် အလုံးစုံ အကောင်တရာစီသတ်ပြီး သဗ္ဗသတကယဇ်ကို ပူဇော်ရမယ်” လို့ ညွှန်ကြားတယ်၊ အဲဒါဟာ ယတြာချေဘို့ ညွှန်ကြားတာပါဘဲ။
မင်းကြီးကလဲ အကြောက်လွန်နေတာနဲ့ ဘာမျှ မစဉ်းစားနိုင်တော့ဘူး၊ ပုရောဟိတ် ဆရာ ပြောခဲ့အတိုင်း ဆင်, မြင်း စသည်တွေကို ယဇ်ပူဇော်ဘို့ အကောင်တရာစီ ယဇ်တိုင်မှာ ချည်ထားတယ်။ ဒီနေရာမှာ လူ့ရဲ့စိတ်ဓာတ်ဟာ ဘယ်လောက် ရက်စက်သလဲဆိုတာ စဉ်းစားကြည့်ရမယ်၊ ကိုယ်တဦးရဲ့ အသက်ဘေးကို ကာကွယ်ဘို့ သတ္တဝါတွေ ရာထောင်များစွာကို သတ်ပြီး ယဇ်ပူဇော်မယ် ကြံတာဟာ အလွန့်အလွန်ဘဲ ရက်စက်လှပါပေတယ်။
အဲဒီလို ယဇ်တိုင်မှာ ချည်ထားတဲ့ သတ္တဝါတွေထဲမှာ တိရစ္ဆာန်တွေကတော့ သိရှာကြမယ် မဟုတ်ဘူး၊ လူတွေကတော့ သိနေတယ်၊ ဒါကြောင့် စပ်ဆိုင်ရာ ဆွေမျိုးသားချင်းတွေမှာ မျက်ရည်စက်လက်နဲ့ ငိုယိုပြည်တမ်း နေရှာကြသတဲ့။ အဲဒီအခါမှာ မိလ္လိကာ ဆိုတဲ့ မိဖုရားက ဒီအသံဆိုးတွေ ကြားရတာနဲ့စပ်ပြီး အကျိုးအပြစ်ကို မြတ်စွာဘုရားအား မေးလျှောက်ပါဦးလို့ သတိပေးတာနဲ့ မင်းကြီးက မြတ်စွာဘုရားထံ ချဉ်းကပ်ပြီး မေးလျှောက်ပါတယ်။
မြတ်စွာဘုရားက အဲဒီ ကြားရတဲ့ အသံတွေဟာ မင်းကြီးနဲ့ ဘာမျှ မသက်ဆိုင်ဘူး၊ ကဿပဘုရား လက်ထက်က သေဋ္ဌေးသား ၄-ယောက်ဟာ ငွေဖြင့်ဖြားယောင်းပြီး သူတပါးတို့၏ သားမယားတွေကို ကျူးလွန်ခဲ့ကြတဲ့ ကာမေသုမိစ္ဆာစာရကံကြောင့် အဝီစိငရဲကြီးထဲမှာ ကျရောက်ပြီး ဘုရားနှစ်ဆူတို့၏အကြား ကာလပတ်လုံး ငရဲမီးဖြင့် အလောင်ခံနေခဲ့ကြရတယ်၊
အဲဒီငရဲကြီးမှ လွတ်လာပြန်တော့လဲ ကံကမကုန်သေးလို့ လောဟကုမ္ဘီခေါ်တဲ့ သံရည်ပွက်အိုးငရဲမှာ ကျရောက်နေကြရပြန်တယ်၊ ညက အဲဒီ ငရဲအိုးကြီးရဲ့ နှုတ်ခမ်းဝမှာ လေးယောက်လုံး ပေါ်လာခိုက် ဆုံမိကြလို့ အချင်းချင်း တဂါထာစီ ရွတ်ဆိုပြီး ပြောဘို့ အားထုတ်ကြရာမှာ တလုံးစီမျှရွတ်ဆိုပြီး တဖန်နစ်မြုပ် သွားကြရတယ် စသည်ဖြင့် အကြောင်းမှန်ကို မိန့်ကြားတော်မူပါတယ်။
ဒု-သ-န-သော၏ အဓိပ္ပါယ်
အဲဒီ အသံကြီး ၄-ခုထဲက -
ဒု-ဆိုတဲ့ အသံက “ဒုဇ္ဇီဝိတမဇီဝိမှ” စသည်ဖြင့် ဆိုလိုပါသတဲ့။ မြန်မာလို အကျဉ်းချုပ် အားဖြင့်တော့ ငါတို့ဟာ သေဋ္ဌေးသား ဘဝတုန်းက မကောင်းသဖြင့် အသက်မွေးခဲ့ကြတယ်၊ ပစ္စည်းဥစ္စာတွေ ပေါများပါလျက်နဲ့ မပေးမလှူခဲ့ကြဘူး၊ ဘဝ၏ ထောက်တည်ရာ ကောင်းမှုကို မပြုမိခဲ့ကြဘူးလို့ ဆိုလိုပါတယ်။
သ-ဆိုတဲ့ အသံကတော့ “သဋ္ဌိဝဿသဟဿာနိ” စသည်ဖြင့် ဆိုလိုပါသတဲ့၊ မြန်မာလိုကတော့ ငါတို့ လောဟကုမ္ဘီ ငရဲအိုးထဲ ကျနေတာဟာ အိုးနှုတ်ခမ်းမှ အောက်စအထိ နစ်မြုပ်သွားနေတာက အနှစ် သုံးသောင်း + တဖန် ပြန်တက်လာ တာက အနှစ် သုံးသောင်း ၂-ရပ်ပေါင်း အနှစ် ခြောက်သောင်း ကြာပြီ၊ ဘယ်တော့မှ ဒီငရဲအိုးမှ လွတ်ရပါမည်လဲလို့ ဆိုလိုပါတယ်။
န-ဆိုတဲ့ အသံကတော့ “နတ္ထိ အန္တော ကုတော အန္တော” စသည်ဖြင့် ဆိုလိုပါသတဲ့။ မြန်မာလိုကတော့ ငါတို့မှာ ဒီငရဲမှလွတ်ဖို့ရာ အဆုံးအပိုင်းအခြား မရှိတော့ဘူး၊ အကြောင်းကတော့ ငါနှင့် သင်တို့ဟာ ဟိုဘဝတုန်းက မကောင်းမှုတွေကို များစွာ ပြုခဲ့ကြလို့ပါဘဲ မောင်တို့လို ဆိုလိုပါတယ်။
သော-ဆိုတဲ့ အသံကတော့ “သောဟံ နူန ဣတော ဂန္တွာ” စသည်ဖြင့် ဆိုလိုပါသတဲ့။ မြန်မာလိုကတော့ ငါတော့ ဒီငရဲမှလွတ်ပြီး လူဖြစ်လို့ရှိလျှင် သီလကို ကောင်းကောင်း စောင့်ပြီး ပေးလှူမယ်၊ ကုသိုလ်ကို အများကြီးပြုမယ်လို့ ဆိုလိုပါသတဲ့။
အဲဒါတွေဟာ “ခလုပ်ထိမှ အမိတ”ဆိုတာလိုဘဲ ဘေးဒုက္ခရောက်နေမှ သတိရတဲ့ သဘောပါဘဲ၊ အဲဒီလို ဘေးဒုက္ခ ရောက်နေမှတော့ ဘယ့်နှယ်မှ မပြုပြင်နိုင်တော့ဘူး၊ အဲဒါလဲ အထူး သတိပြုစရာပါဘဲ။
အသံကြီး ၄-ခုနဲ့စပ်ပြီး မြတ်စွာဘုရား မိန့်တော်မူတာကို ကြားရတဲ့အခါ ပသေနဒီ ကောသလမင်းကြီးဟာ ကာမေသုမိစ္ဆာစာရ အကုသိုလ်ကံကို အလွန်ကြောက်ရွံ့ သွားတယ်၊ ဒါကြောင့် ဒီကနေ့ကစပြီး သူတပါးမယားတို့၌ စိတ်ဖြင့်ပင် မပြစ်မှားတော့ ဘူးလို့ ဆောက်တည်ပြီးတော့ ညက အိပ်မပျော်ဘဲရှိနေလို့ ညတာရှည်တာကို သိရတဲ့အကြောင်း မြတ်စွာဘုရားအား လျှောက်ထားပါတယ်။
အဲဒီအခါ ကြာနဲ့ မြေညက်ကို နေ့ချင်းပြန် သွားယူရတဲ့ သူကလဲ အလျင်နေ့က တယူဇနာခရီး ရှည်ဝေးတာကို သိခဲ့ရတဲ့အကြောင်း လျှောက်ထားပါတယ်။ ဒီတော့ မြတ်စွာဘုရားက အဲဒီ စကားနှစ်ရပ်နဲ့ စပ်ပြီးတော့ တရား ဂါထာတပုဒ်ကို ဒီလို ဟောကြားတော်မူပါတယ်-
ဒီဃာ ဇာဂရတော ရတ္တိ၊
ဒီဃံ သန္တဿ ယောဇနံ။
ဒီဃော ဗာလာန သံသာရော၊
သဒ္ဓမ္မံ အဝိဇာနတံ။
(ဓမ္မပဒ)
ဇာဂရတော၊ အိပ်မပျော်ဘဲ နိုးနေသောသူအား။
ရတ္တိ၊ ညဉ့်သည်။
ဒီဃာ၊ ရှည်လှစွာ၏။
သန္တဿ၊ ခရီးပန်းသောသူအား။
ယောဇနံ၊ တယူဇနာ ခရီးသည်။
ဒီဃံ၊ ရှည်လှဝေးလှစွာ၏။
သဒ္ဓမ္မံ အဝိဇာနတံ၊ သူတော်ကောင်းတရားကို မသိကုန်သော။
ဗာလာနံ၊ လူမိုက်တို့အား။
သံသာရော၊ သံသရာသည်။
ဒီဃော၊ ရှည်လှစွာ၏တဲ့။
ဒီတရားဂါထာကို ကြားနာရတဲ့အတွက် ကြာနဲ့မြေညက်ကို နေ့ချင်းပြန်သွားယူရတဲ့ အမျိုးသားဟာ သောတာပန် ဖြစ်သွားပါတယ်၊ အခြားသူတွေများစွာလဲ သောတာပန် စသည် ဖြစ်သွားကြပါတယ်။ မင်းကြီးလဲ ယဇ်ပူဇော်ဘို့ ချည်နှောင်ထားတဲ့ ယဇ်ကောင်တွေကို အကုန်လုံး လွှတ်စေလိုက်ပါတယ်။
ဒီဝတ္ထုထဲမှာ ပြောလိုရင်းကတော့ အမင်္ဂလာ အသံဆိုးတွေကို ကြားရတဲ့ အတွက် ဘေးရန်အန္တရာယ် ပပျောက်အောင် ယဇ်ပူဇော်ပြီး ယတြာချေဘို့ စီမံတဲ့ အကြောင်း ပါဘဲ။ အဲဒီမှာ မြတ်စွာဘုရားထံမှ အဖြေမှန်ကို မကြားရယင် သုတမင်္ဂလာ အယူအစွဲကြောင့် သတ္တဝါများကိုသတ်တဲ့ အကုသိုလ် ကမ္မဘဝတွေ ဖြစ်တော့မယ်၊ အဲဒါတွေဟာ သုတမင်္ဂလာအယူရှိတဲ့ ဒိဋ္ဌိဥပါဒါန်ကြောင့် ဖြစ်တဲ့ ကမ္မဘဝတွေဘဲ။ ဒါကြောင့် သတ်မှုစသည်ကို ပြုပြီး ယတြာချေယင် ဒိဋ္ဌမင်္ဂလာအယူအစွဲ အစရှိသော ဥပါဒါန်ကြောင့် အကုသိုလ်ကမ္မဘဝ ဖြစ်နိုင်တယ်ဆိုတာကိုလဲ မှတ်ထားကြရမယ်။
ဘာသာအယူအစွဲကြောင့်လဲ ကမ္မဘဝဖြစ်နိုင်တယ်
နောက်ပြီးတော့ ဘာသာ အယူဝါဒ အစွဲအလမ်းတွေကြောင့်လဲ ကမ္မဘဝတွေ ဖြစ်နိုင်တယ်။ ဘယ်လိုလဲဆိုယင်လူတွေဟာ မိမိတို့ ကြိုက်နှစ်သက်တဲ့ ဘာသာ အယူကိုသာ မှန်တယ်၊ ဒိပြင်အယူဘာသာတွေဟူသမျှဟာ မှားတယ်လို့ ဒီလိုချည်းဘဲ အများအားဖြင့် ယူဆစွဲလမ်းကြတယ်။ ဒါကြောင့် မိမိတို့ ကြိုက်နှစ်သက်တဲ့ ဘာသာအယူဝါဒကို ဝါဒဖြန့်ထားတယ်၊ ဟောပြောတယ်၊ သူတပါးအား အတင်းအဓမ္မလဲ တိုက်တွန်းတတ်ကြတယ်။
တချို့က မိမိတို့ အယူဘာသာကို လက်မခံယင် နှိပ်စက်ညှဉ်းဆဲတတ်ကြတယ်၊ သတ်ပစ်တာတွေလဲ ရှိတယ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ခုနစ်ရာကျော်ဆီကဆိုယင် လူတွေကို ဓားမိုးပြီးတော့လဲ မိမိတို့ဘာသာထဲ သွင်းတာတွေ ရှိခဲ့တယ်၊ တချို့ ဘာသာဝင်တွေမှာဆိုယင် ဘာသာရေးကြောင့် စစ်ပွဲတွေလဲ ဖြစ်ခဲ့ကြတယ်။ အဲဒါတွေဟာ ဘာသာအယူအစွဲအလမ်းဆိုတဲ့ ဒိဋ္ဌိဥပါဒါန်ကြောင့် ဖြစ်တဲ့ အကုသိုလ် ကမ္မဘဝတွေပါဘဲ။
ဝါဒစွဲကြောင့်လဲ ကမ္မဘဝဖြစ်နိုင်တယ်
နောက်ပြီးတော့ လောကရေးရာနဲ့စပ်တဲ့ ဝါဒစွဲတွေကြောင့် ကမ္မဘဝဖြစ်တာလဲ ရှိတယ်၊ ဘယ်လိုလဲဆိုယင် မိမိတို့ ကြိုက်နှစ်သက်တဲ့ စီမံခန့်ခွဲရေး ပြုပြင်ရေးဝါဒကို အခြားသူများအား လက်ခံစေချင်တယ်၊ အခြားသူတွေ လက်ခံအောင်ဖြစ်နိုင်တဲ့ နည်းအမျိုးမျိုးဖြင့် အားထုတ်တယ်၊ အမျိုးမျိုးဝါဒဖြန့်တယ်၊ ဆန့်ကျင်ဘက် ပုဂ္ဂိုလ်တွေအပေါ် အယုံအကြည်ကင်းမဲ့အောင် အကြည်ညိုပျက်အောင် ဂုံးတိုက် စကားတွေကို ပြောတယ်၊ ညီညွတ်နေတဲ့သူတွေ ကွဲပြားအောင်လဲ ပြောတယ်။ ဒါတွေဟာလဲ ဥပါဒါန်ကြောင့်ဖြစ်တဲ့ ကမ္မဘဝတွေလို့ ဆိုရမှာဘဲ။
အချုပ်အားဖြင့်ဆိုလျှင် အကျင့်စွဲ, အတ္တစွဲ မဟုတ်တဲ့ အယူဝါဒစွဲဟူသမျှဟာ ဒိဋ္ဌိဥပါဒါန်သဘောချည်းပါဘဲ၊ အဲဒီလို အယူဝါဒစွဲကြောင့် ပြုမှုဟူသမျှဟာလဲ ဒိဋ္ဌိဥပါဒါန်ကြောင့် ဖြစ်တဲ့ ကမ္မဘဝချည်းပါဘဲ။
ဒိဋ္ဌိဥပါဒါန်ကြောင့် ကမ္မဘဝဖြစ်ပုံကတော့ တော်တော်ပြည့်စုံ သွားပါပြီ၊ ယခု သီလဗ္ဗတုပါဒါန်ကြောင့် ကမ္မဘဝ ဖြစ်ပုံကို ပြောရမယ်။
သီလဗ္ဗတုပါဒါန်ကြောင့် ဘဝဖြစ်ပုံ
သစ္စာ ၄-ပါးကို သိမြင်ရေးမဟုတ်တဲ့ အလေ့အကျင့် တစုံတခုကို လေ့ကျင့်ရုံမျှဖြင့် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်တယ်၊ အမြဲတမ်း ချမ်းသာရာ နိဗ္ဗာန်သို့ ရောက်တယ်လို့ ယုံကြည်စွဲလမ်းတာကို သီလဗ္ဗတုပါဒါန် ခေါ်တဲ့အကြောင်း ဝါခေါင်လဆန်း (၈)ရက်နေ့ (သတ္တမပိုင်း) တုန်းက အကျယ်ပြောခဲ့ပါပြီ။
ဘယ်လို ပြောခဲ့သလဲ ဆိုယင်-ဆင်းရဲငြိမ်းကြောင်း နိဗ္ဗာန်ရောက်ကြောင်းမဟုတ်တဲ့ အကျင့်မှားတွေကို ဆင်းရဲငြိမ်းကြောင်း နိဗ္ဗာန်ရောက်ကြောင်း အကျင့်မှန်အနေနဲ့ ယူဆစွဲလမ်းတာကို သီလဗ္ဗတုပါဒါန်ခေါ်တယ်-စသည်ဖြင့် ပြောခဲ့တယ်။
အဲဒီမှာ နွား, ခွေး စသည်တို့ကို အတုလိုက်ပြီး ကျင့်တာရော၊ နွား, ခွေးစသည်တို့ကို ကိုးကွယ် ပူဇော်တဲ့ အကျင့်ရော၊ ရေစိမ်ခြင်း, နေလှန်းခြင်း, မီးကင်းခြင်း, ဂင်္ဂါမြစ်ရေကို ချိုးခြင်းအစရှိတဲ့ အကျင့်တွေရော၊ အဲဒါတွေကို ယုံကြည် စွဲလမ်းတာဟာ သီလဗ္ဗတုပါဒါန် မည်တဲ့အကြောင်း ပြောခဲ့တယ်။
အဲဒီလို အတုလိုက်ပြီး ကျင့်ခြင်း, ကိုးကွယ်ပူဇော်ခြင်း စသည်ကို စွဲလမ်းတာနဲ့ ကမ္မဘဝ ဖြစ်တာဟာ ဘယ်လို စပ်ဆိုင်ပါသလဲ ဆိုယင်-အဲဒါကို ဝိသုဒ္ဓိမဂ် (ဒု-၂၀၉) က ဒီလိုပြဆိုထားပါတယ်။
အပရော၊ ဆိုခဲ့ပြီး ပုဂ္ဂိုလ်များမှ တပါးသော ပုဂ္ဂိုလ်သည်။
ဣဒံ သီလဗ္ဗတံ နာမ၊ ဤအလေ့အကျင့် မည်သည်မှာ။
ကာမာဝစရသမ္ပတ္တိဘဝေ ဝါ၊ ပြည့်စုံချမ်းသာသော လူ့ဘဝ နတ်ဘဝ၌ သော်၎င်း။
ရူပါရူပါဘဝါနံ အညတရသ္မိံဝါ၊ ရူပဘဝ, အရူပဘဝ တခုခု၌ သော်၎င်း။
ပရိပူရေန္တဿ၊ ဖြည့်ကျင့်သောသူအား။
သုခံ၊ ချမ်းသာစွာ။
ပါရိပူရိံ၊ လုံးဝပြည့်စုံခြင်းသို့။
ဂစ္ဆတီတိ၊ ရောက်သည်ဟူ၍။
သီလဗ္ဗတုပါဒါနဝသေန၊ နွား, ခွေး စသည်တို့၏ အလေ့အကျင့်ကို သံသရာ လွတ်မြောက်ကြောင်းဟု စွဲလမ်းသည်၏ အစွမ်းဖြင့်။
တဒုပဂံ ကမ္မံ၊ ထိုလူ့ဘဝ, နတ်ဘဝ, ရူပဘဝ, အရူပဘဝသို့ ရောက်စေတတ်သော အမှုကံကို။
ကရောတိ၊ ပြု၏-
စသည်ဖြင့် ပြဆိုထားပါတယ်။
ဒီ ဝိသုဒ္ဓိမဂ်စကားဖြင့် လူ့ပြည်နတ်ပြည်ရောက်ကြောင်း ဗြဟ္မာ့ပြည်ရောက်ကြောင်း ကံကိုသာ ပြထားတယ်၊ အပါယ် ၄-ပါးရောက်ကြောင်း ကံကိုတော့ ပြမထားဘူး၊ ဒါကြောင့် သီလဗ္ဗတုပါဒါန်၏အစွမ်းဖြင့် အကုသိုလ်ကမ္မဘဝ မဖြစ်နိုင်ဘူးလို့ ယူရမလိုလို ဖြစ်နေပါတယ်၊
ဒါပေမဲ့ အဲဒီလိုတော့ မဆိုလိုပါဘူး၊ သီလဗ္ဗတုပါဒါန်၏ အစွမ်းဖြင့် အကုသိုလ်ကမ္မဘဝသာ ဖြစ်တာ မဟုတ်သေးဘူး၊ လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည် ရောက်ကြောင်း ကုသိုလ် ကမ္မဘဝလဲ ဖြစ်နိုင်သေးတယ်-လို့သာ ဆိုလိုရင်း ဖြစ်ပါတယ်။
ဒီနေရာမှာ အကုသိုလ် ဖြစ်ပုံကိုတော့ ဘာကြောင့် မပြသလဲဆိုယင်-ထင်ရှားနေလို့ သိလွယ်တဲ့အတွက် မပြတာလို့ ယူရပါတယ်။ ဘယ်လိုထင်ရှားနေသလဲဆိုယင်-နွား, ခွေးစသည်တို့၏ အလေ့အကျင့်ကိုကျင့်ခြင်းဖြင့် သံသရာမှလွတ်မြောက်တယ်၊ နောင်ကာလ နောင်ဘဝမှာ အမြဲတမ်း ချမ်းသာသွားတယ်လို့ အယူအစွဲရှိတဲ့သူဟာ အဲဒီ အလေ့အကျင့်တွေကို ကိုယ်ဖြင့်လဲ အချိုးကျအောင် လေ့ကျင့်တယ်၊ နှုတ်ဖြင့်လဲ အချိုးကျအောင် လေ့ကျင့်တယ်၊ စိတ်ဖြင့်လဲ ကြံစည်လေ့ကျင့်တယ်၊ အဲဒီလို လေ့ကျင့်တိုင်း ဒိဋ္ဌိသမ္ပယုတ် လောဘမူ အကုသိုလ်ကံတွေ ဖြစ်တယ်။
“အဲဒီကံတွေကြောင့် ပြည့်ပြည့်စုံစုံ ကျင့်လျှင် နွား, ခွေးစသည် ဖြစ်တယ်၊ အကျင့် မပြည့်စုံလျှင် မှားယွင်းတဲ့ အယူကြောင့် ငရဲနဲ့ တိရစ္ဆာန်တဘုံဘုံမှာ ဖြစ်တယ်”လို့ ကုက္ကုရဝတီကသုတ် စသည်မှာ ဟောထားပါတယ်။ ဒီတော့ နွား, ခွေး စသည်တို့၏ အလေ့အကျင့်ဖြင့် သံသရာမှ လွတ်မြောက်တယ်၊ နောင်ကာလ၌ အမြဲတမ်း ချမ်းသာသွားတယ်လို့ စွဲလမ်းတာက သီလဗ္ဗတုပါဒါန်၊
အချိုးကျအောင် လေ့ကျင့်တာက အဲဒီ ဥပါဒါန်ကြောင့်ဖြစ်တဲ့ အကုသိုလ်ကမ္မဘဝ၊ အဲဒီကံကြောင့် နွား, ခွေးစသည်ဖြစ်တာက ဇာတိ၊ အဲဒီဇာတိကြောင့် နွား, ခွေးစသည် တဘဝလုံး တွေ့ကြုံ ခံစားသွားရမည့် ဆင်းရဲတွေက ဇရာမရဏ စသည်တွေဘဲ၊ ဒီလို ထင်ရှားနေပါတယ်။
နောက်ပြီးတော့ နွား, ကျွဲ စသည်ကို သတ်ပြီး နတ်မင်းကြီး အရှင်သခင်ကြီးကို ပူဇော်ခြင်းဖြင့် မကောင်းမှု အပြစ်တွေကင်းစင်ပြီး ချမ်းသာကိုရနိုင်တယ်လို့ ယုံကြည်စွဲလမ်းတဲ့အတွက် နွား, ကျွဲစသည်ကို သတ်ပြီးပူဇော်ယင် သီလဗ္ဗတုပါဒါန် ကြောင့် အကုသိုလ်ကမ္မဘဝဖြစ်တယ်၊ အဲဒီ ကမ္မဘဝကြောင့် အပါယ် ၄-ပါး ဘဝဇာတိ ဖြစ်ရမယ်၊ ဒီလိုလဲ ထင်ရှားနေပါတယ်။
နတ်မင်းကြီး အရှင်သခင်ကြီးကို ယုံကြည်ကိုးကွယ်လိုက်ယင် ရှိခိုးပူဇော်လိုက်ယင် အကုသိုလ်အပြစ်တွေ ကင်းပျောက်သွားမှာဘဲလို့ ယုံကြည်အားကိုးပြီး မတော်တဲ့ အမှုတွေကို ပြုယင် ဒီဥပါဒါန်ကြောင့် အကုသိုလ်ကမ္မဘဝ ဖြစ်တယ်၊ ဂင်္ဂါမြစ်ရေ ချိုးလိုက်ယင် အကုသိုလ်အပြစ်တွေ ကင်းပျောက်သွားမှာဘဲလို့ ယုံကြည်အားကိုးပြီး မတော်တဲ့အမှုတွေကို ပြုယင်လဲ ဒီဥပါဒါန်ကြောင့် အကုသိုလ်ကမ္မဘဝ ဖြစ်တယ်၊ “ဒီပုံနည်းဖြင့် သတ်ယင် အပြစ်မဖြစ်ဘူး” လို့ ယုံကြည်အားကိုးပြီး သံပြားပူကို နင်းခြင်းစသည်ကို ပြုလျက်သတ်ယင်လဲ ဒီဥပါဒါန်ကြောင့် အကုသိုလ်ကမ္မဘဝ ဖြစ်တယ်၊ ဒီလိုလဲ ထင်ရှားပါတယ်။
အတိုချုပ်ပြောရယင် အပြစ်ပျောက်ကြောင်း ချမ်းသာရကြောင်းမဟုတ်တဲ့ နည်းလမ်းမှား အကျင့်မှားတွေကို နည်းလမ်းမှန် အကျင့်မှန်အနေနဲ့ ယုံကြည်စွဲလမ်း တာ ဟူသမျှဟာ သီလဗ္ဗတုပါဒါန်ချည်းဘဲ၊ အဲဒီ ဥပါဒါန်ကိုအခြေခံပြီး ပြုလုပ်မှု ဟူသမျှဟာ သီလဗ္ဗတုပါဒါန်ကြောင့်ဖြစ်တဲ့ ကမ္မဘဝချည်းပါဘဲ။
ဒါကြောင့် သတ္တမပိုင်း (နှာ-၉၁) မှာ ဝိပဿနာမဂ် အရိယာမဂ်မပါဘဲ လောကီသီလ သက်သက် လောကီဈာန်သက်သက်မျှနဲ့ သံသရာမှ လွတ်မြောက်တယ်လို့ ယူဆစွဲလမ်းတာ ကိုတောင် သီလဗ္ဗတုပါဒါန် မည်တယ်ဆိုတဲ့အကြောင်း ဝိသုဒ္ဓိမဂ် မဟာဋီကာ သာဓကနှင့်တကွ ပြခဲ့တယ်၊ အာဠာရရသေ့နှင့် ဥဒကရသေ့တို့ ရတဲ့ အရူပဈာန် တွေလဲ ဒီ သီလဗ္ဗတုပါဒါန်ကြောင့် ဖြစ်တယ်ဆိုတဲ့ အကြောင်းလဲ ပြခဲ့တယ်။
ကောင်းကင်ဘုံက ဘုရားသခင်ကို ယုံကြည်အားကိုးပြီး ဘုရားသခင်၏ အလိုတော် ကျအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုတဲ့အမှုဟူသမျှဟာလဲ ဒီ ဥပါဒါန်ကြောင့်ဖြစ်၍ ကမ္မဘဝချည်းဘဲ၊ အဲဒီ ကမ္မဘဝကြောင့် ဘဝအသစ်မှာ ဇာတိဖြစ်ပေါ်မယ်၊ ဇာတိကြောင့် ဇရာ မရဏ စသည် ဆင်းရဲအစုတွေ ဖြစ်ပေါ်သွားမယ်။
သီလဗ္ဗတုပါဒါန်ကြောင့် ကမ္မဘဝ ဖြစ်ပုံအကြောင်းကတော့ သတ္တမပိုင်းကလဲ ပြောခဲ့ပြီး ဖြစ်နေတဲ့အတွက် ဒါလောက်ဆိုယင် ပြည့်စုံလောက်ပါပြီ၊ ယခု အတ္တဝါဒုပါဒါန်ကြောင့် ကမ္မဘဝဖြစ်ပုံကို ပြောရမယ်။
အတ္တဝါဒုပါဒန်ကြောင့် ဘဝဖြစ်ပုံ
အတ္တစွဲ-အတ္တဝါဒုပါဒန်အကြောင်းကိုတော့ သတ္တမပိုင်းတုန်းက အကျယ်ရှင်းလင်းပြီး ပြောခဲ့ပါပြီ။ အကျဉ်းချုပ်အားဖြင့်ဆိုယင်တော့ ကိုယ်ထဲမှာ အသက်ရှင်နေတဲ့ အတ္တကောင် ငါကောင် ရှိတယ်၊ ဒီ အတ္တကောင် ငါကောင်က တသက်လုံး အမြဲတမ်း တည်ရှိနေတယ်၊ ကိုယ်အမူအရာကိုပြုတိုင်း၊ နှုတ်ကပြောဆိုတိုင်း၊ မြင်မှု, ကြားမှု, ထိသိမှု, ကြံသိမှုစသော စိတ်အမူအရာဖြစ်တိုင်း၊ အကောင်းအဆိုးကို ခံစားတိုင်း အတ္တကောင် ငါကောင်၏ အမှုချည်းဘဲ-လို့ ယုံကြည် စွဲလမ်းတာဟာ အတ္တဝါ ဒုပါဒါန်ပါဘဲ။
အတ္တဝါဒုပါဒါန်နဲ့ အတ္တဒိဋ္ဌိဟာ အတူတူပါဘဲ၊ ဒီ အတ္တဒိဋ္ဌိက ကင်းခဲ့တဲ့အကြောင်းလဲ ဒုတိယပိုင်းတုန်းက ပြောခဲ့ပြီ၊ ဒါကြောင့် သာမန် ပုထုဇဉ်ပုဂ္ဂိုလ်တွေဟာ မြင်ယင်လဲ ငါက မြင်တယ်၊ မြင်တာဟာ ငါဘဲလို့ ထင်မှတ်နေကြတယ်၊ ကြားယင်လဲ ငါက ကြားတယ်၊ ကြားတာဟာ ငါဘဲလို့ ထင်မှတ်နေကြတယ်။ နံယင် စားသိယင်လဲ ထို့အတူပင် ငါကနံတယ်၊ ငါက အရသာကို သိတယ်၊ နံတာ အရသာ သိတာက ငါဘဲလို့ ထင်မှတ်နေကြတယ်၊ တွေ့ထိယင်လဲ ငါကတွေ့ထိတယ်၊ ထိသိတာဟာ ငါဘဲလို့ ထင်မှတ်နေကြတယ်၊
ကွေးမှုဆန့်မှု လှုပ်ရှားမှုသွားလာမှုအစရှိတဲ့ ကိုယ်အမူအရာတွေ ဖြစ်ပေါ်တဲ့အခါ မှာလဲ ငါက ကွေးသည် ဆန့်သည် လှုပ်သည် သွားသည်စသည်ဖြင့် ထင်မှတ်နေကြတယ်၊ စိတ်ကူးစဉ်းစားကြံစည်တဲ့အခါလဲ ငါက စိတ်ကူးတယ် စဉ်းစားတယ် ကြံစည်တယ် လို့ ထင်မှတ်နေကြတယ်၊ ကိုယ်ထဲ စိတ်ထဲမှာ ဆင်းရဲမှု ချမ်းသာမှု ပေါ်လာယင်လဲ ငါဆင်းရဲတယ်၊ ငါချမ်းသာတယ်၊ ဆင်းရဲတာချမ်းသာ တာဟာ ငါဘဲလို့ ထင်မှတ်နေကြတယ်။
အဲဒီလို ကိုယ့်ကိုယ်ကို ငါကောင်သတ္တဝါ ကောင်အနေနဲ့ ထင်မှတ်တော့ သူတပါး တွေကိုလဲ အသက်ရှင်နေတဲ့ အတ္တကောင် သတ္တဝါကောင်လို့ ထင်မှတ်တော့တာဘဲ။ အဲဒါတွေဟာ အတ္တစွဲ အတ္တဝါဒုပါဒါန် တွေပါဘဲ။
ဒီလို မိမိကိုယ်ရော သူတပါးကိုယ်ရော အတ္တကောင် သတ္တဝါကောင်လို့ ထင်မှတ်ပြီးတော့ သတ္တဝါတွေဟာ ကိုယ့်ကိုယ်ကိုသာ ပိုပြီး ချစ်ကြတယ်၊ ကိုယ့်ကိုယ် ချမ်းသာ ကောင်းစားရေးကိုသာ ပိုပြီး ဂရုစိုက်ကြတယ်။ အဲဒီလို ကိုယ့်ကိုယ်ဟာ အချစ်ဆုံး ဖြစ်တယ်ဆိုတဲ့ အချက်ကို ကောသလမင်းက မေးလို့ မလ္လိကာ မိဖုရား၏ ဖြေဆိုချက်ဖြင့် ထင်ရှားပါတယ်။
ကောသလ အမေးနှင့် မလ္လိကာ အဖြေ
ကောသလမင်းကြီးမှာ မလ္လိကာမှ တပါး အခြားမင်းမျိုး မိဖုရားကြီးတွေလဲ ရှိပါတယ်၊ မလ္လိကာဆိုတာကတော့ မင်းမျိုးထဲက မဟုတ်ဘူး။ ပန်းသည်ရဲ့ သမီးဖြစ်တယ်၊ သူ မိဖုရားအဖြစ် ရောက်လာပုံကတော့ တနေ့သောအခါမှာ မလ္လိကာဟာ ပန်းခူးဘို့ ပန်းခြံကိုသွားတယ်၊ လမ်းမှာဆွမ်းခံကြွလာတဲ့ မြတ်စွာဘုရားကို ဖူးမြင်ရတယ်၊ ဖူးမြင်ရတော့ အလွန်သဒ္ဓါကြည်ညို ဖြစ်ပြီး မိမိ၏ ခါးပိုက်ကြားမှာ ယူလာခဲ့တဲ့မုံ့ကို မြတ်စွာဘုရားအား လှူပါတယ်၊ အရှင်အာနန္ဒာက နေရာခင်းပေးတယ်။
မြတ်စွာဘုရားက အဲဒီနေရာမှာ ထိုင်တော်မူပြီး မလ္လိကာလှူတဲ့မုံ့ကို သူ့ရှေ့မှာဘဲ ဘုဉ်းပေးတော်မူတယ်၊ ဘုဉ်းပေးပြီး ပြုံးတော်မူတဲ့အတွက် မုံ့အလှူရှင်မှာ ဘယ်လို အကျိုးများ ဖြစ်ပါမည်လဲလို့ အရှင်အာနန္ဒာက မေးလျှောက်ပါတယ်၊ ဒီတော့ မြတ်စွာဘုရား “မလ္လိကာဟာ ဒီကနေ့ ငါဘုရားအား ဆွမ်းဦးလှူတယ်၊ သူဟာ ဒီကနေ့ဘဲ ကောသလမင်းကြီး၏ အဂ္ဂမဟေသီ မိဖုရားကြီး ဖြစ်လိမ့်မယ်” လို့ မိန့်တော်မူပါတယ်။
အဲဒီနေ့မှာဘဲ ကောသလမင်းဟာ စစ်ပွဲမှာရှုံးလို့ တကိုယ်တည်း မြင်းစီးပြီး ထွက်ပြေး လာခဲ့ရတယ်၊ ပန်းခြံရောက်တော့ အဲဒီပန်းခြံထဲမှာနားရင်း နောက်ပါအခြွေအရံ တွေကို စောင့်နေတယ်။ အဲဒီလို အလွန်ပင်ပန်းနေတဲ့အချိန် ပြုစုမည့်သူ မရှိတဲ့ အချိန်မှာ မလ္လိကာက မင်းကြီးကို ယုယုယယ ပြုစုစောင့်ရှောက်ပါတယ်၊ အဲဒီလို ပြုစုစောင့်ရှောက်ပုံကို သဘောကျတာနဲ့ မလ္လိကာကို နန်းတော်တွင်းသို့ ဆောင်ယူ စေပြီး အဂ္ဂမဟေသီ မိဖုရားကြီးအဖြစ်နဲ့ မင်းကြီးက ချီးမြှောက်ထားပါတယ်။
ဒီနေရာမှာ အထူး မှတ်သားဘွယ်ကတော့ မလ္လိကာမှာ မိဖုရားဖြစ်ဘို့ရာ ရှေး ကံဟောင်းကလဲ ရှိတယ်၊ ပစ္စုပ္ပန်ကံကလဲ ထူးခြားတယ်၊ ဒီ အကြောင်း နှစ်ပါးကြောင့် မိဖုရားဖြစ်ရတယ်လို့ မှတ်ရတယ်။
သို့သော် ရုပ်ရည်ကတော့ နန်းတွင်းသူ အခြား မိဖုရားများလောက် လှပခြင်း မရှိဘူးလို့ ဆိုပါတယ်၊ နောက်ပြီးတော့ ဆင်းရဲသား ပန်းသည်၏ သမီးဆိုတော့ နန်းတော်တွင်းမှာ ဆွေမရှိမျိုးမရှိ တကောင်ကြွက်ဆိုတာလို ဖြစ်နေတဲ့အတွက် စိတ်အား ငယ်နေစရာလဲ ရှိပါတယ်။
ဒါကြောင့် မင်းကြီးက တနေ့သောအခါမှာ ဒီလို ကြံတွေးမိတယ်၊ “ရှင်မိဖုရား ... သင့်မှာ ကိုယ့်ကိုယ်ထက် ပိုပြီး ချစ်တဲ့သူရှိသလား ဘယ်သူကို အချစ်ဆုံးလဲ”လို့ မလ္လိကာကို မေးမယ်၊ ဒီတော့ သူက “အရှင်မင်းကြီး ရှိပါတယ်၊ အရှင်မင်းကြီးကို ကျမကိုယ်ထက်ပိုပြီး ချစ်ပါတယ်၊ အရှင်မင်းကြီးကို အချစ်ဆုံးပါဘဲ”လို့ ပြောလိမ့်မယ်။ အဲဒီအခါ ငါကလဲ ရှင်မိဖုရားကို အချစ်ဆုံးဘဲလို့ ပြောမယ်။
ဒီလို အပြန်အလှန် ပြောခြင်းဖြင့် ရင်းရင်းနှီးနှီး အကျွမ်းတဝင် ဖြစ်ပြီး ပြောရဲဆိုရဲ နေရဲထိုင်ရဲ ဖြစ်လာမယ်လို့ ကြံတွေးမိပါသတဲ့။ အဲဒီလို ကြံတွေးပြီးတော့ တနေ့သောအခါမှာ မင်းကြီးက “ရှင်မိဖုရားရေ .... သင့်မှာ ကိုယ့်ကိုယ်ထက် ပိုပြီး ချစ်တဲ့သူ ရှိသလား၊ ဘယ်သူကို အချစ်ဆုံးလဲ” လို့ မေးပါတယ်။
ကိုယ့်ကိုယ်ဟာ အချစ်ဆုံး
ဒီတော့ မလ္လိကာမိဖုရားက စဉ်းစားဆင်ခြင်ဉာဏ် ထက်မြက်တဲ့ အမျိုးသမီး ဖြစ်တဲ့အတွက် ဒီလို ဆင်ခြင်ပါတယ်၊ ဒီမေးခွန်းဟာ ကိုယ့်ကိုယ်ထက် ပိုပြီးချစ်တဲ့သူ ရှိပါတယ်၊ အရှင်မင်းကြီးကို ပိုပြီးချစ်ပါတယ်၊ အချစ်ဆုံးပါဘဲလို့ ပြောစေချင်လို့ ပစ်လိုက်တဲ့ မေးခွန်းဘဲ။ ဒါပေမဲ့ သတ္တဝါတိုင်းဟာ ကိုယ့်ကိုယ်ထက် ပိုပြီးချစ်တဲ့သူ ရယ်လို့ လောကမှာမရှိဘူး၊ ကိုယ့်ကိုယ်သာ အချစ်ဆုံးဖြစ်တယ်၊ ဒါကြောင့် မင်းကြီး၏ အလိုအကြိုက်ကို လိုက်ပြီးပြောလို့တော့ မတော်ဘူး။
အမှန်အတိုင်း ပြောမှဘဲ သင့်တော်မယ်လို့ ဆင်ခြင်ပြီးတော့ ကျမမှာ ကိုယ့်ကိုယ် ထက်ပိုပြီး ချစ်တဲ့သူရယ်လို့ မရှိပါ၊ ကျမကိုယ်ကို ကျမ အချစ်ဆုံးပါဘဲလို့ ရဲရဲရင့်ရင့် အဖြေပေး လိုက်တယ်။ ဒီတော့ မင်းကြီးက စဉ်းစားကြည့်လိုက်တဲ့အခါမှာ ကိုယ့်ကိုယ်သာလျှင် အချစ်ဆုံးဖြစ်နေတာ မှန်ကန်ကြောင်း တွေ့ရတယ်၊ ဒါကြောင့် ရှေ့ကိုဆက်ပြီး ပြောစရာမရှိဘဲ ဖြစ်နေသတဲ့။
အဲဒီအခါမှာ မလ္လိကာက မင်းကြီးကို ပြန်ပြီး မေးခွန်းထုတ်လိုက်ပြန်တယ်၊ အရှင်မင်းကြီးမှာကော ကိုယ့်ကိုယ်ထက် ပိုပြီးချစ်တဲ့သူ ရှိပါသလား၊ ဘယ်သူကို အချစ်ဆုံးပါလဲတဲ့။ ဒီတော့ မင်းကြီးကလဲ မူလက ကြံထားတဲ့အတိုင်း ရှင်မိဖုရားကို ကိုယ့်ကိုယ်ထက် ပိုပြီးချစ်ပါတယ်၊ ရှင်မိဖုရားကို အချစ်ဆုံးပါဘဲဆိုတဲ့အဖြေကို ပေးလို့တော့မဖြစ်တာနဲ့ မလ္လိကာရဲ့ အဖြေအတိုင်းပင် “ငါ့မှာလဲ ကိုယ့်ကိုယ်ထက် ပိုပြီးချစ်တဲ့သူမရှိဘူး၊ ငါ့ကိုယ်ကို ငါအချစ်ဆုံးဘဲ” လို့ သာ ဖြေရသတဲ့။
အဲဒီအမေးအဖြေ တစုံကို ကောသလမင်းကြီးက မြတ်စွာဘုရားအား လျှောက်ထား ပါတယ်။ ဒီနေရာမှာ နန်းတွင်းက အရေးတွေကို မြတ်စွာဘုရားထံ လျှောက်တာဟာ မသင့်လျော်ဘူးလို့ ထင်ချင်လဲ ထင်ကြပေလိမ့်မယ်။ ဒါပေမဲ့ ဒီအမေးအဖြေတွေ ကတော့ တရားသဘောကို အထောက်အကူပြုတဲ့ သာဓက ဖြစ်နေတဲ့အတွက် လျှောက်သင့်တဲ့စကားပါဘဲ။ ဒါကြောင့် မြတ်စွာဘုရားက အဲဒီအချက်နှင့်စပ်ပြီး ဒီလို အဆုံးအဖြတ် ပေးတော်မူပါတယ်။
သဗ္ဗာ ဒိသာ အနုပရိဂမ္မ စေတသာ၊
နေဝဇ္ဈဂါ ပိယတရမတ္တနာ ကွစိ။
ဧဝံ ပိယော ပုထု အတ္တာ ပရေသံ၊
တသ္မာ န ဟိံ သေ ပရမတ္တကာမော။
သဗ္ဗာဒိသာ၊ အလုံးစုံသော အရပ်ဆယ်မျက်နှာတို့ကို။
စေတသာ အနုပရိဂမ္မ၊ စိတ်ဖြင့် လှည့်လည်၍ ရှာဖွေခဲ့သော်။
အတ္တနာ ပိယတရံ၊ မိမိကိုယ်ထက် ပို၍ချစ်အပ်သောသူကို။
ကွစိ၊ တစုံတခုသော အရပ်၌မျှ။
နေဝ အဇ္ဈဂါ၊ မရနိုင် မတွေ့နိုင်သည်သာတည်း။
ဧဝံ၊ ဤသို့ မိမိကိုယ်ကို မိမိချစ်သည်နှင့် အတူပင်လျှင်။
ပရေသံ၊ သူတပါးတို့သည်လည်း။
ပုထု အတ္တာ၊ အသီးအသီးသော သူတို့၏ကိုယ်ကို။
ပိယော၊ ချစ်အပ်သည်သာတည်း။
တသ္မာ၊ ထိုသို့ သတ္တဝါတိုင်းပင် ကိုယ့်ကိုယ်ကို ချစ်သောကြောင့်။
ဝါ၊ ကိုယ့်ကိုယ်သည် အချစ်ဆုံး ဖြစ်သောကြောင့်။
အတ္တကာမော၊ မိမိကိုယ်ကို ချစ်သောသူသည်။
ဝါ၊ မိမိ၏အကျိုးစီးပွါးကို လိုလားသောသူသည်။
ပရံ၊ သူတပါးကို။
န ဟိံသေ၊ ကိုယ်ချင်းစာသောအားဖြင့် မညှဉ်းဆဲ မနှိပ်စက်ရာသည်သာတည်း။
လောကဝေါဟာရ အတ္တကို ရည်ရွယ်ပါတယ်
ဒီဒေသနာမှာ အတ္တဆိုတာက ဒိဋ္ဌိဖြင့် စွဲလမ်းအပ်တဲ့ အတ္တရယ်လို့တော့ မဆိုလိုပါဘူး၊ လောကဝေါဟာရ အတ္တကိုသာဆိုလိုပါတယ်၊ လောကမှာ သတ္တဝါတွေ အသီးအသီးက မိမိကိုယ်ကို အတ္တ, သူတပါးကိုတော့ ပရ-လို့ ပြောဆိုကြပါတယ်၊ အဲဒီလို ဖြေဆိုကြတဲ့ အသီးအသီးသော မိမိကိုယ်ကို ရည်ရွယ်ပါတယ်။
ဒါပေမဲ့ အတ္တစွဲရှိတဲ့ ပုထုဇဉ်အနေနဲ့ ဆိုယင်လဲ မိမိကိုယ်ကို ဒီအတိုင်းဘဲ အချစ်ဆုံး ဖြစ်နေပါတယ်၊ အတ္တစွဲ အားကြီးလေလေ မိမိကိုယ်ကိုသာပြီး ချစ်လေလေပါဘဲ။ ဒါကြောင့် အတ္တစွဲကို ပြောနေရာမှာ ကောသလမင်းအမေးနဲ့ မလ္လိကာအဖြေ ဆိုင်ရာတရားကို ထည့်သွင်း ပြဆိုခြင်း ဖြစ်ပါတယ်။
အဲဒီဒေသနာမှာ ပြထားတဲ့အတိုင်း သတ္တဝါတွေဟာ မိမိကိုယ်ကို အချစ်ဆုံးဘဲ၊ မိမိကိုယ်ထက် ပိုပြီး ချစ်တဲ့သူရယ်လို့ ဘယ်မှာမရှိဘူး၊ လင်မယားသားသမီးကို ချစ်တယ်ဆိုတာလဲ အချစ်ဆုံးဖြစ်တဲ့ မိမိကိုယ်ရဲ့ အကူအညီ အခြွေအရံ အထောက် အပံ့အနေနဲ့ ချစ်ကြတာဘဲ။
ဥပမာအားဖြင့် ရွှေ ငွေ စိန် ကျောက်အစရှိတဲ့ အဖိုးတန် ပစ္စည်းတွေကို ချစ်မြတ်နိုးတာနဲ့ တူပါတယ်။ ဒါကြောင့် တစုံတယောက်က ကိုယ့်ကိုယ်ထက် ပိုပြီး ချစ်ပါတယ်လို့ ပြောယင် အဲဒါကို ချင့်ပြီးယုံမယ်၊ တကယ့် အရေးကျတော့ အမိကတောင်မှ သားကိုမငဲ့နိုင်ဘဲ ရှိတတ်ပါတယ်၊ အဲဒါကို သဲကန္တာရမှာ ဖြစ်ဘူးတဲ့ ဝတ္ထုတခုဖြင့် သိရတယ်။
အမိသော်မှ သားတော်ခဲ
▬▬▬▬▬▬▬▬
တခါက လှည်းကုန်သည်တွေနဲ့ လိုက်ပါလာတဲ့ မိန်းမတယောက်ဟာ လှည်းထွက် ချိန်မှာ အိပ်ပျော်နေလို့ သားငယ်ကလေးနဲ့ သဲကန္တာရထဲမှာ ကျန်နေရစ်သတဲ့။ သဲကန္တာရဆိုတာ ပတ်ဝန်းကျင်မှာ သစ်ပင် မြက်ပင်မရှိဘူး၊ ရေမရှိဘူး၊ သဲ ကျောက်ခဲနဲ့ ဘောင်တွေလောက်သာရှိတယ်၊ အဲဒီမှာ နေပူရှိန်က ဒီကရီ ၁၂၀-မက အလွန် ပူပြင်းတဲ့အတွက် နေ့ပိုင်းမှာဆိုယင် ရွက်ထည်စသည်ဖြင့် မိုးကာပြီး နေခိုနေရတယ်။ ညပိုင်းအေးတဲ့အခါမှ ခရီးသွားနိုင်တယ်။
ဒါကြောင့် လှည်းကုန်သည်စုမှ ကျန်နေရစ်တဲ့ မိန်းမဟာ နေထွက်လာတဲ့ အခါကျတော့ ဘာမျှ အကာအကွယ်မရှိဘဲ နေပူခံနေရတယ်၊ နေမြင့်လေလေ အပူရှိန်က ပြင်းလေလေ ဖြစ်လာတယ်၊ အောက်က သဲတွေကလဲ အလွန်ပူလာတော့ ခေါင်းပေါ်က တောင်းကိုချပြီး တက်နေရတယ်၊ အဲဒီ ခြင်းတောင်းက ပူလာပြန်တော့ အဲဒီတောင်းပေါ် အဝတ်တင်ပြီး အဲဒီအဝတ်ပေါ်မှာ တက်နေရတယ်၊ အဲဒါက ပူလွန်းမက ပူလာပြန်တော့ ရင်ခွင်ထဲက သားကလေးကို အော်ပြီးငိုနေပါလျက် တက်နင်းပြီး နေရသတဲ့၊ အဲဒီလို နေရင်းဘဲ သားရော အမိရော အပူလောင်ပြီး သေဆုံး သွားကြရသတဲ့။
အဲဒါကို အကြောင်းပြုပြီးတော့ “အမိသော်မှ သားတော်ခဲ” ဆိုတဲ့ စကားပုံကို ပြောစမှတ် ပြုကြပါတယ်။ (သမ္မောဟဝိနောဒနီ ၅၊ သံ-ဋ္ဌ ၂-၂၆၈)။
အတ္တစွဲကြောင့် ကံဖြစ်ပုံ
▬▬▬▬▬▬▬▬
ယခုပြောခဲ့တဲ့အတိုင်း မိမိကိုယ်ဟာ အချစ်ဆုံးဖြစ်တဲ့အတွက် အတ္တစွဲရှိတဲ့သူဟာ မိမိကိုယ်ကို ကောင်းစား ချမ်းသာရေးအတွက်, မိမိနဲ့စပ်တဲ့သူတွေ ကောင်းစား ချမ်းသာရေးအတွက် ဖြစ်နိုင်သမျှ နည်းမျိုးစုံဖြင့် ရှာဖွေအားထုတ်ယင်၊ သတ်ခြင်း လုယက်ခိုးယူခြင်း လိမ်ခြင်း ဂုံးတိုက်ခြင်း အစရှိတဲ့ မကောင်းမှု ဒုစရိုက်တွေကိုလဲ ပြုပြီး ရှာဖွေအားထုတ်တယ်၊ အဲဒါတွေဟာ အတ္တဝါဒုပါဒါန်ကြောင့် ဖြစ်တဲ့ အကုသိုလ်ကမ္မဘဝတွေဘဲ။
ယခုဘဝကပြုတဲ့ ကုသိုလ်ကောင်းမှု၏အကျိုးကို နောင်ဘဝမှာ ငါ၏ ဒီအတ္တသည်ပင် ခံစားရမယ်၊ ချမ်းသာတဲ့ လူ့ဘဝ နတ်ဘဝ ဗြဟ္မာဘဝရောက်ပြီး ဒီငါ၏ အတ္တဟာ ချမ်းသာသွားမယ်လို့ ယုံကြည် စွဲလမ်းတဲ့သူက ဒါန သီလအစရှိသော ကာမာဝစရ ကုသိုလ်, ရူပ အရူပဈာန် ကုသိုလ်တွေကို ပြုလုပ်တယ် ဖြစ်ပွါးစေတယ်၊
အဲဒါတွေဟာ အတ္တဝါဒုပါဒါန်ကြောင့် ဖြစ်တဲ့ ကုသိုလ်ကမ္မဘဝတွေဘဲ၊ အဲဒီ ကမ္မဘဝတွေကြောင့် လူ့ဘဝ နတ်ဘဝ ဗြဟ္မာဘဝ၌ ဖြစ်ရတယ်၊ အဲဒါက ဇာတိဘဲ၊ အဲဒီ ဇာတိကြောင့် ဇရာ ဇရဏ သောကစသည် ထိုက်သည် အားလျော်စွာ ဖြစ်ရတယ်။ ဒါကြောင့် ဝိသုဒ္ဓိမဂ် (ဒု-၂၀၉) မှာ ဒီလို ပြဆိုထားပါတယ်--
အပရော၊ ပြဆိုခဲ့ပြီးမှ တပါးသော ပုဂ္ဂိုလ်သည်။
အယံ အတ္တာနာမ၊ ဤအတ္တမည်သည်။
ကာမာဝစရသမ္ပတ္တိဘဝေ ဝါ၊ ပြည့်စုံချမ်းသာသော လူ့ဘဝ နတ်ဘဝ၌သော်၎င်း။
ရူပါ-ရူပဘဝါနံ အညတရသ္မိံ ဝါ၊ ရူပဘဝ အရူပဘဝ တခုခု၌သော်၎င်း။
သုခီ၊ ချမ်းသာနှင့် ပြည့်စုံသည်။
ဝိဂတပရိဠာဟော၊ ပူပန်ခြင်းကင်းသည်။
ဟောတိ၊ ဖြစ်၏။
ဣတိ၊ ဤသို့ စွဲလမ်းသော။
အတ္တဝါဒုပါဒါနေန၊ အတ္တဝါဒုပါဒါနိဖြင့်။
တဒုပဂံ ကမ္မံ၊ ထိုလူ့ဘဝ နတ်ဘဝ ရူပ အရူပဘဝသို့ ရောက်စေတတ်သော အမှုကံကို။
ကရောတိ၊ ပြု၏-
စသည်ဖြင့် ပြဆိုထားပါတယ်။
အချုပ်အားဖြင့်တော့ မိမိကိုယ် ယခုဘဝတွင် ချမ်းသာကောင်းစားအောင်ဖြစ်စေ, နောင်ဘဝတွေမှာ ချမ်းသာ ကောင်းစားအောင် ဖြစ်စေ ပြုလုပ်အားထုတ်တာ တွေဟာ အတ္တဝါဒုပါဒါန်ကြောင့် ဖြစ်တဲ့ ကမ္မဘဝချည်းပါဘဲ။
ဒီနေရာမှာ ကာမုပါဒါန်ကြောင့် ဖြစ်တာနဲ့ ဘယ်လို ထူးသလဲဆိုယင် ကာမဂုဏ် ချမ်းသာ ဘဝချမ်းသာတွေကို လိုချင် စွဲလမ်းပြီးပြုလျှင် ကာမုပါဒါန်ကြောင့်ဖြစ်တယ်၊ မိမိကိုယ် ချမ်းသာကောင်းစားရေးကို စွဲလမ်းပြီးပြုလျှင် အတ္တဝါဒုပါဒါန်ကြောင့် ဖြစ်တယ်။ ဒီလို ထူးခြားပါတယ်။ ဒါပေမဲ့ အတ္တစွဲအားကြီးတဲ့ ပုထုဇဉ်တွေ အနေနဲ့ဆိုယင်တော့ ကာမဂုဏ်ချမ်းသာကို ခံစားဘို့ ရည်ရွယ်ပြီး ပြုရာမှာလဲ အတ္တစွဲ-အတ္တဝါဒုပါဒါန်က ပါနေတာပါဘဲ။
အရိယာမှာ ကာမုပါဒါန်သာ ရှိတယ်
▬▬▬▬▬▬▬▬▬
အရိယာပုဂ္ဂိုလ်တွေမှာတော့ ဒိဋ္ဌိက လုံးဝကင်းနေတဲ့အတွက် ဒါန သီလ အစရှိသော ကုသိုလ်အမှုကိုပြုယင် ကာမုပါဒါန် တပါးတည်းနဲ့သာဆိုင်တယ်။ ဒါကြောင့် အနာထပိဏ်, ဝိသာခါ, မဟာနာမ်မင်း အစရှိသော သောတာပန် သကဒါဂါမ် ပုဂ္ဂိုလ် တွေက လှူဒါန်းတဲ့အခါ သီလဆောက်တည် ကျင့်သုံးတဲ့အခါ ဗုဒ္ဓါနုဿတိအစရှိသော သမထဘာဝနာကို ပွါးများတဲ့အခါ တရားနာတဲ့အခါ ဝေယျာဝစ္စဆောင်ရွက်တဲ့အခါ ရိုသေထိုက်တဲ့သူကို အရိုအသေပြုတဲ့အခါ စသည်မှာဖြစ်တဲ့ ကုသိုလ်ကံတွေဟာ ကာမုပါဒါန်ကြောင့် ဖြစ်တယ်လို့သာ ဆိုဘွယ်ရှိတယ်။
ဘယ်လို ကာမုပါဒါန်လဲဆိုယင် လူနတ်ဗြဟ္မာ ချမ်းသာကို လိုလားတောင့်တတဲ့ ကာမုပါဒါန်လဲ ဖြစ်နိုင်တယ်၊ မရသေးတဲ့ မဂ်ဖိုလ် ချမ်းသာကို လိုလားတောင့်တတဲ့ ကာမုပါဒါန်လဲ ဖြစ်နိုင်တယ်။ မရသေးတဲ့ မဂ်ဖိုလ်ကို လိုလားတောင့်တပုံကိုတော့ ဒုတိယပိုင်း (ပဌမတွဲ နှာ ၆၆-စသည်မှာ) တုန်းက ပြခဲ့တဲ့ ဝိသာခါဝတ္ထုဖြင့်လဲ သိနိုင်ပါတယ်။
အဲဒီမှာ ပေးလှူခြင်းကို အကြောင်းပြုပြီး ဣန္ဒြေဗိုလ်ဗောဇ္ဈင်တို့ကို ပွါးစေတဲ့ ဘာဝနာဖြစ်ပါလိမ့်မယ်လို့ ဆိုထားပါတယ်။ အဲဒီ ဘာဝနာ ရင့်သန်ပြည့်စုံတဲ့ အခါမှာ အထက်မဂ်ဖိုလ်တွေကို ရသွားမယ်၊ အဲဒီလို ရသွားဘို့ ရည်ရွယ်ရင်း ဖြစ်ပါတယ်။
အနာဂါမ်ပုဂ္ဂိုလ်မှာ ဆိုယင်တော့ ရူပဘဝ အရူပဘဝ ချမ်းသာကို သာယာစွဲလမ်းတဲ့ ကာမုပါဒါန်နဲ့ အရဟတ္တဖိုလ်ကို လိုလားတောင့်တတဲ့ ကာမုပါဒါန်တို့ကြောင့် ကုသိုလ်ကမ္မဘဝ ဖြစ်တယ်လို့သာ ဆိုဘွယ်ရှိတယ်။
ဒီနေရာမှာ ကာမုပါဒါန်ဆိုတာ အရဟတ္တမဂ်ဖြင့် ပယ်သတ်ရမည့် တဏှာ ဖြစ်ကြောင်းကို ရှေး (အဋ္ဌမပိုင်း နှာ ၁၅၃) ၌ ပြောခဲ့ပါပြီ၊ ဒါနစသည်ကို ပြုရာမှာ အနာဂါမ်က အရဟတ္တမဂ်, ဖိုလ် လိုလား တောင့်တတဲ့ အကြောင်းကတော့ ဥဂ္ဂါသူကြွယ် ဝတ္ထုဖြင့် ထင်ရှားပါတယ်။
ဥဂ္ဂါသူကြွယ် ဝတ္ထု
▬▬▬▬▬▬▬
ဝေသာလီပြည်မှာ ဥဂ္ဂါဆိုတဲ့ သူကြွယ် ရှိခဲ့ပါတယ်၊ အဲဒီ ဥဂ္ဂါသူကြွယ်ကို မြတ်စွာဘုရားက အံ့ဘွယ် ဂုဏ်ထူးရှစ်ပါးနဲ့ ပြည့်စုံတဲ့အကြောင်း ရဟန်း ပရိသတ်အား မိန့်ကြားတော်မူပါတယ်။ အဲဒီတော့ ရဟန်းတပါးက သိချင်တာနဲ့ ဥဂ္ဂါသူကြွယ်အိမ်ကို သွားပြီးတော့ “ဒါယကာဥဂ္ဂါ... သင့်မှာ အံ့ဘွယ် ဂုဏ်ထူးရှစ်ပါးနဲ့ ပြည့်စုံတယ်လို့ မြတ်စွာဘုရားက မိန့်တော်မူပါတယ်၊ ဘယ်လို အံ့ဘွယ်ဂုဏ်ထူး ရှစ်ပါးနဲ့ ပြည့်စုံပါသလဲ”လို့ မေးပါတယ်။ ဒီတော့ ဥဂ္ဂါသူကြွယ်က ဒီလို ပြန်ကြား လျှောက်ထားပါတယ်--
မြတ်စွာဘုရားက ဘယ်လို အံ့ဘွယ်ရှစ်ပါးကို ရည်ရွယ်ပြီး မိန့်ကြားတော်မူတယ် ဆိုတာကိုတော့ တပည့်တော် မသိရပါ၊ သို့သော် တပည့်တော်မှာ ထင်ရှားရှိနေတဲ့ အံ့ဘွယ် ဂုဏ်ထူး ရှစ်ပါးကတော့ -
(၁) မြတ်စွာဘုရားကို ပဌမဆုံး ဖူးမြင်ရကတည်းက သမ္မာသမ္ဗုဒ္ဓဘုရား အစစ်ပဲလို့ တထစ်ချ ယုံကြည် ဆုံးဖြတ်နိုင်ခဲ့ပါတယ်၊ အဲဒါက တပါးပါ။
(၂) အဲဒီလို ယုံကြည်ဆုံးဖြတ်ပြီးတော့ မြတ်စွာဘုရား ဟောတော်မူတဲ့ တရားကို နာရင်း သစ္စာ ၄-ပါးကိုသိမြင်တဲ့ တရားမျက်စိ (အနာဂါမိ မဂ်ဉာဏ်)ကို ရခဲ့ပါတယ်၊ ဗြဟ္မစရိယပဉ္စမသီလကိုလဲ ဆောက်တည်ခဲ့ပါတယ်၊ (ဗြဟ္မစရိယပဉ္စမ သီလဆိုတာ ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်အစား မေထုန်အမှုမှ လုံးဝကြဉ်ရှောင်တဲ့ သိက္ခာပုဒ်ကို ထည့်ပြီး ဆောက်တည်တဲ့ ငါးပါးသီလပါဘဲ။) အဲဒါက တပါးပါ။
(၃) တပည့်တော်မှာ ပျိုပျိုရွယ်ရွယ် မယား ၄-ယောက် ရှိပါတယ်၊ အဲဒီမယား ၄-ယောက်ကို တပည့်တော်က ဒီလို ပြောပါတယ်- “နှမတို့ .... ငါတော့ ဗြဟ္မစရိယပဉ္စမ သီလကို ဆောက်တည်လာပြီ၊ ငါဟာ သင်တို့နှင့် လင်မယားအဖြစ်ဖြင့် ဆက်ဆံခြင်းကို မပြုတော့ဘူး၊ ဒါကြောင့် ဒီအိမ်မှာဘဲ ဆက်ပြီးနေလိုလျှင် မောင်နှမလို သဘော ထားပြီး နေကြပေတော့၊ မိဘအိမ်ကို ပြန်ချင်လဲပြန်ကြ၊ ကိုယ်သဘောကျနေတဲ့ ယောက်ျား ရှိလျှင်လဲ ပြောကြ၊ အဲဒီယောက်ျားထံ အပ်ပေးမယ်” လို့ တပည့်တော်က ပြောပါတယ်။
ဒီတော့ အကြီးဆုံးမယားက သူကြိုက်တဲ့ယောက်ျားထံ အပ်ပေးဘို့ပြောပါတယ်။ တပည့်တော်က နုနုပျိုပျို အရွယ်ကောင်းဖြစ်တဲ့ အဲဒီမယားကြီးကို ဗယ်လက်ဖြင့် ကိုင်ပြီး ညာလက်ဖြင့် ရေကရားမှ ရေစက်သွန်းချပြီး အဲဒီ ယောက်ျားလက်သို့ ပေးအပ်လိုက်ပါတယ်၊ ဒီလိုပေးအပ်ရာ၌ တပည့်တော်၏ စိတ်မှာ တစုံတရာ ဖောက်ပြန်ခြင်းမရှိပါ၊အဲဒါက တပါးပါ။
(၄) တပည့်တော်မှာ ရှိသမျှစီးပွါးဥစ္စာတွေကို သီလနှင့်ပြည့်စုံပြီး ကိုယ်ကျင့်တရား ပြည့်ဝတဲ့ ပုဂ္ဂိုလ်တွေနဲ့ မခွဲခြားဘဲ သုံးစွဲဘို့ သတ်မှတ်ထားပါတယ်၊ အဲဒါက တပါးပါ။
(၅) ရဟန်းတော်ကို ဆည်းကပ်ယင် ရိုရိုသေသေသာ ဆည်းကပ်ပါတယ်၊ အဲဒါက တပါးပါ။
(၆) အဲဒီ ရဟန်းတော်က တရားဟောယင် ရိုရိုသေသေနာပါတယ်၊ အဲဒီ ရဟန်းတော်က မဟောယင်လဲ တပည့်တော်က ဟောပါတယ်၊ အဲဒါက တပါးပါ။
(၇) နတ်တွေက တပည့်တော်ထံ လာပြီးတော့ “သူကြွယ် ... မြတ်စွာဘုရား၏ တရားတော်ဟာ ကောင်းစွာ ဟောအပ်တဲ့ သွာက္ခာတတရားဘဲ” လို့ ပြောကြပါတယ်၊ ဒီတော့ တပည့်တော်က “မောင်တို့နတ်တွေက သွာက္ခာတတရားဘဲ-လို့ ပြောသည် ဖြစ်စေ, မပြောသည်ဖြစ်စေ မြတ်စွာဘုရား၏ တရားတော်ဟာ သွာက္ခာတ တရားပါဘဲ”လို့ သူတို့အား ပြန်ပြောလိုက်ပါတယ်၊ အဲဒီလို နတ်တွေနဲ့ အပြန်အလှန် စကားပြောရတဲ့အတွက် တပည့်တော်မှာ အထင်ကြီးခြင်း, စိတ်ကြီးဝင်ခြင်း မရှိပါ၊ အဲဒါက တပါးပါ။
(၈) အောက်ပိုင်း ကာမ သံသရာမှာ လည်စေတတ်တဲ့ သံယောဇဉ်တွေလို့ မြတ်စွာဘုရားဟောထားတဲ့ (သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသ ကာမ ရာဂ ဗျာပါဒ ဆိုတဲ့) ဩရမ္ဘာဂိယ သံယောဇဉ်ငါးပါးလုံး တပည့်တော်မှာ ကင်းနေတာကို တွေ့ရပါတယ်၊ အဲဒါကတပါးပါ။ တပည့်တော်မှာ ထင်ရှားရှိနေတဲ့ အံ့ဘွယ် ဂုဏ်ထူးတွေကတော့ ဒီရှစ်ပါးပါဘဲ-လို့ ပြန်ကြား လျှောက်ထားလိုက် ပါတယ်။
အဲဒီလို အံ့ဘွယ် ဂုဏ်ထူးရှစ်ပါးနဲ့ ပြည့်စုံတဲ့အနာဂါမ် ဥဂ္ဂါသူကြွယ်ဟာ တနေ့သော အခါမှာ မိမိအိမ်သို့ ကြွရောက်တော်မူလာတဲ့ မြတ်စွာဘုရားအား ဒီလို လျှောက်ထားပြီး ခဲဘွယ် စသည်ကို ဆက်ကပ်ပါတယ်။
မြတ်နိုးဘွယ် ကိုယ့်အကြိုက်ကို ပေးလှူလျှင် မြတ်နိုးဘွယ် ကိုယ့်အကြိုက်ကို ရတယ်လို့ မြတ်စွာဘုရား ဟောတာကို ကိုယ်တိုင် ကြားဘူးပါတယ်၊ တပည့်တော်က အင်ကြင်းပန်း (အဆင်းရှိသော) မုံ့ခဲဘွယ်ကို မြတ်နိုးပါတယ်၊ ကြိုက်နှစ်သက် ပါတယ်၊ အဲဒီ မုံ့ခဲဘွယ်ကိုသနားသဖြင့် အလှူခံတော်မူပါ။
ဆီးသီးချဉ်ရေနှင့် ချက်ထားတဲ့ ဝက်သားဟင်းကိုလဲ ကြိုက်နှစ်သက်ပါတယ်၊ အဲဒီ ဟင်းကိုလဲ လက်ခံတော်မူပါ။ ကန်စွန်းရွက် ဆီပြန်ကြော်ကိုလဲ ကြိုက်နှစ်သက် ပါတယ်။ အဲဒီ ဆီပြန်ကြော်ကိုလဲ လက်ခံတော်မူပါ။ အရေသောက်ဟင်း, အမဲဟင်းလျာ အမျိုးမျိုးနှင့်တကွ သလေး ထမင်းကိုလဲ ကြိုက်နှစ်သက်ပါတယ်၊ အဲဒီ ဟင်းအမျိုးမျိုးနှင့် သလေးဆွမ်းကိုလဲ လက်ခံတော်မူပါ။
ကာသိတိုင်းဖြစ် သိမ်မွေ့သော အဝတ်အထည်များကိုလဲ ကြိုက်နှစ်သက်ပါတယ်၊ အဲဒီအဝတ်အထည်များကိုလဲ လက်ခံတော်မူပါ-စသည်ဖြင့် လျှောက်ထားပြီး သူမြတ်နိုးတဲ့ စားဖွယ်, သောက်ဖွယ်, သုံးဆောင်ဖွယ်တွေကို ဆက်ကပ်လှူဒါန်း ပါတယ်။ အဲဒီအခါမှာ မြတ်စွာဘုရားက ဒီလို အနုမောဒနာတရားကို ဟောကြားတော် မူပါတယ် ---
မနာပဒါယီ လဘတေ မနာပံ၊
ယော ဥဇ္ဇုဘူတေသု ဒဒါတိ ဒါနံ။ပ။
သော ဒုစ္စဇံ သပ္ပုရိသော စဇိတွာ၊
မနာပဒါယီ လဘတေ မနာပံ။
မနာပဒါယီ၊ စိတ်နှလုံးကို ပွါးစေတတ်သော ဝတ္ထုကို ပေးလှူသောသူသည်။
ဝါ၊ နှစ်သက်မြတ်နိုးအပ်သော ဝတ္ထုကို ပေးလှူသောသူသည်။
မနာပံ၊ နှစ်သက်မြတ်နိုးဘွယ်ကို။
လဘတေ၊ ရတတ်၏။
ယော၊ အကြင်သူသည်။
ဥဇုဘူတေသု၊ ဖြောင့်မတ်စွာဖြစ်သော အရိယာပုဂ္ဂိုလ်တို့၌။
ဆန္ဒသာ၊ ထက်သန်သော ဆန္ဒဖြင့်။
ဒဒါတိ၊ ပေးလှူ၏။ပ။
မနာပဒါယီ၊ နှစ်သက် မြတ်နိုးဘွယ်ကို ပေးလှူသော။
သော သပ္ပုရိသော၊ ထိုသူတော်ကောင်းသည်။
ဒုစ္စဇံ စဇိတွာ၊ စွန့်နိုင်ခဲသည်ကို စွန့်လှူသောကြောင့်။
မနာပံ၊ နှစ်သက်မြတ်နိုးဘွယ်ကို။
လဘတေ၊ ရလေတော့သတည်း-
လို့ ဟောကြားတော်မူပါတယ်။
နောင် နှစ်ပေါင်းအတန်ကြာသောအခါမှာ အဲဒီ ဥဂ္ဂါသူကြွယ်ဟာ လူ့ဘဝမှစုတေပြီး သုဒ္ဓါဝါသ ဗြဟ္မာ့ပြည်သို့ ရောက်သွားပါတယ်။ ရောက်ပြီးမကြာခင်ဘဲ မြတ်စွာဘုရား ထံလာပြီး ကန်တော့ပါတယ်။ အဲဒီအခါမှာ မြတ်စွာဘုရားက “ဘယ့်နှယ်လဲ ဥဂ္ဂါ... သင့်အလိုအတိုင်း ပြည့်စုံပါရဲ့လား”လို့ မေးတော်မူပါတယ်။ ဥဂ္ဂါသူကြွယ်က လူ့ဘဝတုန်းက အရဟတ္တမဂ်ဖိုလ်ကို အလိုရှိနေပါတယ်။ အဲဒါကို ရည်ရွယ်ပြီး မေးတာပါဘဲ။
ဒီတော့ ဥဂ္ဂါဗြဟ္မာကလဲ “မှန်ပါဘုရား ... အလိုရှိတဲ့အတိုင်းဘဲ ပြည့်စုံပါတယ်”လို့ လျှောက်ထားပါတယ်။ ဒီမှာလဲ မြတ်နိုးဘွယ်ကို လှူယင်မြတ်နိုးတာကို ရတယ်ဆိုတဲ့ ဒေသနာတော်အရ သူမြတ်နိုးတဲ့ အရဟတ္တဖိုလ်ကို ရည်ရွယ်ပြီးမြတ်နိုးတဲ့ စားသောက် ဖွယ်စသည်ကို လူ့ဘဝတုန်းက လှူခဲ့ပါတယ်။
ဗြဟ္မာ့ပြည်ရောက်တဲ့အခါ သူမြတ်နိုးတဲ့ အရဟတ္တဖိုလ်ကိုရောက်ပြီး ရဟန္တာဖြစ်နေတဲ့ အတွက် အလိုရှိတဲ့ အတိုင်း ပြည့်စုံတဲ့အကြောင်း ဝန်ခံလျှောက်ထားခြင်း ဖြစ်ပါတယ်။ အဲဒီအခါ မြတ်စွာဘုရားက ဒီလို ထပ်မံပြီး ဟောကြားတော်မူပြန်ပါတယ်-
မနာပဒါယီ လဘတေ မနာပံ၊
အဂ္ဂဿ ဒါတာ ဘလတေ ပုနဂ္ဂံ။
ဝရဿ ဒါတာ ဝရလာဘီ ဟောတိ၊
သေဋ္ဌံ ဒဒေါ သေဋ္ဌမုပေတိ ဌာနံ။
မနာပဒါယီ၊ နှစ်သက်အပ် မြတ်နိုးအပ်သော ဝတ္ထုကို ပေးလှူသောသူသည်။
မနာပံ၊ နှစ်သက်မြတ်နိုးအပ်သော အကျိုးကို။
လဘတေ၊ ရတတ်၏။
အဂ္ဂဿ၊ အထွတ်အမြတ်ကို။
ဒါတာ၊ ပေးလှူသောသူသည်။
အဂ္ဂံ၊ အထွတ်အမြတ်ကို။
ပုနလဘတေ၊ တဖန်ပြန်၍ ရတတ်၏။
ဝရဿ၊ သူတကာတို့ တောင့်တအပ်စမြဲ ရနိုင်ခဲသော အရာကို။
ဒါတာ၊ ပေးလှူသောသူသည်။
ဝရလာဘီ၊ တောင့်တအပ်စမြဲ ရနိုင်ခဲသောအရာကို ရတတ်သည်။
ဟောတိ၊ ဖြစ်၏။
သေဋ္ဌံ၊ အထူးသဖြင့် ချီးမွမ်းအပ်သောအရာကို။
ဒဒေါ၊ ပေးလှူသော သူသည်။
သေဋ္ဌံဌာန၊ အထူးသဖြင့် ချီးမွမ်းအပ်သော အရာဌာနသို့။
ဥပေတိ၊ ရောက်တတ်ပေ၏-
လို့ ဟောတော်မူပါတယ်။
ဒီဒေသနာတော်မှာလဲ မြတ်နိုးအပ်သော အထွတ်အမြတ်ဆုံး ဖြစ်သော သူတကာတို့ တောင့်တအပ်စမြဲ ရခဲလှစွာသော အထူးသဖြင့် ချီးမွမ်းအပ်သော စားသောက် သုံးဆောင်ဘွယ်ကို လှူခဲ့သည့်အတွက် ဥဂ္ဂါဗြဟ္မာမှာ မြတ်နိုးအပ်သော အထွတ် အမြတ်ဆုံးဖြစ်သော တောင့်တအပ်စမြဲ ရနိုင်ခဲလှစွာသော အထူးသဖြင့် ချီးမွမ်း အပ်သော အရဟတ္တဖိုလ်တိုင်အောင် အကျိုးရသည်ကို ကိုယ်တွေ့အားဖြင့် ထင်ရှား စေလျက် ဖော်ပြထားပါတယ်။
ဒီ ဥဂ္ဂါသူကြွယ်ဝတ္ထုမှာ ပြောလိုရင်းကတော့ ဥဂ္ဂါသူကြွယ်ဟာ လူ့ဘဝတုန်းကတော့ အရဟတ္တဖိုလ်ကို အမြတ်တနိုး လိုချင်တောင့်တပြီး မြတ်နိုးအပ်တဲ့ စားသောက်ဖွယ် သုံးဆောင်ဘွယ်တွေကို လှူခဲ့တယ်၊ အဲဒီလို လှူရာမှာ အရဟတ္တဖိုလ်ကို လိုချင် တောင့်တမှုကြောင့် လှူဒါန်းမှု ဒါနကုသိုလ်ဖြစ်ခဲ့တယ်။
အဲဒီကုသိုလ်ကံဟာ “ဥပါဒါနပစ္စယာ ဘဝေါ=ဥပါဒါန်ကြောင့် ဘဝဖြစ်သည်” ဆိုတဲ့ ဒေသနာတော် နှင့်အညီ ဘယ်ဥပါဒါန်ကြောင့် ဖြစ်သလဲဆိုယင် ကာမုပါဒါန်ကြောင့် ဖြစ်တယ်လို့ဘဲ ဆိုရပေလိမ့်မည်။
ဘယ် ကာမုပါဒါန်ကြောင့်လဲဆိုယင် အဲဒီလို လှူစဉ်က အရဟတ္တဖိုလ်ကို တောင့်တမှုသာ ထင်ရှားရှိတယ်၊ ဒါကြောင့် အရဟတ္တဖိုလ်ကို တောင့်တမှု ကာမုပါဒါန်ကြောင့် ဖြစ်တယ်လို့ ယူဆဘွယ် ရှိပါတယ်။ အဲဒါဟာ “အနုတ္တရေသု ဝိမောက္ခေသု ပိဟံ ဥပဋ္ဌာပယတော = အမြတ်ဆုံးဖြစ်သော အရဟတ္တဖိုလ်တို့၌ တောင့်တခြင်းကို ဖြစ်စေသောသူမှာ” (မ ၁၊ ၃၇၈။ မ ၃-၂၆၁) ဟု ဆိုသောပါဠိကို မှီပြီး ယူဆပုံပါဘဲ။
ဒီမှာထုတ်ပြထားတဲ့ ဝိသာခါဥပါသိကာမကြီးတို့ ဥဂ္ဂါသူကြွယ်တို့ကဲ့သို့သော အရိယာ ပုဂ္ဂိုလ်တွေမှာ မရသေးတဲ့ မဂ်ဖိုလ်ကို လိုလား တောင့်တတာဟာ ကာမုပါဒါန် မဖြစ်သင့်ဘူး၊ ကုသိုလ်ဆန္ဒသာ ဖြစ်သင့်တယ်လို့ ဆိုယင်တော့ အရိယာ ပုဂ္ဂိုလ်တို့ သန္တာန်မှာဖြစ်တဲ့ ဒါနအစရှိသော ကုသိုလ်တွေဟာ ဘယ် ဥပါဒါန်ကြောင့်လဲဆိုတာ ဖြေရှင်းပြရလိမ့်မယ်၊ အဲဒါကို အဲဒီ အရိယာတို့၏ သန္တာန်မှာ မကင်းသေးတဲ့ ကာမုပါဒါန်ကြောင့် ဖြစ်တယ်လို့ ဖြေရှင်းလျှင် သဘောကျစရာ ရှိပါတယ်။
ဝိပဿနာကုသိုလ်ကံက ဘယ်ဥပါဒါန်ကြောင့်ဖြစ်သလဲ
ဒီနေရာမှာ ဝိပဿနာကုသိုလ်ကတော့ ဘယ်ဥပါဒါန်ကြောင့် ဖြစ်သလဲလို့ မေးစရာရှိပါတယ်။ အိုခြင်းနာခြင်း သေခြင်းကင်းပြီး အမြဲတမ်းချမ်းသာချင်တဲ့ ကာမုပါဒါန်ကြောင့် ဖြစ်တယ်လို့လဲ ယူဘွယ်ရှိပါတယ်။ နောက်တနည်းအားဖြင့် ဆိုယင်တော့ ပုထုဇဉ်မှာ ဥပါဒါန် ၄-ပါးလုံး ကင်းငြိမ်းအောင် ဝိပဿနာရှုရတယ်၊ အရိယာများမှာတော့ ကာမုပါဒါန် ကင်းငြိမ်းအောင် ရှုရတယ်၊
ဒါကြောင့် အဲဒီကင်းငြိမ်းစေလိုအပ်တဲ့ ဥပါဒါန်တွေကြောင့် ဝိပဿနာကုသိုလ်ကံ ဖြစ်တယ်လို့လဲ ယူဘွယ်ရှိပါတယ်။ အဲဒီ ၂-နည်းထဲက ဒုတိယနည်းယူပုံဟာ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံကိုပြတဲ့ ဝိသုဒ္ဓိမဂ် (ဒု-၁၇၃), သမ္မောဟဝိနောဒနီ (၁၃၉) အဆိုများနှင့် ညီညွတ်ပါတယ်။ အဲဒီမှာ ဆိုထားပုံကတော့ -
အဝိဇ္ဇာသမတိက္ကမတ္ထာယ၊ အဝိဇ္ဇာကိုလွန်မြောက်ခြင်း အကျိုးငှါ။
ဒါနာဒီနိ၊ ပေးလှူခြင်းအစရှိကုန်သော။
ကာမာဝစရပုညကိရိယဝတ္ထူနိ၊ ကာမာဝစရပုညကြိယဝတ္ထုတို့ကို။
ပူရေန္တဿ စေဝ၊ ဖြည့်ဆည်းပူးသော သူအား၎င်း။
ရူပါဝစရဇ္ဈာနာနိ၊ ရူပါဝစရဈာန်တို့ကို။
ဥပ္ပါဒေန္တဿ စ၊ ဖြစ်စေသော သူအား၎င်း။
ဒွိန္နမ္ပိ တေသံ၊ ကာမကုသိုလ် ရူပကုသိုလ်ဟူသော ထိုပုညာဘိ သင်္ခါရ ၂-ပါး တို့အားလည်း။
အဝိဇ္ဇာ၊ လွန်မြောက်လိုအပ်သော အဝိဇ္ဇာသည်။
ဥပနိဿယပစ္စယေန၊ ဥပနိဿယပစ္စယသတ္တိဖြင့်။
ပစ္စယော ဟောတိ၊ ကျေးဇူးပြုတတ်ပေ၏-
လို့ ဆိုထားပါတယ်။
ဒီအဋ္ဌကထာ ၂-ရပ်အဆိုထဲမှာ မလွန်မြောက်သေး မကင်းသေးတဲ့ အဝိဇ္ဇာကို လွန်မြောက်ရန်အတွက် ကာမကုသိုလ်တို့ကို ဖြည့်ကျင့်ဆည်းပူးတယ်လို့ ဆိုရာမှာ ဘာဝနာကုသိုလ်လဲ ပါတယ်၊ အဲဒီဘာဝနာကုသိုလ်ထဲမှာ ဝိပဿနာလဲ ပါတယ်။
ဒါကြောင့် အဋ္ဌကထာမှာ အဝိဇ္ဇာကို လွန်မြောက်ရန်အတွက် ဝိပဿနာကို ဖြည့်ဆည်းပူးယင် အဝိဇ္ဇာကြောင့် ပုညာဘိသင်္ခါရ ဖြစ်တယ်လို့ဆိုတာနဲ့ ယခု ဒီမှာ ဥပါဒါန်ကင်းငြိမ်းရန်အတွက် ရှုတဲ့ ဝိပဿနာ ကုသိုလ်ဟာ ဥပါဒါန်ကြောင့် ဖြစ်တယ်လို့ ဆိုတာဟာ တူညီနေပါတယ်။
ဝိပဿနာကံကြောင့် ဘဝအသစ်ဖြစ်ပါသေးသလား
ဒါဖြင့် ဝိပဿနာကုသိုလ်ကြောင့် ဘဝသစ် ဖြစ်နိုင်ပါသေးသလားလို့ဆိုယင် ကျမ်းဂန်များအရအားဖြင့် ဖြစ်နိုင်သေးတယ်လို့ ဖြေရမှာဘဲ။ ဘယ်ကျမ်းဂန်များ ရလဲဆိုလျှင် အင်္ဂုတ္တရ အဋ္ဌကထာနဲ့ ပဋ္ဌာန်းပါဠိ အဋ္ဌကထာများ အရပါဘဲ။
အင်္ဂုတ္တရ အဋ္ဌကထာ (ပ-၃၆၉)မှာ သမ္မာဒိဋ္ဌိ ၅-မျိုးကို ထုတ်ပြပြီးတော့ ကမ္မဿကတာသမ္မာဒိဋ္ဌိက ပြည့်စုံ ကောင်းမြတ်သော သုဂတိဘဝကို ငင်တယ် ဖြစ်စေတယ်၊ ဈာနသမ္မာဒိဋ္ဌိက ရူပဘဝ, အရူပဘဝ၌ ပဋိသန္ဓေကို ပေးတယ်၊ မဂ် သမ္မာဒိဋ္ဌိက ဝဋ်ကို ဖျက်ဆီးတယ်၊ ဖိုလ်သမ္မာဒိဋ္ဌိက ဘဝကို တားမြစ်တယ်၊
ဝိပဿနာ သမ္မာဒိဋ္ဌိကလဲ ပဋိသန္ဓေကို မငင်တတ် မဖြစ်စေတတ်ဘူး လို့ဆိုပြီး တိပိဋကစူဠာဘယမထေရ်ရဲ့ အလိုအားဖြင့် အရဟတ္တဖိုလ် မရောက်သေးယင် (၇) ဘဝအကျိုးပေးသေးတယ်လို့ ပြဆိုထားပါတယ်။
ပဋ္ဌာန်းပါဠိတော် (ဒု-၃၅၇) မှာ မဂ်ဖိုလ် နိဗ္ဗာန်ဆိုတဲ့ အပ္ပမာဏတရားကို အာရုံပြုတဲ့ ကုသိုလ်စေတနာက ကာမကို အာရုံပြုတဲ့ ဝိပါက်ခန္ဓာတို့အား ကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြုတယ်လို့ ဟောထားပါတယ်။ အဲဒီမှာ အဋ္ဌကထာ (၄၈၉) က အပ္ပမာဏကို အာရုံပြုတဲ့ စေတနာဆိုတာ ဂေါတြဘူ စေတနာ ပစ္စဝေက္ခဏာ စေတနာကို ယူရမယ်လို့ ဖွင့်ပြထားပါတယ်။
အဲဒီ အဋ္ဌကထာအရ ဂေါတြဘူ စေတနာကတောင် ဝိပါက်ခန္ဓာအကျိုးကို ဖြစ်စေတယ်ဆိုတော့ အရဟတ္တဖိုလ်သို့ မရောက်သေးယင် ဝိပဿနာ ကုသိုလ်က ဘဝအကျိုးကို ပေးနိုင်တယ် ဆိုတာဟာ အသင့် ယုတ္တိ ရှိပါတယ်။
ဝိပဿနာက ဘဝမှ လွတ်မြောက်စေပုံ
▬▬▬▬▬▬▬▬▬
ဒါဖြင့် ဝိပဿနာက ဘယ်ပုံဘယ်နည်းဖြင့် ဘဝသံသရာမှ လွတ်မြောက်စေ သလဲလို့ဆိုတော့ ရှုမိတဲ့အာရုံတိုင်းမှာ အနိစ္စ, ဒုက္ခ, အနတ္တသဘောတွေကို အမှန်အတိုင်း သိသိသွားတဲ့အတွက် အဲဒီ ရှုမိတဲ့ အာရုံတွေမှာ နိစ္စ, သုခ, အတ္တလို့ စွဲလမ်းမည့် ကိလေသာတွေ မဖြစ်နိုင်တော့ဘူး၊ အဲဒီလို ကိလေသာမဖြစ်တော့ အဲဒီ အာရုံတွေနဲ့စပ်ပြီး ကံအသစ်လဲ မဖြစ်ရတော့ဘူး၊ ကံမဖြစ်ရတော့ အဲဒီ ကံ၏အကျိုး ဘဝသစ် ခန္ဓာတွေဆိုတာလဲ မဖြစ်ရတော့ဘူး။ အဲဒါဟာ ဝိပဿနာဉာဏ်က ကိလေသာ ကံဝိပါက် ခန္ဓာတွေကို တဒင်္ဂပဟာန်အားဖြင့် ပယ်ပုံပါဘဲ။
နောက်ပြီးတော့ မရှုမိတဲ့ တေဘူမမကသင်္ခါရ တရားတွေကိုလဲ ရှုမိတဲ့အာရုံနဲ့ နှိုင်းဆပြီး အနိစ္စ, ဒုက္ခ, အနတ္တမျှဘဲလို့ အနုမာနအားဖြင့် သိမြင်သဘောကျ နေပါတယ်၊ ဒါကြောင့် မရှုမိတဲ့ အဲဒီ တေဘူမက သင်္ခါရတွေမှာလဲ နိစ္စ, သုခ, အတ္တလို့ စွဲလမ်းပြီး ဖြစ်မည့် ကိလေသာတွေဟာ အများအားဖြင့် မဖြစ်နိုင်ဘဲ ဝေးကွာသွားပါတယ်၊
ဒါကြောင့် ဝိပဿနာဉာဏ် ထက်ထက်သန်သန်ဖြစ်နေတဲ့ ယောဂီမှာ လောဘ, ဒေါသ, ကိလေသာကြမ်းတွေ မဖြစ်တော့ဘူးလို့တောင် ထင်ရတတ်ပါတယ်၊ အဲဒီလို ကိလေသာအဖြစ် ဝေးသွားတော့ ကံလဲ အဖြစ်ဝေး သွားပါတယ်၊ အကျိုးဝိပါက်တွေလဲ ဝေးသွားတယ် ကျဲသွားတယ်လို့ဘဲ ဆိုရပါတယ်။ အဲဒါကတော့ ဝိပဿနာက ဝိက္ခမ္ဘနပဟာန်ဖြင့် ပယ်ပုံပါဘဲ။
အဲဒီလို ဝိပဿနာက တဒင်္ဂပဟာန်, ဝိက္ခမ္ဘနပဟာန်တို့ဖြင့် ပယ်ပြီးတဲ့အခါမှာ အရိယာမဂ်ဉာဏ်ဖြစ်ပေါ်ပြီး သူ့ဆိုင်ရာ ကိလေသာတွေကို အကြွင်းမဲ့ပယ်ဖြတ် သွားပါတယ်၊ ဥပမာအားဖြင့် ရုံးအလုပ်များ ဆောင်ရွက်ရတာနဲ့လဲ တူပါတယ်၊
ရုံးအလုပ်များမှာ အောက်လက်ပုဂ္ဂိုလ်တွေက အဆင့်ဆင့်ရေးသား လုပ်ကိုင်လာပြီး တဲ့အခါ အကြီးဆုံးအရာရှိက လက်မှတ်ထိုးပြီး အဆုံးသတ်ရတယ်၊ အဲဒီလို အဆုံးသတ် ပြီးစေရာမှာ အောက်လက်က ပုဂ္ဂိုလ်တွေရဲ့ ဆောင်ရွက်ချက်လဲ ပါဝင်နေပါတယ်၊ ပါဝင်တာမှ အများဆုံး ဖြစ်ပါတယ်။
အဲဒီလိုဘဲ အရိယာမဂ်က ကိလေသာတွေကို အကြွင်းမဲ့ ပယ်သတ်ရာမှာ ဝိပဿနာက အများဆုံး ဆောင်ရွက်ခဲ့ရပါတယ်။
နောက်ပြီးတော့ သစ်ပင်ကို လွှဖြင့် ဖြတ်တာနဲ့လဲ တူပါတယ်၊ အသီးမသီးသေးတဲ့ သစ်ပင်ကို လွှဖြင့်ဖြတ်ရာမှာ ဆွဲတိုင်းတွန်းတိုင်း နဲနဲတော့ ပြတ်ပြတ်သွားပါတယ်၊ နောက်ဆုံးတချက်ကျတော့ အကုန်လုံးပြတ်ပြီး သစ်ပင်ကြီး လဲကျသွားတယ်၊ အဲဒီသစ်ပင်မှာ အသီးတွေ ဖြစ်ပေါ်ခွင့်မရှိဘူး၊ အဲဒီမှာ နောက်ဆုံးတချက်ကျမှ လုံးဝပြတ်သွားပေမဲ့ ရှေးရှေး လွှချက်တွေကြောင့် ပြတ်တာကဘဲ များနေသလိုပါဘဲ၊
အရိယာမဂ်က ကိလေသာကို နောက်ဆုံးမှာ အကြွင်းမဲ့ ပယ်သတ်တယ်ဆိုပေမဲ့ ရှေ့ပိုင်းက ဝိပဿနာတွေကဘဲ တဒင်္ဂပဟာန်, ဝိက္ခမ္ဘနပဟာန်တို့ဖြင့် များစွာပယ်သွား ရပါတယ်။ ဒါကြောင့် ဝိသုဒ္ဓိမဂ် မဟာဋီကာ (ဒု-၅၀၃) မှာ-
ပဌမံ၊ ရှေးဦးစွာ။
လောကိယဉာဏေန၊ လောကီဝိပဿနာဉာဏ်ဖြင့်။
ယထာဗလံ၊ အားအစွမ်း ရှိသလောက်။
ဝါ၊ အစွမ်းကုန်။
ပဟာနမေဝ၊ ပယ်အပ်ပြီးသော ကိလေသာကိုသာလျှင်။
လောကုတ္တရဉာဏံ၊ လောကုတ္တရာ မဂ်ဉာဏ်သည်။
ပဇဟတိ၊ ပယ်သည်-
လို့ ဆိုထားပါတယ်။
ဝိပဿနာ မရှုနိုင်လျှင် သံသရာစက်လည်လည်
ဝိပဿနာ မရှုနိုင်တဲ့သူတွေမှာတော့ မြင်တိုင်းကြားတိုင်း တွေ့တိုင်းသိတိုင်းသော အာရုံတွေမှာ မြဲတဲ့အနေ ချမ်းသာ ကောင်းစားတဲ့အနေ အတ္တကောင် ငါကောင် သတ္တဝါကောင်အနေနဲ့သာ ထင်နေတယ်၊ အဲဒါဟာ အဝိဇ္ဇာဘဲ၊ ဒါကြောင့် အဲဒီ မြင်ကြားတွေ့သိရတဲ့ အာရုံမှာဖြစ်စေ, တခြားအာရုံမှာ ဖြစ်စေ တပ်မက်သာယာတဲ့ တဏှာ ဖြစ်တယ်။ တဏှာက ရင့်လာတော့ ဥပါဒါန်ဖြစ်တယ်၊ ဥပါဒါန်နဲ့ စွဲလမ်းတော့ ကိုယ့်အလိုအတိုင်း ပြီးစီး ပြည့်စုံအောင် ကြံတယ်, ပြောတယ်, ပြုတယ်၊
အဲဒါက ကမ္မဘဝနဲ့ သင်္ခါရတွေဘဲ၊ အဲဒီကံနဲ့ သင်္ခါရတွေကြောင့် သေခါနီးမှာ ကံ, ကမ္မနိမိတ်, ဂတိနိမိတ်ထင်ပေါ်ပြီး ဘဝသစ် ဝိညာဏ်ဖြစ်ရတယ်၊ အဲဒီဖြစ်ရာဘဝမှာ အိုရ, သေရ, စိုးရိမ်ပူဆွေးရ အစရှိတဲ့ ဆင်းရဲတွေကို ခံစားရတယ်၊ ဒီပုံဒီနည်းဖြင့် သံသရာ ဝဋ်ဆင်းရဲတွေ တဝဲလည်လည် ဖြစ်နေရတယ်။ ဒါကြောင့် မူလဆောင်ပုဒ်ကြီးမှာ -
အမှန်မသွား အမှားမြင်ကာ အဝိဇ္ဇာကြောင့်၊ ချမ်းသာလိမ့်နိုး ရည်မြှော်ကိုးလျက် သုံးမျိုးမှုကံ ပြုစီမံ၍၊ ဝိညာဏ် တွယ်စပ်။ပ။ တဏှာ ၆-တန် ဥပါဒါန်နှင့် ဖြစ်ရန်အကြောင်း ကံဆင့်လောင်း၍၊ ဆိုးကောင်းဘဝ ဖြစ်ရပြန်ရာ အိုကာသေရေး ပူအဆွေးနှင့် ငိုကြွေးကိုယ်နွမ်း စိတ်မချမ်းမြ ပူပန်ရသည် လုံးဝဆင်းရဲစုသာတည်း -
လို့ ဆိုထားပါတယ်။
ရှစ်လုံးဖွဲ့ ဆောင်ပုဒ်များထဲက နောက် ၂-ပုဒ်မှာလဲ -
ခံစားသည့်တွက် တပ်မက်ခင်မင်၊
မည်သို့ ပြုငြား ကောင်းစားမည်ထင်၊
ဝင်စားစွဲလမ်း ရော်ရမ်းပြုလျှင်၊
နောင်ဘဝ ဖြစ်ရ ဇာတိပင်။
ဘဝဇာတိ သူရှိပြန်လျှင်၊
အို သေ ပူဆွေး ငိုကြွေး ထို့ပြင်၊
ကိုယ်-စိတ်ဆင်းရဲ ထန်သဲပူပင်၊
သို့ဖြစ်ရ လုံးဝ ဆင်းရဲပင် -
လို့ဆိုထားပါတယ်။ ကဲ ဒီဆောင်ပုဒ်ကလေး ၂-ပုဒ်ကို ဆိုပြီး ဒီကနေ့ တရားသိမ်းကြဦးစို့။ လိုက်ဆိုကြ---
ခံစားသည့်တွက် တပ်မက်ခင်မင်၊
မည်သို့ပြုငြား ကောင်းစားမည် ထင်၊
ဝင်စားစွဲလမ်း ရော်ရမ်းပြုလျှင်၊
နောင်ဘဝ ဖြစ်ရ ဇာတိပင်။
ဘဝဇာတိ သူ ရှိပြန်လျှင်၊
အို သေ ပူဆွေး ငိုကြွေး ထို့ပြင်၊
ကိုယ်-စိတ်ဆင်းရဲ ထန်သဲပူပင်၊
သို့ဖြစ်ရ လုံးဝ ဆင်းရဲပင်။
ဤပဋိစ္စသမုပ္ပါဒ် တရားဒေသနာတော်ကို ရိုသေစွာနာယူမှတ်သားကြရသော ဓမ္မသဝန ဥက္ကဋ္ဌကုသိုလ်ကံ စေတနာတို့၏ အစွမ်းအာနုဘော်ကြောင့် ယခုတရားနာ ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကိုယ်၏ချမ်းသာခြင်း, စိတ်၏ချမ်းသာ ခြင်းတို့နှင့်အခါခပ်သိမ်း ပြည့်စုံကြ၍ အကြောင်းအကျိုးဆက်စပ်လျက် မပြတ်ဖြစ်နေ သော ရုပ်နာမ်တရားတို့ကို အမှန်အတိုင်း သိအောင် ရှုမှတ်ပွါးများ အားထုတ် နိုင်ကြပြီး အထူးအားဖြင့် ဝေဒနာမှ ဆက်၍ တဏှာဖြစ်တတ်ရာဝယ် ထိုသို့ တဏှာဆက်၍ ဖြစ်ခွင့်မရအောင် ဖြစ်ပေါ်လာတိုင်းသော ဝေဒနာတို့ကို ပိုင်ပိုင်နိုင်နိုင် မှတ်သိနိုင်ကြ၍ ဝိပဿနာဉာဏ်အစဉ် အရိယမဂ်ဉာဏ်အစဉ်ဖြင့် နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေကုန် သတည်း။
သာဓု.....၊ သာဓု......၊ သာဓု......။
ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး နဝမပိုင်း ပြီး၏။
......
ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး
၁၃၂၄-ခု၊ တော်သလင်း လပြည့်နေ့ ဟောသည်။
ဒသမပိုင်း
အင်္ဂါ ၁၂-ပါး
▬▬▬▬▬
ပဋိစ္စသမုပ္ပါဒ်တရားတော်ကို ဟောလာတာ ၉-သီတင်း ၉-ကြိမ်ရှိခဲ့ပြီ၊ တော်တော်လဲ ပြည့်စုံသွားပါပြီ၊ ကြေကြေညက်ညက် ဖြစ်သွားအောင် ထပ်ပြောဘို့နဲ့ မှတ်ဖွယ် အထူးများကို ပြောဘို့လောက်သာ လိုပါတော့တယ်၊ အဲဒါတွေကို ဒီကနေ့ ပြောရမယ်။
အဝိဇ္ဇာပစ္စယာ သင်္ခါရာ-အဝိဇ္ဇာကြောင့် သင်္ခါရတို့ ဖြစ်ကြသည် စသည်ဖြင့် ဟောထားတဲ့ ဒီပဋိစ္စသမုပ္ပါဒ် ဒေသနာတော်မှာ အကြောင်းအကျိုး အင်္ဂါက ၁၂-ပါးရှိတယ်။ ဘယ်ဟာတွေလဲဆိုလျှင်-
(၁) အဝိဇ္ဇာ၊
(၂) သင်္ခါရ၊
(၃) ဝိညာဏ်၊
(၄) နာမ်ရုပ်၊
(၅) သဠာယတန၊
(၆) ဖဿ၊
(၇) ဝေဒနာ၊
(၈) တဏှာ၊
(၉) ဥပါဒါန်၊
(၁၀) ဘဝ၊
(၁၁) ဇာတိ၊
(၁၂) ဇရာမရဏ
ဆိုတဲ့ ဒီ ၁၂-ပါးပါဘဲ။
မူလ ၂-ပါးနဲ့ ဘဝစက် ၂-ပါး
နောက်ပြီးတော့ ဒီဒေသနာမှာ မူလရင်း အမြစ်မကြီးတွေက အဝိဇ္ဇာနဲ့ တဏှာရယ်လို့ ၂-ပါးရှိတယ်၊ ဘဝစက်ကလဲ ရှေ့ပိုင်း ဘဝစက်၊ နောက်ပိုင်းဘဝစက်ရယ်လို့ ၂-ပါး ရှိတယ်။
ရှေ့ပိုင်းဘဝစက်မှာ အဝိဇ္ဇာက မူလရင်း အမြစ်မကြီးဖြစ်တယ်၊ ဝေဒနာမှာ အဆုံးသတ်သွားတယ်။ နောက်ပိုင်း ဘဝစက်မှာ တဏှာက မူလရင်း အမြစ်မကြီး ဖြစ်တယ်၊ ဇရာမရဏမှာ အဆုံးသတ်သွားတယ်။ ရှေ့ပိုင်းဘဝစက်မှာ အဝိဇ္ဇာနဲ့ သင်္ခါရဆိုတဲ့ အတိတ်အကြောင်းကြောင့် ယခု ပစ္စုပ္ပန်ဘဝအကျိုး ဖြစ်ပေါ်လာပုံကို ပြထားတယ်။ နောက်ပိုင်း ဘဝစက်မှာတော့ တဏှာဥပါဒါန်ဘဝဆိုတဲ့ ပစ္စုပ္ပန် အကြောင်းကြောင့် အနာဂတ်ဘဝအကျိုး ဖြစ်ပေါ်ပုံကို ပြထားတယ်။
အဲဒီလို ဘဝစက် ၂-ပါးနဲ့ ပြလိုက်တဲ့အတွက် ယခုဘဝကနေပြီး ကြည့်လိုက်ယင် အတိတ်ဘဝက အကြောင်းကြောင့် ယခုဘဝ ဖြစ်လာရတယ်၊ ယခုဘဝက အကြောင်းကြောင့် နောင်အနာဂတ်ဘဝဖြစ်ရမယ်ဆိုတာ သိရသလိုဘဲ၊ အခြားမဲ့ အနာဂတ်ဘဝကနေပြီး ကြည့်လိုက်လျှင်လဲ ယခုဘဝကို အတိတ်ဘဝ အနေအားဖြင့် မြင်ပြီးတော့ အတိတ်ဘဝက အကြောင်းကြောင့် လက်ရှိဘဝဖြစ်ရတယ်၊ အဲဒီဘဝ အကြောင်းကြောင့် နောင်အနာဂတ် တဘဝ ဖြစ်ရမယ်ဆိုတာ နည်းတူပင် မြင်သွား နိုင်ပါတယ်။ အဲဒီက နောက်ဘဝတွေမှာလဲ နည်းတူဘဲ မြင်မြင်သွားနိုင်ပါတယ်။ ဒီတော့ တခုခုသောဘဝက ပြုမိတဲ့ကံကြောင့် နောက်ဘဝတွေ အဆက်ဆက် ဒီပုံဒီနည်းဖြင့် ရှေးကာလက အဆက်မပြတ် ဖြစ်လာခဲ့တယ်၊ နောင်လဲ အဆက်မပြတ် ဖြစ်သွားမယ်ဆိုတာကို ကောင်းကောင်းကြီး သဘောပေါက်နိုင် ပါတယ်။ အဲဒီလို သဘောပေါက်အောင်လို့ဘဲ ဘဝစက် ၂-ပါးနဲ့ ဒီပဋိစ္စသမုပ္ပါဒ် ဒေသနာကို ဟောထားခြင်း ဖြစ်ပါတယ်။
ကာလ ၃-ပါး
▬▬▬▬▬
နောက်ပြီးတော့ ဒီဒေသနာတော်မှာ အဝိဇ္ဇာနဲ့ သင်္ခါရက အတိတ်ဘဝက ပြီးခဲ့လို့ အတိတ်ကာလ တရားလို့ ဆိုရပါတယ်။
ဝိညာဏ်မှစပြီး ကမ္မဘဝတိုင်အောင် ရှစ်ပါးကတော့ ပစ္စုပ္ပန်ဘဝမှာဖြစ်လို့ ပစ္စုပ္ပန်ကာလတရားလို့ ဆိုရပါတယ်၊
ဇာတိနဲ့ ဇရာမရဏကတော့ အနာဂတ်ဘဝမှာ ဖြစ်မှာမို့ အနာဂတ်ကာလတရားလို့ ဆိုရပါတယ်။
ဒါကြောင့် ဒီ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်မှာ ကာလအားဖြင့် ၃-ပါး ရှိပါတယ်။
အတိတ်အကြောင်း ငါးပါး
▬▬▬▬▬▬▬▬▬
အဲဒီမှာ အတိတ်ကာလ အတိတ်ဘဝက အကြောင်းကို အဝိဇ္ဇာနဲ့ သင်္ခါရ ဒီ၂-ပါး တည်း ပြထားတာကတော့ ပြဓာန်းတဲ့ အကြောင်းလောက်သာ ပြလိုတဲ့အတွက် ဖြစ်ပါတယ်၊ အမှန်စင်စစ်ကတော့ အဝိဇ္ဇာ ဖြစ်တယ်ဆိုယင် တဏှာနဲ့ဥပါဒါန်လဲ ဖြစ်တော့တာဘဲ၊ သင်္ခါရ ဖြစ်တယ်ဆိုယင်လဲ ကမ္မဘဝက ဖြစ်တော့တာဘဲ။ ဒါကြောင့် ပစ္စုပ္ပန်ဘဝ ရုပ်နာမ် ခန္ဓာတွေရဲ့ အတိတ်အကြောင်းကို အပြည့်အစုံပြတဲ့ ပဋိသမ္ဘိဒါမဂ် ပါဠိတော် (နှာ ၅၀) မှာ တဏှာ ဥပါဒါန် ကမ္မဘဝဆိုတဲ့ အကြောင်း ၃-ပါးကိုလဲ ထည့်ပြီး ဒီလို ပြဆိုထားပါတယ်။
ပုရိမကမ္မဘဝသ္မိံ၊ ရှေးဘဝတွင် ဖြစ်ကြောင်းကံကို ပြုစဉ်ကာလ၌။
မောဟော၊ မှန်စွာမသိ-မှားယွင်းစွာသိခြင်းဟူသော တွေဝေခြင်းသည်။
အဝိဇ္ဇာ၊ အဝိဇ္ဇာပေတည်း။
အာယူဟနာ၊ စုပေါင်းခြင်း အားထုတ်ခြင်းတို့သည်။
သင်္ခါရာ၊ သင်္ခါရတို့ပေတည်း။
နိကန္တိ၊ ပြုလုပ်မှု၏ မျက်မှောက်အကျိုး နောင်ဘဝ အကျိုးကို လိုလားတောင့်တ ခြင်းသည်။
တဏှာ၊ တဏှာပေတည်း။
ဥပဂမနံ၊ မည်သို့ပြုလျှင် မည်သို့ခံစားရမည် စသည်ဖြင့် ချဉ်းကပ်စွဲလမ်းခြင်းသည်။
ဥပါဒါနံ၊ ဥပါဒါန်ပေတည်း။
စေတနာ၊ စေ့ဆော်တိုက်တွန်းခြင်းသည်။
ဘဝေါ၊ ဖြစ်ကြောင်းကံဟူသော ကမ္မဘဝပေတည်း။
ဣတိ၊ ဤသို့။ပုရိမကမ္မဘဝသ္မိံ၊ ရှေးဘဝကို ပြုစဉ်၌ ပြီးစီးခဲ့ ဖြစ်ခဲ့ကုန်သော။
ဣမေ ပဉ္စ ဓမ္မာ၊ ဤငါးပါးသော တရားတို့သည်။
ဣဓ ပဋိသန္ဓိယာ၊ ယခုဘဝ ပဋိသန္ဓေ၏။
ပစ္စယာ၊ အကြောင်းတို့ပေတည်း-
လို့ ပြထားပါတယ်။
ဒါကြောင့် အတိတ်အကြောင်းတရားတွေဟာ အပြည့်အစုံဆိုယင် အဝိဇ္ဇသင်္ခါရ တဏှာ ဥပါဒါန် ကမ္မဘဝဆိုတဲ့ ဒီငါးပါးလုံးပင် ဖြစ်ပါတယ်။ ကဲ အဲဒါကို ဆိုကြရမယ် -
အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကမ္မဘဝ--ဤငါးပါးကို အတိတ်အကြောင်း ငါးပါးဟု ခေါ်သည်။
(ကိလေသဝဋ်နှင့် ကမ္မဝဋ် မရောစေရန် ဖြစ်စဉ်အတိုင်း စီစဉ်ထားသည်။)
အဲဒီငါးပါးထဲမှာ အဝိဇ္ဇာ တဏှာ ဥပါဒါန်ဆိုတဲ့ ဒီသုံးပါးကို ကိလေသဝဋ် ခေါ်တယ်၊ သင်္ခါရနဲ့ ကမ္မဘဝကို ကမ္မဝဋ် ခေါ်တယ်။ ဒီသင်္ခါရနဲ့ ကမ္မဘဝကို အသီးအသီး ခွဲယူချင်ယင် ဘယ်လို ယူရပါသလဲလို့ ဆိုတော့ အဋ္ဌကထာမှာ သုံးနည်း ခွဲပြထား ပါတယ်။
သင်္ခါရနှင့် ကမ္မဘဝ ခွဲပုံ
▬▬▬▬▬▬▬▬
ပဌမနည်းမှာ ပြပုံကတော့ အမှုကံတခုခုကိုပြုတဲ့အခါ ရှေးအဖို့က ကြံစည် အားထုတ်တဲ့ စေတနာတွေကို သင်္ခါရခေါ်တယ်၊ နောက်ဆုံးအပြီးသတ် ပြုလုပ်တဲ့ စေတနာကို ကမ္မဘဝခေါ်တယ်။ ဥပမာ ဒါနမှုကိုပြုတယ်ဆိုယင် လှူစရာပစ္စည်း တွေကို ရှာကြံသည်မှစပြီး တလလုံး တနှစ်လုံး စသည်ဖြင့် ရှေးအဖို့က ဖြစ်ခဲ့တဲ့ စေတနာတွေကို သင်္ခါရ ခေါ်တယ်၊ အလှူခံပုဂ္ဂိုလ်၏ လက်ထဲမှာထည့်ဆဲ လှူဆဲ ခဏ၌ဖြစ်သော စေတနာကို ကမ္မဘဝခေါ်တယ်။
ပါဏာတိပါတအမှုကို ပြုတယ် ဆိုယင်လဲ သတ်စရာ လက်နက်စသည်ကို ရှာကြံသည် မှစပြီး ရှေးအဖို့ကဖြစ်ခဲ့တဲ့ စေတနာတွေကို သင်္ခါရခေါ်တယ်၊ သတ်ဆဲခဏ၌ ဖြစ်တဲ့ စေတနာကို ကမ္မဘဝခေါ်တယ်၊ ဒိပြင် ကုသိုလ် အကုသိုလ် အမှုတွေကို ပြုရာမှာလဲ နည်းတူပါဘဲ။
ဒုတိယနည်းမှာ ပြပုံကတော့ ပေးလှူမှု စသည်ကို ပြုတဲ့အခါမှာ ကုသိုလ်ဇော (၇)ကြိမ် ဖြစ်တယ်၊ သတ်မှုစသည်ကို ပြုတဲ့အခါမှာ အကုသိုလ်ဇော (၇)ကြိမ် ဖြစ်တယ်၊ အဲဒီဇော (၇)ကြိမ်ထဲမှာ ရှေ့ဇော ၆-ကြိမ်ကို သင်္ခါရခေါ်တယ်၊ နောက်ဆုံး ဇောတကြိမ်ကို ကမ္မဘဝ ခေါ်တယ်။
တတိယနည်းမှာ ပြပုံကတော့ စေတနာကို ကမ္မဘဝခေါ်တယ်၊ စေတနာနဲ့ ယှဉ်တဲ့ တရားတွေကို သင်္ခါရ ခေါ်တယ်။
ဒီသုံးနည်းထဲမှာ ရူပကုသိုလ် အရူပကုသိုလ်အတွက်ဆိုယင် တတိယနည်းဖြင့်ပြောမှ ရှင်းလင်းပါတယ်၊ ကာမကုသိုလ် အကုသိုလ်အတွက်ဆိုယင်တော့ သုံးနည်းလုံးဘဲ ရှင်းလင်းပါတယ်။ သုတနည်းတဲ့ သူများအတွက် ဆိုယင်တော့ ပဌမနည်းဟာ အရှင်းဆုံးပါဘဲ။
ဒါကြောင့် သုတနည်းတဲ့ သူတွေမှာ (ဒီလိုမှတ်ထားကြရမယ်) ကုသိုလ်အမှုဖြစ်စေ, အကုသိုလ်အမှုဖြစ်စေ အမှုကံတခုခုကိုပြုရာမှာ ရှေးအဖို့ ကရှာကြံ အားထုတ်နေတာ တွေက သင်္ခါရ၊ နောက်ဆုံးပြီးစေတာက ကမ္မဘဝလို့ ဒီလိုမှတ်ထားကြရမယ်။
တနည်းအားဖြင့် ဝိသုဒ္ဓိမဂ် (ဒု-၁၈၇) ၌ သင်္ခါရကြောင့် ပဋိသန္ဓေဝိညာဏ် ဖြစ်ပုံကိုပြရာမှာ သေခါနီးဆဲဆဲတွင် ထင်ပေါ်လာတဲ့ ကံ, ကမ္မနိမိတ်, ဂတိနိမိတ်ကို အာရုံပြုပြီး ဖြစ်နေကြတဲ့ သင်္ခါရတွေက စိတ်ကို ဘဝသစ်သို့ ပစ်ချကြတယ်လို့ ဆိုထားပါတယ်။
အဲဒီအဆိုအရအားဖြင့် ကုသိုလ်အမှု အကုသိုလ်အမှုကို ပြခဲ့စဉ် ကာလက ဖြစ်ခဲ့သော စေတနာကံက ကမ္မဘဝ၊ သေခါနီး ဇောတွေက သင်္ခါရလို့ ဒီလိုလဲ ခွဲသင့်ပါတယ်။
အတိတ်အကြောင်းကြောင့် ပစ္စုပ္ပန်အကျိုးဖြစ်ပုံ
ယခုပြောခဲ့တဲ့ ကိလေသဝဋ်နှင့် ကမ္မဝဋ်လို့ခေါ်တဲ့ အတိတ်အကြောင်း ငါးပါးကြောင့် ပစ္စုပ္ပန်ဘဝ၌ ပဋိသန္ဓေစိတ် အစရှိတဲ့ ဝိပါက်ဝိညာဏ်တွေ မပြတ်ဖြစ်နေတယ်၊ အဲဒီလို ဝိပါက်ဝိညာဏ်ဖြစ်ယင် နာမ်ရုပ် အာယတန ဖဿ ဝေဒနာဆိုတဲ့ အကျိုး တရားတွေလဲ သူနဲ့တပါးတည်း ဖြစ်ကြတော့တာဘဲ၊ အဲဒီ အကျိုးတရားငါးပါး ကိုတော့ ဝိပါကဝဋ်လို့ခေါ်တယ်။ အဲဒီလို ဖြစ်ပုံကို ရှစ်လုံးဖွဲ့ဆောင်ပုဒ်မှာ--
အမှန်မသွား အမှားသိမြင်၊
အဝိဇ္ဇာဖုံး ကောင်းလုံးမှတ်ထင်၊
စိတ်-ကိုယ်-နှုတ်-မှု-ကြံ-ပြု-ပြောလျှင်၊
ဝိညာဏ်စပ် နောက်ထပ် သန္ဓေရှင် ---
စသည်ဖြင့် ပြဆိုထားပါတယ်။
အဲဒီမှာ အမှန်အတိုင်းမသိဘဲ အလွဲအမှားတွေကို သိနေတဲ့ အဝိဇ္ဇာက ဖုံးကွယ် ထားလို့ ကောင်းတယ် ချမ်းသာတယ်လို့ချည်း ထင်နေတယ်၊ မြင်ရတာလဲကောင်း ကြားရတာလဲကောင်း နံရတာလဲကောင်း စားရတာလဲကောင်း တွေ့ထိရတာတွေလဲ ကောင်း ကွေးလိုက်ဆန့်လိုက် ထိုင်လိုက်ထလိုက် ပြောဆိုလိုက်စသည်ဖြင့် ပြုလုပ်နေရတာလဲကောင်း စိတ်ကူးစဉ်းစား ကြံစည် နေရတာလဲကောင်း အားလုံး အကောင်းတွေချည်းဘဲလို့ ထင်နေတယ်။
အဲဒီလို အကောင်းတွေထင်တော့ အဲဒီအကောင်းတွေကို သာယာနှစ်သက်တဲ့ တဏှာက ဖြစ်တော့တာဘဲ၊ သာယာ နှစ်သက်တော့ စွဲလမ်းတယ်၊ စွဲလမ်းတော့ ကိုယ်အလိုရှိတဲ့အတိုင်း ပြီးစီး ပြည့်စုံအောင် အားထုတ်တယ်၊ အားထုတ်တော့ ပြုလုပ်မှုကံ ပြီးမြောက်သွားတယ်။ ဒါတွေဟာ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကမ္မဘဝဆိုတဲ့ အတိတ်အကြောင်း ငါးပါးတွေဘဲ။
အဲဒီ အတိတ်အကြောင်းတွေကြောင့် ပစ္စုပ္ပန်အကျိုးငါးပါး ပေါ်လာရတယ်။ အဲဒီလို ဆက်စပ်ပုံကို “စိတ်, ကိုယ်, နှုတ်မှု ကြံပြုပြောလျှင်၊ ဝိညာဏ်စပ် နောက်ထပ် သန္ဓေရှင်”လို့ ဆိုထားပါတယ်။
ပစ္စုပ္ပန်အကျိုး ငါးပါး
▬▬▬▬▬▬▬▬
အဲဒီ ဝိညာဏ်ဖြစ်ယင် သူနဲ့ တပါးတည်းပင် နာမ်ရုပ် အာယတန ဖဿ ဝေဒနာ ဆိုတာတွေလဲ ဖြစ်တော့တာဘဲ။ အဲဒါကိုလဲ ရှစ်လုံးဖွဲ့ဆောင်ပုဒ်မှာ -
ဝိညာဏ်မျိုးစေ့ စ၍ ဖြစ်လျှင်၊
နာမ်နှင့်ရုပ်လဲ ပူးတွဲပါဝင်၊
အာယတန ဖဿ ပေါ်ထင်၊
ကောင်းဆိုးများ ခံစားမိရိုးပင်---
လို့ ပြဆိုထားပါတယ်။
ပဋိသန္ဓေမှစပြီး စိတ်ဝိညာဏ်ဆိုတဲ့ ဘဝမျိုးစေ့ကလေးက စပြီးပေါ်လာလို့ရှိယင် သူနဲ့အတူတွဲပြီး စေတသိက်နာမ်တွေနဲ့ တကိုယ်လုံး ရုပ်တွေလဲ ဖြစ်နေတယ်၊ မျက်စိ နား နှာ လျှာ ကိုယ်စိတ် နှလုံးဆိုတဲ့ အာယတနတွေလဲ ဖြစ်နေတယ်၊ ထင်ပေါ်လာတဲ့ အာရုံ ၆-ပါးနဲ့တွေ့တဲ့ ဖဿလဲဖြစ်တယ်၊ အဲဒီ တွေ့ရတဲ့အာရုံကို ခံစားတဲ့ဝေဒနာ ဖြစ်တယ်-လို့ဆိုလိုပါတယ်။
ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်မှာတော့ ပြဓာန်းတဲ့ အကြောင်းနဲ့ အကျိုးတွေကို အသီးအသီး ထင်ရှားစေလိုတဲ့အတွက် ဝိညဏ်ကြောင့် နာမ်ရုပ်ဖြစ်တယ်၊ နာမ်ရုပ်ကြောင့် အာယတနဖြစ်တယ်၊ အာယတနကြောင့် ဖဿဖြစ်တယ်၊ ဖဿကြောင့် ဝေဒနာဖြစ်တယ်လို့ ဒီလို အသေးစိတ်ခွဲခြားပြီး ဟောထားပါတယ်။
အလုံးလိုက် ပြောရမယ်ဆိုယင်တော့ အဲဒီ ငါးပါးလုံးဟာ ကံသင်္ခါရ၏ အကျိုး ချည်းပါဘဲ။ ကံ သင်္ခါရကြောင့် ဝိညာဏ်နှင့်အတူ တပေါင်းတည်း ဖြစ်ပေါ်တဲ့ အကျိုးတရားချည်းပါဘဲ။
ဒါကြောင့် ကိုယ်တိုင် မျက်မှောက်မတွေ့နိုင်တဲ့ ပဋိသန္ဓေစိတ် စုတိစိတ်တွေကိုဖျန်ပြီး ကိုယ်တိုင် မျက်မှောက်တွေ့ပြီး သိနိုင်တဲ့ အကျိုးတရား ဖြစ်ပုံကို ပြောရမယ်ဆိုယင် ယခု မြင်တိုင်း ကြားတိုင်း နံတိုင်း အရသာကို စားသိတိုင်း ကိုယ်ဖြင့် ထိသိတိုင်း စိတ်ဖြင့် ကြံသိတိုင်း ရှေးဘဝက ကံ သင်္ခါရကြောင့် ဝိညာဏ် နာမ်ရုပ် အာယတန ဖဿ ဝေဒနာဆိုတဲ့ အကျိုးငါးပါးတွေ ဖြစ်နေတယ်၊ အိပ်ပျော်ပြီး ဘဝင်ကျနေတဲ့ အခါလဲ ဘဝင်စိတ်နှင့်တကွ အဲဒီ အကျိုးတရားတွေဖြစ်နေတာဘဲ။
အဲဒါတွေကိုဘဲ ငါမြင်တယ် ငါကြားတယ် ငါနံတယ် ငါစားတယ် ငါတွေ့ထိတယ် ငါကြံသိတယ် ငါအိပ်ပျော်တယ် စသည်ဖြင့် စွဲလမ်းနေကြတယ်။ အမှန်ကတော့ ရှေးဘဝက ပြီးခဲ့တဲ့အကြောင်းတရား ငါးပါးကြောင့် အသစ်အသစ် ဖြစ်နေတဲ့ အကျိုးတရား ငါးပါးမျှသာရှိတယ်။
ဥပမာအားဖြင့် ဆီရယ် မီးစာရယ် မီးမျိုးစေ့ရယ် လေရယ် တည်ရာခွက်ရယ် ဒီအကြောင်းငါးပါးကြောင့် မီးလျှံမီးတောက်ကလေး အသစ်အသစ် ဖြစ်နေသလိုပါဘဲ။
ထူးတာကတော့ အကောင်းတွေကို မြင်ရ ကြားရတဲ့အခါ စသည်မှာ ကုသိုလ်ကံ သင်္ခါရကြောင့် ကုသလဝိပါက်ခေါ်တဲ့ ကောင်းကျိုးတရားတွေ ဖြစ်နေတယ်၊ မကောင်းတာတွေကို မြင်ရ ကြားရတဲ့အခါ စသည်မှာ အကုသိုလ်ကံ သင်္ခါရကြောင့် အကုသလဝိပါက်ခေါ်တဲ့ မကောင်းကျိုးတရားတွေ ဖြစ်နေတယ်၊ ဒါလောက်ပဲ ထူးပါတယ်။
ကောင်းတာ မကောင်းတာတွေကို ခံစားတတ်တဲ့ ပုဂ္ဂိုလ် သတ္တဝါရယ်လို့ စင်စစ်အားဖြင့် မရှိဘူး၊ အဲဒီလို ခံစားရအောင် ပြုလုပ်ပေးတဲ့ ပုဂ္ဂိုလ်, ဖန်ဆင်းပေးတဲ့ ပုဂ္ဂိုလ်ရယ်လို့လဲ မရှိဘူး၊ အမှန်စင်စစ် ရှိတာကတော့ ရှေးဘဝကပြီးခဲ့တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကမ္မဘဝဆိုတဲ့ အတိတ်အကြောင်းငါးပါးနဲ့ ယခုဘဝမှာ မြင်တိုင်း, ကြားတိုင်း, တွေ့တိုင်း, သိတိုင်း ဖြစ်ပေါ်နေတဲ့ ဝိညာဏ် နာမ်ရုပ် အာယတန ဖဿ ဝေဒနာ ဆိုတဲ့ ပစ္စုပ္ပန် အကျိုးတရား ငါးပါးမျှသာ အဆက်ဆက် ဖြစ်ပေါ်လျက် ရှိနေတယ်။ ကဲ ဒီအကျိုးငါးပါးကို နှုတ်တက်ရအောင် ဆိုလိုက်ကြဦး-
ပဋိသန္ဓေခဏမှ စ၍ မပြတ် ဖြစ်ပေါ်နေသော ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတို့ကို ပစ္စုပ္ပန်အကျိုးငါးပါးဟု ခေါ်သည်။
အဲဒါက တဘဝလုံးအတွက် အကျိုး ငါးပါးတဲ့။ မိမိတို့ မျက်မှောက်တွေ့နိုင်တဲ့ အကျိုး တရားတွေကတော့ မြင်မှု, ကြားမှု, အစရှိတဲ့ သဘောတရားတွေဘဲ။ အဲဒါတွေကိုလဲ ဆိုကြရဦးမယ် -
မြင်ခိုက်, ကြားခိုက် စသည်၌ ထင်ရှား ဖြစ်ပေါ်နေသော မြင်သိမှု, ကြားသိမှု, အစရှိသော ဝိညာဏ် နာမ်ရုပ် အာယတန ဖဿ ဝေဒနာ တို့ကို ပစ္စုပ္ပန်အကျိုးငါးပါး ဟု ခေါ်သည်။
ခေါင်းစဉ် အမည်လောက် ရထားတဲ့သူက အထင်သေးတတ်တယ်
ဒီခေါင်းစဉ် အမည်ကလေးတွေကိုလဲ နှုတ်တက်ရနေယင် ကောင်းတယ်၊ အဲဒီလို နှုတ်တက်မရလို့ ဘာမျှမပြောတတ်ယင် ဒီလို ခေါင်းစဉ် အမည်လောက်ကို ကျက်မှတ်ပြီး ရထားတဲ့ သူတွေက အထင်သေးတတ်တယ်၊ ပဋိစ္စသမုပ္ပါဒ်ကို မသိဘဲ တရားအားထုတ်လို့မဖြစ်ဘူး စသည်ဖြင့်လဲ နှိမ်ချပြီးပြောတတ်တယ်။ ထို့အတူဘဲ အဘိဓမ္မာ သရုပ်သဘောကို အတော်အတန် လေ့လာဘူးတဲ့ သူတွေကလဲ အဘိဓမ္မာသဘောကို မသင်ဘူးဘဲ တရားအားထုတ်လို့ မဖြစ်ဘူး စသည်ဖြင့် နှိမ်ချပြီး ပြောတတ်ကြတယ်။
အမှန်ကတော့ တတ်သိလိမ္မာတဲ့ ဆရာသမားထံမှာ အားထုတ်တဲ့ ယောဂီဆိုယင် အဘိဓမ္မာသဘောတွေ အကြီးအကျယ် သင်နေဘို့ မလိုပါဘူး၊ ရုပ်နာမ် ၂-ပါး မျှသာရှိတယ်၊ အနိစ္စ ဒုက္ခ အနတ္တ သဘောမျှသာ ရှိတယ်လို့ ဒါလောက်ကို ကြားနာမှတ်သားဘူးယင် ဆရာသမား ညွှန်ကြားတဲ့အတိုင်း အားထုတ်နိုင်ပါတယ်။
အဲဒါဟာ ရဟန္တာဖြစ်အောင် အားထုတ်လိုတဲ့ သူအတွက် အကျဉ်းချုပ်အားဖြင့် ပြည့်စုံသင့်တဲ့ သုတမယဉာဏ်ဖြစ်ပုံကို စူဠတဏှာသင်္ခယသုတ်မှာ မြတ်စွာဘုရား ဟောတော်မူတာနဲ့ အညီပါဘဲ။ ဟောထားပုံကတော့-
အကျဉ်းချုပ် သုတမယဉာဏ်
▬▬▬▬▬▬▬▬▬
တဏှာကုန်ရာ နိဗ္ဗာန်၌ လွတ်မြောက်တဲ့ ရဟန္တာဖြစ်အောင် အဘယ်မျှလောက် အားထုတ်ရပါသလဲ၊ အကျဉ်းချုပ် ဟောတော်မူပါလို့ သိကြားမင်းက တောင်းပန်တယ်။ အဲဒီတော့ မြတ်စွာဘုရားက-
ဣဓ ဒေဝါနမိန္ဒ ဘိက္ခုနော သုတံ ဟောတိ “သဗ္ဗေ ဓမ္မာ နာလံ အဘိနိဝေသာယာ” တိ -
လို့ လိုအပ်တဲ့ သုတမယဉာဏ်ကို ရှေးဦးစွာ ပြတော်မူပါတယ်။
ဒေဝါနမိန္ဒ၊ နတ်တို့၏ အရှင်သိကြားမင်း။
ဣဓ၊ ဤသာသနာတော်၌။
ဘိက္ခုနော၊ ရဟန်းသည်။
သဗ္ဗေ ဓမ္မာ နအလံ အဘိနိဝေသာယာတိ၊ အလုံးစုံသော တရားတို့သည် မြဲသည် ချမ်းသာသည် ငါကောင် ဟုတ်သည်ဟု နှလုံးသွင်း ဝင်စားရန် မထိုက်တန်ကုန်ဟူ၍။
သုတံ၊ ကြားနာဘူးသည်။
ဟောတိ၊ ဖြစ်၏-တဲ့။
ရဟန္တာဖြစ်အောင် အားထုတ်လိုတဲ့သူဟာ တရားအလုံးစုံကို မြဲသည် ချမ်းသာသည် ငါကောင်ဘဲလို့ မစွဲလမ်းထိုက်၊ မမြဲဆင်းရဲ ငါကောင်မဟုတ် သဘောတရားမျှဘဲ လို့သာ နှလုံးသွင်းထိုက်သည်ဟု ဒါလောက် ကြားနာဘူးယင် သုတမယဉာဏ် အကျဉ်းအားဖြင့် ပြည့်စုံပြီလို့ ဆိုရပါတယ်။
ဒါကြောင့် မြတ်စွာဘုရားက အဲဒီကနောက် မှာ-
“သော၊ ထိုမျှလောက် ကြားနာဘူးသော ရဟန်းသည်။
သဗ္ဗံ ဓမ္မံ၊ အလုံးစုံသော ရုပ်နာမ်တရားကို။
အဘိဇနာတိ၊ ရှေးရှုပြု၍ သိ၏။
ဝါ၊ ရှုမှတ်၍ သိ၏”
လို့ ဝိပဿနာ လုပ်ငန်းစဉ်ကို ဆက်ပြီးဟောသွားပါတယ်။ အဲဒီမှာ “အဘိဇာနာတိ” ဟူသော ဒေသနာစကားဖြင့် ဉာတပရိညာကို ပြတယ်လို့ အဋ္ဌကထာက ဖွင့်ပြပါတယ်။ ဉာတပရိညာဆိုတာ နာမရူပ ပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်ကို ဆိုလိုပါတယ်။
အဲဒီကနောက်မြတ်စွာဘုရားက “သဗ္ဗံ ဓမ္မံ အဘိညာယ၊ အလုံးစုံသော တရားကို ရှုမှတ်သိပြီး၍။ သဗ္ဗံ ဓမ္မံ ပရိဇာနာတိ၊ အလုံးစုံသော တရားကို အနိစ္စ ဒုက္ခ အနတ္တဟု ပိုင်းခြား၍သိ၏” လို့ ဆက်လက်ပြီး ဟောသွားပြန်ပါတယ်။
အဲဒီမှာလဲ “ပရိဇာနာတိ” ဆိုတဲ့စကားဖြင့် တီရဏပရိညာကို ပြတယ်လို့ အဋ္ဌကထာက ဖွင့်ပြပါတယ်။ တီရဏပရိညာဆိုတာ သမ္မသနဉာဏ်အစရှိတဲ့ ဝိပဿနာဉာဏ်တွေပါဘဲ။ အဲဒါကို အလွယ်တကူနှင့် မှတ်ထားရအောင်လို့ ဆောင်ပုဒ်ကလေးတွေ စီထားပါတယ်-
(၁) လုံးစုံဓမ္မ၊ အနိစ္စ၊ ဒုက္ခ အနတ္တာ။
ဤရွေ့ ဤမျှ၊ ကြားဘူသူက၊ သုတလုံးလောက်ပါ။
(၂) ဉာဏ်ဖြင့် ရှေးရှု၊ ရုပ်နာမ်စု မှတ်ပြုသိလေရာ။
(၃) အမြဲဆင်းရဲ၊ သဘောဘဲ၊ သိမြဲ ပိုင်းခြားကာတဲ့။
အဲဒီဆောင်ပုဒ်များကို ဆိုကြရမယ်-
(၁) လုံးစုံဓမ္မ၊ အနိစ္စ၊ ဒုက္ခ အနတ္တာ။
ဤရွေ့ ဤမျှ၊ ကြားဘူးက၊ သုတလုံလောက်ပါ။
မြင်တိုင်းကြားတိုင်း တွေ့တိုင်းကြံသိတိုင်း ထင်ရှားပေါ်နေတဲ့ တရားအလုံးစုံဟာ
အနိစ္စ=မမြဲတဲ့တရား၊
ဒုက္ခ=ဆင်းရဲတဲ့တရား၊
အနတ္တ=အတ္တကောင် ငါကောင်မဟုတ်တဲ့ သဘောတရား-
မျှဘဲလို့ ဒါလောက် ကြားဘူးယင် အကျဉ်းချုပ်အားဖြင့် သုတမယဉာဏ်ပြည့်စုံပြီလို့ ဆိုလိုပါတယ်။ ကဲ ဆိုကြဦးမယ်-
(၂) ဉာဏ်ဖြင့် ရှေးရှု၊ ရုပ်နာမ်စု၊ မှတ်ပြုသိလေရာ။
သဗ္ဗံ ဓမ္မံ အဘိဇာနာတိ၊ အလုံးစုံသော တရားကို ရှေးရှုပြု၍ သိ၏-ရှုမှတ်၍ သိ၏-ဆိုတဲ့ အပိုဒ်ရဲ့ ဆောင်ပုဒ်ပါဘဲ။ အဲဒီမှာအလုံးစုံသော တရားဆိုတာ မြင်တိုင်း ကြားတိုင်း တွေ့တိုင်း ကြံသိတိုင်း ထင်ရှားပေါ်နေတဲ့ ရုပ်နာမ်တရား အလုံးစုံကို ဆိုလိုပါတယ်၊ အဲဒီ တရားအလုံးစုံကို ရှုမှတ်ပြီး သိဘို့ပါဘဲ။ ရှေးရှုပြုသိတယ်ဆိုတာနဲ့ ရှုမှတ် သိတယ်ဆိုတာ အတူတူပါဘဲ။ ကဲ ဆိုကြရဦးမယ်-
(၃) မမြဲ ဆင်းရဲ၊ သဘောဘဲ၊ သိမြဲပိုင်းခြားကာ။
သဗ္ဗံ ဓမ္မံ ပရိဇာနာတိ၊ အလုံးစုံသော တရားကို ပိုင်းခြား၍ သိ၏-ဆိုတဲ့ အပိုဒ်ရဲ့ ဆောင်ပုဒ်ပါဘဲ။ ဒီမှာလဲ မြင်တိုင်း ကြားတိုင်း တွေ့တိုင်းသိတိုင်း ရှုမှတ်ပြီးမမြဲ ဆင်းရဲအတ္တကောင်မဟုတ်တဲ့ သဘောတရား အနေအားဖြင့် ပိုင်းခြားပြီးသိဘို့ရန် ညွှန်ပြတာပါဘဲ။ ဒီကနောက်လဲ အဲဒီသုတ်မှာ အနိစ္စာနုပဿနာ စသည်ပြည့်စုံပြီး အရဟတ္တဖိုလ်အထိရောက်ပုံကို အကျဉ်းချုပ် ပြထားပါတယ်။
ဒီတော့ အဲဒီ စူဠတဏှာသင်္ခယသုတ်ကို ထောက်ဆသောအားဖြင့် အဘိဓမ္မာ ကျမ်းဂန် သဘောတွေကို အကျယ်အားဖြင့် မသင်ကြားဘူးသော်လဲ ရုပ်နာမ်မျှ အနိစ္စ ဒုက္ခ အနတ္တသဘော တရားမျှဘဲ ရှိတယ်လို့ ဒါလောက် ကြားနာဘူးယင်လဲ တရားအားထုတ်နိုင်တယ်ဆိုတာ ထင်ရှားပါတယ်။
နောက်ပြီးတော့ ပဋိစ္စသမုပ္ပါဒ် ဆိုရာမှာလဲ အကြောင်းနဲ့အကျိုးမျှ ရှိတယ်၊ ပုဂ္ဂိုလ် သတ္တဝါရယ်လို့ စင်စစ်အားဖြင့် မရှိဘူးလို့ ဒါလောက်သိထားဘို့ လိုပါတယ်။ ဒေသနာတော်အရ အင်္ဂါ ၁၂-ပါး၊ အခြင်းအရာ ၂၀-တို့ဆိုတဲ့ အကျယ်ဝိတ္ထာရတွေကို အပြည့်အစုံသိထားဘို့ကတော့ ပုဂ္ဂိုလ်တိုင်းမှာမလိုပါဘူး။ အကယ်၍ ပုဂ္ဂိုလ်တိုင်းမှာ အဲဒီလို အကျယ်အားဖြင့်သိပြီးမှ တရားအားထုတ်ရမယ်ဆိုယင် အရှင်စူဠပန်လို ပုဂ္ဂိုလ်မှာ အားထုတ်နိုင်ဘို့ အခွင့်အရေး မရှိတော့ဘူး။
အရှင်စူဠပန်တာ အက္ခရာ ၄၄-လုံးသာရှိတဲ့ ၁၁-လုံးဘွဲ့ ဂါထာကို ၄-လပတ်လုံး ကျက်တာတောင် မရဘူးတဲ့။ ဒီတော့ ပဋိစ္စသမုပ္ပါဒ်အကျယ်, အဘိဓမ္မာ သဘော အကျယ်တွေကို လေ့လာကျက်မှတ်ဖို့ဆိုတာ ဘယ်ဖြစ်နိုင်တော့မလဲ။ ဒါပေမဲ့ မြတ်စွာဘုရား ညွှန်ကြားတဲ့အတိုင်း အဝတ်ပိုင်းကလေးကို ဆုပ်နယ်ရင်း “ရဇောဟရဏံ ရဇောဟရဏံ” လို့ ဆိုပြီး နှလုံးသွင်းတာနဲ့ တနံနက်ခင်း အတွင်း မှာဘဲ ရဟန္တာ ဖြစ်တော်မူပါတယ်။
နောက်ပြီးတော့ မာတိကမာတာဆိုတဲ့ ဒါယိကာမကြီးဟာလဲ ရဟန်းတရားကို အားထုတ်တယ်ဆိုတာ ဘယ်လိုဟာလဲ လို့တောင်မသိခဲ့ဘူး၊ အဲဒီတရားကို လူဝတ်ကြောင်များ အားထုတ်ကောင်းတယ်လို့လဲ မသိခဲ့ဘူး၊ ဒါပေမဲ့ ရဟန်းတော်များ ထံမှ နည်းယူပြီး အိမ်မှာနေရင်း အားထုတ်လိုက်တာ အဲဒီ ကမ္မဋ္ဌာန်းပေးတဲ့ ရဟန်းတွေထက်တောင် အလျင်ကျပြီး အနာဂါမ်ဖြစ်သွား ပါသေးတယ်။
အဲဒီ မာတိကမာတာ ဒါယိကာမကြီးလဲ အဘိဓမ္မာသဘော ပဋိစ္စသမုပ္ပါဒ် သဘောအကျယ်တွေ လေ့လာ သင်ကြားနိုင်ခွင့် မရှိကြောင်း ထင်ရှားပါတယ်။ ဒိပြင်လဲ အလားတူ သာဓကတွေ များစွာရှိပါတယ်။ ဒါကြောင့် တတ်သိလိမ္မာတဲ့ ဆရာသမားထံမှ နည်းယူပြီး အားထုတ်ယင် အဘိဓမ္မာသဘော ပဋိစ္စသမုပ္ပါဒ် သဘောအကျယ်တွေ လေ့လာကျက်မှတ် မထားပေမဲ့ ဖြစ်ခိုက်ရုပ်နာမ်ကို ရှုမှတ်နေရင်း ကိုယ်တိုင် တွေ့သိမြင်ခြင်းဖြင့်ပင် ကိစ္စပြီးတယ်လို့ မြဲမြံစွာ မှတ်ထားကြရမယ်။
ဒါပေမဲ့ ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုး တရားခေါင်းစဉ် ကကလေးတွေကို နှုတ်တတ်ရထားယင် သာပြီးကောင်းပါတယ်။ ဒါကြောင့် အဲဒါကလေးတွေကို ဆိုလိုက်ကြရဦးမယ် -
အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကမ္မဘဝ ဤငါးပါးကို အတိတ်အကြောင်းဟု ခေါ်သည်။
ပဋိသန္ဓေခဏမှစ၍ မပြတ်ဖြစ်ပေါ်နေသော ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဟူသော ဤငါးပါးကို ပစ္စုပ္ပန်အကျိုးဟု ခေါ်သည်။
အတိတ်အကြောင်း ငါးပါးကြောင့် ပစ္စုပ္ပန်အကျိုး ဖြစ်ပေါ်နေသည်။
မြင်သိတာ ပစ္စုပ္ပန်အကျိုး ငါးပါး၊ ကြားသိတာ ပစ္စုပ္ပန်အကျိုး ငါးပါး၊ နံသိတာ ပစ္စုပ္ပန်အကျိုး ငါးပါး၊ စားသိတာ ပစ္စုပ္ပန်အကျိုး ငါးပါး၊ ထိသိတာ ပစ္စုပ္ပန်အကျိုးငါးပါး၊ ကြံသိတာ ပစ္စုပ္ပန်အကျိုး ငါးပါး အကြောင်းနှင့် အကျိုးမျှသာ ရှိသည်၊ ပြုလုပ်တတ် ဖန်ဆင်းတတ်သောသူမရှိ၊ ခံစားတတ်သောသူမရှိ၊ အကြောင်းကြောင့် ဖြစ်သော အကျိုးသဘောမျှသာ ရှိသည်။
ပစ္စုပ္ပန်အကြောင်း ငါးပါး ဖြစ်ပေါ်လာပုံ
အဲဒီ အကြောင်းကြောင့် ဖြစ်တဲ့ မြင်မှု, ကြားမှု အစရှိသော အကျိုးတရားတွေကို အမှန်အတိုင်းသိအောင် မရှုနိုင်လျှင် မြင်တာဟာငါဘဲ၊ ငါကမြင်တယ်၊ ကြားတာဟာ ငါဘဲ၊ ငါက ကြားတယ်-စသည်ဖြင့်လဲ အလွဲအမှားတွေကို သိသိသွားတယ်။ မြင်ရတာကောင်းတယ်၊ ကြားရတာ ကောင်းတယ်၊ ခံစားရတာ ကောင်းတယ်-စသည်ဖြင့်လဲ မှားယွင်းစွာ ထင်မှတ်နေတတ်တယ်၊
အဲဒီလိုအသိလွဲတာ အထင်လွဲတာတွေက အဝိဇ္ဇာဘဲ၊ အဲဒီလို အသိလွဲအထင် လွဲတဲ့အတွက် ခံစားရတဲ့ အကောင်းအဆိုး ဝေဒနာကြောင့် နှစ်သက်သာယာမှု တဏှာဖြစ်လာတယ်၊ အဲဒီ တဏှာဖြစ်ရာက စွဲလမ်းတဲ့ ဥပါဒါန် ဖြစ်လာတယ်၊ စွဲလမ်းတဲ့ ဥပါဒါန်ကြောင့် မိမိစွဲလမ်းတဲ့ အတိုင်း ပြီးစီးပြည့်စုံအောင် ကြံစည်ပြုလုပ်တယ်၊ အဲဒါက ကမ္မဘဝဘဲ။ အဲဒီ ကမ္မဘဝကြောင့် ဘဝအသစ် တဖန် ဖြစ်ရပြန်တယ်။ ဒါကြောင့် ရှစ်လုံးဖွဲ့ဆောင်ပုဒ်မှာ---
ခံစားသည်တွက် တပ်မက်ခင်မင်၊
မည်သို့ပြုငြား ကောင်းစားမည်ထင်၊
ဝင်စားစွဲလမ်း ရော်ရမ်းပြုလျှင်၊
နောင်ဘဝ ဖြစ်ရ ဇာတိပင် -
လို့ ဆိုထားပါတယ်။
မြင်လို့ ကောင်းတာမကောင်းတာ အစရှိတဲ့ ခံစားမှုဝေဒနာကို အမှန်အတိုင်း မသိတာက အဝိဇ္ဇာ၊ တပ်မက်ခင်မင်တာ သာယာနှစ်သက်တာက တဏှာ၊ စွဲလမ်းတာက ဥပါဒါန်၊ အားထုတ်ပြုလုပ်တာက သင်္ခါရနှင့် ကမ္မဘဝ၊ ဒီငါးပါးဟာ ယခုဘဝ အကျိုးငါးပါးကိုမှီပြီး ဖြစ်ပေါ်လာတယ်၊ နောင်ဘဝသစ်ဖြစ်ဖို့ရာ အကြောင်းတရားတွေဘဲ။ ဒါကြောင့် ဒီငါးပါးကို ပစ္စုပ္ပန် အကြောင်းငါးပါးလို့ ခေါ်တယ်။
ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်မှာတော့ -
“ဝေဒနာပစ္စယာ တဏှာ=ဝေဒနာကြောင့် တဏှာဖြစ်တယ်၊
တဏှာပစ္စယာ ဥပါဒါနံ=တဏှာကြောင့် ဥပါဒါန်ဖြစ်တယ်၊
ဥပါဒါနပစ္စယာ ဘဝေါ=ဥပါဒန်ကြောင့် ဘဝဖြစ်တယ်”
လို့ ပြဓာန်းတဲ့ အကြောင်း ၃-ပါးကိုသာ ပြထားပါတယ်။ ဒါပေမဲ့ အပြည့်အစုံ ဆိုယင်တော့ အတိတ်အကြောင်းများလိုပင် ငါးပါးဘဲ ဖြစ်ပါတယ်။ နှစ်သက် သာယာတဲ့ တဏှာနဲ့ ဥပါဒါန်ဟာ အဝိဇ္ဇာရှိမှဘဲ ဖြစ်ကြတယ်၊ အဝိဇ္ဇာမရှိဘဲ မဖြစ်နိုင်ဘူး၊
ဒါကြောင့် တဏှာနဲ့ ဥပါဒါန်ဖြစ်တယ်ဆိုယင် အဝိဇ္ဇာလဲ ဖြစ်လျက် ရှိနေတော့ တာပါဘဲ။ ကမ္မဘဝဖြစ်ယင် သင်္ခါရလဲဖြစ်တော့တာပါဘဲ။ ဒါကြောင့် ပဋိသမ္ဘိဒါမဂ် ပါဠိတော် (နှာ ၅၀)မှာ အဲဒီ အဝိဇ္ဇာနဲ့ သင်္ခါရပါထည့်ပြီး ပစ္စုပ္ပန်အကြောင်း ငါးပါးလုံး အပြည့်အစုံ ပြထားပါတယ်။ ပြထားပုံကတော့--
ဣဓ၊ ယခု ပစ္စုပ္ပန်ဘဝ၌။
အာယတနာနံ၊ ပရိပက္ကတ္တာ၊ မျက်စိ နားစသော အာယတနတို့၏ ရင့်ကျက် သောကြောင့် (အမှုကံကို ပြုစဉ်၌)။
(ဘဝကို ဖြစ်စေနိုင်တဲ့ကံဟာ မျက်စိ နားစသော အာယတနတွေ ရင့်ကျက်တဲ့ အခါမှာမှ အများအားဖြင့် ဖြစ်တတ်တယ်၊ ဒါကြောင့် “အာယတနတွေ ရင့်ကျက်တဲ့အခါမှာ အမှုကံကို ပြုတယ်၊ အဲဒီလို ပြုတဲ့အခါမှာ” လို့ ဆိုလိုပါတယ်။)
မောဟော၊ မှန်စွာမသိ မှားယွင်းစွာ သိခြင်းဟူသော တွေဝေခြင်းသည်။
အဝိဇ္ဇာ၊ အဝိဇ္ဇာပေတည်း။
အာယူတနာ၊ စုပေါင်း အားထုတ်ခြင်းတို့သည်။
သင်္ခါရာ၊ သင်္ခါရတို့ပေတည်း။
နိကန္တိ၊ ပြုလုပ်မှု၏ မျက်မှောက်အကျိုး, နောင်ဘဝအကျိုးကို လိုလား တောင့်တခြင်းသည်။
တဏှာ၊ တဏှာပေတည်း။
ဥပဂမနံ၊ မည်သို့ပြုလျှင် မည်သို့ခံစားရမည် စသည်ဖြင့် ချဉ်းကပ် စွဲလမ်းခြင်းသည်။
ဥပါဒါနံ၊ ဥပါဒါန်ပေတည်း။
စေတနာ၊ စေ့ဆော်တိုက်တွန်းခြင်းသည်။
ဘဝေါ၊ ကမ္မဘဝခေါ် ဖြစ်ကြောင်း ကံပေတည်း။
ဣတိ၊ ဤသို့။
ဣဓ၊ ယခုဘဝ၌။
ကမ္မဘဝသ္မိံ၊ ဖြစ်ကြောင်းကံကို ပြုစဉ်၌ ပြီးစီးကုန်သော။
ဣမေ ပဉ္စ ဓမ္မာ၊ ဤငါးပါးသော တရားတို့သည်။
အာယတိံ ပဋိသန္ဓိယာ၊ နောင်ဘဝ၌ ပဋိသန္ဓေ၏။
ပစ္စယာ၊ အကြောင်းတရားတို့ပေတည်း-
လို့ ပြောထားပါတယ်။
ဒါကြောင့် အပြည့်အစုံဆိုယင် ပစ္စုပ္ပန် အကြောင်းတရားတွေဟာ အတိတ်အကြောင်း လိုပင် ငါးပါးဘဲ ဖြစ်ပါတယ်။ ကဲ ဆိုကြရမယ်-
ယခုဘဝ၌ ဝေဒနာကို မသိ၍ ဖြစ်ပေါ်လာသော အဝိဇ္ဇာ တဏှာ ဥပါဒါန်ကံ သင်္ခါရ ဤငါးပါးကို ပစ္စုပ္ပန်အကြောင်း ငါးပါးဟု ခေါ်သည်။
(ကိလေသဝဋ်နှင့် ကမ္မဝဋ် မရောယှက်စေရန် တမျိုးစဉ်ထားသည်။)
ပါဏာတိပါတအစရှိသော အကုသိုလ်ကံကိုပြုတိုင်း, ဒါန သီလအစရှိသော ကုသိုလ်ကံကိုပြုတိုင်း ဒီပစ္စုပ္ပန် အကြောင်းတရားငါးပါး ပြီးစီးပြည့်စုံတယ်၊ တဘဝ တဘဝအတွင်းမှာ ဒီလို ပြီးစီးပြည့်စုံသွားတဲ့ အကြောင်း ငါးပါး အစုံအစုံတွေဟာ ရာ, ထောင်, သောင်း, သိန်းများစွာ ရှိတယ်။ အဲဒီအထဲက အကြောင်းညီညွတ်တဲ့ တစုံက သေသည်၏အခြားမဲ့မှာ ဘဝအကျိုးကို ဖြစ်စေမယ်၊ ကျန်တဲ့ အကြောင်းစုံတွေ ကတော့ အကြောင်းညီညွတ်လျှင် တတိယဘဝ စသည်ကို ဖြစ်စေလိမ့်မယ်။ အဲဒီလို ဖြစ်စေတော့ ဖြစ်ရာဘဝတိုင်းဘဝတိုင်းမှာ အိုရခြင်း သေရခြင်း စိုးရိမ်ပူဆွေးရခြင်း အစရှိတဲ့ ဆင်းရဲတွေကို ခံစားသွားရမယ်။ အဲဒီလို ဆင်းရဲတွေကို အလိုမရှိလျှင် ဒီပစ္စုပ္ပန်အကြောင်း ငါးပါးကို ပယ်ရလိမ့်မယ်။
ပစ္စုပ္ပန်အကြောင်းကို ပယ်ပုံ
▬▬▬▬▬▬▬▬▬
ဘယ်လိုပယ်ရမလဲဆိုယင် --- အရိယမဂ်ဉာဏ်ဖြင့် အမြစ်ပြတ်ပယ်နိုင်အောင် ရှေးဦးစွာ ဝိပဿနာရှုပြီး တဒင်္ဂပဟာန်ဖြင့်ပယ်ရမယ်။ ဘယ်လိုလဲဆိုယင်-အဲဒီ ပယ်ပုံကို ဆဋ္ဌမပိုင်းတုန်းက ဝိပဿနာဖြင့်လဲ တဒင်္ဂတော့ ငြိမ်းပါတယ် (နှာ ၂၅) ဆိုတဲ့ ခေါင်းစဉ်နဲ့ရော, ရှုတိုင်း ရှုတိုင်း ကိလေသာ, ကံ, ဝိပါက်ငြိမ်းတယ် ၉နှာ ၃၂) ဆိုတဲ့ ခေါင်းစဉ်နဲ့ရော အကျယ်တဝင့် ရှင်းလင်း ပြောခဲ့ပါပြီ။
ဒါပေမဲ့ ဒီနေရာမှာ အကျဉ်းချုပ်တော့ ထပ်ပြီး ပြောပါဦးမယ်။
မြင်တိုင်း ကြားတိုင်း နံတိုင်း စားသိတိုင်း ထိသိတိုင်း ကြံသိတိုင်း မြင်တယ် ကြားတယ်စသည်ဖြင့် ရှုမှတ်ရတယ်၊ အဲဒီလိုရှုမှတ်လို့ သမာဓိဉာဏ် ရင့်သန် လာတဲ့အခါမှာ မြင်တယ်လို့ မှတ်လိုက်ယင် မြင်တာလဲ ချက်ခြင်းဘဲ ပျောက်သွားတယ်၊ မှတ်သိတာလဲ ချက်ခြင်းဘဲ ပျောက်သွားတယ်၊ မြင်တာနဲ့သိတာ နှစ်ခုလုံး ချက်ခြင်းဘဲ ပျောက်သွားလို့ မမြဲဘူးလို့လဲသိရတယ်၊ ဆင်းရဲမျှဘဲ နှစ်သက်ဖွယ် အားကိုးဘွယ် မရှိဘူးလို့လဲ သိရတယ်၊ သူ့သဘောအတိုင်းသူ ဖြစ်ပျက်သွားတဲ့ သဘောတရား မျှဘဲလို့လဲ သိရတယ်။
အဲဒီလို အမှန်အတိုင်း သိရတဲ့အတွက် အဲဒီ မြင်မှုနဲ့စပ်ပြီး မြဲတယ်လို့လဲ မထင်ဘူး၊ ချမ်းသာတယ်ကောင်းတယ်လို့လဲ မထင်ဘူး၊ အတ္တကောင်ဘဲ ငါဘဲလို့လဲ မထင်ဘူး၊ အဲဒါဟာ မှတ်သိမှုကြောင့် အဝိဇ္ဇာ ကင်းသွားတာဘဲ။ အဲဒီလို မြဲတယ် ချမ်းသာတယ် ငါဘဲလို့ မထင်တဲ့အတွက် အဲဒီ မြင်မှုနဲ့စပ်ပြီး တပ်မက်သာယာတဲ့ တဏှာလဲ မဖြစ်လာတော့ဘူး၊ တပ်မက်သာယာခြင်း မရှိတဲ့အတွက် အဲဒီ မြင်မှုနဲ့စပ်ပြီး (ဒီဟာကလေးကို မြင်ချင်သေးတယ် ဘယ်လိုလုပ်ယင် မြင်ရဦးမှာဘဲ ဘယ်လို လုပ်သင့်တယ်-စသည်ဖြင့်) စွဲလမ်းခြင်းလဲ မဖြစ်တော့ဘူး၊ အဲဒါတွေဟာ တဏှာဥပါဒါန် ကင်းပြတ်သွားပုံပါဘဲ။ အဲဒီလို မစွဲလမ်းတော့ အဲဒီအမြင်နဲ့ စပ်ပြီး ကြံစည်အားထုတ်ခြင်းလဲ မရှိတော့ဘူး။ အဲဒါ သင်္ခါရနဲ့ ကမ္မဘဝ ကင်းသွားပုံပါဘဲ။
ယခု ပြောခဲ့တာဟာ မြင်ခိုက်၌ မြင်တယ်လို့ ရှုမှတ်ပြီး အမှန်အတိုင်း သိခြင်းဖြင့် (မရှုမိလျှင် ဖြစ်ပေါ်လာကြမည့်) အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရကမ္မဘဝဆိုတဲ့ ပစ္စုပ္ပန်အကြောင်း ငါးပါး ကင်းငြိမ်း ပြတ်စဲသွားပုံပါဘဲ။
ထို့အတူပင် ကြားခိုက်စသည်မှာလဲ ကြားတယ်စသည်ဖြင့် ရှုမှတ်ပြီး အမှန်အတိုင်း သိသိသွားယင် ကြားမှုစသည်နှင့် စပ်ပြီး အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကမ္မဘဝဆိုတဲ့ ပစ္စုပ္ပန်အကြောင်း ငါးပါး ငါးပါးတွေလဲ ဖြစ်ခွင့်မရှိဘဲ ကင်းငြိမ်း ပြတ်စဲသွားပါတယ်။ အဲဒီလို ပစ္စုပ္ပန်အကြောင်း ငါးပါးတရားတွေ မဖြစ်ပေါ်လာဘဲ ကင်းငြိမ်းနေလျှင် အဲဒီ မြင်မှု ကြားမှု စသည်နှင့်စပ်ပြီး ဘဝအသစ်ဖြစ်မှု ဇာတိဆိုတာလဲ ပေါ်လာခွင့် မရှိတော့ဘူး၊ ဇာတိမရှိလျှင် ဇရာ, မရဏ သောက စသည်တွေလဲ ပေါ်လာခွင့် မရှိတော့ဘူး။
အဲဒါဟာ တခါမြင် တခါကြား စသည်နှင့် စပ်ပြီး မရှုမိလျှင်ဖြစ်နိုင်သည့် ကိလေသာ, ကံ, ဝိပါက်ခန္ဓာတွေဟာ ရှုမှတ်ပြီး အမှန်အတိုင်း သိသိသွားတဲ့ အတွက် ဖြစ်ခွင့်မရှိဘဲ ငြိမ်းသွားပုံပါဘဲ၊ အဲဒီလို ငြိမ်းတာကို တဒင်္ဂပဟာန=ရှုမှတ်မှု ဝိပဿနာတစိတ်ဖြင့် ကိလေသာတစိတ်ကို ပယ်တယ်လို့လဲ ဆိုရပါတယ်၊ တဒင်္ဂနိဗ္ဗုတိ=ရှုမှတ်မှု တစိတ်ဖြင့် ကိလေသာတစိတ် ငြိမ်းတယ်လို့လဲ ဆိုရပါတယ်။
အဲဒီလို မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း ရှုမှတ် ရှုမှတ်ပြီး အနိစ္စ, ဒုက္ခ, အနတ္တသဘောမှန်ကို သိခြင်းဖြင့် တဒင်္ဂအားဖြင့် ပယ်သင့်သမျှကို ပယ်ပြီးတဲ့အခါမှာ သင်္ခါရခပ်သိမ်း ချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီး အရိယမဂ်ဉာဏ် ဖြစ်ပေါ်ပါတယ်၊ အဲဒီအခါမှာ သမုစ္ဆေဒ ပဟာန်အားဖြင့် ကိလေသာနဲ့ ကံတွေကို အကြွင်းမဲ့ ပယ်သွားပါတယ်။ ဘယ်လိုလဲဆိုလျှင် သောတာပတ္တိမဂ်က အပါယ်ဘဝကို ဖြစ်စေနိုင်တဲ့ ကိလေသာနဲ့ ကံတွေကိုလဲ ပယ်တယ်၊ သုဂတိဘုံမှာ ခုနစ်ဘဝထက် ပိုလွန်ပြီးဖြစ်စေနိုင်တဲ့ ကိလေသာနဲ့ ကံတွေကိုလဲပယ်တယ်။
သကဒါဂါမိမဂ်က ၂-ဘဝထက်ပိုလွန်ပြီး ဖြစ်စေနိုင်တဲ့ ကိလေသာနဲ့ကံတွေကို ပယ်တယ်။ အနာဂါမိမဂ်က ကာမာဘဝကို ဖြစ်စေနိုင်တဲ့ ကိလေသာနဲ့ကံတွေကို ပယ်တယ်။ အရဟတ္တမဂ်ကတော့ ဘဝကို ဖြစ်စေနိုင်တဲ့ (ကြွင်းတဲ့) ကိလေသာနဲ့ ကံတွေကို အကြွင်းမဲ့ ပယ်တယ်။
အဲဒီလို ကိလေသာတွေကို အကြွင်းမဲ့ပယ်ပြီး တဲ့အခါမှာ ရဟန္တာဖြစ်တယ်။ ရဟန္တာဆိုတာ ကိလေသာရန်သူတို့ကို ပယ်သတ် ပြီးသော ပုဂ္ဂိုလ်, ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်သော ပုဂ္ဂိုလ်လို့ ဆိုလိုပါတယ်၊ အဲဒီလို ကိလေသာ ကင်းတဲ့အတွက် အပူဇော်ခံထိုက်တဲ့ ပုဂ္ဂိုလ်လို့လဲ ဆိုလိုပါတယ်။
ရဟန္တာ၏အမြင်
▬▬▬▬▬▬
အဲဒီလို ကိလေသာတွေ လုံးဝကင်းစင်နေတဲ့အတွက် ရဟန္တာပုဂ္ဂိုလ်မှာ လောကီ အာရုံတွေဆိုယင် ဘယ်ဟာကိုမျှ ကောင်းတယ်လို့မထင်ဘူး၊ မြင်သမျှ, ကြားသမျှ, တွေ့သမျှ, သိသမျှတွေ အကုန်လုံးကို ဆင်းရဲတွေ မကောင်းတဲ့ တရားတွေလို့သာ ထင်နေပါတယ်။ အဲဒါဟာ အဝိဇ္ဇာကင်းသွားလို့ ဒုက္ခသစ္စာ တရားမှန်တွေကို အမှန်အတိုင်း သိနေတဲ့သဘောပါဘဲ။
ဒါကြောင့် မြင်မှု, ကြားမှု စသည်တွေ ဘယ်ဟာကိုမျှ မနှစ်သက် မသာယာတော့ဘူး၊ ခန္ဓာဝန်ကြီးက ရှိနေလို့ မလွှဲမကင်းသာလို့သာ ခန္ဓာဝန်ကြီးကို ထမ်းဆောင် နေရတယ်၊ သွားခြင်း, ရပ်ခြင်း, ထိုင်ခြင်း, လျောင်းခြင်း, ကွေးခြင်း, ဆန့်ခြင်း စသည်ဖြင့် ပြုပြင်တန်သမျှ ပြုပြင်ပေးနေရတယ်၊ မျက်နှာသစ်ရခြင်း, ရေချိုးရခြင်း, ဆွမ်းခံသွားရခြင်း, အစာအာဟာရ သုံးဆောင်ရခြင်း, ကိုယ်အညစ်အကြေးကို သုတ်သင်ရခြင်း စသည်ဖြင့် ခန္ဓာဝန်ကြီးကို ထမ်းဆောင်နေရတယ်၊ အဲဒါတွေ အားလုံးဟာ မလွဲမရှောင်သာလို့ တာဝန်ဝတ်တရားအနေနဲ့ ဆောင်ရွက်နေရတာ တွေဘဲ၊ ဘယ်ဟာကိုမှ နှစ်သက်ဖွယ် သာယာဖွယ်မထင်ဘူး၊ သင်္ခါရဒုက္ခတွေ ချည်းဘဲလို့သာ ထင်မြင်နေတယ်။
ဒါဖြင့် ဒီ သင်္ခါရဒုက္ခတွေ ငြိမ်းသွားအောင် မြန်မြန်သေယင် မကောင်းပေဘူးလားလို့ မေးစရာရှိပါတယ်။ အဲဒီလို မြန်မြန်သေခြင်း, ပျက်ခြင်းကို အလိုရှိယင် အဲဒါကလဲ ဒေါသကိလေသာဘဲ၊ ရဟန္တာမှာ အဲဒီလို သေပျက်စေချင်တဲ့ ဒေါသကိလေသာလဲ မရှိဘူး၊ ဒါကြောင့် ရဟန္တာ အရှင်မြတ်များက ဒီလို မိန့်တော်မူကြပါတယ် -
သေရတာလဲ အလိုမရှိ၊ နေရတာလဲ အလိုမရှိ
နာဘိနန္ဒာမိ မရဏံ၊
နာဘိနန္ဒာမိ ဇီဝိတံ။
ကာလဉ္စ ပဋိကင်္ခါမိ၊
နိဗ္ဗေသံ သတကော ယထာ။
(ထေရဂါထာ-၃၀၇)
မရဏံ၊ သေရခြင်းကို။
နာဘိနန္ဒမိ၊ မနှစ်သက်ပါ။
ဇီဝိတံ၊ အသက်ရှင်နေရခြင်းကိုလဲ。
နာဘိနန္ဒာမိ၊ မနှစ်သက်ပါ။
ခဏမစဲဖြစ်ပျက်နေတဲ့ ဆင်းရဲအစုခန္ဓာဝန်ကြီးကို ထမ်းဆောင်နေရုံမျှသာ ဖြစ်တဲ့အတွက် ကြာမြင့်စွာ အသက်ရှင် နေရတာကိုလဲ အလိုမရှိပါဘူးတဲ့။ ဟုတ်တယ် နှစ်သက်သာယာမှု မရှိတဲ့ပုဂ္ဂိုလ်မှာ ဒီခန္ဓာဝန်ကြီးဟာ ဘာမျှ အားကိုးစရာမရှိဘူး၊ အမြဲမပြတ် ပြုပြင်ပေးနေရတာဘဲ၊ ပြုပြင်ပေးနေပေမယ်လို့လဲ ဒီခန္ဓာဝန်ကြီးက ကိုယ့်အလိုအတိုင်း ဘာမှ ဖြစ်တာမဟုတ်ဘူး။ စဉ်းစားကြည့်ပါ၊ ဒီခန္ဓာဝန်ကြီးကို ရလာကြတာ ဘယ်လောက်ကြာပြီလဲ၊ ဘယ်လိုအားကိုးဘွယ် အနှစ်အရသာတွေကို ရနေပြီလဲ။
ရှေးဘဝတွေကိုတော့ မမှတ်မိလို့ မသိနိုင်လို့ ထားလိုက်ပါဦးတော့၊ ယခုဘဝတွင်ဘဲ တချို့မှာ အနှစ် ၂၀-ကျော် ၃၀-ကျော်ရှိနေပြီ၊ တချို့မှာလဲ အနှစ် လေးငါး ခြောက်ဆယ်ကျော် ရှိနေပြီ၊ မိမိတို့ အလိုရှိတဲ့အတိုင်း ဘာတွေများ ရနေပြီလဲ၊ မြဲတည်နေတာ ရှိရဲ့လား၊ ချမ်းသာတာ ကောင်းတာတွေ ရှိရဲ့လား၊ တနေ့ထက်တနေ့ တလထက်တလ တနှစ်ထက်တနှစ် ပိုပိုပြီး ကောင်းလာရဲ့လား၊ ဘယ်ဟာမှ မကောင်းပါဘူး၊ တနေ့ထက်တနေ့ အိုမင်းရင့်ယော်လာတယ်၊ ကျန်းမာရေးတွေလဲ ဆုတ်ယုတ်လာတယ်၊ နောက်ဆုံးတနေ့ကျတော့ လုံးဝပျက်စီးပြီး သေဘို့ဘဲရှိတယ်။
ဒါပေမဲ့ အထင်လွဲတဲ့ အဝိဇ္ဇာနှင့် သာယာတတ်တဲ့တဏှာက ရှိနေတဲ့အတွက် ယခုလူတွေမှာ သာယာစရာတွေလို့ ထင်မှတ်ပြီး သာယာနေကြတာဘဲ၊ ရဟန္တာ မှာတော့ အဲဒီ အထင်မှားမှုနဲ့ သာယာမှုက လုံးဝ မရှိတော့ဘူး။ ဒါကြောင့် ဘယ်ဟာကိုမှ မသာယာတော့ဘူး၊ အကုန်လုံး ပျင်းရိ ငြီးငွေ့စရာချည်း ဖြစ်နေတယ်။ ဒါကြောင့် အသက်ရှင်နေရတာကိုလဲ ရဟန္တာပုဂ္ဂိုလ်က အလိုမရှိပါဘူးတဲ့။
အသက်ရှင်နေရတာကို အလိုမရှိယင် သေရတာကို အလိုရှိနေပါသလားလို့ ဆိုတော့ အဲဒီလို သေရတာကိုလဲ အလိုမရှိပါဘူးတဲ့၊ ခန္ဓာကိုယ်ကြီး ပျက်စေချင်တယ်၊ သေစေချင်တယ်ဆိုတာ မုန်းတဲ့ ဒေါသ သဘောဘဲ၊ ရဟန္တာမှာ အဲဒီလို မုန်းတဲ့ သေပျက်စေချင်တဲ့ ဒေါသကလဲ လုံးဝ ကင်းနေတယ်။ ဒါကြောင့် သေရခြင်းကိုလဲ မနှစ်သက် အလိုမရှိဘူးလို့ ဆိုပါတယ်။ ဒါဖြင့် ဘာကိုအလိုရှိပါသလဲလို့ ဆိုတော့ -
ကာလဉ္စ၊ ပရိနိဗ္ဗာန် ဝင်စံရမည့် ကာလကို သာလျှင်။
ပဋိကင်္ခါမိ၊ လိုးလားလျက် ရှိပါ၏။
ကိမိဝ၊ ဥပမာပုံဆို အဘယ်လိုပါနည်းဟူမူ။
သတကော၊ နေ့စားလစား အလုပ်သမားသည်။
နိဗ္ဗေသံ ယထာ၊ နေ့စား, လစား အလုပ်ခကို အလိုရှိသကဲ့သို့ပင်တည်းတဲ့။
နေ့စား, လစား အလုပ်သမားဟာ ပင်ပင်ပန်းပန်း အလုပ်လုပ်ရတာကိုလဲ အကြိုက်ဘူး၊ စားဝတ်နေရေးအတွက် မလွှဲသာလို့သာလုပ်နေရတယ်၊ အလုပ်မရှိဘဲ အလုပ်လက်မဲ့ ဖြစ်နေမှာလဲမကြိုက်ဘူး၊ ဘာကိုကြိုက်သလဲလို့ဆိုတော့ နေ့စားခ လစားခရတာကို ကြိုက်တယ်၊ အဲဒီ နေ့ခလခထုတ်ယူရမည့် အချိန်ကိုသာ မြှော်လင့်တောင့်တနေတယ်၊
အဲဒါလိုဘဲ ရုပ်နာမ်ခန္ဓာ အကြွင်းမရှိဘဲချုပ်ငြိမ်းပြီး ပရိနိဗ္ဗာန်ဝင်စံရမည့် အချိန်ကာလကိုသာ အလိုရှိတယ်၊ အဲဒီအချိန်ကိုသာ မြှော်လင့်နေပါတယ်တဲ့။ ဒါကြောင့် ရဟန္တာ ပုဂ္ဂိုလ်များဟာ မိမိတို့၏ အာယုသင်္ခါရကို ကြည့်တဲ့အခါမှာ “ကီဝစိရံ နု ခေါအယံ ဒုက္ခဘာရောဝဟိတဗ္ဗော = ဒီ ရုပ်နာမ် ဒုက္ခဝန်ကြီးကို ဘယ်လောက်ကြာအောင် ထမ်းဆောင်ရဦးမှာပါလိမ့်မလဲ” လို့ ဆင်ခြင်တော် မူကြပါတယ်။
ယခုပြောလာခဲ့တာဟာ မြင်ခိုက်, ကြားခိုက် စသည်မှာ ရှုမှတ်ပြီး ကိလေသာနဲ့ ကံဆိုတဲ့ ပစ္စုပ္ပန် အကြောင်းတရားကို တဒင်္ဂပဟာန်ဖြင့် ပယ်ပုံ, အရိယမဂ်ဉာဏ်ဖြင့် အကြွင်းမဲ့ ပယ်ပုံ, ရဟန္တာပုဂ္ဂိုလ်မှာ မြင်တိုင်း, ကြားတိုင်း စသည်ကို သင်္ခါရဒုက္ခ ထင်နေပုံတွေကို ပြောလာခဲ့တယ်။ အဲဒီလို သာယာဘွယ် မရှိဘဲ သင်္ခါရဒုက္ခချည်း ထင်နေတဲ့အတွက် ရဟန္တာပုဂ္ဂိုလ်မှာ ပရိနိဗ္ဗာန်စုတိမှ နောက် ကာလ၌ ဘဝသစ် ရုပ်နာမ်တွေ လုံးဝမဖြစ်ပေါ်လာတော့ဘဲ အပြီးတိုင် ငြိမ်းသွားတယ်။အဲဒါကို အနုပါဒိသေသ နိဗ္ဗာန် ဝင်စံသွားတယ်လို့ ဆိုရတယ်။
ပုဂ္ဂိုလ်သေပျက်တာမဟုတ်၊ ဆင်းရဲငြိမ်းတာ
အဲဒါကို အတ္တဒိဋ္ဌိအစွဲ ရှိတဲ့သူတွေက ပုဂ္ဂိုလ်ကြီးအလိုက် သေပျောက် ပျက်စီး သွားတယ်လို့ ထင်မှတ်ပြီး အသေကြီး သေသွားတယ်လို့လဲ ကဲ့ရဲ့ စွပ်စွဲကြတယ်၊ အမှန်ကတော့ ထင်းမီးစာအစရှိတဲ့ အကြောင်းကိုစွဲမှီပြီး တောက်လောင်နေတဲ့ မီးလျှံမီးတောက်ကြီးဟာ ထင်းမီးစာအစရှိတဲ့ အကြောင်း မရှိတဲ့အခါ ငြိမ်းပျောက်သွား တာလို ကိလေသာနဲ့ ကံ-ဆိုတဲ့ အကြောင်းတရား ကိုမှီပြီး အစဉ်မပြတ်ဖြစ်နေတဲ့ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ အကျိုးတရားဒုက္ခ အစုအပုံကြီး ဟာ ကိလေသာနဲ့ ကံဆိုတဲ့ အကြောင်းတရားလုံးဝ မရှိတော့တဲ့အတွက် အသစ်မဖြစ် ပေါ်လာတော့ဘဲ ငြိမ်းသွားရုံမျှပါဘဲ၊ ဆင်းရဲ အစုအပုံကြီးမျှ ငြိမ်းသွားတာပါဘဲ။ ဒါကြောင့် မြတ်စွာဘုရားက ---
တဿာယေဝ တဏှာယ၊ အကောင်းအဆိုးကို ခံစားမှုကြောင့် ဖြစ်တတ်သော ထိုတဏှာ၏ ပင်လျှင်။
အသေသဝိရာဂနိရောဓော၊ အရိယမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့်။
ဝါ၊ အကြွင်းမဲ့ပျက်ပြယ်ခြင်း ချုပ်ခြင်းကြောင့်။
ဥပါဒါနနိရောဓော၊ စွဲလမ်းမှု ဥပါဒါန်၏ ချုပ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဥပါဒါနနိရောဓော၊ ဥပါဒါန်၏ ချုပ်ခြင်းကြောင့်။
ဘဝနိရောဓော၊ ဘဝသစ်ဖြစ်ကြောင်း ကံ၏ချုပ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဘဝနိရောဓော၊ ဘဝသစ်ဖြစ်ကြောင်း ကံ၏ချုပ်ခြင်းကြောင့်။
ဇာတိနိရောဓော၊ ဘဝသစ်ဖြစ်မှု ဇာတိ၏ ချုပ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဇာတိနိရောဓော၊ ဇာတိ၏ချုပ်ခြင်းကြောင့်။
ဇရာမရဏံ၊ အိုခြင်း သေခြင်းသည်၎င်း။
သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ၊ စိုးရိမ်ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း စိတ်နှလုံး၏ ပြင်းစွာပူပန်ခြင်းတို့သည်၎င်း။
နိရုဇ္ဈန္တိ၊ ချုပ်ကုန်၏။
ဧဝံ၊ ဤဆိုခဲ့သော အခြင်းအရာဖြင့်။
ဧတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ၊ ဤဆင်းရဲအစုမျှ သက်သက်၏ သာလျှင်။
နိရောဓော၊ ချုပ်ခြင်းသည်။
ဟောတိ၊ ဖြစ်သည်-
လို့ ဟောထားပါတယ်။
အဲဒီမှာ ချုပ်တယ်ဆိုတာ လုံးဝမဖြစ်ပေးလာနိုင်ဘဲ ကင်းငြိမ်းသွားတာကို ဆိုပါတယ်။ အရိယမဂ်၏ အစွမ်းကြောင့် တဏှာမဖြစ်နိုင်ဘဲ ကင်းငြိမ်းသွားယင် အဲဒီ တဏှာမှ ဆက်ပြီးဖြစ်မည့် ဥပါဒါန်နဲ့ ကံဆိုတာတွေလဲ မဖြစ်နိုင်တော့ဘူး။ အဲဒီ အကြောင်းကံ မဖြစ်ပေါ်နိုင်ဘဲ ကင်းငြိမ်းသွားယင် ဘဝအသစ်လဲ မဖြစ်နိုင်တော့ဘူး၊ ကင်းငြိမ်း ပြတ်စဲသွားတယ်၊ ဘဝအသစ် မဖြစ်တော့ အိုခြင်းသေခြင်း အစရှိသော ဆင်းရဲတွေလဲ ကင်းပြတ် ချုပ်ငြိမ်းသွားတယ်။
အဲဒီမှာ ဖြစ်ခြင်း အိုခြင်း သေခြင်း ဆိုတာတွေဟာ ပုဂ္ဂိုလ် သတ္တဝါ၏ ဖြစ်ခြင်း အိုခြင်း သေခြင်းလို့ လူတွေက ထင်နေပေမဲ့ အမှန်စင်စစ်တော့ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ တရားငါးပါးတို့၏ ဖြစ်ခြင်း အိုခြင်း သေခြင်းသာ ဖြစ်ပါတယ်၊ ဒါကြောင့် ဘဝအသစ် ဖြစ်ခြင်း အိုခြင်း သေခြင်းတွေ ရှိနေစဉ်မှာလဲ အမှန်စင်စစ်အားဖြင့် ပုဂ္ဂိုလ် သတ္တဝါရယ်လို့ ရှိတာမဟုတ်ဘူး၊ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿဝေဒနာဆိုတဲ့ အကျိုးတရားတို့သာရှိတယ်။
ပရိနိဗ္ဗာန် ဝင်စံသောအခါ အဝိဇ္ဇာ တဏှာ ဥပါဒါန် ကံ သင်္ခါရ ဆိုတဲ့ အကြောင်း တရားတွေ မရှိတဲ့အတွက် ဘဝအသစ် မဖြစ်ပေါ်လာဘဲ ပြတ်စဲချုပ်ငြိမ်းသွားတဲ့ အခါမှာလဲ ပုဂ္ဂိုလ်သတ္တဝါ ပျောက်သွားတာ မဟုတ်ပါဘူး၊ ဝိညာဏ်နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ အကျိုးဝဋ်ဆင်းရဲတရားတွေ မဖြစ်ပေါ်လာဘဲ ပြတ်စဲ ချုပ်ငြိမ်း သွားရုံမျှပါဘဲ။ နောက်ပြီးတော့ မလိုလားအပ်တဲ့ အိုခြင်း သေခြင်း စိုးရိမ် ပူဆွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း စိတ်နှလုံး၏ ပြင်းစွာပူပန်ခြင်းဆိုတဲ့ ဆင်းရဲအစု သက်သက်မျှ ချုပ်ငြိမ်း ပြတ်စဲသွားခြင်းသာ ဖြစ်ပါတယ်။
ပရိနိဗ္ဗာန်ကို သဘောမပေါက်လျှင် ဥစ္ဆေဒဒိဋ္ဌိ ဖြစ်တတ်သည်
ဒီနေရာမှာ အသိဉာဏ်မသက်ဝင်နိုင်လျှင် “ပုဂ္ဂိုလ်သတ္တဝါ အကောင်လိုက် ပျောက်ပျောက်သွားတယ်” လို့ ထင်တတ်ပါတယ်၊ အဲဒီလိုထင်လျှင် ဥစ္ဆေဒဒိဋ္ဌိ ဖြစ်တယ်။ အသိဉာဏ်ကောင်းကောင်း သက်ဝင်လျှင်တော့ “ဘဝအသစ် ဖြစ်နေရတယ် ဆိုတာလဲ ဆင်းရဲအစုမျှဘဲ၊ ဘဝအသစ်မဖြစ်ရတော့ဘဲ ပြတ်စဲ ချုပ်ငြိမ်း သွားတယ်ဆိုတာလဲ ဆင်းရဲအစုမျှဘဲ”ဆိုတာ ရှင်းနေပါတယ်။ အဲဒါကို ယမက မည်သောရဟန်း၏ ဝတ္ထုစသည်ဖြင့် သိနိုင်ပါတယ်။
ယမကရဟန်း ဝတ္ထု
မြတ်စွာဘုရား လက်ထက်တော်ကာလက ယမကဆိုတဲ့ ရဟန်းမှာ “ရဟန္တာ ပုဂ္ဂိုလ်ဟာ သေပြီးတဲ့နောက် ပြတ်စဲသွားတယ်၊ ပျောက်သွားတယ်၊ ဘာမျှမရှိတော့ဘူး” လို့ ဒီလို အယူမှားနေပါတယ်၊ သူ့ကို အခြားရဟန်းတော်များက တရားလမ်းမှန်ကို ဟောပြကြသော်လဲ သူ့အယူအတိုင်းဘဲ သူက ပြောနေပါတယ်။ ဒါနဲ့ နောက်ဆုံးမှာ သူ့ကို အရှင်သာရိပုတြာထံ ခေါ်သွားကြပါတယ်။ အရှင် သာရိပုတြာက မေးတော့လဲ သူ့အယူအတိုင်းဘဲ ဝန်ခံပါတယ်။ အဲဒီတော့ အရှင်သာရိပုတြာက ဒီလို စစ်တမ်းထုတ်ပြီး ဟောကြားပါတယ် -
ငါ့ရှင် ယမက ...
ရုပ်သည် မြဲသလော မမြဲသလော၊ (မမြဲပါ အရှင်ဘုရား။)
ဝေဒနာသည် မြဲသလော မမြဲသလော၊ (မမြဲပါ။)
သညာသည် မြဲသလော မမြဲသလော၊ (မမြဲပါ။)
သင်္ခါရတို့သည် မြဲကြသလော မမြဲကြသလော၊ (မမြဲကြပါ။)
ဝိညာဏ်သည် မြဲသလော မမြဲသလော၊ (မမြဲပါအရှင်ဘုရား။)
အမြဲသောတရားသည် ဆင်းရဲလော ချမ်းသာလော၊ (ဆင်းရဲပါ အရှင်ဘုရား။) မမြဲဆင်းရဲ ပြောင်းလဲ ဖောက်ပြန်တတ်သော တရားကို ငါ့ဥစ္စာဟူ၍၎င်း, ငါဟူ၍၎င်း, ငါ၏အတ္တဟူ၍၎င်း ရှုရန် သင့်ပါမည်လော၊ (မသင့်ပါ အရှင်ဘုရား။)
ငါ့ရှင် ယမက... သို့ဖြစ်သောကြောင့် အတိတ် အနာဂတ် ပစ္စုပ္ပန် အတွင်းအပ အကြမ်းအနု အယုတ်အမြတ် အဝေး အနီး ရုပ်ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် ဟူသမျှကို ငါ့ဥစ္စာ မဟုတ်, ငါမဟုတ်, ငါ၏အတ္တမဟုတ်ဟု အမှန်အတိုင်း မြင်အောင် ရှုရမည်။
ငါ့ရှင် ယမက ... ဤသို့ မြင်လျှင် ရုပ်၌လဲ ငြီးငွေ့သည်၊ ဝေဒနာ၌လဲ၊ သညာ၌လဲ၊ သင်္ခါရတို့၌လဲ၊ ဝိညာဏ်၌လဲ ငြီးငွေ့သည်၊ ငြီးငွေ့လျှင် တပ်မက်ကင်းသည်၊ တပ်မက်ကင်းခြင်းကြောင့် လွတ်မြောက်သည်၊ လွတ်မြောက်လျှင်လွတ်မြောက်ပြီဟု အသိဉာဏ်ဖြစ်သည်၊ ဘဝအသစ်ဖြစ်မှုကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဘွယ်ကိစ္စဟူသမျှကို ပြုပြီးပြီ၊ ဤကိစ္စအတွက် အခြားတပါးပြုဘွယ် မရှိတော့ပြီဟု ဆင်ခြင်လျက် သိလေတော့သည်ဟု အရှင်သာရိပုတြာက စစ်ဆေးဟောကြား တော်မူပါတယ်။
ထိုတရားကို ကြားနာစဉ်မှာပင် အရှင်ယမကဟာ သောတာပန်ဖြစ်သွားပါတယ်၊ သောတာပန် ဖြစ်တဲ့အခါ အယူမှား ကင်းသွားပြီဖြစ်၍ သဘောမှန်အတိုင်း ဖြေကြားရန် ထပ်မံ၍ စိစစ်တော်မူပါတယ်။ စိစစ်ပုံကတော့ -
ငါ့ရှင် ယမက... ရုပ်၌ ဘုရားရဟန္တာပုဂ္ဂိုလ်ဟု ထင်သလော။ (မထင်ပါ အရှင်ဘုရား။)
(တထာဂတော ပုဒ်ကို သတ္တဝါဟု ပြန်ကြသည်။ ဤ၌ကား မူလကခီဏာသဝ ပုဂ္ဂိုလ်၏ ပြတ်စဲခြင်းကို စွဲလမ်းပြောဆိုခဲ့သည်နှင့် ညီစေရန် ဘုရား ရဟန္တာပုဂ္ဂိုလ်ဟု ဝိသေသပြု၍ပြန်သည်။)
ရုပ်မှတခြား၌ ရုပ်မရှိဘဲ ဘုရားရဟန္တာပုဂ္ဂိုလ် တည်ရှိသည်ဟု ထင်သလော၊ (မထင်ပါအရှင်ဘုရား။)
ဝေဒနာ၌၊ သညာ၌၊ သင်္ခါရတို့၌၊ ဝိညာဏ်၌ ဘုရားရဟန္တာပုဂ္ဂိုလ်ဟု ထင်သလော၊ (မထင်ပါအရှင်ဘုရား။)
ဝိညာဏ်မှ တခြား၌ ဝိညာဏ်မရှိဘဲ ဘုရားရဟန္တာ ပုဂ္ဂိုလ်တည်ရှိသည်ဟု ထင်သလော၊ (မထင်ပါ အရှင်ဘုရား။)
ငါ့ရှင်ယမက... ဘုရားရဟန္တာမှာ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်မရှိဟု ထင်သလော၊ (မထင်ပါအရှင်ဘုရား။)
ငါ့ရှင် ယမက... ဤရုပ် ဝေဒနာသညာ သင်္ခါရ ဝိညာဏ်ဟူသော တရားအပေါင်းဝယ် မသေမီ မျက်မှောက်၌ပင် အမှန်စင်စစ်အားဖြင့် ဘုရား ရဟန္တာ ပုဂ္ဂိုလ် သတ္တဝါအကောင်ရယ်လို့ မရှိပါဘဲလျက် ရဟန္တာပုဂ္ဂိုလ်ဟာ သေပြီးတဲ့နောက် ပြတ်စဲသွားတယ်၊ ပျောက်သွားတယ်၊ ဘာမျှ မရှိတော့ဘူးလို့ ပြောကြားရန် သင့်ပါမည်လောလို့ မေးပါတယ်။
ထိုအခါ အရှင်ယမက-က တပည့်တော်မှာ မသိမလိမ္မာမီ ရှေးအခါက အဲဒီ ယုတ်ညံ့တဲ့ မိစ္ဆာအယူ ရှိခဲ့ပါသည်၊ ယခု အရှင်၏တရားကို နာရသဖြင့် အဲဒီ အယူလဲ ကင်းသွားပါပြီ၊ တရားထူးကိုလဲ သိရပါပြီဟု လျှောက်ထားတယ်။
ထိုအခါ အရှင်သာရိပုတြာက ရဟန္တာအဖြစ်နဲ့ ဖြေကြားစေလိုတဲ့ အတွက် ဆက်ပြီး မေးခွန်းထုတ်ပြန်ပါတယ်-
ငါ့ရှင် ယမက... ရဟန္တာပုဂ္ဂိုလ် သေသွားလျှင် ဘယ်လိုရှိသလဲလို့ တစုံတယောက်က မေးခဲ့သော် ဘယ်လို ဖြေကြားပါမည်လဲ။ ရုပ်သည် မမြဲ၊ မမြဲသောတရားသည် ဆင်းရဲပင်၊ ထိုဆင်းရဲ ချုပ်ပျောက်သွားခြင်းပင် ဖြစ်သည်၊ ဝေဒနာသည်၊ သညာသည်၊ သင်္ခါရတို့သည်၊ ဝိညာဏ်သည် မမြဲ၊ မမြဲသော တရားသည် ဆင်းရဲပင်၊ ထိုဆင်းရဲ ချုပ်ပျောက်သွားခြင်းပင် ဖြစ်သည်ဟု ဖြေကြားပါမည်လို့ ပြန်ကြား လျှောက်ထားပါတယ်။
ထိုအခါ အရှင်သာရိပုတြာက သာဓုခေါ်ပြီး ဆက်လက်ဟောကြားပါတယ်။
ခန္ဓာငါးပါးသည် မိတ်ဆွေယောင်ဆောင်နေသော သူသတ်သမားနှင့် တူကြောင်း၊ ခန္ဓာငါးပါးကို အတ္တအနေအားဖြင့် သာယာလက်ခံနေလျှင် သူသတ်သမားကို လက်ခံ ထားသည်နှင့် တူကြောင်း စသည်များကို ဆက်လက်ပြီး ဟောကြားတော်မူပါတယ်။
ဒီဝတ္ထုထဲမှာ အရှင်ယမကဟာ တရားသဘော မသိမီက ခန္ဓာငါးပါးကိုပင် ပုဂ္ဂိုလ် သတ္တဝါဟု ထင်မြင်စွဲလမ်းနေခဲ့တယ်၊ ဒါကြောင့် ရဟန္တာပုဂ္ဂိုလ် သေသွားလျှင် ပြတ်စဲသွားတယ်၊ ပျောက်သွားတယ်၊ ဘာမျှ မရှိတော့ဘူးလို့ ပြောခဲ့တယ်။ အဲဒီလိုပြောရာမှာ မသေခင်ကတော့ ပုဂ္ဂိုလ် သတ္တဝါ အကောင်အထည်လိုက် တကယ်ရှိနေတယ်လို့ စွဲလမ်းတာဘဲ။
ဒါကြောင့် သေပြီးတဲ့နောက် ဘာမျှမရှိတော့ ဘူးလို့ ယူဆစွဲလမ်းတာကို ဥစ္ဆေဒဒိဋ္ဌိလို့ ခေါ်ရပါတယ်။ အမှန်တရားကိုသိပြီး သောတာပန် ဖြစ်သွားတဲ့အခါကျတော့ အရှင်ယမကက “ရဟန္တာပုဂ္ဂိုလ် သေသွားလျှင် မမြဲလို့ ဆင်းရဲမျှဖြစ်တဲ့ ခန္ဓာငါးပါး, ဆင်းရဲတရားမျှ ချုပ်ပျောက် သွားခြင်းပင် ဖြစ်တယ်” လို့ ပြောကြားပါတယ်။
အဲဒါဟာ ဒီနေရာမှာ မှတ်သားဘို့ရာ လိုရင်းပါဘဲ။
ယခု ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်မှာလဲ “ဧဝံ၊ (တဏှာ ဥပါဒါန် ကံ ချုပ်ငြိမ်း ကင်းပြတ်သွားလျှင် ဇာတိ ဇရာ မရဏ စသည် ချုပ်ငြိမ်းကင်းပြတ်သွားသည်ဟု ပြဆိုခဲ့သော) ဤအခြင်းအရာအားဖြင့် -
ဧတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ၊ ဤဆင်းရဲအစုမျှ သက်သက်၏သာလျှင်။
နိရောဓော၊ ချုပ်ခြင်းသည်။
ဟောတိ၊ ဖြစ်သည်”
လို့ ရဟန္တာ ပရိနိဗ္ဗာန် ဝင်စံတဲ့အခါ ဆင်းရဲအစုမျှ ချုပ်သွားခြင်းဖြစ်ကြောင်း ပြဆိုထားပါတယ်။
ဆင်းရဲငြိမ်းပုံ အကျဉ်းချုပ်
ဒီနေရာမှာ အကျဉ်းချုပ် မှတ်ဖို့ကတော့ မြင်မှုကြားမှုစသော ဖြစ်ခိုက်နာမ်ရုပ်ကို မရှုမမှတ်နိုင်လျှင် အဝိဇ္ဇာ တဏှာ ဥပါဒါန် ကံသင်္ခါရဆိုတဲ့ ပစ္စုပ္ပန်အကြောင်းငါးပါး ဖြစ်ပေါ်သည်၊ ထိုအကြောင်း ငါးပါးကြောင့် ဇာတိ ဇရာမရဏ ဟုခေါ်သော အနာဂတ် အကျိုးငါးပါး ဆင်းရဲအစုများ ဖြစ်ပွါးသွားမည်။
မြင်ခိုက် ကြားခိုက် စသည်၌ ရှုမှတ်နိုင်လျှင် ပစ္စုပ္ပန်အကြောင်းငါးပါး ဖြစ်ခွင့်မရဘဲ ချုပ်သွားသောကြောင့် ဇာတိ ဇရာမရဏဟု ခေါ်သော အနာဂတ်အကျိုးငါးပါး ဆင်းရဲအစုများ ဖြစ်ခွင့်မရဘဲ ချုပ်ငြိမ်းသွားမည်။ ဒါကြောင့် ဖြစ်ခိုက်တရားကို မရှုလျှင် အကြောင်းငါးပါးပေါ်၍ အကျိုးငါးပါး ဆင်းရဲအစုများ ဖြစ်ပွါးမည်၊ ဖြစ်ခိုက်တရားကို ရှုလျှင် အကြောင်းငါးပါး ချုပ်၍ အကျိုးငါးပါး ဆင်းရဲအစုများ ချုပ်ငြိမ်းမည်၊ အဲဒါကို ဆိုကြရမည် -
ဖြစ်ခိုက်တရားကို မရှုလျှင် အကြောင်းငါးပါးပေါ်၍ အကျိုးငါးပါး ဆင်းရဲအစုများ ဖြစ်ပွါးမည်။ ဖြစ်ခိုက်တရားကိုရှုလျှင် အကြောင်း ငါပါးချုပ်၍ အကျိုးငါးပါး ဆင်းရဲအစုများ ချုပ်ငြိမ်းမည်။
ဝဇိရာထေရီဝတ္ထု
နောက်ပြီးတော့ ဝဇိရာထေရီ၏ ဖြေကြားပုံဖြင့်လဲ ဆင်းရဲအစုမျှသာ ချုပ်ခြင်း ဖြစ်ကြောင်း ထင်ရှားပါတယ်။ အခါတပါးမှာ ဝဇိရာဆိုတဲ့ ရဟန္တာထေရီမက ဇေတဝန်ကျောင်းတိုက်၏ မြောက်ဖက်မှာ ရှိတဲ့ အန္ဓတောထဲ သစ်ပင်တခုအောက်မှာ နေ့သန့်စင်နေပါတယ်။
အဲဒီအခါ မာရ်နတ်က ကြောက်လန့်ပြီး သမာဓိပျက်စေလိုတဲ့အတွက် “ဟဲ့ ရဟန်းမိန်းမ ... ဒီ သတ္တဝါကို ဘယ်သူက ပြုလုပ်ဖန်ဆင်းသလဲ၊ ဖန်ဆင်းတဲ့သူ ဘယ်မှာရှိသလဲ၊ သတ္တဝါဟာ ဘယ်မှာ ဖြစ်ပေါ်လာခဲ့သလဲ၊ ဘယ်မှာ ချုပ်ပျောက်သွားမလဲ”လို့ ထေရီမကို မေးပါတယ်။ ဒီတော့ ဝဇိရာထေရီမက ဒီလို ပြန်ကြားလိုက်ပါတယ် -
ကိံ နု သတ္တောတိ ပစ္စေသိ၊
မာရ ဒိဋ္ဌိဂတံ နု တေ။
သုဒ္ဓသင်္ခါရပုေဉ္ဇာယံ၊
နယိဓ သတ္တူပလဗ္ဘတိ။
မာရ၊ ဟဲ့ မာရ်နတ်။
တွံ၊ သင်သည်။
ကိံ၊ ဘယ်အရာကို။
သတ္တောတိ၊ သတ္တဝါဟူ၍။
ပစ္စေသိနု၊ ယုံကြည်ထင်မှတ်ပါသနည်း။
တေ၊ သင်၏။
ဒိဋ္ဌိဂတံနု၊ အယူမှား မဟုတ်လော။
အယံ၊ အများက သတ္တဝါဟု ထင်မှတ်နေသော ဤအရာသည်။
သုဒ္ဓသင်္ခါရပုေဉ္ဇာ၊ သင်္ခါရတရား အစုအပုံ သက်သက်မျှသာတည်း။
ဣဓ၊ ဤသင်္ခါရတရားအစု၌။
သတ္တော၊ သတ္တဝါကို။
နဥပလဗ္ဘတိ၊ မရအပ်သည်သာတည်း။
ဝါ၊ သတ္တဝါမရှိသည်သာတည်း။
ယထာ ဟိ အင်္ဂသမ္ဘာရာ၊
ဟောတိ သဒ္ဒေါ ရထော ဣတိ။
ဧဝံ ခန္ဓေသု သန္တေသု၊
ဟောတိ သတ္တောတိ သမ္မုတိ။
ဟိ၊ ဥပမာဖြင့် ထင်စွာပြအံ့။
အင်္ဂသမ္ဘာရာ၊ ဘီး ဝင်ရိုး အစရှိသော အစိတ်အပိုင်းတို့၏ ပေါင်းစုမိခြင်းကြောင့်။
ဝါ၊ ပေါင်းစုမိလတ်သော်။
ရထော ဣတိ သဒ္ဒေါ၊ ရထားဟူသော သဒ္ဒါအမည်သည်။
ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။
ဧဝံ၊ ဤဥပမာအတူပင်လျှင်။
ခန္ဓေသု၊ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဟူသော ခန္ဓာငါးပါးတို့သည်။
သန္တေသု၊ ရှိကုန်လတ်သော်။
သတ္တောတိ သမ္မုတိ၊ သတ္တဝါဟူသော အမည်ပညတ်သည်။
ဟောတိ၊ ဖြစ်လေတော့၏။
ဒုက္ခမေဝ ဟိ သမ္ဘောတိ၊
ဒုက္ခံ တိဋ္ဌတိ ဝေတိ စ။
နာညတြ ဒုက္ခာ သမ္ဘောတိ၊
နာညံ ဒုက္ခာ နိရုဇ္ဈတိ။
ဟိ၊ သတ္တဝါဟူ၍ မရှိ, သင်္ခါရတရား အစု ခန္ဓာငါးပါးမျှသာ ရှိသည်ဟုဆိုသော ထိုစကားမှန်ပေ၏။
ဒုက္ခမေဝ၊ ရုပ်နာမ်ခန္ဓာ ဆင်းရဲတရားမျှသည်သာလျှင်။
သမ္ဘောတိ၊ ဖြစ်ပေါ်၏။
ဒုက္ခံ၊ ဆင်းရဲတရားမျှသည်သာလျှင်။
တိဋ္ဌတိ၊ အဆက်ဆက်ဖြစ်လျက် တည်လည်းတည်နေ၏။
ဝေတိစ၊ ပျောက်လည်း ပျောက်ကွယ်ပျက်စီး၏။
အညတြ ဒုက္ခာ၊ ဆင်းရဲတရားကို ကြဉ်၍။
ဝါ၊ ဆင်းရဲမှတပါး။
န သမ္ဘောတိ၊ ဖြစ်သည်မဟုတ်။
ဒုက္ခာ အညံ၊ ဆင်းရဲမှ တခြားတပါးသော အရာသည်။
န နိရုဇ္ဈတိ၊ ချုပ်ပျက်သည်လည်း မဟုတ်-
လို့ ဖြေရှင်း ပြန်ကြားလိုက်ပါတယ်။
အဲဒီမှာ ဖြစ်လျှင်လဲ ဆင်းရဲမျှသာ ဖြစ်ပေါ်လာတယ်၊ ပုဂ္ဂိုလ်သတ္တဝါ ဖြစ်ပေါ်လာတာ မဟုတ်၊ တည်နေတယ်ဆိုတာလဲ ဆင်းရဲသာလျှင် အဆက်ဆက် ဖြစ်ပြီး တည်နေတယ်၊ ပုဂ္ဂိုလ်သတ္တဝါ အကောင်လိုက် တကြံ့တည်း တည်နေတာမဟုတ်၊ ပျောက်ပျောက်သွားလျှင်လဲ ဆင်းရဲမျှသာလျှင် ပျောက်ကွယ် ပျက်စီးသွားတယ်၊ ပုဂ္ဂိုလ်သတ္တဝါ အကောင်လိုက် သေပျက်သွားတာ မဟုတ်လို့ ဆိုတဲ့စကားဟာ အလွန်ပြတ်သား ရှင်းလင်းနေပါတယ်။
ပရမတ္ထအားဖြင့် ရုပ်နာမ် အကြောင်းအကျိုးမျှသာ ရှိသည်
ဒါကြောင့် ပုဂ္ဂိုလ်သတ္တဝါဆိုတာ လောကဝေါဟာရအားဖြင့်သာ ပြောဆိုနေရတာဘဲ၊ ပရမတ္ထအားဖြင့်တော့ ထင်ရှားရှိတာ မဟုတ်ဘူး၊ ပရမတ္ထအားဖြင့်တော့ ရုပ်နှင့်နာမ် မျှသာ ရှိတယ်၊ ရှေးဘဝကပြီးခဲ့တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန်ကံ သင်္ခါရဆိုတဲ့ အကြောင်းငါးပါးကြောင့် မပြတ်ဖြစ်လျက် တည်ရှိနေတဲ့ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿဝေဒနာဆိုတဲ့ အကျိုးတရား ငါးပါးသာရှိတယ်၊
အဲဒီ အကျိုးငါးပါးကိုမှီပြီးတော့, အထူးအားဖြင့် ဝေဒနာကို အကြောင်းပြုပြီးတော့ အဝိဇ္ဇာ သင်္ခါရတို့နှင့်တကွ တဏှာဥပါဒါန် ကမ္မဘဝဆိုတဲ့ ပစ္စုပ္ပန်အကြောင်းငါးပါး တဖန်ထပ်ပြီး ဖြစ်ပေါ်လာပြန်တယ်၊ အဲဒီ အကြောင်းငါးပါးကြောင့် နောင်ဘဝမှာ ဇာတိ ဇရာမရဏဆိုတဲ့ အမည်ဖြင့် ဟောထားတဲ့ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ အကျိုးငါးပါး ဖြစ်ပေါ်သွားဦးမယ်၊ ဒီပုံဒီနည်းဖြင့် အကြောင်း အကျိုး ရုပ်နာမ်သင်္ခါရ ဆင်းရဲစုမျှသာ ဘဝအဆက်ဆက် ဖြစ်သွားနေတယ်။
ကဲ ကြေသွားအောင် ဆိုလိုက်ကြဦးစို့ -
အဝိဇ္ဇာ တဏှာ ဥပါဒါန် ကံ သင်္ခါရဆိုတဲ့ အတိတ်အကြောင်း ငါးပါးကြောင့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ ပစ္စုပ္ပန် အကျိုးငါးပါး ဖြစ်ပေါ်လျက် ရှိသည်။
ပစ္စုပ္ပန်အကျိုးငါးပါးကို မရှုနိုင်လျှင် ထိုအကျိုးငါးပါးကို မှီ၍ ပစ္စုပ္ပန်အကြောင်း ငါးပါးဖြစ်ပြန်သည်၊ ထိုအကြောင်း ငါးပါးကြောင့် အနာဂတ်အကျိုးငါးပါး ဖြစ်ပွါးသွားမည်။ ဒီပုံ ဒီနည်းဖြင့် တဘဝပြီး တဘဝရုပ်နာမ် ဆင်းရဲ အစုမျှသာ မပြတ် ဖြစ်ပေါ်လျက်ရှိသည်။
မြင်မှုကြားမှု အစရှိသော ပစ္စုပ္ပန်အကျိုးငါးပါးကို ရှုနိုင်လျှင် ရှုတိုင်းရှုတိုင်း ပစ္စုပ္ပန် အကြောင်း ငါးပါး ဖြစ်ခွင့်မရှိဘဲ ချုပ်သည်၊ ထိုသို့ရှု၍ အရိယမဂ်ဉာဏ် ဖြစ်ပေါ်လာလျှင် ပစ္စုပ္ပန်အကြောင်းများ ဖြစ်ခွင့်မရှိတော့ဘဲ လုံးဝချုပ်ငြိမ်းသည်၊ ပစ္စုပ္ပန်အကြောင်း ချုပ်ငြိမ်းလျှင် အနာဂတ်အကျိုးငါးပါး မဖြစ်ပေါ်လာတော့ဘဲ ပြတ်စဲ ချုပ်ငြိမ်းသည်။
အဝိဇ္ဇာ အစရှိသောအကြောင်း ငါးပါးကြောင့် ဝိညာဏ် အစရှိသော အကျိုးငါးပါး ဆင်းရဲတရား အစုသာ မပြတ်ဖြစ်လျက် ရှိသည်။
အဝိဇ္ဇာ အစရှိသော အကြောင်းငါးပါး မရှိလျှင် ဝိညာဏ် အစရှိသော အကျိုးငါးပါး ဆင်းရဲတရားအစု မဖြစ်ပေါ်လာတော့ဘဲ ချုပ်ငြိမ်းပြတ်စဲသည်။
အဲဒါဟာ ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုး ဆက်စပ်ဖြစ်ပုံနှင့် ချုပ်ပြတ်ပုံ အကျဉ်းချုပ်ပါဘဲ။
ဒါကြောင့် ဆက်စပ်ပုံကိုပြတဲ့ ဆောင်ပုဒ်ရှည်မှာ-
“အမှန်မသွား အမှားမြင်ကာ အဝိဇ္ဇာကြောင့်၊ ချမ်းသာလိမ့်နိုး ရည်မြှော်ကိုးလျက် သုံးမျိုးမှုကံပြုစီမံ၍၊ ဝိညာဏ်တွယ်စပ်၊ နာမ်ရုပ်ကပ်လျက်၊ ၆-ရပ် အာယတန၊ ဖဿ ၆-ဖြာ၊ ဝေဒနာကြောင့် တဏှာ ၆-တန်”လို့ ဝေဒနာကြောင့် တဏှာဖြစ်တတ် ကြောင်းကို ပြထားပါတယ်။ နောက်ပြီးတော့ တဏှာဖြစ်မိလျှင် ဥပါဒါန်ကံဖြစ်ပြီး တဖန်ဘဝသစ် ဖြစ်တော့တာဘဲ။
ဒါကြောင့် “တဏှာ ၆-တန် ဥပါဒါန်နှင့် ဖြစ်ရန်အကြောင်း ကံဆင့်လောင်း၍ ဆိုးကောင်းဘဝ ဖြစ်ရပြန်ရာ”လို့ ဆိုထားပါတယ်။ အဲဒီလို ဘဝအသစ် ဖြစ်မိပြန်ယင် အိုခြင်းသေခြင်း အစရှိသော ဆင်းရဲအစုတွေ ဖြစ်တော့တာဘဲ။ ဒါကြောင့် “ဆိုးကောင်းဘဝ ဖြစ်ရပြန်ရာ အိုကာသေရေး ပူအဆွေးနှင့် ငိုကြွေးကိုယ်နွမ်း စိတ်မချမ်းမြ ပူပန်ရသည် လုံးဝဆင်းရဲစုသာတည်း” လို့ ဆိုထားပါတယ်။
ရှစ်လုံးဖွဲ့ ဆောင်ပုဒ်များမှာလဲ နောက် ၂-ပုဒ်မှာ ---
ခံစားသည့်တွက် တပ်မက်ခင်မင်၊
မည်သို့ပြုငြား ကောင်းစားမည်ထင်၊
ဝင်စားစွဲလမ်း ရော်ရမ်းပြုလျှင်၊
နောင်ဘဝ ဖြစ်ရ ဇာတိပင်။
ဘဝဇာတိ သူ ရှိပြန်လျှင်၊
အို, သေ, ပူဆွေး ငိုကြွေး ထို့ပြင်၊
ကိုယ်-စိတ် ဆင်းရဲ ထန်သဲပူပင်၊
သို့ဖြစ်ရ လုံးဝ ဆင်းရဲပင်--
လို့ ဆိုထားပါတယ်။
အဲဒီလိုအကြောင်းအကျိုး ဆက်စပ်ဖြစ်နေပုံကိုသိရယင် အကျိုးဆင်းရဲတွေကို အလိုမရှိပါက သူ့ဆိုင်ရာအကြောင်းတွေ ငြိမ်းသွားအောင် ကျင့်ရမယ်ဆိုတာ သဘောပေါက်နိုင်ပါပြီ။ ဒါကြောင့် ဆင်းရဲငြိမ်းပုံကိုတော့ သီးခြားဆောင်ပုဒ်ဖြင့် မပြတော့ဘူး။
အလွှာ ၄-ခု
နောက်ပြီးတော့ ယခုပြောခဲ့တဲ့အတိုင်း ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်မှာ -
အတိတ်အကြောင်းက တစုတပုံ၊
ပစ္စုပ္ပန်အကျိုးက တစုတပုံ၊
ပစ္စုပ္ပန်အကြောင်းက တစုတပုံ၊
အနာဂတ်အကျိုးက တစုတပုံ-
ဒီလို ၄-စု ၄-ပုံ ရှိပါတယ်၊
ပါဠိလို သင်္ဂဟ ၄-ပါးလို့လဲ ခေါ်တယ်၊ သင်္ခေပ ၄-ပါးလို့လဲ ခေါ်တယ်၊ အဲဒါကို အလွှာ ၄-ခုလို့လဲ ပြန်ဆိုကြ ခေါ်ဝေါ်ကြတယ်။
အဲဒီလို ၄-စု ၄-ပုံ ၄-လွှာဆိုတော့ အဆက်အစပ်က ၃-စပ်ရှိတယ်၊
၁။ အတိတ်အကြောင်းနဲ့ ပစ္စုပ္ပန်အကျိုးအကြားမှာ တစပ်၊ သင်္ခါရကြောင့် ဝိညာဏ် ဖြစ်တယ်ဆိုတဲ့ အစပ်ပါဘဲ။
၂။ ပစ္စုပ္ပန်အကျိုးနဲ့ ပစ္စုပ္ပန်အကြောင်းကြားမှာ တစပ်၊ ဝေဒနာကြောင့် တဏှာဖြစ်တယ် ဆိုတဲ့ အစပ်ပါဘဲ။
၃။ ပစ္စုပ္ပန်အကြောင်းနဲ့ အနာဂတ် အကျိုးကြားမှာ တစပ်၊ ဘဝကြောင့် ဇာတိဖြစ်တယ် ဆိုတဲ့ အစပ်ပါဘဲ။
အခြင်းအရာ သရုပ် ၂၀-ရှိတယ်
နောက်ပြီးတော့ အာကာရခေါ်တဲ့ အခြင်းအရာ သရုပ်က ၂၀-ရှိပါတယ်၊
အတိတ်အကြောင်းက ငါးပါး၊ ခုတင်က ပြောခဲ့တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကမ္မဘဝ-ဆိုတဲ့ ငါးပါးပါဘဲ။
ပစ္စုပ္ပန်အကျိုးကငါးပါး၊ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ-ဆိုတဲ့ ငါးပါးပါဘဲ။ ဒီ ၂-ရပ်ပေါင်းက ၁၀၊
နောက်ပြီးတော့ ပစ္စုပ္ပန်အကြောင်းနဲ့ အနာဂတ်အကျိုးများကလဲ ထို့အတူပင် ၅-ပါး စီ ၁၀-ပါးဖြစ်ပါတယ်၊
အကုန်လုံးပေါင်းလိုက်ယင် အခြင်းအရာ သရုပ် ၂၀-ဖြစ်ပါတယ်။
ဝဋ် ၃-ပါး လည်နေပုံ
နောက်ပြီးတော့ ဒီ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်မှာ ကိလေသဝဋ်, ကမ္မဝဋ်, ဝိပါကဝဋ်-ဆိုတဲ့ ဝဋ်သုံးပါးလဲ ပါဝင်ပါတယ်။ ရှေးဘဝက မြင်မှု ကြားမှု စသည်ကို အမှန်အတိုင်းမသိဘဲ ချမ်းသာတွေ အကောင်းတွေလို့ ထင်ခဲ့တာက အဝိဇ္ဇာ၊ အဲဒါတွေကို သာယာနှစ်သက်ခဲ့တာက တဏှာ၊ စွဲလမ်းခဲ့တာက ဥပါဒါန်၊ ဒီသုံးပါးကို ကိလေသဝဋ်လို့ ခေါ်တယ်။
အဲဒီ ကိလေသဝဋ်ဖြင့် အသိမှားပြီး သာယာစွဲလမ်း တဲ့အတွက် ချမ်းသာ ကောင်းစားအောင် ရည်ရွယ်ပြီး အားထုတ်ခဲ့တာက သင်္ခါရ၊ အမှုကံပြီးမြောက်ခဲ့တာက ကမ္မဘဝ၊ ဒီသင်္ခါရနဲ့ကမ္မဘဝကို ကမ္မဝဋ်လို့ ခေါ်တယ်။ ဒီ ကံ, သင်္ခါရကြောင့် ပဋိသန္ဓေခဏမှစပြီး ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ တရားငါးပါးဟာ ခဏမစဲ မပြတ်ဖြစ်နေတယ်၊ အဲဒီ ငါးပါးကို ဝိပါကဝဋ်-လို့ ခေါ်တယ်။ ယခု မြင်လိုက် ကြားလိုက် စသည်ဖြင့် ဒွါရ ၆-ပါးက ထင်ရှား ပေါ်နေတဲ့ တရားတွေပါဘဲ။
အဲဒီဝိပါကဝဋ် တရားတွေကိုပင် ငါမြင်တယ်၊ ငါကြားတယ်၊ ငါတွေ့တယ်၊ ငါသိတယ်၊ ငါခံစားတယ်-စသည်ဖြင့် ထင်ပြန်တယ်၊ အဲဒါက အဝိဇ္ဇာဘဲ။ အဲဒီလိုထင်တဲ့အတွက် သာယာနှစ်သက်ပြန်တယ်၊ အဲဒါက တဏှာဘဲ။ သာယာနှစ်သက်တော့ စွဲလမ်းတယ်၊ အဲဒါက ဥပါဒါန်ဘဲ။ ဒီသုံးပါးက ယခုဘဝမှာ ဝိပါကဝဋ်ကို မှီပြီး တပတ်လည်လာတဲ့ ကိလေသဝဋ်ပဲ။ အဲဒီလို စွဲလမ်းတော့ အားထုတ်ပြန်တယ်၊ အားထုတ်တော့ အမှုကံ ပြီးမြောက်သွားပြန်တယ်၊ သင်္ခါရနဲ့ ကမ္မဘဝပါဘဲ၊ ဒီ ၂-ပါးက ကိလေသဝဋ်မှ တပတ်လည်လာတဲ့ ကမ္မဝဋ်ပါဘဲ။
အဲဒီ ကမ္မဘဝကြောင့် နောင်ဘဝမှာ ဇာတိ ပေါ်လာပြီး ဇရာ မရဏ စသည်တွေဖြစ်ရတယ်။ အဲဒါတွေကတော့ တရားကိုယ် အားဖြင့် ဝိညာဏ် နာမ်ရုပ်သဠာယတန ဖဿ ဝေဒနာဆိုတဲ့ ဝိပါက် ဝဋ်တရားတွေ တပတ်လည်ပြီး ဖြစ်လာကြတာတွေပါဘဲ။ အဲဒီက နောက်လဲ ရှေးနည်းတူဘဲ မြင်မှု ကြားမှု အစရှိသော ဝိအပါကဝဋ်ကိုမှီပြီး ကိလေသဝဋ်ဖြစ်မယ်၊ အဲဒီကိလေသ ဝဋ်ကြောင့် ကမ္မဝဋ်ဖြစ်မယ်၊ အဲဒီကမ္မဝဋ်ကြောင့် ဝိပါကဝဋ်ဖြစ်မယ်၊ ဒီပုံဒီနည်းဖြင့် ကိလေသာ ကံ ဝိပါက်ဆိုတဲ့ ဝဋ်သုံးပါးဟာ တပြန်စီလည်ပြီး မပြတ်ဖြစ်နေပါတယ်။
အဲဒါတွေကို သံသရာဝဋ်ဆင်းရဲလို့ ခေါ်တာပါဘဲ။ အကြောင်းအကျိုး ရုပ်နာမ် ခန္ဓာတွေ မပြတ်ဆက်စပ်ပြီး ဖြစ်နေတာကို သံသရာလို့ ခေါ်ပါတယ်။ မြင်တာကို အမှန်အတိုင်း မသိယင် အဲဒါကို မြဲတယ် ချမ်းသာတယ် ကောင်းတယ် စသည်ဖြင့် အထင်မှားတယ်၊ အဲဒါက အဝိဇ္ဇာဘဲ၊ အထင်မှားတော့ သာယာနှစ်သက်တယ်၊ တဏှာဘဲ၊ သာယာနှစ်သက်တော့ စွဲလမ်းတယ် -ဥပါဒါန်ဘဲ၊ စွဲလမ်းတော့ အားထုတ်ပြုလုပ်တယ်၊ သင်္ခါရနဲ့ ကမ္မဘဝဘဲ၊
အဲဒီ ကမ္မဘဝကြောင့် ဇာတိဖြစ်တယ်၊ ဝိညာဏ်အစရှိသော အကျိုးငါးပါး ဝိပါကဝဋ်တရားတွေဘဲ၊ အဲဒါဟာ မြင်ရာကနေပြီး ရုပ်နာမ်ခန္ဓာအစဉ် သံသရာ လည်သွားပုံပါဘဲ။ ထို့အတူပင် ကြားရာ နံရာ စားသိရာ ထိသိရာ ကြံသိရာတွေကလဲ သံသရာလည်သွားတယ်။
ဒီပုံ ဒီနည်းဖြင့် သံသရာလည်ပြီး ဝဋ်သုံးပါး ဆင်းရဲတွေ ဖြစ်နေရာမှာ အဲဒီ သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ရအောင်လို့ “သံသရ ဝဋ္ဋဒုက္ခတော မောစနတ္ထာယ” စသည်ဖြင့်ဆိုပြီး ကုသိုလ်ကောင်းမှုတွေကို ပြုကြရတယ်။
သံသရာဝဋ်ဆင်းရဲ ပြတ်ပုံ
အဲဒီလိုပြုထားတဲ့ ဝိဝဋ္ဋနိဿိတကုသိုလ်ကံကြောင့် ယခုလို လူ့ဘဝကိုရတယ်၊ မြတ်စွာဘုရား ဟောတော်မူတဲ့ တရားတော်တွေကို ကြားနာရတယ်၊ အထူးအားဖြင့် သစ္စာ ၄-ပါးကို သိကြောင်းဖြစ်တဲ့ တရားကို ကြားနာရတယ်။ ဒီလိုကြားနာရတဲ့ အတွက် မြင်ခိုက် ကြားခိုက်စသည်မှာ ရှုမှတ်ရတဲ့ ဝိပဿနာ အလုပ်ကို အားထုတ်ရတယ်။
အားထုတ်တော့ မြင်တိုင်း မြင်တိုင်း ရှုမှတ်ပြီး ခဏမစဲ ဖြစ်ပျက်နေတဲ့ ရုပ်နဲ့နာမ် သဘောတရားမျှဘဲဆိုတာကို အမှန်အတိုင်းသိတယ်၊ အဲဒါက ဝိပဿနာ ဝိဇ္ဇာဉာဏ်ဘဲ၊ အဲဒီလို အမှန်အတိုင်း သိတော့ အသိမှား အဝိဇ္ဇာ ဖြစ်ခွင့်မရှိဘဲ တဒင်္ဂအားဖြင့် ကင်းသွားတယ်၊ အဝိဇ္ဇာကင်းတော့ သူ့နောက်လိုက် တဏှာနဲ့ဥပါဒါန်လဲ ကင်းတယ်၊ ဥပါဒါန် ကင်းတော့ သင်္ခါရနဲ့ ကမ္မဘဝလဲ ဖြစ်ခွင့်မရှိဘဲ ကင်းသွားတယ်၊
ကမ္မဘဝကင်းတော့ ဝိညာဏ် အစရှိသော အကျိုးငါးပါး၏ ဖြစ်ပေါ်မှု ဇာတိလဲ ကင်းတယ်၊ ဇာတိကင်းတော့ ဇရာမရဏ စသည်လဲ ကင်းတယ်။ အဲဒါဟာ မြင်ရာမှာ ရှုမှတ်ပြီး တဒင်္ဂအားဖြင့် သံသရာ ဝဋ်ဆင်းရဲ ချုပ်ငြိမ်းသွားပုံပါဘဲ။ ထို့အတူပင် ကြားရာစသည်မှာလဲ ရှုမှတ်ပြီး သံသရာဝဋ်ဆင်းရဲ ချုပ်ငြိမ်းပါတယ်။ အဲဒီလို ရှုမှတ်မှုဖြင့် တဒင်္ဂ တဒင်္ဂ ချုပ်ငြိမ်းပြီး ဝိပဿနာဉာဏ် ရင့်သန်ပြည့်စုံတဲ့အခါမှာ အရိယမဂ်ဉာဏ်ဖြင့် သံသရာဝဋ်ဆင်းရဲ တွေကို အကြွင်းမဲ့ ချုပ်ငြိမ်းစေနိုင်ပါတယ်။
ကမ္မဝဋ်, ဝိပါကဝဋ်များဖြင့် ဉာဏ်ဖြစ်ပုံ
ပစ္စယပရိဂ္ဂဟဉာဏ်ဖြစ်ပုံကို ပြတဲ့ ဝိသုဒ္ဓိမဂ် (ဒု-၂၃၇) မှာတော့ ကိလေသဝဋ်ကိုလဲ ကံ၏အကူအညီ အဖော်သဟဲ ဖြစ်တဲ့အတွက် ကမ္မဝဋ်ထဲမှာ ထည့်ပြီး ဆင်ခြင်ပုံကို ဒီလိုပြထားပါတယ်---
ဧကော၊ တဦးသော ယောဂီသည်။
ကမ္မဝဋ္ဋဝိပါကဝဋ္ဋဝသေန၊ ကမ္မဝဋ်, ဝိပါကဝဋ်တို့၏ အစွမ်းအားဖြင့်။
နာမရူပဿ
ပစ္စယပရိဂ္ဂဟံ၊ နာမ်ရုပ်၏ အကြောင်းသိမ်းဆည်းခြင်းကို။
ကရောတိ၊ ပြု၏။ပ။
ဣတိ၊ ဤသို့။
ကမ္မေဉ္စဝ ကမ္မဝိပါကော စ၊ ကံနှင့် ကံ၏အကျိုးသာ ရှိသည်ဟူ၍၎င်း။
ကမ္မဝဋ္ဋဉ္စ ဝိပါကဝဋ္ဋဉ္စ၊ ကမ္မဝဋ်နှင့် ဝိပါကဝဋ်သာ ရှိသည်ဟူ၍၎င်း။
ကမ္မပ္ပဝတ္တဉ္စ ဝိပါကပ္ပဝတ္တဉ္စ၊ ကံဖြစ်စဉ်နှင့် ဝိပါက်ဖြစ်စဉ်သာ ရှိသည်ဟူ၍၎င်း။
ကမ္မသန္တတိ စ ဝိပါကသန္တတိ စ၊ ကံအစဉ်နှင့် ဝိပါက်အစဉ်သာ ရှိသည်ဟူ၍၎င်း။
ကိရိယာ စ ကိရိယာဖလဉ္စ၊ ပြုမှုနှင့် ပြုမှု၏အကျိုးသာ ရှိသည်ဟူ၍၎င်း။
သမနုပဿတိ၊ ရှုမြင်၏-
လို့ ပြပြီးတော့--
ကမ္မာ ဝိပါကာ ဝတ္တန္တိ၊
ဝိပါကော ကမ္မသမ္ဘဝေါ။
ကမ္မ ပုနဗ္ဘဝေါ ဟောတိ၊
ဧဝံ လောကော ပဝတ္တတီတိ သမနုပဿတိ -
လို့လဲ ဆိုထားပါတယ်။
ကမ္မာ၊ ရှေးအကြောင်းကံကြောင့်။
ဝိပါကာ၊ အကျိုး ရုပ်နာမ်တို့သည်။
ဝတ္တန္တိ၊ ယခု ပစ္စုပ္ပန်၌ ဖြစ်ကုန်၏။
ဝိပါကော၊ ယခုဘဝအကျိုးနာမ်သည်။
ကမ္မသမ္ဘဝေါ၊ ပစ္စုပ္ပန်ကံ၏ ဖြစ်ကြောင်းပေတည်း။
ဝါ၊ ပစ္စုပ္ပန်ကံကို ဖြစ်စေတတ်၏。
(သမ္ဘဝတိဧတေနာတိ သမ္ဘဝေါ၊ ကမ္မဿ သမ္ဘဝေါ ကမ္မသမ္ဘဝေါ-ဟု ဝစနတ္ထပြု)
ကမ္မာ၊ ပစ္စုပ္ပန်ကံကြောင့်။
ပုနဗ္ဘဝေါ၊ တဖန် ဘဝသစ်သည်။
ဟောတိ၊ ဖြစ်၏။
ဧဝံ၊ ဤပုံ ဤနည်းဖြင့်။
လောကော၊ လောကဟု ခေါ်သော ရုပ်နာမ် အစဉ် (သတ္တဝါ) သည်။
ပဝတ္တတိ၊ အဆက်ဆက် မပြတ်ဖြစ်၏။
ဣတိ၊ ဤသို့။
သမနုပဿတိ၊ ရှုမြင်၏-တဲ့။
ရှေးကံကြောင့် ပစ္စုပ္ပန်ဘဝ ရုပ်နာမ်အကျိုးတရားတွေ ဖြစ်နေတယ်၊ ယခုမြင်လိုက် ကြားလိုက်စသည်ဖြင့် မပြတ်ဖြစ်နေတာကို ဆိုတာပါဘဲ။ မြင်မှု ကြားမှု အစရှိသော ပစ္စုပ္ပန်အကျိုး ရုပ်နာမ်ကြောင့် ကိလေသ ဝဋ်နှင့်တကွ ကံဖြစ်လာတယ်။
အဲဒီကံကြောင့် တဖန် ဘဝသစ်ဖြစ်တယ်၊ ဒီပုံဒီနည်းဖြင့် ကံနှင့် အကျိုးတရား တပြန်စီလည်ပြီး လောက, သတ္တဝါလို့ ခေါ်တဲ့ ရုပ်နာမ်အစဉ် မပြတ်ဖြစ်နေတယ်-လို့ တဦးသောယောဂီက ဒီလို သိမြင်သဘောကျ ပါသတဲ့။ အဲဒီလို သိမြင် သဘောကျလျှင် ပစ္စယပရိဂ္ဂဟဉာဏ်လဲ ပြည့်စုံတယ်၊
ကင်္ခါဝိတရဏဝိသုဒ္ဓိလဲ ပြီးစီးတယ်လို့ ဝိသုဒ္ဓိမဂ်မှာ ဆိုထားပါတယ်။ အဲဒါ အကျယ်ချဲ့ချင်တဲ့ ပညာရှိတွေ အထူးသတိပြုစရာပါဘဲ။
ကဲ ဒီဝိသုဒ္ဓိမဂ် ပြဆိုပုံကို လိုက်ဆိုကြရမယ် -
ရှေးကံကြောင့် ယခုဘဝအကျိုး ရုပ်နာမ်မပြတ် ဖြစ်နေသည်၊ ယခုဘဝအကျိုး ရုပ်နာမ်ကြောင့် ကုသိုလ်ကံ အကုသိုလ်ကံ ဖြစ်ပြန်သည်၊ အဲဒီကံကြောင့် ဘဝအသစ် နောင်တဖန် ဖြစ်မည်၊ ဒီပုံဒီနည်းဖြင့် ကံနှင့်အကျိုး တပြန်စီလည်လျက် မပြတ် ဖြစ်နေသည်။ ဒီလိုသိလျှင် ပစ္စ ပရိဂ္ဂဟဉာဏ် ပြည့်စုံသည်၊ ကင်္ခါဝိတရဏဝိသုဒ္ဓိလဲ ပြီးစီးသည်။
နည်းလေးပါး
ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်နှင့်စပ်ပြီး မှတ်ဖွယ်တွေလဲ တော်တော် စုံသွားပါပြီ၊ ဂမ္ဘီရတာ-ဆိုတဲ့ နက်နဲခြင်းလေးပါး အကြောင်းကတော့ စတုတ္ထပိုင်း (ပဌမတွဲ ၂၀၁) တုန်းက ပြောခဲ့ပါပြီ။ ယခုနည်းလေးပါးကို ပြောရမယ်။ နည်းလေးပါးဆိုတာ -
၁။ ဧကတ္တနည်း,
၂။ နာနတ္တနည်း,
၃။ အဗျာပါရနည်း,
၄။ ဧဝံ ဓမ္မတာနည်းဆိုတဲ့ ဒီလေးပါးပါဘဲ။
၁။ ဧကတ္တနည်း
ဧကတ္တနည်းဆိုတာ အဝိဇ္ဇာကြောင့် သင်္ခါရတို့ဖြစ်ကြသည်၊ သင်္ခါရကြောင့် ဘဝသစ် ဝိညာဏ်ဖြစ်သည်-စသည်ဖြင့် အကြောင်းအကျိုးဆက်စပ်ပြီး ပြထားရာမှာ အဝိဇ္ဇာသင်္ခါရ အစရှိသော အကြောင်းဖြစ်နေစဉ်က တယောက်၊ သင်္ခါရ ဝိညာဏ် အစရှိသော အကျိုးဖြစ်နေစဉ်မှာတယောက်လို့ ဒီလိုစင်စစ်အားဖြင့် ကွဲပြားတယ်လို့ မယူရဘူး၊ အဲဒီလို ယူယင် ဘဝဟောင်းမှာ ကံကို ပြုခဲ့တဲ့သူကတယောက်၊ ဘဝသစ်မှာဖြစ်ပြီး ကောင်းကျိုး, ဆိုးပြစ်ကို ခံစားရတဲ့သူက တယောက်လို့ ယူရလိမ့်မယ်၊ ဒီလိုယူတော့ ကံပြုတဲ့သူ သေတဲ့အခါ လုံးလုံးပျောက်သွားတယ်-လို့ ယူတဲ့အတွက် ဥစ္ဆေဒဒိဋ္ဌိ ဖြစ်တယ်။
ဒါကြောင့် အဲဒီလို မယူဘဲ သရက်စေ့က သရက်ညှောက်၊ အဲဒီ သရက်ညှောက်က သရက်ပင်ကလေး၊ အဲဒီ သရက်ပင်ကလေးက သရက်ပင်ကြီး ဖြစ်လာရာမှာ အကြောင်းနဲ့ အကျိုးဟာ တဆက်တည်း တသန္တာန်တည်း ဖြစ်တဲ့အတွက် ဒီအစေ့ကဘဲ ဒီအပင်ကလေး ဖြစ်လာတယ်၊ ဒီအပင်ကလေးကဘဲ ဒီအပင်ကြီး ဖြစ်လာတယ်။ ဒီအစေ့ ဒီအပင်ကလေးနဲ့ ဒီအပင်ကြီးဟာ တခုတည်းဘဲ တပင်တည်းဘဲလို့ ဆိုယူရသလို -
အဝိဇ္ဇာ သင်္ခါရ ဝိညာဏ်အစရှိသော အကြောင်းအကျိုး အဆက်ဆက်တွေဟာ တဆက်တည်း, တစဉ်တည်း, တသန္တာန်တည်း ဖြစ်တဲ့အတွက် အဝိဇ္ဇာဖြစ်နေတာလဲ ဒီပုဂ္ဂိုလ်ဘဲ၊ သင်္ခါရကံကို ပြုလုပ်နေတာလဲ ဒီပုဂ္ဂိုလ်ဘဲ၊ ဘဝသစ် ဝိညာဏ် ဖြစ်နေတာလဲ ဒီပုဂ္ဂိုလ်ဘဲ၊ တဦးတည်း, တယောက်တည်းဘဲလို့ ဆိုရယူရပါတယ်။
အရှင်ဒေဝဒတ် သံဃဘေဒက ကံကြောင့် အဝီစိငရဲကျသွားတယ်၊
အဇာတသတ်မင်း ပိတုဃာတကကံကြောင့် လောဟကုမ္ဘီ ငရဲကျသွားရတယ်၊
ဗိမ္ဗိသာရမင်း ကုသိုလ်ကံကြောင့် ဇနဝသဘမည်သော နတ်ဖြစ်ရတယ်၊
အနာထပိဏ် သေဌေးကြီး တုသိတာနတ်ပြည်ရောက်ရတယ်၊
ဝိသာခါ နိမ္ဗာနရတိ နတ်ပြည်ရောက်ရတယ်၊
အနာဂါမ်ဖြစ်တဲ့ ဥဂ္ဂါသူကြွယ် သုဒ္ဓါဝါသ ဗြဟ္မာ့ပြည်ရောက်ရတယ်
စသည်ဖြင့် ပြောဆိုရတာတွေဟာ ဒီ ဧကတ္တနည်းအရ ပြောရတာဘဲ။
ယခု ပြောခဲ့တဲ့အတိုင်း ဘဝပင် ခြားနေသော်လဲ အကြောင်းအကျိုး တဆက်တည်း, တသန္တာန်တည်း ဖြစ်တဲ့အတွက် တယောက်တည်းဘဲလို့ ယူရတဲ့ ဧကတ္တနည်းကို အမှန်အတိုင်း သိမြင်လျှင် သေပြီးတဲ့နောက် ဘာမျှမရှိတော့ဘူး- လို့ ယူတဲ့ဥစ္ဆေဒဒိဋ္ဌိ ကင်းတယ်၊ တဘဝမှ တဘဝသို့ အကောင်လိုက် ပြောင်းရွှေ့သွားတယ်လို့ မှားယွင်းစွာ ယူလျှင်တော့ သဿတဒိဋ္ဌိ ဖြစ်တယ်။ အဲဒါကို သာတိမည်တဲ့ ရဟန်း၏ ဝတ္ထုဖြင့် သိနိုင်ပါတယ်။
သာတိရဟန်း ဝတ္ထု
မြတ်စွာဘုရား လက်ထက်တော် ကာလက သာတိ ဆိုတဲ့ရဟန်းမှာ ဒီလိုမိစ္ဆာအယူ ဖြစ်နေတယ်၊ သူ ယူဆပုံကတော့ ဒီလိုတဲ့-
ယထာ၊ အကြင် အခြင်းအရာဖြင့်။
တဒေဝ၊ ဟိုရှေးက ရှိခဲ့သည့် ဝိညာဏ်သာလျှင်ဖြစ်သော။
ဣဒံ ဝိညာဏံ၊ ယခုလက်ရှိ ဤဝိညာဏ်သည်။
သန္ဓာဝတိ သံသရတိ၊ တဘဝမှ တဘဝသို့ ပြေးလွှား ကျင်လည်၏။
အနညံ၊ ရှေးက ရှိခဲ့သည့် ဝိညာဏ်မှ တခြားတပါး မဟုတ်။
တထာ၊ ထိုအခြင်းအရာဖြင့်။
ဘဂဝတာ ဓမ္မံ ဒေသိတံ၊ မြတ်စွာဘုရား ဟောအပ်သည့်တရားကို။
အဟံ အာဇာနာမိ၊ ငါသိ၏။ သဘောပေါက်၏-
လို့ ဒီလို ယူဆပြောဆိုနေပါသတဲ့။
အဲဒီရဟန်းက ဇာတ်နိပါတ် ဝတ္ထုတွေကို လေ့လာနေတော့ -
ဘူရိဒတ် နဂါးမင်းက ဘုရားဖြစ်လာတယ်၊
ဆန္ဒန်ဆင်မင်းက ဘုရားဖြစ်လာတယ်၊
ဟင်္သာမင်းက ဘုရားဖြစ်လာတယ်၊
ရွှေဥဒေါင်းမင်းက ဘုရားဖြစ်လာတယ်၊
တေမိမင်းသားက ဘုရားဖြစ်လာတယ်၊
နေမိမင်းကြီးက ဘုရားဖြစ်လာတယ်၊
မဟောသဓာပညာရှိက ဘုရားဖြစ်လာတယ်၊
နာရဒဗြဟ္မာကြီးက ဘုရားဖြစ်လာတယ်၊
ဝေဿန္တရာမင်းက ဘုရားဖြစ်လာတယ်-
စသည်ဖြင့် ဇာတ်ပေါင်းခဏ်းတွေကို ကြားရတဲ့အခါ ဘုရားအလောင်းရဲ့ ရုပ်ကိုယ်ကြီးတွေကတော့ ထိုထိုဘဝတွင်ဘဲ ပျက်စီးသွားတယ်၊ ဒါကြောင့် ဘုရားအလောင်းရဲ့ နောက်ဆုံးဘဝမှာ ရှေးက ဖြစ်ခဲ့ဘူးတဲ့ နဂါးရုပ်, ဆင်ရုပ်, ငှက်ရုပ်, တေမိ, နေမိမင်း စသည်တို့၏ လူရုပ်, နတ်ဗြဟ္မာရုပ် ဆိုတာတွေ ဘာတခုမျှမပါလာဘူး၊ နောက်ဆုံးဘဝအထိ မပျက်စီးဘဲ ပါလာတာကတော့ စိတ် ဝိညာဏ်ကလေးဘဲ၊
ဒီစိတ် ဝိညာဏ်ကလေးသည်ပင်လျှင် တရံတခါ နဂါး, ဆင်စသော တိရစ္ဆာန်ဘဝ တိရစ္ဆာန်ရုပ်ကိုယ်ထဲမှာ ဖြစ်ခဲ့တယ်၊ တခါတရံ တေမိမင်းသား စသော လူ့ရုပ် ကိုယ်ထဲမှာ ဖြစ်ခဲ့တယ်၊ တခါတရံ နတ်ရုပ်ကိုယ် ဗြဟ္မာ့ရုပ်ကိုယ်ထဲမှာ ဖြစ်ခဲ့တယ်၊ ဘဝဟောင်း ရုပ်ကိုယ်က ပျက်သွားယင် ဘဝသစ်ရုပ်ကိုယ်ထဲမှာ ပြောင်းရွှေ့ ပြောင်းရွှေ့ပြီး ဖြစ်လာခဲ့တယ်၊ ဒီ စိတ်ဝိညာဏ် ကတော့ ဘယ်တော့မှ မပျက်စီးဘူး၊
အခြားပုဂ္ဂိုလ်တွေမှာလဲ ဒီနည်းအတိုင်းဘဲ၊ ဘဝတိုင်းဘဝတိုင်း ရုပ်ကိုယ်သာ ပျက်စီးတယ်၊ ဒီစိတ်ဝိညာဏ်ကတော့ မပျက်စီးဘူး၊ ဘဝဟောင်းကရုပ်ကိုယ် ပျက်စီးသွားယင် ဘဝသစ် ရုပ်ကိုယ်သစ်ထဲမှာ ပြောင်းပြောင်းပြီး ဖြစ်နေတယ်လို့ သူက ဒီလို ယူဆပြီး ပြောဆိုနေပါတယ်။
မြတ်စွာဘုရားက ဇာတ်ပေါင်းပြီး ဟောတာကတော့ ယခု ပြောနေတဲ့ ဧကတ္တနည်း အရဖြင့် ဟောခြင်း ဖြစ်ပါတယ်၊ ရှေးရှေးဘဝက ကိလေသာ ကံအကြောင်းတရားနဲ့ နောက်နောက်ဘဝမှာဖြစ်တဲ့ အကျိုးဝိပါက် ရုပ်နာမ်တွေဟာ အကြောင်းအကျိုး တဆက်တည်း, တစဉ်တည်း, တသန္တာန်တည်း ဖြစ်တဲ့အတွက် တယောက်တည်း အနေဖြင့် ဟောကြားခြင်း ဖြစ်ပါတယ်၊ ရှေးဘဝက စိတ်ဝိညာဏ်ဖြစ်စေ, အခြားတရားဖြစ်စေ နောက်ဘဝသို့ အခြေမပျက် ပြောင်းရွှေ့လာတာရယ်လို့ မရှိပါဘူး၊ ထိုထိုဘဝ ထိုထိုခဏမှာ ပျက်သွားကြတာချည်းပါဘဲ၊ ဒါပေမဲ့ ရှေးရှေးစိတ်နဲ့ နောက်နောက်စိတ် ရှေးရှေးရုပ်နဲ့ နောက်နောက်ရုပ် အကြောင်းအကျိုး ဆက်စပ်ပြီး တသန္တာန်တည်းမှာ ဖြစ်နေတဲ့ အတွက် ဒီဧကတ္တနည်းအရဖြင့် တေမိ, နေမိ, ဘူရိဒတ် စသော ရှေးရှေးဘဝတွေမှာ နောက်ဆုံး သိဒ္ဓတ္တ မင်းသားဘဝကို ရောက်လာကြောင်း ဟောထားခြင်း ဖြစ်ပါတယ်။
ဒါကြောင့် မြတ်စွာဘုရားက သာတိရဟန်းကို မေးစစ်ပြီးသောအခါမှာ စိတ်ဝိညာဏ်ဟာ အကြောင်းကို စွဲမှီ၍ဖြစ်သော ပဋိစ္စသမုပ္ပါဒ်တရားဖြစ်ကြောင်း၊ အကြောင်းမရှိလျှင် စိတ်ဝိညာဏ် မဖြစ်နိုင်တဲ့ အကြောင်းများကို ဒီလိုလဲ ဟောတော်မူပါတယ်-
ရဟန်းတို့ .... ဥပမာပြရလျှင် မီးစာတစုံတခုကို စွဲမှီ၍ မီးတောက်လောင်နေလျှင် ထိုမီးကို ထိုထိုစွဲမှီရာ မီးစာဖြင့် ခေါ်ရ၏၊
ထင်းကို စွဲမှီ၍ တောက်လောင်နေလျှင် ထင်းမီးဟု ခေါ်ရ၏။
ဝါးခြမ်းစိတ်ကို စွဲမှီ၍ တောက်လောင်နေလျှင် ဝါးခြမ်းစိတ်မီး ဟုခေါ်ရ၏။
မြက်ကိုစွဲမှီ၍ တောက်လောင်နေလျှင် မြက်မီးဟုခေါ်ရ၏။
နွားချေးခြောက်ကိုစွဲမှီ၍ တောက်လောင်နေလျှင် နွားချေးခြောက်မီးဟု ခေါ်ရ၏၊
ဖွဲကို စွဲမှီ၍ တောက်လောင်နေလျှင် ဖွဲမီးဟု ခေါ်ရ၏၊
အမှိုက်ကို စွဲမှီ၍ တောက်လောင်နေလျှင် အမှိုက်မီးဟု ခေါ်ရ၏။
ဤအတူပင်လျှင် တစုံတခုသော အကြောင်းကို စွဲမှီ၍ ဝိညာဏ်ဖြစ်လျှင် ထိုဝိညာဏ်ကို ထိုထို စွဲမှီရာအကြောင်းဖြင့် ခေါ်ရ၏။
မျက်စိနှင့်အဆင်းတို့ကို စွဲမှီ၍ ဝိညာဏ်ဖြစ်လျှင် စက္ခုဝိညာဏ်=မြင်သိမှုဟု ခေါ်ရ၏၊
နားနှင့်အသံတို့ကို စွဲမှီ၍ ဝိညာဏ်ဖြစ်လျှင် သောတဝိညာဏ်=ကြားသိမှုဟု ခေါ်ရ၏၊
နှာခေါင်းနှင့် အနံ့တို့ကို စွဲမှီ၍ ဝိညာဏ်ဖြစ်လျှင် ဃာနဝိညာဏ်=နံသိမှုဟု ခေါ်ရ၏၊
လျှာနှင့်အရာသာတို့ကို စွဲမှီ၍ ဝိညာဏ်ဖြစ်လျှင် ဇိဝှါဝိညာဏ်= အရသာသိမှုဟု ခေါ်ရ၏။
ကိုယ်နှင့် အတွေ့တို့ကို စွဲမှီ၍ ဝိညာဏ်ဖြစ်လျှင် ကာယဝိညာဏ်=ထိသိမှုဟု ခေါ်ရ၏၊
နှလုံးနှင့် သဘောအာရုံတို့ကို စွဲမှီ၍ ဝိညာဏ်ဖြစ်လျှင် မနောဝိညာဏ်=ကြံသိမှုဟု ခေါ်ရ၏။
(ဤ၌ စက္ခုဝိညာဏ် စသည်တို့ကို မျက်စိအသိ ဟူ၍၎င်း, မြင်သိစိတ် ဟူ၍၎င်း ဤသို့ စသည်ဖြင့်လည်း ပြန်ဆိုနိုင်ပါသည်။)
အထက်ပါ ဥပမာဥပမေယျတို့ဖြင့် ဒီလိုသိစေလိုပါတယ်၊ မီးသည် ထင်းကို စွဲလောင်နေစဉ် ထင်းမီးဟု ခေါ်ရသည်၊ ထိုမီးသည်ပင်လျှင် ဝါးခြမ်းစိတ်ကို ကူးစက်ပြီးလောင်သောအခါ ထင်းမီးမဟုတ်တော့ပေ။ ဝါးခြမ်းစိတ်မီး အသစ်သာဖြစ်သည်၊ အဲဒီက တဖန် မြက်စသည်ကို ကူးစက်လောင်သွားသော အခါများ၌လည်း ဝါးခြမ်းစိတ်မီး မဟုတ်တော့ပေ၊ မြက်မီး စသည်သာ ဖြစ်သွားသည်။
ထို့အတူပင် အသိစိတ်သည်လည်း မျက်စိကိုမှီ၍ အဆင်းကို မြင်သောအခါ အဲဒီစိတ်ကို စက္ခုဝိညာဏ်စိတ်, မျက်စိအသိစိတ်, မြင်သိစိတ်ဟု ခေါ်ရသည်။ နားကိုမှီ၍ အသံကို ကြားသိသောအခါ မြင်သိစိတ် မဟုတ်တော့ပေ။ ကြားသိစိတ် အသစ်သာ ဖြစ်သည်၊ နှာခေါင်းကိုမှီ၍ အနံ့ကို နံသိသောအခါ ကြားသိစိတ် မဟုတ်တော့ပေ၊ နံသိစိတ်အသစ်သာ ဖြစ်သည်၊
လျှာကိုမှီ၍ အရသာကို သိသော အခါ နံသိစိတ် မဟုတ်တော့ပေ၊ အရသာ သိစိတ်အသစ်သာဖြစ်သည်၊ ကိုယ်အကြည်ကို မှီ၍ အတွေ့အာရုံကို ထိသိသောအခါ အရသာ သိစိတ်မဟုတ်တော့ပေ၊ ထိသိစိတ် အသစ်သာ ဖြစ်သည်၊ နှလုံးကို မှီ၍ စိတ်ကူးအာရုံကို ကြံသိသောအခါ ထိသိစိတ် မဟုတ်တော့ပေ၊ ကြံသိစိတ် အသစ်သာဖြစ်သည်၊
ဒီလို ဒွါရ အာရုံ ပြောင်းတိုင်းပြောင်းတိုင်း စိတ်အသစ်အသစ်သာ ဖြစ်ကြောင်း သိစေလိုပါတယ်။ ထို့ပြင် ဒွါရအာရုံတူလျက် အထပ်ထပ်ဖြစ်သော စိတ်များကိုလဲ နည်းတူပင် အသစ်အသစ် ဖြစ်ကြောင်း သိစေလိုပါတယ်။
ယခု ပြောခဲ့တာဟာ ဧကတ္တနည်းနှင့်စပ်ပြီး မှန်စွာသိမြင်လျှင် ဥစ္ဆေဒဒိဋ္ဌိ ကင်းကြောင်း, မှားယွင်းစွာသိမြင်လျှင် သဿတဒိဋ္ဌိ ဖြစ်တတ်ကြောင်းကို ပြဆိုချက် ဖြစ်ပါတယ်။
၂။ နာနတ္တနည်း
အဝိဇ္ဇာသည် သင်္ခါရတို့ဖြစ်ကြောင်း သဘောတရားတခု ဖြစ်သည်၊ သင်္ခါရသည် ဘဝသစ်ဝိညာဏ်ဖြစ်ကြောင်း သဘောတရား တခုဖြစ်သည် စသည်ဖြင့် အဝိဇ္ဇာ သင်္ခါရ အစရှိသော တရားတို့၏ သဘောလက္ခဏာတွေ အသီးအသီး ကွဲပြားခြင်းကို နာနတ္တနည်းလို့ခေါ်ပါတယ်။
ဒီနာနတ္တနည်းကို အမှန်အတိုင်း သိမြင်သဘောပေါက်လျှင် အဝိဇ္ဇာအစရှိသော အကြောင်းတရားကြောင့် သင်္ခါရအစရှိသော အကျိုးတရား အသစ်အသစ် ဖြစ်ပေါ်နေသည်ကို မြင်ရတဲ့အတွက် တယောက်တည်း တကိုယ်တည်း အမြဲတမ်း တည်နေတယ်လို့ ယူတဲ့ သဿတဒိဋ္ဌိ ကင်းတယ်၊
အထူးအားဖြင့် ရှေးဘဝက ကံ သင်္ခါရဆိုတဲ့အကြောင်းကြောင့် ယခုဘဝမှာ ပဋိသန္ဓေဝိညာဏ် အစရှိသော အကျိုးတရားအသစ်တွေ ဖြစ်နေတယ်၊ ယခုဘဝက ကမ္မဘဝကြောင့် နောင်ဘဝမှာ ဇာတိအစရှိသော အကျိုးတရားသစ်တွေ ဖြစ်သွားမယ်ဆိုတာကို သဘောပေါက်လျှင် “ရှေးဘဝမှ ငါကောင်ကပင် ဒီဘဝရောက်လာတယ်၊ ဒီဘဝမှ ငါကောင်ကပင် နောင်ဘဝကို ပြောင်းသွားမယ်” စသည်ဖြင့်ယူတဲ့ သဿတဒိဋ္ဌိဟာ ဖြစ်ခွင့်မရှိတော့ဘူး ကင်းငြိမ်းသွားတယ်။
ဒီနာနတ္တနည်းကို မှားယွင်းစွာမြင်လျှင်တော့ အကြောင်းအကျိုး ရုပ်နာမ်အစဉ် တဆက်တည်းဖြစ်ပါလျက် အဝိဇ္ဇာဖြစ်နေတာက တယောက်၊ သင်္ခါရဖြစ်နေတာက တယောက်၊ ဘဝသစ် ဝိညာဏ်ဖြစ်နေတာက တယောက် စသည်ဖြင့် သန္တာန် ကွဲရာမှာ ယူသကဲ့သို့ ယူတဲ့အတွက် ဥစ္ဆေဒဒိဋ္ဌိဖြစ်တယ်၊
အထူးအားဖြင့် ရှေးဘဝမှာ ကံပြုခဲ့သူကတယောက်၊ ယခုဘဝမှာ ဖြစ်ပြီး ကောင်းကျိုး ဆိုးပြစ်ကို ခံစားတဲ့သူက တယောက် စသည်ဖြင့် ရုပ်နာမ်အစဉ် သန္တာန်ကွဲရာမှာလိုပင် ယူလျှင် ဧကတ္တနည်းမှာ ပြောခဲ့သလိုဘဲ ဥစ္ဆေဒဒိဋ္ဌိ ဖြစ်တယ်။
ဒါကြောင့် အဝိဇ္ဇာအစရှိသော အကြောင်းတရားနဲ့ သင်္ခါရအစရှိသော အကျိုး တရားဟာ စင်စစ် ကွဲပြားတယ်၊ တခြားစီဘဲ ဘာမျှမဆိုင်ဘူးလို့ ဒီလိုလဲ မယူရဘူး၊ အဝိဇ္ဇာကဘဲ သင်္ခါရ ဖြစ်လာတယ်၊ သင်္ခါရကဘဲ ဘဝသစ်ဝိညာဏ် ဖြစ်လာတယ် စသည်ဖြင့် တသားတည်း တယောက်တည်း တကိုယ်တည်း စင်စစ် တူနေတယ်လို့လဲ မယူရဘူး၊
အထူးအားဖြင့် ရှေးဘဝက အဝိဇ္ဇာ သင်္ခါရတွေကဘဲ ယခုဘဝ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတွေ ဖြစ်လာတယ်၊ ရှေးဘဝမှာ အဝိဇ္ဇာ သင်္ခါရ ဖြစ်စဉ်ကလဲငါဘဲ၊ ယခုဘဝမှာ ဝိညာဏ်နာမ်ရုပ် စသည် ဖြစ်နေတာလဲ ငါဘဲ၊ ယခုဘဝမှာ တဏှာ ဥပါဒါန် ကမ္မဘဝ ဖြစ်နေတာလဲ ငါဘဲ၊ ဒီငါကဘဲ နောင်ဘဝမှာ ဖြစ်သွားမယ်လို့ ဒီလို တယောက်တည်း တကိုယ်တည်းအနေနဲ့ မယူရဘူး၊
သို့သော် အကြောင်းကတခြား အကျိုးကတခြား၊ ရှေးဘဝက အကြောင်းဖြစ်စဉ်က တယောက်၊ ယခုဘဝ အကျိုးဖြစ်နေတာက တယောက်လို့ ဒီလို အဆက် အစပ် မရှိဘဲ စင်စစ် ကွဲပြားတဲ့အနေလဲ မယူရဘူး၊
အမှန် ယူသင့်တာကတော့ ရှေးဘဝက အကြောင်းကြောင့် ယခုဘဝမှာ ဝိညာဏ် နာမ်ရုပ်စသော အကျိုးတရားတွေ အဆက်မပြတ် ဖြစ်နေတယ်၊ ဒါကြောင့် ရှေးဘဝက အကြောင်းရုပ်နာမ်အစဉ်နှင့် ယခုဘဝအကျိုး ရုပ်နာမ်အစဉ်ဟာ တဆက်တည်း တသန္တာန်တည်း ဖြစ်နေတဲ့အတွက် ဧကတ္တနည်းအရဖြင့် တယောက်တည်းဘဲလို့ ဆိုရတယ်၊
ဒီလို ယူတာဟာ ကံ, ကံ၏အကျိုးပေးပုံကို ပြရာမှာ ကျေးဇူးများပါတယ်။ ဒါပေမဲ့ ရှေးဘဝက ရုပ်နာမ်ဖြစ်စေ၊ ငါကောင်ဖြစ်စေ ဒီဘဝကို ပြောင်းလာတယ်လို့တော့ မယူရဘူး၊ ရှေးဘဝက ဖြစ်ခဲ့တဲ့ ရုပ်နာမ်တွေက ရှေးဘဝတွင်ဘဲ ချုပ်ခဲ့ပြီ၊ ရှေးကံ၏ အစွမ်းကြောင့် ယခုဘဝမှာ ရုပ်နာမ်အသစ်များသာ ဖြစ်ပေါ်နေတယ်လို့ ယူရပါတယ်။
ဒါက နာနတ္ထနည်းအရအားဖြင့်ယူပုံဘဲ၊ ဒီ နာနတ္တနည်းအရ ယူပုံဟာလဲ ဝိပဿနာ အရာမှာ အလွန်ကျေးဇူးများပါတယ်။
ဖြစ်ခိုက် ရုပ်နာမ်တွေကို မပြတ်လိုက်ပြီး ရှုမှတ်နေတဲ့ ယောဂီမှာတော့ ဒီ ဧကတ္တနည်းနဲ့ နာနတ္တနည်းဟာ ထင်ရှားနေပါတယ်။ ဘယ်လိုလဲဆိုလျှင် မြင်ရတဲ့ အာရုံ, ကြားရတဲ့အာရုံ စသည်နဲ့စပ်ပြီး မရှုမိတဲ့အခါ ကောင်းတယ်လို့ ထင်သွားတာလဲ ရှိပါတယ်၊ ကောင်းတယ်ထင်လို့ နှစ်သက်သွားတာလဲ ရှိပါတယ်၊ နှစ်သက်လို့ စွဲလမ်းတာ, ရအောင်အားထုတ်တာလဲ ရှိပါတယ်။
အဲဒီလိုဖြစ်သွား တာကို ရှုမှတ်ပြီးတော့ “ကောင်းတယ်ထင်လို့ နှစ်သက်တယ်” ဆိုတာကိုလဲ သိပါတယ်၊ အဝိဇ္ဇာကြောင့် တဏှာဖြစ်ပုံကို သိတာပါဘဲ။ “နှစ်သက်လို့ စွဲလမ်းတယ်၊ စွဲလမ်းလို့ အားထုတ်တယ်” ဆိုတာတွေကိုလဲသိတယ်၊
အဲဒါတွေဟာ တဏှာကြောင့် ဥပါဒါန်ဖြစ်ပုံ, ဥပါဒါန်ကြောင့် သင်္ခါရ, ဘဝဖြစ်ပုံကို သိတာပါဘဲ။ အဲဒီတော့ သူ့ဆိုင်ရာဆိုင်ရာ အကြောင်းကြောင့် သူ့ဆိုင်ရာ ဆိုင်ရာအကျိုးတွေ အဆက်ဆက် ဖြစ်နေတာကို တွေ့ရတဲ့အတွက် အကြောင်း အကျိုး အစဉ်အားဖြင့် တဆက်တည်းဘဲ တစဉ်တည်းဘဲ တသန္တာန်တည်း ဘဲလို့ သိရပါတယ်၊ ဒါဟာ ရှုမှတ်နေရင်း ဧကတ္တနည်းကို သိပုံပါဘဲ။
ဒါကြောင့် ဝိသုဒ္ဓိမဂ် (ဒု-၂၆၈) မှာ ဒီလို ဆိုထားပါတယ်---
ပစ္စယတော၊ အကြောင်းအားဖြင့်။
ဝါ၊ အကြောင်းကြောင့်။
ဥဒယဒဿနေန၊ ဖြစ်ခြင်းကို မြင်သဖြင့်။
အဿ၊ အဖြစ်အပျက်ကို ရှုမြင်နေသော ထိုယောဂီအား။
ဧကတ္တနယော၊ ဧကတ္တနည်းသည်။
ပါကဋော ဟောတိ၊ ထင်ရှား၏။
ကသ္မာ၊ အဘယ့်ကြောင့်နည်းဟူမူ။
ဟေတုဖလသမ္ဗန္ဓေန၊ အကြောင်းနှင့်အကျိုး ဆက်စပ်သောအားဖြင့်။
သန္တာနဿ၊ ရုပ်နာမ် အစဉ်သန္တာန်၏။
အနုပစ္ဆေဒါဝဗောဓတော၊ မပြတ်စဲခြင်းကို သဘောပေါက် သိမြင်သောကြောင့် ပေတည်း။
အထ၊ ထိုသို့သိမြင်သောအခါ၌။
ဥစ္ဆေဒဒိဋ္ဌိံ၊ ဥစ္ဆေဒဒိဋ္ဌိကို။
သုဋ္ဌုတရံ ပဇဟတိ၊ သာ၍ကောင်းစွာ ပယ်၏။
(ဒိဋ္ဌိဝိသုဒ္ဓိဖြင့် အကြမ်းစား ဒိဋ္ဌိကို ပယ်ခဲ့တယ်၊ ယခု ဒီဥဒယဗ္ဗယဉာဏ်အရာမှာတော့ သိမ်မွေ့တဲ့ဒိဋ္ဌိကို ထပ်ပြီးပယ်တယ်၊ ဒါကြောင့် သာ၍ကောင်းစွာ ပယ်တယ်လို့ ဆိုပါတယ်။)
နောက်ပြီးတော့ မှတ်တိုင်း မှတ်တိုင်း အသစ်အသစ်ချည်း ဖြစ်ပေါ် ဖြစ်ပေါ် လာတာကို တွေ့ရတဲ့အတွက် မြင်တာက တခြား၊ ကြားတာကတခြား၊ မှတ်သိတာကတခြား စသည်ဖြင့် ပိုင်းခြားပြီး သိတယ်၊ ကောင်းတယ် ချမ်းသာတယ် ထင်တာက တခြား၊ နှစ်သက်တာကတခြား၊ စွဲလမ်းတာက တခြား၊ ကြံစည် အားထုတ်တာက တခြား၊ မှတ်သိတာက တခြား စသည်ဖြင့်လဲ ပိုင်းခြားပြီးသိတယ်၊
ဒီတော့ ရုပ်နာမ်တရားတွေဟာ တစဉ်တည်း တဆက်တည်း ဖြစ်နေပေမယ်လို့ တယောက်တည်းလဲ မဟုတ်ဘူး၊ သဘောတရား တခုတည်းလဲ မဟုတ်ဘူး၊ အသီးအသီး တခြားစီဘဲလို့လဲ သဘောပေါက် သိမြင်ပါတယ်၊
အဲဒါဟာ နာနတ္တနည်းကို သိတာပါဘဲ။ ဒါကြောင့် ဝိသုဒ္ဓိမဂ် (ဒု ၂၆၈) မှာဘဲ ဒီလိုလဲ ဆိုထားပါတယ်--
ခဏတော၊ ဖြစ်ခိုက်ခဏအားဖြင့်။
ဥဒယဒဿနေန၊ ဖြစ်ခြင်းကို မြင်သဖြင့်။
နာနတ္တနယော၊ နာနတ္တနည်းသည်။
ပါကဋော ဟောတိ၊ ထင်ရှား၏။
ကသ္မာ၊ အဘယ်ကြောင့်နည်း ဟူမူ။
နဝနဝါနံ မြင်မှု ကြားမှု အစရှိသော အသစ် အသစ်တရားတို့၏။
ဥပ္ပါဒါဝဗောဓတော၊ ဖြစ်ခြင်းကို သိခြင်းကြောင့်တည်း။
အထ၊ ထိုသို့ သိသောအခါ၌။
သဿတဒိဋ္ဌိံ၊ သဿတဒိဋ္ဌိကို။
သုဋ္ဌုတရံ ပဇဟတိ၊ သာ၍ ကောင်းစွာ ပယ်၏-တဲ့။
၃။ အဗျာပါရနည်း
အဝိဇ္ဇာမှာ သင်္ခါရတို့ကို ဖြစ်စေမယ်လို့ ကြောင့်ကြစိုက်မှု မရှိဘူး၊ သင်္ခါရတို့မှာ ဘဝသစ်ဝိညာဏ်ကို ဖြစ်စေမယ်လို့ ကြောင့်ကြစိုက်မှု မရှိဘူး-ဒီနည်းဖြင့် အကြောင်းတရားတို့မှာ အကျိုးတရား ဖြစ်ပေါ်ရေးအတွက် ကြောင့်ကြစိုက်မှု မရှိတာကို အဗျာပါရနည်းလို့ ခေါ်ပါတယ်။
ဒီနည်းကို အမှန်အတိုင်း သိလျှင် မြင်မှု စသည်ဖြစ်အောင် ပြုသူ = ကာရကပုဂ္ဂိုလ် ရယ်လို့ မရှိတာကို သဘောပေါက်သိမြင်တဲ့အတွက် အတ္တဒိဋ္ဌိကင်းတယ်၊ မြင်မှုကြားမှု စသည်ဖြစ်အောင် ပြုလုပ်တတ်တဲ့ ပုဂ္ဂိုလ်ရယ်လို့မရှိဘူး၊ မျက်စိ အဆင်း နှလုံးသွင်းမှု စသော အကြောင်းကြောင့် မြင်မှုအစရှိတဲ့ သဘောတရားမျှ ဖြစ်နေတယ်ဆိုတာကို သိမြင်သဘောကျတဲ့အတွက် အတ္တစွဲကင်းတဲ့ သဘောပါဘဲ။
အဲဒါကို မှားယွင်းစွာ ယူလျှင်တော့ သူ့အကြောင်းနဲ့ သူ့အကျိုး ပုံတော်သလို ဖြစ်နေတာဘဲ၊ ကောင်းအောင် ဆိုးအောင် ကုသိုလ် အကုသိုလ်ကို ပြုလို့လဲ မဖြစ်ဘူးလို့ယူတဲ့ အကိရိယဒိဋ္ဌိ ဖြစ်တတ်တယ်လို့ ဝိသုဒ္ဓိမဂ် ပဋိစ္စသမုပ္ပါဒ်အဖွင့်မှာ ဆိုထားပါတယ်။
ဝိပဿနာရှုနေတဲ့ ယောဂီမှာတော့ ရှုမှတ်တိုင်း ခဏမစဲ ဖြစ်ပျက်နေတာ တွေ့ရတဲ့အခါ အဝိဇ္ဇာ သင်္ခါရ အစရှိသော အကြောင်းကြောင့် ဖြစ်ပျက်နေတာဘဲလို့ သဘောကျတဲ့အတွက် ဒီအဗျာပါရနည်း ထင်ရှားပါတယ်။ ဒါကြောင့် ဝိသုဒ္ဓိမဂ် (ဒု-၂၆၈) မှာ ဒီလို ဆိုထားပါတယ်---
ပစ္စယတော၊ အကြောင်းအားဖြင့်။
ဝါ၊ အကြောင်းကြောင့်။
ဥဒယဗ္ဗယဒဿနေန၊ အဖြစ်အပျက်ကို မြင်သဖြင့်။
(အဝိဇ္ဇာအစရှိသော အကြောင်းရှိလျှင် အကျိုးရုပ်နာမ်ဖြစ်တယ်၊ အကြောင်းမရှိ လျှင်တော့ မဖြစ်နိုင်ဘူးလို့ ဒီလိုသဘောပေါက်ပြီး သိမြင်တာကို ဆိုလိုပါတယ်။)
အဗျာပါရနယော၊ အဗျာပါရနည်းသည်။
အဿ၊ ထိုယောဂီအား။
ပါကဋောဟောတိ၊ ထင်ရှား၏။
ကသ္မာ၊ အဘယ်ကြောင့်နည်းဟူမူ။
ဓမ္မာနံ၊ ရုပ်နာမ်တရားတို့၏။
အဝသဝတ္တိ ဘာဝါဝဗောဓတော၊ အလိုအတိုင်း မဖြစ်ခြင်းကို သဘောပေါက် သိမြင်သောကြောင့်ပေတည်း။
(အလိုရှိကာမျှနဲ့ မဖြစ်၊ သူ့ဆိုင်ရာ အကြောင်းရှိမှ ဖြစ်သည်၊ အကြောင်းမရှိလျှင် မဖြစ်ဟု သိသောကြောင့်လို့ ဆိုလိုပါတယ်။)
အထ၊ ထိုသို့သိမြင်သောအခါ၌။
အတ္တဒိဋ္ဌိံ၊ အတ္တဒိဋ္ဌိကို။
သုဋ္ဌုတရံ ပဇဟတိ၊ သာ၍ကောင်းစွာ ပယ်၏-တဲ့။
၄။ ဧဝံ ဓမ္မတာနည်း
အဝိဇ္ဇာအစရှိသော သူ့ဆိုင်ရာအကြောင်းများကြောင့် သင်္ခါရ အစရှိသော သူ့ဆိုင်ရာ အကျိုးများသာလျှင် ဖြစ်တယ်၊ မဆိုင်သော အကျိုးတော့ မဖြစ်ဘူးဆိုတဲ့ ဓမ္မတာသဘောကို ဧဝံ ဓမ္မတာနည်းလို့ ခေါ်ပါတယ်။
ဒီဖြစ်ရိုးဖြစ်စဉ် ဧဝံ ဓမ္မတာနည်းကို မှန်စွာသိမြင်လျှင် အကြောင်းအားလျော်စွာ အကျိုးဖြစ်ပုံကို သဘောပေါက် သိမြင်တဲ့အတွက် အကြောင်းမရှိဘူးလို့ ယူတဲ့ အဟေတုကဒိဋ္ဌိလဲ ကင်းတယ်၊ ကောင်းအောင် ဆိုးအောင်ပြုလို့ မဖြစ်ဘူးလို့ ယူတဲ့ အကိရိယဒိဋ္ဌိလဲ ကင်းတယ်၊
မှားယွင်းစွာ မြင်လျှင်တော့ သဲမှဆီမထွက်ခြင်း, ကြံမှ နို့ရည်မထွက်ခြင်းဆိုတဲ့ မဆိုင်တဲ့ အကြောင်းကြောင့် မဆိုင်တဲ့အကျိုးတွေ မဖြစ်နိုင်တာကို အခြေခံပြုပြီး အဟေတုကဒိဋ္ဌိလဲ ဖြစ်တတ်တယ်၊ ကိန်းသေသတ်မှတ်ပြီး ရှိနေတဲ့ ဖြစ်စဉ် အတိုင်းသာ ဖြစ်ရတယ်လို့ ယူဆတဲ့ နိယတဝါဒလဲ ဖြစ်တတ်တယ်လို့ ဝိသုဒ္ဓိမဂ် ပဋိစ္စသမုပ္ပါဒ်အဖွင့်မှာ ပြဆိုထားပါတယ်။
ဝိပဿနာရှုနေတဲ့ ယောဂီမှာတော့ အဝိဇ္ဇာအစရှိသော အကြောင်းကြောင့် အကျိုး တရားတွေ ဖြစ်ပေါ်နေတာကို တွေ့မြင်ရတဲ့အတွက် အကြောင်းအားလျော်စွာ အကျိုးတရားဖြစ်တယ်ဆိုတဲ့ ဧဝံဓမ္မတာနည်းဟာ ထင်ရှားပါတယ်၊ ဒါကြောင့် ဝိသုဒ္ဓိမဂ် (ဒု ၂၆၈) မှာ ဒီလို ဆိုထားပါတယ်--
ပစ္စယတော၊ အကြောင်းအားဖြင့်။
ဝါ၊ အကြောင်းကြောင့်။
ဥဒယဒဿနေန၊ ဖြစ်ခြင်းကို မြင်သဖြင့်။
ဧဝံ ဓမ္မတာနယော၊ ဧဝံ ဓမ္မတာ နည်းသည်။
ပါကဋော ဟောတိ၊ ထင်ရှား၏။
ကသ္မာ၊ အဘယ့်ကြောင့်နည်းဟူမူ။
ပစ္စယာနုရူပေန၊ အကြောင်းအားလျော်သဖြင့်။
ဝါ၊ အကြောင်းအားလျော်စွာ။
ဖလဿ၊ အကျိုး၏။
ဥပ္ပါဒါဝဗောဓတော၊ ဖြစ်ခြင်းကို သဘောပေါက် သိမြင်ခြင်းကြောင့်တည်း။
အထ၊ ထိုသို့သိမြင်သောအခါ၌။
အကိရိယဒိဋ္ဌိံ၊ ကောင်းအောင်ဆိုးအောင် ပြုလုပ်၍မဖြစ်ဟုယူသော အကိရိယဒိဋ္ဌိကို။
သုဋ္ဌုတရံ ပဇဟတိ၊ သာ၍ ကောင်းစွာပယ်၏-တဲ့။
ပါရမီဉာဏ်အားလျော်စွာ သိဘို့က လိုရင်းဘဲ
ပဋိစ္စသမုပ္ပါဒ် တရားတော်နှင့်စပ်ပြီး သိသင့် သိထိုက်တဲ့ အချက်အလက်တွေ တော်တော် ပြည့်စုံသွားပါပြီ၊ တရားဘက်လိုက်စားတဲ့ ပုဂ္ဂိုလ်တွေမှာဆိုယင် မိမိတို့သိနားလည်ပြီးတွေနဲ့ နှီးနှောဆင်ခြင်ကြည့်လျှင် အကြောင်းအကျိုး ဆက်စပ်ပုံ တွေဟာ ပေါ်လွင်ထင်ရှားလောက်ပါပြီ၊
ဖြစ်ခိုက်ရုပ်နာမ်ကို ရှုမှတ်လို့ ရုပ်နာမ် အဖြစ်အပျက်တွေကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိနေတဲ့ ပုဂ္ဂိုလ်တွေမှာတော့ မိမိတို့၏ ကိုယ်တွေ့နဲ့ တိုက်ဆိုင်ကြည့်ယင် ကောင်းကောင်းကြီးကို ပေါ်လွင် ထင်ရှားနေ ပါလိမ့်မယ်။
ဒါပေမဲ့ ပဋိစ္စသမုပ္ပါဒ်တရားတော်က အလွန်နက်နဲတဲ့ တရားတော်ဖြစ်တဲ့အတွက် မိမိတို့၏ ပါရမီဉာဏ်ရှိသလောက်သာ သိနိုင်မယ်၊ ပါရမီဉာဏ်နဲ့ မမှီနိုင်လောက်တဲ့ အချက်တွေတော့ သဘောမပေါက်နိုင်ဘဲ ရှိနေဦးမှာဘဲ။ အကုန်းလုံး ကြွင်းမဲ့ သိတယ်ဆိုတာကတော့ သဗ္ဗညုမြတ်စွာဘုရားတို့နှင့်သာ ဆိုင်ပါတယ်၊
လိုရင်းကတော့ မိမိတို့၏ ပါရမီဉာဏ်အားလျော်စွာ အပြည့်အစုံသိဘို့က လိုရင်းပါဘဲ။ ဒါကြောင့် သိသင့်သိထိုက်သမျှကို သုတမယဉာဏ်ဖြင့် ကြားနာမှတ်သားပြီးတော့လဲ သိအောင် လေ့လာသင့်ပါတယ်၊ စိန္တာမယဉာဏ်ဖြင့် အဖန်တလဲလဲ ဆင်ခြင် စဉ်းစားပြီးတော့လဲ လေ့လာသင့်ပါတယ်။ ဘာဝနာယမဉာဏ်ဖြင့် ကိုယ်တိုင်တွေ့ သိရအောင် မပြတ်ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တွေကို ဖြစ်ခိုက် ဖြစ်ခိုက်မှာ ရှုမှတ်သောအားဖြင့်လဲ လေ့လာသင့်ပါတယ်။
ဘာဝနာမယဉာဏ်က အရေးအကြီးဆုံး
ဒီလေ့လာနည်း ၃-ပါးထဲမှာ ဘာဝနာမယဉာဏ်ဖြင့် လေ့လာတာက အရေးအကြီးဆုံးဘဲ၊ ဘာကြောင့်လဲဆိုလျှင် ဝိပဿနာ ဘာဝနာမယဉာဏ် ပြည့်စုံတဲ့အခါမှာ အရိယမဂ်ဉာဏ် ၄-ပါးဖြစ်တယ်၊ အဲဒီ အရိယမဂ်ဉာဏ် ၄-ပါးနဲ့ ပြည့်စုံယင် “အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ သံသာရံ နာတိဝတ္တတိ”လို့ ဟောထားတဲ့ ဒေသနာတော်မှ ပြောင်းပြန်ပြန်ပြီး အပါယ် ဒုဂ္ဂတိဝိနိပါတ သံသရာကြီးကို လွန်မြောက်သွားတော့တာဘဲ။
ဒါကြောင့် သုတမယ, စိန္တာမယဖြင့် လေ့လာသင့်သမျှ လေ့လာပြီးတော့ ဘာဝနာမယ ဉာဏ်ဖြင့် အပြည့်အစုံသိအောင် လေ့လာကြရန် အထူးသတိပေး တိုက်တွန်းပါတယ်။ ကဲ ဒီကနေ့ တရားသိမ်းကြစို့။
ဤပဋိစ္စသမုပ္ပါဒ် တရားဒေသနာတော်ကို ရိုသေစွာနာယူမှတ်သားကြရသော ဓမ္မသဝန ဥက္ကဋ္ဌကုသိုလ်ကံ စေတနာတို့၏ အစွမ်းအာနုဘော်ကြောင့် ယခုတရားနာ ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကိုယ်၏ချမ်းသာခြင်း, စိတ်၏ချမ်းသာ ခြင်းတို့နှင့်အခါခပ်သိမ်း ပြည့်စုံကြ၍ အကြောင်းအကျိုးဆက်စပ်လျက် မပြတ်ဖြစ်နေ သော ရုပ်နာမ်တရားတို့ကို အမှန်အတိုင်း သိအောင် ရှုမှတ်ပွါးများ အားထုတ် နိုင်ကြပြီး အထူးအားဖြင့် ဝေဒနာမှ ဆက်၍ တဏှာဖြစ်တတ်ရာဝယ် ထိုသို့ တဏှာဆက်၍ ဖြစ်ခွင့်မရအောင် ဖြစ်ပေါ်လာတိုင်းသော ဝေဒနာတို့ကို ပိုင်ပိုင်နိုင်နိုင် မှတ်သိနိုင်ကြ၍ ဝိပဿနာဉာဏ်အစဉ် အရိယမဂ်ဉာဏ်အစဉ်ဖြင့် နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေကုန် သတည်း။
သာဓု.....၊ သာဓု.....၊ သာဓု။
ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး ဒသမပိုင်း ပြီး၏။
.....
ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး
၁၃၂၄-ခု၊ တော်သလင်းလဆုတ် (၈)ရက်နေ့ ဟောသည်။
ဧကာဒသမပိုင်း
တရားအနုသန္ဓေ
ပဋိစ္စသမုပ္ပါဒ်တရားကို ဟောလာတာ ဒီကနေ့ ၁၁-သီတင်းမြောက် ၁၁-ကြိမ်မြောက်ပဲ၊ ဒီကနေ့တော့ အရဟံဂုဏ်တော်အဖွင့် နိဂုံးချုပ်ပြီး အပြီးသတ်ရမယ်။
ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်မှာ အင်္ဂါအားဖြင့် အဝိဇ္ဇာမှ အဆုံး ဇရာမရဏ အထိ အင်္ဂါ ၁၂-ပါးရှိတယ်၊ အဝိဇ္ဇာနဲ့ တဏှာဆိုတဲ့ အမြစ်အရင်း မူလ ၂-ပါးရှိတယ်၊ ရှေ့ပိုင်း ဘဝစက်က တခု၊ နောက်ပိုင်း ဘဝစက်က တခုအားဖြင့် ဘဝစက် ၂-ခု ရှိတယ်၊ ရှေ့ပိုင်းဘဝစက်မှာ အဝိဇ္ဇာမှစပြီး ဝေဒနာမှာ အဆုံးသတ်တယ်၊
နောက်ပိုင်းဘဝစက်မှာ တဏှာမှစပြီး ဇရာ မရဏမှာ အဆုံးသတ်တယ်၊ သောက ပပရိဒေဝ စသည်တို့ကတော့ ဗြဟ္မာ့လောကမှာ မရှိတဲ့အတွက် ဇာတိ၏ ဧကန်မုချအကျိုး မဟုတ်ဘူး၊ ဒါကြောင့် အဲဒီ သောကပရိဒေဝ စသည်ကိုတော့ ပဋိစ္စသမုပ္ပါဒ်အင်္ဂါထဲမှာ ထည့်သွင်းပြီး မရေတွက်ဘူး။
နောက်ပြီးတော့ ရှေ့ပိုင်းဘဝစက်မှာ အဝိဇ္ဇာနဲ့ သင်္ခါရဆိုတဲ့ အကြောင်း ၂-ပါးကိုသာ တိုက်ရိုက် ပြထားတယ်၊ ဒါပေမဲ့ အဝိဇ္ဇာဖြစ်လျှင် တဏှာနဲ့ ဥပါဒါန်လဲ ဖြစ်တော့တာဘဲ၊ သင်္ခါရဖြစ်လျှင် ကမ္မဘဝလဲ ဖြစ်တော့တာဘဲ၊ ဒါကြောင့် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကမ္မဘဝဆိုတဲ့ ဒီ ငါးပါးလုံးကို အတိတ်ဘဝက ပြီးခဲ့တဲ့အကြောင်းများလို့ ယူရတယ်၊
ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ ဒီငါးပါးကို ပစ္စုပ္ပန် အကျိုးများလို့ ယူရတယ်၊ အဲဒီ ငါးပါးကတော့ ယခု မြင်ခိုက် ကြားခိုက် စသည်မှာ ထင်ရှား တွေ့နေရတဲ့ ကောင်းကျိုး မကောင်းကျိုး တရားတွေပါဘဲ။ နောက်ပိုင်း ဘဝစက်မှာ တဏှာဥပါဒါန် ကမ္မဘဝဆိုတဲ့ ဒီအကြောင်း ၃-ပါးကိုသာ တိုက်ရိုက် ပြထားတယ်၊
ဒါပေမဲ့ တဏှာဥပါဒါန်ဖြစ်လျှင် အဝိဇ္ဇာလဲ ဖြစ်တော့တာဘဲ၊ ကမ္မဘဝဖြစ်လျှင် သင်္ခါရလဲ ဖြစ်တော့တာဘဲ၊ ဒါကြောင့် ဒီပစ္စုပ္ပန်မှာလဲ အတိတ်ကလိုဘဲ အဝိဇ္ဇာတဏှာ ဥပါဒါန် သင်္ခါရ ကမ္မဘဝဆိုတဲ့ တရားငါးပါးလုံးကို ပစ္စုပ္ပန်အကြောင်းများလို့ ယူရပါတယ်။ ဒီပစ္စုပ္ပန်အကြောင်း ကြောင့် ဖြစ်မည့် အနာဂတ်အကျိုးကိုတော့ ဇာတိနဲ့ ဇရာမရဏ ဒီ ၂-ပါးကို ပြထားပါတယ်၊ ရှေးဦးစွာ ဖြစ်ပေါ်ခြင်းနဲ့ အိုခြင်း သေခြင်းပါဘဲ၊
ဒီဖြစ်ခြင်းနဲ့ အိုခြင်း, သေခြင်းဟာ ဝိညာဏ်နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ အကျိုးငါးပါး၏ ဖြစ်ခြင်းနဲ့ အိုခြင်းသေခြင်းပါဘဲ၊ ဒါကြောင့် ဖြစ်ခြင်းနဲ့ အိုခြင်း သေခြင်းကို ယူသဖြင့် ဝိညာဏ်အစရှိသော အကျိုးငါးပါးကိုပင် ယူရပါတယ်၊ ဒီလို ယူရတဲ့အတွက် အနာဂတ်အကျိုးလဲ ပစ္စုပ္ပန်အကျိုးလိုပင် ငါးပါးဘဲ ဖြစ်ပါတယ်။
အဲဒီတော့ -
အတိတ်အကြောင်း ငါးပါးက တစု တပုံ တလွှာ၊
ပစ္စုပ္ပန် အကျိုးငါးပါးက တစု တပုံတလွှာ၊
ပစ္စုပ္ပန် အကြောင်း ငါးပါးက တစု တပုံ တလွှာ၊
အနာဂတ် အကျိုးငါးပါးက တစု တပုံ တလွှာ၊
အားလုံး အစု အပုံ အလွှာက ၄-ခုရှိတယ်။
၄-လွှာဆိုတော့ တလွှာနဲ့ တလွှာ အကြားအစပ်က ၃-စပ်ရှိတယ်၊ လက်မကို ဖယ်ပြီး လက်ချောင်း ၄-ခုကို ထောင်ကြည့်ယင် လက်ညှိုးနဲ့ လက်ခလယ် အကြားကတစပ်၊ လက်ခလယ်နဲ့ လက်သူကြွယ်အကြားက တစပ်၊ လက်သူကြွယ်နဲ့ လက်သန်း အကြားက တစပ် ပေါင်း ၃-စပ် တွေ့ရတယ်၊
အဲဒါလိုပါဘဲ၊ အတိတ်အကြောင်းနဲ့ ပစ္စုပ္ပန်အကျိုး အကြားမှာ တစပ်၊ ရှေးဘဝက ကံသင်္ခါရ ကြောင့် ပဋိသန္ဓေဝိညာဏ် ဖြစ်တယ်ဆိုတဲ့ အစပ်ပါဘဲ၊ အဲဒါကို အကြောင်းနဲ့ အကျိုး အစပ်လို့ ခေါ်တယ်၊ အတိတ်နဲ့ပစ္စုပ္ပန် အစပ်လို့လဲ ခေါ်နိုင်ပါတယ်။
တဖန် ပစ္စုပ္ပန်အကျိုးနဲ့ ပစ္စုပ္ပန်အကြောင်းအကြားမှာ တစပ်၊ ဝေဒနာကြောင့် တဏှာဖြစ်တယ်ဆိုတဲ့ အစပ်ပါဘဲ၊ အဲဒါကို အကျိုးနဲ့ အကြောင်းအစပ်လို့ ခေါ်တယ်၊ ပစ္စုပ္ပန်ချင်း အစပ်လို့လဲ ခေါ်နိုင်ပါတယ်။
တဖန် ပစ္စုပ္ပန်အကြောင်းနဲ့ အနာဂတ်အကျိုးအကြားမှာ တစပ်၊ ကမ္မဘဝကြောင့် ဇာတိ ဖြစ်ပေါ်တယ်ဆိုတဲ့ အစပ်ပါဘဲ၊ အဲဒါကို အကြောင်းနဲ့အကျိုး အစပ်လို့ဘဲ ခေါ်တယ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ် အစပ်လို့လဲ ခေါ်နိုင်ပါတယ်။
အဲဒီလို အလွှာ ၄-ခု၊ အစပ် ၃-ပါး ဆက်စပ်ပြီး ဖြစ်ပုံကို ပြတာဟာ တခြားကြောင့် မဟုတ်ဘူး၊ ဒီပုံဒီနည်းဖြင့် တလွှာပြီးတလွှာ ဆက်စပ်ပြီး မပြတ်ဖြစ်နေတယ် ဆိုတာကို သိစေလိုသောကြောင့်ပင် ဖြစ်ပါတယ်၊
ရှေးဘဝကပြီးခဲ့တဲ့ အတိတ် အကြောင်းလွှာကြောင့် ပစ္စုပ္ပန်ဘဝ အကျိုးလွှာ ဖြစ်ပေါ်လာတယ်၊ အဲဒီ အကျိုးလွှာကို မှီပြီး ပစ္စုပ္ပန် အကြောင်းလွှာ တဖန် ဖြစ်ပြန်တယ်၊ အဲဒီအကြောင်း လွှာကြောင့် အနာဂတ်ဘဝ အကျိုးလွှာ ဖြစ်ပြန်တယ်၊ အနာဂတ်ဘဝဆိုတာလဲ ဖြစ်နေခိုက်မှာတော့ ပစ္စုပ္ပန်ပါဘဲ၊ ဒါကြောင့် အဲဒီမှာလဲ အကျိုးလွှာကို မှီပြီး အကြောင်းလွှာထပ်ပြီး ဖြစ်ဦးမယ်၊ အဲဒီ အကြောင်းလွှာကြောင့် တဖန် အနာဂတ်ဘဝ အကျိုးလွှာ ဖြစ်သွားဦးမယ်၊ ဒီပုံ ဒီနည်းဖြင့် အကြောင်းအကျိုး တလွှာပြီးတလွှာ အဆက်မပြတ် ဖြစ်နေတယ် ဆိုတာကို သိရပါတယ်။
နောက်ပြီးတော့ တလွှာတလွှာမှ အကြောင်းတရားဆိုယင်လဲ ငါးပါးစီ၊ အကျိုး တရားဆိုယင်လဲ ငါးပါးစီ ရှိနေတဲ့ အတွက် အတိတ်အကြောင်း, ပစ္စုပ္ပန်အကျိုး, ပစ္စုပ္ပန်အကြောင်း, အနာဂတ်အကျိုး ၄-လွှာမှာ အကြောင်းအကျိုး အစိတ်အပိုင်း ပေါင်း ၂၀-ရှိပါတယ်၊ အဲဒါကို အာကာရခေါ်တဲ့ အခြင်းအရာ သရုပ် ၂၀-လို့ ခေါ်ပါတယ်။
ဝဋ်သုံးပါး လည်နေပုံ
နောက်ပြီးတော့ ဒီပဋိစ္စသမုပ္ပါဒ် ဒေသနာတော်မှာ ကိလေသဝဋ်, ကမ္မဝဋ်, ဝိပါကဝဋ်ရယ်လို့ ဝဋ် ၃-ပါးရှိပါတယ်။
အဝိဇ္ဇာ တဏှာ ဥပါဒါန် ဒီ ၃-ပါးကို ကိလေသဝဋ်လို့ ခေါ်ပါတယ်၊ သင်္ခါရနှင့် ကမ္မဘဝ ဒီ ၂-ပါးကို ကမ္မဝဋ်လို့ ခေါ်ပါတယ်၊ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ ဒီအကျိုးငါးပါးကို ဝိပါကဝဋ်လို့ ခေါ်ပါတယ်၊
အနာဂတ် ဘဝမှာ ဇာတိနှင့် ဇရာမရဏဆိုတာလဲ တရားကိုယ်အားဖြင့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ ဒီအကျိုးငါးပါးပင် ဖြစ်၍ ဝိပါကဝဋ်ပါဘဲ။ အတိတ်ဘဝက မြင်မှု ကြားမှု စသည်ကို အမှန်အတိုင်း မသိဘဲ အလွဲသိခဲ့တာက အဝိဇ္ဇာ၊ အဲဒီလို အသိလွဲအထင်လွဲခဲ့တဲ့အတွက် တပ်မက်သာယာခဲ့တာက တဏှာ၊ စွဲလမ်းခဲ့တာက ဥပါဒါန်၊ ဒီသုံးပါးဟာ အတိတ်ဘဝတုန်းက ပြီးခဲ့တဲ့ ကိလေသဝဋ်ပဲ။
အဲဒီလို ကိလေသဝဋ်ဖြင့် စွဲလမ်းခဲ့တဲ့အတွက် ကိုယ့်အလိုအတိုင်း ပြီးပြည့်စုံအောင် ကြံစည်အားထုတ် ပြုလုပ်ခဲ့တယ်၊ သင်္ခါရနှင့် ကမ္မဘဝဘဲ၊ အဲဒီ ၂-ပါးက အတိတ်ဘဝက ပြီးခဲ့တဲ့ ကမ္မဝဋ်ပဲ။
အဲဒီ ကမ္မဝဋ်ကြောင့် ယခုဘဝမှာ ပဋိသန္ဓေ ဝိညာဏ်မှစပြီး ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ အကျိုးတရား ငါးပါးအဆက်ဆက် ဖြစ်နေတယ်၊ ယခု မြင်လိုက် ကြားလိုက် စသည်ဖြင့် ထင်ရှားပေါ်နေတဲ့ တရားတွေပါဘဲ၊ အဲဒီ ငါးပါးက ဝိပါကဝဋ်ပဲ။
တဖန် ယခုဘဝမှာလဲ မြင်မှု ကြားမှု စသည်ကို အမှန်အတိုင်း မသိဘဲ အသိလွဲ အထင်လွဲနေပြန်တယ်၊ အဝိဇ္ဇာပါဘဲ။ အထင်လွဲလို့ တပ်မက် သာယာနေပြန်တယ်၊ တဏှာပါဘဲ။ စွဲလမ်းနေပြန်တယ်၊ ဥပါဒါန်ဘဲ။
အဲဒါ ကိလေသဝဋ်တွေ တဖန် ဖြစ်ပြန်တာပါဘဲ။ စွဲလမ်းတဲ့အတွက် ကြံစည်အားထုတ် ပြုလုပ်နေပြန်တယ်၊ သင်္ခါရ ကမ္မဘဝတွေပါဘဲ၊ အဲဒါဟာ ကမ္မဝဋ်တွေ တဖန် ဖြစ်ပြန်တာပါဘဲ။ ယခု ပြုတဲ့ အဲဒီ ကမ္မဝဋ်ကြောင့် နောင်ဘဝမှာ ဝိညာဏ် နာမ်ရုပ်သဠာယတန ဖဿ ဝေဒနာဆိုတဲ့ အကျိုးငါးပါး ဖြစ်ပြီး အိုရ, သေရဦးမယ်၊ သောကစသည်လဲ ဖြစ်ရဦးမယ်၊ ဝိပါကဝဋ်တွေ တဖန် ဖြစ်ပြန်တာပါဘဲ။
ယခု ပြောခဲ့တဲ့အတိုင်း တဘဝက ကိလေသဝဋ်ကြောင့် ကမ္မဝဋ်ဖြစ်ပြီး အဲဒီကမ္မဝဋ်ကြောင့် နောင်ဘဝမှာ အကျိုးငါးပါးဝိပါကဝဋ် ဖြစ်ရတယ်၊ အဲဒီဘဝမှာလဲ ဝိပါကဝဋ်ကို မှီပြီး ကိလေသဝဋ်, ကမ္မဝဋ်တွေ ဖြစ်ပြန်တယ်၊ အဲဒီ ကမ္မဝဋ်ကြောင့် တဖန် နောက်ဘဝမှာ ဝိပါကဝဋ် ဖြစ်ပြန်တယ်၊
ဒီပုံဒီနည်းဖြင့် ကိလေသဝဋ်ကြောင့် ကမ္မဝဋ် ဖြစ်တယ်၊ ကမ္မဝဋ်ကြောင့် ဝိပါကဝဋ် ဖြစ်တယ်၊ အဲဒီဝိပါကဝဋ်ကြောင့် တဖန် ကိလေသဝဋ်, ကမ္မဝဋ်တွေဖြစ်ပြန်တယ်၊ အဲဒီကမ္မဝဋ်ကြောင့် တဖန် ဝိပါကဝဋ် ဖြစ်ပြန် တယ်၊ ဒီလိုဝဋ်သုံးပါး တပြန်စီလှည့်ပြီး မပြတ်ဖြစ်နေတာဟာ အရိယမဂ်ဖြင့် ကိလေသာဝဋ်ကို မပယ်နိုင်လျှင် ပြတ်စဲခြင်း မရှိတော့ဘူး၊ တလည်ထဲလည်နေ တော့တာဘဲ။ ဒါကြောင့် ဝိသုဒ္ဓိမဂ် (ဒု ၂၁၆) မှာ-
ဣမေဟိ တီဟိ ဝဋ္ဋေဟိ၊ ကိလေသဝဋ်, ကမ္မဝဋ်, ဝိပါကဝဋ်ဟူသော ဤသုံးပါးသော ဝဋ်တို့ဖြင့်။
တိဝဋ္ဋံ၊ ဝဋ်သုံးပါးရှိသော။
ဣဒံ ဘဝစက္ကံ၊ ဤပဋိစ္စသမုပ္ပါဒ်ဘဝစက်သည်။
ယာဝ ကိလေသဝဋ္ဋံ ဥပစ္ဆိဇ္ဇတိ တာဝ၊ အရိယာမဂ်ဖြင့် ကိလေသဝဋ် မပြတ်စဲသေးမျှ ကာလပတ်လုံး။
အနုပစ္ဆိန္နပစ္စယတ္တာ၊ အကြောင်းတရား မပြတ်စဲသေးသည်၏ အဖြစ်ကြောင့်။ အနဝဋ္ဌိတံ၊ ရပ်နားခြင်းမရှိဘဲ။
ပုနပ္ပုနံ ပရိဝတ္တနတော၊ အဖန်ဖန် တလှည့်စီလည်သောအားဖြင့်။
ဘမတိယေဝ၊ တလည်တည်း လည်နေတော့သည်သာတည်းလို့ ပြဆိုထားပါတယ်။
အပါယ်ဘုံမှာ လည်ဘို့က များသည်
အဲဒီလို မပြတ်လည်နေရာမှာ ကုသိုလ်ကမ္မဝဋ်ရှိတဲ့အခါ လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာ့ဘဝမှာဖြစ်ပြီး လည်ရတယ်၊ အဲဒါကို ကောင်းတယ်လို့ ထင်နေကြပါတယ်။ အကုသိုလ် ကမ္မဝဋ်ရှိတဲ့အခါ ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသုရကာယ်ဆိုတဲ့ အပါယ် ၄-ဘုံမှာ ဖြစ်ပြီး လည်ရတယ်၊
ဒုက္ခ ဝိပါက ခေါ်တဲ့ ဆင်းရဲအကျိုးတွေကို ခံစားနေရတာပါဘဲ။ သံသရာမှာ ကျင်လည်နေရတဲ့ သူတွေဟာ ကလျာဏမိတ္တ ခေါ်တဲ့ ဆရာကောင်း မှီဝဲရတဲ့အခါ လောက်သာ ကိုသိုလ်ကို ပြုနိုင်တယ်၊ ကလျာဏမိတ္တ ဆိုတာကလဲ ရခဲပါတယ်၊ ဒါကြောင့် အများအားဖြင့် အကုသိုလ် ကမ္မဘဝတွေကို ပြုမိတာကဘဲ များဘွယ်ရှိပါတယ်၊
ဒီတော့ အကုသိုလ်ကမ္မဝဋ်ကြောင့် အပါယ် ၄-ဘုံမှာ အကုသိုလ်၏အကျိုး ဝိပါက ဝဋ်တွေသာ များများဖြစ်ဘို့ ရှိပါတယ်၊ လူ့ဘဝ ရောက်လာတောင် အဲဒီ အကုသိုလ် ကမ္မဝဋ်ကြောင့် အသက်တိုခြင်း, အနာများခြင်း, အခြွေအရံမဲ့ခြင်း, မွဲပြာကျခြင်း အစရှိသော အကုသိုလ်အကျိုး ဝိပါက်ဝဋ်တွေ လည်နေဘို့က များနေပါတယ်၊
အဲဒီလို ဆိုးကျိုးတွေ ဖြစ်နေတာကိုဘဲ ဝိပါက်လိုက်လာတယ်၊ ဝဋ်ကြွေးခံရတယ်လို့ ပြောနေကြပါတယ်။ အရိယာဖြစ်သွားလျှင်တော့ အပါယ်ငရဲ မကျနိုင်တော့ဘူး၊ ဒါပေမဲ့ ဒီ အကုသိုလ်၏ အကျိုး ဝိပါကဝဋ် ဆိုတာကတော့ ဘုရား ရဟန္တာများမှာ တောင် လိုက်ဖြစ်သေးတာဘဲ။ ဒါကြောင့် “ဝဋ်အမြဲ ငရဲအပ” လို့လဲ ပြောဆိုလေ့ ရှိကြပါတယ်။
အကြောင်း ကိလေသဝဋ်ကို ဖြတ်ရမယ်
အဲဒီ ဝဋ်သုံးပါး မလည်စေချင်ယင်တော့ ကိလေသဝဋ်ဆိုတဲ့ အကြောင်းကို ဖြတ်ရလိမ့်မယ်၊ ဖြတ်ရမယ် ဆိုပေမဲ့ ရှေးကဖြစ်ခဲ့ပြီးတွေကိုတော့ ဖြတ်လို့ မရတော့ဘူး၊ မြင်မှု, ကြားမှု အစရှိတဲ့ ဝိပါကဝဋ်တရားတွေ ဖြစ်တိုင်းဖြစ်တိုင်း အဲဒီ မြင်မှု, ကြားမှု စသည်ကို အကြောင်းပြုပြီး ကိလေသဝဋ်တွေ ဖြစ်ခွင့်မရအောင် ရှုမှတ်ရတယ်၊ ယခု ဒီသာသနာ့ရိပ်သာမှာ ဖြစ်ခိုက်တရားကိုလိုက်ပြီး မပြတ်ရှုမှတ် နေကြတာဟာ အဲဒီကိလေသဝဋ်တရားတွေ ဖြစ်ခွင့်မရအောင် အားထုတ် နေကြတာပါဘဲ။
ကိလေသဝဋ်ကို ဖြတ်ပုံ
ဘယ်လိုလဲဆိုလျှင်၊ မြင်ခိုက်မှာ မရှုမမှတ်မိလျှင် အဲဒီ မြင်မှုနှင့်စပ်ပြီး မြဲတယ်, ချမ်းသာတယ်, ကောင်းတယ်, တင့်တယ်တယ်, ငါဘဲစသည်ဖြင့် ထင်မှတ်တယ်၊ အဲဒါဟာ အဝိဇ္ဇာဘဲ၊ အဝိဇ္ဇာဖြစ်ယင် တဏှာဥပါဒါန်ဆိုတဲ့ ကိလေသဝဋ်တွေလဲ ဖြစ်တော့တာဘဲ၊ သင်္ခါရ ကမ္မဘဝဆိုတဲ့ ကမ္မဝဋ်တွေလဲ ဖြစ်တော့တာဘဲ။
ကမ္မဝဋ်ဖြစ်လျှင် အကြောင်းညီညွတ်တဲ့ အခါ သူ၏ အကျိုးဖြစ်တဲ့ ဝိပါကဝဋ်လဲ ဖြစ်တော့တာဘဲ။ ဒါကြောင့် အဲဒီလို ဝဋ်သုံးပါး မဖြစ်ရ, မလည်ရအောင် မြင်တိုင်း မြင်တိုင်း ရှုမှတ်ရတယ်၊ အဲဒီလို ရှုမှတ်တော့ သမာဓိဉာဏ် ရင့်သန်တဲ့ အခါမှာ မှတ်တိုင်း မှတ်တိုင်း မြင်တာရော, မြင်ရတာရော, မှတ်သိတာရော တခဏချင်း ပျောက်ပျောက် သွားတာကိုသာ တွေ့ရတယ်၊
အဲဒီလို တွေ့ရတော့ မမြဲဘူးလို့လဲ သိရတယ်။ ဆင်းရဲမျှဘဲလို့လဲ သိရတယ်၊ ငါကောင် မဟုတ်တဲ့ သဘောတရား မျှဘဲလို့လဲ သိရတယ်၊ ဒါကြောင့် အဲဒီလို သိရတဲ့တရားနှင့်စပ်ပြီး မြဲတယ်၊ ချမ်းသာတယ်စသည်ဖြင့် အသိမှားအထင်မှားဟာ ဖြစ်ခွင့်မရှိဘဲ ကင်းသွားတယ်၊ အဲဒါ အဝိဇ္ဇာကင်းတာဘဲ။
အဲဒီလို အဝိဇ္ဇာကင်းတော့ တဏှာ, ဥပါဒါန်, သင်္ခါရ, ကမ္မဘဝဆိုတာတွေလဲ အဲဒီအမြင်နှင့်စပ်ပြီး ဖြစ်ခွင့်မရဘဲ ကင်းပြတ်သွားကြတယ်၊ အဲဒါဟာ ကိလေသာဝဋ်နဲ့ ကမ္မဝဋ် ကင်းပြတ်ပုံပါဘဲ။ ဒီလို ကမ္မဝဋ်ကင်းသွားတော့ အဲဒီကံကြောင့်ဖြစ်မည့် ဝိပါကဝဋ်လဲ မဖြစ်ရတော့ဘဲ ပြတ်စဲသွားတယ်။ ဒါဟာ မြင်ရာက ရှုမှတ်ပြီး တဒင်္ဂအားဖြင့် ဝဋ်သုံးပါး ကင်းငြိမ်းပုံပါဘဲ။
ကြားခိုက်စသည်မှာလဲ ရှုမှတ်လျှင် နည်းတူပင် ဝဋ်သုံးပါး ကင်းငြိမ်းပါတယ်။ အဲဒီလို ဝိပဿနာက မြင်မှု, ကြားမှု အစရှိတဲ့ ဝိပါကဝဋ်နဲ့ စပ်ပြီးဖြစ်မည့် ဝဋ်သုံးပါးကို တဒင်္ဂအားဖြင့် အပြည့်အစုံ ပယ်ပြီးသောအခါမှာ အရိယမဂ် ဖြစ်ပေါ်လာပြီး အဲဒီဝဋ်သုံးပါးကို အကြွင်းမဲ့ ပယ်ဖြတ်သွားပါတယ်။ ဒီလိုဖြတ်ပုံကို ရှေးကလဲ အကြိမ်ကြိမ်ပြောခဲ့ပါပြီ၊
ဒါပေမဲ့ ဒီဝဋ်သုံးပါး လည်ပုံနဲ့ စပ်ပြီး မလည်နိုင်အောင် အားထုတ်ပုံကိုလဲ ဒီနေရာမှာဘဲ အလွယ်တကူနဲ့ သဘောပေါက်နားလည်စေချင်လို့ ထပ်ပြီးပြောရခြင်း ဖြစ်ပါတယ်။ ယခုဒီထိအောင် ဒီကနေ့ ပြောလာခဲ့တာတွေဟာ လပြည့်နေ့က ပြောခဲ့ပြီးချည်းပါဘဲ။
ဒါပေမဲ့ ဒီကနေ့ပြောမည့် အရဟံဂုဏ်တော်အဖွင့်နှင့် ဆက်စပ်ပြီး နားလည် လွယ်အောင် ထပ်ပြီး အကျဉ်းချုပ် ပြောရပါတယ်၊ ဒီက စပြီး အရဟံဂုဏ်တော်ဖွင့် ကိုပြောမယ်။
အရဟံ ဂုဏ်တော်ဖွင့်
အာရကတ္တာ ဟတတ္တာ စ၊
ကိလေသာရီန သော မုနိ။
ဟတသံသာရစက္ကာရော၊
ပစ္စယာဒီန စာရဟော။
န ရဟော ကရောတိ ပါပါနိ၊
အရဟံ တေန ဝုစ္စတိ။
(ဝိသုဒ္ဓိမဂ် ပ-၁၉၅၊ ဝိ-ဋ္ဌ ပ-၈၇)
အာရကတ္တာ စ၊ ကိလေသာတို့မှ ဝေးကွာတော်မူသည်၏ အဖြစ်ကြောင့်၎င်း။
ကိလေသာရီနံ ဟတတ္တာ စ၊ ကိလေသာရန်သူတို့ကို ပယ်သတ်တော် မူပြီးသည်၏ အဖြစ်ကြောင့်၎င်း။
သော မုနိ၊ ထိုမြတ်စွာဘုရားကို။
အရဟံ၊ အရဟံ ဟူ၍။
ဝုစ္စတိ၊ ခေါ်ဆိုအပ်၏။
ယော၊ အကြင် မြတ်စွာဘုရားသည်။
ဟတ သံသာရစက္ကာရော၊ ချိုးဖျက်အပ်ပြီးသော သံသရာစက်၏ ထောက်အကန့် ရှိတော်မူ၏။
ပစ္စယာဒီနံ စ၊ ပစ္စည်းစသည် တို့ကိုလည်း။
အရဟော၊ ထိုက်တန်တော်မူပေ၏။
ရဟော၊ ဆိတ်ကွယ်ရာ၌လည်း။
ပါပါနိ၊ မကောင်းမှုတို့ကို။
န ကရောတိ၊ ပြုတော်မမူ။
တေန၊ ထို သုံးပါးသော ဂုဏ်သတင်းကြောင့်လည်း။
သော မုနိ၊ ထိုမြတ်စွာဘုရားကို။
အရဟံ၊ အရဟံ ဟူ၍။
ဝုစ္စတိ၊ ခေါ်ဆိုအပ်ပေ၏။
အရဟံဆိုတဲ့ပုဒ်က သဒ္ဒါနည်းအားဖြင့် ငါးမျိုး ပြီးနိုင်ပါတယ်။
(၁) အာရကာပုဒ်က=အရဟံ ဖြစ်လာတယ်။
(၂) အရိ+ဟပုဒ်က=အရဟံဖြစ်လာတယ်။
(၃) အရ+ဟ-ပုဒ်က=အရဟံ ဖြစ်လာတယ်။
(၄) ထိုက်တန်ခြင်း ဟော အရဟန္တ-မှ=အရဟံ ဖြစ်လာတယ်။
(၅) အ+ရဟမှ=အရဟံ ဖြစ်လာတယ်။
ဒီလို ငါးနည်း ပုဒ်ပြီး ပုံကို ပြပါတယ်။
(၁) အရဟံဂုဏ်တော်
အဲဒီငါးနည်းထဲမှာ အာရကာ-ပုဒ်ကဖြစ်လာတဲ့ အရဟံပုဒ်ရဲ့ အနက်ကတော့ ကိလေသာတို့မှ ဝေးကွာတော်မူတယ် လို့ဆိုလိုပါတယ်။ ဒီလိုဆိုယင် ရဟန္တာပုဂ္ဂိုလ်တွေမှာလဲ ကိလေသာတို့မှ ကင်းဝေး စင်ကြယ်နေတာဘဲ၊ ဘယ်လို ထူးသေးသလဲ လို့ဆိုတော့ ရဟန္တာပုဂ္ဂိုလ်များမှာ ကိလေသာ ကင်းသော်လဲ ကိလေသာရှိစဉ်က အထုန်အကျင့်ပါနေတဲ့ ဝါသနာကတော့ မကင်းဘဲ ရှိနေတတ်တယ်။ အဲဒါကို ပိလိန္ဒ ဝစ္ဆမထေရ်၏ ဝတ္ထုဖြင့် သိနိုင်ပါတယ်။
ပိလိန္ဒဝစ္ဆမထေရ်ဝတ္ထု
နတ်တွေက အချစ်မြတ်နိုးဆုံးဖြစ်၍ ဧတဒဂ်ဂုဏ်ထူးဖြင့် မြတ်စွာဘုရားက ချီးကျူးတော်မူအပ်သော ပိလိန္ဒဝစ္ဆမည်တဲ့ ရဟန္တာမထေရ်ဟာ လူဝတ်ကြောင်တွေနဲ့ ဖြစ်စေ, ရဟန်းတွေနဲ့ဖြစ်စေ ပြောဆိုတဲ့အခါမှာ “ဧဟိ ဝသလ=ဟေ့ သူယုတ် ... လာခဲ့၊ ဂစ္ဆ ဝသလ=သူယုတ် .... သွားတော့” စသည်ဖြင့် သူတပါးကို သူယုတ်လို့ခေါ်ပြီး ပြောဆိုလေ့ ရှိပါသတဲ့။ ဗမာ့အသုံးနဲ့ဆိုယင် “ဟေ့အကောင်”လို့ ပြောတာမျိုးပါဘဲ။
တနေ့သောအခါမှာ လူတယောက်က ပိတ်ချင်းသီးခြောက်တွေ လှည်းနဲ့တင်ပြီး ရောင်းဘို့ ရာဇြုဂိဟ်မြို့ထဲ ယူလာခဲ့တယ်၊ တနေရာမှာ လှည်းချွတ်ထားခဲ့ပြီး စံနမူနာပြဘို့ ပိတ်ချင်းသီး အနည်းငယ်ကို ခွက်နဲ့ ဈေးသို့ ယူလာခဲ့တယ်၊ အဲဒီအခါ အရှင်ပိလိန္ဒဝစ္ဆကလဲ ဆွမ်းခံကြွလာခိုက် ဖြစ်တဲ့အတွက် လမ်းမှာရင်ဆိုင် တွေ့ရတော့ “ဟေ့အကောင်ယုတ်... ဘာတွေလဲ” လို့ အရှင်ပိလိန္ဒဝစ္ဆမထေရ်က မေးလိုက်တယ်၊
ဒီတော့ အမေးခံရတဲ့လူမှာ အတော် စိတ်မချမ်းမသာ ဖြစ်သွားတယ်၊ ကိုယ်တော်ကြီးနှယ် နံနက်စောစောကြီး ရုန့်ရင်း ကြမ်းတမ်းတဲ့ စကားနဲ့ ငါ့ကို ပြောရက်ဘိတယ်၊ နိမိတ်မကောင်းလိုက်တာ သူ့အမေးနဲ့ ထိုက်တန်အောင် ပြန်ပြောမှဘဲလို့ စိတ်ကူးပြီးတော့ အဲဒီလူက “ခွက်ထဲကဟာတွေ ကြွက်ချေးတွေပါ ဘုရား”လို့ ငေါ့ပြီးပြောလိုက်တယ်။ အဲဒီတော့ မထေရ်က “အေး.... ဒီအတိုင်းဘဲ ဖြစ်ပါလိမ့်မယ် အကောင်ယုတ်ရယ်” လို့ ပြောပြီးကြွသွားတယ်။ အဲဒီလို ပြောပြီးကြွသွားတဲ့အခါ ဟိုလူရဲ့ ပိတ်ချင်းသီးတွေဟာ အကုန်လုံး ကြွက်ချေးတွေ ဖြစ်ကုန်ပါသတဲ့။
ဒီတော့ အဲဒီလူက ခွက်ထဲမှပိတ်ချင်းသီးတွေ ကြွက်ချေးဖြစ်ကုန်တာကို တွေ့ရတဲ့အတွက် အမျိုးမျိုးစုံစမ်းကြည့်တယ်၊ တကယ် ကြွက်ချေးဖြစ်နေကြောင်း တွေ့ရတော့ လှည်းပေါ်မှာရှိတဲ့ ပိတ်ချင်းသီးတွေကိုလဲ မသင်္ကာလို့ သွားကြည့်တယ်၊ အဲဒါတွေလဲ အကုန် ကြွက်ချေးဖြစ်နေတာကို တွေ့ရတော့ အလွန်စိတ်နှလုံး ပန်းခြင်း ဖြစ်ရရှာတယ်။
အဲဒီလို စိုးရိမ်ပူပန်ပြီး ကြိုးတို ကြမ်းတမ်းသွားနေတယ်၊ အဲဒီလို သွားနေတာကို မြင်ရတော့ အခြားလူ တယောက်က သူ့ကို မေးမြန်းတယ်၊ မထေရ် တပါးနဲ့ တွေ့ရပုံ, မေးပုံ, ဖြေပုံနှင့်တကွ ပိတ်ချင်းသီးတွေ ကြွက်ချေး ဖြစ်ကုန်ပုံ အလုံးစုံကို အဲဒီပိတ်ချင်းသီးရှင်က ပြောပြပါတယ်၊
ဒီတော့ မေးမြန်းတဲ့သူက “ဟာ....ဒီလိုဆိုယင် ဘာမျှမစိုးရိမ်နဲ့ ကျွန်ုပ်ရဲ့ဆရာ ပိလိန္ဒဝစ္ဆမထေရ်ဖြစ်ပါလိမ့်မယ်၊ ခင်ဗျားဟာ အဲဒီခွက်နဲ့ ပိတ်ချင်းသီးတွေယူပြီး ပိလိန္ဒဝစ္ဆ မထေရ်ရှေ့မှာ ရပ်နေပါ၊ ‘ဟေ့အကောင်ယုတ်...အဲဒါဘာလဲ’ လို့ မေးလိမ့်မယ်၊ ‘ပိတ်ချင်းသီးတွေပါ ဘုရား’လို့ ခင်ဗျား လျှောက်ပါ၊ ‘အေး... ဒီအတိုင်းဘဲ ဖြစ်ပါလိမ့်မယ် အကောင်ယုတ်ရယ်’ လို့ မထေရ်ကဆိုလိမ့်မယ်၊
အဲဒီအခါ ခင်ဗျား ပိတ်ချင်းပိတ်ချင်းသီးတွေဟာ မူရင်းအတိုင်း ပိတ်ချင်းသီးတွေဘဲ ပြန်ဖြစ်ကြပါလိမ့်မယ် လို့ ညွှန်ကြားလိုက်တယ်။ အဲဒီ ညွှန်ကြားချက်အတိုင်း ပြုလုပ်တဲ့အခါ ပိတ်ချင်းသီးတွေ ပြန်ဖြစ်ကြပါသတဲ့။
အဲဒီလို အရှင်ပိလိန္ဒဝစ္ဆဟာ အပြောအဆို ကြမ်းတမ်းတဲ့အတွက် အချို့ ပုထုဇဉ် ရဟန်းတွေက မြတ်စွာဘုရားကို တိုင်ကြားလျှောက်ထားကြတယ်။ ဒီတော့ မြတ်စွာဘုရားက ပိလိန္ဒဝစ္ဆဟာ ဘဝပေါင်း ငါးရာပတ်လုံး ဗြာဟ္မဏမျိုးမှာ ဖြစ်လာ ခဲ့လို့ သူတပါးကို ရုန့်ရင်းစွာပြောတတ်တဲ့ ဝါသနာပါလာကြောင်း၊ ကိလေသာကုန်ခန်း ရဟန္တာဖြစ်နေတဲ့အတွက် စိတ်စေတနာရင်းကတော့ နူးညံ့ဖြူစင်ကြောင်း စသည်ကို မိန့်ကြားတော်မူပါတယ်။
မြတ်စွာဘုရားမှာတော့ ဝါသနာလဲ ကင်းတယ်
မြတ်စွာဘုရားမှာတော့ သမ္မာသမ္ဗုဒ္ဓ ဘုရားဖြစ်တော်မူသည့် အချိန်ကစပြီး ရှေးရှေးကာလ ရှေးရှေးဘဝတွေမှ ပါလာခဲ့တဲ့ ကိလေသာအရှိန်အဝါ ဝါသနာတွေပါ ကင်းသွားတယ်။ ဒီနေရာမှာ ပြောလိုရင်းကတော့ ရဟန္တာပုဂ္ဂိုလ်တိုင်းဘဲ ကိလေသာ အာသဝေါတရားတွေ လုံးဝကင်းနေလို့ ကိလေသာတို့မှ ကင်းဝေးစင်ကြယ်တယ်လို့ အနက်အဓိပ္ပါယ်ရှိတဲ့ အရဟံ ဆိုတဲ့ဘွဲ့အမည်ကို ရပါတယ်၊ ဒါပေမဲ့ ကိလေသာ ရှိစဉ်တုန်းက အလေ့အလာများလို့ အကျင့်ပါလာတဲ့ ဝါသနာကတော့ မကင်းဘဲ ရှိနေတတ်ပါတယ်။
မြတ်စွာဘုရားမှာတော့ ကိလေသာ အာသဝေါတရားတွေ ကင်းရုံမျှမကဘဲ အဲဒီ ဝါသနာပါလုံးဝ ကင်းနေပါတယ်၊ ဒါကြောင့် အရဟံဆိုတဲ့ ဘွဲ့ထူးဂုဏ်ထူးကို အထူးသဖြင့် ရရှိတော်မူပါတယ်။ ဗောဓိပင်အောက် ရတနာပလ္လင်ထက်မှာ ဘုရားအဖြစ်သို့ ရောက်တော်မူသည်နှင့် တပြိုင်နက် ဒီ ဘွဲ့ထူးဂုဏ်ထူးကို ရတော်မူခဲ့ပါတယ်။
အဲဒီ ဂုဏ်တော်ကို ဘုန်းကြီးက ဘုရားရှိခိုးမဖြစ်နဲ့ နှလုံးသွင်းဘို့ရာ စီထားပါတယ်။ အဲဒါဟာ ယခုမှ မဟုတ်ပါဘူး၊ ကြာလှပါပြီ၊ လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်လောက်ကပါ၊ ဘုန်းကြီးက ဒီလိုစဉ်းစားမိတယ်-”ငယ်ငယ်က ရထားတဲ့ ဘုရားရှိခိုးတွေက အင်မတန် နှုတ်တတ်လွန်းအားကြီးနေတယ်၊ ဘုရားရှိခိုးတဲ့အခါမှာ စိတ်က နှလုံး မသွင်းရဘဲ နှုတ်က သူ့ဟာ သူဆိုဆိုသွားသလို ဖြစ်နေတယ်၊ စိတ်နဲ့ အထူး အာရုံပြုပြီးဆိုတဲ့အခါမှာ အစ ပျောက်ပျောက်လဲ သွားတတ်တယ်၊
ဒီတော့ ဘုရားရှိခိုး အသစ်ပြောင်းဦးမှဘဲ၊ ပြောင်းတော့လဲ ‘ဣတိပိသော’ထဲမှာပါတဲ့ ဂုဏ်တော် ၉-ပါး အဖွင့်ရေးပြီး ပြောင်းမှဘဲ၊ ပါဠိမပါဘဲ မြန်မာစကားပြင် သက်သက်ရေးပြီး ဘုရားရှိခိုးမယ်” လို့ ဒီလိုစဉ်းစားပြီး ရေးစီခဲ့ပါတယ်၊ အဲဒီ အတိုင်းလဲ ရွတ်ဆိုအာရုံပြုပြီး ဘုရားရှိခိုးနေပါတယ်။ အဲဒီမှာ အာရကာပုဒ်မှ ပြီးတဲ့ အရဟံဂုဏ်တော်အတွက် ဒီလို စီထားပါတယ် -
ကိလေသာရှိစဉ်က အလေ့အလာအထုံ ဝါသနာနှင့်တကွ ကိလေသာ အညစ် အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူသောကြောင့် ရတော်မူသော အရဟံဟူသော အမည်တော်နာမ ဝိသေသဂုဏ်တံခွန်ဖြင့် မိုးစွန်ဘဝဂ် မဆန့်တက်အောင် နှံ့လျက် ကျော်စောတော်မူပေသော မြတ်စွာဘုရား.... တဲ့။
မြတ်စွာဘုရား၏ သန္တာန်မှာ လောဘ ဒေါသ မောဟ အစရှိသော စိတ်အညစ် အကြေး ကိလေသာတွေ တစွန်းတစ တမှုန်မျှမရှိအောင် သန့်ရှင်းစင်ကြယ်နေတယ်၊ ကိလေသာရဲ့ အရိပ်အရောင် သဖွယ်ဖြစ်တဲ့ ဝါသနာတောင်မရှိဘဲ ဝင်းဝင်းတောက် စင်ကြယ်နေပါတယ်၊ ဒါကြောင့် ဘယ်လိုကောင်းတဲ့ အာရုံနဲ့ တွေ့ရသော်လဲ နှစ်သက်မှုသာယာမှု မဖြစ်ဘူး၊နှစ်သက် သာယာတဲ့ အရိပ်အရောင်တောင် မပေါ်လာဘူး။ ဘယ်လိုမုန်းဘွယ် ရွံ့ဘွယ်ကောင်းတဲ့ အာရုံနဲ့ တွေ့ရသော်လဲ စိတ်ပျက်မှု မုန်းမှု ရွံ့မှုမဖြစ်ဘူး၊ စိတ်ဆိုးခြင်းရဲ့ အရိပ်အရောင်တောင် မပေါ်လာဘူး။ ဒါကြောင့် အဲဒီ ဂုဏ်တော်ဖွင့်ထဲမှာ -
“ကိလေသာရှိစဉ်က အလေ့အလာ အထုံဝါသနာနှင့်တကွ ကိလေသာ အညစ် အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူသောကြောင့် ရတော်မူတယ်” လို့ ဆိုထား ပါတယ်။ မိုးစွန်ဘဝဂ် မဆန့်အောင် ပျံ့နှံ့တက်တယ်ဆိုတဲ့ အဓိပ္ပါယ်ကိုတော့ နောက်ဆုံးကျမှ ပြောရမယ်။
ကဲ အဲဒီဂုဏ်တော်ဖွင့်ကို ရွတ်ဆိုပြီး ဘုရားကို အာရုံပြုကြဦးစို့ -
ကိလေသာရှိစဉ်က အလေ့အလာအထုံ ဝါသနာနှင့်တကွ ကိလေသာ အညစ် အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူသောကြောင့် ရတော်မူသော အရဟံဟူသော အမည်တော်နာမ ဝိသေသဂုဏ်တံခွန်ဖြင့် မိုးစွန်ဘဝဂ် မဆန့်တက်အောင် နှံ့လျက် ကျော်စောတော်မူပေသော မြတ်စွာဘုရား.... တဲ့။
အဲဒီမှာ ကိလေသာအညစ်အကြေးတွေမှ ကင်းတယ်ဆိုတာ ပဋိစ္စသမုပ္ပါဒ် ဒေသနာမှာ ပြထားတဲ့ ကိလေသဝဋ်တွေ ကင်းတာပါဘဲ၊ ကိလေသဝဋ် ကင်းတော့ ကမ္မဝဋ်, ဝိပါကဝဋ်တွေလဲ အကုန်လုံး ကင်းတယ်။ ဒါကြောင့် ဒီအရဟံ ဂုဏ်ပုဒ်ဖြင့် မြတ်စွာဘုရားမှာ ဝဋ်သုံးပါးလုံး ကင်းတော်မူတယ်လို့ ပြပါတယ်။ ထို့အတူပင် ရဟန္တာပုဂ္ဂိုလ်များမှာလဲ အရဟံဆိုတဲ့ သာမည အမည်ကို ရတော်မူကြတဲ့အတွက် ဝဋ်သုံးပါးလုံး ကင်းတာချည်းဘဲ။ ဒါကြောင့် ဘုရားရဟန္တာ ပုဂ္ဂိုလ်များမှာ ပရိနိဗ္ဗာန်စုတိမှ နောက်ကာလ၌ ဇာတိ ဇရာ မရဏ အစရှိတဲ့ ဝိပါကဝဋ်တွေ မဖြစ်ပေါ်လာတော့ဘဲ ဆင်းရဲခပ်သိမ်း ချုပ်ငြိမ်းသွားတယ်။
ရဟန္တာအဖြစ်သို့ မရောက်သေးတဲ့ ဝေနေယျသတ္တဝါဟူသမျှလဲ ပဋိစ္စသမုပ္ပါဒ် ဘဝစက်မှ ကိလေသဝဋ် ချုပ်ငြိမ်းအောင် ဝိပဿနာ ရှုခြင်းဖြင့် နည်းတူပင် တနေ့တချိန်မှာ ရဟန္တာဖြစ်ပြီး ဝဋ်ဆင်းရဲခပ်သိမ်း ချုပ်ငြိမ်းစေရမျာ ချည်းဘဲ။
(၂) အရဟံဂုဏ်တော်
ယခု (၂) အရိ+ဟ မှ ဖြစ်လာတဲ့ အရဟံ ပုဒ်ရဲ့ အနက်ကို ပြောရမယ်။ အရိ=ကိလေသာ ရန်သူတို့ကို၊ ဟန္တဟ = ပယ်သတ်တော်မူပြီးသောကြောင့် အရဟံမည်တော်မူပါတယ် တဲ့။
လူတွေက သူခိုး ဒမြ လူဆိုး မြွေ ကင်း သစ် ကျား အစရှိတဲ့ အပြင်ရန်သူကိုသာ သိပြီး ကြောက်လေ့ ရှိကြတယ်၊ မိမိတို့ကိုယ်တွင်းမှာ ရှိနေတဲ့ ရန်သူကိုတော့ မသိလို့ မကြောက်ကြဘူး၊ အမှန်အားဖြင့်တော့ ကိုယ်တွင်းရန်သူကမှ သာပြီး ကြောက်စရာ ကောင်းတာ၊ ဘယ်လို ရန်သူတွေလဲဆိုယင် မိမိတို့ကိုယ်ထဲမှာ ရှိနေတဲ့ ရုပ်နာမ်ခန္ဓာတွေနဲ့ ကိလေသာတွေပါဘဲ၊ ယခု သတ္တဝါတွေ အိုရ နာရ သေရ ကိုယ်ဆင်းရဲရ စိတ်ဆင်းရဲရနဲ့ ဒုက္ခ ရောက်နေကြတာဟာ ဒီရုပ်နာမ် ခန္ဓာတွေနဲ့ ကိလေသာတွေ ရှိနေလို့ပါဘဲ၊ အဲဒီအထဲမှာလဲ ကိလေသာတွေက အရင်းခံဘဲ၊
ကိလေသာတွေ ရှိနေလို့ ဘဝအသစ်အသစ် အဖန်ဖန် ဖြစ်နေကြရတယ်၊ ဖြစ်ရာ ဖြစ်ရာ ဘဝတိုင်းမှာ အိုရ နာရ သေရ အစရှိသော ဆင်းရဲဒုက္ခတွေနဲ့ တွေ့ကြုံ ခံစားနေကြရတယ်၊ ဒါကြောင့် ကိလေသာတွေဟာ ကြောက်စရာ အကောင်းဆုံး ရန်သူတွေဘဲ။ အဲဒီ ကိလေသာတွေက ဘယ်ဟာတွေလဲဆိုယင်
(၁) လောဘ=လိုချင်နှစ်သက်မှု၊
(၂) ဒေါသ=စိတ်ဆိုးပြစ်မှားမှု၊
(၃) မောဟ=မသိမှု-သိမှားမှု၊
(၄) မာန=တက်ကြွ ထောင်လွှားမှု အထင်ကြီးမှု၊
(၅) ဒိဋ္ဌိ=အမြင်မှား အယူမှားမှု၊
(၆) ဝိစိကိစ္ဆာ=ယုံမှားမှု၊
(၇) ထိန=ထိုင်းမှိုင်းပျင်းရိမှု၊
(၈) ဥဒ္ဓစ္စ=ပျံ့လွင့်မှု၊
(၉) အဟိရိက=အကုသိုလ်မှ မရှက်မှု၊
(၁၀) အနောတ္တပ္ပ=အကုသိုလ်မှ မကြောက်လန့်မှု
ဆိုတဲ့ ဒီ ၁၀-ပါးပါဘဲ။ ကြောက်စရာ အကောင်းဆုံးဖြစ်တဲ့ ဒီကိလေသာရန်သူ ၁၀-ပါးကို မြတ်စွာဘုရားဟာ အရဟတ္တမဂ်ဉာဏ်ဖြင့် အကြွင်းမဲ့ ပယ်သတ်တော် မူခဲ့ပါတယ်၊ ဒါကြောင့်လဲ အရဟံဆိုတဲ့ ဂုဏ်တော်ကို ရတော်မူပါတယ်၊ အဲဒါကိုလဲ ဂုဏ်တော်ဖွင့် ဘုရားရှိခိုးမှာ ဒီလို စီထားပါတယ်--
လောဘကိလေသာ, ဒေါသကိလေသာ, မောဟကိလေသာ, မာနကိလေသာ, ဒိဋ္ဌိ ကိလေသာ, ဝိစိကိစ္ဆာကိလေသာ, ထိနကိလေသာ, ဥဒ္ဓစ္စကိလေသာ, အဟိရိက ကိလေသာ, အနောတ္တပ္ပကိလေသာ တည်းဟူသော သရုပ်အားဖြင့် ကိလေသာ ဆယ်ပါး၊ အကျယ်ပွါးလျှင် တထောင့်ငါးရာ များလှစွာသော ကိလေသာ ရန်သူတို့ကို အရဟတ္တမဂ် ဓားလက်နက်ဖြင့် အကြွင်းမဲ့ ခုတ်ဖြတ် ပယ်သတ်တော်မူပြီး သောကြောင့် ရတော်မူသော အရဟံဟူသော အမည်တော်နာမ ဝိသေသ ဂုဏ်တံခွန်ဖြင့် မိုးစွန်ဘဝဂ် မဆန့်တတ်အောင် နှံ့လျက် ကျော်စောတော်မူပေသော မြတ်စွာဘုရား ..... တဲ့။
ကဲ-အဲဒါကို ဆိုကြရမယ်--
လောဘကိလေသာ, ဒေါသကိလေသာ, မောဟကိလေသာ, မာနကိလေသာ, ဒိဋ္ဌိ ကိလေသာ, ဝိစိကိစ္ဆာကိလေသာ, ထိနကိလေသာ, ဥဒ္ဓစ္စကိလေသာ, အဟိရိက ကိလေသာ, အနောတ္တပ္ပကိလေသာ တည်းဟူသော သရုပ်အားဖြင့် ကိလေသာ ဆယ်ပါး၊ အကျယ်ပွါးလျှင် တထောင့်ငါးရာ များလှစွာသော ကိလေသာ ရန်သူတို့ကို အရဟတ္တမဂ် ဓားလက်နက်ဖြင့် အကြွင်းမဲ့ ခုတ်ဖြတ် ပယ်သတ်တော်မူပြီး သောကြောင့် ရတော်မူသော အရဟံဟူသော အမည်တော်နာမ ဝိသေသ ဂုဏ်တံခွန်ဖြင့် မိုးစွန်ဘဝဂ် မဆန့်တတ်အောင် နှံ့လျက် ကျော်စောတော်မူပေသော မြတ်စွာဘုရား။
တထောင့်ငါးရာ ကိလေသာ
အဲဒီမှာ ကိလေသာတွေဟာ အသီးအသီး သရုပ်တရား ကိုယ်အားဖြင့်တော့ ၁၀-ပါးဘဲ ရှိပါတယ်။ ဒါပေမဲ့ ဒီကိလေသာတွေက မိမိသန္တာန်က ရုပ်နာမ်တွေကိုလဲ အာရုံပြုပြီး ဖြစ်တယ်၊ သူတပါးသန္တာန်က ရုပ်နာမ်တွေကိုလဲ အာရုံပြုပြီး ဖြစ်တယ်။ မိမိသန္တာန်က ရုပ်နာမ်တွေဆိုတာကလဲ စိတ်စေတသိက် နာမ်တရားက ၅၃-ပါး၊ နိပ္ဖန္နရုပ်ဆိုတာက ၁၈-ပါး၊ အာကာသဓာတ်က ၁-ပါး၊ ဇာတိ ဇရတာ အနိစ္စတာ ဆိုတဲ့ လက္ခဏရုပ်က ၃-ပါး၊ (ဥပစယနှင့် သန္တတိကို ပေါင်းတွက်ထားသည်၊ အနုဋီ ၁၊ ၁၉) အဲဒါ အားလုံးပေါင်း ၇၅-ပါး ရှိတယ်။
သူတပါးသန္တာန်ကလဲ ၇၅-ပါးဘဲ၊ အဲဒါ ၂-ရပ်ပေါင်းလျှင် ၁၅၀-ရှိတယ်၊ အဲဒီရုပ်နာမ် ၁၅၀-ထဲက တပါးတပါးကို အာရုံပြုပြီး ကိလေသာ ၁၀-ပါး ၁၀-ပါး ဖြစ်နိုင်တယ်၊
ဒါကြောင့် အဲဒီသန္တာန် ၂-ရပ်က ရုပ်နာမ်အာရုံ ၁၅၀-ကို ကိလေသာ ၁၀-ပါးနှင့် မြှောက်ပွါးလိုက်ယင် ကိလေသာ ၁၅၀ဝ-ဖြစ်ပါတယ်။
အဲဒါကို တိုတိုနဲ့ မှတ်ထားချင်ယင် “နာမ်-နိ-အာ-လက်၊ ပေါင်းလျက်တည်ထား၊ သန်-ကိ-ပွါး၊ မှတ်သားထောင့်ငါးရာ” လို့ မှတ်ထားကြရမယ်၊ ကိလေသာ တထောင့်ငါးရာ တွက်ပုံတွက်နည်းတွေကတော့ ဒိပြင်လဲရှိပါတယ်၊ ဒါပေမဲ့ အဲဒီနည်းတွေကတော့ ဒီနည်းလို ပြောဘို့မှတ်ဘို့ မလွယ်ဘူး။
အမှတ် (၃) အရ+ဟ-မှ ဖြစ်လာတဲ့ အရဟံ ပုဒ်ကတော့ ဒီမှာ ပြောလိုရင်း ဖြစ်ပါတယ်၊ တော်တော်များများလဲ ပြောရလိမ့်မယ်၊ ဒါကြောင့် နောက်ဆုံးကျမှ ပြောရမယ်။
(၄) အရဟံဂုဏ်တော်
အမှတ် (၄) အရဟန္တ-ပုဒ်မှ ဖြစ်လာတဲ့ အရဟံ-ပုဒ်၏ အနက်ကတော့ “အရဟတီတိ=ထိုက်တန်တော်မူသောကြောင့်၊ အရဟံ=အရဟံ မည်တော်မူ၏”လို့ ဆိုတဲ့ ဝစနတ္ထနှင့်အညီ လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့က လှူဒါန်းပူဇော်တဲ့ ပစ္စည်းကို အလှူခံရန် ထိုက်တန်တော်မူတယ်၊ အရိုအသေပြုခြင်း ပူဇော်ခြင်းအထူးကို ခံရန် ထိုက်တန်တော်မူတယ်လို့ ဆိုလိုပါတယ်။
လောကမှာ လူတွေက ပေးလှူပူဇော်ကြတယ်၊ အရိုအသေပြုကြတယ် ဆိုတာဟာ ရည်ရွယ်ချက် မြှော်လင့်ချက် ရှိကြပါတယ်၊ ဘယ်လိုလဲဆိုယင် ချမ်းသာကြီးပွါး ကောင်းစားချင်တဲ့ ရည်ရွယ်ချက် မြှော်လင့်ချက်တွေပါဘဲ၊ မထိုက်တန်တဲ့ ပုဂ္ဂိုလ်ကို လှူဒါန်းပူဇော်ယင် အရိုအသေပြုယင် ရည်ရွယ် မြှော်လင့်တဲ့အတိုင်း အကျိုးမရဘူး၊ ပစ္စည်းကုန် လူပန်းရုံမျှသာ ရှိပါတယ်။
မြတ်စွာဘုရားမှာတော့ လွန်ကဲထူးမြတ်တဲ့ သီလဂုဏ် သမာဓိဂုဏ် ဝိမုတ္တိဂုဏ် ဝိမုတ္တိဉာဏ ဒဿန ဂုဏ်ကျေးဇူးတွေနဲ့ လုံးဝဥဿုံ ပြည့်စုံတော်မူတဲ့အတွက် မြတ်စွာဘုရားအား ပေးလှူပူဇော်ယင် အရိုအသေပြုယင် အဲဒီပုဂ္ဂိုလ်တွေမှာ မိမိတို့ ရည်ရွယ်ချက်အတိုင်း ချမ်းသာကြီးပွါးကောင်းစားခြင်း အကျိုးတွေကို အပြည့်အဝ ရကြပါတယ်၊ အဲဒီလို ရည်ရွယ်ချက် အပြည့်အဝ ရစေနိုင်တဲ့ ဂုဏ်ထူးတွေနဲ့ ပြည့်စုံတော်မူသောကြောင့် မြတ်စွာဘုရားဟာ ပူဇော်အထူးကို ခံထိုက်တဲ့ အရဟံ မည်တော်မူပါတယ်၊ အဲဒါကိုလဲ ဂုဏ်တော်ဖွင့် ဘုရားရှိခိုးမှာ ဒီလို စီထားပါတယ် -
လွန်ကဲထူးမြတ်သော သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် ဝိမုတ္တိဂုဏ် ဝိမုတ္တိဉာဏ ဒဿန ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံတော်မူသည်ဖြစ်၍ လူမင်း နတ်မင်း ဗြဟ္မာမင်းဟု ကမ္ဘာအတွင်း၌ သမ္ဘာရင်းထူ ဂုဏ်လင်းသူတို့မှစ၍ အနန္တမဆုံး လောကကြီး တခုလုံး၏ ညွတ်ရုံးဖူးမြှော် ပူဇော်ခြင်း ဝိသေသ ထူးမြတ်သော သက္ကာရတို့ကို တောင့်တတဲ့ ချမ်းသာ လိုရာရာ အကျိုးများဖြင့် တိုးပွါးမသွေ ချမ်းသာစေ ရည်မြှော်လျက် ခံယူတော်မူထိုက်သောကြောင့် ရတော်မူသော အရဟံ-ဟူသော အမည်တော် နာမဝိသေသဂုဏ်တံခွန်ဖြင့် မိုးစွန်ဘဝဂ် မဆန့် တတ်အောင် နှံ့လျက် ကျော်စောတော်မူပေသော မြတ်စွာဘုရား .....တဲ့။
အဲဒီမှာ “ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံတော်မူသည်ဖြစ်၍” ဆိုတဲ့ ပုဒ်ကို “ခံယူတော်မူထိုက်သောကြောင့်” ဆိုတဲ့ပုဒ်နှင့် ဆက်စပ်ပြီးယူရမယ်၊ သမ္ဘာရင်းထူ ဆိုတာက ပုညသမ္ဘာရခေါ်တဲ့ ကောင်းမှု အဆောက်အဦတွေ များပြားထူပြောတဲ့ ပုဂ္ဂိုလ်တွေလို့ဆိုလိုပါတယ်၊ လောကကြီး တခုလုံးဆိုတာက သတ္တလောကကြီး တခုလုံး သတ္တဝါတွေ အကုန်လုံးလို့ ဆိုပါတယ်။ ကဲ အဲဒီ ဂုဏ်တော်ဖွင့်ကို ရွတ်ဆိုပြီး အာရုံပြုကြဦးစို့ -
လွန်ကဲထူးမြတ်သော သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် ဝိမုတ္တိဂုဏ် ဝိမုတ္တိဉာဏ ဒဿန ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံတော်မူသည်ဖြစ်၍ လူမင်း နတ်မင်း ဗြဟ္မာမင်းဟု ကမ္ဘာအတွင်း၌ သမ္ဘာရင်းထူ ဂုဏ်လင်းသူတို့မှစ၍ အနန္တမဆုံး လောကကြီး တခုလုံး၏ ညွတ်ရုံးဖူးမြှော် ပူဇော်ခြင်း ဝိသေသ ထူးမြတ်သော သက္ကာရတို့ကို တောင့်တတဲ့ ချမ်းသာ လိုရာရာ အကျိုးများဖြင့် တိုးပွါးမသွေ ချမ်းသာစေ ရည်မြှော်လျက် ခံယူတော်မူထိုက်သောကြောင့် ရတော်မူသော အရဟံ-ဟူသော အမည်တော် နာမဝိသေသဂုဏ်တံခွန်ဖြင့် မိုးစွန်ဘဝဂ် မဆန့် တတ်အောင် နှံ့လျက် ကျော်စောတော်မူပေသော မြတ်စွာဘုရား ။
(၅) အရဟံဂုဏ်တော်
အမှတ် (၅) အ+ရဟမှ ဖြစ်လာတဲ့ အရဟံ ပုဒ်၏ အနက်ကတော့ “ဆိတ်ကွယ်ရာမရှိဘူး”လို့ ဆိုလိုပါတယ်။ စိတ် နှလုံးမစင်ကြယ်တဲ့သူတွေဟာ အများ၏ မျက်မှောက်မှာတော့ ကဲ့ရဲ့ဘွယ်မရှိအောင် အစစအရာရာ စောင့်စည်း နေတယ်၊ သူတော်ကောင်းယောင် ဟန်ဆောင်နေတယ်၊ သူတပါး မမြင်လောက် မကြားလောက် မသိလောက်ဘူးလို့ ထင်ရတဲ့ မျက်ကွယ်ကျတော့ သူ့ပင်ကိုယ်ရင်း စိတ်သဘောအတိုင်း မတော်တာတွေ မကောင်းမှုတွေကို ပြုတယ်၊
ဥပမာ သူခိုးတွေဟာ ရဲအစောင့်အရှောက်တွေ, လူအများတွေ မမြင်နိုင် မသိနိုင် ဘူးလို့ ထင်ရတဲ့နေရာမှာ ခိုးတတ်တယ်၊ လူငယ် သူငယ်တွေဟာ လူကြီး,မိဘတွေ မမြင်လောက်တဲ့နေရာမှာ သူတို့အလိုရှိရာတွေကို ပြုလုပ်တတ်တယ်၊ လူကြီး လူကောင်းတွေဆိုတာလဲ အများမမြင်လောက်တဲ့ နေရာမှာ မတော်မသင့်တာကို ပြုလုပ်တာ ရှိတတ်တယ်၊ အဲဒါဟာ ဃရာ ဝါသအိမ်ထောင်မှုက ထင်ရှားသက်သေခံ နေပါတယ်၊ ဒီစကား ထည့်ပြောရတာကတော့ တခြားကြောင့် မဟုတ်ပါဘူး၊
ဘုန်းကြီး ရဟန်းငယ်ဘဝတုန်းက လူတယောက်ကသူ့မှာ ဆိတ်ကွယ်ရာ၌ မကောင်းမှုပြုတာ မရှိဘူးလို့ဆိုပြီး သူက ဒီအရဟံဂုဏ်တော်ကို ထူးခြားတယ်လို့ မထင်ဘဲရှိနေတာကို တွေ့ဘူးတဲ့အတွက် ပြောရခြင်း ဖြစ်ပါတယ်၊
တချို့လူတွေက မသိနားမလည်ယင် အလွဲအမှားတွေကို မဟုတ်ထင်နေ တတ်ပါတယ်၊ ကိုယ့်မှာ ရှိနေတဲ့ အပြစ်ကိုလဲ မမြင်တတ်ဘူး၊ သူတပါးမှာ ရှိနေတဲ့ ဂုဏ်ကိုလဲ မမြင်တတ်ဘူး။ ရသေ့, ရဟန်း,သူတော်ကောင်း ပညာရှိလို့ ဝန်ခံနေတဲ့ ပုဂ္ဂိုလ်တွေမှာ စိတ်မစင်ကြယ်ယင် ဒီလိုမျက်ကွယ်မှာ မတော်တာတွေကို ပြုတတ်ကြပါတယ်။
အမှန်ကတော့ မျက်ကွယ် ဆိတ်ငြိမ်ရာအရပ်ဆိုတာ မရှိပါဘူး၊ လူတွေက မမြင်ပေမဲ့ နတ်တွေက မြင်နေတာပါဘဲ၊ ဒါကြောင့် အရှင်သုဒိန် ပဌမပါရာဇိက အမှုကို ပြုစဉ်က မြေတည်နတ်မှစပြီး နတ်တွေက မြင်တွေ့လို့ ကြွေးကြော်လိုက်ကြတာ တခဏချင်း ဗြဟ္မာ့ပြည် ရောက်သွားတယ်လို့ ဆိုပါတယ်၊
နောက်ပြီးတော့ လူတွေ, နတ်တွေ ဘယ်သူမှ မမြင်နဲ့ဦးတော့ ကိုယ့်ဟာကိုယ်တော့ သိနေတာဘဲ၊ အဲဒါဟာ အကောင်းဆုံး အခိုင်လုံဆုံး သက်သေလို့ ဆိုပါတယ်၊ ဒါကြောင့် အပါယ်လား ကြောင်း ကံကိုပြုထားယင် ဘယ်သူမှမသိပေမဲ့ ကိုယ့်ဟာကိုယ် သိနေတဲ့အတွက် သေခါနီးမှာ ကံ, ကမ္မနိမိတ်, ဂတိနိမိတ်ထင်ပြီး အပါယ်ဘဝ ကျရောက်သွားနိုင ်ပါတယ်၊ အဲဒါ ကိုယ့်ဟာကိုယ် သက်သေခံသွားတာပါဘဲ။
မြတ်စွာဘုရားမှာတော့ စိတ်အညစ်အကြေး ကိလေသာဟူသမျှကို အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ပယ်တော်မူပြီးဖြစ်တဲ့အတွက် စိတ်နှလုံးတော် အခါခပ်သိမ်း အမြဲတမ်း စင်ကြယ်နေပါတယ်၊ မကောင်းမှုကို ပြုလိုတဲ့စိတ်, ကြံသိလိုတဲ့စိတ် ဆိုတာ လုံးဝမရှိပါဘူး၊
ဒါကြောင့် အများ၏မျက်မှောက်မှာ ကိုယ်နှုတ်နှလုံး သုံးပါးစလုံး စင်ကြယ်နေသလို တပါးတည်း သီတင်းသုံး နေတဲ့အခါလဲ စင်ကြယ်နေပါတယ်၊ ဆိတ်ကွယ်ရာကို အလိုမရှိဘူး၊ ဆိတ်ကွယ်ရာရယ်လို့ အထူးမရှိဘူး၊ အမြဲတမ်း စင်ကြယ်နေတာဘဲ။ ဒါကြောင့် “အရဟံ-ဆိတ်ကွယ်ရာ မရှိဘူး” ဆိုတဲ့ ဘွဲ့ထူး ဂုဏ်ထူးကို ရရှိတော်မူတယ်။ အဲဒါကိုလဲ ဂုဏ်တော်ဖွင့်ဘုရားရှိခိုးမှာ ဒီလို စီထားပါတယ်---
မျက်မှောက်မျက်ကွယ် အချင်းခပ်သိမ်း စင်ကြယ်၍ ဆိတ်ငြိမ်ကွယ်ရာ မရှိတော် မူသောကြောင့် ရတော်မူသော အ-ရဟံ ဟူသော အမည်တော်နာမ ဝိသေသ ဂုဏ်တံခွန်ဖြင့် မိုးစွန် ဘဝဂ် မဆန့်တက်အောင် နှံ့လျက် ကျော်စောတော် မူပေသော မြတ်စွာဘုရား .....တဲ့။
ဒါလဲ ပဋိစ္စသမုပ္ပါဒ်ဒေသနာမှ ကိလေသဝဋ်ကင်းနေတဲ့ အကြောင်းကို ထင်ရှားပြတဲ့ ဂုဏ်တော်ပါဘဲ၊ အလွန် ကြည်ညိုဘွယ် ကောင်းလှပါပေတယ်။ အဲဒါကို ရွတ်ဆိုပြီး ကြည်ညိုကြဦးစို့ -
မျက်မှောက်မျက်ကွယ် အချင်းခပ်သိမ်း စင်ကြယ်၍ ဆိတ်ငြိမ်ကွယ်ရာ မရှိတော် မူသောကြောင့် ရတော်မူသော အ-ရဟံ ဟူသော အမည်တော်နာမ ဝိသေသ ဂုဏ်တံခွန်ဖြင့် မိုးစွန် ဘဝဂ် မဆန့်တက်အောင် နှံ့လျက် ကျော်စောတော် မူပေသော မြတ်စွာဘုရား။
(၃) အရဟံဂုဏ်တော်
ယခု အမှတ် (၃) လိုရင်းဂုဏ်ပုဒ်ကို ပြောရမယ်။ လှည်ဘီး ရထားဘီး စက်ဘီးများ၏ ထောက် (စပုတ်) တိုင်ကို ပါဠိလို ‘အရ’လို့ ခေါ်ပါတယ်။ ဟန္တ=ဟပုဒ်က ဖျက်တယ်လို့ အနက်ရှိတယ်။ အရ-နဲ့ ဟ ပေါင်းလိုက်တဲ့အခါ အရဟံ=ဘီး၏ ထောက်-အကန့်တို့ကို ခုတ်ဖြတ်ဖျက်ဆီးတယ်လို့ အနက်ရတယ်၊ ဘယ်လို ထောက်-အကန့်တွေကို ဘယ်လိုခုတ်ဖြတ် ဖျက်ဆီးသလဲဆိုယင် ပဋိစ္စသမုပ္ပါဒ် သံသရာစက်ဘီး၏ ထောက်-အကန့်တွေကို အရဟတ္တမဂ် ဉာဏ်သန်လျက်ဖြင့် ခုတ်ဖြတ် ဖျက်ဆီးတော်မူပါတယ်။
ဖျက်ဆီးပုံကတော့-ပဋိစ္စသမုပ္ပါဒ် ဒေသနာမှာလာတဲ့ ကိလေသဝဋ်, ကမ္မဝဋ်, ဝိပါကဝဋ်ဆိုတဲ့ ဝဋ်သုံးပါး တလှည့်စီ မပြတ်လည်ပြီး ဖြစ်နေတာကို သံသရာစက်လို့ ခေါ်ပါတယ်၊ အဲဒီ သံသရာစက်ဘီးမှာ အဝိဇ္ဇာက မူလရင်း ဖြစ်သောကြောင့် ဘီး၏ပုံတောင်းနဲ့ တူပါတယ်။ ဇရာမရဏကတော့ အဆုံးစွန် ဖြစ်သောကြောင့် ဘီး၏ ဘေးပတ်လည် အဝိုင်း-အကွပ်နဲ့ တူပါတယ်၊ သင်္ခါရမှ ဇာတိကျအောင် အလယ်ပိုင်း အင်္ဂါ ၁၀-ပါးကတော့ ဘီး၏ ထောက်တိုင် (အကန့်)တွေနဲ့ တူပါတယ်။
လှည်းဘီး, ရထားဘီး, စက်ဘီးများဟာ အလည်က ထောက်တိုင်တွေ ကျိုးပြတ် ကုန်ယင် ပုံတောင်းနဲ့ အကွပ်တခြားစီဖြစ်ပြီး မလိမ့်နိုင်, မလည်နိုင်, မသွားနိုင် တော့ဘူး၊
အဲဒါလိုဘဲ ဒီပဋိစ္စသမုပ္ပါဒ် သံသရာစက်ဘီးကြီးမှာလဲ ပုံတောင်းသဖွယ်ဖြစ်တဲ့ အဝိဇ္ဇာနဲ့ အကွပ်သဖွယ်ဖြစ်တဲ့ ဇရာမရဏတို့ကို ဆက်သွယ်ပေးတဲ့ သင်္ခါရမှ ဇာတိကျအောင် အလယ်ပိုင်းတရားတွေကို ပယ်ဖျက်လိုက်ယင် မလည်နိုင် တော့ပါဘူး။ အဲဒီလို သံသရာစက်ကြီး မလည်နိုင်အောင် ထောက်အကန့်နဲ့တူတဲ့ သင်္ခါရ အစရှိသော အလယ်ပိုင်းက အင်္ဂါတွေကို မြတ်စွာဘုရားက အရဟတ္တမဂ် ဉာဏ်တော်ဖြင့် စွန့်ပယ် ဖျက်ဆီးတော်မူပါတယ်။ အဲဒါကို ဂုဏ်တော်ဖွင့် ဘုရားရှိခိုးမှာ ဒီလို စီထားပါတယ် -
ပုံတောင်းတူစွာ အဝိဇ္ဇာတရပ် အကွပ်ပမာ ဇရာမရဏပတ်လည် စသည့် ပဋိစ္စသမုပ္ပါဒ် ရဟတ်သံသရာ ဘီးစကြာဝယ် သင်္ခါရမှ ဇာတိကျအောင် အလယ်က ဆယ်တန် ထောက်အကန့်တို့ကို အရဟတ္တမဂ် ဉာဏ်သန်လျက်ဖြင့် မဆက်မစပ် အကုန်လုံး ပြတ်အောင် ခုတ်ဖြတ်ဖျက်ဆီး စွန့်ပယ်တော်မူပြီးသောကြောင့် ရတော်မူသော အရ-ဟံ ဟူသော အမည်တော်နာမ ဝိသေသဂုဏ်တံခွန်ဖြင့် မိုးစွန်ဘဝဂ် မဆန့်တက်အောင် နှံ့လျက် ကျော်စောတော်မူပေသော မြတ်စွာဘုရား .....တဲ့။
အဲဒီမှာ အလယ်က ဆယ်တန် ထောက်-အကန့်တွေဆိုတာ -
(၁) သင်္ခါရ၊
(၂) ဝိညာဏ်၊
(၃) နာမ်ရုပ်၊
(၄) သဠာယတန၊
(၅) ဖဿ၊
(၆) ဝေဒနာ၊
(၇) တဏှာ၊
(၈) ဥပါဒါန်၊
(၉) ဘဝ၊
(၁၀) ဇာတိ - ဆိုတဲ့ ဒီဆယ်ပါးပါဘဲ။
ဒီနေရာမှာ သင်္ခါရမှ ဇာတိကျအောင် အလယ်က အင်္ဂါ ၁၀-ပါးကို ပယ်တယ်ဆိုတော့ အဝိဇ္ဇာနဲ့ ဇရာမရဏကတော့ ကျန်နေပါသေးသလား-လို့ မေးစရာ ရှိပါတယ်။ အဲဒီ ၂-ပါးလဲ မကျန်ပါဘူး၊ ဇာတိကို ပယ်လိုက်ယင် ဇရာမရဏ ဆိုတာလဲ မရှိနိုင်တော့ဘူး၊ ဝိညာဏ် နာမ်ရုပ် စသည်ကို ပယ်လိုက်ယင် အဝိဇ္ဇာလဲ မဖြစ်နိုင်တော့ပါဘူး။
ဒါပေမဲ့ အရဟံပုဒ်ထဲမှာပါတဲ့ “အရ” သဒ္ဒါက ထောက်တိုင် လို့သာ အနက် ရှိတဲ့အတွက် ထောက်-တိုင်နဲ့တူတဲ့ အလယ်က အင်္ဂါဆယ်ပါးကို ဖျက်ဆီးတယ် လို့သာ ဆိုရခြင်းဖြစ်ပါတယ်၊ ဝေါဟာရမျှပါဘဲ၊ စင်စစ်အားဖြင့် ကျရောက်တဲ့အနက် ကတော့ အလယ်ကအင်္ဂါတွေမရှိယင် အဝိဇ္ဇာနဲ့ ဇရာမရဏတို့လဲ မဖြစ်နိုင်တော့တဲ့ အတွက် ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၂-ပါးလုံးကို ပယ်ဖျက်တယ်လို့ဘဲ ဆိုလိုခြင်း ဖြစ်ပါတယ်။
ထောက်အကန့်တို့ကို ပယ်ဖျက်ပုံ
ပယ်ပုံအားဖြင့် ပြောရမယ်ဆိုယင် ကိလေသဝဋ်ထဲမှာ မူလရင်း အချုပ်အခြာဖြစ်တဲ့ အဝိဇ္ဇာကစပြီး ပယ်ရပါတယ်၊ အဲဒီအဝိဇ္ဇာကို မပယ်နိုင်ယင်တော့ အဲဒီအဝိဇ္ဇာကြောင့် သင်္ခါရ ဝိညာဏ်အစရှိတဲ့ နောက်လိုက်အင်္ဂါတွေအကုန်လုံး ဖြစ်ပွါးသွားမယ်။
ဘယ်လိုလဲဆိုယင် အပါယ် ၄-ပါး, လူဘဝ, နတ်ဘဝဆိုတဲ့ ကာမဘဝ၌ မသိမှု-သိမှားမှု အဝိဇ္ဇာရှိလျှင် ကာမဘဝကို ဖြစ်စေတတ်တဲ့ ကာမုကုသိုလ် အကုသိုလ်ကံ သင်္ခါရတွေဖြစ်တယ်၊ ဒါနသီလ အစရှိသော ကာမကုသိုလ်ကံတွေ, ပါဏာတိပါတ အစရှိသော အကုသိုလ်ကံတွေပါဘဲ။
အဲဒီကံ သင်္ခါရကြောင့် ကာမဘဝ၌ ပဋိသန္ဓေဝိညာဏ် ဖြစ်တယ်၊ အပါယ် ၄-ပါး ပဋိသန္ဓေ, နတ်ပဋိသန္ဓေ, ဝိညာဏ်တွေပါဘဲ။ အဲဒီ ပဋိသန္ဓေ ဝိညာဏ်ဖြစ်ယင် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ အကျိုးတရား ၄-ပါးလဲ ဖြစ်တော့တာဘဲ။
အဲဒီလို အကျိုးတရားတွေ ဖြစ်နေရာမှာ မသိမှု-သိမှားမှု အဝိဇ္ဇာ ဖြစ်ပြန်လျှင် တဏှာဥပါဒါန်ဘဝဆိုတဲ့ ပစ္စုပ္ပန်အကြောင်းတရားတွေလဲ ဖြစ်ဦးမယ်၊ တဖန် ကမ္မဘဝကြောင့် အနာဂတ်ဘဝ၌ ဇာတိ ဇရာ မရဏလဲ ဖြစ်သွားဦးမယ်။ ဒါက ကာမဘဝကို မသိတဲ့ အဝိဇ္ဇာမှ စပြီး သံသရာစက် လည်သွားပုံဘဲ။
နောက်ပြီးတော့ ရူပဗြဟ္မာဘဝ၌ မသိမှု-သိမှားမှု အဝိဇ္ဇာရှိလျှင် အဲဒီ ရူပဘဝဖြစ်စေတဲ့ ရူပဈာန် ကုသိုလ်သင်္ခါရတွေကို ဖြစ်အောင်အားထုတ်တယ်၊ အဲဒီ ရူပဈာန် သင်္ခါရကြောင့် ရူပဗြဟ္မာဘဝ၌ ပဋိသန္ဓေဝိညာဏ် ဖြစ်တယ်။ အဲဒီ ဝိညာဏ်နှင့် အတူ နာမ်ရုပ် အာယတန ဖဿ ဝေဒနာဆိုတဲ့ အကျိုး ၄-ပါးလဲ ဖြစ်တယ်၊
အဲဒီ အကျိုးတရားတွေကို အနိစ္စ စသည်ဖြင့် အမှန်အတိုင်းမသိတဲ့ အဝိဇ္ဇာဖြစ်ပြန်လျှင် တဏှာ ဥပါဒါန် ကမ္မဘဝဆိုတဲ့ ပစ္စုပ္ပန်အကြောင်းတရားတွေလဲ ဖြစ်မယ်၊ အဲဒီ ကမ္မဘဝကြောင့် အနာဂတ်ဘဝ၌ ဇာတိ ဇရာမရဏဆိုတဲ့ အကျိုးတရားတွေလဲ ဖြစ်သွားမယ်။ အဲဒီလို ဖြစ်ပုံကို ဗကဗြဟ္မာကြီး ဝတ္ထုဖြင့် သိနိုင်ပါတယ်။
ဗကဗြဟ္မာဝတ္ထု
ပဌမဈာန် ဗြဟ္မာ့ဘုံမှာ ဗကဆိုတဲ့ မဟာဗြဟ္မာကြီး ရှိတယ်၊ သူက ရှေးဘဝတုန်းက ရသေ့ပြုပြီး ကသိုဏ်း ပရိကံကိုပြုလို့ စတုတ္ထဈာန်ကို ရခဲ့တယ်၊ အဲဒီဈာန် သင်္ခါရ၏အစွမ်းကြောင့် ဝေဟပ္ဖိုလ်ခေါ်တဲ့ စတုတ္ထဈာန် ဘုံမှာဖြစ်ခဲ့တယ်၊ အဲဒီဘုံမှာ ကမ္ဘာပေါင်း ငါးရာပတ်လုံး တည်နေခဲ့တယ်။ အဲဒီဘဝမှာ တတိယဈာန်ကိုပွါးစေခဲ့လို့ အဲဒီဘဝမှာ စုတေတဲ့အခါ သုဘကိဏှာ ဆိုတဲ့ တတိယဈာန်ဘုံမှာ ၆၄-ကမ္ဘာ အသက်ရှည်တဲ့ ဗြဟ္မာကြီး ဖြစ်ခဲ့တယ်။ အဲဒီ ဘဝမှာလဲ ဒုတိယဈာန်ကို ပွါးစေခဲ့လို့ အဲဒီဘုံမှ စုတေတဲ့အခါ အာဘဿရာဆိုတဲ့ ဒုတိယဈာန်ဘုံမှာ ရှစ်ကမ္ဘာ အသက်ရှည်တဲ့ ဗြဟ္မာကြီး ဖြစ်ခဲ့ပြန်တယ်။
အဲဒီ ဘဝမှာလဲ ပဌမဈာန်ကို အထူးအမြတ် ပွါးစေခဲ့တဲ့အတွက် အဲဒီဘုံမှ စုတေတဲ့အခါ ပဌမဈာန်ဘုံမှာ မဟာဗြဟ္ဗာကြီး ဖြစ်နေပါတယ်။ အစ ပဌမတုန်းကတော့ မည်သည့် ကုသိုလ်ကြောင့် မည်သည့်ဘုံမှာ ဖြစ်ခဲ့ရတယ်၊ မည်မျှ အသက်ရှည်ခဲ့တယ်ဆိုတာ သိခဲ့တယ်၊ ကာလကကြာတော့ အဲဒါကို မေ့ပြီး သူ့ဘဝဟာ မအို, မသေ, ထာဝရမြဲနေတယ်လို့ အထင် အယူရှိလာပါသတဲ့။ အဲဒါကို မူလပဏ္ဏာသ ပါဠိ (၄၀၁)မှာ ဒီလို ပြထားပါတယ်--
ဘိက္ခဝေ၊ ရဟန်းတို့။
တေန ခေါ ပန သမယေန၊ ထိုသို့ ငါသည် ဥက္ကဋ္ဌမြို့ အနီး သုဘဂတော၌ သီတင်းသုံးနေစဉ်ကာလ၌။
ဗကဿ ဗြဟ္မုနော၊ ဗကဗြဟ္မာအား။
ဧဝရူပံ၊ ဤသို့ သဘောရှိသော။
ပါပကံ၊ ယုတ်ညံ့သော။
ဒိဋ္ဌိဂတံ၊ အယူမှားသည်။
ဥပ္ပန္နံ ဟောတိ၊ ဖြစ်ပေါ်၏။
ဣဒံ နိစ္စံ၊ ဤကိုယ် ဤအမြဲတမ်းတည်၏။
ဣဒံ ဝေကလံ၊ ဤကိုယ် ဤဌာနသည် လိုလေသေးမရှိ ပြည့်စုံ၏။
ဣဒံ အစဝနဓမ္ံ၊ ဤကိုယ် ဤဌာနသည် စုတေခြင်း သေခြင်းသဘော မရှိ။
ဣဒံ န ဇာယတိ န ဇီယတိ န မီယတိ၊ ဤကိုယ် ဤဌာနသည် မဖြစ်, မအို, မသေ။
န စဝတိ န ဥပပဇ္ဇတိ၊ မစုတေ ကပ်ရောက်၍ မဖြစ်။
ဣတော စ ပနညံ ဥတ္တရိ နိဿရဏံ နတ္ထိ၊ ဤကိုယ် ဤဌာနမှ တခြားတပါးသော ထွက်မြောက်ရာလည်း မရှိတော့ပြီ။
ဣတိ၊ ဤသို့ အယူမှား ဖြစ်ပေါ်၏-
လို့ ပြဆိုထားပါတယ်။
အဲဒီအခါမှာ အဲဒီ ဗြဟ္မာကြီး၏ မိစ္ဆာအယူကို ဖြေရှင်းပယ်ဖျောက်ဖို့ မြတ်စွာဘုရားက အဲဒီ ဗြဟ္မာ့ဘုံကို အဘိညာဉ် တန်ခိုးဖြင့် ကြွတော်မူပါတယ်။ အဲဒီ ရောက်တဲ့အခါ ကျတော့ ဗကဗြဟ္မာကြီးက မြတ်စွာဘုရားကို ဒီလို ဖိတ်ခေါ်ပါတယ်၊
“လာပါ အရှင်ဂေါတမ ... ကောင်းသော လာခြင်းပါဘဲ၊ ဒီကိုလာဘို့ အလှည့်က နောက်ကျ သကိုး၊ ဒီဘုံဌာနက မြဲပါတယ် ခိုင်ခံ့ပါတယ်၊ အမြဲတမ်း တည်နေပါတယ်၊ လိုလေသေးမရှိ ပြည့်စုံပါတယ်၊ စုတေခြင်းသဘော မရှိပါ၊ ဒီဘုံဌာနမှာ မဖြစ်, မအို, မသေပါ, မစုတေပါ, ကပ်၍ မဖြစ်ပါ၊ ဒီဌာနမှ တပါးလဲ လွန်ကဲထူးမြတ်သော ထွက်မြောက်ရာ မရှိတော့ပါဘူး” လို့ ဖိတ်ခေါ်ပါတယ်။
ဒီတော့ မြတ်စွာဘုရားက အခြား ဗြဟ္မာတွေအား ပြောကြားပါတယ်၊ အို ဗြဟ္မာတို့ ... ဗကဗြဟ္မာဟာ မသိမှု-သိမှားမှု အဝိဇ္ဇာအားကြီးလှ၏။ မမြဲတာ, မခိုင်တာ, မတည်တာကိုပင် မြဲသည် ခိုင်သည် တည်သည်ဟု ဆိုဘိ၏။ မပြည့်စုံတာကို ပြည့်စုံသည်ဟု ဆိုဘိ၏။ စုတေခြင်း သေခြင်းသဘော ရှိနေတာကိုပင် စုတေခြင်း သေခြင်းသဘောမရှိဟု ဆိုဘိ၏၊
ဖြစ်ရာ, အိုရာ, သေရာ, စုတေရာ, ကပ်၍ ဖြစ်ရာဌာနကိုပင် ဤဌာနမှာမဖြစ်, မအို, မသေ, မစုတေ, ကပ်၍ မဖြစ်ဟု ဆိုဘိ၏၊ ဤဌာနမှ တခြားတပါး လွန်ကဲထူးမြတ်သော ထွက်မြောက်စရာ ရှိနေပါလျက် မရှိဟု ဆိုဘိ၏၊ ထိုကြောင့် မသိမှု အားကြီးလှသည်ဟု မြတ်စွာဘုရားက မိန့်ကြားတော် မူပါတယ်။
ဒီလိုမိန့်တော်မူတဲ့အခါ ဗကဗြဟ္မာက သူ့စကားမှန်တဲ့အကြောင်း၊ သူ့ဌာနမှတပါး ထွက်မြောက်ရာ မရှိတဲ့အကြောင်း၊ တခြားထွက်မြောက်ရာကို မြှော်လင့်ပြီး အားထုတ်နေလျှင် ဆင်းရဲပင်ပန်းရုံမျှသာ ရှိမည့်အကြောင်း၊ သူ့ဌာနက ပထဝီ အာပေါ တေဇော ဝါယောနှင့် ဘူတ ဒေဝ ပဇာပတိ တို့ကို လက်ခံသိမ်းပိုက်လျှင် သူ၏အနီးနေ သူ၏နောက်လိုက်အဖြစ်ဖြင့် နေရမည့် အကြောင်း၊ သူက အလိုရှိတိုင်း စီမံ ဖန်ဆင်းနိုင်ကြောင်းများကို ပြန်ပြောပါတယ်။
ဒီတော့ မြတ်စွာဘုရားက “ဗကဗြဟ္မာ ... သင်၏ အကျိုးပေးပုံနဲ့ တန်ခိုးအစွမ်းကို ငါသိပါသည်၊ နေတစင်းနှင့် လတို့ထွန်းလင်းရာ အရပ်ကို စကြာဝဠာတခု ခေါ်သည်၊ အဲဒီလို စကြာဝဠာတထောင်မှာ သင်၏ အလိုအတိုင်း ဖြစ်နိုင်သည်၊
(သူ၏စကားကို သူ့အောက် ဗြဟ္မာများ နတ်များက နာခံကြသည်ဟု ဆိုလို၏။)
သင့်ဘုံထက် မြင့်မြတ်သော အာဘဿရာဘုံ ဆိုတာ ရှိသည်၊ အဲဒီဘုံကို သင် မသိဘူး၊ သင်ဟာ တချိန်က အဲဒီဘုံမှာ ဖြစ်ခဲ့တယ်၊ အဲဒီဘုံမှ စုတေပြီး သင်ဟာ ဒီဘုံမှာ ဖြစ်နေတယ်၊ ကာလကြာမြင့်သွားသောကြောင့် အဲဒီဘုံ၌ ဖြစ်ခဲ့တာကို သင်မေ့သွားတယ်၊ အဲဒီအကြောင်းကို ငါသိတယ်။ အဲဒီ အာဘဿရာဘုံထက် မြင့်မြတ်သော သုဘကိဏှာဘုံ ဆိုတာလဲ ရှိတယ်၊
အဲဒါထက် မြင့်မြတ်သော ဝေဟပ္ဖိုလ်ဘုံ ဆိုတာလဲ ရှိတယ်၊ အဘိဘူမည်သော အသညသတ် ဗြဟ္မာ အပေါင်းလဲ ရှိတယ်၊ အဲဒီဗြဟ္မာ့ဘုံတွေကို သင်မသိ မမြင်ဘူး၊ ငါသိတယ် မြင်တယ်၊ ဒါကြောင့် ငါဟာ သင့်အောက်လဲ မကျဘူး၊ သင်နှင့်တန်းတူလဲ မဟုတ်ဘူး၊ သင့်ထက် မြင့်မြတ်တယ် စသည်ဖြင့် ထုတ်ဖော်ပြီး မိန့်ကြားတော်မူပါတယ်၊
နောက်ပြီးတော့ ဗကဗြဟ္မာဟာ ရှေးဘဝတွေက အသက်ရှည်ကြောင်း ကောင်းမှု တွေကို ပြုခဲ့တဲ့ အကြောင်းများကိုလဲ ထုတ်ဖော်ပြီး ဟောကြားတော်မူပါတယ်။ အဲဒီလို ရှေးဟောင်းနှောင်းဖြစ်တွေကို ထုတ်ဖော်ပြတော့ ဗကဗြဟ္မာက ဟုတ်ကောင်း ဟုတ်ပေလိမ့်မယ်လို့ နဲနဲ ယုံကြည် သက်ဝင်လာတယ်။ ဒါတောင် စိတ်နှလုံး တုံးတုံးကျ ယုံကြည်တာ မဟုတ်သေးဘူး၊
သူက ပိုပြီးတန်ခိုးကြီးတယ်လို့ ထင်နေသေးတယ်၊ ဒါကြောင့် သူက ဘယ်သူမှမမြင်ရအောင် တန်ခိုးဖြင့် ပုန်းကွယ်လိုက်တော့မယ် လို့ ပြောတယ်။ ဒီတော့ မြတ်စွာဘုရားက ကောင်းပြီ ဗကဗြဟ္မာက သူအစွမ်းရှိသမျှ မြတ်စွာဘုရားနှင့် အခြားဗြဟ္မာတွေ မမြင့်ရအောင် ပုန်းကွယ်ပါတယ်၊ အခါတိုင်းဆိုယင် သူ့ကို အခြားဗြဟ္မာတွေက မမြင်ရဘူး၊ သူကပြမှသာ မြင်ရတယ်၊ ယခုတော့ မြတ်စွာဘုရားက မပျောက်မကွယ်နိုင်အောင် အဓိဋ္ဌာန်ပြုထားပါတယ်။ ဒါကြောင့် အခြားဗြဟ္မာတွေကပါ ဗကဗြဟ္မာကို မြင်နေကြတယ်၊
ဟော ဗကဗြဟ္မာကြီး ဘယ်နေရာမှာထိုင်နေတယ်၊ ရပ်နေတယ် စသည်ဖြင့် အခြားဗြဟ္မာတွေက ပြောကြတယ်၊ အဲဒီလို ဗကဗြဟ္မာ မပုန်းကွယ် နိုင်ကြောင်း ထင်ရှားတဲ့အခါမှာ မြတ်စွာဘုရားက ငါပုန်းကွယ်မယ်လို့ မိန့်တော်မူပြီး အဲဒီဗြဟ္မာ တွေရဲ့အနီး မျက်မှောက်မှာဘဲ တန်ခိုးဖြင့် ပုန်းကွယ်နေတော်မူပါတယ်၊ ဗြဟ္မာတွေက မမြင်ရပေမဲ့ အနီးမျက်မှောက် တွင်ဘဲ ရှိတယ်ဆိုတာကို သိရအောင် လို့ တရားဂါထာ တပုဒ်ကိုလဲ ရွတ်ဆို ဟောကြားတော်မူပါတယ်။
ဘဝေ ဝါဟံ ဘယံ ဒိသွာ၊
ဘဝဉ္စ ဝိဘဝေ သိနံ။
ဘဝံ နာဘိဝဒိံ ကဥ္စိ၊
နန္ဒိဉ္စ န ဥပါဒိယိံ။
ဘဝေ၊ ကာမ ရူပ အရူပ ဟူသော သုံးပါးသော ဘဝ၌။
ဘယံ၊ ဖြစ်ခြင်း, အိုခြင်း, သေခြင်း အစရှိသော ကြောက်ဖွယ်ဘေးကို။
ဒိသွာ ဧဝ၊ မြင်သောကြောင့်သာလျှင်။
ဝိဘဝေသီနံ၊ ဘဝကင်းရာ (နိဗ္ဗာန်) ကို ရှာမှီးသော ပုဂ္ဂိုလ်တို့၏။
ဘဝဉ္စ၊ ဘဝ၌သာလျှင် ဖြစ်နေရခြင်းကိုလည်း။
ဒိသွာ ဧဝ၊ မြင်သောကြောင့်သာလျှင်။
ကဥ္စိ ဘဝံ၊ တစုံတခုသော ဘဝကိုမျှ။
အဟံ၊ ငါသည်။
နာဘိဝဒိံ၊ မချီးမွမ်းသတည်း။
နန္ဒိဉ္စ၊ ဘဝ၌နှစ်သက်ပျော်ကာ တွယ်တာသော တဏှာကိုလည်း။
န ဥပါဒိယိံ၊ ဆုပ်ကိုင်မထားဘဲ စွန့်လွှတ်ခဲ့ပေသတည်း
လို့ ရွတ်ဆို ဟောကြားတော်မူပါတယ်။
ဒီဂါထာဟာ အလွန်လေးနက်တဲ့ အဓိပ္ပါယ် ရှိပါတယ်။ ဗကဗြဟ္မာက သူ့ဘဝ သူ့ဌာနကို ကောင်းလှပြီ မအိုတော့ဘူး၊ မသေမပျက်တော့ဘူး၊ ဒါထက်ကောင်းတဲ့ တရား ကောင်းတဲ့ ဌာနလဲ မရှိတော့ဘူးလို့ အထင်ရှိနေတယ်၊ ဒီလိုထင်တဲ့ အခြားဗြဟ္မာတွေလဲ နည်းလှမယ်မဟုတ်ဘူး။ ဘာကြောင့်လဲဆိုယင် သူတို့က ကမ္ဘာနဲ့ချီပြီး အသက်ရှည်နေတော့ မသေတော့ဘူးလို့ ထင်စရာ ဖြစ်နေပါတယ်၊
လူ့လောကမှာတောင် အသက်တသိန်းတန်းက ကျော်တဲ့အခါမှာ လူတွေဟာ အနိစ္စသဘော သေခြင်းတရား ထင်မြင်ခဲတဲ့အတွက် ဘုရားမပွင့်ဘူးလို့ အဆို ရှိပါတယ်။ ယခုနေ အခါမှာတောင် တချို့လူတွေဟာ အရွယ်ကလဲကောင်းတုန်းမှာ ပစ္စည်းဥစ္စာ အခြွေအရံ အလုပ်အကိုင် စသည်ကလဲ အဆင်ပြေနေမယ်ဆိုယင် အိုခြင်း, နာခြင်း,သေခြင်း ဆိုတာတွေဟာ သူတို့နှင့် မဆိုင်သလိုလိုဘဲ ဖြစ်နေတယ်၊ ဘာမျှ ဂရုမစိုက်ဘူး၊ အမြဲ တည်နေရမလောက်ပဲ သူတို့ကို သူတို့ အထင်ကြီး နေကြတယ်။
အဲဒီလို ကိုယ့်ဘဝနဲ့ ကိုယ့်ဌာနကို အထင်ကြီးပြီး အားကိုးနေကြတဲ့ ဗကဗြဟ္မာ အစရှိတဲ့ ဗြဟ္မာတွေကို သတိသံဝေဂရစေရန် မြတ်စွာဘုရားက ဒီဂါထာဖြင့် ဟောကြားတော်မူပါတယ်။
အကျဉ်းချုပ် ဆိုလိုတာကတော့ ဘဝ သုံးပါးမှာ ကြောက်ဖွယ် ဘေးတွေကိုလဲ မြင်ပါတယ်၊ ဘဝကိုအပြစ်မြင်ပြီး ဘဝမှ လွတ်မြောက်ရာကို ရှာကြံတဲ့သူတွေလဲ ရူပဘဝ အရူပဘဝတွေကို နိဗ္ဗာန်ထင်မှတ်ပြီး အဲဒီဌာနတွေ ရောက်ရအောင် အားထုတ်တဲ့အတွက် အဲဒီ ရူပ အရူပဘဝထဲမှာဘဲ ပြန်ကျနေတာကိုလဲ မြင်ပါတယ်။ ဒါကြောင့် ဘယ်ဘဝကိုမှ ကောင်းတယ် မြဲတယ် ချမ်းသာတယ်လို့ မချီးမွမ်းပါဘူးတဲ့၊ ဘဝထဲမှာ ပျော်မွေ့နှစ်သက်တတ်တဲ့ တဏှာကိုလဲ ဆုပ်ကိုင်မထားတော့ဘဲ လုံးလုံး စွန့်လွှတ်လိုက်ပါသတဲ့။
ဗကဗြဟ္မာဟာ အသက်ရှည်ကြောင်း ကံကို ဆည်းပူးခဲ့တဲ့ ဘဝတုန်းက ရသေ့ပြုပြီး သမထဘာဝနာကို အားထုတ်ခဲ့တယ်။ အဲဒါဟာ သာမည ရည်ရွယ်ချက်နဲ့ မဟုတ်ဘူး၊
ဇာတိ ဇရာ ဗျာဓိ မရဏဿ၊ ပဋိသန္ဓေတည်နေရခြင်း, အိုရခြင်း, နာရခြင်း, သေရခြင်း၏။
အန္တံ၊ အဆုံးဖြစ်သော တရားထူးကို။
ကိရိဿာ-မီတိ၊ ပြုအံ့ဟူ၍ ရည်ရွယ်လျက်။
နိက္ခမ္မ၊ တောထွက်၍။
ဣသိပဗ္ဗဇ္ဇံ ပဗ္ဗဇိတွာ၊ ရသေ့ရဟန်း ပြု၍။
သမာပတ္တိယော နိဗ္ဗတ္တေတွာ၊ ဈာန်သမာပတ်တို့ကို ဖြစ်စေ၍။ပ။
ဈာနရတိယာ၊ ဈာန် ဟူသော ပျော်မွေ့ခြင်းဖြင့်။
ဝီတိနာမေတိ၊ အချိန်ကုန်စေတယ်
လို့ ဆိုထားပါတယ်။
ဒါကြောင့် အဲဒီတုန်းက ရထားတဲ့ ဈာန်နဲ့ နောက်ကာလမှာရတဲ့ဗြဟ္မာဘဝကို လမ်းဆုံးတရားအမြတ်ဆုံးဌာနလို့ ယူဆထားကြောင်း ထင်ရှားပါတယ်။ ဒါကြောင့်ဘဲ သူက ဤဘဝ ဤဌာနဟာ မြဲတယ် စသည်ဖြင့် ချီးမွမ်းတာပါဘဲ။
မြတ်စွာဘုရားကတော့ အဲဒီ ဗကဗြဟ္မာရဲ့ ဘဝကိုလဲ မချီးမွမ်းဘူး၊ အဲဒါထက် မြင့်မြတ်တဲ့ ဗြဟ္မာ ဘဝတွေကိုလဲ မချီးမွမ်းဘူး၊ ဘာကြောင့်လဲ အဲဒီဘဝတွေမှာ ကြောက်ဖွယ်ဘေးတွေကို မြင်နေလို့ပါဘဲ၊ ဗြဟ္မာဘဝမှာ နာခြင်းဆိုတာ မရှိဘူး၊ အိုခြင်းဆိုတာလဲ မထင်ရှားဘူး၊ ဒါပေမဲ့ အသက်တမ်းကုန်တဲ့ အခါမှာ သေကြရမှာ ချည်းဘဲ။ သူတို့ရဲ့ အသက်တမ်းက တချို့မှာ အသင်္ချေယျကပ်တကပ် လောက်ပဲ ရှိပါတယ်၊ အချို့မှာ မဟာကပ်ကြီး နှစ်ကပ်မှစပြီး ငါးရာအထိလဲ ရှိပါတယ်။
သုဒ္ဓါဝါသမှာ တထောင်မှစပြီး တသောင်းခြောက်ထောင်အထိလဲ ရှိပါတယ်၊ အရူပ လေးဘုံမှာတော့ နှစ်သောင်း လေးသောင်း ခြောက်သောင်းနှင့် ရှစ်သောင်း လေးထောင် အသီးအသီး ရှိပါတယ်။ ဗကဗြဟ္မာကြီးကတော့ ပဌမဈာန်ဘုံက ဖြစ်တဲ့အတွက် မဟာကပ်၏ လေးပုံတပုံရှိတဲ့ အသင်္ချေယျ တကပ်သာ အသက်တမ်း ရှိပါတယ်။ အဲဒီ အသက်တမ်းကုန်လို့ စုတေတဲ့အခါ ဘာဖြစ်ရမလဲဆိုယင် ရူပဈာန်တွေ ရယင်တော့ အဲဒီ ရူပဈာန်ဘုံတွေမှာဘဲ ဆက်ပြီးဖြစ်မှာပါဘဲ။
ဒါပေမဲ့ မိမိဘဝကို မြဲတယ် ထင်နေတော့ နောက်ဘဝအတွက် ဘာမျှ အားထုတ်မယ်မဟုတ်ပါဘူး။ အဲဒီတော့ အဲဒီဘဝက စုတေတဲ့အခါမှာ လူ့ဘဝ နတ် ဘဝမှာ ဖြစ်ဖို့ဘဲရှိပါတယ်၊ အဲဒီ လူ့ဘဝနတ်ဘဝ ရောက်တဲ့အခါ ကုသိုလ်ကံကိုပြုလျှင် သုဂတိဘဝတွေမှာ ဖြစ်သွားနိုင်ပါတယ်၊ အကုသိုလ်ကံတွေ ပြုမိယင်တော့ အပါယ်လေးပါးလဲ ကျသွားနိုင်သေးတာဘဲ။ ဒီပုံဒီနည်းဖြင့် သံသရာ ဆင်းရဲတွေကို တွေ့သွားရမယ်။
ဒီလိုဘဝ၏အပြစ်တွေကို မြင်တော်မူတဲ့အတွက်လဲ မြတ်စွာဘုရားက ဘဝကို မချီးမွမ်းတာပါဘဲ၊မချီးမွမ်းရုံမျှ မဟုတ်သေးဘူး၊ ကဲ့ရဲ့လဲ ကဲ့ရဲ့ရှုတ်ချတော်မူပါတယ်၊ တဘဝဖြစ်ယင် အိုခြင်း နာခြင်း သေခြင်း ဆင်းရဲကို တကြိမ်တွေ့ရမယ်၊ ဆယ်ဘဝဖြစ်ယင် ဆယ်ကြိမ် တွေ့ရမယ်၊ ဘဝတရာ ဖြစ်ယင် အကြိမ်တရာ တွေ့ရမယ် စသည်ဖြင့် ကဲ့ရဲ့ ရှုတ်ချတော်မူပါတယ်၊
အဲဒီဂါထာဖြင့် ဟောလိုက်တဲ့အခါမှာ ဗြဟ္မာတွေ တရားထူး ရကြပုံကို အဋ္ဌကထာ (မ ဋ္ဌ ၂-၃၁၁) မှာ -
“ဒေသနာပရိယောသာနေ”၊ ဒေသနာတော်၏ အဆုံး၌။
“ဒေသနာနုသာရေန”၊ ဒေသနာတော်ကို အစဉ် လျှောက်သဖြင့်။
“ဝိပဿနာဂဗ္ဘံ”၊ ဝိပဿနာကိုယ်ဝန်ကို။
“ဂါဟာပေတွာ”၊ ယူစေကုန်၍။
“ဒသမတ္တာနိ ဗြဟ္မသဟဿာနိ”၊ တသောင်းခန့်မျှ သော ဗြဟ္မာတို့သည်။
“မဂ္ဂဖလာမတပါနံ”၊ မဂ်ဖိုလ်ဟူသော အြုမိက်အဖျော်ကို။
“ပိဝိံသု”၊ သောက်ကြလေကုန်ပြီ”
လို့ ပြဆိုထားပါတယ်။ အဲဒီမှာ ဝိပဿနာကိုယ်ဝန်ကို ယူစေတယ်ဆိုတဲ့စကားကို အထူးသတိပြုပြီး မှတ်ထားကြရမယ်၊ တရားနာရင်း မဂ်ဖိုလ် ရောက်စေတယ်ဆိုတာ ဒီပုံ ဒီနည်းချည်းပါဘဲ၊ တရားနာရင်း ဝိပဿနာရှုပြီး ရောက်ကြတာ ချည်းပါဘဲ။
ယခုပြောခဲ့တဲ့ ဗကဗြဟ္မာဝတ္ထုထဲမှ သိစေလိုရင်းကတော့ ရူပဗြဟ္မာဘဝကို သေခြင်းကင်းတဲ့ အမြတ်ဆုံးဌာန ထင်နေတယ်၊ အဲဒါ အဝိဇ္ဇာဘဲ။ အဲဒီ အဝိဇ္ဇာကြောင့် တဏှာ ဥပါဒါန်ဖြစ်ပြီး ရူပစတုတ္ထဈာန် သင်္ခါရကမ္မဘဝတွေ ဖြစ်ခဲ့တယ်၊ အဲဒီ ကမ္မဘဝကြောင့် ဝေဟပ္ဖိုလ်ဘုံ ရောက်ခဲ့တယ်၊
အဲဒီမှာ တဖန် တတိယဈာန် သင်္ခါရ ကမ္မဘဝ ဖြစ်စေခဲ့တဲ့အတွက် တတိယဈာန်ဘုံကို ရောက်ရတယ်၊ အဲဒီမှာ ဒုတိယဈာန်သင်္ခါရ ကမ္မဘဝကို ဖြစ်စေခဲ့တဲ့အတွက် ဒုတိယဈာန်ဘုံကို ရောက်ခဲ့တယ်၊ အဲဒီမှာ ပဌမဈာန်သင်္ခါရ ကမ္မဘဝကို ဖြစ်စေခဲ့တဲ့ အတွက် ပဌမဈာန်ဘုံမှာ မဟာဗြဟ္မာကြီးဖြစ်ပြီး အဲဒီ ဘုံဌာနကို မြဲတယ် စသည်ဖြင့် ယူဆစွဲလမ်းပြီး ပြောဆိုနေတယ်၊ ဒါတွေဟာ ဒီနေရာမှာ သိစေလိုရင်းပါဘဲ။
အရူပဘဝနှင့် စပ်၍ အဝိဇ္ဇာ စသည် ဖြစ်ပုံ
နောက်ပြီးတော့ အရူပဘဝ၌ မသိမှု သိမှားမှု အဝိဇ္ဇာရှိလျှင် အဲဒီ အရူပဘဝကို ဖြစ်စေတတ်တဲ့ အရူပဈာန်ကို ကုသိုလ်သင်္ခါရတွေ ဖြစ်အောင် အားထုတ်တယ်၊ အဲဒီ အရူပဈာန်သင်္ခါရကြောင့် အရူပဘဝ၌ ပဋိသန္ဓေ ဝိညာဏ်ဖြစ်တယ်၊ အဲဒီ ဝိညာဏ်နှင့်အတူ နာမ်ရယ် အာယတနရယ် ဖဿရယ် ဝေဒနာရယ် ဒီအကျိုးတရားတွေ ဖြစ်တယ်။
အဲဒီ အကျိုးတရားတွေကို အနိစ္စစသည်ဖြင့် အမှန်အတိုင်းမသိတဲ့ အဝိဇ္ဇာဖြစ်လျှင် တဏှာ ဥပါဒါန် ကမ္မဘဝဆိုတဲ့ ပစ္စုပ္ပန် အကြောင်းတရားတွေလဲဖြစ်မယ်။ အဲဒီပစ္စုပ္ပန်အကြောင်းကြောင့် အနာဂတ်ဘဝ၌ ဇာတိ ဇရာ မရဏဆိုတဲ့ အကျိုးတရားတွေလဲ ဖြစ်သွားမယ်၊ အဲဒီ အရူပဘဝ၌ အဝိဇ္ဇာ စသည်ဖြစ်ပုံကို အာဠာရ ဥဒကအစရှိသော သာသနာပ ရသေ့တို့၏ အကြောင်းအရာဖြင့် သိနိုင်ပါတယ်။
အာဠာရရသေ့က အာကိဉ္စညာဘုံကို အမြတ်ဆုံးဌာနအနေနဲ့ ထင်မှတ်တယ်၊ အဲဒီဘုံကိုရောက်စေတဲ့ အာကိဉ္စညာယတနဈာန်ကိုလဲ အမြတ်ဆုံး တရားအနေနဲ့ဘဲ အသိအမှတ် ပြုထားတယ်၊ အဲဒါဟာ အဝိဇ္ဇာဘဲ။ အဲဒီအဝိဇ္ဇာကြောင့် အဲဒီဘုံနဲ့ ဈာန်ကို နှစ်သက်လိုချင်တဲ့ တဏှာဖြစ်တယ်၊ စွဲလမ်းတဲ့ ဥပါဒါန် ဖြစ်တယ်၊ အဲဒီဥပါဒါန်ကြောင့် အာကိဉ္စညာယတနဈာန်ကို ရအောင် အားထုတ်တယ်၊
အဲဒီ ဈာန်သင်္ခါရကြောင့် အာကိဉ္စညာဘုံမှာ ဝိညာဏ်အစရှိသော အကျိုးတရား ငါးပါးဖြစ်ရတယ်၊ အဲဒီ အကျိုးငါးပါး ရှေးဦးစွာ ဖြစ်တာက ဇာတိဘဲ၊ ကမ္ဘာပေါင်း ၆-သောင်းပတ်လုံး ရင့်ကျက်နေတာက ဇရာဘဲ၊ နောက်ဆုံး သေပျက်မှာက မရဏဘဲ၊ အဲဒါဟာ အဝိဇ္ဇာကစပြီး မရဏမှာ အဆုံးသတ်သွားမည့် သံသရာစက်လည်ပုံပါဘဲ။
ဥဒကရသေ့မှာလဲ အဝိဇ္ဇာ စသည်ဖြစ်ပုံ နည်းတူပါဘဲ၊ နေဝသညာဘုံနဲ့ နေဝသညာဈာန်ကို အမြတ်ဆုံးထင်တာရယ်၊ နေဝသညာဈာန်ကို ရအောင် အားထုတ်တာရယ်၊ နေဝသညာဘုံ၌ ဝိညာဏ်စသည် ဖြစ်တာရယ်၊ ကမ္ဘာပေါင်း ရှစ်သောင်း လေးထောင် ပတ်လုံး ရင့်ကျက်နေတာရယ်၊ ဒါတွေလောက်ပဲ ထူးပါတယ်။
ယခု ပြောလာခဲ့တာဟာ ကာမဘဝ ရူပဘဝ အရူပဘဝဆိုတဲ့ ဘဝသုံးပါးမှာ မသိမှု သိမှားမှု အဝိဇ္ဇာဖြစ်ယင် တဏှာ ဥပါဒါန် သင်္ခါရ ကမ္မဘဝဆိုတဲ့ အကြောင်း တရားတွေဖြစ်ပြီး အဲဒီအကြောင်းတရားတွေကြောင့် ဝိညာဏ်နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ အကျိုးတရားတွေဖြစ်ပုံနဲ့ အဲဒီအကျိုးတရားတွေဆိုတာလဲ အစပိုင်းက ဇာတိ, အလယ်ပိုင်းက ဇရာ, အဆုံးပိုင်းက မရဏဆိုတဲ့ ဆင်းရဲအစမျှသာ ဖြစ်ပုံတွေကို ပြောလာခဲ့တာဘဲ။ အတိုချုပ်အားဖြင့်ဆိုယင် အဝိဇ္ဇာကစပြီး ဇရာမရဏမှာ အဆုံးသတ်တဲ့ သံသရာစက် ရဟတ် လည်ပုံပါဘဲ။
ထောက်အကန့်တို့ကို ပယ်ဖျက်ပုံ နိဂုံးချုပ်
အဲဒီ သံသရာစက်မှာ ယနေ့ တရားအစပိုင်းတုန်းက ပြောခဲ့တဲ့အတိုင်း အတိတ်အကြောင်း, ပစ္စုပ္ပန်အကျိုး, ပစ္စုပ္ပန်အကြောင်း, အနာဂတ်အကျိုးအားဖြင့် ၄-လွှာ ရှိတယ်၊
အတိတ်အကြောင်းနှင့် ပစ္စုပ္ပန်အကျိုး အကြားတစပ်၊ ပစ္စုပ္ပန်အကျိုးနှင့် ပစ္စုပ္ပန်အကြောင်း အကြားတစပ်၊ ပစ္စုပ္ပန်အကြောင်းနှင့် အနာဂတ်အကျိုးအကြား တစပ်အားဖြင့် ၃-စပ် ရှိတယ်၊
အတိတ်ပစ္စုပ္ပန် အနာဂတ်အားဖြင့် အဓွန့်ကာလက ၃-ပါး ရှိတယ်၊ အတိတ် အကြောင်း ငါးပါး ပစ္စုပ္ပန်အကျိုး ငါးပါး စသည်ဖြင့်၏ အခြင်းအရာ သရုပ် ၂၀-ရှိတယ်၊
အဲဒီလို ၄-လွှာ, ၃-စပ်, ကာလ ၃-ပါး, သရုပ် ၂၀-ရှိတဲ့ ပဋိစ္စသမုပ္ပါဒ်စက်ကို မြတ်စွာဘုရားဟာ ခပ်သိမ်းသော အခြင်းအရာ အားဖြင့် သိတော်မူပါတယ်၊ အဲဒီလို သိတော်မူပြီးတော့ အဲဒီ သံသရာစက်၏ သင်္ခါရမှ ဇာတိကျအောင် အလယ်က ဆယ်တန့် ထောက်အကန့်တို့ကို ဖျက်ဆီးတော်မူခဲ့ပါတယ်၊
ဘယ်လိုဖျက်ဆီးသလဲဆိုလျှင် သမ္မာသမ္ဗုဒ္ဓဂုဏ်တော်အရ သစ္စာ ၄-ပါးကို သိသောအားဖြင့် ဖျက်ဆီးတော်မူတာပါဘဲ၊ တဲ့တဲ့ပြောရယင် သစ္စာ ၄-ပါးကို သိတော်မူတာနဲ့ အဲဒီ ထောက်အကန့်တွေကို ဖျက်ဆီးပြီး ဖြစ်သွားတာပါဘဲ။ ဒါကြောင့် ဂုဏ်တော်ဖွင့် ဘုရားရှိခိုးမှာ -
ပုံတောင်းတူစွာ အဝိဇ္ဇာတရပ် အကွပ်ပမာ ဇရာမရဏ ပတ်လည်ခသည့် ပဋိစ္စသမုပ္ပါဒ် ရဟတ်သံသရာ ဘီးစကြာဝယ် သင်္ခါရမှ ဇာတိကျအောင် အလယ်ကဆယ်တန် ထောက်အကန့်တို့ကို အရဟတ္တမဂ် ဉာဏ်သန်လျက်ဖြင့် မဆက်မစပ် အကုန်လုံးပြတ်အောင် ခုတ်ဖြတ် ဖျက်ဆီး စွန့်ပယ်တော်မူပြီး သောကြောင့် ရတော်မူသော အရ-ဟံ ဟူသော အမည်တော်နာမ ဝိသေသဂုဏ် တံခွန်ဖြင့် မိုးစွန်ဘဝဂ် မဆန့်တက်အောင်နှံ့လျက် ကျော်စောတော်မူပေသော မြတ်စွာဘုရားလို့ ဆိုထားပါတယ်။
အဲဒါကို ရွတ်ဆိုပြီး ကြည်ညိုကြဦးစို့ …
ပုံတောင်းတူစွာ အဝိဇ္ဇာတရပ် အကွပ်ပမာ ဇရာမရဏ ပတ်လည်ခသည့် ပဋိစ္စသမုပ္ပါဒ် ရဟတ်သံသရာ ဘီးစကြာဝယ် သင်္ခါရမှ ဇာတိကျအောင် အလယ်ကဆယ်တန် ထောက်အကန့်တို့ကို အရဟတ္တမဂ် ဉာဏ်သန်လျက်ဖြင့် မဆက်မစပ် အကုန်လုံးပြတ်အောင် ခုတ်ဖြတ် ဖျက်ဆီး စွန့်ပယ်တော်မူပြီး သောကြောင့် ရတော်မူသော အရ-ဟံ ဟူသော အမည်တော်နာမ ဝိသေသဂုဏ် တံခွန်ဖြင့် မိုးစွန်ဘဝဂ် မဆန့်တက်အောင်နှံ့လျက် ကျော်စောတော်မူပေသော မြတ်စွာဘုရား.....။
ဒီဂုဏ်တော်ဖွင့်အနက်ကို ဝိသုဒ္ဓိမဂ်မှာ ဂါထာတပုဒ်ဖြင့် အကျဉ်းချုပ်ပြီး ဒီလိုပြဆို ထားပါတယ်-
အရာ သံသာရစက္ကဿ၊
ဟတာ ဉာဏာသိနာ ယတော။
လောကနာထေန
တေနေသ၊ အရဟန္တိ ပဝုစ္စတိ-တဲ့။
လောကနာထေန၊ လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းဟူသော တလောကလုံး၏ အားကိုးရာအစစ် ဖြစ်တော်မူသော မြတ်စွာဘုရားသည်။
သံသာရ စက္ကဿ၊ ပုံတောင်းတူစွာ အဝိဇ္ဇာတရပ် အကွပ်ပမာ ဇရာမရဏ ပတ်လည်ခသည့် ပဋိစ္စသမုပ္ပါဒ် ရဟတ်သံသရာ ဘီးစကြာ၏။
အရာ၊ သင်္ခါရမှ ဇာတိကျအောင် အလယ်ကဆယ်တန့် ထောက်အကန့်တို့ကို။
ဉာဏာသိနာ၊ အရဟတ္တမဂ်ဉာဏ်တည်းဟူသော ဓားသန်လျက်ဖြင့်။
ယတော၊ အကြင့်ကြောင့်။ ဟတာ၊ ခုတ်ဖြတ်ဖျက်ဆီးလျက် စွန့်ပယ်တော်မူအပ် လေပြီ။
တေန၊ ထိုသို့ သံသရာစက်၏ ထောက်အကန့်တို့ကို ခုတ်ဖြတ်ဖျက်ဆီး စွန့်ပယ်တော်မူပြီးသော အကြောင်း ဂုဏ်သတကတ်ကြောင့်။
ဧသ၊ ဤမြတ်စွာဘုရားကို။
အရဟန္တိ၊ အရဟံ ဟူ၍။
ပဝုစ္စတိ၊ ရိုသေလေးမြတ် ခေါ်ဆိုအပ်ပေသတည်း။
အဲဒီ ဂါထာထဲမှာ “ဉာဏာသိနာ=အရဟတ္တမဂ် ဉာဏ်သန်လျက်” ဆိုတာက သူတပါးထံ နည်းမခံဘဲ ကိုယ်တိုင် မှန်ကန်စွာ သိတော်မူတဲ့ သမ္မာသမ္ဗောဓိ ဉာဏ်တော်ကို ဆိုလိုပါတယ်။
ဒါကြောင့် ဒီနေရာမှာ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ကိုလဲ ထည့်သွင်းပြီး ပြောဦးမယ်။
သမ္မာသမ္ဗုဒ္ဓဂုဏ်တော်
သမ္မာသမ္ဗုဒ္ဓေါပုဒ်မှာ သမ္မာက မှန်စွာလို့ အနက်ရှိတယ်၊ သံ-က ကိုယ်တိုင်လို့ အနက်ရှိတယ်၊ ဗုဒ္ဓေါက သိတယ်လို့ အနက်ရှိတယ်၊ ၃-ပုဒ် ပေါင်းလိုက်တော့ ကိုယ်တိုင်လဲသိတယ် မှန်စွာလဲသိတယ်လို့ အနက်ရတယ်။ သာဝကတွေမှာ ကိုယ်တိုင် မသိနိုင်ဘူး၊ မြတ်စွာဘုရားဟောတဲ့ တရားကိုကြားနာရမှ သစ္စာ ၄-ပါး တရားကို သိနိုင်တယ်၊
အရှင်သာရိပုတြာမထေရ်တောင် အရှင်သဿဇိထံမှ မြတ်စွာဘုရား ဟောထားတဲ့ တရားကို ကြားနာရမှ တရားထူးကို သိတယ်၊ ဒါကြောင့် သမ္မာသမ္ဗုဒ္ဓ မမည်ဘူး။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တွေ ဟာ သူတပါးထံမှ နည်းမခံရဘဲ ကိုယ်ပိုင်ဉာဏ်ဖြင့် သစ္စာ ၄-ပါး တရားကို သိတော်မူကြပါတယ်၊
ဒါပေမဲ့ မြတ်စွာဘုရားလို အရာရာမှာ အပြည့်အစုံ မှန်ကန်စွာ မသိနိုင်ကြဘူး၊ မိမိတို့ သိထားတဲ့ တရားကို သူတပါး နားလည်အောင် ဘယ်လို ဟောရမယ်ဆိုတာကို မသိနိုင်ကြဘူး။ ဒါကြောင့် သမ္မာသမ္ဗုဒ္ဓ မမည်ကြဘူး၊ ဗုဒ္ဓမြတ်စွာဘုရားမှာတော့ သစ္စာ ၄-ပါး တရားတွေကို သူတပါးထံမှ နည်းမခံရဘဲ ကိုယ်ပိုင်ဉာဏ်ဖြင့်ပင် အပြည့်အစုံ မှန်ကန်စွာ သိတော်မူတယ်၊ ဒါကြောင့် သမ္မာသမ္ဗုဒ္ဓ မည်တော်မူပါတယ်။
သိတော်မူတဲ့ တရားတွေက ဘယ်ဟာတွေလဲဆိုယင် -
(၁) ထူးသောဉာဏ်ဖြင့် သိသင့် သိထိုက်တဲ့ သစ္စာ ၄-ပါးဆိုတဲ့ အဘိညေယျတရား၊
(၂) ပိုင်းခြား၍ သိသင့်သိထိုက်တဲ့ ဒုက္ခသစ္စာဆိုတဲ့ ပရိညေယျတရား၊
(၃) ပယ်သင့်ပယ်ထိုက်တဲ့ သမုဒယသစ္စာဆိုတဲ့ ပဟာတဗ္ဗတရား၊
(၄) မျက်မှောက်သိမြင်သင့် သိမြင်ထိုက်တဲ့ နိရောဓသစ္စာဆိုတဲ့ သစ္ဆိကာတဗ္ဗတရား၊
(၅) မိမိသန္တာန်၌ ဖြစ်ပွါးစေသင့် ဖြစ်ပွါးစေထိုက်တဲ့ မဂ္ဂသစ္စာဆိုတဲ့ ဘာဝေတဗ္ဗတရား
ဒီတရားတွေပါဘဲ။ အဲဒီ တရားတွေကို မြတ်စွာဘုရားဟာ ဗောဓိပင်အောက် ရတနာပလ္လင်ထက်မှာ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူလျက် ပဋိစ္စသမုပ္ပါဒ် တရားတွေကို ရှေးဦးစွာ ဆင်ခြင်တော်မူပြီးတော့ ဥပါဒါနက္ခန္ဓာငါးပါးဆိုတဲ့ ရုပ်နာမ် တရားတို့၏ အဖြစ်အပျက်ကိုရှုရင်း အရဟတ္တမဂ်ဉာဏ်ဖြင့် အပြည့်အစုံသိ မြင်တော်မူလျက် သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်။
အဲဒါဟာ အာဠာရ, ဥဒကတို့ထံကရခဲ့တဲ့နည်းနဲ့ သိတာမဟုတ်ဘူး၊ ဘယ်သူ့ထံက ရခဲ့တဲ့နည်းနဲ့မှ သိတာမဟုတ်ဘူး၊ အဲဒီခေတ်ကာလတုန်းက ပဋိစ္စသမုပ္ပါဒ် ဆိုတာ အသံတောင် မကြားရသေးဘူး၊ ဥပါဒါနက္ခန္ဓာ ငါးပါး၏ အဖြစ်အပျက်ကို ရှုရတယ် ဆိုတာလဲ အသံတောင် မကြားရသေးဘူး။ လူ့လောကမှာသာ မဟုတ်သေးဘူး၊ နတ်လောက ဗြဟ္မာလောကတွေမှာလဲ အဲဒီလို ရှုပုံရှုနည်းတွေကို ဘယ်သူမှ မဟောပြောနိုင်ကြသေးဘူး။
ဘုရားအလောင်းတော်ဟာ “အိုခြင်း, သေခြင်းဟာ ဘာကြောင့် ရှိရသလဲ၊ ဘဝအသစ်ဖြစ်လို့ ရှိရတယ်၊ ဘဝအသစ်ဟာလဲ ဘာကြောင့် ဖြစ်ရသလဲ၊ ဖြစ်ကြောင်းကံရှိလို့ ဖြစ်ရတယ်၊ ကံဟာလဲ ဘာကြောင့်ဖြစ်ရသလဲ၊ စွဲလမ်းလို့ ဖြစ်ရတယ်၊ ဘာကြောင့်စွဲလမ်းရသလဲ၊ တပ်မက်လိုချင်တဲ့ တဏှာရှိလို့စွဲလမ်းတယ်၊ ဘာကြောင့်တပ်မက်လိုချင်ရသလဲ၊ အကောင်းအဆိုးကို ခံစားရလို့ တပ်မက် လိုချင်တယ်” စသည်ဖြင့် ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုး ဆက်စပ်ဖြစ်ပုံတွေကို မိမိ၏ ကိုယ်ပိုင်ဉာဏ်ဖြင့်ဆင်ခြင်ပြီး ခဏမစဲဖြစ်ပျက်နေတဲ့ ဥပါဒါနက္ခန္ဓာငါးပါး၏ အဖြစ်အပျက်ကို ရှုတော်မူတယ်၊
ဒီလိုရှုနေရင်း ဝိပဿနာဉာဏ် အရိယာမဂ်ဉာဏ် တွေ အစဉ်အတိုင်းတက်ပြီး အရဟတ္တမဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုလျက် သစ္စာ ၄-ပါး အမှန်တရား တွေကို ကိုယ်ပိုင်ဉာဏ်ဖြင့်ပင် အမှန်အတိုင်း သိတော်မူပါတယ်၊ ဒီလို သိသည်နှင့် တပြိုင်နက် အလုံးစုံကို သိနိုင်တဲ့ သဗ္ဗညုတ ဉာဏ် အစရှိသော ဗုဒ္ဓမြတ်စွာဘုရားတို့၏ ဂုဏ်အလုံးစုံကိုလဲ ရတော်မူပါတယ်။ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်က ဒီလို ကိုယ်ပိုင် ဉာဏ်ဖြင့် မှန်ကန်စွာသိပြီး ဘုရားအဖြစ်သို့ ရောက်တော်မူပုံကို ဖော်ပြပါတယ်၊ အဲဒီဂုဏ်တော်ဖွင့်ကို ဒီလိုစီထားပါတယ်-
ထူးသောဉာဏ်ဖြင့် သိသင့်သိထိုက်တဲ့ သစ္စာ ၄-ပါးတည်း ဟူသော အဘိညေယျ တရား၊ ပိုင်းခြား၍ သိသင့်သိထိုက်တဲ့ ဒုက္ခသစ္စာ တည်းဟူသော ပရိညေယျတရား၊ ပယ်သင့်ပယ်ထိုက်တဲ့ သမုဒယသစ္စာတည်းဟူသော ပဟာတဗ္ဗတရား၊ မျက်မှောက် ထင်ထင် ဆိုက်ရောက်၍ သိမြင်သင့်သိမြင်ထိုက်တဲ့ နိရောဓသစ္စာ တည်းဟူသော သစ္ဆိကာတဗ္ဗတရား၊ ပွါးများသင့်ပွါးများထိုက်တဲ့ မဂ္ဂသစ္စာတည်း ဟူသော ဘာဝေတဗ္ဗ တရားအားဖြင့် သစ္စာ ၄-ပါး ခပ်သိမ်းသော တရားတို့ကို သူတပါးထံ နည်းမခံဘဲ ကိုယ်ပိုင်ဉာဏ် အဟုန်အစွမ်းဖြင့် စူးစမ်း ရှာဖွေကာ မှန်ကန်စွာသိတော်မူသောကြောင့် ရတော်မူသော သမ္မာသမ္ဗုဒ္ဓဟူသော အမည်တော် နာမ ဝိသေသဂုဏ်တံခွန်ဖြင့် မိုးစွန်ဘဝဂ် မဆန့်တက်အောင် နှံ့လျက် ကျော်စောတော်မူပေသော မြတ်စွာဘုရား ....တဲ့။
ကဲ-အဲဒီ ဂုဏ်တော်ဖွင့်ကို ရွတ်ဆိုပြီး ကြည်ညိုကြရမယ် -
ထူးသောဉာဏ်ဖြင့် သိသင့်သိထိုက်တဲ့ သစ္စာ ၄-ပါးတည်း ဟူသော အဘိညေယျ တရား၊ ပိုင်းခြား၍ သိသင့်သိထိုက်တဲ့ ဒုက္ခသစ္စာ တည်းဟူသော ပရိညေယျတရား၊ ပယ်သင့်ပယ်ထိုက်တဲ့ သမုဒယသစ္စာတည်းဟူသော ပဟာတဗ္ဗတရား၊ မျက်မှောက် ထင်ထင် ဆိုက်ရောက်၍ သိမြင်သင့်သိမြင်ထိုက်တဲ့ နိရောဓသစ္စာ တည်းဟူသော သစ္ဆိကာတဗ္ဗတရား၊ ပွါးများသင့်ပွါးများထိုက်တဲ့ မဂ္ဂသစ္စာတည်း ဟူသော ဘာဝေတဗ္ဗ တရားအားဖြင့် သစ္စာ ၄-ပါး ခပ်သိမ်းသော တရားတို့ကို သူတပါးထံ နည်းမခံဘဲ ကိုယ်ပိုင်ဉာဏ် အဟုန်အစွမ်းဖြင့် စူးစမ်း ရှာဖွေကာ မှန်ကန်စွာသိတော်မူသောကြောင့် ရတော်မူသော သမ္မာသမ္ဗုဒ္ဓဟူသော အမည်တော် နာမ ဝိသေသဂုဏ်တံခွန်ဖြင့် မိုးစွန်ဘဝဂ် မဆန့်တက်အောင် နှံ့လျက် ကျော်စောတော်မူပေသော မြတ်စွာဘုရား။
အဲဒီဂုဏ်ပုဒ်ထဲမှာ သစ္စာ ၄-ပါးကို သိတယ်ဆိုတာဟာ အရဟတ္တမဂ် ခဏမှာတော့ နိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာကို မျက်မှောက်တွေ့ပြီး သိလိုက်တာနဲ့ ကျန်တဲ့သစ္စာ ၃-ပါးကို ပိုင်းခြားပြီး သိခြင်းကိစ္စ, ပယ်ခြင်းကိစ္စ, ပွါးစေခြင်း ကိစ္စတွေ ပြီးသွားတာကို ဆိုတာပါဘဲ။ အဲဒီလို သိခြင်းကိစ္စပြီးပုံတွေကို ဝိသုဒ္ဓိမဂ် (ပ-၁၉၆)မှာ -
စက္ခု-မျက်စိ ရုပ်သည် ဒုက္ခသစ္စာ၊ ထိုရုပ်၏ အကြောင်းအဖြစ်ဖြင့် ရှေးဘဝက ပြီးခဲ့သောတဏှာသည် သမုဒယသစ္စာ၊ ထိုအကြောင်းအကျိုး ၂-ပါးတို့ မဖြစ်ပေါ်ဘဲ ချုပ်ခြင်းသည် နိရောဓသစ္စာ၊ ထိုနိရောဓကို မျက်မှောက်သိခြင်းသည် မဂ္ဂသစ္စာ စသည်ဖြင့် -
မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ်ဆိုတဲ့ ဒွါရ ၆-ပါး၊
အဆင်း, အသံ, အနံ, အရသာ, အတွေ့, သဘော-ဆိုတဲ့ အာရုံ ၆-ပါး၊
မြင်သိ, ကြားသိ, နံသိ, စားသိ, ထိသိ, ကြံသိ-ဆိုတဲ့ ဝိညာဏ် ၆-ပါး၊
မြင်တွေ့မှု အစရှိသော ဖဿ ၆-ပါး၊
မြင်ခံစားမှု အစရှိသော ဝေဒနာ ၆-ပါး၊
ထို့အတူ သညာ ၆-ပါး၊
စေတနာ ၆-ပါး၊
တဏှာ ၆-ပါး၊
ဝိတက် ၆-ပါး၊
ဝိစာရ ၆-ပါး၊
ခန္ဓာ ၅-ပါး၊
ကသိုဏ်းဈာန် ၁၀-ပါး၊
အနုဿတိ၁၀-ပါး၊
အသုဘသညာ ၁၀-ပါး၊
ကေသာ စသည် ၃၂-ပါး၊
အာယတန ၁၂-ပါး၊
ဓာတ် ၁၈-ပါး၊
ဘဝ ၉-ပါး၊
ရူပဈာန် ၄-ပါး၊
အပ္ပမညာ ၄-ပါး၊
အရူပဈာန် ၄-ပါး၊
ပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၂-ပါး -
ဆိုတဲ့ တရားတွေထဲမှ တခုတခုကို ဒုက္ခသစ္စာအဖြစ်ဖြင့် မူတည်ပြီး သစ္စာ ၄-ပါးတို့ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ခွဲခြမ်းဝေဘန်၍ မှန်ကန်စွာ သိတော်မူသောကြောင့် သမ္မာသမ္ဗုဒ္ဓ မည်တော်မူပုံကို အသေးစိတ် ချဲ့၍ သိရန်ညွှန်ကြားထားပါတယ်။
အင်္ဂါ ၁၂-ပါးကို သစ္စာ ၄-ပါးဖြင့် ပိုင်းခြားသိပုံ
အဲဒီတရားတွေထဲက ယခု ဒီမှာ ဟောနေတဲ့ ပဋိစ္စသမုပ္ပါဒ်တရားနှင့် စပ်ပြီး အင်္ဂါ ၁၂-ပါးကို ထုတ်ပြီးပြောမယ်။ အဆုံး ဇရာမရဏပုဒ်ကိုတော့ ဝိသုဒ္ဓိမဂ်မှာဘဲ နည်းပြအနေနဲ့ ဒီလို ပြထားပါတယ်။ အိုခြင်းသေခြင်းက အကျိုးဒုက္ခသစ္စာ၊ ဘဝ အသစ်ဖြစ်ခြင်းက အကြောင်းသမုဒယသစ္စာ၊ ထိုအကြောင်းအကျိုး ၂-မျိုးလုံး ထွက်မြောက်ရာ မဖြစ်ရာက နိရောဓသစ္စာ၊ နိရောဓကို သိတာက မဂ္ဂသစ္စာတဲ့။ အဲဒါကို ဆိုကြရမယ် -
အိုခြင်းသေခြင်းက အကျိုးဒုက္ခသစ္စာ၊ ဘဝအသစ်ဖြစ်ခြင်းက အကြောင်းသမုဒယ သစ္စာ၊ ထိုအကြောင်းအကျိုး ၂-မျိုးလုံး မဖြစ်ရာက နိရောဓသစ္စာ၊ နိရောဓကို သိတာကမဂ္ဂသစ္စာ။
ဘဝအသစ် ဖြစ်ခြင်းက ဒုက္ခသစ္စာ၊ ဖြစ်ကြောင်းကံက သမုဒယ သစ္စာ၊ ထို ၂-မျိုးလုံး မဖြစ်ရာက နိရောဓသစ္စာ၊ နိရောဓကို သိတာက မဂ္ဂသစ္စာ။
ဖြစ်ကြောင်း ကံက ဒုက္ခသစ္စာ၊ စွဲလမ်းတာက သမုဒယသစ္စာ၊ ထို ၂-မျိုးလုံး မဖြစ်ရာက နိရောဓသစ္စာ၊ နိရောဓကို သိတာက မဂ္ဂသစ္စာ။
စွဲလမ်းတာက ဒုက္ခသစ္စာ၊ တပ်မက်တာက သမုဒယသစ္စာ၊ ထို ၂-မျိုးလုံး မဖြစ်ရာက နိရောဓသစ္စယ၊ နိရောဓကို သိတာက မဂ္ဂသစ္စာ။
တပ်မက်တာက ဒုက္ခသစ္စာ၊ ခံစားတာက သမုဒယသစ္စာ၊ ထို ၂-မျိုးလုံး မဖြစ်ရာက နိရောဓသစ္စာ၊ နိရောဓကို သိတာက မဂ္ဂသစ္စာ။
ဒီနေရာမှာ တပ်မက်တဲ့ တဏှာကို ဒုက္ခသစ္စာလို့ ဆိုတဲ့ စကားကို သဘောမကျဘဲ ရှိတတ်ပါတယ်၊ ယခုဘဝက တဏှာဟာ နောင်ဘဝအကျိုးနဲ့ ဆက်စပ်ကြည့်တဲ့ အခါမှာ သမုဒယသစ္စာ-အကြောင်းသစ္စာ ဖြစ်တာ မှန်ပါတယ်၊
ရှေးဘဝက ပြီးခဲ့တဲ့အကြောင်းတဏှာနဲ့ ဆက်စပ်ကြည့်ယင်တော့ ယခုဘဝအတွင်း မှာဖြစ်တဲ့ လောကီကုသိုလ် ကြိယာ အကုသိုလ်တွေရော ရုပ်နာမ်တွေ အားလုံးဟာ ဒုက္ခသစ္စာမည်တာချည်းပါဘဲ၊ ဘာကြောင့်လဲဆိုလျှင် ရှေးဘဝက ပြီးခဲ့တဲ့ တဏှာကြောင့်ဖြစ်တာလဲ
ဟုတ်တယ်၊ ဖြစ်ခြင်းပျက်ခြင်းက နှိပ်စက်အပ်တာလဲ ဟုတ်တယ်၊ ဒါကြောင့်ပါဘဲ။ ပဋိစ္စသမုပ္ပါဒ်အရာမှာတော့ အနီးကပ် အကြောင်းကို သမုဒယသစ္စာလို့ အဋ္ဌကထာ ဆရာက ကောက်ယူပါတယ်၊ ဒါကြောင့် တဏှာ၏ ပဒဋ္ဌာန်ဖြစ်တဲ့ ဝေဒနာကိုဘဲ ဒီနေရာမှာ သမုဒယသစ္စာလို့ ဆိုထားခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ ဇာတိကို ဇရာမရဏ၏ သမုဒယသစ္စာလို့ပြပြီး ဧဝံ ဤနည်းအတူဘဲလို့ ညွှန်ပြတဲ့ အဋ္ဌကထာ စကားကို အထူးသတိပြုသင့်ပါတယ်။
ခံစားတာက ဒုက္ခသစ္စာ၊ တွေ့တာက သမုဒယသစ္စာ၊ ထို ၂-မျိုးလုံးမဖြစ်ရာက နိရောဓသစ္စာ၊ နိရောဓကို သိတာက မဂ္ဂသစ္စာ။
တွေ့တာက ဒုက္ခသစ္စာ၊ အာယတနက သမုဒယသစ္စာ၊ ထို ၂-မျိုးလုံးမဖြစ်ရာက နိရောဓသစ္စာ၊ နိရောဓကို သိတာက မဂ္ဂသစ္စာ။
အာယတနခေါ်တဲ့ တွေ့ကြောင်းအင်္ဂါက ဒုက္ခသစ္စာ၊ နာမ်ရုပ်က သမုဒယသစ္စာ၊ ထို ၂-မျိုးလုံး မဖြစ်ရာက နိရောဓသစ္စာ၊ နိရောဓကို သိတာက မဂ္ဂသစ္စာ။
နာမ်ရုပ်က ဒုက္ခသစ္စာ၊ ဝိညာဏ်က သမုဒယသစ္စာ၊ ထို ၂-မျိုးလုံးမဖြစ်ရာက နိရောဓသစ္စာ၊ နိရောဓကို သိတာက မဂ္ဂသစ္စာ။
ဝိညာဏ်က ဒုက္ခသစ္စာ၊ သင်္ခါရက သမုဒယသစ္စာ၊ ထို ၂-မျိုးလုံးမဖြစ်ရာက နိရောဓ သစ္စာ၊ နိရောဓကို သိတာက မဂ္ဂသစ္စာ။
သင်္ခါရက ဒုက္ခသစ္စာ၊ အဝိဇ္ဇာက သမုဒယသစ္စာ၊ ထို ၂-မျိုးလုံးမဖြစ်ရာက နိရောဓ သစ္စာ၊ နိရောဓကို သိတာက မဂ္ဂသစ္စာ။
အဝိဇ္ဇာကိုတော့ ဒုက္ခသစ္စာအဖြစ်နဲ့ ဋီကာမှာထုတ်ပြမထားဘူး၊ ထုတ်ချင်ယင်လဲ ထုတ်နိုင်ပါတယ်၊ဘယ်လိုလဲဆိုယင် အဝိဇ္ဇာက ဒုက္ခသစ္စာ၊ အာသဝက သမုဒယသစ္စာ စသည်ဖြင့် ထုတ်နိုင်ပါတယ်။ အာသဝဆိုတာ-ကာမာသဝ, ဘဝါသဝ, ဒိဋ္ဌာသဝ, အဝိဇ္ဇာသဝအားဖြင့် ၄-ပါးရှိပါတယ်။ ကာမာသဝဆိုတာ လိုချင်နှစ်သက်ဖွယ် ကာမအာရုံတွေကို လိုချင်နှစ်သက်တဲ့ ကာမရာဂပါဘဲ။
အာသဝသမုဒယာ အဝိဇ္ဇာသမုဒယော=အာသဝ၏ ဖြစ်ခြင်းကြောင့် အဝိဇ္ဇာဖြစ်သည် လို့ ဟောထားတဲ့ ဒေသနာနှင့်အညီ အဲဒီ ကာမအာရုံတွေကို လိုချင်နှစ်သက် မက်မောခြင်းကြောင့်လဲ မသိမှုသိမှားမှု အဝိဇ္ဇာဖြစ်ပါတယ်။ ဘဝါသဝဆိုတာ-ဘဝကိုသာယာနှစ်သက်တဲ့ ရာဂပါဘဲ။ အဲဒီဘဝကို သာယာနှစ်သက်မှု ကြောင့်လဲ မသိမှု သိမှားမှုဖြစ်တယ်။
ဒိဋ္ဌာသဝဆိုတာ အယူမှားဘဲ၊ အဲဒီအယူမှားကြောင့်လဲ မသိမှုသိမှားမှုဖြစ်တယ်။ အဝိဇ္ဇာသဝဆိုတာကတော့-အဝိဇ္ဇာမောဟပါဘဲ။ ရှေးရှေးက ဖြစ်ခဲ့တဲ့ အဲဒီအဝိဇ္ဇာ ကြောင့်လဲ နောက်နောက် အဝိဇ္ဇာဖြစ်တယ်။ ဒါကြောင့် အဲဒီအာသဝတရား ၄-ပါးကိုဘဲ ဒီနေရာမှာ အဝိဇ္ဇာ၏အကြောင်း သစ္စာအဖြစ်ဖြင့် ယူရပါတယ်။
ယခု ပြောခဲ့တဲ့အတိုင်း မြတ်စွာဘုရားဟာ အရဟတ္တမဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုပြီး သစ္စာ ၄-ပါး တရား အလုံးစုံကို ကိုယ်ပိုင်ဉာဏ်ဖြင့် မှန်ကန်စွာ သိတော်မူသောကြောင့် သမ္မာသမ္ဗုဒ္ဓဆိုတဲ့ ဂုဏ်ထူး ဘွဲ့ထူး အမည်တော်ကြီးကို ရတော်မူပါတယ်။
အဲဒီလို သစ္စာ ၄-ပါးကို သိတော်မူရာမှာ ပဋိစ္စသမုပ္ပါဒ်တရားတွေကိုလဲ ဒုက္ခသစ္စာ=ဆင်းရဲအစစ်အမှန် အဖြစ်ဖြင့်လဲ သိတော်မူပါတယ်၊ သမုဒယသစ္စာ = ဆင်းရဲဖြစ်ပွါးကြောင်း အစစ်အမှန် အဖြစ်ဖြင့်လဲ သိတော်မူပါတယ်၊ အဲဒီလို သိတော်မူတဲ့အတွက် အဲဒီ ပဋိစ္စသမုပ္ပါဒ်တရားတွေမှာ မပျော်မမွေ့ ငြီးငွေ့တော် မူပါတယ်၊ ငြီးငွေ့တော့ သာယာတပ်မက်ခြင်း ကင်းတော်မူပါတယ်၊ တပ်မက်ခြင်း ကင်းတော့ အဲဒီတရားတွေကို လွတ်လွတ်ကြီး စွန့်ပယ်နိုင်ပါတယ်၊ အဲဒီ တရားတွေ မှလဲလွတ်မြောက်တော်မူပါတယ်။ ဒီပုံဒီနည်းဖြင့် သံသရာစက်၏ ထောက်အကန့် သဖွယ်ဖြစ်သော ပဋိစ္စသမုပ္ပါဒ် အင်္ဂါတရားတွေကို ပယ်ဖျက်တော် မူခဲ့ပါတယ်၊ ဒါကြောင့် ဝိသုဒ္ဓိမဂ် (ပ-၁၉၄) မှာ-
ဘဂဝါ၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည်။
တေ ဓမ္မေ၊ ထိုပဋိစ္စသမုပ္ပါဒ်တရားတို့ကို။
ယထာဘူတံ ဉတွာ၊ ဟုတ်တိုင်းမှန်စွာ သိတော်မူပြီး၍။
တေသု၊ ထိုပဋိစ္စသမုပ္ပါဒ်တရားတို့၌။
နိဗ္ဗိန္ဒန္တော၊ မပျော်မမွေ့ ငြီးငွေ့တော်မူလျက်။
ဝိရဇ္ဇန္တော၊ တပ်မက်သာယာ ကင်းကွာတော်မူလျက်။
ဝိမုစ္စန္တော၊ လွတ်မြောက်တော်မူလျက်။
ဝုတ္တပ္ပကာရဿ၊ ဆိုအပ်ခဲ့ပြီးသော အပြားရှိသော။
ဣမဿ သံသရာစက္ကဿ၊ ဤသံသရာစက်ဘီး၏။
အရေ၊ ထောက်အကန့်တို့ကို။
ဟနိ ဝဟနိ ဝိဒ္ဓံသေသိ၊ ခုတ်ဖြတ် ဖျက်ဆီးတော်မူခဲ့လေပြီ။
ဧဝံ၊ ဤပုံ ဤနည်းဖြင့်။
အရာနံ ဟတတ္တာပိ၊ သံသရာစက်ဘီး၏ ထောက်အကန့်တို့ကို ဖျက်ဆီးတော်မူပြီး သည်၏ အဖြစ်ကြောင့်လည်း။
အရဟံ၊ အရဟံမည်တော်မူပေသည်-
လို့ ဆိုထားပါတယ်။
ကဲ..... အဲဒီ အရဟံဂုဏ်ပုဒ်နဲ့ သမ္မာသမ္ဗုဒ္ဓဂုဏ်ပုဒ်တွေကို အစဉ်အတိုင်း ရွတ်ဆိုပြီး ကြည်ညိုကြဦးစို့။
အရဟံဂုဏ်တော်ဖွင့်များ
ကိလေသာရှိစဉ်က အလေ့အလာ အထုံဝါသနာနှင့်တကွ ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေး စင်ကြယ်တော်မူသောကြောင့် ရတော်မူသော အရဟံဟူသော အမည်တော်နာမ ဝိသေသဂုဏ်တံခွန်ဖြင့် မိုးစွန်ဘဝဂ် မဆန့်တက်အောင် နှံ့လျက် ကျော်စောတော် မူပေသော မြတ်စွာဘုရား ......။(၁)
လောဘကိလေသာ ဒေါသကိလေသာ မောဟကိလေသာ မာနကိလေသာ ဒိဋ္ဌိကိလေသာ ဝိစိကိစ္ဆာကိလေသာ ထိနကိလေသာ ဥဒ္ဓစ္စ ကိလေသာ အဟိရိက ကိလေသာ အနောတ္တပ္ပကိလေသာ တည်းဟူသော သရုပ်အားဖြင့် ကိလေသာဆယ်ပါး၊ အကျယ်ပွါးလျှင် တထောင့်ငါးရာများလှစွာသော ကိလေသာ ရန်သူတို့ကို အရဟတ္တမဂ် ဓားလက်နက်ဖြင့် အကြွင်းမဲ့ခုတ်ဖြတ် ပယ်သတ်တော်မူပြီး သောကြောင့် ရတော်မူသော အရဟံ-ဟူသော အမည်တော်နာမ ဝိသေသ ဂုဏ်တံခွန်ဖြင့် မိုးစွန်ဘဝဂ် မဆန့်တက်အောင် နှံ့လျက် ကျော်စောတော် မူပေသော မြတ်စွာဘုရား ......။(၂)
ပုံတောင်းတူစွာအဝိဇ္ဇာတရပ် အကွပ်ပမာ ဇရာမရဏပတ်လည်ခသည့် ပဋိစ္စသမုပ္ပါဒ် ရဟတ်သံသရာ ဘီးစကြာဝယ် သင်္ခါရမှ ဇာတိ ကျအောင် အလယ်ကဆယ်တန် ထောက်အကန့်တို့ကို အရဟတ္တမဂ် ဉာဏ်သန်လျက်ဖြင့် မဆက်မစပ် အကုန်လုံး ပြတ်အောင်ခုတ်ဖြတ် ဖျက်ဆီး စွန့်ပယ်တော်မူပြီးသောကြောင့် ရတော်မူသော အရဟံ ဟူသော အမည်တော်နာမ ဝိသေသဂုဏ်တံခွန်ဖြင့် မိုးစွန်ဘဝဂ် မဆန့် တက်အောင် နှံ့လျက်ကျော်စောတော်မူပေသော မြတ်စွာဘုရား .....။(၃)
လွန်ကဲထူးမြတ်သော သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် ဝိမုတ္တိဂုဏ် ဝိမုတ္တိ ဉာဏ ဒသနဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံတော်မူသည်ဖြစ်၍, လူမင်း နတ်မင်း ဗြဟ္မာမင်းဟု ကမ္ဘာအတွင်း၌ သမ္ဘာရင်းထူ ဂုဏ်လင်းသူတို့မှစ၍ အနန္တမဆုံး လောကကြီး တခုလုံး၏ ညွတ်ရုံးဖူးမြှော် ပူဇော်ခြင်း ဝိသေသ ထူးမြတ်သော သက္ကာရတို့ကို တောင့်တတဲ့ ချမ်းသာ လိုရာရာ အကျိုးများဖြင့် တိုးပွါးမသွေ ချမ်းသာစေ ရည်မြှော်လျက် ခံယူတော်မူ ထိုက်သောကြောင့် ရတော်မူသော အရဟံဟူသော အမည်တော်နာမ ဝိသေသ ဂုဏ်တံခွန်ဖြင့် မိုးစွန်ဘဝဂ် မဆန့်တက်အောင် နှံ့လျက် ကျော်စောတော်မူပေသော မြတ်စွာဘုရား .....။(၄)
မျက်မှောက်မျက်ကွယ် အချင်းခပ်သိမ်း စင်ကြယ်၍ ဆိတ်ကွယ်ရာ မရှိတော်မူသော ကြောင့် ရတော်မူသော အရဟံဟူသော အမည်တော် နာမဝိသေသဂုဏ်တံခွန်ဖြင့် မိုးစွန်ဘဝဂ် မဆန့်တက်အောင် နှံ့လျက် ကျော်စောတော်မူပေသော မြတ်စွာဘုရား .....။(၅)
ဘဝဂ်တိုင်အောင် ကျော်စောပုံ
ဘဝဂ်တိုင်အောင် ပျံ့နှံ့ကျော်စောပုံကတော့ -
(၁) လာရောက်နိုင်တဲ့ ဘုံများမှ လာရောက်ပြီး တရားနာခြင်းဖြင့်လဲ မြတ်စွာဘုရား၏ ဂုဏ်သတင်းဟာ အဲဒီဘုံတွေအထိ ပျံ့နှံ့ကျော်စောပါတယ်၊
(၂) မြတ်စွာဘုရား ကိုယ်တော်တိုင် ကြွရောက်ပြီး ဟောတော်မူခြင်းဖြင့်လဲ ပျံ့နှံ့ကျော်စောတော်မူပါတယ်၊
(၃) မြတ်စွာဘုရား၏ အဆုံးအမဖြင့် တရားထူးရပြီး ထိုထိုဘုံမှာ ရောက်နေကြတဲ့ တပည့်သာဝကတို့ အလိုအားဖြင့်လဲ ပျံ့နှံ့ကျော်စော တော်မူပါတယ်။
အဲဒီသုံးမျိုးထဲမှာ ပဌမအမျိုးအားဖြင့် ပျံ့နှံ့ကျော်စောပုံကတော့ အထူးပြောဘို့ မလိုပါဘူး၊ ထင်ရှားနေပါပြီ။ ဒုတိယအမျိုးအားဖြင့် ပျံ့နှံ့ကျော်စောပုံကတော့ အခါတပါး၌ မြတ်စွာဘုရားဟာ ဥက္ကဋ္ဌမြို့အနီး သုဘဂမည်သော တောထဲက အင်ကြင်းပင်ကြီးအောက်မှာ သီတင်းသုံးနေတော်မူပါတယ်၊ အဲဒီအခါ မြတ်စွာဘုရား မှာ ဒီလိုအကြံဖြစ်ပါတယ်၊
အစမထင်အောင် ရှည်စွာသော သံသရာလောကကြီး အတွင်းမှာ သုဒ္ဓါဝါသဘုံမှတပါး ငါမရောက်ဘူး မဖြစ်ဘူးသေးသော ဘုံဌာန မည်သည် မရှိတော့ပေ၊ သုဒ္ဓါဝါသ ဘုံများကိုကား မရောက်ဘူး မဖြစ်ဘူးသေးပေ၊ ထိုကြောင့် သုဒ္ဓါဝါသဘုံများသို့ သွားရလျှင် ကောင်းပေလိမ့်မည်ဟု အကြံအစည် ဖြစ်ပါသတဲ့။
ဘုံ ၃၁-ရှိတဲ့ အနက်က သုဒ္ဓါဝါသ ၅-ဘုံကိုဖယ်ပြီး ကျန်တဲ့ ၂၆-ဘုံမှာ ဘုရားအလောင်းတော်ဘဝက မဖြစ်ဘူးတဲ့ ဘုံရယ်လို့မရှိဘူး၊ ဖြစ်ခဲ့ဘူးတဲ့ ဘုံတွေ ချည်းဘဲ။ သုဒ္ဓါဝါသ ၅-ဘုံဆိုတာကတော့ အနာဂါမ်ပုဂ္ဂိုလ်များသာ ဖြစ်နိုင်တယ်၊
ဘုရားအလောင်းတော်ဆိုတာ ဘုရားဖြစ်မည့် နောက်ဆုံးဘဝကျမှ ဗောဓိပင်အောက် အပရာဇိတပလ္လင်ထက်မှာမှ အရိယမဂ် ၄-ပါးကို တထိုင်အတွင်းမှာဘဲရပြီး ဘုရား အဖြစ်သို့ ရောက်တော်မူရမြဲ ဖြစ်တယ်၊ အဲဒီထက် ရှေးကျတဲ့ ဘဝတွေမှာ သောတာပန် သကဒါဂါမ် အနာဂါမ် မဖြစ်နိုင်ဘူး။
ဒါကြောင့် မြတ်စွာဘုရားဟာ သုဒ္ဓါဝါသဘုံမှာ မဖြစ်ဘူးခဲ့ဘူး။ ဝေဟပ္ဖိုလ်ဘုံ ဆိုတာမှာ ဖြစ်ဘူးသော်လဲ အဲဒီအောက်ဘုံက အထက်ဖြစ်တဲ့ သုဒ္ဓါဝါသဘုံတွေကို မသွားနိုင်ဘူး၊ လူတွေက နတ်ဘုံတွေ နတ်တွေကိုမမြင်နိုင်တာလို အောက်ဗြဟ္မာ တွေကလဲ အဲဒီ သုဒ္ဓါဝါသ ဘုံတွေနဲ့ သုဒ္ဓါဝါသဗြဟ္မာတွေကို မမြင်နိုင်ဘူး။ဒါကြောင့် မြတ်စွာဘုရားမှာ အဲဒီသုဒ္ဓါဝါသဘုံတွေကို မရောက်ဘူးဘဲ ရှိနေခဲ့ပါတယ်။
မရောက်ဘူးတဲ့ အဲဒီဘုံတွေ ကြွသွားဘို့ အကြံအစည် ဖြစ်တာကလဲ ယခုလူတွေ အထူးအဆန်းကြည့်ဘို့ အရပ်တပါး အလည်သွားကြတာမျိုး မဟုတ်ပါဘူး။ အဲဒီ မရောက်ဘူးသေးတဲ့ ဘုံတွေကို ကိုယ်တိုင်ရောက်ပြီး အဲဒီဘုံက ဗြဟ္မာတွေရဲ့ အကြောင်းအရာတွေကို နတ်လူအများအား ဟောကြားဘို့ ရည်ရွယ်ပြီး အကြံအစည် ဖြစ်တာပါဘဲ။
အဲဒီလို ကြံစည်တော်မူပြီးတော့ မြတ်စွာဘုရားဟာ ကွေးထားတဲ့ လက်ကို ဆန့်လိုက်သလို ဆန့်ထားတဲ့ လက်ကို ကွေးလိုက်သလို အဘိညာဉ်တန်ခိုးတော်ဖြင့် တခဏချင်းပင် အဝိဟာခေါ်တဲ့ အောက်ဆုံးသုဒ္ဓါဝါသဘုံသို့ ကြွရောက်တော် မူပါတယ်။
အဲဒီဘုံရောက်တဲ့အခါ အဲဒီဘုံက ထောင်သောင်းသိန်းများစွာသော ဗြဟ္မာတွေက မြတ်စွာ ဘုရားထံ လာရောက်ပြီး ရှိခိုးကန်တော့ကြပါတယ်၊ ရှိခိုးကန်တော့ပြီး သူတို့၏ အကြောင်းအရာများကို လျှောက်ထားကြပါတယ်၊
လွန်ခဲ့တဲ့ ၉၁-ကမ္ဘာ ထက်က ဝိပဿီအမည်ရှိသော သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မူခဲ့ကြောင်း၊ ထိုမြတ်စွာဘုရား၏ အမျိုးအနွယ် အသက်တမ်း ဗောဓိပင် အဂ္ဂသာဝက စသည်တို့က မည်သို့ မည်သို့ ဖြစ်ကြောင်းများကို လျှောက်ထားကြ ပြီးတော့ သူတို့ဟာ အဲဒီ ဝိပဿီဘုရား သာသနာတော်မှာ မြတ်သောအကျင့်ကို ကျင့်သုံးပြီး အနာဂါမ်ဖြစ်လို့ အဲဒီအဝိဟာဘုံကို ရောက်နေကြကြောင်းကို လျှောက်ထားကြပါတယ်။ အဲဒါက ဝိပဿီမြတ်စွာဘုရား၏ တပည့်သာဝကဖြစ်တဲ့ အဝိဟာဗြဟ္မာတွေက လျှောက်ထားပုံပါဘဲ။
ထို့အတူပင် -
သိခီမြတ်စွာဘုရား၏ တပည့်သာဝကဖြစ်တဲ့ ဗြဟ္မာတွေ၊
ဝေဿဘူမြတ်စွာဘုရား၏ တပည့်သာဝကဖြစ်တဲ့ဗြဟ္မာတွေ၊
ကကုသန်မြတ်စွာဘုရား၏ တပည့်သာဝကဖြစ်တဲ့ ဗြဟ္မာတွေ၊
ကောဏာဂုံ မြတ်စွာဘုရား၏ တပည့်သာဝကဖြစ်တဲ့ ဗြဟ္မာတွေ။
ကဿပမြတ်စွာဘုရား၏ တပည့်သာဝကဖြစ်တဲ့ ဗြဟ္မာတွေကလဲ အကြောင်းအရာ အလုံးစုံကို (နည်းတူဘဲ) လျှောက်ထားကြပါတယ်။
နောက်ဆုံးမှာ ဘုန်းကြီးတို့၏ ကိုးကွယ်ရာဖြစ်တဲ့ ဂေါတမမြတ်စွာဘုရား၏ တပည့် သာဝက ဗြဟ္မာတွေကလဲ ယခုအခါမှာ ဂေါတမမည်သော မြတ်စွာဘုရားလောက၌ ပွင့်တော်မူလျက်ရှိကြောင်းမှ အစပြုပြီး သူတို့ဟာ ဒီဘုရားသာသနာမှာဘဲ မြတ်သော အကျင့်ကိုကျင့်သုံးပြီး အနာဂါမ်ဖြစ်လို့ အဲဒီအဝိဟာဘုံကို ရောက်နေကြကြောင်း အထိ အကြောင်းစုံကို လျှောက်ထားကြပါတယ်။
အဲဒီကနောက် မြတ်စွာဘုရားဟာ အတပ္ပါဘုံကို ကြွတော်မူပါတယ်၊ အဲဒီကနောက် သုဒဿာဘုံကို ကြွတော်မူပါတယ်၊ အဲဒီကနောက် သုဒဿီဘုံကို ကြွတော်မူပါတယ်၊ အဲဒီက နောက် အကနိဋ္ဌဘုံကို ကြွတော် မူပါတယ်၊ အဲဒီဘုံတွေမှာလဲ ဘုရားခုနစ်ဆူ တို့၏ တပည့်သာဝကဖြစ်ကြတဲ့ ထောင်သောင်း သိန်းများစွာသော ဗြဟ္မာတွေက သူတို့၏ဆရာ ဘုရားအကြောင်းနှင့် သူတို့၏ အကြောင်းအရာ အလုံးစုံကို နည်းတူဘဲ လျှောက်ထားကြပါတယ်။
အဲဒါဟာ မြတ်စွာဘုရားက ထိုထိုဘုံများသို့ ကြွသွားခြင်းဖြင့် မြတ်စွာဘုရား၏ ဂုဏ်သတင်း ပြန့်နှံ့ ကျော်စောပုံ သာဓကပါဘဲ။ အဲဒီအထဲမှာ မြတ်စွာဘုရား၏ အဆုံးအမအတိုင်း ကျင့်သုံးပြီး အဲဒီဘုံတွေကို ရောက်နေကြတဲ့ တပည့်သာဝကတွေ အလိုအားဖြင့် ပြန့်နှံကျော်စောပုံလဲ ပါသွားပါတယ်။
ဒါပေမဲ့ အဲဒီလို ရုပ်ရှိတဲ့ဘုံတွေမှာ ကျော်စောပုံကတော့ သိလွယ်ပါတယ်၊ ရုပ်ကိုယ်မရှိတဲ့ အရူပဘုံတွေကိုတော့ ဘယ်လိုပြန့်နှံ့ကျော်စောသလဲလို့ စဉ်းစားစရာ ရှိပါတယ်။ ဘာကြောင့်လဲဆိုယင် အဲဒီဘုံတွေမှ ဗြဟ္မာတွေကလဲ ဘုရားထံကို မလာနိုင်ကြဘူး၊ ဘုရားကလဲ အဲဒီဘုံတွေသွားပြီး ဟောပြောလို့မဖြစ်ဘူး၊ ဒါကြောင့် အဲဒီအရူပဘုံက ဗြဟ္မာတွေဟာ ဘုရားဂုဏ်တွေကို ဘယ်လိုလုပ်ပြီး သိနိုင်ပါမည်လဲ လို့ စဉ်းစားစရာ ရှိပါတယ်။ အဲဒါကို ရှင်းပြပါမယ်။
ကာမဘုံ ရူပဘုံမှာ မြတ်စွာဘုရား အဆုံးအမအတိုင်း ကျင့်သုံးပြီး သောတာပန် သကဒါဂါမ် အနာဂါမ် ဖြစ်သွားတဲ့ ပုဂ္ဂိုလ်တွေဟာ အရူပဈာန်ကိုရပြီး စုတေသွားလျှင်, အဲဒီဘုံတွေမှာ ဖြစ်လိုတဲ့ ဆန္ဒလဲရှိလျှင် အဲဒီအရူပဘုံတွေမှာ ဖြစ်နိုင်ပါတယ်၊ အဲဒီလို ဖြစ်သွားတဲ့ အရိယာပုဂ္ဂိုလ်တွေဟာ မြတ်စွာဘုရား၏ အရဟံ အစရှိသော ဂုဏ်တော်တွေကို ထင်ရှား သိမြဲသိနေကြပါတယ်၊
“မိမိတို့ သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ စိတ်စေတသိက် နာမ်တရားတွေကို ဖြစ်တိုင်းဖြစ်တိုင်း ရှုမှတ်ပြီးသိခြင်းဖြင့် ဣန္ဒြေငါးပါးရင့်ကျက်ပြီး မရသေးတဲ့ တရားထူးကို ရနိုင်တယ်”ဆိုတာလဲ ထင်ရှားသိနေကြပါတယ်၊ အဲဒီလို သိတဲ့အတွက် မိမိတို့သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ စိတ်စေတသိက် နာမ်တရားတွေကို အကြောင်း ညီညွတ်တဲ့အခါမှာ ရှုမှတ်ကြပါတယ်၊ ဒီလိုရှုမှတ်ခြင်းဖြင့် ဣန္ဒြေရင့်ကျက်ပြီး အရဟတ္တမဂ်ဉာဏ် ရောက်ကြတယ်၊ ကိလေသာ အာသဝေါ ကုန်ခန်းပြီး ရဟန္တာဖြစ်ကြတယ်၊
အာကာသာနဉ္စာယတနဘုံမှာ ဖြစ်နေတဲ့အရိယာတွေဟာ အဲဒီဘုံမှာဘဲ ရဟန္တာ ဖြစ်ပြီး ပရိနိဗ္ဗာန်စံတာလဲရှိတယ်၊ အဲဒီမှာ ရဟန္တာမဖြစ်သေးယင် ဝိညာဏဉ္စာယတနဘုံမှာ ဖြစ်ပြီး ပရိနိဗ္ဗာန်စံတာလဲ ရှိတယ်၊ အဲဒီမှာ မဖြစ်သေးယင် အာကိဉ္စညာယတနဘုံမှာဖြစ်ပြီး ပရိနိဗ္ဗာန်စံတာလဲ ရှိတယ်၊ အဲဒီမှာမဖြစ်သေးယင် နေဝသညာနာသညာယတနဆိုတဲ့ အထက်ဆုံးဘဝဂ်ဘုံမှာ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်စံတယ်၊ ဒီဘုံမှာတော့ ဧကန်ဘဲ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်ဝင်စံရတယ်။
အဲဒီလို အရူပဘုံကိုရောက်နေတဲ့ အရိယာပုဂ္ဂိုလ်မှာ မြတ်စွာဘုရား၏ ဂုဏ်တော်တွေ ထင်ရှားနေတဲ့အတွက် မိုးစွန်ဘဝဂ်ထိအောင် ပြန့်နှံ့တက်ပြီး ကျော်စောတော်မူတယ် လို့ ဆိုထားပါတယ်။
အင်း-မိုးစွန်ဘဝဂ် မဆန့်တက်ပုံတော့ ရှင်းလောက်ပါပြီ၊ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ဖွင့်ကို ရွတ်ဆိုပြီး အာရုံပြုကြဦးစို့။
သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ဖွင့်
ထူးသောဉာဏ်ဖြင့် သိသင့်သိထိုက်တဲ့ သစ္စာ ၄-ပါးတည်းဟူသော အဘိညေယျတရား၊ ပိုင်းခြား၍ သိသင့်သိထိုက်တဲ့ ဒုက္ခသစ္စာတည်း ဟူသော ပရိညေယျတရား၊ ပယ်သင့်ပယ်ထိုက်တဲ့ သမုဒယသစ္စာတည်းဟူသော ပဟာတဗ္ဗတရား၊ မျက်မှောက် ထင်ထင် ဆိုက်ရောက်၍ သိမြင်သင့်သိမြင်ထိုက်တဲ့ နိရောဓသစ္စာတည်း ဟူသော သစ္ဆိကာတဗ္ဗတရား။ ပွါးများသင့် ပွါးများထိုက်တဲ့ မဂ္ဂသစ္စာတည်းဟူသော ဘာဝေတဗ္ဗတရားအားဖြင့် သစ္စာ ၄-ပါးခပ်သိမ်းသော တရားတို့ကို သူတပါးထံ နည်းမခံဘဲ ကိုယ်ပိုင်ဉာဏ် အဟုန်အစွမ်းဖြင့် စူးစမ်းရှာဖွေကာ မှန်ကန်စွာသိတော် မူသောကြောင့် ရတော်မူသော သမ္မာသမ္ဗုဒ္ဓ ဟူသော အမည်တော်နာမ ဝိသေသ ဂုဏ်တံခွန်ဖြင့် မိုးစွန်ဘဝဂ်မဆန့်တက်အောင် နှံ့လျက် ကျော်စောတော်မူပေသော မြတ်စွာဘုရား ....။
သစ္စာ ၄-ပါး အကျဉ်းချုပ်
ဒီဂုဏ်ပုဒ်နှင့်စပ်ပြီး သစ္စာ ၄-ပါး သိတော်မူပုံကို အသေးစိတ်အားဖြင့် အကျယ်ပြခဲ့ပြီ၊ ယခုအကျဉ်းမှတ်ဖို့ ပြောဦးမယ်။ ကျမ်းဂန်များ အဆိုအားဖြင့် ကာမ, ရူပ, အရူပဆိုတဲ့ ဘုံသုံးပါး၌ ဖြစ်နေသော ရုပ်နာမ်တရားထဲက တဏှာကိုဖယ်ပြီး ကျန်တဲ့ တရား ဟူသမျှကို ဒုက္ခသစ္စာ ခေါ်တယ်၊ တဏှာကို သမုဒယသစ္စာ ခေါ်တယ်၊ နိဗ္ဗာန်ကို နိရောဓသစ္စာ ခေါ်တယ်၊ အရိယမဂ်ကို မဂ္ဂသစ္စာခေါ်တယ်။
ပုဂ္ဂိုလ် တဦးတဦးအတွက်ဆိုယင် တဏှာမှတပါး မိမိသန္တာန်မှာ ဖြစ်နေသော လောကီရုပ်နာမ်အပေါင်းကို ဒုက္ခသစ္စာ ခေါ်တယ်၊ မိမိက အပါယ် ၄-ဘုံ လူ့ဘုံ နတ်ပြည် ၆-ဘုံမှာ ဖြစ်နေခိုက်မှာဆိုယင် ကာမတရားတွေပေါ့၊ ရူပဗြဟ္မာဘုံမှာ ဖြစ်နေခိုက်ဆိုယင် ရူပတရားတွေပေါ့၊ အရူပဘုံမှာ ဖြစ်နေခိုက်ဆိုယင် အရူပတရားတွေပေါ့၊ အဲဒါကိုဘဲ ‘တေဘူမက=ဘုံသုံးပါး၌ ဖြစ်နေသော သင်္ခါရတရားလို့ ဆိုပါတယ်။ အဲဒါကို အဘိဓမ္မတ္ထ သင်္ဂဟကျမ်းမှာ “ဒုက္ခံတေဘူမကံ ဝဋ္ဋံ”လို့ တိုတိုကလေး ပြဆိုထားပါတယ်။
တေဘူမကံ၊ ဘုံသုံးပါး၌ဖြစ်သော။
ဝဋ္ဋံ၊ ဝဋ်ဆင်းရဲတရားသည်။
ဒုက္ခံ၊ ဒုက္ခသစ္စာမည်ပါတယ်-တဲ့။
တဏှာမှတပါး အဝိဇ္ဇာအစရှိသော ကိလေသာတွေက ကိလေသဝဋ်, ကုသိုလ် အကုသိုလ်ကံက ကမ္မဝဋ်, ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿဝေဒနာဆိုတဲ့ အကျိုးငါးပါးက ဝိပါကဝဋ်-ဒီဝဋ်သုံးပါးဘဲ တလှည့်စီဖြစ်နေတယ်၊ အဲဒီဝဋ်သုံးပါးဟာ ခဏမစဲဖြစ်မှုပျက်မှုက နှိပ်စက်နေလို့ ဆင်းရဲအစစ် ဒုက္ခသစ္စာချည်းပါဘဲ၊ ဆင်းရဲ အစုအဝေးမျှပါဘဲတဲ့။ လူ့သန္တာန်မှာ ဖြစ်နေတာလဲ ဆင်းရဲဘဲ၊ နတ်ဗြဟ္မာသန္တာန်မှာ ဖြစ်နေတာလဲ ဆင်းရဲဘဲ၊ အပါယ်သတ္တဝါ သန္တာန်မှာတော့ အထူးပြောစရာ မလိုပါဘူး။
အဲဒီ ဒုက္ခသစ္စာ ဆင်းရဲတရားတွေဟာ ဘာကြောင့်ဖြစ်ရသလဲဆိုယင် ကိုယ့်ဘဝ ကိုယ့်အခြေအနေနှင့်စပ်ပြီး နှစ်သက် သာယာတွယ်တာနေတဲ့ တဏှာရှိနေလို့ ဖြစ်ရတာပါဘဲ၊ ဒါကြောင့် တဏှာဟာ ဝဋ်သုံးပါးဆင်းရဲ၏ ဖြစ်ကြောင်းအစစ် သမုဒယသစ္စာမည်ပါတယ်။
အရိယမဂ်ဉာဏ်၏အစွမ်းကြောင့် အဲဒီတဏှာ မဖြစ်ပေါ်လာနိုင်တော့ဘဲ ငြိမ်းသွားယင် ဝဋ်သုံးပါး ဆင်းရဲလဲ မဖြစ်ပေါ်လာတော့ဘဲ အပြီးတိုင် ငြိမ်းသွားပါတယ်။ အဲဒီလို တဏှာနှင့် ဝဋ်သုံးပါး ဆင်းရဲတွေငြိမ်းတာဟာ နိရောဓသစ္စာမည်ပါတယ်၊ အဲဒါကို ဆင်းရဲငြိမ်းရာလို့လဲ ခေါ်ဝေါ်ပြောဆိုရပါတယ်။ ဒါကြောင့် တဏှာနဲ့ဆင်းရဲအားလုံး ချုပ်ငြိမ်းရာ သဘောကို နိရောဓသစ္စာလို့ မှတ်ရမယ်။
အဲဒီ ချုပ်ငြိမ်းရာနိရောဓကို ဆိုက်ရောက်ပြီး မျက်မှောက်သိမြင်တဲ့ မဂ္ဂင်ရှစ်ပါးတရား ကမဂ္ဂသစ္စာတဲ့။ ဘယ်လို ဆိုက်ရောက်ပြီး သိမြင်သလဲဆိုယင် ဝိပဿနာဉာဏ် ရင့်သန်ပြည့်စုံနေတဲ့ ယောဂီပုဂ္ဂိုလ်မှာ ခဏမစဲ ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တရားတွေကို ရှုသိနေရင်း ဖြစ်ပျက်နေတဲ့ သင်္ခါရာအာရုံတွေရော ရှုသိနေတဲ့ ဝိပဿနာ သင်္ခါရတွေရော အားလုံး ကုန်ဆုံးချုပ်ငြိမ်းတဲ့သဘောထဲကို အသိညာဏ်က ရောက်သွားတယ်၊ အကုန်လုံး ချုပ်ငြိမ်းသွားတယ်လို့ တွေ့ရတယ်။ အဲဒီလို ဆိုက်ရောက်ပြီး မျက်မှောက်တွေ့ရပါတယ်။ အဲဒီလို မျက်မှောက်တွေ့မြင်တဲ့ သဘောဟာ မဂ္ဂစ္စာပါဘဲ။
ကဲ ဆိုကြရမယ် -
ဘုံသုံးပါး၌ ပါဝင်သောရုပ်နာမ်သင်္ခါရတရားဟူသမျှက ဒုက္ခသစ္စာ၊ တဏှာက သမုဒယသစ္စာ၊ ထိုဒုက္ခ, သမုဒယနှစ်ပါးလုံး ချုပ်ငြိမ်းရာက နိရောဓသစ္စာ၊ နိရောဓကို မျက်မှောက် သိမြင်တာက မဂ္ဂသစ္စာ။
အဲဒါက ကျမ်းဂန်တွေအရ ခွဲခြားပုံဘဲ။ ယောဂီ၏ အတွေ့အားဖြင့် ဆိုယင်တော့ ခဏမစဲ ဖြစ်ပျက်နေတဲ့ ရုပ်နာမ် သင်္ခါရတွေက ဒုက္ခသစ္စာ၊ အဲဒီ သင်္ခါရတွေကို အကောင်းတွေထင်ပြီး နှစ်သက်သာယာနေတာက သမုဒယသစ္စာ၊ အဲဒီ ဒုက္ခနှင့် သမုဒယနှစ်ပါးလုံး ချုပ်ငြိမ်းတာက နိရောဓသစ္စာ၊ အဲဒီ ချုပ်ငြိမ်းတာကို ဆိုက်ရောက်ပြီး တွေ့မြင်တာက မဂ္ဂသစ္စာလို့ ဒီလို မှတ်ရမယ်၊
အဲဒါကိုလဲ ဆိုကြရမယ် -
ခဏမစဲဖြစ်ပျက်နေတာတွေက ဒုက္ခသစ္စာ၊ အဲဒါတွေကိုပင် နှစ်သက်သာယာတာက သမုဒယသစ္စာ၊ အဲဒီနှစ်မျိုးလုံး ချုပ်ငြိမ်းတာက နိရောဓသစ္စာ၊ အဲဒီချုပ်ငြိမ်းရာကို ဆိုက်ရောက်သွားတာက မဂ္ဂသစ္စာ။
၁။ ဖြစ်ပျက်သမျှ၊ သင်္ခါရ၊ ဒုက္ခသစ္စာတည်း။
၂။ သင်္ခါရတွင်၊ အကောင်းထင်၊ ခင်မင် သမုတည်း။
၃။ ရုပ်နာမ်အားလုံး၊ ဖြစ်ပျက်သုဉ်း၊ ချုပ်ဆုံး နိဗ္ဗာန်တည်း။
၄။ ချုပ်ဆုံးမှုတွင်၊ ဉာဏ်သက်ဝင်၊ သိမြင် မဂ်ပေတည်း။
ပဋိစ္စသမုပ္ပါဒ် တရားတော်နှင့်စပ်ပြီး အရဟံဂုဏ်တော်ကိုလဲ ပြောပြီးပြီ၊ အရဟံဂုဏ်တော်မှာ ကိလေသာတွေ ထောက်အကန့်တွေကို ပယ်ဖျက်ပုံနှင့် စပ်ပြီး သမ္မာသမ္ဗုဒ္ဓဂုဏ်တော်မှ အရဟတ္တမဂ်ဖြင့် သစ္စာ ၄-ပါးကို သိပုံလဲပြောပြီးပြီ။ ဒါပေမဲ့ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ကလဲ သစ္စာ ၄-ပါး တရားအလုံးစုံကို အကုန်သိတယ်လို့ အနက်အဓိပ္ပါယ် ရှိတယ်။ ဗုဒ္ဓဆိုတဲ့ ဂုဏ်တော်ကလဲ တရားအလုံးစုံကို အကုန် သိတယ်လို့ အနက်အဓိပ္ပါယ် ရှိတယ်၊ ဘယ်လို ထူးခြားပါသလဲလို့ မေးစရာရှိပါတယ်၊ အဲဒီ အချက်တခုလောက်ပဲ ရှင်းစရာ လိုပါတော့တယ်။
ဗုဒ္ဓဂုဏ်တော်
သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်က ကိုယ်ပိုင်ဉာဏ်ဖြင့် ကျင့်ကြံ အားထုတ်ပြီး သစ္စာ ၄-ပါး တရားအလုံးစုံကို အရဟတ္တမဂ်ဉာဏ်ဖြင့် မှန်ကန်စွာ သိတော်မူလျက် ဘုရားအဖြစ်သို့ ရောက်တော်မူပုံကို ပြပါတယ်။ ဗုဒ္ဓဂုဏ်တော်ကတော့ သဗ္ဗညုတ ဉာဏ်တော်အစရှိတဲ့ ဗုဒ္ဓဉာဏ်တော်တို့ဖြင့် သင်္ခတနှင့် အသင်္ခတရား အလုံးစုံကို အကြွင်းမဲ့ သိတော်မူပုံကို ပြပါတယ်။
ဗုဒ္ဓဉာဏ်တော်ဆိုတာ -
သစ္စာ ၄-ပါးကို သိတဲ့ဉာဏ်က ၄-ပါး၊
ပဋိသမ္ဘိဒါဉာဏ်က ၄-ပါး၊
သာဝကတို့နှင့် မဆက်ဆံတဲ့ အသာဓာရဏဉာဏ်က ၆-ပါး၊
ဒီဉာဏ်တော် ၁၄-ပါးပါဘဲ။
အဲဒီထဲမှာ အသာဓာရဏဉာဏ်တော် ၆-ပါးဆိုတာက -
၁-ဝေနေယျသတ္တဝါတို့၏ ဣန္ဒြေအနုအရင့်ကို သိသော ဣနြ္ဒိယပရောပရိယတ္တဉာဏ်၊
၂-သတ္တဝါတို့၏ အလိုအကြိုက် အာသယနှင့်ကိန်းဝပ်နေသော အနုသယတို့ကို သိသော အာသယာနုသယဉာဏ်၊
၃-ရေ မီးအစုံအစုံသော တန်ခိုးပြာဋိဟာတို့ကို ဖန်ဆင်းနိုင်သော ယမကပါဋိဟီရဉာဏ်။
၄-သတ္တဝါတို့အား သနားခြင်းနှင့် ယှဉ်သော မဟာကရုဏာသမာပတ္တိဉာဏ်၊
၅-အလုံးစုံကို သိသော သဗ္ဗညုတဉာဏ်၊
၆-သိလိုရာကို ဆင်ခြင်လျှင် အပိတ်အပင် အကွယ်အခြား အဆီးအတား မရှိ သိနိုင် သော အနာဝရဏဉာဏ်-
ဆိုတဲ့ ဒီဉာဏ်တော် ၆-ပါးပါဘဲ။
သင်္ခတတရားဆိုတာ ဆိုင်ရာဆိုင်ရာ အကြောင်းတရားတို့က ပေါင်းစုညီညွတ်ပြီး ပြုအပ်တဲ့ ခန္ဓာငါးပါး ရုပ်နာမ် တရားတွေပါဘဲ၊ တဲ့တဲ့ပြောရမယ်ဆိုယင် အကြောင်းညီညွတ်မှ ဖြစ်တဲ့ တရားတွေပါဘဲ၊ ဥပမာ ဒုတ်, သံချောင်း အစရှိသော မာသော အရာဝတ္ထုနှစ်ခု တိုက်ခိုက်တဲ့အခါ အသံမြည်လာတယ်၊ အဲဒါမျိုးပါဘဲ၊ အဲဒီအသံလဲ သင်္ခတတရားပါဘဲ။ အသင်္ခတတရားဆိုတာ အကြောင်းတရားနှင့် မဆိုင်တဲ့ တရားပါဘဲ၊
အဲဒါဟာ တကယ်ရှိတဲ့ ပရမတ္ထအားဖြင့်ဆိုယင် နိဗ္ဗာန်တရား တပါးတည်းသာ ရှိပါတယ်၊ ပရမတ္ထမဟုတ်တဲ့ ပညတ်အနေအားဖြင့် ဆိုယင်တော့ အမည်ပညတ်, သန္တာန်ပညတ်, ပုံသဏ္ဌာန် ပညတ်စသည်ဖြင့် ပညတ်အမျိုးမျိုးတွေ များစွာရှိပါတယ်။
အဲဒီတော့ သင်္ခတတရားဆိုတာ အကြောင်းကြောင့်ဖြစ်တဲ့ ရုပ်နာမ်တရား၊ အသင်္ခတ တရားဆိုတာ နိဗ္ဗာန်နဲ့ ပညတ်တရားလို့ ဒီလို မှတ်ထားကြရမယ်။ သိစရာဟာ အကျဉ်းအားဖြင့်ဆိုယင် ဒီနှစ်မျိုးဘဲ ရှိပါတယ်။ ဒါကြောင့် ပဋိသမ္ဘိဒါမဂ် ပါဠိတော်မှာ သဗ္ဗညုတ ဉာဏ်ကို ဒီလို ပြထားပါတယ်။
သဗ္ဗံ၊ အလုံးစုံသော။
သင်္ခတံ၊ သင်္ခတတရားကို၎င်း။
အသင်္ခတံ၊ အသင်္ခတတရားကို၎င်း။
အနဝသေသံ ဇာနာတီတိ၊ အကြွင်းမဲ့သိတတ်သောကြောင့်။
သဗ္ဗညုတဉာဏံ၊ သဗ္ဗညုတဉာဏ် မည်၏-
လို့ အကျဉ်းချုပ် ပြထားပါတယ်။
အဲဒီလိုအကျဉ်းပြပြီးတော့ အတိတ် အနာဂတ် ပစ္စုပ္ပန် တရားအလုံးစုံကို သိပုံ၊ စက္ခုနှင့် ရူပစသည်ဖြင့် ဒွါရ ၆-ပါးနှင့် အာရုံ ၆-ပါး အလုံးစုံကိုသိပုံ၊ အနိစ္စ ဒုက္ခ အနတ္တလက္ခဏာတို့ကို အကြွင်းမဲ့သိပုံ၊ အဘိညာ ပရိညာ ပဟာန ဘာဝနာ သစ္ဆိကိရိယာတို့၏ သဘောကို အကြွင်းမဲ့သိပုံ၊ ခန္ဓာ အာယတန ဓာတ်သင်္ခတ အသင်္ခတတို့၏ သဘောကို အကြွင်းမဲ့သိပုံ၊ ကုသိုလ် အကုသိုလ် အဗျာကတ ကာမာဝစရ ရူပါဝစရ အရူပါဝစရ လောကုတ္တရာ တရားတို့ကို အကြွင်းမဲ့သိပုံ၊ သစ္စာ ၄-ပါး၊ ပဋိသမ္ဘိဒါ ၄-ပါး၊ အသာဓာရဏဉာဏ် ၆-ပါးဆိုင်ရာ တရားတို့ကို အကြွင်းမဲ့သိပုံ၊ လူနတ်ဗြဟ္မာ သတ္တဝါအားလုံးတို့ မြင်သမျှ ကြားသမျှ တွေ့သမျှ သိသမျှ ရှာကြံသမျှတို့ကို အကြွင်းမဲ့ သိပုံတို့ဖြင့် အကျယ်ဖွင့်ပြသွားပါတယ်။
ဉေယျဓံ ငါးပါး
အဲဒီလို အကျဉ်းအကျယ်ပြထားတဲ့ တရားတွေကိုပင် ဉေယျ ဓမ္မ=ဉေယျဓံတရား ငါးပါးလို့ ပြဆိုကြပါတယ်၊ အဲဒါတွေက ဘယ်ဟာတွေလဲဆိုယင် -
(၁) သင်္ခါရ=အကြောင်းကြောင့်ဖြစ်တဲ့ နိပ္ဖန္နရုပ် ၁၈-ပါးနဲ့ စိတ် စေတသိက် ၅၃-ပါး၊ ခုတင်ကပြခဲ့တဲ့ သင်္ခတတရားတွေပါဘဲ။
(၂) ဝိကာရ=နိပ္ဖရုပ်တို့၏ အမူအရာအထူး၊ ကာယဝိညတ် ဝစီဝိညတ် လဟုတာ မုဒုတာကမ္မညတာဆိုတဲ့ ဒီအနိပ္ဖန္နရုပ် ငါးပါးပါဘဲ။
(၃) လက္ခဏ=ရုပ်နာမ်တရားတို့၏ အနိစ္စ ဒုက္ခ အနတ္တလက္ခဏာနှင့် ဥပါဒ်, ဌီ, ဘင် ဆိုတဲ့ သင်္ခတလက္ခဏာတွေပါဘဲ။
(၄) နိဗ္ဗာန်=ခုတင်ကပြခဲ့တဲ့ အသင်္ခတတရားထဲက နိဗ္ဗာန်ပါဘဲ။
(၅) ပညတ်=အမည်သဒ္ဒါ ပညတ်အမျိုးမျိုး ရုပ်နာမ်အစဉ် သန္တာန်ပညတ်အမျိုးမျိုး ပုံသဏ္ဌာန်ပညတ်အမျိုးမျိုး အရပ်မျက်နှာပညတ် ကာလပညတ် အခိုက်အတန့် ပညတ် ဘုံဌာနပညတ် ပုဂ္ဂိုလ်သတ္တဝါပညတ် စသည်ဖြင့် လူနတ်ဗြဟ္မာ သတ္တဝါတွေက အသိအမှတ်ပြုထားတဲ့ ပညတ်အမျိုးမျိုးပါဘဲ။ အာကာသဓာတ်ဆိုတဲ့ အနိပ္ဖန္နရုပ်လဲ အဲဒီပညတ်ထဲမှာ ပါဝင်တယ်လို့ ယူရပါတယ်။ အဲဒီဉေ ယျဓံတရား ငါးပါးဟာ သင်္ခတနှင့် အသင်္ခတ ၂-ပါးထဲ အတွင်းဝင်ပါတယ်။
ဒါကြောင့် မဟာနိဒ္ဒေသအဋ္ဌကထာ (၃၄၀)မှာ ဒီလို ပြဆိုထားပါတယ်။
ပဉ္စနေယျပထပ္ပဘေဒံ၊ ဉေယျဓံငါးပါး အပြားရှိသော။
သဗ္ဗံ၊ အလုံးစုံကို။
အညာသိ၊ သိတော်မူလေပြီ။
ဣတိ၊ ဤအကြောင်းကြောင့်။
သဗ္ဗညူ၊ သဗ္ဗညူ မည်တော်မူ၏။
ဟိ၊ မှန်ပေ၏။
သင်္ခတာသင်္ခတာဒိဘေဒါ၊ သင်္ခတ အသင်္ခတ စသည် အပြားရှိကုန်သော။
သဗ္ဗဓမ္မာ၊ အလုံးစုံသော တရားတို့သည်။
သင်္ခါရော ဝိကာရော လက္ခဏံ နိဗ္ဗာနံ ပညတ္တီတိ၊ သင်္ခါရတရား, ဝိကာရတရား, လက္ခဏာတရား, နိဗ္ဗာန်တရား, ပညတ်တရားဟူ၍။
ပေဉ္စဝ နေယျပထာ၊ ဉေယျဓံတရား ငါးပါးတို့သည်သာလျှင်။
ဟောန္တိ၊ ဖြစ်ကုန်၏-
လို့ ပြဆိုထားပါတယ်။
အဲဒီ ဉေယျဓံတရား ငါးပါးကို သိရာမှာ ဝေနေယျသတ္တဝါတို့၏ သဒ္ဓါအစရှိသော ဣန္ဒြေအနုအရင့်ကို သိတာလဲ ပါတယ်၊ အလိုအကြိုက်အာသယနှင့် အနုသယ ကိလေသာတို့ကို သိတာလဲပါတယ်၊ အဲဒီလိုသိတဲ့ ဣနြ္ဒိယပရောပရိယတ္တ ဉာဏ်နဲ့ အာသယာနုသယဉာဏ်ဆိုတဲ့ ဒီဉာဏ် ၂-ပါးကို ဗုဒ္ဓစက္ခု = ဘုရားမျက်စိ လို့ခေါ်တယ်၊
အဲဒီဘုရားမျက်စိဖြင့် ကျွတ်ထိုက်တဲ့သတ္တဝါတွေကို ကြည့်ရှုရွေးချယ်တော်မူပါတယ်၊ အဲဒီလိုရွေးချယ်ပြီး အဲဒီ ကျွတ်ထိုက်တဲ့သတ္တဝါတွေကို ဟောသင့်တဲ့ အချိန်မှာ ဟောသင့်တဲ့ တရားကို ဟောတော်မူပါတယ်။ ဒါကြောင့် “အနာနှင့်ဆေး၊ ကိုက်အောင်ပေး၊ ပျောက်ရေးမခက်ပါ” ဆိုသလိုပင် မြတ်စွာဘုရား၏ တရားတော်ကို နာရတဲ့ ပုဂ္ဂိုလ်တွေဟာ အလျင်အမြန် တရားထူးကို ရသွားကြပါတယ်။
အဲဒီလို တရားဟောရာမှာ ဝေနေယျသတ္တဝါတို့၏ အခြေအနေကို သိတာရယ်၊ ဟောသင့်တဲ့ တရားကို သိတာရယ်၊ ဘယ်လိုဟောရမယ်ဆိုတဲ့ ဟောသင့်တဲ့ အခြင်းအရာကို သိတာရယ်၊ ဒီသုံးပါးလဲ ဗုဒ္ဓဂုဏ်တော်ရဲ့ စွမ်းရည်သတ္တိတွေပါဘဲ။ ဒါကြောင့် -
ပဇာယ၊ ဝေနေယျသတ္တဝါ အပေါင်းကို။
ဗောဓေတာ၊ သိစေတော်မူတတ်၏။
ဝါ၊ တရားထူးကို သိအောင် ဟောတော်မူတတ်၏။
ဣတိ၊ ဤအကြောင်းကြောင့်။
ဗုဒ္ဓေါ၊ ဗုဒ္ဓ မည်တော်မူတယ်-
လို့လဲ ဖွင့်ပြတော်မူပါတယ်၊ ဒါကြောင့် ဂုဏ်တော်ဖွင့် ဘုရားရှိခိုးမှာ ဒီလို စီထားပါတယ်။
ဗုဒ္ဓဂုဏ်တော်ဖွင့်
စိတ်တခုယုတ် ကိုးဆယ်၊ စေတသိက် ၅၂-ပါး၊ နိပ္ဖန္နရုပ် ၁၈-ပါး ဟူသော သင်္ခါရ တရား၊ ဝိကာရရုပ် ငါးပါးဟူသော ဝိကာရတရား၊ သင်္ခတလက္ခဏာ, သာမညလက္ခဏာ ဟူသော လက္ခဏတရား၊ နိဗ္ဗာန်တရား၊ အမျိုးမျိုးသော ပညတ်တရားအားဖြင့် ပိုင်းခြား၍ သိသင့် သိထိုက်သော ဉေယျဓံတရား ငါးပါး၊ သင်္ခတ, အသင်္ခတ စသည် ပြားသောတရား အလုံးစုံကို ကိုယ်တော်တိုင် သိတော်မူပြီး၍ ဝေနေယျ များစွာ ဗြဟ္မာနတ်လူ သုံးဘုံသူတို့အားလဲ ဟောကြား ညွှန်ပြလျက် သိသင့်သမျှ သိစေတော်မူတတ်သောကြောင့် ရတော်မူသော ဗုဒ္ဓဟူသော အမည်တော် နာမ ဝိသေသ ဂုဏ်တံခွန်ဖြင့် မိုးစွန်ဘဝဂ် မဆန့် တက်အောင် နှံ့လျက်ကျော်စော တော်မူပေသော မြတ်စွာဘုရား .....တဲ့။
အဲဒါကို ရွတ်ဆိုပြီး ကြည်ညိုကြရမယ်--
စိတ်တခုယုတ် ကိုးဆယ်၊ စေတသိက် ၅၂-ပါး၊ နိပ္ဖန္နရုပ် ၁၈-ပါး ဟူသော သင်္ခါရ တရား၊ ဝိကာရရုပ် ငါးပါးဟူသော ဝိကာရတရား၊ သင်္ခတလက္ခဏာ, သာမညလက္ခဏာ ဟူသော လက္ခဏတရား၊ နိဗ္ဗာန်တရား၊ အမျိုးမျိုးသော ပညတ်တရားအားဖြင့် ပိုင်းခြား၍ သိသင့် သိထိုက်သော ဉေယျဓံတရား ငါးပါး၊ သင်္ခတ, အသင်္ခတ စသည် ပြားသောတရား အလုံးစုံကို ကိုယ်တော်တိုင် သိတော်မူပြီး၍ ဝေနေယျ များစွာ ဗြဟ္မာနတ်လူ သုံးဘုံသူတို့အားလဲ ဟောကြား ညွှန်ပြလျက် သိသင့်သမျှ သိစေတော်မူတတ်သောကြောင့် ရတော်မူသော ဗုဒ္ဓဟူသော အမည်တော် နာမ ဝိသေသ ဂုဏ်တံခွန်ဖြင့် မိုးစွန်ဘဝဂ် မဆန့် တက်အောင် နှံ့လျက်ကျော်စော တော်မူပေသော မြတ်စွာဘုရား.။
အရဟံဂုဏ်တော်ဖြင့် နိဂုံးချုပ်ခြင်း အကြောင်း
ပဋိစ္စသမုပ္ပါဒ်တရားတော်ကို အရဟံ ဂုဏ်တော်ဖွင့်ဖြင့် နိဂုံးချုပ်ပြီးဟောခြင်း၏ အကြောင်းကတော့ မြတ်စွာဘုရားမှာ အရဟံ ဂုဏ်တော်ကြီးနဲ့ အထူးဝိသေသ ပြည့်စုံတော်မူတယ်ဆိုတာကိုလဲ ကြည်ညိုကြစေလိုတယ်၊ နောက်ပြီးတော့ သာဝက ရဟန္တာတွေမှာလဲ ဒီအရဟံဂုဏ်နဲ့ သာမည အားဖြင့် ပြည့်စုံကြတယ် ဆိုတာကိုလဲ သိပြီး အဲဒီလို ပြည့်စုံအောင် အားထုတ်ရမယ်ဆိုတာကိုလဲ သိစေလိုပါတယ်၊ ဒါကြောင့်ပါဘဲ။ ရဟန္တာအရှင်မြတ်တွေဟာ ကိလေသာ လုံးဝကင်းငြိမ်းပြီးချည်း ဖြစ်တော်မူကြပါတယ်၊
ဒါကြောင့် ကိလေသာတို့မှ ကင်းဝေးစင်ကြယ်တဲ့ အရဟံဂုဏ်၊ ကိလေသာ ရန်သူကို ပယ်သတ်တဲ့ အရဟံဂုဏ်၊ သံသရာစက်၏ ထောက်အကန့်တို့ကို ဖျက်ဆီးတဲ့ အရဟံဂုဏ်၊ ပူဇော်အထူးကို ခံထိုက်တဲ့ အရဟံဂုဏ်၊ ဆိတ်ကွယ်ရာမရှိတဲ့ အရဟံဂုဏ်ဆိုတာတွေကို သာဝကရဟန္တာ အရှင်မြတ်တွေလဲ သာမန်အနေအားဖြင့် ရတော်မူကြပါတယ်၊ ရဟန္တာဆိုယင် အရဟံဆိုတဲ့ အမည်ကိုတော့ ရတာချည်းဘဲ၊ ဒါကြောင့် ပါဠိတော်မှာ ရဟန္တာ ပုဂ္ဂိုလ်ကို “အရဟံ ခီဏာသဝေါ”လို့ ဌာနပေါင်း များစွာမှာ ဟောထားပါတယ်၊ အဲဒီ “အရဟံ=အရဟန္တ”ဆိုတဲ့ ပါဠိမှ ရဟန္တာလို့ မြန်မာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။
ဒါကြောင့် နောက်ဆုံးတချိန်မှာ အာသဝေါကုန်ခန်း ရဟန္တာဖြစ်ပြီး အဲဒီ အရဟံဆိုတဲ့ ဘွဲ့အမည်ကို ခံယူကြရအောင် ဒွါရ ၆-ပါးမှ ထင်ရှားပေါ်လာသော ရုပ်နာမ်တရား တို့ကို ရှုမှတ်သောအားဖြင့် ကိလေသာတွေကို ပယ်ကြရမယ်။ ပဋိစ္စသမုပ္ပါဒ် စက်ဘီးကြီး၏ ထောက်အကန့်တွေကိုလဲ ပယ်ဖျက်ကြရမယ်၊ မျက်မှောက်မျက်ကွယ် စင်ကြယ်နိုင်သမျှ စင်ကြယ်အောင်လဲ ကြိုးစားကြရမယ်။
ကဲ-ပဋိစ္စသမုပ္ပါဒ် တရားတော်ကြီးကို ဆောင်ပုဒ်များဆိုပြီး နိဂုံးချုပ်ကြစို့။
မြန်မာပြန် ဆောင်ပုဒ်
အဝိဇ္ဇာကြောင့် အားထုတ်မှု သင်္ခါရတို့ဖြစ်ကြသည်၊ သင်္ခါရကြောင့် ဘဝသစ် ဝိညာဏ် ဖြစ်သည်၊ ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်သည်၊ နာမ်ရုပ်ကြောင့် အာယတန ၆-ပါး ဖြစ်သည်၊ အာယတနကြောင့် အာရုံကို တွေ့မှု ဖဿဖြစ်သည်၊ ဖဿကြောင့် အကောင်းအဆိုး ခံစားမှု ဝေဒနာဖြစ်သည်၊ ဝေဒနာကြောင့် တပ်မက်ဆာလောင်မှု တဏှာဖြစ်သည်၊ တဏှာကြောင့် စွဲလမ်းမှု ဥပါဒါန်ဖြစ်သည်၊ ဥပါဒါန်ကြောင့် ဖြစ်ကြောင်းကံ ဘဝဖြစ်သည်၊ ဖြစ်ကြောင်း ကံကြောင့် ဘဝအသစ်ဖြစ်မှု ဇာတိ ပေါ်လာသည်၊ ဇာတိကြောင့် အိုခြင်း သေခြင်း ပေါ်လာသည်၊ စိုးရိမ်ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း စိတ်နှလုံး၏ ပြင်းစွာပူပန်ခြင်းတို့ ဖြစ်ပေါ်လာကြသည်။ ဤအစဉ်ဖြင့် ချမ်းသာနှင့် မရောယှက် သက်သက် ဆင်းရဲ အစုသာလျှင် ဖြစ်ပေါ်လျက် ရှိချေသည်။
ခေါင်းစဉ် မူလ ဆောင်ပုဒ်ကြီး
အမှန်မသွား၊ အမှားမြင်ကာ၊ အဝိဇ္ဇာကြောင့်၊ ချမ်းသာလိမ့်နိုး၊ ရည်မြှော်ကိုးလျက်၊ သုံးမျိုးမှုကံ၊ ပြုစီမံ၍၊ ဝိညာဏ်တွယ်စပ်၊ နာမ်ရုပ် ကပ်လျက်၊ ၆-ရပ် အာယတန၊ ဖဿ ၆-ဖြာ၊ ဝေဒနာကြောင့်၊ တဏှာ ၆-တန်၊ ဥပါဒါန်နှင့်၊ ဖြစ်ရန်အကြောင်း၊ ကံဆင့်လောင်း၍၊ ဆိုးကောင်းဘဝ၊ ဖြစ်ရပြန်ရာ၊ အိုကာသေရေး၊ ပူအဆွေးနှင့်၊ ငိုကြွေး ကိုယ်နွမ်း၊ စိတ်မချမ်းမြ၊ ပူပန်ရသည်၊ လုံးဝ ဆင်းရဲစုသာတည်း။
အတိတ်အကြောင်းကြောင့် ပစ္စုပ္ပန်အကျိုးပေါ်ပုံ
အမှန်မသွား အမှားသိမြင်၊
အဝိဇ္ဇာဖုံး ကောင်းလုံး မှတ်ထင်၊
စိတ်-ကိုယ်-နှုတ်မှု ကြံ-ပြု-ပြောလျှင်၊
ဝိညာဏ်စပ် နောက်ထပ် သန္ဓေရှင်။
ပစ္စုပ္ပန်အကျိုး ငါးပါး ပေါ်လာပုံ
ဝိညာဏ်မျိုးစေ့ စ၍ဖြစ်လျှင်၊
နာမ်နှင့်ရုပ်လဲ ပူးတွဲပါဝင်၊
အာယတန ဖဿပေါ်ထင်၊
ကောင်းဆိုးများ ခံစားမိရိုးပင်။
ပစ္စုပ္ပန်အကျိုးနှင့်စပ်၍ အကြောင်းအသစ်ပေါ်လာပုံ
ခံစားသည့်တွက် တပ်မက်ခင်မင်၊
မည်သို့ပြုငြား ကောင်းစားမည်ထင်၊
ဝင်စားစွဲလမ်း ရော်ရမ်းပြုလျှင်၊
နောင်ဘဝ ဖြစ်ရ ဇာတိပင်။
အနာဂတ်အကျိုးများ ပေါ်လာပုံ
ဘဝဇာတိ သူရှိပြန်လျှင်၊
အို သေ ပူဆွေး ငိုကြွေး ထို့ပြင်၊
ကိုယ်-စိတ်ဆင်းရဲ ထန်သဲပူပင်၊
သို့ဖြစ်ရ လုံးဝ ဆင်းရဲပင်။
နိဂုံးချုပ် အာသီသ ဆုတောင်းပတ္ထနာ
ဤပဋိစ္စသမုပ္ပါဒ် တရားဒေသနာတော်ကို ရိုသေစွာနာယူမှတ်သားကြရသော ဓမ္မသဝန ဥက္ကဋ္ဌကုသိုလ်ကံ စေတနာတို့၏ အစွမ်းအာနုဘော်ကြောင့် ယခုတရားနာ ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကိုယ်၏ချမ်းသာခြင်း, စိတ်၏ချမ်းသာ ခြင်းတို့နှင့်အခါခပ်သိမ်း ပြည့်စုံကြ၍ အကြောင်းအကျိုးဆက်စပ်လျက် မပြတ်ဖြစ်နေ သော ရုပ်နာမ်တရားတို့ကို အမှန်အတိုင်း သိအောင် ရှုမှတ်ပွါးများ အားထုတ် နိုင်ကြပြီး အထူးအားဖြင့် ဝေဒနာမှ ဆက်၍ တဏှာဖြစ်တတ်ရာဝယ် ထိုသို့ တဏှာဆက်၍ ဖြစ်ခွင့်မရအောင် ဖြစ်ပေါ်လာတိုင်းသော ဝေဒနာတို့ကို ပိုင်ပိုင်နိုင်နိုင် မှတ်သိနိုင်ကြ၍ ဝိပဿနာဉာဏ်အစဉ် အရိယမဂ်ဉာဏ်အစဉ်ဖြင့် နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေကုန် သတည်း။
သာဓု....သာဓု....သာဓု....။
ဧကာဒသမပိုင်း ပြီး၏။
ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး ပြီး၏။
အမှတ် ၁-ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းပုံ
ဤအမှတ် ၁-ပုံသည် ဝိသုဒ္ဓိမဂ် ၁၂၈-စာပိုဒ်နှင့်အညီ ရေးဆွဲထားသောပုံဖြစ်သည်။
ယင်းစက်ဝိုင်းပုံ၌ အဝိဇ္ဇာကြောင့် ဖြစ်သော ပုညာဘိသင်္ခါရကို ကာမ, ရူပအားဖြင့် ၂-မျိုး ခွဲပြထားသည်၊ ထိုတွင် ကာမပုညာဘိသင်္ခါရမှ (၁) အပါယ် ဇရာမရဏ (၂) လူနတ် ဇရာမရဏ (၃) ရူပ ဇရာမရဏ (၄) အရူပဇရာမရဏ ဟူသော အကွပ် ၄-မျိုးသို့ ရောက်နိုင်သောကြောင့် ယင်းကို ၄-ကန့် ပြထားသည်၊ ထိုနည်းဖြင့်ပင် ရူပပုညာဘိသင်္ခါရကို ၃-ကန့်၊ အပုညာဘိသင်္ခါရကို ၂-ကန့်၊ အာနေဉ္ဇာဘိသင်္ခါရကို ၂-ကန့် ခွဲ၍ ပြထားသည်။
အနု အနု အမတဂ္ဂံဟူသော ဋီကာအဖွင့်နှင့်အညီ အနမတဂ္ဂ-အစမထင်ပုံမှာ-
(၁) အပင်တွေ့ဘိ၊ မျိုးစေ့ရှိ၊ ကြံသိနိုင်ပေသည်။
(၂) မျိုးစေ့ရှိက၊ သူ့ပင်မ၊ ရှိရပြန်ချေသည်။
(၃) ဤနည်းအရ၊ ရှာကြံက၊ အစ မထင်ပြီ။
(四) နည်းတူရှာက၊ သံသာရ၊ အစမထင်ပြီ။
(၅) ယခုဘဝ၊ ကျိုးဖြစ်ရ၊ ရှေးက ကြောင်းရှိသည်။
(၆) ထိုကြောင်းမှီရာ၊ ကျိုးငါးဖြာ၊ ထိုခါ ရှိခဲ့သည်။
(၇) ထိုကျိုးဖြစ်ဖွယ်၊ ကြောင်းငါးသွယ်၊ ရှေးဝယ် ရှိခဲ့သည်။
(၈) ဤနည်းအရ၊ ရှာကြံက၊ အစ မထင်ပြီ။
အမှတ် ၂-ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းပုံ
ဤအမှတ် ၂-ပုံသည် ဝိသုဒ္ဓိမဂ် မြန်မာပြန် စတုတ္ထတွဲ နှာ ၁၉၁၊ စာပိုဒ် နံပါတ် ၆၅၊ ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး ဧကာဒသမပိုင်း စသည်တို့နှင့် တိုက်ဆိုင်ကြည့်ရန် ဖြစ်သည်။ အသေးစိတ် ခွဲခြမ်းသိရန်မှာ -
မူလ နှစ်ဖြာ၊ ဒွေးသစ္စာမှ၊ အလွှာလေးထပ်၊ ဝဋ်သုံးရပ်နှင့်၊ အစပ်သုံးဖြာ၊ အင်္ဂါဆဲ့ နှစ်ဝ၊ ကာလသုံးသွယ်၊ နှစ်ဆယ်ခြင်းရာ၊ ဤရှစ်ဖြာဝယ်၊ အင်္ဂါငါးတန်၊ ပစ္စုပ္ပန်တရား၊ အကျိုးများကို၊ ထင်ရှားမိမိ၊ ရှုသိသူမှာ၊ ဝေဒနာကြောင့်၊ တဏှာဝဋ်မြစ်၊ မဖြစ်လှာပဲ၊ စက်ပြတ်စဲသည် ဆင်းရဲချုပ်ငြိမ်း လေသတည်း။
ရှုသိသူမှာ တဏှာမှစ၍ ချုပ်ပုံရှင်းပြချက်
အထက်ပါ အကျဉ်းချုပ်လင်္ကာ၌ “အင်္ဂါငါးတန် ပစ္စုပ္ပန်တရား အကျိုးများကို ထင်ရှားမိမိ ရှုသိသူမှာ” ဟူရာဝယ် ဆိုလိုသည်မှာ-ယခု မြင်တိုင်း ကြားတိုင်း နံတိုင်း စားသိတိုင်း ထိသိတိုင်း ကြံသိတိုင်း ဖြစ်ပေါ်နေသော မြင်သိဝိညာဏ် အစရှိသော ဝိညာဏ်နှင့်တကွ နာမ်ရုပ် အာယတန ဖဿဝေဒနာဟူသော ပစ္စုပ္ပန် အကျိုးငါးပါးတို့ကို ဖြစ်တိုင်း ဖြစ်တိုင်း သဘာဝ လက္ခဏာ, အဖြစ်အပျက်, အနိစ္စ ဒုက္ခ အနတ္တလက္ခဏာတို့ဖြင့် ထင်ထင်ရှားရှား ထိထိမိမိ ရှုသိနေသောသူမှာ ဟုဆိုလို၏။
“ဝေဒနာကြောင့် တဏှာဝဋ်မြစ် မဖြစ်လာပဲ” စသည်၌ဆိုလိုသည်မှာ-ထိုသို့ ထိထိမိမိ ရှုသိနေသောသူမှာ ရှုသိတိုင်း ရှုသိတိုင်း အနိစ္စအခြင်းအရာ စသည်ဖြင့် မှန်စွာ သိရသော ရုပ်နာမ်အာရုံ၌ အာရမ္မဏာနုသယခေါ် ဖြစ်ထိုက်သော တဏှာသည် တဒင်္ဂအားဖြင့် ချုပ်ငြိမ်း၏၊ ထိုကြောင့် ထိုတဏှာမှ ဆက်၍ဖြစ်မည့် ဥပါဒါန် ဘဝ ဇာတိ ဇရာမရဏတို့သည်လည်း ချုပ်ငြိမ်း ကြလေသည်၊ ဤသို့ ဝိပဿနာဖြင့်ချုပ်ငြိမ်းပြီးနောက် အရိယမဂ်ခဏ၌ သန္တာနာနုသယ တဏှာသည် လည်း သမုစ္ဆေဒအားဖြင့် ချုပ်ငြိမ်း၍ ဥပါဒါန်စသည်တို့သည်လည်း အပြီးတိုင် ချုပ်ငြိမ်းသွားကြလေသည်ဟု ဆိုလို၏။ ဤသို့ ချုပ်ငြိမ်းပုံကိုပင် ရည်၍ နိဒါနဝဂ္ဂသံယုတ် သမ္မသသုတ် (နှာ ၃၃၃)၌-
ယံ လောကေ ပိယရူပံ သာတရူပံ၊ တံ အနိစ္စတော ပဿန္တိ၊ ဒုက္ခတော အနတ္တတော ပဿန္တိ၊ တေ တဏှံ ပဇဟန္တိ ဥပဓိံ ပဇဟန္တိ ဒုက္ခံ ပဇဟန္တိ = ချစ်ဖွယ် သာယာဖွယ်သဘောဟု ဆိုအပ်သော မြင်မှု ကြားမှုစသည်ကို အနိစ္စ ဒုက္ခ အနတ္တဟု ရှုသိသော သူတို့သည် တဏှာကို ပယ်စွန့်ကုန်၏။ ဥပဓိမည်သော ခန္ဓာကိုယ်ကို ပယ်စွန့်ကုန်၏။ ဆင်းရဲကို ပယ်စွန့်ကုန် ၏-
စသည်ဖြင့် ဟောတော်မူလေသည်။
ထိုနိဒါနဝဂ္ဂယုတ် (နှာ ၃၀ဝ) ဒုက္ခသုတ်စသည်တို့၌လည်း-
တဿာ ယေဝ တဏှာယ အသေသဝိရာဂနိရောဓာ ဥပါဒါနနိရောဓော -(ဝေဒနာကြောင့် ဖြစ်ထိုက်သော) ထိုတဏှာ၏ ပင်လျှင် အကြွင်းမဲ့ ပျက်ပြယ်ခြင်း ချုပ်ခြင်းကြောင့် ဥပါဒါန်၏ ချုပ်ခြင်း ဖြစ်မြောက် ပြီးစီးသည်-
စသည်ဖြင့် ဟောတော်မူလေသည်။
ဝေဒနာနိရောဓော တဏှာနိရောဓော-ဟု ဝေဒနာကစ၍ ချုပ်ပုံကိုဟောသော ဒေသနာကားမရှိပေ၊ ရှိရန်လည်းမသင့်ပေ။ အဘယ့်ကြောင့်နည်းဟူမူ-အကျိုးတရား ဖြစ်သော ဝေဒနာကို-ချုပ်စေရန် ရဟန္တာများပင် မစွမ်းနိုင်၊ ရဟန္တာများ သန္တာန်၌လည်း အကျိုးဝေဒနာဖြစ်လျက် ရှိသောကြောင့်ပေတည်း။
ထိုပဋိစ္စသမုပ္ပါဒ်စက်၌ တဏှာအစရှိသော ပစ္စုပ္ပန် အကြောင်းတရားနှင့် အနာဂတ် အကျိုးတရားတို့ကိုပယ်၍ ဆင်းရဲမှလွတ်လိုလျှင် သမ္မသသုတ်၌ ပြထားသည့်အတိုင်း ပိယရူပ သာတရူပ-ဟု ခေါ်သော ဝိညာဏ် နာမ်ရုပ်သဠာယတန ဖဿ ဝေဒနာ ဟူသော အကျိုးတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တဟု မှန်ကန်စွာ ရှုသိရမည်။ ထိုသို့ ရှုသိရမည့် အကျိုးတရားတို့တွင်-
(၁) ဝိညာဏ်ဟူသည်မှာ မြင်သိဝိညာဏ် ကြားသိဝိညာဏ် နံသိ ဝိညာဏ် စားသိဝိညာဏ် ထိသိဝိညာဏ် ကြံသိဝိညာဏ် ဤ ၆-ပါးတို့ပင် ဖြစ်သည်။
(၂) နာမ်ဟူသည်မှာ ထိုဝိညာဏ်တို့နှင့်ယှဉ်သော တပေါင်းတည်းဖြစ်သော စေတသိက်တရားတို့ပင် ဖြစ်သည်။ ရုပ်ဟူသည်မှာလည်း ထို ဝိညာဏ်နှင့်တကွ ထင်ရှားဖြစ်ပေါ်လာသော ရုပ်များပင် ဖြစ်သည်။
(၃) သဠာယတနဟူသည်မှာ မျက်စိ နား နှာ လျှာ ကိုယ်စိတ်-ဟူသော အတွင်း အာယတန ၆-ပါးနှင့် မြင်ရသည့်အဆင်း၊ ကြားရသည့် အသံ နံရသည့်အနံ့၊ စားသိရသည့်အရသာ၊ ထိသိရသည့်အတွေ့၊ ကြံသိရသည့် သဘောအာရုံ-ဟူသော အပြင်အာယတန ၆- ပါးတို့ပင် ဖြစ်သည်။
(၄) ဖဿဟူသည်မှာ မြင်တွေ့မှု၊ ကြားတွေ့မှု နံတွေ့မှု စားတွေ့မှု ထိတွေ့မှု ကြံတွေ့မှုဟူသော အာရုံနှင့် ထင်ရှားတွေ့မူ ၆-ပါးတို့ပင် ဖြစ်သည်။
(၅) ဝေဒနာဟူသည်မှာ မြင်တွေ့၍ ကောင်းခြင်း ဆိုးခြင်း မကောင်း မဆိုး ရိုးရိုးဖြစ်ခြင်း၊ ကြားတွေ့၍ ကောင်းခြင်း ဆိုးခြင်း မကောင်းမဆိုး ရိုးရိုးဖြစ်ခြင်း၊ နံတွေ့၍ ကောင်းခြင်း .....၊ စားတွေ့၍ ကောင်းခြင်း .....၊ ထိတွေ့၍ကောင်းခြင်း....၊ ကြံတွေ့၍ ကောင်းခြင်း ဆိုးခြင်း မကောင်းမဆိုး ရိုးရိုးဖြစ်ခြင်း ဟူသော ဤ ၆-ပါးတို့ပင် ဖြစ်သည်။
ဤမျှဖြင့် သံသရာစက်လည်ပုံ သံသရာစက်ပြတ်ပုံ သံသရာစက်ပြတ်အောင် ရှုပုံတို့ကို အကျဉ်းအားဖြင့် သိနားလည်လောက်ပေပြီ၊
အသေးစိတ် ရှင်းပြချက်
၁။ မူလနှစ်ဖြာ..........အဝိဇ္ဇာနှင့် တဏှာ။
၂။ ဒွေးသစ္စာ..........သမုဒယသစ္စာနှင့် ဒုက္ခသစ္စာ။
၃။ အလွှာလေးထပ်........
(၁)အတိတ် အကြောင်းလွှာ- အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ဘဝငါးပါး။
(၂) ပစ္စုပ္ပန်အကျိုးလွှာ-ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ငါးပါး။
(၃) ပစ္စုပ္ပန်အကြောင်းလွှာ-တဏှာ ဥပါဒါန် ကမ္မဘဝ အဝိဇ္ဇာ သင်္ခါရ ငါးပါး။
(၄) အနာဂတ် အကျိုးလွှာ-ဇာတိ ဇရာမရဏ၊ ဝိညာဏ် စသည် အကျိုးငါးပါး။
၄။ ဝဋ်သုံးရပ်................
(၁) ကိလေသဝဋ်-အဝိဇ္ဇာ တဏှာ ဥပါဒါန်။
(၂) ကမ္မဝဋ်-သင်္ခါရ ကမ္မဘဝ။
(၃) ဝိပါကဝဋ်-ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဇာတိ ဇရာမရဏ။
၅။ အစပ် သုံးဖြာ.............
အတိတ်အကြောင်း သင်္ခါရနှင့် ပစ္စုပ္ပန်အကျိုး ဝိညာဏ်အကြား ၁-စပ်။
ပစ္စုပ္ပန်အကျိုး ဝေဒနာနှင့် ပစ္စုပ္ပန်အကြောင်း တဏှာအကြား ၁-စပ်။
ပစ္စုပ္ပန်အကြောင်း ဘဝနှင့် အနာဂတ်အကျိုး ဇာတိအကြား ၁-စပ်။
၆။ အင်္ဂါဆဲ့နှစ်ဝ............
(၁) အဝိဇ္ဇာ၊ (၂) သင်္ခါရ၊ (၁၂) ဇရာမရဏ။
၇။ ကာလ သုံးသွယ်......
(၁) အတိတ်အဓွန့်ကာလ-အဝိဇ္ဇာ သင်္ခါရ။
(၂) ပစ္စုပ္ပန် အဓွန့်ကာလ-ဝိညာဏ် နာမ်ရုပ်သဠာယတန ဖဿ ဝေဒနာ တဏှာ ဥပါဒါန ကမ္မဘဝ။
(၃) အနာဂတ် အဓွန့်ကာလ-ဇာတိ ဇရာမရဏ။
၈။ နှစ်ဆယ် ခြင်းရာ......
အတိတ်အကြောင်းလွှာ ငါးပါး၊ ပစ္စုပ္ပန်အကျိုးလွှာ ငါးပါး၊ ပစ္စုပ္ပန်အကြောင်းလွှာ ငါးပါး၊ အနာဂတ်အကျိုးလွှာ ငါးပါး၊ ပေါင်း ၂၀-ဖြစ်သည်။