ပရမတ္ထဒီပနီ (တတိယတွဲ)
အဂ္ဂမဟာပဏ္ဍိတ၊ စာပေပါရဂူဘွဲ့ရ လယ်တီဆရာတော်ဘုရားကြီး ပါဠိဘာသာဖြင့် စီရင်အပ်သော ပရမတ္ထဒီပနီ-အား
အရှင်ဇနနန္ဒ (မဟာဓမ္မာစရိယ) မြန်မာဘာသာ ပြန်ဆိုအပ်သော
ပရမတ္ထဒီပနီ မြန်မာပြန် (တတိယတွဲ)
▬▬▬▬ஜ۩۞۩ஜ▬▬▬▬
(သမုစ္စည်းပိုင်း၊ ပစ္စည်းပိုင်း၊ ကမ္မဋ္ဌာန်းပိုင်း)
နိဒါန်း
ဤပရမတ္ထဒီပနီကျမ်းစာကို လယ်တီဆရာတော်ဘုရားကြီး သက်တော်ထင်ရှား ရှိစဉ်ကပင် တပည့်ကြီး လယ်တီပဏ္ဍိတ ဦးမောင်ကြီး စသူတို့ မြန်မာဘာသာ ပြန်ခဲ့သော် အတိုင်းထက်အလွန် ကောင်းမည်ဟု အကြံပေါ်ဖူးပါသည်။ သို့သော် လယ်တီပဏ္ဍိတ ဦးမောင်ကြီး စသူတို့က ဤ ပရမတ္ထဒီပနီ ကျမ်းစာကို မြန်မာဘာသာ မပြန်ခဲ့ပါ။ ထို့ကြောင့် မြန်မာဘာသာ ပြန်ဖို့ရန် ကျန်နေသည့် စာပေဟာကွက်တစ်ခု ဖြစ်နေပါသည်။
ထိုစာပေဟာကွက်ကို ဖြည့်ရန် ပါဠိဆရာ ဦးတင်အောင်က မြန်မာပြန်ခဲ့သေးသည်။ သို့သော် ပထမတွဲသာ ပြီးသည်။ မြန်မာနှစ်-၁၃၄၇၊ ခရစ်နှစ် ၁၉၈၆-တွင် ထုတ်ဝေခဲ့သည်။
ထို့နောက် နဝမမြောက် လယ်တီဆရာတော် ဦးကေလာသက မြန်မာဘာသာ ပြန်ခဲ့ရာ ပထမတွဲနှင့် ဒုတိယတွဲသာ ပြီးသည်။ မြန်မာနှစ်-၁၃၄၇၊ ခရစ်နှစ် ၁၉၈၆ တွင် ထုတ်ဝေခဲ့သည်။ ထို့ကြောင့် ကျန်ရှိနေသော တတိယတွဲ ပေါ်ထွက်လာစေရန်နှင့် ပရမတ္ထဒီပနီကို ကိုယ်တိုင်လည်း လေ့လာ ပြီးသား ဖြစ်သွားစေရန် ရည်ရွယ်ချက်ဖြင့် ဤဘာသာပြန်ကို ရေးသားလိုက်ရပါသည်။
ဘာသာပြန်ရာ၌ -
ပရမတ္ထဒီပနီ အဆိုများကို စိစစ်ခြင်း၊
ဋီကာကျော်ဝေဖန်ချက်များကို စိစစ်ခြင်း စသော အလုပ်များကိုပါ လုပ်ထားပါသည်။
လယ်တီဆရာတော်ဘုရားကြီးသည် ဋီကာကျော်ကို ဝေဖန်သည်-ဆိုသော်လည်း အချို့နေရာများ၌ ဋီကာကျော်ကို ထောက်ခံဖွင့်ဆိုထားသည့် အချက်တို့ကိုလည်း တွေ့ရပေသည်။
ယခုလက်ရှိ ပရမတ္ထဒီပနီပါဠိ စာအုပ်သည် နောက်ဆုံး တည်းဖြတ်ထားသည့်မူ ဖြစ်သည်။ ထို့ကြောင့် ဦးကဝိ၏ ဋီကာနိဿယတွင် ပါဠိစာမူ၌ ပယ်ထားသော အကြောင်းအရာများ ပါရှိကြောင်း၊ ပါဠိစာမူတွင် ဋီကာနိဿယ၌ မပါသော ပါဠိဝါကျများ ပါရှိကြောင်း တွေ့ရသည်။ ထိုပါဠိများကို မိမိဉာဏ်စွမ်းရှိသလောက် ဤဘာသာပြန်ကျမ်း၌ ထည့်သွင်း ရေးသားထားပါသည်။
ဤတတိယတွဲ ဘာသာပြန်၌ အဆင့် ၆-ဆင့် ထား၍ ဘာသာပြန်ခဲ့ပါသည်။
၁။ ဦးစွာပထမ ကွန်ပျူတာစာစီပေးသည့် အရှင်ကောသလ္လ (နတ်မောက်၊ ဘုရားကြီး ကျောင်းတိုက်) ကို ပရမတ္ထဒီပနီ သမုစ္စည်းပိုင်းနိဿယမှ ပါဠိများကို ချန်ကာ မြန်မာဘာသာ ချည်းသာ ကူးယူစေပါသည်။ အရှင်ကောသလ္လသည် နိဿယစာအုပ်က မြှပ်ထားသည့် အနက် များကို သီတင်း သုံးဖော်နှစ်ပါးကို မေးမြန်း၍ ထည့်သွင်းပေးသည်ဟု လျှောက်ထားပါသည်။ ပစ္စည်းပိုင်းနိဿယနှင့် ကမ္မဋ္ဌာန်းပိုင်းနိဿယကို ဆရာမ ဒေါ်ခိုင်သဇင်ယု (နတ်မောက်၊ ဘုန်းတော်ပြည့်ရွာ) က ကွန်ပျူတာ စီပေးပါသည်။ ဒေါ်ခိုင်သဇင်ယုက အချို့နေရာ မြှုပ်နက်များ ပါနေသဖြင့် ပါဠိမကျွမ်းကျင်ရကား မြန်မာချည်း သက်သက် ထုတ်ရေးရတာ ခက်သဖြင့် ပါဠိပါ ရိုက်ထည့်ထားမည်ဟု လျှောက်ထားကာ ထိုအတိုင်း ရိုက်ပေးပါသည်။
၂။ မိမိသည် ဒုတိယအဆင့်အနေဖြင့် ထိုစာဖိုင်များကို စာအနေအထား ကျအောင် ပြန်စီရပါသည်။
၃။ တတိယအဆင့်အနေဖြင့် တပည့်များ ဖြစ်သည့် အရှင်ဝါရိန္ဒ၊ အရှင်ဇဝန၊ အရှင်ခေမိန္ဒတို့၏ အကူအညီဖြင့် ကွန်ပျူတာတွင် ကိုယ်တိုင် အချော ဘာသာပြန်ပါသည်။ အချောဘာသာပြန်ရာ၌ ပရမတ္ထဒီပနီကျမ်းစာလာ စာပိုဒ်နံပါတ်များအတိုင်း စာပိုဒ်မခွဲဘဲ သင်္ဂဟပါဠိလာ စာပိုဒ်များအတိုင်း စာပိုဒ်ခွဲပါသည်။ ထိုသို့ခွဲသဖြင့် အဖွင့်ခံ သင်္ဂဟပါဠိနှင့် တိုက်ကြည့်ရ လွယ်ကူခြင်း၊ မဖွင့်သည့် အပိုဒ်၊ ပုဒ်၊ ဝါကျများကို သိရခြင်း အကျိုးရှိပါသည်။
၄။ စတုတ္ထအဆင့်အနေဖြင့် မန်လည်ဆရာတော်ဘုရားကြီး ရေးသားခဲ့သည့် “ဋီကာကျော်ဝိဝါဒ ဝိနိစ္ဆယ” စာအုပ်လာ မှတ်ချက်များကို ထည့်ပါသည်။ မန်လည်စာအုပ်သည် ယခုလက်ရှိ ပရမတ္ထ- ဒီပနီပါဠိမူနှင့် စာမျက်နှာ တိုက်မထားရသေးသည့် ရှေးမူဖြစ်၍ ဘယ်အချက်က ဘယ်နားကို ပြောနေမှန်းသိအောင် အတော်ကြိုးစား လေ့လာခဲ့ရပါသည်။
၅။ ပဉ္စမအဆင့်အနေဖြင့် အနုဒီပနီ နောက်ဆုံးသုံးပိုင်းကို တစ်ခေါက်ပေါက်အောင် ဖတ်ကာ ထို အနုဒီပနီအဖွင့်များကို ဤစာအုပ်၌ ညှိနှိုင်းထည့်သွင်းရပါသည်။
၆။ ထို့နောက် ဆဋ္ဌမအဆင့်အနေဖြင့် မူရင်းပါဠိ၊ နိဿယတို့နှင့် မိမိဘာသာပြန်ကို ညှိကာ ဘာသာ မပြန်လိုက်ရသော ပါဠိပုဒ်ပါဌ်များ ပါမသွားစေရန် အားထုတ်ရပါသည်။
အတွေ့အကြုံစကား ဆိုရမူ ပရမတ္ထဒီပနီပါဠိစာအုပ်ကို ဆဋ္ဌမူကျမ်းစာများလို အကောင်းဆုံး ဖြစ်အောင် နိဿယစသည်တို့နှင့် တိုက်ဆိုင် တည်းဖြတ်ရန် လိုအပ်သေးကြောင်း ကျမ်းရေး အတွေ့အကြုံအရ သိရှိခဲ့ပါသည်။
ပရမတ္ထဒီပနီနှင့် အင်္ဂလိပ်ဘာသာပြန်
ပရမတ္ထဒီပနီ အကြောင်းကို ပြည်တွင်း ပြည်ပ တက္ကသိုလ်များ၌ ဘီအေ၊ အမ်အေ၊ ဒေါက်တာ ဘွဲ့ယူကျမ်းစာများ တင်သွင်းလျက်ရှိကြောင်း လေ့လာတွေ့ရှိရသည်။
ပါချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသသည် ပရမတ္ထဒီပနီကို AN EXPOSITION THE TRUE MEANING ဟု အင်္ဂလိပ်လို ဘာသာပြန်ထားရာ ဝီထိမုတ်ပိုင်းအထိ ပြီးစီးကြောင်း တွေ့ရသည်။ သီရိလင်္ကာနိုင်ငံ၊ ကေလနိယတက္ကသိုလ်၌ ဘွဲ့ယူကျမ်းစာအဖြစ် တင်သွင်းခဲ့ခြင်းဖြစ်သည်။ စာအုပ်မိတ္တူရှိသည်။ ကျန်အပိုင်းများကိုလည်း ဆက်လက်ဘာသာပြန် ထားသည်ဟု ကြားသိရသည်။ စာအုပ်ထွက်ပြီဟု စုံစမ်းမရသေးပါ။
အခြားလေ့လာတွေ့ရှိရသမျှကား ဓမ္မစေတီဆရာတော်၏ “ပရမတ္ထဒီပနီကို လေ့လာခြင်း” ဘီအေ စာတမ်း၊ မန္တလေးသာသနာ့တက္ကသိုလ်, မောင်ကြင်လှိုင်၏ ANALITYCAL APPROACH TO THE FUNDAMENTAL PARAMATTHADIPINI - ဒေါက်တာဘွဲ့ယူစာတမ်း၊ ရန်ကုန်တက္ကသိုလ်, အရှင်ဝိသုဒ္ဓ (တဝဂူတောရ၊ ပြင်ဦးလွင်)၏ ABHIDHAMMA DEBATE: COMPARATIVE STUDY OF THE SELECTED POINTS OF CONTROVERSY BETWEEN THE ABHIDHAMMAATTHA- VIBHAVINITIKA AND THE PARAMATTHADIPINITIKA - ဒေါက်တာဘွဲ့ယူစာတမ်း၊ မဟာစူလလောင်ကွန်း ဝိဇ္ဇာလယတက္ကသိုလ်၊ ထိုင်းနိုင်ငံတို့ ဖြစ်သည်။
ကျေးဇူးမှတ်တမ်း
မိမိအား ပရမတ္ထဒီပနီ ပါဠိစာအုပ်ကို ပထမဆုံး လှူဒါန်းခဲ့သည့် ဒေါ်မိုးသီရိဇွန် (ရန်ကုန်)၊ ပရမတ္ထဒီပနီ မြန်မာဘာသာပြန် နှစ်တွဲကို ကြိုးစားကာ ပေးပို့လှူဒါန်းခဲ့သည့် ဒေါ်မီမီမြင့်၊ (မိတ္ထီလာ)၊ အနုဒီပနီ စာအုပ်ကို မိတ္တူကူးခွင့်ပေးခဲ့သည့် ဦးတေဇာနန္ဒာလင်္ကာရ (နတ်မောက်)၊ အနုဒီပနီ ကွန်ပျူတာမူကို ပေးပို့လှူဒါန်းခဲ့သည့် ဦးချစ်မင်းပိုင်၊ (ရန်ကုန်)၊ စာကူရိုက်ပေးသည့် အရှင် ကောသလ္လ၊ ဒေါ်ခိုင်သဇင်ယု၊ ဖရု ကူဖတ်ပေးသည့် ဦးဝါရိန္ဒ၊ ဦးဇဝန၊ ဦးခေမိန္ဒ၊ အမှတ်(၁) မူလွန်ဘက၊ ပဒဲရွာ၊ တောင်ငူ-ကျောင်း ဆရာဆရာမ ကျောင်းသားကျောင်းသူများ၊ ဤစာအုပ် ထွက်လာစေရန် လှူဒါန်းကူညီသည့် ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ (ပါမောက္ခချုပ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်)၊ ဆရာကြီးဒေါ်ဝီရကာရီ (မဟာသဒ္ဓမ္မဇောတိကဓဇ၊ သဘာဝဓမ္မဂယာ တရားရိပ်သာ)၊ မောင်သက်ပိုင်စိုး (ရန်ကုန်)နှင့် အလင်းအိမ်လောကဟိတအဖွဲ့၊ ဦးအောင်မြိုင် (အလှပန်းစာပေ) အစရှိသည့် ကျေးဇူးတင်ထိုက်သူများ၏ ကျေးဇူးကို မှတ်တမ်း တင်အပ်ပါသည်။
အရှင်ဇနနန္ဒ (မဟာဓမ္မာစရိယ)
ပရမတ္ထသဲပုံစေတီစာသင်တိုက်
အမှတ်(၁)မူလွန်ဘက၊ ပဒဲကျေးရွာ
တောင်ငူမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး
ဖုန်း-ဝ၉-၄၅၆၀၈၀၉၉၈
…
တည်းဖြတ်သူ၏ အမှာစာ
အောင်မြိုင် (မစိုးရိမ်စာသင်သား)
ဘာသာပြန်ဆရာမှန်သမျှသည် မူရင်းစာဆိုရှင်-ကျမ်းပြုဆရာတော်၏ အသုံးအနှုန်း၊ အရေးအသား၊ အဆုံးအဖြတ်တို့ကို ထိခိုက်မှု မရှိစေရေးအတွက် စောင့်ထိန်းရန် အထူးတာဝန်ရှိ၏။ အရှင်ဇနနန္ဒ (မဟာဓမ္မာစရိယ)သည် ထိုအထူး တာဝန်ကြီးကို တိတိကျကျ လိုက်နာခဲ့ကြောင်း တွေ့ရ၏။
(၁)
မြတ်ဗုဒ္ဓသည် တရားတော်များကို ဟောပြပေးတော်မူခဲ့၏။ အချို့တရားတော်များနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ထပ်ဆင့်ဟောပြပေးတော်မူခဲ့၏။ ပဒဘာဇနီ၊ နိဒ္ဒေသ၊ ပဋိနိဒ္ဒေသ၊ မဟာဝိဘင်္ဂဝါရ စသည်များပင်တည်း။ ထိုသို့သော ထပ်ဆင့် အကျယ်ဟောပြပေးချက်များကို အဋ္ဌကထာဟု ခေါ်ချင်လျှင် ခေါ်နိုင်၏။
မြတ်ဗုဒ္ဓ၏ တပည့်သာဝက ဖြစ်တော်မူသော ဓမ္မဘဏ္ဍာဂါရိက အရှင်မြတ်များကလည်း ထပ်ဆင့် အကျယ် ဟောပြပေးတော်မူခဲ့ကြ၏။ ထိုထိုပါဠိတော်များ၏ အနက်အဓိပ္ပာယ်များနှင့် စပ်လျဉ်း၍ နားမလည်နိုင်သူများ၊ သဘောမပေါက်နိုင်သူများ၏ မေးမြန်းချက်များအား ပြန်လည်ဖြေကြား ပေးချက်များမှ စ၍ ထပ်ဆင့် အကျယ် ဟောပြပေးချက်များ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ကြောင်း လေ့လာတွေ့ရှိရ၏။
မေးမြန်းခြင်းမရှိသော်လည်း ထိုထိုပါဠိတော်များ၏ အနက်အဓိပ္ပာယ်များကို ရှင်းရှင်းလင်းလင်း နားလည်စေရန်၊ တိတိကျကျ သဘောပေါက်စေရန် အကျယ်ဖွင့်ဆို ရေးသားပေးချက်များလည်း ရှိခဲ့ကြ၏။ ထိုထိုအကျယ်ဖွင့်ဆိုရေးသားချက်များကို အဋ္ဌကထာဟု ခေါ်ဆိုရ၏။ မူလအဋ္ဌကထာ၊ မဟာ အဋ္ဌကထာ၊ မဟာပစ္စရိယအဋ္ဌကထာ၊ ကုရုန္ဒိအဋ္ဌကထာ၊ သင်္ခေပအဋ္ဌကထာ စသည်များပင် တည်း။
(၂)
မြတ်ဗုဒ္ဓ၏ တရားတော်များကို ပါဠိတော်ဟု ခေါ်ဆို၏။ ထိုပါဠိတော်များတွင် အဘိဓမ္မာ ၇ ကျမ်း ဟူ၍ ပါရှိ၏။ ထိုအဘိဓမ္မာ ၇ ကျမ်း၏ အနက်အဓိပ္ပာယ်များကို အကျယ်ဖွင့်ဆို ရေးသားချက်များ အနေဖြင့် အဋ္ဌသာလိနီအဋ္ဌကထာ၊ ဝိဘင်္ဂအဋ္ဌကထာ၊ ပဉ္စပကာရဏအဋ္ဌကထာ ဟူ၍ ရှိ၏။ ထို အဋ္ဌကထာများကို ထပ်ဆင့် ဖွင့်ဆိုရေးသားချက်များအနေဖြင့် မူလဋီကာဟူ၍ ရှိ၏။ ထို မူလဋီကာကို ထပ်ဆင့် ဖွင့်ဆိုရေးသားချက်များ အနေဖြင့် အနုဋီကာဟူ၍ ရှိ၏။
ထူးခြားချက်မှာ ထိုအဘိဓမ္မာ ၇ ကျမ်း၏ အနက်အဓိပ္ပာယ်များကို အစီအစဉ်တကျ အကျဉ်းချုပ် ပြသော အဋ္ဌကထာကျမ်း ပေါ်ထွက်လာခဲ့ခြင်းပင်တည်း။
ထိုအဋ္ဌကထာကျမ်းမှာ အဘိဓမ္မတ္ထသင်္ဂဟကျမ်း ဖြစ်၏။ ကျမ်းပြုသူမှာ အရှင်အနုရုဒ္ဓါမထေရ် ဖြစ်၏။ ယခုခေတ်တွင် သင်္ဂြိုဟ်ကျမ်းဟု ခေါ်ဆိုလေ့ရှိ၏။ အလွန် သေးငယ်သော အဋ္ဌကထာ ကျမ်းကလေး ဖြစ်၍ လက်သန်းအဋ္ဌကထာ ဟုလည်း ခေါ်လေ့ရှိ၏။
ထိုသင်္ဂြိုဟ်ကျမ်းကို ဖွင့်ဆိုရေးသားပြသည့် ဋီကာကျမ်းများမှာ -
အဘိဓမ္မတ္ထသင်္ဂဟဋီကာ (ဋီကာဟောင်း)၊
အဘိဓမ္မတ္ထဝိဘာဝိနီဋီကာ (ဋီကာသစ်)၊
အဘိဓမ္မတ္ထသင်္ဂဟသင်္ခေပဝဏ္ဏနာဟူ၍ ၃ ကျမ်း ရှိခဲ့၏။
ပရမတ္ထဒီပနီသည် ၄ ကျမ်းမြောက် ဋီကာကျမ်းဖြစ်၏။
ကျမ်းအမည် ကျမ်းပြုဆရာ ကျမ်းပြုရာဌာနများမှာ --
၁။ အဘိဓမ္မာ ၇ ကျမ်း ပါဠိတော်
မြတ်ဗုဒ္ဓ
စန္ဒကူးတောကျောင်း၊ အိန္ဒိယနိုင်ငံ၊
၂။ အဘိဓမ္မတ္ထသင်္ဂဟအဋ္ဌကထာ
အရှင်အနုရုဒ္ဓါ
တုမူလသောမကျောင်း၊ သီဟိုဠ်ကျွန်း (သီရိလင်္ကာနိုင်ငံ၊)
၃။ အဘိဓမ္မတ္ထဝိဘာဝိနီဋီကာ
အရှင်သုမင်္ဂလသာမိ
ဇေတဝန်ကျောင်း၊ သီဟိုဠ်ကျွန်း (သီရိလင်္ကာနိုင်ငံ၊)
၄။ ပရမတ္ထဒီပနီဋီကာ
လယ်တီဆရာတော် အရှင်ဉာဏဓဇ၊ ပိဋကတ္ထယပါရဂူ၊ အဂ္ဂမဟာပဏ္ဍိတ၊ စာပေပါရဂူ
လယ်တီကျောင်း မုံရွာမြို့ စစ်ကိုင်းတိုင်းဒေသကြီး၊ မြန်မာနိုင်ငံ
(၃)
လယ်တီဆရာတော်သည် အဘိဓမ္မတ္ထသင်္ဂဟအဋ္ဌကထာ၏ အနက်အဓိပ္ပာယ်တို့ကို အကျယ်ဖွင့်ပြ သော ပရမတ္ထဒီပနီဋီကာကို ၁၂၅၉ ခုနှစ်တွင် ပါဠိဘာသာဖြင့် ရေးသားစီရင်တော်မူခဲ့၏။ ရေးသား စီရင်ပြီးချိန်မှ စ၍ တပည့်များအား သင်ကြား ပို့ချပေးခဲ့၏။ လယ်တီဆရာတော် ပျံလွန်တော်မူပြီး နောက် ကာလများတွင် လယ်တီပဏ္ဍိတ ဦးမောင်ကြီးက ဆက်လက်၍ အလွတ် သင်ပြပို့ချပေး ခဲ့ကြောင်း တစ်ဆင့်စကား ကြားသိခဲ့ရ၏။ ဆရာတော် ဦးကဝိက ပို့ချနက်များကို ရေးမှတ်၍ နိဿယကျမ်းအဖြစ် ထုတ်ဝေခဲ့၏။ ဆရာတော်ဦးကဝိ ထုတ်ဝေခဲ့သော ပရမတ္ထဒီပနီနိဿယ ကျမ်းသည် ပရမတ္ထဒီပနီ မြန်မာပြန်(တတိယတွဲ) အတွက် အလွန် ကျေးဇူးကြီးသော ကျေးဇူးရှင်ကြီး ဖြစ်လာ၏။
ပရမတ္ထဒီပနီကျမ်း၏ သက်တမ်းမှာ ၁၂၅ နှစ် ရှိခဲ့ပြီး ဖြစ်သော်လည်း ကွယ်ပျောက်သွားခြင်း မရှိဘဲ ထင်ရှားကျော်ကြားလျက်ပင် ရှိ၏။ ပါဠိဘာသာ၌ နားလည် တတ်ကျွမ်းသူများသာ ဖတ်မှတ် လေ့လာ နိုင်သည့် အတွက်ကြောင့် ပညာရှင်များ ရှေ့မှောက်၌သာ ထင်ရှားကျော်ကြားနေသည်ဟု ဆိုထိုက်၏။ မြန်မာဘာသာဖြင့် ရှိမှသာလျှင် မြန်မာစာ ဖတ်တတ်သူတိုင်း ဖတ်မှတ် လေ့လာ နိုင်ကြမည်ဖြစ်၍ မြန်မာစာ ဖတ်တတ်သူတိုင်း ရှေ့မှောက်၌ ထင်ရှားကျော်ကြားလာမည် ဖြစ်၏။ မြန်မာစာ ဖတ်တတ် သူတိုင်း သုံးဆောင်နိုင်လာမည် ဖြစ်၏။
(၁) ပါဠိဆရာ ဦးတင်အောင်သည် ပါဠိဘာသာမှ မြန်မာဘာသာသို့ ပြန်ပေးခဲ့၏။ စိတ်ပိုင်း၊ စေတသိက်ပိုင်း၊ ပကိဏ်းပိုင်း- ၃ ပိုင်းမျှသာ ပြီးခဲ့၏။ ၁၃၄၇ ခုနှစ်တွင် စာအုပ်အဖြစ် ထုတ်ဝေ ပေးခဲ့၏။
(၂) နဝမလယ်တီဆရာတော် ဦးကေလာသသည် ပါဠိဘာသာမှ မြန်မာဘာသာသို့ ပြန်ပေးခဲ့၏။ စိတ်ပိုင်း၊ စေတသိက်ပိုင်း၊ ပကိဏ်းပိုင်း၊ ဝီထိပိုင်း၊ ဝီထိမုတ်ပိုင်း၊ ရုပ်ပိုင်း- ၆ ပိုင်းမျှသာ ပြီးခဲ့၏။ ၁၃၄၇ ခုနှစ်တွင် “ပရမတ္ထဒီပနီ ခေါ် သင်္ဂြိုဟ် မဟာဋီကာသစ်မြန်မာပြန် (ပဌမတွဲ)၊ ပရမတ္ထဒီပနီ ခေါ် သင်္ဂြိုဟ်မဟာဋီကာသစ်မြန်မာပြန် (ဒုတိယတွဲ)၊” အမည်ဖြင့် ထုတ်ဝေပေးခဲ့၏။ ၁၃၇၃ ခုနှစ်တွင် လယ်တီဒီပနီထွန်းကားပြန့်ပွားရေးအဖွဲ့က ထပ်မံ ထုတ်ဝေဖြန့်ချိပေးခဲ့၏။
(၃) သဂြိႋုဟ် ၉ ပိုင်းထဲမှ နောက်ဆုံး ၃ ပိုင်းအဖွင့်- သမုစ္စည်းပိုင်းမြန်မာပြန်၊ ပစ္စည်းပိုင်းမြန်မာပြန်၊ ကမ္မဋ္ဌာန်းပိုင်းမြန်မာပြန်တို့ကို ပါဠိဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုပေးရန် လိုအပ်ချက် ဟာကွက် တစ်ခု၊ ကွက်လပ်တစ်ခု ဖြစ်နေ၏။ ထိုဟာကွက်ကို ဖြည့်ပေးဖို့ လိုနေ၏။ ထို ကွက်လပ်ကို ဖြည့်ပေးဖို့ လိုနေ၏။
(၄)
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ပဒဲကျေးရွာ၊ ပရမတ္ထသဲပုံစေတီစာသင်တိုက် (အမှတ် ၁ မူလွန် ဘကကျောင်း) ကျောင်းထိုင်ဆရာတော် အရှင်ဇနနန္ဒ (မဟာဓမ္မာစရိယ)သည် ၁၃၈၃-၁၃၈၄ ခုနှစ်များ အတွင်း ပရမတ္ထဒီပနီ သမုစ္စည်းပိုင်း၊ ပစ္စည်းပိုင်း၊ ကမ္မဋ္ဌာန်းပိုင်း- ၃ ပိုင်းတို့ကို ပါဠိ ဘာသာမှ မြန်မာ ဘာသာသို့ ပြန်ဆိုပြီးမြောက်စေနိုင်ခဲ့၏။ ဆရာတော်ဦးကဝိ၏ ပရမတ္ထဒီပနီ- နိဿယကျမ်းကို မှီ၍/ကူးယူ၍ ဘာသာပြန်ထားခြင်း ဖြစ်ကြောင်း နိဒါန်း၌ အတိအလင်း ဖော်ပြထား၏။
(၅)
ဘာသာပြန်ဆရာမှန်သမျှသည် မူရင်းစာဆိုရှင်-ကျမ်းပြုဆရာတော်၏ အသုံးအနှုန်း၊ အရေးအသား၊ အဆုံးအဖြတ်တို့ကို ထိခိုက်မှုမရှိစေရေးအတွက် စောင့်ထိန်းရန် အထူးတာဝန်ရှိ၏။ မကြိုက် သည်ကို ချန်ထားခွင့်မရှိ။ ကြိုက်သည့်အတိုင်း ထည့်သွင်း ဖြည့်စွက်ခွင့်မရှိ။ ဤသည်မှာ ဘာသာပြန် ဆရာတိုင်း လိုက်နာစောင့်ထိန်းရသည့် အထူး တာဝန်ကြီးတစ်ခု ဖြစ်၏။ အရှင်ဇနနန္ဒ (မဟာဓမ္မာစရိယ) သည် အထူးတာဝန်ကြီးကို တိတိကျကျ လိုက်နာ၍ မြန်မာဘာသာ ပြန်ခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရ၏။
(က) “အတ္တဝါဒုပါဒါန်”ဟူသော ဤပုဒ်၌ တွေးခေါ်သိမြင်သော မိစ္ဆာဉာဏ်ဖြင့် ယူအပ်သော တစ်ခုခုသော သတ္တဝါ၏ သန္တာန်၌ ပြဋ္ဌာန်းသော အစိုးရဖြစ်သော ဝတ္ထု, အစွမ်း သတ္တိကို “အတ္တ” ဟူ၍ ဆိုအပ်၏။ ယင်း”အတ္တ”ကို လောကီလူအများတို့သည် “သတ္တဝါ”ဟူ၍ လည်းကောင်း ပုဂ္ဂိုလ်ဟူ၍ လည်းကောင်း “ဇီဝ”ဟူ၍လည်းကောင်း “တထာဂတ”ဟူ၍ လည်းကောင်း “လောက” ဟူ၍ လည်းကောင်း သိမှတ်ကုန်၏။ (သမုစ္စည်းပိုင်း မြန်မာပြန်၊ စာ-၃၉။)
(ခ) “နာမ်နှင့်ရုပ်ကို သိမ်းဆည်းသောသူအား နာမ်ရုပ်မှ အထက်၌ အခြားသော အတ္တ ဇီဝ အစ ရှိသည့် တစ်စုံတစ်ခုသော အရာဝတ္ထု၏ မရှိသည်၏ အဖြစ်ကို မြင်ခြင်းကြောင့်လည်း “ကိုယ်တွင်း၌ ဇီဝကောင်ဟု မှတ်အပ်သော ထိုအတ္တကောင်သည် ရှိ၏။ ထိုအတ္တကောင်သည် ကုသိုလ် အကုသိုလ် ကံကို ပြု၏။ ထိုအတ္တကောင်သည် ဘဝတစ်ပါးသို့ ရောက်၍ ထိုကံ၏အကျိုးကို ခံစား၏, ထို အတ္တကောင်သည် တစ်ဘဝမှ တစ်ဘဝသို့ တပြောင်းပြန်ပြန် သံသရာ ကျင်လည်၏, ကံအဟုန်သည် ပစ်ချအပ်သည်ဖြစ်၍ ထိုဘဝမှ ဤဘဝသို့ ပြေးသွား၏”ဟု ဤသို့ ဖြစ်သော (ယူဆသော) ဒိဋ္ဌိကို ပယ်အပ်၏။” (ကမ္မဋ္ဌာန်းပိုင်းဘာသာပြန်၊ စာ-၃၀၆)
(ဂ) “ဒုက္ခသစ္စာကို ပိုင်းခြား၍ သိခြင်းမည်သည် ငါကောင်ဟု မြင်သော အတ္တဒိဋ္ဌိကိုလည်းကောင်း, ငါသည် ဖြစ်၏ဟူသော အသ္မိမာန-ကိုလည်းကောင်း အကြွင်းမဲ့ ပယ်နုတ်နိုင်သည်၏ အဖြစ်ကြောင့် သာလျှင် ဖြစ်၏။ (သမုစ္စည်းပိုင်းမြန်မာပြန်၊ စာ-၁၁၆)
(ဃ) “ဒုက္ခသစ္စံ ပရိဇာနန္တော”ဟူသည်ကား ရုပ်နာမ်တေဘူမက တရားတို့၏ ဧကန်စင်စစ် ဒုက္ခ၏ အဖြစ်ကို ပိုင်းခြား၍ သိလျက်။
ဆက်ဦးအံ့, ဤဒုက္ခသစ္စာကို ပိုင်းခြား၍ သိလျက်ဟု ဆိုရာ၌ ထိုရုပ်နာမ် တေဘူမကတရားတို့၏ ဒုက္ခသဘောကို ဖုံးလွှမ်းတတ်သော ပြင်းစွာတွေဝေခြင်း သမ္မောဟကို (မဂ်ဖြင့်) ပယ်စွန့်ခြင်းကို သာလျှင် ဆင်းရဲအမှန်ကို ပိုင်းခြား၍ သိခြင်းဟူ၍ မှတ်အပ်၏။ (မဂ်ဖြင့် ထိုဒုက္ခသစ္စာတရားတို့ကို အာရုံပြုသည်၏ အစွမ်းဖြင့် သိခြင်းမျိုးဟု မမှတ်အပ်။) (ကမ္မဋ္ဌာန်းပိုင်းဘာသာပြန်၊ စာ-၃၂၃။)
(၆)
တရားတော်များကို မြတ်ဗုဒ္ဓ ဟောပြပေးခဲ့သည်မှာ မာဂဓဘာသာစကားဖြင့် ဟောပြပေး တော်မူခဲ့၏။ အရှင်ကောဏ္ဍည၊ အရှင်အာနန္ဒာ စသည်များကလည်း ထို မာဂဓဘာသာဖြင့်ပင် ကြားနာမှတ်သား ဆောင်ယူခဲ့ကြ၏။ ပထမသံဂါယနာတင်ချိန်၊ ဒုတိယသံဂါယနာတင်ချိန်၊ တတိယ သံဂါယနာ တင်ချိန် တို့တွင် မာဂဓဘာသာဖြင့်ပင် တင်ခဲ့ကြသည်ဟု ဆိုကြ၏။
တတိယသံဂါယနာတင်ပြီးချိန်တွင် ဗုဒ္ဓသာဝက ရဟန္တာဖြစ်တော်မူသော အရှင်မဟိန္ဒသည် နောက်ပါ သံဃာတော်များနှင့်အတူ သီဟိုဠ်ကျွန်းသို့ ကြွရောက်၍ သာသနာတော်ပြန့်ပွားရေး ဆောင်ရွက် တော်မူခဲ့၏။ သီဟိုဠ်ကျွန်းသားတို့၏ အကျိုးစီးပွားအလို့ငှာ မာဂဓဘာသာမှ သီဟိုဠ် ဘာသာသို့ ပြန်ပေးခဲ့ကြ၏။ အိန္ဒိယနိုင်ငံ၌ သီရိဓမ္မာသောကမင်းကြီး နတ်ရွာစံပြီးချိန်မှ စ၍ ပါဠိတော်ကျမ်းများ၊ အဋ္ဌကထာ ကျမ်းများ၊ ရဟန်းသံဃာတော်များ တစ်စတစ်စဖြင့် ဆုတ်ယုတ် ပျက်စီးကာ နောက်ဆုံးတွင် ကွယ်ပျောက်သွားသည်အထိ ဖြစ်ခဲ့ရ၏။
အဋ္ဌကထာဆရာ အရှင်မဟာဗုဒ္ဓဃောသသည် သီဟိုဠ်ကျွန်းသို့ လိုက်သွားပြီး သီဟိုဠ်ဘာသာမှ မာဂဓဘာသာသို့ ပြန်ဆိုရေးသားရန် သို့မဟုတ် သီဟိုဠ်ဘာသာမှ ပါဠိဘာသာသို့ ပြန်ဆို ရေးသားရန် ကြိုးပမ်းအားထုတ်ခဲ့ရ၏။ အရှင်မဟာဗုဒ္ဓဃောသ၏ ကြိုးပမ်း အားထုတ်မှုသည် အောင်မြင်ခဲ့၏။ ထို့ကြောင့် ယခုအခါတွင် ပါဠိဘာသာဖြင့် သို့မဟုတ် မာဂဓဘာသာဖြင့် အကျဉ်းချုပ်အဋ္ဌကထာများ ရှိနေကြ၏။
ဆဋ္ဌသံဂါယနာတင်ပြီးချိန်တွင် မြန်မာနိုင်ငံ၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့က ဦးဆောင်၍ ပိဋကသုံးပုံ အကုန်လုံးကို ပါဠိဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုခဲ့ကြ၏။ သို့ရာတွင် ဘာသာပြန်ဆရာ မှန်သမျှတို့ လိုက်နာစောင့်ထိန်းရသည့် အထူးတာဝန်ကြီးကို ငဲ့ကွက်ရလေသဖြင့် ပါဠိဝါကျသွား အတိုင်း ဘာသာပြန်ခဲ့ကြ၏။ နားလည်နိုင်ရန် ခက်၏။
(၇)
ပုံနှိပ်စာအုပ်အဖြစ် ထုတ်ဝေရန် ပြင်ဆင်ချိန်တွင် စာရေးသူ့ထံ အရှင်ဇနနန္ဒ ကိုယ်တိုင် ကြွရောက်လာ၍ တည်းဖြတ်စရာရှိက တည်းဖြတ်ပေးရန် ပေးအပ်ခဲ့၏။ စာရေးသူ ဖတ်ကြည့်ခဲ့ရာ တည်းဖြတ်ပေးစရာ မရှိကြောင်း တွေ့ရှိခဲ့ရ၏။ ကျေနပ်အားရ နှစ်သက်ဝမ်းမြောက်ရပါ၏။
စာရေးသူထံ၌ ဘာသာပြန်စာမူ ရောက်ရှိနေချိန်အတွင်း အရှင်ကောဝိဒ (မဟာမြိုင်တောရ)မှ မေး၍ စာရေးသူက ဖြေကြားပေးခဲ့ရာတွင် “တည်းဖြတ်ရန် ရောက်ရှိနေကြောင်း၊ စာအုပ် ထုတ်ရန်အတွက် ငွေလို နေသေးကြောင်း” ပါသွားခဲ့၏။ အရှင်ကောဝိဒ (မဟာမြိုင်တောရ)၏ နှိုးဆော်တိုက်တွန်း ပေးမှုကြောင့် “လယ်တီဆရာတော်ဘုရားကြီး၏ ကျေးဇူးတော်ကို တုံ့ဆပ် ပူဇော်လိုသောအားဖြင့် လှူဒါန်းလိုသူများ” ပေါ်ပေါက်လာခဲ့ကြ၏။ အလှူငွေများကို စာရေးသူက လက်ခံရန် တာဝန် ရောက်လာခဲ့၏။ ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒထံ အရှင်ဇနနန္ဒ ရောက်ရှိခိုက် အကြောင်းအကျိုး တင်ပြ လျှောက်ထားခဲ့ရာ “အောင်မြိုင်က ထောက်ခံရင် မင့် စာအုပ်အတွက် ငါ လှူမယ်”ဟု မိန့်ကြားခဲ့ကြောင်း အရှင်ဇနနန္ဒ၏ ပြန်လည်မိန့်ကြားချက် အရ သိခဲ့ရ၏။ အလှူရှင်အားလုံး၏ လှူဒါန်းမှု အားလုံးအတွက် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်း တင်အပ်ပါ၏။
(၈)
ဘာသာပြန်ဆရာ အရှင်ဇနနန္ဒနှင့် အလှူရှင်များ၏ ဆန္ဒအရ ဘာသာပြန်စာမူ ဖတ်ရှုစိစစ် တည်းဖြတ်ခြင်း၊ အလှူငွေ လက်ခံခြင်း၊ စာအုပ်ပုံစံချခြင်း၊ ပုံနှိပ်စက်တင်ခြင်းတို့ကို တာဝန်ယူ၍ ဆောင်ရွက်ပေးခွင့်ရရှိခဲ့ပါ၏။ ကျေနပ်အားရ နှစ်သက်ဝမ်းမြောက်ရပါ၏။ စာရေးသူ မလုပ်နိုင်သော ပရမတ္ထဒီပနီ အထက် ၃ ပိုင်း ဘာသာပြန်မှုကို ပြီးမြောက်အောင် ပြုလုပ်နိုင်ခဲ့သော အရှင်ဇနနန္ဒ (မဟာဓမ္မာစရိယ)၏ အစွမ်းသတ္တိကို ချီးကျူးမိုပါ၏။
(၉)
လယ်တီဆရာတော်သည် ပရိယတ္တိ-ပဋိပတ္တိ ၂ ဌာနစလုံး၌ ရဲစွမ်းသတ္တိ အလွန် ကြီးတော်မူခဲ့၏။ ပရိယတ္တိ ဓမ္မဝိသာရဒ ပညာရှင် ဆရာတော်ကြီးများသာ ဖြေဆိုနိုင်ရာသည်ဟု သတ်မှတ်အပ်သော ပါရမီဆိုင်ရာ မေးခွန်းများကို ရဟန်းငယ်ဘဝဖြင့် ဖြေဆိုနိုင်ခဲ့၏။ မိမိကိုယ်ကိုယ် ရည်ညွှန်းလျက် ပိဋကတ္တယပါရဂူဟူသော ဂုဏ်ပြုဂုဏ်ခံ စကားလုံးကို ဖော်ထုတ်သုံးစွဲခဲ့၏။ “သာသနာ နောက်ဖျား၊ ပေါက်ဖွားကြ ဆူဆူ၊ ယောက်ျားပ ငါလိုလူ၊ ဇမ္ဗူမှာ ရှာစမ်း” အစချီသော တေးထပ်တစ်ပုဒ်ကို ကိုယ်တိုင် ရေးစပ်ခဲ့၏။ ပရမတ္ထဒီပနီကျမ်း၊ နိရုတ္တိဒီပနီကျမ်း၊ ပဋ္ဌာနုဒ္ဒေသဒီပနီကျမ်းတို့ကို ပါဠိ ဘာသာဖြင့် ရေးသားစီရင်တော်မူခဲ့၏။ သာသနဝိသောဓနီ (ပထမတွဲ၊ ဒုတိယတွဲ၊ တတိယတွဲ)၊ သမ္မဒိဋ္ဌိဒီပနီ အစရှိသော ကျမ်းပေါင်းများစွာတို့ကို ရေးသားစီရင်တော် မူခဲ့၏။
လယ်တီဆရာတော်သည် ပရိယတ္တိဓမ္မဆိုင်ရာ ဝေဖန်ရေးပညာရှင်ကြီး ဖြစ်တော်မူခဲ့၏။ ပဋိပတ္တိဓမ္မ ဆိုင်ရာ ဝေဖန်ရေး ပညာရှင်ကြီး ဖြစ်တော်မူခဲ့၏။ ဤပရမတ္ထဒီပနီကျမ်း၌ အဘိဓမ္မတ္ထသင်္ဂဟ ကျမ်း၏ ဋီကာသစ်ဖြစ်သော အဘိဓမ္မတ္ထဝိဘာဝိနီဋီကာလာ မှားယွင်းချက်ပေါင်း ၂၄၅ ချက်တို့ကို ဖော်ထုတ် ဝေဖန်ပြခဲ့ခြင်းကြောင့် ၁၂၅၉ ခုနှစ်မှ ၁၂၈၂ ခုနှစ်အထိ နှစ် ၂၀ ကျော်တိုင်အောင် အဘိဓမ္မာ ဋီကာ တိုက်ပွဲကြီး ဖြစ်ပေါ်ခဲ့ရဖူး၏။ ဤပရမတ္ထဒီပနီသည် အဘိဓမ္မတ္ထသင်္ဂဟကျမ်း၏ “သင်္ဂဟမဟာဋီကာ” အဖြစ် ယခုတိုင်အောင် ရှင်သန် ရပ်တည်နိုင်ခဲ့၏။ တိုက်ပွဲဝင် အဘိဓမ္မာ-ဋီကာသစ် အားလုံးနီးပါး တိုက်ပွဲကျသွားခဲ့ကြလေ၏။
လယ်တီဆရာတော်၏ “ယထာ လောကမှိ ဇောတန္တိ၊ ဥဘော စန္ဒိမသူရိယာ။ တထေဝ ပရမတ္ထေသု၊ အယံ ပရမတ္ထဒီပနီ။” “ပါဠိယတ္ထေသု သာ သုဘာ၊ သဒ္ဒ နိရုတ္တိဒီပနီ၊ ဥဘော လောကမှိ ဇောတန္တု၊ သဒ္ဓမ္မော ယာဝ တိဋ္ဌတိ။” ဟူသော ဆုတောင်းချက်အတိုင်း ပြည့်လိမ့်မည်ဖြစ်ကြောင်း ယုံကြည်မိပါ၏။
(၁၀)
တည်းဖြတ်သူ၏ အမှာစာတွင် လယ်တီဆရာတော်အား လည်းကောင်း၊ လယ်တီဆရာတော်၏ တပည့် အဆက်ဆက်တို့အား လည်းကောင်း၊ လယ်တီကျောင်းတိုက်ကြီးအား လည်းကောင်း ဂုဏ်ပြု ပူဇော်သောအားဖြင့် လယ်တီတိုက်ကြီးဖွဲ့တေးထပ်၊ သီဟနာဒကြုံးဝါးသံ တေးထပ်တို့ကို ဖော်ထုတ် ထည့်သွင်းတင်ပြပါ၏။
လယ်တီတိုက်ကြီးဖွဲ့တေးထပ်
နန္ဒမူ ဖန်ဂူကွေ့
ဉာဏ်ယူမွေ့ စံဘွယ်
ရန်မြူငွေ့ အန္တရာယ်မှာ
မှန်တကယ် သန့်ရှင်း။
ယောဂီမှု ပဒေသာငယ်
ဧကစာ ကျင့်တဲ့သတင်း။
မဟာဝုန့် စုံမြိုင်လို
ထုံဂနိုင် ပင်မင်း
ရဂုံလှိုင် သဇင်သင်း
မြအင်ကြင်း ကံ့ကော်။
တိုက်လယ်တီ မည်ပြုဆန်း
သည်ဥဒါန်း စိုက်လို့ ထင်ပေါ်။
ပညာညွှန့် ပွင့်တုန်းမျှော်တယ်
ရှင့်ဘုန်းတော် ထိန်လင်းလို့
ရဝိန့်မင်း ဒေါင်းနေ့စကြာ
သောင်းမြေ့လက်ျာ---။
ဇေတဝန့် ကျောင်းဝိဟာလို
သောင်းဒီပါ ထင်ရှားဖို့လေး---။ ။
(လယ်တီပဏ္ဍိတဦးမောင်ကြီး)
သီဟနာဒကြုံးဝါးသံတေးထပ်
သာသနာ နောက်ဖျား
ပေါက်ဖွားကြ ဆူဆူ
ယောက်ျားပ ငါလိုလူ
ဇမ္ဗူမှာ ရှာစမ်း။
အား လုံ့လ အလံ ထူ
စံမတူ ထိုးတော့ ဥဒါန်း။
ယောဂီမှု ထွေတလာ
ပဒေသာ ဉာဏ်ဆန်း
ကေသရာ ဉာဏ်အစွမ်းဟာမို့
ဈာန်လမ်းကို ပြီးတိုင်။
ဝသီဘော် အစုံ ငါး
အကုန်သား စိုးရပိုင်နိုင်။
ဗြဟ္မာအောက် ထက်မိုးခရိုင်မှာ
တန်ခိုးမြိုင်မြိုင် အလံစိုက်လို့
စံလိုက်မယ်ပ အကျော်အမော်
ငြီးဘူ့ပျော်ပျော်---။
မိတေးသခင့် အောင်ပွဲတော်မှာ
နောင်ရဲအမော် လုပ်စမ်းမယ်ပလေး။
(လယ်တီဆရာတော်)
(၁၁)
ပညာဝဒါတသောဘိတလဇ္ဇိဘိက္ခူ၊
မညန္တု ပုညဝိဘဝေါဒယမင်္ဂလာယ။
ပြန့်ပြောသော ထိုကောင်းမှုကြောင့် ဘုန်းရှိသော မထေရ်တို့၏ နေရာဖြစ်၍ ဖြစ်ထသော အလွန်လျှင် ထင်ပေါ်ကျော်စောထသော တုမူလသောမကျောင်းကြီးကို လည်းကောင်း, ထို ကျောင်း၌ နေလေ့ ရှိကုန်သော အရိယမဂ်ပညာ၏ အစွမ်းအားဖြင့် ဖြူစင်သောဂုဏ်တို့ဖြင့် တင့်တယ်ကုန်ထသော လဇ္ဇီသူတော်ကောင်း ဖြစ်ကုန်သော မဟိန္ဒထေရ် အစရှိကုန်သော ရဟန်း တို့ကို လည်းကောင်း ပြန့်ပြောသော ကောင်းမှုတို့၏ ပွားခြင်းဟု ဆိုအပ်သော မင်္ဂလာအကျိုးငှာ “နောင်လာနောက်သား လူအများတို့သည်” တစ်နည်းကား ပညာ၏အစွမ်းဖြင့် ဖြူစင်သော ဂုဏ်တို့ဖြင့် တင့်တယ်သည် ဖြစ်၍ မကောင်းမှုမှ ရှက်တတ်လေ့ ရှိကုန်သော “အခြားရဟန်း တို့သည်” အသက်ထက်ဆုံး အဖန်ဖန် အောက်မေ့စေကုန်သတည်း။
(အရှင်အနုရုဒ္ဓါ)
ဘုန်းရှိသောမထေရ်တို့၏ နေရာဖြစ်၍ ဖြစ်ထသော အလွန်လျှင် ထင်ပေါ် ကျော်စောထသော လယ်တီကျောင်းကြီးကိုလည်းကောင်း, ထိုကျောင်း၌ နေလေ့ရှိကုန်သော ပရိယတ္တိဓမ္မပညာ၊ ပဋိပတ္တိဓမ္မပညာတို့၏ အစွမ်းအားဖြင့် ဖြူစင်သောဂုဏ်တို့ဖြင့် တင့်တယ်ကုန်ထသော လဇ္ဇီ သူတော်ကောင်း ဖြစ်ကုန်သော လယ်တီဆရာတော် အရှင်ဉာဏဓဇ အစရှိကုန်သော ရဟန်းတို့ကို လည်းကောင်း ပြန့်ပြောသောကောင်းမှုတို့၏ ပွားခြင်းဟု ဆိုအပ်သော မင်္ဂလာအကျိုးငှာ “နောင်လာ နောက်သား လူအများတို့သည်” အသက်ထက်ဆုံး အဖန်ဖန် အောက်မေ့စေကုန် သတည်း။
အောင်မြိုင် (မစိုးရိမ်စာသင်သား)
၂-၁-၂၀၂၃
ဝ၉-၅၁၄၂၁၆၇
၇-သမုစ္စည်းပိုင်း မြန်မာပြန်
မာတိကာ
၁။ နိဒါန်း
၂။ တည်းဖြတ်သူ၏ အမှာစာ
၃။ သမုစ္စည်းပိုင်း မြန်မာပြန်
၄။ နမော ဗုဒ္ဓဿ
၅။ ပဋိညာဉ်ဂါထာအဖွင့်
၆။ အနက်ပေးနည်း
၇။ အနိပ္ဖန္နရုပ် ၁၀-ပါး အခြေအနေ
၈။ နိဗ္ဗာန်အစစ်
၉။ ဒွါသတ္တတိစကား ဆိုရကျိုးကို ရှာဖွေပြခြင်း
၁၀။ သင်္ဂဟလေးပါးမာတိကာအဖွင့်
၁၁။ အကုသလသင်္ဂဟအဖွင့်
၁၂။ အာသဝလေးပါးအဖွင့်
၁၃။ ဋီကာကျော်
၁၄။ ကာမာသဝ
၁၅။ ဋီကာကျော်
၁၆။ ဘဝါသဝ
၁၇။ ဋီကာကျော်
၁၈။ ဋီကာကျော်
၁၉။ ဒိဋ္ဌာသဝ
၂၀။ အဝိဇ္ဇာသဝ
၂၁။ မာနစသည်တို့ကို အာသဝဟု မဟောရခြင်းအကြောင်း
၂၂။ သြဃလေးပါးအဖွင့်
၂၃။ ယောဂလေးပါးအဖွင့်
၂၄။ ဂန္ထလေးပါးအဖွင့်
၂၅။ ဥပါဒါန်လေးပါးအဖွင့်
၂၆။ ရုပ်၌ သက္ကာယဒိဋ္ဌိ ဖြစ်ပုံ ၄-မျိုး
၂၇။ ဝေဒနာ၌ သက္ကာယဒိဋ္ဌိ ဖြစ်ပုံ ၄-မျိုး
၂၈။ သညာနှင့် သင်္ခါရအတွက် မှာကြားချက်
၂၉။ ဝိညာဏ်၌ သက္ကာယဒိဋ္ဌိ ဖြစ်ပုံ ၄-မျိုး
၃၀။ ခန္ဓာငါးပါး, တစ်ပါးပါး၌ သက္ကာယဒိဋ္ဌိ ဖြစ်ပုံ
၃၁။ နီဝရဏ ၆-ပါးအဖွင့်
၃၂။ အတွဲနီဝရဏဟောရခြင်းအကြောင်း
၃၃။ အနုသယ ၇-ပါးအဖွင့်
၃၄။ အနုသယဟူသည် ဥပါဒ်-ဌီ-ဘင် မရှိ
၃၅။ အခိုက်အတန့် သုံးမျိုးဖြင့် ရှင်းပြပုံ
၃၆။ ကထာဝတ္ထုပါဠိတော်
၃၇။ အရိယာမဂ်ဖြင့် ကာလအတိကျမရှိသောအနုသယကို ပယ်ပုံ
၃၈။ တစ်နွယ်ငင် တစ်စင်ပါပုံ
၃၉။ အနုသယဟူသည် တေဘူမကတရား ဖြစ်ပုံ
၄၀။ အနုသယဟူသည် ပရမတ်အကုသိုလ်
၄၁။ ဋီကာကျော်
၄၂။ ယမိုက်ပါဠိတော်သာဓက
၄၃။ ပဋိသမ္ဘိဒါမဂ်ပါဠိတော် သာဓက
၄၄။ ဥပ္ပန္နရှစ်မျိုးဖြင့် ရှင်းပြပုံ
၄၅။ ကာလဖြင့် ခွဲသိရသော ကိလေသာ ၄-မျိုး
၄၆။ ဌာနဖြင့် ခွဲသိရသော ကိလေသာ ၄-မျိုး
၄၇။ မဆိုထိုက်ပုံ ၄-ချက်
၄၈။ အရှင်သာရိပုတ္တရာစကား အပြစ်မရှိ
၄၉။ အပေါင်းပုဒ်အဖွင့်
၅၀။ သံယောဇဉ်၂၀-အဖွင့်
၅၁။ ကိလေသာ ၁၀-ပါးအဖွင့်
၅၂။ တရားကိုယ် ကောက်နည်းအဖွင့်
၅၃။ သင်္ဂဟနှစ်ဂါထာအဖွင့်,
၅၄။ မိဿကသင်္ဂဟ
၅၅။ ဈာနင် ၇-ပါးအဖွင့်
၅၆။ မဂ္ဂင် ၁၂-ပါးအဖွင့်
၅၇။ ဈာနင်နှင့် မဂ္ဂင် ပေါင်းမှတ်ဖွယ်
၅၈။ မဂ္ဂင် ၁၆-ပါး မပြဘဲ ၁၂-ပါးသာ ပြရပုံ
၅၉။ ဋီကာကျော်
၆၀။ ဣန္ဒြေ ၂၂-ပါးအဖွင့်
၆၁။ ပသာဒိန္ဒြေ ၅-ပါး
၆၂။ ဘာဝိန္ဒြေ ၂-ပါး
၆၃။ ဇီဝိတိန္ဒြေ
၆၄။ မနိန္ဒြေ
၆၅။ သဒ္ဓါစသော ဣန္ဒြေ ၅-ပါး
၆၆။ ပညိန္ဒြေ
၆၇။ အနညာတညဿာမီတိန္ဒြေ
၆၈။ အညိန္ဒြေ
၆၉။ အညာတာဝိန္ဒြေ
၇၀။ ဣန္ဒြေ ၂၂-ပါး ဟောရပုံ အစီအစဉ်
၇၁။ ဋီကာကျော်
၇၂။ ဗိုလ် ၉-ပါးအဖွင့်
၇၃။ ဋီကာကျော်
၇၄။ ဗိုလ်ကို ကုသိုလ် အကုသိုလ် အဗျာကတအားဖြင့် ခွဲပုံ
၇၅။ အဓိပတိ ၄-ပါးအဖွင့်
၇၆။ အာဟာရ ၄-ပါးအဖွင့်
၇၇။ အာဟာရ ၄-ပါးကို ဥပမာဖြင့် အကျယ်ဖွင့်ဆိုပုံ
၇၈။ ရုပ်အာဟာရ
၇၉။ ဖဿအာဟာရ
၈၀။ စေတနာအာဟာရ
၈၁။ ဝိညာဏအာဟာရ
၈၂။ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်
၈၃။ နိဒါနဝဂ္ဂသံယုတ်အဋ္ဌကထာ
၈၄။ အဋ္ဌကထာအဖွင့် စိစစ်ချက်
၈၅။ တရားကိုယ် ကောက်နည်း
၈၆။ စိတ်ဒွေးပဉ္စ ဈာနင်မရ
၈၇။ ဝီရိယမတည် ဗိုလ်မမည်
၈၈။ ဟိတ်မရှိလျှင် No မဂ္ဂင်
၈၉။ ဝိစိကိစ္ဆာစိတ်ရှိ ဧကဂ္ဂတာစေတသိက်၏ အခြေအနေ
၉၀။ အဓိပတိချိပ် ဒွိဟိတ်တိဟိတ်ဇော
၉၁။ ဋီကာကျော်
၉၂။ ဣန္ဒြေနှင့် အဓိပတိ ဟောပုံအထူး
၉၃။ သင်္ဂဟ ၂-ဂါထာအဖွင့်
၉၄။ ဗောဓိပက္ခိယသင်္ဂဟ
၉၅။ ဗောဓိပက္ခိယဟူသည်
၉၆။ သတိပဋ္ဌာန်ဟူသည်
၉၇။ ကာယာနုပဿနာ
၉၈။ ဝေဒနာနုပဿနာ
၉၉။ စိတ္တာနုပဿနာ
၁၀ဝ။ ဓမ္မာနုပဿနာ
၁၀၁။ ဋီကာကျော်
၁၀၂။ သတိပဋ္ဌာန်လေးပါးဟောရပုံ
၁၀၃။ သမ္မပ္ပဓာန်လေးပါး
၁၀၄။ ပထမဝီရိယ
၁၀၅။ ဒုတိယဝီရိယ
၁၀၆။ တတိယဝီရိယ
၁၀၇။ စတုတ္ထဝီရိယ
၁၀၈။ ဣဒ္ဓိပါဒ်လေးပါး
၁၀၉။ ဋီကာကျော်
၁၁၀။ ဣန္ဒြေ ၅-ပါးနှင့် ဗိုလ် ၅-ပါး
၁၁၁။ သမ္ဗောဇ္ဈင် ၇-ပါး
၁၁၂။ သတိသမ္ဗောဇ္ဈင်
၁၁၃။ ဓမ္မဝိစယသမ္ဗောဇ္ဈင်
၁၁၄။ ဝီရိယသမ္ဗောဇ္ဈင်
၁၁၅။ ပီတိသမ္ဗောဇ္ဈင်
၁၁၆။ ပဿဒ္ဓိသမ္ဗောဇ္ဈင်
၁၁၇။ သမာဓိသမ္ဗောဇ္ဈင်
၁၁၈။ ဥပေက္ခာသမ္ဗောဇ္ဈင်
၁၁၉။ မဂ္ဂင် ၈-ပါး
၁၂၀။ ပညာမဂ္ဂင် ၂-ပါး
၁၂၁။ သီလမဂ္ဂင် ၃-ပါး
၁၂၂။ ဝီရိယဟူသော သမာဓိမဂ္ဂင်
၁၂၃။ တရားကိုယ်ပြ သင်္ဂဟနှစ်ဂါထာအဖွင့်
၁၂၄။ ဗောဓိပက္ခိယတရား ၃၇-ပါးကို နေရာချထားခြင်း
၁၂၅။ ဋီကာကျော်
၁၂၆။ ဗောဓိပက္ခိယ ၃၇-ပါးလုံး ရနိုင်ပုံ/မရနိုင်ပုံကို ပြခြင်း
၁၂၇။ လောကီတရားတို့မှာ ရနိုင်သော ဗောဓိပက္ခိယတရား
၁၂၈။ ကုဏ္ဍလိယသုတ်
၁၂၉။ သဗ္ဗသင်္ဂဟ
၁၃၀။ ခန္ဓာ ၅-ပါး
၁၃၁။ ရူပက္ခန္ဓာ
၁၃၂။ ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ
၁၃၃။ သင်္ခါရက္ခန္ဓာ
၁၃၄။ နာမ်ခန္ဓာ ဖွဲ့ပြရာ၌ အတွန့်တက်စရာ
၁၃၅။ ဝေဒနာနှင့် တူသော ကိုးကွယ်ရာမရှိ
၁၃၆။ သုခထွက်ပေါ်ဖို့ အလုပ်လုပ်ကြရ
၁၃၇။ သညာနှင့်တူသော ကိုးကွယ်ရာမရှိ
၁၃၈။ စိတ်နှင့်တူသော ကိုးကွယ်ရာမရှိ
၁၃၉။ ဋီကာကျော်
၁၄၀။ ဥပါဒါနက္ခန္ဓာ ၅-ပါး
၁၄၁။ အာယတန ၁၂-ပါး
၁၄၂။ အတွင်းအာယတနအနက် ၃-မျိုး
၁၄၃။ အပြင်အာယတနအနက် ၁-မျိုး
၁၄၄။ အတွင်းအပြင်အာယတနနှစ်ပါးဆိုင်အနက်
၁၄၅။ အာယတန ၁၂-ပါး ဟောစဉ်
၁၄၆။ ဓာတ် ၁၈-ပါး
၁၄၇။ အဋ္ဌကထာပြ ဓာတ်အဖွင့်
၁၄၈။ သစ္စာ ၄-ပါး
၁၄၉။ သင်္ခါရဒုက္ခ
၁၅၀။ ဝိပရိဏာမဒုက္ခ
၁၅၁။ ဒုက္ခဒုက္ခ
၁၅၂။ သစ္စဉာဏ်လေးချက် ဝင်နည်း
၁၅၃။ သစ္စာဖွဲ့နည်း
၁၅၄။ လောဘ စွန့်ဖို့သာ လိုရင်း
၁၅၅။ တဏှာကိုသာ သမုဒယသစ္စာ ဖွဲ့ရပုံ
၁၅၆။ သစ္စာနှင့် အရိယသစ္စာ အထူး
၁၅၇။ ဒုက္ခသစ္စာအနက် ၄-ချက်
၁၅၈။ သင်္ခတဋ္ဌနှင့် ဝိပရိဏာမဋ္ဌအကျယ်
၁၅၉။ ပီဠနဋ္ဌအကျယ်
၁၆၀။ သန္တာပဋ္ဌအကျယ်
၁၆၁။ အရိယာမဂ်သည် ဒုက္ခသစ္စာ မဟုတ်ပုံ
၁၆၂။ လောကီ ရုပ်နာမ်သာ ဒုက္ခသစ္စာ
၁၆၃။ သမုဒယသစ္စာအနက် ၄-ချက်
၁၆၄။ နိရောဓသစ္စာအနက် ၄-ချက်
၁၆၅။ မဂ္ဂသစ္စာအနက် ၄-ချက်
၁၆၆။ သစ္စာလေးပါးဟောရခြင်းအကြောင်း
၁၆၇။ ဋီကာကျော်
၁၆၈။ ခန္ဓာ ၅-ပါး တရားကိုယ်
၁၆၉။ နိဗ္ဗာန်သည် ခန္ဓာမှ လွတ်ပုံ
၁၇၀။ နိဗ္ဗာန်သည် ၁-ခုတည်းတရား
၁၇၁။ အာယတန ၁၂-ပါး၊ ဓာတ် ၁၈-ပါး ပြားရပုံ
၁၇၂။ သစ္စာ ၄-ပါး တရားကိုယ်
၁၇၃။ သမုစ္စည်းပိုင်း နိဂုံး
နမော ဗုဒ္ဓဿ
သမုစ္စည်းပိုင်း ပဋိညာဉ်ဂါထာအဖွင့်
၁။ ဤသို့ စိတ်, စေတသိက်, ပကိဏ်း, ဝီထိ, ဝီထိမုတ်, ရုပ်ဟူသော ၆-ပိုင်းတို့ဖြင့် စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်ဟူသော ပရမတ္ထတရား ၄-ပါးတို့ကို ပြဆိုပြီး၍ ယခုအခါ၌ ထိုပရမတ္ထတရား ၄-ပါးတို့၏ ထိုထိုအစုဟု ဆိုအပ်သော အပေါင်းသမုစ္စည်းကို ပြတော်မူလိုသော အရှင်အနုရုဒ္ဓါ မထေရ်သည် “ဒွါသတ္တတိ ဝိဓာ ဝုတ္တာ” အစရှိသော ဂါထာကို ဆိုတော်မူ၏။
အနက်ပေးနည်း
ကိုယ်စီကိုယ်ငှ အမှတ်လက္ခဏာနှင့် တကွဖြစ်ကုန်သော (စိတ်အကျဉ်း ၈၉-ပါးကို အာရုံသိ လက္ခဏာအားဖြင့် ၁-ပါး ယူ၊ စေတသိက် ၅၂-ပါး၊ နိပ္ဖန္နရုပ် ၁၈-ပါး၊ နိဗ္ဗာန် ၁-ပါးအားဖြင့်) ၇၂-ပါး အပြားရှိကုန်သော အကြင် ပရမတ္ထဝတ္ထုတရားတို့ကို ငါ အနုရုဒ္ဓါမထေရ်သည် မိန့်ဆိုအပ်ကုန်ပြီ။ ယခုအခါ၌ ထို ၇၂-ပါးကုန်သော ပရမတ္ထဝတ္ထုတရားတို့၏ အပေါင်း သမုစ္စည်းကို ယှဉ်သင့်သည့် အားလျော်စွာ ငါ အနုရုဒ္ဓါမထေရ်သည် ဆိုပေအံ့။ ဤသည်ကား ဝိသေသန, ဝိသေသျ စသည် အစဉ်ကျအောင် ဂါထာအနက် ယှဉ်စပ်ခြင်းတည်း။
(သမုစ္စယကို ရာသိ-ဟု ဖွင့်သည်, ယ-အနိယမနှင့် မယာ-ကတ္တား ထည့်သည်, ဒါနိ-ကို ဣဒါနိ-ဟု ဖွင့်သည်။)
အနိပ္ဖန္နရုပ် ၁၀-ပါးအခြေအနေ
ထိုဂါထာတစ်ပုဒ်လုံး၌ “သလက္ခဏာ ဝတ္ထုဓမ္မာ”ဟူသော ပုဒ်စုတို့ဖြင့် အာကာသဓာတ်, ကာယ ဝိညတ်, ဝစီဝိညတ်, ရူပဿ လဟုတာ, ရူပဿ မုဒုတာ, ရူပဿ ကမ္မညတာ, ရူပဿ ဥပစယ, ရူပဿ သန္တတိ, ရူပဿ ဇရတာ, ရူပဿ အနိစ္စတာ ဟူသော အနိပ္ဖန္နရုပ် ၁၀-ပါးတို့ကို ပယ်မြစ်၏။ ထို ပယ်မြစ်ရ၏ဟူသောစကား မှန်၏, ထိုအနိပ္ဖန္နရုပ်တို့သည် သီးခြားသဘောဖြစ်၍ဖြစ်သော ခက်မာခြင်းစသော သဘာဝလက္ခဏာအားဖြင့် လည်းကောင်း, လက္ခဏာရေးသုံးပါးဖြစ်သည့် အနိစ္စတာ အစရှိသော သာမညလက္ခဏာအားဖြင့်လည်းကောင်း လက္ခဏာတို့နှင့်တကွ မဖြစ်ကုန်။ အဘယ့်ကြောင့်နည်း ဟူမူကား စင်စစ်ဧကန် မြတ်သောအနက်၏ မရှိခြင်းကြောင့်တည်း။ ထို့ကြောင့်သာလျှင် (ထိုအနိပ္ဖန္နရုပ် ၁၀-ပါးတို့သည်) ပရမတ္ထဝတ္ထုတရားတို့သည်လည်း မဖြစ်ကုန်။ အဘယ့်ကြောင့်နည်းဟူမူကား သရုပ်သဘောအားဖြင့် မရထိုက်သည်၏အဖြစ်ကြောင့်တည်း။
အဘယ့်ကြောင့် အနိပ္ဖန္နရုပ် ၁၀-ပါးတို့သည် ပရမတ္ထဝတ္ထုဓမ္မတို့ မဖြစ်ကုန်သနည်း, သရုပ်သဘော အားဖြင့် မရအပ်ကုန်သနည်းဟူမူ--အကြင်ကြောင့် ဤ “ဝတ္ထုဓမ္မာ”ဟူသော ပုဒ်အစု၌ ဝတ္ထု-သဒ္ဒါသည် ဒြပ်ကို ဟော၏။ ဒြပ်ဆိုသည်ကား ဤပရမတ်နယ်ပယ်၌ ထင်ရှားရှိသော၊ သရုပ် သဘောအားဖြင့် ရအပ်သော သဘာဝသာလျှင်တည်း။ ထို့ကြောင့် အနိပ္ဖန္နရုပ် ၁၀-ပါးတို့သည် ပရမတ္ထဝတ္ထုဓမ္မတို့ မဖြစ်ကုန်, သရုပ်သဘောအားဖြင့် မရအပ်ကုန်။
နိဗ္ဗာန်အစစ်
ဤ “ဝတ္ထုဓမ္မာ”ဟူသော ပုဒ်ဖြင့် အမှီအခိုကင်းသော နိဗ္ဗာန်အစစ်၏လည်း မဂ်ဉာဏ်ဖိုလ်ဉာဏ် ပစ္စဝေက္ခဏာဉာဏ်တို့၌ သရုပ် သဘောအားဖြင့် ရအပ်သော ထင်ရှားသော အာရုံသဘော ရှိသည်၏အဖြစ်ကို ဆိုလို၏။
အာကာသဓာတ် အစရှိသော အနိပ္ဖန္နရုပ်အတုတို့မှာလို ၁၈-ပါးကုန်သော နိပ္ဖန္နဝတ္ထုရုပ်အစစ် တရားတို့၌ ပေါင်းစုံမှီတင်ကာ ရှုမြင်ရသော ဓမ္မမျှ၏အဖြစ်ကိုလည်းကောင်း, ပညတ်တရားတို့မှာလို ကြံဆအပ်သော အခြင်းအရာမျှ၏အဖြစ်ကိုလည်းကောင်း, ယုန်ချို, လိပ်မွေးအစရှိသည်တို့မှာလို ဘယ်တော့မှ မရှိဖူးတာကို ကြံခြင်းမျှ၏ အဖြစ်ကိုလည်းကောင်း နိဗ္ဗာန်အစစ်၌ သံသယဝင်မှုကို ဤ”ဝတ္ထုဓမ္မာ”ဟူသောပုဒ်ဖြင့် တားမြစ်သည်ဟု သိအပ်၏။
(သမုစ္စည်းပိုင်း၌ အစဂါထာမှာ ဝတ္ထုတော-ပါသည်ကို သတိထားခဲ့ပါ။
တရားကိုယ် ကောက်ပြရာ၌ ဝတ္ထုတော-ဟု သင်္ဂဟဆရာ သုံးလိမ့်မည်။)
ဒွါသတ္တတိစကား ဆိုရကျိုးကို ရှာဖွေပြခြင်း
ဆက်ဦးအံ့, ဤနေရာ၌ “ဒွါသတ္တတိ ဝိဓာ သလက္ခဏာ ဝတ္ထုဓမ္မာ”ဟူသော စကား၌ ပြဆိုရကျိုး အပြည့်အစုံကို (သမုစ္စည်းပိုင်း၌) မတွေ့မမြင်ရ။ တစ်စိတ်တစ်ဒေသသာ တွေ့ရ၏။ မှန်၏, ၇၂-ပါး အပြားရှိကုန်သော ထိုဝတ္ထုဓမ္မတို့တွင် အချို့သာလျှင် ဖြစ်ကုန်သော ဝတ္ထုဓမ္မတို့သည် ရှေ့ အကုသလသင်္ဂဟ, မိဿကသင်္ဂဟ, ဗောဓိပက္ခိယ သင်္ဂဟသုံးပိုင်းတို့၌ လာကုန်၏။
နောက်ဆုံး ဖြစ်သော သဗ္ဗသင်္ဂဟ၌မူကား ဝတ္ထုဓမ္မတို့တွင် မပါဝင်သော အနိပ္ဖန္နရုပ်တို့ကိုလည်း ခန္ဓာ အာယတန ဓာတ် သစ္စာ ဖွဲ့အပ်သည်၏ အဖြစ်ကြောင့် အလိုရှိအပ်ကုန်သည်သာလျှင်တည်း။ ဤသို့ ပြဆိုရကျိုး အပြည့်အစုံ မတွေ့မမြင်ရသည်ကို သိအပ်၏။
(ထိုသို့ ဤဒီပနီက ဝတ္ထုဓမ္မ ၇၂-ပါးကို ပြဆိုရကျိုး တစ်စိတ်တစ်ဒေသ ထင်သည်ဟု မိန့်ရာတွင် ဤသမုစ္စည်းပိုင်း၌ ဝတ္ထုတော-စသည်ဖြင့် တရားကိုယ်ကောက်ရာ၌ လည်းကောင်း, သုတ္တန္တိက-မာတိကာစသည်လာ သုတ်ပုဒ်များဝယ် အဘိဓမ္မာတရားကိုယ် ကောက်ရာ၌ လည်းကောင်း အကျိုးထင်သည့်အပြင် ပရမတ္ထတရားလေးပါးကို လက္ခဏာဒိစတုက္ကအဖြစ် အကျဉ်းပြရာ၌လည်း အကျိုးထင်သင့်သေးသည်ဟု သိအပ်၏။ သလက္ခဏာ-ကို ထောက်ပါ။ အနိပ္ဖန္နရုပ်တို့ သဗ္ဗသင်္ဂဟမှာ ပါသေးသည်ဟု ဒီပနီထောက်ပြပုံ ကောင်း၏။ ပဓာန-နိပ္ဖန္နရုပ် ၁၈-ပါးကို ယူက အပဓာနအနိပ္ဖန္နရုပ်ရုပ်များပါ ရနိုင်သည့်နည်းဖြင့် ထိုအနိပ္ဖန္နရုပ်များကိုပါ ယူပါ။ စိတ်ကို အာရုံသိ လက္ခဏာတစ်ပါးအဖြစ်ဖြင့်သာ အကျဉ်းချုပ် မယူပုံကို ဓာတ် ၁၈-ပါး၌ စက္ခုဝိညာဏ်စိတ် စသည်ဖြင့် အကျယ်ဖြန့်ယူပုံအားဖြင့် သိအပ်၏။)
(“ဧတ္ထ စ ဒွါသတ္တတိဝိဓာ” စသော ဒီပနီစကား၌ အကျိုးမရှိသော်လည်း အရှင်အနုရုဒ္ဓါဆရာသည် နိပ္ဖန္နရုပ်ယူလျှင် အနိပ္ဖန္နရုပ်လည်း ပါပြီးဖြစ်သောကြောင့် ဆိုသောအရာဖြစ်၍ အပြစ် မတင်သင့်။ ဉေယျဓမ်တရားငါးပါး ရေတွက်ရာ၌ သင်္ခါရအရ စိတ်စေတသိက်ရုပ်ကိုပင် ယူရမည်။ မန်လည်။)
ဆက်၍ ဆိုဦးအံ့, ဤနေရာ၌ “ဝတ္ထုဓမ္မာ သလက္ခဏာ”ဟူသော ပုဒ်စုတို့ဖြင့် အနိပ္ဖန္နရုပ်-၁၀ ပါးတို့၏ ကိုယ်ပိုင်အမှတ်လက္ခဏာရှိသည်၏အဖြစ်ကို ပယ်ခြင်း၌ အကြင်အဖွင့်စကားကို ဆိုသင့်၏။ ထိုစကားကို ရူပသမုဒ္ဒေသကို ဖွင့်ပြရာဒီပနီ၌ ငါ ဒီပနီဆရာသည် ဖွင့်ဆိုအပ်ပြီးသည် သာလျှင်တည်း။ ဤသို့ မှတ်အပ်၏။
သင်္ဂဟလေးပါး မာတိကာအဖွင့်
၂။ စင်စစ် အကုသိုလ်အမျိုးဇာတ် ရှိကုန်သော အာသဝလေးပါးအပေါင်း အစရှိသည်တို့၏ အကျဉ်းချုပ်သင်္ဂဟသည် “အကုသလသင်္ဂဟ” မည်၏။ အကုသိုလ်နှင့် ယှဉ်သည်၏အဖြစ်ကြောင့် သာလျှင် အကုသိုလ်ဖြစ်၍ဖြစ်ကုန်သော စိတ်၊ ဖဿအစရှိသည်တို့၏ အကျဉ်းချုပ်သင်္ဂဟသည် “အကုသလသင်္ဂဟ”မည်သည်မဟုတ်ဟု သိအပ်ပေ၏။
ကုသိုလ်အကုသိုလ် အဗျာကတနှင့် အရောအနှောဖြစ်ကုန်သော တရားတို့၏ အကျဉ်းချုပ်သင်္ဂဟ သည် “မိဿကသင်္ဂဟ”မည်၏။
သတ္တဝါတို့ သစ္စာလေးပါးကို သိကုန်ကြောင်း မဂ်ဉာဏ်တရားသည် “ဗောဓိ” မည်၏ဟု ဝိဂြိုဟ်ပြု၍ မဂ်စိတ်လေးပါးတို့၌ ဖြစ်သော ဉာဏ်ကို “ဗောဓိ”ဟူ၍ ဆိုအပ်၏။ “ဗောဓိ”ဟု ဆိုအပ်သော မဂ်ဉာဏ်၏ “ပက္ခ”အသင်းအပင်းတို့တည်း ဟူသော အကြောင်းဟိတ်ကြောင့် “ဗောဓိပက္ခ” မည်ကုန်၏။ “ဗောဓိ”၏အဆောက်အဦ “သမ္ဘာရ” တို့တည်းဟု ဆိုလို၏။ ဤကား “ဗောဓိပက္ခ” ပုဒ်၏ အနက်တည်း။
မဂ်ဉာဏ်၏ အသင်းအပင်း အဆောက်အဦ “ဗောဓိပက္ခ”တို့၌ ဖြစ်ကုန်သည်, အတွင်းဝင်ကုန်သည်ဟူသော အကြောင်းဟိတ်ကြောင့် “ဗောဓိပက္ခိယ”မည်၏။ ထိုဗောဓိပက္ခိယ တရားတို့၏ အကျဉ်းချုပ်သင်္ဂဟသည် “ဗောဓိပက္ခိယသင်္ဂဟ”မည်၏။
အလုံးစုံ အကြွင်းအကျန် မရှိကုန်သော စိတ်,စေတသိက်,ရုပ်,နိဗ္ဗာန် ပရမတ္ထဓမ္မတို့၏ အကျဉ်းချုပ် သင်္ဂဟသည် “သဗ္ဗသင်္ဂဟ”မည်၏။
အကုသလသင်္ဂဟ အဖွင့် - အာသဝလေးပါးအဖွင့် (၄-နည်း)
၃။ ကြာမြင့်စွာ ထုံအပ်သော အနက်သဘောကြောင့် လည်းကောင်း, မူးယစ်စေတတ်သော အနက်သဘောကြောင့်လည်းကောင်း အရက်နှင့် တူသည်၏ အဖြစ်ကြောင့် “အာသဝ”မည်ကုန်၏။
ဆက်ဦးအံ့, ထိုကြာမြင့်စွာ ထုံအပ်, မူးယစ်စေတတ်သော အနက်နှစ်ပါးကြောင့် “အာသဝ” မည်ကုန်ငြားအံ့။ လောဘ အစရှိကုန်သော ဤနာမ်တရားတို့သည်သာလျှင် နာမ်အရက် “အာသဝ”မည်ကုန်ရာ၏။ (ရုပ်အရက်တို့သည် အာသဝ မည်သည် မဖြစ်ကုန်ရာ။)
ထိုစကားမှန်၏, ပန်း အရက်အစရှိသည်တို့သည် လောက၌ ၅-ညဉ့် ၆-ညဉ့်မျှလည်းကောင်း ၇-ညဉ့် ၈-ညဉ့်မျှလည်းကောင်း ကိုယ်တိုင်လည်း အိုးတို့၌ တည်လျက် အနံ့အထုံ အဖျက်စွမ်းအင်ကို ယူကုန်၏။ အိုးတို့ကိုလည်း ဆိုးဝါးသော အနံ့အထုံအဖျက်စွမ်းအင်ကို ယူစေကုန်၏။
ဤလောဘ အစ ရှိသည်တို့ကား အစမထင်သော သံသရာ၌ ကိုယ်တိုင်လည်း သတ္တဝါတို့၏ သန္တာန်၌ အယစ် အထုံ စွမ်းအင်ကို ယူကုန်၏။ သတ္တဝါတို့၏ သန္တာန်ကိုလည်း အယစ်အထုံစွမ်းအင်ကို ယူစေကုန်၏။ အလုံးစုံသော သတ္တဝါတို့၏သန္တာန်သည် အခါခပ်သိမ်း အာသဝတို့ဖြင့် တင်းကျမ်းပြည့်သည် သာလျှင် ဖြစ်၏။
ဘုရားရှင် အဘယ်ကဲ့သို့ ဟောတော်မူသနည်း ဟူမူကား “သင်္ခါရလောကထဲ၌ မျက်စိအကြည် ရုပ်သည် ချစ်ဖွယ်သဘော သာယာဖွယ် သဘောတည်း။ ထိုသုံးပါးသော ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာသည် ဖြစ်လတ်သော် မျက်စိတည်းဟူသော ဤချစ်ဖွယ်သာယာဖွယ် သဘော၌ ဖြစ်ပေါ်၏။ ကိန်းလတ်သော် မျက်စိတည်းဟူသော ဤချစ်ဖွယ်သာယာဖွယ် သဘော၌ ကိန်း၏” ဟူ၍ ဤသို့ အစရှိသည်ဖြင့် ဟောတော်မူ၏။
ထိုသမုဒယသစ္စာ အကျယ်ပြစကား၌ ထိုတဏှာသုံးပါးသည် ထက်ဝန်းကျင်မှ ဥပါဒ်ဌီဘင်အဖြစ် ထကြွသော ပရိယုဋ္ဌာနကိလေသာ၏ အစွမ်းဖြင့် ဖြစ်ပေါ်လတ်သော် ဤချစ်ဖွယ်သာယာဖွယ် သဘောရှိသော မျက်စိအကြည်ရုပ်၌သာလျှင် ဖြစ်၏။ ဖြစ်ပြီး နောက်ကား တစ်ဖန် အနုသယ ကိလေသာ၏အဖြစ်ဖြင့် အထုံစွမ်းအင်ကို ပြု၍ ဥပါဒ်ဌီဘင်မဲ့ ကိန်းလတ်သော် ဤချစ်ဖွယ် သာယာဖွယ် သဘောရှိသော မျက်စိအကြည်ရုပ်၌သာလျှင် ကိန်းပေ၏။ ဤကား ထိုဘုရားဟော ပါဠိတော်၏ ဆိုလိုရင်းအနက်တည်း။
ဆက်ဦးအံ့, အကြင်မျှလောက်သော ကာလပတ်လုံး ရုပ်နာမ်ခန္ဓာငါးပါးသည် အရိယာမဂ်တည်း ဟူသော ဆေးကြောဖွပ်လျှော်ခြင်းကို မရသေး, ထိုမျှလောက်သော ကာလပတ်လုံး သတ္တဝါတို့၏ သန္တာန်သည် မစင်တို့ဖြင့် ပြည့်သော တွင်းကဲ့သို့ ကိလေသာ အပုပ်တို့ဖြင့် ပြည့်သည်ဖြစ်၍ ဆေးကြော ဖွပ်လျှော်နိုင်ခဲသည်ကို ပြု၍ ဖြစ်၏။
ပန်းထုံအရက် အစရှိသည်တို့သည်လည်း ယစ်မူးခြင်းကို ဖြစ်စေကုန်သည်ရှိသော် တစ်ခဏမျှသာလျှင် သတ္တဝါတို့ကို မူးယစ်ခြင်းကို ဖြစ်စေတတ်ကုန်၏။ ဤလောဘအစရှိသော အာသဝတို့သည်ကား အကြင်မျှလောက်သော ကာလပတ်လုံး အရိယာမဂ်ကို မရသေး, ထိုမျှလောက်သော ကာလပတ်လုံး အာသဝကိန်းရာ သတ္တဝါတို့ကို အမြဲ ယစ်မူးခြင်းကို ဖြစ်စေတတ်ကုန်၏။ ထို့ကြောင့် စင်စစ်ဧကန်အားဖြင့် ဤလောဘအစရှိကုန်သော တရားတို့သည်သာလျှင် ကြာမြင့်စွာ ထုံအပ်သောအနက်ကြောင့် လည်းကောင်း, ယစ်မူး စေတတ်သော အနက်ကြောင့်လည်းကောင်း အာသဝတို့မည်သည်လည်း ဖြစ်ခြင်းငှာ ထိုက်ကုန်၏။ ဤသို့ သိအပ်၏။
တစ်နည်းကား ယိုစီးတတ်သောအနက်ကြောင့် အရည်နှင့် တူသည်၏အဖြစ်ကြောင့် “အာသဝ” မည်ကုန်၏။ ထိုစကားမှန်၏, ပွက်ပွက်ဆူသော နူနာရှိသော သူ၏ အနာကြီးဝတို့မှ အရည်အစက်ဟု ဆိုအပ်သော အာသဝ = အရည်သည် ယိုထွက်၍ ပုဆိုးပိုင်းတို့ကို ဖျက်ဆီး သကဲ့သို့ ထို့အတူ ဤလောဘ,ဒိဋ္ဌိ,မောဟဟု ဆိုအပ်သော အာသဝတို့သည်လည်း မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ်ဟု ဆိုအပ်သော တံခါး ၆-ပေါက်တို့မှ ယိုစီး၍ အာရုံ ၆-ပါးတို့ကို ဖျက်ဆီး ကုန်၏။ သာသဝဓမ္မအဖြစ်သို့ ရောက်စေကုန်၏။ ဤသို့ အနာနှင့် အတွင်းအာယတန ၆-ပါး တူပုံ, အနာရည်နှင့် နာမ်အာသဝ ၃-ပါး တူပုံ, ပုဆိုးပိုင်းနှင့် အာရုံ ၆-ပါးတူပုံကို သိအပ်၏။
တစ်နည်းကား ရှည်လျားစွာသော သံသရာဆင်းရဲကို ပွားစေတတ်ကုန်သည် ဟူသော အကြောင်း ဟိတ်ကြောင့် “အာသဝ”မည်ကုန်၏။
တစ်နည်းကား ဘုံအားဖြင့် ဘဝဂ်တိုင်အောင်, ဓမ္မအားဖြင့် ဂေါတြဘူဉာဏ် တိုင်အောင် အာရုံပြုသည်၏အစွမ်းအားဖြင့် ယိုစီးတတ်ကုန်, ဖြစ်တတ်ကုန်သည်ဟူသော အကြောင်းဟိတ် ကြောင့် “အာသဝ”မည်ကုန်၏။ အဘယ့်ကြောင့်နည်းဟူမူကား အာသဝ၌ပါသော အာ-သဒ္ဒါသည် ပိုင်းခြားခြင်း ‘အဝဓိ’ အပါဒါန်-အနက်ကို ထွန်းပြတတ်သည်၏ အဖြစ်ကြောင့်တည်း။
ပိုင်းခြားခြင်းသည်လည်း ကြိယာက ကန့်သတ်သော မရိယာဒ-လျှင် အရာရှိသော အပိုင်းအခြား-လည်းကောင်း, ကြိယာက မကန့်သတ်သော ကြိယာကို ကျော်လွန်လွှမ်းမိုးသော အဘိဝိဓိ-လျှင် အရာရှိသော အပိုင်းအခြား-လည်းကောင်း ဤသို့နှစ်ပါးအပြားရှိ၏။
ထို အပိုင်းအခြား-နှစ်ပါးတို့တွင် အကြင် ပါဋလိပုတ်ပြည်တိုင်အောင်-စသော အပိုင်းအခြား ဝတ္ထု၏ အဆက်အစပ် သမ္ဗန္ဓီဖြစ်သော မိုးရွာခြင်း စသော ကြိယာသည် အပိုင်းအခြား ဖြစ်၍ ဖြစ်သော မိမိဟူသော မိုးရွာခြင်းကြိယာကို အပြင်ထား၍ (ကြဉ်ထား၍, ရောက်ရုံမျှ ကန့်သတ်၍) ဖြစ်၏။ ထို အပိုင်းအခြားမျိုးသည် မရိယာဒ-လျှင် အရာရှိသော အပိုင်းအခြားမျိုး မည်၏။
ပြယုဂ်ပုံစံ အဘယ် ကဲ့သို့နည်းဟူမူကား- “မိုးသည် ပါဋလိပုတ်ပြည်၏ အနီးအစပ်တိုင်အောင် ရွာ၏” ဟူသကဲ့သို့ တည်း။ (ပါဋလိပုတ်ပြည် အစပ်ကနေ ပြောဆိုသူရှိရာ ဒီမှာဘက်အထိ မိုးရွာသည် ဟု ပိုင်းခြားသည်။ ပါဋလိပုတ်ပြည်တွင်းအထိ မိုးမရွာဟု ပိုင်းခြားသည်။)
အကြင် ဗြဟ္မာ့ပြည်တိုင်အောင် စသော အပိုင်းအခြား၏ အဆက်အစပ် သမ္ဗန္ဓီ ဖြစ်သော ပျံ့နှံ့တက်ခြင်း စသော ကြိယာသည် အပိုင်းအခြားဖြစ်သော မိမိဟူသော ပျံ့နှံတက်ခြင်း ကြိယာကို ပျံ့နှံ့စေ၍ အတွင်းထား၍ (ပါဝင်စေ၍) ဖြစ်၏။ ထို အပိုင်းအခြားမျိုးသည် အဘိဝိဓိလျှင် အရာရှိသော အပိုင်းအခြားမျိုး မည်၏။
ပြယုဂ်ပုံစံ အဘယ်ကဲ့သို့နည်းဟူမူကား- “မြတ်စွာဘုရား၏ ကျော်စောသံ ဂုဏ်သတင်းသည် ဗြဟ္မာ့ပြည်တိုင်အောင် (ဗြဟ္မာတစ်ပြည်လုံး) မဆံ့ဘဝဂ် ပျံ့နှံ့တက်၏” ဟူသကဲ့သို့တည်း။
(လူ့ပြည်ရှိ ဗုဒ္ဓ၏ နှလုံးသားကနေ စတင်ပြီး ဗြဟ္မာ့ပြည်တိုင်အောင် ဂုဏ်သတင်း ကျော်စော သည်ဟု ပိုင်းခြားသည်။ ရေရှင်တွင်းမှ ရေများ ပန်းထွက်နေသလိုမျိုး မူရင်းနှင့် အဆက်မပြတ်သော အပိုင်းအခြားမျိုး ဖြစ်သည်။)
မှတ်ယူသင့်သော အပိုင်းအခြားကို ပြဦးအံ့, ဤအာသဝပုဒ် အာ-သဒ္ဒါနေရာ၌ ပိုင်းခြားအပ်သော နယ်အားလုံးတိုင်အောင် ပျံ့နှံ့ခြင်း အတွင်းပြုခြင်း အဘိဝိဓိအရာမျိုးကို မှတ်ယူအပ်၏။ ထို့ကြောင့် “အာသဝတို့သည် ဘဝဂ်ကိုလည်းကောင်း ဂေါတြဘူကိုလည်း ကောင်း ပျံနှံ့စေ၍ အတွင်းထား၍ ယိုစီးတတ်ကုန်၏”ဟူသော ဤအနက်ကို မှတ်ယူအပ်၏။
(ထိုသို့ အဘိဝိဓိအနက်ကို ယူရကျိုးကား အာသဝတို့သည် အခြားလောကီတရားများမှာသာ ယိုစီးသည်မဟုတ်, အချင်းချင်း အပေါ်မှာလည်း ယိုစီးသည်ဟု သိရသည်။)
ဋီကာကျော်
ဋီကာကျော်၂၁၈-၌ကား “အဝဓိသည်လည်း ကြိယာကို ပိုင်းခြားကန့်သတ်သော မရိယာဒအဝဓိ, ကြိယာကို မပိုင်းခြားမကန့်သတ် လွှမ်းမိုးပျံ့နှံ့သော အဘိဝိဓိအဝဓိတို့၏ အစွမ်းဖြင့် နှစ်ပါး အပြားရှိ၏”ဟု ဆို၍ တစ်ဖန် ထိုစကားကို ထင်စွာပြလိုသည်ဖြစ်၍ “ထိုနှစ်ပါးတို့တွင် မိုးသည် ပါဋလိပုတ်ပြည်တိုင်အောင် ရွာ၏” ဤသို့ အစရှိသော ပုံစံတို့၌ကဲ့သို့ ကြိယာကို အပပြု၍ (ကြိယာကို ကြဉ်ထား၍, ကန့်သတ်၍) ဖြစ်သော အပိုင်းအခြားသည် မရိယာဒအဝဓိ-မည်၏။ “ကျော်စောသံသည် ဘဝဂ်တိုင်အောင် လွှမ်းမိုး၍ တက်၏” ဤသို့ အစရှိသော ပုံစံတို့၌ကဲ့သို့ ကြိယာကို (မကန့်သတ်ဘဲ) ပျံ့နှံ့၍ ဖြစ်သော အပိုင်းအခြားသည် အဘိဝိဓိအဝဓိ-မည်၏” ဟူ၍ ဖွင့်ဆို၏။
ထိုအဆိုသည် မသင့်။ မှန်၏, အပိုင်းအခြားအဝဓိအရာဌာနဖြစ်၍ဖြစ်သော ပဓာနမကျသော ဘဝဂ်သည် လောကသုံးပါးကို ပျံ့နှံ့စေတတ်သော မြတ်စွာဘုရား၏ ကျော်စောသံ၏ လွှမ်းမိုး၍ တက်ခြင်းကြိယာကို ပျံနှံ့စေ၍ မဖြစ်။ ထို့ကြောင့် အပိုင်းအခြား အဝိဓိဖြစ်သော ပဓာနမကျသော အနက်သည် ကြိယာကို (သဒ္ဒါကို) အပ၌ ထား၍ လည်းကောင်း အတွင်း၌ ထား၍လည်းကောင်း ဖြစ်၏ဟု ဆိုလိုရာကျသော ဤသို့သော အနက်သဘောသည် သင့်လည်း မသင့်။
စင်စစ် သော်ကား ပဓာနကျသော ကြိယာသည် (သဒ္ဒါသည်)သာလျှင် ထိုအပိုင်းအခြား အဝဓိဖြစ်သော ပဓာနမကျသော အနက်ကို အပြင်၌ ထား၍လည်းကောင်း၊ အတွင်း၌ ထား၍လည်းကောင်း ဖြစ်သည်ဟု ဆိုလိုသော အနက် အဓိပ္ပာယ်သည် သင့်၏။
ဆက်၍ ဆိုဦးအံ့, ဤငါတို့ပြခဲ့သည့်အတိုင်း သဘောထား၍ မူလဋီကာ၌ “အဘိဝိဓိဝိသယ (ကြိယာကို လွမ်းမိုး၍ ဖြစ်တတ်သော အရာဖြစ်သည့် အပါဒါန်ဟု ဆိုအပ်သော အပိုင်းအခြား), အနဘိဝိဓိဝိသယ (ကြိယာကို လွမ်းမိုး၍ မဖြစ်တတ်သော အရာဖြစ်သည့် အပါဒါန်-ဟု ဆိုအပ် သော အပိုင်းအခြား)အားဖြင့် အပိုင်းအခြားအဝိဓိသည် နှစ်ပါးအပြားရှိ၏။
ထိုနှစ်ပါးတို့တွင် အဘိဝိဓိဝိသယအပိုင်းအခြားကို ကြိယာသည် အတွင်း၌ထား၍ ပျံ့နှံ့၍ ဖြစ်၏။ ပုံစံကား- “မြတ်စွာဘုရား၏ အကျော်အစောသည် ဘဝဂ်တိုင်အောင် လွှမ်းမိုး၍ ဖြစ်၏” ဟူသည် တည်း။ အနဘိဓိဝိသယ အပိုင်းအခြားကို ကြိယာသည် အပြင်ဘက်၌ ထား၍ ဖြစ်၏။ ပုံစံကား-ပါဋလိပုတ်ပြည်နားတိုင်အောင်, ဝါ, ပါဋလိပုတ်ပြည်ကို အပြင်ထား၍ မိုးသည် ရွာပြီ” ဟူသည် တည်း။ ဤသို့ သိအပ်၏။
(ကြိယာ-ပုဒ်ကို နပုံလိင်၌ သက်သော ရိရိယ-ပစ္စည်းဟု ကြံ၍ ဋီကာကျော်ပါဠိ၌ ကြိယံကြိယာ သည်-ဟု အနက်ပေး။ အတ္တာနံ-ကြိယာတည်းဟူသော မိမိကိုဟု ကံထည့်၍ ဤကဲ့သို့ အနက်ပေး-ဘာသာပြန်လျှင် မူလဋီကာနှင့် ညီ၏။ လယ်တီဋီကာသည် ထိုမူလဋီကာကို ကိုး၍ အပြစ် တင်သည်။ မန်လည်။)
(ဋီကာကျော်နှင့် ဒီပနီ အယူအဆနှစ်ရပ်၌ ကြိယာကို ကံ-အရာထား၍ ဋီကာကျော်က ကြံပြီး ဒီပနီက ကြိယာကို ကတ္တား-အရာထား၍ ကြံသည်ဟု သိကာ မည်သည့်အဆို သင့်/မသင့် စဉ်းစားရန်။)
ကာမာသဝ
အလိုရှိတတ်သည်ဟူသော အကြောင်းဟိတ်ကြောင့် ကာမမည်၏။ (ကာမရာဂကို ရ၏။) ထိုကာမသည်သာလျှင် အာသဝမည်သည်ဟူသော အကြောင်းဟိတ်ကြောင့် “ကာမာသဝ”မည်၏။
တစ်နည်းကား- ရုန့်ရင်းကြမ်းတမ်းသော ကိလေသာကာမသည် အလိုရှိခံရသည် ဟူသော အကြောင်းဟိတ်ကြောင့် ကာမမည်၏။ (အသုံးအဆောင်ဝတ္ထုကို ရ၏။) အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိအားဖြင့် ငါးပါးသော ကာမဂုဏ်အာရုံကို အဦးပြုသဖြင့် ဟောအပ်သော အလုံးစုံသော ကာမာဝစရဓမ္မမျိုး (ကာမစိတ် ၅၄၊ စေတသိက် ၅၂၊ ရုပ်၂၈) ကို ဒုတိယ ကာမဝိဂြိုဟ် အရ အရကောက်ရ၏။
ဤကာမာသဝနေရာ၌ကား ထိုကာမဟူသော အမည်ဖြင့် (မှတ်သားအပ်သော) ထိုကာမဝတ္ထုလျှင် အာရုံရှိသော (အာရမ္မဏိကကိလေသာ)တဏှာကိုသာလျှင် ကာမအဖြစ် အလိုရှိအပ်၏။
ကာမ ဝတ္ထုလျှင် အာရုံရှိသော လိုချင်တတ်သော ကာမတဏှာသည်သာလျှင် အာသဝမည်သည်ဟူသော အကြောင်းဟိတ်ကြောင့် ကာမာသဝမည်၏။ ကာမာဝစရဓမ္မမျိုးတို့၌ သာယာခြင်း နှစ်သက်ခြင်း၏ အစွမ်းအားဖြင့် ဖြစ်သော ကာမရာဂကို ထိုကာမာသဝပုဒ်အရ အရကောက်အပ်၏။
အရှင်အနုရုဒ္ဓါမထေရ်သည်ကား ကာမာသဝပုဒ်အရ ငုံးတိတိ အာရုံမပါသော ကာမရာဂကို အလိုမရှိ။ “ကာမီယတိ” အစရှိသည်ဖြင့် ငါတို့ ဖွင့်ပြအပ်သော အာရုံပါသည့် အမောက်ပါသည့် ကာမရာဂ ကိုသာလျှင် အလိုရှိတော်မူ၏။
ထိုစကားမှန်၏, “ကာမအမည် ဘဝအမည်ဖြင့် ထိုကာမ, ဘဝဟူသော မှီရာအာရုံရှိသော တဏှာကို အလိုရှိအပ်၏”ဟု နောက်နား၌ မထေရ်ကိုယ်တိုင် မိန့်ဆိုလတ္တံ့။ ဤသို့ မှတ်အပ်၏။
ဋီကာကျော်
ဋီကာကျော်၂၁၈-၌ကား “ကာမသည်သာလျှင် အာသဝမည်သည်ဟူသော အကြောင်းဟိတ် ကြောင့် ကာမာသဝမည်။ ထိုပုဒ်အရ ကာမရာဂကို အရကောက်အပ်၏” ဟု (အာရုံမပါသော ငုံးတိတိ ကာမရာဂအနက်, အာရုံပါသော အမောက်ပါ ကာမရာဂအနက်အားဖြင့် ရှေ့နောက် အနက် နှစ်မျိုးတို့တွင်) ရှေ့အနက်ဖြစ်သော ငုံးတိတိ ကာမရာဂ အရကောက်ကိုသာလျှင် ကာမာသဝပုဒ်အရ ယူရမည်ဟု ဖွင့်ဆိုထား၏။ ထိုဖွင့်ဆိုချက်သည် အနုရုဒ္ဓါမထေရ်၏ ဆိုလိုရင်းသို့ မရောက်ပေ။ အကြောင်းကား အနုရုဒ္ဓါမထေရ်၏ ယူလိုရင်းဖြစ်သည့် ဤနေရာ၌ အလိုရှိအပ်သော ကာမ-ပုဒ်၏ အနက်ကို ဋီကာကျော်ဆရာသည် မဖွင့်ဆိုအပ်သည်၏အဖြစ်ကြောင့်တည်း။
ဘဝါသဝ
“ဘဝါသဝ”ဟူသောပုဒ်၌ ဘဝသည် “ကမ္မဘဝ” ဟူ၍လည်းကောင်း “ဥပပတ္တိဘဝ” ဟူ၍ လည်းကောင်း ဤသို့ နှစ်ပါးအပြားရှိပေ၏။ ထိုဘဝနှစ်ပါးတို့တွင် မဟဂ္ဂုတ်ကုသိုလ်တရားတို့သည် “ကမ္မဘဝ”မည်၏။
ထိုမဟဂ္ဂုတ်ကုသိုလ်ဟူသော “ကမ္မဘဝ”ကြောင့် ဖြစ်ကုန်သော အကျိုးဝိပါက် တရားတို့သည် “ဥပပတ္တိဘဝ”မည်၏။ ဤ “ဘဝါသဝ”ဟူသော နေရာ၌လည်း ဘဝသဒ္ဒါဖြင့် ထိုကမ္မဘဝ, ဥပပတ္တိဘဝနှစ်မျိုးကို အာရုံပြုသော (အာရမ္မဏိကဖြစ်သော) ဘဝတဏှာကိုသာလျှင် အလိုရှိထိုက်၏။
ကမ္မဘဝ, ဥပပတ္တိ ဘဝနှစ်မျိုးကို အာရုံပြုသော ဘဝတဏှာသည်သာလျှင် အာသဝတည်းဟူသော အကြောင်းဟိတ်ကြောင့် “ဘဝါသဝ”မည်၏။ “ဘဝါသဝ”ပုဒ်အရ နှစ်ပါး အပြားရှိသော ထိုဘဝ၌ နိကန္တိ = နှစ်သက်ခြင်း၏ အစွမ်းအားဖြင့် ဖြစ်သော ရူပရာဂ, အရူပရာဂကို အရကောက်အပ်၏။
ဋီကာကျော်
ဋီကာကျော်၂၁၈-၌ကား “မြဲသည်ဟု မြင်သော သဿတဒိဋ္ဌိနှင့် တကွဖြစ်သော ရာဂကိုလည်း ဤဘဝါသဝပုဒ်၌သာလျှင် သိမ်းယူအပ်၏”ဟူသော အကြင်စကားကို ဆိုအပ်ပြီ။ ထိုစကားသည် မသင့်ပေ။ မှန်၏, “ဘဝါသဝသည် လေးပါးကုန်သော (ဒိဋ္ဌိ မပါသည့်) ဒိဋ္ဌိဂတဝိပ္ပယုတ် လောဘ သဟဂုတ်စိတ်တို့၌ ဖြစ်သည်”ဟု အဋ္ဌသာလိနီအဋ္ဌကထာ၌ မိန့်ဆိုထား၏။ ထို့ကြောင့် မသင့်။
ဘဝါသဝအရ လောဘမူ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်လေးခု၌ ရှိသော လောဘကို အရကောက်ရမည်မှ တစ်ပါး ဘဝတဏှာအရ လောဘမူ ဒိဋ္ဌိဂတသမ္ပယုတ်, ဝိပ္ပယုတ်စိတ် ၈-ခုလုံး၌ ရှိသော လောဘကို အရကောက်ယူရမည့် နေရာကို ကျမ်းညှိပြဆိုဦးအံ့,
အကြင်ဓမ္မစကြာပါဠိအဋ္ဌကထာ၌ကား “ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ”ဟူ၍ လာရှိပေ၏။ ထိုပါဠိအဋ္ဌကထာ၌သာလျှင် သဿတဒိဋ္ဌိနှင့် တကွဖြစ်သော ရာဂကိုလည်းကောင်း, အလုံးစုံသော ကုသိုလ်ကမ္မဘဝ အကုသိုလ်ကမ္မဘဝကို သာယာသော နိကန္တိတဏှာကို လည်းကောင်း, အလုံးစုံ သော ဥပပတ္တိဘဝကို တောင့်တသော ပတ္ထနာလောဘကိုလည်းကောင်း ဟောတော်မူအပ်ပြီ။ ထိုတဏှာအလုံးစုံကို “ဘဝတဏှာ”၌ သိမ်းယူမှ သင့်မြတ်၏။
ဤအာသဝဒေသနာ၌ကား အဋ္ဌကထာ၌ အကြင်ဖွင့်ပြတိုင်းသော (လောဘမူဒိဋ္ဌိဂတဝိပ္ပယုတ် စိတ်လေးခု၌ ရှိသော ရူပရာဂ-အရူပရာဂဟု ဆိုအပ်သော) ဘဝါသဝကို ချန်ထား၍ အလုံးစုံသော ဒိဋ္ဌိနှင့်ယှဉ်သော, မယှဉ်သော လောဘကို ကာမာသဝ၌သာလျှင် ရေတွက်အပ်၏ဟု ယူမှ သင့်မြတ်၏။
ဋီကာကျော်
“ဘဝါသဝသည် လေးပါးကုန်သော (ဒိဋ္ဌိ မပါသည့်) ဒိဋ္ဌိဂတဝိပ္ပယုတ် လောဘသဟဂုတ်စိတ်တို့၌ ဖြစ်သည်”ဟူသော အဋ္ဌသာလိနီကျမ်းကိုးစသည့် ဤပါဠိစကားရပ်ဖြင့်လျှင် ထိုဋီကာကျော်၂၁၈-၌ “တတိယရာဂသည် (ဒိဋ္ဌိပါသည့်) သဿတဒိဋ္ဌိနှင့် တကွဖြစ်သော ရာဂဟုလည်း ဆိုအပ်သော ဘဝဒိဋ္ဌိနှင့် တကွဖြစ်သော ရာဂတည်း” ဟူသော အကြင်စကားကိုလည်း ဆိုအပ်ပြီ။ ထိုစကား ကိုလည်း ပယ်အပ်၏။
(ဘဝါသဝအရ ဒိဋ္ဌိ-ယူနေသမျှ ဋီကာကျော်မှားသည်ဟု ဆိုလိုသည်။)
(အထက်ပါ ဋီကာကျော်အဆို ၃-ခုကို ပယ်ရာ၌ ဋီကာကျော်စကားသည် သုတ်ပါထေယျ အဋ္ဌကထာနှင့် ညီ၏။ ပဏိဓိသုတ် ပြောသည်၊ ထင်ရှားသည်။ မန်လည်။)
ဒိဋ္ဌာသဝ
အလုံးစုံသော ဒိဋ္ဌိဟူသရွေ့သည် “ဒိဋ္ဌာသဝ”မည်၏။
အဝိဇ္ဇာသဝ
အလုံးစုံသော မောဟဟူသရွေ့သည် “အဝိဇ္ဇာသဝ”မည်၏။
မာနစသည်တို့ကို အာသဝဟု မဟောရခြင်းအကြောင်း
ဤနေရာ၌ ဝေဖန်ချက် အခြင်းအရာ စောဒနာသည် ဖြစ်ရာ၏။ အဘယ့်ကြောင့် ဤ လောဘ, ဒိဋ္ဌိ, မောဟတို့ကိုသာလျှင် “အာသဝ”တို့ဟူ၍ ဆိုအပ်ကုန်သနည်း။ မာန အစရှိသည်တို့သည်လည်း ကြာမြင့်စွာထုံအပ်သော အနက်သဘောအစရှိသည်တို့နှင့် ယှဉ်ကုန်သည်သာလျှင် မဟုတ်လော။ ထို့ကြောင့် မာန အစရှိသည်တို့ကိုလည်း “အာသဝ”တို့ဟူ၍ ဆိုသင့်၏။ ဤသည်ကား စောဒနာ တည်း။
ထိုစောဒနာချက် မှန်ပေ၏။ သို့သော် ဤအာသဝတို့တွင် ကာမာသဝသည် စိတ်ကို ထုံသည်ရှိသော် အလုံးစုံကုန်သော ကာမတရားလျှင် တည်ရာရှိကုန်သော မာန အစရှိသည်တို့သည် ထုံကုန်သည် သာလျှင် ဖြစ်ကုန်၏။ ထိုကာမာသဝသည် စိတ်မှ လွတ်သည်ရှိသော် အလုံးစုံကုန်သော ကာမတရားလျှင် တည်ရာရှိကုန်သော မာန အစရှိသည်တို့သည် စိတ်မှ လွတ်ကုန်သည်သာလျှင် ဖြစ်ကုန်၏။
ထို့အတူ ဘဝါသဝသည် စိတ်ကို ထုံသည်ရှိသော် ဘဝလျှင် အာရုံရှိကုန်သော မာနအစရှိသည် တို့သည် ထုံကုန်သည်သာလျှင် ဖြစ်ကုန်၏။ ထိုဘဝါသဝသည် စိတ်မှ လွတ်သည်ရှိသော် အလုံးစုံ ကုန်သော ဘဝလျှင် တည်ရာရှိကုန်သော မာနအစရှိသည်တို့သည် စိတ်မှ လွတ်ကုန်သည် သာလျှင် ဖြစ်ကုန်၏။
ဒိဋ္ဌာသဝသည်လည်း စိတ်ကို ထုံသည်ရှိသော် ဒိဋ္ဌိလျှင် တည်ရာရှိကုန်သော ဝိစိကိစ္ဆာအစရှိသည် တို့သည် ထုံကုန်သည်သာလျှင် ဖြစ်ကုန်၏။ ထိုဒိဋ္ဌာသဝသည် စိတ်မှ လွတ်သည်ရှိသော် အလုံးစုံကုန်သော ဒိဋ္ဌိလျှင် တည်ရာရှိကုန်သော ဝိစိကိစ္ဆာအစရှိသည်တို့သည် စိတ်မှ လွတ်ကုန် သာလျှင် ဖြစ်ကုန်၏။ ဤသို့ အကျယ်ချဲ့၍ သိအပ်၏။
အဝိဇ္ဇာသည်ကား ထိုကာမာသဝ, ဘဝါသဝ, ဒိဋ္ဌာသဝသုံးပါးတို့၏လည်း အရင်းမူလ ဖြစ်၏။ ထို့ကြောင့် အဝိဇ္ဇာသဝ ထုံသော် ကျန်အကုသိုလ်မှန်သမျှ လိုက်ထုံကုန်၏။
အဝိဇ္ဇာသည် စိတ်မှ လွတ်သည်ရှိသော် ကျန်အကုသိုလ်မှန်သမျှ စိတ်မှ လိုက်လွတ်ကုန်၏။ ထို့ကြောင့် ဤလောဘ စသည်တို့သည်သာလျှင် ကြာမြင့်စွာ ထုံခြင်း အစရှိသည်တို့၌ ပဓာန ဖြစ်ကုန်၏။
ဤအာသဝ တရားကိုယ် ၃-ပါးမှ တစ်ပါးသော မာနအစရှိသည်တို့သည်ကား ထိုအာသဝတရားကိုယ် ၃-ပါး တို့သို့ အစဉ်ဖွဲ့သော နောက်လိုက် နောက်ပါမျှတို့သည်သာလျှင် ပြည့်စုံကုန်၏။ ထို့ကြောင့် ထိုမာနစသော တရားတို့သည် “အာသဝ” တို့ဟူ၍ သီးသန့်ဆိုခြင်းငှာ မထိုက်ကုန်ဟု သိအပ်၏။
သြဃလေးပါးအဖွင့်
၄။ မိမိဟု ဆိုအပ်သော ဝဲသြဃ၌ ကျသော သတ္တဝါအပေါင်းကို ထွက်သက်ဝင်သက်ကင်းသည်ကို ပြု၍ လွှမ်းမိုးလျက် ညှင်းဆဲသတ်ဖြတ် သေစေတတ်သည်ဟူသော အကြောင်းဟိတ်ကြောင့် “သြဃ” မည်၏။
ထိုသြဃဝိဂြိုလ်အရ ပကတိရေအလျဉ်ကို ရ၏။ ထိုရေအလျဉ်အခြင်းအရာ အားဖြင့် လွှမ်းမိုးညှဉ်းဆဲသတ်ဖြတ်တတ်သော အနက်သဘောကြောင့်လည်းကောင်း, ကူးခပ် နိုင်ခဲသော အနက်သဘောကြောင့်လည်းကောင်း ရေအလျဉ်သြဃနှင့် တူကုန်သည်ဟူသော အကြောင်းဟိတ်ကြောင့် လောဘ, ဒိဋ္ဌိ, မောဟတို့သည် “သြဃ”မည်ကုန်၏။
လွှမ်းမိုးညှဉ်းဆဲသတ်ဖြတ်တတ်သော အနက်သဘောကြောင့်လည်းကောင်း, ကူးခပ်နိုင်ခဲသော အနက်သဘောကြောင့် လည်းကောင်း ဤလောဘ, ဒိဋ္ဌိ, မောဟတို့သည်သာ သြဃ မည်ကုန်ငြားအံ့။ ဤသို့အစရှိသော လျဉ်းပါးဖွယ်ရာ စောဒနာအမေးကို လည်းကောင်း မာန အစ ရှိသည်တို့၏ သြဃအဖြစ်မှ ရှောင်လွှဲခြင်းအဖြေကို လည်းကောင်း ရှေးအာသဝအဖွင့်၌ ဆိုအပ်ပြီးသောနည်းဖြင့် သိအပ်၏။
ယောဂလေးပါးအဖွင့်
၅။ အကြောင်း ကမ္မဝဋ် ကိလေသဝဋ် နှစ်ပါးကြောင့် လည်တတ်သော အကျိုး ဝိပါကဝဋ်၌ လည်းကောင်း, အဝိဇ္ဇာသင်္ခါရ အစရှိသော ဘဝတည်းဟူသော စက်ယန္တရား၌ လည်းကောင်း သတ္တဝါတို့ကို ယှဉ်စေတတ်ကုန်သည်ဟူသော အကြောင်းဟိတ်ကြောင့် လောဘ, ဒိဋ္ဌိ, မောဟ တို့သည် ယောဂမည်၏။
ဂန္ထလေးပါးအဖွင့်
၆။ ရှေ့ဘဝတစ်ပါး၌ ဖြစ်သော စုတိစိတ်နှင့်တကွ နောက်ဘဝတစ်ပါး၌ ဖြစ်သော ပဋိသန္ဓေစိတ်ကို စပ်တတ်ကုန်သည်ဟူသော အကြောင်းဟိတ်ကြောင့် “ဂန္ထ” မည်ကုန်၏။
“အဘိဇ္ဈာကာယဂန္ထော”ဟူသောပုဒ်၌ အကြင်ကြောင့် “အဘိဇ္ဈာ” ဟူသော ဤအမည်သည် အလုံးစုံသော ရာဂ၏အမည် ဖြစ်၏။ ထို့ကြောင့် ရူပရာဂ အရူပရာဂတို့ကိုလည်း ဤ အဘိဇ္ဈာကာယဂန္ထ၌ သိမ်းယူအပ်ကုန်သည်ဟု မှတ်အပ်ကုန်၏။
“ဗျာပါဒေါကာယဂန္ထော”ဟူသောပုဒ်၌ “ဗျာပါဒ”ဟူသည်ကား အလုံးစုံသော ဒေါသသည်သာလျှင် တည်း။
“ဣဒံသစ္စာဘိနိေဝသောကာယဂန္ထော”ဟူသောပုဒ်၌ “ဣဒံသစ္စာဘိနိဝေသ” ဟူသည်ကား “ဤ ငါ၏အယူသည်သာလျှင် မှန်၏, တစ်ပါးသော သူ၏ အယူသည် အချည်းအနှီးတည်း”ဟု ဖြစ်သော မှားသောအားဖြင့် နှလုံးသွင်းခြင်းတည်း။
“သီလဗ္ဗတပရာမာသောကာယဂန္ထော” ဟူသောပုဒ်၌ “သီလဗ္ဗတပရာမာသ” ဟူသည်ကား ဝဋ်ဆင်းရဲမှ လွတ်ခြင်း၏အကြောင်း မဟုတ်သည်သာလျှင် ဖြစ်သော နွားသီလ, နွားအကျင့် အစ ရှိသည်ကို မှားသောအားဖြင့် သုံးသပ်ခြင်းတည်း။ ထိုသုံးသပ် ခြင်းဟူသည် ဝဋ်ဒုက္ခမှ လွတ်ကြောင်း ဟူသော ထိုထိုအခြင်းအရာအားဖြင့် ကြံဆ၍ ယူခြင်းတည်း။
ဤ “မှားသောအားဖြင့် သုံးသပ်ခြင်း”စသောအဖွင့်၌ “မှားသောအားဖြင့်” ဟူသည်ကား ဟုတ်မှန်သော သဘော၏ ဆန့်ကျင်ဘက်အားဖြင့်။ ဤသည်ကား အနက်တည်း။
“ကာယဂန္ထော”ဟူသောပုဒ်၏အဖွင့်ကို ဆိုဦးအံ့, “ကာယ”သဒ္ဒါသည် အလုံးစုံသော ရူပကာယ၌ လည်းကောင်း နာမကာယ၌လည်းကောင်း ဖြစ်သောကြောင့် လောဘ, ဒေါသ, ဒိဋ္ဌိ-ဟူသော သဘာဝ ၃-ခုသည် အတိတ်ရုပ်နာမ်ကာယနှင့် ပစ္စုပ္ပန်ရုပ် နာမ်ကာယကိုလည်းကောင်း, ပစ္စုပ္ပန်ရုပ်နာမ် ကာယနှင့် အနာဂတ်ရုပ်နာမ်ကာယကို လည်းကောင်း စပ်တတ်သည်ဟူသော အကြောင်းဟိတ် ကြောင့် “ကာယဂန္ထ”မည်၏။
(ကာယ+ကာယ+ဂန္ထဟူလိုလျက် အလယ် ကာယတစ်ပုဒ် ကျေသည်။)
တစ်နည်းကား ရုပ်နာမ်ကာယ၌ ဖြစ်သော လောဘ, ဒေါသ, ဒိဋ္ဌိ-အထုံးအဖွဲ့တည်းဟူသော အနက်ကြောင့် “ကာယဂဏ္ဌ”မည်၏။ ကိုယ်တွင်း၌ဖြစ်သော လောဘ, ဒေါသ, ဒိဋ္ဌိ-အထုံးအဖွဲ့မျိုး တည်း။ ဤသည်ကား “ကာယဂဏ္ဌ” ဟူသောပုဒ်၏ အနက်တည်း။ “နာဋ၏သားဖြစ်သော အနှောင်အဖွဲ့မဲ့ “နိဂဏ္ဌ” အစရှိသည်တို့၌ကဲ့သို့ ဂဏ္ဌသဒ္ဒါသည် အထုံးအဖွဲ့အနက်၌ ဖြစ်၏။ (ဂဏ္ဌကို ဂန္ထပြု၍ ပုဒ်ပြီးသည်။)
ဥပါဒါန်လေးပါးအဖွင့်
၇။ ပြင်းထန်စွာ ယူတတ်ကုန်, မလွှတ်သော အခြင်းအရာအားဖြင့် ယူတတ်ကုန်သည်ဟူသော အကြောင်းဟိတ်ကြောင့် “ဥပါဒါန်”တို့ မည်ကုန်၏။
ကိလေသာအပူအလောင် ဖြစ်၍ဖြစ်သော “ကာမ”သည်ပင်လျှင် “ဥပါဒါန်” မည်သည်ဟူသော အကြောင်းဟိတ်ကြောင့် “ကာမုပါဒါန်”မည်၏။ တစ်နည်းကား စွဲလမ်းစရာဝတ္ထုဖြစ်၍ဖြစ်သော ကာမကို လွန်စွာ စွဲလမ်းတတ်သည်ဟူသော အကြောင်းဟိတ်ကြောင့် “ကာမုပါဒါန်”မည်၏။
သဿတ, ဥစ္ဆေဒအားဖြင့် ၆၂-နှစ်ပါးသော ဒိဋ္ဌိတို့သည်လည်းကောင်း အကြိယ, အဟေတုက, နတ္ထိကအားဖြင့် ၃-ပါးသော မဟာဒိဋ္ဌိတို့သည်လည်းကောင်း ထိုဒိဋ္ဌိ ၆၂-ပါး၊ မဟာဒိဋ္ဌိ ၃-ပါးတို့မှ တစ်ပါးလည်းဖြစ်ကုန်သော ထိုထိုသုတ္တန်ဒေသနာ ပရိယတ္တိသာသနာတော်၌ လည်းကောင်း လောက၌လည်းကောင်း ရှုမြင်အပ်ကုန်သော ဖောက်ပြန်သော အယူ ဖြစ်ကုန်သော ဒိဋ္ဌိတို့သည် လည်းကောင်း “ဒိဋ္ဌုပါဒါန်”မည်၏။ (ဒိဋ္ဌိဝတ္ထုတို့၌ မြဲမြံစွာ ယူတတ်သော အနက်ကြောင့် ဒိဋ္ဌိတို့သည်သာလျှင် ဒိဋ္ဌုပါဒါန်မည်၏ ဟူလို။)
တစ်နည်းကား ယူမြဲတိုင်းသော ရှေ့အယူအဆကို “ငါ၏ ဤအယူအဆသည်သာလျှင် မှန်၏, တစ်ပါးသောသူတို့၏ အယူအဆသည် အချည်းနှီး အလကား”ဟု စွဲယူတတ်သည်ဟူသော အကြောင်းဟိတ်ကြောင့် “ဒိဋ္ဌုပါဒါန်”မည်၏။
နွားခွေးအစရှိသည်တို့၏ ထိုထိုပင်ကိုအကျင့်သည် “သီလ”မည်၏။ ထိုပင်ကိုယ် သီလသည်ပင်လျှင် သေချာစွာ ကောင်းစွာယူအပ် ဆောက်တည်အပ်သည် ရှိသော် အကျင့် “ဝတ”မည်၏။ ထိုသီလဝတနှစ်ပါးစုံသည် သံသရာမှ လွတ်ခြင်း၏ လမ်းစဉ် တည်းဟု မြဲမြံစွာ ယူခြင်းသည် “သီလဗ္ဗတုပါဒါန်”မည်၏။
“အတ္တဝါဒုပါဒါန်”ဟူသော ဤပုဒ်၌ တွေးခေါ်သိမြင်သော မိစ္ဆာဉာဏ်ဖြင့် ယူအပ်သော တစ်ခုခုသော သတ္တဝါ၏ သန္တာန်၌ ပြဋ္ဌာန်းသော အစိုးရဖြစ်သော ဝတ္ထု, အစွမ်းသတ္တိကို “အတ္တ”ဟူ၍ ဆိုအပ်၏။ ယင်း “အတ္တ”ကို လောကီလူအများတို့သည် “သတ္တဝါ” ဟူ၍ လည်းကောင်း၊ ပုဂ္ဂိုလ်ဟူ၍ လည်းကောင်း၊ “ဇီဝ”ဟူ၍လည်းကောင်း၊ “တထာဂတ” ဟူ၍ လည်းကောင်း “လောက”ဟူ၍ လည်းကောင်း သိမှတ်ကုန်၏။
သိမှတ်ကုန်သည်မှတစ်ပါး ထုတ်ဖော်ပညတ်ကုန်သည်ကို ဆိုဦးအံ့, ယင်းအတ္တကို အမျိုးမျိုးသော တိတ္ထိဆရာတို့သည် လောကအလုံးစုံကို အစိုးရသော ဗြဟ္မာ ထာဝရ ဘုရားသခင်က ကမ္ဘာဦး ကာလ၌ ဖန်ဆင်းထားသော ကိုယ်ပွားအဖြစ်လည်းကောင်း, အကြောင်းကင်း၍ ဖြစ်ပေါ်သော ဝတ္ထုအဖြစ်လည်းကောင်း, ဘဝအဆက်ဆက်တို့၌ စင်စစ် မြဲသော ဝတ္ထုအဖြစ် လည်းကောင်း, အချို့သာမြဲသော ဝတ္ထုအဖြစ်လည်းကောင်း, သေလျှင် ဘဝပြတ်သော ဝတ္ထုအဖြစ်လည်းကောင်း ထုတ်ဖော်ပညတ်ကုန်၏။ (မိစ္ဆာဒိဋ္ဌိ ၆၂-ပါး ရှု။)
ထိုအသိအမှတ်ပြု ထုတ်ဖော်ပညတ်ထားသော အတ္တကို ဤဒိဋ္ဌိဖြင့် သတ္တဝါတို့သည် အလွန်အကြူး အထူးလည်း ဆိုကုန်သည်, လွန်စွာလည်း စွဲလန်းကုန်သည်ဟူသော အကြောင်းဟိတ်ကြောင့် “အတ္တဝါဒုပါဒါန်”မည်၏။ ထိုအတ္တဝါဒုပါဒါန်ပုဒ်အရ ၂၀-အပြားရှိသော သက္ကာယဒိဋ္ဌိကို ယူအပ်၏။
ထို “အတ္တဝါဒုပါဒါန်”ခက်ဆစ်အဖွင့်၌ “အလွန်အကြူး အထူးဆိုကုန်သည်” ဟူသည်ကား ထူးသည်ကို ပြဋ္ဌာန်းသည်ကို ပြု၍ ဆို၏။ (အထူး အဓိကထား၍ ဆို၏။) “လွန်စွာ စွဲလန်း ကုန်သည်” ဟူသည်ကား ခိုင်မြဲစွာ ယူကုန်၏။ ဤသို့ ထပ်ဆင့်အဖွင့်ကို သိအပ်၏။
ထိုအတ္တဝါဒနှင့် စပ်၍ ဘုရားရှင် အဘယ်ကဲ့သို့ ဟောတော်မူသနည်းဟူမူကား “ထိုတွင် အဘယ်သည် သက္ကာယဒိဋ္ဌိ (ပရမတ္ထအားဖြင့် ထင်ရှားရှိသော ရုပ်နာမ်ကာယ၌ အာရုံပြုသော အားဖြင့် ဖြစ်သော ဒိဋ္ဌိ၊ တစ်သီးပုဂ္ဂလကိုယ်၌ အာရုံပြုသောအားဖြင့် ဖြစ်သော ဒိဋ္ဌိ) မည်သနည်း။ ဤသာသနာတော်၌ အကြားအမြင် နည်းပါးသော, အရိယာတို့ကို ဖူးမြင်လေ့မရှိသော, အရိယာ တရား၌ မလိမ္မာသော အရိယာတရား၌ မဆုံးမအပ်သော, သူတော်ကောင်းတို့ကို ဖူးမြင်လေ့ မရှိသော, သူတော်ကောင်းတရား၌ မလိမ္မာသော, သူတော်ကောင်းတရား၌ မဆုံးမအပ်သော ပုထုဇဉ်သည်-
ရုပ်ကို အတ္တအားဖြင့် ကောင်းစွာ အဖန်တလဲလဲ ရှုမြင်၏။
ရုပ်ရှိသော အတ္တကိုလည်း ကောင်းစွာ အဖန်တလဲလဲ ရှုမြင်၏။
အတ္တ၌ ရုပ်ဟုလည်း ကောင်းစွာ အဖန်တလဲလဲ ရှုမြင်၏။
ရုပ်၌ အတ္တဟုလည်း ကောင်းစွာ အဖန်တလဲလဲ ရှုမြင်၏။
ဝေဒနာကို အတ္တအားဖြင့် ကောင်းစွာ အဖန်တလဲလဲ ရှုမြင်၏။
ဝေဒနာရှိသော အတ္တကိုလည်း ကောင်းစွာ အဖန်တလဲလဲ ရှုမြင်၏။
အတ္တ၌ ဝေဒနာဟုလည်း ကောင်းစွာ အဖန်တလဲလဲ ရှုမြင်၏။
ဝေဒနာ၌ အတ္တဟုလည်း ကောင်းစွာ အဖန်တလဲလဲ ရှုမြင်၏။
သညာကို အတ္တအားဖြင့် ကောင်းစွာ အဖန်တလဲလဲ ရှုမြင်၏။
သညာရှိသော အတ္တကိုလည်း ကောင်းစွာ အဖန်တလဲလဲ ရှုမြင်၏။
အတ္တ၌ သညာဟုလည်း ကောင်းစွာ အဖန်တလဲလဲ ရှုမြင်၏။
သညာ၌ အတ္တဟုလည်း ကောင်းစွာ အဖန်တလဲလဲ ရှုမြင်၏။
သင်္ခါရတို့ကို အတ္တအားဖြင့် ကောင်းစွာ အဖန်တလဲလဲ ရှုမြင်၏။
သင်္ခါရတို့ရှိသော အတ္တကိုလည်း ကောင်းစွာ အဖန်တလဲလဲ ရှုမြင်၏။
အတ္တ၌ သင်္ခါရတို့ဟုလည်း ကောင်းစွာ အဖန်တလဲလဲ ရှုမြင်၏။
သင်္ခါရတို့၌ အတ္တဟုလည်း ကောင်းစွာ အဖန်တလဲလဲ ရှုမြင်၏။
ဝိညာဏ်ကို အတ္တအားဖြင့် ကောင်းစွာ အဖန်တလဲလဲ ရှုမြင်၏။
ဝိညာဏ်ရှိသော အတ္တကိုလည်း ကောင်းစွာ အဖန်တလဲလဲ ရှုမြင်၏။
အတ္တ၌ ဝိညာဏ်ဟုလည်း ကောင်းစွာ အဖန်တလဲလဲ ရှုမြင်၏။
ဝိညာဏ်၌ အတ္တဟုလည်း ကောင်းစွာ အဖန်တလဲလဲ ရှုမြင်၏”ဟု ဟောတော်မူထား၏။
ထိုဝိဘင်းပါဠိတော်၌- “ရုပ်ကို အတ္တအားဖြင့် ကောင်းစွာ အဖန်တလဲလဲ ရှုမြင်၏”ဟူသည်ကား ရုပ်ကိုသာလျှင် အတ္တကောင်ဟူ၍ ယူ၏။ “ရုပ်ရှိသော အတ္တကိုမူလည်း ကောင်းစွာ အဖန်တလဲလဲ ရှုမြင်၏”ဟူသည်ကား ငါ၏ အတ္တကောင်သည် ရုပ်ရှိသည်ဟု ယူ၏။ “အတ္တ၌ ရုပ်ကိုလည်း ကောင်းစွာ အဖန်တလဲလဲ ရှုမြင်၏”ဟူသည်ကား အတ္တကောင်ကို အစွဲပြု၍ ရုပ်သည် တည်၏ဟု ယူ၏။ “ရုပ်၌ အတ္တကောင်ကို ကောင်းစွာ အဖန်တလဲလဲ ရှုမြင်၏”ဟူသည်ကား ရုပ်ကို အစွဲပြု၍ အတ္တကောင်သည် တည်၏ဟု ယူ၏။
ရုပ်၌ သက္ကာယဒိဋ္ဌိ ဖြစ်ပုံ ၄-မျိုး
အဘယ်သို့ အကျယ်သိအပ်သနည်းဟူမူ- ရူပကာယကို ရည်ရွယ်၍ ယနေ့ ငါသည် ခက်မာသည် ဟူ၍လည်းကောင်း, ယနေ့ ငါသည် နူးညံ့သည်ဟူ၍ လည်းကောင်း ပြောဆိုသောသူသည် မြေ ပထဝီဟု ဆိုအပ်သော ရုပ်ကို အတ္တကောင်အားဖြင့် ကောင်းစွာ အဖန်တလဲလဲ ရှုသည်မည်၏။
ယနေ့ ငါ၏ ရုပ်ကိုယ်သည် ခက်မာသည်ဟူ၍လည်းကောင်း, နူးညံ့သည်ဟူ၍ လည်းကောင်း ပြောဆိုသော သူသည် ရုပ်ပထဝီစသည်ကို ရုပ်, ၎င်းရုပ်မှ ကြွင်းသော နာမ်ခန္ဓာတရားတို့ကို အတ္တဟု ယူ၍, တစ်နည်း ရုပ်နာမ်ခန္ဓာငါးပါးမှ လွတ်သော ပညတ် ဓမ္မာရုံကို အတ္တဟု ယူ၍ ရုပ်ပထဝီရှိသော ထိုအတ္တကောင်ကို ကောင်းစွာ အဖန်တလဲလဲ ရှုသည်မည်၏။
ယနေ့ ခက်မာသည့်သဘောသည်လည်းကောင်း, နူးညံ့သည့်သဘောသည် လည်းကောင်း ငါ၌ ဖြစ်၏ဟူ၍ ပြောဆိုသောသူသည် အတ္တကောင်၌ မြေဓာတ်(ရုပ်)ကို ကောင်းစွာ အဖန်တလဲလဲ ရှုသည်မည်၏။
ယနေ့ ငါသည် ခက်မာသည့်သဘော၌ တည်၏။ နူးညံ့သည့်သဘော၌ တည်၏ဟူ၍ ပြောဆိုသော သူသည် မြေဓာတ်(ရုပ်)၌ အတ္တကောင်ကို ကောင်းစွာ အဖန်တလဲလဲ ရှုသည်မည်၏။
ဤဆိုအပ်ခဲ့သည်ကား မြေ၌ လေးပါးသော အခိုက်အတန့်ရှိသော သက္ကာယဒိဋ္ဌိ၏ ဖြစ်ပုံ အခြင်အရာတည်း။ ကြွင်းရုပ် ၂၇-ပါးတို့၌ ဖြစ်သင့်သည်အားလျော်စွာ သက္ကာယဒိဋ္ဌိ၏ ဖြစ်ပုံကို ဆိုအပ်၏။
ရုပ်၂၈-ပါးလုံးတို့၌ သက္ကာယဒိဋ္ဌိ ဖြစ်သည်ဟူသော စကားသည် မှန်၏, “ယခု ငါ သေဆဲ၊ ငါ သေရလိမ့်မည်” အစရှိသည်ဖြင့် ရုပ်အစစ်မဟုတ်သော (ရုပ်၂၈-ပါးတို့တွင် နောက်ဆုံး ဖြစ်သည့်) အနိစ္စတာဟူသော အနိပ္ဖန္နရုပ်၌လည်း ထိုသက္ကာယဒိဋ္ဌိသည် ဖြစ်သည်သာလျှင်တည်း။ ကြွင်းသော ရုပ်အစစ် နိပ္ဖန္နရုပ်, ရုပ်အတု အနိပ္ဖန္နတို့၌ ဆိုဖွယ် မရှိတော့ပေ။ ဤသို့ ရုပ်၌ သက္ကာယဒိဋ္ဌိ ဖြစ်ပုံ ၄-မျိုးကို သိအပ်၏။
ဝေဒနာ၌ သက္ကာယဒိဋ္ဌိ ဖြစ်ပုံ ၄-မျိုး
ဝေဒနာကို စားသုံးကုန်သော သတ္တဝါတို့သည် ဤမည်သောအာရုံကို ငါသည် ရှေ့အတိတ်၌ ကောင်းစွာ သုံးဆောင်ခံစားဖူးပြီ၊ ယခုပစ္စုပ္ပန်၌ ကောင်းစွာ သုံးဆောင်ခံစားဆဲ၊ နောက်အနာဂတ်၌ ကောင်းစွာ သုံးဆောင်ခံစားလတ္တံ့ဟုလည်းကောင်း, ငါ ချမ်းသာသို့ ရောက်၏၊ ငါဆင်းရဲသို့ ရောက်၏ဟုလည်းကောင်း ခံစားမှု ဝေဒနာကို အတ္တကောင်အားဖြင့် ကောင်းစွာ အဖန်တလဲလဲ ရှုသည်မည်၏။
ယနေ့ ငါ၏ ကိုယ်သည် ချမ်းသာသို့ ရောက်သည်၊ ဆင်းရဲသို့ ရောက်သည်ဟူ၍ လည်းကောင်း, ငါ၏ စိတ်သည် ချမ်းသာသို့ ရောက်သည်၊ ဆင်းရဲသို့ ရောက်သည်ဟူ၍ လည်းကောင်း ဝေဒနာရှိသော အတ္တကောင်ကို ကောင်းစွာ အဖန်တလဲလဲ ရှုသည် မည်၏။
ယနေ့ ချမ်းသာခြင်းသည်လည်းကောင်း, ဆင်းရဲခြင်းသည်ကောင်း ငါ၌ ဖြစ်ပေါ်၏ဟု အတ္တကောင်၌ ဝေဒနာကို ကောင်းစွာ အဖန်တလဲလဲ ရှုသည် မည်၏။
ယနေ့ ငါသည် ချမ်းသာသည်၏အဖြစ်၌ တည်၏၊ ဆင်းရဲသည်၏ အဖြစ်၌ တည်၏ဟု ဝေဒနာ၌ အတ္တကောင်ကို ကောင်းစွာ အဖန်တလဲလဲ ရှုသည်မည်၏။ ဤသို့ ဝေဒနာ၌ သက္ကာယဒိဋ္ဌိ ဖြစ်ပုံ ၄-မျိုးကို သိအပ်၏။
သညာနှင့် သင်္ခါရအတွက် မှာကြားချက်
အမှတ်ပြု၍ သိခြင်း သညာစေတသိက် သညာက္ခန္ဓာ၌လည်းကောင်း, အလုံးစုံကုန်သော ငါးဆယ်မျှ အတိုင်းအရှည်ကုန်သော သင်္ခါရစေတသိက် သင်္ခါရက္ခန္ဓာတို့၌ လည်းကောင်း အသီး အသီး အကျယ်ချဲ့၍ ဆိုအပ်၏။
ဝိညာဏ်၌ သက္ကာယဒိဋ္ဌိ ဖြစ်ပုံ ၄-မျိုး
ငါသည် မြင်၏ဟု မြင်သိစိတ် = စက္ခုဝိညာဏ်ကို အတ္တကောင်အားဖြင့် ကောင်းစွာ အဖန်တလဲလဲ ရှု၏။
ငါ၏ မြင်ခြင်းကိစ္စတည်းဟု မြင်သိစိတ် = စက္ခုဝိညာဏ်ရှိသော အတ္တကောင်ကို ကောင်းစွာ အဖန်တလဲလဲ ရှု၏။
ငါ၌ မြင်ခြင်းကိစ္စမည်သည် ရှိ၏ဟု အတ္တကောင်၌ မြင်သိစိတ် = စက္ခုဝိညာဏ်ကို ကောင်းစွာ အဖန်တလဲလဲ ရှု၏။
ငါသည် မြင်ခြင်းကိစ္စ၌ စွမ်းနိုင်၏ဟု မြင်သိစိတ် = စက္ခုဝိညာဏ်၌ အတ္တကောင်ကို ကောင်းစွာ အဖန်တလဲလဲ ရှု၏။
ကြွင်းကုန်သော သောတဝိညာဏ်စသော စိတ်ဝိညာဏ်ငါးပါးတို့၌လည်း ဤကဲ့သို့သော နည်းကို သိအပ်၏။
ခန္ဓာငါးပါး, တစ်ပါးပါး၌ သက္ကာယဒိဋ္ဌိ ဖြစ်ပုံ
ငါသည် ဖြစ်၏၊ ငါသည် တစ်ယောက်သော သတ္တဝါတည်း၊ တစ်ယောက်သော ပုဂ္ဂိုလ်တည်း၊ တစ်ယောက်သော ဇီဝတည်း၊ တစ်ယောက်သော လောကတည်း၊ တစ်ယောက်သော လူ၊ နတ်၊ သိကြား၊ ဗြဟ္မာတည်းဟုလည်းကောင်း, ငါ သွား၏၊ ငါ ရပ်၏၊ ငါ ထိုင်၏၊ ငါ အိပ်၏၊ ငါ ကွေး၏၊ ငါ ဆန့်၏ဟုလည်းကောင်း အစရှိသည်ဖြင့် ခန္ဓာငါးပါးအပေါင်းကို ဖြစ်စေ, ခန္ဓာငါးပါးတို့တွင် တစ်ခုခုသော ခန္ဓာကို ဖြစ်စေ အပေါင်းအားဖြင့် ယူ၍ အတ္တဒိဋ္ဌိ ဖြစ်ခြင်းကိုလည်း ဆိုအပ်၏။
မှန်၏, ဉာတပရိညာ အစရှိသည်တို့၏ အစွမ်းဖြင့် ပိုင်းခြား၍ မသိအပ်သော ခန္ဓာငါးစု ဝတ္ထုရှိကုန်သော, တမုဟုတ်ဖြစ်သော အခါမျှ၌လည်း အမှတ်မရှိသော မိမိ၏ လည်းကောင်း သူတစ်ပါး၏လည်းကောင်း အလုံးစုံသော အတ္တနှင့် စပ်ယှဉ်သော စကားကို ပြောဆိုကုန်သော သူတို့၏ စိတ်သည်လည်းကောင်း စကားသည်လည်းကောင်း အကြင်အကြင် ဆိုအပ်ကုန်ပြီးသော ရုပ်နာမ်တရားတို့ကို ရံခါ အတ္တကောင်အားဖြင့် ကပ်ယူစွဲလမ်း၍ သက္ကာယဒိဋ္ဌိဟု ဆိုအပ်သော အတ္တဒိဋ္ဌိသည် ဖြစ်၏။
ရံခါ အတ္တ၏ အခြံအရံ၏အဖြစ်ဖြင့်, ရံခါ အတ္တကို မှီသည်၏အဖြစ်ဖြင့်, ရံခါ အတ္တလျှင် မှီရာရှိသည်၏ အဖြစ်ဖြင့်, ရံခါ တစ်ခုတစ်ခုသော ဓမ္မ၏အစွမ်းအားဖြင့်, ရံခါ တရားအပေါင်း၏ အစွမ်းအားဖြင့် ကပ်ယူစွဲလမ်း၍ သက္ကာယဒိဋ္ဌိဟု ဆိုအပ်သော အတ္တဒိဋ္ဌိသည် ဖြစ်၏။
(ထို ရံခါလေးချက်အဆိုသည် ရူပံ အတ္တတော သမနုပဿတိ - စသော အခိုက်အတန့် လေးမျိုးကို ရည်ရွယ်၍ ဆိုသည်ဟု မှတ်ပါ။)
အကြင်ကြောင့်ကား (ရှေ့တက်ခြင်းအစရှိကုန်သော ကိုယ်နှုတ်စိတ် ကြိယာတို့၌ ငါ ရှေ့တက်၏, ငါ နောက်ဆုတ်၏ အစရှိသည်ဖြင့် စိတ်၌ ထင်သော အတ္တအရိပ်) အတ္တနိမိတ် မည်သည် အလိုသို့ လိုက်သော အခြင်းအရာကို စွဲ၍ ထင်၏။
အကျိုးရုပ်နာမ်တရားတို့၏အကြောင်းပစ္စည်းနှင့် စပ်၍ ဖြစ်ခြင်းရှိသည်၏ အဖြစ်ကို လည်းကောင်း အခိုက်အတန့် သဘောရှိသော ခဏိက၏အဖြစ်ကို လည်းကောင်း ကောင်းစွာမြင်ကုန်သော အရိယာပုဂ္ဂိုလ်တို့အား အလိုသို့ လိုက်သော အခြင်း အရာမျိုးသည်လည်း မရှိ။
ထို့ကြောင့် ပိုင်းခြား၍ သိအပ်ပြီးသော ဝတ္ထုရှိကုန်သော အရိယာပုဂ္ဂိုလ် တို့အား အတ္တဝါဒနှင့် ကောင်းစွာ ယှဉ်စပ်သောစကားကို ဆိုကုန်သော်လည်း စိတ်သည် ပဒုမ္မာကြာရွက်ပေါ်၌ ကျသော ရေပေါက်ကဲ့သို့ ထိုအတ္တဝါဒနှင့် ယှဉ်စပ်သော တရားတို့၌ မငြိကပ်မူ၍သာလျှင် ဖြစ်၏။ ဤသို့ သိအပ်၏။
နီဝရဏ ၆-ပါးအဖွင့်
၈။ သတ္တဝါတို့၏ စိတ်အစဉ်၌ မဖြစ်ပေါ်ကုန်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေခြင်းငှာ လည်းကောင်း, ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့ကို ဘာဝနာဖြင့် စွဲထုံစေခြင်းငှာလည်းကောင်း အခွင့်မပေးမူ၍ တားမြစ်တတ်ကုန်သည် ဟူသော အကြောင်းဟိတ်ကြောင့် “နီဝရဏ” တို့ မည်ကုန်၏။
အလိုရှိတတ်, တောင့်တတတ်သော အနက်ကြောင့် “ကာမ”မည်၏။ လိုချင်တောင့်တတတ်သော အနက်ကြောင့် ဆန္ဒမည်၏။ ထိုအနက်နှစ်ပါးစုံကြောင့် အလိုရှိတတ် = လိုချင်တတ်သော “ကာမစ္ဆန္ဒ” မည်၏။ ထိုကာမစ္ဆန္ဒပုဒ်အရ ပရိယာယ် နှစ်ချက်ဆင့် အနက်မြင့်-ထွက်သောကြောင့် အလွန့်အလွန် လိုချင်အားကြီးသော “ဗလဝရာဂ”ကို ရ၏။ ထိုဗလဝရာဂသည်ပင်လျှင် နီဝရဏ မည်သည်ဟူသော အကြောင်းဟိတ်ကြောင့် “ကာမစ္ဆန္ဒနီဝရဏ”မည်၏။
ပဋ္ဌာန်းကျမ်း၌ “အရူပဘုံ၌ဖြစ်သော ကာမစ္ဆန္ဒနီဝရဏကို အစွဲပြု၍ ဥဒ္ဓစ္စနီဝရဏသည် ဖြစ်သည်” ဟူ၍ မြတ်စွာဘုရား ဟောတော်မူအပ်သည်၏ အဖြစ်ကြောင့် ရူပရာဂအရူပရာဂတို့ကို ချန်ထား၍ ကြွင်းသော အလုံးစုံသော ကာမစ္ဆန္ဒ၌ မထည့်သွင်းနိုင်- မရေတွက်နိုင်သော လောဘမည်သည် မရှိတော့ပေ။ ကာမစ္ဆန္ဒသည် ထိုသို့ အရာကျယ်သော်လည်း ငါးပါးသောကာမဂုဏ်၌ ဖြစ်သော ရာဂ(ကာမစ္ဆန္ဒ)သည်သာလျှင် ဈာန်၏ ဆန့်ကျင်ဘက် ဖြစ်၏။ ဤသို့ သိအပ်၏။
ဖောက်ပြန်ခြင်းသည် “ဗျာပါဒ”မည်၏။ စိတ်၏ ပုပ်သည်၏အဖြစ်တည်း။ ဤကား ဗျာပါဒပုဒ်၏ အနက်တည်း။ အမှတ်မရှိ အလုံးစုံသော ဒေါသကို အရကောက်အပ်၏။ (ကြွင်းနီဝရဏပုဒ်တို့၏ အနက်သည် အကုသိုလ်စေတသိက်ပိုင်းအဖွင့်နှင့် တူပြီ။)
အတွဲနီဝရဏ ဟောရခြင်းအကြောင်း
ဆက်၍ ဆိုဦးအံ့, ဤနီဝရဏအရာ၌ “ထိနမိဒ္ဓနီဝရဏ”ဟူ၍လည်းကောင်း “ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ” ဟူ၍လည်းကောင်း နှစ်ပါးနှစ်ပါးသော တရားတို့ကို တစ်ခုသော နီဝရဏကို ပြု၍ အဘယ်ကြောင့် ဆိုအပ်ကုန်သနည်း။ ဤသည်ကား အမေးစောဒနာတည်း။ အဖြေကား ကိစ္စအားဖြင့် လည်းကောင်း, အကြောင်းအားဖြင့်လည်းကောင်း, ဆန့်ကျင်ဘက်အားဖြင့်လည်းကောင်း ထိနနှင့် မိဒ္ဓ, ဥဒ္ဓစ္စနှင့် ကုက္ကုစ္စတို့သည် တူကုန်သည်၏အဖြစ်ကြောင့်တည်း။
ထိုစကားသည် မှန်၏, ရှေးဦးစွာ ကိစ္စအားဖြင့် ထိန+မိဒ္ဓ နှစ်ပါးအပေါင်းသည် စိတ်တို့၏ တွန့်သည်၏အဖြစ်သို့ ရောက်စေခြင်းတည်းဟူသော ကိစ္စရှိ၏။ ဥဒ္ဓစ္စ+ကုက္ကုစ္စ နှစ်ပါးအပေါင်းသည် စိတ်တို့၏ မငြိမ်းချမ်းသည်၏အဖြစ်သို့ ရောက်စေခြင်းတည်းဟူသော ကိစ္စရှိ၏။ အကြောင်းအားဖြင့် ရှေ့ထိန+မိဒ္ဓ နှစ်ပါးအပေါင်းသည် ပျင်းရိဝါးသမ်းသည်-, ကိလေသာ၏အစွမ်းဖြင့် ကိုယ်လက်အင်္ဂါ တို့ကို တဆန့်ကျင်ကျင် ပြုမူသည်၏ အဖြစ်လျှင် နီးစွာသော အကြောင်းရှိ၏။ နောက် ဥဒ္ဓစ္စ+ကုက္ကုစ္စ နှစ်ပါးအပေါင်းသည် ဆွေမျိုးတို့၏ ပျက်စီးခြင်း အစရှိသည်ကို ကြံစည်ခြင်းလျှင် နီးစွာသော အကြောင်းရှိ၏။ ဆန့်ကျင်ဘက်အားဖြင့် ရှေ့ ထိုင်းမှိုင်း+ပျင်းရိ နှစ်ပါးအပေါင်းသည် ဝီရိယ၏ ဆန့်ကျင်ဘက်တည်း။ နောက် ပျံ့လွင့်+ပူပန် နှစ်ပါး အပေါင်းသည် သမထ၏ ဆန့်ကျင်ဘက်တည်း။ ဤသို့ သိအပ်၏။
အနုသယ ၇-ပါးအဖွင့်
၉။ အကြောင်းအားလျော်စွာ ဖြစ်တတ်ကုန်သည်ဟူသော အကြောင်းဟိတ်ကြောင့် “အနုသယ”တို့ မည်ကုန်၏။ သင့်လျော်သော အကြောင်းကို ရသော် ဖြစ်တတ်ကုန်၏။ ဖြစ်ခြင်းငှာ စွမ်းနိုင်ကုန်၏။ ဤကား “အနုသယ”ပုဒ်၏ အနက်တည်း။ တစ်နည်းကား အဖန်ဖန်အိပ်သလို ကိန်းတတ်ကုန်သည် ဟူသော အကြောင်းဟိတ်ကြောင့် “အနုသယ”တို့ မည်ကုန်၏။ အကြင်မျှလောက်ကာလပတ်လုံး မဂ်ကို မရသေး, ထိုမျှလောက် ကာလပတ်လုံး အကြား၌ မကုန်မခန်းကုန်သည်ဖြစ်၍ ဖြစ်ပေါ် ကြောင်းကို ရလတ်သော် အဖန်ဖန် ဖြစ်တတ်ကုန်၏။ ဤသည်ကား “အနု+အနု+ သေန္တိ”ဟူသော ပုဒ်၏ အနက်တည်း။
အနုသယဟူသည် ဥပါဒ်-ဌီ-ဘင် မရှိ
ဆက်၍ဆိုဦးအံ့, ဤ ”ဖြစ်တတ်ကုန်၏” ဟူသောနေရာ၌ ဖြစ်ခြင်းဟူသည်ကား မဂ်ဖြင့် မပယ်အပ် သေးသော အနက်ကြောင့် ဖြစ်ခြင်းငှာ ထိုက်သည်၏အဖြစ် (ဖြစ်ခွင့်)ကို သိအပ်၏။ ထင်ရှားသော (ဥပါဒ်, ဌီ, ဘင်) နာမ်သရုပ်အားဖြင့် ဖြစ်ခြင်းကို မသိအပ်။
အဘယ်အခြင်းအရာအားဖြင့် အနုသယတို့ ဖြစ်ခွင့်ကျန်ထိန်း အကိန်းအငုတ်သာဖြစ်၍ သရုပ်ထင်ရှားစွာ မဖြစ်သည်ကို သိအပ်သနည်း။ ဤသို့ မေးငြားအံ့။ အဖြေကား အနုသယယမိုက်၌ “အကြင်ပုဂ္ဂိုလ်အား လောဘဟု ဆိုအပ်သော ကာမရာဂါနုသယသည် ဖြစ်၏, ထိုပုဂ္ဂိုလ်အား သာလျှင် (လောဘနှင့် ဓာတ်မတူသော) ဒေါသဟု ဆိုအပ်သော ပဋိဃာနုသယသည် ဖြစ်၏”ဟု မြတ်စွာဘုရားသည် မိန့်တော်မူအပ်သည်၏အဖြစ်ကြောင့် အနုသယတို့ ဖြစ်ခွင့်ကျန်ထိန်း အကိန်းအငုတ်သာဖြစ်၍ သရုပ်ထင်ရှားစွာ မဖြစ်သည်ကို သိအပ်၏။
ဤပုံဤနည်း ဟောစဉ်ထား၍ ပါဠိတော်အနုသယဝါရ၌ ပုထုဇဉ်အား ၇-ပါးလည်းဖြစ်ကုန်သော အနုသယတို့သည် အတူတကွ ကိန်းကုန်၏ဟူ၍လည်းကောင်း, ဥပ္ပဇ္ဇနဝါရ၌ အတူတကွ ဖြစ်ကုန်၏ ဟူ၍လည်းကောင်း ဘုရားရှင် ဟောတော်မူအပ်၏။
ဘုရားရှင် အဘယ်ကဲ့သို့ ဟောတော်မူသနည်းဟူမူကား “ပုထုဇဉ်ပုဂ္ဂိုလ်အား မောဟဟူသော အဝိဇ္ဇာနုသယသည် ကိန်း၏။ ကာမရာဂါနုသယသည် လည်းကောင်း၊ ပဋိဃာနုသယသည် လည်းကောင်း၊ မာနာနုသယသည် လည်းကောင်း၊ ဒိဋ္ဌာနုသယသည် လည်းကောင်း၊ ဝိစိကိစ္ဆာ-နုသယသည်လည်းကောင်း၊ ဘဝရာဂါနုသယသည်လည်းကောင်း ထိုပုထုဇဉ်မှာ ကိန်း၏”ဟု ဟောတော်မူ၏။ ဤသို့ ပုထုဇဉ်ပုဂ္ဂိုလ်အား အနုသယ ၇-ပါး ကိန်းသည်ဟု သိအပ်၏။ ထို့အတူ ဥပ္ပဇ္ဇနဝါရ၌လည်း အနုသယ ၇-ပါး စုကိန်းနေပုံကို ဘုရားရှင် ဟောထား၏။ ဤကား အနုသယသည် ဥပါဒ် ဌီ ဘင် အားဖြင့် မဖြစ်ပုံ အဆုံးအဖြတ်တည်း။
တစ်နည်းကား ဖြစ်, တည်, ပျက်-ဟု ဆိုအပ်သော သရုပ်အားဖြင့် ထကြွခြင်းသို့ မရောက်ဘဲလျက် ခန္ဓာအစဉ်၌ ဖြစ်, တည်, ပျက်အားဖြင့် ဖြစ်ကုန်သော ကုသိုလ်, အကုသိုလ်, ဝိပါက်, ကြိယာ-အဗျာကတစိတ္တုပ္ပါဒ်တို့နှင့် အတူတကွ လျော်ကုန်သည် မဆန့်ကျင်ကုန်သည် ဖြစ်၍ ကိန်းကုန်၏။ တသီးတခြား စိတ်ယှဉ်စေတသိက်ယှဉ် သမ္ပယုတ္တဓမ္မအဖြစ်ဖြင့် ဥပါဒ်သို့ မရောက်၊ မထမကြွ ကုန်သည် ဖြစ်၍ ကိန်းကုန်- ဖြစ်ကုန်၏။ ထို့ကြောင့် “အနုသယ”တို့ မည်ကုန်၏။
တစ်နည်းကား အဖန်ဖန် အိပ်သလို ကိန်းတတ်ကုန်၏ဟူသော အကြောင်း ဟိတ်ကြောင့် “အနုသယ” တို့ မည်ကုန်၏။ ပင်ကိုအားဖြင့် ကိန်းမြဲတိုင်းသာလျှင် ဖြစ်ကုန်သော ကာမရာဂ အစရှိသည်တို့၌ အဖန်တလဲလဲ ဖြစ်၍ နှစ်ဆတက် သုံးဆတက် အစရှိသည်တို့၏ အစွမ်းအားဖြင့် အဖန်တလဲလဲ ကိန်းကုန်၏။ ကိန်းသောအခြင်းအရာအားဖြင့် အထပ်ထပ် ရစ်ပတ်တတ်ကုန်၏။ ဤသည်ကား “အနု+အနု+သေန္တိ” ဟူသောပုဒ်၏ အနက်တည်း။
အခိုက်အတန့် သုံးမျိုးဖြင့် ရှင်းပြပုံ
ဤအနုသယဟူသောအမည်သည် ကာမရာဂအစရှိကုန်သော ၇-ပါးတို့၏ အခိုက်အတန့် ၃-ပါး တို့တွင် ပထမအခိုက်အတန့်၌ တည်ကုန်သော ကာမရာဂ အစရှိသည်တို့၏ အမည်တည်း။ မှန်၏, ကိန်းဝပ်သော အနုသယ အခိုက်အတန့်လည်းကောင်း, စိတ်၌ ဥပါဒ်, ဌီ, ဘင်-အဖြစ် ထကြွသော ပရိယုဋ္ဌာန အခိုက်အတန့်လည်းကောင်း, ကိုယ်နှင့် နှုတ်၌ ဥပါဒ်, ဌီ, ဘင်-အဖြစ် လွန်ကြူးသော ဝီတိက္ကမ အခိုက်အတန့်လည်းကောင်း၊ ဤသို့ သုံးပါးကုန်သော အခိုက်အတန့်တို့သည် ရှိကုန်၏။
ထိုသုံးပါးကုန်သော အခိုက်အတန့်တို့တွင် အကြင်ကာမရာဂအစရှိသည်တို့သည် ဥပါဒ်, ဌီ, ဘင် အားဖြင့် ဖြစ်၍ ကိုယ်အင်္ဂါဟူသော ကာယဝိညတ်၊ နှုတ်အင်္ဂါဟူသော ဝစီဝိညတ်ကို လှုပ်စေကုန်၏။ ထိုသို့ ကိုယ်နှုတ်ပါသော လှုပ်ရှားသည့် အခြင်းအရာအားဖြင့် ဖြစ်သော အခိုက်အတန့်မျိုးသည် ထိုကာမရာဂအစရှိသည်တို့၏ ဝီတိက္ကမ အခိုက်အတန့် မည်၏။
အကြင်ကာမရာဂအစရှိသည်တို့သည် စိတ်၌သာလျှင် ဇောစိတ်နှင့်တကွ ဖြစ်ကုန်၏။ ထိုသို့ ဇောစိတ်နှင့် တကွဖြစ်သော အခြင်းအရာအားဖြင့် ဖြစ်သော အခိုက်အတန့်မျိုးသည် ထိုကာမရာဂ အစရှိသည်တို့၏ ပရိယုဋ္ဌာနအခိုက်အတန့် မည်၏။
အဖို့တစ်ပါးကား အကြင်ကာမရာဂအစရှိသည်တို့သည် ဇောစိတ်နှင့်တကွဖြစ်သော သဟဇာတမျိုး ၏အဖြစ်သို့လည်း မရောက်မူ၍ အထုံဝါသနာဓာတ်တို့ကဲ့သို့ စိတ်သန္တာန်၌ အစဉ်ကိန်းဝပ်ကုန်သည် ဖြစ်၍ ထကြွသောပရိယုဋ္ဌာနအဆင့်သို့ ရောက်ခြင်း၏ မျိုးစေ့၏အဖြစ်ဖြင့် တည်ကုန်၏။ သုဘနိမိတ်အစရှိသော အာရုံသည် ဒွါရ ၆-ပါး၌ ပေါ်ထင်ခြင်းသို့ ရောက်သည်ရှိသော် ယင်း ကာမရာဂ-အစရှိသည်တို့၏ အရှိန်အဟုန် အစွမ်းဖြင့် ဝုဋ္ဌောဟု ဆိုအပ်သော မနောဒွါရဝဇ္ဇန်း စိတ်သည် ပရိယုဋ္ဌာနရာဂ-အစရှိသည်တို့၏ ထင်ရှားဖြစ်ခြင်းအကျိုးငှာ မသင့်သောအကြောင်း အယောနိသောမနသိကာရအားဖြင့် ဘဝင်ကို လည်စေ၏။ သမထဝိပဿနာတို့ဖြင့် မပွါးများအပ် သေးသော စိတ်သည်လည်း ယင်းအနုသယကာမရာဂအစရှိသည်တို့၏အစွမ်းဖြင့် ယဉ်ကျေးခြင်း သို့မရောက်နိုင်။ ထိုသို့သော စိတ်အစဉ်သန္တာန်၌ ကိန်းသောအခြင်းအရာအားဖြင့်ဖြစ်သော အခိုက် အတန့်သည် ထိုကာမရာဂအစရှိသည်တို့၏ အနုသယအခိုက်အတန့်မျိုး မည်၏။ ထိုကိလေသာ မျိုးစေ့ အခိုက်အတန့်၌ တည်ရှိကုန်သော ကာမရာဂအစရှိသည်တို့သည် “အနုသယ”တို့ မည်ကုန်၏။
ကထာဝတ္ထုပါဠိတော်
ထိုအနုသယ ၇-ပါးတို့သည်ကား ဥပါဒ်ထင်ရှားဖြစ်ခြင်းသို့ မရောက်စေကာမူ မြတ်သောအနက် ရှိသည့် ပရမတ်တရားတို့ မဖြစ်ကုန်သည်လည်း မဖြစ်ကုန်။ အဘယ်ကြောင့်နည်းဟူမူကား စင်စစ် ပရမတ်ဇာတ်မျိုး ဖြစ်လေသောကြောင့်တည်း။ မျိုးမတူသော ကုသိုလ်အဗျာကတစိတ်သန္တာန်တို့သို့ အစဉ်လိုက်ကိန်းစေကာမူ ကုသိုလ်၊ အဗျာကတတို့ ဖြစ်ကုန်သည်လည်း မဖြစ်ကုန်။ အဘယ်ကြောင့်နည်းဟူမူကား စင်စစ် အကုသိုလ်ဇာတ်မျိုး ဖြစ်သည်၏ အဖြစ်ကြောင့်တည်း။ အကုသိုလ်မျိုးဧကန် ဖြစ်စေကာမူ ကုသိုလ်, ဝိပါက်, ကြိယာအဗျာကတတို့နှင့် ဆန့်ကျင်ဘက် တို့လည်း မဖြစ်ကုန်။ အဘယ်ကြောင့်နည်းဟူမူကား တသီးတခြား စိတ်ယှဉ်စေတသိက်ယှဉ် သမ္ပယုတ္တဓမ္မ၏အဖြစ်ဖြင့် မရအပ်သည်၏ အဖြစ်ကြောင့်တည်း။ ဥပါဒ်ထင်ရှားဖြစ်ခြင်းသို့ မရောက်စေကာမူ ကာလသုံးပါးမှ လွတ်လည်း မလွတ်ကုန်။ အဘယ်ကြောင့်နည်းဟူမူကား ကာလသုံးပါးရှိသော တေကာလိကဓမ္မကို မှီသည်၏အဖြစ်ဖြင့် ဖြစ်ခြင်းကြောင့်တည်း။
ဆက်၍ ဆိုဦးအံ့, အကြင်အခါ၌ ထိုအနုသယတို့သည် ဥပါဌ်, ဌီ, ဘင်အဖြစ်ဖြင့် ထကြွ၍ ပရိယုဋ္ဌာနကိလေသာ၏အဖြစ်သို့ ရောက်ကုန်၏။ ထိုအခါ၌ တသီးတခြား အကုသိုလ်စိတ်၊ အညသမာန်းစေတသိက်တို့နှင့် ယှဉ်သော သမ္ပယုတ္တဓမ္မအဖြစ်သို့ ရောက်ကုန်၏။ ထိုသမ္ပယုတ္တဓမ္မ ပရိယုဋ္ဌာနတို့၏ အာရုံနှင့်တကွဖြစ်ခြင်း အစရှိသော သဘောသည်လည်း ထင်ရှား၏။ ဤအနက်ကို ရည်ရွယ်၍ ကထာဝတ္ထုကျမ်း၌ “ထိုအနုသယတို့၏ အာရုံနှင့်တကွဖြစ်သော တရားသဘောကို လည်းကောင်း, သင်္ခါရက္ခန္ဓာသဘောကို လည်းကောင်း” တည်စေအပ်၏။ ဤကား အဆုံးအဖြတ် တည်း။
အရိယာမဂ်ဖြင့် ကာလအတိအကျ မရှိသော အနုသယကို ပယ်ပုံ
ဥပမာဆောင် ထင်အောင် ပြဦးအံ့, အသီးကို ဆောင်သော သစ်ပင်အား အဆိပ်ဆူးကို ပေးအပ် သည်ရှိသော် သစ်ပင်၌ အစဉ်ကိန်းသော အသီးအနှံဖြစ်ခြင်း၏ အကြောင်းဖြစ်သော အစေးဓာတ်သည် ကုန်ခြင်းသို့ ရောက်၏။ သီးချိန်ပွင့်ချိန်၌ ဖြစ်ပေါ်လတ္တံ့ကုန်သော အသီးတို့သည် မဖြစ်ပေါ်ကုန်သကဲ့သို့ ထို့အတူ သေက္ခပုထုဇဉ်ပုဂ္ဂိုလ်တို့၏ အနုသယရှိသော စိတ်အစဉ်၌ အကြင် ဥပါဒ်၊ ဌီ၊ ဘင်ခဏ၌ အရိယာမဂ်သည် ထင်ရှားဖြစ်၏။ ထိုခဏ၌ အရိယာမဂ်ဖြစ်သည်နှင့် တကွ ထိုထိုဒိဋ္ဌိ၊ ဝိစိကိစ္ဆာ စသော အနုသယသည် အကြွင်းမဲ့ ကုန်ပျက်ခြင်းသို့ ရောက်၏။
ဆက်၍ ဆိုဦးအံ့, အနုသယကုန်ခန်းပျက်စီးသွားသောသူအား တစ်ဖန် ထကြွခြင်းပရိယုဋ္ဌာန အခိုက်တန့်မည်သည် မရှိ. လွန်ကျူးခြင်း ဝီတိက္ကမ အခိုက်အတန့်မည်သည် အဘယ်မှာ ရှိတော့အံ့နည်း။ ဤသို့ ဤအနက်ကို ရည်ရွယ်၍ အရိယာမဂ်သည် အနာဂတ်သာမန်ဖြစ်သော -အနာဂတ်နှင့် တူသော ကိလေသာအပေါင်းကို ပယ်စွန့်၏ဟု ထိုထိုအဋ္ဌကထာ ဋီကာကျမ်းဂန်တို့၌ မိန့်ဆိုအပ်၏။
ထိုရှေ့စကားရပ်၌ အနာဂတ်သာမန်ဟူသည်ကား အနာဂတ်ဟူ၍ သမုတ်အပ်သော ကိလေသာ အပေါင်းတည်း။ စင်စစ် အနာဂတ်မဟုတ်သော ကိလေသာအပေါင်း ဟူ၍လည်း ဆရာတို့ ဆိုကုန်၏။ ထို့ကြောင့်သာလျှင် သမ္မောဟဝိနောဒနီ မည်သော ဝိဘင်းအဋ္ဌကထာ၌ “သောတာပတ္တိ စသော မဂ်သည် အကြင်ဆိုင်ရာ ကိလေသာတို့ကို ပယ်စွန့်၏။ ထိုမဂ်ဖြင့် ပယ်သော ကိလေသာ တို့ကို အတိတ်မှာ ဖြစ်ခဲ့သည့် ကိလေသာတို့ဟူ၍လည်းကောင်း, အနာဂတ်မှာ ဖြစ်မည့် ကိလေသာတို့ဟူ၍လည်းကောင်း, ပစ္စုပ္ပန်မှာ ဖြစ်ဆဲဖြစ်သည့် ကိလေသာတို့ဟူ၍လည်းကောင်း အတိအကျ မဆိုအပ်ကုန်”ဟူ၍ ဖွင့်ဆိုအပ်ပြီ။
တစ်နွယ်ငင် တစ်စင်ပါပုံ
မှတ်သားဖွယ်ကို ပြဦးအံ့, ထိုအဋ္ဌကထာစကားဖြင့် အရိယာမဂ်သည် ကိလေသာကို ပဓာနပြုသဖြင့် အကြင် အကြောင်းကုသိုလ်၊ အကုသိုလ်ကံတို့ကိုလည်းကောင်း, အကြင် အကျိုးဝိပါက် ဥပါဒိန္နက ခန္ဓာငါးပါးအပေါင်းတို့ကိုလည်းကောင်း စွန့်၏။ ထိုကုသိုလ်၊ အကုသိုလ်၊ ဥပါဒိန္နကခန္ဓာတို့ကို ဖြစ်ပြီး = အတိတ်တို့ဟူ၍ လည်းကောင်း၊ ဖြစ်လတ္တံ့ = အနာဂတ်တို့ဟူ၍ လည်းကောင်း၊ ဖြစ်ဆဲ = ပစ္စုပ္ပန်တို့ ဟူ၍လည်းကောင်း မဆိုထိုက်သည်ကို ပြ၏။
အနုသယဟူသည် တေဘူမကတရား ဖြစ်ပုံ
ဤဖွင့်ခဲ့သည့်အတိုင်း အကယ်၍ ဖြစ်ငြားအံ့, ဤသို့ဖြစ်သည်ရှိသော် အရိယာမဂ်သည် ပယ်အပ်ကုန်သော အလုံးစုံ ဘုံသုံးပါး၌ ဖြစ်ကုန်သော တရားတို့သည် ကာလသုံးပါးမှလွတ်သော ကာလဝိမုတ္တတရား မည်ကုန်သည် လည်းကောင်း, အပြုပြင်မခံရသော အသင်္ခတတရား မည်ကုန်သည် လည်းကောင်း, အကြောင်း အထောက်အပံ့ကင်းသော အပ္ပစ္စယတရား မည်ကုန်သည် လည်းကောင်း ဖြစ်ကုန်တော့ရာ၏။ ဤသည်ကား စောဒနာတည်း။
ထိုစောဒနာအတိုင်း မဖြစ်သင့်။ အဘယ်ကြောင့်နည်းဟူမူကား ကာလ သုံးပါးရှိသော တရားမျိုး ဖြစ်လေသောကြောင့်လည်းကောင်း, ကံ, စိတ်, ဥတု, အာဟာရ တည်းဟူသော အကြောင်းတရား လေးပါးတို့သည် ပေါင်း၍ ပြုပြင်အပ်သော သင်္ခတတရားမျိုး, ထိုအကြောင်းတရား လေးပါးနှင့် တကွဖြစ်သော သပ္ပစ္စယတရားမျိုး ဖြစ်လေသောကြောင့်လည်းကောင်းတည်း။
ထိုအနုသယကိလေသာတို့ သင်္ခတဇာတ်ဖြစ်ပုံကို အကျယ်ချဲ့၍ ဆိုဦးအံ့, အရိယာမဂ်သည် ပယ်အပ်ကုန်သော ထိုတေဘူမကတရားတို့သည် အရိယာမဂ်သည် မဖြစ်ပေါ်သေးသည်ရှိသော် “ဤမည်ကုန်သော တရားတို့သည် ဖြစ်ကုန်လတ္တံ့- ချုပ်ကုန်လတ္တံ့”ဟူ၍ ဤသို့ အနာဂတ် ကာလဖြင့် သင်္ခတလက္ခဏာကို ထိ၍ ဉာဏ်ဖြင့် ယူအပ်သည်၏အဖြစ်ကြောင့် ဖြစ်ချုပ်လက္ခဏာ၏ အစွမ်းအားဖြင့် တေဘူမကအစရှိသော အဖြစ်သို့ အကျုံးဝင်လေကုန်၏။ ဤသို့ သိအပ်၏။
အနုသယဟူသည် ပရမတ်အကုသိုလ်
ယုံကြည်ထိုက်သည်ကို ပြဦးအံ့, ဤဆိုခဲ့သည့်အတိုင်း ထား၍ တသီးတခြား စိတ်စေတသိက် ယှဉ်တွဲဖြစ်ပေါ်သော သမ္ပယုတ္တဓမ္မ၏အဖြစ်သို့ မရောက်ကုန်သော (သဘာဝတရားတို့၏-မှာ မျှော်စပ်။) ကိန်းဝပ်အနုသယ အခိုက်အတန့်၌ လည်းကောင်း, ဝါသနာအထုံ အခိုက်အတန့်၌ လည်းကောင်း, ကံတရားတို့၏ပေါင်းဆုံခြင်း အခိုက်အတန့်၌ လည်းကောင်း, အလိုဆန္ဒအာသယ အခိုက်အတန့်၊ သဘောထားအဇ္ဈာသယ အခိုက်အတန့်၊ နှလုံးသွင်းအဓိမုတ္တိ အခိုက်အတန့်၊ အကျင့်စရိုက်စရိတ အခိုက်အတန့်တို့၌လည်းကောင်း တည်ကုန်သော သဘာဝတရားတို့၏ ဇာတ်၏ အစွမ်းအားဖြင့် ပရမတ်တရား၏အဖြစ်ကို လည်းကောင်း အကုသိုလ် အစရှိသော တရားတို့၏ အဖြစ်ကို လည်းကောင်း ယုံကြည်ထိုက်၏။ ဤသို့ မှတ်အပ်၏။
ဋီကာကျော်
ဋီကာကျော်၂၂၀-၌ကား “မှန်၏, မဂ်ဖြင့် မပယ်အပ်သေးကုန်သော ကိလေသာတို့သည် ကိလေသာ ဖြစ်ဖို့ရန် အာရုံစသော အကြောင်းကို ရသည်ရှိသော် ဖြစ်ခြင်းငှာ ထိုက်ကုန်သည် ဖြစ်၍ ခန္ဓာသန္တာန်၌ အဖန်တလဲလဲ ကိန်းဝပ်ကုန်သကဲ့သို့ ဖြစ်ကုန်၏။ ထို့ကြောင့် ထိုကိန်းဝပ်ခြင်း အခိုက်အတန့်ရှိသော ကိလေသာတို့ကို “အနုသယ”တို့ဟု ဆိုအပ်ကုန်၏။ ဝိဂြိုဟ်မှတစ်ပါး အရကောက်ကို ပြဦးအံ့, ထိုအနုသယတို့သည် မုချအားဖြင့် အနာဂတ် ကိလေသာတို့တည်း။ အတိတ်ပစ္စုပ္ပန်ကိလေသာ တို့ကိုလည်း ထိုအနာဂတ် ကိလေသာနှင့် ကိန်းဝပ်ခြင်း ညစ်နွမ်းခြင်း သဘောတူသည်၏ အဖြစ်ကြောင့် ထို အနာဂတ်ကိလေသာနည်းတူ အနုသယတို့ ဟူ၍ ဆိုအပ်ကုန်၏”ဟု ဖွင့်ထား၏။
ထိုဋီကာကျော်အဖွင့်၌ “အနုသယတို့မည်သည်ကား ရုပ်နာမ်ခန္ဓာအစဉ်၌ တစ်ရံ တစ်ခါမျှလည်း ရှေး၌ မဖြစ်ဖူးကုန်သော အနာဂတ်ကိလေသာတို့သည် သာလျှင်တည်း” ဟု သဘောထား၍ “ထို အနုသယကိလေသာတို့သည် ရုပ်နာမ်ခန္ဓာအစဉ်၌ အဖန်ဖန် အိပ်ကုန်ကိန်းကုန် သကဲ့သို့ ဖြစ်ကုန်သည်”ဟု ဆိုလို၏။ ထိုဆိုလိုချက်သည် မသင့်။ မှန်၏, ထိုအနုသယကိလေသာတို့သည် အစဉ်ကိန်းကုန် အဖန်ဖန်ကိန်းကုန်သကဲ့သို့ မဖြစ်ကုန်။ စင်စစ်အားဖြင့် အစဉ်ကိန်းကုန်သည် သာလျှင် ဖြစ်ကုန်၏။ ဤသို့ သိအပ်၏။
ဆက်၍ ဆိုဦးအံ့, ထိုဋီကာကျော်၂၂၀-၌ “ထိုအနုသယတို့သည်ကား မုချအားဖြင့် အနာဂတ် ကိလေသာတို့တည်း”ဟူသော အကြင်စကားကိုလည်း ဆိုအပ်ပြီ။ ထို စကားသည်လည်း မသင့်။ မှန်၏, အရိယာမဂ်ဖြင့် မပယ်အပ်ကုန်သေးသော အနုသယတို့သည် စိတ်အစဉ်၌ ပစ္စုပ္ပန်သဘောဖြင့် ပြီးစီးသည်၏အဖြစ်ကြောင့် အနာဂတ်မည်သည် မဖြစ်ကုန်။ မပယ်မှတစ်ပါး ပယ်အားဖြင့် တစ်မျိုး တွေးပြဦးအံ့။ မဂ်ဖြင့် ပယ်စွန့်အပ်ပြီးသော အနုသယကိလေသာတို့ သည်လည်း ဖြစ်စေကာမူ မုချအားဖြင့် အနာဂတ်ကိလေသာတို့ဟူ၍ ဆိုခြင်းငှာ မတတ်ကောင်း။ အဘယ်ကြောင့်နည်းဟူမူကား အနုသယ ကိလေသာတို့၏ အနာဂတ် သာမန်သဘောကို အလိုရှိအပ်သည်၏အဖြစ်ကြောင့်တည်း။
ဤအနုသယဟူသမျှ အနာဂတ်သာမန်ဟူသောစကားဖြင့် အတိတ်ပစ္စုပ္ပန် ကိလေသာတို့ကိုလည်း ထိုအနာဂတ်ကိလေသာနှင့် ကိန်းဝပ်ခြင်း ညစ်နွမ်းခြင်း သဘောတူသည်၏ အဖြစ်ကြောင့် ထို အနာဂတ် ကိလေသာနည်းတူ အနုသယတို့ဟူ၍ ဆိုအပ်ကုန်၏”ဟူသော ဤဋီကာကျော်၂၂၀-စကားကိုလည်း ပယ်အပ်၏။
(မဂ္ဂေါ အနာဂတသာမညံ ကိလေသဇာတံ ပဇဟတီတိ တတ္ထ တတ္ထ ဝုတ္တော။ တတ္ထ အနာဂတသာမညန္တိ အနာဂတသမ္မတံ, န ဧကန္တအနာဂတသာမညံ-ဟူသော သာဓကဆောင်၍ လယ်တီဋီကာ စာမျက်နှာနံပါတ် ၄၄၃-၌ ဖွင့်၏။ မဂ္ဂေါ အနာဂတသာမညံ-ဟူသော စကားသည် ပါဠိအဋ္ဌကထာဋီကာတို့မှာ မရှိ။ အနာဂတသာမညံ-ကို အနာဂတသမ္မတံ-ဟု ဖွင့်ခြင်းသည်လည်း သာမညနာမ် ဂုဏနာမ် အစွဲနာမ်ပုဒ်ကို ကြည့်၍- အနုသယသည် ကာလသုံးပါးမှာ ဖြစ်သော ကိလေသာဟု ဆိုခြင်းသည်လည်း အတိတ်ပစ္စုပ္ပန် ကိလေသာတို့သည် ကာလပင် ပြားသော်လည်း သဘောမပြား ပရိယာယ်အားဖြင့် အနုသယမည်ကြောင်း ရည်၍ ဆိုသည်။ ထို့ကြောင့် ဋီကာကျော် ဆိုတိုင်း မှတ်အပ်၏။ အတိတ်ပစ္စုပ္ပန်ကိလေသာတို့ကို ဘူတပုဗ္ဗဂတိကနည်းအားဖြင့် သာနုသယ ဆို၏။ အတိတ်ပစ္စုပ္ပန်ဖြစ်လျှင် ဥပ္ပဇ္ဇနမာနာရဟ-ဟု မဆိုရ, စင်စစ်အားဖြင့် အနာဂတ်ကိလေသာ-ယူ ဟု အနုဋီကာ လာသည်။ မန်လည်။)
ယမိုက်ပါဠိတော် သာဓက
စင်စစ်သော်ကား ဥပါဒ်, ဌီ, ဘင်သို့ ရောက်ကုန်သော တရားတို့သည်သာလျှင် စင်စစ်အားဖြင့် ကာလသုံးပါးရှိသော တေကာလိက ဖြစ်ကုန်၏။ ထို့ကြောင့် ထိုဥပါဒ်, ဌီ, ဘင်သို့ မရောက် ကုန်သော အနုသယတို့၏ ပစ္စုပ္ပန်ကာလရှိသည်၏အဖြစ်ကို ပရိယာယ်အားဖြင့်သာလျှင် ဆိုခြင်းငှာ သင့်၏။ ဤသို့ သဘောထား၍ ယမိုက်ပါဠိတော်၌ “အကြင်ပုဂ္ဂိုလ်အား လောဘဟူသော ကာမရာဂါနုသယ သည် ဖြစ်၏, ထိုပုဂ္ဂိုလ်အား ဒေါသဟူသော ပဋိဃာနုသယသည် ဖြစ်၏”ဟု အစရှိသည်ဖြင့် ပစ္စုပ္ပန်ကာလရှိသော ဖြစ်ခြင်းအလှည့်အကြိမ်ကို ပြသော ဥပ္ပါဒဝါရကိုသာလျှင် မိန့်ဆိုအပ်၏။ ချုပ်ခြင်း အလှည့်အကြိမ်ကို ပြသော နိရောဓဝါရကို မိန့်ဆိုတော်မမူအပ်။ ဖြစ်ပြီး = အနုသယနှင့် ဖြစ်လတ္တံ့ = အနုသယတို့ကို ပြဆိုသော အတိတ် အနာဂတ်ဝါရတို့ကိုလည်း မိန့်ဆိုတော်မမူ အပ်ကုန်။ ဤသို့ မှတ်အပ်၏။
ပဋိသမ္ဘိဒါမဂ်ပါဠိတော် သာဓက
ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ကား “ပစ္စုပ္ပန်ဖြစ်ကုန်သော ကိလေသာတို့ကို အရိယာမဂ်ဖြင့် အကယ်၍ ပယ်စွန့်သည် ဖြစ်အံ့။ ထိုသို့ဖြစ်မူကား တပ်မက်ဆဲသူသည် ဖြစ်ဆဲရာဂကို ဖြစ်ဆဲအရိယာမဂ်ဖြင့် ပယ်စွန့်၏။ ပစ်မှားဆဲသူသည် ဖြစ်ဆဲဒေါသကို ဖြစ်ဆဲအရိယာမဂ်ဖြင့် ပယ်စွန့်၏။ တွေဝေဆဲ သူသည် ဖြစ်ဆဲမောဟကို ဖြစ်ဆဲအရိယာမဂ်ဖြင့် ပယ်စွန့်သည်ဟု ဆိုရာကျ၏”ဟူသော အကြင်စကားကို မိန့်တော်မူ၏။ ထိုစကားကို ထကြွမှုပရိယုဋ္ဌာနအဖြစ်သို့ ရောက်ကုန်သော ရာဂစသော ကိလေသာတို့၏ စင်စစ် ဖြစ်ဆဲပစ္စုပ္ပန်ခဏကို ရည်ရွယ်၍ အရှင်သာရိပုတ္တရာမထေရ် မိန့်ဆိုအပ်သည်ဟု မှတ်အပ်၏။
ဥပ္ပန္နရှစ်မျိုးဖြင့် ရှင်းပြပုံ
မှန်၏, ထိုသို့မှတ်အပ်သောကြောင့်သာလျှင် သမ္မောဟဝိနောဒနီအဋ္ဌကထာ၌ “ဝတ္တမာနုပ္ပန္န-ဖြစ်ဆဲပစ္စုပ္ပန်ဟူသော ဥပ္ပန္န, ဘုတွာဝိဂတုပ္ပန္န-အာရုံကို သုံးဆောင်ပြီး၍ ကင်းပျောက်သွားသော ဥပ္ပန္န, သြကာသကတုပ္ပန္န-အကျိုးပေးခွင့်ကို ပြုသော ဥပ္ပန္န, သမုဒါစာရုပ္ပန္န-လွန်ကဲစွာ ဖြစ်ခြင်း ဟူသော ဥပ္ပန္နအားဖြင့် ၄-ပါးအပြားရှိသော ဥပ္ပန္နကိလေသာကို မဂ်ဖြင့် မပယ်သတ်ထိုက်။ ဘူမိလဒ္ဓုပ္ပန္န-ခန္ဓာငါးပါးဟူသော တည်ရာ ဘူမိကို ရသော ဥပ္ပန္န, အာရမ္မဏာဓိဂ္ဂဟိတုပ္ပန္န-အာရုံကို လွန်ကဲစွာ ယူထားသော ဥပ္ပန္န, အဝိက္ခမ္ဘိတုပ္ပန္န-မဟဂ္ဂုတ်ဈာန်ဖြင့် မပယ်ခွာရသေးသည့် ဥပ္ပန္န, အသမုဂ္ဃာဋိတုပ္ပန္န-အရိယမဂ်ဖြင့် အမြစ်ပြတ် မပယ်သတ်ရသေးသည့် ဥပ္ပန္နအားဖြင့် လေးပါးအပြား ရှိသော ဥပ္ပန္နကိလေသာကို အရိယမဂ်ဖြင့် ပယ်သတ်ထိုက်၏”ဟူ၍ မိန့်ဆိုအပ်ပြီ။
ကာလဖြင့် ခွဲသိရသော ကိလေသာ ၄-မျိုး
ထိုမဂ် ပယ် မပယ်သော ဥပ္ပန္နရှစ်မျိုးတို့တွင် “ဝတ္တမာနုပ္ပန္နနှင့် သမုဒါစာရုပ္ပန္န” ဟူသော ဤဥပ္ပန္နနှစ်ခုအပေါင်းသည် ဖြစ်တည်ပျက်ခဏ ပစ္စုပ္ပန်ကာလရှိသော ကိလေသာ သာလျှင်တည်း။ “ဘုတွာဝိဂတုပ္ပန္န”သည် ဖြစ်ပြီးခဏ အတိတ်ကာလရှိသော ကိလေသာသာလျှင်တည်း။ “သြကာသကတုပ္ပန္န”သည် ဖြစ်လတ္တံ့ အနာဂတ်ကာလ ရှိသော ကိလေသာသာလျှင်တည်း။ ထို “ဘုတွာဝိဂတုပ္ပန္န”နှင့် “သြကာသကတုပ္ပန္န” ကိလေသာ နှစ်ပါးကိုကား ပစ္စုပ္ပန်ကာလနှင့် နီးကပ်သောအတိတ်, နီးကပ်သောအနာဂတ်မှာ ဖြစ်ခြင်းကြောင့် “ဥပ္ပန္န” ဟူ၍ မိန့်ဆိုအပ်၏။ “နီးကပ်သောကာလရှိသည့် သမီပပစ္စုပ္ပန်”ဟူ၍ ဆိုလို၏။
ဌာနဖြင့် ခွဲသိရသော ကိလေသာ ၄-မျိုး
“ဘူမိလဒ္ဓုပ္ပန္န”မည်သည်ကား မိမိ၏ ခန္ဓာတို့၌ အစဉ်ကိန်းဝပ်ကုန်သော အရိယာမဂ်ဖြင့် မပယ် မစွန့်အပ်ကုန်သော အနုသယကိလေသာတို့၏သာလျှင် အမည်တည်း။
“အာရမ္မဏာဓိဂ္ဂဟိတုပ္ပန္န”မည်သည်ကား တင့်တယ်သော သုဘနိမိတ်အစရှိသော အာရုံ၌ တစ်ကြိမ် ဇောစော၍ အကြင်မျှ လောက်သော ကာလပတ်လုံး ထိုတစ်ကြိမ် စောခြင်းလျှင် အကြောင်းအရင်းရှိသော ထကြွသော ပရိယုဋ္ဌာနအဟုန်သည် မငြိမ်းသေး, ထိုမျှလောက်သော ကာလပတ်လုံး လွန်ကဲသော(စွမ်းအင်)အားအစွမ်းသို့ ရောက်သည်၏ အဖြစ်ဖြင့် တည်ကုန်သော ထို ဘူမိလဒ္ဓုပ္ပန္နအနုသယကိလေသာ တို့၏သာလျှင် အမည်ပေတည်း။ မှန်၏, အနုသယတို့ မည်သည်ကား အစမထင်သော သံသရာ၌ အဖန်တလဲလဲ ပရိယုဋ္ဌာနအဖြစ်သို့ ရောက်ကုန်သော ကိလေသာတို့၏ အစွမ်းဖြင့် အဆင့်ဆင့် အလွန်ခိုင်ခံ့သော အလွန်မြဲမြံသော အဖြစ်သို့ ရောက်ခြင်းကြောင့် ပင်ကိုအားဖြင့်လည်း အားအစွမ်းသို့ ရောက်သည် မည်ကုန်သည်သာတည်း။ တော်ရိလျော်ရိ သမန်ကာ လျှံကာ လုံ့လဖြင့် ပယ်စွန့်ခြင်းငှာ တတ်နိုင်ကုန်သည့် ကိလေသာတို့ မဖြစ်ကုန်။
ဤသို့ ပယ်စွန့်နိုင်ခဲသည့် ကိလေသာတို့ ဖြစ်ပါသော်လည်း အကြင်အခါ၌ အကြင်အကြင် အနုသယသည် အကြောင်းအထောက်အပံ့ကို ရသဖြင့် ထကြွ၏။ ထိုအခါ၌ ထိုထိုအနုသယသည် အထူးအားဖြင့် လွန်ကဲသော အားအစွမ်းသို့ ရောက်သည်၏အဖြစ်သို့ ရောက်၍ တည်၏။ အကြင်အခါ၌ကား အကြင်အကြင်အနုသယသည် ဆန့်ကျင်ဘက်ဖြစ်သော သီလစသောတရားကို ဆောက်တည်သဖြင့် နှိပ်ကွပ်ခြင်းသို့ ရောက်၏။ ထိုအခါ၌ ထိုထို အနုသယသည် နုံ့နှေးသော အားအစွမ်းသို့ ရောက်၍ တည်၏။ ဤသို့ “ဘူမိလဒ္ဓုပ္ပန္န”နှင့် “အာရမ္မဏာဓိဂ္ဂဟိတုပ္ပန္န” ကိလေသာကို မှတ်အပ်၏။
“အဝိက္ခမ္ဘိတုပ္ပန္န”မည်သည်ကား သမထ,ဝိပဿနာတို့ဖြင့် ကောင်းစွာ မနှိပ်ကွပ်အပ်ကုန်သော ထို”ဘူမိလဒ္ဓုပ္ပန္နအနုသယကိလေသာ” တို့၏သာလျှင် အမည်တည်း။ “အသမုဂ္ဃါဋိတုပ္ပန္န” မည်သည်ကား အရိယာမဂ်ဖြင့် မပယ်စွန့်အပ်ကုန်သေးသော ရအပ်သော တည်ရာဘုံရှိကုန်သော ထို”ဘူမိလဒ္ဓုပ္ပန္နအနုသယကိလေသာ”တို့၏သာလျှင် အမည်တည်း။
(ဤသို့ မဂ်ဖြင့် ပယ်သတ်ထိုက်ကုန်သော အနုသယတို့ကို ဥပ္ပန္နအဖြစ်ဖြင့် ဟောထားသော ကြောင့် ထိုအနုသယတို့၏ ပစ္စုပ္ပန်ကာလရှိသည်၏အဖြစ်ဟူသော ပရိယာယ်ကို ဆိုသင့်၏။ အနုဒီပနီ။)
မဆိုထိုက်ပုံ ၄-ချက်
အကြင့်ကြောင့်ကား လောကုတ္တရာတရားတို့မည်သည် ကိလေသာတို့၏ စင်စစ် ဆန့်ကျင်ဘက် တို့သည် ဖြစ်ကုန်၏။ ဤသို့ဖြစ်ခြင်းကြောင့် အောက်၌ ဖြစ်ကုန်သော မဂ်၌တည်ကုန် ဖိုလ်၌ တည်ကုန်သော ကျင့်ဆဲဖြစ်သော သေက္ခပုဂ္ဂိုလ် ၇-ယောက်တို့ကို မိမိ၏ မဂ်ခဏဖိုလ်ခဏတို့၌ (အသေက္ခဟုဆိုအပ်သော ရဟန္တာပုဂ္ဂိုလ်၏) အထက် အရဟတ္တမဂ်သည် ပယ်သတ်အပ်ကုန်သော မာနာနုသယ, ဘဝရာဂါနုသယ, အဝိဇ္ဇာနုသယတို့နှင့် တကွဖြစ်သော အနုသယတို့သည် ရှိကုန်၏ ဟူ၍လည်းကောင်း, ထိုအနုသယသုံးပါးတို့မှ ကင်းသော အနုသယတို့သည် ရှိကုန်၏ဟူ၍ လည်းကောင်း, အားအစွမ်းသို့ရောက်ကုန်၏ ဟူ၍လည်းကောင်း, အားအစွမ်းသို့ မရောက်ကုန် ဟူ၍လည်းကောင်း မဆိုထိုက်ကုန်။
အရှင်သာရိပုတ္တရာစကား အပြစ်မရှိ
ထို့ကြောင့် အနုသယတို့၏ ထိုကဲ့သို့ ဆိုအပ်သော ပစ္စုပ္ပန်အဖြစ်သည် ရှိပါသော်လည်း “အကယ်၍ ဖြစ်ဆဲပစ္စုပ္ပန်ကိလေသာတို့ကို ပယ်စွန့်သည် ဖြစ်အံ့။ ထိုသို့ဖြစ်လျှင် ကိလေသာ အားအစွမ်းသို့ ရောက်ဆဲသူသည် ဖြစ်ဆဲ အနုသယကိလေသာကို ဖြစ်ဆဲအရိယာမဂ်ဖြင့် ပယ်စွန့်ရာကျ၏” ဟူ၍ အရှင်သာရိပုတ္တရာ ဟောတော်မူအပ်သော စကား၌ အပြစ်မရှိဟု သိအပ်၏။
အပေါင်းပုဒ်အဖွင့်
ဤကာမရာဂါနုသယော စသည်ကို “ကာမရာဂေါ ဧဝ အနုသယော ကာမရာဂါနုသယော”ဟု အဝဓာရဏကမ္မဓာရာယ် သမာသ်ဝိဂြိုဟ် ပြုအပ်၏။ “ကာမရာဂသည်သာလျှင်ဖြစ်သော အနုသယသည် ကာမရာဂနုသယမည်၏”ဟု ဆိုလိုပေသည်။
သံယောဇဉ် ၂၀-အဖွင့်
၁၀, ၁၁။ ကောင်းစွာ ယှဉ်စပ်နှောင်ဖွဲ့တတ်ကုန်သည်ဟူသော အကြောင်းဟိတ်ကြောင့် သံယောဇဉ် တို့မည်ကုန်၏။ ထို သံယောဇဉ်တို့သည်ကား “သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသ, ကာမစ္ဆန္ဒ, ဗျာပါဒအားဖြင့် ငါးပါးကုန်သော သံယောဇဉ်တို့သည် ကာမ လောကနှင့် ပုထုဇဉ်အ ဖြစ်ဟူသော အောက်အဖို့၌ ထင်မြင်အပ်ကုန်သော သြရမ္ဘာဂိယ သံယောဇဉ်တို့ မည်ကုန်၏။ ရူပရာဂ, အရူပရာဂ, မာန, ဥဒ္ဓစ္စ, အဝိဇ္ဇာအားဖြင့် ငါးပါးကုန်သော သံယောဇဉ်တို့သည် မဟဂ္ဂုတ်နှင့် အရိယာ အဖြစ်ဟူသော အထက်အဖို့၌ ထင်မြင်အပ်ကုန်သော ဥဒ္ဓမ္ဘာဂိယသံယောဇဉ်တို့ မည်ကုန်၏”ဟု သုတ္တန်၌လည်းကောင်း, အဘိဓမ္မာ၌လည်းကောင်း ဆယ်ပါးကုန်သော သံယောဇဉ်တို့သည် လာကုန်၏။
(ထိုသို့ အဘိဓမ္မာ၌လည်းကောင်း-ဟု တစ်ဆက်တည်းအနေဖြင့် ဒီပနီကျမ်းဆရာ မိန့်သော်လည်း ဥဒ္ဓစ္စသံယောဇဉ်သည် ပါထိကဝဂ္ဂစသော သုတ္တန်၌သာ လာ၏။ အဘိဓမ္မာ၌မလာ)
(အဘိဓမ္မာ၌ လာပုံ။ ။ သုတ္တန်နည်းလာ ရူပရာဂ၊ အရူပရာဂနှစ်ပါးကို ဘဝရာဂသံယောဇဉ် တစ်ခုပြု, အဝိဇ္ဇာ၏ လက်ခွဲဖြစ်သော ဥဒ္ဓစ္စသံယောဇဉ်ကို ဖြုတ်, ဗျာပါဒဟူသော ပဋိဃသံယောဇဉ်၏ လက်ခွဲများဖြစ်သည့် ဣဿာနှင့် မစ္ဆရိယ သံယောဇဉ်တို့ကို အသစ်ထည့်။ ဤသံယောဇဉ် ဆယ်မျိုးတို့သည် အဘိဓမ္မာ၌ လာကုန်၏။ မိမိအဖွင့်။ ဓမ္မသင်္ဂဏီ ပါဠိတော် ၂၂၄-ရှု။)
ဤသုတ္တန်နည်း သံယောဇဉ်ဆယ်ပါးတို့မှတစ်ပါးကုန်သော ဣဿာနှင့် မစ္ဆရိယ သံယောဇဉ် နှစ်ပါး တို့သည်ကား အဘိဓမ္မာ၌သာလျှင် လာကုန်၏။ သုတ္တန်၌ မလာကုန်။ ထို့ကြောင့် အဘိဓမ္မာ၌သာ လာသော ထိုဣဿာနှင့် မစ္ဆရိယ သံယောဇဉ်မျိုးမှ အထူးပြုခြင်းအကျိုးငှာ “သုတ္တန္တေ”ဟု အရှင်အနုရုဒ္ဓါမထေရ်သည် မိန့်ဆိုအပ်ပြီ။
(သုတ္တန်မှာသာ ပါပြီး အဘိဓမ္မာ၌ မပါသည်မှာ ဥဒ္ဓစ္စသံယောဇဉ် ဖြစ်သည်ဟု အပြန်အားဖြင့် သိပါ။ ထိုကို ပြရန် “အပရာနိပိ” စသော အဘိဓမ္မာသံယောဇဉ်ဆယ်ပါးကို မိန့်။ မိမိအဖွင့်။)
အဘိဓမ္မာနည်း သုတ္တန်နည်း နှစ်မျိုးတို့၏လည်း ရှေ့နောက်စဉ်ထားပုံသည် ဘုရားဟော ပါဠိတော်နှင့် မညီ။ ထိုသို့ပင် မညီသော်လည်း သဘောတူသောတရားကို ပေါင်းရုံးသည်၏ အစွမ်းအားဖြင့် ဤသင်္ဂြိုဟ်ကျမ်း၌ တစ်ပါးသော အခြင်းအရာအားဖြင့် အစဉ်ကို ဆိုအပ်သည် ဖြစ်ရာ၏။ ဤသို့ မှတ်အပ်၏။
ကိလေသာ ၁၀-ပါးအဖွင့်
၁၂။ စိတ်ကို နှိပ်စက်တတ်ကုန် ကပ်ရောက်၍ ပူပန်စေတတ်ကုန်သည် ဟူသော အကြောင်း ဟိတ်ကြောင့် ကိလေသာ မည်ကုန်၏။ တစ်နည်းကား သတ္တဝါတို့ ညစ်နွမ်းကုန်ကြောင်း ညစ်နွမ်း သည်၏အဖြစ်သို့ လည်းကောင်း ယုတ်ညံ့သည်၏အဖြစ်သို့ လည်းကောင်း ရောက်ကုန်ကြောင်း ဟူသော အကြောင်းဟိတ်ကြောင့် ကိလေသာ မည်ကုန်၏။
တရားကိုယ် ကောက်နည်းအဖွင့်
၁၃။ “ကာမဘဝနာမေန”ဟူသည်ကား ဝတ္ထုကာမကို ပြတတ်သော ကာမဟူသော အမည်ဖြင့် လည်းကောင်း, ရူပဘဝအရူပဘဝကို ပြတတ်သော ဘဝဟူသော အမည်ဖြင့်လည်းကောင်း။ ထိုကဲ့သို့ရှုအပ်သော ကာမ,ဘဝဟု ဆိုအပ်သော အာရုံဖြစ်သော မှီရာဝတ္ထုရှိသည် ဟူသော အကြောင်းဟိတ်ကြောင့် “တဗ္ဗတ္ထုကာ”မည်၏။ “တထာပဝတ္တံ”ဟူသည်ကား အလေ့အကျင့်တို့ကို မှန်သည်မှတစ်ပါး အခြားသောအားဖြင့် သုံးသပ်သော (ထို)အခြင်းအရာအားဖြင့်လည်းကောင်း, “ဤအယူသည်သာလျှင် မှန်၏, တစ်ပါးသောအယူသည် အချည်းနှီးတည်း”ဟု နှလုံးသွင်းသော (ထို)အခြင်းအရာ အားဖြင့်လည်းကောင်း ခန္ဓာတို့၌ အတ္တဟု နှလုံးသွင်းသော (ထို)အခြင်းအရာ အားဖြင့် လည်းကောင်း ဖြစ်သော ဒိဋ္ဌိကိုသာလျှင် ဆိုအပ်၏။
(ဤဒီပနီ၌ရော ဋီကာကျော်၌ပါ တထာ-ကို တေန-ထည့်မဖွင့်။)
(သင်္ဂဟပါဌ် ဤနေရာကို ထောက်၍ ဒီပနီသည် ဋီကာကျော်ကို ပယ်သောကြောင့် ဤနေရာ၌ ဒီပနီက ဋီကာကျော်ကို အပယ်စကား မပြစေကာမူ မန်လည်က အောက်ပါအတိုင်း ရေးထား၏။
ကာမဘဝနာမေနာတိ ကာမဘဝသင်္ခါတာနံ အာရမ္မဏာနံ နာမေန-ဟူသော စကားဖြင့် ကာမ ဘဝစသည်ဖြင့် အာရုံအမည်နှင့် စပ်လျဉ်း၍ လာသောအရာ၌ အခြားတရားကို မကောက်ရ။ တဏှာကိုသာ ကောက်ပါဟု ဆိုလိုသည်။
ကာမီယတီတိ ကာမော-စသည်ဖြင့် အာရုံဖြစ်သော တရားကို ဝိဂြိုဟ်ပြု၍ ဥပစာစကားအားဖြင့် အာရမ္မဏိကတဏှာကို ယူရမည်ဟု ဝိဂြိုဟ်ပြုရကား ယထာကထဉ္စိ ဗျုပ္ပတ္တိ-ဟူသည်နှင့်အညီ ထိုက်သည်အားလျော်စွာ ပြုလေ။ ရှေ့နား ကာမာသဝအဖွင့် ပယ်ချက်နှင့် စပ်၍ ကြည့်လေ။ မန်လည်။)
သင်္ဂဟနှစ်ဂါထာအဖွင့်
၁၄။ “ဝတ္ထုတော”ဟူသည်ကား သဘာဝဓမ္မအားဖြင့်။ “အယံ ပါပသင်္ဂဟော = အကုသလ သင်္ဂဟော-ဤအကုသလသင်္ဂဟကို၊ နဝဓာ-ကိုးပါးသော အပြားအားဖြင့်၊ (မယာ-ငါသည်၊) ဝုတ္တော-မိန့်ဆိုအပ်၏။” ဤသည်ကား “ဝုတ္တော+အယံ နဝဓာ ပါပသင်္ဂဟော-ဝါကျအတွက် အဖြောင့် ယောဇနာတည်း။
အကုသလသင်္ဂဟ ပြီး၏။
မိဿကသင်္ဂဟ
၁၅။ ဟိတ် ၆-ပါးကို ပကိဏ်းပိုင်း၌ ဖွင့်ပြီးဖြစ်၍ ထပ်မဖွင့်။
ဈာနင် ၇-ပါးအဖွင့်
၁၆။ ကုသိုလ်အကုသိုလ်စသည် အရောပြရာ မိဿကသင်္ဂဟ-၌ အကြင်ကြောင့် ပါဏာတိပါတ-အစရှိကုန်သော အကုသိုလ်ကံတို့ကို ပြုကုန်သော သူတို့အားသော်မှလည်း စိတ်ကို အာရုံ၌ ဖြောင့်စွာပြုခြင်းမည်သည် စူးစိုက်ရှုသော ဈာန်နှင့်ကင်း၍ မပြီးစီးနိုင်။ ထိုကြောင့် “သတ္တဈာနင်္ဂါနိ” ဟူ၍ မိန့်ဆိုအပ်၏။ ကောင်းကောင်းဆိုးဆိုး အာရုံမျိုး၌ စိတ်ကို ဖြောင့်မတ်စွာ ယှဉ်စေခြင်းဟု ဆိုအပ်သော ကပ်၍ ရှုခြင်းကိစ္စ၏ အင်္ဂါ အဆောက်အဦတို့တည်း။ ဤကား ကုသိုလ်အကုသိုလ် ရောသော “ဈာနင်္ဂ”ဟူသောပုဒ်၏အနက်တည်း။
ထိုဈာနင် ၇-ပါးတို့တွင် ဒေါမနဿသည် အကုသိုလ်ဈာန်အင်္ဂါတည်း။ ကြွင်းကုန်သော ဝိတက်၊ ဝိစာရ၊ ပီတိ၊ ဧကဂ္ဂတာ၊ သောမနဿ၊ ဥပေက္ခာဈာနင်တို့သည် ကုသိုလ်အကုသိုလ်အဗျာကတ ဈာနင်တို့ မည်ကုန်၏။ ဤသို့ မှတ်အပ်၏။
မဂ္ဂင် ၁၂-ပါးအဖွင့်
၁၇။ ကောင်းသောအမှုကံ, မကောင်းသောအမှုကံတို့ဟုလည်း ဆိုအပ်ကုန်သော သုဂတိဘဝ, ဒုဂ္ဂတိဘဝ, ဝဋ်တရားမှကင်းရာ နိဗ္ဗာန်တို့ဟုလည်း ဆိုအပ်ကုန်သော အထူးထူးသော အရပ် မျက်နှာတို့၌ ထိုထိုအရပ်မျက်နှာတို့သို့ ရှေ့ရှုမျက်နှာမူဖြစ်ခြင်းဟု ဆိုအပ်သော စိတ်၏ သွားခြင်း လာခြင်းမည်သည် မှန်ကန်စွာလည်းကောင်း (သမ္မာ)၊ ဖောက်ပြန်စွာလည်းကောင်း (မိစ္ဆာ) ဖြစ်ခြင်းရှိကုန်သော ရှုမြင်ခြင်း(ဒိဋ္ဌိ) အစရှိသည်တို့ဖြင့်သာလျှင် ပြီးစီး၏ဟု သိစေခြင်းငှာ “ဒွါဒသ မဂ္ဂင်္ဂါနိ”ဟူ၍ အရှင်နုရုဒ္ဓါမထေရ်သည် မိန့်ဆိုအပ်၏။ ဖြောင့်သောသွားခြင်းဖြင့်လည်းကောင်း, ကောက်သောသွားခြင်းဖြင့် လည်းကောင်းဖြစ်သော စိတ်၏သွားခြင်း၏, လမ်းကြောင်း၏ အင်္ဂါ တို့တည်း။ အကြောင်းဥပါယ်၏ အင်္ဂါတို့တည်း။ ဤသည်ကား မဂ္ဂင်္ဂါနိ-ပထင်္ဂါနိ-ကုန်ဟူသော ပုဒ်တို့၏ အနက်တည်း။
ထိုမဂ္ဂင် ၁၂-ပါးတို့တွင် ဖောက်ပြန်သောအမြင် မိစ္ဆာဒိဋ္ဌိ၊ ဖောက်ပြန်သောအကြံ မိစ္ဆာသင်္ကပ္ပ၊ ဖောက်ပြန်သောအားထုတ်မှု မိစ္ဆာဝါယာမ၊ ဖောက်ပြန်သောတည်ကြည်မှု မိစ္ဆာသမာဓိတို့သည် မကောင်းသောအမှုကံ, ဒုဂ္ဂတိဘဝတို့ဟု ဆိုအပ်ကုန်သော အစီးအပွားမဲ့သော အရပ်တို့၌ စိတ်၏ ကောက်သော သွားခြင်းအားဖြင့် ဖြစ်သော သွားခြင်းခေါ်သော လမ်းကြောင်း၏ အင်္ဂါတို့သည် ဖြစ်ကုန်၏။ ဤမိစ္ဆာမဂ္ဂင် ၄-ပါးမှ တစ်ပါးသော သမ္မာမဂ္ဂင် ၈-ပါးတို့သည်ကား ကောင်းသော အမှုကံ, သုဂတိဘဝ, ဝဋ်မှကင်းရာ နိဗ္ဗာန်တို့ဟု ဆိုအပ်ကုန်သော အကျိုးစီးပွားနှင့် စပ်ယှဉ်သော အရပ်တို့၌ ဖြောင့်သော သွားခြင်းအားဖြင့်ဖြစ်သော သွားခြင်းခေါ်သော လမ်းကြောင်း၏ အင်္ဂါတို့သည် ဖြစ်ကုန်၏။ ဤသို့ မှတ်အပ်၏။
ဈာနင်နှင့် မဂ္ဂင် ပေါင်းမှတ်ဖွယ်
ထိုဈာနင် ၇-ပါး၊ မဂ္ဂင် ၁၂-ပါးတို့တွင် ပါဏာတိပါတကံ၌ သတ်မှုကို ကြံစည်ခြင်း ဝိတက်, သတ်မှုကို သုံးသပ်ခြင်း ဝိစာရ, သတ်မှု၌ နှလုံးမသာယာခြင်း ဒေါမနဿ, သတ်မှု၌ စိတ်တစ်ဖို့တည်း ထားသည်၏အဖြစ်ဟု ဆိုအပ်သော ဧကဂ္ဂတာ-ဟု ဆိုအပ်သော အင်္ဂါ ၄-ပါး အပေါင်းရှိသော အကုသိုလ်ဈာန်စိတ်ကို လည်းကောင်း, သတ်မှုကို ဖောက်ပြန်စွာကြံခြင်း မိစ္ဆာသင်္ကပ္ပ, သတ်မှု၌ ဖောက်ပြန်စွာအားထုတ်ခြင်း မိစ္ဆာဝါယာမ, သတ်မှု၌ ဖောက်ပြန်စွာ တည်တံ့ခြင်း မိစ္ဆာသမာဓိဟု ဆိုအပ်သော အင်္ဂါ ၃-ပါးအပေါင်းရှိသော အကုသိုလ်မဂ်စိတ်ကို လည်းကောင်း သိအပ်၏။ ဤပါဏာတိပါတအမှုမှ ကြွင်းကုန်သော ဒုစရိုက်ကံ သုစရိုက်ကံတို့၌ ဈာန်မဂ်တို့ကို ထုတ်ဆောင် ကုန်ရာ၏။
မဂ္ဂင် ၁၆-ပါး မပြဘဲ ၁၂-ပါးသာ ပြရပုံ
ကျမ်းညှိဖွယ်ကို ပြဦးအံ့, အဘိဓမ္မာဝိဘင်း၌လည်းကောင်း မဟာဝဂ္ဂသံယုတ်စသော သုတ္တန်၌ လည်းကောင်း မိစ္ဆာဝါစာ, မိစ္ဆာကမ္မန္တ, မိစ္ဆာအာဇီဝ, မိစ္ဆာသတိ-ဟူကုန်သော ဤမိစ္ဆာမဂ္ဂင် ၄-တို့သည်လည်း မဂ္ဂင်တရားအဖြစ် လာကုန်၏။ သို့သော်လည်း ဤမိစ္ဆာမဂ္ဂင် ၄-ပါးတို့သည်ကား ကုသိုလ်ဝိရတီစေတသိက် ၃-ပါး သတိစေတသိက်တို့လို တသီးတခြားရှိနေသော အကုသိုလ် စေတသိက်တရားတို့သည် မဟုတ်ကုန်။ ထိုထိုခံစားခြင်း၊ မှတ်သားခြင်း၊ ပြုပြင်ခြင်း၊ သိခြင်း ဟူသော အခြင်းအရာအားဖြင့် ဖြစ်ကုန်သော နာမ်ခန္ဓာလေးပါးတို့၏အမည် ဖြစ်ကုန်၏ဟု သဘော ထား၍ ဤသင်္ဂြိုဟ်ကျမ်း၌ အရှင်အနုရုဒ္ဓါမထေရ်သည် မပြအပ်ကုန်။
ဋီကာကျော်
ဋီကာကျော်၂၂၂-၌ကား “သုဂတိဘဝ ဒုဂ္ဂတိဘဝတို့သို့လည်းကောင်း နိဗ္ဗာန်သို့ လည်းကောင်း ရှေးရှုရောက်စေတတ်ကုန်သည်၏အဖြစ်ကြောင့် “မဂ်”မည်ကုန်၏။ ထိုမဂ်တို့၏ လမ်းကြောင်း ဖြစ်၍ ဖြစ်ကုန်သော အစိတ်အင်္ဂါတို့သည် “မဂ္ဂင်္ဂ”တို့ မည်ကုန်၏ဟု ဖွင့်ဆိုထား၏။” ထိုအဖွင့်သည် မကောင်း။ မှန်၏, အစိတ်အင်္ဂ-တို့သည် အပေါင်းမဂ္ဂ-တို့၏ အကြောင်းတရား မဖြစ်ကုန်။ မှန်၏, မဂ္ဂ-သဒ္ဒါကိုသာလျှင် လမ်းကြောင်းအနက်ဟော ပထ-ပရိယာယ်အဖြစ် အဋ္ဌကထာတို့၌ ဆိုအပ်၏။ အင်္ဂ-သဒ္ဒါကိုလမ်းကြောင်း အနက်ဟော ပထ-ပရိယာယ်အဖြစ် အဋ္ဌကထာတို့၌ မဆိုအပ်။ ဤသို့ မှတ်အပ်၏။
ဆက်၍ ထောက်ပြဦးအံ့, “တစ်နည်းကား ရှစ်ပါးသော အင်္ဂါရှိသော အပေါင်းဖြစ်သော မဂ်၏ အစိတ်အင်္ဂါ-တို့သည် “မဂ္ဂင်္ဂ”မည်၏”ဟူသော အကြင်အဖွင့်ကိုလည်း ထိုဋီကာကျော်၂၂၂-၌ ဖွင့်ဆို အပ်ပြီ။ ထိုစကားသည်လည်း လိုရင်း မရောက်။ လိုရင်းမရောက်ပုံ ထောက်ပြချက် မှန်၏, ဤ မိဿကသင်္ဂဟ၌ အချို့သော စိတ်၌ အင်္ဂါသုံးပါးရှိသော မဂ်တရား, အချို့သောစိတ်၌ အင်္ဂါလေးပါး ရှိသော မဂ်တရား, ဤသို့ အစရှိသည်ဖြင့် အထူးထူးသော အပေါင်းမဂ်ကိုသာလျှင် အလိုရှိအပ်၏။ အစိတ်အစိတ်သော မဂ်ကို အလိုမရှိအပ်။ ထို့ကြောင့် လိုရင်းမရောက်။
(ဋီကာကျော်လာ မဂ္ဂင်္ဂ-သဒ္ဒါ၏ ဝိဂြိုဟ်၂-ရပ်တွင် ပထမဝိဂြိုဟ်ဖြင့် မိစ္ဆာမဂ်, သမ္မာမဂ် ၂-ပါးနှင့် ဆက်ဆံအောင် ပြသည်။ ဒုတိယဝိဂြိုဟ်ဖြင့် အရိယာမဂ်ကိုသာ ပြသည်။ ထို့ကြောင့် ဋီကာကျော် အဖွင့် အသင့်ပင် မှတ်လေ။ မန်လည်။ ... ထိုသို့ မန်လည်ထောက်ပြရာ၌ ဋီကာကျော် အင်္ဂ-သဒ္ဒါအဖွင့်နှင့် စပ်၍ လယ်တီထောက်ပြချက်ကို ဋီကာကျော်ဘက်က ဖြေရှင်းမသွားပေ။)
ဣန္ဒြေ ၂၂-ပါးအဖွင့်
၁၈။ အစိုးရသည်၏အဖြစ်တည်းဟူသော အနက်ကြောင့် ဣန္ဒြေတို့ မည်ကုန်၏။ အစိုးရသည်၏ အဖြစ်ဟူသည် အဘယ်နည်းဟူမူ မိမိနှင့်စပ်၍ ဖြစ်ခြင်းရှိကုန်သော တရားတို့ကို မိမိ၏ မြင်ခြင်းကိစ္စ အစရှိသည်ဟု ဆိုအပ်သော အသွားအလား၌ အချင်းခပ်သိမ်း လိုက်စေခြင်းငှာ စွမ်းနိုင်သည်၏ အဖြစ်တည်း။ ဤသို့ ထိုထိုမြင်ခြင်းစသောကိစ္စတို့၌ မိမိ၏ အစိုးရသည်၏အဖြစ်ဟု ဆိုအပ်သော အစိုးရခြင်းကိစ္စကို ပြုတတ်ကုန်, ပြီးစေတတ်ကုန်သည် ဟူသော အကြောင်း ဟိတ်ကြောင့် ဣန္ဒြေတို့ မည်ကုန်၏။ အစိုးရသည်၏ အဖြစ်ကို ပြုစေတတ်ကုန်၏ ဟူသော အကြောင်းဟိတ်ကြောင့်လည်း ဣန္ဒြေတို့မည်ကုန်၏။ ဣန္ဒြေဟူသည် အစိုးရတို့, အကြီးအမှုတို့ တည်းဟု ဆိုလိုပေ၏။
ပသာဒိန္ဒြေ ၅-ပါး
ထိုဣန္ဒြေ ၂၂-ပါးတွင် ၅-ပါးကုန်သော စက္ခုအစရှိသည်တို့သည် မြင်ခြင်း အစရှိသောကိစ္စတို့၌ စက္ခုဝိညာဏ်အစရှိသည်တို့ကို အစိုးရကုန်၏။ အဘယ့်ကြောင့်နည်း ဟူမူကား အားကြီးခြင်း, အားနည်းခြင်း၊ နုံ့နှေးခြင်း, ထက်မြက်ခြင်း အစရှိသည်တို့၌ မိမိ၏အမြင် စသော အခြင်းအရာသို့ အစဉ်လိုက်စေနိုင်သည်၏အဖြစ်ကြောင့်တည်း။
ဘာဝိန္ဒြေ ၂-ပါး
ဘာဝရုပ်နှစ်ခုအပေါင်းသည် မိန်းမအခြင်းအရာလိင်အစရှိသည်တို့၏ အစွမ်းအားဖြင့် ဖြစ်ခြင်း၌ ကံစိတ်ဥတုအာဟာရတည်းဟူသော အကြောင်းလေးပါးကြောင့် ဖြစ်သော ရုပ်တို့ကိုလည်းကောင်း အလုံးစုံသော ခန္ဓာငါးပါးအပေါင်းကိုသာလျှင် လည်းကောင်း အစိုးရ၏။ အဘယ်ကြောင့်နည်း ဟူမူကား မသဏ္ဌာန်၌ တစ်ပါးသော ကျား-လိင် အစရှိသည်တို့၏အစွမ်းဖြင့်, ကျားသဏ္ဌာန်၌ တစ်ပါးသော မ-လိင်အစရှိသည်တို့၏ အစွမ်းဖြင့် မဖြစ်ခြင်းကြောင့်တည်း။ ထိုစကားသည် မှန်၏, အကြင်သန္တာန်၌ ပဋိသန္ဓေအခါ၌ မိန်းမဟု သိကြောင်း ဣတ္ထိဘာဝရုပ်သည် ဖြစ်၏။ ထိုပဋိသန္ဓေ အခါ၌ အလုံးစုံကုန်သော ကံအစရှိသောအကြောင်းတို့သည် စတုသမုဋ္ဌာန်ရုပ်အစဉ်ကို ဖြစ်စေကုန် သည်ရှိသော် မ,ဓာတ်ပါသော အခြင်းအရာနှင့် တကွသာလျှင် ဖြစ်စေကုန်၏။ တစ်ပါးသော ကျား,ဓာတ်ပါသော အစွမ်းအားဖြင့် မဖြစ်စေကုန်။ ဆန္ဒ၊ စိတ်၊ လိုလားချက်တို့ သည်လည်း ထိုမသန္တာန်၌ နုံ့နှေးသော အခြင်းအရာနှင့် တကွသာလျှင် ဖြစ်ကုန်၏။ ထိုမှ ပြန်ဘက်အားဖြင့် ယောက်ျားသန္တာန်ကို သိအပ်၏။
ဇီဝိတိန္ဒြေ
ရုပ်ဇီဝိတ, နာမ်ဇီဝိတ နှစ်ခုအပေါင်းသည် ရုပ်နာမ်အစဉ်တို့၏ ညဉ့်နေ့လနှစ်တို့၏ အစဉ်အားဖြင့် ရှည်သော အဓွန့်ကာလကို ပျံ့နှံ့စေရာ၌ အတူဖြစ်ဘက် သဟဇာတ်တရားတို့ကို အစိုးရ၏။ အဘယ်ကြောင့်နည်းဟူမူကား ထိုသဟဇာတ်တရားတို့၏ ထိုဇီဝိတနှင့် စပ်၍ ဖြစ်ခြင်းရှိသည်၏ အဖြစ်ကြောင့်တည်း။
မနိန္ဒြေ
စိတ်သည် သိခြင်းကိစ္စ၌ ယှဉ်ဘက်သမ္ပယုတ်တရားတို့ကို အစိုးရ၏။ သုခစသော ဝေဒနာငါးပါး အပေါင်းသည် ထိုထိုသုခဒုက္ခ အခြင်းအရာအားဖြင့် အာရုံ၏ အရသာကို ခံစားခြင်းကိစ္စ၌ ယှဉ်တွဲဘက် သမ္ပယုတ်တရားတို့ကို အစိုးရ၏။
(ပကိဏ်းပိုင်း ဝေဒနာသင်္ဂဟစသည်၌ ဖွင့်ပြီးဖြစ်၍ ဝေဒနိန္ဒြေငါးပါးကို မဖွင့်တော့။)
သဒ္ဓါ စသော ဣန္ဒြေ ၅-ပါး
သဒ္ဓါတရားသည် အာရုံကို ဆုံးဖြတ်ခြင်းကိစ္စ၌ ယုံမှားမဲ့သောအားဖြင့် ယှဉ်တွဲဘက် သမ္ပယုတ် တရားတို့ကို အစိုးရ၏။
ဝီရိယသည် အမှုအလုပ်၌ တွန့်တိုခြင်းမရှိသည်၏အဖြစ်၌ ယှဉ်တွဲဘက် သမ္ပယုတ်တရားတို့ကို အစိုးရ၏။
သတိသည် စိတ်၌ ဘုရားစသော အာရုံ၏ (ကပ်၍ တည်ခြင်း) ရှေ့ရှုထင်ခြင်းကိစ္စ၌ ယှဉ်တွဲဘက် သမ္ပယုတ်တရားတို့ကို အစိုးရ၏။
သမာဓိသည် အာရုံ၌ မတုန်မလှုပ် တည်ခြင်းကိစ္စ၌ ယှဉ်တွဲဘက် သမ္ပယုတ်တရားတို့ကို အစိုးရ၏။
ပညိန္ဒြေ
ပညာသည် မတွေဝေခြင်းကိစ္စ၌ ယှဉ်ဘက်သမ္ပယုတ်တရားတို့ကို အစိုးရ၏။ အဘယ်ကြောင့်နည်း ဟူမူကား တစ်ပါးသောတရားတို့သည် မလွှမ်းမိုးမနှိပ်စက်အပ် သည်၏အဖြစ်ဖြင့် ဖြစ်ခြင်းကြောင့်တည်း။
ထိုစကားကို ဥပမာဖြင့် ထင်စွာပြအံ့, ပထဝီဓာတ်လွန်ကဲသော ကျောက်၌ရှိသော မြေခက်မာမှုကို အတူဖြစ်ဘက်ရေစသော သဟဇာတ်တရားတို့သည် မလွှမ်းမိုးမနှိပ်စက်အပ်ကုန်။ မြေခက်မာမှုကိုယ်တိုင်ကသာလျှင် ထိုအတူဖြစ်ဘက်ရေစသော သဟဇာတ်တရားတို့ကို လွှမ်းမိုး၍ အသီးအခြား ထင်ရှား မရှိသကဲ့သို့ပြု၍ ဖြစ်ခြင်းကဲ့သို့လည်းကောင်း, ရေ၌ရှိသော ယိုစီးမှုကို အတူဖြစ်ဘက်မြေစသော သဟဇာတ်တရားတို့သည် မလွှမ်းမိုးမနှိပ်စက်အပ်ကုန်။ ယိုစီးမှုရေ ကိုယ်တိုင်ကသာလျှင် ထိုအတူဖြစ်ဘက် မြေစသော သဟဇာတ်တရားတို့ကို လွှမ်းမိုး၍ အသီး အခြား ထင်ရှားမရှိသကဲ့သို့ပြု၍ ဖြစ်ခြင်းကဲ့သို့လည်းကောင်း၊
မီး၌ရှိသော လောင်ကျွမ်းမှုကို အတူဖြစ်ဘက်လေစသော သဟဇာတ်တရားတို့သည် မလွမ်းမိုး မနှိပ်စက်အပ်ကုန်။ လောင်ကျွမ်းမှုမီးကိုယ်တိုင်ကသာလျှင် ထိုအတူဖြစ်ဘက်လေစသော သဟဇာတ် တရားတို့ကို လွှမ်းမိုး၍ အသီးအခြား ထင်ရှားမရှိသကဲ့သို့ ပြု၍ ဖြစ်ခြင်းကဲ့သို့ လည်းကောင်း, လေ၌ရှိသော ထောက်ကန်မှုကို အတူဖြစ်ဘက်မီးစသော သဟဇာတ်တရားတို့သည် မလွမ်းမိုး မနှိပ်စက်အပ်ကုန်။ ထောက်ကန်မှု လေကိုယ်တိုင်ကသာလျှင် ထိုအတူဖြစ်ဘက် မီးစသော သဟဇာတ်တရားတို့ကို လွှမ်းမိုး၍ အသီးအခြား ထင်ရှားမရှိသကဲ့သို့ပြု၍ ဖြစ်ခြင်းကဲ့သို့ လည်းကောင်း, ဤသို့ ဤဥပမာ၏ ပြည့်စုံခြင်းကို ပညာက ကျောက်မြေနှင့် တူပြီး ထို ပညာနှင့် တွဲဖြစ်ပေါ်သော တရားတို့က ရေစသောတရားတို့နှင့် တူပုံဖြင့် မှတ်အပ်၏။
အနညာတညဿာမီတိန္ဒြေ
သစ္စာလေးပါးကို ထိုးထွင်း၍ သိအပ်ပြီးပြီဟူသော အကြောင်းဟိတ်ကြောင့် “အညာတ”မည်၏။ ထိုအညာတမဟုတ်ခြင်းသည် အနညာတ မည်၏။ ထိုအညာတပုဒ်အရ သိပြီးသစ္စာလေးပါး တရားကို အရကောက်အပ်၏။ တစ်နည်းကား သိပြီး အမြိုက်နိဗ္ဗာန်ကို အရကောက်အပ်၏။ မသိအပ်သေးသော သစ္စာလေးပါးတရားကို (ဝါ) နိဗ္ဗာန်တရားကို သိအံ့ဟူသော အကြောင်း ဟိတ်ကြောင့် “အနညာတညဿာမိ”မည်၏။
မှန်၏, အာချာတ်ကြိယာပုဒ်သည်လည်း အမည်ဟောသဒ္ဒါ၏အဖြစ်၌ တည်သော် နာမ်ပုဒ်အရာ၌ တည်၏။ မက္ခလိဂေါသာလ-၌ ခလိ-ဟူသော ကြိယာ, ဧဟိပဿိကော-၌ ဧဟိ-ကြိယာကဲ့သို့တည်း။ အကျိုးရလဒ်ကို ဆိုဦးအံ့, ဤသို့ “အမည်ပြုလုပ်၊ အာချာတ်ပုဒ်၊ မယုတ် နာမ်ဖြစ်မြဲ”ဟု ယူသည်ရှိသော် ထိုအာချာတ်ပုဒ်၏ နာမ်ပုဒ်တစ်ပါးနှင့် သမာသ်ပုဒ်အဖြစ်သည် သဒ္ဒါနည်းနှင့် မဆန့်ကျင်ပေ။ ဤသို့ သိအပ်၏။ မသိအပ်သေးသော သစ္စာလေးပါးတရားကို သိအောင်ပြုအံ့ဟု ကျင့်သောပုဂ္ဂိုလ်၏ ဣန္ဒြေသည် “အနညာတညဿာမီတိန္ဒြေ”မည်၏။
ရှေးဦးစွာ ရုပ်နာမ်ကို နှလုံးသွင်းသည်မှ အစပြု၍ ထိုသို့သဘောရှိသော လုံ့လနှင့်တကွ ဝိပဿနာကို အားထုတ်သည် ရှိသော် ထိုလုံ့လသည် မငြိမ်းမီ (အရှိန်မကျမီ)သာလျှင် သောတာပတ္တိမဂ်ကို ရအပ်သောပုဂ္ဂိုလ်၏ ဣန္ဒြေဖြစ်သည်ဟု ဆိုလိုပေ၏။
အညိန္ဒြေ
သိတတ်သည်ဟူသော အကြောင်းဟိတ်ကြောင့် “အည”မည်၏။ ထိုအညသည်ပင်လျှင် ဣန္ဒြေ မည်သည်ဟူသော အကြောင်းဟိတ်ကြောင့် “အညိန္ဒြေ”မည်၏။ မသိဖူးသေးသော သစ္စာ တရားကို ပဌမသောတာပတ္တိမဂ်ဖြင့် သိပြီးစေကာမူ ကိလေသာကို ပယ်ခြင်းကိစ္စ၏ မပြီးဆုံးသေး သည်၏ အဖြစ်ကြောင့် ထိုသိခြင်းကိစ္စ၏ ပြု၍ မပြီးသေးသည်၏အဖြစ်ဖြင့် မြင်မြဲတိုင်းသော ထိုသစ္စာလေးပါး တရား၌ သာလျှင်-လည်းကောင်း ထိုအမြိုက်နိဗ္ဗာန်၌ သာလျှင်-လည်းကောင်း အဖန်တလဲလဲ သိခြင်းကိစ္စနှင့် ယှဉ်ကုန်သောအလယ်သေက္ခပုဂ္ဂိုလ် ၆-ယောက်တို့၏ ဣန္ဒြေ ပေတည်းဟု ဆိုလို၏။
(‘သာလျှင်’--ဟူသော စကားဖြင့် ပထမမဂ်ဖြင့် သိထားပြီးသား သစ္စာလေးပါး၊ နိဗ္ဗာန် အပိုင်းအခြား ကို မလွန်ဘဲ မဆန့်ကျင်ဘဲ သိသည်ဟု ဆိုလိုသည်။)
အညာတာဝိန္ဒြေ
သိပြီးသော ပြီးပြီးသော သိခြင်းကိစ္စရှိသော ရဟန္တာပုဂ္ဂိုလ်၏ ဣန္ဒြေဟူသော အကြောင်း ဟိတ်ကြောင့် “အညာတာဝိန္ဒြေ”မည်ပေ၏။ ထိုလောကုတ္တရာဣန္ဒြေသုံးပါး၌ ထိုသိုသဘောရှိသော သစ္စာတရားကို သိခြင်း၌ ယှဉ်ဘက်သမ္ပယုတ်တရားတို့ကို အစိုးရမှုသည် ဣန္ဒြေ၏ကိစ္စတည်းဟု သိအပ်၏။
ဣန္ဒြေ ၂၂-ပါး ဟောရပုံ အစီအစဉ်
ထိုဣန္ဒြေ ၂၂-ပါး၌ ဤသတ္တဝါတို့၏ ထင်ရှားသော ရုပ်အပေါင်း၌ အတ္တကောင်ဟု ယူခြင်း၏ မြဲမြံသော သဘောသည်လည်းကောင်း, ထိုအတ္တကောင်ဟု ယူခြင်းမှ လွတ်မြောက်သောသဘော သည်လည်းကောင်း ဤပသာဒရုပ်တရားတို့ကို ပိုင်းခြား၍ မသိခြင်းကြောင့် လည်းကောင်း, ပိုင်းခြား၍ သိခြင်းကြောင့်လည်းကောင်း ဖြစ်သည်ဟု ပြခြင်းငှာ အစ၌ ငါးပါးကုန်သော ပသာဒိန္ဒြေ တို့ကို မိန့်ဆိုအပ်ကုန်၏။
ထင်ရှားသော ရုပ်အပေါင်း၌ အယူမှားသော ထိုအတ္တကောင်၏ မိန်းမသဘာဝ ယောက်ျားသဘာဝ ခြားနားချက်သည် ဤဘာဝရုပ်နှစ်ပါးတို့၏ အစွမ်းအားဖြင့် ဖြစ်၏။ တစ်နည်းကား ထိုဘာဝရုပ် နှစ်မျိုး၌ (တစ်နည်း-ထိုအတ္တကောင်၌) မိန်းမကောင် ယောက်ျားကောင်ဟု ယူခြင်းသည် လည်းကောင်း, ထို အတ္တကောင်ဟု ယူခြင်းမှ လွတ်ခြင်းသည် လည်းကောင်း ဤဘာဝရုပ်နှစ်မျိုး တို့ကို ပိုင်းခြား၍ သိခြင်းကြောင့်လည်းကောင်း ပိုင်းခြား၍ မသိခြင်းကြောင့် လည်းကောင်း ဖြစ်သည်ဟု ပြခြင်းငှာ ထိုပသာဒိန္ဒြေတို့၏ အခြားမဲ့၌ ဘာဝိန္ဒြေနှစ်ခုအပေါင်းကို မိန့်ဆိုအပ်၏။
ထင်ရှားသော ရုပ်အပေါင်းနာမ်အပေါင်း၌ အယူမှားသော ထိုအတ္တကောင်သည်လည်း ဤရုပ် ဇီဝိတ-နာမ်ဇီဝိတတရားနှစ်ပါး၏ အစွမ်းအားဖြင့် ဇီဝကောင်ဟူသော အမှတ်သညာကို ရအပ်၏။ တစ်နည်းကား ထိုရုပ်ဇီဝိတ- နာမ်ဇီဝိတ တရားနှစ်ပါးအပေါင်း၌ ဇီဝကောင်ဟု ယူခြင်းသည် လည်းကောင်း ထိုဇီဝကောင်ဟု ယူခြင်းမှ လွတ်ခြင်းသည် လည်းကောင်း ဤဇီဝိတိန္ဒြေကို ပိုင်းခြား၍ မသိခြင်းကြောင့်လည်းကောင်း ပိုင်းခြား၍ သိခြင်းကြောင့်လည်းကောင်း ဖြစ်သည်ဟု ပြခြင်းငှာ ထိုဘာဝိန္ဒြေနှစ်ခု၏ အခြားမဲ့၌ ဇီဝိတိန္ဒြေကို ဆိုအပ်၏။
ဤဇီဝိတိန္ဒြေကိုကား ဘာဝိန္ဒြေနှစ်ခုအပေါင်းမှ ရှေ့၌ ဆိုသင့်ဆိုထိုက်သော်လည်း ဤဣန္ဒြေ၌ ရုပ်နာမ်နှစ်ပါးရောနေသည်၏အဖြစ်ကြောင့် ထိုဘာဝိန္ဒြေနှစ်ခုအပေါင်း၏ နောက်၌ ဆိုအပ်သည်ဟု သိအပ်၏။
နာမ်အဖွဲ့အစည်း၌ အတ္တကောင်ဟု ယူခြင်း၏ မြဲမြံသော သဘောသည် လည်းကောင်း၊ ထို အတ္တကောင်ဟု ယူခြင်းမှ လွတ်သောသဘောသည်လည်းကောင်း ဤစိတ်တရားကို ပိုင်းခြား၍ မသိခြင်းကြောင့်လည်းကောင်း ပိုင်းခြား၍ သိခြင်းကြောင့်လည်းကောင်း ဖြစ်သည်ဟု ပြခြင်းငှာ နာမ်ဣန္ဒြေတို့တွင် မနိန္ဒြေကို အစ၌ မိန့်ဆိုအပ်ပြီ။
နာမ်ရှိသော ထိုအတ္တကောင်အယူသည်လည်း ဤသုခစသော ဣန္ဒြေတို့၏ အစွမ်းအားဖြင့် ညစ်နွမ်းမှုအမျိုးမျိုးက ညစ်နွမ်းစေအပ်သည် လည်းကောင်း ချမ်းသာ ဆင်းရဲအမျိုးမျိုးက တုန်လှုပ်စေအပ်သည်လည်းကောင်း ဖြစ်၏။ တစ်နည်းကား ထိုအတ္တကောင်အယူ၌ ချမ်းသာသို့ ရောက်သော သုခိတသတ္တဝါ, ဆင်းရဲသို့ ရောက်သော ဒုက္ခိတသတ္တဝါဟု စွဲလန်းခြင်းသည် လည်းကောင်း ထိုစွဲလန်းခြင်းမှ လွတ်ခြင်းသည် လည်းကောင်း ဤသုခစသော ဣန္ဒြေတရားတို့ကို ပိုင်းခြား၍ မသိခြင်းကြောင့်လည်းကောင်း ပိုင်းခြား၍ သိခြင်းကြောင့်လည်းကောင်း ဖြစ်သည်ဟု ပြခြင်းငှာ ထိုမနိန္ဒြေ၏အခြားမဲ့၌ ဝေဒနိန္ဒြေငါးပါးအပေါင်းကို မိန့်ဆိုအပ်၏။
ညစ်နွမ်းသော ထိုအတ္တကောင်အယူမှ ဖြူစင်ခြင်းသို့ ရောက်ခြင်း၏, တစ်နည်းကား ထိုထို စွဲလန်းခြင်းမှ လွတ်ခြင်း၏ အနတ္တအကျင့်ပဋိပတ်ကို ပြခြင်းငှာ ထိုဝေဒနိန္ဒြေ ငါးပါးတို့၏အခြားမဲ့၌ သဒ္ဓိန္ဒြေငါးပါးအပေါင်းကို မိန့်ဆိုအပ်၏။
ထိုအနတ္တအကျင့်ပဋိပတ်ကြောင့် ဖြူစင်ခြင်းဝေါဒါန်သို့ ရောက်ခြင်း၏ အစအလယ်-အဆုံးကို ပြခြင်းအကျိုးငှာ နောက်ဆုံး၌ သုံးပါးကုန်သော လောကုတ္တရာဣန္ဒြေတို့ကို မိန့်ဆိုအပ်ကုန်၏။ ဤသို့ သိအပ်၏။
(ဒီပနီလာ တဿ အတ္တဿ၊ သော စ အတ္တာ၊ သော စ အရူပီ အတ္တာ-အရေးအသား၌ ပရမတ် အားဖြင့် မရှိသော အတ္တကို မရှိသည့်အတိုင်း မှတ်ယူစေရန် မွမ်းမံပြင်ဆင်ဘာသာပြန်ထား ပေသည်။ နိဿယမူနှင့်ပါ ညှိကြည့်ပါ။)
ဋီကာကျော်
ဋီကာကျော်၂၃၂-၌ကား “ဤမျှအတိုင်းအရှည်ရှိသော ဣန္ဒြေ၂၂-ပါးဖြင့် အလိုရှိအပ်သော အနက် အဓိပ္ပာယ်ပြီးစီးသောကြောင့် အခြားသော တရားတို့ကို ဣန္ဒြေစာရင်းသွင်း၍ မယူတော့ခြင်းသည် ဖြစ်၏”ဟု ဖွင့်ဆိုထား၏။ ထိုစကားသည် မသင့်။ မှန်၏, တစ်ပါးကုန်သော ဣန္ဒြေဖြစ်ခြင်းငှာ ထိုက်ကုန်သော တရားတို့သည် ရှိကုန်သော်လည်း ဤမျှအတိုင်းအရှည်ဖြင့် အလိုရှိအပ်သော အကျိုးပြီးခြင်းကြောင့် တစ်ပါးကုန်သော ထိုတရားတို့ကို မြတ်စွာဘုရား၏ လည်းကောင်း အရှင် အနုရုဒ္ဓါထေရ်၏လည်းကောင်း မယူခြင်းသည် ဖြစ်၏, ဤသို့ဆိုခြင်းငှာ မသင့်။ အဘယ်ကြောင့် နည်းဟူမူကား ဣန္ဒြေဖြစ်ခြင်းငှာ ထိုက်သော တစ်ပါးသောတရား၏ မဖြစ်သင့်ခြင်းကြောင့်တည်း။ မှန်၏, အကယ်၍ ဖြစ်သင့်ငြားအံ့, တစ်ရာကိုလည်းကောင်း တစ်ထောင်ကို လည်းကောင်း မြတ်ဘုရားနှင့် အရှင်အနုရုဒ္ဓါမထေရ်သည် ယူမည်သည်သာလျှင်တည်း။ ဤသို့ သိအပ်၏။
(လယ်တီဋီကာ မျက်နှာနံပါတ် ၄၅၁-ပယ်ချက်၌ လယ်တီဆရာသည် ဣန္ဒြေ ၂၂-ပါးကိုသာ တွေ့ဖူးသည်။ သည်မှတစ်ပါး လောကီ ကပ္ပတန်ဆာ ဆေးကျမ်းလာသည်ကို မတွေ့ဖူးသော်လည်း သက္ကဋဘုဿုဆေးကျမ်း၌ နားဣန္ဒြေ၊ အရေ၊ စက္ခု၊ လျှာ၊ ဃာန၊ စကား၊ ဥအင်္ဂါဇာတ်၊ ဝစ္စမဂ်ချေး၊ စိတ်ဣန္ဒြေ လာ၏။ ထိုသို့လာရာ၌ စကားဣန္ဒြေကို ယူသဖြင့် ကာယိန္ဒြေ၌ အတွင်းဝင်သောကြောင့် အသီးအခြား ယူဖွယ်မရှိသောကြောင့် အဓိပ္ပေတတ္ထသိဒ္ဓိ-ဟု ဋီကာကျော်ဆရာ ဆိုသည်။ ထို့ကြောင့် ဋီကာကျော်အတိုင်း သင့်၏။ မန်လည်။)
ဗိုလ် ၉-ပါးအဖွင့်
၁၉။ ဖြစ်တိုင်းဖြစ်တိုင်းကုန်သော ဆန့်ကျင်ဘက်တရားတို့ကို နှိပ်စက်တတ်ကုန် ညှဉ်းဆဲတတ်ကုန် နင်းနယ်တက်ကုန်သည်ဟူသော အကြောင်းဟိတ်ကြောင့် ဗိုလ်တို့ မည်ကုန်၏။ အဘယ်ကဲ့သို့ နည်းဟူမူကား “အဗလာ-အားမရှိကုန်သောသူတို့သည်၊ နံ-ထိုသူ့ကို၊ ဗလိယန္တိ-နှိပ်စက်ကုန်၏။ နံ-ထိုသူ့ကို၊ ပရိဿယာ-ဘေးရန်တို့သည်၊ မဒ္ဒန္တေ-နှိပ်စက်ကုန်၏”ဟူသကဲ့သို့တည်း။ ဆက်၍ ဆိုဦးအံ့, ဤသာဓက၌ “အဗလာ” ဟူသည်ကား အားမရှိကုန်သော။ “နံ”ဟူသည်ကား ယုတ်လျော့သော ဝီရိယရှိသော လူကို။ “ဗလိယန္တိ” ဟူသည်ကား အား-အားဖြင့် ရောက်ကုန်၏၊ လွှမ်းမိုးကုန်၏။ “ပရိဿယ” ဟူသည်ကား အဗလမည်ကုန်သော ရာဂအစရှိသော ဘေးရန်တို့ တည်း။ ဤသည်ကား သာဓကဝါကျ၏ အနက်တည်း။
တစ်နည်းသော်ကား အကြင်ကြောင့် ဆန့်ကျင်ဘက်တရားတို့သည် မတုန်လှုပ်စေအပ်သော အနက်, မချောက်ချားစေအပ်သောအနက်ကြောင့် ဗိုလ်တို့ မည်ကုန်၏။ ထို့ကြောင့် သဒ္ဓါမွဲမှု၏ အဖြစ်ဟု ဆိုအပ်သော ဆန့်ကျင်ဘက်ဖြစ်သောတရားသည် တုန်လှုပ် စေခြင်းငှာ မတတ်ကောင်း သည်၏အဖြစ်သည် “သဒ္ဓါဗိုလ်”မည်၏။ ဝီရိယသည် အမှုအလုပ်၌ တွန့်တိုခြင်းမရှိသည်၏အဖြစ်၌ ယှဉ်တွဲဘက် သမ္ပယုတ်တရားတို့ကို အစိုးရ၏။ ပျင်းရိမှု၏ အဖြစ်ဟု ဆိုအပ်သော ဆန့်ကျင်ဘက် တရားသည် တုန်လှုပ်စေခြင်းငှာ မတတ်ကောင်းသည်၏ အဖြစ်သည် “ဝီရိယဗိုလ်”မည်၏။ လွတ်သော သတိရှိသော ပုဂ္ဂိုလ်၏အဖြစ်ဟု ဆိုအပ်သော ဆန့်ကျင်ဘက် တရားသည် တုန်လှုပ်စေခြင်းငှာ မတတ်ကောင်းသည်၏ အဖြစ်သည် “သတိဗိုလ်”မည်၏၊ ပျံလွင့်မှုဥဒ္ဓစ္စဟု ဆိုအပ်သော ဆန့်ကျင်ဘက်တရားသည် တုန်လှုပ်စေခြင်းငှာ မတတ်ကောင်းသည်၏အဖြစ်သည် “သမာဓိဗိုလ်”မည်၏။ သစ္စာမသိမှု အဝိဇ္ဇာဟု ဆိုအပ်သော ဆန့်ကျင်ဘက်တရားသည် တုန်လှုပ်စေခြင်းငှာ မတတ်ကောင်းသည်၏အဖြစ်သည် “ပညာဗိုလ်”မည်၏။ ကြွင်းသော ဟီရိဗိုလ် သြတ္တပ္ပဗိုလ်၊ အဟိရိကဗိုလ် အနောတ္တပ္ပဗိုလ်- ဒုက်နှစ်ခုအပေါင်းကိုကား အချင်းချင်း ဆန့်ကျင်ဘက်တရားဖြင့် ယှဉ်စေအပ်ကုန်၏။
(အရှက်မဲ့မှု အဟိရိကအကုသိုလ်ဟု ဆိုအပ်သော ဆန့်ကျင်ဘက်တရားသည် တုန်လှုပ်စေခြင်းငှာ မတတ်ကောင်းသည်၏ အဖြစ်သည် “ဟီရိဗိုလ်” မည်၏။ မကြောက်မလန့်မှု အကုသိုလ်ဟု ဆိုအပ်သော ဆန့်ကျင်ဘက်တရားသည် တုန်လှုပ်စေခြင်းငှာ မတတ်ကောင်းသည်၏အဖြစ်သည် “သြတ္တပ္ပဗိုလ်”မည်၏။ အရှက်ရှိမှုဟိရိကုသိုလ်ဟု ဆိုအပ်သော ဆန့်ကျင်ဘက်တရားသည် တုန်လှုပ်စေခြင်းငှာ မတတ်ကောင်းသည်၏အဖြစ်သည် “အဟီရိကဗိုလ်”မည်၏။ ကြောက်လန့်မှု သြတ္တပ္ပကုသိုလ်ဟု ဆိုအပ်သော ဆန့်ကျင်ဘက်တရားသည် တုန်လှုပ်စေခြင်းငှာ မတတ်ကောင်း သည်၏ အဖြစ်သည် “အနောတ္တပ္ပဗိုလ်”မည်၏။ ဤကား အချင်းချင်း ဆန့်ကျင်ဘက်အားဖြင့် ယှဉ်နည်း။)
ဋီကာကျော်
ဋီကာကျော်၂၂၃-၌ကား အဟိရိက အနောတ္တပ္ပ အကုသိုလ်ဗိုလ်နှစ်ခုအပေါင်းကို ဟိရိ သြတ္တပ္ပ ကုသိုလ်ဗိုလ်ဟု ဆိုအပ်သော ဆန့်ကျင်ဘက်တရားဖြင့် အချင်းချင်း ယှဉ်စေခြင်းငှာ မရအပ်ဟု နှလုံးသွင်း၍ “အဟိရိကအနောတ္တပ္ပဗိုလ် နှစ်ပါးအပေါင်းသည်ကား သမ္ပယုတ်တရားတို့၌ ခိုင်မြဲသည်၏အဖြစ်ကြောင့်သာလျှင် ဗိုလ်မည်၏” ဟူ၍ မိန့်ဆိုအပ်ပြီ။ ထိုစကားသည် မကောင်း။ အဘယ်ကြောင့်နည်းဟူမူကား သမ္ပယုတ်တရားတို့၌ မြဲမြံသည်၏အဖြစ် ဟူသည်လည်းကောင်း, ဆန့်ကျင်ဘက်တရားတို့သည် မတုန်လှုပ်စေအပ်သည်၏ အဖြစ်ဟူသည်လည်းကောင်း အနက် အားဖြင့် အထူးမရှိသည်၏အဖြစ်ကြောင့်တည်း။ ဤသို့ မကောင်းပုံကို သိအပ်၏။
(လယ်တီဋီကာကား အပိစ-အဖွင့်အရ ဗလ-သဒ္ဒါ မတုန်လှုပ်ခြင်းအနက်ကို ဟော၏ဟု ယူသည်။ ဋီကာကျော်၌ကား မတုန်လှုပ်ခြင်းအနက် မြဲမြံခြင်းအနက် ၎င်းနှစ်ပါး ဟောသည်ဟု ယူရမည်။ နာမရူပပရိစ္ဆေဒကျမ်း၌ လာသည့် အားလျော်စွာ ဋီကာကျော်ဆရာသည် ဤနှစ်ပါးသော အနောတ္တပ္ပ, အဟိရိက အကုသိုလ်ဗိုလ်တို့၌ ဆန့်ကျင်ဘက်အားဖြင့် မထင်ရှားသော သဘော အားဖြင့် အားရှိခြင်းထင်ရှားသည်ဟု နှလုံးသွင်း၍ ဆိုသည်။ ထို့ကြောင့် ဋီကာကျော်အတိုင်းပင် ဤအရာ၌ မြဲမြံဆိုသည်ကား သဘောအားဖြင့် အားရှိသည်ကိုပင် ဆိုသည်။ မန်လည်။)
ဗိုလ်ကို ကုသိုလ် အကုသိုလ် အဗျာကတအားဖြင့် ခွဲပုံ
ဝီရိယဗိုလ်၊ သမာဓိဗိုလ်တို့သည် ကုသိုလ်, အကုသိုလ်, အဗျာကတဗိုလ်တို့ မည်ကုန်၏။ အဟိရိကဗိုလ်၊ အနောတ္တပ္ပဗိုလ်တို့သည် အကုသိုလ်ဗိုလ်တို့ မည်ကုန်၏။ ကြွင်း သဒ္ဓါ၊ သတိ၊ ပညာ၊ ဟိရိ၊ သြတ္တပ္ပ ဗိုလ် ၅-ပါးတို့သည် ကုသိုလ်အဗျာကတဗိုလ်တို့ မည်ကုန်၏ဟု သိအပ်၏။
အဓိပတိ ၄-ပါးအဖွင့်
၂၀။ ဤ”အဓိပတိ”ဟူသော ဤပါဌ်၌ “ပတိ”ဟူသည်ကား အရှင်တည်း, အစိုးရတည်း။ ထို အစိုးရသည်ကား တစိတ်တစ်ဒေသကို အစိုးရသူ, အလုံးစုံကို အစိုးရသူအားဖြင့် နှစ်ပါးအပြားရှိ၏။ ထိုနှစ်ပါးတို့တွင် ဣန္ဒြေတို့သည် သဟဇာတ်တရားတို့၌ အခြားဣန္ဒြေတို့၏အရာ၌ မိမိက သူတစ်ပါးအလို၌ လိုက်ပါပြီးမှ မိမိ၏ အရာ၌သာလျှင် အခြားဣန္ဒြေတို့ကို မိမိ၏အလိုသို့ လိုက်ပါစေ ကုန်သောကြောင့် တစ်စိတ်တစ်ဒေသကို အစိုးရသည် မည်ကုန်၏။ ရှေ့အဖို့၌ ပြုပြင်ခြင်း၏ အစွမ်းအားဖြင့်လည်းကောင်း ရှေး၌ ရောက်ကြောင်း၏ အစွမ်းအားဖြင့်လည်းကောင်း အထူးပြု၍ ဖြစ်သော အလွန်စွဲမြဲစွာ ရပ်တည်ခြင်းသို့ ရောက်သည်ရှိသော် အခြားအဖော်ဖြစ်သော အစိုးရ မည်သည် မရှိ။ ထို့ကြောင့် လွန်ကဲသော အရှင်သခင်ဟူသော အကြောင်းဟိတ်ကြောင့် အဓိပတိ မည်၏။ မိမိနှင့်စပ်၍ ဖြစ်ကုန်သော တရားတို့၏ အစိုးရသခင်ဟူသော (ဆဋ္ဌီတပ္ပုရိသ်သမာသ်) အကြောင်းဟိတ်ကြောင့်လည်း “အဓိပတိမည်၏”ဟု ဆရာတို့ ဆိုကုန်၏။
ဆန္ဒသည်ပင်လျှင် အဓိပတိ တည်းဟူသော အကြောင်းဟိတ်ကြောင့် ဆန္ဒာဓိပတိ မည်၏။ ထိုဆန္ဒာဓိပတိပုဒ်အရ “ဆန္ဒရှိသောသူအား အဘယ်မည်သော အမှုသည် မပြီးဘဲ ရှိအံ့နည်း”ဟု ရှေ့အဖို့၌ ပြုပြင်ခြင်း၏အစွမ်းအားဖြင့်လည်းကောင်း ရှေးအတိတ်ဘဝတို့၌ မြဲမြံစွာ မှီဝဲအပ်သော ဆန္ဒတည်းဟူသော လာရောက်ကြောင်း၏အစွမ်းအားဖြင့် လည်းကောင်း ဥပမာအားဖြင့် ကြီးစွာသော ရေအယဉ်သည် မြက်သစ်ရွက်အမှိုက်တို့ကို မိမိဟု ဆိုအပ်သော သူတစ်ပါးနှင့် ဆက်စပ်သည်တို့ကို ပြုသကဲ့သို့ ထို့အတူ ထိုထိုကောင်းသော အမှု မကောင်းသောအမှုတို့၌ သမ္ပယုတ်တရားတို့ကို မိမိဟု ဆိုအပ်သော သူတစ်ပါးနှင့် ဆက်စပ်သည်တို့ကို အမြဲတမ်း ချီကြွအပ်သော တာဝန်ရှိသည်တို့ကို ပြု၍ ဖြစ်သော ပြုလိုကာမျှ ဖြစ်သောဆန္ဒကို ရအပ်၏။ ကြွင်းသော ဝီရိယ, စိတ္တ, ဝီမံသ အဓိပတိတို့၌ ဤဆန္ဒာဓိပတိနည်းတူ ဥပမာကိုပါ ဆောင်၍ မှတ်အပ်၏။
(ပရမတ္ထဒီပနီနှင့် အနုဒီပနီ၂-စောင်လုံး၌ “အတ္တပရာဓီနေ”ဟု ပုဒ်ရှိသည့်အတိုင်း ဘာသာ ပြန်ထားသည်။ အတ္တ+ပတိ+အဓီနေ-အတ္တပတီဓီနေ-ဟု ပုဒ်ပြု၍ ပရ-အစား ပတိ-ပုဒ်ဖြင့် ရှိသော် “မိမိဟု ဆိုအပ်သော အရှင်သခင်နှင့် ဆက်စပ်သည်တို့ကို”ဟု အနက်ရသဖြင့် အဓိပ္ပာယ်ပိုရှိ၏။)
စောဒနာဖွယ်ကို ပြဦးအံ့, ဤအဓိပတိ၌ နောက်၌ဖြစ်ကုန်သော ၃-ပါးကုန်သော ဝီရိယ၊ စိတ္တ၊ ဝီမံသာဓိပတိတရားတို့သည် အဓိပတိသဘောကို ယူကုန်သည် ရှိသော် ဣန္ဒြေသဘောကို မစွန့်မူကုန်၍သာလျှင် ယူတတ်ကုန်သောကြောင့် အဓိပတိ ဖြစ်ကုန်သည်သာလျှင် ဖြစ်ကုန်လျက် ဣန္ဒြေကိစ္စ၏အစွမ်းအားဖြင့် သူတစ်ပါးအလို၌လည်း လိုက်ကုန်သည် ဖြစ်ကုန်၏။ ထိုအခါ၌ ထို အဓိပတိ ၃-ပါးတို့အား အဓိပတိသဘော မရှိသည်မဟုတ်လောဟု စောဒနာဖွယ်ရှိ၏။ အဖြေကား- ထိုစောဒနာအတိုင်း မှန်၏, သို့သော် အဓိပတိကိစ္စက တစ်ပါးတခြား, ဣန္ဒြေကိစ္စက တစ်ပါးတခြား ဖြစ်သောကြောင့် ဤအဓိပတိနှင့် ဣန္ဒြေ သရုပ်တူရာ၌ အပြစ်မရှိဟု သိအပ်၏။
(အဓိပတိလေးပါး၌ ဆန္ဒသည် အဓိပတိမှာ ပါသည်။ ဣန္ဒြေ၂၂-ပါးမှာ မပါ။ ကျန် အဓိပတိ ၃-ပါး ကား ဣန္ဒြေ၂၂-ပါး၌လည်း ပါဝင်သည်။ ထိုသဘောသိထားမှ အထက်ပါ အဖွင့်ကို နားလည်မည်။)
မှန်၏, ဥပမာကား စကြာဝတေးမင်းသည် တစ်ယောက်သော မိမိ၏ ပုရောဟိတ်၏အထံ၌ တစ်မျိုးသော နတ်၌ ဖြစ်သည့် အတတ်ပညာကို သင်ယူသည် ဆိုပါစို့။ ဤသို့သင်ယူကာမျှဖြင့် စကြာဝတေးမင်း မဖြစ်တော့သည်ကား မဟုတ်, ဖြစ်သည်သာလျှင်တည်း။ အတတ်ပညာ သင်လိုမှုကြောင့် သူတစ်ပါး၏အလိုသို့ တပည့်အဖြစ် မလိုက်ရသည်ကား မဟုတ်, လိုက်ရသည် သာတည်း။ မှန်၏, စကြာဝတေးမင်း၏ အလုပ်ကိစ္စသည် တစ်ပါးတခြားတည်း။ အတတ်ကို သင်ယူခြင်းအလုပ်ကိစ္စသည် တစ်ပါး တခြားတည်း။ ဤသို့ ဥပမာနနှင့် ဥပမေယျကို စပ်ဟပ် မှတ်အပ်၏။
ထိုအဓိပတိနှင့် ဣန္ဒြေတို့တွင် အဓိပတိအလုပ်မည်သည်ကား စက္ခုန္ဒြေသည် မြင်မှုကိစ္စ၌ အစိုးရ၏ စသော ထိုထိုကိစ္စအထူးကို မငဲ့မူ၍ မတူသောအားအစွမ်းဖြင့် လွှမ်းမိုး၍ တကွဖြစ်ဘက် သဟဇာတ်တရားတို့ကို မိမိ-မိမိ၏ ကိစ္စတို့၌ မဆုတ်မနစ်သည်တို့ကို ပြု၍ ဦးစီးဦးကိုင် ဆောင်ရွက်သော သဘောတည်း။ ဣန္ဒြေကိစ္စကိုကား စိတ်၏ အာရုံကို သိခြင်း စသော ကိစ္စကို အကြောင်းပြု၍ ဆိုအပ်၏။ ဤသို့ အထူးကို သိအပ်၏။
အာဟာရ ၄-ပါးအဖွင့်
သဟဇာတအစရှိသော ပစ္စည်းသာမန်ထက် အပိုအလွန်ဖြစ်သော မဆက်ဆံသော ပစ္စယသတ္တိ အထူးအစွမ်းဖြင့် ဆောင်တတ်ကုန်, ဖြစ်စေတတ်ကုန်သည်ဟူသော အကြောင်းဟိတ်ကြောင့် “အာဟာရ”တို့ မည်ကုန်၏။ တစ်နည်းကား အဇ္ဈတ္တသန္တာန်၌ ကောင်းစွာ ဖြစ်ကုန်သော ထိုထို အကြောင်းပစ္စည်းတရားတို့သည် လည်းကောင်း ထိုထို အကျိုးပစ္စယုပ္ပန် တရားတို့သည် လည်းကောင်း မိမိကိုယ်တိုင်ဖြစ်စေ မိမိမိမိတို့၏ အကြောင်းကိစ္စနှင့် အကျိုးကိစ္စကိုဖြစ်စေ ကောင်းစွာ ရွက်ဆောင်တတ်ကုန်ကြောင်း ဟူသော အကြောင်းဟိတ်ကြောင့် “အာဟာရ” တို့ မည်ကုန်၏။
ဘုရားရှင် အဘယ်ကဲ့သို့ ဟောတော်မူသနည်းဟူမူကား “သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ”ဟု ဟောတော်မူ၏။ ဆက်၍ ဆိုဦးအံ့, ဤ”သတ္တဝါအားလုံးတို့သည် အာဟာရကြောင့် တည်ကုန်၏” ဟူသော ဤစကား၌ “သတ္တဝါအားလုံးတို့သည်” ဟူသော (သမ္မုတိဒေသနာ)ပုဒ်ဖြင့် အလုံးစုံ ကုန်သော အဇ္ဈတ္တသန္တာန်၌ ကောင်းစွာဖြစ်ကုန်သော အကြောင်းပစ္စည်းကြောင့် ဖြစ်ကုန်သည့် အကျိုးပစ္စယုပ္ပန် ရုပ်နာမ်တရားတို့ကို ဆိုအပ်ကုန်၏။ “အာဟာရကြောင့် တည်ကုန်၏” ဟူသော ပုဒ်ဖြင့် အာဟာရဟူသောအကြောင်းကြောင့် တည်ကုန်၏။ ထိုက်သည့် အားလျော်စွာ ပဋ္ဌာန်း၂၄-ပစ္စည်းတို့ကြောင့် တည်သောသဘောတည်း။ ဤကား အနက်တည်း။
စောဒနာဦးအံ့, ဤအာဟာရ ၄-ပါးအရာ၌ ဟေတု အာရမ္မဏ အစရှိသော အလုံးစုံသော ပစ္စည်းကို ဆိုလိုသော ပစ္စည်းအာဟာရ-ကိုသာလျှင် ဟောတော်မူအပ်၏။ အာဟာရ ပစ္စည်း-ကို ဟောတော် မမူအပ်သည် မဟုတ်တုံလော။ ဤသည်ကား စောဒနာတည်း။
(ဤနေရာ၌ကား လေးပါးသော အာဟာရပစ္စည်းတရား-ကိုသာလျှင် ဟောတော်မူအပ်သည် မဟုတ်တုံလော။ --- အပို ဆန့်ကျင်သဘောဆောင်နေသော်လည်း ပါဠိစာမူ၌ ရှိ၍ ထည့် ဘာသာပြန်လိုက်သည်။)
ထိုစောဒနာသည့်အတိုင်း မှန်၏, သို့သော်လည်း ဟေတု အာရမ္မဏ အစရှိသော အကြောင်း အနက်အားဖြင့် အာဟာရအမည်ရှိကုန်သော အလုံးစုံကုန်သော ၂၄-ပစ္စည်းတရားတို့၏အလယ်၌ ဗဟိုပြုထား၍ အကြင်ရုပ်အာဟာရ စသော တရားတို့ကို “လေးပါးကုန်သော အာဟာရတို့”ဟူ၍ အထူးပြု၍ ဆိုအပ်ကုန်၏။ ထိုအာဟာရ ၄-ပါးတို့သည် ထိုပဋ္ဌာန်းအကြောင်းအာဟာရတို့၏လည်း ထောက်ပံ့ခြင်းကိစ္စအထူးဟု ဆိုအပ်သော ပင်မ အကြောင်းအာဟာရတို့ ဖြစ်ကုန်၏။ ဤသို့ ပင်မ အကြောင်းအားဖြင့် ပြီးစီးကုန်၏။ ဤအနက်၌ အာဟာရ ၄-ပါးတို့၏ ကြီးကျယ်သောသဘောသည် ထင်ရှားပေ၏။ ဤသို့ အာဟာရဒေသနာနှစ်ခုအထူးကို သိအပ်၏။
အာဟာရ ၄-ပါးကို ဥပမာဖြင့် အကျယ်ဖွင့်ဆိုပုံ
ရုပ်အာဟာရ
ထိုအာဟာရတို့ ကြီးကျယ်သည်ဟူသော အနက်၌ မုယောစပါးမျိုးစေ့တို့၏ လည်းကောင်း သလေးစပါးမျိုးစေ့တို့၏ လည်းကောင်း အစွမ်းအာနုဘော်မည်သည် အညွှန့်အညှောင့်တို့ကို ဖြစ်စေခြင်း အလုပ်မျှသည်သာလျှင် ပဓာနကိစ္စ ဖြစ်၏။ ထိုအညွှန့်အညှောင့်တို့ကို ဖြစ်စေသည်မှ နောက်၌ကား ကောက်ပင်၏အဖြစ်သို့ ရောက်၍ ငါးလခြောက်လတို့ပတ်လုံး ပွါးစီးခြင်းငှာ လည်းကောင်း တည်တံ့ခြင်းငှာလည်းကောင်း အစွမ်းအာနုဘော်မည်သည် မြေဆီမြေနှစ်အရသာ ရေအရသာတို့၏ အလုပ်သည်သာလျှင် ပဓာနကိစ္စ ဖြစ်၏။
ဤအတူသာလျှင် ရုပ်ကဗဠီကာရအာဟာရကို မှီ၍ အသက်မွေးကုန်သော ကာမသတ္တဝါ တို့အတွက် ကံ၏အစွမ်းအာနုဘော်မည်သည် ပဋိသန္ဓေရုပ်ကို ဖြစ်စေခြင်း အလုပ်သည်သာလျှင် ပဓာနကိစ္စ ဖြစ်၏။ ထိုပဋိသန္ဓေရုပ်ကို ဖြစ်စေသည်မှနောက်၌ကား အသက်ဆုံးသည်တိုင်အောင် ရုပ်အစဉ် အဆက်၏ ပွားစီးခြင်းငှာလည်းကောင်း တည်တံ့ခြင်းငှာ လည်းကောင်း အစွမ်းအာနုဘော် မည်သည် ဥတု အာဟာရတို့၏အလုပ်သည်သာလျှင် ပဓာနကိစ္စ ဖြစ်၏။
အကြင်ကြောင့် ကမ္မဇရုပ်တို့သည် သေခါနီးတိုင်အောင် ဖြစ်ကုန်ငြားသော်လည်း ဥတုနှင့် အာဟာရတို့က ချီးမြှောက်ထောက်ပံ့အပ်ကုန်သော်သာလျှင် ဖြစ်နိုင်ကုန်၏။ ဥတုသည်လည်း အာဟာရအထောက်အပံ့ရှိမှသာလျှင် မိမိ၏ ကိစ္စကို ပြုနိုင်၏။ ထို့ကြောင့် ထိုအာဟာရကိ ုမှီ၍ အသက်မွေးကုန်သော သတ္တဝါတို့အား ကံစိတ်ဥတုအာဟာရကြောင့် အစဉ်အဆက်ဖြစ်ပေါ်သော စတုသန္တတိရုပ်ကို အလုတ်အလွေးကို ပြု၍ စားမျိုရသည့် ကဗဠီကာရရုပ်အာဟာရသည် မထောက်ပံ့ အပ်သည်ရှိသော် ရှည်ကြာဝေးမြင့်စွာ မဖြစ်တည်နိုင်, ထို ကဗဠီကာရာဟာရသည် ထောက်ပံ့ အပ်မှသာလျှင် အသက်ဆုံးသည့်တိုင်အောင် ဖြစ်တည်နိုင်၏။
ဖဿအာဟာရ
ဆက်၍ ဆိုဦးအံ့, ငှက်တို့သည်လည်းကောင်း၊ ခြင်မှက်စသည်တို့သည်လည်းကောင်း နှုတ်သီးဖြင့် အာဟာရကို ယူ၍ ကိုယ်ကို ကျွေးမွေးကုန်၏။ နှုတ်သီးသည် ထင်ရှား မရှိလတ်သော် အာဟာရကို မရကုန်သည်ဖြစ်၍ သေရကုန်သကဲ့သို့ ဤအတူသာလျှင် ဤသတ္တဝါတို့သည် တွေ့ထိခြင်း ဖဿဖြင့် အာရုံတို့၌ အရသာကို ယူ၍ ဝေဒနာဟု ဆိုအပ်သော အတွင်း အသုံးအဆောင်၊ အပ အသုံးအဆောင်ကို ပြည့်စုံစေ၍ တောင့်တမှုတဏှာကျယ်ပြန်ခြင်းသို့ ရောက်၍ ကိလေသ+ ကမ္မ+ဝိပါကအားဖြင့် သုံးပါးသော သံသရာဝဋ်ကို ပြည့်စေ၍ ယခုထက်တိုင်အောင်လည်း ဝဋ်၌ မငြီးငွေ့မဆန့်ကျင်ကုန်။
မှန်၏, ဖဿဆိုတာ အကယ်၍ မရှိခဲ့ငြားအံ့။ အာရုံ၏ အရသာကို မရကုန်၍ ဝေဒနာကို သုံးဆောင်ခြင်းမှ ကင်းသဖြင့် တဏှာဖြစ်ခြင်း၏ အခွင့်အလမ်းသည် မရှိ။ ထို့ကြောင့် သုံးပါးအပြား ရှိသော လည်ပတ်မှု ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်ဆိုသည်ပင်လျှင် မဖြစ်နိုင်တော့ရာ။ ဤသို့ ဖဿာဟာရ၏ အရေးပါမှုကို သိအပ်၏။
စေတနာအာဟာရ
ဆက်၍ ဆိုဦးအံ့, ဆိုအပ်ပြီးသော ထိုငှက်အစရှိသည်တို့သည် အတောင်တို့ကို ရိုက်ခတ်၍ အကြား၌ အောက်သို့ မကျကုန်သည်ဖြစ်၍ သစ်တစ်ပင်မှ သစ်တစ်ပင်သို့ တောတစ်တောမှ တောတစ်တောသို့ လှည့်လည်၍ မိမိကိုယ်ကို မျှတစေကုန်၏။ အတောင်တို့သည် မရှိကုန် လတ်သော် သွားခြင်းကိစ္စကို မပြည့်စုံမပြီးစီးစေနိုင်ကုန်သည်ဖြစ်၍ အောက်သို့ ကျ၍ သေရကုန်သကဲ့သို့ ဤအတူသာလျှင် ဤသတ္တဝါတို့သည် အားထုတ်ခြင်း လက္ခဏာရှိသော စေတနာဖြင့် စေ့ဆော်၍ ကံနှင့် ပြည့်စုံသည်၏ အဖြစ်ကို ပြည့်စုံစေကုန်သည်ဖြစ်၍ ဘဝတစ်ခုမှ ဘဝတစ်ခုသို့ လှည့်လည်၍ ယနေ့ထက်တိုင်အောင် ဝဋ်၌ ကျင်လည်ကုန်၏။
မှန်၏, စေတနာဆိုတာ အကယ်၍ မရှိခဲ့ငြားအံ့။ ကမ္မဝဋ်သည် မရှိတော့ရာ။ ထိုကမ္မဝဋ်သည် မရှိလတ်သော် ဝိပါကဝဋ်သည် မရှိတော့ရာ။ ထိုဝိပါကဝဋ်သည် မရှိလတ်သော် ထိုဝိပါကဝဋ် အစဉ်သန္တာန်၌ အနုသယအဖြစ် ကိန်းသော ကိလေသဝဋ်သည် မရှိတော့ရာ။ ထို့ကြောင့် ဝဋ်မည်သည် မဖြစ်တော့ရာ။ ဤသို့ စေတနာဟာရ၏ အရေးပါမှုကို သိအပ်၏။
ဝိညာဏအာဟာရ
ဆက်၍ ဆိုဦးအံ့, ထိုငှက်၊ မှက်၊ ခြင်တို့သည် မျက်စိဖြင့် အစာရှာရာအရပ်ကို လည်းကောင်း, ထိုထို အရပ်မျက်နှာအဖို့ကို လည်းကောင်း မျက်မြင်အားဖြင့် ထင်ရှားစွာပြု၍ အသက်ရှည်သမျှ ကာလ ပတ်လုံး မိမိကိုယ်ကို မျှတစေကုန်၏။ မျက်စိသည် ထင်ရှားမရှိလတ်သော် တစ်စုံ တစ်ခုသော ယူအပ်သော ဝတ္ထုကိုလည်းကောင်း သွားအပ်သော အရပ်ကိုလည်းကောင်း မျက်စိ၌ မရ၍ ထိုမျက်စိကန်းရာ အရပ်၌သာလျှင် သေကုန်သကဲ့သို့ ဤအတူသာလျှင် စိတ်နှင့် ယှဉ်ကုန်သော သမ္ပယုတ်တရားတို့သည် အာရုံကိုသိခြင်းလက္ခဏာရှိသော စိတ်ဝိညာဏ်ကြောင့် ထိုထိုအာရုံကို ရ၍ ထိုထို တရားတို့၌ ဖဿအစရှိသည်တို့ကို ဖြစ်စေကုန်၍ သုံးပါးသော ဝဋ်ကို လည်စေကုန်၏။
မှန်၏, ဝိညာဏ်ဆိုတာ အကယ်၍ မရှိခဲ့ငြားအံ့။ ဖဿအစရှိသည်တို့သည် အာရုံကို မရနိုင်တော့ရာ။ ထို့ကြောင့် ဝဋ်သည် မဖြစ်တော့ရာ။ ဤသို့ ဝိညာဏာဟာရ၏ အရေးပါပုံကို သိအပ်၏။ ထို့ကြောင့် အရှင်အနုရုဒ္ဓါမထေရ်သည် “အာဟာရတို့သည် (ပ) ဤသို့ လေးပါးအပြား ရှိကုန်၏”ဟု မိန့်ဆိုတော်မူ၏။
နိဒါနဝဂ္ဂသံယုတ်ပါဠိတော်
နိဒါနဝဂ္ဂသံယုတ်ပါဠိတော်၌လည်း “ရဟန်းတို့ ဖြစ်ပြီးကြီးပွားပြီး သတ္တဝါတို့၏ လည်းကောင်း ကြီးပွားကြောင်းကို ရှာမှီးဆဲ ဖြစ်ဆဲသတ္တဝါတို့၏လည်းကောင်း တည်နေခြင်းငှာ ချီးမြှောက်ခြင်းငှာ ဆောင်တတ်သော သဘောရှိသည့် အာဟာရတို့သည် ဤလေးပါးတို့တည်း။ အဘယ်လေးပါး တို့နည်းဟူမူ ကြမ်းတမ်းသည်လည်းဖြစ်စေ နူးညံ့သည်လည်းဖြစ်စေ အလုတ်အလွေးပြု၍ မျိုအပ်သော ကဗဠီကာရအာဟာရ၊ နှစ်ခုမြောက် တွေ့ထိမှု ဖဿာဟာရ၊ သုံးခုမြောက် စိတ်ကို လှုံ့ဆော်မှု မနောသေဉ္စတနာဟာရ၊ လေးခုမြောက် အထူးသိမှု ဝိညာဏာဟာရတို့တည်း” ဟူ၍ ဘုရားရှင် မိန့်ဆိုတော်မူအပ်၏။
ထိုပါဠိတော်၌ “ဖြစ်ပြီးကြီးပွားပြီးသတ္တဝါတို့၏”ဟူသည်ကား ကြီးပွားခြင်းသို့ ရောက်ကုန်သော သတ္တဝါတို့၏။ “ဖြစ်ဆဲသတ္တဝါတို့၏” ဟူသည်ကား ကလလရေကြည် အစရှိသော ကာလ၌ တည်ကုန်သော သတ္တဝါတို့၏။
ထိုပါဠိတော်လာ အာဟာရတို့၏ တည်သဘော ချီးမြှောက်သဘောကိုကား လေးပါးကုန်သော အာဟာရတို့၏ ဖြစ်သင့်သည်အား လျော်စွာ အစမထင်သော သံသရာဝဋ်၌လည်းကောင်း ထိုထိုဘဝ၌လည်းကောင်း တည်ခြင်းငှာဖြစ်စေ ထောက်ပံ့ခြင်းငှာ ဖြစ်စေ ဖြစ်ပုံအခြင်းအရာကို ဥပမာဆောင်၍ တစ်ပါးချင်းစီ ဖွင့်ဆိုအပ်ပြီးသောနည်းဖြင့် သိအပ်၏။
နိဒါနဝဂ္ဂသံယုတ်အဋ္ဌကထာ
နိဒါနဝဂ္ဂသံယုတ်အဋ္ဌကထာ၌ကား “အဖို့တစ်ပါးကား ဤနေရာ၌ အာဟာရဟူသည် အဘယ်နည်း။ ထိုအာဟာရသည် အဘယ်ကို ဆောင်သနည်း ထောက်ပံ့သနည်း။ ဤကား အမေးတည်း။
ကဗဠီကာရာဟာရသည် အဆီအစေးသြဇရုပ်အပါအဝင် ရှစ်ပါးရှိသော ရုပ်တို့ကို ဆောင်၏, ထောက်ပံ့၏။
ဖဿာဟာရသည် သုခ ဒုက္ခ ဥပေက္ခာ ဝေဒနာသုံးပါးတို့ကို ဆောင်၏, ထောက်ပံ့၏။
ကုသိုလ်အကုသိုလ်ကံဖြစ်သော မနောသဉ္စေတနာဟာရသည် ကာမရူပအရူပဘဝသုံးပါးတို့ကို ဆောင်၏, ထောက်ပံ့၏။
ဝိညာဏာဟာရသည် ပဋိသန္ဓေနာမ်ရုပ်ကို ဆောင်၏, ထောက်ပံ့၏”ဟု ဆိုအပ်၏။
အဋ္ဌကထာအဖွင့် စိစစ်ချက်
ထိုစကားရပ်ကို ထင်ရှားသော ရုပ် ၈-ပါး ဝေဒနာ ၃-ပါး ဘဝ ၃-ပါး နာမ်ရုပ် ၂-ပါးဟူသော အကျိုး၏ အစွမ်းအားဖြင့် ဆိုအပ်၏။ ဤသို့ မှတ်အပ်၏။ သို့သော် သြဇာလျှင် ၈-ခုမြောက်ရှိသည့် သြဇဋ္ဌမကရုပ်ကို ဖြစ်စေခြင်းသည်ကား ကဗဠီကာရာဟာရ၏ ကြီးကျယ်သော အလုပ် ကိစ္စ မဟုတ်။ ထိုကဗဠီကာရာဟာရ-က စတုသန္တတိရုပ်ကို ထောက်ပံ့ခြင်း သည်သာလျှင် ကြီးကျယ်သော အလုပ်ကိစ္စ ဖြစ်၏။ ထို့ကြောင့်သာလျှင် ပါဠိတော်၌ “ဌိတိယာ-တည်တံ့ခြင်းငှာ” ဟူ၍လည်းကောင်း “အနုဂ္ဂဟာယ-ထောက်ပံ့ခြင်းငှာ” ဟူ၍လည်းကောင်း ဟောအပ်၏။
(ဥပပတ္တိယာ-ဖြစ်ခြင်းငှာ-ဟူ၍ မဟောအပ်။)
တစ်နည်းသော်ကား ဥပနိဿယပစ္စည်း အာသေဝနပစ္စည်းတို့သည် သုတ္တန်ပရိယာယ်တို့ဟူ၍ လည်းကောင်း အဘိဓမ္မာပရိယာယ်တို့ဟူ၍ လည်းကောင်း နှစ်ပါး ပြားကုန်သကဲ့သို့ ထိုအတူ အာဟာရပစ္စည်းသည်လည်း သုတ္တန်နည်း အဘိဓမ္မာနည်းအားဖြင့် နှစ်ပါးပြား၏။ ထိုနှစ်ပါးတို့တွင် “မနောသေဉ္စတနာဟာရသည် ကာမဘဝ-ရူပဘဝ-အရူပဘဝ သုံးပါးတို့ကို ဆောင်၏, ထောက်ပံ့၏” ဟူသော အကြင်စကားကို အဋ္ဌကထာဆရာသည် ဆိုအပ်၏။ ထိုစကားသည် သုတ္တနည်းကို ရည်ရွယ်၍ ဆိုအပ်သော စကားတည်း။ မှန်၏, ပဋ္ဌာန်းကျေးဇူးပြုမှုအရာ၌ ဖဿ၊ စေတနာ၊ ဝိညာဏ်ဟူသော နာမ်အာဟာရတို့သည် သဟဇာတ မဟုတ်ကုန်သော အကျိုးတရား တို့အား အာဟာရဟူသောအနက်အားဖြင့် ကျေးဇူးပြုတတ်သော ပစ္စည်းမည်ကုန်သည် မဖြစ်ကုန်။ ထို့ကြောင့် သုတ္တန်နည်းဖြင့် အဋ္ဌကထာဆရာ ဖွင့်ထားသည်ဟု သိအပ်၏။
(”အာဟာရဒီပနီ”ကျမ်းတစ်စောင် ရေးထား၍ ဤ အာဟာရအဖွင့်၌လည်း သဘောကျသော အကြောင်းအရာ ဖြစ်ရကား များများ ဖွင့်ပြသည်။ ကျမ်းပြုပုံသုတေသန။)
တရားကိုယ်ကောက်နည်း
၂၂, ၂၃, ၂၄, ၂၅-အပိုဒ်တို့၌ မဖွင့်။
စိတ်ဒွေပဉ္စ ဈာနင်မရ
၂၆။ ဒွေပဉ္စဝိညာဏ် ၁၀-တို့၌ ဈာန်အင်္ဂါတို့ကို မရအပ်ကုန်။ မှန်၏, ထိုဒွေပဉ္စဝိညာဏ်တို့သည် အားနည်းသောကိစ္စ, အားနည်းသောဌာန, အားနည်းသောဝတ္ထု ရှိသည်၏ အဖြစ်ကြောင့် အဆင်း ရုပ်အစရှိသည်တို့၌ မြင်ခြင်းစသည်ဖြင့် ရှေ့ရှုကျကာမျှ ဖြစ်ကုန်၏။ ထို့ကြောင့် ထိုဒွေပဉ္စဝိညာဏ် တို့၌ ထင်ရှားရှိကုန်သော ဝေဒနာ၊ ဧကဂ္ဂတာ စေတသိက်တို့သည် ဈာန်ကိစ္စကို မပြီးစေနိုင်ကုန်။ ဤသို့ သိအပ်၏။ “ဝိတက္ကပစ္ဆိမကဥှိ ဈာနံ - ဈာန်ဟူသည် ဝိတက်ဟူသော နောက်ပိတ်ဆုံးရှိ၏” ဟူ၍ အဋ္ဌသာလိနီ အဋ္ဌကထာ၌ ဆိုအပ်၏။ ဈာန်အင်္ဂါ ခေါ် ဈာနင်တို့၏ အကြီးအမှူး နာယက ဖြစ်သော ဝိတက် သည်လည်း ထိုဒွေပဉ္စဝိညာဏ်တို့၌ မရှိနိုင်ပေ။ ထို့ကြောင့် ထိုဒွေပဉ္စဝိညာဏ် တို့၌ ယှဉ်သော ထို ဝေဒနာ ဧကဂ္ဂတာတို့သည် ထိုဈာနင်ကိစ္စကို မပြီးစေကုန်။ ဤသို့ သိအပ်၏။
(ဈာနင် ၅-ပါးရေတွက်ရာ၌ ဝိတက်ပထမဆုံးထားသည် မဟုတ်လော။ ထို့ကြောင့် ဝိတက် နောက်ဆုံးပိတ် ဟူသော စကားကို အဘယ်သို့ နားလည်ရမည်နည်းဟူမူ “နောက်ဆုံးတော့ မင်း ငါ့ဆီပဲ လာရတာ”ဟူသော စကား၌ ငါသည် အဓိကဖြစ်သလို ဝိတက်နောက်ဆုံးပိတ် ဟူသည် ဝိတက် အရေးကြီးဆုံး ဖြစ်သည်ဟု သိအပ်၏။ အနုဒီပနီ၌ကား ဈာန်သည် ဝိတက်နောက်သို့ လိုက်ရသည့် သဘောကို ဝိတက္ကမစ္ဆိမကံ ဈာနံ ဟု ဆိုလိုကြောင်း ဖွင့်ထား၏။)
ဝီရိယမတည် ဗိုလ်မမည်
ဝီရိယအထောက်အပံ့မှကင်းကုန်သော တရားတို့သည် သမ္ပယုတ်တရားတို့၌ မြဲမြံခိုင်ခန့်သည်၏ အဖြစ်သို့ မရောက်ကုန်။ ထိုကြောင့် ဝီရိယမရှိကုန်သော ၁၆-ပါးသော အဟိတ်စိတ်တို့၌ ယှဉ်သော သမာဓိသည် ဗိုလ်ကိစ္စစသည်ကို မပြီးစေနိုင်။ မှန်၏, “ဝီရိယ ပစ္ဆိမကံ ဗလံ-ဗိုလ်မည်သည် ဝီရိယ ဟူသော နောက်ဆုံးပိတ်ရှိ၏”ဟူ၍ အဋ္ဌသာလိနီအဋ္ဌကထာ၌ ဆိုအပ်၏။ ထို့ကြောင့် “အဝီရိယေသု ဗလာနိ န လဗ္ဘန္တိ” ဟူ၍ သင်္ဂဟဆရာသည် မိန့်တော်မူအပ်ပြီ။
ဟိတ်မရှိလျှင် No မဂ္ဂင်
ဟိတ်သတ္တိမှကင်းကုန်သော တရားတို့သည်လည်း သံသရာဝဋ်သို့ လည်းကောင်း ဝဋ်ကင်းရာ နိဗ္ဗာန်သို့ လည်းကောင်း ရောက်ကြောင်းမဂ်၏အဖြစ်သို့ မရောက်ကုန်။ မှန်၏, “ဟေတုပစ္ဆိမကော မဂ္ဂေါ-မဂ်မည်သည် ဟိတ်ဟူသော နောက်ဆုံးပိတ်ရှိ၏”ဟူ၍ အဋ္ဌသာလိနီ အဋ္ဌကထာ၌ ဆိုအပ်၏။ ထို့ကြောင့် “အဟေတုကေသု မဂ္ဂင်္ဂါနိ န လဗ္ဘန္တိ”ဟူ၍ မိန့်တော်မူအပ်ပြီ။
ဝိစိကိစ္ဆာစိတ်ရှိ ဧကဂ္ဂတာစေတသိက်၏ အခြေအနေ
၂၇။ ဝိစိကိစ္ဆာနှင့်ယှဉ်သော စိတ်၌ ဧကဂ္ဂတာစေတသိက်သည် အဓိမောက္ခမှ ကင်းသည်၏ အဖြစ်ကြောင့် လည်းကောင်း စင်စစ်အားဖြင့် ရွေ့ရှားခြင်းသဘောရှိသော ဝိစိကိစ္ဆာက ထို ဧကဂ္ဂတာကို လွှမ်းမိုးနှိပ်စက်အပ်သည်၏ အဖြစ်ကြောင့် လည်းကောင်း မဂ္ဂင်, ဣန္ဒြေ, ဗိုလ်ဖြစ်ခြင်း အကျိုးငှာ အားကြီးသည် မဖြစ်။ ထို့ကြောင့် “ဝိစိကိစ္ဆာစိတ္တေ ဧကဂ္ဂတာ မဂ္ဂိန္ဒြိယဗလဘာဝံ န ဂစ္ဆတိ” ဟူ၍ မိန့်တော်မူအပ်ပြီ။
အဓိပတိချိပ် ဒွိဟိတ်တိဟိတ်ဇော
၂၈။ “ဒွိဟေတုကတိဟေတုကဇဝနေသွေဝ”ဟူသော ဤပါဌ်၌ ဒွိဟေတုက တိဟေတုက-သဒ္ဒါဖြင့် ဟိတ်တစ်ပါးသာရှိသည့် မောဟမူဇောစိတ်နှစ်ပါး၊ ဟိတ်လုံးဝ မရှိသည့် ဟသိတုပ္ပါဒ်ဇောစိတ်တို့ကို အဓိပတိရခြင်းမှ ဆုတ်နစ်စေ၏။ “ဇဝန”သဒ္ဒါဖြင့် ဘုံသုံးပါး၌ ဖြစ်ကုန်သော လောကီဒွိဟိတ်- တိဟိတ်ဝိပါက်တို့ကို အဓိပတိရခြင်းမှ ဆုတ်နစ်စေ၏။
(လယ်တီဋီကာ၌ ဇဝနသဒ္ဒေန တိဘူမကာနိ-စသော စကား၌ အဟေတုကဒွိဟေတုက တိဟေတုကဝိပါကာနိ နိဝတ္တေတိ-ဟု အဟိတ်ဝိပါက်ကိုပါ ထည့်၍ ဆိုသင့်၏။ သို့သော် ထည့်မဆို။ မန်လည်။)
ဋီကာကျော်
ဋီကာကျော်၂၂၅-၌ကား “ဒွိဟေတုကတိဟေတုသဒ္ဒါဖြင့် မောဟမူဒွေဟု ဆိုအပ်သော ဧကဟိတ် ဇောတို့၌ အဓိပတိတို့၏ မဖြစ်ခြင်းကို ပြ၏”ဟူ၍ ဆိုအပ်ပြီ။
အဖို့တစ်ပါးကား ဇောအဖြစ်ဖြင့် တူလေသောကြောင့် ဟသိတုပ္ပါဒ်ဇောစိတ်၌လည်း (“လည်း” သဒ္ဒါက ဧကဟိတ်ဇောသာမကဟု ပြောသည်။) ထိုအဓိပတိတို့၏ မရှိခြင်းကို ပြသင့်ပြထိုက်သည် သာလျှင် ဖြစ်၏။ ဤသို့ ဋီကာကျော်၌ ဟာကွက်ဖြစ်နေရကား ဖြည့်စွက်၍ မှတ်သားအပ်၏။
(ဧကဟေတုကေသု-ဟူသော ဋီကာကျော်ပါဌ်၌ ဧကဟေတု စ အဟေတုကော စ ဧကာ ဟေတုကော-ဟု ဝိရူပဧကသိသ်ပြု၍ ဧကဟိတ်ဇော အဟိတ်ဇောကို ယူလျှင် လယ်တီ ဆိုတိုင်းသော အပြစ်တင်ဖွယ် မရှိ။ မန်လည်။)
“ယထာသမ္ဘဝံ”ဟူသည်ကား ရအပ်သောရှေး၌ ပြုပြင်မှုရှိသည်လည်း ဖြစ်သော ရအပ်သော ရှေး၌ လာရောက်ကြောင်း ရှိသည်လည်းဖြစ်သော တစ်ခုခုသော အဓိပတိ၏ ဖြစ်သင့်သော သဘော အားလျော်စွာ အဓိပတိတစ်ခုချင်းစီကိုသာလျှင် ရအပ်၏။ နှစ်ခုမြောက်သော အဓိပတိကို မရအပ်ပေ။ ဤအဓိပ္ပာယ်မှ တစ်ပါးသော အခြင်းအရာဖြင့် အနက်ကို ယူအပ်သည် ရှိသော် အဓိပတိသည် သာလျှင် မဖြစ်ရာ။ ဤသို့ သိအပ်၏။
ဣန္ဒြေနှင့် အဓိပတိ ဟောပုံအထူး
ဤသို့ဆိုခဲ့သည့်အတိုင်း နှလုံးသွင်းခြင်းကို ပြု၍ ပဋ္ဌာန်းဣန္ဒြိယပစ္စည်း၏ ဝိဘင်း၌ “နာမ်ဣန္ဒြေ တရားကိုယ် ၈-ပါးတို့သည် သမ္ပယုတ်ဖြစ်ကုန်သော စိတ် စေတသိက်တရားတို့အားလည်းကောင်း, ထိုနာမ်ဣန္ဒြေတို့ကြောင့် ဖြစ်ကုန်သော စိတ္တဇရုပ်တို့အားလည်းကောင်း ဣန္ဒြိယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏”ဟူ၍ နာမ်ဣန္ဒြေ ၈-ပါးစလုံး တပေါင်းတည်း ဟောအပ်သကဲ့သို့ ထိုအတူ အဓိပတိ ပစ္စည်း၏ဝိဘင်း၌ အဓိပတိ ၄-ပါးစလုံး တပေါင်းတည်း မဟောအပ်။
အဖို့တစ်ပါးကား ထိုအဓိပတိ ပစ္စည်း၏ဝိဘင်း၌ “ဆန္ဒာဓိပတိ ဆန္ဒသမ္ပယုတ္တကာနံ” အစရှိသည်ဖြင့် တစ်ပါးတစ်ပါးသော အဓိပတိကို ဝေဖန်သည်၏ အစွမ်းဖြင့်သာလျှင် ဆိုအပ်ပြီ။ ဤသို့ ဣန္ဒြေနှင့် အဓိပတိဟောပုံ အထူးကို သိအပ်၏။
အကျိုးကို ဆိုဦးအံ့, ဤသို့ ဆိုအပ်သည်ရှိသော် အဓိပတိဣန္ဒြေတို့၏ အထူးသည် ထင်ရှား၏။ ဤသို့ သိအပ်၏။
သင်္ဂဟ ၂-ဂါထာအဖွင့်
၂၉။ ဂါထာ၌ “နဝေရိတာ”ဟူသည်ကား ဗိုလ်တရားတို့ကို ကိုးပါးတို့ဟူ၍ မိန့်အပ်ကုန်၏, ဆိုအပ်ကုန်၏။ ကုသိုလ် အကုသိုလ် အဗျာကတတို့နှင့် ရောပြွမ်းခြင်းသည် “ကုသလာဒိသမာကိဏ္ဏ” မည်၏။
မိဿကသင်္ဂဟ ပြီး၏။
ဗောဓိပက္ခိယသင်္ဂဟ
ဗောဓိပက္ခိယဟူသည်
၃၀။ သစ္စာလေးပါးတရားတို့ကို သိတတ်သည်ဟူသော အကြောင်းဟိတ်ကြောင့် “ဗောဓိ” မည်၏။ တစ်နည်းကား ထိုဗောဓိနှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့သည် ထိုသစ္စာလေးပါး တရားတို့ကို သိကုန်ကြောင်း ဟူသော အကြောင်း ဟိတ်ကြောင့် “ဗောဓိ” မည်၏။ ထို “ဗောဓိ” ပုဒ်အရ လေးပါးသော မဂ်ဉာဏ်ကို ရအပ်၏။ မှန်၏, မဟာနိဒ္ဒေသပါဠိတော်၌ “ဗောဓိ ဝုစ္စတိ စတူသု မဂ္ဂေသု ဉာဏံ” ဟူသော စကားကို အရှင်သာရိပုတ္တရာ မိန့်ဆိုအပ်၏။
“ပက္ခ” ဟူသည်ကား အဖို့အစုတည်း, အဆောက်အဦတည်း။ “ဗောဓိ” ဟု ဆိုအပ်သော မဂ်ဉာဏ်၏ အဖို့ “ပက္ခ” ၌ ဖြစ်တတ်ကုန်သည် ဟူသော အကြောင်းဟိတ်ကြောင့် “ဗောဓိပက္ခိယ” မည်ကုန်၏။ ဤ “ဗောဓိပက္ခိယ” ဟူသော အမည်သည် အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာဟု ဆိုအပ်ကုန်သော သိက္ခာသုံးပါးတို့၌ အကျုံးဝင်ကုန်သော မြတ်စွာဘုရား၏ အဆုံးအမတရားတို့၏ အမည်တည်း။
သတိပဋ္ဌာန်ဟူသည်
အကြင်ကြောင့် ထို “ဗောဓိပက္ခိယ” တရားတို့သည်ကား အစုအပုံအားဖြင့် ခုနှစ်ပါး အပြားရှိကုန်၏။ ထို့ကြောင့် “စတ္တာရော သတိပဋ္ဌာနာ” အစရှိသောစကားကို အရှင်အနုရုဒ္ဓါ ဆိုတော်မူ၏။ ယှဉ်တွဲဘက် သမ္ပယုတ်တရားတို့၌ အကြီးအမှူးဦးစီးပဓာနတို့သည် ဖြစ်၍ ကာယအစရှိကုန်သော ရှုကွက်အာရုံတို့၌ တည်ကုန်, ထိုထိုအာရုံတို့၌ စိတ်၏ပြေးသွားခြင်းကို တားဆီး၍ ထိုကာယအစ ရှိသော ရှုကွက်တို့၌သာလျှင် စိတ်ကို (သတိဖြင့်) ဖွဲ့ချည်သည်၏အစွမ်းဖြင့် ဖြစ်တတ်ကုန်သည် ဟူသော အကြောင်းဟိတ်ကြောင့် “ပဋ္ဌာန” တို့ မည်ကုန်၏။
“သတိ” စေတသိက်သည်ပင်လျှင် ပ-ပြဋ္ဌာန်းသောအားဖြင့် ဌာန-တည်ကုန်, ဖြစ်တတ်ကုန်သည် ဟူသော အကြောင်းဟိတ်ကြောင့် “သတိပဋ္ဌာန” မည်ကုန်၏။ “စတ္တာရိ သတိပဋ္ဌာနာနိ” ဟူ၍ နပုံလိင်အားဖြင့် ဆိုသင့်ဆိုထိုက်လျက် ဓမ္မအဖြစ်ကို ငဲ့၍ “စတ္တာရော သတိပဋ္ဌာနာ” ဟူ၍ ပုံလိင်အားဖြင့် အရှင်အနုရုဒ္ဓါမထေရ် မိန့်ဆိုထားသည်ဟု မှတ်အပ်၏။
ကာယာနုပဿနာ
ကာယ၌ အာရုံပြု၍ ဖြစ်သော အဖန်ဖန်ရှုခြင်းသည် ကာယာနုပဿနာ မည်၏။ ရုပ်ကာယ အပေါင်း၌ အကျုံးဝင်သော ထွက်သက်ဝင်သက် အစရှိသော ၂၁-ပါး အပြားရှိသော အစိတ်အစိတ် ဖြစ်သော ကာယကို (ကောင်းစွာရှုခြင်း-မှာ စပ်။) ထိုထိုအာနာပါန အစရှိကုန်သော ကာယတို့၏ ဝိသေသ လက္ခဏာ၏ အဖြစ်ဖြင့်လည်းကောင်း, အနိစ္စတာ အစရှိသော သာမညလက္ခဏာ၏ အဖြစ်ဖြင့် လည်းကောင်း ထိုထိုကာယ၌ ဖုံးကာလျက် ရှိသော သမ္မောဟ-ဟူသော ပြင်းစွာ တွေဝေခြင်းကို ပယ်ခွာနိုင်သည့်တိုင်အောင် အဖန်တလဲလဲ မပြတ်မလပ် ကောင်းစွာရှုခြင်းသည် ကာယာနုပဿနာ မည်၏။ ဤသည်ကား ကာယာနုပဿနာ ပုဒ်၏ အနက်တည်း။
ဝေဒနာနုပဿနာ
ကိုးပါးအပြားရှိကုန်သော ဝေဒနာတို့၌ အကျုံးဝင်သော သုခဝေဒနာအစရှိသော အစိတ်အစိတ် ဝေဒနာ၌ ထိုထိုဝေဒနာတို့၏ ဝိသေသလက္ခဏာအဖြစ်ဖြင့် လည်းကောင်း, သာမညလက္ခဏာ၏ အဖြစ်ဖြင့်လည်းကောင်း အဖန်တလဲလဲ မပြတ်မလပ် ကောင်းစွာရှုခြင်းသည် ဝေဒနာနုပဿနာ မည်၏။
စိတ္တာနုပဿနာ
တစ်ဆယ့်ခြောက်ပါးအပြားရှိကုန်သော ရာဂနှင့်တကွဖြစ်ကုန်သော စိတ်တို့၌ သရာဂအစရှိသော တစ်ခုတစ်ခုသောစိတ်၏ ဝိသေသလက္ခဏာအဖြစ်ဖြင့် လည်းကောင်း သာမညလက္ခဏာ၏ အဖြစ်ဖြင့် လည်းကောင်း အဖန်တလဲလဲ မပြတ်မလပ် ကောင်းစွာ ရှုခြင်းသည် စိတ္တာနုပဿနာ မည်၏။
ဓမ္မာနုပဿနာ
ငါးပါးအပြားရှိကုန်သော နီဝရဏအစရှိကုန်သော တရားတို့၌ ထိုထို ကာမစ္ဆန္ဒ အစရှိသော အစိတ်အစိတ်သောတရား၏ ဝိသေသလက္ခဏာအဖြစ်ဖြင့် လည်းကောင်း သာမညလက္ခဏာ၏ အဖြစ်ဖြင့် လည်းကောင်း အဖန်တလဲလဲ မပြတ်မလပ် ကောင်းစွာ ရှုခြင်းသည် ဓမ္မာနုပဿနာ မည်၏။
ဋီကာကျော်
ဋီကာကျော် ၂၂၆-၌ကား “စက်ဆုပ်ဖွယ်ရှိကုန်သော ဆံပင် အစရှိသည်တို့၏ ဖြစ်ရာ ဖြစ်သောကြောင့် ကာယမည်၏။ တစ်နည်းကား ထွက်သက်ဝင်သက်တို့၏ အပေါင်းသည် ကာယမည်၏” ဟူသော အကြင်အဖွင့်ကို ဆိုအပ်ပြီ။ ထိုအဖွင့်သည် (ရူပကာယ တစ်ကိုယ်လုံးကို မယူ-မပြည့်စုံ၍) မကောင်းသည်သာလျှင်တည်း။ ဆက်ဦးအံ့, ထိုဋီကာကျော် ၂၂၇-၌ “ကာယဿ”-ကိုယ်ကို၊ “အနုပဿနာ”-အဖန်ဖန်ရှုမြင်ခြင်းသည် “ကာယာနုပဿနာ” ဟူသော အကြင်ကမ္မဋ္ဌဆဋ္ဌီ ပေါင်းစပ် နာမ်အဖွင့်ကိုလည်း ဆိုအပ်၏။ ထိုအဖွင့်သည်လည်း မကောင်း။
မှန်၏, သတိပဋ္ဌာန်ပါဠိတော်၌ “ကာယေ”-ကိုယ်၌၊ “အနုပဿနာ”-အဖန်ဖန် ရှုမြင်လျက် နေ၏ ဟူ၍ တည်ရာနေရာပြပုဒ်ဖြင့် ဘုရားရှင် မိန့်တော်မူထား၏။ ဤပါဠိဖြင့် “ကာယေ အနုပဿနာ ကာယာနုပဿနာ” ဟူသော ဤသတ္တမီပေါင်းစပ်နာမ် အနက်ကိုသာလျှင် ပဓာနအားဖြင့် ပြအပ်၏။ ဤသို့ သိအပ်၏။
ဆက်ဦးအံ့, ထိုဋီကာကျော် ၂၂၇၊ ဝေဒနာနုပဿနာအဖွင့်၌ “ဝေဒနာနံ”-ဝေဒနာတို့၏၊ “ဝသေန”-အစွမ်းဖြင့်၊ “အနုပဿနာ”-အဖန်ဖန်ရှုမြင်ခြင်းသည် ဟူ၍လည်း အကြင် ဆဋ္ဌီပေါင်းစပ်နာမ်ကိုလည်း ဖွင့်ဆိုအပ်ပြီ။ ထိုအဖွင့်သည်လည်း မကောင်း။ မှန်၏, သတိပဋ္ဌာန်ပါဠိတော်၌ “ဝေဒနာသု”-ဝေဒနာတို့၌၊ “ဝေဒနာနုပဿီ”-ဝေဒနာဟု အဖန်ဖန်ရှု မြင်လျက် နေ၏ ဟူ၍ တည်ရာနေရာပြပုဒ်ဖြင့် ဘုရားရှင် မိန့်တော်မူထား၏။ စိတ္တာနုပဿနာ၌လည်း ထို့အတူ ဘုရားဟောပါဠိတော်နှင့် မညီဟု သိအပ်၏။
(ဤနေရာ၌ ဋီကာကျော်ဆရာက သဒ္ဒယုတ္တိ-အတ္ထယုတ္တိ နှစ်ပါးရှိအောင် အနုပဿနာ၌ အနု-ရှေးရှိသော ဒိသ-ဓာတ် ယု-ပစ္စည်း ဖြစ်သောကြောင့် ‘ယု-ပစ္စည်း ဏွု-ပစ္စည်းတို့နှင့်ယှဉ်ရာ၌ ဆဋ္ဌီကံ’ဆိုသော သဒ္ဒါဆရာ, ‘ယု ဏွု တု-ပြီ၊ ပစ္စည်းမှီ၊ ဆဋ္ဌီကံနေစေ’ ဟူသော နိယံဆရာတို့ ဆိုသော စကားအားလုံး ဝင်အောင် ဆဋ္ဌီကံထား၍ သမာသ်တွဲသည်။ လယ်တီဋီကာကား အတ္ထယုတ္တိကိုသာ ကြည့်၍ သဒ္ဒယုတ္တိကို မကြည့်ဘဲ ကာယေ အနုပဿနာ-ဟု ဝိဂြိုဟ်ပြု၏။ သမ္မောဟအဋ္ဌကထာ၌လည်း “ကာယာနုပဿတိ လောကံ ဝါ အနုဿတိ”-ဟု ကံအနက် ဖွင့်သောကြောင့် ထိုအဋ္ဌကထာနှင့်လည်း ညီ၏။ သဒ္ဒယုတ္တိ အတ္ထယုတ္တိ နှစ်ပါးရှိ၏။ ထို့ကြောင့် ဋီကာကျော်အတိုင်းပင် သင့်၏။ မန်လည်။)
ထိုဋီကာကျော် ၂၂၇-၌ “ကွဲပြားသော လက္ခဏာရှိကုန်သော သညာ, သင်္ခါရဟု ဆိုအပ်ကုန်သော တရားတို့ကို အဖန်ဖန်ရှုမြင်ခြင်းသည် ဓမ္မာနုပဿနာ”ဟူသော အကြင် ကမ္မဋ္ဌဆဋ္ဌီပေါင်းစပ်နာမ် အဖွင့်ကိုလည်း ဖွင့်ဆိုထားပြီ။ ထိုအဖွင့်သည်လည်း ဓမ္မ-အရကောက်နှင့်တကွ မကောင်းသည် သာလျှင်တည်း။ အဘယ်ကြောင့်နည်းဟူမူ အကြင်ကြောင့် ဘယ်ပါဠိတော်မှာမျှ သညာသင်္ခါရ တို့ကိုသာလျှင် အထူးပြု၍ ဓမ္မ-တို့ဟူ၍ ဘုရားရှင် ဟောကြားထားချက် မရှိ။ ထို့ကြောင့် မကောင်းသတည်း။
မှန်၏, သတိပဋ္ဌာန်ပါဠိ၌ ရှေးဦးစွာ ၆-ပါးသော နီဝရဏတို့ကို ဓမ္မ-တို့ဟူ၍ ဟောတော်မူအပ်ကုန်၏။ ထို့နောက် ၅-ပါးသော ဥပါဒါနက္ခန္ဓာတို့ကို ဓမ္မ-တို့ဟူ၍ ဟောတော်မူအပ်ကုန်၏။ ထို့နောက် ၁၂-ပါးသော အာယတနတို့ကို ဓမ္မ-တို့ဟူ၍ ဟောတော်မူအပ်ကုန်၏။ ထို့နောက် ၇-ပါးသော ဗောဇ္ဈင် တို့ကို ဓမ္မ-တို့ဟူ၍ ဟောတော်မူအပ်ကုန်၏။ ထို့နောက် ၄-ပါးသော သစ္စာတရားတို့ကို ဓမ္မ-တို့ဟူ၍ ဟောတော်မူအပ်ကုန်၏။ ဤသို့ သိအပ်၏။
(ဓမ္မသဒ္ဒါ သာမညဟောသော်လည်း ဤသတိပဋ္ဌာန်အရာ၌ ကာယာနုပဿနာသတိပဋ္ဌာန်ဖြင့် ရူပက္ခန္ဓာ၊ ဝေဒနာနုပဿနာသတိပဋ္ဌာန်ဖြင့် ဝေဒနာက္ခန္ဓာ၊ စိတ္တာနုပဿနာသတိပဋ္ဌာန်ဖြင့် ဝိညာဏက္ခန္ဓာကို ရသောကြောင့် ဓမ္မာနုပဿနာ၌ ဓမ္မအရာ၌ သင်္ခါရပြဋ္ဌာန်းသော်လည်း ဋီကာကျော် အတိုင်းပင် သင့်၏။ သမ္မောဟအဋ္ဌကထာနှင့် ညီ၏။ မန်လည်)
သတိပဋ္ဌာန်လေးပါး ဟောရပုံ
အရှင်ပရမတ္ထဒီပနီကျမ်းဆရာ၏ ဖြေရှင်းချက်အတိုင်း တရားအားလုံးသည် ဓမ္မမည်သည် ဖြစ်ငြားအံ့, ဤသို့ဖြစ်ကြေးဆိုလျှင် အကြင်ကြောင့် ဓမ္မာနုပဿနာ တစ်ခုတည်းကို ဟောတော်မူ အပ်သည်ရှိသော် ဤမှတစ်ပါးသော ကျန်သတိပဋ္ဌာန် ၃-ပါးတို့သည်လည်း ထိုဓမ္မ၌ အကျုံးဝင်-ပါဝင်-ပြီးစီးကုန်၏။ ထို့ကြောင့် သတိပဋ္ဌာန်ကို တစ်ခုတည်းသာလျှင် ဆိုသင့်ဆိုထိုက်၏။ လေးပါးတို့ကို မဆိုထိုက်ကုန်။ ဤသည်ကား စောဒနာတည်း၊
အဖြေကား ထိုအတိုင်း မစောဒနာသင့်။ မှန်၏, ဓမ္မာနုပဿနာ၌ အကြင်ရူပက္ခန္ဓာကို ဟောတော်မူအပ်၏။ ထိုရူပက္ခန္ဓာကို ရုပ်၏ ဖောက်ပြန်သော ရုပ္ပနလက္ခဏာကို အဖန်ဖန် သုံးသပ်သည်၏အစွမ်းအားဖြင့် ဟောတော်မူအပ်၏။ မှန်၏, ရုပ္ပနလက္ခဏာသည် မုချဆတ်ဆတ် အားဖြင့် ပရမတ္ထဓမ္မတည်း။ ထိုရုပ်ပရမတ္ထဓမ္မသည်လည်း ထိုဖောက်ပြန်သောအခြင်းအရာအားဖြင့် အဖန်ဖန်ရှုသောပုဂ္ဂိုလ်အား အထူးအားဖြင့် သိမ်မွေ့သော ငါကောင်ဟု ဖောက်လွဲဖောက်ပြန် ယူသော အတ္တဝိပလ္လာသကို ပယ်ခြင်းငှာ ဖြစ်၏။ ဤသို့ ဓမ္မာနုပဿနာ၌ ရူပက္ခန္ဓာ ဟောထားပုံကို သိအပ်၏။
ဆက်ဦးအံ့၊ ကာယာနုပဿနာလာ ကာယဟူသောပုဒ်ကို ထိုထိုထွက်သက် ဝင်သက် အစရှိသော အပေါင်းဖြစ်၍ ဖြစ်သော ရုပ်တရား၏ အစွမ်းအားဖြင့် ဟောထားသည်ဟု သိအပ်၏။ ရုပ္ပနလက္ခဏာ၏ အစွမ်းဖြင့် ဟောမထားဟု သိအပ်၏။
ဆန့်ကျင်ဘက်စကားကို ပြဦးအံ့, ထိုထိုကာယ၏အဖြစ်ဖြင့် ယူအပ်သော ထိုထိုရုပ်တရား အပေါင်းသည် မုချဆတ်ဆတ် ရအပ်သော ပရမတ္ထဓမ္မမည်သည် မဖြစ်။ အဘယ်ကြောင့်နည်း ဟူမူကား ပညတ်နှင့် ရောသည်၏အဖြစ်ကြောင့်တည်း။ ထိုပညတ်နှင့်ရောသော ရုပ်အပေါင်း သည်လည်း ထိုပညတ်မှ မလွတ်သေးသော အခြင်းအရာအားဖြင့် အဖန်ဖန် ရှုမြင်သောသူအား ထူးခြားချက်အားဖြင့် တင့်တယ်ပါပေသည်ဟု ဖောက်လွဲ ဖောက်ပြန်အားဖြင့် ယူသော သုဘ အစရှိသော (သုခ၊ နိစ္စ) ပေါ်လွင်သော အကြမ်းဝိပလ္လာသကို ပယ်ခြင်းငှာ ဖြစ်၏။ ဤသို့ ကာယာနုပဿနာ၌ ရုပ်ဟောထားပုံကို သိအပ်၏။
ထို့အတူ ဝေဒနာ၊ စိတ်တို့၌လည်း ကောင်းပါပေသည်ဟု ဖောက်လွဲဖောက်ပြန် အားဖြင့်ယူသော သုခအစရှိသော အကြမ်းဝိပလ္လာသ, သိမ်မွေ့သောဝိပလ္လာသအားဖြင့် နှစ်ပါးစီနှစ်ပါးစီကုန်သော ဝိပလ္လာသတို့သည် ဖြစ်ကုန်၏။ ထိုအကြမ်းအနုဝိပလ္လာသ နှစ်ပါးတို့တွင် အတ္တအယူနှင့် အမြဲ ဖွဲ့စပ်အပ်ကုန်သော တည်မြဲအယူ နိစ္စဝိပလ္လာသ၊ ချမ်းသာအယူ သုခဝိပလ္လာသတို့သည် ကြမ်းတမ်း ကုန်၏။ ငါကောင်ဟု ဖောက်လွဲ ဖောက်ပြန်ယူမှု အတ္တဝိပလ္လာသသည် သိမ်မွေ့၏။
ထိုအနုပဿနာနှစ်ပါးတို့တွင် အကြင်ကြောင့် ဝေဒနာနုပဿနာ, စိတ္တာနုပဿနာတို့မှာပါသည့် ဝေဒနာနှင့် စိတ်တို့ကို ကြမ်းတမ်းသော အကုသိုလ်ဝိပလ္လာသတို့ကို ပယ်ခြင်းငှာ အသီးအခြား ဟောတော်မူအပ်ကုန်၏။ ဓမ္မာနုပဿနာတို့၌ ပါသည့် ဝေဒနာက္ခန္ဓာ, စိတ်ဟူသော ဝိညာဏက္ခန္ဓာ တို့ကို သိမ်မွေ့သော အကုသိုလ်ဝိပလ္လာသတို့ကို ပယ်ခြင်းငှာ ဟောတော်မူအပ်ကုန်၏။ ထို့ကြောင့် သတိပဋ္ဌာန်တို့ကို လေးပါးတို့ဟူ၍သာလျှင် ဟောထိုက်ကုန်၏။ ဤသို့ သိအပ်၏။
သမ္မပ္ပဓာန်လေးပါး
၃၁။ ကောင်းစွာ အားထုတ်ကုန်ကြောင်းဟူသော အကြောင်းဟိတ်ကြောင့် သမ္မပ္ပဓာန် တို့ မည်ကုန်၏။ ဤသမ္မပ္ပဓာန်ဟူသော အမည်သည် “တကယ်စင်စစ် ငါ၏ ကိုယ်၌ အရေသည် လည်းကောင်း, အကြောသည်လည်းကောင်း, အရိုးသည်လည်းကောင်း ကြွင်းပါစေတော့။ အသွေး အသားသည် လည်း ခန်းခြောက်ပါစေတော့။ ယောက်ျားတို့၏အစွမ်းဖြင့် ယောက်ျားတို့၏လုံ့လဖြင့် ဈာန် အဘိညာဉ်မဂ်ဖိုလ် နိဗ္ဗာန်ဟူသော အကြင်အမှုသို့ ရောက်သင့်-ရောက်ထိုက်၏။ ထိုအမှုသို့ မရောက်မူ၍ ကြိုးစားမှု ဝီရိယကို ရပ်တန့်ပစ်ခြင်းသည် မဖြစ်လတ္တံ့”ဟု ဤသို့ မဆုတ်နစ်သော ဖြစ်ခြင်း၏ အစွမ်းအားဖြင့် ဖြစ်သော ကြိုးစားမှုသမ္မာဝါယာမ၏ အမည်တည်း။
ထိုသို့ ဇွဲကောင်းသောအခြင်းအရာအားဖြင့်ဖြစ်သော ထိုသမ္မာဝါယာမသည်ကား အကြင်ကြောင့် တစ်ပါးတည်းပင် ဖြစ်သော်လည်း အလုပ်ကိစ္စပြီးမြောက်ခြင်း၏ အစွမ်းအားဖြင့် လေးပါးအပြား ရှိပေ၏။ ထို့ကြောင့် “ဥပ္ပန္နာနံ” အစရှိသောစကားကို ဟောတော်မူအပ်၏။
(ပါဠိဒွန်နှင့် မြန်မာဒွန်ထားပုံမတူ။ ထို့ကြောင့် စီဝရပိဏ္ဍပါတ-သင်္ကန်းဆွမ်းဟူသော ပါဠိအစဉ်ကို ဆွမ်းသင်္ကန်းဟု မြန်မာလို ခေါ်၏။ ထို့အတူ မံသလောဟိတ-ကို အသားအသွေး ဟု မပြန်ဘဲ အသွေးအသားဟု ပြန်လိုက်ပေသည်။)
ပထမဝီရိယ
ထို “ဥပ္ပန္နာနံ” အစရှိသောစကားရပ်၌ “ဥပ္ပန္နာနံ ပါပကာနံ” ဟူသည်ကား ဤမည်သော ကာလ၌ လည်းကောင်း ဤမည်သော အကျယ်ဒေသ၌ လည်းကောင်း ဤမည်သော အကျဉ်းဌာန၌ လည်းကောင်း ငါသည် ဤမည်ဤမည်သော မကောင်းမှုကို ပြုဖူးပြီ။ ငါ့အား ဤမည်ဤမည်သော မကောင်းမှုသည် ဖြစ်ဖူးပြီ။ ဤသို့ စေတနာပါ၍ ပြုမိခြင်း၊ သညာပါ၍ မှတ်မိခြင်း ဟူသော နှစ်ပါးသော အခြင်းအရာအားဖြင့် မိမိ၏ရှေ့သန္တာန်၌ ဖြစ်ဖူးသည်၏အဖြစ်ဖြင့် သိသာထင်ရှား ကုန်သော အကုသိုလ်အဟောင်းတို့ကို။ “ပဟာနာယ” ဟူသည်ကား ထိုအကုသိုလ်အဟောင်းတို့ကို မိမိ၏ယခုသန္တာန်၌ ယနေ့ကို အစပြု၍ ကိလေသာနှင့်ခန္ဓာ အပြီးတိုင် ချုပ်ငြိမ်းရာ ပရိနိဗ္ဗာန် စံသည့်ကာလတိုင်အောင် တစ်ဖန် မဖြစ်ခြင်းသဘောရှိသည်၏အဖြစ်သို့ ရောက်စေခြင်းကို ပြုခြင်းအကျိုးငှာ = မဂ်ဖြင့် အမြစ်ပြတ် ပယ်စွန့်ခြင်းအကျိုးငှာ။
“ဝါယာမော” ဟူသည်ကား သီလကို ပြည့်စေခြင်းအမှု, စိတ်ကို ငြိမ်းအေးစေခြင်း သမထဘာဝနာ ပွားများခြင်းအမှု, ထူးထူးခြားခြား ရှုကြည့်ခြင်း ဝိပဿနာဘာဝနာ ပွားများခြင်းအမှုတို့၌ မြဲမြံစွာ အားထုတ်ခြင်းဝီရိယတည်း။
(မလ္လေယျဒေဝမထေရ်ကဲ့သို့တည်း။ မှန်၏, ထိုမလ္လေယျဒေဝမထေရ်သည် မိမိ ပြုအပ်ဖူးကုန်သော မကောင်းမှုကံတို့၏အစွမ်းဖြင့် ယခုဘဝမှ အခြားမဲ့ဖြစ်သော နောက်ဘဝ၌ အပါယ်၌ ဖြစ်ခြင်းမှ လန့်၍ ရဟန်းတရားကို မြဲမြံစွာ ပြုသည်ရှိသော် အရဟတ္တဖိုလ်ကို မျက်မှောက်ပြု၏။ ဤသို့ အတိတ်အကုသိုလ် ပယ်စွန့်နိုင်ပုံကို သိအပ်၏။ နိဿယမူ။)
ဒုတိယဝီရိယ
“အနုပ္ပန္နာနံ” ဟူသည်ကား မိမိ၏သန္တာန်၌ ရှေ့၌ ဖြစ်ဖူးသောအားဖြင့် မထင်ရှားကုန် မသိသာ ကုန်သော သူတစ်ပါးတို့၏ သန္တာန်၌ဖြစ်စေ သုတ္တန်တို့၌ဖြစ်စေ ဖြစ်ကြောင်းစုံလင် မြင်ရ၍ လည်းကောင်း ကြားရ၍လည်းကောင်း သိသာထင်ရှားကုန်သော အကုသိုလ်တို့ကို။
“အနုပ္ပါဒါယ” ဟူသည်ကား အကြင်အကုသိုလ်မူလတရားတို့၏ အမြစ်သဖွယ် တွယ်လျက်ရှိသည် ၏အဖြစ်ကြောင့် ဤသတ္တဝါတို့မှာ ဤကဲ့သို့ ရှုမြင်အပ်သော သဘောရှိကုန်သော အကြင် ကိလေသာ အပေါင်းတို့သည် လည်းကောင်း, အကြင်မကောင်းမှုကံတို့သည် လည်းကောင်း ဖြစ်ကုန်၏။ ထိုအကုသိုလ်မူလတရားတို့သည် ငါ့မှာ ရှိကုန်သည်သာလျှင်တည်း။ ငါသည်လည်း ထိုကိလေသာ တို့မှလည်းကောင်း (ကိလေသဝဋ်), ထိုမကောင်းမှုကံတို့မှလည်းကောင်း (ကမ္မဝဋ်) မလွတ် သာလျှင်တည်း။ ငါ့လိုပုထုဇဉ်သည်လည်း နက်ဖြန်၌ လည်းကောင်း သန်ဘက်ခါ၌ လည်းကောင်း ဘဝတစ်ပါးတို့၌ လည်းကောင်း ထိုကိလေသဝဋ် ကမ္မဝဋ်တို့ကို မိမိ၏သန္တာန်၌ ဖြစ်စေနိုင်သေးသည် သာလျှင်တည်း”ဟု ဆင်ခြင်၍ ထိုအကုသိုလ်မူလ အရင်းအမြစ်တို့ကို မိမိ၏သန္တာန်၌ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော အနုသယကို ကောင်းစွာ အကြွင်းမဲ့ဖြတ်ခြင်း အကျိုးငှာ။ (ဝါယာမော-လုံ့လပြုခြင်းလည်းကောင်း-ဟု စပ်ပါ။)
တတိယဝီရိယ
“အနုပ္ပန္နာနံ ကုသလာနံ ဥပ္ပာဒါယ” ဟူသည်ကား ကာမ ရူပ အရူပ လောကုတ္တရာအားဖြင့် ဘုံ ၄-ပါး၌ ဖြစ်ကုန်သော အထူးစင်ကြယ်ဘိ ဝိသုဒ္ဓိ ၇-ပါး အပြားရှိကုန်သော ကုသိုလ်တရားတို့၌ “ဤမည်သော ဝိသုဒ္ဓိတရားတို့သို့/တို့ကို ငါသည် ယခုအခါ၌ မရောက်ကုန်သေးသည်သာလျှင်, မရကုန်သေးသည်သာလျှင် ဖြစ်ကုန်၏” ဟု ဤသို့ နိုးနိုးကြားကြားသိ၍ ဘုရားသာသနာ ပွင့်ပေါ်ခိုက် အခွင့်အခါကောင်းသည် မလွန်မီသာလျှင် မရောက်ဖူးသေးကုန်သော မရဖူးသေး ကုန်သော အထက်၌ ဖြစ်ကုန်သည့် ကုသိုလ်တရားတို့ကို ရခြင်းအကျိုးငှာ။ (ဝါယာမော-လုံ့လ ပြုခြင်းလည်းကောင်း-ဟု စပ်ပါ။)
စတုတ္ထဝီရိယ
“ဥပ္ပန္နာနံ ကုသလာနံ ဘိယျောဘာဝါယ” ဟူသည်ကား သီလအစရှိကုန်သော အကြင် ကုသိုလ် တို့သည် ငါ၌ ဖြစ်ကုန်၏။ ထိုကုသိုလ်တရားတို့သည် အကြင်မျှလောက် အရိယာမဂ်ဟု ဆိုအပ်သော စွဲမြဲမှုသို့ မသက်ရောက်ကုန်သေး, ထိုမျှလောက် ငါ၏ ဤဥစ္စာတို့ဟူ၍ ဆိုခြင်းငှာ မထိုက်ကုန်သေး။ နက်ဖြန်၌လည်းကောင်း သန်ဘက်ခါ၌ လည်းကောင်း ဘဝတစ်ပါးသို့ ရောက်၍ သော်လည်းကောင်း ပျက်စီးကုန်လတ္တံ့သည် သာလျှင်တည်း”ဟု ဤသို့ ဆင်ခြင်၍ မိမိ၏သန္တာန်၌ ဖြစ်ပြီးကုန်သော ထိုကုသိုလ်တရားတို့ကို အခါခပ်သိမ်း ကိလေသာတို့သည် မဖျက်စီးနိုင်သော သဘောရှိသည့် အာသဝေါကုန် ရဟန္တာအရှင်မြတ်၏အဖြစ် အရဟတ္တဖိုလ်သို့ ရောက်စေသည်၏ အစွမ်းအားဖြင့် သာ၍ကောင်းမွန်သည်ထက် ကောင်းမွန်အောင် ပွါးခြင်းအကျိုးငှာ။ (ဝါယာမော လုံ့လ ပြုခြင်း လည်းကောင်း-ဟု စပ်ပါ။)
အဖို့တစ်ပါးကို ဆိုဦးအံ့, လေးပါးကုန်သော ထိုအဝင်အဝတို့တွင် အမှတ်မရှိသော တစ်ခုသော အဝင်အဝဖြင့် ဖြစ်ပေါ်လာသော ဝီရိယသည် လေးပါးသော အားထုတ်မှုကိစ္စကို ပြီးစေတတ်သည် သာလျှင် ဖြစ်၏။ ဤသို့ သိအပ်၏။ ဝိဘင်းအဋ္ဌကထာ၌ကား မဂ်ခဏ၌သာလျှင် တစ်ခုသော ထိုဝီရိယ၏ ကိစ္စလေးပါးပြီးကောင်းသည်၏ အဖြစ်ကို မိန့်ဆိုထား၏။ ဤသို့ သိအပ်၏။
ဣဒ္ဓိပါဒ်လေးပါး
၃၂။ စတ္တာရော ဣဒ္ဓိပါဒါ-၌ “ဣဒ္ဓိ” ဟူသည်ကား ပြီးစီးခြင်းတည်း။ ထိုထို အားထုတ်ခြင်း ပယောဂမှု၏ ပြီးစီးခြင်း, ပြည်စုံခြင်း, ဖြစ်မြောက်ခြင်းတည်း။ ဤသည်ကား “ဣဒ္ဓိ” ပုဒ်၏ အနက် တည်း။ ထိုဣဒ္ဓိသည်ကား အကျဉ်းအားဖြင့် ဖွင့်ပြရမူ -
ထူးကဲသော တရားအရာ၌ သိသင့် သိထိုက်ကုန်သော အလုံးစုံသော ပရမတ်တရားတို့ကို ပိုင်းခြား သိမှု ဓမ္မဝဝတ္ထာနဉာဏ်ဖြင့် ထိုးထွင်း၍ သိခြင်း၏ပြီးစီးခြင်း အဘိညာသိဒ္ဓိ၊
သိသင့်သိထိုက်ကုန်သော သစ္စာ ၄-ပါးတရားတို့ကို တစ်ကန့်စီ တစ်သန့်စီ ပိုင်းခြား၍ သိခြင်း၏ ပြီးစီးခြင်း ပရိညာသိဒ္ဓိ၊
ပယ်သင့်ပယ်ထိုက်ကုန်သော တရားတို့ကို ပယ်ခြင်း၏ ပြီးစီးခြင်း ပဟာနသိဒ္ဓိ၊
မျက်မှောက်ပြုသင့်ပြုထိုက်ကုန်သော တရားတို့ကို မျက်မှောက်ပြုခြင်း၏ပြီးစီးခြင်း သစ္ဆိကရဏသိဒ္ဓိ၊
ပွားများသင့် ပွားများထိုက်ကုန်သော တရားတို့၏ ပွားခြင်းအလုပ်၏ ပြီးစီးခြင်း ဘာဝနာသိဒ္ဓိ အားဖြင့် ငါးပါးအပြားရှိ၏။
(အနုဒီပနီအဖွင့်အရ ပရိညာသိဒ္ဓိ-၌ သိစရာအာရုံ သစ္စာ ၄-ပါးကို ထည့်လိုက်ပေသည်။ သိ၊ ပယ်၊ ဆိုက်၊ ပွား-ဟူသော သစ္စာအမြင်နှင့် ယူသော် ထိုပရိညာသိဒ္ဓိ၏အာရုံကို ဒုက္ခသစ္စာ တစ်ပါးတည်း ထည့်က လုံလောက်သည်။)
တစ်နည်းကား ပြီးစီးပြည့်စုံတတ်သည်ဟူသော အကြောင်းဟိတ်ကြောင့် “ဣဒ္ဓိ” မည်၏။ ဤ “ဣဒ္ဓိ” ဟူသောအမည်သည် ဘုရားသာသနာတော်၌ အားထုတ်ခြင်း အမှုဖြင့် ပြီးစီးကုန်သော ခပ်သိမ်း ကုန်သော မဟဂ္ဂုတ်လောကုတ္တရာတရားတို့၏ အမည်တည်း။
ရောက်ကြောင်းတရားဟူသော အကြောင်းဟိတ်ကြောင့် “ပါဒ” မည်၏။ ဣဒ္ဓိ-ဟူသော ပြီးစီး ပြည့်စုံခြင်းသို့, ဣဒ္ဓိ-ဟူသော ပြီးစီးပြည့်စုံတတ်သော တရားသို့+ပါဒ- ရောက်ကြောင်းတရား ဟူသော အကြောင်းဟိတ်ကြောင့် “ဣဒ္ဓိပါဒ” မည်၏။ ပြီးစီးခြင်းသို့ ရောက်ခြင်း၏ အားကြီးသော အကြောင်း, ပဓာနကျသောအကြောင်းတည်းဟု ဆိုလိုပေ၏။
ထိုဣဒ္ဓိပါဒ်သည်ကား အကြင်ကြောင့် အဓိပတိတရားလေးပါးတို့၏ အစွမ်းဖြင့် ၄-ပါးအပြားရှိ၏။ ထို့ကြောင့် “စတ္တာရော ဣဒ္ဓိပါဒါ” အစရှိသော စကားကို မိန့်တော်မူ၏။ အဓိပတိဖြစ်၍ဖြစ်သော ဆန္ဒသည်ပင်လျှင် ဣဒ္ဓိပါဒ်မည်သည် ဟူသော အကြောင်းကြောင့် “ဆန္ဒိဒ္ဓိပါဒ်” မည်၏။ ကြွင်းကုန်သော ဝီရိယိဒ္ဓိပါဒ်၊ စိတ္တိဒ္ဓိပါဒ်၊ ဝီမံသိဒ္ဓိပါဒ်တို့၌လည်း ဤ “ဆန္ဒိဒ္ဓိပါဒ်” နည်းတူ ခက်ဆစ် ဖွင့်အပ်၏။
ဆက်၍ ဆိုဦးအံ့, အကြင်ကြောင့် ဤဣဒ္ဓိပါဒ်၌ အလုံးစုံကုန်သော မဟဂ္ဂုတ် လောကုတ္တရာ ဖြစ်ကုန်သော ဈာန်မဂ်ဖိုလ်(ဥတ္တရိမနုဿဓမ္မ)တို့ မည်ကုန်သည်ကား သာမန်ဖြစ်သော ဆန္ဒ၊ ဝီရိယ၊ စိတ်၊ ပညာတို့ဖြင့် ရောက်အပ်သောတရားတို့ မဖြစ်ကုန်။ တစ်စုံတစ်ခုသော တားမြစ်ချက် ပလိဗောဓသည် တားမြစ်ခြင်းငှာ မတတ်နိုင်သော အဓိပတိအဖြစ်သို့ ရောက်သော ဆန္ဒအစ ရှိသည်ဖြင့်သာလျှင် ရောက်အပ်ကုန်သော တရားတို့ ဖြစ်ကုန်၏။ ထို့ကြောင့် အဓိပတိဖြစ်၍ ဖြစ်သည်သာလျှင် ဖြစ်ကုန်သော ဤဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသ-တို့ကို ဤဣဒ္ဓိပါဒ်ရာ၌ အလို ရှိအပ်ကုန်၏။ ဤသို့ မှတ်အပ်၏။
ဋီကာကျော်
ဋီကာကျော် ၂၂၇-၌ကား “ ဤတရားဖြင့် အဓိဋ္ဌာန်အပ်သော နဂါးဂဠုန်အသွင် အစရှိသော ဝတ္ထုသည် ပြည့်စုံတတ်၏။ ထိုသို့ ပြည့်စုံကြောင်း ဖြစ်သော သတ္တိကြောင့် ဣဒ္ဓိမည်၏။ ထိုပုဒ်အရ ဣဒ္ဓိဝိဓဉာဏ်ကို အရကောက်အပ်၏။ ဣဒ္ဓိ-ဟု ဆိုအပ်သော ဣဒ္ဓိဝိဓဉာဏ်၏ တည်ရာ အခြေခံသည် ဣဒ္ဓိပါဒမည်၏”ဟု ဖွင့်ဆိုထား၏။ ထိုဖွင့်ဆိုချက်သည် မဟာဝဂ္ဂသံယုတ်ပါဠိတော် ဣဒ္ဓါဒိဒေသနာ သုတ်လာ “ရဟန်းတို့ ဣဒ္ဓိ-ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် များသော စီမံခြင်း ရှိသော တန်ခိုးဖန်ဆင်းမှုအထူးအပြားကို ပြီးစေ၏။ တစ်ယောက် တည်းဖြစ်လျက် လည်း အများဖြစ်သွား၏။ အများဖြစ်လျက်လည်း တစ်ယောက်တည်းဖြစ်လာ၏။ ၊ပ၊ ဗြဟ္မာ့ပြည် တိုင်အောင်လည်း ကိုယ်ကို မိမိအလိုအတိုင်း ဖြစ်စေနိုင်၏။ ရဟန်းတို့ ဤသည်ကို ဣဒ္ဓိ-ဟု ဆိုအပ်၏”ဟူသော ဤပါဠိတော်နှင့် တူညီ၏။
ဤသို့ပင် တူညီသော်လည်း အကြင်ကြောင့် ဤသင်္ဂြိုဟ်ကျမ်း၌ အဘိဓမ္မာပရိယာယ်ကိုသာလျှင် အလိုရှိအပ်၏။ ထို့ကြောင့် ထိုဋီကာကျော်စကားသည် မသင့်သည်သာလျှင်တည်း။
(သမုစ္စည်းပိုင်းသဘောမှာ သုတ္တန်နှင့် အဘိဓမ္မာ နှစ်ပါး ရောပြွမ်း၍ ပြသောအရာဌာန ဖြစ်၍ ဋီကာကျော်အတိုင်း သင့်၏။ သုတ္တန်အဘိဓမ္မာနှစ်ပါး ရောပြွမ်း၍ ပြမှန်းကို သင်္ဂဟ သံယောဇဉ် တို့ကို ထောက်၍ သိလေ။ မန်လည်။)
အဘိဓမ္မာဣဒ္ဓိပါဒဝိဘင်းပါဠိတော်၌ကား ပဌမဝါရ၌ လောကီလောကုတ္တရာ အရောအနှော ဖြစ်သော ရှေ့အဖို့၌ ပွားများရခြင်း ပုဗ္ဗဘာဂဘာဝနာနှင့်တကွ ဥတ္တရိမနုဿဓမ္မ၌ အကျုံးဝင်သော စိတ် စေတသိက်အစုကိုသာလျှင် ဣဒ္ဓိပါဒ်ဟူ၍ ဟောတော်မူထား၏။
ထိုဝိဘင်း၏အဖွင့် သမ္မောဟဝိနောဒနီအဋ္ဌကထာ၌လည်း “ပဌမဈာန်၏ အကြို အလုပ်ပရိကံသည် ဣဒ္ဓိပါဒ်မည်၏, ပဌမဈာန်မည်သည် ဣဒ္ဓိမည်၏။ ၊ပ၊ နေဝသညာနာသညာယတနဈာန်၏ အကြို အလုပ်ပရိကံသည် ဣဒ္ဓိပါဒ်မည်၏, နေဝသညာနာသညာယတနဈာန်သည် ဣဒ္ဓိမည်၏။ သောတာပတ္တိမဂ်၏ ပရိကံအရာမှာ တည်သော ဝိပဿနာသည် ဣဒ္ဓိပါဒ်မည်၏, သောတာပတ္တိမဂ် သည် ဣဒ္ဓိမည်၏။ သကဒါဂါမိမဂ်၏ ပရိကံအရာမှာ တည်သော ဝိပဿနာသည် ဣဒ္ဓိပါဒ်မည်၏, သကဒါဂါမိမဂ်သည် ဣဒ္ဓိမည်၏။ အနာဂါမိမဂ်၏ ပရိကံအရာမှာ တည်သော ဝိပဿနာသည် ဣဒ္ဓိပါဒ်မည်၏, အနာဂါမိမဂ်သည် ဣဒ္ဓိမည်၏။ အရဟတ္တမဂ်၏ ပရိကံအရာမှာ တည်သော ဝိပဿနာသည် ဣဒ္ဓိပါဒ်မည်၏, အရဟတ္တမဂ်သည် ဣဒ္ဓိမည်၏”ဟူ၍လည်းကောင်း,
“ပဌမဈာန်သည် ဣဒ္ဓိပါဒ်မည်၏, ဒုတိယဈာန်သည် ဣဒ္ဓိမည်၏။ ၊ပ၊ အာကိဉ္စညာယတနဈာန်သည် ဣဒ္ဓိပါဒ်မည်၏, နေဝသညာနာသညာယတနဈာန်သည် ဣဒ္ဓိ မည်၏။ သောတာပတ္တိမဂ်သည် ဣဒ္ဓိပါဒ် မည်၏, သကဒါဂါမိမဂ်သည် ဣဒ္ဓိမည်၏။ သကဒါဂါမိမဂ်သည် ဣဒ္ဓိပါဒ်မည်၏, အနာဂါမိ မဂ်သည် ဣဒ္ဓိမည်၏။ အနာဂါမိမဂ်သည် ဣဒ္ဓိပါဒ်မည်၏, အရဟတ္တမဂ်သည် ဣဒ္ဓိမည်၏” ဟူ၍လည်းကောင်း ဖွင့်ဆိုထား၏။
ထိုထိုအခြေခံပါဒကဈာန်သည် ဣဒ္ဓိပါဒ်မည်၏, ထိုထိုပါဒကဈာန်မှ ထ၍ ဖြစ်စေအပ်သော မဂ်သည် ဣဒ္ဓိမည်၏။ ဤသို့လည်း ဆိုခြင်းငှာ သင့်သည်သာလျှင်တည်း။ ဤနေရာ၌ကား ဥတ္တရစူဠဘာဇနီ၌ လာသောနည်းဖြင့် ၄-ပါးကုန်သော အဓိပတိတရားတို့ကိုသာလျှင် ဣဒ္ဓိပါဒ်တို့ဟူ၍ အရှင်အနုရုဒ္ဓါ မထေရ်သည် ဆိုတော်မူအပ်ကုန်၏။ အထူးကို ဆိုဦးအံ့, ထိုဝိဘင်းပါဠိတော် ဥတ္တရစူဠဘာဇနီ၌ လောကုတ္တရာဖြစ်၍ ဖြစ်ကုန်သော ဣဒ္ဓိပါဒ်တရားတို့ကိုသာလျှင် အလိုရှိအပ်ကုန်၏။ ဤသင်္ဂြိုဟ် ကျမ်း၌ လောကီလောကုတ္တရာ အရောအနှောဖြစ်ကုန်သော ဣဒ္ဓိပါဒ်တရားတို့ကို အလိုရှိအပ်ကုန်၏။ ဤသို့ သိအပ်၏။
ဣန္ဒြေ ၅-ပါးနှင့် ဗိုလ် ၅-ပါး
စာပိုဒ် ၃၃-နှင့် ၃၄-လာ ဣန္ဒြေ-ဗိုလ်တို့ကို အနက်အားဖြင့် အောက် ဣန္ဒြေ၂၂-ပါး၊ ဗိုလ် ၉-ပါး အဖွင့်၌ ငါ ဒီပနီဆရာသည် ဖွင့်ဆိုအပ်ပြီးသာလျှင်တည်း။
အထူးကို ဆိုဦးအံ့, ထင်းရှားသော အရာဌာနအားဖြင့်ကား (ဘုရားတရားသံဃာ ဟူသော ရတနာ ၃-ပါး၌ မတုန်မလှုပ် သက်ဝင်ယုံကြည်သော သဒ္ဓါတရား ၃ မျိုးရှိခြင်း ဘုရား အရိယာ သူတော်ကောင်းကြီးတို့ နှစ်ခြိုက်အပ်သော ငါးပါးသီလစသည်တို့နှင့် ပြည့်စုံခြင်းဟူသော) သောတာပတ္တိအင်္ဂါလေးပါးတို့၌ ယုံကြည်ခြင်းသဒ္ဓါ၏ အားအစွမ်းကို သိအပ်၏။ ဘုရားရှင် အဘယ်ကဲ့သို့ ဟောတော်မူသနည်းဟူမူ “ရဟန်းတို့ အဘယ်နေရာ၌ သဒ္ဓိန္ဒြေကို ရှုမြင်အပ် သနည်း။ သောတာပတ္တိအင်္ဂါ လေးပါးဟူကုန်သော ဤနေရာ၌ သဒ္ဓိန္ဒြေကို ရှုမြင်အပ်၏”ဟု မဟာဝဂ္ဂသံယုတ် ပါဠိတော်၌ မိန့်တော်မူထား၏။
သမ္မပ္ပဓာန်လေးပါးတို့၌ ဝီရိယ၏ အားအစွမ်းကို သိအပ်၏။ ဘုရားရှင် အဘယ်ကဲ့သို့ ဟောတော်မူ သနည်းဟူမူ “ရဟန်းတို့ အဘယ်နေရာ၌ ဝီရိယိန္ဒြေကို ရှုမြင်အပ်သနည်း။ သမ္မပ္ပဓာန် လေးပါး ဟူကုန်သော ဤနေရာ၌ ဝီရိယိန္ဒြေကို ရှုမြင်အပ်၏”ဟု မိန့်တော်မူထား၏။
သတိပဋ္ဌာန်လေးပါးတို့၌ သတိ၏ အားအစွမ်းကို သိအပ်၏။ ဘုရားရှင် အဘယ်ကဲ့သို့ ဟောတော်မူ သနည်းဟူမူ “ရဟန်းတို့ အဘယ်နေရာ၌ သတိန္ဒြေကို ရှုမြင်အပ်သနည်း။ သတိပဋ္ဌာန် လေးပါး ဟူကုန်သော ဤနေရာ၌ သတိန္ဒြေကို ရှုမြင်အပ်၏”ဟု မိန့်တော်မူထား၏။
ဈာန်လေးပါးတို့၌ သမာဓိ၏ အားအစွမ်းကို သိအပ်၏။ ဘုရားရှင် အဘယ်ကဲ့သို့ ဟောတော်မူ သနည်းဟူမူ “ရဟန်းတို့ အဘယ်နေရာ၌ သမာဓိန္ဒြေကို ရှုမြင်အပ်သနည်း။ ဈာန်လေးပါး ဟူကုန်သော ဤနေရာ၌ သမာဓိန္ဒြေကို ရှုမြင်အပ်၏”ဟု မိန့်တော်မူထား၏။
အရိယသစ္စာလေးပါးတို့၌ ပညာ၏ အားအစွမ်းကို သိအပ်၏။ ဘုရားရှင် အဘယ်ကဲ့သို့ ဟောတော်မူသနည်းဟူမူ “ရဟန်းတို့ အဘယ်နေရာ၌ ပညိန္ဒြေကို ရှုမြင်အပ်သနည်း။ အရိယသစ္စာ လေးပါးဟူကုန်သော ဤနေရာ၌ ပညိန္ဒြေကို ရှုမြင်အပ်၏”ဟု မိန့်တော်မူထား၏။
သမ္ဗောဇ္ဈင် ၇-ပါး
၃၅။ မဂ်လေးပါးတို့၌ ဖြစ်သော ဉာဏ်ကို “သမ္ဗောဓိ” ဟူ၍ ဆိုအပ်၏။ ထက်ဝန်းကျင်မှ သိတတ်သည် ထိုးထွင်း၍သိတတ်သည်ဟူသော အကြောင်းဟိတ်ကြောင့်, တစ်နည်းကား သိကုန် ကြောင်း ထိုးထွင်းသိကုန်ကြောင်းဟူသော အကြောင်းဟိတ်ကြောင့်ဟု ဝိဂြိုဟ်ပြု၍ “သမ္ဗောဓိ” ကို နားလည်အပ်၏။ မှန်၏, ထိုသမ္ဗောဓိမည်သော မဂ်ဉာဏ်သည် သစ္စာလေးပါးတရားကို သိသည် ရှိသော် တစ်ပြိုင်နက်သောခဏ၌ ပီဠနဋ္ဌ၊ သင်္ခတဋ္ဌ အစရှိကုန်သော သစ္စာအနက် ၁၆-ချက် တို့နှင့်တကွ ထက်ဝန်းကျင်မှ သိုင်းခြုံ၍ အလုံးစုံအားဖြင့် သိတတ်၏။ တစ်စိတ်တစ်ဒေသ အားဖြင့် သိသည်မဟုတ်။ ဤသို့ ဆိုအပ်၏။ ထိုသမ္ဗောဓိကို ကောင်းစွာ ဖြစ်စေတတ်သော အနက်ကြောင့် မဂ်ဉာဏ်၏ ‘အင်္ဂါ’ တကွပြုလေ့ရှိသော အားကြီးသော ‘အကြောင်း’ ဟူသော အကြောင်း ဟိတ်ကြောင့် “သမ္ဗောဇ္ဈင်္ဂ” မည်၏။ “သမ္ဗောဇ္ဈင်” မည်၏။
သတိသမ္ဗောဇ္ဈင်
သတိစေတသိက် သည်ပင်လျှင် သမ္ဗောဇ္ဈင်မည်သည် ဟူသော အကြောင်းဟိတ်ကြောင့် “သတိသမ္ဗောဇ္ဈင်္ဂ” မည်၏။ ချဲ့ဦးအံ့, ထိုသတိသည် ကာယအစရှိကုန်သော လေးပါးကုန်သော မိမိ၏ ရှုကွက်အာရုံတို့၌ ဘာဝနာ၏ အစွမ်းအားဖြင့် မြဲမြံစွာ ကြီးပွားသည်ရှိသော် အစဉ်သဖြင့် အလုံးစုံသော မေ့လျော့ပေါ့ဆမှု ပမာဒအဖို့ကို မှုတ်လွှင့်၍ လည်းကောင်း, အလုံးစုံသော မမေ့မလျော့မပေါ့မဆမှု အပ္ပမာဒအဖို့ကို ပြည့်စေ၍ လည်းကောင်း လေးပါးသောမဂ်ဉာဏ်ဟု ဆိုအပ်သော “သမ္ဗောဓိ” ကို ကောင်းစွာ ဖြစ်တည်စေ၏။ ဤသို့ သတိ၏အလုပ်ကို သိအပ်၏။
ဓမ္မဝိစယသမ္ဗောဇ္ဈင်
ဝိပဿနာ၏ တည်ရာအာရုံ ဖြစ်၍ ဖြစ်ကုန်သော အဇ္ဈတ္တဗဟိဒ္ဓတရားတို့ကို စိစစ်စူးစမ်းတတ်, ပထဝီဓာတ်၏ ကြမ်းတမ်းသည်၏အဖြစ်, ဖဿစေတသိက်၏ တွေ့ထိခြင်း အစရှိသည်လည်း ဖြစ်ကုန်သော, (ဝိသေသလက္ခဏာ) အနိစ္စတာအစရှိသည်လည်း ဖြစ်ကုန်သော (သာမည လက္ခဏာ) အထူးထူးသောအခြင်းအရာတို့ဖြင့် မှုန့်မှုန့်ညက်ညက် ပြုသကဲ့သို့ ထိုဝိပဿနာဉာဏ်၏ ရှုကွက်အာရုံဖြစ်ကုန်သော အတွင်းအပြင်တရားတို့၌ သိမြင်ထိုက်သမျှသော အခြင်းအရာကို အကြွင်းအကျန်မရှိ စုံစမ်းတတ်သည်ဟူသော အကြောင်းဟိတ်ကြောင့် “ဓမ္မဝိစယ” မည်၏။ ထို ဓမ္မဝိစယ သည်ပင်လျှင် သမ္ဗောဇ္ဈင်္ဂ မည်သည်ဟူသော အကြောင်း ဟိတ်ကြောင့် “ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂ” မည်၏။
ချဲ့အံ့, ထိုဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂသည်လည်း မိမိ၏ ကျက်စားရာအာရုံဖြစ်၍ ဖြစ်ကုန်သော ဝိပဿနာဉာဏ်၏ ရှုကွက်အာရုံဖြစ်ကုန်သော ထိုအတွင်းအပြင်တရားတို့၌ ဘာဝနာ၏အစွမ်း အားဖြင့် ကောင်းစွာ အပြည့်အစုံ ပွားသည်ရှိသော် အစဉ်သဖြင့် အလုံးစုံသော လွန်စွာတွေဝေခြင်း သမ္မောဟအဖို့ကို ပယ်ဖျောက်၍ အလုံးစုံသော လွန်စွာ မတွေဝေခြင်းပညာအဖို့ကို ပြည့်စေ၍ ‘မိမိဟူသော ဓမ္မဝိစယကိုယ်တိုင်’ လေးပါးသော မဂ်ဉာဏ်တည်းဟူသော ‘သမ္ဗောဓိ’ ဖြစ်၍ ကောင်းစွာ ဖြစ်တည်စေ၏။ ဤသို့ သိအပ်၏။
ဝီရိယသမ္ဗောဇ္ဈင်
သမ္မပ္ပဓာန်ဖြစ်၍ဖြစ်သော “ဝီရိယ” သည်သာလျှင် “သမ္ဗောဇ္ဈင်္ဂ” မည်သည် ဟူသော အကြောင်း ဟိတ်ကြောင့် “ဝီရိယသမ္ဗောဇ္ဈင်္ဂ” မည်၏။ ချဲ့အံ့, ထိုဝီရိယသမ္ဗောဇ္ဈင်္ဂ သည်လည်း ဖြစ်ပြီး အကုသိုလ်၊ မဖြစ်သေးအကုသိုလ်၊ မဖြစ်သေးကုသိုလ်၊ ဖြစ်ပြီးကုသိုလ်အားဖြင့် လေးပါးအပြား ရှိကုန်သော မိမိ၏ကျက်စားရာအာရုံတို့၌ ဘာဝနာ၏အစွမ်းအားဖြင့် ကောင်းစွာ အပြည့်အစုံ ပွားသည်ရှိသော် အစဉ်သဖြင့် ကုသိုလ်မည်ကုန်သော တရားတို့၌ အလုံးစုံသော တွန့်ခြင်းအဖို့, ဆုတ်နစ်ခြင်းအဖို့, ပျင်းရိခြင်းအဖို့ရှိသော ကိလေသာအပေါင်းကို ပယ်ဖျောက်၍ အလုံးစုံသော သမထဓုရ, ဝိပဿနာဓုရဟု ဆိုအပ်သော မြှောက်ချီအပ်သောဝန်ကို ကောင်းစွာမြှောက်ချီ တတ်သော အဖို့ကို ပြည့်စေ၍ ဆိုအပ်ပြီးသော အပြားရှိသော သမ္ဗောဓိကို ကောင်းစွာ ဖြစ်တည်စေ၏။ ဤသို့ သိအပ်၏။
ပီတိသမ္ဗောဇ္ဈင်
ပီတိသည်ပင်လျှင် သမ္ဗောဇ္ဈင်္ဂမည်သည် ဟူသော အကြောင်းဟိတ်ကြောင့် “ပီတိသမ္ဗောဇ္ဈင်္ဂ” မည်၏။ ချဲ့အံ့, ထိုပီတိသမ္ဗောဇ္ဈင်္ဂသည်လည်း ဆိုအပ်ပြီးသော အပြားရှိကုန်သော ဝိပဿနာ ဉာဏ်၏ ရှုကွက်ဖြစ်ကုန်သော အတွင်းအပြင်တရားအာရုံတို့၌ ကောင်းစွာ အပြည့်အစုံ ပွားသည် ရှိသော် အစဉ်သဖြင့် ကုသိုလ်တရားတို့၌ အလုံးစုံသော စိတ်၏ မမွေ့လျော်ခြင်းအဖို့, ငြီးငွေ့ ပျင်းရိဆန့်ကျင်ခြင်းအဖို့ကို ပယ်ဖျောက်၍ အလုံးစုံသောတရား၌ မွေ့လျော်ခြင်း တရား၌ နှစ်သက်ခြင်း တရား၌ ပျော်ပိုက်ခြင်းအဖို့ကို ပြည့်စေ၍ ဆိုအပ်ပြီးသောအပြားရှိသော သမ္ဗောဓိကို ကောင်းစွာ ဖြစ်တည်စေ၏။
ပဿဒ္ဓိသမ္ဗောဇ္ဈင်
ငြိမ်းအေးခြင်းသည်ပင်လျှင် သမ္ဗောဇ္ဈင်္ဂမည်သည် ဟူသော အကြောင်းဟိတ်ကြောင့် “ပဿဒ္ဓိ သမ္ဗောဇ္ဈင်္ဂ” မည်၏။ ချဲ့အံ့, ထိုပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂသည်လည်း ဆိုအပ်ပြီးသော အပြား ရှိကုန်သော ဝိပဿနာဉာဏ်၏ ရှုကွက်ဖြစ်ကုန်သော အတွင်းအပြင် တရားအာရုံတို့၌ ဘာဝနာ၏ အစွမ်းအားဖြင့် ကောင်းစွာ အပြည့်အစုံ ပွားသည်ရှိသော် အစဉ်သဖြင့် ခပ်သိမ်းသော စိတ်၏ ပင်ပန်ခြင်း, ပူလောင်ခြင်းအဖို့ကို ပယ်ဖျောက်၍ ခပ်သိမ်းသော ငြိမ်းခြင်းအဖို့, အေးမြခြင်းအဖို့ကို ပြည့်စေ၍ ဆိုအပ်ပြီးသော အပြားရှိသော သမ္ဗောဓိကို ကောင်းစွာ ဖြစ်တည်စေ၏။
သမာဓိသမ္ဗောဇ္ဈင်
သမာဓိသည်ပင်လျှင် သမ္ဗောဇ္ဈင်္ဂမည်သည်ဟူသော အကြောင်းဟိတ်ကြောင့် “သမာဓိသမ္ဗောဇ္ဈင်္ဂ” မည်၏။ ထိုသမာဓိသမ္ဗောဇ္ဈင်၏ မဂ်ဉာဏ်ကို ဖြစ်စေတတ်သော သဘာဝသည် “ရဟန်းတို့ သမာဓိကို ပွားများကုန်လော့။ ရဟန်းတို့ သမာဓိရှိသော ယောဂီသည် ဟုတ်မှန်တိုင်းသော တရားကို သိ၏ သိမြင်၏” ဟူသော ဘုရားစကားတော်ကြောင့် ပညာ၏ အခြေပါဒအဖြစ် ထင်ရှား၏။
ဥပေက္ခာသမ္ဗောဇ္ဈင်
ထိုထိုအာရုံ၌ ညီမျှသော သဘောထား (တတြမဇ္ဈတ္တတာ)ဟု ဆိုအပ်သော ဥပေက္ခာသည်ပင်လျှင် သမ္ဗောဇ္ဈင်္ဂမည်သည် ဟူသောအကြောင်းဟိတ်ကြောင့် “ဥပေက္ခာသမ္ဗောဇ္ဈင်္ဂ” မည်၏။ ချဲ့အံ့, ထိုဥပေက္ခာသမ္ဗောဇ္ဈင်္ဂသည်လည်း ဆိုအပ်ပြီးသော အပြားရှိကုန်သော သတိအစရှိသည်တို့၏ ရှုကွက်ဖြစ်ကုန်သော အတွင်းအပြင် တရားအာရုံတို့၌ ဘာဝနာ၏အစွမ်းအားဖြင့် ကောင်းစွာ အပြည့်အစုံ ပွားသည်ရှိသော် အစဉ်သဖြင့် ခပ်သိမ်းသော စိတ်၏ တွန့်တိုဆုတ်နစ်သောအဖို့ ပျံ့လွင့်သောအဖို့ကို ပယ်ဖျက်၍ မိမိ၏ ကိစ္စကို အညီအညွတ် ရွက်ဆောင်တတ်သောအဖို့ကို ပြည့်စေ၍ ဆိုအပ်ပြီးသောအပြားရှိသော သမ္ဗောဓိကို ကောင်းစွာ ဖြစ်တည်စေ၏။
မဂ္ဂင် ၈-ပါး
၃၆။ မဖောက်မပြန် မှန်ကန်သောအားဖြင့် မြင်ခြင်းသည် သမ္မာဒိဋ္ဌိ မည်၏။ ထိုသမ္မာဒိဋ္ဌိသည်ကား ဆင်းရဲအမှန် ဒုက္ခသစ္စာ၌ ထိုးထွင်း၍ သိသောဉာဏ်၊ ဆင်းရဲဖြစ်ကြောင်းအမှန် ဒုက္ခသမုဒယ သစ္စာ၌ ထိုးထွင်း၍ သိသောဉာဏ်၊ ဆင်းရဲ၏ချုပ်ရာအမှန် ဒုက္ခနိရောဓသစ္စာ၌ ထိုးထွင်း၍ သိသောဉာဏ်၊ ဆင်းရဲ၏ချုပ်ရာသို့ရောက်ကြောင်း အကျင့်အမှန် မဂ္ဂသစ္စာ၌ ထိုးထွင်း၍ သိသော ဉာဏ်အားဖြင့် လေးပါးအပြားရှိ၏။
ပညာမဂ္ဂင် ၂-ပါး
မဖောက်မပြန် မှန်ကန်သောအားဖြင့် ကြံခြင်းသည် သမ္မာသင်္ကပ္ပ မည်၏။ အကြင်အခြင်းအရာ အားဖြင့် သမ္မာဒိဋ္ဌိဟု ဆိုအပ်သော ဉာဏ်သည် မြင်သင့်မြင်ထိုက်သော သဘောသဘာဝတို့၌ ပျံနှံ့လျက် ဖြစ်၏, ထိုအခြင်းအရာအားဖြင့် ထိုသမ္မာဒိဋ္ဌိကို စီမံခန့်ခွဲခြင်းသည် သင်္ကပ္ပတည်း။ ဤကား သင်္ကပ္ပ၏ သံဝိဓာနအနက်တည်း။
(တစ်နည်းကား ဉာဏ်ကို သစ္စာအာရုံသို့ ရှေ့ရှုတက်ရောက်စေခြင်း-တင်ခြင်းသည် သင်္ကပ္ပတည်း။ ဤသည်ကား သင်္kပ္ပ၏ အဘိနိရောပနအနက်တည်း။.. နိဿယမူ။)
မှန်၏, ထို့ကြောင့်သာလျှင် ထိုသမ္မာသင်္ကပ္ပကို ပညာက္خန္ဓာ၌ ပေါင်းအပ်၏။ ဤသို့ ပညာမဂ္ဂင်အဖြစ် သိအပ်၏။ ဓမ္မဒိန္နာထေရီသည် အဘယ်ကဲ့သို့ ဟောတော်မူသနည်းဟူမူကား “ဒါယကာ ဝိသာခ အကြင် သမ္မာဒိဋ္ဌိသည်လည်းကောင်း, အကြင်သမ္မာသင်္ကပ္ပသည်လည်းကောင်း ရှိပေ၏။ ဤတရား နှစ်ပါးတို့ကို ပညာအစု၌ ပေါင်းယူအပ်ကုန်၏”ဟု ဟောတော်မူပေ၏။
သီလမဂ္ဂင် ၃-ပါး
သမ္မာဝါစာအစရှိသော မဂ္ဂင် ၃-ပါးတို့သည် ရှေ့ဝိရတီစေတသိက် သုံးပါးအဖွင့်၌ ဖွင့်ဆို အပ်ပြီးသော အနက်ရှိကုန်သည်သာလျှင်တည်း။
ဝီရိယဟူသော သမာဓိမဂ္ဂင်
မဖောက်မပြန် မှန်ကန်သောအားဖြင့် အားထုတ်ကုန်ကြောင်း ဝီရိယဟူသော အကြောင်းဟိတ် ကြောင့် “သမ္မာဝါယာမ” မည်၏။ အကုသိုလ်ပယ် ကုသိုလ်ကွယ်သောအားဖြင့် လေးပါးသော ကိစ္စကို ပြီးစေတတ်သော သမ္မပ္ပဓာန်ဝီရိယကို အရကောက်အပ်၏။
(သတိကို သတိပဋ္ဌာန်ဖြင့် သိနိုင်၍လည်းကောင်း, သမာဓိကို သမထနည်းဖြင့် သိနိုင်၍ လည်းကောင်း သမ္မာသတိမဂ္ဂင်နှင့် သမ္မာသမာဓိမဂ္ဂင် အထူးမဖွင့်။)
စာပိုဒ် ၃၇၊ ၃၈။ တရားကိုယ်ကောက်နည်းပြ စာပိုဒ်တို့ကို အထူးမဖွင့်။
တရားကိုယ်ပြ သင်္ဂဟနှစ်ဂါထာအဖွင့်
(ဗောဓိပက္ခိယတရားတို့၌ ကိစ္စ ၁၄ ပါး၊ အကျယ် ၃၇, အကျဉ်းချုပ် ၇-ပါးရှိပုံ)
ကာယစိတ္တအားဖြင့် နှစ်ပါးပြားသော ပဿဒ္ဓိကို ပဿဒ္ဓိသာမန်အားဖြင့် တစ်ခုပြု၍ “စုဒ္ဒသေတေ သဘာဝတော” ဟူ၍ ကိစ္စအားဖြင့် မိန့်ဆိုအပ်ပြီ။ သတ္တဓာ တတ္ထသင်္ဂဟော-၌ “သတ္တဓာ” ဟူသည်ကား ဆိုအပ်ပြီးသောအပြား ရှိကုန်သော သတိပဋ္ဌာန် လေးပါးအပေါင်း၊ သမ္မပ္ပဓာန်လေးပါး အပေါင်း အစရှိသည်တို့၏ အစွမ်းအားဖြင့် ၇-ပါး အပြားအားဖြင့်၊
(ထိုဗောဓိပက္ခိယသင်္ဂဟ၌ အကျဉ်းချုပ် ရေတွက်ပြ၏။ အကျယ် ၃၇-ပါးကား ကျမ်းရင်း စကားဖြင့်ပင် ရှင်းပြီဖြစ်၍ မဖွင့်။)
ဗောဓိပက္ခိယတရား ၃၇-ပါးကို နေရာချထားကာ ဝေဖန်ခြင်း
ယခုအခါ၌ ၁၄-ပါးကုန်သော ထိုကိစ္စတို့၏ ဌာနအပြားကို ပြခြင်းငှါ “သင်္ကပ္ပ ပဿဒ္ဓိ” အစရှိသော နှစ်ဂါထာကို ဆိုတော်မူ၏။
ဋီကာကျော်
ဋီကာကျော် ၂၂၈-၌ကား “သတ္တဓာ တတ္ထ သင်္ဂဟော” ဟု အရှင်အနုရုဒ္ဓါမထေရ် မိန့်ပြီး၍ တစ်ဖန် ထို ၇-ပါးအပြားရှိသော သင်္ဂဟနည်းကို ပြခြင်းငှာ “သင်္ကပ္ပပဿဒ္ဓိ” အစရှိသော စကားကို မိန့်ဆို အပ်ပြီ”ဟု ဖွင့်ထားပြီ။ ထိုစကားသည် မသင့်။ မှန်၏, “ထိုသင်္ကပ္ပပဿဒ္ဓိ” အစရှိသော စကား၌ သရုပ် ၇-ပါးကို မရအပ်။ (ကြံဖန်၍ ယူသော်ကား တစ်ဌာန၊ ကိုးဌာန၊ ရှစ်ဌာန၊ လေးဌာန၊ ငါးဌာန၊ နှစ်ဌာနတို့၏အစွမ်းဖြင့် သရုပ်ဌာန ၆-ဌာနသာ ရ၏။) ထို့ကြောင့် မသင့်။
သင်္ကပ္ပ၊ ဝိရတီသုံးခုအပေါင်းအားဖြင့် တရား ၄-ခုသည် တစ်ခုသော မဂ္ဂင်ဌာနသို့ ရောက်၏။ ပဿဒ္ဓိ၊ ပီတိ၊ ဥပေက္ခာအားဖြင့် တရား ၃-ခုသည် တစ်ခုသော ဗောဇ္ဈင်ဌာနသို့ ရောက်၏၊ ဆန္ဒ၊ စိတ်အားဖြင့် တရား၂-ခုသည် တစ်ခုသော ဣဒ္ဓိပါဒ်ဌာနသို့ရောက်၏။ ဤသို့ ကိုးပါးသောတရား တို့သည် တစ်ဌာနရှိကုန်၏။
တစ်ခုသော ဝီရိယသည် သမ္မပ္ပဓာန်လေးပါး၊ ဣဒ္ဓိပါဒ် တစ်ပါး၊ ဣန္ဒြေတစ်ပါး၊ ဗိုလ်တစ်ပါး၊ ဗောဇ္ဈင်တစ်ပါး၊ မဂ္ဂင်တစ်ပါးတို့၏အစွမ်းဖြင့် ကိုးဌာနရှိ၏။ တစ်ခုသော သတိသည် သတိပဋ္ဌာန် လေးပါး၊ ဣန္ဒြေတစ်ပါး၊ ဗိုလ်တစ်ပါး၊ ဗောဇ္ဈင်တစ်ပါး၊ မဂ္ဂင်တစ်ပါးတို့၏အစွမ်းဖြင့် ရှစ်ဌာနရှိ၏။ တစ်ခုသော သမာဓိသည် ဣန္ဒြေတစ်ပါး၊ ဗိုလ်တစ်ပါး၊ ဗောဇ္ဈင်တစ်ပါး၊ မဂ္ဂင်တစ်ပါးတို့၏အစွမ်းဖြင့် လေးဌာနရှိ၏။ တစ်ခုသော ပညာသည် ဣဒ္ဓိပါဒ်တစ်ပါး၊ ဣန္ဒြေတစ်ပါး၊ ဗိုလ်တစ်ပါး၊ ဗောဇ္ဈင် တစ်ပါး၊ မဂ္ဂင်တစ်ပါးတို့၏ အစွမ်းဖြင့် ငါးဌာနရှိ၏။ တစ်ခုသော သဒ္ဓါသည် ဣန္ဒြေတစ်ပါး၊ ဗိုလ်တစ်ပါးတို့၏ အစွမ်းဖြင့် နှစ်ဌာနရှိ၏။ ဤသို့ သိအပ်၏။
ဗောဓိပက္ခိယ ၃၇-ပါးလုံး ရနိုင်ပုံ/မရနိုင်ပုံကို ပြခြင်း
၃၇-ပါးအပြားရှိကုန်သော ထိုဗောဓိပက္ခိယတရား တို့သည်ကား မဂ်ဖိုလ်တို့၏ ရှေ့အဖို့၌ အထူးထူးသော အာရုံရှိကုန်သည်လည်းကောင်း အထူးထူးသော ခဏရှိကုန်သည်လည်းကောင်း (အထူးထူးသော စိတ်ရှိကုန်သည်လည်းကောင်း) ဖြစ်ကုန်၏။ မဂ်ဖိုလ်တို့၌ကား ၉-ဌာနရှိသော ဝီရိယသည် နိဗ္ဗာန်အာရုံတစ်ခုတည်းကိုသာလျှင် အာရုံပြု၍ ၉-ဌာနတို့၌ မိမိဟု ဆိုအပ်သော ဝီရိယနှင့် ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်ဖြစ်ကုန်သော အကုသိုလ်တရားတို့၏အကြောင်းကို အမြစ်ပြတ် ပယ်သတ်သည်၏အစွမ်းဖြင့် ၉-ပါးကုန်သော ကိစ္စတို့ကို ပြီးစေလျက် တစ်ခုသည် သာလျှင် ဖြစ်၏။
သတိစသည်တို့ ၈-ဌာန စသည်တို့မှာ ဖြစ်ပုံကို ဤနည်းအတိုင်း သိအပ်၏။ ထို့ကြောင့် တစ်ပြိုင်နက် သောခဏ၌ တစ်ခုသော လောကုတ္တရာစိတ်၌ ထိုအလုံးစုံသော ဗောဓိပက္ခိယတရား တို့ကို တပေါင်းတည်း ရအပ်ကုန်၏ဟု ပြခြင်းငှာ “သဗ္ဗေ လောကုတ္တရေ ဟောန္တိ”ဟူ၍ အရှင် အနုရုဒ္ဓါမထေရ်သည် မိန့်ဆိုအပ်ပြီ။
“န ဝါ သင်္ကပ္ပပီတိယော” ဟူသော ဤပါဌ်၌ ဝါ-သဒ္ဒါသည် ကွစိ-အချို့ အနက် ရှိ၏။ သင်္ကပ္ပ ဟူသော ဝိတက်သည် အချို့သော ဒုတိယဈာန်အစရှိသည်တို့၏အပေါင်းဟု ဆိုအပ်သော လောကုတ္တရာစိတ်၌လည်းကောင်း, ပီတိသည် အချို့သော စတုတ္ထဈာန် အစရှိသည်တို့၏ အပေါင်း ဟု ဆိုအပ်သော လောကုတ္တရာစိတ်၌လည်းကောင်း မဖြစ်ကုန်။ ဤသည်ကား အနက်တည်း။
လောကီတရားတို့မှာ ရနိုင်သော ဗောဓိပက္ခိယတရား
“လောကိယေပိ”ဟူသည်ကား သီလကို သုတ်သင်စင်ကြယ်စေခြင်း အစရှိသည်တို့၏ အစွမ်း အားဖြင့် ဖြစ်၍ဖြစ်သော ကာမာဝစရကုသိုလ် အစရှိသည်ဖြစ်သော လောကီကုသိုလ်ကြိယာ စိတ္တုပ္ပါဒ်၌လည်း။ “ယထာယොဂံ”ဟူသည်ကား သီလကို သုတ်သင် သန့်စင်မှု, သမထမှု, နာမ်ရုပ် တို့ကို သိမ်းဆည်းခြင်း အစရှိသောအမှုတို့၌ ယှဉ်သင့်ယှဉ်ထိုက်ကုန်သော ဝိရတီသုံးခုအပေါင်း အစရှိသည်တို့အား ဖြစ်သင့်သည့်အားလျော်စွာ။ “ဆဗ္ဗိသုဒ္ဓိပဝတ္တိယံ” ဟူသည်ကား သီလ စင်ကြယ်ခြင်း အစရှိကုန်သော ခြောက်ပါးကုန်သော ဝိသုဒ္ဓိတို့၏ အစဉ်အားဖြင့် ဖြစ်ရာကာလ၌။
ဤ”လောကိယေပိ ယထာယောဂံ ဆဗ္ဗိသုဒ္ဓိပဝတ္တိယံ”ဟူသောပါဌ်ဖြင့် ယခု မျက်မှောက်သာလျှင် ဖြစ်သောဘဝ၌ မဂ်ဖိုလ်၌ တည်ခြင်းအကျိုးငှာ ဖြည့်သော စတုပါရိသုဒ္ဓိသီလမှာလည်း သဒ္ဓါ သတိအစရှိသည်တို့သည် ဗောဓိပက္ခိယတရားတို့၌ သိမ်းယူရေတွက်အပ်ကုန်သည်သာလျှင် ဖြစ်ကုန်၏။ ထို့အတူ မဂ်၏အခြေခံအကျိုးငှာ ဖြစ်စေအပ်ကုန်သော မဟဂ္ဂုတ်ဈာန်တို့မှာလည်း သဒ္ဓါသတိအစရှိသည်တို့သည် ဗောဓိပက္ခိယတရားတို့၌ ရေတွက်အပ်ကုန်သည်သာလျှင် ဖြစ်ကုန်၏ ဟု ပြပေ၏။
ကုဏ္ဍလိယသုတ်
ထိုစကားသည် မှန်၏, ဗောဇ္ဈင်္ဂသံယုတ် ကုဏ္ဍလိယသုတ်၌ မြတ်စွာဘုရားသည် - ကုဏ္ဍလိယ ဤသို့ ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သော ဣန္ဒြေစောင့်စည်းမှု ‘ဣန္ဒြိယသံဝရသီလ’ သည် ကောင်းသောအကျင့် ‘သုစရိုက်’သုံးပါးတို့ကို ပြည့်စုံစေနိုင်၏။ ကုဏ္ဍလိယ အဘယ်သို့ ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သော ကောင်းသောအကျင့် ‘သုစရိုက်’သုံးပါးတို့သည် သတိပဋ္ဌာန် လေးပါးတို့ကို ပြည့်စုံစေနိုင်ကုန်သနည်း။
ကုဏ္ဍလိယ ဤသာသနာတော်၌ ရဟန်းသည် ကိုယ်ဖြင့် ပြုအပ်သော မကောင်းသောအကျင့် ‘ကာယဒုစရိုက်’ကို ပယ်၍ ကိုယ်ဖြင့် ပြုအပ်သော ကောင်းသောအကျင့် ‘ကာယသုစရိုက်’ကို ပွားများ၏။ နှုတ်ဖြင့် ပြုအပ်သော မကောင်းသောအကျင့် ‘ဝစီဒုစရိုက်’ကို ပယ်၍ နှုတ်ဖြင့် ပြုအပ်သော ကောင်းသောအကျင့် ‘ဝစီသုစရိုက်’ကို ပွားများ၏။ စိတ်ဖြင့် ကြံအပ်သော မကောင်းသောအကျင့် ‘မနောဒုစရိုက’ကို ပယ်၍ စိတ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့် ‘မနောသုစရိုက်’ ကို ပွားများ၏။ ကုဏ္ဍလိယ ဤသို့ ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ် ကုန်သော ကောင်းသောအကျင့် သုစရိုက်သုံးပါး တို့သည် သတိပဋ္ဌာန်လေးပါးတို့ကို ပြည့်စုံစေနိုင် ကုန်၏။
ကုဏ္ဍလိယ အဘယ်သို့ ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သော သတိပဋ္ဌာန်လေးပါးတို့သည် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပြည့်စုံစေနိုင်ကုန်သနည်း။ ကုဏ္ဍလိယ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်လျက် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’နှင့် ပြည့်စုံသည်ဖြစ်၍ လောက၌ မက်မောမှု ‘အဘိဇ္ဈာ’ နှလုံးမသာမှု ‘ဒေါမနဿ’တို့ကို ပယ်ဖျောက်၍ ရုပ်အပေါင်း၌ ရုပ်အပေါင်းကို (ဝေဒနာတို့၌ ဝေဒနာတို့ကို၊ စိတ်၌ စိတ်ကို၊ သဘောတရားတို့၌ သဘောတရားတို့ကို) အဖန်ဖန်ရှုလျက် နေ၏။ ကုဏ္ဍလိယ ဤသို့ ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သော သတိပဋ္ဌာန်လေးပါးတို့ သည် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပြည့်စုံစေ နိုင်ကုန်၏။
ကုဏ္ဍလိယ အဘယ်သို့ ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သော ဗောဇ္ဈင်ခုနစ်ပါးတို့သည် အသိဉာဏ် ‘ဝိဇ္ဇာ’ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’ကို ပြည့်စုံစေနိုင်ကုန်သနည်း။ ကုဏ္ဍလိယ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကိုမှီသော, စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော, ချုပ်ခြင်းကို မှီသော, နိဗ္ဗာန်သို့ ညွတ်သော သတိသမ္ဗောဇ္ဈင်ကို ပွားများ၏။
၊ပ၊
ဆိတ်ငြိမ်ခြင်းကို မှီသော, စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော, ချုပ်ခြင်းကို မှီသော, နိဗ္ဗာန်သို့ ညွှတ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွားများ၏။ ကုဏ္ဍလိယ ဤသို့ ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သော ဗောဇ္ဈင်ခုနစ်ပါးတို့သည် မဂ်အသိဉာဏ် ဝိဇ္ဇာ (ကိလေသာမှ) လွတ်မြောက်မှု ဖိုလ်ဝိမုတ္တိကို ပြည့်စုံစေနိုင်ကုန်၏”ဟူ၍ မိန့်တော်မူထား၏။
မဟာဝဂ္ဂသံယုတ်အဋ္ဌကထာ၌လည်း “သက်သက် အားကြီးသော ဝိပဿနာမဂ်ဖိုလ်တို့၌သာလျှင် ဗောဇ္ဈင်တို့ကို ထုတ်တော်မမူကြကုန်။ ဝိပဿနာ၏အခြေဖြစ်သော ကသိုဏ်းဈာန်၊ အာနာပါနဈာန်၊ အသုဘဈာန်၊ ဗြဟ္မဝိဟာရဈာန်တို့၌လည်း ထိုဗောဇ္ဈင်တို့ကို ထုတ်တော်မူကြကုန်၏” ဟု ဖွင့်တော်မူထား၏။
ဗောဓိပက္ခိယသင်္ဂဟ ပြီး၏။
(ဗောဓိပက္ခိယသင်္ဂဟရှုထောင့်ကနေ ကြည့်သော် ရှေ့အကုသလသင်္ဂဟနှင့် မိဿကသင်္ဂဟလာ အကုသိုလ်တရားများသည် ဗောဓိပက္ခိယတရားတို့ဖြင့် ပယ်စရာများ ဖြစ်သည်။ ယခု လာမည့် သဗ္ဗသင်္ဂဟလာ တရားများသည် ထိုဗောဓိပက္ခိယတရားတို့ဖြင့် ရှုမှတ်စရာများ ဖြစ်သည်။ ဤ ဗောဓိပက္ခိယသင်္ဂဟလာတရားများသည်ကား ပွားတရားများဖြစ်သည်။)
သဗ္ဗသင်္ဂဟ
ခန္ဓာ ၅-ပါး
၄၂။ သဗ္ဗသင်္ဂဟ၌ “ပဉ္စက္ခန္ဓာ”ဟူသည်ကား ငါးပါးကုန်သော အစုတို့တည်း။
ရူပက္ခန္ဓာ
အတိတ်အစရှိသော (အတိတ်အနာဂတ်ပစ္စုပ္ပန်၊ အတွင်းအပြင်၊ အကြမ်းအနု၊ အယုတ်အမြတ်၊ အဝေးအနီး) အပြားအားဖြင့် ပြားကုန်သော ရုပ်တို့၏ အပေါင်းအစုဟူသော အကြောင်း ဟိတ်ကြောင့် “ရူပက္ခန္ဓာ”မည်၏။ ယင်းရူပက္ခန္ဓာဟူသည် တစ်ခုသော ရုပ်ဖောက်ပြန်မှုသဘော ရုပ္ပနလက္ခဏာ၌ အစုပြု၍ ဉာဏ်ဖြင့် သိမ်းဆည်းအပ်ကုန်သော ရုပ်တရားတို့သည်သာလျှင်တည်း။
ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ
ထို့အတူ တစ်ခုသော ခံစားမှုသဘော ဝေဒယိတလက္ခဏာ၌လည်းကောင်း, တစ်ခုသော မှတ်သားမှုသဘော သဉ္ဇာနနလက္ခဏာ၌ လည်းကောင်း အစုပြု၍ သိမ်းဆည်းအပ်ကုန်သော အတိတ် အစရှိသော အပြားအားဖြင့် ပြားကုန်သော ဝေဒနာ, သညာတို့သည် အစဉ်အတိုင်း ဝေဒနာက္ခန္ဓာ မည်သည်လည်းကောင်း, သညာက္ခန္ဓာ မည်သည်လည်းကောင်း ဖြစ်၏။
သင်္ခါရက္ခန္ဓာ
ပြုပြင်စီရင်တတ်ကုန်သည်ဟူသော အကြောင်းဟိတ်ကြောင့် “သင်္ခါရ”တို့ မည်ကုန်၏။ ထိုပုဒ်အရ ဖဿ၊ စေတနာအစရှိသည်တို့ကို ရအပ်ကုန်၏။ မှန်၏, ထိုဖဿ စေတနာအစရှိသည်တို့သည် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်အားဖြင့် ခြောက်ပါးကုန်သော အသင့်ဖြစ်ပေါ်မှုတံခါး = ဥပပတ္တိဒွါရတို့၌လည်းကောင်း, ကိုယ်နှုတ်စိတ်အားဖြင့် သုံးပါးကုန်သော အားထုတ်မှုတံခါး = ကမ္မဒွါရတို့၌ လည်းကောင်း တပေါင်းတည်း ပေါင်းဆုံ၍ စည်းဝေး၍ တွေ့ထိခြင်းဖဿ၊ စေ့ဆော်ခြင်း စေတနာအစရှိကုန်သော မိမိတို့၏ ကိစ္စတို့ဖြင့် မြင်ခြင်း၊ ကြားခြင်းအစရှိကုန်သော ဆက်ဆံ ဆက်သွယ် သာဓာရဏကိစ္စတို့ကို လည်းကောင်း, ကိုယ်၌မှီ နှုတ်၌မှီ စိတ်၌မှီကုန်သော အိပ်ခြင်း၊ ထိုင်ခြင်း၊ ရပ်ခြင်း၊ သွားခြင်း၊ ပြောဆိုခြင်း၊ ကြံစည်ခြင်း အစရှိကုန်သော ခပ်သိမ်းကုန်သော ကိစ္စတို့ကိုလည်းကောင်း ပြုတတ်ကုန်၏, စီရင်တတ်ကုန်၏။ ဤသို့ သိအပ်၏။
မှန်၏, သံယုတ္တနိကာယ် ခဇ္ဇနီယသုတ်၌ “ရဟန်းတို့ သင်တို့သည် အဘယ် အကြောင်းကြောင့် သင်္ခါရ, သင်္ခါရ တို့ဟု ဆိုကုန်သနည်း၊ ရဟန်းတို့ -- အပြုပြင်ခံရသော သင်္ခတတရားကို ပြုပြင် တတ်သောကြောင့် “သင်္ခါရတို့”ဟု ဆိုအပ်၏။ အဘယ်ပြုပြင်ခံရသော သင်္ခတတရားကို ပြုပြင်တတ်သနည်း။”
ရုပ်ကို ရုပ်အဖြစ်အကျိုးငှာ ပြုပြင်ခံရသော သင်္ခတတရားကို ပြုပြင်တတ်၏။
ဝေဒနာကို ဝေဒနာအဖြစ်အကျိုးငှာ ပြုပြင်ခံရသော သင်္ခတတရားကို ပြုပြင်တတ်၏၊
သညာကို သညာအဖြစ်အကျိုးငှာ ပြုပြင်ခံရသော သင်္ခတတရားကို ပြုပြင်တတ်၏၊
သင်္ခါရတို့ကို သင်္ခါရအဖြစ်အကျိုးငှာ ပြုပြင်ခံရသော သင်္ခတတရားကို ပြုပြင်တတ်၏။
ဝိညာဏ်ကို ဝိညာဏ်အဖြစ်အကျိုးငှာ ပြုပြင်ခံရသော သင်္ခတတရားကို ပြုပြင်တတ်၏။
ရဟန်းတို့ ပြုပြင်ခံရသော သင်္ခတတရားကို ပြုပြင်တတ်သောကြောင့် “သင်္ခါရတို့”ဟု ဆိုအပ်၏”။
ဤသင်္ခါရတရားတို့သည် ခန္ဓာငါးပါးစလုံးကို ပြုပြင်တတ်ကုန်သည် ဟူသော စကားကို မြတ်စွာဘုရားသည် မိန့်တော်မူအပ်ပြီ။ ဤသို့ သိအပ်၏။
ထိုပါဠိ၌ “ရူပံ ရူပတ္ထာယ သင်္ခတမဘိသင်္ခါရောန္တိ” ဟူသည်ကား အကြင်အကြင်ကာလ၌ အိပ်ခြင်းထိုင်ခြင်း အစရှိသည်တို့၏ အစွမ်းဖြင့်ဖြစ်သော အကြင်အကြင် ရုပ်အထူးကို အလိုရှိအပ်၏။ ထိုထိုကာလ၌ ထိုထို ရုပ်အထူး၏ ဖြစ်ခြင်းအကျိုးငှာ ဣရိယာပုထ်ကို ပြောင်းလဲခြင်းအစရှိသည်တို့၏ အစွမ်းဖြင့် ထိုထိုရုပ်အထူးဟု ဆိုအပ်သော ပြုပြင်စီရင်အပ်သော ရုပ်တရားကို ပြုပြင်စီရင်တတ်ကုန်၏။ ဤသည်ကား “ရူပံ ရူပတ္ထာယ သင်္ခတမဘိသင်္ခါရောန္တိ” ဟူသော ပါဠိ၏ အနက်တည်း။
အမြည်းခဲဖွယ် ထမင်းဘောဇဉ်၊ အဝတ်တန်ဆာ၊ ညောင်စောင်းအင်းပျဉ်၊ အိမ်၊ ရထား အစရှိသော အလုံးစုံသော အတွင်းအသုံးအဆောင်၊ အပအသုံးအဆောင် ဖြစ်သော ပြင်ပရုပ်ကိုလည်း ယူ၍ ရုပ်တစ်မျိုးကို ရုပ်တစ်မျိုး ဖြစ်ပေါ်လာအောင် ပြုပြင်စီမံသောသဘောနှင့် ယှဉ်ခြင်းငှာ သင့်သည် သာလျှင်တည်း။
(အဝတ်တန်ဆာ အစရှိ သော အသုံးအဆောင်သည် ဥပဘောဂ မည်၏။ အတွင်းအသုံးအဆောင် မည်၏။ ညောင်စောင်းအင်းပျဉ် အစရှိသော အသုံးအဆောင်သည် ပရိဘောဂ မည်၏။ အပြင် အသုံးအဆောင်)
“ဝေဒနာ”ဟူသည်ကား မျက်မှောက်ဘဝ၌လည်းဖြစ်သော တမလွန်ဘဝ၌လည်း ဖြစ်သော အလုံးစုံလည်းဖြစ်သော ဝေဒနာတည်း။ ထိုအလုံးစုံသော ဝေဒနာတို့တွင် မျက်မှောက်ဘဝ၌ ဖြစ်သော ဝေဒနာဟု ဆိုအပ်သော အပြုပြင်ခံသင်္ခတတရားကို ပြုပြင် စီရင်ကုန်သောသူတို့သည် ဆန်းကြယ်သော ပန်းချီဆေးရေးမှု ကခြင်းသီဆိုခြင်း အစရှိကုန်သော ထိုထိုဝေဒနာ၏ ထွက်ပေါ်ကြောင်း ဇိမ်ခံပစ္စည်းတို့ကို ပြည့်စုံစေသည်၏ အစွမ်းအားဖြင့် လည်းကောင်း, တမလွန် ဘဝ၌လည်းဖြစ်သော ဝေဒနာဟု ဆိုအပ်သော အပြုပြင်ခံသင်္ခတတရားကို ပြုပြင်စီရင်ကုန်သော သူတို့သည် လူ၌လည်းဖြစ်သော နတ်၌လည်းဖြစ်သော ထိုထိုအနာဂတ်ဝေဒနာကို တောင့်တ၍ ဒါနသီလအစရှိသော ကံကို ပြည့်စုံစေသည်၏အစွမ်းဖြင့် ပြုပြင်စီရင်ကုန်၏။ ကြွင်းသော သညာ၊ ဝိညာဏ်၊ သင်္ခါရဟု ဆိုအပ်ကုန်သော အပြုပြင်ခံ သင်္ခတတရားတို့၌လည်း ဤရုပ်ဝေဒနာ၌ ဆိုအပ်ပြီးသောနည်းကို ဆောင်၍ သိအပ်၏။
အထူးအားဖြင့်ကား သင်္ခါရက္ခန္ဓာတို့၌ ဖဿကို ဖဿအကျိုးငှာ၊ စေတနာကို စေတနာအကျိုးငှာ ဤသို့ အစရှိသည်ဖြင့် လည်းကောင်း, ဒါနကို ဒါနအကျိုးငှာ၊ သီလကို သီလအကျိုးငှာ၊ ပါဏာတိပါတကို ပါဏာတိပါတအကျိုးငှာ ဤသို့အစရှိသည်ဖြင့် လည်းကောင်း (သုတ္တန်အဘိဓမ္မာ နည်းနှစ်ပါးစုံဖြင့်) အလုံးစုံသော လောက၏အဖြစ်သနစ်ကို သိ၍ အကျယ်ချဲ့အပ်ကုန်၏။ ဤသို့ သိအပ်၏။
(သင်္ခါရနှင့် ခန္ဓာကို ပေါင်းမဖွင့်။ ဝိညာဏ က္ခန္ဓာ မဖွင့်။ အတိတ် စသော အခြင်းအရာဖြင့် ပြားသည်ကို အစုပြု၍ ဉာဏ်ဖြင့် သိမ်းဆည်းပုံကို ရုပ်စသည် နည်းတူသိပါ။)
နာမ်ခန္ဓာ ဖွဲ့ပြရာ၌ အတွန့်တက်စရာ
ဤနာမ်ခန္ဓာဖွဲ့ပြရာ၌ အတွန့်တက်စရာ စောဒနာသည် ဖြစ်ရာ၏။ အဘယ့်ကြောင့် သင်္ခါရက္ခန္ဓာ တို့၌ ထင်ရှားကုန်သော စေတနာအစရှိကုန်သော သဗ္ဗစိတ္တသာဓာရဏ စေတသိက်တရား တို့ကို လည်းကောင်း, ဝိတက်အစရှိကုန်သော ပကိဏ်းစေတသိက်တရား တို့ကိုလည်းကောင်း, လောဘ အစရှိကုန်သော အကုသိုလ်စေတသိက်တရား တို့ကိုလည်းကောင်း, သဒ္ဓါ၊ သတိ၊ ပညာ အစ ရှိကုန်သော ကုသိုလ်သောဘန စေတသိက်တရားတို့ကို လည်းကောင်း အသီးအသီး ခန္ဓာ၏ အဖြစ်ဖြင့် မဆိုအပ်မူ၍ ဝေဒနာ၊ သညာ တို့ကိုသာလျှင် အသီးအခြား ခန္ဓာယူ၍ ဆိုအပ်သနည်း။ ဤသည်ကား အတွန့်တက် စောဒနာခြင်းတည်း။ ထိုစောဒနာ၏ အဖြေ ပရိဟာရကို အောက်ပါအတိုင်း ဆိုအပ်၏။
ဥပမာဆောင် ထင်ရှားအောင် ချဲ့ပြပေအံ့။ ကျွမ်းကျင်လိမ္မာသော သမားတော်ကြီးသည် ဆေးမြစ် တို့ကို ယူ၍ အမုန့်ကြိတ်သည်ရှိသော် ထိုအမြစ်တို့တွင် “ဤအမြစ်တို့သည် ကြီးထွားကုန် သော်လည်း နူးညံ့ကုန်၏။ ဤအမြစ်တို့သည် သေးငယ်ကုန်သော်လည်း ကြမ်းတမ်းကုန်၏”ဟု သိ၍ ထိုနူးညံ့သောအမြစ်မှ ရှေးဦးစွာ ကြမ်းတမ်းသော အမြစ်တို့ကို သီးသန့်ထုတ်၍ ကောင်းစွာ တောက်တောက်စဉ်း၍ ထောင်း၍ ဆေးမှုန့်ကို ပြ၏။ ကြွင်းအလုံးစုံ နူးညံ့ကုန်သော အမြစ် တို့ကိုကား တပေါင်းတည်းပြု၍ စဉ်း၍ ထောင်း၍ အမှုန့်ကို ပြ၏။ ထို့နောက် နှစ်မျိုးသောဆေးတို့ကို ရောစပ်၍ ကျောက်ပြင်၌ ကြိတ်၍ ဆေးကုသခြင်းအမှု၌ ဆောင်ရွက်၏။ ဤသို့ ပြုသည်ရှိသော် ဆေးဖော်ရ မပင်ပန်းပေ။
ဤဥပမာအတူ မြတ်စွာဘုရားသည်လည်း သုံးပါးကုန်သော တရားတို့၌ ဝေဖန်ခြင်းကို မပြုဘဲ ထားသော် သုံးပါးကုန်သော တရားတို့၌ ပင်ပန်းကုန်လိမ့်မည်ဟု သိ၍ ဝိပဿနာအလုပ်ကို အားထုတ်ကုန်သော နတ်လူတို့သည် နာမ်ရုပ်တရားတို့၌ လက္ခဏာရေးသုံးပါးကို တင်၍ မြဲတယ် , ကောင်းတယ်, ငါ ကောင်နှယ်ဟု ဖောက်လွဲဖောက်ပြန် ယူသော နိစ္စ သုခ အတ္တ ဝိပလ္လာသတို့ကို ပယ်ခြင်းအကျိုးငှာ နာမ်တရားတို့၌ ဝေဒနာ၊ သညာ၊ စိတ်ဟု ဆိုအပ်ကုန်သော တရားသုံးပါးတို့ကို အသီးအခြား ထုတ်ဆောင်၍ တစ်ခုတစ်ခုသော ခန္ဓာမည်သည်ကို ပြု၍ ဟောတော်မူ၏။
ဝေဒနာနှင့် တူသော ကိုးကွယ်ရာမရှိ
ထိုစကားကို အကျယ်ချဲ့ဦးအံ့- ငါးတို့မည်သည် ရေသည် ရှိလတ်သော် ငြီးငွေ့ဆန့်ကျင်ကုန်သည် မရှိကုန်။ ရေသည် မရှိလတ်သော်ကား စင်စစ်အားဖြင့် ငြီးငွေ့ဆန့်ကျင်ကုန်သည်သာလျှင် ဖြစ်ကုန်သကဲ့သို့ လည်းကောင်း, ပျား၊ ပိတုန်းတို့သည် အကြင်တော၌ အပွင့်အရသာ အသီး အရသာတို့ကို ရကုန်၏။ ထိုတော၌ ငြီးငွေ့ဆန့်ကျင်ကုန်သည် မရှိကုန်။ အပွင့်အရသာ အသီး အရသာတို့ကို မရကုန်သော်ကား စင်စစ်အားဖြင့် ငြီးငွေ့ဆန့်ကျင်ကုန်သည်သာလျှင် ဖြစ်ကုန် သကဲ့သို့လည်းကောင်း၊
ဤဥပမာ အတူသာလျှင် ဤသတ္တဝါတို့အား စိတ်သဘောကျမွေ့ပျော်မှုကို ရဖို့ရာ အာရုံဟု ဆိုအပ်ကုန်သော ချမ်းသာဟူ၍ မှတ်အပ်ကုန်သော ကိုးကွယ်ရာတို့တွင် ဝေဒနာနှင့် တူသော ကိုးကွယ်ရာမည်သည် မရှိ။ လူ့စည်းစိမ်၊ နတ်စည်းစိမ်၊ ဗြဟ္မာ့စည်းစိမ်တို့ကို သာယာကုန် သော်လည်း သုခဝေဒနာ၏ အကျိုးငှာသာလျှင် သာယာကုန်၏။ ဆန့်ကျင်ဘက်အားဖြင့်ကား ထိုလူ့စည်းစိမ်၊ နတ်စည်းစိမ်၊ ဗြဟ္မာ့စည်းစိမ်တို့နှင့် ကင်း၍ အလိုရှိတိုင်းသော သုခဝေဒနာကို အကယ်၍ ရကုန်ငြားအံ့, ဤသို့ ရကုန်သည်ရှိသော် ထိုလူ့စည်းစိမ်၊ နတ်စည်းစိမ်၊ ဗြဟ္မာ့စည်းစိမ် တို့ကို အဘယ်မည်သော သူသည် သာယာ မက်မောတော့မည်နည်း။
သုခထွက်ပေါ်ဖို့ အလုပ်လုပ်ကြရ
ထိုမှတစ်ပါး ဖဿ စေတနာ အစရှိသည်လည်း ဖြစ်ကုန်သော ဝိတက် ဝိစာရ ဝီရိယ အစ ရှိသည်လည်း ဖြစ်ကုန်သော လောဘဒေါသအစရှိသည်လည်း ဖြစ်ကုန်သော သဒ္ဓါ သတိ ပညာ အစရှိသည်လည်း ဖြစ်ကုန်သော သင်္ခါရက္ခန္ဓာ တရားတို့ဖြင့် မျက်မှောက်၌လည်း ဖြစ်သော တမလွန်၌လည်းဖြစ်သော အလုံးစုံသော အပြုပြင်ခံသင်္ခါတ တရားကို ပြုပြင်ကုန်သောသူတို့ သည်လည်း သုခဝေဒနာ၏အကျိုးငှာသာလျှင် ပြုပြင်စီရင်ကုန်၏။ ဆန့်ကျင်ဘက်အားဖြင့်ကား ထိုသို့သဘောရှိသော ပြုပြင်စီရင်ခြင်းနှင့် ကင်း၍လည်း အလိုရှိတိုင်းသော ချမ်းသာကို အကယ်၍ ရကုန်ငြားအံ့။ ဤသို့ ရကုန်သည်ရှိသော် ထိုသင်္ခါရက္ခန္ဓာတို့ဖြင့် အကျိုးမည်သည် မရှိဟု သိ၍ ထိုသင်္ခါရက္ခန္ဓာတရားတို့ကို အဘယ်မည်သောသူသည် ပြုပြင်စီရင်တော့မည်နည်း။ ဤသို့ သိအပ်၏။
အကြင့်ကြောင့် ဤသို့ သုခဟူ၍ မှတ်အပ်ကုန်သော တရားတို့၌ ဝေဒနာမည်သည် ဤ သတ္တဝါတို့အတွက် အလွန်အကဲ မ,၍တင်ခြင်းသို့ ရောက်သော ချမ်းသာဟူ၍ မှတ်အပ်သော အရာဌာနသည် ဖြစ်၏။ ထို့ကြောင့် မြတ်စွာဘုရားသည် ထိုဝေဒနာ၌ ဒုက္ခာနုပဿနာဉာဏ်ကို အလွန်အကဲ ဖြစ်စေအပ်သည်ဟု သိစေခြင်းအကျိုးငှာ ထိုဝေဒနာကို အသီးအခြား ခန္ဓာတစ်ခု ပြု၍ ခန္ဓဒေသနာကို ဟောတော်မူ၏။ ဤသို့ သိအပ်၏။
သညာနှင့် တူသော ကိုးကွယ်ရာမရှိ
ထိုမှတပါး ဤသတ္တဝါတို့အား ငါအတ္တဟူ၍ မှတ်အပ်ကုန်သော ကိုးကွယ်ရာတို့တွင် သညာနှင့်တူသော ကိုးကွယ်ရာမည်သည် မရှိ။ ထိုစကားကို အကျယ်ချဲ့ဦးအံ့, ထိုထိုသတ္တဝါ အပေါင်း၌ ဖြစ်ကုန်သော ထိုထိုသတ္တဝါဟူသမျှတို့သည် မိမိမိမိတို့၏ အမျိုးရိုးရာတို့၌ အလုံးစုံသော သိသင့် သိထိုက်သမျှကို သညာဖြင့် ကောင်းစွာ သိ၍ သိကြားလိမ္မာသည်၏ အဖြစ်သို့ ရောက်ကုန်၏။ ထိုအခြင်းအရာအားဖြင့် သိကြားလိမ္မာသည်၏အဖြစ်သို့ ရောက်ကုန်သည်ရှိသော် အကြင်သိမှု နယ်ပယ်ပမာဏကို အခြားသူတို့သည် သိကုန်၏။ ထိုသိမှုနယ်ပယ် ပမာဏကို ငါတို့သည်လည်း သိကုန်၏။ ငါတို့ထက် အဘယ်သူသည် အသာလွန်ဆုံးဖြစ်တော့မည်နည်းဟု ဤသို့ လောက၌ ပုထုဇဉ်တို့သည် ဉာဏ်ဟု သမုတ်အပ်သော သညာကို အမြတ်ဆုံးအတ္တ အဖြစ်ထား၍ လှည့်လည်ကုန်၏။
အကြင်ကြောင့် ဤသို့ ငါအတ္တဟူ၍ မှတ်အပ်ကုန်သော တရားတို့၌ သညာမည်သည် ဤ သတ္တဝါတို့အတွက် အလွန်အကဲ မ,၍တင်ခြင်းသို့ ရောက်သော ငါအတ္တဟူ၍ မှတ်အပ်သော အရာဌာနသည် ဖြစ်၏။ ထို့ကြောင့် မြတ်စွာဘုရားသည် ထိုသညာကိုလည်း အသီးအခြား ခန္ဓာတစ်ခု ပြု၍ ခန္ဓဒေသနာကို ဟောတော်မူ၏။ ဤသို့ သိအပ်၏။
စိတ်နှင့် တူသော ကိုးကွယ်ရာမရှိ
ထိုမှတစ်ပါး ဤသတ္တဝါတို့အား မြဲ၏ဟူ၍ မှတ်အပ်ကုန်သော ကိုးကွယ်ရာတို့တွင် စိတ်နှင့်တူသော ကိုးကွယ်ရာမည်သည် မရှိ။ ထိုစကားကို အကျယ်ချဲ့ဦးအံ့- သတ္တဝါတို့သည် ချမ်းသာဆင်းရဲ မည်သည် မမြဲ။ ချမ်းသာခြင်းသို့ ရောက်ကုန်သော သတ္တဝါတို့အား ဆင်းရဲသည် မရှိ။ ဆင်းရဲသို့ ရောက်ကုန်သော သတ္တဝါတို့အား ချမ်းသာသည် မရှိ။ ဤသို့ ဝေဒနာနှင့် ပတ်သက်၍ လည်းကောင်း, အမှတ်သညာမည်သည် မမြဲ။ ရံခါ မေ့လျော့၏။ ရံခါ မမေ့လျော့။ ဤသို့ သညာနှင့် ပတ်သက်၍လည်းကောင်း, ဝီရိယမည်သည် မမြဲ။ ရံခါ အားထုတ်၏, ရံခါ အားမထုတ်။ လောဘမည်သည် မမြဲ။ ရံခါ ဖြစ်၏, ရံခါ မဖြစ်။ ဒေါသမည်သည် မမြဲ။ ရံခါ ဖြစ်၏, ရံခါ မဖြစ်။ သဒ္ဓါမည်သည် မမြဲ။ ရံခါ ကြည်ညိုသောစိတ်ရှိ၏, ရံခါ ကြည်ညိုသောစိတ်မရှိ။ ပညာမည်သည် မမြဲ။ သိသင့်သိထိုက်သည်ကိုလည်း ရံခါ သိ၏, ရံခါ မသိ-ဤသို့ သင်္ခါရတို့နှင့် ပတ်သက်၍ လည်းကောင်း ဤသို့ စေတသိက်တရားတို့၏ မမြဲသောအဖြစ်မည်သည် အချို့ကုန်သော လောကီလူအပေါင်း တို့အားလည်း ထင်ရှား၏။
စိတ်နှင့် ပတ်သက်၍ကား အနိစ္စအဖြစ်မည်သည် မထင်ရှား။ မှန်၏, သတ္တဝါတို့သည် စိတ်ကို ရံခါ ဖြစ်လိုက်၊ ရံခါ မဖြစ်လိုက်သဘောရှိသော အနိစ္စတရားမျိုးဟု မယူကုန်။ ထိုစိတ်သည်ကား မိမိသည် အမြဲဖြစ်ဆဲဖြစ်၍ ရံခါ ချမ်းသာနှင့် ယှဉ်၏၊ ရံခါ ဆင်းရဲနှင့် ယှဉ်၏။ ဤသို့အစရှိသည်ဖြင့် ထိုစိတ်၌ မြဲ၏ဟူသောအမှတ်ကိုသာလျှင် ဖြစ်စေကုန်၏။ ဤသို့ သိအပ်၏။
အကြင်ကြောင့် ဤသို့ စိတ်မည်သည် နိစ္စဟု မှတ်အပ်ကုန်သော တရားတို့၌ အထွဋ်အထိပ်သို့ ရောက်သော မြဲ၏ဟု မှတ်အပ်သော အရာဌာနမျိုး ဖြစ်၏။ ထိုကြောင့် မြတ်စွာဘုရားသည် ထိုစိတ်ကိုလည်း အသီးအခြား ခန္ဓာတစ်ခု ပြု၍ ခန္ဓဒေသနာကို ဟောတော်မူသည်ဟု သိအပ်၏။ (သင်္ခါရက္ခန္ဓာစေတသိက် ၅၀-ကား အများစု အကျန်ဘက်ကဖြစ်၍ အတွန့်တက်စရာမလို။)
ဋီကာကျော်
ဋီကာကျော် ၂၂၈-၉-၌ကား “ ထိုခန္ဓာတို့ကို တည်ရာခွက်ဟု အထူးကြံဆခြင်း၊ ထမင်းဘောဇဉ်ဟု အထူးကြံဆခြင်း၊ ဟင်းလျာဟု အထူးကြံဆခြင်း၊ ထမင်းချက်သမားဟု အထူးကြံဆခြင်း၊ စားတတ်သူဟု အထူးကြံဆခြင်းတို့၏အစွမ်းအားဖြင့် ငါးပါးတို့ကိုသာလျှင် မြတ်စွာဘုရားသည် ဟောတော်မူအပ်ပြီ”ဟူ၍ မိန့်ဆို၍ ထိုစကားကို ထင်ရှားစွာ ပြလိုသည်ဖြစ်၍ “ယင်းစကားကို ချဲ့ပြဦးအံ့, ရုပ်သည် ခံစားမှုဝေဒနာ၏ မှီရာတည်ရာ သဘောဖြစ်သောကြောင့် အစာထည့်စရာ ခွက်နှင့် တူ၏။ ဝေဒနာသည် ခံစားအပ်သော သဘောဖြစ်သောကြောင့် သုံးဆောင်ဖွယ်ထမင်း ဘောဇဉ်နှင့် တူ၏။ သညာသည် ဝေဒနာကို သာယာခြင်းကို ရခြင်း၏အကြောင်းသဘော ဖြစ်သောကြောင့် ဟင်းလျာနှင့် တူ၏။ သင်္ခါရတို့သည် အထူးပြုပြင် စီမံတတ်သော သဘော ရှိသောကြောင့် ထမင်းချက်သမား (စားဖိုသည်)နှင့် တူကုန်၏။ ဝိညာဏ်သည် ဝေဒနာနှင့်တူသော ထမင်း, သညာနှင့် တူသော ဟင်းကို စားတတ်သောသူနှင့် တူ၏။ ဤမျှ အတိုင်းအရှည်ရှိသော ခန္ဓာငါးပါးဖြင့် အလိုရှိအပ်သော အကျိုးအနက်ပြီးစီး ခြင်းကြောင့် ငါးပါးတို့ကိုသာလျှင် ခန္ဓာတို့ဟူ၍ မြတ်စွာဘုရား ဟောထားသည်”ဟု ဖွင့်ဆိုအပ်ပြီ။ ထိုစကားကို အနှစ်သာရအားဖြင့် မမှတ်အပ်။
မှန်၏, ထိုထမင်းစသည် ဥပမာပြစကားသည် အဋ္ဌကထာ၌ “ဒါ အမြတ်ဆုံးအနက်ပဲ”ဟူသော ဧတပ္ပရမဝိနိစ္ဆယအရာ၌ မလာ။ ဥပမာကို ပြရာ၌သာလျှင် လာ၏။ မြတ်စွာဘုရားသည် ဘာဇန အစရှိသော အထူးကြံဆခြင်း၏ပြီးစီးခြင်းမျှကို ရည်ရွယ်တော်မူ၍ ငါးပါးသာလျှင် ဖြစ်ကုန်သော ခန္ဓာတို့ကို ဟောတော်မူထားပြီဟု ဆိုခြင်းငှာ မတတ်စကောင်း။ အဘယ့်ကြောင့်နည်းဟူမူကား ထိုဘာဇနအစရှိသော အခြင်းအရာအားဖြင့် ပြီးသောအနက်၏ အကျိုးမရှိသည်၏အဖြစ်ကြောင့် တည်း။ ဤသို့ သိအပ်၏။
ဆက်ဦးအံ့, ထိုဋီကာကျော် ၂၂၉-၌ “ဒေသနာအစဉ်၌လည်း ဤသို့ ရုပ်စသည်တို့၏ ခွက်အစ ရှိသည်တို့နှင့် တူသည်၏အဖြစ်သည်သာလျှင် လိုရင်းအကြောင်းတည်း။ အဘယ်ကြောင့်နည်း ဆိုသော် အကြင်ခွက်၌လည်း စား၏။ အကြင်ဘောဇဉ်ကိုလည်း စား၏။ အကြင်ငါးအမဲစသော ဟင်းလျာဖြင့်လည်း စား၏။ အကြင်စားဖိုသည်သည်လည်း စားစေ၏။ အကြင်ထမင်းရှင်သည် လည်း စား၏။ ထိုခွက်စသည်တို့၏ အစဉ်အားဖြင့် ဟောခြင်းငှာ လိုလားတော်မူသည်၏ အဖြစ်ကြောင့်တည်း”ဟူ၍ ဖွင့်ဆိုထား၏။ ထိုစကားသည်လည်း အနှစ်သာရမရှိ။
(ဥပမာငါးပါးနှင့် ခန္ဓာငါးပါး ဧကန်တူ၏။ ၎င်းခန္ဓာ ဥပမာစကားကို ဝိသုဒ္ဓိမဂ်မဟာဋီကာနှင့်အညီ ဋီကာကျော်ရေးသည်။ မဟာဋီကာလည်း ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၊ နာမရူပပရိစ္ဆေဒကျမ်းတို့နှင့်အညီ ရေးသည်။ ထို့ကြောင့် ဋီကာကျော်အတိုင်း သင့်၏။ မန်လည်။)
ဥပါဒါနက္ခန္ဓာငါးပါး
၄၃။ ကာမ,ဒိဋ္ဌိ,သီလဗ္ဗတ,အတ္တဝါဒုပါဒါန်အားဖြင့် ၄-ပါးကုန်သော ဥပါဒါန်တို့၏ အာရုံဖြစ်ကုန်သော ခန္ဓာတို့သည် ဥပါဒါနက္ခန္ဓာ မည်ကုန်၏။ အလုံးစုံသော အဖို့သဘောတူ တရားတို့ကို သိမ်းကျုံး ယူငင်သည်၏အစွမ်းဖြင့် အာသဝတရားနှင့်လည်း တကွဖြစ်ကုန်သော (လောကီ), အာသဝတရား နှင့်လည်းတကွမဖြစ်ကုန်သော (လောကုတ္တရာမဂ်ဖိုလ်)တရားတို့ကို ငါးပါးသော ခန္ဓာတို့ဟူ၍ ဆိုအပ်ကုန်၏။ ဝိပဿနာဉာဏ်၏ တည်ရာရှုကွက်အာရုံကို သိမ်းကျုံးယူငင်သည်၏အစွမ်းဖြင့် အာသဝနှင့် တကွဖြစ်ကုန်သော တရားတို့ကိုသာလျှင် ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ဟူ၍ ဆိုတော်မူအပ်ကုန်၏။
အာယတန ၁၂-ပါး
၄၄။ လွန်စွာအားထုတ်တတ်ကုန်, မိမိ၏အကျိုးဖြစ်ထွန်းခြင်းအကျိုးငှာ အားထုတ်ကုန်သကဲ့သို့ ဖြစ်တတ်ကုန်၏ဟူသော အကြောင်းဟိတ်ကြောင့် “အာယတန”တို့ မည်ကုန်၏။ အာယတနသဒ္ဒါ သည်ကား ခြောက်ပါးကုန်သော အတွင်းအဇ္ဈတ္တိက ဖြစ်ကုန်သော တံခါးပေါက်ဒွါရ တရားတို့၌ ဖြစ်သည်ရှိသော် တပေါင်းတည်းဖြစ်ရာ ဟူသောအနက်ကြောင့်လည်းကောင်း, အမြဲနေရာ ဟူသောအနက်ကြောင့် လည်းကောင်း, ရောပြွမ်းရာဟူသော အနက်ကြောင့် လည်းကောင်း “အာယတန”တို့ မည်ကုန်၏။ ခြောက်ပါးကုန်သော အပြင်ဗာဟိရဖြစ်ကုန်သော အာရုံတရားတို့၌ ဖြစ်သည်ရှိသော် တပေါင်းတည်း စုဝေးရာဟူသောအနက်ကြောင့် “အာယတန”တို့ မည်ကုန်၏။ အတွင်းအပြင် နှစ်ပါးစုံတို့၌လည်း အကြောင်းဟူသောအနက်ကြောင့် “အာယတန”တို့ မည်ကုန်၏။
အတွင်းအာယတနအနက် ၃-မျိုး
ထိုအနက်တို့တွင် အကြင်ကြောင့် စိတ်စေတသိက်မည်ကုန်သော တရားတို့သည် တစ်ခုသော ဘဝ၌ လည်းကောင်း အစမထင်သော သံသရာ၌လည်းကောင်း အဖန်ဖန် တလဲလဲ အတူတကွ ဖြစ်ကုန်သည်ရှိသော် မျက်စိအစရှိကုန်သော ခြောက်ပါးသောဒွါရ အရပ်တို့၌သာလျှင် ဖြစ်ကုန်၏, တစ်ပါးသောအရပ်တို့၌ မဖြစ်ကုန်။ အစဉ်ဖွဲ့သည်၏ အစွမ်းဖြင့် နေကုန်သော်လည်း ထိုမျက်စိ အစရှိကုန်သော အရပ်တို့၌သာလျှင် အမြဲနေကုန်၏, တစ်ပါးသော အရပ်တို့၌ မနေကုန်။ ကျဲဖြန့် ရောနှော၍ ထားကုန်သကဲ့သို့ ဖြစ်ကုန်ငြားသော်လည်း ထိုမျက်စိအစရှိကုန်သော အရပ်တို့၌ သာလျှင် ဖြစ်ကုန်၏, အခြားတစ်ပါးသောအရပ်တို့၌ မဖြစ်ကုန်။
ထို့ကြောင့် မျက်စိအစရှိကုန်သော အတွင်းအာယတန ခြောက်ပါးတို့သည် တပေါင်းတည်း ဖြစ်ရာဟူသောအနက်ကြောင့်လည်းကောင်း, အမြဲ နေရာဟူသောအနက်ကြောင့် လည်းကောင်း, ရောနှောကြဲဖြန့်ရာဟူသော အနက်ကြောင့် လည်းကောင်း “အာယတန”တို့ မည်ကုန်၏။ နတ်တို့၏ နေရာအရပ်ကဲ့သို့ တည်ရာဟူသော အနက်ကြောင့် “အာယတန”တို့ မည်ကုန်၏။ ဤသို့လည်း ဆိုခြင်းငှာ သင့်သည်သာလျှင်တည်း။
(နောက်ဆုံးအဖွင့် တည်ရာအနက်အဓိဋ္ဌာနဋ္ဌေန-သည် အမြဲနေရာအနက် နိဝါသနဋ္ဌေနနှင့် နေရာ ဟောပုဒ်ချင်း ဆင်တူသည်။)
အပြင်အာယတနအနက် ၁-မျိုး
ဆက်၍ ဆိုဦးအံ့, ပြည့်စုံသောအပွင့်အသီးရှိကုန်သော ဘေးမရှိကုန်သော သစ်ပင်တို့၌ ထိုထိုအရပ်မှ လာကုန်သော ငှက်တို့သည် နားနေခြင်းအကျိုးငှာဖြစ်စေ အာဟာရအကျိုးငှာဖြစ်စေ အမြဲ ကောင်းစွာစုဝေးကုန်သကဲ့သို့ ဤအတူ အကြင်ကြောင့် ရူပါရုံအစ ရှိကုန်သော ခြောက်ပါးသော အရပ်တို့၌ ထိုထိုအရပ်မှ လာကုန်သော စိတ်စေတသိက်မည်ကုန်သော တရားတို့သည် အာရုံပြုခြင်းအကျိုးငှာ အမြဲ စည်းဝေးကုန်၏။ ထို့ကြောင့် ရူပါရုံအစရှိကုန်သော အပြင်အာယတန ခြောက်ပါးတို့သည် ကောင်းစွာ စုဝေးရာဟူသော အနက်ကြောင့် “အာယတန”တို့ မည်ကုန်၏။
အတွင်းအပြင် အာယတန နှစ်ပါးဆိုင်အနက်
အတွင်းအာယတန ၆-ပါး အပြင်အာယတန ၆-ပါးအားဖြင့် ထိုနှစ်ပါးစုံတို့သည်ကား ထိုစိတ် စေတသိက်တို့၏ ဖြစ်ပေါ်ကြောင်းဟူသော အနက်ကြောင့် “အာယတန”တို့ မည်ကုန်၏။ “စက္ခု သည်လည်း ဟုတ်၏, ထိုစက္ခုဟူသည် အာယတနသည်လည်း ဟုတ်၏” ဟူသော အကြောင်း ဟိတ်ကြောင့် “စက္ခာယတန” မည်၏။ ကြွင်းသော “သောတာယတန” စသောပုဒ်တို့ကို ဤအတူ ခက်ဆစ်ဖွင့်အပ်ကုန်၏။
အာယတန ၁၂-ပါး ဟောစဉ်
ထိုအာယတနတို့တွင် မျက်စိနားတို့သည် သတ္တဝါတို့၏ ကြီးပွားသော အမူအရာတို့၌ ကျေးဇူး များသည်၏ အဖြစ်ကြောင့်လည်းကောင်း ကာမဘဝရူပဘဝတို့၌ ပျံ့နှံသည်၏ အဖြစ်ကြောင့် လည်းကောင်း ထင်ရှားကုန်၏။ ဤအကြောင်းကြောင့် အစ၌ ဟောတော်မူအပ်ကုန်၏။ ထို မျက်စိနားတို့နှင့် နီးသည်၏အဖြစ်ကြောင့် ထိုမျက်စိနားတို့၏ အခြားမဲ့၌ နှာခေါင်းအာယတနကို ဟောတော်မူအပ်၏။ ထို နှာခေါင်းအာယတနနောက် လျှာ အာယတနကို ဟောတော်မူအပ်၏။ ဤ လေးပါးတို့သည် တစ်စိတ်တစ်ဒေသ အာယတနတို့ မည်ကုန်၏။ ထိုတစ်စိတ်တစ်ဒေသ အာယတန လေးပါး နောက်၌ တစ်ကိုယ်လုံး၌ ပျံ့နှံတတ်သော ကိုယ်အာယတနကို ဟောတော်မူ၏။ ထိုရုပ်အာယတနငါးပါးမှ နောက်၌ ထိုအာယတန အားလုံးတို့၏ ကျက်စားရာ အာရုံကိုပါ ယူနိုင်သော စိတ် = မနာယတနကို ဟောတော်မူအပ်၏။ ဤကား အတွင်းအာယတန ခြောက်ပါး ဟောထားပုံ အစီအစဉ်တည်း။
ကြွင်းသော အဆင်းစသော အပြင်အာယတနတို့သည်ကား ထိုအတွင်းအဇ္ဈတ္တိကာယတနတို့၏ အာရုံဖြစ်လေသောကြောင့် ထိုအဇ္ဈတ္တိကာယတနတို့၏ မိတ်ဖက်အစဉ် အားဖြင့်သာလျှင် ဟောတော်မူအပ်ကုန်၏။ ဤသို့ အာယတန ၁၂-ပါး ဟောထားပုံ အစီအစဉ်ကို သိအပ်၏။
ဓာတ် ၁၈-ပါး
၄၅။ အဖို့တစ်ပါးကို ဆိုဦးအံ့, တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်၏လည်းကောင်း သတ္တဝါ၏ လည်းကောင်း လူ၏လည်းကောင်း နတ်၏လည်းကောင်း ဗြဟ္မာ၏လည်းကောင်း အလိုသို့ မလိုက် မူ၍ “မိမိ၏သာလျှင် သဘောကို ဆောင်တတ်ကုန်သည်” ဟူသော အကြောင်းဟိတ်ကြောင့် “ဓာတ်”တို့ မည်ကုန်၏။ တစ်နည်းကား အသီးအသီး ပိုင်းခြားအပ်သော သဘော ရှိသည်၏ အဖြစ်ကြောင့် သဘောအားလျော်စွာ ဆောင်အပ်, မှတ်အပ်, ပိုင်းခြားအပ်ကုန်သည် ဟူသော အကြောင်းဟိတ်ကြောင့် “ဓာတ်”တို့ မည်ကုန်၏။
တစ်နည်းသော်ကား သတ္တဝါကောင် ဇီဝကောင်မှ ကင်းဆိတ်သော အနက်ကြောင့် “ဓာတ်”တို့ မည်ကုန်၏။ ထိုအနက်၌ “သတ္တဝါကောင်မှ ကင်းဆိတ်သော အနက်ကြောင့်”ဟူသည်ကား ငါ၏ အစာစားလိုခြင်း၊ မစင်စွန့်လိုခြင်းစသော သတ္တဝါ၏ သဘောအခြင်းအရာမှ ကင်းဆိတ်သော အနက်ကြောင့်, ငါသည် အစာစား၏-မစင်စွန့်၏ စသော သတ္တဝါ၏အလုပ်ကိစ္စမှ ကင်းဆိတ်သော အနက်ကြောင့်ဟု ဆိုလို၏။
ဆက်ဦးအံ့, ဤနေရာ၌ သတ္တဝါ၏ သဘောအခြင်းအရာသည် အဘယ်နည်း။ သတ္တဝါ၏ အလုပ်ကိစ္စသည် အဘယ်နည်း။ အသက်နှင့်ယှဉ်ခြင်း အသက်ရှိခြင်းသည် သတ္တဝါ၏ သဘော အခြင်းအရာ မည်၏။ ငါ ရှေ့တက်မည်, ငါနောက်ဆုတ်မည် အစရှိသည်ဖြင့် အားထုတ်ခြင်းသည် လည်ကောင်း၊ ရှေ့တက်ခြင်းစသော ကြောင့်ကြစိုက်ခြင်းသည် လည်းကောင်း သတ္တဝါ၏ အလုပ်ကိစ္စမည်၏။
“ဇီဝကောင်မှ ကင်းဆိတ်သော အနက်ကြောင့်”ဟူသည်ကား ဘဝတစ်ခု၌ အကြင်မျှလောက် ကာလပတ်လုံး မသေသေး, ရှင်သန်သေး၏။ တစ်နည်းကား ဘဝအဆက်ဆက်၌ အကြင် မျှလောက် ကာလပတ်လုံး သံသရာကျင်လည်မှုသည် မဆုတ်မနစ် မရပ်သေး, သံသရာသက် ရှည်နေသေး၏။ ထိုမျှလောက်ကာလပတ်လုံး မပြိုကွဲ မပျက်စီးသည်ဖြစ်၍ နှစ်ဖြာမကွဲ မပြတ်စဲသည်ဖြစ်၍ “တစ်သက်တည်းသာလျှင် ဖြစ်၏”ဟု ဤသို့ ယူအပ်သော အသက်ကောင်၏ မရှိသော အနက်ကြောင့်ဟု ဆိုလို၏။
အကြင်အကြောင်းကြောင့် စက္ခုအစရှိကုန်သော တရားတို့သည်လည်း အခါခပ်သိမ်း သတ္တဝါ အခြင်းအရာမှ ကင်းဆိတ်ကုန်သည်လည်းကောင်း, သတ္တဝါကိစ္စမှ ကင်းကုန်သည်လည်းကောင်း ဖြစ်ကုန်၏။ မိမိသည် ဇီဝကောင်တို့ မည်ကုန်သည် မဖြစ်ကုန်။ ဇီဝကောင်နှင့် ယှဉ်ကုန်သည် မဖြစ်ကုန်။ ဤအကြောင်းကြောင့် သတ္တမှ ကင်းဆိတ်သော အနက်ကြောင့် လည်းကောင်း, ဇီဝမှ ကင်းဆိတ်သော အနက်ကြောင့် လည်းကောင်း ထိုစက္ခု အစရှိသည်တို့သည် “ဓာတ်” တို့ မည်ကုန်၏။ ဤသို့ သိအပ်၏။
အဋ္ဌကထာပြ ဓာတ်အဖွင့်
အဖို့တစ်ပါးကို ပြဦးအံ့, ထိုစက္ခုအစရှိသည်တို့၏ မှတ်အပ်သောအခြင်းအရာကို အဋ္ဌကထာ၌ ဖွင့်ထား၏။ အဋ္ဌကထာဆရာ အဘယ်ကဲ့သို့ ဖွင့်ဆိုသနည်းဟူမူကား စည်မျက်နှာပြင်ကဲ့သို့ စက္ခုဓာတ်ကို မှတ်အပ်၏။ တီးစရာ တုတ်ကဲ့သို့ အဆင်းရုပ်ဓာတ်ကို မှတ်အပ်၏။ ထွက်ပေါ် လာသောစည်သံကဲ့သို့ မြင်သိစိတ် စက္ခုဝိညာဏဓာတ်ကို မှတ်အပ်၏။ ထိုမှတစ်ပါး ကြေးမှုံ မှန်အပြင်ကဲ့သို့ စက္ခုဓာတ်ကို မှတ်အပ်၏။ မျက်နှာကဲ့သို့ အဆင်းရုပ်ဓာတ်ကို မှတ်အပ်၏။ ထင်ဟပ်လာသော မျက်နှာရိပ်ကဲ့သို့ မြင်သိစိတ်စက္ခုဝိညာဏဓာတ်ကို မှတ်အပ်၏။
တစ်နည်းကား ကြံကြိတ်စက်ဆုံယန္တရား နှမ်းကြိတ်စက်ဆုံယန္တရားကဲ့သို့ စက္ခုဓာတ်ကို မှတ်အပ်၏။ ဆုံယန္တရားစက်ကြိတ်လုံးကျည်ပွေ့ကဲ့သို့ အဆင်းရုပ်ဓာတ်ကို မှတ်အပ်၏၊ ယိုစီးလာသော ကြံရည်၊ နှမ်းဆီတို့ကဲ့သို့ မြင်သိစိတ် စက္ခုဝိညာဏဓာတ်ကို မှတ်အပ်၏။ ထိုမှတစ်ပါး အောက်မီးပွတ်ခုံကဲ့သို့ စက္ခုဓာတ်ကို မှတ်အပ်၏။ အထက်မီးပွတ်တံကဲ့သို့ ရုပ်ဓာတ်ကို မှတ်အပ်၏။ ပွင့်လာသော မီးကဲ့သို့ မြင်သိစိတ်စက္ခုဝိညာဏဓာတ်ကို မှတ်အပ်၏။ ကြားသိစိတ် သောတဝိညာဏဓာတ် အစရှိသည် တို့၌ ဤမြင်သိစိတ်၌ ပြထားသော နည်းကို မှတ်အပ်၏။
အဖို့တစ်ပါးကား ပဉ္စဒွါရာဝဇ္ဇန်း သမ္ပဋိစ္ဆိုင်းဒွေဟု ဆိုအပ်သော မနောဓာတ်ကို ဖြစ်သင့်သည့် အားလျော်စွာ စက္ခုဝိညာဏဓာတ်အစရှိသည်တို့၏ ရှေ့သွား, နောက်လိုက်ကိုကဲ့သို့ မှတ်အပ်၏။ (ပဉ္စဒွါရာဝဇ္ဇန်းသည် ရှေ့သွား၊ သမ္ပဋိစ္ဆိုင်းသည် နောက်လိုက်။) ဓမ္မဓာတ်၌ အကျုံးဝင်သော ဝေဒနာက္ခန္ဓာကို ဆူးငြောင့်ကိုကဲ့သို့လည်းကောင်း, တံကျင်ကိုကဲ့သို့ လည်းကောင်း စူးဝင် တတ်သော တရားမျိုးဟု မှတ်အပ်၏။ သညာ၊ သင်္ခါရက္ခန္ဓာတို့ကို ဝေဒနာဟူသော ဆူးငြောင့် တံကျင်နှင့် စပ်ယှဉ်ခြင်းကြောင့် ဆူးငြောင့်တံကျင်တို့ဖြင့် အထိုးခံရသော ဒဏ်ရာအနာတို့ကိုကဲ့သို့ မှတ်အပ် ကုန်၏။
တစ်နည်းကား ပုထုဇဉ်တို့၏သညာကို တောင့်တခြင်းနှင့် ဆင်းရဲခြင်းကို ဖြစ်စေတတ်သောကြောင့် အချည်းနှီးဗလာလက်ဆုပ်ကို ကဲ့သို့လည်းကောင်း, မဟုတ်မမှန်သော ပုဂ္ဂိုလ်သတ္တဝါစသော အမှတ်နိမိတ်ကို ယူတတ်သည်၏ အဖြစ်ကြောင့် အရုပ်ကို လူထင်သော တောသမင်ကိုကဲ့သို့ လည်းကောင်း မှတ်အပ်၏။
တွင်းနက်ပဋိသန္ဓေ၌ ထည့်သွင်း ပစ်ချတတ်သောကြောင့် မီးကျီးတွင်း၌ ပစ်ချတတ်သော ယောက်ျားတို့ကိုကဲ့သို့လည်းကောင်း, ဇာတိဒုက္ခနှင့် အစဉ် ဖွဲ့စပ်အပ်သည်၏ အဖြစ်ကြောင့် မင်းချင်းယောက်ျားတို့သည် အစဉ်လိုက်ဖမ်းအပ်သော သူခိုးကိုကဲ့သို့လည်းကောင်း, အလုံးစုံသော အကျိုးမဲ့ကို ဆောင်တတ်သော ခန္ဓာသန္တာန်၏ အကြောင်းဖြစ်ခြင်းကြောင့် အဆိပ်ပင်၏မျိုးစေ့တို့ကို ကဲ့သို့လည်းကောင်း သင်္ခါရတို့ကို မှတ်အပ်ကုန်၏။ (စေတသိက်ခန္ဓာ-ဓမ္မဓာတ်သုံးပါးအဖွင့်ဟု မှတ်ပါ။)
သုခုမရုပ်ကို အထူးထူးအပြားပြားသော ဘေးဥပါဒ်ဖြစ်ခြင်း၏အကြောင်း ဖြစ်သောကြောင့် သင်တုန်းစက်ကိုကဲ့သို့ မှတ်အပ်၏။ (ရုပ်ဓမ္မဓာတ်)
အသင်္ခတဓာတ်ကို မသေသောအားဖြင့် လည်းကောင်း ငြိမ်းသောအားဖြင့် လည်းကောင်း ဘေးမရှိ သောအားဖြင့်လည်းကောင်း မှတ်အပ်၏။ အဘယ်ကြောင့်နည်း ဟူမူကား အလုံးစုံသောအကျိုးမဲ့၏ ဆန့်ကျင်ဘက်ဖြစ်သော သဘောကြောင့်တည်း။ (နိဗ္ဗာန်-ဓမ္မဓာတ်)
မနောဝိညာဏဓာတ်ကို ယူအပ်ပြီးသောအာရုံကို လွှတ်၍လည်း တစ်ပါးသော အာရုံကို ယူ၍သာလျှင် ဖြစ်ခြင်းကြောင့် သစ်ကိုင်းတစ်ကိုင်းကို လွှတ်၍ အခြားသစ်ကိုင်း တစ်ကိုင်းကို ဆွဲကိုင်သော တောမျောက်ကဲ့ကိုသို့ လည်းကောင်း, အဆုံးအမခက်သောကြောင့် မြင်းဆိုး မြင်းပျက်ကိုကဲ့သို့ လည်းကောင်း, အလိုရှိရာ ကာမအာရုံ၌ ကျတတ်သောကြောင့် ကောင်းကင်သို့ မြှောက်အပ်သော လှံတံကိုကဲ့သို့လည်းကောင်း, လောဘဒေါသ အစရှိသော အထူးထူးအပြားပြားသော ကိလေသာ တို့နှင့်ယှဉ်ခြင်းကြောင့် အများဆိုင် ကချေသည်ကိုကဲ့သို့ လည်းကောင်း မှတ်အပ်၏။ ဤသို့ သိအပ်၏။
(သင်္ဂဟပါဠိ၌ ပဉ္စပသာဒဓာတ်၊ ပဉ္စာရုံဓာတ်၊ သတ္တဝိညာဏဓာတ်၊ ဓမ္မဓာတ်ဟု ဓာတ် ၁၈-ပါးကို စဉ်ထားသည်။ အထက်ပါဝိဘင်းအဋ္ဌကထာ၌ စက္ခုဓာတ် ရူပဓာတ် စက္ခုဝိညာဏဓာတ် စသည်ဖြင့် ပဉ္စပသာဒဓာတ်၊ ပဉ္စာရုံဓာတ်၊ ပဉ္စဝိညာဏဓာတ်တို့ကို အရင်ပြပြီးမှ မနောဓာတ်ကို ပြသည်။ ထို့နောက် ဓမ္မဓာတ်၊ အဆုံး၌ မနောဝိညာဏဓာတ်ကို ပြသည်)
သစ္စာ ၄-ပါး
၄၆။ “အရိယသစ္စာနိ”ဟူသော ဤပါဌ်၌ သဘာဝအားဖြင့် ထင်ရှားရှိသည့် သန္တဖြစ်သော တရား၏ အဖြစ်ဟူသော အကြောင်းဟိတ်ကြောင့် “သစ္စာ”မည်၏။ ထိုဝိဂ္ဂဟ၌ “သန္တဖြစ်သော”ဟူသည်ကား ဟုတ်သော မှန်သော မဖောက်မပြန်သော-ဟူသတည်း။
တစ်နည်းကား အဘယ်အနက်ကြောင့် သစ္စာမည်သနည်း။ ဤသည်ကား အမေးတည်း။ မှန်သော အနက်ကြောင့်လည်းကောင်း, မချွတ်မယွင်း မလွဲသောအနက်ကြောင့် လည်းကောင်း, မှန်သည်မှ တစ်ပါး မှားသောအခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘောမရှိဟူသောအနက်ကြောင့်လည်းကောင်း သစ္စာမည်၏။
မှန်၏, မျက်စိအကြည်ရုပ်၏ အကြင်ဒုက္ခ၏အဖြစ်သည် ရှိ၏။ ထိုဒုက္ခ၏ အဖြစ်သည် မှန်၏။ မချွတ်မယွင်း။ တစ်မျိုးတစ်ဖုံတစ်ပါးသော အခြင်းအရာအားဖြင့် မဖြစ်။ အဘယ်ကြောင့်နည်း ဟူမူကား သဘာဝဆင်းရဲမျိုးဖြစ်သော ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဒုက္ခဒုက္ခ, ပကာသနပြုပြင် ဆင်းရဲမျိုး ဖြစ်သော သင်္ခါရဒုက္ခ, ဟိုလိုဒီလို ဖောက်ပြန်ပြောင်းလဲ ပျက်စီးဆင်းရဲမျိုးဖြစ်သော ဝိပရိဏာမဒုက္ခ-ဟု ဆိုအပ်ကုန်သော သုံးပါးသော ဒုက္ခတို့ဖြင့် ထိုမျက်စိအကြည်ရုပ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို မပြတ်မလပ် နှိပ်စက်ခြင်းကြောင့်တည်း။ (ထိုသုံးပါးသော ဒုက္ခတို့တွင် သင်္ခါရဒုက္ခကို ရှေးဦးစွာ ဖွင့်ပြလိုသော ဒီပနီဆရာသည် တတ္ထ-စသည်ကို မိန့်။)
သင်္ခါရဒုက္ခ
ထိုသုံးပါးသော ဒုက္ခတို့၌ သင်္ခါရဒုက္ခ မည်သည်ကား ကံကြောင့်ဖြစ်သည့် ဝိပါက်ခန္ဓာ ကဋတ္တာရုပ်တို့၏ ဖြစ်ပေါ်ခြင်းအကျိုးငှာ ထိုရုပ်မပေါ်မီ ရှေ့အဖို့ကသာလျှင် ထိုထိုကုသိုလ်ကံ အကုသိုလ်ကံကို အထူးပြုပြင်ရခြင်းဒုက္ခမျိုးတည်း။ ထို့အတူ ဥတုကြောင့်ဖြစ်သော ဥတုဇရုပ် အစရှိသည်တို့၏ ဖြစ်ခြင်းငှာ ထိုရုပ်မပေါ်မီ ရှေ့အဖို့ကသာလျှင် ထိုထိုဥတုစိတ်အာဟာရတို့ကို အထူးပြုပြင်ရခြင်းဒုက္ခမျိုးတည်း။
ချဲ့ဦးအံ့, မျက်စိအကြည်ရုပ်မည်သည်ကား ရူပဗြဟ္မာတို့အားသော်မှလည်း ရှေးဘဝ၌ ဈာန်ကို ပွားခြင်းဟု ဆိုအပ်သော ကြီးကျယ်သော ကံကို အထူးပြုပြင်ရခြင်း ဒုက္ခကို ခံစားနိုင်ပေးဆပ် နိုင်သော ပုဂ္ဂိုလ်တို့အားသာလျှင် ဖြစ်၏။ အချိုအချောင်စသော တစ်ပါးသောအခြင်းအရာအားဖြင့် မဖြစ်။
ကာမသတ္တဝါတို့အားကား ထို မျက်စိအကြည်ရုပ်အတွက်နှင့် ရှေးဘဝ၌ ကံကို ပြုပြင် ရခြင်းဒုက္ခကို ခံစားပြီး ဖြစ်ငြားသော်လည်း အသက်ထက်ဆုံး မြင်မှုကိစ္စ အစဉ်အဆက် ဖြစ်တည် သွားခြင်းငှာ အာဟာရ အစရှိသည်တို့ကို ပြုပြင်ရသော သင်္ခါရဒုက္ခ ကိုလည်းကောင်း, တုတ်ခဲစသည်မှ စောင့်ရှောက်ရခြင်း၊ မျက်နှာသစ်ပေးရခြင်း ဒုက္ခကိုလည်းကောင်း ခံစားသော၊ ပေးဆပ်ရင်းနှီး နိုင်သော ပုဂ္ဂိုလ်တို့အားသာလျှင် ဖြစ်တည်နေ၏။ အချိုအချောင်စသော တစ်ပါးသော အခြင်းအရာအားဖြင့် မဖြစ်တည်။
အကြင်ကြောင့် ထိုမျှလောက်ဖြစ်တည်ဖို့ရန် ဒုက္ခခံထားပါသော်လည်း (အာဟာရပြတ်ခြင်းစသော) ကံစသော အကြောင်းအထောက်အပံ့ကောင်း၏ ချို့တဲ့ခြင်းသည် ဖြစ်လာခဲ့သော်လည်းကောင်း မျက်စိပျက်စီးဖို့ရန် အန္တရာယ်တစ်မျိုးမျိုးသည် ကျလာခဲ့သော် လည်းကောင်း အဘယ်ခဏ အဘယ် ကာလမှာမဆို ပျက်စီးခွင့်ဆိုက်၏။ သေရာကာလသို့ ရောက်၍မူကား ဧကန်မုချ ပျက်စီးတော့ သည်သာလျှင်တည်း။
ထို့ကြောင့် ထိုမျက်စိအကြည်ရုပ်ကို တဏှာသမုဒယ ဖြင့် သာယာ၍ ထိုစက္ခုအကျိုးငှာ ကံကို လည်းကောင်း, အာဟာရအစရှိသော အထောက်အပံ့ကို လည်းကောင်း, မွေးမြူသန့်စင်ခြင်း ကိုလည်းကောင်း ပြုပြင်ကုန်သော သူတို့အား အစမထင်သော ရှေ့နောက် သံသရာတစ်ခွင်၌ သင်္ခါရဒုက္ခ ၏ အဆုံးအပိုင်းအခြားမည်သည် မရှိ။ ဤသို့ အတိတ်စသည် ပြားသော မျက်စိအကြည် ရုပ်သည် ကာလအပိုင်းအခြား မရှိသော သင်္ခါရဒုက္ခ ဖြင့် ထိုမျက်စိတည်ရာ ပုဂ္ဂိုလ်ကို မပြတ် နှိပ်စက်သည်သာလျှင်တည်း။ ဤသည်ကား ထိုစက္ခု၏ သင်္ခါရဒုက္ခ တည်း။
(အဖြစ်ဆင်းရဲ ဥဒယဒုက္ခ သည်လည်းကောင်း ပဋိသန္ဓေဆင်းရဲ ဇာတိဒုက္ခ သည်လည်းကောင်း ထို သင်္ခါရဒုက္ခ ၏ အမည်တည်း။)
ဝိပရိဏာမဒုက္ခ
အကြင်ကြောင့် ဤမျက်စိအကြည်ရုပ် မည်သည်ကား ကံစသောအကြောင်း အထောက်အပံ့ ကောင်း၏ ချို့တဲ့ခြင်းသည် ဖြစ်လာခဲ့သော်လည်းကောင်း မျက်စိပျက်စီးဖို့ရန် အန္တရာယ် တစ်မျိုးမျိုးသည် ကျလာခဲ့သော်လည်းကောင်း အဘယ်ခဏ အဘယ်ကာလမှာမဆို ပျက်စီးခွင့် ဆိုက်သောအမျိုးတည်း။
ထို့ကြောင့် ထိုမျက်စိအကြည်ရုပ်၏ ပျက်စီးလတ္တံ့သော ဘေးကြောင့် (ထိုမျက်စိအကြည်ရုပ်၏ ပျက်စီးအံ့သည်မှ စိုးကြောက်သောကြောင့်) ရှေ့အဖို့ကသာလျှင် မျက်စိရောဂါကုသနည်း အတတ်ပညာများကို သင်ရခြင်း စသော အကြောင်းအထောက်အပံ့ကို ပြည့်စုံစေရခြင်းဒုက္ခသည် လည်းကောင်း, နေကာမျက်မှန်တပ်ခြင်း စသည်ဖြင့် အထူးထူးသော ဘေးမှ စောင့်ရှောက်ရခြင်း, ပိတ်ပင်ရခြင်း, လုံခြုံစေရခြင်းကိစ္စကို စီရင်ခြင်းဒုက္ခသည် လည်းကောင်း, မျက်စိပျက်စီးနိုင်သော အကြောင်းနိမိတ်တို့ကို မြင်ထား၍သော်လည်းကောင်း, ပျက်ဆဲအခါ၌ဖြစ်စေ ပျက်ပြီးအခါ၌ဖြစ်စေ စိုးရိမ်ခြင်း ငိုကြွေးခြင်း အစရှိသော ဒုက္ခသည် လည်းကောင်း “ဝိပရိဏာမဒုက္ခ” မည်၏။
ဤသို့ အလုံးစုံသော မျက်စိအကြည်ရုပ်သည် အပိုင်းအခြားမရှိသော ဖောက်လွဲဖောက်ပြန် ပျက်စီးမှုဆင်းရဲ ဝိပရိဏာမဒုက္ခ ဖြင့် ထိုမျက်စိရှိရာ ပုဂ္ဂိုလ်ကို မပြတ် နှိပ်စက်သည်သာလျှင်တည်း။ ဤသည်ကား ထိုမျက်စိအကြည်ရုပ်၏ ဝိပရိဏာမဒုက္ခ တည်း။
(အပျက်ဆင်းရဲ ဝယဒုက္ခ ဟူသည်လည်းကောင်း ဆွေးမြေ့သေဆုံးခြင်း ဇရာမရဏဒုက္ခ ဟူသည်လည်းကောင်း ထို ဝိပရိဏာမဒုက္ခ ၏သာလျှင် အမည်တည်း။)
ဒုက္ခဒုက္ခ
ကိုယ်ဒုက္ခဝေဒနာ စိတ်ဒုက္ခဝေဒနာ ဟူသော ဒုက္ခဒုက္ခ သည်ကား ထို နှစ်ပါးစုံသော သင်္ခါရဒုက္ခ, ဝိပရိဏာမဒုက္ခ နှင့် တကွသာလျှင် ပြီးစီးတော့၏။ ဤသို့ မျက်စိအကြည်ရုပ်သည် ဒုက္ခဒုက္ခ, သင်္ခါရဒုက္ခ, ဝိပရိဏာမဒုက္ခ မည်ကုန်သော ဒုက္ခသုံးချက်တို့ဖြင့် ထိုစက္ခုနှင့် ပြည့်စုံသောပုဂ္ဂိုလ်ကို မပြတ်နှိပ်စက်သည်သာလျှင်တည်း။
သစ္စဉာဏ်လေးချက် ဝင်နည်း
ဆက်ဦးအံ့, အကြင်ကြောင့် ထိုမျက်စိအကြည်ရုပ်၏ ထိုသို့သောအခြင်းအရာအားဖြင့် အကြင်နှိပ်စက်ခြင်းသည် ရှိ၏။ ထိုနှိပ်စက်ခြင်းသည် မှန်၏။ မချွတ်မယွင်းမလွဲ။ မှန်သည်မှ အခြား တစ်ပါးသောအခြင်းအရာအားဖြင့် မဖြစ်။ ထို့ကြောင့် မျက်စိအကြည်ရုပ်သည် ဆင်းရဲအမှန် ဒုက္ခသစ္စာ မည်၏။ နားအကြည်ရုပ် အစရှိကုန်သော ဘုံသုံးပါး၌ ဖြစ်ကုန်သော တရားတို့၌ ဤမျက်စိ အကြည်ရုပ်၌ ဆိုအပ်ပြီးသောနည်းကို မှတ်အပ်၏။
ကြွင်းသော သစ္စာတို့၌လည်း လောဘစေတသိက် ၏သာလျှင် အကြင်ဒုက္ခကို ဖြစ်စေတတ်သော သဘောသည် ရှိ၏။ နိဗ္ဗာန်၏သာလျှင် အကြင် ဒုက္ခ၏ ချုပ်ရာသဘောသည် ရှိ၏။ အင်္ဂါရှစ်ပါးရှိသော မဂ်၏သာလျှင် အကြင်ဒုက္ခ၏ ချုပ်ရာသို့ ရောက်ကြောင်းသဘောသည် ရှိ၏။ ထိုသစ္စာတရားသုံးပါးအပေါင်းသည် မှန်ကန်၏။ ဤသို့ အစရှိသောနည်းဖြင့် ဆိုအပ်၏။
ချဲ့ဦးအံ့, အကြင်မျှလောက်ကာလတိုင်အောင် သမုဒယလောဘ ကို မပယ်ရသေး။ ထိုမျှလောက် ကာလတိုင်အောင် မျက်စိအစရှိသည်တို့ကို သာယာသည်သာလျှင်တည်း။ အကြင်မျှလောက် ကာလတိုင်အောင်လည်း ထိုမျက်စိ အစရှိသည်တို့ကို သာယာ၏။ ထိုမျှလောက်ကာလ တိုင်အောင်လည်း ထိုမျက်စိအစရှိသည်တို့၏ ဖြစ်ခြင်းငှာ အကြောင်းကံ အစရှိသည်တို့ကို ပြုပြင်ရကုန်သည်သာလျှင်တည်း။ အကြင်မျှလောက် ကာလတိုင်အောင်လည်း အကြောင်းကံအစ ရှိသည်တို့ကို ပြုပြင်ကုန်၏။ ထိုမျှလောက် ကာလတိုင်အောင် အကျိုးမျက်စိအစရှိသည်တို့သည် ဖြစ်ကုန်သည်သာလျှင်တည်း။
အကြင်မျှလောက်ကာလ တိုင်အောင်လည်း ထိုအကျိုးမျက်စိ အစရှိသည်တို့သည် ဖြစ်ကုန်၏။ ထိုမျှလောက်ကာလတိုင်အောင် မျက်စိစသည်ကို သာယာ ကုန်သော ထိုသတ္တဝါတို့သည် ဆိုအပ်ပြီးသော အပြားရှိကုန်သော သင်္ခါရဒုက္ခ အစရှိသည်တို့မှ မလွတ်ကုန်သည်သာလျှင်တည်း။ ထို့ကြောင့် လောဘ၏ ဒုက္ခကို ဖြစ်စေသည်၏အဖြစ်သည် မှန်၏။
(ပါဠိမူ၌ န မုစ္စတိ-ဟု ဧကဝုစ်ဝိဘတ်ဖြင့် ရှိသည်။ သူ့အထက်က သင်္ခရောန္တိ-နှင့် ပဝတ္တေန္တိ ကို ထောက်၍ ဗဟုဝုစ်ဝိဘတ်ပြင်၍ ဘာသာပြန်လိုက်ပေသည်။)
ဆက်ဦးအံ့, မျက်စိအစရှိသည်တို့သည် ဖြစ်ကုန်သည်ရှိသော် ဆိုအပ်ပြီးသော အပြားရှိသော အလုံးစုံသောဒုက္ခသည် လာသည်သာလျှင်တည်း။ မဖြစ်ကုန်သည်ရှိသော် မလာပြီ။ ထို့ကြောင့် ထိုမျက်စိအစရှိသည်တို့၏ ဖြစ်မှု၏ချုပ်ရာဖြစ်သော နိဗ္ဗာန်၏သာလျှင် ဒုက္ခ၏ချုပ်ရာသဘောသည် မှန်၏။
ထို့အတူ လောဘကို ပယ်သည်မှ တစ်ပါးသော ဒုက္ခ၏ လွတ်ရာနည်းလမ်းမည်သည် မရှိ။ ရှစ်ပါးသော အင်္ဂါနှင့်ပြည့်စုံသော မဂ်သည် ဖြစ်သည်ရှိသော် စင်စစ် အားဖြင့် ထိုလောဘကို စွန့်၏။ ထို့ကြောင့် အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော မဂ်၏သာလျှင် ဒုက္ခ၏ချုပ်ရာသို့ ရောက်ကြောင်း သဘောသည် မှန်၏။ မချွတ်မယွင်း။ တစ်ပါးသော အခြင်းအရာအားဖြင့် မဖြစ်။ ဤသို့ သိအပ်၏။
ဤသို့ မှန်ကန်သည် ဖြစ်ပါသော်လည်း “သစ္စာ” သဒ္ဒါသည် ပရိယာယ်သစ္စာတို့၌လည်း ဖြစ်၏။ ဤအကြောင်းကြောင့် ဧကန်မုချ သစ္စာဟု သိသာအောင် မြတ်သော အရိယ-ပုဒ်ဖြင့် အထူးပြု၍ “စတ္တာရိ အရိယသစ္စာနိ” ဟူ၍ ဆိုအပ်၏။ (အရိယ-ပုဒ်ဖြင့် ပရိယာယ်သစ္စာတို့ကို ပယ်၏။)
သစ္စာဖွဲ့နည်း
ထိုလေးပါးသော အရိယသစ္စာ တို့တွင် ဒုက္ခသစ္စာ ၌ ရှေးဦးစွာ ထင်ရှားရှိသော ရုပ်နာမ်အစု သက္ကာယ၌ အကျုံးဝင်ကုန်သော အတွင်းတရား အဇ္ဈတ္တဓမ္မ တို့သည်သာလျှင် “ဒုက္ခအရိယသစ္စာ” မည်၏။ မှန်၏, ထိုသက္ကာယ၌အကျုံးဝင်သော တရားတို့သည်သာလျှင် ငါကောင်ဟုမြင်သော အတ္တဒိဋ္ဌိ ၏လည်းကောင်း, ငါသည် ဖြစ်၏ဟူသော ‘အသ္မိမာန’ ၏ လည်းကောင်း တည်ရာသဘော ဖြစ်ကုန်၍ အကြင်မျှလောက်ကာလတိုင်အောင် ထိုဒိဋ္ဌိကိုလည်းကောင်း, မာနကိုလည်းကောင်း မပယ်နုတ်ရသေး။ ထိုမျှလောက်ကာလတိုင်အောင် အမြဲဆင်းရဲကိစ္စကို ပြုကုန်၏။
ဆက်၍ ဆိုဦးအံ့, ဒုက္ခသစ္စာ ကို ပိုင်းခြား၍ သိခြင်းမည်သည် ငါကောင်ဟု မြင်သော အတ္တဒိဋ္ဌိ ကိုလည်းကောင်း, ငါသည် ဖြစ်၏ဟူသော အသ္မိမာန ကို လည်းကောင်း အကြွင်းမဲ့ ပယ်နုတ်နိုင်သည်၏အဖြစ်ကြောင့်သာလျှင် ဖြစ်၏။ မှန်၏, အတွင်းအဇ္ဈတ္တ၌ ဖြစ်ကုန်သော ထိုသက္ကာယ၌ အကျုံးဝင်ကုန်သော တရားတို့၌ ထိုအတ္တဒိဋ္ဌိနှင့် မာနသည် တည်နေကိန်းနေ၏။
ထို့ကြောင့် သက္ကာယတရားတို့၌ ကိန်းဝပ်နေသော တဏှာကို ပယ်စွန့်ခြင်း၏အစွမ်းဖြင့် ပိုင်းခြားသိအပ်ကုန်သော ထိုတရားတို့၌ (သက္ကာယတရားတို့၌ အနုသယအနေဖြင့် ကိန်းသော အတ္တဒိဋ္ဌိနှင့် မာနကို) အကြွင်းမဲ့ ပယ်နုတ်အပ်ကုန်သည်ရှိသော် ဒုက္ခသစ္စာ ကို ပိုင်းခြား၍ သိခြင်းကိစ္စသည် ပြီးစီးသည်သာလျှင် ဖြစ်၏။ ဤသို့ သိအပ်၏။
(ဒုက္ခသစ္စာ ကို အများသိသလို သာမန်ပိုင်းခြားသိရုံသာ မဆိုလို။ အကြောင်း သမုဒယ ကို ပယ်နိုင်၍ အကျိုး ဒုက္ခသစ္စာ ကို သိသောနည်းဖြင့် ပိုင်းခြားသိသည်ဟု ဆိုလို၏။… နိဿယမူ၌ သောတာပန် တို့ပယ်သော ဒိဋ္ဌိကိုသာ ပယ်ပုံရေးထားသည်။ နောက် တည်းဖြတ်ပါဠိမူ၌ ရဟန္တာ အရှင်မြတ်တို့ ပယ်သော မာနကိုပါ ပယ်စရာအဖြစ် ထည့်ထားသည်။ ဤ၌ နှစ်မျိုးလုံးကို ထည့် ဘာသာပြန် လိုက်ပေသည်။)
ထိုမှ ဘက်ပြန်အားဖြင့်ကား (ငါသည် ဖြစ်၏ဟူသော ‘အသ္မိမာန’ ၏လည်းကောင်း တည်ရာ သဘောဖြစ်ကုန်သော) စသော အနက်၏ ဘက်ပြန်အားဖြင့်ကား) ကံကြောင့်ဖြစ်သော ဣန္ဒြိယရုပ် တို့နှင့် မစပ်သော မြေတောင်စသည်တို့၌ ဖြစ်သော အနိန္ဒြိယရုပ် တရားတို့သည် လည်းကောင်း, အင်္ဂါ ၈-ပါးရှိသော အဋ္ဌင်္ဂိကမဂ် သည် ကြဉ်အပ်ကုန်သော မဂ်ဖိုလ်တရား တို့သည်လည်းကောင်း ဖြစ်ခြင်းပျက်ခြင်းတို့က အနှိပ်စက်ခံရသည်၏အဖြစ်ကြောင့် သင်္ခါရဒုက္ခ, ဝိပရိဏာမဒုက္ခ တို့မှ မလွတ်သည်ဖြစ်ရကား ဒုက္ခသစ္စာ မည်၏။
(မဂ်စိတ္တုပ္ပါဒ် ၂၉-ခု၊ ဖိုလ်စိတ္တုပ္ပါဒ် ၃၇-ခုတို့ သစ္စာအရေအတွက်မှ မလွတ်။ ဒုက္ခသစ္စာ ၌ ထည့်သွင်း သစ္စာဖွဲ့ရမည်။ အကြောင်းကား ဖြစ်ပျက်ဒုက္ခရှိသောကြောင့်ဟု သိပါ။)
လောဘ စွန့်ဖို့သာ လိုရင်း
သမုဒယသစ္စာ ၌ လောဘတစ်ပါးသည်သာလျှင် “သမုဒယအရိယသစ္စာ” မည်၏။ အကြင်ကြောင့် ထိုလောဘသည် မိမိနှင့်ပြည့်စုံကုန်သော သတ္တဝါတို့ကို မိမိ၌လည်းကောင်း အာရုံတရားတို့၌ လည်းကောင်း သာယာခြင်းကို ဖြစ်စေ၍ အမြဲ ဝဋ်ဆင်းရဲမှ မငြီးငွေ့မဆန့်ကျင် ပျော်ရွှင်သည်တို့ကို ပြု၏။ ထို့ကြောင့် ထိုသတ္တဝါတို့အား လောဘနှင့်တူသော အခြားသော ဆွေးမျိုးသည် လည်းကောင်း အဆွေခင်ပွန်းသည် လည်းကောင်း အဖော်သူငယ်ချင်းသည် လည်းကောင်း မိမိသည် လည်းကောင်း မိမိ၏ဥစ္စာသည် လည်းကောင်း မရှိသကဲ့သို့ ထင်၏။
ထို့ကြောင့် ထိုလောဘနှင့်တူသော အခြားသော တစ်စုံတစ်ခုသော ဝဋ်ဆင်းရဲကို စီရင်တတ်သော တရားမည်သည် မရှိ။ ထိုလောဘကိုလည်း ပယ်စွန့်ခြင်းငှာ စွမ်းနိုင်သောသူအား အခြားသော စွန့်နိုင်ခဲသော အရာမည်သည် မရှိတော့။ ထို့ကြောင့် လောဘသည်သာလျှင် ဒုက္ခဖြစ်ကြောင်း အရိယသစ္စာ မည်၏။ ဤသို့ သိအပ်၏။
တဏှာကိုသာ သမုဒယသစ္စာ ဖွဲ့ရပုံ
ဆက်ဦးအံ့, ကြွင်းအလုံးစုံလည်းဖြစ်ကုန်သော အာသဝေါတရားတို့၏ အာရုံဖြစ်ကုန်သော ကုသိုလ်၊ အကုသိုလ်တရားတို့သည် ဒုက္ခသစ္စာ ဖြစ်ကုန်သော ပဋိသန္ဓေ ဝိပါက်ခန္ဓာ ကဋတ္တာရုပ်တို့၏ ဖြစ်ပွားကြောင်း၏အဖြစ်ကြောင့် ဆင်းရဲဖြစ်ကြောင်း သမုဒယသစ္စာ မည်၏။
ဤနေရာ၌ အတွန့်တက်စောဒနာခြင်းသည် ဖြစ်ရာ၏။ အဝိဇ္ဇာကိုလည်း အလုံးစုံသော ဝဋ်ဆင်းရဲ၏ မူလ၏ အဖြစ်ဖြင့် “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” အစရှိသည်တို့၌ ဟောထားသောကြောင့် ထိုအဝိဇ္ဇာ ကိုလည်း သမုဒယအရိယသစ္စာ ၌သာလျှင် ဆိုသင့်ဆိုထိုက်သည် မဟုတ်လော။ ဤသည်ကား စောဒနာတည်း။ အဖြေကို ငါသည် ဆိုဦးအံ့။
ဥပမာဆောင် ထင်အောင် ပြအံ့, ဥပမာကား တစ်ယောက်သော ကျွမ်းကျင်သော ဥယျာဉ်စောင့်သည် ပြည့်စုံမှုသမ္ပတ္တိနှင့် ယှဉ်သော မြေအဖို့ကို ရ၍ မိမိ၏ ဉာဏ်အစွမ်းဖြင့် မြေအဖို့ ကိုလည်းကောင်း အထူးထူးသော မျိုးစေ့တို့ကိုလည်းကောင်း အထူးပြုပြင်၍ တာဝတိံသာ နတ်ပြည်ရှိ နန္ဒဝန် ဥယျာဉ်နှင့်တူသော ဥယျာဉ်ကို ဖန်ဆင်း၏။
ထိုဥယျာဉ်၌ မြေသည် ဥယျာဉ်စောင့်၏လည်းကောင်း မျိုးစေ့တို့၏လည်းကောင်း သစ်ပင်တို့၏ လည်းကောင်း တည်ရာကိစ္စကို ပြီးစေ၏။ မျိုးစေ့တို့သည်လည်း အညွှန့်အညှောင့်ကို ဖြစ်စေခြင်း ကိစ္စကို ပြီးစေကုန်၏။ ဥယျာဉ်စောင့်သည်သာလျှင် အလုံးစုံသော ကိစ္စတို့ကို ပြီးစေ၏။ မှန်၏, ထိုဥယျာဉ်စောင့်သည် မြေ၌လည်းကောင်း မျိုးစေ့တို့၌လည်းကောင်း သစ်ပင်တို့၌လည်းကောင်း အကြင်အကြင်ပြုဖွယ်အမှုသည် ရှိ၏။ ထိုအလုံးစုံသောအမှုကို ပြု၏။ “ဤဥယျာဉ်သည် ငါ၏ ဥစ္စာတည်း”ဟု သိမ်းပိုက်၏, စောင့်ရှောက်၏။ ထိုဥယျာဉ်မှ ဖြစ်ကုန်သော ဥစ္စာဘောဂတို့ကို စားသုံး၏။
ထိုကြောင့် “ဤဥယျာဉ်ကို အဘယ်သူသည် ဖန်ဆင်းသနည်း။ ဤဥယျာဉ်သည် အဘယ် သူ၏ ဥယျာဉ်ဖြစ်သနည်း”ဟု မေးသည်ရှိသော် “ဤဥယျာဉ်ကို ဥယျာဉ်စောင့်သည်သာလျှင် ဖန်ဆင်း၏။ ဤဥယျာဉ်သည် ထိုဥယျာဉ်စောင့်၏သာလျှင် ဥယျာဉ်တည်း”ဟုသာလျှင် ဖြေဆိုအပ်၏။ “မြေသည် ဖန်ဆင်း၏။ မျိုးစေ့တို့သည် ဖန်ဆင်းကုန်၏။ ဤဥယျာဉ်သည် ထိုမြေမျိုးစေ့တို့၏ ဥယျာဉ်တည်း” ဟု မဖြေဆိုအပ်။
“ဥယျာဉ်ပြည့်စုံစည်ပင်တင့်တယ်ခြင်း၏ အကြောင်းအဆက်ဆက်တို့သည် အဘယ်နည်း”ဟု မေးအပ်ခဲ့သည်ရှိသော်ကား “မြေကိုသာလျှင် အစပဓာန၌ ဆိုထိုက်၏။ ဥယျာဉ်စောင့်ကို မဆိုထိုက်။ မျိုးစေ့တို့ကို မဆိုထိုက်ကုန်”ဟု ဖြေဆိုအပ်၏။ ဤသို့ ဤဥပမာ၏ပြည့်စုံမှုကို မှတ်အပ်၏။
(အထက်ပါဥပမာအရ အဝိဇ္ဇာ သည် မြေနှင့် တူ၏။ တဏှာ သည် ဥယျာဉ်စောင့်နှင့် တူ၏။ ထို့ကြောင့် မြေကို ပဓာနထား၍ ပြောသင့်ရာမျိုးမှာလို ပဋိစ္စသမုပ္ပါဒ် ၌ အဝိဇ္ဇာ ကို ပဓာနထား၍ ဟောအပ်၏။ ဥယျာဉ်စောင့်ကို ပဓာနထား၍ ပြောသင့်ရာမျိုးမှာလို သစ္စာ၌ တဏှာ ကို ပဓာနထား၍ ဟောအပ်သည်ဟု ဥပမာန ဥပမေယျ စပ်ဟပ်၍ နားလည်ပါ)
မှန်၏, ပဋိစ္စသမုပ္ပါဒ် နည်းသို့ ရောက်သည်ရှိသော် အကြောင်းအဆက်ဆက်၏ အစွမ်းအားဖြင့် ဒုက္ခတရားတို့၏ ဖြစ်ခြင်း, ဆုတ်နစ်ခြင်း+ပျက်ခြင်း အစီအရင်၌ အဝိဇ္ဇာ သည်သာလျှင် အစ အမွန်ပြဋ္ဌာန်းသောသဘော ဖြစ်၏။ တဏှာ သည် အစအမွန်ပြဋ္ဌာန်းသောသဘော မဖြစ်။
သစ္စာ ဒေသနာ၌ကား ထိုဒုက္ခဓမ္မတို့ကို ဖြစ်စေတတ်သောတရား အစီအရင်၌ တဏှာ သည်သာလျှင် အရှင်သခင်အကြီးအမှူး ပြဋ္ဌာန်းသောသဘော ဖြစ်၏။ အဝိဇ္ဇာ သည် အရှင်သခင်အကြီးအမှူး ပြဋ္ဌာန်းသောသဘော မဖြစ်။ ထို့ကြောင့် သမုဒယအရိယသစ္စာ အဖြစ်၌ အဝိဇ္ဇာ ၏ သမုဒယသစ္စာ ဖြစ်နိုင်ရာသောအခွင့်သည် မရှိ။ ဤသို့ မှတ်အပ်၏။
သစ္စာနှင့် အရိယသစ္စာ အထူး
ကိလေသာတို့၏ တစ်စိတ်တစ်ပိုင်းအားဖြင့် ချုပ်ခြင်း တဒင်္ဂနိရောဓ ၊ ပယ်ခွာသောအားဖြင့် ချုပ်ခြင်း ဝိက္ခမ္ဘနနိရောဓ သည် နိရောဓသစ္စာ မည်၏။ နိဗ္ဗာန်သည် နိရောဓ ‘အရိယ’ သစ္စာ မည်၏။
သီလဝိသုဒ္ဓိအစ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိတိုင်အောင် ခြောက်ပါးကုန်သော လောကီဝိသုဒ္ဓိတို့၌ မဂ္ဂင်တို့သည် မဂ္ဂသစ္စာ မည်၏။ အင်္ဂါရှစ်ပါးရှိသော လောကုတ္တရာမဂ် (ဉာဏဒဿနဝိသုဒ္ဓိ) သည် သာလျှင် မဂ္ဂ ‘အရိယ’သစ္စာ မည်၏။ ဤသို့ သိအပ်၏။
ဆက်၍ ဆိုဦးအံ့, ဤနေရာ၌ “အရိယ” သဒ္ဒါသည် ကာမဘဝအစရှိသော ဘယ်နေရာ, အတိတ် စသောဘယ်အခါ, နတ်လူဗြဟ္မာ ဘယ်သူတို့အတွက် အကြောင်းများစွာတို့တွင် ဘယ်လို အကြောင်းနှင့် ဖြစ်ပါစေ တစ်စုံတစ်ခုသော အခြင်းအရာအားဖြင့် ပြောင်းလဲမသွားဘဲ မချွတ် မယွင်းမှန်ကန်သည်၏အဖြစ်ဖြင့် မြတ်သော အနက်ကို ဟော၏။ ဤသို့ သိအပ်၏။ ဋီကာကျော် ၌ကား အဋ္ဌကထာ၌ ဆိုအပ်သည်၏ အပြားအားဖြင့် သစ္စာ သဒ္ဒါ၏အနက်ကို ဖွင့်ထားပေ၏။
ဒုက္ခသစ္စာအနက် ၄-ချက်
“ဒုက္ခံ အရိယသစ္စံ” ဟူသော ဤပါဌ်၌ ပီဠနဋ္ဌ-နှိပ်စက်ခြင်း ဟူသောအနက်၊ သင်္ခတဋ္ဌ-ပြုပြင် စီရင်ခြင်းဟူသောအနက်၊ သန္တာပဋ္ဌ-ပူလောင်စေခြင်း ဟူသောအနက်၊ ဝိပရိဏာမဋ္ဌ-မမြဲ ဖောက်ပြန်ခြင်း ဟူသောအနက်ဟူသည့် ဤလေးပါးကုန်သော အနက်တို့ဖြင့် မျက်စိအစရှိသော တစ်စုံတစ်ခုသော ဘုံသုံးပါး၌ ဖြစ်သောတရား၏ ဆင်းရဲအမှန် ဒုက္ခသစ္စာ သဘောကို သိအပ်၏။
ထို ဒုက္ခသစ္စာ ၌ ပြုပြင်စီရင်ခြင်း ဟူသောအနက်၊ မမြဲဖောက်ပြန်ခြင်း ဟူသောအနက်တို့သည် ရှေ့ သင်္ခါရဒုက္ခ၊ ဝိပရိဏာမဒုက္ခ တို့၌ ဆိုအပ်ခဲ့ပြီးသော နည်းရှိကုန်သည်သာလျှင်တည်း။ (နည်းတူ ညွှန်းစေကာမူ နည်းနည်းဖွင့်ဦးမည်)
သင်္ခတဋ္ဌ-နှင့် ဝိပရိဏာမဋ္ဌ အကျယ်
ပီဠနဋ္ဌ စသည်တို့၏ အဖွင့်ကို ဆိုဦးအံ့, ပုဒ်အနက်ရှုထောင့်အားဖြင့် ကိလေသာ, ကံ, စိတ်, ဥတု, အာဟာရ ဟူသော အကြောင်းတရားတို့သည် ပြုပြင်စီရင်ခံရသည်ဟူသော အကြောင်းဟိတ် ကြောင့် သင်္ခတ မည်၏။ ရှေးအဖို့ကသာလျှင် ကံအစရှိသောအကြောင်းတို့ကို ပြုပြင်ရခြင်းဒုက္ခနှင့် ကင်း၍ ရုပ်နာမ်ဒုက္ခသည် မဖြစ်, မတည်။ ဤသို့ ဆိုလိုရင်းသည် ဖြစ်၏။
ဖောက်ပြန်သည် ဖြစ်၍ ညွှတ်ခြင်းဟူသောအကြောင်းဟိတ်ကြောင့် အခြေအနေ တစ်မျိုးအားဖြင့် ဖြစ်သွားခြင်း “ဝိပရိဏာမ” မည်၏။ ဆုတ်ယုတ်ခြင်းသည် လည်းကောင်း ပျက်စီးခြင်းသည် လည်းကောင်း ထို ဝိပရိဏာမ သဘောပင်တည်း။
ပီဠနဋ္ဌအကျယ်
“ပီဠနဋ္ဌ” ဟူသော ဤပါဌ်၌ နှိပ်စက်ခံရသည်ဟူသော အကြောင်းဟိတ်ကြောင့် “ပီဠန” မည်၏။ နှိပ်စက်တတ်သည်ဟူသော အကြောင်းဟိတ်ကြောင့် ပီဠန-မည်၏, နှိပ်စက်ခြင်းသဘောသည် ပီဠန တည်း။ ပီဠန-စသည်နောင်ပါသည့် အတ္ထ-အဋ္ဌ- ဟူသည် သဘောတရားတည်း။ ထို့ကြောင့် ပီဠနဋ္ဌ-ဟူသော ပေါင်းစပ်နာမ်ကို “နှိပ်စက်ခံရသော သဘောရှိသည့် ဒုက္ခရုပ်နာမ်”ဟူသော အကြောင်းဟိတ်ကြောင့် ပီဠနဋ္ဌ မည်၏ဟူ၍ ဝိဂြိုဟ် ပြုအပ်၏။
ထို ပီဠန အနက်၌ ဥပမာမည်သည်ကား တစ်ယောက်သော သူဆင်းရဲမ၏ ဝမ်း၌ သားသည် ပဋိသန္ဓေနေသောအားဖြင့် ဖြစ်၏။ ထိုသားသည်လည်း အထူးထူးသော ရောဂါတို့က မိမိကို အမြဲနှိပ်စက်အပ်သည် ဖြစ်၍ စောင့်ရှောက်ခြင်း ကျွေးမွေးသုတ်သင်ခြင်းဒုက္ခတို့ဖြင့် မိခင်ကိုလည်း အမြဲ နှိပ်စက်သည်သာတည်း။ ထိုအမိ၏ ဝမ်း၌ ထိုသို့ သဘောရှိသော သား၏ အကြင် ပဋိသန္ဓေအားဖြင့် ဖြစ်ခြင်းသည်လည်း ရှိ၏။ ထိုသို့ ဖြစ်ခြင်းသည်လည်း ထိုမိန်းမအတွက် နှိပ်စက်ခြင်းကိစ္စသည်သာလျှင် ဖြစ်၏။
ဤအတူ မျက်စိအစရှိကုန်သော အကြင်တရားတို့သည် ဇရာမရဏ တို့ဖြင့် ထိုမျက်စိရှိသည့် ပုဂ္ဂိုလ်ကို အမြဲ နှိပ်စက်ကုန်၏။ ထိုမျက်စိအစရှိသည်တို့သည် စောင့်ရှောက် ခြင်း၊ ကျွေးမွေးသုတ်သင်ခြင်းဒုက္ခတို့ဖြင့် ထိုဒုက္ခနှင့် ပြည့်စုံသောပုဂ္ဂိုလ်ကို အမြဲနှိပ်စက် ကုန်သည်သာလျှင်တည်း။
ထိုပုဂ္ဂိုလ်၏သန္တာန်၌ ထိုမျက်စိစသည်တို့၏ အကြင်ဖြစ်ပေါ်ခြင်းသည်လည်း ရှိ၏။ ထိုသို့ဖြစ်ခြင်း သည်လည်း ထိုပုဂ္ဂိုလ်အတွက် နှိပ်စက်ခြင်းကိစ္စသည်သာလျှင်တည်း။ ဤသို့ သိအပ်၏။ ဘုရားရှင် အဘယ်ကဲ့သို့ ဟောတော်မူသနည်း ဟူမူကား “ရဟန်းတို့ မျက်စိ၏ ဖြစ်ပေါ်မှု-တည်မှု-အသစ်ဖြစ်မှု,-ထင်ရှားဖြစ်မှုသည် ဆင်းရဲ၏ဖြစ်မှုပင်တည်း။ ရောဂါတို့၏ တည်တံ့မှုပင်တည်း။ အိုခြင်းသေခြင်း၏ ထင်ရှားဖြစ်မှုပင်တည်း။ နား၏, နှာခေါင်း၏, လျှာ၏, ကိုယ်၏, စိတ်၏ ဖြစ်ပေါ်မှု- တည်မှု- အသစ်ဖြစ်မှု- ထင်ရှားဖြစ်မှုသည် ဆင်းရဲ၏ဖြစ်မှုပင်တည်း။ ရောဂါတို့၏ တည်တံ့မှုပင်တည်း။ အိုခြင်းသေခြင်း၏ ထင်ရှားဖြစ်မှုပင်တည်း”ဟု ဟောတော်မူ၏။
သန္တာပဋ္ဌအကျယ်
“သန္တာပဋ္ဌော” ဟူသည်ကား ရာဂမီးအစရှိကုန်သော မီး ၁၁-ပါးတို့ဖြင့် ပြင်းထန်စွာ ပူလောင်ခြင်း အနက်တည်း။ ဘုရားရှင် အဘယ်ကဲ့သို့ ဟောတော်မူသနည်း ဟူမူကား “မျက်စိသည် တထိန်ထိန် တပြောင်ပြောင် တောက်လောင်၏။ အကြောင်းတရားဖြစ်သည့် အဘယ်မီးဖြင့် တထိန်ထိန် တပြောင်ပြောင် တောက်လောင်သနည်း။ စွဲမက်မှု ရာဂမီး ဖြင့် တထိန်ထိန်တပြောင်ပြောင် တောက်လောင်၏။ အမျက်ထွက်မှု ဒေါသမီး ဖြင့် တထိန်ထိန်တပြောင်ပြောင် တောက်လောင်၏။ တွေဝေမှု မောဟမီး ဖြင့် တထိန်ထိန် တပြောင်ပြောင် တောက်လောင်၏။ ပဋိသန္ဓေမှု ဇာတိ ဖြင့်, အိုမှု ဇရာ ဖြင့်, သေမှု မရဏ ဖြင့်, စိုးရိမ်မှု သောက တို့ဖြင့်, ငိုကြွေးမှု ပရိဒေဝ တို့ဖြင့်, ကိုယ်ဆင်းရဲမှု ဒုက္ခ တို့ဖြင့်, စိတ်ဆင်းရဲမှု ဒေါမနဿ တို့ဖြင့်, ပြင်းစွာပင်ပန်းမှု ဥပါယာသ တို့ဖြင့် တထိန်ထိန် တပြောင်ပြောင် တောက်လောင်၏။
နားသည်, နှာခေါင်းသည်, လျှာသည်, ကိုယ်သည်, စိတ်သည် -- မီး ၁၁-မီးတို့ဖြင့် တထိန်ထိန် တပြောင်ပြောင် တောက်လောင်၏”ဟူ၍ ဟောတော်မူ၏။ ဤ အာဒိတ္တသုတ် ပါဠိတော်၌ လွန်စွာ တောက်လောင်ခြင်း လွန်စွာပူပန်စေခြင်း လွန်စွာလောင်ကျွမ်းခြင်း ဤသုံးပါးသည် အနက်အားဖြင့် အတူတူတည်း။ ဤသို့ ပါဠိတော်၌ “သန္တာပ၊ ပရိဒယှန” အနက် မပါစေကာမူ အာဒိတ္တ ပုဒ်နှင့် အနက်တစ်ခုတည်းဟု သိအပ်၏။ (သစ္စာအနက်တို့ပါ ဋ္ဌ-အဋ္ဌ- ဟူသည် အတ္ထ- ၏ ရုပ်ပြောင်းတည်း။ အနက်-ဟူလို။)
အရိယာမဂ်သည် ဒုက္ခသစ္စာ မဟုတ်ပုံ
ဤ ဒုက္ခသစ္စာ သတ်မှတ်ချက်၌ စောဒနာသည် ဖြစ်ရာ၏။ အရိယမဂ် သည်လည်း ရှည်မြင့်စွာသော ကာလပတ်လုံး ပါရမီတို့ကို ဖြည့်ဆည်းပူးခြင်း ဟူသော အထူးပြုပြင် စီရင်ခြင်းဒုက္ခဖြင့် လည်းကောင်း အဆုံးဘဝ၌ သီလဝိသုဒ္ဓိ အစရှိသော ဝိသုဒ္ဓိဘာဝနာ တို့ကို အထူးပြုပြင်စီရင်ခြင်း ဒုက္ခဖြင့်လည်းကောင်း ပုဂ္ဂိုလ်ကို ပြင်းစွာ နှိပ်စက်တတ်သည် သာလျှင်တည်း။ ထို့အတူ အရိယာမဂ် သည် မမြဲ-ဖောက်ပြန်သော ဝိပရိဏာမ သဘော ရှိသည်လည်း ဖြစ်၏။ ထို အရိယာမဂ် သည် ဝိပရိဏာမဒုက္ခ ဖြင့်လည်း ပုဂ္ဂိုလ်ကို ပြင်းစွာ နှိပ်စက်သည်သာ ဖြစ်၏။ ထို့ကြောင့် ထို အရိယမဂ် သည်လည်း ပီဠနဋ္ဌ အစရှိသော အနက်ဖြင့် ဒုက္ခသစ္စာ ၌ ရေတွက်အပ်သည် ဖြစ်ရာ၏။ ဤသည်ကား စောဒနာတည်း။
မစောဒနာသင့်။ အဘယ်ကြောင့်နည်းဟူမူကား အလုံးစုံသောဒုက္ခ၏ ငြိမ်းခြင်းကို ရွက်ဆောင် တတ်သည်၏ အဖြစ်ကြောင့်တည်း။ မှန်၏, ထို အရိယမဂ် သည် ဆိုအပ်ပြီးသော အပြားရှိသော အထူးပြုပြင်ခြင်းဒုက္ခကို ပြည်စုံစွာ ခံစားပြီသော ပုဂ္ဂိုလ်အား တစ်ကြိမ်ဖြစ်သည်ရှိသော် အလုံးစုံသော ကိလေသာမျိုးကို ကုန်စေလျက် ဖြစ်၏။ ချုပ်သော်လည်း နောင်အခါလာမည့် အစ မထင်သော သံသရာ၌ အလုံးစုံသော ဝဋ်ဆင်းရဲကို ငြိမ်းစေလျက် ချုပ်၏။
ငြိမ်းစေအပ်ပြီး လည်းဖြစ်သော အနာဂတ်ဒုက္ခကို ထောက်၍ ဆိုအပ်ပြီးသောအပြားရှိသော ပါရမီတို့ကို ဖြည့်ရခြင်း စသော အထူးပြုပြင်ရဒုက္ခသည် ရေတွက်လောက်သည် မဖြစ်။ ချုပ်ဆုံးပျက်စီးသော်လည်း အတုမရှိသော အရဟတ္တဖိုလ် ချမ်းသာကို ပေး၍သာလျှင် ပျက်စီး၏။ ထို့ကြောင့် ထို အရိယမဂ် ၏ မမြဲ-ဖောက်ပြန်ခြင်း ဟူသောအကြောင်းကြောင့်လည်း ထိုပုဂ္ဂိုလ်အား တစ်စုံတစ်ခုသော ဆုတ်ယုတ်ခြင်း မည်သည် မရှိပေ။ ထို့ကြောင့် ထို အရိယာမဂ် သည် ဒုက္ခသစ္စာ ၌ ပေါင်းယူရသည် မဖြစ်။ ဤသို့ သိအပ်၏။
လောကီ ရုပ်နာမ်သာ ဒုက္ခသစ္စာ
လောကီရုပ်နာမ်တရားတို့သည်ကား ဖြစ်ကုန်သော်လည်းကောင်း, အစဉ်အဆက် ဖြစ်တည်ကုန် သော်လည်းကောင်း ရှေ့၌ ဆိုအပ်ပြီးသော အပြားရှိကုန်သော သင်္ခါရဒုက္ခ တို့ဖြင့် ပြင်းစွာ နှိပ်စက်ကုန်၍သာလျှင် ဖြစ်လည်း ဖြစ်ကုန်၏။ အစဉ်အဆက်လည်း ဖြစ်တည်ကုန်၏။ ချုပ်ကုန် သည်ရှိသော် သောကပရိဒေဝဒုက္ခဒေါမနဿ ဥပါယာသ တို့ ဖြစ်ပေါ်သည်၏အစွမ်းဖြင့် ကြီးစွာသော ပူလောင်ခြင်းဒုက္ခကို ဖြစ်စေကုန်၍ အဆုံးမရှိသော ဓားသွားစက်နှင့်တူသော ဝဋ်ဒုက္ခ တည်းဟူသော ယန္တရား၌ ပုဂ္ဂိုလ်ကို ယှဉ်စေ၍သာလျှင် ချုပ်ကုန်၏။ ထို့ကြောင့် ထိုလောကီတရား တို့သည်သာလျှင် ပီဠန အစရှိသောအနက်တို့ဖြင့် စင်စစ်ဒုက္ခတို့သည် ဖြစ်ကုန်၏။ ဤသို့ သိအပ်၏။
ဤ အရိယမဂ် ဖြင့် နိဗ္ဗာန်၏လည်း မဂ်ဟူသော ထိုနိဗ္ဗာန်သို့ ရောက်စေတတ်သော အကြောင်းကို ပြုပြင်ရခြင်း အရိပ် အမြွက်ကို ယူ၍ ဒုက္ခသစ္စာ ၏အဖြစ်၌ ထည့်သွင်း လျဉ်ပါးခြင်းကို နစ်စေအပ်၏။ ဤသို့ သိအပ်၏။
သမုဒယသစ္စာအနက် ၄-ချက်
“ဒုက္ခသမုဒယော အရိယသစ္စံ” ဟူသော ဤပါဌ်၌ ဘဝကြီးဘဝငယ်ဟု ဆိုအပ်သော ဒုက္ခအစုကို ဖြစ်စေ၏။ အဖန်တလဲလဲ မပြတ် ပြု၍ ထိုဒုက္ခအစုကို ဖြစ်စေ၏, တက်စေ ထကြွစေ၏။ တစ်နည်းကား ပွားစေ၏။ ဤအကြောင်းကြောင့် ဒုက္ခသမုဒယ မည်၏။
အာယူဟနဋ္ဌ = လွန်စွာ စုဆောင်းဆည်းပူးခြင်းဟူသော အနက်၊ နိဒါနဋ္ဌ = အမြဲဆောင်နှင်းပေးခြင်းဟူသော အနက်၊ သံယောဂဋ္ဌ = လွန်စွာ ယှဉ်တွဲခြင်းဟူသောအနက်၊ ပလိဗောဓဋ္ဌ = နှောင့်ယှက်ခြင်းအနက် ဟူသော လေးပါးသောအနက်တို့ဖြင့် လောဘ၏ ဒုက္ခဖြစ်ကြောင်းသဘောကို သိအပ်၏။
ထိုအနက် လေးမျိုးတို့၌ “အာယူဟနဋ္ဌ” ဟူသည်ကား ဘဝကြီးဘဝငယ်ဟု ဆိုအပ်သော တစ်ခုခုသောဘဝ၌လည်း ရုပ်ဝတ္ထုကာမနှင့် စပ်ယှဉ်သော ဒုက္ခအစုကို လွန်စွာ ဆည်းပူး စုဆောင်းပွားများစေခြင်းအနက်ရှိ၏။ အစုပြုခြင်းအနက်ရှိ၏။
“နိဒါနဋ္ဌ” ဟူသည်ကား ထိုဒုက္ခအစု ကိုသာလျှင် မပြတ်မလပ်သည်ကို ပြု၍ အဆင့်ဆင့်ပေးခြင်း ဟူသောအနက်တည်း။ “တိုက်တွန်း၏၊ ဒုက္ခကို ယူလော့”ဟူသော ဆောင်နှင်းပေးအပ်ခြင်း ဟူသောအနက်ဟု ဆိုသင့် ဆိုထိုက်၏။
“သံယောဂဋ္ဌ” ဟူသည်ကား ဒုက္ခအစု၌သာလျှင် မြဲစွာ နှောင်ဖွဲ့ခြင်း အနက်တည်း။
“ပလိဗောဓဋ္ဌ” ဟူသည်ကား ထို ဝဋ်ဆင်းရဲဒုက္ခအစုမှ ဒါန၊ သီလ၊ နိက္ခမ အစရှိသော ထိုထို လွတ်ခြင်း၏ အကြောင်းလမ်းကို ပိတ်ဆို့တားမြစ်သည်၏အစွမ်းအားဖြင့် နှောင့်ယှက်ခြင်းဟူသော အနက်, ပိတ်ပင်ခြင်းဟူသောအနက်တည်း။ ဤသည်ကား “ပလိဗောဓဋ္ဌ” ၏ အနက်တည်း။
နိရောဓသစ္စာအနက် ၄-ချက်
“ဒုက္ခနိရောဓော အရိယသစ္စံ” ဟူသော ဤပါဌ်၌ ဝဋ်ဆင်းရဲ၏ ချုပ်ခြင်း, တစ်ဖန် ဖြစ်ပေါ်ခြင်း မရှိသောသဘောရှိသည်၏အဖြစ်သို့ ရောက်ခြင်း၏အစွမ်းဖြင့် (အနုပါဒိသေသနိဗ္ဗာန် ကို ရည်ရွယ် ဆိုသည်။) ထိုဝဋ်ဆင်းရဲ၏ ကုန်ခန်းခြင်းဟူသော အကြောင်းဟိတ်ကြောင့် “ဒုက္ခနိရောဓ” မည်၏။ တစ်နည်းကား ဒုက္ခချုပ်ရာ မဖြစ်ရာ “နိဗ္ဗာန်”ဟူသော အကြောင်းဟိတ်ကြောင့် “ဒုက္ခနိရောဓ” မည်၏။
နိဿရဏဋ္ဌ = ထွက်မြောက်ခြင်းကျွတ်လွတ်ခြင်းဟူသောအနက်၊ ဝိဝေကဋ္ဌ = ကင်းဆိတ်ခြင်း ဟူသောအနက်၊ အသင်္ခတဋ္ဌ = ပြုပြင်စီရင်ခြင်း၏ မရှိခြင်းဟူသောအနက်၊ အမတဋ္ဌ = သေခြင်း၏ မရှိခြင်း(မသေခြင်း) ဟူသောအနက် ဟူသော လေးပါးကုန်သော အနက်တို့ဖြင့် နိဗ္ဗာန်၏ ဒုက္ခနိရောဓ ၏ အဖြစ်ကို သိအပ်၏။
ထိုလေးပါးကုန်သော အနက်တို့၌ နိဿရဏဋ္ဌ-ဟူသည်ကား ထွက်မြောက်ခြင်း ဟူသော လွတ်ခြင်းဖြင့် ကျွတ်လွတ်ခြင်းဟူသောအနက်တည်း။ ဝိဝေကဋ္ဌ-ဟူသည်ကား ဝဋ်ဒုက္ခတည်း ဟူသော အနှောင့်အယှက်မှ ကင်းဆိတ်ခြင်းဟူသောအနက်တည်း။ အသင်္ခတဋ္ဌ-ဟူသည်ကား ပြုပြင်စီရင်ခြင်းဆင်းရဲ၏ မရှိခြင်းဟူသောအနက်တည်း။ အမတဋ္ဌ-ဟူသည်ကား သေခြင်းဆင်းရဲ၏ မရှိခြင်းဟူသော အနက်တည်း။ ဤသို့ သိအပ်၏။
မဂ္ဂသစ္စာအနက် ၄-ချက်
“ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ” ဟူသော ဤပါဌ်၌ ဒုက္ခ၏ချုပ်ခြင်းသို့ ရောက်စေတတ်သည်ဟူသော အကြောင်းဟိတ်ကြောင့် “ဒုက္ခနိရောဓဂါမိနီ” မည်၏။ မိမိ၏ သန္တာန်၌ ရခြင်းကို ပြုသည်၏ အစွမ်းဖြင့် ကျင့်အပ်သည်ဟူသော အကြောင်းဟိတ်ကြောင့် “ပဋိပဒါ” မည်၏။ ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းလည်း ဖြစ်, ကျင့်အပ်သော အကျင့်လည်း ဖြစ်သည်ဟူသော အကြောင်း ဟိတ်ကြောင့် “ဒုက္ခနိရောဓဂါမိနီပဋိပဒါ” မည်၏ဟူ၍ ဝိဂြိုဟ်ပြုအပ်၏။
နိယျာနဋ္ဌ = ထွက်မြောက်ခြင်းဟူသောအနက်၊ ဟေတွဋ္ဌ = အကြောင်းဟူသော အနက်၊ ဒဿနဋ္ဌ = မြင်ခြင်းဟူသောအနက်၊ အဓိပတေယျဋ္ဌ = အကြီးအကဲဟူသောအနက် ဟူသော လေးပါး ကုန်သောအနက်တို့ဖြင့် ရှစ်ပါးသော အင်္ဂါရှိသောမဂ်၏ ဒုက္ခ၏ ချုပ်ရာ လမ်းစဉ်၏အဖြစ်ကို သိအပ်၏။
ထိုလေးပါးကုန်သောအနက်တို့တွင် နိယျာနဋ္ဌ-ဟူသည် “အဝိဇ္ဇာဟူသော အကြောင်းကြောင့် သင်္ခါရတို့သည် ဖြစ်ကုန်၏”ဟူသော ဤသို့ အစရှိသော ဝဋ်အလျဉ်ကို ဆုတ်နစ်စေ၍ “အဝိဇ္ဇာချုပ်ခြင်းကြောင့် သင်္ခါရတို့ ချုပ်ကုန်၏”ဟူသော ဤသို့ အစရှိသော ဝဋ်မှဆန်တက်ရာသို့ ရှေ့ရှုထွက်မြောက်ခြင်းဟူသော အနက်တည်း။
“ဟေတွဋ္ဌ” ဟူသည် အလုံးစုံကုန်သော အရိယာ တို့၏ (အကျိုး)ဂုဏ်ကျေးဇူးတို့၏ ကောင်းစွာ တည်ရာ၏အဖြစ်ကို ပြီးစေတတ်သော (အကြောင်း) အနက်တည်း။
“ဒဿနဋ္ဌ” ဟူသည် မသိ မမြင်ခြင်းဟု ဆိုအပ်သော ပြင်းစွာတွေဝေခြင်းကို ပယ်သည်၏အစွမ်းဖြင့် သစ္စာလေးပါး တရားကို ထိုးထွင်း၍ သိခြင်းအနက်တည်း။
“အဓိပတေယျဋ္ဌ” ဟူသည် တဏှာ၏ ကျွန်အဖြစ်မှ လွတ်သဖြင့် တော်လှန်သည်၏အဖြစ်သို့ ရောက်သည်၏အစွမ်းဖြင့် မိမိသည်ပင်လျှင် မိမိ၏ အကြီးအမှူး အရှင်သခင်သည် ဖြစ်၍ ထွန်းပခြင်းအနက်တည်း။ မှန်၏, လောကီမဂ်တို့သည် တဏှာ၏ အာရုံအဖြစ်၌ တည်ကုန် သည်ဖြစ်၍ တဏှာ့အလို ပြည့်စေလျက် တဏှာ့အရိုက်အရာဖြစ်သော အကျိုးဝိပါက်ကို ဖြစ်စေရကား တဏှာ၏ ကျွန်အဖြစ်ကို မလွန်ဆန်နိုင်ကုန်။ ဤသို့ သိအပ်၏။
သစ္စာလေးပါးဟောရခြင်းအကြောင်း
ဆက်၍ဆိုဦးအံ့, ဤသစ္စာအရာ၌ ဤသတ္တဝါတို့မည်သည် စင်စစ်အားဖြင့် ဒုက္ခကို စက်ဆုပ် ကုန်သည်, ဒုက္ခမှ ကြောက်ကုန်သည် ဖြစ်ကုန်၏။ အကြင်တစ်ပါးသူတို့သည်လည်း မိမိ၌ ဒုက္ခကို ဖြစ်စေတတ်ကုန်၏။ ထိုတစ်ပါးသူတို့၌ ဒုက္ခပေးသူ ရန်သူဟူသော အငြိုးအတေးအမှတ်ကို မိမိတို့က ဖြစ်စေကုန်, ထားကုန်၏။
သို့သော် ထိုမိမိတို့သည် မိမိ၏ ဒုက္ခအစစ်ကိုလည်းကောင်း ဒုက္ခအစစ်ကိုဖြစ်စေတတ်သော တရားကိုလည်းကောင်း ဒုက္ခတကယ်ပေးသည့်တရားပါတကားဟု မသိနိုင်ကုန်။ ထို့ကြောင့် ထို မိမိဟူသော သတ္တဝါတို့သည် မိမိ၏ ဆင်းရဲမှ လွတ်ခြင်းငှာ အကြင် အကြင်အမှုကို အားထုတ် ကုန်၏။ ထိုထိုအမှုသည် မိမိ၏ ဒုက္ခပွားခြင်းငှာသာလျှင် ပြည့်စုံ၏။
ဒုက္ခအစစ်သည်ကား အဘယ်နည်း။ ဒုက္ခအစစ်ကို ဖြစ်စေတတ်သော တရားသည်လည်း အဘယ်နည်း။ ဤသည်ကား အမေးတည်း။ အတိတ်အနာဂတ်ပစ္စုပ္ပန် ဖြစ်၍ ဖြစ်ကုန်သော မိမိတို့၏ အတ္တဘော၌ အကျုံးဝင်ကုန်သော ဘုံသုံးပါး၌ဖြစ်သော တရားတို့သည်သာလျှင် မိမိတို့၏ ဒုက္ခအစစ်တို့ မည်ကုန်၏။ အဘယ့်ကြောင့်နည်း ဟူမူကား ထိုဘုံသုံးပါး၌ ဖြစ်ကုန်သောတရားတို့မှ လွတ်သော်သာလျှင် အလုံးစုံ သော ဒုက္ခတို့မှ လွတ်ခြင်းကြောင့်တည်း။ ထိုဘုံသုံးပါး၌ ဖြစ်ကုန်သော တရားတို့မှ မလွတ်သည်ရှိသော်ကား အလုံးစုံသောဒုက္ခတို့မှ မလွတ်ခြင်းကြောင့်တည်း။ ဤသို့ သိအပ်၏။
မိမိ၏ တဏှာသည်သာလျှင် မိမိ၏ ဒုက္ခကို စင်စစ် ဖြစ်စေတတ်သော တရား မည်၏။ အဘယ့်ကြောင့်နည်း ဟူမူကား ထိုတဏှာကို ပယ်စွန့်သော်သာလျှင် ဒုက္ခအစစ်တို့မှ လွတ်ခြင်း ကြောင့်တည်း။ မပယ်စွန့်သည်ရှိသော် မလွတ်ခြင်းကြောင့်တည်း။ ဤသို့သိအပ်၏။
ထိုဒုက္ခနည်းတူ ဤသတ္တဝါတို့သည် စင်စစ်အားဖြင့် ချမ်းသာကို အလိုရှိကုန်, ချမ်းသာကို နှစ်သက်ကုန်၏။ အကြင်တစ်ပါးသူတို့သည်လည်း မိမိ၌ ချမ်းသာကို ဖြစ်စေတတ်ကုန်၏၊ ထိုတစ်ပါးသူတို့၌ သုခပေးသူ ချစ်အပ်သောအဆွေ ခင်ပွန်းဟူသော အမှတ်ကို မိမိတို့က ဖြစ်စေကုန်, ထားကုန်၏။ သို့သော် ထိုမိမိတို့သည် မိမိ၏ ချမ်းသာအစစ်ကိုလည်းကောင်း ချမ်းသာ အစစ်ကို ဖြစ်စေတတ်သော လမ်းကြောင်းကို လည်းကောင်း သုခတကယ်ပေးသည့် တရား ပါတကားဟု မသိနိုင်ကုန်။ ထို့ကြောင့် ထိုမိမိဟူသော သတ္တဝါတို့သည် မိမိ၏ သုခပွားခြင်းငှာ အကြင်အကြင်အမှုကို အားထုတ်ကုန်၏၊ ထိုထိုအမှုသည် မိမိ၏ ဒုက္ခပွားခြင်းငှာသာလျှင် ပြည့်စုံ၏။
သုခအစစ်သည်ကား အဘယ်နည်း။ သုခအစစ်၏ လမ်းကြောင်းဟူသည် အဘယ်နည်း။ ဤသည်ကား အမေးတည်း။ ဒုက္ခအစစ်တရား၏ မဖြစ်ခြင်းသည်သာလျှင် မိမိ၏ သုခအစစ် မည်၏။ ဒုက္ခအစစ်ကို ဖြစ်စေတတ်သော တရားကို ပယ်စွန့်ခြင်းလမ်းကြောင်းသည်သာလျှင် မိမိ၏ သုခအစစ်၏လမ်းကြောင်း မည်၏။ ဤအနက်ကို ပြတော်မူလိုသောကြောင့် မြတ်စွာဘုရားသည် ဤလေးပါးသောသစ္စာပုဒ်တို့ကို ဟောတော်မူပြီဟု သိအပ်၏။
(လယ်တီဆရာတော်ဘုရားကြီး ရေးသားတော်မူခဲ့သည့် “သစ္စတ္ထဒီပနီ”မှာ ရှာဖတ်ပါ။)
ဋီကာကျော်
ဋီကာကျော်၂၃၁-၌ကား “ဆင်းရဲ၏ တစ်ဖန်ဖြစ်ခြင်းမရှိသော ချုပ်ရာ (အနုပါဒိသေသ) နိဗ္ဗာန်, တစ်နည်း ဆင်းရဲ၏ တစ်ဖန်ဖြစ်ခြင်းမရှိသော ချုပ်ကြောင်း (အနုပါဒိသေသ)နိဗ္ဗာန်ဟူသော အကြောင်းဟိတ်ကြောင့် ဒုက္ခနိရောဓ မည်၏”ဟု ဖွင့်ဆိုထား၏။ ထို “ရာ-ကြောင်း” ဟူသော အဖွင့်နှစ်မျိုး၌ “ချုပ်ကြောင်းနိဗ္ဗာန်”ဟူသော တစ်နည်း အဖွင့်သည် မသင့်။
မှန်၏, နိဗ္ဗာန်သည် ဒုက္ခ၏ တစ်ဖန်ဖြစ်ခြင်းမရှိသောချုပ်ခြင်းကြိယာကို ပြီးစေခြင်း၌ (စပါးကို စက်ဖြင့် ရိတ်သိမ်း၏ဟု ဆိုရာ၌ စက်နှင့် တကွပြုလေ့ရှိသော ရိပ်သိမ်းခြင်းကြိယာ ဖြစ်သကဲ့သို့) ရုပ်နာမ်ဒုက္ခနှင့်တကွ ပြုလေ့ရှိသော အကြောင်းသည် (နိဗ္ဗာန်မှာ မရှိ။) မဖြစ်။ ဤသို့ သိအပ်၏။
(အနုပါဒိသေသနိဗ္ဗာန် သို့ မရောက်မီ သဥပါဒိသေသနိဗ္ဗာန် သည် ချုပ်ခြင်း၏အကြောင်း ဖြစ်သောကြောင့် ဋီကာကျော်အတိုင်း သင့်၏။ အဋ္ဌကထာကြီးများ၌ နိရောဓပစ္စယတ္တာ ဟု ဆို၏။ မာန်လည်။ -- ထိုရေးသားချက် ဖတ်ရမှ ဋီကာကျော်၌ အနုပါဒိသေသနိဗ္ဗာန်ကို ရည်ရွယ်ဖွင့်မှန်း သိရသည်။)
၄၇။ ၄၈-အပိုဒ်ကျော်။
ခန္ဓာ ၅-ပါး တရားကိုယ်
၄၉။ “သေသစေတသိကာ” ဟူသည်ကား ဝေဒနာသညာတို့မှ ကြွင်းကုန်သော ၅၀-သော စေတသိက်တို့သည်။ အတိတ်အစရှိသည်တို့၏အစွမ်းဖြင့် ကွဲပြားကုန်သော တရား(၃)ပါးတို့၏ လည်းကောင်း, အတွင်းအဇ္ဈတ္တအစရှိသည်, အကြမ်း သြဠာရိကအစရှိသည်, အယုတ်ဟီနအစ ရှိသည်, အဝေးဒူရ အစရှိသည်တို့၏အစွမ်းဖြင့် နှစ်ပါး အပြားအားဖြင့် ကွဲပြားကုန်သော တရား(၈)ပါးတို့၏လည်းကောင်း အစုဟူသော အနက်ကြောင့် ခန္ဓာဟု ခေါ်ဝေါ်ခြင်းသည် ဖြစ်၏။
နိဗ္ဗာန်သည် ခန္ဓာမှ လွတ်ပုံ
၅၀။ အဖို့တစ်ပါးကား အကြင်ကြောင့် နိဗ္ဗာန်မှာ ထိုသို့သောသဘောရှိသော (၃+၈ = ၁၁)ပါး တရားအပြားသည် မရှိ။ ထို့ကြောင့် “ဘေဒါဘာဝေန” အစရှိသော စကားကို အရှင်အနုရုဒ္ဓါသည် မိန့်ဆိုအပ်၏။ မှန်၏, ထိုနိဗ္ဗာန်သည် အတိတ်အစရှိသော သုံးပါး၌ တစ်ခုမျှသည်လည်း မဟုတ်။ ကာလမှ လွတ်၏။ အဘယ့် ကြောင့်နည်းဟူမူကား ကာလ၊ ဒေသ၊ ဌာန၊ ပုဂ္ဂလအားဖြင့် မညွှန်ပြအပ်သော တရား၏အဖြစ်ကြောင့်တည်း။
ချဲ့ဦးအံ့, ထိုနိဗ္ဗာန်သည် သုံးပါးသောကာလရှိသောတရားတို့၏ ကုန်ရာ, ကိလေသာတရားတို့၏ တပ်မက်ခြင်းကင်းရာ, ချုပ်ရာ ဖြစ်၍ဖြစ်သော အကြောင်းနိမိတ်မှ ကင်းသော, အကြောင်းနိမိတ် မဲ့သော တရားသည်သာလျှင် ဖြစ်၏။
ထို့ကြောင့် ဤနိဗ္ဗာန်ကို အတိတ်ဟု ဆိုအပ်သော ဤအမည်ရှိသော ဘုရားပွင့်တော်မူခဲ့ရာအခါ၌ နိဗ္ဗာန်တည်း။ အနာဂတ်ဟု ဆိုအပ်သော ဤအမည်ရှိသော ဘုရားပွင့်တော်မူမည့်အခါ၌ နိဗ္ဗာန်တည်း။ ဤနိဗ္ဗာန်သည် ယခုဘုရား ပွင့်တော်မူဆဲအခါ၌ နိဗ္ဗာန်တည်းဟု ဤသို့ ကာလ အပြားအားဖြင့် ညွှန်ပြအပ်သည် မဖြစ်။ ထို့အတူ အရပ်ဒေသ၊ နေရာဌာနအပြားအားဖြင့် လည်းကောင်း, ပရိနိဗ္ဗာန်စံသော ပုဂ္ဂိုလ်၏အပြားအားဖြင့်လည်းကောင်း ညွှန်ပြအပ်သည် မဖြစ်။ သက်သက်သော်ကား အစမထင်သော သံသရာဝဋ်၌ အကြင်မျှလောက်ကုန်သော အကျိုးမရှိ-ဂုဏ်ယုတ်ပုဒ်တို့သည် ထင်ကုန်၏။ ထိုအကျိုးမရှိ ဂုဏ်ယုတ်ပုဒ်တို့နှင့် ဆန့်ကျင်ဘက်အားဖြင့် ပြီးကုန်သော အကျိုးရှိ ဂုဏ်မြတ်ပုဒ်တို့ဖြင့်သာလျှင် ထိုနိဗ္ဗာန်ကို ဆိုအပ်၏။ ဤသို့ သိအပ်၏။
နိဗ္ဗာန်သည် ၁-ခုတည်းတရား
ဆက်ဦးအံ့, နှစ်ပါးစုတရားတို့တွင်ကား အဇ္ဈတ္တနှစ်ပါးစုသို့ ရောက်သည်ရှိသော် ထိုနိဗ္ဗာန်သည် အပြင်ဗဟိဒ္ဓမျိုးသည်သာလျှင် ဖြစ်၏။ အတွင်းအဇ္ဈတ္တမျိုး မဖြစ်။ သြဠာရိကနှစ်ပါးစုသို့ ရောက်သည်ရှိသော် သိမ်မွေ့သုခုမမျိုးသည်သာလျှင် ဖြစ်၏၊ ကြမ်းတမ်း သြဠာရိကမျိုး မဖြစ်။ ဟီနနှစ်ပါးစုသို့ ရောက်သည်ရှိသော် အမြတ်ပဏီတမျိုးသည်သာလျှင် ဖြစ်၏။ အယုတ်ဟီနမျိုး မဖြစ်။ ဒူရနှစ်ပါးစုသို့ ရောက်သည်ရှိသော် အဝေးဒူရမျိုးသည်သာလျှင် ဖြစ်၏။ အနီးသန္တိကမျိုး မဖြစ်။ ဤသို့ သိအပ်၏။
“ခန္ဓသင်္ဂဟနိဿဋံ” ဟူသည်ကား နိဗ္ဗာန်သည် ခန္ဓာဟူသော အရေအတွက်မှ လွတ်၏။ (မူလယမိုက်အရကောက်၌ ပညတ်လည်း ခန္ဓာအရေအတွက်မှ အလွတ်ဟု ပြထား၏)
အာယတန ၁၂-ပါး ဓာတ် ၁၈-ပါး ပြားရပုံ
၅၁။ “ဒွါရာလမ္ဗဏဘေဒေန” သည်ကား ဒွါရ ၆-ခုအပေါင်း အာရုံ ၆-ခုအပေါင်းတို့၏အပြားအားဖြင့် အာယတနတို့သည် ၁၂-ပါးတို့သည် ဖြစ်ကုန်၏။ ဤသည်ကား ကတ္တား ကြိယာစသည် အစဉ်ကျစေလျက် ဒွါဒသ- ဟူသော သင်္ချာပုဒ်ကို ထည့်ယှဉ်ခြင်းတည်း။
ဆက်၍ ဆိုဦးအံ့, ဤတရား ၆-ခုအပေါင်းစီတို့၌ ဒွါရ ၆-ခုအပေါင်းသည် အကြင်ကြောင့် ဓမ္မာရုံသည်သာလျှင်တည်း။ ထို့ကြောင့် ကြွင်းသောဓမ္မာရုံကို ရည်ရွယ်၍ အာရုံ ၆-ခုအပေါင်းကို အရှင်အနုရုဒ္ဓါမထေရ် မိန့်ဆိုအပ်ပြီဟု သန္နိဋ္ဌာန်ကျကျ မှတ်အပ်၏။ (ဒွါရလည်းမည် ဓမ္မာရုံလည်း မည်သော အတွင်းအာယတနခြောက်ပါး။ ဓမ္မာရုံသာ မည်၍ ဒွါရမမည်သော ပရမတ္ထတရားများ ရှိသည်ဟု ဆိုလိုသည်။)
“ဒွါရာလမ္ဗဏတဒုပ္ပန္နပရိယာယေန” ဟူသည်ကား ခြောက်ပါးကုန်သော ဒွါရတို့၏ လည်းကောင်း ခြောက်ပါးကုန်သော အာရုံတို့၏လည်းကောင်း ထိုဒွါရအာရုံတို့၌ ဖြစ်ကုန်သော ဝိညာဏ်တို့၏ လည်းကောင်း အစဉ်အားဖြင့် ဓာတ်တို့သည် ၁၈-ပါးတို့သည် ဖြစ်ကုန်၏။ ဤသည်ကား အဋ္ဌာရသ- ပုဒ်စသည်ထည့်၍ ယှဉ်ခြင်းတည်း။
ဤဓာတ်တို့၌လည်း ဒွါရ ၆-ခုအပေါင်း၌ မနောဒွါရသည် စိတ်ဝိညာဏ် တစ်စိတ် တစ်ဒေသ သည်သာလျှင် ဖြစ်၏။ ဒွါရ ၆-ခုအပေါင်းသည်လည်းကောင်း ဝိညာဏ် ၆-ခုအပေါင်းသည် လည်းကောင်း ဓမ္မာရုံတစ်စိတ်တစ်ဒေသသည်သာလျှင် ဖြစ်၏။ ဤသို့ သိအပ်၏။
သစ္စာ ၄-ပါး တရားကိုယ်
၅၂။ “မဂ္ဂေါ လောကုတ္တရော မတော” ဟူသော ဂါထာဝါကျကို လောကုတ္တရော - လောကုတ္တရာ ဖြစ်သော၊ မဂ္ဂေါ - မဂ်ကို၊ (မဂ္ဂေါ နာမ - မဂ္ဂသစ္စာမည်၏ဟူ၍၊) မတော - သိအပ်၏” ဟု နာမ-ပုဒ်ထည့်ကာ မဂ္ဂေါ- ပုဒ်ကို နှစ်ခါပြု၍ အနက်ယောဇနာအပ်၏။
မဂ်နှင့်ယှဉ်သော တစ်ခုယုတ်သုံးဆယ်သော တရားတို့သည်လည်းကောင်း၊ (မဂ်စိတ္တုပ္ပါဒ် ၂၉-ခု တို့သည်လည်းကောင်း၊) ဖိုလ်ဖြစ်၍ ဖြစ်ကုန်သော သုံးဆယ်ခုနစ်ပါးသော တရားတို့သည် လည်း ကောင်း၊ (ဖိုလ်စိတ္တုပ္ပါဒ် ၃၇-ခုတို့သည်လည်းကောင်း)၊ “စတုသစ္စနိဿဋ” ဖြစ်ကုန်၏။ စတု - လေးပါးကုန်သော၊ သစ္စ - အရိယသစ္စတို့မှ၊ နိဿဋ = ဝိမုတ္တ - လွတ်ကုန်၏။
ဤသစ္စာတို့၌ ဆိုသင့်ဆိုထိုက်သော အကြင်စကားသည် ရှိ၏။ ထိုစကားကို အောက်သစ္စာခန်း၌ ဆိုအပ်ပြီးသည်သာလျှင်တည်း။ ဤသို့ သိအပ်၏။
သမုစ္စည်းပိုင်း နိဂုံး
ဤမျှလောက်သောသဒ္ဒါအစဉ်အနက်အစဉ်ဖြင့် ပရမတ္ထဒီပနီ မည်သော အဖွင့်ခံအဘိဓမ္မတ္ထသင်္ဂဟ ကျမ်း၏ လေးခုမြောက် အဖွင့်ကျမ်း၌ သမုစ္စည်းကို သိမ်းယူရာ သိမ်းယူကြောင်းဖြစ်သော သတ္တမပိုင်း၏ ကောင်းမြတ်သောအနက်ကို ပြကြောင်းပြရာဖြစ်သော ဤဋီကာသစ်ကျမ်းသည် ပြီးပြီ။
(လေးခုမြောက်အဖွင့်ကျမ်း ဟူသည် ဒီပနီကျမ်းအရင် ဋီကာဟောင်း သုံးစောင်ရှိသည်ဟု ဆိုလိုသည်။ မိမိ၌ ထိုသုံးအုပ်တွဲစာအုပ်ရှိပါသည်။)
၈-ပစ္စည်းပိုင်း မြန်မာပြန်
မာတိကာ
၁၇၄။ ပစ္စည်းပိုင်းမြန်မာပြန်
၁၇၅။ ပဋိညာဉ်ဂါထာအဖွင့်
၁၇၆။ ဋီကာကျော်
၁၇၇။ နည်းနှစ်ပါး မာတိကာ
၁၇၈။ ပဋိစ္စသမုပ္ပါဒ်နည်း မာတိကာ
၁၇၉။ အကြောင်းပဋိစ္စသမုပ္ပါဒ
၁၈၀။ နိယာမသီအိုရီပဋိစ္စသမုပ္ပါဒ
၁၈၁။ ဣဒပ္ပစ္စယတာ
၁၈၂။ မသိအပ်သောအနက် ၂-မျိုး
၁၈၃။ ဝိသုဒ္ဓိမဂ်အဆိုကို ဘုရားဟောနှင့် ညှိခြင်း
၁၈၄။ ဘာဝသာဓနပြဿနာရှင်းချက်
၁၈၅။ သင်္ခတလက္ခဏာက သာ၍ နက်နဲပုံ
၁၈၆။ လက်တွေ့-ပဋိစ္စသမုပ္ပန္န
၁၈၇။ ပဋ္ဌာန်းနည်း မာတိကာ
၁၈၈။ နည်းနှစ်ပါးအထူး
၁၈၉။ ပဋိစ္စသမုပ္ပါဒ်နည်း
၁၉၀။ အဝိဇ္ဇာပစ္စယာ
၁၉၁။ သင်္ခါရ
၁၉၂။ ဝိညာဏ
၁၉၃။ နာမရူပ
၁၉၄။ သဠာယတန
၁၉၅။ ဖဿ
၁၉၆။ ဝေဒနာ
၁၉၇။ တဏှာ
၁၉၈။ ဥပါဒါန
၁၉၉။ ဘဝ
၂၀ဝ။ ဇာတိ
၂၀၁။ ဇရာ
၂၀၂။ သောက
၂၀၃။ ပရိဒေဝ
၂၀၄။ ဒုက္ခ
၂၀၅။ ဒေါမနဿ
၂၀၆။ ဥပါယာသ
၂၀၇။ နိဂုံး
၂၀၈။ သုတ္တန်နည်း အဘိဓမ္မာနည်းအရ အရကောက်ပုံ
၂၀၉။ အဝိဇ္ဇာ
၂၁၀။ သင်္ခါရ
၂၁၁။ ပဋိစ္စသမုပ္ပါဒ်မှ ကင်းသော သင်္ခတတရားမည်သည် မရှိ
၂၁၂။ ဝိညာဏ
၂၁၃။ နာမရူပ
၂၁၄။ ဋီကာကျော်
၂၁၅။ သဠာယတန
၂၁၆။ ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန
၂၁၇။ ဘဝ
၂၁၈။ ဇာတိ, ဇရာ, မရဏ
၂၁၉။ သောက
၂၂၀။ ပရိဒေဝ
၂၂၁။ ဒုက္ခ
၂၂၂။ ဒေါမနဿ
၂၂၃။ ဥပါယာသ
၂၂၄။ ထိုအကြောင်းကြောင့် ထိုအကျိုးဖြစ်ပုံ
၂၂၅။ အဝိဇ္ဇာပစ္စယာ သင်္ခါရာ
၂၂၆။ သင်္ခါရပစ္စယာ ဝိညာဏံ
၂၂၇။ ဝိညာဏပစ္စယာ နာမရူပံ
၂၂၈။ နာမရူပပစ္စယာ သဠာယတနံ
၂၂၉။ သဠာယတနပစ္စယာ ဖေဿာ
၂၃၀။ ဖဿပစ္စယာ ဝေဒနာ
၂၃၁။ ဝေဒနာပစ္စယာ တဏှာ
၂၃၂။ တဏှာပစ္စယာ ဥပါဒါနံ
၂၃၃။ ဥပါဒါနပစ္စယာ ဘဝေါ
၂၃၄။ ဘဝပစ္စယာ ဇာတိ
၂၃၅။ ဇာတိပစ္စယာ ဇရာမရဏံ
၂၃၆။ အဓွန့် စသည်ကို ပြခြင်း
၂၃၇။ ဋီကာကျော်
၂၃၈။ အဓွန့်သုံးပါး
၂၃၉။ သောက-စသည် အမှာစကားအတွက် အဖွင့်
၂၄၀။ ခြင်းရာ ၂၀၊ အစပ် ၃-ပါး၊ အလွှာ ၄-ပါး အဖွင့်
၂၄၁။ ဋီကာကျော်
၂၄၂။ သင်္ဂဟဂါထာနှင့် ပေါင်းချုပ်တစ်ဝါကျ
၂၄၃။ ဝဋ်သုံးပါးအဖွင့်
၂၄၄။ ဋီကာကျော်
၂၄၅။ သင်္ဂဟအဆိုကို ဝေဖန်လျက် ထောက်ခံဖွင့်ပြပုံ
၂၄၆။ ဝဋ်မြစ် ၂-ပါး
၂၄၇။ အဋ္ဌကထာလာ စက်အဖွင့်ကို စိစစ်ပုံ
၂၄၈။ အဝိဇ္ဇာနှင့် တဏှာကိုသာ မူလနှစ်ဖြာအဖြစ် ဟောရပုံ
၂၄၉။ ဋီကာကျော်
၂၅၀။ ဝဋ်ပြတ်ပုံနှင့် လည်ပုံ နှစ်ဂါထာအဖွင့်
၂၅၁။ “ဇရာမရဏမုစ္ဆာယ” စကားကို မိန့်ရခြင်းအကြောင်း
၂၅၂။ အင်္ဂုတ္တိုရ်ပါဠိတော်
၂၅၃။ ဇရာမရဏကို ပဓာနထားနည်း
၂၅၄။ ဇရာမရဏကို ပဓာနမထားနည်း
၂၅၅။ အနက်ပေးနည်း
၂၅၆။ အနမတဂ္ဂသံသရာဖြစ်ပုံရှင်းပြချက်
၂၅၇။ အဝိဇ္ဇာဖြစ်ကြောင်းတရားများ,
၂၅၈။ ပဋ္ဌာန်းနည်း
၂၅၉။ ဟေတုပစ္စယော
၂၆၀။ ဥပကာရကဟု ဆိုရပုံ
၂၆၁။ အာရမ္မဏပစ္စယော
၂၆၂။ အဓိပတိပစ္စယော
၂၆၃။ အနန္တရပစ္စယော, သမနန္တရပစ္စယော
၂၆၄။ သဟဇာတပစ္စယော
၂၆၅။ အညမညပစ္စယော
၂၆၆။ နိဿယပစ္စယော
၂၆၇။ ဥပနိဿယပစ္စယော
၂၆၈။ ပုရေဇာတပစ္စယော
၂၆၉။ ပစ္ဆာဇာတပစ္စယော
၂၇၀။ အာသေဝနပစ္စယော
၂၇၁။ ကမ္မပစ္စယော
၂၇၂။ ဝိပါကပစ္စယော
၂၇၃။ အာဟာရပစ္စယော
၂၇၄။ ဣန္ဒြိယပစ္စယော
၂၇၅။ ဈာနပစ္စယော
၂၇၆။ မဂ္ဂပစ္စယော
၂၇၇။ သမ္ပယုတ္တပစ္စယော
၂၇၈။ ဝိပ္ပယုတ္တပစ္စယော
၂၇၉။ အတ္ထိပစ္စယော
၂၈၀။ นတ္ထိပစ္စယော
၂၈၁။ ဝိဂတပစ္စယော
၂၈၂။ အဝိဂတပစ္စယော
၂၈၃။ ပဋ္ဌာန်း ၂၄-ပစ္စည်း ဟောစဉ် အနုသန္ဓေ
၂၈၄။ ပစ္စည်း-၆-ပါး သင်္ဂဟနှစ်ဂါထာအဖွင့်
၂၈၅။ ဋီကာကျော်
၂၈၆။ နာမ်သည် နာမ်အား ၆-ပစ္စည်းဖြင့် ကျေးဇူးပြုပုံ
၂၈၇။ အနန္တရ, သမနန္တရ, နတ္ထိ, ဝိဂတ
၂၈၈။ အာသေဝန
၂၈၉။ နာမ်သည် နာမ်ရုပ်အား ၅-ပစ္စည်းဖြင့် ကျေးဇူးပြုပုံ
၂၉၀။ ဟေတု, ဈာန, မဂ္ဂ
၂၉၁။ ကမ္မ
၂၉၂။ ဝိပါက
၂၉၃။ နာမ်သည် ရုပ်အား ၁-ပစ္စည်းဖြင့် ကျေးဇူးပြုပုံ
၂၉၄။ ပစ္ဆာဇာတ
၂၉၅။ ရုပ်သည် နာမ်အား ၁-ပစ္စည်းဖြင့် ကျေးဇူးပြုပုံ
၂၉၆။ ဝတ္ထုပုရေဇာတမျိုး
၂၉၇။ အာရမ္မဏပုရေဇာတမျိုး
၂၉၈။ ပဋိသန္ဓေစိတ်အား အာရမ္မဏပုရေဇာတပစ္စည်း မတပ်
၂၉၉။ ပညတ်နာမ်ရုပ်သည် နာမ်အား ၂-ပစ္စည်းဖြင့် ကျေးဇူးပြုပုံ
၃၀ဝ။ အာရမ္မဏူပနိဿယ
၃၀၁။ ဋီကာကျော်
၃၀၂။ ပကတူပနိဿယ
၃၀၃။ ရုပ်တရားတို့ ပကတူပနိဿယပစ္စည်း မရပုံ
၃၀၄။ ဋီကာကျော်
၃၀၅။ နာမ်ရုပ်၂-ပါးသည် နာမ်ရုပ်၂-ပါးအား ၉-ပစ္စည်းဖြင့် ကျေးဇူးပြုပုံ
၃၀၆။ အဓိပတိ ၂-ပစ္စည်း
၃၀၇။ ဋီကာကျော်
၃၀၈။ သဟဇာတ ၃-ပစ္စည်း
၃၀၉။ အညမည ၃-ပစ္စည်း
၃၁၀။ ဋီကာကျော်
၃၁၁။ နိဿယ ၃-ပစ္စည်း
၃၁၂။ နိဿယလည်းဖြစ် အာရမ္မဏလည်းဖြစ် ယဒယဝတ္ထု
၃၁၃။ သေခါနီးအခါမှာသာ ရသော ပစ္စည်း ဖြစ်သတတ်
၃၁၄။ ပကတိအခါမှာလည်း ရသောပစ္စည်း ဖြစ်ပုံ
၃၁၅။ အာရုံရုပ် ၃-ပစ္စည်း
၃၁၆။ အာဟာရ ၂-ပစ္စည်း
၃၁၇။ ဝိပ္ပယုတ္တ ၃-ပစ္စည်း
၃၁၈။ သင်္ဂဟဂါထာ ၂၁၈
၃၁၉။ ရုပ်အာဟာရနှင့် ရုပ်ဇီဝိတိန္ဒြေမှာ သဟဇာတပစ္စည်း မရပုံ
၃၂၀။ ပစ္စည်းအကျဉ်းချုပ်
၃၂၁။ ဋီကာကျော်
၃၂၂။ သဟဇာတရုပ်၂-မျိုးအဖွင့်
၃၂၃။ သုတ်မဟာဝါ ပါဠိတော် သာဓက
၃၂၄။ ဝိဘင်းဋီကာ သာဓက
၃၂၅။ လူသားမျိုးစေ့ရုပ်
၃၂၆။ ကံဥတုအာဟာရ တိဇရုပ်တို့ အခြေအနေ
၃၂၇။ သင်္ဂဟ ၂-ဂါထာအဖွင့်
၃၂၈။ ဋီကာကျော်
၃၂၉။ ပဋ္ဌာန်းပါဠိတော် သာဓက
၃၃၀။ ရုပ်နာမ် ခွဲပုံ
၃၃၁။ ပညတ်အပြား ၂-ပါး
၃၃၂။ အတ္ထပညတ်အပြား
၃၃၃။ ဋီကာကျော်
၃၃၄။ အနက်ပေးနည်း
၃၃၅။ သဒ္ဒပညတ် ၆-ပါး
၃၃၆။ သဒ္ဒါသဘောပညတ် သီးခြားရှိသင့်ပုံ
၃၃၇။ ပညတ်၂-ပါးကို သိပုံနှင့် နာမပညတ် ဖြစ်ပေါ်လာပုံ
၃၃၈။ သာရတ္ထဒီပနီဋီကာ သာဓက
၃၃၉။ မဏိသာရမဉ္ဇူသာဋီကာ
၃၄၀။ မောဂ္ဂလာနပဉ္စိကာသဒ္ဒါကျမ်း
၃၄၁။ ပစ္စည်းပိုင်း နိဂုံး
ပဋိညာဉ်ဂါထာအဖွင့်
၁။ ဤသို့ ၇-ပိုင်းတို့ဖြင့် နာမ်ရုပ်ကို ပိုင်းခြားကြောင်းဖြစ်သော ပထမ, နာမရူပပရိစ္ဆေဒဉာဏ်၏ အစီအရင်ကို ပြပြီး၍ ယခုအခါ၌ ထိုနာမ်ရုပ်တို့၏အကြောင်းပစ္စည်းတို့ကို သိမ်းဆည်းတတ်သော ဒုတိယ, ပစ္စယပရိဂ္ဂဟဉာဏ်၏ အစီအရင်ကို ၈-ပိုင်းမြောက် ပစ္စည်းပိုင်းဖြင့် ပြတော်မူလိုသော အရှင်အနုရုဒ္ဓါဆရာသည် “ယေသံ သင်္ခတ ဓမ္မာနံ” ဤသို့ အစရှိသော ဂါထာစကားရပ်ကို မိန့်တော်မူပြီ။
(ဤဒီပနီ အနုသန္ဓေ၌ ပစ္စယပရိဂ္ဂဟဉာဏ်၏ အစီအရင်ကို ပြခြင်းငှာ ပစ္စည်းပိုင်းကို မိန့်သည် ဟူသော စကားကို မှတ်သားခဲ့ပါ။)
ယခုအခါ၌ အကြင်အပြုပြင်ခံ (အကျိုးရုပ်နာမ်)သင်္ခတတရားတို့အား သင်္ခတ (ရုပ်နာမ်), အသင်္ခတ(နိဗ္ဗာန်)ဖြစ်၍ ဖြစ်ကုန်သော အကြင် (အကြောင်း)တရားတို့သည် “ဟေတု” အစ ရှိကုန်သော အကြင်အကြင်သို့သော ကျေးဇူးပြုပုံအခြင်းအရာတို့ဖြင့် ကျေးဇူးပြုတတ်ကုန်၏။ ထိုဝေဖန်ခြင်းကို (အကျိုးပစ္စယုပ္ပန်တရား ဖြစ်၍ ဖြစ်ကုန်သော ထိုသင်္ခတတရားတို့ကို ဝေဖန်ခြင်းကို လည်းကောင်း ၁, ထိုသင်္ခတ အသင်္ခတ ဖြစ်ကုန်သော အကြောင်းတရားတို့ကို ဝေဖန်ခြင်းကို လည်းကောင်း၂, ထိုကျေးဇူးပြုပုံ အခြေအနေ အခြင်းအရာတို့ကို ဝေဖန်ခြင်းကိုလည်းကောင်း ၃ ) ဆိုခါနီးလတ္တံ့ဖြစ်သော ဤပစ္စယသင်္ဂဟ၌ ထိုက်သည့်အားလျော်စွာ အပြားအားဖြင့် ဆိုပေအံ့။ ဤသည်ကား ပုဒ်ဝါစင်္ဂချင်း ယှဉ်စပ်ယောဇနာခြင်းတည်း။
(ဆိုအပ်လတ္တံ့သော ဤပစ္စယသင်္ဂဟ၌ - ဟူသော စကားကို မှတ်သားခဲ့ပါ။)
ဋီကာကျော်
ဋီကာကျော်ကျမ်း၏ အနုသန္ဓေ ၂၃၄-၌ကား “အကြောင်းပစ္စည်းတို့ကို ပြခြင်းငှာ”ဟူ၍ တစ်ချက် တည်းသာ မိန့်ဆိုထား၏။ ထိုစကားသည် “တံ ဝိဘာဂံ-ထိုဝေဖန်ခြင်းကို”ဟူသော သုံးချက်ပြရမည့် မူလအဖွင့်ခံစကားနှင့် မညီညွတ်ပေ။ အကြောင်းကား ဂါထာ၌ ‘ယေသံ’အစရှိသည်ဖြင့် သုံးခု ကုန်သော ‘ယ’သဒ္ဒါတို့ဖြင့် ပြအပ်ကုန်သော အနက်သုံးမျိုးတို့၏ တ-သဒ္ဒါအနက်ဖြစ်သင့် သောကြောင့် လည်းကောင်း, တ-သဒ္ဒါအနက်တို့၏လည်း အနုသန္ဓေ၌ အပြည့်အစုံပြု၍ ဆိုထိုက်သည်၏အဖြစ်ကြောင့်တည်း။
(အကြောင်းပစ္စည်းတို့ကို ပြခြင်းကို ဆိုသဖြင့် အကျိုးပစ္စယုပ္ပန်နှင့် ကျေးဇူးပြုပုံ ပစ္စယာကာရတို့ကိုပါ ဥပလက္ခဏနည်းဖြင့် ယူနိုင်သည်ဟု ဖြေရှင်းသော် ဋီကာကျော် သင့်၏။ ဋီကာကျော်၌ တံ ဝိဘာဂံ-ကို ‘၃-ချက်စု’ရအောင် ဖွင့်ထားသည်ကိုလည်း ရှု။ ဋီကာကျော်၌ အကြောင်းပစ္စည်းကို ပြခြင်းငှာ ပစ္စည်းပိုင်းကို မိန့်သည်ဟူသော အမြင်သည် ဒီပနီခေတ်၌ ပစ္စယပရိဂ္ဂဟဉာဏ်အရာကို ပြခြင်းငှာ ပစ္စည်းပိုင်းကို မိန့်သည်ဟု ဝိဿနာနာရှုထောင့်အရ အမြင်ကျယ်လာပေသည်။)
ထိုဋီကာကျော်ကျမ်း ၂၃၄-၌ “သမုစ္စည်းပိုင်း၏ အခြားမဲ့ဖြစ်သော ဤပစ္စည်းပိုင်းဌာန၌”ဟူ၍ “ဣဟ”သဒ္ဒါ၏အနက်ကို ထင်စွာပြခြင်းဟု ဆိုအပ်သော အကြင်စကားကိုလည်း ဖွင့်ဆိုထား၏။ ထိုစကားသည်လည်း မသင့်။ မှန်၏, ဤဋီကာကျော် ဖွင့်တိုင်းသော အနက်သည် ဖြစ်သည်ရှိသော် “ဣဒါနိ-ယခု၌”ဟူသော ပစ္စုပ္ပန်ကာလပြ သဒ္ဒါသည် အကျိုးမရှိသောသဒ္ဒါ ဖြစ်၏။ ဤသို့ မှတ်အပ်၏။
(ဋီကာကျော်၌ ဣဟ-အစွဲကို ပြီးခဲ့သည့် သမုစ္စည်းပိုင်းကို နာမဝိသေသနပြု၍ စွဲသည်။ ဒီပနီ၌ ဆိုခါနီးဆိုဆဲဤပစ္စည်းပိုင်းကို ငဲ့၍ စွဲသည်။ အတိတ်နှင့် ပစ္စုပ္ပန်တွင် ပစ္စုပ္ပန်အဓိကဟု ဒီပနီက ဆိုလိုသည်။ ထိုသို့ ဋီကာကျော် အတိတ်ကို ငဲ့ဖွင့်ရာ၌-- ‘ဟ-ပစ္စည်း ဧ-ပစ္စည်းတို့သည်ကား ဌာနသတ္တမီအနက်ဟော၏, ‘ဒါနိ-ပစ္စည်း ဖြစ်သော ကာလသတ္တမီဖြင့် ဋီကာကျော်ဆရာ ဖွင့်သည်) ဟု မန်လည်က ဖြေရှင်းသည်။ ဒီပနီ ထောက်ပြထားသည့် ‘ဣဒါနိ’ဟူသော အခုအချိန် ဟောသတ္တမီပုဒ်လည်း အကျိုးမယုတ်ပါ)ဟု ဆိုလိုသည်။ ဤ ‘ဣဟ’ ပြဿနာသည် ဝုတ္တပေက္ခ = ဆိုပြီးအတိတ်ငဲ့, ဝုစ္စမာနပေက္ခ-ဆိုဆဲဆိုလတ္တံ့ပစ္စုပ္ပန်အနာဂတ်ငဲ့အသွင် ဆောင်နေသည်။ ဋီကာကျော်သည် ဝုတ္တပေက္ခသဘောချည်းသာ ဆောင်က အားနည်းချက် ဖြစ်နိုင်သော်လည်း နာမဝိသေသနပြု၍ ‘သမုစ္စယသင်္ဂဟာနန္တရေ ဣဟ-ဣမသ္မိံ ဌာနေ’-ဟု ဖွင့်ရာရောက်သဖြင့် အသင့်ဟု မြင်သည်။)
နည်းနှစ်ပါး မာတိကာ
ပဋိစ္စသမုပ္ပါဒ်နည်း မာတိကာ
အကြောင်း ပဋိစ္စသမုပ္ပါဒ
၂။ အကျိုးတရား၏ စွဲ၍ ကောင်းစွာဖြစ်ရာဟူသော အကြောင်းဟိတ်ကြောင့် “ပဋိစ္စသမုပ္ပါဒ” (စွဲ၍ဖြစ်ကြောင်းအကြောင်းတရား) မည်၏။ ထိုဝိဂြိုဟ်၌ “စွဲ၍”ဟူသည်ကား မကင်းမူ၍, မလွှတ်မူ၍။ ဤသည်ကား “ပဋိစ္စ”ဟူသောပုဒ်၏ အနက်တည်း။ ထို “ပဋိစ္စသမုပ္ပါဒ” ပုဒ်အရ အဝိဇ္ဇာ အစရှိသော အကြောင်းပစ္စည်းတရားကို ယူအပ်၏ဟု ဆရာတို့ ဖွင့်ဆိုကုန်၏။
(ဋီကာတို့၌လာသော ထိုအဖွင့်ကို မယူအပ်ဟု နောက်တွင် ဒီပနီက ပယ်လိမ့်မည်။)
နိယာမသီအိုရီ ပဋိစ္စသမုပ္ပါဒ
တစ်နည်းကား- “သမုပ္ပါဒ”ဟူသည် ကောင်းစွာ ဖြစ်ခြင်းတည်း။ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” အစ ရှိသည်တို့၌ သင်္ခါရအစရှိကုန်သော တရားတို့၏ တကွဖြစ်ဖက် သဟဇာတတရားတို့နှင့် တကွသာလျှင် စင်ကြယ်သော ဓမ္မအပေါင်းအစု၏ အစွမ်းအားဖြင့် ရှေးရှုဖြစ်ခြင်း ထင်ရှား ဖြစ်ခြင်းတည်း။ ဤသည်ကား “သမုပ္ပါဒ”ပုဒ်၏ အနက်တည်း။ အကြင်အကြင် မိမိတို့ဥစ္စာဖြစ်သော အကြောင်းပစ္စည်းကို စွဲ၍ ထိုအကြောင်းနှင့် ကင်း၍ ဖြစ်လေ့မရှိသည် ဖြစ်၍ ဖြစ်ခြင်းသည် “ပဋိစ္စသမုပ္ပါဒ” (အကြောင်းကို စွဲ၍ ကောင်းစွာ ဖြစ်ခြင်း)မည်၏။
သဘောအနက် အားဖြင့်ကား အကြောင်းပစ္စည်း + အကျိုးပစ္စယုပ္ပန်ဖြစ်၍ ဖြစ်ကုန်သော အကြောင်းနှင့် မကင်းကုန်သော အပြုပြင်ခံသင်္ခတတရားအားလုံးတို့၏ မူလအကြောင်းပစ္စည်းနှင့် ဆက်စပ်၍ ဖြစ်ခြင်း (သာမညလက္ခဏာ)သည် “ပဋိစ္စသမုပ္ပါဒ” မည်၏။ ယင်းသာမညလက္ခဏာကို “ဣဒပ္ပစ္စယတာ”ဟူ၍လည်း ဆိုအပ်၏။
ဣဒပ္ပစ္စယတာ
ဆက်၍ ဆိုဦးအံ့, အကြင်သာမညလက္ခဏာကို “ဣဒပ္ပစ္စယတာ”ဟူ၍ ဆိုအပ်၏။ ထိုတွင် “ဣဒပ္ပစ္စယတာ”ဟူသည်ကား “ဤတရားသည် ဤအကျိုးတရား၏ အကြောင်းပစ္စည်းတည်း, ဤတရားသည် ဤအကျိုးတရား၏ အကြောင်းပစ္စည်းတည်း”ဟု ဤသို့ ညွှန်ပြအပ်သော ဤ အကြောင်းပစ္စည်းတရားသည် ထိုသင်္ခတတရားတို့မှာ ရှိကုန်သည် ဟူသော အကြောင်း ဟိတ်ကြောင့် “ဣဒပ္ပစ္စယ” (ဤအကြောင်းပစ္စည်းရှိသောတရား)တို့ မည်ကုန်၏။ ထို “ဣဒပ္ပစ္စယတာ” ပုဒ်အရ သင်္ခတတရားတို့ကို ရအပ်ကုန်၏။ ဤ အကြောင်းပစ္စည်းရှိကုန်သော သင်္ခတတရားတို့၏ ဖြစ်ကြောင်းသဘောသည် “ဣဒပ္ပစ္စယ+တာ” မည်၏။ ဆိုအပ်ပြီးသော အပြား ရှိသော သာမညလက္ခဏာပင်တည်း။ ဤ အနက်သဘောကို သိအပ်၏။
(သင်္ခတတရား- ဟူသည် အကြောင်းအကျိုး နှစ်မျိုးလုံး ပါသည့် သင်္ခတရားဖြစ်ကြောင်း အထက် ဒီပနီအဖွင့်တွင် ပြခဲ့ပြီ။)
(ဣဒပ္ပစ္စယတာ-ပုဒ်သည် သင်္ဂဟပါဠိ၌ မပါ။ ပါဠိတော်များ၌ ပါသည်ကို ယူ၍ ဖွင့်သည်။ ထိုပုဒ်အနက်ကို “ဒါကတော့ ဒီလိုအကြောင်းရှိပါတယ်”ဟူသော အကျိုးအကြောင်း ချိပ်ဆက်ပြ မြန်မာစကားနှင့် နားလည်ကြည့်ပါ။ ထိုပုဒ်နှင့် စပ်၍ ဤဒီပနီ၌ ဖွင့်ပြထားသော အစိတ်ဗဟုဗ္ဗီဟိ-သမာသ်နှင့် အပေါင်းဘာဝတဒ္ဓိတ်သာ သင့်၍ အခြားအဋ္ဌကထာဋီကာ အဖွင့်များ မသင့်ဟု အောက်တွင် ဆက်ပြသည်။)
မသိအပ်သောအနက် ၂-မျိုး
“အကျိုးတရား၏ စွဲ၍ ကောင်းစွာ ဖြစ်ရာဟူသော အကြောင်းဟိတ်ကြောင့် “ပဋိစ္စသမုပ္ပါဒ” (စွဲ၍ဖြစ်ကြောင်းအကြောင်းတရား) မည်၏။ ထို”ပဋိစ္စသမုပ္ပါဒ” ပုဒ်အရ အဝိဇ္ဇာ အစရှိသော အကြောင်းပစ္စည်းတရားကို ယူအပ်၏”ဟူသော အနက်ကို လည်းကောင်း, “ဤအကျိုးတရားတို့၏ အကြောင်းပစ္စည်းတို့ ဟူသော အကြောင်းဟိတ်ကြောင့် “ဣဒပ္ပစ္စယ” မည်၏။ (ဆဋ္ဌီတပ္ပုရိသ်-သမာသ်)။ “ဣဒပ္ပစ္စယ”သည်သာလျှင် “ဣဒပ္ပစ္စယတာ” မည်၏ (သွတ္ထတဒ္ဓိတ်) ဟူသော အနက် ကိုလည်းကောင်း မသိအပ်ပေ။
(ထိုတွင် ဣဒပ္ပစ္စယတာ-အဖွင့်သည် “ဣဒပ္ပစ္စယတာတိ ဣမေသံ ဇရာမရဏာဒီနံ ပစ္စယာ ဣဒပ္ပစ္စယာ, ဣဒပ္ပစ္စယာဝ ဣဒပ္ပစ္စယတာ”စသော နိဒါနဝဂ္ဂသံယုတ်အဋ္ဌကထာလာ ဣဒ-အရ အကျိုးဇရာမရဏစသည်ကို ယူသော အဋ္ဌကထာအဖွင့်စသည်ကို ပယ်သည်။ ဒီပနီကား ဣဒ-အရ အကြောင်းတရားကို ယူသည်။ ထို့ကြောင့် ယင်းပုဒ်ကို ဗဟုဗ္ဗီဟိသမာသ်ကြံ၍ ဖွင့်ခဲ့သည်။)
ဝိသုဒ္ဓိမဂ်အဆိုကို ဘုရားဟောနှင့် ညှိခြင်း
ဝိသုဒ္ဓိမဂ်ကျမ်း၌ကား “ကောင်းစွာဖြစ်ခြင်း”သည် “သမုပ္ပါဒ”မည်၏ဟူသော ဤဆိုအပ်ခဲ့ပြီးသော ဘာဝသာဓနအနက်ကို ပစ်ပယ်ထား၏။ ယင်းသို့ ပစ်ပယ်ငြားသော်လည်း ဘုရားဟော ပါဠိတော်မူရင်း၌ ဤ “ဖြစ်ခြင်း” အနက်ကိုသာလျှင် လိုရင်းအနက်ကဲ့သို့ ထင်မြင်အပ်၏။ (တစ်နည်းကား- မိမိအဖွင့်ကို ပြန်ညွှန်းသည်။)
ဘုရားအဘယ်ကဲ့သို့ ဟောတော်မူသနည်းဟူမူကား “ရဟန်းတို့ ပဋိစ္စသမုပ္ပါဒ် ဟူသည် အဘယ်နည်း။ ရဟန်းတို့ ပဋိသန္ဓေနေမှု ဇာတိ အကြောင်းခံကြောင့် အိုခြင်းဇရာ သေခြင်း မရဏသည် ဖြစ်၏။ မြတ်စွာဘုရားတို့၏ ပွင့်ပေါ်သည်ပဲဖြစ်ပါစေ မပွင့်ပေါ်သည်ပဲဖြစ်ပါစေ အကျိုးတရားတို့၏ တည်ရာ၏ အဖြစ်ဟူသော, အကျိုးတရားတို့၏ မြဲသည်၏အဖြစ်ဟူသော, ဤအကျိုးတရားတို့၏ အကြောင်းပစ္စည်း၏ အဖြစ်ဟူသော ထိုအကြောင်းပစ္စည်းဓာတ်သဘော သည် တည်ရှိနေသည်သာ တည်း။ ထိုအကြောင်းကို မြတ်စွာဘုရားသည် ဉာဏ်ဖြင့် ထိုးထွင်း သိတော်မူ၏။ ဉာဏ်နှင့် ပေါင်းဆုံမိ၏။ ဉာဏ်ဖြင့် ထိုးထွင်းသိတော်မူ၍ ဉာဏ်နှင့် ပေါင်းဆုံမိ၍ မြွက်ဆိုတော်မူ၏။ ဟောတော်မူ၏။ သိစေတော်မူ၏။ အပြားအားဖြင့် ထားတော်မူ၏။ ဖွင့်ပြတော်မူ၏။ ဝေဖန်တော်မူ၏။ ပေါ်လွင်အောင် ပြုတော်မူ၏။ ရှုကုန်လော့ ဟူ၍လည်း ဟောတော်မူ၏။ ရဟန်းတို့ ပဋိသန္ဓေနေမှု ဇာတိအကြောင်းခံကြောင့် အိုမှုဇရာ သေမှုမရဏဖြစ်၏။
ရဟန်းတို့ မသိမှု ‘အဝိဇ္ဇာ’အကြောင်းခံကြောင့် ပြုပြင်စီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ကုန်၏။ မြတ်စွာဘုရားတို့၏ ပွင့်ပေါ်သည်ပဲဖြစ်ပါစေ မပွင့်ပေါ်သည်ပဲဖြစ်ပါစေ အကျိုးတရားတို့၏ တည်ရာ၏အဖြစ်ဟူသော, အကျိုးတရားတို့၏ မြဲသည်၏အဖြစ်ဟူသော, ဤ အကျိုးတရားတို့၏ အကြောင်းပစ္စည်း၏ အဖြစ်ဟူသော ထိုအကြောင်းပစ္စည်းဓာတ်သဘောသည် တည်ရှိနေသည် သာတည်း။ ထိုအကြောင်းကို မြတ်စွာဘုရားသည် ဉာဏ်ဖြင့် ထိုးထွင်းသိတော်မူ၏။ ဉာဏ်နှင့် ပေါင်းဆုံမိ၏။ ဉာဏ်ဖြင့် ထိုးထွင်းသိတော်မူ၍ ဉာဏ်နှင့် ပေါင်းဆုံမိ၍ မြွက်ဆိုတော်မူ၏။ ဟောတော်မူ၏။ သိစေတော်မူ၏။ အပြားအားဖြင့် ထားတော်မူ၏။ ဖွင့်ပြတော်မူ၏။ ဝေဖန်တော် မူ၏။ ပေါ်လွင်အောင် ပြုတော်မူ၏။ ရှုကုန်လော့ဟူ၍လည်း ဟောတော်မူ၏။ ရဟန်းတို့ မသိမှု ‘အဝိဇ္ဇာ’ အကြောင်းခံကြောင့် ပြုပြင်စီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ကုန်၏။
ရဟန်းတို့ ဤသို့လျှင် ထို ‘ဇာတိကြောင့် ဇရာမရဏဖြစ်၏’စသည်တို့၌ သင်္ခတတရားတို့၏ မှန်သည်၏အဖြစ်ဟူသော, မချွတ်ယွင်းသည်၏အဖြစ်ဟူသော, တစ်ပါးသော သဘောအားဖြင့် မဖြစ်သည်၏ အဖြစ်ဟူသော, ဤ အကျိုးတရားတို့၏ အကြောင်း၏ အဖြစ်ဟူသော အကြင် အကြောင်းသဘောသည် ရှိ၏။ ဤအကြောင်းသဘောကို ပဋိစ္စသမုပ္ပါဒ်ဟူ၍ ဆိုအပ်၏” ဟူ၍ ဟောတော်မူပြီ။
မှန်၏, ဤပါဠိတော်၌ “ထိုအကြောင်းပစ္စည်းဓာတ်သဘောသည် တည်ရှိနေသည်သာတည်း” အစရှိသည်ဖြင့်လည်းကောင်း, “ထိုဇာတိကြောင့် ဇရာမရဏဖြစ်၏ စသည်တို့၌ မှန်သည်၏အဖြစ် မချွတ်ယွင်းသည်၏အဖြစ်” အစရှိသည်ဖြင့်လည်းကောင်း အကြင်အကြင် ငါ ဖွင့်ဆိုအပ်ခဲ့ပြီးသော “ဣဒပ္ပစ္စယတာ”ဟု ဆိုအပ်သော သာမညလက္ခဏာသည်ပင်လျှင် “ပဋိစ္စသမုပ္ပါဒ်”မည်သည်ဟု ပြပေ၏။
ဘာဝသာဓန ပြဿနာရှင်းချက်
(အကယ်၍ ဘာဝသာဓနကို အလိုရှိသည် ဖြစ်အံ့, ဘာဝသာဓနမည်သည် ကတ္တားကင်းသည် ဖြစ်ရာ၏။ ကတ္တားကင်းသည်ရှိသော် အဘယ်သို့လျှင် ပဋိစ္စ ကြိယာနှင့် ကတ္တားတူ သဘာဝကို ရအပ်မည်နည်း။ မရသည်ရှိသော် ကတ္တားတူသဘာဝ၌ အဘယ်သို့လျှင် ပုဗ္ဗကာလ၌ တွာ-ပစ္စည်း ဖြစ်တော့မည်နည်း။ ဤကား ဘာဝသာဓနလိုလားသူအတွက် သဒ္ဒယုတ္တိဆန့်ကျင်မှုပေတည်း။ ထိုကို ဖြေဆိုရှောင်လွှဲလိုသော ဒီပနီဆရာသည် အောက်ပါ အဖွင့်ကို မိန့်၏။)
ဆက်ဦးအံ့, “ကောင်းစွာဖြစ်ခြင်းသည် သမုပ္ပါဒ”ဟူသော ဤအဖွင့်၌ “သမုပ္ပဇ္ဇနံ သမုပ္ပါဒေါ” ဟူသော ဘာဝသာဓနဝိဂြိုဟ်ကို ပြုအပ်သည်ရှိသော် “ပဋိစ္စ”သဒ္ဒါနှင့် တကွဖြစ်သော “သမုပ္ပါဒ” သဒ္ဒါ၏ မတူသော ကတ္တားရှိသည်၏အဖြစ်ဟု ဆိုအပ်သော သဒ္ဒယုတ္တိနှင့် ဆန့်ကျင်ခြင်းမရှိ။ အဘယ့်ကြောင့်နည်းဟူမူကား “ပဋိစ္စ”ကြိယာ၏ အကြင် ကတ္တားသည် ရှိ၏။ ထိုကတ္တား သည်သာလျှင် “သမုပ္ပါဒ”ကြိယာ၏လည်း ကတ္တား၏အဖြစ် ဖြစ်သင့်သောကြောင့်တည်း။ မှန်၏, ကတ္တားမှ ကင်းသော ကြိယာမည်သည် မဖြစ်သင့်။ ဤသို့ မှတ်အပ်၏။
(အထက်ပါအဖွင့်ကို နားလည်ရန် “သမုပ္ပဇ္ဇနံ သမုပ္ပာဒေါ၊ ယထာသကံ ပစ္စယံ ပဋိစ္စ တေန အဝိနာဘာဝီ ဟုတွာ သမုပ္ပာဒေါ ပဋိစ္စသမုပ္ပာဒေါ”ဟူသော ဒီပနီ၊ အထဝါ-အဖွင့်ကို ပြန်ကြည့်ရပါသည်။ ထိုအဖွင့်အရ “ယော သင်္ခတဓမ္မော- အကြင်သင်္ခတရားသည်၊ (အနိယမ ကတ္တားထည့်)၊ ယထာသကံ-အကြင်အကြင်မိမိ၏ ဥစ္စာဖြစ်သော၊ ပစ္စယံ-အကြောင်းပစ္စည်းကို၊ ပဋိစ္စ-စွဲ၍၊ တေန-ထိုအကြောင်းနှင့်၊ အဝိနာဘာဝီ-ကင်း၍ ဖြစ်လေ့မရှိသည်ဖြစ်၍၊ သမုပ္ပါဒေါ-ဖြစ်ခြင်း။ သော- ထိုသင်္ခတတရားသည်၊ (နိယမကတ္တားထည့်)၊ ပဋိစ္စသမုပ္ပာဒေါ-ပဋိစ္စသမုပ္ပါဒ မည်၏ အနက်ပေးကာ နားလည်ရမည်။ “စွဲ၍-ဟူသော ရှေ့ကြိယာနှင့် ဖြစ်ခြင်း-ဟူသော နောက် ကြိယာ၏ ကတ္တားသည် သင်္ခတတရားဟူသော ကတ္တားတစ်ခုတည်း ဖြစ်သည်”ဟု ဒီပနီက ဆိုလိုသည်။)
သင်္ခတလက္ခဏာက သာ၍ နက်နဲပုံ
ဆက်ဦးအံ့, အကြင်ကြောင့် သင်္ခတတရားတို့သည် နက်နဲကုန်သည်ရှိသော် အနိစ္စအစရှိသော လက္ခဏာသည် နက်နဲသကဲ့သို့ ထို့အတူ ပဋိစ္စသမုပ္ပါဒ်ဟူသော ဤသင်္ခတလက္ခဏာသည်လည်း နက်နဲသည်သာလျှင် ဖြစ်၏။ ထို့ကြောင့် ဤပဋိစ္စသမုပ္ပါဒ်ပုဒ်စသည်၏ အနက်မှန်ကို ယူရာ၌ ပဋိစ္စသမုပ္ပါဒ် နက်နဲသည်ဟူသော ဘုရားစကားတော်နှင့် ဆန့်ကျင်ခြင်းသည် မဖြစ်သင့်။ စင်စစ်သော်ကား သင်္ခတတရားထက် သင်္ခတတရား၏ အမှတ်လက္ခဏာသည်သာလျှင် သာ၍ နက်နဲ၏။ ဤသို့ မှတ်အပ်၏။
(မဟာနိဒါနသုတ်၌ “ယာဝ ဂမ္ဘီရောစာယံ” စသည်ဖြင့် ပဋိစ္စသမုပ္ပါဒ်တရားသားကို နက်နဲကြောင်း ဟောထားသည်။ ဒီပနီဆရာက တရားသားထက် တရားလက္ခဏာက ပိုနက်နဲသည်ဟု ဖွင့်ထား သဖြင့် ဘုရားဟောနှင့် မဆန့်ကျင်။ ဘုရားဟော၌ တရားသားနက်နဲပုံဟောထားသဖြင့် တရား လက္ခဏာ၏ နက်နဲပုံလည်း ပါပြီးဖြစ်သည်ဟု သိပါဟု ဆိုလိုပုံရသည်။)
လက်တွေ့-ပဋိစ္စသမုပ္ပန္န
နိယာမသီအိုရီ”ပဋိစ္စသမုပ္ပါဒ”မှတစ်ပါး လက်တွေ့-”ပဋိစ္စသမုပ္ပန္န”ကို ဆိုဦးအံ့, ထိုကဲ့သို့ ရှုအပ်သော သဘောရှိသော အများဆိုင်သာမညလက္ခဏာနှင့် ပြည့်စုံကုန်သော အကြင်အကြင် ဆိုအပ်ကုန်ပြီးသော အဝိဇ္ဇာအစရှိကုန်သော သင်္ခတတရားတို့သည် “ပဋိစ္စသမုပ္ပန္န”တို့ မည်ကုန်၏။ ဘုရားရှင် အဘယ်ကဲ့သို့ ဟောတော်မူသနည်းဟူမူကား “ရဟန်းတို့ (အကျိုး) ပဋိစ္စသမုပ္ပန္န တရားတို့ဟူသည် အဘယ်နည်း။ ရဟန်းတို့ အိုမှုဇရာ သေမှုမရဏသည် မမြဲ, ပြုပြင်စီရင်ခံရ၏။ ဇာတိဟူသော အကြောင်းကို စွဲ၍ ဖြစ်၏။ ကုန်ခြင်းသဘောရှိ၏။ ပျက်ခြင်းသဘောရှိ၏။ ကင်းပြတ်ခြင်းသဘောရှိ၏။ ချုပ်ခြင်းသဘောရှိ၏။ ၊ပ၊ ရဟန်းတို့ မသိမှုအဝိဇ္ဇာသည် မမြဲ, ပြုပြင် စီရင်ခံရ၏။ အာသဝဟူသော အကြောင်းကို စွဲ၍ ဖြစ်၏။ ကုန်ခြင်းသဘောရှိ၏။ ပျက်ခြင်းသဘော ရှိ၏။ ကင်းပြတ်ခြင်းသဘောရှိ၏။ ချုပ်ခြင်းသဘောရှိ၏” ဟူ၍ ဟောတော်မူပြီ။
(နိဒါနဝဂ္ဂသံယုတ်၊ ပစ္စယ-သုတ် ပါဠိတော်စသည်နှင့် အဋ္ဌကထာဋီကာအဖွင့်တို့အရ အကြောင်း တရားသည် ပဋိစ္စသမုပ္ပါဒ၊ အကျိုးတရားသည် ပဋိစ္စသမုပ္ပန္န-ဟု ပေါ်လွင်လျက် ရှိပေ၏။ ဤသို့ ပေါ်လွင်ခဲ့စေကာမူ ဒီပနီကျမ်းဆရာ၏ အမြင်သစ်အရ ပဋိစ္စသမုပ္ပါဒ-သည် နိယာမသီအိုရီ၊ ပဋိစ္စသမုပ္ပန္န-သည် လက်တွေ့အဖြစ် ကွဲသွားသည်။ ဒီပနီ၏ အာဘော်ကို သိရန် အတော် ကြိုးစားခဲ့ရပါသည်။ သို့သော် ဒီပနီသည် “နိယာမသီအိုရီအမြင်လည်း ဖြစ်သင့်သည်”ဟု ဖွင့်ပါက ပိုကောင်းမည်။
ယခုသော် အကြောင်းတရားများကို အရကောက်ရသည့် ပစ္စယ၊ ဟေတု၊ ပဘဝ- စသည့် ပုဒ်များနည်းတူ ဧတသ္မာ-ဟူသော ဆင်းသက်မြစ်ဖျားခံရာပြ အပါဒါနသာဓနသင်္ကေတဖြင့် ဋီကာ့ ဋီကာကြီးများ၌ ပဋိစ္စသမုပ္ပါဒ-ပုဒ်ကို အကြောင်းတရားယူကာ ဝိဂြိုဟ်ပြုခဲ့ပါလျက် ထိုအဖွင့်များ မသင့်ဟု ပယ်ခြင်းသည် နှစ်ဖက်လှရေးရာ မကျပေ။ ယနေ့သိပ္ပံခေတ်၌ အကြောင်းတရားကို လက်ခံလျှင် နိယာမသီအိုရီကိုလည်း လက်ခံပြီးသား ဖြစ်၍ ပဋိစ္စသမုပ္ပါဒ-ပုဒ်ကို အကြောင်းတရား ယူကာ ဝိဂြိုဟ်ပြုခဲ့သော ဋီကာဆရာတို့ မမှားပေ။ ပစ္စယသုတ်၌ ဝိပဿနာရှုကွက်ကို ပဋိစ္စသမုပ္ပန္န-ပုဒ်ဘက်မှာ ထားသဖြင့်လည်းကောင်း ပရမတ္ထသံခိပ်ဋီကာ ဒု၊ စာ-၃၅၉-၌ ဗျတ္တိ-ဟု ရေးထား သဖြင့်လည်းကောင်း ပဋိစ္စသမုပ္ပန္န-ပုဒ်ကို လက်တွေ့ဟု အမည်တပ်လိုက်သည်။ ဒီပနီ၏ ထို ပဋိစ္စသမုပ္ပန္န အမြင်လည်း သင့်သည်။)
ဤသို့ ဆိုအပ်ခဲ့ပြီးသော စကားအစဉ်ဖြင့် အကြောင်းပစ္စည်း+ အကျိုးပစ္စယုပ္ပန်ဖြစ်၍ ဖြစ်ကုန်သော အပြုပြင်ခံသင်္ခတတရားအားလုံးတို့၏ မူလအကြောင်းပစ္စည်းနှင့် ဆက်စပ်၍ ဖြစ်ခြင်းဟု ဆိုအပ်သော ပဋိစ္စသမုပ္ပါဒ်သည်လည်း ဟုတ်, ထိုပဋိစ္စသမုပ္ပါဒ် ဟူသည် ဆောင်အပ်, သိအပ်, ထိုးထွင်း၍ သိအပ်သော နည်းနယလည်း ဟုတ်သည် ဟူသော အကြောင်းဟိတ်ကြောင့် ပဋိစ္စသမုပ္ပါဒနည်း မည်၏။
ပဋ္ဌာန်းနည်း မာတိကာ
သင်္ခတတရားတို့ကို အထူးထူးအပြားပြားရှိကုန်သော အကြောင်းပစ္စည်းအပြားတို့ဖြင့် ထားတော်မူ, ဖြစ်စေတော်မူ, ဟောတော်မူရာဌာန ဟူသော အကြောင်းဟိတ်ကြောင့် “ပဋ္ဌာန” မည်၏။ မဟာပကရဏ ပဋ္ဌာန်းကျမ်းကြီးကို ရအပ်၏။ ထိုပဋ္ဌာန်းကျမ်းကြီး၌ ဟောတော်မူအပ်သော နည်းသည် ပဋ္ဌာန်းနည်းမည်၏။
နည်းနှစ်ပါးအထူး
၃။ ထိုထိုအဝိဇ္ဇာ အစရှိသောအကြောင်းတရားသည် ထင်ရှားရှိလတ်သော် ထိုထိုသင်္ခါရစသော အကျိုးတရားတို့သည် အလေ့သဘောအားဖြင့် ထင်ရှားဖြစ်ကုန်၏ ဟူသော အကြောင်း ဟိတ်ကြောင့် “တဗ္ဘာဝဘာဝီ”မည်ကုန်၏။ သင်္ခတတရားတို့ကို ရအပ်ကုန်၏။ ထိုတဗ္ဘာဝဘာဝီ အမည်ရှိကုန်သော သင်္ခတတရားတို့၏ ဖြစ်ကြောင်းသည် တဗ္ဘာဝဘာဝီဘာဝ မည်၏။ ထို တဗ္ဘာဝဘာဝီဘာဝ-ပုဒ်အရ “ဤအကြောင်းသည် ရှိလတ်သော် ဤအကျိုးသည် ဖြစ်၏။ ဤ အကြောင်း၏ ဖြစ်ခြင်းကြောင့် ဤအကျိုးသည် ဖြစ်၏”ဟု ဖြစ်သော သင်္ခတတရားတို့၏ နိယာမကို ရအပ်၏။
တဗ္ဘာဝဘာဝီ-အမည်ရှိသော သင်္ခတတရားတို့၏ ဖြစ်ကြောင်းသည်သာလျှင် အခြင်းအရာအာကာရ တည်းဟူသော အကြောင်းဟိတ်ကြောင့် “တဗ္ဘာဝဘာဝီဘာဝါကာရ” မည်၏။ ထိုတဗ္ဘာဝဘာဝီ-ဘာဝါကာရ သည်ပင်လျှင် “တဗ္ဘာဝဘာဝီဘာဝါကာရမတ္တ”မည်၏။ “မတ္တ”သဒ္ဒါဖြင့် ဟေတု စသော ပစ္စယသတ္တိကို ဆုတ်နစ်စေ၏။ ထိုထို အဝိဇ္ဇာအစရှိသော အကြောင်းတရားသည် ထင်ရှား ရှိလတ်သော် အလေ့အားဖြင့် ဖြစ်တတ်ကုန်သော ထိုထိုသင်္ခါရ စသော အကျိုးသင်္ခတတရားတို့၏ ဖြစ်ကြောင်းအခြင်းအရာမျှဖြင့် မှတ်သားအပ်သောနည်းသည် “ပဋိစ္စသမုပ္ပါဒ”နည်းမည်၏။
“အာဟစ္စပစ္စယဋ္ဌိတိ မာရဗ္ဘ”ဟူသော ဤပါဌ်၌ ဟေတုအာရမ္မဏ အစရှိသည်တို့၏ အစွမ်းဖြင့် ထိုထိုသို့သော အရင်းအမြစ်အနက်၊ မွေ့လျော်ကျက်စားရာ အနက်စသော ကျေးဇူးပြုပုံ အခြင်း အရာအားဖြင့် ကျေးဇူးပြုတတ်သည်၏အဖြစ်ဟု ဆိုအပ်သော ပစ္စယသတ္တိ အထူးသည် “အာဟစ္စပစ္စယဋ္ဌိတိ” မည်၏။
ထင်စွာပြဦးအံ့, ထိုပစ္စယသတ္တိအထူးသည် “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” ဤသို့ အစရှိသည်တို့၌ကဲ့သို့ ပစ္စည်းအမည်ကို ထုတ်ခြင်းမျှ၌ မတည်မူ၍ “ဟေတုပစ္စယော, အာရမ္မဏပစ္စယော” အစရှိသည်ဖြင့် ပစ္စယသတ္တိအထူးကို ထုတ်သည်၏အစွမ်းအားဖြင့် ထိခိုက်၍ အထွတ်အထိပ် အပြီးအဆုံးသို့ ရောက်စေ၍ ဟောတော်မူအပ်သည်၏အဖြစ်ကြောင့် “ဤပစ္စယသတ္တိဖြင့် ပစ္စည်းတရားတို့သည် တည်ကုန်, မိမိ၏ အကျိုးပစ္စယုပ္ပန်တရားကို ပြုပြင်စီရင်ခြင်းဟု ဆိုအပ်သော ကိစ္စသို့ ရောက်သည်ရှိသော် ဆုတ်နစ်ခြင်းမရှိကုန်”ဟု ဝိဂြိုဟ်ပြု၍ “အာဟစ္စပစ္စယဋ္ဌိတိ”ဟူ၍ ဆိုအပ်၏။
“အာရဗ္ဘ”ဟူသည်ကား စွဲ၍။ “ပဝုစ္စတိ”ဟူသည်ကား မြတ်စွာဘုရားသည် ဟောတော်မူအပ်၏။
“ဥဘယံ ပန ဝေါမိဿိတွာ ပပေဉ္စန္တိ အာစရိယာ”ဟူသည်ကား ဤပဋိစ္စသမုပ္ပါဒ်ကို အကျယ် ချဲ့ကုန်သော ဆရာတို့ကို ရည်ရွယ်၍ မိန့်ဆိုအပ်ပြီ။ မှန်၏, ထိုဆရာတို့သည် ထိုပဋိစ္စသမုပ္ပါဒ်ကို အကျယ်ချဲ့ကုန်သည်ရှိသော် ပဋ္ဌာန်းနည်းကိုလည်း ဆောင်၍ အကျယ်ချဲ့ကုန်၏။ ဤသို့ မှတ်အပ်၏။
ပဋိစ္စသမုပ္ပါဒ်နည်း
အဝိဇ္ဇာပစ္စယာ
၄။ နေမင်းသည် တက်သည်ရှိသော် အမိုက်မှောင်တို့ကို မှုတ်လွှင့်ပယ်ဖျောက်၍ အထည်ဒြဗ် အဆောက်အအုံတို့ကို လူအများအား ထင်ရှားသည်တို့ကို ပြုသကဲ့သို့ ဤအတူသာလျှင် သစ္စာ လေးပါးကို သိတတ်သော မဂ်ဉာဏ်သည် ဖြစ်ပေါ်လာသည်ရှိသော် အဝိဇ္ဇာ တည်းဟူသော အမိုက်မှောင်ကို မှုတ်လွှင့်ပယ်ဖျောက်၍ သစ္စာလေးပါးတရားကို သိတတ်, ထင်လင်းစွာပြုတတ် သည်ဟူသော အကြောင်းဟိတ်ကြောင့် “ဝိဇ္ဇာ”မည်၏။ ထိုဝိဇ္ဇာ၏ဆန့်ကျင်ဘက်ဖြစ်သောကြောင့် မောဟတရားသည် “အဝိဇ္ဇာ”မည်၏။ မှန်၏, ထိုမောဟသည် ဖြစ်ပေါ်လာသည်ရှိသော် တရားတို့၌ မသိမမြင်ခြင်းဟု ဆိုအပ်သော အမိုက်အမှောင်ကို ဖြစ်စေ၍သာလျှင် ဖြစ်ပေါ်၏။
ထိုအကြောင်းမှ စွဲ၍ အကျိုးသည် ဖြစ်လာတတ်သည်, တစ်နည်းကား ထိုအကြောင်းဖြင့် စွဲ၍ အကျိုးသည် ဖြစ်လာတတ်သည်ဟူသော အကြောင်းဟိတ်ကြောင့် “ပစ္စယ”မည်၏။ အဝိဇ္ဇာလည်း ဟုတ်, ထိုအဝိဇ္ဇာဟူသည် အကြောင်းပစ္စည်းလည်း ဟုတ်သည်ဟူသော အကြောင်းဟိတ်ကြောင့် “အဝိဇ္ဇာပစ္စယ”မည်၏။ ထိုအဝိဇ္ဇာ ဟူသောအကြောင်းကြောင့် သင်္ခါရတရားတို့သည် ဖြစ်ကုန်၏။ ဤသည်ကား “အဝိဇ္ဇာပစ္စယာ သင်္ခါရာ”ဟူသော ပုဒ်တို့ကို “သမ္ဘဝန္တိ”ဟူသော ကြိယာပုဒ်နှင့် စပ်ခြင်းတည်း။
သင်္ခါရ
ပြုပြင်စီရင်အပ်သော သွား၊ ရပ်၊ ထိုင်၊ လျောင်းစသော ကိုယ်အမူအရာ ကာယကံ၊ အာလာပ သလ္လာပပြောခြင်း၊ စာရွတ်ခြင်း၊ သီဆိုခြင်းစသော နှုတ်အမူအရာဝစီကံ၊ သိခြင်း၊ ကြံခြင်း၊ စူးစမ်းခြင်း စသော မနောကံတို့သည် သတ္တဝါတို့ ပြုပြင် စီရင်ကုန်ကြောင်း လောကီကုသိုလ် အကုသိုလ်ကံ စေတနာတရားဟူသော အကြောင်းဟိတ်ကြောင့် “သင်္ခါရ”တို့ မည်ကုန်၏။
ဝိညာဏ
အထူးသဖြင့် မှန်/မမှန် ၂-ပါးအားဖြင့် သိတတ်သည်ဟူသော အကြောင်းဟိတ်ကြောင့် “ဝိညာဏ်” မည်၏။ တစ်နည်းကား သတ္တဝါတို့ အထူးသဖြင့် သိကုန်ကြောင်း ဟူသော အကြောင်းဟိတ်ကြောင့် “ဝိညာဏ်”မည်၏။
နာမရူပ
အာရုံ၌ ညွတ်တတ်သည်ဟူသော အကြောင်းဟိတ်ကြောင့် “နာမ်”မည်၏။ ဖောက်ပြန်တတ်သည်, ဖောက်ပြန်ခြင်းအထူးသို့ ရောက်တတ်သည်ဟူသော အကြောင်းဟိတ်ကြောင့် “ရုပ်”မည်၏။
သဠာယတန
စိတ်စေတသိက်တရားတို့၏ တည်ရာဟူသောအနက်ကြောင့် “အာယတန”မည်၏။ ဥပမာ အဘယ်ကဲ့သို့ နည်းဟူမူကား နတ်တို့၏ တည်နေရာသည် “ဒေဝါယတန” မည်သကဲ့သို့တည်း။
ဖဿ
နာမ်သဘောဖြင့် တွေ့ထိတတ်သည်ဟူသော အကြောင်းဟိတ်ကြောင့် “ဖဿ” မည်၏။ တစ်နည်းကား ယှဉ်ဘက် စိတ်စေတသိက် သမ္ပယုတ်တရားတို့ တွေ့ထိကုန်ကြောင်း ဟူသော အကြောင်းဟိတ်ကြောင့် “ဖဿ”မည်၏။
ဝေဒနာ
သိသာ ထင်ရှားသည်ကို ပြု၍ ခံစားတတ်သည်ဟူသော အကြောင်းဟိတ်ကြောင့် “ဝေဒနာ”မည်၏။ တစ်နည်းကား သတ္တဝါတို့ အာရုံ ၆-ပါးကို ခံစားတတ်ကုန်ကြောင်း ဟူသော အကြောင်း ဟိတ်ကြောင့် “ဝေဒနာ”မည်၏။
တဏှာ
တောင့်တတတ်သည် ဟူသော အကြောင်းဟိတ်ကြောင့် “တဏှာ” မည်၏။ အာရုံဟူသော အကြောင်းကြောင့် အမြဲဆာလောင်မွတ်သိပ်သည်၏ အစွမ်းအားဖြင့် အမြဲ တုန်လှုပ်တတ်၏။ ဤသည်ကား “တဏှာ”ပုဒ်၏ အနက်တည်း။ တစ်နည်းကား သတ္တဝါတို့ တောင့်တကုန်ကြောင်း တုန်လှုပ်ကုန်ကြောင်း ဟူသော အကြောင်းဟိတ်ကြောင့် တဏှာမည်၏။
ဥပါဒါန
စွဲလမ်းတတ်သည်ဟူသော အကြောင်းဟိတ်ကြောင့် ဥပါဒါန်မည်၏။ မလွှတ်သော မြဲသော ယူခြင်းကို ယူတတ်၏။ ဤသည်ကား ဥပါဒါန်ပုဒ်၏ အနက်တည်း။ တစ်နည်းကား သတ္တဝါတို့ စွဲမြဲစွာ ယူကြောင်းဟူသော အကြောင်းဟိတ်ကြောင့် ဥပါဒါန်မည်၏။
ဘဝ
ဖြစ်ပွားတတ်သည်ဟူသော အကြောင်းဟိတ်ကြောင့် “ဘဝ”မည်၏။ ဥပပတ္တိဘဝ မည်၏။ တစ်နည်းကား ချမ်းသာဆင်းရဲတို့ ဖြစ်ကုန်ကြောင်း တိုးပွားကုန်ကြောင်း ဟူသော အကြောင်း ဟိတ်ကြောင့် “ဘဝ”မည်၏။ ကမ္မဘဝ မည်၏။
ဇာတိ
အသစ်ဖြစ်ခြင်းသည် “ဇာတိ”မည်၏။ တစ်နည်းကား သင်္ခတတရားတို့ ထင်ရှား ဖြစ်ပေါ် ကုန်ကြောင်း ဟူသော အကြောင်းဟိတ်ကြောင့် “ဇာတိ”မည်၏။
ဇရာ
ဆွေးမြည့်ခြင်းသည် “ဇရာ”မည်၏။ တစ်နည်းကား ဆွေးမြည့်ကုန်ကြောင်း, ဆွေးမြည့်သည်၏ အဖြစ်သို့ ရောက်ကုန်ကြောင်းဟူသော အကြောင်းဟိတ်ကြောင့် “ဇရာ” မည်၏။
(မရဏ-မဖွင့်။)
သောက
စိတ်ပူလောင်စိုးရိမ်ခြင်းသည် “သောက”မည်၏။ တစ်နည်းကား စိုးရိမ်ကုန်ကြောင်း, စိတ်၏ ပူပန်ခြင်းသို့ ရောက်ကုန်ကြောင်းဟူသော အကြောင်းဟိတ်ကြောင့် “သောက”မည်၏။
ပရိဒေဝ
ငိုကြွေးမြည်တမ်းခြင်းသည် “ပရိဒေဝ”မည်၏။ တစ်နည်းကား ထိုထိုအကြောင်းကို ပြောကြား၍ ငိုကြွေးမြည်တမ်းကုန်ကြောင်း ဟူသော အကြောင်းဟိတ်ကြောင့် “ပရိဒေဝ” မည်၏။
ဒုက္ခ
သည်းခံခြင်းငှာ ပြုနိုင်ခဲသည်၊ ခဲယဉ်းသည်ဟူသော အကြောင်းဟိတ်ကြောင့် ကိုယ်၏နာကျင်ခြင်း “ဒုက္ခ”မည်၏။
ဒေါမနဿ
မကောင်းသောစိတ်, ဖောက်ပြန်သောစိတ်၏ ဖြစ်ကြောင်းဟူသော အကြောင်းဟိတ်ကြောင့် စိတ်၏နာကျင်ခြင်း “ဒေါမနဿ”မည်၏။
ဥပါယာသ
အလွန်ပြင်းစွာ ပင်ပန်းခြင်းဟူသော အကြောင်းဟိတ်ကြောင့် “ဥပါယာသ” မည်၏။ ပင်ပန်းခြင်း ဟူသည်ကား မသက်သာခြင်းတည်း။ လွန်စွာ စိတ်ပင်ပန်းသည်၏ အဖြစ်ဖြင့် ဖောက်ပြန်သည် ဖြစ်၍ စိတ်ကျခြင်း၊ စိတ်နစ်ခြင်းတည်း။ ဤသည်ကား “ဥပါယာသ”ဟူသောပုဒ်၏ အနက်တည်း။
နိဂုံး
“ဧဝံ”ဟူသည်ကား အကြင်အကြင်ဆိုအပ်ခဲ့ပြီးသော ဤအဝိဇ္ဇာအစရှိသော, သင်္ခါရအစရှိသော ပစ္စည်းပစ္စယုပ္ပန်အဆက်ဆက် အစီအရင်ဖြင့် ဖြစ်ပွား၏။ ဤသို့ ဧဝံ-ဟူသော ကရိုဏ်းပုဒ်နှင့် သမုဒယော ဟောတိ-ဟူသော ပုဒ်တို့ကို ကရိုဏ်းနှင့် ကရိုဏ်း၏ ကြိယာများအဖြစ် စပ်အပ်၏။
“ဧတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ” ဟူသည်ကား အဝိဇ္ဇာအစရှိသော အလုံးစုံသော ထိုဒုက္ခအစု၏, တစ်နည်းကား တစ်စုံတစ်ခုသော ဒုက္ခသစ္စာမှ အလွတ်ဖြစ်သည့် သန္တိသုခနှင့် မရောနှောသော ထိုဒုက္ခအစု၏ ဖြစ်ခြင်းသည် ထင်ရှား၏။ ဤသည်ကား “ဧတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ”ပုဒ်တို့၏ အနက်တည်း။
သုတ္တန်နည်း အဘိဓမ္မာနည်းအရ အရကောက်ပုံ
အဝိဇ္ဇာ
ဆက်ဦးအံ့, ဤပဋိစ္စသမုပ္ပါဒ်အရာ၌ ပဋိစ္စသမုပ္ပါဒ်နည်းသည် သုတ္တန်နည်း လည်းကောင်း, အဘိဓမ္မာနည်းလည်းကောင်း ဤသို့ နှစ်ပါးအပြားရှိ၏။ ထိုနှစ်ပါးတို့တွင် ရှေးဦးစွာ သုတ္တန်နည်းဖြင့် အဝိဇ္ဇာသည် ဘေးဟူသောအနက်ကြောင့် ဒုက္ခဖြစ်၍ ဖြစ်ကုန်သော တေဘူမကရုပ်နာမ်တရား တို့၏ ဆင်းရဲအမှန် ဒုက္ခသစ္စာကို ဖုံးလွှမ်းတတ်သော အဝိဇ္ဇာလည်း တစ်ပါး၊ ဆင်းရဲဖြစ်ကြောင်း အမှန် တဏှာသမုဒယသစ္စာကို ဖုံးလွှမ်းတတ်သော အဝိဇ္ဇာလည်း တစ်ပါး၊ တဏှာချုပ်ရာအမှန် နိရောဓသစ္စာကို ဖုံးလွှမ်းတတ်သော အဝိဇ္ဇာလည်းတစ်ပါး၊ ဆင်းဲချုပ်ရာသို့ ရောက်ကြောင်းအမှန် မဂ္ဂင် ၈-ပါး မဂ္ဂသစ္စာကို ဖုံးလွှမ်းတတ်သော အဝိဇ္ဇာလည်းတစ်ပါး ဤသို့ လေးပါးအပြားရှိ၏။
အဘိဓမ္မာနည်းအားဖြင့်သော်ကား အတိတ်ကာလ ဘဝအဆက်ဆက်ဟူသော ရှေ့အစွန်းကို ဖုံးလွှမ်းတတ်သော အဝိဇ္ဇာလည်းတစ်ပါး၊ အနာဂတ်ကာလ ဘဝအဆက်ဆက်ဟု ဆိုအပ်သော နောက်အစွန်းကို ဖုံးလွှမ်းတတ်သော အဝိဇ္ဇာလည်းတစ်ပါး၊ အတိတ်အနာဂတ် ဘဝအဆက်ဆက် ဟု ဆိုအပ်သော ရှေ့အစွန်းနောက်အစွန်းနှစ်ပါးကို ဖုံးလွှမ်းတတ်သော အဝိဇ္ဇာလည်းတစ်ပါး၊ ပစ္စုပ္ပန်ဘဝ၌ ခန္ဓပဋိစ္စသမုပ္ပါဒ်ကို ဖုံးလွှမ်းတတ်သော အဝိဇ္ဇာလည်း တစ်ပါးအားဖြင့် လေးပါးတို့နှင့် တကွ ရှေ့သုတ္တန်နည်းလေးပါး အပါအဝင် ရှစ်ပါး အပြားရှိ၏။ ဤသို့ သိအပ်၏။
(အကုသိုလ်စိတ် ၁၂-ပါး၌ရှိသော မောဟသည် အဝိဇ္ဇာ မည်၏ဟု သိရခြင်းသည် စိတ်ယှဉ် စေတသိက်ယှဉ် အာရမ္မဏိက ရှုထောင့်က သိရခြင်းတည်း။ ယခုလို သစ္စာလေးပါးစသည်ကို မသိခြင်းသည် မောဟမည်၏ဟု သိရခြင်းသည် အာရုံရှုထောင့်ကနေ သိရခြင်းတည်း။)
သင်္ခါရ
သင်္ခါရကို ဆိုဦးအံ့, “သင်္ခါရ”တို့သည် အဘိဓမ္မာဝိဘင်း သုတ္တန်နည်းအားဖြင့် အာသဝတရားနှင့် တကွဖြစ်ကုန်သော ကုသိုလ်စေတနာ အကုသိုလ်စေတနာတို့သည် အပုညာဘိသင်္ခါရ၊ ပုညာဘိ သင်္ခါရ၊ အာနေဉ္ဇာဘိသင်္ခါရအားဖြင့် သုံးပါးအပြားရှိကုန်၏။ ထိုသုံးပါးတို့တွင် အကုသိုလ်စေတနာ ၁၂-ခုတို့သည် အပုညာဘိသင်္ခါရ မည်၏။ ကာမကုသိုလ်စေတနာ ၈-ခု၊ ရူပကုသိုလ်စေတနာ ၅-ခုတို့သည် ပုညာဘိသင်္ခါရ မည်၏။ အရူပကုသိုလ်စေတနာ ၄-ခုသည် အာနေဉ္ဇာဘိသင်္ခါရ မည်၏။ အဘိဓမ္မာ-ဝိဘင်းလာ အဘိဓမ္မာနည်းကို ဆိုဦးအံ့, အဘိဓမ္မာနည်းအားဖြင့် အလုံးစုံလည်း ဖြစ်ကုန်သော လောကီလောကုတ္တရာ ဖြစ်၍ ဖြစ်ကုန်သော ကုသိုလ်စေတနာ ၂၁-ခု၊ အကုသိုလ် စေတနာ ၁၂-ခု တို့သည် သင်္ခါရတို့ မည်ကုန်၏။
ပဋိစ္စသမုပ္ပါဒ်မှ ကင်းသော သင်္ခတတရားမည်သည် မရှိ
အထူးကို ဆိုအံ့, အလုံးစုံလည်းဖြစ်သော ကြိယာစေတနာကို ဝိဘင်းပါဠိတော်၌ သင်္ခါရ-အရ မယူအပ်။ ဝိဘင်းအဋ္ဌကထာ၌လည်း “ဆက်ဦးအံ့, အကြင်ကြောင့် ကြိယာတရားတို့မှာ အဝိဇ္ဇာ သာမက ကုသိုလ်မူလ အကုသိုလ်မူလတို့ပါ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုသည်၏အဖြစ်ကို မရကြကုန်။ ထို့ကြောင့် ကြိယာ၏အစွမ်းဖြင့် ကျေးဇူးပြုပုံ အခြင်းအရာ အာကာရပဋိစ္စသမုပ္ပါဒ်ကို ဘုရားရှင် မိန့်ဆိုတော်မမူအပ်”ဟု ဖွင့်ဆိုအပ်ပြီ။ “အကြင်ကြောင့် အဝိဇ္ဇာသည်လည်းကောင်း, ကုသိုလ်မူလ အကုသိုလ်မူလတို့သည် လည်းကောင်း ကြိယာတရားတို့အတွက် ဥပနိဿယပစ္စည်း တို့သည် မဖြစ်ကုန်။ (ကြိယာတရားတို့အား ဥပနိဿယပစ္စည်းဖြင့် ကျေးဇူးမပြုကုန်။) ထို့ကြောင့် ကြိယာတရားတို့ကို ပဋိစ္စသမုပ္ပါဒ်ဒေသနာ၌ ယူတော်မမူအပ်ကုန်” ဟု ထိုအဋ္ဌကထာဝါကျက ဆိုလို၏။
နိဒါနဝဂ္ဂသံယုတ်ပါဠိတော်၌လည်း “ရဟန်းတို့ အကြင်ရဟန်းသည် သစ္စာလေးပါးကို မသိသော အဝိဇ္ဇာကို ပယ်စွန့်အပ်၏။ အရဟတ္တမဂ်ဟု ဆိုအပ်သော ဉာဏ်ဝိဇ္ဇာသည် ဖြစ်ပေါ်၏။ ထို ရဟန်းသည် အဝိဇ္ဇာကို အရဟတ္တမဂ်ဖြင့် စက်ဆုပ်ခြင်း ပယ်ခြင်းကြောင့် အရဟတ္တမဂ်ဟု ဆိုအပ်သော ဉာဏ်ဝိဇ္ဇာ၏ ဖြစ်ပေါ်ခြင်းကြောင့် ပုညာဘိသင်္ခါရဟု ဆိုအပ်သော ကာမရူပ ကုသိုလ်ကို မပြုလုပ်။ အပုညာဘိသင်္ခါရဟု ဆိုအပ်သော အကုသိုလ်ကို မပြုလုပ်။ အာနေဉ္ဇာဘိသင်္ခါရဟု ဆိုအပ်သော အရူပကုသိုလ်ကို မပြုလုပ်” ဟု ဘုရားရှင်သည် ဟောတော်မူအပ်ပြီ။
ထိုသို့ ကြိယာစေတနာ၏ သင်္ခါရအဖြစ်ကို ဝိဘင်းပါဠိတော်၌ ဟောတော်မမူသော်လည်း မိမိ၏ လျော်သောအကြောင်း၏ အစွမ်းအားဖြင့် ထိုကြိယာတရားတို့၏လည်း အကြောင်းကို စွဲ၍ ဖြစ်ခြင်းပဋိစ္စသမုပ္ပါဒ်ကို မတားမြစ်အပ်သည်သာလျှင် ဖြစ်၏။ မှန်၏, ပဋိစ္စသမုပ္ပါဒ်မှ ကင်းသော တစ်စုံတစ်ခုသော သင်္ခတတရားမည်သည် မရှိ။ ဤသို့ မှတ်အပ်၏။ ဤနည်းကို လောကုတ္တရာဖိုလ် ဝိညာဏ်အစရှိသည်တို့၌လည်း နည်းယူသိအပ်၏။ (ဤနည်းကို ကြိယာဝိညာဏ်၊ ကြိယာနာမ်၊ ကြိယာမနာယတန၊ ကြိယာဖဿ၊ ကြိယာဝေဒနာတို့၌ ဆောင်အပ်၏။ အနုဒီပနီ။)
ဝိညာဏ
“ဝိညာဏ်”ဟူသည်ကား သုတ္တန်နည်းအားဖြင့် ၃၂-ပါးအပြားရှိသော လောကီဝိပါက်ဝိညာဏ်တည်း။
အဘိဓမ္မာနည်းအားဖြင့်ကား ကြိယာစိတ် ၂၀-သည် ကြဉ်အပ်သော တစ်ခုယုတ်ခုနစ်ဆယ်အပြား (၈၉-၂၀ = ၆၉) ရှိသော လောကီဝိညာဏ် လောကုတ္တရာဝိညာဏ်သည် ဝိညာဏ်မည်၏။
နာမရူပ
“နာမရူပ”ဟူသည်ကား သုတ္တန်နည်းအားဖြင့် လောကီဝိပါက်ဝိညာဏ်နှင့် တကွဖြစ်သော ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ သုံးခုတို့၏အပေါင်းသည်လည်းကောင်း၊ ပဋိသန္ဓေအခါ၌ ကမ္မဇရုပ်သည်လည်းကောင်း၊ ပဝတ္တိအခါ၌ စိတ္တဇရုပ်သည်လည်းကောင်း နာမ်ရုပ်မည်၏။
အဘိဓမ္မာနည်းအားဖြင့်သော်ကား အလုံးစုံသော ကုသိုလ်ဝိညာဏ်၊ အကုသိုလ်ဝိညာဏ်၊ ဝိပါက်ဝိညာဏ်တို့နှင့် ယှဉ်သော ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ သုံးခုတို့၏အပေါင်းသည်လည်းကောင်း၊ ဆိုအပ်ခဲ့ပြီးသော အပြားရှိသော ပဋိသန္ဓေကမ္မဇရုပ်၊ ပဝတ္တိစိတ္တဇရုပ်သည်လည်းကောင်း နာမ်ရုပ်မည်၏။
ပါဠိတော်နည်းမှတစ်ပါး အဋ္ဌကထာနည်းကို ဆိုဦးအံ့၊ အဋ္ဌကထာ၌ ရအပ်သော ပစ္ဆာဇာတပစ္စည်းရှိသော အလုံးစုံလည်းဖြစ်သော ကံစိတ်ဥတုအာဟာရဟူသော အကြောင်း ၄-ပါးကြောင့်ဖြစ်သော စတုသမုဋ္ဌာန်ရုပ်ကို ရုပ်အရ ယူအပ်သည်သာလျှင်တည်း။
ဋီကာကျော်
ဋီကာကျော် ၂၃၆-၌ကား “ဝေဒနာအစရှိသော ခန္ဓာသုံးပါးတို့၏အပေါင်း ဟူသော နာမ်၊ ကံကြောင့်ဖြစ်သော မဟာဘူတရုပ် ဥပါဒါရုပ်ဟူသော ရုပ်အားဖြင့် ထိုနာမ်ရုပ်နှစ်ပါးစုံသည်လည်း ဤပဋိစ္စသမုပ္ပါဒ်အရာ၌ ပဋိသန္ဓေဝိညာဏ်နှင့် တကွဖြစ်၏။” ဟူ၍ နာမရူပပုဒ်အရကို ဖွင့်ဆိုအပ်ပြီ။ ထိုစကားသည် ပြည့်စုံသော စကားမဟုတ်။
(ပဝတ္တိအခါ၌ ဝိပါက်ဝိညာဏ်နှင့် တကွဖြစ်သော နာမ်ခန္ဓာသုံးပါးအပေါင်းသည်လည်းကောင်း၊ ထိုခန္ဓာသုံးပါးနှင့် သဟဇာတ်ဖြစ်သော စိတ္တဇရုပ်သည်လည်းကောင်း ထိုနာမရူပပုဒ်အရ၌ ကြွင်းကျန်သေးသည်၏အဖြစ်ကြောင့် ပြည့်စုံသော စကားမဟုတ်ဟူလို။ မှန်၏၊ ထိုဋီကာကျော်၌ ဝိညာဏ်ပုဒ်၌ ပဝတ္တိအခါ၏ အစွမ်းဖြင့် လောကီဝိပါက်စိတ် ၃၂-ပါးသည် ဝိညာဏ်မည်၏ဟု ဆိုထား၏။ ဤသို့ ဆိုချေသော် နာမရူပပုဒ်၌လည်း ပဝတ္တိအခါ၏အစွမ်းဖြင့် ပဝတ္တိဝိညာဏ်နှင့်တကွ ဖြစ်သော ထိုနာမ်ရုပ်နှစ်ပါးကိုလည်း ယူရတော့မည်တည်း။ အနုဒီပနီ။)
(ဋီကာကျော်ကား ဋီကာဟောင်းကိုသာ ကြည့်၍ သမ္မောဟအဋ္ဌကထာ၊ ဝိသုဒ္ဓိမဂ်အဋ္ဌကထာတို့ကို မကြည့်။ ထို့ကြောင့် လယ်တီဋီကာဆိုတိုင်း ဋီကာကျော်သည် ချော်ပစ္စည်းသက်၏။ မန်လည်။--ချော်ပစ္စည်းသက်ဟူသည် သဒ္ဒါအရာပစ္စည်း သက်ရာ၌ လွဲချော်သက်သလိုမျိုးကို တင်စား၍ ပြောသည်ဟု ထင်ပါသည်။)
သဠာယတန
“သဠာယတန”ဟူသောပုဒ်၌ ခြောက်ပါးကုန်သော အတွင်းအဇ္ဈတ္တိကာယတနတို့ကိုသာလျှင် သုတ္တန်အဘိဓမ္မာဟု ဆိုအပ်ကုန်သော အလုံးစုံသောပါဠိတော်အရပ်ရပ်၌ ဝေဖန်အပ်ကုန်၏။
အချို့ကုန်သော ဆရာတို့သည်ကား “အပြင်ဗာဟိရာယတန ခြောက်ပါးတို့သည်လည်း ဖဿ၏ အကြောင်းပစ္စည်းတို့သည် ဖြစ်ကုန်၏”ဟု နှလုံးသွင်းကုန်သည်ဖြစ်၍ ၎င်းအပြင်ဗာဟိရာယတန ခြောက်ပါးတို့ကိုလည်း ဤ “သဠာယတနံ” ဟူသောပုဒ်၌ ယူကုန်၏။ ၎င်းအပြင်အာယတနကိုပါ ယူရသော စကားသည်လည်း နိဒါနဝဂ္ဂသံယုတ်ပါဠိတော်နှင့် ညီညွတ်သည်သာလျှင်တည်း။
နိဒါနဝဂ္ဂသံယုတ်ပါဠိတော်၌ ဘုရားအဘယ်သို့ ဟောတော်မူသနည်းဟူမူကား “ရဟန်းတို့ လောက၏ ဖြစ်ခြင်းဟူသည် အဘယ်နည်း။ စက္ခာယတနဟူသော မျက်စိကိုလည်းကောင်း၊ ရူပါယတနဟူသော အဆင်းတို့ကိုလည်းကောင်း စွဲ၍ မျက်စိ၌မှီသော သိမှုစက္ခုဝိညာဏ်ဖြစ်၏။ မျက်စိ+အဆင်း +မြင်စိတ် သုံးပါးတို့၏ ပေါင်းဆုံမိခြင်းကြောင့် တွေ့ထိမှုဖဿ ဖြစ်၏။ ဖဿအကြောင်းခံကြောင့် ခံစားမှုဝေဒနာ ဖြစ်၏။ ၊ပ၊ စိတ်ဆင်းရဲခြင်းဒေါမနဿ၊ ပြင်းစွာ ပင်ပန်းခြင်း ဥပါယာသတို့ ဖြစ်ကုန်၏။
ရဟန်းတို့ ဤသည်ကား လောက၏ ဖြစ်ခြင်းတည်း။ ၊ပ၊ မနာယတနဟူသော စိတ်ကိုလည်းကောင်း၊ ဓမ္မာယတန အပါအဝင်ဖြစ်သော ဓမ္မာရုံတို့ကိုလည်းကောင်း စွဲ၍ စိတ်ဟူသော မနောဝိညာဏ်သည် ဖြစ်၏။ မနာယတန+ဓမ္မာရုံ+မနောဝိညာဏ် သုံးပါးတို့၏ ပေါင်းဆုံမိခြင်းကြောင်း ဖဿဖြစ်၏။ ဖဿအကြောင်းခံကြောင့် ခံစားမှုဝေဒနာဖြစ်၏။ ၊ပ၊ စိတ်ဆင်းရဲခြင်း ဒေါမနဿ၊ ပြင်းစွာပင်ပန်းခြင်း ဥပါယာသတို့ ဖြစ်ကုန်၏။ ရဟန်းတို့ ဤသည်ကား လောက၏ ဖြစ်ခြင်းတည်း”ဟု မိန့်တော်မူပြီ။
(ဓမ္မာရုံအရ ပသာဒရုပ် ၅၊ သုခုမရုပ် ၁၆၊ စိတ် ၈၉၊ စေတသိက် ၅၂၊ နိဗ္ဗာန်၊ ပညတ်-တို့ ရ၏။ ဓမ္မာယတနအရကား သုခုမရုပ် ၁၆၊ စိတ် ၈၉၊ စေတသိက် ၅၂၊ နိဗ္ဗာန်-တို့သာ ရ၏။ ဤသို့ ဓမ္မာရုံနှင့် ဓမ္မာယတန ထူးပုံ သိပါ။)
ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန
“ဖဿ, ဝေဒနာ” အစရှိသည်တို့ကိုလည်း သုတ္တန်အဘိဓမ္မာနည်းနှစ်ပါးစုံ၌ ထိုထို ပဋိသန္ဓေ-ပဝတ္တိ-ဝိညာဏ်တို့နှင့် ယှဉ်သည်တို့ကို သိအပ်ကုန်၏။
“တဏှာ, ဥပါဒါန်” တို့သည် ရူပတဏှာ သဒ္ဒတဏှာ စသော တဏှာ ၆-ပါး၊ ကာမုပါဒါန် စသော ဥပါဒါန် ၄-ပါးအဖြစ်ဖြင့် ထင်ရှားကုန်၏။
ဘဝ
“ဘဝ”သည် ကမ္မဘဝ, ဥပပတ္တိဘဝအားဖြင့် နှစ်ပါးအပြားရှိ၏။
ထိုနှစ်ပါးတို့တွင် လောကီဖြစ်သော ကုသိုလ်ခန္ဓာလေးပါး၊ အကုသိုလ်ခန္ဓာလေးပါး ဖြစ်၍ဖြစ်ကုန်သော စေတနာတို့သည်လည်းကောင်း၊ စေတနာနှင့်ယှဉ်ကုန်သော အဘိဇ္ဈာအစရှိကုန်သော အကုသိုလ်တရား၊ အနဘိဇ္ဈာ အစရှိကုန်သော ကုသိုလ်တရားတို့သည်လည်းကောင်း “ကမ္မဘဝ” မည်၏။
ဘုရားရှင် အဘယ်သို့ ဟောတော်မူသနည်းဟူမူကား “အလုံးစုံလည်းဖြစ်သော ဘဝသို့ ရောက်ကြောင်းဖြစ်သော ကံအစုသည် ကမ္မဘဝ မည်၏”ဟု ဝိဘင်းပါဠိတော်၌ ဟောတော်မူထား၏။
ကမ္မဘဝမှတစ်ပါး ဥပပတ္တိဘဝကား သုတ္တန်နည်းအားဖြင့် ကံကြောင့် ဖြစ်ကုန်သော အလုံးစုံလည်း ဖြစ်ကုန်သော လောကီဝိပါက်နာမ်ခန္ဓာတို့သည်လည်းကောင်း၊ အလုံးစုံကုန်သော ကမ္မဇရုပ်တို့သည်လည်းကောင်း “ဥပပတ္တိဘဝ” မည်၏။
အဘိဓမ္မာနည်းအားဖြင့်သော်ကား လောကုတ္တရာခန္ဓာတို့သည်လည်း “ဥပပတ္တိဘဝ” မည်၏ဟု ဝိဘင်းပါဠိတော်၌ လာကုန်သည်သာလျှင်တည်း။
ဇာတိ, ဇရာ, မရဏ
“ဇာတိ, ဇရာ, မရဏ” တို့သည် အလုံးစုံကုန်သော သင်္ခတတရားတို့၏ သင်္ခတသဘောကို ကောင်းစွာ မှတ်သားကြောင်း အမှတ်လက္ခဏာမျှတို့သည် ဖြစ်ကုန်၏။
သောက
သောကအစရှိသည်တို့တွင် ဆွေမျိုးတို့၏ပျက်စီးခြင်း အစရှိသည်တို့ဖြင့် တွေ့ထိသောသူအား စိုးရိမ်သော အခြင်းအရာအားဖြင့် ဖြစ်သော ဒေါမနဿဝေဒနာသည် “သောက” မည်၏။
ပရိဒေဝ
ငိုကြွေးမြည်တမ်းသောအခြင်းအရာအားဖြင့် ဖြစ်သော အလိုမရှိအပ်သော စိတ်ကြောင့်ဖြစ်သော အသံသည် “ပရိဒေဝ” မည်၏။
ဒုက္ခ
ကိုယ်၌ဖြစ်သော ဆင်းရဲဝေဒနာသည် “ဒုက္ခ” မည်၏။
ဒေါမနဿ
စိတ်၌ဖြစ်သော ဆင်းရဲဝေဒနာသည် “ဒေါမနဿ” မည်၏။
ဥပါယာသ
ဆွေမျိုးတို့၏ ပျက်စီးခြင်းအစရှိသော အကြောင်းကြောင့် ဆုတ်နစ်သော စိတ်ကျပင်ပန်းသော အခြင်းအရာအားဖြင့်ဖြစ်သော ဒေါသသည် “ဥပါယာသ” မည်၏။
ဤဆိုအပ်ပြီးသည်ကား ဤပဋိပစ္စသမုပ္ပါဒ်အရာ၌ တရားတို့ကို အသီးအသီး ခွဲဝေပိုင်းခြားခြင်းတည်း။
ထိုအကြောင်းကြောင့် ထိုအကျိုးဖြစ်ပုံ
အဝိဇ္ဇာပစ္စယာ သင်္ခါရာ
ဆက်၍ ဆိုဦးအံ့၊ အကြင်ပုဂ္ဂိုလ်တို့အား ခန္ဓာဒုက္ခသစ္စာ၌ ဖုံးလွှမ်းတတ်သော အဝိဇ္ဇာကို မပယ်အပ်။ ထိုပုဂ္ဂိုလ်တို့အား ဒုက္ခသစ္စာမှ တစ်ပါးသော သစ္စာတို့၌လည်း ထိုအဝိဇ္ဇာကို မပယ်အပ်သည်သာလျှင် ဖြစ်၏။
ထို့ကြောင့် ထိုပုဂ္ဂိုလ်တို့သည် မျက်မှောက် ခန္ဓာဖြစ်ခြင်း ဒုက္ခသစ္စာ၌သာလျှင် ချမ်းသာသည် ဟူသောအမှတ် သုခသညာကို ရကုန်၏။ ခန္ဓာချုပ်ခြင်းနိရောဓသစ္စာ၌ ဆင်းရဲ၏ ဟူသောအမှတ် ဒုက္ခသညာကို ရကုန်၏။ ခန္ဓာဖြစ်ခြင်း၏လမ်းကြောင်း သမုဒယသစ္စာ၌သာလျှင် ချမ်းသာ ရောက်ကြောင်း လမ်းစဉ်ဟူသော အမှတ် သုခမဂ္ဂသညာကို ရကုန်၏။ ခန္ဓာချုပ်ခြင်း၏ လမ်းကြောင်း အရိယမဂ္ဂသစ္စာ၌ ဆင်းရဲရောက်ကြောင်းလမ်းစဉ်ဟူသောအမှတ် ဒုက္ခမဂ္ဂသညာကို ရကုန်၏။
ထို့ကြောင့် ခန္ဓာ၏ဖြစ်ပွားကြောင်းဖြစ်ကုန်သော ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ၊ အာနေဉ္ဇာဘိသင်္ခါရ တရားတို့သည်သာလျှင် အဝိဇ္ဇာက ပိတ်ဆီးကွယ်ကာအပ်ကုန်သော- တဏှာဖြင့် သုခကို အလိုရှိကုန်သော၊ ဒေါသဖြင့် ဒုက္ခကို စက်ဆုပ်ကုန်သော ထိုသတ္တဝါတို့၏ ကိုးကွယ်ရာတို့သည် ဖြစ်ကုန်၏။
ထို့ကြောင့် “အဝိဇ္ဇာကြောင့် စေတနာ ကံ သင်္ခါရတို့သည် ဖြစ်ကုန်၏” ဟူ၍ ဟောတော်မူအပ်ပြီ။
ဆက်ဦးအံ့၊ ဤအရာ၌ အထူးအားဖြင့် ပစ္စုပ္ပန်ခန္ဓာကို ဖုံးလွှမ်းတတ်သော အဝိဇ္ဇာကြောင့် ဒုစရိုက် ဖြစ်ကုန်သော အပုညာဘိသင်္ခါရတရားတို့သည် ဖြစ်ကုန်၏။ အနာဂတ်ခန္ဓာကို ဖုံးလွှမ်း တတ်သော အဝိဇ္ဇာကြောင့် သုစရိုက်ဖြစ်ကုန်သော ပုညာဘိသင်္ခါရ, အာနေဉ္ဇာဘိသင်္ခါရတို့သည် ဖြစ်ကုန်၏။ ဤသို့ သိအပ်ကုန်၏။
သင်္ခါရပစ္စယာ ဝိညာဏံ
အကြင်ကြောင့် သင်္ခါရတို့သည် ရှိကုန်သည်ရှိသော် မဂ်ဖြင့် မပယ်အပ်သေးသည့် ဘဝ၌ တပ်မက်ခြင်း ဘဝတဏှာရှိကုန်သော သတ္တဝါတို့အား စုတိ၏အခြားမဲ့၌ ဘဝသစ် တစ်ဖန် ဖြစ်ပြန်ခြင်းငှာ တစ်စုံတစ်ခုသော ကြန့်ကြာစေသော အနှောင့်အယှက်အန္တရာယ် မည်သည် မရှိ။
ထို့ကြောင့် သင်္ခါရဟူသော အကြောင်းကြောင့် ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာအားဖြင့် အတ္တဘောဟု မှတ်အပ်ကုန်သော ဤငါးပါးသော တရားတို့သည် ဘဝတစ်ပါး၌ ထင်ရှားဖြစ်ကုန်၏။ အထူးကား ထိုငါးပါးတို့တွင် ဝိညာဏ်သည်သာလျှင် ပြဋ္ဌာန်း၏။ အကြီး အမှူးဖြစ်၏။ ထို့ကြောင့် “သင်္ခါရပစ္စယာ ဝိညာဏံ” ဟူ၍ ဝိညာဏ်ကိုသာ ပဓာနထား၍ ဟောတော်မူအပ်ပြီ။
ဝိညာဏပစ္စယာ နာမရူပံ
ဆက်ဦးအံ့၊ အကြင်ကြောင့် ဝိညာဏ်သည် ရှိလတ်သော် ထိုဝိညာဏ်၏ အတိုးအပွားဖြစ်၍ ဖြစ်ကုန်သော နာမ်ရုပ်တို့၏ ဖြစ်ခြင်းငှာ လေးဖင့်စေသော အနှောင့်အယှက်အန္တရာယ်မည်သည် မရှိ။ ထို့ကြောင့် “ဝိညာဏပစ္စယာ နာမရူပံ” ဟူ၍ ဟောတော်မူအပ်ပြီ။
နာမရူပပစ္စယာ သဠာယတနံ
ဤအဝိဇ္ဇာမှ နာမ်ရုပ်အထိ ပဋိစ္စသမုပ္ပါဒ်အင်္ဂါအစုဖြင့် သာမညအားဖြင့် ပြည့်စုံသော နာမကာယကိုလည်းကောင်း ရူပကာယကိုလည်းကောင်း ပြဆိုအပ်ခဲ့ပြီ။ ဤသို့ပင် ပြဆိုအပ်ခဲ့ပြီး သော်လည်း ထိုနှစ်ပါးသောကာယတို့တွင် အကြင်အာယတန ၆-ပါးတရားတို့သည် သတ္တဝါဟု ပညတ်ခြင်း၏ ပြဋ္ဌာန်းသောအင်္ဂါတို့ ဖြစ်ကုန်၏။
အကြင် အာယတန ၆-ပါး တရားတို့ကြောင့်လည်း ဖဿအစရှိကုန်သော အထက်အင်္ဂါတို့သည် ဖြစ်လာကုန်၏။ အကြင်အာယတန ၆-ပါးတရား တို့၌လည်း သတ္တဝါတို့သည် အတ္တကောင်ဟူ၍ ယူခြင်းကို အလွန်မြဲမြံစွာ ယူကုန်၏။ ထိုအာယတန ၆-ပါးတရားတို့ကို တသီးတခြား ထုတ်ဆောင်၍ ပြခြင်းငှာ “နာမရူပပစ္စယာ သဠာယတနံ” ဟူ၍ ဟောတော်မူအပ်ပြီ။
သဠာယတနပစ္စယာ ဖဿော
နာမ်ရုပ်သည် ရှိလတ်သော် ထိုနာမ်ရုပ်တို့၏လည်း ဖြစ်ခြင်းငှာ ကြန့်ကြာနှောင့်နှေးစေတတ်သော တစ်စုံတစ်ခုသော အနှောင့်အယှက်သည် မရှိသည်သာလျှင်တည်း။ အကြင်ကြောင့် အာယတန ၆-ပါးကြောင့်ဖြစ်သော ဖဿသည် အာယတနခြောက်ပါးရှိပါက စင်စစ်အားဖြင့် ဖြစ်၏။ ထို့ကြောင့် “သဠာယတနပစ္စယာ ဖဿော” ဟူ၍ ဟောတော်မူအပ်ပြီ။
ဖဿပစ္စယာ ဝေဒနာ
အကြင်ကြောင့် ဖဿကြောင့်ဖြစ်သော ဝေဒနာသည်လည်း ဖဿသည် ရှိသော် စင်စစ်အားဖြင့် ဖြစ်သည်သာလျှင်တည်း။ ထို့ကြောင့် “ဖဿပစ္စယာ ဝေဒနာ” ဟူ၍ ဟောတော်မူအပ်ပြီ။
ဝေဒနာပစ္စယာ တဏှာ
အကြင်ကြောင့် သုခဝေဒနာနှင့်တူသော တဏှာ၏ မှီခိုရာသည် မရှိ။ ထို့ကြောင့် “ဝေဒနာပစ္စယာ တဏှာ” ဟူ၍ဟောတော်မူအပ်ပြီ။
တဏှာပစ္စယာ ဥပါဒါနံ
အကြင်ကြောင့် ကာမုပါဒါန်မည်သည်လည်း တစ်ခုသောအာုံ၌ အဖန်တလဲလဲ လေ့ကျက် လိုက်စား၍ မြဲမြံသည်၏အဖြစ်သို့ ရောက်သော ကာမတဏှာပင်လျှင်တည်း။
ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်ဟူသော ဒိဋ္ဌိတို့သည်လည်း မိမိဟုဆိုအပ်သော ဒိဋ္ဌိ၌လည်းကောင်း မိမိဟူသော ဒိဋ္ဌိအယူ၏ အတ္တဇီဝလောကဟု ဆိုအပ်သော အာရုံတို့၌လည်းကောင်း ‘ငါ့အယူအဆ ကောင်းလိုက်တာ’ဟူ၍ သာယာခြင်း, နှစ်သက်ခြင်း, မြိန်ရှက်ခြင်းဖြစ်၍ ဖြစ်သော တဏှာ၏ အစွမ်းအားဖြင့် မြဲမြံခိုင်ခံ့သည်၏အဖြစ်သို့ ရောက်ကုန်၏။
ထို့ကြောင့် “တဏှာပစ္စယာ ဥပါဒါနံ” ဟူ၍ ဟောတော်မူအပ်ပြီ။
ဥပါဒါနပစ္စယာ ဘဝေါ
အကြင်ကြောင့် စွဲလမ်းကုန်သော သူတို့သည်လည်း မြဲစွာ စွဲလမ်းအပ်သော အတ္တ အစရှိသော ထိုထို မိမိအကျိုး၏ အစီးအပွားဟူ၍ မှတ်အပ်သော ထိုထိုစေတနာဟူသော ကမ္မဘဝကို အားထုတ်ကုန်သည်သာလျှင်တည်း။ ထို့ကြောင့် “ဥပါဒါနပစ္စယာ ဘဝေါ” ဟူ၍ ဟောတော်မူအပ်ပြီ။
ဤ ”ဥပါဒါနပစ္စယာ ဘဝေါ” ဟူသောပုဒ်၌ “ဘဝ” သဒ္ဒါသည် ပွားခြင်း (ဝုဍ္ဎ) သဒ္ဒါ၏ အနက်တူ ပရိယာယ်ပုဒ် ဖြစ်၏။ “သုဝိဇာနော ဘဝံ ဟောတိ။ ဒုဝိဇာနော ပရာဘဝေါ” ဟူသော ပရာဘဝသုတ်ပါဠိတော်၌ ဘဝသဒ္ဒါသည် ပွားခြင်း (ဝုဍ္ဎ) သဒ္ဒါ၏ အနက်တူ ပရိယာယ်ပုဒ် ဖြစ်သကဲ့သို့တည်း။
(အဖို့တစ်ပါးကို ဆိုဦးအံ့၊ သုတ္တန်ပါဠိတော်အရပ်ရပ်တို့၌ “ဘဝ” ဟူသောပုဒ်၌ ဥပပတ္တိ ဘဝကို သာလျှင် ဝေဖန်တော်မူအပ်၏။ ကမ္မဘဝကို မဝေဖန်အပ်။ နိဿယ။)
ဘဝပစ္စယာ ဇာတိ
အကြင်ကြောင့် ကမ္မဘဝသည် ရှိသော် စင်စစ်အားဖြင့် တစ်ဖန် ဘဝသစ်သည်လည်း ကောင်းစွာ ဖြစ်၏။ ထို့ကြောင့် “ဘဝပစ္စယာ ဇာတိ” ဟူ၍၊ ဟောတော်မူအပ်ပြီ။
ဇာတိပစ္စယာ ဇရာမရဏံ
အကြင်ကြောင့် ဇာတိသည်မူလည်း ရှိလတ်သော် စင်စစ်အားဖြင့် ဇရာမရဏသည် ဖြစ်သည် သာလျှင်တည်း။ ထို့ကြောင့် “ဇာတိပစ္စယာ ဇရာမရဏံ” ဟူ၍ ဟောတော်မူအပ်ပြီ။
ဤဆိုအပ်ခဲ့ပြီးသည်ကား ဤပဋိစ္စသမုပ္ပါဒ်အရာ၌ ထိုထိုအဝိဇ္ဇာအစရှိသော အကြောင်းတရားသည် ထင်ရှားရှိလတ်သော် အလေ့အားဖြင့် ဖြစ်တတ်ကုန်သော ထိုထိုသင်္ခါရစသော အကျိုးသင်္ခတ တရားတို့၏ ဖြစ်ကြောင်း “တဗ္ဘာဝဘာဝီဘာဝ” အမည်ရှိကုန်သော သင်္ခတတရားတို့၏ အစီအရင်တည်း။
ဆက်ဦးအံ့၊ ဤပဋိစ္စသမုပ္ပါဒ်အရာ၌ ဤသို့သဘောရှိသော တဗ္ဘာဝဘာဝီဘာဝဖြင့်ဖြစ်သော အလုံးစုံသော ဝဋ်တရား၏ အပြစ်အစုကို ပြခြင်းအကျိုးငှာ “သောက” အစရှိသော စကားကို မိန့်တော်မူအပ်၏။ ဤသို့ မှတ်အပ်၏။
“အယမေတ္ထ ပဋိစ္စသမုပ္ပါဒနယော” ဟူသော နိဂုံးဝါကျ၌ “ဧတ္ထ” ဟူသည်ကား ဤပစ္စယသင်္ဂဟ၌။
အဓွန့် စသည်ကို ပြခြင်း
၅။ “တတ္ထ” ဟူသည်ကား ထိုပဋိစ္စသမုပ္ပါဒ်နည်း၌။ (အဒ္ဓါနဝန္တေ) ရှည်ကြာသော အဓွန့်ကာလ ရှိကုန်သော တေကာလိကသင်္ခတတရားတို့ကို မကျသည်တို့ကို ပြု၍ လွန်စွာ ဆောင်တတ်သည် ဟူသောအကြောင်းဟိတ်ကြောင့် “အဒ္ဓါ” မည်၏။ ထိုပုဒ်အရ ကာလကို ရအပ်၏။
မှန်၏၊ ထိုအဒ္ဓါသည် ကာလသုံးပါးနှင့် ယှဉ်ကုန်သော တရားတို့ကို အစဉ်သန္တာန်ကို ဖွဲ့သည်၏အစွမ်းအားဖြင့် ကမ္ဘာအဆက်ဆက်သည် လည်းကောင်း နှစ်၊ ဥတု၊ လ၊ လဆန်းပက္ခ၊ လဆုတ်ပက္ခ၊ ညဉ့်၊ နေ့အစဉ်အဆက်သည် လည်းကောင်း ဖြစ်၍ မကျသည်တို့ကို ပြု၍ ဆောင်သကဲ့သို့ ထင်၏။ ဤသို့ မှတ်အပ်၏။
တစ်နည်းသော်ကား ကာလသုံးပါးနှင့်ယှဉ်ကုန်သော တရားတို့သည် လွန်စွာ တည်ကုန်ရာ, ဖြစ်ကုန်ရာကာလဟူသော အကြောင်းဟိတ်ကြောင့် “အဒ္ဓါ” မည်၏။ ကာလကိုပင်လျှင် ရအပ်၏။ ထိုအဒ္ဓါသည်ကား မိမိသည် အပြားမရှိငြားသော်လည်း အပြားရှိကုန်သော တရားတို့ကို ထောက်၍ ပြားသကဲ့သို့ တင်စား၍ ခေါ်ဝေါ်ခြင်းငှာ သင့်၏။ ထို့ကြောင့် “တယော အဒ္ဓါ” ဟူ၍ မိန့်ဆိုအပ်ပြီ။
(အဒ္ဓပုဒ်၏ ဝစနတ္ထ၌ အဒ္ဓါနဝန္တေ-ဟုဆိုခြင်းသည် မှား၏။ အဒ္ဓ = အဓွန့်ဟု အနက် မပေးနှင့်, အဒ္ဓ = အချိန်ကာလဟု အနက်ပေး။ အဓွန့်ဆိုသည်ကား ခရီးကို ဆိုသည်။ ဤအရာ၌ ခရီးကို မလိုအပ်။ မန်လည်။)
ဋီကာကျော်
ဋီကာကျော် ၂၃၈-၌ကား “မပြတ်ဖြစ်တတ်သည်ဟူသော အကြောင်းဟိတ်ကြောင့် ‘အဒ္ဓါ’မည်၏” ဟူ၍ ဖွင့်ဆိုထား၏။ ထိုစကားသည် မကောင်း။ မှန်၏၊ ဤသို့သော ဝိဂြိုဟ်သည် ရှိသော် “အဒ္ဓါနမဂ္ဂပ္ပဋိပန္နော = အဓွန့်ရှည်သော ခရီးသို့ သွားတော်မူသည်” ဟူသော ပုံစံကဲ့သို့ “အဒ္ဓါန” ဟူသောရုပ်သည် မပြီးနိုင်။
(ပုံစံကား ဥပါဒါနံ-ဟူသောပုဒ်ကို မြင်သော် ဥပါဒါရူပံ-ပုဒ်၌ အာဒါ-သဒ္ဒါကို သိအပ်၏။ ဥ-ပုဗ္ဗ ပဒ-ဓာတ်ကို မသိအပ်။ တစ်ပါးသောအခြင်းအရာအားဖြင့် ယူသော် ဥပါဒါနံ-ဟု ရုပ်မပြီးနိုင်။ ထို့အတူ အဒ္ဓါ အဒ္ဓါန-ပုဒ်တို့၌လည်း မှတ်အပ်၏။ အနုဒီပနီ။)
(လယ်တီဋီကာ၌ အဒ္ဓါ-သဒ္ဒါ ကာလမဟောဟု ပယ်သည်။ အဒ္ဓါ-သဒ္ဒါ ကာလဟော၏။ မာဂဓ အဘိဓာန်ဋီကာကို ရှု။ ဤကဲ့သို့ ‘အတတိ သတတံ ဂစ္ဆတိ ပဝတ္တတီတိ အဒ္ဓါ, ကာလော’ ဟု ဝိဂ္ဂဟပြု၍ အဒ္ဓါန-ဟု ပုဒ်ပြီး နိပ္ဖန္နချသင့်လျက် မချမူ၍ အဒ္ဓါ-ဟု ချခြင်းသည် မှား၏ဟု ဋီကာကျော်ကို လယ်တီဋီကာ အပြစ်တင်၏။ ဤအဒ္ဓါဝစနတ္ထ၌ ဋီကာကျော်အတိုင်း ကတ္တုသာဓန-ဝိဂ္ဂဟပြုလျှင် ကာလရ၏။ ကရဏသာဓနဝိဂ္ဂဟပြုလျှင် ခရီးရ၏။ မန်လည်။)
ဒွါဒသင်္ဂါနိ-၌ “အင်္ဂါနိ” ဟူသည်ကား အစိတ်အစိတ်ပြဋ္ဌာန်းသော အင်္ဂါတို့တည်း။ “ပြဋ္ဌာန်းသော အဆောက်အဦတို့တည်း” ဟု ဤသို့သော အနက်သဘောကို ဆိုလို၏။
ဝီသတာကာရာ-၌ “အာကာရာ” ဟူသည်ကား အစိတ်အစိတ်ဖြစ်သော အစုတည်း။ မှန်၏၊ ဤအရာ၌ “အာကာရ” သဒ္ဒါသည် အစု = ကောဋ္ဌာသအနက်ရှိ၏။ အဘယ်သို့နည်းဟူမူကား အာကာရပုဒ်ပါသော ၃၂-ကောဋ္ဌာသ “ဒွတ္တိံသာကာရာ” ဟူသကဲ့သို့တည်း။ ထိုထိုအရပ်၌ ကြဲဖြန့်ကုန်, ကြဲဖြန့်၍ ထားအပ် ကုန်သကဲ့သို့ ဖြစ်တတ်ကုန်သည် ဟူသောအကြောင်းဟိတ်ကြောင့် “အာကာရ” တို့ မည်ကုန်၏ ဟူ၍လည်း ဆရာတို့ မိန့်ဆိုကုန်၏။
တိသန္ဓိ-၌ “သန္ဓိ” ဟူသည်ကား နှစ်ခုနှစ်ခုကုန်သော အလွှာတို့၏ ထိစပ်ရာဌာနတည်း။
စတုသင်္ခေပါ-၌ ခြင်းရာ၂၀-တို့ကို အကျဉ်းချုံးရာ- “သင်္ခေပ” ဟူသည်ကား ပဓာနတရားတို့ကို ပေါင်း၍ ယူခြင်း အနှစ်ချုပ်ခြင်းတည်း။
တီဏိ ဝဋ္ဋာနိ-၌ အဖန်ဖန် လှည့်လည်တတ်ကုန်သည် ဟူသော အကြောင်းဟိတ်ကြောင့် “ဝဋ္ဋ” တို့ မည်ကုန်၏။
ဒွေမူလာနိ-၌ ထိုမိမိနှင့် စပ်၍ ဖြစ်ခြင်းရှိသည်၏အဖြစ်ဖြင့် အလုံးစုံလည်း ဖြစ်ကုန်သော သင်္ခါရစသော ဝဋ်တရားတို့၏(တို့သည်) တည်ကုန်ရာ အရင်းအမြစ်ဟူသော အကြောင်းဟိတ်ကြောင့် “မူလ” တို့ မည်ကုန်၏, ကောင်းစွာ တည်ရာတို့တည်း, ဝဋ်တရား အစဉ်အဆက် ဖြစ်ခြင်း၏ မူလပဓာနအကြောင်း အမွန်အစတို့တည်း, ဤကား မူလ-ပုဒ်၏ အနက်တည်း။
အဓွန့်သုံးပါး
၆။ အကြင်ကြောင့် ယောက်ျားတစ်ယောက်သည် လက်ညှိုးတစ်ချောင်းတည်းဖြင့် သမုဒ္ဒရာရေကို ယူ၍ လူအများ၏ ခံတွင်း၌ ထည့်၍ မဟာသမုဒ္ဒရာလေးစင်းတို့၌ ရေ၏ငန်သည်၏အဖြစ်ကို သိစေသကဲ့သို့ ထို့အတူ မြတ်စွာဘုရားသည်လည်း “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” အစရှိသည်ဖြင့် တစ်ခုတစ်ခုသာလျှင် ဖြစ်သော ပစ္စုပ္ပန်ဘဝကို အပြည့်အစုံ ဟောတော်မူ၍ မသိအပ်သည့် အစ-ရှိသော အလုံးစုံသော သံသရာဝဋ်၏ အဖြစ်သနစ်ကို သိစေတော်မူ၏။
အပြည့်အစုံဟောသော တရားပြပုဂ္ဂိုလ်မည်သည်လည်း ထိုတစ်ခုသော ဘဝ၏ အကြောင်းတရားကိုလည်း ဖန်ဆင်းရှင်အယူဒိဋ္ဌိ၊ အကြောင်းမဲ့အယူဒိဋ္ဌိတို့ အခွင့်အလမ်းမရရန် ဟောသင့်ဟောထိုက်၏။ အကျိုးတရားကိုလည်း ပြတ်စဲအယူ အခွင့်အလမ်း မရရန် ဟောသင့်ဟောထိုက်၏။ ထိုအကျိုးအကြောင်းနှစ်ပါးတို့တွင် ရှေးဘဝ၌ ပြီးကုန်သော အဝိဇ္ဇာ, သင်္ခါရတို့သည် အကြောင်းတရားတို့ မည်ကုန်၏။ အနာဂတ်ဘဝ၌ ဇာတိသည် အကျိုးတရား မည်၏။
ဤသို့ တစ်ခုသောဘဝလျှင် အရာဌာနရှိသည်လည်း ဖြစ်သော ဤပဋိစ္စသမုပ္ပါဒ် ဒေသနာသည် တစ်စိတ်တစ်ဒေသအားဖြင့် အတိတ်ဘဝ, အနာဂတ်ဘဝ နှစ်ပါးနှင့် ဆက်ဆံသည်လည်း ဖြစ်၏။ ထို့ကြောင့် “အဝိဇ္ဇာနှင့် သင်္ခါရတို့သည် အတိတ်ကာလ အဓွန့်မှာ ရှိသော တရားတို့တည်း” ဟု ဤသို့အစရှိသော စကားကို အရှင်အနုရုဒ္ဓါမထေရ်သည် မိန့်ဆိုအပ်ပြီ။
ဆက်ဦးအံ့၊ ဤအရာ၌ ရှည်သောကာလအဓွန့်၏လည်းကောင်း ရှည်သောကာလ အဓွန့်ရှိသော တရားတို့၏လည်းကောင်း အပြားမရှိသည်ကိုကဲ့သို့ ပြု၍ ဆိုခြင်းသည် ဓမ္မအားဖြင့် အဒ္ဓါ-အဓွန့်ဟု ဆိုအပ်သော ကာလ၏ အသီးအခြား မရှိခြင်းကို ပြ၏။ “ကာလသည်ပင်လျှင် လောကကို ဖြစ်စေ၏။ နစ်စေ၏ = ဖြတ်၏” ဟု ဖြစ်သော မိစ္ဆာအယူကိုလည်း တားမြစ်၏။ မှန်၏၊ အချိန်ကာလသည် မိမိကိုယ်တိုင် အဘာဝ မျိုးဖြစ်ပါလျက် တစ်စုံတစ်ခုသော တရားကို ဖြစ်စေတတ်သည်ဟူ၍ လည်းကောင်း တားမြစ်တတ်သည်ဟူလည်းကောင်း ဖြစ်ခြင်းငှာ မသင့်။ ဤသို့ သိအပ်၏။
စောဒနာဖွယ်ပြဦးအံ့၊ အဘယ့်ကြောင့်လျှင် ဤအရာ၌ တစ်ခုတစ်ခုသော ပစ္စုပ္ပန် ဖြစ်၍ ဖြစ်သော ခန္ဓာအတ္တဘော၏ အဖြစ်သနစ်ကို ပြတော်မူသော မြတ်စွာဘုရားသည် အတိတ်ဘဝ၌ ဖြစ်ခဲ့သော အကြောင်းကိုလည်းကောင်း အနာဂတ်ဘဝ၌ ဖြစ်လာမည့် အကျိုးကိုလည်းကောင်း ပြတော်မူသနည်း။ ဤသည်ကား အမေးတည်း။
အကြောင်းမဲ့ အယူ = အဟေတုဒိဋ္ဌိ, အကြောင်းမတည့် အယူ = ဝိသမဟေတုဒိဋ္ဌိတို့ကို တားမြစ်ခြင်းအကျိုးငှာ အတိတ်ဘဝ၌ အကြောင်းကို ပြ၏။ ပြတ်စဲအယူ = ဥစ္ဆေဒဒိဋ္ဌိကို တားမြစ်ခြင်း အကျိုးငှာ အနာဂတ်ဘဝ၌ အကျိုးကို ပြ၏။ တည်မြဲ အယူ = သဿတဒိဋ္ဌိကို တားမြစ်ခြင်း အကျိုးငှာ အတိတ်အနာဂတ် ဘဝနှစ်ပါးစုံ၌ အကြောင်း အကျိုး နှစ်ပါးစုံကို ပြ၏။ ဤသို့ သိအပ်၏။
ထိုစကားရပ်၌ ရှေ့ဟိတ်အကြောင်း မရှိကုန်မူ၍ ရှေ့ပစ္စည်းအကြောင်းမရှိကုန်မူ၍ သတ္တဝါတို့သည် ဖြစ်ကုန်၏, ဆုတ်နစ်ကုန်၏, ညစ်နွမ်းကုန်၏, စင်ကြယ်ကုန်၏ ဟု ဖြစ်သော အယူအမြင် = ဒိဋ္ဌိသည် “အဟေတုဒိဋ္ဌိ” မည်၏။
သတ္တဝါတို့ကို ဗြဟ္မာဖန်ဆင်းသည် ပဇာပတိနတ်ဖန်ဆင်းသည် ဗိဿနိုးနတ်ဖန်ဆင်းသည် အစရှိသည်တို့၏ အစွမ်းအားဖြင့် မဟုတ်မမှန်သော အကြောင်းကို ရှုမြင်ခြင်းသည် “ဝိသမဟေတုဒိဋ္ဌိ” မည်၏။
သတ္တဝါတို့သည် သေသောအခါ၌ ပြတ်ကုန်၏, အနာဂတ်ဘဝ၌ ပဋိသန္ဓေ တည်နေရခြင်း မည်သည် မရှိဟု ဖြစ်သော အယူအမြင်ဒိဋ္ဌိသည် “ဥစ္ဆေဒဒိဋ္ဌိ” မည်၏။
အတ္တကောင်သည် မြဲ၏။ ခိုင်၏။ မြဲခိုင်သော ထိုအတ္တကောင်သည်သာလျှင် တစ်ခုသော ဘဝမှ တစ်ခုသောဘဝသို့ ပြောင်းသွား၏, ကျင်လည်၏ဟု ဖြစ်သော အယူအမြင်ဒိဋ္ဌိသည် “သဿတဒိဋ္ဌိ” မည်၏။
သဿတဒိဋ္ဌိမဖြစ်ပုံကို ဆိုဦးအံ့၊ အကြင်ကြောင့် ဤသို့ မြဲသည် ဖြစ်၍ ပြေးသွားသော အတ္တကောင် ဖြစ်ပါမူကား ဘဝအဆက်ဆက်တို့၌ မြဲသည်ဖြစ်၍ ပြေးသွားကျင်လည်သော အတ္တကောင်အတွက် အဝိဇ္ဇာ အစရှိသော အကြောင်းတို့သည် ပြီးစေအပ်သည်မဖြစ်။ ထို့ကြောင့် အဝိဇ္ဇာသင်္ခါရတို့ကြောင့် ဘဝတစ်ပါး၌ တစ်ဖန် ပဋိသန္ဓေ ဝိညာဏ်ဖြစ်ရပုံကို ဟောပြသော တရားပြပုဂ္ဂိုလ်သည် သဿတဒိဋ္ဌိကို တားမြစ်အပ်၏။ ဤသို့ သိအပ်၏။
၇။ အင်္ဂါ ၁၂-ပါး ဖွင့်စရာမလို၍ မဖွင့်။
သောက-စသည် အမှာစကားအတွက် အဖွင့်
၈။ ဆက်ဦးအံ့၊ အဘယ်ကြောင့် ဤပဋိစ္စသမုပ္ပါဒ်အင်္ဂါကို ပြဆိုရာ၌ သောက အစရှိသော တရားတို့ကို ပဋိစ္စသမုပ္ပါဒ်အင်္ဂါတို့၌ မယူအပ်ကုန်သနည်း။ ဤသည်ကား အမေးတည်း။
ဇာတိသည် ရှိလတ်သော် သောက အစရှိသည်တို့သည် စင်စစ်အားဖြင့် ဖြစ်ကုန်၏ဟူသော ဤသို့သော တဗ္ဘာဝဘာဝီဘာဝ လက္ခဏာ၏ မရှိခြင်းကြောင့် သောက စသည်တို့ကို ပဋိစ္စသမုပ္ပါဒ်အင်္ဂါတို့၌ မယူအပ်ကုန်။ မှန်၏၊ ဇာတိသည် ရှိပါသော်လည်း ရူပဘုံ၌လည်းကောင်း အရူပဘုံ၌လည်းကောင်း ထိုသောကအစရှိသော တရားတို့သည် မဖြစ်ကုန်။ ကာမဘုံ၌လည်း အနာဂါမ်၊ ရဟန္တာဟူသော အချို့ပုဂ္ဂိုလ်တို့အား ထိုသောက စသော တရားတို့သည် မဖြစ်ကုန်သည်သာလျှင်တည်း။ ဤသို့ ဖြေဆိုအပ်၏။
ထိုဖြေဆိုအပ်သောအကြောင်းစကားသည် အကယ်၍ ဖြစ်ငြားအံ့။ ဤသို့ဖြစ်ခဲ့သည်ရှိသော် အဘယ်အကျိုးငှာ ထိုသောက အစရှိသည်တို့ကို ဟောတော်မူခြင်းသည် ဖြစ်သနည်း။ ဤ သည်ကား စောဒနာခြင်းတည်း။
ဇာတိ၏လည်းကောင်း ဆိုအပ်ပြီးသော အပြားရှိသော အလုံးစုံသော ဝဋ်အစဉ်ဖြစ်သော အဝိဇ္ဇာအစရှိသော တရားစု၏လည်းကောင်း ကြီးစွာသော အပြစ်အစုကို ပြသဖို့ရန် ဟောတော်မူခြင်းဖြစ်သည်ဟု ပြခြင်းငှာ “သောကာဒိဝစနံ ပနေတ္ထ နိဿန္ဒဖလနိဒဿနံ” ဟူ၍ မိန့်ဆိုအပ်ပြီ။ ထိုစကားရပ်၌ “နိဿန္ဒဖလနိဒဿနံ” ဟူသည်ကား ဇာတိ၏ ကြီးစွာသော အပြစ်အစုဟု ဆိုအပ်သော တိုးပွားသော အကျိုးဆက်ကို ညွှန်ပြခြင်းတည်း။ ဤသည်ကား အနက်တည်း။
(ကြီးစွာသောအပြစ်အစုစကား ရှေ့သောကနားမှာလည်း ပါသည်။ ပြန်ဖတ်ကြည့်ပါ။)
ခြင်းရာ ၂၀၊ အစပ် ၃-ပါး၊ အလွှာ ၄-ပါးအဖွင့်
၉။ အဖို့တစ်ပါးကို ဆိုဦးအံ့၊ အဘယ့်ကြောင့် ဤပစ္စုပ္ပန်ဘဝ၏ ရှေးအတိတ် အကြောင်း ဖြစ်ကုန်သော နှစ်ပါးကုန်သော အဝိဇ္ဇာသင်္ခါရတို့ကိုသာလျှင် ပါဠိတော်၌ ဟောတော်မူအပ်ကုန် သနည်း။ ထိုအဝိဇ္ဇာသင်္ခါရတရားနှစ်ပါး တို့သည်သာလျှင် ဤ ပစ္စုပ္ပန်ဘဝ၏ ရှေးအကြောင်းတရားတို့ ဖြစ်ကုန်ဘိသလော, ဤကား စောဒနာတည်း။
အဝိဇ္ဇာသင်္ခါရတို့မှ တစ်ပါးကုန်သော တရားတို့သည်လည်း ဤပစ္စုပ္ပန်ဘဝ၏ ရှေးအတိတ် အကြောင်းတို့ ဖြစ်ကုန်သည်သာလျှင်တည်း, ဤကား အဖြေတည်း။
ထိုသို့ ဖြစ်ပါလျက် အဘယ့်ကြောင့် ထိုအဝိဇ္ဇာသင်္ခါရတို့မှ တစ်ပါးကုန်သော ဤပစ္စုပ္ပန်ဘဝ၏ ရှေးအတိတ် အကြောင်းတရားတို့ကို ပါဠိတော်၌ မဟောအပ်ကုန်သနည်း။ ဤသည်ကား အမေးတည်း။
မဟောအပ်ကုန်သော်လည်း အခြားရှေးအတိတ်အကြောင်း ပစ္စည်းများဖြစ်သည့် ထိုတရားတို့ကို သဘောအားဖြင့် ရထိုက်သည်၏အဖြစ်ကြောင့် မဟောအပ်ကုန်။ ဤသည်ကား အဖြေတည်း။
အဘယ်သို့လျှင် မဟောအပ်ကုန်သော်လည်း ထိုအခြားအကြောင်းတရားတို့ကို သဘောအားဖြင့် ရအပ်ကုန်သနည်း။ ဤသည်ကား အမေးတည်း။
ထိုထိုအဝိဇ္ဇာအစရှိသော အကြောင်းတရားသည် ထင်ရှားရှိလတ်သော် အလေ့အားဖြင့် ဖြစ်တတ် ကုန်သော ထိုထိုသင်္ခါရစသော အကျိုးတရားတို့၏ ဖြစ်ကြောင်းကို မှတ်သားခြင်း တဗ္ဘာဝဘာဝီဘာဝ လက္ခဏာ အားဖြင့်လည်းကောင်း၊ ထိုအကြောင်းတရားနှင့် မကင်းဘဲ ဖြစ်လေ့ရှိသော အကျိုးတရားတို့၏ ဖြစ်ကြောင်းသာလျှင်ဖြစ်သော မှတ်သားခြင်း တဒဝိနာဘာဝိဘာဝ လက္ခဏာဖြင့် လည်းကောင်း ရအပ်ကုန်၏ဟု ဖြေပြတော်မူလိုသည်ဖြစ်၍ “အဝိဇ္ဇာသင်္ခါရဂ္ဂဟဏေန” ဤသို့အစရှိသော စကားကို မိန့်တော်မူပြီ။ ဤနည်းကို တစ်ပါးသော “တဏှုပါဒါနဘဝဂ္ဂဟဏေန” အစရှိသော အရာတို့၌လည်း ဆောင်အပ်၏။
ထိုစကားရပ်၌ “အဝိဇ္ဇာသင်္ခါရဂ္ဂဟဏေန” ဟူသည်ကား ပါဠိတော်၌ အစအစွန်းအားဖြင့် ဟောတော်မူအပ်သော “အဝိဇ္ဇာသင်္ခါရ” သဒ္ဒါဖြင့်။
“တဏှုပါဒါနဘဝါပိ ဂဟိတာ ဘဝန္တိ” ဟူသည်ကား အဝိဇ္ဇာ ထင်ရှားရှိလတ်သော် ထင်ရှားရှိခြင်းကြောင့်လည်းကောင်း၊ အဝိဇ္ဇာ ထင်ရှားမရှိလတ်သော် ထင်ရှားမရှိခြင်းကြောင့်လည်းကောင်း “အဝိဇ္ဇာ” သဒ္ဒါဖြင့် “တဏှာ၊ ဥပါဒါန်” တို့ကိုလည်း ယူအပ်ပြီး ဖြစ်ကုန်၏။ သင်္ခါရ ထင်ရှား ရှိလတ်သော်ကား ထင်ရှားရှိခြင်းကြောင့်လည်းကောင်း၊ သင်္ခါရ ထင်ရှားမရှိလတ်သော် ထင်ရှား မရှိခြင်းကြောင့်လည်းကောင်း “သင်္ခါရ” သဒ္ဒါဖြင့် “ကမ္မဘဝ” ကိုလည်း ယူအပ်ပြီး ဖြစ်၏။ ဤသည်ကား အနက်တည်း။
ဋီကာကျော်
ဋီကာကျော် ၂၃၉-၌ကား “ကိလေသာအဖြစ်ဖြင့် တူသည်၏အဖြစ်ကြောင့် “အဝိဇ္ဇာ” သဒ္ဒါဖြင့် “တဏှာ၊ ဥပါဒါန်” တို့ကို ယူအပ်ကုန်၏။ ကံအဖြစ်ဖြင့် တူသည်၏ အဖြစ်ကြောင့် “သင်္ခါရ” သဒ္ဒါဖြင့် ကမ္မဘဝကို ယူအပ်၏” ဟု ဖွင့်ဆိုထား၏။ ထိုဋီကာကျော်၌ ဆိုအပ်သော စကားသည်လည်း သင့်မြတ်ပေသည်သာလျှင်တည်း။
ထို့အတူ “တဏှာ၊ ဥပါဒါန်၊ ဘဝတို့ကို ယူသဖြင့် အဝိဇ္ဇာသင်္ခါရတို့ကို ယူအပ်ကုန်သည်ဟု အစပ်သမ္ဗန်ကို သိအပ်၏။ ထိုနှင့် မကင်းမူ၍ ဖြစ်လေ့ရှိသည်၏ အဖြစ်ကြောင့် “တဏှာ၊ ဥပါဒါန” သဒ္ဒါဖြင့် “အဝိဇ္ဇာ” ကိုလည်းကောင်း၊ “ဘဝ” သဒ္ဒါဖြင့် “သင်္ခါရ” တို့ကိုလည်းကောင်း ယူအပ်ကုန်၏။ ဤကား အနက်တည်း။
မှတ်သားကြောင်း = လက္ခဏမျှသာ ဖြစ်ကုန်သော ဇာတိဇရာမရဏ တရားတို့၏ မှတ်အပ်သော လက္ခိတဗ္ဗတရား ဖြစ်ကုန်သော ဝိညာဏ်စသည်တို့နှင့် မကင်းမူ၍ ဖြစ်ခြင်းအလေ့ရှိသည်၏ အဖြစ်ကြောင့် တဒဝိနာဘာဝီဘာဝ နည်းအားဖြင့် “ဇာတိဇရာမရဏကို ယူသဖြင့်လည်း ဝိညာဏ် အစရှိသော အကျိုးငါးပါး အပေါင်းကိုသာလျှင် ယူအပ်ပြီ” ဟူ၍ မိန့်ဆိုအပ်ပြီ။ “ဣတိ ကတွာ” ဟူသည်ကား ဤသို့သော အကြောင်းကြောင့်။
သင်္ဂဟဂါထာနှင့် ပေါင်းချုပ်တစ်ဝါကျအဖွင့်
၁၀။ “အတီတေ ဟေတဝေါ ပဉ္စ၊ ဣဒါနိ ဖလပဉ္စကံ။
ဣဒါနိ ဟေတဝေါ ပဉ္စ၊ အာယတိံ ဖလပဉ္စက’န္တိ
ဝီသတာကာရာ, တိသန္ဓိ, စတုသင်္ခေပါ စ ဘဝန္တိ”
ဟူသော ကတ္တားသုံးချက် ကြိယာတစ်ချက်ရှိသော ဂါထာ၏ အဆုံးစာပိုဒ်၌ “ဝီသတာကာရာ = နှစ်ဆယ်သော အခြင်းအရာတို့သည်၊ ဘဝန္တိ = ဖြစ်ကုန်၏။” ဤသည်ကား ကတ္တား+ကြိယာ အစပ်တည်း။ (တိသန္ဓိ = အစပ်သုံးခုသည်၊ ဘဝတိ = ဖြစ်၏။)
“စတုသင်္ခေပါ စ ဘဝန္တိ” ၏ အဖွင့်ကား ခြင်းရာ၂၀-တို့တွင်
၁။ ရှေးဦးစွာသော အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ-ဟူသော အကြောင်းငါးပါးအပေါင်းဟု ဆိုအပ်သော တစ်ခုသော ပေါင်းချုပ် လည်းကောင်း၊
၂။ နှစ်ခုမြောက်သော ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ-ဟူသော အကျိုးငါးပါးအပေါင်းဟု ဆိုအပ်သော တစ်ခုသော ပေါင်းချုပ် လည်းကောင်း၊
၃။ သုံးခုမြောက်သော တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ၊ အဝိဇ္ဇာ၊ သင်္ခါရ-ဟူသော အကြောင်းငါးပါးအပေါင်းဟု ဆိုအပ်သော တစ်ခုသော ပေါင်းချုပ် လည်းကောင်း၊
၄။ လေးခုမြောက်သော ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ -ဟူသော အကျိုးငါးပါးအပေါင်းဟု ဆိုအပ်သော တစ်ခုသော ပေါင်းချုပ် လည်းကောင်း
ဤသို့ လေးပါးကုန်သော သင်္ခေပ(ပေါင်းချုပ်)တို့သည် ဖြစ်ကုန်၏။ လေးပါး ကုန်သော ပေါင်း၍ ရေတွက်ကြောင်း သင်္ဂဟတို့သည် ဖြစ်ကုန်၏။ ဤသည်ကား “သင်္ခေပ” ၏ “သင်္ဂဟ = ပေါင်းချုပ်” ဟူသောအနက်နှင့် “ဘဝန္တိ” ၏ “ဟောန္တိ = ဖြစ်ကုန်၏” ဟူသောအနက်တည်း။
“တိသန္ဓိ” ၏ အဖွင့်ကား လေးပါးကုန်သော အလွှာပေါင်းချုပ်တို့သည် ပြီးစီးကုန်သည်ရှိသော်
- ပဌမအလွှာနှင့် ဒုတိယအလွှာ၏ စပ်ခြင်းလည်းကောင်း၊
- ဒုတိယအလွှာနှင့် တတိယအလွှာ၏ စပ်ခြင်းလည်းကောင်း၊
- တတိယအလွှာနှင့် စတုတ္ထအလွှာ၏ စပ်ခြင်းလည်းကောင်း
ဤသို့ သုံးပါးကုန်သော အစပ်တို့သည်လည်း ပြီးစီးကုန်သည်သာလျှင်တည်း။ ထို့ကြောင့် “တိသန္ဓိ စတုသင်္ခေပါ စ ဘဝန္တိ” ဟူ၍ မိန့်ဆိုအပ်ပြီ။
(ဒီပနီကျမ်းဆရာ၏ အလိုအားဖြင့် ခြင်းရာ၂၀-နောက် ပေါင်းချုပ်အလွှာ ၄-ပါးကို မိန့်ပြီးမှ အစပ် ၃-ပါးကို သင်္ဂဟကျမ်းပြုဆရာ မိန့်သင့်သည်ဟူသော အနေအထားတစ်ရပ်ကို တွေ့ရသည်။ ထို့ကြောင့် တိသန္ဓိ-ကို နောက်ဆုံးထား ရေးက ဘဝတိ-ဟူသော ကြိယာနှင့် အဆုံးသတ်ရမည်ဖြစ်၍ “ဝီသတာကာရာ စတုသင်္ခေပါ တိသန္ဓိ စ ဘဝတိ” ဟု ဖြစ်လာမည်။ သင်္ဂဟ၌ကား “ဝီသတာကာရာ တိသန္ဓိ စတုသင်္ခေပါ စ ဘဝန္တိ” ဟု ရှိသည်။)
ဆက်၍ဆိုဦးအံ့၊ ဤအရာ၌ “ဟေတုပဉ္စကံ ဖလပဉ္စကံ” ဟူသောစကားကို ကိလေသာတရားနှင့် ကံတရားတို့သည် အကြောင်းတရား, ဝိပါက်တရားတို့သည် အကျိုးတရား ဟူသော လူအပေါင်း၏ ထင်ရှားသော ဝေါဟာရအစွမ်းအားဖြင့် မိန့်အပ်ပြီ။
စင်စစ်သော်ကား ဟေတု-အကြောင်းသဒ္ဒါ ဖလ-အကျိုးသဒ္ဒါတို့သည် အကြောင်း-ပစ္စည်း၊ အကျိုး-ပစ္စယုပ္ပန်တို့၏ အနက်တူပရိယာယ် ဝေါဟာရတို့သည်သာလျှင် ဖြစ်ကုန်၏။ ထို့ကြောင့် အဝိဇ္ဇာ စသော ပဌမတရား ငါးပါးအပေါင်းကို ထောက်၍ ဝိညာဏ်စသော ဒုတိယတရား ငါးပါးအပေါင်း၏ “အကျိုးတရားငါးပါး အပေါင်း၏အဖြစ်” သည်လည်းကောင်း၊ သို့သော် တဏှာစသော တတိယတရား ငါးပါးအပေါင်းကို ထောက်၍ ဤဝိညာဏ်စသော ဒုတိယတရား ငါးပါးအပေါင်း၏ “အကြောင်းတရား ငါးပါးအပေါင်း၏အဖြစ်” သည်လည်းကောင်း မဖြစ်သင့်သည်ကား မဟုတ်။ ဖြစ်သင့်သည်သာလျှင်တည်း။ (အကြောင်းဟောင်းငါးပါးကြောင့် အကျိုးသစ်ငါးပါးဖြစ်, ထို အကျိုးငါးပါးကြောင့် အကြောင်းသစ်ငါးပါး ပြန်ဖြစ်သည်ဟု ဆိုလိုသည်။)
ထို့အတူ ဝိညာဏ်စသော စတုတ္ထတရားငါးပါးအပေါင်းကို ထောက်၍ တဏှာစသော တတိယ တရား ငါးပါးအပေါင်း၏လည်း “အကြောင်းတရား ငါးပါးအပေါင်း၏အဖြစ်” သည်လည်းကောင်း၊ သို့သော် ဝိညာဏ်စသော ဒုတိယတရား ငါးအပေါင်းကို ထောက်၍ ထိုတဏှာစသော တတိယ တရားငါးပါးအပေါင်း၏ “အကျိုးတရားငါးပါး အပေါင်း၏အဖြစ်” သည်လည်းကောင်း မဖြစ်သင့် သည်ကား မဟုတ်။ ဖြစ်သင့်သည်သာလျှင်တည်း။ ဤသို့ သိအပ်၏။ (အကြောင်းကြောင့် အကျိုး ဖြစ်သည်-ဟူသော သိနေကျ အသိတွင် ထိုအကျိုးကြောင့် အကြောင်းတရား အသစ်များ ဖြစ်နိုင်သည်-ဟုပါ ဖြည့်စွက် သိပါ။)
မှန်၏၊ ဤသို့ဖြစ်သည်ရှိသော် အကြောင်းကြောင့် အကျိုးသည်သာလျှင် ဖြစ်ရာ၏။ အကျိုးကြောင့် အကြောင်းသည် မဖြစ်ရာဟု စောဒနာခြင်းသည် အခွင့်မရှိသည်သာလျှင် ဖြစ်၏။ ဤသို့ မှတ်အပ်၏။
ဝဋ်သုံးပါးအဖွင့်
၁၁။ အဖို့တစ်ပါးကို ဆိုအံ့၊ နှစ်ပါးကုန်သော အတိတ်အကြောင်း အခြင်းအရာငါးပါးအပေါင်း, ပစ္စုပ္ပန်အကြောင်းအခြင်းအရာ ငါးပါးအပေါင်းတို့တွင် အတိတ်သင်္ခါရနှင့် ပစ္စုပ္ပန်ကမ္မဘဝတို့၏ အထူးကို ဝိဘင်းအဋ္ဌကထာ၌ ဖွင့်ဆိုအပ်ပြီးသည်သာလျှင်တည်း။
အဋ္ဌကထာ၌ အဘယ်ကဲ့သို့ ဖွင့်ဆိုထားသနည်း ဟူမူကား “အလှူဝတ္ထုကို ပေးလှူအံ့ဟု စိတ်ကို ဖြစ်စေပြီး၍ တစ်လပတ်လုံးသော် လည်းကောင်း တစ်နှစ်ပတ်လုံးသော် လည်းကောင်း ဒါန၏ အဆောက်အဦလှူဖွယ်ဝတ္ထုပရိက္ခရာတို့ကို ပြုစီရင်နေသော ပုဂ္ဂိုလ်အား ဖြစ်ကုန်သော မလှူမှီ ရှေ့အဖို့၌ ဖြစ်သော စေတနာတို့သည် “အားထုတ်စမှ စ၍စုစည်း အားထုတ်သော အာယူဟနသင်္ခါရ” တို့ မည်ကုန်၏။ အဖို့တစ်ပါးကား အလှူခံပုဂ္ဂိုလ်တို့၏ လက်၌ အလှူဝတ္ထုကို တည်စေသော ပုဂ္ဂိုလ်အားဖြစ်သော လှူဆဲဖြစ်သော စေတနာကို “ကမ္မဘဝ” မည်၏ဟူ၍ ဆိုအပ်၏။
တစ်နည်းကား တစ်ခုသော မနောဒွါရာဝဇ္ဇန်းရှိကုန်သော ၆-ပါးကုန်သော ဇောစိတ်တို့၌ ယှဉ်ကုန်သော စေတနာတို့သည် အားထုတ်စမှ စ၍ စုစည်းအားထုတ်သော “အာယူဟနသင်္ခါရ” တို့ မည်ကုန်၏။ ၇-ခုမြောက်သော ဇောစိတ်၌ ယှဉ်သော စေတနာသည် “ကမ္မဘဝ” မည်၏။
တစ်နည်းသော်ကား အမှတ်မထား တစ်ပါးပါးသော စေတနာ ဟူသမျှသည် “ကမ္မဘဝ” မည်၏။ ထိုစေတနာနှင့် ယှဉ်ကုန်သော စိတ်စေတသိက်တို့သည် အားထုတ်စမှ စ၍ စုစည်းအားထုတ်သော ‘အာယူဟနသင်္ခါရ’ တို့ မည်ကုန်၏” ဟု ဖွင့်ဆိုထား၏။
အကြင်ကြောင့် ကမ္မဘဝ, ဥပပတ္တိဘဝအားဖြင့် နှစ်ပါးကုန်သော ဘဝတို့သည် ပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၂-ပါးတို့တွင် တစ်ခုသာလျှင်ဖြစ်သော ဘဝဟု ဆိုအပ်သော အင်္ဂါ၏အစိတ်တို့ မည်ကုန်၏။ ထို့ကြောင့် “ကမ္မဘဝသင်္ခါတော ဘဝေကဒေသော” ဤသို့ အစရှိသောစကားကို မိန့်ဆိုအပ်ပြီ။
ဆက်ဦးအံ့၊ ဤ တတိယပဉ္စကအရာ၌ သင်္ခါရ၊ ကမ္မဘဝတို့၏ အထူးကို ပထမပဉ္စက၌ ဆိုအပ်ခဲ့ပြီးသော အဋ္ဌကထာနည်းဖြင့်သာလျှင် သိအပ်၏။
ဋီကာကျော်
ဋီကာကျော် ၂၄၀-၌ကား “ကမ္မဘဝသင်္ခါတော ဘဝေကဒေသော-ဟူသော ဤပါဌ်၌ နောက်ဘဝ၌ ပဋိသန္ဓေ၏အကြောင်းဖြစ်သော ပစ္စုပ္ပန်ဘဝစေတနာသည် ကမ္မဘဝမည်၏။ ကံဖြစ်ရာရှေးဘဝ၌ ပြုခဲ့သော ယခုဘဝ၌ ပဋိသန္ဓေ၏အကြောင်း ဖြစ်သော အတိတ်စေတနာသည် သင်္ခါရတို့ မည်ကုန်သည်ဟု သိအပ်ကုန်၏” ဟူသော သင်္ခါရနှင့် ကမ္မဘဝထူးပုံပြ အကြင်စကားကို ဆိုအပ်ပြီ။ ထိုစကားသည် ဤအရာ၌ မသင့်။
အဘယ့်ကြောင့် ဋီကာကျော်စကား မသင့်သနည်းဟူမူကား နှစ်ပါးကုန်သော ထိုသင်္ခါရနှင့် ကမ္မဘဝတို့ကိုလည်း နှစ်မျိုးကုန်သော အဝိဇ္ဇာ၊ ‘သင်္ခါရ’၊ တဏှာ၊ ဥပါဒါန်၊ ‘ကမ္မဘဝ’-ဟူသော အတိတ်အကြောင်း အခြင်းအရာငါးပါး၊ တဏှာ၊ ဥပါဒါန်၊ ‘ကမ္မဘဝ’၊ အဝိဇ္ဇာ၊ ‘သင်္ခါရ’-ဟူသော ပစ္စုပ္ပန်အကြောင်း အခြင်းအရာငါးပါးတို့၌ သိမ်းယူ ရေတွက်အပ်သည်၏ အဖြစ်ကြောင့်တည်း။
တစ်နည်းကား ဤဋီကာကျော်စကားသည် တိုက်ရိုက်ရှိသော ပါဠိတော်နည်းအားဖြင့် ဆိုအပ်သော စကားတည်းဟု မှတ်အပ်၏။
(ပါဠိတော်နည်းအရ တိုက်ရိုက်ယူသော် ဋီကာကျော်စကားသင့်သည်ဟု အဓိပ္ပာယ် ရောက်သလို ရှိသည်။ ပါဠိတော်နည်းဟူသည် ပဋိစ္စသမုပ္ပါဒ်ကို အတိတ်ဘဝပိုင်း၊ ပစ္စုပ္ပန်ဘဝပိုင်း၊ အနာဂတ် ဘဝပိုင်းဟု အပိုင်းသုံးပိုင်းခွဲပုံအရ သင်္ခါရသည် အတိတ်မှာ ရှိ၍ ကမ္မဘဝသည် ပစ္စုပ္ပန်မှာ ရှိသည်ဟု ဆိုလိုသည်။)
သင်္ဂဟအဆိုကို ဝေဖန်လျက် ထောက်ခံဖွင့်ပြပုံ
“ဥပပတ္တိဘဝသင်္ခါတော ဘဝေကဒေသော အဝသေသာ စ ဝိပါကဝဋ္ဋံ”ဟူသော ဤစကားကို ဇာတိ ဇရာ မရဏတို့နှင့်တကွ ဝိညာဏ်အစရှိသောအကျိုးငါးပါးအပေါင်းကို ရည်ရွယ်၍ မိန့်ဆိုအပ်ပြီ။ ဆက်ဦးအံ့, ဤအရာ၌ ရှေ့နား၌ ဇာတိဇရာမရဏသဒ္ဒါဖြင့် အကြင်ဝိညာဏ် အစရှိသော အကျိုးတရားငါးပါး အပေါင်းကို သင်္ဂဟကျမ်း၌ ယူထား၏။
စိစစ်သော် ထိုဝိညာဏ်အစရှိသော အကျိုးတရားငါးပါးအပေါင်းသည် သဘောအားဖြင့် ဥပပတ္တိဘဝသာလျှင်တည်း။ မှန်၏, အကျိုး တရားငါးပါးအပေါင်းမှ တစ်ပါးသော ဥပပတ္တိဘဝမည်သည် မရှိ။ ဤသို့ သိအပ်၏။
ဤသို့ပင် ဖြစ်ငြားသော်လည်း ဝိဘင်းပါဠိတော် ဘဝပုဒ်၌ ဥပပတ္တိဘဝကိုလည်း ဝေဖန်ဟောကြားထား သောကြောင့် ဓမ္မအပြားကို စောင့်ရှောက်ခြင်းအကျိုးငှာ ဥပပတ္တိဘဝသဒ္ဒါဖြင့် လေးခုမြောက် အကျိုးတရားငါးပါးအပေါင်းကို ယူအပ်သည်ဟု ကြံသော် သင့်မြတ်၏။
(ဤအဖွင့်သည် ဝဋ်သုံးပါးအဆိုကနေ အထက်က အကျိုးအခြင်းအရာငါးပါးကို ပြန်ဖွင့်သော အဖွင့်တည်း။ အခြင်းအရာ ၂၀-တို့ ၅ x ၄ = ၂၀-ဖြစ်ပါလျက် ဝဋ်ကျမှ ၃-မျိုးဖြစ်သွားပုံ စာကြံနည်းဟု သိလာရသည်။ တစ်နည်း အတိတ်အကြောင်း အခြင်းအရာငါးပါး၊ ပစ္စုပ္ပန်အကြောင်း အခြင်း အရာငါးပါး၊ အနာဂတ်အကျိုး အခြင်းအရာတစ်ပါးဟု ဆိုရသည့် ဥပပတ္တိဘဝ သို့မဟုတ် ထို ဥပပတ္တိဘဝကို ပွားယူရသည့် အနာဂတ်အကျိုးအခြင်းအရာငါးပါးဟု သိလာရသည်။
... အကျိုးတရားငါးမျိုးမှ တစ်မျိုးတခြား ကွဲထွက်နေသည် မဟုတ်သော ဥပပတ္တိဘဝကို ကွဲထွက် နေသလို “ဥပပတ္တိဘဝဟု ဆိုအပ်သော ဘဝတစ်စိတ်”ဟူသော စကားကို သင်္ဂဟဆရာသည် မိန့်ထား၏။
ထိုဥပပတ္တိဘဝဟူသည် ပစ္စုပ္ပန်အကြောင်းအခြင်းအရာငါးပါးကြောင့် ဖြစ်ရကား လေးခုမြောက် အနာဂတ်အကျိုး အခြင်းအရာငါးပါး၌သာလျှင် ယင်းကို သိမ်းယူအပ်၏။ ထို့ကြောင့် ထို ဥပပတ္တိဘဝ-သဒ္ဒါဖြင့် လေးခုမြောက် အနာဂတ် အကျိုးအခြင်းအရာ ငါးပါးကိုသာလျှင် ယူအပ်သည်ဟု ကြံသော် သင့်၏။
ဤအတိုင်းမယူသော် ပစ္စုပ္ပန်အကျိုး အခြင်းအရာငါးပါးနှင့် အနာဂတ် အကျိုးအခြင်းအရာ ငါးပါးတို့သည် ဝိပါကဝဋ်မည်၏ဟု ဆိုလိုက်သော် ပြီးသည်သာ ဖြစ်တော့၏။ ဤအတိုင်းဖြစ်သော် ‘အဝသေသာ’ဟူသော သင်္ဂဟစကား၌ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ-ဟူသော ဒုတိယပစ္စုပ္ပန် အကျိုးအခြင်းအရာ ငါးပါးသည်သာ ကြွင်းကျန်တော့သည်ဟု မှတ်အပ်၏။ အနုဒီပနီ။)
ဝဋ်မြစ် ၂-ပါး
၁၂။ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၂-ပါးတို့တွင် အဝိဇ္ဇာမည်သည်ကား မောဟစေတသိက်ပင်တည်း။ ထိုမောဟသည်လည်း အကုသိုလ်တရားတို့၏ အမြစ်အရင်းတည်း။ တဏှာ မည်သည်ကား လောဘစေတသိက်ပင်တည်း။ ထိုလောဘသည်လည်း အကုသိုလ်တရားတို့၏ အမြစ်အရင်း တည်း။
ထို့ကြောင့် “အဝိဇ္ဇာတဏှာဝသေန ဒွေ မူလာနိ” ဟူ၍ မိန့်ဆိုအပ်ပြီ။
အဋ္ဌကထာလာ စက်အဖွင့်ကို စိစစ်ပုံ
တစ်နည်းကား မူလဟူသည်ကား အဦးအစတည်း။ နှစ်ပါးကုန်သော ဝဋ်တရားတို့၏ ဦးခေါင်း တို့တည်း။ ဤသည်ကား အနက်တည်း။
ဝိဘင်းအဋ္ဌကထာ၌ကား “ခြင်းရာနှစ်ဆယ်တို့တွင် ရှေး၌ ဖြစ်သော ငါးပါးစု-နှစ်ခုအပေါင်းသည် တစ်ခုသော ဘဝစက်မည်၏။ နောက်၌ဖြစ်သော ငါးပါးစု-နှစ်ခုအပေါင်းသည် တစ်ခုသော ဘဝစက်မည်၏။
ထို့ကြောင့် ရှေးဖြစ်သော ဘဝစက်သည် အဝိဇ္ဇာလျှင် အကြောင်းရင်း ရှိ၏။ ထိုရှေးဖြစ်သော ဘဝစက်သည်လည်း ဒိဋ္ဌိစရိုက်များသော သူတို့၏ လည်းကောင်း အပါယ်သို့ လားရောက်လေ့ရှိသူတို့၏ လည်းကောင်း စက်တည်း။
နောက် ဖြစ်သော ဘဝစက်သည် တဏှာလျှင် အရင်းရှိ၏။ ထိုနောက်ဖြစ်သော ဘဝစက်သည်လည်း ရာဂစရိုက်များသော သူတို့၏လည်းကောင်း သုဂတိသို့ လားရောက်လေ့ရှိကုန်သော သူတို့၏ လည်းကောင်း စက်တည်း”ဟု ဤသို့ ပြထား၏။
ယင်းသို့ အဋ္ဌကထာ၌ ဘဝစက်နှစ်မျိုး ခွဲပြထားစေကာမူ စက်ဟူသည် အကြင်တရားမှ စ၍ ဝဋ်အစဉ်ကို အားထုတ်အပ်၏။ ထိုအစဖြစ်သောတရားသည် တစ်ဖန် လာပြန်သည်ရှိသော်သာလျှင် စက်မည်ရာ၏။ ထို့ကြောင့် ဤအရာ၌ ဒုတိယဘဝစက် ဖြစ်သည့် အကြောင်းစုံအကျိုးစုံနှင့်တကွ ပထမဘဝစက် အပါအဝင် အလုံးစုံသည် နှစ်မျိုးမကွဲ တစ်ခုတည်းသာလျှင်ဖြစ်သော စက်မည်၏ဟု ဆိုခြင်းငှာ သင့်၏။
အဝိဇ္ဇာနှင့် တဏှာကိုသာ မူလနှစ်ဖြာအဖြစ် ဟောရပုံ
ဤနေရာ၌ စောဒနာဖွယ်ပြဦးအံ့, အဘယ်ကြောင့် အတိတ်ဘဝမှ ဤဘဝသို့ လာကြောင်း ဖြစ်ကုန်သော တရားအဆောက်အဦတို့တွင် အဝိဇ္ဇာကိုသာလျှင် အစအမှူး အဦးပြု၍ ဟောတော် မူအပ်သနည်း။ ဤဘဝမှ အနာဂတ်ဘဝသို့ သွားကြောင်းဖြစ်ကုန်သော တရားအဆောက်အဦ တို့တွင်လည်း တဏှာကိုသာလျှင် အစအမှူး အဦးပြု၍ ဟောတော်အပ်မူသနည်း။
လာကြောင်း သွားကြောင်းနှစ်ပါးစုံ၌ အဝိဇ္ဇာတဏှာ နှစ်ပါးစုံကိုလည်း အစအမှူး အဦးပြု၍ ဟောသင့်ဟောထိုက် သည် မဟုတ်ပါလော။ ဤသည်ကား စောဒနာခြင်းတည်း။
အဖြေကို ဋီကာသစ်ဆရာငါသည် ဆိုအပ်၏။ အကြင်ကြောင့် သုခဝေဒနာနှင့်တူသော တဏှာ၏ အကြောင်းအာဟာရမည်သည် မရှိ။ ထို့ကြောင့် ဝေဒနာတည်းဟူသောအင်္ဂါမှ နောက်၌ ဝဋ်အင်္ဂါကို ဆက်စပ်တော်မူသော မြတ်စွာဘုရားသည် ဝေဒနာအား သင့်လျော်သော တဏှာကိုသာလျှင် ဟောသင့်ဟောထိုက်၏။ အဝိဇ္ဇာကို မဟောသင့်-မဟောထိုက်။
ထို့ကြောင့် သွားကြောင်းဖြစ်သော တရားတို့တွင် ရှေးဦးစွာ အဝိဇ္ဇာအတွက် အခွင့်သည် မရှိ။ တဏှာအတွက်သာ အခွင့်ရှိ၏။
အလုံးစုံတို့၏ ရှေးဦးစွာ အားထုတ်အပ်ရာအရာ၌လည်း အလုံးစုံတို့ထက် ပြဋ္ဌာန်းသော အဝိဇ္ဇာကိုသာလျှင် ဟောသင့်ဟောထိုက်၏။ ထိုအဝိဇ္ဇာသည်လည်း သင်္ခါရကို ဖြစ်စေရာ၌ မချွတ်မယွင်းသောအင်္ဂါ ဖြစ်၏။
ထို့ကြောင့် ထိုအဝိဇ္ဇာသင်္ခါရ တရားတို့၏အတွင်း၌ တစ်ခုသော အင်္ဂါ၏အကျိုးငှာ ဟောသင့်ဟောထိုက်သော တစ်စုံတစ်ခုသော တရားသဘောသည် မရှိ။ ထို့ကြောင့် လာကြောင်းဖြစ်သော တရားအဆောက်အဦတို့တွင် တဏှာအတွက် အခွင့်သည် မရှိ။ အဝိဇ္ဇာအတွက်သာ အခွင့်ရှိ၏။ ဤသို့ မှတ်အပ်၏။
(တဏှာအတွက်အခွင့်သည် မရှိတော့ဟု အဘယ်ကြောင့် မိန့်ဆိုအပ်သနည်း။ အဝိဇ္ဇာရှိချေသော် တဏှာမည်သည် စင်စစ်အားဖြင့် ဖြစ်သည်သာလျှင် မဟုတ်လော။ ထိုတဏှာသည်လည်း သင်္ခါရတို့အား အားကြီးသော အကြောင်းပစ္စည်းဖြစ်၏။
ထို့ကြောင့် မသိမှုအဝိဇ္ဇာကြောင့် ထို လိုချင်မှု တဏှာသည် ဖြစ်၏။ လိုချင်မှုတဏှာကြောင့် ပြုလုပ်မှုသင်္ခါရတို့သည် ဖြစ်ကုန်၏ဟု ဟောသင့်ရာ၏။ ထိုကို ရှောင်လွှဲဖြေဆိုခြင်းငှာ အောက်ပါစကားကို မိန့်တော်မူ၏။ အနုဒီပနီ။... ထိုအဖွင့်သည် မသိလို့ လိုချင်၊ လိုချင်တော့ ပြုလုပ်၊ ပြုလုပ်တော့ ရရှိ၊ ရရှိတော့ ခံရ-ဟူသော စွန်းလွန်းသြဝါဒကို သတိရစေ၏။)
မှန်၏, ဤပဋိစ္စသမုပ္ပါဒ်ဒေသနာမည်သည်ကား ပြဋ္ဌာန်းသော အင်္ဂါကို သိမ်းကျုံး၍ ယူသည်၏ အစွမ်းအားဖြင့် ဖြစ်၏။ ရထိုက်ကုန်သော အလုံးစုံကုန်သော တရားတို့ကို သိမ်းကျုံး၍ ယူသည်၏ အစွမ်းအားဖြင့် မဖြစ်။ ဤသို့ မှတ်အပ်၏။
ဋီကာကျော်
အဖို့တစ်ပါးကို ဆိုဦးအံ့, ဋီကာကျော်၌ “ပဋိစ္စသမုပ္ပါဒ်ရှေ့အဖို့၏ အရင်းအမြစ်သည်ကား အဝိဇ္ဇာတည်း။ နောက်အဖို့၏ အရင်းအမြစ်သည်ကား တဏှာတည်း” ဟူသောအကြင်စကားကို ဆိုအပ်ပြီ။
ထိုစကား၌ “ရှေ့အဖို့၏”ဟူသည်ကား ရှေးဖြစ်သော အတိတ်အကြောင်း + ပစ္စုပ္ပန် အကျိုးအစု၏။ “နောက်အဖို့၏” ဟူသည်ကား နောက်ဖြစ်သော ပစ္စုပ္ပန်အကြောင်း + အနာဂတ် အကျိုးအစု၏။ ဤသည်ကား အနက်တည်း။
(အထူးမပြောသာ။ မန်လည်။--- ဤနေရာ၌ ဋီကာကျော်ဆိုလိုရင်းပေါ်အောင် ဒီပနီက ဖွင့်ပြနေ သည်ဖြစ်၍ အထူးမပြောသာ။ ... ထိုပုဗ္ဗန္တ၊ အပရန္တ-အရကို ဘာသာဋီကာမူ ဋီကာကျော်နိဿယ၌ ရှေ့အတိတ် ဖြစ်သော ခန္ဓာအာယတနဓာတ်အဖို့အစု၊ နောင်အနာဂတ်ဖြစ်သော ခန္ဓာ အာယတန ဓာတ်အဖို့အစု-ဟု အနက်ပေးထား၏။ မဏိသာရမဉ္ဇူသာဋီကာအဖွင့်နှင့် မညီ။)
ဝဋ်ပြတ်ပုံနှင့် လည်ပုံ နှစ်ဂါထာအဖွင့်
၁၃။ စောဒနာဖွယ်ပြဦးအံ့, အဘယ်ကြောင့် နှစ်ပါးကုန်သော ထိုအဝိဇ္ဇာတဏှာတို့သည်သာလျှင် မူလတို့ မည်ကုန်သနည်း။ ဤသို့စောဒနာဖွယ်ရှိသောကြောင့် “တေသမေဝ စ မူလာနံ၊ နိရောဓေန နိရုဇ္ဈတိ”ဟူ၍ မိန့်ဆိုတော်မူပြီ။
အကြင်ကြောင့် ထိုမူလနှစ်ပါးတို့၏ ဖြစ်ပွားခြင်းကြောင့် အလုံးစုံသော ဝဋ်သည် ဖြစ်ပွား၏။ ထိုမူလနှစ်ပါးတို့၏ ချုပ်ခြင်းကြောင့် အလုံးစုံသော ဝဋ်သည် ချုပ်၏။ ထို့ကြောင့် နှစ်ပါးကုန်သော ထိုအဝိဇ္ဇာ တဏှာတို့သည် မူလမည်ကုန်၏။ ဤသို့သော အဓိပ္ပာယ်ကို ဆိုလို၏။
ကေစိဆရာတို့သည်ကား ထို “တေသမေဝ စ မူလာနံ၊ နိရောဓေန နိရုဇ္ဈတိ” ဟူသောစကားသည် ပဋိလုံပဋိစ္စသမုပ္ပါဒ်ကို ပြသောစကားတည်းဟု ဆိုကုန်၏။ ပဋိလုံ ပဋိစ္စသမုပ္ပါဒ် မည်သည်ကား အဝိဇ္ဇာချုပ်ခြင်းကြောင့် သင်္ခါရချုပ်၏, သင်္ခါရချုပ်ခြင်းကြောင့် ဝိညာဏ်ချုပ်၏ အစရှိသော နိရောဓဝါရတည်း။
(ကေစိဆရာတို့ မိန့်သည့်အတိုင်း မှန်မူကား ထို “တေသမေဝ စ မူလာနံ၊ နိရောဓေန နိရုဇ္ဈတိ” ဟူသော ဝဋ်ပြတ်ပုံစကားနောင် ဝဋ်လည်ပုံကို ပြသော “ဇရာမရဏမုစ္ဆယ ပီဠိတာနမဘိဏှသော” ဤသို့ အစရှိသောစကားကို မဆိုသင့်။ ဤသို့ မှတ်အပ်၏။ နိဿယမူ။)
(ကေစိဆရာတို့၏ စကားသည် ဘုရားဟောပါဠိတော်နှင့် ညီ၍ သင့်သလိုရှိသည်။ သင်္ဂြိုဟ်ကျမ်းသည် အနှစ်ချုပ်ကျမ်းဖြစ်၍ နိရောဓပဋိလုံပဋိစ္စသမုပ္ပါဒ်ကို ဂါထာနှစ်ပိုဒ်မျှဖြင့် ပြပြီးနောက် ပဋိစ္စသမုပ္ပါဒ်လည်ပုံကို တစ်ဖန် ပြခြင်းကား အဝိဇ္ဇာ၏အကြောင်းကို ပြစရာစကား မကုန်သေး၍ ထပ်ပြသည်ဟု ယူက ကေစိဆရာတို့စကား မှန်၏။
ထိုနှစ်ဂါထာ အဆုံး၌ “ပဋိစ္စသမုပ္ပါဒေါတိ ပဋ္ဌပေသိ မဟာမုနိ”ဟု ပြထားပုံအရ ပဋိစ္စသမုပ္ပါဒ်ဟူသည် ဖြစ်ခြင်းပြ အနုလုံနှင့်သာ ဆိုင်သည်ဟု ထင်ဖွယ် ရှိသော်လည်း ဝိနည်းမဟာဝါ အစ၌ “ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ”ဟု မိန့်ထားရကား ပဋိစ္စသမုပ္ပါဒ်စကားသည် ပဋိလုံနှင့်လည်း ဆိုင်သည်ဟု သိအပ်၏။)
“ဇရာမရဏမုစ္ဆာယ”အစရှိသော စကားကို မိန့်ရခြင်းအကြောင်း
ယခုအခါ၌ သောကအစရှိသောစကားကို ဆိုခြင်းသည် သက်သက် ဇာတိ၏ အကျိုးဆက်ကို ပြခြင်းမျှသည်သာလျှင် ဖြစ်သည် မဟုတ်သေး။
စင်စစ်သော်ကား ထို သောကအစရှိသော စကားကို ဆိုခြင်းသည် ဇရာမရဏနှင့်တကွ အင်္ဂါတစ်ခုတည်း ဖြစ်၍ အထက်၌ ဒုတိယ အနာဂတ်ဘဝ စသည်တို့၌ အဝိဇ္ဇာတဏှာဟု ဆိုအပ်ကုန်သော ဝဋ်မြစ်တရားကို စီရင်ဆက်နွယ်စေ တတ်ကုန်သော ဒုက္ခတရားတို့ကို ပြခြင်းအကျိုးငှာလည်း ဖြစ်သည်ဟု ပြလိုတော်မူသော အရှင်အနုရုဒ္ဓါမထေရ်သည် “ဇရာမရဏမုစ္ဆာယ” အစရှိသော စကားကို မိန့်တော်မူ၏။
ထိုတွင် “မုစ္ဆာ”သဒ္ဒါဖြင့် “သောက”အစရှိသည်တို့ကို ယူ၏။ မှန်၏, ထိုသောကစသည့် ဒုက္ခတရားတို့သည်လည်း မိမိတို့ကိုယ်တိုင် အာသဝတို့ကြောင့် ပြည့်စုံစွာ ဖြစ်ကုန်သည် ဖြစ်၍ တစ်ဖန် အာသဝတို့၏ ဖြစ်ပွားခြင်းငှာ အကြောင်းတို့သည် ဖြစ်ကုန်၏။
ထို့ကြောင့် ထိုမုစ္ဆာသဒ္ဒါဖြင့် ထိုသောက စသည့် ဒုက္ခတရားတို့ကို အင်္ဂါ ၁၂-ပါးတို့တွင် ဇရာမရဏအင်္ဂါ၌ ယူခြင်းသည် ပြီးစီး၏။ အိုခြင်း သေခြင်း တွေဝေမိန်းမောခြင်းသည် မပြတ် နှိပ်စက်အပ်ကုန်သော လူမိုက်တို့အား အာသဝေါတရားတို့သည် မပြတ် ပြည့်ပြည့်စုံစုံ ဖြစ်ကုန်၏။
အာသဝေါတရားတို့၏ ပြည့်ပြည့်စုံစုံ ဖြစ်ခြင်းကြောင့် အဝိဇ္ဇာ စသည်လည်း လွန်စွာပွား၏။
မှန်၏, “အာသဝဖြစ်ခြင်းကြောင့် အဝိဇ္ဇာသည် ဖြစ်၏”ဟူ၍ မူလပဏ္ဏာသ ပါဠိတော်၌ မြတ်စွာဘုရား ဟောတော်မူအပ်ပြီ။ ဤသို့ အာသဝကြောင့် အဝိဇ္ဇာဖြစ်သည် ရှိသော်ကား အဝိဇ္ဇာကြောင့် သင်္ခါရအစရှိသည်တို့ ဖြစ်ကုန်သောအားဖြင့် ဝဋ်သည် ဆက်စပ်ပြန်သည်သာလျှင်တည်း။
ဆက်ဦးအံ့, ဤနေရာ၌-
“နာနာဗျသနဖုဋ္ဌဿ၊ သောကာဒီနံ ပဝတ္တိတော။
အဝိဇ္ဇာတဏှာ ဝဍ္ဎန္တိ၊ ယတော ဝဋ္ဋံ ပဝတ္တတိ။”
“အကြင်ကြောင့် အထူးထူးသော ဆွေးမျိုးတို့၏ ပျက်စီးခြင်းစသော ဗျသနတရားသည် တွေ့ထိနှိပ်စက်အပ်သောသူအား စိုးရိမ်ခြင်းသောက အစရှိသည်တို့၏ ဖြစ်ခြင်းကြောင့် သစ္စာမသိမှု အဝိဇ္ဇာ, မက်မောမှုတဏှာတို့သည် ပွားကုန်၏။ ထို့ကြောင့် (ထိုအဝိဇ္ဇာတဏှာတို့ ပွားခြင်းဟူသော အကြောင်းကြောင့်) သင်္ခါရစသော ဘဝစက်ဟူသော ဝဋ်သည် အဆက်မပြတ် ဖြစ်ပေ၏” ဟူ၍လည်း ဆိုသင့်ဆိုထိုက်၏။
အင်္ဂုတ္တိုရ်ပါဠိတော်
ဘုရားရှင် အဘယ်ကဲ့သို့ ဟောသနည်းဟူမူကား “ရဟန်းတို့ ဒုက္ခ၏ အကျိုးဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သောသူသည် အကြင်ဒုက္ခသည် နှိပ်စက်အပ်သည် ထက်ဝန်းကျင်မှ သိမ်းကျုံးအယူခံရသောစိတ် ရှိသည် ဖြစ်၍ ပူဆွေးရ၏။ ပင်ပန်းရ၏။ ငိုကြွေးရ၏။ ရင်ဘတ် စည်တီး၍ မြည်တမ်းရ၏။ သမ္မောဟ = ပြင်းထန်စွာ တွေဝေခြင်းသို့ ရောက်ရ၏။
သို့မဟုတ်မူကား အကြင်ဒုက္ခသည် နှိပ်စက်အပ်သည် ထက်ဝန်းကျင်မှ ကုန်ခန်းစေအပ်သောစိတ်ရှိသည် ဖြစ်၍ “ဘယ်သူများ ဒီလိုဆင်းရဲမျိုး ချုပ်ငြိမ်းဖို့ တစ်ပုဒ်တစ်ပါဒရှိတဲ့ မန္တန်ကိုဖြစ်စေ နှစ်ပုဒ်နှစ်ပါဒရှိတဲ့ မန္တန်ကိုဖြစ်စေ သိနိုင်ပါ့မလဲ”ဟု (သာသနာမှ) အပ၌ (ဒုက္ခလွတ်လမ်းကို) ပရိယေဋ္ဌိ = ရှာမှီးခြင်း သို့ ရောက်၏။
ရဟန်းတို့ ထိုဒုက္ခမျိုးကို သမ္မောဟဝေပက္က = ပြင်းထန်စွာ တွေဝေခြင်းအကျိုးဆက် ရှိ၏ဟူ၍ လည်းကောင်း, (ချမ်းသာအံ့နိုး ဒုက္ခလွတ်လမ်းမျိုး) ပရိယေဋ္ဌိဝေပက္က = ရှာမှီးခြင်း အကျိုးဆက် ရှိ၏ဟူ၍လည်းကောင်း ငါ ဟော၏။ ရဟန်းတို့ ဤသည်ကို ဒုက္ခ၏အကျိုးဟူ၍ ဆိုအပ်၏”ဟူ၍ အင်္ဂုတ္တိုရ်ပါဠိတော်၌ ဟောတော်မူ၏။
ထိုပါဠိ၌ သမ္မောဟသည် အဝိဇ္ဇာ မည်၏။ ပရိယေဋ္ဌိသည် တဏှာ မည်၏။ ထိုဒုက္ခတရားအား ထိုအဝိဇ္ဇာတဏှာနှစ်ပါးစုံဟူသော အကျိုးသည် ရှိသည်ဟု ဤသို့ ဝိဂ္ဂဟပြု၍ ဇရာမရဏအစရှိသော ဒုက္ခကို “သမ္မောဟဝေပက္က” ဟူ၍လည်းကောင်း, “ပရိယေဋ္ဌိဝေပက္က” ဟူ၍လည်းကောင်း အပြား အားဖြင့် ဆိုအပ်၏။ ဤသို့ သိအပ်၏။
(“သမ္မောဟော ဝေပက္ကံ ဧတဿ ဒုက္ခဿာတိ သမ္မောဟဝေပက္ကံ, ပရိယေဋ္ဌိ ဝေပက္ကံ ဧတဿ ဒုက္ခဿာတိ ပရိယေဋ္ဌိဝေပက္ကံ”ဟူ၍ ဝိဂြိုဟ်ပြုပါဟု ဆိုလိုသည်။)
ထိုပါဠိတွင် “သမ္မောဟ”မည်သည်ကား ဆွေမျိုးတို့၏ ပျက်စီးခြင်းအစရှိသည်က တွေ့ထိအပ်သော သူသည် ပူဆွေးရ၏။ ပင်ပန်းရ၏။ ငိုကြွေးရ၏။ ရင်ဘတ်စည်တီး၍ မြည်တမ်းရ၏။ ပြင်းထန်စွာ တွေဝေခြင်းသို့ ရောက်ရ၏”ဟု လာသော “သမ္မောဟမျိုး” တည်း။
“ပရိယေဋ္ဌိ”မည်သည်ကား ထမင်း ဆာလောင်ခြင်းက နှိပ်စက်အပ်သော သူသည် ဘောဇဉ်ကို တောင့်တရှာမှီးသလို, ရေငတ်ခြင်းက နှိပ်စက်အပ်သော သူသည် ရေကို တောင့်တရှာမှီးသလို ထို့အတူ တစ်စုံ တစ်ခုသော ဒုက္ခက တွေ့ထိအပ်သော သူသည် သုခကို တောင့်တရှာမှီးသည့်အနေဖြင့် ဖြစ်သော “ရှာမှီးတဏှာမျိုး”တည်း။
(မူရင်းကျမ်း၌ အင်္ဂုတ္တိုရ်ပါဠိအကိုးအကားကို တစ်စိတ်တစ်ဒေသမျှသာ ပြထားစေကာမူ ဤမြန်မာပြန်၌ အပြည့်အစုံ ဖော်ပြလိုက်သည်။ ထိုသမ္မောဟ-စသည်ကို ဤကျမ်း၌ တတ္ထ-ချီလျက် နှစ်ခါဖွင့်သည်။ ပထမ အရကောက်ဖွင့်။ ဒုတိယ အဓိပ္ပာယ်နှင့် အရကောက် အချို့အဝက် ပါသောအဖွင့် ဖြစ်သည်။ မူလကတည်းက ကျမ်းအပြည့်အစုံကိုး၍ တတ္ထ-နှစ်ခါမခွဲဘဲ ဖွင့်ခဲ့က ကျစ်လစ်သော စာအနေအထား ဖြစ်မည်။)
ဇရာမရဏကို ပဓာနထားနည်း
ဆက်ဦးအံ့, အကြင်ကြောင့် ဤအရာ၌ ဇရာမရဏနှင့်တူသော ကြီးကျယ်သည်လည်းဖြစ်သော ပျံ့နှံ့သည်လည်းဖြစ်သော မြဲသည်လည်းဖြစ်သော ဤလောက၏ ဒုက္ခအရာဌာနမည်သည် မရှိ။
မြတ်စွာဘုရား၏ သာသနာတော်သည်ကား ဒုက္ခမှထွက်မြောက်ခြင်းအကျိုးငှာ ဖြစ်၏။ ထို့ကြောင့် (ဒုက္ခမှထွက်မြောက်ခြင်းအကျိုးငှာ ဟောထားသော) ဤ ပဋိစ္စသမုပ္ပါဒ် ဒေသနာသည် ဇရာ မရဏလျှင် အကြောင်းအရင်း ရှိ၏။
ဘုရားရှင် အဘယ်ကဲ့သို့ ဟောတော်မူသနည်းဟူမူကား “ဤသတ္တဝါလောကသည် ငြိုငြင်ပင်ပန်း ခြင်းသို့ စင်စစ် ရောက်၏။ ပဋိသန္ဓေလည်း နေရ၏။ အိုလည်း အိုရ၏။ သေလည်း သေရ၏။ ရွေ့လျောလည်း ရွေ့လျောရ၏။ ဘဝတစ်ပါးသို့ ကပ်၍ ဖြစ်လည်း ဖြစ်ရ၏။ ထိုသို့ဖြစ်နေ ပါလျက်လည်း ဇရာမရဏဟု ဆိုအပ်သော ဤဒုက္ခမှ ထွက်မြောက်ခြင်းကို ဤသတ္တဝါ လောကသည် မသိနိုင်”ဤသို့ အစရှိသည်ဖြင့် ဟောတော်မူပြီ။
အဖို့တစ်ပါးကို ဆိုဦးအံ့, အကြင်ပဋိစ္စသမုပ္ပါဒ်အင်္ဂါတို့ကို အစမှစ၍ သိအပ်ကုန်သည်ရှိသော် ဇရာမရဏကို အမြစ်အရင်းနှင့်တကွ တူးဖြို၍ ထိုဇရာမရဏမှ မိမိကိုယ်ကို လွတ်စေခြင်းငှာ စွမ်းနိုင်၏။ ထိုပဋိစ္စသမုပ္ပါဒ်အင်္ဂါတို့ကို ပြခြင်းငှာ ဇရာမရဏ၏ ရှေး၌ ဖြစ်ကုန်သော ဇာတိ အစရှိကုန်သော ပဋိစ္စသမုပ္ပါဒ်အင်္ဂါတို့ကို ဟောတော်မူအပ်ကုန်ပြီ။
ဇရာမရဏကို ပဓာန မထားနည်း
တစ်ပါးသောနည်းကား တစ်ခုသောဘဝ၌ တည်၍ အတိတ်ဘဝမှ ယခုဘဝသို့ လာကြောင်းတရား အဆောက်အဦတို့နှင့် လည်းကောင်း, ယခုဘဝမှ အနာဂတ် ဘဝသို့ သွားကြောင်းတရား အဆောက်အဦတို့နှင့်လည်းကောင်း, အတိတ်ဘဝမှ ယခု ဘဝသို့ ပဋိသန္ဓေဝိညာဏ်ဖြစ်ခြင်း၏ အစွမ်းဖြင့် လာခြင်းနှင့်လည်းကောင်း, ယခုဘဝမှ အနာဂတ်ဘဝသို့ ဇာတိထင်ရှားဖြစ်ခြင်း၏ အစွမ်းဖြင့် သွားခြင်းနှင့်လည်းကောင်း ခန္ဓာအတ္တဘော၏ တကွဖြစ်ခြင်းကို ပြအပ်သည်ရှိသော် အတိတ်လည်းဖြစ် အနာဂတ်လည်း ဖြစ်သည့် အလုံးစုံသော သံသရာ၌ ထိုထိုဘဝ၌ ထိုထို အတ္တဘော၏ ဖြစ်ခြင်းကို ပြအပ်သည်သာလျှင် ဖြစ်၏။ အလုံးစုံကုန်သော ဒိဋ္ဌိအယူတို့ကိုလည်း ဆုတ်နစ်စေအပ်ကုန်၏။
ဆက်၍ဆိုဦးအံ့, အကြင်ကြောင့် ဘဝစက်သည်လည်း အစဟု ဆိုအပ်သော အပိုင်းအခြား မရှိသည်ဖြစ်၍ လည်သည်သာလျှင် ဖြစ်၏။ ထို့ကြောင့် ဇရာမရဏသဒ္ဒါဖြင့် လည်းကောင်း သောကစသောသဒ္ဒါဖြင့်လည်းကောင်း အဝိဇ္ဇာကို မကြံမူ၍, သုံပါးအပြားရှိသော မပြတ်လည်လျက် ဖြစ်သော ဝဋ်အစဉ်၏လည်းကောင်း ဒုက္ခဖြစ်ကြောင်းတရားတို့က အကျိုးတရားအဖြစ် ထုတ်လုပ် ထားသော ဇာတိ၏သာလျှင်လည်းကောင်း ကြီးစွာသောအပြစ်အစုကို ပြခြင်းကိုသာလျှင် ယုံကြည်အပ်၏။
အနက်ပေးနည်း
“ဣစ္စေဝံ”ဤသို့အစရှိသောစကားသည် နိဂုံးတည်း။
ဣစ္စေဝံ-ဤဆိုအပ်ခဲ့ပြီးသော “အဝိဇ္ဇာ ဟူသော အကြောင်းကြောင့် သင်္ခါရတို့သည် ဖြစ်ကုန်၏”အစရှိသော နည်းဖြင့်၊
အာဗန္ဓံ-မပြတ်နှောင်ဖွဲ့ အပ်သော၊
အနာဒိကံ-မသိနိုင်သော အစရှိသော၊
တေဘူမကံ-ဘုံ ၃-ပါး၌ဖြစ်သော၊
ဝဋ်တံ-ဝဋ်ကို၊
မဟာမုနိ-ဘုရားမြတ်သည်၊
ပဋ္ဌပေသိ-ဖြစ်စေတော်မူပြီဟု စာစပ်အပ်၏။
--- ဣစ္စေဝံ-ဤဇရာမရဏ မုစ္ဆာယ-ဤသို့အစရှိသည်ဖြင့်၊ အာဗန္ဓံ-မပြတ်နှောင်ဖွဲ့အပ်သော၊ အနာဒိကံ-မသိနိုင်သော အစရှိသော၊ တေဘူမကံ-ဘုံ ၃-ပါး၌ဖြစ်သော၊ ဝဋ်တံ-ဝဋ်ကို၊ မဟာမုနိ-ဘုရားမြတ်သည်၊ ပဋ္ဌပေသိ-ဖြစ်စေတော်မူပြီဟုလည်း ဆရာတို့ အနက်ယောဇနာကုန်၏။
ထိုဆရာတို့နည်း၌ “ဣစ္စေဝံ၊ အာဗန္ဓံ”ဟူသည်ကား ‘အိုခြင်း သေခြင်း တွေဝေ မိန်းမောခြင်း’ အစရှိသည်ဖြင့် ဆိုအပ်ပြီးသော နည်းဖြင့်၊ အဖန်ဖန် မပြတ်လည်သော။ ဤကား ဣစ္စေဝံ-ပုဒ်၏အစွဲနှင့် အာဗန္ဓံ-ပုဒ်၏ ရှေ့၌ ဆောင်၍ သိအပ်သော ပုနပ္ပုနံ-အဖန်ဖန်-အနက်တည်း။ (အများသိ အနမတဂ္ဂသံသာရ-ပုဒ်ကို အနာဒိကံ-ပုဒ်နှင့် ပြသည်။)
အနမတဂ္ဂသံသရာ ဖြစ်ပုံရှင်းပြချက်
“အနာဒိကံ-အစမရှိသော”ဟူ၍ အဘယ့်ကြောင့် ဆိုအပ်သနည်း, အဝိဇ္ဇာကို ဝဋ်၏ အစအကြောင်း ပစ္စည်းအဖြစ်ဖြင့် ပဋိစ္စသမုပ္ပါဒ်အစ၌ ထား၍ ထိုတရားကိုယ်တိုင် အကြောင်းမဲ့အဖြစ် ဘုရားရှင် ဟောတော်မူအပ်သည် မဟုတ်ပါလော, ဤသည်ကား စောဒနာခြင်းတည်း။
အဖြေကို ငါသည် ဆိုအပ်၏။ ဝဋ်၏ အစဖြစ်သည်၏အဖြစ်ကြောင့် ထိုအဝိဇ္ဇာကို ပဋိစ္စသမုပ္ပါဒ် အစ၌ ထား၍ ဟောတော်မူအပ်သည်မဟုတ်။ ဝဋ်ကို ဟောတော်မူအပ်သော စကား၏ အဦးဖြစ်သည်၏ အဖြစ် ကြောင့်သာလျှင် ထိုအဝိဇ္ဇာကို ပဋိစ္စသမုပ္ပါဒ်အစ၌ ဟောတော်မူအပ်၏။ ဤသို့ ဟောတော်မူ အပ်သော ထိုအဝိဇ္ဇာဖြင့်ကား ဝဋ်၏ အစမရှိသည်၏အဖြစ်ကိုသာလျှင် ပြအပ်၏။
မှန်၏, အဝိဇ္ဇာမည်သည်ကို ခန္ဓာပြင်ပ၌ မရအပ်။ သတ္တဝါတို့၏အတွင်းသန္တာန်၌သာလျှင် ရအပ်၏။ ဤသို့သော အနက်သဘောသည် မျက်မြင်ပစ္စက္ခအားဖြင့်သာလျှင် ပြီးစီး၏။
ထို့ကြောင့် ဤဘဝအတွက် အတိတ်ဘဝက အဝိဇ္ဇာသည် ဖြစ်ကြောင်းအားဖြင့် ပြီးစီးသည်ရှိသော် အတိတ် ဘဝ၌ အကျုံးဝင်သော ထိုအဝိဇ္ဇာ၏ စွဲရာတည်ရာမှီရာ ဖြစ်သော အတိတ် ဘဝအတ္တဘော သည်လည်း ထိုဘဝ၌ ပြီးစီးတော့သည်သာလျှင်တည်း။
ပြီးစီးသော(အတိတ်)အတ္တဘောသည်လည်း ဤပဋိစ္စသမုပ္ပါဒ်ဒေသနာ၌ ဆိုအပ်ပြီးသောနည်းဖြင့် အတိတ်ဘဝမှလည်း ရှေးကျသောဘဝ၌ ပြီးစီးသော တစ်ပါးသော အဝိဇ္ဇာဖြင့်သာလျှင် ပြီးစီး၏။ ကိုယ့်ဘဝမှာရှိသော အဝိဇ္ဇာဖြင့် ကိုယ့်အတ္တဘောပင် ဖြစ်ကြေးဟုဆိုရမည့် တစ်ပါးသော အခြင်း အရာအားဖြင့် မပြီးစီးပေ။
ဤသို့ဖြစ်သည်ရှိသော် တစ်ဖန် ထိုရှေးဘဝ၌ ဖြစ်သော အဝိဇ္ဇာ၏လည်း တည်ရာဖြစ်၍ဖြစ်သော သာ၍ ရှေးကျသော အတ္တဘောသည် ပြီးစီးသည်သာလျှင်တည်း။ ဤ အတိတ်အတ္တဘောနှင့် ရှေးကျအတိတ် အဝိဇ္ဇာနှစ်ပါးစုံသည်လည်း မဆုံးဖြတ် မပိုင်းခြားအပ်သည်, တည်တံ့မနေသည်, အစမရှိသည်သာလျှင် ဖြစ်ဘိတော့၏။ ဤသို့ သိအပ်၏။
(ဤစာသဘောကို နားလည်ရန် ယခုဘဝခန္ဓာအတ္တဘောရလာခြင်းသည် အတိတ်အဝိဇ္ဇာကြောင့် ဖြစ်ကြောင်း, ထိုအတိတ်အဝိဇ္ဇာဖြစ်ခဲ့ရာ အတိတ်အတ္တဘောခန္ဓာလည်း ရှိခဲ့ကြောင်း, သို့သော် ထိုအတိတ်အဝိဇ္ဇာဖြစ်ခဲ့ရာ အတိတ်အတ္တဘောခန္ဓာ၏ အကြောင်း အဝိဇ္ဇာကိုပြောပြစမ်းပါဆိုလျှင် ထိုအတိတ်ရှေ့က ပိုရှေးကျသည့် အတိတ်ဘဝ၏ အတိတ် ဝိဇ္ဇာဟူသော အကြောင်းတရားကို ပြရမည်ဖြစ်ကြောင်း စဉ်းစားမှ နားလည်မည်။)
အဖို့တစ်ပါးကို ဆိုဦးအံ့, သုံပါးအပြားရှိသည်လည်းဖြစ်သော ကိလေသဝဋ်, ကမ္မဝဋ်, ဝိပါကဝဋ်၏ ပဓာနအကြောင်းဖြစ်သည်၏အဖြစ်ကြောင့် ထိုအဝိဇ္ဇာသည် ဝဋ္ဋကထာ၏ ဦးခေါင်း ဖြစ်၏။
ထို အဝိဇ္ဇာသည် ဝဋ်၏ အစသည် အကယ်၍ မဖြစ်ငြားအံ့, ထိုသို့အစမဖြစ်ခဲ့သည်ရှိသော် ထို အဝိဇ္ဇာ၏လည်း အကြောင်းကို ဟောသင့်ဟောထိုက်၏။ ဤကား စောဒနာတည်း။
ထိုစောဒနာတိုင်း မှန်ပေ၏။ ထိုသို့ပင် မှန်ငြားသော်လည်း ထိုအဝိဇ္ဇာ၏ အကြောင်းကို ဟောအပ် သည် ရှိသော်လည်း ထိုအကြောင်း၏လည်း ထပ်ဆင့်အကြောင်းကို ဆိုသင့်ဆိုထိုက်၏”ဟူသော စောဒနာသည် လာနိုင်သည်သာလျှင်တည်း။ ဤသို့လာသည်ရှိသော် ‘ထို၏အကြောင်း, ထို၏ အကြောင်း’ဟူ၍ ပြီးဆုံးခြင်းသည်သာလျှင် မထင်နိုင်လေရာ။ ဤသို့ သိအပ်၏။
အဝိဇ္ဇာဖြစ်ကြောင်းတရားများ
ထိုသို့အဝိဇ္ဇာ၏ အကြောင်းကို ပဋိစ္စသမုပ္ပါဒ်ပါဠိတော်၌ ဘုရားမဟောသော်လည်း တစ်ပါးသော ပါဠိတော်တို့၌ကား ဟောတော်မူအပ်သည်သာလျှင်တည်း။
ဘုရားရှင် အဘယ်ကဲ့သို့ ဟောတော်မူ သနည်းဟူမူကား “အာသဝဖြစ်ပွားခြင်းကြောင့် အဝိဇ္ဇာသည် ဖြစ်ပွား၏”ဟူ၍ မူလပဏ္ဏာသ ပါဠိတော်၌ ဟောတော်မူ၏။
ထပ်မံ၍ ဘုရားရှင် အဘယ်ကဲ့သို့ ဟောတော်မူသနည်းဟူမူကား “ရဟန်းတို့ အဝိဇ္ဇာကိုလည်း အကြောင်းနှင့်တကွဖြစ်သော တရားဟူ၍ ငါဘုရား ဟော၏။ အကြောင်းမရှိသောတရားဟူ၍ ငါ ဘုရား မဟော။ အဝိဇ္ဇာ၏ အားကြီးသော အကြောင်းကား အဘယ်နည်းဟူမူ နီဝရဏငါးပါးတို့တည်းဟု ဆိုအပ်ရာ၏”ဟု အင်္ဂုတ္တရနိကာယ်၊ ဒသကနိပါတ်၊ အဝိဇ္ဇာသုတ်၌ ဟောတော်မူထား၏။
ထပ်မံ၍ အရှင်သာရိပုတ္တရာ အဘယ်ကဲ့သို့ ဟောတော်မူသနည်းဟူမူကား “အဝိဇ္ဇာသည် အကြောင်းတည်း။ သင်္ခါရတို့သည် အကြောင်းကြောင့်ဖြစ်ကုန်သော အကျိုးတရားတို့တည်း။ နှစ်ပါး လည်းဖြစ်ကုန်သော ထိုအဝိဇ္ဇာသင်္ခါရတို့သည် အကြောင်းကြောင့်ဖြစ်သော အကျိုးတရား ပစ္စယသမုပ္ပန္န တို့တည်း”ဟူ၍ ဟောတော်မူ၏။
(နောက်ဆုံးပြထားသော အကိုးအကားပါဠိသည် ပဋိသမ္ဘိဒါမဂ်ပါဠိတော် ဓမ္မဋ္ဌိတိဉာဏ်ခန်း၌ လာရှိသည်။ ဆဋ္ဌမူ၌ “ဥဘောပေတေ ဓမ္မာ ပစ္စယသမုပ္ပန္နာ”ဟု ရှိသည်။ ဒီပနီပါဠိ၌ “ဥဘယမ္ပေတံ ပဋိစ္စသမုပ္ပန္နံ”ဟု ပါဌ်ပျက်လျက် ရှိသည်။ ပဋိစ္စ-ပစ္စယ-နှစ်မျိုးလုံး သုံးထားပုံ သိလိုက ထိုတွင်ရှု။ ဒီပနီပါဠိအောက်ခြေ၌ ထို၏ကျမ်းကိုးရှာဟု ပြထားသည်။ ပဋိစ္စသမုပ္ပါဒ-ဟု ဟောလျှင်အကြောင်း၊ ပဋိစ္စသမုပ္ပန္န-ဟု ဟောလျှင် အကျိုးဟု ပစ္စယသုတ်ဟောနည်းအရ သိရ၍ သင်္ခါရတို့ကိုသာမက အဝိဇ္ဇာကိုပါ အကျိုးတရားဟု ဟောထားပုံအရ အဝိဇ္ဇာသည် အကြောင်းတရားရှိသည့် အကျိုးတရားဟု ကျမ်းဆရာ ဆိုလိုပုံရသည်။ ရှေ့သာဓကများလို အဝိဇ္ဇာ၏ အကြောင်းကို ရှာမပြစေကာမူ အဝိဇ္ဇာသည် အကျိုးတရားဟု ဆိုလျှင် အကြောင်းတရားရှိသည်ဟု သိနိုင်၍ ဤသာဓကလည်း သင့်မြတ်သည်။)
(ပဋိစ္စသမုပ္ပါဒ်ကို ပိုမိုသိလိုက လယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်ခဲ့သည့် “ပဋိစ္စသမုပ္ပါဒ်ဒီပနီ”တွင် လေ့လာပါ။)
ဂါထာအဆုံး၌ “ပဋ္ဌပေသိ”ဟူသည်ကား ပညတ်တော်မူ၏, ဟောတော်မူ၏။ ဤကား အနက်တည်း။
ပဋိစ္စသမုပ္ပါဒ်နည်းသည် ပြီးဆုံးခြင်းသို့ ရောက်ပြီ။
ပဋ္ဌာန်းနည်းအဖွင့်
ဟေတုပစ္စယော
၁၄။ ယခုအခါ၌ ပဋ္ဌာန်းနည်းကို ပြတော်မူခြင်းငှာ အလိုရှိတော်မူသော အရှင်အနုရုဒ္ဓါမဟာထေရ် သည် “ဟေတုပစ္စယော”ဤသို့ အစရှိသောစကားကို အားထုတ်တော်မူအပ်၏။
ထိုစကား၌ “အကြောင်းဟိတ်လည်းဟုတ်, အကြောင်းပစ္စည်းလည်း ဟုတ်သည် ဟူသော အကြောင်းဟိတ် ကြောင့် “ဟေတုပစ္စယ”မည်၏။ ဟိတ်သည် ဖြစ်၍ ကျေးဇူးပြုတတ်သော ပစ္စည်း, ဟိတ်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော ပစ္စည်းဟု ဆိုလို၏။
ထိုစကားရပ်၌ အဘယ်အနက်ကြောင့် ဟိတ်မည်သနည်း။ အမြစ်အရင်း ‘မူလ’ ဟူသော အနက်ကြောင့် ဟိတ်မည်၏။ ‘မူလ’ဟူသည်လည်း အဘယ်နည်း, ဤကား အမေးတည်း။
သစ်ပင် တို့၏သစ်မြစ်၏ တကွဖြစ်ဖက်ပင်စည်စသည်တို့ကို မြေ၌ ကောင်းစွာ တည်သည်၏အဖြစ်ကို ပြီးစေတတ်သော အနက်သည် ‘မူလဋ္ဌ’မည်သကဲ့သို့ ထို့အတူ ရုပ်နာမ်တို့၏ အမြစ်ဖြစ်သော ဟိတ်ခြောက်ပါး၏ အတူတကွဖြစ်ဖက် သဟဇာတ်တရားတို့ကို အာရုံခြောက်ပါးတို့၌ ကောင်းစွာ တည်သည်၏အဖြစ်ကို ပြီးစီးစေတတ်သော အနက်သည် ‘မူလဋ္ဌ’မည်၏။
သဟဇာတ်တရားတို့၏ ကုသိုလ်အစရှိသည်တို့၏အဖြစ်ကို ပြီးစေတတ်သော အနက်သည် ‘မူလဋ္ဌ’ မည်၏။ ဤသို့လည်း ဆရာတို့ ဆိုကုန်၏။ ဤ “ဟေတုပစ္စယ”ဟူသောပုဒ်၌ အကြင်စကားကို ဆိုသင့်ဆိုထိုက်၏။ ထိုစကားကို အောက်ဖြစ်သော ပကိဏ်းပိုင်း ဟေတုသင်္ဂဟ၌ ဆိုအပ်ပြီးသည်သာလျှင်တည်း။
သဒ္ဒါအနက်အားဖြင့်သော်ကား အာရုံ၌ မြဲမြံစွာ ကျရောက်ခြင်းရှိသော စွမ်းအားနှင့် ပြည့်စုံသော ဤဟိတ်၌, သို့မဟုတ် အာရုံ၌ မြဲမြံစွာ ကျရောက်ခြင်းရှိသော စွမ်းအားနှင့် ပြည့်စုံသော ထို ဟိတ်ဖြင့် သဟဇာတ်တရားတို့သည် ကြီးပွားစည်ပင် ပြန့်ပြောခြင်း၏ အစွမ်းအားဖြင့် ကောင်းစွာ တည်ကုန်၏။ ထိုသို့ သမ္ပယုတ်တရားတို့၏ တည်ရာ သို့မဟုတ် တည်ကြောင်းဖြစ်သော သတ္တိကြောင့် “ဟေတု”မည်၏။
ဟေတုနောင်ပါသော “ပစ္စယ”သဒ္ဒါသည်ကား ကျေးဇူးပြုခြင်းဥပကာရ အနက် ရှိ၏။
ဥပကာရက မည်သည်လည်း မိမိသည် အကြင်သို့ ရှုမြင်အပ်သော ဟေတုအဖြစ်စသော သဘောအားဖြင့် ဖြစ်ပေါ်ကြောင်းကို ရအပ်သည်ရှိသော် မဖြစ်သေးသည်လည်း ဖြစ်ကုန်သော အကျိုးတရားတို့သည် ဖြစ်ပေါ်ကုန်၏။ ဖြစ်ပေါ်ကုန်ပြီးသော အကျိုးတရားတို့သည်လည်း တည်တံ့ကုန်၏။ တည်တံ့ ကုန်သော အကျိုးတရားတို့သည်လည်း အဆင့်ဆင့် ကြီးပွားစည်ပင်ခြင်းသို့ ရောက်ကုန်၏။ ထိုကဲ့သို့ ရှုမြင်အပ်သော ဟေတုအဖြစ်စသော သဘောအားဖြင့် ဖြစ်ပေါ်ကြောင်းကို ရခြင်း မျှသည်သာလျှင်တည်း။
မှန်၏, အမှတ်မထင်သော အကြင်အခြင်းအရာအားဖြင့် ပြုတတ်သောသူကိုလည်းကောင်း ပြုစေတတ်သောသူကိုလည်း ပညတ်လောက၌ ရအပ်ရာ၏။ ပရမတ္ထသဘောတရား တို့၌ကား အားထုတ်ခြင်း ‘ဤဟာ’အမှုကိုလည်းကောင်း ကြောင့်ကြစိုက်ခြင်း ဗျာပါရ အမှုကိုလည်းကောင်း မရအပ်။
ဥပကာရက-ဟု ဆိုရပုံ
(အကယ်၍ ဓမ္မအားဖြင့် ပြုတတ်သော သူသည်လည်းကောင်း ပြုစေတတ်သော သူသည် လည်းကောင်း မရှိအံ့, အဘယ့်ကြောင့် “ဥပကာရက” ဟု မိန့်ဆိုရသနည်းဟု မေးဖွယ်ရှိ၍ အောက်ပါ စကားတို့ကို မိန့်တော်မူ၏။ အနုဒီပနီ။)
ဆက်ဦးအံ့, ထိုသို့သောအခြင်းအရာအားဖြင့် ရခြင်းသည် ရှိလတ်သော်ကား အကြောင်းအားလျော် ကုန်သော မဖြစ်သေးသည်လည်း ဖြစ်ကုန်သော အကျိုးပစ္စယုပ္ပန်တရားတို့၏ ဖြစ်ပေါ်ခြင်းကြောင့် လည်းကောင်း, အကြောင်းအားလျော်စွာ ဖြစ်ပေါ်ပြီးသည်လည်း ဖြစ်ကုန်သော အကျိုးပစ္စယုပ္ပန် တရားတို့၏ တည်တံ့သည်၏အဖြစ်သို့ ရောက်ခြင်းကြောင့် လည်းကောင်း, တည်တံ့သည်လည်း ဖြစ်ကုန်သော အကျိုးပစ္စယုပ္ပန်တရားတို့၏ အဆင့်ဆင့်ကြီးပွားစည်ပင်ခြင်းသို့ ကပ်ရောက်ခြင်း ကြောင့်လည်းကောင်း ကောင်းစွာပြုသကဲ့သို့ ပြီးစေသကဲ့သို့ ဖြစ်ပေသည်ဟု ဝိဂြိုဟ်ပြု၍ “ဥပကာရက” ဟူ၍သာလျှင် ဆိုအပ်၏။ ဤသို့ မှတ်အပ်၏။
(ဖြစ်စေ, တည်စေ၊ ကြီးပွားစေ၊ ခေါ်လေကျေးဇူးပြု။)
ဤသို့ဆိုအပ်ခဲ့ပြီးသော အပြားအားဖြင့် အာရုံ၌ မြဲမြံခိုင်ခံ့သည်၏အဖြစ်, ကြီးပွားစည်ပင်သည်၏ အဖြစ်ကို ပြီးစေတတ်သည်ဟု ဆိုအပ်သော အရင်းမူလ အဖြစ်ဖြင့် ကျေးဇူးပြုတတ်ကုန်သော ဟိတ် ၆-ပါးတို့သည် “ဟေတုပစ္စယ” မည်၏။
အာရမ္မဏပစ္စယော
စိတ်စေတသိက်ဖြစ်ကုန်သော တရားတို့သည် ကောင်းစွာ မွေ့လျော်ခြင်းကို ขံစားကုန်သကဲ့သို့ အာရုံပြုခြင်း၏အစွမ်းဖြင့် မြဲစွာကိုင်ဆွဲကုန်လျက် မွေ့လျော်ကုန်ရာ ဖြစ်ကုန်ရာ ဟူသော အကြောင်း သတ္တိကြောင့် “အာရမ္မဏ”မည်၏။ အာရုံ၏အဖြစ်ဖြင့် ကျေးဇူးပြုတတ်ကုန်သော အာရုံ ၆-ပါး တို့သည် “အာရမ္မဏပစ္စယ”မည်၏။
အဓိပတိပစ္စယော
“အဓိပတိ”သဒ္ဒါ၏အနက်ကို အောက်သမုစ္စည်းပိုင်း၌ ဆိုအပ်ပြီးသည်သာလျှင်တည်း။ အစိုးရ သည်၏အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားသည် “အဓိပတိပစ္စယ” မည်၏။ ထိုအဓိပတိ ပစ္စည်းသည် အာရမ္မဏာဓိပတိ သဟဇာတာဓိပတိတို့၏ အစွမ်းအားဖြင့် နှစ်ပါးအပြားရှိ၏။
ထင်စွာပြဦးအံ့, အာရမ္မဏပစ္စည်းအဖြစ်ဖြင့် ဟောထားအပ်ကုန်သော အလေးအမြတ် ပြုအပ်ကုန်သော အချို့အာရုံတရားတို့သည်လည်း အရှင်သခင်တို့သည် ကျွန်တို့ကို မိမိ၏အလို၌ ဖြစ်စေကုန်သကဲ့သို့ ထို့အတူ မိမိဟူသော အာရုံ၏ အာရမ္မဏိကဖြစ်ကုန်သော စိတ်စေတသိက် တရားတို့ကို မိမိဟူသောအာရုံ၌ အမြဲ ညွှတ်သည် ကိုင်းသည် ရှိုင်းသည်တို့ကိုသာ ပြုကုန်၏။
ထို့ကြောင့် အကုသိုလ်ဘက်က သာယာခြင်း နှစ်သက်ခြင်းအစရှိသည်တို့၏ အစွမ်းဖြင့် လည်းကောင်း, ကုသိုလ်ဘက်က သဒ္ဓါကြည်လင်ခြင်းအစရှိသည်တို့၏ အစွမ်းဖြင့်လည်းကောင်း အလေးအမြတ်ပြုအပ်သော အာရမ္မဏပစ္စည်းကို ဟောပြရန် အဓိပတိပစ္စည်းကို ဟောတော်မူ၏။
(သဟဇာတာဓိပတိအဖြစ် မျိုးကွဲရှိသေးသောကြောင့် အာရမ္မဏာဓိပတိကိုသာမက သဟဇာတာ-ဓိပတိကိုလည်း ဟောတော်မူ၏။ မိမိ အဖွင့်။)
အနန္တရပစ္စယော, သမနန္တရပစ္စယော
အပေါက်အကြား ခြားကွယ်မှုမရှိသည့်တရားဟူသော အကြောင်းသတ္တိကြောင့် “အနန္တရ”မည်၏။ အခြားမရှိသည်၏အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားသည် “အနန္တရပစ္စယ” မည်၏။ ကောင်းစွာ အပေါက်အကြား ခြားကွယ်မှုမရှိသည်၏အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားသည် “သမနန္တရပစ္စယ”မည်၏။
ဤအနန္တရ-သမနန္တရပစ္စည်းတို့၏ အထူးသည် သဒ္ဒါအားဖြင့် မရှိ။ အနက်အားဖြင့်ကား ရှေ့စိတ်သည် ချုပ်သော်လည်း ချုပ်ပြီးနောက်၌ စိတ်အစဉ်ကို ပြတ်စဲခြင်းငှာ မပေးဘဲ ထို စိတ်အစဉ်ကို အဖန်ဖန် မပြတ်ဖွဲ့စပ်သည်၏အစွမ်းဖြင့် အာရုံတူသော တရား၏အဖြစ်ဖြင့် မိမိနှင့် တူသော နာမ်ခန္ဓာဟူသော တရားတစ်ပါးကို ဖြစ်စေခြင်းသည် အနန္တရပစ္စည်း မည်၏။ (အနန္တရပစ္စည်း၏ ကိစ္စမည်၏။)
နာမ်ခန္ဓာဟူသော တရားတစ်ပါးကို ဖြစ်စေအပ်ငြားသော်လည်း အမှတ်မထင် မြင်မြင်ဝါးဝါးသော တရားကို မဖြစ်စေမူ၍ ပဋိသန္ဓေအစရှိကုန်သော ကိစ္စ, ဌာနတို့၏ အစဉ်အားဖြင့် စိတ္တနိယာမ မည်သည်ကို ပြီးစေ၍ သင့်လျော်သည်သာလျှင်ဖြစ်သော နာမ်ခန္ဓာဟူသော တရားတစ်ပါးကို ဖြစ်စေခြင်းသည် သမနန္တရပစ္စည်း မည်၏။ (သမနန္တရပစ္စည်း၏ကိစ္စ မည်၏။) ဤသို့ မှတ်အပ်၏။
အကျိုးရလဒ်ကို ပြဦးအံ့, ဤသို့ အနန္တရသမနန္တရ သဘောဖြစ်သည်ရှိသော် နိရောဓသမာပတ်မှ ထသောပုဂ္ဂိုလ်အား လည်းကောင်း, အသညသတ်ဘုံမှ စုတေသောသူအား လည်းကောင်း ထို နိရောဓနှင့် အသညီဘဝတို့၏ ရှေးအဖို့၊ နောက်အဖို့၌ဖြစ်ကုန်သော စိတ္တုပ္ပါဒ်တို့၏လည်း အနန္တရ၏ အဖြစ်သည်လည်းကောင်း, သမနန္တရ၏အဖြစ်သည် လည်းကောင်း ပြည့်စုံ၏။ ဤသို့ မှတ်အပ်၏။
(နိရောဓသမာပတ်၌ အနာဂါမ်ပုဂ္ဂိုလ်အတွက် သမာပတ်မဝင်စားမီ နေဝသညာနာသညာယတန ကုသိုလ်စိတ်နှင့် သမာပတ်မှ ထရာအခါ၌ အနာမိဖိုလ်စိတ်၊ ရဟန္တာပုဂ္ဂိုလ်အတွက် သမာပတ် မဝင်စားမီ နေဝသညာနာသညာယတန ကြိယာစိတ်နှင့် သမာပတ်မှ ထရာအခါ၌ အရဟတ္တဖိုလ်စိတ်၊ အသညသတ်ပုဂ္ဂိုလ်အတွက် အသညသတ်ဘုံမရောက်ခင် ကာမဘုံရှိ ကာမ စုတိစိတ်နှင့် အသညသတ်ဘုံမှ စုတေ၍ ကာမဘုံဝယ် ကာမပဋိသန္ဓေစိတ်ဖြစ်ရာ၌ အကြားမရှိ အနန္တရ-သမနန္တရ ပစ္စည်း ပစ္စယုပ္ပန်သဘောဖြင့် ကျေးဇူးပြုသည်ဟု ဆိုလိုသည်။ အနုဒီပနီ။)
မှန်၏, ထင်ရှားမရှိသော အဘာဝဖြစ်၍ဖြစ်သော ရှေ့စိတ်နှင့်နောက်စိတ်တို့၏ အကြား၌ရှိသော စိတ်မရှိသော ကာလသည်လည်း ထိုရှေ့နောက် စိတ္တုပ္ပါဒ်နှစ်ခုတို့၏ အကြားကို ပြုသည် မမည်။ စိတ်မှ တစ်ပါးသော စိတ်အစဉ်ဖြစ်သော အကြား၌ ရှိသော စိတ်မရှိသော ရုပ်တရားအစဉ် သည်လည်း ထိုရှေ့နောက်စိတ္တုပ္ပါဒ်နှစ်ခုတို့၏ အကြားကို ပြုသည် မမည်။ မှန်၏, ရုပ်အစဉ်သည် အခြားတစ်ပါးတည်း။ နာမ်အစဉ်သည် အခြား တစ်ပါးတည်း။
အဋ္ဌကထာဝါဒကို ပြဦးအံ့, ပဉ္စပကရဏအဋ္ဌကထာ၌ “ကာလအခြားမရှိသည်၏ အဖြစ်ကြောင့် သမနန္တရပစ္စည်းမည်၏”ဟူသော ဝါဒကို ပယ်၍ “သဏ္ဌာန်ဒြပ် မရှိသည်၏ အဖြစ်အားဖြင့် ကောင်းစွာ အခြားမရှိသောတရားတို့ဟူသော အကြောင်းသတ္တိကြောင့် သမနန္တရမည်ကုန်၏”ဟု ဖွင့်ဆိုထား၏။
ထိုအဋ္ဌကထာစကားရပ်ဖြင့် သဏ္ဌာန်ဒြပ်ရှိကုန်သော ရုပ်တရားတို့၏ အခြားရှိသည်၏အဖြစ် မည်သည်ကား အလယ်၌ အပိုင်းအခြားနှင့် တကွဖြစ်ခြင်းသည်သာလျှင် ဖြစ်သကဲ့သို့ ထို့အတူ သဏ္ဌာန်ဒြပ်မှ ကင်းကုန် ကင်းကုန်သော နာမ်တရားတို့၏ အခြားမရှိသည်၏ အဖြစ်မည်သည် မဖြစ်။
ထို့ကြောင့် ရှေးအဖို့ နောက်အဖို့၌ ဖြစ်ကုန်သော ထိုနာမ်တရားတို့၏ တစ်ပေါင်းတည်း ဖြစ်ကုန်ဘိသကဲ့သို့ ဖြစ်ခြင်းသည် သမနန္တရ၏အဖြစ် မည်၏။ ထိုသို့သော အခြင်းအရာအားဖြင့် တစ်ပေါင်းတည်း ဖြစ်ကုန်ဘိသကဲ့သို့ မိမိ၏ အခြားမဲ့၌ နာမ်ခန္ဓာဟူသော တရားတစ်ပါးကို ဖြစ်စေခြင်းငှာ စွမ်းနိုင်ခြင်းသည် သမနန္တရ၏အဖြစ် မည်၏။ ဤသို့ ပြပေ၏။
သဟဇာတပစ္စယော
အဖို့တစ်ပါးကို ဆိုဦးအံ့, အကြင်အကျိုးတရားတို့သည် မိမိဟု ဆိုအပ်သော အကြောင်းတရားသည် ဖြစ်သည်ရှိသော်သာလျှင် ဖြစ်ကုန်၏။ မဖြစ်သည်ရှိသော် မဖြစ်နိုင်ကုန်။ မိမိဟု ဆိုအပ်သော အကြောင်းတရားနှင့် အတူတကွသာလျှင်လည်း ဖြစ်ကုန်၏။ မိမိဟု ဆိုအပ်သော အကြောင်းတရား ၏ ရှေး၌ဖြစ်စေ နောက်၌ဖြစ်စေ မဖြစ်နိုင်ကုန်။
ထိုအကျိုးတရားတို့၏ ဖြစ်ခြင်းငှာ ဖြစ်သကဲ့သို့ မိမိဟုဆိုအပ်သော အကြောင်းသည် ထိုအကျိုးတရားတို့နှင့် တကွဖြစ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော ပစ္စည်းတရားသည် “သဟဇာတပစ္စယ”မည်၏။
အဘယ်ကဲ့သို့နည်းဟူမူကား ဆီမီးသည် အရောင်အလင်း၏အကျိုးငှာ ဖြစ်သကဲ့သို့တည်း။ မှန်၏, ဆီမီးသည် ဖြစ်သည်ရှိသော် အရောင်းအလင်းဟု ဆိုအပ်သော အာလောကနှင့် အတူတကွ သာလျှင် ဖြစ်၏။ ဤသို့ မှတ်အပ်၏။
အညမညပစ္စယော
မြေ၌ မှီ၍ စိုက်ထောက်အပ်ကုန်သော တောင်ဝှေးသုံးခုတို့သည် အချင်းချင်း ထောက်ပံ့၍ နေကုန်ကဲ့သို့ (သဟဇာတသဘော တကွဖြစ်ခြင်းငှာ စွမ်းနိုင်သည်၏အဖြစ်မျှ၌ မတည်မူ၍ ဖြစ်ခြင်းငှာ ကျေးဇူးပြုတတ်သောသတ္တိဟု ဆိုအပ်ကုန်သော စွမ်းအားတို့ကို) အချင်းချင်း ထောက်ပံ့ သည်၏အစွမ်းဖြင့် ကျေးဇူးပြုတတ်သောတရားသည် “အညမညပစ္စယ”မည်၏။
ဤသို့သော အနက်သွားဖြစ်သည်ရှိသော် ဤအညမညပစ္စည်း၏ သဟဇာတပစ္စည်းနှင့် အထူးသည် ထင်ရှား၏။ မှန်၏, သဟဇာတသဒ္ဒါသည် ဤသို့ သဘောရှိသော အချင်းချင်းအား ထောက်ပံ့ခြင်းအမှုဟု ဆိုအပ်သောအနက်သွားကို မသိစေနိုင်။ ဤသို့ မှတ်အပ်၏။
နိဿယပစ္စယော
အကျိုးတရားတို့၏ မှီကုန်ရာဟူသော သတ္တိကြောင့် “နိဿယ”မည်၏။ အကျိုးတရားတို့၏ မှီရာအကြောင်းတရား၏အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရားသည် “နိဿယပစ္စယ”မည်၏။ ထိုနိဿယပစ္စည်းသည်ကား သဟဇာတနိဿယပစ္စည်း, ဝတ္ထုပုရေဇာတနိဿယပစ္စည်းအားဖြင့် နှစ်ပါးအပြားရှိ၏။
ထိုနှစ်ပါးတို့တွင် ပိတ်ပုဆိုးကားပေါင်သည် ဆန်းကြယ်သောပန်းချီဆေးရေးရုပ် စသည်တို့၏ တည်ရာနိဿယဖြစ်သကဲ့သို့ မိမိဖြစ်လျက်သာလျှင် အကျိုးတရားတို့၏ တည်ရာနိဿယ၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားသည် သဟဇာတနိဿယ ပစ္စည်းမည်၏။
မြေသည် မြက် သစ်ပင်အစရှိသည်တို့၏ တည်ရာနိဿယဖြစ်သကဲ့သို့ အကျိုးတရားတို့၏ တည်ရာနိဿယ၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားသည် ဝတ္ထုပုရေဇာတနိဿယပစ္စည်းမည်၏။
ဥပနိဿယပစ္စယော
အဖို့တစ်ပါးကို ဆိုဦးအံ့, အထူးသဖြင့် အားကြီးသော မှီရာသည် “ဥပနိဿယ”မည်၏။ ဥပမာဖြင့် ထင်စွာပြဦးအံ့, သလေးထမင်း၏ ဖြစ်ခြင်းငှာ စားဖိုသည်သည်လည်းကောင်း, ထမင်းအိုးသည် လည်းကောင်း, ထင်းသည်လည်းကောင်း, မီးသည်လည်းကောင်း မှီရာချည်းသာလျှင် ဖြစ်၏, ဥပနိဿယကား မဖြစ်။ စင်စစ်သော်ကား သလေးလယ်ခင်း မိုးရေအယဉ်တို့သည်သာလျှင် ထမင်း ဖြစ်ခြင်းငှာ ဥပနိဿယ ဖြစ်၏။ မှန်၏, ထိုသလေးလယ်ခင်း မိုးရေအယဉ်တို့သည် မရှိကုန် သည်ရှိသော် ထမင်း ဖြစ်ခြင်းငှာ စဖိုသည်အစရှိသည်တို့၏လည်း အစွမ်းမည်သည် မရှိ။ ဤသို့ မှတ်အပ်၏။
ထိုသို့သောအခြင်းအရာအားဖြင့် အကြင်ပစ္စည်းသည် မရှိသည်ရှိသော် မှီစရာဖြစ်သော နိဿယ တရားတို့သည်လည်း မရှိကုန်။ မှီတတ်သော နိဿိတတရားတို့သည် အဘယ်မှာ ရှိနိုင်ပါကုန် အံ့နည်း။ ထိုပစ္စည်းသည် နိဿယပစ္စည်းထက်လည်း အထူးသဖြင့် အားကြီးသော မှီရာဟူသော အနက်ကြောင့် “ဥပနိဿယ”မည်၏ဟူ၍ ဆိုအပ်၏။ ဤသို့ မှတ်အပ်၏။
ထိုဥပနိဿယပစ္စည်းသည်လည်း အာရမ္မဏူပနိဿယပစ္စည်း, အနန္တရူပနိဿယပစ္စည်း, ပကတူပ နိဿယပစ္စည်းအားဖြင့် သုံးပါးရှိ၏။ ထိုသုံးပစ္စည်းတို့တွင် အလေးအမြတ် ပြုအပ်ကုန်သော အာရုံတရားတို့သည် အလေးအမြတ်ပြုအပ်သည်၏ အဖြစ်ကြောင့်သာလျှင် အကြီးအကဲလည်း ဖြစ်ကုန်၏။ အားကြီးသော မှီရာလည်း ဖြစ်ကုန်၏။ (အာရမ္မဏာဓိပတိ ခေါ် အာရမ္မဏူပနိဿယ ပစ္စည်း မည်သည်ဟု ဆိုလိုသည်။)
အနန္တရပစ္စည်းတရားတို့သည်လည်း ထိုအကြောင်းတရားတို့နှင့် ကင်း၍ စိတ်အစဉ်ဖြစ်ခြင်း၏ သာလျှင် မရှိခြင်းကြောင့် အားကြီးသောမှီရာတို့သည်သာလျှင် ဖြစ်ကုန်၏။ (အနန္တရူပနိဿယ ပစ္စည်းမည်သည်ဟု ဆိုလိုသည်။)
အထူးကို ဆိုအံ့, “ပကတူပနိဿယ”ဟူသောဤပါဠိ၌ “အပြားအားဖြင့် ပြုအပ်, ပြီးစေအပ်သော အားကြီးသောမှီရာ”ဟူသော အကြောင်းသတ္တိကြောင့် “ပကတူပနိဿယ”မည်၏။ အပြားအားဖြင့် ပြုအပ်, ပြီးစေအပ်သော ပကတမည်သည်လည်း အကြင်သို့သော အခြင်းအရာအားဖြင့် ပြုအပ် သည်ရှိသော် လျောက်ပတ်သော ကာလ၌ ထိုပြုသောသူ၏ သန္တာန်၌ စင်စစ်အားဖြင့် အကျိုး ပစ္စယုပ္ပန်တရားတို့သည် ထင်ရှားဖြစ်ပေါ်ကုန်၏။ ထိုသို့သောအခြင်းအရာအားဖြင့် ကောင်းစွာ လွန်စွာ ပြုအပ်, ပြီးစေအပ်သော သဘောတည်း။ ဤကား အနက်တည်း။
ဆက်ဦးအံ့, ဤပကတူပနိဿယပစ္စည်း၌ အကြောင်းတရားကို “သဒ္ဓါ, သီလံ, သုတံ, စာဂေါ, ပညာ”ဟူ၍လည်းကောင်း, “ရာဂေါ, ဒေါသော, မောဟော, မာနော, ဒိဋ္ဌိ, ပတ္ထနာ” ဟူ၍လည်းကောင်း ပဋ္ဌာန်းပါဠိတော်၌ ဟောတော်မူအပ်ကုန်သော ရှေးအဖို့၌ အပြားအားဖြင့် ပြုအပ်, ပြီးစေအပ်သော ပကတတရားတို့ကို ကောင်းစွာ ဖြစ်စေခြင်းကိုလည်းကောင်း, “ကာယိကံ သုခံ, ကာယိကံ ဒုက္ခံ, ပုဂ္ဂလော, ဥတု, ဘောဇနံ, သေနာသနံ” ဤသို့ ဆိုအပ်ကုန်သော တရားတို့ကို ကောင်းစွာ မှီဝဲစေခြင်းကိုလည်းကောင်း သိအပ်၏။
ပုရေဇာတပစ္စယော
ရှေးဦးစွာ ဖြစ်၍ ဝတ္တမာန်ဟု ဆိုအပ်သော ပစ္စုပ္ပန်၏အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားသည် ပုရေဇာတပစ္စည်း မည်၏။ ထိုပုရေဇာတပစ္စည်းသည် အာရမ္မဏပုရေဇာတ, နိဿယပုရေဇာတ၏ အစွမ်းအားဖြင့် နှစ်ပါးအပြားရှိ၏။ ဝါဒအထူးကို ပြဦးအံ့, အချို့ဆရာတို့သည် နိဿယတရား၊ အာရမ္မဏတရားတို့ကိုသာလျှင် ရှေး၌ဖြစ်သည်၏အဖြစ် “မျှ”ဖြင့် ထူးသည်၏ အဖြစ်ကြောင့် “ပုရေဇာတပစ္စယ”ဟူ၍ မိန့်အပ်ကုန်၏။ ဤသို့ သိအပ်၏။
(“မျှ”ပုဒ်ဖြင့် နိဿယ၊ အာရမ္မဏသတ္တိတို့မှ ထူးခြားသော ပုရေဇာတသတ္တိမည်သည် မရှိဟု ပြ၏။ မရှိဝါဒ။)
မူလဋီကာအာနန္ဒာမထေရ်သည်ကား “နိဿယအခြင်းအရာ အာရမ္မဏအခြင်းအရာစသည်တို့မှ ထူးသော ရှေး၌ဖြစ်သော အခြင်းအရာဖြင့် ကျေးဇူးပြုတတ်သည်၏ အဖြစ်သည် ပုရေဇာတပစ္စည်း မည်၏”ဟု ဖွင့်ဆိုအပ်၏။ (ရှိဝါဒ။)
ဤသို့ပင် ဖွင့်ဆိုငြားသော်လည်း ပုရေဇာတ၏အဖြစ်ထက် ထူးခြားကုန်သော နိဿယအာရမ္မဏ သတ္တိအထူးတို့မှ အခြားသော အသီးအခြားဖြစ်သည့် ပုရေဇာတသတ္တိအထူး မည်သည် မထင်သည်သာလျှင်တည်း။
(ကေစိဝါဒကို ထောက်ခံဖွင့်သည်။ အနုဒီပနီ၌ ပုရေဇာတအဆုံးအဖြတ်ကို အကျယ်ရှင်းထား၏။ ရှာဖတ်ပါလေ။)
ပစ္ဆာဇာတပစ္စယော
နောင်အခါ၌ သွန်းလောင်းအပ်သော ရေသည် ရှေးအခါ၌ စိုက်ပျိုး၍ ပေါက်ရောက်ကုန်သော သစ်ပင်ငယ်တို့အား ကျေးဇူးပြုသကဲ့သို့ ထို့အတူ နောက်၌ ဖြစ်သော နာမ်တရားသည် ရှေး၌ ဖြစ်ကုန်သော လေးပါးသောအကြောင်းကြောင့် ဖြစ်ကုန်သော စတုသမုဋ္ဌာနိကရုပ်တရားတို့၏ ပွားခြင်းစည်ပင်ခြင်း၏အဖြစ်သို့လည်းကောင်း၊ နောက်၌လည်း မိမိဟု ဆိုအပ်သော နာမ်နှင့် တူသော ရုပ်အစဉ်၏ ဖြစ်ခြင်း၏ အကြောင်းပစ္စည်း၏ အဖြစ်သို့လည်းကောင်း ရောက်စေ၍ ထောက်ပံ့သည်၏ အစွမ်းအားဖြင့် ကျေးဇူးပြုတတ်သည့်တရားသည် “ပစ္ဆာဇာတပစ္စယ”မည်၏။
(ပစ္ဆာဇာတ ကျေးဇူးပြုပုံကို အလုပ်နှစ်လုပ်အဖြစ် ဖွင့်ထားသည်။ ဋ္ဌ၊ ဋီ-၌ ဤသို့ ဖွင့်/မဖွင့် ကြည့်ရန်)
အဋ္ဌကထာ၌ကား “လင်းတငယ်တို့၏ကိုယ်ခန္ဓာတို့အား အာဟာရကို တောင့်တမျှော်လင့် တတ်သော တဏှာနှင့်ယှဉ်သော စေတနာကဲ့သို့တည်း”ဟု ပစ္ဆာဇာတပစ္စည်း၏ သဘာဝကို ဖွင့်ဆိုထား၏။ မူလဋီကာ၌လည်း “ထိုအဋ္ဌကထာပါဌ်ဖြင့် မနောသဉ္စေတနာဟာရ၏အစွမ်းအားဖြင့် ဖြစ်ကုန်သော နာမ်တရားတို့က ရူပကာယကို ထောက်ပံ့အပ်သည်၏အဖြစ်ကို ပြ၏။ ထို့ကြောင့် သာလျှင် အဋ္ဌကထာဆရာသည် အာဟာရကို တောင့်တမျှော်လင့်တတ်သော တဏှာကဲ့သို့ဟု မဆိုမူ၍ အာဟာရကို တောင့်တမျှော်လင့်တတ်သော တဏှာနှင့်ယှဉ်သော စေတနာကဲ့သို့ ဟု စေတနာသဒ္ဒါကို ပြုတော်မူ၏”ဟု ဖွင့်ဆိုထားပြီ။
အဖို့တစ်ပါးကို ဆိုအံ့, ပစ္ဆာဇာတဖြစ်သော သမ္ပယုတ်တရားတို့နှင့် တကွဖြစ်သော အာဟာရကို တောင့်တမျှော်လင့်တတ်သော တဏှာနှင့် ယှဉ်သော ထိုစေတနာသည် ရှေး၌ ဖြစ်ကုန်သော ထိုလင်းတငယ်တို့၏ ကိုယ်၌ဖြစ်သော ရုပ်တို့အား ရှည်မြင့်စွာသော ကာလပတ်လုံး ကဗဠီကာရ အာဟာရနှင့် ကင်းပါသော်လည်း မညှိုးနွမ်းသည်၏အဖြစ်သို့ လည်းကောင်း အဆင့်ဆင့်လည်း ကြီးပွားစည်ပင်သော ရုပ်အစဉ်၏ဖြစ်ခြင်း၏ အကြောင်း၏အဖြစ်သို့လည်းကောင်း ရောက်စေ၍ ထောက်ပံ့ခိုင်စေသည်သာလျှင်တည်း။
ထို့ကြောင့် အလွန်ထင်ရှားသော ပစ္ဆာဇာတပစ္စည်း တစ်စိတ်တစ်ဒေသဖြင့် အလုံးစုံသော ပစ္ဆာဇာတပစ္စည်းကို ပြီးစေခြင်းအကျိုးငှာ ဤဥပမာကို ဤပစ္ဆာဇာတပစ္စည်း၌ မိန့်ဆိုအပ်သကဲ့သို့ ထင်၏။ အာဟာရပစ္စည်းမှာပါသော စေတနာသဒ္ဒါကို ယူပြခြင်းကိုလည်း ပစ္ဆာဇာတပစ္စည်း နယ်ပယ်သို့ ရောက်စေကာမူ ထိုစေတနာသည်သာလျှင် ပြဋ္ဌာန်း၏ဟု ပြခြင်းအကျိုးငှာ ယူအပ်ပေသည်။ ထိုသို့ယူခြင်းငှာ မတတ်ကောင်းသည်ကား မဟုတ်, တတ်ကောင်းသည်သာလျှင် တည်း။
အကျိုးကို ဆိုဦးအံ့, ဤသို့ဖြစ်သည်ရှိသော် ပစ္ဆာဇာတပစ္စည်း၏ အနက်ကို ပစ္ဆာဇာတ သဘော ရှိသည်သာလျှင်ဖြစ်သော ဥပမာဖြင့် ပြီးစေခြင်းသည် ပြည့်စုံသည်ဟု မှတ်အပ်၏။ အကြင် အကြင်ဆိုအပ်ခဲ့ပြီးသော မူလဋီကာပါဠိ၌လည်း ‘ထို့ကြောင့် အလွန်ထင်ရှားသော’ အစ ရှိသည်ဖြင့် ဖွင့်ခဲ့သော ဤအနက်ကို ရအပ်သည်သာလျှင်တည်း။
(ဤစိစစ်ချက်အလုံးစုံသည် လင်းတငယ်ဥပမာ၌ ဥပမာမျှအဖြစ်ကို တားမြစ်၏။ ဥပမာနယ်ပယ်ကို ကျော်ကာ သဘာဝဆိုက်အောင် စိစစ်ထားသည်။)
အာသေဝနပစ္စယော
အကြောင်းပစ္စည်းဟူသော ထိုရှေ့ဇောကို အဆက်ဆက်ဖြစ်ကုန်သော နောက်ဇောအကျိုးပစ္စယုပ္ပန် တရားတို့သည် ကောင်းစွာမှီဝဲကုန်သကဲ့သို့ ကောင်းစွာဆည်းကပ်ကုန် သကဲ့သို့ ထို့အတူ ရှေး၌ ဖြစ်သော အနန္တရမျိုး ထိုအကြောင်းဇော၏ အလုံးစုံသော ဂုဏ်သတ္တိတို့ဖြင့် ပြည့်သော အခြင်းအရာကို ယူ၍သာလျှင် နောက်ဇော အကျိုးတရားတို့သည် ကောင်းစွာမှီဝဲကုန်, ကောင်းစွာ ဆည်းကပ်ကုန်, အဖန်တလဲလဲဖြစ်ကုန်သည်ဟူသော သတ္တိကြောင့် “အာသေဝန” မည်၏။ တစ်နည်းကား ထိုအကျိုးတရားတို့ကို ထုံစေတတ်, အကြောင်းပစ္စည်းဟူသော မိမိ၏အထုံကို ကောင်းစွာယူစေတတ်, ပွားစေတတ်သည် ဟူသောသတ္တိကြောင့်လည်း “အာသေဝန”မည်၏။
တစ်ပါးသောနည်းကား “ကုသိုလ်အစရှိသည်တို့၏အဖြစ်ဖြင့် မိမိနှင့်တူသော ပယောဂဖြင့် ပြုအပ်သော အခြားမဲ့ဖြစ်သော တရားကို အဖန်တလဲလဲ ပြုခြင်းသည် ဖြစ်စေခြင်းသည်, တနည်းကား မိမိနှင့်သဘောတူသော တရားကို မိမိနှင့်သဘော တူသည်၏ အဖြစ်သို့ ရောက်စေခြင်းသည် ထုံခြင်းသည် အာသေဝန၏အနက်မည်၏”ဟု မူလဋီကာ၌ မိန့်ဆိုအပ်ပြီ။
ထိုဋီကာစကားရပ်၌ “ပယောဂဖြင့် ပြုအပ်သော”ဟူသော ဤစကားရပ်ဖြင့် အာဝဇ္ဇန်းဒွေးကို လည်းကောင်း အလုံးစုံသောဝိပါက်တရားတို့ကိုလည်းကောင်း ဆုတ်နစ်စေ၏။ မှန်၏, အာဝဇ္ဇန်း ဒွေးသည် နှစ်ကြိမ်သုံးကြိမ် ဖြစ်ပါသော်လည်း ပွားစေခြင်းငှာ လည်းကောင်း ယုတ်စေခြင်းငှာ လည်းကောင်း ပယောဂဖြင့် ပြုအပ်သည် မရှိ။ အဘယ့်ကြောင့်နည်းဟူမူကား ထက်ဝန်းကျင်မှ အားနည်းသည်၏ အဖြစ်ကြောင့်တည်း။
(အာဝဇ္ဇန်းဒွေသည် ကြိယာစိတ် ဖြစ်ပါသော်လည်း ဟသိတုပ္ပါဒ်စိတ် စသည်လို ဇောမဖြစ်, အာသေဝနပစ္စည်း မတပ်ပါ။)
ဝိပါက်စိတ်တို့တွင်လည်း လောကုတ္တရာဝိပါက်စိတ် လေးခုဟု ဆိုအပ်ကုန်သော အရိယဖိုလ် တို့သည် ပရိကံတည်းဟူသော ပယောဂဖြင့် ပြုအပ်ပါကုန်သော်လည်း မဂ်စေတနာ၏ အာနုဘော် နှင့်ကင်း၍ သက်သက်သော ထိုပရိကံတည်းဟူသော ပယောဂဖြင့်သာလျှင် ပြီးစေအပ်ကုန်သည် မဖြစ်ကုန်။ သက်သက် ကံ၏အဟုန်သည် ဝိပါက်အစဉ်၌ ကျစေအပ်ကုန်သော လောကီဝိပါက်စိတ် တို့၌ကား ဆိုဖွယ်သည်သာလျှင် မရှိ။ ဤသို့ သိအပ်၏။
(ဖိုလ်စိတ်တို့သည် ဇောမည်စေကာမူ အာသေဝနပစ္စည်း + ပစ္စယုပ္ပန်မရဟု ပဋ္ဌာန်း၂-ချက်စု ၃-ချက်စုကို ဖတ်ထားမှ ထိုအဖွင့်ကို နားလည်မည်။ လောကီဝိပါက်စိတ်တို့ကား ဇောပင် မမည် သောကြောင့် အာသေဝနပစ္စည်းမတပ်။)
“အဖန်တလဲလဲ ပြုခြင်းသည် ဖြစ်စေခြင်းသည်”ဟူသော ဤစကားကို အဆင့်ဆင့် လေ့ကျက်ခြင်း အားကြီးသည်၏အဖြစ်သို့ ရောက်စေခြင်းနှင့်တကွ ဖြစ်စေခြင်းကို ရည်ရွယ်၍ မူလဋီကာဆရာသည် ဆိုအပ်၏။
အကျိုးရလဒ်ကို ဆိုဦးအံ့, ဤသို့သော အနက်သွားဖြစ်ခဲ့သည်ရှိသော် ပရိယတ်တရားကို သင်ကြားခြင်း၊ အင်းအိုင်ဆေးဝါးမန္တရားဗေဒင် စသော ဝိဇ္ဇာကို သင်ကြားခြင်း၊ ပန်းပဲပန်းထိမ် အစ ရှိသော သိပ္ပကို သင်ကြားသောအရာတို့၌ ရှေးရှေး၌ဖြစ်သော အားထုတ်ခြင်းကဲ့သို့ အဖန်တလဲလဲ မှီဝဲထုံသော အာသေဝန၏အနက်အားဖြင့် မိမိမှ အခြားမဲ့၌ ဖြစ်ကုန်သော ဇာတ်တူဖြစ်ကုန်သော ကုသိုလ်စသော တရားတို့အား လေ့ ကျက်ခြင်း၏ ဖြစ်ခြင်းအကျိုးငှာ ကျေးဇူးပြုတတ်သော တရားသည် “အာသေဝန ပစ္စည်း”မည်သည်ဟူ၍ အနက်ပြီးစီး၏။ ဤသို့ မှတ်အပ်၏။
ကမ္မပစ္စယော
ကိုယ်အင်္ဂါ, နှုတ်အင်္ဂါ, စိတ်အင်္ဂါတို့ကို အထူးပြုပြင်စီရင်တတ်သည်ဖြစ်၍ ဖြစ်သော စိတ်ပိုင်းဆိုင်ရာ အားထုတ်မှုစိတ္တပယောဂဟု ဆိုအပ်သော မြင်ကိစ္စ၊ ကြားကိစ္စ စသည်တို့၌ ဖြစ်စေ သွားရပ်ထိုင် စသော ကိစ္စတို့၌ ဖြစ်စေ စီရင်တတ်သော ကြိယာအမူအရာ၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော စေတနာပစ္စည်းတရားသည် “ကမ္မပစ္စယ”မည်၏။ ထိုကမ္မပစ္စည်းသည် သဟဇာတကမ္မပစ္စည်း၊ နာနာက္ခဏိကကမ္မပစ္စည်း၏အစွမ်းအားဖြင့် နှစ်ပါးအပြားရှိ၏။
ထိုနှစ်ပါးတို့တွင် တပည့်ကြီး,လက်သမားကြီးအစရှိသည်တို့ကဲ့သို့ မိမိနှင့်တကွ ဖြစ်ကုန်သော တရားတို့အား မိမိကိစ္စ-သူတစ်ပါးကိစ္စကို ပြီးစေနိုင်သည်၏ အစွမ်းအားဖြင့်ဖြစ်သော အလုံးစုံလည်း ဖြစ်သော အတူတကွဖြစ်သော စေတနာသည် သဟဇာတကမ္မပစ္စည်း မည်၏။
အဖို့တစ်ပါးကို ဆိုဦးအံ့, မိန်းမယောက်ျားတို့၏တစ်ကြိမ် မှီဝဲပေါင်းဖက်ခြင်းတည်း ဟူသော ပယောဂသည် ကာမဂုဏ်ချမ်းသာကို ခံစားခြင်းကိစ္စကိုလည်းကောင်း, နောက်အခါတစ်ပါး၌ သားသမီးတို့ ထင်ရှားဖြစ်ပေါ်ခြင်းအကျိုးငှာ ပဋိသန္ဓေ တည်နေ စွဲကပ်ရာဖြစ်သော ဝတ္ထုသားအိမ်၌ မျိုးစေ့ကို ချပျိုးစိုက်ထားခြင်းကိစ္စကိုလည်းကောင်း ကောင်းစွာ ပြီးစေနိုင်သကဲ့သို့ -
ဤအတူသာလျှင် အကြင်ဆိုအပ်ခဲ့ပြီးသော ကိုယ်အင်္ဂါ, နှုတ်အင်္ဂါ, စိတ်အင်္ဂါတို့ကို ပြုပြင် စီရင်ခြင်းကိစ္စကိုလည်းကောင်း, ထိုကိုယ်အင်္ဂါ, နှုတ်အင်္ဂါ, စိတ်အင်္ဂါတို့ကို ပြုပြင်စီရင်ခြင်းဟု ဆိုအပ်သော အဟုန်သည် ဖြစ်စေအပ်သော နောင်ကာလတစ်ပါး၌ ကံကြောင့်ဖြစ်မည့် ဝိပါက်စိတ် + ကဋတ္တာရုပ်တို့ကို ထင်ရှားဖြစ်ပေါ်စေခြင်း အကျိုးငှာ စိတ်အစဉ်၌ ကြိယာအထူးကို သိုမှီး ချထားခြင်းကိစ္စကို လည်းကောင်း ကောင်းစွာ ပြီးစေ၍ ချုပ်လေပြီးသော ကုသိုလ်စေတနာ၊ အကုသိုလ်စေတနာသည် နာနာက္ခဏိကကမ္မပစ္စည်း မည်၏။
ဝိပါကပစ္စယော
ရင့်ကျက်ရုံမျှ၏အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားသည် “ဝိပါကပစ္စယ”မည်၏။ ဆက်ဦးအံ့, ရင့်ကျက်ခြင်းသဘောမည်သည်ကား လောက၌ အလုံးစုံကုန်သော အပွင့်အသီးအစရှိသည်တို့၏ ကောင်းစွာ မှည့်ရွှမ်းသည်၏အဖြစ်သို့ ရောက်သောအခါ၌ ခပ်သိမ်းသော အခြင်းအရာအားဖြင့် နုံ့နှေးသည်တို့၏သဘောသည် ဖြစ်သကဲ့သို့ ဤအတူသာလျှင် ကုသိုလ်အကုသိုလ်တို့၏ကဲ့သို့ ကိုယ်နှုတ်စိတ်အင်္ဂါ အထူးပြုပြင်ကိစ္စတို့၌ လည်းကောင်း အနာဂတ်မှာ အကျိုးပေးခြင်းကိစ္စတို့၌ လည်းကောင်း အားထုတ်ခြင်းအစွမ်းသတ္တိ မရှိသည်ဖြစ်၍ ငြိမ်သက်သည်၏အဖြစ်ဟု ဆိုအပ်သော နုံ့နှေးသည်ထက် သာလွန်၍ နုံ့နှေးသော အခြင်းအရာအားဖြင့် ခန္ဓာအစဉ်၌ ထင်ရှားဖြစ်ပေါ်ခြင်း သဘောမျိုးတည်း။ ထို့ကြောင့်သာလျှင်လည်း ဝိပါက်စိတ်တို့၏ဖြစ်ခြင်းသည် မထင်ရှားပေ။
အလုံးစုံသော ညဉ့်ပတ်လုံး အိပ်ပျော်သောသူအား ရှေးဘဝ၌ ပြီးသော ကံအစရှိသောအာရုံ၌ ဖြစ်သည်လည်းဖြစ်ကုန်သော ထိုဝိပါက်ဘဝင်စိတ်တို့သည် အိပ်ယာမှထသောအခါ၌ တစ်စုံတစ်ခုမျှ သိသော ဝီထိစိတ်ဖြစ်ခြင်း၏ အကြောင်းတို့သည် မဖြစ်ကုန်။ ဆက်၍ဆိုဦးအံ့, ပဉ္စဝိညာဏ် အစရှိသော ဝိပါက်ဝီထိစိတ်တို့သည် နောက်၌သိသော ဝီထိစိတ်ဖြစ်ခြင်း၏ အကြောင်းတို့သည် ဖြစ်ကုန်သော်လည်း ဝတ္ထုအာရုံတို့၏ ထိခိုက်ခြင်း အာနုဘော်၏ အားအစွမ်းနှင့်တကွသာလျှင် ဖြစ်ကုန်၏။ ထိုပဉ္စဝိညာဏ်အစရှိသော ဝိပါက်ဝီထိစိတ်တို့၏ အားထုတ်ခြင်းကြောင့်ကြစိုက်ခြင်း မျှ၏ အစွမ်းအားဖြင့် မဖြစ်ကုန်။ ဤသို့ မှတ်အပ်၏။
အာဟာရပစ္စယော
နာမ်ဖြစ်ကုန်သော ဖဿ, စေတနာ, ဝိညာဏ်အားဖြင့် သုံးပါးကုန်သော အာဟာရတို့သည် တကွဖြစ်ဖက် သဟဇာတ်တရားတို့ကို ဖြစ်စေခြင်းဟူသော အနက်ဖြင့် လည်းကောင်း၊ ထောက်ပံ့ ခိုင်စေတတ်သောအနက်ဖြင့်လည်းကောင်း, ကဗဠီကာရ အာဟာရသည်ကား ကံ၊ စိတ်၊ ဥတု အာဟာရဟုဆိုအပ်သော လေးပါးသောအကြောင်းကြောင့် ဖြစ်သော ဤကိုယ်ကို ထောက်ပံ့ခိုင်စေ တတ်သော အနက်သဘောဖြင့်သာလျှင် လည်းကောင်း, ကျေးဇူးပြုတတ်သည်၏အဖြစ်ကြောင့် “အာဟာရပစ္စယ”မည်၏။
(အထက်ပါစာပိုဒ်ဖြင့် ရုပ်အာဟာရ၌သာ ထောက်ပံ့ခိုင်စေသော သဘောရှိပုံကို ဖွင့်ပြပြီး၍ ယခု အခါ၌ ရုပ်နာမ်အာဟာရ ၄-ပါးစလုံး၌ ထောက်ပံ့ခိုင်စေသော သဘောရှိပုံကို တစ်နည်း ဖွင့်ပြတော်မူ လိုသဖြင့် အောက်ပါအဖွင့်ကို ဆက်ရေးသားတော်မူသည်။)
တစ်နည်းကား အာဟာရ၏အနက် မည်သည်ကား ထောက်ပံ့ခိုင်စေတတ်သော သဘော ပြဋ္ဌာန်းခြင်း အရင်းရှိ၏။ မှန်၏, ထို့ကြောင့်ပင်လျှင် ပဋ္ဌာန်းပါဠိတော်၌ “ကဗဠီကာရအာဟာရသည် ရုပ်အာဟာရ ကြောင့်ဖြစ်သော အာဟာရသမုဋ္ဌာန်ရုပ်အား အာဟာရပစ္စည်းဖြင့် ကျေးဇူးပြုပေ၏” ဟူ၍ ဟောတော်မမူဘဲ “ကဗဠီကာရအာဟာရသည် ဤကိုယ်အား အာဟာရပစ္စည်းဖြင့် ကျေးဇူး ပြုပေ၏”ဟူ၍သာလျှင် ဟောတော်မူအပ်၏။ ထို့ကြောင့် နာမ်အာဟာရတရားသုံးပါးတို့၏လည်း အာဟာရ၏အနက်ကို ထောက်ပံ့ခိုင်စေတတ်သော ဥပတ္ထမ္ဘန၏အစွမ်းအားဖြင့်သာလျှင် သိအပ်၏။
ချဲ့၍ ပြဦးအံ့, အာဟာရတရားလေးပါးတို့သည် သဟဇာတ်တရားတို့ကို ဖြစ်စေကုန်သော်လည်း မိမိသည် ဖြစ်စေအပ်ကုန်သော တရားတို့၏လည်းကောင်း ထိုမိမိသည် ဖြစ်စေအပ်ကုန်သော တရားတို့မှ တစ်ပါးကုန်သော တရားတို့၏ လည်းကောင်း အစဉ်မပြတ် တည်နိုင်ခြင်း၏ အကြောင်း၏ ဖြစ်ခြင်းအကျိုးငှာ ထောက်ပံ့ခြင်းနှင့်တကွသာလျှင် ဖြစ်စေတတ်ကုန်၏။ ဤသို့ ဖြစ်စေခြင်းဇနန-အနက်ကို ထောက်ပံ့ခိုင်စေခြင်း ဥပတ္ထမ္ဘနအနက်၌ သိမ်းယူနည်းကို သိအပ်၏။
ဣန္ဒြိယပစ္စယော
အစိုးရခြင်းဟူသော သဘောဖြင့် ကျေးဇူးပြုတတ်သော တရားသည် “ဣန္ဒြိယပစ္စယ”မည်၏။ ထိုဣန္ဒြိယပစ္စည်းသည် သဟဇာတိန္ဒြိယစသည်တို့၏အစွမ်းဖြင့် သုံးပါးအပြားရှိ၏။ ထိုသုံးပါးတို့တွင် တကွဖြစ်ဖက်သဟဇာတ်တရားတို့၏ မိမိ-မိမိ၏ ကိစ္စတို့၌ အစိုးရကုန်သော ဇီဝိတ၊ စိတ်၊ ဝေဒနာ၊ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ ဧကဂ္ဂတာ၊ ပညာအားဖြင့် နာမ်ဣန္ဒြေတရားကိုယ် ၈-ပါးတို့သည် သဟဇာတိန္ဒြိယပစ္စည်း မည်၏။ နောက်၌ ဖြစ်ကုန်သော ပဉ္စဝိညာဏ်တရားတို့၏ မြင်ခြင်း အစရှိသော ကိစ္စတို့၌ အစိုးရကုန်သော ရှေး၌ ဖြစ်ကုန်သော စက္ခုအစရှိကုန်သော ပသာဒိန္ဒြေ တရားငါးပါးတို့သည် ပုရေဇာတိန္ဒြိယပစ္စည်းမည်၏။ တကွဖြစ်ကုန်သော ကမ္မဇရုပ်တို့၏ အထူး သဖြင့် ရှည်မြင့်စွာ ဖြစ်ခြင်း၌ အစိုးရသော ရုပ်ဇီဝိတသည် ရူပဇီဝိတိန္ဒြိယပစ္စည်း မည်၏။
စောဒနာဖွယ်ကို ပြဦးအံ့, အဘယ်ကြောင့် ဤအရာ၌ ဣတ္ထိန္ဒြေ ပုရိသိန္ဒြေဟူသော ဘာဝိန္ဒြေနှစ်ခု အပေါင်းကို ဤဣန္ဒြိယပစ္စည်း၌ မယူအပ်လေသနည်း။ ဣတ္ထိလိင် စသည်တို့၏ဖြစ်ကြောင်း ဖြစ်သောကြောင့် ဤဣန္ဒြိယပစ္စည်း၌ ယူသင့်သည်မဟုတ်လော။ ဤသည်ကား အမေးတည်း။ အဖြေကို ငါ ဒီပနီဆရာသည် ဆိုအပ်၏။ ဆက်၍ဆိုဦးအံ့, အကြင်တရားအား ဖြစ်စေတတ်သည်၏ အဖြစ်သည်လည်းကောင်း ထောက်ပံ့ခိုင်စေတတ်သည်၏ အဖြစ်သည် လည်းကောင်း အစဉ် စောင့်ရှောက်တတ်သည်၏ အဖြစ်သည်လည်းကောင်း ရှိ၏။ ထိုတရားသည် အကြောင်းပစ္စည်း တပ်နိုင်သောတရား မည်၏။
အဖို့တစ်ပါးကို ဆိုအံ့, မိန်းမရုပ်၊ ယောက်ျားရုပ်အားဖြင့် ဘာဝရုပ်နှစ်ခုအပေါင်းအား တကွဖြစ်ဖက် သဟဇာတ်တရားတို့၏ အကျိုးငှာ ထိုဆိုအပ်ခဲ့ပြီးသော ကိစ္စသုံးပါးအပေါင်းသည်လည်း မရှိ။
(ဤသို့ဖြစ်သည်ရှိသော် အဘယ်သို့လျှင် လိင်အစရှိသည်တို့၏ အကြောင်းတရား ဖြစ်ပါသနည်းဟု မေးဖွယ်ရှိ၍ အောက်ပါစကားကို မိန့်၏။)
စင်စစ်သော်ကား ထိုဘာဝရုပ်နှင့်တကွဖြစ်သော သန္တာန်၌ ကံအစရှိ ကုန်သော မိမိ-မိမိ၏ အကြောင်းတို့ကြောင့် ဖြစ်ဆဲဖြစ်ကုန်သော စတုသမုဋ္ဌာနိက ရုပ်တရားတို့၏ မိန်းမအစရှိသော အခြင်းအရာအစရှိသည်၏အစွမ်းအားဖြင့်သာလျှင် အကြင်ဖြစ်ခြင်း၏ မြဲခြင်းဟု ဆိုအပ်သော ပဝတ္တိနိယမသည် ရှိ၏။ ထိုပဝတ္တိနိယမသည် ဘာဝရုပ်နှစ်ခုတို့၏ အာနုဘော်ကြောင့် ပြီး၏။ ထို့ကြောင့် ထိုစတုသမုဋ္ဌာနိကရုပ်တရားတို့ကို ထိုသို့သဘောရှိသော မြဲစေခြင်းကိစ္စ၌ အစိုးရသည် ၏အဖြစ်ကြောင့်သာလျှင် ဘာဝရုပ်နှစ်ခု အပေါင်းသည် ဣန္ဒြေမည်သည်သာလျှင် ဖြစ်၏။ ထိုဘာဝရုပ်နှစ်ခု အပေါင်းကို ဣန္ဒြိယပစ္စည်း၏အဖြစ်ဖြင့် ဤဣန္ဒြိယပစ္စည်း၌ မယူအပ်။ ဤသို့ သိအပ်၏။
ဈာနပစ္စယော
အာရုံသို့ ကပ်ရောက်၍ ထိုအာရုံ၌ ပြင်းစွာ မြဲမြံစွာ ကျ၍ ကြံစည်တတ်-ရှုကြည့်တတ်သကဲ့သို့ အာရုံသို့ ကပ်ရောက်၍ ထိုအာရုံ၌ ကြံစည်တတ်သော အနက်အားဖြင့်, ရှုကြည့်တတ်သော အနက်အားဖြင့် ကျေးဇူးပြုတတ်သော တရားသည် “ဈာနပစ္စယ”မည်၏။
မဂ္ဂပစ္စယော
ဒုဂ္ဂတိအရပ်၊ သုဂတိအရပ်၊ နိဗ္ဗာန်ဓာတ်သို့ ရောက်စေတတ်သော အနက်သဘောဖြင့် ကျေးဇူး ပြုတတ်သောတရားသည် “မဂ္ဂပစ္စယ”မည်၏။ ဆက်၍ဆိုဦးအံ့, ဤမဂ္ဂပစ္စည်း၌ အကြင်အကြင် ကောင်းမွန်မှန်ကန်စွာ မြင်ခြင်းအစရှိသော လက္ခဏာအထူးနှင့် ပြည့်စုံသည်၏အဖြစ်ကြောင့် ကုသိုလ်ဖြစ်ကုန်သော သမ္မာဒိဋ္ဌိ အစရှိသည်တို့သည် သုဂတိအရပ်၊ နိဗ္ဗာန်ဓာတ်သို့ ရောက်စေ တတ်သောအနက်ကြောင့် မဂ္ဂပစ္စည်း မည်ကုန်၏။
(အကုသိုလ်မိစ္ဆာဒိဋ္ဌိမဂ္ဂင်စသည်တို့ မဂ္ဂပစ္စည်းမည်ပုံကို နည်းမှီ သိပါ။)
အကြင်ကြောင့် အဗျာကတဖြစ်ကုန်သော ထိုသမ္မာဒိဋ္ဌိ အစရှိသည်တို့အားလည်း ထိုထိုကောင်စွာ မြင်ခြင်းအစရှိသောလက္ခဏာအထူးသည် ရှိသည်သာလျှင်တည်း။ ထို့ကြောင့် ထိုအဗျာကတ ဖြစ်သော သမ္မာဒိဋ္ဌိ အစရှိသည်တို့၏လည်း ထိုရောက်စေတတ်သော အနက်ကြောင့်ပင်လျှင် မဂ္ဂပစ္စည်းတပ်သည်၏အဖြစ်ကို ဆိုအပ်၏။
(အဗျာကတမဂ္ဂင်တို့၌ ရောက်စေတတ်သော သမ္ပာပကအနက်ရှိပါ့မလားဟု မေးစရာရှိ၍ အထူး ဖွင့်ပြသည်။)
မဂ္ဂင်တရားတို့အား ထိုထိုဒုဂ္ဂတိသုဂတိနိဗ္ဗာန်သို့ ရောက်စေတတ်သော အနက်အားဖြင့် ကျေးဇူးပြုတတ်သည်၏အဖြစ်သည် ရှိပါသော်လည်း ထိုမဂ္ဂင်တရားတို့ကြောင့် ဖြစ်ကုန်သော မဂ္ဂသမုဋ္ဌာန်ရုပ်တရားတို့အား ဒုဂ္ဂတိသုဂတိနိဗ္ဗာန်သို့ ရောက်စေတတ်သော ထိုအနက်သည် မရောက်, မရှိ။ စင်စစ်သော်ကား မဂ္ဂင်တရားတို့ကြောင့် ဖြစ်ကုန်သော ထိုမဂ္ဂသမုဋ္ဌာန် ရုပ်တရားတို့၏ မဂ်ပစ္စည်းတရားတို့ကြောင့် ကောင်းစွာဖြစ်သည်၏အဖြစ်ကြောင့်သာလျှင် မဂ်ပစ္စည်း၏ အကျိုးတရား၏အဖြစ်ကို ယုံကြည်အပ်ကုန်၏။
(စင်စစ်သော်ကား ထိုမဂ္ဂင်တရားတို့ကြောင့် ဖြစ်ကုန်သော မဂ္ဂသမုဋ္ဌာန်ရုပ်တရားတို့၏ မိမိတို့အား သင့်လျော်လျောက်ပတ်သည်၏အစွမ်းအားဖြင့် အကြင်အကျိုးအထူးကို မဂ္ဂင်တို့၏ အစွမ်းအားဖြင့် ရအပ်၏။ ထိုအကျိုးအထူး၏ မဂ်ပစ္စည်း၏အကျိုးတရား၏အဖြစ်ကို ယုံကြည်အပ်၏။ နိဿယမူ။)
ဤနည်းကို ဟေတုပစ္စည်း၊ နာနာက္ခဏိကကမ္မပစ္စည်း၊ ဣန္ဒြိယပစ္စည်း၊ ဈာနပစ္စည်းတို့၌လည်း ဆောင်၍ သိအပ်၏။
သမ္ပယုတ္တပစ္စယော
တူသောဖြစ်ခြင်းရှိသည်၏အဖြစ် အစရှိကုန်သော အထူးအပြားတို့နှင့် အညီအမျှ တပေါင်းတည်း ဖြစ်ကုန်သကဲ့သို့ အချင်းချင်းယှဉ်သည်၏အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားသည် “သမ္ပယုတ္တပစ္စယ” မည်၏။
ဝိပ္ပယုတ္တပစ္စယော
သဟဇာတ၏အဖြစ်နှင့်လည်းကောင်း မှီရာမှီတတ်သည်၏ အဖြစ်နှင့်လည်းကောင်း ယှဉ်ငြား သော်လည်း ဧကုပ္ပါဒအစရှိသော သမ္ပယောဂလက္ခဏာ၏ ကင်းခြင်းကြောင့် မယှဉ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားသည် “ဝိပ္ပယုတ္တပစ္စယ” မည်၏။
အကြင်ရုပ်နာမ်တွဲစပ်အလုပ်လုပ်ရာ၌ သမ္ပယုတ်ပေလောဟု တွေးတောယုံမှားခြင်းသည် ဖြစ်၏။ ထိုအရာ၌သာလျှင် ထိုသမ္ပယုတ်ပေလောဟူသော ယုံမှားသင်္ကာကို ဖြေဖျောက်ခြင်းအကျိုးငှာ ဤဝိပ္ပယုတ္တပစ္စည်းကို ဟောတော်မူအပ်၏။ ထို့ကြောင့် ထိုယုံမှားသင်္ကာမှ ကင်းကုန်သော အာရမ္မဏ၊ အနန္တရအစရှိသည်တို့၌ ဝိပ္ပယုတ္တပစ္စည်း ပေလောဟုငြိကပ် စဉ်းစားလျဉ်းပါးဖွယ်သည် မရှိဟု သိအပ်၏။
အတ္ထိပစ္စယော
အောက်၌ ဆိုအပ်ခဲ့ပြီးသော အပြားရှိကုန်သော ပဋ္ဌာန်းပစ္စည်းတရားတို့၌သာလျှင် ထင်ရှား ရှိသည်၏အဖြစ်ဟု ဆိုအပ်သော ခဏပစ္စုပ္ပန်နှင့် ပြည့်စုံသည်၏ အဖြစ်ဖြင့် ထိုကဲ့သို့ရှုအပ်သော သဘောရှိသည်သာလျှင်ဖြစ်သော ခဏပစ္စုပ္ပန်နှင့် ပြည့်စုံဆဲဖြစ်သော တရားအား သဟဇာတ အစရှိသည်တို့၏အစွမ်းအားဖြင့် ကျေးဇူးပြုတတ်သော အကြင်အကြင်တရားသည် ရှိ၏။ ထိုထို တရားသည် “အတ္ထိပစ္စယ”မည်၏။
နတ္ထိပစ္စယော
အကြင်နာမ်တရားသည် ထင်ရှားရှိခဲ့သော် မိမိမှ တစ်ပါးသော နာမ်တရားသည် ဖြစ်ပေါ်ခြင်းငှာ အခွင့်ကို မရနိုင်။ ထိုနာမ်တရားသည် မိမိ၏ ကွယ်ပျောက်ချုပ်ပျက်လေ သည်၏အဖြစ် ဖြင့်မိမိမှ တစ်ပါးသော ထိုနာမ်တရားအား ဖြစ်ခွင့်ပေးတတ်သည် ဖြစ်၍ ကျေးဇူးပြုတတ်သောတရားသည် “နတ္ထိပစ္စယ”မည်၏။
ဤနတ္ထိပစ္စည်းသည်လည်း အသီးအခြား သတ္ထိအထူးသည် မဖြစ်။ “ထိုတစ်စိတ်တည်းဖြင့်သာလျှင် သွား၏, ထိုင်၏, ရပ်၏, ဤသို့အစရှိသည်ဖြင့် နောက်စိတ်၌ တည်ကုန်သော သူတို့အားလည်း (နောက်စိတ်ဖြင့်သာ အသက်ရှင်နေပါလျက်) ရှေးစိတ်သည် ဖြစ်သည်သာလျှင်တည်း” ဟု လူများ အပေါင်းအား အလွန်မှတ်ထင်ခြင်းသည် ဖြစ်၏။ ထို့ကြောင့် အကြင်အရာ၌ မြဲသည်, ထင်ရှား ရှိသည်၏အဖြစ်ဖြင့် ယုံမှားခြင်းသည် ဖြစ်၏။ ထိုအရာ၌ မြဲခြင်း, ထင်ရှားရှိသည်၏အဖြစ်ဖြင့် ယုံမှားခြင်းကို နစ်စေခြင်းအကျိုးငှာ ဤနတ္ထိပစ္စည်းကို ဟောတော်မူအပ်သည်ဟု သိအပ်၏။
ဝိဂတပစ္စယော
ကင်းကုန်ပျောက်ပျက်ခြင်းသို့ ရောက်တတ်သော တရားသည် “ဝိဂတ”မည်၏။ အကြင်နာမ်တရား သည် ကွယ်ပျောက်ပျက်စီးခြင်းသို့ မရောက်သည်ရှိသော် အခြားသော နာမ်တရားသည် ဖြစ်ပေါ်ခြင်းငှာ အခွင့်ကို မရနိုင်။ ထိုနာမ်တရားသည် မိမိ၏် ကုန်ခန်းကင်းပျောက် ပျက်သည်၏ အဖြစ်ဖြင့် ထိုအခြားသော နာမ်တရားအား ဖြစ်ခွင့်တတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားသည် “ဝိဂတပစ္စယ”မည်၏။
အဝိဂတပစ္စယော
ဖြစ်ဆဲသောတရား၏ အဖြစ်ဟု ဆိုအပ်သော မကင်းသည်၏အဖြစ်ဖြင့် ထိုကဲ့သို့ ရှုမြင်အပ်သည့် သဘောရှိသည်သာလျှင်ဖြစ်သော ပစ္စုပ္ပန်ဖြစ်သော တရားအား ကျေးဇူးပြုတတ်သော တရားသည် “အဝိဂတပစ္စယ”မည်၏။
ဆက်၍ ဆိုဦးအံ့, ဤအရာ၌ ရှေး၌ဖြစ်သော အတ္ထိပစ္စည်း နတ္ထိပစ္စည်း နှစ်ခုတို့၏ အပေါင်း ကိုသာလျှင် ထူးသောအနက်ရှိသည်၌ စကားကပ်ခြင်းကို နစ်စေခြင်းအကျိုးငှာလည်းကောင်း အသိဉာဏ်၏ သန့်ရှင်းစေခြင်းအကျိုးငှာလည်းကောင်း ပရိယာယ်တစ်ပါးဖြင့် ဝိဂတအဝိဂတဒုက် မည်သည်ကို ပြု၍ ဟောတော်မူအပ်၏။
မှန်၏, ထိုစကားသည် “အို ကစ္စာန အရှိအတ္ထိဟူသော ဤစကားသည် တစ်ခုသော အဖို့ အစွန်းတည်း။ မရှိနတ္ထိဟူသော ဤစကားသည် တစ်ခုသော အဖို့အစွန်းတည်း” ဟူသော ဒေသနာနှင့် ညီ၍ ဤသို့ အစရှိသည်ဖြင့် အထူးထူးသောအနက်ကို ပြတတ်ကုန်သော အတ္ထိသဒ္ဒါ နတ္ထိသဒ္ဒါတို့သည် သာသနာတော်ကျမ်းဂန်၌ လည်းကောင်း လောကီကျမ်းဂန်၌လည်းကောင်း ထင်ရှားကုန်၏။
ဆက်ဦးအံ့, ရှေ့၌ ဆိုအပ်ပြီးသည်သာလျှင်ဖြစ်သော အနက်ကို တစ်ဖန် ပရိယာယ်တစ်ပါးဖြင့် ဆိုရခြင်းသည် ကြားနာကုန်သောသူအပေါင်းတို့၏ အသိဉာဏ်၏ သန့်ရှင်းခြင်းအကျိုးငှာ ဖြစ်၏။ ဤသို့ သိအပ်၏။
အဘိဓမ္မာဋီကာကျမ်းပြုဆရာ တို့သည်ကား ထို အတ္ထိဒုက်-ဝိဂတဒုက်တို့၏ အထူးထူးသော အနက် တို့၏ ဖြစ်သင့်ခြင်းကို များစွာဖွင့်ကုန်သေးသည်သာလျှင်တည်း။
ဤတွင် ပစ္စယုဒ္ဒေသအဖွင့် ပြီး၏။
နှစ်ဆယ့်လေးပါးသော ပစ္စည်းတို့ကို အကျဉ်းအားဖြင့် ထုတ်ပြရာ ထုတ်ပြကြောင်း ဖြစ်သော ပစ္စယုဒ္ဒေသ အဖွင့်သည် ပြီးဆုံးခြင်းသို့ ရောက်ပြီ။
ပဋ္ဌာန်း၂၄-ပစ္စည်း ဟောစဉ် အနုသန္ဓေ
(ပဋ္ဌာန်း၂၄-ပစ္စည်း ဟောစဉ်ကို ဤသို့ ဖွင့်သော် ရ၏။
အတွင်းအပြင်တရားနှစ်ပါး၌ အတွင်းတရားသည် ပဓာနဖြစ်သည်ဟု သိစေရန် ဟေတုကို ရှေးဦးစွာ ဟော၏။
အတွင်းတရားတို့၏ အာရုံပြုစရာကို သိစေရန် အပြင်အာရမ္မဏကို ဟော၏။
အတွင်းသဟဇာတ၊ အပြင်အာရမ္မဏ နှစ်မျိုးလုံး ရှိသော တရားကိုပြရန် အာရမ္မဏ-သဟဇာတာဓိပတိကို ဟော၏။
အတွင်းတရားတို့ အကြားမရှိဘဲ ချုပ်ဖြစ်နေသည်ကို ပြရန် အနန္တရ-သမနန္တရကို ဟော၏။
အတွင်းတရားကို အကျယ်ပြရန် သဟဇာတ, အညမည, နိဿယတို့ကို ဟော၏။
နိဿယထက် အားကြီးသော မှီရာကို ပြရန် ဥပနိဿယကို ဟော၏။
ရှေ့ကဖြစ်, နောက်ကဖြစ်လျက် ကျေးဇူးပြုသော တရားနှစ်စုံကို ပြရန် ပုရေဇာတနှင့် ပစ္ဆာဇာတကို ဟော၏။
အားရှိသော အတွင်းဇောတရားများကို ပြရန် အာသေဝနကို ဟော၏။
အာသေဝနသည် ပဋိစ္စသမုပ္ပါဒ်လာ ဥပါဒါန်နှင့် အလားတူ၏။
ဥပါဒါန်ကြောင့် ကံမြောက်သလို အာသေဝနကြောင့် ကံမြောက်သည်ဟု သိစေရန် ကမ္မကို ဟော၏။
ပဋိစ္စသမုပ္ပါဒ်၌ အစပ်သုံးပါး ရှိသကဲ့သို့ အကြောင်းကံနှင့် ကံအကျိုးဝိပါက်အစပ်ကို ပြရန် ဝိပါကကို ဟော၏။
ဝိပါကဖြစ်သော သတ္တဝါတို့ တည်မှီကြီးထွားရာ အစာစသည်ကို ပြရန် အာဟာရကို ဟော၏။
အာဟာရ စားသုံးပြီး သတ္တဝါတို့ ဣန္ဒြေများ ကြီးထွားဖြစ်တည်နေပုံစသည်ကို ပြရန် ဣန္ဒြိယကို ဟော၏.
သုဂတိစသည်သို့ လားရောက်ကြောင်း အတွင်းတရားများကို ပြရန် ဈာန, မဂ္ဂကို ဟော၏။
နာမ်တရား၌ ကျွမ်းကျင်စေရန် သမ္ပယုတ္တကို ဟော၏။
နာမ်ရုပ်နှစ်ပါးလုံး၌ ကျွမ်းကျင်ပြီး ရုပ်နာမ်ကွဲစေရန် ဝိပ္ပယုတ္တကို ဟော၏။
အတွင်းအပြင်တရားတို့ကို ပေါင်းပြရန် အရှိအတ္ထိကို ပြ၏။
အနိစ္စကို သိရန် နတ္ထိနှင့် ဝိဂတကို ဟော၏။
အတ္ထိပရိယာယ်ကို ပြရန် အဝိဂတပစ္စည်းကို ပြ၏။
မိမိ၏ မဓုဒီပနီ။)
ပစ္စည်း-၆-ပါး သင်္ဂဟနှစ်ဂါထာအဖွင့်
၁၅။ ယခုအခါ၌ အကြင်အကြင်အခြင်းအရာအားဖြင့် အကျဉ်းပြအပ်ကုန်ပြီးသော ၂၄-ပါးသော ပစ္စည်းတို့ကို ရှေးဦးစွာ ၆-ပါးကုန်သော အပေါင်းအစုတို့ဖြင့် သင်္ဂြိုဟ် ရေတွက်၍ တစ်ဖန် ၆-ပါး ကုန်သော အပေါင်းအစုတို့၏ အစဉ်အားဖြင့် ထို၂၄-ပစ္စည်းတို့၏ အကျယ်ကို ပြတော်မူလိုသော အရှင်အနုရုဒ္ဓါဆရာသည် “ဆဓာ နာမန္တု နာမဿ” အစရှိသော ဂါထာနှစ်ခုတို့၏ အပေါင်းကို မိန့်ဆိုတော်မူပြီ။
(၁) နာမ်တရားသည် နာမ်တရားအား အနန္တရ, သမနန္တရ, နတ္ထိ, ဝိဂတ, အာသေဝန, သမ္ပယုတ္တ အားဖြင့် ၆-ပစ္စည်းတို့ဖြင့် ကျေးဇူးပြုတတ်၏။
(၂) နာမ်တရားသည် နာမ်ရုပ်တို့အား ဟေတု, ဈာန, မဂ္ဂ, ကမ္မ, ဝိပါကအားဖြင့် ၅-ပစ္စည်းတို့ဖြင့် ကျေးဇူးပြုတတ်၏။
(၃) တစ်ဖန် နာမ်တရားသည် ရုပ်တရားအား ပစ္ဆာဇာတအားဖြင့် ၁-ပစ္စည်းဖြင့်သာလျှင် ကျေးဇူးပြုတတ်၏။ (ဧဝ-ထည့်ပြန်ဆိုသည်။)
(၄) ရုပ်တရားသည် နာမ်တရားအား ပုရေဇာတအားဖြင့် ၁-ပစ္စည်းဖြင့်သာလျှင် ကျေးဇူးပြုတတ်၏။ (ဒီပနီမှာ ဧဝ-ပါသည်။)
(၅) ပညတ်, နာမ်, ရုပ်တို့သည် နာမ်တရားအား အာရမ္မဏ, ဥပနိဿယအားဖြင့် ၂-ပစ္စည်းဖြင့် ကျေးဇူးပြုတတ်၏။
(၆) နာမ်ရုပ်နှစ်ပါးစုံသည် နာမ်ရုပ်နှစ်ပါးစုံအားသာလျှင် အဓိပတိ, သဟဇာတ, အညမည, နိဿယ, အာဟာရ, ဣန္ဒြိယ, ဝိပ္ပယုတ္တ, အတ္ထိ, အဝိဂတအားဖြင့် ၉-ပစ္စည်းတို့ဖြင့် ကျေးဇူး ပြုတတ်၏။
ဤသို့ ၆-ပါးအပေါင်း ၅-ပါးအပေါင်း အစရှိသည်တို့၏အစွမ်းအားဖြင့် ခြောက်ပါးအပြားရှိကုန်၏။ ကထံ ဟောန္တိ = အဘယ်သို့ ဖြစ်ကုန်သနည်းဟူမူကား ဤသည်ကား အနက်ယောဇနာတည်း။
ဋီကာကျော်
အဖို့တစ်ပါးကို ပြဦးအံ့, ဋီကာကျော်၂၄၆-၌ “ပညတ်,နာမ်,ရုပ်တို့သည် နာမ်အား ဒွိဓာ ဒွိပကာရာ ပစ္စယာ ဟောန္တိ = နှစ်ပါးအပြားရှိကုန်သော ကျေးဇူးပြုတတ်ကုန်သော ပစ္စည်းတို့သည် ဖြစ်ကုန်၏”ဟူသော အကြင်စကားကို ဆိုအပ်ပြီ။ ထိုစကားသည် မကောင်း။ မှန်၏, ပစ္စည်းကို ပြဆိုသော စကားမည်သည် အကြောင်းပစ္စည်းအားဖြင့် လည်းကောင်း အကျိုးပစ္စယုပ္ပန်အားဖြင့် လည်းကောင်း ပစ္စယသတ္တိအားဖြင့်လည်းကောင်း ဤသို့ ၃-ပါးကုန်သော အခြင်းအရာတို့ဖြင့် ဆိုအပ်သည်ရှိသော်သာလျှင် ကောင်းစွာဆိုအပ်သည်မည်၏။ ဤသို့ မှတ်အပ်၏။
(ဋီကာကျော်ဖွင့်ပုံ ပစ္စယသတ္တိပျောက်၍ ဒွိပကာရ-၌ နာ-ဝိဘတ်ကို အာပြု၍ ဒွိပကာရာ = နှစ်ပါးသော အပြားအားဖြင့်-ဟု အနက်ပေးလျှင် ကောင်းသေး၏။ မန်လည်။)
နာမ်သည် နာမ်အား ၆-ပစ္စည်းဖြင့် ကျေးဇူးပြုပုံ
အနန္တရ, သမနန္တရ, နတ္ထိ, ဝိဂတ
၁၆။ အဖို့တစ်ပါးကို ဆိုအံ့, အနန္တရအစရှိသော ပစ္စည်းတို့မည်သည်ကား အကြင်ကြောင့် စိတ်အစဉ်၏မပြတ်စေခြင်းအကျိုးငှာလည်းကောင်း စိတ်နှင့်ဆိုင်သော ပကိဏ်းပိုင်းလာ ကိစ္စဌာန အစဉ်ကို ပြီးစေခြင်းအကျိုးငှာသာလျှင် လည်းကောင်း ဖြစ်ကုန်၏။ ထို့ကြောင့် ကုသိုလ်အစ ရှိကုန်သော နာမ်တရားတို့တွင် အမှတ်မရှိ- တစ်စုံတစ်ခုသော နာမ်တရားသည် မိမိနှင့် မဆန့်ကျင်သော အမှတ်မရှိ-တစ်စုံတစ်ခုသော နာမ်တရား၏ အခြားမဲ့၌ မဖြစ်သည် မဟုတ်, မိမိနှင့် မဆန့်ကျင်သော နာမ်တရား၏ အခြားမဲ့၌ ဖြစ်ပေ၏ဟု ပြခြင်းငှာ “အနန္တရနိရုဒ္ဓါ စိတ္တစေတသိကာ” ဤသို့အစရှိသော စကားကို အရှင်အနုရုဒ္ဓါမထေရ် မိန့်ဆိုတော်မူအပ်ပြီ။
ထိုစကားရပ်၌ “မဆန့်ကျင်သော” ဟူသော စကားဖြင့် အချင်းချင်း ဆန့်ကျင်ဘက် ဖြစ်ကုန်သော ကုသိုလ်, အကုသိုလ်တို့၏လည်းကောင်း သောမနဿ, ဒေါမနဿတို့၏လည်းကောင်း အချင်းချင်း အနန္တရပစ္စည်းအဖြစ်မှ ပယ်ခြင်းကို သိအပ်၏။ “ပဋုပ္ပန္နာနံ”ဟူသည်ကား ချုပ်ပြီး၍ အဖန်ဖန် ဖြစ်ကုန်သော, အစဉ်အားဖြင့် ဖြစ်ကုန်သော။
(ဤတိုင်အောင်ကား “အနန္တရနိရုဒ္ဓါ စိတ္တစေတသိကာ ဓမ္မာ ပဋုပ္ပန္နာနံ စိတ္တစေတသိကာနံ ဓမ္မာနံ အနန္တရသမနန္တရနတ္ထိဝိဂတဝသေန နာမံ နာမဿ ပစ္စယော ဟောတိ”ဟူသော ပါဠိ၏ အဖွင့်တည်း)
အာသေဝန
အဖန်တလဲလဲ ဇောစိတ်အစဉ်ကို ထုံသည်၏အစွမ်းအားဖြင့် ဖြစ်သောတရားသည် အာသေဝန ပစ္စည်း မည်၏။ သက်သက် လုံ့လပယောဂဖြင့် ပြီးစေအပ်ကုန်သော ဇောအဟုန်နှင့် တကွ ဖြစ်ကုန်သော စိတ္တုပ္ပါဒ်တို့၌သာလျှင် (ထိုပစ္စည်းကို) ရအပ်၏ဟုပြခြင်းငှာ “ပုရိမာနိ ဇဝနာနိ” အစရှိသော စကားကို မိန့်ဆိုအပ်ပြီ။ ထိုစကားရပ်၌ “ဇဝနာနိ”ဟူသည်ကား မဂ်ဇော၊ ဖိုလ်ဇော တို့သည် ကြဉ်အပ်ကုန်သော လောကီကုသိုလ်, အကုသိုလ်, ကြိယာဇောတို့သည်။ “ပစ္ဆိမာနံ ဇဝနာနံ”ဟူသည်ကား နောက်၌ဖြစ်ကုန်သော ဖိုလ်ဇောသည် ကြဉ်အပ်ကုန်သော ကုသိုလ်, အကုသိုလ်, ကြိယာဇောတို့အား။
ထင်စွာပြဦးအံ့, ပြားသော ဇာတ်ရှိကုန်သော တရားတို့သည် အချင်းချင်း ခပ်သိမ်းသော အခြင်းအရာတို့နှင့် ပြည့်စုံသော ထုံခြင်းမည်သည်ကို မိမိသည် ယူခြင်းငှာလည်းကောင်း သူတစ်ပါးကို ယူစေခြင်းငှာလည်းကောင်း မတတ်နိုင်ကုန်။ အကယ်၍ တတ်နိုင်ကုန်သည်ဖြစ်အံ့, ကုသိုလ်၊ အကုသိုလ်၊ ဝိပါက်၊ ကြိယာဇာတ်မျှဖြင့်လည်း တရားတို့သည် ရှေ့နောက်မကွဲပြား ကုန်သည်သာလျှင် ဖြစ်ကုန်ရာ၏။ ထို့ကြောင့် ပြားသောဇာတ်ရှိသော ဖိုလ်ဇောသည် မဂ်စိတ်မှ အထုံကို ရခြင်းငှာ မတတ်နိုင်။ မဂ်ဇောသည်လည်း မိမိ၏အထုံကို ဖိုလ်အား ပေးခြင်းငှာ မတတ်နိုင်။ ဖိုလ်စိတ် တို့သည်လည်း အကြိုအားထုတ်မှု ပရိကံ၊ အားထုတ်မှုပယောဂတို့၏ အစွမ်းဖြင့် ဇောကိစ္စ တပ်ကုန်ရာ၏။ အချင်းချင်း အထုံကို ပေးခြင်းယူခြင်းတို့၏ အစွမ်းဖြင့် ဇောကိစ္စတပ်ကုန်သည် မဖြစ်ကုန်။ ဤသို့ မှတ်အပ်၏။
အကြင်ကြောင့် ကာမာဝစရ၏အဖြစ်မှ မဟဂ္ဂုတ်အဖြစ် လောကုတ္တရာအဖြစ်သို့ ရောက်ခြင်း စိတ်အစဉ် မည်သည် အာသေဝန၏အားအစွမ်းကြောင့် ဖြစ်၏။ ထို့ကြောင့် ဂေါတြဘူ၊ ဈာန်၊ မဂ်တို့၏ အဆင့်ဘုံခြားနားချက်သည် ဤအာသေဝနဇောအရာ၌ ပမာဏ မဟုတ်။ ဤသို့ သိအပ်၏။
(“ပုရိမာနိ ဇဝနာနိ ပစ္ဆိမာနံ ဇဝနာနံ အာသေဝနဝသေန နာမံ နာမဿ ပစ္စယော ဟောတိ”၏ အဖွင့်။ ကျန်တစ်ပစ္စည်း နာမ်သည် နာမ်အား သဟဇာတမျိုး သမ္ပယုတ္တဖြင့် ကျေးဇူးပြုမှုကို သိလွယ်၍ မဖွင့်။)
နာမ်သည် နာမ်ရုပ်အား ၅-ပစ္စည်းဖြင့် ကျေးဇူးပြုပုံ
ဟေတု, ဈာန, မဂ္ဂ
၁၇။ “ဟေတုဈာနင်္ဂမဂ္ဂင်္ဂါနိ နာမရူပါနံ”ဟူသော ဤပါဠိ၌ ဟိတ်တရား၊ မဂ္ဂင်တရားတို့သည် အဟိတ်တရားသည် ကြဉ်အပ်ကုန်သော တကွဖြစ်ကုန်သော နာမ်ရုပ်တို့အား, ဈာနင်တရား တို့သည် ပဉ္စဝိညာဏ် ကြဉ်အပ်ကုန်သော တကွဖြစ်ကုန်သော နာမ်ရုပ်တို့အား (ဟေတုသတ္တိ, ဈာနသတ္တိ, မဂ္ဂသတ္တိဖြင့် ကျေးဇူးပြုတတ်ကုန်၏)။
အမှာစကားကို ဆိုဦးအံ့, သဟဇာတရုပ်၏ လက္ခဏာကို အရှင်အနုရုဒ္ဓါဆရာ ကိုယ်တိုင်သည်ပင်လျှင် ပိုဒ်ရေ ၃၆-သဟဇာတရုပ်နှစ်မျိုးအဖွင့်၌ ဆိုလတ္တံ့။
ကမ္မ
စေတနာမည်သည်ကား ဖြစ်ပေါ်လာသည်ရှိသော် သဟဇာတတို့ကို စီရင်ခြင်းကိစ္စ, နောင်အခါ၌ အကျိုးထင်ရှားဖြစ်ပေါ်စေခြင်းငှာ ထိုစိတ်စေတနာသန္တာန်၌ မိမိ၏ ဖြစ်ပုံအခြင်းအရာ ဟု ဆိုအပ်သော မျိုးစေ့ကို သိုမှီးမြှုပ်ထားခြင်းကိစ္စအားဖြင့် နှစ်ပါးကုန်သော ကိစ္စတို့ကို ပြီးစေနိုင်၏။
ထိုနှစ်ပါးသောကိစ္စတို့တွင် သဟဇာတ်တရားတို့ကို စီရင်ခြင်းကိစ္စသည် အလုံးစုံသော ဝိပါက် ကြိယာစသောစေတနာတို့နှင့် ဆက်ဆံ၏။ အကျိုးမျိုးစေ့ကို သိုမှီးမြှုပ်ထားခြင်းကိစ္စသည်ကား ကုသိုလ်အကုသိုလ်၏ အဖြစ်သို့ ရောက်သော စေတနာ (တည်းဟူသော သစ်ပင်)အားသာလျှင် ဖြစ်၏ဟု ပြခြင်းငှာ “သဟဇာတာ စေတနာ” ဤသို့အစရှိသောစကားကို မိန့်တော်မူအပ်ပြီ။
ထိုတွင် “သဟဇာတာ စေတနာ”ဟူသည်ကား ယုတ်သောအပိုင်းအခြားအားဖြင့် ပဉ္စဝိညာဏ်နှင့် တကွဖြစ်သည်လည်းဖြစ်သော ဝိပါက်စေတနာတည်း။ ဒွေပဉ္စဝိညာဏ် ၁၀-ဟူသော ထို ပဉ္စဝိညာဏ်နှင့် တကွဖြစ်သောစေတနာသည်လည်း သဟဇာတ်တရားတို့ကို ကောင်းစွာစီရင်ခြင်း ဟု ဆိုအပ်သော အလုပ်ကံ၏အဖြစ်ဖြင့် ဖြစ်သောကြောင့် ကံမည်သည်သာလျှင် ဖြစ်၏။ ဤသို့ မှတ်အပ်၏။
အကြင်ကြောင့် စေတနာဟူသော မိမိ၏ အကျိုးဝိပါက်မျိုးစေ့ (ဖြစ်ပုံအခြင်းအရာ)ကို သိုမှီးမြှုပ် ထားခြင်းမည်သည် အလွန် လျင်မြန်စွာလျှင် မျိုးပွားကိစ္စကို မပြီးစေနိုင်။ သရက်မျိုးစေ့ အစ ရှိသည်တို့သည် ရင့်မာသည်၏အဖြစ်သို့ ရောက်၍ နောက်ခဏတစ်ပါး၌သာလျှင် မျိုးပွား ကိစ္စကို ပြီးစေကုန်သကဲ့သို့ ထို့အတူ ထိုစေတနာဟူသော မျိုးစေ့သည် ရင့်မာသည်၏အဖြစ်သို့ ရောက်၍ နောက်ခဏတစ်ပါး၌သာလျှင် မျိုးပွားကိစ္စဟူသော အကျိုးဝိပါက်ကိစ္စကို ပြီးစေ၏ဟု ပြခြင်းငှာ “နာနာက္ခဏိကာ စေတနာ” ဤသို့အစရှိသောစကားကို မိန့်ဆိုအပ်ပြီ။
(အင်္ဂုတ္တိုရ်၊ တိကနိပါတ်၊ ပဌမဘဝသုတ်၌ ဝိညာဏ်ဟူသော ဝိပါက်သည် မျိုးစေ့နှင့် တူ၍ ကံသည် မျိုးစေ့ပေါက်ရာ လယ်ယာနှင့်တူသည်ဟု ဟောထားပုံအရ ဤကမ္မပစ္စည်း၌ ကံသည် သစ်ပင်နှင့် တူ၍ ကံ၏အကျိုးဝိပါက်သည် သစ်ပင်၏ မျိုးစေ့နှင့်တူသည်ဟု ကြံ၍ လည်းကောင်း, မျိုးစေ့သည် ကံနှင့် တူ၍ မျိုးစေ့ကျ အပင်ပေါက်မျိုးပွားခြင်းသည် ဝိပါကဖြစ်သည်ဟု ကြံ၍လည်းကောင်း ဘာသာပြန်လိုက်သည်။)
ထိုတွင် “နာနာက္ခဏိကာ စေတနာ”ဟူသည်ကား မိမိ၏ အကျိုးပစ္စယုပ္ပန်တရားတို့၏ ဖြစ်ရာခဏမှ အသီးအခြား ဖြစ်သော လွန်ခဲ့သော အတိတ်ကာလ၌ ပြီးစီးသော ကုသိုလ်စေတနာ, အကုသိုလ် စေတနာတည်း။ တစ်နည်းကား” နာနာက္ခဏိကာ ကုသလာကုသလစေတနာ”ဟူ၍ ပါဌ်ရှိလိုရင်း ဖြစ်တန်ရာ၏။
ဝိပါက
“ဝိပါကက္ခန္ဓာ အညမညံ သဟဇာတာနံ ရူပါနံ”ဟူသော ပါဌ်၌ ဝိပါက်နာမ်ခန္ဓာ လေးပါးတို့သည် အချင်းချင်းအားလည်းကောင်း, သဟဇာတ်ရုပ်တို့အား လည်းကောင်း ဝိပါက၏အစွမ်းဖြင့် ကျေးဇူးပြု သည်ဟု အနက်ကို ယူအပ်၏။
နာမ်သည် ရုပ်အား ၁-ပစ္စည်းဖြင့် ကျေးဇူးပြုပုံ
ပစ္ဆာဇာတ
၁၈။ ရှေး၌ဖြစ်ကုန်သော အင်ကြင်းပင်ပျိုတို့သည် နောက်၌ နှစ်တိုင်းနှစ်တိုင်း ရွာသွန်းကုန်သော မိုးရေအလျဉ်တို့၏ အစွမ်းဖြင့် ကြီးပွားစည်ပင်ခြင်း ပြန့်ပွားခြင်းသို့ ရောက်၍ ထိုအရပ်၌ ကမ္ဘာပျက်ဆုံးသည်တိုင်အောင်လည်း ကြီးကျယ်သော အင်ကြင်းပင်တောအုပ်၏ ဖြစ်ခြင်းအား ကျေးဇူးပြုတတ်ကုန်သကဲ့သို့ ဤအတူသာလျှင် ပဋိသန္ဓေခဏမှစ၍ ရှေး၌ဖြစ်ကုန်သော စိတ်၏ဖြစ်တည်ပျက်ခဏတို့၌ ဖြစ်ကုန်သော အလုံးစုံသောကိုယ်၌ ကမ္မဇကာယ၊ စိတ္တဇကာယ၊ ဥတုဇကာယ၊ အာဟာရဇကာယဟု ဆိုအပ်ကုန်သည့် အလုံးစုံကုန်သော ကိုယ်၌တည်ကုန်သော စတုသမုဋ္ဌာနိကရုပ်တရားတို့သည် နောက်၌ဖြစ်ကုန်သော ပဌမဘဝင် အစရှိကုန်သော စိတ် စေတသိက်တို့၏ အစွမ်းဖြင့် ကြီးပွား စည်ပင်ခြင်းပြန့်ပွားခြင်းသို့ ရောက်၍ အဆင့်ဆင့် စတုသမုဋ္ဌာနိကရုပ် အဆက်ဆက်၏ ဖြစ်ခြင်းအား ကျေးဇူးပြုတတ်သော အကြောင်း၏အဖြစ်သို့ ရောက်ကုန်၏ဟု ပြခြင်းငှာ “ပစ္ဆာဇာတာ စိတ္တစေတသိကာ ဓမ္မာ” ဤသို့ အစရှိသောစကားကို မိန့်ဆိုတော်မူအပ်ပြီ။
ထိုတွင် “ပုရေဇာတဿ”ဟူသည် အတိတ်ဖြစ်သောအခြားမဲ့စိတ်၌ ဖြစ်သော” ဟူ၍ ဆရာတို့ ဆိုကြကုန်၏။ တစ်နည်းကား “ပုရေဇာတဿ”ဟူသည် ၈-ခုမြောက်သော စိတ်တိုင်အောင် ရှေး၌ဖြစ်သော။ မှန်၏, ဤ ၈-ခုမြောက်စိတ် အတိုင်းအရှည် ရှိသောကာလသည် ရုပ်တရားတို့၏ ပွားစီးရာကာလ မည်၏။ ထိုမှနောက်၌ ရုပ်တရားတို့၏ ဆုတ်ယုတ်ရာဖြစ်သော ကာလ၌ ပစ္ဆာဇာတပစ္စည်းဖြင့် ယှဉ်စပ်ဖွယ်သည် မရှိ။ (အိုမင်းလဲကျနေသော သစ်ပင်ကို ရေသွန်းလောင်း ပေးခြင်းဖြင့် အကျိုးမရှိနိုင်သကဲ့သို့တည်း။) ဤသို့ မှတ်အပ်၏။ တစ်နည်းကား “ပုရေဇာတဿ” ဟူသည် ၁၆-ခုမြောက်စိတ် တိုင်အောင်သာလျှင် ရှေး၌ဖြစ်သောဟု သိအပ်၏။
မှန်၏, အကြင်အဖို့အစုအားဖြင့် သေခါနီးသောအခါ၌ ချုပ်ခါနီးသော ဟဒယဝတ္ထုရုပ်သည် စုတိစိတ်၏ ပုရေဇာတပစ္စည်း၏အဖြစ်သို့ ကပ်ရောက်၏။ ထိုအဖို့အစုအားဖြင့် စုတိစိတ်သည်လည်း ထိုယဒယဝတ္ထုရုပ်အတွက် ပစ္ဆာဇာတပစ္စည်းသည် မဖြစ်ဟု မဆိုသင့်ပေ။ ဟဒယဝတ္ထုရုပ်မှ တစ်ပါးသောရုပ်တို့အတွက် ပစ္ဆာဇာတပစ္စည်းဖြစ်ပုံလည်း ထိုနည်းအတူပင်တည်း။
ထိုစကားကို ဥပမာဖြင့် ထင်စွာပြဦးအံ့, အာဟာရသည် ထောက်ပံ့ခိုင်စေသည်ရှိသော် တိုးပွားသော အဖို့၌ တည်သောတရားကိုသာလျှင် ထောက်ပံ့ခိုင်စေ၏။ ဆုတ်ယုတ်သောအဖို့၌တည်သောတရားကို မထောက်ပံ့ မခိုင်စေနိုင်ဟူသော အကြောင်းတရားသည် မရှိသကဲ့သို့တည်း။ အဘယ်ကြောင့်နည်း ဟူမူကား ထိုဆုတ်ယုတ်သော အဖို့၌လည်း ထိုအခါအားလျော်သော ထောက်ပံ့မှုကို အလိုရှိအပ် သည်၏ အဖြစ်ကြောင့်တည်း။ ဤအတူ ဤပစ္ဆာဇာတပစ္စည်းကိုလည်း သိအပ်၏။ ဤသို့ မှတ်အပ်၏။
အကြင်ကြောင့် နာမ်တရားတို့၏ အစွမ်းအာနုဘော်မည်သည်ကား အထူးထူးသော အခြင်းအရာဖြင့် ကာလထူးဒေသထူးသို့ ပျံ့နှံ့ရောက်ရှိသွားအောင် ကြီးကျယ်ပြန့် ပွား၏။ ထို့ကြောင့် ထိုနာမ်တရား တို့သည် ကိုယ်၏ အစိတ်ဖြစ်သော ဟဒယဝတ္ထုရုပ်၌ ဖြစ်ကုန်သော်လည်း အလုံးစုံသော ဤစတုဇကာယကို ထောက်ပံ့ခြင်းငှာ တတ်နိုင်ကုန်သည်သာလျှင်တည်းဟု ပြခြင်းငှာ “ဣမဿ ကာယဿ”ဟူ၍ မိန့်ဆိုအပ်ပြီ။
ရုပ်သည် နာမ်အား ၁-ပစ္စည်းဖြင့် ကျေးဇူးပြုပုံ
ဝတ္ထုပုရေဇာတမျိုး
၁၉။ စက္ခုအစရှိကုန်သော ပသာဒဝတ္ထုရုပ်တို့သည် ရူပါရုံအစရှိသည်တို့နှင့်တကွ ရအပ်သော ထိခိုက်ခြင်းရှိကုန်သော်သာလျှင် ဝိညာဏ်တရား၏ တည်ရာ မှီရာ၏အဖြစ်သို့ ရောက်ကုန်၏။ ထိခိုက်ခြင်းသည်လည်း ရုပ်၏ဌီခဏသို့ ရောက်သောအခါ၌သာလျှင် ဖြစ်၏။ ထို့ကြောင့် ထိုပသာဒ ရုပ်တို့၏ မြဲသောကာလပတ်လုံးလည်း ကိုယ့်ဝိညာဏ်၏ ပုရေဇာတပစ္စည်းအဖြစ်သည် ပြီး၏။
ဝိညာဏ်မည်သည်လည်း ရုပ်၌ စက်ဆုပ်သော ဘာဝနာ၏အစွမ်းဖြင့် ရုပ်ကို မပယ်ခွာအပ်သေး သည်၏ အဖြစ်ကြောင့် ခန္ဓာငါးပါးရှိသော ပဉ္စဝေါကာရဘုံ၌ ဝတ္ထုဟူသော မှီရာနှင့်ကင်း၍ ဖြစ်ခြင်းငှာ မစွမ်းနိုင်ဟု မှတ်အပ်၏။
(ပဉ္စဟိ ခန္ဓေဟိ ဝေါကိဏ္ဏော သမ္မေိဿာတိ ပဉ္စဝေါကာရော။ ကာမ ရူပဘဝေါ။)
အကြင်အခါ၌ တစ်ခုသောစိတ္တက္ခဏကို လွန်ခြင်းရှိသော ကြိုတင်ဖြစ် ပုရေဇာတသည်လည်း ဖြစ်သော စိတ္တက္ခဏတစ်ချက် လွန်သည်မှနောက် ရှစ်ကြိမ်မြောက် စိတ္တက္ခဏတိုင်အောင် ကြီးပွားသော အဖို့၌ တည်သည်လည်းဖြစ်သော မှီရာဝတ္ထုကို စိတ်သည် မရနိုင်။ ထိုအခါ၌ ပဋိသန္ဓေအခါ၌လည်းကောင်း သေခါနီးအခါ၌လည်းကောင်း အကြင်အကြင်မှီရာဝတ္ထုကို စိတ်သည် ရ၏။ ထိုထို မှီရာဝတ္ထုကို မှီ၍ စိတ်သည် ဖြစ်သည်သာလျှင်တည်း။
အကြင်အခါ၌ကား ကြိုတင်ဖြစ်ပုရေဇာတသည်လည်းဖြစ်သော ကောင်းစွာအားရှိသည်လည်း ဖြစ်သော မှီရာဝတ္ထုကို စိတ်သည် ရ၏။ ထိုအခါ၌ ထိုမှီရာဝတ္ထုကိုသာလျှင် မှီ၍ စိတ်သည် ဖြစ်၏။ ထိုသို့ဖြစ်ခြင်းကိုလည်း မြဲသောအားဖြင့် ပဝတ္တိအခါ၌သာလျှင် ရအပ်၏။ ပဋိသန္ဓေအခါ၌ မရအပ်။ ထိုပဋိသန္ဓေအခါ၌ ဝိညာဏ်ဟူသော အကြောင်းကြောင့်ဖြစ်သော ဟဒယဝတ္ထုရုပ်သည် ကြိုတင်ဖြစ် ပုရေဇာတဖြစ်ခြင်းငှာ မတတ်နိုင်ဟူ၍ ပြခြင်းငှာ “ဆ ဝတ္ထူနိ ပဝတ္တိယံ” ဟူ၍ မိန့်ဆိုအပ်ပြီ။
အာရမ္မဏပုရေဇာတမျိုး
“ပဉ္စာရမ္မဏာနိ စ ပဉ္စဝိညာဏဝီထိယာ = အဆင်းစသော အာရုံငါးပါးတို့သည် မြင်စိတ်စသော ပဉ္စဝိညာဏ်ဝီထိအား”ဟူသော ဤစကားကို အမြဲပြီးစီးခြင်းကို ယူခြင်း၏ အစွမ်းအားဖြင့် မိန့်ဆို အပ်ပြီ။ သို့သော် အလုံးစုံလည်းဖြစ်ကုန်သော ပစ္စုပ္ပန်ဖြစ်ကုန်သော နိပ္ဖန္နရုပ် ၁၈-ပါးတို့သည် မနောဝိညာဏ်ဝီထိအားလည်း အာရမ္မဏပုရေဇာတ ပစ္စည်းတို့သည် ဖြစ်ကုန်သေးသည် သာလျှင်တည်း။ (ရုပ်ဓမ္မာရုံတွေလည်း အာရမ္မဏပုရေဇာတပစ္စည်း ရသေးသည်ဟု ဆိုလိုသည်။)
ဤသို့သော အထူးပြုချက်ကြောင့် ပဋ္ဌာန်းပါဠိတော်၌ “ပစ္စုပ္ပန်ဖြစ်သော တရားသည် ပစ္စုပ္ပန် ဖြစ်သော တရားအား ပုရေဇာတပစ္စည်းဖြင့် ကျေးဇူးပြု၏။ ကြိုတင်ဖြစ်အာရုံ ပုရေဇာတဖြစ်သော မျက်စိအကြည်ရုပ်ကို အနိစ္စအားဖြင့်လည်းကောင်း, ဒုက္ခအားဖြင့်လည်းကောင်း, အနတ္တအားဖြင့် လည်းကောင်း ဝိပဿနာ ရှု၏။ ကြိုတင်ဖြစ်အာရုံ ပုရေဇာတဖြစ်သော နားအကြည်ရုပ်ကို၊ နှာခေါင်းအကြည်ရုပ်ကို၊ လျှာအကြည်ရုပ်ကို၊ ကိုယ်အကြည်ရုပ်ကို၊ အဆင်းတို့ကို၊ အသံတို့ကို၊ အနံ့တို့ကို၊ အရသာတို့ကို၊ အတွေ့အထိတို့ကို၊ ယဒယဝတ္ထုကို အနိစ္စအားဖြင့်လည်းကောင်း, ဒုက္ခအားဖြင့်လည်းကောင်း, အနတ္တအားဖြင့် လည်းကောင်း ဝိပဿနာရှု၏။ ပစ္စုပ္ပန်ဖြစ်သော ခန္ဓာတို့ကို အနိစ္စအားဖြင့် လည်းကောင်း, ဒုက္ခအားဖြင့် လည်းကောင်း, အနတ္တအားဖြင့် လည်းကောင်း ဝိပဿနာရှု၏။ ပစ္စုပ္ပန် မျက်စိအကြည်ရုပ်ကို သာယာ၏ နှစ်သက်၏” ဤသို့ အစရှိသော စကားကို မိန့်ဆိုအပ်ပြီ။
ပဋ္ဌာန်းအဋ္ဌကထာ၌လည်း “ ဖြစ်ဆဲဥပါဒ်ခဏကို ကျော်လွန်၍ တည်ဆဲဌီသို့ရောက်သော ၁၈-ပါး အပြားရှိသော နိပ္ဖန္နရုပ်သည်သာလျှင် ပုရေဇာတပစ္စည်း ဖြစ်၏” ဟူ၍ ဖွင့်ဆိုထား၏။ ဤသို့ သိအပ်၏။
ပဋိသန္ဓေစိတ်အား အာရမ္မဏပုရေဇာတပစ္စည်း မတပ်
ဆက်ဦးအံ့, ဤအရာ၌ ပဋ္ဌာန်းပါဠိတော်၌ “ပစ္စုပ္ပန်လျှင်အာရုံရှိသော ပဋိသန္ဓေစိတ်သည် ပစ္စုပ္ပန်လျှင်အာရုံရှိသော ဘဝင်စိတ်အား အနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးပြုတတ်၏”ဟု ဤသို့ ပဋိသန္ဓေစိတ်ဘဝင်စိတ်တို့၏လည်း ပစ္စုပ္ပန်အာရုံ ရှိသည်၏အဖြစ်ကို ဟောတော်မူအပ်သည်၏ အဖြစ်ကြောင့် ပစ္စုပ္ပန်ဖြစ်ကုန်သော ကမ္မနိမိတ်၊ ဂတိနိမိတ်တို့ကို အာရုံပြု၍ ဖြစ်သောအခါ၌ ပဋိသန္ဓေစိတ်တို့အားလည်း အာရမ္မဏပုရေဇာတကို ရအပ်သကဲ့သို့ အကယ်၍ကား ထင်ပါပေ၏။
ဤသို့ပင် ထင်ငြားသော်လည်း ပုရေဇာတပစ္စည်း၏ ဆန့်ကျင်ဘက်အားဖြင့် ဟောရာ ပစ္စနိက်ဝါရ အရာ၌ “ပဋိသန္ဓေအခါ၌ ဝိပါက်အဗျာကတဖြစ်သော တစ်ခုသော နာမ်ခန္ဓာသည်” ဤသို့အစ ရှိသည်ဖြင့် ပါဠိတော်၌ပင်လျှင် ပဋိသန္ဓေစိတ်တို့အား ထိုအာရမ္မဏပုရေဇာတပစ္စည်း တပ်သည်၏ အဖြစ်ကို ပယ်အပ်၏။
(ပစ္စည်းမတပ်ဟူသည် ထိုပစ္စည်းဖြင့် ကျေးဇူးမပြု ဟူလို။)
ဆက်ဦးအံ့, ဤအရာ၌ “အရူပဘုံ၌ကဲ့သို့ ပဋိသန္ဓေခဏ၌လည်း ဝတ္ထုပုရေဇာတ၏ မရှိခြင်းကြောင့်, တစ်နည်းကား ထိုပဋိသန္ဓေစိတ်အာရုံ၏ မထင်ရှားသည်၏ အဖြစ်ကြောင့် အာရုံ၏အဖြစ်မျှ၌ သာလျှင် တည်သည်၏အဖြစ်ကြောင့် ပဋိသန္ဓေစိတ်တို့အား အာရမ္မဏပုရေဇာတပစ္စည်း တပ်သည် ၏အဖြစ်ကို ပယ်အပ်၏”ဟု အကြောင်းပြစကားကို ပဋ္ဌာန်းဋီကာဆရာတို့ ဆိုကုန်၏။
ပညတ်နာမ်ရုပ်သည် နာမ်အား ၂-ပစ္စည်းဖြင့် ကျေးဇူးပြုပုံ
ပိုဒ်ရေ ၂၀၊ ၂၁၊ ၂၂-ကျော်။
အာရမ္မဏူပနိဿယ
၂၃။ “အာရမ္မဏမေဝ ဂရုကတံ”ဟူသည်ကား ဆင်ခြင်ရှုစားသည်၏ အစွမ်းအားဖြင့်လည်းကောင်း (တံ ဂရုံ ကတွာ ပစ္စဝေက္ခတိ-ဟူသော ဥပနိဿယပစ္စည်း အသုံးကို ဆိုလိုသည်။), သာယာခြင်း အစရှိသည်တို့၏ အစွမ်းအားဖြင့်လည်းကောင်း (စက္ခုံ အဿာဒေတိ-ဟူသော ဥပနိဿယပစ္စည်း အသုံးကို ဆိုလိုသည်။) အလေးအမြတ်ပြုအပ်သော ဣဋ္ဌာရုံကို ဟောတော်မူ၏။
ထိုအလေး ထားစရာ ဣဋ္ဌာရုံမည်သည်ကိုလည်း ထိုထိုပုဂ္ဂိုလ်၏ အကြိုက်၏အစွမ်းအားဖြင့် သိအပ်၏။ မှန်၏, မစင်၊ အကောင်ပုပ် အစရှိသည်တို့သည်လည်း ထိုမစင်၊ အကောင်ပုပ်စသည်ကို နှစ်သက် ကုန်သော ပိုးလောက်၊ ယင်၊ ခွေး၊ လင်းတ၊ ကျီး အစ ရှိကုန်သော သတ္တဝါတို့အတွက် အလေးအမြတ် ပြုအပ်ကုန်သော အာရုံတို့သည်သာလျှင် ဖြစ်ကုန်၏။ ဤသို့ မှတ်အပ်၏။
ဋီကာကျော်
အဖို့တစ်ပါးကို ဆိုဦးအံ့, ဋီကာကျော်၂၄၈-၌ “ဂရုကတံ-ဟူသည်ကား အလေးအမြတ်ကို ပြု၍ ဆင်ခြင်အပ်သော အာရုံသည်”ဤသို့အစရှိသော အကြင်စကားကို ဆိုအပ်ပြီ။ ထိုစကားသည် ပြည့်စုံသောစကားမဟုတ်။ အဘယ်ကြောင့်နည်းဟူမူကား “မျက်စိအကြည်ရုပ်ကို အလေးအမြတ် ပြု၍ သာယာ၏, နှစ်သက်၏”ဤသို့အစရှိသည်ဖြင့် အဿာဒအစရှိသည်တို့၏ အစွမ်းဖြင့်လည်း (သာယာမှုကိုသာမက ဆင်ခြင်မှုကိုပါ ပေါင်းဆည်းသည်။) ထို ပကတူပနိဿပစ္စည်းဆိုင်ရာ အကျယ်နိဒ္ဒေသဖြစ်သည်၏အဖြစ်ကြောင့်တည်း။ ဤသို့ မှတ်အပ်၏။ (ဋီကာကျော်မှား၏, လယ်တီ မှန်၏။ မန်လည်။)
၂၄။ အနန္တရူပနိဿယအဖွင့် ကျော်။
ပကတူပနိဿယ
၂၅။ “ရာဂါဒယော ပန ဓမ္မာ”ဟူသော ဤပါဌ်ဖြင့် ပဋ္ဌာန်းပါဠိတော်၌ “ရာဂေါ ဒေါသော မောဟော မာနော ဒိဋ္ဌိ ပတ္ထနာ”ဟူ၍ ဟောတော်မူအပ်ကုန်သော တရားတို့နှင့်တကွ အကုသလကမ္မပထ တရား ၁၀-ပါးတို့ကိုလည်းကောင်း, ပဉ္စာနန္တရိယကံငါးပါးတို့ကိုလည်းကောင်း သိမ်းယူအပ်ကုန်၏။
ထိုစကားရပ်၌ ပဉ္စာနန္တရိယကံငါးပါးသည် ကြဉ်အပ်ကုန်သော ထိုရာဂအစရှိသော အကုသိုလ် ကမ္မပထတရား ၁၀-ပါးတို့သည် ကျုးလွန်ထားသော အပြစ်တို့ကို လွန်မြောက်ခြင်းကို အရင်းပြု သဖြင့် ထိုက်သည်အားလျော်စွာ အတွင်းအဇ္ဈတ္တသန္တာန်၌ အလုံးစုံကုန်သော စတုဘူမကကုသိုလ် တို့၏လည်းကောင်း, အာနန္တရိယကံငါးပါး တို့သည်ကား ကာမာဝစရကုသိုလ် တို့၏သာလျှင် လည်းကောင်း ဖြစ်ခြင်း၏ အားကြီးသော မှီရာတို့သည် ဖြစ်ကုန်၏။
(အာနန္တရိယကံ ၅-ပါး ကျူးလွန်ထားလျှင် ဈာန်မဂ်ကုသိုလ် မရနိုင်တော့သဖြင့် ထိုကံ ၅-ပါးသည် ကာမာဝစရကုသိုလ်တို့အားသာ ကျေးဇူးပြုနိုင်တော့သည်။)
အကုသိုလ်နှင့် အဗျာကတ အကျိုးပစ္စယုပ္ပန်တရားအတွက် အဖို့တစ်ပါးကား အာနန္တရိယကံ ငါးပါးနှင့် တကွဖြစ်ကုန်သည့် အလုံးစုံကုန်သော ထိုအကုသိုလ်တရား တို့သည်သာလျှင် ထိုက်သည့် အားလျော်စွာ အတွင်းအဇ္ဈတ္တသန္တာန်၌ လည်းကောင်း, အပြင်ဗဟိဒ္ဓသန္တာန်၌ လည်းကောင်း, ရာဂအစရှိသည်လည်း ဖြစ်ကုန်သော ပါဏာတိပါတ အစရှိသည်လည်း ဖြစ်ကုန်သော အကုသိုလ်အားလုံးတို့၏ လည်းကောင်း, ကိုယ်ချမ်းသာ ကိုယ်ဆင်းရဲ အစရှိကုန်သော ဝိပါက်အဗျာကတတရားတို့၏လည်းကောင်း ဖြစ်ခြင်း၏ အားကြီးသော မှီရာ တို့သည် ဖြစ်ကုန်၏။
“သဒ္ဓါဒယော”ဟူသော ဤပါဌ်ဖြင့် “ သဒ္ဓါ သီလံ သုတံ စာဂေါ ပညာ”ဟူ၍ ဤသို့ ပဥှာဝါရ၌ ဟောတော်မူအပ်ကုန်သော တရားတို့နှင့်တကွ အလုံးစုံကုန်သော ဒါနသီလအစရှိကုန်သော တရား တို့သည် ပကတူပနိဿယသတ္တိကြောင့် စတုဘူမက ကုသိုလ်တရားတို့၏ လည်းကောင်း, ရာဂအစရှိကုန်သော အကုသိုလ်တရားတို့၏လည်းကောင်း, သုခဒုက္ခအစရှိကုန်သော စတုဘူမက အဗျာကတတရားတို့၏လည်းကောင်း ဖြစ်ခြင်း၏ အားကြီးသော မှီရာတို့သည် ဖြစ်ကုန်၏။ ဤသို့ သိအပ်၏။
“သုခံ ဒုက္ခံ ပုဂ္ဂလော ဘောဇနံ ဥတုသေနာသနံ”ဟူသော ဤပါဌ်ဖြင့် နိဗ္ဗာန်သည် ကြဉ်အပ် ကုန်သော အလုံးစုံကုန်သော ကာမ ရူပ အရူပ လောကုတ္တရာအားဖြင့် ဘုံလေးပါး၌ ဖြစ်ကုန်သော အဗျာကတတရားတို့ကို သိမ်းယူအပ်ကုန်၏။ မှန်၏, ထိုအဗျာကတတရားတို့သည်လည်း ထိုက်သည့် အားလျော်စွာ အတွင်းသန္တာန်၌လည်းကောင်း, အပြင်သန္တာန်၌ လည်းကောင်း, ကုသိုလ် အကုသိုလ် အဗျာကတတရားတို့ ဖြစ်ခြင်း၏ အားကြီးသော မှီရာတို့သည် ဖြစ်ကုန်၏။ ဤသို့ မှတ်အပ်၏။
“ကမ္မံ ဝိပါကာနံ” ဟူသောဤပါဌ်၌ အလွန်အားကြီးသော ကံကို အလိုရှိအပ်၏။ အားနည်းသော ကံကို အလိုမရှိအပ်။ ဤသို့ မှတ်အပ်၏။ (ပကတူပနိဿယကံတည်း။)
ရုပ်တရားတို့ ပကတူပနိဿယပစ္စည်း မရပုံ
အဘယ့်ကြောင့်လျှင် ဤပကတူပနိဿယပစ္စည်း၌ ရုပ်တရားတို့ကို (အကျိုးပစ္စယုပ္ပန်တရားတို့၌) မယူအပ်ကုန်သနည်း။ ထိုရုပ်တို့အတွက်လည်း ပထဝီဓာတ်၏အရသာ၊ အာပေါဓာတ်၏အရသာ၊ မိုးရေ၊ အစေ့၊ အမြစ်၊ ဆေး-အစရှိတို့သည် ဗဟိဒ္ဓ၌ သစ်ပင်မြက် အစရှိသည်တို့၏ ကြီးပွားစည်ပင် ပြန့်ပြောစေခြင်းအကျိုးငှာ လည်းကောင်း, အဇ္ဈတ္တသန္တာန်၌လည်း အနာရောဂါကင်းရှင်းခြင်း အစ ရှိသည်တို့၏အကျိုးငှာလည်းကောင်း အားကြီးသောမှီရာတို့သည် ဖြစ်ကုန်သည် မဟုတ်လော။ ဤသည်ကား အမေးတည်း။ ဤမေးအပ်သော အနက်ကိုကား ပဋ္ဌာန်းမူလဋီကာ၌ ဖြေဆိုအပ်သည် သာလျှင်တည်း။
မှန်၏, ထိုမူလဋီကာ၌ “ထင်စွာပြဦးအံ့, ရုပ်အဗျာကတသည် ပကတူပနိဿယပစ္စည်းကို မရ။ (ပ) အဘယ့်ကြောင့်နည်းဟူမူကား စိတ်စေတနာမရှိသော ရုပ်အစဉ်သန္တာန်သည် အပြားအားဖြင့် အလုပ်ကြိုတင်၍ ပြုအပ်ဖြစ်စေအပ်, မှီဝဲအပ်သော ပစ္စည်းတရား၏ မရှိခြင်းကြောင့်သာလျှင်တည်း။ ဥပမာဆောင် ထင်အောင်ပြဦးအံ့, ကတ္တားဖြစ်၍ဖြစ်သော နာမ်အစဉ်သန္တာန်သည် သဒ္ဓါအစရှိသည် တို့ကို ပြီးစေအပ်ကုန်သကဲ့သို့ လည်းကောင်း, ဥတုဘောဇဉ် အစရှိသည်တို့ကို မှီဝဲအပ်ကုန် သကဲ့သို့လည်းကောင်း ဤအတူ ရုပ်အစဉ်သန္တာန်သည် သဒ္ဓါအစရှိသည်တို့ကို ပြီးစေအပ်ကုန် သည်လည်း မဖြစ်ကုန်။ ဥတုဘောဇဉ်အစရှိသည်တို့ကို မှီဝဲအပ်ကုန်သည်လည်း မဖြစ်ကုန်။
ဆက်ဦးအံ့, အကြင်ဥတု၊ မျိုးစေ့အစရှိသော အကြောင်းသည် ရှိသော်လည်းကောင်း, ကံ အစရှိသော အကြောင်းသည် ရှိသော်လည်းကောင်း ရုပ်သည် ဖြစ်၏။ ထို ဥတုဗီဇအစ ရှိသောအကြောင်း၊ ကံအစရှိသောအကြောင်းကို ထိုရုပ်အစဉ်သည် ရှေးကကြိုတင်၍ အပြား အားဖြင့် ပြုအပ်-ဖြစ်စေအပ်-မှီဝဲအပ်သည် မဖြစ်။ မှန်၏, စိတ်စေတနာရှိသော တရား၏သာ “ဖြစ်စေခြင်း မှီဝဲခြင်း အားထုတ်ခြင်း၏အစွမ်းဖြင့်” စေ့ဆော်ခြင်း ပြုစီမံခြင်း အကြောင်း၏အဖြစ်ဖြင့် ခိုင်မြဲစွာတည်ခြင်းမည်သည် ဖြစ်၏။ ရုပ်သည် စိတ်စေတနာရှိသော တရားမဟုတ်’ဟူ၍ ဖွင့်ဆိုအပ်ပြီ။
(ကော်မာအမှတ်ပြနေရာ၌ မူလဋီကာဆဋ္ဌမူတွင် “ဥပ္ပါဒနုပတ္ထမ္ဘနုပယောဂါဒိဝသေန”ဟု ရှိသည်။ ဒီပနီ၌ “ဥပ္ပါဒနုပသေဝန ပယောဂဝသေန”ဟု ရှိသည်။)
ထိုမူလဋီကာသည် ဤဖွင့်ပြလတ္တံ့ပါအတိုင်း ဆိုလို၏။ အစဉ်သန္တာန်သည် ရုပ်သန္တာန်, နာမ်သန္တာန် အားဖြင့် နှစ်ပါးအပြားရှိ၏။ ထိုနှစ်ပါးတို့တွင် အကြင်သန္တာန်သည် ရှေး၌ တစ်စုံတစ်ခုသော ကံအစရှိသည်လည်းဖြစ်သော ဥတုအစရှိသည်လည်း ဖြစ်သောတရားကို ကောင်းစွာဖြစ်စေ အပ်သည်လည်းကောင်း မှီဝဲအပ်သည်လည်းကောင်း ဖြစ်၏။ ထိုသန္တာန်အားသာလျှင် ရှေး၌ မိမိသည် ဖြစ်စေအပ် မှီဝဲအပ်ကုန်သော တရားတို့သည် ကာလတစ်ပါး၌ မိမိ၏ (ဥပနိဿယ ပစ္စည်းတို့သည်) ဖြစ်ကုန်၏။
ဆက်ဦးအံ့, ပကရဏဟု ဆိုအပ်သော ထိုသို့သောအခြင်းအရာအားဖြင့် ဖြစ်စေခြင်း မှီဝဲခြင်း မည်သည်ကို စေတနာရှိသော နာမ်သန္တာန်၌သာလျှင် ရအပ်၏။ စေတနာမရှိသော ရုပ်သန္တာန်၌ မရအပ်။ ထို့ကြောင့် ရုပ်တရားတို့သည် (ပကတူပနိဿယပစ္စည်း မည်သည်ကို) မရကုန်။ ဤသို့ မှတ်အပ်၏။
(ကွင်းအမှတ်သားပြနေရာကို ကြည့်က ဒီပနီစကားသည် ရှေ့နားတွင် ရုပ်တရားတို့သည် ပကတူပ-နိဿယပစ္စယုပ္ပန်ဘက်တွင် မရဟု ရှိနေပြီး နောက်နားတွင် ပစ္စည်းဘက်မရဟု ရှိနေသည်။ ကိုးကားထားသည့် မူလဋီကာသည်လည်း ပစ္စည်းမရကြောင်းကို ပြနေသည်။ ... မိမိ စဉ်းစားဖြစ်သည်ကား စိမ်ရေအရက် အဆိပ်စသည်တို့၌ ရုပ်ပစ္စည်းဘက်ကနေ ဥပနိဿယပစ္စည်း ရနေသည်။ “ဥတုဘောဇနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော”အရ ရုပ်သည် အကြောင်းပစ္စည်း ဘက်က ဖြစ်သည်။ ပကတူပနိဿယရုပ် အကျိုးပစ္စယုပ္ပန်မရှိ စကား မှန်/မမှန်ကိုကား ပဋ္ဌာန်း အရကောက် စသည် ကြည့်ရဦးမည်။)
အဖို့တစ်ပါးကို ဆိုဦးအံ့, “ဤအကြောင်းတရားသည် ရှိလတ်သော် ဤအကျိုးတရားသည် ရှိ၏။ ဤ အကြောင်းတရားသည် မရှိလတ်သော် ဤအကျိုးတရားသည် မရှိ” ဟု ဤသို့ ဟောတော် မူအပ်သော သုတ္တန်ဒေသနာ ပရိယာယ်အားဖြင့် ပကတူပနိဿယပစ္စည်း မည်သည်ကို ရုပ်တရား တို့၏ အလယ်၌လည်း ဆိုသင့်ဆိုထိုက်သည်သာလျှင်တည်း။ ဤသို့ မှတ်အပ်၏။
ဋီကာကျော်
ဋီကာကျော်၂၄၉-၌ကား “ထိုက်သည့်အားလျော်စွာ မိမိသန္တာန်၌လည်းကောင်း အပသန္တာန်၌ လည်းကောင်း ရာဂအစရှိကုန်သော တရားတို့သည်လည်းကောင်း (ပ) ကျောင်းအိပ်ရာနေရာသည် လည်းကောင်း ပကတူပနိဿယပစ္စည်းသည် ဖြစ်၏”ဟူ၍ အနက်ယောဇနာ၍ “ချဲ့ဦးအံ့, ရာဂ အစရှိသော တရားတို့ကို အတွင်း၌ ဖြစ်စေအပ်ကုန်၏။ ပုဂ္ဂိုလ်အစရှိသည်တို့ကို ပြင်ပ၌ မှီဝဲအပ်ကုန်၏” ဟု ဖွင့်ဆိုအပ်ပြီ။ ထိုစကားသည် မကောင်း။
မှန်၏, မိမိအားလည်းကောင်း, သူတစ်ပါးအားလည်းကောင်း ဖြစ်ကုန်သော ရာဂအစရှိကုန်သော တရားတို့သည် မိမိ၏ သန္တာန်၌ဖြစ်စေ, သူတစ်ပါး၏ သန္တာန်၌ဖြစ်စေ ရာဂအစရှိသည်တို့၏ အားကြီးသော မှီရာတို့သည် မဖြစ်ကုန်သည်ကား မဟုတ်ကုန်။ ဖြစ်ကုန်သည်သာလျှင်တည်း။ ဆက်အံ့, ဤအရာ၌ တူသောအလိုဆန္ဒရှိကုန်သော မိန်းမယောက်ျားတို့၏ ရာဂအစရှိသည် တို့သည်လည်းကောင်း, မနောပဒေါသိကနတ် အစရှိသည်တို့၏လည်း ဒေါသ အစရှိသည်တို့သည် လည်းကောင်း ညွှန်ပြကြောင်း ပုံစံသက်သေတည်း။
ဆက်ဦးအံ့, ထိုဋီကာကျော်၂၄၉-၌ “အကြင်အကြင်တည်ရှိမြဲတိုင်းသော သင်္ဂဟပါဠိ၏ အစွမ်းအားဖြင့် ယောဇနာခြင်းကို” ပြု၍။ “ ချဲ့ဦးအံ့, မိမိ၏ ရာဂအစရှိသည် လည်းကောင်း” ဤသို့ အစရှိသည်ဖြင့် အကြင်အနက်ကို အထ ဝါ-ချီကာ တစ်နည်းအားဖြင့် ထင်ရှားစွာ ပြခြင်းကိုလည်း ပြုအပ်၏။ ထိုအနက်ကို ထင်ရှားစွာပြခြင်းသည်လည်း မပြည့်စုံသည်သာလျှင်တည်း။
မှန်၏, ထိုအနက်ကို ထင်ရှားစွာ ပြခြင်းဖြင့် မိမိ၏ ရာဂအစရှိသည်တို့သည် လည်းကောင်း, သဒ္ဓါအစရှိသည်တို့သည် လည်းကောင်း အဇ္ဈတ္တသန္တာန်၌ ကုသိုလ်အစရှိသည်တို့၏ ဥပနိဿယ ပစ္စည်းတို့သည် ဖြစ်ကုန်၏။ မိမိ၏ သဒ္ဓါအစရှိသည်တို့သည်ကား ဗဟိဒ္ဓသန္တာန်၌ ကုသိုလ်၏ ဥပနိဿယပစ္စည်းတို့သည် ဖြစ်ကုန်၏။ ဤသို့ မပြည့်စုံသော အနက်ကို ထင်စွာပြအပ်သည် ၏အဖြစ်ကြောင့်တည်း။
ထိုဋီကာကျော်၂၄၉-၌ “တတ္ထ ရာဂါဒယော”ရှိသည်ဖြင့် မိမိ၏ ရာဂအစရှိသည်တို့ကို မှီ၍ အတွင်းသန္တာန်၌ ကုသိုလ် အကုသိုလ်တို့၏သာလျှင် အကြင်ဖြစ်ခြင်း အစီအရင်ကိုလည်း ဖွင့်ဆို အပ်ပြီ။ ထိုဖြစ်ခြင်းအစီအရင်သည်လည်း မပြည့်မစုံသည်သာလျှင်တည်း။ မှန်၏, နည်းပြမျှလည်း ဖြစ်သော အဖွင့်သံဝဏ္ဏနာဝါကျမည်သည်ကား နည်းအမြွက်ကို အပြည့်အစုံပြု၍ ဆိုသင့်ဆိုထိုက် သည် ဖြစ်၏။ ဤသို့ မှတ်အပ်၏။
(အထက်ပါ စိစစ်ချက် ၃-ခု၌ လယ်တီဋီကာ ပါဠိတော်နှင့် ညှိနှိုင်းစိစစ်၍ ဖွင့်၏။ ဋီကာကျော်ကား ပါဠိအသွားအလာအတိုင်းဖွင့်လျှင် အလွန်ကျယ်သည်ဖြစ်သောကြောင့် သမာသေန ဝဏ္ဏယိဿံ-ဟူသည်နှင့် အညီ အရှင်အနုရုဒ္ဓါဆရာ၏ သံဝဏ္ဏေတဗ္ဗအားလျော်စွာ ဥပလက္ခဏ နိဒဿနနည်းမျှ ဖွင့်၏။ အကျဉ်းဖွင့်သောကြောင့် ပဋ္ဌာန်းအသွားအလာနှင့် မညီဟု မဆိုသင့်။ မန်လည်။)
နာမ်ရုပ်၂-ပါးသည် နာမ်ရုပ်၂-ပါးအား ၉-ပစ္စည်းဖြင့် ကျေးဇူးပြုပုံ
(၂၆။ အပိုဒ်ကျော်သည်။)
အဓိပတိ ၂-ပစ္စည်း
၂၇။ “ဂရုကတမာရမ္မဏံ”ဟူသော ဤပါဠ်၌ အလုံးစုံသော လောကီကုသိုလ်သည်လည်းကောင်း, အောက်မဂ်၊ အောက်ဖိုလ်၊ နိဗ္ဗာန်တို့သည်လည်းကောင်း ကာမာဝစရကုသိုလ်စိတ် ၈-ခုအား အာရမ္မဏာဓိပတိပစ္စည်း တပ်၏။ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်၊ နိဗ္ဗာန်တို့သည် မဟာကြိယာ-ဉာဏသမ္ပယုတ်ဇော ၄-ပါးတို့အား အာရ မ္မဏာဓိပတိပစ္စည်း တပ်၏။ နိဗ္ဗာန်သည် ၈-ပါးအပြား ရှိသော လောကုတ္တရာစိတ်အား အာရမ္မဏာဓိပတိပစ္စည်း တပ်၏။
ဒေါသမူဒွေး၊ မောဟမူဒွေး၊ ဥပေက္ခာသဟဂုတ် ကာယဝိညာဏ်စိတ်တို့ကို ချန်ထား၍ ကြွင်းလောကီကုသိုလ်၊ အကုသိုလ်၊ အဗျာကတ တရားအပေါင်းသည် လောဘသဟဂုတ်စိတ် ၈-ခုအား အာရမ္မဏာဓိပတိပစ္စည်း တပ်၏။ ဤသို့ ပစ္စည်းပစ္စယုပ္ပန်တို့၏ ဝေဖန်ခြင်းကို သိအပ်၏။
ဋီကာကျော်
အဖို့တစ်ပါးကို ဆိုဦးအံ့, ဋီကာကျော်၂၅၀-၌ “ဂရုကတမာရမ္မဏံ-ဟူသည်ကား ဆင်ခြင်ခြင်း၊ သာယာခြင်းအစရှိသည်ဖြင့် အလေးပြုအပ်သော အာရုံတည်း”ဟု ဆိုပြီး၍ ထိုစကားကို ထင်စွာ ပြလိုသော ဋီကာကျော်ဆရာသည် “ချဲ့ဦးအံ့, ဈာန်, မဂ်, ဖိုလ်, ဝိပဿနာ, နိဗ္ဗာန်အစရှိသော အပြားရှိသော ထိုအလေးအမြတ်ပြုအပ်သော အာရုံသည် ဆင်ခြင်တတ်-သာယာတတ် အစ ရှိသောတရား၊ မဂ်, ဖိုလ် အစရှိသော တရားတို့ကို မိမိနှင့် စပ်ဆိုင်သည်တို့ကို ပြုတတ်သည် ဟူသော အကြောင်းဟိတ်ကြောင့် အာရမ္မဏာဓိပတိမည်၏”ဟူသော အကြင်စကားကို ဆိုအပ်ပြီ။ ထိုစကားသည် မကောင်း။
စင်စစ်ဧကန် အမှန်နေရာကျစကားကို ဆိုသည်ရှိသော်ကား “ဒါနမှု၊ သီလမှု၊ ဥပေါသထမှု၊ ရှေး၌လေ့ကျက်အပ်သောတရား၊ ဂေါတြဘု၊ ဝေါဒါန်၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တို့သည်လည်းကောင်း (ကုသိုလ်၊-၊အဗျာကတဆိုင်ရာ), ရာဂ၊ ဒိဋ္ဌိ၊ -၊စက္ခု၊ သောတအစရှိသည်တို့သည် လည်းကောင်း (အကုသိုလ်၊-၊အဗျာကတဆိုင်ရာ)”ဟု ကတ္တားပုဒ်ထုတ်၍ ဆိုသင့်၏။
ဆက်ဦးအံ့, ဝိပဿနာ ဟူသော ဤပုဒ်ကိုလည်း ဂေါတြဘု၊ ဝေါဒါန်တို့ကိုသာလျှင် ရည်ရွယ်၍ ဋီကာကျော်ဆရာသည် ဆိုအပ်သည် ဖြစ်ရာ၏။ ထိုသို့ပင်ဆိုသော်လည်း ထိုဂေါတြဘု၊ ဝေါဒါန်တို့သည် နိဗ္ဗာန်လျှင် အာရုံရှိကုန်သည်ဖြစ်၍ ဝိပဿနာမည်သည် မဖြစ်ကုန်။ ဤသို့ သိအပ်၏။
(ဋီကာကျော်၌ အလေးအမြတ်ပြု၍ ဆင်ခြင်အပ်, သာယာအပ်သော တရား၊ အလေးအမြတ် ပြု၍ ဆင်ခြင်တတ်, သာယာတတ်သောတရား မခွဲခြမ်းဘဲ ဖွင့်သောကြောင့် ကရောက်ကရက်ဟု လယ်တီဋီကာ ဆိုသည်။ တဥှိ ဈာနမဂ္ဂဖလ-စသော ဋီကာကျော်ဝါကျ၌ ဈာနာဒိမဂ္ဂဖလ-ဟု ဆိုလိုလျက် အကျဉ်းဖွင့်သောကြောင့် အာဒိ-သဒ္ဒါမထည့်ဘဲ ဆိုသည်ဟု ယူစရာရှိ၏။ လယ်တီ ကဲ့သို့ အဓိပ္ပာယ်မစပ်ဘဲ ဖွင့်သောကြောင့် ဋီကာကျော်သည် ခပ်မှားမှား ဖွင့်ရှာ၏။ မန်လည်။)
“သဟဇာတာနံ နာမရူပါနံ”ဟူသည်ကား သာဓိပတိ ဒွိဟိတ်ဇော တိဟိတ်ဇောနှင့် တကွ ဖြစ်ကုန်သော နာမ်ရုပ်တို့အား။ ဤကား နာမ်ရုပ်အရကောက် တရားအတွက် လိုရင်းအဓိပ္ပာယ် တည်း။
(အဓိပတိနှင့် တကွဖြစ်သည်ကို သာဓိပတိဟု ခေါ်သည်။ သာဓိပတိ ဒွိဟိတ်တိဟိတ်ဇောဟု ဆိုသဖြင့် အဓိပတိမထိုက်သော မောဟမူဇော ၂-ပါး၊ ဟသိတုပ္ပာဒ် ၁-ပါး မရဟု သိစေသည်။)
သဟဇာတ ၃-ပစ္စည်း
၂၈။ “အညမညံ သဟဇာတရူပါနဉ္စ” ဟူသည်ကား နာမ်တရား အချင်းချင်းအား လည်းကောင်း, ပဋိသန္ဓေခဏ၌ ကံကြောင့်ဖြစ်သော ရုပ်တို့အားလည်းကောင်း, ပဝတ္တိအခါ၌ စိတ်ကြောင့် ဖြစ်ကုန်သော ရုပ်တို့အားလည်းကောင်း။ ဤနည်းကို တစ်ပါးသော နိဿယပစ္စည်းတို့၌လည်း ဆောင်အပ်၏။
ပဉ္စဝေါကာရဘုံ၌ ပဋိသန္ဓေခဏ၌ ဝိပါက်ဝိညာဏ်သည် ဟဒယဝတ္ထုရုပ်နှင့် ကင်း၍ တည်ရာကို မရနိုင်။ ဟဒယဝတ္ထုသည်လည်း ထိုဝိညာဏ်နှင့် ကင်း၍ တည်ရာကို မရနိုင်ဟု ပြခြင်းငှာ “ပဋိသန္ဓိက္ခဏေ ဝတ္ထုဝိပါကာ အညမညံ”ဟူ၍ မိန့်ဆိုအပ်ပြီ။
အညမည ၃-ပစ္စည်း
၂၉။ အညမညပစ္စည်း၌ အကြင်ပစ္စည်းသည် မိမိ၏ နီးစပ်သော အထောက်အပံ့ကို တုံ့ပြန် ထောက်ပံ့၏။ ထိုတုံ့ပြန်ထောက်ပံ့သော အကြောင်းပစ္စည်း သည်သာလျှင် အကျိုးရှုထောင့်က နေကြည့်သော် အကျိုးပစ္စယုပ္ပန်အဖြစ်သို့ ရောက်၏။
(အကြင်အချင်းချင်း ထောက်ပံ့ခြင်းကြောင့် စိတ္တဇရုပ်သည် စိတ်နှင့်တကွ အညမညပစ္စည်း၏ အဖြစ်သို့ ရောက်ပေရာ၏။ နိဿယ။)
သို့သော်လည်း စိတ်ကြောင့်ဖြစ်သော ထိုစိတ္တဇရုပ်တို့မည်သည် တစ်စုံတစ်ခုမျှသော စိတ်ကို ထောက်ပံ့ခြင်းငှာ မစွမ်းနိုင်ကုန်။ ထို့အတူ အငယ်ဥပါဒါရုပ်တို့သည် အကြီးမဟာဘုတ်တို့ကို တစ်စုံတစ်ခုသော ဘုတ်ကိုမျှ ထောက်ပံ့ခြင်းငှာ မစွမ်းနိုင်ကုန်ဟု ပြခြင်းငှာ “ စိတ္တစေတသိကာ ဓမ္မာ အညမညံ” ဤသို့ အစရှိသောစကားကို မိန့်ဆိုတော်မူအပ်ပြီ။
(အညမညပစ္စည်း ရောက်သောအခါ သဟဇာတပစ္စည်းတုန်းကလို သဟဇာတရူပါနဉ္စနှင့် ဥပါဒါရူပါနဉ္စ- စကားရပ်များ မပါရတော့ခြင်းအကြောင်းကိုပါ ဖွင့်သည်။)
ဋီကာကျော်
ဋီကာကျော်၂၅၀-၌ကား “အဖို့တစ်ပါးကား အကြင်ကြောင့် အချင်းချင်း ထောက်ပံ့ခြင်း၏ အစွမ်းကြောင့်သာလျှင် အညမညပစ္စည်း မည်၏, တကွဖြစ်ခြင်းမျှကြောင့် အညမညပစ္စည်း မမည်။ ပဝတ္တိအခါ၌ ရုပ်သည် နာမ်တို့အား သဟဇာတ- အညမညပစ္စည်းတပ်သည် မဖြစ်။ ထို့ကြောင့် သင်္ဂဟကျမ်းပြုဆရာသည် ‘စိတ္တစေတသိကာ ဓမ္မာ အညမညံ’ဟူ၍ မိန့်ဆိုအပ်ပြီ”ဟု ဖွင့်ဆိုထား၏။
ထိုဋီကာကျော်စကားရပ်၌ “တကွဖြစ်ခြင်းမျှကြောင့် အညမညပစ္စည်းမမည်”ဟူသော ဤစကားဖြင့် တကွဖြစ်ရုံမျှကြောင့် သဟဇာတပစ္စည်းမည်သည် အကယ်၍ ဖြစ်ငြားအံ့, ဤသို့ဖြစ်သည်ရှိသော် ပဝတ္တိအခါ၌ ရုပ်သည် နာမ်တို့အား သဟဇာတပစ္စည်းတပ်သည် ဖြစ်ရာ၏။ ထိုသို့ပင် ဖြစ်ရာသော်လည်း သဟဇာတပစ္စည်း၌လည်း ပဝတ္တိအခါ၌ ရုပ်သည် နာမ်တို့အား ‘သဟဇာတ’ ပစ္စည်း မတပ်သည်သာလျှင်တည်း။ ထို့ကြောင့် ဤဋီကာကျော်စကားရပ်သည် မကောင်း။ ဤသို့ မှတ်အပ်၏။
နိဿယ ၃-ပစ္စည်း
၃၀။ “ဆဝတ္ထူနိ သတ္တန္နံ ဝိညာဏဓာတူနံ”ဟူသော ဤပါဌ်၌ ဝတ္ထုသဟဇာတနိဿယ, ဝတ္ထုပုရေဇာတနိဿယ, ဝတ္ထာရမ္မဏပုရေဇာတနိဿယအားဖြင့် ဝတ္ထုနိဿယပစ္စည်းသည် သုံးပါး အပြားရှိ၏။
ထိုသုံးပါးတို့တွင် ပဋိသန္ဓေခဏ၌ ဟဒယဝတ္ထုသည် ဝိပါက်ဖြစ်ကုန်သော နာမ်ခန္ဓာ တို့အား ဝတ္ထုသဟဇာတနိဿယ ပစ္စည်းတပ်၏။ အဖို့တစ်ပါးကား ပဝတ္တိအခါ၌ ရှေး၌ ဖြစ်သော ဝတ္ထုရုပ်ကို မှီ၍ အကြင်စိတ်သည် ဖြစ်၏။ ထိုဝတ္ထုရုပ်သည် ထိုစိတ်အား ဝတ္ထုပုရေဇာတ-နိဿယပစ္စည်းတပ်၏။
အဖို့တစ်ပါးကား ရှေး၌ဖြစ်သော အကြင်ဝတ္ထုသည် အကြင်စိတ်၏ မှီရာသည်လည်း ဖြစ်၏, အာရုံသည်လည်း ဖြစ်၏။ ထိုဝတ္ထုသည် ထိုစိတ်အား ဝတ္ထာရမ္မဏပုရေဇာတနိဿယပစ္စည်း တပ်၏။ မှန်၏, ပဋ္ဌာန်းပါဠိတော်၌ “ အာရမ္မဏ, နိဿယ, ပုရေဇာတ, ဝိပ္ပယုတ္တ, အတ္ထိ, အဝိဂတန္တိ တီဏိ”ဟူသော ဤစကားကို ဟောတော်မူအပ်၏။
(ထိုပဋ္ဌာန်း ၆-ပစ္စည်းကို သဘာဂဃဋနာ ဆက်စပ်အပ်သည်ရှိသော် သုံးဟူသော အဖြေထွက်သည် ဟု ပဋ္ဌာန်းပါဠိက ဆိုလိုသည်။
၁။ ဟဒယဝတ္ထုသည် ကုသိုလ်နာမ်ခန္ဓာတို့အား အဆိုပါ ၆-ပစ္စည်းဖြင့် ကျေးဇူးပြု၏။
၂။ ဟဒယဝတ္ထုသည် အကုသိုလ်နာမ်ခန္ဓာတို့အား အဆိုပါ ၆-ပစ္စည်းဖြင့် ကျေးဇူးပြု၏။
၃။ ဟဒယဝတ္ထုသည် အဗျာကတနာမ်ခန္ဓာတို့အား အဆိုပါ ၆-ပစ္စည်းဖြင့် ကျေးဇူးပြု၏)
နိဿယလည်းဖြစ် အာရမ္မဏလည်းဖြစ်သော ဟဒယဝတ္ထု
အဘယ်သို့လျှင် ထိုဝတ္ထုသည် စိတ်၏ မှီရာသည်လည်းကောင်း အာရုံသည်လည်းကောင်း ဖြစ်သနည်း။ ဤသည်ကား အမေးတည်း။
မိမိ၏ “ပစ္စုပ္ပန်ဖြစ်သော ဝတ္ထုရုပ်”ကို အကြောင်းပြု၍ ဝိပဿနာဉာဏ်ဖြင့် သုံးသပ်သည်၏အစွမ်းဖြင့် လည်းကောင်း, လောဘစသည်ဖြင့် သာယာခြင်း အစရှိသည်တို့၏ အစွမ်းဖြင့်လည်းကောင်း, တန်ခိုးဖန်ဆင်းခြင်းဣဒ္ဓိဝိဓကိစ္စကို အဓိဋ္ဌာန်သည်၏ အစွမ်းဖြင့် လည်းကောင်း စိတ်သည် ဖြစ်၏။ ဤသို့ ထိုဟဒယဝတ္ထုရုပ်သည် စိတ်၏ မှီရာသည် လည်းကောင်း, အာရုံသည်လည်းကောင်း ဖြစ်ပေ၏။ ဤသို့ မှတ်အပ်၏။
မှန်၏, ပဋ္ဌာန်းပါဠိတော်၌ “အဇ္ဈတ္တသန္တာန်၌ ဖြစ်သော ဟဒယဝတ္ထုရုပ်ကို အနိစ္စအားဖြင့် လည်းကောင်း ဒုက္ခအားဖြင့်လည်းကောင်း အနတ္တအားဖြင့်လည်းကောင်း ရှု၏။ သာယာ၏။ အလွန်နှစ်သက်၏။ ထိုဟဒယဝတ္ထုကို အာရုံပြု၍ ရာဂသည် ဖြစ်၏။ ဒိဋ္ဌိသည် ဖြစ်၏။ ဝိစိကိစ္ဆာသည် ဖြစ်၏။ ဥဒ္ဓစ္စသည် ဖြစ်၏။ ဒေါမနဿသည် ဖြစ်၏” ဟူသော ဤစကားကို ဟောတော်မူအပ်ပြီ။
(အနုဒီပနီ၌ ပစ္စုပ္ပန်ဟဒယဝတ္ထုက ကုသိုလ်၊ အကုသိုလ်၊ အဗျာကတတို့အား ကျေးဇူးပြုပုံ ချိပ်ဆက်ဖွင့်ထားချက် ကောင်း၏။ ရှာဖတ်လေတော့။)
သေခါနီးအခါမှာသာ ရသော ပစ္စည်းဖြစ်သတတ်
ဤ ဝတ္ထာရမ္မဏပစ္စည်းအရာ၌ကား ဆရာတို့သည် ဤဝတ္ထာရမ္မဏပုရေဇာတနိဿယပစ္စည်း မည်သည်ကို သေခါနီးအခါ၌သာလျှင် ရထိုက်သောပစ္စည်းအဖြစ် ပို့ချရိုးလမ်းစဉ်သို့ တင်ကုန်၏။
ဤဆိုလတ္တံ့သည်ကား ထိုဆရာကြီးတို့၏ လိုရင်းအဓိပ္ပာယ်တည်း။ ရှေးဦးစွာ အဋ္ဌကထာ၌ ဇောစိတ်၏ အာဝဇ္ဇန်းနှင့် ကင်း၍ ဖြစ်ခြင်းကို အလိုမရှိအပ်သော အနိဋ္ဌဌာန၌ အာဝဇ္ဇန်းနှင့် ကင်း၍ ဝီထိစိတ်တို့၏ ဖြစ်ခြင်းကို တားမြစ်အပ်၏။ ထိုမှတစ်ပါး တစ်ခုသော အာဝဇ္ဇန်းရှိသော ဝီထိ၌လည်း စိတ်တို့၏ အာရုံမည်သည်ကို တရားကိုယ်အားဖြင့်လည်းကောင်း ကာလအားဖြင့်လည်းကောင်း အပြားမရှိသည်ကိုသာလျှင် အဋ္ဌကထာဆရာတို့သည် အလိုရှိကုန်၏။ (ပဋိသိဒ္ဓ = တားမြစ်။)
ဆက်၍ဆိုအံ့, သေခါနီးကာလချန် သာမန်ပကတိအခါ၌ စိတ်တို့မည်သည် အသီးအသီးသော ဝတ္ထုလျှင် မှီရာရှိကုန်၏။ ထို့ကြောင့် အကြင်အခါ၌ ပစ္စုပ္ပန်ဖြစ်သော သန္တာန်၌ဖြစ်သော ဟဒယ ဝတ္ထုရုပ်ကို အာရုံပြု၍ အနိစ္စအစရှိသည်တို့၏ အစွမ်းအားဖြင့်လည်း သုံးသပ်ဆင်ခြင်ကုန်၏။ “ဤဝတ္ထုရုပ်သည် ငါ၏ဥစ္စာ”ဟူ၍လည်း သာယာကုန်၏။ ထိုအခါ၌ အကြင်ဝတ္ထုကို ဆင်ခြင် အပ်၏။ ဇောတို့သည်လည်း ထိုဝတ္ထုရုပ်ကိုသာလျှင် ယူကုန်၏။ မိမိ မိမိ၏ မှီရာဖြစ်သော ဝတ္ထုတို့ကို မယူနိုင်ကုန်။
မှန်၏, ထိုမိမိမှီရာဝတ္ထုတို့ကိုလည်းကောင်း ဝတ္ထုမှ တစ်ပါးဖြစ်သော အာရုံကိုလည်းကောင်း အကယ်၍ ယူကုန်ငြားအံ့။ ဇောတို့သည် အာဝဇ္ဇန်းကင်းသော သဘောရှိသည် မည်တော့၏။ အဘယ့်ကြောင့်နည်းဟူမူကား အာဝဇ္ဇန်းသည် ဆင်ခြင်အပ်သော အာရုံကို မယူမူ၍ တစ်ပါးသော အာရုံကို ယူ၍ ဖြစ်ခြင်းကြောင့်တည်း။ ဤသို့ မှတ်အပ်၏။
ကွဲပြားသော အာရုံရှိသော အာဝဇ္ဇန်းနှင့် ဇောတို့ မည်ကုန်တော့၏။ အဘယ့်ကြောင့်နည်းဟူမူကား နောက်၌ ဖြစ်ကုန်သောဇောတို့၏ အသီးအသီးသော ဝတ္ထုတို့ကိုလည်းကောင်း ဝတ္ထုမှ တစ်ပါးသော အာရုံကိုလည်းကောင်း ယူ၍ ဖြစ်ခြင်းကြောင့်တည်း။ ဤသို့ မှတ်အပ်၏။
ထိုသို့သော အခြင်းအရာအားဖြင့်ဖြစ်ခြင်းငှာ တတ်လည်းမတတ်ကောင်းပေ။ အဘယ့်ကြောင့်နည်း ဟူမူကား အဋ္ဌကထာနှင့် ဆန့်ကျင်သည်၏ အဖြစ်ကြောင့်တည်း။ ထို့ကြောင့် ထိုဝတ္ထာရမ္မဏ-ပုရေဇာတပစ္စည်းသည် ပုံမှန်အခါ၌ ရခြင်းငှာ မတတ်ကောင်း။ ဤသို့ မှတ်အပ်၏။
စင်စစ်သော်ကား သေခါနီးအခါ၌ အလုံးစုံကုန်သော အာဝဇ္ဇန်းအစရှိကုန်သော စိတ်တို့သည် တစ်ခုတည်းသာလျှင်ဖြစ်သော ဝတ္ထုကို မှီ၍ ဖြစ်ကုန်၏။ ထို့ကြောင့် ထိုဝတ္ထုရုပ်ကို အာရုံပြု၍ ဖြစ်ကုန်သော အာဝဇ္ဇန်းအစရှိကုန်သော ထိုဝီထိစိတ်တို့၏ ထိုဟဒယဝတ္ထု သည်ပင်လျှင် မှီရာသည်လည်းကောင်း အာရုံသည်လည်းကောင်း ဖြစ်၏။ အကျိုးရလဒ်ဆိုဦးအံ့, ဤသို့ဖြစ်သည် ရှိသော် ထိုဝီထိစိတ်တို့အား အာဝဇ္ဇန်းကင်းသည်၏ အဖြစ်သည်လည်းကောင်း ပြားသောအာရုံ ရှိသည်၏အဖြစ်သည် လည်းကောင်း မရှိ။ ဤသို့မှတ်အပ်၏။ ဤဆိုအပ်ခဲ့ပြီးသည်ကား ထို အဋ္ဌကထာဆရာကြီးတို့၏ ဆိုလိုရင်းအဓိပ္ပာယ်တည်း။
ပကတိအခါမှာလည်း ရသောပစ္စည်း ဖြစ်ပုံ
အဖို့တစ်ပါးကို ဆိုပေအံ့, ထိုဆရာကြီးတို့၏စကား၌ အာဝဇ္ဇန်းသည် ဆင်ခြင်အပ်သော ဝတ္ထုကို မယူမူ၍ မိမိ မိမိ၏ မှီရာဝတ္ထုတို့ကို အကယ်၍ ယူကုန်ငြားအံ့။ ဤသို့ယူကုန်သည်ရှိသော် “ဇောတို့သည် အာဝဇ္ဇန်းကင်းသော ဇောတို့မည်သည် ဖြစ်ကုန်ရာ၏”ဟူသော စကားသည် ရှေးဦးစွာ မဖြစ်သင့်။ အဘယ့်ကြောင့်နည်း ဟူမူကား အာဝဇ္ဇန်းမည်သည် ဆင်ခြင်အပ်တိုင်းသော အပြားရှိသော အာရုံကိုသာလျှင် ယူခြင်းကြောင့်တည်း။
ထိုစကားကို ချဲ့၍ပြဦးအံ့, အာဝဇ္ဇန်းသည်လည်း ဝတ္ထုဟူ၍သာလျှင် ဆင်ခြင်သကဲ့သို့ ထို့အတူ ဇောတို့သည်လည်း ဝတ္ထုဟူ၍သာလျှင် သိကုန်၏။ တစ်ပါးသော အခြင်းအရာအားဖြင့် မသိကုန်။ ထို့ကြောင့် ဇောတို့၏ အာဝဇ္ဇန်းကင်းသည်၏အဖြစ်သည် မရှိ။ ဤသို့ မှတ်အပ်၏။
ဆက်ဦးအံ့, အာဝဇ္ဇန်းကင်းသည်၏အဖြစ်သည် မရှိသကဲ့သို့ ထို့အတူ ထိုဇောတို့အား ပြားသော အာရုံရှိသည်၏အဖြစ်သည်လည်း မရှိသည်သာလျှင်တည်း။ အဘယ့်ကြောင့်နည်းဟူမူကား ဝေဖန် ပိုင်းခြားခြင်း၏ မဖြစ်သင့်သောကြောင့်တည်း။
ချဲ့ဦးအံ့, အစဉ်အခဲသန္တတိဃန၏ အစွမ်းအားဖြင့် တစ်ပေါင်းတည်းဖြစ်သကဲ့သို့ ရှေ့နောက် ဖြစ်ကုန်သော များစွာကုန်သော ဝတ္ထုတို့တွင် တစ်ခုတစ်ခုသော ဝတ္ထုကို ဤဝတ္ထုပင်လျှင်တည်းဟု အသီးအခြားပြု၍ အာဝဇ္ဇန်းသည် လည်းကောင်း ဇောတို့သည် လည်းကောင်း ယူခြင်းငှာ မတတ်နိုင်ကုန်။ ထိုသို့သော အခြင်းအရာအားဖြင့် တတ်စွမ်းခြင်းငှာ မထိုက်ကုန်သော အရာတို့၌ စင်စစ်အားဖြင့် တရားကိုယ်အားဖြင့်လည်းကောင်း ကာလအားဖြင့်လည်းကောင်း ပြားသောအာရုံ ရှိသည်၏အဖြစ်မည်သည်ကို ရခြင်းငှာမတတ်ကောင်း။ ထို့ကြောင့် ထိုဇောစိတ်တို့အား ပြားသော အာရုံရှိသည်၏ အဖြစ်သည်လည်း မရှိသည်သာလျှင်တည်း။ ဤသို့ မှတ်အပ်၏။
ဤမျှအတိုင်းအရှည်ရှိသောစကားဖြင့် ဤဝတ္ထာရမ္မဏပုရေဇာတနိဿယပစ္စည်း အစီအရင်၏ သေခါနီးကာလမှတစ်ပါး ပုံမှန်ပကတိအခါ၌လည်း ရအပ်သည်၏အဖြစ်ကို ပြီးစေအပ်၏။ ဤသို့ မှတ်အပ်၏။
အာရုံရုပ် ၃-ပစ္စည်း
ဆိုဖွယ်အထူးကား အလုံးစုံသော ပစ္စုပ္ပန်ဖြစ်သော မိမိ၏ ရူပကာယကို အာရုံပြု၍ “ငါ၏ ရုပ်သည် အမြဲမရှိ”ဟူ၍ ပညာဖြင့်လည်းကောင်း, “ဤရုပ်သည် ငါ့ဥစ္စာတည်း”ဟူ၍ တဏှာဖြင့်လည်းကောင်း ရှုဆင်ခြင်ကုန်သော သူအပေါင်းတို့အား မိမိအဇ္ဈတ္တရုပ်တို့တွင် “ဤအမည်ရှိသော ရုပ်သည် ထိုဆင်ခြင်သောစိတ်၏ အာရုံသည်မဖြစ်”ဟု မဆိုသင့်။ စင်စစ်ဧကန် အမှန်နေရာကျကို ဆိုသည်ရှိသော်ကား အာရုံဖြစ်၍ ဖြစ်ကုန်သော ထိုရုပ်တို့တွင် “အချို့သောရုပ်သည် အာရုံဖြစ်ကာ မျှသည် ဖြစ်၏။ အချို့သောရုပ်သည် အာရမ္မဏပုရေဇာတသည် ဖြစ်၏။ အချို့သောရုပ်သည် ဝတ္ထာရမ္မဏပုရေဇာတသည် ဖြစ်၏”ဟု ဆိုခြင်းငှာ တတ်ကောင်း၏။ ဤသို့ မှတ်အပ်၏။
အာဟာရ ၂-ပစ္စည်း
၃၁။ “ကဗဠီကာရော အာဟာရော”ဟူသည်ကား ကာမာဝစရသတ္တဝါတို့အား ပဋိသန္ဓေအခါမှ စ၍ ဖြစ်သော စတုသမုဋ္ဌာနိကဖြစ်သော ရုပ်အာဟာရ လည်းကောင်း, အပ၌ဖြစ်သော ရုပ်အာဟာရ လည်းကောင်းတည်း။
မှန်၏, အမိဝမ်း၌ ပဋိသန္ဓေနေရကုန်သောသူတို့အား အကြင်မျှလောက် အမိ၏ အာဟာရ ပျံ့နှံ့ခြင်းကို မရအပ်သေး။ ထိုမျှလောက် ကလလရေကြည်အစရှိသောအခါတို့၌ ကံစိတ်ဥတုတည်း ဟူသော အကြောင်းသုံးပါးကြောင့်ဖြစ်သော အတွင်းအာဟာရသည်ပင်လျှင် ထောက်ပံ့ခြင်းကိစ္စကို ပြီးစေနိုင်၏။ ပဋ္ဌာန်းပါဠိတော်၌ “ပဋိသန္ဓေအခါ၌ ထမင်းအလုတ်ကို မပြုသော်လည်း ပြုအပ် သကဲ့သို့ ဖြစ်သော ကဗဠီကာရာဟာရသည် ဤကံစိတ်ဥတုအာဟာရ အကြောင်းလေးပါး ကြောင့်ဖြစ်သည့် စတုဇကာယအား အာဟာရပစ္စည်းဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏”ဟူသော ဤစကားကို ဟောတော်မူအပ်၏။
အဖို့တစ်ပါးကို ဆိုဦးအံ့, ထိုအာဟာရ၏ သြဇာလျှင် ရှစ်ခုမြောက်ရှိသော ရုပ်ကို ဖြစ်စေခြင်း သည်ကား အပ၌ဖြစ်သော အာဟာရရုပ်၏ ထောက်ပံ့ခြင်းကို ရအပ်သောအခါ၌သာလျှင် ဖြစ်သည် ဟု မှတ်အပ်၏။
ဆိုအပ်ပြီးသောစကားအတိုင်း အကယ်၍ ဖြစ်ငြားအံ့, ဤသို့ဖြစ်သည်ရှိသော်-
“ယဉ္စဿ ဘုဉ္ဇတိ မာတာ၊ အန္နံ ပါနဉ္စ ဘောဇနံ။
တေန သော တတ္ထ ယာပေတိ၊ မာတုကုစ္ဆိဂတော တိရော။”
ထိုသတ္တဝါ၏ အမိသည် အကြင်ထမင်းကိုလည်းကောင်း, အကြင်အဖျော်ကိုလည်းကောင်း, အကြင်ဘောဇဉ်ကိုလည်းကောင်း စား၏။ ထိုအမိစားသော ထမင်းအဖျော်ဘောဇဉ်ဖြင့် အမိ၏ ဝမ်းတွင်း၌ ဖြစ်သော ထိုသတ္တဝါသည် ထိုအမိဝမ်း၌ မျှတတည်တံ့နိုင်၏”ဟူ၍ သဂါထာဝဂ္ဂ သံယုတ်၌ အဘယ်ကြောင့် ဟောတော်မူအပ်လေနည်း။ ဤကား အမေးတည်း။ ထင်ရှားသော အာဟာရဖြင့်သာလျှင် ထိုဣန္ဒကနတ်ဘီလူးအား သိစေခြင်း အကျိုးငှာ မြတ်စွာဘုရားသည် ဟောတော်မူအပ်၏။ ဤကားအဖြေတည်း။ (အတွင်းအာဟာရသည် မထင်ရှား, အပြင်အာဟာရ ကား ထင်ရှား၏။)
“ဣမဿ ကာယဿ”ဟူသည်ကား ရှေးဦးစွာ အမိဝမ်းတွင်း ပဋိသန္ဓေနေသော ဂဗ္ဘသေယျက ပုဂ္ဂိုလ်တို့အား ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏ၌ ကံတည်းဟူသောအကြောင်း တစ်ပါးကြောင့်ဖြစ်သော ကိုယ်အား လည်းကောင်း, ထိုပဋိသန္ဓေစိတ်၏ ဌီခဏဘင်ခဏတို့၌ ကံဥတုတည်းဟူသော အကြောင်း နှစ်ပါးကြောင့်ဖြစ်သော ကိုယ်အားလည်းကောင်း, ထိုပဋိသန္ဓေစိတ်မှ နောက်ကာလ (ပထမဘဝင်စိတ်၏ ဥပါဒ်ခဏ-စသည်)၌ ကံ စိတ်ဥတုတည်းဟူသော အကြောင်းသုံးပါးကြောင့် ဖြစ်သော ကိုယ်အားလည်းကောင်း, သြဇာပျံ့နှံ့သောအခါ၌ ကံစိတ်ဥတုအာဟာရတည်းဟူသော အကြောင်း လေးပါးကြောင့်ဖြစ်သော ကိုယ်အားလည်းကောင်း ကဗဠီကာရာဟာရသည် ကျေးဇူးပြု၏။ ဂဗ္ဘသေယျကပုဂ္ဂိုလ်မှ အခြားသော သံသေဒဇနှင့် သြပပါတိက သတ္တဝါတို့အား လည်း ဖြစ်သင့်သည် အားလျော်စွာ ရုပ်အာဟာရက ကျေးဇူးပြုပုံကို ဆိုအပ်၏။
အထူးကို ဆိုဦးအံ့, ရူပဘုံ၌ နှစ်ပါးအပြားရှိသော ရုပ်ကို ဖြစ်စေခြင်းကိစ္စ၊ ရုပ်ကို ထောက်ပံ့ခြင်း ကိစ္စဟု ဆိုအပ်သော သြဇာအာဟာရကိစ္စနှင့် ကင်းပ၍လည်း အပ္ပနာသို့ရောက်သော ကံအထူးဖြင့် ပြီးသော, အလွန် ရှည်မြင့်စွာသော အဓွန့်ကာလပတ်လုံးလည်း ပျံ့နှံ့ခြင်းငှာ စွမ်းနိုင်သည့် ရုပ်ဇီဝိတိန္ဒြေ၏လည်းကောင်း, ထိုသို့သဘောရှိကုန်သော အပ္ပနာသို့ ရောက်သော ကံအထူးဖြင့် ပြီးစီးကုန်သည့် ဘဝင်၌ အကျုံးဝင်ကုန်သော နာမ်အာဟာရတို့၏ လည်းကောင်း အစွမ်းအားဖြင့် တစ်ပါးမက = များစွာသော ကမ္ဘာတို့ပတ်လုံးလည်း အတ္တဘော၏ အစဉ်ဖြစ်ခြင်းကို သိအပ်၏။
ဤအကြောင်းနည်းလမ်းဖြင့် ကမ္မဇကာယ အလွန်များကုန်သော နတ်တို့၌လည်းကောင်း, ပြိတ္တာ ငရဲတို့၌လည်းကောင်း အလွန်ရှည်မြင့်စွာသော ကာလပတ်လုံးလည်း အပဖြစ်သော အာဟာရနှင့် ကင်း၍ အတ္တဘော၏ ဖြစ်ခြင်းကို ဆိုသင့်ဆိုထိုက်၏။ အထူးကား ထိုနတ်ငရဲပြိတ္တာတို့၌ အတွင်း၌ ဖြစ်သော အဇ္ဈတ္တအာဟာရကို”လည်း” ရသည်သာလျှင်တည်း။ (လည်း-ဖြင့် ဆိုခဲ့ပြီး ဇီဝိတိန္ဒြေနှင့် နာမ်အာဟာရတို့ကို ပေါင်းဆည်းသည်။)
(၃၂။ ဣန္ဒြိယ ၃-ပစ္စည်းဆိုင်ရာ မဖွင့်။)
ဝိပ္ပယုတ္တ ၃-ပစ္စည်း
၃၃။ ပဋိသန္ဓေခဏ၌ ဝိပါက်ခန္ဓာတို့သည်လည်း ဟဒယဝတ္ထုအား ဝိပ္ပယုတ္တပစ္စည်းဖြင့် အကယ်၍ကား ကျေးဇူးပြုပါကုန်၏။ ထိုသို့ပင် ဝိပ္ပယုတ္တပစ္စည်းဖြင့် ကျေးဇူးပြုပါကုန်သော်လည်း ထိုဝိပါက်ခန္ဓာတို့ကို “စိတ္တစေတသိကာ ဓမ္မာ သဟဇာတာနံ ရူပါနံ”ဟူသော ဤပုဒ်၌ ပေါင်းယူ ရေတွက်အပ်ကုန်လတ္တံ”ဟု နှလုံးသွင်း၍ “သြက္ကန္တိက္ခဏေဝတ္ထု ဝိပါကာနံ-ပဋိသန္ဓေခဏ ဟဒယ ဝတ္ထုရုပ်သည် ဝိပါက်ခန္ဓာတို့အား ဝိပ္ပယုတ္တပစ္စည်းဖြင့် ကျေးဇူးပြုကုန်၏”ဟူ၍ မိန့်ဆိုအပ်ပြီ။ (ခန္ဓာ ဝတ္ထုဿ-နှင့် ဝတ္ထု ခန္ဓာနံ-ဟူသော သဘောကို ဖွင့်နေခြင်းဖြစ်သည်။ သင်္ဂဟ၌ ဝတ္ထုက ဝိပါက်ခန္ဓာကို ဝိပ္ပယုတ္တသတ္တိဖြင့် ကျေးဇူးပြုပုံသာပါ၍ ဝိပါက်ခန္ဓာက ဝတ္ထုအား ဝိပ္ပယုတ္တသတ္တိဖြင့် ကျေးဇူးပြုပုံ မပါသဖြင့် ဒုတိယစာကြောင်းတွင် ရှာပြခြင်းဖြစ်သည်။)
သင်္ဂဟဂါထာ
၃၄။ သင်္ဂဟဂါထာ၌ “သဗ္ဗထာ”ဟူသည်ကား “သဗ္ဗထာ-သဗ္ဗပကာရံ-အလုံးစုံသော အပြားရှိသော၊ သဟဇာတံ- သဟဇာတပစ္စည်း လည်းကောင်း” ဤသို့ အစရှိသည်ဖြင့် သဗ္ဗထာ-ပုဒ်ကို နာမဝိသေသနပုဒ်ကြံ၍ ယှဉ်အပ်၏။ အပြားပကာရသည်လည်း သဟဇာတပစ္စည်း အစရှိသည် တို့၏ အစွမ်းဖြင့် သုံးပါးအပြားရှိသည် ဖြစ်၏။ ဤသို့သိအပ်၏။ (သဟဇာတ၊ ပုရေဇာတ၊ ပစ္ဆာဇာတ-ပစ္စည်းသုံးမျိုး။ ပဋ္ဌာန်းပါဠိတော်ကြည့်ပါ။)
“ရူပဇီဝိတမိစ္စယံ”ဟူသည်ကား ဤသို့ ရှေးဆရာတို့သည် မိန့်ဆိုအပ်သော ဤ ၅-ပစ္စည်းသည် အတ္ထိပစ္စည်းမည်သည်လည်းကောင်း, အဝိဂတပစ္စည်းမည်သည်လည်းကောင်း ဖြစ်ပေ၏။ ဤသို့ အနက်ယောဇနာအပ်၏။
ရုပ်အာဟာရနှင့် ရုပ်ဇီဝိတိန္ဒြေမှာ သဟဇာတပစ္စည်း မရပုံ
ကဗဠီကာရာဟာရကိုလည်းကောင်း ရုပ်ဇီဝိတိန္ဒြေကိုလည်းကောင်း သဟဇာတပစ္စည်း၌ ပစ္စည်း အဖြစ်ဖြင့် ပေါင်းယူရေတွက်အပ်သည် မဟုတ်တုံလော။ ထိုပေါင်းယူရကျိုးကို ဆိုဦးအံ့, ဤသို့ ဖြစ်သည်ရှိသော် အတ္ထိပစ္စည်းသည် သုံးပါးအပြားရှိသည်သာလျှင် ဖြစ်ရာ၏။ ဤသည်ကား စောဒနာခြင်းတည်း။ ဤကဲ့သို့ မစောဒနာသင့်။ အဘယ့်ကြောင့်နည်းဟူမူကား တကွဖြစ်ခြင်းဟု ဆိုအပ်သော အတူဖြစ်ခြင်းလက္ခဏာ၏ မရှိခြင်းကြောင့်တည်း။
မှန်၏, သဟဇာတပစ္စည်းသည် တကွဖြစ်ခြင်းလက္ခဏာရှိ၏။ ကဗဠီကာရာဟာရသည်ကား သြဇာလျှင် ရှစ်ခုမြောက်ရှိသော ရုပ်ကို ဖြစ်စေပါသော်လည်း မိမိ၏ ဌီခဏ၌သာလျှင် ဖြစ်စေ၏။ ဥပ္ပါဒ်ခဏ၌ ဖြစ်စေသည် မဟုတ်။
ဆက်ဦးအံ့, မဟာဘုတ်တို့သည် တကွဖြစ်သော သဟဇာတရုပ်တို့ကို ထောက်ပံ့ကုန်သည်ရှိသော် မိမိနှင့်တကွဖြစ်ခြင်း ရှေးရှိကုန်သည်ဖြစ်၍သာလျှင် ထောက်ပံ့ကုန်သကဲ့သို့ ထို့အတူ အာဟာရ သည် မ,ထောက်ပံ့။ စင်စစ်သော်ကား ထိုအာဟာရသည် အတူဖြစ်ခြင်းသဟဇာတဗျာပါရကိစ္စနှင့် ကင်း၍သာလျှင် တကွဖြစ်သော သဟဇာတ်ရုပ်တို့ကို လည်းကောင်း, တကွမဖြစ်သော အသဟ- ဇာတ်ရုပ်တို့ကိုလည်းကောင်း ထောက်ပံ့ခိုင်စေ၏။
(ကဗဠီကာရာဟာရကိုလည်း ထောက်ပံ့ခြင်းကိစ္စ၏အစွမ်းအားဖြင့်သာလျှင် ပဋ္ဌာန်းပါဠိတော်၌ ဟောတော်မူအပ်၏။ သြဇာလျှင် ရှစ်ခုမြောက်ရှိသော ရုပ်ကို ဖြစ်စေခြင်းကိစ္စအားဖြင့် ဟောတော် မမူအပ်။ ဤဆိုအပ်ခဲ့ပြီးသည်မှ တစ်ပါးသော အခြင်းအရာအားဖြင့် အနက်ကို ယူအပ်သည် ရှိသော် “ကဗဠီကာရော အာဟာရော-ရုပ်အာဟာရသည်၊ အာဟာရသမုဋ္ဌာနာနံ-အာဟာရကြောင့် ဖြစ်ကုန်သော၊ ရူပါနံ-ရုပ်တို့အား၊ သဟဇာတပစ္စယေန- သဟဇာတပစ္စည်းဖြင့်၊ ပစ္စယော- ကျေးဇူးပြု၏” ဤသို့အစရှိသော ပါဠိဝါကျကို ဟောတော်မူအပ်ရာ၏။ ဟောကား မဟောအပ်ခဲ့။ ဤသို့ မှတ်အပ်၏။ နိဿယမှာပါသည့် ယခင်ရေးသားသည့် ပါဠိအနက်။)
ရုပ်ဇီဝိတသည်လည်း တကွဖြစ်ခြင်းသဟဇာတဗျာပါရကိစ္စနှင့် ကင်း၍သာလျှင် တကွဖြစ်သော ရုပ်တို့ကို အစဉ်စောင့်ရှောက်တတ်၏။ ဤသို့ ရုပ်အာဟာရ, ရုပ်ဇီဝိတအားဖြင့် ၂-ပါးလည်း ဖြစ်ကုန်သော ဤတရားတို့ကို သဟဇာတလက္ခဏာ မရှိကုန်သည်ဖြစ်၍သာလျှင် သဟဇာတ ပစ္စည်း၌ ပေါင်းမယူအပ်ကုန်။ ဤသို့ မှတ်အပ်၏။
ပစ္စည်းအကျဉ်းချုပ်
၃၅။ ယခုအခါ၌ အလုံးစုံလည်းဖြစ်ကုန်သော ၂၄-ပါးသော ပစ္စည်းတို့ကို ပေါင်းယူအပ်ကုန်သည် ရှိသော် အာရမ္မဏ, ဥပနိဿယ, ကမ္မ, အတ္ထိအားဖြင့် လေးပစ္စည်းတို့သည် ဖြစ်ကုန်၏ဟု ပြတော်မူခြင်းငှာ “အာရမ္မဏူပနိဿယကမ္မတ္ထိပစ္စယေသု စ သဗ္ဗေပိ သမောဓာနံ ဂစ္ဆန္တိ” ဟူ၍ မိန့်အပ်ပြီ။
ထိုစကားရပ်၌ ဤဆိုလတ္တံ့သည်ကား ပေါင်းရုံးခြင်းအစီအရင်တည်း။ ၂၄-ပါးသော ပစ္စည်းတို့တွင် ရှေးဦးစွာ အဓိပတိပစ္စည်းသည် အာရမ္မဏာဓိပတိပစ္စည်း သဟဇာတာဓိပတိပစ္စည်းတို့၏ အစွမ်း အားဖြင့် နှစ်ပါးအပြားရှိ၏။ ထိုနှစ်ပါးတို့တွင် အာရမ္မဏာဓိပတိပစ္စည်းသည် ကမ္မပစ္စည်း ကြဉ်အပ်ကုန်သော သုံးပါးကုန်သော အာရမ္မဏ, ဥပနိဿယ, အတ္ထိပစ္စည်းတို့၌ ပေါင်းခြင်းသို့ ရောက်၏။ မှန်၏, အာရမ္မဏပစ္စည်းမျှသည်လည်း ကမ္မပစ္စည်းနှင့်တကွ ပေါင်းခြင်းသို့ မရောက်, အာရမ္မဏာဓိပတိပစ္စည်းမူကား အဘယ်မှာ ရောက်ပါတော့အံ့နည်း။
ဤအရာ၌ စောဒနာခြင်းသည် ဖြစ်ရာ၏။ အဘယ့်ကြောင့် “အာရမ္မဏပစ္စည်းမျှသည်လည်း ကမ္မပစ္စည်းနှင့်တကွ ပေါင်းခြင်းသို့ မရောက်”ဟု ဆိုအပ်သနည်း။ ကံလျှင်အာရုံရှိသည်လည်း ဖြစ်ကုန်သော ပဋိသန္ဓေဘဝင်စုတိတို့သည် ဖြစ်ကုန်သည် မဟုတ်ပါလော။ ဤသို့ စောဒနာ ခြင်းသည် ဖြစ်၏။
ထိုစောဒနာတိုင်း မှန်ပေ၏။ ထိုသို့ပင်မှန်သော်လည်း ဤနေရာ၌ မူလဋီကာ၌ - ကံသည်ကား ထိုကံကို ပြုအပ်ပြီးသည်အဖြစ်ကြောင့် ဖြစ်ကုန်သော အကျိုးဝိပါက်နာမက္ခန္ဓာ,ကဋတ္တာရုပ်တို့အား ပြုအပ်ပြီး- ဆည်းပူးအပ်ပြီးသည်၏ အဖြစ်ဖြင့် ကမ္မပစ္စည်းဖြင့် ကျေးဇူးပြု၏။ အာရုံအခြင်းအရာ အားဖြင့် ကျေးဇူးပြုသည် မဟုတ်။
ဆက်ဦးအံ့, အာရမ္မဏပစ္စည်းဟူသည် အာရုံမျှအဖြစ်၏အစွမ်းအားဖြင့် ကျေးဇူးပြုတတ်သောတရား ဖြစ်၏။ သန္တာန်အထူးကို ပြု၍ အကျိုးကို ဖြစ်စေခြင်းဟု ဆိုအပ်သည့် မျိုးစေ့ချကမ္မပစ္စည်းဟူသော အခြင်းအရာအားဖြင့် ကျေးဇူးပြုတတ်သော တရားမဟုတ်။ (ထို့ကြောင့် အာရမ္မဏပစ္စည်း, ကမ္မပစ္စည်းတို့သည် ပစ္စည်းတပ်ပုံအခြင်းအရာ သဘောမတူသည်၏ အဖြစ်ကြောင့် အတူတကွ စပ်ခြင်း, ပစ္စည်းပြိုင်ခြင်းသို့ မရောက်ကုန်”)ဟူ၍ ဖြေအပ်၏။ (ဤကွင်း အတွင်း စကားရပ်များ မူလဋီကာ၌ မတွေ့ရ။) အဖို့တစ်ပါးကား သဟဇာတာဓိပတိပစ္စည်းသည် အတ္ထိပစ္စည်း၌ ပေါင်းခြင်းသို့ ရောက်၏။
နိဿယပစ္စည်းသည် သဟဇာတနိဿယ, ဝတ္ထုပုရေဇာတနိဿယ, ဝတ္ထာရမ္မဏပုရေဇာတနိဿယ အားဖြင့် ၃-ပါးအပြားရှိ၏။ ထိုတွင် ရှေ့သဟဇာတ, ဝတ္ထုပုရေဇာတနိဿယ နှစ်ပစ္စည်းတို့သည် အတ္ထိပစ္စည်း၌ ပေါင်းခြင်းသို့ ရောက်ကုန်၏။ နောက်ဝတ္ထာရမ္မဏပုရေဇာတနိဿယပစ္စည်း သည်ကား အာရမ္မဏပစ္စည်း၊ အတ္ထိပစ္စည်း ၂-မျိုးတို့၌ ပေါင်းခြင်းသို့ ရောက်၏။ ထိုဝတ္ထာရမ္မဏပုရေဇာတ-နိဿယပစ္စည်းသည် အလေးအမြတ်ပြုအပ်သည် အကယ်၍ ဖြစ်ငြားအံ့, ဥပနိဿယပစ္စည်း၌လည်း ပေါင်းခြင်းသို့ ရောက်၏။
ပုရေဇာတပစ္စည်းသည် အာရမ္မဏပုရေဇာတပစ္စည်း, ဝတ္ထုပုရေဇာတပစ္စည်း, ဝတ္ထာရမ္မဏာ-ပုရေဇာတပစ္စည်းအားဖြင့် ၃-ပါးအပြားရှိ၏။ ထို ၃-ပါးတို့တွင် ဝတ္ထုပုရေဇာတပစ္စည်းသည် အတ္ထိပစ္စည်း၌ ပေါင်းခြင်းသို့ ရောက်၏။ ဤ ဝတ္ထုပုရေဇာတပစ္စည်းမှ တစ်ပါးကုန်သော အာရမ္မဏပုရေဇာတနှင့် ဝတ္ထာရမ္မဏပုရေဇာတပစ္စည်း နှစ်ပါးတို့သည် အာရမ္မဏပစ္စည်း၊ အတ္ထိပစ္စည်းတို့၌ ပေါင်းခြင်းသို့ ရောက်ကုန်၏။ ထိုအာရမ္မဏပုရေဇာတနှင့် ဝတ္ထာရမ္မဏပုရေဇာတ ပစ္စည်းတို့သည် အလေးအမြတ်ပြုအပ်ကုန်သည် အကယ်၍ ဖြစ်ကုန်ငြားအံ့, ဥပနိဿယပစ္စည်း သို့လည်း ပေါင်းခြင်းသို့ ရောက်ကုန်၏။
ကမ္မပစ္စည်းသည် သဟဇာတကမ္မပစ္စည်း, နာနာက္ခဏိကကမ္မပစ္စည်းအားဖြင့် နှစ်ပါးအပြားရှိ၏။ ထိုနှစ်ပါးတို့တွင် သဟဇာတကမ္မပစ္စည်းသည် အတ္ထိပစ္စည်း၌ ပေါင်းခြင်းသို့ ရောက်၏။ နာနာက္ခဏိကကမ္မပစ္စည်းသည်ကား အားရှိသော နာနာက္ခဏိကကမ္မပစ္စည်း, အားနည်းသော နာနာက္ခဏိကကမ္မပစ္စည်းအားဖြင့် နှစ်ပါး အပြားရှိ၏။ ထိုနှစ်ပါးတို့တွင်လည်း အားရှိသော နာနာက္ခဏိကကမ္မပစ္စည်းသည် အခါမလင့် လျင်မြန်စွာ အကျိုးကို ဖြစ်စေတတ်သည့် မဂ်စေတနာ ဟူသော နာနာက္ခဏိကကမ္မပစ္စည်း, အခါကိုငံ့လင့်၍ နောင်အခါမှ အကျိုးကို ဖြစ်စေနိုင်သည့် မဂ်စေတနာချန် ကျန်ကုသိုလ်စေတနာဟူသော နာနာက္ခဏိကကမ္မပစ္စည်းအားဖြင့် နှစ်ပါးအပြား ရှိ၏။ ထိုနှစ်ပါးစုံတို့သည်လည်း ဥပနိဿယပစ္စည်း၌ ပေါင်းခြင်းသို့ ရောက်ကုန်၏။ အားနည်းသော နာနာက္ခဏိကကမ္မပစ္စည်းသည်ကား တသီးတခြား ကမ္မပစ္စည်းပင်လျှင်တည်း။
အလုံးစုံသော ရုပ်နာမ်အာဟာရပစ္စည်း, အလုံးစုံသော ရုပ်နာမ်ဣန္ဒြိယပစ္စည်းသည်လည်း အတ္ထိပစ္စည်း၌ ပေါင်းခြင်းသို့ ရောက်ကုန်၏။ ဝိပ္ပယုတ္တပစ္စည်းသည် သဟဇာတဝိပ္ပယုတ္တပစ္စည်း, ဝတ္ထုပုရေဇာတဝိပ္ပယုတ္တပစ္စည်း, ဝတ္ထာရမ္မဏပုရေဇာတဝိပ္ပယုတ္တပစ္စည်း, ပစ္ဆာဇာတဝိပ္ပယုတ္တပစ္စည်း အားဖြင့် လေးပါးအပြားရှိ၏။ ထိုလေးပါးတို့တွင် ရှေးသဟဇာတဝိပ္ပယုတ်, ဝတ္ထုပုရေဇာတဝိပ္ပယုတ် ပစ္စည်းနှစ်ပါးတို့သည် လည်းကောင်း, အဆုံးဖြစ်သော ပစ္ဆာဇာတဝိပ္ပယုတ် ပစ္စည်းသည်လည်း ကောင်း အတ္ထိပစ္စည်း၌ ပေါင်းခြင်းသို့ ရောက်၏။ သုံးခုမြောက်ဖြစ်သော ဝတ္ထာရမ္မဏပုရေဇာတ ပစ္စည်းသည် အာရမ္မဏနှင့် အတ္ထိပစ္စည်း နှစ်ပါးတို့၌ ပေါင်းခြင်းသို့ ရောက်၏။ ထို ဝတ္ထာရမ္မဏပုရေဇာတဝိပ္ပယုတ်ပစ္စည်းသည် အလေးအမြတ်ပြုအပ်သည် အကယ်၍ ဖြစ်ငြားအံ့, ဥပနိဿယပစ္စည်း၌ ပေါင်းခြင်းသို့ ရောက်၏။
အဖို့တစ်ပါးကို ဆိုအံ့, ဆိုအပ်ပြီးသည်မှ ကြွင်းကုန်သော ၁၇-ပါးကုန်သော ပစ္စည်းတို့တွင် ဟေတု, သဟဇာတ, အညမည, ဝိပါက, ဈာန, မဂ္ဂ, သမ္ပယုတ္တ, အဝိဂတတို့၏အစွမ်းဖြင့် ၈-ပါးကုန်သော ပစ္စည်းတို့သည်လည်းကောင်း ပစ္ဆာဇာတပစ္စည်းသည် လည်းကောင်း အတ္ထိပစ္စည်း၌ ပေါင်းခြင်းသို့ ရောက်ကုန်၏။
အနန္တရ, သမနန္တရ, အာသေဝန, နတ္ထိ, ဝိဂတတို့၏အစွမ်းအားဖြင့် ၅-ပါးကုန်သော ပစ္စည်းတို့သည် ဥပနိဿယပစ္စည်း၌ ပေါင်းခြင်းသို့ ရောက်ကုန်၏ဟု မှတ်အပ်ကုန်၏။
ဤသို့ ဖွင့်အပ်ခဲ့ပြီးသော အစဉ်ဖြင့် အလုံးစုံလည်း ဖြစ်ကုန်သော ၂၄-လေးပါးသော ပစ္စည်းတို့သည် သဘောတူကို ပေါင်းရုံးသည်၏ အစွမ်းအားဖြင့် အကျဉ်းချုံးအပ်ကုန်သည်ရှိသော် အာရမ္မဏ အစရှိကုန်သော ၄-ပါးကုန်သော ပစ္စည်းတို့၌ ပေါင်းခြင်းသို့ ရောက်ကုန်၏။ ဤသို့ မှတ်အပ်၏။
ဋီကာကျော်
ဋီကာကျော်၂၅၂-၌ကား ထို ၄-ပါးကုန်သော ပစ္စည်းချုပ်တို့တွင် တစ်ခုတစ်ခုသော ပစ္စည်း၌လည်း ၂၄-ပါးပစ္စည်းအလုံးစုံတို့သည် ပေါင်းခြင်းသို့ ရောက်ကုန်၏ ဟူသော ဆိုလိုချက်ဖြင့် “န ဟိ သော ကောစိ ပစ္စယော”ဤသို့ အစရှိသော အကြင်စကားကို ဆိုအပ်ပြီ။ ထိုအလုံးစုံသော စကားရပ်သည် အရှင်သုမင်္ဂလသာမိအမည်ရှိသော ဋီကာကျော်ဆရာ၏ အယူမျှသည်သာလျှင်တည်း။
ချဲ့၍ပြအံ့, ထိုဋီကာကျော်၂၅၂-၌ “စိတ်စေတသိက်တို့၏ အာရုံ၏အဖြစ်သို့ မရောက်သော ပဋ္ဌာန်းပစ္စည်းဟူသည် မရှိ “ဟူသော (အာရမ္မဏပစ္စည်း၌ ကျန်ပဋ္ဌာန်း၂၃-ပစ္စည်း ပေါင်းယူခြင်း ဆိုင်ရာ) အကြင်စကားကို ဆိုအပ်ပြီ။ ထိုစကားသည် ရှေးဦးစွာ မသင့်။ အဘယ့်ကြောင့် မသင့်သနည်းဟူမူ ဤအရာ၌ တရားသရုပ်မျှဖြင့် ပေါင်းခြင်းကို မလိုအပ်။ ပစ္စည်းအလုပ်ကိစ္စ သဘောနှင့်တကွသာလျှင် ပေါင်းခြင်းကို လိုအပ်သောကြောင့် မသင့်သတည်း။ မှန်၏, ဟေတု အစရှိသောပစ္စည်း၏ ကိစ္စသဘောသည် အာရမ္မဏပစ္စည်း၏ ကိစ္စသဘော မဖြစ်။ ဤသို့ မှတ်အပ်၏။ ဤနည်းကို “မိမိအကျိုးပစ္စယုပ္ပန်တရား၏ အားကြီးသော မှီရာအကြောင်း၏အဖြစ် ဟူသော ဥပနိဿယအဖြစ်သို့ မရောက်သော ပဋ္ဌာန်းပစ္စည်းဟူသည် မရှိ”ဟူသော (ဥပနိဿယ ပစ္စည်း၌ ကျန်ပဋ္ဌာန်း ၂၃-ပစ္စည်းပေါင်းခြင်းဆိုင်ရာ) ဋီကာကျော် ၂၅၂-စကားရပ်၌လည်း ယှဉ်အပ်၏။ အဖွင့်ကို ပြဦးအံ့, ဤဋီကာကျော်ဝါကျ၌ “အကြင်ပစ္စည်းသည် မိမိမိမိ၏ ဥစ္စာဖြစ်သော အကျိုးပစ္စယုပ္ပန်၏ ဥပနိဿယပစ္စည်း၏အဖြစ်သို့ မရောက်။ မှန်စွ, တစ်စုံတစ်ခုသော ထိုပစ္စည်းမျိုးသည် မရှိ”ဟု ယောဇနာခြင်းကို ပြုအပ်၏။
ထိုဋီကာကျော်၂၅၂-၌ “လောကဖြစ်ပေါ်ခြင်းသည် ကံဟူသော အကြောင်းရှိသည်၏ အဖြစ်ကြောင့် ကံဟူသောအကြောင်းကို လောကဖြစ်ပေါ်ခြင်းအကျိုး၌ တင်စားဆိုခြင်း ဖလူပစာရ၏အစွမ်းဖြင့် ပဋ္ဌာန်းပစ္စည်း၂၄-ပါးလုံးတို့သည် ကံသဘာဝကို မလွန်နိုင်ကုန်”ဟူသော (ကမ္မပစ္စည်း၌ ကျန်ပဋ္ဌာန်း ၂၃-ပစ္စည်းပေါင်းယူခြင်းဆိုင်ရာ) အကြင်စကားကိုလည်း ဆိုအပ်ပြီ။ “ထိုအာရုံ, ဥပနိသ်, ကံ, အတ္ထိလေးပစ္စည်းတို့သည် ပရမတ္ထအားဖြင့်လည်းကောင်း လောက၌ သမုတ်ရှိပညတ်၏ အစွမ်းဖြင့် လည်းကောင်း ထင်ရှား ရှိကုန်သည်သာ (အတ္ထိပစ္စည်းဖြစ်ကုန်သည်သာ)” ဟူသော အကြင်စကား ကိုလည်း ထိုဋီကာကျော်၂၅၂-၌ ဆိုအပ်ပြီ။ ထိုစကားနှစ်ခု အပေါင်းသည်ကား အလုံးစုံသော အခြင်းအရာအားဖြင့် ပိဋကတ်သုံပုံဟု ဆိုအပ်သော သာသနာတော်ယုတ္တိနှင့် ဆန့်ကျင်သည် သာလျှင်တည်း။
အဘယ့်ကြောင့် ဆန့်ကျင်သနည်းဟူမူကား-
အာရမ္မဏပစ္စည်းဖြစ်၍ ဖြစ်ကုန်သော အလုံးစုံကုန်သော မြေ၊ တောင်၊ မြစ်၊ သမုဒ္ဒရာ၊ အဇဋာ ကောင်းကင် အစရှိကုန်သော ပညတ်အလုံးစုံတို့နှင့် နိဗ္ဗာန်သည် ကံအရေအတွက်သို့ ရောက်ကုန်၏ ဟု ဆိုသောကြောင့်လည်းကောင်း, အတိတ်အနာဂတ်တရား အားလုံးတို့သည် ပစ္စုပ္ပန် = အတ္ထိပစ္စည်းတို့သာ ဖြစ်ကြသည်ဟု ဆိုသောကြောင့် လည်းကောင်း ဆန့်ကျင်သည် သာလျှင်တည်း။ ဤသို့ မှတ်အပ်၏။
(ဖလူပစာရ။ ။ အကျိုးဖြစ်သော လောကအလုံးစုံ၏အဖြစ်သနစ်ကို အကြောင်းဖြစ်သော ကံ၌ တင်စား၍ အကြောင်းကံ၏အမည်ကို အကျိုးဖလ၌ တင်စားခေါ်ခြင်းတည်း။ အနုဒီပနီ။) (ဤထောက်ပြချက်တို့၌ ဋီကာကျော် ချော်ပစ္စည်းသက်၏။ မန်လည်။)
သဟဇာတရုပ်၂-မျိုးအဖွင့်
၃၆။ “ဧတ္ထ”ဟူသည်ကား ဤပဋ္ဌာန်းနည်း၌။ “သဗ္ဗတ္ထာပိ”ဟူသည်ကား အလုံးစုံကုန်သော သဟဇာတနှင့်သဘောတူကုန်သော ပစ္စည်းတို့၌။ အကြင်ကြောင့်ကား ပဋိသန္ဓေဝိညာဏ်မည်သည် နာမ်ရုပ်တို့၏ မှီတတ်မှီအပ်အဖြစ်ဖြင့် အချင်းချင်းဖွဲ့စပ်အပ်သော ကာမရူပဟု ဆိုအပ်သော အရပ်၌ စုတိပဋိသန္ဓေဖြင့် ပိုင်းခြားအပ်သော အလုံးစုံသော ထိုထိုဘဝအစဉ်၏ ဦးခေါင်းသဖွယ်လည်း ဖြစ်၏။ မျိုးစေ့သဖွယ်လည်း ဖြစ်၏။ ယင်း ဦးခေါင်းသဖွယ် မျိုးစေ့သဖွယ်ဖြစ်သော ပဋိသန္ဓေ ဝိညာဏ်မှ အလုံးစုံသော ကိုယ်ဖြစ်၍ဖြစ်သော အထူးထူးသော ရုပ်အစဉ်နာမ်အစဉ်၏ ဖြစ်ခြင်း သည် ဖြစ်၏။ ဥပမာကား မျိုးစေ့ဟူသော အကြောင်းကြောင့် အညွန့်အညှောက် စသည်ရှိသော ကြီးစွာသော သစ်ပင်အစဉ်၏ ဖြစ်ခြင်းကဲ့သို့တည်း။
သုတ်မဟာဝါ ပါဠိတော် သာဓက
သုတ်မဟာဝါ ပါဠိတော်၌ ဘုရားအဘယ်ကဲ့သို့ ဟောတော်မူခဲ့သနည်း ဟူမူကား “အာနန္ဒာ ပဋိသန္ဓေဝိညာဏ်သည်သာလျှင် အမိဝမ်း၌ မသက်ရောက်သည် ဖြစ်ငြားအံ့။ စင်စစ် နာမ်ရုပ်သည် အမိဝမ်း၌ တပေါင်းတည်း ဖြစ်ပွားတည်ထောင်နိုင်ဦးမည်လောဟု မေးတော်မူ၏။ မြတ်စွာဘုရား ဤသို့ ဖြစ်ခြင်းသည် မသင့်သည်သာလျှင်တည်းဟု ဖြေလျှောက်၏။ အာနန္ဒာ ပဋိသန္ဓေဝိညာဏ် သည်သာလျှင် အမိဝမ်း၌ သက်ရောက်ပြီး၍ ပျက်စီးသွားငြားအံ့။ စင်စစ် နာမ်ရုပ်သည် ဤသို့ ပြားသော ခန္ဓာငါးပါး၏အဖြစ်ဟူသော အကျိုးငှာ ဖြစ်နိုင်ပါဦးမည်လော ဟု မေးတော်မူ၏။ မြတ်စွာဘုရား မသင့်သည်သာလျှင်တည်းဟု ဖြေလျှောက်၏။
အာနန္ဒာ မှန်၏, ပဋိသန္ဓေဝိညာဏ်သည်သာလျှင် သူငယ်အားဖြစ်စေ သူငယ်မအားဖြစ်စေ ငယ်စဉ်ကပင် ပြတ်စဲသွားငြားအံ့, စင်စစ် နာမ်ရုပ်သည် ကြီးပွားစည်ပင် ပြန့်ပွားခြင်းသို့ ရောက်ပါဦး မည်လောဟု မေးတော်မူ၏။ မြတ်စွာဘုရား မသင့်သည်သာလျှင်တည်းဟု ဖြေလျှောက်၏။ အာနန္ဒာ ထို့ကြောင့် အကြင်ပဋိသန္ဓေဝိညာဏ်သည် ရှိ၏, ဤပဋိသန္ဓေဝိညာဏ် သည်သာလျှင် နာမ်ရုပ်၏ အကြောင်းရင်း ဟေတု မည်၏, အခြေခံ နိဒါန မည်၏, ဖြစ်ကြောင်း သမုဒယ မည်၏, အထောက်အပံ့ ပစ္စယ မည်၏”ဟု ဟောတော်မူ၏။
ထိုပါဠိတော်၌ “သမုစ္စိဿထ”ဟူသည်ကား ပွားနိုင်ပါမည်လော။ မှန်၏, နာမ်ရုပ်မည်သည် ဝိညာဏ်၏ အပွားအစီးသာတည်း။ “ဝေါက္ကမိဿထ” ဟူသည်ကား ပျက်လေငြားအံ့။ “ဣတ္ထတ္ထာယ” ဟူသည်ကား ဤသို့သဘောရှိသော အတ္တဘော၏အကျိုးငှာ, ဤကားအနက် တည်း။ “ဝုဍ္ဎိံ ဝိရုဠှိံ ဝေပုလ္လံ”ဟူသည်ကား ပဌမအရွယ်၏ အစွမ်းဖြင့် ကြီးပွားခြင်းဝုဍ္ဎိသို့၊ မဇ္ဈိမအရွယ်၏အစွမ်းဖြင့် စည်ပင်ခြင်းဝိရုဠှသို့၊ ပစ္ဆိမအရွယ်၏အစွမ်းဖြင့် ပြန့်ပြောခြင်းဝေပုလ္လ သို့”ဟု သုတ်မဟာဝါအဋ္ဌကထာ၌ ဖွင့်ဆိုထား၏။ ထို့ကြောင့် ပဋိသန္ဓေခဏ၌ ရုပ်ဖြစ်လာခြင်း၏ အကြောင်းကို စင်စစ်အားဖြင့် ဝိညာဏ်လျှင် အကြောင်းရှိသည်၏ အဖြစ်ကို သိအပ်၏။
ဤသို့ ဖြစ်ပေါ်ပြီးသော ထိုပဋိသန္ဓေကမ္မဇရုပ်သည်ကား တစ်ဖန် မိမိသည် ထိုဘဝ၌ စုတိ တိုင်အောင် ဖြစ်ကုန်သော အလုံးစုံကုန်သော စတုသမုဋ္ဌာနိကရုပ် အစဉ်အဆက်တို့၏ ဦးခေါင်း သဖွယ်လည်း ဖြစ်၏။ မျိုးစေ့သဖွယ်လည်း ဖြစ်၏။
မှန်၏, စိတ်သည် အလွန်အားကြီးစေကာမူ ရှေး၌ဖြစ်နှင့်သော ကမ္မဇရုပ်အစဉ်သည် မရှိခဲ့သော် စိတ္တဇရုပ်ကို ဖြစ်စေခြင်းငှာ မတတ်နိုင်။ ဤအတူ အတွင်းဥတု အာဟာရတို့သည်လည်း ရုပ်ကို ဖြစ်စေခြင်းငှာ မတတ်နိုင်။ မှန်၏, ထို့ကြောင့်ပင်လျှင် အရူပဘဝ၌ ကာမာဝစရ အစရှိကုန်သော ရုပ်ကိုဖြစ်စေတတ်သော စိတ်တို့သည်လည်း ထိုအရူပဘုံ၌ ရုပ်ကို မဖြစ်စေနိုင်ကုန်။ ဤသို့ မှတ်အပ်၏။
ဝိဘင်းဋီကာ သာဓက
အသညသတ်ဘုံ၌လည်း ဥတုသမုဋ္ဌာန်ရုပ် အဆက်ဆက်တို့သည် ရှေးဦးစွာ ဖြစ်ပေါ်သော ကမ္မဇရုပ်အစဉ်၏ ရှိနှင့်သည်၏အဖြစ်ကြောင့်သာလျှင် ဖြစ်ကုန်၏။ ဤသို့ မှတ်အပ်၏။ မှန်၏, ဝိဘင်းဋီကာ၌ “အရူပံ ပန ရူပဿ သြကာသော နတ္ထိ-အရူပဘုံ၌ ရုပ်၏ တည်ရာသည် မရှိ”ဟု မိန့်ဆိုထား၏။ အကြင်ကမ္မဇရုပ်သည်ရှိသော် စိတ်သည် တစ်ပါးသော စိတ္တဇရုပ်ကို ဖြစ်စေရာ၏, ထိုရုပ်သည်ပင်လျှင် ထိုအရူပဘုံ၌ မရှိ။ ဤကား အနက်တည်း။ မှန်၏, ရှေ့ရုပ်မှာလည်း နောက်၌ ရုပ်အစဉ်ဖြစ်ပွားခြင်း၏ အကြောင်းသတ္တိသဘော ရှိ၏။ အဘယ့်ကြောင့် ရှိရသနည်းဟူမူကား သား၏ အဖနှင့် တူသည်၏ အဖြစ်ကို မြင်ခြင်းကြောင့်တည်း။ ဤသို့ ဋီကာပါဌ်က ဆိုလိုပေ၏။
လူသားမျိုးစေ့ရုပ်
ဆက်ဦးအံ့, ဤဝိဘင်းဋီကာပါဠိ၌ “သား၏ အဖနှင့်တူသည်၏အဖြစ်ကို မြင်ခြင်းကြောင့်”ဟူသော ဤစကားရပ်ဖြင့် ဤဆိုလတ္တံ့သောအနက်ကို ပြ၏။ မြက်သစ်ပင်တို့အား မျိုးစေ့အဖြစ်ဟု ဆိုအပ်သော ဥတုအထူးဗီဇနိယာမရုပ် မည်သည် ရှိ၏။ ယင်း ဗီဇနိယာမရုပ်၏ အစွမ်း အာနုဘော်ကြောင့် ထိုဗီဇကြောင့် ဖြစ်ကုန်သော မြက်သစ်ပင်တို့သည် ကြီးပွားကုန်သည်ရှိသော် အမှတ်မရှိသော အခြင်းအရာအားဖြင့် မကြီးပွားမူ၍ မိမိနှင့် တူသော ဗီဇရှိကုန်သော မြက်သစ်ပင် တို့နှင့် လုံးဝချွတ်စွပ်တူသော အခြင်းအရာကို ယူ၍ ကြီးပွားကုန်သကဲ့သို့ -
ဤအတူ အမိဝမ်း၌ ကိန်းကုန်သော သတ္တဝါတို့အား အသားဝါ မွန်ဂိုလွိုက်လူမျိုး စသည့် လူသား မျိုးစေ့ယောနိ၏အဖြစ်ဟု ဆိုအပ်သော ဥတုထူးနိယာမရုပ်မည်သည် ရှိ၏။ ယင်းဥတုထူးနိယာမ ရုပ်၏ အစွမ်းအာနုဘော်ကြောင့် ထိုသတ္တဝါတို့သည် တူသောဇာတ် ရှိသည်သာလျှင် ဖြစ်ကုန်သော အမျိုးတို့နှင့် အထူးအားဖြင့် အမိအဖတို့နှင့် သာလျှင် အကုန်တူသော အဆင်းသဏ္ဌာန်ရှိကုန်သည် ဖြစ်ကုန်၏။ ဤသို့ ဗီဇနိယာမကဲ့သို့ ယောနိနိယာမသည်လည်း ဖြစ်၏။ ထိုယောနိနိယာမ ဟူသည်လည်း ကလလရေကြည် သန္ဓေတည်ခါ စသည်တို့၌ ဖြစ်သော ပဋိသန္ဓေရုပ်၏သာလျှင် အစွမ်းအာနုဘော်ပေတည်းဟု သိထိုက်ပေ၏။
တစ်နည်းသော်ကား ဤယောနိနိယာမမည်သည်ကား ကလလရေကြည်တည်သော ကာလအစ ရှိသည်တို့၌ သားသမီးတို့၏ကိုယ်၌ အမိအဖတို့မှ ကောင်းစွာ အစဉ်အဆက်စပ်နွယ်၍လာသော ဥတုဇရုပ်အစဉ်ပေတည်း။ ယင်းယောနိနိယာမရုပ်၏ အစွမ်း အာနုဘော်ကြောင့် ထိုသားသမီးတို့၏ ရုပ်သဏ္ဌာန်သည် တူသောဇာတ်ရှိသော သတ္တဝါတို့၏ သဏ္ဌာန်နှင့်သာ တူသည်လည်းကောင်း, မိမိ၏ဆွေမျိုးတို့နှင့်သာ တူသည်လည်းကောင်း ဖြစ်၏။
ထိုစကားမှန်၏, ဣတ္ထိဘော အစရှိသောရုပ်သည် သတ္တဝါတို့၏ဣတ္ထိလိင် စသည်တို့ကို သတ်မှတ် ခြားနားစေနိုင်ပေ၏။ ဥတုထူးဗီဇနိယာမရုပ်သည် မြက်သစ်ပင်တို့၏ ထိုထို အဆင်းသဏ္ဌာန် စသည်တို့ကို ခြားနားအောင် ပြုလေသကဲ့သို့ ဤအတူ ယောနိနိယာမရုပ်သည် အထူးထူး အထွေထွေသော အမျိုးအရိုး၏ အစွမ်းဖြင့် သတ္တဝါတို့၏ အဆင်းသဏ္ဌာန်ထူး စသည်တို့ကို သတ်မှတ်ခြားနားစေနိုင်ပေ၏။ ဤသို့ မှတ်အပ်၏။
ကံဥတုအာဟာရ တိဇရုပ်တို့ အခြေအနေ
ဤမျှသောစကားရပ်ဖြင့် ပဝတ္တိအခါ၌ စိတ္တဇရုပ်ကို ချန်ထား၍ အလုံးကုန်သော ကံ ဥတု အာဟာရ ဟူသော အကြောင်း သုံးပါးကြောင့်ဖြစ်သော ရုပ်တို့၏ ဖြစ်ခြင်း၏ စိတ်ကို ငဲ့ခြင်းမရှိသည်၏ အဖြစ်သည်လည်းကောင်း ရှေးဦးစွာဖြစ်နှင့်သော ရုပ်အစဉ်-ရုပ်အလျဉ်နှင့် စပ်သည်၏အဖြစ်သည် လည်းကောင်း ပြီးစေအပ်သည် ဖြစ်၏။ ဆက်ဦးအံ့, ထို့ကြောင့်သာလျှင် ထိုကံဥတုအာဟာရ ဟူသော အကြောင်းသုံးပါးကြောင့် ဖြစ်သော ရုပ်တို့၏ စိတ်၏ ဌီခဏ-ဘင်ခဏ တို့၌လည်းကောင်း စိတ်နှင့်ကင်းသော နိရောဓသမာပတ် ဝင်စားရာအခါ၌ လည်းကောင်း ဖြစ်ပေါ်ခြင်းသည် ဖြစ်၏။ ဤသို့ မှတ်အပ်၏။ ထို့ကြောင့် “သဟဇာတရူပန္တိ ပနေတ္ထ”ဤသို့ အစရှိသော စကားကို မိန့်ဆိုအပ်ပြီ။
သင်္ဂဟ ၂-ဂါထာအဖွင့်
“ဣတိ”အစရှိသောစကားသည် ပဋ္ဌာန်းနည်း၏ နိဂုံးစကားတည်း။ “ဣတိ” အစချီသော ထို သင်္ဂဟ ဂါထာ၌ “သမ္ဘဝံ”ဟူသည်ကား ဖြစ်သင့်သည်အားလျော်စွာ, တစ်နည်းကား “သမ္ဘဝါ” (ဟုပါဌ်ရှိမူ) ဟူသည်ကား ဖြစ်ကုန်သော, “အဇ္ဈတ္တဉ္စ” ဟူသည်ကား အတွင်း၌လည်းဖြစ်ကုန်သော, “ဗဟိဒ္ဓါ စ”ဟူသည်ကား အပ၌လည်း ဖြစ်ကုန်သော, “သင်္ခတာ”ဟူသည်ကား သင်္ခတလည်း ဖြစ်ကုန်သော, “အသင်္ခတာ” ဟူသည်ကား အသင်္ခတလည်း ဖြစ်ကုန်သော, ဤသို့ ကာလသုံးပါး လည်း ရှိကုန်သော, ကာလသုံးပါးမှလည်း လွတ်ကုန်သော, အဇ္ဈတ္တသန္တာန် ဗဟိဒ္ဓသန္တာန်၌လည်း ဖြစ်ကုန်သော, ထိုမှတစ်ပါး သင်္ခတအသင်္ခတလည်း ဖြစ်ကုန်သော ပညတ်နာမ်ရုပ်တို့၏ အစွမ်း အားဖြင့် သုံးပါးအပြားအားဖြင့် တည်ကုန်သော တရားတို့သည် ပဋ္ဌာန်းကျမ်းကြီး၌ ခပ်သိမ်းသော အပြားအားဖြင့် ၂၄-ပစ္စည်း တို့မည်ကုန်သည် ဖြစ်ကုန်၏။ ဤကား ယောဇနာတည်း။
ဆက်ဦးအံ့, ဤဂါထာ၌ သုံးပါးအပြားအားဖြင့် တည်ကုန်သော တရားတို့၏ ကာလသုံးပါးရှိသော ပစ္စည်းသဘော အစရှိသောအဖြစ်သည် ရှိခဲ့သော် ၂၄-ပစ္စည်းတို့၏လည်း ကာလသုံးတန်ရှိ အစရှိသော အပြားသည် ပြီး၏။ ထိုနှစ်ဆယ့်လေးပစ္စည်းတို့တွင် အာရမ္မဏ, အဓိပတိ, ဥပနိဿယ ပစ္စည်းတို့သည် ကာလသုံးပါး ရှိကုန်သည် လည်းကောင်း ကာလသုံးပါးမှ လွတ်ကုန်သည် လည်းကောင်း ဖြစ်ကုန်၏။
ဋီကာကျော်
ဋီကာကျော်၂၅၂-၃-၌ကား “အာရမ္မဏ, အဓိပတိ, ဥပနိဿယပစ္စည်း ဟူကုန်သော ကာလ သုံးပါး၌ဖြစ်ကုန်သော ပစ္စည်းတို့၏လည်းကောင်း”ဟူ၍ ဖွင့်ဆိုထား၏။ ထိုအဖွင့်သည် မသင့်။ အကြောင်းကား ကာလမှလွတ်ကုန်သော ပညတ်၊ နိဗ္ဗာန်တို့သည်လည်း ထိုသုံးပစ္စည်းတို့၌ အတွင်းဝင်သည်၏အဖြစ်ကြောင့် မသင့်သတည်း။
ထိုသုံးပစ္စည်းတို့တွင် ဤဘဝ၌ အသစ်ဖြစ်ကုန်သော ဥစ္စာ၊ စပါး၊ ဝတ်စားတန်ဆာအစရှိကုန်သော အသုံးအဆောင်မျိုးတို့ကို လည်းကောင်း, အသိပညာမျိုး၊ အတတ်ပညာမျိုး၊ ဗဟုသုတမျိုး၊ စာပေ ပိဋကတ်ပရိယတ်မျိုးတို့ကို လည်းကောင်း, သီလ၊ သမာဓိ၊ ပညာမျိုးတို့ကို လည်းကောင်း, ဘဝတစ်ပါး၌ ဘဝချမ်းသာ၊ စည်းစိမ်းချမ်းသာ၊ မဂ်ဖိုလ်ချမ်းသာ ပြည့်စုံမှု သမ္ပတ္တိမျိုးတို့ကို လည်းကောင်း ရခြင်းအကျိုးငှာ မရမီရှေးအဖို့၌ အားထုတ်ခြင်းအမှုကို ပြုသူအား လာမည့် အနာဂတ်ကာလ၌ဖြစ်ကုန်သော ထိုဝိဇ္ဇာ၊ သိပ္ပ၊ သုတ၊ ပရိယတ္တိ အစရှိကုန်သော အသစ်တရား တို့က ဥပနိဿယပစ္စည်းဖြင့် ကျေးဇူးပြုသည်၏ အဖြစ်ကို သိအပ်၏။
ပဋ္ဌာန်းပါဠိတော် သာဓက
ပဋ္ဌာန်းပါဠိတော်၌ကား “လာမည့်အနာဂတ်ဖြစ်သော မျက်စိအကြည်ရုပ် ပြည့်စုံမှုကို တောင့်တ လျက်, နားအကြည်ရုပ်ပြည်စုံမှုကို, နှာခေါင်းအကြည်ရုပ်ပြည်စုံမှုကို, လျှာအကြည်ရုပ်ပြည့်စုံမှုကို, ကိုယ်အကြည်ရုပ်ပြည့်စုံမှုကို တောင့်တလျက်, လာမည့် အနာဂတ်ဖြစ်သော အဆင်းပြည့်စုံမှုကို တောင့်တလျက်, အသံပြည့်စုံမှုကို, အနံ့ပြည့်စုံမှုကို, အရသာပြည့်စုံမှုကို, အတွေ့အထိ ပြည့်စုံမှုကို တောင့်တလျက်, လာမည့် အနာဂတ် ဖြစ်ကုန်သော ခန္ဓာငါးပါးတို့ကို တောင့်တလျက် အလှူကို လှူ၏, သီလကို ဆောက်တည်၏” ဤသို့အစရှိသည်ဖြင့် ဘဝတစ်ပါး၌ အကျုံးဝင်သည်သာလျှင် ဖြစ်ကုန်သော ပြည့်စုံမှု သမ္ပတ္တိတို့ကို ဟောတော်မူအပ်ကုန်၏။ ထိုအနာဂတ်ဘဝ၌ အကျုံးဝင်သော သမ္ပတ္တိတို့ကိုကား ဒါနအစရှိကုန်သော ကုသိုလ်ကံတို့အား လျော်ကန်သည်၏ အစွမ်းဖြင့် ဟောတော်မူအပ်ကုန်ပြီဟု မှတ်အပ်ကုန်၏။
ကမ္မပစ္စည်းသည်ကား ပစ္စုပ္ပန်အတိတ်ကာလ၏အစွမ်းဖြင့် နှစ်ကာလရှိ၏။ အနန္တရ၊ သမနန္တရ၊ အာသေဝန၊ နတ္ထိ၊ ဝိဂတပစ္စည်းတို့သည် အတိတ်ကာလရှိကုန်၏။ ကြွင်း ၁၅-ပစ္စည်းတို့သည် ပစ္စုပ္ပန်ကာလရှိကုန်၏။ ဤသို့ မှတ်အပ်၏။
အတွင်းအပြင်ဒုက်၌ အာရမ္မဏ၊ အဓိပတိ၊ သဟဇာတ၊ အညမည၊ နိဿယ၊ ဥပနိဿယ၊ ပုရေဇာတ၊ အာဟာရ၊ အတ္ထိ၊ အဝိဂတတို့သည် အဇ္ဈတ္တသန္တာန် ဗဟိဒ္ဓသန္တာန် ရှိကုန်၏။ ကြွင်း ၁၄-ပစ္စည်းတို့သည် အတွင်းသန္တာန် ရှိကုန်သည်သာလျှင်တည်း။
(၁၄ ဟူသည်မှာ ဟေတု၊ အနန္တရ၊ သမနန္တရ၊ ပစ္ဆာဇာတ၊ အာသေဝန၊ ကမ္မ၊ ဝိပါက၊ ဣန္ဒြိယ၊ ဈာန၊ မဂ္ဂ၊ သမ္ပယုတ္တ၊ ဝိပ္ပယုတ္တ၊ နတ္ထိ၊ ဝိဂတ-တို့တည်း။)
သင်္ခတ အသင်္ခတအားဖြင့်ကား အာရမ္မဏ, အဓိပတိ, ဥပနိဿယပစ္စည်းတို့သည် သင်္ခတတို့သည် လည်းကောင်း, အသင်္ခတတို့သည်လည်းကောင်း ဖြစ်ကုန်၏။ ကြွင်း၂၁-ပစ္စည်းတို့သည် သင်္ခတ တို့သာတည်း။ ဤသို့ မှတ်အပ်၏။
(ပဋ္ဌာန်းအကြောင်း ပိုမိုသိလိုက လယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူခဲ့သည့် “ပဋ္ဌာနုဒ္ဒေသဒီပနီ”နှင့် တွဲဖတ်ပါ။)
ရုပ်နာမ် ခွဲပုံ
၃၈။ နာမ်ခန္ဓာလေးပါး, နိဗ္ဗာန်အားဖြင့် ငါးပါးအပြားရှိသော တရားကိုလည်း “အရူပ-ရုပ်မဟုတ်”ဟူ၍ အပြားအားဖြင့် ဆိုအပ်၏။ အဘယ်ကြောင့်နည်း ဟူမူကား- တစ်ရံတစ်ဆစ် မျှလည်း အဏုမြူ တဇ္ဇာရီ ရထရေဏု လိက္ခာအစရှိသည်တို့ကို စွဲ၍ ရုပ်ဟု ဆိုအပ်သော သဏ္ဌာန်၏အဖြစ်သို့ သဘာဝအားဖြင့် အလွန်သိမ်မွေ့သည်၏အဖြစ်ကြောင့် မကပ်ရောက်ခြင်း ကြောင့်တည်း။ ထိုတရားငါးပါးကို “နာမ်”ဟူ၍လည်း အပြားအားဖြင့် ဆိုအပ်၏။ အဘယ့်ကြောင့် နည်းဟူမူကား- အဓိဝစနဟု ဆိုအပ်သော အမည် = အဘိဓာန်၏ အစွမ်းဖြင့်သာလျှင် နားထောင်သူပုဂ္ဂိုလ်တို့သည် “ဒါ စိတ်၊ ဒါ ဖဿ”အစရှိသည်ဖြင့် ပြောဆိုကုန်သော သူတို့၏အထံမှ အမည်ကို ကြား၍ ထိုအမည်အားလျော်သော အနက်သဘောကို သိသည်၏ အစွမ်းဖြင့် ဉာဏ်ဖြင့် ယူအပ်သည်၏အဖြစ်သို့ ရောက်ခြင်းကြောင့်တည်း။ ဤသို့ မှတ်အပ်၏။
(နာမ်ခန္ဓာလေးပါးနှင့် နိဗ္ဗာန်သည် အမည်ပညတ်သို့ အစဉ်လျှောက်သဖြင့် ဝေဒနာစသော အမည်နှင့်ကိုက်အောင် ခံစားတတ်သော သဘောစသည်ကို သိထိုက်သောကြောင့် နာမ်မည်၏။ နာမ်ခန္ဓာလေးပါးသည် အာရုံ ၆-ပါး၌ သိတတ်ညွတ်တတ်သောကြောင့် နာမ်မည်၏။ နိဗ္ဗာန်သည် မဂ်ဖိုလ်စသော တရားတို့က ညွတ်စရာဖြစ်သောကြောင့် နာမ် မည်၏။)
ပညတ်အပြား ၂-ပါး
(ပဋ္ဌာန်း၂၄-ပစ္စည်းတို့တွင် အာရမ္မဏ၊ ဥပနိဿယစသည်တို့၌ အကြောင်းပစ္စည်းတရားဘက်ဝယ် ပညတ်တရားတို့ကိုလည်း သိမ်းယူအပ်သည်၏အဖြစ်ကြောင့် ပညတ်အခန်းကို မိန့်တော်မူ၏။ အနုဒီပနီ။)
၃၉။ ပညတ်အပ်သည်ဟူသောအကြောင်းဟိတ်ကြောင့် “ပညတ်”မည်၏။ “ဤပညတ်သည်လည်း စကားတစ်ခွန်း၏အနက်တည်း”ဟု လောက၌ အကျုံးဝင်သော လူအများတို့သည် ထားအပ်၏, ပြောဆိုသူတို့သည် ခေါ်ဝေါ်လည်း ခေါ်ဝေါ်အပ်၏, နားထောင်သူတို့သည် ဝန်ခံလည်း ဝန်ခံအပ်၏။ ရှေးလူပြောတိုင်း နောက်လူတို့သည် အတူလိုက်၍ ပြောဆိုသုံးနှုန်းအပ်၏။ ဤကား အနက်တည်း။ ထိုပညတ်ပုဒ်အရ အလုံးစုံသော သမ္မုတိသစ္စာ ဖြစ်၍ဖြစ်သော ခက်မာငါးဖြာရှိသူ၊ ဟင်းလင်းပြင် အရပ် စသော သဒ္ဒါ၏အနက်ကို အရကောက်အပ်၏။
ထိုအခြင်းအရာအားဖြင့် သိစေခြင်းငှာ ထိုက်ကုန်သော အနက်တို့ကို ပညတ်အပ်ကုန်ကြောင်း အပြားအားဖြင့် သိအပ်ကုန်ကြောင်းဟူသော အကြောင်းဟိတ်ကြောင့် “ပညတ်”မည်၏။ သဒ္ဒါ၏ အနက်ကို ထွန်းပြတတ်သော လူ(ခက်မာငါးဖြာရှိသူ၊) ကောင်းကင် (ဟင်းလင်းပြင်အရပ်) အစ ရှိသော ပညတ္တိသဒ္ဒါကို ရအပ်၏။
ဤသို့ ပညတ်သည် ၂-ပါးအပြားရှိသည်ဟူ၍ ပြခြင်းငှာ “တတော အဝသေသာပညတ္တိ ပန ပညာပိယတ္တာ ပညတ္တိ, ပညာပနတော ပညတ္တီတိ စ ဒုဝိဓာ ဟောတိ”ဟူ၍ အရှင်အနုရုဒ္ဓါသည် မိန့်ဆိုအပ်ပြီ။
ထိုစာပိုဒ်တွင် “ပညာပိယတ္တာ ပညတ္တိ”ဟူသောစကားဖြင့် အတ္ထပညတ်ကို ဆိုလို၏။ “ပညာပနတော ပညတ္တိ” ဟူသောစကားဖြင့် သဒ္ဒပညတ်ကို ဆိုလို၏။
(ဤအတ္ထ၊ သဒ္ဒပညတ်အဖွင့်ကို သင်္ဂဟပါဠိနှင့် အစဉ်တိုင်းစပ်ယူကာ နားလည်ပါ။)
အတ္ထပညတ်အပြား
၄၀။ “တံ တံ ဘူတဝိပရိဏာမာကာရံ” ဟူသည်ကား ပထဝီအစရှိကုန်သော ထိုထို မဟာဘုတ်ရုပ်တို့တွင် ထိုထို ဓာတ်လွန်ကဲသည်၏ အဖြစ်တည်းဟူသော အထူးအပြားဟု ဆိုအပ်သော ထိုထိုထူးသော အခြင်းအရာအားဖြင့် ညွှတ်သော အခြင်းအရာကို, ဖြစ်ပုံတည်ပုံ ထူးသော အခြင်းအရာကို။ ဤကား အနက်တည်း။ “ဥပါဒါယ”ဟူသည်ကား စွဲ၍, မှီ၍, ရှေးဦးစွာ စိတ်ဖြင့် ယူ၍။ ဤကား အနက်တည်း။
“တထာ တထာ ပညတ္တာ”ဟူသည် ဤအရာသည် မြေမည်၏, ဤအရာသည် တောင်မည်၏ဟု ဤသို့အစရှိသော နည်းဖြင့် လူအများသည် ပညတ်အပ်၏, ဆိုအပ်၏, ခေါ်ဝေါ်အပ်၏။ ဤကား အနက်တည်း။ “ဘူမိပဗ္ဗတာဒိကာ” ဤပါဌ်၌ အာဒိသဒ္ဒါဖြင့် မြစ်သမုဒ္ဒရာ အစရှိသောအပေါင်းကို သိမ်းယူတော်မူ၏။ ဤပညတ်သည် အပေါင်းအားဖြင့် သမုတ်ခေါ်ဝေါ်ထားသည့် “သမူဟပညတ်” မည်၏။
ဋီကာကျော်
ဋီကာကျော်၂၅၃-၌ကား “ဘူမိပဗ္ဗတာဒိကာ”ဟူသည်ကား မြေတောင်သစ်ပင် အစရှိသော ပုံစံ”သဏ္ဌာနပညတ်”ဟု ဖွင့်ဆိုထား၏။ ထိုသဏ္ဌာပညတ်သည် သင့်သကဲ့သို့ မထင်။ မှန်၏, ဤနေရာ၌ ပုံသဏ္ဌာန်သည် ပဓာနကျသည် မဖြစ်။ ဤသို့ မှတ်အပ်၏။
(မြေတောင်အစရှိသော ဝေါဟာရသည် သဏ္ဌာန်အခြင်းအရာကို မှီ၍ ဖြစ်သည် မဟုတ်။ မြေမည်သည် ဤသဏ္ဌာန်ရှိ၏။ တောင်မည်သည် ဤသဏ္ဌာန်ရှိ၏ဟု သဏ္ဌာန်သတ်မှတ်ချက် ပုံသေ မရှိ။ မြေကျောက်တို့၏ အစုအပုံဖြစ်ခြင်းမျှဖြင့် ထိုမြေတောင်ဝေါဟာရသည် ပြီးစီးသည်ဟု ပြခြင်းငှာ “ပုံသဏ္ဌာန်သည် ပဓာနကျသည် မဖြစ်”ဟူသော အထက်ပါစကားကို မိန့်၏။ အနုဒီပနီ။)
(ဋီကာကျော် မှန်၏။ မန်လည်။, ယနေ့ခေတ်၌ တောင်ကို ပုံဆွဲပြပါဆိုလျှင် မြေကြီးများ အထက် မို့မောက်နေသော ပုံကို ဆွဲပြပုံအရ တောင်၌ ပုံသဏ္ဌာန်ပဓာနကျသည်, မြေဟူသောစကား၌ မြေထု ကမ္ဘာမြေ ပြားသည် လုံးသည်ဟု ဆိုရာ၌ ပုံစံပဓာနကျသေးသည်ဟု မိမိ မြင်သည်။)
“သမ္ဘာရသန္နိဝေသာကာရံ” ဟူသည်ကား သစ်သားအစရှိကုန်သော အဆောက်အဦတို့၏ ထိုထို အခြင်းအရာအားဖြင့် စုဝေး၍တည်ထောင်သော အခြင်းအရာကို။ ဤအရာ၌လည်း အာဒိသဒ္ဒါဖြင့် လှေသင်္ဘောစသည်တို့ကို သိမ်းယူ၏။ ဤပညတ်ကား ပုံစံ “သဏ္ဌာနပညတ်” တည်း။ မှန်၏, ပုံသဏ္ဌာန် ထူးခြားသည်၏အဖြစ်ကို စွဲ၍ အထူးထူးသော ဝေါဟာရဖြင့် ဆိုအပ်သည်၏ အဖြစ်ကြောင့် သစ်သားအစရှိသည်တို့ကိုပင်လျှင် အိမ်အခြင်းအရာအားဖြင့် တည်သည်တို့ကို အိမ်ဟူ၍ ဆိုအပ်ကုန်၏, ရထားအခြင်းအရာအားဖြင့် တည်သည်တို့ကို ရထားဟူ၍ ဆိုအပ်ကုန်၏။ ဤသို့ မှတ်အပ်၏။
ဋီကာကျော်၂၅၄-၌ကား “အပေါင်းသမူဟပညတ်”ဟု ဖွင့်ဆိုထား၏။ ထိုအဖွင့်သည် မသင့်။ မှန်၏, မြေတောင်မြစ် သမုဒ္ဒရာ အစရှိသည်တို့၌ ကဲ့သို့ မဟာဘုတ်ရုပ်တို့၏ ဖြစ်ပုံ အခြင်းအရာဖြင့် အလိုမရှိထိုက်ရကား ဤနေရာ၌ အပေါင်းသည် ပဓာနကျသည် မဟုတ် ဤသို့ မှတ်အပ်၏။
(သမ္ဘာရသန္နိဝေသကာရမုပါဒါယ-ဟူသော သင်္ဂဟပါဠိကို ထောက်၍ ဋီကာကျော်၌ ဆိုသော သမူဟပညတ် အမှန်ပင် ဖြစ်သည်။ ပုဒ်စစ်နှင့် ညီ၏။ မန်လည်။ သန္နိဝေသ-နှင့် သမူဟ-ပုဒ်တို့ အစုအပေါင်းဟော တူသည်ဟု ဆိုလိုလိုသည်။
ပုဒ်စစ်၌ ခြည်ချောင်းအပေါင်းကို စွဲ၍ ပုဆိုး ဟု ခေါ်သည်ဟု သမူဟနာမ်ကို ဆိုထားသဖြင့် ပုဒ်စစ်နှင့် ညီသည်ဟု ဆိုလိုသည်။--- သုံးသပ်ရသော် ခြည်ချောင်းအပေါင်းကို စွဲ၍ ပုဆိုးစသည်ကို သမူဟပညတ်ဟု ခေါ်ခြင်းသည် မှန်၏။ သစ်ဝါး စသည်ကို စွဲ၍ အိမ်ပုံစံဖြစ်လာခြင်းကို အစွဲပြု၍ အိမ်စသည်ခေါ်ခြင်းသည် သဏ္ဌာန်ပညတ်ဟု ခေါ်ခြင်းလည်း မှန်၏။ ပရမတ်အရာမဟုတ်သဖြင့် ပညတ်အခေါ်ရှုထောင့်များအရ သူ့အမြင်နှင့်သူ မှန်နေသည်ဟု မိမိ မြင်၏။)
“ယောက်ျားပုဂ္ဂိုလ် အစရှိသည်တို့ကို သတ္တဝါပညတ်ဟူ၍ ဆိုအပ်၏။ ခန္ဓာငါးပါး အပေါင်းကို စွဲ၍ ပညတ်ထားသောကြောင့် ထိုသတ္တဝါပညတ်ကို ဥပါဒါပညတ်ဟူ၍လည်း ဆိုအပ်၏။
(ခန္ဓာ ၅-ပါးတရားတို့ကို စွဲ၍ ထိုခန္ဓာ ၅-ပါးတို့မှ အခြားမဟုတ်ဘဲ တစ်ခုတည်းဖြစ်သည်ကိုပြု၍ ပညတ်ထားသဖြင့် ဥပါဒါပညတ်ဟု ဆိုလိုသည်။ ကောင်းကင်ပညတ်၊ အရပ်ဒေသပညတ် တို့ကဲ့သို့ ထိုခန္ဓာ ၅-ပါးတို့မှ အလွတ်ပညတ်ထားသည့် ပညတ်မဟုတ်။)
“စန္ဒာဝဋ္ဋနာဒိကံ”ဟူသည်ကား လနေအစရှိသည်တို့၏ မြင့်မိုရ်တောင်ကို လက်ယာရစ်ကို ပြု၍ လှည့်လည်ခြင်း အစရှိသည်ကို။ အကြင်အရပ်မျက်နှာမှ လနေတို့သည် ပေါ်ထွက်ကုန်၏, ထိုအရပ် မျက်နှာသည် သာလွန်၍ ရှေးဦးစွာ ရအပ်သော ရောင်ခြည်ရှိသည်၏အဖြစ်ကြောင့် အရှေ့အရပ် မည်၏။ အကြင်အရပ်၌ကား လနေတို့သည် ကွယ်ပခြင်းသို့ ရောက်ကုန်၏။ ထိုအရပ်မျက်နှာသည် နောက်မှ ရအပ်သော ရောင်ခြည်ရှိသည်၏ အဖြစ်ကြောင့် အနောက်အရပ် မည်၏။ ထိုအရှေ့ အနောက်တို့၏ လက်ယာဘက်ဖြစ်သော အရပ်သည် တိုးပွားခြင်းဟူသော အနက်ကြောင့် တောင်အရပ် မည်၏။ ဤမှ တစ်ပါးသော အရပ်ကိုကား အလွန်မြင့်မောက်သော အနက်ကြောင့် မြောက်အရပ် မည်၏ဟူ၍ ဆိုအပ်၏။
အကြင်အခါ၌ နေသည် တက်၏။ ထိုအခါ၌ အလုံးစုံသော နေ့ရက်၏ ရှေ့အဖို့ဖြစ်သောကြောင့် နံနက်ဟူ၍ ဆိုအပ်၏။ ဤသို့အစရှိကုန်သော ပညတ်တို့သည် အရပ်ဒိသာပညတ်, အချိန်ကာလ ပညတ်တို့ မည်ကုန်၏။ “အာဒိ”သဒ္ဒါဖြင့် ကြည်းကုန်း, ချိုင့်ဝှမ်းအစရှိသော အရပ်ပညတ်တို့ကို သိမ်းယူအပ်ကုန်၏။ ဤသို့ မှတ်အပ်၏။
“အသမ္ဖုဋ္ဌာကာရံ”ဟူသည်ကား မဟာဘုတ်တို့၏ အချင်းချင်း မထိသော အခြင်းအရာကို စွဲ၍ ထိုထိုသို့သော အခြင်းအရာအားဖြင့် ပညတ်အပ်သော တွင်းလှိုင်ပေါက် အစရှိသော ပညတ်တည်း။ ဤပညတ်သည် အာကာသပညတ်မည်၏။
“တံတံဘူတနိမိတ္တံ” ဟူသည်ကား ပထဝီကသိုဏ်း အစရှိသည်လည်း ဖြစ်သော, ဥဒ္ဓုမာတက သူသေကောင် အစရှိသည်လည်းဖြစ်သော ဘူတနိမိတ်ကို။ နီလကသိုဏ်း အစရှိသော ဝဏ္ဏနိမိတ် ကိုလည်း ဤဘူတနိမိတ်ပညတ်၌သာလျှင် သိမ်းယူအပ်၏။
“ဘာဝနာဝိသေသဉ္စ”ဟူသည်ကား ပရိကံအစရှိသော ဘာဝနာအထူးကိုလည်း။ ဤပါဌ်ဖြင့် ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ်တို့၏ ပြီးစီးခြင်း၏ အကြောင်းကို ဆိုပေ၏။ ဤသည်ကား “နိမိတ်ပညတ်”မည်၏။
“ဧဝမာဒိပ္ပဘေဒါ”ဟူသော ဤပါဌ်၌ “အာဒိ”သဒ္ဒါဖြင့် ပုဂ္ဂလပညတ်အဋ္ဌကထာ၌ လာကုန်သော ဥပါဒါပညတ်, ဥပနိဓာပညတ်စသည်တို့ကို သိမ်းယူအပ်ကုန်၏။
“ပရမတ္ထတော အဝိဇ္ဇမာနာပိ”ဟူသော ဤပါဌ်ဖြင့် လောကသမ္မုတိ ပညတ်အားဖြင့် ရအပ်သည်၏ အဖြစ်ကို ပြအပ်၏။ ထို့ကြောင့်သာလျှင် မြေတောင် အစရှိကုန်သော ထိုအတ္ထပညတ်တို့၏ ထင်ရှားရှိသည်၏အဖြစ်ကို ယူ၍ “ဒါ မြေ, ဒါ တောင်” အစရှိသော ထိုထို ဝေါဟာရ ထိုထို အခြင်းအရာအားဖြင့် ခေါ်ဝေါ် ပြောဆိုကုန်သော သူအပေါင်းတို့အား မုသားစကားကို ဆိုခြင်း မည်သည် မဖြစ်။ ဤသို့ မှတ်အပ်၏။
“အတ္ထစ္ဆာယာကာရေန”ဟူသည်ကား ထိုထိုမဟာဘုတ်အစရှိကုန်သော ပရမတ်တို့၏ အပေါင်း, ပုံသဏ္ဌာန် အစရှိသော အရိပ်အရောင်တို့၏ အခြင်းအရာအားဖြင့်။
တစ်နည်း-- “အတ္ထစ္ဆာယာကာရေန” ဟူသည်ကား သဒ္ဒါသည် ဟောအပ်သော အနက်ဟု ဆိုအပ်သော၊ ဒြပ်ဟု ဆိုအပ်သော ကိုယ်စားကိုယ်ပွား အခြင်းအရာအားဖြင့်, အကောင်အထည် ရှိယောင် အခြင်းအရာအားဖြင့်။ ဤကား အနက်တည်း။
“တံ တံ ဥပါဒါယ”ဟူသည်ကား ပရမတ္ထတရားတို့၏ ထိုထိုဖြစ်ပုံတည်ပုံအထူးကိုစွဲ၍။ “ဥပနိဓာယ” ဟူသည်ကား ထောက်၍။ “ပရိကပ္ပိယမာနာ” ဟူသည်ကား ကြံဖန်တတ်သော အသိဉာဏ်ဖြင့် ကြံဖန်၍ ယူအပ်သည် ဖြစ်၍။
အနက်ပေးနည်း
အနက်ယောဇနာနည်းကို ပြဦးအံ့, “ဧဝမာဒိပ္ပဘေဒါ .... စိတ္တုပ္ပါဒါန မာရမ္မဘူတာ .... ပရိကပ္ပိယမာနာ ... ပညတ္တိ နာမ” ဟူသောဤပါဌ်၌ -
“ဧဝမာဒိပ္ပဘေဒါ (မြေတောင်အစ ကသိုဏ်းစသည်အဆုံး)ဤသို့စသည်အပြားရှိသော၊
အာရမ္မဏဘူတာ = အနက်ပညတ်အာရုံဖြစ်၍ဖြစ်သော၊
ပရိကပ္ပိယမာနာ = ကြံဖန်အပ်သော၊
(သဗ္ဗာ = အလုံးစုံသော၊
ပညတ္တိ = အတ္ထပညတ်ကို)
ပညာပီယတိ = ပညတ်ခံရ၏။
ဣတိ အတ္ထေန = ဤသို့သော အနက်ကြောင့်၊
ပညတ္တိနာမ = ပညတ်မည်၏။
ဤကား အနက်ယောဇနာတည်း。
(ဒီပနီအလို “ဧဝမာဒိပ္ပဘေဒါ-စသော အထက်ပါသုံးပုဒ်ကို နာမဝိသေသနကြံကာ သဗ္ဗာ ပညတ္တိ-ဟူသော ဝုတ္တကံပုဒ် ထည့်ပေး၍ ပညာပီယတိ-ဟူသော ကြိယာ၌စပ်ကာ အနက်ပေးပါဟု ဆိုလို၏။ အခြားဗားကရာအနက်စသည်နှင့် ယှဉ်ကြည့်ပါ။)
“သင်္ခါယတိ”ဟူသည်ကား ရေတွက်အပ်၏။ “ဤကား တစ်ခုသော အနက်၊ ဤကား တစ်ခုသော ဝတ္ထု)ဟု အရေအတွက်သို့ ကပ်ရောက်သည်ကို ပြု၍ ထားအပ်၏။ ဤကား အနက်တည်း။ “သမညာယတိ”ဟူသည်ကား သမုတ်အပ်၏။ ဤသို့ မှတ်အပ်၏။
သဒ္ဒပညတ် ၆-ပါး
၄၁/၄၂။ အမည်-နာမ၊ အမည်မှည့်ခေါ်မှု-နာမကမ္မ၊ အမည်ထားမှု-နာမဓေယျ၊ ထုတ်ဖော်၍ ခေါ်ဝေါ်မှု-နိရုတ္တိ၊ ထင်ရှားပြမှု-ဗျဉ္ဇန၊ ရှေ့ရှုပြောကြားမှု-အဘိလာပ ဤ ၆-ပါးသော သဒ္ဒပညတ် ဝေါဟာရတို့သည် “နာမ, နာမကမ္မ”စသည် မည်၏။
ထို ၆-ပါးတို့တွင် အနက်၌ ညွှတ်တတ်သည်ဟူသော အကြောင်းဟိတ်ကြောင့် “နာမ”မည်၏။ အနက်လျှင် တည်ရာရှိသည်သာလျှင် ဖြစ်၍ ဖြစ်တတ်၏။ ဤကား အနက်တည်း။ နာမ်ပုဒ်ဟု ဆိုအပ်သော မိမိ၌လည်း အနက်ကို ညွှတ်စေတတ်သည် ဟူသော အကြောင်းဟိတ်ကြောင့် “နာမ”မည်၏။ မှန်၏, ပိဋကတ်သုံးပုံဟု ဆိုအပ်သော နာမ်ပုဒ်သည် ရှိခဲ့သော် ထိုပိဋကတ်ဟူသော နာမ်ပုဒ်ကို နှုတ်တက် သင်ကြားကုန်သောသူတို့၏ ဉာဏ်သို့ ရှေးရှု အလုံးစုံကုန်သော ထိုထို နာမ်ပုဒ်၏အနက်တို့သည် ပုဒ်တိုင်းပုဒ်တိုင်း, ဝါကျတိုင်း ဝါကျတိုင်း၌ လာကုန်သည်သာလျှင်တည်း။ ဤသို့ မှတ်အပ်၏။
တစ်နည်းကား နားထောင်သူတို့၏ အသိဉာဏ်သည် (အကုသလဝိပါက်ဝိညာဏ်ကိုလည်း အလိုရှိ အပ်သည်၏အဖြစ်ကြောင့် ဉာဏ်ဟူသည် ဥပလက္ခဏ စကားတည်း။) ထိုထိုအနက်သို့ အာရုံပြုခြင်း၏ အစွမ်းဖြင့် ရှေးရှုညွှတ်စေတတ်သည် ဟူသော အကြောင်းဟိတ်ကြောင့် “နာမ” မည်၏။
“ဤသူမှာ ဤအမည်ခေါ်တွင်စေ”ဟု အမည်နာမယူသည်၏ အစွမ်းဖြင့် ပြုအပ်သည်၏ အဖြစ် ကြောင့် အမည်နာမသည်ပင်လျှင် ကမ္မမည်သည်ဟူသော အကြောင်းဟိတ်ကြောင့် “နာမကမ္မ” မည်၏။ အသက်ထက်ဆုံး မမေ့ပျောက်သည်ကို ပြု၍ အစွဲအမြဲ ဆောင်ထား မှတ်ထားအပ်သည် ဟူသော အကြောင်းဟိတ်ကြောင့် “ဓေယျ” မည်၏။ နာမသည်ပင်လျှင် ဆောင်ထားမှတ်ထား အပ်သည်ဟူသော အကြောင်းဟိတ်ကြောင့် “နာမဓေယျ”မည်၏။
မကြားဖူးသဖြင့် မသိသာမထင်ရှားသည့် အဖို့၌တည်သော အနက်ကို ထိုမသိသာ မထင်ရှားသည့် အဖို့မှ ဉာဏ်ဖြင့် ထုတ်၍ ပြောဆိုအပ်-သိစေအပ်ကြောင်း သဒ္ဒါ-ဟူသော အကြောင်းဟိတ်ကြောင့် “နိရုတ္တိ”မည်၏။ မသိသာမထင်ရှားသည့်အဖို့၌ တည်သောအနက်ကို ပြတတ်သောကြောင့် ထင်ရှားအောင် ပြုတတ်သောကြောင့် “ဗျဉ္ဇန”မည်၏။ အလွန် ထင်ရှားသည်ကို ပြု၍ ပြောဆိုအပ်ကြောင်း သဒ္ဒါ-ဟူသော အကြောင်းဟိတ်ကြောင့် “အဘိလာပ”မည်၏။
ဆက်ဦးအံ့, ဤနာမပညတ်အရာ၌ ဝဏ္ဏစာလုံးပညတ်၊ အက္ခရာပညတ်၊ သရပညတ်၊ ဒီဃသရပညတ်၊ ရဿသရပညတ်၊ ဗျည်းပညတ်၊ ဝဂ်-အဝဂ်ဗျည်းပညတ်၊ ဃောသဗျည်းပညတ်၊ အဃောသဗျည်းပညတ်၊ အထီးအမနပုံး ဟူသော လိင်္ဂပညတ်၊ ပုဒ်ပညတ်၊ ဝါကျပညတ် တို့သည်လည်း ထိုနာမ်ပုဒ်၏သာလျှင် အပြားတို့တည်းဟူ၍ မှတ်အပ်ကုန်၏။
စိတ်စေတသိက်ရုပ်နိဗ္ဗာန်ဟူသော ပရမတ္ထအားဖြင့် ထင်ရှားရှိကုန်သော အနက်တို့၌ ဖြစ်သော ပညတ်သည် “ဝိဇ္ဇမာနပညတ်”မည်၏။ ပရမတ္ထအားဖြင့် ထင်ရှား မရှိကုန်သော မြေတောင်အစ ရှိသည်တို့၌ ဖြစ်သော ပညတ်သည် “အဝိဇ္ဇမာနပညတ်”မည်၏။ ဤနှစ်ပါးသော ပညတ်တို့ သည်ပင်လျှင် ပေါင်းစပ်နာမ်ဟူသော သမာသ်အရာသို့ ရောက်သည်ရှိသော် နှစ်ပုဒ်ယှဉ်တွဲသည်၏ အစွမ်းဖြင့် ဤပညတ်နှစ်မျိုးမှ အခြားတစ်ပါးကုန်သော ၄-ပါးကုန်သော ပညတ်တို့သည်လည်း ဖြစ်ကုန်၏ဟု ပြခြင်းငှာ “တတ္ထ”အစရှိသော အကျယ်စကားကို မိန့်ဆိုအပ်ပြီ။
(သင်္ဂဟပါဠိနှင့် ဒီပနီအဖွင့် တိုက်ကြည့်ရန်။)
“ဧတာယ ပညာပေန္တိ”ဟူသော ဤပါဌ်ဖြင့် ပရမတ္ထအားဖြင့် ထင်ရှားရှိသော အနက်ကို ပညတ်ကုန်ကြောင်းဟူသော အကြောင်းဟိတ်ကြောင့် “ဝိဇ္ဇမာနပညတ်မည်၏”ဟူသော အနက်ကို သင်္ဂဟကျမ်းပြု အရှင်အနုရုဒ္ဓါသည် ဆိုပေ၏။ “အဝိဇ္ဇမာနပညတ်”ဟူသော နောက်ပုဒ်၌လည်း ဤနည်းပင်လျှင်တည်း။
ခြောက်ပါးကုန်သော အဘိညာဏ်တို့သည် ရှိကုန်ကြောင်းဟူသော အကြောင်းဟိတ်ကြောင့် “ဆဠဘိည” မည်၏ဟု ဆဋ္ဌီဗဟုဗ္ဗီဟိသမာသ် ဝိဂြိုဟ်ပြု၍ အညပဒတ္ထသမာသ်ပုဒ်။ ဝိသေသန ဖြစ်သည့် ခြောက်ပါးကုန်သော အဘိညာဏ်တို့၏ ပရမတ္ထအားဖြင့် ထင်ရှားရှိသည်၏အဖြစ်ကြောင့် လည်းကောင်း, အထူးပြုခံဖြစ်၍ အညပုဒ်အနက်ဖြစ်၍ ဖြစ်သော အဘိညာဉ်ရပုဂ္ဂိုလ်၏ ပရမတ္ထအားဖြင့် ထင်ရှားမရှိသည်၏ အဖြစ်ကြောင့် လည်းကောင်း “ဆဠာဘိည” ဟူသော သဒ္ဒါသည် “ဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ်” မည်၏။
မိန်းမကား ပရမတ္ထအားဖြင့် ထင်ရှားမရှိ, အသံကား ပရမတ္ထအားဖြင့် ထင်ရှားရှိသောကြောင့် မိန်းမ၏အသံ “ဣတ္ထိသဒ္ဒ”ဟူသော သဒ္ဒါသည် “အဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ်”မည်၏။
စက္ခုပသာဒရုပ်သည်လည်းကောင်း စက္ခုဝိညာဏ်စိတ်သည်လည်းကောင်း နှစ်ပါးစုံသည်လည်း ပရမတ္ထအားဖြင့် ထင်ရှားရှိ၏။ ထို့ကြောင့် စက္ခုပသာဒရုပ်၌ မှီသောဝိညာဏ် “စက္ခုဝိညာဏ” ဟူသော သဒ္ဒါသည် “ဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ်”မည်၏။
မင်းသည်လည်းကောင်း, သားသည်လည်းကောင်း နှစ်ပါးတို့သည်လည်းကောင်း ပရမတ္ထအားဖြင့် ထင်ရှားမရှိကုန်သည်သာလျှင်တည်း။ ထို့ကြောင့် ‘မင်း၏သား’ ‘ရာဇပုတ္တ’ဟူသော သဒ္ဒါသည် “အဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ်”မည်၏။ ဤအနက်ကို ပြလိုသော အရှင်အနုရုဒ္ဓါသည် “ဥဘိန္နံ” အစရှိသော စကားကို မိန့်ဆိုတော်မူ၏။
သဒ္ဒါသဘောပညတ် သီးခြားရှိသင့်ပုံ
ဆက်ဦးအံ့, ဤပညတ်အရာ၌ စကားသံမှလည်းကောင်း, စကားသံ၏အနက်မှ လည်းကောင်း အလွတ်ဖြစ်သော သဒ္ဒါသဘောရှိသော နာမပညတ်မည်သည် အသီးအခြားမရှိဟု ဓမ္မသင်္ဂဏီ-ပညတ္တိဒုကနိဒ္ဒေသ၌ မူလဋီကာကျမ်းပြု အရှင်အာနန္ဒာမထေရ်တို့သည် ဆိုကုန်၏။ ထိုအဆိုသည် မသင့်။ အကြောင်း နာမပညတ်သည် အနက်ကို ထွန်းပြတတ်သည်၏ အဖြစ်ဖြင့် အသီးအခြား ပြီးစီးသည်၏အဖြစ်ကြောင့်တည်း။
မှန်၏, သဒ္ဒါမည်သည် အက္ခရာပုဒ်ဝါကျ၏အဖြစ်သို့ ကပ်ရောက်သော်မှသာလျှင် အနက်ကို ထွန်းပြခြင်း၌ စွမ်းနိုင်၏။ စကားသံဟု ဆိုအပ်သော ပရမတ္ထသဒ္ဒါသည် ခဏိကတရား ဖြစ်၍ အလွန့်အလွန် သိမ်မွေ့သော အမှုန့်နုဖြစ်၍ ထိုအက္ခရာပုဒ်ဗျည်းအဖြစ်သို့ ကပ်ရောက်သော သဒ္ဒါ မဟုတ်။ ထို့ကြောင့် သဒ္ဒါသဘောရှိသော နာမပညတ် မည်သည် အသီးအခြား ရှိသည် သာလျှင်တည်း။
ဆက်ဦးအံ့, ထိုသဒ္ဒါသဘောရှိသော နာမပညတ်ရှိသည်၏ အဖြစ်သည် စကားသံကို ကြားပြီး သည်၏ အခြားမဲ့၌ အက္ခရာပုဒ်ဗျည်းလျှင် အာရုံရှိသော စိတ်၏လည်းကောင်း, ထိုစိတ်၏အခြားမဲ့၌ ထိုအက္ခရာပုဒ်ဗျည်းတို့၏အနက်ကို သိသော စိတ်၏လည်းကောင်း ဖြစ်ခြင်းဖြင့် ထင်ရှား၏ဟု ပြတော်မူလိုသည်ဖြစ်၍ “ဝစီဃောသာနုသာရေန, အတ္ထာ ယဿာနုသာရေန” အစရှိသော ဂါထာ နှစ်ခုအပေါင်းကို မိန့်တော်မူ၏။
ပညတ်၂-ပါးကို သိပုံနှင့် နာမပညတ် ဖြစ်ပေါ်လာပုံ
၄၃။ ထိုနှစ်ဂါထာတွင် “ဝစီဃောသာနုသာရေန” ဟူသည်ကား ရွတ်ဆိုအပ်သော သဒ္ဒါဟု ဆိုအပ်သော စကားသံကို အာရုံပြုခြင်းဟု ဆိုအပ်သော အစဉ်လျှောက်ခြင်းဖြင့် + ဖြစ်သော ကြားသိစိတ်အစဉ်ဝီထိ၏ + ဖြစ်သည်မှ အခြားမဲ့၌ ဖြစ်သော မနောဒွါရဝီထိ၏ + အာရုံဖြစ်၍ ဖြစ်သော + ထိုပညတ်ကို + သိအပ်၏။ ဤသို့ စာစပ်ကို သိအပ်၏။
(မူရင်းပထမဂါထာပါဠိနှင့် တိုက်ကြည့်မှ +သင်္ကေတထားရပုံကို နားလည်မည်။)
ပထမဂါထာနှင့် ဒုတိယဂါထာအချိပ်အဆက်ကို ဆိုဦးအံ့, ထိုပညတ်သည် အဘယ်သို့ သဘော ရှိသနည်း။ ဤသို့မေးဖွယ်ရှိသောကြောင့် ဖြေကြားတော်မူလိုသော အရှင်အနုရုဒ္ဓါမထေရ်သည် “အတ္ထာ ယဿာနုသာရေန ...တတော ပရံ”ဟူ၍ မိန့်တော်မူ၏။ ထိုဒုတိယဂါထာ၌ “တတော ပရံ”ဟူသည်ကား နာမပညတ်လျှင် အာရုံရှိသော မနောဒွါရဝီထိ-ဖြစ်သည်မှ နောက်၌ အနက်တို့ကို သိအပ်ကုန်၏။ ဤသို့ စာစပ်ကို သိအပ်၏။ “အကြင်နာမည်ပညတ်ကို အစဉ်လျောက်သဖြင့် ပရမတ္ထနှင့် ပညတ် ဖြစ်၍ ဖြစ်ကုန်သော အနက်တို့ကို သိအပ်ကုန်၏။ ထိုနာမပညတ်ကို လောက၌ အနက်သဒ္ဒါသင်္ကေတကို ပြုသော ကမ္ဘာဦးသူ လူပညာရှိတို့သည် လောကသင်္ကေတဉာဏ်ဖြင့် ဖြစ်စေအပ်-ဖန်ဆင်းအပ်၏”ဟူ၍ သိအပ်၏။ ဤကား အနက်ယောဇနာတည်း။
ဆက်ဦးအံ့, ဤနေရာ၌ “သောတဝိညာဏဝီထိယာ”ဟူသော ဤပါဌ်၌ အတိတ်အာရုံမျှလျှင် အာရုံရှိသော (သောတဝိညာဏဝီထိ၏ အာရုံသည် ဖြစ်ပြီး၍ ချုပ်သွားပြီး ဖြစ်၏။ ဖြစ်ပြီး၍ ချုပ်သွားသော အတိတ်အသံမျှကို အာရုံပြုသော) တဒနုဝတ္တိကအမည်ရှိသော မနောဒွါရိကဝီထိ ကိုလည်း ပေါင်းယူအပ်သည်ဟု မှတ်အပ်၏။
သာရတ္ထဒီပနီဋီကာ သာဓက
မှန်၏, သာရတ္ထဒီပနီဋီကာ၌ “ထိုသိက္ခာချသောရဟန်းသည် ‘သိက္ခာကို ငါ စွန့်ပါ၏’ဟု ဆိုအပ်သော စကား၌ အကြင်မျှလောက်ကုန်သော အက္ခရာတို့သည် ဖြစ်ကုန်၏။ ထို အက္ခရာတို့တွင် တစ်လုံး တစ်လုံးသော ပစ္စုပ္ပန်ဖြစ်သော အသံကို သောတဝိညာဏဝီထိသည် လည်းကောင်း, အတိတ် ဖြစ်သော အသံကို မနောဝိညာဏဝီထိသည် လည်းကောင်း ယူပြီး ဖြစ်ပြီး ချုပ်ပြီးသည် ရှိသော် အဆုံး၌ သိက္ခာကို ငါ စွန့်ပါ၏-ဟူသော ဝါကျ၌ အစိတ်အစိတ်ဖြစ်သော ထိုအက္ခရာတို့ကို ပေါင်း၍ နာမ်ပုဒ်ဟူသော အက္ခရာအပေါင်းကို ယူ၍ တစ်ခုသော မနောဝိညာဏဝီထိသည် ဖြစ်၍ ချုပ်၏။
ထိုဝီထိ၏အခြားမဲ့၌ “နာမ်ပုဒ် ဟူသော ဤအက္ခရာအပေါင်းသည် ဤအနက်၏ အမည်ပေတည်း” ဟု နာမပညတ်ကို ယူခြင်း၏အစွမ်းဖြင့် တစ်ပါးသော မနောဝိညာဏဝီထိသည် ဖြစ်၍ ချုပ်သည်ရှိသော် ထိုဝီထိ၏ အခြားမဲ့၌ ဖြစ်သော မနောဝိညာဏဝီထိဖြင့် “ဤသည်ကား ဤသဒ္ဒါ၏ အနက်တည်း-ဟု ပင်ကိုအားဖြင့် ထိုစကား၏အနက်ကိုသိ၏” ဟူသော ဤသို့သော စကားကို မိန့်ဆိုအပ်ပြီ။
မဏိသာရမဉ္ဇူသာ ဋီကာ
အဖို့တစ်ပါးကို ဆိုအံ့, မဏိသာရမဉ္ဇူသာဋီကာ၌ “တဒနုဝတ္တိကဝီထိမှ နောက်၌ အက္ခရာပုဒ်ကို ကောင်းစွာ မှတ်သားသည့် တစ်ခုသော ဆုံးဖြတ်သော ဝိနိစ္ဆယဝီထိကို လည်းကောင်း, ဝစီဝိညတ်ကို ယူသော ဝိညတ္တိဂဟဏဝီထိကို လည်းကောင်း မိန့်ဆို၏။ ထိုဝီထိစု၏ နောက်၌ အက္ခရာတစ်လုံးသာရှိသော ဂေါ-သဒ္ဒါစသော သဒ္ဒါမျိုး၌ တစ်ခုသော အနက်ဒြဗ်ကို ထွန်းပြ တတ်သော အမည်ပညတ်ကို ယူတတ်သော ဝီထိသည် ဖြစ်၏။ ယင်းနာမပညတ်ကို မရွတ်ဆိုမီ ရှေးအဖို့၌ ပြောသူ၏ စိတ်ဖြင့် ပိုင်းခြား၍ ထားအပ်သော ပညတ်သဒ္ဒါ မည်၏ဟူ၍ မိန့်ဆိုအပ်၏။
(တစ်စုံတစ်ခုသော အနက်ကို သူတစ်ပါးတို့ကို ပြောပြလိုသူသည် ထိုအနက်၏ အမည်ကို ရှေးဦးစွာ မနောဒွါရဝီထိဖြင့် မှတ်သား၍သာလျှင် ပြောဆို၏။ ထိုအမည်သည် မရွတ်ဆိုမီ ရှေ့အဖို့၌ ပြောဆိုသူသည် စိတ်ဖြင့် ပိုင်းခြားထားသည်၏ အဖြစ်ကြောင့် နာမပညတ်မည်၏ ဟု ဆိုအပ်၏။ အနုဒီပနီ။)
ထိုနာမပညတ်ကို ယူသော ဝီထိမှ နောက်၌ ထိုနာမပညတ်၏ အနက်ကိုယူသော ဝီထိသည် ဖြစ်၏” ဟု မိန့်ဆိုထား၏။
ဤသို့သဘောရှိကုန်သော အရာဌာနတို့၌ကား ထိုထိုကျမ်းစာများ၌ ဇောဝီထိဝါရတို့၏ အစဉ်ကို ဆိုရခြင်းမည်သည် ပြဋ္ဌာန်းသောအချက် ထင်ရှားသောအချက်ကို ယူသည်၏အစွမ်းဖြင့်သာလျှင် ဖြစ်၏။ ဤသို့ မှတ်အပ်၏။ မှန်၏, “လက်ဖျစ်တစ်တွက် မျှသောခဏ၌ ဝီထိစိတ်တို့၏ အကြား အကြား၌ ဖြစ်သော ဘဝင်စိတ်တို့နှင့်တကွ ကုဋေအသိန်း မကကုန်သော စိတ်တို့သည် ဖြစ်ကုန်၏” ဟု အဋ္ဌကထာတို့၌ ဖွင့်ဆိုအပ်ပြီ။
မောဂ္ဂလာနပဉ္စိကာ သဒ္ဒါကျမ်း
ထိုမှတစ်ပါး
“ဧကမတ္တော ဘဝေ ရဿော၊ ဒွိမတ္တော ဒီဃမုစ္စတေ။
တိမတ္တော တု ပ္လုတော ဉေယျော၊ ဗျဉ္ဇနံ အဒ္ဓမတ္တိကံ”
ဟူလည်း မောဂ္ဂလ္လာန ပဉ္စိကာ သဒ္ဒါကျမ်းစသည်၌ မိန့်ဆိုအပ်ပြီ။ “သံတိုရဿအက္ခရာသည် လျှပ်စီးရောင်တစ်ပြက် တစ်မတြာကာလ ရှိ၏။ သံရှည်ဒီဃသရကို လျှပ်စီးရောင်နှစ်ပြက် နှစ်မတြာ ကာလရှိ၏ဟူ၍ ဆိုအပ်၏။ လျှပ်စီးရောင်သုံးပြက် သုံးမတြာရှိသော အသံကိုကား အထူးထူးသော အခြင်းအရာဖြင့် သီဆိုအပ်သော ‘လူတားသံ’ဟူ၍ သိအပ်၏။ ဗျည်းသက်သက်သည် မတြာခွဲ ကာလရှိ၏”ဟု ဆိုလို၏။
အမှာစကား ဆိုဦးအံ့, အကြင်ကြောင့် အစဉ်အဆက် ဖြစ်ကုန်သော ပရမတ္ထသဒ္ဒါအစုတို့၏ တစ်သိန်းသော်မှလည်း တစ်လုံးသောအက္ခရာ မည်သည် ဖြစ်ခြင်းငှာ မလောက်။ ထို့ကြောင့် ဤ ပရမတ္ထဒီပနီဋီကာကျမ်း၌ စိတ်ဖြစ်ပုံဝီထိဆိုင်ရာ များစွာ စိစစ်ခြင်းကို ငါတို့သည် မပြုအပ်ပြီ။
ဤတွင် ပညတ်အဖွင့် ပြီး၏။
ပစ္စည်းပိုင်း နိဂုံး
ဤသို့ ပရမတ္ထဒီပနီအမည်ရှိသော အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်း၏ စတုတ္ထ အဖွင့်ကျမ်း၌ ရှစ်ခု မြောက်သော ပစ္စည်းအချုပ်ပစ္စယသင်္ဂဟ၏ မြတ်သောအနက်ကို အကျယ်ပြရာသောအခန်းသည် ပြီးပြီ။
ပစ္စည်းပိုင်း ပြီး၏။
၉-ကမ္မဋ္ဌာန်းပိုင်း မြန်မာပြန်
မာတိကာ
၃၄၂။ ပဋိညာဉ်ဂါထာအဖွင့်
၃၄၃။ ဂါထာအနက်ယောဇနာ
၃၄၄။ သမထ
၃၄၅။ ဝိပဿနာ
၃၄၆။ ဘာဝနာ
၃၄၇။ ကမ္မဋ္ဌာန်းအဖွင့် ၃-မျိုး
၃၄၈။ ဋီကာကျော်
၃၄၉။ သမထကမ္မဋ္ဌာန်းနည်း သမထကမ္မဋ္ဌာန်း ၇-မျိုး မာတိကာ
၃၅၀။ စရိုက် ၆-ပါး
၃၅၁။ ဋီကာကျော်
၃၅၂။ ဘာဝနာ ၃-ပါး = သမာဓိ ၃-ပါး
၃၅၃။ နိမိတ် ၃-ပါး
၃၅၄။ ကသိုဏ်း ၁၀-ပါး
၃၅၅။ အသုဘ ၁၀-ပါး
၃၅၆။ အနုဿတိ ၁၀-ပါး
၃၅၇။ အပ္ပမညာ ၄-ပါး
၃၅၈။ သညာ ၁-ပါး
၃၅၉။ ဝဝတ္ထာန် ၁-ပါး
၃၆၀။ အာရုပ္ပ ၄-ပါး
၃၆၁။ သပ္ပါယဘေဒ
စရိုက်ဖြင့် ကမ္မဋ္ဌာန်းကို ဝေဖန်ပုံ
ရာဂစရိုက်အတွက် ကမ္မဋ္ဌာန်း ၁၁-ပါး
၃၆၂။ အဖြစ်များသောကြောင့် စရိုက်ဟု ခေါ်
၃၆၃။ ဒေါသစရိုက်အတွက် ဗြဟ္မစိုရ်ကမ္မဋ္ဌာန်း ၄-ပါး
၃၆၄။ ဥပေက္ခာဗြဟ္မစိုရ်ဆိုင်ရာ မှတ်ချက်
၃၆၅။ ဒေါသစရိုက် အလှနှင့် အကိုက်
၃၆၆။ ဝိတက်နှင့် မောဟ စရိုက်အတွက် အာနာပါန
၃၆၇။ ဋီကာကျော်
၃၆၈။ ဂုဏ်တော်ဘာဝနာ ပညာစရိုက်အတွက်လည်းရ
၃၆၉။ သိမ်မွေ့အာရုံမှာ ဉာဏ်ကို ပုံ
၃၇၀။ စရိုက်အစုံ သင့်လျော်သည့် ကမ္မဋ္ဌာန်း ၁၀-ပါး
၃၇၁။ မောဟနှင့် ဝိတက် စရိုက်၂-ပါးအတွက် - ပထဝီကသိုဏ်းထားနည်း
၃၇၂။ စရိုက်နှင့် ကမ္မဋ္ဌာန်းအတွက် မှတ်ချက်
၃၇၃။ ဘာဝနာဖြင့် ကမ္မဋ္ဌာန်းကို ဝေဖန်ပုံ အပ္ပနာဈာန်မရ ကမ္မဋ္ဌာန်း ၁၀-ပါး
၃၇၄။ သဘာဝဓမ္မအာရုံတို့၌ လောကုတ္တရာနှင့် အရူပဈာန်တို့ ဖြစ်ပုံ
၃၇၅။ ဈာန်ဖြင့် ကမ္မဋ္ဌာန်းကို ဝေဖန်ပုံ
ဈာန်ငါးမျိုးလုံးရစေသော ကမ္မဋ္ဌာန်း ၁၁-ပါး
၃၇၆။ ပဌမဈာန်ကိုသာ ရစေသော ကမ္မဋ္ဌာန်း ၁၁-ပါး
၃၇၇။ ရွံစရာ၌ ဝမ်းမြောက်မှုဖြစ်နိုင်ပုံ စိတ်သဘာဝ
၃၇၈။ ဈာန် ၄-ပါးအထိ ရစေသည့် ကမ္မဋ္ဌာန်း ၃-ပါး
၃၇၉။ ပဉ္စမဈာန်ကိုသာ ရစေသည့် ဥပေက္ခာကမ္မဋ္ဌာန်း
၃၈၀။ ကမ္မဋ္ဌာန်းတစ်ခု ဈာန်တစ်ခု ရစေသော ကမ္မဋ္ဌာန်း ၄-မျိုး
၃၈၁။ ဂေါစရဘေဒ နိမိတ်ဖြင့် ကမ္မဋ္ဌာန်းကို ဝေဖန်ပုံ
၃၈၂။ ပဋိဘာဂနိမိတ် ရစေသော ကမ္မဋ္ဌာန်း ၂၂-မျိုးအဖွင့်
၃၈၃။ ဘာဝနာနှင့် နိမိတ် တွဲစပ်ပုံ
၃၈၄။ ရူပပဌမဈာန်ဖြစ်ပုံ
၃၈၅။ ရူပါဝစရဒုတိယဈာန် စသည် ရအောင် အားထုတ်နည်း
၃၈၆။ ဈာန်ဝသီဘော် ၅-ပါးဆိုင်ရာ မှတ်ဖွယ်
၃၈၇။ ဋီကာကျော်
၃၈၈။ ဒုတိယဈာန် စသည် ဖြစ်ပုံ
၃၈၉။ အရူပဈာန်ဖြစ်ပုံ
၃၉၀။ ဥပစာရသမာဓိအထိသာရစေနိုင်သောကမ္မဋ္ဌာန်း ၁၀-ပါး
၃၉၁။ အဘိညာဉ်ဖြစ်ပုံ
၃၉၂။ အဘိညာဉ်အဓိဋ္ဌာန်နည်းများ
၃၉၃။ အဘိညာဉ်ပရိကံပြုနည်းများ
၃၉၄။ ပါဒကဈာန် မှတ်ဖွယ်
၃၉၅။ အဘိညာဉ် ၅-ပါး၏အာရုံများ
၃၉၆။ သန္တတိ-အဒ္ဓါ-ခဏိက အာရုံ အဆုံးအဖြတ်
၃၉၇။ အဘိညာဉ် ၅-ပါး
၃၉၈။ ဣဒ္ဓိဝိဓအဘိညာဉ် ၃-မျိုး
၃၉၉။ ဒိဗ္ဗသောတအဘိညာဉ်
၄၀၀။ ပရစိတ္တဝိဇာနနအဘိညာဉ်
၄၀၁။ ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်
၄၀၂။ ဒိဗ္ဗစက္ခုအဘိညာဉ်အပြား၂-ပါး
၄၀၃။ ဋီကာကျော်
၄၀၄။ အနာဂတံသနှင့် ပုဗ္ဗေနိဝါသာနုဿတိဉာဏ် မှတ်စရာ
၄၀၅။ ဝိပဿနာကမ္မဋ္ဌာန်းနည်း
ဝိပဿနာကမ္မမည်ပုံ၂-နည်း
၄၀၆။ ဝိပဿနာကမ္မဋ္ဌာန်းမည်ပုံ ၂-နည်း
၄၀၇။ သီလဝိသုဒ္ဓိ
၄၀၈။ စိတ္တဝိသုဒ္ဓိ
၄၀၉။ ဒိဋ္ဌိဝိသုဒ္ဓိ
၄၁၀။ ကင်္ခါဝိတရဏဝိသုဒ္ဓိ
၄၁၁။ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ
၄၁၂။ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ
၄၁၃။ ဉာဏဒဿနဝိသုဒ္ဓိ
၄၁၄။ ဒဿနပုဒ်ကို ထည့်ဆိုရခြင်းအကြောင်း
၄၁၅။ လက္ခဏာယာဉ် ၃-ပါး
၄၁၆။ အနုပဿနာ ၃-ပါး
၄၁၇။ ဝိပဿနာဉာဏ် ၁၀-ပါး
သမ္မသနဉာဏ်
၄၁၈။ ဥဒယဗ္ဗယဉာဏ်
၄၁၉။ ဘင်္ဂဉာဏ်
၄၂၀။ ဘယဉာဏ်
၄၂၁။ အာဒီနဝဉာဏ်
၄၂၂။ နိဗ္ဗိဒါဉာဏ်
၄၂၃။ မုစ္စိတုကမျတာဉာဏ်
၄၂၄။ ပဋိသင်္ခါဉာဏ်
၄၂၅။ သင်္ခါရုပေက္ခာဉာဏ်
၄၂၆။ အနုလောမဉာဏ်
၄၂၇။ ဝိမောက္ခ ၃-ပါး
၄၂၈။ ဝိမောက္ခမုခ ၃-ပါး
၄၂၉။ ဝိသုဒ္ဓိဘေဒ
သီလဝိသုဒ္ဓိ ၄-မျိုးအဖွင့်
၄၃၀။ စိတ္တဝိသုဒ္ဓိ ၂-မျိုးအဖွင့်
၄၃၁။ ဒိဋ္ဌိဝိသုဒ္ဓိအဖွင့်
၄၃၂။ ရုပ်နာမ်အကျဉ်းအကျယ်သိမ်းဆည်းနည်း ၂-မျိုး
၄၃၃။ ရုပ်နာမ်အကျဉ်းသိမ်းဆည်းနည်း
၄၃၄။ ရုပ်နာမ်အကျဉ်းသိမ်းဆည်းနည်းအမျိုးမျိုး
၄၃၅။ ရုပ်နာမ်အကျယ်သိမ်းဆည်းနည်း
၄၃၆။ ဒိဋ္ဌိဝိသုဒ္ဓိဖြင့် မိစ္ဆာဒိဋ္ဌိကို ပယ်ပုံ
၄၃၇။ ကင်္ခါဝိတရဏဝိသုဒ္ဓိအဖွင့်
အကြောင်းအကျဉ်းအကျယ်သိမ်းဆည်းနည် ၂-မျိုး
၄၃၈။ အကြောင်းအကျဉ်းသိမ်းဆည်းနည်း
၄၃၉။ အကြောင်းအကျယ်သိမ်းဆည်းနည်း
၄၄၀။ ကင်္ခါဝိရတဏဝိသုဒ္ဓိဖြင့် ပယ်သော ဒိဋ္ဋိ
၄၄၁။ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိအဖွင့်
သမ္မသနဉာဏ်
၄၄၂။ ပဋိသမ္ဘိဒါမဂ် သာဓက
၄၄၃။ သဗ္ဗညုဘုရားအရာနှင့် သာဝကအရာ
၄၄၄။ အနိစ္စသိဖို့ လိုရင်း
၄၄၅။ ဥဒယဗ္ဗယဉာဏ်
၄၄၆။ အကြောင်းအားဖြင့် ဖြစ်ပျက်ရှုနည်း
၄၄၇။ ခန္ဓာ ၅-ပါးလုံးအတွက်
၄၄၈။ ရူပက္ခန္ဓာအတွက်
၄၄၉။ စေတသိက်ခန္ဓာ ၃-ပါးအတွက်
၄၅၀။ ဝိညာဏက္ခန္ဓာအတွက်
၄၅၁။ ခဏအားဖြင့် ဖြစ်ပျက်ရှုနည်း
၄၅၂။ ဝိပဿနာညစ်ညူးကြောင်း ၁၀-ပါး
၄၅၃။ အတွေ့အကြုံမရှိသော ယောဂီ
၄၅၄။ အတွေ့ကြုံရှိသော ယောဂီ
၄၅၅။ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ
၄၅၆။ ဋီကာကျော်
၄၅၇။ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ
၄၅၈။ ဥဒယဗ္ဗဉာဏ်အရင့်ပိုင်းမှအနုလောမဉာဏ်အထိ
၄၅၉။ ဉာဏဒဿနဝိသုဒ္ဓိ
၄၆၀။ အနုလောမဉာဏ်
၄၆၁။ ဝုဋ္ဌာနဂါမိနီဝိပဿနာဉာဏ် ၂-ပါး
၄၆၂။ ဝုဋ္ဌာနဟူသည် မဂ်အမည်
၄၆၃။ ဂေါတြဘူစိတ်
၄၆၄။ မဂ်ကိစ္စ ၁၆-ချက်
၄၆၅။ ဖိုလ်စိတ် နှစ်ကြိမ်သုံးကြိမ်ဖြစ်ပြီး ဘဝင်ကျပုံ
၄၆၆။ ပစ္စဝေက္ခဏာဉာဏ်ဖြစ်ပုံ
၄၆၇။ ပစ္စဝေက္ခဏာဉာဏ် ၁၉-တန်
၄၆၈။ ပစ္စဝေက္ခဏာဉာဏ်အရာ အဆိုအမိန့်မျိုးစုံ
၄၆၉။ ပစ္စဝေက္ခဏာဉာဏ် ၁၉-တန် ရေတွက်နည်း
၄၇၀။ ချွင်းချက်ရှိသော ပစ္စဝေက္ခဏာဉာဏ်
၄၇၁။ ဝိမောက္ခမုခနှင့် ဝိမောက္ခဘေဒ
၄၇၂။ ရုပ်ဟူသမျှ အနတ္တ, ဝေဒနာဟူသမျှ အနတ္တ
၄၇၃။ ရုပ်ဟူသမျှ အနိစ္စ, ဝေဒနာဟူသမျှ အနိစ္စ
၄၇၄။ ရုပ်ဟူသမျှ ဒုက္ခ, ဝေဒနာဟူသမျှ ဒုက္ခ
၄၇၅။ သုညတဝိမောက္ခ
၄၇၆။ အနိမိတ္တဝိမောက္ခ
၄၇၇။ အပ္ပဏိဟိတဝိမောက္ခ
၄၇၈။ လက္ခဏာရေးသုံးပါးနှင့် ဣန္ဒြေသုံးပါး
၄၇၉။ ဝိပဿနာသတ္တိ မဂ်အထိပြပုံ
၄၈၀။ အရိယာပုဂ္ဂိုလ် ၇-ယောက်
၄၈၁။ မဂ်၏သတ္တိ ဖိုလ်အထိပြပုံ
၄၈၂။ ဝိပဿနာသတ္တိ ဖလသမာပတ်မှာ ပြပုံ
၄၈၃။ သုတ္တန်နည်း အဘိဓမ္မာနည်း ခွဲပုံ
၄၈၄။ မဂ်ဖိုလ်အနိမိတ္တအမည်မရပုံ အဋ္ဌကထာအဖွင့်
၄၈၅။ မဂ်ဖိုလ်တို့ကိုယ်တိုင်သုညတစသည့်အမည်ရနိုင်ပုံ
၄၈၆။ ပုဂ္ဂလဘေဒ
၄၈၇။ သောတာပန် အမျိုးမျိုး
၄၈၈။ သောတာပတ္တိမဂ်၏အစွမ်း
၄၈၉။ အထက်မဂ်ဝိပဿနာတို့၏အစွမ်း
၄၉၀။ မဟဂ္ဂုတ်ဈာန်တို့၏အစွမ်း
၄၉၁။ ၁၄-ဘဝကျန် သောတာပန် (ကေစိဝါဒ)
၄၉၂။ ၇-ဘဝသာကျန် သောတာပန် (သမာနဝါဒ)
၄၉၃။ သကဒါဂါမ်အဖွင့်
၄၉၄။ အရိယာပုဂ္ဂိုလ် အကျယ် ၉၆၊ ၁၀၈-ယောက်
၄၉၅။ သမာပတ္တိဘေဒ
၄၉၆။ ဥယျောဇဉ်ဂါထာအဖွင့်
၄၉၇။ နိဂုံးဂါထာအဖွင့်
၄၉၈။ အာသီသဂါထာအဖွင့်
၄၉၉။ ပရမတ္ထဒီပနီ နိဂုံး
၅၀၀။ ပါဠိဘာသာရေး ကျမ်း ၂-ကျမ်း
၅၀၁။ အထက်ပါ ၇-ဂါထာအဖွင့်
ပဋိညာဉ်ဂါထာအဖွင့်
၁။ ဤသို့ ရှစ်ပါးကုန်သော အပိုင်းတို့ဖြင့် အကြောင်းပစ္စည်းအပြားနှင့် တကွသော နာမ်ရုပ်ခွဲခြမ်း ဝေဖန်ခြင်းကို ပြပြီး၍ ယခုအခါ၌ ထင်ရှားစွာ သိအပ်ပြီးသော နာမ်ရုပ်ခွဲခြမ်း ဝေဖန်ခြင်းရှိသော ပုဂ္ဂိုလ်အား ကမ္မဋ္ဌာန်း အစီအရင်ကို ပြတော်မူလိုသော အရှင်အနုရုဒ္ဓါမထေရ်သည် “သမထဝိပဿနာနံ” အစရှိသော စကားကို ဆိုတော်မူ၏။
ဂါထာအနက်ယောဇနာ
ဤပစ္စယသင်္ဂဟမှ နောက်၌ သမထ,ဝိပဿနာဟု ဆိုအပ်ကုန်သော ကုသိုလ်စိတ်စေတသိက် ပွားများမှု ဘာဝနာတို့၏ နှစ်ပါးအပြားရှိသည်လည်းဖြစ်သော ကမ္မဋ္ဌာန်းကို အစဉ်အားလျော်စွာ ငါ အနုရုဒ္ဓါမဟာထေရ်သည် ဆိုပေအံ့။ ဤသည်ကား ဂါထာအနက်ယောဇနာတည်း။
သမထ
ထိုသမထကမ္မဋ္ဌာန်း, ဝိပဿနာကမ္မဋ္ဌာန်းတို့တွင် “သမထ” ဆိုသည်ကား ကာမစ္ဆန္ဒနီဝရဏ အစ ရှိကုန်သော ကိလေသာတို့ကိုလည်းကောင်း ကိလေသာမှ အခြားတစ်ပါးလည်း ဖြစ်ကုန်သော ဝိတက်အစရှိကုန်သော ရုန်းရင်းကြမ်းတမ်းကုန်သော ကိလေသသမ္ပယုတ် တရားတို့ကို လည်း ကောင်း ငြိမ်းစေတတ်သောကြောင့် “သမထ”မည်ပေ၏။ “သမထ”ပုဒ်အရ ကိလေသာတို့ကို ဘာဝနာအစွမ်းဖြင့် ထိုသို့ ငြိမ်းစေတတ်သော အခြင်းအရာအားဖြင့် ဖြစ်သော “ဧကဂ္ဂတာ” စေတသိက်ဟု ဆိုအပ်သော “သမာဓိ”ကို ယူအပ်၏။
ဝိပဿနာ
“ဝိပဿနာ”ဆိုသည်ကား ယောဂီပုဂ္ဂိုလ်တို့သည် ဤဉာဏ်ဖြင့် အထူးအားဖြင့် ရုပ်နာမ်ဓမ္မသင်္ခါရ တို့ကို ရှုမြင်တတ်ကုန်သောကြောင့် “ဝိပဿနာ”မည်ပေ၏။ “ဝိပဿနာ”ပုဒ်အရ အနိစ္စာနုပဿနာ အစရှိသော ဘာဝနာ “ပညာ”စေတသိက်ကို ယူအပ်၏။ မှန်၏, ထိုဘာဝနာပညာဖြင့် ယောဂီ ပုဂ္ဂိုလ်တို့သည် ဥပါဒါနက္ခန္ဓာတို့၌ လောကီလူအများသည် ရှုမြင်အပ်သော မိန်းမယောက်ျား အစ ရှိသည်ကိုလည်းကောင်း နိစ္စသုခအစရှိသည်ကို လည်းကောင်း ကျော်လွန်၍ အထူးအားဖြင့် အနိစ္စ အစရှိသည်ကိုသာလျှင် ရှုမြင်ကုန်၏။ ဤသို့ ဝိပဿနာဘာဝနာပညာ၏ အထူးရှုပုံကို သိအပ်၏။
ဘာဝနာ
“ဘာဝနာ”ဆိုသည်ကား ပွားများစေအပ်သောကြောင့် “ဘာဝနာ”မည်ပေ၏။ တစ်နည်းကား ယောဂီ ပုဂ္ဂိုလ်တို့သည် ဤ သမထဝိပဿနာတို့ဖြင့် စိတ်အစဉ်ကို ပွားများစေတတ်ကုန်သောကြောင့် “ဘာဝနာ” မည်ပေ၏။
ကမ္မဋ္ဌာန်းအဖွင့် ၃-မျိုး
“ကမ္မဋ္ဌာန”ဟူသောပုဒ်၌ ပြုခြင်းသည် ‘ကမ္မ’မည်၏။ တည်ရာအရပ်သည် “ဌာန” မည်၏။ နှစ်ပုဒ် ပေါင်းသော် ကုသိုလ်အလုပ် ‘ကမ္မ’၏ တည်ရာအရပ် ‘ဌာန’သည် “ကမ္မဋ္ဌာန်း” မည်ပေ၏။ ဝီရိယကို အားထုတ်ခြင်းဟု ဆိုအပ်သော ယောဂအမှု ‘ကမ္မ’၏ ဖြစ်ရာအလုပ်ရုံအရပ ‘ဌာန’သည် “ကမ္မဋ္ဌာန်း” မည်ပေ၏။ ဤကား “ကမ္မဋ္ဌာန”ပုဒ်၏ အနက်တည်း။
“ကမ္မဋ္ဌာန”ပုဒ်အရ ကသိုဏ်းဝန်းအာရုံစသည်ကိုလည်းကောင်း အာရမ္မဏိက စိတ်စေတသိက် ဖြစ်သည့် ကသိုဏ်းဘာဝနာစသည်ကိုလည်းကောင်း ယူအပ်၏။ မှန်၏, အစ-အလယ်-အဆုံးတို့၏ အပေါင်းဖြစ်၍ဖြစ်သော ရှေးရှေးသော တစ်ခုတစ်ခုသော ပထဝီကသိုဏ်းဘာဝနာ အစရှိသည့် ဘာဝနာ ‘ကမ္မ’သည်လည်း အစိတ်အစိတ် ဖြစ်၍ဖြစ်သော နောက်နောက်သော အားထုတ်ခြင်းအမှု ‘ကမ္မ’၏ တည်ရာအရပ် ‘ဌာန’ဟူသော “ကမ္မဋ္ဌာန်း” ဖြစ်သင့်၏။ ဤသို့ သိအပ်၏။
(မိုးရေပေါက်တို့သည် ကျဖန်များသော် နည်းနည်းမှ အများဖြစ်သွား၏။ ထို အများပေါ်တွင် နောက်နောက် မိုးရေပေါက်ကျသောအခါ ရှေ့ကအများ နောက်က အနည်းသဘောနှင့် အထက်ပါ အပေါင်းအစိတ်စကားကို နားလည်ပါ။ ကမ္မဋ္ဌာန်းအားထုတ်ရာ၌ တစ်စတစ်စနှင့် ရှုချက်များလာ သည့်အခါ တည်ရာစွမ်းအင်တစ်မျိုး ဖြစ်လာသည်။ ထိုတည်ရာသည် နောက်နောက် အားထုတ်မှု များအတွက် ဆက်လက် အားထုတ်ဖြစ်အောင် ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုနေသလိုမျိုးကို အထက်ပါအဖွင့်အရ နားလည်ခံစားမိသည်။)
ဋီကာကျော်
အခြားကျမ်းလာ နည်းတစ်ပါးကား ဋီကာကျော် ၂၅၆-၌ “အထက်အထက်၌ ဖြစ်သော အားထုတ်ခြင်းအမှု ‘ကမ္မ’၏ နီးစွာသောအကြောင်း ‘ဌာန’၏အဖြစ်ကြောင့် ကမ္မဋ္ဌာန်းဖြစ်၍ ဖြစ်သော ဘာဝနာအစီအရင်ကိုလည်း” ဟု (ကမ္မဋ္ဌာန်းမည်ပုံကို) မိန့်ဆိုအပ်ပြီ။ ထိုစကားသည် လည်း သင့်သည်သာတည်း။
(ဤတရားဖြင့် အကြောင်းဌာနသည် မဆုတ်မနစ် တည်တတ်ဖြစ်တတ်သည် ဟူသော အကြောင်း ဟိတ်ကြောင့် နီးသောအကြောင်း ပဒဋ္ဌာန-ကို ကမ္မဋ္ဌာန-အရာ၌ ဌာနဟူ၍ ဆိုအပ်၏။ အနုဒီပနီ။ နီးသောအကြောင်းဆိုမှတော့ ကိုယ်စီကိုယ်င အားထုတ်ထားသည့် ကမ္မဋ္ဌန်းသည် အကျိုးတစ်မျိုး ဖြစ်ပေါ်စေရန် မဆုတ်မနစ် ရပ်တည်ပေးနေတော့မည်။)
တစ်နည်းကား အားထုတ်ခြင်းအမှု ‘ကမ္မ’သည်သာလျှင် ဈာန်ချမ်းသာ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ ဟူသော သုခအထူးတို့၏ တည်ရာ ‘ဌာန’ဖြစ်သောအနက်ကြောင့် ကမ္မဋ္ဌာန်းမည်၏။ ဤကား ပဋိညာဉ်ဂါထာ အဖွင့်တည်း။
(ဌာန-ပဋ္ဌာန-သတိပဋ္ဌာန၊ ပဒဋ္ဌာန၊ ကမ္မ-ကမ္မဝါဒ-ဝေါဟာရများကို သတိထားစဉ်းစားပါ။ ကမ္မဋ္ဌာန်းကို ထောက်၍ ဗုဒ္ဓဝါဒသည် ကမ္မဝါဒ = အလုပ်ဝါဒဟု သိကာ ကမ္မဋ္ဌာန်းအားထုတ်ပါ။)
သမထကမ္မဋ္ဌာန်းနည်း
သမထကမ္မဋ္ဌာန်း ၇-မျိုး မာတိကာ
၂။ “တတ္ထ”ဟူသည်ကား ၂-ပါးအပြားရှိသည်လည်းဖြစ်သော ထိုကမ္မဋ္ဌာန်း၌။ “သမထသင်္ဂဟေ” ဟူသည်ကား သမထကမ္မဋ္ဌာန်း၏ သင်္ဂဟ၌။
“ဒသကသိဏာနိ”ဟူသည်ကား (မုချအားဖြင့် အာရုံဖြစ်သော) ကသိုဏ်းဝန်းတို့ လည်းကောင်း, (ဥပစာရအားဖြင့် အာရမ္မဏိကဖြစ်သော) ကသိုဏ်းဈာန်တို့လည်းကောင်းတည်း။ ကသိုဏ်းအရ ကသိုဏ်းအာရုံနှင့် ကသိုဏ်းဈာန်အာရမ္မဏိက နှစ်ပါးစုံရသည် ဟူသော ထိုစကားသည် မှန်၏, ထိုကသိုဏ်းအာရုံနှင့် ကသိုဏ်းဈာန်အာရမ္မဏိက နှစ်ပါးစုံတို့သည်လည်း မူလအားထုတ်ခြင်း ဆင့်ကဲအားထုတ်ခြင်းဟု ဆိုအပ်သော သမထအမှုကံ၏ ဖြစ်ပွားရာအရပ်၏ အဖြစ်ကြောင့် သမထ ကမ္မဋ္ဌာန်းတို့ မည်ကုန်၏။ ဤသို့ မှတ်အပ်၏။
“ဒသ အသုဘာ”ဟူသည်ကား ဆယ်ပါးကုန်သော အသုဘဝတ္ထု (အာရုံ)တို့လည်းကောင်း, အာရမ္မဏိက အသုဘဈာန်တို့ လည်းကောင်းတည်း။ “ဒသ အနုဿတိယော” ဟူသည်ကား ဘုရား ဂုဏ်တော်အစရှိကုန်သော ဆယ်ပါးကုန်သော အဖန်ဖန် အောက်မေ့စရာ (အာရုံ)အနဿတိဋ္ဌာန တို့လည်းကောင်း, အဖန်ဖန် အောက်မေ့ခြင်း (အာရမ္မဏိက)သတိတို့ လည်းကောင်းတည်း။ (အပ္ပမညာ ၄၊ သညာ ၁၊ ဝဝတ္ထာန် ၁၊ အာရုပ္ပ ၄-ဟူသော) ကြွင်းသောပုဒ်တို့ကိုလည်း အကြင်ကြင် သင့်လျော်သည့် အားလျော်စွာ အာရုံ+အာရမ္မဏိက - မုချ+ဥပစာရ နှစ်ချက်ရပုံတို့ကို ဆိုအပ် ကုန်၏။ ဤကား ကမ္မဋ္ဌာန်း ၄၀-အကျဉ်း မာတိကာအဖွင့်တည်း။
(ရှေးစာအုပ်တို့၌ “သမထကမ္မဋ္ဌာန်း အကျဉ်း ၄၀-မာတိကာ”ဟု ခေါင်းစီး ရှိ၏။ သို့သော် စတ္တာလီသ ၄၀-ဟူသောစကား တိုက်ရိုက်မပါသဖြင့် ဤ၌ “သတ္တဝိဓေန”ဟူသော သင်္ဂဟပါဠိကို ထောက်၍ “သမထကမ္မဋ္ဌာန်း ၇-မျိုးမာတိကာ”ဟု ခေါင်းစီးပြောင်းတပ်လိုက်သည်)
စရိုက် ၆-ပါး
၃။ စရိယ-စရိုက်ဆိုသည်ကား ဖြစ်ခြင်းတည်း။ အဖန်တလဲလဲ အလွန်အကဲ ဖြစ်ပေါ်ခြင်း အပြုအမူ အလေ့အကျင့် သမုဒါစရဏတည်း။ ဤကား သမုဒါစရဏပုဒ်ဖြင့် ဖွင့်ပြအပ်သော စရိယပုဒ်၏ အနက်တည်း။ (သတ္တဝါတို့သန္တာန်၌) ဖြစ်ပေါ်ခြင်း များသည်၏အဖြစ်တည်းဟု ဤသို့ ဆိုလိုပေ၏။
ရာဂစရိယာ-ဟူသည် တပ်စွဲမှုရာဂ၏ ဖြစ်ခြင်းတည်း။ ရာဂစရိတာ-ဟူ၍ ပါဌ်ရှိ၏။ ထိုတဝမ်းပူဖြင့် ရှိသော ပါဌ်သည် ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၌ မရှိ။ ပုဂ္ဂိုလ်၏ အရာ၌သာလျှင် ထိုရာဂစရိတာပါဌ်သည် သင့်၏။ (ဓမ္မကို ဦးတည်ပြောနေသော ဤစရိုက် ၆-ပါးကို ပြဆိုရာ၌ မသင့်။) ဤသို့ ပါဠိသတ်ပုံ အဆုံးအဖြတ်ကို သိအပ်၏။ ကြွင်းဒေါသစရိယာပုဒ် စသည်တို့၌လည်း ဤသို့သောနည်းလျှင် နည်းရှိ၏။
(သင်္ဂဟဆရာသည် ၎င်းပင် ရေးသော နာမရူပပရိစ္ဆေဒကျမ်း၌ စရိယာ-ဟု ရေးသည်။ ဤ သင်္ဂဟကျမ်း၌ အရှင်ဗုဒ္ဓဒတ္တရေးသော အဘိဓမ္မာဝတာရကို မှီ၍ စရိတ-ဟု ရေးသည်။ ထို့ကြောင့် ပုဂ္ဂလအရာမဟုတ်ဘဲ ဓမ္မအရာဖြစ်စေကာမူ စရိယ, စရိတ-နှစ်ပါဌ်လုံးသင့်၏။ မန်လည်။)
ဋီကာကျော်
အဖို့တစ်ပါးကား ဋီကာကျော်၂၅၆-၌ စရိယတို့၏ အချို့သော ပုဂ္ဂိုလ်တစ်ယောက်အတွက် စရိုက်နှစ်မျိုး ရှိပုံ၊ အချို့သော ပုဂ္ဂိုလ်တစ်ယောက်အတွက် စရိုက်သုံးမျိုး ရှိပုံ အစရှိသည်ဖြင့် အကြင်ရောနှောခြင်းအပြားကို မိန့်ဆိုအပ်၏။ ထိုစရိယချင်းရောနှောပုံကို ဤကမ္မဋ္ဌာန်း ပေးရာအစီအရင်၌ အလိုမရှိအပ်ပေ။ အဘယ့်ကြောင့်နည်း ဟူမူကား အကြင်ကြောင့် ကမ္မဋ္ဌာန်း မည်သည် ရောနှောသော စရိုက်ရှိသည့် ပုဂ္ဂိုလ်တစ်ယောက်တည်းအားလည်း ကမ္မဋ္ဌာန်းနှစ်မျိုး သုံးမျိုးတို့ကို (စရိုက်ရောသလောက်) ပေးအပ်သည် မဖြစ်ကုန်, ထို့ကြောင့်တည်း။ (ပုဂ္ဂိုလ် တစ်ယောက်အား ကမ္မဋ္ဌာန်းတစ်ခုပဲ ပေးရမည်-ဆိုလို၏။) ထို့ကြောင့်သာလျှင် ထိုရောနှောနည်းကို ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၌ အလေးမပြုအပ်။ ဤကား စရိုက် ၆-ပါးအဖွင့်တည်း။
(ပုဂ္ဂိုလ်တစ်ယောက်အား ကမ္မဋ္ဌာန်းတစ်ခုပဲ ပေးရမည်ဆိုရာ၌ စရိုက်တစ်ခုအတွက် သင့်လျော်သော အဖြောင့်အဖို့ ဥဇုပဋိပက္ခဖြစ်သော ကမ္မဋ္ဌာန်းကို ပေးရမည်ဟု ဆိုလိုသည်။ ပုဂ္ဂိုလ် တစ်ယောက်တည်း စရိုက်၂-ပါး ၃-ပါး ရောနေရာဝယ် ထိုစရိုက်တို့နှင့် တန်သော ကမ္မဋ္ဌာန်း၂-ခု ၃-ခုကို ပေးသင့်သည်သာလျှင်တည်း။ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၌ ထိုသို့ပေးသင့်ကြောင်း မပြခြင်းသည် ကား ၆-ပါးသော စရိုက်ကို ပြလျှင် ၃-ပါးသော စရိုက်လည်း အတွင်းဝင်ပြီးဖြစ်သောကြောင့် မပြ။ ဋီကာကျော်အဖွင့်သည် ဝိသုဒ္ဓိမဂ်မဟာဋီကာနှင့်လည်း ညီ၍ ဋီကာကျော် သင့်သည်။ ဋီကာကျော် ပြသော ကေစိဝါဒ ၆-ပါးလည်း နေတ္တိနှင့် ညီသောကြောင့် အသင့်ပင်တည်း။ မန်လည်။)
ဘာဝနာ ၃-ပါး = သမာဓိ ၃-ပါး
၄။ ဈာန်၊ မဂ်၊ ဖိုလ်-အပ္ပနာဘာဝနာ၏ ရှေ့အဖို့၌ ဖြစ်သည့် အလုံးစုံလည်းဖြစ်သော ကာမာဝစရ ဘာဝနာသည် “ပရိကမ္မဘာဝနာ”မည်၏။ ထိုပရိကမ္မဘာဝနာသည်ကား အပ္ပနာဘာဝနာ၏ အနီး၌ဖြစ်သော ဘာဝနာနှင့် အဝေး၌ဖြစ်သော ဘာဝနာဟု ၂-ပါး အပြားရှိ၏။ ထို၂-ပါးတို့တွင် အကြင်ဘာဝနာသည်ကား အပ္ပနာဘာဝနာ၏ အနီး၌ ဖြစ်၏။ ထိုဘာဝနာသည် အပ္ပနာဘာဝနာသို့ အနီးကပ်ရောက်၍ အနီး၌တည်၍ ဖြစ်သည်၏ အဖြစ်ကြောင့် “ဥပစာရဘာဝနာ” မည်သည်ဟု ဆိုအပ်၏။ ဤ ဥပစာရဘာဝနာမှ တစ်ပါးသော အပ္ပနာဘာဝနာ၏ အဝေး၌ ဖြစ်သော ဘာဝနာသည်ကား “ပရိကမ္မဘာဝနာ”မည်၏။
ဤသို့ ပရိကမ္မဘာဝနာသည် အဝေးအနီး ၂-မျိုးသာ ခြားနား၍ ဘာဝနာတစ်ပါးတည်းသာ ဖြစ်ပါသော်လည်း ဘာဝနာစိတ်အစဉ်၏ ရှေ့နောက် ထူးခြားပုံကို ထင်ရှားစွာ ဖြစ်စေခြင်းပြခြင်း အကျိုးငှာ “အဋ္ဌကထာကျမ်းတို့၌ ပရိကမ္မဘာဝနာ၊ ဥပစာရဘာဝနာ ဟူသော အမည်နှစ်မျိုးတို့ဖြင့် ယူအပ်၏”ဟု သိစေခြင်းငှာ အလိုရှိတော်မူသော အရှင်အနုရုဒ္ဓါမထေရ်သည် အပ္ပနာဘာဝနာ နှင့်တကွ “ပရိကမ္မဘာဝနာ, ဥပစာရဘာဝနာ, အပ္ပနာဘာဝနာ ဤသို့ ဘာဝနာ ၃-ပါး ရှိသတည်း” ဟု မိန့်ဆိုတော်မူ၏။ ထိုဘာဝနာ ၃-ပါးတို့၏ အထူးသည်ကား နောက်၌ လာလတ္တံ့။
(ဘာဝနာသုံးပါးကို ပြလျှင် သမာဓိသုံးပါးကို ပြခြင်းကိစ္စလည်း ပြီးစီး၏။ ထို့ကြောင့် အရှင် အနုရုဒ္ဓါသည် မြန်မာတို့ အပြောများသည့် သမာဓိအမည်ဖြင့် ပရိကမ္မသမာဓိ၊ ဥပစာရသမာဓိ၊ အပ္ပနာသမာဓိ-ဟု မပြတော့ဘဲ ဘာဝနာသုံးပါးဟုသာ ပြဆိုတော်မူ၏။ မိမိ အဖွင့်။)
နိမိတ် ၃-ပါး
၅။ ပရိကမ္မနိမိတ်- ဆိုသည်ကား အာရမ္မဏိက စိတ်စေတသိက်ဖြစ်သော ပရိကမ္မဘာဝနာ၏ အာရုံဖြစ်သော ကသိုဏ်းဝန်းစသောနိမိတ်တည်း။ ထိုနိမိတ်ကိုလည်း ထိုပရိကမ္မဘာဝနာစိတ်၏ အာရုံသဘောဖြင့် တစ်မျိုးတည်းဖြစ်ပါသော်လည်း ဘာဝနာနိမိတ် ရှေ့နောက် ထူးခြားထင်ရှားစွာ ပြုခြင်း အကျိုးငှာ ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်-ဟု နှစ်မျိုး ခွဲ၍ မိန့်ဆိုတော်မူအပ်ပြီ။ ထိုနိမိတ်၂-မျိုးတို့၏ ထူးခြားချက်သည်လည်း နောက်၌ လာလတ္တံ့။
(ခေါင်းစီး၌ သင်္ဂဟကျမ်းနှင့်အညီ နိမိတ် ၃-ပါးဟု တပ်ထားသည်။ ဒီပနီကျမ်း၌ ပဋိဘာဂနိမိတ်ကို ဤနေရာ၌ မဖွင့်သေးသဖြင့် နိမိတ်၂-ပါးသာ တွေ့ရပါမည်။)
ကသိုဏ်း ၁၀-ပါး
၆။ လက်တစ်ထွာ လက်လေးသစ်ဟု ဆိုအပ်သော ငယ်သောပမာဏဖြင့် လည်းကောင်း, ကောက်နယ်တလင်းဝန်း စသည်ဟု ဆိုအပ်သော ကြီးသောပမာဏဖြင့် လည်းကောင်း ပြုပြီးသား လည်းဖြစ်, ပြုစရာမလို အလိုလိုလည်းဖြစ်သော ပထဝီအဝိုင်း၏ အပြင်သည်သာလျှင် အကြွင်း အကျန်မရှိ နှံ့စေအပ်သော အနက်ကြောင့် ကသိုဏ်းမည်ရကား ပထဝီကသိုဏ်းမည်၏။ မှန်၏, ကသိဏသဒ္ဒါသည် အလုံးစုံဟော သကလ-သဒ္ဒါ၏ ပရိယာယ်တည်း။ ပုံစံအဘယ်ကဲ့သို့နည်း ဟူမူကား “ကသိဏေန ဇမ္ဗုဒီပဿ = ဇမ္ဗုသပြေပင်ပေါက်ရာ တောင်ကျွန်း၏ အလုံးစုံဖြင့်” ဟူသကဲ့သို့တည်း။
ထို့ကြောင့် အကြင်မျှလောက်သော ပထဝီပြင်၌ နိမိတ်ကို ယူ၏။ ထိုမျှလောက်သော ပထဝီပြင်ကို စိတ်ဖြင့် အကြွင်းမဲ့ ဖြန့်ကျက်၍သာလျှင် နိမိတ်အာရုံကို ယူအပ်၏။ ထိုပထဝီကသိုဏ်း၏ တစ်စိတ် တစ်ဒေသ၌ တည်၍ ယူအပ်သည်ကား မဖြစ်။ ဤသို့ ကသိဏသဒ္ဒါ၏အနက်ကို မှတ်အပ်၏။ ထို့ကြောင့် “ပထဝီအဝိုင်း၏အပြင်သည်သာလျှင် အကြွင်းအကျန်မရှိ နှံ့စေအပ်သောအနက်ကြောင့် ကသိုဏ်းမည်ရကား ပထဝီ ကသိုဏ်း မည်၏”ဟူသော စကားကို ငါ လယ်တီမထေရ် မိန့်ဆိုခဲ့ပြီ။ ကြွင်းသော ကသိုဏ်းတို့၌လည်း ဤနည်းလျှင် နည်းရှိ၏။
ဆက်၍ဆိုဦးအံ့, ဤနေရာ၌ မထင်ရှားသော အဆင်းရှိသည့် မြေကြီး၏ တစ်စပ်တည်းသော အပြင်၏ အဖြစ်ဖြင့် ကောင်းစွာတည်သော အဝန်းအဝိုင်းပုံစံဖြင့် စိတ်မှာ ကပ်၍တည်လာသော နိမိတ် သဏ္ဌာန်ပညတ်သည် ဤနေရာ၌ ယူအပ်သော ပထဝီကသိုဏ်း မည်၏။ အာပေါကသိုဏ်းသည် လည်းကောင်း, တေဇောကသိုဏ်းသည် လည်းကောင်း ထို့အတူ သဏ္ဌာန်ပညတ်တည်း။ ကိုယ်၌ဖြစ်စေ သစ်ပင်ဖျားစသည်တို့၌ ဖြစ်စေ လေတွေ့ထိရာအရပ်၌ စိတ်ဖြင့် ဓမ္မာရုံမှန် လေအဝန်းပုံစံကို ပြု၍ ယူအပ်သော လေလုံးသည် ဝါယောကသိုဏ်း မည်၏။ ညိုသောအဆင်းဖြင့် အထူးပြုအပ်သော တစ်ခုသော သဏ္ဌာန်ပညတ်သည် နီလကသိုဏ်း မည်၏။ ပီတကသိုဏ်း၊ လောဟိတကသိုဏ်း၊ သြဒါတကသိုဏ်းတို့သည်လည်း ထို့အတူတည်း။
လရောင်-နေရောင်-မီးရောင်တို့ဖြင့် အထူးပြုအပ်သော တစ်စုံတစ်ခုသော အရပ်၌ ထင်သော သဏ္ဌာနပညတ်သည် အာလောကကသိုဏ်း မည်၏။ နံရံပေါက် လေသာပြူတင်းပေါက်စသည်တို့၌ ထင်မြင်အပ်သော ဟင်းလင်းပြင်ဖြင့် အထူးပြုအပ်သည့် သဏ္ဌာနပညတ်သည် အာကာသကသိုဏ်း မည်၏ဟု သိအပ်၏။
အသုဘ ၁၀-ပါး
၇။ ဥဒ္ဓုမာတ-ဆိုသည်ကား အလွန်လျှင် ဖူးဖူးယောင်သော အဖြစ်တည်း။ ဖူးဖူးယောင်သော အဖြစ်သို့ ရောက်ပုံမျိုးတည်း။ ထို့ကြောင့် ဥဒ္ဓုမာတ-မည်၏။ ထိုဥဒ္ဓုမာတ သည်သာလျှင် စက်ဆုပ်အပ်သည် ၏အဖြစ်ကြောင့် ဥဒ္ဓုမာတက-မည်၏။ ဤဥဒ္ဓုမာတက-ဟူသောအမည်သည် ထိုစက်ဆုပ်ဖွယ် အခြင်းအရာအားဖြင့် ဖြစ်သော သူသေကောင်၏ အမည်တည်း။
ထိုဥဒ္ဓုမာတကသူသေကောင်သည်ပင်လျှင် ပုပ်သည်၏အဖြစ်သို့ ရောက်သောအခါ ရှေးအဆင်းကို စွန့်၍ တစ်ဖန် အထူးသဖြင့် ညိုသည်၏အဖြစ်သို့ ရောက်သော် ဝိနီလကသူသေကောင် မည်၏။
ထိုဝိနီလကသူသေကောင်သည်ပင်လျှင် နေပူဒဏ်ဖြင့် တစ်ဖန် ရင့်ကျက်၍ ထိုထို ခန္ဓာကိုယ် အပေါက်မှ ယိုစီးသော ပြည်နှင့်ယှဉ်သော် ဝိပုဗ္ဗကသူသေကောင် မည်၏။ (ဤအသုဘ ၃-မျိုးကား တစ်မျိုးတည်းကနေ ဆင့်ကဲဖြစ်စဉ်ရှိသော သူသေကောင် ၃-မျိုးတည်း။)
စစ်မြေပြင် အစရှိသည်တို့၌ အလယ်ကနေ ဓားဖြင့် ပိုင်းဖြတ်၍ ထားအပ်သော မလှမပပျက်စီးသော ကိုယ်သည် ဝိစ္ဆိန္နကသူသေကောင် မည်၏။ (ဝိစ္ဆိဒ္ဒကံ-ဟုလည်း မူကွဲရှိ၏။) အိမ်ခွေး တောခွေး စသည်တို့သည် အထူးထူးသော အခြင်းအရာအားဖြင့် ကိုက်ခဲအပ်သော ကိုယ်အရပ်နှင့်ယှဉ်သော ကိုယ်သည် ဝိက္ခာယိတကသူသေကောင် မည်၏။ ခွေးမြေခွေးအစရှိသော အသားစားသတ္တဝါတို့ သည်သာလျှင် အပိုင်းအပိုင်း ပြု၍ ဆွဲငင်၍ ထိုထိုအရပ်၌ ပစ်လွှတ်အပ်သော အင်္ဂါကြီးငယ်နှင့် ယှဉ်သော ကိုယ်သည် ဝိက္ခိတ္တကသူသေကောင် မည်၏။ အင်္ဂါကြီးငယ်တို့၌ ဓားလက်နက်ဖြင့် ခုတ်သတ်၍ အပိုင်းအပိုင်းကို ပြု၍ ထိုထိုအရပ်၌ ပစ်ကြဲအပ်သော အင်္ဂါကြီးငယ်နှင့် ယှဉ်သော ကိုယ်သည် ဟတဝိက္ခိတ္တကသူသေကောင် မည်၏။
ပြတ်ရှရာ ပေါက်ကွဲရာအရပ်တို့၌ အနာဝတို့မှ ယိုစီးသော သွေးရှိသည့် ကိုယ်သည် လောဟိတက သူသေကောင် မည်၏။ ပိုးလောက်တို့ဖြင့် ထက်ဝန်းကျင်ပြည့်သော ကိုယ်သည် ပုဠုဝက သူသေကောင် မည်၏။ အလုံးစုံသော အရိုးစုသည်လည်းကောင်း တစ်ချောင်း တစ်ချောင်းသော အရိုးသည်လည်းကောင်း အဋ္ဌိကသူသေကောင် မည်၏။
(အင်္ဂလိပ်အသုံးဖြင့် သူသေကောင်ကို dead body-ဟု ရှုနိုင်သည်။)
အနုဿတိ ၁၀-ပါး
၈။ အဖန်ဖန် မပြတ်အောက်မေ့ခြင်းသည် အနုဿတိ မည်၏။ မြတ်စွာဘုရား၏ ဂုဏ်အရည်အသွေးကို အဖန်ဖန်အောက်မေ့ခြင်းသည် ဗုဒ္ဓါနုဿတိ မည်၏။ ကြွင်းသော အနုဿတိတို့၌လည်း နည်းအတူတည်း။
ထိုအနုဿတိတို့တွင် အရဟတာ အစရှိသော ဂုဏ်တော်သည် ဘုရားဂုဏ်တော် မည်၏။ သွာက္ခာတတာ အစရှိသော ဂုဏ်တော်သည် တရားဂုဏ်တော် မည်၏။ သုပ္ပဋိပန္နတာ အစရှိသော ဂုဏ်တော်သည် သံဃာ့ဂုဏ်တော် မည်၏။
ကိုယ့်သီလ၏ မကျိုးသည်၏အဖြစ်အစရှိသော ဂုဏ်သည် သီလဂုဏ် မည်၏။ ကိုယ့်အလှူဒါန စေတနာ၏ ဝန်တိုမစ္ဆေရတည်းဟူသော အညစ်ကြေးကင်းသည်၏အဖြစ် အစရှိသော ဂုဏ်သည် စာဂဂုဏ် မည်၏။ မိမိကို နတ်၏အဖြစ်သို့ လည်းကောင်း, သိကြား၏အဖြစ်သို့ လည်းကောင်း, ဗြဟ္မာ၏အဖြစ်သို့ လည်းကောင်း ရွက်ဆောင်ခြင်းငှာ စွမ်းနိုင်ကုန်သော မိမိ၏ သဒ္ဓါအစရှိသော ဂုဏ်တို့သည် ဒေဝတာဂုဏ် မည်၏။
ဝတ်အကျင့်၏ အစွမ်းအားဖြင့်ဖြစ်စေ, ဓုတင်ကို ဆောက်တည်ခြင်း၏ အစွမ်းအားဖြင့်ဖြစ်စေ, ဈာန်သမာပတ်၏ အစွမ်းအားဖြင့်ဖြစ်စေ, ဝိပဿနာ၏ အစွမ်းအားဖြင့်ဖြစ်စေ မိမိသန္တာန်၌ ကြာမြင့်စွာသော ကာလပတ်လုံးလည်း ပယ်ခွာအပ်ကုန်သော ကာမရာဂအစရှိသည်တို့၏ ငြိမ်းခြင်းသည် လည်းကောင်း, အရိယာပုဂ္ဂိုလ်တို့အတွက် မိမိသည် သိအပ် = ရအပ်သော နိဗ္ဗာန်သည် လည်းကောင်း ဥပသမ (အငြိမ်း) မည်၏။
တစ်ခုသောဘဝ၌ အကျုံးဝင်သော မိမိခန္ဓာအစဉ်၏ ပျက်စီးခြင်းသည် မရဏ (သေခြင်း) မည်၏။ ဆံပင်အစုအပေါင်းအစရှိကုန်သော အထူးထူးသော ကာယတို့၏ အပေါင်းဖြစ်သော ဤကိုယ်သည် ကာယ မည်၏။ မိမိ၌ မပြတ်မလပ် တရစပ်ဖြစ်ကုန်သော ထွက်သက်ဝင်သက်တို့သည် အာနာပါန မည်၏။
အပ္ပမညာ ၄-ပါး
၉။ ချစ်ခင်စေးကပ်တတ်သော အကြောင်းဟိတ်ကြောင့် မေတ္တာ မည်၏။ အကြင်သတ္တဝါကို အကြောင်းပြု၍ ဖြစ်ပေါ်၏, ထိုသတ္တဝါ၏ စီးပွားချမ်းသာကို ဖရိုဖရဲ မပြန့်ကျဲသည်ကို ပြု၍ ပေါင်းစုတတ်၏။ ဤကား မေတ္တာ၏ အနက်တည်း။ ဤချစ်ခင်မှု သဘောသည် မိတ်ဆွေအား ဖြစ်သည်တည်း, တစ်နည်းလည်း မိတ်ဆွေတို့၌ ဖြစ်သည်တည်း။ ထို့ကြောင့် မေတ္တာ မည်၏။ တရားကိုယ်အားဖြင့်ကား တစ်ပါးသော သတ္တဝါတို့၏ အကျိုးစီးပွားကို အလွန်အကျိုးဆောင်ခြင်း၏ အစွမ်းအားဖြင့်ဖြစ်သော အဒေါသစေတသိက် ပင်တည်း။
(ကရုဏာ၊ မုဒိတာ-တို့ကို အောက်စေတသိက်ပိုင်း၌ ဖွင့်ထားပြီးပြီ။ အနုဒီပနီ။)
မေတ္တာဖြင့် တစ်ပါးသော သတ္တဝါတို့၏ အကျိုးစီးပွားကို ဆောင်ခြင်း, မုဒိတာဖြင့် တစ်ပါးသော သတ္တဝါတို့၏ အကျိုးစီးပွားကို ဝမ်းမြောက်ခြင်း, ကရုဏာဖြင့် တစ်ပါးသော သတ္တဝါတို့၏ အစီးအပွားမဲ့ကို ပယ်ခြင်းဟု ဆိုအပ်သော ကြောင့်ကြစိုက်မှုဗျာပါရ ၃-ခုတို့၏အပေါင်းကို ပယ်စွန့်၍ ထိုသတ္တဝါတို့၏ ကံသာလျှင် မိမိဥစ္စာရှိသည်၏အဖြစ်ကို အဖန်ဖန် ပွားများခြင်း၏အစွမ်းအားဖြင့် အသင့်အားဖြင့် ရှုတတ်သည် ဟူသော အကြောင်းဟိတ်ကြောင့် ဥပေက္ခာ မည်၏။ ထိုအခြင်းအရာ အားဖြင့် ဖြစ်သော တတြမဇ္ဈတ္တတာစေတသိက် ကိုသာလျှင် အရကောက်အပ်၏။
ကန့်သတ်ချက် အတိုင်းအတာ ပမာဏမရှိကုန်သော သတ္တဝါတို့၌ အာရုံပြုလျက် ဖြစ်တတ်သည် ဟူသော အကြောင်းဟိတ်ကြောင့် အပ္ပမညာ မည်ပေ၏။ မှန်၏, ဤမျှလောက်ကုန်သော ဒုက္ခိတသတ္တဝါ သုခိတသတ္တဝါ တို့၌သာလျှင် ဤ အဒေါသ၊ မုဒိတာ၊ ကရုဏာ၊ တတြမဇ္ဈတ္တတာ တရားတို့ကို ဖြစ်စေအပ်ကုန်၏။ ထိုသတ္တဝါမှ တစ်ပါးသော သတ္တဝါတို့၌ မဖြစ်စေအပ်ကုန်ဟု ဤသို့ ထိုအပ္ပမညာတရားလေးပါးတို့၏ အာရုံနယ်၏ အပိုင်းအခြားမည်သည် မရှိဟု သိအပ်၏။
ဤသို့ပင် ဖြစ်ပါသော်လည်း “အစစွာသော အပ္ပမညာ ဘာဝနာအလုပ်၌ အားထုတ်သော ယောဂီသည် အစ၌ တစ်ယောက်သော ပုဂ္ဂိုလ်၌ မိမိ၏ ဘာဝနာပွားများစိတ်ကို ရအပ်သော အာသေဝနပစ္စည်း ရှိသည်ကိုလည်းကောင်း, ရအပ်သော အထူးရှိသည်ကို လည်းကောင်း ပြုပြီး နောက်မှ ၂-ယောက်ကုန်သော ပုဂ္ဂိုလ်တို့၌ ဖြစ်စေ, ၃-ယောက်ကုန်သော ပုဂ္ဂိုလ်တို့၌ဖြစ်စေ ဤသို့ စသည်ဖြင့် ပွားများ၍ မိမိတစ်မူ၊ ချစ်သူ၊ အလတ်၊ ရန်ဘက်ပုဂ္ဂိုလ်ဟူသော အပိုင်းအခြားတို့ကို ရောနှောခြင်း = သီမာသမ္ဘေဒ ကိုလည်းကောင်း, မိန်းမအကုန်၊ ယောက်ျားအကုန် အစရှိသည်ဖြင့် အပိုင်းအခြားအားဖြင့် ပျံ့နှံ့ခြင်း = သြဓိသဖရဏ၊ သတ္တဝါအကုန်၊ ပါဏအကုန်၊ ဘူတအကုန် အစရှိသည်ဖြင့် အပိုင်းအခြားမရှိသောအားဖြင့် ပျံ့နှံ့ခြင်း = အနောဓိသဖရဏ၊ “အရှေ့အရပ်၌ ရှိသော အနန္တစကြာဝဠာ အနန္တ သတ္တဝါတို့ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ” အစရှိသည်ဖြင့် အရပ်မျက်နှာအားဖြင့် ပျံ့နှံ့ခြင်း = ဒိသာဖရဏ တို့ကိုလည်းကောင်း ပြုအပ်ကုန်၏”ဟု သိအပ်၏။
ဘာဝနာအလုပ်သင်စ အားထုတ်ပုံမှ တစ်ပါး ကျွမ်းကျင်အဆင့် အားထုတ်ပုံကို ပြဆိုဦးအံ့, ဝိဘင်းကျမ်း ၌ “မေတ္တာနှင့်တကွဖြစ်သော စိတ်ဖြင့် တစ်ခုသော အရပ်ကို ဖြန့်ကျက်၍ နေ၏” ဤသို့စသည်ဖြင့် လည်းကောင်း, ပဋိသမ္ဘိဒါမဂ် ၌လည်း “အလုံးစုံကုန်သော သတ္တဝါတို့သည် ရန်မရှိ ကုန်သည် ဖြစ်ကြပါစေ” ဤသို့စသည်ဖြင့် လည်းကောင်း အကြင်မေတ္တာ၏ အစီအစဉ်မည်သည်ကို မိန့်ဆိုအပ်၏။ ထိုစကားကို မေတ္တာဈာန်၌ ကျွမ်းကျင်အဆင့် ဝသီဘော်သို့ ရောက်ကုန်သော ပုဂ္ဂိုလ်တို့၏ အစွမ်းဖြင့် မိန့်ဆိုထားသည်ဟု သိအပ်၏။
ထိုအပ္ပမညာတို့သည်ကား အထူးအားဖြင့် အမျက်ဒေါသ၏ အသင်းအပင်း ဖြစ်ကုန်သော ကိလေသာတို့နှင့် ဖြောင့်ဖြောင့် ဆန့်ကျင်ဘက် ဖြစ်ကုန်၏။ ထို့ကြောင့် ထိုအပ္ပမညာတရားတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့သည်လည်း အမြဲတစေ ချမ်းကြည်အေးမြသော စိတ်နှလုံးရှိကုန်သည်၏ အဖြစ်ဖြင့် ဗြဟ္မာနှင့် တူကုန်သည်၏ အဖြစ်ကြောင့် ဗြဟ္မာတို့ မည်ကုန်၏။ ထိုဗြဟ္မာနှင့် တူကုန်သော သူတို့၏ နေခြင်းဟူသော အကြောင်းဟိတ်ကြောင့် “ဗြဟ္မဝိဟာရ” မည်၏။
တစ်နည်းကား မြတ်ကုန်သောသူတို့၏ နေခြင်းတည်း။ တစ်နည်းကား မြတ်သည်ဖြစ်၍ဖြစ်သော နေခြင်းတည်း။ ထို့ကြောင့် “ဗြဟ္မဝိဟာရ” မည်၏။ ဤကား အပ္ပမညာလေးပါးအဖွင့်တည်း။
သညာ ၁-ပါး
၁၀။ “အာဟာရေ” ဟူသည်ကား စားအပ်- သောက်အပ်- ကိုက်အပ်- လျက်အပ်သည်၏အစွမ်း အားဖြင့် လေးပါးအပြားရှိသော ဝါးမျိုအပ်သောအာဟာရ၌။ “ပဋိကူလသညာ” ဟူသည်ကား အာဟာရဟူသော အကြောင်းကြောင့် ခံစားအပ်ကုန်သော ဒုက္ခတရားတို့ကို ဉာဏ်သက်ဝင်၍ ဆင်ခြင်သည်၏အစွမ်းအားဖြင့် လည်းကောင်း, အာဟာရဟု ဆိုအပ်သော မိမိပင်ကိုသဘော အားဖြင့် စက်ဆုပ်ဖွယ်သဘောရှိသည်၏အဖြစ်ကို ဆင်ခြင်သည်၏ အစွမ်းအားဖြင့်လည်းကောင်း, သလိပ်စသော တည်ရာစုဝေးရာ၊ ကြေကျက်ခြင်း၊ မကြေကျက်ခြင်း၊ ဆံပင်မွှေးညှင်း အစ ရှိကုန်သော ရွံစရာအစုတို့၏ တိုးပွားခြင်းအကျိုးရင်း၊ ထိုထို အညစ်အကြေးယိုစီးခြင်း အကျိုး ဆက်ကို ဉာဏ်သက်ဝင်၍ ဆင်ခြင်သည်၏ အစွမ်းအားဖြင့်လည်းကောင်း, ထို ၄-မျိုးသော အာဟာရ၌ မက်မောတတ်သော ရသတဏှာကို ပယ်သော “သညာ” တည်း။
ဝဝတ္ထာန် ၁-ပါး
၁၁။ “စတုဓာတုဝဝတ္ထာန်” ဆိုသည်ကား ကိုယ်၌ ရောက်ကုန်ဖြစ်ကုန်သော မြေဓာတ်အစ ရှိကုန်သော မဟာဓာတ်လေးပါးတို့ကို မိမိတို့၏ခက်မာခြင်းအမှတ်လက္ခဏာ စသည်တို့၏ အစွမ်း အားဖြင့် အသီးအသီး ပိုင်းခြား၍ ကောင်းစွာ အဖန်ဖန်ရှုခြင်းတည်း။ မှန်၏, ထိုအဖန်ဖန်ရှုခြင်းကို ‘ဤပညာဖြင့် လေးပါးကုန်သော ဓာတ်တို့ကို ပိုင်းဖြတ်, ဆုံးဖြတ်, ကောင်းစွာမှတ်အပ်ကုန်သည်’ ဟူသော အကြောင်းဟိတ်ကြောင့် “စတုဓာတုဝဝတ္ထာန်” ဟူ၍ ဆိုအပ်၏။ ဤကား ရုပ်ဓာတ်လေးပါး ခွဲခြမ်းစိတ်ဖြာရှုမှတ်ခြင်းဆိုင်ရာ စတုဓာတုဝဝတ္ထာန် အဖွင့်တည်း။
(သတိပဋ္ဌာန်လေးပါး၌ သတိတစ်ပါးသာ ဖြစ်စေကာမူ အာရုံ ၄-မျိုး ပြားသဖြင့် သတိပဋ္ဌာန် ၄-မျိုး ပြားသလို ဤ၌ မယူဘဲ မဟာဓာတ် ၄-ပါး၌ ပညာတစ်ပါး ဖြစ်သည့်အနေဖြင့် ဝဝတ္ထာန် တစ်မျိုးသာ ယူသည်။ သုတေသနအဖွင့်။)
အာရုပ္ပ ၄-ပါး
(၁၂။ အာရုပ္ပလေးပါးကို စိတ်ပိုင်း၌ ဖွင့်ပြီးဖြစ်၍ ပရမတ္ထဒီပနီ ၌ မဖွင့်။ သို့သော် “ဤသို့ ‘သတ္တဝိဓေန’ အနေဖြင့် ပြခဲ့သော သမထကမ္မဋ္ဌာန်းသည် သင်္ချာအတိအကျအားဖြင့် ၄၀-ရှိသည်ဟု ပြတော်မူလိုသော အရှင်အနုရုဒ္ဓါသည် ‘ဣတိ သဗ္ဗထာပိ သမထနိဒ္ဒေသေ စတ္တာလီသ ကမ္မဋ္ဌာနာနိ ဘဝန္တိ’ ဟူသော ပါဌ်ကို မိန့်”ဟု ဖွင့်သော် ရသည်။ ထို့ပြင် သမထကမ္မဋ္ဌာန်းသည် အရေအတွက် ၄၀-အောက် အထက် အတိုး အလျော့ ရှိနိုင် မရှိနိုင်ကို အရူပကမ္မဋ္ဌာန်းလေးခုအဆုံး ဤနိဂုံး၏ “စတ္တာလီသ ကမ္မဋ္ဌာနာနိ” နေရာဝယ် ဖွင့်သွားသော် ရသည်။)
သပ္ပါယဘေဒ
စရိုက်ဖြင့် ကမ္မဋ္ဌာန်းကို ဝေဖန်ပုံ
ရာဂစရိုက်အတွက် ကမ္မဋ္ဌာန်း ၁၁-ပါး
၁၃။”ရာဂကို ပယ်စွန့်ခြင်းငှာ ရွံစရာအမှတ် အသုဘသညာ ကို ပွားများစေအပ်၏”ဟု ဝိဘင်း ပါဠိတော် ၌ မိန့်ဆိုထားသောကြောင့် “အသုဘဆယ်ဖြာ, ရွံစရာနှင့်, ကာယဂတာသတိ၊ မည်မှည့် ခေါ်စရာ, ဘာဝနာကောဋ္ဌာသ, ရွံစရာ့တို့, ရာဂပြောထူ, ပုဂ္ဂိုလ်ယူ, စိတ်ဖြူသင့်လျော်”ဟု သင်္ဂြိုဟ်ကျမ်းပြုဆရာသည် မိန့်ဆိုအပ်ပြီ။
အဖြစ်များသောကြောင့် စရိုက်ဟု ခေါ်
ထိုမြန်မာပြန်၏ ပါဠိဝါကျ၌ ရာဂဖြင့် (ရာဂအားဖြင့်) ဖြစ်တတ်သည် ဟူသော အကြောင်း ဟိတ်ကြောင့် ရာဂစရိတ မည်၏။ မှန်၏, ထိုပုဂ္ဂိုလ်သည် စင်စစ် တစ်ရံတစ်ခါ ဒေါသဖြင့် ဖြစ်တတ်၏။ တစ်ရံတစ်ခါ မောဟဖြင့် ဖြစ်တတ်၏။ တစ်ရံတစ်ခါ သဒ္ဓါစသည်တို့တွင်လည်း တစ်ပါးပါးဖြင့် ဖြစ်တတ်၏။ ထိုသို့ဖြစ်သော်လည်း ထိုပုဂ္ဂိုလ်အား အကြင်ကြောင့် ရာဂများ၏။ ထို့ကြောင့် များသောရာဂဖြင့် ထိုပုဂ္ဂိုလ်သည် ရာဂစရိတ-ရာဂစရိုက်ရှိသူဟူသော အရေအတွက်သို့ ရောက်၏။ ဤသို့ မှတ်အပ်၏။ အကြွင်း ဒေါသစရိတ ပုဒ် စသည်တို့၌လည်း ဤနည်းပင်တည်း။
ဒေါသစရိုက်အတွက် ဗြဟ္မစိုရ်ကမ္မဋ္ဌာန်း ၄-ပါး
၁၄။ “ဒေါသဟူသော ဗျာပါဒ ကို ပယ်ခြင်းငှာ မေတ္တာကို ပွားများစေအပ်၏” အစရှိသော ဥဒါန်းပါဠိစကားတော်ကြောင့် လည်းကောင်း, မေတ္တာအစရှိကုန်သော ဗြဟ္မဝိဟာရတရား သုံးပါး တို့၏ အစဉ်အတိုင်း စိတ်ဆိုးမှု ဗျာပါဒ တရား၊ ညှင်းဆဲမှု ဝိဟိံသာ တရား၊ မနှစ်သက်မှု အရတိ တရား တို့မှ ထွက်မြောက်ရာ၏ အဖြစ်ကို (အင်္ဂုတ္တိုရ်၊ ဆက္ကနိပါတ် နိဿာရဏီယသုတ် ၌) ဟောတော် မူခြင်းကြောင့်လည်းကောင်း, ကောင်းစွာစင်ကြယ်ကုန်သော အညိုစသော အဆင်း ဝဏ္ဏကသိုဏ်း တို့၏ ဒေါသဖြစ်ခြင်း၏ တည်ရာအကြောင်း သဘောမျိုးမရှိခြင်းကြောင့် လည်းကောင်း “မေတ်, က, မု, ဥ၊ လေးခု အပ္ပမညာ၊ အရောင်ပါပေ၊ ညို, ရွှေ, နီ, ဖြူ၊ လေးဆူကသိုဏ်း၊ ဒေါသဂိုဏ်းတွက်၊ သင့်လျော်ချက်တည့်”ဟူ၍ သင်္ဂြိုဟ်ကျမ်းပြုဆရာသည် မိန့်ဆိုအပ်ပြီ။
(ညှဉ်းဆဲမှု ဝိဟိံသာ တရားကို ပယ်ခြင်းငှာ ကရုဏာတရားကို ပွားများစေအပ်၏။ မနှစ်သက်မှု အရတိ တရားကို ပယ်ခြင်းငှာ မုဒိတာတရားကို ပွားများစေအပ်၏။ ဥဒါန်းပါဠိအကျန်ကို “အစရှိသော” စကားအရ ဖော်ပြခြင်း။ အနုဒီပနီ။)
ဥပေက္ခာဗြဟ္မစိုရ်ဆိုင်ရာ မှတ်ချက်
(ဒီပနီကျမ်းပြုဆရာသည် ဒေါသစရိုက်အတွက် ဗြဟ္မဝိဟာရကမ္မဋ္ဌာန်းလေးမျိုး သင့်လျော်သည်ဟု ဖွင့်ပြရာဝယ် အဘယ့်ကြောင့် ထိုစရိုက်အတွက် ဥပေက္ခာသင့်လျော်ပုံအကြောင်းကို သီးခြား မဖွင့်ရပါသနည်း ဟု မေးဖွယ်ရှိရကား အကြောင်းပြချက် တစ်မျိုးရှိသည်၏ အဖြစ်ကြောင့် မဖွင့်ရခြင်း ဖြစ်သည်ဟု ပြလို၍ အောက်ပါစကားကို မိန့်၏။)
ဤနေရာ၌လည်း ကမ္မဋ္ဌာန်းအားထုတ်စ ပုဂ္ဂိုလ်အတွက်သာလျှင် ဤစရိုက်ကို ဝေဖန်ခြင်းတည်း။ ဥပေက္ခာသည်လည်း ကမ္မဋ္ဌာန်းအားထုတ်စပုဂ္ဂိုလ်အတွက် မဖြစ်သင့်။ မှန်၏, “ဥပေက္ခာသည် ပဉ္စမဈာန် ၌ ဖြစ်၏”ဟု ဘာဝနာဘေဒ ၌ ကျမ်းဆရာသည် မိန့်ဆိုလတ္တံ့။ ထို့ကြောင့် အကြင် ကမ္မဋ္ဌာန်း အားထုတ်စပုဂ္ဂိုလ်အား ရှေး၌ဖြစ်ကုန်သော မေတ္တာ ကရုဏာ မုဒိတာ အပ္ပမညာ သုံးပါး တို့သည် သင့်လျော်ကုန်၏။ ထိုပုဂ္ဂိုလ်အား ထိုအပ္ပမညာသုံးပါးသို့ အစဉ်လိုက်၍ ဖြစ်သော ဥပေက္ခာသည် လည်း သင့်လျော်သည်မည်၏ဟု သဘောထား၍ “စတေဿာ အပ္ပမညာယော” ဟူ၍ သင်္ဂြိုဟ် ကျမ်းပြုဆရာသည် မိန့်ဆိုအပ်သည်ဟု စာမြင်အပ်၏။
(ဒီပနီ၌ အထက်ပါအတိုင်း ဈာန်အဆင့် အမြင့်က ကြည့်၍ ဖွင့်စေကာမူ သင်္ဂဟကျမ်းလာ “ဥပေက္ခာသည် ပဉ္စမဈာန် ဟူသော အကျိုးရှိ၏။ ဝါ-ဥပေက္ခာကို ပွားက ပဉ္စမဈာန်ရစေ၏”ဟူသော စကားသာ မဟုတ်သေး။ မေတ္တာစသော တရား ၃-ပါးလည်း ဈာန် ၄-ပါးကို ရစေသည်ဟု သင်္ဂဟဆရာ မိန့်ထားရကား ယင်း ၃-ပါးတို့ကိုလည်း ဒီပနီဆရာလို ဈာန်အဆင့် အမြင့်က ကြည့်၍ ရနေသည်ကို တွေ့ရသည်။ ဆိုလိုသည်မှာ ဈာန်ရမှပဲ ထိုတရား ၃-ပါးလည်း ကမ္မဋ္ဌာန်းအာရုံအဖြစ် ထားကာ ပွားရမလို ဖြစ်နေသည်။ ထို့ကြောင့် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ စေတသိက်တရားတို့သည် အောက် ကာမာဝစရ ကုသိုလ်စိတ်မှာပင် ဖြစ်နိုင်၍ ထို ၄-ပါးအရ ဈာန်အဆင့်သို့ ရောက်ပြီး အခြေအနေကိုသာ မယူဘဲ ဥပစာရဈာန် ကာမာဝစရစိတ် အဆင့် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ-တို့ကိုပါ ယူသင့်သည်ဟု မိမိ မြင်သည်။)
မှန်၏, ဤမှတစ်ပါးသော အခြင်းအရာအားဖြင့် အနက်အဓိပ္ပါယ်ကို ယူခဲ့ချေသော် “ငါ့ရှင်, ဥပေက္ခာမည်သော အကြင် စေတောဝိမုတ္တိ (စိတ်၏ လွတ်မြောက်မှု)သည် ရှိ၏။ ဤ ဥပေက္ခာ-စေတောဝိမုတ္တိ သည် ရာဂ၏ ထွက်ခွာသွားကြောင်းတရားတည်းဟု ပြောဆိုအပ်သည် ဖြစ်ရာ၏”ဟု (နိဿာရဏီယသုတ် ၌) ဟောထားသော စကားတော်ကြောင့် “ဥပေက္ခာသည် ရာဂစရိုက်ရှိသော သူအား လျောက်ပတ်သည်”ဟူ၍ မိန့်ဆိုအပ်သည် ဖြစ်ရာ၏။ ဤသို့ စကားဆိုရ အပြစ် လဒ္ဓဒေါသ သင့်ရောက်နိုင်ပုံကို သိအပ်၏။
(အထက်က ရှင်းချက်အတိုင်း သတ္တဝါတို့၌ ချစ်ခြင်း မုန်ခြင်း မဖြစ်ဘဲ သာမန်အခြေအနေ က ဥပေက္ခာပွားရသည်ဟု ဒီပနီ၌ အောက်ခြေကနေတက်ဖွင့်လျှင် ဤ လဒ္ဓဒေါသ ပြစကားကိုလည်း ထပ်ဖွင့်စရာမလိုတော့ပေ။ ထို့ကြောင့် မိမိသာဆိုလျှင် ထိုသို့သင်္ဂဟဆရာတို့က ဥပေက္ခာ-ဗြဟ္မဝိဟာရသည် ဒေါသစရိုက်ရှိသူအတွက် သင့်လျော်သည်ဟု ဆိုစေကာမူ အဆိုပါ နိဿာရဏီယသုတ် ၌ ဥပေက္ခာစေတောဝိမုတ္တိသည် ရာဂ၏ ထွက်သွားကြောင်း တရားဟု ဆိုသောကြောင့် အဆင့်မြင့်ဈာန်အရာမှာဖြစ်စေ၊ အဆင့်နိမ့်ဥပစာရဈာန် အရာမှာဖြစ်စေ ဥပေက္ခာ ဘာဝနာသည် ရာဂစရိုက်ရှိသူအတွက်လည်း သင့်လျော်သည်ဟု မှတ်အပ်သေးကြောင်း ဖွင့်ဖြစ်မည်။ မှန်၏, ဝိသုဒ္ဓိမဂ် ၌လည်း “ရာဂအစရှိသည်ကို မခွာနိုင်သော ကမ္မဋ္ဌာန်း မရှိ”စသည်ဖြင့် မိန့်ထားပေ၏။)
ဒေါသစရိုက် အလှနှင့်အကိုက်
“အညိုအစရှိကုန်သော ၄-ပါးသော ကသိုဏ်းတို့လည်း ဒေါသစရိုက်ရှိသော ပုဂ္ဂိုလ်အတွက် သင့်လျော်သည်” ဟူသော ဤစကားကိုလည်း ချစ်ခင်နှစ်သက်ဖွယ် အဆင်းရှိကုန်သော အညိုရောင် အစရှိသည်တို့ကို ရည်ရွယ်၍ အရှင်အနုရုဒ္ဓါသည် မိန့်ဆိုအပ်၏။ ‘မနှစ်သက်ဖွယ် ဖြစ်ကုန်သော ထိုအာရုံတို့သည်ကား ရာဂစရိုက်ရှိသော သူအားသာလျှင် သင့်လျော်ကုန်သည်’ဟု သိအပ်၏။
ဝိတက်နှင့် မောဟ စရိုက်အတွက် အာနာပါန
၁၅။ “အကြံ ဝိတက် ကို ဖြတ်ခြင်းငှာ ထွက်သက်ဝင်သက်မှာ ဖြစ်သော သတိကို ပွားစေအပ်၏” ဟူသော ဥဒါန်းပါဠိတော်ကြောင့် “အာနာပါနကမ္မဋ္ဌာန်း သည် ဝိတက်စရိုက် ရှိသော ပုဂ္ဂိုလ်အား သင့်လျော်သည်”ဟု မိန့်ဆိုအပ်ပြီ။
မောဟစရိုက် များသော ပုဂ္ဂိုလ်သည်ကား ပင်ကိုအားဖြင့် မေ့လျော့ခြင်းများ၏။ အထူးထူးအပြားပြား ပျံ့လွင့်သော စိတ်ရှိသည်လည်း ဖြစ်၏။ အာနာပါနကမ္မဋ္ဌာန်း မည်သည်လည်း မပြတ်မလပ် တရစပ် ဖြစ်ပေါ်သည်ဖြစ်၍ မေ့လျော့ခြင်းများသော၊ အထူးထူးအပြားပြား ပျံ့လွင့်သော စိတ်ရှိသည့် ထို မောဟစရိုက် ရှိသော ပုဂ္ဂိုလ်အား အမှတ်သတိကို ဖြစ်ပေါ်စေသကဲ့သို့ ဖြစ်၏။ ထို့ကြောင့် အရှင်အနုရုဒ္ဓါသည် “အာနာပါနဿတိ သည် မောဟစရိုက်ရှိသော ပုဂ္ဂိုလ်အား သင့်လျော်သည်” ဟု မိန့်ဆိုအပ်၏။ (ဝိသုဒ္ဓိမဂ် ၌ကား ယခုဒီပနီ၌ ဖွင့်ထားသလို ဖွင့်ဆိုထားချက် မရှိပေ။ အနုဒီပနီ။)
ဋီကာကျော်
ဋီကာကျော် ၂၆၀-၌ကား “အာနာပါန သည် ပညာ၏အာရုံ ဖြစ်သည့်အတွက် မောဟ၏ ဆန့်ကျင် ဘက်၏အဖြစ်ကြောင့် မောဟစရိုက် ရှိသောသူအား အာနာပါနကမ္မဋ္ဌာန်း သင့်လျော်သည်” ဟူသော အကြောင်းပြစကားကို မိန့်ဆိုအပ်၏။ ထိုစကားသည် သင့်မြတ်သကဲ့သို့ မထင်။ မှန်၏, ဤသို့ဆိုသော် ထိုမောဟစရိုက်ရှိသော ပုဂ္ဂိုလ်ကို ဗုဒ္ဓိစရိုက်ရှိသောပုဂ္ဂိုလ်နှင့်တကွ ထူးမခြားနား ဆိုသင့်ဆိုထိုက်သည် ဖြစ်ရာ၏။
(အာနာပါန သည် ပညာ့အာရုံဖြစ်၍ မောဟစရိုက်ရှိသူအတွက် သင့်လျော်ကြေးဆိုလျှင် ပညာ့အာရုံ ဖြစ်ကုန်သော မရဏ၊ ဥပသမ၊ သညာ၊ ဝဝတ္ထာန် တို့သည်လည်း မောဟ၏ ဆန့်ကျင်ဘက်၏ အဖြစ်ကြောင့် မောဟစရိုက်ရှိသူအတွက် သင့်လျော်ကုန်ရာ၏။ အနုဒီပနီ)
ဤကား မောဟစရိုက်နှင့် ပညာစရိုက်ရှိသူ အတူတူ ထားရာကျသွားသော ဋီကာကျော် စကား၌ သင့်ရောက်သော အပြစ်ဒေါသတည်း။
(လယ်တီဋီကာ ၌ဆိုသော ထွက်သက်ဝင်သက် မပြတ်ဖြစ်၏ဟူသည် ပညတ်အာရုံဖြစ်မှ မပြတ် ဖြစ်သည်။ ပညတ်အာရုံမဖြစ် ပရမတ်အာရုံဖြစ်က မပြတ်မဖြစ်နိုင်။ ထို့ကြောင့် ဋီကာကျော် အတိုင်း သင့်သည် မှတ်။ မန်လည်။) --- မန်လည် က ထိုသို့ရေးသဖြင့် ဒီပနီဘက်က သင်္ဂဟဆရာသည် ပညတ်ကို အာရုံယူတာ များသော သမထကမ္မဋ္ဌာန်းအရာ၌ အာနာပါန ကို ပြထားသည် စသည်ဖြင့် ချေပနိုင်၏။ ထိုသို့ချေပရင်း အာနာပါန သည် သမထလော ဝိပဿနာလော-စသည့် အခြေအတင် ဘက် ရောက်သွားမည်။ ထိုအဖြေကို သိလိုက မဟာစည်မူ မဟာသတိပဋ္ဌာနသုတ်နိဿယ အာနာပါနခန်းမှာ ဖတ်ပါ။
ဂုဏ်တော်ဘာဝနာ ပညာစရိုက်အတွက်လည်းရ
၁၆။ ဗုဒ္ဓဂုဏ်တော် အစရှိသည်တို့သည်လည်း စင်စစ်အားဖြင့် ပညာစရိုက်များသော ပုဂ္ဂိုလ် တို့၏အာရုံတို့ သည်သာလျှင် အကယ်၍ကား ဖြစ်ပါပေကုန်၏။ သို့သော်လည်း ထိုဘုရားဂုဏ်တော် စသည်တို့သည် အထူးအားဖြင့် ယုံကြည်မှု သဒ္ဓါတရား ကို တိုးပွားစေတတ်ကုန်၏။ ထို့ကြောင့် သင်္ဂြိုဟ်ကျမ်းပြုဆရာသည် “ဗုဒ္ဓါနုဿတိ အစရှိကုန်သော အနုဿတိခြောက်ပါးတို့သည် သဒ္ဓါစရိုက် ရှိသော ပုဂ္ဂိုလ်အား သင့်လျော်ကုန်သည်” ဟူ၍ မိန့်ဆိုအပ်ပြီ။
သိမ်မွေ့အာရုံမှာ ဉာဏ်ကို ပုံ
၁၇။ ပရမတ္ထ အားဖြင့် အလွန်သိမ်မွေ့ကုန်သော သေခြင်းတရား အစရှိသည်တို့သည် ပြန့်ကျယ်သော ပညာရှိကုန်သော ပုဂ္ဂိုလ်တို့၏သာလျှင် အာရုံတို့ မည်ကုန်၏။ ထို့ကြောင့် သင်္ဂြိုဟ်ကျမ်းပြုဆရာသည် “မရဏာနုဿတိ, ဥပသမာနုဿတိ, သညာ, ဝဝတ္ထာန် တို့သည် ဗုဒ္ဓိစရိုက် ရှိသော ပုဂ္ဂိုလ်အား သင့်လျော်သည်” ဟု မိန့်ဆိုအပ်ပြီ။
စရိုက်အစုံ သင့်လျော်သည့် ကမ္မဋ္ဌာန်း ၁၀-ပါး
၁၈။ “သေသာနိ ပန သဗ္ဗာနိပိ” ဟူသည်ကား ၄-ပါးကုန်သော ပထဝီကသိုဏ်း အစရှိကုန်သော မဟာဘူတကသိုဏ်း တို့ လည်းကောင်း, ၂-ပါးကုန်သော အာလောက နှင့် အာကာသကသိုဏ်း တို့ လည်းကောင်း, ၄-ပါးကုန်သော အာရုပ္ပ တို့လည်းကောင်း ဤသို့ ၁၀-ပါးအပြားရှိကုန်သော ကျန် ကမ္မဋ္ဌာန်းတို့သည် အလုံးစုံသော စရိုက် ၆-ပါးတို့အား သင့်လျော်ကုန်၏။ “တတ္ထာပိ” ဟူသည်ကား ဆယ်ပါးကုန်သော ထိုလက်ကျန် ကမ္မဋ္ဌာန်းတို့၌လည်း။
မောဟနှင့် ဝိတက် စရိုက်၂-ပါးအတွက် ပထဝီကသိုဏ်းထားနည်း
ကြီးစွာသော ကောက်နယ်တလင်းဝန်းအစရှိသော ပမာဏသည် မောဟစရိုက် ရှိသော ပုဂ္ဂိုလ်အား သင့်လျော်၏။ မှန်၏, ကျဉ်းမြောင်းသော တည်ရာအရပ်၌ ကမ္မဋ္ဌာန်းစိတ်သည် လွန်စွာတွေဝေ ခြင်းသို့ ရောက်၏။ ဤသို့ မှတ်အပ်၏။ တစ်ထွာလက်လေးသစ် ပမာဏရှိသော ငယ်သည်သာလျှင် ဖြစ်သော ကသိုဏ်းဝန်း သည် ဝိတက်စရိုက် ရှိသော ပုဂ္ဂိုလ်အား သင့်လျော်၏။ မှန်၏, တစ်ထွာ လက်လေးသစ် ပမာဏထက် ကြီးသော ကသိုဏ်းဝန်းသည် အကြံ ဝိတက် ပြေးသွားခြင်း၏ အကြောင်းအထောက် အပံ့ ဖြစ်ရကား မသင့်လျော်ပေ။ ဤသို့ မှတ်အပ်၏။
ဒီပနီစကား၌လည်း “ဝိတက္ကစရိတေဿဝ” ဟူသော ဤစကား၌ ဧဝ (သာလျှင်) သဒ္ဒါကို ခုဒ္ဒကံ (အငယ်) ဟူသောပုဒ်၌ ယှဉ်စပ်အပ်၏။ ဝိတက်စရိုက် ရှိသော ပုဂ္ဂိုလ်အား ငယ်သည်သာလျှင် ဖြစ်သော ကသိုဏ်းဝန်းသည် သင့်လျော်၏။ ကျယ်သော ကသိုဏ်းဝန်းသည် မသင့်လျော်။ ဤအနက် အဓိပ္ပာယ်ကို မှတ်အပ်၏။
(အကယ်၍ ဧဝ သဒ္ဒါကို ဝိတက္ကစရိတဿ-ပုဒ်နောက်သာလျှင် အရှိတိုင်း ထားငြားအံ့, ဤသို့ ဖြစ်သော် ငယ်သောကသိုဏ်းဝန်းသည် ဝိတက်စရိုက်ရှိသော သူအားသာလျှင် လျောက်ပတ်၏။ ပညာစရိုက်ရှိသူအစရှိသည်တို့အတွက် မလျောက်ပတ်ဟူသော ဤအနက်ကိုလည်း ယူရရာ၏။ ထိုသို့ယူရချေက ပညာစရိုက်ရှိသူအတွက် မလျောက်ပတ်သော ကမ္မဋ္ဌာန်းမည်သည် မရှိဟူသော ဝိသုဒ္ဓိမဂ်အဋ္ဌကထာ စကားနှင့် ဆန့်ကျင်ရာ၏။ တစ်နည်းကား-- ကသိုဏ်းကြီးသည် မောဟစရိုက် ရှိသူအတွက် ဖြစ်၏။ ကသိုဏ်းငယ်ကား ဝိတက်စရိုက်ရှိသူ အတွက်သာ, မောဟစရိုက် ရှိသူအတွက် မဟုတ်ဟု အနက်ရောက်သော် ပညာစရိုက်ရှိသူ အစရှိသည်တို့ အတွက်ကား ကသိုဏ်းကြီးသည် ဖြစ်စေ ငယ်သည်ဖြစ်စေ ခွင့်ပြုအပ်သည်ဟု မှတ်အပ်၏။ အနုဒီပနီ။)
စရိုက်နှင့် ကမ္မဋ္ဌာန်းအတွက် မှတ်ချက်
“ဆက်ဦးအံ့, မည်သည့်ကမ္မဋ္ဌာန်းသည် မည်သည့်စရိုက်အတွက် သင့်လျော်သည်ဟူသော အလုံးစုံသော ဤ စရိုက်ဝေဖန်စကားကို အကုသိုလ်စရိုက် ၃-မျိုးရှိကုန်သည့် ပုဂ္ဂိုလ်တို့၌ ကမ္မဋ္ဌာန်းနှင့် စရိုက်ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်၏အစွမ်းဖြင့် လည်းကောင်း, ဝိတက်၊ သဒ္ဓါ၊ ဗုဒ္ဓိစရိုက် ရှိသည့် ပုဂ္ဂိုလ်တို့၌ အလွန်သင့်လျော်သည်၏ အဖြစ်ဖြင့်လည်းကောင်း မိန့်ဆိုအပ်ပြီ။ မှန်၏, ရာဂအစရှိသည်တို့ကို မပယ်ခွာနိုင်သော ကမ္မဋ္ဌာန်း, သဒ္ဓါအစရှိသည် တို့အားလည်း ကျေးဇူး မပြုနိုင်သော ကုသိုလ်ဘာဝနာ မည်သည် မရှိ” ဟူ၍လည်း ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ၌ မိန့်ဆိုထားပြီ။
ဘာဝနာဖြင့် ကမ္မဋ္ဌာန်းကို ဝေဖန်ပုံ
၁၉။ “သဗ္ဗတ္ထာပိ” ဟူသည်ကား အလုံးစုံလည်းဖြစ်ကုန်သော ကမ္မဋ္ဌာန်း ၄၀-တို့၌။ ပရိကံနှင့်ကင်း၍ တစ်ခုသော ကမ္မဋ္ဌာန်း၏လည်း မပြည့်စုံခြင်းကြောင့် ပရိကမ္မဘာဝနာ ကို ရအပ်သည် သာလျှင်တည်း။ (ပရိကမ္မဘာဝနာ လဗ္ဘတေဝ။)
အပ္ပနာဈာန်မရ ကမ္မဋ္ဌာန်း ၁၀-ပါး
ဗုဒ္ဓါနုဿတိ စသော “ဆယ်ပါးကုန်သော ကမ္မဋ္ဌာန်းတို့၌ အပ္ပနာဈာန်၏ အနီး၌ဖြစ်သော ဥပစာရ ဘာဝနာ သည်သာလျှင် ပြည့်စုံ၏, အပ္ပနာဈာန်သည် မရှိ” ဟူသော အကြင်စကားကို သင်္ဂြိုဟ် ကျမ်းပြုဆရာသည် မိန့်ဆိုအပ်ပြီ။ အဘယ်အကြောင်းကြောင့် ထိုစကားကို မိန့်ဆိုအပ်သနည်းဟု မေးငြားအံ့။ “အကြင်ကြောင့် ဗုဒ္ဓ, ဓမ္မ, သံဃ, သီလ, စာဂ, ဒေဝတာ, ဥပသမဂုဏ် တို့၏ ရှေးဦးစွာ နက်နဲသည်၏ အဖြစ်ကြောင့် လည်းကောင်း, အထူးထူး အပြားပြားရှိသော ဂုဏ်ကို အောက်မေ့ခြင်းငှာ နှလုံးသွင်းခြင်းရှိသည်၏ အဖြစ်ကြောင့် လည်းကောင်းတည်း” ဟု ဝိသုဒ္ဓိမဂ် အဋ္ဌကထာ ၌ မိန့်ဆိုအပ်၏။ ထို့ကြောင့် “ဆယ်ပါးကုန်သော (ပ) အပ္ပနာဈာန်သည် မရှိ” ဟု သင်္ဂြိုဟ်ကျမ်းပြုဆရာသည် မိန့်ဆိုအပ်ပြီဟု ဖြေဆိုအပ်၏။ (ကမ္မဋ္ဌာန်း ၁၀-ပါးတွင် ၇-ပါးအတွက် ဖွင့်ပြီးပြီဟု မှတ်ထားပါ။ ကျန်သုံးပါး ဆက်ဖွင့်ပါလိမ့်မည်။)
ထိုအဋ္ဌကထာစကား၌ “ဂမ္ဘီရတာယ” ဟူသော ဤစကားဖြင့် တစ်ခုတစ်ခုလည်းဖြစ်သော ဂုဏ်ပုဒ်၏ နက်နဲသည်၏ အဖြစ်ကြောင့် မဟာသမုဒ္ဒရာ၌ ယုန်သူငယ်သည် ထောက်တည်ခြင်းငှာ မစွမ်းနိုင် သကဲ့သို့ ထို့အတူ ထိုဗုဒ္ဓါနုဿတိ စသောဂုဏ်လျှင် အာရုံရှိသော သမာဓိသည် ထိုဗုဒ္ဓါနုဿတိ စသောဂုဏ်၌ အပ္ပနာဈာန် သို့ ရောက်၍ တုန်လှုပ်ခြင်း မရှိသည်၏အဖြစ်ဖြင့် တည်ခြင်းငှာ မစွမ်းနိုင်ဟု ပြ၏။ “နာနပ္ပကာရဂုဏာနုဿရဏာဓိမုတ္တတာယ” ဟူသော ဤပါဌ်ဖြင့် ထို ဂုဏ်တော်တို့၏ မရောင့်ရဲစေခြင်းကို ဖြစ်စေတတ်သော သဘောရှိသည်၏အဖြစ်ကြောင့် “ဤမျှလောက်သည်သာလျှင် ဖြစ်သော ဂုဏ်ပုဒ်၌ တည်၍ အပ္ပနာဈာန် သို့ ရောက်စေအံ့' ဟူ၍ မိမိ၏စိတ်ကို ကောင်းစွာ ဆောင်ထားခြင်းငှာလည်း မစွမ်းနိုင်” ဟု ပြ၏။ ဤသို့ မှတ်အပ်၏။
ဆက်၍ဆိုဦးအံ့, အဆိုပါ ၇-ပါးမှ ကြွင်းကျန်ကုန်သော သေခြင်းကို အဖန်တလဲလဲ အမှတ်ရခြင်း, အာဟာရ၌ ရွံစဖွယ်ဟုဖြစ်သော အမှတ်သညာ, ရုပ်ဓာတ်လေးပါးတို့ကို ပိုင်းခြားမှု ၃-ပါးတို့တွင် ရှေးဦးစွာ သေခြင်းသည် သဘာဝဓမ္မ ဖြစ်သောကြောင့် လည်းကောင်း, ထိတ်လန့်ခြင်းကို ဖြစ်စေတတ်သော သဘောရှိသည်၏ အဖြစ်ကြောင့် လည်းကောင်း အပ္ပနာဈာန် ၏ တည်ရာ ကမ္မဋ္ဌာန်းအာရုံသည် မဖြစ်။ ဤသေခြင်း အမှတ်ရကမ္မဋ္ဌာန်းမှ တစ်ပါးလည်း ဖြစ်ကုန်သော ၂-ပါး ကုန်သော သညာ နှင့် ဝဝတ္ထာန် တို့သည် သဘာဝဓမ္မ ၏ အဖြစ်ကြောင့် လည်းကောင်း, နက်နဲသည် ၏အဖြစ်ကြောင့်လည်းကောင်း အပ္ပနာဈာန် ၏ တည်ရာကမ္မဋ္ဌာန်းအာရုံတို့သည် မဖြစ်ကုန်ဟု မှတ်အပ်၏။
သဘာဝဓမ္မအာရုံတို့၌ လောကုတ္တရာနှင့် အရူပဈာန်တို့ ဖြစ်ပုံ
အကယ်၍ အပ္ပနာဈာန် ၏ တည်ရာကမ္မဋ္ဌာန်းအာရုံတို့ မဖြစ်ကုန်သည်ရှိသော် အဘယ့်ကြောင့် လောကုတ္တရာဈာန် တို့သည် အလွန် နက်နဲသော နိဗ္ဗာန်ဟု ဆိုအပ်သော သဘာဝဓမ္မအာရုံ၌ အပ္ပနာသို့ ရောက်နိုင်ပါကုန်သနည်း။ အရူပဒုတိယစတုတ္ထဈာန် တို့သည်လည်း ပထမတတိယ အရူပဈာန် ဟု ဆိုအပ်သော သဘာဝဓမ္မအာရုံ၌ အပ္ပနာသို့ ရောက်နိုင်ပါကုန်သနည်း။ ဤကား စောဒနာတည်း။
အဖြေကို ငါသည် ဆိုအံ့, ရှေးဦးစွာ လောကုတ္တရာဈာန် တို့သည် ဒိဋ္ဌိဝိသုဒ္ဓိ မှ လည်းကောင်း, သမ္မသနဉာဏ် မှလည်းကောင်း စ၍ အစဉ်အားဖြင့် အဆင့်ဆင့်၌ ဖြစ်ကုန်သော စင်ကြယ်သော ပွားများခြင်း ဝိသုဒ္ဓိဘာဝနာ တို့၏အစွမ်းကြောင့် အလွန် နက်နဲသည်လည်းဖြစ်သော နိဗ္ဗာန်ဟု ဆိုအပ်သော သဘာဝဓမ္မ အာရုံ၌ဖြစ်သော အပ္ပနာဈာန် ၏ အဖြစ်ဖြင့် တည်ခြင်းငှာ စွမ်းနိုင်ကုန်၏။ အရူပဈာန် တို့သည်လည်း အပ္ပနာသို့ ရောက်ပြီးသည်သာလျှင်ဖြစ်သော ရူပါဝစရပဉ္စမဈာန်သမာဓိ ၏ အတိုးအပွားမျှဖြစ်ကုန်၏။ ထို့ကြောင့် အာရုံကို လွန်ခြင်းမျှကို ပြုသဖြင့် သဘာဝဓမ္မဖြစ်သော အာရုံ၌လည်း အပ္ပနာဈာန်၏ အဖြစ်ဖြင့် တည်ခြင်းငှာ စွမ်းနိုင်ကုန်၏။ ဤကား အကြောင်းပြ အဖြေတည်း။
(၂၀-ပိုဒ်ကျော်သည်။ ပိုဒ်ရေ ၂၁-တတ္ထာပိ-အစွဲပင် ဖြစ်၍ ကျော်သည်။)
ဈာန်ဖြင့် ကမ္မဋ္ဌာန်းကို ဝေဖန်ပုံ
ဈာန် ၅-မျိုးလုံး ရစေသော ကမ္မဋ္ဌာန်း ၁၁-ပါး
၂၁။ “တတ္ထာပိ” ဟူသည်ကား ထိုအမျှ (၃၀)သော အပ္ပနာကမ္မဋ္ဌာန်းတို့၌လည်း။ “ပဉ္စကဇ္ဈာနိကာနိ” ဟူသည်ကား ဈာန်ငါးပါးအပေါင်း၌ ယှဉ်ကုန်စပ်ကုန်သည်တို့တည်း။ ကသိုဏ်း ၁၀-ပါးနှင့် အာနာပါနတို့သည် ဈာန်ငါးပါးအပေါင်း၏ အာရုံ၏အဖြစ်အား လျောက်ပတ်ကုန်၏။ ဤသို့ ဆိုလို၏။
ပဌမဈာန်ကိုသာ ရစေသော ကမ္မဋ္ဌာန်း ၁၁-ပါး
၂၂။ စက်ဆုပ်စရာအာရုံတို့မည်သည်ကား အကြင်ကြောင့် အလွန်အလိုမရှိအပ်ကုန်သော ခေါင်းပါးသော အာရုံတို့သည် ဖြစ်၍ စိတ်၏မွေ့လျော်ခြင်းကို ဖြစ်စေခြင်း၌ အလွန်အားနည်း ကုန်၏။ ထို့ကြောင့် ထို အသုဘအာရုံ တို့သည် မိမိဟု ဆိုအပ်သော ရှုစရာအာရုံ၌ စိတ်ကို နှစ်သက်စေ၍ ထားခြင်းငှာ မစွမ်းနိုင်ကုန်။ ထို့ကြောင့် ဝိတက် နှင့်ကင်း၍ စိတ်သည် ထိုအသုဘ အာရုံ၌ တစ်ခုသော အဖို့ရှိသည် တည်ကြည်သည် ဖြစ်၍ မတည်နိုင်။ ဝိတက် ၏အစွမ်းဖြင့်သာလျှင် တည်နိုင်၏။ ထို့ကြောင့် “အသုဘဆယ်ပါးနှင့် ကာယဂတာသတိသည် ပဌမဈာန်ကို ရစေသော ကမ္မဋ္ဌာန်း” ဟူ၍ သင်္ဂြိုဟ်ကျမ်းပြုဆရာသည် မိန့်ဆိုအပ်ပြီ။
ရွံစရာ၌ ဝမ်းမြောက်မှုဖြစ်နိုင်ပုံ စိတ်သဘာဝ
အကယ်၍ ထိုအဆိုအတိုင်း ဖြစ်ငြားအံ့, ဤသို့ဖြစ်သည်ရှိသော် ထိုအသုဘဆယ်ပါးဟူသော စက်ဆုပ်စရာအာရုံတို့၌ ဝမ်းမြောက်မှု သောမနဿဈာန် သည် အဘယ်ပုံ အဘယ်နည်းဖြင့် ဖြစ်သနည်း။ ဤသို့ စောဒနာငြားအံ့။ နီဝရဏ တည်းဟူသော ပူပန်ခြင်းကို ပယ်သည်၏အစွမ်း အားဖြင့်သာလျှင်လည်းကောင်း, ထိုထိုအကျိုးအာနိသင်ကို မြင်သော ဉာဏ်၏အစွမ်းအားဖြင့် လည်းကောင်း ဖြစ်၏။ နာခြင်း ဗျာဓိဒုက္ခ သည် နှိပ်စက်အပ်သော ရောဂါရှိသော ပုဂ္ဂိုလ်အား ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်းဖြစ်ရာ၌ ငါ့ရောဂါ ပျောက်တော့မည်ဟု ဝမ်းမြောက်ခြင်းကဲ့သို့ လည်းကောင်း, ယခုများစွာသော အဖိုးအခကို ငါရတော့မည်ဟု အကျိုးဆက်ကို မြင်လေ့ရှိသော မစင်ကျုံးသမား၏ မစင်ပုံကို မြင်ရာ၌ ဝမ်းမြောက်ခြင်းကဲ့သို့ လည်းကောင်း ဤအတူ ရွံစရာ အသုဘကမ္မဋ္ဌာန်း၌ ဝမ်းမြောက်မှု သောမနဿဈာန် ဖြစ်သည်ကို မှတ်အပ်၏။
ဈာန် ၄-ပါးအထိ ရစေသည့် ကမ္မဋ္ဌာန်း ၃-ပါး
၂၃။ မေတ္တာအစရှိကုန်သော သုံးပါးကုန်သော ဗြဟ္မဝိဟာရတို့သည် ဝမ်းနည်းမှု ဒေါမနဿ ကြောင့် ဖြစ်ကုန်သော အမျက်ထွက်မှု ဗျာပါဒ တရား, ညှင်းဆဲမှု ဝိဟိံသ တရား, မပျော်ပိုက်မှု အရတိ တရား တို့မှ ထွက်မြောက်ရာ ဖြစ်ကုန်၏။ ထို့ကြောင့် ထိုမေတ္တာစသော တရားတို့သည် ဗျာပါဒ ဝိဟိံသာ အရတိ တရားတို့မှ ဝေးသည်အဖြစ်ဖြင့် သောမနဿ ၏ ဖြစ်ခြင်းငှာ အလွန်လွယ်ကူသည်၏ အဖြစ်ကြောင့် လည်းကောင်း ပဉ္စမဈာန်၌ကဲ့သို့ သုခသောမနဿ တရားတို့ကို မပယ်ခွာရသေး သောကြောင့် လည်းကောင်း တစ်ရံတစ်ခါမျှ ဝမ်းမြောက်မှု သောမနဿဝေဒနာနှင့် ကင်း၍ ဈာန်အပ္ပနာသို့ ရောက်ရိုးထုံးစံမရှိကုန်။ ထို့ကြောင့် “မေတ္တာ ကရုဏာ မုဒိတာ ၃-ပါးတို့သည် ပထမ ဒုတိယ တတိယ စတုတ္ထဈာန် ၄-ပါးအပေါင်းကို ရစေနိုင်သော အဖို့ရှိကုန်၏” ဟု သင်္ဂြိုဟ်ကျမ်းပြု ဆရာသည် မိန့်ဆိုအပ်၏။
ပဉ္စမဈာန်ကိုသာ ရစေသည့် ဥပေက္ခာကမ္မဋ္ဌာန်း
၂၄။ ဥပေက္ခာသည်ကား သတ္တဝါတို့၌ အချင်းခပ်သိမ်း မျှတလျစ်လျူရှုသော အဖို့၌ တည်၍ ပွားစေအပ်သည်၏အဖြစ်ကြောင့် တစ်ခါတစ်ရံမျှလည်း ဥပေက္ခာဝေဒနာနှင့် ကင်း၍ အပ္ပနာဈာန်သို့ မရောက်နိုင်။ ထို့ကြောင့် “ဥပေက္ခာသည် ပဉ္စမဈာန်ကို ရစေနိုင်သော အဖို့ရှိသည်” ဟု သင်္ဂြိုဟ် ကျမ်းပြုဆရာသည် မိန့်ဆိုအပ်ပြီ။
ကမ္မဋ္ဌာန်းတစ်ခု ဈာန်တစ်ခု ရစေသော ကမ္မဋ္ဌာန်း ၄-မျိုး
၂၅။”စတ္တာရော ပန အာရုပ္ပါ” ဟူသည်ကား ကသိုဏ်းကို ခွာ၍ ရအပ်သော ကောင်းကင် အစရှိကုန်သော လေးပါးကုန်သော အာရုပ္ပအာရုံတို့ပေတည်း။
ဂေါစရဘေဒ
နိမိတ်ဖြင့် ကမ္မဋ္ဌာန်းကို ဝေဖန်ပုံ
အာရုံနှင့်ကင်း၍ ကမ္မဋ္ဌာန်းပရိကံအလုပ်မည်သည် မပြီးစီးနိုင်။ အာရုံကို ကောင်းစွာ မြဲမြံထင်ရှားစွာ ပြု၍ ယူခြင်းဟု ဆိုအပ်သော ကမ္မဋ္ဌာန်းအာရုံယူ ဥဂ္ဂဟအမှုနှင့် ကင်း၍ အာရုံ၏ ပြည့်စုံခြင်း မည်သည် မရှိ။ အာရုံ၏ ပြည့်စုံခြင်းမည်သည် မရှိခဲ့သော် ဈာန်၏ အနီးအနား ဥပစာရဈာန် သည်လည်း မပြည့်စုံသည်သာတည်း။ အပ္ပနာဈာန် ပြည့်စုံဖို့ဟူသည် အဘယ်ဆိုဖွယ်ရှိအံ့နည်း။ ထို့ကြောင့် “ နိမိတ်တို့တွင် ပရိကမ္မနိမိတ် ကို လည်းကောင်း ဥဂ္ဂဟနိမိတ် ကို လည်းကောင်း အလုံးစုံသော ကမ္မဋ္ဌာန်းတို့၌လည်း ထိုက်သည့်အားလျော်စွာ ပရိယာယ်အားဖြင့် ရအပ်ကုန်သည် သာ” ဟု သင်္ဂြိုဟ်ကျမ်းပြုဆရာသည် မိန့်ဆိုပြီ။ (အာရမ္မဏပစ္စည်း ၏ တန်ဖိုးပြအဖွင့်တည်း။ အာရုံရှိမှ စိတ်ရှိသည်။)
ထိုစကားရပ်၌ “သဗ္ဗတ္ထာပိ” ဟူသည်ကား အလုံးစုံလည်းဖြစ်ကုန်သော ကမ္မဋ္ဌာန်း ၄၀-တို့၌။ “ယထာရဟံ” ဟူသည်ကား ထိုထိုကမ္မဋ္ဌာန်းအားလျော်စွာ။ “ပရိယာယေန” ဟူသော ဤစကား သည်ကား ဗုဒ္ဓဂုဏ်အစရှိသော အချို့သော ကမ္မဋ္ဌာန်းအာရုံသည် မျက်စိဖြင့် မြင်ရသကဲ့သို့ အလွန်မထင်ရှားသည်၏အဖြစ်ကြောင့် ဆိုအပ်၏။ (ဤအဖွင့်တို့ဖြင့် ကမ္မဋ္ဌာန်း ၄၀-လုံးတို့၌ ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်၂-မျိုးရပုံကို မှတ်သားခဲ့ပါ။)
ပဋိဘာဂနိမိတ်ရစေသော ကမ္မဋ္ဌာန်း ၂၂-မျိုးအဖွင့်
၂၇။ ဆက်ဦးအံ့, အကြင်ပထဝီကသိုဏ်းဝန်းစသောအာရုံ၌ ရှေးဦးစွာ သဘာဝဓမ္မအာရုံကို ယူ၍ နောက်၌ ထိုသို့သဘာဝဓမ္မသဘောရှိသော (ပဋိဘာဂအနက်), ထိုသို့ သဘာဝဓမ္မအခြင်းအရာ ရှိသော, ထိုသို့သော သဘာဝဓမ္မ ပုံသဏ္ဌာန်ရှိသော ပညတ်အာရုံ၌ ဥပစာရဈာန်သည် လည်းကောင်း အပ္ပနာဈာန်သည်လည်းကောင်း ဖြစ်၏။ ထိုအာရုံ၌သာလျှင် ပဋိဘာဂနိမိတ် မည်ကို ရအပ်၏။ ထို့ကြောင့် “ပဋိဘာဂနိမိတ္တံ ပန” ဤသို့အစရှိသော စကားကို ဆိုအပ်၏။ ဆိုအပ်ပြီးသော အနက်ကို သာလျှင် မြဲစွာပြုလိုသော အရှင်အနုရုဒ္ဓါဆရာသည် “တတ္ထ ဟိ” အစရှိသော စကားကို မိန့်ဆိုပြီ။
(သင်္ဂဟဆရာသည် ပရိကမ္မနိမိတ် နှင့် ဥဂ္ဂဟနိမိတ် တို့ကို ကမ္မဋ္ဌာန်း ၄၀-လုံး၌ ရစေကာမူ ထိုနိမိတ်၂-ပါး၌ ဥပစာရသမာဓိ၊ အပ္ပနာသမာဓိ-ကြီးနှစ်မျိုး ရ/မရ စကားဟတော်မမူခဲ့။ ဤပဋိဘာဂနိမိတ်ကို ရစေသည့် ကမ္မဋ္ဌာန်း၂၂-ပါးနေရာ၌ကား ဥပစာရသမာဓိ၊ အပ္ပနာသမာဓိကြီး ၂-ပါးလည်း ရသည်ဟု သမာဓိစကားကို မိန့်ဟတော်မူသည်။ ၄၀-၂၂ = ၁၈- ရသဖြင့် ၁၈-ပါးသော ကမ္မဋ္ဌာန်းတို့တွင် ၈-ပါး၌ အပ္ပနာသမာဓိရပုံကို နောက်တွင် မိန့်လတ္တံ့။ ကျန် ၁၀-ပါး၌ကား ဥပစာရသမာဓိနှင့် ပရိကမ္မသမာဓိသာ ရပုံကို “ပရိကမ္မဉ္စ သမာဓိယတိ, ဥပစာရော သမ္ပဇ္ဇတိ” ဖြင့် မိန့်လတ္တံ့။ ဤနေရာကား ပရိကမ္မသမာဓိကို “အပ္ပနာသမာဓိ စ” ဝယ် စ-သဒ္ဒါဖြင့် ယူပါ။ မှန်၏, အထက်သမာဓိကြီး၂-ပါးရလျှင် ပရိကမ္မသမာဓိလည်း ရသည်ဟု သိအပ်၏။)
ဘာဝနာနှင့် နိမိတ် တွဲစပ်ပုံ
၂၈။ ဤသို့ သမထသင်္ဂဟ၌ ရှေးဦးစွာ ကသိုဏ်း ၁၀-ပါး အသုဘ ၁၀-ပါးအစရှိသည်ဖြင့် ဆိုအပ်ပြီးသော စကားအစဉ်ဖြင့် သမထအမှုကံ၌ ရှေးဦးစွာ ကမ္မဋ္ဌာန်းအားထုတ်ပုံအစီအရင် ဥဂ္ဂဟ-အမှု၌ ကျွမ်းကျင်လိမ္မာသည်၏အဖြစ်ကို ပြဆိုပြီး၍ ဤအခါ၌ အစမှ စ၍ ပွားများမှုဘာဝနာ အစီအရင်ကို ပြတော်မူလိုသည်ဖြစ်၍ “ကထံ” အစရှိသော စကားကို မိန့်ဆို၏။
“နိမိတ္တံ ဥဂ္ဂဏှန္တဿ” ဟူသည်ကား အာရုံ၏ အကြင်အကြင် ကောင်းစွာထားအပ်သော အခြင်း အရာကို စိတ်၌ အဆင့်ဆင့်ထင်ရှားသည်ကို ပြု၍ယူသော အဖန်ဖန် ရှုသော ပုဂ္ဂိုလ်အား။ “သာ စ ဘာဝနာ” ဟူသည်ကား စွဲမြဲစွာထင်အောင်ယူသော အခြင်းအရာအားဖြင့်ဖြစ်သော ဇောဝီထိအဆက် အဆက်ဟု ဆိုအပ်သော ထိုစိတ္တဘာဝနာသည် ပရိကမ္မဘာဝနာ မည်၏။ အဘယ့်ကြောင့်နည်း ဟူမူကား အဖန်တလဲလဲ ပြုခြင်း၏ အစွမ်းဖြင့် ပွားသော အခြင်းအရာ ဘာဝနာ၌ ကောင်းစွာ တည်သည်၏အဖြစ်ကြောင့်တည်း။
၂၉။ “သမုဂ္ဂဟိတံ ဟောတိ” ဟူ၍ မိန့်ဆိုပြီး၍ အကြင်သို့သော အပြားအားဖြင့် ကောင်းစွာ အာရုံယူအပ်သော အာရုံသည် “သံ+ဥဂ္ဂဟိတ” အာရုံမည်သည် ဖြစ်၏။ ထိုအခြင်းအရာကို ပြခြင်းငှာ “မျက်စိဖြင့် မြင်သောသူအား ထင်ခြင်းသို့ ရောက်သကဲ့သို့ မနောဒွါရအား ထင်ခြင်းသို့ ရောက်၏” ဟူ၍ မိန့်ဆိုအပ်၏။
ထိုစကား၌ “မနောဒွါရဿ အာပါထမာဂတံ (မနောဒွါရအား ထင်ခြင်းသို့ ရောက်၏) “ဟူသည်ကား မျက်စိတို့ကို မှိတ်၍လည်းကောင်း ကမ္မဋ္ဌာန်းအလုပ်ခွင်မှ တစ်ပါးသော အရပ်၌ တည်ရှိ၍ လည်းကောင်း ဆင်ခြင်သောပုဂ္ဂိုလ်အား မျက်စိဖြင့် မြင်ရသည်နှင့် တူစွာ မနောဒွါရ၌ ရှေးရှုထင်၏။ (ထိုအခါ၌ ထိုပထဝီကသိုဏ်းဝန်း အစရှိသော အာရုံသည်ပင်လျှင်) ဥဂ္ဂဟနိမိတ် မည်၏။ အဘယ့်ကြောင့်နည်း ဟူမူကား ကောင်းစွာ မပျောက်မပျက်သည်ကို ပြု၍ ယူအပ်သည်၏ အဖြစ်ကြောင့်တည်း။ ထိုဘာဝနာသည်လည်း တည်ကြည်၏။ ဘာဝနာတစ်ပါး ထူးခြားခြင်း၏ အဖြစ်သို့ကား မရောက်သေး။ ဤကား ဆိုလိုရင်းအဓိပ္ပာယ်တည်း။
၃၀။ “တထာ တမာဟိတဿ” ဟူသည်ကား အထွဋ်အထိပ်သို့ ရောက်သော ထိုပရိကံသမာဓိဖြင့် တည်ကြည်သော ထိုယောဂီပုဂ္ဂိုလ်အား။ “တတော ပရံ” ဟူသည်ကား ဥဂ္ဂဟနိမိတ်ဖြစ်သည်မှ နောက်၌ ဘာဝနာကို အဖန်ဖန်အားထုတ်သော ပုဂ္ဂိုလ်အား စိတ်၌ ကောင်းစွာစုဝေး၏။ ဤသည်လျှင် ပုဒ်အဆက်သမ္ဗန်တည်း။ ထိုစကားရပ်၌ “အနုယုဉ္ဇန္တဿ” ဟူသည်ကား နေ့ည မပြတ်မလပ် အားထုတ်သောပုဂ္ဂိုလ်အား။
(ဥဂ္ဂဟနိမိတ်၌ သဏ္ဌာန်ကို ဘာဝနာစိတ်က ယူစေကာမူ အဆင်းရုပ်အစရှိသော သဘာဝတရားနှင့် တကွသာလျှင် ယူ၏။ ပဋိဘာဂနိမိတ်၌ကား သဘာဝတရားကို လွှတ်၍ ထိုသဘာဝတရားနှင့် တူသော နိမိတ်ပညတ်ဟု ဆိုအပ်သော သဏ္ဌာန်သက်သက်ကိုသာလျှင် ဘာဝနာစိတ်က ယူ၏။ ဤသို့ ထူး၏။ ယင်းသို့ ထူးစေကာမူ ပဋိဘာဂနိမိတ်မှာလည်း အဆင်းထင်သေးသည် မဟုတ်လော။ ထင်ပါ၏။ သို့သော် ပဋိဘာဂနိမိတ်မျှသာ ဖြစ်၏။ တကယ့်အဆင်းမဟုတ်။ ထို့ကြောင့် “တပ္ပဋိဘာဂံ၊ ဝတ္ထုဓမ္မဝိမုစ္စိတံ” ဟု မိန့်၏။)
“တပ္ပဋိဘာဂံ” ဟူသည်ကား သဘာဝဓမ္မဖြစ်၍ဖြစ်သော ထို ဥဂ္ဂဟနိမိတ်နှင့် တူသော။ “ဝတ္ထုဓမ္မဝိမုစ္စိတံ” ဟူသည်ကား မိုးတိမ်တိုက်အတွင်းမှလည်းကောင်း ရာဟုခံတွင်းမှလည်းကောင်း ထွက်သော လဝန်းကဲ့သို့ သဘာဝဓမ္မဖြစ်သော ဥဂ္ဂဟနိမိတ်မှ ကျွတ်လွတ်၍ အသီးအခြား ထင်သော။ ထို့ကြောင့်သာလျှင် ပညတ်ဟု ဆိုအပ်သော နိမိတ်ပညတ် ဟူ၍ ဆိုအပ်သော။ ဘာဝနာမယံ-ဟူသည်ကား သက်သက် ဘာဝနာစိတ်၏ အစွမ်းဖြင့် ပြီးစီးသော။ အာရမ္မဏံ-ဟူသည်ကား ကောင်းစွာ ယူအပ်သော ထိုနိမိတ်အာရုံသည်သာလျှင်။
“စိတ္တေ သန္နိသိန္နံ သမပ္ပိတံ ဟောတိ” ဟူသည်ကား မနောဒွါရ၌ဖြစ်သော စိတ်အစဉ်၌ ငြိမ်သက်စွာ နေသည် တုန်လှုပ်ခြင်းမရှိသည်၏အဖြစ်ဖြင့် တည်သည်ဖြစ်၍ ဘာဝနာစိတ်၏အတွင်း၌ ထည့်သွင်းအပ်သကဲ့သို့ ကောင်းစွာသွင်းအပ်၏။ ဝင်စေအပ်၏။ “တံ” ဟူသည်ကား နိမိတ်အာရုံကို ဆိုအပ်၏။ ဤသည်လျှင် ပုဒ်အစွဲအဆက်သမ္ဗန်တည်း။
၃၁။ အကြင်ကြောင့် လဝန်းစသည်ကဲ့သို့ ထိုနိမိတ်အာရုံ၏ ထက်ဝန်းကျင်မှ စင်ကြယ်သည်၏ အဖြစ်, အရောင် ပြိုးပြိုးပြက်ပြက် ထွက်သည်၏အဖြစ်ဖြင့် ထင်သည်၏ အဖြစ်မည်သည်ကား ကိလေသာ တည်းဟူသော အညစ်အကြေးကို ခွာသဖြင့် စင်ကြယ်သော ပြိုးပြိုးပြက်ပြက် အရောင်ရှိသော အဖြစ်သို့ ရောက်၍ တောက်ပသည်ဖြစ်၍ဖြစ်သော စိတ်၏အစွမ်းဖြင့်သာလျှင် ဖြစ်၏။ ထိုအာရုံ၏ အစွမ်းဖြင့် ဖြစ်သည်ကား မဟုတ်။ မှန်၏, ပညတ်တရား၌ ထိုသို့သဘောရှိသော ဂုဏ်မည်သည်ကို မရအပ်ဟု သိအပ်၏။ ထို့ကြောင့် ပဋိဘာဂနိမိတ် သည် ကောင်းစွာ ဖြစ်သည်ရှိသော် နီဝရဏ ဟု ဆိုအပ်ကုန်သော တားမြစ်တတ်ကုန်သော တရားတို့ကို ခွာအပ်ပြီး သည်၏အဖြစ်သည် ပြီးစီး၏။ ထို့ကြောင့် “တတော ပဋ္ဌာယ = ထိုအခါမှ စ၍” အစရှိသောစကားကို မိန့်ဆိုအပ်ပြီ။
တားမြစ်တတ်ကုန်သည်, ထွက်မြောက်ခြင်းအဖို့ရှိသော စိတ်ကို ကျစေတတ်ကုန်သည်ဟူသော အကြောင်းဟိတ်ကြောင့် “ပဋိဗန္ဓ” မည်ကုန်၏။ ထိုပုဒ်အရ နီဝရဏ တရားတို့ကို ရအပ်ကုန်၏။ အထူးအားဖြင့် ပယ်အပ်ကုန်ပြီးသော ဘေးရန်တို့သည် ရှိကုန်ကြောင်း ဘာဝနာဟူသော အကြောင်းဟိတ်ကြောင့် “ပဋိဗန္ဓဝိပ္ပဟီနာ” မည်၏။
ရူပပဌမဈာန်ဖြစ်ပုံ
၃၂။ “သမာသေဝန္တဿ” ဟူသည်ကား ကောင်းစွာမှီဝဲသော ပုဂ္ဂိုလ်အား။ (၇)ပါး အပြားရှိသော နိမိတ်စောင့်ရှောက်ခြင်းအစီအရင်ကို ပြည့်စုံစေ၍ စကြာဝတေးမင်းလောင်း ကိုယ်ဝန်ကို ကောင်းစွာ စောင့်ရှောက်သကဲ့သို့ ကောင်းစွာ စောင့်ရှောက်၍ အဖန်တလဲလဲ ပွားများသည်၏ အစွမ်းဖြင့် မှီဝဲသောပုဂ္ဂိုလ်အား။ ဤသည်ကား အနက်တည်း။
မှန်၏, ကျောင်းအိပ်ရာနေရာ၊ ဆွမ်းခံရွာ၊ စကားများခြင်း၊ အဖော်ပုဂ္ဂိုလ်၊ ဆွမ်းဘောဇဉ်၊ ရာသီဥတု၊ လျောင်းထိုင်ရပ်သွားလေးပါးဣရိယာပုထ်ဟူသော မသင့်တော်ကုန်သော အသပ္ပာယ(၇)ပါးတို့ကို ရှောင်ကြဉ်ရာ၏။ ထိုမှ အပြန်ယူအပ်ကုန်သော သင့်တော်ကုန်သော သပ္ပာယ(၇)ပါးတို့ကို မှီဝဲရာ၏။ သင့်မြတ်စွ, ဤသို့ရှောင်ထိုက်သည့် ၇-ပါးကို ရှောင်၍ ဆောင်ထိုက်သည့် ၇-ပါးကို ဆောင်သည်၏ အစွမ်းဖြင့် ကျင့်သည့် အချို့ပုဂ္ဂိုလ်အား မကြာမြင့်မီ ကာလ၌သာလျှင် အပ္ပနာဈာန်သည် ဖြစ်သည်”ဟု ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၌ မိန့်ဆိုအပ်ပြီ။
“ရူပါဝစရပဌမဇ္ဈာနံ အပ္ပေတိ”ဟူသည်ကား ကာမတဏှာ၏ အာရုံ၏အဖြစ်ကို ကျော်လွန်၍ လွန်ကဲစွာ သိမ်မွေ့နူးညံ့သည်၏အဖြစ်သို့ ရောက်သော, ဥပစာရဈာန်ထက် အဆအရာအားဖြင့် လည်းကောင်း အဆအထောင်အားဖြင့် လည်းကောင်း သာလွန်ခိုင်ခံ့သော, ဈာန်အင်္ဂါနှင့် ယှဉ်သော, ရူပါစဝရဟု ဆိုအပ်သော ပထမဈာန်သည် ထိုပဋိဘာဂနိမိတ်၌ အစဉ်သက်ဝင်သကဲ့သို့ ဖြစ်၏။ ဤသည်လျှင် ထိုပါဠိဝါကျ၏အနက်တည်း။
ရူပါဝစရ ဒုတိယဈာန် စသည် ရအောင် အားထုတ်နည်း
၃၃။ ထိုပဌမဈာန်ကိုပင်လျှင် အစွမ်းထက်သောဝသီဘော်သို့ရောက်သည်ကို ပြု၍, ဤသို့ “တမေဝ ပဌမဇ္ဈာနံ”ဟူသော သင်္ဂြိုဟ်ပါဠိနှင့် နောက်နားက “ဝသီဘူတံ ကတွာ” ဟူသော ပုဒ်၏ အဆက်သမ္ဗန်ကို မှတ်အပ်၏။
ငါးပါးကုန်သော ဝသီဘော်တို့တွင်ကား ပဌမဈာန်မှ ထ၍ ရှေးဦးစွာ ဝိတက်ကို ဆင်ခြင်၏။ ထို့နောက် ဝိစာရကို ဆင်ခြင်၏။ ထို့နောက် ပီတိကို ဆင်ခြင်၏။ ထို့နောက် သုခကို ဆင်ခြင်၏။ ထို့နောက် ဧကဂ္ဂတာဟူသော သမာဓိကို ဆင်ခြင်၏။ ထို့နောက် တစ်ဖန် ဝိတက်ကို, ထို့နောက် ဝိစာရစသည်ကို ဆင်ခြင်၏။ ဤသို့ အဖန်တလဲလဲ ဈာန်အင်္ဂါတို့ကို ဆင်ခြင်သော ယောဂီ ပုဂ္ဂိုလ်အား အကြင်အခါ၌ ထိုထိုဈာန်အင်္ဂါလျှင် အာရုံရှိကုန်သော စိတ်အလှည့်အကြိမ်တို့သည် အကြားအကြား၌ နှစ်ကြိမ် သုံးကြိမ်သော ဘဝင်တို့ဖြင့် ခြားကုန်သည်ဖြစ်၍ မပြတ်ဖြစ်ကုန်သကဲ့သို့ ဖြစ်ကုန်၏။ ထိုအခါ၌ “အာဝဇ္ဇနဝသီဘော်”၊ “ပစ္စဝေက္ခဏာဝသီဘော်” တို့သည် ဝသီဘော် မည်ကုန်၏။
ဈာန်ဝသီဘော် ၅-ပါးဆိုင်ရာ မှတ်ဖွယ်
ထိုဝသီဘော်တို့သည်ကား သဗ္ဗညုမြတ်စွာဘုရားတို့အား အထွဋ်အထိပ်သို့ ရောက်ကုန်၏။ မှန်၏, ရေမီးအစုံအစုံသော တန်ခိုးပြာဋိဟာ ပြတော်မူသောအခါ အစရှိသည်တို့၌ လျင်စွာဖြစ်ခြင်းကို အလိုရှိကုန်သော ထိုသဗ္ဗညုမြတ်စွာဘုရားတို့အား ထိုထိုဈာန်အင်္ဂါလျှင် အာရုံရှိကုန်သော စိတ်အလှည့်အကြိမ် တို့သည်လည်း လေးကြိမ်ငါးကြိမ် စောသော ဇောရှိကုန်သည်သာလျှင် ဖြစ်ကုန်၏။ အကြား(အကြား) ဘဝင်တို့သည်လည်း နောက်ဆုံး အကြိမ်၏ ဥပစာရဖြစ်၍ ဖြစ်ကုန်သော ဘဝင်္ဂစလန နှစ်ကြိမ်တို့သည်သာလျှင် ဖြစ်ကုန်၏။ ယင်း ဘဝင်နှစ်မျိုးတို့၌ တစ်ပါးသော ဈာန်အင်္ဂါသည် ထင်ခြင်းသို့ ရောက်လာ၏။ မှန်၏, အာရုံသည် ထင်ခြင်းသို့ မရောက် လာသည်ရှိသော် ဘဝင်သည် မလှုပ်။ ဘဝင်လှုပ်ခြင်းနှင့်ကင်း၍ အဝဇ္ဇန်းဖြစ်ခြင်းမည်သည် မရှိ။ ဤသို့ မှတ်အပ်၏။
“သဗ္ညုဘုရားတို့ကို ချန်ထား၍ တစ်ပါးကုန်သော ဝသီဘော်သို့ ရောက်ကုန်သော ပုဂ္ဂိုလ်တို့ အားလည်း အကြားအကြား၌ ဘဝင်ဖြစ်ခြင်း၌ ရေတွက်ခြင်းမည်သည် မရှိ”ဟု ပဋိသမ္ဘိဒါမဂ်-အဋ္ဌကထာ၌ မိန့်ဆိုအပ်ပြီ။ ဝိသုဒ္ဓိမဂ်၌ကား “အထွဋ်အထိပ်သို့ ရောက်သော ဤ(အာဝဇ္ဇန) ဝသီဘော်ကိုကား မြတ်စွာဘုရားအား ရေမီးအစုံစုံ တန်ခိုးပြာဋိဟာ ပြသောအချိန်၌ ရအပ်၏။ တစ်ပါးသော ပုဂ္ဂိုလ်တို့အား ဤသို့ သဘောရှိသော ကာလ၌ ရအပ်၏”ဟု မိန့်ဆိုအပ်ပြီ။
ဈာန်ကို အလွန်လျင်မြန်စွာ ဝင်စားခြင်းငှာ စွမ်းနိုင်သည်၏အဖြစ်သည် “သမာပဇ္ဇနဝသီဘော်” မည်၏။ မှန်၏, ထို့ကြောင့်သာလျှင် ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ “ဝင်စားခြင်း၌ နုံ့နှေးသည်၏ အဖြစ်သည် မရှိ”ဟူ၍ မိန့်ဆိုအပ်ပြီ။ ကြွင်း အဓိဋ္ဌာန၊ ဝုဋ္ဌာန၊ ပစ္စဝေက္ခဏာ ဝသီဘော်တို့၌လည်း ဤနည်းအတိုင်းပင်တည်း။ ဤသို့ သိအပ်၏။
ထို အခြင်းအရာအားဖြင့် ဝင်စားအပ်ပြီးသော ဈာန်ကို လက်ဖျစ်တစ်တွက် ပမာဏစသည်တို့၏ အစွမ်းအားဖြင့် အလွန်တိုတောင်း သည်လည်းဖြစ်သော ခဏပတ်လုံး အဓိဋ္ဌာန်ပြု၍ တည်ထား ခြင်းငှာ စွမ်းနိုင်သည်၏အဖြစ်သည် “အဓိဋ္ဌာနဝသီဘော်”မည်၏။ ထိုဝင်စားအပ်ပြီးသော ဈာန်မှ အလွန်လျင်မြန်စွာထခြင်းငှာ စွမ်းနိုင်သည်၏အဖြစ်သည် “ဝုဋ္ဌာနဝသီဘော်”မည်၏။ အာဝဇ္ဇန-ဝသီဘော်သည် ပြီးစီးသည်ရှိသော် “ပစ္စဝေက္ခဏာဝသီဘော်” သည် ပြီးစီးတော့သည် သာလျှင် ဖြစ်သည်ဟု သိအပ်၏။
(အဓိဋ္ဌာနဝသီဘော်နှင့် ဝုဋ္ဌာနဝသီဘော် ထူး/မထူး)
ဋီကာကျော်
ဋီကာကျော်၂၆၃-၄-၌ကား “အကြင်မျှလောက်သော ကာလပတ်လုံး ဈာန်ကို တည်ထားခြင်းငှာ အလိုရှိ၏။ ထိုမျှလောက်သော ကာလပတ်လုံး သာလွန်၍ ကြာမြင့်စွာ ဈာန်ကို တည်ထားခြင်းငှာ စွမ်းနိုင်သည်၏အဖြစ်သည် အဓိဋ္ဌာနဝသီဘော်-မည်၏။ ဤသို့လည်း ဆိုအပ်ပြီ။ (လည်း-စကားဖြင့် ဒီပနီလာ အဓိဋ္ဌာနဝသီဘော်အဖွင့်ကို ပြန်ဆည်းသည်။) အဓိဋ္ဌာနဝသီဘော်လို ထိုသို့ပိုင်းခြား တိုင်းသော ကာလမှ အတွင်း၌ မထမူ၍ အကြင် ပိုင်းခြားတိုင်းသော ကာလ၏အစွမ်းဖြင့်သာလျှင် ထခြင်းငှာ စွမ်းနိုင်သည်၏ အဖြစ်သည် ဝုဋ္ဌာနဝသီဘော်-မည်၏” ဟု မိန့်ဆိုအပ်ပြီ။ ထိုစကား သည်လည်း သင့်သည်သာတည်း။ (ထိုတွင် အဓိဋ္ဌာနဝသီဘော်ပိုင်း၌ ဋီကာကျော်အဆိုနှင့် အတိအကျ မတူ။)
မှန်၏, ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ “ပဌမဇ္ဈာန်ကို အကြင်အကြင်အရပ်၌ အလိုရှိသည့်အားလျော်စွာ အကြင်အကြင်ခဏ၌ အလိုရှိသည့်အားလျော်စွာ အကြင်ပမာဏဖြင့် အလိုရှိသည့်အားလျော်စွာ အဓိဋ္ဌာန်၏။ ဆောက်တည်၏။ အဓိဋ္ဌာန်ခြင်း၌ နုံ့နှေးသည်၏ အဖြစ်သည် မရှိ” ဤသို့အစ ရှိသည်ဖြင့် မိန့်ဆိုထားသည့် စကားဖြင့် သာ၍လျင်မြန်သည် မူလည်းဖြစ်ပါစေ, သာ၍ ကြာမြင့်သည်မူလည်းဖြစ်ပါစေ အကြင်မျှလောက်သော ကာလပတ်လုံး ဈာန်ကို တည်ထားခြင်းငှာ လည်းကောင်း, အကြင်ကာလ၌ ထိုဈာန်မှ ထခြင်းငှာ လည်းကောင်း အလိုရှိ၏။ ထိုမျှလောက်သော ကာလပတ်လုံး မယုတ်, မလွန်သည်ကို ပြု၍ အဓိဋ္ဌာန်ခြင်းငှာ လည်းကောင်း, ဈာန်မှ ထခြင်းငှာ လည်းကောင်း စွမ်းနိုင်သည်၏ အဖြစ်ကိုလည်း ပြအပ်သည်သာလျှင် ဖြစ်၏။ ဤသို့ မှတ်အပ်၏။
(ထိုတွင် အဓိဋ္ဌာန်-ဟူသောစကားဖြင့် အဓိဋ္ဌာနဝသီဘော်ကို, ထ-ဟူသော စကားဖြင့် ဝုဋ္ဌာန- ဝသီဘော်ကို ပြောသည် သိထားပြီး အောက်က စာကို ဆက်ဖတ်ပါ။)
ဆက်ဦးအံ့, ဤသို့ဖြစ်သည်ရှိသော် “အဓိဋ္ဌာနဝသီဘော်”သည် ပြီးစီးသည်ရှိသော် “ဝုဋ္ဌာနဝသီဘော်” သည်လည်း ပြီးစီးသည်သာလျှင်တည်း။ ထို့ကြောင့် နှစ်ပါးကုန်သော ထို ဝုဋ္ဌာနဝသီဘော်၊ အဓိဋ္ဌာနဝသီဘော်တို့၏ အထူးကြံခြင်းသည်လည်း အကျိုးမရှိရာ။ ဤသို့ မှတ်အပ်၏။
(ဤသို့ ဝသီဘော်မှတ်ဖွယ်များကို ပြပြီး၍ သင်္ဂဟပါဠိကို ဆက်လက် ခက်ဆစ်စသည်ဖွင့်ရန် အောက်ပါစကားတို့ကို မိန့်။)
စွမ်းနိုင်ခြင်းသည် ဝသီမည်၏။ စွမ်းနိုင်သည်၏ အဖြစ်တည်း။ ဤကား ဝသီပုဒ်၏ အနက်တည်း။ အစိုးရသည်၏ အဖြစ်တည်းဟု ဆိုလိုပေ၏။ စွမ်းနိုင်ခြင်းသည်သာလျှင် ဝသိတာမည်၏။ ပုံစံ အဘယ်ကဲ့သို့နည်းဟူမူကား နတ်သည်ပင်လျှင် ဒေဝတာ မည်သကဲ့သို့တည်း။ “ဝသီဘော်ပြု၍ အားထုတ်သော ပုဂ္ဂိုလ်အား” ဤသည်လျှင် “ကတွာ ပဒဟတော” နှစ်ပုဒ်အတွက် အစပ်သမ္ဗန်တည်း။
ဒုတိယဈာန်စသည်ဖြစ်ပုံ
“ဝိတက္ကာဒိကံ သြဠာရိကင်္ဂံ ပဟာနာယ”ဟူသော ဤပါဌ်၌ ရှေးဦးစွာ ပဌမဈာန်ကို ဝသီဘော်ကို ပြု၍ တည်သောပုဂ္ဂိုလ်အား ဝိတက်သည် ရုန့်ရင်းသောအားဖြင့် ထင်၏။ ထိုအခါ၌ “ငါ့အား ဝိတက်မရှိသော ဈာန်သည် ဖြစ်ပါမူကား သြော် ကောင်းလေစွ”ဟု ထိုယောဂီပုဂ္ဂိုလ်၏ အလို အဇ္ဈာသယသည် ကောင်းစွာတည်၏။ ထိုအခါ၌ “ငါသည် ဝိတက်မရှိသော ဒုတိယဈာန်ကို ဝင်စားတော့အံ့”ဟု တစ်ဖန် ထိုပဋိဘာဂနိမိတ်၌ အဖန်ဖန် စီးဖြန်းမှုပရိကံကို ပြုသော ယောဂီပုဂ္ဂိုလ်၏ ထိုဘာဝနာသည် ဝိတက်ကို စက်ဆုပ်သော ဘာဝနာမည်၏။
ထိုဝိတက်ကို စက်ဆုပ်သော ဘာဝနာသည်လည်း အကြင်မျှလောက် ဝိတက်၌ မက်မောသော တဏှာသည် မကုန်ခန်းသေး။ ထိုမျှလောက် ပရိကမ္မဘာဝနာ မည်၏။ ဝိတက်၌ မက်မောသော တဏှာသည် ကုန်ခန်းပြီးသည်ရှိသော်ကား ဥပစာရဘာဝနာ မည်၏။ ကြွင်းသောဈာန်၏ ဥပစာရတို့၌လည်း ဤနည်းအတူတည်း။ ဤသို့ ထိုထိုဈာန်အင်္ဂါ၌ မက်မောခြင်းကင်းသော ဘာဝနာ၏အစွမ်းအားဖြင့် ဝိတက္ကာဒိကဿ-ဝိတက် အစရှိသော၊ သြဠာရိကဿ-ရုန့်ရင်းသော၊ တဿ တဿ ဈာနင်္ဂဿ-ထိုထိုဈာန် အင်္ဂါကို၊ ပဇဟနတ္ထာယ-ပယ်စွန့်ခြင်းငှာ။
“ဝိစာရာဒိသုခုမင်္ဂုပ္ပတ္တိယာ”ဟူသည်ကား ဝိစာရအစရှိကုန်သော သိမ်မွေ့ကုန်သော လေးပါးလည်း ဖြစ်ကုန်, သုံးပါးလည်းဖြစ်ကုန်, နှစ်ပါးလည်းဖြစ်ကုန်, တစ်ဖန် နှစ်ပါးလည်းဖြစ်ကုန်သော ဈာန်အင်္ဂါတို့၏ ဝိတက်အစရှိသော ရုန့်ရင်းသော ထိုထိုအင်္ဂါနှင့် ကင်း၍ တစ်ဖန်ဖြစ်ခြင်းငှာ။
(ဝိတက်မပါသည့် ဒုတိယဈာန်ကို ရည်ရွယ်၍ ၄-ပါး,
ပီတိ၊ သုခ၊ ဧကဂ္ဂတာ-ဟူသော ဈာန်အင်္ဂါ ၃-ပါးပါသည့် တတိယဈာန်ကို ရည်ရွယ်၍ ၃-ပါး,
သုခ၊ ဧကဂ္ဂတာ-ဟူသော ဈာန်အင်္ဂါ၂-ပါးပါသည့် စတုတ္ထဈာန်ကို ရည်ရွယ်၍ ၂-ပါး,
ဥပေက္ခာ၊ ဧကဂ္ဂတာ-ဟူသော ဈာန်အင်္ဂါ၂-ပါးပါသည့် ပဉ္စမဈာန်ကို ရည်ရွယ်၍ တစ်ဖန်၂-ပါး
ဟု ရေးသည်။ မဓုဒီပနီ)
“ပဒဟတော”ဟူသည်ကား အားထုတ်သော ပုဂ္ဂိုလ်အား, ကိလေသာကို ပူပန်စေတတ်သည့် ပဓာနအမည်ရှိသော အာတာပဝီရိယကို ပြုသောပုဂ္ဂိုလ်အား။ ဤသည်လျှင် ပဒဟတော-ပုဒ်၏ အနက်တည်း။ “ဒုတိယစ္ဈာနာဒယော”ဟူသည်ကား ဒုတိယဈာန် အစရှိကုန်သော ကြွင်းသော ရူပါဝစရဈာန်တို့သည်။ “ယထာရဟံ”ဟူသော ဤစကားကို (ကသိုဏ်းပညတ် ၁၀-ပါး၊ အသုဘ ပညတ် ၁၀-ပါး၊ ဆံအစရှိသော ကာယအစုပညတ် ၁-ပါး၊ ထွက်သက်ဝင်သက်ပညတ် ၁-ပါး အားဖြင့်) ပဋိဘာဂနိမိတ် ထင်မြင်နိုင်သည့် ကမ္မဋ္ဌာန်း၂၂-ပါးတို့တွင် ဒုတိယဈာန်အစရှိသည်တို့အား လျောက်ပတ်ကုန်သော ကသိုဏ်းပညတ် ၁၀-ပါး၊ အာနာပါနပညတ် ၁-ပါးတို့ကို ရည်ရွယ်၍ မိန့်ဆိုအပ်ပြီ။
၃၄။ ၃၅။ အထူးမဖွင့်။ သို့သော် အောက်ပါအတိုင်း ဖွင့်က ရပေ၏။
(၃၄။ ဤသို့ စာပိုဒ်၂၇-ဖြင့် ပဋိဘာဂနိမိတ်ရနိုင်သော ကမ္မဋ္ဌာန်းတို့ကို သရုပ်အားဖြင့် ပြဆိုပြီး၍ ယခုအခါ၌ ယင်းကမ္မဋ္ဌာန်းတို့ကို သင်္ချာအတိအကျတပ်လျက် နိဂုံးအုပ်ပြတော်မူလိုသော အရှင်အနုရုဒ္ဓါမထေရ်သည် “ဣစ္စေဝံ”အစရှိသော စကားကို မိန့်တော်မူ၏။)
(၃၅။ ဤသို့ ပဋိဘာဂနိမိတ်ရစေသော ကမ္မဋ္ဌာန်း ၂၂-ပါးကို ပြဆိုပြီး၍ ယခုအခါ၌ ဥဂ္ဂဟနိမိတ်သာ ရစေကာမူ အပ္ပနာဈာန်ရစေသော ကမ္မဋ္ဌာန်း ၈-မျိုးကို ပြတော်မူလိုသော အရှင်အနုရုဒ္ဓါမထေရ် သည် “အဝသေသသု”စသည်ကို မိန့်၏။ ထိုတွင် “အဝသေသေသု”ဟူသည်ကား ထိုပဋိဘာဂ နိမိတ်ရစေသော ကမ္မဋ္ဌာန်း၂၂-ပါးမှ ကြွင်းကုန်သော ၁၈-ပါးသော ကမ္မဋ္ဌာန်းတို့တွင်။ ဤ ‘အဝသေသေသု’ဟူသောပုဒ်၌ “သု”ဝိဘတ်သည် နိဒ္ဓါရဏအနက်၌ သက်၏。
“အပ္ပမညာ သတ္တပညတ္တိယံ”၌ အပ္ပမညာကမ္မဋ္ဌာန်းလေးပါးသည် ပရိကမ္မနိမိတ်နှင့် ဥဂ္ဂဟနိမိတ်ဟု ဆိုအပ်သော သတ္တဝါပညတ်၌ ဖြစ်ကုန်သည်ဟု မှတ်အပ်၏။ ပဋိဘာဂနိမိတ်ဟု ဆိုအပ်သော သတ္တဝါပညတ်၌ ဖြစ်ကုန်သည်ဟု မမှတ်အပ်။ မှန်၏, အပ္ပမညာလေးပါးတို့သည် သတ္တဝါပညတ်ကို အာရုံပြု၍ ဈာန်ဖြစ်သော်လည်း သတ္တဝါအာရုံသည် ပဋိဘာဂနိမိတ်အဆင့်အထိ မလိုက်အပ်။ အကယ်၍ သတ္တဝါအာရုံသည် ပဋိဘာဂနိမိတ်အထိ လိုက်ချေက အရောင်ကသိုဏ်း စသည်တို့နှင့် ရောသွားမည် ဖြစ်၏။ ဤ ကမ္မဋ္ဌာန်းသည် သဘာဝအားဖြင့် အာရုံပွားဖို့ ကမ္မဋ္ဌာန်းမဟုတ်, ဈာန်အရည်အသွေးပွားဖို့ ကမ္မဋ္ဌာန်း ဖြစ်၏။
အောက်အရူပကမ္မဋ္ဌာန်းတို့ကား ရုပ်နှင့်စပ်သော ကမ္မဋ္ဌာန်းမျိုးမဟုတ်သဖြင့် သိမ်မွေ့ရကား ရုပ်နှင့်စပ်သော ကမ္မဋ္ဌာန်းတို့မှာသာ ပဋိဘာဂနိမိတ်ကို ရကောင်း၍ ပဋိဘာဂနိမိတ်မလိုအပ်ဟု မှတ်အပ်၏။)
အရူပဈာန်ဖြစ်ပုံ
၃၆။ ကြွင်းကုန်သော ၁၈-ပါးသော ကမ္မဋ္ဌာန်းတို့၌ကား အကြင်ကြောင့် အရူပဈာန်တို့မည်သည် အာရုံကို လွန်သည်၏ အစွမ်းဖြင့်သာလျှင် ဖြစ်ကုန်၏။ ထိုအာရုံကို လွန်ခြင်းအကျိုးငှာလည်း ကသိုဏ်းကို ခွာ၏။ ထို့ကြောင့် အကြင်ကသိုဏ်းတို့၌ ထိုကသိုဏ်းကို ခွာခြင်းသည် ဖြစ်သင့်၏။ ထိုကသိုဏ်းတို့ကိုသာလျှင် ပြခြင်းငှာ “အာကာသဝဇ္ဇိတကသိဏေသု”ဟူ၍ မိန့်ဆိုအပ်၏။ မှန်၏, အာကာသကသိုဏ်းကို ခွာအပ်သော်လည်း အာကာသသည်သာလျှင် ဖြစ်၏။ ထို့ကြောင့် ထိုအာကာသ,ကသိုဏ်း၌ ကသိုဏ်းနိမိတ်ကို လွန်မှု၏ ဖြစ်သင့်ခြင်းသည် မရှိ။ ဤသို့ မှတ်အပ်၏။
(အထက်စာပိုဒ်၌ ‘အဝသေသေသု’ပုဒ် ပါသဖြင့် ထိုပုဒ်မျိုးပါသော စာပိုဒ် ၃၅-ကို ဒီပနီကျမ်း ဆရာဖွင့်သည်ဟု ထင်စရာရှိသည်။ သို့သော် စကားဆင်တူခြင်းသာ ဖြစ်သည်။ ထိုပုဒ်ကို ဖွင့်က အထက်တွင် မိမိဖွင့်ထားသလို သံဝဏ္ဏနာသံ ပါရမည် ဖြစ်သည်။, ၁၈-ပါးသရုပ်ကို အပ္ပမညာ ၄-ပါး၊ အရူပ ၄-ပါးဟူသော အပ္ပနာသမာဓိ ရစေသည့် ကမ္မဋ္ဌာန်း ၈-ပါး၊ ဥပစာရသမာဓိအထိသာ ရစေသည့် ဗုဒ္ဓါနုဿတိစသော ကမ္မဋ္ဌာန်း ၁၀-ပါးဟု မှတ်သားထားနှင့်ပါ။)
“ဥဂ္ဃါဋေတွာ”ဟူသည်ကား ဈာန်မျက်စိဖြင့် အကြင်အကြင်မြင်အပ်သော အပြားရှိသော ကသိုဏ်း၌ ကသိုဏ်းနိမိတ်ဟူသော အမှတ်သညာကို မပြုမူ၍ ထိုကသိုဏ်းနိမိတ်၌ “အာကာသကောင်းကင် သည် အဆုံးမရှိ, အာကာသကောင်းကင်သည် အဆုံးမရှိ” ဟူ၍ အာကာသဟူသော အမှတ် သညာကို ဖြစ်စေသော ယောဂီပုဂ္ဂိုလ်၏ စိတ်၌ ထိုကသိုဏ်းနိမိတ်သည် ကွယ်ပျောက်၏။ ထိုကသိုဏ်းနိမိတ်လျှင် အတိုင်းအတာ ပမာဏရှိသော အာကာသသည်သာလျှင် ထင်၏။ ဤသို့ ကသိုဏ်းဟူသော အမှတ်သညာကို မှုတ်လွှင့်သဖြင့် လည်းကောင်း, ကောင်းကင်ဟူသော အမှတ်သညာကို ဖြစ်စေသဖြင့် လည်းကောင်း အမှတ်မရှိ အလုံးစုံသော ကသိုဏ်းကို ရှောင်ခွာ၍, ထိုရှောင်ခွာ၍-ဟူသည် ကွင်းစေ၍။ ဤသည်လျှင် “ဥဂ္ဃါဋေတွာ”ပုဒ်၏ အနက်တည်း။
“လဒ္ဓံ-ရအပ်သော၊ အာကာသံ-ကောင်းကင်ပညတ်ကို၊ အာရဗ္ဘ-အာရုံပြု၍” ဤသို့ “အာရဗ္ဘ” ဟူသော ပါဌ်အကြွင်းနှင့် ဆက်စပ်အပ်၏။ “ပထမာရုပ္ပဝိညာဏံ” အစရှိသည်တို့၌လည်း ဤနည်း အတူတည်း။ (အာရဗ္ဘ-ဟူသော ပါဌသေသပုဒ်ကို ၃၇-၃၈-၃၉-ပိုဒ်တို့၌ ထည့်သွင်းကာ အနက်ပေး ဘာသာပြန်ပါဟု ဆိုလိုသည်။)
“အနန္တဝသေန”ဟူသည်ကား အဆုံးမရှိသော ကောင်းကင်တည်းဟု ဖြစ်သော နှလုံးသွင်းပြုမှု၏ အစွမ်းအားဖြင့်။
၃၇။ ၃၈။ အထက်က အာရဗ္ဘ-ထည့်ရန် ဖွင့်သည်မှ တစ်ပါး အထူးမဖွင့်။
သို့သော် စာပိုဒ် ၃၈-၌ အောက်ပါအတိုင်းဖွင့်က ရ၏။
(၃၈။ ဒုတိယအရူပဈာန်စိတ်သည် သူနှင့် နီးကပ်သော ပထမအရူပဈာန်စိတ်ကို အာရုံ ယူသကဲ့သို့ လည်းကောင်း, စတုတ္ထအရူပဈာန်စိတ်သည် သူနှင့်နီးကပ်သော တတိယအရူပဈာန်စိတ်ကို အာရုံယူသကဲ့သို့ လည်းကောင်း ထို့အတူ တတိယအရူပဈာန်စိတ်သည် သူနှင့်နီးကပ်သော ဒုတိယ အရူပဈာန်စိတ်၏ မရှိခြင်းကို အာရုံမယူဘဲ အဘယ့်ကြောင့် ပထမအရူပဈာန်စိတ်၏ မရှိခြင်းကိုသာ အာရုံယူသနည်း။ ဤကား စောဒနာတည်း။
အဖြေကား တတိယအရူပဈာန်စိတ်သည် မိမိနှင့်နီး ကပ်သော ဒုတိယအရူပဈာန်စိတ်၏ မရှိခြင်းကို ရှုခြင်းထက် ချုပ်ခဲ့မရှိခဲ့လေသော ပထမအရူပဈာန်စိတ်၏ မရှိခြင်းကို ရှုခြင်းကထိုစိတ်၏ရှိခြင်း ကိုလည်း ဒုတိယအရူပဈာန်စိတ်ဖြင့် ရှုခဲ့ဖူးသဖြင့် ရှိ/မရှိ ရှုထောင့်အားဖြင့် သာ၍ အဆင်ပြေ သောကြောင့် စိတ္တနိယာမအားဖြင့် ပထမအရူပဈာန်စိတ်၏ မရှိခြင်းကိုသာ ရှုသည်ဟု သိအပ်၏။ ဤကား အဖြေတည်း။)
၃၉။ “သန္တမေတံ ပဏီတမေတန္တိ ပရိကမ္မံ ကရောန္တဿ”ဟူသော ဤစကားရပ်၌ ထိုထိုအခြင်းအရာ အားဖြင့် ချီးမွမ်း၍ တတိယအရူပါဝစရဈာန်ကို ပရိကံကို ပြုငြားသော်လည်း အာရုံကို ကောင်းစွာ ကျော်လွန်သည်၏ အဖြစ်ကြောင့် အထက်စတုတ္ထအရူပါဝစရဈာန်သည် ဖြစ်သည်သာလျှင်တည်း။ ထို့ကြောင့် “စတုတ္ထာရုပ္ပ,မပ္ပေတိ”ဟူ၍ မိန့်ဆိုအပ်၏။
(ဤတွင် အပ္ပနာသမာဓိအထိ ရစေသော ကမ္မဋ္ဌာန်း ၃၀-ဆိုင်ရာအဖွင့် ပြီး၏။)
ဥပစာရသမာဓိအထိသာ ရစေနိုင်သော ကမ္မဋ္ဌာန်း ၁၀-ပါး
၄၀။ “ပရိကမ္မံ ကတွာ”ဟူသည်ကား “ထိုမြတ်စွာဘုရားသည် ဤသို့ ဆိတ်ကွယ်ရာအရပ်၌ မကောင်းမှုကို မပြုခြင်းတည်းဟူသော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏” အစရှိသည်ဖြင့် ကောင်းစွာ အဖန်တလဲလဲ အောက်မေ့ခြင်း ပရိကံကို ပြု၍။ “တသ္မိံ”ဟူသည်ကား ဘုရားဂုဏ် အစရှိသော ထိုအာရုံ၌။ ဤ”တသ္မိံ” ဟူသောပုဒ်သည် နေရာပြပုဒ်အနက်၌ သတ္တမီဝိဘတ်တည်း။ “နိမိတ္တေ”ဟူသည်ကား ထိုဘုရားဂုဏ်အစရှိသော အာရုံ၏အခြင်းအရာဟု ဆိုအပ်သော နိမိတ်ကို။ ဤ”နိမိတ္တေ” ပုဒ်သည် ဘာဝလက္ခဏကံ၌ သတ္တမီဝိဘတ်တည်း။
(တသ္မိံ နိမိတ္တေ-ဟူသော နှစ်ပုဒ်ကို အခြားသင်္ဂဟနိဿယတို့၌ “ထိုဘုရားအစရှိသောအာရုံကို”ဟု ပေါင်းဘာသာပြန်သလို မပြန်ဘဲ “တသ္မိံ-ဘုရားဂုဏ်အစရှိသော ထိုအာရုံ၌၊ နိမိတ္တေ-ဘုရားဂုဏ် စသောအာရုံ၏ အခြင်းအရာဟု ဆိုအပ်သော နိမိတ်ကို”ဟု နောက် “ဥဂ္ဂဟိတေ”ပုဒ်၌ စပ်ကာ အနက်ပေးပါဟု ဆိုလိုသည်။)
“သာဓုက,မုဂ္ဂဟိတေ”ဟူသည်ကား အာရုံ၏ အလွန်ထင်ရှားသည်၏ အစွမ်းအားဖြင့် လည်းကောင်း, ဘာဝနာစိတ်၏ ထိုအာရုံ၌ ညွှတ်ခြင်းကိုင်းခြင်းရှိုင်းခြင်း၏ အစွမ်းအားဖြင့် လည်းကောင်း ကောင်းစွာ ယူအပ်သည်ရှိသော်။ မြင်အပ်ပြီးသော သစ္စာရှိကုန်သော အရိယာသာဝက တို့အား ဥပစာရ သည်လည်း ပြည့်စုံ၏။ ဤသည်လျှင် “ဥပစာရော စ သမ္ပဇ္ဇတိ” ဝါကျ၏ အဓိပ္ပာယ် တည်း။ တစ်နည်းကား ဤမှတစ်ပါးသော ပညာရှိ ပုထုဇဉ်ပုဂ္ဂိုလ်တို့အားလည်း သေခြင်း၌ အမှတ် သညာ၊ ဓာတ်လေးပါးပိုင်းခြားမှု ဝဝတ္ထာန်ကမ္မဋ္ဌာန်းတို့၌ ပရိကံသည်လည်း တည်ကြည်၏, ဥပစာရ သည်လည်း ပြည့်စုံ၏။ ဤသို့ သိအပ်၏။
ဤနေရာ၌လည်း နီဝရဏကို ခွာသဖြင့် လည်းကောင်း ဈာန်အင်္ဂါထင်ရှား ပေါ်လွင်သည်၏ အဖြစ်ဖြင့် လည်းကောင်း ဥပစာရ၏ ပြည့်စုံခြင်းကို သိအပ်၏။ (အာရုံ၏အစွမ်းကြောင့် ဥပစာရ၏ ပြည့်စုံခြင်းကို မသိအပ်ဟူလို။)
အဘိညာဉ်ဖြစ်ပုံ
၄၁။ ဤသို့ ကမ္မဋ္ဌာန်း ၄၀-တို့၌ ထိုက်သည့်အားလျော်စွာ သမထဈာန်တို့၏ ဖြစ်ခြင်းကို ပြပြီး၍ ယခုအခါ၌ ထိုသမထဈာန်တို့တွင် ကသိုဏ်းဈာန်တို့၏ အကျိုးဆက်ဖြစ်၍ ဖြစ်သော အဘိညာဉ်၏ ဖြစ်ခြင်းကို ပြခြင်းငှာ “အဘိညာဝသေန ပဝတ္တမာနံ” အစရှိသော စကားကို မိန့်ဆိုအပ်ပြီ။
ထိုစကားရပ်၌ အကြင်သူသည် ပြုခဲ့ဖူးသော ကောင်းမှုပါရမီရှိသူ ဖြစ်၏။ နီးသောဘဝ၌ သမထ ဈာန်တို့၌ လွန်စွာအားထုတ်ခြင်းကို ပြုခဲ့ဖူးသူလည်း ဖြစ်၏။ ဖြည့်ဆည်းပူးအပ်သော သဗ္ဗညုတ ဉာဏ်၏အဆောက်အဦရှိသော မြတ်သော ယောက်ျားဇာတ်ရှိသူလည်း ဖြစ်၏။ ထိုပုဂ္ဂိုလ်အား ဈာန်လေးပါး အပေါင်းနည်းဖြင့် ရှစ်ပါးအပြားရှိသည်လည်း ဖြစ်ကုန်သော, ဈာန်ငါးပါးအပေါင်း နည်းဖြင့် ကိုးပါးအပြားရှိသည်လည်း ဖြစ်ကုန်သော သမထဈာန်တို့သည် ပြီးစီးကုန်သည်ရှိသော် အဘိညာဉ်သည်လည်း ပြီးစီးသည်သာလျှင်တည်း။
“ရူပဈာန်မျှတို့သည်လည်း ပြီးစီးကုန်သည်ရှိသော် အဘိညာဉ်တို့သည် ပြီးစီးကုန်သည် သာလျှင် တည်း” ဟုလည်း ဆရာတို့ ဆိုကုန်၏။
(စိစစ်၍ ယူအပ်၏။ အကြောင်းကား အာကာသကသိုဏ်းနှင့် ကင်း၍ အရူပဈာန်တို့ကို ရပြီးနောက် တစ်ဖန် အဘိညာဉ်အကျိုးငှာ ပရိကမ်ပြုရသည်ရှိသော် အာကာသကသိုဏ်း၌လည်း အဘိညာဉ် အတွက် အသုံးချစရာရှိသည်၏အဖြစ်ကြောင့် ထိုအာကာသကသိုဏ်း၏ အဘိညာဉ်အခြေခံ ဖြစ်သင့်ခြင်းကို ဟောအပ်သည်ဟူသော အနက်၏ ဖြစ်သင့်ခြင်းကြောင့်တည်း။)
မှန်၏, ထို့ကြောင့်သာလျှင် အဋ္ဌသာလိနီအဋ္ဌကထာ၌ လည်းကောင်း, ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၌ လည်းကောင်း အာရုပ္ပဈာန်တို့၏ အကြောင်းပစ္စည်း၏ အဖြစ်သို့ မရောက်သော်လည်း အာကာသကသိုဏ်းဈာန်၏ အဘိညာဉ်၏ အခြေအဖြစ်ဖြင့် ဖြစ်သင့်ခြင်းကို ဆိုအပ်၏။ ဤသို့ မှတ်အပ်၏။ ဒီဃနိကာယ်အဋ္ဌကထာ၌ကား “မှန်၏, သမာပတ် ၈-ပါးတို့၌ ၁၄-ပါးကုန်သော အခြင်းအရာတို့ဖြင့် လေ့လာအပ်သော ဝသီဘော်ကို ကြဉ်၍ အထက်၌ အဘိညာဉ်ကို ရခြင်းသည် မဖြစ်”ဟူ၍ မိန့်ဆိုအပ်၏။ ထိုစကားကိုကား “ယောက်ျားထူးတို့ကို ချန်ထား၍ ကြွင်းကျန်ကုန်သော များစွာကုန်သော အစ၌ အဘိညာဉ်အလုပ်ကို အားထုတ်သော ပုဂ္ဂိုလ်တို့နှင့် ဆက်ဆံသည်၏ အစွမ်းဖြင့် ဆိုအပ်ပြီ”ဟု ယူသော် သင့်မြတ်နိုင်ပေ၏။
မှန်၏, ထို့ကြောင့်သာလျှင် ဝိသုဒ္ဓိမဂ်၌ “၁၄-ပါးကုန်သော ဤသို့သော အခြင်းအရာတို့ဖြင့် စိတ်ကို မဆုံးမမူ၍ ရှေး၌ မပွားများအပ်သည့် ဘာဝနာရှိသော ကမ္မဋ္ဌာန်း အားထုတ်စ ယောဂါဝစရ ပုဂ္ဂိုလ်သည် တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေလတ္တံ့”ဟူ၍ ဤသို့သော အကြောင်းသည် မရှိ”ဟု မိန့်ဆိုအပ်၏။
ထို့ကြောင့်ကား “ကသိုဏ်းအစဉ်အနုလုံအားဖြင့် လည်းကောင်း, ကသိုဏ်းအပြန် ပဋိလုံအားဖြင့် လည်းကောင်း”ဤသို့ အစရှိသောနည်းဖြင့် ဆိုအပ်ကုန်သော ၁၄-ပါးကုန်သော အခြင်းအရာတို့ဖြင့် မိမိ၏ ရူပါဝစရပဉ္စမဈာန်စိတ်ကို ဆုံးမ၍ ထက်မြက်အောင် ရဲရင့်အောင် ရှေ့ရှုဆောင်ခြင်းငှာ အမှုခံ့အောင် ပြု၍ အဘိညာဉ်မှု၌ အတွေ့အကြုံ မရှိကုန်သော မပွားများအပ်သေးသည့် ဘာဝနာရှိကုန်သော ထိုသို့သဘောရှိကုန်သော သမာပတ် ၈-ပါးတို့၌ လေ့ကျက်အပ်သော ဝသီဘော်ရှိကုန်သော “ယခုအခါ၌ တန်ခိုးဖန်ဆင်းခြင်းကို ပြုတော့အံ့”စသည်ဖြင့် အားထုတ် ကုန်သော အဘိညာဉ်အမှု၌ အားထုတ်စ အမျိုးကောင်းသားတို့အား အဘိညာဉ်၏ အစွမ်းအားဖြင့် ဖြစ်သော ရူပါဝစရပဉ္စမဈာန်သည် ရူပါရုံအစရှိကုန်သော အာရုံခြောက်ပါးတို့၌ ထိုက်သည့် အားလျော်စွာ အပ္ပနာ၏ အဖြစ်ဖြင့် ဖြစ်၏။ ဤသို့ ပုဒ်ယှဉ်စပ်ခြင်းယောဇနာကို သိအပ်၏။
(စသည်အရ ဒိဗ္ဗသောတအဘိညာဉ် စသည် ရဖို့ရန် ကြိုးပမ်းပုံကိုလည်း ယူပါ။ ဣတိသဒ္ဒါ အာဒိ-အနက်။ အနုဒီပနီ၌ ထိုနေရာ၌ ဥပလက္ခဏနည်းကြံပြသည်။)
“အဘိညာပါဒကပဉ္စမဇ္ဈာနာ ဝုဋ္ဌဟိတွာ”ဟူသည်ကား အဘိညာဉ်၏အခြေ ဖြစ်ခြင်းအကျိုးငှာ အဘိညာဉ်သဘောရှိသော အကြင်ရူပါဝစရပဉ္စမဈာန်ကို အလုံးစုံတို့၏ ရှေးဦးစွာ ဝင်စားအပ်၏။ ထိုဝင်စားအပ်သော အဘိညာဉ်၏အခြေဖြစ်သော ပဉ္စမဈာန်မှ ဘဝင်ဖြစ်သည်၏ အစွမ်းဖြင့် ထမြောက်၍။
အဘိညာဉ်အဓိဋ္ဌာန်နည်းများ
“ကိုယ်ပွားအရာ ဖြစ်စေ, အထောင်ဖြစ်စေ”စသည်ဖြင့် အဘိညာဉ်စိတ်ဖြင့် အဓိဋ္ဌာန်စီရင် ဖန်ဆင်းအပ်သည်ဟူသော အကြောင်းဟိတ်ကြောင့် “အဓိဋ္ဌေယျ” မည်၏။ ထိုအဓိဋ္ဌေယျပုဒ်အရ မှီရာဝတ္ထုနှင့်တကွသော တစ်ရာသောရုပ်၊ တစ်ထောင်သောရုပ်အစရှိသော ဖန်ဆင်းအပ်သော နိမ္မိတရုပ်ကို ယူအပ်၏။ မှီရာဝတ္ထုမရှိသော မျက်မှောက်ဖြစ်ခြင်း မျက်ကွယ်ဖြစ်ခြင်း အစရှိသော အကြင်တန်ခိုးအမှုအား ထို အဓိဋ္ဌာန်အပ်သော နိမ္မိတရုပ်ဟု ဆိုအပ်သော အစသည် ရှိ၏။ ထို့ကြောင့် ထိုတန်ခိုးအမှုသည် “အဓိဋ္ဌေယျာဒိက” မည်၏။
(ထိုအဓိဋ္ဌာန်ချက်သည် တန်ခိုးဖန်ဆင်းမှုအတွက်တည်း။ အခြား အသံကြားရန်၊ အဆင်း မြင်ရန်၊ သူ့စိတ် သိရန်၊ ရှေးဘဝများ အောက်မေ့ရန် အဓိဋ္ဌာန်မှုများကိုလည်း ဒိဗ္ဗသောတ အဘိညာဉ် စသည်အတွက် နည်းမှီသိပါ။)
အဘိညာဉ် ပရိကံပြုနည်းများ
“အာဝဇ္ဇိတွာ ပရိကမ္မံ ကရောန္တဿ”ဟူသော ဤပါဌ်၌ ရှေးဦးစွာ ဣဒ္ဓိဝိဓ အဘိညာဉ်၌ အကြင် အကြင်တစ်ရာအစရှိသော ဖန်ဆင်းအပ်သော နိမ္မိတရုပ်ကိုလည်းကောင်း၊ မျက်မှောက်ဖြစ်ခြင်း အစရှိသော ဖန်ဆင်းအပ်သော နိမ္မိတအမှုကိုလည်းကောင်း ပြီးစေခြင်းငှာ အလိုရှိ၏။ ထိုထိုနိမ္မိတ ရုပ်ကို နှလုံးသွင်းဆင်ခြင်၍ ကောင်းစွာ မှတ်သား၍ အရာသည် ဖြစ်လို၏, အထောင်သည် ဖြစ်လို၏ဟု လည်းကောင်း, အရာသည်ဖြစ်စေ, အထောင်သည်ဖြစ်စေဟု လည်းကောင်း, ဤမည် ဤမည်သော အမှုသည်လည်း ဖြစ်စေ, ဤသို့ဤသို့သော အခြင်းအရာသည်လည်း ဖြစ်စေဟု လည်းကောင်း အဓိဋ္ဌာန်ခြင်းအမှုပရိကံကို ပြုသောပုဂ္ဂိုလ်အား။ (အပ္ပေတိ-၌ စပ်။)
ဒိဗ္ဗသောတ အစရှိသည်တို့၌ကား အကြင်အကြင်အာရုံကို ဒိဗ္ဗသောတဖြင့် ကြားခြင်းငှာ လည်းကောင်း, ဒိဗ္ဗစက္ခုဖြင့် မြင်ခြင်းငှာလည်းကောင်း, စေတောပရိယဖြင့် သိခြင်းငှာ လည်းကောင်း, ပုဗ္ဗေနိဝါသာနုဿတိဖြင့် အောက်မေ့ခြင်းငှာလည်းကောင်း အလိုရှိ၏။ ထိုထိုအာရုံကို ကောင်းစွာမှတ်သား၍ ဤမည်သောသူ၏ လည်းကောင်း, ဤမည်ကုန်သော သူတို့၏လည်းကောင်း အသံကို ငါ ကြားရလို၏- ဤသို့ စသည်ဖြင့် အစအားထုတ်ခြင်း ပရိကံအမှုကို ပြုသောသူအား။ (အပ္ပေတိ-၌ စပ်။)
(စသည်အရ အဆင်းအာရုံ၊ စိတ်အာရုံ၊ ရှေးဘဝခန္ဓာတို့ကို သူ့အဘိညာဉ်နှင့် ဟပ်မိအောင် ယူပါ။)
ပါဒကဈာန် မှတ်ဖွယ်
ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၌ကား ပရိကံအမှုကို ပြု၍ တစ်ဖန် ပါဒကဈာန်ကို ဝင်စားခြင်းသည် လာသည် သာလျှင်တည်း။ အဘယ်သို့ ဆိုသနည်းဟူမူကား “အဘိညာဉ်၏ အခြေဖြစ်သော ဈာန်ကို ဝင်စား၍ ထိုဈာန်မှ ထ၍ အကယ်၍ အရာသော ကိုယ်ပွားကို အလိုရှိအံ့။ ‘အရာသော ကိုယ်ပွား ဖြစ်လိုသည်’ဟု ပရိကံကို ပြု၍ တစ်ဖန် အဘိညာဉ်၏ အခြေခံဖြစ်သော စတုတ္ထဈာန်ကို ဝင်စား၍ ထိုအဘိညာဉ်မှ ထ၍ တန်ခိုးပြရန် အဘိညာဉ်ဖြင့် အဓိဋ္ဌာန်စီရင်၏။ အဓိဋ္ဌာန်စီရင်သော အဘိညာဉ်စိတ်နှင့်တကွသာလျှင် အရာသော ကိုယ်ပွားသည် ဖြစ်ပေသည်”ဟု မိန့်ဆို၏။
ထိုဝိသုဒ္ဓိမဂ်အဋ္ဌကထာ၌လည်း အစ၌ ပါဒကဈာန်ကို ဝင်စားခြင်းသည် အာဝဇ္ဇနနှင့် အဓိဋ္ဌာန် ပရိကံစိတ်ကို ကောင်းစွာ တည်ကြည်ခြင်း အကျိုးငှာ ဖြစ်၏။ နောက်၌ဖြစ်သော ပါဒကဈာန်ကို ဝင်စားခြင်းသည်ကား အဘိညာဉ်အား အားအဆင့်အထောက်အပံ့ကို ပေးခြင်းအကျိုးငှာ ဖြစ်၏။ ဤသို့ မှတ်အပ်၏။
ထိုစကားသည် မှန်၏, ပါဒကဈာန်၏အားအစွမ်းဖြင့် ကောင်းစွာ တည်ကြည်သော ပရိကံစိတ် မည်သည် မိမိ၏ အရိုက်အရာ၌ အဘိညာဉ်စိတ်နှင့် အလားတူ၏။ ရှေး၌နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့သော ကာလ၌ ထိုပရိကံစိတ်ဖြင့်သာလျှင် ထိုဘဝ၌ အတိတ်ဖြစ်သော တရား အပေါင်းကို ပဋိသန္ဓေတိုင်အောင် သိ၏။
မှန်၏, ထို့ကြောင့်သာလျှင် အဋ္ဌကထာ၌ ထိုပရိကံစိတ်နှင့်ယှဉ်သော ဉာဏ်ကို ပရိကံသမာဓိနှင့် ယှဉ်သော ဉာဏ်ဟူ၍ မိန့်ဆိုအပ်ပြီ။ အတိတ်အဖို့ကို သိသော ဉာဏ်ဟူ၍လည်း ဆိုအပ်၏။ ဤသို့ သိအပ်၏။ ကြွင်းသော အဘိညာဉ်တို့၌လည်း ထိုဆိုင်ရာအဘိညာဉ်၏ အာရုံအထူးကို ထိုက်သည့်အားလျော်စွာ “ဒိဗ္ဗသောတ၏ ပရိကမ်၌ ထိုပရိကမ် သမာဓိဉာဏ်ဖြင့်သာလျှင် အနီး၌ ဖြစ်သော နတ်အာရုံလည်းဖြစ်သည့် အသံကို ကြားရ၏ စသည်ဖြင့် ဆိုအပ်၏။ ဤသို့ သိအပ်၏။
(အထက်ပါသဘောကို နှလုံးသွင်းပြီး “ပါဒကဈာန်၊ အဓိဋ္ဌာန်နှင့်၊ တစ်ဖန်ပါဒက၊ စတုတ္ထ၊ ကျတုံ အဘိညာ” ဟူသော ပရမတ္ထသံခိပ်ကို လယ်တီဆရာတော်ဘုရားကြီး ရေးသားတော်မူခဲ့သည်။)
အရှင်အနုရုဒ္ဓါမထေရ်သည်ကား “နောက်ဖြစ်သော ပါဒကဈာန်ကို ဝင်စားခြင်းမည်သည် ပုဂ္ဂိုလ် အားလုံးတို့အား မဖြစ်။ မှန်၏, အဘိညာဉ်တို့၌ လေ့လာကျွမ်းကျင်သော ဝသီဘော်သို့ ရောက်ကုန် သူတို့အား တစ်ဖန် အခြေခံပါဒကဈာန်ဖြင့် ပြုဖွယ်ကိစ္စသည် မရှိ”ဟု နှလုံးသွင်း၍ ထိုနောက် ဖြစ်သော ပါဒကဈာန်ကို ဝင်စားခြင်းကို ဤသင်္ဂြိုဟ်ကျမ်း၌ မယူအပ်။ ဤသို့ မှတ်အပ်၏။
အဘိညာဉ် ၅-ပါး၏ အာရုံများ
“ရူပါဒီသု အာရမ္မဏေသု ယထာရဟ မပ္ပေတိ”ဟူသော ဤဝါကျ၌ ရှေးဦးစွာ ဣဒ္ဓိဝိဓဉာဏ်သည် ကာလသုံးပါးရှိကုန်သော အဆင်းရုပ်စသော အာရုံခြောက်ပါးတို့၌ ဖြစ်၏။ မှန်၏, ထိုဣဒ္ဓိဝိဓဉာဏ် သည် ရူပါရုံအစရှိကုန်သော ခြောက်ပါးသော အာရုံတရားတို့၌ အကြင်အကြင်တန်ခိုး ဖန်ဆင်းခြင်း အမှုကို ပြီးစီးစေ၏။ ထိုထို တန်ခိုးဖန်ဆင်းခြင်းအမှုကို အာရုံပြု၍ ဖြစ်၏။
ပါဒကဈန်စိတ်သည်ကား ကိုယ်နှင့်အသွားတူသည်ကို အဓိဋ္ဌာန်၍ မြင်သာထင်သာသော ကိုယ်ဖြင့် ကောင်းကင်ခရီးဝယ် သွားသောကာလ၌ အတိတ်ဖြစ်သော ပါဒကဈာန်စိတ်ကို အာရုံပြု၍ ဖြစ်၏။ ကိုယ်ကို စိတ်နှင့် အသွားတူသည်ကို အဓိဋ္ဌာန်၍ မထင်ရှားသော ကိုယ်ဖြင့် ထင်သာမြင်သာ မရှိသော ကိုယ်ဖြင့် သွားသောကာလ၌ ပစ္စုပ္ပန်ဖြစ်သော ရူပကာယကို အာရုံပြု၍ ဖြစ်၏။ မှတ်ဖွယ်အထူးကို ပြဦးအံ့, ထိုအခြင်းအရာအားဖြင့် ဖြစ်ဆဲဖြစ်သော ထိုဉာဏ်၏ အချို့သော ရုပ်သည် အာရုံမျှသာ ဖြစ်၏။ အချို့သော နိပ္ဖန္နရုပ်သည် အာရမ္မဏပုရေဇာတ ပစ္စည်းအဖြစ်ဖြင့် ဖြစ်၏။ အချို့သော ဟဒယဝတ္ထုရုပ်သည် ဝတ္ထာရမ္မဏပုရေဇာတ ပစ္စည်းအဖြစ်ဖြင့် ဖြစ်သည်ဟု မှတ်အပ်၏။
လာမည့်အနာဂတ်ကာလ၌ ဤမည်သောရုပ်သည် ဖြစ်စေဟု အဓိဋ္ဌာန်စီရင်သောအခါ၌ လာမည့် ထိုထိုရုပ်တရားကို အာရုံပြု၍ အဘိညာဉ်စိတ်သည် ဖြစ်၏။ ဤသို့ မှတ်အပ်၏။
ပစ္စုပ္ပန်အသံသည် ဒိဗ္ဗသောတအဘိညာဉ်၏ အာရုံ ဖြစ်၏။ အတိတ်ကာလ၌ (၇)ရက်တို့ လည်းကောင်း အနာဂတ်ကာလ၌ (၇)ရက်တို့ လည်းကောင်း ဤသို့ ဤ(၁၄)ရက်တာ ကာလ အတွင်း၌ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်၍ဖြစ်သော သူတစ်ပါး၏ စိတ်သည်, တစ်နည်းကား စိတ်အပါအဝင် နာမ်ခန္ဓာတရား လေးပါးသည် သူတစ်ပါးတို့၏ စိတ်ကို ပိုင်းခြား၍သိသော စေတောပရိယ အဘိညာဉ်အား အာရမ္မဏပစ္စည်းဖြင့် ကျေးဇူးပြု၏။ စိတ်တင်မက နာမ်ခန္ဓာ လေးပါးလုံးကိုလည်း သိသည်ဟူသော ထိုစကားသည် မှန်၏, စိတ်ကိုသိသော အဘိညာဉ်ရ ပုဂ္ဂိုလ်သည် ထိုစိတ်နှင့် ယှဉ်တွဲဖြစ်သော စေတသိက် နာမ်ခန္ဓာတရား တို့ကိုလည်း အလိုရှိပါက သိနိုင်မည်သာသည်တည်း။
ဤသို့သောအကြောင်းကြောင့် ပဋ္ဌာန်းပါဠိတော်၌ “ကုသိုလ်နာမ်ခန္ဓာသည် စေတောပရိယဉာဏ် အားလည်းကောင်း, ယထာကမ္မုပဂဉာဏ်အား လည်းကောင်း အာရမ္မဏပစ္စည်း အဖြစ်ဖြင့် ကျေးဇူးပြုပေသည်”ဟု စေတောနှင့် ယထာကမ် ဉာဏ်နှစ်ခု အပေါင်းကို တပေါင်းတည်းပြု၍ ဟောတော်မူအပ်၏။
သန္တတိ-အဒ္ဓါ-ခဏိက အာရုံအဆုံးအဖြတ်
ဆက်ဦးအံ့, ဤနေရာ၌ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၌ ရှေးဦးစွာ “သူတစ်ပါးစိတ်၏ ပစ္စုပ္ပန်အာရုံ မည်သည်ကို အစဉ်သန္တတိ၏ အစွမ်းဖြင့်လည်းကောင်း, ကာလရှည်အဒ္ဓါ၏ အစွမ်းဖြင့် လည်းကောင်း” ဟူ၍ ယှဉ်ပြအပ်၏။
မှန်၏, ဥပါဒ်ဌီဘင်မျှသာရှိသော ခဏိကပစ္စုပ္ပန်၏အစွမ်းအားဖြင့် အကယ်၍ ယှဉ်ငြားအံ့။ အာဝဇ္ဇန်းစိတ်သည် ပစ္စုပ္ပန်ဖြစ်သော အမှတ်မရှိအလုံးစုံသော သူတစ်ပါး၏ တစ်ခုသော စိတ်ကို ဆင်ခြင်၍ ချုပ်ပြီးသည်ရှိသော် ဇောတို့သည်လည်း ဆင်ခြင်သော အာဝဇ္ဇန်းနှင့်တကွ ချုပ်လေပြီး သော အတိတ်ဖြစ်သော ထိုသူတစ်ပါး၏စိတ်ကိုသာလျှင် ယူကုန်၏။ ဤသို့ ထိုဇောစိတ်တို့သည် ကာလအားဖြင့် အာဝဇ္ဇန်းနှင့်တကွ ပြားသော အာရုံရှိသည် မည်ကုန်၏။
မဂ်ဝီထိ-ဖိုလ်ဝီထိမှ တစ်ပါးသောအရာ၌ ထိုဇောတို့၏ ထိုအာဝဇ္ဇန်းနှင့်တကွ ကွဲပြားသော အာရုံ ရှိသည်၏အဖြစ်ကို အဋ္ဌကထာဆရာတို့သည် ခွင့်မပြုအပ်။ ထို့ကြောင့် ဤကဲ့သို့ ရှုအပ်သည့် သဘောရှိသော အရာတို့၌ ပစ္စုပ္ပန်အာရုံ မည်သည်ကို သန္တတိ ပစ္စုပ္ပန်၏ အစွမ်းအားဖြင့် လည်းကောင်း, အဒ္ဓါနပစ္စုပ္ပန်၏ အစွမ်းအားဖြင့်လည်းကောင်း ယူခြင်းငှာ သင့်၏။ ဤသို့ သိအပ်၏။
မူလဋီကာ၌ကား ထိုအာရုံကို ခဏိကပစ္စုပ္ပန်၏အစွမ်းအားဖြင့်သာလျှင် ယှဉ်စပ်ထား၏။ မှန်၏, အဘိဓမ္မာ၌ အတီတာရမ္မဏတိက်ကို သန္တတိစ္စုပ္ပန်, အဒ္ဓါပစ္စုပ္ပန်တို့၏ အစွမ်းအားဖြင့်သာလျှင် ဟောတော်မူအပ်၏ဟု ဆိုခြင်းငှာ မတတ်ကောင်း။ ဤသန္တတိအဒ္ဓါ၏အစွမ်းဖြင့် မိန့်ဆိုအပ်ပြီ ဟူသော အနက်ကို ယူခြင်းမှ တစ်ပါးသော အခြားအခြင်းအရာ(ခဏိက)အားဖြင့် အနက်ကို ယူချေသည်ရှိသော် “ပစ္စုပ္ပန်တရားသည် ပစ္စုပ္ပန်တရားအား အနန္တရပစ္စည်းဖြင့် ည်းကောင်း အာသေဝနပစ္စည်းဖြင့် လည်းကောင်း ကျေးဇူးပြုသည်” ဟု ဟောတော်မူသင့်ရာ၏။ ထိုသို့ကား မဟောခဲ့ပေ။
(အဘယ့်ကြောင့် ဟောသင့်ရာသနည်း။ သန္တတိ-အဒ္ဓါ၏အစွမ်းဖြင့် ပစ္စုပ္ပန်ကို ယူအပ်သည်ရှိသော် အလုံးစုံသော တစ်ခုသော ဇောဝီထိသည် တစ်ခုသော ပစ္စုပ္ပန်ကာလ ရှိသည်၏အဖြစ်ကြောင့် တည်း။)
မဟောပုံမှတစ်ပါး ဟောပုံကား “အတိတ်တရားသည် ပစ္စုပ္ပန်တရားအား အနန္တရပစ္စည်းဖြင့် လည်းကောင်း အာသေဝနပစ္စည်းဖြင့် လည်းကောင်း ကျေးဇူးပြုသည်” ဟူ၍သာလျှင် ပဋ္ဌာန်း ပါဠိတော်၌ ဟောတော်မူအပ်၏။ ထို့ကြောင့် အာဝဇ္ဇန်း အစရှိကုန်သော အလုံးစုံသော ဇောစိတ် တို့သည် အသီးအသီး ကိုယ်တိုင် ခဏ၏အစွမ်းဖြင့် တကွဖြစ်ကုန်သော သူတစ်ပါး၏စိတ်တို့ကို ယူနိုင်ကုန်၏။ ဤသို့ ဆိုခြင်းငှာ သင့်လှ၏။
ထိုအာဝဇ္ဇန်းစသော စိတ်တို့သည် ဓမ္မအားဖြင့် ကွဲပြားသောအာရုံရှိသည် မည်ကုန်သည် မဖြစ်ကုန်။ အဘယ့်ကြောင့်နည်းဟူမူကား ယူသောအခြင်းအရာ၏ မကွဲပြားသည်၏ အဖြစ်ကြောင့်တည်း။ မှန်၏, အာဝဇ္ဇန်းသည်လည်း စိတ်ဟူ၍သာလျှင် ဆင်ခြင်၏။ ဇောတို့သည်လည်း စိတ်-စိတ်ဟူ၍ သာလျှင် သိကုန်၏။ အလုံးစုံကုန်သော ထိုတရားတို့သည် စိတ်တရားတို့သည်သာလျှင် ဖြစ်ကုန်၏။ ဤသို့ သိအပ်၏။
ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၏ အာရုံကား အတိတ်အခြားမဲ့သော စုတိစိတ်မှ စ၍ အတိတ် ဖြစ်ကုန်သော ခန္ဓာတို့သည်လည်းကောင်း ခန္ဓာတို့နှင့်စပ်ကုန်သော အမည်၊ အနွယ်၊ ကသိုဏ်း နိမိတ်အစရှိကုန်သော ပညတ်တို့သည်လည်းကောင်း, နိဗ္ဗာန်သည် လည်းကောင်း ပုဗ္ဗေနိဝါသာ-နုဿတိဉာဏ်၏ အာရုံ ဖြစ်၏။ ပစ္စုပ္ပန်ရူပါရုံသည် ဒိဗ္ဗစက္ခုဉာဏ်၏ အာရုံ ဖြစ်၏။ ဤသို့ ရူပါရုံအစရှိကုန်သော အာရုံခြောက်ပါးတို့၌ ထိုက်သည့် အားလျော်စွာ (ထိုထိုအဘိညာဉ်သည်) အပ္ပနာ၏အစွမ်းအားဖြင့် ဖြစ်၏။ ဤသို့ သိအပ်၏။
(နိဗ္ဗာန်သည် ကာလဝိမုတ်တရား ဖြစ်ပါလျက် အတိတ်ပုဗ္ဗေနိဝါသအာရုံအဖြစ် ဆိုရခြင်း အကြောင်းကား အတိတ်၌ ပရိနိဗ္ဗာန်စံသွားကုန်သော ဘုရားရှင်တို့၏ မဂ်ဖိုလ်တို့ကို အာရုံပြုရာ အခါ၌ ထိုမဂ်ဖိုလ်တို့၏ အာရုံဖြစ်သော နိဗ္ဗာန်ကိုလည်း သတိရသည်သာ ဖြစ်၏။ ထိုသတိရခြင်း ကိစ္စ၌ ထိုဘုရားရှင်တို့၏ မဂ်ဖိုလ်တို့သည် လွန်ပြီးကာလရှိသည်၏အဖြစ်ကြောင့် နိဗ္ဗာန်သည်လည်း ရှေး၌ နေဖူးသည့် အတိတ် ပုဗ္ဗေနိဝါသအာရုံ ဖြစ်ရပေ၏။ အနုဒီပနီ)
အဘိညာဉ် ၅-ပါး
၄၂။ ယခုအခါ၌ အဘိညာဉ်၏အစွမ်းအားဖြင့် ဖြစ်သော ထိုပဉ္စမဈာန်၏ ကိစ္စအပြားအားဖြင့် သရုပ်ကို ပြခြင်းငှာ “ဣဒ္ဓိဝိဓံ”အစရှိသော ဂါထာကို မိန့်တော်မူ၏။ ထိုဂါထာ၌ အစိတ်အစိတ်ပုဒ် အဖွင့်ကို ဤသို့ သိအပ်၏။ အကြင်အကြင် တစ်ရာသော ဖန်ဆင်းရုပ်စသော ဝတ္ထုကို အဓိဋ္ဌာန် ဖန်ဆင်း၏, အကြင်အကြင်သို့သော မျက်မှောက် အာဝိဘာဝ စသော တန်ခိုးဖန်ဆင်းပုံ အပြား အားဖြင့်လည်း အဓိဋ္ဌာန်ဖန်ဆင်း၏။ ထိုဉာဏ်အား ထိုထိုဝတ္ထု၏ သို့မဟုတ် ထိုထိုအဓိဋ္ဌာန်သော အခြင်းအရာ အားဖြင့် ပြီးစီးမှုဟု ဆိုအပ်သော “ဝိဓ”ခေါ်သော အစုကောဋ္ဌာသ-အပြားပကာရသည် ရှိပေ၏။ ထို့ကြောင့် “ဣဒ္ဓိဝိဓ”မည်၏။
ဣဒ္ဓိဝိဓအဘိညာဉ် ၃-မျိုး
ထိုဉာဏ်သည်ကား အဓိဋ္ဌာနိဒ္ဓိ, ဝိကုဗ္ဗနိဒ္ဓိ, မနောမယိဒ္ဓိတို့၏အစွမ်းဖြင့် သုံးပါးအပြားရှိပေ၏။ ထိုသုံးပါးတို့တွင် မိမိ၏ ပင်ကိုမူလပုံစံကို မစွန့်ဘဲ ထိုပင်ကိုမူလပုံစံ၏သာလျှင် တစ်ရာတစ်ထောင် စသော များသည်၏အဖြစ်ကို ပြုခြင်း၏ အစွမ်းဖြင့်လည်းကောင်း, ကောင်းကင်၌ သွားခြင်းစသည် တို့၏အစွမ်းဖြင့်လည်းကောင်း ပြင်ပ၌ အထူးထူးသော အဆင်းသဏ္ဌာန်ရှိသော တန်ခိုးပြာဋိဟာကို ပြသည်၏အစွမ်းဖြင့် လည်းကောင်း ဖြစ်စေအပ်သော တန်ခိုးသည် အဓိဋ္ဌာနိဒ္ဓိ မည်၏။
အဖို့တစ်ပါးကား ပင်ကိုမူလအဆင်းကို စွန့်၍ မိမိ၏သာလျှင် သူငယ်သဏ္ဌာန်၊ နဂါးသဏ္ဌာန် စသည်ကို ပြု၍ ပြသည်၏အစွမ်းဖြင့် ဖြစ်စေအပ်သော တန်ခိုးသည် ဝိကုဗ္ဗနိဒ္ဓိ မည်၏။ မိမိ၏ကိုယ်တွင်း၌ မိမိမှ တစ်ပါးသော မိမိနှင့် အလုံးစုံချွတ်စွပ်တူသော ကိုယ်ကို ဖန်ဆင်း, ထုတ်ဆောင်၍ ပြသည်၏အစွမ်းဖြင့် ဖြစ်စေအပ်သော တန်ခိုးသည် မနောမယိဒ္ဓိ မည်၏။
ဒိဗ္ဗသောတအဘိညာဉ်
နတ်ပြည်၌ ဖြစ်ခြင်းသည် ဒိဗ္ဗတည်း။ နတ်ပြည်၌ ပေါ်ပေါက်ခြင်းတည်း။ ဤကား ဒိဗ္ဗံပုဒ်၏ အနက်တည်း။ နတ်ပြည်၌ ဖြစ်ခြင်းဒိဗ္ဗလည်း ဟုတ်၏, ထိုနတ်ပြည်၌ ဖြစ်ခြင်းဟူသည် နားသောတလည်း ဟုတ်ပေ၏။ ထို့ကြောင့် ဒိဗ္ဗသောတ မည်၏။ နတ်တို့၏ မြတ်သောကံကြောင့် ဖြစ်သော ဝေးကွာဖုံးကွယ်သော အရပ်၌လည်း အာရုံ၏ ကပ်၍တည်ခြင်းကို ခံယူခြင်းငှာ စွမ်းနိုင်သော နားကြည်ရုပ်ကို ရအပ်၏။
နတ်တို့၏နားနှင့် တူသည်၏အဖြစ်ကြောင့်ကား ဤအဘိညာဉ်ဉာဏ်ကိုလည်း ဒိဗ္ဗသောတဟူ၍ ဆိုအပ်၏။ တစ်နည်းကား ကသိုဏ်းဈာန်ဟု ဆိုအပ်သော နတ်ဗြဟ္မာတို့၏နေခြင်းဖြင့် ရအပ်သည်၏အဖြစ်ကြောင့်လည်းကောင်း မိမိကိုယ်တိုင်လည်း ထိုနတ်ဗြဟ္မာတို့၏ နေခြင်း၌ အကျုံးဝင်သည်၏ အဖြစ်ကြောင့်လည်းကောင်း, ဒိဗ္ဗလည်း ဟုတ် ထိုဒိဗ္ဗဟူသည် သောတလည်း ဟုတ်ရကား ဒိဗ္ဗသောတ မည်၏။
ပရစိတ္တဝိဇာနနအဘိညာဉ်
ဤဉာဏ်ဖြင့် သူတစ်ပါး၏ စိတ်ကို သိတတ်ကုန်၏။ ဤသို့ သူတစ်ပါး၏ စိတ်ကို သိကြောင်း ဖြစ်သော ဉာဏ်သည် ပရစိတ္တဝိဇာနန မည်၏။ ထိုပရစိတ္တဝိဇာနနဉာဏ်ကိုပင်လျှင် ဤဉာဏ်ဖြင့် စိတ်ကို ဤကား သရာဂစိတ် ဤကား ဝိတရာဂစိတ်အစရှိသည်ဖြင့် ပိုင်းခြား၍ သိကြောင်းဟု ဝိဂြိုဟ်ထား၍ စေတောပရိယဉာဏ်ဟူ၍လည်း အမည်တစ်မျိုးဖြင့် ဆိုအပ်သေး၏။
ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်
အတိတ်ဘဝတို့၌ မိမိ၏ ဒွါရခြောက်ပါးတို့၌ အာရုံထင်ခြင်းသို့ ရောက်ကုန်သော ကောင်းစွာ ထင်ရှားကုန်သော တရားတို့ကို “ပုဗ္ဗေနိဝါသ”ဟူ၍ ဆိုအပ်ကုန်၏။ ရှေးအတိတ်ဘဝတို့ ဟူသော ဤတရားစုတို့၌ မိမိ၏ ခြောက်ဒွါရ၌ ဖြစ်ကုန်သော စိတ်တို့သည် အာရုံပြု၍ နေခြင်း၏အစွမ်းဖြင့် နေဖူးကုန်ပြီဟု ဝိဂြိုဟ်ခက်ဆစ်ပြု၍ ပုဗ္ဗေနိဝါသဟု ခေါ်ပေ၏။
သဗ္ဗညုဘုရားရှင်တို့အားကား သူတစ်ပါးတို့၏ ခြောက်ဒွါရဖြင့် ယူအပ်သည်လည်းဖြစ်ကုန်သော တရားတို့သည်လည်း “ပုဗ္ဗေနိဝါသ” ဖြစ်သည်သာလျှင်တည်း။ ရှေး၌နေဖူးသော ခန္ဓာအစဉ်ကို အဖန်ဖန်အောက်မေ့ခြင်းသည် “ပုဗ္ဗေနိဝါသာနုဿတိ” မည်၏။ ဤအဘိညာဉ်နေရာ၌ကား ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို အဖန်ဖန်အောက်မေ့ခြင်း သတိနှင့်ယှဉ်သော ဉာဏ်ကို အလိုရှိအပ်၏။
ဒိဗ္ဗစက္ခုအဘိညာဉ် အပြား ၂-ပါး
ရှေ့ဒိဗ္ဗသောတ၌ ဆိုအပ်သောနည်းဖြင့် နတ်ပြည်၌ ဖြစ်သောကြောင့် ဒိဗ္ဗလည်း ဟုတ်၏, ထိုဒိဗ္ဗဟူသည် မျက်စိလည်း ဟုတ်၏။ ထို့ကြောင့် ဒိဗ္ဗစက္ခု မည်၏။ ထိုဒိဗ္ဗစက္ခုနှင့် တူသည်၏အဖြစ်ကြောင့် ဤအဘိညာဉ်ဉာဏ်ကိုလည်း ဒိဗ္ဗစက္ခု မည်၏ဟူ၍ ဆိုအပ်၏။ နတ်ဗြဟ္မာတို့၏ နေခြင်း၏အစွမ်းဖြင့် ရအပ်သည်၏အဖြစ်ကြောင့်လည်းကောင်း ကိုယ်တိုင်လည်း နတ်ဗြဟ္မာတို့၏ နေခြင်း၌ မှီသည်၏အဖြစ်ကြောင့်လည်းကောင်း ဒိဗ္ဗလည်း ဟုတ်, ထိုဒိဗ္ဗဟူသည် စက္ခုလည်း ဟုတ်ရကား ဒိဗ္ဗစက္ခု မည်ပေ၏။
“ယထာကမ္မုပဂဉာဏ်၊ အနာဂတံသဉာဏ်”ဟူကုန်သော နှစ်ပါးကုန်သော ဤဉာဏ်တို့သည် ဤ ဒိဗ္ဗစက္ခုဉာဏ်၏သာလျှင် အခြံအရံဖြစ်သော ဉာဏ်တို့ မည်ကုန်၏။ မှန်၏, ထိုဉာဏ်နှစ်ပါးတို့ကို ရခြင်းအကျိုးငှာ သီးသန့် စိတ်ကို ဆုံးမခြင်းပရိကံမည်သည် မရှိ။ ဒိဗ္ဗစက္ခုဉာဏ်ကို ရအပ်သည် ရှိသော် ထိုဉာဏ်နှစ်ပါးတို့ကိုလည်း ရအပ်ကုန်သည်၏ အဖြစ်ကြောင့်တည်း။ ဤသို့ မှတ်အပ်၏။
ထိုဉာဏ်နှစ်ပါးတို့တွင် ဒိဗ္ဗစက္ခုဉာဏ်သည် ငရဲပြည်တို့၌ ဆင်းရဲဒုက္ခကို လည်းကောင်း နတ်ပြည် တို့၌ ချမ်းသာသုခကိုလည်းကောင်း ခံစားကုန်သော သတ္ဝါတို့ကို မြင်၍ “ထိုသတ္တဝါတို့၏ အတိတ်က ပြုခဲ့သော ကံကို သိရလိမ့်မည်”ဟု ပရိကံကို ပြုသောသူအား ထိုကံလျှင် အာရုံရှိသော ယထာကမ္မုပဂဉာဏ်သည် ဖြစ်၏။
“ထိုဘဝမှ စုတေ၍ အဘယ်ဘဝ၌ ဖြစ်ပါကုန်လိမ့်မည်နည်း”ဟု ဆင်ခြင်၍ “ထိုသတ္တဝါတို့၏ အနာဂတ်၌ဖြစ်မှုကို ကြည့်ရှုအံ့”ဟူ၍ ပရိကံကို ပြုသောသူအား ထိုသတ္တဝါတို့၏ အနာဂတ် ခန္ဓာလျှင် အာရုံရှိသော အနာဂတံသဉာဏ်သည် ဖြစ်ပေါ်၏။ အတိတ်ကို အာရုံပြုသော ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကဲ့သို့ အလုံးစုံလည်းဖြစ်သော အနာဂတ်တရား အပေါင်းသည် ထို အနာဂတံသဉာဏ်၏ အာရုံသည် ဖြစ်သည်သာတည်း။ မှန်၏, ထိုအနာဂတံသဉာဏ်ကို မိမိ နယ်ပယ်၌ သဗ္ဗညုတဉာဏ်နှင့် အလားတူသည်ဟူ၍ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၌ မိန့်ဆိုအပ်၏။
(သဗ္ဗညုဘုရားတို့၏ အနာဂတံသဉာဏ်ဟု ဆိုလိုသည်။)
ဋီကာကျော်
ဋီကာကျော် ၂၆၇-၌ကား အနာဂတ်၌ (၇)ရက်မှ စ၍ ဖြစ်လတ္တံ့ကုန်သော ဤမှာဘက်၌ ဖြစ်ကုန်မည့် စိတ်စေတသိက်တရားတို့သည် (ထိုစေတောပရိယဉာဏ်၏) အာရုံ ဖြစ်ကုန်၏။ နှစ်ရက်မြောက် နေ့မှ စ၍ ဖြစ်လတ္တံ့သော အလုံးစုံသော အာရုံသည် ထိုအနာဂတံသဉာဏ်၏ အာရုံတည်းဟူ၍ ဆိုလိုရင်း ရှိ၏။ ထိုစကားသည်လည်း သင့်သကဲ့သို့ ထင်၏။ ထိုဋီကာကျော်စကားသည် မှန်၏, ဘဝတစ်ပါး၌လည်း အနာဂတ်တရားတို့ကို သိခြင်းငှာ စွမ်းနိုင်သော ထိုဉာဏ်သည် ဤဘဝ၌ (ဖြစ်သော ၇-ရက်တွင်းရှိ) အနာဂတ်တရားတို့ကို မသိဟူ၍ ဖြစ်ခြင်းငှာ မတတ်ကောင်းပေ။
အနာဂတံသဉာဏ်နှင့် ပုဗ္ဗေနိဝါသာနုဿတိဉာဏ် မှတ်စရာ
ဆက်၍ ဆိုဦးအံ့, ထိုအနာဂတံသဉာဏ်သည် (ယခုဘဝ နောက်ဘဝ အနာဂတ်တရားမှန်သမျှကို အာရုံပြု၍ သိသလို) (အတိတ်ဘဝများစွာက နေခဲ့ဖူးတရားများကို သိသော) ပုဗ္ဗေနိဝါသဉာဏ် သည်လည်း ဤဘဝ၌ သူတစ်ပါးသန္တာန်၌ ဖြစ်ကုန်သော အတိတ်တရားတို့ကို သိ၏။ ဤသို့ သိအပ်၏။ ဋီကာအဆိုမှတစ်ပါး ပါဠိတော်အဋ္ဌကထာအဆိုကား ပါဠိတော်၌ လည်းကောင်း, အဋ္ဌကထာတို့၌လည်းကောင်း (အတိတ်၊ အနာဂတ်) ဘဝတစ်ပါး၌ဖြစ်ကုန်သော တရားတို့ဖြင့် သာလျှင် ပုဗ္ဗေနိဝါသာနုဿတိနှင့် အနာဂတံသဉာဏ် နှစ်ပါးအပေါင်းတို့ကို ယှဉ်စပ်ထား၏။ ထိုယှဉ်စပ်မှုကိုကား (တစ်ပါးသော ဉာဏ်နှင့် မဆက်ဆံသော ကာလ၏အစွမ်းဖြင့်), (ပစ္စုပ္ပန် ကာလနှင့်) မဆက်ဆံသော (အတိတ်၊ အနာဂတ်) ကာလ၏အစွမ်းဖြင့် အာနုဘော်အထူး ထင်ရှားစိမ့်သောငှာ ယှဉ်စပ်ထားသည်ဟု ကျမ်းညှိယူသော် သင့်မြတ်ရာ၏။ ဤသို့ သိအပ်၏။
အယမေတ္ထ ဂေါစရဘေဒေါ-၌ “ဂေါစရဘေဒေါ”ဟူသည်ကား ကသိုဏ်း (၁၀)ပါး အစရှိကုန်သော ဂေါစရ = အာရုံတို့၌ သမထဈာန်တို့၏ ဖြစ်ပုံအထူးအပြားတည်း။
သမထကမ္မဋ္ဌာန်းနည်း ပြီးပြီ။
ဝိပဿနာကမ္မဋ္ဌာန်းနည်း
ဝိပဿနာကမ္မမည်ပုံ ၂-နည်း
၄၃။ ခပ်သိမ်းသော လောကီလူများ အပေါင်းတို့သည် သက္ကာယဒိဋ္ဌိဖြင့် အကြင်အကြင် မြင်တိုင်းသော အခြင်းအရာရှိသော ပုဂ္ဂိုလ် သတ္တဝါ မိန်းမ ယောက်ျားစသည်ကို လည်းကောင်း, မြဲသည်ဟူသော နိစ္စနိမိတ်, ခိုင်သည်ဟူသော ဓုဝနိမိတ်, ချမ်းသာသည် ဟူသော သုခနိမိတ်, ကိုယ့်အလိုတိုင်း ဖြစ်သည်ဟူသော အတ္တနိမိတ်ကိုလည်းကောင်း ကျော်လွန်၍ ဤပညာဖြင့် အထူးအားဖြင့် မြင်ကုန်သည်ဟူသော အကြောင်းကြောင့် “ဝိပဿနာ” မည်ပေ၏။ ဘာဝနာကို ပြုခြင်းသည် “ကမ္မ”မည်၏။ (ထိုကမ္မ-ပုဒ်အရ) ဘာဝနာ၌အား ထုတ်ခြင်းလုံ့လဝီရိယ-ပယောဂကို ယူအပ်၏။ အထူးရှုကြောင်း ဝိပဿနာဉာဏ်၏ အမှုအလုပ်သည် “ဝိပဿနာကမ္မ”မည်၏။ တစ်နည်းကား ဝိပဿနာဉာဏ်သည်သာလျှင် အမှုအလုပ်ဟူသော အကြောင်းဟိတ်ကြောင့် “ဝိပဿနာကမ္မ” မည်၏။
ဝိပဿနာကမ္မဋ္ဌာန်းမည်ပုံ ၂-နည်း
ဝိပဿနာဉာဏ်အလုပ်၏ ဌာန, စွဲတည်ရာဌာန, ဖြစ်တည်ရာဘုံဟူသော အကြောင်းဟိတ်ကြောင့် “ဝိပဿနာကမ္မဋ္ဌန်း”မည်၏။ (ထိုဝိပဿနာကမ္မဋ္ဌာန်းပုဒ်အရ) ခန္ဓာ စသော တရားအပေါင်းကို အရကောက်အပ်၏။ တစ်နည်းကား ဝိပဿနာဉာဏ် အလုပ်သည်ပင်လျှင် အထက်အထက်၌ ဖြစ်သော ဘာဝနာအထူး၏ လည်းကောင်း, အကျိုးအာနိသင်အထူး၏ လည်းကောင်း နီးသော အကြောင်းဌာန တည်းဟူသော အကြောင်းဟိတ်ကြောင့် “ဝိပဿနာကမ္မဋ္ဌန်း” မည်၏။ ထို ဝိပဿနာကမ္မဋ္ဌာန်း၌-ဟု အဖွင့်ခံနေရာပြပုဒ်အတိုင်း ပြန်ထားအပ်၏။ ၇-ပါး အပြားဖြင့် (သိအပ်သော) ဝိသုဒ္ဓိသင်္ဂဟကို အနိစ္စလက္ခဏာစသည်ဖြင့် ပိုဒ်ရေ ၄၄-စသည်၌ မိန့်လတ္တံ့ဖြစ်သော ‘လက္ခဏာရေးသုံးပါး’ အစရှိသည်နှင့် စပ်ဟပ်အပ်၏။
သီလဝိသုဒ္ဓိ
ငါးပါး၊ ဆယ်ပါးအစရှိသော နိစ္စသီလသည်သာလျှင် ကိုယ်တိုင် သီလပျက်ခြင်း တည်းဟူသော အညစ်အကြေးမှ အထူးသဖြင့် စင်ကြယ်သည်၏ အဖြစ်ကြောင့်လည်းကောင်း, ကိုယ်နှင့်နှုတ်ကို လည်း ထိုသီလပျက်ခြင်းတည်းဟူသော အညစ်အကြေးမှ သုတ်သင် သန့်စင်စေသောကြောင့် လည်းကောင်း အထူးသဖြင့် စင်ကြယ်သည်ဟူသော အကြောင်းဟိတ်ကြောင့် “သီလဝိသုဒ္ဓိ” မည်၏။
စိတ္တဝိသုဒ္ဓိ
ကောင်းစွာ ပွားများအပ်သော စိတ်အစဉ်သည်သာလျှင် စိတ်ဟု ဆိုအပ်သော မိမိကိုယ်တိုင်လည်း အပိတ်အပင် နီဝရဏတည်းဟူသော အညစ်အကြေးမှ အထူးသဖြင့် စင်ကြယ်သည်၏ အဖြစ် ကြောင့် လည်းကောင်း, ထိုကောင်းစွာ ပွားအပ်သော စိတ်အစဉ်နှင့်ပြည့်စုံသော ပုဂ္ဂိုလ်ကိုလည်း ထိုနီဝရဏတည်းဟူသော အညစ်အကြေးမှ သုတ်သင် သန့်စင်စေသောကြောင့် လည်းကောင်း အထူးသဖြင့် စင်ကြယ်သည်ဟူသော အကြောင်းဟိတ်ကြောင့် “စိတ္တဝိသုဒ္ဓိ”မည်၏။ ဆက်ဦးအံ့, ဤစိတ္တဝိသုဒ္ဓိအရာ၌ စိတ်ကို အရင်းပြုသဖြင့် သမာဓိကို အလိုရှိအပ်၏။
ဒိဋ္ဌိဝိသုဒ္ဓိ
ရုပ်နာမ်တရားတို့ကို ပိုင်းခြားသိသော ဓမ္မဝဝတ္ထာနဉာဏ်ဟုဆိုအပ်သော သမ္မာဒိဋ္ဌိသည်သာလျှင် ထိုဓမ္မဝဝတ္ထာနဉာဏ်နှင့် ပြည့်စုံသောပုဂ္ဂိုလ်ကို သက္ကာယဒိဋ္ဌိတည်းဟူသော အညစ်အကြေးမှ သုတ်သင် သန့်စင်စေရကား အထူးသဖြင့် စင်ကြယ်သည်ဟူသော အကြောင်းဟိတ်ကြောင့် “ဒိဋ္ဌိဝိသုဒ္ဓိ” မည်၏။
ကင်္ခါဝိတရဏဝိသုဒ္ဓိ
ထိုပညာဖြင့် သုတ္တန်နည်းလာ ၁၆-ပါးအပြား ရှိသည်လည်းဖြစ်သော, အဘိဓမ္မာနည်းလာ ၈-ပါး အပြားရှိသည်လည်း ဖြစ်သော ယုံမှားခြင်းကို ကျော်လွန်ကုန်သည် ဟူသော အကြောင်း ဟိတ်ကြောင့် ကင်္ခါဝိတရဏမည်၏။ (ထိုကင်္ခါဝိတရဏပုဒ်အရ) အကြောင်းကို သိမ်းဆည်းသော ဉာဏ်ကို အရကောက်အပ်၏။ ထိုကင်္ခါဝိတရဏဟု ဆိုအပ်သော ပစ္စယပရိဂ္ဂဟဉာဏ်သည် ထို အသိဉာဏ်နှင့် ပြည့်စုံသောပုဂ္ဂိုလ်ကို အကြောင်းမဲ့ဟု ထင်မြင်ယူဆ တွေးခေါ်သော အဟေတုကဒိဋ္ဌိ, အကြောင်းအကျိုးမမျှမတ ယူဆသော ဝိသမဟေတုဒိဋ္ဌိတို့နှင့်တကွ အကြင် အကြင် ဆိုအပ်ကုန်ပြီးသော (၁၆-ပါး၊ ၈-ပါးအားဖြင့်) ၂-ပါး ကုန်သော ကင်္ခါယုံမှားခြင်းတို့မှ သုတ်သင် သန့်စင်စေရကား အထူးသဖြင့် စင်ကြယ်သည် ဟူသော အကြောင်းဟိတ်ကြောင့် “ကင်္ခါဝိတရဏဝိသုဒ္ဓိ”မည်၏။
မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ
“မဂ္ဂါမဂ္ဂ”ဟူသည် မဂ်ဟုတ်သည်လည်း ဖြစ်သည် မဂ်မဟုတ်သည်လည်း ဖြစ်သည်တို့တည်း။ ထိုမဂ္ဂါမဂ္ဂဟူသော စကားရပ်၌ ဉာဏ်အမြင်၏ အထူးသဖြင့် စင်ကြယ်ခြင်း ဉာဏဒဿနဝိသုဒ္ဓိကို ရခြင်း၏ အကြောင်းဥပါယ်ဖြစ်၍ဖြစ်သော အနိစ္စလက္ခဏာ စသည်တို့၌ နှလုံးသွင်းမှုမနသိကာရ အစီအရင်သည်လည်းကောင်း, အရိယာမဂ်သည် လည်းကောင်း မဂ် မည်၏။
ထိုဉာဏဒဿနဝိသုဒ္ဓိကို ရခြင်း၏ အကြောင်းဥပါယ်မဟုတ်သော နိစ္စစသည်တို့၏ အစွမ်းဖြင့် နှလုံးသွင်းမှု မနသိကာရသည် လည်းကောင်း, မဂ်ရသည်ဟု အလွန်အထင်ရောက်သော အရောင် အလင်း စသော အဓိမာန်၏ အကြောင်းဝတ္ထုတို့သည် လည်းကောင်း အမဂ္ဂ မည်၏။ မဂ်မဟုတ်သည် မည်၏။
မဂ်ကို မဂ်အနေအားဖြင့် ဖြစ်စေ, မဂ်မဟုတ်သည်ကို မဂ်မဟုတ်သည့် အနေအားဖြင့် ဖြစ်စေ သိခြင်းသည်လည်းကောင်း, အဓိမာနဝတ္ထုတို့ကို အနိစ္စစသည်ဖြင့် မြင်ခြင်းကိစ္စသည်လည်းကောင်း မဂ္ဂါမဂ္ဂဉာဏဒဿန မည်၏။
မဂ်ဟုတ်သည်, မဂ်မဟုတ်သည်ကို သိသော ထိုဉာဏ်သည်ပင်လျှင် ထိုဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို မဂ်မဟုတ်သည်၌ မဂ်ဟူသောအမှတ်မှ သုတ်သင်သန့်စင်စေရကား အထူးသဖြင့် စင်ကြယ်သည်ဟူသော အကြောင်းဟိတ်ကြောင့် “မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ” မည်၏။
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ
အထက်၌ ဖြစ်သော ဂုဏ်ထူးဝိသေသသို့ ရောက်ကြောင်းဟူသော အကြောင်းဟိတ်ကြောင့် ပဋိပဒါ မည်၏။ အကျင့် မည်၏။ (ထိုပဋိပဒါပုဒ်အရ) ဝိပဿနာအဆင့်ဆင့်ဟု ဆိုအပ်သော ရှေးအဖို့၌ ဖြစ်သော အကြိုပုဗ္ဗဘာဂမဂ်ကို အရကောက်အပ်၏။ အကျင့်ပဋိပဒါ ဖြစ်၍ ဖြစ်သော ဉာဏ်အမြင် ဟူသောအကြောင်းဟိတ်ကြောင့် ပဋိပဒါဉာဏဒဿန မည်၏။ ထိုဉာဏ်သည်သာလျှင် မြဲသည် ဟူသောအမှတ် နိစ္စသညာ အစရှိသည်မှ အထူးသဖြင့် စင်ကြယ်သည်၏ အဖြစ်ကြောင့် “ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ”မည်၏။
ဉာဏဒဿနဝိသုဒ္ဓိ
အရိယမဂ်ဉာဏ်ဟု ဆိုအပ်သော ဉာဏ်အမြင်သည်သာလျှင် သစ္စာ ၄-ပါးကို ဖုံးကာတတ်သော ပြင်းစွာ တွေဝေသော မောဟ အညစ်အကြေးမှ စင်ကြယ်သည်၏ အဖြစ်ကြောင့် “ဉာဏဒဿနဝိသုဒ္ဓိ” မည်၏။
ဒဿနပုဒ်ကို ထည့်ဆိုရခြင်းအကြောင်း
ဆက်ဦးအံ့, ဤဒဿနဝိသုဒ္ဓိအရာ၌ သုတမယဉာဏ်စသည်တို့၏ အစွမ်းဖြင့် ပြီးစီးသော ရုပ်နာမ် တို့၌ သဘာဝကို သိသည့် အလျော်သိ-နည်းယူသိ-မှန်းဆသိ အနုမာနဉာဏ်သည်လည်း ဉာဏ်စာရင်း ဝင်သည်သာလျှင်တည်း။ ထို့ကြောင့် ထိုအနုမာနဉာဏ်ကို ပယ်ချ၍ ကိုယ်တိုင် မျက်မှောက်ပြု တိုက်ရိုက်သိသော အတ္တပစ္စက္ခဉာဏ်ကို သာလျှင် ယူခြင်းငှာ အလုံးစုံသော မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ, ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ, ဉာဏဒဿနဝိသုဒ္ဓိအရာ၌ “ဒဿန” သဒ္ဒါကို ပြုအပ်၏။ ဤသို့ သိအပ်၏။
လက္ခဏာယာဉ် ၃-ပါး
၄၄။ ဤသင်္ခတတရားတို့သည် စင်စစ်အားဖြင့် အနိစ္စတို့သာလျှင်တည်း ဟု ပိုင်းခြားအပ်, ကောင်းစွာမှတ်သားအပ်, ဆုံးဖြတ်အပ်ကုန်ကြောင်းဟူသော အကြောင်းဟိတ်ကြောင့် “လက္ခဏ” မည်၏။ အနိစ္စ၏အဖြစ်သည်သာလျှင် လက္ခဏာ မည်ရကား “အနိစ္စလက္ခဏ”မည်၏။ ရှေ့ အနိစ္စတာပုဒ်၌ တာ-ဟူသော ဘာဝပစ္စည်းကို ချေ၍ အနိစ္စတာလက္ခဏံ-ဟု ဆိုလိုလျက် “အနိစ္စလက္ခဏံ”ဟု ပုဒ်ပြီးသည်ကို မှတ်အပ်၏။ မှန်၏, အနိစ္စသည် အနိစ္စတာမှ တစ်မျိုး တခြားတစ်ပါးတည်း။ အနိစ္စတာ ဟူသော အနိစ္စသဘောသည် အနိစ္စမှ တစ်မျိုးတခြားတစ်ပါး တည်းဟု အနိစ္စနှင့် အနိစ္စတာ မတူပုံကို သိအပ်၏။
ထိုစကား၌ လှုပ်ရှားအမူအရာ အခြင်းအရာရှိသော သွားခြင်းကြိယာနှင့် ယှဉ်ခြင်းကြောင့် ယောက်ျားကို သွား၏ဟူ၍ ဆိုအပ်သကဲ့သို့ မှတ်အပ်၏။ ဆက်ဦးအံ့, သွားခြင်း ကြိယာသည် ယောက်ျား မဟုတ်။ ယောက်ျားသည်လည်း သွားခြင်းကြိယာ မဟုတ်။ မှန်၏, ကြိယာသည် တစ်ပါးတခြားတည်း, ယောက်ျားသည် တစ်ပါးတခြားတည်း။ ထို့အတူ မမြဲသည်၏အဖြစ် အနိစ္စတာနှင့် ယှဉ်ခြင်းကြောင့် အလုံးစုံသော ရုပ်နာမ်သင်္ခတတရားကို အနိစ္စဟူ၍ ဆိုအပ်၏။ ထိုအနိစ္စတရားသည် မမြဲသည်၏အဖြစ် အနိစ္စတာ မဟုတ်, မမြဲသည်၏အဖြစ် အနိစ္စတာသည် ထိုအနိစ္စတရား မဟုတ်။ အနိစ္စတာသည် တခြား, အနိစ္စတရားသည် တခြားတည်း။ ဤသို့ သိအပ်၏။
ထိုအနိစ္စတာတရားသည် အဘယ်နည်း။ ဤသည်ကား အမေးတည်း။ ဖောက်ပြန်သော ဝိပရိဏာမ အခြင်းအရာတည်း။ ဆွေးမြေ့ယိုယွင်းအိုမင်းသော ဇီရဏ အခြင်းအရာတည်း။ ပျက်စီးသော ဘိဇ္ဇန အခြင်းအရာတည်း။ ဤသို့ ဆိုလို၏။ ထိုဝိပရိဏာမ ဇီရဏ ဘိဇ္ဇနအခြင်းအရာကို မြင်၍ ထိုအခြင်းအရာရှိသော သင်္ခတတရား၌ “ဤတရားသည် အနိစ္စတည်း”ဟု ဉာဏ်သည် ဖြစ်၏။ ထို့ကြောင့် ထိုအနိစ္စတာကိုသာလျှင် ဤအနိစ္စလက္ခဏာအရာ၌ လက္ခဏာဟူ၍လည်း ဆိုအပ်၏။ ဤသို့ မှတ်အပ်၏။ ကြွင်းကုန်သော ဒုက္ခလက္ခဏာ အနတ္တလက္ခဏာပုဒ်တို့၌လည်း ဤအနိစ္စလက္ခဏာပုဒ်နည်းတူ မှတ်အပ်၏။
ဆက်ဦးအံ့, ထိုဒုက္ခ၊ ဒုက္ခတာစသည်တို့တွင် မပြတ်နှိပ်စက်သောအခြင်းအရာသည် ဒုက္ခတာ မည်၏။ အလိုသို့မလိုက်သောအခြင်းအရာသည် အနတ္တတာ မည်၏။
(တာ-ပစ္စည်းအနက် ဘာဝနှင့် အခြင်းအရာ၊ လက္ခဏာတို့သည် သဘောတူကြ၏။)
အနုပဿနာ ၃-ပါး
၄၅။ အနိစ္စာနုပဿနာဖြစ်ပုံကား ဆိုအပ်ပြီးသော အပြားရှိသော အနိစ္စတာနှင့် တကွ အနိစ္စ တရားကို, တစ်နည်းကား အနိစ္စတရားနှင့်တကွ အနိစ္စတာကို ဉာဏ်မျက်စိဖြင့် အဖန်အဖန် ရှုခြင်းသည် “အနိစ္စာနုပဿနာ” မည်၏။ ကြွင်း ဒုက္ခာနုပဿနာ, အနတ္တာနုပဿနာ နှစ်ပုဒ်တို့ ၌လည်း ဤအနိစ္စာနုပဿနာ အဖွင့်နည်းတူတည်း။
ဝိပဿနာဉာဏ် ၁၀-ပါး
သမ္မသနဉာဏ်
၄၆။ အကြင်မျှလောက် ကိုယ်၌ ရုပ်နာမ်ခန္ဓာငါးပါးတရားတို့၏ သုံးပါးအပြားရှိသော လက္ခဏာနှင့် ယှဉ်သည်၏အဖြစ်သည် မိမိ၏ဉာဏ်၌ မထင်ရှားသေး။ ထိုမျှလောက် ထိုတရားတို့၌ သုံးပါးအပြား ရှိသောလက္ခဏာကို ထင်စွာပြခြင်း၏ အစွမ်းဖြင့် အဖန်ဖန်သုံးသပ်ခြင်း ရှေးရှုသုံးသပ်ခြင်းသည် သမ္မသန-မည်၏။ သုံးသပ်သော အခြင်းအရာဖြင့် ဖြစ်သော ဉာဏ်သည် “သမ္မသနဉာဏ်”မည်၏။
ဥဒယဗ္ဗယဉာဏ်
ထိုထိုခဏ အခိုက်အားလျော်စွာ လည်းကောင်း, ထိုထိုအကြောင်းပစ္စည်း အားလျော်စွာ လည်းကောင်း အသစ်အသစ်ဖြစ်ကုန်သော ရုပ်နာမ်တရားတို့၏ ထင်စွာဖြစ်ခြင်းကိုလည်းကောင်း အဆင့်အဆင့်ပွားခြင်းကို လည်းကောင်း “ဥဒယ”ဟူ၍ ဆိုအပ်၏။ အကြင်အကြင် ကိုယ်အင်္ဂါ အစိတ်အပိုင်း၌ ရအပ်သောအကြောင်းပစ္စည်း ရှိကုန်သော အသစ်အသစ်ဖြစ်ကုန်သော ရုပ်နာမ် တရားတို့သည် ထင်ရှားလည်း ဖြစ်ကုန်၏, ပွားလည်း ပွားကုန်၏။
ထိုထိုကိုယ်အင်္ဂါအစိတ်၌ မရအပ်သောအကြောင်းပစ္စည်းရှိကုန်သော အဟောင်းဖြစ်ကုန်သော တိုးပွားပြီး ရုပ်နာမ်တရားတို့၏ ကွယ်ပျောက်ခြင်းကို “ဝယ”ဟူ၍ ဆိုအပ်၏။ ဆက်ဦးအံ့, အပေါင်း သမူဟ, ဖြစ်စဉ်သန္တတိတို့၏ အစွမ်းဖြင့်ဖြစ်သော အဖို့ကိုလည်းကောင်း ပျက်စီးသောအဖို့ကို လည်းကောင်း ကောင်းစွာ အဖန်အဖန်ရှုသော ဉာဏ်သည် “ဥဒယဗ္ဗယဉာဏ်”မည်၏။
(ဝိပဿနာအမှုသို့ ရောက်သော် ခဏိက၏ အစွမ်းဖြင့်ဖြစ်စေ တစ်ခုသောဓမ္မကို ခွဲခြား ဝေဖန် သည်၏ အစွမ်းဖြင့်ဖြစ်စေ အဖန်တလဲလဲ ရှုခြင်းကိစ္စ မရှိ။ ထို့ကြောင့် အပေါင်းဖြစ်စဉ်အားဖြင့် ဖြစ်ပျက်ရှုသော ဉာဏ်ဟု မိန့်သည်။ အနုဒီပနီ။)
ဘင်္ဂဉာဏ်
နှစ်ပါးကုန်သော ထိုဥဒယအစုနှင့် ဝယအစုတို့တွင် ပွားစီးသောအဖို့အစုမည်သည်ကား အဆင့်ဆင့် ထင်ရှား၏။ ပျက်စီးသောအဖို့အစုမည်သည်ကား မပေါ်လွင် မထင်ရှား။ ထိုပျက်စီးသော အဖို့အစု သည်သာလျှင် မမြဲသည်၏အဖြစ်ဖြင့် လွန်ကဲသော အစွန်းတည်းဟု နှလုံးသွင်း၍ ထိုဖျက်စီးသော အဖို့အစုကိုသာလျှင် အလွန်အမှူး အထူးသဖြင့် ကောင်းစွာ အဖန်တလဲလဲ ရှုမြင်သော ဉာဏ်သည် “ဘင်္ဂဉာဏ်” မည်၏။
ဘယဉာဏ်
ရုပ်နာမ်အပျက်ကို မြင်အပ်သည်ရှိသော် ဤသို့ ပျက်စီးခြင်းသဘော ရှိကုန်သော ရုပ်နာမ် တရားတို့၏ အထောင်မကများစွာကုန်သော စိုးရိမ်ခြင်းဆင်းရဲခြင်းတို့၏ တည်ရာ၏အဖြစ်ကြောင့် ပဉ္စက္ခန္ဓေ အနိစ္စတော စသည်ဖြင့် ထိုထိုအခြင်းအရာအားဖြင့် ကြောက်သင့်ကြောက်ထိုက်သော သဘောကို အဖန်ဖန် ရှုမြင်တတ်သော ဉာဏ်သည် “ဘယဉာဏ်”မည်၏။
အာဒီနဝဉာဏ်
လောက၌ကား ခြင်္သေ့သစ်ကျားအစရှိသည့် တစ်စုံတစ်ခုသော ကြောက်မက်ဖွယ် ရှိသောဝတ္ထုကို မြင်ကုန်သောသူတို့သည်လည်း အနီး၌ တစ်ပါးသော လိုင်ဂူစသော ပုန်းအောင်းစရာရှိသော် မကြောက်ကုန်။ မရှိသော်သာလျှင် ကြောက်ကုန်၏။ ဤဥပ မာနနှင့် တူညီစွာ ကြောက်ဖွယ် ဖြစ်ကုန်သော ပြိုကွဲပျက်စီးတတ်သည့် သဘောရှိကုန်သော ထို သင်္ခါရတရားတို့၏ အခါခပ်သိမ်း တစ်ပါးသော ကိုးကွယ်ရာ မရှိသည်၏အဖြစ်ကို မြင်ခြင်းသည် “အာဒီနဝဉာဏ်”မည်၏။
နိဗ္ဗိဒါဉာဏ်
တစ်စုံတစ်ခုသော ကိုးကွယ်ရာတရားမရှိခြင်းကြောင့် ပြိုကွဲပျက်စီးတတ်သည့် သဘောရှိကုန်သော ထို သင်္ခါရတရားတို့မှ ငြီးငွေ့ဆန့်ကျင်သော နေက္ခမ္မတရား၌ ရှေးရှုသော အခြင်းအရာနှင့် တကွဖြစ်သော ဝိပဿနာဉာဏ်သည် “နိဗ္ဗိဒါဉာဏ်”မည်၏။
မုစ္စိတုကမျတာဉာဏ်
ငြီးငွေ့အပ်ကုန်သော ထိုသင်္ခါရတရားတို့မှ မိမိကို အထူးလွတ်စေခြင်းငှာ အလိုဆန္ဒ၊ အကြိုက် အဇ္ဈာသယနှင့် တကွဖြစ်သော ဝိပဿနာဉာဏ်သည် “မုစ္စိတုကမျတာဉာဏ်”မည်၏။
ပဋိသင်္ခါဉာဏ်
ကောင်းစွာလွတ်ခြင်းငှာ အလိုရှိသောပုဂ္ဂိုလ်အား လျင်မြန်စွာလွတ်ခြင်းငှာ မဟာနိဒ္ဒေသပါဠိတော်၊ မောဃပဥှနိဒ္ဒေသ၌ လာကုန်သော “ပဉ္စက္ခန္ဓေ အနိစ္စတော”စသည့် ၄၀-သော အခြင်းအရာတို့ဖြင့် (တော-၄၀ တို့ဖြင့်) များစွာသော အပြစ်အစု၏သဘောကို ဆင်ခြင်သည်၏ အစွမ်းဖြင့် ကောင်းစွာ သာ၍ အလွန်ပျံ့နှံ့သည်ဖြစ်၍ ဖြစ်သော ဝိပဿနာဉာဏ်သည် “ပဋိသင်္ခါဉာဏ်”မည်၏။
သင်္ခါရုပေက္ခာဉာဏ်
ထိုသင်္ခါရတရားတို့၏ များစွာသော အပြစ်အစု၏အဖြစ်ကို ကောင်းစွာ မြင်သည်ရှိသော် သင်္ခါရ တရားတို့၌ မက်မောမှု နိကန္တိတရားသည် ခြောက်သွေ့ကုန်ခမ်းသည်ရှိသော် ယခုအခါ၌ လွတ်ခြင်း၏ အကြောင်းကို ရအပ်ပြီဟု လွန်ကဲသော လုံ့လဗျာပါရကို မပြုဘဲ မျှတသောလုံ့လဖြင့် သင်္ခါရတရား တို့ကို သိမ်းဆည်းသောပုဂ္ဂိုလ်အား သင်္ခါရကို သိမ်းဆည်းမှု၌ အညီအမျှ ရှုသော အခြင်းအရာနှင့် တကွဖြစ်သော ဝိပဿနာဉာဏ်သည် “သင်္ခါရုပေက္ခာဉာဏ်”မည်၏။
တစ်နည်းကား သင်္ခါရတရားတို့၌ ဘယဉာဏ်၏အစွမ်းဖြင့် ဖြစ်သော သြတ္တပ္ပဘယ ခေါ် ဉာဏ်ဖြင့် ကြောက်ခြင်းကိုလည်းကောင်း, တရား၌ နှစ်သက်ခြင်းကိုလည်းကောင်း ပယ်၍ အညီအမျှရှုသော အဖြစ်နှင့်တကွဖြစ်သော ဝိပဿနာဉာဏ်သည် “သင်္ခါရုပေက္ခာဉာဏ်”မည်၏။
အနုလောမဉာဏ်
အထက်၌ မဂ်ဖြစ်ခြင်းကို ရွက်ဆောင်ခြင်းငှာ စွမ်းနိုင်သည်၏အဖြစ်ဖြင့် မဂ်ဖြစ်ခြင်းငှာ မဂ်အား လျော်ကုန်သော အားအစွမ်းတို့နှင့် ပြည့်စုံသော ဝိပဿနာဉာဏ်သည် “အနုလောမဉာဏ်”မည်၏။
တစ်နည်းကား - ထိုဉာဏ်သည် အောက်၌ဖြစ်ကုန်သော ဝိပဿနာဉာဏ်တို့အား သင့်လျော်၏။ အဘယ်ကြောင့်နည်းဟူမူကား လက္ခဏာယာဉ်သုံးခုအပေါင်းကို အလွန်ကောင်းစွာ ထင်စွာပြခြင်း ကြောင့်တည်း။ အထက်မဂ်အားလည်း သင့်လျော်၏။ အဘယ့်ကြောင့်နည်း ဟူမူကား ထို အထက်မဂ်၏ အခြေခံ = ပရိကံ၏အဖြစ်ကြောင့် လည်းကောင်း, ထိုအထက်မဂ်၏ နီးစွာသော အကြောင်း၏ အဖြစ်ကြောင့် လည်းကောင်းတည်း။ ဤသို့ ဆိုလိုသော အားဖြင့်လည်း “အနုလောမဉာဏ်” မည်ပေ၏။
ဝိမောက္ခ ၃-ပါး
၄၇။ အတ္တဇီဝကောင်မှ ကင်းဆိတ်သည်၏အဖြစ်ကို မြင်သည်၏ အစွမ်းဖြင့် ရုပ်နာမ်ခန္ဓာတို့၌ ကိလေသာဟူသော အနှောင်အဖွဲ့မှ လွတ်မြောက်သော မဂ်သည် “သုညတဝိမောက္ခ”မည်၏။
ဝိပ္ပလ္လာသတရားတို့သည် ဖန်တီးအပ်ကုန်သော နိစ္စ သုခ အတ္တ ဇီဝ-ဟူသော အကြင်နိမိတ် အမှတ် အသားတို့သည် ကိလေသာတို့၏ ခိုအောင်းရာသည် ဖြစ်၏။ ထိုနိမိတ် အမှတ်အသားတို့ကို ဉာဏ်ဖြင့် မှုတ်လွှင့်ကွယ်ပျောက်စေ၍ အခါခပ်သိမ်း ရုပ်နာမ်သင်္ခါရတရားတို့၏ ကိုးကွယ်ရာ မရှိသည်၏အဖြစ်ကို မြင်သည်၏အစွမ်းဖြင့် လွတ်မြောက်သော မဂ်သည် “အနိမိတ္တဝိမောက္ခ” မည်၏။
ရုပ်နာမ်သင်္ခါရတရားတို့၌ ကာလမရွေး သက်သာရာမရှိသည်၏အဖြစ်ကို မြင်သည်၏ အစွမ်းဖြင့် လွတ်မြောက်သော မဂ်သည် “အပ္ပဏိဟိတဝိမောက္ခ”မည်၏။
(မဂ်သည် ဝိမောက္ခမည်သည်ဟူသော စကားကို ပဓာနနည်းအရ ဆိုသည်ဟု မှတ်။ သင်္ဂဟ ပိုဒ်ရေ ၆၆-၌ ဖိုလ်သည်လည်း ဝိမောက္ခမည်သည်ကို တွေ့ရလတ္တံ့။)
ဝိမောက္ခမုခ ၃-ပါး
၄၈။ “သုညတာနုပဿနာ” ဟူသည်ကား အနတ္တဟု အဖန်တလဲလဲ ရှုမြင်သော အနတ္တာနုပဿနာ တည်း။ မှန်၏, ရုပ်နာမ်တရားတို့၏ အပေါင်းအခဲဟူသော သမူဟဃန, အစဉ်အခဲဟူသော သန္တတိဃန, အလုပ်အခဲဟူသော ကိစ္စဃန, အာရုံအခဲဟူသော အာရမ္မဏဃနတို့၌ ထိုထိုအခဲကို အသီးအသီး ခွဲစိတ်ဝေဖန်ခြင်း၏အစွမ်းဖြင့် ဖြစ်သည်၏အဖြစ်ကြောင့် အတ္တကောင်ဟူ၍ စွဲယူ အပ်သော တစ်စုံတစ်ခုသော အနှစ်သာရ၏ မရှိသည် (ကင်းဆိတ်သည်) ၏အဖြစ်ကို အဖန်ဖန် ရှုခြင်းကြောင့် ထိုအနတ္တာနုပဿနာကို “သုညတာနုပဿနာ”ဟူ၍ ဆိုအပ်၏။
“အနိမိတ္တာနုပဿနာ”ဟူသည်ကား အနိစ္စာနုပဿနာတည်း။ မှန်၏, သန္တတိအစဉ်ကို ဖြတ်သည်၏ အစွမ်းဖြင့် ဖြစ်သည်၏ အဖြစ်ကြောင့် ငါကောင်ဟူ၍ စွဲယူအပ်သော အမှတ်နိမိတ်ကို မှုတ်လွှင့်ခြင်းကြောင့် ထိုအနိစ္စာနုပဿနာကို “အနိမိတ္တာနုပဿနာ”ဟူ၍ ဆိုအပ်၏။
“အပ္ပဏိဟိတာနုပဿနာ”ဟူသည်ကား ဒုက္ခာနုပဿနာတည်း။ မှန်၏, များစွာ အပြစ်အစုအပုံ၏ အဖြစ်ကို ထင်စွာပြုသည်၏အစွမ်းဖြင့် ဖြစ်သည်၏အဖြစ်ကြောင့် “ဒါ ငါ့ဥစ္စာ, ဒါ ငါ့ရုပ်နာမ်”ဟု စွဲယူအပ်သော တစ်စုံ တစ်ခု သော တောင့်တစရာဂုဏ် ၏ မရှိသည်၏အဖြစ်ကို အဖန်အဖန် ရှုခြင်းကြောင့် ထိုဒုက္ခာနုပဿနာကို “အပ္ပဏိဟိတာနုပဿနာ”ဟူ၍ ဆိုအပ်၏။ ဤသည်ကား အနုပဿနာတရားသုံးပါးတည်း။
(လက္ခဏာရေးသုံးပါးအရာ၌ များသောအားဖြင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ-ဟု အနတ္တသည် နောက်ဆုံးက ရှိ၏။ လယ်တီဆရာတော်ဘုရားကြီးသည်လည်း အနိစ္စမြင်ဖို့ လိုရင်းစသည်ဖြင့် ဤကျမ်းမှာပင် ဖွင့်ပြထား၏။ သို့သော် လူပုဂ္ဂိုလ်တရားပြဆရာများကို မိမိလေ့လာရာတွင် အနတ္တကို အဓိက သဘောပေါက်သော ဒေါက်တာဦးစိုးလွင်ကမူ အနတ္တသိဖို့ လိုရင်းပုံစံမျိုး ကျမ်းကိုးကျမ်းကား လက်တွေ့သာဓကများဖြင့် မိမိကို တရားလျှောက်ဖူး၏။ ယခု သင်္ဂဟကျမ်း- ဝိမောက္ခ၊ ဝိမောက္ခမုခတို့ကို ပြဆိုရာတွင် သုညတ-အနတ္တကို ဦးစွာပြထားသည်ကို တွေ့ရသဖြင့် ထိုဒကာကြီး တရားလျှောက်ဖူးသည်ကို သတိရပေ၏။)
ဝိသုဒ္ဓိဘေဒ
သီလဝိသုဒ္ဓိ ၄-မျိုးအဖွင့်
၄၉။ “ပါတိမောက္ခသံဝရသီလ”ဟူသည်ကား ဝိနည်းပညတ်-သီလတည်း။ မှန်၏, ထိုသီလသည် အလုံးစုံသော စတုပါရိသုဒ္ဓိသီလဟု ဆိုအပ်သော လောကီသီလတို့၏ အလယ်၌ အကြီးအမှူး ဖြစ်သောကြောင့် ပတိ-အရှင်သခင်ဆိုလည်း ဟုတ်၏။ ဘုံအဆင့်လေးပါး၌ ဖြစ်သော ကုသိုလ်တို့၏ အမွန်အစဖြစ်သောကြောင့် မုခ-အကြောင်းဆိုလည်း ဟုတ်၏။ ဤသို့ အကြီးအကြဲဖစ်သော အနက်, အကြောင်းအရင်းခံဖြစ်သော အနက်နှစ်မျိုးကြောင့် ပါတိမောက္ခမည်၏။ ထိုပါတိမောက္ခ သည်ပင်လျှင် သီလပျက်စီးသူ၏ ဖြစ်ကြောင်းဖြစ်ရာ ဒုဿီလလမ်းကြောင်းကို ပိတ်ဆို့ခြင်းကြောင့် စောင့်စည်းမှုသံဝရဟူ၍ ဆိုအပ်၏။ (ထိုပါတိမောက္ခသံဝရသည်ပင် သီလတည်း။) ဤသို့ မှတ်အပ်၏။
စိတ်ပျံ့လွင့်ခြင်း၊ သတိလွတ်ခြင်း အစရှိကုန်သော အကြင်သီလပျက်ကြောင်း တရားဆိုးတို့၏ ဖြစ်ခြင်းကြောင့် မျက်စိအစရှိကုန်သော ဣန္ဒြေတို့သည် တုန်လှုပ်ကုန်၏။ လျှပ်ပေါ် လော်လည် ကုန်၏။ ထိုတုန်လှုပ်သော ဣန္ဒြေသို့ အစဉ်လိုက်ကုန်သော အကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏။ ထိုစိတ်ပျံ့လွင့်ခြင်း၊ သတိလွတ်ခြင်း၏အကြောင်းကို ပိတ်ဆို့ခြင်း၏အစွမ်းဖြင့် ဖြစ်ပေါ်လာသော သတိသည် ဣန္ဒြိယသံဝရ မည်၏။ ထိုဣန္ဒြိယသံဝရသည်ပင်လျှင် သီလတည်း။ ထို့ကြောင့် “ဣန္ဒြိယသံဝရ သီလ” မည်၏။
ထိုတရားသဘောဖြင့် အသက်ကို မွေးတတ်ကုန်၏။ ဤသို့ အသက်မွေးကြောင်း ဖြစ်သောကြောင့် အာဇီဝ မည်၏။ ပစ္စည်းလေးပါးကို ရှာမှီးတတ်သော ဝီရိယကို အရကောက်အပ်၏။ ထိုရှာမှီးခြင်း အာဇီဝသည်သာလျှင် သဗ္ဗညုဘုရားတို့သည် စက်ဆုပ် တားမြစ်အပ်ကုန်သော ကုသဒူသနအလုပ် ၈-ပါး၊ အနေသန ၂၁-ပါးဟူသော မိစ္ဆာလုံ့လပယောဂ တို့မှလည်းကောင်း, ၃-ပါးအပြားရှိကုန်သော ဟန်ဆောင် ဝါကြွားမှု ကုဟနဝတ္ထုတို့မှ လည်းကောင်း စင်ကြယ်သည်၏ အဖြစ်ကြောင့် အာဇီဝပါရိသုဒ္ဓိ မည်၏။ ထို အာဇီဝပါရိသုဒ္ဓိ သည်ပင်လျှင် သီလတည်း။ ထို့ကြောင့် “အာဇီဝပါရိသုဒ္ဓိသီလ”မည်၏။ ဤသို့ သမာသ်ပုဒ် ပြုလုပ်အပ်၏။
ထိုသို့သဘောရှိသော စင်ကြယ်သော ဆွမ်းခံခြင်းအစရှိသော လုံ့လဖြင့် ရအပ်ကုန်သော ပစ္စည်း လေးပါးတို့ကို ခံယူသောကာလ သုံးဆောင်သော ကာလတို့၌ ပြင်းစွာတွေဝေခြင်း, မက်မောခြင်း, ယစ်မူးခြင်း, မေ့လျော့ခြင်းတို့ကို ပယ်စွန့်ခြင်းငှာ ထိုထိုသုံးစွဲရကျိုး အပိုင်းအခြားကိုလည်းကောင်း, စက်ဆုပ်ဖွယ်အမှတ် ပဋိကူလလက္ခဏာကို လည်းကောင်း, ရုပ်ဓာတ်မျှသာဖြစ်သော လက္ခဏာ ကိုလည်းကောင်း သိမ်းဆည်းခြင်း ဆင်ခြင်ခြင်း၏အစွမ်းဖြင့် ပစ္စည်းကို မှီဝဲခါ၌ ဆင်ခြင်သော ဉာဏ်သည် “ပစ္စယသန္နိဿိတသီလ”မည်၏။ ထက်ဝန်းကျင် စင်ကြယ်တတ်သောကြောင့် “ပရိသုဒ္ဓိ”မည်၏။ ထိုပရိသုဒ္ဓိသည်ပင်လျှင် “ပါရိသုဒ္ဓိ”မည်၏။ ထို “ပါရိသုဒ္ဓိ” သည်ပင်လျှင် “သီလ” မည်၏။ ဤသို့ သမ္ဘာဝနာကမ္မဓာရည်းသမာသ် ပြုအပ်၏။ ၄-ပါးကုန်သော ပါရိသုဒ္ဓိသီလ တို့ ဟူသော အကြောင်းဟိတ်ကြောင့် “စတုပါရိသုဒ္ဓိသီလ”မည်၏။
စိတ္တဝိသုဒ္ဓိ ၂-မျိုးအဖွင့်
“စိတ္တဝိသုဒ္ဓိ”ဟူသော ဤစကား၌ စိတ္တသဒ္ဒါဖြင့် သမာဓိကို ညွှန်ပြအပ်ရကား “နှစ်ပါးအပြားရှိသည် လည်းဖြစ်သော သမာဓိသည် စိတ္တဝိသုဒ္ဓိမည်၏”ဟူ၍ အရှင်အနုရုဒ္ဓါဆရာသည် မိန့်ဆိုအပ်ပြီ။ (ခဏိကသမာဓိဟုလည်း ရှိသေး၏။)
ဒိဋ္ဌိဝိသုဒ္ဓိအဖွင့်
၅၁။ “လက္ခဏရသပစ္စုပဋ္ဌာနပဒဋ္ဌာနဝသေန”ဟူသော ဤစကား၌ သဘောတရားတို့၏ အသီး အသီးသောသဘောသည် “လက္ခဏ”မည်၏။ မီး၏ ပူသောသဘောသဘာဝကဲ့သို့တည်း။
ထိုလက္ခဏသဘောဖြင့် ပြီးစီးစေအပ်သော အလုပ်ကိစ္စသည်လည်းကောင်း, ပြီးစေခြင်းဟူသော အကြောင်းကြောင့် ရအပ်သောဂုဏ်ဟု ဆိုအပ်သော ပြည့်စုံခြင်းသမ္ပတ္တိသည်လည်းကောင်း “ရသ”မည်၏။ မီး၏ ရင့်ကျက်ခြင်းကိစ္စ, တောက်ပခြင်းဂုဏ်တို့ကဲ့သို့တည်း။
ထိုရအပ်သောဂုဏ်ဟု ဆိုအပ်သော ပြည့်စုံခြင်းသမ္ပတ္တိသည် လည်းကောင်း, (ကာရီ-၏) ပြုအပ်ပြီးစေအပ်သည့် ကာရိယဟု ဆိုအပ်သော နီးသော အကျိုးသည် လည်းကောင်း “ပစ္စုပဋ္ဌာန်” မည်၏။ မီး၏ အခိုးကဲ့သို့တည်း။
မိမိဟု ဆိုအပ်သော အကျိုးတရား ဖြစ်ပေါ်ဖို့အတွက် (အခြားနှင့်) မဆက်ဆံသော အကြောင်းဟု ဆိုအပ်သော နီးသောအကြောင်းသည် “ပဒဋ္ဌာန်”မည်၏။ မီးပျိုးသူ မီးမွေးသူကဲ့သို့ မှတ်အပ်၏။
ထိုလက္ခဏစသည်တို့၏ အစွမ်းဖြင့် နာမ်ကိုလည်းကောင်း ရုပ်ကိုလည်းကောင်း ဉာဏ်ဖြင့် သိမ်းဆည်းခြင်း, ဉာဏ်ဖြင့် ပိုင်းခြား၍ ယူခြင်းသည် နာမ်ရုပ်ကို ပိုင်းခြားခြင်း “ဒိဋ္ဌိဝိသုဒ္ဓိ” မည်၏။
ရုပ်နာမ် အကျဉ်းအကျယ် သိမ်းဆည်းနည်း နှစ်မျိုး
ဆက်၍ ဆိုဦးအံ့, ဤနေရာ၌ သိမ်းဆည်းခြင်းသည် အကျဉ်းအားဖြင့် သိမ်းဆည်းခြင်း သင်္ခေပပရိဂ္ဂဟ, အကျယ်အားဖြင့် သိမ်းဆည်းခြင်း ဝိတ္ထာရပရိဂ္ဂဟဟု နှစ်ပါး အပြားရှိ၏။
ရုပ်နာမ်အကျဉ်း သိမ်းဆည်းနည်း
ထိုအကျဉ်းအကျယ်သိမ်းဆည်းခြင်းတို့တွင် အတွင်းအဇ္ဈတ္တရုပ်နာမ်တရားတို့ကို နှစ်ဖို့နှစ်စု ပြု၍ “ဤတရားသည် နာမ်တရားသာတည်း, ရုပ်တရား မဟုတ်။ ဤတရားသည် ရုပ်တရားသာတည်း, နာမ်တရား မဟုတ်။ နာမ်သည် ရုပ်မှ တစ်ပါးတခြားတည်း။ ရုပ်သည် နာမ်မှ တစ်ပါးတခြားတည်း။ ထိုရုပ်နာမ်နှစ်ပါးစုံမှလည်း အခြားတစ်ပါးသော ငါအတ္တကောင်သည် လည်းကောင်း အသက်ဇီဝကောင်သည် လည်းကောင်း သတ္တဝါကောင်သည် လည်းကောင်း ပုဂ္ဂိုလ်ကောင်သည် လည်းကောင်း လူကောင်သည် လည်းကောင်း နတ်ကောင်သည် လည်းကောင်း ဗြဟ္မာကောင်သည် လည်းကောင်း မရှိ”ဟု ဤသို့ဤပုံ မျက်မှောက်အားဖြင့် ကောင်းစွာမြင်သည်ကို ပြု၍ သိမ်းဆည်း ခြင်းသည် အကျဉ်းအားဖြင့် သိမ်းဆည်းခြင်း သင်္ခေပပရိဂ္ဂဟ မည်၏။
မှန်၏, ဉာဏ်အလွန်ထက်သန်သော ပုဂ္ဂိုလ်သည် ဤမျှလောက် အကျဉ်းအားဖြင့်လည်း သက္ကာယဒိဋ္ဌိကို ထိုဒိဋ္ဌိနှင့် ယှဉ်ကုန်သော သညာဝိပလ္လာသ စိတ္တဝိပလ္လာသ တို့နှင့်တကွ ပယ်ခွာခြင်းငှာ စွမ်းနိုင်၏။ ဤသို့ သိအပ်၏။
သာဓကကို ပြဦးအံ့, ဝိပလ္လာသတို့သည် သုံးပါးရှိကုန်၏။ ဘုရားရှင် အဘယ်ကဲ့သို့ ဟောသနည်း ဟူမူကား “အနတ္တရုပ်နာမ်၌ အတ္တဟူ၍ အမှတ်ဖောက်လွဲမှု သညာဝိပလ္လာသ, အသိဖောက်လွဲမှု စိတ္တဝိပလ္လာသ, အမြင်ဖောက်လွဲမှု ဒိဋ္ဌိဝိပလ္လာသ”ဟူ၍ ဟောတော်မူ၏။
ထိုဝိပလ္လာသတရားသုံးပါးတို့တွင် အနတ္တလက္ခဏသုတ် အစရှိသော အတ္တကင်းဆိတ်ကြောင်း တရားနှင့် စပ်ယှဉ်ကုန်သည့် မြတ်စွာဘုရား၏ အဆုံးအမဖြစ်သော တရားဒေသနာတော်၌ ကောင်းစွာတည်သောသူသည် သဒ္ဓါတရားမျှဖြင့်လည်း အမြင်ဖောက်လွဲမှု (အတ္တ) ဒိဋ္ဌိ ဝိပလ္လာသ ကို ပယ်ခွာအပ်၏။ ဤမှတစ်ပါးကုန်သော ဝိပလ္လာသတို့သည်ကား နာမ်ရုပ်ကို သိမ်းဆည်းခြင်းကို ပြုအပ်သော်သာလျှင် ပယ်ခွာအပ်ကုန်၏။
အကြင်မျှလောက် ကာလပတ်လုံးလည်း ထိုနှစ်ပါးသော (အတ္တ)သညာဝိပလ္လာသ - (အတ္တ) စိတ္တဝိပလ္လာသ တို့ကို မခွာအပ်ကုန်။ ထိုမျှလောက်သော ကာလပတ်လုံး နာမ်နှင့်ရုပ်ကို သိမ်းဆည်း ခြင်းသည်လည်း မစင်ကြယ်သည်သာလျှင် ဖြစ်၏။ ထိုဝိပလ္လာသ နှစ်ပါးလျှင် အကြောင်းရှိကုန်သော ကိလေသာတို့ကိုလည်း မပယ်ခွာအပ်ကုန်သည်သာလျှင်တည်း။ ဤသို့ သိအပ်၏။
ရုပ်နာမ်အကျဉ်းသိမ်းဆည်းနည်းအမျိုးမျိုး
တစ်နည်းသော်ကား အာဟာရလေးပါးတို့၏ အစွမ်းဖြင့် လေးစုလေးပုံ၊ ခန္ဓာငါးပါးတို့၏ အစွမ်းဖြင့် ငါးစုငါးပုံ၊ ဓာတ်ခြောက်ပါးတို့၏အစွမ်းဖြင့် ခြောက်စုခြောက်ပုံ ဤသို့ အစရှိသောနည်းဖြင့် နာမ်နှင့်ရုပ်ကို သိမ်းဆည်းသည်သာလျှင်တည်း။
ထိုအာဟာရလေးပါး စသည်တို့တွင် ဓာတ်ခြောက်ပါးတို့ မည်သည်ကား အမာခံ ပထဝီဓာတ်၊ ဖွဲ့စေးအာပေါဓာတ်၊ ပူအေးတေဇောဓာတ်၊ ထောက်ကန်ဝါယောဓာတ်၊ အပေါက်အကြား အာကာသဓာတ်၊ သိမှုဝိညာဏဓာတ်တို့တည်း။ မှန်၏, ပက္ကုသာတိ အမျိုးကောင်းသားသည် ဤဓာတ် ခြောက်ပါးတို့ကို သိမ်းဆည်း၍ အနာဂါမိဖိုလ်သို့ ရောက်၍ စုတေပြီးနောက် သုဒ္ဓါဝါသဘုံ တို့၌ ဖြစ်၏။ ဤသို့ သိအပ်၏။
ဆက်၍ပြဦးအံ့, အကြင်မျှလောက်ကုန်သော တရားတို့ကို သိမ်းဆည်းသည်ရှိသော် “ငါ၏ အတ္တ ကောင်တည်းဟု ဖြစ်ကုန်သော (အတ္တ)သညာဝိပလ္လာသ, (အတ္တ)စိတ္တဝိပလ္လာသ, (အတ္တ) ဒိဋ္ဌိဝိပလ္လာသ တို့ကို ပယ်ခွာခြင်းငှာ စွမ်းနိုင်၏။ ထိုမျှလောက်သော တရားတို့ကိုလည်း သိမ်းဆည်းအပ်ကုန် သည်သာလျှင်တည်း။ ဤသို့ သိအပ်၏။
ရုပ်နာမ်အကျယ် သိမ်းဆည်းနည်း
အကျဉ်းသိမ်းဆည်းနည်းမှတစ်ပါး အကျယ်သိမ်းဆည်းနည်းကို ပြဦးအံ့, ဤသင်္ဂြိုဟ်ကျမ်း၌ကား အကြင်အကြင် စိတ်စေတသိက် ဝေဖန်ပိုင်းခြားချက်ကို လည်းကောင်း ရုပ်ဝေဖန်ပိုင်းခြားချက်ကို လည်းကောင်း အောက်၌ အရှင်အနုရုဒ္ဓါမထေရ်သည် မိန့်ဆိုအပ်၏။ အလုံးစုံသော ထိုဝေဖန် ပိုင်းခြားချက်၏ အစွမ်းဖြင့် နာမ်နှင့် ရုပ်ကို ပိုင်းခြားခြင်းသည် အကျယ်ပိုင်းခြားခြင်းမည်၏။
အကုန်ရှုလို အကျယ်ရှုလိုသည့် ဝိပဿနာဆရာတို့ သိရအောင် အထူးကို ပြဦးအံ့, ဤအကျယ် ပိုင်းခြားခြင်းသည်ကား ဝိပဿနာစတင်အားထုတ်သူတို့၏ အရာမဟုတ်။ စင်စစ်သော်ကား ထိုးထွင်း၍ သိအပ်ပြီးသော သစ္စာရှိကုန်သော အဘိဓမ္မာကို ဆောင်ကုန်သော မထေရ်တို့၏ သာလျှင် အရာတည်း။ ဤသို့ သိအပ်၏။
ဒိဋ္ဌိဝိသုဒ္ဓိဖြင့် မိစ္ဆာဒိဋ္ဌိကို ပယ်ပုံ
ဆက်ဦးအံ့, နာမ်နှင့်ရုပ်ကို သိမ်းဆည်းသောသူအား နာမ်ရုပ်မှ အထက်၌ အခြားသော အတ္တဇီဝ အစရှိသည့် တစ်စုံတစ်ခုသော အရာဝတ္ထု၏ မရှိသည်၏ အဖြစ်ကို မြင်ခြင်းကြောင့်လည်း “ကိုယ်တွင်း၌ ဇီဝကောင်ဟု မှတ်အပ်သော ထိုအတ္တကောင်သည် ရှိ၏။ ထိုအတ္တကောင်သည် ကုသိုလ်အကုသိုလ်ကံကို ပြု၏, ထိုအတ္တကောင် သည် ဘဝတစ်ပါးသို့ ရောက်၍ ထိုကံ၏အကျိုးကို ခံစား၏, ထိုအတ္တကောင်သည် တစ်ဘဝမှ တစ်ဘဝသို့ တပြောင်းပြန်ပြန် သံသရာ ကျင်လည်၏, ကံအဟုန်သည် ပစ်ချအပ်သည်ဖြစ်၍ ထိုဘဝမှ ဤဘဝသို့ ပြေးသွား၏”ဟု ဤသို့ ဖြစ်သော (ယူဆသော) ဒိဋ္ဌိကို ပယ်အပ်၏။
အတ္တကောင်မဖက် သက်သက်သော နာမ်၌သာလျှင်လည်းကောင်း ရုပ်၌သာလျှင်လည်းကောင်း ပုဂ္ဂိုလ်သတ္တဝါတို့၏ အမူအရာဟု မှတ်အပ်ကုန်သော အားထုတ်ခြင်း ကြောင့်ကြစိုက်ခြင်းတို့၏ လုံးဝမရှိသည်၏အဖြစ်ကို မြင်ခြင်းကြောင့် လည်းကောင်း ထိုရုပ်နာမ်နှစ်ပါးစုံ ယှဉ်တွဲခြင်းကြောင့် သာလျှင် ထိုအားထုတ်ခြင်း ကြောင့်ကြစိုက်ခြင်းတို့ကို ရအပ်သည်၏အဖြစ်ကို မြင်ခြင်းကြောင့် လည်းကောင်း ထိုနာမ်ရုပ် နှစ်ပါးစုံကိုလည်းဖြစ်စေ တစ်ပါးပါးကိုလည်းဖြစ်စေ ရည်မှတ်၍ အတ္တကောင် ဟူ၍ ဖြစ်သော (ယူဆသော) ကာရကဒိဋ္ဌိကို ပယ်စွန့်အပ်၏။
အတ္တ၊ ဇီဝ၊ သတ္တဝါ၊ ပုဂ္ဂိုလ်၊ လူ၊ နတ်၊ ဗြဟ္မာ ဤသို့အစရှိကုန်သော ဝေါဟာရတို့၌လည်း ဝေါဟာရ အသုံးမျှ၌ မတည်မူ၍ “အတ္တကောင်မည်သည် စင်စစ်အားဖြင့် ရှိ၏, ဇီဝကောင်မည်သည် စင်စစ်အားဖြင့် ရှိ၏။ ဤသို့ အစရှိသည်ဖြင့် ထိုအတ္တဇီဝ ကြံဆအနက်ကို မှားသောအားဖြင့် နှလုံးသွင်းခြင်း (တဒတ္ထာဘိနိဝေသ) ၏အစွမ်းဖြင့် လွန်၍ ပြေးသွားခြင်း (အတိဓာဝန) ကိုလည်း ပယ်စွန့်အပ်၏။ ဤသို့ မှတ်အပ်၏။
ထိုတွင် “တဒတ္ထာဘိနိဝေသ”ဟူသည်ကား အတ္တကောင်မည်သည် ရှိ၏, ဇီဝကောင်မည်သည် ရှိ၏။ ဤသို့ အစရှိသည်ဖြင့် သာလွန်၍ မြဲမြံစွာ နှလုံးသွင်းခြင်းတည်း။
“အတိဓာဝန”ဟူသည်ကား နာမ်နှင့်ရုပ်သည် အတ္တကောင်ဖြစ်သည်- ဤသို့ အစရှိသည်ဖြင့် ယူခြင်းတည်း။ ဤကား ဒိဋ္ဌိဝိသုဒ္ဓိ အဖွင့်တည်း။
ကင်္ခါဝိတရဏဝိသုဒ္ဓိအဖွင့်
အကြောင်းအကျဉ်းအကျယ် သိမ်းဆည်းနည်း နှစ်မျိုး
၅၂။ “ပစ္စယပရိဂ္ဂဟ”ဟူသော ဤစကား၌ အကြောင်းပစ္စည်းကို သိမ်းဆည်းခြင်းသည် အကျဉ်း အားဖြင့် သိမ်းဆည်းခြင်းလည်းကောင်း အကျယ်အားဖြင့် သိမ်းဆည်းခြင်း လည်းကောင်း ဤသို့ နှစ်ပါးအပြားရှိ၏။
အကြောင်းအကျဉ်းသိမ်းဆည်းနည်း
ထိုနှစ်ပါးတို့တွင် ဝတ္ထု,အာရုံတို့၏အစွမ်းဖြင့် နာမ်၏လည်းကောင်း, စိတ်, ဥတု, အာဟာရတို့၏ အစွမ်းဖြင့် ရုပ်၏လည်းကောင်း, အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, ကံတို့၏ အစွမ်းဖြင့် ထိုနာမ်ရုပ် နှစ်ပါးစုံ၏ လည်းကောင်း အကြောင်းပစ္စည်းကို သိမ်းဆည်းသည်ရှိသော် အကျဉ်းအားဖြင့် သိမ်းဆည်းသည် မည်၏။
အကြောင်းအကျယ်သိမ်းဆည်းနည်း
အောက်ပစ္စည်းပိုင်း၌ ဝေဖန်အပ်ကုန်သော ပဋိစ္စသမုပ္ပါဒ်နည်း ပဋ္ဌာန်းနည်းတို့ဖြင့် သိမ်းဆည်းသည် ရှိသော် အကျယ်အားဖြင့် သိမ်းဆည်းသည် မည်၏။ ဤပစ္စယပရိဂ္ဂဟဉာဏ် အရာ၌လည်း ပဋ္ဌာန်းနည်းဖြင့် အကျယ်သိမ်းဆည်းခြင်းသည် ဝိပဿနာ စအားထုတ်သူတို့၏ အရာမဟုတ်သည် သာလျှင်တည်း။
ကင်္ခါဝိရတဏဝိသုဒ္ဓိဖြင့် ပယ်သော ဒိဋ္ဌိ
ဆက်ဦးအံ့, အကြောင်းပစ္စည်းကို သိမ်းဆည်းသောသူအား အကြင်အကြင် ပိုင်းခြားအပ်ပြီးသော နာမ်နှင့်ရုပ်၏ အခါခပ်သိမ်း အကြောင်းနှင့်စပ်၍ ဖြစ်ခြင်းရှိသည်၏ အဖြစ်ကို မြင်ခြင်းကြောင့် အကြောင်းမဲ့အားဖြင့် ယူသော အဟေတုကဒိဋ္ဌိကို ပယ်စွန့်အပ်၏။
မိမိဟု ဆိုအပ်သော အကျိုးအား လျောက်ပတ်ကုန်သော အကြောင်းတို့၏ ပြည့်စုံညီညွတ်ခြင်းကို ဖယ်ကြဉ်၍ အကြောင်းမှ တစ်ပါးသော အခြင်းအရာဖြင့် ရုပ်နာမ်၏ဖြစ်ခြင်းကို မမြင်ခြင်းကြောင့် အစိုးရသခင်ထာဝရ ဘုရားက ဖန်ဆင်းခြင်း, ကာလကဖန်ဆင်းခြင်း အစရှိသော အကြောင်းလွဲအားဖြင့် ယူသော ဝိသမဟေတုဒိဋ္ဌိကိုလည်း ပယ်စွန့်အပ်၏။ (ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၊ ၁၊ ၁၂၈၊ ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ၊ ၂၊ ၂၁၇-၂၁၈ တို့၌ အကျယ် ကြည့်ရှုနိုင်၏။)
မ,တည်-ဟေတုအကြောင်း အခြံအရံ-သမ္ဘာရအကြောင်းတို့ကြောင့် ကံ၏ဖြစ်ခြင်းမှလည်းကောင်း အကျိုး၏ဖြစ်ခြင်းမှ လည်းကောင်း အခြားတစ်ပါးသော ကံကို ပြုတတ်သည်လည်း ဖြစ်သော အကျိုးကို ခံစံတတ်သည်လည်း ဖြစ်သော ပြုလုပ်သူပုဂ္ဂိုလ်ကတ္တား၏ မရှိသည်၏အဖြစ်ကို မြင်ခြင်းကြောင့် ကာရကဒိဋ္ဌိ- ပြုတတ်သည့် အတ္တကောင်ရှိသည် ဟူသောအယူ, ဝေဒကဒိဋ္ဌိ-ခံစား တတ်သည့် အတ္တကောင်ရှိသည်ဟူသောအယူကိုလည်း ပယ်စွန့်အပ်၏။
မသိနိုင်သော အစရှိသော အနမတဂ္ဂသံသရာ၌လည်း သုံးပါးသောကာလ အဓွန့်တို့၌ အကြောင်း အကျိုးအဆက်ဆက်၏ အစွမ်းဖြင့် ငါကောင်မဖက် သက်သက်သော နာမ်ရုပ်မျှ၏သာလျှင် ဖြစ်ခြင်းကို မြင်ခြင်းကြောင့် “ငါသည် အတိတ်ကာလ၌ ဖြစ်ဖူးလေသလော” ဤသို့အစရှိသော ပုဂ္ဂိုလ်သတ္တဝါလျှင် အရာရှိသော ၁၆-ပါးအပြားရှိသော ယုံးမှားခြင်းကင်္ခါကိုလည်း လွန်မြောက် နိုင်၏။
အကြောင်းအကျိုးသဘောတရား အဆက်ဆက်တို့၏ ဖြစ်ခြင်းကို ကောင်းစွာမြင်အပ်သည် ရှိသော် ဒေသနာဓမ္မ၏ သွာက္ခာတတာ အစရှိသော အဖြစ်ဖြင့် ကောင်းသော အပြစ်ကင်းသော ဓမ္မ၏အဖြစ်ကို မြင်ခြင်းကြောင့် ထိုတရားကို ဟောကြားသည့် ဗုဒ္ဓ၏ ကောင်းသော သဗ္ဗညုဗုဒ္ဓ၏ အဖြစ်ကိုလည်း မြင်သည်ဖြစ်၍ “မြတ်စွာဘုရား၌ ယုံမှား၏, တရား၌ ယုံမှား၏- ဤသို့အစရှိသော နည်းဖြင့် ဖြစ်သော ၈-ပါး အပြားရှိသော ယုံးမှားခြင်းကင်္ခါကိုလည်း ပယ်စွန့်အပ်၏။ ဤသို့ “ကင်္ခါဝိတရဏဝိသုဒ္ဓိ” ဖြစ်ပုံကို သိအပ်၏။
မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိအဖွင့်
သမ္မသနဉာဏ်
၅၃။ မဂ်ဖိုလ်လောကုတ္တရာတရားတို့သည် သင်္ခတတရားတို့ ဖြစ်ပါကုန်သော်လည်း (၎င်းတို့ကို ဝိပဿနာဉာဏ်ဖြင့်) မရှုမှတ်မသုံးသပ်ထိုက်သည်၏အဖြစ်ကြောင့် “တေဘူမကသင်္ခါရေသု”ဟူ၍ မိန့်ဆိုအပ်၏။
အနုသယကို ပယ်နုတ်ခြင်းအကျိုးငှာလည်း သုံးသပ်ခြင်းသမ္မသနကိစ္စသည် ဖြစ်၏ဟု နှလုံးပိုက်၍ အကြင် ကာမ, ရူပ, အရူပဟူသော တေဘူမကတရားတို့၌ ကာမရာဂ အစရှိကုန်သော အနုသယတို့သည် ထပ်ခါထပ်ခါ ဖြစ်ကုန်ကိန်းကုန်၏။ ထိုတေဘူမကတရားတို့သည်သာလျှင် သုံးသပ်ခြင်းငှာ ထိုက်ကုန်သည်။ ထို့ကြောင့် “တေဘူမကသင်္ခါရေသု”ဟူသော ဤအရှုခံပုဒ်ကို မိန့်ဆိုအပ်၏။
စာစပ်ကို ပြဦးအံ့, “တေဘူမကသင်္ခါရေသု”ဟူသော ဤပုဒ်၏ “လက္ခဏတ္တယံ သမ္မသန္တဿ” ဤပုဒ်နှင့် နေရာပြပုဒ်အဖြစ်ဖြင့် စပ်အပ်၏။
(“တေဘူမကရုပ်နာမ်သင်္ခါရတရားတို့၌ လက္ခဏာရေးသုံးပါးကို သုံးသပ်သော ယောဂီပုဂ္ဂိုလ်အား” ဟူလို။)
“အတီတာဒိဘေဒဘိန္နေသု” ဟူသည်ကား အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အတွင်းအဇ္ဈတ္တ, အပြင် ဗဟိဒ္ဓ အစရှိကုန်သော ၁၁-ပါးကုန်သော အပြားတို့ဖြင့် ကွဲပြားကုန်သော။
“ခန္ဓာဒိနယံအာရဗ္ဘ” ဟူသည်ကား ပဋိသမ္ဘိဒါမဂ်ကျမ်း၌ ဝေဖန်ပြအပ်သော ခန္ဓာငါးပါးအပေါင်း၊ ဒွါရခြောက်ပါးအပေါင်း၊ အာရုံခြောက်ပါးအပေါင်း၊ ဝိညာဏ်ခြောက်ပါးအပေါင်း၊ ဖဿခြောက်ပါးအပေါင်း၊ ဝေဒနာခြောက်ပါး အပေါင်း၊ သညာခြောက်ပါးအပေါင်း ဤသို့အစရှိသော သုံးသပ်အပ်သော အရှုခံရုပ်နာမ်ဘူမိ ဆိုင်ရာ ဝေဖန်ပိုင်းခြားနည်းကို အစွဲပြု၍, အစဉ်လိုက်၍, ထိုနည်းကို အစဉ်မှီးသဖြင့်”ဟု ဆိုလို၏။ ဤသည်လျှင် “ခန္ဓာဒိနယံ အာရဗ္ဘ”ဟူသော ဝါကျတို၏ အနက်တည်း။
ထိုပဋိသမ္ဘိဒါမဂ်စကားရပ်၌ ဝေဖန်ပြအပ်ကုန်သော ၂၃-ပါးသော တရားအစုတို့တွင်ကား အကြင် ယောဂီပုဂ္ဂိုလ်အား အကြင်တရားစုသည် ထင်ရှား၏, ထိုပုဂ္ဂိုလ်သည် ထိုတရားစုကို အာရုံယူ၍ သုံးသပ်ခြင်းကိစ္စကို အားထုတ်အပ်၏။ စွမ်းနိုင်သော ပုဂ္ဂိုလ်သည်ကား အလုံးစုံကိုလည်း အာရုံယူ၍ သုံးသပ်အပ်သည်သာလျှင်တည်း။
“ကလာပဝသေန သင်္ခိပိတွာ”ဟူသည်ကား ခန္ဓာငါးပါးအပေါင်းနည်း၌ ရှေးဦးစွာ ရုပ်သည် အတိတ် အနာဂတ် ပစ္စုပ္ပန်စသောအပြားတို့ဖြင့် ကွဲပြားသော်လည်း အလုံးစုံသောရုပ်ကို တစ်ခုသော ရုပ်အစု၏အဖြစ်ဖြင့် အကျဉ်းချုံး၍”ဟု ဆိုလို၏။ ဝေဒနာ အစရှိသည်တို့၌လည်း ဤရူပက္ခန္ဓာ ရှုနည်းအတိုင်းတည်း။
ပဋိသမ္ဘိဒါမဂ် သာဓက
ထိုစကား၌ ဤဆိုအပ်လတ္တံ့သည်ကား ပဋိသမ္ဘိဒါမဂ်၌လာသော နည်းတည်း။ “အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်၊ အတွင်း၊ အပြင်၊ ကြမ်းတမ်း၊ သိမ်မွေ့၊ အယုတ်၊ အမြတ်၊ အဝေး၊ အနီးဖြစ်သော ရုပ်အားလုံးကို (ဝေဒနာအားလုံးကို၊ သညာအားလုံးကို၊ သင်္ခါရအားလုံးကို၊ ဝိညာဏ်အားလုံးကို၊) ကုန်ခန်းပျက်စီးခြင်း ဟူသော အနက် သဘောကြောင့် အနိစ္စ မည်၏။ ဘေးဟူသောအနက် သဘောကြောင့် ဒုက္ခမည်၏။ အနှစ်သာရ မရှိခြင်းဟူသော အနက်သဘောကြောင့် အနတ္တမည်၏) ဟု အကျဉ်းချုံး၍ ပိုင်းခြား မှတ်သားရာ၌ ဖြစ်သော ပညာသည် သမ္မသနဉာဏ်မည်၏။”, ဤကား နည်းအမြွက်တည်း။
ဤပဋိသမ္ဘိဒါမဂ်၌လည်း “ရုပ်အားလုံး၊ ဝေဒနာအားလုံး၊ သညာအားလုံး၊ သင်္ခါရအားလုံး၊ ဝိညာဏ်အားလုံး အနိစ္စဒုက္ခအနတ္တတည်း” ဟု သိမ်းယူခြင်းသည်သာလျှင် အပေါင်းအစည်း၏ အစွမ်းဖြင့် အကျဉ်းချုံးခြင်းဖြစ်သည်ဟု မှတ်အပ်၏။
“အနိစ္စံ ခယဋ္ဌေန”ဟူသော ဤပါဠိ၌ ရုပ်သည် (ဝေဒနာသည်၊ သညာသည်၊ သင်္ခါရသည်၊ ဝိညာဏ်သည်၊) ကုန်ခန်းပျက်စီးတတ်သော အနက်ကြောင့် အနိစ္စမည်၏။ ဤသို့အစရှိသော နည်းဖြင့် သုံးသပ်အပ်သော ဓမ္မကို သိမ်းဆည်းခြင်းနှင့် တကွသာလျှင် သုံးသပ်ခြင်း (သမ္မသန) ကိစ္စကို ပြုအပ်၏။ ဤမှတစ်ပါးသောအခြင်းအရာဖြင့် အနက်ကို ယူအပ်ရှိသော် သုံးသပ်ခြင်း (သမ္မသန) ကိစ္စသို့ မရောက်။
ထိုခန္ဓာငါးပါးမှာ လက္ခဏာရေးသုံးပါးတင်၍ သုံးသပ်အပ်သော ဓမ္မသရုပ်ကို ထုတ်ဆောင်ခြင်း အနက်၏ ထင်ရှားသည်၏အဖြစ်ကြောင့် ဤသင်္ဂြိုဟ်ကျမ်း၌ “အနိစ္စံ ခယဋ္ဌေန” ဤသို့ အစ ရှိသည်ဖြင့် သမ္မသနပုဒ်ကိုသာလျှင် အရှင်အနုဒ္ဓါဆရာသည် ယူအပ်သည်ဟု မှတ်အပ်၏။
(ရူပံ အနိစ္စံ ခယဋ္ဌေန-အစရှိသည်ဖြင့် အကျယ်မပြတော့ဟု ဆိုလိုသည်။)
ထိုစကား၌ “ရူပံ အနိစ္စံ ခယဋ္ဌေန”ဟူသည်ကား ထိုထိုရုပ်ကို ရုပ်နာမ်ကို ပိုင်းခြားသိသော ဓမ္မဝဝတ္ထာနဉာဏ်ဖြင့် မြဲမြံစွာ ယူ၍ သာ၍ထင်ရှားသည်ကို ပြု၍ ဤခက်မာမှုမြေဓာတ်သည် ကုန်ခန်းပျက်စီးတတ်သော အနက်ကြောင့် အနိစ္စမည်၏။ ဤယိုစီးမှု ရေဓာတ်သည် ကုန်ခန်း ပျက်စီးတတ်သောအနက်ကြောင့် အနိစ္စမည်၏။ ဤသို့ အစရှိသည်ဖြင့် သုံးသပ်ခြင်းသမ္မသန ကိစ္စကို ပြုအပ်၏။
ထိုစကား၌ ဤကိုယ်၌ အလုံးစုံသော ခက်မာသောအမူအရာ ကြိယာမျှသည် ပထဝီဓာတ်မည်၏။ ထိုအမူအရာကြိယာသည်လည်း အေးမှုပူမှု ပြောင်းလဲခြင်းကြောင့်လည်း ပြောင်းလဲ၏။ အထူးထူး သောအာဟာရ ပြောင်းလဲခြင်းကြောင့်လည်း ပြောင်းလဲ၏။ အထူးထူးသေ စိတ်ပြောင်းလဲကြောင့် လည်း ပြောင်းလဲ၏။ အထူးထူးသောဣရိယာပုထ် ပြောင်းလဲခြင်းကြောင့်လည်း ပြောင်းလဲ၏။ အထူးထူးသော ကိုယ်၌ ဖြစ်သော အမူအရာ ပြောင်းလဲခြင်းကြောင့်လည်း ပြောင်းလဲ၏။ အထူးအထူးသော အမူအရာကြိယာ အစဉ်၏ ပြောင်းလဲခြင်းသည် ဖြစ်၏။ ဤသည်ကား ခက်မာမှု ပထဝီဓာတ်၏ အနိစ္စဖြစ်ပုံ အနက်တည်း။
ထိုစကား၌ အသစ်အသစ် ဖြစ်ကုန်သော နောက်နောက်အမူအရာ အစဉ်တို့သည် ထင်ရှား ဖြစ်ပေါ်ကုန်သည်ရှိသော် ရှေးရှေးဖြစ်သော အမူအရာအစဉ်တို့သည် ပျောက်ပျက်ကုန်၏။ အနိစ္စရောက်ကုန်၏။ အကြင့်ကြောင့်လည်း အစဉ်သန္တတိမည်သည်ကား ဓမ္မအားဖြင့် တသီးတခြား မရှိ။ ထို့ကြောင့် အသစ်အသစ်သော သန္တတိတို့၏ ထင်ရှား ဖြစ်ခြင်းမည်သည်ကား အသစ်အသစ် ဖြစ်သော အမူအရာကြိယာတို့၏ ဖြစ်ပေါ်ခြင်းသည် သာလျှင်တည်း။ ရှေးရှေးသော အစဉ်သန္တတိ တို့၏ ပျက်ခြင်း မည်သည်ကား ရှေ့ရှေ့သော အမူအရာကြိယာတို့၏ ပျက်စီးခြင်းသည် သာလျှင်တည်း။
ဤသို့ မိမိ၏ကိုယ်၌ အထူးထူးသော ခက်မာခြင်းအမူအရာတို့၏ ပြောင်းလဲခြင်းကို မြင်သူသည် ပထဝီဓာတ်၌ ကုန်ခြင်းပျက်ခြင်းကို မြင်၏။ ထိုပထဝီဓာတ်၏ ကုန်ခြင်း ပျက်ခြင်းကို မြင်သူ သည်လည်း ထိုပထဝီဓာတ်နှင့် တကွဖြစ်ကုန်သော ရုပ်တို့၏ ကုန်ခြင်း ပျက်ခြင်းကို မြင်သည် သာလျှင်တည်း။
အာပေါဓာတ်မည်ကား ပေါင်းဖွဲ့မှုကြိယာ အမူအရာမျှတည်း။ တေဇောဓာတ် မည်သည်ကား အေးမှုကြိယာအမူအရာမျှတည်း, ပူမှုကြိယာအမူအရာမျှတည်း။ ဝါယောဓာတ် မည်သည်ကား အထူးအပြားအားဖြင့် ထောက်ကန်ရွက်ဆောင်မှုကြိယာ အမူအရာမျှတည်း။ ဤရုပ်ဓာတ်အမူအရာ ကြိယာတို့သည်လည်း ခဏတိုင်းခဏတိုင်း ပြန်လှန်ပြောင်းလဲကုန်သည်သာလျှင်တည်း။
ဤမဟာဘုတ်ဓာတ် ၄-ပါးတို့၏လည်း အသီးအသီး အစဉ်ဖောက်ပြန်ခြင်းကို မြင်သူသည် အာပေါဓာတ်စသည်တို့၏လည်းကောင်း, ထိုအာပေါ ဓာတ်စသည်နှင့် တကွဖြစ်ကုန်သော ရုပ်တို့၏ လည်းကောင်း ကုန်ခြင်းပျက်ခြင်းကို မြင်၏။ အစဉ်ဖောက်ပြန်ခြင်းကိုကား အပြင်ဗဟိဒ္ဓ၌ ပကတိ မျက်စိဖြင့် မြင်၍ သိ၏။ ကိုယ်တွင်း၌ကား ကိုယ်အင်္ဂါအတွေ့ဖြင့် သိ၏။
ဆက်ဦးအံ့, အစဉ်သန္တတိ၏ အထည်ကိုယ်ဖြစ်ကုန်သော ဓာတ်တို့၏ ကုန်ခြင်း ပျက်ခြင်းကို ဉာဏ်ဖြင့်သာလျှင် မြင်၏။ ထို့ကြောင့် မိမိ၏ကိုယ်တွင်း၌ ထိုထိုသန္တတိအစဉ် ပြောင်းလဲခြင်းကို သိ၍လည်းကောင်း ထိုထိုဣရိယာပုထ် အမူအရာထူး အခြင်းအရာအားဖြင့် ကြံဆ၍လည်းကောင်း ရုပ်ဓာတ်တို့၏ မမြဲသည်၏အဖြစ်ကို ဉာဏ်ဖြင့် ကောင်းစွာမြင်သည်ကို ပြု၍ အဖန်ဖန် သုံးသပ်ထိုက်၏။ ကြွင်းသော ခန္ဓာတို့၌လည်း ထိုထိုအစဉ်သန္တတိ ထူးသည်၏အဖြစ်ကို သိ၍ ဝေဒနာအစရှိသည်တို့၏ ကုန်ခြင်းပျက်ခြင်းကို ကောင်းစွာ မြင်သည်ကို ပြု၍ သုံးသပ်ခြင်းကို ပြုအပ်၏။
“ဘယဋ္ဌေန”ဟူသည်ကား ကြောက်မက်ဖွယ်ဖြစ်သော အနက်ကြောင့် (ဒုက္ခမည်၏)။ မှန်၏, အကြင်ရုပ်သည် မမြဲ။ ခဏမျှ၌လည်း ဖောက်ပြန်ပျက်စီး တတ်သောသဘော ရှိ၏။ ထိုရုပ်ကို စင်စစ်အားဖြင့် ကြောက်အပ်တော့သည် သာလျှင်တည်း။ အဘယ်ကြောင့်နည်း။ အကြင်ကြောင့် ထိုတရားကို အကြင်ပုဂ္ဂိုလ်သည် မကြောက်မူ၍ အကျွမ်းဝင်ခြင်းကို ပြု၏။ “ဤတရားသည် ငါ့ဥစ္စာ”ဟူ၍ မိမိဘဝ အစိတ်ပိုင်းအင်္ဂါကိုပြု၍ ဘဝကြီးဘဝ ငယ်တို့၌ ထက်ဝန်းကျင်မှ ယူ၍ ရွက်ဆောင်၏။
(ဤကား တဏှာဖြင့် အကျွမ်းဝင်ခြင်းကို ပြုခြင်းတည်း။)
အကျွမ်းဝင်မိသည့် ထိုတရားသည် အပိုင်းအခြားမရှိကုန်သော အထောင်မက များစွာကုန်သော အဖန်ဖန်ပြုပြင်ရခြင်းဒုက္ခတို့ဖြင့်လည်းကောင်း ဖောက်ပြန်ခြင်းဒုက္ခတို့ဖြင့်လည်းကောင်း ထိုဒုက္ခနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို မပြတ်နှိပ်စက်၏။ ညှဉ်းပန်း၏။ ဤသို့ အထူးထူးသော ဒုက္ခတရားတို့ဖြင့် မပြတ်အဖန်ဖန် နှိပ်စက်ခြင်း သဘောရှိသည်၏ အဖြစ်ကြောင့် စင်စစ်အားဖြင့် ကြောက်မက်ဖွယ် ဖြစ်သော အနက်ကြောင့် ဒုက္ခမည်၏။
အတ္တ၏ ဆန့်ကျင်ဘက်၏အဖြစ်ကြောင့် အနတ္တမည်၏။ မှန်၏, အကြင်တရားသည် ဤတရားမှ အထက်၌ ငါ့အား အလွန်အတွင်းကျသော တရားမည်သည် မရှိ။ ဤသို့ လွန်ကဲသော ပဓာန ကျသော အတွင်းအဇ္ဈတ္တ၏အဖြစ်ဖြင့် ဤအရာသည် ငါ၏ အတ္တတည်းဟု ဒိဋ္ဌိသိမ်းပိုက်ခြင်းဖြင့် သိမ်းပိုက် ခံရ၏။ ထိုတရားကို အတ္တဟူ၍ ဆိုအပ်၏။
ဆက်ဦးအံ့, အဘယ်တရားကို ဤအရာသည် ငါ၏ အတ္တတည်းဟု ပဓာနကျသော အတွင်း အဇ္ဈတ္တ၏အဖြစ်ဟု ဆိုအပ်သော ထိုအခြင်းအရာအားဖြင့် သိမ်းပိုက်အပ်သနည်း။ ဤသည်လျှင် အမေးတည်း။ အကြင်တရားသည် မိမိ၏အလို၌ အခါခပ်သိမ်း လိုက်ပါ၏။ သမုစ္စည်းပိုင်း သဗ္ဗသင်္ဂဟ၌ အကြင်အကြင်မိန့်ဆိုထားပြီးဖြစ်ကုန်သော ပြုပြင်ခြင်းကိစ္စတို့မှ ကင်း၍ သက်သက် မိမိ၏ဆန္ဒဖြင့် လည်းကောင်း, အလိုဖြင့် လည်းကောင်း, အဇ္ဈာသယဖြင့် လည်းကောင်း, အာဏာထား စီမံခန့်ခွဲမှုဖြင့် လည်းကောင်း အမြဲတမ်း မချွတ်မယွင်းဖြစ်နိုင်၏။
ထိုတရားကို ဤအရာသည် ငါ၏ အတ္တတည်းဟု ပဓာနကျသော အတွင်းအဇ္ဈတ္တ၏ အဖြစ်ဟု ဆိုအပ်သော ထိုအခြင်းအရာအားဖြင့် သိမ်းပိုက်အပ်၏။ မှန်၏, ထိုသို့ အတ္တသဘောရှိသည် သာလျှင်ဖြစ်သော တရားသည် အမြဲတမ်း ချမ်းသာသုခကို အလိုရှိကုန်သော ဆင်းရဲဒုက္ခကို စက်ဆုပ်ကုန်သော သတ္တဝါတို့အတွက် အတ္တအလုပ်ကိစ္စကို ပြုသည် မည်၏။ ဤသို့ သိအပ်၏။
အကြင်တရားသည်ကား အမြဲတမ်း ချမ်းသာသုခကို အလိုရှိကုန်သော ထိုသတ္တဝါတို့၏ အကြင်ဖြစ်မြဲတိုင်းသော ကိုယ်စိတ်ချမ်းသာကို ဖျက်ဆီး၏။ ဖရိုဖရဲကြဲစေ၏။ ဆင်းရဲဒုက္ခကို စက်ဆုပ်ကုန်သော ထိုသတ္တဝါတို့၏ ပြုပြင်ခြင်းစသည်လျှင် အရင်းရှိသော အမျိုးမျိုးသော ကိုယ်စိတ်ဆင်းရဲကို ဖြစ်စေ၏, တိုးပွားစေ၏။ ထိုတရားသည် အတ္တ၏ဆန့်ကျင်ဘက်သည်သာလျှင် ဖြစ်၏။ ဤသို့ သိအပ်၏။ ဤရုပ်သည်လည်း ဤသို့ အနတ္တသဘော ရှိသည်သာလျှင် ဖြစ်၏။ အတ္တအလုပ်ကိစ္စကို မပြုခြင်းကြောင့် လည်းကောင်း အတ္တ၏ ဆန့်ကျင်ဘက်ကိစ္စကို ပြုခြင်းကြောင့် လည်းကောင်း ရုပ်သည် အနတ္တမည်၏။ ဤသို့သိအပ်၏။
ဆက်ဦးအံ့, အဘယ့်ကြောင့် ဤရုပ်သည် အတ္တ၏အလို၌ မလိုက်သနည်း။ အတ္တ၏ အလုပ်ကိစ္စကို မပြုတတ်သနည်း။ အတ္တ၏ဆန့်ကျင်ဘက်အလုပ်ကိစ္စကို ပြုသနည်း။ ဤသို့မေးဖွယ်ရှိသောကြောင့် “အသာရကဋ္ဌေန”ဟူ၍ မိန့်တော်မူ၏။ ထို”အသာရကဋ္ဌေန”ဟူသော ပါဠိ၌ “သာရ” မည်သည်ကား အကြောင်း၏ပြည့်စုံညီညွတ်ခြင်းကို ကြဉ်၍သက်သက်လိုလားချက်ဖြင့် ဖြစ်ခြင်းငှာ လည်းကောင်း, ဖြစ်ပြီး၍လည်း ပစ္စည်းအထောက်အပံ့နှင့်ကင်း၍ အလိုရှိတိုင်း တည်တံ့ခြင်းငှာ လည်းကောင်း စွမ်းနိုင်သည်၏ အဖြစ်ဟုဆိုအပ်သော အားအစွမ်းအထူးကို ဆိုအပ်၏။ (ဤကား သာရ = အနှစ်၏ အဓိပ္ပာယ်တည်း။)
ရုပ်သည်ကား ကိုယ်တိုင်လည်း ဤသို့သဘောရှိသော အနှစ်မည်သည် မဖြစ်။ (သာရော ဧဝ သာရကံ၊ န သာရကံ အသာရကံ။), ဤသို့သဘောရှိသော အနှစ်သာရနှင့်ယှဉ်လည်း မယှဉ်။ ဟနတ္ထိ သာရော ဧတဿာတိ အသာရကံ။) မှန်၏, ထိုရုပ်အား အကြောင်း၏ ပြည့်စုံ ညီညွတ်ခြင်းကို ကြဉ်၍ကင်း၍ ဖြစ်ခြင်းငှာဖြစ်စေ, ဖြစ်ပြီး၍လည်း ပစ္စည်းအထောက်အပံ့နှင့်ကင်း၍ တစ်ခဏမျှလည်း တည်တံ့ခြင်းငှာဖြစ်စေ အစွမ်းသည် လည်းကောင်း အားခွန်ဗလသည် လည်းကောင်း မရှိ။
အကြင်ရုပ်သည်လည်း မိမိ၏ အစွမ်းနှင့် အားခွန်ဗလနှင့် ကင်း၍ သက်သက်အကြောင်း၏ ပြည့်စုံညီညွတ်ခြင်း အစွမ်းဖြင့်သာလျှင် ဖြစ်၏။ အကြောင်းပစ္စည်း အထောက်အပံ့ဖြင့်သာလျှင် တည်တံ့၏။ ထိုရုပ်သည် အထောင်မက များစွာကုန်သော အကြောင်းကို အထူးပြုပြင်သော ဒုက္ခတို့ကို ဖြစ်စေ၍ စင်စစ်အားဖြင့် အမြဲ အတ္တ၏ဆန့်ကျင်ဘက် အလုပ်ကိစ္စကို ပြု၏။ ထိုရုပ်ရှိသော သူကို နှိပ်စက်၏၊ ညှဉ်းဲသတ်ဖြတ် သည်သာလျှင်တည်း။ ဤသို့ မှတ်အပ်၏။
“ဝေဒနာသည် ကုန်ခန်းပျက်စီးတတ်သော သဘောကြောင့် အနိစ္စ”, ဤသို့ အစရှိသော ရှုကွက် တို့၌ ဤရုပ်ကို သုံးသပ်ဆင်ခြင် ရှုမှတ်သည့် အလားတူနည်းကို မှတ်အပ်၏။ ဤသို့ “လက္ခဏတ္တယံ သမ္မသန္တဿ” ဟူသော နှစ်ပုဒ်၏ အစပ်သမ္ဗန်ကို သိအပ်၏။
“အဒ္ဓါနဝသေန”ဟူသည်ကား တစ်ခုတစ်ခုသော ဘဝဖြင့် ပိုင်းခြားအပ်သော ပဋိသန္ဓေကာလ နောက်ပိုင်း ပဝတ္တိကာလ၏ အစွမ်းဖြင့်။ မှန်၏, ဘဝတစ်ပါး၌ ဖြစ်သောခန္ဓာငါးပါး အပေါင်းသည် အခြားသော ဘဝတစ်ပါးသို့ ကူးမသွား။ ထိုဘဝ၌သာလျှင် အကြွင်းမရှိ ချုပ်ငြိမ်း၏။ ဤသို့ မှတ်အပ်၏။
တစ်နည်းသော်ကား ဘဝတစ်ခု အတွင်း၌လည်း သုံးပါးသော အရွယ်တို့၏ အစွမ်းဖြင့် လည်းကောင်း, မန္ဒအစရှိကုန်သော ဆယ်ပါးသော ဒသကအရွယ်တို့၏ အစွမ်းဖြင့် လည်းကောင်း, နှစ်၊ ဥတု၊ လ၊ ၁၅-ရက်ပက္ခ၊ နေ့၊ ရက်၊ ညဉ့်၊ ယံ၊ ပဟိုရ်-စသည်တို့၏အစွမ်းဖြင့် လည်းကောင်း အဓွန့်ရှည်အဒ္ဓါနကာလ အထူးအပြားကို ယှဉ်စေထိုက်၏။
“သန္တတိဝသေန” ဟူသည်ကား အဖို့သဘောတူသော တစ်ခုသော အစဉ်၏ အစွမ်းဖြင့်ဖြစ်သော ရုပ်အစဉ်၏ လည်းကောင်း, နာမ်အစဉ်၏လည်းကောင်း အစွမ်းဖြင့်။
သဗ္ဗညုဘုရားအရာနှင့် သာဝကအရာ
“ခဏဝသေန”ဟူသည်ကား ရုပ်နာမ်တရားတို့၏ အသက်အတိုင်းအရှည်ဟု ဆိုအပ်သော (ဥပါဒ်, ဌီ, ဘင်)ခဏ၏ အစွမ်းဖြင့်။ ဆက်ဦးအံ့, ဤနေရာ၌ (ဥပါဒ်, ဌီ, ဘင်) ခဏ၏အစွမ်းဖြင့် သုံးသပ်ခြင်း မည်သည်ကား သဗ္ဗညုဘုရားတို့၏သာလျှင် အရာသည် ဖြစ်ရာ၏။ တပည့် သာဝကတို့၏ အရာသည် မဖြစ်ရာ။
မှန်၏, ထိုသာဝကတို့သည် နည်းသောခဏ၌ ဖြစ်ခြင်းဥပါဒ်သို့ လည်းကောင်း ချုပ်ခြင်းနိရောဓသို့ လည်းကောင်း ဉာဏ်ဖြင့် ရောက်မှီခြင်းငှာ မစွမ်းနိုင်ကုန်။ ထို့ကြောင့် အရှည်ကာလအဒ္ဓါ အစဉ်အဆက်သန္တတိ၏အစွမ်းဖြင့် သုံးသပ်ခြင်းကိုသာလျှင် ဤသင်္ဂြိုဟ်ကျမ်း၌ အလိုရှိထိုက်၏။ ဤသို့ မှတ်အပ်၏။
“လက္ခဏတ္တယံ သမ္မသန္တဿ”ဟူသည်ကား ဘုံသုံးပါး၌ ဖြစ်ကုန်သော ထိုလောကီရုပ်နာမ်တရား တို့၌ အနိစ္စ ဒုက္ခ အနတ္တဟူသော လက္ခဏာရေးသုံးပါးတို့ကို တင်၍ ထိုရုပ်နာမ်တရားတို့ကို သမ္မသနဉာဏ်ဖြင့် အဖန်ဖန် သုံးသပ်-ဆုပ်နယ်သော ပုဂ္ဂိုလ်အား, ထိုရုပ်နာမ်တရားတို့၏ အနိစ္စမျိုး ဧကန်စင်စစ် ဖြစ်သည်၏အဖြစ်ကိုလည်းကောင်း ဒုက္ခမျိုး ဧကန်စင်စစ် ဖြစ်သည်၏အဖြစ်ကို လည်းကောင်း အနတ္တမျိုး ဧကန်စင်စစ် ဖြစ်သည်၏အဖြစ်ကို လည်းကောင်း ဉာဏ်၌ ကောင်းစွာ ထင်ရှားသည်ကို ပြုသောသူအား။ ဤကား ဆိုလိုရင်းအနက်တည်း။
အနိစ္စ သိဖို့ လိုရင်း
အထူးအားဖြင့်ကား ဤသမ္မသနဉာဏ်၌ အနိစ္စလက္ခဏာကို မြင်ခြင်းသည်သာလျှင် လိုရင်းပဓာန တည်း။ ထိုအနိစ္စလက္ခဏာကို မြင်အပ်သည် ရှိသော်သာလျှင် ဤမှတစ်ပါးကုန်သော ဒုက္ခလက္ခဏာ- အနတ္တလက္ခဏာတို့ကို အစဉ်အားဖြင့် မြင်အပ်ကုန်၏။ မှန်၏, ထိုအနိစ္စ လက္ခဏာကို မမြင်သည်ရှိသော် ဤမှတစ်ပါးကုန်သော ဒုက္ခလက္ခဏာ- အနတ္တလက္ခဏာတို့ကို မမြင်ကုန်။ ထို့ကြောင့် အနိစ္စလက္ခဏာ ၏သာလျှင် ကောင်းစွာ ထင်ရှားသည်၏အဖြစ်ကို အလို ရှိအပ်၏။ ဤသို့ သိအပ်၏။
ဥဒယဗ္ဗယဉာဏ်
အကြောင်းအားဖြင့် ဖြစ်ပျက်ရှုနည်း
“တေသွေဝ”ဟူသည်ကား ကာမရူပအရူပ ဟူသော ဘုံသုံးပါး၌ ဖြစ်ကုန်သော ထို တေဘူမကသင်္ခါရ တရားတို့၌သာလျှင်။
“ပစ္စယဝသေန”ဟူသည်ကား ရှေးဦးစွာ (အကျိုး) ရူပက္ခန္ဓာ၌ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, ကံ, ရုပ်အာဟာရ-ဟု ဆိုအပ်ကုန်သော ဖြစ်ပေါ်ကြောင်း ငါးမျိုးတို့၏အစွမ်းဖြင့် (အကြောင်း သိမ်းဆည်းနည်းကို သိအပ်၏)။
(နာမ်တရားဖြစ်သောအကျိုး) ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာတို့၌ကား အဝိဇ္ဇာ, တဏှာ, ဥပါဒါန်,ကံ, ဖဿတည်းဟု ရုပ်အာဟာရ နေရာ၌ (အကြောင်း) ဖဿကို အစားထိုး၍ ဖြစ်ကြောင်းငါးမျိုးကို ဆိုအပ်၏။
ဝိညာဏက္ခန္ဓာ ၌လည်း (ဝိညာဏက္ခန္ဓာ၏ ဖြစ်ပေါ်ကြောင်းကား အဝိဇ္ဇာ၊တဏှာ၊ ဥပါဒါန်၊ ကံ၊ နာမ်ရုပ်တည်းဟု ဖဿနေရာ၌ အကြောင်း) နာမ်ရုပ်ကို အစားထိုး၍ ဖြစ်ကြောင်းငါးမျိုးကို ဆိုအပ်၏။
ခန္ဓာ ၅-ပါးလုံးအတွက်
ထိုအကျဉ်းစကား၌ ဤဆိုအပ်လတ္တံ့သည်ကား အကျယ်နည်းတည်း။ အခြားမဲ့ အတိတ်ဘဝ၌ အဝိဇ္ဇာတဏှာဥပါဒါန်ကံတို့သည် မဂ်ဖြင့် မပယ်အပ်သည်၏အစွမ်းဖြင့် အချင်းချင်း မကင်းသည့် အပေါင်းအဖော် အဖြစ်ဖြင့် ဖြစ်ပွားကုန်သည်ရှိသော် ဤဘဝ၌ ပဋိသန္ဓေအခါမှ စတင်၍ ရုပ်၏အစဉ်တို့သည် လည်းကောင်း, နာမ်ဟု ဆိုအပ်သော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် တို့၏အစဉ်တို့သည်လည်းကောင်း ဖြစ်ပွားကုန်၏။ ပဋိသန္ဓေအခါမှ စ၍ သေခါနီး ကာလ တိုင်အောင် ခဏတိုင်းခဏတိုင်း အထူးထူးသော ရုပ်ကလာပ်၊ နာမ်ကလာပ်တို့၏ အစွမ်းဖြင့် တစ်ပေါင်းတည်း ဖြစ်ကုန်ပွားစီးကုန်၏။
ထိုအဝိဇ္ဇာ တဏှာ ဥပါဒါန် ကံတို့သည် ထိုဘဝ၌သာလျှင် မဂ်ဖြင့် ပယ်စွန့်အပ်သည်၏ အစွမ်းဖြင့် ချုပ်ကုန်သည်ရှိသော် ထိုရုပ်အစဉ် နာမ်အစဉ်တို့သည် ထိုဘဝ၌သာလျှင် ချုပ်ခြင်းသို့ ရောက်ကုန်၏။ ဘဝတစ်ပါး၌ နောက်ထပ်တစ်ဖန် မဖြစ်ခြင်းဟု ဆိုအပ်သော ချုပ်ခြင်းသို့ ရောက်ကုန်၏။
ဤနေရာ၌ကား ရေ ရှိသော် ငါးတို့မည်ကုန်သည် ရှိကုန်၏။ ရေ မရှိသော် မရှိကုန်သကဲ့သို့ ထို့အတူ ကံကြောင့်ဖြစ်ကုန်သော နာမ်ရုပ်တို့သည် ရှိကုန်သော် ကံကြောင့်ဖြစ်သော နာမ်ရုပ်မှ တစ်ပါး ကုန်သော စိတ်,ဥတု,အာဟာရတို့ကြောင့် ဖြစ်ကုန်သော နာမ်ရုပ်တို့သည် ရှိကုန်၏။ ကံကြောင့် ဖြစ်ကုန်သော နာမ်ရုပ်တို့သည် မရှိကုန်သော် ကံကြောင့် ဖြစ်သော နာမ်ရုပ်မှ တစ်ပါးကုန်သော စိတ်,ဥတု,အာဟာရတို့ကြောင့် ဖြစ်ကုန်သော နာမ်ရုပ်တို့သည် မရှိကုန်ဟု အခြားတစ်ပါးကုန်သော အလုံးစုံကုန်သော နာမ်ရုပ်တို့ကို ကံကြောင့် ဖြစ်သော နာမ်ရုပ်တို့၌ ပေါင်းထည့်၍ ကံ၏အစွမ်းဖြင့် ဖြစ်ခြင်းပျက်ခြင်း အစီအရင်ကို ယူအပ်ပြီဟု မှတ်အပ်၏။ ဤသို့ အဝိဇ္ဇာ တဏှာ ဥပါဒါန် ကံ အကြောင်းတို့၏အစွမ်းဖြင့် ခန္ဓာငါးပါး၏ဖြစ်ခြင်းပျက်ခြင်းသဘောသည် ဖြစ်၏။ ဤသို့ သိအပ်၏။
ရူပက္ခန္ဓာအတွက်
ဆက်ဦးအံ့, အတိတ်ကံ၏အစွမ်းဖြင့် ဤဘဝ၌ ဖြစ်ပွားကုန်သော ရုပ်တို့သည်လည်း ပဋိသန္ဓေ အခါမှ စတင်၍ ခဏတိုင်းခဏတိုင်း ပစ္စုပ္ပန်ရုပ်အာဟာရ အထောက်အပံ့ကို ရမှသာလျှင် ဖြစ်မြဲ တိုင်းသော ရုပ်အစဉ်တို့သို့ အစဉ်လိုက်၍ ဖွဲ့စပ်ကုန်သော အသစ်အသစ်သော ရုပ်အစဉ်တို့သည် ဖြစ်ပွားကုန်၏။ (ထိုရုပ်အာဟာရ အထောက်အပံ့ကို) မရ ကုန်သည်ရှိသော်ကား ချုပ်ကုန်၏။ ပစ္စုပ္ပန်ဘဝ ထိုအစဉ်၌ နောက်ထပ်တစ်ဖန် မဖြစ် ခြင်းဟု ဆိုအပ်သော တစ်ဘဝတာချုပ်ခြင်းသို့ ရောက်ကုန်၏။ နိဗ္ဗာန်၏ ချုပ်ခြင်းမျိုးကား မဟုတ်ခဲ့။ ဖြစ်မြဲတိုင်းသော အပြားရှိသော အစဉ်သန္တတိ တို့သည်လည်း ပြတ်စဲကုန်၏, ပျက်စီးကုန်၏, ကွယ်ကုန်၏။ ဤသို့ မှတ်အပ်၏။
စေတသိက်ခန္ဓာ ၃-ပါးအတွက်
ဝေဒနာ သညာ သင်္ခါရတို့သည်ကား အပ၌ အာရုံတို့သည် ထင်ခြင်းသို့ ရောက်ကုန်သည်ရှိသော် အာရုံ၏အတွေ့ကို ရမှသာလျှင် ၆-ဒွါရ၌ ဖြစ်ကုန်သော ကုသိုလ်အကုသိုလ် ဝိပါက် ကြိယာ တရားတို့သည် ဖြစ်ကုန်၏။ အသစ်အသစ်ဖြစ်ကုန်သော နာမ်အစဉ်တို့သည် ထင်ရှားဖြစ်ကုန်၏။ အာရုံ၏အတွေ့ကို မရကုန်သည်ရှိသော်ကား ချုပ်ကုန်၏။ အစဉ်ကို မစပ်ကုန်။
ဝိညာဏက္ခန္ဓာအတွက်
ဝိညာဏ်သည်လည်း တကွဖြစ်သော နာမ်တရားသည် လည်းကောင်း မှီရာရုပ်တရားသည် လည်းကောင်း ဖြစ်သည်ရှိသော်သာလျှင် ဖြစ်၏။ ၎င်းတရားများ မဖြစ်။ စင်စစ် ဆုတ်နစ်သည် ရှိသော် ဆုတ်နစ်၏။ ဤသို့ အကြောင်းအားဖြင့် ဖြစ်ပျက်ရှုနည်းကို မှတ်အပ်၏။
ခဏအားဖြင့် ဖြစ်ပျက်ရှုနည်း
“ခဏဝသေန”ဟူသည်ကား ဆိုအပ်ပြီးသော အပြားရှိကုန်သော အကြောင်းတို့ကို မရှုငဲ့မူ၍ သက်သက် နာမ်ရုပ်တို့၏ဖြစ်သော ပဝတ္တိခဏ၏အစွမ်းဖြင့်။ မှန်၏, ဤ“ခဏဝသေန” ဟူသောပါဌ်၌ “ခဏ”သဒ္ဒါဖြင့် သမ္မသနဉာဏ်၌ ဆိုအပ်ခဲ့ပြီးသော ရုပ်အစဉ်,နာမ်တို့ကိုလည်း ယူအပ်ကုန်၏။ မှန်၏, တပည့်သာဝကတို့၏ ဉာဏ်သည်ခဏအစွမ်းဖြင့် နာမ်နှင့် ရုပ်တို့၏ အဖြစ်ကိုလည်းကောင်း အပျက်ကိုလည်းကောင်း ရောက်မှီခြင်းငှာ မစွမ်းနိုင်။
ဥပမာမည်သည်ကား ညဉ့်မိုက်သော အခါ၌ လိုဏ်ခေါင်းတွင်း၌ ကြီးသော အမှောင်ထုသည် ဖြစ်၏။ ဆီမီးကို ညှိထွန်းသည် ရှိသော်ကား ဆီမီးရောင်သည် တစ်ပြိုင်နက်သော ခဏ၌သာလျှင် အလုံးစုံသော လိုင်ခေါင်းအတွင်းကို ပျံ့နှံ့စေသည်ဖြစ်၍ တက်၏။ အမှောင်ထုသည် ကွယ်ပျောက်၏။ အလင်းရောင်၏ ဖြစ်ပေါ်ခြင်းသည် ဖြစ်၏။ အမှောင်ထု၏ ကွယ်ပျောက်ခြင်းသည် ဖြစ်၏။ တစ်ဖန် ဆီမီးကို ငြိမ်းစေအပ်သည်ရှိသော် အမှောင်ထု၏ ဖြစ်ပေါ်ခြင်းသည် ဖြစ်သကဲ့သို့ လည်းကောင်း, အလင်းရောင် ကွယ်ပျောက်ခြင်းသည် ဖြစ်သကဲ့သို့လည်းကောင်း,
ဤအတူလျှင် ကိုယ်၌ အထူးထူးသော ဥတုအစွမ်းဖြင့်လည်းကောင်း အထူးထူးသော အစာ အာဟာရအစွမ်းဖြင့်လည်းကောင်း အထူးထူးသော စိတ်အစွမ်းဖြင့်လည်းကောင်း အထူးထူးသော ဣရိယာပုထ်အစွမ်းဖြင့် လည်းကောင်း အထူးထူးသော ကွေးခြင်းဆန့်ခြင်း အစရှိသော လုံ့လ ပယောဂအစွမ်းဖြင့် လည်းကောင်း ဖြစ်ပေါ်ပွားစီးသောအဖို့ ရှိသည်လည်း ဖြစ်ကုန်သော ကွယ်ပျောက်ပျက်စီးသော အဖို့ရှိသည်လည်း ဖြစ်ကုန်သော အမျိုးမျိုးသော အစဉ်တို့၏ ဖြစ်ခြင်း ကိုလည်း ဖြစ်ပေါ်ပွားစီးသော အနေအားဖြင့်, ပျက်ခြင်းကိုလည်း ကွယ်ပျောက်ပျက်စီးသော အနေအားဖြင့် ကောင်းစွာမြင်သည်ကို ပြု၍အဖန်ဖန် ရှုသော ပုဂ္ဂိုလ်အား။ ဤသည်ကား “တေသွေဝ ပစ္စယဝသေန ခဏဝသေန စ ဥဒယဗ္ဗယဉာဏေန ဥဒယဗ္ဗယံ သမနုပဿန္တဿ စ” ဝါကျလာ ပုဒ်တို့၏ အနက်တည်း။
ဝိပဿနာညစ်ညူးကြောင်း ၁၀-ပါး
ဆက်အံ့, ဤသို့ ကောင်းစွာ အဖန်ဖန်ရှုသော ကြိုးကြိုးစားစား ဝိပဿနာရှုမှတ်သော ပုဂ္ဂိုလ်၏ အဖြစ်သို့ ရောက်သော ပုဂ္ဂိုလ်အား ဥဒယဗ္ဗယဉာဏ်သည် ထက်မြက်သည် ရဲရင့်သည် စွမ်းဆောင် သည် ရှိသော် ၁၀-ပါးအပြားကုန်သော ဝိပဿနာသို့ ကပ်ရောက်၍ ညစ်ညူးစေတတ်သည် ဟုဆိုအပ်ကုန်သော တားမြစ်နှောင့်ယှက်တတ်ကုန်သော ဘေးရန်တို့သည် ဖြစ်ပေါ်ကုန်၏။
ထိုဝိပဿနာ ညစ်ညူးကြောင်းတရားတို့ကို ပြခြင်းငှာ “သြဘာသော”အစရှိသော ဂါထာကို မိန့်တော်မူ၏။
ထိုတွင် “သြဘာသ” ဟူသည်ကား ဝိပဿနာစိတ်ကြောင့် ဖြစ်သော ကိုယ်မှထွက်သော အရောင်တည်း။
“ပီတိ”ဟူသည်ကား ဝိပဿနာစိတ်နှင့် ယှဉ်သော ခုဒ္ဒိကာ၊ ခဏိကာ၊ သြက္ကန္တိကာ၊ ဥဗ္ဗေဂါ၊ ဖရဏာ-အားဖြင့် ငါးပါးအပြားရှိသော ပီတိတည်း။
“ပဿဒ္ဓိ”ဟူသည်ကား နှစ်ပါးအပြား ရှိသော အလွန်အားရှိသည့် ကာယနှင့် စိတ္တ-ပဿဒ္ဓိတည်း။
“အဓိမောက္ခော” ဟူသည်ကား ဝိပဿနာအလုပ်၌ သက်ဝင်ယုံကြည်သော အခြင်းအရာအားဖြင့်ဖြစ်သည့် သဒ္ဓါတရားဟု ဆိုအပ်သော အဓိမောက္ခတည်း။
“ပဂ္ဂဟ”ဟူသည်ကား ထို ဝိပဿနာအလုပ်၌ မချသောဝန် မြှောက်ချီထားသော ဦးခေါင်းရှိသည့် ဝီရိယတည်း။
“သုခ”ဟူသည်ကား စိတ်ချမ်းသာမှု သောမနဿဝေဒနာ တည်း။
“ဉာဏ” ဟူသည်ကား သိကြားမင်းသည် ပစ်ချအပ်သော ဝဇိရလက်နက်နှင့် တူသော အားရှိသော ဝိပဿနာဉာဏ် တည်း။
“ဥပဋ္ဌာန”ဟူသည်ကား ထိုဝိပဿနာအမှု၌ ကပ်၍တည်သော သတိတည်း။
“ဥပေက္ခာ” ဟူသည်ကား စိတ်၏ တွန့်ဆုတ်၊ ပျံ့လွင့်သော မညီညွတ်သည့် အဖို့တို့မှ လွတ်သော တတြမဇ္ဈတ္တုပေက္ခာနှင့် အစွမ်းဝသီဘော်သို့ ရောက်သော အာဝဇ္ဇနုပေက္ခာတို့တည်း။
“နိကန္တိ” ဟူသည်ကား အရောင်အလင်း စသည်တို့နှင့်တကွ ဖြစ်သော ဝိပဿနာအတွေ့အကြုံ၌ မက်မောခြင်းကို ပြသော အကုသိုလ်ဟု သိဖို့ရန် မလွယ်ကူသည့် သိမ်မွေ့သော တဏှာတည်း။
မှတ်ချက်ကို ပြအံ့, ဤနိကန္တိဟု ဆိုအပ်သော တဏှာသည်သာလျှင် ဧကန်မုချအားဖြင့် ဝိပဿနာ ညစ်ညူးကြောင်း ဥပတ္ကိလေသ ဖြစ်၏။ အရောင်အလင်းစသည်တို့ကိုကား ထိုနိကန္တိတဏှာ၏ မှီရာအကြောင်းဖြစ်၍ဖြစ်သောကြောင့် ညစ်ညူးကြောင်း ဥပတ္ကိလေသတို့ဟူ၍ မိန့်ဆိုအပ်ကုန်၏။
အတွေ့အကြုံမရှိသော ယောဂီ
မှန်၏, ထိုသြဘာသစသည်တို့သည် ဖြစ်ကုန်သည်ရှိသော် “စင်စစ် ငါ့အား ဤအခါမှ ရှေး၌ ဤသို့သဘောရှိသော အရောင်အလင်းသည် မဖြစ်ဖူးစွတကား။ ဤသို့သဘောရှိသော ပီတိသည် မဖြစ်ဖူးစွတကား။ ..(ပ)...ဤသို့သဘောရှိသော ဥပေက္ခာသည် မဖြစ်ဖူးစွတကား။ ငါသည် မချွတ် မဂ်သို့ ရောက်ပြီ ဖိုလ်သို့ ရောက်ပြီ”ဟု ထိုအရောင်အလင်းစသည်တို့၌ သာယာတတ်သော တဏှာနှင့်တကွဖြစ်သော မဂ်အတု၌ မဂ်အစစ်ဟူသောအမှတ်, ဖိုလ်အတု၌ ဖိုလ်အစစ်ဟူသော အမှတ်သည် ဖြစ်၏။ ထိုအခါ၌ အချို့သော အတွေ့အကြုံမရှိသော ယောဂါဝစရပုဂ္ဂိုလ်သည် ကမ္မဋ္ဌာန်းကို စွန့်လွှတ်၍ “ငါ အရိယာ ဖြစ်ပြီ”ဟူသော လွန်ကဲသော မာန်၏အစွမ်းဖြင့် စိတ်ပျံ့လွင့်လျက် ထိုမှဤမှ သွားလာ၏။ ဤသို့ မှတ်အပ်၏။
အတွေ့ကြုံရှိသော ယောဂီ
အတွေ့အကြုံရှိသော ယောဂါဝစရပုဂ္ဂိုလ်သည်ကား တဏှာနိကန္တိဖြစ်ပေါ်ရာ ထိုခဏ၌ပင်လျှင် သတိတစ်ဖန်ရ၍ “ယခုအခါ၌ ငါ့အား ဤသြဘာသစသည်တို့၌ ‘ဤအရောင်အလင်းရလဒ်သည် ငါ၏ ဥစ္စာတည်း, ဤအရောင်အလင်းသည် ငါ ဖြစ်၏, ဤအရောင်အလင်းသည် ငါ့ အတ္တကောင် တည်း’ဟု ဖြစ်သော မက်မောသော တဏှာ မာန ဒိဋ္ဌိ အခြင်းအရာသည် ထင်၏။ လောကုတ္တရာ တရားမည်သည်ကား ဤသို့ သဘောရှိသော မက်မောမှုတဏှာမာနဒိဋ္ဌိ၏ တည်မှီရာသည် မဖြစ်။ စင်စစ် ငါ့အားညစ်နွမ်းသော တရားသည် ဖြစ်ပြီ။ ထိုညစ်နွမ်းသော တရားသည် ဖြစ်ပွားသည်ရှိသော် ငါ့ကို ထွက်မြောက်ကြောင်းဖြစ်သောတံခါးဝမှ ကျစေ၍ သေခြင်း၏ တံခါးဝ၌ ယှဉ်စေလိမ့်မည်။ ယခု အရှုခံဖြစ်သော ထိုသြဘာသစသည်တို့ အပေါ်၌ သာလျှင် လက္ခဏာရေး သုံးပါးကို တင်၍ နိကန္တိဟူသော တဏှာကို သုတ်သင်၍ ဖြစ်မြဲတိုင်းသော ဝိပဿနာလမ်းကို ပြီးစေအံ့, ယှဉ်စေအံ့”ဟု နှလုံးသွင်း၍ ထိုအရောင်အလင်း စသည်တို့ကို သာလျှင် ရှေးဦးစွာ သိမ်းဆည်း၏။
သိမ်းဆည်းပုံကား ငါ၏ ဤအရောင်အလင်းသည် ကုန်ခန်းပျက်စီးတတ်သော အနက်သဘော ကြောင့် အနိစ္စ မည်၏။ ကြောက်ဖွယ်ဘေးရန်ဟူသော အနက်သဘောကြောင့် ဒုက္ခ မည်၏။ အနှစ်သာရမဲ့သော အနက်သဘောကြောင့် အနတ္တ မည်၏။ ဤသို့ အစရှိသည်ဖြင့် သိမ်းဆည်း သုံးသပ်၏။ ဤသည်လျှင် “သြဘာသော”အစရှိသော ဂါထာ၏အနက်တည်း။
မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ
ဤသို့ သြဘာသအစရှိကုန်သော ဝိပဿနာ၏ ညစ်ညူးကြောင်းဖြစ်ကုန်သော ထိုဘေးရန် ဖြစ်သောတရားတို့ကို အပြည့်အစုံသိမ်းဆည်း၍ ထိုဘေးရန်တရားတို့ကို ထိုသိမ်းဆည်းမှုရလဒ်၏ အစွမ်းဖြင့် ထိုသြဘာသစသည်တို့၌ လောဘကို ကုန်စေ၍ တည်သောပုဂ္ဂိုလ်အား မဂ်အစစ်၏ လက္ခဏာနှင့် မဂ်အတု၏လက္ခဏာကို ပိုင်းခြားသောဉာဏ်သည် “မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ” မည်၏။
အဘယ့်ကြောင့် ထိုအမည်ရသနည်းဟူမူကား မဂ်အတုဖြစ်ကုန်သော အရောင်အလင်းစသည်တို့၌ မဂ်အစစ်ဟူသော အမှတ်သညာ အညစ်အကြေးမှ လည်းကောင်း, ဆိုအပ်ပြီးသော အပြားရှိသော တဏှာနိကန္တိအညစ်အကြေးမှ လည်းကောင်း (ထိုမဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိသည်) သုတ်သင် တတ်သည်၏အဖြစ်ကြောင့်တည်း။
မှန်၏, ထိုဥဒယဗ္ဗယဉာဏ်သည် ထိုအရောင်အလင်းစသည်တို့၌ နိကန္တိတဏှာကို ပယ်ခွာရမှ သာလျှင် အရောင်အလင်းစသောဘေးရန်မှ ကောင်းစွာ စင်ကြယ်သည်မည်၏။ ဤသို့ သိအပ်၏။
ဋီကာကျော်
ဋီကာကျော် ၂၇၂-၌ကား အနိစ္စအစရှိသည်တို့၏ အစွမ်းဖြင့် သြဘာသ-စသောဘေးရန်ကို သိမ်းဆည်းခြင်းကို အသီးအခြား မဆိုမူ၍ မဂ်ဟုတ်သည်ကို သိခြင်း မဂ်မဟုတ်သည်ကို သိခြင်းမျှဖြင့်သာလျှင် “မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ” မည်၏ဟူ၍ မိန့်ဆိုအပ်၏။ ထိုဆိုသော စကား သည် အဋ္ဌကထာ၌ နိကန္တိပယ်ခွာမှုကို သီးသန့် မိန့်ဆိုထားသည်၏ အဖြစ်ကြောင့် အဋ္ဌကထာနှင့် မညီပေ။
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ
ဥဒယဗ္ဗဉာဏ်အရင့်ပိုင်းမှ အနုလောမဉာဏ်အထိ
၅၄။ “တထာပရိဗန္ဓဝိမုတ္တဿ” ဟူသည်ကား ထိုရှေ့၌ ပြဆိုထားသော အခြင်းအရာဖြင့် ပြည့်ပြည့်စုံစုံ သိမ်းဆည်း၍ ထိုဝိပဿနာ၏ ညစ်ညူးကြောင်းဖြစ်သော ဘေးရန်မှ လွတ်သော။
“ယာဝါနုလောမာ”ဟူသည်ကား သစ္စာနုလောမဉာဏ် တိုင်အောင် လက္ခဏာရေးသုံးပါးကို တင်၍။ ဤသည်ကား “ယာဝါနုလောမာ”ပုဒ်အတွက် “တိလက္ခဏံ နှင့် အာရောပေတွာ”-ဟူသော စာစပ်ပုဒ်တို့တည်း။
ဉာဏဒဿနဝိသုဒ္ဓိ
အနုလောမဉာဏ်
၅၅။ “ဝိပဿနာပရိပါကံ အာဂမ္မ”ဟူသည်ကား သင်္ခါရုပေက္ခာ၏ အဖြစ်သို့ရောက်၍ ၃-ပါးအပြား ရှိသော ဝိမောက္ခမုခအဖြစ်သို့ ရောက်ခြင်းဖြင့် လည်းကောင်း, ၇-ယောက်သော အရိယာ ပုဂ္ဂိုလ်အထူးအပြား၏ အကြောင်းအဖြစ်သို့ ရောက်ခြင်းဖြင့်လည်းကောင်း ဝိပဿနာဉာဏ်၏ ရင့်ကျက်ခြင်းကို စွဲရောက်၍။
“ဣဒါနိ အပ္ပနာ ဥပ္ပဇ္ဇိဿတိ”ဟူသည်ကား ‘ယခုအခါ၌ လောကုတ္တရာမဂ်ဟူသော အပ္ပနာသည် ဖြစ်ပေါ်တော့မည်တကား’ဟု ဆိုသင့်ဆိုထိုက်သောခဏ၌။ ဤသည်ကား ထိုအာကာရဝါကျအတွက် “ဝတ္တဗ္ဗက္ခဏေ” ဟူသော ကာလပြအစပ်သမ္ဗန်ပုဒ်တည်း။
ဆက်ဦးအံ့, “အပ္ပနာ”ဟူသည်ကား သောတာပတ္တိမဂ်ဟူသော အပ္ပနာတည်း။
“ဒွေ တီဏိ ဝိပဿနာ စိတ္တာနိ”ဟူသည်ကား ထက်သောပညာရှိသော တိက္ခပညာပုဂ္ဂိုလ်အား ဥပစာရ၊ အနုလုံအားဖြင့် နှစ်ပါးကုန်သော ဝိပဿနာစိတ်တို့သည်, နုံ့သောပညာရှိသော မန္ဒပညာ ပုဂ္ဂိုလ်အား ပရိကံ၊ ဥပစာရ၊ အနုလုံအားဖြင့် သုံးပါးကုန်သော အနုလောမဉာဏ်နှင့် ယှဉ်သော ဝိပဿနာစိတ်တို့သည်။
“ယံကိဉ္စိ”ဟူသည်ကား လက္ခဏာရေး သုံးပါးတို့တွင် အမှတ်မထား တစ်ပါးပါးသော။
ဝုဋ္ဌာနဂါမိနီဝိပဿနာဉာဏ် ၂-ပါး
၅၆။ “ယာ သိခါပတ္တာ သာ သာ’နုလောမာ သင်္ခါရုပေက္ခာ” ဟူသည်ကား ဝိပဿနာ၏ အထွတ် အထိပ်သို့ ရောက်သော အနုလောမဉာဏ်နှင့် တကွဖြစ်သော အကြင်သင်္ခါရုပေက္ခာဉာဏ်သည် ရှိ၏။ ထိုသင်္ခါရုပေက္ခာဉာဏ်ကို “ဝုဋ္ဌာနဂါမိနီဝိပဿနာ”ဟူ၍လည်း ဆိုအပ်၏။ ဤသည်ကား “အတ္ထိ”ပုဒ်ထည့်၍ အနက်ယောဇနာခြင်းတည်း။ (အတ္ထိ-ပုဒ် မထည့်သော ယောဇနာနည်းကို ဗားကရာနိဿယမှာ ရှုပါ။)
အထက်ပါဝါကျဖြင့် သင်္ခါရုပေက္ခာဉာဏ်၊ အနုလောမဉာဏ်အားဖြင့် နှစ်ပါးကုန်သော ဤဉာဏ်တို့ကို “ဝုဋ္ဌာနဂါမိနိဝိပဿနာ”မည်ကုန်၏ဟု ဆိုအပ်ကုန်၏။ ဤသို့ ဆိုလိုပေ၏။
“ဝုဋ္ဌာနဂါမိနီဝိပဿနာ”ဟူသော ဤပုဒ်သည်ကား ဣန္ဒြေ ၅-ပါး ရင့်ကျက်ခြင်းသို့ ရောက်သော ဝိပဿနာကို ပြသောစကားတည်း။
ဝုဋ္ဌာနဟူသည် မဂ်အမည်
ဆက်ဦးအံ့, “ဝုဋ္ဌာနဂါမိနိဝိပဿနာ”ဟူသော စကားစု၌ မဂ်ကို “ဝုဋ္ဌာန”ဟူ၍ ဆိုအပ်၏။ မှန်၏, နိဗ္ဗာန်ကို အာရုံပြု၍ ဖြစ်ခြင်းကြောင့် ထိုမဂ်သည် ဝိပဿနာဉာဏ်၏ အာရုံဖြစ်သော သင်္ခါရနိမိတ်မှ လည်းကောင်း, မဂ်ဟု ဆိုအပ်သော မိမိကိုယ်တိုင် သံယောဇဉ်၏ တည်ရာမှီရာဝတ္ထု အဖြစ်မှ လည်းကောင်း ထမြောက်၏။
ထိုမဂ်နှင့် ပြည့်စုံသော မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်ကိုလည်း ပုထုဇဉ်အဖြစ်မှလည်းကောင်း သမုဒယတဏှာကို ပယ်သည်၏ အစွမ်းဖြင့် ဝဋ်အယဉ်မှလည်းကောင်း ထမြောက်စေ၏။ ထို့ကြောင့် မဂ်ကို “ဝုဋ္ဌာန”ဟူ၍ မိန့်ဆိုအပ်၏။
မဂ်ဟူသော ဝုဋ္ဌာနသို့ မချွတ်မယွင်း ရောက်ကြောင်း ဝိပဿနာပညာ ဟူသော အကြောင်း ဟိတ်ကြောင့် “ဝုဋ္ဌာနဂါမိနီ”မည်ပေ၏ဟု ဝိဂြိုဟ်ပြု၍ ဤသို့ အထွတ်အထိပ်သို့ ရောက်သော အနုလောမဉာဏ်၊ သင်္ခါရုပေက္ခာဉာဏ်တို့၏ “ဝုဋ္ဌာနဂါမိနီ”၏အဖြစ်ကို သိအပ်၏။
ဂေါတြဘူစိတ်
၅၇။ “တတော ပရံ”ဟူသည်ကား နှစ်ကြိမ်လည်း ဖြစ်ကုန်သော သုံးကြိမ်လည်း ဖြစ်ကုန်သော ဝုဋ္ဌာနဂါမိနီဝိပဿနာဇောစိတ်တို့၏ ဖြစ်သည်မှ နောက်၌။
“နိဗ္ဗာနံ အာလမ္ဗိတွာ”ဟူသည်ကား (ဂေါတြဘူစိတ်သည်) မဂ်စိတ်၏ အာဝဇ္ဇန်းအရာ၌ တည်သည် ဖြစ်၍ (ထိုမဂ်မှ ရှေးအဖို့၌ တစ်စုံတစ်ခုသော စိတ်ဖြင့် မယူဖူးသေးသည့် နိဗ္ဗာန်အာရုံကို ယူ၍) ထိုမဂ်၏ ရှေ့သွား၏အဖြစ်ဖြင့် နိဗ္ဗာန်ကိုသာလျှင် အာရုံပြု၍။ မှန်၏, ထို့ကြောင့်သာလျှင် ထိုဂေါတြဘူစိတ်သည် ဝိပဿနာဟူသောအမည်ကို မရ။ ဤသို့ သိအပ်၏။
“ပုထုဇ္ဇနဂေါတ္တ’မဘိဘဝန္တိ”ဟူသော ဤစကားဖြင့် (ပုထုဇဉ်)အနွယ်ကို လွှမ်းမိုးတတ်သည်ဟူသော အကြောင်းဟိတ်ကြောင့် “ဂေါတြဘု”မည်၏။
ဆက်ဦးအံ့, “ပုထုဇ္ဇနဂေါတ္တံ”ဟူသော ဤစကား၌ ဂေါတ္တံ-ဟူသည်ကား (ဒင်းကြမ်း) တင်းကျပ်ပြည့်သော ကိလေသာတို့နှင့် ယှဉ်ခြင်းကြောင့် အရိယာ၏ အဖြစ်နှင့် ဆန့်ကျင်ဘက်အဖြစ်ဟု ဆိုအပ်သော ပုထုဇဉ်မျိုးကို “ဂေါတ္တ”ဟု ဆိုအပ်၏။ ဤသို့သော ကဲ့ရဲ့အနက်ကို ပြ၏။
“အရိယဂေါတ္တမ’ဘိသမ္ဘောန္တဉ္စ”ဟူသော ဤစကားရပ်ဖြင့် အရိယာအနွယ်သို့ ရောက်ကြောင်း၏ အဖြစ်ကြောင့် “ဂေါတြဘူ”မည်၏။
ဆက်ဦးအံ့။ ဂေါတ္တ-ဟူသည်ကား ထိုထိုကိလေသာမှ စင်ကြယ်သည်၏အဖြစ်ဟု ဆိုအပ်သော အရိယာမျိုးကို “ဂေါတ္တ”ဟု ဆိုအပ်၏။ ဤသို့သော ချီးမွမ်းအနက်ကို ပြ၏။
မဂ်ကိစ္စ ၁၆-ချက်
၅၈။ (“တဿာနန္တရမေဝ မဂ္ဂေါ (ပ) ဘာဝနာဝသေန အပ္ပနာဝီထိ မောတရတိ”ဟူသော ကတ္တားနှင့် ကြိယာ အစပ်အဟပ်ဝေးသော ဝါကျ၌) “မဂ်သည် အပ္ပနာဝီထိသို့ သက်ရောက်၏” ဟု အစပ် သမ္ဗန်ကို မျှော်၍ သိအပ်၏။
(ထိုစာပိုဒ်၌) “ဒုက္ခသစ္စံ ပရိဇာနန္တော”ဟူသည်ကား ရုပ်နာမ်တေဘူမက တရားတို့၏ ဧကန်စင်စစ် ဒုက္ခ၏အဖြစ်ကို ပိုင်းခြား၍ သိလျက်။
ဆက်ဦးအံ့, ဤဒုက္ခသစ္စာကို ပိုင်းခြား၍ သိလျက်ဟု ဆိုရာ၌ ထိုရုပ်နာမ်တေဘူမကတရားတို့၏ ဒုက္ခသဘောကို ဖုံးလွှမ်းတတ်သော ပြင်းစွာတွေဝေခြင်း သမ္မောဟကို (မဂ်ဖြင့်) ပယ်စွန့်ခြင်းကိုသာလျှင်ဆင်းရဲအမှန်ကို ပိုင်းခြား၍ သိခြင်းဟူ၍ မှတ်အပ်၏။ (မဂ်ဖြင့် ထိုဒုက္ခသစ္စာတရားတို့ကို အာရုံပြုသည်၏အစွမ်းဖြင့် သိခြင်းမျိုးဟု မမှတ်အပ်။)
“သမုဒယသစ္စံ ပဇဟန္တော”ဟူသည်ကား မိမိ၏ စိတ်အစဉ်၌ အနုသယ၏အဖြစ်ဖြင့် ဖြစ်သော တဏှာဟု ဆိုအပ်သော ဆင်းရဲဖြစ်ကြောင်းအမှန် သမုဒယသစ္စာကို တစ်စိတ်တစ်ဒေသအားဖြင့် လည်းကောင်း အကြွင်းအကျန်မရှိသောအားဖြင့်လည်းကောင်း နောက်မှ တစ်ဖန် လည်လာခြင်း မရှိသည်ကို ပြု၍ ပယ်စွန့်လျက်။
“နိရောဓသစ္စံ သစ္ဆိကရောန္တော”ဟူသည်ကား မျက်စိအမြင်ရှိသောသူသည် ကောင်းကင်အလယ်၌ တင့်တယ်ထွန်းလင်းသော လဝန်းကို မျက်မှောက်မြင်ရသကဲ့သို့ (ရှေ့)မိမိ၏သန္တာန်၌ တစ်စိတ် တဒေသ လည်းဖြစ် အလုံးစုံလည်းဖြစ်သော ကိလေသဝဋ်၏လည်းကောင်း, နောင်အခါ၌ ဖြစ်ပွား လတ္တံ့သော ဝိပါကဝဋ်၏ လည်းကောင်း, (နောက်)မိမိ၏သန္တာန်၌ တစ်ဖန် ဖြစ်ပေါ်ခြင်းမရှိသော သဘောရှိသည်၏ အဖြစ်သို့ ရောက်သည်၏ အစွမ်းဖြင့် ချုပ်ခြင်းဟု ဆိုအပ်သော နိဗ္ဗာန်ကို မျက်မှောက် ပြုလျက်။
“မဂ္ဂသစ္စံ ဘာဝနာဝသေန”ဟူသည်ကား ဤဘဝမှ ရှေး၌ မသိနိုင်သည့် အစရှိသော အနမတဂ္ဂ သံသရာဝယ် (မိမိသန္တာန်၌) မဖြစ်ဖူးသေးသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော မဂ္ဂသစ္စာကို ဖြစ်စေခြင်း ဟု ဆိုအပ်သော ဘာဝနာ၏အစွမ်းဖြင့်။
ဖိုလ်စိတ်နှစ်ကြိမ် သုံးကြိမ်ဖြစ်ပြီး ဘဝင်ကျပုံ
၅၉။ ဆက်ဦးအံ့, မဂ်စေတနာသည် မိမိအခြားမဲ့၌ ဖြစ်သော ဖိုလ်ဟူသော အကျိုးရှိသည်၏ အဖြစ်ကြောင့် ဥပမာအားဖြင့် ထိုခဏ၌ ပယ်ရှားအပ်သော မီးရှိသောအရပ်၌ တစ်ဖန် ရေကို သွန်းလောင်း၍ ငြိမ်းစေသကဲ့သို့ ထို့အတူ ထိုမဂ်စိတ်မှနောက်၌ နှစ်ကြိမ်လည်းဖြစ်ကုန်သော သုံးကြိမ်လည်း ဖြစ်ကုန်သော ဖိုလ်စိတ်တို့သည် မဂ်အားလျော်စွာ ဖြစ်သည်၏ အစွမ်းဖြင့် ဒုက္ခသစ္စာကို ပိုင်းခြား၍ သိခြင်းအစရှိကုန်သော သိ, ပယ်, ဆိုက်, ပွား လေးပါးကုန်သော ကိစ္စ တို့ကို လျော်စွာပြုကုန်လျက် ဖြစ်ကုန်၏။
ထိုမဂ်စိတ်ဖိုလ်စိတ်ကျသည်မှ နောက်၌ ဘဝင်ကျသည်ဟု ပြခြင်းငှာ “တတောပရံ” ဤသို့အစ ရှိသော စကားကို အရှင်အနုရုဒ္ဓါမထေရ်သည် မိန့်ဆိုပြီ။
ပစ္စဝေက္ခဏာဉာဏ်ဖြစ်ပုံ
ပစ္စဝေက္ခဏာဉာဏ်ဖြစ်ပုံကို ပြဦးအံ့, သာမန်အကြည်မျက်စိဖြင့် လည်းကောင်း နတ်မျက်စိနှင့် တူသော အဘိညာဉ်မျက်စိဖြင့် လည်းကောင်း တစ်စုံတစ်ခုသော ရူပါရုံကိုကြည့်သော ပုဂ္ဂိုလ်အား ထိုမျက်စိတို့သည် ထိုအဆင်းကို မျက်မှောက်ပြုမြင်၍ ထိုမြင်ပြီးသည်မှ နောက်၌လည်း ထို ပုဂ္ဂိုလ်အား မျက်မှောက်ထင်ထင်နီးပါးအနေဖြင့် ထင်ရှားပေါ်သည်ကို ပြု၍ ချုပ်ကုန်၏။
ရှေးဦးစွာ ထိုမျက်စိတို့ ဖြစ်ဆဲခဏ၌ ထိုပုဂ္ဂိုလ်အား “ငါသည် ဤမည်သော အဆင်းကို မြင်ရသည်”ဟု ထိုအဆင်းရုပ်သည် ထင်ရှားစွာ မဖြစ်သေး။ မြင်ပြီးနောက်၌ကား တစ်ဖန်ပြန်ဆင်ခြင်သည့် ပစ္စဝေက္ခဏာဇော အကြိမ်တို့သည် ဖြစ်ကုန်သော်သာလျှင် ထိုမြင်ဖူးသည့် အဆင်းသည်လည်း ကောင်း, ထိုအဆင်းသို့ အစဉ်လိုက်ကုန်သော အထူးထူးသော အခြင်းအရာ (အမည်၊ ပုံသဏ္ဌာန်) တို့သည်လည်းကောင်း ထိုပုဂ္ဂိုလ်အား ထင်ရှားဖြစ်ကုန်သကဲ့သို့,
ဤအတူလျှင် ဤတစ်ဖန် ဆင်ခြင်ဉာဏ်အရာ၌လည်း ပစ္စဝေက္ခဏာဇောအကြိမ်တို့သည် ဖြစ်ကုန်သော်သာလျှင် (ထိုဆင်ခြင်ဇောစိတ်၌) နိဗ္ဗာန်အာရုံသည် လည်းကောင်း ထိုနိဗ္ဗာန်သို့ အစဉ်လိုက်ကုန်သော မဂ်ဖိုလ်အာရုံစသည်တို့သည် လည်းကောင်း ထင်ရှားဖြစ်ကုန်၏။ ထို့ကြောင့် “ပုန ဘဝင်္ဂံ ဝေါစ္ဆိန္ဒိတွာ ပစ္စဝေက္ခဏဉာဏာနိ ပဝတ္တန္တိ”ဟူ၍ အရှင်အနုရုဒ္ဓါမထေရ်သည် မိန့်ဆိုအပ်ပြီ။
ပစ္စဝေက္ခဏာဉာဏ် ၁၉-တန်
၆၀။ ယခုအခါ၌ ပစ္စဝေက္ခဏာဉာဏ်၏ တည်ရာကို ပြခြင်းငှာ” မဂ္ဂံ ဖလဉ္စ နိဗ္ဗာနံ” ဤသို့အစရှိသော ဂါထာကို အရှင်အနုရုဒ္ဓါမထေရ်သည် မိန့်ဆိုတော်မူ၏
ထိုဂါထာ၌ “ပဏ္ဍိတော”ဟူသည်ကား မြတ်သော ပညာနှင့် ပြည့်စုံသော ဖိုလ်၌ တည်သောပုဂ္ဂိုလ်တည်း။
“ဟီနေ”ဟူသည်ကား ပယ်စွန့်အပ်ကုန်သော။ (အယုတ် ဟီန-ပုဒ်မဟုတ်, ပ-ချေထားသော “ပဟီန”ပုဒ်ဟု ဆိုလိုသည်။)
“သေသေ” ဟူသည်ကား မပယ်စွန့်အပ်သေးကုန်သော အထက်မဂ် တို့ဖြင့် ပယ်သတ်အပ် ကုန်သော။
ဆက်ဦးအံ့, ဤ ဟီနေ၊ သေသ-ပုဒ်နှစ်မျိုးတို့သည် ပယ်အပ်ပြီးသော ကိလေသာ, မပယ်အပ် သေးသော ကိလေသာတို့ကို ဆင်ခြင်ခြင်းဆိုင်ရာ ပြဆိုသည့်ပုဒ်တို့တည်း။
အကြင်ကြောင့် ကိလေသာလည်းကုန်, အသက်လည်းကုန်သွားသော အချို့သော ဇီဝိတသမသီသီပုဂ္ဂိုလ်တို့မှာ လည်းကောင်း, ဘယ်မဂ်ဖြင့် ဘယ်ကိလေသာတွေကို ပယ်စွန့်အပ်ကုန်ပြီဟု ကိလေသာဝေဖန် ပိုင်းခြားမှုတို့၌ မကျွမ်းကျင်သော အချို့သော မဟာနာမ်သာကီဝင်မင်းလို အရိယာပုဂ္ဂိုလ်တို့မှာ လည်းကောင်း အဆိုပါဆင်ခြင်မှုနှစ်မျိုးကို မရအပ်ကုန်။ ထို့ကြောင့် “ပစ္စဝေက္ခတိ ဝါ န ဝါ”ဟူ၍ အရှင်အနုရုဒ္ဓါမထေရ်သည် မိန့်ဆိုအပ်၏။
ပစ္စဝေက္ခဏာဉာဏ်အရာ အဆိုအမိန့်မျိုးစုံ
ဆက်ဦးအံ့, ဤပစ္စဝေက္ခဏာဉာဏ်အရာ၌ ဝိသုဒ္ဓိမဂ်၌ ရှေးဦးစွာ အလုံးစုံတို့၏ ဦးစွာအရင် မဂ်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာဝီထိကို အရှင်မဟာဗုဒ္ဓဃောသ မထေရ်သည် မိန့်ဆိုအပ်ပြီ။ ထို့နောက် ဖိုလ်ကို ဆင်ခြင်သော ဝီထိကိုလည်းကောင်း, ထို့နောက်စွန့်ပယ်အပ်ပြီးသော ကိလေသာကို ဆင်ခြင်သော ဝီထိကိုလည်းကောင်း, ထို့နောက်ကြွင်းကျန်သော ကိလေသာကို ဆင်ခြင်သော ဝီထိကို လည်းကောင်း, အဆုံး၌ နိဗ္ဗာန်ကို ဆင်ခြင်သော ဝီထိကိုလည်းကောင်း မိန့်ဆိုအပ်ပြီ။
ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ၌ကား အလုံးစုံတို့၏ ဦးစွာအရင် ကိလေသာကို ဆင်ခြင်ခြင်းကို အလိုရှိအပ်ပေပြီ။ မှန်၏, ထိုပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ၌ ဆင်ခြင်ခြင်းတို့တွင်ရှေးဦးစွာ ကိလေသာကို ဆင်ခြင်ခြင်းကို ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာကျမ်းပြုဆရာ အရှင်မဟာနာမမထေရ် မိန့်ဆိုအပ်၏။ ထို့နောက် မဂ် ဖိုလ် နိဗ္ဗာန်ကို ဆင်ခြင်ခြင်းတို့ကို မိန့်ဆိုအပ်ကုန်၏။
ထိုအဋ္ဌကထာစကားကိုကား ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ ပစ္စဝေက္ခဏာဉာဏ်၏ အကျယ်နိဒ္ဒေသမှ ရှေ့၌ ရှေးဦးစွာ “ပြတ်ပြီးကုန်သော ကိလေသာတို့ကို တစ်ဖန်ရှုရာ၌ ပညာသည် ကိလေသာတို့မှ လွတ်မြောက်သော ဝိမုတ္တိဉာဏ်မည်၏”ဟူ၍ ဝိမုတ္တိဉာဏ်သည် အသီးအခြား လာသည်၏ အဖြစ်ကြောင့် ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာဆရာသည် မိန့်ဆိုအပ်ပြီ။
ထိုပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ “ဆိန္နံ-ပြတ်ပြီးသော”ဟူသည်ကား ထိုထိုမဂ်ဖြင့် အကြွင်းမဲ့ ဖြတ်အပ်ပြီးသော ကိလေသာအပေါင်းတည်း။ ဤသည်ကား “ဆိန္နံ”ပုဒ်၏ အနက်တည်း။
(ဝိမုတ္တိဉာဏ်သည် ပဟီနကိလေသပစ္စဝေက္ခဏဉာဏ်တစ်မျိုးဟု ဒီပနီကျေးဇူးဖြင့် သိလာရသည်။)
ပါဠိတော်ကို အစဉ်လျောက်သဖြင့် ဆိုအပ်သည် ရှိသော်ကား ရှေးဦးစွာ ပယ်အပ်ပြီးသော ကိလေသာတို့ကို ဆင်ခြင်၏။ ထို့နောက် အသီးအသီးသော မဂ္ဂင်ဗောဇ္ဈင်စသည်တို့ကို ဆင်ခြင်၏။ (မဂ်ကို ဆင်ခြင်ခြင်းပင်။) ထို့နောက် ထိုမဂ္ဂင်ဗောဇ္ဈင်စသည်တို့၏ အာရုံဖြစ်သော ‘နိဗ္ဗာန်’ကို ဆင်ခြင်၏။ ထို့နောက် ဖိုလ်တရားတို့ကို ဆင်ခြင်၏။ ထို့နောက် ထိုမဂ်ဖိုလ်တို့၏ အာရုံဖြစ်သော ‘နိဗ္ဗာန်’ကို ဆင်ခြင်၏။ ဤသို့ ဆိုသင့်ဆိုထိုက်၏။
မှန်၏, ပဋိသမ္ဘိဒါမဂ်ပါဠိတော် ပစ္စဝေက္ခဏာဉာဏ်ကို အကျယ်ပြဆိုရာ၌ နိဗ္ဗာန်သည် မဂ်အလှည့် အကြိမ်ဝါရ၌လည်းကောင်း, ဖိုလ်အလှည့်အကြိမ်ဝါရ၌လည်းကောင်း နှစ်ကြိမ် လာ၏။ ဤသို့ သိအပ်၏။
ဤသို့ နိဗ္ဗာန်ကို ဆင်ခြင်ခြင်းမည်သည်ကား ဤနိဗ္ဗာန်ကို ဆင်ခြင်မှုမှ တစ်ပါးကုန်သော ဆင်ခြင်မှုတို့၏ အစ၌လည်းကောင်း, အလယ်၌လည်းကောင်း, အကြားအကြား၌လည်းကောင်း, အဆုံး၌လည်းကောင်း အကြင်အမှတ်မထား တစ်ပါးပါးသောဌာန၌ ဖြစ်၏။ ဤသို့ ပြီးစီး၏။ ထို့အတူ ကိလေသာကို ဆင်ခြင်ခြင်းသည်လည်း မဂ်ဖိုလ်နိဗ္ဗာန် ဆင်ခြင်မှုတို့၏ အစ၌ လည်းကောင်း, အဆုံး၌လည်းကောင်း ဖြစ်သည်ဟု ပြီးစီးပေ၏။
အကျိုးရလဒ်ကို ပြဦးအံ့, ဤသို့ကျမ်းညှိယူသည်ရှိသော် “မဂ္ဂံ ဖလဉ္စ နိဗ္ဗာနံ” ဟူသော ဤသင်္ဂြိုဟ် ဂါထာသည် ဝိသုဒ္ဓိမဂ်နှင့် မညီစေကာမူ ဆင်ခြင်ကုန်သောသူတို့၏ အလိုအားလျော်စွာ ဖြစ်သင့်သောကြောင့် မဆန့်ကျင်။
ဤသို့သောရလဒ်ကြောင့် စတုတ္ထပါရာဇိက၊ အဓိမာနပုဒ်အဖွင့်၊ ပါရာဇိကဏ်အဋ္ဌကထာတို့၌ “ထိုဖလဋ္ဌာန်ပုဂ္ဂိုလ်သည် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်၊ ပယ်ပြီးသော ကိလေသာ၊ မပယ်သေးသော ကိလေသာတို့ကို ဆင်ခြင်ခြင်းဖြင့် ကောင်းစွာဖြစ်သော ဝမ်းမြောက်မှုသည် ရှိ၏။ အရိယာတို့၏ ဂုဏ်ကို ထိုးထွင်း၍ သိခြင်း၌ ယုံမှားကင်း၏”ဟူ၍ မိန့်ဆိုအပ်ပြီ။
ပစ္စဝေက္ခဏာဉာဏ် ၁၉-တန် ရေတွက်နည်း
ဆက်ဦးအံ့, ဤပစ္စဝေက္ခဏာဉာဏ် ၁၉-တန်အရာ၌ သောတာပန်ပုဂ္ဂိုလ်အား ငါးပါးကုန်သော ဆင်ခြင်ခြင်းတို့သည် ဖြစ်ကုန်၏။ ထို့အတူ သကဒါဂါမ်ပုဂ္ဂိုလ်အား ငါးပါးကုန်သော ဆင်ခြင်ခြင်း တို့သည်လည်းကောင်း, အနာဂါမ်ပုဂ္ဂိုလ်အား ငါးပါးကုန်သော ဆင်ခြင်ခြင်းတို့သည်လည်းကောင်း ဖြစ်ကုန်၏။
အထူးကိုဆိုအံ့, ရဟန္တာပုဂ္ဂိုလ်အား ကြွင်းကျန်သော ကိလေသာ မည်သည် မရှိသောကြောင့် လေးပါးကုန်သော ဆင်ခြင်ခြင်းတို့သည် ဖြစ်ကုန်၏။ ဤသို့ တစ်ခုယုတ် နှစ်ဆယ်သော (၁၉-ပါးသော) ပစ္စဝေက္ခဏာဉာဏ်တို့သည် ဖြစ်ကုန်၏။ ဤသို့ သိအပ်၏။
ချွင်းချက်ရှိသော ပစ္စဝေက္ခဏာဉာဏ်
ပြည့်စုံသည်မှတစ်ပါး မပြည်စုံသည်ကို ဆိုဦးအံ့, မပြည့်စုံသော ပစ္စဝေက္ခဏာသည်လည်း ရှိသည် သာလျှင်တည်း။ ထိုစကားသည် မှန်၏, စူဠဒုက္ခက္ခန္ဓသုတ်၏ အဋ္ဌကထာ၌ ထိုပစ္စဝေက္ခဏာ ဝီထိသည်ကား အလုံးစုံသောအရိယာပုဂ္ဂိုလ်တို့အတွက် အပြည့်အစုံသည် မဖြစ်။
မှန်၏, တစ်ယောက်သော ပုဂ္ဂိုလ်သည် ပယ်စွန့်ပြီးသော ကိလေသာကိုသာလျှင် ဆင်ခြင်၏။ တစ်ယောက် သည် ကြွင်းကျန်သော ကိလေသာကိုသာလျှင် ဆင်ခြင်၏။ တစ်ယောက်သည် မဂ်ကိုသာလျှင် ဆင်ခြင်၏။ တစ်ယောက်သည် ဖိုလ်ကိုသာလျှင် ဆင်ခြင်၏။ တစ်ယောက်သည် နိဗ္ဗာန်ကိုသာလျှင် ဆင်ခြင်၏။ ဤငါးမျိုးကုန်သော ပစ္စဝေက္ခဏာတို့တွင် တစ်မျိုးကိုလည်းကောင်း, နှစ်မျိုးတို့ကို လည်းကောင်း မရခြင်းငှာ မသင့် (ရခြင်းငှာ သင့်၏)”ဟု မိန့်ဆိုအပ်ပြီ။
ဤသို့ ခြောက်ပါးသော ဝိသုဒ္ဓိအစဉ်အားဖြင့် ပွားစေအပ်သော လေးပါးအပြားရှိသော မဂ်ကို ဉာဏဒဿနဝိသုဒ္ဓိ မည်၏ဟူ၍ ဆိုအပ်၏။ ဤသို့ ဂါထာအနက်ယောဇနာ အစပ်သမ္ဗန်ကို သိအပ်၏။
ဆက်ဦးအံ့, ဤဒုတိယဂါထာ၌ မဂ္ဂသဒ္ဒါဖြင့် ဉာဏဒဿနဝိသုဒ္ဓိ မည်၏ဟူ၍ ဆိုအပ်သည်၏ အဖြစ်ကြောင့် လေးပါးအပြားရှိသော မဂ်ဉာဏ်ကိုလည်းကောင်း, ထိုမဂ်ဉာဏ်အားလျော်သည်၏ အစွမ်းဖြင့် ဖိုလ်ဉာဏ်ကိုလည်း ယူအပ်၏။ ဤသို့ သိအပ်၏။ “အယမေတ္ထ”၌ “ဧတ္ထ”ဟူသည်ကား ဝိပဿနာကမ္မဋ္ဌာန်း၌။
ဝိသုဒ္ဓိဘေဒ ပြီး၏။
ဝိမောက္ခမုခနှင့် ဝိမောက္ခဘေဒ
ရုပ်ဟူသမျှ အနတ္တ, ဝေဒနာဟူသမျှ အနတ္တ
၆၁။ “တတ္ထ”ဟူသည်ကား ထိုအနုပဿနာ,မဂ်,ဖိုလ်တို့၌။ “အဘိနိဝေသ” ဟူသည်ကား မြဲမြံစွာ နှလုံးသွင်းခြင်းတည်း။ အောက်ကျောက်သားမြေ၌ စိုက်အပ်သော မြင့်မိုရ်တောင်ခြေ၏ မြဲမြံစွာ ဖြစ်ခြင်းကဲ့သို့ အတွင်းခန္ဓာတို့၌ မြဲမြံစွာယူ၍ ဖြစ်ခြင်း နှလုံးသွင်းခြင်းတည်း။ ဤသည်ကား “အဘိနိဝေသ”ပုဒ်၏ အနက်တည်း။
အတ္တကောင်ဟူ၍ဖြစ်သော နှလုံးသွင်းခြင်းအဘိနိဝေသသည် အတ္တာဘိနိဝေသမည်၏။ ထို“အတ္တာဘိနိဝေသ”ပုဒ်နောင် ဒုတိယာ “အံ”ဝိဘတ်သက်၍ “အတ္တာဘိနိဝေသံ” ဟု မူရင်းသင်္ဂြိုဟ်ပါဠိအတိုင်း ပြန်ထားအပ်၏။
“မုဉ္စန္တီ”ဟူသည်ကား အဇ္ဈတ္တတရားတို့၏ အတ္တကောင်မဖက် သက်သက် အကြောင်းနှင့် စပ်၍ ဖြစ်ခြင်းရှိသော သဘောကိုလည်းကောင်း ခဏအားဖြင့် ပျက်စီးခြင်းရှိသော သဘောကို လည်းကောင်း မမြင်သည်၏အဖြစ်ကြောင့် အစွဲသန်သော ထိုအတ္တကောင် နှလုံးသွင်းသည် ဖြစ်၏။ ထို့ကြောင့် အဇ္ဈတ္တတရားတို့၏ အကြောင်းနှင့် စပ်၍ ဖြစ်ခြင်းရှိသောသဘော, ခဏအားဖြင့် ပျက်စီးခြင်းရှိသောသဘောဟူသော ထိုနှစ်ပါးစုံကို ဉာဏ်မျက်စိဖြင့် ကောင်းစွာမြင်သည်ကို ပြ၍ “ရုပ်ဟူသမျှ အနတ္တ, ဝေဒနာဟူသမျှ အနတ္တ” ဤသို့အစရှိသည်ဖြင့် ကောင်းစွာ အဖန်ဖန် ရှုမြင်သည်၏အစွမ်းဖြင့် အစွဲသန်သော ထိုအတ္တကောင်နှလုံးသွင်းကို ဖြေလွတ်စေသော။ ဤသည်ကား “မုဉ္စန္တီ” ဟူသောပုဒ်၏ ဝိသေသန အနက်စသည်တည်း။
အနတ္တ = သုညတဟု ရှုခြင်းသည် ဝိမောက္ခ၏ မုခ ဖြစ်၏။ အကြောင်းကား ယင်းသို့ရှုခြင်းသည် သုညတဝိမောက္ခဟု ဆိုအပ်သော မဂ်၏လည်းကောင်း ဖိုလ်၏လည်းကောင်း ဝင်ရာတံခါးဖြစ်သောကြောင့်တည်း။
ရုပ်ဟူသမျှ အနိစ္စ, ဝေဒနာဟူသမျှ အနိစ္စ
၆၂။ “ဝိပလ္လာသနိမိတ္တံ”၌ ဖောက်ပြန်သည်၏အစွမ်းဖြင့် ကပ်ရောက်ခြင်း, တစ်နည်းကား ဖြစ်ခြင်းသည် ဝိပလ္လာသ မည်၏။ အနိစ္စဖြစ်သော ခန္ဓာငါးပါး၌ နိစ္စဟူ၍ကပ်ရောက်ခြင်း။ တစ်နည်း ကား, နိစ္စဟူ၍ ဖြစ်ခြင်းတည်း။ ထိုဝိပလ္လာသသည်ပင်လျှင် ကိလေသာဖြစ်ခြင်း၏ နီးစွာသော အကြောင်း၏အဖြစ်ကြောင့် နိမိတ်မည်ရကား ဝိပလ္လာသတရားတို့၏ အစွမ်းဖြင့် ကပ်၍ထင်သော ကိစ္စနိမိတ် = ဝိပလ္လာသနိမိတ်မည်၏။
“မုဉ္စန္တီ”ဟူသည်ကား အဇ္ဈတ္တတရားတို့၏ ခဏအားဖြင့် ပျက်စီးခြင်းရှိသော သဘောကို မမြင်အပ် သည်၏အဖြစ်ကြောင့် ထိုဝိပလ္လာသနိမိတ်သည် ဖြစ်၏ဟု သိ၍ထိုအဇ္ဈတ္တတရားတို့၏ ခဏအားဖြင့် ပျက်စီးခြင်းကို ကောင်းစွာမြင်သည်ကို ပြ၍ “ရုပ်ဟူသမျှ အနိစ္စ, ဝေဒနာဟူသမျှ အနိစ္စ” ဤသို့အစရှိသည်ဖြင့် တစ်ဖန် ကောင်းစွာအဖန်တလဲလဲ ရှုမြင်သည်၏အစွမ်းဖြင့် ထိုအကြောင်း နိမိတ်ကို ဖြေလွတ်စေသော။ ဤသည်ကား “မုဉ္စန္တီ”ဟူသောပုဒ်၏ ဝိသေသနအနက် စသည်တည်း။
ရုပ်ဟူသမျှ ဒုက္ခ, ဝေဒနာဟူသမျှ ဒုက္ခ
၆၃။ “တဏှာပဏိဓိံ”ဟူသည်ကား တဏှာသည်ပင်လျှင် ကပ်ငြိသည်၏အစွမ်းဖြင့် အာရုံ၌ စိတ်ကို မြဲမြံစွာထားခြင်းကြောင့် ပဏိဓိ မည်သည်ဟူသော အကြောင်းဟိတ်ကြောင့် တဏှာပဏိဓိ မည်၏။ ထို”တဏှာပဏိဓိ”ပုဒ်နောင် ဒုတိယာ “အံ” ဝိဘတ်သက်၍ “တဏှာပဏိဓိံ” ဟု မူရင်းသင်္ဂြိုဟ် ပါဠိအတိုင်း ပြန်ထားအပ်၏။
“မုဉ္စန္တီ”ဟူသည်ကား အဇ္ဈတ္တတရားတို့၏ ကြီးစွာသော အပြစ်စုတို့၏အဖြစ်ကို မမြင်နိုင်သည်၏ အဖြစ်ကြောင့် ထိုတဏှာထားခြင်းသည် ဖြစ်၏ဟု သိ၍ ထိုအဇ္ဈတ္တတရားတို့၏ ကြီးစွာသော အပြစ်စုတို့၏အဖြစ်ကို ကောင်းစွာမြင်သည်ကို ပြ၍ “ရုပ်ဟူသမျှ ဒုက္ခ, ဝေဒနာဟူသမျှ ဒုက္ခ” ဤသို့အစရှိသည်ဖြင့် တစ်ဖန် ကောင်းစွာ အဖန်တလဲလဲ ရှုမြင်သည်၏ အစွမ်းဖြင့် ထိုတဏှာ ထားခြင်းကို ဖြေလွတ်စေသော။ ဤသည်ကား “မုဉ္စန္တီ”ဟူသောပုဒ်၏ ဝိသေသနအနက် စသည်တည်း။
၆၄။ “တသ္မာ”ဟူသည်ကား ဝိမောက္ခမုခ ဖြစ်ကုန်သော သုညတာနုပဿနာ, အနိမိတ္တာနုပဿနာ, အပ္ပဏိဟိတာနုပဿနာအားဖြင့် သုံးပါးကုန်သော ထိုအနုပဿနာတို့သည် အကြင်ကြောင့် ထူးသောအမည် ရှိကုန်၏။ ထို့ကြောင့်။
သုညတဝိမောက္ခ
အကြင်ကြောင့် သင်္ခါရတရားတို့၌ ငါကောင်မှ ဆိတ်သုဉ်းသော သုညတသဘောကို မြင်သည်၏ အစွမ်းဖြင့် မဂ်ဖိုလ်ကို ရခြင်းဟု ဆိုအပ်သော လောကုတ္တရာအကျိုး ပြီးစီးခြင်းမည်သည် သက်သက် အတ္တကောင်ဟု မြဲမြံစွာ နှလုံးသွင်းခြင်း တည်းဟူသော ဒိဋ္ဌိအစွဲအလမ်း၏ ဆန့်ကျင်ဘက်ဖြစ်သော အနတ္တာနုပဿနာ ဉာဏ်၏သာလျှင် အဆင့်ဆင့်အားဖြင့် ပွားများခြင်း အစွမ်းအာနုဘော် ဖြစ်၏။
ထို့ကြောင့် ထိုသုညတအခြင်းအရာအားဖြင့် ကောင်းစွာ အဖန်ဖန်ရှုမြင်၍ အတ္တဒိဋ္ဌိမှ လွတ်သော အရိယာပုဂ္ဂိုလ်အား သင်္ခါရုပေက္ခာနှင့် အနုလောမဟု ဆိုအပ်သော ဝိပဿနာသည်လည်းကောင်း, မဂ်သည်လည်းကောင်း တကွဖြစ်ဖက်သဟဇာတဉာဏ်၏ အလုပ်ကိစ္စဖြင့် “သုညတဝိမောက္ခ” ဟူသော အမည်တူ အမည်ထူးကို ရ၏။ ဤသို့ သိစေတော်မူလိုသောကြောင့် “ယဒိ ဝုဋ္ဌာနဂါမိနီ ဝိပဿနာ (ပေ) သုညတော ဝိမောက္ခော နာမ ဟောတိ မဂ္ဂေါ”ဟူ၍ အရှင်အနုရုဒ္ဓါမထေရ်သည် မိန့်ဆိုအပ်ပြီ။
အနိမိတ္တဝိမောက္ခ
၆၅။ အကြင်ကြောင့် အနိစ္စသဘောကို မြင်သည်၏ အစွမ်းဖြင့် မဂ်ဖိုလ်ကိုရခြင်းဟု ဆိုအပ်သော လောကုတ္တရာအကျိုး ပြီးစီးခြင်းမည်သည်ကား နိစ္စဓုဝနိမိတ်ကို မြဲမြံစွာ နှလုံးသွင်းသော၊ မာန တည်းဟူသော အစွဲအလမ်း၏ ဆန့်ကျင်ဘက်ဖြစ်သော သဒ္ဓါတရား၏လည်း (ဉာဏ်ပါယူ) အစွမ်းအာနုဘော် ဖြစ်၏။
ထို့ကြောင့် ထိုအခြင်းအရာအားဖြင့် ကောင်းစွာ အဖန်ဖန်ရှုမြင်၍ မာနမှ လွတ်သော အရိယာပုဂ္ဂိုလ်အားလည်း သင်္ခါရုပေက္ခာနှင့် အနုလောမ ဟုဆိုအပ်သော ဝိပဿနာသည် လည်းကောင်း, မဂ်သည်လည်းကောင်း တကွဖြစ်ဖက်သဒ္ဓါ၏ အလုပ်ကိစ္စဖြင့် “အနိမိတ္တဝိမောက္ခ” ဟူသောအမည်တူ အမည်ထူးကို ရ၏။ ဤသို့ သိစေတော်မူလိုသောကြောင့် “ယဒိ အနိစ္စတော (ပေ) အနိမိတ္တော ဝိမောက္ခော နာမ”ဟူ၍ အရှင်အနုရုဒ္ဓါမထေရ်သည် မိန့်ဆိုပြီ။
အပ္ပဏိဟိတဝိမောက္ခ
၆၆။ အကြင်ကြောင့် ဒုက္ခသဘောကို မြင်သည်အစွမ်းဖြင့် မဂ်ဖိုလ်ကို ရခြင်းဟု ဆိုအပ်သော လောကုတ္တရာ အကျိုးပြီးစီးခြင်း မည်သည်ကား အတွယ်တာထားခြင်းဟု ဆိုအပ်သော တဏှာ တည်းဟူသောစွဲလမ်းခြင်း၏ ဆန့်ကျင်ဘက်ဖြစ်သော သမာဓိ၏ အစွမ်းအာနုဘော် ဖြစ်၏။
ထို့ကြောင့် ထိုအခြင်းအရာအားဖြင့် ကောင်းစွာ အဖန်ဖန်ရှုမြင်၍ တဏှာမှ လွတ်သော အရိယာပုဂ္ဂိုလ်အား သင်္ခါရုပေက္ခာနှင့် အနုလောမဟု ဆိုအပ်သော ဝိပဿနာသည်လည်းကောင်း, မဂ်သည် လည်းကောင်း တကွဖြစ်ဖက် သဟဇာတသမာဓိ၏ အလုပ်ကိစ္စဖြင့် “အပ္ပဏိဟိတဝိမောက္ခ” ဟူသော အမည်တူ အမည်ထူးကို ရ၏။ ဤသို့ သိစေတော်မူလို သောကြောင့် “ယဒိ ဒုက္ခတော (ပေ) အပ္ပဏိဟိတော ဝိမောက္ခော နာမ”ဟူ၍ အရှင်အနုရုဒ္ဓါ မထေရ်သည် မိန့်ဆိုပြီ။
လက္ခဏာရေးသုံးပါးနှင့် ဣန္ဒြေသုံးပါး
မှန်၏, ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ “အနိစ္စအားဖြင့် နှလုံးသွင်းသော ပုဂ္ဂိုလ်အား သဒ္ဓိန္ဒြေ လွန်ကဲ၏။ ဒုက္ခအားဖြင့် နှလုံးသွင်းသော ပုဂ္ဂိုလ်အား သမာဓိန္ဒြေ လွန်ကဲ၏။ အနတ္တအားဖြင့် နှလုံးသွင်းသော ပုဂ္ဂိုလ်အား ပညိန္ဒြေ လွန်ကဲ၏”ဟူသော ဤစကားကို မိန့်တော်မူအပ်ပြီ။
ဝိပဿနာသတ္တိ မဂ်အထိပြပုံ
ဆက်ဦးအံ့, မဂ်၌ သုံးပါးကုန်သော ပညိန္ဒြေ, သဒ္ဓိန္ဒြေ, သမာဓိန္ဒြေတို့၏ ကိစ္စအထူးမည်သည်ကား ဝုဋ္ဌာနဂါမိနီဝိပဿနာဟု ဆိုအပ်သော (နိဗ္ဗာန်သို့) ရောက်ကြောင်း၏အစွမ်းဖြင့်သာလျှင် ပြီးစီး၏။ ဤသို့ သိစေလိုတော်မူသောကြောင့် “မဂ္ဂေါ တီဏိ နာမာနိ လဘတိ”ဟူ၍ မိန့်ဆိုအပ်ပြီ။
အရိယာပုဂ္ဂိုလ် ၇-ယောက်
ထိုစကားရပ်၌-
သုညတဝိမောက္ခဖြင့် ကိလေသာမှ လွတ်သော အရိယသာဝကသည် သောတာပတ္တိမဂ်ခဏ၌ “ဓမ္မာနုသာရီ”ပုဂ္ဂိုလ် မည်ပေ၏။ အလယ်၌ ဖြစ်ကုန်သော သောတာပတ္တိဖိုလ်၊ သကဒါဂါမိမဂ်, သကဒါဂါမိဖိုလ်၊ အနာဂါမိမဂ်, အနာဂါမိဖိုလ်၊ အရဟတ္တမဂ်အားဖြင့် ခြောက်ပါးကုန်သော မဂ်ခဏ ဖိုလ်ခဏတို့၌ “ဒိဋ္ဌိပ္ပတ္တ”ပုဂ္ဂိုလ် မည်ပေ၏။ အရဟတ္တဖိုလ်ခဏ၌ “ပညာဝိမုတ္တ”ပုဂ္ဂိုလ်မည်ပေ၏။
အနိမိတ္တဝိမောက္ခဖြင့် ကိလေသာမှ လွတ်သော အရိယသာဝကသည် သောတာပတ္တိမဂ်ခဏ၌ “သဒ္ဓါနုသာရီ” ပုဂ္ဂိုလ် မည်ပေ၏။ အထက် သောတာပတ္တိဖိုလ် စသော ၇-ဌာနတို့၌ “သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်” မည်ပေ၏။
အပ္ပဏိဟိတဝိမောက္ခဖြင့် ကိလေသာမှ လွတ်သော အရိယသာဝကသည် မဂ်ဖိုလ်ရှစ်ဌာနစလုံးတို့၌ “ကာယသက္ခီ”ပုဂ္ဂိုလ် မည်ပေ၏။ ထိုအရိယသာဝကသည်ပင်လျှင် အရူပဈာန်ကို အခြေပါဒပြု၍ ကိလေသာမှ လွတ်လျက် အရဟတ္တဖိုလ်၌ တည်သည်ရှိသော် နှစ်ပါးစုံသောအဖို့အားဖြင့် ကိလေသာမှ လွတ်သော “ဥဘတောဘာဂဝိမုတ္တ”ပုဂ္ဂိုလ် မည်ပေ၏။
ဤမျှသောစကားအစဉ်ဖြင့် “ဝိပဿနာပရိပါက မာဂမ္မ’ဟူသည်ကား သင်္ခါရုပေက္ခာ၏အဖြစ်သို့ ရောက်၍ ၃-ပါးအပြားရှိသော ဝိမောက္ခမုခအဖြစ်သို့ ရောက်ခြင်းဖြင့် လည်းကောင်း, ၇-ယောက် သော အရိယာပုဂ္ဂိုလ်အပြား၏အကြောင်းအဖြစ်သို့ ရောက်ခြင်းဖြင့်လည်းကောင်း ဝိပဿနာ ဉာဏ်၏ ရင့်ကျက်ခြင်းကို စွဲရောက်၍” ဟူသော အကြင်စကားကို အောက်ဉာဏဒဿန ဝိသုဒ္ဓိအခန်း၌ ငါ လယ်တီမထေရ်သည် မိန့်ဆိုအပ်ပြီ။ ထိုစကားကို သရုပ်အားဖြင့် ပြအပ်ပြီ။
မဂ်၏သတ္တိ ဖိုလ်အထိပြပုံ
မဂ္ဂဝီထိ၌ ဖိုလ်သည်လည်း မဂ်တည်းဟူသော (နိဗ္ဗာန်သို့) ရောက်ကြောင်း၏အစွမ်းဖြင့် ထို့အတူ သုံးပါးကုန်သော သုညတ, အနိမိတ္တ, အပ္ပဏိဟိတ အမည်တို့ကို ရ၏။ ဤသည်လျှင် ပုဒ်အစဉ် ကျနစေပြီး လိုက်သင့်သောပုဒ်များ လိုက်စေကာ “တထာ ဖလဉ္စ မဂ္ဂါဂမနဝသေန မဂ္ဂဝီထိယံ” ဟူသော ပါဠိဝါကျအတွက် အနက်ယောဇနာခြင်းတည်း။
ဝိပဿနာသတ္တိ ဖလသမာပတ်မှာ ပြပုံ
၆၇။ “ယထာဝုတ္တနယေန ဝိပဿန္တာနံ”ဟူသည်ကား “အကယ်၍ အနတ္တအားဖြင့် ဝိပဿနာ ရှုသည်ဖြစ်အံ့” ဤသို့အစရှိသော ဆိုအပ်ပြီးသော အပြားရှိသော နည်းဖြင့် ဝိပဿနာရှုကုန်သော လေးပါးကုန်သော ဖိုလ်၌တည်ကုန်သော ဖလဋ္ဌာန်ပုဂ္ဂိုလ်တို့၏။
“ယထာသကံ ဖလံ”ဟူသည်ကား သောတာပန်ပုဂ္ဂိုလ်အား သောတာပတ္တိဖိုလ်ကို, သကဒါဂါမ်ပုဂ္ဂိုလ်အား သကဒါဂါမိဖိုလ်ကို ဤသို့ အစရှိသောနည်းဖြင့် မိမိ မိမိ၏ ဥစ္စာဖြစ်သော အကြင်အကြင်ဖိုလ်ကို ဝိပဿနာတည်း ဟူသော (နိဗ္ဗာန်သို့) ရောက်ကြောင်း၏ အစွမ်းဖြင့်သာလျှင် သုညတအစရှိသော ဝိမောက္ခ ဟူ၍လည်း (ဤဖလသမာပတ္တိဝီထိ၌) ဆိုအပ်၏။
သုတ္တန်နည်း အဘိဓမ္မာနည်း ခွဲပုံ
ဆက်ဦးအံ့, ဤဝိမောက္ခအထူးအပြား၌လည်း ဝိပဿနာ တည်းဟူသော (နိဗ္ဗာန်သို့) ရောက်ကြောင်း၏ အစွမ်းအားဖြင့် မဂ်၏ “အနိမိတ္တ”အမည်ကို ရခြင်းမည်သည်ကို သုတ္တန်ဒေသနာ ပရိယာယ်အားဖြင့် မိန့်ဆိုအပ်၏။ အဘိဓမ္မာ၌ကား “အနိမိတ္တ”မည်သော မဂ်သည်လည်းကောင်း ဖိုလ်သည်လည်းကောင်း မလာရှိပေ။
မှန်၏, ထိုမဂ်သည် မုချမဟုတ်၊ ပရိယာယ်အားဖြင့် “အနိမိတ္တ”မည်သည် မဖြစ်။ အယုတ်ဟီန, အမြတ်ပဏီတ စသည်တို့၏အစွမ်းဖြင့် ဝေဖန်ခြင်းငှာ ထိုက်သော သင်္ခါရနိမိတ်၏ ထင်ရှားရှိသည်၏ အဖြစ်ကြောင့်တည်း။
မဂ်ဖိုလ်တို့ အနိမိတ္တ အမည်မရပုံ အဋ္ဌကထာအဖွင့်
အဋ္ဌကထာ၌ကား “အကြင်ကြောင့် မမြဲဟု အဖန်တလဲလဲရှုသော အနိစ္စာနုပဿနာသည် ရုပ်နာမ် သင်္ခါရတို့၌ နိစ္စနိမိတ်ကို မှုတ်လွှင့်သည်၏အစွမ်းဖြင့် ဖြစ်သည်၏အဖြစ်ကြောင့် နိမိတ်ကင်းမဲ့ဇုန်ကို ရှုခြင်း “အနိမိတ္တာနုပဿနာ”မည်သည် ဖြစ်သော်လည်း မိမိကိုယ်တိုင်သည် သင်္ခါရနိမိတ်၌ အကျုံးဝင်သည်၏အဖြစ်ကြောင့် စင်စစ်အားဖြင့်မိမိ၏ အနိမိတ္တဟူသော အမည်ကို မဂ်အား ပေးခြင်းငှာ မစွမ်းနိုင်ပေ။ ထို့ကြောင့် မဂ်ဖိုလ်တို့သည် အဘိဓမ္မာဒေသနာ ပရိယာယ်အားဖြင့် အနိမိတ္တအမည်ကို မရကုန်”ဟု ဖွင့်ဆိုအပ်ပြီ။
မဂ်ဖိုလ်တို့ကိုယ်တိုင် သုညတ စသည့် အမည်ရနိုင်ပုံ
မဂ်ဖိုလ်တို့ကိုယ်တိုင် သုညတစသည့် အမည်ရနိုင်ပုံကို ဆိုဦးအံ့, အကြင်ကြောင့် အာရုံပြုခြင်း၏ အစွမ်းဖြင့် လည်းကောင်း, ယှဉ်တွဲခြင်း၏အစွမ်းဖြင့် လည်းကောင်း နှောင့်ယှက် ဟန့်တားမှု ပလိဗောဓကို ပြုတတ်သည်လည်း ဖြစ်ကုန်သော, (သုညတအတွက်)၊ ကိလေသာဖြစ်ကြောင်း နိမိတ်ကို ပြုတတ်သည်လည်း ဖြစ်ကုန်သော, (အနိမိတ္တအတွက်)၊ တဏှာထားခြင်းကို ပြုတတ် သည်လည်း ဖြစ်ကုန်သော (အပ္ပဏိဟိတအတွက်) ရာဂအစရှိကုန်သော ကိလေသတရားတို့သည် ထိုမဂ်ဖိုလ်တို့၌ မရှိကုန်။
ထို့ကြောင့် ထိုမဂ်ဖိုလ်တို့သည် (မိမိအာရုံနိဗ္ဗာန်, မိမိအလုပ်ရသမှ) တစ်ပါးသော လာရောက်ကြောင်း အနုပဿနာကိုလည်းကောင်း, သင်္ခါရအာရုံကိုလည်းကောင်း မငဲ့မူ၍ မိမိ၏ ပင်ကိုသဘောအားဖြင့်လည်း “သုညတ”အစရှိသော အမည်ကို ရကုန်၏ဟု ပြခြင်းငှာ “အာရမ္မဏဝသေန” အစရှိသော စကားကို အရှင်အနုရုဒ္ဓါမထေရ်သည် မိန့်ဆိုအပ်ပြီ။
ထို”အာရမ္မဏဝသေန”အစရှိသော စကားရပ်၌ “သရသဝသေန”ဟူသည်ကား မိမိ၏(အလုပ်) သဘောဖြင့်။ “နာမတ္တယံ”ဟူသည်ကား သုညတအစရှိသော အမည်သုံးခုအပေါင်းသည်။ “သဗ္ဗတ္ထ” ဟူသည်ကား အလုံးစုံကုန်သော မဂ္ဂဝီထိ, ဖလသမာပတ္တိဝီထိတို့၌။ “သဗ္ဗေသမ္ပိ”ဟူသည်ကား အလုံးစုံလည်းဖြစ်ကုန်သော မဂ်ဖိုလ်တို့အား။ “သမမေဝ”ဟူသည်ကား တူမျှသည်သာလျှင်တည်း။
ဝိမောက္ခမုခ, ဝိမောက္ခဘေဒပြီး၏။
ပုဂ္ဂလဘေဒ
၆၈။ “ဧတ္ထ ပန”ဟူသည်ကား -
ပန = ဆက်ဦးအံ့၊
ဧတ္ထ = ဆိုအပ်ပြီးသော အပြားရှိကုန်သော ထိုမဂ်ဖိုလ်တို့၌။
အကြင်ကြောင့် အလုံးစုံကုန်သော ဒိဋ္ဌိတို့သည်လည်းကောင်း, ၁၆-ပါးအပြားရှိကုန်သော ဝိစိကိစ္ဆာ တို့သည်လည်းကောင်း သက္ကာယဒိဋ္ဌိဟု ဆိုအပ်သော အတ္တဒိဋ္ဌိသာလျှင် အရင်းမူလရှိကုန်၏။
ထိုဒိဋ္ဌိဝိစိကိစ္ဆာတို့သည် အတ္တဒိဋ္ဌိသည် ဖြစ်သည်ရှိသော် ဖြစ်ကုန်၏, အတ္တဒိဋ္ဌိသည် ချုပ်သည် ရှိသော် ချုပ်ကုန်၏။ အလုံးစုံကုန်သော အပါယ်သို့ရောက်ကြောင်း ဖြစ်သော ကံတို့မည်သည်လည်း အတ္တဒိဋ္ဌိ ရှိမှသာလျှင် အပါယ်ပဋိသန္ဓေ အကျိုးပေးကုန်၏။ မရှိခဲ့သော် အကျိုးမပေးနိုင်ကုန်။
သစ္စာလေးပါးကို မြင်အပ်ပြီးသော အရိယာပုဂ္ဂိုလ်တို့အား ထိုသက္ကာယဒိဋ္ဌိကို အခါခပ်သိမ်း ပယ်အပ်၏။ ထို့ကြောင့် “သောတာပတ္တိမဂ္ဂံ (ပေ) ပဟီနာပါယဂမနော”ဟူ၍ အရှင်အနုရုဒ္ဓါ မထေရ်သည် မိန့်ဆိုအပ်ပြီ။
အကြင်ကြောင့် သတ္တဝါတို့သည် ထိုတရားဆိုးတို့ဖြင့် အပါယ်သို့ ရောက်ရကုန်၏။ ထို့ကြောင့် ထိုတရားဆိုးတို့သည် “အပါယဂမန”တို့ မည်ကုန်၏။
“အပါယဂမန”ပုဒ်အရ ဒိဋ္ဌိဝိစိကိစ္ဆာနှင့် မယှဉ်ကုန်သော ပစ္စုပ္ပန်ဖြစ်၍ ဖြစ်သော အကုသလကမ္မပထတရား ဆယ်ပါးအကုသိုလ်တရား တို့ကိုလည်းကောင်း, ရှေးကာလ၌ ပြုအပ်ခဲ့ပြီးသော ဒုစရိုက်ကံတို့ကိုလည်းကောင်း ရအပ်ကုန်၏။ ထိုပုဂ္ဂိုလ်သည် အပါယ်လားကြောင်း တရားဆိုးတို့ကို ပယ်အပ်ကုန်ပြီဟူသော အကြောင်း ဟိတ်ကြောင့် “ပဟီနာပါယဂမနော”မည်၏။
အကြင်ကြောင့် သစ္စာလေးပါးကို ထိုးထွင်း၍သိအပ်ပြီးကုန်သော အတ္တဒိဋ္ဌိကိုပယ်ပြီးကုန်သော ပုဂ္ဂိုလ်တို့အား ဗောဓိပက္ခိယတရားတို့သည် စင်စစ်အားဖြင့် အဆင့်ဆင့် ပွားစီးသောအဖို့၌ တည်ကုန်၏။ အခြားတစ်ဖက်၌ကား ကိလေသာတရားတို့သည် ဆုတ်ယုတ်သွားသောအဖို့၌ တည်ကုန်၏။
ထို့ကြောင့် ထိုကိလေသာတရားတို့သည် အစဉ်အားဖြင့် ဆုတ်ယုတ်၍ သွားကုန် သည်ရှိသော် အလွန်ဆုံး သတ်မှတ်ချက်အားဖြင့် ခုနစ်ဘဝတို့ဖြင့် အခါခပ်သိမ်း အလုံးစုံကုန် ခန်းပျက်စီးခြင်းသို့ ရောက်ရကုန်၏ဟု ပြခြင်းငှာ “သတ္တက္ခတ္တုပရမော သောတာပန္နော နာမ ဟောတိ”ဟူသော ဤစကားကို မိန့်ဆိုအပ်ပြီ။
ထိုစကားရပ်၌ “သတ္တက္ခတ္တု”သဒ္ဒါဖြင့် ခုနစ်ကြိမ် ပဋိသန္ဓေယူခြင်းဝါရတို့ကို ဆိုအပ်ကုန်၏။ “ပရမော” ဟူသည်ကား အလွန်ဆုံးအဆင့်အားဖြင့်ဆိုသော အပိုင်းအခြားတည်း။ ဤသို့ ထို သောတာပန်ပုဂ္ဂိုလ်အား ခုနစ်ကြိမ် အလွန်ဆုံးဟူသော အပိုင်းအခြားရှိသည်၏အဖြစ်ကြောင့် “သတ္တက္ခတ္တုပရမ”မည်သည်ဟု သိနိုင်၏။
သောတာပန် အမျိုးမျိုး
ဆက်ဦးအံ့, ထိုသတ္တက္ခတ္တုပရမသောတာပန်ပုဂ္ဂိုလ်သည် နတ်ဘုံတို့၌ ခုနစ်ကြိမ်အတိုင်းအရှည် ပဋိသန္ဓေနေသောပုဂ္ဂိုလ်၊ လူဘုံတို့၌ ခုနစ်ကြိမ် အတိုင်းအရှည် ပဋိသန္ဓေနေသော ပုဂ္ဂိုလ်၊ နတ်ဘုံ လူ့ဘုံနှစ်ပါးစုံ၌ ခုနစ်ကြိမ်အတိုင်းအရှည် ပဋိသန္ဓေနေသောပုဂ္ဂိုလ်ဟု ဤသို့ ပုဂ္ဂိုလ်သုံးစား ပြားပေ၏။
ဘုရားရှင် အဘယ်သို့ ဟောတော်မူသနည်းဟူမူကား “အလွန်ဆုံး ၇-ဘဝသာ ပဋိသန္ဓေနေသော ‘သတ္တက္ခတ္တုပရမ’ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း။ ဤလောက၌ အချို့ပုဂ္ဂိုလ်သည် သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသအားဖြင့် သုံးပါးကုန်သော သံယောဇဉ်တို့၏ကုန်ခြင်းကြောင့် သောတာပန် ဖြစ်၏။ အပါယ် ၄-ပါးသို့ ပရမ်းပတာ ကျရောက်ခြင်းသဘော မရှိ။ ကိန်းသေမြဲ၏။ အထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိ၏။ ထိုပုဂ္ဂိုလ်သည် ခုနစ်ကြိမ် နတ်ပြည်၌လည်းကောင်း, လူ့ဘုံ၌လည်းကောင်း ပြေးသွားကျင်လည်၍ ဒုက္ခအဆုံးကို ပြု၏။ ဤပုဂ္ဂိုလ်ကို အလွန်ဆုံး ၇-ဘဝသာ ပဋိသန္ဓေနေသော သတ္တက္ခတ္တုပရမဟူ၍ ဆိုအပ်၏”ဟု ဟောတော်မူထား၏။
မှန်၏, ဤပုဂ္ဂလပညတ်ပါဠိတော်၌ စ-သဒ္ဒါသည် သတ်မှတ်ချက် ပုံသေမရှိသည့် အနိယမအနက် ရှိ၏။ ဤ ‘စ’-သဒ္ဒါဖြင့် အကြင်သောတာပန်ပုဂ္ဂိုလ်သည်လည်း နတ်ပြည်၌သာလျှင် ၇-ကြိမ် ကျင်လည်၏။ အကြင်သောတာပန်ပုဂ္ဂိုလ်သည်လည်း လူ့ပြည်၌သာလျှင် ၇-ကြိမ် ကျင်လည်၏။ အကြင်သောတာပန် ပုဂ္ဂိုလ်သည်လည်း နတ်ပြည်၌လည်းကောင်း လူ့ပြည်၌လည်းကောင်း ရောနှောသော ဘဝ၏အစွမ်းဖြင့် ၇-ကြိမ် ကျင်လည်၏။ သုံးပါးအပြားရှိသည်လည်းဖြစ်သော ဤသောတာပန်ပုဂ္ဂိုလ်သည် သတ္တက္ခတ္တုပရမမည်သည်” ဟု ပြဆိုပေ၏။ ပဉ္စပကရဏအဋ္ဌကထာ ၌ကား စ-သဒ္ဒါကို ပေါင်းစည်းအနက် သမုစ္စည်းကြံ၍ ရောနှောသော ဘဝ၏အစွမ်းဖြင့် ထို ပါဠိတော်၏အနက်ကို ဖွင့်ဆိုထား၏။
သောတာပတ္တိမဂ်၏အစွမ်း
ဆက်ဦးအံ့, ဤ သတ္တက္ခတ္တုပရမသောတာပန် အရာ၌ အကြင်ကြောင့် မဟဂ္ဂုတ်ဈာန်၏ လည်းကောင်း အထက်မဂ်ဝိပဿနာ၏ လည်းကောင်း အစွမ်းအာနုဘော်ကို မငဲ့မူ၍ သက်သက် ဤမဂ်၏ အာနုဘော် အလားအားဖြင့်သာလျှင် “သတ္တက္ခတ္တုပရမ”မည်၏ ဟူ၍ မိန့်ဆိုအပ်၏။
ထိုသတ္တက္ခတ္တုပရမ သောတာပန်ကိုလည်း ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ “ အဘယ်ပုဂ္ဂိုလ် ၅-ယောက် တို့အား ဤကာမဘုံ၌ ပရိနိဗ္ဗာန်ပြုသောအားဖြင့် ပြီးဆုံးကုန်သနည်း။
၁။ ၇-ကြိမ် ပဋိသန္ဓေယူခြင်း အတိုင်းအရှည်ရှိသော သတ္တက္ခတ္တုပရမသောတာပန်အား လည်းကောင်း,
၂။ တစ်ဘဝမှ တစ်ဘဝသို့ (မြင့်မြတ်သော အမျိုးတစ်မျိုးမှ မြင့်မြတ်သော အမျိုးတစ်မျိုးသို့) ပြောင်းရွှေ့သော ကောလံကောလသောတာပန်အား လည်းကောင်း,
၃။ ပဋိသန္ဓေမျိုးစေ့တစ်ခုသာရှိသော ဧကဗီဇီ သောတာပန်အား လည်းကောင်း,
၄။ ကာမဘုံသို့ ပဋိသန္ဓေနေသောအားဖြင့် တစ်ကြိမ်သာလာသော သကဒါဂါမ်ပုဂ္ဂိုလ်အား လည်းကောင်း,
၅။ မျက်မှောက်ဘဝ၌ပင် ရဟန္တာဖြစ်သောပုဂ္ဂိုလ်အား လည်းကောင်း
ဤပုဂ္ဂိုလ် ၅-ယောက်တို့သည် ဤကာမဘုံ၌ ပရိနိဗ္ဗာန်ပြုသောအားဖြင့် ပြီးဆုံးကုန်၏”ဟူ၍ ဟောတော်မူအပ်သည်၏အဖြစ်ကြောင့် ကာမဘုံ၌သာလျှင် (ရူပ, အရူပဘုံ မပါ-ဆိုလို) ဈာန်မှ ကင်းသော ခြောက်သွေ့စွာ ဝိပဿနာရှုသူ သုက္ခဝိပဿကပုဂ္ဂိုလ်ကိုလည်းကောင်း, ဈာန်မှ လျောကျသော ပုဂ္ဂိုလ်ကိုလည်းကောင်း မှတ်အပ်၏။
ထို့ကြောင့်သာလျှင် ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ၌ “သတ္တက္ခတ္တုပရမ, ကောလံကောလ, ဧကဗီဇီ အားဖြင့် သုံးပါးလည်း ဖြစ်ကုန်သော ဤသောတာပန်တို့ကို ကာမဘဝ၏အစွမ်းဖြင့် ဆိုအပ်ကုန်၏။ ရူပအရူပဘဝ၌ကား များစွာလည်း ဖြစ်ကုန်သော ပဋိသန္ဓေတို့ကို ယူကုန်၏”ဟု မိန့်အပ်ပြီ။ အင်္ဂုတ္တုရ်အဋ္ဌကထာ၌လည်း “သတ္တက္ခတ္တုပရမသောတာပန် ပုဂ္ဂိုလ်အတွက် “အဋ္ဌမံ ဘဝံ” ဟူသည်ကား ကာမဘဝ၌ ရှစ်ခုမြောက်ရသော ပဋိသန္ဓေ” ဟူ၍ မိန့်ဆိုအပ်ပြီ။
အထက်မဂ်ဝိပဿနာတို့၏အစွမ်း
အကြင်ကောလံကောလ၊ ဧကဗီဇီသောတာပန်ပုဂ္ဂိုလ်တို့သည် ကာမဘဝ၌သာလျှင် ခုနစ်ကြိမ် အောက် အောက်ထစ်ဆုံး(ပဋိသန္ဓေ)ကို လည်းကောင်း, မျက်မှောက်ဘဝ၌သာလျှင် အထက်မဂ်ကို လည်းကောင်း ယူကုန်၏။ ထိုသောတာပန်ပုဂ္ဂိုလ်တို့အား ထိုသို့သဘောရှိသော ဖြစ်ခြင်းအထူး သည် (အထက်မဂ်ရဖို့ရန် အားထုတ်သဖြင့် ပေါ်ထွက်လာသည့်) အထက်မဂ်-ဝိပဿနာ၏ အစွမ်းဖြင့် ပြီးစီးသည်ဟု သိအပ်၏။ ထို့ကြောင့်သာလျှင် ပဉ္စပကရဏအဋ္ဌကထာတို့၌ “အထက်၌ သုံပါး ကုန်သော မဂ်တို့၏ ဝိပဿနာသည် ထိုကောလံကောလနှင့် ဧကဗီဇီသောတာပန်တို့ကို ပိုင်းခြား သတ်မှတ်ပေ၏”ဟူ၍ မိန့်ဆိုအပ်ပြီ။
မဟဂ္ဂုတ်ဈာန်တို့၏အစွမ်း
အကြင်သောတာပန်ပုဂ္ဂိုလ်တို့သည်ကား မျက်မှောက်ဘဝမှာဖြစ်စေ, သိကြား၊ အနာထပိဏ်၊ ဝိသာခါအစရှိသူတို့ကဲ့သို့ ခုနစ်ဘဝတို့တွင် အမှတ်မရှိသော ဘဝမှာဖြစ်စေ ဈာန်ကို ဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့ ရောက်ရကုန်၏။ အကြင် ပုဂ္ဂိုလ်တို့သည်လည်း ဗြဟ္မာ့ပြည်၌သာလျှင် သောတာပတ္တိမဂ်ကို ရ၍ ထိုဗြဟ္မာ့ပြည်၌သာလျှင် ပရိနိဗ္ဗာန်ယူကြကုန်၏။ ထိုပုဂ္ဂိုလ်တို့အား ထိုသို့သဘောရှိသော ဖြစ်ခြင်းအထူးသည် မဟဂ္ဂုတ်ဈာန်၏ အစွမ်းဖြင့် ပြီးသည်ဟု သိအပ်၏။ (ဘုံစဉ်စံသောတာပန်ကို ဆိုလိုသည်။)
၁၄-ဘဝကျန် သောတာပန် (ကေစိဝါဒ)
ဆက်ဦးအံ့, အကြင်ကြောင့် ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ “နတ်ပြည်၌လည်း ၇-ကြိမ် ပဋိသန္ဓေယူသည်” ဟူသော ဤပါဠိရပ်ဖြင့် ကာမဘဝ၌ ခုနှစ်ကြိမ် ဘွားခနဲ ဖြစ်ပေါ်သည့် သတ္တဝါတို့၏ ဥပပါတ်ပဋိသန္ဓေတို့ကို ပြ၏။ “လူ့ပြည်၌လည်း ၇-ကြိမ် ပဋိသန္ဓေယူသည်”ဟူသော စကားဖြင့် ၇-ကြိမ် အမိဝမ်းနေသတ္တဝါတို့၏ ဂဗ္ဘသေယျကပဋိသန္ဓေတို့ကို ပြ၏။ ဤသို့ နတ်ဘုံ လူ့ဘုံ နှစ်ပါးစုံအားဖြင့် တစ်ဆယ့်လေးကြိမ်ကုန်သော ပဋိသန္ဓေတို့ကို ပြအပ်ကုန်၏။
ထို့ကြောင့် ပရိယာယ်ဒေသနာအားဖြင့် ရအပ်ကုန်သော ၁၄-ဘဝတို့ကို ရည်ရွယ်၍ ဇနဝသဘသုတ်၌ “ဣတော သတ္တ တတော သတ္တ၊ သံသာရာနိ စတုဒ္ဒသ” ဟူ၍ ဟောတော်မူအပ်ပြီ။ ထို့အတူ အင်္ဂုတ္တိုရ်တိကနိပါတ်၌လည်း “အိုဥဒါယီ အာနန္ဒာသည် တပ်မက်ခြင်း ရာဂမကင်းသေးဘဲ အကယ်၍ ပျံလွန်တော်မူသွားခဲ့လျှင် (ငါဘုရား၌) ကြည်ညိုသော ထိုစိတ်ကြောင့် ၇-ကြိမ်တိုင်တိုင် နတ်ပြည်တို့၌ နတ်မင်းဖြစ်နိုင်၏။ ၇-ကြိမ်တိုင်တိုင် ဤဇမ္ဗူဒိပ် ကျွန်း၌ပင် ကြီးမြတ်သော စကြဝတေးမင်း ဖြစ်နိုင်၏။ အို ဥဒါယီစင်စစ်သော်ကား အာနန္ဒာသည် ယခုဘဝ၌ပင် ပရိနိဗ္ဗာန်ပြုလတ္တံ့”ဟူ၍ ဟောတော်မူအပ်ပြီ။ (သက္ကပဥှသုတ်ဟု ကျမ်းကိုးအမှန် မှတ်ပါ။)
ကေစိဆရာတို့သည်ကား ကိုးကားခဲ့ပြီးသော ဤသုတ်ပုဒ်တို့ဖြင့် သတ္တက္ခတ္တုပရမသောတာပန် ပုဂ္ဂိုလ်အတွက် ကာမဘဝ၌ ၁၄-ကြိမ်သော ပဋိသန္ဓေတို့ကို အလိုရှိကုန်၏။ မဟာဝဂ္ဂသံယုတ်-ဋီကာ၌လည်း “ ကေစိဆရာတို့သည်ကား ကာမဘဝ၌ ၇-ကြိမ်သာလျှင် ပဋိသန္ဓေအားဖြင့် ဖြစ်၏။ ထို ၇-နှစ်ကြိမ်ထက်အလွန် ပဋိသန္ဓေအားဖြင့် မဖြစ်”ဟုဆိုကုန်၏။ ထိုကေစိဆရာတို့၏ စကားကို စူးစမ်းအပ်၏”ဟု သူကိုယ်တိုင်က ပဋိသန္ဓေ ၁၄-ဘဝကိုသာ အလိုရှိသည့် ဋီကာဆရာသည် မိန့်ဆိုထား၏။ (ကျမ်းကိုးရှာဆဲ။)
၇-ဘဝသာကျန် သောတာပန် (သမာနဝါဒ)
အဘိဓမ္မာဉာဏဝိဘင်းပါဠိတော်၌ လည်းကောင်း ထိုထိုအဋ္ဌာနသုတ်တို့၌ လည်းကောင်း “အကြင် အကြောင်းကြောင့် သမ္မာဒိဋ္ဌိနှင့် ပြည့်စုံသော သောတာပန်ပုဂ္ဂိုလ်သည် ရှစ်ခုမြောက်ဖြစ်သော (ကာမသုဂတိ)ဘဝကို ဖြစ်စေရာ၏။ ဤအကြောင်းသည် အကြောင်းမဟုတ်, အခွင့်မဟုတ်, ဤအကြောင်းမျိုးသည် မရှိနိုင်”ဟူ၍လည်းကောင်း, အင်္ဂုတ္တိုရ်ဆက္ကနိပါတ်၌ “သမ္မာဒိဋ္ဌိနှင့် ပြည့်စုံသော သောတာပန်ပုဂ္ဂိုလ်သည် ရှစ်ခုမြောက် (ကာမသုဂတိ)ဘဝကို ဖြစ်စေရန် မထိုက်” ဟူ၍လည်းကောင်း, စူဠနိဒ္ဒေသအဇိတပဉှာ၌ သောတာ ပတ္တိမဂ်ခဏ၌သာလျှင် ခုနစ်ဘဝအထက် ကာမဘုံ၌ ပဋိသန္ဓေကို ဖြစ်စေသည့် ကုသိုလ်အကုသိုလ် ကမ္မဝိညာဏ်ဟု ဆိုအပ်သည့် အဘိသင်္ခါရဝိညာဏ်၏ သောတာပတ္တိမဂ်ဉာဏ်ဖြင့် ချုပ်ခြင်းကြောင့် ၇-ဘဝတို့ကို ချန်ထား၍ မသိနိုင်သော အစရှိသည့် အနမတဂ္ဂသံသရာ၌ နာမ်နှင့်ရုပ်ဟူသော အကြင်တရားတို့သည် ဖြစ်ကုန်ရာ၏။ ထိုတရားတို့သည် ဤအဘိသင်္ခါရဝိညာဏ်ချုပ်သည့်ခဏ၌ ချုပ်ကုန်၏, ငြိမ်းကုန်၏, ချုပ်ခြင်းသို့ရောက်ကုန်၏, တစ်ဖန်ငြိမ်းကုန်၏” ဟူ၍လည်းကောင်း မြဲမြံစွာ ဆိုအပ်သည်၏ အဖြစ်ကြောင့် အကြင်အကြင် ဆိုအပ်ပြီးသော နည်းဖြင့်သာလျှင် ထိုသုတ်ပုဒ်တို့၏ အနက်မှန်ကို သိအပ်၏။ ဤကား သောတာပန်ပုဂ္ဂိုလ်အတွက် အဖွင့်တည်း။
သကဒါဂါမ်အဖွင့်
၆၉။ “ရာဂဒေါသမောဟာနံ”ဟူသည်ကား ကာမရာဂ၏လည်းကောင်း ဒေါသ၏လည်းကောင်း ထိုရာဂဒေါသတို့နှင့် စိတ်တစ်စိတ်စီ၌ တူသောတည်ရာရှိသော မောဟ၏လည်းကောင်း။ “တနုကရတ္တာ” ဟူသည်ကား သောတာပန် ပုဂ္ဂိုလ်၏သန္တာန်၌ ဖြစ်ကုန်သော ရာဂဒေါသမောဟ တို့သည် တရားနှင့်ညီကုန်သော ကာမဝတ္ထုတို့၌ အားကြီးကုန်သကဲ့သို့, ယင်းအားကြီးသော အကြောင်းကြောင့် ထိုသောတာပန်တို့အား မေထုနဝတ္ထုနှင့် ယှဉ်ခြင်းသည်လည်း ဖြစ်သကဲ့သို့ ထို့အတူ မိမိဟူသော သကဒါဂါမ်ပုဂ္ဂိုလ်၌ ဖြစ်ခြင်းငှာ မစွမ်းနိုင်အောင်ပြု၍ ရာဂဒေါသမောဟတို့ကို ရေးခြစ်သည်၏အစွမ်းဖြင့် ခေါင်းပါးအောင်ပြုခြင်းကြောင့်, ရှေးဖြစ်မြဲတိုင်းသော ကာလကို ကျော်လွန်၍ ဖြစ်ခြင်း = ရံခါသာ ဖြစ်သည်၏ အစွမ်းဖြင့်ဖြစ်စေ ထကြွခြင်း နုံ့နှေးသည်၏ အစွမ်းဖြင့်ဖြစ်စေ ရာဂဒေါသမောဟတို့၏ ခေါင်းပါးသည်၏အဖြစ်ကို ပြီးစေခြင်းကြောင့်။ ဤသည်လျှင် “တနုကရတ္တာ”ပုဒ်၏ အနက်တည်း။
ဒီပနီအဖွင့်၌ “ရံခါသာ ဖြစ်သည်၏အစွမ်းဖြင့်” ဟူသည်ကား ရံခါ ကြာမြင့်မှ ဖြစ်ပေါ်သော ကိလေသာ၏အစွမ်းဖြင့်။ “ထကြွခြင်းနုံ့နှေးသည်၏ အစွမ်းဖြင့်” ဟူသည်ကား ကြာမြင့်မှ ဖြစ်ကုန် သော်လည်း အလွန်နုံ့နှေးစွာ ထကြွဖြစ်ပေါ်သော ကိလေသာ၏အစွမ်းဖြင့်-ဟု ဆိုလိုပေ၏။
ဝါဒအထူးကို ပြဦးအံ့, မဟာသိဝမထေရ်သည်ကား ထိုသကဒါမ်ပုဂ္ဂိုလ်တို့အား ဇနီးမောင်နှံ မေထုန် ဝတ္ထုနှင့် ယှဉ်ခြင်းကို အလိုရှိအပ်၏။ ထိုမဟာသိဝမထေရ်ကြီး၏ အလိုကို မဟာအဋ္ဌကထာ၌ ပယ်မြစ်ထား၏။
ကျမ်းညှိပြဦးအံ့, အင်္ဂုတ္တိုရ် ဆက္ကနိပါတ်ပါဠိတော် မိဂါသာလအမည်ရှိသော ဥပါသိကာမဝတ္ထု၌ မေထုန်ရှောင်ဗြဟ္မစရိယသိက္ခာပုဒ်မှ ကင်းသည်လည်းဖြစ်သော ဣသိဒတ္တ အမည်ရှိသော ပုဏ္ဏား အား အကြင်သကဒါဂါမ်အဖြစ်ကို မြတ်စွာဘုရားသည် ဟောကြားတော်မူအပ်၏။ ထိုသကဒါဂါမ် အဖြစ်ကိုလည်း ထိုဣသိဒတ္တပုဏ္ဏား၏ သေခါနီးအခါ၌ သကဒါဂါမိမဂ်ဖိုလ်ကို ရသည်၏အစွမ်းဖြင့် ဟောကြားတော်မူအပ်သည်ဟု သိအပ်ရကား သကဒါဂါမ်သည်လည်း အနာဂါမ်နည်းတူ မေထုန် ကိစ္စ-လိင်ကိစ္စ မရှိတော့ဟု သိအပ်၏။
တစ်ကြိမ်သာလျှင် ဤကာမလောကသို့ ပဋိသန္ဓေအားဖြင့် လာရောက်ခြင်းကြောင့် သကဒါဂါမ် မည်သည် ဖြစ်၏။ ဤသည်လျှင် ကတ္တားကြိယာစသည် အစဉ်ကျသော ပုဒ်ယောဇနာတည်း။ ဤ သကဒါဂါမ်အရာ၌ အကြင်စကားကို ဆိုထိုက်သေး၏။ ထိုစကားကို ပထမစိတ်ပိုင်း၌ ဆိုအပ်ပြီးသည်သာလျှင်တည်း။
(၇၀။ အနာဂါမ်- မဖွင့်။ သို့သော် သကဒါဂါမ်အဖွင့်နည်းတူ “ဤကာမဘုံသို့ ပဋိသန္ဓေအားဖြင့် မလာတော့ခြင်းကြောင့် အနာဂါမ်မည်သည် ဖြစ်၏”ဟု အနက်ယောဇနာပါ။ အနုဒီပနီ။)
၇၁။ “အရဟတ္တံ ဘာဝေတွာ”ဟူသည်ကား အရမတ္တမဂ်ကို ပွားစေ၍။
(ဘာဝေတွာ-ပုဒ်တိုင်းရှေ့၌ မဂ္ဂံ-အကုန်ပါသဖြင့် အရဟတ္တမဂ္ဂံ-ဟု ရှိသင့်သော စာမူအလို ဤအဖွင့် မလိုအပ်။)။
အာသဝေါလေးပါးတို့ ကုန်ခန်းပျက်စီးသွားသူ ဟူသော အကြောင်းဟိတ်ကြောင့် “ခီဏာသဝ” မည်၏။ ဒါနကုသိုလ်ကံကို လည်းကောင်း, ဒါနကုသိုလ်ကံ၏အကျိုးကို လည်းကောင်း ယုံကြည်၍ နောင်အခါ၌ အကျိုးကို ရခြင်းငှာ ပေးအပ်သော အလှူကို “သတ္တဝါတို့ ကြီးပွားကြောင်းတရား” ဟု ဝိဂြိုဟ်ပြု၍ “ဒက္ခိဏာ”ဟူ၍ ဆိုအပ်၏။
ဆက်ဦးအံ့, ထိုကြီးပွားကြောင်းအလှူ၏ ဒါနအကျိုး မဖွံ့ဖြိုးအောင် ပျက်စီးခြင်းကို ပြုတတ် ကုန်သော ကိလေသာတို့၏ အခါခပ်သိမ်း မရှိခြင်းကြောင့်လည်းကောင်း, ဒါနအကျိုး ဖွံ့ဖြိုး ပြည့်စုံခြင်းကို ပြုတတ်သည်လည်း ဖြစ်ကုန်သော သီလက္ခန်စသောဂုဏ်တို့နှင့် အခါခပ်သိမ်း ပြည့်စုံသည်၏အဖြစ်ကြောင့်လည်းကောင်း မြတ်သော အလှူခံပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံး အကြီးအမှူးဖြစ်၍ ထိုကြီးပွားကြောင်းအလှူကို ခံယူခြင်းငှာ ထိုက်တန်သည် ဟူသောအကြောင်း ဟိတ်ကြောင့် ရဟန္တာသည် “အဂ္ဂဒက္ခိဏေယျ”မည်၏။
အရိယာပုဂ္ဂိုလ် အကျယ် ၉၆၊ ၁၀၈-ယောက်
အယမေတ္ထ ပုဂ္ဂလဘေဒေါ-၌ “ပုဂ္ဂလဘေဒ”ဟူသည်ကား ဖလဋ္ဌာန်ပုဂ္ဂိုလ် လေးယောက်တို့၏ အကျဉ်းအပြားတည်း။ အကျယ်အပြားကိုကား ဤဆိုလတ္တံ့သော နည်းဖြင့်သိအပ်၏။ ရှေးဦးစွာ အဋ္ဌကထာတို့၌ သောတာပန်ပုဂ္ဂိုလ် ၂၄-ယောက်၊ သကဒါဂါမ်ပုဂ္ဂိုလ် ၁၂-ယောက်၊ အနာဂါမ်ပုဂ္ဂိုလ် ၄၈-ယောက်၊ ရဟန္တာပုဂ္ဂိုလ် ၁၂-ယောက်အားဖြင့် ဖလဋ္ဌာန်ပုဂ္ဂိုလ် ၉၆-ယောက်အပြားကို မိန့်ဆိုထား၏။
ထိုတွင် သဒ္ဓါဓိမုတ္တပုဂ္ဂိုလ် ပညာဓိမုတ္တပုဂ္ဂိုလ်အားဖြင့် သောတာပန်ပုဂ္ဂိုလ် နှစ်ယောက်တို့ ဖြစ်ကုန်၏။ ထိုသောတာပန် နှစ်ယောက်တို့သည် ဧကဗီဇီသောတာပန် ကောလံ ကောလ သောတာပန် သတ္တက္ခတ္တုပရမသောတာပန် သုံးခုတို့ဖြင့် မြှောက်ကုန်သည်ရှိသော် ၆-ယောက် သော သောတာပန်တို့ ဖြစ်ကုန်၏။ တဖန် ထိုသောတာပန် ၆-ယောက်ကို တည်ကာ ပဋိပဒါ လေးပါးတို့ဖြင့် မြှောက်ကုန်သည်ရှိသော် သောတာပန် ၂၄-ယောက်တို့ ဖြစ်ကုန်၏။
အဖို့တစ်ပါးကား သုညတ၊ အနိမိတ္တ၊ အပ္ပဏိဟိတဟူသော ဝိမောက္ခအပြား ၃-ပါး၊ ဒုက္ခပဋိပဒါ ဒန္ဓာဘိညာ၊ ဒုက္ခပဋိပဒါ ခိပ္ပာဘိညာ၊ သုခပဋိပဒါ ဒန္ဓာဘိညာ၊ သုခပဋိပဒါ ခိပ္ပါဘိညာဟူသော ပဋိပဒါ ၄-ပါးတို့၏ အပြားအားဖြင့် (၃x၄=၁၂ အရ) သကဒါဂါမ်ပုဂ္ဂိုလ် ၁၂-ယောက်၊ ရဟန္တာပုဂ္ဂိုလ် ၁၂-ယောက်တို့ ဖြစ်ကုန်၏။
အနာဂါမ်ပုဂ္ဂိုလ်တို့သည်ကား ရှေးဦးစွာ အဝိဟာဘုံတို့၌ အန္တရာပရိနိဗ္ဗာယီပုဂ္ဂိုလ် ၃-ယောက်၊ ဥပဟစ္စပရိနိဗ္ဗာယီပုဂ္ဂိုလ် ၁-ယောက်၊ ဥဒ္ဓံသောတအကနိဋ္ဌဂါမီပုဂ္ဂိုလ် ၁-ယောက်အားဖြင့် ၅-ယောက်တို့ ဖြစ်ကုန်၏။ ထိုအနာဂါမ်ပုဂ္ဂိုလ် ၅-ယောက်တို့သည်သာလျှင် သသင်္ခါရပရိနိဗ္ဗာယီပုဂ္ဂိုလ်၊ အသင်္ခါရပရိနိဗ္ဗာယီပုဂ္ဂိုလ်နှစ်ယောက်တို့ဖြင့် မြှောက်ကုန်သည်ရှိသော် (၂x၅ = ၁၀ အရ) ပုဂ္ဂိုလ် ၁၀-ယောက်တို့ ဖြစ်ကုန်၏။ အတပ္ပါဘုံ၊ သုဒဿာဘုံ၊ သုဒဿီဘုံတို့၌ ထို့အတူ တစ်ဘုံလျှင် ပုဂ္ဂိုလ် ၁၀-ယောက်စီအားဖြင့် ၄-ဘုံ၌ အနာဂါမ်ပုဂ္ဂိုလ် အယောက် ၄၀-တို့ ဖြစ်ကုန်၏။ အကနိဋ္ဌဘုံ၌ကား ၂-ယောက်သော အသင်, သသင် ဥဒ္ဓံသောတအကနိဋ္ဌဂါမီပုဂ္ဂိုလ်မည်သည် မရှိသောကြောင့် သသင်္ခါရပရိနိဗ္ဗာယီပုဂ္ဂိုလ် ၄-ယောက်၊ အသင်္ခါရပရိနိဗ္ဗာယီပုဂ္ဂိုလ် ၄-ယောက်အားဖြင့် အနာဂါမ် ပုဂ္ဂိုလ် ၈-ယောက်တို့ ဖြစ်ကုန်၏။ စုစုပေါင်း အနာဂါမ်ပုဂ္ဂိုလ် ၄၈-ယောက်တို့တည်းဟု သိအပ် ကုန်၏။
သုတ္တနိပါတ်အဋ္ဌကထာ၌ကား “သောတာပန်ပုဂ္ဂိုလ် ၁၂-ယောက်၊ သကဒါဂါမ်ပုဂ္ဂိုလ် ၁၂-ယောက်၊ အနာဂါမ်ပုဂ္ဂိုလ် ၂၄-ယောက်၊ ရဟန္တာပုဂ္ဂိုလ် ၂-ယောက်၊ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် ၄-ယောက်အားဖြင့် အရိယာပုဂ္ဂိုလ် ၅၄-ယောက် ဖြစ်ကုန်၏။ ထို ၅၄-ယောက်သော ပုဂ္ဂိုလ်တို့သည်သာလျှင် သဒ္ဓါမေဂျာရှိသူ = သဒ္ဓါဓုရ, ပညာမေဂျာရှိသူ ပညာဓုရပုဂ္ဂိုလ်တို့၏ အစွမ်းဖြင့် ၅၄x၂-မြှောက်ကုန် သည်ရှိသော် အရိယာပုဂ္ဂိုလ် ၁၀၈-ယောက်တို့ ဖြစ်ကုန်၏”ဟု လာရှိပေ၏။
ပုဂ္ဂလဘေဒ ပြီး၏။
သမာပတ္တိဘေဒ
၇၂။ ပနေတ္ထ-၌ “ဧတ္ထ”ဟူသည်ကား ထိုပုဂ္ဂလဘေဒ၌။ “သဗ္ဗေသမ္ပိ”ဟူသောစကားသည် ဖလဋ္ဌာန်ပုဂ္ဂိုလ် ၄-ယောက်တို့နှင့်လည်း ဆက်ဆံကုန်သည်သာလျှင်တည်း။ နိရောဓသမာပတ် ကဲ့သို့ အချို့သော ဈာန်ရအနာဂါမ်ရဟန္တာပုဂ္ဂိုလ် တို့နှင့်သာလျှင် ဆက်ဆံသည် မဟုတ်။ ဤသည်လျှင် “သဗ္ဗေသမ္ပိ”ပုဒ်၏ အရကောက်အဓိပ္ပာယ်တည်း။
၇၃။ အလွန်လျှင် ငါငါဟု မြတ်နိုးအပ် အလွန်နှစ်သက်အပ် အလွန်သက်ဝင်အပ်သော မိမိ၏ စိတ်အစဉ်၏ မဖြစ်ခြင်းကို ပြုခြင်းမည်သည် (နိရောဓသမာပတ် ဝင်စားခြင်းမည်သည်) ကား ထူထဲသောရာဂမှ လွတ်ကုန်သော ပုဂ္ဂိုလ်တို့အားသာလျှင် ပြီး၏။ ဤအနက်ကို ပြခြင်းငှာ “အနာဂါမီနေဉ္စဝ အရဟန္တာနဉ္စ လဗ္ဘတိ”ဟူ၍ အရှင်အနုရုဒ္ဓါမထေရ်သည် မိန့်ဆိုအပ်ပြီ။
ထိုအနာဂါမ်ရဟန္တာ ပုဂ္ဂိုလ်တို့ကိုလည်း သမာပတ်ရှစ်ပါးကို ရကုန်သော ကာမဘဝ, ရူပဘဝ၌ တည်သော ပုဂ္ဂိုလ်တို့ကိုသာလျှင် ဤနိရောဓသမာပတ်အရာ၌ ယူအပ်၏။ အဘယ်ကြောင့်နည်း ဟူမူကား သမာပတ် ၈-ပါးတို့တွင် ပထမဈာန်သမာပတ်ဟု ဆိုအပ်သောအစမှ စတင်၍ အစဉ် အတိုင်းသော သညာ၊ သင်္ခါရစသည်တို့ ချုပ်ငြိမ်းမှုနိရောဓ၏ အစွမ်းဖြင့်သာလျှင် ထိုနိရောဓ သမာပတ်သို့ ရောက်အပ်သည်၏အဖြစ်ကြောင့်တည်း။ ထို့ကြောင့် “တတ္ထ” ဤသို့ အစရှိသော အကျယ်စကားကို မိန့်ဆိုအပ်ပြီ။
နိရောဓသမာပတ် ဝင်စားပုံ အစီအရင်
ထိုစကားရပ်၌ ဤဆိုတ္တံ့သည်ကား နိရောဓသမာပတ်ဝင်စားပုံ အစီအရင်တည်း။ ရှေးဦးစွာ ပဌမဈာန်ကို ဝင်စား၍ ထိုပဌမဈာန်မှ ထ၍ ထိုပဌမဈာန်၌ ဖြစ်ကုန်သော ဈာန်သင်္ခါရတို့ကို အနိစ္စအားဖြင့်လည်းကောင်း ဒုက္ခအားဖြင့် လည်းကောင်း အနတ္တအားဖြင့် လည်းကောင်း ဝိပဿနာရှု၏။ ထို့နောက် ဒုတိယဈာန်ကို ဝင်စား၍ ထိုဒုတိယဈာန်၌ဖြစ်ကုန်သော ဈာန်သင်္ခါရတို့ကို ထိုပဌမဈာန်နည်းတူ အနိစ္စ စသည်ဖြင့် ဝိပဿနာရှု၏။
ထို့နောက် တတိယဈာန်ကို။ ထို့နောက် စတုတ္ထဈာန်ကို။ ထို့နောက် ပဉ္စကနည်း အရ ပဉ္စမဈာန်ကို။ ထို့နောက် အာကာသာနဉ္စာယတနဈာန်ကို။
ထို့နောက် ဝိညာဏဉ္စာယတနဈာန်ကို ဝင်စား၍ ထိုဝိညာနဉ္စာယတနဈာန်မှထ၍ ထိုဝိညာဏဉ္စာယတနဈာန်၌ ဖြစ်ကုန်သော ဈာန်သင်္ခါရတို့ကို ထိုဒုတိယဈာန်စသည် နည်းတူ အနိစ္စစသည်ဖြင့် ဝိပဿနာရှု၏။ ထို့နောက် အာကိဉ္စညာယတနဈာန်ကို ဝင်စား၍ ထိုဈာန်မှ ထ၍ အထူးထူးသော တည်ရာဌာနနှင့် စပ်သောဝတ္ထုတို့ကို မပျက်စီးစေခြင်း၊ သံဃာတော်၏ အစည်းဝေးကြွလာဖို့ မျှော်လင့်ခြင်း၊ သဗ္ဗညုဘုရား၏ ခေါ်တော်မူခြင်း၊ သမာပတ်ဝင်စားစဉ် ၇-ရက်အတွင်းမှာ တည်နိုင်-မတည်နိုင်သော မိမိအသက် အဓွန့်အရှည်ကို ပိုင်းခြားခြင်းအားဖြင့် လေးပါးအပြားရှိသော ဤသမာပတ် အကြိုပုဗ္ဗကိစ္စကို ပြု၏။
ထို့နောက် နေဝသညာနာသညာယတနဈာန်ကို ဝင်စား၏။ နှစ်ကြိမ် သုံးကြိမ်ကုန်သော နေဝသညာနာသညာယတနစိတ်အကြိမ်တို့ကို လွန်၍ စိတ်မရှိသည် ဖြစ်၏။ စိတ်၏ချုပ်ခြင်း နိရောဓသို့ ရောက်၏။ ဤသို့ သိအပ်၏။
“တတ္ထ တတ္ထေဝ”ဟူသည်ကား ထိုထိုဝင်စားပြီးဈာန်မှ ထိုထိုထသော ကာလ၌သာလျှင်။ “ဝိပဿန္တော” ဟူသည်ကား နိရောဓသမာပတ်သို့ သမထဝိပဿနာတို့၏ အစုံဖွဲ့သည်၏အစွမ်းဖြင့် သာလျှင် ရောက်အပ်သည်၏အဖြစ်ကြောင့် ဝိပဿနာ၏ အစွမ်းဖြင့်လည်း စိတ်အစဉ်၏ သိမ်မွေ့နူးညံ့သည်၏ အဖြစ်သို့ ရောက်စေခြင်း အကျိုးငှာ “ဤပဌမဈာန်သည် အနိစ္စ” ဤသို့ အစရှိသောနည်းဖြင့် ဝိပဿနာရှုသော ပုဂ္ဂိုလ်သည်။
“ယာဝ အာကိဉ္စညာယတနံ ဂန္တွာ”ဟူသည်ကား အကြင်ရွေ့မျှလောက် အာကိဉ္စညာယတနဈာန် သည် ရှိ၏, ထိုရွေ့မျှလောက် ဝသီဘော်သို့ ရောက်သော ဈာန်ဝင်စားခြင်း, ဈာန်မှထခြင်း, ဝိပဿနာရှုခြင်း၏ အစွမ်းဖြင့် တစ်စိတ်ချင်း သွား၍။
ဤနိရောဓသမာပတ်အရာ၌ အာဝဇ္ဇနဝသီဘော် အဓိဋ္ဌာနဝသီဘော် ပစ္စဝေက္ခဏာဝသီဘော် တို့ကိုလည်း အလိုရှိထိုက်ကုန်သည် သာလျှင်တည်း။ မှန်၏, ထို့ကြောင့်သာလျှင် ပဋိသမ္ဘိဒါမဂ် ပါဠိတော်၌ ငါးပါးအပြားရှိကုန်သော ဝသီဘော်တို့ကို နိရောဓသမာပတ်၏ ရှေးဦးပြုစရာပရိကံမှုတို့၌ ဟောအပ်ကုန်ပြီ။ ဤသို့ သိအပ်၏။
“တတော ပရံ”ဟူသည်ကား အာကိဉ္စညာယတနဈာန်၌ဖြစ်ကုန်သော ဈာန်သင်္ခါရတို့ကို ဝိပဿနာ ရှုသည်၏အခြားမဲ့၌။
အဓိဋ္ဌာန်အပ်သည်ဟူသော အကြောင်းဟိတ်ကြောင့် “အဓိဋ္ဌေယျ”မည်၏။ ထိုအဓိဋ္ဌယျပုဒ်အရ မိမိ၏ကိုယ်နှင့် စပ်ကုန်သော သင်္ကန်းပရိက္ခာရတို့ကို ချန်ထား၍ အထူးထူးသော တည်ရာဌာန တို့နှင့် စပ်ကုန်သည့် သင်္ကန်းအစရှိကုန်သော ပရိက္ခာရတို့သည် မီးအစရှိသော ဘေးရန်ဖြင့် မပျက်စီးစေကုန်သတည်းဟု ဖြစ်စေ, တစ်သိမ်တည်း၌ သံဃာ့ကံကို ပြုသည် ရှိသော် သံဃာသည် ငါ့ကို မျှော်လင့်လတ္တံ့။ ထိုသံဃာမျှော်ချိန်၌ငါသည် နိရောဓသမာပတ်မှ ထပေအံ့ဟု ဖြစ်စေ, မြတ်စွာဘုရားသည် ငါ့ကို တစ်စုံတစ်ခုသော အကြောင်းဖြင့် ခေါ်စေလိမ့်မည်။ ထိုခေါ်စေသော အခါ၌ ငါသည် နိရောဓသမာပတ်မှ ထပေအံ့ဟု ဖြစ်စေ အဓိဋ္ဌာန်ခြင်းကိစ္စကို အရကောက်အပ်၏။ အဓိဋ္ဌေယျာဒိကံ၌ အာဒိ”သဒ္ဒါဖြင့် နိရောဓသမာပတ်၏ အတွင်း၌သာလျှင် “ငါ သေသွား မလား”ဟုဖြစ်သော အသက်ကာလအပိုင်းအခြားကို ယူအပ်၏။
“ဒွိန္နံ အပ္ပနာဇဝနာနံ ပရတော ဝေါစ္ဆိဇ္ဇတိ စိတ္တသန္တတိ”ဟူသည်ကား ထိုဇောပြတ်ဇောရပ်ဖို့ အကျိုးငှာ အစမှစ၍ ထိုသို့သဘောရှိသော ပယောဂအထူးကို ကောင်းစွာ ပြုအပ်သည်၏ အဖြစ်ကြောင့် (နှစ်ကြိမ်စီကုန်သော နေဝသညာနာသညာယတန ကုသိုလ်ကြိယာ အပ္ပနာဇော တို့၏ နောက်၌ စိတ်၏အစဉ်သည် ပြတ်၏)။ “တတော”ဟူသည်ကား ထိုစိတ်အစဉ်ပြတ်သော အခါ၌။ (နိရောဓသမာပတ်ဝင်စားခြင်းမည်သည် ဖြစ်၏။)
၇၄။ “ဧကဝါရမေဝ”ဟူသည်ကား အနာဂါမ်ပုဂ္ဂိုလ်အတွက် အာဝဇ္ဇန်း ကင်းသည်လည်းဖြစ်သော ပရိကံကင်းသည်လည်းဖြစ်သော အနာဂါမိဖိုလ်စိတ်သည်၊ (ရဟန္တာပုဂ္ဂိုလ်အတွက် အာဝဇ္ဇန်း ကင်းသည်လည်းဖြစ်သော ပရိကံကင်းသည်လည်း ဖြစ်သော အရဟတ္တဖိုလ်စိတ်သည်) တစ်ကြိမ်စီ သာလျှင်။ ဤသည်ကား အလိုရှိထိုက်သော အဓိပ္ပာယ်တည်း။
(ဒီပနီပါဠိစာမူရော နိဿယမှာပါ “ဧကဝါရမေဝ”ဟု အဖွင့်ခံပုဒ် မပါ။ သင်္ဂဟစာပိုဒ်အတိုင်း လိုက်တိုက်ကြည့်ရင်း ၇၄-အပိုဒ်၏ ဘာသာပြန်ဖြစ်သင့်၍ တည်ပုဒ်ထည့်၍ ဘာသာပြန် လိုက်ပေသည်။)
ထိုစကားသည် မှန်၏, အစမှ စ၍ အဖန်ဖန် ဖြစ်စေအပ်သော ဝိပဿနာတည်း ဟူသော ပရိကံသည်ပင်လျှင် နိရောဓသမာပတ်မှ ထချိန်၌ ထိုဖိုလ်စိတ်နှစ်မျိုး၏ ပရိကံအရာ၌ တည်၏။ ထိုဖိုလ်စိတ်နှစ်မျိုး ဖြစ်ပေါ်ဖို့အတွက် အသီးအခြား နီးနားသော ပရိကံမည်သည် မရှိ။ ဤသို့ တစ်ဝီထိလျှင် တစ်စိတ်သဖွယ် ကျရပုံကို သိအပ်၏။
“ပစ္စဝေက္ခဏံ”ဟူသည်ကား ဖိုလ်ကို ဆင်ခြင်သော ဇောစိတ်သည်။
(ဆဋ္ဌမူ၌ “ပစ္စဝေက္ခဏဉာဏံ”ဟု ရှိသောကြောင့် အနာဂါမိဖိုလ်နှင့် အရဟတ္တဖိုလ်စိတ်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာဉာဏ်သည်”ဟု ပြင်မှတ်ပါ။)
ဥယျောဇဉ်ဂါထာအဖွင့်
၇၅။ ဤသို့ နှစ်ပါးအပြားရှိသော ကမ္မဋ္ဌာန်းနည်းကို ပြပြီး၍ ပဋိပတ်အရသာကို သာယာခြင်းဟူသော အကြင်အကျိုးငှာ ထိုကမ္မဋ္ဌာန်းနည်းကို ပြအပ်၏။ ပဋိပတ်အရသာကို သာယာခြင်းဟူသော ထိုအကျိုး၌ စာသင်သားတို့ကို တိုက်တွန်းလိုသော အရှင်အနုရုဒ္ဓါမထေရ်သည် “ဘာဝေတဗ္ဗံ” ဟူသော ဂါထာကို မိန့်ဆို၏။
ထိုဂါထာ၌ ကျင့်အပ်သည်ဟူသော အကြောင်းဟိတ်ကြောင့် “ပဋိပတ္တိ”, တစ်နည်းကား အထက် အထက်၌ ဖြစ်သောတရားထူးသို့ ရောက်ကုန်ကြောင်းဟူသော အကြောင်းဟိတ်ကြောင့် “ပဋိပတ္တိ” မည်သည်ဟု သိအပ်၏။ ထိုပုဒ်အရ သီလစသောတရားကို အရကောက်အပ်၏။
ကာမဂုဏ်အာမိသမှ ကင်းသော ဈာန်မဂ်ဖိုလ်နိဗ္ဗာန်သုခကို ခံစားခြင်း၏ အစွမ်းဖြင့် ခံစားအပ်သည် ဟူသော အကြောင်းဟိတ်ကြောင့် “ရသ”မည်၏။ ထိုပုဒ်အရ ဈာန်မဂ်ဖိုလ်ဖြစ်၍ဖြစ်သော ရအပ်-သိအပ်သော တရားကို အရကောက်အပ်၏။ တစ်နည်း ထိုရသပုဒ်အရ အရဟတ္တဖိုလ်ကိုသာလျှင် အဓိကအားဖြင့် ရအပ်၏။ တစ်နည်း ထိုသမထဝိပဿနာ နှစ်ပါးစုံကို စွဲ၍ဖြစ်သော ပီတိ သောမနဿကိုသာလျှင် ရအပ်၏။ ပဋိပတ်၏ အရသာမည်သည်ဟူသော အကြောင်းဟိတ်ကြောင့် “ပဋိပတ္တိရသ” မည်၏။ ထိုပဋိပတ္တိ အရသာသည်သာလျှင် သာယာမြတ်နိုးအပ်သောအနက်ကြောင့် “အဿာဒ”လည်း မည်ပေသည်ဟူသော အကြောင်းဟိတ်ကြောင့် “ပဋိပတ္တိရသဿာဒ” မည်၏။
သာသနာတော်၌ ပဋိပတ္တိအရသာတည်းဟူသော မြတ်နိုးဖွယ်ကို တောင့်တသော ရဟန်းသည် ဤသို့ ဤပုံဤနည်း ငါအနုရုဒ္ဓါဆရာသည် ညွှန်ပြအပ်ခဲ့ပြီးသော မြတ်သော သမထဘာဝနာ ဝိပဿနာ ဘာဝနာ နှစ်ခုအပေါင်းကို ပွားစေအပ်၏။ ဤသည်လျှင် အစဉ်ကျကျ အနက် စပ်ခြင်းတည်း။
ကမ္မဋ္ဌာန်းပိုင်းအဖွင့် ပြီး၏။
ပရမတ္ထဒီပနီအမည်ရှိသော အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်း၏ လေးခုမြောက်အဖွင့်၌ ကမ္မဋ္ဌာန်းပိုင်း၏ မြတ်သောအနက်ကို ပြရာပြကြောင်းဖြစ်သော အဖွင့်သည် ပြီးပြီ။
နိဂုံးဂါထာအဖွင့်
(က) အကြင်ဒါယကာအား ကုသလကမ္မပထတရား ၁၀-ပါးဟု ဆိုအပ်သော ကျင့်သုံးထိုက်သည့် စာရိတ္တဖြစ်သော အမျိုးအဆက်ဆက်မှ လာသော အကျင့်ဖြင့် တင့်တယ်သော, အမျိုး၊ မိတ်ဆွေ၊ ဥစ္စာ၊ စည်းစိမ်နှင့် ပြည့်စုံခြင်းကြောင့် ပြန့်ပြောသော အမျိုးအနွယ်၌ ကြီးပွားခြင်းသည် ရှိ၏။ ထို ဒါယကာသည် “စာရိတ္တသောဘိတဝိသာလကုလောဒယ” မည်၏။ စာရိတ္တသောဘိတဝိသာလကုလောဒယ ဟူသော ထိုဂုဏ်ရှိသော။
ထိုဒါယကာ၌ ရတနာ ၃-ပါး၌ သက်ဝင်ကြည်ညိုသော သဒ္ဓါတရားဖြင့် ထူးခြားလေးနက်သောအဖို့ ကိလေသာကို ဖောက်ခွဲနိုင်သောအဖို့သို့ ရောက်သည်၏အစွမ်းဖြင့် အလွန်တိုးပွားသည်လည်း ဖြစ်ကုန်ထသော ကိုယ့်ကို မြှောက်ပင့်ခြင်း၊ သူ့ကို နှိမ့်ချခြင်း စသော အပြစ်တို့မှ ထက်ဝန်းကျင် စင်ကြယ်သည်လည်း ဖြစ်ကုန်ထသော မိမိ၏ သီလသုတ,စာဂ အစရှိကုန်သော ဂုဏ်တို့၏ ကြီးပွားခြင်းသည် ရှိ၏။ ထိုဒါယကာသည် “သဒ္ဓါဘိဝုဍ္ဎဍပရိသုဒ္ဓဂုဏောဒယ” မည်၏။ သဒ္ဓါဘိဝုဍ္ဎဍပရိသုဒ္ဓဂုဏောဒယ-ဟူသော ထိုဂုဏ်ရှိသော။
“နမ္ပဝှယေန”ဟူသည်ကား နမ္ပအမည်ရှိသော ဥပါသကာသည်။ “ပဏိဓာယ”ဟူသည်ကား အလွန် ထက်သန်စွာ ထား၍, စိတ်နှလုံး၌ ထား၍, အကြောင်းပြု၍ စွဲ၍။
“ပရာနုကမ္ပံ” ဟူသည်ကား ထိုခေတ်ကာလ မိမိမှ တစ်ပါးကုန်သော မိမိအောက် နုံ့သောပညာ ရှိကုန်သော သူတို့အား။ တစ်နည်းကား နောင်လာနောက်သားအပေါင်းတို့အား အစဉ်သနားခြင်းကို စွဲ၍။ ဤသည်လျှင် ပရာနုကမ္ပံ-ပုဒ်နှင့် ပဏိဓာယ-ပုဒ်၏ အစပ်သမ္ဗန်တည်း။ ပတ္ထိတံ-ဟူသည်ကား ရိုသေစွာ တောင်းပန်အပ်သော။
အာသီသဂါထာအဖွင့်
(ခ) “ပုညေန တေန ဝိပုလေန”ဟူသည်ကား ပြန့်ပြောသော အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်းကို ထိုသို့ပြုရသောကောင်းမှုကြောင့်။ “တုမူလသောမံ”ဟူသည်ကား ဤသို့အမည်ရှိသော ကျောင်းကို။ မှန်၏, ခုဒ္ဒသိက္ခာဋီကာ၌ “သီဟိုဠ်ကျွန်း၌ တုမူလသောမမည်သော ကျောင်း၌ သံဃာအတွက် ဆွမ်းချက်ဝတ်ကိုလည်း ထန်းရွက်ကို ရောင်းချ၍ပြုအပ်၏။ မှန်၏, ထိုတုမူလသောမကျောင်းကြီး၌ ထန်းရွက်ဖြင့် အကျိုးသည် မရှိ၊ အလုံးစုံလည်း ဖြစ်ကုန်သော ပြသာဒ်စသည်တို့သည် အုတ်ဖြင့် မိုးကုန်၏”ဟု မိန့်ဆိုထား၏။
တစ်ဆင့်ကြားရဖူးသည်ကား တုမူလသောမကျောင်းသည် အစ၌ အဘယဂိရိမင်း၏ မိဖုရားကြီး ဖြစ်သော သောမဒေဝီမိဘုရားသည် ဆောက်လုပ်စေအပ်သည်၏ အဖြစ်ကြောင့် ယနေ့ထက်တိုင် အောင်လည်း ထိုသီဟိုဠ်ကျွန်း၌ သောမဝိဟာရကျောင်းကြီး ဟူ၍သာလျှင် ထင်ရှားပြီ။
တုမူလသဒ္ဒါသည်ကား ဝိပုလသဒ္ဒါ၏ ပရိယာယ်တည်း။ အဘယ်ပါဠိတို့၌ကဲ့သို့နည်းဟူမူကား ဝေဿန္တရာဇာတ်လာ -
“အထေတ္ထ ဝတ္တတိ သဒ္ဒေါ၊
တုမူလော ဘေရဝေါ မဟာ။
ဟတ္ထိနာဂေ ပဒိန္နမှိ၊
သိဝီနံ ရဋ္ဌဝဍ္ဎကေ”
ဤသို့အစရှိသည်တို့၌ကဲ့သို့တည်း။
အကြင်ကြောင့် ထိုသောမကျောင်းကြီးသည်လည်း ၆၀-အတိုင်းအရှည်ရှိကုန်သော ပရိဝုဏ်တို့ဖြင့် ကောင်းစွာတည်စေအပ်သည် ဖြစ်ရကား အလွန်လျှင် ပြန့်ပြောကြီးမား ကျယ်ပြန့်သောကျောင်း ဖြစ်၏။ ပြန့်ပြောကြီးမား ကျယ်ပြန့်သည်၏အဖြစ်ကြောင့် ထိုကျောင်းကို “တုမူလသောမ” ဟူ၍ ဆိုအပ်၏။ “ထိုတုမူလသောမကျောင်းကို”ဟု ဒုတိယာဧကုတ်ဝိဘတ်ဖြင့် မူရင်းအတိုင်း ပြန်ထား အပ်၏။ အနက်အားဖြင့် “မဟာသောမကျောင်း၊ သောမကျောင်းကြီး”ဟု ဆိုလို၏။
ဤစကားရပ်ဖြင့် အရှင်အနုရုဒ္ဓါမထေရ်သည် မိမိ၏ ဆရာ့အနွယ်၏ နေသောကျောင်းကို ပြောကြား၏။ မိမိ၏ နေရာအရပ်ကိုကား နာမရူပပရိစ္ဆေဒကျမ်း၌ ပြောကြားထားအပ်ပြီ။
“ဓညာဓိဝါသံ”ဟူသည်ကား ထိုကျောင်း၌ အစကျောင်းထိုင် အာဒိကမ္မိကဖြစ်သော မဟိန္ဒထေရ် အစရှိကုန်သော ဘုန်းရှိသော မထေရ်တို့၏ အတည်တကျ သီတင်းသုံးနေရာဖြစ်သော။ မှန်၏, အရှင်အနုရုဒ္ဓါမထေရ်သည် သီဟိုဠ်ကျွန်းကို ကြည်ညိုစေတတ်သော မဟာမဟိန္ဒမထေရ်၏ အနွယ်၌ ဖြစ်၏။ အကြောင်းကား ထိုမဟာသောမကျောင်း၌ အာဒိကမ္မိက မထေရ်ကြီးသည်လည်း မဟိန္ဒထေရ် မည်၏ဟူ၍ ဓာတုဝံသကျမ်း၌ ဆိုထားသည်၏အဖြစ်ကြောင့်တည်း။
“ဥဒိတောဒိတံ”ဟူသည်ကား အလွန်လျှင် ကျော်စောထင်ရှားထသော။ ကောင်းကင်အလယ်၌ လပြည့်ဝန်းကဲ့သို့ အလုံးစုံသော သီဟိုဠ်ကျွန်း၌ အလွန်လျှင် ထင်ပေါ်သော။ ဤသည်လျှင် ဥဒေါဒိတံ-ပုဒ်၏ အနက်တည်း။ အရိယမဂ်ပညာ၏ အစွမ်းဖြင့်လည်းကောင်း၊ ပရိယတ္တိ၌ ရဲရင့်သည်၏အဖြစ် အစရှိသော ပညာ၏အစွမ်းဖြင့် လည်းကောင်း ဖြူစင်ကုန်သော ပြိုးပြိုးပြက်ပြက် ရှိကုန်သော ဂုဏ်တို့ဖြင့် တင့်တယ်ကုန်သည်ဟူသော အကြောင်းဟိတ်ကြောင့် “ပညာဝဒါတဂုဏသောဘိတာ” မည်ကုန်၏။ ထိုပညာဖြင့် ဖြူစင်သော ဂုဏ်တို့ဖြင့် တင့်တယ်သော သူတို့သည် ပင်လျှင် မကောင်းမှုမှ ရှက်တတ်ကုန်သော မကောင်းမှုကို ကဲ့ရဲ့လေ့ရှိကုန်သော သူတော်ကောင်း တို့တည်း။
“မညန္တု”ဟူသည်ကား အဖန်ဖန်အောက်မေ့စေကုန်သတည်း။ “ပုညဝိဘဝေါ ဒယမင်္ဂလာယ” ဟူသည်ကား ပြန့်ပြောကုန်သော ကောင်းမှုတို့၏ ပွားခြင်းဟု ဆိုအပ်သော မင်္ဂလာအကျိုးငှာ။
ထိုစကားရပ်၌ ဤဆိုလတ္တံ့သည်ကား အနက်ယောဇနာတည်း။ ပြန့်ပြောသော ထိုကောင်းမှုကြောင့် ဘုန်းရှိသော မထေရ်တို့၏ နေရာဖြစ်၍ ဖြစ်ထသော အလွန်လျှင် ထင်ပေါ်ကျော်စောထသော သောမကျောင်းကြီးကို လည်းကောင်း, ထိုကျောင်း၌ နေလေ့ရှိကုန်သော မဟိန္ဒထေရ် အစ ရှိကုန်သော အရိယမဂ်ပညာ၏အစွမ်းအားဖြင့် ဖြူစင်သောဂုဏ်တို့ဖြင့် တင့်တယ်ကုန်ထသော လဇ္ဇီသူတော်ကောင်း ဖြစ်ကုန်သော ရဟန်းတို့ကိုလည်းကောင်း ပြန့်ပြောသောကောင်းမှုတို့၏ ပွားခြင်းဟု ဆိုအပ်သော မင်္ဂလာအကျိုးငှာ “နောင်လာနောက်သား လူအများတို့သည်” အသက် ထက်ဆုံး အဖန်ဖန် အောက်မေ့စေကုန်သတည်း။ ဤသည်လျှင် ယောဇနာတည်း။ တစ်နည်းကား ထိုသောမကျောင်းကြီးကို ပညာ၏အစွမ်းဖြင့် ဖြူစင်သောဂုဏ်တို့ဖြင့် တင့်တယ်သည်ဖြစ်၍ မကောင်းမှုမှ ရှက်တတ်လေ့ရှိကုန်သော “အခြားရဟန်းတို့သည်” အဖန်ဖန် အောက်မေ့စေကုန် တည်း။ ဤသည်လျှင် ယောဇနာတည်း။
(ကတ္တားပုဒ်များကို သတိထားဖတ်ပါ။)
ဤတိုက်တွန်းချက်ဖြင့် အရှင်အနုဒ္ဓါမဟာထေရ်သည် နောင်လာနောက်သားတို့အား အနုတ္တရိယတရား ၆-မျိုးတို့၌ အနုဿတာနုတ္တရိယဟု ဆိုအပ်သော ကောင်းမှုအထူးကို လည်းကောင်း, ငါတို့သည်လည်း ထိုသို့သဘောရှိသောဂုဏ် တည်းဟူသော အဖို့ဘာဂ ရှိကုန်သည် ဖြစ်ရပါ လိုကုန်၏ဟု အားထုတ်နိုင်ခြင်းကိုလည်းကောင်း ပြီးစေတော်မူ၏။ ဤသို့ မှတ်အပ်၏။
(အနုတ္တရိယတရား ၆-မျိုးကို သိလိုက အင်္ဂုတ္တိုရ်၊ ဆက္ကနိပါတ်တွင် ရှာဖတ်ပါလေ။)
ပရမတ္ထဒီပနီ နိဂုံး
ဤမျှလောက်သော စကားအစဉ်ဖြင့်လည်း ဒီပဲရင်းအမည်ရှိသော မြို့၌ စိုင်ပြင်အမည်ရှိသော ရွာကြီး၌ ကောဇာသက္ကရာဇ် ၁၂၀၈-၌ ဖွားမြင်ခဲ့သော, မုံရွာအမည်ရှိသောရွာအနီး၌ ကုလုပ်လေးတာ ငါးရာကွာလပ် တောအရပ်၌ လယ်တီဟု ထင်ပေါ် ကျော်စောသော ကျောင်းတိုက်၌ နေသော, များစွာသော ရဟန်းအပေါင်း၏ အစီးအပွားကို ပြုလေ့ရှိသော, အနှစ်သာရကို မြင်လေ့ရှိသော လယ်တီတောကျောင်း ဆရာဖြစ်သောငါသည် အနှစ်သာရ ရှိ/မရှိ သည်ကို ရွေးချယ်၍ သိခြင်းငှာ စွမ်းနိုင်ကုန်သည်ဖြစ်၍ အနှစ်သာရကို ရှာလေ့ရှိသူအပေါင်းတို့၏ အကျိုးစီးပွားအလို့ငှာ မြတ်သော အနက်ကို ပြရာပြကြောင်း ဖြစ်ခြင်းကြောင့် “ပရမတ္ထဒီပနီ” အမည်ရှိသော အကြင် သင်္ဂြိုဟ်မဟာဋီကာသစ်ကို ပြုပြင်စီရင်အပ်ပြီ။
(အနှစ်သာရစကားဖြင့် ပရမတ္ထဒီပနီကျမ်းကို အနှစ်သာရရှိသောကျမ်းဟု သိစေသည်။ ထိုကျမ်းကို အနှစ်သာရကို တကယ်ရှာလိုသူများ ဖတ်ရှုလေ့လာလိမ့်မည်။)
ဤဋီကာသစ်သည် ဘေးမရှိသည်ဖြစ်၍ ဥပဒ္ဒဝေါမရှိသည်ဖြစ်၍ ၁၂၅၉-ဟု ဆိုအပ်သော ကောဇာ သက္ကရာဇ်၌ ကုမုဒ္ဒရာ ကြာပွင့်တုန်း တန်ဆောင်မုန်းလ၌ ကောင်းစွာ ပြီးပြီ။
ထို့အတူ သူတော်ကောင်းတို့၏ အမြိုက်နိဗ္ဗာန်အကျိုးရှိကုန်သော အလုံးစုံလည်း ဖြစ်ကုန်သော နေက္ခမ္မဝိတက်စသည့် ကောင်းသော အကြံအစည်တို့သည် ဘေးမရှိကုန်သည်ဖြစ်၍ ဥပဒ္ဒဝေါ-မရှိကုန်သည်ဖြစ်၍ ပြီးပြည့်စုံခြင်းသို့ ရောက်စေကုန်သတည်း။
(မိမိ၏ ဤဘာသာပြန်သည်လည်း တန်ဆောင်းမုန်းလထဲတွင် ပြီးစီးပေသည်။)
ပါဠိဘာသာရေး ကျမ်း ၂-ကျမ်း
လောကဓာတ်၌ လနေနှစ်စင်းတို့သည် ထွန်းလင်း တောက်ပကုန်သကဲ့သို့ ထို့အတူသာလျှင် ပရမတ္ထတရားတို့၌ ဤပရမတ္ထဒီပနီကျမ်းလည်းလည်းကောင်း ပါဠိသဒ္ဒါ၏အနက်တို့၌ တင့်တယ် ကောင်းမြတ်သော ထိုနိရုတ္တိဒီပနီကျမ်းလည်းကောင်း ထိုကျမ်းနှစ်စောင်တို့သည် လောက၌ သူတော်ကောင်းတရား တည်သည့်တိုင်အောင် ထွန်းလင်း တောက်ပစေကုန်သတည်း။ ဤတွင် စကားတစ်ရပ် အပြီးသတ်ပြီ။
အထက်ပါ ၇-ဂါထာအဖွင့်
ထိုဂါထာ၌ “နဂရေ ဒီပရင်္ဂမှိ”ဟူသည်ကား ကျွန်းနေသူလူများအပေါင်းကို တပ်နှစ်သက်စေ တတ်သော အကြောင်းဟိတ်ကြောင့် ဒီပရင်းဟူ၍ ရအပ်သော အမည်ရှိသောမြို့၌။ “ဂါမေ စိုင်ပြင်တိနာမကေ” ဟူသည်ကား စိုင်သမင်တို့၏ နေရာမြေအပြင်၌ တည်ထောင်အပ်သည် ၏အဖြစ်ကြောင့် ဤသို့စိုင်ပြင်အမည်ရှိသောရွာကြီး၌။ “သာကေ” ဟူသည်ကား ဆုတ်ကပ်ကလိ ယုဂ်၌။ “ယာ မယာ”ဟူသည်ကား ပရမတ္ထဒီပနီ အမည်ရှိသော အကြင်ဋီကာသစ်ကို ငါသည် ပြုစီရင်အပ်၏။ ဤသို့ စာစပ်ခြင်းသည် ဖြစ်၏။
“လယ်တီတိဝိဿုတာလယေ”ဟူသည်ကား ဤသို့ လယ်တီဟူ၍ ကျော်စောသော တောကျောင်း၌။ “သာရေသီနံ”ဟူသည်ကား အနှစ်သာရကို ရှာလေ့ရှိသောသူတို့၏။ “သာရာသာရဝိဝေကိနံ” ဟူသည်ကား ‘ဒါကတော့ အနှစ် မဟုတ်, ဒါကတော့ အနှစ် ဟုတ်တယ်’ဟု အနှစ်ရှိကို လည်းကောင်း အနှစ်မဲ့ကိုလည်းကောင်း ရွေးချယ်စိစစ်၍ သိခြင်းငှာ စွမ်းနိုင်ကုန်သော။
“သာကေ”ဟူသည်ကား ကလိယုဂ်သက္ကရာဇ်၌။ “ကောမုဒ သာရဒေ”ဟူသည်ကား ကုမုဒ္ဒရာ ကြာပွင့်တုန်းနှင့်ယှဉ်သော သရဒဥတု၌ အကျုံးဝင်သော တန်ဆောင်မုန်းလ၌။ “အမတပ္ဖလာ” ဟူသည်ကား နိဗ္ဗာန်အကျိုးရှိကုန်သော။ “သုဘာ”ဟူသည်ကား အနက်သဒ္ဒါနှင့် ပြည့်စုံခြင်းကြောင့် တင့်တယ်ကောင်းမြတ်သော။
ပရိယတ် ပဋိပတ် ပဋိဝေဓ အားဖြင့် သုံးပါး အပြားရှိသော မြတ်စွာဘုရား၏ အဆုံးအမ သာသနာတော်ကို “သဒ္ဓမ္မ”ဟူ၍ ဆိုအပ်၏။ ဤသို့ သိအပ်၏။
ဤသို့ အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်း၏ စတုတ္ထမြောက်အဖွင့်ဖြစ်၍ဖြစ်သော ပရမတ္ထဒီပနီအမည်ရှိသော ဤဋီကာသစ်သည် အလုံးစုံသောအခြင်းအရာအားဖြင့် ပြီးပြည့်စုံပြီ။
ပရမတ္ထဒီပနီ မြန်မာပြန် (တတိယတွဲ) ပြီးပြီ။