ပဋိစ္စသမုပ္ပါဒ် တရားတော်ကြီး (ပထမတွဲ)
ပဋိစ္စသမုပ္ပါဒ် တရားတော်ကြီး (ပထမတွဲ)
▬▬▬▬▬ஜ۩۞۩ஜ▬▬▬▬▬
မဟာစည် ဆရာတော်
မာတိကာ
▬▬▬
ပထမပိုင်း
တရားပလ္လင်ခံ
ပဋိစ္စသမုပ္ပါဒ်က အရေးကြီးတယ်
စာချုပ်မိပြီး အပြစ်ဒဏ်ခံနေရတာနဲ့တူတယ်
ကြက်ကလေး ဘဲကလေးတွေရဲ့ ဖြစ်ပုံကိုကြည့်
သူတို့အမြင်နဲ့တော့ နေသာမှာပါပဲ
လူတွေရဲ့ အသက်ကလဲ သိပ်မရှည်လှပါဘူး
ဘုရားအလောင်းတော် ဆင်ခြင်ပုံ
အနုလုံအားဖြင့် ဆင်ခြင်ပုံ
ပဋိလုံအားဖြင့် ဆင်ခြင်ပုံ
ဝိပဿနာရှုပြီး ဘုရားဖြစ်တော်မူပုံ
တရားဟောရန် ဆင်ခြင်ပုံ
ကြံဆရုံနဲ့တော့ မရောက်နိုင်ဘူး
ပညာရှိတို့သာ သိနိုင်တယ်
ကာမဂုဏ်အာရုံသာ ပျော်စရာရှိကြတယ်
အရုပ်ကလေးတွေနဲ့ ကစားနေကြသလိုပဲ
တရားတောင် ကာမဂုဏ်အရှိန်အဝါ ပါမှ
အဋ္ဌကထာဆရာလဲ ညည်းညူရတယ်
ပဋိစ္စသမုပ္ပါဒ်ဒေသနာပါဠိ
ပဋိစ္စသမုပ္ပါဒ် မြန်မာပြန်
အဝိဇ္ဇာဆိုတာ ဘာလဲ
ဒုက္ခကို မသိတာ အဝိဇ္ဇာ
အဝိဇ္ဇာက မျက်စိလည်တာနဲ့ တူတယ်
မျက်မှန်စိမ်းနဲ့လဲ တူတယ်
မျက်စိကွယ်နေတာနဲ့လဲ တူတယ်
မရှုလို့ အဝိဇ္ဇာက ဖုံးကွယ်တာ
ဝိဇ္ဇာဉာဏ်က အမှန်အတိုင်း သိပုံ
အဝိဇ္ဇာနဲ့ သင်္ခါရ ဆက်သွယ်ပေးတာလဲရှိတယ်
ခေါင်းစဉ်မူလ ဆောင်ပုဒ်ကြီး
သမုဒယကို မသိတဲ့ အဝိဇ္ဇာ
ချိန်ထိုးကြည့်ရမယ်
ပွဲဥပမာ
ဆေးလိပ် ဥပမာ
ကွမ်း ဥပမာ
မြင်နိုင်ခဲလို့ နက်နဲသည်
နက်နဲလို့ မြင်နိုင်ခဲသည်
ကမ္ဘာ့နိဗ္ဗာန်အမျိုးမျိုး
နိဗ္ဗာန်အစစ်
နိရောဓကို မသိတာ အဝိဇ္ဇာ
မဂ္ဂကို မသိတဲ့ အဝိဇ္ဇာ
သီလဗ္ဗတပရာမာသ အကျင့်တွေ
သမ္မာဒိဋ္ဌိမဂ္ဂင်
သမ္မာသင်္ကပ္ပစသည်လဲ ပါဝင်တယ်
ကြောက်စရာအကောင်းဆုံး အဝိဇ္ဇာ
အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ
ကံသုံးပါး
သင်္ခါရသုံးပါး
ပုညာဘိသင်္ခါရ
အပုညာဘိသင်္ခါရ
ပြိတ္တာဖြစ်သွားတယ်
သူတော်ကောင်းလက္ခဏာ
ချမ်းသာမည်ထင်လို့လုပ်တာချည်းပဲ
သူ့ဆရာက သာပြီး ဆိုးသေးတယ်
အပြစ်ကင်းမှ ကုသိုလ်ဖြစ်တယ်
ကုသိုလ်ကို ပယ်လျှင် အကုသိုလ်ချည်း ဖြစ်မည်
ကုသိုလ်ကို မပြုချင်လျင် အဝိဇ္ဇာ အားကြီးလို့ပဲ
ဒုတိယပိုင်း
(ဒုတိယပိုင်း) တရားအနုသန္ဓေ
ရန်သူမှန်း မသိယင် မိတ်ဆွေ ထင်တယ်
ရုပ်နာမ် လက္ခဏာရေးတင်မှ ဉာဏသမ္ပယုတ် ဖြစ်သလား
ဝိသာခါ ဝတ္ထု
အလှုခံ၏ဂုဏ်ကို နှလုံးသွင်းတာ အကောင်းဆုံး
အတ္တဒိဋ္ဌိက ကင်းခဲတယ်
အဇာတသတ်ဝတ္ထု
ဒူသီ-မာရ်နတ်ဝတ္ထု
သင်္ခါရကြောင့် ဝိညာဏ်ဖြစ်သည်
သင်္ခါရကြောင့် ဘဝသစ် ဝိညာဏ်ဖြစ်ပုံ အသိခက်တယ်
စာတတ်ပုဂ္ဂိုလ်တွေမှာလဲ ခက်တာပဲ
ယောဂီက သူ့ကိုယ်တွေ့ကို ပြောတာပါ
စုတိနဲ့ ပဋိသန္ဓေကို ဒီလိုသိတယ်
သဿတ ဥစ္ဆေဒ အယူအစွဲဖြစ်ပုံ
ဒိဋ္ဌိ ၂-မျိုးဖြစ်ပုံက အများနဲ့ ဆိုင်ပါတယ်
မေးနေရုံနဲ့တော့ မပြေလည်နိုင်ဘူး
ဒီလို အမြင် အကြား သဘောတွေကို တွေ့နေကြတယ်
တကယ်ကျင့်ယင် တကယ်တွေ့နိုင်ပါတယ်
အဋ္ဌကထာ ဥပမာများ
ပဲ့တင်သံ ဥပမာ
အရိပ် ဥပမာ
ဆီမီး ဥပမာ
တံဆိပ် ဥပမာ
သေခါနီးမှာ အာရုံနိမိတ် ထင်တယ်
မဟာဓမ္မိက ဥပါသကာဝတ္ထု
သေတာ ဘယ်လောက်ပဲမြန်မြန် နိမိတ်တော့ ထင်တာပဲ
ဘုရားဟောပါဠိ သာဓက
ထင်ရောင် ထင်မှား ပြောတာ သတိပြု
ပုညာဘိသင်္ခါရကြောင့် ဘုရားဖြစ်သည်
အဋ္ဌကထာအလို
မဟာသိဝထေရ် ဝါဒ
ကြွင်းသော ပဋိသန္ဓေဝိညာဏ်များ
တဘဝလုံးမှာလဲ ဒီစိတ်ပဲ ဆက်ပြီး ဖြစ်နေတယ်
ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်သည်
လူ့ရုပ်ကိုယ်အစ ကလလ ရေကြည်က
ဥတုဇရုပ်ထဲမှာ ကမ္မဇရုပ် ဖြစ်နိုင်ပါ့မလား
ယခုခေတ် အနောက်တိုင်းဆရာတို့၏အဆို
ဥပပါတ်ပဋိသန္ဓေအကြောင်း
သံသေဒဇသတ္တဝါတွေမှာလဲ ဥပပါတ်လိုပဲ
အမျိုးကွဲ ဝီထိစိတ်များ ဖြစ်ပုံ
စက္ခုဒွါရဝီထိ (မြင်ဝီထိ) ဖြစ်ပုံ
သရက်သီး ဥပမာ
ကြားဝီထိ စသည်ဖြစ်ပုံ
မနောဒွါရဝီထိ (ကြံသိဝီထိ) ဖြစ်ပုံ
တဒနုဝတ္တက (နောက်လိုက်) ဝီထိများ
ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်ပုံ အကျဉ်းချုပ်
တတိယပိုင်း
(တတိယပိုင်း) တရားအနုသန္ဓေ
အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ
သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ပုံ
ဝိညာဏ်ကြောင့် ရုပ်နာမ် ဖြစ်ပုံ
ရုပ်တရားလဲ ပါဝင်ပုံ
ဖြစ်ခိုက် စိတ်ဝိညာဏ်သိဖို့ အရေးကြီးတယ်
မြင်သိစိတ်ကို သိယင် တွဲဖက် နာမ်နဲ့ရုပ်ကိုလဲ သိတယ်
ပဋိသမ္ဘိဒါမဂ် ပါဠိအနက်
စေတနာ ထင်ရှားပုံ
ကြားသိစိတ် စသည်ကို သိယင်လဲ တွဲဖက် နာမ်ရုပ်ကို သိသည်
ထင်ရှားတဲ့ ဝေဒနာနဲ့ ဝါယောဓာတ်ကို အရင်းခံပြု၍ သိပုံ
နာမ်ခန္ဓာ ၃-ပါးနှင့် ရုပ်ကို မျက်မှောက်သိပုံ
နာမ်ရုပ်ကြောင့်လဲ စိတ်ဝိညာဏ် ဖြစ်သည်
ဘုရားအလောင်းတော်၏ ဆင်ခြင်ပုံ
ပြဋ္ဌာန်းလို့ ဝိညာဏ် ခေါင်းတပ်ပြီး ဟောတယ်
စက္ခုပါလမထေရ်ဝတ္ထု အကျဉ်းချုပ်
အထူးမှတ်သားဖွယ် အချက် ၂-ခု
အရှင်မောဂ္ဂလိပုတ္တတိဿ၏ ဖြတ်ထုံး
ဒုတိယ မှတ်သားဖွယ်အချက်
ရဟန္တာ စုံစမ်းနည်း
ကြည်လင်တဲ့စိတ်ကြောင့် ချမ်းသာလိုက်လာပုံ
မဋ္ဌကုဏ္ဍလီဝတ္ထု အကျဉ်းချုပ်
နာမ်ရုပ်ကြောင့် သဠာယတန ဖြစ်သည်
ရုပ်ကြောင့် အာယတန ဖြစ်ပုံ
နာမ်ရုပ်ကြောင့် အာယတန ၆-ပါးဖြစ်ပုံ အကျဉ်းချုပ်
အဂ္ဂသာဝကကြီး ၂-ပါး သောတာပန်ဖြစ်တဲ့တရား
သစ္စာ ၄-ပါးကိုပြသော ဒေသနာ
ပဋိစ္စသမုပ္ပါဒ် အကျဉ်းချုပ်လည်း ဖြစ်သင့်သည်
ပဋိစ္စသမုပ္ပါဒ် လင်္ကာဆောင်ပုဒ်ရှည်
ပဋိစ္စသမုပ္ပါဒ်ခေါင်းစဉ် စကားပြေဆောင်ပုဒ်
အတိတ်အကြောင်းကြောင့် ပစ္စုပ္ပန်အကျိုးပေါ်ပုံ
ပစ္စုပ္ပန်အကျိုးငါးပါး ပေါ်လာပုံ
ပစ္စုပ္ပန်အကျိုးနှင့်စပ်၍ အကြောင်းအသစ် ပေါ်လာပုံ
အနာဂတ်အကျိုးများ ပေါ်လာပုံ
စတုတ္ထပိုင်း
(စတုတ္ထပိုင်း) တရားအနုသန္ဓေ
အရှင်အာနန္ဒာ၏ အတ္ထုပ္ပတ္တိ
ချီးမြှောက်လိုတဲ့ သဘောပါဝင်ပုံ
(၁) ရှေးဥပနိဿယနဲ့ ပြည့်စုံခြင်း
ဘုရားကို ပြုစုလုပ်ကျွေးရန် တောင်းခြင်း
ဖူးမြော်ခွင့်ရရန် သုမနထေရ်က ဆောင်ရွက်ခြင်း
မြတ်စွာဘုရားကို ပင့်လျှောက်ပုံ
မြတ်စွာဘုရားအား ကျောင်းလှူခြင်း
လေးလေးနက်နက် ဆည်းကပ်ပုံ
တရားကို အလေးပြုပုံ
ဘုရားအား လုပ်ကျွေးပြုစုပုံကို လေ့လာကြည်ညိုခြင်း
(၂) ဆရာများထံ၌ နည်းနိဿယ ခံယူခဲ့ဖူးခြင်း
(၃) သောတာပန် ဖြစ်ခြင်း
အရှင်ပုဏ္ဏ၏ ဩဝါဒ
ဝိပဿနာ ရှုစဉ်ကတည်းက သိလာခဲ့ပါတယ်
(၄) အကြားအမြင် များခြင်း
အရှင်အာနန္ဒာ မှတ် ဉာဏ်ကောင်းပုံ
ဂမ္ဘီရတာခေါ်တဲ့ နက်နဲခြင်း ၄-ပါး
ရှုတ်ချလိုတဲ့သဘော ပါဝင်ပုံ
တကယ်နက်နဲ၍ နက်နဲယောင်ထင်သည်
အမျိုးသမီးတယောက်က ဒီလိုပြောသတဲ့
လူ့ဘုံပြန်ရောက်ဖို့ မလွယ်ဘူး
ပဋိစ္စသမုပ္ပါဒ် သိဖို့ရာ အရေးကြီးသည်
အာယတနကြောင့် ဖဿဖြစ်သည်
ဖဿထင်ပေါ်ပုံ
ဖဿ၏ဒဏ်ချက် ပြင်းပြပုံ
မုဒုလက္ခဏဇာတ်ဝတ္ထု
ဥမ္မာဒန္တီနှင့် သိဝိမင်းကြီး
ဖဿကြောင့် ဒေါသစသည်လဲ ဖြစ်တယ်
ဖဿကြောင့် ကုသိုလ်လဲ ဖြစ်တယ်
အာယတနကြောင့် ဖဿဖြစ်ပုံ အသေးစိတ်
ဖဿကြောင့် ဝေဒနာ ဖြစ်ပုံ
ပဉ္စမပိုင်း
(ပဉ္စမပိုင်း) တရားအနုသန္ဓေ
သူလဲ ယုံမှားဖြစ်စရာဌာန တခုပဲ
ရှစ်ပါးသော ဌာနတို့၌ ယုံမှားဖြစ်ခြင်း
ယုံမှားရာကနေ ဒိဋ္ဌိလဲ ဖြစ်သွားတတ်တယ်
အနှစ်သတ္တုချကြည့်လျှင် အကြောင်းနဲ့အကျိုးမျှသာ ရှိတယ်
အဇ္ဈတ္တတရားသာ လိုရင်းဖြစ်တယ်
သက်ရှိရုပ်နာမ် ဖြစ်စဉ်က အရေးကြီးတယ်
လယ်ထဲကမျိုးစေ့ ရေစိုလို့ အပင်ပေါက်တာနဲ့ တူသည်
ကံက လယ်မြေနဲ့ တူတယ်
စိတ်ဝိညာဏ်က မျိုးစေ့နဲ့တူတယ်
တဏှာက ရေနှင့် တူတယ်
စိတ်က တလောကလုံးကို ဆောင်နေတယ်
သောတဒွါရခေါ် နားမှ ဝိညာဏ် ဖဿ ဝေဒနာဖြစ်ပျက်နေပုံ
ဝေဒနာသုံးမျိုးလုံး ထင်ရှားပုံ
ဃာနဒွါရခေါ် နှာခေါင်းမှ ဝိညာဏ် ဖဿ ဝေဒနာ ဖြစ်ပျက်နေပုံ
ဇိဝှါဒွါရခေါ် လျှာမှ ဝိညာဏ် ဖဿ ဝေဒနာ ဖြစ်ပျက်နေပုံ
ကာယဒွါရခေါ် ကိုယ်အကြည်မှ ဝိညာဏ် ဖဿ ဝေဒနာ ဖြစ်ပျက်နေပုံ
ကိုယ်အကြည်ရုပ်က တကိုယ်လုံးမှာ ရှိနေတယ်
ပထဝီ အတွေ့အထိ
တေဇော အတွေ့အထိ
ဝါယော အတွေ့အထိ
မြင်ရုံနဲ့ မာတာ ပူတာကို မသိနိုင်
လှုပ်တာကိုလဲ မြင်ရုံနဲ့ မသိနိုင်ဘူး
ဒကာကြီးတဦး၏ ဆုံးဖြတ်ချက်
သေချာတဲ့ နည်းလမ်း
မနောဒွါရမှ ဝိညာဏ် ဖဿ ဝေဒနာ ဖြစ်ပျက်နေပုံ
မနောဝိညာဏ်နှင့် နှလုံးရုပ်
ပင့်ကူအိမ်နှင့် ပင့်ကူကောင် ဥပမာ
ဖဿကြောင့် ဝေဒနာဖြစ်ပုံ
မိဂပဒဝဠဉ္ဇနနည်းနဲ့ သိပုံ
မနောဒွါရ၌ အတိုချုပ်မှတ်ဖွယ်
ရှုမှတ်ယင် ပဋိစ္စသမုပ္ပါဒ်ကို ကိုယ်တိုင်တွေ့ သိတယ်
လက်တွေ့ စမ်းသပ်ကြည့်ပါ
.....
ပဋိစ္စသမုပ္ပါဒ် တရားတော်ကြီး (ပထမတွဲ)
▬▬▬▬▬ஜ۩۞۩ஜ▬▬▬▬▬
နိဒါန်း
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ဗုဒ္ဓသာသနာဝင် အစစ်
▬▬▬▬▬▬▬▬
ပဋိစ္စသမုပ္ပါဒ်တရားတော် ဟုဆိုလျှင် အခြားဘာသာ သာသနာတို့နှင့်လုံးဝ မသက်ဆိုင်ကြောင်း, ဗုဒ္ဓသာသနာတော် နှင့်သာလျှင် သက်ဆိုင်၍ ဗုဒ္ဓသာသနာ တော်တွင်း တရားသာလျှင် ဖြစ်ကြောင်း, မူလပဘဝအားဖြင့် ဗုဒ္ဓမြတ်စွာဘုရား ကိုယ်တော်တိုင် ဟောတော်မူခဲ့သော တရားတော် ဖြစ်ကြောင်များ ထင်ရှား ဖော်ပြလျက် ရှိပေသည်၊
ယင်း ပဋိစ္စသမုပ္ပါဒ် တရားတော်သည် ဗုဒ္ဓသာသနာတော်၌ အရေးကြီးသော အပိုင်းကဏ္ဍ တခုအဖြစ်ဖြင့် ပါဝင်လျက် ရှိပေ၏၊ အဘယ့်ကြောင့်ဆိုသော် ဝိပဿနာ ယောဂီပုဂ္ဂိုလ်တို့သည် ပစ္စယပရိဂ္ဂဟ ဉာဏ်အဆင့်သို့ ရောက်သောအခါ ယင်း ပဋိစ္စသမုပ္ပါဒ်တရားကို အကျဉ်းအားဖြင့် ဖြစ်စေ, အကျယ်အားဖြင့်ဖြစ်စေ ထိုက်သည် အားလျော်စွာ မုချသိအပ်သော ကြောင့်ပင် ဖြစ်ပေသည်၊ ထို့ကြောင့်ပင် ဗုဒ္ဓမြတ်စွာဘုရားသည် ဤပဋိစ္စသမုပ္ပါဒ် တရားတော်ကို အကြိမ်တရာမက များစွာပင် ဟောကြားတော်မူခဲ့ပေသည်။
ဤတရားကို သိလျှင် ရမည့် အကျိုးများ
▬▬▬▬▬▬▬
ပဋိစ္စသမုပ္ပါဒ်ကိုသိလျှင် “ကိုယ့်ချမ်းသာ ဆင်းရဲကို ကိုယ်တိုင်ပြုသည်, သူတပါးက ပြုသည်” စသည်ဖြင့် ယူမှားသော ဒိဋ္ဌိကင်းကြောင်းကို လည်းကောင်း (နိဒါနဝဂ္ဂသံယုတ် အစေလ ကဿပသုတ် စသည်)၊ သမ္မာဒိဋ္ဌိ-အယူမှန်ရှိသူ ဖြစ်ကြောင်းကို လည်းကောင်း (၎င်း ကစ္စာနဂေါတ္တသုတ်)၊ သေက္ခဉာဏ်နှင့်ပြည့်စုံသူ တရားအလျဉ်သို့ရောက်သူ အြုမိက်နိဗ္ဗာန်တံခါးဝသို့ ရောက်သူ မည်ကြောင်းကို လည်းကောင်း (၎င်း-ပစ္စယသုတ်) ဤသို့စသည် ပဋိစ္စသမုပ္ပါဒ် သိခြင်း၏ အကျိုးများကို ဗုဒ္ဓမြတ်စွာဘုရား ဟောကြား ဖော်ပြတော်မူခဲ့ပေသည်။
ခက်ခဲ၍ ဖွင့်ပြတော်မူကြသည်
▬▬▬▬▬▬▬▬▬▬
သို့သော် ယင်း ပဋိစ္စသမုပ္ပါဒ်တရားတော်သည် သိလွယ်သော တရားကား မဟုတ်ပေ၊ အလွန်နက်နဲ၍ သိနိုင်ခဲသော တရားသာ ဖြစ်ပေသည်၊ ထို့ကြောင့်ပင် ဒီဃနိကာယ် မဟာဝဂ် မဟာနိဒါနသုတ်၌ ပဋိစ္စသပ္ပါဒ်တရားသည် နက်နဲ၍ နက်နဲယောင် ထင်ကြောင်း, ယင်း ပဋိစ္စသမုပ္ပါဒ်တရားကို မသိရခြင်းကြောင့် သတ္တဝါအပေါင်းသည် သံသရာကို မကျော်လွန်နိုင်ပဲ ဆင်းရဲဒုက္ခ ရောက်နေ ကြရကြောင်းများကို ဟောကြားတော်မူခဲ့ပေသည်၊ ယင်းသို့ နက်နဲ၍ အသိခက်သော ကြောင့်ပင် ရှေးရှေးသော ဆရာမြတ်တို့သည် ဤပဋိစ္စသမုပ္ပါဒ်တရားကို မိမိတို့ ဉာဏ်စွမ်းရှိသမျှ ခေတ်ကာလ အားလျော်စွာ ဖွင့်ပြဟောကြား ရေးသားတော် မူခဲ့ကြပေသည်။
သို့သော် သမုဒ္ဒရာရေသည် မည်ရွေ့မည်မျှပင် ခပ်ယူသော်လည်း မကုန်နိုင်သကဲ့သို့ ယင်း ပဋိစ္စသမုပ္ပါဒ် တရားတော်သည်လည်း ဖွင့်ပြ၍ကား မကုန်နိုင်ပေ၊ အကျယ် ဖွင့်ပြ ဟောကြား ရေးသား ထုတ်ဖော်ရန် လိုလျက်သာ ရှိချေသည်။
၁၁-သီတင်းတိတိ အကျယ်ဟောကြားတော်မူခဲ့သည်
▬▬▬▬▬▬▬▬▬▬
ထို့ကြောင့် ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီးသည်လည်း ဤ ပဋိစ္စသမုပ္ပါဒ် တရားတော်ကို ရန်ကုန်မြို့ သာသနာ့ရိပ်သာ ဖလ်ယဉ်ဓမ္မာရုံကြီး၌ များစွာသော ရဟန်း ရှင် လူ ပရိသတ်တို့အား ၁၃၂၄-ခု နယုန်လပြည့်ကျော် ၈-ရက်နေ့မှစ၍ ၁၁-သီတင်းတိုင်တိုင် စိတ်ပါဝင်စားသူတိုင်း သိနားလည်နိုင်လောက်အောင် အကျယ် ဖွင့်ပြလျက် ဟောကြားတော်မူခဲ့ပေသည်၊
ထိုသို့ ဟောကြားစဉ်ကာလက ဦးသိန်းအောင်နှင့် ဦးသိန်းဟန်တို့က ထပ်ကာ ထပ်ကာ နာယူနိုင်ရန် ရည်သန် မျှော်လင့်လျက် တိတ်ရီကော်ဒါခေါ် အသံဖမ်းစက် များဖြင့် တရားသံကို ဖမ်းယူ ထားခဲ့ကြပေသည်၊ ယင်းတရားသံကို အရှင်ဝဏ္ဏိတမထေရ် (ယခု ဖျာပုံ သာသနာ့ရိပ်သာ ဆရာတော်)က တပည့်ရဟန်းတော်များ၏ အကူအညီဖြင့် တိတ်ခွေမှထုတ်ယူကာ လက်ရေး စာမူကြမ်းအဖြစ်သို့ ရောက်စေခဲ့ပေသည်၊ တဖန် ထိုလက်ရေး စာမူကြမ်းကို ဦးသိန်းဟန်က တိုက်ပရိုက် စာမူကြမ်းအဖြစ်သို့ ရောက်စေ ခဲ့ပေသည်။
ဗုဒ္ဓ ဓမ္မ လောက စာစောင်၌ တင်ပြခြင်း
▬▬▬▬▬▬▬▬
ထိုသို့ တိုက်ပရိုက် စာမူကြမ်းဖြစ်ပြီးသောအခါ၌ ဗုဒ္ဓ ဓမ္မ လောက စာစောင် အယ်ဒီတာ ဦးအောင်မြင့်က ဗုဒ္ဓ ဓမ္မ လောကစာစောင်၌ ယင်း ပဋိစ္စသမုပ္ပါဒ် တရားတော်ကြီးကို တင်ပြလိုကြောင်း ကျေးဇူးရှင် မဟာစည်ဆရာတော် ဘုရားကြီးထံ၌ ခွင့်ပန် လျှောက်ထားခဲ့လေသည်၊ ထိုလျှောက်ထားချက်အရ စာမူချောအဖြစ်သို့ ရောက်အောင် သုတ်သင် ပြင်ဆင်ရန်အတွက် ဦးသိန်းအောင်က ကမ္မဋ္ဌာနာစရိယ အရှင်ဝဏ္ဏိတထံမှ တိုက်ပရိုက်မူကြမ်း ပဋိစ္စသမုပ္ပါဒ် တရားတော် စာအုပ်ကြီးကို တောင်းယူခဲ့ကာ ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီး လက်သို့ ဆက်ကပ်လိုက်ပေသည်၊
ဆရာတော်ဘုရားကြီးက ထိုစာမူကြမ်းကို စာမူချောအဖြစ်သို့ ရောက်အောင် သုတ်သင် ပြင်ဆင်ပေးသဖြင့် ဗုဒ္ဓဓမ္မ လောကစာစောင်၌ တပိုင်းချင်း တပိုင်းချင်း တင်ပြခဲ့ရာ စာရှုသူ အပေါင်းတို့မှာ အလွန် နှစ်သက်ကြလျက် စာအုပ်အဖြစ်ဖြင့် တပေါင်းတည်း အပြည့်အစုံ ကြည့်ရှုလိုသော စိတ်ဆန္ဒပြင်းပြစွာ ဖြစ်ပေါ်ခဲ့ကြလေသည်။
ပုံနှိပ်စာအုပ်အဖြစ်သို့ ရောက်ခြင်း
▬▬▬▬▬▬▬▬▬▬
သို့ဖြစ်သောကြောင့် ဦးသိန်းအောင်က အဆိုပါ ပဋိစ္စသမုပ္ပါဒ် တရားတော်ကို စာအုပ်အဖြစ်ဖြင့် ပုံနှိပ်ဖြန့်ဝေခွင့်ပြုပါရန် ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးအား တောင်းပန် လျှောက်ထားလေသည်၊ ထိုလျှောက်ထား တောင်းပန်ချက်အရ ဆရာတော်ဘုရားကြီး ထံမှ သဘောတူ ခွင့်ပြုချက်ရသဖြင့် ဓမ္မဒေသနာဖြန့်ချီရေး စာပေတိုက်မှ “ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး” ဟူသော အမည်ဖြင့် ပုံနှိပ်ဖြန့်ဝေလိုက်ပေသည်။
ဤတရားတော်ကြီး၏ ထူးခြားချက်များ
▬▬▬▬▬▬▬
ဤ ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး၏ ထူးခြားချက်များမှာ-
(၁) ယေဘုယျအားဖြင့် နားလည်လွယ်သော အရပ်သုံး မြန်မာစကား ရိုးရိုးဖြင့် ဟောထားခြင်း။
(၂) အတိုချုပ် ဆောင်မှတ်ထားနိုင်ရန် လင်္ကာစကားပြေ ဆောင်ပုဒ်များဖြင့် ဟောထားခြင်း။
(၃) သာဓကဝတ္ထုများကိုလည်း အရာအားလျော်စွာ ဆောင်ပြထားခြင်း။
(၄) လေးနက်ခိုင်မာသော အသင့်ယုတ္တိနှင့် တိကျသော အကြောင်းပြချက်အမျိုးမျိုး, ပေါ်လွင်ထင်ရှားသော ဥပမာ စသည်တို့ဖြင့် တန်ဆာဆင်၍ ဟောထားခြင်း။
(၅) ပါဠိကို မြန်မာပြန်ရာ၌ သိလွယ်သော ဝေါဟာရတို့ဖြင့် ပြန်ဆို၍ ဟောထားခြင်း။
(၆) စာတွေ့မျှမဟုတ်ပဲ ကိုယ်တွေ့ဖြင့် နှိုင်းချိန်နိုင်အောင် ဖေါ်ပြလျက် ဟောထားခြင်း။
(၇) သုတမယ, စိန္တာမယဖြင့်သာ မဟုတ်ပဲ ဘာဝနာမယဖြင့်လည်း သိနားလည် နိုင်အောင် ဟောထားခြင်း စသည်တို့ ဖြစ်ပေသည်။
သိလွယ်သောဝေါဟာရဖြင့် ပြန်ဆိုခြင်း
▬▬▬▬▬▬▬▬▬▬
ထိုတွင် အမှတ် ၅-အရ အနည်းငယ် ဖော်ပြရလျှင် အပ္ပဋိပတ္တိ အဝိဇ္ဇာနှင့် မိစ္ဆာပဋိပတ္တိ အဝိဇ္ဇာတို့ကို-
“အမှန်မသွား၊ အမှားမြင်ကာ၊ အဝိဇ္ဇာကြောင့်”ဟု ပေါ်လွင် ထင်ရှားသော ဝေါဟာရစကားဖြင့် ပြန်ဆိုဖော်ပြထားသည်၊ ယင်းမူလဆောင်ပုဒ်၏ အကျယ်ပြ ဆောင်ပုဒ်တို့၌လည်း-
“မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း ဒွါရ ၆-ပါးက ထင်ပေါ်လာသမျှ ဆင်းရဲတွေကို ဆင်းရဲဟု မထင်မသိတာက အဝိဇ္ဇာ၊ ထိုဆင်းရဲတရားတွေကိုပင် ချမ်းသာဟု ထင်တာကလဲ အဝိဇ္ဇာ”ဟု (နှာ ၂၉)-
ဤသို့စသည်ဖြင့် လူတိုင်းပင်သဘောပေါက် သိနားလည်နိုင်လောက်အောင် သရုပ်ဖော်လျက် ပြဆိုထားပေသည်။
ထို့ပြင် အဝိဇ္ဇာကြောင့် သင်္ခါရတို့ ဖြစ်ကြသည်ဟူရာ၌ အဝိဇ္ဇာနှင့်သင်္ခါရတို့ မည်သို့ဆက်သွယ်သည် ဟူသောအချက်ကိုလည်း ပေါ်လွင်စေရန်-
“အဝိဇ္ဇာကြောင့်၊ ချမ်းသာလိမ့်နိုး၊ ရည်မျှော်ကိုးလျက်၊ သုံးမျိုးမှုကံ၊ ပြုစီမံ၍”ဟု ချမ်းသာလိမ့်မည်ထင်သော ရည်မျှော်ချက်ဖြင့် ဆက်စပ်ကြောင်းကို ဖြည့်စွက်လျက် ပြဆိုထားပေသည်။
ကိုယ်တွေ့ဖြင့် နှိုင်းချိန်နိုင်အောင် ပြခြင်း
▬▬▬▬▬▬▬▬▬
အမှတ် (၆) အရ ထူးခြားချက် အနည်းငယ်ကို ဖော်ပြရလျှင် သင်္ခါရကြောင့် ဝိညာဏ်ဖြစ်သည် ဟူရာ၌ ဘဝသစ် ပဋိသန္ဓေဝိညာဏ်ဖြစ်ပုံကို ယောဂီတို့၏ ကိုယ်တွေ့ဉာဏ်ဖြင့် နှိုင်းချိန်နိုင်အောင် ရှင်းလင်းပြဆိုထားသည်မှာ အလွန်ပင် စိတ် ဝင်စားဖွယ် ကောင်းလှပါသည်၊ ပြဆိုပုံကတော့-သင်္ခါရကြောင့် ဘဝသစ် ပဋိသန္ဓေဝိညာဏ် ဖြစ်တယ်ဆိုတာဟာ အသိခက်ကြောင်း, သိဖို့လဲ အလွန် အရေးကြီးကြောင်း, အဲဒီအချက်ကိုမသိလျှင် မိစ္ဆာဒိဋ္ဌိဖြစ်စရာ အကွက်ကြီးတခု ဖြစ်သည်ဟု လယ်တီဆရာတော်ဘုရားကြီးက မိန့်မှာသွားကြောင်း၊
သမ္မသနဉာဏ်, ဥဒယဗ္ဗယဉာဏ် ရောက်နေတဲ့ ယောဂီကစုတိနဲ့ ပဋိသန္ဓေဖြစ်ပုံကို ဒီလိုသိတယ်၊ “လောကမှာ သေတယ်ဆိုတာလဲ ရှုမှတ်ရတဲ့ စိတ်ကလေး ပျောက်သွားတာမျိုးပဲ၊ ယခု ရှုမှတ်နေယင်း ပျောက်ပျောက်သွားတဲ့ စိတ်ကလေးလိုပင် နောက်ဆုံး စိတ်ကလေး ပျောက်သွားတာဖြစ်မှာပဲ” ဟု ပြဆိုထား ပေသည်။
ဘာဝနာမယဉာဏ်ဖြင့်လည်း သိနားလည်စေခြင်း
▬▬▬▬▬▬▬
အမှတ် (၇)အရ ထူးခြားချက်ကို အမြွက်မျှ ဖော်ပြရလျှင် အတက္ကာဝစရော-မဂ်ဖိုလ်နိဗ္ဗာန်ကို ကြံဆရုံမျှဖြင့် မရောက်နိုင်ဘူးလို့ဆိုရာမှာ ကြံဆရုံမျှဖြင့် မဂ်ဖိုလ်နိဗ္ဗာန်ကို သိဖို့ဆိုတာမပြောနဲ့ ဝိပဿနာအသိမျိုးတောင် မဖြစ်နိုင်ကြောင်း, ဝိပဿနာထဲမှာ အောက်ထစ်ဆုံးဖြစ်တဲ့ နာမရူပ ပရိစ္ဆေဒဉာဏ်တောင် မဖြစ်နိုင် ကြောင်းများကို ပြဆိုပြီးလျှင် သတိပဋ္ဌာန်ဒေသနာ နည်းအရ ဖြစ်ခိုက် ရုပ်နာမ်ကို မပြတ်လိုက်ပြီးမှတ်နေမှ သမာဓိဉာဏ် အားပြည့်တဲ့အခါ နာမ်နဲ့ရုပ်ကို ပိုင်းခြားသိတဲ့ ဝိပဿနာဉာဏ်များဖြစ်ပုံကို ပြဆိုထားသည်မှာ အထူးမှတ်သားဖွယ် ကောင်းလှပါပေသည်။
ကြည့်ရှုလေ့လာခြင်း၏ အကျိုး
▬▬▬▬▬▬▬▬▬▬
ထို့ကြောင့် ဤ ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီးကို ကြည့်ရှုလေ့လာလျှင် ပဋိစ္စသမုပ္ပါဒ် သဘောသဘာဝတို့ကို ပါဠိ အဋ္ဌကထာ ဋီကာတို့၌ ပြဆိုထားသည့်အတိုင်း ကောင်းစွာ သိနားလည်၍ သုတမယဉာဏ်လည်း ဖြစ်ပွါးမည်၊ စိန္တာမယဉာဏ်လည်း ဖြစ်ပွါးမည်၊ ယင်းဉာဏ် ၂-ပါးကို အခြေခံပြု၍ ဖြစ်ခိုက်ရုပ်နာမ်ကို ရှုမှတ်ပွါးများလျှင် ဘာဝနာမယ ဉာဏ်လည်း ဖြစ်ပွါးမည်မှာ ယုံမှားဖွယ်မရှိဖြစ်ပေသည်။
နိဂုံးချုပ်
▬▬▬
သို့ဖြစ်၍ သပ္ပုရိသအပေါင်း သူတော်ကောင်းတို့သည် ဤ ပဋိစ္စသမုပ္ပါဒ် တရားတော်ကြီး စာအုပ်ကို စေ့စေ့စပ်စပ် သေသေချာချာ ကြည့်ရှုလေ့လာသော အားဖြင့် အလွန်နက်နဲသော ပဋိစ္စသမုပ္ပါဒ်တရားနှင့် စပ်လျဉ်း၍ သုတမယဉာဏ် ကိုလည်း ပွါးနိုင်ကြပါစေ၊ လေးလေးနက်နက် စဉ်းစားဆင်ခြင်သော အားဖြင့် စိန္တာမယဉာဏ်ကိုလည်း ပွါးနိုင်ကြပါစေ၊အကြောင်း အကျိုးဆက်စပ်လျက် မပြတ်ဖြစ် နေသော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို ရှုမှတ်သောအားဖြင့် ဘာဝနာမယ ဝိပဿနာဉာဏ်ကိုလည်း အပြည့်အစုံဖြစ်ပွါးစေကာ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ် တို့ဖြင့် အဝိဇ္ဇာသင်္ခါရစသော ပဋိစ္စသမုပ္ပါဒ်တရားတို့၏ လုံးဝ ချုပ်ငြိမ်းရာ နိဗ္ဗာန် ချမ်းသာကို လျင်မြန်စွာ မျက်မှောက်ပြုနိုင်ကြပါစေသော်။
အရှင်ပဏ္ဍိတာဘိဝံသ
သာသနာ့ရိပ်သာ၊ ရန်ကုန်မြို့။
၁၃၂၉-ခု၊ တပေါင်းလဆန်း (၈) ရက်။
ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး
▬▬▬ஜ۩۞۩ஜ▬▬▬
၁၃၂၄-ခု၊ နယုန်လဆုတ် ၈-ရက်နေ့ဟောသည်။
နမော ဗုဒ္ဓဿ ပဋိစ္စသမုပ္ပါဒဝိဒုနော။
ပထမပိုင်း
တရားပလ္လင်ခံ
▬▬▬▬▬
ပဋိစ္စသမုပ္ပါဒ်တရားကို နယုန်လပြည့်နေ့ကတည်းက စပြီးဟောဖို့ပါပဲ၊ ဒါပေမယ့် အဲဒီနေ့တုန်းက အချိန်မရတဲ့အတွက် တရားဖွင့်ပွဲအနေနဲ့ နဲနဲပါးပါးလောက်ပဲ ဟောလိုက်ရတယ်၊ ဒီကနေ့တော့ အကျယ်စပြီး ဟောရမယ်။
ပဋိစ္စသမုပ္ပါဒ်က အရေးကြီးတယ်
▬▬▬▬▬▬▬▬▬▬▬
ပဋိစ္စသမုပ္ပါဒ်တရား ဆိုတာဟာ အရေးကြီးပါတယ်၊ မြတ်စွာဘုရား၏ သာသနာ တော်မှာ ပဋိစ္စသမုပ္ပါဒ်ကို သိဖို့ရာ အလွန်အရေးကြီးပါတယ်၊ ဘုရား အလောင်းတော်ဟာ ဒီပဋိစ္စသမုပ္ပါဒ် တရားကပဲစပြီး လမ်းမှန်အတိုင်းနှလုံးသွင်း ဆင်ခြင်ပြီးတော့ ဘုရားအဖြစ်သို့ ရောက်တော်မူရတယ်၊ ဘယ်ကစပြီး ဆင်ခြင်တော်မူသလဲဆိုတော့ ဇရာမရဏ အိုခြင်းသေခြင်းဆိုတာက စပြီးတော့ ဆင်ခြင်တော်မူခဲ့ပါတယ်၊ ဘုရားအလောင်းတော်တိုင်း ဘုရားအလောင်းတော် တိုင်းဟာ ဘုရားဖြစ်မည့် နောက်ဆုံးဘဝ ဘုရားဖြစ်ခါနီး ကာလမှာ အဲဒီ အိုခြင်း, သေခြင်းဆိုတဲ့ တရားကချည်းစပြီးတော့ ဆင်ခြင်တော်မူပါတယ်။
စာချုပ်မိပြီး အပြစ်ဒဏ် ခံနေရတာနဲ့ တူတယ်
▬▬▬▬▬▬▬▬
သတ္တဝါတွေဟာ မအိုချင်ပဲနဲ့လဲ အိုနေရတယ်၊ မနာချင်ပဲနဲ့လဲ နာနေရတယ်၊ မသေချင်ပဲနဲ့လဲ သေနေရတယ်၊ အိုလို့ နာလို့သေလို့လဲ မဆုံးနိုင်ဘူး၊ တဘဝက သေပြီးယင် နောက်တဘဝ ထပ်ပြီးဖြစ်ရတယ်၊ အဲဒီဘဝမှာလဲ အိုရ နာရ သေရပြန်တယ်၊ နောက်တဘဝလဲ ထပ်ပြီးဖြစ်ရပြန်တယ်၊ အဲဒီနောက်ဘဝမှာလဲ အိုရ နာရ သေရပြန်တယ်၊ ဒီနည်းဖြင့် အိုလို့ နာလို့ သေလို့လဲ မဆုံးနိုင်ဘူး၊
ဒီလို တဘဝပြီးတဘဝ မပြတ်ဆက်ပြီး ဖြစ်နေတဲ့ ဘဝဖြစ်စဉ်တွေကို ဉာဏ်အမြင် သန်သန်နဲ့ မျှော်ပြီး ကြည့်လိုက်မယ်ဆိုယင် သတ္တဝါတွေဟာ စာချုပ်မိပြီး အပြစ်ဒဏ် ခံနေရတာနဲ့တူတယ်၊ ကိုယ့်တယောက်တည်းရဲ့ ဖြစ်စဉ်ကိုပင် အရုပ်ကားတွေရေးပြီး ကြည့်လိုက်မယ်ဆိုယင်လဲ မကုန်မဆုံးနိုင်အောင် ရှိနေပါတယ်။
ကြက်ကလေး ဘဲကလေးတွေရဲ့ ဖြစ်ပုံကို ကြည့်
ဘဝအသစ်ဖြစ်လာလိုက်ယင်း သေသွားလိုက်ယင်း, ဘဝအသစ်ဖြစ်လာလိုက်ယင်း သေသွားလိုက်ယင်းနဲ့ တစဉ်တတန်းကြီး ဖြစ်နေတယ်၊ လူတွေရဲ့ အမြင်နဲ့ကြည့်မယ် ဆိုယင် ကြက်ကလေးတွေ ဘဲကလေးတွေရဲ့ ဖြစ်ပုံဟာ အင်မတန် ကြောက်စရာ ကောင်းပါတယ်၊ ဒီလို အကောင်ကလေးတွေဟာ တချို့များ ကြက်ဘဝ, ဘဲဘဝ ရောက်လာခါစ ရှိသေးတယ်၊ အကောင်တောင် မပေါက် လိုက်ရသေးဘူး၊ ဥ-အဖြစ်ကတည်းက လူတွေက ပြုတ်စားလိုစား, ကြော်စားလိုစားနဲ့ အဲဒီမှာ သေကုန်ရှာကြတယ်၊ အဲဒါက အကောင်မဖြစ်ရသေးခင် သေသွားကြ ရရှာတာ၊ အကောင်ကလေး ဖြစ်လာပြန်တော့လဲ တယ်ကြာကြာ မနေကြရရှာဘူး၊ တော်တော် ကလေးကြီးလာတယ်ဆိုယင်ပဲ လူတွေက သတ်ပြီးစားလိုက်ကြတာနဲ့ သေသွားကြ ရရှာပြန်တယ်၊
အဲဒီ အကောင်ကလေးတွေရဲ့ ဖြစ်ပုံကိုကြည့်ပြီး စဉ်းစားလိုက်ယင် ဒီကြက်ကလေး, ဘဲကလေးတွေဟာ ဖြစ်လာလိုက်ယင်း လူတွေက သတ်စားလိုက်လို့ သေသွား ရယင်း, ဖြစ်လာလိုက်ယင်း သေသွားရယင်းနဲ့ အင်မတန် ရင်လေးစရာ ကောင်းပါတယ်၊ တကောင်တည်းသာ ဒီလို ထပ်ကာထပ်ကာ ဖြစ်နေရမယ် ဆိုယင်တော့ တော်တော်ကို စိတ်ပျက်စရာ ကြောက်စရာကောင်းတာပဲ၊ ဒါကတော့ လူ့အမြင်နဲ့ကြည့်ပြီး တွေ့ရပုံကို ပြောရတာပါ။
သူတို့အမြင်နဲ့တော့ နေသာမှာပဲ
▬▬▬▬▬▬▬▬▬▬▬
သို့ပေမယ့် သူတို့ကြက်တွေ ဘဲတွေအနေနဲ့ ကြည့်လို့ရှိယင်တော့ သူတို့ရနေတဲ့ဘဝဟာ တော်တော် နေသာထိုင်သာ ရှိကောင်းရှိပါလိမ့်မယ်၊ သေမှသာ သေရော၊ မသေခင်တော့ သူတို့မှာ ပျော်စရာကလေးတွေ ရှိဦးမှာပါပဲ၊ ဒါကြောင့် သူတို့ဟာ မြည်လိုက် တွန်လိုက်နဲ့ ပျော်နေကြတယ်၊ စားလိုက် သောက်လိုက်နဲ့လဲ ပျော်နေကြတယ်၊ တကောင်နဲ့ တကောင် ခွပ်လိုက် ဆိတ်လိုက်နဲ့လဲ အနိုင်ကျင့် နေကြတယ်၊ ဒါဟာ သူတို့အမြင်နဲ့တော့ အသက်ရှင် နေရမည့်အချိန်တွေ အများကြီး ရှိနေတယ် ထင်နေကြလို့ နေမှာပါပဲ၊ လူ့အမြင်နဲ့ ဆိုယင်တော့ ဒီအကောင် ကလေးတွေဟာ ဘာမှ ပျော်ရွှင်နိုင်စရာ အချိန်မရှိဘူး၊ ရက်ပိုင်း လပိုင်းလောက် ခဏကလေးပဲ၊ ဖြစ်လာလိုက်ယင်း မကြာခင် သေသွားရယင်း, ဖြစ်လာလိုက်ယင်း မကြာခင် သေသွားရယင်းနဲ့ ဒီလိုချည်းသာ ဖြစ်နေရမယ်ဆိုယင် ကြောက်စရာ မကောင်းကြပေဘူးလား၊ အလွန် ကြောက်စရာ ကောင်းတာပေါ့။
လူတွေရဲ့အသက်ကလဲ သိပ်မရှည်လှပါဘူး
▬▬▬▬▬▬▬
အမြော်အမြင်ရှိတဲ့ ပုဂ္ဂိုလ်အနေနဲ့ ကြည့်လိုက်ယင် လူ့အသက်ကလဲ သိပ်ရှည်တာ မဟုတ်ပါဘူး၊ ယခု အသက် လေးငါး ခြောက်ဆယ်ရှိတဲ့သူက လွန်ခဲ့တဲ့အသက်ပိုင်း ကာလကို ပြန်ကြည့်ပါ၊ မနေ့တနေ့ကလိုပဲ ဘာမျှ မကြာသေးဘူးလို့ ထင်ရမှာပဲ၊ နတ်တွေက ကြည့်လိုက်မယ်ဆိုယင် လူတွေရဲ့ အနှစ် လေးငါး ခြောက်ဆယ် ခုနစ်ဆယ်လောက်ဟာ သူတို့နတ်တွေရဲ့ တရက်လောက်ပဲ ရှိတယ်၊ တချို့နတ်တွေရဲ့ ရက်နဲ့ဆိုယင် တရက်တောင် မရှိဘူး၊ ဒါကြောင့် လူ့အသက်ဟာ နတ်တွေရဲ့ အမြင်နဲ့ဆိုယင် အင်မတန် တိုနေပါတယ်၊ ဗြဟ္မာ့အမြင်နဲ့ ကြည့်မယ်ဆိုယင် နတ်အသက်ဟာလဲ တိုတိုကလေးပဲ၊
ဗြဟ္မာက ကမ္ဘာနဲ့ချီပြီး အသက်ရှည်တယ်၊ ဒါပေမယ့် ကမ္ဘာထောင်သောင်းများစွာ အသက်ရှည်တဲ့ ဗြဟ္မာ့အသက်ဟာလဲ သံသရာကာလကြီးထဲ ချကြည့်လိုက်ယင် ဘာမျှမပြော ပလောက်ဘူး၊ တိုတိုကလေး ဖြစ်နေတယ်၊ ဒါကြောင့် နတ်တွေ ဗြဟ္မာတွေဟာလဲ တနေ့ကျတော့ အိုရ သေရတာပဲ၊ ထူးတာကတော့ ဗြဟ္မာတွေနဲ့ အချို့နတ်တွေမှာ လူများလို မကျန်းမမာ နာဖျားရခြင်း ဆိုတာတော့ မရှိဘူး၊ ဒါလောက်ပဲ ထူးပါတယ်၊
အိုခြင်းဆိုတာကတော့ ပါကဋဇရာဆိုတဲ့ အထင်အရှား အိုခြင်းက မရှိပေမယ့် အချိန်ကာလ ကြာမြင့်ပြီး ရင့်ရော်ခြင်းဆိုတဲ့ မထင်မရှား အိုခြင်းကတော့ ရှိနေတာပါပဲ၊ ဒါကြောင့် နာခြင်းဆိုတာ မရှိတောင်မှ သတ္တဝါတိုင်း သတ္တဝါတိုင်းဟာ အိုရတယ်၊ သေရတယ်၊ အိုခြင်း သေခြင်းဆိုတဲ့ တရားဆိုးတွေနဲ့ ဘဝတိုင်း ဘဝတိုင်း တွေ့နေရတယ်၊ ဒီတရားဆိုးတွေမှ လွတ်ကို မလွတ်နိုင်ဘူး။
ဘုရားအလောင်းတော် ဆင်ခြင်ပုံ
ဒါကြောင့် ဘုရားအလောင်းတော်က ဒီ အိုခြင်း, သေခြင်း တရားတွေဟာ ဘယ်က လာသလဲ-လို့ ဆင်ခြင်လိုက်တော့ ဘဝအသစ်ဖြစ်မိလို့ပဲ ဆိုတာထင်ရှားပေါ်လာတယ်၊ မဖြစ်ယင် မအိုရ, မသေရဘူး၊ ဖြစ်ပေါ်လာတဲ့အတွက် ဖြစ်ရာဘဝမှာ အိုရတယ်၊ သေရတယ်၊ ဒါကြောင့် ဘဝအသစ် ဖြစ်ခြင်းဟာ အိုရခြင်း သေရခြင်းရဲ့ အကြောင်းပဲလို့ ပဋိစ္စသမုပ္ပါဒ် အဆုံးကနေပြီး ဉာဏ်နဲ့ လိုက်လာတယ်၊
နောက်ပြီးတော့ ဘဝအသစ် ဖြစ်ရတာက ဘာကြောင့်လဲလို့ တဆင့်တက်ပြီး ဆင်ခြင်လိုက်တဲ့အခါမှာ ကမ္မဘဝခေါ်တဲ့ ဖြစ်ကြောင်းကံ ရှိနေလို့ပဲ ဆိုတာကို တွေ့ပြန်တယ်၊ ဒီကံက ဘာကြောင့်ဖြစ်ရသလဲလို့ ဆင်ခြင်ပြန်တော့ ဥပါဒါန်ခေါ်တဲ့ စွဲလမ်းမှုရှိလို့ပဲဆိုတာ ပေါ်လာတယ်၊ ဒီဥပါဒါန်ကဘာကြောင့် ဖြစ်ရသလဲဆိုတော့ တဏှာရှိလို့ဖြစ်တယ်၊
တဏှာက ဘာကြောင့်ဖြစ်သလဲဆိုတော့ ဝေဒနာဆိုတဲ့ အကောင်းအဆိုးကို ခံစားမှုရှိလို့ဖြစ်တယ်၊ ဝေဒနာက ဘာကြောင့်ဖြစ်သလဲဆိုတော့ ဖဿဆိုတဲ့ အကောင်း အဆိုးနဲ့ တွေ့မှုရှိလို့ ဖြစ်တယ်၊ ဖဿက ဘာကြောင့်ဖြစ်သလဲ အာယတနဆိုတဲ့ မျက်စိ, အဆင်းအစရှိတဲ့ အကြောင်းတရားရှိလို့ ဖြစ်တယ်၊ အာယတနက ဘာကြောင့် ဖြစ်သလဲဆိုတော့ နာမ်ရုပ်ရှိလို့ ဖြစ်တယ်၊ နာမ်ရုပ်က ဘာကြောင့်ဖြစ်သလဲဆိုတော့ ဝိညာဏ်ရှိလို့ ဖြစ်တယ်၊ ဝိညာဏ်က ဘာကြောင့်ဖြစ်သလဲဆိုတော့ နာမ်ရုပ်ရှိလို့ ဖြစ်တယ်လို့ပဲ ပေါ်လာတယ်။
အပြည့်အစုံဟောထားတဲ့ ပဋိစ္စသမုပ္ပါဒ် ဒေသနာတွေမှာတော့ ဝိညာဏ်က သင်္ခါရကြောင့်ဖြစ်တယ်၊ သင်္ခါရက အဝိဇ္ဇာကြောင့်ဖြစ်တယ်-လို့ ဒီလို ဟောထား ပါတယ်၊ ဒါပေမယ့် အလောင်းတော်အဖြစ်က ဆင်ခြင်ပုံမှာတော့ နာမ်ရုပ်က ဝိညာဏ်ကြောင့်ဖြစ်တယ်၊ ဝိညာဏ်ကလဲ နာမ်ရုပ်ကြောင့်ဖြစ်တယ်လို့ ပစ္စုပ္ပန်ဘဝ တွင်ပဲ အကြောင်းအကျိုး ဆက်စပ်ပုံ ဆင်ခြင်တော်မူပါတယ်၊
အတိတ်ဘဝက အကြောင်းနဲ့ဆက်စပ်ပုံကို မဆင်ခြင်တော့ပဲ ဝိညာဏ်နဲ့နာမ်ရုပ်တွင်ပဲ လှည့်ပြီး အကြောင်းအကျိုး ဆက်စပ်ပုံကို ဆင်ခြင်တော်မူခဲ့ပါတယ်၊ အဲဒါကို ထောက်ဆ ကြည့်မယ်ဆိုယင် ဝိပဿနာယောဂီတွေမှာ မျက်မှောက်ဉာဏ်နဲ့ ပစ္စုပ္ပန် အကြောင်းလောက် ထင်မြင်လျှင်လဲ ပြည့်စုံပြီလို့ ယူဖွယ်ရာ အကြောင်းရှိနေပါတယ်။
အနုလုံအားဖြင့် ဆင်ခြင်ပုံ
ဒီလို ဝိညာဏ်နဲ့နာမ်ရုပ် အပြန်အလှန် အကြောင်းအကျိုးဖြစ်နေပုံကို မြင်တဲ့အတွက် ဘုရားအလောင်းတော်က ဒီလို ဆက်ပြီး ဆင်ခြင်တော်မူပါတယ်၊
“ဣဒံ ဝိညာဏံ၊ ဤစိတ် ဝိညာဏ်သည်။
ပစ္စုဒါဝတ္တတိ၊ ပြန်လှည့်လာ၏။
နာမရူပမှာ၊ နာမ်ရုပ်ဟူသောအကြောင်းမှ။
အပရံ၊ တပါးသောအကြောင်းသို့။
န ဂစ္ဆတိ၊ မသွားတော့ချေ။
နာမရူပပစ္စယာ၊ နာမ်ရုပ်ဟူသော အကြောင်းကြောင့်။
ယဒိဒံ ဝိညာဏံ၊ အကြင် စိတ်ဝိညာဏ်သည်။
သမ္ဘဝတိ၊ ဖြစ်ပေါ်၏။
ဝိညာဏပစ္စယာ၊ စိတ်ဝိညာဏ်ဟူ
သောအကြောင်းကြောင့်။
ယဒိဒံ နာမရူပံ၊ အကြင်နာမ်ရုပ်သည်။
သမ္ဘဝတိ၊ ဖြစ်ပေါ်၏။
ဧတ္တာဝတာ၊ ဤမျှဖြင့်။ ဝါ၊ ဤဝိညာဏ်နှင့် နာမ်ရုပ် အပြန်အလှန် အကြောင်းအကျိုး ဖြစ်ခြင်းမျှဖြင့်။
ဇာယေထ ဝါ၊ ဖြစ်မူလည်း ဖြစ်နိုင်၏။
ဇိယျေထ ဝါ၊ အိုမူလည်း အိုနိုင်၏။
မိယျေထ ဝါ၊ သေမူလည်း သေနိုင်၏။
စဝေထ ဝါ၊ အဆက်ဆက်မူလည်း စုတေနိုင် သေနိုင်၏။
ဥပပဇ္ဇေထဝါ၊ အဆက်ဆက်မူလည်း ဖြစ်နိုင်၏”
လို့ ဒီလို ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
နောက်ပြီးတော့မှ ဝိညာဏ်ကြောင့် နာမ်ရုပ် ဖြစ်တယ်၊ နာမ်ရုပ်ကြောင့် အာယတန ခြောက်ပါးဖြစ်တယ်၊ အာယတန ခြောက်ပါးကြောင့် ဖဿဖြစ်တယ်၊ ဖဿကြောင့် ဝေဒနာဖြစ်တယ်၊ ဝေဒနာကြောင့် တဏှာဖြစ်တယ်၊ တဏှာကြောင့် ဥပါဒါန် ဖြစ်တယ်၊ ဥပါဒါန်ကြောင့် ဘဝဖြစ်တယ်၊ ကမ္မဘဝကြောင့် ဘဝအသစ်ဖြစ်တယ်၊ ဘဝအသစ် ဖြစ်မှု ဇာတိကြောင့် အိုခြင်း သေခြင်း ဇရာမရဏရှိရတယ်၊ စိုးရိမ်ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း စိတ်ပူပန်ခြင်းတွေ ဖြစ်ရတယ်၊ ဒီလိုဖြစ်နေရတာတွေဟာ အစအဆုံးအကုန်လုံး ခြုံကြည့်လိုက်ယင် ဆင်းရဲ ဒုက္ခအစု သက်သက်ချည်းပဲ၊ ဒီအထဲမှာ ဘာမျှ မြတ်နိုးစရာ သာယာစရာ အားကိုးစရာရယ်လို့ မရှိဘူးလို့ ဒီလိုဆင်ခြင်ပြီး သဘောကျသွားပါတယ်။
ပဋိလုံအားဖြင့် ဆင်ခြင်ပုံ
ဒီလို သဘောကျပြီးတော့ ပဋိစ္စသမုပ္ပါဒ်ကို ပြောင်းပြန် ဆန့်ကျင်ဘက်လှည့်ပြီး ဆင်ခြင်တော်မူပြန်ပါတယ်၊ ဘဝအသစ်ဖြစ်ခြင်းဆိုတဲ့ ဇာတိမရှိယင် ဇရာမရဏဆိုတဲ့ အိုခြင်း သေခြင်းမရှိနိုင်ဘူး စသည်ဖြင့် ချုပ်ကင်းတဲ့, မရှိတဲ့ဘက်က လိုက်ပြီး ဆင်ခြင်တော်မူပါတယ်၊ အဲဒီမှာလဲ အစဉ်အတိုင်းလိုက်ပြီး ဆင်ခြင်လိုက်တာ ဝိညာဏ် မရှိယင် နာမ်ရုပ်မရှိနိုင်ဘူး၊ နာမ်ရုပ်မရှိယင်လဲ ဝိညာဏ်မရှိနိုင်ဘူး ဆိုတာအထိ တွေ့မြင်ပြီးတော့ စိတ်ဝိညာဏ်မရှိယင် နာမ်ရုပ်မရှိနိုင်ဘူး၊ နာမ်ရုပ်မရှိယင် အာယတန ၆-ပါး မရှိနိုင်ဘူး၊ အာယတနမရှိယင် ဖဿမရှိနိုင်ဘူး၊ ဖဿမရှိယင် ဝေဒနာမရှိနိုင်ဘူး၊ ဝေဒနာမရှိယင် တဏှာ မရှိနိုင်ဘူး၊ တဏှာမရှိယင် ဥပါဒါန်မရှိနိုင်ဘူး၊ ဥပါဒါန်မရှိယင် ဘဝမရှိနိုင်ဘူး၊ ဘဝအသစ်ဖြစ်ကြောင်း ကံဆိုတဲ့ ကမ္မဘဝ မရှိယင် ဇာတိဆိုတဲ့ ဘဝအသစ်ဖြစ်မှု မရှိနိုင်ဘူး၊ ဘဝအသစ် မဖြစ်ယင် အိုခြင်းသေခြင်း မရှိနိုင်ဘူး၊ စိုးရိမ်ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း စိတ်ပူပန်ခြင်း ဆိုတာတွေလဲ မဖြစ်နိုင်တော့ဘူး၊
ဒီလိုမဖြစ်နိုင်ပဲ ကင်းငြိမ်းသွားတာ တွေဟာ သက်သက်ဆင်းရဲ အစုအပုံတွေချည်း ငြိမ်းသွားတာပဲ၊ ဒီကင်းငြိမ်းသွားတာတွေထဲမှာ နှစ်သက်မြတ်နိုးစရာ အားကိုးစရာ ချမ်းသာစရာ ဆိုယင် တစုံတရာမျှမရှိဘူး၊ အားလုံးဟာ ဆင်းရဲတွေချည်းပဲ၊ တဟုန်းဟုန်းနဲ့ တောက်လောင်နေတဲ့ မီးပုံကြီး ငြိမ်းသွားတာလို ဆင်းရဲအစုအပုံကြီး ငြိမ်းသွားတာပဲ၊ အနမတဂ္ဂသံသရာ တလျှောက်လုံး မပြတ်ဖြစ်ပြီး မပြတ်နှိပ်စက်နေတဲ့ ဆင်းရဲ အစဉ်အဆက် ဆင်းရဲအစုအဝေးကြီး ငြိမ်းသွားတာပဲ - လို့ ဒီလို ဆင်ခြင်တော် မူပါတယ်။
ဝိပဿနာရှုပြီး ဘုရားဖြစ်တော်မူပုံ
ပဋိစ္စသမုပ္ပါဒ်ကို အနုလုံပဋိလုံ အပြန်အလှန် ဒီလိုနှလုံးသွင်း ဆင်ခြင်ပြီးတဲ့နောက်မှာ မြင်တိုင်းကြားတိုင်း တွေ့တိုင်း သိတိုင်း ဒွါရ ၆-ပါးက မပြတ်ဖြစ်ပျက်နေတဲ့ ဥပါဒါနက္ခန္ဓာတရားတွေရဲ့ အဖြစ်အပျက်ကို ဝိပဿနာဉာဏ်ဖြင့် ရှုတော်မူပါတယ်၊ ဒါကြောင့်
“ပဉ္စသု ဥပါဒါနက္ခန္ဓေသု၊ ငါးပါးသောဥပါဒါနက္ခန္ဓာတို့၌။
ဥဒယဗ္ဗယာနုပဿီ၊ ဖြစ်ခြင်းပျက်ခြင်းကို ရှုလျက်။
ဝိဟာသိ၊ နေခဲ့လေပြီ။”-
လို့ ဟောထားပါတယ်။
အဲဒီလိုရှုယင်းပဲ ဝိပဿနာဉာဏ်နဲ့ အရိယမဂ်ဖိုလ်ဉာဏ်တွေ အစဉ်အတိုင်းတက်ပြီး သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်၊ ဘုရားတိုင်း ဘုရားတိုင်းဟာ ဒီအစဉ်အတိုင်းပဲ နှလုံးသွင်း ရှုဆင်ခြင်ပြီး ဘုရားဖြစ်တော်မူကြရတယ်၊ ဘုရားအလောင်းတော်များမှာ “ဒီလို နှလုံးသွင်း ဆင်ခြင်ရမယ်၊ ဒီလိုရှုရမယ်” ဆိုတာကို သူတပါးထံက ကြားနာ မှတ်သား ထားရတယ်လို့ မရှိဘူး၊
ဒါပေမယ့် မရေမတွက်နိုင်တဲ့ ဘဝပေါင်းများစွာက လေ့ကျက် ဆည်းပူးလာခဲ့တဲ့ ပါရမီ ဉာဏ်တော် အဆောက်အဦးတွေကြောင့် ဘုရားဖြစ်ခါနီး အချိန်ကျယင် ယခု ပြောခဲ့တဲ့ အစဉ်အတိုင်းပဲ နှလုံးသွင်းဆင်ခြင်ပြီးတော့ ဘုရားအဖြစ်ကို ရောက်တော် မူတယ်၊ အဲဒီလို ဘုရားဖြစ်တော်မူပြီးတဲ့နောက် တရားဟောချိန် ကျလာတော့လဲ တရားဟော ရန်အတွက် ဒီလိုစပြီး စဉ်းစားဆင်ခြင်တော်မူတယ်။
တရားဟောရန် ဆင်ခြင်ပုံ
အဓိဂတော ခေါ မျာယံ ဓမ္မော ဂမ္ဘီရော ဒုဒ္ဒသော ဒုရနုဗောဓော သန္တော ပဏီတော အတက္ကာဝစရော နိပုဏော ပဏ္ဍိတဝေဒနီယော။
မေ-ငါသည်၊
အဓိဂတော-ရအပ် သိအပ်ပြီးသော၊
အယံ ဓမ္မော-ဤတရားသည်၊
ဂမ္ဘီရော-နက်နဲလေစွတကား။
(ငါသိထားတဲ့တရားဟာ အင်မတန်နက်နဲတာပဲတဲ့၊ တရားဟောမယ်လို့ စဉ်းစားတဲ့ အခါမှာ တရားတော်ရဲ့နက်နဲပုံကို ရှေးဦးစွာ ဆင်ခြင်မိပါတယ်၊ အင်မတန်နက်နဲတဲ့ တရားပဲတဲ့၊ အဲဒီလို နက်နဲတဲ့အတွက်)
ဒုဒ္ဒသော-မြင်နိုင်ခဲစွ၊
ဒုရနုဗောဓော-သဘောပေါက်လျက် သိနိုင်ခဲစွ။
(နက်နဲတဲ့တရား ဆိုတော့ ဟောတဲ့ပုဂ္ဂိုလ်က ဟောပေမယ့် နာတဲ့ပုဂ္ဂိုလ်က သဘောပေါက်ပြီး ရှင်းရှင်းလင်းလင်းသိဖို့ နားလည်ဖို့ရာ မလွယ်ဘူးပေါ့။)
သန္တော-ငြိမ်သက် ငြိမ်းချမ်းပေစွ၊
ပဏီတော-အားမရ မရောင့်ရဲနိုင်အောင် မြင့်မြတ်ကောင်းမွန်ပေစွ-တဲ့။
(ဒီသန္တနဲ့ ပဏီတဆိုတဲ့ နှစ်ပုဒ်ကတော့ မဂ်ဖိုလ်နိဗ္ဗာန်တရားကို ရည်ရွယ်ပါတယ်၊ အရိယာပုဂ္ဂိုလ်တွေမှာ ဖလသမာပတ်ဝင်စားပြီး နိဗ္ဗာန်အရသာကိုခံစားတဲ့အခါမှာ “အားမရ မရောင့်ရဲနိုင်အောင် ကောင်းမွန်မြင့်မြတ်တယ်”ဆိုတာ တွေ့နိုင်ပါတယ်။
ကြံဆရုံနဲ့တော့ မရောက်နိုင်ဘူး
အတက္ကာဝစရော-ကြံစည် စဉ်းစားရုံမျှဖြင့် မရောက်နိုင်တဲ့ တရားပဲတဲ့၊ မဂ်ဖိုလ်နိဗ္ဗာန် တရားဆိုတာ ကြံစည်တွေးဆ ကြည့်လို့တော့ ရနိုင်တဲ့ တရားမဟုတ်ဘူး။ ပညာရှိတွေဆိုတာ ကမ္ဘာလောကကြီးထဲ အရပ်ရပ် အနယ်နယ်မှာ ရှိကြပါတယ်၊ အဲဒီပညာရှိတွေထဲမှာ အချို့ပညာရှိတွေက အိုခြင်း နာခြင်း သေခြင်းရဲ့ အပြစ်ကိုမြင်ပြီးတော့ အိုခြင်း နာခြင်း သေခြင်းမှ လွတ်မြောက်ရေးကို အမျိုးမျိုး အထွေထွေ ကြံဆကြပါတယ်၊
ဒါပေမယ့် အိုခြင်း နာခြင်း သေခြင်းမှ လွတ်မြောက်စေနိုင်တဲ့ တရားက မဂ်ဖိုလ် နိဗ္ဗာန်ပဲ ရှိတယ်၊ ဒီမဂ်ဖိုလ်နိဗ္ဗာန် တရားကလဲ ကြံဆတွေးတောလို့ ရနိုင်တဲ့တရား မဟုတ်ဘူး၊ ဘယ်လိုမှရနိုင်သလဲ ဆိုတော့ ဉာဏေနေဝ အဝစရိတဗ္ဗော-လို့ အဋ္ဌကထာက ဖွင့်ပြထားပါတယ်၊ မဇ္ဈိမပဋိပဒါအကျင့်ကိုကျင့်ပြီး အစဉ်အတိုင်း ဝိပဿနာဉာဏ် မဂ်ဉာဏ်နဲ့သာ ရောက်နိုင်ရနိုင်တဲ့ တရားတဲ့၊ ဒါကြောင့် မဇ္ဈိမပဋိပဒါအကျင့်ကို မကျင့်ပဲ ဝိပဿနာဉာဏ် အစစ်ကို ဖြစ်အောင်အားမထုတ် ပါပဲနဲ့ ကြံဆစဉ်းစားနေရုံနှင့်တော့ ဒီတရားကို မမြင်နိုင် မသိနိုင်ပေဘူး။
လောကမှာ ပညာရှိတွေကတော့ အများအားဖြင့် စိတ်ကူးကြံစည်မှုကို အားကိုးလေ့ ရှိကြပါတယ်၊ သူတို့ရဲ့ ကြံဆပုံတွေကတော့ အမျိုးမျိုးအထွေထွေ အများကြီးပဲ ရှိပါတယ်၊ ဇမ္ဗူဒီပလို့ ခေါ်တဲ့ အိန္ဒိယတနိုင်ငံထဲတွင်ပဲ ကြံစည် တွေးခေါ်ထားတဲ့ ဝါဒတွေအမျိုးမျိုးရှိပါတယ်၊ သူတို့ရဲ့ အတွေးအခေါ် ဝါဒတွေဟာလဲ သတ္တဝါတွေ အမြဲတမ်းချမ်းသာရေးကိုပဲ ရှေးရှုပြီး ကြံဆ တီထွင်ထားတာက များပါတယ်၊ ဒါပေမယ့် သူတို့ဟာတွေက ကိုယ်တိုင်ဉာဏ်နဲ့တွေ့ပြီး ပြောတာတွေ မဟုတ်ဘူး၊ ကြံဆပြီး ပြောထားတဲ့ဝါဒတွေသာ ဖြစ်နေတယ်၊
ဒါကြောင့် အဲဒီလို ကြံဆတဲ့နည်းမျိုးနဲ့တော့ ဒီတရားကိုမတွေ့နိုင်ဘူး၊ မဂ်ဖိုလ် နိဗ္ဗာန်ကိုသိဖို့ဆိုတာ ထားပါဦးတော့၊ ဝိပဿနာအသိမျိုးတောင်မှ ကြံစည် စဉ်းစား ရုံနဲ့တော့ မရောက်နိုင်ဘူး၊ ဝိပဿနာထဲမှာ အောက်ထစ်ဆုံး နာမ်နဲ့ရုပ်ကို ပိုင်းခြား သိတာ ကလေးလောက်တောင် ကြံစည်စဉ်းစားရုံနဲ့တော့ မရောက်နိုင်ဘူး၊ သတိပဋ္ဌာန် ဒေသနာနည်းအရ ဖြစ်ခိုက်ရုပ်နာမ်ကို မပြတ်လိုက်ပြီးရှုနေမှ သမာဓိဉာဏ် အားပြည့်လာတဲ့အခါ ဒီရုပ်နာမ်ကို ကိုယ်ပိုင်ဉာဏ်နဲ့ ပိုင်းခြားပြီး သိနိုင်တာ၊
အဲဒီလို မပြတ်ရှုမှတ်နေတဲ့အခါကျတော့ မှတ်သိစရာ ရုပ်က တမျိုး၊ မှတ်သိနေတဲ့ စိတ်နာမ်က တမျိုး ဒီလို မှတ်တိုင်းမှတ်တိုင်း ခွဲခြားပြီးသိလာတယ်၊ ဥပမာ-ကွေးတယ် ဆိုယင် ကွေးချင်တဲ့စိတ်ကတခြား, ကွေးတဲ့ရုပ် လှုပ်ရှားတဲ့ ရုပ်ကတခြား, မှတ်သိတဲ့ စိတ်ကတခြား ဒီလိုကွဲပြားပြီးထင်တယ်၊ ကြားတယ်ဆိုယင် နားနဲ့အသံက တခြား, ကြားသိတာက တခြား, မှတ်သိတာကတခြား, ဒီလို ကွဲပြားပြီးထင်တယ်၊ ထိတယ် ဆိုယင် ကိုယ်နဲ့အတွေ့ကတခြား, ထိသိတာ မှတ်သိတာက တခြား, ဒီလိုကွဲပြားပြီး ထင်တယ်၊ ဘယ်ဟာမဆို မှတ်တိုင်းမှတ်တိုင်း မှတ်သိတာကတခြား, မှတ်သိရတဲ့ ရုပ်ကိုယ်ကတခြား ဒီလိုကွဲပြားပြီးထင်တယ်၊ ဒီလိုကွဲပြားပြီး ထင်တာသိတာက ရိုးတိုးရိပ်တိပ်မဟုတ်ဘူး၊ လက်နဲ့ကိုင်ကြည့်ရသလိုကို ရှင်းရှင်း လင်းလင်းကြီး သိရတာ၊ ကြံဆ တွေးတောရုံနဲ့တော့ ဒီလို အသိမျိုးကို မရောက်နိုင်ဘူး။
ပြီးတော့ “ရုပ်နာမ်တရားတွေဟာ ခဏမစဲ ဖြစ်ပျက်နေတယ်”လို့ ကျမ်းဂန်အရ စာတွေနဲ့ ပြောနေကြတယ်၊ “အဖြစ်အပျက်ကိုရှု”လို့လဲ ပြောနေကြတယ်၊ အဲဒါကလဲ စ စခြင်း အဖြစ်အပျက်ကို ရှုလို့ဖြစ်တာ မဟုတ်ဘူး၊ ပြောတော့လွယ်လွယ်ပဲ၊ တကယ် အလုပ် လုပ်ကြည့်တော့ လွယ်တဲ့ဟာ မဟုတ်ဘူး၊
ရှုခါစမှာဆိုယင် နီဝရဏတွေ ကင်းအောင်ပဲ မနဲ ကြိုးစားနေရတယ်၊ နီဝရဏတွေ ကင်းသွားမှ ခုနကပြောခဲ့တဲ့အတိုင်း ရုပ်သဘောနဲ့ နာမ်သဘောကလေးကို ခွဲခြားပြီးသိလာ နိုင်ပါတယ်၊ အဖြစ်အပျက်ကို မသိနိုင်သေးပါဘူး၊ အဲဒီကနောက် သမာဓိဉာဏ် တဆင့်တက်ပြီး အားကောင်းလာတဲ့အခါမှာ အမှတ်အသိကလေးတွေက လျင်မြန်လာတယ်၊ ပကတိအလိုလိုဖြစ်နေတဲ့ မြင်စိတ်ကြားစိတ် အစရှိတဲ့ စိတ်ကလေးတွေ ဖြစ်စဉ်ကို တော်တော်ကလေးမီအောင် လိုက်နိုင်လာတယ်၊
အဲဒီအခါကျတော့မှ မှတ်တိုင်းမှတ်တိုင်း မှတ်သိရတဲ့ အာရုံကလေးတွေ အသစ်အသစ် ပေါ်လာတာကိုလဲ တွေ့ရတယ်၊ ပေါ်လာပြီးတော့ ပျောက်ပျောက် သွားတာကိုလဲ တွေ့ရတယ်၊ ဒီတော့မှ မှတ်တိုင်းမှတ်တိုင်း ပေါ်လိုက်ပျောက်လိုက်နဲ့ ဖြစ်ပျက်နေ တာကို သိရတယ်၊ အဲဒါဟာလဲ ရိုးတိုးရိပ်တိပ် မဟုတ်ဘူး၊ လက်နဲ့ကိုင်ကြည့်ရသလိုပဲ ရှင်းရှင်းလင်းလင်း သိရတာ။
ဒီလိုပေါ်ပြီး ပျောက်ပျောက်သွားတာကိုချည်း မှတ်တိုင်းမှတ်တိုင်းတွေ့နေရတော့ မမြဲတဲ့တရားပဲလို့လဲ ကိုယ်ပိုင်ဉာဏ်နဲ့သိတယ်၊ ဖြစ်ချည်ပျက်ချည်နဲ့ နှစ်သက်ဖွယ် မရှိတဲ့ ဆင်းရဲပဲလို့လဲသိတယ်၊ သူ့သဘောအတိုင်း ဖြစ်ပျက်နေတဲ့ အနတ္တသဘော ပဲလို့လဲ သိတယ်၊ ဒီလိုသိတာဟာ ဝိပဿနာဉာဏ်အောက်ပိုင်းက အစလောက်ပဲ ရှိပါသေးတယ်၊ မဂ်ဖိုလ်နဲ့ ဝေဒနာ ဝေးပါသေးတယ်၊ ဒီလို အောက်စက ဝိပဿနာဉာဏ် ကလေးမျိုးတောင် ကြံစည်စဉ်းစားနေရုံနဲ့တော့ မရောက်နိုင်ဘူး၊ မဂ်ဖိုလ်နိဗ္ဗာန်ကို ကြံစည်စဉ်းစားနေရုံနဲ့ မရောက်နိုင်ဘူးဆိုတာတော့ ပြောစရာတောင် မလိုပါဘူး၊ ဒါကြောင့် “အတက္ကာဝစရော-ကြံစည် တွေးဆရုံမျှဖြင့် မကျက်စား နိုင်သော မရောက်နိုင်သော တရားပေတည်း” လို့ မြတ်စွာဘုရားက ဆင်ခြင်တော်မူပါတယ်။
ပညာရှိတို့သာ သိနိုင်တယ်
နိပုဏော-သိမ်မွေ့လှ၏။ အလွန်သိမ်မွေ့တဲ့ တရားပဲတဲ့၊ ပဏ္ဍိတဝေဒနီယော-ပညာရှိ ပုဂ္ဂိုလ်တို့သာ သိအပ်သိနိုင်သော တရားပေတည်း၊ မဂ်ဖိုလ်နိဗ္ဗာန်တရားက ပညာရှိ ပုဂ္ဂိုလ်မှ သိနိုင်တဲ့တရားတဲ့၊ ဒီနေရာမှာ ပညာရှိဆိုတာက လောကဘက်က ပညာရှိမျိုးကို ဆိုတာမဟုတ်ဘူး၊ ဝိပဿနာပညာ, မဂ်ဖိုလ်ပညာနဲ့ ပြည့်စုံတဲ့ တရားဘက်ကပညာရှိကိုသာ ဆိုလိုပါတယ်၊
ဝိပဿနာဉာဏ်ပြည့်စုံယင် အရိယမဂ်ဖိုလ်ကို ရောက်တယ်၊ အဲဒီလိုပုဂ္ဂိုလ်မှ မဂ်ဖိုလ်နိဗ္ဗာန်ကို ကိုယ်ပိုင်ဉာဏ်နဲ့ တွေ့ရ သိရတာ၊ ဒါကြောင့် ဒီလိုပုဂ္ဂိုလ်ကို ပညာရှိပုဂ္ဂိုလ်လို့ ဒီနေရာမှာ ဆိုပါတယ်၊ လောကဘက်က ကမ္ဘာကျော် ပညာရှိကြီး ဖြစ်နေပေမယ်လို့ ဒီဝိပဿနာပညာ, မဂ်ဖိုလ်ပညာနဲ့ မပြည့်စုံယင် ဒီတရားကို မသိနိုင်ဘူး၊
လောကဘက်က ပညာရှိကြီးတွေဆိုတာ အများကြီးပဲ ရှိကြပါတယ်၊ ဘာသာဝါဒ ကြီးတွေ တီထွင်သွားတဲ့ ဆရာကြီးတွေလဲ ရှိတယ်၊ ကျမ်းအမျိုးမျိုးတွေ ပြုသွားတဲ့ ပညာရှိတွေလဲ ရှိတယ်၊ ပရမာဏုမြူအထိ ခွဲစိတ်နိုင်တဲ့ ဓာတုဗေဒ ပညာရှိကြီးတွေလဲ ရှိတယ်၊ သိပ္ပံပညာရှိကြီးတွေလဲ ရှိတယ်၊ အဲဒီလိုပညာရှိကြီးတွေ ဖြစ်နေပေမယ့် ဝိပဿနာပညာ, မဂ်ပညာနဲ့ မပြည့်စုံယင် ဒီ မဂ်ဖိုလ်နိဗ္ဗာန်တရားကို မသိနိုင်ဘူး။
ဖြစ်ခိုက် ရုပ်နာမ်ကို ရှုမှတ်လို့ ဝိပဿနာဉာဏ်တွေ အစဉ်အတိုင်း တက်ပြီး အရိယမဂ်ဖိုလ်ကို ရောက်သွားယင်တော့ အဲဒီပုဂ္ဂိုလ်ဟာ မိန်းမပဲဖြစ်ဖြစ်, ယောက်ျားပဲဖြစ်ဖြစ်, ကလေးပဲဖြစ်ဖြစ်, လူကြီးပဲဖြစ်ဖြစ်, စာတတ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်, စာမတတ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ဒီမဂ်ဖိုလ်နိဗ္ဗာန်တရားကို ကိုယ်တိုင်တွေ့သိတော့တာပဲ၊ ဒါကြောင့် “ပဏ္ဍိတဝေဒနီယော = ဝိပဿနာပညာ, အရိယမဂ်ပညာ, ဖိုလ်ပညာ တို့နှင့်ပြည့်စုံသော ပညာရှိတို့သည်သာလျှင် သိနိုင်ကောင်းသော တရားပေတည်း” လို့ မြတ်စွာဘုရားက ဆင်ခြင်တော်မူပါတယ်၊ နောက်ပြီးတော့ ဒီလိုလဲ ဆက်ပြီး ဆင်ခြင်တော်မူပြန်ပါတယ်။
အာလယာရာမာ ခေါ ပနာယံ ပဇာ အာလယရတာ အာလယသမ္မုဒိတာ၊ အာလ ယာရာမာယ ခေါ ပန ပဇာယ အာလယရတာယ အာလယသမ္မုဒိတာယ ဒုဒ္ဒသံ ဣဒံ ဌာနံ၊ ယဒိဒံ ဣဒပ္ပစ္စယတာ ပဋိစ္စသမုပ္ပါဒေါ။
အယံ ခေါ ပန ပဇာ=ဤသတ္တဝါအပေါင်းသည်ကား၊
အာလယာရာမာ=တွယ်တာစရာ ကာမဂုဏ်အာရုံတွေနှင့် တွယ်တာသာယာမှုလျှင် ပျော်မွေ့စရာရှိကြကုန်၏၊
အာလယရတာ=တွယ်တာစရာ ကာမဂုဏ်အာရုံတို့၌ မွေ့လျော်နှစ်ခြိုက်ပျော်ပိုက်၍ နေကြကုန်၏။
ကာမဂုဏ်အာရုံသာ ပျော်စရာရှိကြတယ်
မြတ်စွာဘုရားက တရားတော် သိမ်မွေ့နူးညံ့ပုံ သိနိုင်ခဲပုံကို ဆင်ခြင်ပြီးတော့ သတ္တဝါတွေဘက်ကိုလှည့်ပြီး ဆင်ခြင်လိုက်တဲ့အခါမှာ သတ္တဝါတွေက သူတို့မှာ ကာမဂုဏ်အာရုံလောက်သာ ပျော်မွေ့စရာ ရှိနေတာကိုလဲ မြင်တော်မူတယ်၊ ကာမဂုဏ် အာရုံတွေနဲ့ သာယာနှစ်သက်မှုလောက်သာ ပျော်စရာရှိနေတာကိုလဲ မြင်တော်မူတယ်၊ ဒါက အများသတ္တဝါတွေကို တပေါင်းတည်း ဆင်ခြင်တော်မူပုံပဲ၊
ပဉ္စဝဂ္ဂီငါးဦးတို့လို, အရှင်သာရိပုတ္တရာအလောင်း အရှင်မောဂ္ဂလ္လာန်အလောင်းတို့ကို ကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ်တွေကိုရွေးပြီး ဆင်ခြင်တာ မဟုတ်ဘူး၊ ဒါကြောင့် “ကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ်တွေကို မြင်တော်မမူဘူးလား” လို့ ဒီနေရာမှာ မစောဒနာ ရဘူး၊ ဒါကြောင့် သတ္တဝါတွေမှာ ကာမဂုဏ်ငါးပါးပဲ ပျော်စရာရှိကြတယ်၊ ကာမဂုဏ် အာရုံတွေနဲ့သာ ပျော်နေကြတယ်၊ ကာမဂုဏ်အာရုံနဲ့ အဲဒါတွေကို ခံစားပြီး သာယာနှစ်သက်နေရတာကို သူတို့က အကောင်းဆုံး ချမ်းသာလို့ ထင်နေကြတယ်တဲ့၊ အဲဒါတွေထက် ကောင်းတာက သူတို့မှာ မရှိတော့ အဲဒါတွေကိုပဲ အကောင်းဆုံးလို့ ထင်ကြပေမှာပဲ။
အရုပ်ကလေးတွေနဲ့ ကစားနေကြသလိုပဲ
ကလေးသူငယ်တွေဟာ ရွံ့နဲ့လုပ်ထားတဲ့ အိုးပုတ်ကလေးတွေ, နွားရုပ်, ကျွဲရုပ် ကလေးတွေနဲ့ ကစားနေကြတယ်၊ သဲတွေကို အိမ်လုပ်ပြီးတော့လဲ ကစားနေကြတယ်၊ သူတို့မှာ အဲဒီလို ကစားစရာကလေးတွေနဲ့ တနေကုန်တနေခန်း ကစားပြီး ပျော်နေကြတယ်၊ သူတို့မှာ အဲဒီထက်ကောင်းတဲ့ ပျော်စရာက မရှိတဲ့အတွက် အဲဒါကလေးတွေနဲ့ပဲ ပျော်နေကြတယ်၊ လူကြီးတွေ အနေနဲ့ ကြည့်လိုက်ယင်တော့ အဲဒီကလေးတွေရဲ့ ကစားစရာ ပျော်စရာတွေဟာ ဘာမျှအဓိပ္ပါယ်မရှိဘူး၊ ဒါပေမယ့် ကလေးတွေ အနေနဲ့ကတော့ သူတို့မှာ အဲဒီကစားစရာတွေက ပျော်စရာ အကောင်းဆုံးတွေ ဖြစ်နေတယ်၊
ဒီလိုပါပဲ၊ လူကြီးတွေကလဲ သားကလေးတွေ သမီးကလေးတွေ မြေးကလေးတွေ အစရှိတဲ့ ကာမဂုဏ် အာရုံအရုပ်ကလေးတွေနဲ့ ပျော်နေကြတယ်၊ ဘုရားရဟန္တာတွေ အမြင်နဲ့ဆိုယင်တော့ အဲဒီကာမဂုဏ်အာရုံတွေဟာ ဘာမျှနှစ်သက်သာယာဖွယ် မရှိပါဘူး၊ ဒါပေမယ့် သာမန်လူတွေ နတ်တွေအနေနဲ့ကတော့ အဲဒီကာမဂုဏ် အာရုံတွေက ပျော်စရာအကောင်းဆုံးတွေ ဖြစ်နေပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကာမဂုဏ်အာရုံထက် ကောင်းတဲ့ ဈာန်ဝိပဿနာ မဂ် ဖိုလ် နိဗ္ဗာန် တရားတွေကို မသိရသေးလို့ပါပဲ။
တနည်းဥပမာကတော့ တောသူ တောသား အစွန်အဖျား အရပ်ဒေသမှာ နေကြရတဲ့ သူတွေနဲ့လဲ နှိုင်းယှဉ် ကြည့်နိုင်ပါတယ်၊ အစွန်အဖျားကျတဲ့ အရပ်ဒေသမှာ နေထိုင်ကြရတဲ့ သူတွေဟာ သူတို့အရပ်နဲ့ သူတို့တော့ ပျော်မွေ့စရာဖြစ်ပြီး ပျော်နေကြတာပဲ၊ သာယာ စည်ကားတဲ့ မြို့ကြီး ပြကြီးက လူတွေနဲ့ အမြင်နဲ့ ဆိုယင်တော့ အဲဒီ တောအရပ်တွေမှာ ဘာမှ ပျော်မွေ့စရာ မရှိဘူး၊ အစားအသောက် ကလဲ နေရာမကျလှဘူး၊ နေရာထိုင်ခင်းကလဲ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း မရှိလှဘူး၊ မိုးရာသီမှာဆိုယင် တချို့အရပ်တွေမှာ ရွှံ့ဗွက်တွေထဲ သွားနေကြရတယ်၊ အဝတ်အထည်ဆိုယင်လဲ ကောင်းကောင်း မရှိသလောက် ဖြစ်နေတယ်၊ ဘယ်ဟာမှ သိပ်နေရာမကျလှပါဘူး၊ ဒါကြောင့် မြို့သူမြို့သားတွေ အနေနဲ့ဆိုယင် ပျော်မွေ့စရာ မရှိသလောက်ပဲ ဖြစ်နေတတ်တယ်၊
ဒါပေမယ့် သူတို့တောအရပ်က လူတွေရဲ့ အမြင်နဲ့တော့ ပျော်စရာတွေ အများကြီး ရှိနေတာပါပဲ၊ ဒါကြောင့် သူတို့ဟာ အဲဒီမိမိနေရပ်ကို စွန့်ခွာသွားဖို့ရာ စိတ်တောင် မကူးမိပဲ ရှိတတ်ပါတယ်၊ အဲဒါလိုပဲ သာမန်လူတွေ နတ်တွေကလဲ သူတို့မှာရထားတဲ့ ကာမဂုဏ်အာရုံတွေနဲ့ ပျော်နေကြတယ်၊ ဘုရားရဟန္တာတွေအမြင်နဲ့ ကာမဂုဏ် တွေကို ဘယ်လိုအပြစ် ပြောပြော သူတို့မှာတော့ အဲဒီ ကာမဂုဏ်တွေကို မမုန်းရက်ဘူး၊ မစွန့်ရက်ဘူး၊ ကာမဂုဏ် အာရုံတွေနဲ့ပဲ အချိန်ကုန် အချိန်ခန်း ပျော်နေကြတယ်၊ ဒါကြောင့် မြတ်စွာဘုရားက-
“အယံ ခေါ ပန ပဇာ၊ ဤသတ္တဝါအပေါင်းသည်ကား။
အာလယာရာမာ၊ တွယ်တာစရာ ကာမဂုဏ်အာရုံတွေနဲ့ တွယ်တာသာယာမှုလျှင် ပျော်မွေ့စရာရှိကြကုန်၏။
အာလယရတာ၊ တွယ်တာစရာ ကာမဂုဏ်အာရုံတို့၌ မွေ့လျော်နှစ်ခြိုက် ပျော်ပိုက်၍ နေကြကုန်၏”
လို့ ဆင်ခြင်တော်မူပါတယ်၊ ဒီလူတွေနတ်တွေ သတ္တဝါတွေဟာ ကာမဂုဏ် အာရုံတွေနဲ့ပဲ ပျော်နေကြတယ်၊ အဲဒီအာရုံကလေးတွေမရှိယင် မနေတတ်သလို ဖြစ်နေကြတယ်၊ ဒီလိုကာမဂုဏ်နဲ့ ပျော်နေကြတာကလဲ ယခုမှ မဟုတ်ပါဘူး၊ ကြာလှပါပြီ၊ အဲဒါတွေက သတ္တဝါတွေမှာ ပျော်စရာလက်ဟောင်းတွေ ဖြစ်နေပါပြီ၊ သုံးစွဲရိုးသုံးစွဲစဉ်တွေ ဖြစ်နေပါပြီ။
ဒါကြောင့် “အာလယသမ္မုဒိတာ - တွယ်တာစရာ ကာမဂုဏ်အာရုံတို့ဖြင့် ဝမ်းမြောက် အားရ သဘောကျနေကုန်၏” လို့လဲ မြတ်စွာဘုရားက ဆင်ခြင် တော်မူပါတယ်၊ ဟုတ်တယ်၊ ကာမဘုံသားဖြစ်တဲ့ လူတွေနတ်တွေ သတ္တဝါတွေက ကိုယ့်မှာ ရထားတဲ့ အိမ်သူအိမ်သား သမီးသား အခြွေအရံ စီးပွားဥစ္စာကလေးတွေနဲ့ ဝမ်းမြောက် ဝမ်းသာလို့ အားရကျေနပ်နေကြတယ်၊
များများပြည့်စုံလေ များများ အားရ ဝမ်းသာလေ ဖြစ်နေကြတယ်။ ကာမဂုဏ် ချမ်းသာထက် ကောင်းတာကိုရှာဖို့ရာ စိတ်မကူးနိုင်ကြဘူး၊ ဒီကာမဂုဏ် ချမ်းသာ လောက်နဲ့ အကောင်းဆုံးထင်ပြီး ပျော်မွေ့ ဝမ်းသာနေကြတဲ့ သတ္တဝါတွေဟာ သိမ်မွေ့ နူးညံ့တဲ့ ဘုရားကို သဘောပေါက်ဖို့ ခက်တာပေါ့။ ဒါကြောင့်-
“အာလယာရာမာယ-တွယ်တာစရာ ကာမဂုဏ်အာရုံနှင့် နှစ်သက်သာယာ တွယ်တာမှုလျှင် ပျော်မွေ့စရာရှိသည်ဖြစ်၍၊
အာလယရတာယ-တွယ်တာစရာ ကာမဂုဏ်အာရုံတို့၌သာ မွေ့လျော်နှစ်ခြိုက် ပျော်ပိုက်နေသော၊
အာလယ-သမ္မုဒိတာယ-တွယ်တာစရာ ကာမဂုဏ်အာရုံတို့ဖြင့် ဝမ်းမြောက်အားရ သဘောကျနေသော၊
ပဇာယ-သတ္တဝါအပေါင်းထဲ၌၊
ဝါ-သတ္တဝါအပေါင်းသည်၊
ဣဒံ ဌာနံ-ဤအရာဌာနကို၊
ဒုဒ္ဒသံ-မြင်နိုင်ခဲစွ”
လို့ ဒီလိုလဲဆက်ပြီး ဆင်ခြင်တော်မူပြန်ပါတယ်၊ မြတ်စွာဘုရား သိတော်မူထားတဲ့ ပဋိစ္စသမုပ္ပါဒ်နဲ့ မဂ်ဖိုလ်နိဗ္ဗာန်တရားက အလွန်နက်နဲ သိမ်မွေ့နေတယ်၊ သတ္တဝါ တွေက ကာမဂုဏ် အာရုံတွေနဲ့ ပျော်မွေ့ အားရ သဘောကျနေကြတယ်၊ တရားနဲ့ သတ္တဝါတွေရဲ့ အကြိုက်ကတော့ အများကြီး ကွာခြားနေတယ်၊ သိနားလည်ဖို့ သဘောပေါက်ဖို့ အလွန်ဝေးကွာနေတယ်-လို့ ဆိုလိုပါတယ်။
တရားတောင် ကာမဂုဏ်အရှိန်အဝါ ပါမှ
ဟုတ်တယ်၊ သတ္တဝါတွေရဲ့ အကြိုက်က ကာမဂုဏ် အာရုံတွေပဲ၊ မြတ်စွာဘုရားရဲ့ တရားတော်က ကာမဂုဏ်ဆိုယင် အနံ့အသက်တောင် မပါဘူး၊ ပြောင်းပြန် ဆန့်ကျင်ဘက်ဖြစ်နေတယ်၊ ဒီတော့ ကာမဂုဏ်ကြိုက်နေတဲ့ သတ္တဝါတွေက အဲဒီ တရားကို သဘောကျနိုင်ပါ့မလား၊ ခဲယဉ်းပါတယ်၊
မဂ်ဖိုလ်နိဗ္ဗာန် တရားကို ထားပါဦးတော့၊ ယခုလို ဟောနေတဲ့တရားတောင် ကာမဂုဏ် အရှိန်အဝါ ကကလေးတွေပါမှ တရားနာတဲ့သူတွေက ကြိုက်တတ်တယ်။ ကာမဂုဏ် အရှိန်အဝါ လုံးလုံးမပါဘူးဆိုယင် တရားကြီးက သိပ်ရိုးတာပဲဆိုပြီး တယ်မကြိုက် တတ်ကြဘူး၊ ဘုန်းကြီးတို့ သာသနာ့ရိပ်သာမှာ ဟောနေတဲ့တရားတော်က ကာမဂုဏ် အရှိန်အဝါ မပါဘူး၊ ဒါကြောင့် ဒီရိပ်သာက တရားကို သာမန်လူများစုက တယ် မနာနိုင်ကြဘူး။
တချို့က ခဏလောက်နာပြီး ထသွားတာလဲ တွေ့ရတယ်၊ အဲဒါအရေးကြီးတဲ့ ကိစ္စရှိလို့ပဲလား, အအချိန်ရသလောက်ကလေး ခေတ္တ ဝင်နာသွားတာလားတော့ မပြောတတ်ဘူး၊ ပုံပန်းကြည့်ရတာကတော့ တရားဒဏ်ကို မခံနိုင်လို့နဲ့ တူတာပါပဲ၊ ဘာကြောင့်လဲဆိုတော့ ဘုန်းကြီးတို့ ဟောနေတဲ့တရားက အသံသာသာယာယာနဲ့ ရွတ်ဖတ်တာလဲမပါဘူး၊ လွမ်းစရာ ဆွေးစရာ ဝတ္ထုကြောင်းလဲမပါဘူး၊ ရယ်စရာ မောစရာ ပျက်လုံးလဲမပါဘူး၊ အဆွဲဓာတ်တွေ ဘာမှမပါဘူးလို့ ဆိုရမှာပဲ၊ ဒါကြောင့် ကြာကြာမနာနိုင်တာနဲ့ တူပါတယ်၊
ယခုဒီမှာ သီတင်းနေ့တိုင်းလာပြီး တရားနာနေကြတဲ့ ပရိသတ်တွေကတော့ တကယ် အားကိုးရာဖြစ်တဲ့တရားကို လိုလားပြီးတော့ အများအားဖြင့် တရားအားထုတ်ပြီး ပုဂ္ဂိုလ်တွေလဲဖြစ်နေလို့ ဒီလို ငြိမ်ငြိမ်သက်သက်နဲ့ ကောင်းကောင်း နာနိုင်ကြတာ၊ ဒီလို တရားအားထုတ်ထားတဲ့ ပုဂ္ဂိုလ်တွေကတော့လဲ လူတမျိုးလို ဖြစ်နေတယ်၊ ဒီလို ပုဂ္ဂိုလ်တွေကတော့ ရိုးရိုးတရားသား သက်သက်ကိုသာ နာချင်တယ်၊ တရား အားထုတ်ပုံ အားထုတ် နည်းနဲ့ ကိုယ်ပိုင်ဉာဏ်ဖြင့် တွေ့မြင်ပုံ သိပုံတွေ ကိလေသာ ငြိမ်းပုံတွေ ဒီလို တရားသား သက်သက်ကိုသာ နာချင်ကြတယ်၊ အသံနဲ့ ဆွဲငင်ဟောတဲ့ တရား ရယ်စရာ မောစရာ ပြက်လုံးတွေနဲ့ ဟောတဲ့တရားမျိုးကိုတော့ မနာချင်ကြဘူး၊ စိတ်ကြီးဝင်သလို ဖြစ်နေကြတယ်။
တချို့ကတော့ အသံနဲ့ဆွဲငင်ဟောတဲ့ တရား, ဝတ္ထုဇာတ်လမ်းနဲ့ဟောတဲ့ တရား, ရယ်စရာမောစရာနဲ့ ဟောတဲ့တရားကို သုတ္တန်တရားပါ ဆိုပြီးတော့ မရိုမသေ ပြောတတ်တာလဲ ရှိတယ်၊ အဲဒီလိုကတော့ မပြောသင့်ဘူး၊ အသံနဲ့ဆွဲငင်ဟောတာ အသံတရားပေါ့၊ ဝတ္ထုဇာတ်လမ်းနဲ့ ဟောယင် ဝတ္ထုဇာတ်လမ်းတရားပေါ့၊ ရယ်စရာကို ဟောယင် ရယ်စရာတရားပေါ့၊ ဘယ်က သုတ္တန်တရားဟုတ်ရမလဲ၊
သုတ္တန်တရားဆိုတာကလဲ နက်နဲပါတယ်၊ ဓမ္မစကြာသုတ်တရား, အနတ္တလက္ခဏ သုတ်တရား, သတိပဋ္ဌာန်သုတ်တရားတို့ကို ကြည့်ပေါ့၊ နက်နဲပါတယ်၊ အသံတရားမျိုး ဇာတ်လမ်းတရားမျိုး ရယ်စရာ ပြက်လုံးတရားမျိုး မဟုတ်ပါဘူး၊ ဘုန်းကြီး ယခုဟောနေတဲ့ ပဋိစ္စသမုပ္ပါဒ်တရားဟာလဲ သုတ္တန်တရားပါပဲ၊ ပဋိစ္စသမုပ္ပါဒ် ဆိုတာ ကတော့ အဘိဓမ္မာမှာလဲ ရှိပါတယ်၊ ဒါပေမယ့် အဘိဓမ္မာ ဟောစဉ် အတိုင်းဟောမှ အဘိဓမ္မာတရားလို့ ခေါ်ရပါတယ်၊ ယခု ဘုန်းကြီး ဟောနေ တာကတော့ သုတ္တန်နည်း အရပဲ ဟောနေပါတယ်၊ ဒါကြောင့် သုတ္တန်တရားပါပဲ။
ဒါပေမယ့် ဘုန်းကြီးဟောနေတဲ့ သုတ္တန်တရားက တရားသား သက်သက်ဆိုတော့ အဘိဓမ္မာတရားလို့ အချို့က ထင်နေကြတယ်၊ ဒါကြောင့် ဒီတရားမျိုးကို သာမန် လူများစုက မနာနိုင်ကြဘူး၊ မဂ်ဖိုလ်နိဗ္ဗာန်ကို သဘောပေါက်ဖို့, သက်ဝင်ဖို့ဆိုတော့ သာပြီးခဲယဉ်းတာပေါ့၊ ဒါကြောင့်မြတ်စွာဘုရားက-
“အာလယရတာယ-တွယ်တာစရာ ကာမဂုဏ်အာရုံတို့၌သာ မွေ့လျော်နှစ်ခြိုက် ပျော်ပိုက်နေသော၊
အာလယသမ္မုဒိတာယ-တွယ်တာစရာ ကာမဂုဏ်အာရုံတို့ဖြင့် ဝမ်းမြောက်အားရ သဘောကျနေသော၊
ပဇာယ-သတ္တဝါအပေါင်းထဲ၌၊
ဝါ-သတ္တဝါအပေါင်းသည်၊
ဣဒံ ဌာနံ-ဤအရာဌာနကို၊
ဒုဒ္ဒသံ-မြင်နိုင်ခဲစွ”
လို့ ဆင်ခြင်တော်မူပါတယ်၊ ဘယ်အရာဌာနလဲဆိုတော့ -
“ဣဒပ္ပစ္စယတာ-ဤအကျိုးတရားတို့၏ အကြောင်းတရားဟု ဆိုအပ်သော။
ဝါ-ဤ အကြောင်းရှိသည်၏အဖြစ်ဟု ဆိုအပ်သော။
ယဒိဒံ-ယော အယံ ပဋိစ္စသမုပ္ပါဒေါ-အကြင် ပဋိစ္စသမုပ္ပါဒ်တရားသည်။
အတ္ထိ-ရှိ၏။
ဣဒံ ဌာနံ-ပဋိစ္စသမုပ္ပါဒ် ဟူသော ဤအရာဌာနကို။
ဒုဒ္ဒသံ=သတ္တဝါတို့ မြင်နိုင်ခဲစွ။”
အကြောင်းနဲ့အကျိုးဆက်စပ်ပြီး ဖြစ်နေတယ်ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်တရားကို မြင်နိုင်ခဲတယ် တဲ့၊ “ဘယ်အကြောင်းကြောင့် ဘယ်အကျိုးဖြစ်တယ်, ဘယ် အကြောင်းကြောင့် ဘယ်အကျိုးဖြစ်တယ်” လို့အကြောင်းနဲ့ အကျိုးဆက်စပ်ပြီး ဟောထားတဲ့တရားကို ပဋိစ္စသမုပ္ပါဒ်လို့ ခေါ်တယ်၊ ဒီအကြောင်းနဲ့ အကျိုးမျှသာ ဆက်စပ်ပြီး ဖြစ်နေတာ ရှိတယ်၊ အလိုလို တည်မြဲတည်နေတဲ့ ပုဂ္ဂိုလ်သတ္တဝါ အတ္တကောင်ဆိုတာမရှိဘူးလို့ သိမြင်ဖို့ သဘောပေါက် နားလည်ဖို့ရာဟာ ခဲယဉ်း တယ်တဲ့၊
ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်အခါတုန်းက ဘုရားက ပွင့်လာခါစပဲရှိသေးတယ်၊ တရားက မဟောရသေးဘူး၊ ဟောမယ်လို့ ဆင်ခြင် နေတုန်းပဲ ရှိသေးတယ်၊ လူတွေက အဲဒီအခါတုန်းက အိန္ဒိယနိုင်ငံတဝိုက်မှာ ဗြာဟ္မဏဝါဒအယူတွေ ရှိနေကြတယ်၊ အဲဒီဗြာဟ္မဏဝါဒ အယူတွေက သတ္တဝါဆိုတာဟာ အတ္တ - အကောင်အထည်လိုက် တည်နေတယ်လို့ ဆိုထားတယ်၊ လူတွေရဲ့ ပကတိ အထင်အမြင်ကလဲ အဲဒီလိုပဲ အတ္တ-အကောင်အထည်လိုက် တည်နေတယ်လို့ ထင်မြင်နေတယ်၊ ဒီတော့ အကြောင်း အကျိုးဆက်စပ်ပြီး ဖြစ်နေတဲ့ ရုပ်နာမ်မျှသာ ရှိတယ်, ပုဂ္ဂိုလ်သတ္တဝါ အတ္တကောင် ရယ်လို့ မရှိဘူးဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်တရားနဲ့ ပြောင်းပြန်ဖြစ်နေတယ်၊ ဒါကြောင့် သိမြင်ဖို့ ခဲယဉ်းတယ်လို့ မြတ်စွာဘုရားက ဆင်ခြင်တော်မူပါတယ်။
အဋ္ဌကထာဆရာလဲ ညည်းညူရတယ်
အဋ္ဌကထာဆရာလဲ ဒီ ပဋိစ္စသမုပ္ပါဒ် အဖွင့်ကို ရေးခါနီးမှာ ဒီလို ညည်းညူသွားတယ်။
သစ္စံ သတ္တော ပဋိသန္ဓိ၊
ပစ္စယာကာရမေဝ စ။
ဒုဒ္ဒသာ စတုရော ဓမ္မာ၊
ဒေသေတုံ စ သုဒုက္ကရာ။
သစ္စံ၊ သစ္စာ ၄-ပါးတရား လည်းကောင်း။
သတ္တော၊ သတ္တဝါအကြောင်း လည်းကောင်း။
ပဋိသန္ဓိ၊ ပဋိသန္ဓေတည်နေပုံ လည်းကောင်း။
ပစ္စယာကာရ မေဝ စ၊ ပဋိစ္စသမုပ္ပါဒ်တရား လည်းကောင်း။
ဣမေ စတုရော ဓမ္မာ၊ ဤ ၄-မျိုးသော တရားတို့ကို။
ဒုဒ္ဒသာ၊ မြင်နိုင်ခဲကုန်၏။
ဒေသေတုံ စ၊ ဟောပြောရန်မူကား။
သုဒုက္ကရာ၊ အလွန်ပင် ခဲယဉ်းလှပါပေကုန်၏-တဲ့။
၁- နံပါတ်က သစ္စာ ၄-ပါးတရားကို မြင်နိုင်ခဲတယ်-တဲ့၊ သစ္စာ ၄-ပါးဆိုတာ -
၁။ ဒုက္ခသစ္စာ-ဆင်းရဲအစစ်အမှန်တရား၊
၂။ သမုဒယသစ္စာ=ဆင်းရဲဖြစ်ပွားကြောင်း အစစ်အမှန်တရား၊
၃။ နိရောဓသစ္စာ=ဆင်းရဲချုပ်ငြိမ်းရာ ချမ်းသာအစစ် အမှန်တရား၊
၄။ မဂ္ဂသစ္စာ=ဆင်းရဲငြိမ်းရာသို့ ရောက်ကြောင်း အကျင့်လမ်းကောင်း အစစ်အမှန် တရား
ဒီ ၄-ပါးပါဘဲ၊
ဒုက္ခသစ္စာဆိုတာ ဘာလဲ၊ မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း ထင်ရှားတွေ့သ ိနေရတာတွေဟာ ဒုက္ခသစ္စာတွေချည်းပါပဲ၊ “ဆင်းရဲတွေချည်းပဲ”လို့ ဆိုလိုပါတယ်၊ ဒါပေမယ့် လောကမှာ လူတွေက အဲဒီ မြင်ကြားတွေ့သိ နေရတာတွေအထဲမှာ နှစ်သက်သာယာစရာ အကောင်းတွေ ချမ်းသာတွေ အများကြီး ရှိနေတယ်လို့ ထင်နေကြတယ်၊ အဲဒါတွေကို အကုန်လုံး ဆင်းရဲချည်းပဲလို့သိမြင်ဖို့ သဘောကျဖို့ ခဲယဉ်းပါတယ်၊ သူတပါးကို သဘောကျအောင် ပြောဖို့ဆိုတော့ သာပြီးတော့ ခဲယဉ်း ပါသေးတယ်။
မြင်ကြားတွေ့သိပြီး နှစ်သက်သာယာနေတာ ပျော်နေတာက သမုဒယသစ္စာ-ဆင်းရဲ ဖြစ်ပွါးကြောင်းတရားတဲ့၊ အဲဒါလဲလူတွေက ချမ်းသာကြောင်းကလေးလို့ ထင်နေ ကြတယ်၊ နှစ်သက် သာယာစရာတွေကိုရပြီး နှစ်သက်သာယာနေရတာက အရသာ ရှိတယ်လို့ပဲ ထင်နေကြပါတယ်၊ ဒါကြောင့် သာယာစရာတွေကို များများရအောင်ပဲ ကြိုးစားနေကြတယ်၊ ဒီတော့ အဲဒီ နှစ်သက်သာယာတဲ့ တဏှာကို ဆင်းရဲကြောင်းလို့ မြင်ဖို့ရာ ခက်ပါတယ်၊ သူတပါးကို သဘောပေါက်အောင် ပြောဖို့ဆိုတော့ သာပြီးခက်ပါသေးတယ်။
ယခု မြင်ကြားတွေ့သိနေတဲ့ ဒုက္ခသဘောတရားတွေ အကုန်လုံးချုပ်ငြိမ်းရာ သဘောကို နိရောဓသစ္စာလို့ ဆိုပါတယ်၊ အဲဒီနိရောဓသစ္စာကိုလဲ သိဖို့ရာ အလွန် ခက်ပါတယ်၊ သူတပါးကို နားလည်အောင် ပြောဖို့ဆိုတော့ သာပြီး ခက်ပါသေးတယ်။ နောက်ပြီးတော့ အဲဒီ နိရောဓခေါ်တဲ့ နိဗ္ဗာန်ကို ရောက်စေတတ်တဲ့ အကျင့်ကို သိဖို့လဲ ခက်တယ်၊ ကျင့်ဖို့လဲခက်တယ်၊ သူတပါးကို ပြောဖို့ ဆိုတော့သာပြီး ခက်ပါသေးတယ်၊ ဒါကြောင့် “ဒုဒ္ဒသာ၊ မြင်နိုင်ခဲတယ်။ ဒေသေတုံ စ၊ ဟောရန်လဲ။ သုဒုက္ကရာ၊ အလွန်ခဲယဉ်းတယ်”လို့ အဋ္ဌကထာဆရာကြီးက ညည်းညူလိုက်ပါတယ်။
ပြီးတော့ (၂)နံပါတ်က သတ္တဝါအကြောင်းတဲ့၊ ရုပ်နာမ် အစဉ်မျှသာရှိတယ်၊ သတ္တဝါ ရယ်လို့ တသီးတခြားမရှိဘူး၊ မပြတ်ဖြစ်နေတဲ့ ရုပ်နာမ်အစဉ်မျှကိုပဲ သတ္တဝါလို့ ခေါ်ရတယ်၊ ဒါပေမယ့်သတ္တဝါလို့ခေါ်ရတဲ့ ရုပ်နာမ်အစဉ်ထဲမှာ ကောင်းမှုကံ ဆိုတာလဲ ရှိတယ်၊ အဲဒီကောင်းမှုကံကြောင့် ကောင်းတဲ့ဘဝတွေမှာ ဖြစ်ပြီး ကောင်းကျိုး ချမ်းသာတွေ ခံစားရတယ်၊ မကောင်းမှု အကုသိုလ်ကံဆိုတာလဲ ရှိတယ်၊ အဲဒီ အကုသိုလ်ကံကြောင့် ယုတ်ညံ့တဲ့ဘဝတွေမှာဖြစ်ပြီး ဆင်းရဲဒုက္ခ ဆိုးကျိုးတွေ ခံရတယ် စသည်ဖြင့် သတ္တဝါရဲ့ အကြောင်းကို သိဖို့သဘောပေါက်ဖို့ ခက်တယ်၊ ပြောဟောဖို့ဆိုတော့ သာပြီး ခက်တော့တာပဲ။
ပြီးတော့ (၃) နံပါတ်က ပဋိသန္ဓိ-ပဋိသန္ဓေနေပုံကလဲ အသိခက် အပြောခက်တယ်တဲ့၊ ဟုတ်တယ်၊ တဘဝကသေပြီး နောက်တဘဝမှာ ဘယ်ပုံဘယ်နည်းနဲ့ ဖြစ်တယ် ဆိုတာ သိဖို့လဲ ခက်တယ်၊ ပြောဖို့လဲ ခက်တယ်။ ဘဝဟောင်းက ရုပ်နာမ်တွေ ဘာမှပြောင်းရွှေ့လိုက်ပါလာခြင်းမရှိပါပဲ ကိလေသာနဲ့ ကံ၏အစွမ်းကြောင့် ဘဝ အသစ်မှာ ရုပ်နာမ်အသစ်တွေ ဖြစ်ပေါ်လာပုံဟာ သိနားလည်ဖို့ သဘောပေါက်ဖို့ ခက်ပါတယ်၊ ဒါပေမယ့် ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့တော့ တော်တော်သိလွယ် သေးတယ် လို့ ဆိုနိုင်ပါသေးတယ်၊ သာပြီးခက်တာကတော့ ဒီဘဝက သေပြီးယင် ဘာမျှမရှိတော့ပဲ လုံးလုံး ပျောက်သွားတယ်လို့ အယူရှိနေတဲ့ လူတွေနဲ့ သေပြီးတဲ့ နောက်မှာ ဘုရားသခင်ထံရောက်ယင်လဲ ရောက်, ဒါမှမဟုတ်ယင်လဲ ထာဝရငရဲ ရောက်တယ်လို့ အယူရှိနေတဲ့သူတွေအတွက် သိနားလည်ဖို့ သာပြီး ခက်ပါတယ်။
နောက်ပြီးတော့ (၄) နံပါတ်က ပစ္စယာကာရ-ခေါ်တဲ့ ပဋိစ္စသမုပ္ပါဒ်ကလဲ သိဖို့ခက်ပါတယ်တဲ့၊ ဒီပဋိစ္စသမုပ္ပါဒ်ထဲမှာတော့ ခုတင်က ပြောခဲ့တဲ့အခက် ၃-ခုလဲ ပါဝင်နေတယ်၊ အနုလုံပဋိစ္စသမုပ္ပါဒ်မှာ ဒုက္ခနဲ့ သမုဒယသစ္စာ ပါဝင်နေတယ်၊ သတ္တဝါအကြောင်းနဲ့ ပဋိသန္ဓေအကြောင်းလဲ ပါဝင်နေတယ်၊ ပဋိလုံပဋိစ္စသမုပ္ပါဒ်မှာ နိရောဓနဲ့ မဂ္ဂသစ္စာ ပါဝင်နေတယ်။
ဒီတော့ ပဋိစ္စသမုပ္ပါဒ်က သိဖို့လဲအခက်ဆုံး, ပြောဟောဖို့လဲ အခက်ဆုံးလို့ ဆိုရမှာပေါ့၊ ဒါကြောင့်
“ဣမေ စတုရော ဓမ္မာ၊ ဤ၄-မျိုးသောတရားတို့ကို။
ဒုဒ္ဒသာ၊ မြင်နိုင်ခဲကုန်၏။
ဒေသေတုံ စ၊ ပြောဟောခြင်းငှါလည်း။
သုဒုက္ကရာ၊ အလွန်ပင်ခဲယဉ်းကုန်၏”
လို့ ဒီလို ညည်းညူထားပါတယ်။ ဒါတွင် မကသေးဘူး-
“တသ္မာ အညတြ အာဂမာဓိဂမပ္ပတ္တေဟိ န သုကရာ ပဋိစ္စသမုပ္ပါဒဿတ္ထဝဏ္ဏနာ”
လို့ ဒီလိုလဲ ပြဆိုသွားပါသေးတယ်။
တသ္မာ၊ ထိုသို့ အခက် ၄-မျိုးထဲ၌ ပါဝင်သောကြောင့်။
အာဂမာဓိဂမပ္ပတ္တေဟိ၊ အာဂမ အဓိဂမသို့ရောက်ပြီးသော ပုဂ္ဂိုလ်တို့ကို။
အညတြ၊ ကြဉ်ထား၍။
ဝါ၊ အာဂမ အဓိဂမနဲ့ ပြည့်စုံသောပုဂ္ဂိုလ်တို့မှ အခြားတပါးသော သူတို့သည်။
ပဋိစ္စသမုပ္ပါဒဿ အတ္ထ ဝဏ္ဏနာ၊ ပဋိစ္စသမုပ္ပါဒ်၏ အနက်အဖွင့်ကို။
န သုကရာ၊ ပြုရန် မလွယ်ပါဘူးတဲ့။
ဆိုလိုတာကတော့ အဓိဂမဆိုတဲ့ အရိယမဂ်ဖိုလ်နိဗ္ဗာန်ကို ရပြီးရောက်ပြီး ပုဂ္ဂိုလ် ဆိုယင်လဲ ပဋိစ္စသမုပ္ပါဒ်ရဲ့ အနက်ကို ဖွင့်ပြပြောဟောဖို့ လွယ်ကူဖွယ်ရှိတယ်၊ သို့မဟုတ် အာဂမခေါ်တဲ့ ပိဋကတ် ၃-ပုံကို နှုတ်တက်ရပြီး တတ်သိနားလည်နေတဲ့ ပုဂ္ဂိုလ်ဆိုယင်လဲ လွယ်ကူဖွယ်ရှိတယ်၊ အရိယ မဂ် ဖိုလ် နိဗ္ဗာန်ကိုလဲ မရ, ပိဋကတ် ကိုလဲ မတတ်သိ မကျေပွန်ယင်တော့ ပဋိစ္စသမုပ္ပါဒ်ကို ဖွင့်ပြပြော ဟောဖို့ ခက်တယ်-လို့ ဆိုလိုပါတယ်။
အဋ္ဌကထာဆရာကတော့ အာဂမ, အဓိဂမ နှစ်ပါးလုံးနဲ့ ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်လဲ ဖြစ်နိုင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ အရဟတ္တမဂ်ဆိုတဲ့ အဓိဂမကို မရောက်သေး တောင်မှ အောက်မဂ်ဖိုလ်ဆိုတဲ့ အဓိဂမကိုတော့ ရောက်ပြီးဖြစ်နိုင်ပါတယ်၊အကယ်၍ အဓိဂမကို မရောက်သေး တောင်မှ အာဂမခေါ်တဲ့ ပိဋကတ်ကိုတော့ ကောင်းကောင်း ကြီး တတ်သိနေပါတယ်၊
ဒါကြောင့် အဋ္ဌကထာဆရာအတွက် ဆိုယင်တော့ ပဋိစ္စသမုပ္ပါဒ်ကိုဖွင့်ပြဖို့ လွယ်ကူဖွယ် ရာရှိပါတယ်၊ ဒါပေမယ့် သူရေးထားတဲ့ ပဋိစ္စသမုပ္ပါဒ်အဖွင့်ကို နောင်လာ နောက်သား တွေ ရိုရိုသေသေ လေးလေးစားစား ကြည့်ရှုလေ့လာစေလိုတဲ့အတွက် ဖွင့်ဆိုဖို့ ခက်ကြောင်းကို ဖော်ပြခြင်းဖြစ်တယ်လို့ မှတ်ယူရပါတယ်၊ ဒါလောက် တွင်တောင် မကသေးဘူး၊ သာပြီးလေးနက်အောင် ဒီလိုလဲ ညည်းညူသွားပါ သေးတယ်။-
ဝတ္တုကာမော အဟံ အဇ္ဇ၊
ပစ္စယာကာရဝဏ္ဏနံ။
ပတိဋ္ဌံ နာဓိဂစ္ဆာမိ၊
အဇ္ဈောဂါဠှောဝ သာဂရံ။
ပစ္စယာကာရဝဏ္ဏနံ၊ ပဋိစ္စသမုပ္ပါဒ်၏အဖွင့်ကို။
ဝတ္တုကာမော၊ ဆိုလိုသော။
အဟံ၊ ငါ အဋ္ဌကထာဆရာသည်။
အဇ္ဇ၊ ယခု။
ပတိဋ္ဌံ၊ ထောက်တည်ရာအားထားရာကို။
နာဓိဂစ္ဆာမိ၊ မရပါ။
ကိမိဝ၊ အဘယ်ကဲ့သို့နည်းဟူမူ။
သာဂရံ၊ သမုဒ္ဒရာပင်လယ်သို့။
အဇ္ဈောဂါဠှော ဣဝ၊ သက်ဆင်းမိသောသူ ကဲ့သို့ပင် ဖြစ်ပါတော့သည်-
လို့ ညည်းညူပြီး ပြဆိုသွားပါတယ်။ ပင်လယ်ကူးသင်္ဘောကြီးများနဲ့ ပင်လယ်ထဲ သွားနေယင်း ပင်လယ်ထဲခုန်ချလိုက်မယ်ဆိုယင် အဲဒီလူဟာ ဘယ်မှာမှ ထောက်ရာ တည်ရာကို မရနိုင်ဘူး၊ နစ်မြုပ်သွားဖို့ပဲ ရှိတယ်၊ အဲဒါလိုပါပဲတဲ့ ပဋိစ္စသမုပ္ပါဒ်၏ အဖွင့်ကို ရေးမယ်လို့ ကြံစည်လိုက်တဲ့အခါ အဋ္ဌကထာဆရာမှာ ထောက်တည်ရာကို မရနိုင်ပဲ ရှိနေပါတယ် တဲ့၊ ဒါလဲ လေးနက်စေချင်လို့ ပြဆိုတဲ့ စကားပါပဲ။
ဒီလို ထောက်တည်ရာကို မရနိုင်အောင် ဖြစ်နေယင် ပဋိစ္စသမုပ္ပါဒ် အဖွင့်ကို ဘယ်လို လုပ်ပြီး ရေးခဲ့ပါသလဲဆိုတော့ ပိဋကတ်သုံးပုံ ဒေသနာတော်နဲ့ ဆရာအစဉ်အဆက် ပို့ချနေတဲ့ အဖွင့် အဋ္ဌကထာဟောင်းဆိုတဲ့ ဒီနှစ်မျိုးကို မှီငြမ်းပြုပြီးတော့ ရေးသား ရတယ်ဆိုတဲ့ အကြောင်းလဲ ဖော်ပြဝန်ခံသွားပါတယ်၊ ယခုဘုန်းကြီးလဲ ဒီပဋိစ္စသမုပ္ပါဒ် တရားတော်ကို ဟောတာဟာ အဲဒီ ပိဋကတ် ဒေသနာတော်များနဲ့ အဋ္ဌကထာတွေကို အမှီပြုပြီး ဟောရတာပါပဲ။
ပဋိစ္စသမုပ္ပါဒ် တရားတော်ရဲ့ နက်နဲပုံကို ယခုလောက် အကျယ်ချဲ့ပြီး ပြောရတာဟာ တခြားကြောင့် မဟုတ်ဘူး၊ ရိုရိုသေသေ လေးလေးစားစားနဲ့ သက်ဝင်ပြီးနာယူမှ သဘောပေါက် နားလည်နိုင်မယ်ဆိုတာကို သိစေချင်လို့ပါပဲ၊ ဟောတဲ့ပုဂ္ဂိုလ်မှာ လွယ်လွယ်ကူကူနဲ့ ဟောရတာ မဟုတ်ဘူး၊ ခဲခဲယဉ်းယဉ်းနဲ့ ဟောရတယ် ဆိုတာကို သိထားတော့ နာတဲ့သူတွေကလဲ အလွန်နက်နဲပြီး အသိခက်တဲ့ ဒီပဋိစ္စသမုပ္ပါဒ် တရားကို အထူးသဖြင့် ရိုသေလေးစားစွာနဲ့ စူးစူးစိုက်စိုက်နာမယ်လို့ နှလုံးသွင်း ထားကြဖို့ပါပဲ၊
လေးလေးစားစားနဲ့နာမှလဲ ဒီတရားက သဘော ပေါက်နိုင်မှာ၊ ပေါ့ပေါ့ဆဆနဲ့တော့ သဘောပေါက် သိနားလည်မှာ မဟုတ်ဘူး၊ ဒီပဋိစ္စသမုပ္ပါဒ် တရားကို သိသင့် သလောက်မှ မသိယင်လဲ တနေ့ကပြောခဲ့တဲ့ စာပေါင်းသိုက် ဥပမာလိုပဲ သံသရာ ထဲမှာသာ ချာချာလည်ပြီး ဒုက္ခတွေနဲ့ တွေ့နေရလိမ့်မယ်၊ ဒါကြောင့် လေးလေး စားစားနဲ့ စူးစူးစိုက်စိုက် နာယူကြပေတော့၊ ယခု ပဋိစ္စသမုပ္ပါဒ်ဒေသနာကို စပြီး ဟောတော့မယ်။
ပဋိစ္စသမုပ္ပါဒ်ဒေသနာ ပါဠိ
အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဠာယတနံ၊ သဠာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။
ဒါက ပဋိစ္စသမုပ္ပါဒ်ဒေသနာပါဠိ မူရင်းခေါင်းစဉ်ပဲ၊ ဒီ ပါဠိကတော့ နှုတ်တက် ရနေတဲ့ သူတွေ အများကြီးရှိပါတယ်၊ အဲဒါကို ဘုန်းကြီးက မြန်မာလို ပြန်ထားတယ်၊ ယခု အဲဒီ မြန်မာပြန်ကို ဆိုကြရမယ်။
ပဋိစ္စသမုပ္ပါဒ် မြန်မာပြန်
အဝိဇ္ဇာကြောင့် အားထုတ်မှုသင်္ခါရတို့ ဖြစ်ကြသည်၊
သင်္ခါရကြောင့် ဘဝသစ်ဝိညာဏ်ဖြစ်သည်၊
ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်သည်၊
နာမ်ရုပ်ကြောင့် အာယတန ၆-ပါး ဖြစ်သည်၊
အာယတနကြောင့် အာရုံတွေ့မှု ဖဿ ဖြစ်သည်၊
ဖဿကြောင့် အကောင်းအဆိုး ခံစားမှုဝေဒနာ ဖြစ်သည်၊
ဝေဒနာကြောင့် တပ်မက် ဆာလောင်မှု တဏှာ ဖြစ်သည်၊
တဏှာကြောင့် စွဲလမ်းမှုဥပါဒါန် ဖြစ်သည်၊
ဥပါဒါန်ကြောင့် ဖြစ်ကြောင်းကံဘဝ ဖြစ်သည်၊
ဖြစ်ကြောင်းကံကြောင့် ဘဝ အသစ်ဖြစ်မှု ဇာတိ ပေါ်လာသည်၊
ဇာတိကြောင့် အိုခြင်း သေခြင်း ပေါ်လာသည်၊
စိုးရိမ်ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း စိတ်နှလုံး၏ ပြင်းစွာ ပူပန်ခြင်းတို့ ဖြစ်ပေါ်လာကြသည်၊
ဤအစဉ်ဖြင့် ချမ်းသာနှင့် မရောမယှက် သက်သက် ဆင်းရဲအစုမျှသာလျှင် ဖြစ်ပေါ်လျက် ရှိချေသည်။
အဝိဇ္ဇာဆိုတာ ဘာလဲ
“အဝိဇ္ဇာပစ္စယာ၊ အဝိဇ္ဇာဟူသော အကြောင်းကြောင့်။
သင်္ခါရာ၊ အားထုတ်မှု သင်္ခါရတို့သည်။
သမ္ဘဝန္တိ၊ ဖြစ်ကုန်၏”
လို့ ဆိုရာမှာ အဝိဇ္ဇာဆိုတာက ဘယ်လိုဟာလဲဆိုယင် မြတ်စွာဘုရား ကိုယ်တော်တိုင်ပဲ ဒီလိုမေးခွန်းထုတ်ပြီး ဖြေရှင်းထားတာ ရှိပါတယ်၊ ပါဠိ သက်သက်ကို မရွတ်ပဲ အနက် ကိုသာ ပြန်ဆိုပြသွားမယ်။
ဘိက္ခဝေ၊ ရဟန်းတို့။
အဝိဇ္ဇာ၊ အဝိဇ္ဇာဟူသည်မှာ။
ကတမာ စ၊ အဘယ်ပါနည်းဟူမူ။
ဘိက္ခဝေ၊ ရဟန်းတို့။
ဒုက္ခေ၊ ဆင်းရဲတရား၌။
ဝါ၊ ဒုက္ခသစ္စာ၌။
ယံ အညာဏံ၊ အကြင်မသိသော သဘောသည်လည်းကောင်း။
ဝါ၊ အသိဉာဏ်၏ ဆန့်ကျင်ဘက် သဘောသည်လည်းကောင်း။
ဝါ၊ မှားယွင်းစွာ သိမြင်ထင်မှတ်ခြင်း သဘောသည်လည်းကောင်း။
ဒုက္ခသမုဒယေ၊ ဆင်းရဲဖြစ်ပွားကြောင်း သမုဒယသစ္စာ၌။
ယံ အညာဏံ၊ အကြင်မသိသော သဘောသည်လည်းကောင်း။
ဒုက္ခနိရောဓေ၊ ဆင်းရဲချုပ်ငြိမ်းရာ နိရောဓသစ္စာ၌။
ယံ အညာဏံ၊ အကြင်မသိသော သဘောသည်လည်းကောင်း။
ဒုက္ခနိရောဓဂါမိနိယာပဋိပဒါယ၊ ဆင်းရဲ ချုပ်ငြိမ်းရာသို့ ဆိုက်ရောက်တတ် ဆိုက်ရောက်စေတတ်သော မဂ္ဂသစ္စာ၌။
ယံ အညာဏံ၊ အကြင်မသိသော သဘောသည် လည်းကောင်း။
အတ္ထိ၊ ရှိ၏။
ဘိက္ခဝေ၊ ရဟန်းတို့။
အယံ၊ ဤ သစ္စာ ၄-ပါး၌ မှန်ကန်စွာမသိ မှားယွင်းစွာ သိမြင်ထင်မှတ်သော သဘောကို။
အဝိဇ္ဇာ၊ အဝိဇ္ဇာဟူ၍။
ဝုစ္စတိ၊ ခေါ်အပ်ပေ၏-တဲ့။
ဝိဇ္ဇာဆိုတာက သိတာ၊ အဝိဇ္ဇာဆိုတာက မသိတာ၊ သိတာနဲ့ မသိတာဟာ ပြောင်းပြန် ဆန့်ကျင်ဘက်ပဲ၊ အလင်းနဲ့ အမှောင် ဆန့်ကျင်ဘက်ဖြစ်သလိုပါပဲ၊ “ဝိဇ္ဇာက သိတယ်”ဆိုတာ ဘာကိုသိသလဲ၊ သစ္စာ ၄-ပါးကို အမှန်အတိုင်းသိတယ်၊ “အဝိဇ္ဇာကမသိ”ဆိုတာလဲ သစ္စာ ၄-ပါးကို အမှန်အတိုင်းမသိတာပါပဲ၊ အမှန်အတိုင်း မသိဘူးဆိုယင် အလွဲအမှားကို သိတော့တာပါပဲ၊ ဒါကြောင့် အဋ္ဌကထာမှာ -
“အဝိဇ္ဇာ၊ အဝိဇ္ဇာသည်။
အပ္ပဋိပတ္တိ မိစ္ဆာပဋိပတ္တိတော၊ မှန်စွာမသွားခြင်း မသိခြင်း၊ မှားယွင်းစွာ သွားခြင်း မှားယွင်းစွာ သိခြင်းတို့၏ အစွမ်းအားဖြင့်။
ဒုဝိဓာ၊ နှစ်ပါးအပြားရှိ၏”
လို့ ဆိုထားပါတယ်၊ အဲဒီ အဋ္ဌကထာကိုမှီပြီးတော့ ဘုန်းကြီးက ခေါင်းစဉ် ဆောင်ပုဒ်မှာ “အမှန်မသွား၊ အမှားမြင်ကာ၊ အဝိဇ္ဇာကြောင့်”လို့ ဒီလိုစီထားတယ်၊ တော်တော် ကြာမှ အဲဒီဆောင်ပုဒ်ကိုလဲ ဆိုကြရမယ်။
ဒုက္ခကို မသိတာ အဝိဇ္ဇာ
အမှန်မသွား ဆိုတာ အပဋိပတ္တိအဝိဇ္ဇာပါပဲ၊ အမည်းကို မြင်တွေ့နေပါလျက်နဲ့ အမည်းလို့ မသိတာလို ဆင်းရဲအစစ် ဒုက္ခသစ္စာတွေကို တွေ့နေပါလျက်နဲ့ ဆင်းရဲလို့ မသိတာမထင်တာဟာ အဝိဇ္ဇာပဲ၊ အမှားမြင်တယ် ဆိုတာကတော့ မိစ္ဆာပဋိပတ္တိ အဝိဇ္ဇာပါပဲ၊ အမည်းကို မြင်တွေ့နေပါလျက်နဲ့ အဖြူ-လို့ ထင်တာလို ဆင်းရဲအစစ် ဒုက္ခသစ္စာတွေကို တွေ့နေပါလျက်နဲ့ ချမ်းသာတွေ, အကောင်းတွေလို့ ထင်မှတ် နေတာဟာ မှားယွင်းစွာသိတဲ့ အဝိဇ္ဇာပါပဲ။
အဝိဇ္ဇာက မျက်စိလည်တာနဲ့ တူတယ်
လောကမှာ ရွာနာမည်ကိုမသိတာ လူနည်မည်ကိုမသိတာ ဒီလိုရိုးရိုးမသိတာကတော့ မသိရုံမျှပဲ၊ အလွဲတွေ လျှောက်သိတာရယ်လို့မရှိဘူး၊ ဒီအဝိဇ္ဇာက မသိဆိုတာ ကတော့ မသိရုံတွင်မဟုတ်ဘူး၊ အလွဲတွေကိုလဲ လျှောက်ပြီးသိသေးတယ်၊မျက်စိ လည်တာနဲ့ တော်တော်တူပါတယ်၊ မျက်စိလည်တဲ့လူဟာ အရှေ့အနောက် တောင်မြောက်ကို အမှန်အတိုင်းမသိရုံတွင် မဟုတ်ဘူး၊ အရှေ့အရပ်ကို အနောက်လို့လဲ ထင်တတ်တယ်၊ တောင်အရပ် မြောက်အရပ်လို့လဲ ထင်တတ်တယ်၊ အနောက်အရပ် တောင်အရပ် မြောက်အရပ်တွေကိုလဲ ဒီလိုပဲ အလွဲအမှား ထင်နေတတ်တယ်၊
ဒါလိုပဲ ဒီအဝိဇ္ဇာကလဲ ဆင်းရဲတရားတွေကို အမှန်အတိုင်း မသိဘူးဆိုရာမှာ သူက မသိရုံတွင် မဟုတ်ဘူး၊ ချမ်းသာတွေလို့ အလွဲအမှား တွေကိုလဲ လျှောက်သိသွားတယ်၊ ယခုပြောခဲ့တာက ကျမ်းဂန်သဘော စာသဘောနဲ့ ပြောလာတာ၊ ဒီလောက်နဲ့တော့ ကောင်းကောင်း နားလည်ကြမှာ မဟုတ်သေးဘူး၊ ဒါကြောင့် အများရဲ့ ကိုယ်တွေ့နဲ့ ကပ်ပြီး ပြောရဦးမယ်။
ဒုက္ခသစ္စာဆိုတာ စာအုပ်ထဲမှာ ရှိတာလိုလို တချို့က ထင်နေကြတယ်၊ စာအုပ်ထဲမှာ မဟုတ်ဘူး၊ မိမိကိုယ်ထဲမှာ ရှိနေတာ၊ မျက်စိက မြင်နေတာဟာ ဒုက္ခသစ္စာပဲ၊ မြင်ရတာကလဲ ဒုက္ခသစ္စာပဲ၊ နားကကြားနေတာဟာ ဒုက္ခသစ္စာပဲ၊ ကြားရတာလဲ ဒုက္ခသစ္စာပဲ၊ နှာခေါင်းက နံတာ, လျှာက စားသိတာတွေလဲ ဒုက္ခသစ္စာပဲ၊ ကိုယ်ထဲက အကောင်းအဆိုးအမျိုးမျိုး ထိသိတာတွေ, ထိသိရတာတွေလဲ ဒုက္ခသစ္စာပဲ၊ စိတ်ကူးစဉ်းစား ကြံစည်နေတာတွေ ကြံစည်မိတာတွေလဲ ဒုက္ခသစ္စာတွေပဲ၊ကွေးတာ ဆန့်တာတွေ, လှုပ်ရှားသွားလာနေတာတွေလဲ ဒုက္ခသစ္စာပဲ၊ ကိုယ်အမူအရာ အမျိုးမျိုးကို ပြုလုပ်နေရတာတွေ နှုတ်ကပြောဆို နေတာတွေလဲ ဒုက္ခသစ္စာပဲ၊
ဘာကြောင့်လဲဆိုယင် ယခုပြောခဲ့တဲ့ မြင်မှု, ကြားမှု, နံမှု, စားသိမှု, တွေ့ထိမှု, ကြံသိမှု, လှုပ်ရှားပြုပြင်မှုတွေဟာ ခဏမစဲ ဖြစ်ပျက်နေလို့ မမြဲဘူး၊ မမြဲလို့ နှစ်သက် သာယာဖွယ် မဟုတ်ဘူး၊ အမှန်အတိုင်း သိရယင် ဘယ်အချိန်မဆို သေနိုင်တဲ့အတွက် ကြောက်စရာတွေချည်းပဲ၊ ဒါကြောင့် ဆင်းရဲတွေချည်းပဲ၊ ဒုက္ခသစ္စာတွေချည်းပဲ၊ ဒါတွေကို တို့လူတွေက ဆင်းရဲလို့ထင်ကြရဲ့လား၊ အများ အားဖြင့် ဆိုယင် ဆင်းရဲလို့ မထင်ကြပါဘူး၊ ဘယ်လိုထင်နေကြသလဲ၊အဲဒါတွေကို ချမ်းသာတွေ, အကောင်းတွေ လို့ပဲ ထင်နေကြပါတယ်၊ ဟုတ်ကြရဲ့မဟုတ်လား။
ဟုတ်ပါတယ်၊ ဒါကြောင့်ပဲ အမြင်ကောင်းတွေကို မြင်ရအောင် အားထုတ် နေကြတယ်၊ အကြားကောင်းတွေ ကြားရအောင်လို့လဲ အားထုတ်နေကြတယ်၊ အနံ့ကောင်း, အစားကောင်းတွေကို နံရ, စားရအောင်လို့လဲ အားထုတ်နေကြတယ်၊ အတွေ့အထိ ကောင်းတွေနဲ့လဲ တွေ့ထိရအောင်လို့ အားထုတ်နေကြတယ်၊ ဒီလို အားထုတ်နေ ကြတာတွေဟာ ဆင်းရဲလို့ မထင်လို့ပေါ့၊ ချမ်းသာတယ် ကောင်းတယ် ထင်လို့ပေါ့၊ ဒါဟာ ဒုက္ခသစ္စာကိုချမ်းသာလို့ အလွဲသိနေတာ, ထင်နေတာပါပဲ၊ ဒီလို အလွဲသိတာကို အဝိဇ္ဇာလို့ခေါ်တာပဲ၊ သဘောပေါက်ကြပြီလား၊ ဒီအဝိဇ္ဇာက ဆင်းရဲကိုပဲ ချမ်းသာ ထင်နေတော့ အဲဒီဆင်းရဲတွေကို အကောင်းမှတ်ပြီး ရှာကြံ အားထုတ် နေကြရတော့ တာပေါ့။
မျက်မှန်စိမ်းနဲ့လဲ တူတယ်
ဥပမာအားဖြင့် မြင်းကို မျက်မှန်စိမ်းတပ်ပြီး မြက်ခြောက်တွေကို ကျွေးတာနဲ့ တူပါတယ်၊ အဲဒါက ကိုယ်တိုင်တော့ မတွေ့ဖူးပါဘူး၊ ကြားဖူးရုံပါပဲ၊ ဒါပေမယ့် အသင့်ယုတ္တိတော့ ရှိပါတယ်၊ မျက်မှန်စိမ်းတပ်ထားတော့ မြင်းက မြက်ခြောက် တွေကို မြက်စိုထင်ပြီး မြိန်မြိန်ရှက်ရှက် စားသတဲ့၊ အဲဒါလိုပါပဲ သတ္တဝါတွေမှာ အဝိဇ္ဇာဆိုတဲ့ မျက်မှန်စိမ်းကြောင့် ဆင်းရဲတွေကို ချမ်းသာထင်မှတ်ပြီး မြိန်မြိန် ရှက်ရှက် ဖြစ်နေကြတယ်၊ မြင်တိုင်း, ကြားတိုင်း, တွေ့တိုင်း, သိတိုင်း ရှုမှတ်လို့ ရုပ်နာမ် အဖြစ်အပျက်ကို တွေ့မြင်ပြီး မမြဲဘူးဆိုတာကို အမှန်အတိုင်း သိနေယင်တော့ ဆင်းရဲတွေချည်းပဲလို့လဲ သိမြင်လာမယ်၊ အဲဒါဟာ အဝိဇ္ဇာဆိုတဲ့ မျက်မှန်စိမ်း ကင်းသွားလို့ အမြင်မှန် ပေါ်လာတာပါပဲ။
မျက်စိကွယ်နေတာနဲ့လဲတူတယ်
တနည်းဥပမာကတော့ မျက်စိကွယ်နေတဲ့လူဟာ မျက်စိက မမြင်နိုင်တော့ဖြူမှန်း, မည်းမှန်းမသိဘူး၊ အရောင်အဆင်း ကောင်းတာ မကောင်းတာကို မသိဘူး၊ အဲဒီ မျက်စိကွယ်နေတဲ့လူကို အခြားလူတယောက်က ညစ်ပေနေတဲ့ လုံချည်တထည် လာပေးတယ်၊ ဒီလုံချည်ဟာ အင်မတန် အရောင်အဆင်း တောက်ပြောင်လှပတဲ့ အဖိုးတန်လုံချည်ပါလို့ ပြောပြီး ပေးတယ်ဆိုပါတော့၊ အဲဒါကို မျက်စိကွယ်နေတဲ့ လူကအဟုတ်မှတ်ပြီး ဝမ်းမြောက်ဝမ်းသာနဲ့ လက်ခံပြီး ဝတ်လဲဝတ်နေတယ်၊ သူ့စိတ်ထဲမှာ အင်မတန် အရောင်အဆင်းလှပတဲ့ လုံချည်ပဲလို့ထင်ပြီး အဲဒီ လုံချည်ကို အင်မတန်လဲမြတ်နိုးနေတယ်၊
အဲဒါဟာ ဘာကြောင့်လဲ? ကိုယ်တိုင်က မမြင်နိုင်တာနဲ့ ဟိုလူပြောတဲ့အတိုင်း ယုံကြည်ပြီး သဘောကျနေရတာပါပဲ၊ အဲဒီလူဟာ ဆေးကောင်းတွေ့လို့ နေချင်း ညချင်းပဲ မျက်စိ အလင်းရတယ်ဆိုယင် သူ့လုံချည်အကြောင်းကိုလဲ အမှန်အတိုင်း သိရမယ်၊ ဟိုလူ လိမ်ထားလို့ အများကြီး အထင်လွဲခဲ့တယ်ဆိုတာလဲ သိရမယ်၊ ဒီလိုသိမြင်တော့ ညစ်ပေနေတဲ့လုံချည်ကို ချက်ချင်းပဲစွန့်ပစ်လိမ့်မယ်၊
အဲဒါလိုပါပဲ၊ သတ္တဝါတွေမှာ ဝိဇ္ဇာဆိုတဲ့ ဉာဏ်မျက်စိက မရှိလို့ အဝိဇ္ဇာဆိုတဲ့ လူလိမ်က ညွှန်ပြထားတဲ့အတိုင်း အနိစ္စ, ဒုက္ခ, အနတ္တဖြစ်တဲ့ ဆင်းရဲအစစ်တွေကိုပဲ နိစ္စ, သုခ, အတ္တလို့ ထင်ပြီး နှစ်သက် သာယာနေကြတာ၊ ခုတင်က ပြောခဲ့တဲ့အတိုင်း မိမိသန္တာန်မှာ ဖြစ်ပေါ်လာသမျှ ရုပ်နာမ်တွေကို ရှုမှတ်လို့ အဖြစ်အပျက် အနိစ္စ, ဒုက္ခ, အနတ္တ သဘောတွေကို သိတဲ့ဝိဇ္ဇာဉာဏ် မျက်စိအလင်း ပေါ်လာယင်တော့ ယခု မြင်, ကြား, တွေ့သိနေတဲ့ သဘောတွေဟာ အကုန်လုံး ဆင်းရဲတွေချည်းပဲလို့ အမြင်မှန် ရလာနိုင်ပါတယ်။
ဝိပဿနာ ရှုတယ်ဆိုတာ စာအုပ်ကြီးနဲ့ ကျက်မှတ်ရွတ်ဆိုပြီး ရှုနေရတာ မဟုတ်ဘူး၊ ကိုယ်ထဲမှာ သူ့အလိုလို ဖြစ်ပေါ်နေတဲ့ သဘောတရားတွေကို သတိပညာနဲ့ စောင့်ပြီးတော့ မပြတ်ရှုနေရတာပဲ၊ ဘယ်လိုဟာတွေလဲ ဆိုယင် ကိုယ်တိုင် မြင်ကြား တွေ့သိနေတဲ့ဟာတွေပါပဲ၊ ထင်ပေါ်လာတဲ့ အာရုံတရားတွေရော, သိသိနေတဲ့ အာရမ္မဏိက စိတ်နာမ်တရားတွေရော အဲဒါတွေကို မပြတ်စောင့်ပြီး ရှုမှတ်နေယင် သူ့သဘောအမှန်တွေကို အကုန်သိနိုင်ပါတယ်၊
သမာဓိဉာဏ် အားရှိလာတဲ့အခါမှာ ဖြစ်ပေါ်လာပြီး ချက်ချင်းပဲ ပျောက်ပျောက်သွား တာကိုလဲ တွေ့ရတယ်၊ အဲဒီတော့ ဖြစ်ပေါ်ပြီး ပျောက်ပျက်သွားလို့ မမြဲဘူး ဆိုတာကိုလဲ လက်နဲ့ကိုင်ကြည့်ရသလိုပဲ ရှင်းရှင်းလင်းလင်း သိရတယ်၊ မမြဲဘူးလို့ သိတော့ ဆင်းရဲပဲ, အနတ္တသဘောတရားမျှပဲ ဆိုတာကိုလဲ ရှင်းရှင်းလင်းလင်း သိရတယ်။
မရှုလို့ အဝိဇ္ဇာက ဖုံးကွယ်တာ
ယခုပကတိလူတွေ အမှန်အတိုင်း မသိကြတာကတော့ အဝိဇ္ဇာက ဖုံးကွယ်ထား လို့မသိတာ၊ အဝိဇ္ဇာက ဖုံးကွယ်ထားတယ်ဆိုတာလဲ မရှုမမှတ်လို့ ဖုံးကွယ်နိုင်တာပဲ၊ တစုံတခုသော ဝတ္ထုပစ္စည်းကို အဝတ်နဲ့, အုပ်ဆောင်းနဲ့ ဖုံးထားသလို အမြဲ ဖုံးကွယ်နေတာ မဟုတ်ပါဘူး၊ မရှုမမှတ်တဲ့အတွက် အဝိဇ္ဇာက သိရိုးသိစဉ်အတိုင်း “ဒါက လူပဲ ယောက်ျားပဲ မိန်းမပဲ လက်ပဲ ခြေပဲ မျက်နှာပဲ” စသည်ဖြင့် အလွဲလွဲသိသိနေတာကို ဖုံးကွယ်တယ်လို့ ဆိုပါတယ်၊
ဟုတ်တယ်၊ မြင်တိုင်း ကြားတိုင်း တွေ့တိုင်း ကြံသိတိုင်း မရှုမမှတ်တဲ့ သူတွေမှာ အဝိဇ္ဇာကချည်း အလွဲတွေကို သိသိနေတယ်၊ ဒီတော့ မြင်တယ်ဆိုတာကို ရုပ်နာမ်မျှပဲလို့လဲ သဘောမှန်ကို သိခွင့်မရဘူး၊ ဖြစ်ပြီးပျောက်သွားတယ်၊ မမြဲဘူးလို့လဲ သိခွင့်မရဘူး၊ လှပတယ် ကောင်းတယ်လို့ချည်း သူက သိပြီး ဖြစ်ဖြစ်နေတယ်။ ဆင်းရဲပဲလို့လဲ သိခွင့်မရဘူး၊ လူပဲ မိန်းမပဲ ယောက်ျားပဲ စသည်ဖြင့် အတ္တကောင် အနေနဲ့ချည်း သိပြီး ဖြစ်ဖြစ်နေတယ်၊ အနတ္တပဲလို့လဲ သိခွင့်မရဘူး၊ အဲဒီလိုဖြစ်နေ တာကို အဝိဇ္ဇာက ဖုံးကွယ်တယ်လို့ ဆိုပါတယ်။
ဖြစ်ခိုက် ရုပ်နာမ်တရားတွေကို လုံးလုံးမရှုတဲ့ သူတွေမှာဆိုယင် မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း အဝိဇ္ဇာက အကုန်လုံးလိုက်ပြီး ဖုံးကွယ်နေတယ်၊ အမြဲတည်နေတဲ့ မိန်းမယောက်ျား ပုဂ္ဂိုလ်သတ္တဝါတွေပဲလို့သာ ထင်နေတယ်၊ ချမ်းသာ, ကောင်းစား မှုတွေ အများကြီး ရှိနေတယ်လို့သာ ထင်နေတယ်။ တချို့များသေသည်တိုင်အောင် တသက်လုံး တခါမျှမရှုနိုင်လို့ တကြိမ်တခါမျှ ရုပ်နာမ်တရားအမှန်ကို မသိရရှာဘူး၊ ရုပ်နာမ်အကြောင်း ဘာမျှမသိရပဲနဲ့ သေသွားကြရရှာတယ်။
ဖြစ်ခိုက်ဖြစ် ခိုက်ကိုလိုက်ပြီး ရှုနေတဲ့သူမှာတော့ ရှုတိုင်း ရှုတိုင်း ရုပ်နာမ်တရား သဘောမှန်တွေကို သိရတယ်၊ ဒါပေမယ့် ရှုခါစမှာတော့ သိပ်မသိသေးဘူး၊ သတိ သမာဓိ ဉာဏ်က ထူထောင်ခါစဆိုတော့ အားမရှိသေးဘူး၊ အလွန် နှေးကွေးနေတယ်၊ အဝိဇ္ဇာဆိုတဲ့ ပကတိအသိတွေက အလွန်ပဲ မြန်နေတယ်။ ဒါကြောင့် ထင်ရှားပေါ်လာတဲ့အာရုံကို မြင်တဲ့အခါမှာ မြင်တယ်လို့ မရှုရသေးခင် အဝိဇ္ဇာဆိုတဲ့ ပကတိအသိက အလျင်သိသွားတယ်၊ ရှုမှတ်သိတာက နောက်ကျ နောက်ကျ နေတတ်တယ်၊ ဒါကြောင့် ရှုမှတ်ခါစပုဂ္ဂိုလ်မှာ ရုပ်နာမ် သဘောတရားတွေကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မသိရသေးဘူး၊ ရှုဖန်များလာတဲ့ အခါကျတော့ သတိသမာဓိနဲ့ အသိဉာဏ်တွေက ရင့်ကျက်ပြီး လျင်မြန်လာတယ်၊ အဲဒီအခါကျတော့ ကွဲကွဲပြားပြား ရှင်းလင်း သိလာတယ်။
ဝိဇ္ဇာဉာဏ်က အမှန်အတိုင်း သိပုံ
သိပုံကတော့ “ဖောင်းတယ် ပိန်တယ် ထိုင်တယ်”စသည်ဖြင့် မှတ်နေယင်း ကိုယ်ထဲမှာ တနေရာရာက ယားတာပေါ်လာယင် အဲဒီယားတဲ့ သဘောကလေးကို ယားတယ် ယားတယ်လို့ သူ့အလိုလိုပဲ သိလျက် သိလျက် ဖြစ်နေတယ်၊ ယားတဲ့ နေရာက လက် ခြေ ခေါင်း ကိုယ်ရယ်လို့ ပကတိသိနေကျပုံသဏ္ဌာန် နိမိတ်တွေလဲ မပေါ်လာဘူး၊ “ငါယားတယ်”လို့လဲ နှလုံးမသွင်းမိဘူး၊ ယားတဲ့ အခံခက်တဲ့သဘော ကကလေးတွေသာ တခုပြီးတခု ဆက်ခါဆက်ခါ ပေါ်နေတယ်။ ပူတယ်ဆိုယင်လဲ ပူတဲ့သဘောကလေးသာ ဆက်ခါ ဆက်ခါ ပေါ်နေတယ်။ နာကျင်ယင်လဲ ဒီအတိုင်းပဲ နာကျင်တဲ့, အခံခက်တဲ့ သဘောကလေးတွေသာ ဆက်ခါဆက်ခါ ပေါ်နေတယ်၊
အဲဒါကလေးတွေလဲ မြဲတည်နေတာရယ်လို့ မရှိဘူး၊ မှတ်ယင်း မှတ်ယင်း ပျောက်ပျောက် သွားတာကိုသာ တွေ့ရတယ်၊ ဒါကြောင့် မမြဲတဲ့တရားတွေပဲဆိုတာ ကိုယ်ပိုင်ဉာဏ်နဲ့တွေ့ပြီးထင်ရှားသိရတယ်။ အဲဒီလိုအခါမှာ ကိုယ်အမူအရာပဲဖြစ်ဖြစ်, စိတ်အမူအရာပဲဖြစ်ဖြစ်, ဝေဒနာပဲဖြစ်ဖြစ် ပေါ်လာသမျှတွေကို ရှုမှတ်တဲ့အသိက အလျင်ကျပြီး သိသိနေတယ်။ လက်ပဲ ခြေပဲ ကိုယ်ပဲ လူပဲ စသည်ဖြင့် ထင်လာခဲ့တဲ့ ပကတိ အသိဟာ သိခွင့်မရသလောက်ပဲ ဖြစ်နေတယ်၊ အဲဒါဟာ အဝိဇ္ဇာက မဖုံးကွယ်နိုင်ပဲ ဝိဇ္ဇာဉာဏ်က အမှန်အတိုင်း သိသိသွားပုံပါပဲ။
အဲဒီလို အသိဉာဏ်နဲ့ မပြည့်စုံသေးခင်တော့ မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်းဟာ ပကတိအသိကချည်း ဦးစီးပြီးတော့ မြင်ရတာလဲ ကောင်း, ကြားရတာလဲ ကောင်း စသည်ဖြင့် အကောင်းတွေကို တွေ့နေရတယ်လို့ချည်း ထင်နေတတ်ပါတယ်၊ အဲဒါဟာ အမှန်မသွား အမှားမြင်နေတဲ့သဘောပါပဲ၊ ဒါကြောင့် “အမှန်မသွား၊ အမှားမြင်ကာ၊ အဝိဇ္ဇာကြောင့်” လို့ ဆောင်ပုဒ်မှာ ပြထားပါတယ်၊
မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း ဒွါရ ၆-ပါးက ပေါ်လာသမျှတွေဟာ ဖြစ်ပြီး ပျက်သွားလို့ ဒုက္ခသစ္စာ ဆင်းရဲတရားတွေချည်းပဲ၊ အဲဒါတွေကို ဆင်းရဲပဲလို့ မသိတာ မထင်တာက အဝိဇ္ဇာတဲ့၊ အဲဒီ မြင်ကြား တွေ့သိရတာတွေကိုပဲ ချမ်းသာတွေ, အကောင်းတွေလို့ ထင်တာကလဲ အလွဲသိတဲ့ အဝိဇ္ဇာတဲ့၊ အမှန်အတိုင်း မသိတာလဲ အဝိဇ္ဇာပဲ၊ အလွဲသိတာလဲ အဝိဇ္ဇာပဲ၊ အဝိဇ္ဇာက အမှန်မသိတာနဲ့ အလွဲသိတာ ဒီလို နှစ်မျိုး နှစ်မျိုးချည်းပဲ၊ အဲဒါကို လိုက်ဆိုကြရမယ်။
မြင်တိုင်းကြားတိုင်း တွေ့တိုင်းသိတိုင်း ဒွါရ ၆-ပါးက ထင်ပေါ်လာသမျှ ဆင်းရဲ တရားတွေကို ဆင်းရဲဟု မထင်တာမသိတာက အဝိဇ္ဇာ၊ ထိုဆင်းရဲတရားတွေကိုပင် ချမ်းသာဟု ထင်တာကလဲ အဝိဇ္ဇာ။
အဝိဇ္ဇာနဲ့ သင်္ခါရ ဆက်သွယ်ပေးတာလဲ ရှိတယ်
ဒုက္ခေ အညာဏံ-ဆိုတဲ့ပါဠိအရ ဒုက္ခသစ္စာကို မသိတဲ့အဝိဇ္ဇာဆိုတာ ဒါပါပဲ၊ ဆင်းရဲတရားတွေကို ဆင်းရဲမှန်းမသိတာနဲ့ ဆင်းရဲကိုပင် ချမ်းသာလို့ ထင်တဲ့သဘောပါပဲ၊ ဒီ အဝိဇ္ဇာက ချမ်းသာတယ်, ကောင်းတယ်လို့ ထင်နေတဲ့ အတွက် ယခု လူတွေဟာ အမြင်ကောင်း ကကလေးတွေကို မြင်ရအောင်, အကြားကောင်း အနံ့ကောင်း အစားကောင်း အတွေ့ကောင်းကလေးတွေကို ကြားရ နံရ စားရ တွေ့ထိရအောင် ကြံစည်ပြုလုပ် အားထုတ်နေကြတယ်၊ အဲဒါဟာ အဝိဇ္ဇာကြောင့် သင်္ခါရဆိုတဲ့ အားထုတ်မှုတွေ ဖြစ်လာတာပါပဲ၊ ဒေသနာတော်မှာ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်လို့ ဒါလောက်ပဲ အကျဉ်းချုပ် ဟောထားပါတယ်၊
ဒါပေမယ့် အဝိဇ္ဇာနဲ့သင်္ခါရ ဆက်စပ်မိအောင် ဆက်သွယ်ပေးတဲ့ အကြောင်း ကကလေးတွေလဲ ရှိပါသေးတယ်၊ ဘာတွေလဲဆိုယင် တဏှာနဲ့ ဥပါဒါန်ဆိုတဲ့ အကြောင်း ၂-ပါးပါပဲ၊ အဝိဇ္ဇာက ချမ်းသာတယ်, ကောင်းတယ်ထင်တော့ အဲဒီ ချမ်းသာတယ် ကောင်းတယ် ထင်ရတာကလေးတွေကို နှစ်သက်လိုချင်လာတယ်၊ အဲဒါက တဏှာပဲ၊ နှစ်သက်လိုချင်တာက အားကြီးလာတော့ စွဲလမ်းလာတယ်၊ ဒါကိုရမှ ကောင်းမယ်၊ မရယင် မဖြစ်တော့ဘူးဆိုတဲ့ အနေနဲ့ စွဲလမ်းတဲ့သဘောပေါ့၊ အဲဒါက ဥပါဒါန်တဲ့၊
အဲဒီလို တဏှာက နှစ်သက်လိုချင်ပြီး ဥပါဒါန်က စွဲလမ်းတော့ အဲဒါကိုရအောင်လို့ ကြံစည်အားထုတ်ရတယ်၊ အဲဒါဟာ ချမ်းသာမယ်ထင်လို့ အားထုတ်တဲ့ သင်္ခါရပါပဲ၊ ဒါကြောင့် ခေါင်းစဉ်ဆောင်ပုဒ်မှာ “အမှန်မသွား၊ အမှားမြင်ကာ၊ အဝိဇ္ဇာကြောင့်၊ ချမ်းသာလိမ့်နိုး၊ ရည်မျှော်ကိုးလျက်၊ သုံးမျိုးမှုကံ၊ ပြုစီမံ၍”လို့ ဆိုထားပါတယ်၊ အဲဒီ ခေါင်းစဉ်ဆောင်ပုဒ်ကို ဆိုကြဦးစို့။
ခေါင်းစဉ် မူလဆောင်ပုဒ်ကြီး
အမှန်မသွား၊ အမှားမြင်ကာ၊ အဝိဇ္ဇာကြောင့်၊ ချမ်းသာလိမ့်နိုး၊ရည်မျှော်ကိုးလျက်၊ သုံးမျိုးမှုကံ၊ ပြုစီမံ၍၊ ဝိညာဏ်တွယ်စပ်၊ နာမ်ရုပ်ကပ်လျက်၊ ၆-ရပ် အာယတန၊ ဖဿ ၆-ဖြာ၊ ဝေဒနာကြောင့်၊ တဏှာ ၆-တန်၊ ဥပါဒါန်နှင့်၊ ဖြစ်ရန်အကြောင်း၊ ကံ, ဆင့်လောင်း၍၊ ဆိုးကောင်းဘဝ၊ ဖြစ်ရပြန်ရာ၊ အိုကာ သေရေး၊ ပူအဆွေးနှင့်၊ ငိုကြွေးကိုယ်နွမ်း၊စိတ်မချမ်းမြ၊ ပူပန်ရသည်၊ လုံးဝ ဆင်းရဲစုသာတည်း။
ဒီဆောင်ပုဒ်ထဲမှာ ‘ချမ်းသာလိမ့်နိုး၊ ရည်မျှော်ကိုးလျက်’ ဆိုတဲ့ စကားက နှစ်သက် လိုချင်တဲ့ တဏှာနဲ့ စွဲလမ်းမှု ဥပါဒါန် ဖြစ်လာပုံကို ပြထားတာပါပဲ၊ ပဋိစ္စသမုပ္ပါဒ်ဒေသနာ အလယ်ပိုင်းကျတော့ ဒီတဏှာနဲ့ဥပါဒါန်ကို တိုက်ရိုက်ပဲ ပြထားပါတယ်၊ ဒါကြောင့် ဆောင်ပုဒ်မှာ “တဏှာ ၆-တန်၊ ဥပါဒါန်နှင့်”လို့ ဆိုထားတယ်၊ အဝိဇ္ဇာဖြစ်တယ်ဆိုယင် တဏှာနဲ့ ဥပါဒါန်ကလဲ ဖြစ်တော့တာပဲ၊
ဒါကြောင့် အတိတ်အကြောင်းတွေကို အပြည့်အစုံပြတဲ့အခါမှာ “အဝိဇ္ဇာ တဏှာ ဥပါဒါန် ကံ သင်္ခါရ”လို့ ဒီလိုပြထားပါတယ်၊ ဒီတော့ “ဒုက္ခေ အညာဏံ”ဆိုတဲ့ ပါဠိအရ ဒုက္ခသစ္စာကို အမှန်အတိုင်းမသိတဲ့ အဝိဇ္ဇာနဲ့ အလွဲအမှားသိတဲ့ အဝိဇ္ဇာကြောင့် တဏှာနဲ့ ဥပါဒါန်ဖြစ်ပြီး အားထုတ်မှု သင်္ခါရတွေ ဖြစ်လာပုံကို သဘောပေါက်လောက် နားလည်လောက်ပါပြီ၊ ယခု သမုဒယကို မသိတဲ့ အဝိဇ္ဇာကို ဟောကြစို့။
သမုဒယကို မသိတဲ့ အဝိဇ္ဇာ
ကောင်းတယ် ထင်တာကလေးတွေကို နှစ်သက်သာယာတဲ့ တဏှာဟာ ဆင်းရဲ ဒုက္ခဖြစ်ပွားကြောင်း သမုဒယပဲ၊ အဲဒီ နှစ်သက်သာယာမှုကို “ဆင်းရဲ ဖြစ်ပွားကြောင်းပဲ” လို့ မထင်ကြ မသိကြဘူး၊ “ချမ်းသာကြောင်းကလေး” လို့ ထင်နေကြတယ်၊ ယခုပြောတဲ့အတိုင်း ချမ်းသာကြောင်းလို့ ထင်သလား မထင်ဘူးလားဆိုတာ သေသေချာချာ စဉ်းစားကြည့်ပေါ့၊
ထင်တယ်၊ လူတိုင်းလူတိုင်း နှစ်သက်သာယာမှုကလေး ရှိနေမှ နေလို့ထိုင်လို့ ကောင်းတယ်လို့ ထင်နေကြပါတယ်၊ အဲဒီ နှစ်သက်သာယာမှုကလေး ရှိနေလို့သာ ချမ်းသာနေတယ်လို့ထင်နေတယ်။ အဲဒါကလေး မရှိယင် ခြောက်သွေ့သွေ့ကြီး ပျင်းစရာ ကောင်းတယ် လို့ထင်နေ ကြတယ်၊ ဒါကြောင့် ဒီနှစ်သက်သာယာမှုတွေ ဖြစ်နေအောင်လို့ မပြတ်ကြိုးစား အားထုတ် နေကြရတယ်၊ နှစ်သက်ဖွယ် သာယာဖွယ်တွေ ဖြစ်နေအောင်လို့ အားထုတ်နေကြရတယ်။
ကြည့်လို့မြင်လို့ကောင်းတဲ့ အာရုံဝတ္ထုကလေးတွေကို မရရအောင် အားထုတ်နေ ကြရတယ်၊ ကြားစရာ နံစရာ စားစရာ တွေ့ထိစရာအကောင်းကလေးတွေကို မရရအောင် အားထုတ်နေကြရတယ်။ ဝတ်ဆင်စရာပဲဖြစ်ဖြစ်၊ အပေါင်းအဖော် ပဲဖြစ်ဖြစ်၊ နေရာထိုင်ခင်းပဲဖြစ်ဖြစ် အဲဒီလို နှစ်သက် သာယာဖွယ်တွေကို မရရအောင် အားထုတ် နေကြရတယ်၊ အဲဒီလို သုံးစွဲစရာတွေနဲ့ ချစ်ခင်နှစ်သက်ဖွယ် အပေါင်းအဖော်ကလေးတွေနဲ့ သုံးစွဲပြီး အတူတကွ နေနေရယင် အဲဒါကို နှစ်သက်သာယာပြီး ပျော်နေကြတယ်၊
အဲဒါဟာ နှစ်သက်သာယာတဲ့ တဏှာ သမုဒယကို ဆင်းရဲကြောင်း မထင်ပဲ ချမ်းသာကြောင်း ထင်နေတာပါပဲ၊ အများအားဖြင့် လူတွေက ဒီနှစ်သက် သာယာမှု ကလေးမရှိယင် မနေတတ် မထိုင်တတ် သလို ဖြစ်နေကြတယ်၊ ပျင်းစရာ ကောင်းတယ်လို့လဲ ထင်နေကြတယ်။
အင်း-သူ့ဟာကလဲ ဟုတ်တော့ဟုတ်တာပဲ၊ ဒီနှစ်သက်သာယာမှုမရှိယင် လောကထဲမှာ ဘာမှပျော်စရာမရှိဘူးဆိုတာ ဟုတ်တာပဲ။ ဒီနှစ်သက်သာယာမှု တဏှာက သာယာဖွယ်မဟုတ်တာတွေကို သာယာဖွယ်လုပ်ပေးနေတာပဲ၊ ဒါကြောင့် ရဟန္တာ ပုဂ္ဂိုလ်များမှာ ဒီသာယာမှုတဏှာက လုံးဝမရှိတော့တဲ့အတွက် လောက ထဲမှာ လုံးဝမပျော်မွေ့နိုင်ကြတော့ဘူး၊ သင်္ခါရဒုက္ခတွေ ငြိမ်းတဲ့ နိဗ္ဗာန်ဆီကိုသာ အမြဲတမ်း ညွှတ်ကိုင်းနေကြတော့တာပဲ။
ချိန်ထိုးကြည့်ရမယ်
ရဟန္တာကို မပြောနဲ့အုံး၊ ယခုတရားအးထုတ်နေကြတဲ့ ယောဂီတွေတောင် တရားဘက်မှာ စိတ်ဝင်စားမှုက များလာတော့ ဒီသာယာမှု တဏှာက အားလျော့သွားတယ်၊ အားနည်းသွားတယ်၊ ဒါကြောင့် တချို့ ယောဂီတွေက လောကထဲမှာ ရှေးကလို မပျော်ကြတော့ဘူး၊ တရားအားထုတ်ရာက ပြန်သွားခါစမှာ ဆိုယင် သူတို့နေနေကျဖြစ်တဲ့ အိမ်မှာတောင် မပျော်မွေ့သလို ဖြစ်နေ တတ်ကြတယ်။ အိမ်မှာ အိမ်သူအိမ်သားတွေနဲ့ ကလေးတွေနဲ့ လောကရေးရာတွေ ပြောကြဆိုကြနဲ့ တယ်ရှုပ်တယ်လို့လဲ ပြောတတ်ကြတယ်၊ ဒါကြောင့် ဘေးကလူတွေရဲ့ အမြင်နဲ့ဆိုယင် စိတ်ကြီး ဝင်နေတယ်လို့တောင် ထင်စရာ ဖြစ်နေတယ်၊
အဲဒါဟာ ဘာကြောင့်လဲဆိုယင် သာယာမှုတဏှာကလေးက အားနည်းသွားလို့ လောကထဲမှာ ပျော်မွေ့မှု နည်းသွားတဲ့ သဘောပါပဲ၊ ဒါကလဲ ကာမရာဂကို လုံးဝ ပယ်နိုင်တဲ့အဆင့်ကို မရောက်သေးယင် တယ်တော့ မကြာလှပါဘူး၊ တော်တော် ကြာတော့ ရှေးကလိုပဲ နေတတ်ထိုင်တတ်ဖြစ်ပြီး အိမ်မှာ ပျော်သွားတတ်ပြန်တာပါပဲ၊ ဒါကြောင့် သက်ဆိုင်တဲ့လူတွေကလဲ ကိုယ့်အိမ်ကလူ တရားအားထုတ်တဲ့အတွက် အလျင်ကလိုမှ ဟုတ်ပါတော့မလားလို့ ဒီလိုလဲ တယ် မပူကြနဲ့အုံး၊ အိမ်နဲ့ သံယောဇဉ် လုံးလုံးပြတ်ဖို့ဆိုတာက တယ်မလွယ်လှပါဘူး၊
ဒါကြောင့် တရားအားထုတ်ဖူးတဲ့ ယောဂီက ကိုယ့်ဟာကိုယ် ဆင်ခြင်ကြည့်ရမယ်၊ ငါဟာ လောကထဲမှာ တော်တော်ပျော်နေသေးသလား အပျော်နည်းသွားပြီလား၊ မနည်းသေးဘူးလား ဆိုတာ ချိန်ထိုးကြည့်ရမယ်၊ လောကထဲမှာ ရှေးကလိုပဲ ပျော်နေသေးတယ်ဆိုယင် သမုဒယ တဏှာတွေ များတုန်းပဲလို့သာ မှတ်ပေတော့၊ လောကထဲမှာ အပျော်နည်းလာပြီဆိုယင်တော့ အဲဒါတော်တော် ဟန်ကျလာပြီလို့ မှတ်ရမယ်။
အဲဒီလို ပျော်တာကလေးကို အပြစ်မြင်ပြီး အပျော် နည်းလာတာဟာ သမုဒယ အပေါ်မှာ အဝိဇ္ဇာဖုံးကွယ်မှု နည်းလာတဲ့ သဘောပါပဲ၊ သမုဒယဆိုတဲ့ နှစ်သက် သာယာမှုကို ဆင်းရဲကြောင်းအနေနဲ့ အမြင်မှန်ကလေး ပေါ်လာတဲ့ သဘောပါပဲ၊ အဲဒီလို မမြင်ပဲနှင့် နှစ်သက်သာယာမှုကိုပဲ အကောင်းထင်နေတာ ကတော့ အဝိဇ္ဇာပဲ၊ ဒါကြောင့် နှစ်သက်သာယာမှုကို ဆင်းရဲကြောင်းလို့ မသိတာက အဝိဇ္ဇာ၊ နှစ်သက်သာယာမှုကို ချမ်းသာကြောင်းလို့ ထင်တာကလဲ အဝိဇ္ဇာတဲ့၊ ဒီလို ချမ်းသာကြောင်းထင်တဲ့ အဝိဇ္ဇာဖြစ်နေပုံကို ထပ်ပြီး ပြောရဦးမယ်။
ပွဲ-ဥပမာ
အဲဒီ နှစ်သက်သာယာမှုကလေး မရှိယင် လောကလူတွေ အနေနဲ့တော့ ဆင်းရဲ နေတာပဲ၊ အဲဒီနှစ်သက်သာယာမှုကလေး ရှိနေမှ နေသာထိုင်သာ ချမ်းသာ နေတယ်လို့ ထင်ရတယ်၊ ဒါကြောင့် ကြည့်ရှုစရာ အလှအပအထူးအဆန်းတွေကို တမင်ရှာကြံပြီး ကြည့်ရှုနေကြတယ်၊ ဇာတ်ပွဲ အငြိမ့်ပွဲ ရုပ်ရှင်ပွဲတွေကို စရိတ်ငွေ အကုန်ခံ လူအပင်ပန်းခံပြီး သွားကြည့်ကြတယ်၊ အဲဒီလို သွားကြည့်တဲ့အတွက် ငွေလဲကုန်တယ်၊ လူလဲ ညောင်းညာပင်ပန်း အိပ်ရေးပျက်ပြီး ဒုက္ခရောက်ရတယ်၊
ဒါပေမယ့် ကြည့်ရှုချင်တဲ့ တဏှာသမုဒယကြောင့် ပင်ပန်းဆင်းရဲတယ်လို့ မထင်ဘူး၊ ချမ်းသာတယ် ကောင်းတယ်လို့သာ ထင်နေတယ်၊ အဲဒီလို ကြည့်ရှုချင်တဲ့ အလို အာသာမရှိတဲ့ ပုဂ္ဂိုလ်ရဲ့ အမြင်နဲ့ဆိုယင်တော့ အဲဒီပွဲလမ်းသဘင်တွေကို သွားကြည့် တာတွေဟာ သက်သက်ဆင်းရဲတွေချည်းပဲ ဖြစ်နေတယ်၊ အဲဒါက နည်းပြဥပမာပါပဲ၊
လောကမှာ ဘယ်ဟာမဆို ကောင်းတယ်ထင်ပြီး သာယာ နှစ်သက်တဲ့ တဏှာ သမုဒယကလေး ရှိနေလို့ သာယာစရာတွေ ဖြစ်နေတာပဲ၊ ဒီ သာယာနှစ်သက်မှု ကလေးသာ မရှိယင်တော့ အကုန်လုံး ဆင်းရဲတွေချည်းပဲ မကောင်းတာတွေချည်း ပဲဆိုတာ ထင်ရှားပေါ်လာနိုင်ပါတယ်။
ဆေးလိပ်-ဥပမာ
အထင်ရှားဆုံး ဥပမာတခုကတော့ ဆေးလိပ်သောက်တတ်တဲ့သူမှာ ဆေးလိပ် သောက်ချင်တဲ့တဏှာ, ဆေးလိပ်ကြိုက်တတ်တဲ့ တဏှာကလေးက ရှိနေတယ်၊ ကြိုက်တတ်တာမှ ရိုးရိုးမဟုတ်သေးဘူး၊ ဘယ်လိုဆေးလိပ်မျိုးက သာပြီး ကောင်းတယ်လို့ ဒီလိုလဲစွဲလမ်းနေတယ်၊ ဒါကြောင့် အဲဒီဆေးလိပ်သောက် တတ်တဲ့ သူမှာ ဆေးလိပ်ကိုမီးရှို့ပြီး မီးခိုးတွေကို ကိုယ်ထဲရှူသွင်းလိုက်, အဲဒါတွေကို ရှူထုတ်လိုက်နဲ့ လုပ်နေရတယ်၊ ဒီလို ရှူသွင်းလိုက်ရှူထုတ်လိုက် လုပ်နေရတာကိုပဲ ကောင်းတယ်, ချမ်းသာတယ်လို့ ထင်နေတယ်၊
အဲဒါကို ဆေးလိပ်မသောက်တတ်တဲ့ လူရဲ့အမြင်နဲ့ ကြည့်ယင်တော့ ဆေးလိပ်မီးခိုးကို ရှူသွင်းနေရတာဟာ သက်သက် ဒုက္ခရောက်နေတယ်လိုပဲ မြင်တယ်၊ ဟုတ်တယ်၊ ဆေးလိပ်မသောက်တတ်တဲ့သူမှာ သောက်ချင်တဲ့စိတ်လဲ မရှိဘူး၊ သူများ သောက်နေတဲ့ ဆေးလိပ်က မီးခိုးနံ့တွေကို ရှူမိတာတောင် မခံသာဘူး၊ ဒုက္ခရောက်နေတယ်၊ ဆေးပြင်းလိပ်နံ့ ဆိုယင်တော့ အဆိုးဆုံးပါပဲ၊
ဒါကြောင့် ဆေးလိပ်သောက်ချင်တဲ့ တဏှာမရှိတဲ့ သူမှာ ဆေးလိပ်လဲ မရှာရဘူး၊ ဆေးလိပ်ဖိုးလဲ မကုန်ဘူး၊ မီးပူပြာလူးလဲ မခံရဘူး၊ အင်မတန် ချမ်းသာနေပါတယ်၊ အဲဒါဟာ ဘာကြောင့်လဲ? ဆေးလိပ်သောက်ချင်တဲ့ တဏှာကလေး မရှိလို့ ချမ်းသာ တာပါပဲ။
ကွမ်း-ဥပမာ
နောက်ဥပမာတခုကတော့ ကွမ်းကြိုက်တတ်တဲ့သူနဲ့ ကွမ်းမကြိုက်တတ်တဲ့သူ နှစ်ဦး နှိုင်းယှဉ်ကြည့်ယင်လဲ ဒီတဏှာ သမုဒယအကြောင်းဟာ တော်တော် ထင်ရှားပါတယ်၊ ကွမ်းကြိုက်တဲ့သူမှာ ကွမ်းရွက် ကွမ်းသီး ထုံး ဆေးစသည်ကို ရှာရ တယ်၊ အဲဒါတွေကို စုပေါင်းပြီး ဝါးရတယ်၊ ဝါးလိုက် ကွမ်းတံတွေးတွေကို ထွေးထုတ်လိုက်နဲ့ လုပ်နေရတယ်၊ တချို့က သွားမရှိလို့ ကွမ်းယာကို ညက်ညက် ထောင်းပြီးတော့ ပါးစပ်ထဲထည့်ပြီး အရသာခံနေတယ်၊ အဲဒါကိုပဲ ချမ်းသာတယ် ကောင်းတယ်လို့ ထင်နေတယ်၊ ကွမ်းမကြိုက်တတ်တဲ့ သူရဲ့အမြင်နဲ့ ကြည့်လိုက် ယင်တော့ အဲဒီလို လုပ်နေတာတွေဟာ သက်သက် ဒုက္ခရောက်တယ်လို့ပဲ မြင်နေပါတယ်။
ဒီလိုချည်းပါပဲ၊ လောကမှာ နှစ်သက်သာယာမှု တဏှာရှိနေတဲ့ သူတွေက အဲဒီ နှစ်သက်သာယာမှု ဖြစ်နေတာကိုပဲ ကောင်းတယ် ချမ်းသာတယ်လို့ ထင်နေတယ်၊ ဒါဟာ သမုဒယကို ချမ်းသာကြောင်းထင်နေတဲ့ အဝိဇ္ဇာပါပဲ၊ ဘဝသံသရာမှာလဲ ဒီအဝိဇ္ဇာကြောင့် နှစ်သက်သာယာမှုကို အကောင်းထင်ပြီး နှစ်သက်သာယာစရာ တွေကို ရအောင်ကြိုးစားအားထုတ်နေကြတယ်၊ ဒါကြောင့် ဘဝအသစ်တွေဖြစ်ပြီး အိုရ နာရ သေရအစရှိတဲ့ ဆင်းရဲဒုက္ခတွေကို တွေ့နေကြရတယ်၊ ဒါကြောင့် ဒီနှစ်သက်သာယာမှု တဏှာကို ဆင်းရဲဖြစ်ပွားကြောင်း သမုဒယသစ္စာလို့ ခေါ်ပါတယ်၊
ဒါပေမယ့် သာမန် ပုထုဇဉ်တွေကတော့ ခုတင်က ပြောခဲ့တဲ့ ဥပမာထဲက ဆေးလိပ်ကြိုက်တဲ့လူက ဆေးလိပ်သောက်နေရတာကို ဒုက္ခမထင်နိုင်သလို, ကွမ်းကြိုက်တဲ့လူက ကွမ်းစားဝါးနေရတာကို ဒုက္ခမထင်နိုင်သလို ဘဝသံသရာထဲ ဖြစ်ပြီးတော့ မြင်ကြားတွေ့ပြီး ခံစားနေရတာကို ဒုက္ခလို့မထင်ဘူး၊ ချမ်းသာလို့သာ ထင်နေတယ်၊ နှစ်သက်သာယာမှု ကလေး ရှိလို့ ချမ်းသာနေရတယ်လို့ ထင်နေတယ်၊
မြင်လိုက် ကြားလိုက် နံလိုက်စားလိုက် တွေ့ထိလိုက် ကြံစည်စဉ်းစားလိုက်နဲ့ ချမ်းသာတွေကို ခံစားနေရတယ်လို့သာ ထင်နေတယ်။ အဲဒါဟာ ‘ဒုက္ခ သမုဒယေ အညာဏံ’ ဆိုတဲ့ ပါဠိအရ သမုဒယတဏှာကို ဆင်းရဲဖြစ်ပွားကြောင်းတရားလို့ မသိပဲ ချမ်းသာကြောင်းလို့ထင်တဲ့ အဝိဇ္ဇာပါပဲ၊ ဆင်းရဲကြောင်းလို့ အမှန်အတိုင်း မသိတာက အပ္ပဋိပတ္တိ အဝိဇ္ဇာ, ချမ်းသာကြောင်းလို့ အလွဲအမှားကို သိတာက မိစ္ဆာပဋိပတ္တိ အဝိဇ္ဇာတဲ့၊ ကဲ-လိုက်ဆိုကြရမယ်။
မြင်ရကြားရ တွေ့ရသိရတဲ့ အာရုံ ၆-ပါးနဲ့ စပ်၍ဖြစ်ပေါ်သော နှစ်သက်သာယာမှုကို ဆင်းရဲကြောင်းဟု မသိတာက အဝိဇ္ဇာ၊ ထိုနှစ်သက်သာယာမှုကိုပင် ချမ်းသာ ကြောင်းဟု ထင်တာကလဲ အဝိဇ္ဇာ။
မြင်နိုင်ခဲလို့ နက်နဲသည်
ယခုပြောခဲ့တဲ့ ဒုက္ခနဲ့ သမုဒယ ဒီသစ္စာနှစ်ပါးကတော့ မြင်တိုင်း ကြားတိုင်း နံတိုင်း စားတိုင်း တွေ့ထိတိုင်း စိတ်ကူး စဉ်းစားကြံသိတိုင်း ထင်ရှားဖြစ်ပေါ်နေတဲ့ တရားတွေပါပဲ၊ ဒါပေမယ့် ဆင်းရဲပဲလို့, ဆင်းရဲကြောင်း တရားတွေပဲလို့ အမှန်အတိုင်း မြင်ဖို့ရာကတော့ ခဲယဉ်းပါတယ်၊ ဒီလို မြင်နိုင်ခဲတဲ့အတွက် သူတို့ကိုလဲ နက်နဲတယ်လို့ ဆိုရတယ်၊ ဟုတ်တယ်၊ ဒီ ဒုက္ခနဲ့သမုဒယဆိုတဲ့ သစ္စာနှစ်ပါးက လူလိမ်လူညာကို တွေ့နေပါလျက် လူကောင်း သူကောင်းထင်ပြီး အမှန်အတိုင်း မသိနိုင်တာလိုပဲ သူတို့ကို အမှန်အတိုင်းမြင်ဖို့ရာ ခဲယဉ်းပါတယ်၊
ဖြစ်ခိုက်ဖြစ်ခိုက်မှာ မပြတ်လိုက်ပြီး ရှုနေမှ “ဖြစ်ပြီး ပျက်ပျက် သွားလို့ ဆင်းရဲချည်းပဲ”လို့လဲ အမှန်အတိုင်း သိနိုင်တယ်၊ ဒီလို ဖြစ်ပျက်နေတာတွေကိုပဲ အကောင်းထင်ပြီး နှစ်သက်, လိုချင် နေတာဟာလဲ ဆင်းရဲကို လိုချင်နေတဲ့ ဆင်းရဲကြောင်းတရားပဲ-လို့လဲ အမှန်အတိုင်း သိနိုင်တယ်၊ အဲဒီလို ဖြစ်ခိုက် ဖြစ်ခိုက်မှာ မရှုပါပဲနဲ့ ပြောဟော ဆင်ခြင်နေရုံမျှနဲ့ ကတော့ အမှန်အတိုင်း သိမြင်သဘောကျဖို့ရာ ခက်ပါတယ်၊ ဒါကြောင့် အဲဒီ ဒုက္ခနဲ့ သမုဒယကို အမှန်အတိုင်းမသိတာ အလွဲသိတာက အဝိဇ္ဇာတဲ့၊ အဲဒါကတော့ ပြီးသွားပါပြီ။
နက်နဲလို့ မြင်နိုင်ခဲသည်
ပြီးတော့ ဒုက္ခနိရောဓေ အညာဏံ - ဆင်းရဲချုပ်ငြိမ်းရာ၌ မသိတာကလဲ အဝိဇ္ဇာ၊ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ အညာဏံ - ဆင်းရဲချုပ်ငြိမ်းရာသို့ ဆိုက်ရောက် ကြောင်းဖြစ်တဲ့ အကျင့်လမ်းမှန်ကို မသိတာကလဲ အဝိဇ္ဇာတဲ့၊
ဒီနိရောဓသစ္စာနဲ့ မဂ္ဂသစ္စာကတော့ သူ့ပကတိ ပင်ကိုသဘောအားဖြင့် နက်နဲလို့ မြင်နိုင်ခဲတဲ့ တရားတွေတဲ့၊ ဘာကြောင့်လဲဆိုတော့ နိရောဓသစ္စာဆိုတာ နိဗ္ဗာန်ပဲ၊ နိဗ္ဗာန်ဆိုတာ အရိယမဂ်ရောက်မှ သေသေချာချာ သိနိုင်မြင်နိုင်ပါတယ်၊ မဂ္ဂသစ္စာ အစစ်ကလဲ အရိယမဂ်ပဲ၊ သူကလဲ အရိယာဖြစ်ပြီးမှ သေသေချာချာ သိရ မြင်ရတာ၊ ဒါကြောင့် ဒီနိရောဓနဲ့မဂ္ဂသစ္စာကတော့ တောင်ကြီးနဲ့ ဖုံးထားတဲ့ မြူမှုန်ကလေးကို မြင်ဖို့ရာ ခက်သလိုပဲ သိမြင်ဖို့ အလွန်ခက်ပါတယ်၊ အလွန်လဲ နက်နဲသိမ်မွေ့ပါတယ်၊ ဒီလို အလွန်နက်နဲတဲ့အတွက် ဒီနိရောဓနဲ့ မဂ္ဂသစ္စာနှစ်ပါးကို အဝိဇ္ဇာက ဖုံးကွယ် ထားလို့ မသိနိုင်ဘူး ဆိုတာကတော့ အံ့ဩဖွယ် အထူးအဆန်း မဟုတ်တော့ပါဘူး၊ သူတို့ကိုက ပင်ကိုရင်းအတိုင်းပင် အလွန်နက်နဲပြီး သိဖို့ရာ ခက်နေကြတာပါပဲ။
ကမ္ဘာ့နိဗ္ဗာန် အမျိုးမျိုး
ဒါကြောင့် နိရောဓသစ္စာဆိုတာ ဘယ်လိုဟာပဲလို့ အမှန်အတိုင်း မသိနိုင်ကြဘူး၊ ဆင်းရဲဒုက္ခတွေ အကုန်လုံး ငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်ကို အမှန်အတိုင်း မသိနိုင်ကြဘူး၊ အဲဒီလို မသိနိုင်ကြတဲ့အတွက် ကမ္ဘာပေါ်မှာ အမျိုးမျိုးသော ဘာသာဝါဒတွေက နိဗ္ဗာန်ကို အမျိုးမျိုးပညတ်ဖော်ပြထားကြတယ်၊ အချို့က ကမ္ဘာနဲ့သတ္တဝါတွေကို ဗြဟ္မာကြီးကဖန်ဆင်းတယ်၊ အဲဒီဗြဟ္မာကြီးထံ ပြန်ရောက်သွားယင် ဆင်းရဲတွေ အကုန်ငြိမ်တယ်လို့ ဆိုကြတယ်၊ တချို့ကလဲ နာမ်မရှိတဲ့ ဘုံရောက်ယင် ဒုက္ခတွေ ငြိမ်းတယ် လို့ယူကြတယ်၊ တချို့ကလဲ ရုပ်မရှိတဲ့ဘုံ ရောက်ယင် ဒုက္ခငြိမ်းတယ်လို့ ယူကြတယ်၊ တချို့ကလဲ ကောင်းကင်ဘုံက ဘုရားသခင်ထံ ရောက်သွားယင် ဒုက္ခငြိမ်းတယ်လို့ ယူကြတယ်၊ တချို့ကလဲ သတ္တဝါတွေဟာ ဘုရားသခင်ရဲ့ အတ္တကြီး၏ အစိတ်အပိုင်းကလေးတွေ ဖြစ်တဲ့အတွက် ဘုရားသခင်၏ အတ္တကြီးထဲ ပြန်ပြီး ပူးပေါင်းဝင်သွားယင် ဒုက္ခ ငြိမ်းတယ်လို့ ယူကြတယ်၊
တချို့ကလဲ အချိန်ကာလစေ့တဲ့အခါကျတော့ သူ့အလိုလိုပဲ ဒုက္ခငြိမ်းတယ်လို့ ယူကြတယ်၊ တချို့ကလဲ ယခု မျက်မှောက်ဘဝမှာ ကာမဂုဏ်ချမ်းသာကို ခံစားရ တာဟာ အကောင်းဆုံးပဲ၊ သေပြီးတဲ့ နောက်မှာတော့ ဘာမျှမရှိတော့ဘူးလို့ ယူကြတယ်၊ ဒီလို အမျိုးမျိုး ယုံကြည်ယူဆ ပြောဟောနေကြတာဟာ နိဗ္ဗာန်အစစ်ကို မသိကြသေးလို့ပါပဲ၊ ဗုဒ္ဓဘာသာဝင်တွေ ထဲမှာတောင် တချို့ကနိဗ္ဗာန်ကို ဘုံဗိမာန် ဌာနကြီး တခုအနေနဲ့ ယုံကြည်ယူဆကြတာ ရှိသေးတယ်၊ ဒါလဲ အမှန်အတိုင်း မသိသေးလို့ပါပဲ၊ နိဗ္ဗာန်နဲ့စပ်ပြီး တဦးနဲ့တဦး ငြင်းခုံနေကြတာလဲ ရှိတာပဲ၊ ဒါတွေအားလုံးဟာ နိဗ္ဗာန် အသိခက်တယ်ဆိုတာကို ထောက်ခံနေတဲ့ သဘောတွေ ပါပဲ။
နိဗ္ဗာန်အစစ်
▬▬▬▬
အမှန်ကတော့ နိဗ္ဗာန်ဆိုတာဟာ အကြောင်းအကျိုး ဆက်စပ်ပြီး မပြတ်ဖြစ်နေတဲ့ ရုပ်နာမ်အစဉ် ချုပ်ငြိမ်း ပြတ်စဲသွားတဲ့ သဘောပါပဲ၊ ဘယ်လိုလဲဆိုတော့ကာ ယခုဟောနေတဲ့ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်အရ အဝိဇ္ဇာသင်္ခါရ အစရှိသော အကြောင်းတရားတွေရှိနေလို့ ဝိညာဏ် နာမ်ရုပ် အစရှိသော အကျိုးတရားတွေ မပြတ်ဖြစ်နေရတယ်၊ ဒီအစဉ်ထဲမှာ အိုခြင်း သေခြင်း စိုးရိမ် ပူဆွေးခြင်း အစရှိသော အင်မတန် ကြောက်စရာကောင်းတဲ့ ဒုက္ခတွေလဲ ဖြစ်ပေါ်နေတယ်၊
အဝိဇ္ဇာ သင်္ခါရ အစရှိသော အကြောင်းတရားတွေဟာ အရိယမဂ်ကြောင့် မဖြစ်နိုင်တော့ပဲ ငြိမ်းသွားယင် ဝိညာဏ် နာမ်ရုပ် အစရှိသော အကျိုးတရားတွေ ဟာလဲ အကုန်လုံး မဖြစ်နိုင်တော့ပဲ ငြိမ်းသွားကြတယ်၊ အဲဒီတော့ အိုခြင်း နာခြင်း သေခြင်း စိုးရိမ်ပူဆွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းအစရှိတဲ့ ဆင်းရဲတွေ ဟူသမျှလဲ အကုန်လုံး အပြီးတိုင် ငြိမ်းသွားတယ်၊ အဲဒါဟာ နိဗ္ဗာန်ပါပဲ၊ အဲဒါကို မြတ်စွာဘုရားက “အဝိဇ္ဇာနိရောဓာ သင်္ခါရနိရောဓော”စသည်ဖြင့် ဟောထားပါတယ်။
ဥပမာအားဖြင့် ဆီမီးခွက်တခု ထွန်းထားတယ်ဆိုပါတော့ အဲဒီဆီမီးခွက်မှာ ဆီကလဲ ထပ်ကာထပ်ကာ ထည့်ပေးနေလို့ရှိနေမယ်ဆိုယင် အဲဒီမီးတောက်ဟာ တောက်မြဲ တောက်နေမှာပဲ၊ ဆီအသစ် ထည့်မပေးဘူးဆိုယင်တော့ ဆီကုန်တဲ့အခါမှာ အဲဒီမီးဟာ နောက်ထပ်အသစ် မတောက်နိုင်တော့ဘူး၊ တခါထဲ အပြီးတိုင် ငြိမ်းသွားတယ်၊
အဲဒီလိုပဲ အရိယမဂ် ၄-ပါးနဲ့ နိဗ္ဗာန်မြင်တဲ့ ပုဂ္ဂိုလ်မှာ အဝိဇ္ဇာ အစရှိသော ကိလေသာ ကံအကြောင်းတရားတွေဟာ မဖြစ်နိုင်တော့ပဲ အကုန်ငြိမ်းသွားတယ်၊ အဲဒီလို အကြောင်းတရားတွေ ငြိမ်းသွားတော့ ဆီမရှိလို့ မီးတောက် မဖြစ်ပေါ်လာနိုင်တာလို ဘဝသစ် ပဋိသန္ဓေ ဝိညာဏ် အစရှိသော အကျိုးတရားတွေလဲ မဖြစ်ပေါ်လာ နိုင်တော့ပဲ တခါထဲအပြီးတိုင် ငြိမ်းသွားကြတယ်၊ အဲဒါဟာ ရုပ်နာမ်သင်္ခါရ ဆင်းရဲတွေ ဟူသမျှ အကုန်ငြိမ်းတဲ့ နိဗ္ဗာန်အစစ်ပဲ၊ အဲဒီ နိဗ္ဗာန်ကို မျက်မှောက်ကိုယ်တိုင် မတွေ့ရသေးပေမယ့် ဆင်းရဲတွေ အကုန်ငြိမ်းသွားတဲ့အတွက် ကောင်းတယ်လို့တော့ ရှေးအဖို့ကတည်းက သဘောကျ သိနားလည်ထားရတယ်။ .
နိရောဓကို မသိတာ အဝိဇ္ဇာ
▬▬▬▬▬▬▬▬▬▬
ဘဝတဏှာအားကြီးတဲ့ သူတွေကတော့ အဲဒါကို ကောင်းတယ်လို့ မထင်ကြဘူး၊ ဘဝတဖန် ပြန်မဖြစ်ရမည့်အရေးကိုတွေးပြီး အသေကြီး သေသွားတယ်လို့ထင်လဲ ထင်နေတတ်ကြတယ်၊ ကဲ့ရဲ့လဲ ကဲ့ရဲ့တတ်ကြတယ်၊ အဲဒါဟာ နိရောဓသစ္စာခေါ်တဲ့ နိဗ္ဗာန်ကို အမှန်အတိုင်း မသိပဲ အလွဲအမှား သိနေတဲ့ အဝိဇ္ဇာပါပဲ၊ ကဲ လိုက်ဆို ကြရမယ်။
အကြောင်းအကျိုး အဆက်ဆက်မျှဖြစ်သော ဆင်းရဲခပ်သိမ်း လုံးဝငြိမ်းတဲ့ နိဗ္ဗာန်ကို အမှန်အတိုင်း မသိတာက အဝိဇ္ဇာ၊ ဆင်းရဲငြိမ်းတဲ့ ထိုနိဗ္ဗာန်ကိုပင် မကောင်းဘူး ထင်တာကလဲ အဝိဇ္ဇာ။
မဂ်ဖိုလ် နိဗ္ဗာန်ရောက်အောင် တရားအားထုတ်မည့်ပုဂ္ဂိုလ်ဟာ ယခု ပြောခဲ့တဲ့အတိုင်း ဆင်းရဲငြိမ်းတဲ့ နိဗ္ဗာန်ကို -
“ဣဋ္ဌံ-အလိုရှိအပ် တောင့်တအပ်တဲ့ တရား၊
ကန္တံ-နှစ်သက်အပ်တဲ့တရား၊
မနာပံ-မြတ်နိုးအပ်တဲ့တရား”
လို့ တရားအားမထုတ်မီ ကတည်းက သဘောကျ သိနည်းလည်ထားရမယ်တဲ့၊ ဒီလို သဘောကျထားမှပဲ ဒီနိဗ္ဗာန်ကိုရအောင် လိုလိုချင်ချင်နဲ့ ကြိုးကြိုးစားစား အားထုတ် နိုင်မယ်၊ ဒါကြောင့် အောက်ထစ်ဆုံး ဒါလောက်တော့ သိနည်းလည်ထားဖို့လိုပါတယ်၊ လောကမှာ အများစု သတ္တဝါတွေကတော့ အဲဒီလို အမှန်အတိုင်း မသိပါပဲနဲ့ အလွဲကိုသိနေကြတယ်၊ အဲဒါကို “နိရောဓေ အညာဏံ-နိရောဓသစ္စာနိဗ္ဗာန်တရားကို အမှန်အတိုင်းမသိတဲ့အဝိဇ္ဇာ၊ အလွဲအမှားသိတဲ့ အဝိဇ္ဇာ” လို့ ဟောထားပါတယ်၊ အဲဒါကို ရည်ပြီးတော့ ဆောင်ပုဒ်မှာ “အမှန်မသွား၊ အမှားမြင်ကာ၊ အဝိဇ္ဇာကြောင့်” လို့ ဆိုထားပါတယ်။ .
မဂ္ဂကို မသိတဲ့ အဝိဇ္ဇာ
▬▬▬▬▬▬▬▬
နောက်ပြီးတော့ “ဒုက္ခနိရောဓဂါမိနိယာပဋိပဒါယအညာဏံ-ဆင်းရဲငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်တဲ့ မဂ္ဂသစ္စာကို အမှန်အတိုင်း မသိတာကလဲ အဝိဇ္ဇာ၊ အလွဲအမှား သိတာကလဲ အဝိဇ္ဇာ”တဲ့၊ ဒီမဂ္ဂသစ္စာကို အမှန်အတိုင်း သိဖို့ရာက အလွန်ပဲ အရေးကြီးပါတယ်၊ နိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့ ဒီ မဂ္ဂသစ္စာ အကျင့် လမ်းမှန်ကို ဟောဖို့ရာပဲ မြတ်စွာဘုရားတွေ လောကမှာ ပွင့်ထွန်းလာ ကြရတယ်၊ ဗုဒ္ဓမြတ်စွာဘုရားများသာ ဒီအကျင့်လမ်းမှန်ကို ဟောပြနိုင်တယ်၊ အခြားတပါး ပုဂ္ဂိုလ်တွေဆိုယင် လူတွေထဲကလဲ မဟောနိုင်ဘူး၊ နတ်တွေ ဗြဟ္မာတွေထဲကလဲ မဟောနိုင်ဘူး၊
ဒါကြောင့် လူတွေက ဒီနိဗ္ဗာန်ရောက်ကြောင်း အကျင့်ကိုလဲ အမျိုးမျိုးအထွေထွေ ကြံဆပြီး ဟောနေကြပါတယ်၊ တချို့က ကျွေးမွေးပေးကမ်းခြင်း သည်းခံခြင်း မေတ္တာပွားခြင်း မညှဉ်းဆဲခြင်း သူ့အကျိုးကို ဆောင်ရွက်ခြင်း အစရှိတဲ့ သာမန် ကုသိုလ် လုပ်ငန်းလောက်ကိုသာ ဟောကြားကြတယ်၊ တချို့ကတော့ လောကီဈာန် သမာပတ် လုပ်ငန်းတွေအထိ လောက်သာ ဟောကြားကြတယ်၊ ဒါတွေကတော့ အကောင်းတွေချည်းပါပဲ၊
ဗုဒ္ဓမြတ်စွာဘုရား ဒေသနာတော်အရ အဲဒီအကျင့်ကောင်းတွေကြောင့် လူ့လောက နတ်လောက ဗြဟ္မာ့လောကတွေမှာဖြစ်ပြီး အထိုက်အလျောက် ကောင်းစားချမ်းသာ နိုင်ပါတယ်၊ သို့သော်လဲ အိုခြင်းနာခြင်း သေခြင်းအစရှိတဲ့ သံသရာ ဆင်းရဲတွေ ကတော့ မလွတ်နိုင်သေးဘူး၊ ဒါကြောင့် အဲဒါတွေဟာ နိဗ္ဗာန်ကို မုချရောက်စေ တတ်တဲ့ မဂ္ဂသစ္စာလို့တော့ မဆိုနိုင်သေးဘူး၊ သို့သော် နိဗ္ဗာန်ကို ရည်သန်ပြီး ပွားများ အားထုတ်ယင် အကူအညီ အကြောင်း အထောက်အပံ့လောက်တော့ ဖြစ်နိုင်ပါသေးရဲ့။ .
သီလဗ္ဗတပရာမာသ အကျင့်တွေ
▬▬▬▬▬▬▬▬▬▬▬
တချို့ကတော့ အစာဖြတ်ပြီး ကျင့်ကြတယ်၊ ရေစိမ် မီးကင် နေလှန်း အဝတ် မဝတ်ပဲနေ စသည်ဖြင့်လဲ ကိုယ်ကိုနှိပ်စက်ပြီး ကျင့်ကြတယ်၊ တချို့ကတော့ နတ်အမျိုးမျိုးတွေ ကိုးကွယ်ကြတယ်၊ တိရစ္ဆာန် အမျိုးမျိုးတွေလဲ ကိုးကွယ်ကြတယ်၊ တိရစ္ဆာန်အမျိုးမျိုးရဲ့ အတုကိုလဲယူပြီး ကျင့်ကြတယ်၊ တချို့ကတော့ ဖန်ဆင်းတဲ့ ဘုရားသခင်ကို ယုံကြည် ကိုးကွယ်နေရုံနဲ့ ကောင်းကင်ဘုံက ဘုရားသခင်ထံ ရောက်ပြီး အမြဲတမ်း ချမ်းသာသွားတယ်လို့ ဒီလိုပြောဟောကြ ကျင့်ကြတယ်၊
အဲဒါတွေဟာ ဗုဒ္ဓသာသနာ အမြင်နဲ့ဆိုယင် သီလဗ္ဗတပရာမာသဆိုတဲ့ အယူဝါဒမျိုး တွေသာဖြစ်တယ်၊ မဂ္ဂင်ရှစ်ပါးမပါတဲ့ အကျင့်တွေဟူသမျှကို သီလဗ္ဗတပရာမာသ အကျင့်တွေလို့ ဆိုရတယ်၊ အဲဒါတွေဟာ မဂ္ဂသစ္စာကို မသိကြလို့ အမျိုးမျိုး အထွေထွေ ယုံကြည် ယူဆထားကြတာတွေပါပဲ။
မဂ္ဂသစ္စာအမှန်ကတော့ မဂ္ဂင်ရှစ်ပါး တရားတွေပါပဲ၊ ဘယ်လိုဟာတွေလဲဆိုယင် -
(၁) သမ္မာဒိဋ္ဌိ=မှန်စွာသိမြင်ခြင်း၊
(၂) သမ္မာသင်္ကပ္ပ=မှန်စွာကြံခြင်း၊
(၃) သမ္မာဝါစာ=မှန်စွာပြောဆိုခြင်း၊
(၄) သမ္မာကမ္မန္တ=မှန်စွာပြုလုပ်ခြင်း၊
(၅) သမ္မာအာဇီဝ=မှန်ကန်စွာအသက်မွေးခြင်း၊
(၆) သမ္မာဝါယာမ=မှန်စွာအားထုတ်ခြင်း၊
(၇) သမ္မာသတိ=မှန်စွာအမှတ်ရခြင်း၊
(၈) သမ္မာသမာဓိ=မှန်စွာစူးစိုက်တည်ကြည်ခြင်း
ဆိုတဲ့ ဒီတရားရှစ်ပါးပါပဲ၊
ဒီ မဂ္ဂင်တရားတွေက အစအခြေခံဖြစ်တဲ့ မူလမဂ္ဂင်လဲရှိတယ်၊ အရိယမဂ်ရဲ့ ရှေ့သွား ဖြစ်တဲ့ပုဗ္ဗဘာဂမဂ္ဂင်လဲ ရှိတယ်၊ အရိယမဂ္ဂင်လဲ ရှိတယ်၊ ဒီသုံးမျိုးထဲမှာ လိုရင်းပဓာန မဂ္ဂင်ကတော့ အရိယမဂ္ဂင်ပဲဖြစ်တယ်၊ ဒါပေမယ့် ဒီအရိယမဂ္ဂင် ဆိုတာကတော့ စပြီးအားထုတ်လို့လဲ မဖြစ်ဘူး၊ အကြာကြီး အားထုတ်ပြီး ပွားနေရတာလဲမဟုတ်ဘူး၊
ပုဗ္ဗဘာဂမဂ်လို့ခေါ်တဲ့ ဝိပဿနာက ရင့်သန်ပြည့်စုံတဲ့အခါမှာ စိတ်တချက်ခန့်မျှ တခဏကလေးလောက်ပဲ ဖြစ်ပွား သွားတယ်၊ ဘာနဲ့ တူသလဲဆိုယင် မီးပွတ်ရာမှာ မီးမပွင့်ခင်က အကြာကြီး ကြိုးစားပြီး ပွတ်နေရတယ်၊ နောက်ဆုံး မီးပွင့်လာတဲ့ အချိန်ကတော့ တခဏ ကလေးပဲ၊ အဲဒါလိုပါပဲ အရိယမဂ်ဖြစ်တဲ့ အချိန်က တခဏ ကလေးပါပဲ၊ အဲဒီ အရိယမဂ်ဖြစ်အောင် ပုဗ္ဗဘာဂ ဝိပဿနာမဂ်ကို ကြိုးစားပြီး ပွားများစေရပါတယ်။ .
သမ္မာဒိဋ္ဌိမဂ္ဂင်
▬▬▬▬
ဝိပဿနာမဂ်ဆိုတာ ဝိပဿနာရှုတိုင်းရှုတိုင်း ဖြစ်နေတဲ့ မဂ္ဂင်တရားတွေပါပဲ၊ ဖြစ်ခိုက် ရုပ်နာမ်တရားကို မှတ်တိုင်း မှတ်တိုင်း သူ့သဘောကို အမှန်အတိုင်း သိရတယ်၊ ဘယ်လိုလဲဆိုယင် လက်တို့ခြေတို့ကို ကွေးလိုက်တဲ့အခါမှာ ကွေးတယ် ကွေးတယ်လို့ သတိဉာဏ်နဲ့ စူးစိုက်ပြီး ရှုမှတ်ရတယ်၊ အဲဒီလို မှတ်တဲ့အခါမှာ တောင့်တင်းတဲ့သဘော လှုပ်ရှားတဲ့သဘောကို တွေ့ရတယ်၊
အဲဒါဟာ ဝါယောဓာတ်ရဲ့သဘောကို အမှန်အတိုင်း သိမြင်တဲ့ သမ္မာဒိဋ္ဌိပဲ၊ မရှုမမှတ်ပဲ နေယင်တော့ အဲဒါကို လက်ပဲ ခြေပဲ ငါပဲ ယောက်ျားပဲ မိန်းမပဲ စသည်ဖြင့် ပကတိ အသိတွေ ဖြစ်နိုင်တယ်၊ အဲဒါတွေက အသိမှား အမြင်မှားတွေပဲ၊ ကွေးခိုက်၌ မှတ်တဲ့သူတွေမှာတော့ သူ့သဘောအတိုင်း သူက တောင့်လို့တင်းလို့ လှုပ်လို့ပဲ၊ တောင့်တယ် တင်းတယ် လှုပ်တယ်လို့ သိတယ်၊ အဲဒါဟာ အမှန်အတိုင်း သိတာပဲ၊ မဟုတ်တာတွေကို ကြံဆပြီး သိတာ မဟုတ်ဘူး၊ ဒါကြောင့် သမ္မာဒိဋ္ဌိ-မှန်စွာသိမြင်တဲ့ မဂ္ဂင်တရားတဲ့။
ကိုယ်ထဲက ပူမှုနာကျင်မှု တစုံတခုဖြစ်ယင်လဲ ပူတယ်နာတယ် စသည်ဖြင့် ရှုမှတ်ရတယ်၊ ဒီလိုမှတ်တော့ ဘာတွေ့သလဲ၊ ပူတာနာတာ အစရှိတဲ့သဘောမှန် ကိုပဲ တွေ့တယ်၊ အဲဒါလဲ အမှန်အတိုင်းသိတဲ့ သမ္မာဒိဋ္ဌိပဲ၊ ပြီးတော့စိတ်ကူး ကြံစည်မှု ဖြစ်ယင်လဲ စိတ်ကူးတယ် ကြံစည်တယ် စသည်ဖြင့် ရှုမှတ်ရတယ်၊ ဒီလို မှတ်တော့လဲ တကယ်ဖြစ်ပေါ်တဲ့ စိတ်သဘောကို အမှန်အတိုင်းသိတာပဲ၊ ဒါလဲသမ္မာဒိဋ္ဌိပဲ၊ ဒီနည်းအတိုင်းချည်းပါပဲ၊ ဖြစ်ခိုက်မှာ မှတ်နေယင် အမှန်အတိုင်း သိတဲ့ သမ္မာဒိဋ္ဌိမဂ္ဂင် ဖြစ်တာချည်းပါပဲ၊
သမာဓိဉာဏ်က ရင့်လာတဲ့ အခါကျတော့ အဲဒီမှတ်ရတဲ့ ရုပ်နာမ်တရားကလေးတွေ ရှေးဦးစွာ စပြီးပေါ်လာတာကိုလဲ တွေ့ရတယ်၊ ပေါ်လာပြီးတော့ ပျောက်သွားတာ ကိုလဲ တွေ့ရတယ်၊ ဒါကြောင့် ပေါ်လာပြီး ပျောက်သွားလို့ မမြဲဘူး ဆိုတာကိုလဲ သိရတယ်၊ အဲဒါလဲ မမြဲတဲ့တရားကို မမြဲဘူးလို့ အမှန်အတိုင်းသိမြင်တဲ့ သမ္မာဒိဋ္ဌိပဲ၊ ပြီးတော့ ဖြစ်လိုက် ပျက်လိုက်နဲ့ နှစ်သက်ဖွယ် အားကိုးဖွယ်မရှိတဲ့ ဆင်းရဲချည်းပဲလို့လဲ သိရတယ်၊ သူ့သဘော အတိုင်း သူ့ဟာသူ ဖြစ်ပျက်နေတဲ့ အနတ္တသဘောတရား မျှပဲလို့လဲ သိရတယ်၊ ဒါတွေလဲ အမှန်အတိုင်း သိမြင်တဲ့ သမ္မာဒိဋ္ဌိချည်းပဲ။ .
သမ္မာသင်္ကပ္ပ စသည်လဲ ပါဝင်တယ်
▬▬▬▬▬▬▬▬▬▬▬▬
သမ္မာဒိဋ္ဌိဖြစ်ယင် သမ္မာသင်္ကပ္ပ အစရှိသော တွဲဖက်မဂ္ဂင်တရားတွေလဲ ပါဝင်တော့ တာပဲ၊ ဒီ ဝိပဿနာမဂ္ဂင်တွေဟာ ရှုတိုင်းရှုတိုင်း ဖြစ်တယ်၊ ဆယ်ကြိမ်ရှုယင် ဆယ်ကြိမ်ဖြစ်တယ်၊ အကြိမ်တရာရှုယင် အကြိမ်တရာဖြစ်တယ်၊ တနေ့လုံး ရှုနေယင် တနေ့လုံးလဲဖြစ်နေတယ်၊ ဒီလိုဖြစ်ပြီးတော့ အနိစ္စ ဒုက္ခ အနတ္တ အသိအမြင်တွေ ရင့်ကျက်ပြည့်စုံတဲ့အခါမှာ အရိယမဂ္ဂင်ဖြစ်ပြီး နိဗ္ဗာန်ကိုမျက်မှောက် မြင်သွားတယ်၊
ဒါကြောင့် ဒီ ဝိပဿနာမဂ္ဂင်လဲ ဒုက္ခနိရောဓဂါမိနီပဋိပဒါ = ဆင်းရဲငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်မည်တဲ့အကြောင်း သမ္မောဟဝိနောဒနီအဋ္ဌကထာမှာ ပြဆို ထားတယ်၊ ဒါကြောင့် နိဗ္ဗာန်ကို ယခု မျက်မှောက်ဘဝမှာပဲ တွေ့ချင်ယင် ဒီ ဝိပဿနာမဂ္ဂင်ကို ပွားစေရမယ်။
ဒီဝိပဿနာ ရောက်အောင် အားမထုတ်နိုင်သေးယင်တော့ ဝိပဿနာရဲ့ မူလရင်း အခြေခံဖြစ်တဲ့မဂ္ဂင်ကို ပွားစေရမယ်၊ အဲဒါကဘာလဲဆိုယင် ကံနဲ့ကံ၏အကျိုးကို ယုံကြည် သိမြင်တဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိ အရင်းခံပြီးပြုတဲ့ ကုသိုလ်ပါပဲ၊ ပေါ်ပေါ်လွင်လွင်ပြောရယင် မဂ်ဖိုလ်နိဗ္ဗာန်ကို ရည်ရွယ်တောင့်တပြီးပြုတဲ့ ဒါန သီလအစရှိတဲ့ ကုသိုလ်တွေပါပဲ၊
ဒီကုသိုလ်တွေကိုပြုရာမှာ အရင်းခံတရားက ကမ္မဿကတာ သမ္မာဒိဋ္ဌိပဲ၊ ဒီသမ္မာဒိဋ္ဌိ ရှိလို့ ဒါနသီလ အစရှိသော ကုသိုလ် တရားတွေကို ပွားများနိုင်တယ်၊ ယခုယောဂီ တွေလို တရားလဲနာယူနိုင်တယ်၊ တရားလဲ အားထုတ်နိုင်တယ်၊ ဒါကြောင့် အဲဒီ ကမ္မဿကတာသမ္မာဒိဋ္ဌိနဲ့တကွ သူရဲ့တွဲဖက် မဂ္ဂင်တွေကိုတော့ ဘာဝနာကုသိုလ် တွေရဲ့ အရင်းအမြစ်သဖွယ် ဖြစ်တဲ့အတွက် မူလမဂ္ဂင်လို့ ဘုန်းကြီးက အမည် ပေးထားပါတယ်။
အဲ ယခုပြောခဲ့တဲ့ မူလမဂ္ဂင်, ပုဗ္ဗဘာဂ ဝိပဿနာမဂ္ဂင်, အရိယမဂ္ဂင်ဆိုတဲ့ ဒီ တရားတွေဟာ နိဗ္ဗာန်ရောက်ကြောင်း တရားတွေချည်းပါပဲ။ အဲဒါကို တိုတိုနဲ့ မှတ်ထားရအောင်-
“မူလ ပုဗ္ဗ၊ အရိယ၊ သုံးဝ မဂ္ဂင်မြတ်။
ဖြစ်ပွားစေလျှင်၊ ဤမဂ္ဂင်၊ ပြေးဝင် နိဗ္ဗာန်ဓာတ်။”—
လို့ ဒီလိုဆောင်ပုဒ်ကလေးများလဲ စီထားပါတယ်၊ ဒါကြောင့် ဒီမဂ္ဂင်သုံးမျိုးကို နိဗ္ဗာန်ရောက်ကြောင်းတရားပဲလို့ သိနားလည် ထားဖို့လိုပါတယ်၊ အထူးအားဖြင့်တော့ အရိယမဂ္ဂင်တရားတွေဆိုတဲ့ မဂ္ဂသစ္စာကို -
“ဣဋ္ဌံ=အလိုရှိအပ် တောင့်တအပ်သောတရား၊
ကန္တံ=နှစ်သက်အပ်သောတရား၊
မနာပံ=မြတ်နိုးအပ်သောတရား”
လို့ တရားအားမထုတ်မီကတည်းက ဒါလောက်တော့ သဘောကျ နားလည် ထားရမယ်၊ ဒီလိုသဘောကျထားမှ အဲဒီ အရိယမဂ္ဂသစ္စာတရားကိုရအောင် ကြိုးကြိုးစားစား အားထုတ်နိုင်တယ်၊ ဒါလောက်ကတော့ ဗမာပြည်က တရား အားထုတ်မည့် ဗုဒ္ဓဘာသာဝင်တွေအဖို့ဆိုယင် သိနားလည်ပြီးချည်းပဲ ဖြစ်နေပါတယ်၊
ပြီးတော့ အဲဒီအရိယမဂ်ကို ရအောင်အားထုတ်တဲ့အခါမှာ ဝိပဿနာအလုပ်ကိုပဲ အားထုတ်ရတယ်၊ ဒါကြောင့် ဝိပဿနာမဂ်ကိုလဲ ကောင်းမြတ်တဲ့ တရားလို့ သိနားလည်ထားဖို့ လိုပါတယ်၊ ဘယ်လို အားထုတ်ရမယ်ဆိုတဲ့ အားထုတ်နည်းကိုလဲ သိနားလည်ထားဖို့ လိုပါတယ်။
တချို့က မဂ်ဖိုလ်နိဗ္ဗာန်ရောက်အောင် ဘယ်လိုအားထုတ်ရမယ် ဆိုတာကို လုံးလုံး မသိကြဘူး၊ တချို့ကတော့ မသိရုံတွင်မကဘူး၊ နိဗ္ဗာန်ရောက်ကြောင်း ကုသိုလ် ကောင်းမှု သူတပါးပြုနေတာကိုတောင် ကဲ့ရဲ့ရှုတ်ချ အပြစ်တင် နေတတ်ကြ သေးတယ်၊ တချို့ကတော့ ကိုယ်တိုင်က ဖြစ်ဖြစ်မြောက်မြောက် ဘာမျှ အားမထုတ် ဖူးပါပဲနဲ့ နည်းလမ်းမှန်အတိုင်း သူများဟောပြော အားထုတ်နေတာကို ကဲ့ရဲ့ ရှုတ်ချနေတတ်ကြတယ်၊ တချို့ကတော့ ကိုယ်က နည်းလမ်းမှားကို သဘောကျနေတာနဲ့ နည်းလမ်းမှန်ကို ကဲ့ရဲ့ဝေဖန်နေတတ်ကြတယ်၊
ဒါတွေဟာ “ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ အညာဏံ”လို့ ဟောထားတဲ့ ဒေသနာတော်အရ မဂ္ဂသစ္စာ အကျင့်လမ်းမှန်ကိုမသိတဲ့ အဝိဇ္ဇာနဲ့ အသိလွဲအထင်လွဲတဲ့ အဝိဇ္ဇာ ချည်းပါပဲ၊ နိဗ္ဗာန် ရောက်ကြောင်းဖြစ်တဲ့ ဒါနသီလ ဘာဝနာအလုပ်ကို ကောင်းစား ချမ်းသာကြောင်း အကျင့်ကောင်းဟု မသိတာက အဝိဇ္ဇာ၊ ထိုအလုပ် ကိုပင် ဆင်းရဲကြောင်း အကျိုးမဲ့အကျင့်ဟုထင်တာကလဲ အဝိဇ္ဇာတဲ့။ ကဲ အဲဒါကို လိုက်ဆိုကြရမယ်။
နိဗ္ဗာန် ရောက်ကြောင်းဖြစ်တဲ့ ဒါနသီလဘာဝနာ အလုပ်ကို ကောင်းစား ချမ်းသာ ကြောင်း အကျင့်ကောင်းဟုမသိတာက အဝိဇ္ဇာ၊ ထိုအလုပ်ကိုပင် ဆင်းရဲကြောင်း အကျိုးမဲ့ အကျင့်ဟု ထင်တာကလဲ အဝိဇ္ဇာ။
အရေးကြီးတာကတော့ ဝိပဿနာလုပ်ငန်းအမှန်ကိုမသိတဲ့ အဝိဇ္ဇာနဲ့ အသိလွဲ အထင်လွဲတဲ့ အဝိဇ္ဇာ ဒီနှစ်မျိုးက သာပြီးအရေးကြီးပါတယ်၊ ဝိပဿနာဆိုတာ သတိပဋ္ဌာန် ဒေသနာစသည်နှင့်အညီ ဒွါရ ၆-ပါးမှာ ဖြစ်ခိုက် ထင်ပေါ်ခိုက် ရုပ်နာမ်ကိုရှုမှ ဖြစ်ပါတယ်၊ အဲဒါကို မသိယင်လဲ အဝိဇ္ဇာပဲ၊ အဲဒီလို ဖြစ်ခိုက်၊ ရှုတာကို မကောင်းဘူး, မမှန်ဘူးထင်ယင်လဲ အဝိဇ္ဇာပဲ၊ ကဲ အဲဒါကို လိုက်ဆိုကြရမယ်။
ဒွါရ ၆-ပါး၌ ဖြစ်ခိုက် ရုပ်နာမ်ကိုရှုရသည်ဟု မသိတာက အဝိဇ္ဇာ၊ ထိုသို့ ရှုတာကို မကောင်းဘူး, မဟုတ်ဘူး ထင်တာကလဲ အဝိဇ္ဇာ။ .
ကြောက်စရာ အကောင်ဆုံး အဝိဇ္ဇာ
▬▬▬▬▬▬▬▬▬▬▬
ဒီမဂ္ဂသစ္စာကို ဖုံးကွယ်တဲ့ အဝိဇ္ဇာကတော့ ဒါန သီလမှစပြီး ကောင်းစား ချမ်းသာကြောင်း အကျင့်ကောင်းတွေကို လုံးလုံးမသိရအောင်လဲ ဖုံးကွယ်တယ်၊ အလွဲအမှား ထင်အောင်လဲ ဖုံးကွယ်တယ်။ ဒါကြောင့် ဒီမဂ္ဂသစ္စာကိုဖုံးကွယ်တဲ့ အဝိဇ္ဇာကို ကြောက်စရာ အကောင်းဆုံးလို့တောင် ဆိုစရာဖြစ်နေပါတယ်၊
ဘာကြောင့်လဲဆိုတော့ ကျင့်နည်းကို မသိယင် မကျင့်နိုင်ဘူး၊ မကျင့်နိုင်တော့ မဂ်ဖိုလ်နိဗ္ဗာန်ကို မရောက်နိုင်တော့ဘူး၊ မဂ်ဖိုလ်နိဗ္ဗာန်ကို ထားပါဦးတော့ ဒါန သီလအကျင့်မျိုးကိုတောင် မသိယင် လူ့ချမ်းသာ နတ်ချမ်းသာမျိုးကိုတောင် မရနိုင်တော့ဘူး၊ ဒါကြောင့် အကျင့်လမ်းမှန်ကို မသိတာဟာ ကြောက်စရာ အကောင်းဆုံးလို့ ဆိုသင့်ပါတယ်၊
ယခု ဗုဒ္ဓဘာသာဝင်တွေမှာ ဒီအကျင့်လမ်းကောင်း လမ်းမှန်တွေကို သိနေကြတာဟာ အင်မတန် ဝမ်းသာစရာ ကောင်းပါတယ်၊ ဒီလို မသိကြတဲ့သူတွေမှာ ဒါနကိုလဲ ပြုရမှန်းမသိ၊ သီလကိုလဲ ဆောက်တည်ကျင့်သုံး ရမှန်းမသိ၊ ဖြစ်ခိုက်ရုပ်နာမ်ကိုလဲ ရှုရမှန်း မသိတာနဲ့ နေရာတကာမှာ အဝိဇ္ဇာက ဖုံးကွယ်လျက်ချည်း ဖြစ်နေတယ်။ .
အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ
▬▬▬▬▬▬▬▬▬▬
ဒါကြောင့် သတ္တဝါတွေဟာ မြင်လိုက်ကြားလိုက် နံလိုက်စားလိုက် တွေ့ထိလိုက် ကြံစည်စဉ်းစားလိုက်နဲ့ ခံစားနေရ တာတွေကို ဆင်းရဲလို့မထင်ဘူး၊ ချမ်းသာတွေ လို့သာ ထင်နေတယ်၊ အဲဒီလို အာရုံတွေနဲ့ နှစ်သက်သာယာ နေရတာကိုလဲ ချမ်းသာစရာ အကြောင်းကလေးပဲလို့ ထင်နေတယ်၊ မြင်မှု ကြားမှုအစရှိတဲ့ ရုပ်နာမ်တွေ အကုန်ငြိမ်းတဲ့ နိဗ္ဗာန်ဆိုတာကိုတော့ ရှိမှန်းတောင် မသိဘူး၊ ရှိမှန်းသိယင်လဲ အဲဒီလို ချုပ်ငြိမ်းနေတာမျိုးကို ကောင်းတယ်လို့ မထင်ဘူး၊ မကောင်းဘူးလို့သာ ထင်နေတယ်၊ အဲဒီ နိဗ္ဗာန်ရောက်အောင် ကျင့်တဲ့အလုပ်ကိုလဲ မသိဘူး၊ သိပြန်ယင်လဲ အဲဒီလို ကျင့်ရတာကို ကောင်းတယ်လို့ မထင်ဘူး၊ ဆင်းရဲ ပင်ပန်းတယ်လို့သာ ထင်နေတယ်။ .
ကံသုံးပါး
▬▬▬
ဒါကြောင့် မိမိတို့ မြင်နေကျကြားနေကျ ခံစားနေကျအတိုင်းသာ ကောင်းသည်ထက် ကောင်းတာကို လိုချင်တောင့်တနေကြတယ်၊ ယခုလောလောဆယ်မှာ မိမိ အလိုရှိတာ ကကလေးတွေကို ဘယ်လိုလုပ်ယင် ရမယ်လို့ ကြံစည်မိတယ်၊ တရားသဖြင့် ကြံတာလဲရှိတယ်၊ မတရားသဖြင့် ကြံတာလဲ ရှိတယ်၊ အဲဒီလို ကြံတာဟာ မနောကံပဲ၊ ကြံတဲ့အတိုင်း ကိုယ်နဲ့ပြုလုပ်ယင် အဲဒါကကာယကံပဲ၊ နှုတ်က ပြောဆိုယင် ဝစီကံပဲ၊ အဲဒါအမှုကံ ၃-မျိုး ဖြစ်လာတာပါပဲ၊ အဲဒါကို ရည်ပြီးတော့ ဆောင်ပုဒ်မှာ-
“အမှန်မသွား၊ အမှားမြင်ကာ၊ အဝိဇ္ဇာကြောင့်၊ ချမ်းသာလိမ့်နိုး၊ ရည်မျှော်ကိုးလျက်၊
၃-မျိုးမှုကံ၊ ပြုစီမံ၍” လို့ ဆိုထားပါတယ်။
မိမိတို့ မြင် ကြား တွေ့သိ နေရတာတွေကို ဆင်းရဲမှန်းမသိဘူး မထင်ဘူး၊ ချမ်းသာတယ် ကောင်းတယ်လို့သာ ထင်နေတယ်၊ အဲဒါဟာ ဒုက္ခသစ္စာ-ဆင်းရဲတရားတွေကို အမှန်အတိုင်း မသိတာနဲ့ အမှားသိတာပဲ၊ အဲဒါကို “အမှန်မသွား၊ အမှားမြင်ကာ၊ အဝိဇ္ဇာကြောင့်”လို့ ဆိုထားပါတယ်၊
အဲဒီလို ဆင်းရဲတွေကိုပဲ ချမ်းသာတွေလို့ အထင်လွဲတဲ့အတွက် ဘယ်လိုလုပ်ယင် ကောင်းမှာပဲ၊ ဘယ်လိုလုပ်ယင် ချမ်းသာမှာပဲလို့ မျှော်လင့်လာတယ်၊ အကုသိုလ် ဘက်က ပြောရမယ်ဆိုယင် အသက်မွေးဝမ်းကျောင်းအတွက် သားငါးတိရစ္ဆာန်ကို သတ်တဲ့ အလုပ်ကိုလုပ်မှ ချောင်ချောင်ချိချိ ရှိမယ်လို့ယင်လဲ ကြံစည်မိတယ်၊ လုယက်ခိုးယူတဲ့ အလုပ်ကိုလုပ်မှပဲ သက်သာချောင်ချိမယ်၊ လိမ်လည်လှည့်ဖြားတဲ့ အလုပ်ကို လုပ်မှပဲ စီးပွါးဥစ္စာ ပြည့်စုံမယ် စသည်ဖြင့်ယင်လဲ ကြံစည်မိတယ်၊ အဲဒါဟာ ဆင်းရဲကိုပဲ ချမ်းသာထင်ပြီး ကောင်းစား ချမ်းသာမည့် နည်းကို ကြံစည်မိပုံပါပဲ။
ကုသိုလ်ဘက်က ပြောရမယ်ဆိုယင်တော့ ဒါနကုသိုလ်ပြုမှ နောင်ကာလ နောင်ဘဝတွေမှာ ကိုယ်အလိုရှိတာတွေနဲ့ ပြည့်စုံပြီး ချမ်းသာမယ်၊ သီလကျင့်မှ ချမ်းသာမယ် စသည်ဖြင့် ကြံစည်မိပါတယ်၊ ဒါက ကုသိုလ်အမှုကို နည်းမှန်အတိုင်း ကြံစည်ပုံပါပဲ၊ တချို့ကတော့ သူတို့ယုံကြည်ထားတဲ့ ဘာသာတရားကိုက လွဲနေတဲ့အတွက် အကုသိုလ်အလုပ်တွေကို ကုသိုလ်အလုပ်လို့ ထင်ပြီး ကြံစည်တာ တွေလဲ ရှိပါတယ်၊ ပုံစံတခုလောက် ထုတ်ပြရမယ်ဆိုယင် ကျွဲ, နွား, ဆိတ်, ဘဲ, ကြက်, ဝက်တွေကို သတ်ပြီး အရှင်ကြီး နတ်ကြီးကို ပူဇော်လိုက်ယင် ကျွေးမွေးလိုက်ယင် ကုသိုလ်ဖြစ်တယ် ချမ်းသာကြောင်းဖြစ်တယ်လို့ ယုံကြည်ပြီး အဲဒီလို အမှုတွေကို ပြုဖို့ရာ ကြံစည်မိတယ်။
အဲဒီလို ယခုလောလောဆယ်မှာ ကိုယ်အလိုရှိတာ ကကလေးတွေကိုရပြီး ချမ်းသာ ရအောင် ကြံစည်ပြီးတော့ ကြံစည်မိတဲ့အတိုင်း ပြုလုပ်တယ်၊ ပြောဆိုတယ်၊ နောင်ဘဝသံသရာမှာ ကောင်းစားချမ်းသာရအောင်လို့ ကြံစည်ပြီးတော့ ကြံစည်တဲ့ အတိုင်း ပြုလုပ်တယ် ပြောဆိုတယ်၊ အဲဒီအထဲမှာ စိတ်ကူးကြံစည်နေတာက စိတ္တသင်္ခါရ-တဲ့၊ မနောကံပါပဲ၊ ကြံစည်မိတဲ့အတိုင်း ကိုယ်နဲ့ သွားလာလှုပ်ရှားပြီး ပြုတာက ကာယသင်္ခါရ-တဲ့၊ ကာယကံပါပဲ၊ နှုတ်နဲ့ပြောဆိုပြီး ပြုတာက ဝစီသင်္ခါရ-တဲ့၊ ဝစီကံပါပဲ၊
အဲဒီလိုပြုလုပ်တဲ့နေရာမှာ စေ့ဆော် တိုက်တွန်းတဲ့ စေတနာကလေးဆိုတာ ပါတယ်၊ ဒါကတော့ တရားအားထုတ်ဖူးတဲ့ သူဆိုယင် ကိုယ်ပိုင်ဉာဏ်နဲ့ပဲ ထင်ရှားသိနိုင်ပါတယ်၊ တစုံတခု လုပ်တော့မယ်ဆိုယင် ပြုလုပ်ဖို့ စေ့ဆော်ကြံစည်တဲ့ စိတ်စေတနာတွေ အကြိမ်များစွာ ဖြစ်ရတယ်၊ ဒါကြောင့် ခြင်ကောင်ကိုရိုက်မယ်ဆိုယင် ရိုက်ဖို့ကြံစည်တဲ့ စိတ်စေတနာတွေ အတော်များများ ဖြစ်ပြီးမှ လက်ကြွမှု, လှုပ်ရှားမှု, ရိုက်မှု ဖြစ်ပါတယ်၊ ဒါကို ယောဂီက ဘယ်လိုသိနိုင်သလဲဆိုယင် ကွေးရာ ဆန့်ရာမှာ ရှုမှတ်တာနဲ့ နှိုင်းဆပြီး ယောဂီက သိနိုင်ပါတယ်၊
တစုံတခုကို ပေးလှူမယ်ဆိုယင်လဲနည်းတူပဲ လှူလိုတဲ့ စိတ် စေတနာတွေ အကြိမ်များစွာဖြစ်ပြီးမှ ပေးလှူမှု ကိစ္စတခု ပြီးမြောက်သွားပါတယ်၊ ဒါကြောင့် ကိုယ်အမူအရာ တခုခုကိုပြုတိုင်း စေ့ဆော်တိုက်တွန်းမှု စေတနာနဲ့ချည်း ပြုရတယ်၊ အဲဒီစေတနာကို ကာယကံလို့ခေါ်ပါတယ်။
နှုတ်က ပြောတဲ့အခါမှာလဲ ပြောလိုက် ပြောလိုက်နဲ့ တိုက်တွန်းနေသလို စေ့ဆော်ပေးနေတဲ့ စေတနာပါတယ်၊ အဲဒီ စေတနာကဝစီကံပဲ၊ စိတ်ကူးသက်သက်နဲ့ ကြံစည်နေတဲ့အခါမှာ ဖြစ်နေတဲ့စေတနာကိုတော့ မနောကံလို့ခေါ်တယ်၊ ဒီစေတနာ ကံတွေဟာ အဝိဇ္ဇာကြောင့် ဖြစ်ပေါ်လာတဲ့ အားထုတ်မှု သင်္ခါရတွေပါပဲ၊ ဒီသင်္ခါ ရတွေဟာ ကုသိုလ်လဲ ရှိတယ်၊ အကုသိုလ်လဲ ရှိတယ်၊ အကုသိုလ်သင်္ခါရက မကောင်းကျိုးကိုပေးတယ်၊ ကုသိုလ်သင်္ခါရက ကောင်းကျိုးကို ပေးတယ်။ .
သင်္ခါရ သုံးပါး
▬▬▬▬
တနည်းအားဖြင့်တော့ ပုညာဘိသင်္ခါရ, အပုညာဘိသင်္ခါရ, အာနေဉ္ဇာဘိ-သင်္ခါရလို့ ဒီလို ၃-မျိုး ရှိတယ်၊ အပုညာဘိသင်္ခါရဆိုတာ ခုတင်က ပြောခဲ့တဲ့ အကုသိုလ်ကံပါပဲ၊ အာနေဉ္ဇာဘိသင်္ခါရ ဆိုတာ အရူပဈာန် ကုသိုလ်တွေကို ခေါ်တယ်၊ သဒ္ဒါအနက် အားဖြင့်တော့ မလှုပ်ရှားတဲ့ ဈာန်တရားတွေလို့ ဆိုလိုပါတယ်၊ ကျန်တဲ့ လောကီ ကုသိုလ်တွေ ဟူသမျှကိုတော့ ပုညာဘိသင်္ခါရလို့ ခေါ်ပါတယ်၊ အဲဒါတွေက ဒါန, သီလ အစရှိသော ကာမာဝစရကုသိုလ်တွေနဲ့ ရူပါဝစရဈာန် ကုသိုလ်တွေပါပဲ။ .
ပုညာဘိသင်္ခါရ
▬▬▬▬▬
ပုညဆိုတာ သဒ္ဒါအနက်အားဖြင့် ပုနာတိ သောဓေတီတိ = သန့်ရှင်းစင်ကြယ် စေတတ်လို့ ပုည-မည်ပါတယ်တဲ့၊ ကြေးညှော် အညစ်အကြေးတွေမှ စင်ကြယ် ချင်ယင် ဆပ်ပြာနဲ့ပွတ်တိုက်ပြီး ရေချိုးရတယ်၊ ဆပ်ပြာနဲ့ပွတ်လိုက် ရေနဲ့လောင်းချလိုက်နဲ့ လုပ်လိုက်ယင် ကိုယ်မှာရှိနေတဲ့ ကြေးတွေဟာ ပြောင်စင်သွားတယ်၊ အဲဒါလိုပဲ မကောင်းမှု အညစ်အကြေးတွေ မကောင်းကျိုး အညစ်အကြေးတွေ ကင်းစင်ရအောင် ကုသိုလ်ကောင်းမှု ရေစင်နဲ့ ဆပ်ပြာနဲ့ ဆေးကြောသုတ်သင်ရတယ်၊ ဒါန, သီလ, ဘာဝနာ ကုသိုလ်တွေကို ပွားများရတယ်၊
အဲဒီကုသိုလ်တွေက ယခုမျက်မှောက်မှာလဲ အပြစ်ကင်းခြင်း, ချီးမွမ်းဖွယ်ဂုဏ်နဲ့ ပြည့်စုံခြင်း, ဘေးရန် အန္တရာယ်ကင်းခြင်း, စီးပွားဥစ္စာရတနာနဲ့ ပြည့်စုံခြင်းအစရှိတဲ့ ကောင်းကျိုးတွေပေးပြီး ကောင်းမှုရှင်ကို တင့်တယ်စေတယ်၊ နောင် သံသရာဘဝ တွေမှာလဲ လူ့ဘဝ, နတ်ဘဝ, သုဂတိဘဝတွေကို ပို့ပြီး ချမ်းသာ ကောင်းစား စေတယ်၊ အဆင့်အတန်းမြင့်စေပြီး တင့်တယ်စေတယ်။
တနည်းအားဖြင့်တော့ ပုည-ဆိုတာ ပူရေတိ = ကောင်းမှုရှင်၏နှလုံးအလိုကို ပြည့်စေ တတ်ပါတယ်တဲ့၊ ဟုတ်တယ်၊ ကောင်းမှုရှိတဲ့သူဟာ မျက်မှောက်မှာရော နောင် သံသရာမှာရော ကိုယ်အလိုရှိတဲ့အတိုင်း ပြည့်စုံတယ်၊ အသက်ရှည်တယ်၊ အနာ ကင်းတယ်၊ ကျန်းမာတယ်၊ အဆင်းလှတယ်၊ စည်းစိမ်ဥစ္စာပေါများတယ်၊ လူချစ်လူခင် များတယ်၊ အခြွေအရံများတယ်၊ အဆင့်အတန်းမြင့်တယ်၊ ဂုဏ် ကျက်သရေရှိတယ် စသည်ဖြင့် အလိုရှိတဲ့အတိုင်းပဲ ပြည့်စုံတတ်ပါတယ်။
မဂ်ဖိုလ် နိဗ္ဗာန်ကို တောင့်တပြီးပြုတဲ့ ကောင်းမှုဆိုယင် မဂ်ဖိုလ်နိဗ္ဗာန် ရနိုင်တဲ့ အခြေအနေနဲ့ ပြည့်စုံတဲ့ဘဝကိုလဲ ပို့ပေးတယ်၊ ဘုရားလက်ထက်တော်က အနာထပိဏ်, ဝိသာခါအစရှိတဲ့ ပုဂ္ဂိုလ်တွေကို မဂ်ဖိုလ်နိဗ္ဗာန်ကို သိမြင်ပြီး နိဗ္ဗာန် ဝင်မည့် နောက်ဆုံး ဘဝတိုင်အောင်လဲ ကောင်းစား ချမ်းသာသွားစေနိုင်တယ်၊ အဲဒီလို ပူရေတိ-ကောင်းမှုရှင်၏ နှလုံးအလိုကို ပြည့်စေတတ်လို့လဲ “ပုည” ကောင်းမှု မည်ပါတယ်တဲ့။
အဘိသင်္ခါရဆိုတာ ပြုပြင်အားထုတ်မှုတဲ့၊ ကောင်းစားချမ်းသာဖို့ ရည်ရွယ်ပြီး ပြုလုပ် အားထုတ်မှုပါပဲ၊ သူကလဲ ကောင်းကျိုးဆိုးကျိုး အမျိုးမျိုးတွေကို ပြုပြင်ပေး တတ်တယ်၊ ဖြစ်စေတတ်တယ်၊ ဒါကြောင့် အဘိသင်္ခါရလို့ ခေါ်တယ်၊ ပုညနဲ့ အဘိသင်္ခါရ နှစ်ခုတွဲလိုက်တော့ ပုညာဘိသင်္ခါရ-လို့ ဖြစ်လာတယ်၊ ကောင်းမှုဆိုတဲ့ အားထုတ်မှု, ကောင်းကျိုးတွေကို ပြုပြင် ပေးတတ်တဲ့ ကောင်းမှုလို့ ဆိုလိုပါတယ်၊ အဲဒါဟာ စိတ် အရေအတွက်နဲ့ ပြောရယင် ကာမာဝစရ ကုသိုလ်က (၈)ခု ရှိတယ်၊ ရူပါဝစရကိုသိုလ်က (၅)ခု ရှိတယ်၊ အကျဉ်းချုပ်အားဖြင့်ဆိုယင် ဒါန သီလ ဘာဝနာ ဒီ ၃-မျိုးပါပဲ။
ပေးလှူတဲ့အခါမှာ ဝမ်းမြောက်ဝမ်းသာနဲ့ ပေးလှူယင် သောမနဿနဲ့ယှဉ်တဲ့ ကုသိုလ် စိတ်ဖြစ်တယ်၊ ဝမ်းသာတဲ့ ကုသိုလ်စိတ်ပါပဲ၊ သူကအကျိုးပေး ထက်သန်တယ်၊ ဒါကြောင့် “ပုဗ္ဗေဝ ဒါနာ သုမနော” စသည်ဖြင့် မလှူမီကလဲ ဝမ်းသာရမယ်၊ လှူနေဆဲလဲ ဝမ်းသာပြီး စိတ်ကြည်လင်ရမယ်၊ လှူပြီးတဲ့ နောက်ကာလမှာလဲ ဝမ်းမြောက်ဝမ်းသာရှိရမယ်၊
ဒီအင်္ဂါ ၃-ပါးနဲ့ ညီညွတ်တဲ့ အလှူဟာ မရေမတွက်နိုင်အောင် အကြီးအကျယ် အကျိုးပေးတတ်တယ်-လို့ ဟောထားပါတယ်၊ နောက်ပြီးတော့ ဝမ်းမသာပဲ ရိုးရိုးမှန်မှန်စိတ်နဲ့ လှူယင် ဥပေက္ခာနဲ့ ယှဉ်တဲ့ ကုသိုလ်စိတ်တဲ့၊ ဒါပေမယ့် စိတ်ကတော့ ကြည်ကြည်လင်လင်ရှိရမယ်၊ အဲဒါကလဲ ထက်သန်ယင် ခိုင်မြဲတည်တံ့တဲ့ အကျိုးတွေကို ပေးတတ်ပါတယ်။
သောမနဿနဲ့ လှူသည်ဖြစ်စေ, ဥပေက္ခာနဲ့လှူသည်ဖြစ်စေ “ပေးလှူယင် ကုသိုလ် ဖြစ်တယ်၊ ကောင်းကျိုးကို ပေးတတ်တယ်” လို့ သိပြီးလှူယင် ဉာဏ်နဲ့ယှဉ်တဲ့ ဉာဏသမ္ပယုတ် ကုသိုလ်ဖြစ်တယ်၊ ယခု ဗုဒ္ဒဘာသာဝင်တွေမှာ ပေးလှူတဲ့အခါ ဖြစ်နေတဲ့ ကုသိုလ်စိတ်ချည်းပါပဲ၊ ဒီကုသိုလ်က ဉာဏ်ပါတဲ့အတွက် အကျိုးပေးတဲ့ အခါမှာ မဂ်ဖိုလ်ကို ရစေနိုင်တဲ့ တိဟိတ် ပဋိသန္ဓေအကျိုးကိုလဲ ပေးနိုင်တယ်၊
ကုသိုလ်ဖြစ်မှန်းလဲမသိ, ကောင်းကျိုးကို ပေးတတ်မှန်းလဲ မသိပဲနဲ့ ပေးလှူတဲ့ သူမှာတော့ ဉာဏ်နဲ့မယှဉ်တဲ့ ဉာဏဝိပ္ပယုတ်ကုသိုလ် ဖြစ်တယ်၊ ဒီကုသိုလ်ကတော့ ဉာဏ်မပါတဲ့အတွက် ဉာဏ်မပါတဲ့ ဒွိဟိတ် ပဋိသန္ဓေလောက်သာ အကျိုးပေးနိုင်တယ်၊ သူကလဲ ထက်သန်ယင် လောကဘက်မှာတော့ အကြီး အကျယ် အကျိုးပေးနိုင် တာပါပဲ၊ ထူးတာကတော့ ပဋိသန္ဓေက ဉာဏ်မပါလို့ အဲဒီဘဝမှာ မဂ်ဖိုလ် တရားထူးကိုတော့ မရနိုင်ဘူး၊ ဒါလောက်ပဲ ထူးပါတယ်၊ ဒီတော့ သောမနဿကုသိုလ်က ဉာဏ်နဲ့ယှဉ်တာ မယှဉ်တာ ၂-ပါး ဥပေက္ခာကလဲ ထို့အတူ ၂-ပါး ပေါင်း ကုသိုလ်စိတ် ၄-ပါး ဖြစ်ပါတယ်။
အဲဒီ ၄-ပါးမှာ မတိုက်တွန်းရပဲ သူ့အလိုလို ထက်သန်စွာဖြစ်တဲ့ ကုသိုလ်လဲ ၄-ပါးရှိတယ်၊ အဲဒါကို အသင်္ခါရိကကုသိုလ်လို့ ခေါ်တယ်၊ သူက အကျိုးပေး ထက်သန်တယ်၊ ပြီးတော့ တိုက်တွန်းပေးလို့ဖြစ်တဲ့ ကုသိုလ်ကလဲ ၄-ပါးရှိတယ်၊ အဲဒါကို သသင်္ခါရိကကုသိုလ်လို့ ခေါ်တယ်၊ ဒီသသင်္ခါရိက ကုသိုလ်က အသင်္ခါရိကကုသိုလ်လောက် အကျိုးပေး မထက်သန်တတ်ဘူး၊ အဲဒီတော့ ပေါင်းလိုက်ယင် ကာမာဝစရကုသိုလ်စိတ်ဟာ ရှစ်ပါးရှိပါတယ်၊
ကုသိုလ်ကောင်းမှုကို ပြုတိုင်း ပြောတိုင်း ကြံစည်တိုင်း ဒီရှစ်ပါးထဲက တပါးပါးနဲ့ချည်း ပြုရတယ်၊ ပြောရတယ်၊ ကြံရတယ်၊ ပေးလှူရာမှာလိုပဲ သီလကို ဆောက်တည် ကျင့်သုံးရာမှာလဲ ဒီကုသိုလ်စိတ် ရှစ်ပါးနဲ့ပဲ ဆောက်တည် ကျင့်သုံးရတယ်၊
အမျှပေးဝေယင်လဲ ဒီရှစ်ပါးနဲ့ပဲ၊
သူတပါးပြုတဲ့ ကုသိုလ်ကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ယင်လဲ ဒီရှစ်ပါးနဲ့ပဲ၊
ရိုသေထိုက်တဲ့ ပုဂ္ဂိုလ်ကို အရိုအသေပြုယင် ဒီရှစ်ပါးနဲ့ပဲ၊
သူတပါးအကျိုးကို ဆောင်ရွက်ယင်လဲ ဒီရှစ်ပါးနဲ့ပဲ၊
တရားနာယင်လဲ ဒီရှစ်ပါးနဲ့ပဲ၊
သန့်ရှင်းစင်ကြယ်တဲ့ အလိုဆန္ဒနဲ့ တရားဟောယင်လဲပဲ ဒီရှစ်ပါးနဲ့ပဲ၊
ဝိပဿနာရှုယင်လဲ ဒီရှစ်ပါးနဲ့ပဲ၊
သမထဘာဝနာကို ပွါးယင်လဲ ဒီရှစ်ပါးနဲ့ပဲ -
စပြီးပွားရတယ်။
အဲဒီလို ပွားများလို့ ဈာန်ရနိုင်တဲ့ ကမ္မဋ္ဌာန်းဖြစ်ယင် သမာဓိလဲ ထက်သန်အားပြည့် လာယင် အဲဒီအခါမှာ ရူပါဝစရဈာန်ကိုရတယ်၊ ဈာန်ဆိုတာ သမထ ကမ္မဋ္ဌာန်းအာရုံကို စူးစူးစိုက်စိုက်ကပ်ပြီး တကြံ့တည်းရှုနေတဲ့ သဘောပါပဲ၊ ဒါကြောင့် အလွယ်တကူ မှတ်ကြရအောင် ဘုန်းကြီးက ဆောင်ပုဒ်ကလေး ၂-ပုဒ် စီထားတယ်၊ “စူးစိုက်သမှု၊ ကပ်၍ရှု၊ ဈာန်ဟု ခေါ်ဝေါ်သည်။ တည်ငြိမ်ရုံမျှ၊ ရှုနေက၊ သမထဈာန် ခေါ်သည်”တဲ့၊
အာရုံထဲမှာ စိတ်ကလေးက ဝင်ပြီးတည်နေသလို, အာရုံနဲ့စိတ်ဟာ တပေါင်းတည်း ဖြစ်နေသလို တည်ငြိမ်နေတဲ့ သဘောဟာ ဈာန်ပါပဲ၊ အဲဒီဈာန်သမာဓိက လေငြိမ် ရာမှာ ထွန်းထားတဲ့ မီးတောက်ကလေးနဲ့တူတယ်လို့လဲ ဥပမာ ပြထားပါတယ်၊ အဲဒီရူပါဝစရဈာန်က သုတ္တန်နည်းအရဆိုယင် ၄-ဆင့်ရှိတယ်၊ အဘိဓမ္မာနည်းအရ ဆိုယင်တော့ ငါးဆင့်လဲ ရှိပါတယ်။ .
အပုညာဘိသင်္ခါရ
▬▬▬▬▬▬
အပုညဆိုတာကတော့ ပုည-ကောင်းမှု၏ ဆန့်ကျင်ဘက်ပဲ၊ ပုည-ကောင်းမှုက ဘဝသံသရာမှာ ကြီးပွါးချမ်းသာပြီး စင်ကြယ်စေတယ်၊ အပုည-မကောင်းမှုက ဆင်းရဲနွမ်းပါးပြီး ညစ်နွမ်းစေတယ်၊ ပုည-ကောင်းမှုက သုဂတိသို့ ရောက်စေခြင်း အသက်ရှည်စေခြင်း၊ အဆင်းလှစေခြင်း၊ အနာကင်းစေခြင်း စသည်ဖြင့် ပုဂ္ဂိုလ်၏ အလိုကို ပြည့်စေတတ်တယ်၊ အပုညမကောင်းမှုက အပါယ်ဒုဂ္ဂတိသို့ ရောက်စေခြင်း၊ အသက်တိုစေခြင်း၊ အရုပ်ဆိုးစေခြင်း၊ အနာရောဂါများစေခြင်း စသည်ဖြင့် ပုဂ္ဂိုလ်၏အလိုနဲ့ ပြောင်းပြန်ဖြစ်တဲ့ မကောင်းကျိုးတွေကိုသာ ဖြစ်စေတတ်တယ်၊
အဲဒီအပုညနဲ့ အဘိသင်္ခါရကိုတွဲပြီး အပုညာဘိသင်္ခါရ လို့ခေါ်တယ်၊ မကောင်းမှု အကုသိုလ်ကံတွေပါပဲ၊ အဲဒီ အကုသိုလ်ကံက စိတ်အရေအတွက်နဲ့ဆိုယင် ၁၂-ပါး ရှိတယ်၊ လောဘမူစိတ်က ၈-ပါး၊ ဒေါသမူစိတ်က ၂-ပါး၊ မောဟမူစိတ်ကလဲ ၂-ပါး ရှိတယ်။
လောဘမူစိတ် ၈-ပါးထဲမှာ မိစ္ဆာဒိဋ္ဌိနဲ့ယှဉ်တဲ့ စိတ်က ၄-ပါး၊ မယှဉ်တဲ့စိတ်က ၄-ပါးရှိတယ်၊ ဒိဋ္ဌိနဲ့ယှဉ်တဲ့စိတ် ၄-ပါးမှာ ဝမ်းသာရွှင်လန်းတဲ့ သောမနဿနဲ့ယှဉ်တဲ့ စိတ်က သသင်္ခါရိက အသင်္ခါရိကအားဖြင့် ၂-ပါး၊ ဝမ်းမသာတဲ့ ဥပေက္ခာနဲ့ယှဉ်တဲ့ စိတ်ကလဲ ထို့အတူ ၂-ပါး ရှိပါတယ်၊ ဒိဋ္ဌိနဲ့မယှဉ်တဲ့ လောဘမူစိတ် ၄-ပါးကလဲ ထို့အတူပဲ ဝမ်းသာတဲ့စိတ်က ၂-ပါး၊ ဝမ်းမသာတဲ့စိတ်က ၂-ပါး ဒီလို ကွဲပြားပါတယ်၊ နှစ်သက်သာယာပြီး စိတ်ကူးကြံစည်တိုင်း ပြုလုပ်တိုင်း ပြောဆိုတိုင်း ဒီလောဘမူစိတ် ရှစ်ပါးထဲက တပါးပါးဖြစ်တယ်။
ဒေါသမူစိတ် ၂-ပါး ဆိုတာကတော့ မတိုက်တွန်းပဲနဲ့ အလိုလိုဖြစ်တဲ့ အသင်္ခါရိကစိတ်နဲ့ တိုက်တွန်းပေးလို့ဖြစ်တဲ့ သသင်္ခါရိကစိတ် ဒီနှစ်ပါးပါပဲ၊ စိတ်ဆိုးတိုင်း စိတ်ညစ်တိုင်း စိတ်ပျက်တိုင်း ကြောက်ရွံ့တိုင်း ရွံရှာတိုင်း ဒီဒေါသမူစိတ် ဖြစ်တယ်။
မောဟမူစိတ် ၂-ပါးဆိုတာကတော့ ယုံမှားတဲ့ ဝိစိကိစ္ဆာစိတ်နဲ့ မတည်ငြိမ်ပဲ ပျံ့လွင့်တဲ့ ဥဒ္ဓစ္စစိတ်ပါပဲ၊ ဘုရား တရား သံဃာနဲ့စပ်ပြီး ဟုတ်မှဟုတ်ပါလေလားစသည်ဖြင့် ယုံမှားတွေးတောတဲ့အခါမှာ ဝိစိကိစ္ဆာစိတ် ဖြစ်တယ်၊ သီလ သမာဓိ ပညာ အကျင့်နဲ့ စပ်ပြီး ယုံမှားတွေးတောတဲ့အခါ နောင်တမလွန်ဘဝ ရှိလေသလား မရှိဘူးလေလား-စသည်ဖြင့် ယုံမှားတွေးတောတဲ့ အခါလဲ ဒီဝိစိကိစ္ဆာစိတ်ဖြစ်တယ်၊
ဥဒ္ဓစ္စစိတ်ကတော့ စိတ်မတည်ငြိမ်ပဲ ပျံ့လွင့်တဲ့အခါတွေမှာ ဖြစ်တယ်၊ စိတ်ဆိုတာ ကလဲ တည်ငြိမ်နေတဲ့အခါက နည်းပါတယ်၊ သမာဓိဘာဝနာအလုပ် မရှိတဲ့အခါဆိုယင် အများအားဖြင့် ပျံ့လွင့် နေတာပဲ၊ ဒါပေမယ့် ဒီဥဒ္ဓစ္စအကုသိုလ်ကတော့ အပါယ် ပဋိသန္ဓေအကျိုး မပေးနိုင်ဘူးလို့ ဆိုပါတယ်၊
ကျန်တဲ့အကုသိုလ်စိတ် ၁၁-ပါးကတော့ အကြောင်း ညီညွတ်ယင် အပါယ်ပဋိသန္ဓေ အကျိုးကိုလဲ ပေးတတ်တယ်၊ သုဂတိဘဝ ရောက်နေတဲ့အခါလဲ အသက်တိုခြင်း အနာများခြင်းအစရှိတဲ့ မကောင်းကျိုးကို ပေးတတ်တယ်၊ ဒီအကုသိုလ် စေတနာ ၁၂-ပါးကို အပုညာဘိသင်္ခါရလို့ ခေါ်ပါတယ်၊
အာနေဉ္ဇာဘိသင်္ခါရကတော့ အရူပါဝစရကုသိုလ် ၄-ပါးပဲဆိုတော့ ပြောခဲ့ပါပြီ၊ အဲဒါကိုတော့ အကျယ်ချဲ့ပြောဖို့ မလိုပါဘူး။
ယခုပြောခဲ့တဲ့ ပုညာဘိသင်္ခါရ, အပုညာဘိသင်္ခါရ, အာနေဉ္ဇာဘိသင်္ခါရ ဆိုတာတွေဟာ ကာယကံ ဝစီကံ မနောကံ ဆိုတဲ့ အမှုကံ ၃-မျိုးပါပဲ၊ ဒါကြောင့် -
“အမှန်မသွား၊ အမှားမြင်ကာ၊ အဝိဇ္ဇာကြောင့်၊ ချမ်းသာလိမ့်နိုး၊ ရည်မျှော်ကိုးလျက်၊ သုံးမျိုးမှုကံ၊ ပြုစီမံ၍” လို့ ဆောင်ပုဒ်က ဆိုထားပါတယ်။
ယခုလောကမှာ လူတွေဟာ တလှုပ်လှုပ်တရွရွနဲ့ ပြောဆိုပြုလုပ် ကြံစည်နေကြ တာဟာ ဘာအလိုရှိကြလို့ထင်သလဲ? ချမ်းသာချင်ကြလို့ချည်းပါပဲ၊ ချမ်းသာရှာနေ ကြတာချည်းပါပဲ၊ ယခု လောလောဆယ်မှာ စားရေး ဝတ်ဆင်ရေး နေထိုင်ရေး ကျန်းမာရေးအစရှိတဲ့ ဒီအရေးတွေအတွက် ပြည့်စုံပြီး ချမ်းသာအောင်လို့လဲ အားထုတ်နေကြတယ်၊ နောင်သံသရာဘဝအတွက် ရည်ရွယ်ပြီး ချမ်းသာအောင် လို့လဲ အားထုတ်နေကြတယ်၊ အများအားဖြင့်တော့ လောဘဒေါသနဲ့ အားထုတ် နေကြတာပဲ များပါတယ်၊
သူတော်ကောင်းကို မှီဝဲရတဲ့သူ, သူတော်ကောင်းတရားကို နာကြားရတဲ့သူ, ယောနိသောမနသိကာရနဲ့ ပြည့်စုံတဲ့သူ ဒီလိုပုဂ္ဂိုလ်မှာသာ ကုသိုလ်က ဖြစ်တယ်၊ ဗုဒ္ဓဘာသာဝင်တွေမှာဆိုယင် ရဟန်းပညာရှိ လူပညာရှိ သူတော်ကောင်းတွေနဲ့ ပေါင်းသင်း မှီဝဲနေရတယ်၊ ဒါကြောင့်လဲ ကုသိုလ်တွေ ဖြစ်ရတယ်၊ ဒါကလဲ အရေးကြီးပါတယ်။ .
ပြိတ္တာဖြစ်သွားတယ်
တချို့မှာ ဆရာလုပ်တဲ့ ပုဂ္ဂိုလ်က ကိုယ်ကျိုး ကိုယ်စီးပွားကို ငဲ့ပြီး အလွဲညွှန်ကြားလို့ အကုသိုလ်တွေ ဖြစ်ပွားတာလဲ ရှိတယ်၊ မြတ်စွာဘုရားလက်ထက်တော်ကာလက ကျောင်းဒကာတယောက်ဟာ သူ့ဆရာ ဘုန်းကြီးရဲ့ စကားကို ယုံကြည်ပြီး ရဟန်းကောင်းတွေကို ဆဲရေးပြစ်မှားတဲ့အတွက် သေတဲ့အခါမှာ သူ့ကျောင်းက ဝစ္စကုဋိ (အိမ်သာ) ကျင်းထဲမှာ ပြိတ္တာဖြစ်သွားတယ်၊
အဲဒီပြိတ္တာကို အရှင်မောဂ္ဂလ္လန်မထေရ်က ဒိဗ္ဗစက္ခုအဘိညာဉ်နဲ့ တွေ့မြင်လို့ မေးမြန်းတဲ့အခါမှာ သူ့အဖြစ်သနစ်တွေကို ပြန်ကြား လျှောက်ထားတယ်၊ တော်တော့ကို ဝမ်းနည်းစရာ ကောင်းတာပဲ၊ လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ရချင်လို့ ကျောင်းဆောက် လှူဒါန်းပြီး ပစ္စည်းလေးပါး ထောက်ပံ့လို့ ဆရာသမား ကိုးကွယ်ရာမှာ ပြိတ္တာဖြစ်မည့်လမ်းကို ကြားနာရပြီး ရဟန်းကောင်းတွေကို ဆဲရေးပြစ်မှားမိတဲ့အတွက် ဝစ္စကုဋိကျင်းထဲမှာ ပြိတ္တာ ဖြစ်ရတယ်၊ ရဟန်းသာမဏေ တွေက စွန့်တဲ့မစင်ကို စားနေရတယ်တဲ့၊ ကြောက်စရာ မကောင်းဘူးလား၊ ဒီတော့ တတ်သိလိမ်မာတဲ့ ပညာရှိြုဖစ်ရုံနဲ့ မပြီးသေးဘူး၊ သူတော်ကောင်းလက္ခဏာနဲ့လဲ ပြည့်စုံဖို့ လိုပါသေးတယ်။
သူတော်ကောင်းလက္ခဏာ
သူတော်ကောင်း လက္ခဏာက ဘာလဲဆိုယင် -
(၁) သူတပါးကို ထိခိုက်နစ်နာစေနိုင်တဲ့ မကောင်းသော ကိုယ်အမှုကို မပြုခြင်း၊
(၂) ထို့အတူ မကောင်းတဲ့ စကားကို မပြောခြင်း၊
(၃) သူတပါးအား အကျိုးမဲ့ ဖြစ်စေနိုင်တဲ့ မကောင်းသောအကြံကို မကြံခြင်း
ဆိုတဲ့ ဒီသုံးပါးဟာ သူတော်ကောင်း လက္ခဏာပါပဲ၊
ဒီ သူတော်ကောင်းလက္ခဏာနဲ့ ပြည့်စုံတဲ့ ပညာရှိ ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်ကို မှီဝဲဆည်းကပ်ရယင် သူတော်ကောင်းတရားကို ကြားနာရတယ်၊ အဲဒီ သူတော်ကောင်းတရားကို ကြားနာရတဲ့ အတွက်လဲ ကုသိုလ်တွေဖြစ်တယ်၊ သူတော်ကောင်းတရား ကြားနာရရုံနဲ့လဲ မပြီးသေးဘူး၊ ကုသိုလ်ဖြစ်ရေးအတွက် အလေးပေးပြီး နှလုံးသွင်းဆင်ခြင်တဲ့ ယောနိသော မနသိကာရနဲ့လဲ ပြည့်စုံဖို့ လိုပါတယ်၊ ယောနိသောမနသိကာရနဲ့ ပြည့်စုံယင်တော့ ကုသိုလ်တွေဟာ ဖြစ်တော့တာပါပဲ။
ဆရာသမား အပေါင်းအသင်းမိတ်ဆွေ မကောင်းယင်တော့ အကုသိုလ် ဖြစ်တတ်တယ်၊ လူမိုက်တရား နည်းလမ်းမှားတွေကို ကြားနာရယင်လဲ အကုသိုလ် ဖြစ်တတ်တယ်၊ ကိုယ့်ဟာကို မတော်တာတွေကို ကြံစည်မိတဲ့ အယောနိသော မနသိကာရကြောင့်လဲ အကုသိုလ်ဖြစ်တတ်တယ်၊ တချို့များ မူလက နာမည်ပျက် မရှိဘူး၊ တကယ့်လူကောင်းတယောက်ပါပဲ၊ ဒါပေမယ့် အဲဒီမတော်တဲ့ စိတ်ကူးကြောင့် ဒုက္ခရောက်သွားတယ်၊ အဲဒီလို မှုခင်းကိစ္စတွေဟာ သတင်းစာထဲမှာ ခဏခဏ တွေ့ရတယ်၊
ခိုးမှုနဲ့ လုယက်မှုနဲ့ အလွဲသုံးစားပြုမှုနဲ့ အဖမ်းခံရပြီး ရာဇဝတ်ပြစ်ဒဏ် သင့်သွားကြတာတွေဟာ မနဲပါဘူး၊ တချို့များ ခိုးပြီးခါစ လုယက်ပြီးခါစ ရှိသေးတယ်၊ တပြားတချပ်မှ မသုံးရသေးဘူး၊ ဘာမျှ အကျိုးမခံစားလိုက်ရသေးဘူး၊ ခိုးမှု လုယက်မှု အလွဲသုံးစားမှုနဲ့ အပြစ်ရသွားတယ်၊ တသက်လုံးက ကောင်းခဲ့တဲ့ လူကောင်းအဖြစ် ဟာလဲ တခါတည်း ဆုံးရှုံး သွားရတယ်၊ အင်မတန်ကို ရင်နာစရာကောင်းပါတယ်၊ အဲဒါဘာကြောင့် ထင်သလဲ? ချမ်းသာလိမ့်မယ်ထင်တဲ့ အဝိဇ္ဇာကြောင့်ပါပဲ၊
“အမှားမြင်ကာ၊ အဝိဇ္ဇာကြောင့်၊ ချမ်းသာလိမ့်နိုး၊ ရည်မျှော်ကိုးလျက်၊ သုံးမျိုးမှုကံ၊ ပြုစီမံ၍” ဆိုတာ ဒါမျိုးတွေကို ဆိုတာပါပဲ။
ချမ်းသာမယ်ထင်လို့ လုပ်တာချည်းပဲ
အဲဒါတွေဟာ ပြုလုပ်တုန်းကတော့ ချမ်းသာမယ်ဆိုတာ ကိန်းသေတွက်ပြီး လုပ်လိုက်တာပဲ၊ ပြုလုပ်ပြီးတဲ့ အခါကျတော့ ကိုယ်ထင်တဲ့အတိုင်းမဟုတ်ပဲ ဆင်းရဲဒုက္ဲနဲ့ တွေ့ရတယ်၊ တချို့ မကောင်းမှုကတော့ ချက်ချင်း အကျိုးမပေးပဲ နေတာလဲ ရှိတယ်၊ ဒါပေမယ့် ရက်လ နှစ်တော်တော်ကြာလာတော့ သူ့အမှုက ပေါ်လာလို့ ဒုက္ခရောက်သွားတာတွေလဲ ရှိတာပဲ၊ ဒီလိုဟာတွေလဲ သတင်းစာထဲမှာ ခဏခဏတွေ့ရတာပဲ၊ ဒါက မျက်မှောက်တွင် မကောင်းကျိုးပေးပုံပါပဲ၊ ဒီလို မျက်မှောက်တွင် အကျိုးမပေးယင်လဲ နောင်သံသရာ ဘဝတွေမှာလိုက်ပြီး မကောင်းကျိုးပေးတာပဲ၊ ခုတင်ကပြောခဲ့တဲ့ ကျောင်းဒကာပြိတ္တာရဲ့ ဖြစ်ပုံကိုသာ ကြည့်ပေတော့။
သူ့ဆရာက သာပြီးဆိုးသေးတယ်
အဲ-သူ့ထက် သူ့ဆရာဘုန်းကြီးက သာပြီးဆိုးသေးတယ်၊ အဲဒီဘုန်းကြီးက ရဟန်းကောင်းတွေကို ဆဲရေးဖို့ သူ့ဒကာကို ခိုင်းခဲ့တယ်၊ ဒါကြောင့် ပြိတ္တာဖြစ်တဲ့ အခါမှာ အဲဒီဝစ္စကုဋီတွင်းမှာ ကျောင်းဒကာပြိတ္တာရဲ့ အောက်ကနေရတယ်၊ ကျောင်း ဒကာပြိတ္တာက စွန့်ထုတ်လိုက်တဲ့မစင်ကို အဲဒီကိုယ်တော်မြတ် ပြိတ္တာက စားရသတဲ့၊ ဘယ်လောက်ကြောက်စရာကောင်းသလဲ၊
အဲဒါဆဲရေးဖို့ တိုက်တွန်းတုန်းကတော့ မိမိရဲ့ ဘုန်းတန်ခိုးဂုဏ်သိန် အခြေအနေ မဆုတ်ယုတ်ပဲ ကောင်းစား ချမ်းသာရေးကို မျှော်ပြီး စေခိုင်းလိုက်တာပဲ၊ အဲဒီ ကံကြောင့် ပြိတ္တာဖြစ်ပြီး ဒုက္ခတွေနဲ့ တွေ့နေရတဲ့အခါမှာ မိမိ၏ရည်ရွယ်ချက်နဲ့ ပြောင်းပြန် ဖြစ်နေတယ်၊ အကုသိုလ်ဟာ အင်မတန်ကို ကြောက်စရာကောင်းပါတယ်။
တောကြိုတောင်ကြား အစွန်အဖျားအရပ်တွေက တချို့လူမျိုးတွေမှာ ကျွဲနွား တိရစ္ဆာန်တွေကိုသတ်ပြီး ယဇ်နတ်ပူဇော်ယင် မိုးကောင်းတယ်, အသီးအနှံ ကောင်းတယ်, ဘေးရန်ကင်းတယ် စသည်ဖြင့် ယူဆပြီး ယဇ်နတ်ပူဇော်မှု အမျိုးမျိုးတွေ ပြုလေ့ရှိကြတယ်၊
အဲဒီလိုအယူအဆတွေဟာ တချို့မြို့ကြီးပြကြီး တွေမှာ နေကြတဲ့လူတွေမှာလဲ ရှိတာပါပဲ၊ တချို့က အရှင်ကြီး, နတ်ကြီးအနေနဲ့ ပူဇော်ကြတယ်၊ တချို့က အထွတ်အမြတ်ဆုံး ဘုရားအနေနဲ့ ပူဇော်ကြတယ်၊ တချို့က ဘာသာတရားအနေနဲ့ သတ္တဝါတွေကိုသတ်ဖြတ်ပြီး ကျွေးမွေးလှူဒါန်း ကြတယ်၊ ဒါမျိုးတွေဟာ အချို့ ဗုဒ္ဓဘာသာဝင်တွေ ထဲမှာတောင် အကြားအမြင် နည်းတဲ့သူတွေမှာ မသန့်မရှင်း ဖြစ်နေတာတွေကို ကြားသိရတယ်၊ အဲဒီ သတ်ဖြတ်ခြင်းဆိုတဲ့ အမှုတွေဟာ ဘာအတွက်ပဲ သတ်သတ် ပါဏာတိပါတကံ ကတော့ ထိုက်တာချည်းပဲ၊ မိမိတို့ ယုံကြည်ချက်အရ ကုသိုလ်လို့ထင်နေပေမယ့် ကုသိုလ်လက္ခဏာနဲ့တော့ မပြည့်စုံပါဘူး။
အပြစ်ကင်းမှ ကုသိုလ်ဖြစ်တယ်
ကုသိုလ်ဆိုတာ အနဝဇ္ဇ-အပြစ်ကင်းတဲ့ လက္ခဏာရှိတယ်၊ သူတပါးအသက်ကို သတ်တာ, မသေချင်တဲ့ သူတပါးကို သေအောင်နှိပ်စက်တာ, ချမ်းသာချင်လို့ သူတပါးကို ဆင်းရဲအောင်ညှဉ်းဆဲတာဟာ ဘယ်မှာအပြစ်ကင်းနိုင်ပါမည်လဲ၊ မိမိ ကိုယ်တိုင်က အသတ်ခံရမည့်သူအနေနဲ့ စဉ်းစားကြည့်ပါ၊ မိမိကို သတ်တဲ့သူတွေဟာ အပြစ်ကင်းတယ်လို့ ယူဆနိုင်ပါမည်လား၊ မယူဆနိုင်ပါဘူး၊ မတတ်နိုင်လို့သာ ငုံ့ခံနေကြရတာပဲ၊ တတ်နိုင်မယ်ဆိုယင် သူတို့ကိုလဲ ပြန်လည်ချေပမှာ သေချာပါတယ်၊
တချို့လဲ အဲဒီလိုအသတ်ခံရတဲ့အခါမှာ ချေပနိုင်ဖို့ ဆုတောင်းသွားကြတယ်၊ ဒါကြောင့် နောင်တချိန်ကျတော့ သတ်ခဲ့ဖူးတဲ့သူဟာ အသတ်ခံရပြန်တယ်၊ ဒီလိုမဟုတ်ယင်လဲ ငရဲစသည်မှာဖြစ်ပြီး အကြိမ်များစွာ အသတ်အဖြတ် ခံရပြန်တယ်၊ အဲဒါ ပိဋကတ်တော်မှာ သက်သေသာဓကတွေ အများကြီးရှိပါတယ်၊
အဲဒါတွေဟာ မူလကတော့ ကောင်းစား ချမ်းသာဖို့ ရည်ရွယ်ပြီးလုပ်ခဲ့တဲ့ မကောင်းမှု တွေပဲ၊ ဒါပေမယ့် အကျိုးပေးတဲ့အခါကျတော့ အလွန်ဆင်းရဲတဲ့ မကောင်းကျိုး တွေချည်း ဖြစ်နေပါတယ်၊ ဒါကြောင့် “ချမ်းသာလိမ့်နိုး၊ ရည်မျှော် ကိုးလျက်၊ သုံးမျိုးမှုကံ၊ ပြုစီမံ၍” လို့ ဆောင်ပုဒ်က ဆိုထားပါတယ်။
တချို့ကလဲ လူ့ဘဝ နတ်ဘဝကို တောင့်တပြီး ဒါန သီလ အစရှိသော ကုသိုလ်အစစ်အမှန်တွေကို ပြုကြတယ်၊ အဲဒီ ကုသိုလ်က တောင့်တတဲ့အတိုင်းပဲ လူ့ဘဝနတ်ဘဝကို ရောက်စေပါတယ်၊ လောကအနေနဲ့ကြည့်ယင်တော့ ချမ်းသာ ကောင်းစားနေတယ်လို့ ဆိုရမှာပေါ့၊ ဒါပေမယ့် တရားမျက်စိနဲ့ကြည့်လိုက်ယင်တော့ အဲဒီဖြစ်ရာရာဘဝတွေမှာ အိုရမှာ သေရမှာချည်းပဲ၊ လူဘဝမှာဆိုယင် မကျန်းမမာ နာဖျားမှုတွေကိုလဲ တွေ့ရမယ်၊ စိုးရိမ်ပူဆွေးမှု ကိုယ်စိတ်ဆင်းရဲမှုတွေကိုလဲ တွေ့ရမယ်၊ ဒီတော့ မိမိတို့ထင်တဲ့အတိုင်း ချမ်းသာအစစ်တွေ မဟုတ်ပဲ ဆင်းရဲ တွေနဲ့တွေ့နေရတာပဲ၊
တချို့က ဗြဟ္မာ့လောကကို တောင့်တပြီး ဈာန်ကုသိုလ်တွေ ပွားများကြတယ်၊ အဲဒီဈာန်ကုသိုလ်က ဗြဟ္မာ့လောကကို ရောက်စေပါတယ်၊ အဲဒီမှာ ကမ္ဘာပေါင်းများစွာ အသက်ရှည်ပြီး ချမ်းသာနေပါတယ်၊ ဒါပေမယ့် သူ့အသက်တမ်း ကုန်တဲ့အခါကျတော့ သေရပြန်တယ်၊ သေပြီးတော့ လူ့ဘဝ, နတ်ဘဝ ပြန်ရောက်လာရတယ်၊ အဲဒီ လူ့ဘဝနတ်ဘဝမှာ မကောင်းမှုကိုပြုမိပြန်ယင် ငရဲ တိရစ္ဆာန် ပြိတ္တာ အပါယ်ဘုံတွေ ကိုလဲ ရောက်သွားနိုင်တယ်၊
ဒါကြောင့် ဗြဟ္မာ ဘဝဟာလဲ သူတို့ထင်တဲ့အတိုင်း ချမ်းသာအစစ် မဟုတ်ဘူး၊ သေခြင်းဆင်းရဲလဲ ရှိနေတယ်၊ အပါယ်ဆင်းရဲမှလဲ မလွတ်သေးဘူး၊ ယခုပြောခဲ့တဲ့ ကုသိုလ်ကံ သင်္ခါရတွေလဲ “ချမ်းသာလိမ့်နိုး၊ ရည်မျှော်ကိုးလျက်၊ သုံးမျိုးမှုကံ၊ ပြုစီမံ၍”လို့ ဆိုတဲ့အတိုင်း ချမ်းသာလိမ့်မယ်ထင်လို့ ပြုကြတာတွေချည်းပါပဲ။
ဒီချမ်းသာလိမ့်နိုးထင်တဲ့ အဝိဇ္ဇာက ပုထုဇဉ်မှာသာ ရှိတာမဟုတ်ဘူး၊ သောတာပန် သကဒါဂါမ် ပုဂ္ဂိုလ်တွေမှာလဲ - ဒုက္ခကို သုခထင်တဲ့ ဝိပလ္လာသနဲ့ အဝိဇ္ဇာက ရှိနေသေးတာပဲ၊ အနာဂါမ်မှာတောင် ရူပဘဝ အရူပဘဝနဲ့စပ်ပြီး ချမ်းသာထင်တဲ့ အဝိဇ္ဇာက ရှိနေသေးတာပဲ၊ ဒါကြောင့် အဲဒီ သောတာပန် သကဒါဂါမ် အနာဂါမ် အရိယာပုဂ္ဂိုလ်တွေမှာလဲ အဲဒီ သုခဝိပလ္လာသ အဝိဇ္ဇာကြောင့် ကုသိုလ် သင်္ခါရတွေ ဖြစ်သေးတာပဲ၊
ပုထုဇဉ်မှာ ဆိုယင်တော့ မမြဲတာကို မြဲတယ်လို့ထင်တဲ့ ဝိပလ္လာသရော, ရုပ်နာမ်သင်္ခါရ ဆင်းရဲတွေကို ချမ်းသာတယ် ကောင်းတယ်လို့ထင်တဲ့ ဝိပလ္လာသရော, အတ္တမဟုတ်တဲ့ ရုပ်နာမ် သဘောတရား တွေကို အတ္တကောင် အသက်ကောင် ငါကောင် သတ္တဝါကောင်လို့ထင်တဲ့ ဝိပလ္လာသရော, မတင့်တယ်တဲ့ ရုပ်နာမ်တွေကို တင့်တယ်တယ်လို့ထင်တဲ့ ဝိပလ္လာသရော, ဒီ ဝိပလ္လာသ ၄-မျိုးလုံး အပြည့်အစုံပဲ ရှိနေတယ်၊ ဒါကြောင့် အဲဒီ ဝိပလ္လာသရဲ့ တွဲဖက်အဝိဇ္ဇာကလဲ အပြည့်အစုံ ရှိနေတာပဲ၊
အဲဒီလို အမှတ်မှား အသိမှား အထင်မှား အယူမှားတွေနဲ့ အဝိဇ္ဇာက အပြည့်အစုံ ရှိနေတဲ့အတွက် တစုံတခုကိုပြုလုပ်ယင် ပြုလုပ်တိုင်းပြုလုပ်တိုင်း အကုသိုလ်နဲ့ ကုသိုလ် တခုခုဖြစ်တယ်၊ နှုတ်က ပြောယင်လဲ ပြောတိုင်းပြောတိုင်း အကုသိုလ်နဲ့ ကုသိုလ် တခုခုဖြစ်တယ်၊ စိတ်ကူးသက်သက်နဲ့ ကြံနေယင်လဲ ကြံတိုင်းကြံတိုင်း အကုသိုလ်နဲ့ ကုသိုလ် တခုခုဖြစ်တယ်၊ ကုသိုလ်ဆိုတာကတော့ သဒ္ဓါ သတိ အလောဘ အဒေါသ-အစရှိတဲ့ တရားကောင်းတွေနဲ့ တမင် အားထုတ်မှ ဖြစ်တတ် ပါတယ်၊ မပြုမပြင်ပဲ မိမိ စိတ်ကြိုက်အတိုင်း ထားယင်တော့ အကုသိုလ်ချည်းပဲ ဖြစ်နေတတ်ပါတယ်။
ကုသိုလ်ကိုပယ်လျှင် အကုသိုလ်ချည်း ဖြစ်မည်
တချို့က ရဟန္တာပုဂ္ဂိုလ်မှာ ကုသိုလ်လဲ မရှိ, အကုသိုလ်လဲ မရှိဘူးဆိုတာနဲ့ ကုသိုလ်ကိုလဲ ပယ်ရမယ်လို့ အလွဲအမှားကိုယူဆပြီး ပြောတတ်ကြတယ်၊ ပုထုဇဉ်ပုဂ္ဂိုလ်မှာ ကုသိုလ်ကို ပယ်လိုက်ယင် အကုသိုလ်တွေချည်း မပြတ်ဖြစ်နေ တော့မှာပဲ၊ ဘယ်လိုလဲဆိုယင် မြို့ရွာတခုမှ လူလိမ်မာ သူတော်ကောင်းတွေကို နှင်ထုတ်လိုက်ယင် လူမိုက်တွေချည်း ကျန်နေသလို ဖြစ်မှာပဲ၊ တနည်းအားဖြင့် အသုံးကျတဲ့ သစ်ပင်ကြီးတွေကို ပယ်ရှင်းပစ်လိုက်ယင် အဲဒီနေရာမှာ အသုံးမကျတဲ့ မြက်ပင် ဆူးပင်တွေ ပေါက်လာသလိုလဲ ဆိုနိုင်ပါတယ်၊ အဲဒီလိုကုသိုလ်တွေကို မပြုပဲပယ်တဲ့သူမှာ အကုသိုလ်ချည်း မပြတ်ဖြစ်ပြီး အပါယ်လေးပါး သွားဖို့ပဲ ရှိတယ်၊ လူ့ဘဝကိုတောင် တဖန် ပြန်ရောက်ဖို့ ခဲယဉ်းပါလိမ့်မယ်၊ အဲဒါ အထူး သတိပြုကြရမယ်။
အမှန်မှာတော့ “ရဟန္တာပုဂ္ဂိုလ်မှာ ကုသိုလ် မရှိဘူး” ဆိုတာက ကုသိုလ်အမှုကို ပြုပေမယ့် အဝိဇ္ဇာမရှိတဲ့အတွက် အကျိုးပေးတတ်တဲ့ ကုသိုလ်မဖြစ်ပဲ အကျိုးမပေး တတ်တဲ့ ကြိယာမျှ ဖြစ်တာကိုသာ ဆိုလိုပါတယ်၊ ရဟန္တာပုဂ္ဂိုလ်များလဲ ကောင်းတဲ့ ကုသိုလ်အမှုမျိုးတွေကို ပြုကြတာပါပဲ၊ ဘုရားကို အရိုအသေပြုကြတယ်၊ ထေရ်ကြီး ပုဂ္ဂိုလ်တွေကို အရိုအသေ ပြုကြတယ်၊ တရားဟောကြတယ်၊ တရား နာကြတယ်၊ တရားနှလုံးသွင်းကြတယ်၊ ဝေယျာဝစ္စ အလုပ်တွေကို လုပ်ကြတယ်၊ ဆင်းရဲဒုက္ခရောက်နေတဲ့ သတ္တဝါကို တတ်နိုင်ယင် ကယ်ဆယ်ကြတယ်၊ ဆွမ်း သင်္ကန်း စသည် ပိုနေလျှင် ပေးသင့်တဲ့သူများအား ပေးလှူကြတယ်၊ သီလသိက္ခာပုဒ်တွေကို ရိုရိုသေသေ စောင့်ရှောက်ကြတယ်၊
ဒီလိုကုသိုလ်အလုပ် တွေကို ထိုက်သည်အားလျော်စွာ ပြုလုပ်ကြပါတယ်၊ ဒါပေမယ့် သစ္စာလေးပါးကို အကြွင်းမဲ့သိပြီး ဖြစ်နေတဲ့အတွက် အဝိဇ္ဇာက လုံးဝမရှိတော့ဘူး၊ ဒါကြောင့် အဲဒီကုသိုလ်အမှုတွေကို ပြုတိုင်းပြောတိုင်း ကြံတိုင်း အကျိုးမပေးတတ်တဲ့ ကြိယာစိတ်တွေသာ ဖြစ်တယ်၊ အကျိုးပေးတတ်တဲ့ ကုသိုလ်စိတ်ကတော့ မဖြစ်တော့ဘူး၊ ဒါကြောင့် ရဟန္တာမှာ ကုသိုလ်လဲမရှိဘူးလို့ ဆိုပါတယ်၊ ကုသိုလ် အမှုမျိုးတွေကို မလုပ်တော့ဘူးလို့တော့ မဆိုလိုပါဘူး။
ကုသိုလ်ကို မပြုချင်လျှင် အဝိဇ္ဇာ အားကြီးလို့ပဲ
အဝိဇ္ဇာရှိနေတဲ့ ပုထုဇဉ်တွေက အဲဒါကိုအယူအဆလွဲပြီး ဒါနသီလ အစရှိတဲ့ ကုသိုလ် အလုပ်တွေကိုမလုပ်ပဲ ပယ်ထားယင် အဲဒီလူတွေမှာ အချိန်ရှိသမျှ အကုသိုလ်တွေချည်း ဖြစ်နေလိမ့်မယ်၊ အဲဒီလို အကုသိုလ်တွေချည်းဖြစ်နေယင် အဲဒီလို လူတွေဟာ အပါယ်လေးပါးသွားဖို့ရာ လမ်းပွင့်နေတယ်လို့သာ မှတ်ကြပေတော့၊ နောက်ပြီးတော့ ကုသိုလ်ကို ပြုချင်တဲ့စိတ် မရှိဘူးဆိုတာ အဝိဇ္ဇာနည်းတဲ့သဘော မဟုတ်ဘူး၊ အဝိဇ္ဇာအားကြီးတဲ့ သဘောပဲ၊ အဝိဇ္ဇာ အားကြီးတော့ မဂ်ဖိုလ်နိဗ္ဗာန်နဲ့ ဝေးတယ်လို့လဲ မှတ်ကြရမယ်။
အဝိဇ္ဇာနည်းပါးလာယင် နည်းပါးသလောက် ကုသိုလ်အမှုတွေမှာ စိတ်က သာသာပြီး ညွတ်ကိုင်းလာတယ်၊ ဒါကြောင့် သောတာပန်ဖြစ်လာယင် ပုထုဇဉ်တုန်းကထက် ကုသိုလ်ဘက်မှာသာပြီး စိတ်ကညွတ်ကိုင်းလာတယ်၊ တတ်နိုင်သမျှ ကုသိုလ် အလုပ်ကို သာပြီး စိတ်ပါဝင်စားစွာနဲ့ လုပ်တယ်၊ သကဒါဂါမ်လဲ ထို့အတူပဲ အနာဂါမ်လဲထို့အတူပဲ၊
ထူးတာကတော့ ပလိဗောဓတွေကို ဖြတ်တောက်ပြီး ဘာဝနာအလုပ်ကို တိုးတက် လုပ်လိုတဲ့ဆန္ဒ သာပြီးများလာတယ်၊ ဒါကြောင့် အနာဂါမ်က အချိန်ရသလောက်ဟာ ဘာဝနာအလုပ်မှာ သာပြီးစိတ်ဝင်စား နေတတ်တယ်၊ ရဟန္တာဆိုယင်တော့ အထူး ပြောစရာမရှိဘူး၊
ဒါကြောင့် ကုသိုလ် အလုပ်တွေကို အကုသိုလ်လို သဘောထားပြီး တမင်မပယ် ကောင်းဘူးဆိုတာကို သိနားလည်ထားကြရမယ်၊ အဝိဇ္ဇာရှိနေယင် ကြံစည်သမျှ, ပြုလုပ်သမျှ, ပြောဆိုသမျှဟာ ကုသိုလ်ဖြစ်ယင်လဲ ဖြစ်မယ်၊ ကုသိုလ်မဖြစ်ယင် အကုသိုလ်ချည်း ဖြစ်နေမှာပဲ၊
ဒါကြောင့် “အဝိဇ္ဇာပစ္စယာ၊ အဝိဇ္ဇာဟူသောအကြောင်းကြောင့်။ သင်္ခါရာ၊ ကောင်းကျိုး ဆိုးကျိုးကို ပေးတတ်သော ကုသိုလ်သင်္ခါရ အကုသိုလ်သင်္ခါရတို့သည်။ သမ္ဘဝန္တိ၊ ဖြစ်ပေါ်ကုန်၏”လို့ ဟောထားပါတယ်၊ ကဲ.... ဒီကနေ့တော့ ဆောင်ပုဒ်ဆိုပြီး ဒီတင်ပဲ တရားသိမ်းကြဦးစို့၊ လိုက်ဆိုကြ။
အမှန်မသွား၊ အမှားမြင်ကာ၊ အဝိဇ္ဇာကြောင့်၊ ချမ်းသာလိမ့်နိုး၊ ရည်မျှော်ကိုးလျက်၊ သုံးမျိုးမှုကံ၊ ပြုစီမံ၍၊ ဝိညာဏ်တွယ်စပ်၊ နာမ်ရုပ်ကပ်လျက်၊ ခြောက်ရပ် အာယတန၊ ဖဿခြောက်ဖြာ၊ ဝေဒနာကြောင့်၊ တဏှာခြောက်တန်၊ ဥပါဒါန်နှင့်၊ ဖြစ်ရန်အကြောင်း၊ ကံဆင့်လောင်း၍၊ ဆိုးကောင်းဘဝ၊ ဖြစ်ရပြန်ရာ၊ အိုကာသေရေး၊ ပူအဆွေးနှင့်၊ ငိုကြွေး ကိုယ်နွမ်း၊ စိတ်မချမ်းမြ၊ ပူပန်ရသည် ... လုံးဝ ဆင်းရဲအစု သာတည်း။
ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး ပထမပိုင်း ပြီး၏။
....
ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး
၁၃၂၄-ခုနှစ်၊ နယုန်လကွယ်နေ့ ဟောသည်။
ဒုတိယပိုင်း
တရားအနုသန္ဓေ
ပဋိစ္စသမုပ္ပါဒ်တရားကို လွန်ခဲ့တဲ့သီတင်းနေ့ကစပြီး ဟောလာခဲ့တယ်၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာ-ဆိုတဲ့ ပထမအပိုဒ်တွင်ပဲ ရပ်နားခဲ့တယ်၊
“အဝိဇ္ဇာပစ္စယာ၊ အဝိဇ္ဇာဟူသော အကြောင်းကြောင့်။
သင်္ခါရာ၊ သင်္ခါရတရားတို့သည်။
သမ္ဘဝန္တိ၊ ဖြစ်ကုန်၏။”
“အဝိဇ္ဇာကြောင့် သင်္ခါရတို့ ဖြစ်ကြသည်”ဆိုတဲ့ စကားလုံးကလေးဟာ တိုတို ကလေးပဲ၊ စကားလုံးကတိုပေမယ့် သူ့အနက်ကတော့ သတ္တလောကကြီး တခုလုံးမှာ အကုန်ပျံ့နှံ့နေတယ်၊ အကုန်လုံးနဲ့ သက်ဆိုင်နေတယ်၊ ရဟန္တာ တွေတောင် ရဟန္တာမဖြစ်မီက သက်ဆိုင်နေသေးတာပဲ၊
အဝိဇ္ဇာ-ဆိုတာ တနေ့က ပြောခဲ့တဲ့အတိုင်း သစ္စာ ၄-ပါးကို မသိတဲ့တရားပဲ၊ မသိဆိုပေမယ့် သူက လုံးလုံးမသိတာတော့ မဟုတ်ဘူး၊ အမှန်အတိုင်းသာ မသိတာ၊ အလွဲအမှားကိုတော့ သူကမှသိတာ၊ ဒါကြောင့် အမှန်အတိုင်း မသိတာက အပ္ပဋိပတ္တိအဝိဇ္ဇာ၊ အလွဲအမှားကို သိတာက မိစ္ဆာပဋိပတ္တိအဝိဇ္ဇာ-လို့ ဒီလို ၂-မျိုးခွဲပြီး ဟောခဲ့ပြီ။
ရန်သူမှန်းမသိယင် မိတ်ဆွေထင်တယ်
အမှန်မသိယင် အမှားကိုသိတယ်၊ အမှားသိယင်လဲ အမှန်ကိုမသိဘူး၊ ရန်သူကို ရန်သူမှန်းမသိယင် မိတ်ဆွေလိုလို, အကူအညီပေးမည့် လူလိုလိုထင်မှတ်ပြီး အထင်လွဲတော့တာပါပဲ၊ ဒါကြောင့် တချို့လူတွေဟာ လူလိမ်ကိုမသိတော့ လူကောင်းထင်ပြီး ပူးပေါင်းရောနှောနေမိတတ်တယ်၊ အဲဒီလိုနေမိတဲ့ လူတွေဟာ တော်တော်ကြာတော့ အလိမ်ခံရတတ်တယ်၊ အဲဒါဟာ အမှန်အတိုင်းမသိလို့, အသိလွဲအထင်လွဲလို့ အလိမ်ခံရတာပဲ၊ ဒီလိုပါပဲ သစ္စာ ၄-ပါးကို အမှန်အတိုင်း မသိယင် အလွဲအမှားကို သိတယ်၊ အထင်လွဲတယ်၊ အထင်လွဲတဲ့သူတွေကို ဒုက္ခသစ္စာတရားက ချမ်းသာယောင်ဆောင်ပြီး လိမ်နေပါတယ်, နှိပ်စက်နေပါတယ်။
မိမိသန္တာန်မှာရော တလောကလုံးမှာရော သာမန်ပုဂ္ဂိုလ်တွေ တွေ့သိနေရတဲ့ တရား တွေဟာ နှစ်သက်သာယာတဲ့ တဏှာမှတပါးဆိုယင် အကုန်လုံးဒုက္ခသစ္စာ ခေါ်တဲ့ ဆင်းရဲအစစ်အမှန် တရားတွေချည်းပဲ၊ မျက်စိကမြင်တိုင်း သိရတာတွေဟာ ဒုက္ခသစ္စာချည်းပဲ၊ နားက ကြားတိုင်း, နှာခေါင်းက နံတိုင်း, လျှာက စားသိတိုင်း, ကိုယ်ကတွေ့ထိတိုင်း သိရတာတွေလဲ ဒုက္ခသစ္စာချည်းပဲ၊ စိတ်ကူးစဉ်းစား ကြံစည်တိုင်း သိရတာတွေလဲ ဒုက္ခသစ္စာချည်းပဲ၊ အဲဒါတွေဟာ ခဏမစဲဖြစ်ပျက် နေလို့ ဆင်းရဲချည်းပဲ၊ ဘာမှ အားကိုးစရာမရှိတဲ့ တရားတွေချည်းပဲ၊
သို့ပေမယ့် လူတွေက အဲဒါတွေကို ဆင်းရဲလို့ မသိကြ, မထင်ကြဘူး၊ ချမ်းသာတွေ, အကောင်းတွေလို့သာ ထင်နေကြတယ်၊ မြင်ရာကလဲ ကောင်းတာတွေ အများကြီး ရှိတယ်လို့ ထင်တယ်၊ ကြားရာ နံရာ စားရာ တွေ့ထိရာကလဲ ကောင်းတာတွေ အများကြီးရှိတယ်လို့ ထင်တယ်၊ စိတ်ကူးကြံစည်ရာကလဲ ကောင်းတာတွေ အများကြီးရှိတယ်လို့ထင်တယ်၊
မိမိတသက်တာ အတွင်းမှာ လွန်ခဲ့တဲ့အခါ ကာလတွေက တွေ့ကြုံခဲ့ရသမျှတွေကို ပြန်ပြီး စဉ်းစားကြည့်လိုက်ယင် ကောင်းစား ချမ်းသာခဲ့တာတွေက အများကြီး ရှိခဲ့တယ်လို့ ထင်တယ်၊ နောင်အနာဂတ် ကာလကို မျှော်ကြည့်ယင်လဲ အကောင်း တွေကို အများကြီးတွေ့ရဦးမယ်လို့ ထင်တယ်၊ ကောင်းစား ချမ်းသာဖို့ကိုသာ မျှော်လင့်နေတယ်၊ အဲဒါတွေဟာ ဘာလဲဆိုယင် ဒုက္ခသစ္စာ ဆင်းရဲအစစ်တွေကို အမှန်အတိုင်းမသိပဲ အလွဲအမှားသိနေတာ, ထင်နေတာပါပဲ။
ဆင်းရဲတရားတွေကို အကောင်းတွေလို့ ထင်ယင် အဲဒါတွေကို နှစ်သက်တယ် သာယာတယ် လိုချင်တောင့်တတယ်၊ အဲဒါဟာ သမုဒယသစ္စာခေါ်တဲ့ ဆင်းရဲကြောင်းတရားပဲ၊ အဲဒီဆင်းရဲကြောင်း တရားကိုလဲ ဆင်းရဲကြောင်း တရားမှန်းမသိဘူး၊ သူ့ကြောင့် ဆင်းရဲဖြစ်ပေါ်လာတယ်လို့ မသိဘူးမထင်ဘူး၊ ဘယ်လို ထင်နေတုံးဆိုတော့ နှစ်သက်လိုချင်မှုကလေးရှိလို့ ချမ်းသာတယ်လို့ ထင်နေတယ်၊ နှစ်သက်လိုချင်မှုကလေးကို အရင်းခံပြုပြီးတော့ ချမ်းသာတွေကို ရနေတယ်လို့ ထင်နေတယ်၊ ဒါကြောင့် အဲဒီ နှစ်သက်သာယာမှု, လိုချင် တောင့်တမှုကို လက်ခံထားတယ်။
နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာဆိုတာတွေကိုတော့ လုံးလုံး မသိတာကပဲ များပါတယ်၊ သုတမယ စိန္တာမယနဲ့သိပြန်ယင်လဲ အဲဒါတွေကို တချို့က ကောင်းတယ်လို့ မထင်ပဲ မကောင်းဘူးလို့ ထင်နေတတ်တယ်၊ အဲဒီလို သစ္စာ ၄-ပါးကို အမှန်အတိုင်း မသိလို့မသိတဲ့ အဝိဇ္ဇာကြောင့် သင်္ခါရခေါ်တဲ့ ကံ ၃ မျိုး ဖြစ်ပေါ်တယ်-ဆိုတဲ့ အကြောင်းလောက်ပဲ တနေ့က ရှင်းပြခဲ့ရသေးတယ်။
“အမှန်မသွား၊ အမှားမြင်ကာ၊ အဝိဇ္ဇာကြောင့်၊ ချမ်းသာလိမ့်နိုး၊ ရည်မျှော်ကိုးလျက်၊ သုံးမျိုးမှုကံ၊ ပြုစီမံ၍” လို့ ဆောင်ပုဒ်ကဆိုထားပါတယ်၊ အမှန်မသွားဆိုတာ အမှန်အတိုင်း မသိတာပါပဲ၊ အမှန်အတိုင်းမသိယင် အလွဲအမှားကို သိတော့တာပါပဲ၊ ဒါကြောင့် “အမှန်မသွား၊ အမှားမြင်ကာ” လို့ ဆိုထားပါတယ်။
မိမိသန္တာန်ကရော, တလောကလုံးကရော ဖြစ်ပေါ်နေသမျှ ရုပ်နာမ်တရားတွေကို ဆင်းရဲချည်းပဲလို့ အမှန်အတိုင်း သိရမှာ၊ အဲဒါကိုမသိဘူး၊ ချမ်းသာတွေ အကောင်း တွေလို့သာ ထင်နေတယ်၊ နှစ်သက်သာယာမှု လိုချင်တောင့်တမှု ဟူသမျှကိုလဲ ဆင်းရဲကြောင်းတရားလို့ သိရမှာ၊ အဲဒါကိုလဲမသိဘူး၊ ချမ်းသာစရာကလေးတွေလို့ ထင်နေတယ်၊ မြင်မှု ကြားမှု တွေ့မှု သိမှု အစရှိတဲ့ ရုပ်နာမ်သင်္ခါရတရားတွေ လုံးဝ မဖြစ်ပေါ်ပဲ ချုပ်ငြိမ်းတဲ့သဘောဟာ နိဗ္ဗာန် ချမ်းသာအစစ်ပဲ၊ အဲဒါကိုလဲ ချမ်းသာလို့ မသိဘူး, မထင်ဘူး၊
နိဗ္ဗာန်ရောက်ကြောင်း ဖြစ်တဲ့ မဂ္ဂင်ရှစ်ပါးအကျင့်ဆိုတာဟာ အခြေအမြစ်ကစပြီး ယူယင် ဒါန သီလတွေလဲ ပါဝင်ပါတယ်၊ အဲဒီနိဗ္ဗာန် ရောက်ကြောင်းဖြစ်တဲ့ ကုသိုလ် ကောင်းမှု လုပ်ငန်း အကျင့်တွေကိုလဲ ကောင်းတယ်လို့ မသိဘူး၊ အဲဒီကောင်းမှု တွေကြောင့် နိဗ္ဗာန် တိုင်အောင်သော ချမ်းသာတွေကို ရသွားနိုင်တယ်ဆိုတာကို မသိဘူး၊ ကောင်းမှုတွေ လုပ်ရတာ ပင်ပန်းဆင်းရဲတယ်လို့တောင် ထင်နေတတ် သေးတယ်၊
အဲဒီလို အမှန်ကိုမသိကြတဲ့အတွက် ဆင်းရဲတရားတွေကိုပဲ ချမ်းသာတွေ အကောင်းတွေ ထင်ပြီးတော့ ဒီလိုလုပ်ယင် ချမ်းသာလိမ့်မယ်, ဟိုလိုလုပ်ယင် ချမ်းသာ လိမ့်မယ် စသည်ဖြင့် ချမ်းသာနိုးနိုးနဲ့ ချမ်းသာကိုမျှော်လင့်တောင့်တပြီး အားထုတ်နေ ကြတယ်၊ ဒါကြောင့် “ချမ်းသာလိမ့်နိုး၊ ရည်မျှော်ကိုးလျက်၊ သုံးမျိုးမှုကံ၊ ပြုစီမံ၍” လို့ ဆောင်ပုဒ်က ဆိုထားပါတယ်။
အဲဒီလို ချမ်းသာနိုးနိုးနဲ့ အားထုတ်နေကြတာဟာ ကာယသင်္ခါရ ဝစီသင်္ခါရ စိတ္တစင်္ခါရ-လို့ခေါ်တဲ့ ကာယကံ ဝစီကံ မနောကံတွေကို ပြုနေကြတာပါပဲ၊ တနည်းအားဖြင့် ပုညာဘိသင်္ခါရ, အပုညာဘိသင်္ခါရ, အာနေဉ္ဇာဘိသင်္ခါရ-လို့ခေါ်တဲ့ သင်္ခါရသုံးမျိုးကို ပြုနေကြတာပါပဲ၊ ဒီသုံးမျိုးထဲက ပုညာဘိသင်္ခါရဆိုတာ ကာမကုသိုလ်နဲ့ ရူပကုသိုလ်ကို ခေါ်တယ်၊ ကဲ လိုက်ဆိုကြရမယ်။
ကာမကုသိုလ် ရူပကုသိုလ်ကို ပုညာဘိသင်္ခါရ-ဟု ခေါ်သည်။ (၃-ခေါက်)
ဒီအထဲမှာ ကာမကုသိုလ်ဆိုတာက ရှစ်ခုရိုတယ်ဆိုတာကို တနေ့ကအကျယ် ရှင်းပြခဲ့ပါပြီ၊ ဒါန သီလ ဘာဝနာစသော ကောင်းမှုတွေကိုပြုရာမှာ စိတ်ဖြင့် ကြံတိုင်း နှုတ်ဖြင့် ပြောတိုင်း ကိုယ်ဖြင့်ပြုတိုင်း ဒီကာမကုသိုလ်စိတ် ရှစ်ခုထဲက တခုခုနဲ့ ကြံတာပြောတာပြုတာချည်းပဲ၊ ဝမ်းမြောက်ဝမ်းသာနဲ့ပြုယင် သောမနဿသဟဂုတ် စိတ်ပဲ၊ ဝမ်းမသာပဲပြုယင် ဥပေက္ခာသဟဂုတ်စိတ်ပဲ၊ မတိုက်တွန်းရပဲ အလိုလို ထက်သန်စွာနဲ့ပြုယင် အသင်္ခါရိကစိတ်ပဲ၊ တိုက်တွန်းပေးမှပြုယင် သသင်္ခါရိကစိတ်ပဲ၊ အသိဉာဏ်နဲ့ယှဉ်ယင် ဉာဏသမ္ပယုတ်စိတ်ပဲ၊ အသိဉာဏ်နဲ့ မယှဉ်ယင် ဉာဏဝိပ္ပယုတ်စိတ်ပဲ၊
ဒီနေရာမှာ ယှဉ်တဲ့ဉာဏ်ဆိုတာက ဘယ်လိုဉာဏ်လဲဆိုယင် ဝိပဿနာဘာဝနာ အရာမှာ ရုပ်နာမ်သဘော, အဖြစ်အပျက်သဘော, အနိစ္စဒုက္ခ အနတ္တလက္ခဏာ သဘောတွေကို သိတဲ့ဉာဏ်ပါပဲ၊ အဲဒီသဘောတမျိုးမျိုးကို ရှုယင်း ရှုယင်း သိသိ သွားယင် အဲဒီ ရှုမှတ်မှုဝိပဿနာ စိတ်ဟာ ဉာဏသမ္ပယုတ်ပဲ၊ အဲဒီလိုမသိပါပဲ နှုတ်က ဆိုရုံမျှ ရှုရုံမျှဆိုယင်တော့ ဉာဏဝိပ္ပယုတ်ပဲ၊ ဒါနသီလစသော သာမန်ကုသိုလ်မှုတွေ အရာမှာတော့ ကံကံ၏အကျိုးကို ယုံကြည်ပြီးသိတဲ့ ကမ္မဿကတဉာဏ်နဲ့ယှဉ်ယင် ဉာဏသမ္ပယုတ်ပဲ၊ မယှဉ်ယင် ဉာဏဝိပ္ပယုတ်ပဲ၊ ဒီကမ္မဿကတဉာဏ်နဲ့ ယှဉ်ပုံ မယှဉ်ပုံကိုတော့ တနေ့က သီတင်းပတ်က အကျယ် ရှင်းပြောခဲ့ပါပြီ။
ရုပ်နာမ်လက္ခဏာရေးတင်မှ ဉာဏသမ္ပယုတ်ဖြစ်သလား
တချို့က “ပေးလှူတဲ့အခါမှာ အလှူပေးပုဂ္ဂိုလ်, အလှူခံပုဂ္ဂိုလ် လှူဖွယ်ဝတ္ထုတွေကို ရုပ်နာမ်သင်္ခါရအဖြစ်, အနိစ္စ ဒုက္ခ အနတ္တအဖြစ် လက္ခဏာရေးတပ်ပြီးလှူမှ ဉာဏသမ္ပယုတ်ကုသိုလ် ဖြစ်တယ်” လို့ပြောဟောကြတယ်၊
အဲဒါကတော့ အဋ္ဌသာလိနီကျမ်းမှာ ဒါနနဲ့စပ်ပြီး ဘာဝနာမယကုသိုလ် ဖြစ်နိုင်ပုံကို ပြဆိုထားတာနဲ့ ရောယောင်ပြီး ပြောဟောချက်ပါပဲ၊ အဋ္ဌသာလိနီမှာ ပြထားတာက ပေးလှူပြီးတဲ့ အခါမှာ “ခယံ ဂစ္ဆိဿတိ-ကုန်ခြင်းသို့ ရောက်လတ္တံ့၊ ဝယံ ဂစ္ဆိဿတိ-ပျက်ခြင်း ပျောက်ကွယ်ခြင်းသို့ရောက်လတ္တံ့”လို့ ဒီလိုနှလုံးသွင်းပုံကို ပြထားပါတယ်၊
အဲဒါဟာ ပေးလှူပြီးမှ နှလုံးသွင်းပုံပါ မလှူခင်က နှလုံးသွင်းပုံလဲ မဟုတ်ပါဘူး၊ လှူဆဲမှာ နှလုံးသွင်းပုံလဲ မဟုတ်ပါဘူး၊ နောက်ပြီးတော့ အဲဒီလို နှလုံးသွင်းပုံကို ပြတာဟာ ဉာဏသမ္ပယုတ် ဖြစ်ရေးအတွက် ပြတာလဲ မဟုတ်ပါဘူး၊ ဘာဝနာမယ ကုသိုလ် ဖြစ်ရေးအတွက် ပြတာပါ၊
အကယ်၍ ခယဝယ တင်ပြီး လှူမှ ဉာဏသမ္ပယုတ် ဖြစ်တယ်ဆိုယင် သာသနာပ၌ အလှူဒါန ဟူသမျှဟာ ဉာဏဝိပ္ပယုတ်ချည်း ဖြစ်တယ်လို့ ဆိုရပါလိမ့်မယ်၊ အဲဒီလို မဆိုသင့်တာကတော့ အလွန်ထင်ရှားပါတယ်။
နောက်တခု စဉ်းစားစရာကတော့ ဘုရားအလောင်းတော် အလှူပေးတဲ့အခါတွေမှာ ခယဝယတင်ပြီးလှူကြောင်း ဘယ်မှာမှ ပြဆိုချက်မရှိဘူး၊ မြတ်စွာဘုရား ဟောတော်မူတဲ့ တရားတွေထဲမှာလဲ အလှူဒါနပြုတဲ့အခါ ခယဝယတင်ပြီး လှူရမယ်လို့ ဘယ်မှာမှ ဟောကြားချက်မရှိဘူး၊
အမှန်ရှိတာကတော့ အလှူခံပုဂ္ဂိုလ်ရဲ့ဂုဏ်တွေမြင့်မြတ်ယင် မြင့်မြတ်သလောက် အကျိုးကြီးကြောင်း ဟောကြားချက်သာ ရှိပါတယ်၊ ဒီတော့ အလှူခံပုဂ္ဂိုလ်၏ ဂုဏ်ကိုသာ အာရုံပြုပြီး စိစစ်ရွေးချယ်ဖို့ လိုပါတယ်၊
အလှူခံပုဂ္ဂိုလ်လဲ ရုပ်နာမ်တရားမျှ အနိစ္စ ဒုက္ခ အနတ္တ သဘောမျှဟု တကယ် ထင်မြင်ပါလျှင် ဂုဏ်ရှိအလှူခံပုဂ္ဂိုလ်နှင့် ဂုဏ်မဲ့အလှူခံပုဂ္ဂိုလ် တန်းတူ ဖြစ်သွား ပါလိမ့်မယ်၊ အဲဒီတော့ ကြည်ညိုဖွယ် မရှိတဲ့အတွက် ဒါနကုသိုလ်လဲ ထက်သန်ဖွယ် မရှိ, အကျိုးပေးလဲ ထက်သန်ဖွယ်မရှိ ဖြစ်ပါလိမ့်မယ်။
ဒီနေရာမှာ “ခယ ဝယ တင်ပြီးလှူယင် ဝိပဿနာဖြစ်လို့ မဂ်ဖိုလ်နှင့် ပိုပြီး နီးစပ်တယ် မဟုတ်လား”လို့ စောဒကတက်ဖွယ် ရှိပါတယ်၊ ဝိပဿနာအစစ်ဖြစ်ယင် မဂ်ဖိုလ်နဲ့ပိုပြီး နီးစပ်တာ မှန်ပါတယ်၊ အဲဒီလိုဆိုယင် ပစ္စည်းအကုန်ခံပြီး ပေးလှူနေဖို့ မလိုပါဘူး၊ မလှူပဲနဲ့ ဝိပဿနာချည်းသက်သက် ရှုနေယင် အဲဒီ ခယဝယတင်တဲ့ ဝိပဿနာအတုထက်ပိုပြီး မဂ်ဖိုလ်နဲ့ နီးစပ်ပါတယ်၊
အမှန်ကတော့ ပေးလှူတယ် ဆိုတာ ဝိပဿနာရှုဖို့ ရည်ရွယ်ရင်း မဟုတ်ပါဘူး၊ ဒါနကုသိုလ်၏ အကျိုးကို ရည်ရွယ်ပြီး ပေးလှူကြတာသာ ဖြစ်ပါတယ်၊ ဒါကြောင့် မြတ်စွာဘုရားက အလှူဒါနပြုရာမှာ အကျိုးကြီးမြတ်စေနိုင်တဲ့ အလှူခံပုဂ္ဂိုလ် တွေကိုလဲ “သံဃေ ဒိန္နံ မဟပ္ဖလံ-သံဃာအား လှူလျှင် အကျိုးကြီးသည်” စသည်ဖြင့် ညွှန်ကြားထားပါတယ်၊
နှလုံးသွင်းပုံတွေကိုလဲ “သဒ္ဓါယ ဒါနံဒေတိ-ကံ ကံ၏အကျိုးကို ယုံကြည်၍ ပေးလှူသည်” စသည်ဖြင့် ညွှန်ကြားထားပါတယ်၊ ရုပ်နာမ် အနိစ္စ ဒုက္ခ အနတ္တဟု ရှုပြီးလှူရန် ဟောကြားတာကတော့ မရှိပါဘူး။
ဝိသာခါဝတ္ထု
တချိန်က ဝိသာခါ ဒါယိကာမကြီးက အလှူရှစ်မျိုးကို တသက်ပတ်လုံး အမြဲတမ်း လှူဖို့ မြတ်စွာဘုရားထံခွင့်တောင်းတယ်၊ အဲဒီအလှူရှစ်မျိုးကတော့-
(၁) သံဃာအား ရေသနုပ်ကိုလှူရန်။
(၂) အာဂန္တုရဟန်းအတွက် ဆွမ်းကို လှူရန်။
(၃) ခရီးသွား ရဟန်းအတွက် ဆွမ်းကို လှူရန်။
(၄) ဂိလာနရဟန်းအတွက် ဆွမ်းကို လှူရန်။
(၅) ဂိလာနပြုစုသော ရဟန်းအတွက် ဆွမ်းကို လှူရန်။
(၆) ဂိလာနရဟန်းအတွက် ဆေးကို လှူရန်။
(၇) နေ့စဉ် ယာဂု (ဆန်ပြုတ်)ကို လှူရန်။
(၈) ဘိက္ခုနီသံဃာအား ရေသနုပ်ကိုလှူရန်-
ဆိုတဲ့ ဒီရှစ်မျိုးပဲ ဖြစ်ပါတယ်။
မိမိအတွက် ဘယ်အကျိုးကို မျှော်ပြီး လှူလိုပါသလဲလို့ မြတ်စွာဘုရားက မေးတော်မူတဲ့အခါ ဝိသာခါ ဒါယိကာမကြီးက ဒီလိုလျှောက်ပါတယ်။
အရပ်လေးမျက်နှာ တို့၌ ဝါကပ်တော်မူကြသော ရဟန်းတော် တို့ဟာ ဝါကျွတ်တဲ့အခါ မြတ်စွာဘုရားကို လာရောက်၍ ဖူးမြော်ကြပါလိမ့်မယ်၊ အဲဒီ ရဟန်းတော်တွေက “မည်သည့်ရဟန်းဟာ ကွယ်လွန်သွားပါတယ်ဘုရား၊ အဲဒီရဟန်းဟာ ဘယ်ဂတိဘယ်ဉာဏ် အဆင့်ကို ရောက်သွားပါသလဲဘုရား”လို့ မြတ်စွာဘုရားကို မေးလျှောက်ကြပါလိမ့်မယ်၊
အဲဒီအခါ မြတ်စွာဘုရားက “အဲဒီ ကွယ်လွန်သွားတဲ့ရဟန်းကို သောတာပတ္တိဖိုလ် သို့ဖြစ်စေ, သကဒါဂါမိဖိုလ်သို့ဖြစ်စေ, အနာဂါမိဖိုလ်သို့ဖြစ်စေ, အရဟတ္တဖိုလ် သို့ဖြစ်စေ ရောက်သွားကြောင်း ပြောကြား တော်မူပါလိမ့်မယ်၊ အဲဒီလိုပြောကြား တဲ့အခါ တပည့်တော်မက အဲဒီနယ်ကလာတဲ့ ရဟန်းတော်တွေထံ ချဉ်းကပ်ပြီးတော့ “ကွယ်လွန်သွားတဲ့ အဲဒီအရှင်ဘုရားတို့ရဲ့ သီတင်းသုံးဖော် ရဟန်းဟာ သာဝတ္ထိမြို့ကို လာရောက်ဖူးပါသလား”လို့ မေးရပါလိမ့်မယ်၊
အဲဒီကွယ်လွန်သွားတဲ့ရဟန်းဟာ သာဝတ္ထိမြို့ကို လာရောက်ဖူးတယ် ဆိုယင်တော့ “အဲဒီ (သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ ဖြစ်တော်မူတဲ့) အရှင်မြတ်ဟာ ငါအမြဲတမ်းလှူထားတဲ့ မိုးရေခံရေသနုပ်, အာဂန္တုဆွမ်း အစရှိတဲ့ အလှူဝတ္ထု တမျိုးမျိုးတော့ သုံးဆောင်ဖူးမှာ ဧကန်ပဲ” လို့ ဆုံးဖြတ်ချက်ချရပါလိမ့်မယ်၊
အဲဒါကို အစဉ်လိုက်ပြီး အောက်မေ့ ဆင်ခြင်သောအားဖြင့် တပည့်တော်မမှာ -
ရွှင်လန်းဝမ်းမြောက်ခြင်း ပါမောဇ္ဇနှင့် ပီတိ ဖြစ်ပါလိမ့်မယ်၊
ကိုယ်စိတ်၏ ငြိမ်းအေးခြင်း ပဿဒ္ဓိလဲ ဖြစ်ပါလိမ့်မယ်၊
ကိုယ်စိတ်ငြိေးအေးတော့ သုခလဲ ဖြစ်ပါလိမ့်မယ်၊
သုခဖြစ်တော့ စိတ်တည်ငြိမ်တဲ့ သမာဓိ ဖြစ်ပါလိမ့်မယ်၊
ဒီလိုဖြစ်တာဟာ တပည့်တော်မမှာ ဣန္ဒြေ ဗိုလ် ဗောဇ္ဈင်တို့ကိုပွားစေတဲ့ ဘာဝနာ ဖြစ်ပါလိမ့်မယ်၊ ဒီအကျိုးကိုမျှော်ပြီး အလှူဝတ္ထုရှစ်မျိုးကို လှူရန် ခွင့်တောင်းပါတယ် ဘုရားလို့ လျှောက်ထားပါတယ်၊ အဲဒီအခါ မြတ်စွာဘုရားက သာဓုခေါ်တော် မူပြီးတော့ ခွင့်ပြုတော်မူပါတယ်။
ဒီဝတ္ထုမှာ အထူးသတိပြုစရာကတော့ အလှူခံရဟန်းတော်တို့ကို ခယဝယတင်ပြီး မရှုဘူး၊ ဂုဏ်ထူးဝိသေသရှိတဲ့ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ ပုဂ္ဂိုလ်အနေနဲ့သာ နှလုံးသွင်း အာရုံပြုတယ်၊ အဲဒီလို နှလုံးသွင်းလို့ ပါမောဇ္ဇ ပီတိ စသည်ဖြစ်ပြီး ဣန္ဒြေ ဗိုလ် ဗောဇ္ဈင်တို့ကို ပွါးစေခြင်းဖြစ်တယ် ဆိုတာကို အထူး သတိပြုသင့်ပါတယ်၊
အလှူခံ၏ဂုဏ်ကို နှလုံးသွင်းတာ အကောင်းဆုံး
ဒါကြောင့် ဒါနအရာမှာ ဘုရားကို လှူဒါန်းပူဇော်လျှင် မြတ်စွာဘုရား၏ အရဟံ အစရှိသော ဂုဏ်တော်တွေကို တတ်သိသမျှ နှလုံးသွင်းတာဟာ အကောင်းဆုံးပဲ၊ သံဃာတော်ကို လှူဒါန်းလျှင် သံဃာတော်၏ “သုပ္ပဋိပန္န”အစရှိသော ဂုဏ်တော် တွေကို နှလုံးသွင်းပြီး လှူတာဟာ အကောင်းဆုံးပဲ၊ ပုဂ္ဂိုလ်အား လှူဒါန်းလျှင် အဲဒီ အလှူခံပုဂ္ဂိုလ်၏ သီလအစရှိသော ဂုဏ်ကို အာရုံပြုပြီး လှူတာဟာ အကောင်းဆုံးပဲ ဆိုတာ မှတ်ထားကြရမယ်။
ယခုပြောလာခဲ့တာဟာ ဉာဏသမ္ပယုတ် ဖြစ်ပုံနဲ့စပ်ပြီး ပြောလာခဲ့တယ်၊ ဒါနသီလ အစရှိတဲ့ သာမန်ကုသိုလ်အရာမှာ ကမ္မဿကတဉာဏ်နဲ့ ယှဉ်ယင် ဉာဏသမ္ပယုတ် ဖြစ်တယ်လို့ ပြောခဲ့တယ်၊ တရားဟောရာ တရားနာရာမှာတော့ အဲဒီ ဟောတဲ့ နာရတဲ့တရား၏ အနက်အဓိပ္ပါယ်တွေကို သိနားလည်ယင်လဲ ဉာဏသမ္ပယုတ်ကုသိုလ် ဖြစ်သေးတယ်လို့မှတ်ရမယ်၊ ဒါကတော့ အလွန်ထင်ရှားပါတယ်၊ ကုသိုလ်ကံရှိတယ်၊ အကုသိုလ်ကံရှိတယ်၊ အဲဒီကံတွေ၏ ကောင်းကျိုး ဆိုးကျိုးတွေလဲ ရှိတယ်လို့ ယုံကြည်ယူဆထားတဲ့ သူတွေမှာ ကုသိုလ်အမှုကိုပြုတိုင်း ဉာဏသမ္ပယုတ် ကုသိုလ်ချည်းပဲ၊
အဲဒီလို ကံကံ၏အကျိုးရှိတယ်လို့ မသိပဲနဲ့ ပြုတဲ့ကုသိုလ်ကတော့ ဉာဏဝိပ္ပယုတ်-ဉာဏ်နဲ့ မယှဉ်တဲ့ကုသိုလ်တဲ့၊ တချို့ကလေး သူငယ်တွေဟာ ကုသိုလ် အကုသိုလ်ဆိုတာ ဘာမှမသိသေးဘူး၊ ဒါပေမယ့် မိဘတွေ လူကြီးတွေပြုလုပ်တာကို အတုလိုက်ပြီး ဘုရားကိုရှိခိုးတယ်၊ရဟန်းတော်များကို ရှိခိုးတယ်၊ တစုံတခုကို ပေးလှူတယ်၊ ကံ ကံ၏ အကျိုးရှိတယ်လို့ အယူမရှိတဲ့ အချို့ ဘာသာဝင် လူကြီးတွေလဲ အချင်းချင်း ပေးကမ်းတယ်၊ စောင့်ရှောက်ကူညီတယ်၊ အရိုအသေ ပေးတယ်၊ အဲဒီကလေးတွေနဲ့ အဲဒီလူကြီးတွေမှာ ဉာဏ်နဲ့မယှဉ်တဲ့ ဉာဏဝိပ္ပယုတ် ကုသိုလ်တွေ ဖြစ်တယ်။
ကာမကုသိုလ်၏ အကြောင်းကတော့ ဒါလောက်ဆိုယင် နားလည်လောက်ပါပြီ၊
ရူပကုသိုလ် ၅-ခု ရှိတယ်ဆိုတာကိုလဲ တနေ့က ပြောခဲ့ပါပြီ၊ ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်, ပဉ္စမဈာန်ဆိုတဲ့ ဈာန်ငါးပါးနဲ့ ယှဉ်တဲ့ ကုသိုလ် ၅-ပါး ပါပဲ၊ အဲဒါတွေကတော့ ဈာန်ရစေနိုင်တဲ့ သမထ ကမ္မဋ္ဌာန်းကို တမင် နှလုံးသွင်း အားထုတ်မှဖြစ်ပါတယ်၊ အဲဒီကာမကုသိုလ် ၈-ခုနဲ့ ရူပကုသိုလ် ၅-ခုကို ပုညာဘိသင်္ခါရလို့ ခေါ်တယ်၊ ဒါကြောင့် “ကာမကုသိုလ် ရူပကုသိုလ်ကို ပုညာဘိသင်္ခါရဟု ခေါ်သည်”လို့ ခုတင်က ဆောင်ပုဒ်ပေးခဲ့တယ်၊ အဲဒီအတိုင်းပဲ မှတ်ထားကြရမယ်။
အပုညာဘိသင်္ခါရဆိုတာကတော့ အကုသိုလ်ပဲ၊ အဲဒါက စိတ်အရေအတွက်နဲ့ဆိုယင် ၁၂-ပါးရှိတယ်၊ သင်္ခါရဆိုတာ စေတနာပဲ၊ ဒါပေမယ့် ပြောလို့လွယ်အောင် သူနဲ့ယှဉ်ဘက် စိတ်နဲ့ပဲပြောရမယ်၊ လောဘနဲ့ တွဲဖြစ်တဲ့ လောဘမူစိတ်က ရှစ်ခု, ဒေါသနဲ့တွဲဖြစ်တဲ့ ဒေါသမူစိတ်ကနှစ်ခု, မောဟသက်သက်နဲ့တွဲဖြစ်တဲ့ မောဟမူစိတ် ကနှစ်ခု၊ ဒီ ၁၂-ခုဟာ အကုသိုလ်သင်္ခါရတွေပဲ။
လောဘမူစိတ်ရှစ်ခုဆိုတာ ဝမ်းမြောက်ဝမ်းသာနဲ့ နှစ်သက်သာယာတဲ့ စိတ်က ၄-ခု, ဝမ်းမသာပဲ ရိုးရိုးနှစ်သက် သာယာတဲ့ စိတ်က ၄-ခု၊ ဒီရှစ်ခုပါပဲ၊ ဝမ်းသာပြီး နှစ်သက်တဲ့စိတ်ကို သောမနဿသဟဂုတ်စိတ် ခေါ်တယ်၊ ဝမ်းမသာပဲ ရိုးရိုး နှစ်သက်တဲ့စိတ်ကို ဥပေက္ခာသဟဂုတ်စိတ်ခေါ်တယ်၊ ဝမ်းသာပြီး နှစ်သက်တဲ့ စိတ် ၄-ခု ဆိုရာမှာ ဒိဋ္ဌိနဲ့ယှဉ်တဲ့စိတ်က ၂-ခု, မယှဉ်တဲ့စိတ်က ၂-ခု၊ ဒီ ၄-ခုပါပဲ၊ ဒိဋ္ဌိနဲ့ယှဉ်တဲ့စိတ်က ၂-ခု, မယှဉ်တဲ့စိတ်က ၂-ခု ဆိုတာကလဲ တိုက်တွန်းပေးမှ ဖြစ်တဲ့ သသင်္ခါရိကစိတ်က တခု, မတိုက်တွန်းရပဲ အလိုလိုဖြစ်တဲ့ အသင်္ခါရိကစိတ်က တခု၊ ဒီ ၂-မျိုးစီပါပဲ။
ဒီအထဲမှာ ဒိဋ္ဌိဆိုတာ ဘယ်လိုဟာလဲဆိုတာ သိဖို့လိုပါတယ်၊ ဒိဋ္ဌိဆိုတာ အကျဉ်းအားဖြင့် အတ္တဒိဋ္ဌိ, သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိဆိုတဲ့ ဒီသုံးမျိုးပါပဲ၊ မိမိကိုယ်ရော သူတပါးရော အသက်ရှင်နေတဲ့ အတ္တအကောင်ကလေးပဲလို့ ဒီလို တကယ် ထင်မြင်ယင် အတ္တဒိဋ္ဌိခေါ်တယ်၊ အဲဒီအတ္တအကောင်ဟာ ဘယ်တော့မှမပျက်ပဲ အမြဲတည်နေတယ်လို့ ထင်မြင်ယင် သဿတိဒိဋ္ဌိခေါ်တယ်၊
အဲဒီ အတ္တအကောင်ဟာ သေပြီးနောက် ဘာမှမရှိပဲ ပြတ်စဲသွားတယ်၊ ကောင်းမှု မကောင်းမှုကံလဲ မရှိဘူး၊ အဲဒီ ကံ၏ အကျိုးလဲမရှိဘူးလို့ ထင်မြင်ယင် ဥစ္ဆေဒဒိဋ္ဌိ ခေါ်တယ်၊ အဲဒီအထင်အမြင် အယူအဆနဲ့တွဲပြီး ဖြစ်တဲ့စိတ်ကို ဒိဋ္ဌိသမ္ပယုတ်စိတ် ခေါ်တယ်၊ အဲဒီလို အထင်အမြင် အယူအဆမရှိပဲ ရိုးရိုးနှစ်သက်သာယာတဲ့စိတ်ကို ဒိဋ္ဌိဝိပ္ပယုတ်-ဒိဋ္ဌိနှင့် မယှဉ်တဲ့စိတ် လို့ ခေါ်တယ်။
ဝမ်းမသာပဲ ရိုးရိုးနှစ်သက်တဲ့ ဥပေက္ခာသဟဂုတ် စိတ်ကလဲ ဒိဋ္ဌိနဲ့ ယှဉ်တာနဲ့ မယှဉ်တာ, တိုက်တွန်းလို့ ဖြစ်တာနဲ့ မတိုက်တွန်းရပဲဖြစ်တာ ဒီလိုနည်းတူပဲ ၄-မျိုး ကွဲပြားတယ်၊ ဒီတော့ မိမိမှာနှစ်သက်တဲ့ လောဘစိတ်ဖြစ်လာယင် ယခုပြောခဲ့တဲ့ ရှစ်မျိုးထဲက ဘယ်စိတ်လဲဆိုတာ မှန်းဆနိုင်လောက်ပါပြီ၊ ဝမ်းသာယင် သောမနဿသဟဂုတ်ပေါ့၊ ဝမ်းမသာယင် ဥပေက္ခာသဟဂုတ်ပေါ့၊ ဒိဋ္ဌိအယူအစွဲ ရှိယင် ဒိဋ္ဌိသမ္ပယုတ်ပေါ့၊ ဒိဋ္ဌိအယူအစွဲမရှိယင် ဒိဋ္ဌိဝိပ္ပယုတ်ပေါ့၊ သူတပါးကဖြစ်စေ, ကိုယ့်ဟာကိုယ်ဖြစ်စေ တိုက်တွန်းရယင် သသင်္ခါရိကပေါ့၊ မတိုက်တွန်းပဲဖြစ်ယင် အသင်္ခါရိကပေါ့၊ ဒါပါပဲ။
အတ္တဒိဋ္ဌိက ကင်းခဲတယ်
ဒီအထဲမှာ အတ္တဒိဋ္ဌိနဲ့ယှဉ်တဲ့ ဒိဋ္ဌိသမ္ပယုတ်စိတ်ဆိုတာက ကင်းခဲပါတယ်၊ ရုပ်နာမ်တရားမျှသာရှိတယ်၊ ပုဂ္ဂိုလ်, သတ္တဝါ, အတ္တကောင်ဆိုတာ မရှိဘူးလို့ မသိတဲ့သူတွေ, သဘောမပေါက်တဲ့သူတွေမှာဆိုယင် ဒီဒိဋ္ဌိက အမြဲလိုပဲ ဖြစ်နေတတ်ပါတယ်၊ တရားကျမ်းဂန်တွေအရ ဗဟုသုတရှိနေတဲ့ သူတွေမှာတော့ အဲဒီဒိဋ္ဌိ အဖြစ် သက်သာပါရဲ့၊ ဒါပေမယ့် ကိုယ်တွေ့ မဟုတ်ပဲ စာတွေ့မျှဆိုတော့ ဒီဒိဋ္ဌိက မကြာမကြာ ဝင်ဝင်ပြီး ဖြစ်တတ်သေးတာပဲ၊ ဝိပဿနာရှုလို့ ရှုတိုင်း မှတ်တိုင်း ရုပ်နဲ့ နာမ်မျှ ရှင်းရှင်းလင်းလင်းတွေ့ရတဲ့ ယောဂီတွေမှာတော့ ဒီဒိဋ္ဌိဟာ အများအားဖြင့် ကင်းနေတတ်ပါတယ်၊ ဒါတောင် အရိယမဂ်ဉာဏ်မရောက်ပဲ ရပ်နားနေယင် ပြန်ဖြစ်နိုင်သေးတာပဲ၊ ပကတိလူတွေမှာတော့မြင်ယင်လဲ ငါကောင်ကမြင်တယ်, ကြားယင်လဲ ငါကကြားတယ်စသည်ဖြင့် စွဲလမ်းပြီး ဒီဒိဋ္ဌိက ဖြစ်နေတယ်၊
အကောင်းအဆိုးခံစားရတဲ့အခါလဲ ငါကောင်က ခံစားတယ်လို့ ဒီလိုထင်တယ်၊ တစုံတရာကို ပြုလုပ်တဲ့အခါလဲ ငါကောင်က ပြုလုပ်တယ်လို့ ထင်နေတယ်၊ အဲဒါတွေဟာ အတ္တဒိဋ္ဌိတွေပါပဲ၊ နောက်ပြီးတော့ သေပြီးယင် ဘာမှမရှိတော့ဘူး တခါထဲ ပြတ်စဲသွားတယ်၊ နောင်ဘဝ မရှိ, ကံ, ကံ၏အကျိုးမရှိလို့- ဒီလိုအယူ ရှိတဲ့သူတွေမှာလဲ မြင်တိုင်းကြားတိုင်း စဉ်းစားတိုင်းလိုလိုပဲ နှစ်သက်သာယာယင် ဥစ္ဆေဒဒိဋ္ဌိ, နတ္ထိကဒိဋ္ဌိနဲ့ယှဉ်တဲ့ ဒိဋ္ဌိသမ္ပယုတ်စိတ်တွေ ဖြစ်နေတတ်တယ်၊ အဲဒီလို အယူရှိတဲ့သူမှာ နှစ်သက်သာသာတဲ့ စိတ်ဖြစ်ယင် အဲဒီ စိတ်မျိုးတွေပဲ အဖြစ် များတယ်။
ဒေါသမူစိတ်ကတော့ ၂-မျိုးထဲပဲ ရှိပါတယ်၊ တိုက်တွန်းပေးလို့ဖြစ်တဲ့ဒေါသ စိတ်က တခု, သူ့အလိုလိုဖြစ်တဲ့ ဒေါသစိတ်က တခု, ဒီ ၂-မျိုးပါပဲ၊ ဒါပေမယ့် ဒီဒေါသစိတ်က ရိုးရိုးစိတ်ဆိုးတာလဲ ရှိတယ်၊ သူတပါးကို မနာလိုတာလဲရှိတယ်၊ ကိုယ့်လို သူတပါးမကြီးပွါး မပြည့်စုံစေချင်တာ ဝန်တိုတာလဲရှိတယ်၊ ပြောမှားမိ ပြုမှားမိ တာတွေကို ပြန်တွေးပြီး စိတ်နှလုံး မသာတာ စိတ်ပူပန်တာလဲရှိတယ်၊ စိုးရိမ်ပူဆွေးတာ လွမ်းဆွတ်တာ ဝမ်းနည်းတာ စိတ်ညစ်တာ ကြောက်တာရွံ့တာ ဒါတွေလဲ ဒေါသနဲ့တွဲဖြစ်တဲ့စိတ်တွေပဲ၊ အဲဒီ အမျိုးအမည်တွေနဲ့ခွဲယင်တော့ ဒေါသစိတ်ဟာ ၂-ခုမကပဲ တော်တော်များလာနိုင်ပါသေးတယ်။
မောဟမူစိတ် ၂-ခုဆိုတာကတော့ ယုံမှားမှု ဝိစိကိစ္ဆာနှင့် တွဲဖြစ်တဲ့ စိတ်က တခု၊ ပျံ့လွင့်မှု ဥဒ္ဓစ္စနဲ့ တွဲဖြစ်တဲ့ စိတ်ကတခု၊ ဒီနှစ်ခုပါပဲ၊ “တရားအလုံးစုံကိုသိတဲ့ ဗုဒ္ဓဘုရားဆိုတာ ဟုတ်လေသလား, မဟုတ်လေသလား၊ ဈာန်မဂ်ဖိုလ် နိဗ္ဗာန်တရားဆိုတာ ရှိလေသလား, မရှိလေ သလား၊ အရိယာသံဃာတော်ဆိုတာ ရှိလေသလား မရှိလေသလား၊ အတ္တကောင် မရှိဘူး၊ ရုပ်နာမ်တရားမျှသာရှိတယ်, ဆိုတာဟုတ်လေသလား, မဟုတ်လေသလား” လို့ ဒီလိုယုံမှားတွေးတောနေတာ, ဝေဖန်နေတာကို ဝိစိကိစ္ဆာခေါ်တယ်၊ စိတ်တွေမတည်ငြိမ်ပဲ ပျံ့လွင့်နေတာကို ဥဒ္ဓစ္စ-လို့ခေါ်တယ်၊ ဒီစိတ်ရဲ့ယှဉ်ဖက် စေတသိက်တွေ အကြောင်းကိုတော့ သတိပဋ္ဌာန် တရားတော် ဟောတုန်းက ခန္ဓာငါးပါးတရားထဲမှာ အကျယ်ဟောခဲ့ပါပြီ၊ အဲဒီတုန်းက ဆောင်ပုဒ်တွေလဲ အပြည့်အစုံပဲ ပေးထားခဲ့ပါတယ်၊
အဲဒီဆောင်ပုဒ်တွေကို ဝိပဿနာအခြေခံတရားတော် စာအုပ်ထဲမှာ ကြည့်ရှုနိုင် ပါတယ်၊ ယခုပြောခဲ့တဲ့ လောဘမူစိတ် ရှစ်ခု, ဒေါသမူစိတ် ၂-ခု, မောဟမူစိတ် ၂-ခု၊ ဒီအကုသိုလ်စိတ် ၁၂-ခုကို အပုညာဘိသင်္ခါရ-လို့ခေါ်တယ်၊ ကဲ-ဆောင်ပုဒ်ကို ဆိုကြရမယ်။
အကုသိုလ်ကို အပုညာဘိသင်္ခါရ-လို့ ခေါ်သည်။ (၃-ခေါက်။)
အပုညာဘိသင်္ခါရ-ဆိုတာ ပုညာဘိသင်္ခါရနဲ့ ပြောင်းပြန်ဆန့်ကျင်ဘက်ပဲ၊ ပုည-ဆိုတာ ဟိုတနေ့ကပြောခဲ့တဲ့အတိုင်း ပြုလုပ်သူ၏ ရုပ်နာမ်ခန္ဓာ အစဉ်ကို ဖြူစင်သန့်ရှင်း စေတတ်တယ်, တင့်တယ် ကြီးမြတ်စေတတ်တယ်, ကောင်းစား ချမ်းသာစေ တတ်တယ်, နတ် လူ သုဂတိဘဝသို့ ရောက်စေတတ်တယ်, အသက်ရှည်စေ တတ်တယ်, အနာကင်းစေတတ်တယ်, အဆင်းလှစေတတ်တယ်, စီးပွါးဥစ္စာ ပေါများစေတတ်တယ်-စသည်ဖြင့် ကောင်းကျိုးတွေကို ပေးတတ်တယ်၊
အပုည ဆိုတာကတော့ ပြုလုပ်သူ၏ ရုပ်နာမ် ခန္ဓာအစဉ်ကို ညစ်နွမ်းစေတတ်တယ်, ယုတ်ညံ့စေတတ်တယ်, ဆင်းရဲ ပင်ပန်းစေတတ်တယ်, ငရဲ တိရစ္ဆာန် ပြိတ္တာ အပါယ်ဘုံဘဝကို ရောက်စေတတ်တယ်, အသက် တိုစေတတ်တယ်, အနာများစေ တတ်တယ်, အရုပ်ဆိုးစေတတ်တယ်, စီးပွားဥစ္စာ ရှားပါးစေတတ်တယ် စသည်ဖြင့် ဆိုးကျိုးတွေကို ပေးတတ်တယ်။
ဒီလိုဆိုယင် မကောင်းကျိုး, ဆိုးကျိုးကိုသာ ပေးတတ်တဲ့ အပုညာဘိသင်္ခါရကို ပြုတာဟာ “ချမ်းသာလိမ့်နိုး၊ရည်မျှော်ကိုးလျက်၊ သုံးမျိုးမှုကံ၊ ပြုစီမံ၍” ဆိုတဲ့ ဆောင်ပုဒ်အရ ချမ်းသာကို မျှော်ပြီးပြုတာ ဖြစ်သင့်ပါမည်လားလို့ မေးစရာရှိပါတယ်၊ ချမ်းသာကိုမျှော်ပြီး ပြုတာပါပဲလို့ဖြေကြားရမယ်၊
ဘယ်လိုလဲဆိုယင် ကျွဲ နွား ဆိတ် ဝက် ဘဲ ကြက်စသည်ကို သတ်ပြီး စီးပွါးရေး လုပ်နေတဲ့သူတွေကို ကြည့်ပါ၊ သူတို့မှာ အဲဒီအလုပ်ကိုလုပ်မှ စားဝတ်နေရေး အဆင်ပြေမယ်ထင်လို့ ပြုလုပ်နေကြတာပါပဲ၊ သူတပါးဥစ္စာကို ခိုးဝှက်လုယက်နေတဲ့ သူတွေကိုကြည့်ပါ၊ သူတို့မှာ အဲဒီ အလုပ်ကို လုပ်မှ ချမ်းသာမယ်ထင်လို့ လုပ်နေကြတာပါပဲ၊ ရုံးမှာ မတရားသက်သေခံတဲ့ သူတွေကို ကြည့်ပါ၊ သူတို့မှာလဲ အဲဒီလိုပြောဆိုမှ ချမ်းသာလိမ့်မယ်ထင်လို့ ပြောနေကြတာပါပဲ၊ ကုန်ကုန်ပြော လိုက်မယ်၊ အမိအဘကို သတ်တဲ့သူလဲ သူ့အလိုပြည့်ပြီး ချမ်းသာလိမ့်မယ်ထင်လို့ သတ်တာပါပဲ။
အဇာတသတ် ဝတ္ထု
အဇာတသတ်မင်းဆိုတာဟာ အများသိနေကြတဲ့အတိုင်း သူ့ခမည်းတော်ကို သတ်ပြီး နန်းတက်ပါတယ်၊ အဲဒါဟာ မျက်မှောက်မှာ ချက်ချင်းချမ်းသာ လိမ့်မယ်ထင်လို့ သူလုပ်တာပဲ၊ သူ့ဆရာအရှင်ဒေဝဒတ်ရဲ့ ညွှန်ကြားချက်အတိုင်း သူက ဒီလို သဘော ပေါက်နေတယ်၊ “ခမည်းတော် အသက်အတိုင်းနေပြီး နတ်ရွာစံမှ နန်းတက်ရမယ် ဆိုယင် ငါဟာ အဘိုးကြီးအရွယ်ကျမှ ထီးနန်းစည်းစိမ်ကို ခံစားရတော့မှာပဲ၊ ဒီလိုဆိုယင် သိပ်ပျော်စရာ အချိန်မရှိတော့ဘူး၊ ငါ့အသက် အရွယ်ပျိုငယ်စဉ်မှာပဲ ခမည်းတော်ကိုသတ်ပြီး နန်းတက်ရလို့ရှိယင် ထီးနန်း စည်းစိမ်ကို ပျော်ပျော်ပါးပါးလဲ ခံစားရမယ်၊ အကြာကြီးလဲ ခံစားရမယ်၊ အများကြီးလဲချမ်းသာလိမ့်မယ်” လို့ သူကထင်မြင်သဘောပေါက်တယ်၊
ဒါကြောင့် အများကြီးအကြာကြီးချမ်းသာဖို့ ရည်ရွယ်ချက်နဲ့ အဇာတသတ်မင်းသားက သူ့ခမည်းတော် ဗိမ္ဗိသာရမင်းကြီးကိုသတ်ပြီး ထီးနန်း စိုးစံတယ်၊ ဒါပေမယ့် သူပြုတဲ့အမှုက အင်မတန်အပြစ်ကြီးတဲ့ ပိတုဃာတကကံလဲ ဖြစ်တယ်၊ ဘုရား ကျောင်းဒကာ သောတာပန် သူတော်ကောင်းကြီးကို သတ်တဲ့ အကုသိုလ်ကံ လဲဖြစ်တယ်၊ ဒါကြောင့် သူ့အမှုက မူမမှန်တဲ့အတွက် ကောင်းကျိုးချမ်းသာကိုမရပဲ စိတ်နှလုံး အလွန်ပူပန်ထိတ်လန့်ပြီး မအိပ်နိုင်မစားနိုင်နဲ့ မကောင်းကျိုးဆင်းရဲတွေ ကိုသာ ရနေတယ်၊ နောက်တချိန်ကျတော့ သူ့သားက သတ်လို့ သေရရှာတယ်၊ သေပြီးတော့လဲ ငရဲကိုရောက်ပြီး အင်မတန်ကြီးကျယ်တဲ့ ဆင်းရဲတွေကို ခံနေရရှာတယ်၊ အဲဒါဟာ ပြုစဉ်ကတော့ ချမ်းသာလိမ့်နိုးနဲ့ အပုညာဘိသင်္ခါရ အကုသိုလ်ရဲ့ မကောင်းကျိုးတွေပါပဲ။
ဒူသီ-မာရ်နတ်ဝတ္ထု
ကကုသန်မြတ်စွာဘုရား လက်ထက်တော်တုန်းက ဒူသီဆိုတဲ့ မာရ်နတ်ကြီးဟာလဲ ကကုသန်မြတ်စွာဘုရားကိုရော ဘုရားတပည့် သံဃာတော်တွေကိုရော အကျိုးမဲ့ ဖြစ်အောင် အမျိုးမျိုးပြုလုပ်နေတယ်၊ ဘယ်လိုလုပ်လို့မှ သူ့ရည်ရွယ်ချက် အတိုင်း အကျိုးမဲ့မဖြစ်တဲ့အခါ မြတ်စွာဘုရား ရဲ့နောက်က လိုက်ပါလာတဲ့ အဂ္ဂသာဝက ရဟန္တာအရှင်မြတ်ကို လူတယောက်မှာ ပူးကပ်ပြီး အုတ်ခဲနဲ့ ပေါက်သတ်တယ်၊ အဲဒီ ခဲဒဏ်ကြောင့် ရဟန္တာ မထေရ်မြတ်ဟာ ပရိနိဗ္ဗာန် စံသွားရတယ်။
မာရ်နတ်ကြီးလဲ ခဲနဲ့ပေါက်ပြီးတဲ့နောက် မြတ်စွာဘုရား မျက်ကွယ်ဖြစ်သွားတဲ့အခါ အဲဒီ နတ်ဘဝက ချက်ချင်းပဲ စုတေစိတ်ကျပြီး အဝီစိငရဲကျသွားရတယ်၊ အဲဒါ ခဲနဲ့ပေါက်တုန်းကတော့ ကောင်းလိမ့်မယ်ထင်လို့ ပေါက်လိုက်တာပဲ၊ ခဲမှန်ပြီး ရဟန္တာမထေရ်မြတ် ပရိနိဗ္ဗာန်စံသွားတာ (သေသွားတာ)ကို မြင်ရတဲ့အခါမှာလဲ သူ့လုပ်ငန်း အောင်မြင်တယ်လို့ ယူဆပြီး ဝမ်းမြောက်နေတာပဲ၊ ဒါပေမယ့် အင်မတန် ကြီးလေးတဲ့ မကောင်းမှုဖြစ်တဲ့အတွက် ချက်ချင်းပဲ မာရ်နတ်ဘဝက စုတေ ရွေ့လျောသွားရတယ်၊ ဘုံ ၃၁-မှာ အနိမ့်ဆုံးဖြစ်တဲ့ ငရဲကိုလဲ ကျရောက်သွား ရရှာတယ်၊
မာရ်နတ်ဘဝတုန်းကဆိုယင် သူ့ကို ဘယ်သူမှအန်မတုဝံ့ဘူး၊ အားလုံးက ပြားပြားဝပ် ကြောက်ရွံ့ရိုသေနေကြရတယ်၊ အဝီစိငရဲရောက်တဲ့အခါကျတော့ ဘာမျှ မဟုတ်တဲ့ ငရဲထိန်းတွေရဲ့ ခြေဖဝါးအောက် ရောက်သွားရရှာတယ်၊ ငရဲထိန်းတွေက ညှဉ်းဆဲ နှိပ်စက်သမျှကို ခံနေရရှာတယ်၊ အဲဒါလဲ ပိုပြီးချမ်းသာလိမ့်မယ်ထင်လို့ လုပ်လိုက် တာပါပဲ၊ ဒါပေမယ့် သူ့အမှုက မူမမှန်တဲ့အတွက် အနိမ့်တကာ့ အနိမ့်ဆုံးကို လျှောကျ သွားရရှာတာပါပဲ၊
မကောင်းမှုအကုသိုလ်ဟာ ဒီလိုချည်းပါပဲ၊ လုပ်တုန်းကတော့ ကောင်းလိမ့်မယ် ထင်လို့ လုပ်ကြတာပါပဲ၊ ယခု လောကမှာ ရာဇဝတ်မှုကို ကျူးလွန်ကြတာ တွေနဲ့လဲတူပါတယ်၊ လူသတ်မှု ခိုးမှု လုယက်မှု မုဒိမ်းမှုတွေ ကျူးလွန်တဲ့သူတွေဟာ သူတို့စိတ်ထဲမှာ ကိန်းသေပေါက် ချမ်းသာမယ်ထင်ပြီး ပြုလုပ်လိုက်ကြတာပဲ၊ တော်တော်ကြာတော့ ရာဇဝတ် အပြစ်ဒဏ်သင့်ပြီး ဒုက္ခအကြီးအကျယ် ရောက်ကုန်ကြတာပဲ၊ ဒါကြောင့် အကုသိုလ်ကံကိုလဲ ချမ်းသာလိမ့်မယ်ထင်လို့ ချမ်းသာကို မျှော်ပြီး ပြုတယ်ဆိုတာ ထင်ရှားပါတယ်။
ဒါကြောင့် အမျိုးမျိုးသော ကာယကံ ဝစီကံ မနောကံ ပုညာဘိသင်္ခါရ, အပုညာဘိသင်္ခါရ, အာနေဉ္ဇာဘိသင်္ခါရတွေကို တလှုပ်လှုပ်တရွရွနဲ့ အားထုတ်ပြုလုပ် နေကြတာတွေဟာ ချမ်းသာလိမ့်မယ်ထင်ပြီး ပြုလုပ်နေကြတာချည်းပါပဲ။ အာနေဉ္ဇာဘိသင်္ခါရ ဆိုတာကတော့ အရူပဈာန်ကုသိုလ် ၄-ခုပဲ၊ အဲဒါကို ဆိုကြရမယ်။
အရူပကုသိုလ်ကို အာနေဉ္စာဘိသင်္ခါရဟုခေါ်သည်။ (၃-ခေါက်)
အာနေဉ္ဇ-ဆိုတာ တုန်လှုပ်ခြင်းမရှိဘူးလို့ အဓိပ္ပါယ်ရှိတယ်၊ ရူပဈာန်ကို ဝင်စား နေတုန်း အနီးအပါးမှာ ကျယ်လောင်တဲ့အသံ ဖြစ်ပေါ်လာယင် သမာပတ်ဝင်စားမှု ပျက်တတ်တယ်၊ ဒီအရူပသမာပတ်တွေကို ဝင်စားနေတဲ့အခါမှာတော့ အဲဒီလို အသံကြောင့်မပျက်ဘူး, တည်မြဲတည်တံ့နေတယ်၊ အဲဒါဟာ မတုန်လှုပ်တဲ့ သဘော ပါပဲ၊ အဲဒီလို မတုန်လှုပ်တတ်လို့ ဒီအရူပဈာန် ကုသိုလ်တွေကို အာနေဉ္ဇာဘိသင်္ခါရလို့ ခေါ်ပါတယ်၊
ဒီအရူပကုသိုလ်သင်္ခါရက အာကာသာနဉ္စာယတနဈာန် ဝိညာဏဉ္စာယတနဈာန်, အာကိဉ္စညာယတနဈာန်, နေဝသညာ နာသညာယတနဈာန်လို့ ၄-ပါးရှိတယ်၊ ဒီ ဈာန် ၄-ပါးဟာ အရူပဘုံ ၄-ခုသို့ ရောက်ကြောင်း သင်္ခါရတွေပါပဲ၊ အပုညာဘိသင်္ခါရက အပါယ် ၄-ဘုံရောက်ကြောင်း ဖြစ်တယ်၊ ပုညာဘိသင်္ခါရက လူ့ဘုံ နတ်ဘုံ ရူပဗြဟ္မာဘုံ တွေကို ရောက်ကြောင်းဖြစ်တယ်။ ဒါကြောင့်-
“အမှန်မသွား၊ အမှားမြင်ကာ၊ အဝိဇ္ဇာကြောင့်၊ ချမ်းသာလိမ့်နိုး၊ ရည်မျှော်ကိုးလျက်၊ ၃-မျိုးမှုကံ၊ ပြုစီမံ၍၊ ဝိညာဏ်တွယ်စပ်” လို့ ဆိုထားပါတယ်။
ပုညာဘိသင်္ခါရ, အပုညာဘိသင်္ခါရ, အာနေဉ္ဇာဘိသင်္ခါရဆိုတဲ့ အမှုကံ ၃-မျိုးကို ချမ်းသာလိမ့်မယ်လို့ ထင်လို့ပြုတယ်၊ အဲဒီလိုပြုတဲ့အတွက် ဘာကိုရသလဲဆိုတော့ “သင်္ခါရပစ္စယာ ဝိညာဏံ-သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ပေါ်လာသည်” ဆိုတဲ့အတိုင်း ဘဝသစ် ပဋိသန္ဓေအစရှိတဲ့ စိတ်ဝိညာဏ်တွေကိုရတယ်၊
ဝိညာဏ်ကိုရယင် ဝိညာဏ်နဲ့တွဲဖြစ်တဲ့ အဲဒီဘဝသစ်တခုလုံးက နာမ် ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတာတွေကိုလဲ ရတော့တာပဲ၊ ဒါကြောင့် “ဝိညာဏ်တွယ်စပ်၊ နာမ်ရုပ် ကပ်လျက်၊ ၆-ရပ် အာယတန၊ ဖဿ ၆-ဖြာ၊ ဝေဒနာကြောင့်” လို့ ဆောင်ပုဒ်က ဆိုထားပါတယ်၊ အဲဒီ ဝိညာဏ်နဲ့တွဲဖြစ်တဲ့ နာမ်ရုပ် စသည်ကိုတော့ နောက်ရက်များကျမှ အပြည့်အစုံ ပြောနိုင်မယ်၊
ဒီကနေ့တော့ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ပုံကို ပြောရမယ်။
သင်္ခါရကြောင့် ဝိညာဏ်ဖြစ်သည်
မသိမှုအဝိဇ္ဇာကြောင့် သင်္ခါရတို့ဖြစ်ကြသည်၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်သည်-တဲ့၊
သင်္ခါရပစ္စယာ၊ ပြုလုပ် အားထုတ်မှုသင်္ခါရ ဟူသောအကြောင်းကြောင့်။
ဝါ၊ ကောင်းမှု မကောင်းမှုကံဟူသော အကြောင်းကြောင့်။
ဝိညာဏံ၊ စိတ် ဝိညာဏ်သည်။
သမ္ဘဝတိ၊ ဖြစ်ပေါ်လာ၏။
ဘဝဟောင်းက ပြုလုပ်ခဲ့တဲ့ ကောင်းမှုကံ မကောင်းမှုကံကြောင့် ဘဝသစ်မှာ ပဋိသန္ဓေစိတ် ခေါ်တဲ့ အစဆုံးစိတ်ကစပြီး (အကောင်းအဆိုးတွေ အာရုံပြုပြီးဖြစ်တဲ့) အကျိုးဝိပါက် စိတ်ဝိညာဏ်တွေဖြစ်ပေါ်နေပါတယ်တဲ့၊ အပုညာဘိသင်္ခါရခေါ်တဲ့ အကုသိုလ် ကံကြောင့် ငရဲ တိရစ္ဆာန် ပြိတ္တာ အသုရကာယ်ဆိုတဲ့ အပါယ် ၄-ဘုံမှာ ပဋိသန္ဓေဆိုတဲ့ ဘဝ၏ အစဆုံးစိတ် ဖြစ်တယ်၊ အဘိဓမ္မာဝေါဟာရနဲ့ ပြောရမယ် ဆိုယင် အဲဒီစိတ်ကို အကုသလဝိပါက် ဥပက္ခာသဟဂုတ် သန္တီရဏစိတ်လို့ခေါ်တယ်၊
အဲဒီက နောက်လဲ အကြောင်းထူးမရှိယင် မသေမချင်း ဒီစိတ်ပဲ မပြတ်ဆက်ပြီး ဖြစ်နေတယ်၊ သူ့ကိုတော့ ဘဝ၏အစိတ်အပိုင်းအင်္ဂါ ဖြစ်တဲ့အတွက် ဘဝင်လို့ ခေါ်တယ်၊ မြင်ခြင်း ကြားခြင်း နံခြင်း စားသိခြင်း ထိသိခြင်း ကြံသိခြင်းဆိုတဲ့ ဒီဝီထိစိတ် ၆-မျိုး မဖြစ်တဲ့အခါမှာဆိုယင် အဲဒီ ဘဝင်စိတ်ချည်း မပြတ်ဖြစ်နေတယ်၊ အိပ်ပျော်နေတဲ့အခါ ဖြစ်နေတဲ့စိတ်မျိုးပါပဲ၊
အဲဒီဘဝက နောက်ဆုံးသေတယ် ဆိုတဲ့အခါကျတော့လဲ ဒီစိတ်နဲ့ပဲ အဆုံးသတ် သွားတယ်၊ အဲဒီနောက်ဆုံးစိတ် ကိုတော့ စုတိစိတ်လို့ခေါ်တယ်၊ အဲဒီတော့ ဘဝတခုရဲ့ အစဆုံး ပဋိသန္ဓေစိတ်ရယ် အလယ် တဘဝလုံး ဘဝင်စိတ်ရယ် နောက်ဆုံး စုတိစိတ်ရယ် ဒီစိတ် ၃-ခုဟာ တခုတည်းသော ကံကြောင့် ဖြစ်နေတဲ့ တမျိုးတည်းသော စိတ်ပဲ တစိတ်တည်းပဲ ဆိုတာ မှတ်ထားကြရမယ်။
(၁) မကောင်းတာကို မြင်ရတဲ့ (စက္ခုဝိညာဏ်)စိတ်၊
(၂) မကောင်းတာကို ကြားရတဲ့ (သောတဝိညာဏ်)စိတ်၊
(၃) မကောင်းတာကို နံရတဲ့ (ဃာနဝိညာဏ်)စိတ်၊
(၄) မကောင်းတာကို စားသိရတဲ့ (ဇိဝှါဝိညာဏ်) စိတ်၊
(၅) မကောင်းတာကို တွေ့ထိရတဲ့ (ကာယဝိညာဏ်) စိတ်၊
ဒီစိတ် ၅-ခုလဲ အပုညာဘိသင်္ခါရခေါ်တဲ့ အကုသိုလ်ကံကြောင့် ဖြစ်တာပဲ၊ အဲဒီ စိတ် ၅-မျိုးနဲ့ မြင် ကြား နံ စား ထိသိပြီးတဲ့အခါ -
(၁) အဲဒီ အာရုံ ၅-မျိုးကို လက်ခံပြီး အာရုံပြုတဲ့ (သမ္ပဋိစ္ဆိုန်း) စိတ်,
(၂) စုံစမ်းဆင်ခြင်တဲ့ (သန္တီရဏ) စိတ်
ဆိုတဲ့ ဒီစိတ် ၂-ခုလဲ အဲဒီ အကုသိုလ်ကံကြောင့် ဖြစ်တာပဲ၊ အဲဒီ အကုသိုလ်ကံ၏ အကျိုး ဖြစ်တဲ့စိတ်တွေဟာ အားလုံးပေါင်းပြီး ရေတွက်လျှင် ၇-မျိုး ရှိပါတယ်၊ အဲဒီ အကုသလဝိပါက်စိတ် ၇-မျိုးဟာ အပုညာဘိ သင်္ခါရ ခေါ်တဲ့ အကုသိုလ်ကံ ကြောင့်ဖြစ်တဲ့ ဝိညာဏ်ချည်းပါပဲ။
အာနေဉ္ဇာဘိသင်္ခါရခေါ်တဲ့ အရူပကုသိုလ် ၄-ခုကြောင့် အရူပ ၄-ဘုံမှာ အရူပဝိပါက်စိတ် ၄-ခုဟာ ဘဝ၏အစမှာ ပဋိသန္ဓေအဖြစ်နဲ့, အလယ်မှာ ဘဝင်အဖြစ်နဲ့ ဖြစ်ပြီး နောက်ဆုံးမှာ စုတိအဖြစ်နဲ့ ဖြစ်တယ်၊ ဒါကတော့ မှတ်ဖို့ လွယ်ပါတယ်၊ သူ့ကုသိုလ်နဲ့ သူ့အကျိုးဝိပါက် တခုစီ ရှင်းနေပါတယ်။
ပုညာဘိသင်္ခါရကတော့ မှတ်စရာတွေ များတယ်၊ ခပ်ကျဲကျဲ ပြောရမှာပဲ ပုညာဘိသင်္ခါရထဲက ရူပကုသိုလ် ၅-ခုကြောင့် ရူပဗြဟ္မာဘုံတွေမှာ ရူပဝိပါက် စိတ် ၅-ခုဟာလဲ ထို့အတူပဲ ပဋိသန္ဓေ ဘဝင် စုတိ အဖြစ်နဲ့ ဖြစ်ကြပါတယ်၊ ဒါလဲ တော်တော် ရှင်းပါသေးတယ်၊ ကာမကုသိုလ်ကတော့ အလွန်ကျယ်ပါတယ်၊ ကာမကုသိုလ် ၈-ခုနဲ့ အလားတူ မဟာဝိပါက်ခေါ်တဲ့ ကာမကုသလ ဝိပါက် ၈-ခု ရှိတယ်၊ အဲဒီ မဟာဝိပါက်စိတ် ၈-ခုက လူ့ဘုံနဲ့ နတ်ပြည် ၆-ဘုံမှာ ပဋိသန္ဓေ ဘဝင် စုတိအဖြစ်နဲ့လဲဖြစ်တယ်၊ မြင် ကြား တွေ့သိတဲ့အခါ ဇောခုနစ်ကြိမ်ရဲ့ နောက်က လိုက်ပြီး တဒါရုံအဖြစ်နဲ့လဲ အာရုံကောင်းတွေကို အာရုံပြုပြီးဖြစ်တယ်၊ နောက်ပြီးတော့ -
(၁) ကောင်းတာမြင်တဲ့ (စက္ခုဝိညာဏ်) စိတ်၊
(၂) ကောင်းတာကြားတဲ့ (သောတဝိညာဏ်) စိတ်၊
(၃) ကောင်းတာနံတဲ့ (ဃာနဝိညာဏ်) စိတ်၊
(၄) ကောင်းတာ စားသိတဲ့ (ဇိဝှာဝိညာဏ်) စိတ်၊
(၅) ကောင်းတာ ထိသိတဲ့ (ကာယဝိညာဏ်) စိတ်၊
(၆) အဲဒီ အာရုံကောင်းတွေကို လက်ခံပြီး အာရုံပြုတဲ့ (သမ္ပဋိစ္ဆိုန်း) စိတ်၊
(၇) ဝမ်းသာပြီး စုံစမ်းတဲ့ (သောမနဿသဟဂုတ် သန္တီရဏ) စိတ်၊
(၈) ဝမ်းမသာပဲ စုံစမ်းတဲ့ (ဥပေက္ခာ သဟဂုတ် သန္တီရဏ) စိတ်-
ဆိုတဲ့ ဒီစိတ် ၈-ခုလဲ ကာမကုသိုလ်ကံကြောင့်ဖြစ်တဲ့ စိတ်ဝိညာဏ်တွေပါပဲ။
ယခုပြောခဲ့တာတွေကတော့ သင်္ခါရကြောင့် စိတ်ဝိညာဏ်ဖြစ်ပုံကို အဘိဓမ္မာ သဘောနဲ့ အတော်အတန် ရိပ်မိရုံမျှ ရှင်းပြတာဖြစ်ပါတယ်၊ အဲဒီ အကျိုးဝိပါက် ဝိညာဏ်တွေဟာ အကုန်လုံးပေါင်းပြီး ရေတွက်ယင် (အရူပဝိပါက် ၄-ခု, ရူပဝိပါက် ၅-ခု, အကုသလဝိပါက် ၇-ခု, ကာမကုသလဝိပါက် ၁၆-ခုရှိတဲ့အတွက်) ၃၂-ခု ရှိပါတယ်၊ အဲဒီ ဝိပါက်ဝိညာဏ် ၃၂-ခုဟာ သင်္ခါရကြောင့် ဖြစ်ပါတယ်-တဲ့။
သင်္ခါရကြောင့် ဘဝသစ်ဝိညာဏ်ဖြစ်ပုံ အသိခက်တယ်
သင်္ခါရကြောင့် ဘဝသစ်ပဋိသန္ဓေ ဝိညာဏ်ဖြစ်တယ် ဆိုတာဟာ အသိခက်တယ်၊ သိဖို့လဲ အလွန်အရေးကြီးပါတယ်၊ လယ်တီဆရာတော်ဘုရားကြီးက ပဋိစ္စသမုပ္ပါဒ်မှာ ဒီအချက်နဲ့စပ်ပြီး လေးလေးနက်နက် မိန့်မှာသွားပါတယ်၊ “သင်္ခါရကြောင့် ဘဝသစ်ပဋိသန္ဓေဝိညာဏ် ဖြစ်တယ်ဆိုရာမှာ မိစ္ဆာဒိဋ္ဌိဖြစ်စရာ အကွက်ကြီးတခုပဲ” တဲ့၊
ဟုတ်တယ်၊ တဘဝတဘဝမှာ သေတဲ့တခါ စုတိစိတ်နဲ့တကွ ရုပ်နာမ်တွေအားလုံး ချုပ်သွားတယ်ဆိုတာကိုလဲ သိဖို့ သဘောပေါက်နားလည်ဖို့ လိုပါတယ်၊ ဒီလို ရုပ်နာမ်တွေ အကုန်လုံးချုပ်သွားပေမယ့် ကိလေသာ မကင်းသေးယင်တော့ ကုသိုလ်ကံ အကုသိုလ်ကံဆိုတဲ့ သင်္ခါရကြောင့် ဘဝသစ် ဌာနသစ်မှာ ပဋိသန္ဓေဝိညာဏ်နှင့်တကွ ရုပ်နာမ်အသစ်တွေ မပြတ်စပ်ပြီး ဖြစ်ပေါ်သွားတယ် ဆိုတာကိုလဲ သိဖို့, သဘောပေါက်နားလည်ဖို့ လိုပါတယ်၊
ဒီလို သဘောမပေါက် မသိ နားမလည်ယင်တော့ “သေတဲ့အခါ ဒီဘဝက အတ္တကောင်, အသက်ကောင် ကပဲ ဟိုဘဝရွှေ့ပြောင်းသွားတယ်၊ တကယ်သေပျက်သွားတာတော့ မဟုတ်ဘူး၊ ဘဝသစ်ကို ရွှေ့ပြောင်းသွားရုံမျှပဲ”လို့ ဒီလိုထင်မြင် ယူဆတတ်ပါတယ်၊ အဲဒီလို ထင်မြင်ယူဆတာဟာ သဿတဒိဋ္ဌိပဲ၊
သို့မဟုတ်ယင်လဲ “သေတဲ့အခါ အကုန်လုံး ပျောက်ပျက်သွားတယ်၊ ဘဝသစ် ထပ်ဖြစ်တယ်ဆိုတာ မဟုတ်ဘူး၊ သေပြီးတဲ့နောက် ဘာမျှမရှိတော့ဘူး”လို့ ဒီလို ယင်လဲ ထင်မြင်ယူဆတတ်ပါတယ်၊ ယခုကာလ ရုပ်ဝါဒသမားတွေဟာ ဒီလိုပဲ ယူဆနေကြပါတယ်၊ အဲဒါကို ဗုဒ္ဓတရားတော်က ဥစ္ဆေဒဒိဋ္ဌိလို့ဆိုပါတယ်။
ဘာကြောင့် ဒီဒိဋ္ဌိ ဖြစ်ရသလဲဆိုယင် သေတဲ့အခါ အကြောင်းအကျိုးဆက်ပုံကို မသိလို့ဖြစ်တာပါပဲ၊ မသိမှု အဝိဇ္ဇာကြောင့် အားထုတ်မှု-သင်္ခါရတွေ ဖြစ်တယ် ဆိုတာကတော့ သက်သေအထောက်အထားနှင့်တကွ မျက်မြင်အားဖြင့်ပဲ ထင်ရှား နေပါတယ်၊ နောက်ပြီးတော့ မျက်စိနဲ့ အဆင်း, နားနဲ့ အသံစသော အာယတနတွေ ရှိနေလို့ အာရုံနဲ့တွေ့တဲ့ ဖဿဖြစ်တယ်၊ အာရုံနဲ့တွေ့ရလို့ ခံစားမှုဝေဒနာဖြစ်တယ်၊ ခံစားရလို့ သာယာတောင့်တမှုတဏှာဖြစ်တယ် စသည်ဖြင့် ဒါတွေလဲ မျက်မြင်အား ဖြင့် ထင်ရှားနေတယ်၊ သေပြီးနောက် ဘဝသစ် ဖြစ်တယ်ဆိုတာကတော့ အများအားဖြင့် မတွေ့ရတဲ့အတွက် မထင်ရှားဘူး၊ ဒါကြောင့် “သေပြီးတဲ့နောက် ဘာမျှမရှိတော့ဘူး”ဆိုတဲ့ ဥစ္ဆေဒအယူကို ရောက်သွားတတ်ကြတယ်၊ ဒါကြောင့်ပဲ လယ်တီဆရာတော်ဘုရားကြီးက ဒီ ဘဝကူးတဲ့အချက်နဲ့ စပ်ပြီးတော့ “မိစ္ဆာဒိဋ္ဌိဖြစ်စရာ အကွက်ကြီးတခု” လို့ ဆိုပေတာပဲ။
စာတတ်ပုဂ္ဂိုလ်တွေမှာလဲ ခက်တာပဲ
စာပေကျမ်းဂန်တတ်တဲ့ ပုဂ္ဂိုလ်တွေမှာ သဒ္ဓါတရားရှေ့ဆောင်ပြီး ဆင်ခြင်ယင် သင်္ခါရကြောင့် ပဋိသန္ဓေဝိညာဏ် ဖြစ်ပေါ်တယ်ဆိုတဲ့ ဒီ အချက်ကို တော်တော် သဘောကျတတ်ပါတယ်၊ ဒါပေမယ့် ကိုယ်ပိုင် ဆင်ခြင်ဉာဏ်ကိုသာ အားကိုးပြီး ကိုယ်တွေ့ အထောက်အထားလောက်နဲ့ ကြံကြည့်ယင်တော့ စာတတ် ပုဂ္ဂိုလ်တွေမှာလဲ ဒီအချက်ကို သဘောပေါက်ဖို့ ခက်နေတတ်တယ်၊ ယခုခေတ်မှာ ရုပ်ဝါဒသမားတွေရဲ့ အတွေးအခေါ်တွေကို လေ့လာမိယင်လဲ အဲဒီဆရာတွေရဲ့ တပည့်လဲ ဖြစ်သွားတတ်တယ်၊
ဒီနေရာမှာ ဝိပဿနာဉာဏ် ထက်ထက်သန်သန် ဖြစ်အောင် အားထုတ်ထားတဲ့ ပုဂ္ဂိုလ်တွေမှာတော့ ကိုယ်ပိုင်ဉာဏ်နဲ့ ရှင်းနေတတ်ပါတယ်၊ ရှင်းပုံကတော့ ဖြစ်ခိုက်ရုပ်နာမ်တွေကို မပြတ်လိုက်ပြီး ရှုမှတ်နေတဲ့ ယောဂီမှာ စိတ်ကလေးတွေ ခဏမစဲ ဖြစ်ပြီး ပျက်နေတာကို ထင်ရှားတွေ့ရတယ်၊ ရှေ့ စိတ်တခု ဆုံးသွားယင် နောက် စိတ်တခု ဆက်ပြီး ပေါ်လာတာကို တွေ့ရတယ်၊ အဲဒီစိတ် ဆုံးသွားပြန်ယင်လဲ သူ့နောက်က စိတ်တခု ဆက်ပြီးပေါ်လာတာကို တွေ့ရပြန်တယ်၊ ဒီနည်းဖြင့် စိတ်ကလေးတွေဟာ ပုတီးစေ့ကလေးများ တခုပြီးတခုစီနေသလိုပဲ အသစ်အသစ် မပြတ်မစဲ ဖြစ်နေတာကို ကိုယ်တိုင်တွေ့ရတယ်။
ယောဂီက သူ့ကိုယ်တွေ့ကို ပြောတာပါ
အဲဒါဟာ ဆရာသမားတွေကပြောလို့ သဘောကျရတာ မဟုတ်ပါဘူး၊ ယောဂီပုဂ္ဂိုလ်က ရှုမှတ်ယင်း ကိုယ်တိုင်တွေ့လာတာကို သူ့ဟာသူပဲ ပြောပြလို့ ကမ္မဋ္ဌာန်းဆရာများက မှတ်တမ်းတင်ထားရတာပါ၊ ဒါပေမယ့် အားထုတ်စ ပုဂ္ဂိုလ် ကတော့ ဒါလောက်အထိ မသိနိုင်သေးပါဘူး၊ သမ္မသနဉာဏ်, ဥဒယဗ္ဗယဉာဏ် ဆီရောက်မှ သူတို့ကိုယ်တိုင် တွေ့ပြီး ပြောတတ်ကြပါတယ်၊ အကြမ်းဖျင်းလောက် ဆိုယင်တော့ ပစ္စယပရိဂ္ဂဟ ဉာဏ်ကတည်းက ဒီစုတိနဲ့ ပဋိသန္ဓေအကြောင်းကို သဘောပေါက်တတ်ပါတယ်၊
ဒါကြောင့် ဝိသုဒ္ဓိမဂ်မှာ စုတိနဲ့ ပဋိသန္ဓေ ဖြစ်ပုံကို သဘောပေါက် သိမြင်သောအားဖြင့် တရားအလုံးစုံကို သိမြင် သဘောပေါက်တဲ့ သူမှာ ပစ္စယပရိဂ္ဂဟဉာဏ် ကောင်းကောင်း ရင့်ကျက်ပြည့်စုံတယ်လို့ မိန့်ဆိုထားပါတယ်၊ ဒါပေမယ့် ကိုယ်ပိုင် ဉာဏ်နဲ့ ရှင်းရှင်းလင်းလင်းသိတာ ကတော့ သမ္မသနဉာဏ်ရင့်လို့ ဥဒယဗ္ဗယဉာဏ် ရောက်မှ ပြည့်စုံပါတယ်၊ အဲဒီအခါ ဒီ စိတ်ရဲ့အဖြစ်အပျက်ကို ကောင်းကောင်းကြီး ရှင်းရှင်းလင်းလင်းကြီး သိရတယ်။
စုတိနဲ့ပဋိသန္ဓေကို ဒီလိုသိတယ်
ဒါကြောင့် ဒီသမ္မသနဉာဏ်, ဥဒယဗ္ဗယဉာဏ်ရောက်နေတဲ့ ယောဂီကစုတိစိတ်နဲ့ ပဋိသန္ဓေစိတ်ဖြစ်ပုံကို ဒီလို သိတယ် “လောကမှာ သေတယ်ဆိုတာလဲ ရှုမှတ်ရတဲ့ စိတ်ကလေး ပျောက်သွားတာမျိုးပဲ၊ ယခုရှုနေယင်း ပျောက်ပျောက်သွားတဲ့ စိတ်ကလေးလိုပင် နောက်ဆုံးစိတ်ကလေး ပျောက်သွားတာဖြစ်မှာပဲ၊ ဘဝ အသစ်ဖြစ်တယ် ဆိုတာလဲ ယခုမှတ်သိရတဲ့ စိတ်ကလေးတွေ အသစ်အသစ် ဖြစ်ပေါ်လာတာမျိုးဖြစ်မှာပဲ၊ သေတာလဲ နောက်ဆုံးစိတ် တစိတ်ပဲ၊ ဘဝအသစ် ဖြစ်တာလဲ အစဆုံးစိတ် တစိတ်မျှပဲ”လို့ ဒီလိုသဘောပေါက်ပြီး သိသွားတယ်။
ဝိပဿနာဉာဏ်ကင်းတဲ့ ပကတိပုဂ္ဂိုလ်တွေမှာတော့ ဒီလို မသိဘူး၊ ငယ်ငယ် ကတည်းက ယခုထက်ထိ တစိတ်ထဲ တည်နေတယ်၊ တယောက်ထဲပဲ, တကိုယ်ထဲပဲလို့ ဒီလိုထင်နေတယ်၊ ယခင်ကသိလာခဲ့တာလဲ ဒီစိတ်ပဲ၊ ငါပဲ၊ ယခုသိနေတာလဲ ဒီစိတ်ပဲ၊ ငါတယောက်ထဲပဲလို့ ဒီလိုထင်နေတယ်၊ ဒါဟာ အတ္တစွဲအတ္တဒိဋ္ဌိပဲ၊ ဗုဒ္ဓသာသနာဝင် မဟုတ်တဲ့သူတွေဟာ အကုန်လုံး ဒီလိုပဲ ထင်မြင်စွဲလမ်းနေကြတယ်၊ ဗုဒ္ဓသာသနာဝင်တွေ ထဲမှာတောင်မှ ဒီအတ္တအစွဲက သုတနည်းတဲ့သူတွေမှာ ရှိနေသေးတာပဲ၊ အဘိဓမ္မာသဘောနဲ့စပ်ပြီး ဗဟုသုတ ပြည့်ဝတဲ့သူတွေမှာတော့ နည်းနည်းသက်သာရာရပါရဲ့၊ ဒါတောင် ဒိဋ္ဌိအာသယရှိတဲ့ သူတွေမှာ ဒီအတ္တစွဲက ဝင်ပြီး ဖြစ်တတ်သေးတာပဲ၊
ဒိဋ္ဌိအာသယဆိုတာ ဒိဋ္ဌိအယူကို ဘဝများစွာက အကြိုက်များလာခဲ့လို့ အဲဒီ ဒိဋ္ဌိအယူမှာ စိတ်ကလေးပြန်ပြန်ပြီး ကိန်းဝပ်တည်နေတဲ့သဘောပါပဲ၊ ဝိပဿနာ ရှုနေတဲ့သူ မှာတောင် ဉာဏ်ကမရင့် သေးယင် ဒီအယူအစွဲက ရံဖန်ရံခါ ဝင်ပြီးဖြစ်နိုင်သေးတာပဲ၊ ပကတိပုဂ္ဂိုလ် တွေမှာတော့ စဉ်းစားလိုက်ယင် ဒီအယူအစွဲအတိုင်းပဲ ထင်မြင်နေတာပဲ၊ တသက်လုံး တဘဝလုံး တစိတ်ထဲပဲ, ငါတယောက်ထဲပဲလို့ ဒီလို ထင်နေတာပဲ။
သဿတ, ဥစ္ဆေဒ အယူအစွဲ ဖြစ်ပုံ
ဒီလိုထင်နေတော့ သေတယ်ဆိုယင် “အကောင်ကြီးလိုက် သေသွားတယ်၊ အကောင်ကြီးလိုက် တခြား ဘဝဌာနကို ရွှေ့သွားတယ်”လို့ ထင်တော့တာပဲ၊ အဲဒါဟာ သေခြင်းဆိုတဲ့ စုတိမှာ တွေဝေတာပါပဲ၊ တွေဝေတယ်ဆိုတာ မသိတာနဲ့ အလွဲ သိတာဆိုတဲ့ အဝိဇ္ဇာပါပဲ၊ အဲဒီလို တွေဝေတဲ့အတွက် သတ္တဝါဟာ သေတဲ့အခါ လုံးလုံးပျောက်သွားတယ်လို့ထင်ယင် ဥစ္ဆေဒဒိဋ္ဌိဖြစ်တယ်၊ တခြားဘဝ တခြားဌာန တခြားကိုယ်ထဲ ပြောင်းရွှေ့သွားတယ်လို့ထင်ယင် သဿတ ဒိဋ္ဌိ ဖြစ်တယ်။
နောက်ပြီးတော့ ဘဝအသစ် ဖြစ်ရာမှာလဲ “သတ္တဝါအသစ် ဖြစ်ပေါ်လာတယ်၊ ကိုယ်အသစ်ထဲမှာ တခြားက သတ္တဝါ အကောင်က ပြောင်းရွှေ့လာတယ်”လို့လဲ ထင်တတ်တယ်၊ အဲဒါဟာ ပဋိသန္ဓေဆိုတဲ့ ဘဝအသစ်ဖြစ်ရာမှာ တွေဝေတာပါပဲ၊ အဲဒီလိုတွေဝေတဲ့အတွက် အသက်ကောင်ဟာ တခြားကပြောင်းလာပြီးတော့ ကိုယ်အသစ်ထဲမှာရောက်လာပြီး တည်နေတယ်” လို့ထင်ယင် သဿတဒိဋ္ဌိ ဖြစ်တယ်၊ “ရုပ်တွေကရင့်ကျက်ပြီး အသိစိတ်နာမ် ဖြစ်ပေါ်လာတယ်, အလိုလို ဖြစ်ပေါ်လာတယ်”လို့ ထင်ယင် အဟေတုကဒိဋ္ဌိအကြောင်းမဲ့အယူ ဖြစ်တယ်၊ “နတ် သိကြား ဗြဟ္မာတွေက, ဖန်ဆင်းတဲ့ဘုရားသခင်က အသက်သွင်း ပေးတယ်”လို့ ထင်ယင် ဝိသမဟေတုဒိဋ္ဌိ-အကြောင်းမှားတဲ့ အယူဖြစ်တယ်။
ပြီးတော့ သံသရာဆိုတဲ့ ရုပ် နာမ် ခန္ဓာတို့၏ ဖြစ်စဉ်မှာလဲ တွေဝေတယ်၊ မြင်မှု ကြားမှု တွေ့မှု သိမှုစသော ရုပ် နာမ် ခန္ဓာတွေ တခုပြီးတခု အသစ်အသစ်ပြောင်းလဲပြီး ဖြစ်နေတဲ့အစဉ်ကို သံသရာလို့ ခေါ်တယ်၊ အဲဒါကို အမှန်အတိုင်းမသိတော့ “သတ္တဝါဆိုတဲ့ အသက်ဟာ ဒီဘဝဒီကိုယ်က ထွက်သွားပြီးတော့ တခြားဘဝ တခြားကိုယ်မှာတည်တယ်၊ တခြားဘဝ တခြား ကိုယ်မှ ဒီဘဝ ဒီကိုယ်ထဲ ပြောင်းရွှေ့လာတယ်”လို့ ထင်မြင် ယူဆတယ်၊ အဲဒါဟာ သဿတဒိဋ္ဌိပဲ၊
အသက်ကောင်ကလေးဟာ ဟိုဘဝဒီဘဝ ပြောင်းရွှေ့ရုံသာ ပြောင်းရွှေ့တယ်၊ ဘယ်တော့မှ မပျက်ဘူးလို့ ထင်မြင်တဲ့အယူပါပဲ၊ သေနေတဲ့ ရုပ်အလောင်းကြီး ပျက်စီးသွားတာတော့ အများအားဖြင့် သိကြပါတယ်၊ ဒါတောင် တချို့ကတော့ အဲဒီ အလောင်းကြီးမှာ အသက်ရှိနေသေးသလိုပဲ စွဲလမ်းကြ သေးတယ်၊ တချို့ကလဲ အချိန်ကျယင် ပြန်ပြီး အသက်ရှင်လာဦးမယ်လို့လဲ ယူဆကြ သေးတယ်၊ ဒါကြောင့် အဲဒီရုပ်အလောင်းကြီးကိုပဲ တရိုတသေ ယုယပြုစု နေကြတယ်၊ အယူအစွဲတွေပါပဲ၊ ဒါကြောင့် “သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ်” ဆိုရာမှာ “ဒိဋ္ဌိဖြစ်စရာ အကွက်ကြီးတခု” လို့ လယ်တီဆရာတော်ဘုရားကြီးက မိန့်ဆိုတော်မူခဲ့ပေတာပဲ။
ဒိဋ္ဌိ ၂-မျိုးဖြစ်ပုံက အများနဲ့ ဆိုင်ပါတယ်
ယခုပြောခဲ့တဲ့ သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိဆိုတဲ့ ဒီ ဒိဋ္ဌိ ၂-မျိုးဖြစ်ပုံဟာ လူမျိုးတိုင်း ဘာသာဝင်တိုင်းနဲ့ ဆိုင်ပါတယ်၊ အင်မတန် ကျယ်ပြန့်ပါတယ်၊ ဗုဒ္ဓသာသနာဝင် အမည်ခံ ပုဂ္ဂိုလ်တွေထဲမှာတောင် ဝိပဿနာဉာဏ် ကောင်းကောင်းမဖြစ်ဖူးယင် သို့မဟုတ် အဘိဓမ္မာသဘာဝ ဗဟုသုတနဲ့ မပြည့်စုံယင် ဒီအယူ ၂-မျိုးက ဖြစ်နိုင်သေးတာပဲ၊ အမြဲတမ်းမဟုတ်တောင် ရံဖန်ရံခါတော့ ဝင်ပြီးဖြစ်နိုင်သေးတာပဲ၊
သို့သော် ဗုဒ္ဓသာသနာဝင်တွေမှာ ထူးတာကတော့ “ရုပ်နာမ်မျှသာရှိတယ်, အတ္တကောင် မရှိဘူး” လို့ဆိုတဲ့ ဘုရားစကားကို ယုံကြည်လက်ခံထားတဲ့အတွက် အဲဒီအယူတွေ မကင်းသေးသော်လဲ ခိုင်ခိုင်မြဲမြဲတော့မဖြစ်ဘူး၊ ဝိပဿနာ မဂ်ဖိုလ်ကို အန္တရာယ် ပြုလောက်အောင်တော့ မဖြစ်ဘူး၊ အဲဒါဟာ ဗုဒ္ဓသာသနာဝင်တွေမှာ ထူးခြားချက်ပါပဲ၊ ဒါကြောင့် ဗုဒ္ဓသာသနာဝင်ပုဂ္ဂိုလ်တွေဟာ စုတိ-ပဋိသန္ဓေအကြောင်း, သံသရာ အကြောင်းတွေကို စောစောက ကောင်းကောင်း မသိပေမယ့် ဝိပဿနာတရားလဲ အားထုတ်နိုင်တယ်၊ အဲဒီလိုအားထုတ်တော့လဲ အားထုတ်ယင်းပဲ အမှန်အတိုင်း သိလာပြီးတော့ အဲဒီ မိစ္ဆာအယူတွေ လုံးဝကင်းသွားနိုင်ပါတယ်။
အဲဒါကို သက်သေသာဓကပြရလျှင် မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူပြီးခါစ ကာလက အရှင်ဆန္နမထေရ်ဟာ ဝိပဿနာရှုပါသော်လဲ အတ္တစွဲကရှိနေလို့ တရားက မတိုးတက်ပဲရှိနေတယ်၊ အဲဒီအခါမှာ အရှင်အာနန္ဒာဟောကြားတဲ့ ပဋိစ္စသမုပ္ပါဒ် တရားကိုနာယင်း နှလုံးသွင်းအားထုတ်တဲ့အတွက် အတ္တစွဲဒိဋ္ဌိလဲ ကင်းသွားတယ်၊ အရဟတ္တမဂ်ဖိုလ်ကိုလဲ ရောက်သွားတယ်၊
နောက်ပြီးတော့ ဘုရားလက်ထက်တော် အခါက အရှင်ယမက ဆိုတဲ့ ရဟန်းမှာ “ရဟန္တာပုဂ္ဂိုလ်ဟာ ကိုယ်ခန္ဓာပျက်စီးပြီး သေသွားတဲ့နောက်မှာ ဘာမျှမရှိတော့ဘူး၊ ပုဂ္ဂိုလ်အကောင်လိုက် ပျောက်သွားတယ် ပြတ်စဲသွားတယ်”လို့ ဒီလို ဥစ္ဆေဒအယူ ရှိနေတယ်၊ အဲဒီအကြောင်းကို ကြားသိရလို့ အရှင်သာရိပုတ္တရာက ခေါ်ယူပြီး တရားဟောတော်မူပါတယ်၊ အဲဒီတရားကို နာယင်း အရှင်ယမကဟာ တရားနှလုံးသွင်း အားထုတ်တဲ့အတွက် အဲဒီဥစ္ဆေဒအယူလဲ ကင်းသွားတယ်၊ အရဟတ္တမဂ်ဖိုလ်ကိုလဲ ရောက်သွားတယ်၊
ဒီဝတ္ထုတွေဟာ ဒီနေရာမှာ ခိုင်လုံတဲ့ သာဓကတွေပါပဲ၊ ဒါကြောင့် ဗုဒ္ဓမြတ်စွာဘုရားကို ယုံကြည်တဲ့ သူဆိုယင် ဘာမှအားငယ်စရာ မရှိပါဘူး၊ စုတိ-ပဋိသန္ဓေအကြောင်း ကောင်းကောင်း မသိသေးလို့ ခုတင်က ပြောခဲ့တဲ့ အယူအစွဲမျိုးတွေ မကင်းရှင်း သော်လဲ ဘာမှ စိုးရိမ်မနေနဲ့၊ ဝေဖန်မနေနဲ့ တရားကိုသာ အားထုတ်ကြည့်ပါ၊ သူ့အလိုလို အသိဉာဏ်ရှင်းပြီး အဲဒီလို အယူအစွဲတွေ ကင်းသွားပါလိမ့်မယ်။
မေးနေရုံနဲ့တော့ မပြေလည်နိုင်ဘူး
တချို့ကတော့ စုတိ-ပဋိသန္ဓေအကြောင်း ကောင်းကောင်းမသိတာနဲ့ တွေဝေယုံမှား နေလို့ဖြစ်ဖြစ်, ဥစ္ဆေဒအယူရှိနေလို့ဖြစ်ဖြစ် မေးတတ်ကြတယ်၊ သေပြီးယင် နောက်ဘဝရှိသေးသလားတဲ့၊ ဒီမေးခွန်းထဲမှာ သေပြီးယင် ရှိသေးသလားလို့ဆိုတော့ မသေခင်ကတော့ ရှိနေတယ်ဆိုတဲ့အစွဲက ထင်ရှားနေတယ်၊ အဲဒီမသေခင် ရှိနေတာက ဘာလဲဆိုယင် အတ္တကောင် အသက်ကောင်ပါပဲ၊
ဒါကြောင့် ရုပ်ဝါဒအရ အတ္တစွဲမရှိဘူးလို့ ဆိုနေကြပေမယ့် မသေခင် အသက်ရှင်နေတာရှိတယ်လို့ ယူဆတာဟာ အတ္တစွဲပါပဲ၊ အဲဒီအတ္တစွဲနဲ့မေးခွန်းကို ဗုဒ္ဓသာသနာအမြင်နဲ့ ဖြေဖို့ခက်ပါတယ်၊ သေပြီးတဲ့နောက် ဘဝရှိသေးတယ်လို့ ဖြေယင်လဲအတ္တအယူ, သဿတအယူကို ထောက်ခံရာရောက်တယ်၊ မရှိဘူးလို့ ကတော့ လုံးလုံး မဖြေသင့်ဘူး၊
ဒါကြောင့် မြတ်စွာဘုရားက ဒီလိုမေးခွန်းကို မဖြေပဲထားပါတယ်၊ နောက်ပြီးတော့ သာမန်လူပုဂ္ဂိုလ်တွေ နားလည်အောင် သက်သေအထောက် အထားနဲ့ ပြပြီး ဖြေဖို့လဲခက်ပါတယ်၊ အဘိညာဉ်ရတဲ့ပုဂ္ဂိုလ်တွေက အဘိညာဉ် တန်ခိုးနဲ့ နတ်ပြည် ငရဲပြည် ပြိတ္တာပြည် စသည်ကို ပြပြီး ဖြေမယ်ဆိုယင် ဖြစ်ဖို့ရှိပါတယ်၊ ဒါပေမယ့် မယုံချင်တဲ့သူတွေက မှော်အတတ်နဲ့ မျက်လှည့်အတတ်နဲ့ ပြတယ်လို့ ပြောချင်လဲ ပြောဦးမှာပဲ၊ ဒါကြောင့်လဲ မြတ်စွာဘုရားက ဒီမေးခွန်းမျိုးကို မဖြေပဲ “ကိလေသာ မကင်းသေးယင် ဘဝဟောင်းက သေပြီးလျှင် ဘဝသစ် ရုပ်နာမ်ခန္ဓာ မပြတ်ဆက်ပြီး ဖြစ်တယ်” လို့ ဒီလို ဓမ္မဓိဋ္ဌာန်အားဖြင့်သာ ဟောတော် မူပါတယ်။
အမှန်ကတော့ ဒီမေးခွန်းဟာ နှုတ်နဲ့ ဖြေရုံနဲ့ မပြေလည်နိုင်ပါဘူး၊ ပဋိပတ်အကျင့် လမ်းနဲ့သာ ပြေလည်နိုင်ပါတယ်၊ ဗုဒ္ဓသာသနာတော်မှာ ဘဝပြဿနာကို ပြေလည်စေနိုင်တဲ့ အကျင့်နည်းလမ်းတွေ ထင်ရှားရှိနေပါတယ်၊ ဈာန်အဘိညာဉ်ကို ရအောင်အားထုတ်လို့ အောင်မြင်ယင် ဒိဗ္ဗစက္ခုအဘိညာဉ်နဲ့ ကြည့်ရှုပြီး ကိုယ်တိုင် တွေ့နိုင်ပါတယ်၊ ကောင်းမှုကုသိုလ်နဲ့ ပြည့်စုံတဲ့သူတွေ သေပြီးတဲ့နောက် နတ်ရွာသုဂတိ ရောက်နေတာကိုလဲ ထင်ရှားမြင်နိုင်ပါတယ်၊ မကောင်းမှုအကုသိုလ်နဲ့ ပြည့်စုံတဲ့သူတွေ ငရဲဘုံ ပြိတ္တာဘုံ တိရစ္ဆာန်ဘုံ ရောက်နေတာကိုလဲ ထင်ရှား မြင်နိုင်ပါတယ်၊
ဥပမာအားဖြင့် မျက်နှာချင်းဆိုင် အိမ်နှစ်ဆောင်မှာ တအိမ်မှ တအိမ်ကို ကူးသွား နေကြတာကို အိမ်နှစ်ဆောင်ကြားက စောင့်ကြည့်နေတဲ့သူက ထင်ရှားမြင်ရ သလိုပါပဲတဲ့၊ အဲဒါဟာ အံ့ဩစရာလဲ အလွန်ကောင်းပါတယ်၊ နတ်ပြည်မှာ နတ်တွေ အများကြီးထဲက ကိုယ်ကြည့်ချင်တဲ့သူကိုသာ တည့်တည့် မတ်မတ် ထင်ထင်ရှားရှား တွေ့ရတယ်၊ ငရဲ ပြိတ္တာ တိရစ္ဆာန်ဘုံတွေမှာ သတ္တဝါတွေ အများကြီးထဲကလဲ ကိုယ်ကြည့်ချင်တဲ့သူကိုသာ တည့်တည့်မတ်မတ် ထင်ထင် ရှားရှား တွေ့ရတယ်၊ အံ့ဩစရာပါပဲ၊ ဒါကြောင့် အဲဒီဈာန်အဘိညာဉ်ကိုရအောင် အားထုတ်ပြီးတော့ ဘဝပြဿနာကို ကိုယ်တိုင်ပဲ ရှင်းကြပါလို့ တိုက်တွန်းလိုပါတယ်။
ဒီလို အမြင်အကြားသဘောတွေကို တွေ့နေကြတယ်
ဒီနေရာမှာ မေးစရာရှိပါတယ်၊ အဲဒီ ဈာန် အဘိညာဉ်တွေဆိုတာက ယခုအခါ ရနိုင်ပါသေးသလားလို့ မေးစရာရှိပါတယ်၊ ရနိုင်ပါတယ်လို့ပဲ ဖြေရပါမယ်၊ ဘာကြောင့်လဲဆိုယင် မရနိုင်ဘူးလို့ ပယ်မြစ်ချက်လဲ မရှိပါဘူး၊ ယခုတရားအားထုတ် နေကြတဲ့ အချို့ယောဂီတွေမှာလဲ ဒီလိုအမြင်အကြား သဘောတွေကို တွေ့နေကြပါတယ်၊ ဒါကြောင့်ပါပဲ၊ဒါပေမယ့် အဘိညာဉ် ဆိုတာကတော့ အင်မတန် သမာဓိအားကောင်းမှ ပြည့်စုံတယ်၊ လွယ်လွယ်ကလေးတော့ မဟုတ်ဘူး၊
ဒါကြောင့် အဲဒါထက် လွယ်တာကို ပြောရမယ်ဆိုယင် ဝိပဿနာကို အားထုတ် ကြည့်ပါ၊ ဝိပဿနာရှုလို့ ပစ္စယပရိဂ္ဂဟဉာဏ်ကို ရောက်ယင် စုတိ ပဋိသန္ဓေ အကြောင်း အတော်အတန် သဘောပေါက်ပြီး ဘဝပြဿနာဟာ ရှင်းတန်သလောက် ရှင်းသွားပါလိမ့်မယ်၊ အဲဒါထက် သမ္မသနဉာဏ် ဥဒယဗ္ဗယဉာဏ် ဘင်္ဂဉာဏ်တွေကို ရောက်တော့ ပိုပြီးရှင်းသွားပါလိမ့်မယ်၊ ဘာကြောင့်လဲဆိုယင် အဲဒီဉာဏ်တွေ ရောက်တော့ စိတ်ကလေးတွေ တခုပြီးတခု မပြတ် ဆက်စပ်ပြီးဖြစ်နေတာကို ကိုယ်ပိုင်ဉာဏ်နဲ့ ရှင်းရှင်းလင်းလင်းကြီး တွေ့ရတယ်၊
ဒီလိုတွေ့ရတော့ “နောက်ဆုံး သေတယ်ဆိုတာဟာ ရှုမှတ်နေယင်း ပျက်ပျက်သွားတဲ့ စိတ်ကလေးမျိုးပဲ၊ ဘဝ အသစ်ဖြစ်တယ်ဆိုတာလဲ မှတ်တိုင်း မှတ်တိုင်း အသစ် အသစ်ဖြစ်ပေါ်လာတဲ့ စိတ်ကလေးမျိုးပဲ၊ ယခု မှတ်နေစဉ်မှာ ရှေးစိတ် ဆုံးသွားယင် နောက်စိတ်တခု ဆက်ဖြစ်သလိုပင် သေတဲ့အခါလဲ နောက်ဆုံးစိတ်ကလေး ဆုံးသွားတဲ့နောက် ဘဝအသစ်မှာ အစဆုံးစိတ်ကလေး ဆက်ပြီးဖြစ်သွားမှာပဲ”လို့ မျက်မှောက်တွေ့နဲ့ မှန်းဆပြီး သဘောကျသွားနိုင်ပါတယ်၊
ဒါပေမယ့် ဝိပဿနာနဲ့သိတာကတော့ မခိုင်မြဲသေးဘူး၊ နောင်တချိန်မှာ ပျက်မယ် ဆိုယင် ပျက်သွားနိုင်သေးတယ်၊ သေသေချာချာ ခိုင်မြဲတာကတော့ အောက်ထစ်ဆုံး သောတာပတ္တိမဂ်ရောက်မှ ဘဝနဲ့စပ်ပြီး ယုံမှားသံသယ လုံးဝမဖြစ်နိုင်အောင် ခိုင်မြဲသွားတယ်၊ ဒါကြောင့် အဲဒီသောတာပတ္တိမဂ်ရောက်အောင် အားထုတ်ကြပါလို့ တိုက်တွန်းလိုပါတယ်၊ ဒီလိုဆိုတော့လဲ အားမထုတ်ချင်ကြပြန်ဘူး၊ မေးရုံသာ မေးချင်ကြတယ်၊ သူများကို အားကိုးတဲ့ သဘောပါပဲ၊ တချို့က ဟိုတခြားနိုင်ငံက သိပ္ပံဆရာတွေ, အကြံအတွေး ဆရာတွေက ပြောယင် အဲဒါကို ကိုယ်တိုင်လဲမတွေ့ရပါပဲနဲ့ ဟုတ်ပြီလို့ တထစ်ခ ျယုံတတ်ကြတယ်၊ တချို့ကလဲ ယခုနေအခါ ရဟန္တာဖြစ်တယ်, အကြားအမြင် ပေါက်တယ်လို့ ကျော်ကြားတဲ့ ပုဂ္ဂိုလ်က ပြောသမျှတွေကို ကိုယ်တိုင်လဲ မတွေ့ပါပဲနဲ့ ဟုတ်ပြီလို့ ယုံတတ်ကြတယ်၊ သူများကိုအားကိုးတဲ့ သဘောတွေချည်းပါပဲ၊ အကောင်းဆုံးကတော့ ကိုယ်တိုင်တွေ့အောင် ကျင့်တာဟာ အကောင်းဆုံးပဲ။
တကယ်ကျင့်ယင် တကယ်တွေ့နိုင်ပါတယ်
တကယ်ကျင့်ယင် ဥဒယဗ္ဗယဉာဏ်လောက် ရောက်တော့ တကယ်တွေ့နိုင်ပါတယ်၊
ရှေးစိတ်ဆုံးသွားယင် နောက်စိတ် တခုဟာ စွဲမှီစရာ အာရုံတခုခုကို စွဲမှီပြီး ပေါ်လာတယ်၊
ပြတင်းပေါက်က ခေါင်းပြူပြီး ဝင်လာသလိုပဲ အစဖြစ်ပေါ်လာပုံကို ထင်ရှားတွေ့ရတယ်၊
ပြီးတော့ မီးတောက်ကလေး ငြိမ်းသွားသလိုလဲ အဲဒီစိတ် ကလေး ပျောက်သွားပုံကိုလဲ ထင်ရှားတွေ့ရတယ်၊
အဲဒီလိုတစိတ်ပြီးတစိတ် အဆက်ဆက် ဖြစ်နေတာကို တွေ့ရတော့ ယောဂီမှာ
“သေတယ်ဆိုတာဟာ အကောင်လိုက် သေပျက်သွားတာ မဟုတ်ဘူး၊ ဒီစိတ်ကလေး တွေလို စိတ်တခု ပျက်သွားတာပဲ,
ဘဝအသစ် ဖြစ်တယ်ဆိုတာလဲ အကောင်လိုက် တလုံးတခဲတည်း ဖြစ်ပေါ်လာတာ ပြောင်းရွှေ့လာတာမဟုတ်ဘူး,
ဒီစိတ်ကလေး တွေလို စိတ်အသစ် တခု (ရှေးဘဝ သေခါနီးကရခဲ့တဲ့ အာရုံကိုစွဲမှီပြီး) ဖြစ်ပေါ် လာတာပဲ”
လို့ ဒီလို သဘောကျပြီး သိနိုင်ပါတယ်။
မသေခင်ကတော့ စိတ်အစဉ်ဟာ လက်ရှိ ရုပ်ကိုယ်ကြီးကိုပဲမှီပြီးတော့ ရှေးစိတ် ဆုံးယင် နောက်စိတ်ဖြစ်၊
ရှေးစိတ်ဆုံးယင် နောက်စိတ်ဖြစ်နဲ့ မပြတ်ဆက်စပ်ပြီး ဖြစ်နေတယ်၊
သေတဲ့အခါကျတော့ လက်ရှိရုပ်ကိုယ်ကြီးက မှီရာမဖြစ်နိုင်တဲ့အတွက် တခြားဌာန ရုပ်အစဉ်ကိုမှီပြီးတော့ စိတ်အစဉ် ဖြစ်သွားတယ်၊
တည်ရာဌာနမျှသာ ကွဲတယ်၊ စိတ်အစဉ်ကတော့ တစဉ်တည်း တဆက်တည်းပါပဲ။
ဥပမာ... လျှပ်စစ်ဓာတ်မီး ဖလ်သီးလုံးထဲမှာ လျှပ်စစ် ဓာတ်အားတွေ အစဉ်မပြတ် လာပြီး အလင်းရောင်ကလေးတွေ အဆက်ဆက်ဖြစ်ပြီး လင်းနေတာနဲ့လဲတူပါတယ်၊
အဲဒီလိုလင်းနေရာက ဖလ်သီး ကျွမ်းသွားလို့ရှိယင် အဲဒီဖလ်သီးမှာ မီးမလင်း တော့ဘူး၊
ဒါပေမယ့် လင်းမယ့်ဓာတ်အားကတော့ လာနေလျက်ပါပဲ၊ ဖလ်သီးက ပျက်နေလို့သာ မလင်းပဲရှိနေပါတယ်၊
အဲဒီနေရာမှာ အခြားဖလ်သီးအကောင်းတခုကို တပ်လိုက်ယင် အဲဒီဖလ်သီးအသစ်မှာတော့ ဓာတ်အားတွေ အဆက်ဆက်လာပြီး လင်းနေပါတယ်၊
အဲဒါလိုပါပဲ ဘဝဟောင်း ကိုယ်က ဖလ်သီးပျက်လိုဖြစ်နေလို့ အဲဒီဘဝဟောင်းရုပ်ကိုယ် ကိုမှီပြီး စိတ်ကမဖြစ်နိုင်တော့ဘူး၊
ဖလ်သီးအကောင်းနဲ့ တူတဲ့ ရုပ်ကိုယ်အသစ်မှာ မှီပြီး စိတ်အစဉ်တွေ ဖြစ်သွားပါတယ်၊
ဒီနေရာမှာ တည်ရာ ဖလ်သီးရုပ်တွေရော, ဓာတ်အားတွေရော, အလင်းဓာတ်တွေရော ဒါတွေအားလုံးဟာ အသစ်အဟောင်း ပြောင်းလဲနေတဲ့ ရုပ်အစဉ်တွေသာ ဖြစ်တယ်၊
တည်မြဲ တည်နေတာတော့ မဟုတ်ဘူးဆိုတာကိုလဲ သတိပြုရမယ်၊
ဒါကြောင့် “သင်္ခါရပစ္စယာ ဝိညာဏံ-သင်္ခါရကြောင့် ပဋိသန္ဓေစိတ် ဝိညာဏ် ဖြစ်တယ်” ဆိုရာမှာ
ဒီဖလ်သီး ဥပမာနဲ့ နှိုင်းယှဉ်ကြည့်ယင် အတော်အတန်တော့ သဘောပေါက်နိုင်ပါတယ်။
အဋ္ဌကထာ ဥပမာများ
ဘဝဟောင်းက ရုပ်နာမ်တစုံတခုမျှ လိုက်ပါမလာပဲ ဘဝသစ်မှာ ပဋိသန္ဓေဝိညာဏ် အသစ် ဖြစ်ပုံကို မှန်းဆသိဖို့ရာ အဋ္ဌကထာမှာ ပြထားတဲ့ ဥပမာတွေကတော့
ပဲ့တင်သံ, ဆီမီး, တံဆိပ်ရာ, မျက်နှာရိပ်တွေနဲ့ တူပါတယ်၊
အဲဒီ ဥပမာ ၄-ခုကို တိုတိုနဲ့ မှတ်ရအောင် “ပဲ့တင်သံ, အရိပ်, မီး, တံဆိပ်၊ ခပ်နှိပ်သန္ဓေ တူပေသည်”လို့ ဆောင်ပုဒ်စီထားပါတယ်၊
ကာရန်ရတဲ့ အတိုင်းပဲ အစဉ်ချထားတယ်၊ အဲဒီ အစဉ်အတိုင်းပဲ ပြောသွားမယ်။
ပဲ့တင်သံ ဥပမာ
ပဲ့တင်သံဆိုတာဟာ တောကြီးထဲမှာဖြစ်ဖြစ်, လိုဏ်ခေါင်းထဲမှာဖြစ်ဖြစ်, ယခု ဓမ္မာရုံကြီးလို တိုက်ကြီးထဲမှာဖြစ်ဖြစ် “ဟေး”လို့ အော်လိုက်ယင်
ဟိုရှေ့တဲ့တဲ့ အဝေးကလဲ “ဟေး”ဆိုတဲ့အသံပြန်မြည်လာတယ်၊
အဲဒီပဲ့တင်သံဟာအသံလှိုင်းက အမာခံကိုရိုက်ပြီး ပြန်လာတဲ့ သဘောပါပဲ၊
ဒါပေမယ့် ဒီက “ဟေး”ဆိုတဲ့အသံက ဟိုအဝေးကြီးကိုသွားပြီးတော့ မြည်တာတော့လဲ မဟုတ်ဘူး၊
ဒီကအော်လိုက်တဲ့ အသံအကြောင်းနဲ့လဲမကင်းဘူး၊
ဒါလိုပဲ ဘဝသစ် ပဋိသန္ဓေဝိညာဏ်ဟာ ဘဝဟောင်းက စိတ်က ရွှေ့သွားတာလဲ မဟုတ်ဘူး၊
ဘဝဟောင်းက အဝိဇ္ဇာသင်္ခါရစသော အကြောင်းနဲ့လဲ မကင်းဘူး၊ အဲဒါ တူပါတယ်-တဲ့၊
ဟုတ်တယ်၊ သေခါနီးမှာ ပြုဖူးတဲ့ကံ, အဲဒီ ကံပြုစဉ်က အာရုံနိမိတ်, ဖြစ်ရမည့်ဘဝက အခြေအနေ ဂတိနိမိတ် ဆိုတာတွေဟာ ထင်ပေါ်နေတယ်၊
အဲဒီထင်ပေါ်တဲ့ အာရုံတခုခုကို စွဲမှီပြီး ဘဝသစ်မှာ ပဋိသန္ဓေစိတ်ဆိုတဲ့ ဝိညာဏ်အသစ် ဖြစ်သွားရတယ်၊
ဒီလိုဖြစ်ရာမှာ ဘဝဟောင်းကစိတ်က ရွှေ့သွားတာလဲမဟုတ်ဘူး၊
ဒါပေမယ့် သေခါနီးမှာထင်ပေါ်ခဲ့ စွဲမှီခဲ့တဲ့ အာရုံကိုပဲ စွဲမှီပြီးတော့ ဖြစ်ရတာဟာ ရှေးဘဝက အဝိဇ္ဇာ သင်္ခါရ စသော အကြောင်းကြောင့်ဖြစ်ရတာပဲ၊
ဘာကြောင့်လဲဆိုယင် အဝိဇ္ဇာကြောင့် အဲဒီအကျိုး ပေးမည့် ကံ-ဆိုတဲ့သင်္ခါရကို ပြုမိခဲ့တယ်၊
အဲဒီသင်္ခါရဆိုတဲ့ ကံကြောင့် သေခါနီးမှာ ကံ, ကမ္မနိမိတ်, ဂတိနိမိတ်တွေ ထင်ပေါ်ပြီး အဲဒီ အာရုံတွေကို စွဲမှီခဲ့တယ်၊
အဲဒီလိုစွဲမှီခဲ့လို့ အဲဒီ ကံ, ကမ္မနိမိတ်, ဂတိနိမိတ်ကို အာရုံပြုပြီး ဘဝသစ်ဝိညာဏ် ဖြစ်ရတယ်၊
ဒါကြောင့် ဘဝဟောင်းက အကြောင်းနဲ့လဲ မကင်းဘူးဆိုတာ ထင်ရှားပါတယ်။
အရိပ် ဥပမာ
နောက်ဥပမာတခုက မျက်နှာရိပ်-တဲ့၊ မှန်ကြည့်တဲ့အခါ မှန်ထဲမှာ မျက်နှာရိပ် ပေါ်နေတယ်၊
အဲဒီ မျက်နှာရိပ်ဟာ လူရဲ့ ပကတိမျက်နှာက မှန်ထဲကိုရောက်ပြီး နေတာတော့ မဟုတ်ဘူး၊
ပကတိမျက်နှာအကြောင်းနဲ့လဲ မကင်းဘူး၊ ပကတိ မျက်နှာရှိလို့လဲ အဲဒီအရိပ်ဟာ ထင်ပေါ်နေတယ်၊
အဲဒါလိုပဲ ဘဝသစ်ဝိညာဏ်ဟာ ဘဝဟောင်းက စိတ်လဲမဟုတ်ဘူး, အသစ်ပဲ၊
ဒါပေမယ့် ဘဝဟောင်းက အကြောင်း နဲ့လဲမကင်းဘူး၊ ဘဝဟောင်းက အဝိဇ္ဇာ သင်္ခါရ-စသော အကြောင်းကြောင့်ပဲ ဖြစ်ပေါ်ရတယ်၊
အကျယ်နှီးနှောပုံကိုတော့ ခုတင်က ဥပမာအတိုင်းပဲ ချဲ့ပြီး သိရမယ်။
ဆီမီး ဥပမာ
နောက်ဥပမာ တခုကတော့ ဆီမီး-တဲ့၊ ဆီမီးခွက်တခု ထွန်းထားရာမှ အခြား ဆီမီးခွက်တခုကို မီးကူးယူယင် နောက်ဆီမီးခွက်မှာလဲ မီးတောက်နေတယ်၊
အဲဒီ မီးတောက်ဟာ မီးခွက်ဟောင်းက မီးတောက်ဟောင်းလဲ မဟုတ်ဘူး၊
အကယ်၍ မီးတောက်ဟောင်းဆိုယင် မီးခွက်အဟောင်းမှာ မီးတောက်မရှိပဲ ပျောက်သွား လိမ့်မယ်၊
အဲဒီလို ပျောက်လဲပျောက်မသွားပါဘူး၊ ဒါကြောင့် နောက်မီးခွက်က မီးတောက်ဟာ အသစ်ပါပဲ၊
ဒါပေမယ့် မီးခွက်ဟောင်းက မီးတောက်နဲ့လဲ မကင်းဘူး၊ မီးခွက်ဟောင်းက မီးတောက်ကြောင့်ပဲ မီးခွက်သစ်မှာ မီးတောက်ဖြစ်ရတယ်။
ဒါလိုပဲ ဘဝသစ်ကဝိညာဏ်ဟာ ဘဝဟောင်းစိတ်က ပြောင်းရွှေ့လာတာလဲ မဟုတ်ဘူး၊
ဘဝဟောင်းက အကြောင်းတရားတွေနဲ့လဲ မကင်းဘူး၊ အကျယ်တော့ ထင်ရှားပါပြီ။
တံဆိပ် ဥပမာ
နောက်ဆုံး ဥပမာကတော့ တံဆိပ်ခတ်နှိပ်ရာ-တဲ့၊ တံဆိပ်နှိပ်လိုက်ယင် အဲဒီ တံဆိပ်တုံးနဲ့ပုံတူ တံဆိပ်ရာထင်တယ်၊
အဲဒီ တံဆိပ်ရာဟာ တံဆိပ်တုံးရဲ့ မျက်နှာပြင်တော့ မဟုတ်ဘူး၊ အသစ်ပဲ၊
ဒါပေမယ့် တံဆိပ်တုံးနဲ့လဲ ကင်းပြီး မထင်နိုင်ဘူး၊ ဒါလိုပဲ ဘဝသစ်ဝိညာဏ်ဟာလဲ ဘဝဟောင်းက စိတ်ဟောင်းတော့ မဟုတ်ဘူး၊ စိတ်သစ်ပဲ၊
ဒါပေမယ့် အဝိဇ္ဇာ သင်္ခါရ, သေခါနီးမှ စွဲလမ်းခဲ့တဲ့ စိတ်အစရှိတဲ့ ဘဝဟောင်းက အကြောင်းတွေနဲ့လဲ မကင်းဘူး၊
အဲဒီ ဘဝဟောင်းက အကြောင်းတွေကြောင့်ပဲ ဘဝသစ် ဝိညာဏ်ဟာ ဖြစ်ရတယ်၊
ဒါကြောင့် ယခုဘဝမှာ ရှေးစိတ်နဲ့ နောက်စိတ်ဟာ တခြားစီဖြစ်နေပေမယ်လို့ တဦးတည်း၏သန္တာန်က စိတ်အစဉ်ဆိုယင် တနေ့လုံးလဲ တယောက်တည်းလို့ပဲ ပြောဆိုရသလို၊ တနှစ်လုံးလဲ တယောက်တည်းလို့ပဲ ပြောဆိုရသလို၊ တဘဝလုံးလဲ တယောက်တည်းလို့ပဲ ပြောဆိုရသလို ဧကတ္တနည်းအရအားဖြင့် ရှေးဘဝကစိတ်နဲ့ နောက်ဘဝသစ်က စိတ်ကို တယောက်တည်းပဲလို့လဲ ပြောဆိုရပါတယ်၊
လူက နတ်ဖြစ်သွားတယ်, ငရဲရောက်သွားတယ် စသည်ဖြင့် ပြောဆိုရတာတွေဟာ ဒီဧကတ္တနည်းအရ ပြောဆိုရတာတွေပါပဲ၊
အဲဒီလိုပြောတဲ့အတွက် အကောင်လိုက် ပြောင်းရွှေ့ သွားတယ်လို့တော့ မယူရဘူး၊
အမှန်မှာတော့ အကြောင်းအကျိုး ဆက်သွယ်နေတဲ့ စိတ်အစဉ်တခုတည်း ဖြစ်တဲ့အတွက် တယောက်တည်းလို့ ပြောဆိုတယ်လို့သာ မှတ်ကြရမယ်၊
ကဲ-ဥပမာဆောင်ပုဒ်ကို ဆိုကြရမယ်။
ပဲ့တင်, အရိပ်၊ မီး, တံဆိပ်၊ ခတ်နှိပ် သန္ဓေ တူပေသည်။ (ဆို ၃-ခေါက်)
အဲဒါဟာ ဘဝဟောင်းက ရုပ်နာမ်တစုံတခုမျှ ဘဝသစ်ကိုရွှေ့ပြောင်း လိုက်ပါ လာခြင်းမရှိပဲ ဘဝဟောင်းက သင်္ခါရကြောင့် ဘဝသစ်၌ ဝိညာဏ်ဖြစ်ပုံကို ပဲ့တင်သံ ဆီမီး မျက်နှာရိပ် တံဆိပ်ရာများနဲ့ နှိုင်းယှဉ်ပြီး သိနားလည်ဖို့ အဋ္ဌကထာမှာ ပြထားတဲ့ ဥပမာ ၄-ခုပါပဲ၊ အဲဒါကို နားလည်လောက်ပါပြီ။
အဲဒီမှာ ဆိုလိုတာကိုတော့ ဘဝသစ်ဝိညာဏ်ဖြစ်ရာမှာ ဘဝဟောင်းကပုဂ္ဂိုလ်က ပြောင်းရွှေ့သွားတာလဲ ဧကန်စင်စစ်တော့ မဟုတ်ဘူး၊
ခုတင်က ပြောခဲ့တဲ့ ဧကတ္တနည်းအရ တယောက်တည်းပဲလို့ ဆိုရသော်လဲ စင်စစ် တယောက်တည်း တော့လဲ မဟုတ်ဘူးတဲ့၊
ဒါဖြင့် ဘဝဟောင်းကနဲ့ ဘာမျှမဆိုင်တဲ့ သတ္တဝါတယောက် အသစ်လို့ဆိုရမလားဆိုတော့ ဒီလိုလဲ ရှေးဘဝကနဲ့ စင်စစ်ထူးခြားတယ်လို့ မဆိုရဘူး၊
ရှေးဘဝက တယောက်က လုံးလုံးပြတ်စဲသွားတယ်, နောက်ဘဝမှာ ဖြစ်တာက အသစ်တယောက်လို့ယူဆယင် ဥစ္ဆေဒဒိဋ္ဌိဖြစ်တယ်၊
ဒီအယူမျိုးကတော့ ဗုဒ္ဓသာသနာဝင် ပုဂ္ဂိုလ်တွေမှာ အများအားဖြင့် ကင်းတတ်ပါတယ်၊
လောက ဝေါဟာရအားဖြင့်တော့ အကြောင်းအကျိုး ဆက်သွယ်ပြီး ဖြစ်တဲ့အတွက် ဧကတ္တနည်းအရ တယောက်တည်းပဲလို့ ပြောဆိုရပါတယ်၊
အဲဒါကိုရှေးဘဝက အတ္တအကောင်ကပဲ ဘဝသစ်ကို ပြောင်းလာတယ်၊ စင်စစ် တယောက်တည်းပဲလို့ ယူဆယင်တော့ သဿတဒိဋ္ဌိဖြစ်တယ်၊
အဲဒီ သဿတအယူ အစွဲထိအောင် ရောက်မသွားဖို့ သတိပြုကြရမယ်။
ဝိပဿနာဉာဏ်ရင့်နေတဲ့ ယောဂီအနေနဲ့ဆိုယင်တော့ ဒီသဿတ ဥစ္ဆေဒ အယူအစွဲဟာ ဖြစ်နိုင်ခွင့်မရှိပါဘူး၊
ဘာကြောင့်လဲဆိုယင် စိတ်ကလေးတွေဟာ တခုချင်းတခုချင်း အသီးအသီး ဖြစ်ပျက်နေတာကို ယောဂီက ထင်ရှားတွေ့နေ ရတယ်၊
ဒီတော့ ယခုတဘဝထဲတွင်တောင် ရှေးစိတ်ကတခြား, နောက်စိတ်က တခြား ဆိုတာလဲသိရတယ်၊
ဒါကြောင့် ငါတယောက်ထဲ တည်မြဲတည်နေတယ်ဆိုတဲ့ အထင်အမြင်မျိုးဟာ မဖြစ်နိုင်တော့ဘူး၊
ပြီးတော့ ရှေးရှေးစိတ်ကြောင့် နောက် နောက်စိတ်တွေဖြစ်နေတယ် ဆိုတာကိုလဲတွေ့ရတယ်၊
ဒီတော့ ရှေးစိတ်က တယောက်, နောက်စိတ်ကတယောက် ဒီလိုတခြားစီလဲ မဟုတ်ဘူးဆိုတာကိုလဲ ထင်ရှားသိရတယ်၊
ဒါကြောင့် ပြတ်စဲသွားတယ်ဆိုတဲ့ ဥစ္ဆေဒအယူမျိုးလဲ မဖြစ်နိုင်တော့ဘူး၊ ပကတိလူတွေတောင် ဉာဏ်နဲ့ ဆင်ခြင်ကြည့်ယင် သိနိုင်ပါတယ်၊
ဝမ်းသာနေရာက စိတ်ညစ် စိတ်ပျက်တွေ ဖြစ်လာတယ်၊ စိတ်ညစ်, စိတ်ပျက်နေရာကလဲ ဝမ်းသာတဲ့စိတ် ဖြစ်လာတယ်၊ စိတ်ကြည်လင်နေရာက စိတ်ဆိုးလာတယ်၊ စိတ်ဆိုးရာကလဲ စိတ်ကြည်လင်လာတယ်၊
ဒီလို စိတ်အပြောင်း အလဲတွေဟာ တစိတ်ထဲ တယောက်ထဲ တည်နေတာ မဟုတ်ကြောင်း ထင်ရှား သက်သေခံနေတာပဲ၊
နောက်ပြီးတော့ ရှေးက စိတ်ကူးထားတဲ့အတိုင်း နောက် ကာလမှာ အလားတူစိတ်တွေ ဖြစ်နေတာကိုလဲ တွေ့ရတယ်၊
ဥပမာ-“အိပ်ရာကထတဲ့အခါ ဘယ်သွားမယ်, ဘာလုပ်မယ်” စသည်ဖြင့် ကြံစည်ထားယင် အိပ်ရာကနိုးတဲ့အခါမှာ အဲဒီစိတ်ကူးက ပေါ်လာတယ်၊
အဲဒီလို ရှေးရှေးစိတ်အကြောင်းကြောင့် နောက်နောက်စိတ်တွေ ဖြစ်နေတာကိုလဲ တွေ့ရတယ်၊
ဒီတော့ ရှေးရှေးစိတ်နဲ့ နောက်နောက်စိတ်ဟာ လုံးလုံးကွဲပြားနေတာလဲ မဟုတ်ဘူးဆိုတာကိုလဲ ထင်ရှားသိရတယ်၊
ဒီဘဝမှာ ရှေးစိတ် နောက်စိတ် အကြောင်းကို သဘောပေါက်ယင် ရှေးဘဝစိတ်နဲ့ နောက်ဘဝစိတ်ဟာလဲ အတူတူပဲ ဆိုတာ ဆုံးဖြတ်နိုင်ပါတယ်၊
ဒါကြောင့် “သင်္ခါရပစ္စယာ ဝိညာဏံ=ကုသိုလ်ကံ, အကုသိုလ်ကံ သင်္ခါရကြောင့် ဘဝသစ် စိတ်ဝိညာဏ် ဖြစ်သွားတယ်”ဆိုတာလဲ သဘောပေါက်နိုင်ပါတယ်။
သေခါနီးမှာ အာရုံနိမိတ်ထင်တယ်
အဲဒီဘဝသစ်မှာ ဝိညာဏ်ဖြစ်တယ်ဆိုတာက ပဋိသန္ဓေခဏမှာ ဖြစ်တာက တမျိုး၊ ပဋိသန္ဓေမှ နောက် သေသည်အထိ တဘဝလုံး ပဝတ္တိခဏကာလမှာ ဖြစ်တာကတမျိုး၊
ဒီလို ၂-မျိုးရှိတယ်၊ ပဝတ္တိကာလမှာ အကျိုးဝိပါက်စိတ် ၃၂-ပါးလုံး အကုန်ပဲ ဖြစ်ပါတယ်၊
ပဋိသန္ဓေခဏမှာတော့ အပါယ်ပဋိသန္ဓေစိတ်က ၁-ပါး၊ လူနှင့်နတ် ကာမသုဂတိပဋိသန္ဓေစိတ်က ၉-ပါး၊ ရူပဗြဟ္မာပဋိသန္ဓေစိတ်က ၅-ပါး၊ အရူပဗြဟ္မာ ပဋိသန္ဓေစိတ်က ၄-ပါး၊ အားလုံးပေါင်း ၁၉ပါး ရှိပါတယ်၊
အဲဒီ အရေအတွက် ဂဏန်းသင်္ချာတွေပါ သိနားလည်ဖို့ကတော့ အဘိဓမ္မာကို လေ့လာထားမှ ဖြစ်မယ်၊
ယခု တရားထဲမှာတော့ ပဋိသန္ဓေ ဖြစ်ပုံကို သဘောပေါက်ရုံ ခပ်ကျဲကျဲ ဟောရမှာပဲ၊
ဘဝဟောင်းက သေခါနီးကာလမှာ ကံ-တဲ့, ကမ္မနိမိတ်-တဲ့, ဂတိနိမိတ်တဲ့၊
ဒီအာရုံနိမိတ် ၃-ခုဟာ ပြုဖူးတဲ့ အမှုကံကြောင့် ထင်ပေါ်လာတယ်၊ ပြုဖူးတဲ့ အမှုကံက အကျိုးပေးတော့မလို့ပါပဲ၊
ကံဆိုတာ ကိုယ်ပြုဖူးတဲ့ ကောင်းသော အမှု မကောင်းသောအမှု, ကုသိုလ်ကံ အကုသိုလ်ကံပါပဲ၊
ကမ္မနိမိတ်-ဆိုတာ အဲဒီအမှုကံကို ပြုစဉ်တုန်းက ထင်ရှားတွေ့ခဲ့ရတဲ့ အာရုံတွေ အခြေအနေတွေပါပဲ၊ အဲဒီ ပြုလုပ်နေစဉ်က ပတ်ဝန်းကျင်အခြေအနေတွေကို ကမ္မနိမိတ်လို့ ခေါ်တယ်၊
ဂတိနိမိတ်ဆိုတာ ဖြစ်ရမယ့်ဘဝရဲ့ အခြေအနေပါပဲ။
အမှုကံဆိုတာ ပြုထားတဲ့သူမှာ ထင်ရှားနေတာပဲ၊ အဲဒီကံဟာ ရှေးကပြုခဲ့တဲ့ အနေအားဖြင့်လဲ ထင်ပေါ်နေတတ်တယ်၊
အဲဒီသေခါနီးမှာပဲ တကယ်ပြုနေရသလိုလဲ ထင်ပေါ်နေတတ်တယ်၊ ပါဏာတိပါတ ဒုစရိုက်ကို ပြုဖူးတဲ့သူဆိုယင် အဲဒီသေခါနီး မှာပဲ သတ်ဖြတ်နေရသလို ထင်တတ်တယ်၊
တချို့ငါးဖမ်းဖူးတဲ့သူတွေဟာ သေခါနီးမှာ ငါးဖမ်းနေရတဲ့ အနေမျိုးထင်ပြီး ပြောဆိုနေတယ်၊ အဲဒါသူ့စိတ်ထဲမှာ တကယ်ငါးဖမ်းနေရတယ်လို့ ထင်နေတဲ့သဘောပါပဲ၊
အလှူဒါန ပြုဖူးတဲ့သူကလဲ အလှူဒါနပြုနေရသလို ထင်တတ်တယ်၊ ဘုရားဖူးသွားဖူးတဲ့သူကလဲ ဘုရားဖူးသွားတဲ့ အနေအားဖြင့် ထင်တတ်တယ်၊
၁၃၀၁-ခုနှစ်တုန်းက ရွှေဘိုက ဒကာ-ဒကာမတွေနဲ့ ဘုန်းကြီးက ရှေ့ဆောင်ပြီး မန္တလေး, ရန်ကုန်, မော်လမြိုင်, ပြည်မြို့အစရှိတဲ့ ဌာနတွေမှာ လှည့်ပြီး ဘုရားဖူးကြတယ်၊
အဲဒီတုန်းက ဘုရားဖူးလိုက်ပါခဲ့တဲ့ ဒကာကြီးတယောက်ဟာ အဲဒီက ပြန်လာပြီးတဲ့နောက် ရက်လ အတော်ကြာတဲ့အခါမှာ ဖျားပြီး ဆုံးသွားတယ်၊
ဆုံးခါနီးမှာ အဲဒီ ဒကာကြီးက ဘုရားဖူးသွားခဲ့တုန်းက အခြေအနေတွေကို ယောင်ပြီး ပြောနေတယ်၊
ဟေ့ဘယ်သူ ရထားပေါ် မရောက်သေးဘူး ကျန်နေသေးတယ်၊ ဘယ်ဘုရားကို သွားရအောင် လာကြ လာကြစသည်ဖြင့် ပြောဆိုနေတယ်၊
အဲဒါဟာ ဘုရားဖူးသွားခဲ့တုန်းက တွေ့ခဲ့ဖူးပြောဆိုခဲ့ဖူးတာတွေကို သူ့မှာ အသစ်လိုဖြစ်ပြီး တွေ့နေလို့ ပြောတာပါပဲ။
ကမ္မနိမိတ်ဆိုတာကတော့ အမှုကံကို ပြုစဉ်တုန်းက တွေ့ကြုံခဲ့ရတဲ့ ပတ်ဝန်းကျင် အခြေအနေ အာရုံတွေပါပဲ၊
ဒါနကုသိုလ်ဆိုယင် ပေးလှူတဲ့ သင်္ကန်း, ဆွမ်း, ကျောင်း အစရှိတဲ့ ပစ္စည်းတွေ အလှူခံပုဂ္ဂိုလ်တွေ အလှူမဏ္ဍပ် နေရာ ထိုင်ခင်းတွေ ဘုရားဆင်းတုတော် စေတီတော်တွေ ဒီလိုအာရုံနိမိတ်တွေ ထင်ပေါ်နေတယ်၊
ပါဏာတိပါတအမှုဆိုယင် သတ်စဉ်ကာလတုန်းက တွေ့ခဲ့ရတဲ့ လက်နက်တွေ အသတ်ခံရတဲ့ သတ္တဝါတွေ သတ်ရာဌာနတွေ ဒီလို အာရုံနိမိတ်တွေ ထင်ပေါ် နေတယ်။
ဂတိနိမိတ်ဆိုတာကတော့ ဖြစ်ရမည့်ဘဝက အခြေအနေတွေပါပဲ၊
ငရဲ၌ ဖြစ်မည့်သူဆိုယင် ငရဲထိန်း ငရဲသား ငရဲမီး ခွေးနက်ကြီး စသည်တွေပေါ့၊ အဲဒါတွေကို အိပ်မက်မက်သလိုပဲ မြင်နေရတယ်၊
ရှေးက ပုဏ္ဏားကြီးတယောက် သေခါနီးမှာ မီးတောက်မီးလျှံတွေကို မြင်နေသတဲ့၊ အဲဒါကိုပြောတော့ သူ့မိတ်ဆွေ ပုဏ္ဏားတွေက ဗြဟ္မာ့ပြည်နိမိတ်ပဲလို့ ပြောကြတယ်၊
ဒီတော့ဗြဟ္မာ့ပြည်ဆိုတာ အထက်မှာမဟုတ်လား၊ ယခုမြင်နေရတာကတော့ အောက်မှာဖြစ်တယ်လို့ နိမိတ် ထင်နေတဲ့ပုဏ္ဏားကြီးက ပြောတယ်၊
ဒါပေမယ့် သူ့မိတ်ဆွေ ပုဏ္ဏားတွေက အောက်မှာမြင်ရလဲ ဗြဟ္မာ့ပြည်နိမိတ်ပါပဲ၊ အဲဒါကိုသာ အာရုံပြုပါ၊ ဗြဟ္မာ့ပြည် ရောက်ပါလိမ့်မယ်လို့ ပြောကြတယ်၊
ဒါကြောင့် အဲဒီ ပုဏ္ဏားကြီးလဲ ဗြဟ္မာ့ပြည် နိမိတ်ပဲလို့ ယုံကြည်စိတ်ချပြီး သေသွားတဲ့အခါ ငရဲကို ရောက်သွားပါရောတဲ့၊
အယူဝါဒများဟာ မှားနေယင် အင်မတန် ကြောက်စရာ ကောင်းတာပဲ၊
တချို့ နွားသတ်ပြီး ပေးလှူတာ ကောင်းတယ်လို့ယူဆပြီး သေခါနီးကျတော့ အဲဒီနွား သတ်ခဲ့တာကို အာရုံပြုဖို့ရာ သတိဖော်ပေးကြသေးတယ်ဆိုပဲ၊ ကြောက်စရာပါပဲ၊
နောက်ပြီးတော့ ပြိတ္တာဖြစ်မည့်သူဆိုယင် ပြိတ္တာတို့ရဲ့ နေရာအရပ် စသည်ထင်တယ်၊ တိရစ္ဆာန်ဖြစ်မည့်သူဆိုယင် အဲဒီ တိရစ္ဆာန်တို့ရဲ့ နေရာ အရပ် မိခင်တိရစ္ဆာန် စသည်ပေါ့၊ နတ်ဖြစ်မည့်သူဆိုယင် နတ်သား နတ်သမီး နတ်ဗိမာန် စသည်ပေါ့။
မဟာဓမ္မိက ဥပါသကာဝတ္ထု
မြတ်စွာဘုရား လက်ထက်တော်ကာလက သာဝတ္ထိမြို့မှာ တရားကျင့်သုံးကြတဲ့ ခေါင်းဆောင် ဓမ္မိကဥပါသကာကြီးတွေ ငါးရာရှိသတဲ့၊
ခေါင်းဆောင်ဥပါသကာကြီး တဦးတဦးမှာ နောက်လိုက်ဥပါသကာ ငါးရာစီရှိသတဲ့၊ အဲဒီထဲက အကြီးဆုံး ဥက္ကဋ္ဌ ဖြစ်တဲ့ မဟာဓမ္မိကဥပါသကာကြီးမှာ သား ၇-ယောက်, သမီး ၇-ယောက်ရှိတယ်၊
အဲဒီ သားသမီးတွေအားလုံးလဲ ဒါနသီလအကျင့်နဲ့ ပြည့်စုံတဲ့ အဘတူ သားသမီးကောင်းတွေချည်း ဖြစ်ကြတယ်၊
အဲဒီ ဥပါသကာကြီးဟာ အရွယ်ကြီးရင့်ပြီး ရောဂါစွဲကပ်လို့ အလွန်အားနည်းတဲ့အခါမှာ ရဟန်းတော်များကို ပင့်ပြီး သတိပဋ္ဌာနသုတ်တရားကို နာနေတယ်၊
အဲဒီအချိန်မှာ နတ်ပြည် ၆-ထပ်က နတ်ရထားတွေနဲ့ လာရောက်ပြီးဖိတ်ခေါ်တာကို မြင်တွေ့နေရ တဲ့အတွက် ဥပါသကာကြီးက တရားနာခြင်း၏ အန္တရာယ်မဖြစ်စေလိုတဲ့ အတွက် အဲဒီနတ်တွေကို ရည်ပြီး “အာဂမေထ, အာဂမေထ-ဆိုင်းငံ့ကြပါဦး, ဆိုင်းငံ့ကြပါဦး” လို့ လွှတ်ကနဲ ပြောလိုက်တယ်။
ဒီတော့ ရဟန်းတော်များက တရားရွတ်ဖတ်တာကို အရပ်ခိုင်းတယ်လို့ထင်ပြီး မရွတ်ဖတ်တော့ပဲ ရပ်နားနေကြတယ်၊ အဲဒီအခါ သားသမီးတွေက သေရမှာ ကြောက်လို့ ယောင်ယမ်းပြောတယ်ထင်ပြီး ငိုကြတယ်၊
ရဟန်းတော်တွေလဲ ငါတို့ ရွတ်ဖတ်ဖို့ အခွင့်မရှိတော့ဘူးလို့ယူဆပြီး ပြန်သွားကြတယ်၊ တော်တော်ကြာလို့ သတိရလာတဲ့အခါ ဘာကြောင့်ငိုကြသလဲလို့ ဥပါသကာကြီးက မေးတယ်၊ သားသမီးတွေကလဲ သူတို့ထင်မြင်ချက်ကို ပြန်ပြောကြတယ်၊
ဒီတော့ ဥပါသကာကြီးက ငါက ရဟန်းတော်များကို ပြောတာမဟုတ်ဘူး၊ နတ်ပြည် ၆-ထပ်က လာပြီးဖိတ်ခေါ်နေကြတဲ့ နတ်တွေကို ပြောတာပါ၊
ပန်းကုံးများ အသင့်ရှိယင်ယူခဲ့ကြ၊ ငါတုသိတာနတ်ပြည်ကို သွားမယ်၊ တုသိတာနတ်ပြည်က ရထားမှာ ချိတ်ပါစေလို့ဆိုပြီး ပန်းကုံးကို မြှောက်လိုက်ကြလို့ ဥပါသကာကြီးက ပြောတယ်၊
ပြောတဲ့အတိုင်း မြှောက်လိုက်တဲ့အခါမှာ ပန်းကုံးက ကောင်းကင်မှာ တွဲလဲဆွဲလျက် တည်နေသတဲ့၊
အဲဒီတော့ ဥပါသကာကြီးက အဲဒီပန်းကုံးချိတ်ပြီး တည်နေတာဟာ တုသိတာက ရထားပဲ၊ ငါတုသိတာကိုသွားမယ်၊
သားသမီးတွေလဲ ငါလို နတ်ပြည်ရောက်ချင်ယင် ငါလိုပဲ ကုသိုလ်ကောင်းမှုကို ပြုရစ်ကြပေတော့လို့မှာပြီး သေဆုံးသွားတဲ့အခါ တုသိတာနတ်ပြည်ကို ရောက်သွားပါသတဲ့၊
အဲဒါဟာ နတ်ပြည် ဂတိနိမိတ် ထင်ပုံပါပဲ၊ မော်လမြိုင်က ဒကာကြီးတယောက် ဆုံးခါနီးမှာ အင်မတန်ကောင်းတဲ့ တိုက်အိမ်ကြီးကို မြင်နေတယ်လို့ ပြောတယ်၊ အဲဒါလဲ နတ်ပြည် ဂတိနိမိတ် နေမှာပဲ။
လူ့ဘဝဖြစ်မည့်သူမှာတော့ မိဘတို့၏ နေထိုင်ရာ မြို့ရွာစသည် ထင်တယ်၊ မော်လမြိုင်မှာ ဆရာတော်ကြီးတပါးက လူဆိုးတွေရဲ့ လက်ချက်ကြောင့် ပျံတော်မူသွားတယ်၊
နောက် ၃-နှစ်လောက် ကြာတဲ့အခါကျတော့ မြိတ်က ကလေးလေး တယောက် မော်လမြိုင်ကို ပို့ပေးဖို့ ပူဆာတာနဲ့ သူ့မိဘတွေက မော်လမြိုင်ကို လိုက်ပို့ကြတယ်၊
ရောက်လာတဲ့အခါ ရှေးက အတူနေဖူးတဲ့ ဆရာတော်ကြီးတွေကို အဲဒီကလေးက ဘွဲ့အမည်နှင့်တကွ မှတ်မိနေတယ်လို့ ဆိုပါတယ်။
သူ့အကြောင်းကို မေးတဲ့အခါကျတော့ “လူဆိုးတွေက သူ့ကိုဖမ်းပြီး ငွေတောင်းလို့ မရတော့ သူ့ကိုဓားနဲ့ထိုးလို့ ထွက်ပြေးရာမှာ သင်္ဘောဆိပ် ရောက်တော့ လှေကြီးတွေ့တာနဲ့ စီးလိုက်သွားယင်း မြိတ်ရောက်သွားတယ်၊ အဲဒီမှာ သူ့အမေ အဖေအိမ်မှာ ဝင်နေတယ်လို့ ပြောသတဲ့၊
အဲဒီမှာ ထွက်ပြေးတာ, လှေကြီးနဲ့ စီးလိုက်သွားတာ စသည်တွေဟာ ဂတိနိမိတ်ထင်တဲ့ သဘောတွေပါပဲ။
သေတာ ဘယ်လောက်ပဲမြန်မြန် နိမိတ်တော့ ထင်တာပဲ
ကံရယ် ကမ္မနိမိတ်ရယ် ဂတိနိမိတ်ရယ် ဒီအာရုံနိမိတ်တွေဟာ သေခါနီးမှာ ထင်တယ်၊ သေတာဟာ ဘယ်လောက်ပဲ မြန်မြန် ဒီအာရုံနိမိတ်တွေကတော့ ထင်တာပဲ၊
ပန်းပဲဆရာရဲ့ အောက်ခံ သံတုံးကြီးဆိုတဲ့ ပေပေါ်မှာ နားနေတဲ့ ယင်ကောင်ကို ပန်းပဲသံတူကြီးနဲ့ထုလိုက်ယင် တခါထဲ စိစိညက်ညက်ကြေသွားမယ်၊
အဲဒီလို အခါမှာလဲ ဒီအာရုံနိမိတ်ကတော့ ထင်တယ် ဆိုတဲ့အကြောင်း အဋ္ဌကထာမှာ ပြဆိုထားပါတယ်၊
ယခုခေတ်ကာလမှာ အင်မတန်ပြင်းထန်တဲ့ လက်နက်ကောင်း ကြီးတွေ ပေါ်လာတယ်၊ အဏုမြူဗုံး, ဟိုက်ဒရိုဂျင်ဗုံး ဆိုတာတွေပေါ့၊
အဲဒီဗုံးကြီး တွေဟာ မြို့ကြီးတခုလုံးကို တခဏကလေးအတွင်းမှာ ပြာကျ သွားစေနိုင်တယ်ဆိုပဲ၊
အဲဒါတွေဟာ ဗုဒ္ဓတရားတော်အရဆိုယင်တော့ အဲဒီလက်နက်နဲ့ သေရမည့်သူတွေ ကံဆိုးလို့ ပေါ်လာရတယ်လို့ ဆိုရမှာပဲ၊
ဖန်ဆင်းတယ်လို့ ယုံကြည်တဲ့ဘာသာ တရားအရ ဆိုယင်တော့ ဘုရားသခင်က အကြံဉာဏ်ပေးတယ်လို့ ဆိုရမလား မပြောတတ်ပါဘူး၊
အဲဒီလို ဗုံးဒဏ်ကြောင့် သေရတဲ့သူတွေမှာလဲ ဒီကံကမ္မနိမိတ် ဂတိနိမိတ်က ထင်တာပဲ၊
ဒီလို ထင်ပုံဟာ စိတ်အကြောင်းကို ကောင်းကောင်း မသိတဲ့သူတွေမှာ ယုံကြည်ဖို့ နားလည်ဖို့ခက်ပါတယ်၊
ဖြစ်ခိုက်ရုပ်နာမ်ကို မပြတ်ရှုဖူးတဲ့ ပုဂ္ဂိုလ်, ရှုနေတဲ့ ပုဂ္ဂိုလ်တွေမှာတော့ အဲဒါဟာ သိလွယ်ပါတယ်၊
ဘာကြောင့်လဲဆိုယင် မျက်စိ တမှိတ်ခန့် ကာလအတွင်းမှာ စိတ်တွေ ကုဋေတသိန်းလောက် ဖြစ်ပျက်သွားတယ်လို့ ကျမ်းဂန်တွေမှာ ဆိုထားပါတယ်၊
အဲဒီလောက် များတယ်လို့ မသိတောင် ဥဒယဗ္ဗယဉာဏ်လောက် ရောက်နေတဲ့ ယောဂီက တခဏကလေးအတွင်းမှာ စိတ်တွေရာပေါင်းများစွာ ဖြစ်ပျက် သွားတာကိုတော့ တွေ့နိုင်ပါတယ်၊
ဒါကြောင့် ချက်ချင်း သေကြေပျက်စီးသွားတယ် ဆိုတဲ့ သူတွေမှာလဲ အဲဒီ ကံ ကမ္မနိမိတ် ဂတိနိမိတ်ကိုအာရုံပြုပြီး စိတ်တွေ တော်တော်များများ ဖြစ်သွားနိုင်တယ်ဆိုတာကို ကိုယ်တွေ့နဲ့ သဘောပေါက် နိုင်ပါတယ်။
လူတွေရဲ့စိတ်ဟာ အာရုံတခုခုကို စွဲမှီပြီး မပြတ်ဖြစ်နေတာပဲ၊ ကိုယ်တိုင် ပြုလုပ်ထားတဲ့ အမှုတွေကိုလဲ မကြာခဏ သတိရနေတတ်တာပဲ၊
အဲဒီလိုအချိန်မှာ သေသွားယင် အဲဒီ ပြုလုပ်ထားတဲ့ ကံအားလျော်စွာ ဘဝတပါးသို့ ရောက်သွားမှာပဲ၊
နတ်ပြည်အကြောင်း, လူ့လောက အကြောင်းတွေလဲ စဉ်းစားဆင်ခြင်နေတတ် ကြတာပဲ၊
အဲဒီအနေမှာ သေသွားမယ်ဆိုယင် ကုသိုလ်ရှိတဲ့သူတွေမှာ အဲဒီ စဉ်းစားနေတဲ့ နတ်အဖြစ်, လူအဖြစ်ကို ရောက်သွားနိုင်တာပဲ၊
ယခုအနေ မသေကြသေးလို့သာ အဲဒီအာရုံတွေကို ဂတိနိမိတ်လို့ မခေါ်ရသေးတာ၊ သေခါနီးမှာ ဆိုယင် အဲဒီအာရုံတွေကိုလဲ ဂတိနိမိတ်လို့ ခေါ်ရတာပဲ၊
မိမိ ပြုလုပ်ထားတဲ့ အမှုဟာ သေခါနီးမှာ ပေါ်လာယင် အဲဒါကို ကံလို့ ခေါ်တာပဲ၊
ကဲ ဆိုကြရမယ်။
မိမိပြုလုပ်ထားတဲ့ ကုသိုလ်အမှု အကုသိုလ်အမှုကို ကံဟု ခေါ်သည်။ (ဆို ၃-ခေါက်)
အဲဒီကံကိုပြုစဉ်က ပတ်ဝန်းကျင်အခြေအနေ အာရုံတွေ ပေါ်လာယင် အဲဒါကို ကမ္မနိမိတ်လို့ ခေါ်တယ်၊ ဆိုကြရမယ်။
ကောင်းမှု မကောင်းမှုကို ပြုစဉ်က တွေ့ခဲရတဲ့အခြေအနေကို ကမ္မနိမိတ်ဟု ခေါ်သည်။
ဖြစ်ရမည့်ဘဝက အခြေအနေ ထင်ပေါ်လာယင် အဲဒါကို ဂတိနိမိတ်လို့ခေါ်တယ်၊ ဆိုကြရမယ်။
ဖြစ်ရမည့် ဘဝက အခြေအနေကို ဂတိနိမိတ်ဟု ခေါ်သည်။
ဒီ ကံကမ္မနိမိတ် ဂတိနိမိတ် ထင်တယ်ဆိုတာ အဋ္ဌကထာစကားတွေ ထင်ပါရဲ့လို့ တချို့က မရိုမသေ ပြောချင်လဲ ပြောကြလိမ့်မယ်၊
အဲဒါကြောင့် ဘုရားဟော ပါဠိတော်ကို ဘုန်းကြီးက ရွတ်ပြလိုက်ပါဦးမယ်။
ဘုရားဟော ပါဠိသာဓက
တာနိဿ တသ္မိံ သမယေ ဩလမ္ဗန္တိ အဇ္ဈောလမ္ဗန္တိ အဘိပ္ပလမ္ဗန္တိ-တဲ့။
တာနိ၊ ထို မိမိကိုယ်တိုင်ပြုခဲ့သော ကောင်းမှုကံ မကောင်းမှုကံတို့သည်။
တသ္မိံ သမယေ၊ ထိုသေခါနီးကာလ၌။
အဿ၊ ထိုပုဂ္ဂိုလ်အား။
ဩလမ္ဗန္တိ၊ တွဲလဲကျလာသကဲ့သို့ ထင်ပေါ်လာကုန်၏။
အဇ္ဈောလမ္ဗန္တိ၊ ဖိစီးလျက် တွဲလဲကျလာသကဲ့သို့ ထင်ပေါ်လာကုန်၏။
အဘိပ္ပလမ္ဗန္တိ၊ လွှမ်းမိုးလျက် တွဲလဲကျလာသကဲ့သို့ ထင်ပေါ်လာကုန်၏-တဲ့။
ဒါက ဗာလပဏ္ဍိတသုတ်-စသည်မှာ မြတ်စွာဘုရား ကိုယ်တော်တိုင် ဟောထားတဲ့ တရားတော်ပဲ၊
အဲဒီသုတ်တရားတွေထဲမှာ ဒီလိုလဲ ဥပမာနဲ့ ပြထားသေးတယ်၊ ညနေချမ်းအခါမှာ တောင်ရိပ်ကြီးတွေဟာ မြေပြင်ပေါ်မှာ လွှမ်းမိုး ဖုံးအုပ်လာကြ သလို ပါပဲတဲ့၊
အကုသိုလ်ကံကို ပြုထားတဲ့သူမှာ အဲဒီအကုသိုလ်ကံက လွှမ်းမိုးပြီး ထင်ပေါ်နေတယ်၊ တရစ်ဝဲဝဲနဲ့ မပြတ် ထင်နေတယ်၊ အဲဒီအာရုံကို ဖျောက်ပစ် ချင်ပေမယ့် မရဘူး၊
တခါက ဒကာမတယောက် သေခါနီးမှာ နှိပ်စက်မည့်ရန်သူကို တွေ့နေရသလိုပဲ အလွန်ထိတ်လန့် ကြောက်ရွံ့တဲ့ အမူအရာတွေနဲ့ ဖြစ်နေတာကို တွေ့ရဖူးတယ်၊
စကားကတော့ အဲဒီအချိန်မှာ မပြောနိုင်ရှာတော့ပါဘူး၊ ဘေးနားက ဆွေမျိုးတွေက ဘာမျှ ကြောက်စရာမရှိပါဘူးလို့ သတိပေးပြောဆိုလို့လဲမရဘူး၊
ကြောက်ရွံ့ ထိတ်လန့်တဲ့ အမူအရာတွေနဲ့ သူ့မှာ ဖြစ်နေရှာတယ်၊
အဲဒါဟာ အကုသိုလ်ကံနဲ့ အာရုံနိမိတ်ဆိုးတွေ ထင်နေတဲ့ လက္ခဏာပါပဲ၊ အကုသိုလ်ကံဟာ အင်မတန် ကြောက်စရာကောင်းပါတယ်၊
ဒါကြောင့် မသေမီ စောစောကတည်းက ထောက်တည်ရာ ကုသိုလ်နဲ့ ပြည့်စုံအောင် အားထုတ်ဖို့ရာ အလွန်အရေးကြီး ပါတယ်။
အဲဒီလို ထောက်တည်ရာ ကုသိုလ်ကံနဲ့ ပြည့်စုံတဲ့သူမှာတော့ အဲဒီ ကုသိုလ်ကံနဲ့ ကုသိုလ်နိမိတ် သုဂတိနိမိတ်ဆိုတဲ့ အာရုံတွေ ထင်ပေါ်လာတယ်၊
အဲဒီအာရုံကောင်း တွေထဲက တခုခုကို ထင်မြင်ယင်း သေသွားယင် လူ့ဘဝ နတ်ဘဝဆိုတဲ့ ဂတိကောင်းမှာ ကုသိုလ်၏အကျိုးဖြစ်တဲ့ ပဋိသန္ဓေဝိညာဏ် ဖြစ်သွားတယ်၊
သေခါနီးက စွဲမှီခဲ့တဲ့ အာရုံကလေးကို စွဲလမ်းမှု အရှိန်မပြေပဲ ဆက်လက်ပြီး အာရုံပြုသွားတဲ့ သဘောပါပဲ၊
ဘာနဲ့တူသလဲဆိုယင် အိပ်မက်ကို မြင်မက်ရာက နိုးလာတဲ့အခါ အဲဒီ အိပ်မက်အာရုံကို ပြန်ပြီးစဉ်းစားမိတဲ့စိတ် ဖြစ်ပုံနဲ့လဲတူပါတယ်၊
တနည်းဥပမာကတော့ နက်ဖြန်ခါ ဘယ်သွားမယ်, ဘာလုပ်မယ်စသည်ဖြင့် စိတ်ကူးကြံစည်ထားယင် နောက်တနေ့ ကျတော့ အဲဒီ ကြံစည်ထားတဲ့ဟာကို ပြန်ပြီးအမှတ်ရတဲ့စိတ် ဖြစ်ပုံနဲ့လဲ တူပါတယ်။
အဲဒီအကျိုးပေးတဲ့ ကုသိုလ်က ကာမကုသိုလ် ၈-ခုထဲက ဉာဏသမ္ပယုတ်လဲ ဖြစ်မယ်, ထက်လဲထက်သန်မယ်ဆိုယင် ဉာဏသမ္ပယုတ်ဝိပါက်စိတ် ၄-ခုထဲက တခုခုဖြစ်တယ်၊
အဲဒီ ပဋိသန္ဓေမှာ အမောဟဆိုတဲ့ ဉာဏ်နဲ့လဲ ယှဉ်တဲ့အတွက် ဟိတ် ၃-ပါးရှိတဲ့ တိဟိတ်ပဋိသန္ဓေဖြစ်တယ်၊
အလောဘ အဒေါသ အမောဟဆိုတဲ့ ဟိတ်သုံးပါးလုံး ပါဝင်တယ်လို့ ဆိုလိုပါတယ်၊
အဲဒီ တိဟိတ်ပဋိသန္ဓေရှိတဲ့သူဟာ သမထလမ်းက အားထုတ်ယင် ဈာန်အဘိညာဉ်တွေကို ရနိုင်တယ်၊
ဝိပဿနာ လမ်းက အားထုတ်ယင် မဂ်ဖိုလ် နိဗ္ဗာန်ကို ရနိုင်တယ်၊
မဂ်ဖိုလ်နိဗ္ဗာန်ကို ရပါလို၏-လို့ ဆုတောင်းပြီး ပြုခဲ့တဲ့ ကုသိုလ်က အကျိုးပေးယင် အဲဒီ တိဟိတ်ပဋိသန္ဓေဘဝမျိုးကို အကျိုး ပေးတာပဲ၊
အဲဒီဘဝမှာ တရားနာယင်း ဖြစ်ဖြစ်, တရားအားထုတ်ယင်းဖြစ်ဖြစ် မဂ်ဖိုလ်နိဗ္ဗာန်ကို ရသွားနိုင်တယ်၊
အဲဒါဟာ မဂ်ဖိုလ်နိဗ္ဗာန်ကို ရပါလို၏-လို့ ဆိုတောင်းပြီး ပြုခဲ့တဲ့ ကုသိုလ်က အကျိုးပေးတာလို့ ဆိုရတယ်။
အဲဒီကုသိုလ်က မထက်သန်ယင် သို့မဟုတ် ထက်သန်တဲ့ ဉာဏဝိပ္ပယုတ်ဖြစ်ယင် ဉာဏ်နဲ့မယှဉ်တဲ့ မဟာဝိပါက်စိတ် ၄-ခုထဲက တခုခုဖြစ်တယ်၊
အဲဒီ ပဋိသန္ဓေမှာ ဉာဏ်ဆိုတဲ့ အမောဟဟိတ် မပါဘူး၊ အလောဘနှင့် အဒေါသဟိတ် နှစ်ခုသာ ပါတယ်၊
ဒါကြောင့် ဒွိဟိတ်ပဋိသန္ဓေလို့ ခေါ်တယ်၊ အဲဒီ ပဋိသန္ဓေရှိတဲ့ သူဟာ ပဋိသန္ဓေက ဉာဏ်မပါခဲ့တဲ့အတွက် အဲဒီဘဝမှာ ဈာန်မဂ်ဖိုလ် တရားထူးတွေကို မရနိုင်ဘူး။
အဲဒီကုသိုလ်က ဉာဏဝိပ္ပယုတ်လဲဖြစ်တယ်၊ ထက်လဲမထက်သန်ဘူးဆိုယင်တော့ ဥပေက္ခာသဟဂုတ် သန္တီရဏလို့ခေါ်တဲ့ သုဂတိအဟိတ် ပဋိသန္ဓေဝိညာဏ်ဖြစ်တယ်၊
အဲဒီလိုလူမှာ မျက်စိ, နားစသော အင်္ဂါတွေမပြည့်စုံပဲ ချွတ်ယွင်းနေတတ်တယ်၊
အဲဒါဟာ ကာမကုသိုလ်ကံ ၈-ပါးကြောင့် ကာမပဋိသန္ဓေ ဝိညာဏ် ၉-ပါးဖြစ်ပုံ အကျဉ်းချုပ်ပါပဲ၊ ကဲ-ဆိုကြရမယ်။
ကာမကုသိုလ် ၈-ပါးဟူသော ပုညာဘိသင်္ခါရကြောင့် ကာမသုဂတိ ပဋိသန္ဓေ ဝိညာဏ် ၉-ပါး ဖြစ်ပေါ်သည်။ (သုံးခေါက်)
အဲဒီတော့ ဒါနသီလစသော ကောင်းမှုကုသိုလ်ကို ပြုတဲ့အခါမှာ ကံကံ၏အကျိုး ရှိမှန်းသိတဲ့ ဉာဏ်နဲ့လဲယှဉ်မယ်, စိတ်ထက်သန်စွာနဲ့လဲ ပြုမယ်ဆိုယင် အဲဒီကုသိုလ်ကို တိဟိတ်ဥက္ကဋ္ဌကုသိုလ်လို့ ခေါ်တယ်၊
အဲဒီကုသိုလ်က တိဟိတ်ပဋိသန္ဓေကို ဖြစ်စေတယ်ဆိုတာ ခုတင်ကပြောခဲ့ပြီ၊
နောက်ပြီးတော့ မဂ်ဖိုလ်နိဗ္ဗာန်ကို ရည်သန် တောင့်တပြီးပြုတဲ့ ကုသိုလ်ကို ဝိဝဋ္ဋနိဿိတကုသိုလ်ခေါ်တယ်၊ သမ္မာပဋိပဒါလို့လဲ ခေါ်တယ်၊ မှန်ကန်သောအကျင့်လမ်းလို့ဆိုလိုတယ်၊
အဲဒီလိုကုသိုလ်က မဂ်ဖိုလ်နိဗ္ဗာန် ရောက်ကြောင်းတရားကို ကြားနာနိုင်တဲ့ ဘဝဌာနမှာ ခုတင်က ပြောခဲ့တဲ့ တိဟိတ်ပဋိသန္ဓေအကျိုးကို ပေးတယ်၊
ဒါကြောင့် အဲဒီတိဟိတ် ပဋိသန္ဓေရှိတဲ့ ပုဂ္ဂိုလ်ဟာ အဲဒီဘဝမှာ မဂ်ဖိုလ်နိဗ္ဗာန် ရောက်ကြောင်း တရားကို ကြားနာပြီး နှလုံးသွင်း အားထုတ်ယင် မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တယ်၊ အဲဒါဟာ ယခု ဒကာ ဒကာမတို့ ရနေတဲ့ဘဝမျိုးပဲ၊
ဒီတော့ ကုသိုလ်ပြုတဲ့ အခါမှာ စိတ်ထက်ထက်သန်သန်နဲ့ပြုဖို့ မဂ်ဖိုလ်နိဗ္ဗာန်ကို ရည်သန်တောင့်တဖို့ ဒါပဲလိုပါတယ်၊
မဂ်ဖိုလ်နိဗ္ဗာန်ကို ရည်သန်ယင် မဂ်ဖိုလ်နိဗ္ဗာန် ရနိုင်တဲ့ဘဝကို အဲဒီကုသိုလ်က ပို့ပေးမှာပဲ၊ စိတ်ထက်ထက်သန်သန်နဲ့ပြုယင် တိဟိတ်ပဋိသန္ဓေအကျိုးကို ပေးမှာပဲ၊
ဒီလိုဆိုယင် တိဟိတ်ပဋိသန္ဓေ နေရပါလို၏-လို့ ဆုတောင်းဖို့ လိုပါဦးမလား မလိုတော့ပါဘူး၊
ထက်သန်တဲ့တိဟိတ် ဥက္ကဋ္ဌကုသိုလ်ဖြစ်ယင် တိဟိတ်ပဋိသန္ဓေ အကျိုးပေးမှာ သေချာပါတယ်၊
မထက်သန်တဲ့ တိဟိတ်ဩမကကုသိုလ် ဖြစ်နေ ယင်တော့ အဲဒီလို ဆုတောင်းပေမယ့် တိဟိတ်ပဋိသန္ဓေ အကျိုးပေးနိုင်မှာ မဟုတ်ဘူး၊ ဒွိဟိတ် ပဋိသန္ဓေလောက် အကျိုး ပေးနိုင်မှာပဲ၊ အဲဒါကို အထူးသတိပြုဖို့ လိုပါတယ်။
ထင်ယောင် ထင်မှားပြောတာ သတိပြု
နောက်ပြီးတော့ တချို့က ဒီလိုလဲ ထင်ယောင်ထင်မှားဖြစ်ပြီး ပြောတတ်တာ ရှိသေးတယ်၊
“ဒါန သီလ ကုသိုလ်တွေဟာ အဝိဇ္ဇာကြောင့် ဖြစ်တဲ့ပုညာဘိသင်္ခါရပဲ၊ သင်္ခါရဖြစ်တဲ့အတွက် သင်္ခါရပစ္စယာ ဝိညာဏံ-ဆိုတဲ့အတိုင်း ဘဝသစ်ဝိညာဏ် ဖြစ်ပြီး သံသရာဝဋ်ဆင်းရဲကိုသာ ဖြစ်ပွားစေတတ်တယ်”လို့ ဒီလို ထင်ယောင် ထင်မှား ဖြစ်ပြီး ပြောတတ်တယ်၊
အဲဒါကတော့ မသိနားမလည်ပဲနဲ့ တတ်ယောင်ကား လုပ်ပြီး ပြောတဲ့စကားပဲ၊
အမှန်ကတော့ ခုတင်ကပြောခဲ့တဲ့အတိုင်း “ဣဒံ မေ ပုညံ အာသဝက္ခယာ ဝဟံ ဟောတု-အကျွနု်ပ်၏ ဤဒါန သီလဘာဝနာကောင်းမှုသည် အာသဝေါတရားတို့၏ ကုန်ရာကုန်ကြောင်း ဖြစ်သော မဂ်ဖိုလ်နိဗ္ဗာန်ကို ရွက်ဆောင်ပါစေ (ဆောင်လာပါစေ)” စသည်ဖြင့် မဂ်ဖိုလ်နိဗ္ဗာန်ကို ရည်သန်ပြီးပြုယင် ဝိဝဋ္ဋနိဿိတ ကုသိုလ်လဲ ဖြစ်တယ်၊ သမ္မာ ပဋိပဒါလဲ မည်တယ်၊
ဒီလို ကုသိုလ်ကံက မဂ်ဖိုလ် နိဗ္ဗာန်ကိုရနိုင်တဲ့ ဘဝဌာနကို ပို့ပေးတယ်၊ တိဟိတ်ပဋိသန္ဓေကိုလဲ ဖြစ်စေတယ်၊
အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန် အစရှိသော အားလုံးသော ဘုရား တပည့်သားတော် သာဝကတွေဟာ ဒီလိုပုညာဘိသင်္ခါရကအကျိုးပေးလို့ ဘုရားနဲ့လဲ တွေ့ရတယ်၊ အရဟတ္တမဂ် အရဟတ္တဖိုလ်ကိုရပြီး ပရိနိဗ္ဗာန်ဝင်စံလဲ သွားကြရတယ်၊
ပစ္စေကဗုဒ္ဓါတွေလဲ ဒီလိုကုသိုလ်ကံကြောင့် နောက်ဆုံးဘဝမှာ ပစ္စေကဗုဒ္ဓါ ဖြစ်စေနိုင်တဲ့ တိဟိတ်ပဋိသန္ဓေ ဝိညာဏ်အကျိုးကိုရပြီး ပစ္စေကဗုဒ္ဓါ ဖြစ်တော်မူကြရတယ်။
ပုညာဘိသင်္ခါရကြောင့် ဘုရားဖြစ်သည်
မြတ်စွာဘုရားအလောင်းတော်လဲ “ဣဒံ မေ ပုညံ သဗ္ဗညုတ ဉာဏဿ ပစ္စယော ဟောတု-ငါ၏ ဤကောင်းမှုသည် အလုံးစုံကို သိနိုင်သော သဗ္ဗညုတဉာဏ်၏ အကြောင်း အထောက်အပံ့ဖြစ်ပါစေ” စသည်ဖြင့် ဆုတောင်းပြီးပြုခဲ့တဲ့ ဒီလို ပုညာဘိသင်္ခါရကြောင့်ပဲ သဗ္ဗညုဘုရားအဖြစ်ကိုရောက်အောင် ကျေးဇူးပြုနိုင်တဲ့ ကာမာဝစရကုသလဝိပါက် တိဟိတ် ပဋိသန္ဓေဝိညာဏ်နဲ့ ပဋိသန္ဓေတည်နေတော် မူပြီး နောက်ဆုံးမှာ ဘုရားအဖြစ်သို့ ရောက်တော်မူရတယ်၊
အဲဒီမှာ တိဟိတ် ဝိပါက်ဝိညာဏ်ဆိုတာ သောမနဿနဲ့ယှဉ်တဲ့စိတ် ဥပေက္ခာနဲ့ ယှဉ်တဲ့စိတ်လို့ ၂-မျိုးရှိတယ်၊ အဲဒီ ၂-မျိုးထဲမှာလဲ တမျိုးမျိုးမှာ အသင်္ခါရိကနဲ့ သသင်္ခါရိက ၂-မျိုးစီ ရှိပြန်တယ်၊
အဲဒီတော့ ဘုရားအလောင်းတော်ရဲ့ ပဋိသန္ဓေစိတ်ဟာ အသင်္ခါရိကလား သသင်္ခါရိကလားဆိုယင် ထက်သန်အားကောင်းတဲ့ အသင်္ခါရိကစိတ်ပဲ ဖြစ်ပါတယ်။
အဋ္ဌကထာအလို
သောမနဿနဲ့ ယှဉ်တဲ့စိတ်လား ဥပေက္ခာနဲ့ ယှဉ်တဲ့စိတ်လား ဆိုယင် သောမနဿနဲ့ ယှဉ်တဲ့စိတ်လို့ ရှေးအဋ္ဌကထာဆရာတို့ကဆိုကြပါတယ်၊
အကြောင်းကတော့ ဘုရားအလောင်းတော်ဟာ သတ္တဝါတွေရဲ့ချမ်းသာကို အလွန်ပင်လိုလား တောင့်တ တော်မူတယ်၊ မေတ္တာတရား အားကြီးတော်မူတယ်၊ ထက်သန်တဲ့ မေတ္တာစိတ် ဆိုတာကလဲ သောမနဿနှင့် ယှဉ်မြဲဖြစ်တယ်၊
ဒါကြောင့် မေတ္တာဈာန်ရဲ့ ရှေ့သွား ဖြစ်တဲ့ သောမနဿသဟဂုတ် မေတ္တာကာမကုသိုလ် အကြောင်းစိတ်နှင့် အလားတူတဲ့ အကျိုးဝိပါက် ဝိညာဏ်စိတ်နဲ့ ပဋိသန္ဓေ ယူတော်မူတယ်လို့ ဆိုကြပါတယ်။
မဟာသိဝထေရ်ဝါဒ
မဟာသိဝမထေရ်ကြီးတော့ ဥပေက္ခာနဲ့ယှဉ်တဲ့စိတ်လို့ ဆိုပါတယ်၊ သူ့အကြောင်းပြ စကားကတော့ ဘုရားအလောင်းတော်ရဲ့ စိတ်ဓာတ်ဟာ အင်မတန်လေးနက် ခိုင်ခံ့တယ်၊ ရွှင်ပျပေါ်လွင်တဲ့ သောမနဿသဘောမရှိဘူး၊ လေးနက်တဲ့ ဥပေက္ခာ သဘောသာရှိတယ်၊
ဒါကြောင့် သောမနဿထက် လေးနက်တဲ့ ဥပေက္ခာသဟဂုတ် ကုသိုလ်၏ အကျိုးဖြစ်တဲ့ ဥပေက္ခသဟဂုတ် ပဋိသန္ဓေဝိညာဏ်သာ ဖြစ်သင့်တယ်လို့ ဆိုပါတယ်၊
ဘုရားအလောင်းတော်ဟာ အဲဒီတိဟိတ်ပဋိသန္ဓေကို အမှီပြုပြီး နောက်ဆုံးအချိန်မှာ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူရပါတယ်၊
အဲဒီ ပဋိသန္ဓေဝိညာဏ်ဟာ ဘယ်ကအကြောင်းရင်းခံပြီး ဖြစ်ပေါ်လာရသလဲဆိုယင် သဗ္ဗညုတဉာဏ်ကိုရည်သန်ပြီး ဖြည့်ဆည်းပူးတော်မူခဲ့တဲ့ ပုညာဘိသင်္ခါရခေါ်တဲ့ ပါရမီကုသိုလ်က အကြောင်းရင်းခံပြီး ဖြစ်ပေါ်လာရပါတယ်၊
ဒါကြောင့် မဂ်ဖိုလ် နိဗ္ဗာန်ကို ရည်သန်ပြီးပြုတဲ့ ပုညာဘိသင်္ခါရဟာ ပဋိသန္ဓေဝိညာဏ်ကို ဖြစ်စေတတ် ပေမယ့် သံသရာမှာ လည်ကြောင်းတော့မဟုတ်ဘူး၊ သံသရာမှ ထွက်မြောက်ခြင်း၏ အကြောင်း အထောက်အပံ့လဲ ဖြစ်တယ် ဆိုတာကို ခိုင်ခိုင်မြဲမြဲ မှတ်ထားကြရမယ်။
ကြွင်းသော ပဋိသန္ဓေဝိညာဏ်များ
▬▬▬▬▬▬▬▬▬▬▬
ဒွိဟိတ် ပဋိသန္ဓေဝိညာဏ် ၄-ခုနဲ့ သုဂတိအဟိတ် ပဋိသန္ဓေဝိညာဏ် ၁-ခုရဲ့ ဖြစ်ပုံကိုတော့ ထပ်ပြီးအသေးစိတ် ချဲ့ပြောဖို့မလိုပါဘူး၊ နောက်ပြီးတော့ ရူပကုသိုလ်ဆိုတဲ့ ပုညာဘိသင်္ခါရကြောင့် ရူပဝိပါက် ပဋိသန္ဓေ ဝိညာဏ်ငါးခု ဖြစ်တယ်၊ အဲဒီမှာ ပဌမဈာန်ကုသိုလ်ကြောင့် ပဌမဈာန် ၃-ဘုံမှာ ပဌမဈာန် ဝိပါက် ပဋိသန္ဓေစိတ် ဖြစ်တယ်၊ ဒုတိယဈာန်နဲ့ တတိယ ဈာန်ကုသိုလ် ကြောင့် ဒုတိယဈာန် ၃-ဘုံမှာ ဒုတိယဈာန်နဲ့ တတိယဈာန် ဝိပါက်ပဋိသန္ဓေစိတ်ဖြစ်တယ်၊ ဒီဘုံမှာ ပဋိသန္ဓေစိတ် ၂-မျိုးရတယ်၊ အဲဒါကို အထူးမှတ်ထားကြရမယ်၊
စတုတ္ထဈာန်ကုသိုလ်ကြောင့် တတိယဈာန် ၃-ဘုံမှာ စတုတ္ထဈာန် ဝိပါက် ပဋိသန္ဓေစိတ်ဖြစ်တယ်၊ ပဌမဈာန် ၃-ဘုံ ဒုတိယဈာန် ၃-ဘုံ တတိယဈာန် ၃-ဘုံလို့ဆိုရာမှာ ဘုံအဆင့် ၃-ဆင့်စီ ကွဲနေတာတော့ မဟုတ်ပါဘူး၊ ဘုံအဆင့် အားဖြင့်တော့ တဆင့်စီသာ ရှိပါတယ်၊ အမျိုးအစားအားဖြင့် တန်ခိုး အကြီး အလတ် အငယ် ဒီလို ၃-မျိုးစီကွဲပြားနေတဲ့ အတွက်ကြောင့် ၃-ဘုံစီဆိုထားပါတယ်၊ ပဉ္စမဈာန် ကုသိုလ်ကြောင့် ဝေဟပ္ဖိုလ်နဲ့ သုဒ္ဓါဝါသ ၅-ဘုံမှာ ပဉ္စမဈာန်ဝိပါက် ပဋိသန္ဓေစိတ်ဖြစ်တယ်၊
ဝေဟပ္ဖိုလ်နှင့် တပြင်တည်းမှာတည်တဲ့ အသညသတ် ဘုံဗြဟ္မာတွေမှာတော့ အဲဒီဈာန်ကုသိုလ်ကြောင့် ရုပ်ချည်းသက်သက်ဖြစ်တယ် စိတ်မပါဘူး၊ သစ်သားရုပ် ကျောက်ရုပ်ကြီးများလိုပဲ၊ အဲဒါဟာ သိပ်ထူးတာပဲ၊ သုဒ္ဓါဝါသ ၅-ဘုံမှာတော့ အနာဂါမ်များသာ ပဋိသန္ဓေအားဖြင့် ဖြစ်တယ်၊ အဲဒီ အနာဂါမ်ပုဂ္ဂိုလ်က ရဟန္တာဖြစ်ပြီး တဲ့အခါမှာလဲ ပရိနိဗ္ဗာန်မစံမီအတွင်း အဲဒီ ဘုံမှာပဲတည်ရှိနေရတယ်၊ အဲဒီလို အနာဂါမ်နဲ့ ရဟန္တာဆိုတဲ့ စင်ကြယ်တဲ့ပုဂ္ဂိုလ်တို့၏ နေရာဖြစ်တဲ့အတွက် အဲဒီ ငါးဘုံကို သုဒ္ဓါဝါသလို့ ခေါ်တယ်၊ အသီး အသီးအမည်အားဖြင့်တော့ အဲဒီ ငါးဘုံကို အဝိဟာ, အတပ္ပါ, သုဒဿာ, သုဒဿီ, အကနိဋ္ဌလို့ ခေါ်တယ်။
နောက်ပြီးတော့ အရူပကုသိုလ် ၄-ခုဆိုတဲ့ အာနေဉ္ဇာဘိသင်္ခါရကြောင့် အရူပ ၄-ဘုံမှာ အသီးအသီး အရူပဝိပါက် ပဋိသန္ဓေဝိညာဏ် ၄-ခုဖြစ်တယ်၊ ဒါကတော့ ရှင်းနေပါပြီ၊ အကုသိုလ်ကံဆိုတဲ့ အပုညာဘိသင်္ခါရကြောင့် အပါယ် ၄-ဘုံမှာ အကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်ဆိုတဲ့ ဒုဂ္ဂတိပဋိသန္ဓေ ဝိညာဏ်တမျိုးတည်း ဖြစ်တယ်၊ ငရဲသားတွေ အားလုံးမှာရော တိရစ္ဆာန် ပြိတ္တာ အသုရကာယ်တွေ အားလုံးမှာရော ဒီပဋိသန္ဓေစိတ် တခုတည်းပဲရှိတယ်၊ ဒါလဲဒီထက် ချဲ့ပြောစရာ မလိုပါဘူး။
အဲဒီတော့ ယခုပြောခဲ့တာဟာ သင်္ခါရပစ္စယာ ဝိညာဏံ-အရ သင်္ခါရ ၃-မျိုးဆိုတဲ့ ကုသိုလ်ကံ အကုသိုလ်ကံကြောင့် ဘဝသစ်မှာ ပဋိသန္ဓေစိတ် ၁၉-ပါးဖြစ်ပုံစုံသွားပါပြီ၊ ဒါပေမယ့် အဲဒီပဋိသန္ဓေစိတ်က ဘယ်လောက်ကြာအောင် တည်နေသလဲ, အဲဒီ စိတ်ပြီးတော့ ဘယ်လိုစိတ်တွေ ဆက်ဖြစ်သလဲဆိုတာတွေကို ပြောဖို့တော့ လိုပါသေးတယ်၊ ဒါကြောင့် အဲဒါကို ယခု ပြောရမယ်။
စိတ်ဆိုတာ ပဋိသန္ဓေစိတ်ပဲဖြစ်ဖြစ်, အခြားစိတ်ပဲဖြစ်ဖြစ် ဘာမျှမကြာဘူး၊ (ဥပါဒ်-ဌီ-ဘင်၊ ဖြစ်-တည်-ပျက်ဆိုတဲ့) ခဏငယ် ၃-ချက်မျှသာရှိတယ်၊ မျက်စိတမှိတ် လျှပ်တပြက်အတွင်းမှာ ဒီလိုစိတ်တွေ အကြိမ်ပေါင်း ကုဋေတသိန်းခန့် ဖြစ်ပျက် သွားကြတယ်လို့ အဋ္ဌကထာများမှာ ပြဆိုထားတယ်၊ ဒါကြောင့် စိတ်တခု တခုရဲ့ (ဖြစ်-တည်-ပျက်ဆိုတဲ့) ခဏဟာ တစက္ကန့်ကို အပုံတသန်းပုံပြီး တပုံခန့်မျှတောင် ကြာဖို့မရှိဘူး၊ ဒါလောက် လျင်မြန်တယ်လို့ မှတ်ထားရမယ်။
တဘဝလုံးမှာလဲ ဒီစိတ်ပဲ ဆက်ပြီး ဖြစ်နေတယ်
▬▬▬▬▬▬▬▬
အဲဒီလောက် လျင်မြန်တဲ့ တခဏမျှသာ တည်ပြီးတော့ ပဋိသန္ဓေစိတ်ကလေး ချုပ်သွားတဲ့ အခါမှာလဲ အဲဒီစိတ်ပဲ ထပ်ကာထပ်ကာ ဆက်ပြီးဖြစ်သွားတယ်၊ ဝီထိစိတ်ဆိုတဲ့ အမျိုးကွဲစိတ်ဖြစ်ဖို့ အကြောင်းထူးမရှိတဲ့ အခါမှာဆိုယင် ဒီစိတ်မျိုး ချည်းပဲ တဘဝလုံး အဆက်မပြတ်ဖြစ်နေတယ်၊ အဲဒါတွေလဲ ပဋိသန္ဓေကိုဖြစ်စေတဲ့ သင်္ခါရကြောင့်ဖြစ်တာတွေပဲ၊ အဲဒီလိုစိတ်တွေ အဆက်မပြတ် ဖြစ်နေသမျှ ကာလပတ်လုံး အဲဒီဘဝမှာ အသက်ရှင်နေတယ်လို့ ဆိုရတယ်၊
ဒါကြောင့် အဲဒီလို အဆက်မပြတ်ဖြစ်နေတဲ့ စိတ်တွေကို ဘဝင်္ဂ-ဘဝ၏ အစိတ်အပိုင်း ဘဝင်စိတ်တွေလို့ ခေါ်ရတယ်၊ မြင်တဲ့စိတ်, ကြားတဲ့စိတ်, နံတဲ့စိတ်, စားတဲ့စိတ်, ထိသိတဲ့စိတ်, စိတ်ကူးကြံစည် စဉ်းစားတဲ့စိတ်ဆိုတဲ့ ဒီလို အမျိုးကွဲစိတ်တွေ မဖြစ်တဲ့အခါမှာဆိုယင် ဒီဘဝင်စိတ်ချည်း မပြတ်ဖြစ်နေတယ်၊ ဒီဘဝင်စိတ်တွေ ကြာရှည်စွာဖြစ်နေယင် အသက်ရှည်တယ်လို့ဆိုရတယ်၊ ကြာရှည်စွာ မဖြစ်ယင် အသက်တိုတယ်လို့ ဆိုရတယ်၊
ဒီလိုရှည်တာ တိုတာကလဲ သင်္ခါရဆိုတဲ့အကြောင်း ကံအပေါ်မှာ ပဓာနအားဖြင့် တည်တယ်၊ ကံကအားကောင်းယင် ကြာရှည်စွာတည်တယ်၊ အားနည်းယင် ကြာရှည်စွာမတည်ဘူး၊ ဥပမာ လက်နဲ့ပစ်လိုက်တဲ့ ခဲရဲ့ သွားပုံနဲ့လဲ တူတယ်၊ ပစ်လိုက်တဲ့ လက်က သန်စွမ်း အားကောင်းယင် ခဲက ဝေးဝေးသွားတယ်၊ လက်က မသန်ယင်တော့ ဝေးဝေးမသွားဘူး၊ အဲဒါလိုပါပဲ၊ လေး, သေနတ်, အမြောက်, ဒုံးပျံ စသည်တို့ရဲ့ အရှိန်အဟုန်နဲ့လဲ ဥပမာပြုနိုင်ပါတယ်၊
အဲဒီ ဘဝမှာ နောက်ဆုံး သေတယ်ဆိုတာလဲ ဒီသင်္ခါရကြောင့်ဖြစ်တဲ့ ဒီစိတ်ပါပဲ၊ ဒီတော့ ဘဝတခုလုံးရဲ့ အစဆုံး ပဋိသန္ဓေစိတ်ရယ်, အလယ်ပိုင်းက ဘဝင်စိတ်တွေရယ်, အဆုံးပိုင်း စုတိစိတ်ရယ် ဒီစိတ် ၃-မျိုးဟာ သင်္ခါရဆိုတဲ့ ရှေးကံ တခုတည်းကြောင့် ဖြစ်နေတဲ့ တစိတ်တည်းပဲဆိုတာ သဘောပေါက်လောက်ပါပြီ။
ခုတင်က ပြောခဲ့တဲ့ အမျိုးကွဲ ဝီထိစိတ်ဆိုတာတွေထဲမှာ မြင်တဲ့ စက္ခုဝိညာဏ် စိတ်, ကြားတဲ့ သောတဝိညာဏ်စိတ်, နံတဲ့ ဃာန ဝိညာဏ်စိတ်, စားသိတဲ့ ဇိဝှါ ဝိညာဏ်စိတ်, ထိသိတဲ့ ကာယဝိညာဏ်စိတ်ဆိုတဲ့ ဝိညာဏ်စိတ် ၅-မျိုးရယ်၊
အဲဒီ စိတ် ၅-မျိုးရဲ့ အာရုံကိုလက်ခံပြီး အာရုံပြုတဲ့ သမ္ပဋိစ္ဆိုန်းစိတ်ရယ်၊ စုံစမ်းဆင်ခြင်တဲ့ သန္တီရဏစိတ်ရယ်၊ ဇောစိတ်၏အာရုံကို ဆက်လက်ပြီး အာရုံခံတဲ့ တဒါရုံ စိတ်ရယ် ဒီစိတ်တွေလဲ သင်္ခါရကြောင့်ဖြစ်တဲ့ (ကံ၏ အကျိုး) ဝိပါက်ဝိညာဏ် တွေပါပဲ၊
အဲဒါတွေကတော့ ပဋိသန္ဓေအကျိုးကိုပေးတဲ့ မူလကံကြောင့် ဖြစ်တာလဲ ရှိတယ်၊ အခြားကံကြောင့် ဖြစ်တာလဲရှိတယ်၊ အဲဒါတွေ ဖြစ်ပုံကိုတော့ တော်တော်ကြာမှ ပြောရမယ်။
အဘိဓမ္မာပိဋကတ် ဓာတုကထာပါဠိတော်မှာတော့ ကုသိုလ် အကုသိုလ် ကြိယာစိတ် တွေပါ တဘဝလုံးက စိတ်ဟူသမျှကို အကုန်လုံး သင်္ခါရကြောင့် ဖြစ်တဲ့ ဝိညာဏ်အရထဲမှာ ထည့်သွင်းပြီးဟောထားပါတယ်၊ အဲဒါလဲ သင့်လျော်ပါတယ်၊ ဘာကြောင့်လဲဆိုယင် တဘဝလုံးမှာ ဖြစ်ပေါ်လာတဲ့ အဲဒီ ကုသိုလ်အကုသိုလ် ကြိယာစိတ်တွေလဲ တခုတည်းသော သင်္ခါရကြောင့်ဖြစ်တဲ့ ပဋိသန္ဓေ ဘဝင်စိတ်မှ ရင့်ကျက်ပြီး ဖြစ်ပွားလာတဲ့ သဘောရှိတဲ့အတွက်ကြောင့်ပါပဲ၊
ဒါပေမယ့် ဒီပဋိစ္စသမုပ္ပါဒ် ဒေသနာမှာတော့ ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်ဆိုတဲ့ ဝဋ် ၃-ပါးကို အသီးအသီးခွဲခြားပြီး အကြောင်းအကျိုးဆက်သွယ်ပုံကို ဟောပြထား ပါတယ်၊ ဒါကြောင့် ဒီဒေသနာမှာတော့ ကမ္မဝဋ်၏ အကျိုးဖြစ်တဲ့ လောကီဝိပါက် ဝိညာဏ် ၃၂-ပါးကိုသာ သင်္ခါရကြောင့်ဖြစ်တဲ့ ဝိညာဏ်အဖြစ်နဲ့ ဟောထားပါတယ်၊
အဲဒီ ၃၂-ပါးထဲက ပဋိသန္ဓေ ဘဝင်စုတိအဖြစ်နဲ့ ဖြစ်တဲ့ ဝိညာဏ် ၁၉-ပါးရဲ့ ဖြစ်ပုံကိုတော့ ပြောပြီးပြီ၊ မြင်တဲ့စိတ် ကြားတဲ့စိတ် အစရှိသော ကျန်တဲ့ ဝိညာဏ်တွေကတော့ ကောင်းတဲ့အာရုံ မကောင်းတဲ့အာရုံတွေကို မြင်ရတဲ့အခါ ကြားရတဲ့အခါ စသည်မှာ ဖြစ်ကြတယ်၊ အဲဒါတွေဟာ ကုသိုလ်ကံဆိုတဲ့ သင်္ခါရကြောင့် ကောင်းတဲ့အာရုံကို ခံစားရတဲ့ သဘောတွေ, အကုသိုလ်ကံဆိုတဲ့ သင်္ခါရကြောင့် မကောင်းတဲ့အာရုံကို စံစားရတဲ့ သဘောတွေပါပဲ၊
အဲဒါတွေဖြစ်ပုံ အကျယ်ကိုတော့ တော်တော်ကြာမှ ရှင်းပြရမယ်၊ အဲဒီလို ပဋိသန္ဓေစိတ်မှစပြီး တဘဝလုံးမှာ သင်္ခါရကြောင့် ဝိပါက်ဝိညာဏ်ဖြစ်ပုံကို ရည်ပြီးတော့-
“အမှန်မသွား၊ အမှားမြင်ကာ၊ အဝိဇ္ဇာကြောင့်၊ ချမ်းသာလိမ့်နိုး၊ ရည်မျှော်ကိုးလျက်၊ သုံးမျိုးမှုကံ၊ ပြုစီမံ၍၊ ဝိညာဏ်တွယ်စပ်” လို့ဆောင်ပုဒ်ရှည်က ဆိုထားပါတယ်၊
ဆောင်ပုဒ်အတိုကတော့-
“အမှန်မသွား အမှားသိမြင်
အဝိဇ္ဇာဖုံး ကောင်းလုံးမှတ်ထင်၊
စိတ်-ကိုယ်နှုတ်မှု ကြံ-ပြု-ပြောလျှင်၊
ဝိညာဏ်စပ် နောက်ထပ် သန္ဓေရှင်”လို့-
ဆိုထားပါတယ်၊ ဆိုလိုတာကတော့ အမှန်အတိုင်းမသိပဲ အလွဲအမှားကို သိမြင်ထင်မှတ်တဲ့ အဝိဇ္ဇာက ဖုံးကွယ်ထားလို့ မြင် ကြား တွေ့ သိရသမျှတွေကို အကောင်းတွေလို့ ထင်ပြီးတော့ အဲဒါမျိုးတွေကို ရဖို့အတွက် စိတ်အမှုကိုကြံလျှင် ကိုယ်အမှုကိုပြုလျှင် နှုတ်အမှုကိုပြောလျှင် အဲဒီ ကြံမှု ပြုမှု ပြောမှု သင်္ခါရတွေကြောင့် ပဋိသန္ဓေစိတ် အစရှိတဲ့ ဘဝသစ်ဝိညာဏ်တွေ တဖန် ဆက်စပ်ပြီး ဘဝသစ်မှာ အသက်ရှင်သွားပြန်တယ်-လို့ ဆိုလိုပါတယ်၊ အဲဒါ ရှင်းနေပါပြီ၊ ကဲ အဲဒီ ဆောင်ပုဒ်ကို ဆိုကြရမယ်။
အမှန်မသွား အမှားသိမြင်၊
အဝိဇ္ဇာဖုံး ကောင်းလုံးမှတ်ထင်၊
စိတ်-ကိုယ်-နှုတ်-မှု ကြံ-ပြု-ပြောလျှင်၊
ဝိညာဏ်စပ် နောက်ထပ် သန္ဓေရှင်။
ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်မှာ အဝိဇ္ဇာနဲ့ သင်္ခါရဆိုတဲ့ ဒီ ၂-ပါးကအတိတ်ဘဝက အကြောင်းတရား၊ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ ဒီငါးပါးက ပစ္စုပ္ပန်ဘဝ၌ အကျိုးတရား၊ တဏှာ ဥပါဒါန်ဘဝဆိုတဲ့ ဒီ ၃-ပါးက ပစ္စုပ္ပန်ဘဝက အကြောင်းတရား၊ ဇာတိနဲ့ ဇရာမရဏဆိုတဲ့ ဒီ ၂-ပါးက အနာဂတ်ဘဝမှာဖြစ်မယ့် အကျိုးတရားလို့ ဒီလို အကြောင်းအကျိုး ခွဲခြားထားပါတယ်၊
အဲဒီအကြောင်းအကျိုး တွေထဲက အတိတ်ဘဝကအကြောင်းနဲ့ ပစ္စုပ္ပန်ဘဝက ဝိညာဏ်ဆိုတဲ့ အကျိုးတရား စပ်ပုံအထိပြီးပြီလို့ ဆိုမှာပဲ၊ ဒါပေမယ့် ပဋိသန္ဓေစိတ် အစရှိသော အဲဒီ အကျိုးဝိညာဏ်ဖြစ်ယင် အဲဒီ ဝိညာဏ်၏တွဲဖက် စေတသိက် နာမ်တရားတွေကိုလဲ ပြောဖို့လိုပါသေးတယ်၊ အဲဒီဝိညာဏ်၏ မှီရာရုပ်ကိုလဲပြောဖို့ လိုပါသေးတယ်၊ ဒါကြောင့် အဲဒီ လိုတာတွေကို ဆက်ပြီး ပြောဦးမယ်။
ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်သည်
▬▬▬▬▬▬▬▬▬▬▬
အဲဒါတွေဟာ ဝိညာဏပစ္စယာ နာမရူပံ-ဝိညာဏ်ကြောင့် နာမ်ရုပ် ဖြစ်သည်ဆိုတဲ့ အပိုဒ်ထဲမှာ အတွင်းဝင်နေပါတယ်၊ ဒါကြောင့် “ဝိညာဏ်တွယ်စပ်၊ နာမ်ရုပ် ကပ်လျက်”လို့ ဆောင်ပုဒ်မှာ ဆိုထားပါတယ်၊ ပဋိသန္ဓေစိတ်အစရှိတဲ့ ဝိညာဏ် ဖြစ်ပေါ်ယင် နာမ်နဲ့ရုပ်လဲ တပါတည်း ကပ်ပါလာတယ်လို့ ဆိုလိုပါတယ်၊ နာမ်တရား ကပ်ပါလာပုံကတော့ ပဋိသန္ဓေစိတ်ဖြစ်ယင် သူ၏အာရုံဖြစ်တဲ့ ကံကမ္မနိမိတ် ဂတိနိမိတ်ကိုအာရုံပြုလျက် ခံစားတဲ့ဝေဒနာလဲ အတူပူးတွဲပြီးဖြစ်တယ်၊ အဲဒီအာရုံကို မှတ်သားတဲ့သညာလဲ ဖြစ်တယ်၊
အဲဒီအာရုံကို ထင်ရှားတွေ့တဲ့ ဖဿ၊ စေ့ဆော်တဲ့ စေတနာ၊ နှလုံးသွင်းတဲ့ မနသိကာရ အစရှိသော စေတသိက်တွေလဲ ပူးတွဲပြီးဖြစ်ကြတယ်၊ ဘယ်စိတ်ပဲဖြစ်ဖြစ် ဒီဝေဒနာ သညာ ဖဿ စေတနာ မနသိကာရ အစရှိသော စေတသိက်တွေကတော့ အတူ ပူးတွဲပြီးပါတာချည်းပဲ၊ ဗြဟ္မာတွေ နတ်တွေ လူတွေရဲ့ တိဟိတ်ပဋိသန္ဓေစိတ်မှာဆိုယင် အလောဘ အဒေါသ အမောဟဆိုတဲ့ ဟိတ်တရား ၃-ပါးလဲ ပါတယ်၊ ဒါကြောင့် အဲဒီပဋိသန္ဓေကို တိဟိတ်ပဋိသန္ဓေလို့ ခေါ်ရတယ်၊
အချို့လူတွေ အချို့နတ်တွေရဲ့ ပဋိသန္ဓေစိတ်မှာ အလောဘနဲ့ အဒေါသဆိုတဲ့ ဟိတ် ၂-ပါးသာ ပါတယ်၊ ဒါကြောင့် အဲဒါကို ဒွိဟိတ်ပဋိသန္ဓေလို့ခေါ်တယ်၊ အင်္ဂါချို့တဲ့သော လူတွေနဲ့ မြေတည် နတ်တွေရဲ့ ပဋိသန္ဓေမှာတော့ အဲဒီလို ဟိတ်တပါးမျှမပါဘူး၊ ဒါကြောင့် အဲဒါကို သုဂတိအဟိတ် ပဋိသန္ဓေလို့ခေါ်တယ်၊ အပါယ်ဘုံသားတွေရဲ့ ပဋိသန္ဓေမှာလဲ ဟိတ်တပါးမျှ မပါဘူး၊ ဒါကြောင့် အဲဒါကို ဒုဂ္ဂတိအဟိတ်ပဋိသန္ဓေလို့ ခေါ်တယ်။
ပဋိသန္ဓေခဏမှာ ရုပ်ဖြစ်ပုံကိုပြောမယ်ဆိုယင် -
(၁) ဂဗ္ဘသေယျက = အမိဝမ်း၌ ကိန်းပြီးမွေးဖွားတဲ့ သတ္တဝါတို့၏ ပဋိသန္ဓေ၊
(၂) သံသေဒဇ = အညှိထဲမှာဖြစ်တဲ့ သတ္တဝါတို့၏ ပဋိသန္ဓေ၊
(၃) ဩပပါတိက = အနီးအပါး၌ ကျလာသကဲ့သို့ အပြည့်အစုံ ကိုယ်ထင်ရှား ဘွားကနဲ ဖြစ်ပေါ်လာတဲ့ သတ္တဝါတို့၏ ဥပပါတ်ပဋိသန္ဓေ -
ဆိုတဲ့ ဒီပဋိသန္ဓေ ၃-မျိုးနဲ့ ခွဲခြားပြီး ပြောရတယ်၊ ဒီအထဲမှာ -
(၁) ဂဗ္ဘသေယျက ပဋိသန္ဓေဆိုတာ ယခု လူတွေ, ဆင်, မြင်း, ကျွဲ, နွားအစရှိတဲ့ သတ္တဝါတွေလို အမိဝမ်းထဲ အချင်းဆိုတဲ့သူငယ်အိမ်မှ ပေါက်ဖွားတဲ့ ဇလာဗုဇ ပဋိသန္ဓေရယ်၊ ကြက်, ငှက်အစရှိတဲ့သတ္တဝါတွေလို ဥကပေါက်ဖွားတဲ့ အဏ္ဍဇ ပဋိသန္ဓေရယ် ဒီနှစ်မျိုးပါပဲ၊
ဒီဂဗ္ဘသေယျကပဋိသန္ဓေက သတ္တဝါအမျိုးအစားတွေ အကြီးအငယ် ပမာဏတွေ ကွဲပြားနေကြသလို မူလအခြေတည်ကလဲ ကွဲပြားဖွယ်ရှိပါတယ်၊ ပဋိသန္ဓေ တည်နေ ရတဲ့ အချိန်ကာလချင်းလဲမတူပဲ ကွဲပြား နေပါတယ်၊ အဲဒါတွေကို အတိအကျ အပြည့်အစုံပြောဖို့ ခက်ပါတယ်၊ ဒါကြောင့် သိဖို့ရာ အရေးကြီးတဲ့ လူတို့၏ ပဋိသန္ဓေကိုသာ ပဓာနပြုပြီး သာသနာဝင်ကျမ်း တွေမှာ ပြဆိုထားပါတယ်။
လူ့ရုပ်ကိုယ်အစ ကလလရေကြည်က
▬▬▬▬▬▬▬
လူ့ဘဝပဋိသန္ဓေစိတ်ဖြစ်ယင် အဲဒီစိတ်နဲ့အတူတူ တပြိုင်နက်ပဲ သင်္ခါရဆိုတဲ့ ကံကြောင့် ကမ္မဇရုပ်ကလာပ် ၃-ခု၊ ရုပ်ပေါင်း ၃၀-လဲ ဖြစ်တယ်၊ ကမ္မဇ ရုပ်ကလာပ်ဆိုတာ ကံကြောင့်ဖြစ်တဲ့ ရုပ်အပေါင်းလို့ ဆိုလိုပါတယ်၊ အဲဒါတွေက ဘာတွေလဲဆိုယင် ကာယဒသက, ဘာဝဒသက, ဝတ္ထုဒသကဆိုတဲ့ ဒီ ၃-ခုပါပဲ၊ ပထဝီ, အာပေါ, တေဇော, ဝါယော, ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာ, ဇီဝိတဆိုတဲ့ ရုပ် ၉-ခုနဲ့ ကာယပသာဒရုပ်ကို ကာယဒသက=ကာယပသာဒနှင့်တကွ ရုပ်ပေါင်းဆယ်ခုလို့ ဆိုပါတယ်၊
ထို့အတူ ဘာဝရုပ်နှင့်တကွ ပထဝီအစရှိတဲ့ ရုပ်ပေါင်းဆယ်ခုကို ဘာဝဒသကလို့ ခေါ်တယ်၊ ဘာဝဆိုတာ မိန်းမဖြစ်ကြောင်း မျိုးစေ့ရုပ်, ယောက်ျားဖြစ်ကြောင်း မျိုးစေ့ရုပ်လို့ ဒီလို ၂-မျိုးရှိတယ်၊ မိန်းမဖြစ်မည့်သူမှာ ဣတ္ထိဘာဝရုပ် ဖြစ်ပေါ်တယ်၊ ယောက်ျားဖြစ်မည့်သူမှာ ပုမ္ဘာဝရုပ် ဖြစ်ပေါ်တယ်၊
အဲဒီဘာဝရုပ်ကြောင့် မိန်းမ၏ ပုံပန်းသဏ္ဌာန် စိတ်နေစိတ်ထား အမူအရာတွေ, ယောက်ျား၏ ပုံပန်းသဏ္ဌာန် စိတ်နေစိတ်ထား အမူအရာတွေ အဲဒီရုပ်သဏ္ဌာန် ရင့်ကျက်တဲ့အခါမှာ ဖြစ်ပေါ်လာကြတယ်၊ အဲဒါဟာ လိင်ပြန်တဲ့ ပုဂ္ဂိုလ်တွေရဲ့ဖြစ်ပုံနဲ့ ထောက်ဆကြည့်ယင် ထင်ရှားပါတယ်၊
ဘုရားလက်ထက်တော် ကာလတုန်းက အရှင်မဟာကစ္စည်းမထေရ်ကို ပြစ်မှားမိတဲ့ သောရေယျသဌေးသားမှာ ပုမ္ဘာဝရုပ်ကွယ်ပြီး ဣတ္ထိဘာဝရုပ် ဖြစ်ပေါ်လာတဲ့အတွက် မိန်းမ၏အခြင်းအရာတွေ တခဏချင်းဖြစ်ပေါ်ပြီး တခါထဲ မိန်းမဖြစ်သွားတယ်၊ သား ၂-ယောက်တောင် မွေးလိုက်သေးတယ်၊ နောက် အရှင်မဟာကစ္စည်းမထေရ်ကို ကန်တော့တဲ့အခါကျတော့မှ ဣတ္ထိဘာဝ ရုပ်ကွယ်ပျောက်ပြီး ပုမ္ဘာဝရုပ်ပြန်ဖြစ်ပေါ် လာတယ်၊ အဲဒီတော့လဲ တခါထဲ ယောက်ျားစစ်စစ် ပြန်ဖြစ်ပြန်တယ်၊ နောက် ရဟန်းပြုလို့ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန် စံသွားတော်မူတယ်၊
ဥပမာအားဖြင့် ခွေးရူးအကိုက်ခံရတဲ့သူမှာ ခွေးရူးရဲ့အဆိပ်ကြောင့် ခွေးရူးပြန်တဲ့အခါ ခွေးစိတ်ပေါက်သွားတာနဲ့လဲ တစိတ်တဒေသတူပါတယ်၊ မိန်းမလဲမဟုတ် ယောက်ျားလဲမဟုတ်တဲ့ နပုံးပဏ္ဍုက်မှာတော့ ဒီဘာဝဒသက မပါဘူး၊ ကာယဒသကနဲ့ ဝတ္ထုဒသက ဒီကလာပ် ၂-ခုသာပါတယ်၊ ရုပ်ပေါင်းလဲ ၂၀-သာပါတယ်၊ ဒီကလာပ် ၃-ခုထဲမှာ ဝတ္ထုဒသကဆိုတဲ့ ရုပ် ၁၀-ခုထဲက ဝတ္ထုရုပ် ဆိုတာဟာ ပဋိသန္ဓေ ဘဝင် စုတိအစရှိသော မနောဝိညာဏ်စိတ်တို့၏ မှီရာရုပ် ဖြစ်တယ်၊
ဒါကြောင့် ပဋိသန္ဓေခဏမှာ ပဋိသန္ဓေစိတ်ဟာ အဲဒီ ဝိတ္ထုဒသကထဲက ဝတ္ထုရုပ်ကို မှီပြီးဖြစ်တယ်၊ အဲဒီ ကာယ, ဘာဝ, ဝတ္ထု ဒသက ကလာပ် ၃-ခု ရုပ်ပေါင်း ၃၀-ကို “ပဌမံ ကလလံ ဟောတိ၊ ရှေးဦးစွာ ကလလရေကြည် ဖြစ်သည်” ဆိုတဲ့ ဒေသနာအရ ကလလရေကြည်ရုပ် ခေါ်တယ်၊ လူ့ရုပ်ကိုယ်ဟာ အဲဒီ ကလလရေကြည်ကစပြီး ဖြစ်ပေါ်လာတယ်လို့ ဗုဒ္ဓသာသနာဝင် ကျမ်းဂန်တွေက ပြဆိုထားပါတယ်။
အဲဒီကလာပ် ၃-ခု ရုပ်ပေါင်း ၃၀-ဆိုတဲ့ ကလလရေကြည်ရုပ်ဟာ ပကတိမျက်စိနဲ့ မမြင်နိုင်ဘူး၊ အလွန်သေးတယ်၊ မွေးခါစသိုးကလေးရဲ့ အသိမ်မွေ့ဆုံး သိုးမွေးမျှင် ကကလေးကို ဆီထဲမှာထည့်ပြီး ဆီတွေကျဆင်းသွားအောင်လို့ ခါပစ်ပါ၊ ဆီမကုန်မချင်း အကြိမ်ကြိမ်ခါပစ်ပါ၊ အဲဒီလိုခါလို့ နောက်ဆုံးကျလာတဲ့ ဆီပေါက်ကလေးလောက်ပဲ ရှိတယ်လို့ အဋ္ဌကထာဆရာများက ခန့်မှန်းကြည့်နိုင်အောင် ပြဆိုထားပါတယ်၊
ဒီ ကလာပ် ၃-ခု ရုပ်ပေါင်း ၃၀-ဆိုတဲ့ ကလလရေကြည်ဟာလဲ သူ့ချည်းပဲ တည်နေတာတော့ မဟုတ်ပေဘူး၊ မာတာပေတ္တိက သမ္ဘဝေါ-မိဘနှစ်ဦးတို့၏ သုက္က ဆိုတဲ့ သုက်ဓာတ်ရုပ်နဲ့ သောဏိတ ဆိုတဲ့သွေးဥ ရုပ် ဒီနှစ်မျိုးစပ်ကို မှီပြီး ဖြစ်ပွါးတယ်လို့ ယူသင့်တယ်၊ ဒီလိုမယူပဲနဲ့ ကလာပ် ၃-ခု သက်သက်မျှပဲ ဖြစ်ပြီး တိုးပွါးလာတယ်လို့ ယူယင် ဘယ်အပြစ်ရှိသလဲလို့ မေးစရာရှိပါတယ်၊
အဲဒီလိုယူယင် သုတ်ပါဠိတော်များနဲ့ ဆန့်ကျင်တယ်၊ မိဘတို့၏ ရုပ်ရေ ပုံပန်းသဏ္ဌာန် စသည်တို့နှင့် တူဖို့ရာလဲ အကြောင်း ကင်းသွားပါလိမ့်မယ်၊ သုတ္တန်ဒေသနာတော် တွေမှာ “အယံ ခေါ ရူပီ ကာယော စာတုမဟာဘူတိကော မာတာပေတ္တိကသမ္ဘဝေါ” စသည်ဖြင့် ဟောထားပါတယ်၊
အယံ ခေါ ရူပီ ကာယော၊ ဤရုပ်ကိုယ်သည်။
စာတုမဟာဘူတိကော၊ ဓာတ် ၄-ပါး၏ အစုအဝေး အစီးအပွါးပေတည်း။
မာတာပေတ္တိကသမ္ဘဝေါ၊ မိဘနှစ်ဦးတို့၏ သုက်သွေးကြောင့်ဖြစ်ပါတယ်-တဲ့။
ကလလရေကြည်ကတခြား မိဘတို့၏ သုတ်သွေးကတခြား ဘာမျှမရောမစပ်ပဲ သီးသန့်တည်နေကြတယ်ဆိုယင် ဒီလိုသုတ္တန်ဒေသနာများနဲ့ ဆန့်ကျင်ပါလိမ့်မယ်၊ ပြီးတော့ ပဋိသန္ဓေ တည်ခြင်း၏ အင်္ဂါကိုပြတဲ့နေရာမှာလဲ -
(၁) မိဘနှစ်ဦးတို့ စပ်ယှက်ခြင်း၊
(၂) မိခင်မှာ ဥတုပန်းပွင့်ခြင်း၊
(၃) ဖြစ်ထိုက်တဲ့ သူငယ်လောင်း အသင့်ရှိခြင်း-
ဆိုတဲ့ ဒီအင်္ဂါသုံးပါးညီညွတ်မှ ပဋိသန္ဓေ ကိုယ်ဝန်တည်တယ်လို့ ပြဆိုထားပါတယ်၊ ကလာပ် ၃-ခုဆိုတဲ့ ကလလရေကြည်ဟာ သူ့ဟာသူ သီးသန့်ဖြစ်နိုင်တယ် ဆိုယင် ဒီအင်္ဂါ ၃-ပါးထဲက ပဌမနဲ့ ဒုတိယ အင်္ဂါတွေဟာ ပိုသကဲ့သို့ ဖြစ်သွားပါလိမ့်မယ်၊
ဒါကြောင့် ကမ္မဇကလာပ် ၃-ခုဆိုတဲ့ ကလလရေကြည်ဟာ သုက္က သောဏိတဆိုတဲ့ မိဘတို့၏ သုက်သွေးဓာတ်နဲ့ တပေါင်းတည်း ရောစပ်ပြီး ဖြစ်တယ်လို့သာ ယူသင့်တယ်၊ ဒီလိုယူပါမှ မိဘတို့၏ ရုပ်ရည်အဆင်း ပုံပန်းသဏ္ဌာန် စသည်နှင့် တူခြင်း ဆိုတာတွေလဲ ပြီးစီးနိုင်မယ်။
ဥတုဇရုပ်ထဲမှာ ကမ္မဇရုပ်ဖြစ်နိုင်ပါ့မလား
▬▬▬▬▬▬▬▬
မိဘတို့သဏ္ဌာန်မှ ကင်းကွာလာသော သုက်သွေးတို့ ဆိုတာဟာ ဥတုဇရုပ် မဟုတ်ပါလော၊ အဲဒီဥတုဇရုပ်ထဲမှာ ကမ္မဇရုပ် ဖြစ်နိုင်ပါ့မလားလို့ ဒီလိုလဲ မေးစရာရှိပါတယ်၊ ဖြစ်နိုင်တယ်လို့ပဲ ယူသင့်ပါတယ်၊ ဥပမာ-ယခုကာလ ဆရာဝန်များဟာ မကောင်းတဲ့အသားတွေကို လှီးထုတ်ပြီးတော့ တခြားတနေရာက အသားကောင်းကိုယူထည့်ပြီး ဆေးဖြင့် ပြုပြင်ပေးတတ်ကြတယ်၊
အဲဒီအစား ထိုးထည့်ပေးတဲ့အသားဟာ လှီးထုတ်ယူလာစဉ်တုန်းကတော့ ဥတုဇ သက်သက်ပဲ၊ နောက် ပကတိအသားနဲ့ တသားတည်းဖြစ်သွားတဲ့ အခါကျတော့ အဲဒီအစား ထိုးထည့်တဲ့ အသားထဲမှာ ကာယပသာဒဆိုတဲ့ ကမ္မဇရုပ်တွေ ဖြစ်လာတာဟာ ထင်ရှားပါတယ်၊ အဲဒါလိုပဲလို့ ယူသင့်ပါတယ်၊
နောက်ပြီးတော့ ဆရာဝန်တွေက လူ့အူကိုဖြတ်ပြီး ဆိတ်အူကို အစားထည့်ပေး တာလဲ ရှိတယ်၊ အခြားလူတယောက်ရဲ့ မျက်လုံးကိုယူပြီး အစားထည့်ပေးတာလဲ ရှိတယ်၊ အဲဒီ အစားထည့်ပေးတဲ့ အူထဲ မျက်လုံးထဲမှာလဲ ကာယပသာဒ စက္ခုပသာဒခေါ်တဲ့ ကမ္မဇရုပ်တွေဖြစ်တာဟာ ထင်ရှားပါတယ်၊ အဲဒါလိုပဲ မိဘတို့၏ ပကတိကိုယ်မှ ကင်းကွာလာခဲ့တဲ့ သုက်သွေးဆိုတဲ့ ဥတုဇရုပ်ထဲမှာ ကာယ ဘာဝ ဝတ္ထုဒသကဆိုတဲ့ ကလာပ် ၃-ခုဟာ ရောစပ်မှီတွယ်ပြီး ဖြစ်တယ်၊ အဲဒီသုက်သွေးနှင့် တကွ ကလာပ် ၃-ခု ရုပ်ပေါင်း ၃၀-ကို ကလလရေကြည် ခေါ်တယ်လို့ ယူသင့်ပါတယ်။
ယခုခေတ် အနောက်တိုင်းဆရာတို့၏ အဆို
▬▬▬▬▬▬▬▬▬▬▬
ယခုခေတ် အနောက်တိုင်း သတ္တဗေဒပါရဂူ ဆရာတွေကတော့ (အိုဗာခေါ်တဲ့) အမိ၏သားဥနဲ့ (စပါမယ်တိုဇွာခေါ်တဲ့) အဘ၏ သုက်ပိုးဆိုတဲ့ ဒီ ၂-ခုတို့ ပေါင်းစပ်ရာက တဖြည်းဖြည်း ရင့်ပြီး ကြီးပွါးကာ သူငယ်ကလေး ဖြစ်လာတယ်လို့ ဆိုကြတယ်၊ သူတို့ပြောတဲ့ သုက်ပိုးနဲ့ သားဥ ၂-ခုစပ် ရုပ်ဟာလဲ ပကတိမျက်စိနဲ့ မမြင်နိုင်အောင် အလွန်သေးငယ်တယ်လို့လဲ ဆိုကြပါတယ်၊ အဲဒီပါရဂူတွေ လက်တွေ့စမ်းသပ်ကြည့်ထားတာနဲ့လဲ နှီးနှောကြည့်ယင် သာသနာဝင်ကျမ်းဂန်များ အဆိုဟာ သင့်လျော်ပါတယ်၊
မိဘတို့၏ သုက်သွေးကိုမှီပြီး ကလလရေကြည်အဖြစ်နဲ့ ကလာပ် ၃-ခု, ရုပ်ပေါင်း ၃၀-မှစပြီး ပဋိသန္ဓေတည်လာပုံကို မြတ်စွာဘုရားက မှန်ဘီလူးအစရှိတဲ့ ဘာကိရိယာ တန်ဆာပလာကိုမျှ အကူအညီမယူပဲ ဉာဏ်တော်သက်သက်နဲ့ကြည့်ပြီး နှစ်ပေါင်း ၂၅၀ဝ-ကျော်က ဟောထားခဲ့တယ်၊ အဲဒါကို ယခု နှစ်ပေါင်းသုံးရာလောက် အတွင်းကမှ အနောက်တိုင်းဆရာတွေက မှန်ဘီလူးစသော အကူအညီ တွေနဲ့ အကြာကြီးစုံစမ်းပြီးမှ တွေ့ကြရတယ်၊
အဲဒါဟာ မြတ်စွာဘုရား၏ ဉာဏ်အတွေ့ကို ထောက်ခံတဲ့သဘော ရှိပါတယ်၊ ဒါပေမယ့် ယခုခေတ် ဆရာတွေက ကလာပ် ၃-ခုဆိုတဲ့ ရုပ်ပေါင်း-၃၀ စပြီး ဖြစ်လာပုံကိုတော့ မထုတ်ဖော်နိုင်ကြသေးဘူး၊ အဲဒါဟာ ဘာကြောင့်လဲဆိုယင် အလွန်သိမ်မွေ့တဲ့ ကမ္မဇရုပ်ကိုတော့ သူတို့ရဲ့ မှန်ဘီလူးနဲ့ မမြင်နိုင်လို့ပဲ ဖြစ်ပါလိမ့်မယ်။
ဒါလောက်ဆိုယင် သင်္ခါရကြောင့် ပဋိသန္ဓေဝိညာဏ်ဖြစ်တယ်, ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်တယ်ဆိုရာမှာ ပဋိသန္ဓေစိတ် ဖြစ်ပုံကိုရော, ပဋိသန္ဓေစိတ်နဲ့ တပြိုင်နက် ဖြစ်တဲ့ စေတသိက်နာမ်နဲ့ ကမ္မဇရုပ် ဖြစ်ပုံကိုရော တော်တော်သဘောပေါက် လောက်ပါပြီ၊
အဲဒီစေတသိက်နာမ်နဲ့ ကမ္မဇရုပ်တွေဟာ ပဋိသန္ဓေဝိညာဏ်ကြောင့် ဖြစ်တဲ့ နာမ်ရုပ်တွေပါပဲ၊ အဲဒီ ပဋိသန္ဓေစိတ်၏ ဌီခဏကစပြီးတော့လဲ ကမ္မဇရုပ်တွေဟာ စိတ်တိုင်း စိတ်တိုင်း၏ ဥပါဒ်, ဌီ, ဘင်ဆိုတဲ့ ခဏတိုင်း ခဏတိုင်း အသစ် အသစ်ထပ်ပြီး ဖြစ်ကြတယ်၊ ပဋိသန္ဓေစိတ်ရဲ့ ဌီခဏကစပြီးတော့ ဖြစ်ပြီးရုပ်ထဲက ဥတုဆိုတဲ့ တေဇောဓာတ်က စိတ်၏ ဥပါဒ်, ဌီ, ဘင် ခဏတိုင်း ခဏတိုင်း ဥတုဇရုပ်ကို ဖြစ်ပွါးစေတယ်၊
ပဋိသန္ဓေစိတ်၏ အခြားမဲ့ ပဌမဘဝင်စိတ် ဥပါဒ်ခဏကစပြီး စိတ်၏ ဥပါဒ်ခဏတိုင်းမှာ စိတ္တဇရုပ်ဖြစ်တယ်၊ သို့သော် မြင်သိကာမျှ-စက္ခုဝိညာဏ်၊ ကြားသိကာမျှ-သောတဝိညာဏ်၊ နံသိကာမျှ-ဃာန ဝိညာဏ်၊ စားသိကာမျှ-ဇိဝှါဝိညာဏ်၊ ထိသိကာမျှ ကာယဝိညာဏ်ဆိုတဲ့ ဒီစိတ် တွေကတော့ ရုပ်ကို မဖြစ်စေနိုင်ဘူး၊ ဒါကြောင့် အဲဒီစိတ်တွေရဲ့ ဥပါဒ်ခဏမှာတော့ စိတ္တဇရုပ် မဖြစ်ဘူးလို့ အထူး မှတ်ထားရမယ်၊
ယခု ပြောခဲ့တဲ့အတိုင်း ပဋိသန္ဓေစိတ်ရဲ့ ဥပါဒ်ခဏကစပြီး စိတ်ရော, ဝေဒနာ အစရှိသော စေတသိက်နာမ်ရော, ကမ္မဇ ဥတုဇ စိတ္တဇဆိုတဲ့ ရုပ်ရော ထိုက်သည် အားလျော်စွာ ဖြစ်ပွါးလာတယ်၊ (၇) ရက်တပတ် လွန်တဲ့အခါ ကလလရေကြည်က အဗ္ဗုဒဆိုတဲ့ နောက်ကျုကျု အမြှုပ်ကလေး ဖြစ်လာတယ်၊ တဖန် (၇) ရက် ကြာပြန်တော့ ပေသိ ဆိုတဲ့ အသားနှစ် ခဲကလေး ဖြစ်လာတယ်၊ ဒါပေမယ့် မမာသေးဘူး၊
တဖန် (၇)ရက် ကြာပြန်တော့ ဃနဆိုတဲ့ မာမာအသားတုံးကလေး ဖြစ်လာတယ်၊ တဖန် (၇)ရက်ကြာလို့ ရက် သတ္တပတ် ၅-ပတ်အတွင်း ရောက်တဲ့အခါ ခြေနဲ့ လက်အတွက် အဖုကလေး ၄-ခု, ခေါင်းအတွက် အဖုကြီးတခု၊ ပေါင်း အဖု ၅-ခု ဖြစ်လာတယ်၊ အဲဒါကို ပသာခ=ခက်မငါးဖြာ ဖြစ်လာတယ်လို့ ဆိုပါတယ်၊ ဆရာဝန်တွေကတော့ အဲဒီလို ဖြစ်ပုံကို ခေါင်းပိုင်းက ကြီးကြီး ကိုယ်ပိုင်းက သေးသေးနဲ့ တည်ရှိနေပုံကို ဓာတ်ပုံနဲ့တကွ ပြထားကြပါတယ်။
အဲဒီ ၅-သတ္တာဟ ရက်ပေါင်း ၃၅-ရက်က နောက်တော့ ဖြစ်ပွါးပုံကို သာသနာဝင်ကျမ်းတွေမှာ အသေးစိတ် မပြတော့ပဲ ၁၁-သတ္တာဟ (၇၇)ရက်မြောက် ကျမှ စက္ခု သောတ ဃာန ဇိဝှါဆိုတဲ့ ပသာဒရုပ် ၄-ခု ဖြစ်ပေါ်လာတယ်၊ မိခင်ရဲ့ ကိုယ်မှာ အာဟာရဓာတ် ပျံ့နှံ့စိမ့်ဝင်တဲ့အခါကစပြီး အာဟာရဇရုပ်တွေ ဖြစ်တယ်၊ မဖွားခင်အတွင်းမှာပဲ ဆံပင် မွေးညင်း လက်သည်းခြေသည်းဆိုတာတွေ ဖြစ်တယ်လို့ ဒါလောက်သာ ပြဆိုထားကြပါတယ်၊ အဲဒါဟာ ဒါထက် အသေးစိတ်ပြီးသိရန် မလိုတဲ့အတွက် ခန့်မှန်းနိုင်ရုံမျှ ပြဆိုထားတယ်လို့ မှတ်ရပါတယ်၊
ဆေးဆရာတွေမှာတော့ သူငယ်၏ ဖြစ်ပွားပုံကို အသေးစိတ် သိနိုင်လေလေ ဆေးဖြင့် ကုသစောင့်ရှောက်ရာမှာ အကျိုးများလေလေ ဖြစ်နိုင်တဲ့အတွက် တဖြည်းဖြည်းချင်း ကြီးထွားလာပုံကို အများကြီးအသေးစိတ်ပြီး ရုပ်ပုံတွေနှင့်တကွ ပြထားပါတယ်၊ ဘုန်းကြီးလဲ အဲဒါတွေထဲက တချို့ကိုယူပြီး ဘဝပြဿနာဆိုတဲ့ စာအုပ်ကလေးထဲမှာ ဗဟုသုတဖြစ်ဖို့ ဖော်ပြထားပါတယ်။
အဲဒီတော့ အမိဝမ်းတွင်းမှာ ကိန်းအောင်းပြီး မွေးဖွားရတဲ့ လူတို့၏ ဂဗ္ဘသေယျက ပဋိသန္ဓေအကြောင်းတော့ တော်တော် သဘောပေါက်လောက်ပါပြီ။
ဥပပါတ်ပဋိသန္ဓေအကြောင်း
▬▬▬▬▬▬▬▬▬▬
ယခုဥပပါတ်ပဋိသန္ဓေအကြောင်းကို အကျဉ်းချုပ်ပြောမယ်၊ စာတုမဟာရာဇ်အစရှိတဲ့ ကောင်းကင်ဘုံသား နတ်တွေမှာ ပဋိသန္ဓေစိတ်ဖြစ်သည်နှင့် တပြိုင်နက် စက္ခု သောတ ဃာန ဇိဝှါ ကာယ ဘာဝ ဝတ္ထုဒသက ဆိုတဲ့ ကလာပ်ပေါင်း (၇)ခု ရုပ်ပေါင်း (၇၀)လဲ တပါတည်းဖြစ်ပေါ်ကြတယ်၊ အဲဒီမှာ ကလာပ်(၇)ခု ဆိုတာဟာ အမျိုးကွဲ (၇)မျိုးဖြစ်ကြောင်းကို ပြတာပါ၊ အမျိုးတူကလာပ်တွေကတော့ နတ်၏မျက်လုံး နားနှာခေါင်း လျှာကိုယ်ကာယတို့၏ ပမာဏအားလျော်စွာ မရေမတွက်နိုင်အောင် များစွာပင် ဖြစ်ကြတယ်လို့ ယူရပါတယ်၊
ပထမဈာန် ၃-ဘုံ၊ ဒုတိယဈာန် ၃-ဘုံ၊ တတိယဈာန် ၃-ဘုံ၊ ဝေဟပ္ဖိုလ်နဲ့ သုဒ္ဓါဝါသ ၅-ဘုံ ဆိုတဲ့ ဒီဗြဟ္မာ့ဘုံတွေမှာတော့ ဃာန ဇိဝှါ ကာယ ဘာဝ ဆိုတဲ့ ဒီ ဒသကရုပ်ကလာပ်တွေ မရှိဘူး၊ စက္ခု သောတ ဝတ္ထုဒသကဆိုတဲ့ ဒသက ကလာပ် ၃-ခုနဲ့ ဇီဝိတနဝက ဆိုတဲ့ နဝကကလာပ် ၁-ခု၊ ပေါင်း ကလာပ် ၄-ခု ရုပ် ပေါင်း ၃၉-ခုဟာ ပဋိသန္ဓေစိတ်နဲ့ တပြိုင်နက် ဖြစ်ကြတယ်၊
ဒီမှာလဲ ကလာပ် ၄-ခုဆိုတာ အမျိုးကွဲကို ရေတွက်ပြီး ပြောတာပါပဲ၊ အမျိုးတူတွေ ကတော့ မရေတွက်နိုင်အောင် အများကြီးပဲ ဖြစ်ကြတယ်လို့ မှတ်ရပါတယ်၊ အဲဒီကလာပ် ၄-ခုထဲ က ဇီဝိတနဝက ကလာပ်ဆိုတာ ကာယဒသက၏ ကိုယ်စား သဘောရှိပါတယ်၊ နတ်တွေရဲ့ ကိုယ်မှာ ကာယဒသက ကလာပ် ပျံ့နှံ့တည်သလို ကာယမပါတဲ့ ဇီဝိတနှင့်တကွ ရုပ် ၉-ခု အပေါင်းဟာ ဗြဟ္မာ့တကိုယ်လုံးမှာ ပျံ့နှံ့ပြီး တည်နေပါတယ်၊ ဗြဟ္မာရဲ့ အထည်ကိုယ်ကြီးလို့လဲ ဆိုနိုင်ပါတယ်၊
အသညသတ်ဆိုတဲ့ ဗြဟ္မာတွေမှာတော့ ပဋိသန္ဓေခဏ ကတည်းကစပြီး စိတ်မပါဘူး၊ ဇီဝိတနဝကဆိုတဲ့ ကလာပ်တမျိုးတည်းသာ ဖြစ်ပေါ်နေတယ်၊ အဲကလာပ် တမျိုးတည်း ဗြဟ္မာ့သဏ္ဌာန်ကြီး ဖြစ်နေတယ်၊ စိတ်မရှိလို့ ဘာကိုမျှမသိဘူး၊ စိတ္တဇရုပ်မရှိလို့ လှုပ်ရှားခြင်းလဲမရှိဘူး၊ လူတွေ ထုလုပ်ထားတဲ့ သစ်သားရုပ် ကျောက်ရုပ်ကြီးများလိုပဲ ဖြစ်နေတယ်၊ အင်မတန် အံ့ဩစရာ ကောင်းတာပဲ၊
နောက်ပြီးတော့ အဲဒီထက် အံ့ဩစရာကောင်းတဲ့ အရူပဗြဟ္မာတွေ ဆိုတာကလဲ ရှိသေးတယ်၊ အဲဒီ အရူပဘုံတွေမှာတော့ ဘာရုပ်မျှ မရှိဘူး၊ ပဋိသန္ဓေ ခဏကတည်းက စိတ်နဲ့ ဝေဒနာ အစရှိသော နာမ်သာ အဆက်ဆက်ဖြစ်ပြီး ကမ္ဘာပေါင်း နှစ်သောင်း၊ လေးသောင်း၊ ခြောက်သောင်း၊ ရှစ်သောင်းလေးထောင် အသီး အသီး တည်နေကြတယ်၊ အဲဒါတွေကတော့ ယခုခေတ် သိပ္ပံပညာနဲ့ စမ်းသပ်ရှာဖွေလို့ ဘယ်နည်းနဲ့မျှ မဖြစ်နိုင်ပါဘူး၊ ဈာန်အဘိညာဏ်ရ ပုဂ္ဂိုလ်တွေနဲ့ မြတ်စွာဘုရားတို့၏ အရာသာ ဖြစ်ပါတယ်။
ငရဲသားတွေနဲ့ အမြဲ မီးလောင်ပြီး အမြဲငတ်မွတ်နေတဲ့ ပြိတ္တာတွေမှာ ကိုယ်ဝန် ဆောင်ပြီးလဲ မမွေးနိုင်ဘူး၊ အညှိမှာလဲ မဖြစ်နိုင်ဘူး၊ သူတို့ရဲ့အကုသိုလ်ကံကြောင့် ကိုယ်ထင်ရှား ဖြစ်ပေါ်တဲ့ ဥပပါတ် ပဋိသန္ဓေသာ ရှိတယ်၊ အဲဒီ သတ္တဝါတွေမှာလဲ မျက်စိ နားစသည် မချို့တဲ့ယင် ခုတင်ကပြောခဲ့တဲ့ နတ်တွေမှာလိုပဲ ကလာပ် (၇)ခု ရုပ်ပေါင်း (၇၀)တပြိုင်နက် ဖြစ်တယ်၊ မကောင်းတဲ့ အာရုံတွေကို မြင် ကြား တွေ့သိပြီး ဒုက္ခခံရမှာ ဖြစ်တဲ့အတွက် စက္ခုစသည် မချို့တဲ့တာပဲ များပါလိမ့်မယ်။
သံသေဒဇသတ္တဝါတွေမှာလဲ ဥပပါတ်လိုပဲ
အညှိမှာဖြစ်တဲ့ သံသေဒဇသတ္တဝါတွေမှာလဲ မျက်စိစသည် မချို့တဲ့ယင် ဥပပါတ်မှာ လိုပဲ အပြည့်အစုံ တပြိုင်နက် ဖြစ်တယ်လို့ ဆိုပါတယ်၊ ဒီနေရာမှာတော့ စဉ်းစားစရာ ရှိပါတယ်၊ အညှိမှာဖြစ်တယ်ဆိုတော့ တဖြည်းဖြည်းချင်း ရင့်ကျက်ပြီး ဖြစ်ဖွယ် ရှိပါတယ်၊ ဒါပေမယ့်ကျမ်းဂန်တွေမှာတော့ တပြိုင်နက်အပြည့်အစုံ ဖြစ်တယ်လို့ ဆိုထားပါတယ်၊
ဒီနေရာမှာတပြိုင်နက် ဖြစ်သလား၊ တဖြည်းဖြည်းချင်း ရင့်ကျက်ပြီး ဖြစ်သလား ဆိုတာကို စမ်းသပ်ဖို့ကတော့ မဖြစ်နိုင်ပါဘူး၊ ဘာကြောင့်လဲဆိုယင် ယခုခေတ် သိပ္ပံနည်းနဲ့ ပသာဒအစရှိသော ကမ္မဇရုပ်တွေကို မစမ်းသပ်နိုင်တဲ့ အတွက် ကြောင့်ပါပဲ၊ ဒါကြောင့် ဒီနေရာမှာ စဉ်းစားမနေပဲ ကျမ်းဂန်တွေက ပြထားတဲ့အတိုင်း မှတ်ယူခြင်းသာ အပြစ်လဲကင်းတယ်၊ အရှုပ်အထွေးလဲကင်းပါတယ်၊ အဲဒီ သံသေဒဇသတ္တဝါမှာ မျက်စိစသည်ချို့တဲ့ယင်တော့ အဲဒီ ချို့တဲ့သော ပသာဒနဲ့ ဘာဝရုပ်တွေကို လျော့ပြီး ရေတွက်ရုံပါပဲ။
ယခုဆိုယင် ဥပပါတ်နဲ့ သံသေဒဇ ပဋိသန္ဓေ ခဏမှာလဲ ကမ္မဇရုပ်ဖြစ်ပုံ စုံသွားပြီ၊ အဲဒီကနောက် ကမ္မဇရုပ်ရော အခြားရုပ်တွေရော ဆက်လက်ဖြစ်ပွါးပုံကတော့ ဂဗ္ဘသေယျကမှာ ဖြစ်ပွါးပုံနဲ့ အများအားဖြင့် တူသွားပါပြီ၊ ထူးတာကတော့ ဒီ ဥပပါတ် သံသေဒဇ သတ္တဝါတွေမှာ အစာအာဟာရကို စားရသည့်အခါမှ စ၍ဖြစ်စေ, မိမိ၏တံတွေးကို မျိုးသည့်အခါမှစ၍ဖြစ်စေ အာဟာရဇရုပ်တွေ ဖြစ်တယ်ဆိုတာ လောက်ပဲ ထူးပါတော့တယ်။
အမျိုးကွဲ ဝီထိစိတ်များ ဖြစ်ပုံ
▬▬▬▬▬▬▬▬▬▬
သင်္ခါရပစ္စယာ ဝိညာဏံ-သင်္ခါရကြောင့် ဘဝသစ် ဝိညာဏ်ဖြစ်သည်ဆိုတဲ့ ဒေသနာအရ ပဋိသန္ဓေ ဘဝင် စုတိ ဆိုတဲ့ ဝိညာဏ်ဖြစ်ပုံရော, ဝိညာဏပစ္စယာ နာမရူပံ၊ ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်သည်ဆိုတဲ့ ဒေသနာအရ ဝိညာဏ်ရဲ့တွဲဖက် စေတသိက်(ဝေဒနာ အစရှိတဲ့)နာမ်တရား ဖြစ်ပုံကိုရော, အဲဒီ ဝိညာဏ်၏ မှီရာ စသည်ဖြစ်တဲ့ ကမ္မဇ စိတ္တဇ ဥတုဇ အာဟာရဇဆိုတဲ့ ရုပ် ၄-မျိုးဖြစ်ပုံကိုရော ပြောလာခဲ့တာ တော်တော်စုံသွားပါပြီ၊ ဒါကြောင့် ဘဝင်ဆိုတဲ့ စိတ်တွေ မပြတ်ဖြစ်နေရာက ဘဝင်နဲ့အမျိုးမတူတဲ့ ဝီထိစိတ်တွေ ဖြစ်လာပုံကို ပြောမယ်။
ဘဝင်စိတ်ဆိုတာ ပဋိသန္ဓေစိတ်နဲ့ အာရုံအားဖြင့်လဲ တူတယ်၊ တရားကိုယ် အားဖြင့်လဲ တူတယ်၊ အမှန်အားဖြင့်တော့ ရှေးဘဝကပြုခဲ့တဲ့ ကံဆိုတဲ့ သင်္ခါရရဲ့ အဟုန်ကြောင့် ပဋိသန္ဓေ ခဏကစပြီး ဒီစိတ်ကလေး တမျိုးတည်း ထပ်ကာ ထပ်ကာမပြတ် ဖြစ်နေတာကို ဘဝင်စိတ်လို့ ခေါ်တာပါပဲ၊
အဲဒီ စိတ်ဟာ ရှေးဘဝက စွဲမှီခဲ့တဲ့ ကံ ကမ္မနိမိတ် ဂတိနိမိတ်ဆိုတဲ့ အာရုံ ၃-ခုထဲကတခုခုကို အာရုံပြုပြီးဖြစ်နေတယ်၊ ယခု လောလောဆယ်မှာရှိနေတဲ့ အာရုံ ကိုတော့ အာရုံမပြုဘူး၊ အိပ်မောကျနေတဲ့ အခါ ဖြစ်နေတဲ့ စိတ်မျိုးပါပဲ၊ ဒီတော့ ဘဝင်ကျနေတယ်ဆိုယင် အိပ်ပျော်နေသလိုပဲ မှတ်ယူထားရမယ်၊
အဲဒီ အိပ်မောကျသလို ဖြစ်နေရာထဲက မြင်စရာအဆင်းက မျက်စိထဲမှာ ကျရောက်လာယင် မြင်တဲ့ စိတ်အစဉ်ဖြစ်တယ်၊ ကြားစရာအသံက နားထဲမှာ ကျလာယင် ကြားတဲ့စိတ်အစဉ်ဖြစ်တယ်၊ နံစရာ အနံ့က နှာခေါင်းထဲမှာ ကျလာယင် နံတဲ့စိတ်အစဉ် ဖြစ်တယ်၊ စားသိစရာ အရသာက လျှာပေါ်မှာ ကျလာယင် အရသာသိတဲ့ စိတ်အစဉ် ဖြစ်တယ်၊ တွေ့ထိစရာ အာရုံက ကိုယ်ထဲမှာ ကျလာယင် ထိသိတဲ့စိတ်အစဉ်ဖြစ်တယ်၊ စိတ်ကူး ကြံစည်စရာ အာရုံတခုခုက စိတ်နှလုံးမှာ ထင်ပေါ်လာယင် စိတ်ကူးကြံသိတဲ့ စိတ်အစဉ်ဖြစ်တယ်၊ ဒီ စိတ်အစဉ် ၆-မျိုးကို ဝီထိ ၆-မျိုးလို့ ခေါ်တယ်။
စက္ခုဒွါရဝီထိ (မြင်ဝီထိ) ဖြစ်ပုံ
▬▬▬▬▬▬▬▬▬▬▬
အဲဒီ ၆-မျိုးထဲက မြင်ဝီထိ ဖြစ်ပုံကတော့ အိပ်မောကျနေသလို ဘဝင်စိတ်အစဉ် ဖြစ်နေရာမှ စက္ခုပသာဒခေါ်တဲ့ မျက်စိအကြည်ရုပ်ပေါ်မှာ အဆင်းရိပ် ကျရောက် လာတယ် ဆိုပါတော့ မျက်စိထဲမှာ စက္ခုပသာဒခေါ်တဲ့ အကြည်ရုပ် တွေဟာ စိတ်၏ (ဖြစ်-တည်-ပျက်)ခဏတိုင်း ခဏတိုင်း အသစ် အသစ် မပြတ်ဖြစ်နေတယ်၊ စိတ္တက္ခဏ ၁၇-ချက် အသက်စေ့တဲ့ ပသာဒရုပ်တွေကလဲ ခဏမစဲ ချုပ်ပျက်နေကြတယ်၊ မြစ်ထဲ ချောင်းထဲကရေတွေ အသစ်အဟောင်း ပြောင်းလဲပြီး မပြတ်စီးသွား နေသလိုပါပဲ၊
မြင်စရာ အဆင်းရုပ်တွေဆိုတာကလဲ ကိုယ့်သန္တာန်ကဖြစ်စေ, အပြင်ပသန္တာန် ကဖြစ်စေ ခဏမစဲ မပြတ်ဖြစ်ပျက်နေတယ်၊ အဲဒီလို မပြတ်ဖြစ်နေကြတဲ့ မျက်စိရုပ်နဲ့ အဆင်းရုပ်တွေ များစွာထဲက တခုသော သို့မဟုတ် တစုသော မျက်စိ အကြည်ရုပ်နဲ့ တစုသောအဆင်းရုပ်တွေဟာ တပြိုင်နက်ဖြစ်ကြတယ်၊ သို့ပေမယ့် ရုပ်ဆိုတာ ဖြစ်ဆဲခဏမှာ အားမကောင်းဘူး ဒါကြောင့် အဲဒီ မျက်စိအဆင်းရုပ်တို့၏ ဖြစ်ဆဲခဏဘဝင်စိတ် တကြိမ်ခန့်အတွင်းမှာ အချင်းချင်း မတိုက်ဆိုင်မိကြသေးဘူး၊
မျက်စိအကြည်ထဲမှာ အဆင်းရိပ် မထင်ပေါ်လာသေးဘူးလို့ ဆိုလိုပါတယ်၊ အဲဒီလို မျက်စိနဲ့အဆင်း မထင်သေးမီ ချုပ်ကွယ် သွားတဲ့ ဘဝင်စိတ်ကို အတီတဘဝင် လို့ခေါ်တယ်၊ မျက်စိနဲ့အဆင်း မထင်သေးမီအတွင်း လွန်သွားတဲ့ဘဝင်လို့ပဲ ဆိုလိုပါတယ်၊ အဲဒီ အတီတဘဝင်ချုပ်သွားတဲ့နောက် ဘဝင်စိတ်တခု ဆက်ပြီး ဖြစ်တယ်၊ အဲဒီနောက် ဘဝင်စိတ် ဖြစ်ဆဲခဏမှာ ခုတင်ကဖြစ်ပေါ်ပြီး အသင့် ရှိနေကြတဲ့ အဆင်းနဲ့မျက်စိဟာ တိုက်ဆိုင်မိကြတယ်၊ မျက်စိထဲမှာ အဆင်းရိပ် ကျလာတယ်, ထင်ပေါ်လာတယ်လို့ပဲ ဆိုလိုပါတယ်၊
အဲဒီလို ထင်ပေါ်လာတဲ့အတွက် ဘဝင်စိတ်ဟာ အခြေပျက်သွားတယ်၊ မိမိ အာရုံပြုနေကျ အာရုံမှာ အာရုံပြမှုအားလျော့သလို ဖြစ်သွားတယ်၊ မျက်စိထဲမှာ ကျလာတဲ့အဆင်းကို နှလုံးသွင်းတော့မလိုလို ဖြစ်လာတယ်၊ ဒါကြောင့် အဲဒီ ဘဝင်စိတ်ကို ဘဝင်္ဂစလန-လှုပ်ရှားတဲ့ ဘဝင်လို့ခေါ်ပါတယ်၊ အဲဒီဘဝင်္ဂစလနစိတ် ချုပ်သွားတဲ့အခါ နောက်ထပ်လဲ ဘဝင်စိတ်တခု ဖြစ်လာပြန်တယ်၊ အဲဒီဘဝင်စိတ် ကျတော့ သာပြီးအခြေပျက်လာတယ်၊
ဒါကြောင့် အဲဒီဘဝင်စိတ်ချုပ်သွားတဲ့ အခါ ကျတော့ နောက်ထပ်ဘဝင်စိတ်တောင် မဖြစ်နိုင်တော့ဘူး၊ ဘဝင်အစဉ်ပြတ်စဲပြီး မျက်စိထဲကျလာတဲ့အဆင်းကို (ဘာလဲလို့) ဆင်ခြင်တဲ့ သဘောရှိတဲ့စိတ် ဖြစ်လာတယ်၊ ဒါကြောင့် အစဉ်ပြတ်သွားတဲ့ဘဝင်ကို ဘဝင်္ဂုပစ္ဆေဒ-လို့ ခေါ်တယ်၊ အစဉ်ပြတ်တဲ့ဘဝင်လို့ပဲ ဆိုလိုပါတယ်၊
ဆင်ခြင်တဲ့စိတ်ကိုတော့ အာဝဇ္ဇန်းစိတ် လို့ခေါ်တယ်၊ ဒီဆင်ခြင်တဲ့ စိတ်ဟာ မျက်စိမှာ ကျလာတဲ့ အဆင်းကိုဆင်ခြင်သလိုပဲ နား နှာခေါင်း လျှာကိုယ်ဆိုတဲ့ ဒွါရတွေမှာ ကျလာတဲ့ အသံ အနံ့ အရသာ အတွေ့တွေကိုလဲ ဆင်ခြင်တတ်တယ်၊ ဒီလို ငါးဌာန ငါးဒွါရမှာဆင်ခြင်တတ်လို့ သူ့ကိုပဉ္စဒွါရာဝဇ္ဇန်း စိတ်လို့လဲခေါ်တယ်၊
အဲဒီဆင်ခြင်တဲ့စိတ် ချုပ်သွားတဲ့အခါ မျက်စိထဲမှာထင်ပေါ်နေတဲ့ အဆင်းကိုမြင်တဲ့ စက္ခုဝိညာဏ်စိတ်ဖြစ်တယ်၊ အဲဒီစိတ်ချုပ်သွားတဲ့အခါ အဲဒီ မြင်ရတဲ့အဆင်းကို လက်ခံပြီး အာရုံပြုတဲ့ သမ္ပဋိစ္ဆိုန်းစိတ် ဖြစ်တယ်၊ သမ္ပဋိစ္ဆန-သမ္ပဋိစ္ဆိုန်းဆိုတာ လက်ခံတဲ့စိတ်လို့ဆိုလိုပါတယ်၊
ဒါကြောင့် မျက်စိထဲအဆင်းထင်လို့ မြင်တဲ့အခါ ဖြစ်ပေါ်လာတဲ့ စိတ်အစဉ်ကို တိုတိုနဲ့မှတ်ရအောင် “ဘဝင် ဆင်ခြင်၊ မြင်ပြီးလျှင်၊ ထို့ပြင် လက်ခံတုံ” လို့ ဆောင်ပုဒ်ကလေး စီထားတယ်၊ အဓိပ္ပါယ်ကတော့ အတီတဘဝင်တကြိမ် ဘဝင်္ဂစလန တကြိမ် ဘဝင်္ဂုပစ္ဆေဒ တကြိမ်ဆိုတဲ့ ဒီဘဝင် ၃-ကြိမ်ကို ဘဝင်လို့ ပေါင်းပြီး ပြထားတယ်၊
အဲဒီဘဝင် ၃-ကြိမ်ပြီးတော့ ဆင်ခြင်တဲ့ အာဝဇ္ဇန်းစိတ် ဖြစ်တယ်ဆိုတာကို ဘဝင် ဆင်ခြင်လို့ ဆိုထားတယ်၊ ဆင်ခြင်ပြီးတော့မြင်တဲ့ စက္ခုဝိညာဏ်စိတ် ဖြစ်တယ်၊ အဲဒါပြီးတော့ မြင်ပြီး အာရုံကိုလက်ခံတဲ့ သမ္ပဋိစ္ဆိုန်းစိတ်ဖြစ်တယ် ဆိုတာကို “မြင်ပြီးလျှင်၊ ထို့ပြင် လက်ခံတုံ” လို့ ဆိုထားပါတယ်၊ ကဲ-ဆောင်ပုဒ်ကို ဆိုကြရမယ်။
ဘဝင်, ဆင်ခြင်၊ မြင်ပြီးလျှင်၊ ထို့ပြင် လက်ခံတုံ။ (ဆို ၃-ခေါက်)
အဲဒီထဲမှာဘဝင်ဆိုတာကတော့ သင်္ခါရကြောင့်ဖြစ်တဲ့ အကျိုးဝိပါက်ဝိညာဏ်ပဲ၊ အဲဒီကနောက် ဆင်ခြင်တဲ့စိတ်ကတော့ ကုသိုလ်အကုသိုလ်လဲ မဟုတ်ဘူး၊ ကုသိုလ် အကုသိုလ်၏အကျိုးလဲ မဟုတ်ဘူး၊ ကြိယာစိတ်လို့ခေါ်တယ်၊ ကြိယာဆိုတာ ပြုခြင်းမျှဖြစ်ခြင်းမျှပဲ အကျိုးလဲမပေးတတ်ဘူး၊ သူတပါး၏အကျိုးလဲ မဟုတ်ဘူးလို့ ဆိုလိုပါတယ်၊ “ရဟန္တာများမှာ ကုသိုလ်အမှုတွေ ပြုသော်လဲ ကုသိုလ်မဖြစ်ဘူး၊ ကြိယာမျှသာ ဖြစ်တယ်”ဆိုတာလဲ ဒီသဘောပါပဲ၊ မြင်တဲ့စိတ်နဲ့ လက်ခံတဲ့စိတ် ဒီစိတ် ၂-ခုကတော့ သင်္ခါရကြောင့်ဖြစ်တဲ့ အကျိုးဝိပါက်စိတ်ပဲ၊
ကောင်းတဲ့အဆင်းကို မြင်ရတဲ့အခါ ကုသိုလ်ကံသင်္ခါရကြောင့် ဖြစ်တယ်၊ ကုသလဝိပါက်လို့ခေါ်တယ်၊ မကောင်းတဲ့အဆင်းကိုမြင်ရတဲ့အခါ အကုသိုလ်ကံ သင်္ခါရကြောင့် ဖြစ်တယ်၊ အကုသလဝိပါက်လို့ ခေါ်တယ်။
အဲဒီ မြင်ရတဲ့အဆင်းကို လက်ခံတဲ့စိတ် ဖြစ်ပြီးတဲ့နောက် အဲဒီ အဆင်းကို စုံစမ်းတဲ့ သန္တီရဏစိတ်ဆိုတာဖြစ်တယ်၊ သန္တီရဏဆိုတာ ချစ်စရာလား မုန်းစရာလား ကြည်ညိုစရာလား ကောင်းတာလား ဆိုးတာလားစသည်ဖြင့် စုံစမ်းဆင်ခြင်တဲ့ သဘောပါပဲ၊ အဲဒီ စုံစမ်းတဲ့စိတ် ချုပ်သွားတဲ့အခါမှာ ဆုံးဖြတ်တဲ့ ဝုဋ္ဌောစိတ်ဆိုတာ ဖြစ်တယ်၊
ဝုဋ္ဌောဆိုတာ ကောင်းတယ် ဆိုးတယ် စသည်ဖြင့် ဆုံးဖြတ်ချက်ချတဲ့ သဘောပါပဲ၊ အဲဒီလိုဆုံးဖြတ်ချက်ချလိုက်တော့ သူ့နောက်က ဇောဆိုတဲ့စိတ်တွေ ခုနစ်ကြိမ်တိုင်တိုင် ထပ်ကာထပ်ကာ ဖြစ်တယ်၊ ဇောဆိုတာ ဇဝန-လျင်သော အဟုန်ရှိတယ်၊ အဟုန်နဲ့ လျင်စွာဖြစ်တယ်လို့ ဆိုလိုပါတယ်၊
ရှေးကဖြစ်လာခဲ့တဲ့ အာဝဇ္ဇန်းဆိုတာက ဆင်ခြင်ရုံမျှပဲ၊ စက္ခုဝိညာဏ်ဆိုတာကလဲ မြင်ရုံမျှပဲ၊ သမ္ပဋိစ္ဆိုန်း ဆိုတာကလဲ လက်ခံရုံမျှပဲ၊ သန္တီရဏဆိုတာကလဲ စုံစမ်းရုံမျှပဲ၊ ဒီသမ္ပဋိစ္ဆိုန်းနဲ့ သန္တီရဏစိတ်လဲ ကုသိုလ်အကုသိုလ်၏ အကျိုးဝိပါက်မျှပဲ၊ ဘာမျှ အဟုန်အရှိန်မရှိဘူး၊ ဝုဋ္ဌောဆိုတာကလဲ ဆုံးဖြတ်ရုံမျှပဲ၊ သူကလဲ ဘာမျှ အရှိန်အဝါ မရှိဘူး၊ အကျိုးပေးတတ်တဲ့ ကုသိုလ် အကုသိုလ်လဲမဟုတ်ဘူး၊ သူတပါး၏အကျိုးလဲ မဟုတ်ဘူး၊ ကြိယာမျှသာ ဖြစ်တယ်၊
မနောဒွါရဝီထိကျတော့ သူ့ကို အာဝဇ္ဇန်းဆိုတဲ့ အမည်နဲ့ ခေါ်တယ်၊ ခုတင်က စပြီးဆင်ခြင်တဲ့စိတ်က ငါးဒွါရမှာဆင်ခြင်လို့ ပဉ္စဒွါရာဝဇ္ဇန်းခေါ်တယ်၊ ဒီစိတ်က စိတ်ကူးသက်သက် ကြံတဲ့အခါ ဆင်ခြင်တတ်လို့ မနောဒွါရာဝဇ္ဇန်းလို့ခေါ်တယ်၊ ယခု သန္တီရဏစိတ်ရဲ့ အခြားမဲ့မှာတော့ စုံစမ်းပြီး အာရုံကိုဆုံးဖြတ်တတ်လို့သူ့ကို ဝုဋ္ဌောလို့ခေါ်တယ်၊
ဇောဆိုတဲ့စိတ်တွေကတော့ အလွန်သန်စွမ်းတဲ့ လောဘ အစရှိသော အကုသိုလ် တရားဆိုးတွေနဲ့လဲ တွဲဖြစ်တယ်၊ အလောဘအစရှိသော သန်စွမ်းတဲ့ တရားကောင်း တွေနဲ့လဲ တွဲဖြစ်တယ်၊ ဘယ်လိုစိတ်တွေလဲဆိုလျှင် ရှေ့ပိုင်းကပြောခဲ့တဲ့ အကုသိုလ်စိတ် ၁၂-ခု၊ မဟာကုသိုလ်စိတ် ၈-ခု၊ မဟာကြိယာစိတ် ၈-ခု၊ ဟသိတုပ္ပါဒ်ဆိုတဲ့ ဟိတ်မပါတဲ့ ကြိယာစိတ် ၁-ခု၊ ဒီစိတ် ၂၉-ခုပါပဲ၊
ဒီအထဲမှာ အကုသိုလ်စိတ်တွေ လျင်သောအဟုန်နဲ့ အာရုံဆီ ပြေးဝင်သွားသလို ဖြစ်တယ်ဆိုတာတော့ အင်မတန် ထင်ရှားပါတယ်၊ လောဘစိတ်ဖြစ်တဲ့အခါ လိုချင်တဲ့ အာရုံကို အတင်းဝင်ပြီး တိုးဝှေ့ သိမ်းပိုက်သလို ဖြစ်တယ်၊ ဒေါသစိတ် ဖြစ်တဲ့အခါ မုန်းစရာအာရုံကို အတင်းဝင်ပြီး တိုက်ဖျက်တဲ့အနေနဲ့ပဲ ဖြစ်တယ်၊ ယုံမှားတဲ့ ပျံ့လွင့်တဲ့ မောဟစိတ် ဖြစ်တဲ့အခါ သူ့ဆိုင်ရာအာရုံဆီကို အတင်းပြေးဝင်သွားသလိုပဲ ဖြစ်ပါတယ်၊
ကုသိုလ်စိတ်တွေ ဖြစ်တဲ့အခါလဲ ကြည်ညိုဖွယ် အာရုံစသည်တွေဆီကို အတင်း ပြေးဝင်သွားသလို ဖြစ်တာပဲ၊ ကြိယာစိတ်ဆိုတာလဲ ကုသိုလ်စိတ်ဖြစ်ပုံမျိုးပါပဲ၊ ဒီလိုအဟုန်နဲ့ အာရုံဆီကို ပြေးဝင်သွားသလို ဖြစ်တတ်သောကြောင့် ဒီ ကာမစိတ် ၂၉-ခုကို ကာမဇော ၂၉-ခုလို့ ခေါ်တယ်၊ မဟဂ္ဂုတ် လောကုတ္တရာဇော ၂၆-ခု ဆိုတာလဲ ရှိသေးတယ်၊
အဲဒီဇောတွေကတော့ ယခုပြောနေတဲ့ စက္ခုဒွါရဝီထိ, ပဉ္စဒွါရဝီထိတွေနဲ့ မဆိုင်ဘူး၊ အဲဒီ ဇော ခုနစ်ကြိမ် အစဉ်အတိုင်းဖြစ်ပြီး ချုပ်သွားတဲ့နောက် တဒါရုံဆိုတဲ့စိတ် နှစ်ကြိမ်ဖြစ်တယ်၊ တဒါရုံဆိုတာ ထိုဇော၏အာရုံကို နောက်လိုက်ပြီး အာရုံခံတဲ့ စိတ်လို့ ဆိုလိုပါတယ်၊ အရှိန်မပြေတတ်သေးလို့ ဆက်ပြီးအာရုံပြုတဲ့ သဘောပါပဲ၊
အဲဒီ တဒါရုံဆိုတာကတော့ ကုသိုလ်စိတ် (၈)ခုနဲ့ အလားတူတဲ့ ကုသလ ဝိပါက်စိတ်က (၈)ခု၊ ကုသလဝိပါက် သန္တီရဏစိတ်က သောမနဿသဟဂုတ်နဲ့ ဥပေက္ခာသဟဂုတ် ၂-ခု၊ အကုသလဝိပါက် သန္တီရဏက (၁)ခု၊ ဒီ ၁၁-ခုပါပဲ၊ အဲဒီ တဒါရုံလဲ သင်္ခါရကြောင့်ဖြစ်တဲ့ ဝိညာဏ်ပါပဲ၊ ဒီစိတ်အစဉ်ကိုလဲ တိုတိုနဲ့မှတ်ရအောင်-
“စုံစမ်းဆုံးဖြတ်၊ ဇောစိတ်သတ်၊ နှစ်ရပ်တဒါရုံ”လို့ ဆောင်ပုဒ်စီထားပါတယ်၊ အဲဒါကို ဆိုကြရမယ်။
စုံစမ်း ဆုံးဖြတ်၊ ဇောစိတ်သတ်၊ နှစ်ရပ် တဒါရုံ။ (ဆို ၃-ခေါက်။)
ခုတင်က ဆောင်ပုဒ်က “ဘဝင် ဆင်ခြင်၊ မြင်ပြီးလျှင်၊ ထို့ပြင် လက်ခံတုံ”တဲ့၊ အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂု ပစ္ဆေဒ၊ ဆင်ခြင်တဲ့ အာဝဇ္ဇန်း၊ မြင်တဲ့ စက္ခုဝိညာဏ်၊ လက်ခံတဲ့ သမ္ပဋိစ္ဆိုန်းဆိုတဲ့ စိတ် ၆-ကြိမ် အစဉ်အတိုင်း ဖြစ်သွားတယ်လို့ ဆိုလိုပါတယ်၊
ယခု ဆောင်ပုဒ်က အဲဒီစိတ် ၆-ကြိမ်ထဲက နောက်ဆုံးဖြစ်တဲ့ သမ္ပဋိစ္ဆိုန်းစိတ် ချုပ်သွားတဲ့နောက် စုံစမ်းတဲ့ သန္တီရဏ၊ ဆုံးဖြတ်တဲ့ ဝုဋ္ဌော၊ ဇောစိတ်သတ် (သတ္တ) ဇောစိတ် ခုနစ်ကြိမ်၊ တဒါရုံ ၂-ကြိမ်ဆိုတဲ့စိတ် ၁၁-ကြိမ် ဆက်ပြီး အစဉ်အတိုင်း ဖြစ်တယ်လို့ ဆိုလိုပါတယ်၊ အဲဒီတော့ ရှေးဆောင်ပုဒ်ထဲက ၆-ကြိမ်၊ နောက်ဆောင်ပုဒ်ထဲက ၁၁-ကြိမ် ပေါင်းလိုက်ယင် စိတ် ၁၇-ကြိမ် ရတယ်၊
ရုပ်၏အသက်တမ်းဟာ စိတ် ၁၇-ကြိမ်နဲ့ညီမျှတယ်၊ ဒါကြောင့် အတီတဘဝင်နဲ့ ပြိုင်ပြီးဖြစ်ခဲ့တဲ့ အဆင်းရူပါရုံနဲ့ စက္ခုပသာဒ-မျက်စိ အကြည်ရုပ်ဟာ စိတ္တက္ခဏ ၁၇-ချက် အသက်တမ်း ပြည့်တဲ့အတွက် ဒုတိယ တဒါရုံစိတ်နဲ့ပြိုင်ပြီး ချုပ်သွားတယ်၊ အဆင်းကို ထင်ထင်ရှားရှားကြီးမြင်ရတဲ့အခါ ယခုပြောခဲ့တဲ့အတိုင်း စိတ်အစဉ်တွေ ဖြစ်ပါတယ်၊
ဒါကြောင့် “အဆင်းမြင်လျှင်၊ ဖြစ်ရိုးပင်၊ စိတ်စဉ်မှတ်ပါကုန်”လို့လဲ ဆောင်ပုဒ်တခု စီထားပါသေးတယ်၊ အဲဒါကို ဆိုကြရမယ်။
အဆင်းမြင်လျှင်၊ ဖြစ်ရိုးပင်၊ စိတ်စဉ် မှတ်ပါကုန်။ (ဆို ၃-ခေါက်။)
အဲဒီစိတ်အစဉ်ထဲမှာ စက္ခုဝိညာဏ်ဆိုတဲ့စိတ်က အတီတဘဝင်နဲ့ပြိုင်ဖြစ်ခဲ့တဲ့ စက္ခုပသာဒခေါ်တဲ့ မျက်စိအကြည်ရုပ်ကို မှီပြီးဖြစ်တယ်၊ ကျန်တဲ့စိတ်တွေက သူတို့၏ ရှေ့အခြားမဲ့စိတ်နဲ့ ပြိုင်ဖြစ်တဲ့ ဟဒယဝတ္ထုခေါ်တဲ့ နှလုံးရုပ်ကိုမှီပြီး ဖြစ်ကြတယ်၊ အာရုံအားဖြင့်တော့ စပြီးဆင်ခြင်တဲ့ အာဝဇ္ဇန်းစိတ်မှ ဒုတိယ တဒါရုံစိတ် တိုင်အောင် ၁၄-ကြိမ်သော စိတ်တွေဟာ အတီတဘဝင်နဲ့ပြိုင်ဖြစ်ခဲ့တဲ့ရှိဆဲ ပစ္စုပ္ပန်ရူပါရုံကိုချည်း အာရုံပြုကြတယ်၊
ဒါကြောင့် ဒီ ၁၄-ကြိမ်သော စိတ်တွေကို ဘဝင်နှင့် မတူပဲ အမျိုးကွဲတဲ့ ဝီထိစိတ်တွေလို့ ဆိုရတယ်၊ တနည်အားဖြင့် နိုးတဲ့စိတ်တွေလို့လဲ ဆိုနိုင်ပါတယ်၊ အဲဒီ စိတ်အစဉ်ရဲ့ အဆုံးဖြစ်တဲ့ ဒုတိယတဒါရုံစိတ် ချုပ်သွားတဲ့အခါ အိပ်မောကျသွားသလိုပဲ ဘဝင်စိတ်တွေ ပြန်ဖြစ်သွားတယ်၊ အဲဒါကို ဘဝင်ကျသွားတယ်လို့ ဆိုပါတယ်။
သရက်သီး ဥပမာ
▬▬▬▬▬▬
ဥပမာ လူတယောက် သရက်ပင်အောက်မှာ အိပ်ပျော်နေတယ်၊ နား၏အနီးမှာ သရက်သီးကြွေကျလို့ လန့်ပြီး နိုးလာတယ်၊ ဘာပါလိမ့်မလဲလို့ ဆင်ခြင်ကြည့်တော့ သရက်သီးကိုမြင်လို့ လက်နဲ့ကောက်ယူပြီး နှိပ်နယ် စုံစမ်းကြည့်တယ်၊ အနံ့ ခံကြည့်ပြီး မှည့်မှန်းသိလို့ စားတယ်၊ သရက်သီးအရသာကို စဉ်းစားနေယင်း တဖန်ပြန်ပြီး အိပ်ပျော်သွားတယ်-ဆိုတဲ့ ဒီဥပမာနဲ့လဲ ဝီထိစိတ် ဖြစ်ပုံတူပါတယ်၊
ပထမက ကံ ကမ္မနိမိတ် ဂတိနိမိတ်ကို အာရုံပြုပြီး ဘဝင်ကျနေတာဟာ အိပ်ပျော်နေတာနဲ့ တူပါတယ်၊ သရက်သီးကြွေကျတဲ့ဒဏ်ကြောင့် လန့်တဲ့သဘောဟာ ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒဖြစ်တာနဲ့ တူပါတယ်၊ နိုးလာရင်း ဘာပါလိမ့်မလဲ ဆင်ခြင်တာဟာ အာဝဇ္ဇန်းဖြစ်တာနဲ့ တူပါတယ်၊
အဆင်းမြင်တာက သရက်သီး မြင်တာနဲ့ တူပါတယ်၊ သမ္ပဋိစ္ဆိုန်းဖြစ်တာက သရက်သီးကို ကောက်ယူတာနဲ့ တူပါတယ်၊ သန္တီရဏဖြစ်တာက နှိပ်နယ် ကြည့်တာနဲ့တူပါတယ်၊ ဝုဋ္ဌော ဖြစ်တာက အနံ့ခံပြီး မှည့်တယ်လို့ ဆုံးဖြတ်တာနဲ့ တူပါတယ်၊
ဇောဖြစ်တာက သရက်သီးကို စားတာနဲ့ တူပါတယ်၊ တဒါရုံ ဖြစ်တာက သရက်သီးအရသာကို စဉ်းစားနေတာနဲ့ တူပါတယ်၊ တဖန် ဘဝင်ကျသွားတာက တဖန်ပြန်ပြီး အိပ်ပျော်သွားတာနဲ့ တူပါတယ်။
အဆင်းအာရုံကသိပ်မထင်ရှားလျှင် အတီတဘဝင် ၂-ကြိမ် ၃-ကြိမ်လွန်ပြီးမှ မျက်စိအကြည်မှာ ထင်ပေါ်လာတယ်၊ အဲဒီလိုအာရုံမှာတော့ ဝီထိစိတ်အစဉ်က တဒါရုံထိအောင် မဖြစ်ဘူး၊ ဇောတွင်ပဲ ဆုံးတယ်၊ ဇောနောက်မှာ ဘဝင် ကျသွားတယ်။
အဆင်းအာရုံကလဲ အဲဒါထက် အားနည်းယင်တော့ အတီတဘဝင် ၄-ကြိမ် ဖြစ်စေ, ၅-၆-၇-၈-၉-ကြိမ်ဖြစ်စေ လွန်ပြီးမှထင်တယ်၊ အဲဒီလိုအာရုံမှာတော့ ဇောမကျတော့ပဲ ဝုဋ္ဌော ၃-ကြိမ်ဖြစ်စေ ၂-ကြိမ်မျှဖြစ်စေ ဖြစ်ပြီးတော့ဘဝင်ကျ သွားတယ်လို့ ဆိုပါတယ်၊ အဲဒီ ဝုဋ္ဌောမှာ အဆုံးသတ်တဲ့ ဝီထိကတော့ ဗလဝ ဝိပဿနာအရာမှာ အလွန်အသုံးကျပါတယ်၊
ဘယ်လိုလဲဆိုယင် ဖြစ်ခိုက်ရုပ်နာမ်ကို မပြတ်ရှုမှတ်နေတဲ့ ယောဂီမှာ ကိလေသာဖြစ်ဖွယ်အာရုံကို အလိုမရှိဘူး၊ မရှာကြံဘူး၊ ဂရုတစိုက် နှလုံးမသွင်းဘူး၊ ဒါကြောင့် ဒွါရမှာ အာရုံထင်ပေါ်လာတာလဲ နှေးတယ်၊ အာဝဇ္ဇန်းကလဲ ထက်သန်စွာ နှလုံးမသွင်းတဲ့အတွက် စက္ခုဝိညာဏ် မြင်တဲ့ အခါမှာလဲ အလွန်မထင်ရှားဘူး၊ သမ္ပဋိစ္ဆိုန်းက လက်ခံရာမှာလဲ မပီသဘူး၊ သန္တီရဏကလဲ ထင်ရှားအောင် မစုံစမ်းနိုင်ဘူး၊
ဒါကြောင့် ဝုဋ္ဌောကလဲ တိတိကျကျ မဆုံးဖြတ်နိုင်ဘူး၊ မဆုံးဖြတ်နိုင်တော့ ဇောကျနိုင်ခွင့် မရှိတော့ဘူး၊ ဒါကြောင့် ဝုဋ္ဌောခေါ်တဲ့ အာဝဇ္ဇန်းစိတ် (ဆင်ခြင်တဲ့စိတ်) ၃-ကြိမ်ဖြစ်စေ ၂-ကြိမ်မျှဖြစ်စေ ဖြစ်ပြီးတော့ ဘဝင်ကျသွားတယ်၊ အဲဒီလို အာရုံဟာ ကိလေသာ ဖြစ်နိုင်လောက်အောင် မပီသ မထင်ရှားတဲ့ အာရုံဖြစ်တယ်၊ ဒါကြောင့်မို့ပဲ အဲဒီအာရုံမှာ ဇောမကျနိုင်တာ၊ အဲဒီလို မြင်ကာမျှအာရုံကို ယောဂီက ရှုမှတ်ပြီး အဖြစ်အပျက် အနိစ္စ ဒုက္ခ အနတ္တအခြင်းအရာကို သိသွားတယ်၊
အဲဒီလိုအခါမှာ အလိုလို မြင် ကြား တွေ့သိသွားတဲ့ ပထမဝီထိမှာလဲ ကိလေသာ မဖြစ်ရဘူး၊ ရှုမှတ်ပြီး အမှန်ကို သိသွားတဲ့အတွက် နောက်ဝီထိတွေမှာလဲ ကိလေသာ မဖြစ်ရဘူး၊ မမြင်ရတဲ့ အာရုံလိုပဲ ဖြစ်သွားတယ်၊ ကိလေသာ လုံးဝစင်ကြယ် သွားတယ်၊ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ-မြင်သည်၌ မြင်ရုံမျှ ဖြစ်လတ္တံ့ဆိုတဲ့ ဒေသနာနဲ့အညီ မြင်ရုံမျှမှာသာ တည်သွားတယ်၊ အဲဒါဟာ ဝိပဿနာနဲ့စပ်ပြီး အထူးမှတ်ဖွယ်ကောင်းတဲ့ အချက်တခုပါပဲ။
ကြားဝီထိ စသည်ဖြစ်ပုံ
▬▬▬▬▬▬▬▬
ယခုပြောလာခဲ့တာဟာ မြင်ဝီထိကို မူတည်ပြီး ပြောလာခဲ့တယ်၊ ကြားဝီထိ နံဝီထိ စားသိဝီထိ ထိသိဝီထိတို့မှာလဲ စိတ်အစဉ်ဖြစ်ပုံက မြင်ဝီထိနဲ့ အတူတူပါပဲ၊ “ဘဝင်ဆင်ခြင်၊ မြင်ပြီးလျှင်”လို့ ဆိုရာမှာ “ဘဝင်ဆင်ခြင်၊ ကြားပြီးလျှင်, ဘဝင် ဆင်ခြင်၊ နံပြီးလျှင်, ဘဝင်ဆင်ခြင်၊ စားပြီးလျှင်, ဘဝင်ဆင်ခြင်၊ ထိပြီးလျှင်”လို့ ဒီလိုပြင်ဆိုရုံပါပဲ၊ မြင်တဲ့ စက္ခုဝိညာဏ် နေရာမှာ ကြားတဲ့ သောတဝိညာဏ် နံတဲ့ ဃာနဝိညာဏ် စားသိတဲ့ ဇိဝှါဝိညာဏ် ထိသိတဲ့ ကာယဝိညာဏ်ဆိုတာတွေကိုလဲ ထည့်ပေးရုံလောက်ပဲ ထူးပါတယ်၊ ဒါကြောင့် “ကြား-နံ-စား-ထိ၊ မြင်-တူ၏၊ မှတ်သိ စိတ်ဖြစ်ပုံ”လို့လဲ အညွှန်းဆောင်ပုဒ် တခု စီထားပါသေးတယ်၊ အဲဒါကို ဆိုကြရမယ်။
ကြား-နံ-စား ထိ၊ မြင်တူ၏၊ မှတ်ဘိစိတ်ဖြစ်ပုံ။ (ဆို ၃-ခေါက်။)
ကြားရာ နံရာ စားသိရာ ထိသိရာတွေမှာလဲ ဝီထိစိတ် ဖြစ်ပုံကို မြင်ရာမှာ ဖြစ်ပုံနဲ့ အတူတူပဲလို့ မှတ်ပါလေလို့ ဆိုလိုပါတယ်၊ မျက်စိ နား နှာ လျှာ ကိုယ်ဆိုတဲ့ ငါးဒွါရာမှာ ဝီထိစိတ်ဖြစ်ပုံကိုတော့ သဘောပေါက်လောက်ပါပြီ၊ ယခု စိတ်ကူးသက်သက်နဲ့ မနောဒွါရမှာ ဝီထိစိတ်ဖြစ်ပုံကို ပြောရမယ်။
မနောဒွါရဝီထိ (ကြံသိဝီထိ) ဖြစ်ပုံ
▬▬▬▬▬▬▬▬▬▬▬
မနောဒွါရဝီထိကတော့ ကာမဇောကျတဲ့ ဝီထိ, ဈာန်ဇောကျတဲ့ဝီထိ, မဂ်ဖိုလ်ဇောကျတဲ့ ဝီထိလို့ ဒီလို ၃-မျိုးခွဲပြီး မှတ်ထားကြရမယ်၊ ဒီ ၃-မျိုးထဲမှာကာမဇောကျတဲ့ ဝီထိက ဒီမှာ လိုရင်းပါပဲ၊ အိပ်ပျော်နေသလို ဘဝင်စိတ်တွေ မပြတ်ဖြစ် နေရာမှာ အဲဒီ ဘဝင်ဆိုတဲ့ မနောဒွါရတွင် အာရုံတခုခု ထင်ပေါ်လာတယ်၊
ဘယ်လို အာရုံလဲဆိုယင် များသောအားဖြင့် ယခုလောလောဆယ်မှာ မြင်ခဲ့ရ ကြားခဲ့ရ တွေ့သိခဲ့ရတဲ့ အာရုံတွေရယ်, ရှေးက မြင်ခဲ့ ကြားခဲ့ တွေ့သိခဲ့ရတဲ့ အာရုံတွေရယ်, အဲဒီလို အာရုံတွေနဲ့ စပ်ဆိုင်တဲ့ အာရုံတွေရယ်၊ ဒါမျိုးတွေပါပဲ၊ မမြင်ဘူး မကြားဘူး မတွေ့သိဘူးတဲ့ အာရုံတွေလဲ ရံဖန်ရံခါ ထင်တတ်ပါသေးတယ်၊
အဲဒီလို ထင်ပေါ်လာတဲ့အတွက် ဘဝင်လှုပ်သွားတယ်၊ ဘဝင်္ဂစလနပေါ့၊ နောက်တကြိမ် ဖြစ်ပြီးတော့ ဘဝင်ပြတ်သွားတယ်၊ ဘဝင်္ဂုပစ္ဆေဒပေါ့၊ အဲဒီကနောက် ဆင်ခြင်တဲ့ မနောဒွါရာဝဇ္ဇန်းစိတ်ဖြစ်တယ်၊ အဲဒီထင်ပေါ်လာတဲ့ အာရုံကို ဆင်ခြင်တဲ့ စိတ်ပါပဲ၊ ဒီ မနောဒွါရာဝဇ္ဇန်းစိတ်ဟာ ပဉ္စဒွါရတုန်းက ဝုဋ္ဌော-ဆိုတဲ့ ဆုံးဖြတ်ချက်ချတဲ့ စိတ်နဲ့တူပါတယ်၊
အဲဒီပဉ္စဒွါရမှာ ဝုဋ္ဌောစိတ်က နှစ်သက်စရာ ကောင်းတယ်လို့ ဆုံးဖြတ်ချက် ချလိုက်ယင် နှစ်သက်တဲ့ လောဘဇောတွေဖြစ်တယ်၊ မုန်းစရာကောင်းတယ်, ရွံစရာ ကြောက်စရာ ကောင်းတယ်လို့ ဆုံးဖြတ်လိုက်ယင် မုန်းတဲ့ရွံတဲ့ ကြောက်တဲ့ ဒေါသဇောတွေဖြစ်တယ်၊ ကြည်ညိုစရာကောင်းတယ်လို့ ဆုံးဖြတ်လိုက်ယင် ကြည်ညိုတဲ့သဒ္ဓါစိတ်တွေ ဖြစ်တယ်၊
အဲဒါလိုပဲ ဒီမနောဒွါရမှာလဲ ဒီအာဝဇ္ဇန်းက နှစ်သက်စရာကောင်းတဲ့ အနေနဲ့ ဆင်ခြင်မိယင် သူ့နောက်က နှစ်သက်တဲ့ လောဘဇောတွေ ဖြစ်လာတယ်၊ မုန်းစရာ ရွံစရာ ကြောက်စရာ ကောင်းတဲ့အနေနဲ့ ဆင်ခြင်မိယင် မုန်းတဲ့ ရွံတဲ့ ကြောက်တဲ့ ဒေါသဇောတွေ ဖြစ်လာတယ်၊ ယုံမှားဖွယ်အနေနဲ့ ဆင်ခြင်မိယင် ယုံမှားတဲ့ မောဟဇောတွေ ဖြစ်လာတယ်၊ ကြည်ညိုဖွယ်အနေနဲ့ ဆင်ခြင်မိယင် ကြည်ညိုတဲ့ သဒ္ဓါဇောတွေ ဖြစ်လာတယ်၊ သနားဖွယ်အနေနဲ့ ဆင်ခြင်မိယင် သနားတဲ့ကုသိုလ် ဇောတွေ ဖြစ်လာတယ်၊ ရိုသေဖွယ် အနေနဲ့ ဆင်ခြင်မိယင် ရိုသေလေးစားတဲ့ ကုသိုလ်ဇောတွေ ဖြစ်လာတယ်၊
ပဉ္စဒွါရမှာ ကုသိုလ် အကုသိုလ်ဇောတွေ ဖြစ်ပေမယ်လို့ သိပ်မထက်သန်ဘူး၊ အားမကောင်းလှသေးဘူး၊ ဒါကြောင့် ပဋိသန္ဓေအကျိုးကို မပေးနိုင်ဘူး၊ ပဝတ္တိအကျိုး လောက်သာ ပေးနိုင်တယ်၊ ဒါတောင်များသောအားဖြင့် အကျိုးမပေးနိုင်တာကပဲ များတယ်လို့ ဆိုပါတယ်၊
ဒီမနောဒွါရမှာ ဖြစ်တဲ့ဇော တွေကမှ ထက်သန် အားကောင်းတာ၊ ပဋိသန္ဓေအကျိုးရော ပဝတ္တိအကျိုးရော အကုန်လုံးကိုပေးနိုင်တယ်၊ ဒါကြောင့် ဒီမနောဒွါရက ဇောကို အထူးစောင့်ရှောက် ပြုပြင်ဖို့ အရေးကြီးပါတယ်၊ အဲဒီဇောခုနစ်ကြိမ် ဖြစ်ပြီးတော့ တဒါရုံ နှစ်ကြိမ်ဖြစ်တယ်၊
အဲဒီနောက်မှာ ဘဝင်ပြန်ကျသွားတယ်၊ အဲဒါကို တိုတိုနဲ့မှတ်ရအောင် “ဆင်ခြင်ပြီးခါ၊ ဇော, တဒါ၊ ကြံရာ စိတ်ဖြစ်ပုံ”လို့ ဆောင်ပုဒ်တခု စီထားပါတယ်၊ အဲဒါကို ဆိုကြရမယ်။
ဆင်ခြင်ပြီးခါ၊ ဇော, တဒါ၊ ကြံရာ စိတ်ဖြစ်ပုံ။ (ဆို ၃-ခေါက်။)
ဒီ မနောဒွါရဝီထိ အရာမှာတော့ ရှေ့ဆောင်ပုဒ်က နည်းမှီပြီး ဘဝင်နောင်ဖြစ်တယ် ဆိုတာ သိလောက်လို့ ဘဝင်ဖြစ်နေပုံကို ဒီမှာပြမထားတော့ဘူး၊ ဒါပေမယ့် ရှေ့ဆောင်ပုဒ်က အတိုင်းပဲ အိပ်ပျော်နေသလို ဘဝင်ကျနေရာမှာ ဘဝင်အစဉ် ပြတ်ပြီး ဆင်ခြင်တဲ့ အာဝဇ္ဇန်းစိတ်ဖြစ်တယ်၊ ဆင်ခြင်ပြီးတဲ့နောက် ဇောဖြစ်တယ်၊ ဇောနောက်မှာ တဒါရုံဖြစ်တယ်၊
အဲဒါဟာစိတ်အမျိုးအားဖြင့်တော့ အာဝဇ္ဇန်းဇော, တဒါရုံဆိုတဲ့ ၃-မျိုး၊ စိတ်အကြံ အားဖြင့်တော့ အာဝဇ္ဇန်း (၁)ကြိမ်၊ ဇော (၇)ကြိမ်၊ တဒါရုံ ၂-ကြိမ်၊ ပေါင်းဒီစိတ် (၁၀)ကြိမ်ဟာ မနောဒွါရမှာ ဖြစ်ရိုးဖြစ်စဉ်ပါပဲ၊ အာရုံက သိပ်မထင်ရှားယင်တော့ ဒီမနောဒွါရမှာလဲ တဒါရုံမကျပဲ ဇောနောင် ဘဝင်ကျသွားတာလဲရှိတယ်၊ အာရုံက အလွန်အားနည်းယင်တော့ ဇောတောင်မကျတော့ပဲ အာဝဇ္ဇန်းမျှသာ ၂-ကြိမ် ၃-ကြိမ်ဖြစ်သွားတာလဲ ရှိသေးတယ်လို့ ဆိုကြပါသေးတယ်၊ အဲဒါလဲ ဝိပဿနာအရာမှာ မသေချာတဲ့ စိတ်ကူးအာရုံကို ရှုမှတ်ရတာနဲ့ ချင့်ချိန်ကြည့်ယင် သဘာဝကျပါတယ်။
ဒီမနောဒွါရ ဝီထိစိတ်အစဉ် ၃-မျိုးထဲမှာ သင်္ခါရပစ္စယာ ဝိညာဏံ-အရသင်္ခါရ ကြောင့်ဖြစ်တဲ့ ဝိပါက်ဝိညာဏ်ကတော့ တဒါရုံဆိုတဲ့စိတ်ပဲ ပါဝင်ပါတယ်၊ အာဝဇ္ဇန်းဆိုတာက ကြိယာစိတ်၊ သင်္ခါရ၏ အကျိုးမဟုတ်ဘူး၊ ဇောဆိုတာကလဲ ကုသိုလ် အကုသိုလ် ကြိယာစိတ်တွေ၊ သင်္ခါရ၏ အကျိုးမဟုတ်ဘူး။
ဈာန်ဇောကျတဲ့ ဝီထိ, မဂ်ဖိုလ်ဇောကျတဲ့ ဝီထိတွေမှာတော့ သင်္ခါရကြောင့်ဖြစ်တဲ့ ဝိပါက်ဝိညာဏ်မပါဘူး၊ ဒါကြောင့် အဲဒီ ဝီထိဖြစ်ပုံကိုတော့ ဒီမှာ မပြောတော့ပါဘူး။
တဒနုဝတ္တက (နောက်လိုက်) ဝီထိများ
▬▬▬▬▬▬▬▬▬
ယခုပြောခဲ့တဲ့ ကြံသိဝီထိစိတ်စဉ်ဟာ မြင်ဝီထိနောက် ဘဝင်မှထပြီး မြင်ရတဲ့အာရုံကို ပြန်စဉ်းစား ဆင်ခြင်တာလဲ ရှိတယ်၊ ကြားသိဝီထိ နံသိဝီထိ စားသိဝီထိ ထိသိဝီထိတွေနောက် ဘဝင်မှထပြီး ကြားခဲ့ နံခဲ့ စားသိခဲ့ ထိသိခဲ့ပြီးအာရုံတွေကို ပြန်စဉ်းစားဆင်ခြင်တာလဲရှိတယ်၊
အဲဒီလိုမြင်ပြီးစသည်ကို ပြန်ဆင်ခြင်တဲ့ဝီထိကို တဒနုဝတ္တက မနောဒွါရဝီထိလို့ ခေါ်တယ်၊ မြင်သိဝီထိစသည်ကို လိုက်ပြီးဖြစ်တဲ့စိတ်အစဉ်လို့ပဲ ဆိုလိုပါတယ်၊ အဲဒီ တဒနုဝတ္တက ဝီထိတိုင်အောင် အဆင်းစသော ပရမတ်ရုပ်ကိုသာ အာရုံပြုသေးတယ်၊ မိန်းမ ယောက်ျားအစရှိတဲ့ ပညတ်ကို မရောက်သေးဘူး၊
ဒါကြောင့် အဲဒီအခိုက်အတန့်မှာ ရှုမှတ်နိုင်ယင် ပရမတ်သဘောတရားကိုသာ သိတယ်၊ ပညတ်မထင်တော့ဘူး၊ ဝိပဿနာရှုတဲ့ပုဂ္ဂိုလ်ဟာ အဲဒီ မြင်ပြီးခါစ စသည်မှာ ချက်ချင်းရှုမှတ်နိုင်အောင် ကြိုးစားရတယ်၊ အဲဒီ အနီးကပ်ပစ္စုပ္ပန်ကို ရည်ပြီးတော့ ဘုန်းကြီးတို့က ပစ္စုပ္ပန်ကျအောင် ရှုဖို့ ညွှန်ကြားနေပါတယ်၊
အဲဒါကို တချို့က “ဘာကြောင့် ပစ္စုပ္ပန်ကျအောင် ရှုရသလဲ၊ ပစ္စုပ္ပန်ကျအောင် ရှုဖို့ မလိုပါဘူး” စသည်ဖြင့် ကဲ့ရဲ့ ပြောဆိုနေကြတယ်၊ အဲဒါတွေကတော့ “မသိတဲ့ အဝိဇ္ဇာကြောင့် သင်္ခါရ ဖြစ်နေကြတာ”လို့ မှတ်ရမှာပဲ။
ခုတင်က ပြောခဲ့တဲ့ တဒနုဝတ္တက မနောဒွါရဝီထိဆိုတဲ့ ကြံသိဝီထိပြီးတော့ မရှုမှတ်နိုင်လို့ရှိယင် အဲဒီမြင်ရတဲ့ အဆင်း စသည်နဲ့စပ်ပြီး ကြံသိဝီထိတခု ဖြစ်ပြန်တယ်၊ အဲဒီအခါမှာ မြင်ရတဲ့အဆင်းစသည်ကို မိန်းမပဲ ယောက်ျားပဲ စသည်ဖြင့် ပုံသဏ္ဌာန် ပညတ်အနေနဲ့ အာရုံပြုတယ်၊
အဲဒီ ဝီထိမှာဆိုယင် ထက်သန် အားကောင်းတဲ့ အကုသိုလ်ဇောတွေ ဖြစ်နိုင်ပြီး အဲဒီက နောက်လဲဆက်ပြီး ကြံသိဝီထိတခုဖြစ်ပြန်တယ်၊ အဲဒီအခါမှာ အဲဒီမြင်ရတဲ့ အဆင်းစသည်ကို မိန်းမခေါ်တယ်, ယောက်ျားခေါ်တယ် စသည်ဖြင့် အမည်ပညတ်ကို အာရုံပြုတယ်၊ အဲဒီဝီထိမှာတော့ သာပြီး ထက်သန်တဲ့ အကုသိုလ်ဇောတွေ ဖြစ်နိုင်တာပေါ့၊
ယခုပြောခဲ့တဲ့အတိုင်း မြင်ဝီထိစသည်နောင် ကြံသိဝီထိတွေ ၃-ကြိမ်တိုင်တိုင် ဖြစ်ရိုးဖြစ်စဉ်အတိုင်း ဖြစ်သွားတယ်၊ အဲဒီလို ဖြစ်ပြီးမှ ပုံသဏ္ဌာန်ပညတ်, အမည်ပညတ်တွေပါ အပြည့်အစုံ သိသွားတယ် ဆိုတာကို တိုတိုနဲ့မှတ်သား ရအောင်လို့ “ထင်ဆဲ ဆင်းဓာတ် မြင်လတ်ဦးစွာ၊ မြင်ပြီးတရား စဉ်းစားပြန်ရာ၊ သဏ္ဌာန်ဒြပ် ပညတ်ပေါ်ကာ၊ မည်နာမ သိရနောက်ဆုံးမှာ”လို့ ဆောင်ပုဒ် စီထားတယ်။
ဆိုလိုတာကတော့ မျက်စိထဲမှာ ထင်ပေါ်လာဆဲအဆင်းဆို ရှေးဦးစွာမြင်သိတယ်၊ အဲဒါက မြင်သိဝီထိပဲ၊ အဲဒီနောက် မြင်ပြီးအဆင်းကိုပဲ ပြန်ပြီး ဆင်ခြင်စဉ်းစားတယ်၊ တဒနုဝတ္တက မနောဒွါရဝီထိပဲ၊
အဲဒီနောက် ဆက်လက် ဆင်ခြင်တဲ့အခါ ပုံပန်း သဏ္ဌာန် အထည်ဒြပ် အနက်ပညတ် ပေါ်လာတယ်၊ အဲဒီနောက် ဆက်လက် ဆင်ခြင်ပြန်ယင် အဲဒီ အထည်ဒြပ်ရဲ့ ဝေါဟာရအမည်ပညတ် ပေါ်လာတယ်၊
ဒါကအထည်ဝတ္ထု ရုပ်မျိုးကိုတွေ့တဲ့အခါ ပေါ်လာတတ်တဲ့ အစဉ်ဖြစ်တယ်၊ ဒီလို အထည် ဝတ္ထုရုပ်ကိုတွေ့တဲ့အခါမှာ အထည်ဝတ္ထု အနက်ပညတ်ကိုသိပြီးမှပဲ သူ့အမည်ကပေါ်လာတယ်၊ အမည်ကတော့ စပြီးမပေါ်လာနိုင်ဘူး၊
ဒီနေရာမှာ သာဓကကတော့ မတွေ့မမြင်ဖူးတဲ့ ဝတ္ထုပစ္စည်းပါပဲ၊ အဲဒီလို အထူးအဆန်းကို တွေ့ရတဲ့အခါမှာ ထူးဆန်းတဲ့ အထည်ဒြပ်လောက်သာ သိရတယ်၊ အဲဒါရဲ့ အမည်ကိုတော့ ဘယ်လိုခေါ်ရမှန်း မသိဘူး၊ အဲဒါဟာ -
(၁) မြင်ဝီထိ၊
(၂) မြင်ပြီးကိုစဉ်းစားဝီထိ၊
(၃) အထည်ဒြပ်-အနက်ပညတ်ဝီထိ-
ဆိုတဲ့ ဒီသုံးဝီထိတွင် ပြီးပြတ်နေတယ်၊ အမည်ပညတ်ကိုသိတဲ့ စတုတ္ထဝီထိ မဖြစ်ဘူးဆိုတာ ထင်ရှားစေတဲ့ သာဓကပါပဲ၊ ပြောဆိုတဲ့ ဝေါဟာရစကားသံကို ကြားရတဲ့အခါမှာတော့ ပထမ အသံကို ကြားသိတဲ့ ဝီထိဖြစ်တယ်၊ ဒုတိယ ကြားရတဲ့အသံကို စဉ်းစားတဲ့ ဝီထိဖြစ်တယ်၊
တတိယအမည် ဝေါဟာရပညတ်ကို သိတဲ့ဝီထိ ဖြစ်တယ်၊ စတုတ္ထ အဲဒီ အမည် ဝေါဟာရနဲ့ဆိုင်တဲ့ အထည်ဒြဗ် အနက်ပညတ်ကိုသိတဲ့ ဝီထိဖြစ်တယ်၊ ဒါကြောင့် မကြားဖူးတဲ့ စကားကို ကြားရတဲ့အခါ အမည်ပညတ်တွင်ပဲ ရပ်နေတယ်၊ အဲဒီစကားရဲ့အနက်ကိုတော့ မသိရပဲ ရှိနေတယ်၊
အဲဒါကိုရည်ပြီးတော့ ရှေးဆရာတွေက “သဒ္ဒံ ပဌမစိတ္တေန၊ တီတံ ဒုတိယစေတသာ၊ နာမံ တတိယစိတ္တေန၊ အတ္ထံ စတုတ္ထ စေတသာ”လို့ ဆိုထားကြပါတယ်၊ အဲဒါဟာ ဝေါဟာရစကားသံ အတွက်သာဖြစ်ပါတယ်၊
ဝေါဟာရစကားသံ မဟုတ်တဲ့ အထည်ဒြဗ်ကို တွေ့ရာမှာတော့ “ရူပံ ပဌမစိတ္တေန၊ တီတံ ဒုတိယစေတသာ၊ အတ္ထံ တတိယစိတ္တေန၊ နာမံ စတုတ္ထစေတသာ” လို့ ဒီလိုပြင်ပြီးယူမှ သဘာဝကျတယ် ဆိုတာကိုလဲ အထူးမှတ်ထားကြရမယ်၊
ဂါထာအနက်ကတော့ ပညာရှိတွေအတွက် လွယ်ပါတယ်၊ ကဲ ဆောင်ပုဒ်ကို ဆိုကြရမယ်။
ထင်ဆဲ ဆင်းဓာတ် မြင်လတ်ဦးစွာ၊
မြင်ပြီးတရား စဉ်းစားပြန်ရာ၊
သဏ္ဌာန်ဒြဗ် ပညတ်ပေါ်ကာ၊
မည်နာမ သိရ နောက်ဆုံးမှာ။ (၃-ခေါက်ဆို။)
ပထမ မြင် ဝီထိ, ဒုတိယ မြင်ပြီးကို စဉ်းစားဝီထိ ဆိုတဲ့ ဒီ ၂-ဝီထိကတော့ ကာမအာရုံဖြစ်တဲ့အတွက် တဒါရုံဆိုတဲ့ ဝိပါက်ဝိညာဏ် ဖြစ်နိုင်ပါတယ်၊ အနက် ပညတ် အမည်ပညတ်ကို အာရုံပြုတဲ့ တတိယနဲ့ စတုတ္ထဝီထိတွေမှာတော့ ပညတ်အာရုံ ဖြစ်တဲ့အတွက် တဒါရုံ မပါဝင်ဘူးလို့လဲ ဆိုကြတယ်၊ အဲဒီလိုဆိုယင် အဲဒီ တတိယ စတုတ္ထဝီထိတွေမှာ သင်္ခါရကြောင့်ဖြစ်တဲ့ ဝိညာဏ်မပါဘူး လို့မှတ်ရမယ်၊
သို့ပေမယ့် ဝိညာဏပစ္စယာ နာမရူပံ-အရ ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်တယ် ဆိုရာမှာ ဝိညာဏ်အရ ဝိပါက်ကိုသာ မဟုတ်ပဲ ကုသိုလ် အကုသိုလ် ကြိယာစိတ် တွေပါယူပြီး အဋ္ဌကထာမှာ ပြထားပါတယ်၊ ပစ္စုပ္ပန်ဘဝက ဝိညာဏ်တွင်တောင် မဟုတ်ဘူး၊ အတိတ်ဘဝက ကံသင်္ခါရနဲ့တကွ ဖြစ်ခဲ့တဲ့ ဝိညာဏ်ကိုလဲယူပြီး ပြထားပါတယ်၊ ဒါကြောင့် စိတ်ဟူသမျှဟာ နာမ်နဲ့ရုပ်၏ အကြောင်း ဝိညာဏ် ဖြစ်တယ်လို့ မှတ်ထားကြရမယ်။
ဒါကြောင့် -
ဝိညာဏပစ္စယာ၊ စိတ်ဝိညာဏ်ဟူသော အကြောင်းကြောင့်။
နာမရူပံ၊ နာမ်သည်လည်းကောင်း, ရုပ်သည်လည်းကောင်း, နာမ်ရုပ် ၂-ပါးလုံးသည် လည်းကောင်း။
သမ္ဘဝတိ၊ ဖြစ်၏
လို့ ဒီလို အပြည့်အစုံ အနက်ပြန်ရတယ်။
ဆိုလိုတာကတော့ စိတ်ဝိညာဏ်ကြောင့် အရူပ ၄-ဘုံမှာ စေတသိက် နာမ်သက်သက်သာ ဖြစ်တာလဲရှိတယ်၊ နာမ်ကို စက်ဆုပ်ပြီး ပွါးစေတဲ့ ရူပပဉ္စမဈာန်ကုသိုလ် စိတ်ဝိညာဏ်ကြောင့် အသညသတ်ဘုံမှာ ရုပ်ချည်းသက်သက် ဖြစ်နေတာလဲ ရှိတယ်၊ အဲဒီ ၅-ဘုံမှ ကြွင်းသော ကာမရူပ ၂၆-ဘုံမှာ စိတ်ဖြစ်တိုင်းဖြစ်တိုင်း အဲဒီစိတ်ဝိညာဏ်ကြောင့် တွဲဖက်စေတသိက် နာမ်နဲ့ စိတ္တဇရုပ်စသော တကိုယ်လုံးရှိ ရုပ်တွေဖြစ်ကြတယ်လို့ ဆိုလိုပါတယ်၊
ဒီနေရာမှာ စိတ္တဇရုပ်ကို မဖြစ်စေတတ်သော ဒွေးပဉ္စဝိညာဏ်ကြောင့် နာမ်သာ ဖြစ်တယ်၊ ပဉ္စဝေါကာရဘုံ၌ ပဝတ္တိအခါ ကုသိုလ်, အကုသိုလ်, ကြိယာစိတ်တွေဖြစ်ခိုက်မှာ ကံသင်္ခါရနဲ့ ယှဉ်သော ဝိညာဏ်ကြောင့် ကမ္မဇရုပ်သာ ဖြစ်တယ်လို့ အလွန်နက်နဲစွာ ပြဆိုချက်တွေလဲ ရှိပါသေးတယ်၊
အဲဒီလိုဟာတွေကတော့ အဋ္ဌကထာ ဋီကာတွေကို ကျကျနန လေ့လာနိုင်တဲ့ ပညာရှိ တွေနဲ့သာ သင့်လျော်ပါတယ်၊ ဒီ ဟောစဉ်တရား ထဲမှာတော့ အကြောင်းအကျိုး ဆက်သွယ်ပြီး ဖြစ်နေပုံကို သဘောပေါက်ရုံ လောက်သာ ပြောသွားရမှာပဲ။
ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်ပုံ အကျဉ်းချုပ်
▬▬▬▬▬▬▬▬▬
လူ့ဘဝမှာ ပဋိသန္ဓေစိတ် ဝိညာဏ်ကြောင့် အဲဒီ စိတ်ရဲ့ တွဲဖက် -
ခံစားမှု=ဝေဒနာ၊
မှတ်သားမှု=သညာ၊
အာရုံကို တွေ့မှု=ဖဿ၊
စေ့ဆော်မှု=စေတနာ၊
နှလုံးသွင်းမှု=မနသိကာရ
အစရှိသော နာမ်တရားလဲဖြစ်သည်၊
ရှေးက ပြောခဲ့တဲ့ကလာပ် ၃-ခု ရုပ်ပေါင်း ၃၀-လဲ ဖြစ်သည်၊ အဲဒီ ပဋိသန္ဓေစိတ်၏ အခြားမဲ့ဘဝင်စိတ်မှစ၍ ဖြစ်တိုင်း ဖြစ်တိုင်းသော စိတ်ဝိညာဏ်ကြောင့် တွဲဖက် စေတသိက် နာမ်တရားလဲဖြစ်သည်၊ ထိုက်သည်အားလျော်စွာ စိတ္တဇရုပ်လဲဖြစ်သည်၊ ကမ္မဇ ဥတုဇ အာဟာရဇရုပ်များလဲ ဖြစ်လျက် တည်မြဲ တည်သည်။
ယခုဖော်ပြခဲ့တဲ့ စကားထဲမှာ စိတ်ကြောင့် တွဲဖက်စေတသိက်တွေ ဖြစ်တယ် ဆိုတာကတော့ ထင်ရှားပါတယ်၊ ဘာ့ကြောင့် လဲဆိုတော့ စိတ်ဖြစ်ပေါ်လာယင် အကောင်းအဆိုး တမျိုးမျိုးကို ခံစားမှုလဲ ဖြစ်တာပဲ၊ မှတ်သားမှုလဲ ဖြစ်တာပဲ၊ အာရုံကိုလဲ ထင်ရှားတွေ့သွားတာပဲ၊ စေ့ဆော် တိုက်တွန်းမှုလဲ ပါတာပဲ နှလုံးသွင်းမှုလဲ ရှိတာပဲ၊ ဒိပြင် လိုချင်မှု=လောဘ၊ စိတ်ဆိုးမှု=ဒေါသ၊ ကြည်ညိုမှု=သဒ္ဓါ စသည်တို့လဲ စိတ်နဲ့ တပါတည်း ဖြစ်ကြတာချည်းပဲ၊ ပြီးတော့ စိတ္တဇရုပ်ဖြစ်တယ်ဆိုတာလဲ ထင်ရှားပါတယ်၊
ဘယ်လိုလဲဆိုတော့ လက်ခြေကို ကွေးချင်တဲ့စိတ်ဖြစ်ယင် ကွေးတယ်၊ ဆန့်ချင်တဲ့ စိတ်ဖြစ်ယင် ဆန့်တယ်၊ ထိုင်ချင်ယင် ထိုင်တယ်၊ ရပ်ချင်ယင် ရပ်တယ်၊ သွားချင်ယင် သွားတယ်၊ လျောင်းချင်ယင် လျောင်းတယ်၊ လှုပ်ချင်ယင် လှုပ်တယ်၊ ပြုံးချင်ယင် ပြုံးတယ်၊ မဲ့ချင်ယင် မဲ့တယ်၊ ပြောချင်ယင် ပြောတယ် စသည်ဖြင့် စိတ်ကြောင့် ဖြစ်နေတာတွေဟာ အလွန်ပဲထင်ရှားပါတယ်၊ ဒီလိုစိတ်ကြောင့် စိတ္တဇရုပ်ဖြစ်တာကို ဒိဋ္ဌမြင်ရတဲ့အတွက် ပဋိသန္ဓေခဏက ပဋိသန္ဓေစိတ်ကြောင့် ကလာပ် ၃-ခုရုပ်ပေါင်း ၃၀ ဖြစ်ခဲ့တာကိုလဲ မှန်းဆပြီး သိရမယ်လို့ အဋ္ဌကထာမှာ ဆိုထားပါတယ်။
စိတ္တဇေန ဟိ ရူပေန၊
ဣဓ ဒိဋ္ဌေန သိဇ္ဈတိ။
အဒိဋ္ဌဿာပိ ရူပဿ၊
ဝိညာဏံ ပစ္စယော ဣတိ-တဲ့။
ဣဓဒိဋ္ဌေန၊ ယခုမျက်မှောက်၌ ထင်ရှား တွေ့ရသော။
စိတ္တဇေန၊ ကွေးလိုခြင်း ဆန့်လိုခြင်းစသော စိတ်ကြောင်းဖြစ်သော။
ရူပေန၊ ကွေးခြင်းဆန့်ခြင်းအစရှိသော ရုပ်ဖြင့်။
ဝါ၊ ကွေးခြင်းဆန့်ခြင်းအစရှိသော ရုပ်ကိုအကြောင်းပြု၍။
အဒိဋ္ဌဿာပိ၊ မမြင်အပ် မမြင်နိုင်သည်လည်းဖြစ်သော။
ရူပဿ၊ ပဋိသန္ဓေရုပ်အား။
ဝိညာဏံ၊ ပဋိသန္ဓေစိတ်သည်။
ပစ္စယော ဣတိ၊ ကျေးဇူးပြုတတ် ဖြစ်စေတတ်သော အကြောင်းဖြစ်သည်ဟူ၍။
ဝါ၊ အကြောင်းဖြစ်သည်ဟူသော အနက်သည်။
သိဇ္ဈတိ၊ ပြီးစီးပါတယ် တဲ့။
ပဋိသန္ဓေခဏက ပဋိသန္ဓေစိတ်နဲ့ ရုပ်ဖြစ်ပုံကို ကိုယ့်ဟာကိုယ်လဲ မမြင်နိုင်ဘူး၊ တစက္ကန့်ကို အပုံပေါင်း တထောင်ပုံပြီး တပုံခန့်မျှတောင် ကြာမည်မဟုတ်တဲ့ အလွန်မြန်တဲ့ ခဏကလေးအတွင်းမှာ ဖြစ်ပေါ်သွားတဲ့ စိတ်နဲ့ရုပ်ကို သူတပါးကလဲ မမြင်နိုင်ဘူး၊ စုတိနဲ့ ပဋိသန္ဓေကိုမြင်တယ်ဆိုတဲ့ ဒိဗ္ဗစက္ခု အဘိညာဉ်နဲ့လဲ စုတိစိတ်ပျက်ဆဲ, ပဋိသန္ဓေစိတ်ဖြစ်ဆဲကိုတော့ မမြင်နိုင်ဘူး၊
စုတေခါနီးကာလနဲ့ ဘဝသစ်မှာ ဖြစ်ပြီးခါစဆိုတဲ့ အနီးအပါးကိုသာ မြင်နိုင်တယ်၊ ဒီစုတိစိတ်နဲ့ ပဋိသန္ဓေစိတ်ကို တည့်တည့်မတ်မတ် သိမြင်နိုင်တာကတော့ သဗ္ဗညုတဉာဏ်၏ အရာသာ ဖြစ်တယ်၊ ဒါကြောင့် ပဋိသန္ဓေစိတ်ကြောင့် ရုပ်ဖြစ်ပုံ ကိုတော့ မမြင်နိုင်ဘူး၊ ဒါပေမယ့် ပဝတ္တိကာလမှာ စိတ်ကြောင့် ကွေးခြင်း ဆန့်ခြင်းစသော စိတ္တဇရုပ်ဖြစ်ပုံကို မြင်ရတဲ့အတွက် ပဋိသန္ဓေခဏက ရုပ်ဟာလဲ ပဋိသန္ဓေစိတ်ကြောင့်ဖြစ်တယ်ဆိုတာ ပြီးစီးပါတယ် ဆုံးဖြတ်နိုင်ပါတယ်တဲ့။
နောက်ပြီးတော့ ယခုမျက်မှောက် ပဝတ္တိကာလမှာ ကံကြောင့် ဖြစ်တဲ့ ကမ္မဇရုပ်၊ ဥတုကြောင့်ဖြစ်တဲ့ ဥတုဇရုပ်၊ အာဟာရကြောင့်ဖြစ်တဲ့ အာဟာရဇရုပ်ဆိုတာ တွေဟာလဲ သူ့အကြောင်းကြောင့် သူဖြစ်တာတွေပါပဲ၊ စိတ်ကြောင့်ဖြစ်တာ မဟုတ်ပါဘူး၊ ဒါပေမယ့် စိတ်မရှိယင် အသက်ရှင်နေတဲ့ ရုပ်အစဉ်အနေအားဖြင့် မဖြစ်နိုင်ဘူး၊ ဒီနေရာမှာ ထင်ရှားတဲ့သာဓကကတော့ သူသေကောင်မှာ ဥတုဇရုပ်တွေ ဖြစ်နေပေမယ်လို့ အရှင်ရုပ်မျိုး မဟုတ်တာဟာ သာဓကပါပဲ၊
ဒါကြောင့် အဲဒီကမ္မဇ ဥတုဇ အာဟာရဇရုပ်တွေဟာလဲ စိတ်အကူအညီ ရှိနေတဲ့အတွက် အဆက်မပြတ် ဖြစ်လဲ ဖြစ်နေနိုင်တယ်၊ တည်လဲတည်နေနိုင်တယ်၊ အဲဒီလိုအဆက်မပြတ် ဖြစ်တည်နိုင်ခြင်း၏ အကြောင်းဖြစ်တဲ့အတွက် စိတ်ဝိညာဏ် ကြောင့် ကမ္မဇဥတုဇ အာဟာရဇရုပ်တွေလဲ ဖြစ်တယ်လို့ပဲ ဆိုရပါတယ်။
အတိုချုပ်အားဖြင့်တော့ တကိုယ်လုံးကရုပ်တွေ အဆက်မပြတ်ဖြစ်ပြီး တည်မြဲ တည်နေတာဟာ စိတ်ရှိနေလို့ပါ၊ စုတိစိတ်ဖြစ်ပြီး စိတ်အစဉ်ပြတ်သွားသည်နှင့် တပြိုင်နက် စေတသိက်နာမ်တွေလဲ မဖြစ်နိုင်တော့ဘူး၊ အရှင်ရုပ်မျိုးတွေလဲ မဖြစ်နိုင်တော့ဘူး၊ ဒါကြောင့် ဝိညာဏပစ္စယာ နာမရူပံ-စိတ်ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်သည်လို့ ဟောထားပါတယ်။
ဒါကြောင့်ဆောင်ပုဒ်မှာ “ဝိညာဏ်တွယ်စပ်၊ နာမ်ရုပ်ကပ်လျက်”လို့ဆိုထားပါတယ်။ ကုသိုလ်ကံ အကုသိုလ်ကံဆိုတဲ့ သင်္ခါရကြောင့် ဘဝသစ်မှာ ပဋိသန္ဓေမှစပြီး စိတ်ဝိညာဏ်တွေ အဆက်မပြတ် ဖြစ်နေတယ်၊ အဲဒီ စိတ်ဝိညာဏ်ဖြစ်ယင် စိတ်တိုင်းစိတ်တိုင်းနဲ့ ပူးတွဲပြီး ထိုက်သည်အားလျော်စွာ နာမ်နဲ့ရုပ်လဲ မပြတ်ဖြစ် နေတယ်၊ စိတ်ဝိညာဏ်က တနာရီကြာအောင် ဖြစ်နေယင် နာမ်နဲ့ရုပ်ကလဲ တနာရီကြာအောင် ဖြစ်နေတယ်၊ လောကဝေါဟာရအားဖြင့်လဲ တနာရီအသက်ရှင် နေတယ်လို့ ပြောရတယ်၊
စိတ်ဝိညာဏ်က တရက် တလ တနှစ်ကြာအောင်ဖြစ်နေယင် နာမ်နဲ့ရုပ်ကလဲ တနှစ်ပတ်လုံး မပြတ်ဖြစ်နေတာပဲ၊ စိတ်ဝိညာဏ်က ၁၀-နှစ်၊ အနှစ် ၂၀၊ ၃၀၊ ၄၀၊ ၅၀-ကြာအောင် ဖြစ်နေယင် နာမ်နဲ့ရုပ်ကလဲ အနှစ် ၅၀-ပတ်လုံး မပြတ်ဖြစ်နေတာပဲ၊ လောကဝေါဟာရအားဖြင့်လဲ အနှစ် ၅၀ အသက်ရှင်နေတယ်လို့ ပြောရတယ်၊
စိတ်ဝိညာဏ်က အနှစ် ၈၀ အနှစ် တရာ တထောင် တသောင်း စသည်ကြာအောင်ဖြစ်နေယင် နာမ်နဲ့ရုပ်ကလဲ အနှစ် ၈၀, တရာ တထောင် တသောင်း စသည် ပတ်လုံး မပြတ်ဖြစ်နေတာပဲ၊ လောကဝေါဟာရအားဖြင့်လဲ အနှစ် ၈၀, တရာ တထောင် တသောင်း အသက်ရှင်နေတယ် စသည်ဖြင့် ပြောရပါတယ်၊
အမှန်အားဖြင့်တော့ စိတ်ဝိညာဏ်ဖြစ်တိုင်း ဖြစ်တိုင်း နာမ်နဲ့ရုပ်တွေပူးတွဲပြီး အဆင့်ဆင့် အဆက်မပြတ် ဖြစ်နေတဲ့ အကြောင်းအကျိုး အဆက်ဆက်မျှပဲ ရှိတယ်ဆိုတာ သိနားလည်ဖို့ သဘောပေါက်ဖို့ပါပဲ။
ပဋိစ္စသမုပ္ပါဒ်ဆိုတာ အလွန်လဲနက်နဲပါတယ်၊ နက်နဲယောင်လဲ ထင်ပါတယ်၊ ဒီလို နက်နဲတဲ့အတွက် ဒီပဋိစ္စသမုပ္ပါဒ်တရားကို မသိနိုင်လို့ သတ္တဝါတွေဟာ သံသရာထဲမှာ တဝဲလည်လည်နဲ့ အတိဒုက္ခရောက်နေကြရတယ် ဆိုတာကို မြတ်စွာဘုရားက အရှင်အာနန္ဒာအား ဟောကြားတော်မူပါတယ်၊
အဲဒီတရားကိုလဲ နောက်ရက်များကျမှ ဟောရဦးမယ်၊ ဒီကနေ့တော့ အချိန်က လွန်နေပါပြီ၊ ဒါကြောင့် ဆောင်ပုဒ်ကို ဆိုကြဦးစို့။
အမှန်မသွား၊ အမှားမြင်ကာ၊ အဝိဇ္ဇာကြောင့်။ပ။ လုံးဝဆင်းရဲစုသာတည်း။
အမှန်မသွား အမှားသိမြင်၊
အဝိဇ္ဇာဖုံး ကောင်းလုံး မှတ်ထင်၊
စိတ်-ကိုယ်-နှုတ်မှု ကြံ-ပြု-ပြောလျှင်၊
ဝိညာဏ်စပ် နောက်ထပ် သန္ဓေရှင်။
ဝိညာဏ်မျိုးစေ့ စ၍ဖြစ်လျှင်၊
နာမ်နှင့်ရုပ်လဲ ပူးတွဲပါဝင်၊
အာယတန ဖဿ ပေါ်ထင်၊
ကောင်းဆိုးများ ခံစား မိရိုးပင်။
ဤပဋိစ္စသမုပ္ပါဒ်တရား ဒေသနာတော်ကို ရိုသေစွာနာယူ မှတ်သားကြရသော ဓမ္မဿဝနကုသိုလ်ကံ စေတနာတို့၏ အစွမ်းအာနုဘော်ကြောင့် ကိုယ်၏ချမ်းသာခြင်း စိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံကြ၍ အကြောင်းအကျိုး ဆက်စပ်လျက် မပြတ် ဖြစ်နေသော ရုပ်နာမ်တရားတို့ကို အမှန်အတိုင်းသိအောင် ရှုမှတ်ပွားများ အားထုတ် နိုင်ကြ၍ ဝိပဿနာဉာဏ်အစဉ် မဂ်ဉာဏ် အစဉ်ဖြင့် နိဗ္ဗာန်ချမ်းသာ တရားတော် မြတ်ကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေ။
သာဓု သာဓု သာဓု။
ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး ဒုတိယပိုင်း ပြီး၏။
.....
ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး
၁၃၂၄-ခု၊ ဝါဆိုလဆန်း ၈-ရက်နေ့ ဟောသည်။
တတိယပိုင်း
တရားအနုသန္ဓေ
ပဋိစ္စသမုပ္ပါဒ်တရားကို လွန်ခဲ့တဲ့ နှစ်သီတင်းက ဟောလာခဲ့တာ ဝိညာဏပစ္စယာ နာမရူပံ-အထိ ရောက်လာခဲ့ပြီ၊ အဲဒီဟောပြီးတရားတွေကို မကြားဖူးတဲ့သူတွေလဲ ဆက်စပ်ပြီးမှတ်သားနိုင်အောင် ကြားဖူးတဲ့သူတွေလဲ ပိုပြီးရှင်းသွားအောင် နည်းနည်း ထပ်ပြောလိုက်ကြဦးစို့။
အဝိဇ္ဇာပစ္စယာ သင်္ခါရာ-သစ္စာ ၄-ပါး အမှန်တရားကိုမသိလို့ အလွဲအမှားတွေကို အဟုတ်ထင်နေလို့ ချမ်းသာရန် အားထုတ်မှု သင်္ခါရတွေ ဖြစ်ကြသည်တဲ့၊ ယခုလူတွေ မြင်ရကြားရ တွေ့ရသိရ ခံစားရတာတွေဟာ ခဏမစဲဖြစ်ပျက်နေလို့ ဒုက္ခသစ္စာခေါ်တဲ့ ဆင်းရဲတရားတွေချည်းပဲ၊ ဒါပေမယ့် တို့လူတွေက ဘယ့်နှယ် ထင်နေကြသလဲဆိုတော့ ကိုယ်မြင်ချင်တာ ကလေးတွေကိုမြင်ရတော့ ကောင်းတယ် ချမ်းသာတယ်လို့ ထင်ကြတယ်၊ မထင်ကြဘူးလား၊
ပြီးတော့ ကိုယ်ကြားချင်တာ ကလေးတွေကိုကြားရ၊ ကိုယ်နံချင်တာကလေးတွေကို နံရ၊ ကိုယ်စားချင်တာ ကလေးတွေကို စားရ၊ ကိုယ် တွေ့ထိချင်တာကလေးတွေကို တွေ့ထိရ၊ ကိုယ်အလိုရှိတာကလေးတွေကို စိတ်ကူးကြံစည်ရ ခံစားရတယ် ဆိုတော့လဲ ကောင်းတယ် ချမ်းသာတယ်လို့ပဲ ထင်ကြတယ်၊ အဲဒါဟာ ဒုက္ခသစ္စာကို အမှန်အတိုင်းမသိပဲ အလွဲကိုသိနေတဲ့ အဝိဇ္ဇာပဲ။
အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ
အဲဒီလို အမှန်မသိပဲ အလွဲသိနေတဲ့အတွက် ယခုလောလောဆယ် ကောင်းစား ချမ်းသာအောင်, နောင်ဘဝတွေမှာ ကောင်းစား ချမ်းသာရအောင်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် စိတ်နဲ့လဲ ကြံစည်ကြတယ်၊ နှုတ်နဲ့လဲ ပြောဆိုကြတယ်၊ ကိုယ်နဲ့လဲ ပြုလုပ်ကြတယ်၊ အဲဒါတွေဟာ အဝိဇ္ဇာကြောင့်ဖြစ်တဲ့ အားထုတ်မှု သင်္ခါရတွေပဲ၊ ဒါကြောင့် “အမှန်မသွား၊ အမှားမြင်ကာ၊ အဝိဇ္ဇာကြောင့်၊ ချမ်းသာလိမ့်နိုး၊ ရည်မျှော်ကိုးလျက်၊ သုံးမျိုးမှုကံ၊ ပြုစီမံ၍” လို့ ဆောင်ပုဒ်က ဆိုထားပါတယ်။
သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ပုံ
အဲဒီလို ကြံစည်ပြောဆို ပြုလုပ်ကြရာမှာ သူတပါးအား အကျိုးမဲ့ဖြစ်အောင် ကြံစည်ပြောဆိုပြုလုပ်တာက အပုညာဘိသင်္ခါရခေါ်တဲ့ အကုသိုလ်ကံပဲ၊ အဲဒီ အကုသိုလ်ကံက အပါယ် ၄-ဘုံမှာ ပဋိသန္ဓေဝိညာဏ်ကို ဖြစ်စေတတ်တယ်၊ သူတပါးအား အကျိုးစီးပွါးဖြစ်အောင် မိမိ၏စိတ်သန့်ရှင်း စင်ကြယ်အောင် ကြံစည် ပြောဆို ပြုလုပ်တာကတော့ ပုညာဘိသင်္ခါရနဲ့ အာနေဉ္ဇာဘိသင်္ခါရ-လို့ခေါ်တဲ့ ကုသိုလ်ကံတွေပဲ၊ ဒီကုသိုလ်ကံတွေက လူ့ဘုံနတ်ဘုံ ဗြဟ္မာ့ဘုံတွေမှာ ပဋိသန္ဓေဝိညာဏ်ကို ဖြစ်စေတတ်တယ်၊
ဒါကြောင့် သင်္ခါရပစ္စယာ ဝိညာဏံ - အားထုတ်မှု သင်္ခါရကြောင့် ဘဝသစ် ဝိညာဏ်ဖြစ်သည်လို့ ဟောတော်မူပါတယ်၊ အဲဒီ ဘဝသစ် ဝိညာဏ်ဟာ ပဋိသန္ဓေခဏကစပြီး နောက်ဆုံးသေသည့် စုတိခဏတိုင်အောင် တစိတ်ပြီးတစိတ် ဆက်ကာဆက်ကာ မပြတ်ဖြစ်သွားပါတယ်၊ အဲဒါဟာ ကုသိုလ်ကံ အကုသိုလ်ကံ ဆိုတဲ့ သင်္ခါရက အကျိုးပေးတာပါပဲ။
အဲဒီလို စိတ်ဝိညာဏ်တွေ မပြတ်ဖြစ်နေရာမှာ ကောင်းတာကိုမြင်ယင် ပုညာဘိသင်္ခါရကြောင့် ဖြစ်တာပဲ၊ ကုသလဝိပါက်စက္ခုဝိညာဏ်လို့ခေါ်တယ်၊ ကုသိုလ်၏ အကျိုးဖြစ်တဲ့ မြင်သိမှုလို့ ဆိုလိုပါတယ်၊ ထို့အတူ ကောင်းတာကို ကြားရယင်လဲ ကုသိုလ်၏ အကျိုးဖြစ်တဲ့ ကြားသိမှု သောတဝိညာဏ်ပဲ၊ ကောင်းတာကို နမ်းရှူရယင်လဲ ကုသိုလ်၏ အကျိုးဖြစ်တဲ့ နံသိမှု ဃာနဝိညာဏ်ပဲ၊ ကောင်းတာကို စားရယင်လဲ ကုသိုလ်၏ အကျိုးဖြစ်တဲ့ အရသာသိမှု ဇိဝှါဝိညာဏ်ပဲ၊ ကောင်းတာကို တွေ့ထိရယင်လဲ ကုသိုလ်၏ အကျိုးဖြစ်တဲ့ ထိသိမှု ကာယဝိညာဏ်ပဲ၊ အကောင်းတွေကို ကြံသိရယင်လဲ ကုသိုလ်၏ အကျိုးဖြစ်တဲ့ ကြံသိမှု (တဒါရုံ)ဝိညာဏ်ပဲ၊
အဲဒါတွေက ပုညာဘိသင်္ခါရခေါ်တဲ့ ကုသိုလ်ကံ ကြောင့်ဖြစ်တဲ့ စိတ်ဝိညာဏ် ၆-မျိုးတဲ့၊ ဒါကြောင့် အဲဒီလိုအကောင်းတွေကို မြင်ရကြားရ တွေ့ရသိရ ခံစားရတာတွေကို ပုညာဘိသင်္ခါရခေါ်တဲ့ ကုသိုလ် ကံကြောင့် ဖြစ်ပေါ်နေတဲ့ အကျိုးဝိပါက်တွေလို့ မှတ်ရမယ်၊
ရှေးဘဝက ပြုခဲ့ အားထုတ်ခဲ့တဲ့ ကုသိုလ်သင်္ခါရကအကြောင်း, ယခုဘဝမှာ ကောင်းတဲ့ အာရုံတွေကို တွေ့သိခံစားရတာက အကျိုးဝိပါက်ဝိညာဏ်၊ ဒီလို အကြောင်းနဲ့အကျိုး မျှသာ ရှိတယ်၊ ပြုတတ်တဲ့ ပုဂ္ဂိုလ်သတ္တဝါရယ်လို့လဲ မရှိဘူး၊ ခံစားတတ်တဲ့ ပုဂ္ဂိုလ်သတ္တဝါရယ်လို့လဲ မရှိဘူး၊ အကြောင်းနဲ့အကျိုး အဆက်ဆက်မျှသာ ရှိတယ်လို့ ဒီလိုလဲ မှတ်ထားကြရမယ်။
နောက်ပြီးတော့ မကောင်းတာကိုမြင်ယင် အပုညာဘိသင်္ခါရကြောင့်ဖြစ်တဲ့ စိတ်ဝိညာဏ်ပဲ၊ အကုသလဝိပါက် စက္ခုဝိညာဏ်လို့ခေါ်တယ်၊ အကုသိုလ်၏ အကျိုးဖြစ်တဲ့ မြင်သိမှုလို့ ဆိုလိုပါတယ်၊ ထို့အတူ မကောင်းတာကို ကြားရယင်လဲ အကုသိုလ်၏ အကျိုးဖြစ်တဲ့ ကြားသိမှု သောတဝိညာဏ်ပဲ၊ မကောင်းတာကို နမ်းရှူရယင်လဲ အကုသိုလ်၏အကျိုးဖြစ်တဲ့နံသိမှု ဃာနဝိညာဏ်ပဲ၊ မကောင်းတာကို စားရယင်လဲ အကုသိုလ်၏ အကျိုးဖြစ်တဲ့ အရသာသိမှု ဇိဝှါဝိညာဏ်ပဲ၊ မကောင်းတာကို တွေ့ထိရယင်လဲ အကုသိုလ်၏ အကျိုးဖြစ်တဲ့ ထိသိမှု ကာယဝိညာဏ်ပဲ၊ မကောင်းတာတွေတို့ ကြံသိရယင်လဲ အကုသိုလ်၏ အကျိုးဖြစ်တဲ့ ကြံသိမှု (တဒါရုံ) ဝိညာဏ်ပဲ၊
အဲဒါတွေကတော့ အပုညာဘိသင်္ခါရခေါ်တဲ့ အကုသိုလ်ကံကြောင့်ဖြစ်တဲ့ ဆိုးကျိုး စိတ်ဝိညာဏ် ၆-မျိုးတဲ့၊ ဒါကြောင့် အဲဒီလို မကောင်းတဲ့အာရုံဆိုးတွေကို မြင်ရကြားရ တွေ့ရသိရ ခံစားရတာတွေကို အပုညာဘိသင်္ခါရခေါ်တဲ့ အကုသိုလ်ကံကြောင့် ဖြစ်ပေါ်နေတဲ့ အကျိုးဝိပါက်စိတ် တွေလို့ မှတ်ရမယ်။
ရှေးဘဝက ပြုခဲ့အားထုတ်ခဲ့တဲ့ အကုသိုလ်ကံသင်္ခါရက အကြောင်း၊ ယခုဘဝမှာ မကောင်းတဲ့ အာရုံဆိုးတွေကိုတွေ့သိခံစားနေရတာက အကျိုးဝိပါက်ဝိညာဏ်၊ ဒီလို အကြောင်းနဲ့အကျိုးမျှသာရှိတယ်၊ ပြုတတ်တဲ့ ပုဂ္ဂိုလ်သတ္တဝါရယ်လို့လဲ မရှိဘူး၊ ခံစားတတ်တဲ့ ပုဂ္ဂိုလ်သတ္တဝါရယ်လို့လဲ မရှိဘူး၊ အကြောင်းနဲ့အကျိုး အဆက်ဆက် မျှသာရှိတယ်လို့ ဒီလိုလဲ မှတ်ထားကြရမယ်။
ဒီတော့ ယခုဘဝမှာ အာရုံအကောင်း အဆိုးတွေကို မြင်ရကြားရတွေ့ရ ကြံသိရတာတွေ ဟူသမျှဟာ ရှေးဘဝက ပြုခဲ့ အားထုတ်ခဲ့တဲ့ ကုသိုလ်ကံ အကုသိုလ်ကံ သင်္ခါရကြောင့်ဖြစ်နေတဲ့ အကျိုးဝိပါက် စိတ်ဝိညာဏ်မျှပဲဆိုတာ ထင်ရှားနေပါပြီ၊ အဲဒါကိုရည်ပြီးတော့ “အမှန်မသွား၊ အမှားမြင်ကာ၊ အဝိဇ္ဇာကြောင့်၊ ချမ်းသာလိမ့်နိုး၊ ရည်မျှော်ကိုးလျက်၊ သုံးမျိုးမှုကံ၊ပြုစီမံ၍၊ ဝိညာဏ်တွယ်စပ်” လို့ ဆောင်ပုဒ်က ဆိုထားပါတယ်၊
ပုညာဘိသင်္ခါရ အပုညာဘိသင်္ခါရ အာနေဉ္ဇာဘိ သင်္ခါရ-ဆိုတဲ့ အမှုကံ ၃-မျိုး၊ တနည်းအားဖြင့် ကာယသင်္ခါရ ဝစီသင်္ခါရ စိတ္တသင်္ခါရ-ဆိုတဲ့ အမှုကံ ၃-မျိုးကို ပြုလုပ်အားထုတ်ခဲ့လို့ ယခုဘဝမှာ ပဋိသန္ဓေခဏမှစပြီး အာရုံ အကောင်းအဆိုး တွေကို တွေ့သိခံစားတဲ့ စိတ်ဝိညာဏ်တွေ မပြတ်ဖြစ်နေရတယ်ဆိုတာကို ဝိညာဏ် တွယ်စပ်လို့ တိုတိုကလေးနဲ့ ပြထားပါတယ်၊ ရှစ်လုံးဘွဲ့ ဆောင်ပုဒ်မှာလဲ -
အမှန်မသွား အမှားသိမြင်၊
အဝိဇ္ဇာဖုံး ကောင်းလုံး မှတ်ထင်၊
စိတ် ကိုယ် နှုတ်မှု ကြံပြု ပြောလျှင်၊
ဝိညာဏ်စပ် နောက်ထပ် သန္ဓေရှင်-
လို့ ဆိုထားပါတယ်၊ အဲဒါလဲ အနက်အဓိပ္ပာယ် ထင်ရှားပေါ်နေပါပြီ။
ဝိညာဏ်ကြောင့် ရုပ်နာမ်ဖြစ်ပုံ
စိတ်ဝိညာဏ်တွေ မပြတ်ဖြစ်နေတော့ နာမ်နဲ့ရုပ်လဲ စိတ်ဝိညာဏ်နဲ့အတူ ပူးတွဲပါဝင်ပြီး မပြတ်ဖြစ်နေတယ်၊ ဖြစ်ပုံ အကျယ်ကိုတော့ ပြီးခဲ့တဲ့သီတင်းနေ့က ဟောခဲ့ပါပြီ၊ အတိုချုပ် ထပ်ပြောရယင်တော့ ပဋိသန္ဓေ ခဏကတည်းကစပြီး ဝေဒနာ သညာ ဖဿ အစရှိသော စိတ်ရဲ့တွဲဖက် နာမ်တရားတွေဟာ စိတ်တိုင်း စိတ်တိုင်းနဲ့ တပါတည်း ပူးတွဲပြီး ဖြစ်နေကြတယ်၊
ယခု စဉ်းစားကြည့်ပါ၊ မြင်တယ်ဆိုယင် မြင်ရတဲ့ အာရုံကို ကောင်းတဲ့အနေ မကောင်းတဲ့ အနေဖြင့် ခံစားမှုလဲ ပါဝင်နေတယ်၊ အဲဒါဟာ ဝေဒနာပဲ၊ မြင်ရတဲ့အာရုံကို မှတ်သားတဲ့သဘောလဲ ပါဝင်နေတာပဲ၊ ဒါကြောင့် မြင်ဖူးတဲ့ အာရုံကို မှတ်မိနေကြတာ၊ အဲဒီမှတ်သားမှုဟာ သညာပဲ၊
မြင်ရတဲ့အာရုံကို အထင်အရှားလဲ တွေ့သွားတာပဲ၊ မတွေ့ယင် မြင်ကိုမမြင်နိုင်ဘူး၊ တွေ့လို့သာ မြင်နိုင်တာ၊ အဲဒီတွေ့တာဟာ ဖဿပဲ၊ ပြီးတော့ မြင်အောင်နှလုံးသွင်းမှု ကြောင့်ကြစိုက်မှုလဲ ရှိလို့မြင်နိုင်တာ အဲဒီမှာ နှလုံး သွင်းတာက မနသိကာရပဲ၊ ကြောင့်ကြစိုက်တာက စေတနာပဲ၊ ဒိပြင်လဲ ဇီဝိတနဲ့ ဧကဂ္ဂတာ ဆိုတာတွေလဲ ရှိပါသေးတယ်၊
ယခု ပြောခဲ့တဲ့ ဝေဒနာ သညာ ဖဿ စေတနာ မနသိကာရ အစရှိတဲ့ ဒီနာမ်တရားတွေဟာ မြင်သိစိတ်ဖြစ်တိုင်း တပါတည်း အတူပူးတွဲ ပါဝင်နေပါတယ်၊ ခွဲထုတ်လို့တောင် မဖြစ်ဘူး၊ ဒါကြောင့် “ဝိညာဏ်တွယ်စပ်၊ နာမ်ရုပ်ကပ်လျက်” လို့ ဆောင်ပုဒ်မှာ ဆိုထားပါတယ်၊ ရှစ်လုံးဘွဲ့ ဆောင်ပုဒ်ထဲမှာတော့ “ဝိညာဏ်မျိုးစေ့ စ၍ဖြစ်လျှင်၊ နာမ်နှင့်ရုပ်လဲ ပူးတွဲပါဝင်” လို့တောင် ပေါ်ပေါ်လွင်လွင်ကြီး ပြဆိုထားပါတယ်၊
ယခု ပြောခဲ့တာဟာ မြင်သိစိတ် ဖြစ်ခိုက်မှာ နာမ်တရားတွေ ပူးတွဲပါဝင်ပုံ ဖြစ်တယ်၊ ထို့အတူ ကြားသိစိတ် နံသိစိတ် အရသာသိစိတ် ထိသိစိတ် ကြံသိစိတ်တွေ ဖြစ်ခိုက်မှာလဲ ဝေဒနာအစရှိတဲ့ ဒီစေတသိက် နာမ်တရားတွေဟာ ပူးတွဲပါဝင်ပြီး တပါတည်း ဖြစ်ကြတာချည်းပဲ၊ ကြံသိစိတ် ဖြစ်ခိုက်မှာဆိုယင်တော့ ဝိတက် ဝိစာရ ပီတိ အစရှိတဲ့ ဒိပြင်စေတသိက် နာမ်တရားတွေတောင် ထိုက်သည်အားလျော်စွာ ပါဝင်ကြပါသေးတယ်။
ရုပ်တရားလဲ ပါဝင်ပုံ
ရုပ်တရားကလဲ ပဋိသန္ဓေခဏကစပြီး စိတ်ရဲ့ခဏတိုင်း ခဏတိုင်းမှာ ထိုက်သည် အားလျော်စွာ ပါဝင်ပြီးဖြစ်လာတယ်၊ ဖြစ်ပုံကတော့ သင်္ခါရ-ဆိုတဲ့ ကံကြောင့်ဖြစ်တဲ့ ကမ္မဇရုပ်တွေက ပဋိသန္ဓေစိတ်ရဲ့ ဥပါဒ်ခဏကစပြီး စိတ်ရဲ့ ခဏတိုင်း ခဏတိုင်း ဖြစ်လာခဲ့တယ်၊ ဥတုဇရုပ်တွေက ပဋိသန္ဓေစိတ်ရဲ့ ဌီခဏ ကစပြီး ခဏတိုင်း ခဏတိုင်း ဖြစ်လာခဲ့တယ်၊ စိတ္တဇရုပ်တွေက ပဋိသန္ဓေစိတ်ရဲ့ အခြားမဲ့ ပထမဘဝင်စိတ်ရဲ့ ဥပါဒ်ခဏကစပြီး စိတ်ရဲ့ဥပါဒ်ခဏတိုင်း (အများအားဖြင့်) ဖြစ်လာခဲ့တယ်၊
ဒီနေရာမှာ အများအားဖြင့်လို့ ခြွင်းချက်ထားပြီး ပြောရတာကတော့ ရုပ်ကို မဖြစ်စေနိုင်တဲ့စိတ် အနည်းငယ်အတွက် ဖြစ်ပါတယ်၊ အဲဒီ စိတ်အနည်းငယ် ဆိုတာက ဒွေပဉ္စဝိညာဏ်ခေါ်တဲ့ စိတ်ငါးမျိုးပါပဲ၊ အဲဒါတွေက မြင်သိရုံမျှ ကြားသိရုံမျှ နံသိရုံမျှ အရသာသိရုံမျှ ထိသိရုံမျှသာ အစွမ်းသတ္တိရှိတဲ့ စက္ခုဝိညာဏ်အစရှိတဲ့ စိတ်ငါးမျိုးပါပဲ၊ အဲဒီစိတ်တွေက ငါးမျိုးနှစ်လီ ဆယ်ခုတည်းရှိလို့ နည်းပါတယ်၊ ရုပ်ကို ဖြစ်စေနိုင်တဲ့ ဒိပြင် စိတ်တွေကပဲ များပါတယ်၊ ဒါကြောင့် အများအားဖြင့် စိတ်ရဲ့ ဥပါဒ်ခဏတိုင်း စိတ္တဇရုပ်ဖြစ်လာခဲ့တယ်လို့ ပြောရခြင်း ဖြစ်ပါတယ်။
ဒီစိတ္တဇရုပ် ဖြစ်ပုံကတော့ ထင်ရှားပါတယ်၊ ခြေလက်ကို ကွေးချင်တဲ့စိတ်ဖြစ်ယင် ကွေးတဲ့ရုပ်ဖြစ်လာတယ်၊ ဆန့်ချင်တဲ့စိတ်ဖြစ်ယင် ဆန့်တဲ့ရုပ် ဖြစ်လာတယ်၊ လှုပ်ချင်ယင် လှုပ်ရုပ်ဖြစ်တယ်၊ သွားချင်ယင် သွားရုပ်ဖြစ်တယ်၊ ရပ်ချင်ယင် ရပ်ရုပ်ဖြစ်တယ်၊ ထိုင်ချင်ယင် ထိုင်ရုပ်ဖြစ်တယ်၊ ပြုံးချင်ယင် ပြုံးရုပ်ဖြစ်တယ်၊ ပြောဆိုချင်ယင် ပြောဆိုရုပ်ဖြစ်တယ်၊
ဒီလို ကိုယ်အမူအရာ နှုတ်အမူအရာတွေ ဟူသမျှဟာ စိတ်ကြောင့်ဖြစ်တဲ့ စိတ္တဇရုပ် တွေပဲ၊ ဒါကြောင့် စိတ်ဝိညာဏ်နဲ့ပူးတွဲပြီး စိတ္တဇရုပ်တွေဖြစ်တယ် ဆိုတာကတော့ အလွန်ပဲ ထင်ရှားပါတယ်၊ ဝိပဿနာယောဂီမှာဆိုယင် ဒီ စိတ္တဇရုပ်တွေကိုပဲ အရင်း ခံပြုပြီး ရှုမှတ်နေရတယ်၊ ဒီစိတ္တဇရုပ်ကိုရှုမှတ်ပြီး ကိုယ်ပိုင်ဉာဏ်နဲ့သိဖို့ရာလဲ အလွန်အရေးကြီးပါတယ်၊
ဒါကြောင့် မဟာသတိပဋ္ဌာနသုတ် ဒေသနာတော်မှာ -
“ဂစ္ဆန္တော ဝါ”၊ သွားသည်ရှိသော်လည်း။
“ဝါ”၊ သွားလျှင်လဲ။
“ဂစ္ဆာမီတိ”၊ သွားသည်ဟူ၍။
“ပဇာနာတိ”၊ သိ၏။
“ဌိတော ဝါ”၊ ရပ်လျှင်လဲ။
“ဌီတောမှီတိ”၊ ရပ်သည်ဟူ၍။
“ပဇာနာတိ”၊ သိ၏။
“နိသိန္နော ဝါ”၊ ထိုင်လျှင်လဲ။
“နိသိန္နောမှီတိ”၊ ထိုင်သည်ဟူ၍။
“ပဇာနာတိ”၊ သိ၏။”
စသည်ဖြင့် ဒီစိတ္တဇရုပ်ကို သိအောင်ရှုဖို့ မြတ်စွာဘုရားက ညွှန်ကြားတော်မူခဲ့ပါတယ်၊ အဋ္ဌကထာမှာလဲ စိတ်ကြောင့် ဒီစိတ္တဇရုပ်ဖြစ်ပုံကို မျက်မှောက်တွေ့ပြီးသိယင် ပဋိသန္ဓေခဏက ကမ္မဇရုပ်ကိုလဲ စိတ်ဝိညာဏ်က ကျေးဇူးပြုခဲ့တယ်ဆိုတာကို အနုမာနအားဖြင့်မှန်းဆပြီး သိနိုင်တဲ့အကြောင်းပြဆိုထားပါတယ်၊ အဲဒါကို တနေ့ကဒုတိယပိုင်းမှာပြောခဲ့ပါပြီ၊
နောက်ပြီးတော့ ကိုယ်ထဲမှာ အာဟာရဓာတ် ရောက်လာတဲ့အခါကစပြီး အာဟာရဇရုပ်တွေ ဖြစ်လာခဲ့တယ် ဆိုတာကိုလဲ အဲဒီဒုတိယပိုင်းမှာ ပြောခဲ့ပြီ၊ ဒီတော့ စိတ်ဝိညာဏ် ဖြစ်တိုင်း ဖြစ်တိုင်း စိတ်ဝိညာဏ်ရဲ့ အထောက်အပံ့ကြောင့် ကမ္မဇ စိတ္တဇ ဥတုဇ အာဟာရဇ ဆိုတဲ့ ရုပ် ၄-မျိုးလုံး မပြတ်ဖြစ်နေကြတယ် ဆိုတာ နားလည်လောက်ပါပြီ၊
ဒါကြောင့် ဆောင်ပုဒ်မှာ “ဝိညာဏ်တွယ်စပ်၊ နာမ်ရုပ်ကပ်လျက်”လို့ ဆိုထားတယ်၊ ကံဆိုတဲ့သင်္ခါရကြောင့် ပဋိသန္ဓေဝိညာဏ်မှစပြီး ဝိညာဏ်တွယ်မိ ဖြစ်မိယင် နာမ်နဲ့ရုပ်လဲ တပါတည်း ပူးတွဲပြီး ကပ်ပြီး မပြတ်ဖြစ်နေတယ်လို့ ဆိုလိုပါတယ်။
ဖြစ်ခိုက် စိတ်ဝိညာဏ် သိဖို့ အရေးကြီးတယ်
ယခုပြောခဲ့တဲ့အတိုင်း သင်္ခါရပစ္စယာ ဝိညာဏံ-သင်္ခါရကြောင့် ဝိညာဏ်ဖြစ်သည်၊ ဝိညာဏပစ္စယာ နာမရူပံ-ဝိညာဏ်ကြောင့် နာမ်နှင့်ရုပ် ဖြစ်သည်ဆိုရာမှာ ပဋိသန္ဓေ ဝိညာဏ်ကိုတော့ ယောဂီပုဂ္ဂိုလ်က ကိုယ်တွေ့မျက်မှောက်အားဖြင့် မသိနိုင်ဘူး၊ အဲဒါတွင်မဟုတ်သေးဘူး၊ အမိဝမ်းတွင်းကဖြစ်ခဲ့တဲ့ စိတ်ဝိညာဏ်တွေကိုလဲ မသိနိုင်ဘူး၊ မွေးပြီးတဲ့နောက် ငယ်ရွယ်စဉ်က စိတ်ဝိညာဏ်တွေကိုလဲ မသိနိုင်ဘူး၊ လွန်ခဲ့ပြီးတဲ့ နှစ် လ ရက်တွေက စိတ်ဝိညာဏ်တွေကိုလဲ ပရမတ်သဘောတရား အနေဖြင့် မသိနိုင်ဘူး၊
ပရမတ်သဘောတရားအနေနဲ့ တကယ်သိနိုင်တာကတော့ လောလောဆယ်ဖြစ်ခိုက် စိတ်ဝိညာဏ်ကိုသာ သိနိုင်ပါတယ်၊ ဒါလဲ ဖြစ်တိုင်း ဖြစ်တိုင်း မပြတ်ရှုမှတ်နေပါမှ အမှန်အတိုင်း သိနိုင်ပါတယ်၊ ဒါကြောင့် ဖြစ်ခိုက် စိတ် ဝိညာဏ်ကို ချက်ချင်းရှုမှတ်ပြီး သိဖို့အရေးကြီးပါတယ်၊ ဒီလို ဖြစ်ခိုက်စိတ်ဝိညာဏ်ကို ရှုမှတ်ပြီးသိယင် ဝိညာဏ်ကြောင့်ဖြစ်တဲ့ နာမ်ရုပ်ကိုလဲ သိသင့်သလောက် သိသိသွားတော့တာပဲ။
မြင်သိစိတ်ကို သိယင် တွဲဖက် နာမ်နဲ့ ရုပ်ကိုလဲ သိတယ်
ဘယ်လိုလဲဆိုယင် မြင်ဆဲမှာ မြင်တယ်လို့ ရှုမှတ်ပြီး မြင်သိတဲ့ စိတ်ဝိညာဏ်ကို သိယင် အဲဒီ မြင်သိစိတ်နဲ့ ပူးတွဲပြီးဖြစ်တဲ့ နာမ်နဲ့ရုပ်ကိုလဲသိတယ်၊ ဒီနေရာမှာ မြင်သိစိတ်ဆိုတာ စက္ခုဝိညာဏ်စိတ် တခုတည်းကို ပြောတာမဟုတ်ဘူး၊ စက္ခုဒွါရဝီထိ လို့ခေါ်တဲ့ မြင်သိစိတ်စဉ်တခုလုံးကို ပြောပါတယ်၊
ယောဂီပုဂ္ဂိုလ်ဟာ အဲဒီစိတ်အစဉ်တခုလုံး တဝီထိလုံးကိုသာ ရှုမှတ်နိုင်ပါတယ်၊ အဲဒီဝီထိစိတ်စဉ်ထဲက တစိတ်ချင်း ခွဲဖြတ်ပြီးရှုမှတ်လို့ မဖြစ်နိုင်ပါဘူး၊ နောက်ပြီးတော့ အဲဒီတဝီထိလုံး ဟာလဲ တစိတ်တည်းအနေအားဖြင့်သာ ယောဂီမှာထင်ပါတယ်၊
အဲဒီလို တဝီထိလုံးကို တစိတ်တည်း အနေအားဖြင့် ရှုရပုံ, ထင်ရပုံဟာ ဘင်္ဂဉာဏ် အရာမှာ ဟောထားတဲ့ ပဋိသမ္ဘိဒါမဂ်ပါဠိတော်ဖြင့် ထင်ရှားပါတယ်၊ ဘယ်လိုလဲ ဆိုယင်-
ပဋိသမ္ဘိဒါမဂ် ပါဠိအနက်
“ရူပါရမ္မဏတာ စိတ္တံ”၊ ရုပ်ကိုရှုမှတ်အာရုံပြုသောစိတ်သည်။
“ဥပ္ပဇ္ဇိတွာ ဘိဇ္ဇတိ”၊ ဖြစ်ပေါ်ပြီးလျှင်ပျက်၏။
“တံအာရမ္မဏံ”၊ ထိုရုပ်အာရုံကို။
“ပဋိသင်္ခါဇာနိတွာ ခယတော ဝယတော ဒိသွာ”၊ ကုန်သွားသည် ပျက်သွားသည်ဟု သိမြင်ပြီး၍။
“တဿစိတ္တဿ”၊ ထိုသိမြင်သောစိတ်၏။
“ဘင်္ဂံ”၊ အပျက်ကို။
“အနုပဿတိ”၊ တဖန် ရှု၏-တဲ့။
ဒီပါဠိမှာဆိုလိုတာကတော့ ရုပ်အာရုံရဲ့ အပျက်ကိုရှုတဲ့ ဝိပဿနာစိတ်ဟာ တစိတ်တည်း မဟုတ်ပါဘူး၊ အနည်းဆုံး အာဝဇ္ဇန်းနှင့်တကွ ဇောခုနစ်ကြိမ် ပေါင်းစိတ်ရှစ်ခု ဖြစ်ပါတယ်၊ ဒါပေမယ့် အဲဒီစိတ်ရှစ်ခုကို တခုစီတခုစီ ခွဲပြီးရှုလို့ မဖြစ်နိုင်ပါဘူး၊ တဝီထိလုံးကိုသာ ရှုလို့ ဖြစ်ပါတယ်၊ ဒါကြောင့် “တဿ စိတ္တဿ ဘင်္ဂံ အနုပဿတိ” ထိုဝိပဿနာစိတ်၏ အပျက်ကို တဖန်ရှု၏လို့ တစိတ်တည်းအနေအားဖြင့် ဟောထားပါတယ်။
အဲဒီမှာလိုပဲ ဒီမှာလဲ မြင်သိစိတ်အစဉ် တဝီထိလုံးကို မြင်သိစိတ်လို့ ဆိုထားပါတယ်၊ အဲဒီ မြင်သိစိတ်ဆိုတာထဲမှာ ကုသိုလ်အကုသိုလ် ဇောစိတ်တွေလဲ ပါဝင်နေတယ် ဆိုတာ အထူးသတိပြုပြီး မှတ်သားထားကြရမယ်၊
ဒါကြောင့် မြင်သိစိတ်ကို ရှုမှတ်ပြီးသိယင် မြင်လို့ကောင်းတဲ့သဘော, မကောင်းတဲ့သဘော, မကောင်းမဆိုး အလယ်အလတ် သဘောဆိုတဲ့ ဝေဒနာကိုလဲ သိတယ်၊ မြင်ရတဲ့အဆင်းကို မှတ်သားတဲ့သညာကိုလဲ သိတယ်၊ မြင်ရတဲ့အဆင်းကို ထင်ရှား တွေ့တဲ့ ဖဿ၊ မြင်အောင်နှလုံးသွင်းတဲ့ မနသိကာရ၊ စေ့ဆော် တိုက်တွန်းပေးတဲ့ စေတနာ အစရှိသော သင်္ခါရက္ခန္ဓာ တရားတွေကိုလဲ သိတယ်၊ ဒါပေမယ့် စေ့ဆော်တိုက်တွန်းမှု စေတနာကို သိတာကတော့ ကြံသိတဲ့ မနောဒွါရကျမှ သာပြီး ထင်ရှားတယ်။
စေတနာထင်ရှားပုံ
နေ့အခါကျမှ လုပ်ရမည့်အလုပ်ကို ညအခါကြံစည်မိယင် အဲဒီလိုအခါမှာ စေ့ဆော် တိုက်တွန်းတဲ့ စေတနာရဲ့သဘောဟာ ပိုပြီးထင်ရှားတတ်တယ်၊ အဲဒီလိုအခါမှာ အရေးကြီးတဲ့ကိစ္စလဲ ဖြစ်မယ်ဆိုယင် စိတ်ထဲက မပြတ်တိုက်တွန်းနေတတ်တယ်၊ သွားစရာရှိယင်သွားဖို့၊ ပြောစရာရှိယင်ပြောဖို့၊ လုပ်စရာရှိယင်လုပ်ဖို့ စိတ်ထဲ ရိုးရိုးရွရွနဲ့ လှုပ်ရှားနေတတ်တယ်၊ အင်မတန် ထင်ရှားပါတယ်၊ အဲဒါဟာ စေတနာပဲ။
ဖြစ်ခိုက်ရုပ်နာမ်ကို မပြတ်ရှုမှတ်နေတဲ့ ယောဂီတွေမှာ ထိုင်လိုက်ထလိုက် ကွေးလိုက်ဆန့်လိုက် လှုပ်ရှားလိုက်နဲ့ ကိုယ်အမူအရာကို ပြုတိုင်းပြုတိုင်းလဲ ဒီစေတနာကို တွေ့ရတယ်၊ ပြောဆိုတိုင်းလဲ ဒီစေတနာကို တွေ့ရတယ်၊ ဘယ်လိုလဲဆိုယင် ယောဂီပုဂ္ဂိုလ်က ထိုင်နေယင်း “ဖောင်းတယ် ပိန်တယ် ထိုင်တယ်” စသည်ဖြင့် ထင်ရှား ပေါ်ရာတွေကို မပြတ်လိုက်ပြီး ရှုမှတ်နေတယ်၊
အဲဒီလို ရှုမှတ်နေယင်းထဲက တနေရာရာက ယားလာတတ်တယ်၊ အဲဒီတော့ အဲဒီ ယားတဲ့ဒုက္ခဝေဒနာကိုပဲ စူးစိုက်ပြီး “ယားတယ် ယားတယ်” လို့ မှတ်ရတယ်၊ အဲဒီလိုမှတ်နေယင်း အယားဖျောက်ချင်တဲ့ စိတ်ကလေးက ပေါ်လာတယ်၊ အဲဒါကို ဖျောက်ချင်တယ် ဖျောက်ချင်တယ်-လို့ မှတ်ရတယ်၊ ဒီလိုမှတ်နေယင်းထဲက ဖျောက်မှဖြစ်မယ် ဖျောက်ဦးမှပါပဲ စသည်ဖြင့် တိုက်တွန်းနှိုးဆော်တဲ့ သဘောတွေ ဖြစ်လာတယ်၊ အဲဒါဟာ စေတနာက တိုက်တွန်းနေတာပါပဲ၊
ညောင်းတဲ့အခါ ပူတဲ့အခါ နာကျင်ကိုက်ခဲတဲ့ အခါတွေမှာလဲ ညောင်းတယ် ပူတယ် စသည်ဖြင့် မှတ်နေယင်း ဒီအတိုင်းဆိုယင်တော့ မခံနိုင်တော့ဘူး ပြင်မှဖြစ်တော့မှာပဲ စသည်ဖြင့် ပြင်လိုက် ပြင်လိုက်လို့ မခိုင်းသော်လဲ ခိုင်းနေသလိုပဲ စိတ်ထဲမှာ ပေါ်နေတယ်၊ အဲဒါဟာ စေတနာ ထင်ရှားပေါ်လာတာပါပဲ၊ ဒီနည်းဖြင့် အမှုကိစ္စ တစုံတခုကို ပြုလုပ်တဲ့အခါတိုင်း ပြုလုပ်ဖို့ တိုက်တွန်းတဲ့ စေတနာ ထင်ရှားပေါ်တယ်၊ ပြောဆိုတိုင်း ကြံစည်တိုင်းလဲ ထင်ရှားပေါ်တာပါပဲ၊
ဥပမာ လက်ခြေတို့ကို ကွေးတဲ့အခါ-ကွေးဖို့ တိုက်တွန်းတယ်၊ ဆန့်တဲ့အခါ ဆန့်ဖို့ တိုက်တွန်းတယ်၊ အဲဒါကို ယောဂီက ကွေးချင်တယ်၊ ဆန့်ချင်တယ်-လို့ မှတ်ရတယ်၊ စကားပြောမယ် ကြံတဲ့အခါလဲ ပြောချင်တယ်လို့ မှတ်ရတယ်၊ အဲဒါတွေဟာ စေတနာရဲ့ တိုက်တွန်းမှုတွေပါပဲ။
စေတနာအကြောင်းကို ပြောနေရတာနဲ့ အစဉ်က ခပ်ပျောက်ပျောက်ဖြစ်သွားတယ်၊ ယခုပြောလာခဲ့တာဟာ မြင်သိစိတ်ကို ရှုမှတ်ပြီးယင် အဲဒီစိတ်ဝိညာဏ်ကြောင့်ဖြစ်တဲ့ နာမ်ခန္ဓာတွေကိုလဲ သိတယ်ဆိုတာကို ပြောလာခဲ့ပါတယ်၊ နောက်ပြီးတော့ မြင်သိစိတ်ကိုသိယင် အဲဒီစိတ်ရဲ့ တည်ရာမှီရာ တကိုယ်လုံးရုပ်ကိုလဲ သိခြင်းကိစ္စ ပြီးသွားပါတယ်၊
ဒါကြောင့် မြင်ခိုက်မှာ မြင်သိစိတ်ဝိညာဏ်ကို ရှုမှတ်ပြီးသိယင် ဝိညာဏပစ္စယာ နာမရူပံ-ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်သည်-ဆိုတဲ့ ဒေသနာအရ မြင်သိစိတ်ဝိညာဏ်နဲ့ တပါတည်းပူးတွဲဖြစ်တဲ့နာမ်နဲ့ ရုပ်ကိုလဲ သိတယ်၊ သိခြင်းကိစ္စ ပြီးတယ်လို့ မှတ်ရမယ်။
ကြားသိစိတ် စသည်ကို သိယင်လဲ တွဲဖက် နာမ်ရုပ်ကိုသိသည်
ထို့အတူ ကြားဆဲမှာ ကြားတယ်လို့ရှုမှတ်ပြီး ကြားသိတဲ့ စိတ်ဝိညာဏ်ကိုသိယင် ကြားလို့ ကောင်းတဲ့သဘော မကောင်းတဲ့သဘော မကောင်းမဆိုး အလယ် အလတ်သဘောဆိုတဲ့ ဝေဒနာကိုလဲ သိတယ်၊ ကြားရတဲ့အသံကို မှတ်သားတဲ့ သညာကိုလဲသိတယ်၊ ကြားရတဲ့အသံကို ထင်ရှားတွေ့တဲ့ ဖဿ၊ ကြားအောင် နှလုံးသွင်းတဲ့ မနသိကာရ၊ စေ့ဆော်တိုက်တွန်းပေးတဲ့ စေတနာ အစရှိသော သင်္ခါရက္ခန္ဓာတရားတွေကိုလဲ သိတယ်၊ နောက်ပြီးတော့ ကြားသိစိတ်ရဲ့ တည်ရာမှီရာ တကိုယ်လုံး ရုပ်ကိုလဲ သိခြင်းကိစ္စ ပြီးသွားတယ်၊ ဒါကြောင့် ကြားခိုက်မှာ ရှုမှတ်ပြီး ကြားသိစိတ် ဝိညာဏ်ကိုသိယင် အဲဒီစိတ်နှင့်တပါတည်း ပူးတွဲဖြစ်တဲ့ နာမ်နဲ့ရုပ်ကိုလဲ သိတယ်၊ သိခြင်းကိစ္စ ပြီးတယ်လို့ မှတ်ရမယ်။
နံဆဲမှာ နံတယ်လို့ရှုမှတ်ပြီး နံသိတဲ့စိတ်ဝိညာဏ်ကိုသိယင် နံလို့ကောင်းတဲ့သဘော မကောင်းတဲ့သဘော မကောင်းမဆိုး အလယ်အလတ်သဘောဆိုတဲ့ ဝေဒနာကိုလဲ သိတယ်၊ နံရတဲ့အနံ့ကို မှတ်သားတဲ့သညာကိုလဲသိတယ်၊ အဲဒါကို ထင်ရှားတွေ့တဲ့ ဖဿ၊ နှလုံးသွင်းတဲ့ မနသိကာရ၊ စေ့ဆော်တိုက်တွန်းပေးတဲ့ စေတနာအစရှိသော သင်္ခါရက္ခန္ဓာတရားတွေကိုလဲ သိတယ်၊
နောက်ပြီးတော့ နံသိစိတ်ရဲ့ တည်ရာမှီရာ တကိုယ်လုံး ရုပ်ကိုလဲ သိခြင်းကိစ္စ ပြီးသွားတယ်၊ ဒါကြောင့် နံခိုက်မှာ ရှုမှတ်ပြီး နံသိစိတ်ဝိညာဏ်ကိုသိယင် အဲဒီစိတ်ရဲ့ တပါတည်းပူးတွဲဖြစ်တဲ့ နာမ်နဲ့ရုပ်ကိုလဲ သိတယ်၊ သိခြင်းကိစ္စ ပြီးတယ်လို့ မှတ်ရမယ်။
စားသိဆဲမှာ စားတယ်သိတယ် စသည်ဖြင့်ရှုမှတ်ပြီး စားသိစိတ်ဝိညာဏ်ကိုသိယင် စားလို့ ကောင်းတဲ့သဘော မကောင်းတဲ့သဘော မကောင်းမဆိုး အလယ်အလတ် သဘောဆိုတဲ့ ဝေဒနာကိုလဲသိတယ်၊ စားသိရတဲ့အရသာကို မှတ်သားတဲ့ သဘောကိုလဲ သိတယ်၊ အဲဒါကို ထင်ရှားတွေ့တဲ့ ဖဿ၊ နှလုံးသွင်းတဲ့ မနသိကာရ၊ စေ့ဆော်တိုက်တွန်းပေးတဲ့ စေတနာအစရှိသော သင်္ခါရက္ခန္ဓာ တရားတွေကိုလဲ သိတယ်၊
နောက်ပြီးတော့ စားသိစိတ်ရဲ့တည်ရာမှီရာ တကိုယ်လုံးရုပ်ကိုလဲ သိခြင်းကိစ္စ ပြီးသွားတယ်၊ ဒါကြောင့် စားသိခိုက်မှာရှုမှတ်ပြီး စားသိစိတ် ဝိညာဏ်ကိုသိယင် အဲဒီစိတ်နဲ့ တပါတည်းပူးတွဲဖြစ်တဲ့ နာမ်နဲ့ရုပ်ကိုလဲ သိတယ်၊ သိခြင်းကိစ္စ ပြီးတယ်လို့ မှတ်ရမယ်။
ထိသိဆဲမှာ ထိတယ်လို့ရှုမှတ်ပြီး ထိသိတဲ့စိတ်ဝိညာဏ်ကိုသိယင် တွေ့ထိလို့ ကောင်းတဲ့သဘော မကောင်းတဲ့သဘော မကောင်းမဆိုး အလယ်အလတ်သဘော ဆိုတဲ့ ဝေဒနာကိုလဲ သိတယ်၊ အတွေ့အထိကို မှတ်သားတဲ့ သညာကိုလဲ သိတယ်၊ အဲဒါကို ထင်ရှားတွေ့တဲ့ ဖဿ၊ နှလုံးသွင်းတဲ့ မနသိကာရ၊ စေ့ဆော်တိုက်တွန်း ပေးတဲ့ စေတနာအစရှိသော သင်္ခါရက္ခန္ဓာ တရားတွေကိုလဲ သိတယ်၊
နောက်ပြီးတော့ ထိသိစိတ်ရဲ့ တည်ရာမှီရာ တကိုယ်လုံးရုပ်ကိုလဲ သိခြင်းကိစ္စ ပြီးသွားတယ်၊ ဒါကြောင့် ထိသိခိုက်မှာရှုမှတ်ပြီး ထိသိစိတ်ဝိညာဏ်ကိုသိယင် အဲဒီစိတ်နဲ့ တပါတည်း ပူးတွဲဖြစ်တဲ့ နာမ်နဲ့ရုပ်ကိုလဲ သိတယ်၊ သိခြင်းကိစ္စ ပြီးတယ်လို့ မှတ်ရတယ်။
ထင်ရှားတဲ့ ဝေဒနာနဲ့ ဝါယောဓာတ်ကို အရင်းခံပြု၍ သိပုံ
ထိသိခိုက်မှာ ထူးတာကတော့ ညောင်းမှုပူမှု နာကျင်မှုအစရှိတဲ့ ဒုက္ခဝေဒနာ ထင်ရှားတဲ့အခါမှာ အဲဒီဒုက္ခဝေဒနာကိုပဲ အရင်းခံပြုပြီး သိတယ်၊ နေသာမှု ခံသာမှု သုခဝေဒနာထင်ရှားတဲ့ အခါမှာလဲ အဲဒီသုခဝေဒနာကိုပဲ အရင်းခံပြုပြီးသိတယ်၊ လှုပ်ရှားမှု တောင့်တင်းမှု ဝါယောဓာတ် ထင်ရှားတဲ့အခါမှာတော့ အတွေ့အထိရုပ်ကို အရင်းခံပြုပြီးသိတယ်၊ ဒါကြောင့် ကွေးတဲ့အခါ ဆန့်တဲ့အခါ လှုပ်ရှားတဲ့အခါမှာ ကွေးတယ်ကွေးတယ် စသည်ဖြင့်ရှုမှတ်ယင် အဲဒီတောင့်တင်းလှုပ်ရှားတဲ့ ဝါယောရုပ် ကိုပဲ အရင်းခံပြုပြီးသိတယ်၊
အဲဒီမှာမကွေးခင်က ကွေးချင်တဲ့စိတ်ကိုလဲ ရှုမှတ်ပြီးသိရတယ်၊ မဆန့်ခင်က ဆန့်ချင်တဲ့ စိတ်ကိုလဲ ရှုမှတ်ပြီးသိတယ်၊ မလှုပ်ခင်က လှုပ်ချင်တဲ့ စိတ်ကိုလဲ ရှုမှတ်ပြီးသိတယ်၊ ကွေးအောင် ဆန့်အောင် လှုပ်ရှားအောင် စေ့ဆော်တိုက်တွန်းတဲ့ စေတနာကိုလဲ အထင်အရှားသိရတယ်၊ အဲဒီစေတနာဟာ စိတ်ဝိညာဏ်ကြောင့်ဖြစ်တဲ့ နာမ်တရားပဲ၊
ပြီးတော့ အဲဒီကွေးချင်ဆန့်ချင် လှုပ်ရှားချင်တဲ့ စိတ်ကြောင့်ဖြစ်တဲ့ ကွေးမှုဆန့်မှု လှုပ်ရှားမှု ကိုလဲ ရှုမှတ်ပြီးသိရတယ်၊အဲဒါဟာ စိတ်ဝိညာဏ်ကြောင့်ဖြစ်တဲ့ ရုပ်ပဲ၊ ဒါကြောင့် ကွေးမှုဆန့်မှု စသောကိုယ်အမူအရာတွေကို ရှုမှတ်တိုင်း ဝိညာဏပစ္စယာ နာမရူပံ-ဆိုတဲ့ ဒေသနာတော်အရ စိတ်ဝိညာဏ်ကြောင့်ဖြစ်တဲ့ နာမ်ရုပ်ကို ထင်ရှားသိရတယ်။
နာမ်ခန္ဓာ ၃-ပါးနှင့် ရုပ်ကို မျက်မှောက်သိပုံ
စိတ်ကူး စဉ်းစားကြံသိဆဲမှာ ကြံသိစိတ် ဝိညာဏ်ကို ရှုမှတ်ပြီးသိယင် အဲဒီစိတ်နဲ့ တပါတည်း ပူးတွဲဖြစ်တဲ့ နာမ်နဲ့ရုပ်ကိုလဲ သိတယ်၊ သိပုံကတော့ ရွှင်လန်းဝမ်းမြောက်တဲ့ စိတ်ကိုမှတ်မိယင် ရွှင်လန်းဝမ်းသာတဲ့ သုခဝေဒနာကိုလဲ သိတယ်၊ နှလုံးမသာတဲ့စိတ်ကို မှတ်မိယင် နှလုံးမသာတဲ့ဒုက္ခဝေဒနာကိုလဲ သိတယ်၊ သာမန်ရိုးရိုးစိတ်ကို မှတ်မိယင် မကောင်းမဆိုး အလယ်အလတ်သဘောဆိုတဲ့ ဥပေက္ခာ ဝေဒနာကိုလဲ သိတယ်၊ တစုံတခုကို မှတ်မိအောင် လေ့လာနေတဲ့စိတ်ကို မှတ်မိယင် အာရုံကို မှတ်သားတဲ့သညာကိုလဲ ထင်ရှားသိရတယ်၊
ကွေးမယ် ဆန့်မယ်စသည်ဖြင့် ကြံတဲ့စိတ်ကိုပဲဖြစ်ဖြစ် အခြားတစုံတခုကိုပြုလုပ်ဖို့ ကြံတဲ့စိတ်ကိုပဲဖြစ်ဖြစ် မှတ်မိယင် ပြုလုပ်ပြောဆိုဖို့ တိုက်တွန်းနေတဲ့ စေတနာကိုလဲ ထင်ရှားသိတယ်၊ လိုချင်နှစ်သက်တဲ့စိတ်ကို မှတ်မိယင် လိုချင်နှစ်သက်တဲ့ လောဘကိုလဲ သိရတယ်၊ စိတ်ဆိုးစိတ်ပျက်တဲ့စိတ်ကို မှတ်မိယင် စိတ်ဆိုး စိတ်ပျက်တဲ့ ဒေါသကိုလဲ သိရတယ်၊
မြဲတဲ့အနေ, ချမ်းသာ ကောင်းစားတဲ့အနေ, ပုဂ္ဂိုလ်သတ္တဝါအနေနဲ့ ကြံစည်စဉ်းစားတဲ့ စိတ်ကိုမှတ်မိယင် အမှန်မသိပဲ အမှားကိုသိတဲ့ တွေဝေတဲ့ မောဟကိုလဲ သိတယ်၊ မလိုချင်တဲ့စိတ်စသည်ကို မှတ်မိယင် အလောဘ စသည်ကိုလဲသိတယ်၊ ကြည်ညိုတဲ့ စိတ်ကိုမှတ်မိယင် သဒ္ဓါကိုလဲသိတယ်၊ ဒီပုံဒီနည်းဖြင့် ကြံသိစိတ်ကို မှတ်မိတိုင်း သူနဲ့ တပါတည်း တွဲဖြစ်တဲ့ စေတသိက် နာမ်တရားတွေကို ထိုက်သည်အားလျော်စွာ သိသိသွားတယ်၊ အဲဒါဟာ စိတ်ဝိညာဏ်ကြောင့်ဖြစ်တဲ့ စေတသိက်နာမ်တရားကို ကိုယ်ပိုင်ဉာဏ်နဲ့ သိပုံပါပဲ။
နောက်ပြီးတော့ တစုံတခုကို ပြုလုပ်မယ် ပြောဆိုမယ်ကြံတဲ့စိတ်ကိုမှတ်မိယင် အဲဒီစိတ်ကြောင့် ကိုယ်အမူအရာ အမျိုးမျိုး, နှုတ်အမူအရာအမျိုးမျိုး ဖြစ်ပေါ်လာ တာကိုလဲ တွေ့ရသိရတယ်၊ အဲဒါက စိတ်ဝိညာဏ်ကြောင့် ရုပ်တရားဖြစ်တာကို ကိုယ်ပိုင်ဉာဏ်ဖြင့် မျက်မှောက်သိတာပဲ၊
အဲဒီလိုသိတဲ့အတွက် တကိုယ်လုံးက ရုပ်တွေလဲ စိတ်ရှိလို့မပြတ်ဖြစ်ပြီး တတည်မြဲ နေကြတယ် ဆိုတာကိုလဲ စဉ်းစား ဆင်ခြင်ပြီး သဘောကျသွားတယ်၊ အဲဒါကတော့ မျက်မှောက်တွေ့နဲ့ နှိုင်းဆပြီး သဘောကျတဲ့အနုမာနဉာဏ် တဲ့။
ဒါကြောင့် အတိုချုပ်အားဖြင့် ဖြစ်ခိုက်ဖြစ်ခိုက်စိတ်က ရှုမှတ်ပြီးသိယင် အဲဒီ စိတ်ကြောင့်ဖြစ်တဲ့ နာမ်နဲ့ရုပ်ကိုလဲ သိတယ်၊ သိခြင်းကိစ္စ ပြီးတယ်လို့ မှတ်ထားကြရမယ်။
နာမ်ရုပ်ကြောင့်လဲ စိတ်ဝိဉာဏ်ဖြစ်သည်
ဒီနေရာမှာ စိတ်ဝိညာဏ်ကြောင့်သာ နာမ်ရုပ်ဖြစ်ပါသလား၊ နာမ်ရုပ်ကြောင့်တော့ စိတ်ဝိညာဏ် မဖြစ်ပါဘူးလားလို့ ဒီလိုမေးစရာရှိပါတယ်၊ ဒီအမေးကို ဝိညာဏ်နဲ့ ရုပ်နာမ် နှစ်မျိုးလုံးပဲ အပြန်အလှန် အကြောင်းအကျိုးဖြစ်တယ်၊ နာမ်ရုပ်ကြောင့်လဲ ဝိညာဏ်ဖြစ်တယ်လို့ ဖြေရပါမယ်၊
ဟုတ်တယ်၊ စိတ်ဝိညာဏ်ဖြစ်ဖို့ရာ နာမ်ရုပ်က သဟဇာတအစရှိသော ပစ္စယသတ္တိ, နိဿယအစရှိသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုတယ်၊ အဲဒီလို စေတသိက်နာမ် တရားတွေက တပေါင်းတည်းဖြစ်ပြီး ကျေးဇူးပြုမှ, ရုပ်ကလဲ မှီရာစသည်ဖြစ်ပြီး ကျေးဇူးပြုမှ စိတ်ဝိညာဏ် ဖြစ်ပေါ်နိုင်တာ၊ ဒါကြောင့် ဘုရားအလောင်းတော် ဘုရား အဖြစ်သို့ ရောက်တော်မူခါနီး ပဋိစ္စသမုပ္ပါဒ်ဆင်ခြင်ပုံကို ပြတဲ့ မဟာပဒါနသုတ်မှာ ဒီလို ပြထားပါတယ်။
ဘုရားအလောင်း၏ ဆင်ခြင်ပုံ
“ကိမှိ နု ခေါ သတိ ဝိညာဏံ ဟောတိ၊ ကိံ ပစ္စယာ ဝိညာဏံ။”
“ကိမှိ သတိ”၊ အဘယ်အကြောင်းတရား ရှိလတ်သော်။
“ဝိညာဏံ”၊ စိတ်ဝိညာဏ်သည်။
“ဟောတိ နု ခေါ”၊ ဖြစ်ပေါ်သနည်း။
“ကိံ ပစ္စယာ ဝိညာဏံ”၊ အဘယ်အကြောင်းကြောင့် စိတ်ဝိညာဏ်ဖြစ်သနည်း-တဲ့။
ဒါက “အိုခြင်းသေခြင်းဟာ ဘာကြောင့်ရှိရသလဲ၊ ဘဝအသစ်ဖြစ်လို့ရှိရတယ်၊ ဘဝအသစ်ဟာ ဘာကြောင့်ဖြစ်ရသလဲ၊ ဖြစ်ကြောင်းကံရှိလို့ဖြစ်ရတယ်၊ ဖြစ်ကြောင်း ကံက ဘာကြောင့်ဖြစ်ရသလဲ၊ စွဲလမ်းမှုရှိလို့ ဖြစ်ရတယ်၊ ဘာကြောင့်စွဲလမ်းရသလဲ၊ နှစ်သက်ဆာလောင်တဲ့ တဏှာရှိလို့ စွဲလမ်းတယ်၊ ဘာကြောင့် နှစ်သက်ဆာလောင် ရသလဲ၊ ခံစားရလို့ပဲ၊ ဘာကြောင့် ခံစားရသလဲ၊ အာရုံကိုတွေ့လို့ပဲ၊ ဘာကြောင့် တွေ့ရသလဲ၊
သဠာယတနခေါ်တဲ့ တွေ့စရာ အစိတ်အပိုင်း အင်္ဂါတွေ ရှိနေလို့ပဲ၊ အဲဒီ သဠာယတန ဆိုတဲ့အင်္ဂါတွေက ဘာကြောင့်ဖြစ်ရသလဲ၊ နာမ်နဲ့ရုပ် ရှိနေလို့ပဲ၊ ဒီနာမ်နဲ့ရုပ်က ဘာကြောင့်ဖြစ်ရသလဲ၊ စိတ်ဝိညာဏ်ရှိနေလို့ပဲ” လို့ ဒီလို အိုခြင်းသေခြင်းကစပြီး အကြောင်းအဆက်ဆက်ကို အစဉ်အတိုင်းဆင်ခြင်လို့ -
“စိတ်ဝိညာဏ်ရှိယင် နာမ်နဲ့ရုပ်ဖြစ်တယ်၊ စိတ်ဝိညာဏ်ကြောင့် နာမ်နဲ့ရုပ် ဖြစ်တယ်” လို့ သဘောကျသိမြင်တဲ့အခါမှာ စိတ်ဝိညာဏ်ရဲ့ အကြောင်းကို ဆင်ခြင်ပုံ-တဲ့၊ ဒီလိုဆင်ခြင်လိုက်တဲ့အခါ ဘုရားအလောင်းတော်ရဲ့ဉာဏ်မှာ “နာမရူပေ သတိ ဝိညာဏံ ဟောတိ၊ နာမရူပပစ္စယာ ဝိညာဏံ” လို့ ပေါ်လာပါတယ်။
“နာမရူပေ သတိ”၊ နာမ်နဲ့ရုပ် ရှိလတ်သော်။
“ဝိညာဏံ ဟောတိ”၊ စိတ်ဝိညာဏ် ဖြစ်သည်။
“နာမရူပပစ္စယာ ဝိညာဏံ”၊ နာမ်နဲ့ရုပ်ကြောင့် စိတ်ဝိညာဏ် ဖြစ်ပေါ်သည်-
လို့ ဒီလို ပေါ်လာပါတယ်တဲ့။ အဲဒီကနောက် ဆက်လက်ပြီး ဆင်ခြင်ဆုံးဖြတ်ပုံ တွေကိုလဲ ဒီလို ပြထားပါတယ်။
“အထ ခေါ”၊ ထိုအခါ၌။
“ဝိပဿိဿ ဗောဓိသတ္တဿ”၊ ဝိပဿီဘုရားအလောင်းတော်အား။
“ဧဝံ အဟောသိ”၊ ဤသို့သော ဆင်ခြင်ဆုံးဖြတ်မှု ဖြစ်ပေါ်ခဲ့လေသည်။
“ဣဒံ ဝိညာဏံ”၊ ဤစိတ်ဝိညာဏ်သည်။
“ပစ္စုဒါဝတ္တတိ”၊ ပြန်လာ၏။
“နာမရူပမှာ ပရံ”၊ နာမ်ရုပ်မှကျော်လွန်၍။
“န ဂစ္ဆတိ”၊ မသွားတော့ချေ။
“ဧတ္တာဝတာ”၊ ဤမျှဖြင့်။
“ဇာယေထ ဝါ ဇိယျေထ ဝါ မိယျေထ ဝါ”၊ ဖြစ်လဲဖြစ်နိုင်, အိုလဲအိုနိုင်, သေလဲ သေနိုင်လေတော့၏။
“စဝေထ ဝါ ဥပပဇ္ဇေထ ဝါ”၊ အဆက်ဆက်လဲ သေနိုင်ဖြစ်နိုင်လေတော့၏။
“ယဒိဒံ”၊ ယင်းသို့ဖြစ်ပုံအစဉ်ကား။
“နာမရူပပစ္စယာ ဝိညာဏံ”၊ နာမ်ရုပ်ကြောင့် စိတ်ဝိညာဏ်ဖြစ်သည်။
“ဝိညာဏပစ္စယာ နာမရူပံ”၊ စိတ်ဝိညာဏ်ကြောင့်လဲ နာမ်နဲ့ ရုပ် ဖြစ်သည်၊
“နာမရူပပစ္စယာ သဠာယတနံ”၊ နာမ်နဲ့ ရုပ်ကြောင့် အာယတန ၆-ပါးခေါ်တဲ့ တွေ့ကြောင်း အင်္ဂါတွေဖြစ်သည်
စသည်ဖြင့် “ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ-ဆင်းရဲအစုအပုံ သက်သက်သာ ဖြစ်သည်” ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် အဆုံးတိုင်အောင် ဆင်ခြင်ပြီး ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
ဒီဒေသနာတော်မှာ “နာမ်ရုပ်ကြောင့် ဝိညာဏ်ဖြစ်တယ်၊ ဝိညာဏ်ကြောင့်လဲ နာမ်ရုပ်ဖြစ်တယ်”ဆိုတဲ့ စကားနှစ်ရပ်ဖြင့် ဝိညာဏ်နဲ့နာမ်ရုပ်ဟာ အပြန်အလှန် အကြောင်းအကျိုးဖြစ်တယ်လို့ ပြပါတယ်၊ ဒါပေမယ့် ဒီနေရာမှာ ပါဠိတော်က ဝိပဿိဿ-လို့ ဆိုတဲ့အတွက် ဝိပဿီဘုရားအလောင်းမှာ ဖြစ်ပုံကိုသာ ဟောထားတာ မဟုတ်ပါလားလို့ ဒီလိုမေးစရာရှိပါတယ်၊ အဲဒီလိုမဟုတ်ပါဘူး၊
ဒီသုတ်မှာ ဝိပဿီ သိခီ ဝေဿဘူ ကကုသန် ကောဏာဂုံ ကဿပ ဂေါတမ-ဆိုတဲ့ ဒီဘုရား ၇-ဆူတို့ရဲ့ ဖြစ်စဉ်ကိုပြထားပါတယ်၊ အဲဒီဘုရား ၇-ဆူတို့ရဲ့ အလောင်းတော် ၇-ပါးလုံးဟာ ဒီပုံဒီနည်းချည်းပဲ ပဋိစ္စသမုပ္ပါဒ်ကို ဆင်ခြင်တော် မူကြပြီး နောက်ဆုံး ဘုရားအဖြစ်သို့ ရောက်တော်မူကြတယ်လို့လဲ ယူရပါတယ်၊
ဒါတွင်တောင် မကသေးပါဘူး၊ ရှေးရှေးကပွင့်တော်မူကြပြီးတဲ့ ဂင်္ဂါဝါလုသဲစုမက အနန္တဘုရားရှင်တွေရော၊ နောက်နောင်မှာ ပွင့်တော်မူကြမည့် အနန္တဘုရားရှင် တွေရော ဒီပုံဒီနည်းချည်း ဆင်ခြင်တော်မူကြပြီး ဘုရားအဖြစ်သို့ ရောက်တော်မူကြ တယ်လို့ မှတ်ယူရပါမယ်။
ပြဋ္ဌာန်းလို့ ဝိညာဏ် ခေါင်းတပ်ပြီး ဟောတယ်
▬▬▬▬▬▬▬▬▬
ဒီလိုဝိညာဏ်နဲ့ နာမ်ရုပ်အပြန်အလှန် အကြောင်းအကျိုး ဖြစ်နေပေမယ်လို့ စိတ်ဝိညာဏ်က ပြဋ္ဌာန်းတဲ့အတွက် သူ့ကိုပဲ ခေါင်းတပ်ပြီးတော့ သင်္ခါရ ပစ္စယာ ဝိညာဏံ-သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ်၊ ဝိညာဏပစ္စယာ နာမရူပံ-ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်တယ်-လို့ ဒီဒေသနာမှာ ဟောထားပါတယ်၊
အမှန်စင်စစ်ကတော့ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ်ဆိုကတည်းက စိတ်ဝိညာဏ်နဲ့ တွဲဖက်စေတသိက် နာမ်တရားတွေရော၊ အဲဒီကံသင်္ခါရရဲ့အကျိုးဖြစ်တဲ့ ရုပ်တွေရော တပါတည်း အတူတကွ ဖြစ်ကြပါတယ်၊ ဒါကြောင့် ဝိညာဏ်နဲ့နာမ်ရုပ်ဟာ ပဋိသန္ဓေခဏကစပြီး တပြိုင်နက်ပဲဖြစ်ခဲ့ကြပါတယ်၊
ဒါတွင်တောင်မကသေးပါဘူး၊ အဲဒီ ဝိညာဏ်နဲ့ နာမ်ရုပ်ထဲမှာ သဠာယတနဆိုတဲ့ အာယတန ၆-ပါးလဲ ထိုက်သည်အားလျော်စွာ ပါဝင်တယ်၊ ဖဿနဲ့ဝေဒနာလဲ ပါတယ်၊ ဒီတော့ ကံသင်္ခါရကြောင့် ဝိပါက်ဝိညာဏ်ဖြစ်တိုင်း အဲဒီဝိညာဏ်နဲ့ တကွနာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ အကျိုးတရားတွေလဲ အကုန်လုံး တပြိုင်နက်ဖြစ်ကြတာချည်းပါပဲ၊
ဒါပေမယ့် အဲဒီအကျိုးတရားငါးပါးထဲမှာ ဝိညာဏ်က နာမ်ရုပ်ရဲ့ ပဓာနအကြောင်း ဖြစ်နေတယ်၊ နာမ်ရုပ်ကလဲ အာယတနရဲ့ ပဓာနအကြောင်း ဖြစ်နေတယ်၊ အာယတနကလဲ ဖဿရဲ့ ပဓာနအကြောင်း ဖြစ်နေတယ်၊ ဖဿကလဲ ဝေဒနာရဲ့ ပဓာနအကြောင်း ဖြစ်နေတယ်၊
ဒါကြောင့် ပြဋ္ဌာန်းတဲ့ အကြောင်းနဲ့အကျိုးတွေကို ခွဲခြားပြီး သိရအောင်လို့ မြတ်စွာဘုရားက ဝိညာဏပစ္စယာ နာမရူပံ-ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်သည်၊ နာမရူပ ပစ္စယာ သဋ္ဌာယတနံ-နာမ်ရုပ်ကြောင့် အာယတန ၆-ပါးဖြစ်သည် စသည်ဖြင့် အသီးအသီး ဟောထားပါတယ်။ ဘယ်လိုလဲဆိုယင် -
မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊
မနောသေဋ္ဌာ မနောမယာ။
မနသာ စေ ပဒုဋ္ဌေန၊
ဘာသတိ ဝါ ကရောတိ ဝါ။
တတော နံ ဒုက္ခမနွေတိ၊
စက္ကံဝ ဝဟတော ပဒံ။
ဆိုတဲ့ ဓမ္မပဒဂါထာမှာ စိတ်ကိုခေါင်းတပ်ပြီး ဟောထားသလိုပါပဲ။
ဓမ္မာ၊ နာမ်တရားတို့သည်။
မနောပုဗ္ဗင်္ဂမာ၊ စိတ်လျှင် ရှေ့သွားရှိကုန်၏-တဲ့။
(ဒီစာပိုဒ်အလိုအားဖြင့် စိတ်က ရှေးဦးစွာဖြစ်တယ်၊ ဖဿ ဝေဒနာအစရှိသော နာမ်တရားတွေက နောက်မှဖြစ်တယ်လို့ ဒီလိုအနက်အဓိပ္ပါယ် ရနေပါတယ်၊ ကိုယ်တွေ့နဲ့ ဆင်ခြင်ကြည့်လိုက်ယင်လဲ “စိတ်ကူးမိတဲ့အာရုံကို ဖဿက တွေ့သွားတယ်၊ အဲဒီတွေ့တဲ့အာရုံကိုပဲ ကောင်းယင်လဲကောင်းလိုက်, မကောင်း ယင်လဲ မကောင်းလိုက် ဝေဒနာက ခံစားသွားတယ်၊
အဲဒီအာရုံကိုပဲ လောဘက လိုချင်တပ်မက်တယ်၊ ဒေါသကစိတ်ဆိုးပြစ်မှားတယ်၊ သဒ္ဓါက ကြည်ညိုတယ်”စသည်ဖြင့် စေတသိက် နာမ်တရားတွေက နောက်မှ လိုက်ဖြစ်သလိုလိုပဲ ထင်ရပါတယ်၊ အမှန်ကတော့ စိတ်နဲ့ စေတသိက်နာမ် တရားတွေက အတူတူတပြိုင်နက် ဖြစ်ကြတာပါပဲ၊
ဒါပေမယ့် စိတ်ကပြဋ္ဌာန်းတဲ့အတွက် “မနောပုဗ္ဗင်္ဂမာ၊ စိတ်လျှင် ရှေ့သွား ရှိကုန်၏”လို့ဟောထားပါတယ်။)
နောက်ပြီးတော့ -
မနောသေဋ္ဌာ၊ စိတ်လျှင် အကြီးအမြတ်ရှိကုန်၏။
မနောမယာ၊ စိတ်ဖြင့်ပြီးကုန်၏။
(စိတ်ဖြစ်ယင် အဲဒီစေတသိက် နာမ်တရားတွေလဲ ဖြစ်ကြတယ်၊ စိတ်ဟာ အခရာပဲ လို့ ဆိုလိုပါတယ်)။ ဒါကြောင့် -
ပဒုဋ္ဌေန၊ စိတ်ပျက် စိတ်ဆိုးဟု ဆိုအပ်သော။
ဝါ၊ ပြစ်မှားလိုသော။
မနသာ၊ စိတ်ဖြင့်။
စေ ဘာသတိ ဝါ၊ အကယ်၍ ပြောမူလည်း ပြောဆိုငြားအံ့။
စေ ကရောတိ ဝါ၊ အကယ်၍ ပြုမူလည်း ပြုလုပ်ငြားအံ့။
တတော၊ ထိုပြစ်မှားလိုသောစိတ်ဖြင့် ကြံခြင်း ပြောဆိုခြင်း ပြုလုပ်ခြင်းဟူသော ကံသင်္ခါရကြောင့်။
တံ၊ ထိုကြံစည်ပြောဆို ပြုလုပ်သောပုဂ္ဂိုလ်သို့။
ဒုက္ခံ၊ အကျိုးဝိပါက်ဖြစ်သော ကိုယ်ဆင်းရဲ စိတ်ဆင်းရဲသည်။
အနွေတိ၊ အစဉ်တစိုက်လိုက်၍ နှိပ်စက်လေတော့၏။
(ကိမိဝ၊ ဥပမာပုံဆို အဘယ်လိုပါနည်းဟူမူ။)
ဝဟတော၊ လှည်းဝန်ကို ရုန်းဆောင်သောနွား၏။
ပဒံ၊ ခြေသို့။
စက္ကံ၊ လှည်းဘီးသည်။
(အနွေတိ) ဣဝ၊ အစဉ်တစိုက် လိုက်၍နေသကဲ့သို့ပင်တည်း-တဲ့။
စိတ်ဟာ ရှေ့သွားဖြစ်တယ်၊ အကြီးအကဲဖြစ်တယ်၊ စိတ်ကောင်းယင် ဒိပြင်နာမ် တရားတွေလဲ ကောင်းတယ်၊ စိတ်က မကောင်းယင် ဒိပြင်နာမ်တရား တွေလဲ မကောင်းဘူး၊ စိတ်ဟာ လိုရင်းအချုပ်အချာ အခရာပဲ၊
ဒါကြောင့် စိတ်ဆိုးပြစ်မှားတဲ့ စိတ်နဲ့ကြံယင် အကုသိုလ်မနောကံဖြစ်တယ်၊ ပြောဆိုယင် အကုသိုလ်ဝစီကံ ဖြစ်တယ်၊ ပြုလုပ်ယင် အကုသိုလ်ကာယကံ ဖြစ်တယ်၊
ဒီကံ ၃-ပါးဟာ အဝိဇ္ဇာကြောင့်ဖြစ်တဲ့ သင်္ခါရတွေပဲ၊ ဒါကြောင့် ဒီအကုသိုလ်ကံ သင်္ခါရ တွေဟာ ကြံတဲ့ပြောတဲ့ ပြုတဲ့ အချိန်ကစပြီး အဲဒီပုဂ္ဂိုလ်ရဲ့ ရုပ်နာမ်အစဉ်သန္တာန်မှာ အကျိုးပေးဖို့ အရှိန်အဝါ သတ္တိအဖြစ်နဲ့ အစဉ်မပြတ် လိုက်ပါနေတယ်၊ ကြံတိုင်း ပြောတိုင်း ပြုတိုင်း ဇောခုနစ်ကြိမ် ခုနစ်ကြိမ်, အကြိမ်ပေါင်းများစွာ အထပ်ထပ် ဖြစ်တယ်။
အဲဒီ ဇောခုနစ်ကြိမ် ခုနစ်ကြိမ်ထဲက -
ပထမဇောတွေက အကြောင်းညီညွတ်ယင် ယခုဘဝတွင်ပဲ အကျိုးပေးတယ်၊ အကြောင်း မညီညွတ်ယင်တော့ အဟောသိကံ ဖြစ်သွားတယ်၊ အကျိုးမပေးတော့ဘူး လို့ ဆိုလိုပါတယ်၊
ခုနစ်ကြိမ်မြောက် သတ္တမ ဇောတခုခုကလဲ အကြောင်းညီညွတ်ယင် သေခါနီးမှာ ကံ ကမ္မနိမိတ် ဂတိနိမိတ် ထင်စေပြီးတော့ အခြားမဲ့ ဒုတိယဘဝမှာ အကျိုးပေးတယ်၊ အကြောင်းမညီညွတ် ယင်တော့ အကျိုးမပေးတော့ဘူး၊ အဟောသိကံ ဖြစ်သွားတယ်၊
ပထမနဲ့ သတ္တမဇောကို ဖယ်ထားပြီး အလယ်က ဇောငါးချက်ရှိတယ်၊ အဲဒီအလယ်ဇော ငါးချက် ဆိုတာတွေကတော့ တတိယဘဝကစပြီး ပရိနိဗ္ဗာန် ဝင်စံရမည့် နောက်ဆုံး ဘဝအထိ အကြောင်း ညီညွတ်တဲ့အခါမှာ သူက အကျိုးပေးတယ်၊ ကိလေသာကုန်ခန်း ရဟန္တာဖြစ်လို့ ပရိနိဗ္ဗာန်ဝင်စံသွားမှပဲ သူက အဟောသိကံ ဖြစ်သွားတယ်။
ပရိနိဗ္ဗာန် မဝင်စံသေးခင် အတွင်းမှာတော့ ဘဝပေါင်း သိန်း သန်း ကုဋေ အသင်္ချေ၊ ကမ္ဘာပေါင်း သိန်း သန်း ကုဋေ အသင်္ချေ ဘယ်လောက်ပဲကြာကြာ သူက အကျိုးမပေးရသေးယင် ကုန်သွားတယ်လို့ မရှိဘူး၊ ပျက်သွားတယ်လို့ မရှိဘူး၊ အကြောင်းညီညွတ်ယင် အကျိုးပေးဖို့ရာ အသင့်ရှိနေတာပဲ၊
အကျိုးပေးတော့ ဘယ်လိုအကျိုးကို ပေးပါသလဲဆိုယင် အကုသိုလ်ကံဆိုတာ ကိုယ်ဆင်းရဲအမျိုးမျိုး စိတ်ဆင်းရဲအမျိုးမျိုးကိုပဲ ပေးတယ်၊ ငရဲ တိရစ္ဆာန် ပြိတ္တာဘုံ ဘဝတွေမှာ ဖြစ်စေပြီး ဆင်းရဲအမျိုးမျိုးကို ပေးတယ်၊ ကုသိုလ်ကံတခုခုက လူ့ဘဝပို့ပေးလို့ လူဖြစ်လာပြန်ယင်လဲ အဲဒီအကုသိုလ်ကံက လူ့ဘဝမှာ ကိုယ်ဆင်းရဲအမျိုးမျိုးတွေကို ဖြစ်စေတယ်၊
ဥပမာအားဖြင့် လှည်းဝန်ကို ရုန်းဆောင်ပြီး သွားနေတဲ့ နွားရဲ့ခြေနောက်ကို လှည်းဘီးက အစဉ်လိုက်နေသလိုပါပဲတဲ့၊ နွားက တလှမ်းလှမ်းလိုက်ယင် လှည်းဘီး ကလဲ တလှမ်းစာ လိမ့်ပြီးလိုက်လာတာပါပဲ၊ နှစ်လှမ်းသုံးလှမ်းစသည်ဖြင့် လှမ်းလိုက်ယင် လှည်းဘီးကလဲ နှစ်လှမ်းသုံးလှမ်းစာ စသည်ဖြင့် လိမ့်လိမ့်ပြီး လိုက်လာတာပါပဲ၊ အဲဒါနဲ့တူပါတယ်တဲ့၊
အကုသိုလ်ကံပြုထားတဲ့သူ သွားလေရာ ဖြစ်လေရာမှာလိုက်ပြီး ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ အမျိုးမျိုးတွေကို အဲဒီ အကုသိုလ်ကံက အကျိုးပေး နှိပ်စက်နေပါတယ်-တဲ့။
ဒီတရားဂါထာက စက္ခုပါလမထေရ်ကို အကြောင်းပြုပြီး ဟောထားတဲ့ တရားဂါထာ ဖြစ်ပါတယ်၊ ဒါကြောင့် အဲဒီ စက္ခုပါလမထေရ်ရဲ့ အကြောင်း အတ္ထုပ္ပတ္တိကို အတိုချုပ် ထုတ်ပြီးပြောဦးမယ်။
စက္ခုပါလမထေရ်ဝတ္ထု အကျဉ်းချုပ်
▬▬▬▬▬▬▬▬▬▬▬
စက္ခုပါလမထေရ်၏အလောင်းဟာ တခုသောဘဝက ဆေးဆရာ ဖြစ်ခဲ့ပါတယ်၊ အဲဒီအခါတုန်းက မျက်စိကွယ်နေတဲ့ အမျိုးသမီးတယောက်ကို ဆေးကုပေးပါတယ်၊ ဆေးကုပေးလို့ အဲဒီအမျိုးသမီးဟာ ပကတိအတိုင်းမြင်ပြီး မျက်စိကောင်းလာတဲ့ အခါ ဒီလိုဆင်ခြင်မိသတဲ့၊ “မျက်စိပကတိအတိုင်းမြင်ပြီး ကောင်းလာယင် သားသမီး များနှင့်တကွ ဆရာ့ထံမှာ ကျွန်အဖြစ်နဲ့ ပြုစုလုပ်ကျွေးပါ့မယ်လို့ ဝန်ခံထားမိတယ်၊
ဒီအတိုင်းဆိုယင် ဆရာကငါ့ကို မငဲ့မညှာပဲ ကျွန်အဖြစ်နဲ့ စေခိုင်းပြောဆိုတော့မှာပဲ၊ ဒီတော့ ငါဟာ ဆရာကို လိမ်လည်လှည့်စားပြီး ပြောမှပါပဲ”လို့ကြံစည်ထားသတဲ့၊ “ဘယ့်နှယ်နေပါသလဲအစ်မကြီး”လို့ ဆရာက မေးတဲ့အခါမှာ “အလျင်ကတော့ ငါ့မျက်စိတွေဟာ နဲနဲပဲကိုက်ပါတယ်၊ ယခုတော့ သာပြီးကိုက်နေပါတယ်”လို့ ပြောသတဲ့၊
ဒီတော့ ဆေးဆရာက “ဒီမိန်းမကြီးဟာ ဆေးကုခ မပေးချင်လို့ ငါ့ကို လိမ်တာပဲ၊ ဆေးကုခ မရချင်လဲ နေပေစေတော့၊ ယခုပဲ ဒီမိန်းမကြီး မျက်စိ ကန်းအောင် လုပ်လိုက်မယ်”လို့ကြံပြီး အိမ်ကို ပြန်သွားတယ်၊ သူ့အကြံကို သူ့မယားအား ပြောပြတိုင်ပင်တယ်၊
မယားကလဲ ဘာမှမပြောပဲ ဆိတ်ဆိတ် နေလိုက်သတဲ့၊ သဘောတူတဲ့ အနေမျိုးပေါ့၊ ဒါနဲ့ အဲဒီဆေးဆရာက ဆေးတခုစပ်ပြီး အဲဒီမျက်စိနာတဲ့ မိန်းမကြီးကို မျက်စဉ်းခတ်ဖို့ ပေးလိုက်တယ်၊ အဲဒီမျက်စဉ်း ခတ်လိုက်တော့ သူ့ခမျာ မျက်စိနှစ်ဘက်လုံး ကွယ်သွားရှာပါရောတဲ့။
ဒီကိစ္စမှာ လူနာရော, ဆေးဆရာရော နှစ်ဦးလုံး ချွတ်ယွင်းချက်ရှိပါတယ်၊ လူနာကလဲ မျက်စိပကတိအတိုင်း ကောင်းသွားယင် ပေးသင့်ပေးထိုက်တဲ့ ဆေးကုခကို ပေးပါမှပေါ့၊ တသက်လုံး ကျွန်မခံနိုင်ယင်လဲ တောင်းပန်ဖို့ရှိတာပဲ၊ နောက်ပြီးတော့ ဆေးဆရာကလဲ ဆေးကုခမရယင်လဲ ကုသိုလ်ဖြစ်သဘောထားဖို့ ရှိတာပဲ၊
နောက်ထပ် မျက်စိကန်းအောင် ဆေးပေးတဲ့အတွက် ဘာမျှအကျိုးမရှိတော့ပါဘူး၊ အကျိုးမရှိတဲ့အပြင် ဒီဆရာ့မျက်စဉ်းခတ်လို့ မျက်စိကွယ်သွားသတဲ့ဆိုတဲ့ မကောင်း သတင်းလဲ မျက်မျောက်တွင် ကျော်ကြားသွားမယ်၊ နောက်ပြီးတော့ အဲဒီ မကောင်းမှုကံကြောင့် အပါယ်လေးပါးလဲ ကျရောက်ရမယ်၊ ဘဝပေါင်းများစွာ မှာလဲ လိုက်ပြီး အဲဒီကံက မျက်စိကွယ်ရတဲ့ မကောင်းကျိုးကို ပေးသွားမယ်၊ ဒါကြောင့် မြတ်စွာဘုရားက -
ဘိက္ခဝေ၊ ရဟန်းတို့။
တဒါ၊ ထိုဆေးဆရာ ဖြစ်စဉ်ကာလက။
မမ ပုတ္တေန၊ ငါ၏ သားတော်ဖြစ်သော စက္ခုပါလသည်။
ကတကမ္မံ၊ မိန်းမတယောက်အား မျက်စိကွယ်အောင်ပြုခဲ့သော မကောင်းမှုကံသည်။
ပစ္ဆတော ပစ္ဆတော အနုဗန္ဓိ၊ နောက်မှ နောက်မှ အစဉ်လိုက်ပါလျက် ရှိလေ၏။
ဧတံ ပါပကမ္မံ နာမ၊ ဤမကောင်းမှုကံ မည်သည်။
ဓုရံ ဝဟတော၊ လှည်းဝန်ကို ရုန်းဆောင်သော။
ဗလိဗဒ္ဓဿ ပဒံ၊ နွား၏ခြေသို့။
စက္ကံ ဝိယ၊ အစဉ်လိုက်သော လှည်းဘီးကဲ့သို့။
အနုဂစ္ဆတိ၊ အစဉ်လိုက်၏
လို့ မိန့်တော်မူပြီး -
မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊
မနောသေဋ္ဌာ မနောမယာ။
မနသာ စေ ပဒုဋ္ဌေန၊
ဘာသတိ ဝါ ကရောတိ ဝါ။
တတော နံ ဒုက္ခမနွေတိ၊
စက္ကံဝ ဝဟတော ပဒံ။ ဆိုတဲ့-
တရားဂါထာကို ဟောတော်မူပါတယ်၊ အဲဒီဂါထာမှာ ဟောတော်မူတဲ့အတိုင်းပဲ ဆေးဆရာဘဝက ပြုခဲ့တဲ့ မကောင်းမှုကံက စက္ခုပါလ အလောင်းလျာပုဂ္ဂိုလ်ကို အစဉ်လိုက်ပြီး မကောင်းကျိုးတွေ ပေးလာခဲ့ပါတယ်၊ နောက်ဆုံးဘဝမှာ စက္ခုပါလ မထေရ် ဖြစ်လာပါတယ်၊
ဒီမထေရ်ဟာ မြတ်စွာဘုရားထံက ကမ္မဋ္ဌာန်းယူပြီးတော့ သီတင်းသုံးဖော် ရဟန်းတော် ၆၀-နဲ့တကွ သာဝတ္ထိမြို့မှ ယူဇနာ ၁၂၀-ဝေးကွာတဲ့ ပစ္စန္တရစ်တောရွာတခုကို အမှီပြုပြီး တောကျောင်းမှာ တရားအားထုတ်နေပါတယ်၊ အိပ်ရာမှာ လဲလျောင်းခြင်း မရှိပဲ နေ့ရောညဉ့်ပါ ထိုင်ခြင်း, ရပ်ခြင်း, သွားခြင်းဆိုတဲ့ ဣရိယာပုထ် သုံးပါးနဲ့ မပြတ်ကြိုးစား အားထုတ်နေပါတယ်၊ ဒီလိုအားထုတ်နေယင်း မျက်စိရောဂါ စွဲကပ်လာတယ်၊
ဆေးဆရာကပေးတဲ့ မျက်စဉ်းဆေးကိုလဲ လှဲအိပ်ပြီးမခတ်ဘူး၊ ထိုင်လျက်ပဲ ခတ်တယ်၊ ဆေးဆရာက လှဲအိပ်ပြီး မျက်စဉ်းခတ်ဖို့ ညွှန်ကြားတာကိုလဲ နိသဇ္ဇိဓုတင် မပျက် စေချင်တာနဲ့ မလိုက်နာဘူး၊ ထိုင်ယင်းပဲ မျက်စဉ်းခတ်တယ်၊ ဒါကြောင့် ဆေးဆရာ ကလဲ သူ့နာမည် ပျက်မှာစိုးလို့ အဆက်ဖြတ်လိုက်တယ်၊ ဒါနဲ့စက္ခုပါလမထေရ်ဟာ သူ့ဟာသူအားပေးဆုံးမပြီး အားထုတ်မြဲအားထုတ် နေတယ်၊ သူ့အားပေး ဆုံးမပုံကလေးကတော့ -
ပဋိက္ခိတ္တော တိကိစ္ဆာယ၊
ဝေဇ္ဇေနာသိ ဝိဝဇ္ဇိတော။
နိယတော မစ္စုရာဇဿ၊
ကိံ ပါလိတ ပမဇ္ဇသိ။တဲ့ -
ပါလိတ၊ စက္ခုပါလခေါ်သော အမောင်ပါလိတ။
တိကိစ္ဆာယ၊ ဆေးကုခြင်းက။
ပဋိက္ခိတ္တော၊ သင့်ကိုပယ်အပ်လေပြီ။
ဝေဇ္ဇေန၊ ဆေးဆရာက။
ဝိဝဇ္ဇိတော အသိ၊ စွန့်ပစ်အပ်လေပြီ။
ပါလိတ၊ အမောင်ပါလိတ။
မစ္စုရာဇဿ၊ သေမင်း၏ (လာခြင်းသည်)။
နိယတော၊ ကိန်းသေမြဲ၏။
ကိံ ပမဇ္ဇသိ၊ အဘယ့်ကြောင့် မေ့လျော့နေသင့်အံ့နည်း။
ဆေးဆရာက လက်လွှတ်လိုက်တော့ မျှော်လင့်ဖွယ်မရှိတော့ဘူး၊ သေဖို့ရာ မဝေးတော့ဘူး၊ အဲဒါက ကိန်းသေပဲ၊ မမေ့နဲ့၊ မပြတ် ကြိုးစားအားထုတ်ပေတော့လို့ ဆိုလိုပါတယ်၊ အဲဒီလို အားပေးဆုံးမပြီး မပြတ်မစဲ အားထုတ်မြဲ ကြိုးစား အားထုတ်နေရာမှာ ညဉ့်သန်းခေါင်ယာမ် အလွန်ကျတော့ မျက်စိတွေလဲ ပျက်၊ ကိလေသာတွေလဲ ကုန်ခန်းပြီး သုက္ခဝိပဿက ရဟန္တာဖြစ်သွားပါသတဲ့။
အဲဒီမှာ လောကဘက်ကနေကြည့်ယင်တော့ ပေပေတေတေ အလွန်အကျွံ တရား အားထုတ်လို့ မျက်စိကွယ်ရတယ်လို့ ထင်မြင်စရာရှိပါတယ်၊ ဒါပေမယ့် အဲဒီတရား အားထုတ်တာက အကြောင်းရင်း မဟုတ်ပါဘူး၊ အထောက်အပံ့ အကြောင်း လောက်သာဖြစ်ပါတယ်၊
အကြောင်းရင်းကတော့ ဆေးဆရာဘဝက ပြုခဲ့တဲ့ မကောင်းမှုပါပဲ၊ အဲဒီလို တရားအားမထုတ်ပဲနေယင်လဲ တနည်းနည်းနဲ့ သူ့မျက်စိဟာ ပျက်ရကွယ်ရမှာပဲ၊ တရားအားထုတ်လိုက်တဲ့အတွက် အမြတ်ထွက်လာတာကတော့ ကိလေသာ ကုန်ခန်းပြီး ရဟန္တာဖြစ်သွားတာဟာ အတိုင်းမသိ တန်ဖိုးရှိတဲ့ အမြတ်အစွန်းပါပဲ။
အထူးမှတ်သားဖွယ် အချက် ၂-ခု
▬▬▬▬▬▬▬▬▬▬▬
ပြီးတော့ စက္ခုပါလမထေရ်နဲ့စပ်ပြီး မှတ်သားဖွယ်ကောင်းတဲ့ အချက် နှစ်ခု ရှိပါသေးတယ်၊ အဲဒါက ဘာလဲဆိုယင် ဒီမထေရ် ရဟန္တာဖြစ်ပြီးပေမယ့် တရားကို မပြတ်အားထုတ်လေ့ရှိတဲ့ အာရဒ္ဓဝီရိယဂုဏ်နဲ့ ပြည့်စုံပါတယ်တဲ့၊ ဒါကြောင့်နေ့စဉ် နေ့တိုင်း နံနက်မိုးသောက်ယာမ်မှာ စင်္ကြံလျှောက်ပြီး တရား အားထုတ်လေ့ရှိပါတယ်၊
တနေ့တော့ ညဦးကမိုးရွာပြီးခါစ ဖြစ်တဲ့အတွက် ပိုးပရန်ကောင်တွေကထွက်ပြီး စက္ခုပါလမထေရ်စင်္ကြံလျှောက်နေကျ မြေပြင်မှာပဲ လျှောက်သွားနေကြတယ်၊ မထေရ်ကလဲ နံနက်မိုးသောက်ယာမ်မှာ အခါတိုင်းလိုပဲ ထင်ပြီး စင်္ကြံလျှောက် တရား အားထုတ်တယ်၊ ပိုးပရန်ကောင်တွေ တော်တော် များများဟာ နင်းမိလို့ သေကုန်ကြတယ်၊
အဲဒါကို အာဂန္တုရဟန်းတွေက တွေ့ရတဲ့အတွက် စက္ခုပါလမထေရ်ကြီးဟာ စင်္ကြံလျှောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပိုးကောင်တွေကို သေစေတဲ့အကြောင်း မြတ်စွာဘုရားအား လျှောက်ကြပါတယ်၊ ဒီတော့ မြတ်စွာဘုရားက စက္ခုပါလ မထေရ်ဟာ ပိုးကောင်တွေကို မမြင်တဲ့အကြောင်း၊ သေစေလိုသော စေတနာမရှိတဲ့ အကြောင်း၊ ရဟန္တာပုဂ္ဂိုလ်လဲ ဖြစ်တဲ့အကြောင်း အပြစ်မရှိကြောင်းများကို မိန့်ကြားတော်မူပါတယ်။
အဲဒီမှာ မှတ်စရာကတော့ -
သေစေလိုသော စေတနာမရှိယင် အပြစ်မရှိတဲ့ အကြောင်းရယ်၊ ရဟန္တာပင်ဖြစ်သော်လဲ ဈာန်အဘိညာဉ်မရယင်, ဈာန်အဘိညာဉ် ရသော်လဲ အဘိညာဉ်နဲ့အဓိဋ္ဌာန်ပြုပြီး ကြွတဲ့အခါမဟုတ်ယင် အခြားပုဂ္ဂိုလ်များလိုပဲ နင်းမိရာမှာ လေးပိ သွားနိုင်ကြောင်း ရယ်၊ အဲဒီ အချက်များပါပဲ။
ဒါက ဘာကြောင့်ပြောရသလဲဆိုယင် အချို့သုတနဲသူတွေက ရေထဲမှာရော ဟင်းသီးဟင်းရွက်ထဲမှာရော ပိုးတွေရှိနေတယ်၊ ဒီရေတွေ ဟင်းသီးဟင်းရွက်တွေကို ကျိုချက်စားနေကြရတဲ့အတွက် ငါးပါးသီလ လုံနိုင်ပါ့မလား၊ ပါဏာတိပါတကံ မဖြစ်ပေဘူးလားလို့ ဒီလိုယုံမှားသံသယ ရှိနေကြပါတယ်၊ မေးမြန်းတာကိုလဲ ကြားရဖူးပါတယ်။
မြင်တွေ့ရတဲ့ ပိုးကောင်းတွေကိုတော့ ရှင်းလင်း ဖယ်ရှားပစ်ဖို့ လိုပါတယ်၊ မမြင်ရတဲ့ ပိုးကောင်တွေအတွက်တော့ သေစေလိုသောစေတနာ မရှိတဲ့အတွက် သံသယဖြစ်ဖို့ မရှိပါဘူး၊ နောက်ပြီးတော့ သေစေလိုတဲ့ စေတနာမရှိပဲ မလွှဲမရှောင်သာတဲ့ ကိုယ့်ကိစ္စ ကိုယ်ဆောင်ရွက်နေရာမှာ မတော်တဆ နင်းမိလို့ ထိခိုက်မိလို့သေသွားတဲ့ အတွက်လဲ သံသယဖြစ်ဖို့ မရှိပါဘူး။
တချို့ ဂျိန်းဘာသာဝင် တွေကတော့ မီးထွန်းထားရာမှာ ပိုးကောင်တွေ ဝင်တိုးလို့ သေတာတောင် အပြစ်ရှိတယ်လို့ ယူဆကြသတဲ့၊ အဲဒါကတော့ လွန်လွန်းပါတယ်၊ ဝင်တိုးပြီး သေကြပါစေလို့ စေတနာမရှိယင် ဘာမျှအပြစ်မရှိပါဘူး၊ အဲဒီလိုစေတနာ မရှိပဲ သေတဲ့ကိစ္စနဲ့စပ်ပြီး သီရိဓမ္မာသောကမင်းကြီးက မေးလျှောက်လို့ အရှင် မောဂ္ဂလိပုတ္တတိဿမထေရ်က ဆုံးဖြတ်ထားတဲ့ ဖြတ်ထုံးလဲ ရှိပါတယ်၊ ဘယ်လိုလဲ ဆိုယင် -
အရှင်မောဂ္ဂလိပုတ္တတိဿ၏ ဖြတ်ထုံး
▬▬▬▬▬▬▬▬▬▬▬
သီရိဓမ္မာသောကမင်းကြီးက ဗုဒ္ဓသာသနာတော်ကို အကြီးအကျယ် ထောက်ပံ့အားပေး တဲ့အခါမှာ တိတ္ထိပရိဗိုဇ်တွေက လာဘ်လာဘငဲ့ပြီး သာသနာတော် ဝင်လာကြတယ်၊ သူတို့အယူဝါဒအတိုင်းပဲ ကျင့်ကြံ ပြောဟောနေကြတယ်၊ နောက်ပြီးတော့ တချို့ တိတ္ထိတွေကလဲ သူတို့ဟာ သူတို့ပဲ ခေါင်းရိတ် သင်္ကန်းဝတ်ပြီး ရဟန်းတွေထဲ ရောနှော နေကြတယ်၊ ဥပုသ်ပဝါရဏာကံ ပြုရာမှာလဲ သူတို့က အတင်းဝင်လာကြတယ်၊
ဒါကြောင့် ရဟန်းကောင်းတွေက ရဟန်းတု ရဟန်းယောင်တွေနဲ့ ကံကြီး ကံငယ် မပြုလိုကြတဲ့အတွက် အဲဒီတုန်းက ပါဋလိပုတ်ပြည် အသောကာရုံ ကျောင်းတိုက်ကြီးမှာ ခုနစ်နှစ်တိုင်တိုင် ဥပုသ်ကံမပြုပဲ ပြတ်နေပါတယ်၊ အဲဒီအခါ အသောကမင်းတရားကြီးက ကျောင်းတိုက်သွားပြီးတော့ အဓိကရုဏ်းကို ငြိမ်းစေပြီး ဥပုသ်ပြုစေရမယ်လို့ အမတ်တယောက်ကို စေလွှတ်လိုက်ပါတယ်။
အဲဒီအမတ်က အဓိကရုဏ်းငြိမ်းအောင် လုပ်ဖို့ဆိုတာတော့ သူကနားမလည်ဘူး၊ ဥပုသ်ပြုစေရမယ် ဆိုတာလောက်သာ နားလည်ပြီးတော့ ကျောင်းတိုက်သွားပါတယ်၊ အဲဒီရောက်တော့ ရဟန်းသံဃာတွေကို စည်းဝေးစေပြီး ဥပုသ်ပြုဖို့ခိုင်းပါတယ်၊ ဒီတော့ ရဟန်းကောင်းတွေက ငါတို့ဟာ တိတ္ထိတွေနဲ့ရောပြီး ဥပုသ်မပြုနိုင်ဘူးလို့ တရားသဖြင့် ပြောဆိုကြပါတယ်၊
ဥပုသ်ပြုတယ်ဆိုတာ ရဟန်းစစ်တွေ အချင်းချင်းသာ စည်းဝေးပြီးပြုရပါတယ်၊ အဲဒီအထဲမှာ အာပတ်အပြစ်ရှိတဲ့ မစင်ကြယ်တဲ့ ရဟန်းများရှိယင်လဲ စင်ကြယ်အောင် ကုစားဖို့ ဆုံးမရပါတယ်၊ အားလုံးစင်ကြယ်ပြီလို့ ယုံကြည်ရတဲ့အခါမှာ ဥပုသ်ကံကို ပြုကြရပါတယ်၊ ရဟန်း မဟုတ်တဲ့ တိတ္ထိတွေနဲ့တော့ ရောနှောပြီး ဥပုသ်မပြုကောင်း ပါဘူး၊ ပြုယင် အာပတ်တောင် သင့်ပါသေးတယ်၊ ဒါကြောင့် ရဟန်းကောင်းတွေက တိတ္ထိတွေနဲ့ရောပြီး ငါတို့ ဥပုသ်မပြုဘူးလို့ ပြောဆိုကြာခြင်း ဖြစ်ပါတယ်။
ဒီတော့ အဲဒီအမတ်က မင်း၏အမိန့်အာဏာကို ဖီဆန်တဲ့အနေနဲ့ ယူဆပြီး ငြင်းဆန်တဲ့ ရဟန်းကောင်းတွေ မထေရ်ကြီးကစပြီး ဓားနဲ့ ခုတ်သတ်ပါတယ်၊ အဲဒါကို မင်းရဲ့ညီတော် အိမ်ရှေ့မင်းအဖြစ်မှ ရဟန်းပြုလာတဲ့ တိဿမထေရ်က မြင်လို့ “မင်းကတော့ ဒီလိုခိုင်းတာ မဟုတ်ပေဘူး၊ ဒီအမတ် အထင်လွဲမှားပြီး ပြုမှားတာ ဖြစ်မှာပဲ”လို့ ယူဆပြီး အဲဒီ အမတ်အနီးမှာ ရုတ်တရက် သွားပြီး ထိုင်နေပါတယ်၊ အမတ်ကလဲ တိဿမထေရ်ကို မှတ်မိတာနဲ့ အဲဒီမှာ ရပ်တန့်ပြီး သူဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်ကို ဘုရင်မင်းမြတ်ထံ အစီရင်ခံ လျှောက်ထားပါတယ်၊
အဲဒီအခါ ဘုရင်မင်းမြတ်မှာ အကြီးအကျယ် သံဝေဂဖြစ်ပါတယ်၊ အဲဒီကိစ္စအတွက် မိမိမှာ အပြစ်ရှိ-မရှိ သံသယဖြစ်လို့ မေးမြန်းလျှောက်ထားတဲ့အခါ မပြီးပြတ်နိုင်ပဲ ဖြစ်နေတယ်၊ နောက်ဆုံးတော့ အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်ကို ပင့်ဆောင်ပြီး မေးလျှောက်ရပါတယ်၊
အဲဒီတော့ အရှင်မဟာ မောဂ္ဂလိပုတ္တတိဿ မထေရ်က “မင်းကြီး သင့်မှာ အဲဒီအမတ်ကို ကျောင်းသွားပြီး ရဟန်းတွေကို သတ်ပါစေလို့ ဒီလို စိတ်စေတနာ ရှိပါသလား”လို့ မေးပါတယ်၊ အဲဒီလို စိတ်စေတနာမရှိကြောင်း မင်းကြီးက လျှောက်ထားပါတယ်၊ ဒီလို စိတ်စေတနာ မရှိလျှင် အပြစ်မရှိကြောင်း အဆုံးအဖြတ် ပေးတော်မူပါတယ်၊ အထောက်အထား သာဓကကိုလဲ -
ဘိက္ခဝေ၊ ရဟန်းတို့။
အဟံ၊ ငါဘုရားသည်။
စေတနံ၊ မည်သို့ဖြစ်စေဟု ရည်ရွယ်တိုက်တွန်းသော စေတနာကို။
ကမ္မံ၊ ကံဟူ၍။
ဝဒါမိ၊ ဟောပေ၏။
စေတယိတွာ၊ မည်သို့ဖြစ်စေဟု ရည်ရွယ်တိုက်တွန်း၍။
ကမ္မံ၊ အမှုကံကို။
ကာယေနဝါစာယ မနသာ၊ ကိုယ် နှုတ် စိတ်ဖြင့်။
ကရောတိ၊ ပြု၏။
ဆိုတဲ့ - ဘုရားစကားတော်ကို ထုတ်ပြပါတယ်၊
နောက်ပြီးတော့ တိတ္တိရ ဇာတ်ကိုလဲ ဆောင်ပြပါတယ်၊ ဘယ်လိုလဲဆိုတော့ အဲဒီဇာတ်မှာ အရှင်ရာဟုလာအလောင်းက မုဆိုးရဲ့ ‘တယ်-ခါ’ဖြစ်နေတယ်၊ မုဆိုးက ခါ-တွေရှိရာ တောထဲသွားပြီး အဲဒီ တယ်-ခါနဲ့မျှားပြီး ခါ-တွေ ဖမ်းသတ်တယ်၊ အဲဒါကိုမြင်ရတော့ တယ်ခါကလေးက ငါ့မှာလဲ ပါဏာတိပါတကံ ထိုက်လေ သလားလို့ သံသယဖြစ်ရရှာတယ်၊
တနေ့တော့ ဘုရားအလောင်းရသေ့ကြီး ကျောင်းမှာရောက်နေလို့ မုဆိုးကြီးမရှိခိုက်မှာ အဲဒီ ခါကလေးက သူ့မှာ ဖြစ်နေတဲ့ သံသယကို ရသေ့ကြီးအား လျှောက်ပါတယ်၊ ဒီတော့ ရသေ့ကြီးက အသင်ခါငယ်မှာ “ငါ့အသံကိုကြားပြီး ခါတွေလာကြပါစေ၊ ညွတ်ကွင်းမှာ မိကြပါစေ၊ အသတ်ခံကြရပါစေ”လို့ ဒီလိုစိတ် ရှိပါသလားလို့ မေးပါတယ်၊ မရှိကြောင်း လျှောက်တဲ့အခါ ရသေ့ကြီးက -
တေ၊ သင် ခါအား။
စိတ္တံ၊ သေစေလိုသော စိတ်သည်။
သစေ နတ္ထိ၊ အကယ်၍ မရှိငြားအံ့။
ပါပံ၊ မကောင်းမှုသည်။
နတ္ထိ၊ မရှိပေ။
ဟိ၊ ထိုစကားမှန်ပေ၏။
စေတယန္တမေဝ၊ သေစေရန် ကြံရွယ်တိုက်တွန်းသော သူသို့သာလျှင်။
ပါပံ၊ မကောင်းမှုသည်။
ဖုသတိ၊ ရောက်၏။
န အစေတယန္တံ၊ မကြံရွယ်သောသူတို့ မရောက်ပေ။
မနော၊ စိတ်သည်။
စေ န ပဒုဿတိ၊ အကယ်၍ မပြစ်မှားငြားအံ့။
ပဋိစ္စကမ္မံ၊ မိမိနှင့်စပ်၍ အခြားသူပြုသောကံသို့။
နဖုသတိ၊ မရောက်။
အပ္ပေါသုက္ကဿ၊ သေစေရန် ကြောင့်ကြစိုက်ခြင်း မရှိသော။
ဘဒြဿ၊ သူတော်ကောင်းအား။
ပါပံ၊မကောင်းမှုသည်။
န ဥပလိမ္ပတိ၊ မကပ်ငြိပေ။-
လို့ ရသေ့ကြီးက ဖြေကြားပါတယ်၊
အဲဒီဇာတ်က ဖြေပုံကိုပါဆောင်ပြီး အရှင် မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်က အသောကမင်းကြီးအား အဆုံးအဖြတ် ပေးတော်မူပါတယ်၊ ဒါကြောင့် သေပါစေဆိုတဲ့ စေတနာမရှိယင် မတော်တဆ သူ့ဟာသူသေသွားလဲ အပြစ်မရှိဘူးဆိုတာဟာ ဒီနေရာမှာ မှတ်သားစရာတခုပါပဲ၊ အဲဒါကတော့ နားလည်လောက်ပါပြီ။
ဒုတိယ မှတ်သားဖွယ် အချက်
▬▬▬▬▬▬▬▬▬▬▬
ဒုတိယ မှတ်စရာတခုကတော့ ဈာန်အဘိညာဉ်မရယင် ရဟန္တာပေမယ့် လမ်းလျှောက် သွားရာမှာ သူများလိုပဲ လေးတယ်ပိတယ်ဆိုတဲ့ အချက်ပါပဲ၊ အဲဒါကတော့ စက္ခုပါလရဟန္တာမထေရ်ကြီး စင်္ကြံကြွရာမှာ ပိုးကောင်တွေနင်းမိလို့ သေကုန်တယ် ဆိုတော့ အင်မတန် ထင်ရှားနေပါပြီ၊
အဲဒါကလဲ ဒီနေရာမှာ ဘာဖြစ်လို့ ထည့်ပြောရသလဲဆိုတော့ ယခု ဆယ့်လေး ငါးခြောက်နှစ်လောက်အတွင်းမှာ မြန်မာပြည်၌ ရဟန္တာရယ်လို့ ကျော်စောတဲ့ ပုဂ္ဂိုလ်တွေ ပေါ်လာကြတယ်၊ အဲဒီလို ကျော်စောတဲ့ ပုဂ္ဂိုလ်တွေကို တချို့ဒကာမတွေက ပန်းခင်းပြီးတော့ စမ်းကြည့်ကြတယ်၊ လက်ဝါးခင်းပြီးတော့ စမ်းကြည့်ကြတယ်လို့ ကြားရတယ်၊ ပြီးတော့ ပန်းမနွမ်းဘူး လက်မနာဘူး စသည် ဖြင့်လဲ ပြောသံ ကြားရတယ်၊ အဲဒါတည့်တည့်မတ်မတ် နင်းမိလျက်နဲ့ မနွမ်းတာ မနာတာလား၊ တည့်တည့် မနင်းမိလို့ပဲလား ဆိုတာလဲ စဉ်းစားစရာရှိပါတယ်၊
ယခုစက္ခုပါလမထေရ်လို ဈာန် အဘိညာဉ်မရတဲ့ ရဟန္တာဆိုယင်တော့ တည့်တည့် နင်းမိမယ်ဆိုယင် ဟိုပိုးကောင် ကလေးတွေ ပိပြားသေကုန်သလို ပိပြားကုန်မှာပါပဲ၊ ဈာန်အဘိညာဉ်ရတဲ့ ရဟန္တာတောင် အဘိညာဉ်နဲ အဓိဋ္ဌာန် မပြုမိပဲ ကြွယင် နင်းမိတာတွေဟာ အကုန်ပြားကုန်မှာပဲ၊ ဒါကြောင့် အဲဒီလိုစမ်းသပ်တဲ့နည်းတွေက မသေချာဘူးဆိုတာ သိထားကြရမယ်။
ရဟန္တာ စုံစမ်းနည်း
▬▬▬▬▬▬
သေချာတဲ့ နည်းကတော့ လိုချင်နှစ်သက်မှု တပ်မက်သာယာမှု ခင်မင်တွယ်တာမှု အပြင်းအထန်ရယ်ရွှင်မှု စိတ်ဆိုး စိတ်ပျက်မှု ထိတ်လန့်ကြောက်ရွံ့မှု စက်ဆုပ်ရွံရှာမှု စိုးရိမ်ပူဆွေးမှု သူတပါး အကျိုးမဲ့ဖြစ်အောင်ပြောဆိုမှု ဘုရားကို မရိုသေမှု တရားကျမ်းဂန်တွေကို မရိုသေမှု ဝိနည်းသိက္ခာကို မရိုသေမှု ကိုယ်လက် ဣန္ဒြေ မတည်ငြိမ်မှု ဒီလိုဟာတွေ ရှိ မရှိ စုံစမ်းဖို့ လိုပါတယ်၊
အဲဒီလိုဟာတွေရှိနေယင် လောဘ ဒေါသ မောဟ မကင်းသေးတဲ့သဘော ထင်ရှား နေတာပါပဲ၊ သေသေချာချာ စုံစမ်းလို့ ဒီလိုအမူအရာတွေ အရိပ်အယောင်တောင် မတွေ့ဘူးဆိုယင်တော့ တော်တော် စိတ်ချရပါပြီ၊ ရဟန္တာမဟုတ်တောင် ရဟန္တာလောက်နီးပါး ကြည်ညိုဖွယ် ဂုဏ်တွေနဲ့ ပြည့်စုံတယ်လို့ မှတ်နိုင်ပါပြီ။
ကြည်လင်တဲ့စိတ်ကြောင့် ချမ်းသာလိုက်လာပုံ
▬▬▬▬▬▬▬
ယခုပြောလာခဲ့တာဟာ စိတ်ဝိညာဏ်ပြဋ္ဌာန်းပုံကို ပြောရာက စပ်မိစပ်ရာနဲ့ ရဟန္ထာ အကြောင်း ရောက်သွားတယ်၊ အဲဒီမှာ ပြစ်မှားလိုတဲ့စိတ်ကြောင့် ဆင်းရဲ လိုက်ပါလာပုံကို ပြောလိုက်တော့ ကြည်လင်တဲ့စိတ်ကြောင့် ချမ်းသာလိုက်ပါ လာပုံလဲ ပြောဖို့ လိုလာပါတယ်၊ ဒါကြောင့် အဲဒါကို ယခု ဆက်ပြီး ပြောဦးမယ်၊ လောကမှာ သဘောတရားတွေဟာ အဆိုးနဲ့အကောင်း အစုံအစုံ တွဲလျက်တွဲလျက် ရှိတယ်၊ ပြဋ္ဌာန်းတဲ့ စိတ်ကလေးကဆိုးယင် ဆင်းရဲဒုက္ခတွေရသလို အဲဒီစိတ်ကလေး ကောင်းယင်တော့ ချမ်းသာသုခတွေကို ရပါတယ်၊ ဒါကြောင့် မြတ်စွာဘုရားက -
မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊
မနောသေဋ္ဌာ မနောမယာ။
မနသာ စေ ပသန္နေန၊
ဘာသတိ ဝါ ကရောတိ ဝါ။
တတော နံ သုခမနွေတိ၊
ဆာယာဝ အနုပါယိနီ။
လို့ ဟောထားပါတယ်။
ဓမ္မာ၊ နာမ်တရားတို့သည်။
မနောပုဗ္ဗင်္ဂမာ၊ စိတ်လျှင် ရှေ့သွားရှိကုန်၏။
မနောသေဋ္ဌာ၊ စိတ်လျှင် အကြီးအမြတ်ရှိကုန်၏။
မနောမယာ၊ စိတ်ဖြင့်ပြီးကုန်၏။
ပသန္နေန၊ ကြည်လင်သော။
မနသာ၊ စိတ်ဖြင့်။
စေ ဘာသတိ ဝါ၊ အကယ်၍ ပြောမူလည်း ပြောဆိုငြားအံ့။
စေ ကရောတိ ဝါ၊ အကယ်၍ ပြုမူလည်း ပြုလုပ်ငြားအံ့။
တတော၊ ထိုကြည်လင်သောစိတ်ဖြင့် (ကြံခြင်း) ပြောဆိုခြင်း ပြုလုပ်ခြင်းဟူသော ကံ သင်္ခါရကြောင့်။
နံ၊ ထို(ကြံစည်) ပြောဆို ပြုလုပ်သော ပုဂ္ဂိုလ်သို့။
သုခံ၊ အကျိုးဝိပါက်ဖြစ်သော ကိုယ်ချမ်းသာ စိတ်ချမ်းသာသည်။
အနွေတိ၊ အစဉ်လိုက်ပါလေတော့၏။
(ကိမိဝ၊ ဥပမာပုံဆို အဘယ်လိုပါနည်းဟူမူ။)
အနုပါယိနီ၊ အရိပ်ရှင်ထံမှ ဖဲခွါလေ့မရှိသော။
ဆာယာ ဣဝ၊ အရိပ်ကဲ့သို့ပင်တည်း။
ကြည်လင်တဲ့စိတ်နဲ့ ကြံတိုင်း ပြောတိုင်း ပြုတိုင်း ကုသိုလ်ကံ သင်္ခါရဖြစ်တယ်၊ ဒါကြောင့် အဲဒီ ကုသိုလ်ကံက ကုသိုလ်ရှင်ကို မျက်မှောက်ဘဝမှာရော နောင်တမလွန် မှာရော အစဉ်လိုက်ပြီး ချမ်းသာသုခတွေကို ပေးနေပါတယ်၊ ဥပမာအရိပ်ဟာ လူသွားရာကို အမြဲပါနေပါတယ်၊ ဒီအရိပ်ကိုမလိုက်ပါအောင် လုပ်လို့မရဘူး၊ လူက ရပ်တည်နေယင် အရိပ်ကလဲ တည်နေတယ်၊ လူက သွားယင် သူကလဲ ပါလာတာပဲ၊
အဲဒါလိုပါပဲ၊ ကြည်လင်တဲ့စိတ်နဲ့ ကြံစည် ပြောဆိုပြုလုပ် ထားတဲ့သူက ချမ်းသာသုခကို အမြဲ လိုက်ပါနေတယ်တဲ့၊ အဲဒီ တရားဂါထာကို မဋ္ဌကုဏ္ဍလီ သဌေးသား အကြောင်းပြုပြီး ဟောထားပါတယ်၊ ဒါကြောင့် အဲဒီ မဋ္ဌကုဏ္ဍလီ သဌေးသားအကြောင်းကို အကျဉ်းချုပ် ပြောဦးမယ်။
မဋ္ဌကုဏ္ဍလီဝတ္ထု အကျဉ်းချုပ်
သာဝတ္ထိပြည်မှာ ဘာတခုကိုမျှမပေးလှူဖူးလို့ အဒိန္နပုဗ္ဗကအမည်ရတဲ့ ပုဏ္ဏားတဦး ရှိတယ်၊ အဲဒီပုဏ္ဏားမှာ မဋ္ဌကုဏ္ဍလီ-ဆိုတဲ့ သားတယောက်ရှိတယ်၊ အဲဒီ မဋ္ဌကုဏ္ဍလီဟာ ၁၆-နှစ်အရွယ်မှာ ဖျော့တော့တဲ့ ရောဂါဖြစ်တယ်၊ ဒါပေမယ့် ဖခင် ပုဏ္ဏားက ဆေးဖိုးဝါးခပေးရမှာစိုးလို့ ဆေးဆရာခေါ်ပြီး မကုဘူး၊ ဆေးဆရာများထံ သွားပြီး မေးမြန်းစုံစမ်းလို့ အဲဒီက ဖြေကြားလိုက်တဲ့အတိုင်း သူ့ဟာသူပဲ ဆေးဖော်ပြီး ဆေးကုတယ်၊ ရောဂါအားကြီးပြီး မျှော်လင့်ဖွယ်မရှိတဲ့အနေရောက်မှ ဆေးဆရာကို ပင့်ခေါ်တယ်၊ ဆေးဆရာတွေကလဲ ရောဂါအခြေအနေကြည့်ပြီး ဆေးမပေးပဲ ပြန်သွားကြတယ်၊
ဒါနဲ့ နောက်ဆုံး သေတော့မယ်ဆိုတာကို သိတာနဲ့ လူမမာကို အိမ်အပြင်မှာ ထုတ်ထားတယ်၊ အကြောင်းကတော့ လာပြီးကြည့်ကြ မေးကြတဲ့ သူတွေဟာ အိမ်တွင်းပစ္စည်းတွေကို မြင်သွားမှာ စိုးရိမ်လို့ပါပဲတဲ့၊ ဝန်တို နှမြောလွန်းအားကြီးတဲ့ သဘောပါပဲ။
အဲဒီနေ့ နံနက်မိုးသောက်ယာမ်မှာ မြတ်စွာဘုရားက မဟာကရုဏာသမာပတ်မှ ထတော်မူပြီး ဗုဒ္ဓစက္ခုဖြင့် လောကကို ကြည့်ရှုတော်မူတဲ့အခါ အိမ်ရှေ့ မျက်နှာစာမှာ မဋ္ဌကုဏ္ဍလီသဌေးသား လျောင်းနေတာကို မြင်တော်မူတယ်၊ မည်သို့ အကျိုး ရှိမည်ကို ဆင်ခြင်တော်မူတဲ့အခါ အဲဒီ အိမ်ရှေ့အရပ်ကို ဘုရားကိုယ်တော်မြတ် ကြွသွားယင် ဘုရားကိုကြည်ညိုပြီး မဋ္ဌကုဏ္ဍလီ သေတဲ့အခါ တာဝတိံသာမှာ နတ်သားဖြစ်မည့် အကြောင်း, သူ့သင်္ချိုင်းကို သွားပြီး သူ့ဖခင်ပုဏ္ဏားကြီး ငိုကြွေး နေရာမှာ မဋ္ဌကုဏ္ဍလီကသွားပြီး အကြောင်းစုံကို ပြောပြတိုက်တွန်းတဲ့အတွက် သူ့ဖခင်က ဘုရားကိုပင့်ပြီး မေးမြန်းလျှောက်ထားတဲ့အခါ မြတ်စွာဘုရားက ဖြေကြားပြီး တရားဂါထာ တပုဒ်ကို ဟောလျှင် ရှစ်သောင်း လေးထောင်သော သတ္တဝါများ အကျွတ်တရား ရကြမည့်အကြောင်းတွေကို မြင်တော်မူပါတယ်။
ဒါကြောင့် မြတ်စွာဘုရားဟာ နံနက်ဆွမ်းခံချိန်ကျတဲ့အခါ များစွာသော ရဟန်း သံဃာတော်တို့နှင့်တကွ သာဝတ္ထိမြို့ထဲ ဆွမ်းခံကြွတော်မူယင်း အဲဒီပုဏ္ဏား အိမ်ရှေ့ကို ကြွတော်မူပါတယ်၊ ဒီအခါ မဋ္ဌကုဏ္ဍလီက မြတ်စွာဘုရားကို ဖူးမြင် ရတဲ့အတွက် မြတ်စွာဘုရားအား အလွန်ကြည်ညို မြတ်နိုးတဲ့စိတ်တွေ ဖြစ်ပါတယ်၊
အဲဒီအခါ “ဒါလောက်ကြည်ညိုတဲ့ စိတ်ဖြစ်ယင် တော်လောက်ပြီ”လို့ နှလုံးသွင်းပြီး မြတ်စွာဘုရားက တခြားအိမ်များသို့ ကြွသွားတော်မူပါတယ်၊ မြတ်စွာဘုရား ကြွသွားလို့ မမြင်လောက်တဲ့ နေရာရောက်တဲ့အခါ မဋ္ဌကုဏ္ဍလီလဲ မြတ်စွာဘုရားအား ကြည်ညိုတဲ့စိတ်တွေဖြစ်နေယင်း သေဆုံးသွားတယ်၊
လူ့ဘဝက စုတိစိတ်ကျပြီး သေလိုက်သည်နှင့်တပြိုင်နက် မဋ္ဌကုဏ္ဍလီဟာ တာဝတိံသာ နတ်ပြည်မှာ ယူဇနာ ၃၀-ရှိတဲ့ နတ်ဗိမာန်ပေါ် အိပ်ရာကနိုးလာသလို ဘွားကနဲနတ်သား သွားဖြစ်ပါတယ်။
အဲဒီလို နတ်သားဖြစ်ပြီးတဲ့နောက် မိမိဖြစ်လာပုံကို ဆင်ခြင်တဲ့အခါမှာ မြတ်စွာဘုရားကို ကြည်ညိုတဲ့ ကုသိုလ်စိတ်ကြောင့် နတ်ပြည်ရောက်လာရတယ်-ဆိုတဲ့အကြောင်းကို သိရတယ်၊ နောက်ပြီးတော့ သူ့ဖခင်ဟာ သူ့သင်္ချိုင်းကိုသွားပြီး ငိုယိုမြည်တမ်းနေတာကိုလဲ မြင်ရတယ်၊
ဒါကြောင့် သူ့ဖခင်ကို သတိပေးဆုံးမ ချင်တာနဲ့ အဲဒီ သင်္ချိုင်းအနီးအပါးမှာ မဋ္ဌကုဏ္ဍလီရဲ့ ပကတိရုပ်အသွင်အပြင်နဲ့လာပြီး ငိုဟန်ပြုနေပါတယ်၊ အဲဒီအခါ သူ့ဖခင်ပုဏ္ဏားကြီးက မဋ္ဌကုဏ္ဍလီနဲ့တူတဲ့ သူငယ် ငိုနေတာကို တွေ့ရတော့ ဘာကြောင့် ငိုသလဲဆိုတာကို သွားပြီးမေးပါတယ်၊
မဋ္ဌကုဏ္ဍလီက သူ့မှာ ရွှေရထားအိမ်သာရှိပြီး ဘီးနှစ်ခုလိုနေလို့ ငိုတဲ့အကြောင်း ပြောပါတယ်၊ ဒီတော့ ပုဏ္ဏားကြီးက ရွှေဘီးဖြစ်ဖြစ် ငွေဘီး ပတ္တမြားဘီး ဖြစ်ဖြစ် ရထားဘီးအစုံကို လုပ်ပေးမယ်လို့ ပြောပါတယ်၊ အဲဒီအခါ မဋ္ဌကုဏ္ဍလီက ဘယ်လောက်ကြီးတဲ့ဘီးကို လုပ်ပေးမှာလဲ့လို့ ပြန်မေးပါတယ်၊ ပုဏ္ဏားကြီးက သင်အလိုရှိသလောက် ကြီးတဲ့ဘီးကို လုပ်ပေးမယ်လို့ ဝန်ခံပါတယ်၊
ဒီတော့ မဋ္ဌကုဏ္ဍလီက လနဲ့နေကို ရထားဘီး လုပ်ချင်တယ်၊ အဲဒီ လနဲ့နေကို ရထားဘီး လုပ်ပေးပါလို့ ပြောပါတယ်၊ ဒီတော့ ပုဏ္ဏားကြီးက လူကလေး ရူးနေသလား၊ လနဲ့ နေကို ဘယ်မှာရနိုင်ပါ့မလဲ၊ မရနိုင်တာကို ဘာကြောင့် တောင့်တရသလဲ၊ လနဲ့နေကို တောင့်တနေယင် လူကလေးဟာ သေရုံပဲ ရှိမယ်၊ ရမှာတော့ မဟုတ်ဘူးလို့ ပြောပါတယ်၊
ဒီတော့ မဋ္ဌကုဏ္ဍလီက ဘယ့်နှယ်လဲ ထင်ရှားတွေ့မြင်နေရတာကိုရဖို့ ငိုကြွေး မြည်တမ်းတဲ့သူနဲ့ မတွေ့မမြင်ရတာကိုရဖို့ ငိုကြွေးမြည်တမ်းတဲ့သူ-ဒီနှစ်ယောက်ထဲမှာ ဘယ်သူကမိုက်သလဲ၊ ကျွနု်ပ်တောင့်တတဲ့ လနဲ့နေကို မြင်တွေ့နေရပါတယ်၊ အသင်ပုဏ္ဏားတမ်းတနေတဲ့ သားဟာ သေသွားပြီ၊ မတွေ့ရတော့ဘူး၊ ငိုကြွေးမြည်တမ်း နေကြတဲ့ ကျွနု်ပ်တို့နှစ်ဦးထဲမှာ ဘယ်သူက သာပြီး မိုက်မဲရာကျပါသလဲလို့ မေးပါတယ်။
ဒီတော့ ပုဏ္ဏားကြီးမှာ သောကအပူတွေ ငြိမ်းအေးပြီး သင်ဟာ ဘယ်သူလဲ၊ နတ်လား သိကြားလား ဂန္ဓဗ္ဗလားလို့ မေးပါတယ်၊ မဋ္ဌကုဏ္ဍလီနတ်သားက အသင် ပုဏ္ဏားကြီးရဲ့သား မဋ္ဌကုဏ္ဍလီပင်ဖြစ်ကြောင်း, သေခါနီးမှာ မြတ်စွာဘုရားကို ဖူးမြင်ရပြီး ကြည်ညိုတဲ့ ကုသိုလ်ကံကြောင့် တာဝတိံသာနတ်ပြည်မှာ နတ်ဖြစ်နေ ကြောင်းများကို ပြောပြပြီးတော့ ပုဏ္ဏားကြီးအား မြတ်စွာဘုရားကိုကိုးကွယ်ဖို့, တရား သံဃာကို ကိုးကွယ်ဖို့, ငါးပါးသီလကို စောင့်ထိန်းဖို့ တိုက်တွန်း ညွှန်ကြားသွား ပါတယ်။
အဒိန္နပုဗ္ဗကပုဏ္ဏားလဲ သံဃာတော်များနှင့်တကွ မြတ်စွာဘုရားကိုပင့်ပြီး ဆွမ်းကပ် လှူပါတယ်၊ အဲဒီအခါမှာ မြတ်စွာဘုရားကို မယုံကြည်တဲ့သူတွေကလဲ မိစ္ဆာအယူရှိတဲ့ ပုဏ္ဏားကြီးက မေးတဲ့ပြဿနာကို ကြားနာချင်ကြလို့ လာရောက်ကြတယ်၊ ဘုရားကို ယုံကြည်ပြီး ကြည်ညိုပြီးဖြစ်တဲ့ လူတွေကလဲ မြတ်စွာဘုရား ဖြေရှင်း ဟောကြားတာကို ကြားနာချင်ကြလို့ လာရောက်ကြတယ်၊
ဆွမ်းဘုဉ်း ပေးပြီးတဲ့အခါ ပုဏ္ဏားကြီးက မြတ်စွာဘုရားကို မေးလျှောက်ပါတယ်၊ မေးလျှောက်ပုံ ကတော့ “အရှင် ဂေါတမ၊ အရှင်ဘုရားတို့အား လှူဒါန်းခြင်းလဲမရှိ၊ တရားနာခြင်းလဲ မရှိ၊ ဥပုသ်စောင့်သုံးခြင်းလဲ မရှိပါပဲ သက်သက်စိတ်နဲ့ ကြည်ညိုရုံ မျှဖြင့် နတ်ပြည်မှာ ဖြစ်တဲ့သူများ ရှိပါသလား”လို့ မေးလျှောက်ပါတယ်၊
ဒီတော့ မြတ်စွာဘုရားက “ပုဏ္ဏား ဘာကြောင့် ငါ့ကို မေးနေရသေးသလဲ၊ သင့်သား မဋ္ဌကုဏ္ဍလီဟာ ငါဘုရားကို ကြည်ညိုတဲ့ ကုသိုလ်ကြောင့် နတ်ပြည်မှာ ဖြစ်တဲ့အကြောင်းကို မဋ္ဌကုဏ္ဍလီကိုယ်တိုင်က ပြောလိုက်ပြီ မဟုတ်လား”လို့ မိန့်တော်မူပါတယ်၊ ဘယ်တုန်းကပါလဲလို့ ပုဏ္ဏားက ထပ်မေးပြန်တော့ အဲဒီနေ့ နံနက်ခင်းက သုသာန်သွားပြီး ငိုကြွေးနေစဉ်က အပြန်အလှန်မေးပုံ, ဖြေပုံအလုံးစုံကို မြတ်စွာဘုရားက ဖော်ပြဟောကြားတော်မူပါတယ်၊
အဲဒီလို ဟောကြားပြီးတော့ ငါဘုရားကို စိတ်ဖြင့်ကြည်ညိုရုံမျှနဲ့ နတ်ပြည် ရောက်ကြတဲ့ သူတွေဟာ တရာလဲမကဘူး၊ နှစ်ရာလဲမကဘူး၊ အမှန်မှာတော့ ငါဘုရားကို ကြည်ညိုရုံမျှနဲ့ နတ်ပြည်ရောက်ကြတဲ့ သူတွေဟာ မရေမတွက်နိုင်အောင် များစွာပင် ရှိကြတယ် ဆိုတဲ့ အကြောင်းကို မိန့်တော်မူပါတယ်။
အဲဒီအချိန်မှာ မဋ္ဌကုဏ္ဍလီနတ်သားက သူ့ဗိမာန်နှင့်တကွ မြတ်စွာဘုရားထံ ရောက်လာပါတယ်၊ ဗိမာန်မှဆင်းပြီး မြတ်စွာဘုရားကို ရှိခိုးပြီး တည်နေတဲ့အခါ နတ်သားကို မြတ်စွာဘုရားက သင်ဟာဘယ်သူလဲ၊ လူဖြစ်စဉ် ဘယ်ကောင်းမှုပြုခဲ့လို့ နတ်ပြည်ကို ရောက်ရသလဲလို့ မေးမြန်းတော်မူပါတယ်၊
မဋ္ဌကုဏ္ဍလီပင် ဖြစ်ကြောင်း, သေခါနီး အချိန်အနည်းငယ်မျှ အတွင်းမှာ မြတ်စွာဘုရားကို ကြည်ညိုတဲ့ ကုသိုလ်ဖြစ်ခဲ့လို့ အဲဒီနတ်စည်းစိမ်ချမ်းသာကို ရတဲ့အကြောင်း လျှောက်ထားပါတယ်၊ အဲဒီအခါ များစွာသော လူထုပရိသတ်မှာ အလွန်အံ့ဩခြင်း ဝမ်းမြောက်ခြင်း ဖြစ်ပါတယ်၊ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတော် တွေဟာ အံ့ဩဖွယ် ကောင်းလှပါ ပေတယ်၊
ဘာတခုမျှ မပေးမလှူဖူးတဲ့ ပုဏ္ဏားရဲ့သား မဋ္ဌကုဏ္ဍလီဟာ တခြား ကောင်းမှုဆိုယင် ဘာတခုမျှ မပြုဖူးပါပဲနဲ့ မြတ်စွာဘုရားကို စိတ်သက်သက် ကြည်ညိုရုံမျှဖြင့် ဒီလို နတ်စည်းစိမ်ချမ်းသာကို ရပါပေတယ်လို့ ဝမ်းမြောက်အံ့ဩပြီး အချင်းချင်း ပြောကြပါတယ်၊ အဲဒီအခါမှာ မြတ်စွာဘုရားက-
မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊
မနောသေဋ္ဌာ မနောမယာ။
မသာ စေ ပသန္နေန၊
ဘာသတိ ဝါ ကရောတိ ဝါ။
တတော နံ သုခမနွေတိ၊
ဆာယာဝ အနုပါယိနီ။
ဆိုတဲ့ တရားဂါထာကို ဟောတော်မူပါတယ်၊
ဓမ္မာ၊ နာမ်တရားတို့သည်။
မနောပုဗ္ဗင်္ဂမာ၊ စိတ်လျှင် ရှေ့သွားရှိကုန်၏။
မနောသေဋ္ဌာ၊ စိတ်လျှင် အကြီးအမြတ်ရှိကုန်၏။
မနောမယာ၊ စိတ်ဖြင့်ပြီးကုန်၏။
ပသန္နေန၊ ကြည်လင်သော။
မနသာ၊ စိတ်ဖြင့်။
စေ ဘာသတိ ဝါ၊ အကယ်၍ ပြောမူလည်း ပြောဆိုငြားအံ့။
စေ ကရောတိ ဝါ၊ အကယ်၍ ပြုမူလည်း ပြုလုပ်ငြားအံ့။
တတော၊ ထိုကြည်လင်သောစိတ်ဖြင့် (ကြံခြင်း) ပြောဆိုခြင်း ပြုလုပ်ခြင်းဟူသော ကံ သင်္ခါရကြောင့်။
နံ၊ ထို(ကြံစည်) ပြောဆို ပြုလုပ်သော ပုဂ္ဂိုလ်သို့။
သုခံ၊ အကျိုးဝိပါက်ဖြစ်သော ကိုယ်ချမ်းသာ စိတ်ချမ်းသာသည်။
အနွေတိ၊ အစဉ်လိုက်ပါလေတော့၏။
(ကိမိဝ၊ ဥပမာပုံဆို အဘယ်လိုပါနည်းဟူမူ။)
အနုပါယိနီ၊ အရိပ်ရှင်ထံမှ ဖဲခွါလေ့မရှိသော။
ဆာယာ ဣဝ၊ အရိပ်ကဲ့သို့ပင်တည်း။
ဂါထာ၏အဆုံးမှာ သတ္တဝါပေါင်း ရှစ်သောင်းလေးထောင် တရားထူးရကြတယ်လို့ ဓမ္မပဒအဋ္ဌကထာမှာ ဆိုပါတယ်၊ အဲဒီ ရှစ်သောင်း လေးထောင်ဟာ လူချည်း မဟုတ်ဘူး၊ နတ်တွေလဲပါတယ်လို့ ယူဆသင့်ပါတယ်၊ ပြီးတော့ အဒိန္နပုဗ္ဗကပုဏ္ဏားနဲ့ မဋ္ဌကုဏ္ဍလီနတ်သားလဲ သောတာပန် ဖြစ်သွားတယ်လို့ဆိုပါတယ်၊
အဲဒီမှာ အထူးမှတ်ဖွယ် ကောင်းတာကတော့ မဋ္ဌကုဏ္ဍလီဟာ သေခါနီးဆဲဆဲမှာ မြတ်စွာဘုရားကို ဖူးမြင်ပြီး တခဏကလေးမျှ ကြည်ညိုတဲ့ မနောကံကုသိုလ် စေတနာသက်သက်နှင့် နတ်ပြည်ရောက်သွားတာရယ်, ပြီးတော့ အဲဒီကြည်ညိုတဲ့ ကုသိုလ်စေတနာဖြစ်တုန်းက မဂ်ဖိုလ်နိဗ္ဗာန်ကို ရည်သန်ဆုတောင်းမှု ပါပုံမရဘူး၊ ဒါပေမယ့် အဲဒီကုသိုလ်က အကျိုးပေးတဲ့ နတ်ပဋိသန္ဓေက ဉာဏသမ္ပယုတ်ဖြစ်ပြီး ဂါထာတပုဒ်တရားနာရုံနဲ့ သောတာပန် ဖြစ်သွားတယ်ဆိုတာရယ်၊ အဲဒီနှစ်ချက်ဟာ အထူးမှတ်သားဖွယ် ကောင်းပါတယ်။
ယခု ပြောလာခဲ့တာဟာ စိတ်ဝိညာဏ်ပြဋ္ဌာန်းပုံ ပြောရာက ဓမ္မပဒတရားဂါထာ နှစ်ပုဒ်ကို ရောက်လာတယ်၊ ဒါပေမယ့် မဆိုင်တာတော့ မဟုတ်ပါဘူး၊ အဲဒီတရား ဂါထာထဲက အကုသိုလ်ကံကြောင့် ဆင်းရဲဖြစ်ပေါ်တယ်, ကုသိုလ်ကံ ကြောင့် ချမ်းသာ ဖြစ်ပေါ်တယ် ဆိုတာတွေလဲ သင်္ခါရပစ္စယာ ဝိညာဏံ-သင်္ခါရကြောင့် ဝိညာဏ် ဖြစ်တယ်ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်နဲ့ဆိုင်ပါတယ်၊
ဘယ်လိုလဲ ဆိုတော့ကာ အဲဒီဆင်းရဲနဲ့ချမ်းသာတွေ ဖြစ်တိုင်းဖြစ်တိုင်း ဝိညာဏ်နဲ့ တွဲပြီးဖြစ်တယ်၊ အဲဒီဝိညာဏ်ဟာ သင်္ခါရကြောင့်ဖြစ်တဲ့ ဝိညာဏ်ပါပဲ၊ အဲဒီ ဝိညာဏ်ဖြစ်တိုင်း ဖြစ်တိုင်းဖဿ ဝေဒနာအစရှိသော တွဲဖက်နာမ်တရား တွေလဲ ဖြစ်တယ်၊ ဝိညာဏ်၏ မှီရာ ရုပ်နှင့်တကွ တကိုယ်လုံး ရုပ်တွေလဲ ဖြစ်လဲဖြစ် တည်မြဲလဲ တည်နေတယ်၊ ဒါကြောင့် ဝိညာဏပစ္စယာ နာမရူပံ-ဝိညာဏ်ကြောင့် နာမ်နဲ့ရုပ် ဖြစ်တယ်-လို့ ဟောထားတာပါပဲ။
နာမ်ရုပ်ကြောင့် သဠာယတနဖြစ်သည်
ယခု “နာမရူပပစ္စယာ သဠာယတနံ=နာမ်ရုပ်ကြောင့် သဠာယတန ဖြစ်သည်”ဆိုတဲ့ အပိုဒ်ကို ဟောကြစို့၊ ဒီအပိုဒ်ကတော့ အလွန်နက်နဲပါတယ်၊ ကိုယ်ပိုင် ဉာဏ်နဲ့ သိဖို့ အပုံခက်ပါတယ်၊ ဒေသနာနည်းအရ ရှေးဦးစွာ ပြောရမှာပဲ၊ “နာမ်နဲ့ ရုပ်ကြောင့်”လို့ ဆိုရာမှာ အကြောင်းပစ္စည်းဖြစ်တဲ့ နာမ်အရက စေတသိက်ခန္ဓာသုံးပါးတဲ့၊ ရုပ်အရ ကတော့ ဘူတရုပ် ၄-ပါး၊ ဝတ္ထုရုပ် ၆-ပါး၊ ဇီဝိတရုပ်၊ အာဟာရရုပ် ဆိုတဲ့ ရုပ်များ ဖြစ်ပါတယ် တဲ့။
အကျိုးပစ္စယုပ္ပန်ကတော့ စက္ခု သောတ ဃာန ဇိဝှါကာယ မန-လို့ခေါ်တဲ့ အာယတန ၆-ပါးပါပဲ၊ ဗမာလိုဆိုယင်တော့ မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဆိုတာတွေပေါ့၊ ဒီ ၆-ပါးဟာ ဝီထိစိတ်ဖြစ်ကြောင်း ဒွါရတွေလဲ ဖြစ်ပါတယ်၊ အကြောင်းအကျိုး ဆက်စပ်ပုံကတော့ အရူပဘုံမှာ ပဋိသန္ဓေမှစပြီး စုတိတိုင်အောင် တဘဝလုံး စိတ်တိုင်း စိတ်တိုင်းဟာ တွဲဖက် စေတသိက်နာမ်ကြောင့် ဖြစ်တယ်၊ အဲဒါဟာ နာမ်ကြောင့် မနာယတန ဖြစ်ပုံပါပဲ၊ ဒါပေမယ့် အဲဒါကို ကိုယ်ပိုင်ဉာဏ်နဲ့ သိဖို့ကတော့ ခက်ပါတယ်၊ အဲဒီအရူပဘုံက အရိယာပုဂ္ဂိုလ်များလောက်သာ သိနိုင်ဖို့ရှိပါတယ်၊ သာမန်ပုဂ္ဂိုလ်တွေ အနေနဲ့တော့ ပိဋကစာပေအရနဲ့ မှတ်သားပြီး သညာသိလောက်ပဲ ဖြစ်နိုင်ဖို့ရှိပါတယ်။
နောက်ပြီးတော့ လူ့ဘဝလို ရုပ်နာမ်နှစ်ပါးလုံးရှိတဲ့ဘဝမှာ ပဋိသန္ဓေမှစပြီး ဝိပါက်စိတ် ဖြစ်တိုင်းဖြစ်တိုင်း အဲဒီ ဝိပါက်စိတ်ဟာ တွဲဖက်စေတသိက် နာမ်ကြောင့် ဖြစ်တယ်၊ ဝိပါက်စိတ်ဆိုတာ အကောင်းအဆိုး အာရုံတွေကို မြင်ရကြားရ တွေ့ရသိရတဲ့အခါမှာ မြင်ရုံမျှ ကြားရုံမျှ တွေ့ရုံမျှ သိရုံမျှ စိတ်မျိုးတွေကို ဆိုပါတယ်၊ အဲဒီအထဲမှာ မြင်တဲ့စိတ်ဆိုယင် သူ့သက်သက်နဲ့မဖြစ်နိုင်ဘူး၊
အဆင်းအာရုံကို နှလုံးသွင်းတဲ့ မနသိကာရ ဆိုတာလဲ ရှိမှ၊ အဲဒီ အာရုံကို ထင်ရှား တွေ့တဲ့ ဖဿဆိုတာလဲရှိမှ၊ မြင်အောင် ကြောင့်ကြပြုတဲ့ စေတနာဆိုတာလဲရှိမှ၊ အဲဒီလို တွဲဖက်စေတသိက် နာမ်တရားတွေကလဲ တပြိုင်နက်တပေါင်းတည်းဖြစ်ပါမှ အဲဒီမြင်တဲ့စိတ်ဆိုတာ ဖြစ်နိုင်ပါတယ်၊ အဲဒါကို အတူတကွဖြစ်ပြီး ကျေးဇူးပြုတဲ့ သဟဇာတပစ္စည်းခေါ်တယ်၊
ဥပမာ-လူလေးယောက်ပြိုင်တူ မ, မှ ကြွတက်လာမည့် ပစ္စည်းတခုကို ခေါင်းဆောင် လူကြီးတယောက်ထဲ မ-လို့မရဘူး၊ နောက်လိုက်ငယ်သား ၃-ယောက်ပါ တပြိုင်နက် ညီတူ မ, လိုက်မှ ရသလိုပါပဲ၊ ဒီမှာလဲ စိတ်ဝိညာဏ်ဟာ အကြီးအကဲဖြစ်ပေမယ့် သူ့ချည်းသက်သက်တော့ မဖြစ်နိုင်ဘူး၊ တွဲဖက်စေတသိက် နာမ်တရားတွေပါ တပြိုင်နက်ညီတူဖြစ်ပါမှ သူလဲရောပြီးဖြစ်နိုင်ပါတယ်၊
ဒါကြောင့် တွဲဖက်စေတသိက် နာမ်တရားတွေက စိတ်ဝိညာဏ်ကို တပြိုင်နက်ဖြစ်တဲ့ သဟဇာတပစ္စာယသတ္တိဖြင့် ကျေးဇူးပြုတယ်လို့ ပဋ္ဌာန်းနည်းအားဖြင့် ပြောဆိုရ ပါတယ်၊ အဲဒါလဲ သိဖို့ခက်ပါတယ်၊ ဒေသနာနည်းအရနဲ့ မှတ်ထားရတာပါပဲ၊ ကြားတဲ့စိတ်စသည်ကိုလဲ မြင်တဲ့စိတ်လိုပဲ နာမ်ကကျေးဇူးပြုတယ်လို့ မှတ်ရပါတယ်။
နောက်ပြီးတော့ အဲဒီစိတ်ရဲ့တွဲဖက် နာမ်တရားတွေက ပဋိသန္ဓေခဏမှာရှိတဲ့ စက္ခု သောတ ဃာန ဇိဝှါ ကာယဆိုတဲ့ အာယတနငါးပါး ရုပ်တရားတွေကိုလဲ သဟဇာတအစရှိသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုတယ်တဲ့၊
ဂဗ္ဘသေယျက ပဋိသန္ဓေ ခဏမှာဆိုယင် ဒီအာယတနငါးပါးထဲက ကာယတခုပဲ ရှိပါတယ်၊ သံသေဒဇ ဥပပါတ် ပဋိသန္ဓေခဏများမှာ ဆိုယင်တော့ ငါးပါးလုံးလဲ ရှိနိုင်ပါတယ်၊ အဲဒီရှိတဲ့ အာယတန တွေကို ကျေးဇူးပြုတယ်လို့ ဆိုလိုပါတယ်၊ ဒါက ပဋိသန္ဓေခဏဆိုတော့ သိဖို့ သာပြီး ခက်ပါသေးတယ်၊ ဘုရားဉာဏ်တော်နဲ့ ဟောထားတဲ့အတိုင်း မှတ်သားရတာပါပဲ၊
ပဋိသန္ဓေကနောက် ပဝတ္တိကာလမှာတော့ စက္ခု သောတ ဃာန ဇိဝှါ ကာယဆိုတဲ့ ရုပ်အာယတန ငါးပါးကို ဝိပါက်နာမ်ကရော ဝိပါက်မဟုတ်တဲ့ နာမ်ကရော တည်မြဲတည်အောင် ထောက်ပံ့ရုံသာ ထောက်ပံ့ပါတယ်တဲ့၊ ဒါကတော့ နာမ်မရှိယင် ရုပ်ချည်းသက်သက် မတည်တံ့နိုင်တဲ့အတွက် သဘောပေါက်စရာရှိပါတယ်၊ အဲ ယခုပြောခဲ့တာတွေဟာ နာမ်ကြောင့် သဠာယတနခေါ်တဲ့ အာယတန ၆-ပါး ဖြစ်ပုံတွေပါပဲ။
ရုပ်ကြောင့် အာယတနဖြစ်ပုံ
ရုပ်ကြောင့် အာယတနဖြစ်ပုံကတော့ ပဋိသန္ဓေကာလမှာ ဟဒယဝတ္ထုခေါ်တဲ့ နှလုံးသွေးထဲက ရုပ်ကိုမှီပြီး ပဋိသန္ဓေစိတ် ဖြစ်ရတယ်၊ အဲဒါ မှီရာရုပ်ကြောင့် မနာယတနဖြစ်တာပဲ၊ မျက်စိ နား နှာ လျှာ ကိုယ် ဆိုတဲ့ မှီရာရုပ်ကြောင့် မြင်တဲ့စိတ် ကြားတဲ့စိတ် နံတဲ့စိတ် အရသာသိတဲ့စိတ် ထိသိတဲ့စိတ် ဆိုတဲ့ မနာယတနဖြစ်တယ်၊
ဒါကတော့ ထင်ရှားပါတယ်၊ နောက်ပြီးတော့ နှလုံးသွေးမှီရာရုပ်ကြောင့် ကြံသိစိတ် ဆိုတဲ့ မနာယတန ဖြစ်တယ်၊ ဒါလဲ ထင်ရှားပါတယ်၊ ဒါက ရုပ်ကြောင့် မနာယတန ဖြစ်ပုံတဲ့။
ကိုယ်ထဲမှာရှိတဲ့ မျက်စိ အဆင်း အစရှိတဲ့ အသေးအမွှား ဥပါဒါရုပ် ဟူသမျှဟာ ပထဝီ အာပေါ တေဇော ဝါယော ဆိုတဲ့ဘူတရုပ် ၄-ပါးကိုမှီပြီး ဖြစ်ရတယ်၊ ဒါကြောင့် မျက်စိ နား နှာ လျှာ ကိုယ်ဆိုတဲ့ ပသာဒရုပ် အာယတနငါးပါးဟာ ဘူတရုပ်ကြောင့် ဖြစ်ရတယ်၊ မျက်စိ နား အစရှိသော (ကံကြောင့် ဖြစ်တဲ့) ကမ္မဇရုပ်တွေဟာ ဇီဝိတရုပ်ကိုမှီပြီး မပြတ်ဖြစ်နေကြတယ်၊ ဒါကြောင့် ဇီဝိတခေါ်တဲ့ အသက်ရုပ်ကြောင့် မျက်စိအစရှိသော ရုပ်အာယတနငါးပါးဖြစ်ရတယ်၊
နောက်ပြီးတော့ အာဟာရဆိုတဲ့ ရုပ်ကြောင့်လဲ အဲဒီရုပ်အာယတန ငါးပါးတည်မြဲ တည်နေရတယ်၊ ယခုပြောခဲ့တာ တွေဟာ ရုပ်ကြောင့် သဠာယတနခေါ်တဲ့ အာယတန ၆-ပါး ဖြစ်ပုံတွေပါပဲ၊ အဲဒါတွေကတော့ ကျမ်းဂန်အရပြောတာပဲ၊ နားလည်တာလဲ ရှိမယ်၊ နားမလည်တာလဲ ရှိမယ်။
ယခု ယောဂီတွေနားလည်ရုံ အကျဉ်းချုပ်ပြောမယ်၊ စိတ်ဟာ သူတခုထဲသက်သက် မဖြစ်နိုင်ဘူး၊ အာရုံကို နှလုံးသွင်းမှု (မနသိကာရ)လဲ ရှိရမယ်၊ အာရုံကို ထင်ရှားတွေ့မှု (ဖဿ)လဲ ရှိရမယ်၊ အာရုံကိုသိအောင်ကြောင့်ကြစိုက်မှု (စေတနာ)လဲ ရှိရမယ်၊ အောက်ထစ်ဆုံး ဒီသုံးပါးထင်ရှားရှိမှ စိတ်ဖြစ်နိုင်တယ်ဆိုတာ ဆင်ခြင်ကြည့်ယင် ဆင်ခြင်ဉာဏ်ရှိတဲ့ လူတိုင်းပဲ သဘောပေါက်နိုင်ပါတယ်၊
ဒါကြောင့် စိတ်ဖြစ်တိုင်း ဖြစ်တိုင်း မနသိကာရ ဖဿ စေတနာ အစရှိသော နာမ်တရားတွေကြောင့် ဖြစ်တယ်ဆိုတာ ရှေးဦးစွာ မှတ်သားကြရမယ်၊
(ဤနေရာ၌ သိပြီးမှ ခံစားနိုင်သည် မှတ်သားနိုင်သည်ဟု အများက ထင်နေကြ သောကြောင့် ဝေဒနာနှင့် သညာတို့ကို လည်းကောင်း, အသိခက်သောကြောင့် ဧကဂ္ဂတာနှင့် ဇီဝိတတို့ကို လည်းကောင်း သရုပ်မဖော်တော့ပဲ အစရှိသောဟူ၍ သိမ်းပြောလိုက်သည်။ ပညာရှိတို့ သတိပြုရန်။)
တရံတခါမှာ လောဘကြောင့် လိုချင်မက်မောတဲ့ စိတ်တွေ သာယာတပ်မက် တဲ့စိတ်တွေ ထပ်ကာ ထပ်ကာ ဖြစ်နေတာကိုလဲ တွေ့ရတယ်၊ ဒေါသကြောင့် စိတ်ဆိုးတဲ့စိတ်တွေ၊ မောဟကြောင့် မဟုတ်တာတွေကို အဟုတ်ထင်တဲ့စိတ်တွေ၊ မာနကြောင့် ထောင်လွှားတဲ့စိတ် မခံချင်တဲ့စိတ်တွေ ထပ်ကာထပ်ကာ ဖြစ်နေတာ ကိုလဲ တွေ့ရတယ်၊
ဒိဋ္ဌိကြောင့် “အသက်ရှင်နေတဲ့ သတ္တဝါကောင် တကယ်ရှိနေတယ်”ထင်တဲ့ စိတ်တွေ၊ ဝိစိကိစ္ဆာကြောင့် ဘုရား တရား သံဃာ အကျင့်သိက္ခာနဲ့စပ်ပြီး ဟုတ်မှဟုတ်ပါ့မလား စသည်ဖြင့် စဉ်းစားဝေဖန်တဲ့စိတ်တွေ အချို့လူတွေမှာ ထပ်ကာ ထပ်ကာ ဖြစ်နေတတ်တယ်၊
ပျံ့လွင့်တဲ့ ဥဒ္ဓစ္စကြောင့် မတည်ငြိမ်တဲ့စိတ်တွေ၊ ကုက္ကုစ္စကြောင့် နောင်တပူပန်တဲ့ စိတ်တွေ၊ ဣဿာကြောင့် မနာလိုတဲ့စိတ်တွေ၊ မစ္ဆေရကြောင့် ဝန်တိုတဲ့စိတ်တွေ၊ ဒေါမနဿကြောင့် နှလုံးမသာတဲ့စိတ် စိုးရိမ်ပူဆွေးတဲ့စိတ် ကြောက်လန့်တဲ့စိတ် စက်ဆုပ်ရွံ့ရှာတဲ့ စိတ်တွေ တရံတခါ ထပ်တလဲလဲဖြစ်နေတာကိုလဲ တွေ့ရတယ်၊ ခံစားဖူးတဲ့ ဝေဒနာကြောင့်, မှတ်သားဖူးတဲ့ သညာကြောင့် ပြန်လည်စဉ်းစားတဲ့ စိတ်တွေ ထပ်တလဲလဲဖြစ်နေတာကိုလဲ တွေ့ရတယ်၊ အဲဒါဟာ အကုသိုလ်စေတသိက် နာမ်တရားတွေကြောင့် မနာယတနခေါ်တဲ့ စိတ်တွေ ဖြစ်နေတာပဲ။
နောက်ပြီးတော့ တရံတခါမှာ သဒ္ဓါကြောင့် ကြည်ညိုတဲ့စိတ်တွေ ထပ်တလဲလဲ ဖြစ်နေတာကိုလဲ တွေ့ရတယ်၊ သတိကြောင့် ဘုရား တရား ကုသိုလ်ရေးကို အမှတ်ရတဲ့ စိတ်တွေဖြစ်နေတာကိုလဲ တွေ့ရတယ်၊ ဟိရီ ဩတ္တပ္ပကြောင့် မကောင်းမှု အကုသိုလ်ဖြစ်ပွါးမှာ ပြုရမှာကို ရှက်ကြောက်နေတာကိုလဲ တွေ့ရတယ်၊
အလောဘကြောင့် လိုချင်မက်မောခြင်းကင်းတဲ့ စိတ်တွေ၊ အဒေါသကြောင့် သည်းခံလိုတဲ့စိတ် သူတပါးအား ချမ်းသာစေလိုတဲ့စိတ် အကျိုးဆောင်လိုတဲ့ စိတ်တွေ၊ ကရုဏာကြောင့် သနားကြင်နာတဲ့စိတ်တွေ၊ မုဒိတာကြောင့် သူတပါးချမ်းသာတာကို ဝမ်းမြောက်တဲ့စိတ်တွေ ဖြစ်နေတာကိုလဲ တွေ့ရတယ်၊
အမောဟကြောင့် ကံ ကံ၏အကျိုးကို ဆင်ခြင် မြင်သိတဲ့စိတ်တွေ, ရုပ်နာမ် အနိစ္စ ဒုက္ခ အနတ္တ စသည်ကို ဆင်ခြင် မြင်သိတဲ့စိတ်တွေ ထပ်တလဲလဲ ဖြစ်နေတာကို တွေ့ရတယ်၊ အဲဒါဟာ ကုသိုလ်စေတသိက် နာမ်တရားတွေကြောင့် မနာယတန ခေါ်တဲ့စိတ်တွေ ဖြစ်နေတာပါပဲ၊ ဒီကုသိုလ်အရာမှာလဲ ဝေဒနာသညာကြောင့်ဖြစ်တဲ့ စိတ်တွေဟာလဲ ထင်ရှားပါတယ်။
ဒါကြောင့် ယောဂီဟာ ကုသိုလ် အကုသိုလ် စေတသိက် နာမ်တရားကြောင့် စိတ်ဝိညာဏ်ဆိုတဲ့ မနာယတနဖြစ်တယ်ဆိုတာ ကိုယ်ပိုင်ဉာဏ်နဲ့ပဲ သဘောပေါက် နိုင်ပါတယ်။
နောက်ပြီးတော့ မျက်စိ နား အစရှိသော မှီရာရုပ်ရှိမှ မြင်သိတဲ့စိတ် ကြားသိတဲ့စိတ် အစရှိသော မနာယတန ဖြစ်နိုင်တယ်ဆိုတာလဲ ယောဂီက မြင်တယ် ကြားတယ် စသည်ဖြင့် ရှုမှတ်ယင်းပဲ သဘောပေါက်သွားနိုင်ပါတယ်၊ အဲဒါဟာ မှီရာရုပ်ကြောင့် မနာယတနဖြစ်တာကို သိတာပါပဲ၊ ဒါလောက်ဆိုယင် သဠာယတနဆိုတဲ့ အာယတန ၆-ပါးထဲက ၆-ခုမြောက်ဖြစ်တဲ့ မနာယတနဟာ နာမ်ရုပ်ကြောင့်ဖြစ်တယ်ဆိုတာ ရှင်းလောက်ပါပြီ။
ယခု ရုပ်အာယတန ငါးပါးဖြစ်ပုံကို ပြောမယ်၊ သက်ရှိရုပ်တွေဟာ နာမ်မရှိယင် မဖြစ်နိုင်ဘူး မတည်တံ့နိုင်ဘူး၊ ဒါကြောင့် မျက်စိအကြည် အစရှိသော စိတ်ဖြစ်ကြောင်းအင်္ဂါ အာယတနငါးပါးဟာ နာမ်တရားတွေရှိနေလို့ ဖြစ်နေတယ် ဆိုတာ သိရပါတယ်၊ အဲဒါ နာမ်ကြောင့် ပသာဒရုပ် အာယတန ငါးပါးဖြစ်နေတယ် ဆိုတာကို သိပုံပါပဲ၊
ရုပ်ကြောင့် ဖြစ်ပုံကတော့ မျက်စိအကြည် နားအကြည် နှာခေါင်းအကြည် လျှာအကြည် ကိုယ်အကြည်ဆိုတဲ့ အကြည်ရုပ်ငါးပါးဟာ မှီရာရုပ်ကြမ်းတွေ မရှိပဲ မဖြစ်နိုင်ဘူး၊ မှီရာရုပ်ကြမ်းတွေရှိမှပဲ ဖြစ်နိုင်တယ်၊ ဥပမာ-မှန်အကြည်ဆိုတာ မှန်အမာခံ ရုပ်ကြမ်းကြီးရှိမှ တည်ရှိနိုင်တယ်။
အဲဒါလိုပဲ မျက်စိအကြည်ဆိုတဲ့ရုပ်ဟာ ခက်မာ ကြမ်းတမ်းတဲ့ ပထဝီဆိုတဲ့ အမာခံ ရုပ်ကြမ်းလဲ ရှိမှ၊ အာပေါဆိုတဲ့ ဖွဲ့တွယ်စေးကပ်တဲ့ ရုပ်ကြမ်းလဲ ရှိမှ၊ တေဇောဆိုတဲ့ အခိုးအငွေ့ရုပ်ကြမ်းလဲ ရှိမှ၊ ဝါယောဆိုတဲ့ တောင့်ခံထားတဲ့ ရုပ်ကြမ်းလဲ ရှိမှ၊ အဲဒီ ဘူတခေါ်တဲ့ ရုပ်ကြမ်းကြီး လေးခုကို မှီပြီး ကြည်လင်ရတယ်၊ အကြမ်းဖျင်းအားဖြင့် ပြောရမယ်ဆိုယင်တော့ မျက်လုံးသားရုပ်ကြမ်းကြီးရှိလို့ အဲဒီ မျက်လုံးသာ ရုပ်ကြမ်းကြီးကို မှီပြီး မျက်စိအကြည်ရုပ် ဖြစ်ရတယ်၊ နား နှာခေါင်း လျှာ ကိုယ် အကြည်ရုပ်ဆိုတာတွေလဲ နည်းတူပါပဲ၊
နား နှာခေါင်း လျှာဆိုတဲ့ ရုပ်ကြမ်းတွေ တကိုယ်လုံးက ရုပ်ကြမ်းတွေကို မှီပြီး ကြည်လင်ကြ ဖြစ်ကြရတယ်၊ နောက်ပြီးတော့ ဇီဝိတခေါ်တဲ့ အသက်ရုပ် အရှင်ရုပ်ကြောင့်လဲ ထပ်ကာထပ်ကာ မပြတ်ဖြစ်နေ ကြရတယ်၊ နောက်ပြီးတော့ စားသောက်တဲ့ အစာအာဟာရရုပ်ကြောင့်လဲ မပြတ်ဖြစ်ပြီး တည်နေနိုင်ကြတယ်၊ ဒါဟာ ရုပ်ကြောင့် မျက်စိ နား နှာ လျှာ ကိုယ်ဆိုတဲ့ အကြည်ရုပ် အာယတနငါးပါး ဖြစ်ပုံပါပဲ၊ ဒါတွေဖြစ်ပုံကိုတော့ ဆင်ခြင်ကြည့်ယင် သဘောပေါက်နိုင်လောက်ပါတယ်။
အတိုချုပ်အားဖြင့်ဆိုယင် မြင်တိုင်းကြားတိုင်းနံတိုင်း စားသိတိုင်းထိသိတိုင်း ထင်ရှား ပေါ်နေကြတဲ့ မျက်စိကြည်လင်မှုအစရှိသော ရုပ်အာယတနငါးပါးဟာ သိမှု နာမ်တရား တွေကလဲ ရှိနေလို့၊ မျက်လုံးသား အစရှိသော ရုပ်ကြမ်းတွေကလဲ ရှိနေလို့၊ ဇီဝိတ ခေါ်တဲ့ အသက်ရုပ်နဲ့ စားသောက်တဲ့ အစာအာဟာရရုပ်ကလဲ ရှိနေလို့ ဖြစ်နေကြပါတယ်၊ အဲဒါဟာ နာမ်ရုပ်ကြောင့် ရုပ် အာယတနငါးပါး ဖြစ်နေပုံပါပဲ။
စိတ်ကူးစဉ်းစား ကြံသိတဲ့ မနာယတနဆိုတဲ့ စိတ်ဟာလဲ လောဘ အစရှိသော အကုသိုလ်နာမ်တရား၊ သဒ္ဓါအစရှိသော ကုသိုလ်နာမ်တရား၊ ဖဿအစရှိသော တွဲဖက်နာမ်တရားတွေကြောင့် ဖြစ်တယ်၊ မှီရာ ဝတ္ထုရုပ်ကြောင့်လဲ ဖြစ်တယ်၊ နောက်ပြီးတော့ အဲဒီ ကြံသိတဲ့စိတ်တွေဟာ မူလ ပင်ရင်းဖြစ်တဲ့ ဘဝင်စိတ်မှ ထပြီး ဖြစ်ပေါ်လာကြတယ်၊ အဲဒီ ဘဝင်စိတ်ဟာ မနောဒွါရဝီထိစိတ်တွေ ဖြစ်ပေါ်ဖို့ရာ အကြောင်းဖြစ်လို့ သူ့ကို မနောဒွါရလို့ ခေါ်တယ်၊ အဲဒီ မနောဒွါရလို့ခေါ်တဲ့ ဘဝင်စိတ် မနာယတနဟာလဲ တွဲဖက်နာမ်တရားတွေနဲ့ မှီရာရုပ်ကြောင့် ဖြစ်တာပဲ။
ဒါလောက်ဆိုယင် နာမ်ရုပ်ကြောင့် အာယတန ၆-ပါး ဖြစ်တယ်ဆိုတာ တော်တော် သဘောပေါက်လောက်ပါပြီ၊ ဒါပေမယ့် ဒီအပိုဒ်က နက်နဲတယ်၊ အစိတ်အပိုင်းတွေ ကလဲ များတယ်၊ မှတ်မိဖို့ရာ တယ်မလွယ်လှဘူး၊ ဒါကြောင့် ဒွါရ ၆-ပါးနဲ့ အသီးအသီး ခွဲပြဦးမယ်။
နာမ်ရုပ်ကြောင့် အာယတန ၆-ပါး ဖြစ်ပုံ အကျဉ်းချုပ်
မြင်တဲ့အခါ မျက်စိအကြည်က စက္ခာယတန၊ မြင်သိတဲ့စိတ်က မနာယတန၊ ဒီနှစ်ခုထဲက မျက်စိအကြည်ရုပ်ဟာ အသိနာမ်မရှိတဲ့ သူသေကောင် တုံး တိုင် စသည်မှာ ဖြစ်ပါ့မလား၊ မဖြစ်ဘူး၊ ဇီဝိတခေါ်တဲ့ အသက်ရုပ်မရှိတဲ့ သူသေကောင်တုံး တိုင်စသည်မှာ ဖြစ်ပါ့မလား၊ မဖြစ်ဘူး၊ အသိနာမ်လဲရှိ အသက်ရုပ်လဲရှိတဲ့ အရှင်ရုပ်ကိုယ်ထဲမှာသာ ဖြစ်တယ်၊ နောက်ပြီးတော့ အဲဒီမျက်စိအကြည်ရုပ်ဟာ အစာအာဟာရမရှိယင်လဲ မဖြစ်နိုင်ဘူး၊ မှီရာတည်ရာ မရှိတဲ့ ဟင်းလင်းပြင်မှာလဲ မဖြစ်နိုင်ဘူး၊
အစာအာဟာရလဲရှိတဲ့ ကိုယ်ထဲက မျက်လုံးသားရုပ်ကိုသာ မှီပြီးတော့ဖြစ်တယ်၊ ပြီးတော့ မြင်သိတဲ့စိတ်ကလဲ မျက်စိရုပ် မရှိယင် မဖြစ်နိုင်ဘူး၊ မှီရာမျက်စိရုပ်ရှိမှ ဖြစ်နိုင်တယ်၊ နှလုံးသွင်းမှု ကြောင့်ကြစိုက်မှု အဆင်းကို တွေ့မှုဆိုတဲ့ နာမ်တရားတွေ မရှိယင်လဲ မဖြစ်နိုင်ဘူး၊ အဲဒီနာမ်တရားတွေရှိမှ ဖြစ်နိုင်တယ်၊
ဒါကြောင့် “မျက်စိအကြည်ဆိုတဲ့ စက္ခာယတနဟာ အသိနာမ် ကြောင့်လဲဖြစ်တယ်၊ မှီရာမျက်လုံးသားခေါ်တဲ့ ဘူတရုပ် ဇီဝိတရုပ် အာဟာရရုပ် များကြောင့်လဲ ဖြစ်တယ်၊ အဲဒီ နာမ်ရုပ်နှစ်မျိုးကြောင့် ဖြစ်တယ်”လို့ ဆိုရတယ်၊ မြင်သိမှုဆိုတဲ့ မနာယတနဟာလဲ နှလုံးသွင်းမှု အစရှိသော တွဲဖက်နာမ်နဲ့ မှီရာရုပ် မျက်စိရုပ်ကြောင့် ဖြစ်တယ်လို့ ဆိုရတယ်။
ကျန်တဲ့ အာယတနတွေတော့ တိုတိုပြောရမယ်၊ ကြားတဲ့အခါ နားအကြည်က သောတာယတန၊ ကြားသိတဲ့စိတ်က မနာယတန၊ ဒီနှစ်ခုထဲမှာ နားအကြည်ဆိုတဲ့ သောတာယတနဟာ အသိနာမ်ကြောင့်လဲ ဖြစ်တယ်၊ မှီရာ နားရုပ်ကြမ်းနဲ့ ဇီဝိတ အာဟာရရုပ်များကြောင့်လဲ ဖြစ်တယ်၊ အဲဒီ နာမ်ရုပ်နှစ်မျိုးကြောင့် ဖြစ်တယ်၊ ကြားသိတဲ့စိတ် မနာယတနဟာလဲ တွဲဖက်နာမ်နဲ့ မှီရာ နားရုပ်ကြောင့် ဖြစ်တယ်။
နံတဲ့အခါ နှာအကြည်က ဃာနာယတန၊ နံသိတဲ့စိတ်က မနာယတန၊ ဒီနှစ်ခုထဲမှာ နှာအကြည်ဆိုတဲ့ ဃာနာယတနဟာ အသိနာမ်ကြောင့်လဲဖြစ်တယ်၊ မှီရာ နှာခေါင်းရုပ်ကြမ်းနဲ့ ဇီဝိတ အာဟာရရုပ်များကြောင့်လဲ ဖြစ်တယ်၊ အဲဒီနာမ်ရုပ် နှစ်မျိုးကြောင့်ဖြစ်တယ်၊ နံသိတဲ့စိတ် မနာယတနဟာလဲ တွဲဖက်နာမ်နဲ့မှီရာ နှာခေါင်းရုပ်ကြောင့် ဖြစ်တယ်။
စားသိတဲ့အခါ လျှာအကြည်က ဇိဝှါယတန၊ အရသာသိတဲ့စိတ်က မနာယတန၊ ဒီနှစ်ခုထဲမှာ လျှာအကြည်ဆိုတဲ့ ဇိဝှါယတနဟာ အသိနာမ်ကြောင့်လဲ ဖြစ်တယ်၊ မှီရာ လျှာရုပ်ကြမ်းနဲ့ ဇီဝိတ အာဟာရရုပ်များကြောင့်လဲ ဖြစ်တယ်၊ အဲဒီ နာမ်ရုပ်နှစ်မျိုးကြောင့် ဖြစ်တယ်၊ အရသာသိတဲ့စိတ် မနာယတနဟာလဲ တွဲဖက် နာမ်ကြောင့်လဲ ဖြစ်တယ်၊ မှီရာ လျှာရုပ်ကြောင့်လဲ ဖြစ်တယ်။
ထိသိတဲ့အခါ ကိုယ်အကြည်က ကာယာယတန၊ ထိသိတဲ့စိတ်က မနာယတန၊ ဒီနှစ်ခုထဲမှာ ကိုယ်အကြည်ဆိုတဲ့ ကာယာယတနဟာ အသိနာမ်ကြောင့်လဲ ဖြစ်တယ်၊ မှီရာ ကိုယ်ရုပ်ကြမ်းနဲ့ ဇီဝိတ အာဟာရရုပ်များကြောင့်လဲ ဖြစ်တယ်၊ အဲဒီ နာမ်ရုပ်နှစ်မျိုးကြောင့် ဖြစ်တယ်၊ ထိသိတဲ့စိတ် မနာယတနဟာလဲ တွဲဖက်နာမ်နဲ့ မှီရာရုပ်ကြောင့် ဖြစ်တယ်။
ကြံသိတဲ့အခါ မူလရင်း ဘဝင်စိတ်လဲ မနာယတန၊ ကြံသိတဲ့စိတ်လဲ မနာယတန၊ ဒီနှစ်ခုထဲမှာ ဘဝင်စိတ်က တွဲဖက် နာမ်နဲ့ မှီရာ နှလုံးရုပ်ကြောင့် ဖြစ်တယ်၊ ကြံသိတဲ့စိတ်ကတော့ မနသိကာရစသော တွဲဖက်နာမ်တရားတွေကြောင့်လဲ ဖြစ်တယ်၊ လောဘ ဒေါသစသော အကုသိုလ် နာမ်တရားတွေကြောင့်လဲ ဖြစ်တယ်၊ သဒ္ဓါသတိစသော ကုသိုလ် နာမ်တရားတွေကြောင့်လဲ ဖြစ်တယ်၊ မှီရာ နှလုံးရုပ်ကြောင့်လဲ ဖြစ်တယ်၊ အဲဒီ နာမ်ရုပ်နှစ်မျိုးကြောင့် ဖြစ်တယ်။
ဒါကြောင့် -
နာမရူပပစ္စယာ၊ နာမ်နဲ့ရုပ်ဟူသော အကြောင်းကြောင့်။
သဠာယတနံ၊ ခြောက်ပါးသော အာယတနသည်။
သမ္ဘဝတိ၊ ဖြစ်သည်-
လို့ ဟောတော်မူပါတယ်၊
ဒါပေမယ့် ယခု ပြောခဲ့တဲ့အတိုင်း နာမ်နဲ့ရုပ်ကြောင့် အာယတန ၆-ပါး ဖြစ်ပေါ် လာပုံကိုတော့ ဘုရားအလောင်းတော်များသာ ပြည့်ပြည့်စုံစုံသိနိုင်ဖို့ ရှိပါတယ်၊ သာဝကထဲက ဆိုယင်တော့ အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလ္လာန်တို့တောင် သောတာပန်မဖြစ်ခင်က ဒါလောက် ကျယ်ကျယ်ပြန့်ပြန့် သိနိုင်ဟန် မတူပါဘူး၊ ဘာကြောင့်လဲဆိုလျှင် အရှင်သာရိပုတ္တရာ အလောင်းဥပတိဿပရိဗိုဇ်ဟာ အရှင် အဿဇိမထေရ်ဟောတဲ့ ဂါထာတပုဒ်ကို နာနေတုန်း ဂါထာမဆုံးခင် တဝက်မျှနဲ့ သောတာပတ္တိ မဂ်ဖိုလ်ရောက်ပြီး သောတာပန်ဖြစ်သွားတယ်လို့ ဆိုပါတယ်၊ အဲဒါ ချင့်ချိန်နိုင်အောင် အဲဒီ ဂါထာကို ဒီမှာ ထုတ်ပြဦးမယ်။
အဂ္ဂသာဝကကြီးနှစ်ပါး သောတာပန်ဖြစ်တဲ့တရား
ယေ ဓမ္မာ ဟေတုပ္ပဘဝါ၊
တေသံ ဟေတုံ တထာဂတော အာဟ။
တေသဉ္စ ယော နိရောဓော၊
ဧဝံဝါဒီ မဟာသမဏော-တဲ့။
ယေ ဓမ္မာ၊ အကြင်တရားတို့သည်။
ဟေတုပ္ပဘဝါ၊ အကြောင်းလျှင် အမွန်အစရှိကုန်၏။
တေသံ၊ ထိုအကြောင်းလျှင် အမွန်အစရှိသော (အကျိုး) တရားတို့၏။
ဟေတုံ၊ အကြောင်းကို။
တထာဂတော၊ ငါတို့၏ ဆရာဘုရားသည်။
အာဟ၊ ဟောကြားတော်မူ၏။
(ဒါလောက် ကြားနာရရုံနဲ့ သောတာပန်ဖြစ်သွားသတဲ့၊ အဲဒါ နာရတဲ့အချိန်ပိုင်းနဲ့ အကြောင်းအကျိုးဆက် ကျယ်ပြန့်ပုံ နှိုင်းချိန်ကြည့်ဖို့ပါပဲ။)
တေသံ၊ ထို အကြောင်းအကျိုးတရားတို့၏၊
ယောနိရောဓော၊ အကြင်ချုပ်ခြင်းသည်။
ဝါ၊ အကြင်ချုပ်ခြင်းနှင့် ချုပ်ခြင်းသို့ရောက်ကြောင်းသည်။
အတ္ထိ၊ ရှိ၏။
တံ စ၊ ထို ချုပ်ခြင်းကိုလည်း။
ဝါ၊ ထိုချုပ်ခြင်းနှင့် ချုပ်ခြင်းသို့ ရောက်ကြောင်းကိုလည်း။
အာဟ၊ ဟောတော်မူ၏။
မဟာသမဏော၊ ငါတို့၏ ဆရာ ရဟန်းမြတ်သည်။
ဧဝံဝါဒီ၊ ဤသို့ ဟောလေ့ရှိပေ၏-တဲ့။
အဲဒါ အရှင်သာရိပုတ္တရာအလောင်း ဥပတိဿပရိဗိုဇ်က “အရှင်တို့၏ ဆရာက ဘယ်လို တရားကို ဟောပြောပါသလဲ” လို့မေးတာနဲ့ အရှင်အဿဇိမထေရ်က ဟောတဲ့ ဂါထာပဲ၊
“လောကမှာ အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးတရားတွေသာ ရှိတယ်၊ အဲဒီ အကျိုးတရားတွေရဲ့ အကြောင်းတရားကို ငါတို့ဆရာ ဘုရားက ဟောတယ်” လို့ ဒါလောက် နာရရုံနဲ့ ဥပတိဿပရိဗိုဇ်ဟာ သောတာပတ္တိမဂ်ဖိုလ် ရောက်ပြီး သောတာပန် ဖြစ်သွားပါတယ်-တဲ့၊
ဒီတော့ ဒီလောက် တိုတောင်းတဲ့ အချိန်ကာလကလေး အတွင်းမှာ ပဋိစ္စသမုပ္ပါဒ်ကို အကျယ်ဆင်ခြင်နိုင်ဖို့တော့ မရှိပါဘူး၊ အဲဒီအထဲက နာမ်ရုပ်ကြောင့် အာယတန ၆-ပါး ဖြစ်ပုံကို ယခုပြောခဲ့တာလောက် ကျယ်ကျယ်ပြန့်ပြန့် ဆင်ခြင်နိုင်ဖို့ ဆိုတာ ကတော့ သာပြီးမဖြစ်နိုင်တာပါပဲ၊
အရှင်မောဂ္ဂလ္လာန်အလောင်း ကောလိတပရိဗိုဇ်က ဥပတိဿပရိဗိုဇ် ကတဆင့် ဟောတဲ့ ဒီဂါထာကို နာရတာနဲ့ သောတာပန်ဖြစ်သွားတယ်လို့ ဆိုပါတယ်၊ အဲဒီမှာလဲ ပဋိစ္စသမုပ္ပါဒ်ကို အကျယ်ဆင်ခြင်နိုင်ဖို့ မရှိပါဘူး၊ ဒါကြောင့် ဘုရားဉာဏ်နဲ့ ဟောထားတဲ့ ဒေသနာနည်းအရ အကျယ်ဝေဖန်ပြတဲ့ ပဋိစ္စသမုပ္ပါဒ်တရား တွေကိုတော့ မိမိတို့ရဲ့ပါရမီဉာဏ် အားလျော်စွာ အတော်အတန်လောက် သိမှာပဲ၊ အကုန်လုံး သိဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူးဆိုတာကို ဒီနေရာမှာ အထူးမှတ်သား ထားကြရမယ်။
သစ္စာလေးပါးကို ပြသောဒေသနာ
ခုတင်က ထုတ်ပြခဲ့တဲ့ ယေ ဓမ္မာ ဟေတုပ္ပဘဝါ-ဆိုတဲ့ ဂါထာကို အဋ္ဌကထာမှာ သစ္စာလေးပါးနဲ့ ဝေဖန်ပြထားပါတယ်၊ ဘယ်လိုလဲ ဆိုယင်-အကြင်တရားတို့သည် အကြောင်းလျှင် အမွန်အစရှိကြတယ်-ဆိုတဲ့ စကားရပ်ဖြင့် သမုဒယကြောင့်ဖြစ်တဲ့ ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရားကို ပြတယ်၊ ထိုအကျိုးတရားတို့၏ အကြောင်းကို ဟောတယ်-ဆိုတဲ့ စကားရပ်ဖြင့် အကြောင်းသမုဒယသစ္စာကိုပြတယ်၊
ဒီလို ဒုက္ခ အကျိုးဆင်းရဲတရားနဲ့ သမုဒယ အကြောင်းတရားကို ဟောတယ် လို့ဆိုတော့ “လောကမှာ အကျိုးဆင်းရဲတရားနဲ့ အကြောင်းတရား ဒီနှစ်မျိုးသာ ရှိတယ်”ဆိုတာ သဘောပေါက် နားလည်သွားပါတယ်။
ဟိုစဉ်အခါက လူ့လောကမှာ အယူဝါဒတွေက သတ္တဝါဆိုတဲ့ အတ္တကောင်ဟာ အမြဲတမ်း တည်ရှိနေတယ်၊ ရုပ်ကိုယ်ကြီးပျက်သွားလဲ သူကမသေမပျက်ဘူး၊ တနေရာရာရွှေ့ပြောင်းပြီး တည်မြဲပဲတည်နေတယ်-လို့ ဒီလို အယူဝါဒလဲ ရှိနေတယ်၊ သေတဲ့အခါ လုံးဝ ပျောက်ပျက်သွားတယ်-လို့ ဒီလို အယူဝါဒလဲ ရှိနေတယ်၊ အဲဒီ အတ္တကို ဘုရားသခင်က ဖန်ဆင်းတယ်လို့ ဒီလိုအယူဝါဒလဲရှိနေတယ်၊ အဲဒီအတ္တဟာ အစအဆုံးမရှိဘူး-လို့ ဒီလိုအယူဝါဒလဲ ရှိနေတယ်၊
အဲဒီဂါထာမှာ အကြောင်းတရားကြောင့် အကျိုးတရားသာ ရှိတယ်လို့ ဆိုတဲ့အတွက် အကြောင်းနဲ့အကျိုးမျှသာ ရှိတယ်၊ ဖန်ဆင်းတဲ့သူလဲ မရှိဘူး၊ တည်မြဲတည်နေတဲ့ အတ္တလဲမရှိဘူး၊ သေတဲ့အခါ ပျက်သွားတယ်ဆိုတဲ့အတ္တလဲ မရှိဘူး-လို့ ဒီလို သဘောပေါက်ပြီး ဥပတိဿနဲ့ ကောလိတတို့တရားထူးကို ရသွားကြတယ်လို့ ယူဆရပါတယ်။
နောက်ပြီးတော့ အဲဒီဂါထာမှာ တေသဉ္စ ယော နိရောဓော-ဆိုတဲ့ အပိုဒ်ဖြင့် နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာကို ပြတယ်လို့ အဋ္ဌကထာမှာ ဆိုထားပါတယ်၊ အဲဒီအဋ္ဌကထာအရဆိုယင် အဲဒီ ဂါထာဟာ သစ္စာလေးပါးကိုပြတဲ့ ဂါထာလို့ ယူရမယ်။
ပဋိစ္စသမုပ္ပါဒ် အကျဉ်းချုပ်လည်း ဖြစ်သင့်သည်
ဝိသုဒ္ဓိမဂ်မဟာဋီကာ (ဒု-၂၃၀)မှာတော့ ဒီဂါထာကို ပဋိစ္စသမုပ္ပါဒ်ဒေသနာလို့ ဆိုထားပါတယ်၊ ဆိုပုံကတော့ နိဒါနဝဂ္ဂသံယုတ်ပါဠိ ဒသဗလဝဂ် ပထမ သီဟနာဒ (ဒသဗလ) သုတ်မှာ -
ဣမသ္မိံ သတိ ဣဒံ ဟောတိ၊ ဤ အကြောင်းတရားရှိလျှင် အကျိုးတရားရှိသည်။
ဣမဿုပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ၊ ဤအကြောင်းတရား၏ ဖြစ်ခြင်းကြောင့် ဤအကျိုးတရား ဖြစ်ပေါ်လာသည်။
ဣမသ္မိံ အသတိ ဣဒံ န ဟောတိ၊ ဤအကြောင်းတရား မရှိလျှင် ဤအကျိုးတရား မရှိတော့။
ဣမဿ နိရောဓာဣဒံ နိရုဇ္ဈတိ၊ ဤအကြောင်းတရား၏ ချုပ်ခြင်းကြောင့် ဤအကျိုးတရားချုပ်သည်။
ယဒိဒံ၊ ယင်းသို့သော ဤသဘောကား။
အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ အဝိဇ္ဇာကြောင့် သင်္ခါရတို့ဖြစ်ကြသည်။ပ။
ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ၊ ဆင်းရဲအစုသက်သက် ဖြစ်ပေါ်လေသည်။
အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော၊ အဝိဇ္ဇာ၏ပင်လျှင် အကြွင်းမဲ့ပျက်ပြယ်သောအားဖြင့် ချုပ်ခြင်းကြောင့် သင်္ခါရတို့၏ချူပ်ခြင်းဖြစ်သည်။ပ။
ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ၊ ဆင်းရဲအစုသက်သက်၏သာလျှင် ချုပ်ခြင်း ဖြစ်ပေသည်-လို့-
ဒီလို အကျယ်ဟောထားပါတယ်၊
အဲဒီသုတ်မှာ ပြထားတဲ့အနက်ကိုပဲ အရှင်အဿဇိမထေရ်က “ယေ ဓမ္မာ ဟေတုပ္ပ ဘဝါ” အစရှိသော ဂါထာဖြင့် ဟောတော်မူသည်-လို့ ဆိုပါတယ်၊ ဒီမဟာဋီကာ အလိုအားဖြင့်တော့ ဒီဂါထာကို ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံ အကျဉ်းချုပ်ဟောတဲ့ ဂါထာလို့ မှတ်သင့်ပါတယ်၊
ဘယ်လိုလဲဆိုယင် ဒီဂါထာမှာ “ယေ ဓမ္မာ ဟေတုပ္ပဘဝါ၊ တေသံ ဟေတုံ တထာဂတော အာဟ”ဆိုတဲ့ ရှေ့ ၂-ပိုဒ်ဖြင့် ပဋိစ္စသမုပ္ပါဒ် အနုလုံကို ပြတယ်၊ “တေသဉ္စ ယော နိရောဓော” ဆိုတဲ့အပိုဒ်ဖြင့် ပဋိလုံကို ပြတယ်လို့ မှတ်ယူသင့်ပါတယ်။
မဟာယာနပိဋကကျမ်းထဲမှာတော့ ဒီဂါထာကို ပဋိစ္စသမုပ္ပါဒ် အကျဉ်းချုပ်သုတ်လို့ ဆိုပါတယ်၊ ဒီဂါထာရေးပြီး စေတီထဲမှာ ဌာပနာယင် အလွန်အကျိုးကြီးတယ်လို့လဲ ဆိုထားပါတယ်၊ အလွန်ရှေးကျတဲ့ စေတီဟောင်းတွေထဲက ဒီဂါထာကို များစွာ တွေ့ရတာဟာ အဲဒီ မဟာယာနကျမ်းအရ ဌာပနာထားခဲ့ကြလို့ ဖြစ်ဟန်တူပါတယ်။
ဒီနေရာမှာ အားလုံးကိုြုခံကြည့်လိုက်မယ်ဆိုယင် ဒီဂါထာဟာ သစ္စာလေးပါးကို ပြတယ်ဆိုတဲ့ အဋ္ဌကထာလဲ သင့်ပါတယ်၊ သီဟနာဒသုတ်က အနက်ကိုပဲ အကျဉ်းချုပ်ပြတယ်ဆိုတဲ့ မဟာဋီကာစကားလဲ သင့်ပါတယ်၊ ဘာကြောင့်လဲဆိုယင် သစ္စာ ၄-ပါးထဲက ဒုက္ခနဲ့ သမုဒယဟာ ပဋိစ္စသမုပ္ပါဒ်အနုလုံနဲ့ သက်ဆိုင်ပါတယ်၊ နိရောဓနဲ့ မဂ္ဂဟာ ပဋိစ္စသမုပ္ပါဒ်ပဋိလုံနဲ့ သက်ဆိုင်ပါတယ်၊ ဒါကြောင့် သစ္စာလေးပါး ပြယင် ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံကို ပြရာလဲ ရောက်ပါတယ်၊ ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံကိုပြယင်လဲ သစ္စာလေးပါးကို ပြရာလဲ ရောက်ပါတယ်၊ ဒါကြောင့်ပါပဲ။
နာမ်ရုပ်ကြောင့် အာယတနဖြစ်ပေါ်ပုံကို အသေးစိတ် အကျယ်သိဖို့ရာ မလွယ်ကူတဲ့ အကြောင်း သာဓကထုတ်ပြရာက “ယေ ဓမ္မာ ဟေတုပ္ပဘဝါ” ဆိုတဲ့ ဂါထာ ပဋိစ္စသမုပ္ပါဒ် အကျဉ်းချုပ်ဒေသနာ ဖြစ်သင့်ကြောင်းအထိ ရောက်သွားတယ်၊
ဒီနေရာမှာ သိစေလိုရင်းကတော့ ပဋိစ္စသမုပ္ပါဒ်အရာမှာ ဘုရားဉာဏ်နဲ့ အကျယ် ဟောထားတဲ့အတိုင်း အပြည့်အစုံသိဖို့ရာ မလွယ်ဘူး၊ အဲဒီလို သိဖို့ရာလဲ ပုဂ္ဂိုလ်တိုင်းမှာ မလိုဘူး၊ ပါရမီဉာဏ်ရှိသလောက်သာ သိဖို့ လိုတယ်ဆိုတာကို သိစေလိုရင်းပါပဲ။
ဒီကနေ့ အခက်တွေချည်းပြောနေရတာနဲ့ ဆောင်ပုဒ်တောင် မဆိုရသေးဘူး၊ ဒါကြောင့် ဆောင်ပုဒ်ကလေးတွေကို ဆိုပြီး ဒီကနေ့ တရား သိမ်းရမယ်၊ လိုက်ဆိုကြ။
အမှန်မသွား၊ အမှားမြင်ကာ၊ အဝိဇ္ဇာကြောင့်၊ ချမ်းသာလိမ့်နိုး၊ ရည်မျှော်ကိုးလျက်၊ သုံးမျိုးမှုကံ၊ ပြုစီမံ၍၊ ဝိညာဏ်တွယ်စပ်၊ နာမ်ရုပ်ကပ်လျက်၊ ခြောက်ရပ်အာယတန-
(နာမ်ရုပ်ကြောင့်အာယတန ၆-ပါးဖြစ်တယ်လို့ ဆိုလိုပါတယ်၊ ယနေ့ ဒီကိုပဲ ရောက်သေးတယ်၊ ကဲဆို)-
ခြောက်ရပ်အာယတန၊ ဖဿ ခြောက်ဖြာ၊ ဝေဒနာကြောင့်-
(အာယတန ၆-ပါးကြောင့် ဖဿ ၆-ပါးဖြစ်တယ်၊ ဖဿ ၆-ပါးကြောင့် ဝေဒနာ ဖြစ်တယ်လို့ ဆိုလိုတယ်၊ ဝိညာဏ် နာမ် ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ ဒီတရားငါးမျိုးမှာ ရှေးဘဝကပြုခဲ့တဲ့ ကံသင်္ခါရကြောင့် ယခုဘဝ ပဋိသန္ဓေကစပြီး အကောင်း အဆိုးတွေကို မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း ဖြစ်ပေါ်နေတဲ့အကျိုးတရားတွေပဲ၊ ယခုယောဂီတွေ မြင်တယ် ကြားတယ် စသည်ဖြင့် ရှုမှတ်နေကြရတာဟာ ဒီတရားတွေ ရှုမှတ်နေကြရတာပဲ၊ ဒီတရားတွေကို မရှုနိုင်ယင် အကောင်းအဆိုးခံစားတဲ့ ဝေဒနာအကြောင်းပြုပြီး တဏှာဥပါဒါန် ကံ-ဆိုတဲ့ နောင်ဘဝဖြစ်ဖို့ အကြောင်းတရားတွေ ဖြစ်လာကြလိမ့်မယ်၊ ဒါကြောင့် ဒီမှာဝေဒနာကြောင့်လို့ ဆိုထားပါ တယ်၊ ကဲ-ဆိုကြရမယ်။)
ပဋိစ္စသမုပ္ပါဒ်လင်္ကာ ဆောင်ပုဒ်ရှည်
အမှန်မသွား၊ အမှားမြင်ကာ၊ အဝိဇ္ဇာကြောင့်၊
ချမ်းသာလိမ့်နိုး၊ ရည်မျှော်ကိုးလျက်၊
သုံးမျိုးမှုကံ၊ ပြုစီမံ၍၊
ဝိညာဏ်တွယ်စပ်၊ နာမ်ရုပ်ကပ်လျက်၊
ခြောက်ရပ် အာယတန၊ ဖဿခြောက်ဖြာ၊
ဝေဒနာကြောင့်၊ တဏှာခြောက်တန်၊ ဥပါဒါန်နှင့်၊
ဖြစ်ရန်အကြောင်း၊ ကံဆင့်လောင်း၍၊
ဆိုးကောင်းဘဝ၊ ဖြစ်ရပြန်ရာ၊
အိုကာ, သေရေး၊ ပူအဆွေးနှင့်၊
ငိုကြွေး ကိုယ်နွမ်း၊ စိတ်မချမ်းမြ၊
ပူပန်ရသည်၊ လုံးဝ ဆင်းရဲစုသာတည်း။
ပဋိစ္စသမုပ္ပါဒ်ခေါင်းစဉ် စကားပြေဆောင်ပုဒ်
မသိမှု-သိမှားမှု-အဝိဇ္ဇာကြောင့် အားထုတ်မှု-သင်္ခါရတို့ ဖြစ်ကြသည်။
သင်္ခါရကြောင့် ဘဝသစ် ဝိညာဏ် ဖြစ်သည်။
ဝိညာဏ်ကြောင့် နာမ်ရုပ် ဖြစ်သည်။
နာမ်ရုပ်ကြောင့် မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ်ဟူသော အာယတန ၆-ပါး ဖြစ်သည်။
အာယတန ၆-ပါးကြောင့် အာရုံနှင့် စိတ်တွေ့မှု-ဖဿ ဖြစ်သည်။
ဖဿကြောင့် အကောင်းအဆိုး ခံစားမှု-ဝေဒနာဖြစ်သည်။
ဝေဒနာကြောင့် တပ်မက်ဆာလောင်မှု-တဏှာဖြစ်သည်။
တဏှာကြောင့် စွဲလမ်းမှု-ဥပါဒါန် ဖြစ်သည်။
ဥပါဒါန်ကြောင့် ဖြစ်ကြောင်း ကံ-ဘဝ ဖြစ်သည်။
ဘဝကြောင့် ဘဝသစ်ဖြစ်မှု-ဇာတိ ပေါ်လာသည်။
ဇာတိကြောင့် အိုခြင်း သေခြင်း-ဇရာမရဏ ဖြစ်သည်၊ စိုးရိမ်ပူဆွေးခြင်း-သောက၊ ငိုကြွေးခြင်း-ပရိဒေဝ၊ ကိုယ်ဆင်းရဲ-ဒုက္ခ၊ စိတ်ဆင်းရဲ-ဒေါမနဿ၊ အပြင်းအထန် စိတ်ပူပန်ခြင်း-ဥပါယာသတို့လည်း ဖြစ်ပေါ်ကြသည်။
ဤပုံ ဤနည်းဖြင့် ဆင်းရဲအစုသက်သက်မျှသာ ဖြစ်ပေါ်လျက် ရှိချေသည်။
(ဒါက မြန်မာသက်သက် ပဋိစ္စသမုပ္ပါဒ် ခေါင်းစဉ်ပဲ၊ အဲဒါကို နှုတ်တက်ဆောင်ပြီး ဆင်ခြင်ယင် အနက်အဓိပ္ပါယ် အတော်အတန်တော့ ထင်ရှားပေါ်နိုင်ပါတယ်။)
အတိတ်အကြောင်းကြောင့် ပစ္စုပ္ပန်အကျိုးပေါ်ပုံ
အမှန်မသွား အမှားသိမြင်၊
အဝိဇ္ဇာဖုံး ကောင်းလုံးမှတ်ထင်၊
စိတ်-ကိုယ်-နှုတ်မှု ကြံ-ပြု-ပြောလျှင်၊
ဝိညာဏ်စပ် နောက်ထပ် သန္ဓေရှင်။
ပစ္စုပ္ပန်အကျိုးငါးပါး ပေါ်လာပုံ
ဝိညာဏ်မျိုးစေ့ စ၍ ဖြစ်လျှင်၊
နာမ်နှင့်ရုပ်လဲ ပူးတွဲပါဝင်၊
အာယတန ဖဿပေါ်ထင်၊
ကောင်းဆိုးများ ခံစားမိရိုးပင်။
ပစ္စုပ္ပန်အကျိုးနှင့်စပ်၍ အကြောင်းအသစ် ပေါ်လာပုံ
ထိုအကြောင်းကြောင့် အနာဂတ်အကျိုးပေါ်ပုံ
ခံစားသည့်တွက် တပ်မက်ခင်မင်၊
မည်သို့ပြုငြား ကောင်းစားမည်ထင်၊
ဝင်စားစွဲလမ်း ရော်ယမ်းပြုလျှင်၊
နောင်ဘဝ ဖြစ်ရ ဇာတိပင်။
အနာဂတ်အကျိုးများ ပေါ်လာပုံ
ဘဝဇာတိ သူရှိပြန်လျှင်၊
အို သေ ပူဆွေး ငိုကြွေး ထို့ပြင်၊
ကိုယ်-စိတ်ဆင်းရဲ ထန်သဲပူပင်၊
သို့ဖြစ်ရ လုံးဝ ဆင်းရဲပင်။
ဒီဆောင်ပုဒ်တွေထဲက ယခုဟောလာတာဟာ ပစ္စုပ္ပန်အကျိုးငါးပါးပေါ်ပုံပဲ ရောက်သေးတယ်၊ အဲဒီ အကျိုးငါးပါးထဲမှာလဲ ဝိညာဏ်နာမ်ရုပ် သဠာယတနဆိုတဲ့ ဒီသုံးပါးပဲ ပြီးသေးတယ်၊ ဖဿဝေဒနာဆိုတဲ့ အကျိုးနှစ်ပါးက ကျန်နေသေးတယ်၊ အဲဒါတွေကိုတော့ နောက်သီတင်းနေ့များကျမှ ဆက်ပြီး ဟောရမယ်၊ ဒီကနေ့တော့ ဒီတွင်ပဲ တရားသိမ်းကြဦးစို့။
ဤပဋိစ္စသမုပ္ပါဒ် တရားတော်ကို ရိုသေစွာ နာခံမှတ်သားကြရသော ကောင်းမှုကံ စေတနာတို့ကြောင့် ဤတရားတော်၌ပါဝင်သော အကြောင်းအကျိုးဆက်သွယ်၍ ဖြစ်ပေါ်နေပုံကို သဘောပေါက် သိမြင်အောင် နှလုံးသွင်းဆင်ခြင်နိုင် ရှုမှတ်နိုင်ကြ၍ ဝိပဿနာဉာဏ်အစဉ် မဂ်ဖိုလ်ဉာဏ်အစဉ်ဖြင့် ဆင်းရဲခပ်သိမ်းငြိမ်းရာ နိဗ္ဗာန်ချမ်းသာ မြတ်ကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေ။
သာဓု သာဓု သာဓု။
ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး တတိယပိုင်း ပြီး၏။
......
ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး
၁၃၂၄-ခု၊ ဝါဆိုလပြည့်နေ့ ဟောသည်။
စတုတ္ထပိုင်း
တရားအနုသန္ဓေ
ဒီကနေ့ ဝါဆိုလပြည့်ဆိုတော့ ဗုဒ္ဓဘာသာဝင်တို့ အထူးအလေးပြုအပ်တဲ့ နေ့ကြီး ရက်ကြီးတခုဖြစ်တယ်၊ ဘာကြောင့် အလေးပြုကြသလဲဆိုတော့ ရဟန်းတော်များ ဝါဆို ဝါကပ်ခါနီး လပြည့်နေ့ဖြစ်တဲ့တွက်ကြောင့်-လို့ အများက သိနားလည်နေ ကြပါတယ်၊ ရဟန်းတော်များဟာ နက်ဖြန် ဝါဆိုလပြည့်ကျော် တရက်နေ့မှာ မြတ်စွာဘုရား၏ အဆုံးအမတော်နဲ့အညီ ဝါဆို ဝါကပ်ပြီး သုံးလပတ်လုံး တခြားကို မသွားပဲ နေမြဲနေရာတွင်သာ သီတင်းသုံးနေထိုင်ကြရမယ်၊
အဲဒီ-ဝါကပ်တဲ့နေ့ရဲ့ အကြိုနေ့ ဖြစ်တဲ့ ဒီကနေ့ဝါဆိုလပြည့် ဥပုသ်နေ့မှာ သီလ ဝိသုဒ္ဓိဖြစ်ပြီး သီလစင်ကြယ်ကြောင်း ဝန်ခံတဲ့အနေနဲ့ ဥပုသ်ပြုကြရမယ်၊ အဲဒီလို ဥပုသ်ပြုပြီး စင်ကြယ်တဲ့ သီလနဲ့ပြည့်စုံပြီး နက်ဖြန်ခါ ဝါဆိုဝါကပ်ကြရမယ်၊ ဒါကြောင့် ဒီ ဝါဆိုလပြည့်နေ့ကို နေ့ထူးနေ့မြတ်အဖြစ်နဲ့ အသိအမှတ်ပြုကြတယ်လို့ ဒါလောက်ပဲ အများကသိကြပါတယ်။
ဒါထက် အရေးကြီးတဲ့အကြောင်းတခုကတော့ ဒီဝါဆိုလပြည့်နေ့မှာ မြတ်စွာဘုရားက ဓမ္မစကြာသုတ်ကို တရားဦး အဖြစ်ဟောတော်မူပြီး ဗုဒ္ဓသာသနာတော်ကြီးကို စတင် တည်ထောင်ခဲ့တဲ့ အကြောင်းပါပဲ၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူ သွားတာက ယခု ၁၃၂၄-ခု ဆိုတော့ ၂၅၀၆-နှစ် ရှိသွားပြီ၊ အဲဒီအလျင် ၄၅-နှစ်က မြတ်စွာဘုရားဟာ ဒီ ဝါဆိုလပြည့်နေ့မှာပဲ ဓမ္မစကြာတရားတော်ကို တရားဦးအဖြစ် ဟောတော်မူခဲ့ပါတယ်၊ ဟောရာဌာနကတော့ အများသိကြပြီး ဖြစ်တဲ့အတိုင်း အိန္ဒိယနိုင်ငံအလယ်ပိုင်း ဗာရာဏသီမြို့အနီး မိဂဒါဝုန်ဆိုတဲ့ အရပ်ဖြစ်ပါတယ်။
အဲဒီတုန်းက တရားနာ ပရိသတ်ကတော့ လူသားထဲကဆိုယင် အရှင်ကောဏ္ဍည အမှူးရှိတဲ့ ပဉ္စဝဂ္ဂီငါးဦးပဲ ရှိပါတယ်၊ နတ်ဗြဟ္မာတွေကတော့ မရေမတွက်နိုင်အောင် များစွာပဲရှိပါတယ်၊ အဲဒီတရားဦးကို နာရတဲ့အတွက် ပဉ္စဝဂ္ဂီငါးဦးထဲက အရှင် ကောဏ္ဍညဟာ သောတာပတ္တိမဂ်ဖိုလ်ရောက်ပြီး သောတာပန်ဖြစ်တယ်၊ ဗြဟ္မာပေါင်း ၁၈-ကုဋေ တရားထူးရကြတယ်၊ နတ်တွေကတော့ မည်ရွှေ့မည်မျှ တရားထူးရကြောင်း ပြဆိုထားတာ အဋ္ဌကထာမှာတော့ မရှိဘူး၊
ဒါပေမယ့် နတ်တွေလဲ အဲဒီတုန်းက တရားထူးရကြကြောင်းကို မိလိန္ဒပဥှာပါဠိမှာ “အပရိမာဏာ စ ဒေဝတာယော” လို့ ပြဆိုထားပါတယ်၊ အရေအတွက် အပိုင်းအခြား မရှိတဲ့ နတ်တွေလဲ တရားထူးကို ရကြပါတယ်တဲ့၊ အဲဒီတော့ ဒီဝါဆိုလပြည့်နေ့ဟာ အရှင်ကောဏ္ဍညနှင့်တကွ ၁၈-ကုဋေသောဗြဟ္မာတွေ မရေမတွက်နိုင်အောင် များလှစွာသော နတ်တွေ တရားထူးကို အစဆုံးရကြတဲ့ နေ့ထူးနေ့မြတ်ကြီးလဲ ဖြစ်တယ်၊ ဗုဒ္ဓသာသနာတော်ကြီးကို စပြီးတည်ထောင်တဲ့ နေ့ထူးနေ့မြတ်ကြီးလဲ ဖြစ်တယ်။
ဒါကြောင့် ဒီနေ့ဒီရက်မှာ ဓမ္မစကြာတရားတော်ကို ရှေးဦးစွာဟောပြီး ဗုဒ္ဓသာသနာ တော်ကြီး မြတ်စွာဘုရား တည်ထောင်တော်မူခဲ့တာကို အမှတ်တရ နှလုံးသွင်း ဆင်ခြင်ပြီး မြတ်စွာဘုရားကို အထူးပူဇော်ရတယ်၊ ပူဇော်ဆိုတာကလဲ နှစ်မျိုးရှိတယ်၊ ပန်း နံ့သာ ဆီမီး စသည်တို့ဖြင့် ပူဇော်တာကတမျိုး၊ အဲဒါက ပစ္စည်းနဲ့ ပူဇော်တာမို့ ပစ္စယပူဇာ-လို့ ခေါ်တယ်၊
နောက်ပြီးတော့ မြတ်စွာဘုရား ညွှန်ကြားဆုံးမတော်မူတဲ့အတိုင်း သီလ သမာဓိ ပညာအကျင့်ကိုကျင့်ပြီး ပဋိပတ်နဲ့ ပူဇော်တာကတမျိုး၊ အဲဒါက အကျင့်တရားနဲ့ ပူဇော်တာမို့ ဓမ္မပူဇာ-လို့ ခေါ်တယ်၊ အဲဒီနှစ်မျိုးထဲမှာ ပဋိပတ်အကျင့်နဲ့ ပူဇော်တာကို မြတ်စွာဘုရားက သာပြီး အလိုရှိတော်မူတယ်။
ဒါကြောင့် ငါတို့ဟာ ဒီဝါဆိုလပြည့် ဒီနေ့ ဒီရက်ကစပြီး ဒီနှစ်ဝါတွင်းမှာ မြတ်စွာဘုရားကို အကျင့်ပဋိပတ်နဲ့ အထူးသဖြင့် ပူဇော်မယ်လို့ နှလုံးသွင်း ဆောက်တည်ထားကြရမယ်၊ အဲဒီလို နှလုံးသွင်းဆောက်တည်ပြီးတော့ သီလကစပြီး အထူးထိန်းသိမ်း စောင့်ရှောက်သွားကြရမယ်၊
ဒီလို ထိန်းသိမ်းစောင့်ရှောက်ပြီး အကျင့်နဲ့ မြတ်စွာဘုရားကို အထူးပူဇော်တော့ ဘယ်သူ့မှာအကျိုးရှိသလဲဆိုယင် အဲဒီပူဇော်တဲ့သူမှာ အကျိုးရှိတာပါပဲ၊ သီလလောက် ကျင့်ပြီးပူဇော်ယင် အမြဲတမ်း သီလစင်ကြယ်ပြီး ဝမ်းမြောက်ဝမ်းသာဖွယ် ဂုဏ်ကျေးဇူး တွေနဲ့ ပြည့်စုံနေပါတယ်၊ ဘယ်အချိန်မှာပဲသေသေ မိမိအလိုရှိရာ လူ့ဘဝ နတ်ဘဝ သုဂတိဘဝရောက်ဖို့ ကတော့ သေချာနေတာပဲ၊ အဲဒါထက် တိုးတက်ပြီး သမာဓိ ပညာ အကျင့်တွေ ကျင့်ကြံပွါးများပြီး ပူဇော်ယင်တော့ သာပြီးတော့ ဝမ်းသာစရာ ကောင်းတာပဲ။
ထူးမြတ်တဲ့ သမာဓိ ပညာ တရားတွေ မိမိသန္တာန်မှာ အားထုတ်တိုင်း အားထုတ်တိုင်း ဖြစ်ပွါးနေတယ်၊ အဲဒီလို ဖြစ်ပွါးနေယင်း အကြောင်းညီညွတ်လို့ရှိယင် ဈာန်မဂ်ဖိုလ် တရားတွေကိုလဲ ရသွားနိုင်တယ်၊ ဒီအထဲမှာ မဂ်ဖိုလ်ရသွားယင်တော့ အထူးပြောစရာ မလိုပါဘူး ကျေးဇူးအများဆုံး အကောင်းဆုံးပဲ၊ ဈာန်ရတယ်ဆို ယင်တောင် ဒုတိယဘဝမှာ ဗြဟ္မာ့လောက ရောက်ဖို့သေချာနေပြီ၊ အဲဒီ ဗြဟ္မာ ဖြစ်တဲ့အခါ ဝိပဿနာတရား အားထုတ်လိုက်ယင် အရိယမဂ်ဖိုလ်ကို အလွယ်တကူနဲ့ပဲ ရနိုင်ပါတယ်၊
ဒါကြောင့် ပဋိပတ်နဲ့ပူဇော်တာ အလွန်အကျိုးများပါတယ်၊ ဒီလို အကျိုးများတဲ့ အတွက်ကြောင့် ဒီဝါဆိုလပြည့်နေ့ ကစပြီး ဝါတွင်းသုံးလပတ်လုံး မြတ်စွာဘုရားကို အကျင့်ပဋိပတ်နဲ့ပူဇော်မယ်လို့ အဓိဋ္ဌာန်ပြုပြီး တတ်နိုင်သမျှ အားထုတ်သွားကြဖို့ ဘုန်းကြီးက သတိပေး တိုက်တွန်းပါတယ်။
ဒီကနေ့ ဟောဖို့တရားကတော့ အလျင် သုံးလေးသီတင်းက ဟောလာခဲ့တဲ့ ပဋိစ္စသမုပ္ပါဒ် တရားပါပဲ၊ ပဋိစ္စသမုပ္ပါဒ်တရားက အလွန်အသိခက် နက်နဲတဲ့အတွက် တဖြည်းဖြည်းချင်း ခွဲခြမ်းဝေဖန်ပြီး ဟောနေရတယ်၊ ထပ်ကာ ထပ်ကာလဲ ပြောနေ ရတယ်၊ ဒါကြောင့် တယ်မကုန်လှသေးဘူး၊ ဒီကနေ့တော့ ပဋိစ္စသမုပ္ပါဒ်တရား နက်နဲတဲ့အကြောင်း အရှင်အာနန္ဒာ၏ အတ္ထုပ္ပတ္တိပါဖော်ပြပြီး ဟောရမယ်။
အရှင်အာနန္ဒာ၏ အတ္ထုပ္ပတ္တိ
တနေ့သောအခါမှာ အရှင်အာနန္ဒာဟာ သောတာပတ္တိ ဖလသမာပတ်ကို ဝင်စားပြီး အဲဒီသမာပတ်မှ ထတဲ့အခါ ပဋိစ္စသမုပ္ပါဒ်ကို ဆင်ခြင်တော်မူပါတယ်၊ “အဝိဇ္ဇာကြောင့် သင်္ခါရတို့ဖြစ်ကြသည်၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်သည်” စသည်ဖြင့် အစမှအဆုံး တိုင်အောင်လဲ ဆင်ခြင်တော်မူပါတယ်၊ “အိုခြင်း သေခြင်းဟာ ဘာကြောင့်ရှိရသလဲ၊ ဘဝအသစ်ဖြစ်လို့ ရှိရသည်၊ ဘဝအသစ် ဘာကြောင့် ဖြစ်ရသလဲ၊ ဖြစ်ကြောင်းကံရှိလို့ ဖြစ်ရသည်”စသည်ဖြင့် အဆုံးမှအစတိုင်အောင်လဲ ဆင်ခြင်တော်မူပါတယ်၊
ထို့အတူပင် အစနဲ့အဆုံးမှ အလယ်ရောက်အောင်လဲ ဆင်ခြင်တော်မူပါတယ်၊ အလယ် မှလဲ အစနဲ့အဆုံးသို့ ရောက်အောင် ဆင်ခြင်တော် မူပါတယ်၊ ဒီလိုဆင်ခြင်တဲ့အခါ ပဋိစ္စသမုပ္ပါဒ်တရားဟာ အရှင်အာနန္ဒာမှာ ထင်ထင်ရှားရှား ပေါ်နေတဲ့အတွက် မခက်ခဲမနက်နဲပဲ လွယ်ကူသလို ထင်ရပါတယ်၊ ဒါကြောင့် အရှင်အာနန္ဒာက မြတ်စွာဘုရားထံသွားပြီး ဒီလို လျှောက်ထားပါတယ်။
“မြတ်စွာဘုရား … အံ့ဩဖွယ် ကောင်းလှပါတယ်၊ မဖြစ်စဖူး ထူးလှပါတယ်၊ ဒီပဋိစ္စသမုပ္ပါဒ်တရားဟာ အလွန်ပင် နက်နဲလဲနက်နဲပါတယ်၊ နက်နဲယောင်လဲ ထင်ပါတယ်၊ ဒါပေမယ့် တပည့်တော်မှာတော့ ပေါ်လွင်ထင်ရှားပြီး တိမ်တိမ်ကလေး လို ထင်ရပါတယ် မြတ်စွာဘုရား”လို့ လျှောက်ထားပါတယ်၊ ဒီတော့ မြတ်စွာဘုရားက -
မာဟေဝံ အာနန္ဒ အဝစ၊ ဒီလို မပြောပါနဲ့ အာနန္ဒာ။
မာဟေဝံ အာနန္ဒ အဝစ၊ ဒီလို မပြောပါနဲ့ အာနန္ဒာ-
လို့ တားမြစ်တော်မူပါတယ်။
ချီးမြှောက်လိုတဲ့သဘော ပါဝင်ပုံ
ဒီလိုတားမြစ်တော်မူတဲ့ စကားထဲမှာ မြတ်စွာဘုရားက အရှင်အာနန္ဒာကို ချီးမြှောက်လိုတဲ့ သဘောလဲပါတယ်၊ ရှုတ်ချ မောင်းမဲလိုတဲ့သဘောလဲ ပါတယ်လို့ အဋ္ဌကထာမှာ ပြဆိုထားပါတယ်၊ ချီးမြှောက်လိုပုံကတော့ “အာနန္ဒာ၊ သင်ဟာ ပညာကြီးတယ်၊ ဉာဏ်ထက်တယ်၊ ဒါကြောင့် သင့်မှာ နက်နဲတဲ့ ပဋိစ္စသမုပ္ပါဒ်ဟာ ပေါ်လွင်လွယ်ကူသကဲ့သို့ ထင်ရတာ၊ အခြားသူတွေမှာလဲ ဒီလိုပဲ ပေါ်လွင် လွယ်ကူလိမ့်မယ်လို့ မထင်နဲ့” ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် ချီးမြှောက်လိုတဲ့သဘော ပါဝင်နေပါတယ်။
အရှင်အာနန္ဒာမှာ ပဋိစ္စသမုပ္ပါဒ် ပေါ်လွင်ထင်ရှားခြင်းရဲ့ အကြောင်းက ၄-ပါး ရှိပါတယ်၊ အဲဒီ အကြောင်း ၄-ပါးက ဘယ်ဟာတွေလဲ ဆိုလျှင် -
(၁) ရှေးရှေး ဘဝတွေက ဆည်းပူးခဲ့တဲ့ ပါရမီ ဥပနိဿယနဲ့ ပြည့်စုံခြင်း၊
(၂) ဆရာသမားများထံမှာ နည်းနိဿယ ခံယူခဲ့ဖူးခြင်း၊
(၃) သောတာပန်ဖြစ်ခြင်း၊
(၄) အကြားအမြင် များခြင်း ဆိုတဲ့ ဒီ ၄-ပါးပါပဲ၊
အဲဒီ အကြောင်း လေးပါးထဲက ရှေးဥပနိဿယနဲ့ ပြည့်စုံပုံကို ရှေးဦးစွာ ပြောရမယ်။
(၁) ရှေးဥပနိဿယနဲ့ပြည့်စုံခြင်း
လွန်ခဲ့တဲ့ ကမ္ဘာတသိန်းထက်က ပဒုမုတ္တရ အမည်တော်ရှိတဲ့ မြတ်စွာဘုရား ပွင့်တော်မူခဲ့ပါတယ်၊ ခမည်းတော်က အာနန္ဒာအမည်ရှိတဲ့ မင်းဖြစ်ပါတယ်၊ အဲဒီမင်းရဲ့မြို့တော်က ဟံသာဝတီ အမည်ရှိပါတယ်၊ ပဒုမုတ္တရ မြတ်စွာဘုရားရဲ့ အဂ္ဂသာဝက နှစ်ပါးကတော့ အရှင်ဒေဝီလနှင့် အရှင်သုဇာတလို့ ခေါ်ပါတယ်၊ အလုပ်အကျွေး ရဟန်းတော်ကတော့ အရှင်သုမနလို့ခေါ်ပါတယ်၊ ပဒုမုတ္တရ မြတ်စွာဘုရားဟာ ရဟန်း တသိန်း အခြံအရံနှင့်တကွ ခမည်းတော်မင်းကြီးကို ချီးမြှောက်သောအားဖြင့် ဟံသာဝတီနေပြည်တော်မှာ သီတင်းသုံးနေတော်မူပါတယ်။
အဲဒီတုန်းက အရှင်အာနန္ဒာရဲ့ အလောင်းဟာ ပဒုမုတ္တရဘုရား၏ ညီတော်သုမန မင်းသား ဖြစ်ခဲ့ပါတယ်၊ ခမည်းတော် မင်းကြီးက သားတော် သုမနမင်းသားကို ဟံသာဝတီြုမိ့တော်မှ ယူဇနာနှစ်ဆယ်ဝေးသော အရပ်မှာ မြို့စားအဖြစ် ခန့်အပ်ထား ပါတယ်၊ ဘုရင်ခံခန့်တဲ့ သဘောမျိုးပါပဲ၊ ဒီလို ခန့်အပ်ထားတဲ့ အတောအတွင်းမှာ အဲဒီ ပစ္စန္တရစ်အရပ်က သူပုန်ထတဲ့အတွက် ခမည်းတော်မင်းကြီးထံ အစီရင်ခံပါတယ်၊ ခမည်းတော်မင်းကြီးက သူပုန်ရန်ကို နှိမ်နင်းဖို့ အမိန့်ပေးလိုက်ပါတယ်၊ မင်းသား ကလဲ အမိန့်အတိုင်း သူပုန်ကို နှိမ်နင်းလို့ ငြိမ်ဝပ်သွားတဲ့အခါ သူပုန်ရန် အေးငြိမ်းသွားပြီဖြစ်ကြောင်း ခမည်းတော်မင်းကြီးထံ အစီရင်ခံပါတယ်၊ အဲဒီအခါ ဘုရင်မင်းမြတ်က နှစ်သက် အားရတော်မူတဲ့အတွက် အမြန်လာရန် အမိန့်ပေး လိုက်ပါတယ်။
ဒီတော့ မင်းသားက သူ့ရဲဘော်ရဲဘက်အမတ်တထောင်နဲ့ တိုင်ပင်ဆွေးနွေးပါတယ်၊ ခမည်းတော်က ဆုပေးယင် ဘယ်လိုဆုကို ယူသင့်သလဲလို့ တိုင်ပင်ပါတယ်၊ အချို့အမတ်များက ဆင်, မြင်း, ရထားတောင်းဖို့, နယ်ပယ်တောင်းဖို့, ရတနာ ခုနစ်ပါးတောင်းဖို့ အကြံဉာဏ်ပေးကြပါတယ်၊
အချို့ကတော့ “အရှင်မင်းသား တို့ဟာ ပြည့်ရှင်မင်းမြတ်ရဲ့သားတော်ဖြစ်တဲ့အတွက် ဆင်, မြင်း, ရထား, ရွှေ, ငွေ အစရှိတဲ့ ဥစ္စာရတနာတွေဟာ မရှားပါဘူး၊ ရလွယ်ပါတယ်၊ အဲဒီ ဥစ္စာ ရတနာတွေဟာ ရပြီးယင်လဲ တနေ့ကျတော့ စွန့်ပစ်သွားရမှာချည်းပဲ၊ ကုသိုလ်ကောင်းမှုကိုသာ ယူဆောင်သွားနိုင်ပါတယ်၊ ဒါကြောင့် ခမည်းတော် မင်းကြီးက ဆုပေးယင် ပဒုမုတ္တရ မြတ်စွာဘုရားကို ဝါတွင်းသုံးလပတ်လုံး ပြုစု လုပ်ကျွေးဖို့ဆုကိုသာ တောင်းယူပါ”လို့ အကြံဉာဏ်ပေးကြ တိုက်တွန်းကြပါတယ်၊
ဒီတော့ သုမနမင်းသားက အဲဒီနောက်ဆုံး အကြံဉာဏ်ပေးချက်ကို သဘောကျ ပြီးတော့ “ကောင်းပြီ၊ သင်တို့ဟာ ငါရဲ့ ကလျာဏမိတ္တ-မိတ်ဆွေကောင်းတွေပဲ၊ ပဒုမုတ္တရမြတ်စွာဘုရားကို ပြုစုလုပ်ကျွေးဖို့ အခွင့်ရယူချင်တဲ့ စိတ်ကူးဟာ ငါ့မှာ မူလက မရှိသေးဘူး၊ သင်တို့က ဒီစိတ်ကို ဖြစ်အောင် ဖော်ပေးကြတယ်၊ အဲဒီအတိုင်းပဲ အခွင့်တောင်းယူမယ်”လို့ ပြောပါတယ်။
ဘုရားကို ပြုစုလုပ်ကျွေးရန် တောင်းခြင်း
ခမည်းတော်မင်းမြတ်ထံ ရောက်တဲ့အခါ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီး တဲ့နောက် ခမည်းတော်မင်းမြတ်က အလိုရှိရာတောင်းဖို့ ဆုပေးပါတယ်၊ အဲဒီအခါ သုမန မင်းသားက “ကောင်းပါပြီ၊ ခမည်းတော် ပဒုမုတ္တရ ဘုရားရှင်ကို သုံးလ ပတ်လုံး ပစ္စည်းလေးပါးဖြင့် ပြုစုလုပ်ကျွေးလိုပါတယ်၊ ဒီလို ကောင်းမှုပြုသောအားဖြင့် မိမိ၏ဘဝကို အမြတ်ရအောင် ပြုချင်ပါတယ်၊ ဒီဆုကိုသာပေးတော်မူပါ”လို့ တောင်းဆိုပါတယ်၊
ဒီတော့ ခမည်းတော်မင်းကြီးက “ဒီဆုတော့ မပေးနိုင်ဘူး သားတော်၊ တခြားဆုကို လွှဲတောင်းပါ”လို့ ပြောပါတယ်၊ ရှေးက အာဏာပိုင်မင်း တွေဟာ ‘ဝရ’ ခေါ်တဲ့ဆုကို ပေးမယ်လို့ ဝန်ခံပြီးယင် ဘာမဆိုတောင်းတဲ့ဟာကို ပေးရတယ်၊ မပြင်ရဘူး၊ မှန်ကန်သော သစ္စာစကား ရှိရတယ်၊ ဒါကြောင့် မင်းသားက ဒီလို အကျပ်ကိုင်ပြီး ပြောပါတယ်၊
‘ခမည်းတော်၊ ရေ မြေကို အစိုးရတဲ့ မင်းတို့မှာ ပေးမယ်ဆိုတဲ့စကားအတိုင်းမတည်ပဲ စကားနှစ်မျိုးရှိကောင်းပါသလား၊ သားတော်တောင်းတဲ့ ဒီဆုကိုသာ ပေးတော်မူပါ၊ တခြားဆုကို အလိုမရှိပါ”လို့ အကြပ်ကိုင်ပြီးပြောပါတယ်၊ ဒီတော့မင်းကြီးမှာ မငြင်းသာတဲ့အတွက် ပရိယာယ်နဲ့ ဒီလိုသာ ပြောရတော့တယ်-
“သားတော်၊ မြတ်စွာဘုရားရဲ့စိတ်ကို သိဖို့ခက်တယ်၊ ငါက ပေးပေမယ်လို့ ဘုရားက အလို မရှိဘူး၊ သင့်ထံ မကြွလိုဘူးဆိုယင် ဘယ့်နှယ်မှမတတ်နိုင်ဘူး”လို့ ဒီလို ပရိယာယ်နဲ့ ပြောပါတယ်၊ ဒီတော့ မင်းသားက “ကောင်းပါပြီ၊ မြတ်စွာဘုရားရဲ့ စိတ်အလိုကို ကျွနု်ပ် သိရအောင် ကြိုးစားပါ့မယ်”လို့ပြောပြီး ဘုရားထံကို သွားပါတယ်။
ဖူးမြော်ခွင့်ရရန် သုမနမထေရ်က ဆောင်ရွက်ခြင်း
ကျောင်းတော်ရောက်တဲ့ အချိန်မှာ မြတ်စွာဘုရားက ဆွမ်းဘုဉ်းပေးပြီးလို့ ဂန္ဓကုဋိတိုက်ကို ဝင်နေတော်မူတဲ့အခါ ဖြစ်ပါတယ်၊ ဂန္ဓကုဋိတိုက်ဆိုတာ မြတ်စွာဘုရား သီတင်းသုံးတော်မူတဲ့ သီးသန့်ကျောင်းတော်ပါပဲ၊ ဒီလို ဂန္ဓကုဋိ တိုက်ထဲမှာ တပါးတည်း ချမ်းသာစွာ သီတင်းသုံးနေတော်မူခိုက် ဖြစ်တဲ့အတွက် သုမနမင်းသားဟာ စည်းဝေးဆောင်မှာ ရှိနေကြတဲ့ ရဟန်းတော်များထံ ချဉ်းကပ်ပြီး မြတ်စွာဘုရားအား ဖူးမြော်ခွင့်ရအောင် ဆောင်ရွက်ပေးဖို့ လျှောက်ထားတောင်းပန် ပါတယ်၊
ဒီတော့ ရဟန်းတော်များက ‘မင်းသားကလေး၊ ငါတို့ဟာ မြတ်စွာဘုရားကို အလိုရှိတိုင်းသော ခဏမှာ သွားရောက်ဖူးမြော်ဖို့ အခွင့်မရဘူး၊ သုမနထေရ်သာ အခွင့်ရတယ်”လို့ ပြောကြပါတယ်၊ ဒါကြောင့် သုမနထေရ်ထံသွားပြီး ဘုရားကို ဖူးမြော်ခွင့်ရအောင် ဆောင်ရွက်ပေးဖို့ တောင်းပန်ပါတယ်။
ဒီတော့ သုမနထေရ်က “မင်းသားကလေး၊ လာ လိုက်ခဲ့”လို့ ခေါ်ဆောင်သွားပြီးတော့ ဂန္ဓကုဋိတိုက် ပရိဝုဏ်ခေါ်တဲ့ သီးခြားဝင်းကလေး အတွင်းမှာထားပြီး ဂန္ဓကုဋိတိုက် ကျောင်းပေါ်ကို တက်သွားပါတယ်၊ သုမနမင်းသားဟာ ဘုရားကို ဖူးမြော်ရန် လာရောက်နေတဲ့ အကြောင်းကိုလဲ လျှောက်ထားပါတယ်၊ မြတ်စွာဘုရားလဲ သုမနထေရ် ခင်းကျင်းပေးတဲ့ ဘုရားနေရာမှာ ထိုင်တော်မူပြီး အဖူးအမြော်ခံပါတယ်၊
သုမနမင်းသားက မြတ်စွာဘုရားကို ရှိခိုးကန်တော့ပြီးတဲ့အခါ “မင်းသား၊ … ဘယ်အချိန်က ရောက်လာသလဲ”လို့ မြတ်စွာဘုရားက မေးတော်မူပါတယ်၊ ဒီတော့ သုမနမင်းသားက “မြတ်စွာဘုရား ဂန္ဓကုဋိတိုက်ကို ဝင်ပြီးခါစကပဲ ရောက်ပါတယ် ဘုရား၊ သုမနထေရ်မှတပါးအခြား ရဟန်းတော်တွေ ကတော့ ငါတို့ဟာ အလိုရှိတိုင်းသောခဏမှာ မြတ်စွာဘုရားကို ဖူးမြော်ခွင့် မရနိုင်ဘူး-လို့ ပြောပြီး သုမနထေရ်ထံ စေလွှတ်လိုက်ကြပါတယ်၊
သုမနထေရ်ကတော့ တခွန်းတည်း လျှောက်လိုက်ရုံနဲ့ မြတ်စွာဘုရားကို ဖူးမြော်ခွင့် ရအောင် တပည့်တော်အား ဆောင်ရွက်ပေးပါတယ်၊ သုမနထေရ်ဟာ မြတ်စွာဘုရား သာသနာတော်မှာ အလွန်အကျွမ်းဝင်ဟန် တူပါတယ်၊ ဒီအတိုင်း မှန်ပါသလား မြတ်စွာဘုရား”လို့ လျှောက်ပါတယ်၊ အလွန်အကျွမ်းဝင်တဲ့ မထေရ်ဖြစ်ကြောင်း မြတ်စွာဘုရားက မိန့်တော်မူပါတယ်၊
ဘယ်လို အမှုကိုပြုယင် မြတ်စွာဘုရားတို့၏ သာသနာတော်မှာ ဒီလိုအကျွမ်းဝင်တဲ့ ပုဂ္ဂိုလ်ထူး ဖြစ်နိုင်ပါသလဲ မြတ်စွာဘုရားလို့ မေးလျှောက်ပါတယ်၊ အလှူဒါနကိုလဲပြု သီလကိုလဲဆောက်တည် ဥပုသ်ကိုလဲ ကျင့်သုံးယင် ဒီလို အကျွမ်းဝင်တဲ့ ပုဂ္ဂိုလ်ထူး ဖြစ်နိုင်တဲ့ အကြောင်းကို မြတ်စွာဘုရားက မိန့်တော်မူပါတယ်။
မြတ်စွာဘုရားကို ပင့်လျှောက်ပုံ
“မြတ်စွာဘုရား၊ တပည့်တော်ဟာ အရှင်သုမနထေရ်လိုပဲ နောင်ပွင့်တော်မူမည့် ဘုရားတဆူရဲ့ သာသနာတော်မှာ အထူးကျွမ်းဝင်တဲ့ပုဂ္ဂိုလ် ဖြစ်လိုပါတယ်၊ အဲဒီလိုဖြစ်နိုင်အောင် ကုသိုလ်ကောင်းမှုတွေကို ဆည်းပူးပြုစုလိုပါတယ်၊တပည့်တော် ၏ အရပ်ဌာနမှာ သုံးလပတ်လုံးဝါကပ်ပြီး မြတ်စွာဘုရား သီတင်းသုံးနေတော်မူပါ ဘုရား”လို့ ပင့်လျှောက်ပါတယ်၊
မြတ်စွာဘုရားက သုမနမင်းသားပင့်ရာ အရပ်ကိုကြွသွားလို့ အကျိုးရှိမည်-မရှိမည်ကိုဆင်ခြင်တော်မူပြီး အကျိုးရှိမည်ကို မြင်တော်မူတဲ့အတွက် “သုမနမင်းသား၊ မြတ်စွာဘုရားတို့ဆိုတာ ဆိတ်ငြိမ်ရာ အရပ်ဌာနမှာ မွေ့လျော်ကြတယ်”လို့ မိန့်တော်မူပါတယ်၊ အဲဒါဟာ ပင့်လျှောက်ချက်ကို မြတ်စွာဘုရားက လက်ခံတော် မူတာပါပဲ။
ဒီတော့ သုမနမင်းသားက “တပည့်တော် သိပါပြီဘုရား၊ နားလည်ပါပြီဘုရား”လို့ ဝမ်းမြောက်ဝမ်းသာလျှောက်ထားပြီးတော့ “တပည့်တော်ရှေးဦးစွာ သွားနှင့်ပြီးတော့ ကျောင်းတော်ကို ဆောက်လုပ်စေပါမယ်၊ တပည့်တော်ထံမှ လူလွှတ်ပြီး ပင့်တဲ့အခါကျတော့မှ တပည့်သာဝက ရဟန်းတသိန်းနှင့်တကွ မြတ်စွာဘုရား ကြွလာတော်မူပါ”လို့ ပင့်လျှောက်ပြီး ခမည်းတော်မင်းကြီးအား ပင့်လို့ရခဲ့တဲ့ အကြောင်း ပြန်ကြားပါတယ်၊
မြတ်စွာဘုရား ကြွလာတဲ့အခါ ချမ်းချမ်းသာသာနဲ့ သီတင်းသုံးရန်အတွက် လမ်းခရီးတလျှောက်မှာ တယူဇနာ တယူဇနာလျှင် ကျောင်းတိုက် တခုတခု ဆောက်လုပ်စေပါတယ်၊ ယူဇနာ ၁၂၀-ဝေးတယ်ဆိုတော့ ကျောင်းတိုက်ပေါင်း ၁၂၀-ဆောက်လုပ်ရမှာပေါ့၊
မိမိနေရာ မြို့ကိုရောက်တဲ့အခါကျတော့ သံဃာတော် တသိန်းနှင့်တကွ မြတ်စွာဘုရား သီတင်းသုံးရန်အတွက် သူကြွယ်တဦးရဲ့ သောဘနခေါ်တဲ့ ဥယျာဉ်ကြီးကို အဖိုး တသိန်းနဲ့ ဝယ်ယူပြီး တသိန်းတန်ကျောင်းတော်ကြီးကို ဆောက်လုပ်စေပါတယ်၊ ရဟန်းတော်များ သီတင်းသုံးဖို့ ကျောင်းအဆောက်အအုံ တွေကိုလဲ ဆောက်လုပ်စေ ပါတယ်၊ ဒီလို ဆောက်လုပ်ပြီးတဲ့အခါ “ကိစ္စအားလုံးပြီးပါပြီ၊ မြတ်စွာဘုရားကို ကြွဖို့ လျှောက်ထားပေးပါ”လို့ ခမည်းတော် မင်းကြီးထံ အကြောင်းကြားလိုက်ပါတယ်။
မြတ်စွာဘုရားအား ကျောင်းလှူခြင်း
ခမည်းတော်မင်းကြီးက မြတ်စွာဘုရားကို ဆွမ်းကပ်ပြီး သုမနမင်းသားက ကြွလာတော်မူရန် ပင့်လိုက်တဲ့အကြောင်း တဆင့်လျှောက်ထားပါတယ်၊ အဲဒီအခါ မြတ်စွာဘုရားဟာ တပည့်ရဟန်း တသိန်းအခြံအရံနှင့်တကွ ကြွချီတော်မူပါတယ်၊ လမ်းတလျှောက်လုံးမှာ တယူဇနာ တယူဇနာ တကျောင်းစီ ဆောက်လုပ်ထားတဲ့ ကျောင်းတွေမှာ တည တည သီတင်းသုံးပြီး သက်သက်သာသာ ကြွတော်မူပါတယ်၊
သုမနမင်းသားလဲ လူထုပရိသတ် များစွာနှင့်တကွ တယူဇနာအထိ ခရီးဦးကြိုဆိုပြီး ပန်းနံ့သာ စသည်တို့ဖြင့် ပူဇော်လျက် တခမ်းတနား ပင့်ဆောင်ပါတယ်၊ ကျောင်းတော်ကို ရောက်တဲ့အခါ ဒီလိုလျှောက်ထားပြီး ကျောင်းတော်ကို လှူဒါန်း အပ်နှင်းပါတယ်။
သတသဟဿေန မေ ကီတံ၊
သတသဟဿေန မာပိတံ။
သောဘနံ နာမ ဥယျာနံ၊
ပဋိဂ္ဂဏှ မဟာမုနိ။
မဟာမုနိ၊ ရဟန်းမြတ်အစစ် ဖြစ်တော်မူသော မြတ်စွာဘုရား။
မေ၊ အကျွနု်ပ်သည်။
သတသဟဿေန၊ တသိန်းသောအသပြာငွေဖြင့်။
ကီတံ၊ ဝယ်ယူထားအပ်သော။
သောဘနံ နာမ၊ ရှုချင်ဖွယ် တင့်တယ်ပေစွ သာယာလှ၍ သောဘနအမည်ရှိသော။
ဥယျာနံ၊ သီးပွင့်စုံစွာ ရိပ်ဆာယာနှင့် ကြည်သာအေးမြ ဆိတ်ငြိမ်လှ၍ ပဓာန သင့်လျော် ဥယျာဉ်တော်ကို။
ပဋိဂ္ဂဏှ၊ လက်ခံတော်မူပါအရှင်ဘုရား။
သတသဟဿေန၊ တသိန်းသော အသပြာဖြင့်။
မာပိတံ၊ ဆောက်လုပ်အပ်သော ကျောင်းတော်ကို။
ပဋိဂ္ဂဏှ၊ ခခံယူတော်မူပါအရှင်ဘုရား။
လို့ ဒီလိုလျှောက်ထားပြီး ဥယျာဉ်နှင့်ကျောင်းတော်ကို လှူဒါန်းလိုက်ပါတယ်။
ဒီစကားထဲမှာ စဉ်းစားစရာအချက်တခုပါတယ်၊ ဘာလဲဆိုတော့ ကျောင်းတော်ကို ငွေတသိန်းနဲ့ ဆောက်တယ်ဆိုတာရယ်၊ မြတ်စွာဘုရားနှင့်တကွ ရဟန်းတသိန်း နေဖို့ဆိုတာရယ် ဒီအချက်ပါပဲ၊ ရဟန်းတသိန်းအတွက် တသိန်းတန်ကျောင်း ဆိုတော့ တပါးတပါးအတွက် တကျပ်တကျပ်သာ တန်တယ်လို့ ဒီလိုတွက်လို့ ရပါတယ်၊ ဒီတော့ တကျပ်တန်မျှနဲ့ တပါးနေလောက်တဲ့ နေရာဖြစ်နိုင်ပါ့မလားလို့ စဉ်းစားဖွယ် ရှိနေပါတယ်၊
ဒီနေရာမှာ ဒီလိုယူယင် သင့်ပါလိမ့်မယ်၊ တသိန်းတန်ကျောင်း ဆိုတာက ကျောင်းမကြီးကို ရည်ရွယ်တယ်၊ တပါးနေကျောင်း ၂-ပါးနေကျောင်းစသည်ဖြင့် အခြားကျောင်းငယ်ကလေးများလဲ ရှိသေးတယ်၊ သို့သော် အဲဒီကျောင်းငယ်တွေ ကတော့ စာမဖွဲ့လောက်လို့ဖော်ပြမထားဘူးလို့ ယူယင် သင့်ပါလိမ့်မယ်။
လေးလေးနက်နက် ဆည်းကပ်ပုံ
အဲဒီလို ကျောင်းတော်ကို လှူပြီးတော့ သုမနမင်းသားဟာ ဝါကပ်တဲ့နေ့မှာ မိမိ၏ သားမယားတွေ အမတ်တွေကို ခေါ်ပြီးတော့ ဒီလိုအမိန့်ပေးပါတယ်။
မြတ်စွာဘုရားဟာ ငါတို့ကို ငဲ့ညှာသနားတော်မူတဲ့အတွက် ငါတို့ရဲ့ တောမြို့အရပ်ကို ကြွလာတော်မူပေတယ်၊ မြတ်စွာဘုရားများဟာ လှူဒါန်းတဲ့ ဆွမ်းသင်္ကန်းစသော ပစ္စည်းကို အလေးပြုတော် မမူကြဘူး၊ ကျင့်သုံးတဲ့ ကိုယ်ကျင့်တရားကိုသာ အလေးပြုတော်မူကြတယ်၊
ဒါကြောင့် မြတ်စွာဘုရား ကျေနပ်တော်မူအောင် ပဋိပတ်နဲ့ ပူဇော်ချင်တယ်၊ ဒီလို ပူဇော်ချင်တဲ့အတွက် ငါဟာ ခါးဝတ်နဲ့ကိုယ်ရုံ ၂-ထည်မျှကိုသာ ဝတ်ရုံပြီး ဆယ်ပါးသီလနဲ့ ဘုရားကျောင်းတော်မှာပဲ နေမယ်၊ ဒီကနေ့ လှူဒါန်းကျွေးမွေးတဲ့ နည်းအတိုင်းပင် ဝါတွင်းသုံးလပတ်လုံး ရဟန္တာတသိန်းအား ဝတ်မပျက်စေပဲ သင်တို့ လှူဒါန်းကျွေးမွေး ပြုစုကြရမယ်လို့ အမိန့်ပေးပါတယ်။
တရားကို အလေးပြုပုံ
ဒီနေရာမှာ မြတ်စွာဘုရား၏ တရားအလေးပြုပုံကို ဝတ္ထုကြောင်းကလေးတခုနဲ့ ပြရဦးမယ်၊ တချိန်က မြတ်စွာဘုရားဟာ ဝါဆိုဦးမှာ နယ်လှည့် (ဒေသစာရီ) ကြွရန်အတွက် သံဃာတော်များနှင့်တကွ ဇေတဝန်ကျောင်းတော်မှ ထွက်တော်မူပါ တယ်၊
ဒီအခါမှာ မြတ်စွာဘုရားကို ကောသလမင်းကြီးကရော အနာထပိဏ် သဌေးကရော အခြား ဒကာ ဒကာမတွေကရော မကြွဖို့ တားမြစ်လျှောက်ထား ကြပါတယ်၊ ဘယ်သူမှ တားလို့မရဘူး၊ ဒါကြောင့် အနာထပိဏ်သဌေးကြီးဟာ စိတ်မချမ်းမသာ ဖြစ်ပြီးမှိုင်နေတယ်၊
အဲဒါကိုမြင်ရလို့ သဌေးကြီးရဲ့ကျွန်မ ပုဏ္ဏာ-ကမေးတော့ သဌေးကြီးက မြတ်စွာဘုရားအား ဒေသစာရီ မကြွဖို့ လျှောက်ထားတောင်းပန်တာ မရတဲ့အတွက် ဒီဝါတွင်းသုံးလပတ်လုံး မြတ်စွာဘုရားကိုယ်တော်တိုင် ဟောတဲ့တရားကိုလဲ နာရမှာ မဟုတ်တော့ဘူး, ဘုရားအမှူးရှိတဲ့ သံဃာတော်အား အလိုရှိတိုင်း လှူဒါန်းရမှာလဲ မဟုတ်တော့ဘူးလို့ စဉ်းစားနေတဲ့အကြောင်းကို ပြောပါတယ်၊
ဒီတော့ ပုဏ္ဏာ-က အရှင်သဌေးကြီး မြတ်စွာဘုရားကို ပြန်ကြွလာအောင် ကျွန်မ လျှောက်ပါ့မယ် လို့ပြောတယ်၊ မြတ်စွာဘုရား ပြန်ကြွလာအောင် နင်တတ်နိုင်လို့ရှိယင် နင့်ကို ကျွန်အဖြစ်မှ လွတ်စေမယ်လို့ သဌေးကြီးကပြောတယ်။
ဒီတော့ ပုဏ္ဏာ-က ကပျာကယာလိုက်သွားပြီး မြတ်စွာဘုရားကို ပြန်ကြွရန် လျှောက်ထားတောင်းပန်ပါတယ်၊ မြတ်စွာဘုရားက “ပုဏ္ဏာ၊ နင်ဟာ သူတပါးကို မှီပြီး အသက်မွေးနေရတဲ့ အစေအပါး ကျွန်မ မဟုတ်လား၊ ငါပြန်ကြွလာယင် နင်က ငါ့ကို ဘယ်လိုကျေးဇူးပြုမှာလဲ”လို့ မေးတော်မူပါတယ်၊
ဒီတော့ ပုဏ္ဏာက “တပည့်တော်မမှာ လှူစရာမရှိဘူးဆိုတာ မြတ်စွာဘုရား သိတော်မူပါတယ်၊ ဒါပေမယ့် မြတ်စွာဘုရား ပြန်ကြွလာပြီး ဇေတဝန်ကျောင်းမှာ ဝါကပ် သီတင်းသုံးတော်မူပါလျှင် တပည့်တော်မဟာ သရဏဂုံသုံးပါးနှင့် ငါးပါးသီလမှာ တည်ရပါလိမ့်မယ်ဘုရား”လို့ လျှောက်ထားပါတယ်၊ ဒီအခါမှာ မြတ်စွာဘုရားက “ကောင်းပေစွ ကောင်းပေစွ ပုဏ္ဏာ”လို့ သာဓုခေါ်ပြီးတော့ ပြန်ကြွတော်မူကာ ဇေတဝန်ကျောင်းတော်သို့ ဝင်တော်မူပါတယ်။
ဒီလို ပုဏ္ဏာရဲ့ ဆောင်ရွက်ချက်ကြောင့် မြတ်စွာဘုရားက ပြန်ကြွလာပြီး ဇေတဝန် ကျောင်းမှာပဲ သီတင်းသုံးတော်မူတယ်ဆိုတဲ့ အကြောင်းဟာ အလွန်ထင်ရှား ကျော်ကြားသွားပါတယ်၊ အနာထပိဏ်သဌေးကြီးကလဲ အားရဝမ်းသာစွာနဲ့ ပုဏ္ဏာကို ကျွန်အဖြစ်မှလွတ်စေပြီး သမီးအဖြစ်နဲ့ မွေးစားထားပါတယ်၊ ဒါကြောင့် ပုဏ္ဏာဟာ ကျွန်မဘဝက ချက်ချင်းပဲ သဌေးသမီး ဖြစ်သွားတယ်၊
သဌေးသမီးဆိုတော့ အစစအရာရာမှာ လွတ်လပ်တာပေါ့၊ သွားလိုရာသွားနိုင်တယ်၊ ပြုလိုရာ ပြုနိုင်တယ်၊ ကိုယ့်ကိုယ်ကို ကိုယ်အစိုးရတယ်၊ အဲဒါကလဲ အကြောင်းတပါး၊ ရှေးပါရမီနဲ့ ပြည့်စုံနေတာကလဲ အကြောင်းတပါး၊ ဒီအကြောင်းနှစ်ပါးကြောင့် ပုဏ္ဏာဟာ မြတ်စွာဘုရား၏ သာသနာတော်မှာဝင်ပြီး ရဟန်းမိန်းမပြုပါတယ်၊ ရဟန်းမိန်းမပြုပြီး ဝိပဿနာတရားကိုအားထုတ်လို့ ရုပ်နာမ် အဖြစ်အပျက်ကိုမြင်တဲ့ ဥဒယဗ္ဗယဉာဏ် ဖြစ်နေတဲ့အခါမှာ မြတ်စွာဘုရားက မိမိနေမြဲ နေရာမှ ရောင်ခြည်တော်လွှတ်ပြီး ဒီလိုအားပေးတရား ဟောတော်မူပါတယ်။
ပုဏ္ဏေ ပုရေသိ သဒ္ဓမ္မံ၊
စန္ဒော ပန္နရသော ယထာ။
ပရိပုဏ္ဏာယ ပညာယ၊
ဒုက္ခဿန္တံ ကရိဿသိ-တဲ့။
ပုဏ္ဏေ၊ ချစ်သမီးပုဏ္ဏာ။
ပန္နရသော၊ တိထီရက်စေ့ ဆယ့်ငါးရက်မြောက်နေ့၌ ပေါ်ထွန်းသော။
စန္ဒော၊ လမင်းသည်။
ပူရေတိယထာ၊ ဝိုင်းဝိုင်းတိတိ အလုံးစုံပြည့်လေဘိသကဲ့သို့။
တွံ၊ သင်သည်။
သဒ္ဓမ္ံ၊ ဝိပဿနာတည်းဟူသော သူတော်ကောင်းတရားကို။
ပူရေသိ-ပူရေဟိ၊ တင်းတင်းပြည့်အောင် အားထုတ်လိုက်ပါလော့။
ပညာယ၊ ဝိပဿနာပညာအရိယမဂ်ပညာသည်။
ပရိပုဏ္ဏာယ၊ ပြည့်စုံလတ်သော်။
ဒုက္ခဿန္တံ၊ ဝဋ်ဆင်းရဲ၏ အဆုံး အပိုင်းအခြားကို။
ကရိဿတိ၊ ပြုနိုင်ပေလတ္တံ့လို့-
ဒီလို အားပေးတရားကို ဟောတော်မူပါတယ်၊ ယခုကာလမှာလဲ ကမ္မဋ္ဌာန်းဆရာတွေက ယောဂီရဲ့အခြေအနေကို မေးမြန်းပြီး မိမိတို့ စွမ်းနိုင်သမျှ အားပေးစကား ပြောရပါတယ်၊ ပုဏ္ဏာထေရီမှာတော့ မြတ်စွာဘုရားက အားပေး ဟောပြောတဲ့ အဲဒီဂါထာကို ကြားနာရသည့်အဆုံးမှာ အရဟတ္တမဂ်ဖိုလ်ကိုရောက်ပြီး ရဟန္တာမ ဖြစ်သွားပါသတဲ့၊
ဒီလို ပုဏ္ဏာထေရီ ရဟန္တာမ ဖြစ်သည်အထိ အကျိုးများမည်ကို မြင်တော်မူတဲ့အတွက် မြတ်စွာဘုရားဟာ တရားကို အလေးပြုပြီး ဒေသစာရီကြွမည့် ခရီးစဉ်ကိုဖျက်ပြီး ပုဏ္ဏာရဲ့ လျှောက်ထား တောင်းပန်ချက်အတိုင်း ဇေတဝန်ကျောင်းတော်မှာ ပြန်လည် သီတင်းသုံးတော်မူခဲ့တာပဲ၊
အဲဒါဟာ ငါတို့ မြတ်စွာဘုရားရဲ့ ဓမ္မဂရုဖြစ်ပုံ တရားအလေးပြုပုံ သက်သေသာဓက တခုပါပဲ၊ အခြားသော မြတ်စွာဘုရားများလဲ ဒီလိုချည်းပဲတရားကို အလေးပြုတော် မူကြပါတယ်။
ဒါကြောင့် သုမနမင်းသားကလဲ တရားကိုအလေးပြုတော်မူတဲ့ မြတ်စွာဘုရား အားရကျေနပ်တော် မူစေရန်အတွက် ခုတင်က ပြောခဲ့တဲ့အတိုင်း အိမ်တော်သူ အိမ်တော်သားများနဲ့ အမတ်များကို မှာထားပြီးတော့ ခါးဝတ်နဲ့ ကိုယ်ရုံ အဝတ် ၂- ထည်မျှ ရိုးရိုးကလေး ဝတ်ရုံပါတယ်၊
အဝတ်ရဲ့ အသွေးအရောင်ကိုတော့ အဋ္ဌကထာက ဒီနေရာမှာ ဖော်ပြမထားဘူး၊ ဝတ်ဖြူ စင်ကြယ်ဆိုယင်လဲ ဖိုးသူတော်ပြုလုပ်တယ်လို့ ဆိုရမှာပေါ့၊ ဖန်ရည်စွန်းတဲ့ အဝတ်ဆိုယင်တော့ ရသေ့ပြုလုပ်တယ်လို့ ဆိုရမှာပေါ့၊ အဲဒီလို အဝတ် ၂-ထည်မျှဝတ်ရုံပြီး ဆယ်ပါးသီလကို ဆောက်တည်လျက် ဘုရားကျောင်းတော်မှာပဲ နေပါတယ်။
ဘုရားအား လုပ်ကျွေးပြုစုပုံကို လေ့လာကြည်ညိုခြင်း
ကျောင်းတော်မှာနေတယ်ဆိုပေမယ့် တခြားမှာနေတာ မဟုတ်ဘူး၊ မြတ်စွာဘုရားရဲ့ အလုပ်အကျွေးဖြစ်တဲ့ သုမန မထေရ်ရဲ့အနီးမှာပဲ နေတယ်၊ ဒီလိုနေပြီးတော့ သုမနမထေရ် မြတ်စွာဘုရားအား ဝတ်ကြီးဝတ်ငယ်ပြုစုပုံ, ရင်းရင်းနှီးနှီး ဆည်းကပ်ပုံတွေကို လေ့လာကြည်ညိုနေပါတယ်၊ ဒီလို လေ့လာနေယင်း အဲဒီ သုမနမထေရ်လိုပဲ နောင်အခါမှာ ဘုရားရဲ့ အလုပ်အကျွေးအဖြစ် ဆုတောင်းလိုတဲ့ စိတ်ဆန္ဒတွေ ပြင်းပြစွာ ဖြစ်နေပါတယ်၊
ဒါကြောင့် ဝါကျွတ်ခါနီးမှာ အိမ်ကိုပြန်ပြီး ခုနစ်ရက်ပတ်လုံး အလွန်ကြီးကျယ်တဲ့ အလှူပွဲကြီးကို ပြုလုပ်ပါတယ်၊ ခုနစ်ရက်မြောက်နေ့မှာ တသိန်းသော ရဟန်းတော် တို့အား တိစီဝရိတ်သင်္ကန်း သုံးထည်စီလှူပြီးတော့ ဒီလို ဆုတောင်းပါတယ်။
“မြတ်စွာဘုရား၊ တပည့်တော်ဟာ ယူဇနာ ၁၂၀ ရှိတဲ့ခရီးလမ်းတလျှောက်လုံးမှာ တယူဇနာလျှင် ကျောင်းတိုက်တခုစီ ဆောက်လုပ် လှူဒါန်းသည်မှစပြီး ယခု တသိန်းသောရဟန်းတို့အား တိစီဝရိတ်သင်္ကန်းသုံးထည်စီ လှူဒါန်း ဆက်ကပ်သည် အထိ များစွာသောအလှူဒါန ကောင်းမှုတွေကိုပြုပါတယ်၊
ဒီကောင်းမှုတွေကို ပြုတာဟာ လူမင်းစည်းစိမ် နတ်မင်းစည်းစိမ် သိကြားမင်းစည်းစိမ် ဗြဟ္မာမင်းစည်းစိမ် တွေအတွက် မဟုတ်ပါ၊ အဲဒီ လောကီစည်းစိမ်တွေကို တောင့်တပြီး ပြုတာ မဟုတ်ပါ၊ စင်စစ်မှာတော့ မြတ်စွာဘုရား၏ အလုပ်အကျွေးအဖြစ်ကို တောင့်တပြီး ပြုခြင်း ဖြစ်ပါတယ်၊ ဒီ ကောင်းမှုအပေါင်းကြောင့် တပည့်တော်ဟာ နောင်အခါ၌ အရှင်ဘုရား၏ အလုပ်အကျွေး သုမနမထေရ်ကဲ့သို့ တဆူသော ဘုရားရှင်၏ အလုပ်အကျွေး ဖြစ်ရပါစေဘုရား” လို့ တည်ခြင်းငါးပါးဖြင့် ရိုသေစွာ ဝပ်တွား ရှိခိုးပြီး ဆုပန်လိုက်ပါတယ်။
ဒီအခါမှာ ပဒုမုတ္တရမြတ်စွာဘုရားက အနာဂတံသ ဉာဏ်နဲ့ ဆင်ခြင်တော်မူပါတယ်၊ သုမနမင်းသားရဲ့ စိတ်အလိုဟာ ကြီးကျယ်တယ်၊ ပြည့်စုံမှာလေလား မပြည့်စုံပဲ ရှိမှာလေလားလို့ ဆင်ခြင်တော်မူပြီးတော့ မုချပြည့်စုံမယ်ဆိုတာကို မြင်တော်မူတဲ့ အတွက် ဒီလို ဆုပေးတော်မူပါတယ်။
ဣစ္ဆိတံ ပတ္ထိတံ တုယှံ၊
သဗ္ဗမေဝ သမိဇ္ဈတု။
သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ၊
စန္ဒော ပန္နရသော ယထာ။
တုယှံ၊ သင်၏။
ဣစ္ဆိတံ ပတ္ထိတံ၊ လိုလား တောင့်တသမျှသည်။
သဗ္ဗမေဝ၊ အလုံးစုံပင်လျှင်။
သမိဇ္ဈတု၊ ပြီးစီးပြည့်စုံစေသတည်း။
သဗ္ဗေ၊ အလုံးစုံကုန်သော။
သင်္ကပ္ပါ၊ သင်၏ကောင်းမြတ်သော အကြံအစည်တို့သည်။
စန္ဒော ပန္နရသော ယထာ၊ တိထီက်စေ့ ဆယ့်ငါးရက်နေ့၌ ပေါ်ထွန်းသော လပြည့်ဝန်းကဲ့သို့။
ပူရေန္တု၊ လိုလေသေးမရှိရအောင် ပြည့်ဝစေကုန်သတည်း။
ဒီလို မြတ်စွာဘုရားက ဆုပေးလိုက်တဲ့အခါမှာ သုမနမင်းသားဟာ အလွန် ဝမ်းမြောက်သွားတယ်၊ နောက်တနေ့မှာပဲ ဂေါတမဘုရား၏ သပိတ် သင်္ကန်းများကို ယူဆောင်ပြီး ဘုရားနောက်က လိုက်နေရတော့မလိုတောင် ဖြစ်နေပါတယ်တဲ့၊
အဲဒီ ဘဝကစပြီး ကမ္ဘာတသိန်းကာလပတ်လုံး ပါရမီတွေကို ဖြည့်ကျင့်လာခဲ့ပါတယ်၊ ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တွေထဲမှာ ဘုရားအလောင်းနှင့် အတူတကွ ပါရမီဖြည့်ဖက်ဖြစ်ခဲ့တဲ့ ဘဝတွေများစွာရှိပါတယ်၊ တခါတရံမှာ ဘုရားအလောင်းက မင်းဖြစ်ပြီး အရှင်အာနန္ဒာအလောင်းက အမတ်ဖြစ်ခဲ့တယ်၊ တခါတရံမှာ အရှင်အာနန္ဒာအလောင်းက မင်းဖြစ်ပြီး ဘုရားအလောင်းက အမတ်ဖြစ်ခဲ့တယ်၊
တခါတရံမှာ ဘုရားအလောင်းက လူဖြစ်ပြီး အရှင်အာနန္ဒာ အလောင်းက နတ်ဖြစ်ခဲ့ သိကြား ဖြစ်ခဲ့တယ်၊ တခါတရံမှာ အရှင်အာနန္ဒာ အလောင်းက လူဖြစ်ပြီး ဘုရား အလောင်းက နတ်ဖြစ်ခဲ့ သိကြားဖြစ်ခဲ့တယ်၊ တခါတရံမှာ ညီအစ်ကို ဖြစ်ခဲ့ကြတယ်၊ ဒီပုံဒီနည်းဖြင့် တဦးနဲ့တဦး ရင်းရင်းနှီးနှီး ကူညီဖက်ဖြစ်ပြီး ပါရမီတွေကို ဖြည့်ကျင့်လာခဲ့ပါတယ်။
ဒီလို ကမ္ဘာတသိန်း ကာလပတ်လုံး ပါရမီတွေကို ဖြည့်ကျင့်ပြီးတော့ ယခု နောက်ဆုံးဘဝမှာ သုဒ္ဓေါဒနမင်းကြီးရဲ့ ညီတော် အမိတောဒနရဲ့သား ဖြစ်လာပါတယ်၊ မြတ်စွာဘုရားရဲ့ ဝမ်းကွဲညီပေါ့၊ ဒါကြောင့် “ညီတော်အာနန္ဒာ”လို့ ပြောဆို နေကြပါတယ်၊
မြတ်စွာဘုရားဟာ ဗာရာဏသီမြို့အနီး မိဂဒါဝုန်မှာ ပထမဝါ သီတင်းသုံးပြီးတဲ့ နောက်ဥရုဝေလတောက ရသေ့ တထောင်ကို ချွတ်တော် မူပါတယ်၊ အဲဒီရသေ့ တထောင်က ဖြစ်လာကြတဲ့ ရဟန္တာတထောင်နဲ့ ရာဇဂြိုဟ်ပြည်ကို ကြွတော်မူပါတယ်၊ အဲဒီရာဇဂြိုဟ်မှာ သီတင်းသုံးနေခိုက် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးကစေလွှတ်ပြီး ပင့်တဲ့အတွက် ကပိလဝတ်ပြည်ကို ကြွတော်မူပါတယ်၊
ကပိလဝတ်ပြည်မှာ နေသင့်သလောက် သီတင်းသုံးတော်မူပြီး ပြန်ကြွသွားတဲ့အခါ ညီတော်အာနန္ဒာ မင်းသားဟာ ဘဒ္ဒိယ အနုရုဒ္ဓါအစရှိတဲ့ သာကီဝင် မင်းသားတို့နှင့် အတူ ဘုရားရှိတော်မူရာ အနုပိယနိဂုံးသို့ သွားရောက်ပြီး ရဟန်းပြုခဲ့ပါတယ်။
ယခုပြောခဲ့တဲ့အတိုင်း အရှင်အာနန္ဒာမှာ ကမ္ဘာတသိန်းထက်မှစပြီး ဖြည့်ဆည်းပူးခဲ့တဲ့ ရှေးဥပနိဿယပါရမီကုသိုလ်တွေနဲ့ ပြည့်စုံတဲ့အတွက်ကြောင့် သူတပါးမှာ အသိခက်လှ နက်နဲလှတဲ့ ပဋိစ္စသမုပ္ပါဒ်ဟာ သူ့မှာတော့ လွယ်ကူပေါ်လွင်သကဲ့သို့ ထင်ပါတယ်တဲ့။
(၂) ဆရာများထံ၌ နည်းနိဿယ ခံယူခဲ့ဖူးခြင်း
နောက်ပြီးတော့ အရှင်အာနန္ဒာမှာ တိတ္ထဝါသဆိုတဲ့ ဆရာများထံမှာနေပြီး နည်းနိဿယ ခံယူခြင်းဆိုတာနဲ့လဲ ပြည့်စုံပါတယ်၊ တိတ္ထဝါသဆိုတာ ဆိပ်ကမ်း သဖွယ်ဖြစ်တဲ့ ဆရာသမားတို့ထံမှာနေခြင်းလို့ တိုက်ရိုက် အဓိပ္ပာယ်ရပါတယ်၊ ဆရာများထံမှာနေခြင်း ဆိုပေမယ့် နေရုံသက်သက်တော့ မဟုတ်ဘူး၊
အဲဒီ ဆရာသမားများထံမှာ သင်ယူခြင်း နာကြားခြင်း အနက်အဓိပ္ပာယ်မေးမြန်းခြင်း နှုတ်တက်ဆောင်ထားခြင်းတို့ကို ဆိုလိုရင်းဖြစ်ပါတယ်၊ အရှင်အာနန္ဒာဟာ ခုတင်က ပြောခဲ့တဲ့အတိုင်း ကမ္ဘာတသိန်း ကာလအတွင်းမှာ ဆရာများထံတွင် နည်းနိဿယ ခံယူခဲ့ဖူးတဲ့အတွက်ကြောင့်လဲ အရှင်အာနန္ဒာမှာ ပဋိစ္စသမုပ္ပါဒ်တရားဟာ လွယ်ကူ ပေါ်လွင်သလို ထင်နေပါတယ်တဲ့။
(၃) သောတာပန် ဖြစ်ခြင်း
နောက်ပြီးတော့ အရှင်အာနန္ဒာဟာ ခုတင်က ပြောခဲ့တဲ့အတိုင်း အရှင်ဘဒ္ဒိယ အရှင်အနုရုဒ္ဓါတို့နှင့်အတူ ရဟန်းပြုပြီးတဲ့နောက် များမကြာမီပင် ဓမ္မကထိကအရာမှာ ဧတဒဂ်ရတဲ့ အရှင်ပုဏ္ဏမထေရ်ထံ တရားနာပြီး သောတာပန်ဖြစ်တော်မူခဲ့ပါတယ်၊ အဲဒီလို တရားနာပြီး သောတာပန်ဖြစ်တဲ့ အကြောင်းကို အရှင်အာနန္ဒာကိုယ်တိုင် ဒီလို ဖော်ပြထားပါတယ်။ ဖော်ပြထားပုံကတော့ အခါတပါးမှာ အရှင်အာနန္ဒာက ရဟန်းများကို ဒီလိုပြောကြားပါတယ်၊ ငါ့ရှင်တို့-မန္တာဏီ၏ သားဖြစ်တဲ့ အရှင်ပုဏ္ဏဟာ ရဟန်းသစ်ဖြစ်တဲ့ ငါတို့အား ကျေးဇူးများအောင် ရွက်ဆောင်တော်မူပါပေတယ်၊ သူဟာ ငါတို့အား ဒီလို ဩဝါဒပေးတော်မူပါတယ်။
အရှင်ပုဏ္ဏ၏ ဩဝါဒ
ငါ့ရှင်အာနန္ဒာ၊ ငါဖြစ်သည် (ငါတတ်သည် ငါမြတ်သည် စသည်ဖြင့်) ဟု ဒီလို ထင်ခြင်းဟာ စွဲမှီ၍သာ ဖြစ်သည်၊ မစွဲမှီပဲမဖြစ်၊ အဘယ်ကို စွဲမှီ၍ဖြစ်သလဲဆိုယင် ရုပ်ကိုစွဲမှီ၍ ငါဖြစ်သည်ဟုထင်သည်၊ ဝေဒနာကိုစွဲ၍၊ သညာကိုစွဲမှီ၍၊ သင်္ခါရ တို့ကို စွဲမှီ၍၊ စိတ်ဝိညာဏ်ကို စွဲမှီ၍ ငါ ဖြစ်သည်ဟု ထင်သည်။
ငါ့ရှင်အာနန္ဒာ၊ ဥပမာဖြင့်ပြရလျှင် ဖြီးလိမ်းပြင်ဆင်လေ့ရှိတဲ့ လုံမပျိုဖြစ်စေ၊ လုလင်ပျိုဖြစ်စေ၊ စင်ကြယ်တဲ့ မှန်ထဲမှာ ဖြစ်စေ၊ ကြည်လင်တဲ့ ရေခွက်ထဲမှာဖြစ်စေ သူ၏မျက်နှာရိပ်ကိုကြည့်လျှင် ကြည်လင်တဲ့မှန်ကိုဖြစ်စေ၊ ရေကိုဖြစ်စေ စွဲမှီ၍ သာလျှင် မျက်နှာရိပ်ကို မြင်ရသည်၊
ငါ့ရှင် အာနန္ဒာ၊ ထို့အတူပင် ငါ ဖြစ်သည် (ငါတတ်သည် ငါမြတ်သည် စသည်ဖြင့်) ဟု ဒီလို ထင်ခြင်းဟာ ရုပ်ကိုစွဲမှီ၍သာ ဖြစ်သည်၊ ဝေဒနာကို၊ သညာကို၊ သင်္ခါရတို့ကို၊ စိတ်ဝိညာဏ်ကို စွဲမှီ၍သာ ဖြစ်သည်၊ မစွဲမှီပဲ မဖြစ်။
(ဒီနေရာမှာ ဆိုလိုရင်းအတိုချုပ်ကတော့ ငါပဲ, ငါတတ်သည်, ငါမြတ်သည် ငါလှသည် စသည်ဖြင့် သာယာနှစ်သက်တဲ့တဏှာ၊ အထင်ကြီးတဲ့ မာန၊ အယူမှားတဲ့ ဒိဋ္ဌိဆိုတဲ့ ဒီတရား ၃-ပါးဟာ မျက်စိနှင့်အဆင်း၊ နားနှင့်အသံ စသောရုပ်ကို စွဲမှီပြီးတော့လဲ ဖြစ်တယ်၊ အကောင်းအဆိုး ခံစားမှုဝေဒနာကို စွဲမှီပြီးတော့လဲ ဖြစ်တယ်၊ မှတ်မိတဲ့သညာကို စွဲမှီပြီးတော့လဲ ဖြစ်တယ်၊ အာရုံကို နှလုံးသွင်းတဲ့ မနသိကာရ၊ တွေ့တဲ့ ဖဿ၊ ကြောင့်ကြစိုက်တဲ့ စေတနာ၊ လိုချင်တဲ့ လောဘ၊ စိတ်ဆိုးတဲ့ ဒေါသ၊ ကြည်ညိုတဲ့သဒ္ဓါ အစရှိသော ပြုပြင်အားထုတ်မှု သင်္ခါရတွေကို စွဲမှီပြီးတော့လဲ ဖြစ်တယ်၊ ကြံသိတဲ့စိတ်ကို စွဲမှီပြီးတော့လဲ ဖြစ်တယ်၊ ဒီခန္ဓာငါးပါးကိုစွဲမှီပြီးတော့ ဖြစ်တယ်၊ အစွဲအမှီမရှိပဲ မဖြစ်နိုင်ဘူးလို့ ဆိုလိုပါတယ်။)
ငါ့ရှင် အာနန္ဒာ၊ ဒါကို သင် ဘယ်လိုထင်သလဲ၊ ရုပ်သည် မြဲသလော၊ မမြဲသလော၊ (မမြဲပါ ငါ့ရှင်)၊ ဝေဒနာသည်၊ သညာသည်၊ သင်္ခါရတို့သည်၊ စိတ်ဝိညာဏ်သည် မြဲသလော၊ မမြဲသလော၊ (မမြဲပါ ငါ့ရှင်)၊
ငါ့ရှင် အာနန္ဒာ၊ ထိုသို့ ရုပ်ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့ မမြဲကြသောကြောင့် အတိတ်ရုပ်ဖြစ်စေ၊ အနာဂတ်ရုပ်ဖြစ်စေ၊ ပစ္စုပ္ပန် ရုပ်ဖြစ်စေ၊ အတွင်းကရုပ်ဖြစ်စေ၊ အပြင်ကရုပ်ဖြစ်စေ၊ ကြမ်းတဲ့ရုပ်ဖြစ်စေ၊ နူးညံ့တဲ့ရုပ်ဖြစ်စေ၊ မကောင်းတဲ့ရုပ်ဖြစ်စေ၊ ကောင်းတဲ့ရုပ် ဖြစ်စေ၊ အဝေးကရုပ် ဖြစ်စေ၊ အနီးကရုပ်ဖြစ်စေ၊ အလုံးစုံသောရုပ်ကို ငါ့ဥစ္စာမဟုတ်၊ ငါမဟုတ်၊ ငါ၏အတ္တ မဟုတ်ဟု အမှန်သိသောပညာဖြင့် ဟုတ်တိုင်းမှန်စွာ ရှုရမည်၊ အတိတ် အနာဂတ် ပစ္စုပ္ပန် အတွင်း အပြင် အကြမ်း အနု အညံ့ အကောင်း အနီး အဝေးဖြစ်သော ဝေဒနာဟူသမျှကို၊ သညာဟူသမျှကို၊ သင်္ခါရဟူသမျှကို၊ ဝိညာဏ်ဟူသမျှကို ငါ့ဥစ္စာမဟုတ်၊ ငါမဟုတ်၊ ငါ၏ အတ္တမဟုတ်ဟု အမှန်သိသော ပညာဖြင့် ဟုတ်တိုင်းမှန်စွာ ရှုရမည်။
ငါ့ရှင် အာနန္ဒာ၊ ဒီလို ရှုမြင်လျှင် အကြားအမြင်ရှိတဲ့ ဘုရားတပည့်သည် ရုပ်၌လဲ ငြီးငွေ့သည်၊ ဝေဒနာ၌လဲ ငြီးငွေ့သည်၊ သညာ၌လဲ ငြီးငွေ့သည်၊ သင်္ခါရတို့၌လဲ ငြီးငွေ့သည်၊ ဝိညာဏ်၌လဲ ငြီးငွေ့သည်၊ ငြီးငွေ့လျှင် တပ်မက်ကင်းသည်၊ တပ်မက်ကင်းသောကြောင့် လွတ်မြောက်သည်၊ လွတ်မြောက်လျှင် ငါ့စိတ် လွတ်မြောက်သွားပြီဟု သိသည်၊ ဘဝအသစ်ဖြစ်မှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးမှု ပြီးပြီ၊ ပြုဖွယ်ကိစ္စ ပြုပြီးပြီ၊ ဤ ကိစ္စအတွက် ပြုဖွယ်မရှိတော့ပြီဟု သိလေတော့သည်-
ဟု အရှင်ပုဏ္ဏက ငါတို့အား ဟောပြောလျက် ဩဝါဒ ပေးပေသည်၊ ကျေးဇူး များအောင် ဆောင်ရွက်ပါပေသည်၊ ယခု ပြောခဲ့တဲ့ အတိုင်း အရှင်ပုဏ္ဏဟောတဲ့ တရားကို ကြားနာရ၍ သစ္စာ ၄-ပါးတရားကို ငါသိခဲ့ရပေသည် ငါ့ရှင်တို့ - ဟူ၍ အရှင်အာနန္ဒာ မထေရ်က သူသောတာပန် ဖြစ်ခဲ့ပုံကို ထုတ်ဖော်ပြပါတယ်။ (သံ-၂၊ ၈၆)
ဝိပဿနာ ရှုစဉ်ကတည်းက သိလာခဲ့ပါတယ်
ယခုပြောခဲ့တဲ့အတိုင်း အရှင်အာနန္ဒာဟာ သောတာပန် ဖြစ်နေပါတယ်၊ သောတာပန်ဆိုတော့ ပဋိစ္စသမုပ္ပါဒ်ဆိုတဲ့ အကြောင်းအကျိုး ဆက်စပ်ဖြစ်နေပုံကို ကိုယ်တိုင်တွေ့အားဖြင့် သိပြီးဖြစ်နေပါတယ်၊ အဲဒီလိုသိတာဟာ သောတာပန် မဖြစ်ခင် ကလျာဏပုထုဇဉ်အဖြစ်နဲ့ ဝိပဿနာ ရှုစဉ်ကတည်းက ပစ္စယပရိဂ္ဂဟ ဉာဏ်ပိုင်း ရောက်ကတည်းက သိလာခဲ့ပါတယ်၊
ဒုက္ခသစ္စာ ဆင်းရဲအစစ်တရား တွေကို အမှန်အတိုင်းမသိလို့, ချမ်းသာတွေ အကောင်းတွေထင်လို့ အဲဒါတွေကို သာယာနှစ်သက်တယ်၊ နှစ်သက်လို့ စွဲလမ်းတယ်၊ စွဲလမ်းလို့ စွဲလမ်းတဲ့အတိုင်း ဖြစ်အောင်ပြုလုပ် အားထုတ်တယ်၊ ပြုလုပ်တဲ့ အမှုကံကြောင့် ဘဝသစ်ဝိညာဏ် စသည် ဖြစ်ရတယ်ဆိုတာတွေကို ထိုက်သည် အားလျော်စွာ သိရပါတယ်။
ဒီအထဲမှာ မသိဆိုတာက အဝိဇ္ဇာပဲ၊ သာယာနှစ်သက်တယ် ဆိုတာက တဏှာပဲ၊ စွဲလမ်းတယ်ဆိုတာက ဥပါဒါန်ပဲ၊ ပြုလုပ်တယ်ဆိုတာက ကံပဲ၊ ဒီတော့ ကံကြောင့် ဘဝသစ်ဝိညာဏ် ဖြစ်တယ်ဆိုရာမှာ ကံရဲ့အကြောင်းဖြစ်တဲ့ ဥပါဒါန်စသည် တို့ကြောင့်လဲ ဖြစ်တယ်လို့ဆိုရပါတယ်၊ ဒါကြောင့် အတိတ်အကြောင်းတရား ဆင်ခြင်ပုံကိုပြရာမှာ အဝိဇ္ဇာကြောင့်လဲဖြစ်တယ်၊ တဏှာကြောင့်လဲဖြစ်တယ်၊ ဥပါဒါန်ကြောင့်လဲဖြစ်တယ်၊ ကံကြောင့်လဲဖြစ်တယ်လို့ ပြထားပါတယ်၊
တရား အားထုတ်နေတဲ့ ယောဂီက ဖြစ်ခိုက် ရုပ်နာမ်ကို ရှုမှတ်နေယင်းပဲ ဒီလို အကြောင်း အကျိုး ဆက်စပ်ဖြစ်ပုံကို သူ့ပါရမီအားလျော်စွာ တွေ့ပြီး သဘောပေါက်သွားပါတယ်၊ အဲဒီလို ကိုယ်တွေ့သဘောပေါက်ဖို့က အရေးကြီးပါတယ်၊ ကိုယ်တွေ့နဲ့ သဘောပေါက်တယ် ဆိုတော့ ယုံမှား ကောင်းကောင်းကင်းတာပေါ့၊ တရား အားမထုတ်ပဲနဲ့ ဆင်ခြင်ရုံမျှဆိုယင်တော့ စာတွေ့လောက်ပဲရှိပါတယ်၊ အဲဒါလောက် နဲ့တော့ ယုံမှားက ကောင်းကောင်းမကင်းပဲ ရှိနေတတ်ပါတယ်။
ယခု အရှင်အာနန္ဒာမှာတော့ သစ္စာလေးပါးကို သိမြင်ပြီး သောတာပန် ဖြစ်နေတဲ့ အတွက် အထူး ပြောစရာမလိုပါဘူး၊ အကြောင်းအကျိုး ဆက်စပ်ဖြစ် နေပုံဟာ ကိုယ်တွေ့အားဖြင့် ထင်ရှားပေါ်နေပါတယ်၊ ဒါကြောင့် သောတာပန် ဖြစ်နေတဲ့ အတွက်လဲ အရှင်အာနန္ဒာမှာ ပဋိစ္စသမုပ္ပါဒ် တရားတွေဟာ လွယ်ကူပေါ်လွင်သကဲ့သို့ ထင်နေတယ်လို့ ဆိုပါတယ်။
(၄) အကြားအမြင်များခြင်း
နောက်ပြီးတော့ အရှင်အာနန္ဒာဟာ အကြားအမြင် အများဆုံး တပည့်သာဝက ဖြစ်တဲ့အတွက် ဗဟုသုတအရာမှာ ဧတဒဂ်ရ ပုဂ္ဂိုလ်ထူးဖြစ်ပါတယ်၊ သူက မြတ်စွာဘုရား ကြွလေရာရာမှာ အမြဲပါနေတဲ့အတွက် မြတ်စွာဘုရားဟောတဲ့ တရား တွေကိုအကုန်လုံး ကိုယ်တိုင်ကြားနာပြီး မှတ်သားရတယ်၊ ကြားနာရုံမျှနဲ့ နှုတ်တက်အာဂုံလဲ ရနေတယ်၊ သူ့မျက်ကွယ်မှာ ဟောတဲ့ တရားတွေကိုလဲ အခြား မထေရ်များထံမှ ကြားနာပြီး မှတ်သားထားပါတယ်၊
အဲဒီလို နှုတ်တက် အာဂုံဆောင်ထားတဲ့ တရားအစု ဓမ္မက္ခန္ဓာတွေဟာ ရှစ်သောင်းလေးထောင် ရှိတယ်လို့ ဆိုပါတယ်၊ ပိဋကသုံးပုံ အကုန်ပါပဲ၊ အဲဒါကတော့ ဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးတဲ့အခါမှာ ဖြစ်ပါလိမ့်မယ်၊ ပဋိစ္စသမုပ္ပါဒ်ပေါ်လွင်ပုံ လျှောက်တဲ့အချိန် တုန်းကတော့ မြတ်စွာဘုရားဟောပြီး တရားဒေသနာကိုက ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင် ရှိမယ်မဟုတ်သေးပါဘူး၊ အရှင်အာနန္ဒာ မှတ်ဉာဏ် ကောင်းပုံကို မဟာဝေဒလ္လသုတ် အဋ္ဌကထာမှာ ဒီလိုပြထားပါတယ်။
အရှင်အာနန္ဒာ မှတ်ဉာဏ်ကောင်းပုံ
အာနန္ဒတ္ထေရော၊ အရှင်အာနန္ဒာမထေရ်သည်။
မဟာပညတာယ၊ ပညာကြီးသည်၏ အဖြစ်ကြောင့်။
ဧကပဒုဒ္ဓါရေ ဌတွာ၊ ခြေတကြွ-ခြေတလှမ်းခန့် ခဏအတွင်း၌ တည်၍။
သကိံ ယေဝ သုတွာ၊ တကြိမ်တည်းသာလျှင် နာကြား၍။
ပုနအပုစ္ဆန္တော၊ တဖန်မမေးရတော့ပဲ။
သဋ္ဌိ ပဒသဟဿာနိ၊ အက္ခရာရှစ်လုံးရှိသော ပါဒအားဖြင့် အပိုဒ်ပေါင်း ခြောက်သောင်းတို့ကို။
ပန္နရသ ဂါထာသဟဿာနိ၊ လေးပါဒရှိသော ဂါထာအားဖြင့် ဂါထာပေါင်း တသောင်း ငါးထောင်တို့ကို။
ဧကပ္ပဟာရေနေဝ၊ တပြိုင်နက်သာလျှင်။
ဝါ၊ တပဟိုရ်မျှဖြင့် သာလျှင်။
ဂဏှာတိ၊ မှတ်ယူနိုင်ပေ၏-တဲ့၊
ဒီလိုပြထားပါတယ်။
ခြေတလှမ်းအတွင်း ဂါထာပေါင်း တသောင်းငါးထောင်ကိုကြားနာပြီး မှတ်သား နိုင်တယ်, အရကျက်နိုင်တယ်ဆိုတော့ အင်မတန်ကို အံ့ဩစရာပါပဲ၊ ဒါပေမယ့် ဂါထာပေါင်း တသောင်းငါးထောင်ကို ခြေတလှမ်းခန့်အတွင်းမှာ ရွတ်ဆိုတဲ့သူက ပြီးအောင် ရွက်ဆိုနိုင်ပါ့မလားလို့ စဉ်းစားစရာ ရှိပါတယ်၊
ရွတ်တဲ့သူက ပြီးအောင် ရွတ်နိုင်သည်ဖြစ်စေ, မရွတ်နိုင်သည်ဖြစ်စေ ကြားနာရလို့ ရှိလျှင် ကျက်မှတ်နိုင်တဲ့ အစွမ်းကို ပြတယ်လို့ ယူရမလို ဖြစ်နေပါတယ်၊ ဒီလိုမှမဟုတ်လျှင်လဲ ဧကပ္ပဟာရေနေဝ- အရကို တပဟိုရ်လို့ယူပြီး တပဟိုရ်ခေါ်တဲ့ အချိန်ကာလအတွင်း လို့ ယူလျှင်လဲ သင့်စရာရှိပါတယ်။
တနေ့မှာ ၄-ပဟိုရ်ရှိပါတယ်၊ တပဟိုရ်မှာ ရှေးသုံး မြန်မာနာရီနဲ့ဆိုယင် ၇-နာရီခွဲရှိတယ်၊ ယခုခေတ်သုံး စက်နာရီနဲ့ဆိုယင် သုံးနာရီရှိပါတယ်၊ သုံးနာရီအတွင်း ဂါထာ တသောင်းငါးထောင် ဆိုတာတောင်မှ တနာရီမှာ ဂါထာငါးထောင်ကျ ရွတ်ရလိမ့်မယ်၊ အဲဒါလောက် ရွတ်ဖို့ရာတောင် တော်တော်ခက်ပါသေးတယ်၊
ဒါကြောင့် အကယ်၍အချိန်ပိုင်းတခုအတွင်းမှာ ဂါထာပေါင်း တသောင်းငါးထောင်ကို ရွတ်ဆိုဟောပြောသူရှိပါက ထိုဂါထာ တသောင်းငါးထောင်ကို ထိုအချိန်အတွင်း မှာပင် တကြိမ်တည်း ကြားရရုံမျှဖြင့် နှုတ်တက်ကျက်မှတ်နိုင်တယ် ဆိုတာကိုသာ ပြောလိုရင်းဖြစ်တယ်လို့ ယူသင့်ပါတယ်၊
နောက်ပြီးတော့ ကျက်မှတ်ပြီးသား တရားဆိုယင်လဲ မမေ့မပျောက်တော့ဘူး၊ ကျောက်စာများ ထုထွင်းထားသလိုပဲ ကျက်မှတ်ထားတဲ့အတိုင်း တည်မြဲတည်နေ ပါတယ်-တဲ့။
အရှင်အာနန္ဒာဟာ ယခုပြောခဲ့တဲ့အတိုင်း မှတ်ဉာဏ်ကလဲ အလွန်ကောင်းတယ်၊ မြတ်စွာဘုရား ဟောတော်မူသမျှ တရားတွေကိုလဲ အကုန်နှုတ်တက်ရနေတယ်၊ အရှင်သာရိပုတ္တရာ အစရှိသော အခြားရဟန်းတော်များ ဟောပြောတာတွေကိုလဲ နှုတ်တက်ရပြီး မှတ်မိနေတယ်-ဆိုတော့ ဗဟုသုတတွေ အလွန်ကြွယ်ဝ ပြည့်စုံနေတာပေါ့၊ ဒီလို ဗဟုသုတ အကြားအမြင်များတဲ့ အတွက်ကြောင့်လဲ အရှင်အာနန္ဒာမှာ ပဋိစ္စသမုပ္ပါဒ်တရားဟာ လွယ်ကူပေါ်လွင်သကဲ့သို့ ထင်နေပါတယ်-တဲ့၊
ဟုတ်တယ်၊ ယခုကာလ ပရိယတ္တိဗဟုသုတနဲ့ပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေမှာတောင်မှ ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုး ဆက်စပ်ဖြစ်ပုံကို ဆင်ခြင် ကြည့်လိုက်ယင် တော်တော်တော့ ပေါ်လွင်ထင်ရှားနေသေးတာပဲ၊ ဗဟုသုတအရာမှာ ဧတဒဂ်ရတဲ့ အရှင်အာနန္ဒာဆိုတော့ ဘယ်ပြောစရာရှိတော့မလဲ၊ လွယ်ကူပေါ်လွင်သလို ထင်နေပေ မှာပေါ့။
ဂမ္ဘီရတာခေါ်တဲ့ နက်နဲခြင်း ၄-ပါး
သို့ပေမယ့် ပဋိစ္စသမုပ္ပါဒ် တရားတော်ဟာ -
(၁) အကျိုးသဘောအလိုအားဖြင့် နက်နဲခြင်း၊
(၂) အကြောင်းသဘော အလိုအားဖြင့် နက်နဲခြင်း၊
(၃) ဟောကြားတဲ့ဒေသနာအလိုအားဖြင့် နက်နဲခြင်း၊
(၄) ပဋိဝေဓခေါ်တဲ့ ကိုယ်တွေ့သိခြင်းအလိုအားဖြင့် နက်နဲခြင်း
ဆိုတဲ့ ၄-ပါးသော အခြင်းအရာတို့ဖြင့် နက်နဲပါတယ်၊ အသိခက်ပါတယ်။
အဲဒီ ၄-ပါးထဲက သင်္ခါရအစရှိသော အကျိုးတရားတွေဟာ အဝိဇ္ဇာ အစရှိသော အကြောင်းတရားကြောင့် ဖြစ်ပေါ်လာတယ်ဆိုတာ အလွန် အသိခက်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ အများသတ္တဝါတွေက ရုပ်နာမ် ဆင်းရဲတရားတွေကိုပင် ချမ်းသာတွေ အကောင်းတွေလို့ ထင်နေကြပါတယ်၊ အဲဒါ အဝိဇ္ဇာပဲ၊ အဲဒါကိုလဲ အဝိဇ္ဇာမှန်းမသိကြပါဘူး၊ အဲဒီလို ထင်နေတာကိုလဲ ငါပဲလို့ ထင်နေကြပြန်တယ်၊
နောက်ပြီးတော့ ချမ်းသာလို့ထင်တာတွေကို ရအောင်အားထုတ်နေတာကိုလဲ အသစ်ဖြစ်ပေါ်လာတဲ့ အကျိုးတရား သင်္ခါရတရားလို့ မသိကြပါဘူး၊ ချမ်းသာအောင် ငါကပဲ ပြုလုပ် အားထုတ်နေတယ်လို့ ထင်နေကြပါတယ်၊ ဒါကြောင့် ကုသိုလ် အကုသိုလ် သင်္ခါရတွေဟာ အဝိဇ္ဇာကြောင့် ဖြစ်တယ်-ဆိုတဲ့ အကျိုးသဘောကို အမှန်အတိုင်း သိဖို့ရာဟာ အလွန်ခက်ခဲနက်နဲနေပါတယ်၊ အဲဒါဟာ အကျိုး သဘော အလိုအားဖြင့် နက်နဲတဲ့ အတ္ထဂမ္ဘီရတာပါပဲ၊
နောက်ပြီးတော့ ဘဝသစ် စိတ်ဝိညာဏ်ဟာ ဘဝဟောင်းက ကုသိုလ်အကုသိုလ်ကံ သင်္ခါရကြောင့်ဖြစ်တယ်ဆိုတာက သာပြီး အသိခက်ပါသေးတယ်၊ အဲဒါအသိခက်ပုံ ကိုတော့ ဟိုတနေ့က အကျယ်ဖွင့်ပြပြီး ပြောခဲ့ပါပြီ၊ ဒါလဲ အကျိုးသဘော အလိုအားဖြင့် နက်နဲတဲ့ အတ္ထ ဂမ္ဘီရတာပါပဲ၊ ဒိပြင် နာမ်ရုပ်, သဠာယတန စသော အကျိုးတရားတွေကလဲ ဝိညာဏ်, နာမ်ရုပ်စသော အကြောင်းကြောင့် ဖြစ်တယ်ဆိုတာတွေဟာလဲ နည်းတူပဲ အသိခက် နက်နဲတဲ့ အတ္ထဂမ္ဘီရတာတွေ ချည်းပါပဲ။
အဝိဇ္ဇာအစရှိသော အကြောင်းတရားတွေက သင်္ခါရအစရှိသော အကျိုးတရားတွေ ဖြစ်ပေါ်အောင် ကျေးဇူးပြုတယ်၊ ဆောင်ရွက်တယ်ဆိုတာလဲ အလွန်အသိ ခက်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ သတ္တဝါတွေက ကိုယ့်ဟာကိုယ်ပြုလုပ်လို့ဖြစ် တယ်လို့ ဒီလိုလဲ တချို့ကထင်နေကြတယ်၊ တချို့ကတော့ နတ်ဗြဟ္မာ ဘုရားသခင်က ဖန်ဆင်းလို့ ဖြစ်တယ်လို့လဲ ထင်နေကြပါတယ်၊ တချို့ကတော့ ပုံတော်ပုံညား သူ့အလိုလိုဖြစ်တယ်လို့လဲ ထင်နေကြပါတယ်၊
အဝိဇ္ဇာအစရှိသော အကြောင်းကြောင့် ဖြစ်တယ်ဆိုတာကို အများအားဖြင့် မသိမမြင်နိုင်ကြပါဘူး၊ ဒါကြောင့် အဝိဇ္ဇာအစရှိသော အကြောင်းတရားတွေက ဖြစ်စေတယ် ဆိုတဲ့ အကြောင်းဖြစ်ခြင်းသဘောဟာ အသိခက် နက်နဲလို့ ဓမ္မဂမ္ဘီရတာ မည်ပါတယ်။
မြတ်စွာဘုရား ဟောကြားထားတဲ့ ပဋိစ္စသမုပ္ပါဒ် တရားဒေသနာတွေဟာ အဝိဇ္ဇာက စပြီး အဆုံးဇရာမရဏတိုင်အောင် ဟောထားတာလဲရှိတယ်၊ အဆုံးကစပြီး အစတိုင်အောင် ပြောင်းပြန် ဟောထားတာလဲ ရှိတယ်၊ အလယ်ကစပြီး အဆုံးတိုင် အောင် ဟောထားတာလဲရှိတယ်၊ အစတိုင်အောင် ဟောထားတာလဲရှိတယ်၊ ဒီလိုအမျိုးမျိုး ဟောထားတဲ့အတွက် အလွန်အသိခက် နက်နဲပါတယ်၊ အဲဒီလို နက်နဲတာက ဒေသနာဂမ္ဘီရတာ မည်ပါတယ်။
ဝိပဿနာ ရှုနေယင်း အဝိဇ္ဇာကြောင့် သင်္ခါရ ဖြစ်ပေါ်လာပုံ စသည်ကို ကိုယ်တိုင်တွေ့ပြီး ကိုယ်ပိုင်ဉာဏ်ဖြင့် သိတာကို ပဋိဝေဓ-ထိုးထွင်းသိတယ်လို့ ဆိုရပါတယ်၊ အဲဒီလို ကိုယ်တိုင်တွေ့ပြီး သိဖို့ဟာလဲ အလွန်ခက်ပါတယ်၊ ဝိပဿနာရှုနည်း လမ်းမှန်ကိုရပြီး အချိုးကျကျ ပြည့်ပြည့်စုံစုံ အားထုတ်ပါမှ အဲဒီလို သိနိုင်ပါတယ်၊ ဒါကြောင့် အဲဒီလို ကိုယ်တိုင်တွေ့ အသိခက်နက်နဲတာကို ပဋိဝေဓဂမ္ဘီရတာလို့ ခေါ်ပါတယ်။
အဲဒီလိုနက်နဲခြင်းလေးပါးဖြင့် နက်နဲပေမယ့် အရှင်အာနန္ဒာမှာတော့ ခုတင်က ပြောခဲ့တဲ့အတိုင်း အကြောင်း ၄-ပါးနဲ့ ပြည့်စုံနေတဲ့အတွက် ဆင်ခြင်လိုက်ယင် အလွယ်တကူနဲ့ ထင်ပေါ်နေပါတယ်၊ ဒါကြောင့် မြတ်စွာဘုရားက “အာနန္ဒာ၊ သင်ဟာ ပညာကြီးတယ်၊ ဉာဏ်ထက်တယ်၊
ဒါကြောင့် သင့်မှာ နက်နဲတဲ့ ပဋိစ္စသမုပ္ပါဒ်ဟာ ပေါ်လွင် လွယ်ကူသကဲ့သို့ ထင်ရတာ၊ အခြားသူတွေမှာလဲ ဒီလိုပဲပေါ်လွင်လွင် ကူလိမ့်မယ် မထင်လေနဲ့”ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် ချီးမြှောက်လိုတဲ့သဘောလဲ ပါဝင်တဲ့ “မာ ဟေဝံ အာနန္ဒ အဝစ၊ ပဋိစ္စသမုပ္ပါဒ်ဟာ တပည့်တော်မှာ ပေါ်လွင် ထင်ရှားပြီး တိမ်တိမ်ကလေးလို ထင်ရပါတယ်လို့ သင်က ဒီလိုမပြောပါနဲ့ အာနန္ဒာ” ဆိုတဲ့ စကားကို မိန့်တော်မူပါတယ်တဲ့။
ရှုတ်ချလိုတဲ့သဘော ပါဝင်ပုံ
နောက်ပြီးတော့ “သင်က ဒီလို မပြောပါနဲ့ အာနန္ဒာ”လို့ တားမြစ်တဲ့စကားထဲမှာ ရှုတ်ချမောင်းမဲလိုတဲ့ သဘောလဲ ပါဝင်တယ်လို့ အဋ္ဌကထာက ဆိုပါတယ်၊ ဘယ်လိုလဲဆိုတော့ကာ အာနန္ဒာ၊ သင်က ပဋိစ္စသမုပ္ပါဒ်ဟာ လွယ်ကူသကဲ့သို့ ထင်ပေါ်နေတယ်လို့ ဆိုတယ်၊
ဒီလိုဆိုယင် ငါဘုရား၏ နည်းနိဿယအတိုင်း ပုဏ္ဏ-ဟောတဲ့တရားကို မနာပဲ ကိုယ့်အလိုလိုပင် သောတာပန်ဖြစ်ပါတော့လား၊ ဘာကြောင့် ငါဘုရား၏ နည်းနိဿယကို နာယူပြီးမှ သောတာပန် ဖြစ်ရသလဲ၊ သကဒါဂါမ် အနာဂါမ် ရဟန္တာမဖြစ်သေးပဲ ဘာကြောင့် သောတာပန်လောက် ဖြစ်နေရတာလဲ၊ သာရိပုတ္တရာ မောဂ္ဂလာန်တို့လို အဂ္ဂသာဝက ဖြစ်ပါတော့လား၊ ပစ္စေကဗုဒ္ဓါ ဖြစ်ပါတော့လား၊ ငါဘုရားကဲ့သို့ ဗုဒ္ဓဘုရား ဖြစ်ပါတော့လား၊ ဘာကြောင့် မဖြစ်ပါသလဲ၊ မဖြစ်ချင်လို့ပဲလား၊ သင်၏ ချွတ်ယွင်းချက်ကို စဉ်းစားသာ ကြည့်ပေတော့၊
သင်ဟာ တစိတ်တဒေသမျှသာ သိနိုင်တဲ့ ဉာဏ်ရှိတဲ့ တပည့် သာဝကမျှသာ ဖြစ်ပါလျက် အလွန်နက်နဲတဲ့ ပဋိစ္စသမုပ္ပါဒ်ကို ပေါ်လွင် လွယ်ကူ သကဲ့သို့ ထင်တယ်လို့ ပြောမှပြောပါပေရဲ့၊ ဒီလိုပြောတာဟာ အလွန်နက်နဲတယ်လို့ ဟောဆိုတဲ့ ဘုရားတို့၏ စကားနဲ့ ဆန့်ကျင်နေတယ်၊ ဒီလို ဆန့်ကျင်တဲ့စကားကို သင့်လို တပည့်ရင်း ရဟန်းက မပြောသင့် မပြောထိုက်ဘူး၊
ဒီပဋိစ္စသမုပ္ပါဒ်တရားကို သိဖို့ရာ ငါဘုရားဟာ လေးသင်္ချေနဲ့ ကမ္ဘာတသိန်း ကာလ ပတ်လုံး ပါရမီတော်တွေကို ခဲယဉ်းစွာ ဖြည့်ကျင့်ခဲ့ရတယ်၊ ဒီလို ခဲယဉ်းစွာ ဖြည့်ကျင့်ပြီးမှ ဒီပဋိစ္စသမုပ္ပါဒ် တရားတော်ကို သိရတယ်၊ ဒီလောက်နက်နဲတဲ့ တရားကို လွယ်ကူပေါ်လွင်သကဲ့သို့ ထင်တယ်လို့ မပြောသင့် မပြောထိုက်ဘူး ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် “မာ ဟေဝံ အာနန္ဒ အဝစ-ဒီလို မပြောပါနဲ့ အာနန္ဒာ”လို့ မိန့်တော်မူပါတယ်တဲ့၊ အဲဒါဟာ ရှုချ မောင်းမဲပြီး တားမြစ်တဲ့ သဘောပါပဲ၊ ဒီလို တားမြစ်ပြီးတော့ ပဋိစ္စသမုပ္ပါဒ် နက်နဲပုံကို ဒီလို ဟောကြားတော်မူပါတယ်။
တကယ်နက်နဲ၍ နက်နဲယောင်ထင်သည်
ဂမ္ဘီရော စာယံ အာနန္ဒ ပဋိစ္စသမုပ္ပါဒေါ ဂမ္ဘီရာဝဘာသော စ၊ ဧတဿ အာနန္ဒ ဓမ္မဿ အနနုဗောဓာ အပ္ပဋိဝေဓာ ဧဝမယံ ပဇာ တန္တာကုလကဇာတာ ကုလဂဏ္ဌိကဇာတာ မုဉ္ဇပဗ္ဗဇဘူတာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ သံသာရံ နာတိဝတ္တတိ။
အာနန္ဒ၊ အာနန္ဒာ။
အယံ ပဋိစ္စသမုပ္ပါဒေါ၊ အကြောင်းအကျိုး ဆက်စပ်၍ ဖြစ်ခြင်းဟူသော ဤ ပဋိစ္စသမုပ္ပါဒ်သည်။
ဂမ္ဘီရော စ၊ နက်လဲ နက်နဲပေ၏။
ဂမ္ဘီရာဝဘာသော စ၊ နက်နဲယောင်လဲ ထင်ပေ၏။
အာနန္ဒ၊ အာနန္ဒာ။
ဧတဿ ဓမ္မဿ၊ ဤပဋိစ္စသမုပ္ပါဒ်တရားကို။
အနနုဗောဓာ၊ လျော်စွာမသိခြင်းကြောင့်။
အပ္ပဋိဝေဓာ၊ ထိုးထွင်း၍ မသိခြင်းကြောင့်။
အယံ ပဇာ၊ ဤသတ္တဝါအပေါင်းသည်။
တန္တာကုလကဇာတာ၊ ချည်ခင်ထွေး ယက္ကန်းထွေး ရှုပ်ကဲ့သို့ ဖြစ်လျက်။
ကုလဂဏ္ဌိကဇာတာ၊ စာပေါင်းသိုက်ကဲ့သို့ဖြစ်လျက်။
မုဉ္ဇပဗ္ဗဇဘူတာ၊ ဖြူဆံမြက်ပြိတ်မြက် တို့ကဲ့သို့ဖြစ်လျက်။
ဧဝံ၊ ဤသို့ ရှည်စွာကြောက်ဖွယ် ကောင်းစွာသော။
အပါယံ၊ ကြီးပွါးချမ်းသာခြင်းကင်းသော အပါယ်သံသရာကို။
ဒုဂ္ဂတိံ၊ ဆင်းရဲ၏ဖြစ်ရာ တည်ရာဖြစ်သော သံသရာကို။
ဝိနိပါတံ၊ လူ့ချမ်းသာ နတ်ချမ်းသာမှ ပျက်စီး၍ ကျရာအပါယ်သံသရာကို။
သံသာရံ၊ ဘုံ ၃၁-၌ ပြောင်းရွှေ့ကျင်လည်ရာ ရုပ်နာမ်ခန္ဓာတို့၏ မပြတ်ဖြစ်စဉ် သံသရာကို။
နာတိဝတ္တတိ၊ မလွန်မြောက်နိုင်ပဲ ရှိလေတော့၏-
လို့ ဟောတော်မူပါတယ်။
ဆိုလိုတာကတော့ အဝိဇ္ဇာ သင်္ခါရအစရှိသော အကြောင်းတရားကြောင့် ဝိညာဏ် နာမ် ရုပ် အစရှိသော အကျိုးတရားတွေ အဆက်မပြတ် ဖြစ်နေတယ်ဆိုတဲ့ သဘောဟာ အလွန်နက်နဲပါတယ်တဲ့၊ ဒီလို နက်နဲတဲ့အတွက် “အကြောင်းနဲ့အကျိုး ဆက်စပ်ပြီး မပြတ်ဖြစ်နေတဲ့ သဘောမျှသာရှိတယ်၊ ထာဝရတည်နေတဲ့ သတ္တဝါကောင်ရယ်လို့ မရှိဘူး” ဆိုတာကို မသိနိုင်ကြဘူး၊
“အသက်ရှင်နေတဲ့ သတ္တဝါကောင်ဟာ ပဋိသန္ဓေကာလကတည်းက အကောင် အထည်လိုက် ထာဝရ တည်ရှိနေတယ်၊ သူကပဲ တဖြည်းဖြည်းချင်း ကြီးထွား လာတယ်”လို့ ထင်နေ ကြတယ်၊ တချို့ကတော့ ရှေးရှေးဘဝတွေကတည်းက အကောင်လိုက် တည်ရှိလာ ခဲ့တယ်-လို့လဲ ထင်နေကြတယ်၊ အဲဒါဟာ ပဋိစ္စသမုပ္ပါဒ်တရားက အလွန်နက်နဲလို့ အမှန်အတိုင်းမသိပဲ အသိလွဲ အထင်လွဲ ကုန်ကြတာပါပဲ၊ ဒါကြောင့် ဂမ္ဘီရော စ-နက်လဲ နက်နဲပါပေတယ်-လို့ ဟောတော်မူပါတယ်။
အမျိုးသမီးတယောက်က ဒီလိုပြောသတဲ့
နောက်ပြီးတော့ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်ဆိုတာကို စဉ်းစားဆင်ခြင် ကြည့်ယင်လဲ ပါရမီဉာဏ်မရှိတဲ့ သူတွေမှာ သဘောပေါက်ဖို့ မလွယ်လှဘူး၊ ခက်ပါတယ်၊ ဒါကြောင့် အခြားဘာသာဝင် အမျိုးသမီးတယောက်က ဒီလိုပြောသတဲ့၊
“ရှင်တို့ ဗုဒ္ဓဘာသာဝင်တွေက မသိတဲ့ အဝိဇ္ဇာကြောင့် ဖြစ်တယ်လို့ချည်း ပြောနေကြတယ်၊ မသိတာကနေပြီး အချိုးတကျ အကောင်းအမွန်တွေဟာ မဖြစ်နိုင် ပါဘူး၊ ကြည့်ပါ၊ ကုလားထိုင် တခုဆိုယင် အသိဉာဏ်နဲ့လုပ်မှပဲ ဖြစ်နိုင်ပါတယ်၊ ပန်းကန်တလုံး ဆိုယင်လဲ အသိဉာဏ်နဲ့လုပ်မှ ဖြစ်နိုင်ပါတယ်၊ လူတွေ သတ္တဝါတွေဖြစ်အောင် ကမ္ဘာမြေကြီးနှင့်တကွ သစ်ပင် တော တောင် လ နေ ကြယ် စသည်တွေ ဖြစ်အောင်လဲ အသိဉာဏ်နဲ့လုပ်မှသာ ဖြစ်ဖို့ရှိပါတယ်၊ ဒါကြောင့် ရှင်တို့ပြောတဲ့အတိုင်း မသိတဲ့ အဝိဇ္ဇာကြောင့် ဖြစ်တယ်ဆိုတာဟာ မဟုတ်နိုင်ပါဘူး၊ ဘုရားသခင်က အသိဉာဏ်နဲ့ အချိုးတကျ ဖန်ဆင်းထားလို့ ဖြစ်နေတာသာ ဖြစ်သင့်ပါတယ်”လို့ ပြောသတဲ့။
အဲဒါဟာ ပဋိစ္စသမုပ္ပါဒ်က နက်နဲလို့ သူမသိတာနဲ့ ပြောတဲ့စကားပါပဲ၊ အမှန်ကတော့ အဲဒီလို ကြံစည်ပြောဆိုတာတွေကိုက အဝိဇ္ဇာကြောင့်ဖြစ်တဲ့သင်္ခါရတွေပဲ၊ ဒီနေရာမှာ ဘုန်းကြီးတို့က ဒီလိုအကြံပေးချင်ပါတယ်၊ “အသိဉာဏ်နဲ့ အချိုးတကျ ဖန်ဆင်းသူရှိမှ ဖြစ်နိုင်တယ်ဆိုယင် ‘လူတွေ သတ္တဝါတွေနဲ့ ကမ္ဘာလောကကြီးကို ဖန်ဆင်းသူ’လို့ ယုံကြည်ယူဆထားတဲ့ ဘုရားသခင်ကြီးကိုတော့ ဘယ်သူက အချိုးတကျ ဖန်ဆင်းထားသလဲ”လို့ စဉ်းစားကြည့်ဖို့ အကြံပေးချင်ပါတယ်၊
ဘာမျှမဟုတ်တဲ့ ကုလားထိုင်တောင် အသိဉာဏ်နဲ့လုပ်မှ ဖြစ်တယ်လို့ဆိုတော့ ကုလားထိုင်လုပ်တဲ့ လူကို ဖန်ဆင်းဖို့က အဲဒီ ကုလားထိုင် လုပ်ရတာထက် ပိုပြီး ခက်ဖွယ် ရှိပါတယ်၊ နောက်ပြီးတော့ အဲဒါထက် ‘လူတွေ သတ္တဝါတွေနဲ့ ကမ္ဘာလောကကြီး ဖန်ဆင်း တဲ့သူ’လို့ ယုံကြည်ယူဆရတဲ့ ဘုရားသခင်ကြီးကို ဖန်ဆင်းဖို့က ပိုပြီးတော့ခက်ခဲ ပါလိမ့်မယ်၊
နောက်ပြီးတော့ ဘုရားသခင်ကြီးကို ဖန်ဆင်းတဲ့ အဲဒီပုဂ္ဂိုလ်ကြီးကိုလဲ ဖန်ဆင်းတဲ့သူ ရှိရလိမ့်ဦးမယ်၊ ဒီနည်းဖြင့် သူ့ထက်သူ တန်ခိုးကြီးတဲ့ ဖန်ဆင်းသူတွေဟာ အဆင့်ဆင့် လိုက်လို့မဆုံးနိုင်အောင် ရှိနေရပါလိမ့်မယ်။
အမှန်မှာတော့ ယခုသတ္တဝါတွေ ကြံစည်ပြောဆို ပြုလုပ်နေကြတာဟာ သစ္စာလေးပါးကို မသိသေးလို့၊ ပဋိစ္စသမုပ္ပါဒ်တရားကို မသိကြသေးလို့ပဲဆိုတာ ထင်ရှားပါတယ်၊ ကောင်းတာပြုယင် ကောင်းကျိုးရတယ်၊ မကောင်းတာပြုယင် မကောင်းကျိုးရတယ်၊ ကိုယ်ပြုတဲ့ အမှုကံအားလျော်စွာ ကောင်းကျိုးဆိုးပြစ် ရတယ်ဆိုတာလဲ ထင်ရှားပါတယ်၊
ဒါကြောင့် အမှန်မသိ အမှားသိတဲ့ အဝိဇ္ဇာရှိနေလို့ ပြုလုပ်မှုကံ သင်္ခါရတွေ ဖြစ်တယ်၊ အဲဒီကံ သင်္ခါရကြောင့် ကံအားလျော်စွာ ဘဝသစ် ဝိညာဏ်စသည် ဖြစ်တယ်ဆိုတာဟာ ပါရမီဉာဏ်ရှိတဲ့ သူတွေမှာ ပေါ်လွင် ထင်ရှားနေပါတယ်၊ ဒါပေမယ့် ခုတင်ကပြောခဲ့တဲ့ မိန်းမလို ပုဂ္ဂိုလ်တွေမှာတော့ ဘယ်လိုမှ သဘောမပေါက်နိုင်အောင် ကွယ်ဝှက်နက်နဲနေပါတယ်၊
ဒါကြောင့် မြတ်စွာဘုရားက “ဂမ္ဘီရာဝဘာသော စ၊ နက်နဲယောင်လဲထင်တယ်” လို့ ဟောတော်မူပါတယ်၊ ဥပမာ-ပင်လယ်ကူးသင်္ဘောကြီးနဲ့ ပင်လယ်ကို ဖြတ်သွား တဲ့အခါ ပတ်ဝန်းကျင်က တွေ့မြင်ရတဲ့ရေတွေဟာ တကယ်လဲ နက်တယ် နက်ယောင်လဲ ထင်တယ်၊ အဲဒါလိုပဲ ဒီ ပဋိစ္စသမုပ္ပါဒ်တရားက တကယ်လဲ နက်နဲတယ်၊ နက်နဲယောင်လဲ ထင်တယ်-လို့ ဆိုလိုပါတယ်။
အဲဒီလိုနက်နဲတဲ့အတွက် ဒီပဋိစ္စသမုပ္ပါဒ်တရားကို ပါရမီဉာဏ်မရှိတဲ့ သတ္တဝါတွေဟာ သဘောမပေါက်နိုင် မသိနိုင်ကြဘူး၊ မသိနိုင်ကြတဲ့အတွက် ဒီသတ္တဝါတွေဟာ သံသရာထဲမှာ တဘဝပြီး တဘဝ တဝဲလည်လည်နဲ့ ထပ်ကာထပ်ကာ ဖြစ်နေကြ ရတယ်၊ အများအားဖြင့် ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်ဆိုတဲ့ အပါယ် သံသရာထဲမှာ ကျရောက်နေကြရတယ်၊
လူ့ဘဝ နတ်ဘဝကိုတော့ ကုသိုလ်ကံ အရှိန်ကြောင့် တခါတရံလောက်သာ ရောက်လာကြရတယ်၊ ဒါကလဲ တယ်မကြာဘူး၊ ကုသိုလ်ကံအရှိန် ကုန်သွားတဲ့အခါ အပါယ် ၄-ဘုံကိုပဲ ပြန်ရောက်သွားကြရပြန်တယ်၊
ဥပမာ-မီးအိမ်ပျံဟာ မှိုင်းအဟုန် အရှိန် ရှိသလောက် ကောင်းကင်ကို ပျံတက်သွားတယ်၊ မှိုင်းအဟုန်အရှိန် ကုန်တဲ့အခါကျတော့ ပြန်ကျလာရတယ်၊ အဲဒါလိုပဲ တခါတရံ စိတ်ကောင်းဝင်ပြီး ပြုမိတဲ့ ကုသိုလ် အရှိန်ကြောင့် လူ့ဘဝ နတ်ဘဝကို ရောက်လာတယ်၊ ကုသိုလ်အရှိန် ကုန်တဲ့ အခါကျတော့ အပါယ် ၄-ဘုံမှာပဲ ပြန်ရောက်နေကြရတယ်။
လူ့ဘုံပြန်ရောက်ဖို့ မလွယ်ဘူး
▬▬▬▬▬▬▬▬▬▬
အပါယ် ၄-ဘုံရောက်သွားယင် လူ့ဘုံ နတ်ဘုံ ပြန်ရောက်ဖို့ရာလဲ မလွယ်ဘူး၊ ဘာကြောင့်လဲဆိုယင် လူ့ဘုံ နတ်ဘုံ ရောက်တယ်ဆိုတာ ကုသိုလ်အာရုံ နိမိတ် ထင်ပြီး သေလာမှဖြစ်နိုင်ပါတယ်၊ အပါယ်ဘုံမှာတော့ ကုသိုလ်ဖြစ်ဖို့အခွင့်အရေးကို က အလွန်နည်းနေပါတယ်၊ မျက်မြင်တွေ့နေရတဲ့ တိရစ္ဆာန်တွေကိုပဲ ကြည့်ပါ၊ တိရစ္ဆာန်အချင်းချင်း သတ်ဖြတ်စားနေတာတွေ ကပဲများတယ်၊ သတ်ဖြတ် မစားတောင် အချင်းချင်း နှိပ်စက်လေ့ အနိုင်ကျင့်လေ့ ရှိနေကြတာပဲ၊
သူတို့မှာ မေတ္တာ ကရုဏာ မုဒိတာဆိုတဲ့ ကုသိုလ်တရားတွေဟာ ဖြစ်ခွင့်မရှိ သလောက်ပဲ ဖြစ်နေတယ်၊ သေခါနီးကျပြန်တော့လဲ ထိတ်ထိတ်လန့်လန့်နဲ့ အတိ ဒုက္ခရောက်ပြီး သေရှာကြရတယ်၊ ကုသိုလ်စိတ်နဲ့ အာရုံနိမိတ်ကောင်း ထင်ပြီး အေးအေးချမ်းချမ်း သေရတာကတော့ မရှိသလောက်ပဲ နည်းနေတယ်၊ ဒါကြောင့် အပါယ်ဘုံကသေယင် အပါယ်ဘုံမှာပဲ ဖြစ်ဖို့ရာက များနေပါတယ်၊ သုဂတိဘုံ ရောက်ဖို့ကတော့ အလွန်ပဲ နည်းနေပါတယ်။
အဲဒီလို အများအားဖြင့် အပါယ်သံသရာမှာပဲ တဝဲလည်လည် ဖြစ်နေရတာဟာ မရှင်းနိုင်တဲ့ ချည်ခင်ထွေး ယက်ကန်းထွေး-ယက်ကန်းရှုပ်နဲ့လဲ တူပါတယ်၊ စာပေါင်းသိုက် အရှုပ်အထွေးနဲ့လဲ တူပါတယ်-တဲ့ ဒါကြောင့် မြတ်စွာဘုရားက -
“ဧတဿ ဓမ္မဿ၊ ဤပဋိစ္စသမုပ္ပါဒ်တရားကို။
အနနုဗောဓာ အပ္ပဋိဝေဓာ၊ လျော်စွာ မသိခြင်း ထိုးထွင်း၍ မသိခြင်းကြောင့်။
အယံ ပဇာ၊ ဤသတ္တဝါအပေါင်းသည်။
တန္တာကုလကဇာတာ၊ ချည်ခင်ရှုပ်-ယက်ကန်းရှုပ်ကဲ့သို့ ဖြစ်လျက်ရှိ၏။
ကုလဂဏ္ဌိကဇာတာ၊ စာပေါင်းသိုက်ကဲ့သို့ ဖြစ်လျက်ရှိ၏။
မုဉ္ဇပဗ္ဗဇဘူတာ၊ ဖြူဆံမြက် ပြိတ်မြက်ကဲ့သို့ ဖြစ်လျက်ရှိ၏”
လို့ ဟောတော်မူပါတယ်။
အဲဒီမှာ ချည်ခင်ထွေး စာပေါင်းသိုက် ရှုပ်ပုံတွေက အများပဲ သိနေကြပါတယ်၊ ဖြူဆံမြက် ပြိတ်မြက်လို ဖြစ်တာက ဘယ်လိုပါလဲလို့ မေးစရာရှိပါတယ်၊ ဒီအချက်မှာ အဋ္ဌကထာ ဖွင့်ထားတာကတော့ အဲဒီမြက်တွေနဲ့ ကျစ်ထားတဲ့ကြိုးဟာ ဆွေးမြေ့ တဲ့အခါ ပြတ်ကျနေလို့ရှိယင် အဲဒီ ကြိုးပြတ်အစထဲကမြက်ပင် အတိုအစကလေး များကို အရင်းအဖျားသိပြီး ဆက်စပ်ဖို့ မလွယ်သလို (ဘုရားအလောင်း, ပစ္စေကဗုဒ္ဓါ အလောင်းတို့မှတပါး) အခြားသတ္တဝါတွေဟာ မိမိတို့အစွမ်းသက်သက်ဖြင့် ပဋိစ္စသမုပ္ပါဒ်ကို ဖြောင့်မတ်အောင် မလုပ်နိုင်ကြဘူး မသိနိုင်ကြဘူး၊ အဲဒီလို မသိနိုင်ကြတဲ့အတွက် မိစ္ဆာအယူဖြင့် ရှုပ်ထွေးပြီး အပါယ် သံသရာကို မလွန်မြောက်နိုင်ကြဘူးလို့ ဖွင့်ပြထားပါတယ်။
ဒီနေရာမှာ ပါဠိအသွားအားဖြင့် ဆိုယင် အနနုဗောဓာ အပ္ပဋိဝေဓာ အပါယံ နာတိဝတ္တတိ=ပဋိစ္စသမုပ္ပါဒ်ကို မသိခြင်းကြောင့် အပါယ်သံသရာကို မလွန်မြောက် နိုင်ဘူးလို့ ဆိုလိုရင်းဖြစ်ပါတယ်၊ မလွန်မြောက်နိုင်တော့ ဘယ်လိုဖြစ်နေသလဲ၊ တန္တာကုလကဇာတာ-ချည်ခင်ထွေးလိုလဲ ရှုပ်နေပါတယ်၊ ကုလဂဏ္ဌိကဇာတာ၊ စာပေါင်းသိုက်လိုပဲ ရှုပ်နေတယ်၊ မုဉ္ဇပဗ္ဗဇဘူတာ-ဖြူဆံမြက် ပြိတ်မြက်လိုလဲ ရှုပ်နေတယ်လို့ ဆိုလိုဟန်ရှိပါတယ်၊ ဘယ်လို ရှုပ်တာလဲဆိုယင် ကိလေသာအမျိုးမျိုး
တွေနဲ့လဲ ရှုပ်နေတယ်၊ ဟိုဘဝက ဒီမှာ လာဖြစ်လိုက်, ဒီဘဝက ဟိုမှာ သွားဖြစ်လိုက် စသည်ဖြင့် ဘဝတွေနဲ့လဲ ရှုပ်နေတယ်လို့ ဒီလိုယူလျှင်လဲ သင့်စရာရှိပါတယ်။
မုဉ္ဇပဗ္ဗဇဘူတာ၊ ဖြူဆံမြက် ပြိတ်မြက်ကဲ့သို့ ဖြစ်လျက်။
အပါယံ၊ အပါယ်သံသရာကို။
နာတိ ဝတ္တတိ၊ မလွန်မြောက်နိုင်ပဲ ရှိလေတော့၏။
ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသူရကာယ်ဆိုတဲ့ ဘုံဘဝတွေမှာ ကြီးပွါးချမ်းသာခြင်း မရှိဘူး၊ ဒါကြောင့် အဲဒီ ဘုံဘဝတွေကို အပါယ-အပါယ်ဘုံဘဝလို့ခေါ်တယ်၊ ပဋိစ္စသမုပ္ပါဒ်တရားကို မသိသောကြောင့် သတ္တဝါအပေါင်းဟာ အဲဒီ အပါယ် ၄-ဘုံမှာ ကျရောက်နေရတယ်၊ အပါယ် ၄-ဘုံကို မကျော်လွန်နိုင်ဘူး၊ တခါတရံ လူ့ဘုံ နတ်ဘုံ ဗြဟ္မာ့ဘုံတက်ပြီး ဖြစ်ရပေမယ့် ပဋိစ္စသမုပ္ပါဒ်ကို မသိသေးယင် အဲဒီ အပါယ် ၄-ဘုံကို ပြန်ရောက်နိုင်တာပဲ၊ ရောက်လဲ ရောက်နေတာပဲ၊
နောက်ပြီးတော့ အဲဒီအပါယ် ၄-ဘုံဟာ ဆင်းရဲ၏ ဖြစ်ရာတည်ရာဖြစ်တဲ့အတွက် ဒုဂ္ဂတိလို့လဲ ခေါ်တယ်၊ မကောင်းမှုရှိတဲ့သူတွေ ဆင်းရဲခံစားရာ ဘုံဘဝတွေလို့ ဆိုလိုပါတယ်၊ လူ့လောကက အကျဉ်းထောင်များနဲ့ တစိတ်တဒေသအားဖြင့် တူပါတယ်၊ နောက်ပြီးတော့ ဒီအပါယ်ဘုံတွေဟာ သစ်သီးများ သစ်ပင်ပေါ်မှ ကြွေကျသလိုပဲ လူ့ချမ်းသာ နတ်ချမ်းသာတွေမှ ပျက်စီးကျရာ ပြုတ်ကျရာ ဖြစ်တဲ့အတွက် ဝိနိပါတ-လို့လဲခေါ်ပါတယ်၊ ဒါကြောင့် -
“ဒုဂ္ဂတိံ၊ ဆင်းရဲ၏ဖြစ်ရာ တည်ရာဖြစ်သော။
ဝါ၊မကောင်းရှိသူတို့၏ လားရာဖြစ်သော။
ဝိနိပါတံ၊ နတ်လူတို့၏ ချမ်းသာအပေါင်းမှ ပျက်၍ကျရာ ပြုတ်ကျရာဖြစ်သော။
အပါယံ၊ ကြီးပွါးချမ်းသာခြင်းကင်းသောအပါယ်ဘုံဘဝကို။
နာတိ ဝတ္တတိ၊ မလွန်မြောက်နိုင်ပဲ ရှိလေတော့၏” တဲ့။
ဒါတွင်မကသေးဘူး၊ ၃၁-ဘုံမှာ ရုပ်နာမ်ခန္ဓာတို့၏ မပြတ်ဖြစ်စဉ်ဆိုတဲ့သံသရာကိုလဲ မလွန်မြောက်နိုင်ဘူး။ ဒါကြောင့် “သံသာရံနာတိဝတ္တတိ”လို့ မိန့်ဆိုထားပါတယ်၊ သံသာရံ၊ တဘဝမှ တဘဝသို့ပြောင်းရွှေ့ ကျင်လည်ခြင်းဟူသော ရုပ်နာမ်ခန္ဓာတို့၏ မပြတ်ဖြစ်စဉ် သံသရာကို။ နာတိဝတ္တတိ၊ မလွန်မြောက်နိုင်ပဲ ရှိလေတော့၏-တဲ့။
ပဋိစ္စသမုပ္ပါဒ်တရားကို မသိတဲ့အတွက် သတ္တဝါတွေဟာ သေပြီးယင်း တဖန်ဖြစ်ယင်း, သေပြီးယင်း တဖန်ဖြစ်ယင်းနဲ့ ဘုံသုးဆယ့်တစ် ဆိုတဲ့ ဘဝတွေ မှာလဲ လည်နေတယ်၊ ဘုံဘဝထဲက မလွတ်နိုင်ဘူး၊ ဥပမာအားဖြင့် ဆီကြိတ်ဆုံမှာ တပ်ထားတဲ့နွားလိုပါပဲ-တဲ့၊ အဲဒီနွားဟာတပတ်ပြီးတပတ် လှည့်သွားနေရတယ်၊ ဘယ်လောက်ကြာအောင် သွားနေပေမယ့် သူသွားနေကျ နယ်အရပ်ကို မလွန်မြောက်နိုင်ဘူး၊
အဲဒါလိုပဲ သတ္တဝါတွေလဲ ပဋိစ္စသမုပ္ပါဒ်တရားကို မသိသေးသမျှ ကာလပတ်လုံး သံသရာထဲမှာပင် တဝဲလည်လည် ကျင်လည်နေရတယ်၊ အများအားဖြင့်တော့ အပါယ်သံသရာထဲမှာပဲ ကျင်လည်နေရတယ်၊ ကမ္ဘာပေါင်း အသင်္ချေ မရေမတွက်နိုင်အောင် ကြာပေမယ့် သံသရာနယ်ပယ်ကို မလွန်မြောက်နိုင်ဘူး။ ဒါကြောင့် -
“သံသာရံ၊ တဘဝမှတဘဝသို့ ပြောင်းရွှေ့ ကျင်လည်ရခြင်း ဟူသော ရုပ်နာမ် ခန္ဓာတို့၏ ဖြစ်စဉ် သံသရာကို။
နာတိ ဝတ္တတိ၊ မလွန်မြောက်နိုင်ပဲ ရှိလေတော့သည်”
လို့ မြတ်စွာဘုရားက အရှင်အာနန္ဒာကို မိန့်ဆိုဟောကြားတော်မူပါတယ်။
.
ပဋိစ္စသမုပ္ပါဒ် သိဖို့ရာ အရေးကြီးသည်
▬▬▬▬▬▬▬▬
အရှင်အာနန္ဒာကို မြတ်စွာဘုရား မိန့်ကြားတော်မူတဲ့အတိုင်း ပဋိစ္စသမုပ္ပါဒ်ကို မသိတဲ့ အတွက် သံသရာထဲမှာပဲ လည်နေရတယ်၊ သံသရာထဲက မလွတ်မြောက်နိုင်ဘူး ဆိုတော့ ဒီပဋိစ္စသမုပ္ပါဒ်တရားကို သိဖို့ရာဟာ အလွန်အရေးကြီးပါတယ်၊ သစ္စာ ၄-ပါးလိုပဲသိဖို့ရာ အရေးတကြီးလိုနေပါတယ်၊ သစ္စာ ၄-ပါးကိုသိယင် ပဋိစ္စသမုပ္ပါဒ် ကိုလဲသိတယ်၊ ပဋိစ္စသမုပ္ပါဒ်ကို သိယင်လဲ သစ္စာ ၄-ပါးကို သိတယ် ဆိုတဲ့ အကြောင်းကို တတိယပိုင်းတုန်းက ရှင်းလင်းပြောကြားခဲ့ပါပြီ၊
ဝိပဿနာ ရှုတယ်ဆိုတာ ဒီ ပဋိစ္စသမုပ္ပါဒ်နဲ့ သစ္စာ ၄-ပါးကို ကိုယ်တွေ့ ဉာဏ်တွေ့အားဖြင့် ပိုင်ပိုင်နိုင်နိုင်သိအောင် ရှုရတာပဲ၊ ဒါပေမယ့် ဒီတရားတွေက နက်နဲလို့ အသိခက်ပါတယ်၊ ရှုယင်းမှတ်ယင်း ကိုယ်တိုင်တွေ့သိနေပေမယ်လို့ ဒါက အဝိဇ္ဇာအကြောင်းတရားပဲ, ဒါကသင်္ခါရအကျိုးတရားပဲ စသည်ဖြင့် ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ဖို့က ခက်နေတတ်သေးတယ်၊
ဒါကြောင့် အဲဒီလို ကိုယ်တိုင် တွေ့ထားတဲ့ အကြောင်းအကျိုး တရားတွေကို သဘော ပေါက်ပြီး ဆုံးဖြတ်နိုင်အောင်လို့, မတွေ့ရသေးယင်လဲ မှန်းဆပြီး သဘောပေါက် နိုင်အောင်လို့ ဒီပဋိစ္စသမုပ္ပါဒ်တရားကို ထပ်ကာ ထပ်ကာ ဖြည်းဖြည်းချင်း ဟောနေပါတယ်။
မြတ်စွာဘုရားကိုယ်တော်တိုင်လဲ ဘုရားဖြစ်ခါနီး ရှေ့အဖို့က ဒီပဋိစ္စသမုပ္ပါဒ်တရားကို ဆင်ခြင်တော်မူခဲ့ပါတယ်၊အဲဒီ ဆင်ခြင်ပုံကိုတော့ ပထမပိုင်းတရားထဲမှာ ပြောခဲ့ပါပြီ၊ ဘုရားဖြစ်တော်မူပြီးတဲ့နောက် ဗောဓိမဏ္ဍိုင် ရတနာပလ္လင်ထက်မှာ ထိုင်မြဲတိုင်းပင် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူလျက် အရဟတ္တဖလ သမာပတ်ကို ဝင်စားပြီး ခုနစ်ရက်ပတ်လုံး သီတင်းသုံး နေတော်မူခဲ့ပါတယ်၊ ဝိမုတ္တိသုခကို ခံစားနေတော် မူခဲ့ပါတယ်၊
ဝိမုတ္တိ-ဆိုတာ ကိလေသာမှလွတ်မြောက်တဲ့ အရဟတ္တဖိုလ်ပဲ၊ သုခဆိုတာ ချမ်းသာပဲ၊ ဝိမုတ္တိသုခ-ဆိုတာ လွတ်မြောက်တဲ့ အရဟတ္တဖိုလ် ချမ်းသာလို့ ဆိုပါတယ်၊ ဒါကြောင့် အဲဒီခုနစ်ရက်အတွင်းမှာ နိဗ္ဗာန်ကိုသာ အာရုံပြုလျက် ဖိုလ်ဝင်စား နေတော်မူပါတယ်၊ ခုနစ်ရက်မြောက် နောက်ဆုံးည မှာတော့ ညဦးယာမ်မှာ ဒီပဋိစ္စသမုပ္ပါဒ် တရားတော်ကို အနုလုံအားဖြင့် ဒီလို ဆင်ခြင်တော်မူပါတယ်၊
ဆင်ခြင်တော်မူပုံကို ပါဠိလို ဘုန်းကြီးကရွတ်ပြမယ်၊ တရားနာပရိသတ်အပေါင်းက ဟိုတုန်းက မြတ်စွာဘုရား ဆင်ခြင်တော်မူပုံကို မှန်းဆပြီး အာရုံပြုကြ ကြည်ညိုကြရမယ်။
အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဠာယတနံ၊ သဠာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာ ပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသာ သမ္ဘဝန္တိ၊ ဧဝ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။
အဲဒါဟာ ပဋိစ္စသမုပ္ပါဒ်တရားကို အနုလုံအားဖြင့် အပြည့်အစုံ နှလုံးသွင်း ဆင်ခြင်တော်မူပုံပါပဲ၊ အနက် အဓိပ္ပာယ် အတိုချုပ်ကတော့ - သတ္တဝါတွေ ချမ်းသာရာ ချမ်းသာကြောင်း ကြံစည်ပြောဆို ပြုလုပ်နေကြတယ်ဆိုတာဟာ အမှန်စင်စစ်ကတော့ သစ္စာ ၄-ပါး အမှန်တရားတွေကို မသိလို့၊ အဲဒီ မသိမှု အဝိဇ္ဇာကြောင့် ဖြစ်နေတဲ့ အားထုတ်မှု သင်္ခါရမျှရှိတာပဲ၊ ကြံစည် ပြောဆိုပြုလုပ် နေတဲ့ သတ္တဝါရယ်လို့ အသီးအခြားမရှိဘူး၊ အကြောင်းတရားနဲ့အကျိုးတရားမျှ ရှိတာပဲလို့ ဒီကစပြီး ဆင်ခြင်တော်မူပါတယ်၊
ထို့အတူပင် အသစ်ဖြစ်ပေါ်လာတဲ့ ပုဂ္ဂိုလ်ရယ်လို့ မရှိဘူး၊ ပြုလုပ်အားထုတ်မှု ကံကြောင့် အသစ်ဖြစ်ပေါ်လာတဲ့ စိတ်ဝိညာဏ် အကျိုးတရားမျှရှိတာပဲ၊ အဲဒီစိတ် ဝိညာဏ်ကြောင့် နာမ်ရုပ်အကျိုးတရား ဖြစ်ပေါ်တယ်၊ နာမ်ရုပ်ကြောင့် အာယတန ၆-ပါး အကျိုးတရား ဖြစ်ပေါ်တယ်၊
အာယတနကြောင့် အာရုံကိုတွေ့မှု ဖဿအကျိုးတရားဖြစ်ပေါ်တယ်၊ ဖဿကြောင့် ခံစားမှုဝဒေနာ အကျိုးတရား ဖြစ်ပေါ်တယ်၊ ဝေဒနာကြောင့် တပ်မက်ဆာဆောင်မှု တဏှာအကျိုးတရား ဖြစ်ပေါ်တယ်၊ တဏှာကြောင့် စွဲလမ်းမှုဥပါဒါန် အကျိုးတရား ဖြစ်ပေါ်တယ်၊ ဥပါဒါန်ကြောင့် ဘဝသစ်တဖန်ဖြစ်ကြောင်း ကံအကျိုးတရား ဖြစ်ပေါ်တယ်၊
အဲဒီဖြစ်ကြောင်း ကံကြောင့် ဘဝသစ်ဖြစ်မှု ဇာတိအကျိုးတရား ပေါ်လာတယ်၊ ဇာတိကြောင့် အိုခြင်းသေခြင်း ပေါ်လာတယ်၊ စိုးရိမ်ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပူပန်ခြင်းဆိုတဲ့ အကျိုးတရားတွေလဲ ပေါ်လာကြတယ်၊
အကုန်လုံးခြုံကြည့်လိုက်ယင် အကြောင်းနဲ့အကျိုး ဆင်းရဲအစု သက်သက်မျှသာ ဖြစ်နေတာပဲ၊ ချမ်းသာဟူ၍မရှိ၊ ပုဂ္ဂိုလ်သတ္တဝါဟူ၍ အသီးအခြားမရှိ၊ တလောက လုံးမှာ ဆင်းရဲအစုသက်သက်မျှသာ အကြောင်းအကျိုး ဆက်ပြီးဖြစ်နေတယ် လို့ ဆင်ခြင်တော်မူပါတယ်၊ အဲဒီ ပဋိစ္စသမုပ္ပါဒ်၏ ခေါင်းစဉ်ဆောင်ပုဒ်ကို ဆိုကြဦးစို့။
အမှန် မသွား၊ အမှား မြင်ကာ၊ အဝိဇ္ဇာကြောင့်၊ ချမ်းသာလိမ့်နိုး၊ ရည်မျှော်ကိုးလျက်၊ သုံးမျိုးမှုကံ၊ ပြုစီမံ၍၊ ဝိညာဏ်တွယ်စပ်၊ နာမ်ရုပ်ကပ်လျက်၊ ခြောက်ရပ် အာယတန၊ ဖဿ၆-ဖြာ၊ ဝေဒနာကြောင့်၊ တဏှာ ၆ တန်၊ ဥပါဒါန်နှင့်၊ ပြုရန် အကြောင်း၊ ကံဆင့်လောင်း၍၊ ဆိုးကောင်းဘဝ၊ ဖြစ်ရပြန်ရာ၊ အိုကာ, သေရေး၊ ပူအဆွေးနှင့်၊ ငိုကြွေးကိုယ်နွမ်း၊စိတ်မချမ်းမြ၊ ပူပန်ရသည်၊ လုံးဝ ဆင်းရဲစုသာတည်း။
ဒီခေါင်းစဉ်ထဲမှာ “နာမ်ရုပ်ကြောင့် အာယတန ၆-ပါး ဖြစ်သည်” ဆိုတဲ့ အပိုဒ်လောက်ပဲ အလျင်သီတင်းက ဟောလို့ ပြီးခဲ့သေးတယ်၊ ဒါကြောင့် ဒီကနေ့ “သဠာယတနပစ္စယာ ဖဿော-အာယတန ၆-ပါးကြောင့် အာရုံတွေ့မှု ဖဿဖြစ်ပေါ် သည်” ဆိုတဲ့ အပိုဒ်ကို ဟောရမယ်။
.
အာယတနကြောင့် ဖဿ ဖြစ်သည်
▬▬▬▬▬▬▬▬▬▬
သဠာယတနပစ္စယာ၊ အာယတန ၆-ပါးဟူသော အကြောင်းကြောင့်။
ဖဿော၊ အာရုံကိုတွေ့မှု ဖဿသည်။
သမ္ဘဝတိ၊ ဖြစ်ပေါ်၏။
အာယတန ၆-ပါးဆိုတာ အတွင်းအာယတန ၆-ပါးလဲ ရှိတယ်၊ အပြင် အာယတန ၆-ပါးလဲရှိတယ်၊ အတွင်း အာယတန ၆-ပါးဆိုတာ မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ်ဆိုတဲ့ ဒီ ၆-ပါးပါပဲ၊ အပြင် အာယတန ၆-ပါး ဆိုတာကတော့ အဆင်း အသံ အနံ့ အရသာ အတွေ့ သဘောဆိုတဲ့ ဒီအာရုံ ၆-ပါးပါပဲ၊ ဖဿဆိုတာ ဒီအာရုံ ၆-ပါးကို ထင်ရှားတွေ့တဲ့သဘောပါပဲ၊
မျက်စိနဲ့မြင်တဲ့အခါ အဆင်းအာရုံကို ထင်ရှားတွေ့ရတယ်၊ နားနဲ့ကြားတဲ့အခါ အသံအာရုံကို တွေ့ရတယ်၊ နှာခေါင်းနဲ့ နံတဲ့အခါ အနံ့အာရုံကို တွေ့ရတယ်၊ လျှာနဲ့ အရသာသိတဲ့အခါ အရသာအာရုံကို တွေ့ရတယ်၊ ကိုယ်နဲ့ ထိသိတဲ့အခါ အတွေ့ အာရုံကို တွေ့ရတယ်၊ စိတ်နဲ့ကြံသိ တဲ့အခါ သဘောအာရုံ စိတ်ကူးအာရုံကို တွေ့ရတယ်။
.
ဖဿ ထင်ပေါ်ပုံ
▬▬▬▬▬▬
ဒီဖဿဟာ အထည်ဒြပ် ရကောင်းတဲ့ ရုပ်တရားတော့ မဟုတ်ဘူး၊ အထည်ဒြပ် မရကောင်းတဲ့ နာမ်တရားပါပဲ၊ ဒါပေမယ့် သူက အာရုံနဲ့ တိုက်ခိုက်သွားသလိုပဲ ထင်ရှားတယ်၊ အထူးထင်ရှားတဲ့ ပုံစံကိုပြရလျှင် ချဉ်သီးစားနေတာကို မြင်ရလျှင် သွားရည်ယိုတတ်တယ်၊ ချဉ်တဲ့အရသာကကို စိတ်နဲ့ တွေ့တဲ့သဘောပါပဲ၊ သူတပါး အနှိပ်စက်ခံနေရတာကို မြင်ရလျှင် သနားတတ်တဲ့သူမှာ စိတ်နှလုံး တုန်တတ်တယ်၊ ကိုယ်လဲ တုန်တတ်တယ်၊
သစ်ပင်ဖျားတို့ ကမ်းပါးပြတ်တို့ ဒီလို ဘေးရန် ဖြစ်စေနိုင်တဲ့နေရာမှာ နေသားမကျပဲ တည်နေတာကိုမြင်ရလျှင် မြေပြင် မြေပြန့်က ကြောက်တတ်တဲ့သူမှာ ဒူးတုန် တတ်တယ်၊ အမှတ်တမဲ့လမ်းလျှောက်နေယင်း ကားနဲ့ ရုတ်တရက် ရင်ဆိုင်တွေ့ရလျှင် မတိုက်သေးပေမယ့် တိုက်သွားသလိုပင် လန့်သွား တတ်တယ်၊ ဒါတွေဟာ ကိုယ်နဲ့မတွေ့ထိရပဲနဲ့ တွေ့ထိရသလို ထင်သွားပုံတွေပါပဲ၊
တစ္ဆေသရဲ စသည်ကိုမြင်ရလျှင် ပေါင်တောင့်သွားတတ်တယ်၊ ကြက်သီး မွေးညင်း ထသွားတတ်တယ်၊ ဒါလဲ တကယ်မထိရပါပဲနဲ့ ထိရသလိုထင်သွားတဲ့ သဘောပါပဲ၊ စိတ်ဝင်စားဖွယ် အကြောင်းအရာ ဝတ္ထုဇာတ်လမ်းကိုကြားရ ဖတ်ရလျှင် ထိုအကြောင်း အရာတို့ကို တကယ်မတွေ့ရပါပဲနဲ့ စိတ်ထဲမှာ ထင်ရှားပေါ်နေ တတ်တယ်၊ တချို့အကြောင်းအရာများမှာ ပယ်ဖျောက်ပစ်လို့တောင် မရနိုင်လောက် အောင် ထင်ပေါ်နေတတ်တယ်၊ ဒါတွေအားလုံးဟာ အာရုံကို ထိတွေ့တတ်တဲ့ ဖဿ ဖြစ်ပုံ အထူးတွေပါပဲ။
.
ဖဿ၏ဒဏ်ချက် ပြင်းပြပုံ
▬▬▬▬▬▬▬▬▬
ဒီဖဿရဲ့ထိပုံဟာ တချို့ပုဂ္ဂိုလ်မှာ တရံတခါ အလွန်ပြင်းထန်ပါတယ်၊ ပြင်းထန်တဲ့ အတွက် လွန်ကဲတဲ့ ဝေဒနာနှင့်တကွ ရာဂဒေါသစသည် အကြီးအကျယ် ဖြစ်တတ်တယ်၊ သာသနာနှစ် ၄၀ဝ-ကျော်လောက်က သီဟိုဠ်မှာ နန်းတက်တဲ့ သဒ္ဓါတိဿမင်း ဆိုတာရှိခဲ့တယ်၊ ဒုဋ္ဌဂါမဏိမင်းကြီးရဲ့ ညီတော်ပါပဲ၊
အဲဒီ သဒ္ဓါတိဿမင်းဟာ တနေ့သောအခါ နန်းတော်သူတွေနဲ့ အတူကျောင်းသို့ လာရောက်တယ်၊ အဲဒီအခါ ရဟန်းငယ်တပါးက လောဟပါသာဒခေါ်တဲ့ ကြေးပြာသာဒ်တံခါးမုခ်မှာ ရပ်နေယင်း ဣန္ဒြေကိုစောင့်စည်းခြင်းမရှိပဲ နန်းတော်သူ မိန်းမငယ်တယောက်ကိုကြည့်မိတယ်၊ အဲဒီသူငယ်မကလဲ ရပ်တန့်ပြီး အဲဒီ ရဟန်းငယ်ကို ကြည့်တယ်၊ ဒီလိုကြည့်နေကြယင်း ရာဂမီးလောင်ပြီး နှစ်ဦးလုံး သေကုန်ရှာကြသတဲ့၊
နောက်ပြီးတော့ သာသနာနှစ် ခြောက်ရာကျော်လောက်က သီဟိုဠ်မှာ မဟာဒါဌိက မဟာနာဂဆိုတဲ့ မင်းရဲ့မိဖုရား ဒမိဠဒေဝီဆိုတဲ့ အမျိုးသမီးကို မစောင့်စည်းပဲ ကြည့်မိလို့ စိတ္တဆိုတဲ့ တောထွက်ရဟန်းကြီးတပါးဟာ ရူးသွပ်သွား ရှာသတဲ့၊ ဒီဝတ္ထုတွေကတော့ အင်္ဂုတ္တရ အဋ္ဌကထာ ဧကနိပါတ် ရူပါဒိဝဂ်မှာ ပြထားတဲ့ ဝတ္ထုတွေပါပဲ။
.
မုဒုလက္ခဏ ဇာတ်ဝတ္ထု
▬▬▬▬▬▬▬▬
ဒီဖဿဟာ ကိလေသာဖြစ်ဖွယ်အာရုံနဲ့ အပြင်းအထန် ထိခိုက်မိယင် အကြီးအကျယ် ဒုက္ခပေးတတ်ကြောင်း ဇာတ်နိပါတ်တော်တွေမှာလဲ တွေ့ရပါတယ်၊ မုဒုလက္ခဏဇာတ် မှာဆိုယင် ဘုရားအလောင်းရသေ့ကြီးဟာ ဘုရင့်နန်းတော်သို့ ဆွမ်းဘုဉ်းပေးရန် ကြွသွားတယ်၊ ကြွတာမှ မြေပြင်ကကြွတာ မဟုတ်ဘူး၊ ဈာန်အဘိညာဉ်အစွမ်းဖြင့် ကောင်းကင်ခရီးက ကြွသွားတယ်၊
အဲဒီနေ့မှာ ဘုရင်က နယ်ထွက်ပြီး ရန်သူပုန်ကို နှိမ်နင်းနေခိုက် ဖြစ်တဲ့အတွက် မိဖုရားကြီးက ဆွမ်းကပ်ဖို့ရန် အသင့်စောင့်နေတယ်၊ ဒီလို စောင့်နေတုန်း ရသေ့ကြီးက တန်ခိုးနဲ့ဆိုတော့ ဖြုတ်ကနဲ ရောက်လာတယ်၊ မိဖုရားကြီးက ကပျာကယာနဲ့ ထလိုက်တဲ့အခါ ခါးဝတ်က မတော်တဆ လျှောကျသွားသတဲ့၊ အဲဒီမှာ ရသေ့ကြီးကလဲ မစောင့်စည်းပဲနဲ့ ကြည့်လိုက်မိတဲ့အတွက် ဖဿဒဏ်ကြောင့် ရာဂကိလေသာတွေဟာ ငုပ်နေရာက ထကြွလာကုန်ပါရောတဲ့၊
ဒါကြောင့် ရသေ့ကြီးလဲ အဲဒီအိမ်တော်မှာ အခါတိုင်းလို အေးအေးဆေးဆေးနဲ့ ဆွမ်း မစားနိုင်တော့ပဲ မတ်တတ်ရပ်လျက်ပဲ ဆွမ်းကို သပိတ်နဲ့ခံပြီး ကျောင်းကိုသာ ယူလာခဲ့တယ်၊ ကျောင်းကိုပြန်တဲ့အခါကျတော့ လာစဉ်တုန်းကလို ကောင်းကင်က မကြွနိုင်ရှာတော့ဘူး၊ ဈာန်အဘိညာဉ်က လျှောကျပျက်စီးသွားတဲ့အတွက် မြေပြင်က ခြေကျင်ပဲ လျှောက်ရရှာတယ်၊ ကျောင်းရောက်တော့လဲ အဲဒီဆွမ်းကို မစားနိုင်ရှာဘူး၊ ခုံအောက်မှာ အသာချထားပြီးတော့ ပျဉ်ချပ်ခုံပေါ်မှာ ခုနစ်ရက်ပတ်လုံး လူးလှိမ့်ပြီး ရာဂမီးအလောင်ခံနေရရှာသတဲ့။
ဘုရင်မင်းမြတ် ပြန်လာတဲ့အခါ မေးမြန်းစုံစမ်းပြီး အကြောင်းမှန်သိရတဲ့အပြင် မကြာမီပင် ရသေ့ကြီးမှာ သတိတရား ရလာပြီး ထိုပြဿနာ ဖြေရှင်းသွားနိုင်တယ် ဆိုတာကို ယုံကြည်တဲ့အတွက် မုဒုလက္ခဏမိဖုရားကြီးကို ရှင်ရသေ့အား ပေးအပ် လိုက်ပါတယ်၊ မိဖုရားကြီးကိုလဲ “သင်ဟာ သင့်အစွမ်းဖြင့် ရှင်ရသေ့ကို စောင့်ရှောက်ဖို့ ကြိုးစားပါလေ” လို့ တိတ်တဆိတ် မှာကြားလိုက်ပါတယ်။
ဒါနဲ့ ရှင်ရသေ့ကြီးက မုဒုလက္ခဏမိဖုရားကြီးကိုခေါ်ယူပြီး ဘုရင့်အိမ်တော်က ထွက်လာခဲ့ပါတယ်၊ အိမ်တော်ဝင်း တံခါးမှ အပြင်ရောက်တဲ့အခါ မိဖုရားကြီးက “ရှင်ရသေ့ကြီး၊ ကျွန်မတို့နေဖို့ရာ အိမ်လိုနေပါတယ်၊ ကဲ-သွားပါချေဦး၊ မင်းထံမှာ အိမ်ကိုတောင်းပါချေဦး” လို့ ပြောပါတယ်၊ ရှင်ရသေ့ကြီးက သွားပြီးတောင်းတော့ ဘုရင်မင်းမြတ်က မည်သူမျှမနေလို့ လူအများတွေ ကျင်ကြီးစွန့်နေကြရာဖြစ်တဲ့ အိမ်အိုတခုကို ပေးလိုက်ပါတယ်၊
အဲဒီအိမ်ရောက်ပြန်တော့ မိဖုရားကြီးက “မစင်တွေနဲ့ ရွံစရာကောင်းလို့ မဝင်ချင်ဘူး၊ အညစ်အကြေးတွေကို သုတ်သင်ဖို့ မင်းထံမှ ပေါက်ပြားနဲ့ ခြင်းတောင်းကို သွားပြီးတောင်းပါချေ” လို့ ပြောပြန်တယ်၊ ရှင်ရသေ့ကြီးက မင်းထံသွားပြီး တောင်းခဲ့တယ်၊
အညစ်အကြေးတွေကိုလဲ သုတ်သင်ပြီး အိန္ဒိယ လူမျိုးတို့၏ ထုံးစံအတိုင်း မင်္ဂလာရှိအောင် နွားချေးနဲ့လဲ လိမ်းကျံတယ်၊ အဲဒီလို သုတ်သင်ပြီးတော့လဲ မိဖုရားကြီးက “မင်းထံ သွားချေဦး၊ ခုတင်တောင်းချေဦး၊ ကုလားထိုင် တောင်းချေဦး၊ အိပ်ရာခင်း တောင်းချေဦး၊ ရေလှောင်အိုးကြီး တောင်းချေဦး၊ သောက်ရေအိုး တောင်းချေဦး”စသည်ဖြင့် အိမ်ထောင်ပရိဘောဂ အသုံးအဆောင်တွေကို တခုချင်း အတောင်းခိုင်းပါတယ်၊
ရသေ့ကြီးတော့ သွားလိုက်ပြန်လိုက်နဲ့ တော်တော်ကို မောနေရှာမှာပဲ၊ ဒါပေမယ့် ဖဿဒဏ်ကြောင့် ကိလေသာမီးက လောင်နေတော့ သတိသံဝေဂ မရရှာသေးဘူး၊ နောက်ပြီးတော့ ချိုးဖို့ သုံးဖို့ ရေကိုလဲ သွားခပ်ရတယ်၊ သောက်ရေလဲ သွားခပ်ရတယ်၊ ဒါလောက်နဲ့လဲ သတိသံဝေဂ မရရှာသေးဘူး၊ ဖဿဒဏ်ကြောင့် ကိလေသာအပူက အတော်ပြင်းထန်နေတဲ့ လက္ခဏာပါပဲ။
အဲဒီလို မိဖုရားကြီးခိုင်းသမျှကို အကုန်ပြုလုပ်ပြီးတဲ့အခါ သပ်သပ်ရပ်ရပ်ခင်းထားတဲ့ ခုတင်ပေါ်မှာ မိဖုရားကြီးက ရသေ့ကြီးနဲ့အတူ ထိုင်နေပါတယ်၊ အဲဒီလိုထိုင်ပြီးတော့ ရှင်ရသေ့ကြီးရဲ့ နှုတ်ခမ်းမွေးကိုကိုင်ပြီး “ရှင်ရသေ့ကြီးဟာ ကိလေသာ ငြိမ်းစေတဲ့ သမဏ(ရဟန်း) အဖြစ်ကိုလဲ မသိတော့ဘူးလား၊ ဗြာဟ္မဏခေါ်တဲ့ သူမြတ် အဖြစ်ကိုလဲ မသိတော့ဘူးလား၊ ဒါလောက်မှ သတိတရား မရတော့ဘူးလား”လို့ ခပ်ဆတ်ဆတ် ငေါက်ပြီးတော့ ဆောင့်ဆွဲလိုက်ပါသတဲ့၊ ဒီတော့မှ ရှင်ရသေ့ကြီးက သတိရလာပါတယ်၊
အဲဒီအချိန်အထိ ရှေ့ပိုင်းတုန်းကတော့ ဆင်ခြင်ဉာဏ်ကို လုံးဝကင်းနေရှာသတဲ့၊ အဲဒီလို သတိရပြီးတော့ မိဖုရားကြီးကို ဘုရင်မင်းမြတ်ထံ ပြန်အပ်တယ်၊ ပြန်အပ်ပြီးတော့ ဟိမဝန္တာတောထဲမှာပဲ သွားပြီးနေတယ်၊ လူတို့နေရာ မြို့ရွာဆီကို ပြန်မလာတော့ဘူး၊ ဟိမဝန္တာမှာပဲ သမထဘာဝနာကို ပွါးများအားထုတ်ပြီး ဈာန်အဘိညာဉ်တွေကိုလဲ ပြန်ရတယ်၊ အဲဒီ ဘဝက စုတေတဲ့အခါ ဗြဟ္မာ့ပြည်ကို လားရောက်ပါတယ်တဲ့။
ဒီဝတ္ထုထဲက ကောက်နုတ်ပြီး မှတ်သားဖို့လိုရင်းကတော့ ဘုရားအလောင်းတော် အရင့်အမာကြီးတောင်မှ ဖဿဒဏ်ကြောင့် ကိလေသာမီး အလောင်ခံရသေးတယ် ဆိုတဲ့ အချက်ပါပဲ၊ ဟုတ်တယ်၊ ဒီရှင်ရသေ့ကြီးမှာ အစကတည်းက မုဒုလက္ခဏ မိဖုရားကြီးရဲ့ ရုပ်ပုံသဏ္ဍာန် ကိုယ်အင်္ဂါလက္ခဏာကို မမြင်မတွေ့ရလျှင် တပ်မက်သာယာတဲ့ရာဂ ဖြစ်နိုင်ပါ့မလား၊ မဖြစ်နိုင်ပါဘူး၊
ဘာကြောင့်လဲဆိုတော့ အဲဒီထက် ရှေးကျတဲ့ အလျင့်အလျင် နေ့တွေကလဲ အဲဒီအိမ်တော်ကို နေ့စဉ် ဆွမ်းစားကြွနေတာပဲ၊ အဲဒီတုန်းကလဲ သာမန်အနေ အားဖြင့်တော့ မြင်မိမှာပဲ၊ ဒါပေမယ့် ဖဿဒဏ်က မပြင်းထန်သေးလို့ ဘာမှ မဖြစ်ခဲ့သေးဘူး။
ယခုပြောခဲ့တဲ့အတိုင်း နောက်ဆုံးနေ့ကျမှ ထင်ထင်ရှားရှားတွေ့သွားလို့ ရာဂမီးတွေ ထလာတာ၊ နောက်ပြီးတော့ အဲဒီအာရုံဟာ မြင်ပြီးတဲ့နောက် စိတ်ထဲမှာ မပေါ်လာတော့ပဲ ပျောက်သွားယင်လဲ ရာဂမီးတွေ ဆက်ပြီးလောင်နေမှာမဟုတ်ဘူး၊ ရှင်ရသေ့ကြီးမှာ ဖြစ်ပုံကတော့ အဲဒီတကြိမ် မြင်တွေ့ပြီးကတည်းက စိတ်ကူးထဲမှာ မုဒုလက္ခဏာ မိဖုရားကြီးရဲ့ ရုပ်ပုံသဏ္ဌာန် ကိုယ်အင်္ဂါ လက္ခဏာတွေဟာ ဓာတ်ပုံရိုက်ယူထားသလိုပဲ တရစ်ဝဲဝဲနဲ့ ထင်ပေါ်နေတယ်၊ အဲဒီအာရုံကို ထင်ရှား တွေ့နေတယ်၊ အဲဒီလို ထင်ရှားတွေ့နေတဲ့ ဖဿဒဏ်ချက် ပြင်းထန်တဲ့ အတွက်ကြောင့် ရာဂမီးတွေ အပြင်းအထန် တောက်လောင်နေတာပဲ။
.
ဥမ္မာဒန္တီနှင့် သိဝိမင်းကြီး
▬▬▬▬▬▬▬▬▬
ဥမ္မာဒန္တီဇာတ်မှာ ဘုရားအလောင်းတော် သိဝိမင်းကြီးလဲ ဥမ္မာဒန္တီကို မြင်တွေ့ရတဲ့ ဖဿကြောင့် ရူးနောက်နောက် ဖြစ်သည်အထိ ဒုက္ခ ရောက်သွားရတယ်၊ ဖြစ်ပုံ အတိုချုပ်ကတော့ တခုသောနက္ခတ်ပွဲသဘင်နေ့မှာ သိဝိမင်းကြီးက မြို့ကိုလှည့်ပြီး ရှုစားတော်မူတယ်၊ ရှေးဦးစွာ စစ်သေနာပတိကြီးအဘိပါရကရဲ့ အိမ်ရှေ့ကို ရောက်သွားတယ်၊ အဲဒီအခါ စစ်သေနာပတိကြီး အဘိပါရကရဲ့ အိမ်တော်သူ ဇနီးဖြစ်တဲ့ဥမ္မာဒန္တီက ပြတင်းပေါက်ကနေပြီး မင်းကြီးကို ပန်းတွေနဲ့ ဖြူးပက်ယင်း ကိုယ်ဟန် အမူအရာအလှအပကို ပြလိုက်တယ်၊
ဒီလိုပြတာကလဲ အကြောင်းရှိပါတယ်၊ ပထမက ဥမ္မာဒန္တီအား မိန်းမမြတ်အင်္ဂါ လက္ခဏာနဲ့ပြည့်စုံသည် မပြည့်စုံသည်ကို ကြည့်ရှုစုံစမ်းရန် ပုဏ္ဏားတော်တွေကို မင်းကြီးက စေလွှတ်လိုက်တယ်၊ အဲဒီတုန်းက ပုဏ္ဏားတော်တွေဟာ ဥမ္မာဒန္တီကို မြင်ရတာနဲ့ သတိလွတ်ကင်းပြီး ဣန္ဒြေမဆောင်နိုင်ပဲ စားသောက်နေရာမှာ အမှားမှား အယွင်းယွင်း ဖြစ်ခဲ့ကြပါတယ်၊ အဲဒါကိုမြင်ရတော့ ဥမ္မာဒန္တီက အဲဒီ ပုဏ္ဏားတော် တွေကို ကျက်သရေမဲ့တယ်ဆိုပြီး အိမ်က ဆွဲထုတ်စေခဲ့ပါတယ်၊
ဒါကြောင့် ပုဏ္ဏားတော်တွေက မိမိတို့ အရှက်ကွဲတဲ့အတွက် ဥမ္မာဒန္တီအပေါ်မှာ ရန်ြုငိးဖွဲ့ပြီး “ဥမ္မာဒန္တီဟာ သူယုတ်မ ဖြစ်ပါတယ်၊ ဘုရင်မင်းမြတ်ရဲ့ မိဖုရား မဖြစ်ထိုက်ပါဘူး”လို့ သိဝိမင်းကြီးအား လျှောက်တင်ကြတယ်၊ သိဝိမင်းကြီးကလဲ ပုဏ္ဏားတော်တွေရဲ့စကားကို ယုံကြည်ပြီး ဥမ္မာဒန္တီကို လျစ်လျူရှုထားခဲ့ပါတယ်၊ အဲဒီကနောက် ဖခင် သဌေးကြီးက ဥမ္မာဒန္တီကို စစ်သေနာပတိကြီးဖြစ်တဲ့ အဘိပါရကထံ ဆက်သလိုက်ပါတယ်၊
အဲဒီလို စစ်သေနာပတိကြီး ကတော် ဖြစ်ကတည်းက ဥမ္မာဒန္တီဟာ “တနေ့နေ့ကျယင် ဘုရင်မင်းမြတ်အား မိမိ၏အလှ ဂုဏ်ကျက်သရေကို ပြလိုက်မယ်၊ ငါ့အကြောင်း သိစေမယ်”လို့ ဒီလို သူကကြံထား ခဲ့ပါတယ်၊ ဒါကြောင့် အဲဒီ မြို့လှည့်လာတဲ့အခါမှာ သိဝိမင်းကြီးအား ဥမ္မာဒန္တီက မိမိအလှဂုဏ် ကျက်သရေတွေကို အစွမ်းကုန် ပြလိုက်ခြင်းဖြစ်ပါသတဲ့။
အဲဒီအခါ သိဝိမင်းကြီးမှာ ဥမ္မာဒန္တီရဲ့ ရုပ် အဆင်း အင်္ဂါ လက္ခဏာတွေကို မြင်တွေ့ လိုက်ရတာနဲ့ စိတ်တွေဟာ ရူးနောက်နောက် ဖြစ်သွားရှာတယ်၊ မြို့ကို လှည့်ကြည့်ဖို့အစီအစဉ်ကို ဖျက်ပြီးတော့ အဲဒီအိမ်ကပဲ လှည့်ပြီး နန်းတော်ကို ပြန်သွားတယ်၊ နန်းတော်ရောက်တော့လဲ မအိပ်နိုင် မစားနိုင်ပဲ ဥမ္မာဒန္တီရဲ့ ရုပ်အဆင်း အင်္ဂါကိုသာ မြင်တွေ့ပြီး တပြစ်တောက်တောက်နဲ့ မြည်တမ်းနေသတဲ့၊ စိတ်တွေ ဘယ်လောက် ဖောက်ပြန်နေသလဲဆိုတာ အကဲခတ်နိုင်အောင် အဲဒီ သိဝိမင်းကြီးရဲ့ မြည်တမ်းပုံ ဂါထာကလေးတပုဒ်ကို ရွတ်ပြပါမယ်။
သက္ကော စေ မေ ဝရံ ဒဇ္ဇာ၊
သော စ လဗ္ဘေထ မေ ဝရော။
ဧကရတ္တံ ဒိရတ္တံ ဝါ၊
ဘဝေယျံ အဘိပါရကော။
ဥမ္မာဒန္တျာ ရမိတွာန၊
သိဝိရာဇာ တတော သိယံ။
သက္ကော၊ သိကြားမင်းသည်။
မေ၊ ငါးအား။
ဝရံ၊ အလိုရှိရာဆုကို။
စေ ဒဇ္ဇာ၊ အကယ်၍ပေးငြားအံ့။
(သိကြားမင်းကလိုရာဆုကိုတောင်း-လို့ ဆုပေးခဲ့လို့ရှိယင်လဲ)
မေ၊ ငါသည်။
ဝရော၊ တောင်းယူအပ်သော။
သောစ၊ ထိုဆုကိုလည်း။
စေလဗ္ဘေထ၊ အကယ်၍ ရငြားအံ့။
(သူတောင်းချင်တဲ့ ဆုကတော့ သိကြားမင်းက မပေးနိုင်တဲ့ဆု မရနိုင်တဲ့ဆုပါပဲ၊ ဒါပေမယ့် သူတောင်းတဲ့အတိုင်း အကယ်၍များ ရနိုင်မယ်ဆိုယင် ဒီလို တောင်းယူပါ့မယ်တဲ့၊ နားထောင်ကြစမ်း - ဘယ်လောက် စိတ်ရူးပေါက်နေသလဲ ဆိုတာ သဘောပေါက်သွားကြပါလိမ့်မယ်။)
ဧကရတ္တံ ဒိရတ္တံ ဝါ၊ တည နှစ်ညလောက်။
အဘိပါရကောဘဝေယျံ၊ ဥမ္မာဒန္တီရဲ့ခင်ပွန်း အဘိပါရကစစ်သူကြီးဖြစ်ပါရစေ။
ဥမ္မာဒန္တျာ၊ ဥမ္မာဒန္တီနှင့်။
ရမိတွာန၊ တည နှစ်ညလောက်ပျော်ပါးပြီး၍။
တတော၊ ထိုမှနောက်၌။
သိဝိရာဇာ သိယံ၊ သိဝိမင်းကြီး ပြန်၍ဖြစ်ပါရစေ။
ဣတိ၊ ဤလို ဆိုတောင်းယူပါအံ့တဲ့။
သိကြားမင်းက လိုရာကိုတောင်းယူဖို့ရာ ဆုလဲပေးမယ်၊ ဖြစ်လဲဖြစ်နိုင်မယ် ဆိုလို့ရှိယင် တညနှစ်ညလောက် အဘိပါရကစစ်သူကြီး ဖြစ်ပါရစေ၊ အဲဒီ တည နှစ်ညလောက် အဘိပါရက စစ်သူကြီးဖြစ်ပြီး ဥမ္မာဒန္တီနဲ့ ပျော်မွေ့ပြီးတော့မှ တဖန် သိဝိမင်းကြီး ပြန်ဖြစ်ပါရစေလို့ ဆုတောင်းချင်ပါတယ်-တဲ့၊ ဒီလောက်ထိအောင် မဖြစ်နိုင်တာတွေကို ယောင်ယမ်း ပြောဆိုနေပါသတဲ့။
အဲဒါ ဘာကြောင့်လဲဆိုယင် ဥမ္မာဒန္တီရဲ့ ရုပ်အင်္ဂါ လက္ခဏာအာရုံနဲ့ သူ့စိတ်ထဲမှာ တွေ့နေတဲ့ ဖဿကြောင့်ပါပဲ၊ ဖဿဟာ မပီသတဲ့အရုံနဲ့ မှေးမှေးမှိန်မှိန်လောက် တွေ့လို့ရှိယင် ဝေဒနာ တဏှာစသည်ကို နဲနဲလောက်ပဲ ဖြစ်စေတယ်၊ အာရုံကို ထင်ထင်ရှားရှား ပီပီသသကြီး တွေ့ရယင်တော့ ဖဿက ဝေဒနာ, တဏှာစသည်ကို အကြီးအကျယ် အပြင်းအထန် ဖြစ်စေတတ်တယ်၊ ဆူးစူးရာမှာ နဲနဲလောက်စူးယင် နဲနဲလောက်သာ နာတယ်၊ များများကြီး စူးယင်တော့ များများကြီးနာတယ်၊အဲဒါနဲ့လဲ တူပါတယ်။
.
ဖဿကြောင့် ဒေါသ စသည်လဲ ဖြစ်တယ်
▬▬▬▬▬▬▬▬▬▬
ယခုပြောခဲ့တာဟာ ဖဿဒဏ်ကြောင့် ဝေဒနာနှင့်တကွ တဏှာရာဂဖြစ်ပုံပဲ၊ တဏှာရာဂသာ ဖြစ်တတ်တာမဟုတ်သေးဘူး၊ ဖဿဒဏ်ကြောင့် ဒေါသစသည်လဲ ဖြစ်တတ်သေးတာပါပဲ၊ ဘယ်လိုလဲဆိုယင် စိတ်ဆိုးစရာအာရုံကို မြင်တွေ့ရတဲ့ အခါ ဖြုတ်ကနဲ ဒေါသဖြစ်တတ်တယ်, ကြောက်စရာကို မြင်တွေ့ရတဲ့အခါ ကြောက်တဲ့ ဒေါသ ဖြစ်တတ်တယ်၊ နားမခံသာတဲ့ စကားကို ကြားရတဲ့အခါမှာ သာပြီးတော့ ဒေါသဖြစ်တတ်သေးတယ်၊
ဂုဏ်ယူစရာအာရုံနဲ့ စိတ်ထဲမှာတွေ့ရလို့ ရှိယင် မာနလဲ ဖြစ်တတ်တယ်၊ ဘဝင်မြင့်တတ်တယ်၊ ‘ပုဂ္ဂိုလ် သတ္တဝါ အတ္တကောင်’ ဆိုတဲ့အာရုံ, ‘ကံ ကံ၏အကျိုးမရှိ’ ဆိုတဲ့ အာရုံ ဒီလို ဒိဋ္ဌိ ဖြစ်စရာအာရုံနဲ့ တွေ့လို့ရှိယင် ဒိဋ္ဌိလဲ ဖြစ်တတ်တယ်၊ မနာလိုစရာ အာရုံနဲ့တွေ့ရလို့ရှိယင် ဣဿာလဲ ဖြစ်တတ်တယ်၊ ဝန်တိုစရာ နှမြောစရာအာရုံနဲ့ တွေ့ရလို့ရှိယင် မစ္ဆရိယလဲ ဖြစ်တတ်တယ်၊ ဒါက ဖဿကြောင့် အကုသိုလ်ဖြစ်ပုံပဲ။
.
ဖဿကြောင့် ကုသိုလ်လဲ ဖြစ်တယ်
▬▬▬▬▬▬▬▬
အကုသိုလ်သာ မဟုတ်သေးဘူး၊ ဒီဖဿကြောင့် ကုသိုလ်တရားတွေလဲ ဖြစ်တတ်သေးတာပဲ၊ ကြည်ညိုစရာအာရုံနဲ့ စိတ်ထဲမှာတွေ့လို့ရှိယင် ကြည်ညိုတဲ့ သဒ္ဓါတရားလဲ ဖြစ်တတ်တယ်၊ ပေးလှူသင့်တဲ့ အလှူခံပုဂ္ဂိုလ် လှူဖွယ်ဝတ္ထုဆိုတဲ့ အာရုံမျိုးနဲ့ တွေ့ရလို့ရှိယင် အလောဘလဲ ဖြစ်တတ်တယ်၊ သည်းခံသင့်တဲ့ အနေအားဖြင့် တွေ့ရလို့ရှိယင် အဒေါသလဲဖြစ်တတ်တယ်၊ ဘုရားအစရှိသော အာရုံတွေနဲ့ တွေ့ရလို့ရှိယင် သတိအစရှိသော တရားတွေလဲ ဖြစ်တတ်တယ်၊ ဒါကတော့ ကုသိုလ်ဆိုင်ရာ တရားတွေ ဖဿကြောင့်ဖြစ်ပုံပါပဲ၊ ဒါကြောင့် -
“ဖဿသမုဒယာ၊ ဖဿ၏ ဖြစ်ခြင်းရှိခြင်းကြောင့်။
သင်္ခါရသမုဒယော၊ သင်္ခါရ မည်သော (ငါးဆယ်သော) စေတသိက်နာမ်တရားတို့၏ ဖြစ်ခြင်းသည်။
ဟောတိ၊ ဖြစ်တယ်”
လို့ ပဋိသမ္ဘိဒါမဂ်မှာ ဟောထားပါတယ်၊
အဲဒီပဋိသမ္ဘိဒါမဂ်မှာ ဝေဒနာ သညာ သင်္ခါရဆိုတဲ့ ဒီနာမ်ခန္ဓာသုံးမျိုးလုံး ဖဿကြောင့် ဖြစ်တယ်လို့ ပြဆိုထားပါတယ်၊ အဲဒါကို ထောက်ဆကြည့်ယင် စေတသိက်နာမ် တရားတွေဟာ ဖဿက တွေ့ထိပုံ ထက်သန်သလောက် ထက်သန်စွာ ဖြစ်ကြတယ်လို့ သိနိုင်ပါတယ်၊ ယခု ပြောခဲ့တာကတော့ အာရုံတွေ့မှု ဖဿအား ကောင်းပုံကို ထင်ရှားအောင် ပြဆိုခြင်း ဖြစ်ပါတယ်။
.
အာယတနကြောင့် ဖဿဖြစ်ပုံ အသေးစိတ်
▬▬▬▬▬▬▬▬
ယခု အာယတနကြောင့် ဖဿ ဖြစ်ပေါ်လာပုံကို အသေးစိတ် ခွဲခြားပြီးပြောမယ်၊ မြင်တဲ့အခါမှာဆိုယင် ဒီဖဿဟာ ကြည်လင်တဲ့ မျက်စိရုပ်ရှိလို့လဲ မြင်ပြီး တွေ့ရတယ်၊ မျက်စိမရှိယင်တော့ မမြင်နိုင် မတွေ့နိုင်ဘူး၊ မြင်စရာ အဆင်းရှိလို့လဲ တွေ့ရတယ်၊ အဆင်းမရှိယင်တော့ မတွေ့နိုင်ဘူး၊ မြင်သိမှုဆိုတဲ့ စိတ်ရှိလို့လဲ တွေ့ရတယ်၊ မမြင်ယင်တော့ မတွေ့နိုင်ဘူး၊ ဒီအထဲမှာ မျက်စိဆိုတာက စက္ခာယတနပဲ၊ အဆင်းဆိုတာက ရူပါယတနပဲ၊ မြင်သိတယ်ဆိုတာက မနာယတနပဲ၊ ဒီအာယတန သုံးပါးလုံးရှိပါမှ ဒီအာယတန သုံးပါးကြောင့် မြင်ပြီးတော့ စိတ်ထဲမှာ အာရုံကို ထင်ရှားတွေ့သွားတယ်၊ အဲဒီ ထင်ရှားတွေ့တဲ့ သဘောဟာ ဖဿပဲ၊
ဒီနေရာမှာ မြတ်စွာဘုရားက အလွန်အနုစိတ်ပြီး ခွဲခြားတော်မူခဲ့ပါတယ်၊ မြင်သိတာက တခြား မြင်တွေ့တာက တခြားလို့ ခွဲပြထားခဲ့ပါတယ်၊ သာမန် ပုဂ္ဂိုလ်အနေနဲ့ဆိုယင်တော့ မြင်တွေ့တာနဲ့ မြင်သိတာ ဒီနှစ်မျိုးကို ခွဲခြားဖို့ အလွယ်ပါဘူး၊ မြင်တာလဲ တွေ့တာပဲ၊ တွေ့တာလဲ မြင်တာပဲလို့ ဒီလို ထင်မှတ်တတ်ကြပါတယ်၊ အဲဒီလို မဟုတ်ဘူး၊ မြင်တာကတခြား တွေ့တာက တခြားပဲ ဆိုတာကို မြတ်စွာဘုရားက ခွဲခြားပြီး ဟောထားခဲ့ပါတယ်၊ ဘယ်လိုလဲ ဆိုယင် -
စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖဿော-တဲ့။
စက္ခုဉ္စ ပဋိစ္စ၊ မျက်စိကိုလဲ စွဲမှီ၍။
ရူပေ စ ပဋိစ္စ၊ အဆင်းတို့ကိုလဲ စွဲမှီ၍။
စက္ခုဝိညာဏံ၊ မြင်သိမှုစက္ခုဝိညာဏ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်ပေါ်၏။
တိဏ္ဏံ၊ မျက်စိအဆင်းမြင်သိမှုဟူသော တရားသုံးပါးတို့၏။
သင်္ဂတိ၊ ပေါင်းဆုံခြင်း တွေ့ခြင်း သဘောသည်။
ဖဿော၊ ဖဿပေတည်း၊
ဝါ၊ တရားသုံးပါးတို့၏ ဆုံမိခြင်းကြောင့် ဖဿဖြစ်ပေါ်၏။
ဆိုလိုတာကတော့ မြင်တယ်ဆိုတာ မျက်စိအကြည်ကလဲရှိပါမှ မြင်စရာအဆင်း ကလဲရှိပါမှ ဖြစ်နိုင်တယ်၊ ကြည်လင်တဲ့ မျက်စိရုပ် မရှိယင် မမြင်နိုင်ဘူး၊ မျက်စိ ရှိတာတောင် မှိတ်ထားယင် မမြင်နိုင်ဘူး၊ အဲဒါဟာ မျက်စိထဲမှာ မြင်စရာအဆင်း မရှိလို့ မမြင်တဲ့သဘောပါပဲ၊ မြင်စရာအဆင်းက လုံးလုံးမရှိယင်တော့ အထူးပြောစရာ မလိုပါဘူး၊ စင်စင်ကတော့ မှန်ထဲမှာ အရိပ်ထင်ပေါ်လာတာလို မျက်စိအကြည်ထဲမှာ အဆင်းရိပ် ထင်ပေါ်လာမှ မြင်နိုင်တယ်၊ အဲဒါဟာ မျက်စိနဲ့ အဆင်းဆိုတဲ့ အကြောင်း ၂-ပါးကို စွဲမှီပြီး မြင်သိမှု ဖြစ်တာပါပဲ၊ အဲဒီ မျက်စိနဲ့ ဆင်းရယ် မြင်သိမှုရယ် အဲဒီ သုံးပါးဆုံမိမှ အဆင်းအာရုံကို စိတ်ထဲမှာ ထင်ရှားတွေ့သွားတယ်၊
အဲဒါဟာ မျက်စိ အဆင်း မြင်မှုဆိုတဲ့ အာယတန (အကြောင်း) သုံးပါးကြောင့် စက္ခု သမ္ဖဿ ဆိုတဲ့ မြင်တွေ့မှုဖြစ်တာပါပဲ၊ ဒီဖဿဟာ တွေ့ပြီးအာရုံကို စဉ်းစားတဲ့ အခါမှာ စဉ်းစားတိုင်း စဉ်းစားတိုင်း အာရုံကို ထင်ရှားတွေ့နေသော အားဖြင့် ထင်ရှားပါတယ်၊ ရှုမှတ်နေတဲ့ ယောဂီဟာ ဒီမြင်သိမှု စက္ခုဝိညာဏ်နဲ့ မြင်တွေ့မှု ဖဿဖြစ်ပုံကို ကိုယ်ပိုင်ဉာဏ်နဲ့ တွေ့ပြီး သိနိုင်ပါတယ်၊ ဘယ်လိုလဲဆိုယင် -
မြင်တိုင်း မြင်တိုင်း “မြင်တယ်, မြင်တယ်”လို့ ရှုမှတ်နေတဲ့ ယောဂီမှာ သမာဓိဉာဏ် ရင့်လာတဲ့အခါ “မြင်တယ်ဆိုတာဟာ အကြောင်းမရှိပဲနဲ့ အလိုလိုဖြစ်တာလဲ မဟုတ်ဘူး၊ တစုံတယောက်က ပြုလုပ်ပေးလို့, ဖန်ဆင်းပေးလို့ ဖြစ်တာလဲ မဟုတ်ဘူး၊ အမှန်မှာတော့ မျက်စိကလဲရှိလို့ မြင်စရာအဆင်းကလဲရှိလို့ ဖြစ်တာပဲ၊ မျက်စိနဲ့အဆင်း ဒီနှစ်မျိုးကို မှီပြီးဖြစ်တာပဲ၊ မြင်တတ်တဲ့ ပုဂ္ဂိုလ်ရယ်လို့ မရှိဘူး၊ မျက်စိနဲ့ အဆင်းဆိုတဲ့ အကြောင်းတရားကြောင့် မြင်သိမှုဆိုတဲ့ အကျိုးတရားမျှ ဖြစ်သွားတာပဲ ရှိတယ်”လို့ ဒီလို သိနိုင်ပါတယ်၊
နောက်ပြီးတော့ “မြင်တွေ့တယ် ဆိုတာဟာလဲ အကြောင်းမရှိပဲနဲ့ အလိုလို ဖြစ်တာ မဟုတ်ဘူး၊ တစုံတယောက်က ပြုလုပ်ပေးလို့ ဖန်ဆင်းပေးလို့ ဖြစ်တာလဲ မဟုတ်ဘူး၊ အမှန်မှာတော့ မျက်စိနဲ့ အဆင်းရယ်, မြင်မှုရယ် ဒီသုံးမျိုးဆုံမိတဲ့အခါ အဆင်းကို စိတ်နဲ့မြင်တွေ့သွားတာပဲ၊ အကြောင်းတရားနဲ့ အကျိုးတရားမျှပဲရှိတယ်”လို့ ဒီလိုလဲ သိနိုင်ပါတယ်၊ အဲဒါဟာ မြင်ခိုက်မှာ အာယတနကြောင့် ဖဿဖြစ်ပုံကို ကိုယ်ပိုင်ဉာဏ်နဲ့ သိမြင်ပုံပါပဲ၊ ဆောင်ပုဒ်ကို ဆိုကြရမယ်။
မျက်စိနဲ့ အဆင်းကို မှီ၍ မြင်သိမှု ဖြစ်သည်။ (ဆို)
မျက်စိ အဆင်း မြင်သိမှုဟူသော တရား ၃-ပါးတို့၏ ပေါင်းဆုံမိခြင်းကြောင့် မြင်တွေ့မှု ဖဿ ဖြစ်သည်။ (ဆို)
မျက်စိရယ်, အဆင်းရယ်, မြင်သိမှုရယ် အဲဒီ ၃-ပါး ဆုံမိတာကို တွေ့သွားတယ်လို့ ထင်ရတယ်၊ မျက်စိထဲမှာ အထင်အရှား ဘွားကနဲ တွေ့သွားတဲ့သဘောပါပဲ၊ ပျောက်နေတဲ့ ပစ္စည်းတခုကို ရှာနေယင်း တွေ့ရတဲ့အခါမှာ ဒီ မြင်တွေ့မှု ဖဿဖြစ်ပုံဟာ အလွန်ထင်ရှားပါတယ်၊ တွေ့ပြီ တွေ့ပြီလို့လဲ အားရဝမ်းသာနဲ့ ပြောတတ်ကြပါတယ်။
ဖဿကြောင့် ဝေဒနာဖြစ်ပုံ
▬▬▬▬▬▬▬▬▬▬
အဲဒီလို ဖဿက တွေ့သွားယင် ခံစားမှု ဝေဒနာလဲ ပေါ်လာတော့တာပဲ၊ ဒါကြောင့် “ဖဿပစ္စယာ ဝေဒနာ-ဖဿကြောင့် ဝေဒနာဖြစ်သည်” လို့ဆက်ပြီး ဟောထား ပါတယ်၊ မြင်တွေ့ရတဲ့အာရုံကို အရသာခံတဲ့သဘော ဖြစ်လာတာပါပဲ၊ မြင်တွေ့ရတဲ့ အဆင်းအာရုံက ကောင်းတာလဲရှိတယ်၊ ဆိုးတာလဲရှိတယ်၊ အလတ်စားလဲရှိတယ်၊ အဲဒီအာရုံ အကောင်းအဆိုး လိုက်ပြီး ခံစားမှု ဝေဒနာကလဲ အကောင်း, အဆိုး, အလတ်စားရယ်လို့ ၃-မျိုး ကွဲပြားပါတယ်။
မြင်တွေ့ရတဲ့ အဆင်းအာရုံက လှလှပပ တင့်တင့်တယ်တယ် ကောင်းတဲ့အာရုံ ဆိုယင် ကောင်းတဲ့ခံစားမှု သုခဝေဒနာ ဖြစ်တယ်၊ ကြည့်လို့ မြင်လို့ကောင်းတဲ့ သဘောပါပဲ၊ အဲဒါကို သတ္တဝါတွေက ကောင်းလိုက်တာ ကောင်းလိုက်တာနဲ့ ချီးမွမ်း တတ်ကြတယ်၊ မြင်တွေ့ရတဲ့အဆင်းက ဆိုးတဲ့အဆင်း ရွံစရာမုန်းစရာကောင်းတဲ့အဆင်း ဆိုယင်တော့ ဆိုးတဲ့ခံစားမှု ဒုက္ခဝေဒနာ ဖြစ်တယ်၊ ကြည့်လို့မြင်လို့ မကောင်းတဲ့သဘောပါပဲ၊
အဲဒါမျိုးကိုတော့ သတ္တဝါတွေက ဆိုးလိုက်တာ မကောင်းဘူးလို့ ကဲ့ရဲ့ရှုတ်ချ တတ်ကြပါတယ်၊ မြင်နေကျ ရိုးရိုးအဆင်း ဆိုယင်တော့ ခံစားမှုက ဘာမျှမထူးခြားဘူး၊ အဲဒါကတော့ အလယ်အလတ် ဥပေက္ခာဝေဒနာ-တဲ့၊ ဒီဥပေက္ခာကိုတော့ ချီးမွမ်းလဲမချီးမွမ်းကြဘူး၊ ကဲ့ရဲ့လဲ မကဲ့ရဲ့ကြဘူး၊ ခံစားမှုဝေဒနာ ဖြစ်တယ်လို့တောင် အများအားဖြင့် မသိကြပါဘူး၊
ဒါပေမယ့် အဲဒါကို ငါမြင်တယ်, ငါတွေ့တယ်ဆိုတဲ့အနေနဲ့ လက်ခံမှု, သာယာမှု ကတော့ ရှိနေတာပဲ၊ အမှန်စင်စစ်ကတော့ ဒီခံစားမှု ဝေဒနာ ၃-မျိုးလုံးဟာ ပုဂ္ဂိုလ် သတ္တဝါ ငါကောင် မဟုတ်ပါဘူး၊ အာရုံနဲ့တွေ့မှု ဖဿကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားမှုသဘောတရားမျှသာ ဖြစ်ပါတယ်၊ ဒါကြောင့် “ဖဿပစ္စယာ၊ အာရုံနဲ့ တွေ့မှု ဖဿဟူသော အကြောင်းကြောင့်။ ဝေဒနာ၊ ခံစားမှုဝေဒနာသည်၊ သမ္ဘဝတိ၊ ဖြစ်ပေါ်၏”လို့ ဒီလို ဟောထားပါတယ်၊ အဲဒါကို ဆိုကြရမယ်။
မြင်တွေ့မှုကြောင့် ခံစားမှု ဝေဒနာ ဖြစ်သည်။ (ဆို)
အဲဒီဖဿကြောင့် ဖြစ်ပေါ်တဲ့ ခံစားမှုဝေဒနာကို အမှန်အတိုင်း သိရအောင် ဖြစ်ခိုက်ဖြစ်ခိုက်မှာ မပြတ်ရှုမှတ်နေရတယ်၊ အဲဒီလိုရှုမှတ်လို့ သမာဓိဉာဏ်ရင့်လာတဲ့ အခါကျတော့ မြင်တယ်, မြင်တယ်လို့ ရှုမှတ်နေယင်း မြင်လို့ကောင်းတဲ့ သဘောမြင်လို့ မကောင်းတဲ့သဘော အလယ်အလတ်သဘောဆိုတဲ့ ဒီခံစားမှု ဝေဒနာကလေးတွေဟာ အာရုံနဲ့တွေ့လိုက်ဖြစ်ပေါ်ပြီး ပျောက်သွားလိုက်, အာရုံနဲ့ တွေ့လိုက် ဖြစ်ပေါ်ပြီး ပျောက်သွားလိုက်နဲ့ ခဏမစဲဖြစ်ပျက်နေတာကို ကိုယ်ပိုင် ဉာဏ်နဲ့ပဲ သိသိ သွားနိုင်ပါတယ်။
ယခုပြောခဲ့တာဟာ စက္ခုဒွါရဆိုတဲ့ မျက်စိပေါက်ကနေပြီး မြင်တွေ့မှုဖဿနဲ့ ခံစားမှုဝေဒနာ ဖြစ်ပုံပဲ၊ ထို့အတူ နားပေါက် နှာခေါင်းပေါက် လျှာပေါက် ကိုယ်ပေါက် စိတ်နှလုံးပေါက်ဆိုတဲ့ အခြားဒွါရတွေကလဲ ဒီဖဿနဲ့ ဝေဒနာတွေဟာ နည်းတူ ဖြစ်နေကြတာပဲ၊ အဲဒါကိုတော့ နောက်သီတင်းကျမှ ဟောရမယ်၊ ဒီကနေ့တော့ ဒါလောက်နဲ့ပဲ ရပ်နားကြဦးစို့။
ဤ ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီးကို ရိုသေစွာ နာယူ မှတ်သားကြရသော ဓမ္မဿဝန ကုသိုလ်ကံ စေတနာတို့၏ အစွမ်းအာနုဘော်တော်ကြောင့် ယခုတရားနာပရိသတ် အပေါင်း သူတော်ကောင်းတို့သည် ပဋိစ္စသမုပ္ပါဒ်အကြောင်းအကျိုး ဆက်စပ်၍ ဖြစ်နေသော သဘောတရားတို့ကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိမြင်အောင် ရှုမှတ်နိုင်ကြ၍ ဝိပဿနာဉာဏ်အစဉ် အရိယ မဂ်ဉာဏ်အစဉ်ဖြင့် ဆင်းရဲခပ်သိမ်း ချုပ်ငြိမ်းရာ နိဗ္ဗာန်ချမ်းသာမြတ်ကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက် ပြုနိုင်ကြပါစေ။
သာဓု....သာဓု....သာဓု....။
ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး စတုတ္ထပိုင်း ပြီး၏။
......
ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး
၁၃၂၄-ခုနှစ်၊ ဝါဆိုလဆုတ် ၈-ရက်နေ့ ဟောသည်။
ပဉ္စမပိုင်း
တရားအနုသန္ဓေ
ဒီကနေ့လဲ ပဋိစ္စသမုပ္ပါဒ်တရားတော်ကို ဆက်ပြီးဟောရမယ်၊ ဒီပဋိစ္စသမုပ္ပါဒ်တရားက ဟောပြီးတွေကို ပြန်ပြန်ပြီး ပြောနေရတာနဲ့ ကြာတော့ နာတဲ့ပုဂ္ဂိုလ်တွေမှာ နှုတ်တက်ရသလောက် ကြေသွားပါလိမ့်မယ်၊ ဒီပဋိစ္စသမုပ္ပါဒ်တရားဟာ တနေ့က ပြောခဲ့တဲ့အတိုင်း သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်ဖို့အတွက် အင်မတန် အရေးကြီးတဲ့ တရားပဲ၊
ဒီတရားကို ကြားနာရရုံနဲ့တောင် ကျေးဇူးများလှပါပြီ၊ ထပ်ကာထပ်ကာ နာရလို့ သဘောပေါက် မှတ်မိသွားမယ် ဆိုယင်တော့ ဘယ်ပြောစရာရှိတော့မလဲ ဘုန်းကြီး ဟောနေတာထဲက အကုန်လုံး မဟုတ်တောင် ဆယ်ပုံ တပုံ, ကိုးပုံ တပုံလောက်တော့ သဘောပေါက်ဖို့ မှတ်မိဖို့ ရှိပါတယ်၊ ဒါလောက်ဆိုယင်ပဲ ကျေးဇူးများလှပါပြီ။
သူလဲ ယုံမှားဖြစ်စရာဌာန တခုပဲ
ဘာကြောင့်လဲဆိုတော့ ဒီ ပဋိစ္စသမုပ္ပါဒ်ဟာလဲ ယုံမှားမှု ဝိစိကိစ္ဆာ ဖြစ်စရာဌာနတခုပဲ၊ သူ့ကို သဘောပေါက်သွားယင် ယုံမှားကင်းသွားမယ်၊ ယုံမှားတွင်မကဘူး ဒိဋ္ဌိလဲကင်းသွားမယ်၊ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ လုံးဝကင်းသွားယင် သောတာပန် ဖြစ်တော့တာပဲ၊ ဒါကြောင့် ဒီပဋိစ္စသမုပ္ပါဒ် တရားကိုသိဖို့ သဘောပေါက်ဖို့က အရေးကြီးပါတယ်၊ ပဋိစ္စသမုပ္ပါဒ်တရားကိုမသိယင် ဘုရားအစရှိတဲ့ ရှစ်ပါးသော ဌာနတွေမှာ ယုံမှားဖြစ်တတ်တယ်။
ရှစ်ပါးသော ဌာနတို့၌ ယုံမှားဖြစ်ခြင်း
(၁) ဗုဒ္ဓေ ကင်္ခတိ - ဘုရား၌လဲ ယုံမှားဖြစ်တတ်တယ်၊ ဘယ်လိုလဲဆိုယင် “ကိလေသာအလုံးစုံ ကင်းတဲ့ဘုရား, တရား အလုံးစုံကိုသိတဲ့ ဘုရားဆိုတာရှိတာမှ ဟုတ်ရဲ့လေလား၊ လူတွေက သူပြောလူပြောနဲ့ မျက်စိမှိတ်ပြီး ယုံနေကြတာ လေလား” စသည်ဖြင့် ယုံမှားဖြစ်တတ်တယ်။
(၂) ဓမ္မေ ကင်္ခတိ - တရားတော်၌လဲ ယုံမှားဖြစ်တတ်တယ်၊ ဘယ်လိုလဲဆိုယင် “ရာဂဒေါသ အစရှိသော ကိလေသာတွေကို ကင်းငြိမ်းစေနိုင်တဲ့ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားဆိုတာ ရှိတာမှဟုတ်ရဲ့လေလား” စသည်ဖြင့် ယုံမှားဖြစ်တတ်တယ်။
(၃) သံဃေ ကင်္ခတိ - သံဃာ၌လဲ ယုံမှားဖြစ်တတ်တယ်၊ ဘယ်လိုလဲ ဆိုယင် “တရားကျင့်လို့ ရာဂ ဒေါသအစရှိသော ကိလေသာကင်းငြိမ်းနေတဲ့ အရိယာပုဂ္ဂိုလ် အပေါင်း သံဃာဆိုတာ ရှိတာမှဟုတ်ရဲ့လေလား၊ ဒိဋ္ဌိနဲ့ဝိစိကိစ္ဆာကင်းပြီး အပါယ် သံသရာမှလွတ်မြောက်တဲ့ သောတာပန်သံဃာဆိုတာ ရှိတာမှဟုတ်ရဲ့လေလား၊ ကာမရာဂနဲ့ ဒေါသ ခေါင်းပါးတဲ့ သကဒါဂါမ် သံဃာဆိုတာ ရှိတာမှ ဟုတ်ရဲ့လေလား၊ ကာမရာဂနဲ့ဒေါသ ကင်းတဲ့ အနာဂါမ် သံဃာဆိုတာရှိတာမှ ဟုတ်ရဲ့လေလား၊ ကိလေသာအလုံးစုံကင်းတဲ့ ရဟန္တာ သံဃာဆိုတာ ရှိတာမှ ဟုတ်ရဲ့လေလား” စသည်ဖြင့် ယုံမှား ဖြစ်တတ်တယ်။
(၄) သိက္ခာယ ကင်္ခတိ - အကျင့်၌လဲ ယုံမှားဖြစ်တတ်တယ်၊ ဘယ်လိုလဲဆိုယင် “မိမိ ကျင့်နေတဲ့ ငါးပါးသီလ အစရှိတဲ့ သီလအကျင့်၊ သမာဓိအကျင့်၊ ဝိပဿနာပညာ အကျင့်မှန်ကို ဟုတ်မှဟုတ်ပါလေလား၊ ဒီလိုကျင့်တဲ့အတွက် ကုသိုလ်ဖြစ်တယ်၊ ကောင်းကျိုးရတယ်၊ သမာဓိဉာဏ် အထူးဖြစ်တယ်ဆိုတာ ဟုတ်မှ ဟုတ်ပါလေလား” စသည်ဖြင့် ယုံမှားဖြစ်တတ်တယ်။
(၅) ပုဗ္ဗန္တေ ကင်္ခတိ - သံသရာ၏ ရှေ့အဖို့၌လဲ ယုံမှားဖြစ်တတ်တယ်၊ ဘယ်လိုလဲ ဆိုယင်-
(က) အဟောသိံ နု ခေါ အဟံ အတီတမဒ္ဓါနံ - ယခုဘဝ မတိုင်မီ ရှေးကာလက ငါဟာ ရှိခဲ့လေပြီလားလို့လဲ ယုံမှားဖြစ်တတ်တယ်။
(ခ) န နု ခေါ အဟောသိံ အတီတမဒ္ဓါနံ - ရှေးကမရှိသေးပဲ ယခုမှ ဖြစ်လာတာလေ လားလို့လဲ ယုံမှားဖြစ်တတ်တယ်။
(ဂ) ကိံ နု ခေါ အဟောသိံ အတီတမဒ္ဓါနံ - ရှေးကာလက ရှေးဘဝရှိခဲ့လျှင် ငါဟာ ဘယ်လိုအကောင် ဖြစ်ခဲ့ပါလိမ့်မလဲလို့လဲ ယုံမှားဖြစ်တတ်တယ်။
(ဃ) ကထံ နု ခေါ အဟောသိံ အတီတမဒ္ဓါနံ - ရှေးဘဝ ရှေးကာလက ဘယ်လို အကြောင်းကြောင့် ဘယ်လိုအခြင်းအရာအားဖြင့် ဖြစ်ခဲ့ပါလိမ့်မလဲ၊ ဘုရားသခင်က ဖန်ဆင်းလို့ ဖြစ်လာခဲ့တာလေလား၊ ရေညှိက ဖြစ်လာခဲ့တာလေလား၊ အကြောင်းမဲ့ အလိုလို ဖြစ်လာခဲ့တာလေလား စသည်ဖြင့်လဲ ယုံမှားဖြစ်တတ်တယ်။
(င) ကိံ ဟုတွာ ကိံ အဟောသိံ နု ခေါ အဟံ အတီတမဒ္ဓါနံ - ငါဟာ ရှေးဘဝတွေက ဘယ်လို ဘယ်လို အကောင်တွေများ ဖြစ်လာခဲ့ပါလိမ့်မလဲလို့လဲ ယုံမှား ဖြစ်တတ်တယ်၊ ဒီ ငါးချက်ဟာ ရှေးအဖို့ အတိတ်ကာလနှင့်စပ်ပြီး ယုံမှားဖြစ်ပုံပါပဲ။
(၆) အပရန္တေ ကင်္ခတိ - သံသရာ၏ နောက်အဖို့၌လဲ ယုံမှားဖြစ်တတ်တယ်၊ ဘယ်လိုလဲဆိုယင်-
(က) ဘဝိဿာမိ နု ခေါ အဟံ အနာဂတမဒ္ဓါနံ - ငါဟာ ဒီဘဝက သေပြီးတဲ့ နောက် ကာလမှာ ဖြစ်ဦးမှာလေလား၊ ရှိနေဦးမှာလေလားလို့လဲ ယုံမှားဖြစ်တတ်တယ်။
(ခ) န နု ခေါ ဘဝိဿာမိ အနာဂတမဒ္ဓါနံ - ဒီဘဝက သေပြီးတဲ့နောက်ကာလမှာ ငါဟာ မရှိတော့ဘူးလေလားလို့လဲ ယုံမှားဖြစ်တတ်တယ်။
(ဂ) ကိံ နု ခေါ ဘဝိဿာမိ အနာဂတမဒ္ဓါနံ - နောင်ဘဝ နောင်ကာလမှာ ငါဟာ ဘယ်လိုအကောင်များ ဖြစ်ရမှာပါလိမ့်မလဲလို့လဲ ယုံမှားဖြစ်တတ်တယ်။
(ဃ) ကထံ နု ခေါ ဘဝိဿာမိ အနာဂတမဒ္ဓါနံ - နောင်ဘဝ နောင်ကာလမှာ ငါဟာ ဘယ်လိုအကြောင်းကြောင့် ဘယ်လိုအခြင်းအရာအားဖြင့် ဖြစ်သွားရမှာပါလိမ့်မလဲ၊ ဘုရားသခင်က ဖန်ဆင်းလို့ ဘုရားသခင်၏ အလိုတော်အတိုင်း ဖြစ်ရမှာလေလား၊ အကြောင်းမဲ့ အလိုလိုဖြစ်မှာလေလား စသည်ဖြင့်လဲ ယုံမှားဖြစ်တတ်တယ်။
(င) ကိံ ဟုတွာ ကိံ ဘဝိဿာမိ နု ခေါ အဟံ အနာဂတမဒ္ဓါနံ - ငါဟာ နောင်ဘဝ တွေမှာ ဘယ်လို ဘယ်လို အကောင်တွေများ ဖြစ်သွားမှာပါလိမ့်မလဲလို့လဲ ယုံမှားဖြစ်တတ်တယ်၊ ဒီ ငါးချက်ကတော့ နောက်အဖို့ အနာဂတ်ကာလနှင့်စပ်ပြီး ယုံမှားဖြစ်ပုံပဲ။
(၇) ပုဗ္ဗန္တာပရန္တေ ကင်္ခတိ - သံသရာ၏ ရှေ့အဖို့ နောက်အဖို့ နှစ်မျိုးလုံး၌လဲ ယုံမှားဖြစ်တတ်တယ်၊ ဒီနေရာမှာ ရှေ့အဖို့ နောက်အဖို့ဆိုပေမယ့် ရှေ့အဖို့ နောက်အဖို့ နှစ်ရပ်လုံးနဲ့စပ်တဲ့ ပစ္စုပ္ပန် လက်ရှိဘဝကာလကို ယူရမယ်လို့ ဋီကာဆရာများက ပြဆိုထားပါတယ်၊ အဲဒါဟာ -
“ဧတရဟိ ဝါ၊ ယခု အခါ၌မူလည်း။
ပစ္စုပ္ပန္နမဒ္ဓါနံ၊ ပစ္စုပ္ပန်ကာလ၌။
အဇ္ဈတ္တံ၊ မိမိကိုယ်ကိုစွဲ၍။
ကထံကထီ၊ သို့လောသို့လော ယုံမှားရှိသည်။
ဟောတိ၊ ဖြစ်၏”
လို့ ဟောထားတဲ့ သုတ်ပါဠိတော်နှင့် ညီညွတ်ပါတယ်။ ယုံမှားဖြစ်ပုံက ဘယ်လိုလဲ ဆိုယင်-
(က) အဟံ နု ခေါသ္မိ - ငါဟုတ်ရဲ့လေလား၊ ငါဆိုတဲ့ အသက်ကောင်ရှိတယ်ဆိုတာ ဟုတ်မှ ဟုတ်ရဲ့လေလားလို့လဲ ယုံမှားဖြစ်တယ်။
(ခ) နော နု ခေါသ္မိ - ငါကောင်ဆိုတာ မရှိဘူးလေလားလို့လဲ ယုံမှားဖြစ်တတ်တယ်။
(ဂ) ကိံ နု ခေါသ္မိ - ငါကောင်ဆိုတာရှိလျှင် ဘယ်လိုအကောင် ဖြစ်နေပါလိမ့်မလဲ၊ လုံးလုံးလား, ပြားပြားလား, အဝိုင်းလား, အရှည်လား, အတိုလား, သေးသေးလား, ကြီးကြီးလား, ကိုယ်ခန္ဓာနဲ့ ပြည့်နေရုံလား, တလောကလုံးမှာ ပျံ့နှံ့နေသလား စသည်ဖြင့်လဲ ယုံမှား ဖြစ်တတ်တယ်။
(ဃ) ကထံ နု ခေါသ္မိ - ငါဟာ ဘယ်အကြောင်းကြောင့် ဘယ်အခြင်းအရာအားဖြင့် ဖြစ်နေပါလိမ့်မလဲ၊ ဖန်ဆင်းလို့ ဖြစ်နေတာလား၊ အလိုလို ဖြစ်နေတာလား စသည်ဖြင့်လဲ ယုံမှားဖြစ်တတ်တယ်။
(င) အယံ နု ခေါ သတ္တော ကုတော အာဂတော - ငါကောင်ဆိုတဲ့ ဒီသတ္တဝါဟာ ဘယ်ဘဝ ဘယ်ဌာနက လာခဲ့ပါလိမ့်မလဲလို့လဲ ယုံမှားဖြစ်တတ်တယ်။
(စ) သော ကုဟိံ ဂါမီ ဘဝိဿတိ - ငါဆိုတဲ့ ထိုသတ္တဝါဟာ ဘယ်ဘဝဘယ်ဌာနကို သွားရမှာပါလိမ့်မလဲလို့လဲ ယုံမှားဖြစ်တတ်တယ်၊ ဒီ၆-ပါးကတော့ ပစ္စုပ္ပန်ဘဝ ပစ္စုပ္ပန်ကာလနဲ့စပ်ပြီး ယုံမှားဖြစ်ပုံတွေပဲ။
ယခုပြောခဲ့တဲ့ အတိတ်ယုံမှား ၅-ပါး၊ အနာဂတ်ယုံမှား ၅-ပါး၊ ပစ္စုပ္ပန်ယုံမှား ၆-ပါးဆိုတဲ့ ဒီယုံမှား ၁၆-ပါးဟာ အတ္တကောင်နဲ့စပ်ပြီး ဖြစ်တယ်၊ ကင်္ခါဝိတရဏ-ဝိသုဒ္ဓိရောက်တဲ့အခါမှာ ဒီယုံမှား ၁၆-ပါးလုံးကို လွန်မြောက်သွားပါတယ်။
(၈) နောက်ဆုံးပြထားတဲ့ ယုံမှားဖြစ်ဖွယ်ဌာနကတော့ ဣဒပ္ပစ္စယတာ ပဋိစ္စသမုပ္ပန္နေသု ဓမ္မေသု ကင်္ခတိ - စွဲမှီရာ အကြောင်းတရားနဲ့စွဲမှီပြီး ဖြစ်ပေါ်တဲ့ အကျိုးတရားဆိုတဲ့ ဒီပဋိစ္စသမုပ္ပါဒ်တရားတွေမှာလဲ ယုံမှားဖြစ်တတ်တယ်၊
အဲဒါကတော့ ယခုဒီမှာ ပြောဖို့ရာ လိုရင်းပါပဲ၊ ဖြစ်တတ်ပုံကတော့ -
တရားမှန်ကို မသိလို့ အားထုတ်မှု သင်္ခါရကံ ဖြစ်နေတယ်ဆိုတာ ဟုတ်မှ ဟုတ်ရဲ့လေလား၊
ကံကြောင့် ဘဝအသစ် ဖြစ်နေရတယ်ဆိုတာ ဟုတ်မှဟုတ်ရဲ့လေလား၊
အကုသိုလ်ကံ ကြောင့် ငရဲကျရတယ်, ကျွဲ နွား ခွေး ဝက်-စသည် တိရစ္ဆာန် ဖြစ်ရတယ်, ပြိတ္တာဖြစ်ရတယ်ဆိုတာ ဟုတ်မှဟုတ်ရဲ့လေလား၊
ကုသိုလ်ကံကြောင့် လူဖြစ်ရတယ်, နတ်ဖြစ်ရတယ်ဆိုတာ ဟုတ်မှဟုတ်ရဲ့လေလား၊
အကုသိုလ်ကံက မကောင်းကျိုးပေးတတ်တယ်, ကုသိုလ်ကံက ကောင်းကျိုးပေး တတ်တယ်ဆိုတာ ဟုတ်မှဟုတ်ရဲ့လေလား၊
အကြောင်းတရားကြောင့် အကျိုးတရား ဖြစ်ရတယ်ဆိုတာ ဟုတ်မှ ဟုတ်ရဲ့လေလား၊
ဘုရားသခင်က ဖန်ဆင်းလို့ ဖြစ်နေကြရတာလေလား၊
ပုံတော်ပုံငြား အကြောင်းမဲ့ အလိုလိုဖြစ်နေကြရတာလေလား၊
ပရမာဏုမြူ အဏုမြူတွေက ပုံတော်ပုံငြားပေါင်းစပ်ပြီး ဖြစ်လာကြတာလေလား -
စသည်ဖြင့် ယုံမှားဖြစ်တတ်တယ်၊ အဲဒါဟာ အဝိဇ္ဇာ, သင်္ခါရစသော အကြောင်းတရားနဲ့ သင်္ခါရ, ဝိညာဏ်စသော အကျိုးတရားတွေပေါ်မှာ ယုံမှားဖြစ်နေတာတွေပဲ။
ယုံမှားရာကနေပြီး ဒိဋ္ဌိလဲဖြစ်သွားတတ်တယ်
ဒီယုံမှားက ကြာယင် ရင့်ကျက်ပြီး မိစ္ဆာဒိဋ္ဌိလဲ ဖြစ်သွားတတ်တယ်၊ ယခု ကမ္ဘာပေါ်မှာ ပဋိစ္စသမုပ္ပါဒ်နဲ့ဆန့်ကျင်တဲ့ မိစ္ဆာအယူတွေဟာ ဝေဖန်စဉ်းစားတဲ့ ယုံမှားကစပြီး ဖြစ်လာကြတာပဲ၊ ကိုယ့်ဉာဏ်နဲ့ မမီနိုင်တာတွေ လျှောက်ကြံယင် အစ ပထမတော့ ယုံမှားလောက်ပဲ ဖြစ်တတ်ပါတယ်၊ နောက်ကြာလာတော့ ဒိဋ္ဌိအဖြစ်ကို ရောက်သွား တတ်တယ်၊
အဲဒီလို ယုံမှားဖြစ်တာ, ဒိဋ္ဌိဖြစ်တာတွေဟာ ဒီပဋိစ္စသမုပ္ပါဒ်တရားကို မသိကြလို့ပါပဲ၊ ပဋိစ္စသမုပ္ပါဒ်တရားကို ကိုယ်ပိုင်ဉာဏ်နဲ့သာ သဘောပေါက်နေမယ် ဆိုယင်တော့ ယုံမှားတောင် မဖြစ်နိုင်ပါဘူး၊ ဒိဋ္ဌိဆိုတာ ကတော့ ဝေးရော့ပါပဲ၊ ဒါကြောင့် ဒီပဋိစ္စသမုပ္ပါဒ်ကို သဘောပေါက်ထားဖို့ သိနားလည်ထားဖို့ အလွန်အရေးကြီးပါတယ်၊ အရေးကြီးလို့လဲ ဘုန်းကြီးက ဒီပဋိစ္စသမုပ္ပါဒ်တရားကို အသေးစိတ်အားဖြင့် ဝေဖန်ခွဲခြမ်းပြီး ထပ်ကာ ထပ်ကာ ဟောနေတာပါပဲ။
အနှစ်သတ္တု ချကြည့်လျှင် အကြောင်းနဲ့အကျိုးမျှသာရှိတယ်
သတ္တဝါ တဦးတယောက်ကို အနှစ်သတ္တုချကြည့်လျှင် အကြောင်းနဲ့အကျိုး ဒီနှစ်မျိုးသာ ရှိတယ်၊ သတ္တဝါမဟုတ်တဲ့ ကမ္ဘာမြေ နေ လ သစ်ပင်စသည်တွေကိုလဲ အနှစ်သတ္တုချကြည့်လျှင် အကြောင်းနဲ့ အကျိုး ဒီနှစ်မျိုးရှိတာပဲ၊ တစုံတယောက်က ဖန်ဆင်းလို့ဖြစ်တာလဲ မဟုတ်ဘူး၊ အကြောင်းမဲ့ အလိုလိုဖြစ်ပြီး တည်နေတာလဲ မဟုတ်ဘူး၊
သူ့ဆိုင်ရာ အကြောင်းကြောင့် ဖြစ်ပေါ်နေတဲ့ သူ့ဆိုင်ရာအကျိုးမျှသာ ရှိတာပဲ၊ အဲဒီသတ္တဝါမဟုတ်တဲ့ ဗဟိဒ္ဓဝတ္ထုတွေ အကြောင်းအကျိုးဆက်သွယ်ပြီး ဖြစ်တည် နေတယ် ဆိုတာကိုတော့ ယခုခေတ် သိပ္ပံပညာက ကောင်းကောင်းကြီး ထောက်ခံချက် ပေးနေပါတယ်၊
အဲဒီ သိပ္ပံပညာနဲ့ စမ်းသပ်ကြည့်ခြင်းအားဖြင့် သူ့ဆိုင်ရာအကြောင်းကြောင့် သူ့ဆိုင်ရာ အကျိုးတရားမျှသာ ဖြစ်နေတယ်ဆိုတဲ့ ဒီပဋိစ္စသမုပ္ပါဒ်တရားဟာ ပိုပြီးတော့ ပေါ်လွင်ထင်ရှားလာပါတယ်၊ ပိုပြီးတော့ ခိုင်မာလာပါတယ်၊
ဒါကြောင့် သတ္တဝါတို့၏ ကိုယ်တွင်းသန္တာန်က တရားတွေပဲဖြစ်ဖြစ် အပြင်ပ ဗဟိဒ္ဓတရားတွေပဲ ဖြစ်ဖြစ် တလောကလုံးမှာ ရှိရှိသမျှတရားတွေဟာ အကြောင်း ပဋိစ္စသမုပ္ပါဒ်နဲ့ အကျိုးပဋိစ္စသမုပ္ပန္န တရားတွေချည်းပဲလို့ တထစ်ချ မှတ်ထား ကြရမယ်။
အဇ္ဈတ္တတရားသာ လိုရင်းဖြစ်တယ်
ဒါပေမယ့် မြတ်စွာဘုရားဟောတဲ့ တရားဒေသနာတော်မှာတော့ အဇ္ဈတ္တတရား တွေကိုသာ ပဓာနပြုပြီး ဟောတော်မူခဲ့ပါတယ်၊ သတ္တဝါ၏သန္တာန်မှ အပြင်ပဖြစ်တဲ့ သက်မဲ့ရုပ်တရားတွေကိုတော့ ပဓာနပြုပြီး မဟောခဲ့ဘူး၊ အကျဉ်းချုပ်အနည်းငယ် လောက်သာ ဟောခဲ့တယ်၊ ဘာကြောင့်လဲဆိုယင် သက်မဲ့ ဗဟိဒ္ဓရုပ်တရားတွေ ဆိုတာ သံသရာရယ်လို့လဲမရှိဘူး။ တဘဝမှ တဘဝသို့ ပြောင်းရွှေ့ကျင်လည်နေ ရတယ်လို့လဲ မရှိဘူး၊ ဆင်းရဲဒုက္ခ ခံစားနေရတယ်လို့လဲ မဆိုရဘူး၊ သံသရာမှ လွတ်မြောက် သွားတယ်လို့လဲ မဆိုရဘူး၊
ဒါကြောင့် အဲဒီဗဟိဒ္ဓရုပ်တရားတွေ ဆိုတာကတော့ သိပ်အရေးမကြီးလှဘူးပေါ့၊ သူတို့ကို သိသင့်သမျှ သိရုံလောက်သာ လိုပါတယ်၊ ဒါကြောင့် ကမ္ဘာမြေကြီး, သစ်ပင်, တော, တောင်, ရေ, လေ, မြေ, မီး, ဂြိုဟ်, ကြယ်အစရှိတဲ့ အဲဒီဗဟိဒ္ဓရုပ်တရားတို့၏ ဖြစ်ပုံအစီအစဉ်ကို မြတ်စွာဘုရားက ဒီပဋိစ္စသမုပ္ပါဒ်ထဲမှာ ထည့်ပြီးဟောမထားဘူး။
သက်ရှိ ရုပ်နာမ်ဖြစ်စဉ်က အရေးကြီးတယ်
အရေးကြီးတာကတော့ သက်ရှိရုပ်နာမ်တွေရဲ့ ဖြစ်စဉ်ပါပဲ၊ ဒီသက်ရှိရုပ်နာမ်တွေဟာ မပြုမပြင်ပဲထားယင် ထပ်တလဲလဲ ဖြစ်ပျက်နေတော့တာပဲ၊ သံသရာထဲမှာ တပြောင်း ပြန်ပြန် ကျင်လည်နေရတော့တာပဲ၊ အများအားဖြင့် ယုတ်ညံ့တဲ့ ဘဝတွေ ရောက်ပြီး ဆင်းရဲဒုက္ခတွေကို ခံစားနေရတော့တာပဲ၊ သံသရာထဲမှ မလွတ်မြောက်နိုင်ဘူး၊
ဒီရုပ်နာမ်တွေရဲ့ ဖြစ်စဉ်ကို သိနားလည်ပြီး ပြုပြင်ပေးယင်တော့ တဆင့်ထက်တဆင့် ရင့်ကျက်ပြီး သံသရာက လွတ်မြောက်နိုင်တယ်၊ သံသရာက လုံးဝမလွတ်မြောက် သေးတောင် ပြုပြင်ပေးနေယင် မြင့်မြတ်တဲ့ဘဝတွေကိုရောက်ပြီး သံသရာထဲမှာ အထိုက်အလျောက် ချမ်းသာသွားနိုင်တယ်၊
ဒါကြောင့် ဒီသက်ရှိရုပ်နာမ်တရားတွေရဲ့ ဖြစ်စဉ်ကိုသိပြီး ပြုပြင်ပေးနိုင်အောင် ဒီပဋိစ္စသမုပ္ပါဒ်တရားကို မြတ်စွာဘုရားက ဟောတော်မူခဲ့ပါတယ်၊ ဒီပဋိစ္စသမုပ္ပါဒ်ကို ကောင်းကောင်းသိယင် ခုတင်ကပြောခဲ့တဲ့ ယုံမှားနဲ့ ဒိဋ္ဌိသာမဟုတ်ဘူး ဘယ် ကိလေသာမှ မဖြစ်နိုင်တော့ဘူး၊ ကိလေသာ ခပ်သိမ်း အကုန်ငြိမ်းသွားတယ်၊ ဒါကြောင့် ဒီပဋိစ္စသမုပ္ပါဒ်တရားကိုသိဖို့ အလွန် အရေးကြီးပါတယ်။
လယ်ထဲကမျိုးစေ့ ရေစိုလို့ အပင်ပေါက်တာနဲ့ တူသည်
အဝိဇ္ဇာပစ္စယာ သင်္ခါရာ - အမှန်အတိုင်း မသိမှု, အသိမှား အထင်မှားမှု အဝိဇ္ဇာကြောင့် အားထုတ်မှု သင်္ခါရတို့ ဖြစ်ကြသည်-တဲ့၊ အဲဒါကို အလျင်သီတင်းနေ့တွေက ဟောခဲ့ပါပြီ၊ သင်္ခါရပစ္စယာ ဝိညာဏံ=အားထုတ်မှု သင်္ခါရဆိုတဲ့ ကံကြောင့် ဘဝသစ် ဝိညာဏ်ဖြစ်သည်-တဲ့၊ ဒါလဲပြောခဲ့ပါပြီ၊ ဒါပေမယ့် ဘဝသစ် ပဋိသန္ဓေဝိညာဏ် ဖြစ်ပေါ်လာပုံကိုတော့ ဒီကနေ့ နဲနဲဖြည့်စွက် ပြောချင်သေးတယ်၊ အင်္ဂုတ္တရနိကာယ် တိကနိပါတ် အာနန္ဒဝဂ် ဆဋ္ဌမသုတ်မှာ-
“ကမ္မံ ခေတ္တံ, ဝိညာဏံ ဗီဇံ, တဏှာ သိနေဟော” လို့ ဟောထားပါတယ်။
ကမ္မံ၊ ကုသိုလ် အကုသိုလ် စေတနာဟု ဆိုအပ်သော ပြုလုပ်မှုကံသည်။
ခေတ္တံ၊ ပေါက်ပွါးစည်ပင်ရာ လယ်နှင့်တူ၏၊
ဝိညာဏံ၊ ကုသိုလ်စိတ် အကုသိုလ်စိတ်ဟု ဆိုအပ်သော ဝိညာဏ်သည်။
ဗီဇံ၊ မျိုးစေ့နှင့်တူ၏။
တဏှာ၊ တပ်မက်သာယာ ဆာလောင်တောင့်တသော တဏှာသည်။
သိနေဟော၊ စိုစွတ်စေသော ရေနှင့်တူ၏။
ကံက လယ်မြေနဲ့ တူတယ်
အသီးပင် အပွင့်ပင် အရွက်ပင်များ စိုက်ပျိုးတယ်, ပေါက်ရောက်တယ်ဆိုယင် တည်ရာဌာန စိုက်ခင်းပျိုးခင်း လယ်မြေဆိုတာ ရှိရတယ်၊ လယ်မြေတည်ရာ ဌာနမရှိပဲနဲ့ ကောင်းကင်မှာတော့ အပင်မပေါက်နိုင် မဖြစ်နိုင်ဘူး၊ အဲဒါလိုပဲ ဘဝသစ် ဝိညာဏ်အကျိုး ဖြစ်ရာမှာလဲ ဖြစ်ပွါးရာ လယ်မြေဆိုတာ ရှိတယ်၊ ဘယ်ဟာလဲ ဆိုယင် ပြုလုပ်တဲ့ အမှုကံပါပဲတဲ့၊ အဲဒီ ကုသိုလ်ကံ အကုသိုလ်ကံဟာ ပြုလုပ်တဲ့ အချိန်ကစပြီး စိတ်သန္တာန်မှာ ဘဝသစ်ဝိညာဏ်ကို ဖြစ်စေနိုင်တဲ့ အစွမ်းသတ္တိ အနေအားဖြင့် တည်နေပါတယ်၊
ရှေးရှေးစိတ်တွေက ချုပ်ပျောက်သွားပေမယ့် အဲဒီစေတနာရဲ့ အစွမ်းသတ္တိ အရှိန်အဝါကလေးကတော့ နောက်နောက်စိတ်အစဉ်မှာ လိုက်ပါလျက်ရှိနေပါတယ်၊ အဲဒီလိုဖြစ်နေရာမှာ ကုသိုလ်ကံ အကုသိုလ်ကံ စေတနာဟာ ဖြစ်ဆဲ ဖြစ်ခိုက်တုန်း ကတော့ စေတနာ သမင်္ဂိတာ - စေတနာနဲ့ ပြည့်စုံနေတယ်လို့ ဆိုရတယ်၊ ဖြစ်ဆဲစေတနာနဲ့ ပက်ပင်းပါပြည့်စုံနေဆဲ ကံဆိုတဲ့စေတနာ တကယ်ဖြစ်နေဆဲလို့ ဆိုလိုပါတယ်၊
ဒါပေမယ့် အဲဒီအခိုက်မှာတော့ ကံက မရင့်ကျက်သေးလို့ အကျိုး မပေးနိုင်သေးဘူး၊ သစ်ပင်ကလေးများဟာ ပေါက်ခါစမှာ မပွင့်နိုင် မသီးနိုင်သေး သလိုပါပဲ၊ အဲဒီစေတနာကလေးတွေ ချုပ်ပျောက်သွားတဲ့နောက် နောက်နောက်စိတ် အစဉ်မှာ အဲဒီစေတနာတွေရဲ့ အရှိန်အဝါတွေ မပြတ်လိုက်နေတာကတော့ ကမ္မသမင်္ဂိတာတဲ့၊ အကျိုးပေးဖို့အကြောင်းကံနဲ့ ပြည့်စုံနေတာလို့ ဆိုလိုပါတယ်၊
ဘယ်လိုလဲဆိုယင် ရာဇဝတ်မှု ကျူးလွန်ထားတဲ့သူမှာ ကျူးလွန်ပြီးကတည်းက ရာဇဝတ် ပြစ်မှုရှိနေတယ်လို့ ဆိုရတာနဲ့လဲ တူပါတယ်၊ အမှုထမ်းကောင်းဘွဲ့ တံဆိပ်ရဖို့ရာ ထူးထူးချွန်ချွန် ဆောင်ရွက်ထားတဲ့သူမှာ ဆောင်ရွက်ပြီးကတည်းက ဘွဲ့တံဆိပ်ရဖို့ရှိနေတယ်လို့ ဆိုရတာနဲ့လဲ တူပါတယ်၊ အဲဒီလို အကြောင်းညီညွတ်တဲ့ အခါမှာ အကျိုးပေးဖို့ ကံ၏အရှိန်အဝါ သတ္တိကလေး စိတ်သန္တာန်မှာ မပြတ်တည်ရှိ နေတာဟာ လယ်ယာမြေ အသင့်တည်ရှိနေတာနဲ့ တူပါတယ်။
စိတ်ဝိညာဏ်က မျိုးစေ့နှင့် တူတယ်
နောက်ပြီးတော့ အပင်တခု ပေါက်လာတယ်ဆိုယင် မျိုးစေ့ရှိတယ်၊ အမြစ်အဥမျိုးစေ့ အဆစ်မျိုးစေ့ ပင်စည်မျိုးစေ့ အညွန့်မျိုးစေ့ အသီးအစေ့မျိုးစေ့ဆိုတဲ့ ဒီလိုမျိုးစေ့ တခုခုတော့ ရှိရတယ်၊ မျိုးစေ့မရှိပဲနဲ့ အပင်မပေါက်နိုင်ဘူး၊ ဒါလိုပဲ ဘဝသစ် ပဋိသန္ဓေဝိညာဏ် ဖြစ်ပေါ်ဖို့ရာ မျိုးစေ့ဆိုတာလဲ ရှိရတယ်၊ အဲဒါက ဘာလဲဆိုယင် ကုသိုလ်အကုသိုလ်စိတ်ဝိညာဏ်ပါပဲ၊ ဒီကုသိုလ်အကုသိုလ် စိတ်ဝိညာဏ်တွေဟာလဲ ဖြစ်ပြီးတာနဲ့ ချုပ်ပျောက်သွားတာပါပဲ၊ ဒါပေမယ့် သူတို့နဲ့အလားတူ နောက်နောက် စိတ်တွေက ဆက်ပြီး မပြတ် ဖြစ်သွားတယ်၊
အဲဒီ နောက်နောက်စိတ်တွေဟာ မြွေများ အရေခွံလဲလာသလို ရှေးကုသိုလ် အကုသိုလ်စိတ်မှ ပြောင်းလဲလာခဲ့တဲ့ ကိုယ်စားလှယ်မျိုးစေ့တွေပါပဲ၊ ဒီအထဲမှာ အရေးအပါဆုံး စိတ်ဝိညာဏ်တွေကတော့ စုတေခါနီးမှာ ကံကမ္မနိမိတ် ဂတိနိမိတ် အာရုံပြုပြီးဖြစ်တဲ့ စိတ်ဝိညာဏ်တွေပါပဲ၊
အဲဒီစုတေခါနီး စိတ်ဝိညာဏ်တွေက ထင်ပေါ်နေတဲ့ ကံ, ကမ္မနိမိတ်, ဂတိနိမိတ်ဆိုတဲ့ အာရုံ ၃-မျိုးထဲက တခုခုကို တရစ်ဝဲဝဲနဲ့ ခွဲလို့ခွါလို့ မရနိုင်အောင် မပြတ်အာရုံ ပြုနေတယ်၊ အဲဒီလို အာရုံနိမိတ်တွေ ထင်နေတာကို ဥပဋ္ဌာနသမင်္ဂိတာလို့ ခေါ်ပါတယ်၊ သင်္ခါရဆိုတဲ့ ကံက အကျိုးပေးတော့မယ်လို့ အာရုံ ထင်ပေါ်နေတာ, အာရုံ ထင်ပေါ်ခြင်းနှင့် ပြည့်စုံနေတာလို့ ဆိုလိုပါတယ်၊ ဒီနိမိတ် ထင်နေပုံကိုတော့ အလျင်နေ့တွေက အကျယ်ပြောခဲ့ပါပြီ၊
အဲဒီထင်ပေါ်နေတဲ့ အာရုံနိမိတ်ကို စုတေခါနီး စိတ်ဝိညာဏ်တွေက ဘဝသစ် ပဋိသန္ဓေစိတ်အား လွှဲပြောင်းပေးလိုက်တဲ့ သဘောပါပဲ၊ တနည်းအားဖြင့် မျိုးစေ့မှ ကြီးထွားပြီး အညှောက်ကလေး အပင်ကလေးဖြစ်လာတဲ့ သဘောပါပဲ၊
ဘယ်လိုလဲဆိုတော့ ကုသိုလ် အကုသိုလ်စိတ်မျိုးစေ့က နောက်နောက် စိတ်အဖြစ် ပြောင်းလဲလာခဲ့တယ်၊ အဲဒီစိတ်အဆက်ဆက်က စုတေခါနီး စိတ်ဝိညာဏ်ဖြစ်လာ ခဲ့တယ်၊ အဲဒီစုတေခါနီးစိတ်တွေက ဘဝသစ် ပဋိသန္ဓေဝိညာဏ် ဖြစ်လာတာပဲ၊ ဒီတော့ ဟိုမျိုးစေ့ကလေးက အညှောက်ကလေးဖြစ်ပြီး အပင်ပေါက်လာတာနဲ့ တူနေတာပေါ့၊ ဒါကြောင့် -
“ဝိညာဏံ၊ ကုသိုလ်စိတ် အကုသိုလ်စိတ်ဝိညာဏ်သည်။
ဗီဇံ၊ မျိုးစေ့နှင့်တူ၏။
ဝါ၊ ဘဝသစ် ဝိညာဏ်ဖြစ်ဖို့ရာ မျိုးစေ့ပါပေတည်း”
လို့ ဟောတော်မူတာပဲ။
တဏှာက ရေနှင့် တူတယ်
နောက်ပြီးတော့ အပင်ပေါက်ရာမှာ ရေလဲရှိဖို့လိုပါတယ်၊ ရေဓာတ် အစိုဓာတ်မရှိယင် အပင်မပေါက်နိုင်ဘူး၊ အပင်ပေါက်နိုင်တဲ့ မျိုးစေ့ ဟုတ်ပေမယ့် ရေဓာတ် အစိုဓာတ်နဲ့တွေ့ရမှ အပင်ပေါက်နိုင်တယ်၊ အစိုဓာတ်နဲ့တွေ့ရယင်တော့ လေထဲက ပါလာတဲ့ အစို အငွေ့ဓာတ်နဲ့တွေ့ရယင်လဲ အပင်ပေါက်လာတာပဲ၊
တခါက တွေ့ဖူးတယ်၊ နွယ်ပင်က ဥကလေး တခု တောထဲက ယူလာခဲ့ပြီး ကျောင်းခန်းထဲက စားပွဲခုံပေါ်မှာ တင်ထားတယ်၊ အဲဒီဥကလေးဟာ မိုးဦးကျ အခါကျတော့ လေထဲက အစိုအငွေ့ဓာတ်နဲ့တွေ့ရတာနဲ့ သူ အပင်ပေါက်လာတာကို တွေ့ရတယ်၊ အဲဒါလဲ ရေဓာတ် အစိုဓာန်နဲ့တွေ့ပြီး အပင်ပေါက်လာတာပါပဲ၊ အစိုဓာတ် ရေဓာတ် လုံးလုံးမရှိတဲ့ ပူလောင် ခြောက်သွေ့နေတဲ့ မျိုးစေ့ဆိုယင်တော့ အပင်မပေါက်နိုင်ဘူး၊
အဲဒါလိုပဲ ကုသိုလ်စိတ် အကုသိုလ်စိတ်ဆိုတဲ့ မျိုးစေ့က ကံဆိုတဲ့လယ်မြေ ရှိနေပေမယ်လို့ တဏှာဆိုတဲ့ အစိုဓာတ် ရေဓာတ်က မရှိယင်တော့ ဘဝသစ် ဝိညာဏ်ဆိုတဲ့အပင်ကို မပေါက်စေနိုင်ဘူး၊ ဒါကြောင့် ရဟန္တာပုဂ္ဂိုလ်များမှာ ပုထုဇဉ်သေက္ခအဖြစ်တုန်းက ပြုထားတဲ့ ကံဆိုတဲ့လယ်မြေနဲ့ စိတ်ဝိညာဏ်ဆိုတဲ့ မျိုးစေ့က ရှိနေပေမယ့် ပရိနိဗ္ဗာန်စုတိမှ နောက်ကာလမှာ ဘဝသစ်ဝိညာဏ် ဆိုတဲ့အပင် မပေါက်နိုင်တော့ဘူး၊ အဲဒါ ဘာကြောင့်လဲဆိုယင် တဏှာဆိုတဲ့ အစိုအအေးဓာတ် ရေဓာတ်မရှိတော့တဲ့ အတွက်ကြောင့်ပါပဲ။
ရဟန္တာမဖြစ်သေးတဲ့ သတ္တဝါတွေမှာတော့ တဏှာဆိုတဲ့ အစိုဓာတ် ရေဓာတ်က ရှိနေတယ်၊ အထူးအားဖြင့်တော့ ပုထုဇဉ်တွေမှာ ဒီတဏှာ အစိုဓာတ်ရေဓာတ်က အားအကောင်းဆုံးပါပဲ၊ ဒီတဏှာက မြင်သမျှကြားသမျှ တွေ့သမျှကို ကောင်းတယ် ထင်ယင် နှစ်သက်လိုချင်တော့တာပဲ၊ ယခုလောလောဆယ် ကောင်းစားချမ်းသာ တတာကိုလဲ နှစ်သက်သာယာတယ်၊ အစေးများလိုပဲ တွယ်ကပ်နေတယ်၊
နောင်ကာလ ကောင်းစား ချမ်းသာမှာကိုလဲ အလိုရှိတယ်၊ သူက သိပ်အကောင်း ကြိုက်တယ်၊ အစဉ်ထာဝရကောင်းစားချမ်းသာချင်နေတာပဲ၊ အဲဒီ ကောင်းစား ချမ်းသာချင်တာဟာ တဏှာပဲ၊ အစိုဓာတ် ရေဓာတ်ပဲ၊ သူက ကုသိုလ်စိတ် အကုသိုလ် စိတ်ကို စိုစွတ်စေတယ်၊ မျိုးစေ့ကလေးကို ရေက စိုစေနူးစေသလိုပါပဲ၊ ဒါကြောင့် ကုသိုလ် အကုသိုလ်စိတ်မှ ဆက်ဖြစ်တဲ့ စိတ်ဝိညာဏ်တွေဟာ စိုစိုပျိုပျိုရှိနေတယ်၊
အထူးအားဖြင့်တော့ စုတေခါနီးမှာ ကံ ကမ္မနိမိတ် ဂတိနိမိတ် ထင်တဲ့အခါ နှစ်သက်ဖွယ်လို့ထင်ရယင် အဲဒီအာရုံနိမိတ်ကို တဏှာက သာယာတပ်မက်တယ်၊ ဒီတော့ စိတ်ကလေးလဲ သာသာယာယာ စိုစိုပြည်ပြည် ဖြစ်လာတာပေါ့၊ အဲဒါဟာ အပင်ပေါက်တော့မယ်လို့ နူးပြီးပွလာတဲ့သဘောပါပဲ၊ အာရုံနိမိတ်က နှစ်သက်ဖွယ် မဟုတ်လို့အာရုံနိမိတ်ကို မသာယာပေမယ့် အဲဒီအာရုံနိမိတ်ကို တွေ့နေရတဲ့စိတ် ကလေးကတော့ ကိုယ့်ကိုယ်အနေနဲ့ ဖြစ်နေတဲ့အတွက် အဲဒီကိုယ့်စိတ်ကလေး ကိုတော့ သာယာနှစ်သက်နေတာပဲ၊ တွယ်တာနေတာပဲ၊ ဒါလဲ အပင်ပေါက်ဖို့ အစိုဓာတ်နဲ့နူးပြီး ပွလာတဲ့သဘောပါပဲ။
ဒါကြောင့် ပုထုဇဉ်နဲ့ သေက္ခပုဂ္ဂိုလ်တွေမှာ ပြုလုပ်ထားတဲ့ အမှုကံဆိုတဲ့ လယ်မြေကလဲ ရှိနေတယ်၊ ကုသိုလ်စိတ် အကုသိုလ်စိတ်မှ ဆက်ပြီးဖြစ်လာတဲ့ စိတ်ဝိညာဏ်ဆိုတဲ့ မျိုးစေ့ကလဲ ရှိနေတယ်၊ နှစ်သက်သာယာ တွယ်တာတဲ့ တဏှာဆိုတဲ့ အစိုဓာတ်ရေကလဲ ရှိနေတယ်၊ ဒီသုံးမျိုးထဲမှာ-
(၁) ဥပဋ္ဌာနသမင်္ဂိတာ - အရ ကံ ကမ္မနိမိတ် ဂတိနိမိတ်ထင်တာက ကံ-ဆိုတဲ့ လယ်မြေ အသင့် ထင်ရှားတည်ရှိနေတဲ့ သဘောပါပဲ။
(၂) အဲဒီ အာရုံနိမိတ်ကို အာရုံစောနေတာက အဘိသင်္ခါရ စိတ်ဝိညာဏ်ဆိုတဲ့ မျိုးစေ့ ကလေး အောင်အောင်မြင်မြင် ရှိနေတဲ့ သဘောပါပဲ။
(၃) အဲဒီ အာရုံနိမိတ်ကိုရော စောနေတဲ့ ကိုယ့်စိတ်ကလေးကိုရော နှစ်သက်သာယာ တွယ်တာနေတဲ့ တဏှာက အစိုဓာတ် ရေဓာတ် စိုစွတ်စေတဲ့ သဘောပါပဲ၊ ဒီတော့ လယ်မြေထဲက မျိုးစေ့ကလေးဟာ ရေနူးတော့ ပွပြီး အပင်ပေါက်လာသလိုပဲ စုတိစိတ်ရဲ့အခြားမဲ့မှာ စုတေခါနီးက စွဲခဲ့တဲ့ အာရုံနိမိတ်ကိုစွဲမှီပြီး ဘဝသစ် ပဋိသန္ဓေဝိညာဏ်ကလေး ပေါက်ပွားလာပါတယ်၊ အဲဒါကိုတော့ သမင်္ဂိတာ ၄-ပါးထဲမှာ ဝိပါကသမင်္ဂိတာ-လို့ ခေါ်ပါတယ်၊ မျိုးစေ့ကလေးဟာ တဖြည်းဖြည်းချင်း ရင့်ပြီး အပင်အဖြစ် ရောက်လာသလိုပဲ၊ ကုသိုလ်ကံ အကုသိုလ်ကံ စေတနာဟာလဲ စေ့ဆော်တိုက်တွန်းပြီး ပြုလုပ်တဲ့ စေတနာ အဖြစ်က တဖြည်းဖြည်းချင်း ကမ္မသမင်္ဂိတာအဖြစ် ဥပဋ္ဌာနသမင်္ဂိတာ အဖြစ်များနဲ့ ရင့်ကျက်ခဲ့ပြီးတော့ အပင်သဖွယ် အကျိုး ဝိပါက်အဖြစ်ကို ရောက်လာတယ်လို့ ဆိုလိုပါတယ်။
စိတ်က တလောကလုံးကို ဆောင်နေတယ်
ယခုပြောခဲ့တဲ့အတိုင်း ကံ-ဆိုတဲ့ သင်္ခါရကြောင့် စိတ်ဝိညာဏ်ဆိုတဲ့ မျိုးစေ့မှ တဆင့် ဘဝသစ် ပဋိသန္ဓေဝိညာဏ် ဖြစ်ပေါ်လာယင် အဲဒီတဘဝလုံးနဲ့ဆိုင်တဲ့ နာမ်ရုပ် အာယတန ဖဿ ဝေဒနာဆိုတဲ့ အကျိုးတရားတွေလဲ အချင်းချင်းဆက်စပ်ပြီး ဖြစ်ကြတော့တာပဲ၊ ဒါကြောင့် ပစ္စုပ္ပန်ဘဝကိုသာ ကြည့်ပြောမယ်ဆိုယင် အဲဒီ ဘဝသစ် ပဋိသန္ဓေဝိညာဏ်ကိုလဲ မျိုးစေ့လို့ပဲ ဆိုနိုင်ပါတယ်၊ ဒါကြောင့် ဘုန်းကြီးက -
ဝိညာဏ်မျိုးစေ့ စ၍ဖြစ်လျှင်၊ နာမ်နဲ့ရုပ်လဲ ပူးတွဲပါဝင်-လို့ ဆောင်ပုဒ်ကလေး စီထားတယ်၊ အဲဒါကလေးကို ပထမ အပိုဒ်ကစပြီး ဆိုကြဦးစို့။
အမှန်မသွား အမှားသိမြင်၊ အဝိဇ္ဇာဖုံး ကောင်းလုံးမှတ်ထင်၊
စိတ်-ကိုယ်-နှုတ်မှုကြံ-ပြု-ပြောလျှင်၊ ဝိညာဏ်စပ်နောက်ထပ်သန္ဓေရှင်။
ယခု မြင်တွေ့နေကြရတာတွေဟာ ကိုယ်တွင်း ကိုယ်ပ အားလုံး ခဏမစဲဖြစ်ပျက် နေတဲ့ ရုပ်နာမ်တရားတွေချည်းပဲ၊ ခဏမစဲဖြစ်ပျက်နေလို့ ဆင်းရဲအမှန် ဒုက္ခသစ္စာ တရားတွေချည်းပဲ၊ နှစ်သက်ဖွယ် အားကိုးဖွယ်မရှိတဲ့ မကောင်းတာတွေချည်းပဲ၊ ဒါပေမယ့် အမှန်အတိုင်း မသိပဲ အလွဲအမှားကို သိတတ်တဲ့ အဝိဇ္ဇာက အဲဒီ ဆင်းရဲတွေကို ဖုံးလွှမ်းထားတယ်၊
ဖုံးလွှမ်းဆိုတာ တခြားမဟုတ်ပါဘူး၊ မြင်တိုင်းကြားတိုင်း တွေ့တိုင်းသိတိုင်း သူက အကောင်းတွေချည်းသိနေတာ ထင်မှတ်နေတာပါပဲ၊ အဲဒီလိုအကောင်းတွေထင်ပြီး အဝိဇ္ဇာက ဖုံးထားတော့ အဲဒါတွေကို နှစ်သက် သာယာနေတယ်၊ အဲဒီလို နှစ်သက်သာယာတော့ အဲဒါတွေကို မရသေးယင်လဲ ရအောင်, ရပြီးဖြစ်ယင်လဲ အမြဲတမ်းရှိနေအောင် ကြံတယ် ပြုလုပ်တယ်၊ ပြောဆိုတယ်၊ အဲဒါတွေက သင်္ခါရတွေပဲ၊ အဲဒီ ကြံစည်ပြုလုပ်ပြောဆိုတဲ့ သင်္ခါရကြောင့် သေပြီးတဲ့အခါ တဖန် ဘဝသစ်ဖြစ်ပြီး ရှင်ရပြန်တယ်၊အဲဒါကို -
“ဝိညာဏ်စပ် နောက်ထပ် သန္ဓေရှင်”လို့ ဆောင်ပုဒ်က ဆိုထားပါတယ်၊ ကဲ ဆိုကြရဦးမယ်။
ဝိညာဏ်မျိုးစေ့ စ၍ဖြစ်လျှင်၊ နာမ်နဲ့ရုပ်လဲ ပူးတွဲပါဝင်။
ဘဝသစ်မှာ ပဋိသန္ဓေဝိညာဏ်ဆိုတဲ့ မျိုးစေ့ကလေး စပြီးဖြစ်လာယင်တော့ သူ့ရဲ့ မှီရာရုပ်လဲ ဖြစ်တော့တာပဲ၊ သူ့ရဲ့ ယှဉ်ဖော်ယှဉ်ဖက် ဖဿ ဝေဒနာ အစရှိသော နာမ်တရားတွေလဲ ဖြစ်တော့တာပဲ၊ အဲဒီပဋိသန္ဓေစိတ်ချုပ်သွားတော့လဲ သူ့ရဲ့ ကိုယ်စားလှယ် သဘောရှိတဲ့ နောက်နောက် စိတ်တွေလဲ ဆက်ပြီးဖြစ်သွား တော့တာပဲ၊ အဲဒီ စိတ်တွေကဆက်ပြီး လောဘဒေါသ အစရှိသော အကုသိုလ် တရားတွေ၊ အလောဘ အဒေါသအစရှိသော ကုသိုလ်တရားတွေလဲ ထိုက်သည် အားလျော်စွာ ဖြစ်တော့တာပဲ၊ အဲဒီ ဖြစ်ပေါ်လာတဲ့ စိတ်အမျိုးမျိုး တွေကြောင့် ကွေးခြင်းဆန့်ခြင်း ထိုင်ခြင်းထခြင်း သွားခြင်းရပ်ခြင်း အစရှိသော ရုပ် အမူအရာတွေလဲ ထိုက်သည်အားလျော်စွာ ဖြစ်တော့တာပဲ၊ ဒါကြောင့် -
စိတ္တေန နီယတေ လောကော၊
စိတ္တေန ပရိကဿတိ။
စိတ္တဿ ဧကဓမ္မဿ၊
သဗ္ဗေဝ ဝသမနွဂူ-
လို့ ဟောထားပါတယ်။
လောကော၊ သတ္တဝါအပေါင်းဆိုတဲ့ လောကကြီး တခုလုံးကို။
စိတ္တေန၊ ကြံစည်မှုစိတ်က။
နီယတေ၊ ဆောင်အပ်၏။
လောကဆိုတာ ဒီနေရာမှာ သတ္တဝါကိုပဲဆိုတယ်၊ သတ္တဝါတယောက်ဟာ လောက တခုပဲ၊ သတ္တဝါ ဆယ်ယောက်ဆိုယင် လောကဆယ်ခုပဲ၊ သတ္တဝါတရာဆိုယင် လောကတရာပဲ၊ ဒါပေမယ့် ပေါင်းပြီးပြောမယ်ဆိုယင် သတ္တဝါတွေ အကုန်လုံးကိုလဲ လောကလို့ ဆိုနိုင်ပါတယ်၊ အဲဒီ သတ္တဝါဆိုတဲ့ လောကကို စိတ်ကဆောင်နေ တယ်တဲ့၊ ကောင်းရာဆောင်တာလဲ ရှိတယ်၊ မကောင်းရာ ဆောင်တာလဲရှိတယ်၊
သဒ္ဓါသီလအစရှိသော သူတော်ကောင်း တရားတွေကို ပွါးများနေတဲ့ သူတော်ကောင်း တွေရဲ့စိတ်က ကောင်းရာကို ဆောင်တယ်၊ ဒါနသီလ အစရှိသော ကုသိုလ်ကောင်းမှုကို ပြုလုပ်ဖို့ဆောင်တယ်၊ တရားနာဖို့ တရားကျင့်ဖို့စသည်ဖြင့် ကောင်းရာဆောင်တယ်၊ တဖန် အဲဒီကောင်းတဲ့စိတ်က လူ့ချမ်းသာ နတ်ချမ်းသာ ဖြစ်ရအောင်လဲ ဆောင်တယ်၊ နိဗ္ဗာန်ကိုရောက်အောင်လဲ ဆောင်တယ်။
သူတော်ကောင်းတရားနဲ့ ဝေးတဲ့သူတွေရဲ့ စိတ်ကတော့ မကောင်းရာဆောင်တယ်၊ ခိုးခြင်း သတ်ခြင်း အစရှိတဲ့ မကောင်းမှုတွေကို ပြုလုပ်ဖို့ဆောင်တယ်၊ တဖန် အဲဒီအကုသိုလ်စိတ်က ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်ဆိုတဲ့ အပါယ်ဘုံကို ဆောင်တယ်၊ အသက်တိုအောင် အနာများအောင် ဘေးဒဏ်သင့်အောင် ဒုက္ခအမျိုးမျိုးနဲ့ တွေ့ရအောင်ဆောင်တယ်၊ ဒါကြောင့် -
လောကော၊ သတ္တဝါအပေါင်းဆိုတဲ့ လောကကြီးတခုလုံးကို။
စိတ္တေန၊ ကြံသိမှုစိတ်က။
နီယတေ၊ ဆောင်အပ်၏။
စိတ္တေန၊ ကြံသိမှုစိတ်က။
ပရိကဿတိ၊ လိုရာသို့ ဆွဲငင်အပ်၏။
စိတ်က သူအလိုရှိရာ ဆွဲဆောင်တတ်တယ်၊ သတ္တဝါတွေက စိတ်ဆွဲရာ လိုက်ပါနေကြရတယ်၊ ယခု တရားနာဖို့ရောက်လာကြတာလဲ စိတ်က ဆွဲဆောင် လာလို့ပဲ၊ တရားအားထုတ်နေကြတာလဲ စိတ်ကဆွဲဆောင်လာလို့ပဲ၊ ဒီလို ဆွဲဆောင်တာတွေကတော့ ကောင်းပါတယ်၊ တော်တော်ကြာ နတ်ပြည်လောက ကိုလဲ ဆွဲဆောင်သွားဦးမယ်၊ နိဗ္ဗာန်ကိုတောင် ဆောင်ပို့လိမ့်မယ်၊ ကောင်းသော ဆောင်ခြင်းပါပဲ။
မကောင်းတဲ့စိတ်ကလဲ မကောင်းရာကို ဆောင်တာပဲ၊ သူကမှ သာပြီးမြန်မြန် ဆောင်တာ၊ သူကတော့ ကာမဂုဏ် အာရုံရှိရာဆီကို ဆောင်ဆောင်သွား တတ်တယ်၊ အဝေးကြီးလဲ ဆောင်သွားတတ်တယ်၊ မိုင်ထောင်ပေါင်းများစွာဝေးတဲ့ နိုင်ငံခြား အရပ်ဒေသတွေကိုလဲ ဆောင်သွားတာပဲ၊ အဲဒီ မကောင်းတဲ့စိတ်က နောက်ဆုံး ကျတော့ အပါယ်လေးပါးကိုလဲ ဆောင်သွားတာပဲ၊ အလွန်ကြောက်စရာ ကောင်းပါတယ်၊ ဒါကြောင့် -
လောကော၊ သတ္တဝါအပေါင်းဆိုတဲ့ လောကကို။
စိတ္တေန၊ ကြံသိမှုစိတ်က။
ပရိကဿတိ၊ သူလိုရာသို့ ဆွဲငင်အပ်၏။
စိတ္တဿ ဧကဓမ္မဿ ဝသံ၊ စိတ်ဆိုတဲ့တရားကလေးတခု၏ အလိုသို့။
သဗ္ဗေဝ၊ သတ္တဝါတွေ အကုန်လုံးပင်လျှင်။
အနွဂူ၊ အစဉ်တစိုက် မငြင်းဆန်နိုင်ပဲ လိုက်ပါကြရလေကုန်၏-တဲ့။
အဲဒါဟာသတ္တဝါလို့ခေါ်ရတဲ့ ရုပ်နာမ်တရားတွေအားလုံး စိတ်အလို လိုက်နေကြ ရတယ်ဆိုတာ ထင်ရှားဖော်ပြထားတဲ့ တရားတော်ပါပဲ၊ အဲဒါကို ဒီပဋိစ္စသမုပ္ပါဒ် ဒေသနာတော်မှာ “ဝိညာဏပစ္စယာ နာမရူပံ” လို့ ဟောထားပါတယ်။
ဝိညာဏပစ္စယာ၊ စိတ်ဝိညာဏ်ဟူသော အကြောင်းကြောင့်။
နာမရူပံ၊ နာမ်နှင့် ရုပ်သည်။
သမ္ဘဝတိ၊ ဖြစ်ပေါ်၏။
စိတ်ဝိညာဏ်ကြောင့် ဖဿ ဝေဒနာအစရှိတဲ့ နာမ်တရားတွေရော မှီရာရုပ်တွေရော ကွေးမှုဆန့်မှုအစရှိတဲ့ ရုပ်တွေရော ဖြစ်ပေါ်နေကြတယ်-တဲ့၊ အဲဒါကို ဘုန်းကြီးရဲ့ ဆောင်ပုဒ်က “ဝိညာဏ်မျိုးစေ့ စ၍ဖြစ်လျှင်၊ နာမ်နဲ့ရုပ်လဲ ပူးတွဲပါဝင်” လို့ ဆိုထားပါ တယ်၊ အဲဒါတော်တော် သဘောပေါက်လောက်ပါပြီ၊ ရှေ့ကို သွားကြဦးစို့။
အဲဒီလို ဝိညာဏ်မျိုးစေ့မှ နာမ်ရုပ် ဖြစ်ပွားလာတော့ နာမရူပပစ္စယာ သဠာယတနံ-နာမ်ရုပ်ကိုစွဲမှီပြီး အာယတန ၆-ပါးဖြစ်တယ်၊ အာယတန-ဆိုတာ ကြံသိမှုစိတ်တို့, အာရုံကိုတွေ့မှု ဖဿတို့ဖြစ်ပေါ်ဖို့ရာ အကြောင်းအင်္ဂါ အစိတ်အပိုင်းတွေပါပဲ၊ အဲဒါတွေက ဘယ်လိုဟာတွေလဲဆိုယင် မြင်ဖို့ရာ မျက်စိအင်္ဂါကတပါး၊ ကြားဖို့ရာ နားအင်္ဂါကတပါး၊ နံဖို့ရာ နှာခေါင်း အင်္ဂါကတပါး၊ စားသိဖို့ရာ လျှာအင်္ဂါကတပါး၊ ထိသိဖို့ရာ ကိုယ်အကြည်အင်္ဂါကတပါး၊ ကြံသိဖို့ရာ စိတ်နှလုံးအင်္ဂါကတပါး၊ ဒီ ၆-ပါးပါပဲ၊ နာမ်နဲ့ရုပ်ကြောင့် ဒီ အာယတန ၆-ပါး အသီးသီးဖြစ်ပုံကိုလဲ အလျင်နေ့ များက ပြောခဲ့ပါပြီ။
အဲဒီလို ကြံသိဖို့တွေ့ဖို့ အင်္ဂါ ၆-ပါး အာယတနတရားတွေ ဖြစ်ပေါ်လာတော့ သဠာယတနပစ္စယာ ဖဿော-အာယတနဆိုတဲ့ အကြောင်းအင်္ဂါ ၆-ပါးကြောင့် အာရုံကို တွေ့မှု ဖဿ ဖြစ်ပေါ်လာတယ်တဲ့၊ ဒီ ဖဿ ဖြစ်ပေါ်လာပုံကိုတော့ ပြီးခဲ့တဲ့ ဝါဆိုလပြည့် သီတင်းနေ့က နဲနဲစပြီး ဟောခဲ့တယ်။
စက္ခုဉ္စ ပဋိစ္စ၊ မျက်စိကိုလဲစွဲမှီ၍။
ရူပေ စ ပဋိစ္စ၊ အဆင်းတို့ကိုလဲစွဲမှီ၍။
စက္ခုဝိညာဏံ၊ မြင်သိမှု စက္ခုဝိညာဏ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်ပေါ်၏။
တိဏ္ဏံ၊ မျက်စိ, အဆင်း, မြင်သိမှု ဟူသော တရားသုံးပါးတို့၏။
သင်္ဂတိ၊ ဆုံမိခြင်းဟူသော။
ဝါ၊ ဆုံမိခြင်းကြောင့်။
ဖဿော၊ အာရုံကိုတွေ့မှု ဖဿသည်။
သမ္ဘဝတိ၊ ဖြစ်ပေါ်လာ၏
ဆိုတဲ့ ပါဠိအနက်နှင့်တကွ ဟောခဲ့ပါပြီ၊ အဲဒါမြင်တွေ့မှု ဖဿဖြစ်ပုံပါပဲ၊ အဲဒီလို မြင်တွေ့တော့ ဖဿပစ္စယာ ဝေဒနာ-မြင်တွေ့ရတဲ့အာရုံကို ခံစားမှု ဝေဒနာ ဖြစ်တယ်ဆိုတာကိုလဲ ပြောခဲ့ပြီ၊ ဒါကြောင့် ယခု ကြားရာက တွေ့ပြီး ဝေဒနာ ဖြစ်ပုံကို စပြီးဟောကြစို့။
သောတဒွါရခေါ် နားမှ ဝိညာဏ် ဖဿ ဝေဒနာ ဖြစ်ပျက်နေပုံ
သောတဉ္စ ပဋိစ္စ သဒ္ဒေ စ ဥပ္ပဇ္ဇတိ သောတဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖဿော၊ ဖဿ ပစ္စယာ ဝေဒနာ။
သောတဉ္စ ပဋိစ္စ၊ နားကိုလဲ စွဲမှီ၍။
သဒ္ဒေ စ ပဋိစ္စ၊ အသံတို့ကိုလဲ စွဲမှီ၍။
သောတဝိညာဏံ၊ ကြားသိမှု သောတဝိညာဏ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်ပေါ်၏။
တိဏ္ဏံ၊ နား, အသံ, ကြားသိမှု ဟူသော တရားသုံးပါးတို့၏။
သင်္ဂတိ၊ ဆုံမိခြင်းဟူသော။
ဝါ၊ ဆုံမိခြင်းကြောင့်။
ဖဿော၊ အသံကို တွေ့မှု ဖဿသည်။
သမ္ဘဝတိ၊ ဖြစ်ပေါ်၏။
ဖဿပစ္စယာ၊ အသံကိုတွေ့မှု ဖဿဟူသောအကြောင်းကြောင့်။
ဝေဒနာ၊ ခံစားမှုဝေဒနာသည်။
သမ္ဘဝတိ၊ ဖြစ်ပေါ်၏။
ဆိုလိုတာကတော့ ကြားတယ်ဆိုတာ နားအကြည်ဆိုတဲ့ ရုပ်ကလဲ ရှိပါမှ ကြားစရာ အသံကလဲရှိပါမှ ဖြစ်နိုင်တယ်၊ ကြည်လင်တဲ့နားရုပ် မရှိယင် မကြားနိုင်ဘူး၊ နားရှိနေတာတောင်မှ နားပေါက်ကို ပိတ်ထားယင် မကြားနိုင်ဘူး၊ အဲဒါဟာ နားထဲမှာ အသံမရောက်လာလို့ မကြားရတဲ့ သဘောပါပဲ၊ ပတ်ဝန်းကျင်မှာ ကြားစရာအသံ လုံးလုံးမရှိယင်တော့ မကြားနိုင်တာဟာ အထူးပြောစရာ မလိုပါဘူး၊ အသံဟာ ဖြစ်ပေါ်လာပြီးလျှင် လေလှိုင်းဖြင့် ပတ်ဝန်းကျင်ကို ပြန့်သွားတယ်၊ တစက္ကန့်မှာ ပေ ၁၁၀ဝ-နှုန်းနဲ့ ပြန့်သွားတယ်လို့ သိပ္ပံဆရာတို့က ဆိုပါတယ်၊
အဲဒါက ပကတိအသံသွားတဲ့ နှုန်းပါ၊ ဓာတ်အားနဲ့ လွှင့်တဲ့အသံကတော့ တခဏကလေး အတွင်းမှာ တကမ္ဘာလုံးကို ပျံ့နှံ့သွားနိုင်ပါတယ်၊ အဲဒီလို ပြန့်သွားတဲ့အသံက သူ့နယ်ပယ်အတွင်းမှာရှိတဲ့ နားရုပ်ကို ဝင်တိုက်တယ်၊ မှန်ထဲမှာ အရိပ်ထင်တာမျိုးပါပဲ၊ အဲဒီလို နားထဲမှာ အသံထင်ပေါ်လာမှ ကြားနိုင်တယ်၊ အဲဒါဟာ နားနဲ့အသံဆိုတဲ့ အကြောင်းနှစ်ပါးကို စွဲမှီပြီး ကြားသိမှု ဖြစ်တာပါပဲ။
ပကတိလူတွေကတော့ အသံကိုကြားတယ်ဆိုယင် မူလက ရှိနေတဲ့ သူကပဲ ကြားသွားတယ်လို့ ထင်မှတ်နေကြတယ်၊ အဲဒီလိုမဟုတ်ဘူး၊ နားထဲက နားအကြည်ရုပ် ဆိုတာတွေကလဲ ခဏမစဲ မပြတ်ဖြစ်နေတယ်၊ ဖြစ်ပြီးရုပ်ဟောင်း တွေကလဲ ခဏမစဲပျက်နေတယ်၊ ပျက်ဆိုတာ ြုဖစ်ပေါ်လာပြီး ပျောက်သွားတာကို ဆိုတာပါပဲ၊
အဲဒီလို နားအကြည် ရုပ်အသစ်တွေကဖြစ်၊ ရုပ်ဟောင်းတွေကပျောက်နဲ့ မပြတ်ဖြစ်ပျက်နေတယ်၊ တောင်ပေါ်မှ စီးဆင်းနေတဲ့ ရေစီးချောင်းထဲကရေတွေဟာ အသစ်အဟောင်း ခဏမစဲ ပြောင်းလဲနေသလိုပါပဲ၊ အဲဒီလို အသစ်အဟောင်း ပြောင်းလဲနေတဲ့ နားအကြည်ရုပ်အလျဉ်ထဲမှာ လေလှိုင်းထဲက ပြန့်လာတဲ့ အသံရုပ်တွေက ဝင်တိုက်တယ်၊ အဲဒီလို တိုက်ခိုက်တာကို နားရုပ်အကြည်ထဲမှာ အသံထင်ပေါ်လာတယ်လို့ ဆိုရတယ်။
အဲဒီထင်ပေါ်လာတဲ့အသံကို သောတဝိညာဏ်ဆိုတဲ့ စိတ်ကလေးက ကြားသိ သွားတယ်၊ ဒီစိတ်ကလဲ အဲဒီအခိုက်အတန့်မှာမှဖြစ်ပြီး ကြားသိသွားတာပါပဲ၊ ကြားပြီးတော့လဲ သူက ချက်ခြင်းပဲပျောက်သွားတယ်၊ အဲဒီကနောက် အဲဒီကြားရတဲ့ အသံကို ဆက်လက်ပြီး အာရုံပြုတဲ့ သမ္ပဋိစ္ဆိုန်းစိတ်, စုံစမ်းတဲ့ သန္တီရဏစိတ်, ဆုံးဖြတ်တဲ့ ဝုဋ္ဌောစိတ်ဆိုတာတွေလဲ တကြိမ်စီ ဖြစ်ဖြစ်ပြီး ပျောက်သွားကြတယ်၊
အဲဒီကနောက် လျင်မြန်ထက်သန်တဲ့ အဟုန်နဲ့ ဇောဆိုတဲ့ စိတ်တွေက ခုနစ်ကြိမ်တိုင်တိုင် ဆင့်ပြီး ဖြစ်ပျက်သွားတယ်၊ နောက်ပြီးတော့ အဲဒီအသံကို ဆက်လက်ပြီး အာရုံပြုတဲ့ တဒါရုံဆိုတဲ့ စိတ်ကလဲ နှစ်ကြိမ်ဖြစ် လိုက်သေးတယ်၊ အဲဒီအစဉ်အတိုင်း စိတ်တွေဖြစ်သွားတာကိုကြားတယ်လို့ဆိုရတယ်။
ဒီအထဲမှာ ယခု ဒီမှာပြောလိုရင်းကတော့ ကြားသိတယ်ဆိုတဲ့ သောတဝိညာဏ်စိတ် ကလေး ဖြစ်ပုံပါပဲ၊ အဲဒါဟာ ကြားတိုင်း ကြားတိုင်း နားနဲ့အသံကို မှီပြီး အသစ်အသစ် ဖြစ်နေတယ်၊ ဒါကြောင့် ကြားတိုင်း ကြားတိုင်း “ ကြားတယ်၊ ကြားတယ်”လို့ ရှုမှတ်နေတဲ့ ယောဂီမှာ သမာဓိဉာဏ် ရင့်လာတဲ့အခါ ကြားတယ်ဆိုတာ အကြောင်းမရှိပဲနဲ့ အလိုလိုဖြစ်တာလဲ မဟုတ်ဘူး၊ တစုံတယောက်က ပြုလုပ်ပေးလို့ ဖန်ဆင်းပေးလို့ ဖြစ်တာလဲ မဟုတ်ဘူး၊
အမှန်မှာတော့ နားကလဲရှိလို့ ကြားစရာကလဲရှိလို့ ဖြစ်တာပါပဲ၊ နားနဲ့အသံ ဒီနှစ်မျိုးကို မှီပြီးတော့ ဖြစ်တာပဲ၊ ကြားတတ်တဲ့ပုဂ္ဂိုလ်ရယ်လို့ မရှိဘူး၊ နားနဲ့အသံဆိုတဲ့ အကြောင်းတရားကြောင့် ကြားသိမှုဆိုတဲ့ အကျိုးတရားမျှ ဖြစ်တာပဲရှိတယ်လို့ ဒီလိုသိနိုင်ပါတယ်၊ ဒီကြားရာမှာတော့ မြင်ရာမှာထက် ပိုပြီးရှင်းရှင်းလင်းလင်း သိတတ်ကြပါတယ်၊ တချို့ပုဂ္ဂိုလ်မှာဆိုယင် ညာဘက်နားက ကြားတာက တခြား+ဗယ်ဘက်နားက ကြားတာက တခြားလို့တောင် ခွဲခြားပြီး သိနိုင်ပါတယ်၊ ကဲ-ဆိုကြရမယ်။
နားနှင့်အသံကို မှီ၍ ကြားသိမှု ဖြစ်သည်။
အဲဒီလို နားထဲမှာကျလာတဲ့အသံကို ကြားသိလိုက်တော့ နားရယ် အသံရယ် ကြားသိတဲ့စိတ်ရယ် ဒီသုံးမျိုးဆုံမိသွားတယ်၊ အဲဒီ သုံးမျိုးဆုံမိတဲ့အခါမှာ အသံအာရုံကို ထင်ရှားတွေ့သွားတယ်၊ အဲဒါကို ဖဿလို့ခေါ်တယ်၊ ဒီအသံနဲ့တွေ့တဲ့ တိုက်မိတဲ့ ဖဿဖြစ်ပုံကတော့ ရှုမှတ်နေတဲ့ ယောဂီမှာ တော်တော်ထင်ရှား တတ်ပါတယ်၊ တချို့မှာ ရှုမှတ်နေတုန်း ခပ်ကြမ်းကြမ်း အသံပေါ်လာယင် အသံတွေဟာ နားဆီကို အလုံးလိုက် အခဲလိုက် အတင်းပြေးလာပြီး တိုက်ခိုက် သလိုတောင် ထင်ရတတ်ပါတယ်၊
တချို့မှာဆိုယင် သမာဓိကလေး တော်တော် ကောင်းလာခါစမှာ သစ်ရွက်ကြွေကျသံ ကလေးကို ကြားရတာနဲ့တောင် ဖျတ်ကနဲ လန့်သွားတတ်သေးတယ်၊ ဖဿဒဏ်ကို မခံနိုင်တဲ့သဘောပါပဲ၊ ဒါကြောင့် -
“တိဏ္ဏံ၊ နား အသံ ကြားသိမှု ဟူသော တရားသုံးပါးတို့၏။
သင်္ဂတိ၊ ဆုံမိခြင်းသည်။
ဝါ၊ ဆုံမိခြင်းကြောင့်။
ဖဿော၊ အသံကို တွေ့မှုဖဿသည်။
သမ္ဘဝတိ၊ ဖြစ်၏”
လို့ ဟောထားပါတယ်၊ ကဲ-အဲဒါကို ဆိုကြရမယ်။
နားအသံ ကြားသိမှုဟူသော တရားသုံးပါးဆုံမိကြလို့ ကြားတွေ့မှု ဖဿ ဖြစ်သည်။
အသံကို တွေ့တယ်ဆိုတဲ့ ဒီဖဿဟာ အသံတွေအများထဲက ကိုယ်ကြားချင်တဲ့ အသံကို စူးစိုက်ပြီး နားထောင်တဲ့အခါ အဲဒီ ကြားချင်တဲ့ အသံကလေးကို တွေ့သွားတဲ့အနေအားဖြင့် ထင်ရှားတယ်၊ ကျယ်လောင်တဲ့ ကြမ်းတမ်းတဲ့ စူးရှတဲ့အသံတွေကိုတော့ မကြားချင် မတွေ့ချင်လို့တောင် မရဘူး၊ နားထဲမှာကြားပြီး တွေ့နေတာပဲ၊
အဆင်းကတော့ မမြင်ချင် မတွေ့ချင်ယင် မျက်နှာ လွှဲထားလို့ရတယ်၊ အသံကတော့ အဲဒီလို နားကိုလွှဲထားလို့လဲ မဖြစ်ဘူး၊ ကြားပြီး တွေ့တွေ့သွား တော့တာပဲ၊ မတွေ့ချင်ယင် နားကို လုံအောင်ပိတ်ထားမှပဲ ဖြစ်မယ်၊ ဒါကြောင့် ကြားတွေ့မှုဆိုတဲ့ ဒီဖဿက ထင်ရှားပါတယ်။
အဲဒီလို အသံကိုကြားပြီးတွေ့သွားယင် ကြားရတဲ့အသံ အကောင်းအဆိုးလိုက်ပြီး ခံစားမှုဝေဒနာ အကောင်းအဆိုးတွေကလဲ ထိုက်သည်အားလျော်စွာ ဖြစ်ကြတော့ တာပဲ၊ သီချင်းသံ တူရိယာသံ ချိုချိုသာသာပြောတဲ့အသံ ဒီလို အသံကောင်း ကလေးများကို ကြားရတွေ့ရတဲ့အခါ နားထဲမှာ ခံသာတဲ့ သုခဝေဒနာဖြစ်တယ်၊ နားထောင်လို့ ကောင်းတဲ့သဘော, နားဝင်ချိုတဲ့သဘောပါပဲ၊ အဲဒီလို ကြားရတာကို အရသာရှိတယ်လို့ ထင်ရတယ်၊
စူးရှတဲ့အသံကြိမ်းမောင်း ဆဲဆိုတဲ့အသံ ဒီလိုအသံဆိုးများကို ကြားရတွေ့ရတဲ့အခါ နားထဲမှာမခံသာတဲ့ ဒုက္ခဝေဒနာ ဖြစ်တယ်၊ နားမခံသာတဲ့သဘော အခံရခက်တဲ့ သဘောပါပဲ၊ ကြားနေကျ ရိုးရိုးအသံကို ကြားရတွေ့ရတဲ့ အခါမှာတော့ မကောင်းမဆိုး ရိုးရိုးခံစားမှု ဥပေက္ခာဝေဒနာဖြစ်တယ်၊ အဲဒီလိုအခါမှာတော့ ခံစားမှုဖြစ်တယ် လို့တောင် မသိပဲ ရှိတတ်တယ်၊ ဥပေက္ခာက သိမ်မွေ့လို့ မထင်ရှားတဲ့ သဘောပါပဲ။
ဝေဒနာ သုံးမျိုးလုံး ထင်ရှားပုံ
ဒီနေရာမှာ မေးစရာရှိပါတယ်၊ ဘယ်လိုလဲဆိုယင် မြင်သိမှု-စက္ခုဝိညာဏ်၊ ကြားသိမှု-သောတဝိညာဏ်၊ နံသိမှု-ဃာနဝိညာဏ်၊ စားသိမှု-ဇိဝှါဝိညာဏ်ဆိုတဲ့ ဒီစိတ် ၄-မျိုးဖြစ်ခိုက်မှာ သုခဝေဒနာ ဒုက္ခဝေဒနာမဖြစ်ဘူး၊ ဥပေက္ခာဝေဒနာသာ ဖြစ်တယ်လို့ အဘိဓမ္မာကျမ်းဂန်တွေက ပြဆိုထားတယ် မဟုတ်ပါလားလို့ မေးစရာရှိပါတယ်၊
အဖြေကတော့ အဲဒီလိုပြဆိုထားတာဟုတ်ပါတယ်၊ ဒါပေမယ့် ဝိပဿနာရှုတဲ့ ယောဂီမှာ မြင်သိမှု ကြားသိမှု နံသိမှု စားသိမှုဆိုတဲ့ စိတ်ကလေးတခုတခုကိုသာ ကွက်ပြီးရှုလို့ မဖြစ်ပါဘူး၊ အဲဒီစိတ်ဝိညာဏ်ကလေးတွေနဲ့ တဆက်ထဲဖြစ်တဲ့ တဝီထိလုံး, တဝီထိလုံးကိုသာရှုလို့ ဖြစ်ပါတယ်၊
အဲဒီ ဝီထိအတွင်းမှာ သန္တီရဏ ဇော တဒါရုံတို့ဖြစ်တဲ့အခါ သုခဝေဒနာလဲ ပါပါတယ်၊ ဇောဖြစ်ခိုက်မှာ ဒုက္ခဝေဒနာလဲ ပါပါတယ်၊ ဒါကြောင့် ဒီမှာ သုခဝေဒနာ ဒုက္ခဝေဒနာဖြစ်ပုံကိုလဲ ထည့်သွင်းပြီး ဖော်ပြပါတယ်။
နောက်ပြီးတော့ စက္ခုဝိညာဏ်စသည် ဖြစ်ခိုက်မှာကို ဥပေက္ခာဝေဒနာဆိုပေမယ့် အကုသလဝိပါက် အကုသိုလ်၏ အကျိုးဆိုယင် မခံသာတဲ့ဒုက္ခသဘောရှိနေပါတယ်၊ ကြောက်စရာ လန့်စရာတွေကို မြင်ရတဲ့အခါ အဲဒီမခံသာတဲ့ ဒုက္ခသဘောဟာ ထင်ရှားပါတယ်၊ အသံဆိုးတွေကိုကြားရတဲ့အခါ သာပြီးထင်ရှားပါတယ်၊ ဒါကြောင့် အင်မတန်ပြင်းထန်တဲ့အသံကို ကြားရယင် နားပင်းသွားတတ်တယ်၊ သေလဲ သေသွားနိုင်တယ်၊ ဒီနေရာမှာ ကေသရ-ခြင်္သေ့ရဲ့ ဟောက်သံကို ကြားရလျှင် သေတတ်တယ်ဆိုတဲ့ ကျမ်းဂန်စကားကို သတိပြုရမယ်၊
အနံ့ဆိုးတွေ နံရတဲ့အခါ မခံသာတဲ့ ဒုက္ခဝေဒနာဖြစ်တာက သာပြီး ထင်ရှား သေးတယ်၊ အပုပ်နံ့တွေနံရယင် ခေါင်းကိုက်တတ်တယ်၊ မူးပြီးတော့လဲ မေ့သွား တတ်တယ်၊ အဆိပ်နံ့ကို နမ်းရှူမိယင်တော့ သေသည်အထိတောင် ဒုက္ခရောက် သွားနိုင်ပါသေးတယ်၊ စားရတဲ့ အရသာကျတော့ မကောင်းယင် သာပြီးတော့ ဒုက္ခဖြစ်တတ်သေးတယ်၊ ဆေးခါးကြီးတွေများ သောက်ရယင် အော့အန်ကုန်တာပဲ၊ မသင့်တဲ့အစာကို စားမိယင် ရောဂါ ဝေဒနာတွေ ဖြစ်တတ်တယ်၊ အဆိပ်ဖြစ်တဲ့အစာကို စားမိယင် သေသည်အထိ ဒုက္ခရောက်သွား တတ်တယ်၊
ဒါက မကောင်းတဲ့အဆင်း အသံ အနံ့ အရသာဆိုတဲ့ အာရုံဆိုး ၄-မျိုးကို အာရုံပြုပြီး ဖြစ်တဲ့ ဥပေက္ခာဝေဒနာဟာ ဒုက္ခသဘော ရှိတယ်ဆိုတာကို သဘောပေါက်အောင် အကျယ်ဖွင့်ပြတာပဲ။
အဲဒီအာရုံဆိုးတွေနဲ့ ပြောင်းပြန်ဖြစ်တဲ့ အာရုံကောင်း ၄-မျိုးကို အာရုံပြုပြီးဖြစ်တဲ့ ဥပေက္ခာဝေဒနာကတော့ သုခသဘောရှိတယ် ဆိုတာကိုလဲ နည်းမှီပြီး သဘောပေါက်လောက်ပါပြီ၊ လှလှပပ အဆင်းကလေးတွေ၊ ကိုယ်ကြည့်ချင်တာ ကလေးတွေကို ကြည့်ရမြင်ရယင် ကြည့်ရတာအရသာရှိတယ်လို့ ထင်ရတယ်၊
ထို့အတူ ကိုယ်ကြားချင်တဲ့ အသံကောင်း ကလေးတွေကို ကြားရတဲ့အခါ, အနံ့ကောင်းကလေးတွေကို နမ်းရှူရတဲ့အခါ, အရသာကောင်း ကလေးတွေကို စားရတဲ့အခါတွေမှာလဲ နားထဲ နှာခေါင်းထဲ လျှာထဲမှာ ကောင်းသွားတယ်လို့ပဲ ထင်ရတယ်၊
အဲဒါဟာ ဥပေက္ခာပေမယ့် ကုသလဝိပါက် ကုသိုလ်၏အကျိုး ဖြစ်တဲ့အတွက် သုခသဘောအားဖြင့် ထင်ပေါ်နေပုံပါပဲ၊ ယခုပြောခဲ့တာကတော့ လက်တွေ့ ထင်ရှားစေတဲ့ ယုတ္တိသာဓကစကားပါပဲ၊ ဒါပေမယ့် တချို့က အာဂမဆိုတဲ့ ကျမ်းဂန်စကားကိုမပြယင် သို့လော သို့လော ဖြစ်နေတတ်သေးတယ်၊ ဒါကြောင့် ဝိသုဒ္ဓိမဂ်မဟာဋီကာကို ရွတ်ပြရဦးမယ်။
ဧကန္တနိဟီနဿ အကုသလဿ၊ စင်စစ် ယုတ်ညံ့သောအကုသိုလ်၏။
ဝိပါကဘာဝတော၊ ရင့်ကျက်လာသော အကျိုးဖြစ်သောကြောင့်။
ဥပေက္ခာပိ သမာနာ၊ ဥပေက္ခာပင် ဖြစ်ငြားသော်လည်း။
ဒုက္ခသဘာဝတ္တာ၊ ဆင်းရဲ သဘောရှိသည်၏ အဖြစ်ကြောင့်။
ဟီနာ ဧဝ၊ ယုတ်ညံ့သည်သာလျှင်တည်း-တဲ့။
အကုသလဝိပါက် ဥပေက္ခာဝေဒနာဟာ အညီအမျှ ရှုတယ်, အညီအမျှ ခံစားတယ်, လျစ်လျူရှုတယ်ဆိုပေမယ့် စင်စစ်ယုတ်ညံ့တဲ့အကုသိုလ်က ရင့်ကျက်လာတဲ့ အကျိုးဖြစ်သောကြောင့် မစင်ပုံထဲက ပွင့်လာတဲ့ပန်းများလိုပဲ ယုတ်ညံ့တယ်၊ နောက်ပြီးတော့ ဒုက္ခဝေဒနာလောက် မဆိုးလှသော်လဲ ခံသာတဲ့သဘောတော့ မဟုတ်ဘူး၊ မခံသာတဲ့သဘောသာ ဖြစ်တယ်၊ ဒါကြောင့် ယုတ်ညံ့ပါတယ်တဲ့၊ ဥပေက္ခာဆိုပြီး ဒုက္ခသဘောရှိတယ်ဆိုတာ ဟုတ်နိုင်ပါ့မလားလို့ဆိုတော့-
ဟိ သစ္စံ၊ ငါ၏ရှေ့စကားမှန်ပါ၏။
အကုသလဿ ဝိပါကော၊ အကုသိုလ်၏ အကျိုးသည်။
အဒုက္ခော၊ မဆင်းရဲသည် ခံသာသည်။
ဝါ၊ ကောင်းသည် ချမ်းသာသည်။
န ဟောတိ၊ ဖြစ်ရိုး မရှိပါဘူး-တဲ့။
ဒါက အကုသလ ဝိပါက်စိတ် အဖွင့်မှာပြတဲ့ မဟာဋီကာ စကားပါ၊ ပဋိစ္စသမုပ္ပါဒ် ဝေဒနာပစ္စယာ အဖွင့်ကျတော့လဲ-
အကုသလဝိပါကဘူတာ၊ အကုသိုလ်၏ အကျိုးဖြစ်သော။
ဥပေက္ခာ ပန၊ ဥပေက္ခာဝေဒနာကိုကား။
အနိဋ္ဌတ္တာ၊ အလိုမရှိအပ်သည်၏ အဖြစ်ကြောင့်။
ဒုက္ခေ၊ ဒုက္ခ၌။ အဝရောဓေတဗ္ဗာ၊ သက်ဝင်စေအပ်၏။
ဝါ၊ သွင်းယူအပ်၏။
ဣတရာ၊ ကုသိုလ်၏အကျိုး ဥပေက္ခာကို။
ဣဋ္ဌတ္တာ၊ အလိုရှိအပ်သည်၏ အဖြစ်ကြောင့်။
သုခေ၊ သုခ၌။
အဝရောဓေတဗ္ဗာ၊ သွင်းယူအပ်၏။
လို့ မိန့်ဆိုထားပါသေးတယ်။
ဒါကြောင့် ကြားခိုက်မှာ အသံကောင်းကို ကြားပြီးတွေ့တဲ့ ဖဿကြောင့် ကြားလို့ကောင်းတဲ့ သဘော သုခဝေဒနာလဲ ထင်ရှားတယ်၊ “ကိုကိုလို့-မမလို့-ဆရာလို့” ဒီလို ခေါ်လိုက်တာကလေး ကြားရယင်ကို နားထဲမှာ ချမ်းသာသုခ ဖြစ်တော့တာပဲ၊
မကောင်းတဲ့အသံကို ကြားပြီးတွေ့တဲ့ ဖဿကြောင့် ကြားလို့ မကောင်းတဲ့ ဒုက္ခဝေဒနာလဲ ထင်ရှားတယ်၊ “ဟေ့ အကောင်, ဟဲ့ ကောင်မ, ဒီလူကြီးက, ဒီအမယ်ကြီးက”စသည်ဖြင့် မရိုမသေပြောတဲ့အသံကိုကြားရယင်ကို နားထဲမှာ မချမ်းမသာဖြစ်တော့တာပဲ၊ ဒီလို မကောင်းတဲ့အသံ ကြားပြီး မခံသာတဲ့ ဒုက္ခဝေဒနာကတော့ အင်မတန် ဖြစ်လွယ်ပါတယ်၊
နောက်ပြီးတော့ ရိုးရိုးအသံကို ကြားပြီး တွေ့တဲ့အခါမှာတော့ ကောင်းမကောင်း မထင်ရှားဘူး၊ အဲဒါက ဥပေက္ခာသဘောပဲ၊ ဒါကြောင့် “ဖဿပစ္စယာ ဝေဒနာ၊ ဖဿကြောင့် ဝေဒနာဖြစ်တယ်” လို့ ဟောတော်မူတာပဲ။
ဒီကြားတွေ့မှုဖဿကြောင့်ဖြစ်ပေါ်လာတဲ့ ဝေဒနာသုံးမျိုးကိုလဲ ကြားတိုင်း ကြားတိုင်း မပြတ်ရှုမှတ်နေတဲ့ယောဂီက ပိုင်းခြားပြီး သိနိုင်ပါတယ်၊ ကြားလို့ကောင်းတာ, မကောင်းတာကလေးတွေဟာ ကြားရတဲ့ အသံနဲ့တွေ့ရလို့ ဖြစ်တာပဲ၊ ငါကောင်က ကောင်းသွားတာ မကောင်းသွားတာ မဟုတ်ဘူး၊ ဖြစ်ပြီး ချက်ခြင်း ပျောက်ပျောက် သွားတာချည်းပဲ၊ မမြဲတဲ့ သဘောတရားချည်းပဲလို့ ပိုင်းခြားပြီး သိနိုင်ပါတယ်၊ ဒီလိုသိအောင်လို့ပဲ ကြားတိုင်း ကြားတိုင်း ရှုမှတ်နေရတာ၊ ကဲ ဆိုကြရမယ်။
နား အသံ ကြားသိမှု ဟူသော တရားသုံးပါး ဆုံမိလို့ ကြားတွေ့မှု ဖဿ ဖြစ်သည်။
ကြားတွေ့မှုကြောင့် ခံစားမှု-ဝေဒနာ ဖြစ်သည်။
ဖြစ်ခိုက်ရုပ်နာမ်ကို ရှုမှတ်လို့ သမာဓိဉာဏ်ရင့်လာတဲ့အခါကျတော့ ကြားတယ် ကြားတယ်လို့ ရှုမှတ်နေယင်း ကြားလို့ကောင်းတဲ့သဘော ကြားလို့မကောင်းတဲ့ သဘော အလယ်အလတ်သဘောဆိုတဲ့ ဒီခံစားမှု ဝေဒနာကလေးတွေဟာ အာရုံနဲ့ တွေ့လိုက် ဖြစ်ပေါ်ပြီး ပျောက်သွားလိုက်နဲ့, အာရုံတွေ့လိုက်ဖြစ်ပေါ်ပြီး ပျောက်သွားလိုက် ခဏမစဲဖြစ်ပျက်နေတာကို ကိုယ်ပိုင်ဉာဏ်နဲ့ပဲ သိသိသွား ပါလိမ့်မယ်။
ဃာနဒွါရခေါ် နှာခေါင်းမှ ဝိညာဏ် ဖဿ ဝေဒနာ ဖြစ်ပျက်နေပုံ
သောတဒွါရခေါ်တဲ့ နားကဖြစ်ပျက်ပုံတော့ သဘောပေါက်လောက်ပါပြီ၊ ယခု ဃာနဒွါရခေါ်တဲ့ နှာခေါင်းက ဝိညာဏ် ဖဿ ဝေဒနာ ဖြစ်ပျက်ပုံကို ပြောကြစို့။
ဃာနဉ္စ ပဋိစ္စ ဂန္ဓေ စ ဥပ္ပဇ္ဇတိ ဃာနဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖဿော၊ ဖဿ ပစ္စယာ ဝေဒနာ။
ဃာနဉ္စ ပဋိစ္စ၊ နှာခေါင်းရုပ်ကိုလဲစွဲမှီ၍။
ဂန္ဓေ စ ပဋိစ္စ၊ အနံ့တို့ကိုလဲစွဲမှီ၍။
ဃာနဝိညာဏံ၊ နံသိမှု ဃာနဝိညာဏ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်ပေါ်၏။
တိဏ္ဏံ၊ နှာခေါင်း အနံ့ နံသိမှုဟူသော တရားသုံးပါးတို့၏။
သင်္ဂတိ၊ ဆုံမိခြင်းဟူသော။
ဝါ၊ ဆုံမိခြင်းကြောင့်။
ဖဿော၊ အနံ့ကိုတွေ့မှု ဖဿသည်။
သမ္ဘဝတိ၊ ဖြစ်ပေါ်၏။
ဖဿပစ္စယာ၊ အနံ့ကိုတွေ့ထိမှု-ဖဿဟူသော အကြောင်းကြောင့်။
ဝေဒနာ၊ ခံစားမှုဝေဒနာသည်။
သမ္ဘဝတိ၊ ဖြစ်ပေါ်၏။
ဆိုလိုတာကတော့ နံသိတယ်ဆိုတာဟာ နှာခေါင်းအကြည်ဆိုတဲ့ ရုပ်ကလဲရှိပါမှ နံစရာအနံ့ကလဲ ရှိပါမှဖြစ်နိုင်တယ်၊ ကြည်လင်တဲ့ နှာခေါင်းရုပ်မရှိယင် အနံ့ကိုမသိနိုင်ဘူး မနံနိုင်ဘူး၊ သို့သော်လဲ နှာခေါင်းအကြည်ရုပ် မရှိတဲ့လူကတော့ ရှားပါတယ်၊
ဆိပ်ခွန်မှာတုန်းက ကိုယ်တော်တပါးကိုတော့ တွေ့ရဖူးတယ်၊ သူ့မှာ အနံ့ကောင်းဖြစ်ဖြစ် အနံ့ဆိုးဖြစ်ဖြစ် ဘာနံ့မျှမနံဘူးတဲ့၊ လက်ကိုင်ပဝါကို ရေမွှေး ဆွတ်ပြီး ရှူကြည့်လို့လဲ အနံ့မရဘူးတဲ့၊ အဲဒါဟာ ဃာနပသာဒလို့ခေါ်တဲ့ နှာခေါင်း အကြည်ရုပ်မရှိလို့ပါပဲ၊ နှာခေါင်းအကြည်ရုပ်က ရှိတောင်မှ နှာခေါင်းကို ပိတ်ထားယင် မနံနိုင်ဘူး၊
အဲဒါဟာ နှာခေါင်းထဲကို အနံ့ မရောက်လာတဲ့ သဘောပါပဲ၊ ဘေးပတ်ဝန်းကျင်မှာ နံစရာအနံ့က လုံးလုံးမရှိယင်တော့ မနံနိုင်တာဟာ အထူးပြောစရာ မလိုပါဘူး၊ အနံ့ဟာ ဖြစ်ပေါ်လာပြီးလျှင် လေသင့်ရာ လေထဲမှာ ပြန့်သွားတယ်၊ အသက်ရှူလေနဲ့ရောပြီး နှာခေါင်းထဲ ရောက်သွားတဲ့အခါ ဃာနပသာဒခေါ်တဲ့ နှာခေါင်းအကြည်ရုပ်ကို ဝင်တိုက်မိတယ်၊ အဲဒီလို နှာခေါင်းထဲမှာ တိုက်မိပြီး ထင်ပေါ်လာမှ အဲဒီအနံ့ကို နံနိုင်တယ်၊ အဲဒါဟာ နှာခေါင်း, အနံ့ဆိုတဲ့ အကြောင်း ၂-ပါးကို စွဲမှီပြီး နံသိမှုဖြစ်ပေါ်တာပါပဲ။
ပကတိလူတွေကတော့ အနံ့ နံတယ်ဆိုယင် မူလက ရှိနေတဲ့လူကပဲ နံသိ သွားတယ်လို့ ထင်မှတ်နေကြတယ်၊ အဲဒီလို မဟုတ်ဘူး၊ နှာခေါင်းထဲက နှာအကြည်ရုပ်တွေကလဲ ခဏမစဲ ဖြစ်ပျက်နေတယ်၊ တောင်ကျချောင်းက ရေတွေဟာ တသွင်သွင် စီးသွားနေသလိုပဲ၊ ရုပ်ဟောင်းတွေကပျောက် ရုပ်သစ်တွေကဖြစ်နဲ့ အသစ်အဟောင်း အမြဲမပြတ်ပြောင်းလဲနေတယ်၊
အဲဒီလို မပြတ်ဖြစ်ပျက်နေရာမှာ ဖြစ်ပြီးခါစ မပျက်သေးခင်မှာ လေထဲကပါလာတဲ့ အနံ့ရုပ်က အဲဒီနှာခေါင်း အကြည်ရုပ်ကို ဝင်တိုက်တယ်၊ ဒီတော့ အဲဒီအနံ့ကို နံသိတဲ့ ဃာနဝိညာဏ်ဆိုတဲ့ စိတ်ကလေးက ဖြစ်ပေါ်လာတယ်၊ ဒီနေရာမှာလဲ မြင်တုန်း ကြားတုန်းကလိုပဲ ရှေးဦးစွာ ဆင်ခြင်တဲ့ အာဝဇ္ဇန်းစိတ်ဆိုတာလဲ ဖြစ်တယ်၊ ပြီးမှ နံသိတဲ့ ဃာနဝိညာဏ်စိတ်ဖြစ်တယ်၊
သူပြီးတော့လဲလက်ခံတဲ့ သမ္ပဋိစ္ဆိုန်းစိတ်, စုံစမ်းတဲ့ သန္တီရဏစိတ်, ဆုံးဖြတ်တဲ့ ဝုဋ္ဌောစိတ်, အတင်းပြေးဝင်သွားသလို လျင်မြန်တဲ့ အဟုန်နဲ့ ဖြစ်တဲ့ဇောစိတ်, အဲဒါကို နောက်ယောင်ခံပြီး အာရုံပြုတဲ့ တဒါရုံစိတ်တို့ဆိုတာတွေလဲ ဖြစ်သေးတာပဲ၊ ဒါတွင်တောင် မကသေးဘူး၊ ဆက်ပြီးဆင်ခြင်တဲ့ မနောဒွါရဝီထိစိတ်တွေလဲ ဖြစ်သေးတာပဲ၊
အဲဒီအစီအစဉ်အတိုင်း စိတ်တွေ ဖြစ်သွားတာကို နံသိတယ်လို့ ဆိုရတယ်၊ ဒီစိတ် အစဉ်ထဲမှာ ယခု ဒီမှာပြောလိုရင်းကတော့ နံသိတယ်ဆိုတဲ့ ဃာနဝိညာဏ်စိတ် ကလေးပါပဲ၊ အဲဒါဟာ နံတိုင်း နံတိုင်း နှာခေါင်းနဲ့ အနံ့ကိုမှီပြီး အသစ် အသစ်ဖြစ်နေပါတယ်။
ဒါကြောင့် နံတိုင်းနံတိုင်း နံတယ်နံတယ်လို့ ရှုမှတ်နေတဲ့ယောဂီမှာ သမာဓိဉာဏ် ရင့်လာတဲ့အခါ ဒီလိုသိနိုင်ပါတယ်၊ နံတယ်ဆိုတာ အကြောင်းမရှိပဲနဲ့ အလိုလို ဖြစ်တာလဲ မဟုတ်ဘူး၊ တစုံတယောက်ကပြုလုပ်ပေးလို့ ဖန်ဆင်းပေးလို့ဖြစ်တာလဲ မဟုတ်ဘူး၊ အမှန်မှာတော့ နှာခေါင်းကလဲ ရှိလို့ နံစရာကလဲ ရှိလို့ဖြစ်တာပဲ၊ နှာခေါင်းနဲ့အနံ့ ဒီနှစ်မျိုးကိုမှီပြီးတော့ဖြစ်တာပဲ၊ နံတတ်တဲ့ပုဂ္ဂိုလ်ရယ်လို့ မရှိဘူး၊ နှာခေါင်းနဲ့အနံ့ဆိုတဲ့ အကြောင်းတရားကြောင့် နံသိမှုဆိုတဲ့ အကျိုးတရားမျှ ဖြစ်တာပဲ ရှိတယ်လို့ ဒီလို သဘောပေါက်နိုင် သိနိုင်ပါတယ်၊ ကဲ-ဆိုကြရမယ်။
နှာခေါင်းနဲ့ အနံ့ကိုမှီ၍ နံသိမှု ဖြစ်သည်။
အဲဒီလို နှာခေါင်းထဲမှာကျလာတဲ့ အနံ့ကို နံသိလိုက်တော့ နှာခေါင်းရယ် အနံ့ရယ် နံသိတဲ့စိတ်ရယ် ဒီသုံးမျိုး ဆုံမိသွားတယ်၊ ဒီသုံးမျိုးဆုံမိတဲ့အခါမှာ အနံ့အာရုံကို ထင်ရှားတွေ့သွားတယ်၊ အဲဒါကို ဖဿလို့ခေါ်တယ်၊ ဒီအနံ့နဲ့တွေ့ပုံကတော့ လူတိုင်းမှာပဲ ထင်ရှားတတ်ပါတယ်၊ ညှော်နံ့တို့ အပုပ်နံ့တို့နဲ့တွေ့လိုက်ပုံများ နှာခေါင်းထဲ အနံ့ဆိုးက ဝင်တိုက်လိုက်သလိုပဲ ထင်ရှားတတ်ပါတယ်၊ ရေမွှေးနံ့တို့ ပန်းနံ့တို့နဲ့ တွေ့ပုံလဲ ထင်ရှားတာပါပဲ၊
ထူးတာကတော့ ပကတိလူတွေမှာ ငါက တွေ့သွားတယ်လို့ ထင်တယ်၊ ရှုမှတ်နေတဲ့ ယောဂီမှာတော့ နှာခေါင်းရယ် အနံ့ရယ် နံသိတာရယ် ဒီသုံးခု ဆုံမိပြီးတွေ့သွားတဲ့ သဘောတရားမျှပဲလို့လဲ ထင်ရှားတယ်၊ ဉာဏ်ရင့်နေတဲ့အခါဆိုယင် တွေ့ပြီးယင်း ပျောက်သွားယင်း တွေ့ပြီးယင်း ပျောက်သွားယင်းနဲ့ ခဏမစဲ ပျောက်ပျက်နေတဲ့ သဘော မမြဲတဲ့သဘောပဲလို့လဲ ထင်ရှားတယ်၊ အဲဒါဟာ ပကတိ လူတွေရဲ့ထင်ပုံနဲ့ ယောဂီရဲ့သိပုံ ထူးခြားချက်ပါပဲ၊ ကဲ-ဆိုကြရမယ်။
နှာခေါင်း အနံ့ နံသိမှု-ဟူသော တရားသုံးပါးဆုံမိလို့ နံတွေ့မှု ဖဿ ဖြစ်သည်။
အဲဒီလို အနံ့ကိုနံပြီး တွေ့သွားယင် နံရတဲ့အနံ့ အကောင်း အဆိုးလိုက်ပြီး ခံစားမှု ဝေဒနာ အကောင်း အဆိုးတွေကလဲ ထိုက်သည်အားလျော်စွာ ဖြစ်ကြတော့တာပဲ၊ ပန်းနံ့ ရေမွှေးနံ့ နံ့သာနံ့ဆိုတဲ့ ဒီလိုအနံ့ ကောင်းကလေးများကို နံတွေ့ရတဲ့အခါ နှာခေါင်းထဲမှာ သာသာယာယာနဲ့ကောင်းသွားတဲ့ သုခဝေဒနာဖြစ်တယ်၊ အနံ့ခံရလို့ ရှူရလို့ ကောင်းတဲ့သဘောပါပဲ၊
ပုပ်တဲ့အနံ့ ညှီတဲ့အနံ့ဆိုတဲ့ ဒီလိုအနံ့ဆိုးများကို နံတွေ့ရတဲ့အခါ နှာခေါင်းထဲမှာ မခံသာတဲ့ အခံရခက်တဲ့ ဒုက္ခဝေဒနာဖြစ်တယ်၊ နံနေကျရိုးရိုးအနံ့ကို နံတွေ့ရတဲ့ အခါမှာတော့ မကောင်းမဆိုး ရိုးရိုးခံစားမှု ဥပေက္ခာဝေဒနာဖြစ်တယ်၊ အဲဒီလိုအခါမှာတော့ နံမှုနဲ့စပ်ပြီး ခံစားရမှုရှိတယ် လို့တောင် မသိရပဲ ရှိတတ်တယ်၊ အဲဒါဟာ ဥပေက္ခာက သိမ်မွေ့လို့ မထင်ရှားတဲ့ သဘောပါပဲ၊ ကဲ-ဆိုကြရမယ်။
နံတွေ့မှု ဖဿကြောင့် ခံစားမှု ဝေဒနာဖြစ်သည်။
ဖြစ်ခိုက်နာမ်ရုပ်ကို ရှုမှတ်လို့ သမာဓိဉာဏ် ရင့်လာတဲ့အခါကျတော့ ထင်ရှား ပေါ်လာတဲ့ နံသိမှုကို နံတယ် နံတယ်လို့ ရှုမှတ်နေယင်း နံလို့ကောင်းတဲ့သဘော နံလို့မကောင်းတဲ့သဘော အလယ်အလတ် သဘောဆိုတဲ့ ဒီခံစားမှုဝေဒနာ ကလေးများဟာ အနံ့နဲ့တွေ့လိုက် ဖြစ်ပေါ်ပြီး ပျောက်သွားလိုက် အနံ့နဲ့တွေ့လိုက် ဖြစ်ပေါ်ပြီး ပျောက်သွားလိုက်နဲ့ ခဏမစဲ ဖြစ်ပျက်နေတာကို ကိုယ်ပိုင်ဉာဏ်နဲ့ပဲ သိသိသွားပါလိမ့်မယ်။
ဇိဝှါဒွါရခေါ် လျှာမှ ဝိညာဏ် ဖဿ ဝေဒနာ ဖြစ်ပျက်နေပုံ
ဇိဝှဉ္စ ပဋိစ္စ ရသေ စ ဥပ္ပဇ္ဇတိ ဇိဝှါဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ။
ဇိဝှဉ္စ ပဋိစ္စ၊ လျှာရုပ်ကိုလဲ စွဲမှီ၍။
ရသေ စ ပဋိစ္စ၊ အရသာတို့ကိုလဲ စွဲမှီ၍။
ဇိဝှါဝိညာဏံ၊ စားသိမှု ဇိဝှါဝိညာဏ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်ပေါ်၏။
တိဏ္ဏံ၊ လျှာအရသာ စားသိမှုဟူသော တရားသုံးပါးတို့၏။
သင်္ဂတိ၊ ဆုံမိခြင်းဟူသော။
ဝါ၊ ဆုံမိခြင်းကြောင့်။
ဖဿော၊ အရသာကိုတွေ့မှု ဖဿသည်။
သမ္ဘဝတိ၊ ဖြစ်ပေါ်၏။
ဖဿပစ္စယာ၊ အရသာကိုတွေ့မှု ဖဿဟူသော အကြောင်းကြောင့်။
ဝေဒနာ၊ ခံစားမှု ဝေဒနာသည်။
သမ္ဘဝတိ၊ ဖြစ်ပေါ်၏။
ဆိုလိုတာကတော့ စားသိတယ် အရသာသိတယ်ဆိုတာ လျှာအကြည်ဆိုတဲ့ ရုပ်ကလဲရှိပါမှ အရသာကလဲ လျှာပေါ်ရောက်ပြီး ရှိပါမှ ဖြစ်နိုင်တယ်၊ ဒီနေရာမှာတော့ လျှာမရှိတဲ့လူရယ်လို့မရှိပေဘူး၊ ဒါပေမယ့် ရှိတဲ့လျှာရုပ်က ပျက်နေယင် အရသာမပေါ်ပဲ ဖြစ်နိုင်ပါတယ်၊ ဒါကြောင့် လျှာရုပ်ကလဲ ကောင်းနေပါမှ အရသာကို ကောင်းကောင်းသိနိုင်ပါတယ်၊ လျှာပေါ်မှာ အရသာ မရှိယင် မသိနိုင်တာကတော့ ထင်ရှားပါတယ်၊
ပန်းကန်ပြားထဲမှာ စားစရာတွေ ရှိနေပေမယ့် လျှာပေါ်မရောက် သေးယင် အဲဒီအရသာတွေကို မသိနိုင်သေးဘူး၊ လျှာပေါ်ရောက်ပြီး လျှာအကြည်ရုပ်နဲ့ တိုက်ခိုက်မိမှ အဲဒီအရသာတွေ ချိုတယ် ချဉ်တယ် စသည်ဖြင့် သိရတယ်၊ ဒါကြောင့် စားသိမှု အရသာသိမှုဟာ လျှာရယ် အရသာရယ် ဒီအကြောင်း ၂-ပါးကို မှီပြီးတော့ ဖြစ်ပေါ်တယ်။
ပကတိလူတွေကတော့ ဒီစားသိရာမှာလဲ မူလကရှိနေတဲ့ ငါကပဲစားပြီး အရသာကို သိသွားတယ်လို့ ဒီလို ထင်မှတ်နေကြတယ်၊ အဲဒီလို မဟုတ်ဘူး၊ လျှာထဲက လျှာအကြည်ရုပ် ဆိုတာတွေကလဲ ခဏမစဲ အသစ်အသစ် ဖြစ်ပျက်နေတယ်၊ ရေစီး ကြောင်းထဲက ရေတွေ မပြတ်စီးသွားနေသလိုပါပဲ၊ ရုပ်ဟောင်းတွေကပျောက် ရုပ်သစ်တွေကဖြစ်နဲ့ လျှာအကြည်ရုပ်တွေဟာ အသစ်အဟောင်း အမြဲမပြတ် ပြောင်းလဲနေတယ်၊
အဲဒီလို မပြတ်ဖြစ်ပျက်နေရာမှာ ဖြစ်ပြီးခါစ မပျက်သေးတဲ့ လျှာအကြည်ရုပ်ပေါ်မှာ ဝါးလိုက်တဲ့ အစာထဲက အရသာရုပ်က ရောက်သွားတယ်၊ အဲဒီတော့ အဲဒီအရသာကိုသိတဲ့ ဇိဝှါဝိညာဏ်ဆိုတဲ့ စိတ်ကလေးက ဖြစ်ပေါ် လာတယ်၊
ဒီနေရာမှာ မြင်ရာကြားရာတုန်းက ပြောခဲ့သလိုပဲ လျှာပေါ်ရောက်လာတဲ့ အရသာကို ဆင်ခြင်တဲ့စိတ်က ရှေးဦးစွာဖြစ်တယ်၊ အဲဒီစိတ်ပြီးမှ အရသာကိုသိတဲ့ ဒီစိတ်က ဖြစ်တယ်၊ သူပြီးတော့လဲ အဲဒီအရသာကို ဆက်လက်ပြီး အာရုံပြုကြတဲ့ သမ္ပဋိစ္ဆိန်း သန္တီရဏ ဝုဋ္ဌောဇော တဒါရုံ-ဆိုတဲ့ စိတ်တွေလဲ ဖြစ်သွားသေးတယ်၊
ဒါပေမယ့် ဖြစ်ပုံကမြန်လွန်းလို့ အရသာကို သိသွားတာ စိတ်ကတကြိမ်တည်းလို့ပဲ ထင်ရတယ်၊ အဲဒီ စိတ်အစဉ်တွေထဲက အရသာကိုသိတဲ့ ဇိဝှါဝိညာဏ် ဆိုတဲ့စိတ်ဟာ ဒီမှာ ပြောလိုရင်းပါပဲ၊ ဒီစိတ်က အရသာကို စားသိတိုင်း စားသိတိုင်း လျှာနဲ့အရသာကို စွဲမှီပြီး အသစ်အသစ် ဖြစ်နေပါတယ်၊ ချိုတယ်, ချဉ်တယ်, ဆိမ့်တယ်, ငန်တယ်, ဖန်တယ်, ခါးတယ် စသည်ဖြင့် သိတဲ့စိတ်ကလေးပေါ့။
ဒါကြောင့် အရသာကို စားသိတိုင်း ချိုတယ်ချဉ်တယ်စသည်ဖြင့် ရှုမှတ်နေတဲ့ ယောဂီမှာ သမာဓိဉာဏ်ရင့်လာတဲ့အခါ ဒီလို သိနိုင်ပါတယ်၊ အရသာကို သိတယ် ဆိုတာ အကြောင်းမရှိပဲနဲ့ အလိုလိုဖြစ်တာလဲ မဟုတ်ဘူး၊ တစုံတယောက်က ပြုလုပ်ပေးလို့ ဖန်ဆင်းပေးလို့ ဖြစ်တာလဲ မဟုတ်ဘူး၊
အမှန်မှာတော့ လျှာကလဲ ရှိလို့ အရသာကလဲ ရှိလို့ ဖြစ်တာပဲ၊ လျှာနဲ့အရသာ ဒီနှစ်မျိုးကို မှီပြီးတော့ ဖြစ်တာပဲ၊ စားသိတတ်တဲ့ ပုဂ္ဂိုလ်ရယ်လို့ မရှိဘူး၊ လျှာနဲ့ အရသာဆိုတဲ့ အကြောင်းတရား ကြောင့် အရသာသိမှု ဆိုတဲ့ အကျိုးတရားမျှ ဖြစ်တာပဲ ရှိတယ်လို့ ဒီလို သဘောပေါက်နိုင် သိနိုင်ပါတယ်၊ ကဲ-ဆိုကြရမယ်။
လျှာနဲ့ အရသာကို မှီ၍ အရသာသိမှု-စားသိမှု ဖြစ်သည်။
အဲဒီလို လျှာပေါ်မှာကျလာတဲ့ အရသာကို သိလိုက်တော့ လျှာရယ် အရသာရယ် စားသိတာရယ် ဒီသုံးမျိုး ဆုံမိသွားတယ်၊ ဒီသုံးမျိုးဆုံမိတဲ့အခါမှာ အချိုအချဉ် အစရှိတဲ့အရသာကို ထင်ရှားတွေ့သွားတယ်၊ အဲဒါကို ဖဿလို့ခေါ်တယ်၊ ဒီ အရသာနဲ့တွေ့ပုံလဲ လူတိုင်းမှာ ထင်ရှားနေပါတယ်၊ စားသောက်တိုင်း ဒီအရသာကို တွေ့နေကြတာပဲ၊
ဒါပေမယ့် ထူးတာကတော့ ပကတိလူတွေမှာ ငါက အရသာကို တွေ့တယ်၊ အရသာကို တွေ့နေတာဟာ ငါပဲလို့ ထင်နေကြပါတယ်၊ စားယင်း သောက်ယင်း ကြည့်တာကစပြီး “ကြည်တယ်မြင်တယ် ကြွတယ်ကြွတယ် လှမ်းတယ်လှမ်းတယ် ယူတယ်ယူတယ် ထည့်တယ် ခွံ့တယ် ချတယ်ချတယ် ဝါးတယ်ဝါးတယ် ချိုတယ်ချဉ်တယ် သိတယ်”စသည်ဖြင့် မပြတ်ရှုမှတ်နေတဲ့ ယောဂီမှာတော့ လျှာရုပ်ရယ် အရသာရုပ်ရယ် သိတာရယ် ဒီသုံးခုဆုံမိပြီး တွေ့သွားတဲ့သဘောမျှပဲ၊ အရသာပေါ်သွားတဲ့ သဘောမျှပဲလို့ ထင်ရှားသိပါတယ်၊
ဉာဏ်ရင့်နေတဲ့အခါဆိုယင် အရသာပေါ်ပြီးယင်း ပျောက်သွားယင်း, ပေါ်ပြီးယင်း ပျောက်သွားယင်းနဲ့ အဲဒီ အရသာပေါ်တာကို တွေ့တဲ့သဘောဟာ ခဏမစဲ ပျက်နေတာပဲ မမြဲတဲ့သဘောပဲလို့လဲ ထင်ရှားသိပါတယ်၊ အဲဒါဟာ ပကတိ လူတွေရဲ့ ထင်နေပုံနဲ့ ယောဂီရဲ့အသိထူးခြားချက်ပါပဲ၊
ဒီအရသာတွေ့မှုကလေး ကြာရှည်မတည်ပုံ တိုတောင်းပုံ မမြဲပုံကတော့ ဆင်ခြင်ကြည့် ရုံနဲ့တောင် ထင်ရှားနေပါတယ်၊ လျှာပေါ်ရောက်လာလို့ ချိုတယ် ချိုတယ် ချဉ်တယ် ချဉ်တယ်လို့ ဒီလို အာရုံပြုနေတုန်းမှာပဲ ပျောက်ပျောက်သွားတယ်၊ အင်မတန် ထင်ရှားပါတယ်၊ ကဲ-ဆိုကြရမယ်။
လျှာ အရသာ စားသိမှုဟူသော တရားသုံးပါး ဆုံမိလို့ အရသာတွေ့မှု ဖဿ ဖြစ်သည်။
အဲဒီလို အရသာကို တွေ့သွားယင် အရသာ အကောင်း အဆိုးလိုက်ပြီး ခံစားမှုဝေဒနာ အကောင်း အဆိုးတွေကလဲ ထိုက်သည်အားလျော်စွာ ဖြစ်ကြတော့ တာပဲ၊ ထမင်းကောင်း ဟင်းကောင်း မုန့်ကောင်း အသီးအရသာကောင်းတွေကို စားရတဲ့အခါ လျှာထဲမှာ ကောင်းသွားတယ်၊ ကောင်းလိုက်တာ ကောင်းလိုက်တာ လို့လဲ ချီးမွမ်းပြောဆိုတတ်ကြတယ်၊ သုခဝေဒနာတွေ ဖြစ်သွားတာပါပဲ၊ ကိုယ်စားနေကျလို မကောင်းတဲ့အစာကို စားရတဲ့အခါ အထူးအားဖြင့် ဆေးခါးကြီးများကို စားသောက် ရတဲ့ အခါမှာ လျှာထဲမှာ မခံသာတဲ့ ဒုက္ခဝေဒနာ ဖြစ်တယ်၊ ဆိုးလိုက်တဲ့ အရသာလို့လဲ ညည်းညူတတ်ကြတယ်၊ မကောင်းမဆိုး ရိုးရိုးစားနေကျ အစာမျိုးကို စားရတဲ့အခါမှာတော့ မကောင်းမဆိုး ရိုးရိုးခံစားမှု ဥပေက္ခာဝေဒနာဖြစ်တယ်၊
ဒါပေမယ့် ကုသိုလ်ကံကြောင့် မှန်မှန်စားနေရတာ ဖြစ်တဲ့အတွက် ကုသိုလ်၏အကျိုး ကုသလဝိပါက်ပါပဲ၊ ကုသလဝိပါက်ဆိုတော့ ဥပေက္ခာပေမယ့် သုခသဘောရှိပါတယ်၊ သုခသဘောရှိတဲ့အတွက် အဲဒီလို စားနေရတာကို သာယာနှစ်သက်မှုကတော့ ရှိနေတာပါပဲ၊ ကဲဆိုကြရမယ်။
အရသာကို စားတွေ့မှု-ဖဿကြောင့် ခံစားမှုဝေဒနာ ဖြစ်သည်။
ဖြစ်ခိုက်ရုပ်နာမ်ကို ရှုမှတ်လို့ သမာဓိဉာဏ်ရင့်နေတဲ့ ယောဂီမှာ စားသောက်တိုင်း ဝါးတယ် ဝါးတယ်စသည်ဖြင့် ရှုမှတ်နေယင်း စားလို့ကောင်းတဲ့သဘော မကောင်းတဲ့ သဘော အလယ်အလတ် သဘောဆိုတဲ့ ခံစားမှု ဝေဒနာ ကလေးများဟာ အရသာ ပေါ်တိုင်း ဖြစ်ပြီးပျောက်သွား, ဖြစ်ပြီးပျောက်သွားနဲ့ တခုပြီးတခု ဖြစ်ပျက်နေတာကို ကိုယ်ပိုင်ဉာဏ်နဲ့ပဲ သိသွားပါတယ်၊ ဇိဝှါဝိညာဏ် ဖဿ ဝေဒနာအကြောင်းကတော့ သဘောပေါက်လောက်ပါပြီ၊ ကာယဝိညာဏ် ဖဿ ဝေဒနာအကြောင်းကို ပြောကြစို့။
ကာယဒွါရခေါ် ကိုယ်အကြည်မှ ဝိညာဏ် ဖဿ ဝေဒနာ ဖြစ်ပျက်နေပုံ
ကာယဉ္စ ပဋိစ္စ ဖောဋ္ဌဗ္ဗေ စ ဥပ္ပဇ္ဇတိ ကာယဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ။
ကာယဉ္စ ပဋိစ္စ၊ ကိုယ်အကြည်ရုပ်ကိုလဲ စွဲမှီ၍။
ဖောဋ္ဌဗ္ဗေ စ ပဋိစ္စ၊ အတွေ့ရုပ်တို့ကိုလဲ စွဲမှီ၍။
ကာယဝိညာဏံ၊ ထိသိမှု ကာယဝိညာဏ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်ပေါ်၏။
တိဏ္ဏံ၊ ကိုယ်အကြည် အတွေ့ရုပ် ထိသိမှုဟူသော တရားသုံးပါးတို့၏။
သင်္ဂတိ၊ ဆုံမိခြင်းဟူသော။
ဝါ၊ ဆုံမိခြင်းကြောင့်။
ဖဿော၊ အတွေ့အာရုံကို တွေ့မှု ဖဿသည်။
သမ္ဘဝတိ၊ ဖြစ်ပေါ်၏။
ဖဿပစ္စယာ၊ အတွေ့အာရုံကိုတွေ့မှု ဖဿဟူသောအကြောင်းကြောင့်။
ဝေဒနာ၊ ခံစားမှု ဝေဒနာသည်။
သမ္ဘဝတိ၊ ဖြစ်ပေါ်၏။
ဆိုလိုတာကတော့ ထိသိတယ်ဆိုတာ ကိုယ်အကြည်ရုပ်နဲ့ တွေ့ထိစရာ ရုပ်ကို စွဲမှီပြီးဖြစ်တယ်၊ အဲဒီလို ထိသိတဲ့အခါမှာ ကိုယ်အကြည်ရုပ်ရယ် ထိသိစရာရုပ်ရယ် ထိသိမှုရယ် ဒီသုံးခု ဆုံမိသွားလို့ ထိစရာရုပ်ကို တိုက်ခိုက်ပြီး တွေ့သွားတယ်၊ အဲဒီလို တွေ့တဲ့အတွက် အကောင်းအဆိုး အလယ်အလတ်အားဖြင့် ခံစားမှု သုံးပါး ဖြစ်ပေါ်တယ်လို့ အတိုချုပ်အားဖြင့် ဆိုလိုပါတယ်။
ဒီနေရာမှာတော့ နဲနဲချဲ့ပြီး ပြောရလိမ့်မယ်၊ ဘာကြောင့်လဲဆိုယင် မြင်တယ် ဆိုတာက မျက်စိနှစ်လုံး နှစ်ဌာနပဲရှိတယ်၊ ကြားတယ်ဆိုတာလဲ နားနှစ်ဖက် နှစ်ဌာနပဲရှိတယ်၊ နံတယ်ဆိုတာလဲ နှာခေါင်းနှစ်ပေါက် နှစ်ဌာနပဲရှိတယ်၊စားသိတယ် ဆိုတာကတော့ လျှာတဌာနတည်းရှိတယ်၊
အဲဒီ မြင်တာကြားတာ နံတာစားသိတာ ၄-မျိုးလုံးဟာ ခေါင်းထဲက တစိတ်တဒေသ အရပ်မှာသာရှိတယ်၊ ဒါကြောင့် ဖြစ်ရာဌာနအားဖြင့်လဲ မကျယ်ဝန်းဘူး၊ ဖြစ်ချိန်ကာလ အားဖြင့်လဲ အဲဒီ ၄-မျိုးက ရံဖန်ရံခါသာ ဖြစ်တယ်၊ စားသိတယ်ဆိုတာက စားနေခိုက် မှာသာ ဖြစ်တယ်၊ နံသိတာကလဲ အနံ့ ထင်ရှားရှိတဲ့အခါမှ ဖြစ်တယ်၊ ကြားတယ် ဆိုတာကလဲ ကြားစရာ အသံရှိခိုက်မှာမှ ဖြစ်တယ်၊ မြင်တာကလဲ မျက်စိဖွင့်ပြီး ကြည့်နေတဲ့အခါမှ ဖြစ်တယ်၊ မျက်စိမှိတ်ထားတဲ့အခါ အစရှိတဲ့တခြား အချိန်တွေမှာ ဆိုယင် အဲဒီ မြင်မှု ကြားမှု နံမှု စားသိမှု ဆိုတာတွေက မဖြစ်နိုင်ဘူး၊
ယခုပြောနေတဲ့ ထိသိမှုကတော့ အသွေးအသားစိုနေတဲ့ ကောင်းနေတဲ့ တကိုယ်လုံးမှာ နေရာတိုင်းက ဖြစ်နိုင်တယ်၊ နှလုံးသွင်းကြည့်ယင် ဘယ်အချိန်မဆို တနေရာရာက ထိသိမှုရှိနေတာပဲ၊ ဒါကြောင့် ဖြစ်ရာဌာနအားဖြင့်လဲ ကျယ်ဝန်းတယ်၊ ဖြစ်ချိန် အားဖြင့်လဲ ကျယ်ပြန့်တယ်၊ နောက်ပြီးတော့ တရားအားထုတ်ခါစ ဝိပဿနာယာနိက ယောဂီဆိုယင် ဒီအတွေ့အထိကိုပဲ အများဆုံး ရှုမှတ်နေရတယ်၊ ဒါကြောင့် ဒီထိသိရာမှာ နဲနဲချဲ့ပြီး ပြောရမယ်။
ကိုယ်အကြည်ရုပ်က တကိုယ်လုံးမှာ ရှိနေတယ်
အတွေ့အထိကို ဖမ်းယူနိုင်တဲ့ ကိုယ်အကြည်ရုပ်က တကိုယ်လုံးမှာ အနှံ့အပြား တည်ရှိနေတယ်၊ အသားအသွေး စိုနေတဲ့ နေရာတိုင်းမှာ သူကရှိနေတယ်၊ တကိုယ်လုံးမှာ အပ်တဖျားစာတောင် အလွတ်အလပ် မရှိဘူး၊ ဒါကြောင့် အပြင်က ရုပ်နဲ့ဖြစ်ဖြစ်၊ ကိုယ်တွင်းက ရုပ်နဲ့ဖြစ်ဖြစ် တိုက်ထိပြီး နေရာတိုင်းက ထိသိမှု ဖြစ်နိုင်တယ်၊
အဲဒီ ကိုယ်အကြည်ရုပ်တွေဟာလဲ အမြဲတည်နေတာတော့မဟုတ်ဘူး၊ ခဏမစဲ အသစ်အသစ် ဖြစ်ပျက်နေတယ်၊ ရေစီးကြောင်းထဲက ရေတွေ မပြတ်စီးသွား နေသလိုပါပဲ၊ တနည်းဥပမာအားဖြင့်ဆိုယင် ဓာတ်မီးဖန်သီးလုံးထဲမှာ လျှပ်စစ်ဓာတ် အားတွေ အသစ်အသစ်လာရောက်ပြီး မီးပွင့်နေတာနဲ့လဲ တူပါတယ်၊ ရုပ်ဟောင်းတွေ ကပျောက် ရုပ်သစ်တွေကဖြစ်နဲ့ ကိုယ်အကြည်ရုပ်တွေဟာ အသစ်အဟောင်း အမြဲမပြတ် ပြောင်းလဲနေတယ်။
အဲဒီလို မပြတ်ဖြစ်ပျက်နေရာမှာ ဖြစ်ပြီးခါစ မပျက်သေးတဲ့ ကိုယ်အကြည်ရုပ်မှာ ကိုယ်တွင်းကဖြစ်ဖြစ် အပြင်ကဖြစ်ဖြစ် တွေ့ထိစရာရုပ် တမျိုးမျိုးက ဝင်တိုက်မိတယ်၊ အဲဒီလိုတိုက်မိတော့ အဲဒီ တိုက်မိတဲ့ရုပ်ကို ထိသိပြီး ကာယဝိညာဏ်ဆိုတဲ့ စိတ် ကလေးက ဖြစ်ပေါ်လာတယ်၊ ဒီနေရာမှာလဲ မြင်ရာ ကြားရာတုန်းက ပြောခဲ့သလိုပဲ ကိုယ်အကြည်မှာ တိုက်လိုက်လာတဲ့ ထိစရာရုပ်ကို ဆင်ခြင်တဲ့စိတ်က ရှေးဦးစွာဖြစ်တယ်၊
အဲဒီစိတ်ပြီးမှ ဒီထိသိစိတ်ကဖြစ်ပေါ်လာတယ်၊ သူပြီးတော့လဲ အဲဒီ ထိရတာကို ဆက်လက်ပြီး အာရုံပြုကြတဲ့ သမ္ပဋိစ္ဆိုန်း သန္တီရဏ ဝုဋ္ဌော ဇော တဒါရုံဆိုတဲ့ စိတ်တွေလဲဖြစ်သွားသေးတယ်။ ဒါပေမယ့် စိတ်တွေဖြစ်ပုံက မြန်လွန်းလို့ စိတ်တကြိမ်ထဲနဲ့ ထိသိ သွားတယ်လို့ ထင်ရတယ်။
အဲဒီ စိတ်အစဉ်တွေထဲက ထိသိတဲ့ ကာယဝိညာဏ်စိတ် ဆိုတာဟာ ဒီမှာ ပြောလိုရင်းပါပဲ၊ ဒီထိသိတဲ့ စိတ်ကတော့ အမြဲလိုပဲ ဖြစ်ပေါ်နေပါတယ်၊ ထင်ရှားတာနဲ့ မထင်ရှားတာလောက်သာ ကွဲပါတယ်၊ ကိုယ်ထဲ နှလုံးမသွင်းပဲ တခြားအာရုံ တခြားကိစ္စတွေကို ကြောင့်ကြစိုက်နေတဲ့အခါမှာ အဲဒီထိသိမှုက မထင်ရှားဘူး၊
ကိုယ်ထဲ နှလုံးသွင်းမိယင်တော့ တနေရာရာက ထိနေတာဟာ ထင်ရှားနေတာပဲ၊ အောက်က ကြမ်းပြင် မြေပြင်နဲ့ထိနေတာ အဝတ်နဲ့ထိနေတာ ခြေလက်အချင်းချင်း ထိနေတာ ကိုယ်ထဲက အသား အသွေးတွေနဲ့ ထိနေတာစသည်ဖြင့် ထိသိမှုဟာ ထင်ရှားရှိနေတာပဲ။
ဒါကြောင့် ကိုယ်ထဲမှာ တနေရာရာက ထင်ရှားထိနေတာကို စူးစိုက်ပြီး ထိတယ် ထိတယ်လို့ ရှုမှတ်နေတဲ့ယောဂီမှာ သမာဓိဉာဏ် အတော်အတန်ကောင်းလာယင် ဒီလို သိနိုင်ပါတယ်၊ ထိသိတယ်ဆိုတာ အကြောင်းမရှိပဲနဲ့ အလိုလိုဖြစ်တာလဲ မဟုတ်ဘူး၊ တစုံတယောက်က ပြုလုပ်ပေးလို့ ဖန်ဆင်းပေးလို့ဖြစ်တာလဲ မဟုတ်ဘူး၊
အမှန်မှာတော့ အသွေးအသားကောင်းတဲ့ ကိုယ်အကြည်ရုပ်ကလဲရှိလို့ ထိစရာ ကလဲရှိလို့ ဖြစ်တာပဲ၊ အသွေးအသား ကောင်းတာနဲ့ ထိစရာဆိုတဲ့ ဒီနှစ်မျိုးကို မှီပြီးတော့ ဖြစ်တာပဲ၊ ထိသိတတ်တဲ့ ပုဂ္ဂိုလ်ရယ်လို့မရှိဘူး၊ အသွေးအသားကောင်းတဲ့ ကိုယ်အကြည်ရုပ်နဲ့ ထိသိစရာဆိုတဲ့ အကြောင်းတရားကြောင့် ထိသိမှုဆိုတဲ့ အကျိုးတရားမျှ ဖြစ်တာပဲ ရှိတယ်လို့ ဒီလိုသဘောပေါက်နိုင် သိနိုင်ပါတယ်၊ ကဲ ဆိုကြရမယ်။
ကိုယ်အကြည်ရုပ်နဲ့ တွေ့ထိစရာကို မှီ၍ ထိသိမှုဖြစ်သည်။
တွေ့ထိစရာဆိုတာ ပါဠိလိုကတော့ ဖောဋ္ဌဗ္ဗလို့ ခေါ်တယ်၊ တွေ့ထိအပ်တဲ့ရုပ် တွေ့ထိနိုင်တဲ့ရုပ် တွေ့ထိစရာရုပ်လို့ပဲ ဆိုလိုပါတယ်၊ ဒီတွေ့ထိစရာရုပ်က ပထဝီ တေဇော ဝါယောလို့ သုံးမျိုးရှိတယ်။
ပထဝီအတွေ့အထိ
▬▬▬▬▬▬
ပထဝီဓာတ်ဆိုတာ “ကက္ခဠလက္ခဏာ-ခက်မာကြမ်းတမ်းခြင်း လက္ခဏာရှိတယ်”လို့ ဆိုတဲ့အတိုင်း ခက်မာကြမ်းတမ်းတဲ့ သဘောပါပဲ၊ ကိုယ်ထဲမှာ အတွေ့အထိ ထင်ရှားရာကို စူးစိုက်ကြည့်ယင်, သို့မဟုတ် လက်နဲ့စမ်းသပ်ကြည့်လို့ရှိယင် ဒီ ခက်မာတဲ့သဘော ကြမ်းတမ်းတဲ့ သဘောကို တွေ့ပါလိမ့်မယ်၊ အဲဒါဟာ ပထဝီဓာတ်ပဲ၊
နူးညံ့တာ တွေ့လိမ့်မယ်၊ အဲဒါလဲ ပထဝီဓာတ်ပဲ၊ ကြမ်းတမ်းတာနဲ့ နူးညံ့တာ တသဘောထဲပါပဲ၊ သူ့ထက်ကြမ်းတာနဲ့ ထောက်ဆယင် သူ့ကို နူးညံ့တယ်လို့ ပြောရတယ်၊ သူ့ထက်နူးညံ့တာနဲ့ ထောက်ဆယင်တော့ သူ့ကိုလဲကြမ်းတယ်လို့ပဲ ပြောရပါတယ်၊
ကတ္တီပါတို့ ဝါဂွမ်းတို့ဆိုတာတွေဟာ သူ့ထက် ကြမ်းတမ်းတာတွေနဲ့ ထောက်ဆ ပြီးတော့ နူးညံ့တယ်လို့လဲ ပြောရပါတယ်၊ ဒါပေမယ့် သူ့ထက် နူးညံ့တဲ့ မျက်လုံးသားကို ထိခိုက်မိမယ်ဆိုယင်တော့ အဲဒီ ကတ္တီပါတို့ ဝါဂွမ်းတို့ ဆိုတာတွေဟာ အကြမ်းတွေ ဖြစ်နေပါတယ်၊
ဒါကြောင့် ကြမ်းတမ်းတယ် နူးညံ့တယ်ဆိုတာဟာ အချင်းချင်း ထောက်ဆပြီး ပြောရတာတွေပဲ၊ အမှန်စစ်စစ်ကတော့ နူးညံ့တာလဲ အမာခံသဘောပါပဲ၊ ပထဝီဓာတ်ပါပဲ၊ နောက်ပြီးတော့ ချောညက်တယ်ဆိုတာလဲ အမာခံသဘော ပထဝီဓာတ်ပဲ၊
ဒါကြောင့် ဒီပထဝီဓာတ်ရဲ့ သဘောလက္ခဏာကို အလွယ်တကူ မှတ်ထားရအောင် “ကြမ်းတမ်းမာခက် ချောညက်တမည်”လို့ ဆောင်ပုဒ် စီထားတယ်၊ ကြမ်းတမ်းတာ ခက်မာတာ ချောညက်တာ နူးညံ့တာ ပထဝီဓာတ် ချည်းပဲလို့ ဆိုလိုပါတယ်၊ ကဲ ဆိုကြရမယ်။
ကြမ်းတမ်း မာခက် ချောညက် တမည်၊
တည်ရာကိစ္စ သူက ပြုသည်။
“ပတိဋ္ဌာနရသာ-တည်ရာကိစ္စရှိတယ်”လို့ အဋ္ဌကထာများမှာ ပြဆိုထားတဲ့အတိုင်း ပထဝီဓာတ် အမာခံသဘောဟာ တပါးသော ဓာတ်တွေရဲ့ တည်ရာကိစ္စရှိတယ်၊ အရာဝတ္ထုခပ်သိမ်းဟာ မြေပေါ်မှာ တည်နေရသလို သူနဲ့တွဲဖက်ရုပ်တွေဟာ သူ့အပေါ်မှာ တည်မှီနေကြရတယ်၊
ဥပမာဆန်မှုန့်တို့ ဂျုံမှုန့်တို့ကို သင့်တော လောက်တဲ့ ရေနဲ့ရောစပ်လိုက်ယင် အတုံးအခဲကြီး ဖြစ်လာတယ်၊ အဲဒီ အတုံးအခဲထဲမှာ ဆန်မှုန့် ဂျုံမှုန့်တွေက အမာခံသဘောရှိလို့ ပထဝီဓာတ်နှင့်တူတယ်၊ ပထဝီဓာတ် လွန်ကဲတဲ့အတွက် ပထဝီလို့လဲ ဆိုနိုင်ပါတယ်၊
အမှုန့်ကလေးတွေကို တွဲကပ်စေတဲ့ ရေကတော့ အာပေါဓာတ် လွန်ကဲတဲ့ ရုပ်အစုပဲ၊ အဲဒီအတုံးအခဲထဲမှာ အေးတဲ့တေဇောဓာတ် သဘောလဲ ပါတယ်၊ တောင့်တင်း ပြန့်ကားစေတဲ့ ဝါယောဓာတ် သဘောလဲ ပါတယ်၊ ဒီတော့ ဒီဆန်မှုန့် ဂျုံမှုန့် အတုံးအခဲထဲမှာ ဓာတ် ၄-ပါးလုံး ပါဝင်နေတယ်၊
အဲဒီ ၄မျိုးထဲက ဆန့်မှုန့် ဂျုံမှုန့်ဆိုတဲ့ အမာခံက ကျန်တဲ့ရေဓာတ် အအေးဓာတ် တောင့်စေတဲ့ဓာတ်တွေရဲ့ တည်ရာ မှီရာ ဖြစ်နေတယ်၊ ရေဓာတ် အစိုဓာတ်ဟာလဲ ဆန်မှုန့် ဂျုံမှုန့်ထဲမှာပဲတည်တယ်၊ အအေးဓာတ်နဲ့ တောင့်တင်းပြန့်ကားစေတဲ့ ဓာတ်တွေဟာလဲ အဲဒီအမှုန့်တွေထဲမှာပဲ တည်တယ်၊
ဒါကြောင့် ဆန်မှုန့် ဂျုံမှုန့်တွေက ရေဓာတ်စသည်တို့ရဲ့ တည်ရာမှီရာ ကိစ္စပြုနေတယ်လို့ ဆိုရသလိုပဲ ပထဝီဆိုတဲ့ အမာခံဓာတ်ကလဲ သူနဲ့တွဲဖက်ဖြစ်တဲ့ ရုပ်တွေရဲ့ တည်ရာမှီရာကိစ္စ ပြုတတ်တယ် ဆောင်ရွက်တတ်တယ်လို့ ဆိုလိုပါတယ်၊ အဲဒါက ပထဝီဓာတ်ရဲ့ ရသပါပဲ။
ဒီလို တည်ရာမှီရာကိစ္စကို ဆောင်ရွက်တတ်တဲ့အတွက် သူက တွဲဖက်ရုပ်တွေကို ထမ်းဆောင်နေသလို လက်ခံနေသလို ယောဂီရဲ့ဉာဏ်ထဲမှာ ထင်ရတယ်၊ အဲဒါကတော့ ပထဝီဓာတ်ရဲ့ ပစ္စုပဋ္ဌာန်တဲ့၊ နောက်ပြီးတော့ လေးတယ် ပေါ့တယ်လို့ ထင်ရတာလဲ ပထဝီဓာတ်ရဲ့ ပစ္စုပဋ္ဌာန်လို့ပဲ ဆိုသင့်ပါတယ်၊ ဒါကြောင့် “ခံလင့် ဆောင်ရေး ပေါ့လေး ထင်သည်”လို့ ဆောင်ပုဒ် စီထားပါတယ်၊ ကဲ ဆိုကြရမယ်။
ခံလင့် ဆောင်ရေး ပေါ့လေးထင်သည်၊
ပထဝီဓာတ် သိမှတ် မြတ်ယောဂီ။
အဘိဓမ္မာပိဋက ဓမ္မသင်္ဂဏီပါဠိတော်နဲ့ သူရဲ့ အဖွင့်အဋ္ဌကထာများမှာ ပထဝီဓာတ်ကို “ဂရုကံ-လေးသည်၊ လဟုကံပေါ့သည်”လို့ ပြဆိုထားပါတယ်၊ ဒါကြောင့်ကြွရာ မ, ရာ လှုပ်ရှားရာမှာ လေးတယ် ပေါ့တယ်လို့ ထင်ရတာကိုလဲ ပထဝီဓာတ်ရဲ့ ပစ္စုပဋ္ဌာန်ထဲမှာ ဘုန်းကြီးက ထည့်သွင်းပြီး ပြထားပါတယ်၊
ကိုယ်ထဲက ထင်ရှားတဲ့ အတွေ့အထိကို စူးစိုက်ပြီး ထိတယ် ထိတယ် ကြွတယ် ချတယ်-စသည်ဖြင့် ရှုမှတ်နေတဲ့ ယောဂီမှာ ကြမ်းတမ်းတယ် ချောညက်တယ် နူးညံ့တယ်လို့ သိယင် ပထဝီဓာတ်ကို လက္ခဏာနဲ့သိတာပဲ၊ အခြားရုပ်တွေရဲ့ တည်ရာပဲ၊ အခြားရုပ်တွေကို တည်ရာအဖြစ်နဲ့ ဆောင်တတ်တယ်လို့ သိယင် ရသနဲ့ သိတာပဲ၊ အခြားရုပ်တွေက ဒီမှာ တည်နေကြတယ်, အခြားရုပ်တွေကို ဆောင်ထားတယ်, လေးတယ် ပေါ့တယ်လို့သိယင် ပစ္စုပဋ္ဌာန်နဲ့သိတာပဲ၊ ဒီလို လက္ခဏာရသ ပစ္စုပဋ္ဌာန်နဲ့သိယင် နာမရူပ ပရိစ္ဆေဒဉာဏ်အရာမှာ သဘောမှန်ကို သိတယ်လို့ ဆိုရတယ်။
ပကတိ လူတွေမှာတော့ ပထဝီလွန်ကဲတဲ့ရုပ်ကို တွေ့ထိတဲ့အခါမှာ လက်ကို ထိတယ်၊ ခြေကို ထိတယ်၊ ကိုယ်ကို ထိတယ်၊ အဝတ်ကို ထိတယ်၊ မိန်းမ ယောက်ျားကို ထိတယ်စသည်ဖြင့် ထင်မှတ်နေကြတယ်၊ အဲဒါတွေကတော့ အသိမှားတွေပဲ၊ ခုတင်ကပြောခဲ့တဲ့အတိုင်း ရှုမှတ်ပြီး သဘောမှန်ကို သိဖို့က အရေးကြီးပါတယ်။ .
တေဇော အတွေ့အထိ
▬▬▬▬▬▬▬▬
တေဇောဓာတ်ဆိုတာ ဥဏှတ္တလက္ခဏာ - ပူခြင်းလက္ခဏာရှိတယ်လို့ ဆိုတဲ့အတိုင်း ပူတဲ့သဘောပါပဲ၊ မီးများလို ပူတဲ့အခိုးအငွေ့သဘောပါပဲ၊ ကိုယ်ထဲမှာ စူးစိုက်ကြည့်ယင် သို့မဟုတ် လက်နဲ့စမ်းသပ်ကြည့်ယင် ဒီပူတဲ့သဘောကိုလဲ တွေ့နိုင်ပါတယ်၊ ထိုင်နေတဲ့ တော်တော်ကြာလာယင် ဖိမိတဲ့နေရာတွေက ပူလာတာပဲ၊ ပူလို့မခံသာတာနဲ့ ရွှေ့ရပြင်ရတယ်၊ စမ်းသပ်ကြည့်ယင်လဲ ပူနေတဲ့ ကိုယ်ငွေ့ကို တွေ့နေရတာပဲ၊ ဒီ ပူတဲ့ တေဇောဓာတ်ကတော့ ထင်ရှားပါတယ်၊
နောက်ပြီးတော့ အေးတယ်ဆိုတာလဲ အားနည်းတဲ့ နုံ့တဲ့ တေဇောဓာတ်ပဲ၊ သူ့ထက်ပူတာနဲ့ ထောက်ဆပြောယင် သူ့ကိုအေးတယ်လို့ပြောရတယ်၊ သူ့ထက်အေးတာနဲ့ ထောက်ပြောယင်တော့ သူ့ကိုလဲ ပူတယ်လို့ ပြောရပြန်တယ်၊
ဥပမာ-နေပူနဲ့စာယင် သစ်ပင်ရိပ်ကိုအေးတယ်လို့ ပြောရတယ်၊ တိုက်ခန်းတို့ တောင်ခေါင်းတို့နဲ့စာယင်တော့ သစ်ပင်ရိပ်ကို ပူတယ်လို့ ဆိုရပြန်တယ်၊အပြင်မှာ ထားတဲ့ ရေနဲ့စာယင် သောက်ရေအိုးထဲက ရေကို အေးတယ်လို့ ဆိုရတယ်၊ ရေခဲရေနဲ့ စာယင်တော့ အဲဒီရေကိုလဲ ပူတယ် နွေးတယ်လို့ ဆိုရပြန်တယ်၊
ဒီတော့ ပူတယ် နွေးတယ် အေးတယ် ဆိုတာတွေဟာ အထက် အနုံ့လိုက်ပြီး ခေါ်ရတာတွေပဲ၊ သဘောရင်းအားဖြင့် တမျိုးထဲပါပဲ၊ ပူတဲ့ တေဇောဓာတ်ချည်းပါပဲ၊ ဒါကြောင့် ဒီတေဇောဓာတ်ရဲ့ သဘောလက္ခဏာကို အလွယ်တကူ မှတ်ထားရအောင် “အပူ အနွေး အအေးတမည်” လို့ ဆောင်ပုဒ်လုပ်ထားတယ်၊ ပူတာ နွေးတာ အေးတာတွေဟာ တေဇောဓာတ်ချည်းပဲလို့ ဆိုလိုပါတယ်၊
ကဲ ဆိုကြရမယ် -
အပူ အနွေး အအေး တမည်၊
ပူငွေ့ပေးလျက် ရင့်ကျက်စေသည်။
ပရိပါစနရသာ-ရင့်ကျက်စေခြင်း ကိစ္စရှိတယ်လို့ အဋ္ဌကထာများမှာ ပြဆိုထားတဲ့ အတိုင်း ပူတဲ့တေဇောဓာတ် အခိုးအငွေ့ဟာ ရင့်ကျက်စေတတ်တယ်၊ အခြား ရုပ်တွေကို ရင့်ကျက်စေတာ တေဇောရဲ့အလုပ်ပါပဲ၊ ဒါကတော့ အလွန်ထင်ရှားပါတယ်၊ ထမင်းဟင်းတွေ ကျက်ရတာဟာ ဒီတေဇောကြောင့်ပဲ၊
သစ်ပင်တွေအဆောက် အအုံတွေ မြေတွေကျောက်တွေ ရင့်ကျက် ဆွေးမြည့်ကုန် တာလဲ နေ-က လာတဲ့ ဒီတေဇောကြောင့်ပဲ၊ လူ့ကိုယ်ထဲက ဆံပင်ဖြူခြင်း သွားကျိုးခြင်း အရေတွန့်ခြင်း စသည်ဖြင့် ရင့်ကျက်အိုမင်းတာတွေလဲ ကိုယ်ထဲမှာ ရှိနေတဲ့ ကိုယ်ငွေ့ခေါ်တဲ့ ဒီတေဇောကြောင့်ပဲ၊ ဒါကြောင့် ပူတာ နွေးတာ အေးတာတွေဟာ ရင့်ကျက်စေတတ်တာတွေချည်းပဲ၊
အပူထက်ယင် မြန်မြန်ရင့်ကျက်စေတယ်၊ အပူနုံ့ယင် ဖြည်းဖြည်း ရင့်ကျက်စေတယ်၊ ဒါလောက်သာ ကွာပါတယ်၊ ရင့်ကျက်စေခြင်းကိစ္စကတော့ ရှိတာချည်းပါပဲ၊ သူနဲ့ထိစပ်မိတဲ့ ရုပ်တွေကို သူက ရင့်ကျက်အောင် လုပ်နေတာပဲ၊ ရင့်ကျက်စေတာဟာ သူ့အလုပ်ပဲလို့ ဆိုလိုပါတယ်၊ ဒီလိုရင့်ကျက်စေတဲ့အတွက် သူနဲ့ထိစပ်မိတဲ့ရုပ်တွေဟာ ပူလောင်ပြီး နူးညံ့လာကြတယ်၊ ဒါလဲ ထင်ရှားပါတယ်၊
နေပူခံရတဲ့အခါ ကိုယ်ကရုပ်တွေဟာ နူးညံ့ညက်ညောလာတယ်၊ နေပူထိတဲ့ ဖယောင်းများကျတော့ အရေတောင် ပျော်သွားသေးတယ်၊ ဒါကြောင့် ဒီအခိုးအငွေ့ တေဇောဓာတ်ကို မဒ္ဒဝါနုပ္ပဒါနပစ္စုပဋ္ဌာနာ - နူးညံ့ပျော့ပျောင်းခြင်းကို ပေးတတ်တဲ့ အနေအားဖြင့် ယောဂီရဲ့ဉာဏ်ထဲမှာ ထင်ပေါ်တတ်တယ်လို့ ဆိုထားပါတယ်၊ ပူတယ်ပူတယ်လို့ ရှုမှတ်နေယင်း နူးညံ့ပျော့ပျောင်းစေတတ်တဲ့ သဘောပဲလို့ ဉာဏ်ထဲ ထင်ပေါ်လာတာမျိုးကို ဆိုတာပါပဲ၊ အဲဒီ ပစ္စုပဋ္ဌာန်ကို ဘုန်းကြီးက “နူးညံ့ ပျော့ပျောင်း ဆင့်လောင်းပေးသည်” လို့ ဆောင်ပုဒ်လုပ်ထားတယ်။
ကဲ ဆိုကြရမယ် -
နူးညံ့ ပျော့ပျောင်း ဆင့်လောင်းပေးသည်၊
တေဇောဓာတ် သိမှတ် မြတ်ယောဂီ။
ကိုယ်ထဲမှာ ပူတာအေးတာ ထင်ရှားတဲ့အခါ ပူတယ်, ပူတယ်စသည်ဖြင့် ရှုမှတ်နေယင် ပူတဲ့နွေးတဲ့ အေးတဲ့သဘောမျှလို့ပဲ သိနိုင်ပါတယ်၊ အဲဒါ တေဇောဓာတ်ကို သဘာဝလက္ခဏာနဲ့ သိတာပဲ၊ ရင့်ကျက်စေတဲ့ သဘောပဲလို့လဲ တခါတရံ သိလိမ့်မယ်၊ အဲဒါက ရသနဲ့သိတာပဲ၊ နူးညံ့ပျော့ပျောင်းစေတယ်လို့လဲ တခါတရံ သိလိမ့်မယ်၊ အဲဒါက ပစ္စုပဋ္ဌာန်နဲ့သိတာပဲ၊ ဒီလို လက္ခဏာ ရသ ပစ္စုပဋ္ဌာန်နဲ့ သိယင် နာမရူပပရိစ္ဆေဒဉာဏ်အရာမှာ သဘောမှန်ကို သိတယ်လို့ ဆိုရတယ်။
ပကတိလူတွေကတော့ တေဇောလွန်ကဲတဲ့ရုပ်ကို တွေ့ထိတဲ့အခါမှာ ပူတဲ့လက်ကို ထိတယ် အေးတဲ့လက်ကိုထိတယ် အဝတ်ကိုထိတယ် မိန်းမ ယောက်ျားကို ထိတယ်စသည်ဖြင့် အထည်ဒြပ် ပုဂ္ဂိုလ်အနေနဲ့ ထင်မှတ်နေကြတယ်၊ အဲဒါတွေ ကတော့ ပကတိအသိတွေ အယူမှားတွေပဲ၊ အမှန်ကတော့ ခုတင်က ပြောခဲ့တဲ့ အတိုင်း ပူတဲ့သဘောမျှ အေးတဲ့သဘောမျှ စသည် အနေအားဖြင့် သိဖို့ သဘောကျဖို့က အရေးကြီးပါတယ်။ .
ဝါယော အတွေ့အထိ
▬▬▬▬▬▬▬▬
ဝါယောဓာတ်ဆိုတာ ဝိတ္ထမ္ဘနလက္ခဏာ - ထောက်ကန် တောင့်တင်းခြင်း လက္ခဏာ ရှိတယ်လို့ ဆိုတဲ့အတိုင်း ထောက်ကန်တဲ့သဘော တောင့်တင်းတဲ့သဘောပါပဲ၊ ဒီနေရာမှာ ထောက်ကန်တယ်ဆိုတာက စာပေကျမ်းဂန်ထဲမှာ သုံးတဲ့စကားပဲ၊ အရပ်ထဲမှာတော့ များများသုံးလေ့မရှိဘူး၊ အိမ်အိုကျောင်းအိုများကို လဲကျ မသွားအောင် ကျားကန်တယ်-ကျားထောက်တယ် ဆိုတာရှိတယ်၊ အောက်ကို ကျွံကျမသွားရအောင် တုတ်နဲ့တိုင်နဲ့ ထောက်တယ်ဆိုတာလဲရှိတယ်၊
ယက္ကန်း ရက်ရာမှာ နယ်ကန်တယ် ဆိုတာလဲရှိတယ်၊ ဒီလိုနဲနဲလောက်ပဲ သုံးလေ့ ရှိပါတယ်၊ အများအားဖြင့်တော့ တောင့်တင်းတယ်လို့ ပြောလေ့ရှိကြပါတယ်၊ ယခု ထိုင်နေယင်း ခါးဆန့်ပြီး ကိုယ်ကိုမတ်မတ်ထားပါ၊ ကိုယ်ထဲ စိတ်နဲ့စိုက်ကြည့်ပါ၊ ဘာတွေ့သလဲ၊ တောင့်နေတာ တင်းနေတာကို တွေ့ပါလိမ့်မယ်၊ လက်မောင်းကို ဆန့်တန်းပြီးတော့ လက်ထဲ စိတ်နဲ့စိုက်ကြည့်ပါ၊ ဘာတွေ့သလဲ၊ တောင့်နေတာ တင်းနေတာကို တွေ့ပါလိမ့်မယ်၊
အဲဒီ တောင့်တင်းတာဟာ ဝိတ္ထမ္ဘနလက္ခဏာပဲ၊ ဝါယောဓာတ်ပဲ၊ ဒါကြောင့် ထိုင်နေယင်း ကိုယ်ထဲမှာ စိတ်နဲ့စိုက်ပြီး ထိုင်တယ်ထိုင်တယ်လို့ ရှုမှတ်နေယင် အဲဒီတောင့်တင်းတဲ့သဘောကို သိရတယ်၊ အဲဒါဟာ ဝါယောဓာတ်ကို ဝိတ္ထမ္ဘနလက္ခဏာနဲ့ သိတာပါပဲ၊ အဲဒီလိုအခါမှာ ငါကောင်လို့လဲ မသိဘူး၊ မိန်းမပဲ ယောက်ျားပဲလို့လဲ မသိဘူး၊ တောင့်တင်းတဲ့သဘောမျှကိုသာ သိတယ်၊ အဲဒါဟာ သဘောမှန်ကို သိတာပဲ၊ ဒီလိုသိဖို့ရာက အရေးကြီးပါတယ်၊ ဒါကြောင့် မြတ်စွာဘုရားက “နိသိန္နော ဝါ နိသိန္နောမှီတိ ပဇာနာတိ = ထိုင်လျှင်လဲ ထိုင်တယ်လို့ သိရမယ်” လို့ ဟောထားပါတယ်။
ဒါပေမယ့် စပြီးရှုမှတ်ခါစမှာတော့ ထိုင်တယ် ထိုင်တယ်လို့ မှတ်နေပေမယ့် တောင့်တင်းတဲ့ ပရမတ်သဘောကလေး တခုထဲကွက်ပြီး သိမယ်လို့တော့ ဝန်မခံနိုင်ပါဘူး၊ အထည်ဒြပ်အစရှိတဲ့ ပညတ်တွေကိုလဲ သိနေသေးတာပါပဲ၊ ဘာကြောင့်လဲ ဆိုယင် အားထုတ်ခါစ သာမန်ပုဂ္ဂိုလ်တွေမှာ ရှုမှတ်မိတဲ့စိတ်ကနဲနဲ, မရှုမှတ်မိပဲ အလွတ်စဉ်းစားတဲ့ စိတ်တွေက များများဖြစ် နေပါတယ်၊ အဲဒီအလွတ်တွေဆိုတာကလဲ တခြားဟာတွေ မဟုတ်ဘူး၊ ကာမစ္ဆန္ဒအစရှိတဲ့ နီဝရဏစိတ်တွေပဲ၊
ဒီနီဝရဏတွေဆိုတာက သမာဓိပညာနဲ့ ဆန့်ကျင်ဘက်တွေ၊ သမာဓိပညာကို တားမြစ်တတ်တဲ့ တရားတွေပဲ၊ ဒါကြောင့် ရှုမိတဲ့စိတ်က သဘောတရားမျှကို သိနေပေမယ့် မရှုမိပဲအလွတ်စဉ်းစားနေတဲ့ စိတ်တွေက သူ့လမ်းစဉ်အတိုင်း အထည်ဒြပ် ပညတ်တွေကိုသိနေတဲ့ အတွက် သဘောတရားမျှကိုသာ ကွက်ပြီး မသိနိုင်တာပါပဲ၊ တချို့ဆရာတွေကတော့ ရှုစကတည်းက ပညတ်တွေ အကုန် ပျောက်သွားသယောင်ယောင် ပြောဟောနေတတ်ကြတယ်၊ အဲဒါကမဖြစ်နိုင် တာတွေပါပဲ၊
ရှုမှတ်စကတည်းက နီဝရဏကင်းပြီး စိတ္တဝိသုဒ္ဓိလဲ ဖြစ်တယ်၊ ဒိဋ္ဌိဝိသုဒ္ဓိလဲ ဖြစ်တယ်ဆိုတာဟာ ခဲယဉ်းပါတယ်၊ မြတ်စွာဘုရားရဲ့ မျက်မှောက်မှာ တရား နာနေယင်း မဂ် ဖိုလ် ရောက်သွားကြတဲ့ ဥဂ္ဃဋိတညူ ဝိပဉ္စိတညူပုဂ္ဂိုလ်များ မှာဖြင့် အဲဒီလို ဖြစ်နိုင်စရာရှိရဲ့၊ ဒိပြင် ပုဂ္ဂိုလ်တွေမှာတော့ အဲဒီလို ဖြစ်ဖို့အကြောင်း မရှိပါဘူး၊ ဘုန်းကြီးတို့ကတော့ အဲဒီလို မဖြစ်နိုင်တာတွေကို တာဝန်ခံပြီး မပြောလိုပါဘူး၊ ဖြစ်နိုင်ရုံလောက်ပဲ ပြောလိုပါတယ်။
ဝိပဿနာကစပြီး ရှုတယ်ဆိုပေမယ့် ထက်သန်တဲ့ ဝိပဿနာဉာဏ်တွေကစပြီး ဖြစ်တာမဟုတ်ဘူး၊ ရုပ်နာမ်အာရုံတွေကို ရှုနေယင်း ဝိပဿနာသမာဓိက ရှေးဦးစွာ ထက်ထက်သန်သန် ဖြစ်လာတယ်၊ အဲဒီအခါမှာ အပြင်ထွက်တဲ့ အလွတ်စိတ်တွေ မရှိသလောက် ကင်းသွားတယ်၊ ရှုမှတ်တဲ့စိတ်ချည်း မပြတ်ဖြစ်နေတယ်၊ အဲဒါဟာ စိတ္တဝိသုဒ္ဓိခေါ်တဲ့ စိတ်စင်ကြယ်တာပါပဲ၊
အဲဒီလို စိတ်စင်ကြယ်တဲ့အခါကျမှ ရှုမိတဲ့ရုပ်နာမ်ပရမတ် သဘောမှန်တွေကို သိတာ၊ ဒါတောင် ဘင်္ဂဉာဏ် မရောက်သေးယင် ပညတ်အာရုံတွေကလဲ ထင်နေသေးတာပဲ၊ ဒါကြောင့်ပေါ့ “ဥဒယဗ္ဗယဉာဏ်အရာမှာ အရောင်အလင်းတွေကို မြင်ရတယ်၊ စေတီရင်ပြင်က ပန်းတွေကို မြင်ရတယ်၊ ပင်လယ်ထဲက ငါးလိပ်တွေကို မြင်ရတယ်” စသည်ဖြင့် ဝိသုဒ္ဓိမဂ်မှာ ပြဆိုထားတာ၊
အဲဒါဟာ ပညတ်အာရုံ ပေါ်နိုင်သေးလို့ပေါ့၊ ဘင်္ဂဉာဏ်ရောက်တဲ့ အခါကျတော့ ရှုမှတ်မိတဲ့ ရုပ်နာမ်အာရုံတွေရော ရှုမှတ်တဲ့ ဝိပဿနာစိတ်ရော ရှေ့ဆင့် နောက်ဆင့် ပျက်ပျက်သွားတာကိုချည်း တွေ့ရတယ်၊ ပုံသဏ္ဌာန်ပညတ်ဆိုတာ လုံးလုံးကို မပေါ်တော့ဘူး၊ အဲဒါကိုလဲ ဝိသုဒ္ဓိမဂ်က -
“ခယ ဝယ ဘေဒ နိရောဓေယေဝ၊ ကုန်ခြင်း ပျောက်ခြင်း ပျက်ခြင်းဆိုတဲ့ ချုပ်ခြင်း သဘော၌သာလျှင်။
သတိ၊ အမှတ်ရမှု သတိသည်။
ဝါ၊ မှတ်သိမှု ဉာဏ်သည်။
သန္တိဋ္ဌတိ၊ ကောင်းစွာ တည်တယ်”
လို့ ဒီလို အထင်အရှား ပြဆိုထားပါတယ်။
ဒါကြောင့် ရှုမှတ်ခါစ ပုဂ္ဂိုလ်မှာတော့ ရှုမှတ်မိတဲ့ အာရုံလောက်ကိုသာ သဘောမှန် အတိုင်း သိသိ သွားနိုင်ပါတယ်၊ သွားနေဆဲဆိုယင် ခြေထောက်ကြွနေခိုက် လှမ်းနေခိုက်မှာလဲ တောင့်တင်းတဲ့ ဒီဝါယောဓာတ်သဘော ထင်ရှားတယ်၊ အဲဒါကိုလဲ သိဖို့ရာ မြတ်စွာဘုရားက “ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ-သွားလျှင်လဲ သွားတယ်လို့ သိတယ်” လို့ပဲ ဟောထားပါတယ်၊
အဲဒီမှာ အထူးသတိပြုစရာကတော့ သွားလျှင် သွားတယ်လို့ သိဖို့သာ ဟောတယ်၊ ဝါယောဓာတ်လို့ နှလုံးသွင်းဖို့ သိဖို့လဲ မဟောခဲ့ဘူး၊ ထောက်ကန်တယ် တောင့်တင်းတယ်လို့ သိဖို့လဲမဟောခဲ့ဘူး၊ အဲဒါအထူးသတိပြုဖို့ပါပဲ၊ အဲဒါ ဘယ်လိုသဘောလဲဆိုယင် အမည်တွေက လိုရင်းမဟုတ်ဘူး၊ တကယ်ဖြစ်ပေါ်နေတဲ့ သဘောကိုသိဖို့က လိုရင်းဖြစ်တယ်၊ ဘယ်အမည်နဲ့ မှတ်မှတ် သဘောမှန်ကို သိတာက လိုရင်းပဲ၊ ဒါကြောင့် ခေါ်နေကျ ပြောနေကျ လွယ်ကူတဲ့ အမည်နဲ့ ရှုမှတ်နိုင်တယ်ဆိုတာကို သိစေလိုတဲ့အတွက် သွားလျှင်လဲ သွားတယ်လို့ သိတယ်လို့ ဒီလို ဟောခဲ့တာပါပဲ၊
နောက်ပြီးတော့ လက်ခြေတို့ကို ကွေးတဲ့ ဆန့်တဲ့အခါ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ လှုပ်ရှားပြုပြင်တဲ့ အခါတွေမှာလဲ ဒီတောင့်တင်းတဲ့ ဝါယောဓာတ်က ထင်ရှားတာပဲ၊ ဒါကြောင့် ကိုယ်လက် လှုပ်ရှားပြုပြင်တိုင်း ရှုမှတ်ပြီး ဒီတောင့်တင်းမှုကို သိတာဟာ ဝါယောဓာတ်ကို ဝိတ္ထမ္ဘနလက္ခဏာနဲ့ သဘောမှန်အတိုင်း သိတာချည်းပါပဲ၊ နောက်ပြီးတော့ ဝမ်းဗိုက်က ဖောင်းတာ ပိန်တာကို ရှုမှတ်ပြီး တောင့်တင်းတာကို သိတာလဲ ဝိတ္ထမ္ဘနလက္ခဏာနဲ့ သဘောမှန်ကို သိတာပါပဲ။
နောက်ပြီးတော့ လျော့တယ်ဆိုတာလဲ အားနည်းတဲ့ ဝါယောဓာတ်ပဲ၊ သူ့ထက် တင်းတာကို ထောက်ဆပြီး လျော့တယ်လို့ပြောရတာပဲ၊ သူ့ထက်လျော့တာကို ထောက်ဆပြီးပြောယင်တော့ သူ့ကိုလဲ တင်းတယ်လို့ပဲပြောရပါတယ်၊
ဥပမာ ကြိုးသုံးချောင်းဆွဲထားပါ၊ ပထမကြိုးကို ဒေါင်ဒေါင်မြည်နေအောင် တင်းတင်း ဆွဲထားပါ၊ ဒုတိယကြိုးကို အတော်အတန်တင်းရုံလောက် ဆွဲထားပါ၊ တတိယကြိုး ကိုတော့ လျော့ကျနေအောင်ဆွဲထားပါ၊ အဲဒီကြိုးသုံးချောင်းထဲက ပထမကြိုးနဲ့ နှိုင်းစာကြည့်ယင် ဒုတိယကြိုးကို လျော့တယ်လို့ ပြောရမှာပဲ၊
ဒါပေမယ့် တတိယကြိုးနဲ့ နှိုင်းစာကြည့်ယင်တော့ အဲဒီဒုတိယကြိုးကိုလဲ တင်းတယ်လို့ပဲ ပြောရလိမ့်မယ်၊ အဲဒါလိုပါပဲ၊ လျော့တယ် ဆိုတာဟာ သူ့ထက် တင်းတာနဲ့ နှိုင်းစာပြီး ပြောရတာပဲ၊
အမှန်ကတော့ သူ့ထက်လျော့တာနဲ့ နှိုင်းစာယင် သူလဲတင်းတဲ့သဘောပါပဲ၊ ဒါကြောင့် ဘုန်းကြီးက ဒီဝါယောဓာတ်ရဲ့လက္ခဏာကို လွယ်လွယ်နဲ့ ဆောင်မှတ် ထားရအောင် “ထောက်ကန်တောင့်တင်း လျော့ခြင်းတမည်” လို့ ဆောင်ပုဒ် စီထားတယ်၊ ကိုယ်ထဲမှာ တွေ့ထိပြီးတော့ ထောက်ကန်တယ် တောင့်တယ် တင်းတယ် လျော့တယ်လို့ သိရတာဟူသမျှဟာ ဝါယောဓာတ်ရဲ့ ဝိတ္တမ္ဘနလက္ခဏာပဲလို့ ဆိုလိုပါတယ်၊
ကဲ ဆိုကြရမယ် -
ထောက်ကန် တောင့်တင်း လျော့ခြင်း တမည်၊
ယိမ်းယိုင် လှုပ်ရှား ရွေ့သွားတတ်သည်၊
“သမုဒီရဏရသာ - လှုပ်ရှားခြင်း-လှုပ်ရှားစေခြင်း ကိစ္စရှိတယ်”လို့ ဆိုထားတဲ့ အတိုင်း ဝါယောဓာတ်ဟာ သူကိုယ်တိုင်ကလဲ လှုပ်ရှားတတ်တယ်၊ ဒါကြောင့် လေတွေဟာ လှုပ်ရှားနေတာပဲ၊ သူကလှုပ်ရှားတတ်တော့ သူနဲ့ ထိစပ်နေတဲ့ ရုပ်တွေ ထိမိတိုက်မိတဲ့ အရာဝတ္ထုတွေကို သူကတွန်းကန်တတ်တယ်, လှုပ်ရှားစေ တတ်တယ်၊ ဒါကြောင့် လေတွေဟာ သူအားကောင်းယင် မြူမှုန်တွေ အမှိုက်တွေ သစ်ရွက်ခြောက်တွေ သစ်ကိုင်းတွေ ဒီလိုဟာတွေကို တိုက်ခိုက်ပြီး လှုပ်ရှားစေတာပဲ၊ သိပ်အားကောင်းတဲ့ လေကြမ်းတွေကျတော့ သစ်ပင်တွေ အိမ်တွေကိုတောင် တိုက်လှဲသွားတတ်သေးတာပဲ၊
ဒါကြောင့် “ယိမ်းယိုင်လှုပ်ရှား ရွေ့သွားတတ်သည်”လို့ ဆောင်ပုဒ်စီထားတယ်၊ ယိမ်းတာယိုင်တာ လှုပ်ရှားတာ ရွေ့သွားတာတွေဟာ ဝါယောဓာတ်ရဲ့ကိစ္စပဲ၊ သူ့အလုပ်ပဲလို့ ဆိုလိုပါတယ်၊ လက်ခြေတို့ကို ကွေးတဲ့အခါဆန့်တဲ့အခါ စသည်မှာ ကွေးတယ်ဆန့်တယ် လှုပ်တယ် ရွေ့တယ်စသည်ဖြင့် ရှုမှတ်ရတယ်၊ အဲဒီလို ရှုမှတ်တဲ့အခါ တရွေ့တရွေ့ချင်း လှုပ်ရှားတဲ့သဘောကို တွေ့ရတယ်၊ အဲဒါဟာ ဝါယောဓာတ်ကို သူ့ရသနဲ့ အမှန်အတိုင်း သိတာပါပဲ၊ လမ်းလျှောက်နေတဲ့အခါ သွားတယ်ကြွတယ် လှမ်းတယ်ချတယ် စသည်ဖြင့် မှတ်ယင်လဲ ဒီလှုပ်ရှားမှု ဝါယောဓာတ်ရဲ့ ကိစ္စရသကို ထင်ရှားသိရတယ်၊
ထို့အတူ ဝမ်းဗိုက်က ဖောင်း, ပိန်နေတာကို ရှုမှတ်နေရာမှာလဲ တရွေ့တရွေ့ချင်း ဖောင်းတက်လာတာ ပိန်ကျသွားတာကို သိရတယ်၊ အဲဒါလဲ ဝါယောဓာတ်ကို သူ့ရသနဲ့ အမှန်အတိုင်း သိတာပါပဲ၊ အဲဒီလိုအခါမှာ ယောက်ျားရယ် မိန်းမရယ်လို့လဲ မသိဘူး၊ ကိုယ်ရယ် ဗိုက်ရယ်လို့လဲ မသိဘူး၊ မဆင်ခြင်မိဘူး၊ တရွေ့တရွေ့ချင်း လှုပ်ရှားနေတဲ့ သဘောမျှပဲလို့သာ သိတယ်၊ အဲဒါဟာ သဘောမှန်အတိုင်း သိတာပါပဲ၊ နောက်ပြီးတော့ တနေရာကတနေရာကို တွန်းပို့နေတဲ့သဘော ရွှေ့ဆောင်နေတဲ့ သဘောပဲလို့လဲသိတယ်၊ အဲဒါဟာ ဝါယောဓာတ်ကို ပစ္စုပဋ္ဌာန်နဲ့သိတာပါပဲ၊
ရှုမှတ်သူရဲ့ဉာဏ်ထဲမှာ ထင်ပေါ်လာပုံ အခြင်းအရာနဲ့သိတာပါပဲ၊ အဲဒါကို ကျမ်းဂန်များမှာ “အဘိနီဟာရ ပစ္စုပဋ္ဌာနာ - ရှေးရှုဆောင်နေသောအားဖြင့် ထင်သော အခြင်းအရာရှိတယ်”လို့ ဆိုထားပါတယ်၊
ဘုန်းကြီးကလဲ အဲဒါကို “သူလိုရာဘက်တွန်းလျက် ဆောင်သည်” လို့ ဆောင်ပုဒ်စီထားပါတယ်၊ ဝါယော ဓာတ်က သူအလိုရှိရာဘက် သူဦးတမ်းမိရာဘက်ကို တွန်းဆောင်နေတယ်၊ ဆွဲဆောင်နေတယ်၊ အဲဒါဟာ ဝါယောဓာတ်ရဲ့ ပစ္စုပဋ္ဌာန်ပဲလို့ ဆိုလိုပါတယ်၊ ဒီပစ္စုပဋ္ဌာန်လဲ ကိုယ်အမူအရာတွေကို ရှုမှတ်တိုင်း ထင်ရှားပါတယ်၊ ကဲ ဆိုကြရမယ်။
သူလိုရာဘက် တွန်းလျက်ဆောင်သည်၊
ဝါယောဓာတ် သိမှတ် မြတ်ယောဂီ။
ယခု ပြောခဲ့တာဟာ ကိုယ်နဲ့ တွေ့ထိကောင်းတဲ့ ရုပ်သုံးမျိုးလုံး စုံသွားပြီ၊ ခက်မာ ကြမ်းတမ်းတဲ့ ပထဝီအတွေ့အထိ၊ ပူနွေးအေးတဲ့ တေဇောအတွေ့အထိ၊ တောင့်တင်းလှုပ်ရှားတဲ့ ဝါယောအတွေ့အထိ၊ ဒီအတွေ့အထိ ရုပ်သုံးမျိုးလုံးစုံသွားပြီ၊ ဒီ ရုပ်သုံးမျိုးက ကိုယ်နဲ့တွေ့ထိပြီးသိရတဲ့ သဘောများသာဖြစ်တယ်၊ မြင်ရုံနဲ့မသိနိုင်ဘူး၊ ကြားရုံနံရုံ စားရုံနဲ့လဲ မသိနိုင်ဘူး ဆိုတာ အထူးသတိပြုရမယ်၊
စဉ်းစားကြည့်ပါ၊ အသံကို ကြားရရုံနဲ့ ကြားရတဲ့အရာဟာ ခက်မာကြမ်းတမ်းတယ် နူးညံ့တယ်လို့ သိနိုင်ပါ့မလား၊ မသိနိုင်ပါဘူး၊ အဲဒါကို ပူတယ် အေးတယ်လို့ကော သိနိုင်ပါ့မလား၊ မသိနိုင်ပါဘူး၊ တောင့်တင်းတယ် တည်ငြိမ်နေတယ် လှုပ်ရှား နေတယ်လို့ကော သိနိုင်ပါ့မလား၊ ကြားရရုံနဲ့တော့ မသိနိုင်ပါဘူး၊ ထို့အတူ နံရရုံနဲ့လဲ မသိနိုင်ဘူး၊ စားရရုံနဲ့လဲ မသိနိုင်ဘူး၊ မြင်ရရုံနဲ့လဲ မသိနိုင်ဘူး၊ ဒါပေမယ့် မြင်ရရုံနဲ့ သိနိုင်တယ်လို့ ထင်နေတတ်ကြတယ်၊ အဲဒါကို စစ်ဆေးပြပါဦးမယ်။ .
မြင်ရုံနဲ့ မာတာ ပူတာကို မသိနိုင်
▬▬▬▬▬▬▬▬▬▬
သံတုံးကျောက်တုံးကြီးတွေ မြင်တဲ့အခါ မြင်ရုံနဲ့ ခက်မာကြမ်းတမ်းတာကို သိတယ်မဟုတ်လားလို့ မေးစရာရှိပါတယ်၊ အဲဒါဟာ အမှန်ကတော့ မြင်ရုံနဲ့ သိတာ မဟုတ်ပါဘူး၊ ရှေးက တွေ့ဖူး သိဖူးတာနဲ့ လောလောဆယ် မြင်ရတာကို နှီးနှော ရောစပ်ပြီး အနုမာနအားဖြင့် မှန်းဆသိတာသာ ဖြစ်ပါတယ်၊ မြင်ရုံနဲ့ သိတာကတော့ အဆင်းကိုသာ သိနိုင်ပါတယ်၊ အဲဒီလိုမြင်ပြီးတော့ ရှေးက မြင်ဖူးစမ်းသပ်ဖူးတဲ့ သံတုံးကျောက်တုံးများနဲ့နှိုင်းဆပြီး မာတယ်လို့ အနုမာန အားဖြင့် သိခြင်းဖြစ်ပါတယ်။
တခါတရံမှာ မျက်မြင်အားဖြင့် မာတယ်ထင်ပြီး နင်းလိုက်မိလို့ ရွှံ့ဗွက်ထဲ ကျွံကျသွားတာဟာ ဒီနေရာမှာ အမှန်သိ မဟုတ်ကြောင်း ခိုင်လုံတဲ့ သာဓကပါပဲ၊ နောက်ပြီးတော့ ပူတယ် အေးတယ်ဆိုတာကိုလဲ မြင်ရုံနဲ့ မသိနိုင်ဘူး၊ ဒီနေရာမှာလဲ သံချောင်းတို့ အိုးခွက်တို့ကို အေးတယ်ထင်ပြီးကိုင်မိလို့ အပူလောင်ခံရတာတွေ, ဟင်းရည်ပူကို အေးတယ်ထင်ပြီး သောက်မိလို့ အပူလောင်ခံရတာတွေ စသည်ဖြင့် ခိုင်လုံတဲ့ သက်သေ သာဓကတွေ အများကြီးပဲ ရှိပါတယ်။ .
လှုပ်တာကိုလဲ မြင်ရုံနဲ့ မသိနိုင်ဘူး
▬▬▬▬▬▬▬▬▬▬
လှုပ်ရှားတဲ့ ဝါယောဓာတ်ကိုလဲ မြင်ရုံနဲ့ မသိနိုင်ဘူး၊ ကိုယ်နဲ့တွေ့ထိပြီးမှ မျက်မှောက် တွေ့အားဖြင့် သိနိုင်တယ်၊ ဘာကြောင့်လဲဆိုယင် ဝါယောဓာတ်ဆိုတာ ကိုယ်နဲ့တွေ့ထိပြီး သိရတဲ့သဘောတရားဖြစ်လို့ပါပဲ၊ ဒါဖြင့် ယခုမြင်ရုံနဲ့လှုပ်နေတာ သွားနေတာကိုသိတာက ဘယ်သဘောလဲဆိုယင် အဲဒါက ဟိုနေရာမှာမြင်လိုက် ဒီနေရာမှာမြင်လိုက်နဲ့ နေရာပေါင်းများစွာမှာ ရွှေ့ရွှေ့ပြီး မြင်ရတာကို ပေါင်းစပ်ပြီး အနုမာနအားဖြင့် မှန်းဆပြီး သိတာပါပဲ၊
ဒီနေရာမှာလဲ ရထားနှစ်စင်းဆုံပြီး ရပ်နေရာမှ ကိုယ့်ရထားက သွားတာနဲ့ တခြားရထားက သွားတယ်လို့ ထင်ရတာရယ်, အမြန်သွားနေတဲ့ ရထားပေါ်က ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ယင် ဘေးပတ်ဝန်းကျင်ရှိ သစ်ပင်တွေက နောက်ဘက်ကို ပြေးသလို ထင်ရတာရယ်၊ ဒီလို ထင်ရတာတွေဟာ မြင်ရုံနဲ့ လှုပ်ရှား တာကို မျက်မှောက် အမှန်အားဖြင့် မသိနိုင်ဘူးဆိုတာကို ထောက်ခံတဲ့သက်သေ သာဓကတွေပါပဲ။ .
ဒကာကြီးတဦး၏ ဆုံးဖြတ်ချက်
စစ်ကိုင်းနယ်မှာ တရားဝါသနာပါတဲ့ ဒကာကြီးတဦးရှိတယ်၊ သူက ကမ္မဋ္ဌာန်း တရားစာတွေကို တော်တော် လေ့လာ လိုက်စားထားပါတယ်၊ အထူးအားဖြင့် ကြောင်ပန်း တရားနည်းကို သဘောကျပြီး လေ့လာခဲ့ပါတယ်၊ တော်တော်လဲ ကျေပွန်နေပါတယ်၊ အဲဒီဒကာကြီးဟာ ဘုန်းကြီးရေးတဲ့ ဝိပဿနာရှုနည်းကျမ်း ပထမတွဲကို ကြည့်ရှုလေ့လာပြီး သူက သဘောကျလာပါတယ်၊ အဲဒီတုန်းက ဘုန်းကြီးကိုလဲ သူမတွေ့ဖူးသေးပါဘူး၊ ကျမ်းစာအုပ်ကို တွေ့ရရုံမျှနဲ့ ဘုန်းကြီးတို့ ညွှန်ပြနေတဲ့ သတိပဋ္ဌာန်ရှုမှတ်နည်းကို သူက ကောင်းကောင်း သဘောကျနေတယ်၊
တနေ့တော့ ဒီဒကာကြီးက ရွှေဘို ဆိပ်ခွန် မဟာစည်ကျောင်းတိုက် ရောက်လာတယ်၊ ဘုန်းကြီးထံ တမင်လာတာပါပဲ၊ ရောက်လာတဲ့အခါမှာ သူဟာ ကြောင်ပန်းတရား စာအုပ်တွေကို ကောင်းကောင်း လေ့လာခဲ့တဲ့အကြောင်း, ဝိပဿနာရှုနည်းကျမ်းကို ကြည့်ရှုရတဲ့အတွက် ဖြစ်ခိုက်ရုပ်နာမ်ကို ရှုရတဲ့နည်းကို သဘောကျတဲ့အကြောင်း စသည်ကိုပြောနေယင်း ကျောင်းတကျောင်းမှာ သူတွေ့ခဲ့ရတဲ့ အကြောင်းအရာ တခုကိုလဲ ထည့်သွင်းပြီးတော့ သူက ပြောသွား ပါတယ်၊ အဲဒါဟာ လွန်ခဲ့တဲ့ အနှစ် ၂၀-ကျော်လောက်ကပါ၊ ယခု မဟုတ်ပါဘူး။
အဲဒါကို အတိုချုံးပြောရယင်-သူခရီးသွားယင်း အဲဒီ ကျောင်းရောက်သွားတော့ အဲဒီမှာ တရားအားထုတ်နေကြတဲ့ ပုဂ္ဂိုလ်တွေကို တွေ့တယ်၊ ဘယ်လိုအားထုတ်ကြ သလဲလို့ သူကမေးကြည့်တဲ့အခါ အဲဒီလူတွေက သူတို့အားထုတ်ပုံကို ပြောကြတယ်၊ ဒီတော့ ဒီဒကာကြီးက ခင်ဗျားတို့ အားထုတ်နည်းဟာ မမှန်ဘူး၊ အာရုံနဲ့ ဒွါရ မကိုက်ဘူး စသည်ဖြင့် ပြောပါရောတဲ့၊
အဲဒီလူတွေကလဲ ကျုပ်တို့ အားထုတ်နေတာဟာ ဆရာဘုန်းကြီး ညွှန်ပြတဲ့အတိုင်း အားထုတ်နေတာပဲ၊ မမှားနိုင်ပါဘူးလို့ ပြောပြီး သူတို့ရဲ့ဆရာဘုန်းကြီးထံ သွားလျှောက်ကြပါရောတဲ့၊ အဲဒီအခါ ဆရာဘုန်းကြီးကလဲ သူဟောထားတဲ့နည်းကို မှားတယ်ဆိုတော့ ဘယ်ခံချင်မလဲ၊ ဒါကြောင့် ဒီလိုလာပြောတဲ့ ဒကာကြီးကို ခေါ်ခဲ့တဲ့ အမိန့်ပေးလိုက်တယ်၊ ဒါနဲ့ ဒီဒကာကြီးဟာ အဲဒီဘုန်းကြီးဆီကို ရောက်သွားရတယ်၊ ဒီတော့ ဘုန်းကြီးက “ဒကာကြီး ဘုန်းကြီးညွှန်ပြနေတဲ့ ဝိပဿနာ အလုပ်တရားကို မှားတယ်လို့ဆိုတာ ဟုတ်ပါသလား”လို့ မေးတယ်။
မှားတယ်ဆိုတာ ဟုတ်ပါတယ်လို့ ဒကာကြီးက ဝန်ခံတယ်။ ဘယ်အချက်မှာ ဘယ်လို မှားတာလဲလို့ ဘုန်းကြီးက စိစစ်တယ်။
တပည့်တော် လက်တွေ့ပြပါမယ်၊ ခေါင်းအုံးတလုံးကိုပေးပါ၊ ဟောဒီမှာ ကြည့်ပါ လို့ဆိုပြီး ခေါင်းအုံးကို လက်နဲ့ မြှောက်ထားယင်း သူက လှုပ်ပြတယ်၊ အဲဒီလို ပြနေယင်း ကဲ-အရှင်ဘုရား ဘယ်တရားတွေ ပျက်နေတာကို မြင်ပါသလဲလို့ အဲဒီ ဒကာကြီးက မေးလျှောက်ပါသတဲ့။
ဟာ .. ဒကာကြီးလှုပ်နေတဲ့ ဝါယောဓာတ်တွေ ပျက်နေတယ်လို့ ဘုန်းကြီးက ဖြေပါသတဲ့။
အဲဒါတွေ မှားနေတာပါပဲဘုရား၊ အရှင်ဘုရားမျက်စိနဲ့မြင်တာဟာ အဆင်းရုပ် ရူပါရုံသာ ဖြစ်ပါတယ်၊ အဲဒီမြင်နေတဲ့ အခိုက်မှာ ရှုလို့သိယင် အဲဒီ မြင်ရတဲ့ အဆင်းရုပ်ရဲ့ အဖြစ်အပျက်ကိုသာ သိနိုင်ပါတယ်၊ လှုပ်ရှားတဲ့ ဝါယောရုပ်ကို မျက်စိနဲ့ မမြင်နိုင်ပါဘူး၊ ဒါကြောင့် မြင်ခိုက်မှာ လှုပ်ရှားတဲ့ ဝါယောရုပ်ရဲ့ အဖြစ်အပျက်ကို မျက်မှောက်အားဖြင့် မသိနိုင်ပါဘူး၊
ဝိပဿနာဆိုတာ မျက်မှောက်တွေ့ရတဲ့တရားကို ရှေးဦးစွာ ရှုပြီး သိရပါတယ်၊ ပြီးတော့မှ တခြားတရားကို အနုမာနအားဖြင့် မှန်းဆပြီး ရှုရ သိရပါတယ်၊ သူ့ဒွါရနဲ့ သူ့အာရုံကိုက်မှ သဘာဝကျပါတယ်၊ ဝါယောရုပ်ဆိုတာ ကိုယ်နဲ့ တွေ့ထိပြီးသိရတဲ့ အာရုံ ဖြစ်ပါတယ်၊ ကိုယ်တိုင် သွားနေယင်း ဖြစ်ဖြစ်, ကွေးနေယင်း ဆန့်နေယင်း ဖြစ်ဖြစ်, လှုပ်ရှားနေယင်းဖြစ်ဖြစ် ရှုမှတ်ယင် အဲဒီလှုပ်ရှားတဲ့ ဝါယောရုပ်ရဲ့ အဖြစ်အပျက်ကို သိနိုင်ပါတယ်၊
ယခု အရှင်ဘုရားက မတွေ့ထိရပါပဲ မြင်ရုံနဲ့ လှုပ်ရှားဝါယောတွေ ပျက်နေတာကို သိတယ်ဆိုတာ သဘာဝမကျပဲ မှားနေပါတယ်ဘုရားလို့ ဖြေရှင်း လျှောက်ထားခဲ့ပါ သတဲ့။
ဟုတ်တယ်၊ တချို့က ရှုပုံရှုနည်းကိုပြတဲ့ မဟာသတိပဋ္ဌာနသုတ်တို့လို သုတ္တန် ပါဠိတော်တွေကို မှီငြမ်းမပြုပဲ သဘာဝသက်သက်ကိုပြတဲ့ အဘိဓမ္မာဆိုင်ရာ ကျမ်းဂန်တွေကိုသာ အမှီပြုပြီး စိတ်ကူးသက်သက်နဲ့ ရှုပုံရှုနည်းတွေကို ဟောပြော နေတာလဲရှိတယ်၊ အဲဒီလို ဟောတဲ့အတိုင်း ရှုမှတ် အားထုတ်နေတာလဲ ရှိတယ်၊ အဲဒီလို ရှုတာကတော့ အများအားဖြင့် ပါရမီဖြစ် ကုသိုလ်ဖြစ်လောက် ရှိမှာပါပဲ၊ ဥဒယဗ္ဗယဉာဏ် အစရှိတဲ့ ဝိပဿနာဉာဏ်အစစ် အစဉ်အတိုင်းဖြစ်ပြီး မဂ်ဖိုလ် ပေါက်ဖြစ်ဖို့ကတော့ ခဲယဉ်းပါလိမ့်မယ်၊ သို့သော် ပါရမီထူးတဲ့ တဦးတလေ လောက်တော့ ဖြစ်ကောင်း ဖြစ်ပါလိမ့်ဦးမယ်၊
ဘယ်လိုလဲဆိုတော့ အဲဒီလို စိတ်ကူးနဲ့ ရှုဆင်ခြင်နေယင်း အဲဒီရှုဆင်ခြင်တဲ့စိတ်ရဲ့ အဖြစ်အပျက်ကိုမြင်ပြီး ဝိပဿနာဉာဏ် အစစ်တွေ ဖြစ်မယ်ဆိုယင်လဲ ဖြစ်နိုင်ဖို့ အခွင့်အနည်းငယ်တော့ ရှိပါသေးရဲ့၊ ဒါကြောင့် အဲဒီနည်းဖြင့် တဦးတလေ လောက်သာ လမ်းမှန်ရောက်ပြီး မဂ်ဉာဏ် ဖိုလ်ဉာဏ်လဲ ရောက်ဖွယ်ရှိသေးတယ်လို့ ယူဆရပါတယ်။ .
သေချာတဲ့ နည်းလမ်း
▬▬▬▬▬▬▬
ဒါပေမယ့် သေချာတာကတော့ မြတ်စွာဘုရား ကိုယ်တော်တိုင် ညွှန်ပြတော်မူခဲ့တဲ့ သတိပဋ္ဌာန်နည်းအတိုင်း ဒွါရ ၆-ပါးမှာ ပေါ်ခိုက်ပေါ်ခိုက် ရုပ်နာမ်ကို ရှုတာက အသေချာဆုံးပဲ၊ မလွဲနိုင်ဘူး၊ ဒါကြောင့် “ဧကာယနော မဂ္ဂေါ-တကြောင်းတည်းသော လမ်း-မလွဲမမှားနိုင်သောလမ်းပါ” လို့ မြတ်စွာဘုရားက ဝန်ခံထားပါတယ်၊ ယခု ပြောနေတဲ့ ကာယဝိညာဏ်ဆိုင်ရာ ကာယ ဒွါရကဆိုယင် ကိုယ်ထဲကဖြစ်ဖြစ်, အပြင်ပကဖြစ်ဖြစ် တွေ့ထိစရာ တခုခုနဲ့တွေ့ထိပြီး သိရတဲ့အခါ အဲဒီအတွေ့အထိကို ရှုမှတ်ပြီးသိဖို့ လိုပါတယ်၊
အဲဒီလို ရှုမှတ်ပြီးမသိယင် အဲဒီအတွေ့အထိကိုပဲ အဝိဇ္ဇာအစရှိသော ကိလေသာတွေနဲ့ စွဲလမ်းသွားတယ်၊ ဘယ်လိုလဲဆိုယင် မြဲတယ်လို့လဲ စွဲလမ်းတယ်၊ ချမ်းသာတယ် ကောင်းတယ်လို့လဲ စွဲလမ်းတယ်၊ အသက်ရှင်နေတဲ့ သတ္တဝါကောင် ငါကောင် အတ္တကောင်လို့လဲ စွဲလမ်းတယ်၊ ဆံပင်နဲ့ထိတဲ့အခါ ဆံပင်ကို မြဲတဲ့အနေ စသည်ဖြင့် စွဲလမ်းတယ်၊ ဒါကြောင့် ကိုယ့်ဆံပင် သူ့ဆံပင်တွေကို သာယာ နှစ်သက်နေကြတာ၊ မျက်ခုံးမွေး နှုတ်ခမ်းမွေး စသည်ကိုလဲ စွဲလမ်းတာပဲ၊
ခြေသည်း လက်သည်းတွေလဲ စွဲလမ်းတာပဲ၊ သွားတွေ အရေတွေ အသားတွေ အကြောတွေ အစရှိတဲ့ အစိတ်အပိုင်းတွေလဲ စွဲလမ်းတာပဲ။ ထိတိုင်းထိတိုင်း အဲဒီတွေ့ထိတာကိုရှုမှတ်ပြီး “ထိရတဲ့သဘောမျှပဲ၊ မမြဲဘူး၊ ဆင်းရဲပဲ၊ အတ္တမဟုတ်တဲ့ သဘောတရားမျှပဲ”လို့ သိသိသွားယင်တော့ အဲဒါတွေကို မစွဲလမ်းတော့ဘူး၊
“အနိဿိတော စ၊ မစွဲမမှီမူ၍လည်း၊ ဝိဟရတိ၊ နေ၏” ဆိုတဲ့ သတိပဋ္ဌာန် ပါဠိတော်နဲ့အညီ ဖြစ်နေတယ်၊ အဲဒါဟာ ဝိပဿနာလမ်းမှန်ပေါ် ရောက်နေတာပါပဲ၊ ဒီလမ်းအတိုင်း နောက်မဆုတ်ပဲသွားယင် မဂ် ဖိုလ် နိဗ္ဗာန်ကို ရောက်တော့မှာပါပဲ၊ သေချာနေပါပြီ။
ယခု ကာယဝိညာဏ်ဖြစ်ဖို့ အကြောင်းဖြစ်တဲ့ ကာယပသာဒဆိုတာလဲ ပြောခဲ့ပြီး တွေ့ထိရတဲ့ ပထဝီ တေဇော ဝါယောဆိုတဲ့ ဖောဋ္ဌဗ္ဗရုပ်တွေအကြောင်းလဲ ပြောခဲ့ပါပြီ၊ အဲဒီနှစ်မျိုးထဲမှာ ကိုယ်အကြည်ရုပ်ဆိုတာကလဲ အသွေးအသား ကောင်းတဲ့ တကိုယ်လုံးမှာ အနှံ့အပြားရှိနေတယ်၊ အဝတ် နေ လေ နေပူစသည်နှင့် သက်ရှိသတ္တဝါရဲ့ ရုပ်ကိုယ်ဆိုတဲ့ တွေ့ထိစရာတွေကလဲ နေရာတကာမှာ အနှံ့အပြားရှိနေတယ်၊
ကိုယ်ထဲကလဲ ဆံပင် အမွေး အသား အရေ အစရှိတဲ့ တွေ့ထိစရာတွေကလဲ တကိုယ်လုံးမှာ အနှံ့အပြားရှိနေတယ်၊ ဒီတော့ ကိုယ် အကြည်ရုပ်နဲ့ အတွင်းအပြင် တွေ့ထိစရာတွေဟာ တခုမဟုတ် တခုနဲ့တွေ့ထိဖို့ရာ အခါခပ်သိမ်း အဆင်သင့် ဖြစ်လျက်ချည်း ရှိနေပါတယ်၊ ဒါကြောင့် နှလုံးသွင်းကြည့်လိုက်ယင် ဒီကိုယ်ထဲမှာ ဘယ်နေရာကမဆို အတွေ့အထိတခုခုကို ထင်ရှားသိနိုင်ပါတယ်၊
အတွေ့အထိ မဖြစ်နိုင်တဲ့ နေရာရယ်လို့ အပ်တဖျားစာလောက်တောင် လွတ်လပ်တဲ့ နေရာ မရှိဘူး၊ ခေါင်းထဲကို နှလုံးသွင်းလိုက်ယင် ခေါင်းထဲက ဆံပင်နဲ့လဲ တွေ့ထိနေတယ်၊ အသွေးအသား ဦးနှောက်စသည်တို့နဲ့လဲတွေ့ထိနေတယ်၊ ကိုယ်ထဲမှာ နှလုံးသွင်းကြည့်လိုက်ယင်လဲ အသွေးအသား အစာသစ် လေစသည်တို့နဲ့ တွေ့ထိနေတယ်၊ လက်ထဲခြေထဲ နှလုံးသွင်းကြည့်ယင်လဲ အသားအရေ အရိုးစသည်တို့နဲ့ တွေ့ထိနေတယ်၊ အဲဒီလို ထိသိနေတာဟာ -
“ကာယဉ္စ ပဋိစ္စ၊ ကိုယ်အကြည်ရုပ်ကိုလဲ စွဲမှီ၍။
ဖောဋ္ဌဗ္ဗေ စ ပဋိစ္စ၊ တွေ့ထိစရာရုပ်တို့ကိုလဲ စွဲမှီ၍။
ကာယဝိညာဏံ၊ ထိသိမှု-ကာယဝိညာဏ်သည်။
ဥပဇ္ဇတိ၊ ဖြစ်ပေါ်သည်”
လို့ ဟောထားတဲ့အတိုင်း ကိုယ်အကြည်ရုပ်နဲ့ ထိစရာ ဒီ နှစ်မျိုးကိုစွဲမှီပြီး အခိုက် အတန့်မျှ အသစ် အသစ် ဖြစ်ပေါ်လာတဲ့ ကာယဝိညာဏ်စိတ်ပဲ၊ ဒါကြောင့် “ကိုယ်အကြည်ရုပ်နဲ့ ထိသိစရာကိုမှီ၍ ထိသိမှုဖြစ်သည်”လို့ ခုတင်က ဆောင်ပုဒ် ပေးခဲ့တယ်၊ အဲဒီလို ထိသိတဲ့အခါမှာ ကိုယ်အကြည်ရုပ်ရယ် ထိစရာရယ် ထိသိမှုရယ် ဒီသုံးမျိုး ဆုံမိသွားတယ်၊ ဒါကြောင့် ထိတွေ့မှုဆိုတဲ့ ဖဿ ဖြစ်ပေါ်လာတယ်၊ ကဲ-ဆိုကြရမယ်။
ကိုယ်အကြည် ထိစရာထိသိမှုဟူသော တရားသုံးပါးဆုံမိလို့ ထိတွေ့ဖဿဖြစ်သည်။
ဒီထိတွေ့မှု ဖဿကတော့ အလွန်ထင်ရှားပါတယ်၊ ဒီ ထိတွေ့မှုက ကောင်းတဲ့ အတွေ့ကလေးများကို ထိတွေ့ရယင် ကိုယ်ထဲမှာတွေ့ပြီး ကောင်းသွားတဲ့ သုခဝေဒနာ ဖြစ်တယ်၊ အဲဒါကို ကိုယ်ချမ်းသာလို့ ခေါ်တယ်၊ ဆိုးတဲ့ အတွေ့ကလေးများကို ထိတွေ့ရယင် ကိုယ်ထဲမှာ အတွေ့ဆိုးပြီး အခံရခက်တဲ့ ဒုက္ခဝေဒနာ ဖြစ်တယ်၊ အဲဒါကို ကိုယ်ဆင်းရဲလို့ ခေါ်တယ်၊ အဲဒီမှာ ထိတွေ့မှု ဖဿက ထင်ထင်ရှားရှား များများကြီး တွေ့သွားယင် ဝေဒနာကလဲ ထင်ထင်ရှားရှား များများကြီး ဖြစ်တော့တာပဲ၊ ဖဿက မထင်မရှား နဲနဲတွေ့ယင် ဝေဒနာကလဲ မထင်မရှား နဲနဲပဲဖြစ်တယ်၊ ဥပမာ ဆူးစူးတဲ့အခါ နဲနဲစူးယင် နဲနဲနာတယ်၊
များများစူးယင် များများ နာတယ်၊ အဲဒါလိုပါပဲ၊ အဲဒီ ဆူးစူးလို့နာတာလဲ ထိတွေ့မှုဖဿကြောင့် ဖြစ်ပေါ်တဲ့ ဒုက္ခဝေဒနာပါပဲ၊ ကိုယ်ထဲမှာ နာကျင်ကိုက်ခဲမှု မခံသာမှု ဟူသမျှတွေဟာ ဆိုးတဲ့ အတွေ့အာရုံကို တွေ့ထိမှုကြောင့် ဖြစ်တဲ့ ဒုက္ခဝေဒနာချည်းပါပဲ၊ နူးညံ့ချောညက်တဲ့ အတွေ့အေးတဲ့အတွေ့ နွေးတဲ့အတွေ့ အစရှိတဲ့ အတွေ့ကောင်း ကလေးတွေကို တွေ့ထိရတဲ့အခါမှာတော့ ကိုယ်ထဲမှာ နေသာထိုင်သာဖြစ်ပြီး ကောင်းနေတယ်၊
ကိုယ်ကြိုက်တဲ့ အတွေ့ကလေးကို တွေ့ရတဲ့အခါမှာတော့ အလွန် ကောင်းတယ်လို့ ထင်ရတယ်၊ ကောင်းလိုက် တာလို့လဲ ချီးမွမ်းတတ်တယ်၊ အဲဒီ ကောင်းတယ် ဆိုရတာတွေဟာ အတွေ့အာရုံ ကောင်းကလေးတွေကို တွေ့မှုကြောင့်ဖြစ်တဲ့ သုခဝေဒနာတွေချည်းပါပဲ၊ ကဲ-ဆိုကြရမယ်။
ထိတွေ့စရာအာရုံကို ထိတွေ့မှုကြောင့် ခံစားမှုဝေဒနာ ဖြစ်သည်။
ကာယဒွါရက ဝိညာဏ် ဖဿ ဝေဒနာဖြစ်ပုံကို ဒီတွင်ပဲ ရပ်ပြီး မနောဒွါရက ဖြစ်ပုံကို ပြောကြဦးစို့။
မနောဒွါရမှ ဝိညာဏ် ဖဿ ဝေဒနာ ဖြစ်ပျက်ပုံ
မနဉ္စ ပဋိစ္စ ဓမ္မေ စ ဥပ္ပဇ္ဇတိ မနောဝိညာဏံ တိဏ္ဏံ သင်္ဂတိ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ။
မနဉ္စ ပဋိစ္စ၊ စိတ်နှလုံးကိုလဲ စွဲမှီ၍။
ဓမ္မေ စ ပဋိစ္စ၊ သဘောအာရုံ စိတ်ကူးအာရုံကိုလဲ စွဲမှီ၍။
မနောဝိညာဏ်၊ စိတ်ကူးကြံသိမှု-မနောဝိညာဏ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်ပေါ်၏။
စိတ်နှလုံးနဲ့ စိတ်ကူးအာရုံ ဒီနှစ်မျိုးကို စွဲမှီပြီး စိတ်ကူးကြံသိမှုမနောဝိညာဏ်စိတ် ဖြစ်ပေါ်တယ်၊ စွဲမှီစရာ စိတ်နှလုံးဆိုတာ တခြားမဟုတ်ဘူး၊ ပဋိသန္ဓေကာလ ကတည်းက ရလာခဲ့တဲ့ ဘဝင်စိတ်ပဲ၊ သူက ကံစွမ်းရှိသလောက် ဆက်ကာဆက်ကာ မပြတ်ဖြစ်နေတယ်၊ သူဟာ ကြံသိစိတ်တွေဖြစ်ဖို့ မျိုးစေ့သဖွယ် ဖြစ်နေပါတယ်၊
သိစရာအာရုံ အထူးမပေါ်တဲ့အခါ ဒီဘဝင်စိတ်ချည်း မပြတ်ဖြစ်နေတယ်၊ အိပ်ပျော်နေတဲ့အခါမှာ ဒီဘဝင်စိတ်ချည်းပဲ၊ နိုးနေတဲ့အခါလဲ စိတ်ကူးကြံသိမှုတွေရဲ့ အကြားအကြားမှာ သူက မပြတ်ဖြစ်နေတယ်၊ အာရုံအထူးပေါ်လာတဲ့ အခါကျတော့ ဒီဘဝင်က ထလာသလိုပါပဲ၊ သူကနေပြီး ကြံသိစိတ်တွေဖြစ်ပွားလာတယ်၊ ဒါကြောင့်
“မနဉ္စ ပဋိစ္စ၊ ဘဝင်ဆိုတဲ့စိတ်နှလုံးကိုလဲ စွဲမှီပြီးတော့ ကြံသိမှုဖြစ်တယ်”လို့ ဟောထားပါတယ်၊ “ဘဝင်ဆိုတဲ့ ဒီစိတ်ကလဲ ရှိပါမှ ကြံသိစိတ်ဖြစ်နိုင်တယ်”လို့ ဆိုလိုပါတယ်၊
ဒီဘဝင်စိတ်ဟာ ကြံသိစိတ်တွေ ပြတ်စဲနေခိုက်မှာ အမြဲရှိနေတယ် မဟုတ်လားလို့ မေးစရာရှိပါတယ်၊ ဘဝင်ရှိနေတာကတော့ မှန်တယ်၊ ဒါပေမယ့် ကြံသိစိတ် ဖြစ်ဖို့ရာ သန်စွမ်းပါမှ အဲဒီဘဝင်ကိုမှီပြီး ကြံသိစိတ် ဖြစ်နိုင်တယ်၊ တခါတရံ အိပ်ချင်ပြီး ဝေတေတေဖြစ်နေတာနဲ့ ဘာကိုမျှ စိတ်ကူးလို့ မဖြစ်ဘူး၊ တခါတရံလဲ စဉ်းစားပေမယ့် ဘာမျှ စိတ်ကူးမပေါ်ပဲ ဝေတေတေကြီး ဖြစ်နေတယ်၊ အဲဒါတွေဟာ ကြံသိမှု စိတ်ဖြစ်နိုင်လောက်အောင် ဘဝင်စိတ်က အင်အားမရှိတဲ့ သဘောတွေပါပဲ၊ အဲဒီလို ဘဝင်စိတ်ဟာ ရှိနေပေမယ်လို့ ရှိရာမရောက်ဘူး၊
ယခုဒီမှာ ပြဆိုတဲ့ဘဝင်စိတ်ကတော့ အာရုံအသစ်က ထင်ပေါ်လာတဲ့အတွက် မူလအာရုံကို လွှတ်တော့မလိုလို အခြေပျက်ပြီး လှုပ်ရှားလာတဲ့ ဘဝင်ဖြစ်ပါတယ်၊ အဲဒါကို ကျမ်းဂန်ဝေါဟာရနဲ့ ပြောရယင် ဘဝင်္ဂစလန-လှုပ်တဲ့ဘဝင်တဲ့၊ ဘဝင်္ဂုပစ္ဆေဒ-အစဉ်ပြတ်စဲတဲ့ ဘဝင်တဲ့၊ ဒီလိုခေါ်ပါတယ်၊ အဲဒီ ပြတ်စဲသွားတဲ့ နောက်ဆုံးဘဝင်ကို မှီပြီးတော့ ကြံသိမှုစိတ်တွေ ဖြစ်လာပါတယ်၊ အဲဒီမှာလဲ ကြံသိမှုစိတ်အရ ဇောစိတ်ကိုယူယင် အာဝဇ္ဇန်းစိတ်ကိုလဲ မန-စိတ်နှလုံးဆိုတဲ့ မှီရာ အကြောင်းတရား ထဲမှာ ထည့်ပြီးယူရမယ်လို့ အဋ္ဌကထာတွေက ပြဆိုထားပါသေးတယ်၊
အာဝဇ္ဇန်းဆိုတာ ဘဝင်အစဉ် ပြတ်စဲသွားတဲ့အခါ ရှေးဦးစွာဖြစ်တဲ့ကြံသိစိတ်ပါပဲ၊ သူက ထင်ပေါ်လာတဲ့အာရုံကို ဘယ်လိုဟာပါလိမ့်ဆိုတဲ့အနေနဲ့ ရှေးဦးစွာ နှလုံးသွင်း ဆင်ခြင်ပြီး ဖြစ်လာပါတယ်၊ ဒီအာဝဇ္ဇန်းက အလွန်အရေးကြီးပါတယ်၊ သူက ထက်မြက်ကောင်းမွန်ယင် သိသင့်သိထိုက်တဲ့အာရုံတွေ အချက်အလက်တွေကို တည့်တည့်မတ်မတ် နှလုံးသွင်းမိတယ်၊ စာရေးတဲ့သူဆိုယင် ရေးသင့်ရေးထိုက်တဲ့ အချက်တွေကို နှလုံးသွင်းမိတယ်၊ ဟောပြောတဲ့သူဆိုယင် ပြောသင့်ပြောထိုက်တဲ့ စကားလုံးတွေကို နှလုံးသွင်းမိတယ်၊
ဒါကြောင့် အဲဒီလိုပုဂ္ဂိုလ် ရေးတဲ့စာတွေ ပြောတဲ့စကားတွေဟာ အချိုးတကျ အကောင်းချည်းဖြစ်နေတယ်၊ အဲဒီလို ပုဂ္ဂိုလ်ကိုလဲ အာဝဇ္ဇန်းကောင်းတယ်လို့ ချီးကျူးကြတယ်၊ နောက်ပြီးတော့ ဒီအာဝဇ္ဇန်းကကောင်းတဲ့ဘက်ကို ညွတ်ကိုင်း နှလုံးသွင်းမိယင် ကုသိုလ်စိတ်တွေဖြစ်တယ်၊ ဒါကြောင့်အဲဒီ ရှေးဦးစွာနှလုံးသွင်းမှု အာဝဇ္ဇန်းစိတ်ကို မနဉ္စ-အရ မနောဒွါရထဲမှာ ထည့်ပြီးယူရမယ်လို့ အဋ္ဌကထာ ဆရာတွေက ဆိုကြတာပါပဲ၊
ဒီအာဝဇ္ဇန်းမနောဒွါရကတော့ ရှုမှတ်ပြီး ကိုယ်တွေ့ မျက်မှောက် သိနိုင်တဲ့ တရားပါပဲ၊ နှလုံးသွင်းကြံစည်လို့ ကြံသိမှုစိတ်တွေ ဖြစ်ရတယ်ဆိုတာကိုလဲ မျက်မှောက် သိနိုင်ပါတယ်၊ ဒါကြောင့် အာဝဇ္ဇန်း မနောဒွါရ ယူပုံကတော့ ယောဂီတွေအတွက် အလွန်အကျိုးများပါတယ်၊ ဒါကြောင့် “မနဉ္စ-စိတ်နှလုံးကိုလဲ စွဲမှီ၍”ဆိုရာမှာ နှလုံးသွင်းမှုကိုလဲ စွဲမှီတယ်လို့ယူရမယ်။
နောက်ပြီးတော့ စိတ်ကူးအာရုံဆိုတဲ့ သဘောအာရုံကလဲရှိပါမှ ဒီကြံသိမှုက ဖြစ်နိုင်တယ်၊ ဒီစိတ်ကူးအားရုံဆိုတာကတော့ နှလုံးသွင်း စိတ်ကူးလိုက်ယင် ပေါ်လာတာ ချည်းပါပဲ၊ ဘယ်အချိန်မဆို စိတ်ကူးလိုက်ယင် အာရုံကတော့ ပေါ်လာ တာချည်းပါပဲ၊ ဒါပေမယ့် ဒီမှာ သိစေလိုတာကတော့ အာရုံမရှိယင် စိတ်ကူး ကြံသိမှု မဖြစ်နိုင်ဘူးဆိုတာသာ သိစေလိုရင်းပါပဲ၊ အဲဒါဟာ တခါတရံ စိတ်ကူးကြံစည်ပေမယ့် ကိုယ်လိုချင်တဲ့အာရုံမပေါ်လာလို့ စိတ်ကူးတွေဆက်မဖြစ်ရပဲ ရပ်စဲထားရတာကို ထောက်ဆပြီး သိနိုင်ပါတယ်၊ ဒါကြောင့် ဘဝင်နှင့်အာဝဇ္ဇန်းဆိုတဲ့ စိတ်နှလုံးနဲ့ စိတ်ကူးအာရုံဆိုတဲ့ သဘောအာရုံ ဒီနှစ်မျိုးကို မှီပြီး ကြံသိမှုမနောဝိညာဏ် ဖြစ်တယ်လို့ပြဆိုရပါတယ်၊ ကဲ-ဆိုကြရမယ်။
စိတ်နှလုံးနဲ့ စိတ်ကူးအာရုံကိုစွဲမှီ၍ ကြံသိမှုမနောဝိညာဏ်ဖြစ်သည်။
မနောဝိညာဏ်နှင့် နှလုံးရုပ်
ဘဝင်နဲ့ကြံသိမှု မနောဝိညာဏ်စိတ်ဟာ ဟဒယဝတ္ထုရုပ်ကိုမှီပြီး ဖြစ်တယ်လို့ အဋ္ဌကထာ ဋီကာကျမ်းတွေက ပြဆိုတဲ့အကြောင်း ရှေ့ပိုင်းတွေကပြောခဲ့ပြီ၊ အဲဒါနဲ့စပ်ပြီး စောဒကတက်စရာရှိနေပါတယ်၊ ဘယ်လိုလဲဆိုတော့ကာ ယခုခေတ် အနောက်တိုင်း ဆရာဝန်တွေက မကောင်းတဲ့ နှလုံးသားကို ထုတ်ပယ်ပြီးတော့ သေပြီးခါစလူရဲ့ နှလုံးသားကောင်းကို အစားထိုး စမ်းသပ်နေကြပါတယ်၊ အဲဒါဟာ အပြည့်အစုံအောင်ပြီလို့ မဆိုရသေးသော်လဲ ရက်ပိုင်းလောက်တော့ အသက်ရှင် နေတဲ့အကြောင်း ရေဒီယို စာ-နယ်-ဇင်းတွေက ကြေငြာနေပါတယ်၊ အဲဒီတော့ နှလုံးသားရုပ်ထဲမှာ ကြံသိစိတ်ဝိညာဏ် တည်မှီတယ်ဆိုတာ ဟုတ်ပါ့မလားလို့ ဒီလိုမေးခွန်းတွေ ပေါ်လာတယ်၊ အဲဒီမေးခွန်းမှာ ဖြေစရာ နှစ်နည်းရှိပါတယ်။
ပထမနည်းကတော့ နှလုံးသားကို ဖြတ်ထုတ်လိုက်ပေမယ့် သူ့အင်အား လုံးလုံးကြီး မပျက်သေးခင် အဲဒီ နှလုံးသားဟောင်းထဲမှာပဲ ဘဝင်စိတ် တည်နေနိုင်ဖွယ်ရှိပါတယ်၊ ဘယ်လိုလဲဆိုယင် အိမ်မြှောင်အမြီးပြတ်များ လှုပ်ရှားနေရာမှာ အသိစိတ်နဲ့ မကင်းဘူးလို့ ယူသင့်သလိုပါပဲ၊ နောက်ပြီးတော့ နှလုံးအသစ်နဲ့ ကိုယ်ထဲကသွေး စပ်မိတဲ့အချိန်ကစပြီး အဲဒီနှလုံးအသစ်ထဲမှာ ဘဝင်စိတ် ကြံသိစိတ်ဖြစ်သွားတယ် လို့လဲ ယူသင့်ပါတယ်၊
ဘယ်လိုလဲဆိုယင် လိုတဲ့နေရာမှာ အသားသစ် အစားထိုးခြင်း၊ အူစသည်ကိုဖြတ်၍ အသစ်ဆက်ထည့်ခြင်များ ပြုတဲ့အခါအသားသစ် အူသစ် မျက်လုံးသစ် စသည်တွေ ထဲမှာ ကာယပသာဒရုပ် စက္ခုပသာဒရုပ်တွေဖြစ်သလိုပဲလို့ ယူဆသင့်ပါတယ်၊
ဒုတိယနည်းကတော့ ပါဠိတော်နည်းပါပဲ၊ ပဋ္ဌာန်းပါဠိတော်မှာ မနောဝိညာဏ်စိတ်၏ တည်ရာရုပ်ကို “ယံ ရူပံ နိဿာယ၊ အကြင်ရုပ်ကိုမှီ၍ ဖြစ်ကုန်၏။ တံရူပံ၊ ထိုမှီရာရုပ်က မှီရာအဖြစ်ဖြင့် စိတ်အား ကျေးဇူးပြုတယ်”လို့ ဒီလို သာမညပဲ ဟောခဲ့ပါတယ်၊ မည်သည့်နေရာက မည်သို့သောရုပ်လို့ အထူး ဖော်ပြပြီး မဟောခဲ့ပါဘူး၊
ဒါကြောင့် အဲဒီပဋ္ဌာန်းပါဠိတော် အလိုအားဖြင့် ကိုယ်ထဲမှာရှိနေတဲ့ တနေရာရာက ရုပ်ဟာစိတ်၏ မှီရာတည်ရာဖြစ်တယ်လို့ ယူနိုင်ပါတယ်၊ နှလုံးသားထဲက ရုပ်လဲ ဖြစ်နိုင်တယ်၊ ခေါင်းထဲကရုပ်လဲ ဖြစ်နိုင်တယ်၊ ဒီတော့ နှလုံးသားထဲကရုပ်ကို မှီရာအဖြစ်ဖြင့် သဘောမကျယင် ခေါင်းထဲကရုပ်ကိုလဲမှီရာလို့ ဆိုနိုင်ပါတယ်၊ ဒီပါဠိတော်နည်းအရဆိုယင်တော့ နှလုံးသား အသစ်လဲတဲ့ ပြဿနာနဲ့စပ်ပြီး ရှုပ်ထွေးစရာ မရှိတော့ပါဘူး။
ပင့်ကူအိမ်နဲ့ ပင့်ကူကောင် ဥပမာ
ဒါပေမယ့် အဘိဓမ္မာအဋ္ဌကထာမှာ ပြထားတဲ့ပင့်ကူကောင်ဥပမာနဲ့ စိတ်ဖြစ်ပုံကို ဒီမှာပြောရဦးမယ်၊ ပင့်ကူအိမ်ဆိုတာ လူတိုင်းမြင်ဖူးကြပါတယ်၊ ပင့်ကူကောင်က ခြင်တို့ ယင်တို့ ဒီလိုအကောင်ကလေးတွေကို ဖမ်းဖို့လုပ်ထားတဲ့ ပိုက်တမျိုးပါပဲ၊ အဲဒီ အကောင်တွေဟာ အင်မတန် အံ့ဩစရာကောင်းတယ်၊
ပင့်ကူကောင် အငယ်ကလေးကလဲ ပင့်ကူအိမ် ငယ်ငယ်ကလေးတွေကို လုပ်ထားတယ်၊ သူတို့မှာ သင်တန်းကျောင်း တက်ရတယ်လို့မရှိပဲနဲ့ အိမ်လုပ်တတ် တာဟာ သိပ်အံ့ဩစရာကောင်းတာပဲ၊ လူဆိုယင်ဖြင့်မွေးခါစ သုံးလေးလအတွင်းမှာ မထူနိုင် မထူနိုင်သေးဘူး၊ ဘာမျှမလုပ်တတ်သေးဘူး၊ ပင့်ကူကောင်ကလေး တွေကတော့ ရက်ပိုင်းအတွင်းမှာပဲ သူ့အိမ် သူလုပ်တတ်တယ်၊ သိပ်အံ့ဩစရာ ကောင်းတာပဲ၊
အဲဒီ ပင့်ကူကောင်ဟာ ပင့်ကူအိမ်ရဲ့ အလယ်ကောင်မှာ ဝပ်နေတယ်၊ ခြင်ဖြစ်စေ ယင်ကောင်ဖြစ်စေ သူ့အိမ်ထဲ လာတိုးလိုက် တိုက်လိုက်တာနဲ့ တပြိုင်နက် သူက ထလာပြီး အဲဒီ ခြင်ကောင်ယင်ကောင်ကို သူ့အမျှင်နဲ့ချည်နှောင်ပြီး ဖမ်းလိုက်တယ်၊ ဖမ်းပြီး ခြင်ကောင် ယင်ကောင်ရဲ့ အသွေးအသားကိုစားပြီး သူ့မူလနေရာ ပင့်ကူအိမ်ရဲ့အလယ်မှာပဲ ပြန်ပြီးဝပ်နေပြန်တယ်၊ အခြားနေရာက ခြင်ကောင် ယင်ကောင် လာတိုးယင်လဲ ဒီနည်းပဲ ဖမ်းပြီးစားတယ်၊ ပြီးတော့သူ့နေမြဲနေရာမှာပဲ ပြန်နေတယ်၊
အဲဒီလိုပါပဲ ဘဝင်စိတ် မနောဝိညာဏ်စိတ်က နှလုံးသားထဲက ဟဒယဝတ္ထုရုပ်မှာ တည်မှီပြီး ဖြစ်ပျက်နေတယ်၊ အဲဒါဟာပင့်ကူကောင်က ပင့်ကူအိမ်ရဲ့ အလယ်မှာ တည်နေတာနဲ့တူပါတယ်၊ ပင့်ကူအိမ်ရဲ့ အမျှင်တွေဟာ ဘေးပတ်ဝန်းကျင်နဲ့ အလယ်ဗဟို တစပ်တည်းဆက်နေသလိုပဲ နှလုံးသားက လွှတ်လိုက်တဲ့သွေးတွေ ဟာလဲ ဆံခြည်မျှင်သွေးကြောတွေမှ လျှောက်ပြီးတကိုယ်လုံးမှာ အပ်တဖျားစာမျှ မကျန်ရအောင် ပျံ့နှံ့နေပါတယ်၊
ဒါကြောင့်မျက်စိထဲမှာ အဆင်းထင်ပေါ်လာယင်လဲ နှလုံးရုပ်မှာတည်တဲ့ ဘဝင်စိတ် က ထလာပြီးမြင်တဲ့စိတ် စသည်ဖြစ်တယ်၊ စက္ခုဒွါရဝီထိစိတ်တွေ ဖြစ်သွားတာကို ဆိုလိုပါတယ်၊ အဲဒါကိုမြင်ပြီးတော့မှ နှလုံးရုပ်မှာပဲ ပြန်တည်တယ်၊ ဘဝင်စိတ် မနောဒွါရဝီထိစိတ်တွေဖြစ်မြဲဖြစ်နေတာကို ဆိုလိုပါတယ်၊
ထို့အတူ နားထဲမှာ အသံထင်ပေါ်လာယင်, နှာခေါင်းထဲမှာ အနံ့ကျလာယင်, လျှာပေါ်မှာ အရသာ ရောက်လာယင်လဲ နှလုံးရုပ်မှာတည်တဲ့ အဲဒီဘဝင်စိတ်က ထလာပြန်ပြီး ကြားသိတဲ့စိတ်, နံသိတဲ့စိတ်, စားသိတဲ့စိတ် အစရှိတဲ့ ဝီထိစိတ်တွေ ဖြစ်သွားတယ်၊
ပြီးတော့ ပင့်ကူကောင်ကလေးအလယ်မှာ ပြန်တည်နေသလို သူ့နေရာ နှလုံးရုပ်မှာပဲ ဘဝင်စိတ် မနောဒွါရဝီထိစိတ် ဖြစ်နေပြန်တယ်၊ ကာယပသာဒ ခေါ်တဲ့ ကိုယ်အကြည်ရုပ်ကတော့ တကိုယ်လုံးမှာ တည်ရှိနေတဲ့အကြောင်း ပြောခဲ့ပြီ၊
ဒါကြောင့် တကိုယ်လုံးမှာ တနေရာရာက အတွေ့ရုပ်တမျိုးမျိုးနဲ့ တိုက်မိထိမိယင် နှလုံးရုပ်မှာ တည်နေတဲ့ ဘဝင်က ထလာပြီး ထိသိတဲ့စိတ် စသည်ဖြစ်တယ်၊ အဲဒီလို ထိသိပြီးတော့ သူ့နေရာနှလုံးရုပ်မှာပဲ စိတ်ကပြန်တည်နေတယ်၊ အဲဒါဟာ ဘဝင်စိတ်က နှလုံးရုပ်မှာ အမြဲတည်ပြီး ရံဖန်ရံခါ မျက်စိ နား စသည်မှာ ဖြစ်ပုံပါပဲ။
ဒီတော့ စိတ်စေတသိက်ဆိုတဲ့ အသိနာမ်တရားတွေဖြစ်ရာမှာ ဘဝင်နဲ့ကြံသိမှု ဆိုတာက ဗဟိုဌာန ပင်မကြီး ဖြစ်တယ် ဆိုတဲ့အကြောင်း တော်တော်သဘော ပေါက်လောက်ပါပြီ၊ မြင်စရာရှိတဲ့အခါမျက်စိကို မှီပြီးမြင်သိသွားတယ်၊ ပြီးတော့ အဲဒါကို ကြံသိမှုဆိုတဲ့ မနောဝိညာဏ်ကပြန်ပြီး ဆင်ခြင်စဉ်းစားတယ်၊
ထို့အတူ ကြားစရာရှိတဲ့အခါ နားကိုမှီပြီး ကြားသိသွားတယ်၊ နံစရာရှိတဲ့အခါ နှာခေါင်းကိုမှီပြီး နံသိသွားတယ်၊ အရသာပေါ်တဲ့အခါ လျှာကိုမှီပြီး အရသာ သိသွားတယ်၊ ပြီးတော့ အဲဒါတွေကို ကြံသိမှုဆိုတဲ့ မနောဝိညာဏ်က ပြန်ပြီးဆင်ခြင်စဉ်းစားတယ်၊
တွေ့ထိတဲ့ဌာနကတော့ အလွန်ကျယ်ဝန်းပါတယ်၊ ကိုယ်ကာယကြီးသလောက် ကျယ်ပြန့်တယ်၊ ဆင်ကြီးတွေ မြွေကြီးတွေ ပင်လယ်ထဲက ငါးကြီးတွေ အဲဒီလို ကြီးမားတဲ့ သတ္တဝါကြီးတွေမှာဆိုယင် အလွန်ကျယ်ပြန့်ပါတယ်၊
ခေါင်းက ထိစရာရှိယင် ခေါင်းမှာ ထိသိသွားတယ်၊ ခြေမှာ ထိစရာရှိယင် ခြေမှာ ထိသိသွားတယ်၊ အမြီးပိုင်းမှာ ထိစရာရှိယင် အမြီးပိုင်းမှာ ထိသိသွားတယ်၊ တနေရာနဲ့ တနေရာ ဝေးပေမယ့်လဲ သူ့တကိုယ်ထဲမှာတော့ စိတ်ကလိုက်ပြီး ထိသိတာပဲ၊ ထိသိပြီးတော့ အဲဒါကို ကြံသိမှုဆိုတဲ့စိတ်က ပြန်ပြီး ဆင်ခြင် စဉ်းစားတယ်။
အဲဒီလို မြင်စရာ ကြားစရာ နံစရာ စားသိစရာ ထိသိစရာတွေ အထူး မထင်ပေါ်တဲ့အခါမှာတော့ ကြံသိမှုက သူချည်းမပြတ်ဖြစ်နေတယ်၊ တခါတရံမှာ ဆိုယင် စိတ်ကူး ဝိတက်တွေက အားကောင်းနေတဲ့အတွက် မြင်စရာတွေ ကြားစရာတွေ ရှိနေပါလျက်နဲ့တောင် မမြင်ပဲမကြားပဲ ရှိနေတတ်သေးတယ်၊ ထိစရာတွေ ရှိနေပါလျက်နဲ့ မထိသိပဲ ရှိနေတတ်သေးတယ်၊ အဲဒီလိုအခါမှာ စိတ်ကူးကြံသိမှုချည်း မပြတ်ဖြစ်နေတယ်၊
အရေးကြီးတဲ့ကိစ္စကို စဉ်းစားနေတဲ့ အခါဆိုယင် အိပ်လို့တောင် မပျော်နိုင်ပဲ ရှိနေတတ်သေးတယ်၊ အဲဒါဟာ ကြံသိမှုစိတ်ကူးတွေ လွန်နေတာပါပဲ၊ အဲဒီလို စိတ်ကူးတွေဟာလဲ ဘဝင်နဲ့အာဝဇ္ဇန်းဆိုတဲ့ စိတ်နှလုံးနဲ့ စိတ်ကူး အာရုံဆိုတဲ့ သဘောအာရုံတွေကို မှီပြီး ဆက်ကာ ဆက်ကာ မပြတ်ဖြစ်နေတဲ့ ကြံသိမှုတွေပါပဲ၊
အဲဒီ ကြံသိမှုတွေကို ဖြစ်တိုင်းဖြစ်တိုင်း ရှုမှတ်နိုင်မယ်ဆိုယင်တော့ ကြံသိလိုက် ပျောက်သွားလိုက်, ကြံသိလိုက် ပျောက်သွားလိုက်နဲ့ တပိုင်းစီ တပိုင်းစီ အပြတ် အပြတ်ကလေးတွေပဲ ဆိုတာကို သိနိုင်ပါတယ်။
အဲဒီလို စိတ်နှလုံးနဲ့ သဘောအာရုံကိုမှီပြီး ကြံသိမှု ဖြစ်တိုင်း ဖြစ်တိုင်း မနောဒွါရ ခေါ်တဲ့ စိတ်နှလုံးရယ် သဘောအာရုံဆိုတဲ့ စိတ်ကူးအာရုံရယ် ကြံသိမှုရယ် ဒီသုံးမျိုး ဆုံမိသွားတယ်၊ ဒါကြောင့် စိတ်ကူးထဲမှာ အာရုံကိုတွေ့မှုဖဿ ဖြစ်ပေါ်လာတယ်၊ ကဲ ဆိုကြရမယ်။
စိတ်နှလုံး စိတ်ကူးအာရုံ ကြံသိမှုဟူသော တရားသုံးပါး ဆုံမိ၍ ကြံတွေ့မှု-ဖဿ ဖြစ်သည်။
ဒီ ကြံတွေ့မှုဆိုတာကတော့ ကြံစည်တိုင်း စဉ်းစားတိုင်း စိတ်ကူးထဲမှာ အာရုံကို ထင်ရှားတွေ့နေတဲ့ သဘောပါပဲ၊ အာရုံက တကယ်ဟုတ်သည်ဖြစ်စေ, မဟုတ်သည် ဖြစ်စေ, ရှိသည်ဖြစ်စေ, မရှိသည်ဖြစ်စေ စိတ်ကူးထဲမှာတော့ ထင်ရှားတွေ့ နေတာပဲ၊ အများသိလွယ်တဲ့ သာဓကကို ထုတ်ပြရမယ်၊ ပိဋကတ်တော်ကလာတဲ့ တေမိဇာတ် နေမိဇာတ် ဇနကဇာတ် မဟောသဓာဇာတ် ဝေဿန္တရာဇာတ်အစရှိတဲ့ ဇာတ်ဝတ္ထုတွေဆိုတာ ဖတ်ဖူးကြ ကြားနာဖူးကြတယ်မဟုတ်လား၊
အဲဒီ ဇာတ်ဝတ္ထုတွေကိုဖတ်တဲ့အခါ ကြားနာတဲ့အခါမှာ မြို့တော်တွေဆိုတာလဲ ပေါ်လာတယ်၊ မန္တလေးက နန်းြုမိ့ရိုးကြီးများလိုလဲ ပေါ်လာလိမ့်မယ်၊ ဒါပေမယ့် ဟိုတုန်းက မြို့တော်က အဲဒီလိုဟုတ်ချင်မှ ဟုတ်ပေမယ်၊
တေမိ နေမိ ဇနက မဟောသဓာ ဝေဿန္တရာတို့ ဆိုတာတွေလဲ ဗမာ့စိတ်ကူးထဲမှာ ဗမာ့အချိုးအစား အတိုင်း ပေါ်လာပေလိမ့်မယ်၊ ဒါပေမယ့် အိန္ဒိယနိုင်ငံက အဖြစ်အပျက်တွေဆိုတော့ ယခု အိန္ဒိယသားတွေရဲ့ အချိုးအစားမျိုးဖြစ်ဖို့က ပိုပြီးနီးစပ်နေပါတယ်၊
ဘုရားလက်ထက်တော်က ထင်ရှားခဲ့တဲ့ ဗိမ္ဗိသာရမင်း ကောသလမင်း အဇာတသတ်မင်း အနာထပိဏ် ဝိသာခါ အစရှိတဲ့ ပုဂ္ဂိုလ်တွေအကြောင်းကို စဉ်းစားတဲ့အခါလဲ ဒီပုံဒီနည်း ထင်ပေါ်ကြမှာပါပဲ၊ အဲဒီလို စိတ်ထဲ ထင်ပေါ်တာဟာ အာရုံကို စိတ်နဲ့ တွေ့တဲ့ ဖဿပါပဲ။
လောကဘက်ကနေပြောရယင် ခေတ်ပေါ်ဝတ္ထုစာအုပ်တွေ ဆိုတာရှိတယ်၊ အဲဒီဝတ္ထု တွေကို ရေးတဲ့သူက ဘာမျှမဟုတ်ပါပဲနဲ့ သက်က်ကြံစည်ပြီး ရေးထားတာပဲ၊ ဒါပေမယ့် အဲဒီစာအုပ်တွေကို ဖတ်တဲ့သူမှာတော့ ြုမိ့တွေရွာတွေလဲ ပေါ်နေတယ်၊ ပွဲစားကြီး သဌေးကြီး လယ်သမားကြီး စသည်ဖြင့် ယောက်ျား မိန်းမ လူကြီး လူငယ် လူမိုက် လူဆိုး အမျိုးမျိုးပေါ်နေတယ်၊ အိမ်ကြီး တိုက်ကြီးတွေ လမ်းကြီး လမ်းငယ်တွေ ခြံဥယျာဉ်တွေ ဒီလိုနေရာ ထိုင်ခင်းတွေလဲ ပေါ်နေတယ်၊ ယာဉ်ရထားတွေ ကားတွေနဲ့ သွားလာနေပုံတွေလဲ ပေါ်နေတယ်၊
အဲဒါတွေ တကယ်တော့ ဘာမျှရှိတဲ့ဟာတွေ မဟုတ်ပါဘူး၊ စာဖတ်တဲ့လူကလဲ မဟုတ်မှန်း သိပါတယ်၊ ဒါပေမယ့် စာဖတ်နေယင်း တကယ်အဟုတ်တွေလိုပဲ ထင်ပေါ်နေပါတယ်၊ ဒါကြောင့် ပျော်စရာအခန်းမှာ စာဖတ်ယင်း ပျော်နေတယ်၊ လွမ်းစရာအခန်းမှာ လွမ်းနေတယ်၊ စိတ်ဆိုးစရာ အခန်းမှာ စိတ်ဆိုးနေတယ်၊ အဲဒါတွေဟာ အာရုံကိုတွေ့တဲ့ ဖဿကြောင့် ဖြစ်နေတာတွေပါပဲ။
နောက်ပြီးတော့ အချို့ဘာသာရေးတွေမှာ ကောင်းကင်ဘုံတို့ ဘုရားသခင်တို့ စသည်တွေကို အမွှမ်းတင်ပြီး ပြထားတယ်၊ အဲဒါတွေလဲ သူ့ဘာသာဝင်တွေမှာ တကယ်ဟုတ်တဲ့အနေနဲ့ ထင်ပေါ်နေတာပဲ၊ အဲဒါလဲ ဖဿပါပဲ၊ ဒီဖဿက ထင်ပေါ် လို့သာ အယူဝါဒအမျိုးမျိုးတွေ ဖြစ်ပေါ်နိုင်တာ၊ ဖဿနဲ့အာရုံကို မတွေ့ယင် အဲဒီအယူဝါဒတွေမဖြစ်နိုင်ဘူး၊ ဒါကြောင့် မြတ်စွာဘုရားက ဗြဟ္မဇာလသုတ်မှာ “တဒပိ ဖဿပစ္စယာ” လို့ ဟောထားပါတယ်။
တဒပိ၊ ထိုသို့ ဟောပြောခြင်း ယူဆခြင်းသည်လည်း။
ဖဿ ပစ္စယာ၊ ဟောပြော ယူဆစရာအာရုံကို ထင်ရှားတွေ့တဲ့ ဖဿဟူသော အကြောင်းကြောင့် ဖြစ်သည်-တဲ့။
ဟုတ်တယ်၊ ဟောပြောရေးဖြစ်ဖြစ် အယူဝါဒဖြစ်ဖြစ် အလုပ်အကိုင်နဲ့စပ်တဲ့ အကြံအစည်ဖြစ်ဖြစ် သက်သက်ကြံစည် စိတ်ကူးဖြစ်ဖြစ် အာရုံထင်ရှားပေါ်မှဖြစ်တာ၊ အာရုံမပေါ်ဘူး အာရုံကိုမတွေ့ရဘူးဆိုယင် ဘယ်ဟာမှ မဖြစ်နိုင်ဘူး၊ အာရုံကို တွေ့တယ်ဆိုတာလဲ ဘဝင်နဲ့နှလုံးသွင်းမှုရယ် စိတ်ကူးအာရုံရယ် ကြံသိမှုရယ် ဒီတရားသုံးပါးဆုံမိလို့ ဖြစ်တာပဲ၊ ကဲ ဆိုကြရ မယ်။
ဘဝင်နှင့် နှလုံးသွင်းမှုဆိုတဲ့ စိတ်နှလုံး, သဘောအာရုံဆိုတဲ့ စိတ်ကူးအာရုံ, မနောဝိညာဏ် ဆိုတဲ့ ကြံသိမှုဟူသော တရားသုံးမျိုး ဆုံမိ၍ ကြံတွေ့မှု ဖဿ ဖြစ်သည်။
ဖဿကြောင့် ဝေဒနာဖြစ်ပုံ
ခုတင်က ဆိုခဲ့တဲ့ဆောင်ပုဒ်က အကျဉ်း၊ ယခု ဆောင်ပုဒ်က အကျယ်၊ ဒါလောက်ပဲ ထူးပါတယ်၊ ဒီလို စိတ်ကူးထဲမှာ အာရုံကိုတွေ့ယင် ခံစားမှု ဝေဒနာက ဖြစ်တော့ တာပဲ၊ ကိုယ်အလိုရှိတဲ့ အာရုံအကောင်းတွေနဲ့တွေ့ယင် သုခဝေဒနာဖြစ်တယ်၊
ဘယ်လိုလဲဆိုယင် ရှေးက ကောင်းစား ချမ်းသာခဲ့ဖူးတာတွေကို ဆင်ခြင်ကြံတွေး ပြီးတော့လဲ စိတ်ထဲမှာ ချမ်းသာနေတတ်တယ်၊ ဝမ်းသာပျော်ရွှင်နေတတ်တယ်၊ နောင်ကာလ ကြီးပွားချမ်းသာမည့် အရေးတွေကို မျှော်တွေး ကြံတွေးပြီးတော့လဲ ဝမ်းသာပျော်ရွှင်နေတတ်တယ်၊
ယခုလောလောဆယ်မှာ ကြီးပွားချမ်းသာနေတာ ပြည့်စုံနေတာတွေကို စဉ်းစား ကြံတွေးပြီးတော့လဲ ဝမ်းသာ ပျော်ရွှင်နေတတ်တယ်၊ ဒါက ကောင်းတဲ့ ဖဿ အတွေ့ကြောင့် သုခဝေဒနာဖြစ်ပုံပဲ။
ကိုယ်အလိုမရှိတဲ့ အာရုံဆိုးတွေနဲ့ တွေ့ယင်တော့ ဒုက္ခဝေဒနာ ဖြစ်တယ်၊ ဘယ်လိုလဲဆိုယင် ရှေးက ဘေးဒုက္ခရောက်ခဲ့တာကို ဆင်ခြင် ကြံတွေ့ပြီးတော့လဲ စိတ်မချမ်းမသာ ဖြစ်နေတတ်တယ်၊ ဝမ်းနည်းစိတ်ပျက်နေတတ်တယ်၊
နောင် ကာလမှာ ဆင်းရဲဒုက္ခ ရောက်ရမှာတွေ ဘေးရန်နဲ့တွေ့ရမှာတွေ အကျပ်အတည်းနဲ့ ရင်ဆိုင်ရမှာတွေ ဒီလိုအဆိုးတွေကို မျှော်တွေး ကြံတွေ့ ပြီးတော့လဲ စိတ်မချမ်းမသာ ဖြစ်နေတတ်တယ်၊ အဲဒါဟာ တကယ် မဟုတ်ပေမယ့်လဲ စိတ်ကူးထဲမှာ အာရုံဆိုးနဲ့တွေ့ယင်တော့ စိတ်ဆင်းရဲက ဖြစ်တော့တာပဲ၊
တချို့မှာ ကိုယ့်အိမ်ကလူ ခရီးသွားနေယင်း သေတယ်လို့ အခိုင်အလုံသတင်း ကြားရတာနဲ့ သောကပရိဒေဝမီးတွေ တောက်လောင်လို့ သပိတ်သွတ်လှူဒါန်းပြီး မျက်ရေစက်လက်နဲ့ အမျှဝေကြတယ်၊ နောက်အိမ်ကလူက ကျန်းကျန်းမာမာနဲ့ ပြန်ရောက်လာလို့ရယ်စရာ ဖြစ်နေတယ်ဆိုတဲ့ အကြောင်း ကြားသိရတယ်၊
ထို့အတူပဲ ဘေးရန်အန္တရာယ်နဲ့ တွေ့ရလိမ့်မယ်ထင်ပြီး ပူပန်သောက ရောက်နေရာက ဘာမျှမဖြစ်ပဲ ချမ်းသာနေကြတာတွေလဲ ရှိကြတယ်၊ အဲဒါတွေဟာ တကယ် မဟုတ်ပေမယ့် စိတ်ထဲမှာတော့ တကယ်ဟုတ်တဲ့အနေနဲ့ တွေ့ရလို့ဖြစ်တဲ့ စိတ်ဆင်းရဲတွေပါပဲ။
အဲဒီလိုပဲ မဟုတ်ပဲနဲ့ စိတ်ကူးကောင်းပြီး ဝမ်းသာတာတွေလဲရှိတာပဲ၊ လိုရင်းကတော့ ဟုတ်သည်ဖြစ်စေ မဟုတ်သည် ဖြစ်စေ စိတ်ကူးထဲ အာရုံကောင်းနဲ့တွေ့ယင် ဝမ်းသာရွှင်ပျတဲ့ သုခဝေဒနာဖြစ်တယ်၊ အာရုံဆိုးနဲ့တွေ့ယင် စိတ်နှလုံးမသာတဲ့ ဒုက္ခဝေဒနာ ဖြစ်တယ်၊ အဲဒီအထဲမှာလဲ အာရုံက မပီမသနဲ့ မှေးမှေးမှိန်မှိန်တွေ့ရယင် ဝေဒနာကလဲ နဲနဲသာဖြစ်တယ်၊ အာရုံက ပီပီသသနဲ့ ထင်ထင်ရှားရှားကြီး တွေ့ရယင်တော့ ချမ်းသာတွေ ဆင်းရဲတွေဟာ အလွန်အကဲ ဖြစ်တော့တာပဲ။
နောက်ပြီးတော့ မဆိုးမကောင်း သာမန်အာရုံနဲ့ တွေ့ယင်တော့ ဥပေက္ခာဝေဒနာ ဖြစ်တယ်၊ အဲဒီလိုအခါမှာ ချမ်းသာတာ ဝမ်းသာတာလဲမရှိဘူး၊ စိတ်ဆင်းရဲတာ နှလုံးမသာတာလဲ မရှိဘူး၊ ခံစားမှုဝေဒနာ မရှိဘူးလို့တောင် ထင်ရတတ်ပါတယ်၊ အဲဒါဟာ ဥပေက္ခာ ဝေဒနာက သိမ်မွေ့နေလို့ မထင်ရှားတဲ့ သဘောပါပဲ၊ ဒီလို မထင်ရှားတဲ့အတွက် မိဂပဒဝဠဉ္ဇနနည်းဖြင့် သိရတယ်လို့တောင် အဋ္ဌကထာများမှာ ပြဆိုထားပါသေးတယ်။
မိဂပဒဝဠဉ္ဇနနည်းနဲ့ သိပုံ
မိဂပဒဝဠဉ္ဇနနည်းဆိုတာ သမင်ခြေရာခံတဲ့နည်းပါပဲ၊ သမင်က ကျောက်ဖျာပေါ်က ဖြတ်သွားယင် အဲဒီကျောက်ဖျာပေါ်မှာ သမင်ခြေရာ မထင်တဲ့အတွက် ခြေရာပျောက်သွားတယ်၊ ဒါပေမယ့် ကျောက်ဖျာရဲ့ တဘက်အဆုံးကျတော့ ခြေရာကို တွေ့ရပြန်တယ်၊ ဒီတော့ ဟိုဘက်ကလာခဲ့တဲ့ခြေရာနဲ့ ဒီဘက်ကဆင်းသွားတဲ့ ခြေရာကိုတွေ့ရယင် အဲဒီခြေရာနှစ်ခုရဲ့ အလယ်ကြားက ကျောက်ဖျာပေါ်မှပဲ သမင်ဟာ ဖြတ်သွားတယ်ဆိုတာကို သိရတယ်၊
အဲဒါလိုပဲ ယောဂီမှာလဲ ပထမက ထင်ရှားဖြစ်ပေါ်နေတဲ့ သုခဝေဒနာကိုဖြစ်ဖြစ်, ဒုက္ခဝေဒနာကိုဖြစ်ဖြစ် ရှုမှတ်ပြီး ထင်ရှားသိနေခဲ့ရတယ်၊ အဲဒီကနောက် ဥပေက္ခာ ဖြစ်ခိုက်မှာတော့ ခံစားမှု ဝေဒနာကို ထင်ရှားမတွေ့ရဘူး၊ ဒါပေမယ့် မြင်မှု ကြားမှု သိမှု အစရှိတဲ့ သာမန်စိတ်တွေကိုတော့ ရှုမှတ်ပြီး သိနေရတာပါပဲ၊
အဲဒီကနောက်တဖန်သုခဖြစ်စေ ဒုက္ခဖြစ်စေ ပေါ်လာပြန်တယ်၊ အဲဒီအခါကျတော့ ဖြစ်ပေါ်လာတဲ့ သုခဒုက္ခကို ရှုမှတ်ပြီး သိရပြန်တယ်၊ ဒီတော့ ယောဂီက သာမန်စိတ်တွေ ဖြစ်ခိုက် အလယ်ပိုင်းတုန်းက ဥပေက္ခာဝေဒနာ ဖြစ်ခဲ့တယ်လို့ မှန်းဆပြီးဆုံးဖြတ်ရပါတယ်၊ အဲဒါဟာ သမင်ခြေရာခံပုံနဲ့ တူတဲ့အတွက် မိဂပဒဝဠဉ္ဇနနည်းဖြင့် သိတာလို့ ဆိုပါတယ်။
မနောဒွါရ၌ အတိုချုပ် မှတ်ဖွယ်
ဒီမနောဒွါရမှာ အတိုချုပ် မှတ်ဖို့ရာကတော့ ဘဝင်စိတ် အာဝဇ္ဇန်းဆိုတဲ့ စိတ်နှလုံးနဲ့ သဘောအာရုံဆိုတဲ့ စိတ်ကူးအာရုံကို မှီပြီးတော့ ကြံသိမှု မနောဝိညာဏ် ဖြစ်တယ်၊ အရင်းခံ စိတ်နှလုံးရယ် စိတ်ကူးအာရုံရယ် ကြံသိမှုရယ် ဒီ သုံးမျိုးဆုံမိလို့ ကြံတွေ့မှု ဖဿဖြစ်တယ်၊ စိတ်ထဲမှာ အာရုံအကောင်း အဆိုးကို တွေ့ရလို့ ခံစားမှု ဝေဒနာသုံးမျိုး ဖြစ်ပေါ်လာတယ်၊
ဒါတွေဟာ ပုဂ္ဂိုလ် သတ္တဝါလဲ မဟုတ်ဘူး၊ တစုံတယောက်က ဖန်ဆင်းလို့ ဖြစ်တာလဲ မဟုတ်ဘူး၊ အကြောင်းမဲ့ အလိုလို ဖြစ်တာလဲ မဟုတ်ဘူး၊ သူ့ဆိုင်ရာ အကြောင်းကြောင့် သူ့ဆိုင်ရာအကျိုးမျှ ဖြစ်ပေါ်လာတာပဲ၊ အကြောင်းနဲ့အကျိုးမျှသာ ရှိတယ်လို့ သိဖို့မှတ်သားဖို့ပါပဲ၊ ဒါကြောင့် -
မနဉ္စ ပဋိစ္စ၊ စိတ်နှလုံးကိုလဲစွဲမှီ၍။
ဓမ္မေ စ ပဋိစ္စ၊ စိတ်ကူးအာရုံသဘောတရားတို့ကိုလဲ စွဲမှီ၍။
မနောဝိညာဏံ၊ ကြံသိမှု မနောဝိညာဏ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်ပေါ်၏။
တိဏ္ဏံ၊ စိတ်နှလုံး သဘောအာရုံ ကြံသိမှု ဟူသော တရားသုံးပါးတို့၏။
သင်္ဂတိ၊ ဆုံမိခြင်းသည်။ ဝါ၊ ဆုံမိခြင်းကြောင့်။
ဖဿော၊ အာရုံတွေ့မှု ဖဿသည်။
သမ္ဘဝတိ၊ ဖြစ်ပေါ်၏။
ဖဿပစ္စယာ၊ အာရုံကိုတွေ့မှု ဖဿဟူသော အကြောင်းကြောင့်။
ဝေဒနာ၊ ခံစားမှုဝေဒနာသည်။
သမ္ဘဝတိ၊ ဖြစ်ပေါ်၏-
လို့ ဟောထားပါတယ်။
ဒီစကားထဲမှာ ဓမ္မေအရ သဘောအာရုံကို စိတ်ကူးအာရုံလို့ဆိုရာမှာ စိတ်ကူး သက်သက် အာရုံလဲ ရှိတယ်၊ မြင်ရတာ ကြားရတာ အစရှိတဲ့ အာရုံငါးမျိုးလဲရှိတယ်၊ အဲဒီအာရုံငါးမျိုးကိုလဲ ကြံသိစိတ်က ပြန်လည်ဆင်ခြင်ပြီး အာရုံပြုတယ်၊ အဲဒါလဲ တွေ့ပြီးအာရုံကို ပြန်လည်စိတ်ကူးတဲ့ သဘောပါပဲ၊ ဒါကြောင့် ဒီ မနောဝိညာဏ် အရာမှာ အာရုံ ၆-ပါးလုံး အကုန်စုံပါတယ်၊
မြင်ပြီးကိုလဲ ဆက်လက် ကြံသိတာပဲ၊ ကြားပြီး နံပြီး စားသိပြီး တွေ့ထိပြီးကိုလဲ ဆက်လက်ကြံသိတာပဲ၊ မမြင်ဖူး မကြားဖူး မတွေ့ဖူး မသိဖူးတာတွေကိုလဲ စိတ်ကူးသက်သက်နဲ့ ကြံသိတာပဲ၊ အဲဒီ ကြံသိသမျှ အာရုံတွေကိုလဲ စိတ်ထဲမှာ တွေ့နေတာပဲ၊ အာရုံတခုခုကို ရပြီးယင် အဲဒါကို စဉ်းစားတိုင်း စဉ်းစားတိုင်း တွေ့နေတာပဲ၊ အဲဒီလို တွေ့တိုင်းတွေ့တိုင်း အကောင်းအဆိုး ခံစားမှုတမျိုးမျိုးက ထိုက်သည်အားလျော်စွာ ဖြစ်နေတာပဲ။
အဲဒါတွေကို ပကတိလူတွေကတော့ ငါပဲလို့ချည်း ထင်နေကြတယ်၊ ငါကြံတယ်၊ ငါသိတယ်၊ ငါတွေ့တယ်၊ ငါ ကောင်းတယ်၊ ငါဝမ်းသာတယ် ငါဆင်းရဲတယ်၊ ငါစိတ်ညစ်တယ်၊ စိတ်ပျက်တယ် စသည်ဖြင့် ငါပဲလို့ချည်း ထင်မှတ်နေကြတယ်၊ အမှန်ကတော့ ငါမဟုတ်ဘူး၊ သူ့ဆိုင်ရာအကြောင်းကြောင့် အသစ်အသစ် ဖြစ်ပေါ်လာတဲ့ အကျိုးတရားမျှချည်းပဲ၊ အကြောင်းနဲ့ အကျိုးမျှပဲ။
ရှုမှတ်ယင် ပဋိစ္စသမုပ္ပါဒ်ကို ကိုယ်တိုင် တွေ့သိတယ်
ဒါကြောင့် ရှုမှတ်နေတဲ့ ယောဂီကတော့ အဲဒါတွေကို ကိုယ်ပိုင်ဉာဏ်နဲ့ မျက်မှောက် တွေ့ပြီး သိတယ်၊ သိပုံကတော့ ယောဂီက ဖောင်းတယ်ပိန်တယ် ထိုင်တယ်ထိတယ် စသည်ဖြင့် ရှုမှတ်နေယင်း စိတ်ကူးကြံစည်မိယင် စိတ်ကူးတယ် ကြံတယ် သိတယ်စသည်ဖြင့် ရှုမှတ်မိတယ်၊ အဲဒီလိုရှုမှတ်နေယင်း ဘယ်လိုနှလုံးသွင်းမိလို့ ဘယ်အာရုံဆီ စိတ်ရောက်သွားတယ် ဆိုတာကိုသိရတယ်၊ အဲဒီလိုသိရာမှာ ဘယ်လိုနှလုံးသွင်းမိလို့ဆိုတာက ဘဝင်နဲ့အာဝဇ္ဇန်းကို ဆိုတာပဲ၊
ဒါကြောင့် အဲဒါက မနောဒွါရ ဆိုတဲ့အကြောင်းကို ကိုယ်တွေ့သိတာပဲ၊ ဘယ်အာရုံဆီ ရောက်သွားတယ်ဆိုတာက သဘောအာရုံဆိုတဲ့ အကြောင်းကိုသိတာပဲ၊ အဲဒီလို သိတဲ့အတွက် စိတ်ကူးကြံသိမှုဟာ နှလုံးသွင်းမှုနဲ့ သဘောအာရုံရှိလို့ ဖြစ်ပေါ် လာတယ်၊ အဲဒီအခိုက်မှာမှ အသစ်ဖြစ်ပေါ်တဲ့ အကျိုးတရားပဲ၊ ငါကောင်လဲ မဟုတ်ဘူး၊ အကြောင်းမဲ့ ဖြစ်တာလဲမဟုတ်ဘူး၊ တစုံတယောက်က ဖန်ဆင်းလို့ ဖြစ်တာလဲမဟုတ်ဘူး၊ အကြောင်းကြောင့် အသစ်ဖြစ်ပေါ်လာတဲ့ အကျိုးတရားမျှပဲလို့ မျက်မှောက်တွေ့အားဖြင့် သိသွားပါတယ်၊ စာတွေ့မဟုတ်ဘူး၊ အင်မတန်သေချာ ပါတယ်။
နောက်ပြီးတော့ ကြံမိလို့ ကြံရာအာရုံဆီ ရောက်သွားတယ်လို့လဲ သိတယ်၊ အဲဒါက စိတ်နဲ့အာရုံ တွေ့တဲ့ ဖဿကို သိတာပဲ၊ နောက်ပြီးတော့ အဲဒီလို စိတ်ထဲမှာ တွေ့သွားလို့ စိတ်ထဲမှာ ချမ်းသာမှု ကောင်းမှု အသစ်ဖြစ်ပေါ်လာတယ်၊ ဆင်းရဲမှု မခံသာမှု အသစ်ဖြစ်ပေါ်လာတယ်၊ အဲဒီ တွေ့မှုနဲ့ချမ်းသာမှု ဆင်းရဲမှုတွေကိုလဲ “ငါကောင်မဟုတ်ဘူး၊ အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးတရားမျှပဲ”လို့ မျက်မှောက် တွေ့အားဖြင့် သိသွားတယ်၊ အဲဒါဟာ ပဋိစ္စသမုပ္ပါဒ်တရားကို စာတွေ့မဟုတ်ပဲ ကိုယ်တိုင်မျက်မှောက်တွေ့ပြီး သိပုံပါပဲ၊ ဒါကြောင့် ဖြစ်ခိုက် ဖြစ်ခိုက် ရုပ်နာမ်ကို သူဖြစ်ပေါ်လာတဲ့အတိုင်း မပြတ်လိုက်ပြီး ရှုမှတ်ရတဲ့ သတိပဋ္ဌာန်နည်းဟာ သဘာဝကျပြီး အင်မတန်ကောင်းတဲ့ နည်းပါပဲ။
လက်တွေ့စမ်းသပ်ကြည့်ပါ
စိတ်ကူးကြံစည်မှုတွေကို ဖြစ်တိုင်းဖြစ်တိုင်း လိုက်ပြီးရှုမှတ်ကြည့်ပါ၊ စိတ်နဲ့အာရုံကို တွေ့တဲ့ ဖဿဟာ ထင်ထင်ရှားရှားကြီး ပေါ်လာပါလိမ့်မယ်၊ ဖောင်းတယ် ပိန်တယ် စသည်ဖြင့် ရှုမှတ်နေယင်း စိတ်က အိမ်ရောက်သွားယင် ရောက်တယ်လို့ မှတ်လိုက်ပါ၊ စိတ်ထဲမှာ အိမ်ဆိုတဲ့အာရုံနဲ့ တွေ့နေတဲ့သဘော ထင်ရှားပါလိမ့်မယ်၊ ရွှေတိဂုံဘုရားကို ရောက်သွားယင်လဲ ရောက်တယ်လို့ မှတ်လိုက်ပါ၊ စေတီကြီးနဲ့ တွေ့နေတဲ့သဘော ထင်ရှားပါလိမ့်မယ်၊
မန္တလေးတောင် ရောက်သွားယင်လဲ မှတ်လိုက်ပါ၊ မန္တလေးတောင်ရဲ့ အခြေအနေ တွေနဲ့ တွေ့နေတဲ့သဘော ထင်ရှားပါလိမ့်မယ်၊ ကိုယ်တိုင်လုပ်နေကျ အလုပ်အကိုင် တွေဆီ စိတ်ရောက်သွားယင် ရောက်တယ်လို့ မှတ်လိုက်ပါ၊ လုပ်ခင်း ကိုင်ခင်းတွေနဲ့ တွေ့နေတာ ထင်ရှား ပါလိမ့်မယ်၊ အခြားနိုင်ငံတွေဆီ စိတ်ရောက်သွားယင်လဲ မှတ်လိုက်ပါ၊ အဲဒီနိုင်ငံက အခြေအနေတွေနဲ့ စိတ်က တွေ့နေတာ ထင်ရှားပါလိမ့်မယ်၊ အဲဒီ စိတ်ကူးအာရုံ တွေနဲ့ တွေ့နေတာဟာ ဖဿပဲ။
ဒီဖဿကြောင့် ဝေဒနာဖြစ်ပုံလဲ ယောဂီမှာ မျက်မှောက်တွေ့အားဖြင့် ထင်ရှားတာပဲ၊ တခါတရံ ရှုမှတ်နေယင်း စိတ်ကူးက ဝမ်းသာစရာဆီ ရောက်သွားတယ်၊ အဲဒါကို မှတ်လိုက်တော့ ဝမ်းသာစရာနဲ့တွေ့လို့ ဝမ်းသာတယ်ဆိုတာကို ထင်ရှားသိရတယ်၊ ရယ်စရာအာရုံကို စဉ်းစားမိလို့ ရယ်ချင်လာတယ်၊ အဲဒါလဲ ရှုမှတ်ပြီး သိတာပဲ၊ ဝမ်းနည်းစရာကို စဉ်းစားမိတော့ ဝမ်းနည်းမှုဖြစ်လာတယ်၊ အဲဒါလဲ ရှုမှတ်ပြီး သိတာပဲ၊ ဒါကြောင့် ယောဂီက ရှုမှတ်နေယင်း အာရုံနဲ့တွေ့မှု ဖဿဆိုတာ စဉ်းစားကြံစည်မိလို့, အာရုံကလဲပေါ်လာလို့ ဖြစ်တာပဲ၊
ဝမ်းသာတယ် ဝမ်းနည်းတယ်ဆိုတာလဲ ဝမ်းသာစရာ ဝမ်းနည်းစရာ အာရုံနဲ့တွေ့လို့ ဖြစ်တာပဲ၊ အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးတရားမျှပဲ၊ အမြဲတမ်းတည်ရှိနေတဲ့ ငါကောင်မဟုတ်ဘူး၊ အခိုက်အတန့်မျှ အသစ်အသစ်ဖြစ်ပေါ်လာတဲ့ အကြောင်း အကျိုးမျှပဲလို့ သဘောကျသွားပါတယ်၊ အဲဒါဟာ ပဋိစ္စသမုပ္ပါဒ်ကို ကိုယ်ပိုင်ဉာဏ်နဲ့ မျက်မှောက်တွေ့ပြီးသိသွားတာပါပဲ၊ အင်မတန်ကောင်းပါတယ်၊ ကဲ ဆိုကြရမယ်။
စိတ်ကူးထဲမှာ အာရုံနဲ့တွေ့လို့ ခံစားမှုဝေဒနာဖြစ်သည်။
ဝမ်းသာစရာနဲ့တွေ့လို့ ဝမ်းသာမှုဖြစ်သည်။
ဝမ်းနည်းစရာ စိတ်ပျက်စရာနဲ့တွေ့လို့ ဝမ်းနည်းမှု စိတ်ပျက်မှု ဖြစ်သည်။
ဖြစ်ခိုက်ရုပ်နာမ်ကို ရှုမှတ်ပြီး ယောဂီရဲ့သိပုံက ဒါလောက် မကသေးဘူး၊ သမာဓိဉာဏ် သူ့ထက်ရင့်သန်လာတဲ့အခါကျတော့ မှတ်တိုင်း မှတ်တိုင်း မှတ်သိရတဲ့ အာရုံရော မှတ်သိတဲ့ စိတ်ရော ပျက်ပျက်သွားတာ ပျောက်ပျောက် သွားတာကိုသာ တွေ့ရတယ်၊
အဲဒီအခါကျတော့ စိတ်ကူးတယ်, စဉ်းစားတယ်, ကြံတယ်, သိတယ်, တွေ့တယ်, ဝမ်းသာတယ်, ဝမ်းနည်းတယ်, စိတ်ပျက်တယ်ဆိုတာတွေဟာ တခုပြီးတခု ခဏမစဲ ဖြစ်ပျက်နေတဲ့ သဘောတရား ချည်းပဲ၊ မမြဲတာတွေချည်းပဲ၊ နှစ်သက်ဖွယ် အားကိုးဖွယ် မရှိတဲ့ ဆင်းရဲချည်းပဲ၊ အတ္တကောင် သတ္တဝါကောင် ငါကောင်မဟုတ်တဲ့ သဘောတရားမျှချည်းပဲလို့ ဒီလိုလဲ ကိုယ်ပိုင်ဉာဏ်ဖြင့် ရှင်းရှင်းလင်းလင်းသိပြီး သဘော ကျကျသွားပါတယ်။
ဒီကနေ့တော့ ဖဿကြောင့် ဝေဒနာဖြစ်ပေါ်တယ်ဆိုတဲ့ ဒီအခန်းတွင်ပဲ ရပ်ကြဦးစို့၊ နောက်သီတင်းနေ့ကျမှ ဝေဒနာကြောင့်တဏှာဖြစ်ပြီး သံသရာလည်သွားပုံနဲ့ တဏှာမဖြစ်အောင်ရှုမှတ်ပြီး သံသရာဝဋ်ဆင်းရဲတွေ ပြတ်သွားပုံကို ဟောရမယ်၊ ကဲ-ဆောင်ပုဒ်များကို ဆိုပြီး တရားသိမ်းကြစို့။
အမှန်မသွား၊ အမှားမြင်ကာ။ပ။ ခြောက်ရပ် အာယတန၊ ဖဿ ခြောက်ဖြာ၊ ဝေဒနာ ကြောင့်-ဒီကနေ့ ဒါလောက်ပဲ ရောက်သေးတယ်။
အမှန်မသွား အမှားသိမြင်၊
အဝိဇ္ဇာဖုံး ကောင်းလုံးမှတ်ထင်၊
စိတ်-ကိုယ်-နှုတ်မှု ကြံ-ပြု-ပြောလျှင်၊
ဝိညာဏ်စပ် နောက်ထပ် သန္ဓေရှင်၊
ဝိညာဏ်မျိုးစေ့ စ၍ဖြစ်လျှင်၊
နာမ်နဲ့ရုပ်လဲ ပူးတွဲပါဝင်၊
အာယတန ဖဿပေါ်ထင်၊
ကောင်းဆိုးများ ခံစားမိရိုးပင်။
ဤ ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီးကို ရိုသေစွာ နာယူမှတ်သားကြရသော ဓမ္မဿဝန ကုသိုလ်ကံစေတနာတို့၏ အစွမ်းအာနုဘော်ကြောင့် ယခု တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့သည် အကြောင်းအကျိုး ဆက်စပ်လျက် ဖြစ်နေသော ပဋိစ္စသမုပ္ပါဒ်တရားတို့ကို ကိုယ်ပိုင်ဉာဏ်ဖြင့်သိမြင်အောင် ရှုမှတ်နိုင်ကြ၍ ဝိပဿနာ ဉာဏ်အစဉ် အရိယမဂ်ဉာဏ်အစဉ်ဖြင့် ဆင်းရဲခပ်သိမ်း ချုပ်ငြိမ်းရာ နိဗ္ဗာန် ချမ်းသာမြတ်ကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေ။
သာဓု-သာဓု-သာဓု။
ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး ပဉ္စမပိုင်း ပြီးပြီ။
ပထမတွဲ ဤတွင် ပြီး၏။