ပရမတ္ထဒီပနီ (ဒုတိယတွဲ)
ပရမတ္ထဒီပနီ ခေါ်
သင်္ဂြိုဟ်မဟာဋီကာသစ် မြန်မာပြန် (ဒုတိယတွဲ)
ပဌမလယ်တီဆရာတော်
မာတိကာ
ဝီထိပိုင်း အဖွင့်
နမော တေ ပုရိသုတ္တမ
စိတ်သက်နှင့် ရုပ်သက်
စိတ်တစ်ဆယ့်ခုနှစ်ချက် ရုပ်သက်တစ်ကြိမ်
စက္ခုဒွါရ အတိမဟန္တာရုံ ဝီထိအဖွင့်
ဆက္ကခြောက်ဖြာ ယောဇနာ
မဟန္တာရုံ ဝီထိ အဖွင့်
တဒါရုံ တစ်ကြိမ်ကျ ဝါဒ
တစ်ကြိမ်ကျ ဝါဒ ပယ်ခွါချ
ပရိတ္တာရုံဝီထိ အဖွင့်
ပရိတ္တာရုံတွင် ဇောဆုံးခြင်း
ဝုဋ္ဌောအဆုံး တစ် နှစ် သုံး
အတိပရိတ္တာရုံ ဝီထိ အဖွင့်
သောတ စသည် ထိုနည်းမှီ
သင်္ဂဟဂါထာ အဖွင့်
မနောဒွါရ ကာမဇောဝါရ ဝိဘူတာရုံဝီထိ အဖွင့်
ဒိဋ္ဌအာရုံ တိုက်ဆိုင်ပုံ
ဒိဋ္ဌသမ္ဗန္ဓအာရုံ တိုက်ဆိုင်ပုံ
သုတအာရုံ တိုက်ဆိုင်ပုံ
သုတသမ္ဗန္ဓအာရုံ တိုက်ဆိုင်ပုံ
အဝိဘူတာရုံဝီထိ အဖွင့်
သင်္ဂဟဂါထာ အဖွင့်
မနောဒွါရ အပ္ပနာဇောဝါရ အဖွင့်
ဈာနဝီထိ မဂ္ဂဝီထိများ
သင်္ဂဟဂါထာ အဖွင့်
တဒါရမ္မဏ နိယာမ အဖွင့်
ဝိပါက်အမှန် ဇောအပြန်
ဝေဒနာဘေဒ နိယာမ
ဝိပါက်လည်းမှန် ဇောလည်းမှန်
အာဂန္တုကဝီထိ အဖွင့်
ဇောနှင့် တဒါရုံ မှတ်သားပုံ
အပ္ပကနည်းဖြင့် မှတ်သားပုံ
တဒါရုံကျခြင်း အင်္ဂါ
ဇဝနနိယမ အဖွင့်
ပုဂ္ဂလဘေဒ အဖွင့်
သင်္ဂဟဂါထာ အဖွင့်
ဘူမိဝိဘာဂ အဖွင့်
ကာမဘူမိ ဝိဘာဂ
ရူပဘူမိ ဝိဘာဂ
အရူပဘူမိ ဝိဘာဂ
သင်္ဂဟဂါထာ အဖွင့်
ဝီထိမုတ်ပိုင်း အဖွင့်
နမော တေ ဗုဒ္ဓရာဇိန္ဒ
အနုသန္ဓေနှင့် ပဋိညာဉ်ဂါထာ အဖွင့်
ဘုံ မည်သည်မှာ
အပါယ်ဘုံ မည်သည်မှာ
ကာမသုဂတိဘုံ
ငရဲဘုံ
တိရစ္ဆာန်
ပြိတ္တာ
အသူရကာယ်
ငရဲကြီးနှင့် ငရဲငယ်
ကာမသုဂတိ ခုနှစ်ဘုံ အဖွင့်
စာတုမဟာရာဇ်ဘုံ
ဂန္ဓဗ္ဗနတ်
ကုမ္ဘဏ် နဂါး ဘီလူး
ဘီလူး
ရုက္ခဇိုဝ်းနတ်
ဂန္ဓဗ္ဗနတ်
ဇော်ဂနီမ စုန်းမ
ကုမ္ဘဏ်
နဂါးဖို နဂါးမ
တာဝတိံသာ နတ်ဘုံ
ယာမာ နတ်ဘုံ
တုသိတာ နတ်ဘုံ
နိမ္မာနရတိ နတ်ဘုံ
ပရနိမ္မိတဝသ၀တ္တိ နတ်ဘုံ
ရူပ တစ်ဆယ့်ခြောက်ဘုံ အဖွင့်
ဗြဟ္မာ
ဗြဟ္မ ပါရိသဇ္ဇာ
ဗြဟ္မ ပုရောဟိတာ
မဟာဗြဟ္မာ
ပရိတ္တာဘာဗြဟ္မာ
အပ္ပမာဏာဘာဗြဟ္မာ
အာသဿရာဗြဟ္မာ
ပရိတ္တသုဘာဗြဟ္မာ
ဝေဟပ္ဖိုလ်ဗြဟ္မာ
အသညသတ်ဗြဟ္မာ
သုဒ္ဓါဝါသဘုံ အတိဟာဗြဟ္မာ
အတပ္ပါဗြဟ္မာ
သုဒဿာဗြဟ္မာ
သုဒဿီဗြဟ္မာ
အကနိဋ္ဌဗြဟ္မာ
အရူပ လေးဘုံ အဖွင့်
ဘုံ၌ ပုဂ္ဂိုလ်အရ သင်္ဂဟဂါထာ အဖွင့်
ပဋိသန္ဓေ စတုက္က အဖွင့်
အပါယ်ပဋိသန္ဓေ တစ်ပါး
သုဂတိအတိတ်ပဋိသန္ဓေ တစ်ပါး
ဘုမ္မဇိုဝ်းနတ်
ဝိနိပါတိက အသုရာ
သက်တမ်း မမြဲသူများ
စာတုမဟာရာဇ်နတ် သက်တမ်း
ဝသ၀တ္တီ နတ်သက်တမ်း ဂါထာအဖွင့်
ရူပပဋိသန္ဓေ ၆-ပါး အဖွင့်
ရူပပုဂ္ဂိုလ်တို့၏ သက်တမ်း
အရူပဘုံ အဖွင့်
ကမ္မစတုက္က အဖွင့်
ဥပတ္ထမ္ဘကကံ
ဥပပီဠကနှင့် ဥပဃာတက ကံနှစ်ပါး
ဥပဃာတကကံ
ဥပစ္ဆေဒကကံ
ပါကဒါနပရိယာယ ကံလေးပါး
မဟဂ္ဂုတ်ကံဝယ် စောဒနာဖွယ်
သောဓနာပြု ဖြေကြားမှု
အာသန္နကံ
အာစိဏ္ဏကံ
အကျိုးပေးမည့် အလှည့်အစဉ်
ပါဠိအစဉ်ဝယ် ဒောဒနာဖွယ်
သောဒနာမှု အဖြေပြု ဒိဋ္ဌဓမ္မဝေဒနိယ စသော ပါကကာလကံ လေးပါးအဖွင့်
ဒိဋ္ဌဓမ္မဝေဒနိယကံ
ဥပပဇ္ဇဝေဒနီယကံ
အပရပရီယာယဝေဒနိယကံ
အပရပရိယာယနှင့် အပရာပရိယပုဒ် နှစ်ခု အထူး စိစစ်ချက်
အဟောသိကံ
ပါကဌာန ကံလေးပါး ကာယကံ အဖွင့်
ပါဏာတိပါတကံ
အဒိန္နဒါနကံ
ကာမေသုမိစ္ဆာစာရကံ
ကာမေသုမှ ဝါဒများစွာ
သုရာပါနက
ဝစီကံ အဖွင့်
မုသာဝါဒကံ
ပိသုဏဝါစာကံ
ဖရုသဝါစာကံ
သမ္ဖပ္ပလာပကံ
မုသာဝါဒ၏ ကမ္မပထမြောက်မှု မမြောက်မှု
ကမ္မပထ ဆိုသည်မှာ
ပိသုဏဝါစာ၏ ကမ္မပထမြောက်မှု မမြောက်မှု
ဖရုသဝါစာဝယ် သိမှတ်ဖွယ်
သမ္ဖပ္ပလာပဝယ် သိမှတ်ဖွယ်
ဝါစာလေးမျိုး
မနောကံ အဖွင့်
အဘိဇ္ဈာကံ
ဗျာပါဒကံ
မိစ္ဆာဒိဋ္ဌိကံ
အဘိဇ္ဈာဝယ် သိမှတ်ဖွယ်
ဗျာပါဒဝယ် သိမှတ်ဖွယ်
မိစ္ဆာဒိဋ္ဌိဝယ် သိမှတ်ဖွယ်
ကံ၏ ဖြစ်ကြောင်း တရားများ
ဒေါသမူလ တရား
လောဘမူလ တရား
နှစ်ပါးစုပေါင်း အကြောင်းမူလ
ကာမာဝစရ ကုသိုလ်ကံ အဖွင့်
ဒါနကံ ဟူသည်မှာ
ဘာဝနာကံ ဟူသည်မှာ
အပစာယနကံ ဟူသည်မှာ
ဝေယျာဝစ္စကံ ဟူသည်မှာ
ပတ္တာနုမောဒနာကံ ဟူသည်မှာ
ဓမ္မဿဝနကံ ဟူသည်မှာ
ဒိဋ္ဌိဇုကမ္မကံ ဟူသည်မှာ
ပုညကြိယာ ဟူသည်မှာ
နိစ္စသီလနှင့် အနိစ္စသီလ
ဘာဝနာ နှစ်မျိုး
အပစာယနဝယ် သိမှတ်ဖွယ်
ဝေယျာဝစ္စဝယ် သိမှတ်ဖွယ်
ပတ္တိဒါနဝယ် သိမှတ်ဖွယ်
ပတ္တာနုမောဒနဝယ် သိမှတ်ဖွယ်
ဓမ္မဿဝနနှင့် ဓမ္မဒေသနာ
ဒိဋ္ဌိဇုကမ္မဝယ် သိမှတ်ဖွယ်
သုံးမျိုးအစု ယှဉ်တွဲပြု
ရူပါဝစရကုသိုလ်ကံ အဖွင့်
ကာမကံ၏ အကျိုးပေးပုံများ
တိဟိတ်သြမက စသည်များ
ကေစိဝါဒ ဂါထာအဖွင့်
ကေစိဝါဒ ဆိုကြောင်းပြ
ကေစိဝါဒ သရုပ်ပြ
ရူပါဝစရကုသိုလ်ကံ အဖွင့်
ယူအပ်သည်မှန် ပရိတ္တဈာန်
မိန်းမတို့မှာ မဟာဗြဟ္မာ မဖြစ်
မရဏပ္ပတ္တိ စတုက္က အဖွင့်
သေခြင်း လေးပါး
ရဟန္တာတို့၏ မရဏသန္န အဆုံးဇောအာရုံ
ပဋိသန္ဓေစိတ် ဖြစ်ပုံ
ကာမပဋိသန္ဓေ စိတ်၏အာရုံ
ရူပ အရူပ ပဋိသန္ဓေ၏ အာရုံ
စုတိနောက် ပဋိသန္ဓေဖြစ်ပုံ
ဘဝသစ် ဘဝင်နှင့် စုတိ ဖြစ်ပုံ
သံသရာစက်လည်ပုံ အဖွင့်
သံသရာစက် ပြတ်ပုံ အဖွင့်
ရုပ်ပိုင်း အဖွင့်
အနုသန္ဓေနှင့် ပဋိညာဉ် ဂါထာအဖွင့်
သင်္ဂဟ မာတိကာ ဂါထာအဖွင့်
မဟာဘုတ်နှင့် ဥပါဒါရုပ်
ပထဝီဓာတ်
အာပေါဓာတ်
တေဇောဓာတ်
ဝါယောဓာတ်
ဖြစ်ခဲ့ပေရာ စောဒနာ
စက္ခုပသာဒရုပ်
သောတပသာဒရုပ်
ဃာနပသာဒရုပ်
ဇိဝှါပသာဒရုပ်
ကာယပသာဒရုပ်
ပသာဒ - အကြည်
အဆင့်ဆင့် ဆန်းကြယ်ပုံ
ရူပါရုံ
သဒ္ဒါရုံ
ဂန္ဓာရုံ
ရသာရုံ
ဖောဋ္ဌဗ္ဗာရုံ
ဂေါစရရုပ် အဖွင့်
ဣတ္ထိဘာဝရုပ်
ပုရိသဘာဝရုပ်
ဘာဝရုပ် အဖွင့်
ဟဒယဝတ္ထု အဖွင့်
ဇီဝိတရုပ် အဖွင့်
အာဟာရရုပ် အဖွင့်
ဘာဝရုပ်
သလက္ခဏရုပ်
နိပ္ဖန္နရုပ်
ရူပရုပ်
သမ္မသနရုပ်
အနိပ္ဖန္နရုပ် ၁၀-ပါး အဖွင့်
ကာယဝိညတ်ရုပ် အဖွင့်
ဝစီဝိညတ်ရုပ် အဖွင့်
လဟုတာ မုဒုတာ ကမ္မညတာ အဖွင့်
ဥပစယရုပ် အဖွင့်
ဥပစယနှင့် သန္တတိ အထူး
သင်္ဂဟဂါထာ အဖွင့်
ရူပဝိဘာဂ အဖွင့်
အဇ္ဈတ္တိကရုပ် ဗာဟိရရုပ်
ဒွါရရုပ်
သြဠာရိကရုပ်
သပ္ပဋိဃရုပ်
ဥပါဒိဏ္ဏရုပ်
သနိဒဿနရုပ်
ဂေါစရဂ္ဂါဟိကရုပ်အဂေါစရဂ္ဂါဟိကရုပ်
အဝိနိဗ္ဘောဂရုပ်
ရူပသမုဋ္ဌာန အဖွင့်
ကံက ရုပ်ကိုဖြစ်စေပုံ
စိတ်က ရုပ်ကိုဖြစ်စေပုံ
ဥတုက ရုပ်ကိုဖြစ်စေပုံ
အာဟာရက ရုပ်ကိုဖြစ်စေပုံ
ကမ္မဇ ဧကန်ရုပ်
စိတ္တဇ ဧကန်ရုပ်
ဒွိဇရုပ်
တိဇရုပ်
စတုဇရုပ်
သင်္ဂဟဂါထာ အဖွင့်
ရူပကလာပ အဖွင့်
အဇ္ဈတ္တိ ဗဟိဒ္ဓ ကလာပ်ခွဲပုံ
သင်္ဂဟဂါထာ အဖွင့်
ရူပပဝတ္တိက္ကမ အဖါင့်
သင်္ဂဟဂါထာ အဖွင့်
နိဗ္ဗာန် အဖွင့်
နိဗ္ဗာန်အပြား
အနိမိတ္တ နိဗ္ဗာန်
အပ္ပဏိဟိတ နိဗ္ဗာန်
သုခနှစ်ပုံ ကွဲပြားပုံ
သင်္ဂဟဂါထာ အဖွင့်
ပရမတ္ထဒီပနီ နိဿယ
ဝီထိပိုင်း၊ ဝီထိမုတ်ပိုင်း၊ ရုပ်ပိုင်း မာတိကာ ပြီး၏။
ပဌမလယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသော
ပရမတ္ထဒီပနီ
သင်္ဂြိုဟ် မဟာဋီကာသစ်
မြန်မာပြန် (ဒုတိယတွဲ)
ဝီထိပိုင်းအဖွင့်
နမော တေ ပုရိသုတ္တမ
အနုသန္ဓေနှင့် ပဋိညာဉ် သင်္ဂဟ ဂါထာ အဖွင့်
ဤသို့ စိတ်အပြားကို ပေါင်းရုံး၍ ယူရာဖြစ်သော သင်္ဂဟကိုလည်းကောင်း၊ စေတသိက်တို့၏ အပြားကို ပေါင်းရုံး၍ ယူရာဖြစ်သော သင်္ဂဟကိုလည်းကောင်း၊ စိတ် စေတသိက် နှစ်ပါးစုံတို့၏ အပြားကို ပေါင်းရုံး၍ ယူရာဖြစ်သော သင်္ဂဟကို လည်းကောင်း၊ ဤသို့ စိတ် စေတသိက်တို့၏ သုံးပါးကုန်သော ပဘေဒသင်္ဂဟတို့ကို ပြတော်မူပြီး၍ ယခုအခါ၌ ဝီထိစိတ်တို့၏ ဖြစ်ခြင်းကို ပေါင်းရုံး၍ ယူရာဖြစ်သော ပဝတ္တိသင်္ဂဟကိုလည်းကောင်း၊ ဝီထိမုတ်စိတ်တို့၏ ဖြစ်ခြင်းကို ပေါင်းရုံး၍ ယူရာဖြစ်သော ပဝတ္တိသင်္ဂဟကို လည်းကောင်း၊ ဤသို့ ထိုစိတ် စေတသိက်တို့၏သာလျှင် နှစ်ပါးကုန်သော ပဝတ္တိ သင်္ဂဟတို့ကို ပြခြင်းငှါ ‘‘စိတ္တုပ္ပါဒါန မိစ္စေဝံ’’ ဤသို့ အစရှိသော စကားကို မိန့်တော်မူ၏။
ထိုစကားရပ်၌ - ဖြစ်ပေါ်တတ်ကုန်သောကြောင့် ဥပ္ပါဒတို့ မည်ကုန်၏။ အဘယ်အရပ်၌ ဖြစ်ပေါ်တတ်ကုန်သနည်း။ တစ်ပါးကို မကြားအပ် သည်၏ အဖြစ်ကြောင့် စိတ်၌ ဖြစ်တတ် ကြကုန်၏။ ဤသို့သာလျှင် ရအပ်၏။ ဤသို့ စိတ်လည်း စိတ်၌ ဖြစ်ပေါ်တတ်သော စေတသိက်တို့လည်း ထို့ကြောင့် စိတ္တုပ္ပါဒတို့ မည်ကုန်၏။ စိတ် စေတသိက်တို့တည်း။ ဤသို့ ဆိုလိုသည်။ ထို စိတ် စေတသိက်တို့၏ (ဟု- ဝိဘကျန်ခံ)။
- ‘ဣစ္စေဝံ’- ဟူသည်ကား အစမှစ၍ ဆိုအပ်ခဲ့ပြီးသော အပြား အားဖြင့်-
- ‘သင်္ဂဟမုတ္တရံ’- ဟူသော ဤနိဒ္ဒေသည် ဇာတိနိဒ္ဒေသတည်း။ မြတ်ကုန်သော သုံးပါးကုန်သော ပဘေဒ သင်္ဂဟတို့ကို ပြုပြီး၍ ဤသည်ကား စပ်ပြခြင်းပေတည်း။
- ‘ဘူမိပုဂ္ဂလဘေဒေန’- ဟူသော ပုဒ်၌ သဟသဒ္ဒါ၏ အနက်၌ ကရိုဏ်းဝိဘတ် အဆုံးရှိသော ပုဒ်ပေတည်း။ ကာမာဝစရ အစရှိသော ဘုံအပြားနှင့်လည်းကောင်း၊ ဒွိဟိတ် အစရှိသော ပုဂ္ဂိုလ်အပြားနှင့်လည်းကောင်း တကွ၊ ဤသည်ကား အနက်တည်း။
- ‘ပုဗ္ဗာပရနိယာမိတံ’- ဟူသည်ကား အာဝဇ္ဇန်း အစရှိသည့် စက္ခုဝိညာဉ် အစရှိသည့် ရှေ့စိတ်အစဉ် နောက်စိတ်အစဉ်ဖြင့် မှတ်အပ် ပိုင်းခြားအပ်သော။
- ‘ပဝတ္တိ သင်္ဂဟံနာမ’- ဟူသော နိဒ္ဒေသသည်လည်း ဇာတိ နိဒ္ဒေသသည်သာလျှင်တည်း။ ဤသို့ အမည်ရှိကုန်သော နှစ်ပါး ကုန်သော ပဝတ္တိ သင်္ဂဟတို့ကို- ဤသည်ကား အနက်တည်း။
- ‘ပဋိသန္ဓိပဝတ္တိယံ’- ဟူသည်ကား ပဋိသန္ဓေအခါ ပဝတ္တိအခါ တို့၌- မှန်လှစွာ၏။ ဤ ‘ပဋိသန္ဓိပဝတ္တိယံ’ ဟူသော သဒ္ဒါသည် ဝုစ်ဖောက်ပြန်သော သဒ္ဒါတည်း။ ပဋိသန္ဓေအခါ၌လည်း ကောင်း၊ ပဝတ္တိအခါ၌လည်းကောင်း၊ ဤသည်ကား အနက်တည်း။ ပဋိသန္ဓေအခါ၌ ပဝတ္တိ သင်္ဂဟကိုလည်းကောင်း၊ ပဝတ္တိ အခါ၌ ပဝတ္တိ သင်္ဂဟကိုလည်းကောင်း၊ ဤနှစ်ပါးကုန်သော ပဝတ္တိ သင်္ဂဟတို့ကို ငါဆိုပေအံ့-ဟု ဆိုလိုသည်။ ဤအနက်သည်ကား အထက်ဖြစ်သော ဝီထိမုတ္တ သင်္ဂဟ၌ အားထုတ်အပ်သော အစဂါထာဖြင့် ထင်ရှားပေလတ္တံ့။
အချို့ကုန်သော ကေစိဆရာတို့သည် နိဒ္ဓါရဏအနက်၌ သတ္တမီ ဝိဘတ် အဆုံးရှိသော ပုဒ်တည်းဟု ဆိုကြကုန်၏။ ဤသို့ ဆိုတိုင်းဖြစ်ခဲ့သော် အထက်ဖြစ်သော ဝီထိမုတ္တ သင်္ဂဟသည် ပဋိသန္ဓိ သင်္ဂဟ မည်ခဲ့ရာ၏။ ပဝတ္တိ သင်္ဂဟ မမည်ခဲ့ပေရာ။ မှန်လှစွာ၏။ ဤသို့ ဖြစ်ခဲ့သော် အထက်ဖြစ်သည့် ဝီထိမုတ္တ သင်္ဂဟ၌ အားထုတ်အပ်သော အစဂါထာ၌ ‘‘ပဋိသန္ဓေအခါ၌ ပဝတ္တိ သင်္ဂဟ မည်သည့် ဝီထိမုတ္တ သင်္ဂဟကို ယခုအခါ၌ ငါမိန့်ဆိုပေအံ့’’ဟူသော စကားနှင့် မညီမညွတ်ပေ။
၁၂၂။ ဋီကာဟောင်း ဋီကာကျော် (နှာ- ၁၃ရ)တို့၌ကား-
ဝေဒနာ သင်္ဂဟ စသည်ကို ဝေဖန်သောအားဖြင့် မြတ်သော -
ဟု မိန့်ဆိုအပ်၏။ ထိုဋီကာဟောင်း ဋီကာကျော်တို့ ဆိုသောစကားကို စူးစမ်းဆင်ခြင်သင့်၏။
သင့်ရောက်သော အပြစ်ကို ဆိုဦးအံ့။ ဤသို့ ဖြစ်သည်ရှိသော် ပကိဏ္ထကသင်္ဂဟကို သာလျှင် ဤနေရာ၌ သင်္ဂဟသဒ္ဒါဖြင့် ယူရာကျသည် ဖြစ်ပေရာ၏ဟု သိမှတ်ပါလေ။ အကြင့်ကြောင့်ကား (စိတ် စေတသိက် ပကိဏ်း ဟူသော) သုံးပါးလည်း ဖြစ်ကုန်သော (ဝီထိမုတ် ရုပ် ဟူသော) နှစ်ပါးလည်း ဖြစ်ကုန်သော ပဘေဒသ သင်္ဂဟတို့၏ အလယ်၌တည်၍ ဤအနုသန္ဓေဂါထာသည် ဖြစ်၏။ ထို့ကြောင့် ရှေ့၌ သုံးပါး ကုန်သော ပဘေဒ သင်္ဂဟတို့ကို ဤအနုသန္ဓေ သင်္ဂဟ ဂါထာ၌ သင်္ဂဟ သဒ္ဒါဖြင့် ယူခြင်းငှါ သင့်မြတ်၏ဟု မှတ်အပ်၏။
အဖို့တစ်ပါးကို ဆိုဦးအံ့။ ဤပဝတ္တိ သင်္ဂဟကို ၀တ္ထု ဒွါရ အာရုံတို့နှင့်တကွ ယှဉ်စေ၍ ဆိုလို သည်ရှိသော် ကောင်းစွာ ဆိုအပ်သည် မည်သောကြောင့် သုံးပါးကုန်သော ထို ၀တ္ထုဆက္က ဒွါရဆက္က အာရမ္မဏ ဆက္ကတို့ကိုလည်း ဤပဝတ္တိ သင်္ဂဟ၌ တစ်ဖန် ထားအပ်ကုန်၏။
၁၂၃။ ဋီကာကျော် (နှာ- ၁၃ရ)၌ကား-
၀တ္ထု ဒွါရ အာရမ္မဏ သင်္ဂဟတို့ကို အောက်ဖြစ်သော ပကိဏ္ထကသင်္ဂဟ၌ ဆိုအပ်ပြီးကုန်သော်လည်း ဆဆက္က အပြည့်အစုံ ပြု၍ ပဝတ္တိ သင်္ဂဟကို ပြုခြင်းငှါ တစ်ဖန် ချထားအပ်ကုန်၏။
ဟု ဆို၏။ ထိုစကားသည် မကောင်းချေ။ အဘယ်ကြောင့် မကောင်းသနည်း ဟူမူကား- အကြင့်ကြောင့် အလုံးစုံကုန်သော ၀တ္ထု ဒွါရ အာရမ္မဏ သင်္ဂဟတို့ကို ဤပဝတ္တိ သင်္ဂဟ၌ ချထားအပ်ကုန်သည် မဟုတ်ချေ။ ထို့ကြောင့် ထိုဋီကာကျော် စကားသည် မကောင်းချေ။
အာရုံတို့၏ ဒွါရတို့၏ ဖြစ်ခြင်းသည် ဝိသယပဝတ္တိ မည်၏။
ဆက်၍ ဆိုဦးအံ့။ ဤဝိသယပဝတ္တိ ဟူသော စကား၌ -
- ‘ပဝတ္တိ’- ဟူသည်ကား ထင်ခြင်းသို့ ရောက်ခြင်းကိုသာလျှင် ဆိုအပ်၏။
မှန်လှစွာ၏။ ‘‘တစ်ခုသော စိတ်၏ ခဏကဲ့သို့သော ခဏလျှင် လွန်ခြင်းရှိကုန်သည် ဖြစ်၍ လည်းကောင်း’’ ဤသို့ အစရှိသော စကားကို အထက်၌ ဆိုလတ္တံ့။
ထိုထင်ခြင်းသို့ ရောက်ခြင်းသည်ကား အချို့သော ထင်ခြင်းသို့ ရောက်ခြင်းသည် အထူးသဖြင့် အလွန်လျင်မြန်၏။ အချို့သော ထင်ခြင်းသည် အထူးသဖြင့် လျင်မြန်၏။ အချို့သော ထင်ခြင်းသည် လျင်မြန်၏။ အချို့သော ထင်ခြင်းသည် နုံ့နှေး၏။ အချို့သော ထင်ခြင်းသည် အထူးသဖြင့် နုံ့နှေး၏။ အချို့သော ထင်ခြင်းသည် အထူးသဖြင့် အလွန်နုံ့နှေး၏။ ဤသို့ ခြောက်ပါး အပြားရှိ၏ဟု သိမှတ် ပါလေ။
ကံ အစရှိကုန်သော အာရုံတို့၏ ဒွါရတို့၌ ဖြစ်ခြင်း ထင်ခြင်းသို့ ရောက်ခြင်းသည် ဝိသယပဝတ္တိ မည်၏။ မှန်လှစွာ၏။ ‘‘ကုသိုလ်ကံ အကုသိုလ်ကံသည် လည်းကောင်း၊ ရူပါရုံ အစရှိသော တုတ် လှံတံ ဓား လှံ လေး မြား ကျောင်း ဘုရား စေတီ ဆွမ်း သင်္ကန်းထီး တံခွန် ပန်းမန် စသော ကမ္မနိမိတ်သည်လည်းကောင်း၊ အမိ ဝမ်းရေ ငရဲအိုး ငရဲထိန်း ငရဲမီးလျှံ ခွေးနက်ကြီး နတ်သမီး ဗိမာန် ပဒေသာပင် စသော ဂတိနိမိတ်သည်လည်းကောင်း၊ ကံ၏ အစွမ်းအားဖြင့် ဒွါရခြောက်ပါးတို့တွင် တစ်ပါးပါးသော ဒွါရ၌ အဖန် တလဲလဲ ရှေးရှုဖြစ်၍ ထင်၏’’ ဟူ၍ ဆိုလတ္တံ့။
၁၂၄။ ဋီကာကျော် (နှာ- ၁၃ရ)၌ကား-
အာရုံတို့၌လည်း စိတ်တို့၏ ဖြစ်ခြင်းသည် ဝိသယပဝတ္တိ မည်၏။
ဟူ၍လည်း မိန့်ဆို၏။ ထိုအဆိုသည် မကောင်းချေ။
အပြစ်ကို ဆိုဦးအံ့။ ဤသို့ ဋီကာကျော်ဆရာ ဆိုတိုင်း ဖြစ်ခဲ့သည် ရှိသော် အတိပရိတ္တာရုံ ဝီထိ၌ အာရုံတို့၏ စိတ်တို့၏ ဖြစ်ခြင်းမည်သည် မသင့်မြတ်သည် ဖြစ်ခဲ့ရာ၏ဟု မှတ်သိပါလေ။
- ကတ္ထ - ဟူသည်ကား ထိုခြောက်ပါးကုန်သော ဆက္ကတို့တွင်-
ဓာတ်၏အပြားသို့ ရောက်သည်ရှိသော် ဓာတ်ထူးသည်၏ အဖြစ်သည် ပမာဏပေတည်း။ ထို့ကြောင့် သိခြင်းအမှုကို အထူးသိခြင်း အမှုမှ အသီးပြု၍ မနောဓာတ်ကို အသီးအခြား မိန့်ဆိုအပ်၏။ ဝိညာဉ် ၏ အပြားသို့ ရောက်သည်ရှိသော်ကား အလုံးစုံသော သိခြင်းသည် အထူးသိခြင်း၌ အတွင်းဝင်သည် သာလျှင် ဖြစ်၏။ ထို့ကြောင့် ‘‘စက္ခု ဝိညာဏံ (လ) ဆဝိညာဏာနိ’’ ဟူ၍ မိန့်ဆိုတော်မူ၏။
ခြောက်ပါးသော ဝီထိတို့ကိုကား ဒွါရ၌ဖြစ်ကုန်သော စိတ်တို့၏ ဖြစ်ခြင်းတို့ကို ယှဉ်အပ်ကုန်၏။ ဤသည် ရှေ့ပုဒ် နောက်ပုဒ်တို့၏ စပ်ခြင်းတည်း။
စက္ခုဒွါရ၌ဖြစ်သော စိတ်အစဉ်သည် စက္ခုဒွါရဝီထိ မည်၏။ စက္ခုဒွါရ၏ ဖောက်ပြန်ခြင်းကို စွဲ၍ဖြစ်သော စိတ်အစဉ်တည်း။ ဤ သည်ကား အဓိပ္ပါယ်နက်ပေတည်း။ ကြွင်းသော သောတဒွါရဝီထိ စသည်တို့၌လည်း ဤစက္ခုဒွါရဝီထိ အတူပင်တည်း။
မဆက်ဆံသော စက္ခုဝိညာဉ်ဖြင့် မှတ်အပ်သော စိတ်အစဉ်သည် စက္ခုဝိညာဏဝီထိ မည်၏။ ဆက်၍ ဆိုဦးအံ့။ သက်သက်သော နော ဝိညာဉ် အစဉ်သည် မနောဝိညာဏဝီထိ မည်၏။
၁၂၅။ ဋီကာကျော် (နှာ- ၁၃၈)၌ကား-
စက္ခုဝိညာဉ်နှင့် စပ်၍ ဖြစ်ခြင်းရှိသော စိတ်အစဉ်တည်း။ အဘယ့်ကြောင့်နည်း ဟူမူကား- ထိုစက္ခုဝိညာဉ်နှင့် တကွ တူသော အာရုံ တူသော ဒွါရ၌ ဖြစ်ခြင်း ရှိသည်၏အဖြစ်ဖြင့် တကွ ဖြစ်သည်၏ အဖြစ်ကြောင့်ပေတည်း။ ထို့ကြောင့် စက္ခုဝိညာဏဝီထိ မည်၏။ ဟူ၍ မိန့်ဆို၏။
- ‘ဒွါရပ္ပဝတ္တာ’- ဟူသည်ကား ဒွါရ၌ဖြစ်ကုန်သော ထိုထိုဒွါရ၏ ဖောက်ပြန်ခြင်း အထူးကို စွဲ၍ ဖြစ်ကြကုန်သော- ဤသည်ကား အနက်တည်း။
- ‘စိတ္တပ္ပဝတ္တိယော’- ဟူသည်ကား စိတ်အစဉ်တို့တည်း။
- ‘အတိမဟန္တံ’- ဟူသော ပုဒ်သည် သာမိအနက်၌ ပထမာ ဝိဘတ် အဆုံးရှိသော ပုဒ်တည်း။
အလွန်အားကြီးသော ပဉ္စာရုံ၏ဖြစ်ခြင်းလည်းကောင်း၊ အားကြီးသော ပဉ္စာရုံ၏ ဖြစ်ခြင်းလည်း ကောင်း၊ အားနည်းသော ပဉ္စာရုံ၏ ဖြစ်ခြင်းလည်းကောင်း၊ အလွန်အားနည်းသော ပဉ္စာရုံ၏ ဖြစ်ခြင်းလည်းကောင်း၊ ဤသို့ ပဉ္စာဒွါရ၌ လေးပါး အပြားရှိ၏။ မနောဒွါရ၌ကား ထင်ရှားသော အာရုံခြောက်ပါး၏ ဖြစ်ခြင်း လည်းကောင်း၊ မထင်ရှားသော အာရုံခြောက်ပါး ဖြစ်ခြင်းလည်းကောင်း၊ ဤသို့ နှစ်ပါးအပြား ရှိ၏။ ဤသို့ ခြောက်ပါးအပြားအားဖြင့် အာရုံတို့၏ ဒွါရတို့၌ ဖြစ်ခြင်းကို သိအပ် သိသင့်၏။ ဤသည်ကား ယောဇနာခြင်းတည်း။
ဆက်၍ ဆိုဦးအံ့၊ ဤအာရုံအရာ၌ အတိမဟန္တ စသည်တို့၏ အဖြစ်ကို အာလောက စသော အကြောင်းအပေါင်း၏ အစွမ်းဖြင့်လည်းကောင်း၊ ၀တ္ထုအထည် အလွန်အားကြီးခြင်း စသည်တို့၏ အစွမ်းဖြင့် လည်းကောင်း သိအပ်ပေ၏။ ထိုတရားတို့တွင် နူးညံ့သိမ်မွေ့သည်လည်း ဖြစ်သော ဝေးသည်လည်းဖြစ်သော ရူပါရုံ စသည်တို့၏ တည်ရာ အထည်၀တ္ထု မည်သည်ကား အာလောက စသော အကြောင်းအပေါင်း၏ ပြည့်စုံခြင်း ရှိလတ်သော် အတိမဟန္တ မည်သည်သာလျှင် ဖြစ်၏။
ထိုစကားသည် မှန်လှစွာ၏။ ဘုန်းတော်ကြီးသော ရှင်တော်ဗုဒ္ဓ၏ ရှေးဦးစွာ ဘုရားဆုပန် ယူသောကာလ စသည်တို့၌ လောကဝိဝရဏ တန်ခိုးပြာဋိဟာ ဖြစ်သော ကာလ၌ အဝီစိ ငရဲ၌လည်းကောင်း၊ အကနိဋ္ဌဘုံ၌လည်းကောင်း၊ တစ်ပါးသော စကြဝဠာတိုက်တို့၌လည်းကောင်း၊ နူးညံ့သိမ်မွေ့သည်လည်း ဖြစ်ကုန်သော ဝေးသည်လည်း ဖြစ်ကုန်သော ရူပါရုံတို့ကို ဤ ဇမ္ဗူဒီပါကျွန်း အပြင်၌ တည်ကုန်လျက်သာလျှင် မြင်ကြရကုန်၏။
မှန်လှစွာ၏။ ထိုအခါ၌ မွန်မြတ်သော အရောင်သည် ထင်ရှား ဖြစ်၏။ ထိုမွန်မြတ်သော အရောင်၏ အစွမ်းဖြင့် အလုံးစုံလည်း ဖြစ်ကုန်သော မြေကြီး မြင့်မိုရ်တောင် စကြဝဠာတောင် စသည်တို့သည် ဖန်တုံးအစစ်ကဲ့သို့ ပြည့်စုံကြကုန်၏။
မှန်လှစွာ၏။ ဓမ္မစက္ကပဝတ္တနသုတ်၌-
- ကြီးကျယ်သော မွန်မြတ်သော အရောင်အလင်းသည် နတ်တို့၏ နတ်တန်ခိုး အာနုဘော်ကို လွန်၍ ထင်ရှား ဖြစ်ပေါ်လာ၏။ ဟု ဟောတော်မူ၏။
အထူးကို ဆိုဦးအံ့။ ဥပပတ် အစစ်ဖြစ်သော နတ် ဗြဟ္မာစသည်တို့၏ ပသာဒ၏ မှီရာ မဟာဘုတ်တို့၏ ဖြစ်သော အရောင်ရှိသည်၏ အဖြစ်ကြောင့်လည်း မြေတောင် စသည်တို့သည် စက္ခုရူပါရုံတို့၏ အကြားတွင် ခြားကာခြင်းကို ပြုခြင်းငှါ မတတ်နိုင်ကြကုန်ဟု သိမှတ်အပ်ကုန်၏။
ထို့အတူ ဝေးသော အရပ်၌လည်း တောင်အစရှိသော ရူပါရုံတို့သည် မှီရာ အထည် ၀တ္ထု ကြီးကျယ်သောကြောင့်လည်းကောင်း၊ လ နေ နက္ခတ် အစရှိသော ရူပါရုံတို့သည် အာရုံ၏တည်ရာ အထည် ၀တ္ထု ကြီးကျယ်သောကြောင့်လည်းကောင်း၊ အရောင်အလင်းသဘော ဖြစ်သည်၏ အဖြစ်ကြောင့်လည်းကောင်း အတိမဟန္တာရုံ = အလွန်အားကြီးသော အာရုံတို့ မည်ကြကုန်၏ဟု သိမှတ်အပ်ကုန်၏။
အတိမဟန္တာရုံမှ တစ်ပါး မဟန္တာရုံ စသည်ကို ဆိုဦးအံ့။ အာလောက စသော အကြောင်း အပေါင်းတို့၏ လည်းကောင်း၊ တည်ရာ အထည် ၀တ္ထု တို့၏လည်းကောင်း၊ အားနည်းသော အစဉ် အထူးသဖြင့် အားနည်းသော အစဉ် အထူးသဖြင့် အလွန်အားနည်းသော အစဉ်ဖြင့် မဟန္တာရုံ စသည်တို့၏ အဖြစ်ကို ဆိုသင့် ဆိုထိုက်၏ဟု သိမှတ်အပ်၏။
- ဆက်၍ ဆိုဦးအံ့။ တစ်ခုသော စိတ္တက္ခဏကို လွန်၍ ထင်ခြင်းသို့ ရောက်ကုန်သော ပဉ္စာရုံတို့သည် အတိမဟန္တာရုံတို့ မည်ကုန်၏။
- စိတ္တက္ခဏ နှစ်ခု သုံးခုတို့ကို လွန်၍ ထင်ခြင်းသို့ ရောက်ကုန်သော ပဉ္စာရုံတို့သည် မဟန္တာရုံတို့ မည်ကုန်၏။
- စိတ္တက္ခဏ လေးခု ငါးခု ခြောက်ခု ခုနစ်ခု ရှစ်ခု ကိုးခု တို့ကို လွန်၍ ထင်ခြင်းသို့ ရောက်ကုန်သော ပဉ္စာရုံတို့သည် ပရိတ္တာရုံတို့ မည်ကုန်၏။
- စိတ္တက္ခဏ ဆယ်ခု တစ်ဆယ့်တစ်ခု တစ်ဆယ့်နှစ်ခု တစ်ဆယ့်သုံးခု တစ်ဆယ့်လေးခု တစ်ဆယ့်ငါးခုတို့ကို လွန်၍ ထင်ခြင်းသို့ ရောက်ကုန်သော ပဉ္စာရုံတို့သည် အတိပရိတ္တာရုံတို့ မည်ကုန်၏။
ဟု သိမှတ်အပ်ကုန်၏။ မှန်လှစွာ၏။ ‘‘ဧကစိတ္တက္ခဏာတီတာနိ ဝါ’’ အစရှိသော စကားကို မိန့်ဆိုလတ္တံ့။
- ‘ဝိဘူတဿ’ - ဟူသည်ကား ထင်ရှားသော၊
- ‘အဝိဘူတဿ’- ဟူသည်ကား မထင်ရှားသော၊
စိတ်သက်နှင့် ရုပ်သက်
ဤသို့ ဆက္ကခြောက်ပါးတို့ကို သရုပ်အားဖြင့် ထုတ်ပြတော်မူပြီး၍ ယခုအခါ၌ ထိုအလုံးစုံသော ဆက္ကတို့ကို တစ်ပေါင်းတည်း ယှဉ်၍ ဝီထိစိတ်တို့၏ ဖြစ်ခြင်းကို ချဲ့တော်မူလိုသည် ဖြစ်၍ ‘‘ကထံ’’ ဟူ၍ မေးတော်မူပြီး၍ ရှေးဦးစွာ ရုပ်တရား နာမ်တရားတို့၏ အသက်ဟူသော ကာလအပိုင်းအခြားကို ပြခြင်းငှါ ‘‘ဥပ္ပါဒဌိတိ’’ အစရှိသော စကားကို မိန့်တော်မူ၏။
ထို ဥပ္ပါဒဌိတိ- စသော စကားရပ်၌ ‘‘ကထံ’’ ဟူသည်ကား အဘယ်သို့သော အပြားအားဖြင့် ဝီထိစိတ်တို့၏ ဖြစ်ခြင်းသည် ဖြစ်သနည်း။ ဤသည်ကား အနက်ပေတည်း။
၁၂၆။ ဋီကာကျော် (နှာ- ၁၃၈)၌ကား-
‘ကထံ’- ဟူသည်ကား အဘယ်သို့သော အပြားအားဖြင့် အတိမဟန္တ စသည်တို့၏ အစွမ်းအားဖြင့် အာရုံကို ပိုင်းခြားခြင်း ဖြစ်သနည်း။ ဤသို့ ထိုအာရုံကို ပိုင်းခြားခြင်းကို မေးပြီး၍ စိတ္တက္ခဏ၏ အစွမ်းအားဖြင့် ထိုအာရုံ အပိုင်းအခြားကို ထင်စွာ ပြစိမ့်သောငှါ ‘ဥပ္ပါဒဌိတိ’ အစရှိသော စကားကို အားထုတ်အပ်၏။
ဟူ၍ မိန့်ဆို၏။ ထိုစကားသည် သင့်သကဲ့သို့ မထင်ပေ။ အပြစ်ကို ပြဆိုဦးအံ့။ ဤဋီကာကျော်ဆရာ ဆိုတိုင်း ဖြစ်ခဲ့သော်- အစ၌ ငါးပါးကုန်သော ဆက္ကတို့၏ အခွင့်မည်သည် မဖြစ်ခဲ့ပေရာ။ ‘‘ဥပ္ပါဒဌိတိ (ပ) ရူပ ဓမ္မာ နမာယူ’’ဟူသော ဤစကားကို အာရုံကို ပိုင်းခြားခြင်း အကျိုးငှါသာလျှင် မိန့်ဆိုအပ်၏။ ဤသို့ သိစေခြင်းငှါ တတ်လည်း မတတ်ကောင်းပေဟု မှတ်အပ်၏။
ဖြစ်ခြင်းသည် ဥပ္ပါဒ မည်၏။ သဘောကို ရခြင်းတည်း။ ဤသည် ကား အနက်တည်း။ တည်ခြင်းသည် ဌိတိ မည်၏။ ရအပ်ပြီးသော အပြားရှိသော သဘော၏ မဆုတ်နစ်သည်၏ အဖြစ်ဖြင့် ဖြစ်ခြင်းတည်း။ ဤသည်ကား အနက်တည်း။ ပျက်စီးခြင်းသည် ဘင်္ဂ မည်၏။ ထိုရအပ်ပြီးသော အပြားရှိသော သဘော၏ ယုတ်လျော့၍ ကွယ်ပျောက်ခြင်းတည်း။ ဤသည်ကား အနက်တည်း။
‘ဧကစိတ္တက္ခဏံ နာမ’ ဟူသည်ကား တစ်ခုသော စိတ်၏ ခဏ မည်၏။ ထိုခဏကိုကား လက်ဖျစ်တစ်တွက် ခဏ၏လည်းကောင်း၊ မျက်စိတစ်မှိတ် ခဏ၏လည်းကောင်း ကုဋေတစ်သန်း မက စိတ်၍ တစ်စိတ်စာမျှ အဖို့ရှိ၏ဟူ၍ မှတ်အပ်၏။
မှန်လှစွာ၏။
- လက်ဖျစ်တစ်တွက် ခဏ၌ ကုဋေတစ်သိန်းမက များသော အရေအတွက် ရှိကုန်သော ဝေဒနာ တို့သည် ဖြစ်ကြကုန်၏။ ဟူ၍ အဋ္ဌကထာ၌ ဆို၏။
အဋ္ဌကထာဆရာ၏ အလိုမှတစ်ပါး ဋီကာဆရာ၏ အလိုကို ဆိုဦးအံ့။ ဤစိတ္တက္ခဏ အရာ၌ ဆရာအာနန္ဒာမထေရ်၏ အလိုအားဖြင့်-
- ဥပါဒ် ဘင်၏ အစွမ်းအားဖြင့် ခဏတို့၏ နှစ်ခုအပေါင်းသည် စိတ္တက္ခဏ မည်၏။ ဟူ၍ ဆိုသင့်၏။ ဆိုလိုသည်။
ဥပမာဖြင့် ထင်စွာ ပြဦးအံ့။
လောက၌ လျှပ်စစ် မည်သည်ကား ဖြစ်ပေါ် ပွားစီးသည်၏ အခြားမဲ့၌သာလျှင် ယုတ်လျော့၍ ပျက်စီးလေ၏။ ထိုလျှပ်စစ်၏ကား ဖြစ်ပေါ် ပွားစီးခြင်း၏လည်းကောင်း၊ ယုတ်လျော့ပျက်စီး ခြင်း၏လည်းကောင်း၊ အကြား၌ တည်ခြင်း ‘ဌီ’မည်သည်ကို အသီးအခြား မရအပ် သကဲ့သို့ လည်းကောင်း - အထက်သို့ ဖြောင့်ဖြောင့် ပစ်လွှတ်အပ်သည့် ခဲသည် တက်ပြီး၍ ပြန်ကျ၏။ တက်ခြင်း၏လည်းကောင်း၊ ကျခြင်း၏လည်းကောင်း၊ အကြား၌ တည်ခြင်း ‘ဌီ’ မည်သည် အသီး အခြား မထင်ရှားလေဘိ သကဲ့သို့လည်းကောင်း-
ထို့အတူ စိတ်သည်လည်း တက်ပွားသည်၏ အခြားမဲ့၌သာလျှင် ဆုတ်ယုတ်၍ ပျက်စီးလေ၏။
အကျယ်ချဲ့၍ ဆိုပေဦးအံ့။ ထိုစိတ်သည်လည်း ဥပါဒ်သော အဖို့၏ အခြားမဲ့၌သာလျှင် ကွယ်ပျက်သော အဖို့၌ ကျရောက်၏။ စင်စစ်သော်ကား ထိုစိတ်၏ ရုပ်တရားတို့ကို နှစ်ပါးကုန်သော ထိုဥပါဒ်အဖို့ ဘင် အဖို့တို့၏ အလယ်၌ အသီးအခြားဖြစ်သည့် ရေတွက်လောက်သော ဌီအဖို့ မည်သော သုံးခုမြောက် အဖို့ကို ရအပ်သကဲ့သို့ နှစ်ပါးကုန်သော ထိုဥပါဒ်အဖို့ ဘင်အဖို့တို့၏ အလယ်၌ အသီးအခြား ဖြစ်သည့် တစ်ခုသော ရေတွက်လောက်သော ဌီအဖို့မည်သော သုံးခုမြောက် အဖို့ကို မရအပ်ပေ။
ဤသို့သော အကြောင်းကြောင့် ယမိုက်ပါဠိတော်တို့၌ စိတ်၏ ဥပါဒ်- ဘင်တို့ကိုသာလျှင် ထိုထိုဝါရတို့၌ ဟောတော်မူအပ်ကုန်၏။ အထူးအားဖြင့်ကား စိတ္တယမိုက်ပါဠိတော်၌-
- ခဏတ္တယသမင်္ဂီ တရားသည် ဥပါဒ်ဆဲလော၊ ဤသို့ မေးတော် မူပြီး၍ ဘင်ခဏ၌ ဥပ္ပန္န မည်၏။ ဥပါဒ်ဆဲ မဟုတ်၊ ဥပါဒ်ဆဲ ခဏ၌ ဥပ္ပန္နလည်း မည်၏။ ဥပါဒ်ဆဲလည်း မည်၏။
ဤသို့ အစရှိသည်ဖြင့် စိတ်၏ ဘင်-ဥပဒ်တို့ကိုသာလျှင် ဟောတော်မူအပ်ကုန်၏။ ကထာ ၀တ္ထု ပါဠိတော်၌လည်း-
(က) တစ်ခုသော စိတ်သည် တစ်နေ့လုံး တည်ပါသလော၊
ဤကား- သကဝါဒီ အမေးတည်း။
- အိမ်း- တစ်နေ့လုံး တည်ပါပေ၏ဟု ပရဝါဒီပုဂ္ဂိုလ်က ဝန်ခံ၏။
- နေ့တစ်ဝက်သည် စိတ်၏ဖြစ်ရာ ခဏလော၊ နေ့တစ်ဝက်သည် စိတ်၏ပျက်ရာ ခဏလော-ဟု သကဝါဒီပုဂ္ဂိုလ်က စစ်ဆေး မေးမြန်း၏။
- ဤသို့ မဆိုအပ် မဆိုထိုက်ပေ-ဟု ပရဝါဒီပုဂ္ဂိုလ်က ပယ်ရှား၏။
(ခ) တစ်ခုသော စိတ်သည် နှစ်နေ့တို့ပတ်လုံး တည်ပါသလော၊
ဤကား- သကဝါဒီ အမေးတည်း။
- အိမ်း- နှစ်နေ့တို့ပတ်လုံး တည်ပါပေ၏။ (ပရဝါဒီ ဝန်ခံ)
- တစ်နေ့သည် စိတ်၏ဖြစ်ရာ ခဏလော၊ တစ်နေ့သည် စိတ်၏ပျက်ရာ ခဏလော။ (သကဝါဒီ စစ်ဆေး)
- ဤသို့ မဆိုအပ် မဆိုထိုက်ပေ။ (ပရဝါဒီ ပယ်ရှား)
(ဂ) တစ်ခုသော စိတ်သည် လေးနေ့တို့ပတ်လုံး တည်ပါသလော၊
ဤကား- သကဝါဒီ အမေးတည်း။
- အိမ်း- လေးနေ့တို့ပတ်လုံး တည်ပါပေ၏။ (ပရဝါဒီ ဝန်ခံ)
- နှစ်နေ့သည် စိတ်၏ဖြစ်ရာ ခဏလော၊ နှစ်နေ့သည် စိတ်၏ပျက်ရာ ခဏလော။ (သကဝါဒီ စစ်ဆေး)
- ဤသို့ မဆိုအပ် မဆိုထိုက်ပေ။ (ပရဝါဒီ ပယ်ရှား)
(လ) တစ်လပတ်လုံး၊ နှစ်လပတ်လုံး၊ လေးလပတ်လုံး-
(လ) တစ်နှစ်ပတ်လုံး၊ နှစ်နှစ်တို့ပတ်လုံး၊ လေးနှစ်တို့ ပတ်လုံး-
(လ) တစ်ကမ္ဘာပတ်လုံး၊ နှစ်ကမ္ဘာပတ်လုံး၊ လေးကမ္ဘာ ပတ်လုံး-
ဤသို့ စသည်ဖြင့် စိတ်၏ နှစ်ပါးကုန်သော ဥပါဒ်အဖို့ ဘင်အဖို့ တို့ကိုသာလျှင် ဟောတော် မူအပ်ကုန်၏။ ဌီအဖို့ကိုကား မဟောအပ်ပေ။ ထိုဌီခဏကို အသီးအခြား အကယ်၍ ရငြားအံ့-
- တစ်ခုသော စိတ်သည် တစ်နေ့ပတ်လုံး တည်ပါသလော၊ (သကဝါဒီ မေး)
- အိမ်း- တစ်နေ့ပတ်လုံး တည်ပါပေ၏။ (ပရဝါဒီ ဝန်ခံ)
- နေ့၏ ပထမပိုင်းသည် စိတ်၏ဖြစ်ရာ ခဏလော၊ ဒုတိယ ပိုင်းသည် စိတ်၏တည်ရာ ခဏလော၊ တတိယပိုင်းသည် စိတ်၏ပျက်ရာ ခဏလော။
ဟူ၍ ဤသို့ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ် သည် စိစစ်အပ်သည် ဖြစ်ရာ၏။
- သုံးနေ့တို့ပတ်လုံး၊ သုံးလတို့ပတ်လုံး၊ သုံးနှစ်တို့ပတ်လုံး၊ သုံးကမ္ဘာတို့ပတ်လုံး။
ဤသို့ စသော စကားတို့ကိုလည်း မကြဉ်သင့်ကုန်သည်လျှင် ဖြစ်ကုန်ရာ၏ဟု မှတ်အပ် မှတ်ထိုက်၏။
ဤစိတ်၌ ဥပါဒ်ခဏ ဘင်ခဏ နှစ်ခုသာ ရှိ၏ဟူသော စကား၌ စောဒနာခြင်းသည် ဖြစ်ရာ၏။ သုတ္တန်ပါဠိတော်တို့၌-
- ရဟန်းတို့- သင်္ခတတရား၏ သင်္ခတတရားတို့၏ လက္ခဏာတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း ဟူမူကား- ဖြစ်ဆဲ သည်လည်း ထင်ရှား၏။ ပျက်ဆဲသည်လည်း ထင်ရှား၏။ တည်သော သင်္ခတတရား၏ ဖောက်ပြန်သည်၏ အဖြစ်သည်လည်း ထင်ရှား၏။
ဟူ၍ ဟောတော်မူ၏။ ထို့အတူ-
- ဝေဒနာ၏ ဖြစ်ဆဲသည်လည်း ထင်ရှား၏။ ပျက်ဆဲသည်လည်း ထင်ရှား၏။ တည်သော ဝေဒနာ၏ ဖောက်ပြန်သည်၏ အဖြစ်သည် လည်း ထင်ရှား၏။
- သညာ၏ သင်္ခါရတို့၏ ဝိညာဉ်၏ ဖြစ်ဆဲသည်လည်း (ပ) ထင်ရှား၏။
ဟူ၍ ဟောတော်မူ၏။ ထို့ကြောင့် စိတ်၏ သုံးခုမြောက်ဖြစ်သော ဌီအဖို့ကို အသီးအခြား ရအပ်သည်သာ မဟုတ်ပါလော။ ဤသို့ စောဒနာသည် ဖြစ်နိုင်ရာသည် မဟုတ်ပါလော။ ဤသို့ကား မစောဒနာသင့်ပေ။ အဘယ့်ကြောင့်နည်း ဟူမူကား- ထိုသုတ္တန် ပါဠိတော်တို့၌ ပဗန္ဓဌီကို သာလျှင် ဟောတော်မူသည်၏ အဖြစ်ကြောင့်တည်းဟု မှတ်အပ် မှတ်သင့်၏။
အဘယ့်ကြောင့် သိမှတ်အပ်သနည်းဟု အကယ်၍ ဆိုငြားအံ့။ ဥပါဒ် ဘင်တို့ကို ရှေးဦးစွာ ဟောတော်မူပြီး၍ တစ်ဖန် အသီးအခြား ‘‘တည်သော သင်္ခတတရား၏ ဖောက်ပြန်သည်၏ အဖြစ်သည်လည်း ထင်ရှား၏’’ဟူသော ဤပါဠိတော် စကားကို ဆိုအပ်သည်၏ အဖြစ်ကြောင့် သိအပ်၏ဟု မှတ်သင့် မှတ်ထိုက်၏။
ဤမှ တစ်ပါးသော အခြင်းအရာအားဖြင့် အနက်ကို ယူချေသည် ရှိသော် -
- ဖြစ်ဆဲသည်လည်း ထင်ရှား၏။ တည်သော သင်္ခတတရား၏ ဖောက်ပြန်သည်၏ အဖြစ်သည်လည်း ထင်ရှား၏။ ပျက်ဆဲသည်လည်း ထင်ရှား၏။
ဟူ၍ ဟောတော်မူသင့်သည် ဖြစ်ရာ၏ဟု မှတ်သင့် မှတ်ထိုက်၏။
ပဗန္ဓဌီ မည်သည်ကား ပညတ် ဖြစ်၏။ ထိုပညတ်သည်လည်း အသင်္ခတသာတည်း။ သုတ္တန် တို့သည်လည်း သင်္ခတလက္ခဏာလျှင် အရာ ရှိကုန်၏။ ထို့ကြောင့် ထိုပဗန္ဓဌီကို ထိုသုတ္တန်ပါဠိတို့၌ ဟောတော်မူအပ်၏ဟု သိခြင်းငှါ မတတ်ကောင်းလေသလောဟု အကယ်၍ ဆိုငြားအံ့။ မတတ် ကောင်းသည်ကား မဟုတ်ချေ။ တတ်ကောင်းသည်သာလျှင်တည်း။
အဘယ့်ကြောင့်နည်း မူကား- အဘိဓမ္မာပါဠိ ၌လည်း သင်္ခတတရားတို့ကို ထုတ်ပြသော အရာဌာနတို့၌ သမုဟပညတ် သဏ္ဍာနပညတ် သန္တတိပညတ် တို့ဖြင့်လည်း ထုတ်ပြခြင်းကို မြင်အပ်သည်၏ အဖြစ်ကြောင့်တည်း။
ထိုစကားကို ချဲ့၍ ဆိုဦးအံ့။ ရူပါယတနနိဒ္ဒေသ စသည်တို့၌-
- အရှည် အတို အငယ် အထူ အလုံး အဝန်း လေးထောင့် ခြောက်ထောင့် ရှစ်ထောင့် တစ်ဆယ့်ခြောက်ထောင့် အဝှမ်း ကြည်းကုန်း။
ဤသို့ စသည်ဖြင့်လည်းကောင်း ဝိဘင်းပါဠိတော် ၌လည်း-
- ဆံပင်တို့သည် အမွေးတို့သည် ခြေသည်း လက်သည်းတို့သည် သွားတို့သည်။
ဤသို့ စသည်ဖြင့်လည်းကောင်း ပညတ်ကို အရင်းပြုသဖြင့် သင်္ခတ တရားတို့ကို ထုတ်ပြ အပ်ကုန်၏ဟု မှတ်အပ်၏။ သုတ္တန်ပါဠိတော်တို့၌ ဆိုဖွယ်သည်ပင်လျှင် မရှိတော့ချေ။
မှန်လှစွာ၏။ ဤသို့ သဘောရှိကုန်သော အရာတို့၌ ပညတ်၏ အစွမ်းအားဖြင့် ဖြစ်သော ဒေသနာသည်လည်း သင်္ခတတရားကိုသာလျှင် ထိရောက်၍ တည်၏။ ထို့ကြောင့် ဥပါဒ် ဘင်တို့၏ အသီးအသီး တစ်ခု တစ်ခုသော ခဏကို စိတ်အားရအပ်သကဲ့သို့ ထို့အတူ ဌီ၏ တစ်ခုသော ခဏကို စိတ် အား မရအပ်ဟု သိမှတ်အပ်ပေ၏။ ဤဆို အပ်ခဲ့ပြီးသည်ကား ဆရာအာနန္ဒာမထေရ်၏ အလိုတည်း။
ဆက်၍ ဆိုဦးအံ့။ ဤဝါဒသည် သံယုတ်အဋ္ဌကထာ ၌ပင်လျှင် လာ၏။ ထိုဝါဒကိုလည်း (အရှင်ဗုဒ္ဓဃောသ) အဋ္ဌကထာဆရာသည် ပယ်အပ်၏။ မှန်လှစွာ၏။ ထို သံယုတ်အဋ္ဌကထာ၌-
- အချို့သော ဆရာတို့သည်ကား ဆိုကြကုန်၏။ နာမ်တရားတို့အား ဇရာခဏ မည်သည်ကို ပညတ်ခြင်းငှါ မတတ်ကောင်းချေ။ ဆက်၍ ဆိုဦးအံ့။ ‘‘ဝေဒနာ၏ ဖြစ်ဆဲသည်လည်း ထင်ရှား၏။ ပျက်ဆဲသည်လည်း ထင်ရှား၏။ တည်သော ဝေဒနာ၏ ဖောက်ပြန်သည်၏ အဖြစ်သည်လည်း ထင်ရှား၏’’ဟူ၍ ဟောတော်မူသော ရှင်တော်မြတ် ဘုရားသည် နာမ်တရားတို့၏လည်း လက္ခဏာ သုံးပါးတို့ကို သိအပ်၏၊ ထိုလက္ခဏာတို့ကို ထင်ရှားရှိသော ခဏကိုစွဲ၍ ရအပ်ကုန်၏။ ဤသို့ မိန့်ဆိုပြီး၍-
ခပ်သိမ်းသော တရားတို့၏ ထင်ရှားသည်၏ အဖြစ်ကို ဌီ မည်၏ဟူ၍ အပြားအားဖြင့် ဆိုအပ်၏။ ထင်ရှားရှိသော တရား၏သာလျှင် ပျက်စီးခြင်းသည် ခပ်သိမ်းသော အခါ၌ ခပ်သိမ်းသော သတ္တဝါ တို့ကို မရဏ မည်၏။
ဟူသော ဤအာစရိယဂါထာ စကားရပ်ဖြင့် ထိုအနက်ကို ပြီးစေကုန်၏။
မထေရ်တစ်ပါး၏ ယူပုံ တစ်နည်းကား - သန္တတိ၏ အစွမ်းဖြင့် တည်ခြင်းကို သိအပ်၏။ ဤသို့လည်း ဆိုကြကုန်၏။ ထိုသို့ပင် ဆိုကြကုန်ငြားသော်လည်း ဤသုတ်၌ ဤသို့သော အထူးသည် မရှိချေ။ ထို့ကြောင့် အာစရိယဂါထာဖြင့် အာနန္ဒသုတ္တန်ပါဠိကို မတားမြစ်မူ၍ အာနန္ဒသုတ္တန်ပါဠိကိုသာလျှင် ပမာဏကို ပြုအပ်၏ဟု မိန့်ဆိုအပ်၏။
ထို သံယုတ်အဋ္ဌကထာ စကား၌ -
- ဇရာခဏ မည်သည်ကား ဥပါဒ်ခဏနှင့် ဘင်ခဏတို့၏ အလယ်၌ အသီးအခြား ဖြစ်သည့် ရင့်ရော်ဆဲသော အခါဖြစ်သော ဌီခဏကို ဆိုအပ်၏။
- ဖောက်ပြန်သည်၏ အဖြစ် ဟူသည်ကား ရင့်ရော်မှု ဇရာပင်တည်း။
- ထင်ရှားရှိသော ခဏ ဟူသည်ကား ဥပါဒ် ဘင် ဟူသော ခဏနှစ်ခု အပေါင်းကိုသာလျှင်-။
စင်စစ်သော်ကား သံယုတ္တဋ္ဌကထာ စကားကို ပယ်ချထားခဲ့ပါသော်လည်း ဤမူလဋီကာဝါဒသည် ကထာ၀တ္ထုပါဠိတော်နှင့်တကွ ကောင်းစွာ ညီညွတ်သည်သာလျှင်တည်း။
တစ်နည်းကား - အထက်သို့ တက်သော ခဲ၏တက်ခြင်း၏ နစ်ခြင်းကဲ့သို့ စိတ်၏ဖြစ်ပွားခြင်းဟု ဆိုအပ်သော တက်ပွားခြင်း၏ အကြင် ဆုတ်နစ်ခြင်းသည် ရှိ၏။ မှန်လှစွာ၏။ တက်ပွားခြင်းသည် မဆုတ်မနစ် ခဲ့သည်ရှိသော် ပျက်ကွယ်ခြင်း မည်သည် မဖြစ်နိုင်ပေ။ ထို့ကြောင့် တက်ပွားခြင်း၏ အဆုံးမျှသာ ဖြစ်သော ထိုဆုတ်နစ်ခြင်းသည်ပင်လျှင် ဤအရာ၌ ဌီဟူသော ပရိယာယ်သည် ဖြစ်၏ဟု ဆိုခြင်းငှါ တတ်ကောင်း၏။
စင်စစ်သော်ကား အသီးအခြားအားဖြင့် မူကား- ရေတွက်လောက်သည့် တစ်ခုသော ထိုခဏ မည်သည် မဖြစ်မရှိချေ။ ထို့ကြောင့် အဘိဓမ္မာ ပါဠိတော်၌ စိတ်၏ ခဏနှစ်ခုတို့ကိုသာလျှင် ဟောတော်မူအပ်ကုန်၏။
အထူးကို ဆိုဦးအံ့။ ဖြစ်ပွားမှုအဖို့၏ အစအစွန်းကိုလည်းကောင်း၊ ပျက်စီးမှုအဖို့၏ အဆုံးအစွန်း ကိုလည်းကောင်း ထား၍ အလယ်၌ အဖို့ နှစ်ပါးအပေါင်း၌ မှီသော ရင့်ကျက်ခြင်း လက္ခဏာရှိသည့် ဇရာမည်သည်ကို နာမ်တရားတို့အားလည်း ရအပ်သည်သာလျှင်တည်း။ ထိုရင့်ကျက်ခြင်းကို ရည်ရွယ်၍ ဓာတုကထာပါဠိတော်၌ -
- ရင့်ရော်မှု ဇရာကို နှစ်ပါးကုန်သော ရူပက္ခန္ဓာ သင်္ခါရက္ခန္ဓာ တို့ဖြင့် ရေတွက်အပ်၏။ ဟူ၍ ဟောတော်မူ၏ဟု မှတ်အပ်၏။
၁၂ရ။ ဋီကာကျော် (နှာ- ၁၃၉)၌ကား-
ဥပါဒ် ဘင် အခိုက်အတန့်တို့မှ ပြားသော ဘင်သို့ ရှေးရှုသော အခိုက်အတန့်တို့လည်း အလိုရှိအပ်၏။ ထိုဘင်သို့ ရှေးရှုသော အခိုက် အတန့်သည် ဌီ မည်၏။
ဟူသော စကားသည် ကထာ၀တ္ထုပါဠိတော် နှင့်တကွ မညီညွတ်ပေ။ မှန်လှပေ၏။
- နေ့တစ်ဝက်သည် စိတ်၏ဖြစ်ရာ ခဏလော၊ နေ့တစ်ဝက်သည် စိတ်၏ပျက်ရာ ခဏလော၊ ပထမတစ်နေ့သည် စိတ်၏ဥပါဒ် ခဏလော၊ ဒုတိယတစ်နေ့သည် စိတ်၏ပျက်ရာ ခဏလော။
ဟု စိစစ်တော်မူသော အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်သည် ဥပါဒ် အခိုက်အတန့် ဘင်အခိုက်အတန့်တို့မှ ပြားသော သုံးခုမြောက် အခိုက် အတန့်ကို ထိုကထာ၀တ္ထုပါဠိတော်၌ ပယ်အပ်ပြီးသည်သာလျှင်ဟု မှတ်အပ်၏။
၁၂၈။ ဤပါဌ်ဖြင့် ထိုဋီကာကျော် (နှာ- ၁၃၉)၌-
ပါဠိတော်၌ကား ဝေနေယျ သတ္တဝါတို့၏ အလိုအား မဆန့်ကျင်သောအားဖြင့် နည်းကို ပြသသည်၏ အစွမ်းဖြင့် ထိုဌီကို မဟောခြင်း ဖြစ်ပေသည်။ ထိုစကားသည် မှန်လှပေ၏။ အဘိဓမ္မာဒေသနာသည် တစ်ရံတစ်ခါ၌ ဝေနေယျ သတ္တဝါတို့ ၏အလို အားလျော်သောအားဖြင့် ဖြစ်ပေ၏။ အဘယ်ကဲ့သို့ နည်း ဟူမူကား- ရုပ်၏ ဖြစ်ဆဲခဏတစ်ခုကို ဥပစယ သန္တတိ-ဟု နှစ်ပါးအပြားဖြင့် ခွဲဝေ၍ ဟောတော်မူအပ်သကဲ့သို့တည်း။
ဟူသော စကားကို ဆို၏။ ထိုစကားကိုလည်း ပယ်ခြင်းကိစ္စ ပြီးစီး၏။
မှန်လှပေ၏။ ဝေဖန်ခြင်းငှါ ထိုက်သောတရား၏ ဝေဖန်ခြင်းကို ပြုခြင်း မည်သည် ဝေနေယျ သတ္တဝါတို့၏ အစွမ်းအားဖြင့် ဖြစ်၏ဟူ၍ လည်းကောင်း၊ ဓမ္မ၏အစွမ်းအားဖြင့် ဖြစ်၏ဟူ၍ လည်းကောင်း ပြောဆိုရန် သင့်၏။
ထင်ရှားရှိလတ်သော် အသီးအခြားပြု၍ ဟောအပ် ဟောသင့်သည့် တရားကို အဘိဓမ္မာပါဠိတော်၌ မဟောမှုမည်သည် ဝေနေယျသတ္တဝါ တို့၏ အစွမ်းအားဖြင့် ဤသို့သော အနက်သဘောသည် မသင့်လျော်ချေ-ဟု သိမှတ်အပ်၏။
၁၂၉။ ထိုဋီကာကျော် (နှာ- ၁၃၉)၌-
သုတ္တန်ပါဠိတော်၌ ‘‘ရဟန်းတို့- သင်္ခတတရား၏ သင်္ခတတရားတို့၏ လက္ခဏာတို့သည် ဤသုံးပါး တို့တည်း။ အဘယ်သုံးပါးတို့နည်း ဟူမူကား- ဖြစ်ဆဲကိုလည်း သိအပ်၏။ ပျက်ဆဲကိုလည်း သိအပ်၏။ တည်သော သင်္ခတတရား၏ ဖောက်ပြန်သည်၏ အဖြစ်ကိုလည်း သိအပ်၏’’ဟူ၍ ဤသို့ သင်္ခတတရား၏သာလျှင် လက္ခဏာကို ပြခြင်းငှါ ဥပါဒ် စသည်တို့ကို ဟောတော်မူသည်၏ အဖြစ် ကြောင့် အပေါင်းဖြစ်သော ပညတ်သဘောဖြစ်သော အသင်္ခတ တရား၏ တည်ခြင်းကို ထို သုတ္တန်ပါဠိတော်၌ ဟောတော်မူအပ်၏ဟု သိခြင်းငှါ မတတ်ကောင်းချေ။
ဟူ၍ ဆိုသော စကားသည်လည်း ယူခြင်းငှါ မသင့်ပေ။ အဘယ့်ကြောင့်နည်း ဟူမူကား- အဘိဓမ္မာ ပါဠိတော်၌လည်း အောက်၌ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ပညတ်ကို အရင်းပြုသဖြင့် သင်္ခတတရား တို့၏ နိဒ္ဒေသကို မြင်အပ်သည်၏ အဖြစ်ကြောင့်ပေတည်းဟု မှတ်အပ်မှတ်ထိုက်၏။
၁၃၀။ ထိုဋီကာကျော် (နှာ- ၁၃၉)၌-
ဆက်၍ ဆိုဦးအံ့။ ‘ပ’ ဟူသော ဥပသာရပုဒ်၏ ဓာတ်အနက်၌သာလျှင် ဖြစ်သောကြောင့် ‘ပညာယတိ’ ဟူသော ဤကြိယာပုဒ်၏ ‘‘သိအပ်၏’’ ဟူသော အနက်ကို မှတ်အပ်၏။
ဟုဆိုသော စကားသည်လည်း မသင့်ချေ။ အဘယ့်ကြောင့်နည်း ဟူမူကား- သုတ်သည် ဆုံးမ ထိုက်သော ပုဂ္ဂိုလ်တို့၏ အလိုအားလျော်သော အဆုံးအမတော် ဖြစ်၏။ ထို့ကြောင့် ထိုသုတ္တန် ပါဠိတော်၌ ဝေနေယျ သတ္တဝါတို့အား ကောင်းစွာ ထင်ရှားခြင်းကိုသာလျှင် အလိုရှိအပ်၏ဟု မှတ်အပ်၏။
[အမှာ- ဤ၌ ‘‘ဥပ္ပါဒေါ ပညာယတိ’’ဟူသော တိကင်္ဂုတ္တရပါဠိတော်မှ ‘ပညာယတိ’ ဟူသော ကြိယာပုဒ်ကို ဋီကာကျော်ဆရာက ‘ပညာယတိ- သိအပ်၏’ ဟု အနက်ပေးစေလိုသည်။ ကျေးဇူးရှင်ကြီး၏ ပရမတ္ထဒီပနီဋီကာက ‘ပညာယတိ- ထင်ရှား၏’ ဟု အနက် ပေးစေလိုသည်ဟု မှတ်ပါကုန်။]
စိတ်တစ်ဆယ့်ခုနစ်ချက် ရုပ်သက် တစ်ကြိမ်
နာမ်သည် အထည်သဏ္ဌာန် သဘော မရှိသည်၏ အဖြစ်ကြောင့် လျင်မြန်သော ဖောက်ပြန်ခြင်း ရှိ၏။ ရုပ်သည်ကား အထည်သဏ္ဌာန် သဘောရှိသည်၏ အဖြစ်ကြောင့်သာလျှင် နှေးသော ဖောက်ပြန်ခြင်း ရှိ၏။ ထို့ကြောင့် ‘‘တာနိ ပန သတ္တရသ စိတ္တက္ခဏာနိ ရူပဓမ္မာနမာယူ’’ ဟူ၍ မိန့်ဆိုအပ်၏။
၁၃၁။ ဋီကာကျော် (နှာ- ၁၄၀)၌ကား-
ယူတတ် ယူအပ်သည်၏ အဖြစ်၏ ထိုထိုသို့သော ခဏ၏ အစွမ်းအားဖြင့် ဖြစ်သည်၏ အဖြစ်ကြောင့်-
ဟူ၍ အကြောင်းကို မိန့်ဆို၏။ ထိုအကြောင်းသည် အကြောင်း မဟုတ်ချေ။ မှန်လှစွာ၏။ ယူတတ်သော နာမ်တရားသည်လည်းကောင်း၊ ယူအပ်သော ရုပ်တရားသည်လည်းကောင်း ယူခြင်းကိစ္စ ပြည့်စုံစေခြင်းငှါ လျင်မြန်စွာ ဖောက်ပြန်၏။ နှေးစွာ ဖောက်ပြန်၏ဟု ဆိုခြင်းငှါ မတတ်ကောင်းချေဟူ၍ မှတ်အပ်၏။
ထိုသို့ သဘောရှိကုန်သော တစ်ဆယ့်ခုနစ်ချက်ကုန်သော စိတ်တို့၏ ခဏတို့သည် ရုပ်တရားတို့၏ အသက် မည်ကုန်၏။
တစ်နည်းကား- တစ်ဆယ့်ခုနစ်ချက် ကုန်သော ထိုစိတ်၏ ခဏတို့သည် ရုပ်တရားတို့၏ အသက် မည်ကုန်၏။ ဤသည်ကား ယောဇနာခြင်းတည်း။
တစ်ဆယ့်ခုနစ်ချက် စိတ္တက္ခဏနှင့် တူမျှသော ပမာဏရှိကုန်သော ခဏတို့သည် ဝိညတ်ရုပ် လက္ခဏရုပ်သည် ကြဉ်အပ်ကုန်သော ရုပ်တို့၏ အသက် မည်ကုန်၏။ ဤသို့ ဆိုလိုရင်း ဖြစ်ပေသည်။
ခဏမျှအားဖြင့်ကား အဋ္ဌကထာနည်း အားဖြင့် ငါးဆယ့်တစ်ခုသော ခဏတို့ ဖြစ်ကုန်၏။ မူလဋီကာနည်းအားဖြင့် သုံးဆယ့်နှစ်ချက်သော ခဏတို့ ဖြစ်ကုန်၏။ ဆက်၍ ဆိုဦးအံ့။ ထိုမူလဋီကာနည်းအားဖြင့် အစ၌ ခဏနှစ်ခုတို့သည် ရုပ်တရားတို့၏ တစ်ခုသော ဥပါဒ်ခဏတို့ ဖြစ်ကုန်သည်သာတည်း။ အဆုံး၌ ခဏနှစ်ခုတို့သည် ရုပ်တရားတို့၏ တစ်ခုသော ဘင်ခဏတို့ ဖြစ်ကုန်သည်သာတည်း။ အလယ်၌ နှစ်ဆယ့် ရှစ်ခဏတို့သည် ထိုရုပ်တရားတို့၏ တစ်ခုသော ဌီခဏတို့ ဖြစ်ကုန်သည် သာတည်းဟု မှတ်အပ်၏။
မှန်လှစွာ၏။ နှေးသော ဖောက်ပြန်ခြင်း ရှိကုန်သော ရုပ်တို့၏ ဥပါဒ် ဘင်တို့သည်လည်း စိတ်၏ ခဏကဲ့သို့ လျင်မြန်စွာ ဖြစ်ခြင်းငှါ မထိုက်ကုန်ဟု သိမှတ်အပ်ကုန်၏။
ထိုရုပ်တရားတို့တွင်-
- ဝိညတ်ရုပ် နှစ်ခုအပေါင်းသည် စိတ္တက္ခဏ တစ်ချက်စာမျှ အသက် ရှိ၏။
- ဥပစယ- သန္တတိတို့သည် စိတ်၏ ဥပါဒ်မျှတို့သာတည်း။
- အနိစ္စတာသည် စိတ်၏ ဘင်မျှသာတည်း။
- ဇရတာသည် ရုပ်တရားတို့၏ ဌီခဏမျှသာတည်း။
ဟူ၍ သိမှတ်အပ်၏။
အဋ္ဌကထာနည်းမှ တစ်ပါး ဋီကာနည်းကို ဆိုဦးအံ့။ မူလဋီကာနည်းဖြင့် ဤသင်္ဂြိုဟ်ကျမ်း၌ ‘‘တာနိ ပန သောဠသစိတ္တက္ခဏာနိ ရူပဓမ္မာနမာယူ’’ ဟူ၍ ဆိုသင့် ဆိုထိုက်၏။ ချဲ့၍ ဆိုပေဦးအံ့။ မူလဋီကာဆရာသည် ပဋိစ္စသမုပ္ပါဒ်ဝိဘင်း၌လာသော မဟာအဋ္ဌကထာစကားကို တည်စေလျက် တစ်ဆယ့်ခြောက်ချက် စိတ္တက္ခဏ အသက်ရှိသည်၏ အဖြစ်ကို ချီးမွမ်းတော်မူ၏။
ဤသို့ပင် ချီးမွမ်းငြားသော်လည်း ခန္ဓဝိဘင်း၌ပင်လျှင် ရှေးဦးစွာ ရုပ်တို့၏ဖြစ်ခြင်း ချုပ်ခြင်း အစီအရင်ဟု ဆိုအပ်သော မဟာအဋ္ဌကထာ ဝါဒ၏ ယမိုက်ပါဠိတော်နှင့် ဆန့်ကျင်ခြင်းကို ပြ၍ အရှင်ဗုဒ္ဓဃောသ ဆရာသည် တားမြစ်အပ်သည်၏ အဖြစ်ကြောင့် ထိုမဟာအဋ္ဌကထာ စကားကို တည်စိမ့်သောငှါ မတတ်ကောင်းချေ။
မှန်လှစွာ၏။ ထို မဟာအဋ္ဌကထာဝါဒကို တားမြစ်သည်ရှိသော် ထိုပဋိစ္စသမုပ္ပါဒ်ဝိဘင်း အဋ္ဌကထာ ၌လာသော တစ်ဆယ့်ခြောက်ချက် အသက်ရှိသည်၏ အဖြစ်သည် လည်းကောင်း၊ တစ်ဆယ့် ခြောက်ချက်ထက် လွန်သော အသက်ရှိသည်၏ အဖြစ်သည်လည်းကောင်း တားမြစ်ခြင်း ကိစ္စ ပြီးသည်သာလျှင် ဖြစ်ပေ၏ဟု သိမှတ်အပ်၏။
၁၃၂။ ဋီကာကျော် (နှာ- ၁၄၀)၌ကား-
ထိုမူလဋီကာနည်းကို ‘‘ထိုကေစိဆရာတို့၏ စကားသည် အနှစ်သာရ မရှိ’’ဟူ၍ ပစ်ပယ်ပြီး၍ ထိုအနက်ကို ပြီးစေသဖြင့် ‘‘ပဋိသန္ဓေ စိတ်နှင့်တကွ ဖြစ်သော ကမ္မဇရုပ်သည် ထိုပဋိသန္ဓေအခါမှ စ၍ တစ်ဆယ့်ခုနစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော စိတ်နှင့် အတူတကွ ချုပ်၏။ ပဋိသန္ဓေ စိတ်၏ ဌီ-ခဏ၌ ဖြစ်သော ရုပ်သည် တစ်ဆယ့်ရှစ်ချက် မြောက်သော စိတ်၏ ဥပါဒ်ခဏ၌ ချုပ်၏၊’’ ဤသို့ အစရှိသော နည်းဖြင့် ခန္ဓဝိဘင်း အဋ္ဌကထာ၌ ပင်လျှင် တစ်ဆယ့်ခုနစ်ချက်သော စိတ္တက္ခဏ လာသည်၏ အဖြစ်ကြောင့်-
ဟူ၍ အကြောင်းကို ထုတ်ဆို၏။ ထိုစကားသည် မကောင်းချေ။
သင့်ရောက်သော အပြစ်ကို ဆိုဦးအံ့၊ အဋ္ဌကထာဆရာ၏ အကြင် တစ်ဆယ့်ခုနစ်ချက် အသက်ရှည်မှု စကားကို ဋီကာဆရာသည် စိစစ်အပ်၏။ ထိုဋီကာစကားကိုပင်လျှင် ပြ၍ ဋီကာနည်းကို ပစ်ပယ်၏။ ဤသို့ ပယ်ခြင်းသည် မသင့်ချေဟု သိအပ်၏။
စက္ခုဒွါရ အတိမဟန္တာရုံ ဝီထိအဖွင့်
တစ်ခုသော စိတ်၏ ခဏကဲ့သို့သော ခဏသည် ဧကစိတ္တက္ခဏ မည်၏။ မှန်လှစွာ၏။ အနက်အားဖြင့် မကွဲပြားသည်လည်း ဖြစ်သော ခဏကို ဤသည်ကား စိတ်၏ ခဏတည်းဟု ကြံဖန်ခြင်း၏ အစွမ်းဖြင့် ကွဲပြားသကဲ့သို့ ပြ၍ ခေါ်ဝေါ်အပ်၏။ ထိုရုပ်တို့အား တစ်ခုသော စိတ်၏ ခဏကဲ့သို့သော ခဏသည် လွန်ပြီးသောကြောင့် ဧကစိတ္တက္ခဏာတီတ-တို့ မည်ကုန်၏။ အတိမဟန္တ ဖြစ်ကုန်သော ပဉ္စာရုံတို့ကို ရအပ်ကုန်၏။
၁၃၃။ ဋီကာကျော် (နှာ- ၁၄၁) ၌ကား-
တစ်နည်းကား ထိုအာရုံတို့သည် ထိုတစ်ခုသော စိတ်၏ ခဏကဲ့သို့သော ခဏကို လွန်ကြကုန်၏။ ထို့ကြောင့် ဧကစိတ္တက္ခဏာတီတာနိ-တို့ မည်ကုန်၏။
ဟူ၍လည်း ဆို၏။ ထိုစကားသည် မကောင်းချေ။ သင့်ရောက်သော အပြစ်ကို ဆိုဦးအံ့။ ချုပ်လေပြီးသော တရားလျှင် အရာရှိသော အတီတသဒ္ဒါသည် တစ်စုံတစ်ခုသော ကျော်လွန်၍ အထက်သို့ ရောက်ကုန်သော ပစ္စုပ္ပန်ရုပ်တို့ကို ပြနိုင်၏ဟု ဆိုခြင်းငှါ မတတ်ကောင်းချေ။
ထိုရုပ်တို့အား များစွာကုန်သော စိတ်၏ခဏကဲ့သို့သော ခဏတို့သည် လွန်ကုန်ပြီးသောကြောင့် ဗဟုစိတ္တက္ခဏာတီတ-တို့ မည်ကုန်၏။ မဟန္တ စသည် ဖြစ်ကုန်သော ပဉ္စာရုံတို့ကို ရအပ်ကုန်၏။
အဖို့တစ်ပါးကို ဆိုဦးအံ့။ ရုပ်တရားတို့၏ ရုပ်တရားတို့၌သာလျှင် ထင်ခြင်းသို့ ရောက်ခြင်း၌ အတန်ငယ် အားကြီးသည်၏ အဖြစ်ကို အလိုရှိအပ်၏။ ထိုရုပ်တရားတို့သည်လည်း ဌီခဏ၌သာလျှင် ပြည့်စုံသော ပစ္စည်းအထောက်အပံ့ကို ရကုန်သည် ဖြစ်၍သာလျှင် အားကြီး ကြကုန်၏။ ထို့ကြောင့် ‘‘ဌိတိပတ္တာနေဝ’’ ဟူ၍ မိန့်ဆိုအပ်ပြီ။ ဧဝ-သဒ္ဒါဖြင့် မူလဋီကာဆရာ၏ ဝါဒကို တားမြစ်တော်မူ၏။ မှန်လှစွာ၏။ ထိုမူလဋီကာဆရာသည် ရုပ်သည် ဖြစ်ဆဲ ဖြစ်၍သာလျှင် ပသာဒ၌ ထိခိုက်၏ဟူသော အနက်အဓိပ္ပါယ်ကို အလိုရှိအပ်၏။
ပဉ္စာလမ္ဗဏာနိ ပဉ္စဒွါရေ အာပါထမာဂစ္ဆန္တိ - ဟူသော ဤပါဌ်၌ ရူပါရုံ သဒ္ဒါရုံတို့သည် ပသာဒသို့ မရောက်သည်၏ အစွမ်းအားဖြင့် လည်းကောင်း၊ ဤမှ တစ်ပါးကုန်သော ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ တို့သည် ပသာဒသို့ ရောက်သည်၏ အစွမ်းအားဖြင့် လည်းကောင်း အာရုံ၏ အဖြစ်သို့ ရောက်ကြ ကုန်၏။ ဤသို့သော အထူးကိုလည်း ထိခိုက်ခြင်း အထူးဖြင့် သိအပ်၏။
ရှေး၌ ဖြစ်ကုန်သော ရူပါရုံ သဒ္ဒါရုံ နှစ်ပါးတို့သည် အရိပ်နိမိတ်၏ အစွမ်းဖြင့်သာလျှင် ထိခိုက်ကြ ကုန်၏။ ၀တ္ထု၏ အစွမ်းအားဖြင့် မထိခိုက်ကြကုန်။ နောက်၌ ဖြစ်ကုန်သော ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ သုံးပါးတို့သည် ၀တ္ထု၏ အစွမ်းဖြင့် ထိခိုက်ကြကုန်၏။ အရိပ်နိမိတ်၏ အစွမ်းအားဖြင့် မထိခိုက်ကြကုန်။
အရိပ်နိမိတ်၏ ထိခိုက်ခြင်း မည်သည်ကား - ပသာဒသို့ မရောက်ကုန်သော ရုပ်တို့အားသာလျှင် ဖြစ်ပေ၏။ ပသာဒသို့ ရောက်ကုန်သော ရုပ်တို့အား မဖြစ်ပေ။ ၀တ္ထု၏ ထိခိုက်ခြင်း မည်သည်ကား ပသာဒသို့ ရောက်ကုန်သော ရုပ်တို့အားသာလျှင် ဖြစ်ပေ၏။ ပသာဒသို့ မရောက်ကုန်သော ရုပ်တို့ အား မဖြစ်ပေ။
ဥပမာဖြင့် ထင်စွာ ပြဦးအံ့။ ကမ်းပါး၌ သွားကုန်သော သူတို့၏ ကိုယ်အရိပ်တို့သည် ရေကန်၌ ထင်ကုန်သကဲ့သို့ ထိုရေအတွင်း၌ သက်ဆင်းကုန်သော သူတို့၏ကား ထိုကိုယ်ရိပ်တို့သည် ထိုရေ၌ မထင်ကုန်သကဲ့သို့ ဤအတူပင်လျှင် ရူပါရုံ သဒ္ဒါရုံတို့သည် ပသာဒသို့ ရောက်ကုန်သည်ရှိသော် မထိခိုက်ကြကုန်။ အဘယ့်ကြောင့်နည်း ဟူမူကား- အာရုံ အာရမ္မဏိကတို့၏ အလယ်၌ အရောင် အလင်း၏လည်းကောင်း၊ ကောင်းကင် (အာကာသ) ၏လည်းကောင်း မရှိခြင်းကြောင့် အရိပ်နိမိတ် ဖြစ်ခွင့် မရှိသောကြောင့်ပေတည်း။
စင်စစ်သော်ကား- ရူပါရုံ သဒ္ဒါရုံတို့သည် ပသာဒသို့ မရောက်ကုန်မူ၍သာလျှင် မိမိ၏ အရိပ်နိမိတ်ကို ထင်စေသည်၏ အစွမ်းဖြင့် ထိခိုက်ကြကုန်၏။ အဘယ့်ကြောင့့်နည်း ဟူမူကား- အရိပ်နိမိတ် ဖြစ်ခွင့်ကို ရအပ်သည်၏ အဖြစ်ကြောင့်ပေတည်း။
အဖို့တစ်ပါးကို ဆိုဦးအံ့၊ ဤမှ တစ်ပါးကုန်သော ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ သုံးပါးတို့သည် ဖြစ်မြဲတိုင်းသော ၀တ္ထုအစွမ်းဖြင့်သာလျှင် ထိခိုက်ကြကုန်၏။ ထို့ကြောင့် ထိုဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့သည် ပသာဒသို့ ရောက်ကုန်သော်သာလျှင် ထိခိုက်ကုန်၏။ ပသာဒသို့ မရောက်ကုန် သည်ရှိသော် မထိခိုက်ကြကုန်ဟု သိအပ်၏။
ထိုပသာဒသို့ ရောက်မှု မရောက်မှု နှစ်ပါးတို့တွင် အကြင်အာရုံတို့သည် ပသာဒသို့ မရောက် ကုန်သည်သာလျှင် ဖြစ်ကုန်၍ ထိခိုက်ကြကုန်၏။ ထိုအာရုံတို့သည် မိမိသည် အဝေး၌တည်၍ အရိပ်နိမိတ်ကို သွင်းအပ်သည်၏ အစွမ်းဖြင့် ထိခိုက်အပ်သည်၏ အဖြစ်ကြောင့် တစ်ခုခုသော ပသာဒ၌ လဝန်း နေဝန်း စသည်တို့၏ အစွမ်းဖြင့်လည်းကောင်း၊ မိုးကြိုးသံအဝန်း မိုးသံအဝန်း စသည်တို့၏ အစွမ်းအားဖြင့်လည်းကောင်း၊ ကြီးကျယ်သော အာရုံတို့သည်လည်းကောင်း၊ များစွာ သော အာရုံတို့သည်လည်းကောင်း ထင်ခြင်းသို့ ရောက်သည်သာလျှင်တည်း။ ဤမှ တစ်ပါးကုန်သော ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ သုံးပါးတို့သည်ကား ပသာဒသို့ ရောက်ကုန်၍သာလျှင် ထိခိုက်ကြကုန်၏။ ထို့ကြောင့် တစ်ခုခုသော ပသာဒ၌ တစ်ခုခုသော အာရုံသည်သာလျှင် ထင်ခြင်းသို့ ရောက်ကြ ကုန်၏ဟု မှတ်အပ် မှတ်သင့်၏။ ဤဆိုအပ်ခဲ့ပြီးသော စကားကိုကား ပဉ္စဒွါရ၏ အစွမ်းအားဖြင့် ဆိုအပ်၏။ မနောဒွါရ၌ကား အလုံးစုံကုန်သော အာရုံတို့သည် ပသာဒသို့ မရောက်ကြကုန်ဘဲသာလျှင် ထင်ခြင်းသို့ ရောက်ကြကုန်၏ဟု သိပါလေ။
ဆက်၍ ဆိုဦးအံ့၊ ဤနေရာ၌ ပဉ္စဒွါရ-ဟူသော ဤစကားကို မဆက်ဆံသော ဒွါရကို ပြခြင်း၏ အစွမ်းဖြင့် အရှင်အနုရုဒ္ဓါ မိန့်ဆိုအပ်၏။ စင်စစ်သော်ကား ထိုအာရုံငါးပါးတို့သည် အကြင်အခါ၌ မိမိ မိမိတို့၏ ဒွါရ၌ ထိခိုက်ကြကုန်၏။ ထိုအခါ၌ မနောဒွါရ၌လည်း ထင်ခြင်းသို့ ရောက်ကြကုန်သည် သာလျှင်တည်း။
မှန်လှစွာ၏။
- တစ်ခု တစ်ခုသော အာရုံသည် နှစ်ခု နှစ်ခုကုန်သော ဒွါရတို့၌ ထင်ခြင်းသို့ ရောက်ကြကုန်၏။
ဟူ၍ အဋ္ဌကထာ၌ မိန့်ဆိုအပ်၏။ ထို့ကြောင့် အကြင်အခါ၌ လကို လည်းကောင်း၊ နေကို လည်းကောင်း၊ တောင်ကိုလည်းကောင်း၊ သစ်ပင်ကို လည်းကောင်း အမှတ်မရှိ တစ်ခုခုကို ကြည့်ကြကုန်၏။ ထိုအခါ၌ တစ်ခု တစ်ခုသော စက္ခုပသာဒ၌ တစ်ခုသော လဝန်းတို့လည်းကောင်း၊ မနောဒွါရ၌ တစ်ခုသော လဝန်းလည်းကောင်း၊ ဤသို့ များစွာကုန်သော လဝန်း စသည်တို့သည် တစ်ပြိုင်နက်တည်းသော ခဏ၌ ထင်ကြကုန်၏။ ကြွင်းသော အာရုံတို့၌လည်း ဤအတူပင်တည်းဟု သိမှတ်အပ်၏။
ဆက်၍ ဆိုဦးအံ့။ ဤထင်ခြင်းသို့ ရောက်၏ဟူသော စကား၌ ထင်ခြင်းသို့ ရောက်ခြင်း မည်သည်ကို တံဆိပ်ရိုက်သော သူတို့၏ ထန်းရွက်၌ တံဆိပ်တုံးကို ထား၍ ဆောက်ပုတ်ဖြင့် ရိုက်ခတ်သော ကာလ၌ တံဆိပ်တုံး၏ ထန်းရွက်၌ အလွန်ထိခိုက်၍ အက္ခရာထင်စေခြင်းကဲ့သို့ မှတ်အပ်၏။ အကြင့်ကြောင့် ဒွါရတို့၏ ဖောက်ပြန်ခြင်းသို့ ရောက်ခြင်းသည် ဖြစ်၏ဟု မှတ်အပ်၏။
၁၃၄။ ဋီကာကျော် (နှာ- ၁၄၁)၌ကား-
နှလုံးသွင်းအားလျော်စွာ များစွာသော ကလာပ်၌ တည်ကုန်သည် ဖြစ်၍ ထင်ခြင်းသို့ ရောက်ကုန်၏။
ဟူ၍ မိန့်ဆို၏။ ထိုဋီကာကျော် စကား၌ ‘‘နှလုံးသွင်း အားလျော်စွာ’’ ဟူသော စကားကို စူးစမ်း ဆင်ခြင်သင့်၏။
မှန်လှပေ၏။ အကြင်မျှလောက်ကုန်သော ပဉ္စာရုံတို့သည် စက္ခု စသည်တို့၏ လမ်း၌ အာလောက စသည်တို့နှင့် တကွဖြစ်ကုန်၍ တည်ကြကုန်၏။ ထိုမျှလောက်ကုန်သော အလုံးစုံသော ပဉ္စာရုံတို့ သည် အိပ်ပျော်သော သူအားလည်းကောင်း၊ တွေဝေ မိန်းမောသော သူအား လည်းကောင်း၊ တစ်ပါးကို နှလုံးသွင်းသော သူအားလည်းကောင်း၊ အမှတ်မရှိသည့် ဈာန်ကိုလည်းကောင်း၊ ဖိုလ်ကိုလည်းကောင်း၊ နိရောဓကို လည်းကောင်း၊ ဝင်စားဆဲဖြစ်သော သူအားလည်းကောင်း နှလုံးသွင်းမှုနှင့် ကင်း၍ မိမိ၏ ဒွါရတို့၌သာလျှင် ထင်ခြင်းသို့ ရောက်သည်သာလျှင်တည်း။ သက်သက် မိမိ၏ ဒွါရတို့၌သာလျှင် ထင်ခြင်းသို့ ရောက်သည် မဟုတ်ကုန်သေး။ စင်စစ်သော်ကား မနောဒွါရ၌လည်း ထင်ခြင်းသို့ ရောက်ကုန်သည်သာလျှင်တည်း။ ထိုပဉ္စာရုံတို့သည် သက်သက် ဘဝင် မနောဒွါရ၌သာလျှင် ထင်ခြင်းသို့ ရောက်သည် မဟုတ်သေး။ စင်စစ်သော်ကား မနောဒွါရ၌လည်း ထင်ခြင်းသို့ ရောက်ကုန်သည်သာလျှင်တည်း။ ထိုပဉ္စာရုံတို့သည် သက်သက် ဘဝင် မနောဒွါရ၌ သာလျှင် ထင်ခြင်းသို့ ရောက်သည် မဟုတ်ကုန်သေး။ စင်စစ်သော်ကား အာဝဇ္ဇန်း အစရှိကုန်သော စတုဘူမိက ဝီထိစိတ်တို့၌လည်း ထင်ခြင်းသို့ ရောက်ကုန်သည်သာလျှင်တည်း။
မှန်လှစွာ၏။
‘‘ဤမည်သော စိတ်သည် မနောဒွါရ မဟုတ်ဟု မဆိုထိုက်ပေ’’ဟူ၍ ဒွါရကထာ၌ မိန့်ဆိုအပ်၏။ ဤအနက်ကိုလည်း ‘အသံသည် ပထမဈာန် ဝင်စားသော သူအား ဆူးငြောင့်ပေတည်း။’
ဟူသော စကားဖြင့် ထွန်းပြအပ်၏။ ချဲ့၍ ဆိုဦးအံ့။ ပထမဈာန်ကို ဝင်စားသော သူအား အသံသည် သောတပသာဒ၌ ခိုက်တိုက်၍ ဈာန်စိတ်ဟု ဆိုအပ်သော မနောဒွါရ၌ ထင်ခြင်းသို့ ရောက်၏။ ထိုအခါ၌ ဈာန်စိတ် အစဉ်သည် တုန်လှုပ်၍ ပြတ်၏။ ဈာန်မှ ထရ၏။ ဘဝင် ကျရတော့၏။ ထို သဒ္ဒါရုံလျှင် အာရုံရှိသော ဝီထိစိတ် ဖြစ်လာရ၏ဟု မှတ်အပ်၏။
အထူးကို ဆိုဦးအံ့။ ဒုတိယဈာန် စသည်တို့ကို ဝင်စားသော သူသည် အနည်းငယ်သော အသံဖြင့် ဈာန်မှ မထချေ။ လွန်ကဲသော အသံဖြင့် ဈာန်မှ ထရသည်သာတည်း။ မှန်လှစွာ၏။ ထိုဒုတိယဈာန် စသည်တို့သည် မတုန်လှုပ်ခြင်းသို့ ရောက်သည် မည်ကုန်သည် မဟုတ်ကုန်။ စင်စစ်သော်ကား အရူပဈာန်တို့သည်သာလျှင် မတုန်လှုပ်ခြင်းသို့ ရောက်သည် မည်ကုန်၏။ ထို့ကြောင့် အရူပဈာန် စသည်တို့ကို ဝင်စားသောသူသည် လွန်ကဲသော အသံဖြင့်လည်း ဈာန်မှ မထရသည်သာလျှင်တည်း။
ဆက်၍ ဆိုဦးအံ့။ ထိုပဉ္စာရုံတို့သည် ထိုအခြင်းအရာဖြင့် ထင်ခြင်းသို့ ရောက်ကုန်သည်ရှိသော် ထိုပဉ္စာရုံလျှင် အာရုံရှိကုန်သော ဝီထိစိတ်တို့သည် ဖြစ်ကြကုန်သည်သာလျှင်တည်းဟု မဆိုသင့် မဆိုထိုက်ချေ။ ဘဝင်အစဉ်သည်လည်းကောင်း၊ ဇောအစဉ်သည်လည်းကောင်း မပြတ်သည်ရှိသော် တဒါရုံဝီထိစိတ်တို့ မဖြစ်ကြကုန်။ ဖြစ်ကုန်ငြားသော်လည်း အာရုံလွန်ကဲခြင်း စသည်တို့၏ အစွမ်းဖြင့် ရအပ်သော အကြောင်းပစ္စည်း ဖြစ်သော တစ်ခု တစ်ခုသော အာရုံ၌သာလျှင် ဖြစ်ကုန်၏။ တစ်ပြိုင် နက်သော ခဏ၌ ငါးပါးသော အာရုံတို့၌ မဖြစ်ကြကုန်ဟု မှတ်အပ်၏။
ဆက်၍ ဆိုဦးအံ့။ ဤ ‘ဧကစိတ္တက္ခဏာတီတာနိ’ စသော ပါဌ်၌ အနက်၏အစွမ်းဖြင့် ဝိဘတ်၏ ဖောက်ပြန်ခြင်း ဖြစ်ပေ၏။ ထို့ကြောင့်-
- တစ်ခုသော စိတ်၏ခဏကဲ့သို့သော ခဏလျှင် လွန်ခြင်းရှိကုန်သော ဌီသို့ ရောက်သည်သာလျှင် ဖြစ်ကုန်သော ပဉ္စာရုံတို့သည် တစ်ခုသော စိတ်၏ခဏကဲ့သို့သော ခဏလျှင် လွန်ခြင်းရှိသော ဌီသို့ ရောက်သည်သာလျှင် ဖြစ်သော ပဉ္စဒွါရ၌-
- များသော စိတ်၏ခဏကဲ့သို့သော ခဏလျှင် လွန်ခြင်းရှိကုန်သော ဌီသို့ ရောက်သည်သာလျှင် ဖြစ်ကုန်သော ပဉ္စာရုံတို့သည် များသော စိတ်၏ခဏကဲ့သို့သော ခဏလျှင် လွန်ခြင်းရှိသော ဌီသို့ ရောက်သည်သာလျှင် ဖြစ်သော ပဉ္စဒွါရ၌-
ဤသို့ ယောဇနာအပ်၏။
၁၃၅။ ဋီကာကျော် (နှာ- ၁၄၁)၌ကား-
ထိုပသာဒတို့သည်ကား ဘဝ င်္ဂစလန၏ အနန္တရပစ္စည်း ဖြစ်သော အတီတဘဝင်နှင့် တကွဖြစ်ကုန်၏။
ဟူ၍ မိန့်ဆို၏။ ရောက်သင့်သော အပြစ်ကို ဆိုပေဦးအံ့။ ဤသို့ ဖြစ်သည်ရှိသော် များသောစိတ်၏ ခဏကဲ့သို့သော ခဏလျှင် လွန်ခြင်းရှိသည်လည်း ဖြစ်ကုန်သော ပဉ္စာရုံတို့သည် တစ်ခုသော စိတ်၏ ခဏ ကဲ့သို့သော ခဏလျှင် လွန်ခြင်း ရှိသည်လည်း ဖြစ်ကုန်သော ပဉ္စာရုံတို့သည် တစ်ခုသော စိတ်၏ ခဏ ကဲ့သို့သော ခဏလျှင် လွန်ခြင်း ရှိသည်သာလျှင် ဖြစ်သော ပဉ္စာဒွါရ၌ ထင်ခြင်းသို့ ရောက်ကုန်၏။ ဤသို့သော အပြစ်သည် ရောက်ခဲ့ရာ၏။
ဆက်၍ ဆိုဦးအံ့။ ယခုကာလ၌ တစ်ခုသော ခဏ၌တကွ ဖြစ်သည်သာလျှင် ဖြစ်ကုန်သော ၀တ္ထု အာရုံတို့၏ တိုက်ခိုက်ခြင်းကို ဆရာတို့သည် အလိုရှိကြကုန်၏။
သူတစ်ပါး ဝါဒမှ တစ်ပါး မိမိဝါဒကို ဆိုဦးအံ့။ တကွ ဖြစ်ကုန်သည်မူလည်း ဖြစ်စေကုန်- အသီးအသီး ဖြစ်ကုန်သည်မူလည်း ဖြစ်စေကုန်- အားကြီးသည်၏ အဖြစ်သည်သာလျှင် ပမာဏပေတည်း။ ဤ သည်ကား ငါတို့၏ အကြိုက်ပေတည်း။ အလုံးစုံကို စူးစမ်းဆင်ခြင်၍ ယူအပ်၏။
၁၃၆။ ဋီကာကျော် (နှာ- ၁၄၁)၌ကား -
အပရေဆရာတို့သည်ကား အာဝဇ္ဇန်းနှင့် တကွ ဖြစ်ကုန်၏ဟူ၍ ဆိုကြကုန်၏။
ဟု မိန့်ဆို၏။ ထိုစကားသည် မသင့်ချေ။
အဘယ့်ကြောင့်နည်း ဟူမူကား- ဤသို့ ထိုပသာဒတို့၏ အာဝဇ္ဇန်းနှင့် တကွဖြစ်သည်ရှိသော် ပဉ္စာရုံတို့၏ ထင်ခြင်းသို့ ရောက်သော ပသာဒ၀တ္ထု သည် တစ်ပါး တစ်ခြားသာလျှင် ဖြစ်၍ ပဉ္စဝိညာဉ်တို့၏ မှီရာ၀တ္ထု သည် တစ်ပါး တစ်ခြားသာလျှင် ဖြစ်၏။ ဤသို့ ဆန့်ကျင်ဘက် အနက်သဘောသို့ ရောက်နိုင်ပေသောကြောင့် မသင့်ချေ။
ဤသို့ ပဉ္စဒွါရ၌ ပဉ္စာရုံတို့၏ ပဉ္စဒွါရတို့၌ ထင်ခြင်းသို့ ရောက်ခြင်း၏ အစစွာသော လက္ခဏာကို ပြပြီး၍ ယခုအခါ၌ ခပ်သိမ်းသော အခြင်းအရာတို့ဖြင့် ပြည့်သော ဝသယပ္ပဝတ္တိ အပြားကို လည်းကောင်း၊ ဝီထိစိတ်တို့၏ ဖြစ်ခြင်းကိုလည်းကောင်း ပြတော်မူလိုသည် ဖြစ်၍ ‘‘တသ္မာ’’ စသည်ကို မိန့်တော်မူ၏။
- ‘တတော’ ဟူသည်ကား ထို့ကြောင့်၊ စက္ခုပသာဒအား ထင်ခြင်းသို့ ရောက်ခြင်း တည်းဟူသော အကြောင်းကြောင့်- (ဟူလို)။
စက္ခုပသာဒအား ထင်ခြင်းနှင့်တကွသာလျှင် ဘဝင်အားလည်း ထင်ခြင်းသို့ ရောက်သည်သာလျှင် တည်း။ ထို့ကြောင့် ‘‘ဒွိက္ခတ္တုံ ဘဝင်္ဂေ စလိတေ’’ဟူ၍ မိန့်အပ်၏။
ဆက်၍ ဆိုဦးအံ့။ ဤစကားရပ်၌ လှုပ်ခြင်းမည်သည်ကို ယူမြဲတိုင်းသော အပြားရှိသော ကံ အစရှိသော အာရုံကိုလွှတ်၍ ယခုအခါ၌ ထင်ခြင်းသို့ ရောက်သော အာရုံသစ်ကို ယူခြင်းငှါ ဖြစ်သော အားထုတ်ခြင်း ရှိသကဲ့သို့ ဘဝင်အစဉ်၏ ဖောက်ပြန်ခြင်းသို့ ရောက်ခြင်းကို မှတ်အပ်၏။
ဆက်၍ ဆိုဦးအံ့။ ဤ ‘စက္ခုဿ အာပါထမာဂစ္ဆတိ’ဟူသော သင်္ဂဟပါဌ်၌ စက္ခုပသာဒအား ထင်ခြင်းသို့ ရောက်ခြင်းသည် စက္ခုဝိညာဉ် ဖြစ်ခြင်း၏သာလျှင် အကြောင်းဖြစ်၏။ အာဝဇ္ဇန်း ဖြစ်ခြင်း၏အကြောင်း မဟုတ်ပေ။ စင်စစ်သော်ကား ဘဝင်အား ထင်ခြင်းသို့ ရောက်ခြင်းသည် သာလျှင် အာဝဇ္ဇန်း ဖြစ်ခြင်း၏ အကြောင်းဖြစ်၏ဟု မှတ်အပ်၏။
၁၃ရ။ ဋီကာကျော် (နှာ- ၁၄၁)၌ကား-
မနောဒွါရ၌လည်း ထင်ခြင်းသို့ ရောက်ခြင်းကို အသီးအခြား မဆိုမူ၍ ရူပါရုံ စသည်တို့၏ စက္ခုဒွါရ စသည်တို့၌ တိုက်ခိုက်ခြင်း မည်သည်ကား လျောက်ပတ်သော အရပ်၌ တည်ခြင်း သည်သာလျှင် ဖြစ်၏။ ဆက်ဦးအံ့၊ ထိုစက္ခုသာဒ စသည်တို့၌ ခိုက်တိုက်ခြင်းသည်သာလျှင် ဘဝင်ပြတ်ခြင်း၏လည်း အကြောင်း ဖြစ်၏ဟု နှလုံးပိုက်တော်မူ၍-
အကြင့်ကြောင့် ငါးပါးကုန်သော ပသာဒတို့၌ ရှေးရှုဖြစ်သည်၏ အဖြစ်ဖြင့် ဖြစ်ခြင်းငှါ လျောက်ပတ် သော အရပ်၌ တည်သည်၏ အစွမ်းအားဖြင့် အာရုံ ထိခိုက်သည်ရှိသော် ပသာဒတို့၌ အာရုံ၏ ထိခိုက်ခြင်း အရှိန်ကြောင့် ဘဝင်အစဉ် ပြတ်သည်ရှိသော်-
ဤသို့ အစရှိသော စကားကို မိန့်ဆို၏။ ထိုစကားကို ထိုဋီကာကျော် ဆိုတိုင်း မမှတ်အပ်ပေ။
မှန်လှပေ၏။ လျောက်ပတ်သော အရပ်၌ တည်ခြင်းသည်ပင်လျှင် ထိခိုက်သည် မည်၏ဟု ဆိုခြင်းငှါ မတတ်ကောင်းချေ။ စင်စစ်သော်ကား လျောက်ပတ်သော အရပ်၌ တည်၍ အကြောင်းအာရုံနှင့် ထိခိုက်ခြင်း၏ အစွမ်းအားဖြင့် လည်းကောင်း၊ မှီရာ၀တ္ထု နှင့် ထိခိုက်ခြင်း၏ အစွမ်းအားဖြင့် လည်းကောင်း၊ မိုးကြိုးကျဘိသကဲ့သို့ ပသာဒတို့၌ တိုက်ဝှေ့ခြင်း လုံးထွေးခြင်း တုန်လှုပ် ချောက်ချားအောင် ပြုခြင်းကို တိုက်ခိုက်ခြင်းဟူ၍လည်းကောင်း၊ ထင်ခြင်းသို့ ရောက်ခြင်းဟူ၍ လည်းကောင်း ဆိုအပ်၏ဟု မှတ်အပ်၏။ ဤသို့သော အနက်အဓိပ္ပါယ်ကိုလည်း အောက်၌ ဆိုအပ် ခဲ့ပြီးသည်သာလျှင်တည်း။
ဆက်၍ ဆိုဦးအံ့။ ဤ ‘ထင်ခြင်းသို့ ရောက်၏’ ဟူသော သင်္ဂဟစကား၌ ဤထိခိုက်ခြင်း ထင်ခြင်း သဘောသည်လည်း တစ်ခုသော ဓမ္မနိယာမသည်သာလျှင်တည်း။ ထို့ကြောင့် အသီးသီးသော ဌာနရှိကုန်သော စက္ခုဒွါရ မနောဒွါရ (ပ) ကာယဒွါရ မနောဒွါရဟု ဆိုအပ်သော နှစ်ပါး နှစ်ပါးသော ဒွါရတို့၌ တစ်ပြိုင်နက် တစ်ချက်တည်းဖြင့် သာလျှင် ပဉ္စာရုံတို့ ထင်ခြင်းသို့ ရောက်ခြင်းကို အမြတ် အားဖြင့် မှတ်သား ယုံကြည်အပ်၏။
ရူပါရုံ စသည်သည် ပသာဒကို ထိခိုက်သည်ရှိသော် ထိုပသာဒကို မှီသည်သာလျှင် ဖြစ်သော ပဉ္စဝိညာဉ်၏ တုန်လှုပ်ခြင်းသည် ဖြစ်နိုင်ရာ၏။ အဘယ်သို့လျှင် ဟဒယ၀တ္ထု ကို မှီသော ဘဝင်၏ တုန်လှုပ်ခြင်းသည် ဖြစ်နိုင်ပါအံ့နည်း။ ဤသို့ မစောဒနာသင့်ဟု မှတ်ပါလေ။
၁၃၈။ ဋီကာကျော် (နှာ- ၁၄၀)၌ကား-
ထိုစောဒနာကိုသာလျှင် ဖြစ်စေ၍ ထိုစောဒနာကို ဖြေလိုသောကြောင့် ‘သန္တတိဝသေနှု တစ်ခု တည်းသော သန္တာန်၏အစွမ်းဖြင့် တစ်စပ်တည်း စပ်သည်၏ အဖြစ်ကြောင့်’’ ဤသို့ အစရှိသော စကားကို ဆို၏။
ထိုစကား၌ ‘‘သန္တတိဝသေန’’ဟု မဆိုသင့်ပေ။ ‘‘သဏ္ဍာနဝသေန’’ ဟူ၍ကား ဆိုသင့် ဆိုထိုက်၏။ ဤအလုံးစုံကိုလည်း အမြတ်အားဖြင့် မယုံကြည်အပ်၊ မယုံကြည် ထိုက်ပေ။
အဘယ့်ကြောင့်နည်း ဟူမူကား- ထိုထိုသဘောရှိသည့် အစဉ်အတိုင်း လှုပ်ခြင်းကို အဋ္ဌကထာ ၌ပင်လျှင် မြဲမြံစွာ ပယ်အပ်ပြီး ဖြစ်လေသောကြောင့်တည်း။ မှန်လှစွာ၏။ ထိုအဋ္ဌကထာ၌-
- တစ်ခု တစ်ခုသော အာရုံသည် နှစ်ခု နှစ်ခုသော ဒွါရတို့၌ ထင်ခြင်းသို့ ရောက်၏။ ဟူ၍ မိန့်ဆိုပြီးပေပြီ။
ချဲ့၍ ဆိုဦးအံ့။ ရူပါရုံသည် စက္ခုပသာဒကို တိုက်ခိုက်၍ ထိုတိုက် ခိုက်ဆဲ ခဏ၌ပင်လျှင် မနောဒွါရ၌ ထင်ခြင်းသို့ ရောက်၏။ ဘဝင် လှုပ်ခြင်း၏ အကြောင်းသည် ဖြစ်ပေ၏။ ဤကား အနက်တည်း။
သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့၌လည်း ဤနည်းအတူပေတည်း။
ဥပမာဖြင့် ထင်စွာ ပြဦးအံ့။ ငှက်သည် ကောင်းကင်ခရီးဖြင့် လာ၍ သစ်ပင်ဖျား၌ နားဆဲဖြစ်၍ သာလျှင် သစ်ခက်ကိုလည်း ထိခိုက်၏။ ထိုငှက်၏ အရိပ်သည်လည်း မြေ၌ ထိခိုက်၏။ သစ်ကိုင်း၌ ထိခိုက်ခြင်း အရိပ်၏ ပျံ့နှံ့ခြင်းတို့သည် မရှေးမနှောင်း တစ်ပြိုင်နက်သော ခဏ၌ပင်လျှင် ဖြစ်ကြ ကုန်သကဲ့သို့ ထို့အတူ ပစ္စုပ္ပန်ဖြစ်သည့် ရူပါရုံ စသည်တို့၏ စက္ခုပသာဒ စသည်တို့၌ ခိုက်တိုက်ခြင်းသည်လည်းကောင်း၊ ဘဝင်ကို လှုပ်စေခြင်းငှါ စွမ်းနိုင်သည်၏ အဖြစ်ဖြင့် မနော ဒွါရ၌ ထင်ခြင်းသို့ ရောက်ခြင်းသည်လည်းကောင်း မရှေးမနှောင်း တစ်ပြိုင်နက်သော ခဏ၌သာလျှင် ဖြစ်၏ဟု မှတ်အပ်၏။
ဤသို့ ငှက်ဥပမာနှင့်တကွ ‘‘ထိုခဏ၌သာလျှင်’’ ဟူ၍လည်းကောင်း၊ ‘‘မရှေးမနှောင်း တစ်ပြိုင်နက် သော ခဏ၌သာလျှင်’’ ဟူ၍လည်းကောင်း ဆို၍ မြဲမြံစွာ တားမြစ်အပ်သည်၏ အဖြစ်ကြောင့် ထိုအစဉ်အားဖြင့် လှုပ်ခြင်းကို မကြံမူ၍ ဓမ္မနိယာမ၏ အစွမ်းအားဖြင့် တစ်ပြိုင်နက် လှုပ်ခြင်းကို သာလျှင် ယုံကြည်ထိုက်၏ဟု မှတ်အပ်၏။
- ဘဝင်္ဂသောတံ ဝေါစ္ဆိန္ဒိတွာ - ဟူသည်ကား ဘဝင်အယဉ်ကို အချင်းခပ်သိမ်း ပြတ်သည်ကို ပြု၍။
- အာဝဇ္ဇန္တံ - ဟူသည်ကား မမြင်မူ၍သာလျှင် ‘‘ဤအာရုံကား အဘယ်အမည် ရှိသနည်း’’ဟု ဆင်ခြင်လျက်။
- ပဿန္တံ - ဟူသည်ကား မိမိ၏ မျက်မှောက်ကို ပြုလျက်။
- သမ္ပဋိစ္ဆန္တံ - ဟူသည်ကား လွတ်ခြင်းငှါ မပေးမူ၍ မြင်မြဲတိုင်းသော အပြားရှိသော ရူပါရုံကို ခံယူလျက်။
- သန္တီရယမာနံ - ဟူသည်ကား ကောင်းစွာ စူးစမ်းလျက် စိစစ်လျက်။
- ဝ၀တ္တပေန္တံ - ဟူသည်ကား ကောင်းစွာ မရောမယှက်သောအားဖြင့် ထားလျက် ကောင်းစွာ မှတ်ထားလျက် - ဤသည်ကား အနက်တည်း။
အကြင်ဇောသည် သင့်သော နှလုံးသွင်းခြင်း စသည်၏ အစွမ်းအားဖြင့် ရအပ်သော ပစ္စည်းသည် ရှိ၏။ ထို့ကြောင့် ထိုဇောသည် လဒ္ဓပစ္စယ မည်၏။ အမှတ်မရှိ တစ်ခုသော ဇောသည် စော၏။ ဤသည်ကား ပုဒ်တို့၏ အစပ်ပေတည်း။
ထိုဇောသည်ကား အာရုံအားနည်သော အခါ၌လည်းကောင်း၊ တွေဝေ မိန်းမောသောအခါ သေခါနီး အခါတို့၌လည်းကောင်း၊ ခြောက်ကြိမ်လည်းကောင်း၊ ငါးကြိမ်လည်းကောင်း စော၏။ ထို့ကြောင့် ‘‘ယေဘုယျေန’’ဟူ၍ မိန့်ဆိုအပ်၏။
- ဇဝတိ- ဟူသည်ကား မိုးကြိုးကျခြင်းနှင့် တူသော အဟုန်ဖြင့် ဖြစ်၏။
ထိုဇောအပေါင်းတို့တွင် ပထမဇောသည် မရအပ်သေးသော အာသေဝနပစ္စည်း ရှိသည်၏ အဖြစ်ကြောင့် အလုံးစုံတို့အောက် အားနည်း၏။ ထိုပထမဇောထက် ဒုတိယဇောသည် အားကြီး၏။ ထိုဒုတိယ ဇောထက် တတိယဇောသည် အားကြီး၏။ ထိုတတိယဇောထက် စတုတ္ထဇောသည် အားကြီး၏။ ဤ စတုတ္ထဇောသည်ကား အလုံးစုံသော ဇောတို့ထက် အားကြီးသည်ဖြစ်၍ အထွတ် အထိပ်သို့ ရောက်၏။ ဤ စတုတ္ထဇောမှစ၍ အစဉ်အားဖြင့် ယုတ်လျော့သည် ဖြစ်၍ ဖြစ်၏။ သတ္တမဇော အကြိမ် ရောက်သည်ရှိသော် ထက်ဝန်းကျင်မှ ကုန်ခန်းသော အဟုန်ရှိ၏ဟု သိအပ် သိထိုက်၏။
- ဇဝနာနုဗန္ဓာနိ - ဟူသည်ကား မြစ်ညာသို့ ဆန်တက်သွားသော လှေသို့ ရေသည် အတန်ငယ် အစဉ်လိုက်ဘိသကဲ့သို့ ထို့အတူ ဇောသို့ အစဉ်လိုက်ကုန်သော-။
- ဒွေ တဒါရမ္မဏပါကာနိ- ဟူသည်ကား နှစ်ကြိမ် တဒါရုံကိစ္စ တပ်ကုန်သော ဝိပါက်စိတ်တို့သည် ဖြစ်ကြကုန်၏။
- ယထာရဟံ - ဟူသည်ကား အာရုံ ဇော သတ္တဝါအားလျော်စွာ။
- ဘဝင်္ဂပါတော - ဟူသည်ကား ဤအတိမဟန္တာရုံ၌ ပဉ္စဒွါရာဝဇ္ဇန်းမှ လည်းကောင်း၊ ပထမ ဘဝင်္ဂစလနမှသာလျှင် လည်းကောင်း စ၍ ကောင်းစွာထသော စိတ်အစဉ်သည် စတုတ္ထဇော တိုင်အောင် ကောင်းစွာ ထ၍ (ဖြစ်၍) ပဉ္စမဇောမှ စ၍ ကျသည်သာလျှင်တည်း။ ဤသို့ပင် ဖြစ်သော်လည်း ကောင်းစွာထသော အဟုန်၏ အချင်းခပ်သိမ်း မကုန်သေးသည်၏ အဖြစ်ကြောင့် ကျပြီးဟူ၍ မဆိုအပ်ချေ။ စင်စစ် မူကား ဒုတိယတဒါရုံမှ နောက်၌ကောင်းစွာထသော အဟုန်၏ အချင်းခပ်သိမ်း ကုန်သည်၏ အဖြစ်ကြောင့် ထိုအခါ၌သာလျှင် ထိုစိတ်အစဉ်သည် ကျသည် မည်၏။
ထို့ကြောင့် ကျခြင်းသည် ပတ- မည်၏။ ဘဝင်၏ အဖြစ်ဖြင့် စိတ်အစဉ်၏ ကျခြင်း (ဖြစ်ခြင်း)ကြောင့် ဘဝင်္ဂပါတ- မည်၏။ ဘဝင်ဖြစ်၍ ကျခြင်းပေတည်း။ ဤသို့သော အနက်ကို မှတ်သိအပ်၏။
တစ်နည်းကား ဘဝင်ကိစ္စ၌ လည်းကောင်း၊ ဘဝင်ဌာန၌ လည်းကောင်း၊ ဘဝင်၏အာရုံ၌ လည်း ကောင်း ကျခြင်း ဖြစ်ခြင်းပေတည်း။
ထို့ကြောင့် ဘဝင်္ဂပါတ- မည်၏ဟု မှတ်အပ်၏။
ဤအရာ၌-
၁။ တံခါးစောင့် ဥပမာကိုလည်းကောင်း၊
၂။ ရွာသူသားငယ် ဥပမာကိုလည်းကောင်း၊
၃။ သရက် ဥပမာကိုလည်းကောင်း၊
ဆိုသင့် ဆိုထိုက်၏။ ထိုအလုံးစုံသော ဥပမာတို့ကိုလည်း အဋ္ဌကထာ၌ ယူအပ်ကုန်၏။ ဤမျှ တည်းသော စကားအစဉ်ဖြင့် တစ်ဆယ့်ခုနစ်ချက်သော စိတ္တက္ခဏတို့ ပြည့်ကြကုန်၏။ ဤသည်ကား အဓိပ္ပါယ်အားဖြင့် စပ်ခြင်းတည်း။
ဆက္ကခြောက်ဖြာ ယောဇနာ
ဆက်၍ ဆိုဦးအံ့။ ဤအရာ၌ ခြောက်ပါးသော ဆက္ကတို့၏ ယောဇနာခြင်းကို ဆိုသင့် ဆိုထိုက်၏။ ချဲ့၍ ဆိုပေဦးအံ့။ အကြင် စက္ခုပသာဒ၌ ရူပါရုံ ထိခိုက်၏။ ထိုစက္ခု၀တ္ထု ကို မှီ၍ ထိုစက္ခု ပသာဒ၌ ထိခိုက်သော ရူပါရုံကို အာရုံပြု၍ စက္ခုဝိညာဉ် ဖြစ်ပေါ်လာ၏။ ဤစက္ခုဝိညာဉ်မှ တစ်ပါးကုန်သော ပဉ္စဒွါရာဝဇ္ဇန်း အစရှိကုန်သည့် မနောဝိညာဉ်တို့သည်ကား မိမိ မိမိတို့၏ အတီတာနန္တရစိတ်နှင့် (တစ်ချက် လွန်ခဲ့ပြီးသော စိတ်နှင့်)တကွဖြစ်သော ဟဒယ၀တ္ထု ကို မှီ၍ ထိုရူပါရုံကိုပင်လျှင် အာရုံ ပြု၍ ဖြစ်ကြကုန်၏။
စက္ခုဒွါရ မနောဒွါရတို့သည် အလုံးစုံကုန်သော ဝီထိစိတ်တို့၏ ဒွါရကိစ္စကို ပြီးစေတတ်ကုန်၏။ ဤဝီထိသည်လည်း စက္ခုဒွါရ၌ ဖြစ်သောကြောင့် စက္ခုဒွါရဝီထိဟူ၍လည်းကောင်း၊ စက္ခုဝိညာဉ်ဖြင့် မှတ်အပ်သည်၏ အဖြစ်ကြောင့် စက္ခုဝိညာဏဝီထိ ဟူ၍လည်းကောင်း ဆိုအပ်ပေ၏။
တစ်ခုသော စိတ္တက္ခဏကို လွန်၍ တိုက်ခိုက်ခြင်းငှါ စွမ်းနိုင်သည့် အလွန်အားကြီးသော အာရုံ၌ ဖြစ်သောကြောင့် အတိမဟန္တာရုံဝီထိ ဟူ၍လည်းကောင်း ဆိုအပ် ဆိုသင့်၏ဟု မှတ်အပ်၏။
ဆက်၍ ဆိုဦးအံ့။ ဤစက္ခုပသာဒ၌ အကြင်မျှလောက်ကုန်သော ရူပါရုံတို့ မျက်စိဥပစာ၌ ဖြစ်၍ ဌီသို့ ရောက်ကုန်၏။ ထိုမျှလောက် ကုန်သော ထိုရူပါရုံတို့သည် ဌီသို့ ရောက်ကုန်သော ရှေ့နောက်ဖြစ်ကြ သည့် စက္ခုပသာဒ တစ်ခုယုတ် ငါးဆယ်တို့တွင် တစ်စုံတစ်ခုသော စက္ခုပသာဒ၌ မတိုက်ခိုက်ကြ ကုန်ဟု မဆိုသင့် မဆိုထိုက်ကုန်။
အထူးကို ဆိုဦးအံ့။ ထိုတစ်ခုယုတ် ငါးဆယ်သော စက္ခုပသာဒတို့တွင် အကြင်တစ်ခုသော စက္ခုပသာဒပင်လျှင် ဤစက္ခုဒွါရဝီထိ၏ ထိုက်သည့် အားလျော်စွာ ၀တ္ထု ၏အဖြစ်ကိုလည်းကောင်း၊ ဒွါရ၏အဖြစ်ကိုလည်းကောင်း ပြီးစေ၏။ အကြင် စက္ခုပသာဒ၌လည်း ထိခိုက်သော ရူပါရုံကို အာရုံပြု၍ ဤဝီထိသည် ဖြစ်၏။ ဤတစ်ခုသော စက္ခုဒွါရ ကိစ္စသည်သာလျှင် ၀တ္ထုကိစ္စ ဒွါရကိစ္စကို ပြီးစေသည် မည်၏။
အကြင် စက္ခုပသာဒကို မဇ္ဈိမာယုကစက္ခု၀တ္ထု ဟူ၍ ဆိုကြကုန်၏။ ဤမဇ္ဈိမာယုကစက္ခုမှ တစ်ပါးသော လေးဆယ့်ရှစ်ပါးသော စက္ခုပသာဒတို့သည်ကား မောဃ၀တ္ထု တို့ မည်ကုန်၏။ အကြင် လေးဆယ့်ရှစ်ပါးသော စက္ခု၀တ္ထု တို့ကို မန္ဒာယုကတို့ ဟူ၍လည်းကောင်း၊ အမန္ဒာယုကတို့ ဟူ၍ လည်းကောင်း ဆိုကြကုန်၏။
ထိုလေးဆယ့်ရှစ်ပါးသော စက္ခု၀တ္ထု တို့သည်ကား အကြင် ဆိုအပ်ခဲ့ပြီးသော ၀တ္ထုကိစ္စ ဒွါရကိစ္စကို ပြီးစေတတ်သော မဇ္ဈိမာယုက စက္ခုပသာဒမှ ရှေး၌ဖြစ်သော စက္ခု၀တ္ထု တို့လည်းကောင်း၊ နောက်၌ ဖြစ်သော စက္ခု၀တ္ထု တို့လည်းကောင်း၊ ဤသို့ နှစ်ပါးအပြား ရှိကြကုန်၏။ ထိုနှစ်ပါးစုံသော စက္ခု၀တ္ထု တို့ကိုလည်း စက္ခုဝိညာဉ်၏ ဥပါဒ်ခဏ၌ ဌီ၏အဖြစ်ဖြင့် ရသင့် ရထိုက်ကုန်သော လေးဆယ့်ရှစ်ပါး အတိုင်းအရှည်ရှိသည်တို့ကို သိအပ်ကုန်၏ဟု မှတ်ပါလေ။
ထိုလေးဆယ့်ကိုးချက်သော စက္ခုပသာဒမှ ကြွင်းကျန်ကုန်သော အလွန်ရှေး၌ဖြစ်သော စက္ခု၀တ္ထု တို့ကိုလည်းကောင်း၊ အလွန်နောက်၌ ဖြစ်သော စက္ခု၀တ္ထု တို့ကိုလည်းကောင်း ရအပ်သော ထိခိုက်ခြင်း ရှိပါကုန်သော်လည်း ၀တ္ထုကိစ္စ ဒွါရကိစ္စကို ပြီးစေခြင်း၌ ယုံမှားဖွယ် မရှိသည်၏ အဖြစ်ကြောင့် ဤမဇ္ဈိမာယုကစက္ခု၀တ္ထု ကို ရွေးချယ်ရာ၌ မယူအပ်ကုန်ဟု မှတ်အပ်ကုန်၏။
ဤအရာ၌ စောဒနာဖွယ်သည် ဖြစ်ရာ၏။ ဤဝီထိဖြစ်သော အခါ၌ ထိုပုဂ္ဂိုလ်သည် ‘‘ငါသည် ဤမည်သော အဖြူ အနီစသော အာရုံကို မြင်ရ၏’’ဟု သိလေသလော၊ မသိဘဲ ရှိလေသလောဟု ဤသို့ စောဒနာဖွယ်သည် ဖြစ်ရာ၏။ ‘‘မသိချေ’’- ဟု ဖြေဆိုပေရာ၏။ ‘‘ထိုသို့ မသိသည်ရှိသော် အဘယ်အခါ၌ သိပါသနည်း’’၊ ဤသည်ကား အမေးတည်း။ ‘‘ကောင်းစွာ မှတ်တတ်သော သသနက္ခဏဝီထိ ဖြစ်သည်ရှိသော် သိ၏’’။ ဤသည်ကား အဖြေတည်း။
ထိုစကားကို ချဲ့၍ ဆိုပေဦးအံ့။ အလုံးစုံတို့၏ ရှေးဦးစွာ စက္ခုဒွါရ ဝီထိသည် ဖြစ်၏။ ထိုစက္ခုဒွါရဝီထိ နောင်မှ ထိုစက္ခုဒွါရဝီထိသို့ အစဉ်လိုက်သည့် မနောဒွါရဝီထိသည် ဖြစ်၏။ ထို့နောင်မှ အပေါင်းကို ယူတတ်သည့် မနောဒွါရဝီထိသည် ဖြစ်၏။ ထို့နောင်မှ အဆင်းကို မှတ်တတ်သော မနောဒွါရဝီထိ သည် ဖြစ်၏။ ထို့နောင်မှ ၀တ္ထုဒြဗ်ကို ယူတတ်သည့် အတ္ထဂ္ဂဟနမနောဒွါရ ဝီထိသည် ဖြစ်၏။ ထို့နောင်မှ ၀တ္ထုဒြဗ်ကို မှတ်တတ်သည့် ၀တ္ထုသလ္လခဏ မနောဒွါရဝီထိသည် ဖြစ်၏။ ထို့နောင်မှ အမည်နာမပညတ်ကို ယူတတ်သည့် နာမဂ္ဂဟန မနောဒွါရဝီထိသည် ဖြစ်၏။ ထို့နောင်မှ အမည်ပညတ်ကို မှတ်တတ်သည့် နာမသလ္လခဏ မနောဒွါရဝီထိသည် ဖြစ်၏ဟု သိအပ်၏။
ထိုစကားရပ်၌ အဆင်းကို ပိုင်းခြားသော ဝီထိဖြစ်သည်ရှိသော် ‘‘ငါသည် ညိုသောအဆင်းကို မြင်၏’’ ဤသို့ စသည်ဖြင့် အဆင်းကို မှတ်၏။ ၀တ္ထုဒြဗ်ကို မှတ်တတ်သည့် ၀တ္ထုသလ္လက္ခဏ မနောဒွါရဝီထိ ဖြစ်လတ်သော် သဏ္ဌာန်ကို မှတ်၏။ အမည်နာမ ပညတ်ကို မှတ်တတ်သည့် နာမသသနက္ခဏဝီထိ ဖြစ်လတ်သော် အမည်နာမပညတ်ကို မှတ်၏ဟု မှတ်အပ်၏။
ဤသို့ ထိုထို သသနက္ခဏဝီထိ ဖြစ်သည်ရှိသော် သာလျှင် ထိုထို အာရုံကို မြင်၏ဟု သိ၏။ ဤသို့ သိအပ်၏။ ဆက်၍ ဆိုဦးအံ့။ ဤစက္ခုဒွါရဝီထိ စသည် ဖြစ်ရာ၌ မီးစ စက်ဝန်း ကိုင်ယူ ဝှေ့ရမ်းဘိ သကဲ့သို့ ရှေး၌ဖြစ်ကုန်သော နှစ်ဝီထိတို့ဖြင့် အဖန်ဖန် အထပ်ထပ် ယူအပ်ကုန်ပြီးသော ရူပါရုံတို့ကို အပေါင်းအနေအားဖြင့် ယူတတ်သော သုံးခုမြောက် မနောဒွါရဝီထိသည် အပေါင်းကို ယူတတ်သော ဝီထိ မည်၏။ မှန်လှစွာ၏။ အပေါင်းကို ယူခြင်းနှင့်ကင်း၍ ထင်ရှားသော အဆင်းကို ယူခြင်းသည် မဖြစ်နိုင်ဟု မှတ်အပ်၏။
- ယာဝ တဒါရမ္မဏုပ္ပါဒါ ပန အပ္ပဟောန္တာတီတကံ- ဟူသည်ကား တဒါရုံ နှစ်ကြိမ်ဖြစ်သည် တိုင်အောင် ဖြစ်ခြင်းငှါ မလောက်သည် ဖြစ်၍ စိတ္တက္ခဏ နှစ်ကြိမ် သုံးကြိမ် လွန်ပြီးသော -
မှန်လှစွာ၏။ အကြင်အာရုံအား နှစ်ချက် သုံးချက်လည်း ဖြစ်ကုန်သော စိတ္တက္ခဏတို့ လွန်ကုန်သော အာရုံတို့သည် ဖြစ်ကြကုန်၏။ ထိုအာရုံသည် တဒါရုံ နှစ်ကြိမ်ဖြစ်သည် တိုင်အောင် ဖြစ်ခြင်းငှါ မစွမ်းနိုင်ပေ။ ဤသို့ တဒါရုံဖြစ်ခြင်းငှါ မလောက်သည်ဖြစ်၍ လွန်ခြင်းရှိသော-၊ ဤသည်ကား အနက်ပေတည်း။
- အာပါထမာဂတံ- ဟူသည်ကား စက္ခုဒွါရ၌လည်းကောင်း၊ မနောဒွါရ၌လည်းကောင်း ထင်ခြင်းသို့ ရောက်သော-။
မဟန္တာရုံဝီထိ အဖွင့်
နတ္ထိ တဒါရမ္မဏုပ္ပါဒေါ - ဟူသော ဤပါဌ်ကို အကြင်အာရုံအား စိတ္တက္ခဏ တစ်ဆယ့်လေးချက် အသက်ကြွင်း ရှိသေးသော ထိုအာရုံ၏ ခုနစ်ချက်မြောက်သော ဇောနှင့်တကွသာလျှင် ချုပ်ပြီး သည်၏ အဖြစ်ကြောင့် ထိုအာရုံ၌ တဒါရုံဖြစ်ခြင်း မရှိတော့ချေ။ ဤသို့သော် အနက်သဘော သည် သင့်မြတ်လှပေ၏။
မှန်လှစွာ၏။ တစ်ခုသော အာဝဇ္ဇန်းရှိသော ဝီထိ၌ စိတ်တို့ကို တရား၏ အစွမ်းကဲ့သို့ ကာလ၏ အစွမ်းဖြင့်လည်း အထူးထူးသော အာရုံရှိသည်တို့ကို အဋ္ဌကထာဆရာတို့ အလိုမရှိကြကုန်ဟု မှတ်အပ်၏။
အကြင်အာရုံအားကား နှစ်ကြိမ်သော စိတ္တက္ခဏတို့ လွန်ကြကုန်ပြီ။
သတ္တမဇောမှ နောက်၌ စိတ္တက္ခဏတစ်ချက် အသက်ကြွင်း ရှိသေးသော ထိုအာရုံ၌ တဒါရုံတစ်ကြိမ် ဖြစ်နိုင်သေးသည် မဟုတ်ပေလော။ ဤသို့ အကယ်၍ ဆိုခဲ့ငြားအံ့။ မဆိုသင့် မဆိုထိုက်ပေဟု ပြောဆိုရမည်သာတည်း။
မှန်လှစွာ၏။ ထိုသို့ သဘောရှိသော ချုပ်ခြင်း၏ အနီးသို့ရောက်သော အာရုံသည် တဒါရုံတစ်ကြိမ် ဖြစ်ခြင်း၏ အကြောင်းဖြစ်ခြင်းငှါ မစွမ်းနိုင်ဟု မှတ်အပ်၏။ ထိုစကားသည် မှန်လှစွာ၏။ မဟာအဋ္ဌကထာ ဝိပါကကုဒ္ဓါရ၌ စိတ်ဖြစ်ခြင်းကို ရေတွက်သော အခန်းတွင်-
- တဒါရမ္မဏာနိ ဒွေ-ဟု နှစ်ခုသာလျှင် ဖြစ်သော တဒါရုံ အကြိမ်တို့သည် လာကုန်၏။ ဟူ၍ မှတ်အပ်၏။
၁၃၉။ ဋီကာကျော် (နှာ- ၁၄၄)၌ကား-
နှစ်ကြိမ်သာလျှင် တဒါရုံဖြစ်ခြင်းကို (အဋ္ဌကထာ) ပါဠိ၌ အကြင့်ကြောင့် မှတ်အပ်၏။ ထို့ကြောင့် ပထမတစ်ကြိမ်တည်း မဖြစ်နိုင်။
ဟူ၍ မိန့်ဆို၏။ ထိုစကား၌ ‘‘ပါဠိ၌’’ ဟူသည်ကား အဋ္ဌကထာပါဠိကို ရည်ရွယ်၍ မိန့်ဆို၏ဟု ယူအပ်၏။ မှန်လှစွာ၏။ အကြင် ပါဠိတော်၌ တဒါရုံ နှစ်ကြိမ်ကို မှတ်အပ်၏။ ထိုပါဠိတော်မည်သည် မရှိခဲ့ပေ။
တဒါရုံ တစ်ကြိမ်ကျ ဝါဒ
ဝါဒတစ်ပါးကို ဆိုဦးအံ့။ မဇ္ဈိမနိကာယ်ကို ဆောင်ကုန်သော မထေရ်တို့သည် တဒါရုံ တစ်ကြိမ် ကျခြင်းကို အလိုရှိတော်မူကြကုန်၏။
တစ်ကြိမ်ကျ ဝါဒပယ်ခွာချ
အဋ္ဌကထာသစ်ကျမ်းပြုဆရာ အရှင်မဟာဗုဒ္ဓဃောသ မထေရ်မြတ်သည်ကား ထို တဒါရုံ တစ်ကြိမ် ကျခြင်းကို တားမြစ်တော်မူအပ်ခဲ့ပေပြီ။ ထို့ကြောင့် ဤသင်္ဂြိုဟ်ကျမ်း၌လည်း ထိုတဒါရုံ တစ်ကြိမ် ကျခြင်းကို အရှင်အနုရုဒ္ဓါ မဟာထေရ်မြတ်သည် ပယ်မြစ်တော် မူအပ်ခဲ့ပေပြီဟု သိမှတ်အပ်၏။
ဆိုအပ်ခဲ့ပြီးသော စကားသည် အကယ်၍ ဤသို့ ဖြစ်ခဲ့သည်ရှိသော် အဘယ့်ကြောင့် ပရမ္မတ္ထဝိနိစ္ဆယကျမ်း ၌-
- တဒါရုံသည် တစ်ကြိမ်သော်လည်းကောင်း၊ နှစ်ကြိမ်သော်လည်းကောင်း ဖြစ်၏။
ဟူ၍ အရှင်အနုရုဒ္ဓါမထေရ် မိန့်ဆိုတော်မူအပ်သနည်း။ ဤကား အမေး စကားတည်း။ မဇ္ဈိမနိကာယ် ဆောင်ကုန်သော မထေရ်မြတ်တို့၏ အလိုအားဖြင့် (တဒါရုံ တစ်ကြိမ်ကို) မိန့်ဆိုအပ်၏ဟု သိမှတ် အပ်၏။ ဤကား အဖြေစကားတည်း။
ဆက်၍ ဆိုပေဦးအံ့။ မူလဋီကာ ကျမ်းပြုဆရာ အရှင်အာနန္ဒာမထေရ်သည် တဒါရုံ တစ်ကြိမ် ကျခြင်းကိုလည်း အလိုရှိသေးသည် သာလျှင်တည်း။
ဥပမာဖြင့် ထင်စွာပြဦးအံ့။ အာဂန္တုက ဘဝင်သည် တစ်ကြိမ်သာ ဖြစ်သကဲ့သို့ ထို့အတူ တဒါရုံသည်လည်း တစ်ကြိမ် မဖြစ်နိုင်ဟု ဆိုခြင်းငှါ မတတ်ကောင်းချေ။ စိတ်ဖြစ်ခြင်းကို ရေတွက် သောအခါ၌ ‘‘တဒါရမ္မဏာနိ ဒွေ’’ ဟူသော အဋ္ဌကထာ စကားကိုလည်း ဥက္ကဋ္ဌ ပရိစ္ဆေဒ၏ အစွမ်းဖြင့် မိန့်ဆိုအပ်၏ဟု ဆိုခြင်းငှါ မတတ်ကောင်းသည်ကား မဟုတ်ချေ။ တတ်ကောင်းသည် သာလျှင် တည်း။ ဤသို့သော အဓိပ္ပါယ်ဖြင့် ဆရာအာနန္ဒာမထေရ်သည် တဒါရုံ တစ်ကြိမ်ကျခြင်းကိုလည်း အလိုရှိသည်သာလျှင်တည်း။
ပရိတ္တာရုံဝီထိ အဖွင့်
ဇောဖြစ်သည်တိုင်အောင်လည်း ဖြစ်ခြင်းငှါ မလောက်သည်ဖြစ်၍ လွန်ခြင်းရှိသော-၊ ဤသည်ကား စကားအကြွင်းအကျန်ကို ထည့်၍ စပ်ခြင်းတည်း။ ချဲ့၍ ဆိုဦးအံ့။ အကြင်အာရုံအား စိတ္တက္ခဏ လေးကြိမ် တို့သည်လည်းကောင်း၊ ငါးကြိမ် ခြောက်ကြိမ် ခုနစ်ကြိမ် ရှစ်ကြိမ်တို့သည်လည်းကောင်း လွန်ကြ ကုန်၏။ ထိုအာရုံသည် ဇောဖြစ်သည် တိုင်အောင် ဖြစ်ခြင်းငှါ မလောက်နိုင်ပေ။ ဤသို့ မလောက် နိုင်သည် ဖြစ်၍ လွန်ခြင်းရှိသော ဤသည်ကား အနက်ပေတည်း။
- ဇဝနမ္ပိ အနုပ္ပဇ္ဇိတွာ- ဟူသည်ကား ဇော၏လည်း မဖြစ်ခြင်းကြောင့်-
မှန်လှစွာ၏။ ဤပုဒ်မှ တွာ-ပစ္စည်းကို ဘာဝအနက်၌သာလျှင် မှတ်အပ်၏။ ကတ္တားအနက်၌ မမှတ်အပ်ပေ။ အဘယ့်ကြောင့်နည်း ဟူမူကား- မိမိဟု ဆိုအပ်သော တွာ-ပစ္စည်း၏ ပဌာနကြိယာ နှင့်တကွ တူသော ကတ္တားရှိသည်၏ အဖြစ်မရှိခြင်းကြောင့်ပေတည်းဟု မှတ်အပ်၏။
၁၄၀။ ဋီကာကျော် (နှာ- ၁၄၅)၌ကား-
ဤ‘အနုပ္ပဇ္ဇိတွာ’ပုဒ်ရှိ ပါရှိသော ‘တွာ’ပစ္စည်းသည် ဟိတ်အနက်၌ ဖြစ်၏။
ဟု ဆို၏။ ထိုစကားသည် မကောင်းချေ။ မှန်လှစွာ၏။ ဗာဟိရအနက် ဖြစ်သော ဟိတ်အနက်သည် ကိတ်ပစ္စည်းတို့၏ အရာ၌ မဖြစ်နိုင်ပေ။ ထို့ကြောင့် ဤ‘အနုပ္ပဇ္ဇိတွာ’ဟူသော ပုဒ်၌ ဘာဝ အနက်၌သာလျှင် တွာ-ပစ္စည်းသည် ဖြစ်ပေ၏။ ထို့နောင်မှလည်း ဟိတ်အနက်၌ ပထမာ ဝိဘတ် သက်ထားပေ၏-ဟု မှတ်အပ်၏။ ဤပါဌ်ဖြင့် လက္ခဏာအနက်၌လည်းကောင်း၊ ဟိတ်အနက်၌ လည်းကောင်း၊ မာနပစ္စည်း အန္တပစ္စည်း တို့၏လည်း အကြင်ဖြစ်ခြင်းကို အချို့သော သဒ္ဒါငယ်ကျမ်း တို့၌ မိန့်ဆိုအပ်၏။ ထိုအဆိုကိုလည်း ပယ်အပ်ပြီးသည်သာ ဖြစ်၏။ မှန်လှစွာ၏။ ဗာဟိရ အနက် ဖြစ်ကုန်သော လက္ခဏအနက် ဟိတ်အနက်တို့သည် ထိုမာနပစ္စည်း အန္တပစ္စည်းတို့၏ အရာတို့ မဟုတ်ကြကုန်ဟု မှတ်အပ်၏။
ဆက်၍ ဆိုဦးအံ့။ ဤ‘ဇဝနမ္ပိ အနုပ္ပဇ္ဇိတွာ’ ဟူသော စကား၌ အကြင် အာရုံအား စိတ္တက္ခဏ ကိုးကြိမ် လွန်ကုန်၏။ စိတ္တက္ခဏ ရှစ်ချက် အသက်ကြွင်းရှိသော ထိုအာရုံ၏ ဒုတိယဝုဋ္ဌောနှင့် တကွသာလျှင် ချုပ်လေပြီးသည်၏ အဖြစ်ကြောင့် ထိုအာရုံ၌ ဇောသည်လည်း မဖြစ်မူ၍ ဤသို့သော အစီအရင်သည် သင့်လျော်၏။ အကြောင်းကိုကား ဆိုအပ် ခဲ့ပြီးသည်သာလျှင်တည်း။
အကြင်အာရုံအားကား လေးချက် ငါးချက် ခြောက်ချက် ခုနစ်ချက် ရှစ်ချက်လည်း ဖြစ်ကုန်သော စိတ္တက္ခဏတို့ လွန်ကြကုန်၏။ ထိုအာရုံ၌ ဇောဖြစ်သင့်ရာသည် မဟုတ်ပေလော။ ဤသို့ ဆိုငြားအံ့။ မဆိုသင့် မဆိုထိုက်ချေ။ မှန်လှစွာ၏။ စိတ္တက္ခဏ ခြောက်ချက် အသက်ကြွင်း ရှိသည်လည်းဖြစ်သော အာရုံသည် ဇောဖြစ်ခြင်း၏ အကြောင်း ဖြစ်ခြင်းငှါ မစွမ်းနိုင်ချေ။ မှန်လှစွာ၏။ ဇောဖြစ်သည်ရှိသော် ခုနစ်ကြိမ် ဖြစ်ခြင်းငှါ လောက်သော အာရုံ၌သာလျှင် ဖြစ်၏။ အဘယ့်ကြောင့်နည်း ဟူမူကား- ပကတိ အမှတ်အားဖြင့် ဇော၏ခုနစ်ကြိမ် အတိုင်းအရှည် ရှိသည်၏ အဖြစ်ဖြင့် ဖြစ်သင့်သောကြောင့် ပေတည်းဟု မှတ်အပ်၏။
ဆက်၍ ဆိုဦးအံ့။ ဤဇောဖြစ်သော အရာ၌-
(၁) သတိ မေ့လျော့နေသောအခါ၊
(၂) တွေဝေ မိန်းမောနေသောအခါ၊
(၃) သေခါနီးအခါ
တို့၌ ၀တ္ထုရုပ်၏ မသန့်ရှင်းသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ အားနည်းသည်၏ အဖြစ်ကြောင့်လည်းကောင်း ဇောသည် ခြောက်ကြိမ် လည်းကောင်း၊ ငါးကြိမ်လည်းကောင်း ဖြစ်သကဲ့သို့ ထို့အတူ ပကတိသော အခါကာလ၌လည်း အာရုံ၏ အားနည်းသည်၏ အဖြစ်ရှိပါသော် လည်း ခြောက်ကြိမ်သော်လည်းကောင်း၊ ငါးကြိမ်သော်လည်းကောင်း ဖြစ်သည်သာလျှင်တည်းဟု သိမှတ်အပ်၏။
- ဒွိတ္တိက္ခတ္တုံ- ဟူသည်ကား နှစ်ကြိမ်လည်းကောင်း၊ သုံးကြိမ် လည်းကောင်း၊
ထိုစကားသည် မှန်လှစွာ၏။ အဋ္ဌကထာ၌-
- ဝုဋ္ဌော၌ တည်၍ တစ်ကြိမ်လည်းဖြစ်သော၊ နှစ်ကြိမ်လည်း ဖြစ်ကုန်သော စိတ်တို့သည် ဖြစ်ကြကုန်၏။ ထိုနှစ်ကြိမ် သုံးကြိမ်သော စိတ်မှ အာသေဝနပစ္စည်းကို ရ၍ ဇောအရာ၌ တည်၍ တစ်ဖန် ဘဝင်သို့ သက်ရောက်၏။
ဟူ၍ မိန့်ဆို၏။ မှန်လှစွာ၏။ ဤအဋ္ဌကထာပါဌ်၌ ‘‘တတော အာသေဝနံ လဘိတွာ ဇဝနဌာနေ ဌတွာ’’ ဟူသော ဤပါဌ်ဖြင့် ဝုဋ္ဌော သုံးကြိမ်ဖြစ်ခြင်းကို ပြ၏။ ဤမှတစ်ပါးသော အခြင်းအရာအား ဖြင့် အနက်ကို ယူသည်ရှိသော် -
- တစ်ကြိမ်လည်းဖြစ်သော နှစ်ကြိမ်လည်း ဖြစ်ကုန်သော စိတ်တို့သည် ဖြစ်ကြကုန်၏။ ထိုနှစ်ကြိမ် သုံးကြိမ်ဖြစ်သော စိတ်နောင်မှ ဘဝင်သို့ သက်ရောက်၏။
ဟူ၍ မိန့်ဆိုအပ်သည် ဖြစ်ရာ၏ဟု မှတ်အပ်၏။ အထူးကို ဆိုပေဦးအံ့။
‘‘ဧကံ ဝါ’’ = တစ်ကြိမ်လည်း ဖြစ်သော’ ဟူသော ပုဒ်ကို စကားပြေပြစ် ရုံမျှ ဝါစာသိလိဋ္ဌမျှ ဟူ၍ မှတ်အပ်၏။ ပြယုဂ် အဘယ်သို့နည်း ဟူမူကား- ‘‘ဒွိရတ္တတိရတ္တံ’’ - နှစ်ညဉ့် သုံးညဉ့်မျှ ’’ ဟူသကဲ့သို့ပေတည်း။
နောက်တစ်နည်းကား ‘တတော’- ဟူသည်ကား တစ်ခုသော စိတ်မှ လည်းကောင်း၊ နှစ်ခုသော စိတ်မှလည်းကောင်း ဤကား အနက်ပေတည်း။ ထိုနှစ်ပုဒ်တို့တွင် ‘‘တစ်ခုသော စိတ်မှလည်း ကောင်း’’ဟူသော ပထမပုဒ် ဖြင့် နှစ်ကြိမ်၊ ‘‘နှစ်ခုသော စိတ်မှလည်းကောင်း’’ဟူသော ဒုတိယပုဒ်ဖြင့် သုံးကြိမ် ဝုဋ္ဌော ဖြစ်ခြင်းကို ဆိုခြင်းကိစ္စ ပြီး၏ဟု မှတ်အပ်၏။
‘အာသေဝနံ လဘိတွာ = အာသေဝနပစ္စည်းကို ရ၍’ ဟူသော ဤပုဒ်ကိုကား ဥပစာရစကားမျှဟု မှတ်အပ်၏။ မှန်လှစွာ၏။ ဝုဋ္ဌော၏ အာသေဝန ပစ္စည်း၏ အဖြစ်ကို ပဋ္ဌာန်းပါဠိတော်၌ မဟော အပ်၏ဟု မှတ်အပ်၏။
ပရိတ္တာရုံတွင် ဇောဆုံးခြင်း
ဤအရာ၌ ဆရာအာနန္ဒာမထေရ်သည်ကား ဝုဋ္ဌောမှ နောက်၌ လေးချက် ငါးချက် စိတ္တက္ခဏ အသက်ကြွင်းရှိသော အာရုံ၌ ဇောလေးကြိမ် ငါးကြိမ်ဖြစ်ခြင်းဖြင့် သာလျှင် ပရိတ္တာရမ္မဏဝါရကို အလိုရှိအပ်၏။ ဝုဋ္ဌော အဆုံး ရှိသည်၏ အစွမ်းဖြင့် ပရိတ္တာရမ္မဏဝါရကို အလိုရှိတော် မမူခဲ့ပေ။
မှန်လှစွာ၏။ ပဋ္ဌာန်းပါဠိတော်၌-
- ဘဝင်သည် အာဝဇ္ဇန်းအား အနန္တရပစ္စည်း အဖြစ်ဖြင့် ကျေးဇူးပြု၏။ ဟူ၍သာလျှင် ဟောတော်မူ၏။
- အာဝဇ္ဇန်းသည် ဘဝင်အား အနန္တရပစ္စည်း အဖြစ်ဖြင့် ကျေးဇူးပြု၏။ ဟူ၍ ဟောတော်မမူခဲ့ပေ။
ဆက်၍ ဆိုဦးအံ့။ တွေဝေ မိန်းမောနေသောအခါ သေခါနီးအခါတို့၌ ဟဒယ၀တ္ထု အားနည်းသည်၏ အဖြစ်ကြောင့် ခြောက်ကြိမ် ငါးကြိမ်သော ဇောဝါရတို့ကို အလိုရှိအပ်ကုန်သကဲ့သို့ ထို့အတူ ဤ ပရိတ္တာရမ္မဏဝါရတို့၌လည်း အာရုံအားနည်းသည်၏ အဖြစ်ကြောင့် ခြောက်ကြိမ် ငါးကြိမ်သော ဇောဝါရတို့ကို အလိုရှိအပ်ကုန်၏ဟု ဆိုခြင်းငှါ မတတ်ကောင်းသည်ကား မဟုတ်ချေ။ တတ်ကောင်း သည်သာလျှင်တည်း။
ဝုဋ္ဌောအဆုံး တစ် နှစ် သုံး
ဆက်၍ ဆိုပေဦးအံ့။ ဤပရိတ္တာရမ္မဏဝါရ၌
သန္တီရဏမှ နောက်၌ စိတ္တက္ခဏတစ်ချက် အသက် ကြွင်းရှိသည့် အာရုံ၌ ဝုဋ္ဌောတစ်ကြိမ် ဖြစ်၏။ စိတ္တက္ခဏနှစ်ချက် အသက်ကြွင်းရှိသည့် အာရုံ၌ ဝုဋ္ဌောနှစ်ကြိမ် ဖြစ်ကုန်၏။ ထို့ထက်အလွန် အသက်ကြွင်းရှိသည့် အာရုံ၌ ဝုဋ္ဌောသုံးကြိမ်တို့ ဖြစ်ကြကုန်၏။ ဤသို့သော် အနက်သဘောသည် သင့်မြတ်ပေရာ၏။
ယခုအခါ၌ကား ဝုဋ္ဌော နှစ်ကြိမ် ရှိကုန်သော ပရိတ္တာရုံ ခြောက်ဝီထိတို့လည်းကောင်း၊ ဝုဋ္ဌော သုံးကြိမ် ရှိကုန်သော ပရိတ္တာရုံ ငါးဝီထိတို့ လည်းကောင်း၊ ဤသို့ ယောဇနာကြကုန်၏။ ဤသို့ ဖြစ်သည် ရှိသော် အဘယ်သို့ သဘောရှိသော ပရိတ္တာရုံ၌ ဝုဋ္ဌောနှစ်ကြိမ်ရှိသော ဝီထိတို့ပေနည်း။ အဘယ် သို့သော် သဘောရှိသော ပရိတ္တာရုံ၌ ဝုဋ္ဌောသုံးကြိမ် ရှိသော ဝီထိတို့ပေနည်းဟု စူးစမ်း ဆင်ခြင် ထိုက်ကုန်ပေရာ၏ဟု မှတ်အပ်၏။
အတိပရိတ္တာရုံ ဝီထိအဖွင့်
အဖို့တစ်ပါးကို ဆိုဦးအံ့။ အကြင်အာရုံသည် နှစ်ကြိမ် သုံးကြိမ် ဝုဋ္ဌောဖြစ်ခြင်းငှါ မလောက်ချေ။ ထိုအာရုံသည် ပဉ္စဒွါရာဝဇ္ဇန်း၏လည်း အကြောင်း မဖြစ်တော့ချေ။ ထို့ကြောင့် ‘‘ထိုအတိပရိတ္တာရုံ၌ ဘဝင်လှုပ်ခြင်းသည် သာလျှင် ဖြစ်တော့၏။ ဝီထိစိတ် ဖြစ်ခြင်းကား မရှိတော့ပေ’’ဟု မိန့်တော်မူ၏။ ထိုအတိပရိတ္တာရုံ၌ ‘‘ဘဝင်လှုပ်ခြင်းသည်သာလျှင်’’ ဟူသည်ကား ဘဝင်၏ နှစ်ကြိမ် လှုပ်ခြင်းမျှ သာလျှင် ဖြစ်ပေ၏။
သောတ စသည် ထိုနည်းမှီ
ဣစ္စေဝံ စက္ခုဒွါရေ- ဟူသည်ကား ဤသို့လျှင် ‘‘ယဒိ ဧကစိတ္တက္ခဏာ တီတကံ ရူပါရမ္မဏံ စက္ခုဿ အာပါထမာဂစ္ဆတိ’’ စသည်ဖြင့် (သင်္ဂဟကျမ်း)၌ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့် စက္ခုဒွါရ၌ လေးဝါရ တို့၏ အစွမ်းဖြင့် လေးပါးအပြားအားဖြင့် အာရုံတို့၏ ဒွါရတို့၏ ဖြစ်ခြင်းကို သိအပ် သိသင့်၏။ သောတဒွါရ စသည်တို့၌လည်း ထို့အတူ လေးဝါရ တို့၏အစွမ်းဖြင့် လေးပါးအပြားအားဖြင့် အာရုံ တို့၏ ဒွါရတို့၌ဖြစ်ခြင်းကို သိအပ် သိသင့်၏။ ဤသည်ကား ယောဇနာခြင်းတည်း။ ခပ်သိမ်းသော အခြင်းအရာအားဖြင့်လည်း လေးပါးအပြားအားဖြင့် သိအပ်၏။ ဤသည်ကား ရှေ့ပုဒ် နောက်ပုဒ် တို့ကို စပ်ခြင်းတည်း။
အတိပရိတ္တာရုံသည်လည်း ထင်ခြင်းသို့ ရောက်ကာမျှဖြင့် မောဃဝါရ၏ အာရုံမည်သည် ဖြစ်၏။ အာရုံပြုသည်၏ အစွမ်းဖြင့် အာရုံမည်သည် မဖြစ်ချေ။ ဤအတိပရိတ္တာရုံမှ တစ်ပါးသော အာရုံ တို့သည်ကား ထင်ခြင်းသို့ ရောက်ခြင်း အာရုံပြုခြင်း တည်းဟူသော နှစ်ပါးစုံသော အခြင်းအရာ အားဖြင့်လည်း ဤမောဃဝါရမှ တစ်ပါးသော သုံးပါးသော ဝါရတို့၏ အာရုံတို့ မည်ကုန်၏။ ထို့ကြောင့် ‘‘စတုန္နံဝါရာနံ ယထာက္ကမံ အာရမ္မဏဘူတာ’’ဟူ၍ မိန့်ဆိုတော်မူ၏။
၁၄၁။ ဋီကာကျော် (နှာ- ၁၄၆)၌ကား-
အာရမ္မဏဘူတာ- ဟူသော ဤပါဌ်၏ အတိပရိတ္တာရုံကို ရည်ရွယ်၍ ပစ္စယဘူတာ-ဟူ၍ (ဟူသော) အနက်ကို မိန့်ဆိုအပ်၏၊ မှန်လှစွာ၏။ ထိုအတိပရိတ္တာရုံသည် မောဃဝါရဟု ပညတ်ခြင်းငှါ အကြောင်းပစ္စည်း ဖြစ်၏။ ဤသို့ မှတ်အပ်၏။
သင်္ဂဟဂါထာ အဖွင့်
ပဉ္စဒွါရ၌ ဝီထိစိတ်တို့သည် ထိုက်သည့် အားလျော်စွာ ကိစ္စ၏ အစွမ်းဖြင့် ခုနစ်ပါးတို့သည်သာလျှင် ဖြစ်ကုန်၏။ စိတ်တို့၏ ဖြစ်သော ခဏ၏ အစွမ်းဖြင့် တစ်ဆယ့်လေးပါးတို့ ဖြစ်ကုန်၏။ စိတ်သရုပ် အကျယ်အားဖြင့် ငါးဆယ့်လေးပါးတို့ ဖြစ်ကုန်၏။ ဤသည်ကား ယောဇနာခြင်းပေတည်း။ ဧတ္ထ - ဟူသည်ကား ကာမဇောဝါရ၌ ဟူလို။
မနောဒွါရ ကာမဇောဝါရ
ဝိဘူတာရုံဝီထိ အဖွင့်
မနောဒွါရ၌ကား အာရုံတရားတို့သည် နည်းသော ခဏရှိသော တရားတို့သည် လည်းကောင်း၊ အတိတ် အနာဂတ် တရားတို့သည်လည်းကောင်း၊ ကာလဝိမုတ် တရားတို့သည် လည်းကောင်း ထင်ခြင်းသို့ ရောက်ကြကုန်သည် သာလျှင်တည်း။
တစ်နည်းကား- မနောဒွါရ၌ နည်းသော ခဏရှိသည်လည်း ဖြစ်ကုန်သော၊ အတိတ် အနာဂတ် တရားလည်း ဖြစ်ကုန်သော၊ ကာလဝိမုတ် တရားလည်း ဖြစ်ကုန်သော၊ အာရုံတရားတို့သည် ထင်ခြင်းသို့ ရောက်ကြကုန်၏။ ထို့ကြောင့် ထိုမနောဒွါရ၌ ‘‘ဧကစိတ္တက္ခဏာ တီတာနိ ဝါ ဗဟုစိတ္တက္ခဏာတီတာနိ ဝါ ဌိတိပ္ပတ္တာနေဝ အာပါထမာ ဂစ္ဆန္တိ’’ ဟူသော ဤအစီအရင် မရှိခဲ့ပေ။ ထို့ကြောင့် ‘‘မနောဒွါရ ပန ယဒိ ဝိဘူတမာရမ္မဏံ အာပါထမာဂစ္ဆတိ’’ဟူ၍ မိန့်ဆိုအပ်ခဲ့ပေ၏။
ထိုစကားရပ်၌- ‘မနောဒွါရေ’ ဟူသည်ကား သုဒ္ဓမနောဒွါရ၌ - ဟူလို မှန်လှစွာ၏။ စက္ခုဒွါရ စသည်တို့၌ တိုက်ခိုက်ခြင်းနှင့် အတူတကွသာလျှင် အကြင် ဘဝင်္ဂစလနဟု ဆိုအပ်သော မနောဒွါရ၌ ထင်ခြင်းသို့ ရောက်၏။ ထို ဘဝင်္ဂစလနဟု ဆိုအပ်သော မနောဒွါရကို မိဿက မနောဒွါရဟူ၍ ဆိုအပ် ဆိုထိုက်၏။ ဤအရာ၌ကား ပဉ္စဒွါရနှင့် မရောမယှက် သက်သက်သော မနောဒွါရကိုသာလျှင် အလိုရှိအပ်၏ဟု မှတ်အပ်၏။
ထိုမနောဒွါရသည်လည်း-
(က) ပဉ္စဒွါရသို့ အစဉ်လိုက်သော အနုဗန္ဓကမနောဒွါရ
(ခ) ပဉ္စဒွါရသို့ အစဉ်မလိုက်ဘဲ အသီးအခြားဖြစ်သော မနောဒွါရ
ဟူ၍ နှစ်ပါးအပြား ရှိ၏။
ထိုနှစ်ပါးတို့တွင် ကြေးစည်ခေါင်းလောင်းကို လက်ခတ်ဖြင့် တစ်ကြိမ် ရိုက်ခတ်လိုက်သည်ရှိသော် ကြေးစည်ခေါင်းလောင်း၏ ကိုယ်ထည်ဖြစ်သော ရုပ်ကလာပ်တို့သည် ကြာမြင့်စွာသော ကာလ ပတ်လုံးလည်း အချင်းချင်း ထိခိုက်၍ အဖန်ဖန် မြည်ဟည်းသွားသော ကြေးစည်သံ အစဉ်ကို (တစ်နည်း) သဒ္ဒကလာပ်အစဉ်ကို ဖြစ်စေကုန်ဘိသကဲ့သို့ ထို့အတူ ပဉ္စဒွါရ၌ အာရုံသည် တစ်ကြိမ် ထိခိုက်အပ်သည်ရှိသော် ပဉ္စဒွါရဝီထိ ချုပ်ပြီးပင် ဖြစ်သော်ငြားလည်း အတိတ်ပဉ္စာရုံသည် မနော ဒွါရ၌ ထင်မြဲတိုင်းသာလျှင် ဖြစ်၍ အထောင်မက များစွာကုန်သော မနောဒွါရိက ဝီထိအစဉ်တို့ကို ဖြစ်စေသည်သာလျှင်တည်း။ ထိုမနောဒွါရ ဝီထိစိတ်အစဉ်တို့၏ကား ဒွါရဖြစ်သည့် ဘဝင်အစဉ်သည် အနုဗန္ဓက မနောဒွါရ မည်၏။ ထိုမနောဒွါရိကဝီထိစိတ် အစဉ်တို့သည်လည်း အနုဗန္ဓကဝီထိစိတ်တို့ မည်ကုန်၏။
အကြင် ဘဝင်စဉ်၌ကား ပဉ္စဒွါရ၌ ခိုက်တိုက်ခြင်းသို့ အစဉ်လိုက်သည်၏ အဖြစ်နှင့်ကင်း၍ သက်သက် သာလျှင် ထိုထိုအခြင်းအရာအားဖြင့် အာရုံခြောက်ပါးတို့ ထင်ခြင်းသို့ ရောက်ကုန်၏။ ထိုဘဝင် အစဉ်သည် ဝိသုံသိဒ္ဓမနောဒွါရ = အသီးအခြားဖြစ်သော မနောဒွါရ မည်၏။ အဘယ်သို့လျှင် ဝိသုံသိဒ္ဓ မနောဒွါရဖြစ်သော ထိုမနောဒွါရ၌ အာရုံတရားတို့သည် ထင်ခြင်းသို့ ရောက်ကြကုန်သနည်း။ ဤသည်ကား အမေးတည်း။
အဖြေကို ဆိုပေဦးအံ့။ ရှေး၌ တွေ့ကြုံဖူးသော အားဖြင့်လည်းကောင်း၊ တွေ့ကြုံဖူးသည်နှင့် စပ်သော အားဖြင့်လည်းကောင်း၊ ကြားဖူးသောအားဖြင့်လည်းကောင်း၊ ကြားဖူးသည်နှင့် စပ်သောအားဖြင့် လည်းကောင်း၊ ယုံကြည်သောအားဖြင့်လည်းကောင်း၊ နှစ်သက်သောအားဖြင့်လည်းကောင်း၊ အခြင်းအရာကို ကြံဖန်သောအားဖြင့်လည်းကောင်း၊ (မိမိတို့၏ မိရိုးဖလာ အယူဝါဒဟူသော) ဒိဋ္ဌိ (အဖန်ဖန် စုံစမ်းဆင်ခြင်၍ ဤကား အမှန်ပင်တည်း ဟူ၍ သန္နိဋ္ဌာန်ချမှုဟူသော) နိဇ္ဈာန (သဘောကျမှု ဟူသော) ခန္တိအားဖြင့်လည်းကောင်း၊ အထူးထူးသော ကံ၏အစွမ်းဖြင့် လည်းကောင်း၊ အထူးထူးသော တန်ခိုး၏အစွမ်းအားဖြင့် လည်းကောင်း၊ ဓာတ်ချောက်ချားသည်၏ အစွမ်းအားဖြင့်လည်းကောင်း၊ နတ်တို့သည် ဆောင်ပြသည်၏ အစွမ်းအားဖြင့်လည်းကောင်း၊ လျော်စွာသိခြင်း၏ အစွမ်းအားဖြင့်လည်းကောင်း၊ ထိုးထွင်း၍ သိခြင်း၏ အစွမ်းအားဖြင့် လည်းကောင်း၊ ဤသို့ အစရှိကုန်သော အကြောင်းတို့ကြောင့် ထင်ခြင်းသို့ ရောက်ကုန်၏။ ဤသည်ကား အဖြေတည်း။
ဒိဋ္ဌအာရုံ တိုက်ဆိုင်ပုံ
ထိုအကြောင်း အပေါင်းတို့တွင် ဒိဋ္ဌ တွေ့ကြုံခဲ့ရသော အာရုံမည်သည်ကား ရှေး၌ ငါးဒွါရတို့ဖြင့် ယူအပ်ပြီးသော အာရုံငါးပါးပေတည်း။ ထိုအာရုံ ငါးပါးသည်လည်း ကာလတစ်ပါး၌ အကြောင်းကို ရသည်ရှိသော် သက်သက်သော မနောဒွါရ၌ ထင်ခြင်းသို့ ရောက်သည်သာလျှင်တည်း။
ဒိဋ္ဌသမ္ဗန္ဓ အာရုံ တိုက်ဆိုင်ပုံ
ဒိဋ္ဌသမ္ဗန္ဓ = တွေ့ကြုံဖူးသည်နှင့်စပ်သော အာရုံ မည်သည်ကား မြင်ဖူးသည်နှင့် တူသော အာရုံ ငါးပါးကို ဆိုအပ်၏။ မှန်လှစွာ၏။ ရှေး၌ တစ်စုံတစ်ခုသော အာရုံကိုမြင်၍ တစ်ပါးသော အမှတ် မရှိသော အာရုံကို ကြံဆသူအား မမြင်ဖူးသော်လည်း ထိုမြင်ဖူးသည်နှင့်တူသော အတိတ် ဖြစ်သော အာရုံသည်လည်းကောင်း၊ အနာဂတ်ဖြစ်သော အာရုံသည် လည်းကောင်း၊ ပစ္စုပ္ပန်ဖြစ်သော အာရုံ သည်လည်းကောင်း များစွာထင်ခြင်းသို့ ရောက်ကုန်သည်သာလျှင်တည်း။
သုတအာရုံ တိုက်ဆိုင်ပုံ
သုတ = ကြားဖူးသော အာရုံမည်သည်ကား သူတစ်ပါး ထံမှ ကြား၍ ယူအပ်သော အာရုံခြောက်ပါး တည်း။ ထိုသုတအာရုံ ခြောက်ပါးသည်ကား အရာကျယ်လှစွာ၏။ သဗ္ဗညုမြတ်စွာဘုရား၏ ဒေသနာတော်ကို ကြားနာရ၍ ယူအပ်သော တစ်စုံတစ်ခုသည် အာရုံမဟုတ်သော မည်သည် မရှိချေ ဟု မှတ်အပ်၏။
သုတသမ္ဗန္ဓအာရုံ တိုက်ဆိုင်ပုံ
သုတ္တမ္ဗန္ဓ = ကြားဖူးသည်နှင့် စပ်သော အာရုံ မည်သည်ကား ကြားဖူးသည်နှင့် တူသော အာရုံ ခြောက်ပါးတည်း။
- သဒ္ဓါ … ယုံကြည်ခြင်း မည်သည်ကား သူတစ်ပါးကို ယုံကြည်ခြင်းတည်း။
- ရုစိ … နှစ်သက်ခြင်း မည်သည်ကား မိမိ၏အလိုဆန္ဒတည်း။
- အာကာရပရိဝိတက္က … အခြင်းအရာကို ကြံဖန်ခြင်း မည်သည်ကား အနက် အရိပ်ကိုလည်း ကောင်း၊ သဒ္ဒါ အရိပ်ကိုလည်းကောင်း၊ အကြောင်း အရိပ်ကိုလည်း ကောင်း မှီ၍ ထိုထိုသို့သော အခြင်းအရာအားဖြင့် ကြံဖန်ခြင်းတည်း။
- ဒိဋ္ဌိ = အယူဝါဒ၊ နိဇ္ဈာန = အဖန်ဖန် စူးစမ်း ဆင်ခြင်၍ သန္နိဋ္ဌာန် ချမှု ခန္တီ = သဘောကျမှု မည်သည်ကား ပညာဖြင့်သော်လည်းကောင်း၊ မိမိ၏အယူဖြင့်သော်လည်းကောင်း အဖန်ဖန် စူးစမ်း ဆင်ခြင်၍ ‘‘ဤသို့သာလျှင်တည်း’’ဟု ဆုံးဖြတ်ခြင်းသို့ ရောက်စေ၍ ယူခြင်းပေတည်း၊ ကြွင်းသော အကြောင်းစုသည် ထင်ရှားသည်သာလျှင်တည်း။
ဆက်၍ ဆိုဦးအံ့။ ဤအရာ၌ စိတ်အစဉ်၏ အနန္တရူပနိဿယပစ္စည်းအဖြစ် မည်သည်ကား ကြီးကျယ်သော ပျံ့နှံ့ခြင်း ရှိ၏။ တစ်ကြိမ်မျှလည်း အာရုံကို ကောင်းစွာ မှီဝဲရသည်ရှိသော် ချုပ်ပြီးသော ကာလမှ စ၍ အနှစ်တစ်ရာ၌လည်းကောင်း၊ အနှစ်တစ်ထောင်၌လည်းကောင်း၊ ဘဝ တစ်ပါး၌လည်းကောင်း ထိုအာရုံကိုစွဲ၍ ဘဝင်္ဂစလန၏ အကြောင်းသည် ဖြစ်နိုင်၏။ စိတ်မည်သည် ကား အကြင် အကြင် ဆိုအပ်ပြီးသော မြင်ခြင်း အစရှိကုန်သော အကြောင်းတို့ဖြင့် ကြီးပွားသော စိတ်အစဉ် မည်သည်ကား ကြီးကျယ်သော ပျံ့နှံ့ခြင်း ရှိ၏။ တစ်စုံတစ်ခုသော အကြောင်းကို ရခဲ့သော် တစ်ခုသော ခဏ၌ အထောင်မက များစွာလည်း ဖြစ်ကုန်သော မြင်ခြင်း အစရှိကုန်သော အာရုံတို့၌ ပျံ့နှံ့လျက် ဖြစ်၏။
ဆက်၍ ဆိုဦးအံ့။ ထိုအကြောင်းတို့သည် အမြဲတိုက်တွန်းအပ်သော စိတ်အစဉ်သည် ကိုယ်ကျင်နာ သည်၏ အဖြစ် အစရှိသော စိတ်အားနည်းသော အကြောင်းမရှိလတ်သော် မြဲသော ကာလပတ် လုံးလည်း ဘဝင်မှ ထခြင်းငှါ အလိုနှင့် ယှဉ်၏။ မှန်လှပေ၏။ စိတ်မည်သည်ကား မထင်ရှားသော အာရုံ၌ မမွေ့လျော်ချေ။ ထင်ရှားသည့် အာရုံ၌သာလျှင် မမွေ့လျော်၏။ ထို့ကြောင့် ဘဝင်နှင့်ယှဉ်သော မနသိကာရသည် အဖန်ဖန် ဘဝင်ကို လှုပ်စေ၍ ရအပ်သော အကြောင်းရှိကုန်သော အာရုံတို့၌ အာဝဇ္ဇန်းကို အဖန်ဖန် ယှဉ်စေသည်သာလျှင်တည်း။ ထိုအခါ၌ ထိုအာရုံတို့သည် ထိုအာရုံသို့ ရှေးရှု ညွတ်သော အခြင်းအရာအားဖြင့် ဖြစ်သော မနသိကာရနှင့် ယှဉ်သည့် ဘဝင်စိတ်အား ထင်ခြင်းသို့ ရောက်ကြကုန်၏။
မှန်လှစွာ၏။ တစ်ပါးသော အာရုံယူ၍ ဖြစ်သော စိတ်၏အာရုံ တစ်ပါး၌ ရှေးရှုညွတ်သော အခြင်း အရာ မည်သည် မရှိချေဟု ဆိုခြင်းငှါ မတတ်ကောင်းချေ။
‘‘တဒါရမ္မဏပါကာနိ ပဝတ္တန္တိ’’ ဟူသော ဤစကားကို ကာမ သတ္တဝါ၏ အစွမ်းဖြင့် မိန့်ဆိုအပ်၏။ ရူပ အရူပ သတ္တဝါတို့အားကား ထင်ရှားသော ဝိဘူတာရုံ၌သော်လည်း တဒါရုံဖြစ်ခြင်း မရှိသည်သာ တည်း။ ဆက်၍ ဆိုပေဦးအံ့။ ဤမနောဒွါရ၌ ရူပ အရူပ သတ္တဝါတို့အား ထင်ရှားသည့် ဝိဘူတာရုံ သော်လည်း တဒါရုံဖြစ်ခြင်း မရှိသကဲ့သို့ ဤအတူ ပဉ္စဒွါရ၌လည်း အတိမဟန္တာရုံတို့တွင် ရူပသတ္တဝါ တို့အား တဒါရုံဖြစ်ခြင်း မရှိချေဟု မှတ်အပ်၏။
အဝိဘူတာရုံဝီထိ အဖွင့်
‘‘အဝိဘူတေ ပနာရမ္မဏေ ဇဝနာဝသာနေ ဘဝင်္ဂပါတောဝ ဟောတိ’’ ဟူသော စကားကိုလည်း ဥက္ကဋ္ဌပရိစ္ဆေဒ၏ အစွမ်းဖြင့် မိန့်ဆိုအပ်၏ဟု မှတ်အပ်၏။ ဉာဏ ဝိဘင်္ဂအဋ္ဌကထာ၌ကား နှစ်ကြိမ် သုံးကြိမ် ဝုဋ္ဌော ဖြစ်သည်၏ အစွမ်းအားဖြင့် အဝိဘူတာရုံ အာရုံ၌ ဝုဋ္ဌောဝါရသည်လည်း လာသေး၏။
ပဉ္စဒွါရ၌ ဘဝင်္ဂစလနမျှ၏ အစွမ်းဖြင့် မောဃဝါရ မည်သော လေးခုမြောက် ဖြစ်သည့် အကြင် ဝါရကိုလည်း မိန့်ဆိုအပ်၏။ ထို မောဃဝါရသည်လည်း ဤမနောဒွါရ၌ ရခြင်းငှါ သင့်မြတ်သည် သာလျှင်တည်း။
မှန်လှစွာ၏။ သက်သက်သော မနောဒွါရ၌လည်း အာရုံတိုက်ခိုက် လာသည်ရှိသော် ဝီထိစိတ် မဖြစ်မူ၍ နှစ်ကြိမ် သုံးကြိမ် ဘဝင်လှုပ်ပြီးသည်ရှိသော် ဆုတ်နစ်သွားသော မောဃဝါရ၏ အတိုင်း အရှည် ပမာဏ မရှိလတ္တံ့သည်သာလျှင်တည်း။ အာရုံတိုက်ခိုက်လာခဲ့သော်လည်းကောင်း၊ ဘဝင် လှုပ်ခဲ့သော်လည်းကောင်း အာရုံတို့၌ စိတ်တို့၏ ဖြစ်ခြင်းမည်သည် မရှိသည် မဟုတ်ချေ။ ရှိသည် သာလျှင်တည်း။
ထို့ကြောင့် ဤမနောဒွါရ၌လည်း တဒါရမ္မဏဝါရ ဇဝနဝါရ ဝေါဋ္ဌဗ္ဗနဝါရ မောဃဝါရဟု ဆိုအပ် ကုန်သော လေးဝါရတို့၏ အစဉ်အတိုင်း အာရုံ၌ဖြစ်၍ ဖြစ်သော ဝိသယပဝတ္တိကို လေးပါး အပြား အားဖြင့် သိအပ်၏ဟု မှတ်အပ်၏။
ထိုလေးပါးတို့တွင်-
- တဒါရမ္မဏဝါရ၏ အာရုံဖြစ်သော ဝိသယပဝတ္တိသည် အတိဝိဘူတာရုံ မည်၏။
- ဇောဝါရ၏ အာရုံဖြစ်သော ဝိသယပဝတ္တိသည် ဝိဘူတာရုံ မည်၏။
- ဝေါဋ္ဌဗ္ဗနဝါရ၏ အာရုံဖြစ်သော ဝိသယပဝတ္တိသည် အဝိဘူတာရုံ မည်၏။
- မောဃဝါရ၏ အာရုံဖြစ်သော ဝိသယပဝတ္တိသည် အတိ အဝိဘူတာရုံ မည်၏。
ဤသို့ ယှဉ်စေအပ်၏။
ဆက်၍ ဆိုပေဦးအံ့။ ဤစကားရပ်၌ အာရုံ၏လည်းကောင်း၊ စိတ်၏ လည်းကောင်း အလွန် အားရှိသည်၏ အဖြစ်ကြောင့် အတိဝိဘူတ၏ အဖြစ်ကို သိအပ်၏။ မှန်လှစွာ၏။ စိတ်သည် အားနည်း သော်လည်း မြေတောင် စသည်တို့၏ အစွမ်းဖြင့် အလွန်အားကြီးသော အာရုံသည် အတိဝိဘူတာရုံ မည်သည် ဖြစ်၏။ စိတ်သည်လည်း အလွန်အားကြီးသည်ရှိသော် အလွန်သိမ်မွေ့သည်လည်း ဖြစ်သော နိဗ္ဗာန်အာရုံသည် အတိဝိဘူတာရုံ မည်သည် ဖြစ်၏ဟု မှတ်အပ်၏။
အဖို့တစ်ပါးကို ဆိုဦးအံ့။ ဤမနောဒွါရ၌ ဝါရအပြားသည် -
(က) ပဉ္စဒွါရသို့ အစဉ်လိုက်သော အနုဗန္ဓကဝါရ၊
(ခ) ပဉ္စဒွါရသို့ အစဉ်မလိုက်ဘဲ အသီးအခြားဖြစ်သော ဝိသုံသိဒ္ဓဝါရ၊
ဤသို့ နှစ်ပါးအပြား ရှိ၏။
ထိုနှစ်ပါးတို့တွင် အနုဗန္ဓကဝါရသည် စက္ခုဒွါရသို့ အစဉ်လိုက်သော ဝါရ စသည်တို့၏ အစွမ်း အားဖြင့် ငါးပါးအပြား ရှိ၏။ ဆက်၍ ဆိုပေဦးအံ့။ ဤအနုဗန္ဓကဝါရ တစ်ခု တစ်ခု၌-
(က) ချုပ်လေပြီးသော အတိတ်ပဉ္စာရုံကို ယူသော အတီတဂ္ဂ ဟဏဝါရ၊
(ခ) အတိတ်ပဉ္စာရုံကို ပေါင်းယူသော သမုဒါယဂ္ဂဟဏဝါရ၊
(ဂ) သဏ္ဌာန်ပညတ်ကို ယူသော ၀တ္ထုဂ္ဂဟဏဝါရ၊
(ဃ) အမည်ပညတ်ကို ယူသော နာမဂ္ဂဟဏဝါရ၊
ဤသို့ လေးဝါရ လေးဝါရတို့ ဖြစ်ကြကုန်၏။ ထိုလေးဝါရ လေးဝါရတို့တွင်လည်း တဒါရမ္မဏဝါရ စသည်တို့ကို ထိုက်သည့်အားလျော်စွာ ယှဉ်စေအပ်ကုန်၏။ ဝိသုံသိဒ္ဓဝါရသည်ကား-
(က) ရှေးအခါ ပဉ္စဒွါရဝီထိဖြင့် ပစ္စုပ္ပန်အာရုံပြု၍ ယူဖူးသော ဒိဋ္ဌမည်သော ပဉ္စာရုံကို အာရုံပြု၍ ဖြစ်သည့် ဝီထိဟူသော ဒိဋ္ဌဝါရ၊
(ခ) ဒိဋ္ဌအာရုံမျိုးနှင့် စပ်ဆက်၍ ထင်မြင်သည့် အာရုံခြောက်ပါးစုကို အာရုံပြုသည့် ဝီထိဟူသော ဒိဋ္ဌသမ္ဗန္ဓဝါရ၊
(ဂ) ကြားဖူး တွေ့ဖူး၍ ထင်လာသော သုတအာရုံ ခြောက်ပါးကို အာရုံပြု၍ ဖြစ်သည့် ဝီထိဟူသော သုတဝါရ၊
(ဃ) သုတအာရုံနှင့် ဆက်နွယ် စပ်လျဉ်း၍ အမျိုးမျိုး ထင်မြင် လာသမျှသော အာရုံခြောက်ပါးကို အာရုံပြု၍ ဖြစ်သည့် ဝီထိဟူသော သုတသမ္ဗန္ဓဝါရ၊
(င) ဒိဋ္ဌ-ဒိဋ္ဌသမ္ဗန္ဓ၊ သုတ-သုတသမ္ဗန္ဓတို့မှ တစ်ပါးသော သူတစ်ပါးကို ကြည်ညို ယုံကြည်မှု သဒ္ဓါစသည့် ဝိညာတ အာရုံစုကို အာရုံပြု၍ ဖြစ်သည့် ဝီထိဟူသော ဝိညာတဝါရ၊
(စ) ဝိညာတအာရုံတို့နှင့် ဆက်နွယ်စပ်လျဉ်း၍ အမျိုးမျိုး ထင်မြင်လာသမျှသော အာရုံစုကို အာရုံပြု၍ ဖြစ်သည့် ဝီထိ ဟူသော ဝိညာတသမ္ဗန္ဓဝါရ၊
ဤသို့ ခြောက်ပါးအပြား ရှိ၏။ ဆက်၍ ဆိုပေဦးအံ့။ ဤဝိသုံ သိဒ္ဓဝါရသည် သူတစ်ပါးကို ယုံကြည်ခြင်း = သဒ္ဓါ၊ မိမိ၏ အလိုဆန္ဒ နှစ်သက်ခြင်း = ရုစိ၊ အနက်ရိပ် သဒ္ဒါရိပ် အကြောင်းရိပ်တို့ကို မှီ၍ ထိုထိုသို့သော အခြင်းအရာအားဖြင့် ကြံဖန်ခြင်း အာကာရ- ပရိဝိတက္က စသည်တို့ဖြင့် ဖြစ်သော ဝါရတို့ကို ဝိညာတဝါရ ဟူ၍လည်းကောင်း၊ ဝိညာတ သမ္ဗန္ဓဝါရ ဟူ၍လည်းကောင်း မိန့်ဆိုအပ် ကုန်၏ဟု မှတ်အပ်ကုန်၏။
အဋ္ဌသာလိနီ၌ကား- သဒ္ဓါ ရုစိ စသည်တို့၏ အစွမ်းဖြင့် ယူထိုက်သော အာရုံသည် ထိုယူတိုင်းသော အခြင်းအရာဖြင့်လည်း ဖြစ်၏ ထို့ကြောင့် မဟာအဋ္ဌကထာ၌ ယူတော်မမူအပ်ခဲ့ပေပြီဟု မိန့်တော် မူခဲ့၏။ ထိုသို့သော အခြင်းအရာအားဖြင့်မူလည်း ဖြစ်စေ တစ်ပါးသော အခြင်းအရာ အားဖြင့်မူလည်း ဖြစ်စေ ဝီထိစိတ် ဖြစ်သည်ရှိသော် ယူထိုက်သည်သာလျှင်တည်း။
ထိုနှစ်ပါးသော ဝါရတို့တွင် တစ်ခု တစ်ခုသော ဝါရ၌ တဒါရမ္မဏ ဝါရ စသည်တို့၏ အစွမ်းအားဖြင့် လေးဝါရ လေးဝါရတို့ ဖြစ်ကုန်၏။ ထိုဝါရတို့၌လည်း ကာမ မဟဂ္ဂုတ် လောကုတ္တရာ ပညတ်တို့၏ အစွမ်းအားဖြင့် လည်းကောင်း၊ ပစ္စုပ္ပန် အတိတ် အနာဂတ် ကာလဝိမုတ်တို့၏ အစွမ်းအားဖြင့် လည်းကောင်း အာရုံတရားတို့ကို ထိုက်သင့်သည့် အားလျော်စွာ ယှဉ်စေအပ်ကုန်၏ဟု မှတ်အပ် ကုန်၏။
အထူးကို ဆိုဦးအံ့။ ယခုအခါ၌ အတီတဘဝင်၏ အစွမ်းဖြင့်လည်းကောင်း၊ တဒါရုံ၏ အစွမ်းဖြင့် လည်းကောင်း ဝါရ အထူးအပြားကို ကြံစည်ကြကုန်၏။ ထိုနှစ်ပါးတို့တွင် အတီတဘင်၏ အစွမ်း အားဖြင့် ဝါရအထူးကို ကြံခြင်းသည် အကျိုးမရှိပေ။ မှန်လှစွာ၏။ မနောဒွါရ၌ ပဉ္စဒွါရကဲ့သို့ အာရုံ တို့၏ ခဏ၏ အစွမ်းဖြင့် အားကြီးသည်၏ အဖြစ်၊ အားနည်းသည်၏ အဖြစ်၏ ဖြစ်သင့်ခြင်း မရှိချေ။ အဘယ့်ကြောင့်နည်း ဟူမူကား - ထင်ရှားမရှိသည်လည်း ဖြစ်ကုန်သော အတိတ်အာရုံ အနာဂါတ် အာရုံတို့၏လည်းကောင်း၊ ကာလဝိမုတ်အာရုံတို့၏လည်း ကောင်း ထိုမနောဒွါရ၌ ထင်ခြင်းသို့ ရောက်ခြင်းကြောင့်ပေတည်းဟု မှတ်အပ်၏။
ဤစကားရပ်၌ စောဒနာဖွယ် ရှိသည်ဖြစ်ရာ၏။ တစ်ခုသော အာဝဇ္ဇန်းရှိသော ဝီထိ၌ အာရုံမည်သည် တရားကိုယ်အားဖြင့်လည်းကောင်း၊ ကာလအားဖြင့်လည်းကောင်း မပြားသည်ကိုသာလျှင် အဋ္ဌကထာဆရာတို့ အလိုရှိကြကုန်၏။ ဤသတ္တဝါတို့သည်လည်း ထိုထို အခြင်းအရာကို မှတ်၍ အချင်းချင်း၏ စိတ်ကို သိကြကုန်သည်သာလျှင်တည်း။ သူတစ်ပါးစိတ်ကို သိတတ်ကုန်သော နတ်တို့ သည်ကား အခြင်းအရာကို မှတ်ခြင်းနှင့် ကင်း၍လည်း သိကြကုန်၏။ ထိုသို့ သိရာ၌ ပစ္စုပ္ပန်ဖြစ်သော သူတစ်ပါး၏စိတ်ကို သိသော ကာလ၌ ရှေးဦးစွာ အာဝဇ္ဇန်းသည် သူတစ်ပါး၏ အကြင်စိတ်သည် မိမိဟု ဆိုအပ်သော အာဝဇ္ဇန်းနှင့်တကွ ဖြစ်၏။ ထိုမိမိနှင့်တကွ ဖြစ်သော စိတ်ကိုမူလည်း ဆင်ခြင်သလော၊ ထိုသို့ မဟုတ်မူကား နောက်၌ ထိုထိုဇောနှင့်တကွ ဖြစ်သော စိတ်ကိုမူလည်း ဆင်ခြင်သလော၊ ဇောတို့သည်လည်း အကြင် စိတ်သည် အာဝဇ္ဇန်းနှင့်တကွ ဖြစ်၏။ ထိုစိတ် ကိုမူလည်း သိကြကုန်သလော၊ အသီးအသီး မိမိနှင့်တကွဖြစ်သော စိတ်ကိုမူလည်း သိကြ ကုန်သလော၊ ဤသို့ စောဒနာဖွယ်သည် ဖြစ်ရာ၏။
ဤအရာ၌ အနည်းငယ် ဆိုဖွယ်ရာ ရှိပေသေး၏။ ရှေးဦးစွာ အာဝဇ္ဇန်းနှင့်တကွ ဖြစ်သော စိတ်ကို အကယ်၍မူလည်း ဆင်ခြင်ငြားအံ့။ အကယ်၍မူလည်း သိကုန်ငြားအံ့။ ဤသို့ ဖြစ်သည်ရှိသော် ဓမ္မအားဖြင့် မကွဲမပြားချေ။ ကာလအားဖြင့် ကွဲပြားခဲ့၏။ မှန်လှစွာ၏။ ထိုစိတ်သည် အာဝဇ္ဇန်းအား ပစ္စုပ္ပန် ဖြစ်၏။ ဇောတို့အားကား အတိတ်ဖြစ်၏ဟု သိအပ်၏။ အသီးအသီး မိမိတို့နှင့်တကွ ဖြစ်သော စိတ်ကို အကယ်၍မူလည်း ဆင်ခြင်ငြားအံ့။ အကယ်၍မူလည်း သိငြားအံ့။ ဤသို့ ဖြစ်သည် ရှိသော် ကာလအားဖြင့် မကွဲပြားချေ။ ဓမ္မအားဖြင့် ကွဲပြားသည်သာလျှင်တည်း။ အသီးအသီး တကွဖြစ်သော အကြင်စိတ်ကို အကယ်၍ပင် သိစေကုန်ဦးတော့ - ထိုစိတ်ကိုသာလျှင် အကယ်၍ ဆင်ခြင်စေကုန်ဦးတော့- ဤသို့ပင် ဖြစ်သော်လည်း ကွဲပြားသည်သာလျှင်တည်း။ ဤသို့ စောဒနာ ဖွယ် ရှိပေရာ၏။
ဤအရာ၌ အဋ္ဌကထာ၌ ရှေးဦးစွာ-
- အကြင်စိတ်သည် အာဝဇ္ဇန်းနှင့် တကွဖြစ်၏။ ထိုစိတ်ကိုသာလျှင် ဆင်ခြင်လည်း ဆင်ခြင်၏။ သိလည်း သိကုန်၏။
ဤသို့ ဓမ္မအားဖြင့် မပြားသည်ကို ဆိုပြီး၍ -
- ချုပ်ပြီးသည်လည်း ဖြစ်သော ထိုစိတ်ကို အဓွန့်၏ အစွမ်းအားဖြင့် လည်းကောင်း၊ အစဉ်၏အစွမ်းအားဖြင့်လည်းကောင်း ယူအပ်သည်ရှိသော် ဇောတို့အားလည်း ပစ္စုပ္ပန်သာလျှင် ဖြစ်၏။ ဟူ၍ ဆုံးဖြတ်အပ်၏။
အဋ္ဌကထာနည်းမှ တစ်ပါး ဋီကာနည်းကို ဆိုပေဦးအံ့။ မူလဋီကာ ဆရာအာနန္ဒာ မထေရ်၏ အလိုအားဖြင့် သူတစ်ပါး၏ ထိုထိုသို့သော အခြင်းအရာကို ကောင်းစွာမှတ်၍ ထိုထိုအလိုကို သိသော ကာလ၌ အာဝဇ္ဇန်းဇောတို့သည် အသီးအသီး မိမိနှင့်တကွဖြစ်သော စိတ်ကို ဆင်ခြင်လည်း ဆင်ခြင်၏။ သိလည်း သိကုန်၏။ ဆက်၍ ဆိုဦးအံ့။ ဤသို့ ဆင်ခြင်ရာ သိရာ၌ တရားကိုယ် အားဖြင့်လည်းကောင်း၊ ကာလအားဖြင့် လည်းကောင်း ကွဲပြားသည် မည်သည် မဖြစ်ချေ။ မှန်လှ စွာ၏။ အလုံးစုံသော အာဝဇ္ဇန်း ဇောတို့၏လည်း အာရုံသည် စိတ်သည်သာလျှင်တည်း ဖြစ်၏။ ပစ္စုပ္ပန်သည်လည်း ဖြစ်၏ဟု မှတ်အပ်၏။
ဇောတို့သည် အာဝဇ္ဇန်း ကင်းသည် မည်ကုန်သည် ဖြစ်လည်း မဖြစ်ကုန်။ မှန်လှစွာ၏။ အာဝဇ္ဇန်း သည်လည်း စိတ်ဟူ၍သာလျှင် ဆင်ခြင်အပ်၏။ ဇောတို့သည်လည်း စိတ်ဟူ၍သာလျှင် သိကြ ကုန်၏ဟု မှတ်အပ်၏။
အဖို့တစ်ပါးကို ဆိုဦးအံ့။ အာဝဇ္ဇန်းသည် စိတ်ဟူ၍ ဆင်ခြင်အပ်သည် ဖြစ်ပါလျက် ဇောတို့သည် ရုပ်ဟူ၍ အကယ်၍တည်း သိကုန်သည် ဖြစ်အံ့။ ရုပ်ဟူ၍ ဆင်ခြင်အပ်သည် ဖြစ်ပါလျက် စိတ်ဟူ၍ အကယ်၍တည်း သိကုန်သည်ဖြစ်အံ့။ အညိုဟူ၍ ဆင်ခြင်အပ်သည် ဖြစ်ပါလျက် အရွှေဟူ၍ အကယ်၍လည်း သိကုန်သည် ဖြစ်ငြားအံ့။ ဤသို့ ဖြစ်သည် ရှိသော် ဇောတို့သည် တရားကိုယ် အားဖြင့် အာဝဇ္ဇန်းကင်းသည် မည်ကုန်သည် ဖြစ်ကုန်၏。
ထိုမှတစ်ပါး အတိတ်ဟူ၍ ဆင်ခြင်သည် ဖြစ်ပါလျက် ပစ္စုပ္ပန်ဟူ၍ အကယ်၍လည်း သိကုန်သည် ဖြစ်ငြားအံ့။ ဤသို့ ဖြစ်သည်ရှိသော် ထိုဇောတို့သည် ကာလအားဖြင့် အာဝဇ္ဇန်း ကင်းသည် မည်ကုန်သည် ဖြစ်ကုန်၏ဟု မှတ်အပ်ကုန်၏။
ဆက်၍ ဆိုဦးအံ့ -
- အတိတ်တရားသည် ပစ္စုပ္ပန်တရားအား အနန္တရပစ္စည်းဖြင့် ကျေးဇူးပြု၏။
ဟူ၍ ပဋ္ဌာန်းပါဠိတော်၌ ဟောတော်မူသောကြောင့် ဤအရာ၌ ခဏ၏ အစွမ်းအားဖြင့်သာလျှင် ပစ္စုပ္ပန်ကို ဆိုခြင်းငှါ သင့်မြတ်ပေ၏။ အဒ္ဓါ-သန္တတိတို့၏ အစွမ်းအားဖြင့် ပစ္စုပ္ပန်ကို ဆိုခြင်းငှါ မသင့်ချေဟု မှတ်အပ်၏။ ဤမှတစ်ပါးသော အခြင်းအရာအားဖြင့် အနက်ကို ယူသည်ရှိသော် အလုံးစုံသော ဝီထိစိတ်၏ ဝါရတို့၌လည်း အာရုံတို့၏ အတိတ် အစရှိသည်၏ အဖြစ်ကို အဒ္ဓါ-သန္တတိ တို့၏ အစွမ်းအားဖြင့် သာလျှင် ဆိုသင့်သည် ဖြစ်ရာ၏ဟု မှတ်အပ်၏။
သင်္ဂဟဂါထာ အဖွင့်
ဂါထာ၌ -
- တီဏေဝ၏ ဟူသည်ကား ကိစ္စ၏ အစွမ်းအားဖြင့် သုံးပါးတို့ ဖြစ်ကုန်သည်သာလျှင်တည်း。
- စိတ္တုပ္ပါဒါဒသေရိတာ၏ ဟူသည်ကား စိတ်ဖြစ်ရာ ခဏ၏ အစွမ်းအားဖြင့် ဆယ်ပါးတို့ကို မိန့်ဆိုအပ်ကုန်၏。
- ဝိတ္ထာရေန၏ ဟူသည်ကား စိတ်သရုပ် အကျယ်အားဖြင့်-。
- ဧတ္ထ … ဟူသည်ကား မနောဒွါရ၌-。
- ဧကစတ္တာလီသ … ဟူသည်ကား ဒွေပဉ္စဝိညာဉ် တစ်ဆယ်၊ မနောဓာတ် သုံးခုတို့သည် ကြဉ်အပ် ကုန်သော ကာမာဝစရ စိတ်တို့၏ အစွမ်းအားဖြင့် လေးဆယ့်တစ်ပါးတို့သည်။
- ဧတ္ထ … ဟူသည်ကား ကာမဇောဝါရ၌-。
ကာမဇောဝါရ ပြီးပြီ။
…………
မနောဒွါရ အပ္ပနာဇောဝါရ အဖွင့်
ဈာနဝီထိ မဂ္ဂဝီထိများ
ဝိဘူတာရုံ အဝိဘူတာရုံ အပြားမရှိချေ။ တစ်ခုသော ဝိဘူတာရုံကိုသာလျှင် ရအပ်၏။ ဤသည်ကား ဆိုလိုရင်း အဓိပ္ပါယ်တည်း။ မှန်လှစွာ၏။ မထင်ရှားသော အာရုံ၌ အပ္ပနာမည်သည် မဖြစ်နိုင်ဟု မှတ်အပ်၏။ ထို့အတူ တဒါရုံ သည်လည်း မရှိချေ။ မှန်လှစွာ၏။ အထူးသဖြင့် အလွန်သိမ်မွေ့သော အပ္ပနာဇောသို့ တဒါရုံသည် အစဉ်မလိုက်နိုင်ပေဟု မှတ်အပ်၏။
ချဲ့၍ ဆိုပေဦးအံ့။ ထိုအပ္ပနာဇောဝါရ၌ နှစ်ဆယ့်ခြောက်ပါးသော မဟဂ္ဂုတ် လောကုတ္တရာဇောတို့တွင် အမှတ်မရှိ တစ်ခုခုသော ဇောသည် အပ္ပနာဝီထိသို့ သက်၏။ ဤသည်ကား ရှေ့ပုဒ် နောက်ပုဒ်တို့ကို စပ်ဆက်ခြင်းပေတည်း။ ဉာဏ်ကင်းသော ဒွိဟိတ်ဇောသည် မခိုင်ခံ့သောသဘောရှိသည်၏ အဖြစ်ကြောင့် အပ္ပနာဇော၏ အနန္တရူပ နိဿယပစ္စည်း မဖြစ်နိုင်ပေ။ ထို့ကြောင့် ‘‘ဉာဏသမ္ပယုတ္တ ကာမာဝစရ ဇဝနာနမဋ္ဌန္နံ’’ ဟူ၍ မိန့်ဆိုတော်မူ၏။
‘‘ပရိကမ္မောပစာရာနုလောမ ဂေါတြဘူနာမေန’’ ဟူသော ဤပါဌ်၌ ဤဇောသည် ဣန္ဒြေမျှသည်၏ အဖြစ် အစရှိကုန်သော ထက်ဝန်းကျင်သော အဖို့တို့ဖြင့် အပ္ပနာကို စီရင်အပ်သောကြောင့် ပရိကမ္မ မည်၏။
အပ္ပနာသို့ကပ်၍ ဖြစ်တတ်သောကြောင့် ဥပစာရ မည်၏။ အနီး၌ ဖြစ်သည်တည်း။ ဤကား အနက်တည်း ဆက်၍ ဆိုဦးအံ့။ ဤစကားရပ်၌ အနီး၌ဖြစ်ခြင်း မည်သည်ကို အနီးဖြစ်သော ကာလ၌ အပ္ပနာသို့ ရွက်ဆောင်ခြင်းငှါ စွမ်းနိုင်သည်၏ အဖြစ်ဖြင့် မှတ်အပ်၏။ အကြင် ဥပစာဇော၏ ဖြစ်ခြင်းကြောင့် မကြာမြင့်မီကာလ၌ အပ္ပနာဖြစ်သင့်ခြင်းသည် ဖြစ်ပေ၏ဟု မှတ်အပ်၏။
အနုလောမ ဟူသည်ကား အပ္ပနာဇော ဖြစ်ခြင်း၏ ဆန့်ကျင်ဘက် တရားကို မှုတ်လွင့်သဖြင့် အပ္ပနာအားလျော်သည့် အပ္ပနာ၏ အစီးအပွားတည်း။ အပ္ပနာကို ရွက်ဆောင်တတ်သည်တည်း။ ဤသို့သာလျှင် ဖြစ်သော အနက်ကို မှတ်အပ်၏။ အကြင် အနုလုံဇော၏ ဖြစ်ခြင်းကြောင့် အပ္ပနာကို တားမြစ်တတ်သည့် ဆန့်ကျင်ဘက် မည်သည် မရှိချေ ဟု မှတ်အပ်၏။
ဤသဒ္ဒါ အသိဉာဏ်ဖြင့် အနက်ကို သိအပ်၏။ ထို့ကြောင့် ‘‘ဂေါ’’ မည်၏။ သဒ္ဒါကိုလည်းကောင်း၊ အသိဉာဏ်ကိုလည်းကောင်း ရအပ်၏။ နှစ်ပါးအပြားရှိသော ထိုသဒ္ဒါ- အသိဉာဏ်ကို စောင့်တတ် သောကြောင့် ‘‘ဂေါတ္တ’’ မည်၏။ ကာမဇာတ်ဟု ဆိုအပ်သော အနွယ်ကို ရအပ်၏။ ဤဇော၌ ကာမဇာတ်အနွယ်သည် ပြတ်ရာ ဖြစ်သောကြောင့် ‘‘ဂေါတြဘု’’ မည်၏။
အမှာစကား - ဆက်၍ ဆိုဦးအံ့။ ဤအရာ၌ လေးပါးလည်း ဖြစ်ကုန်သော ဇောတို့ကို ပရိကမ္မဇော တို့ ဟူ၍လည်းကောင်း၊ ဥပစာရဇော တို့ ဟူ၍လည်းကောင်း၊ အနုလောမဇော တို့ ဟူ၍လည်းကောင်း ဆိုအပ်ကုန်သည်သာလျှင်တည်း။ အထူးကို ဆိုဦးအံ့။ ဂေါတြဘု- ဟူသော အမည်သည် နောက်ဇော၏သာလျှင် အမည်ပေတည်း။
ဤသင်္ဂြိုဟ်ကျမ်း၌ကား လေးပါးကုန်သော အမည်တို့ကို သိမ်းကျုံး ရေတွက်ခြင်း အကျိုးငှါ ‘‘ပရိကမ္မောပစာရာနုလောမ ဂေါတြဘုနာမေန’’ ဟူ၍ ဤသို့ မိန့်ဆိုအပ်၏ဟု မှတ်အပ်၏။ ဤသို့ သော အကြောင်းကြောင့် အဘယ့်ကြောင့် ပထမဇောသည်သာလျှင် ပရိကမ္မ မည်ပါသနည်း။ ဤမှ တစ်ပါးသော ဇောသုံးပါးတို့သည်လည်း အပ္ပနာကို ပြုပြင် စီရင်တတ်ကုန်သည်သာလျှင် မဟုတ်တုံလော- ဤသို့ အစရှိသော စောဒနာဖွယ် အခွင့်မရှိချေဟု မှတ်အပ်၏။
စတုက္ခတ္တုံ တိက္ခတ္တုမေဝဝါ - ဟူသည်ကား လေးကြိမ်သာလျှင်လည်းကောင်း၊ သုံးကြိမ်သာလျှင် လည်းကောင်းဟု ဆိုလိုပေသည်။
ထိုစကား၌ ပထမဖြစ်သော ဧဝ = (သာလျှင်) သဒ္ဒါဖြင့် ငါးကြိမ်မြောက်၌ ဂေါတြဘူ ဖြစ်ခြင်းကို ပယ်အပ်၏။ မှန်လှစွာ၏။ ထိုငါးကြိမ်မြောက်၌ ဇောသည် လျောကျသည် မည်၏။ တုန်တုန်လှုပ်လှုပ် ဖြစ်၏။ ကာမအနွယ်ကို ကျော်လွန်၍ အထက်ဘုံတစ်ပါးသို့ ရောက်ခြင်း၏ အကြောင်းဖြစ်ခြင်းငှါ မစွမ်းနိုင်ချေဟု မှတ်အပ်၏။
ဒုတိယဖြစ်သော ဧဝ = (သာလျှင်) သဒ္ဒါဖြင့် နှစ်ကြိမ်မြောက် ဂေါတြဘူ ဖြစ်ခြင်းကို ပယ်အပ်၏။ မှန်လှစွာ၏။ ထိုနှစ်ကြိမ်မြောက်၌ မရအပ်သေးသော အာသေဝနရှိသော အနုလုံဇောသည် မိမိ၏ အခြားမဲ့၌ ဖြစ်သော စိတ်ကို ဂေါတြဘူ အဖြစ်သို့ ရောက်စေခြင်းငှါ မစွမ်းနိုင်ဟု မှတ်အပ်၏။
ဤ‘‘လေးကြိမ်မြောက်သာလျှင်လည်းကောင်း၊ သုံးကြိမ်မြောက်သာလျှင် လည်းကောင်း’’ဟူသော စကားရပ်ဖြင့်သာလျှင် ငါးကြိမ်မြောက်မှ လွန်၍လည်းကောင်း၊ လေးကြိမ်မြောက်မှ ယုတ်၍လည်း ကောင်း အပ္ပနာ၏ မဖြစ်သင့်ခြင်းကို ပြီးစေအပ်၏ဟု မှတ်အပ်၏။
အဖို့တစ်ပါးကို ဆိုဦးအံ့။ ဝါ = (လည်းကောင်း) သဒ္ဒါဖြင့် နုံ့သော ပညာရှိသည့် ပုဂ္ဂိုလ်အား လေးကြိမ်သာလျှင် ဖြစ်၏။ သုံးကြိမ် မဖြစ်။ ထက်သော ပညာရှိသည့်ပုဂ္ဂိုလ်အား သုံးကြိမ်သာ လျှင်ဖြစ်။ လေးကြိမ် မဖြစ်ဟု ပြအပ်၏။
အဋ္ဌသာလိနီ၌ကား-
- မန္ဒပညာပုဂ္ဂိုလ် မဇ္ဈပညာပုဂ္ဂိုလ် မဟာပညာပုဂ္ဂိုလ်တို့၏ အစွမ်းအားဖြင့် သုံးပါးအပြားအားဖြင့် ခွဲ၍ ငါးကြိမ်လည်း ပရိကမ္မဇော တို့၏ ဖြစ်ခြင်းကို ခွင့်ပြုအပ်သကဲ့သို့ ထင်၏။
- ဤမှ တစ်ပါးသော ဝိနည်းအဋ္ဌကထာတို့၌ကား ကောင်းစွာ စိစစ်၍ တားမြစ်အပ်ပြီး လေသော ကြောင့် ထိုငါးကြိမ်မြောက်ကို မယူအပ် မယူထိုက်သည်သာလျှင်တည်း။
ဟု မှတ်ထိုက်၏။
၁၄၂။ ဋီကာကျော် (နှာ- ၁၄၈)၌ကား-
ခြောက်ကြိမ်မြောက်၌လည်းကောင်း၊ ခုနစ်ကြိမ်မြောက်၌လည်းကောင်း ဘဝင်ဖြစ်ခြင်း နီးကပ် သည်၏ အဖြစ်ကြောင့် ကမ်းပါးပြတ် အနီး၌တည်သော ယောက်ျားကဲ့သို့ အပ္ပနာ၏ အစွမ်းဖြင့် တည်ခြင်းငှါ မစွမ်းနိုင်။
ဟု မိန့်ဆိုပေ၏။ ထိုဋီကာကျော်ပါဌ်၌ ‘‘ဘဝင်ဖြစ်ခြင်း နီးကပ်သည်၏ အဖြစ်’’ ဟူသည်ကား ဘဝင်ဖြစ်ခြင်း၏ နီးကပ်သည်၏ အဖြစ်ကြောင့်- ဤသည်ကား အနက်ပေတည်း။
မှန်လှပေ၏။ ပဉ္စမဇောမှစ၍ ဇောအစဉ်သည် အစဉ်သဖြင့် ကုန်သော အဟုန်ရှိ၏။ ဘဝင်ဖြစ်ခြင်းငှါ ညွတ်၏ဟု မှတ်အပ်၏။ ထို့ကြောင့် ကမ်းပါးပြတ်အနီး၌ တည်သော ယောက်ျား ဥပမာသည်လည်း သင့်မြတ်၏ဟု မှတ်အပ်၏။
နိရုဒ္ဓါနန္တရမေဝ - ဟူသော သင်္ဂဟပုဒ်၏ ‘‘နိရုဒ္ဓေ + အနန္တရမေဝ’’ ဟူ၍ ပုဒ်ဖြတ်ခြင်းကို ပြုအပ်၏။
အဘယ်တရား၏ အခြားမဲ့နည်း။ ဤသည်ကား အမေးတည်း။ တစ်ပါးကို မကြားအပ်သည်၏ အဖြစ်ကြောင့် ချုပ်ပြီးသော တရား၏-၊ ဤသို့ အနက်အားဖြင့် ရအပ်သည်သာလျှင်တည်းဟု မှတ်အပ်၏။
အကြင်ကြောင့်လျှင် အပ္ပနာ မည်သည်ကား ဖြစ်သည်ရှိသော် လေးကြိမ်မြောက်မှလည်းကောင်း၊ ငါးကြိမ်မြောက်မှလည်းကောင်း စ၍ ဖြစ်၏။ ခြောက်ကြိမ်မြောက်မှ လည်းကောင်း၊ ခုနစ်ကြိမ် မြောက်မှလည်းကောင်း စ၍ မဖြစ်ချေ။ မှန်လှစွာ၏။ ထိုအပ္ပနာသည် ဝသီဘော်ဖြစ်၍ ဖြစ်ငြား သော်လည်း အချင်းခပ်သိမ်း မဖြစ်တော့သည် သာလျှင်တည်း။ ဖြစ်ခွင့်ကို ရသည်ရှိသော်ကား တစ်နေ့ပတ်လုံးလည်း မပြတ်မလပ် ဖြစ်နိုင်သည် သာလျှင်တည်း။ ထို့ကြောင့် ‘စတုတ္ထံ ဝါ ပဉ္စမံ ဝါ’ ဟူသော စကားကို အစမျှကို မှတ်ခြင်း အကျိုးငှါ မိန့်ဆိုအပ်၏ဟု မှတ်အပ်၏။
မှန်လှပေ၏။ ထို့ကြောင့်သာလျှင်-
- အပ္ပနာဝီထိမောတရတိ - ဟူ၍လည်းကောင်း၊
- တတော ပရံ ဘဝင်္ဂပါတောဝ ဟောတိ- ဟူ၍လည်းကောင်း၊ မိန့်ဆိုတော်မူလတ္တံ့ဟု သိမှတ်ပါလေ။
ပဉ္စမကြိမ်မှ စ၍ အပ္ပနာဇောသည် အကယ်၍ ဖြစ်ခဲ့ ကျခဲ့ငြားအံ့။ ဤသို့ ဖြစ်ခဲ့ ကျခဲ့သည်ရှိသော် အဘယ့်ကြောင့် ထိုငါးကြိမ်မြောက်မှစ၍ လျောကျသောခေတ်၌ အပ္ပနာဇော ဖြစ်ပါသနည်း။ ဤကား အမေးစကားရပ်တည်း။ အဖြေကို ဆိုပေအံ့။ လက်ဝါးအပြင်၌ တင်ထားအပ်သော ခဲ၏ကျရာခေတ် မည်သည်ကား လက်မှလွတ်ကာမျှ၌ ဖြစ်၏။ ဤသို့ပင် ဖြစ်ပါသော်လည်း လက်၏အဟုန်ကြောင့် ပစ်အပ်သော ခဲသည် အဝေးသို့လည်း လွင့်သွားနိုင် သည်သာလျှင်တည်း။ ဆက်၍ ဆိုပေဦးအံ့။ ဤအရာ၌ ကျောက်ခဲ၏အဟုန် မည်သည်ကား လက်၏ အဟုန်သည်သာလျှင် အရင်းမူလ ဖြစ်၏။ လက်၏ အဟုန်မည်သည်လည်း ကိုယ်၏အဟုန် (အားအစွမ်း) သည်သာလျှင် အရင်းမူလ ရှိပြန်၏။
ထိုအဖြေစကား၌ အပ္ပနာဇောကို ခဲကဲ့သို့ မှတ်အပ်၏။ လေးခုမြောက်မှ နောက်ကာလကို ခဲ၏ကျရာ ခေတ်ကာလကိုကဲ့သို့ မှတ်အပ်၏။ ဂေါတြဘူ၏ အဟုန်ကို လက်၏ အဟုန်ကိုကဲ့သို့ မှတ်အပ်၏။ ရှေး၌ ဖြစ်ကုန်သော ပရိကံဇောတို့၏ အဟုန်ကို ကိုယ်၏အားအစွမ်း အဟုန်ကဲ့သို့ မှတ်အပ်၏။
အိပ်ရာ၌ လျောင်းစက်နိုင်ရုံမျှသာ ရှိသေးသော ကလေးသူငယ်၏ အားအစွမ်းကဲ့သို့ အာဒိကမ္မိက- ဝီထိ၌ ကာမဇောတို့၏ အားအစွမ်းကို မှတ်အပ်၏။ အရွယ်ရောက်ပြီးသော ယောက်ျား၏ အားအစွမ်း ကဲ့သို့သမာပတ္တိဝီထိ၌ ကာမဇောတို့၏ အားအစွမ်းကို မှတ်အပ်၏။
တစ်နည်းသော်ကား- ကလေးသူငယ်တို့ ပစ်လွှတ်အပ်သော ခဲသည် လက်မှ လွတ်ကာမျှ၌လည်း ကျလေသကဲ့သို့ ဤအတူ အာဒိကမ္မိကဝီထိ၌ အပ္ပနာဇောသည် တစ်ကြိမ် စောပြီး၍ လျောက ျလေ၏။ အရွယ်ရောက်ပြီးသော ယောက်ျားသည် ပစ်လွှတ်အပ်သော ခဲသည် ပစ်လွှတ် အပ်သော ခေတ်ကာလ၌သော်လည်း မကျမူ၍ အဝေး၌လည်းကောင်း၊ အလွန်ဝေးသော အရပ်၌လည်းကောင်း၊ ကျသကဲ့သို့လည်းကောင်း၊ သွားရောက်သကဲ့သို့ ထို့အတူ သမာပတ္တိဝီထိ၌ အပ္ပနာဇောသည် ရှည်မြင့်စွာလည်းကောင်း၊ အလွန်ရှည်မြင့်စွာလည်းကောင်း ဖြစ်နေပေ၏။ ဤ သည်ကား အဖြေ စကားရပ်ပေတည်း။
မူလဋီကာ၌ကား -
- အပ္ပနာဇောသည် လျောကျသောခေတ်၌ ဖြစ်ငြားပါသော်လည်း ဘုံတစ်ပါးသို့ ရောက်ခြင်း ကြောင့်လည်းကောင်း၊ အာရုံတစ်ပါးကို ရခြင်းကြောင့်လည်းကောင်း လျောကျသည် မည်သည် မဖြစ်ချေ။
ဟု မိန့်ဆိုအပ်၏။ ဤအဖြေစကား၌ စောဒနာဖွယ်သည် ဖြစ်ရာ၏။ အဘယ့်ကြောင့် ‘‘ပဉ္စမဇောမှစ၍ ဇောသည် လျောကျ၏’’ ဟု ဆိုလေသနည်း။ မလျောကျသည်၏ အဖြစ်ကြောင့်သာလျှင် ကောင်းစွာ အားကြီးသည်၏ အဖြစ်ကြောင့် သတ္တမဇောစေတနာသည် လျင်မြန်စွာ အခြားမဲ့ဘဝ၌ အကျိုးပေးခြင်း အလေ့ရှိသည်လည်းကောင်း၊ အာနန္တရိယကံ မည်သည်လည်းကောင်း ဖြစ်သည် မဟုတ်ပါလော။ အလယ်ဇော ငါးတန်တို့သည် ထိုသတ္တမဇောစေတနာ အတူအားကြီးသည်၏ အဖြစ် မရှိခြင်းကြောင့် ကြာမြင့်မှ တတိယဘဝ စသည်တို့၌ အကျိုးပေးခြင်း အလေ့ရှိကုန်သည်လည်း ဖြစ်ကုန်သည် မဟုတ်ပါလော အာနန္တရိယကံ အဖြစ်သို့လည်း မရောက်ကုန်သည် မဟုတ်ပါလော။ ဤသို့ စောဒနာဖွယ် ရှိပြန်ရာ၏။
ဤစကားကို ဤသို့ မမှတ်အပ် မမှတ်သင့်ပေ။ သဘာဝယုတ္တိနှင့် တကွ ချဲ့၍ ပြပေဦးအံ့။ လျင်မြန်စွာ အကျိုးပေးခြင်း အလေ့ရှိသည်၏ အားကြီးသည် မည်သည် အကယ်၍ ဖြစ်ခဲ့ငြားအံ့။ ဤသို့ ဖြစ်ခဲ့သော် ပထမဇော စေတနာသည် အလုံးစုံတို့ထက် အားကြီးသည် ဖြစ်ရာ၏။ မှန်လှစွာ၏။ ထိုပထမဇော စေတနာသည် ဤဘဝ၌ပင်လျှင် အကျိုးကို ပေး၏။ ဤသို့ မှတ်အပ်၏။
ဤအရာ၌ ဤသို့ ဆုံးဖြတ်မှတ်သားရာ၏။ တစ်နှစ်သာ အသက် ရှည်ကုန်သည့် မြက်သစ်ပင်တို့၏ ရင့်သန်ခြင်းကိုကဲ့သို့ ပထမဇော စေတနာ၏ ရင့်သန်ခြင်းကို မှတ်အပ်၏။ နှစ်နှစ် အသက် ရှည်ကုန်သော မြက်သစ်ပင်တို့၏ ရင့်သန်ခြင်းကိုကဲ့သို့ သတ္တမဇော စေတနာ၏ ရင့်သန်ခြင်းကို မှတ်အပ်၏။ အင်ကြင်းပင်ကြီးတို့၏ ရင့်သန်ခြင်းကဲ့သို့ အလယ်ဇောငါးချက်တို့၏ ရင့်သန်ခြင်းကို မှတ်အပ်၏ဟု သိမှတ်သင့် သိမှတ်ထိုက်ပေ၏။
ထိုဥပမာစကား၌ တစ်နှစ်သာ အသက်ရှည်ကုန်သော မြက်သစ်ပင်တို့ မည်သည်ကား အနှစ် မရှိကြကုန်။ အနှစ် မရှိသည်၏ အဖြစ်ကြောင့်လည်း အားအစွမ်း နည်းကုန်သည်ဖြစ်၍ ကြာရှည်စွာ တည်တံ့မနေနိုင်ကြကုန်ပေ။ ထို့ကြောင့် ထိုတစ်နှစ်သာ အသက်ရှည်သော မြက်သစ်ပင်တို့၏ အလွန်လျင်မြန်စွာ ရင့်သန်ခြင်း ဖြစ်ရပေ၏။
မှန်လှပေ၏။ ထိုတစ်နှစ်သာ အသက်ရှည်သော မြက်သစ်ပင်တို့သည် အလွန် လျင်မြန်စွာ ပေါက်ရောက်ကြကုန်၏။ ကြီးပွားစည်ပင်ခြင်းသို့ ရောက်ကြကုန်၏။ လျင်မြန်စွာ ပွင့်ကုန် သီးကုန် ကြွေကျကုန်၏။ ပျောက်ကွယ်ကြကုန်၏။ တစ်ခုသော နွေကာလကို လွန်ခြင်းငှါ မစွမ်းနိုင်ကြကုန်။ နှစ်ခုမြောက်သော နှစ်သို့ မရောက်နိုင်ကြကုန်။ ဆက်၍ ဆိုဦးအံ့။ ဤဥပမာစကား၌ နွေလအခါ ကာလကဲ့သို့ သေသော ကာလကို သိအပ်၏၊
နှစ်နှစ် အသက်ရှည်ကုန်သော မြက်သစ်ပင်တို့သည်ကား အနည်းငယ် အနှစ်သာ ရှိကြကုန်၏။ အနည်းငယ် အနှစ်သာရ ရှိကြကုန်သောကြောင့်လည်း အနည်းငယ် အားအစွမ်း ရှိကြကုန်သည်ဖြစ်၍ အဓွန့်ရှည်စွာ တည်နိုင်ကြကုန်၏။ ထို့ကြောင့်ပင်လျှင် ထိုမြက်သစ်ပင်တို့၏ ရင့်သန်မှုကား ကြာနှေး ပေ၏။ မှန်လှစွာ၏။ ထိုနှစ်နှစ် အသက်ရှည်ကုန်သော မြက်သစ်ပင်တို့သည် ပထမနှစ်၌ ပေါက်ရောက်ကြကုန်၏၊ ကြီးပွားခြင်း စည်ပင်ခြင်းသို့ ရောက်ကြကုန်၏။ ပွင့်ခြင်းငှါလည်းကောင်း၊ သီးခြင်းငှါလည်းကောင်း မစွမ်းနိုင်ကြကုန်။ ဒုတိယနှစ်၌သာလျှင် ပွင့်ကြ သီးကြကုန်၏၊ ကြွေကျကြ ကုန်၏၊ ပျောက်ကွယ်ကြကုန်၏။ နှစ်နှစ်မြောက်သော နွေကာလကိုကား လွန်ခြင်းငှါ မစွမ်းနိုင် ကြကုန်။ သုံးခုမြောက်နှစ်သို့ မရောက်နိုင်ကြကုန်။
အင်ကြင်းပင်ကြီးတို့သည်ကား အလုံးစုံ အနှစ်သာရ ရှိကြကုန်၏။ အားအစွမ်း ရှိကြကုန်သည်ဖြစ်၍ အတိုင်းထက်အလွန် ရှည်မြင့်စွာ တည်လေ့ရှိကြကုန်၏။ ထို့ကြောင့် ထိုအင်ကြင်းပင်ကြီးတို့သည် ဖြည်းဖြည်းသာလျှင် ရင့်သန်ခြင်းသို့ ရောက်ကြကုန်၏။ မှန်လှစွာ၏။ ထိုအင်ကြင်းပင်ကြီးတို့သည် တစ်နှစ် နှစ်နှစ်တို့ပတ်လုံး တစ်ထွာ တစ်တောင်မျှတို့သည်သာလျှင် ဖြစ်ကြကုန်၏။ ကြီးပွား စည်ပင်ခြင်းသို့ မရောက်နိုင်ကြကုန်။ ပွင့်ခြင်းငှါလည်းကောင်း၊ သီးခြားငှါလည်းကောင်း မစွမ်းနိုင်ကြ ကုန်။ အလွန်ရှည်မြင့်စွာ တည်ခြင်းအလေ့ ရှိကြကုန်၏။ နှစ်ပေါင်းခြောက်ရာ ငါးရာတို့ပတ်လုံး တည်၍သာလျှင် ပျောက်ကွယ်သွားကြကုန်၏။
ဤအတူသာလျှင် ပထမဇောစေတနာသည် အချင်းခပ်သိမ်း မရအပ်သော အာသေဝန ရှိသည်၏ အဖြစ်ကြောင့် အနှစ်သာရ မရှိချေ။ အားအစွမ်း မရှိချေ။ အသီးအခြား ဘဝတစ်ခုကို ဖြစ်စေခြင်းငှါလည်းကောင်း၊ တစ်ခုသော သေခြင်းအခါကာလကို လွန်စေခြင်းငှါ လည်းကောင်း မစွမ်းနိုင်ပေ။ ဤဘဝ၌သာလျှင် အကျိုးပေး၍သော် လည်းကောင်း၊ အကျိုးမပေးဘဲသော် လည်း ကုန်ဆုံး၏။
သတ္တမဇောစေတနာသည်ကား ရအပ်သော အာသေဝန ပစ္စည်းရှိသည်၏ အဖြစ်ကြောင့် အနည်းငယ် အနှစ်သာရရှိသည် ဖြစ်ပေ၏။ အသီးအခြား ဘဝတစ်ခုကို ဖြစ်စေခြင်းငှါ စွမ်းနိုင်၏။ အနှစ်သာရ ရှိသည် ဖြစ်သောကြောင့်သာလျှင် ဖြည်းဖြည်းသာသာသာလျှင် ရင့်သန်ခြင်းသို့ ရောက်၏။ ဤဝဘ၌ အကျိုးပေးခြင်းငှါ မစွမ်းနိုင်။ ဘဝ တစ်ပါးသို့ ရောက်မှသာလျှင် အကျိုးပေးနိုင်၏။
လျှောကျသော ဇောအပေါင်းတို့တွင် အဆုံးဇော ဖြစ်သောကြောင့်ကား အားနည်းသည်၏ အဖြစ် ကြောင့် နှစ်ခုမြောက်သော သေရခြင်း အခါကာလကို လွန်မြောက်ခြင်းငှါ မစွမ်းနိုင်ပေ။ ဒုတိယ ဘဝ၌သာလျှင် အကျိုးပေး၍သော်လည်းကောင်း၊ အကျိုးမပေးဘဲသော်လည်းကောင်း ကုန်ဆုံး၏။
ပထမဇောစေတနာ သတ္တမဇောစေတနာတို့မှ ကြွင်းကုန်သော ကောင်းစွာရအပ်သော အာသေဝန ပစ္စည်း ရှိကုန်သော အလယ်ဖြစ်သော ဇောစေတနာ ငါးတန်တို့၏ကား ဖြည်းဖြည်းသာသာ ရင့်သန် ဖောက်ပြန်သည်၏အဖြစ်ကို ဆိုအပ်ခဲ့ပြီးသော နည်းကို အစဉ်မှီးသဖြင့် သိအပ်၏ ဟု မှတ်ပါလေ။
ဆက်၍ ဆိုပေဦးအံ့။ ဤအရာ၌ သက်သက်သော မြက်သစ်ပင် ဥပမာဖြင့် သိအပ်သည် မဟုတ်သေးပေ။ သတ္တဝါ ဥပမာဖြင့်လည်း ဤအနက်ကို ပြသင့် ပြထိုက်သေး၏။
အချို့ကုန်သော အမိဝမ်း၌ ပဋိသန္ဓေ နေကြကုန်သည့် အကြင် သတ္တဝါတို့သည် နည်းသော အသက်ရှည်ခြင်းသဘော ရှိကြကုန်၏။ ထိုသတ္တဝါတို့သည် အလွန်လျင်မြန်စွာ အမိဝမ်း၌ ပဋိသန္ဓေ နေကြရကုန်၏။ အလွန်လျင်မြန်စွာ ဖွားမြင်ကြရကုန်၏။ ထိုသတ္တဝါတို့၏ အင်္ဂါကြီးငယ်တို့သည် လည်း အလွန်လျင်မြန်စွာ အားအစွမ်းသို့ ရောက်ကြရကုန်၏။ ဣန္ဒြေတို့သည်လည်း အလွန် လျင်မြန်စွာ ရင့်ကျက်ခြင်းသို့ ရောက်ကြရကုန်၏။ ထိုနေ့၌ပင်လျှင် ထ၍သွားကြကုန်၏။ ကျက်စား ရာ အာရုံကို ယူကြကုန်၏။ မိမိ မိမိ၏အရာ၌ အလွန်လျင်မြန်စွာ သိကြား လိမ္မာသော အဖြစ်သို့ ရောက်ကြကုန်၏။ အလွန်လျင်မြန်စွာ အိုမင်း ဆွေးမြည့်လွယ်ကုန်၏။ သေလွယ်ကုန်၏။
ရှည်သော အသက်ရှိသည့် အမျိုး၌ဖြစ်ကုန်သော သတ္တဝါတို့၏ အမိဝမ်း၌ ပဋိသန္ဓေ နေခြင်း အစရှိကုန်သော အလုံးစုံသော ကိစ္စတို့သည်ကား ဖြည်းဖြည်းသာသာလျှင် ပြည့်စုံကုန်၏ဟု မှတ်အပ် ကုန်၏။
ဆက်၍ ဆိုဦးအံ့။ ဤအရာ၌ မဟဂ္ဂုတ်ကုသိုလ်တို့သည် သတ္တမဇော အရာ၌ တည်ကြကုန်၏ဟု သိအပ်ကုန်၏။ မှန်လှစွာ၏။ ပရိကံဇောတို့သည် ရှည်မြင့်စွာ တည်နိုင်ခြင်းဟူသော အနက်ကြောင့် ကောင်းစွာ မှည့်ပြီးသော သလေးစပါးတို့နှင့် တူကုန်၏။ အပ္ပနာဇောတို့သည် ရှည်မြင့်စွာ မတည် နိုင်ခြင်း တည်းဟူသော အကြောင်းကြောင့် ကောင်းစွာ ကျက်ပြီးသော သလေးထမင်းတို့နှင့် တူကုန်၏။ ထို့ကြောင့် ထို အပ္ပနာဇောတို့သည်လည်း ရှည်မြင့်စွာ မတည်နိုင်ကုန်သည်သာလျှင် တည်း။ ဒုတိယဘဝ၌ အကျိုးပေး၍သော်လည်းကောင်း၊ အကျိုးမပေးဘဲ သော်လည်းကောင်း ကုန်ခန်းကြရကုန်၏။ ဤဘဝ၌သော်လည်း အနည်းငယ်သော ကာမစ္ဆန္ဒ အစရှိသော ဆန့်ကျင်ဘက် တရားသည် တားမြစ် နှိပ်စက်အပ်ကုန်သည်ရှိသော် အချင်းခပ်သိမ်း အကျိုးမပေး သည်၏ အဖြစ်ကို ရောက်ကြကုန်၏။ ထို့ကြောင့် ထိုအပ္ပနာဇောတို့သည် ထိုပရိယာယ်အားဖြင့် အားနည်းသည် မည်ကုန်သည်လည်း ဖြစ်ကုန်၏ဟု မှတ်အပ်ကုန်၏။
အကြင့်ကြောင့်လျှင် အနန္တရိယကံတို့၏ အကျိုးပေးခြင်း မြဲသည်၏ အဖြစ် မည်သည်ကား ကာလနိယာမနှင့် ကင်း၍ မဖြစ်နိုင်ပေ။ ကာလ နိယာမ မည်သည်ကား စင်စစ်အားဖြင့် သတ္တမဇော အားသာလျှင် ဖြစ်၏။ အလယ်ဇော ငါးတန်တို့အား မဖြစ်နိုင်ပေ။ မှန်လှစွာ၏။ ထိုအလယ်ဇော ငါးတန်တို့အား ဤမည်သော ဘဝ၌သာလျှင် အကျိုးပေး ကုန်၏ဟူ၍ ဤသို့ အမြဲမှတ်ခြင်း မရှိဟု မှတ်အပ်၏။ ထို့ကြောင့် နှစ်ပါးအပြား ရှိသော နိယာမ၏ ထင်ရှားပြီးစီးသည်၏ အဖြစ်ကြောင့် သာလျှင် သတ္တမဇော စေတနာ၏ အနန္တရိယကံ၏ အဖြစ်သည် ထင်ရှားပြီးစီး၏။ အလွန် အားကြီးသည်၏ အဖြစ်ကြောင့် ပြီးစီးသည် မဟုတ်ချေ။ ဤသို့ ဤအားကြီးမှု မကြီးမှုဟူသော စကား၌ အဆုံး အဖြတ်ကို သိအပ်၏။ ဤသည်ကား သန္နိဋ္ဌာန်ကျ အဆုံးအဖြတ်ပေတည်း။
မူလဋီကာ၌ကား-
- သည်မျှသာမကသေး သတ္တမဇောစေတနာ၏ အားရှိသည်၏ အဖြစ်ကြောင့် ဥပပဇ္ဇဝေဒနီယကံ၏ အဖြစ်သည်လည်းကောင်း၊ အနန္တရိယကံ၏ အဖြစ်သည်လည်းကောင်း ဖြစ်နိုင်သည် မဟုတ်ပေ လော- ဤသည်ကား စောဒနာခြင်းပေတည်း။
ဟု စောဒနာ ဖြစ်စေ၍-
ထိုစောဒနာစကား၌ ဤသို့သော အလိုသည် ဖြစ်ရာ၏။ အဘယ်သို့ ဖြစ်ရာသနည်းဟူမူ ပဋိသန္ဓေ၏ အနန္တရပစ္စည်း ဖြစ်၍ ဖြစ်လေ့ရှိသော ဝိပါက်အစဉ်၏ အနန္တရပစ္စည်း၏ အဖြစ်ဖြင့် နောက်ဆုံး ဖြစ်သော ဇောစေတနာသည် ကောင်းစွာ ပြုပြင် စီမံအပ်သည်၏ အဖြစ်ကြောင့် ထိုသတ္တမဇော စေတနာသည် ဥပပဇ္ဇဝေဒနီယကံသည် လည်းကောင်း၊ အနန္တရိယကံ သည်လည်းကောင်း ဖြစ်နိုင်၏။ မကျသော ဇောစေတနာကဲ့သို့ အားရှိသည်၏ အဖြစ်ကြောင့် မဟုတ်ပေ။ ဤသို့ ဖြစ်ရာ၏။
ဟူ၍ ဖြေဆိုအပ်၏။ ထိုအဖြေစကားသည် သင့်သကဲ့သို့ မထင်ချေ။ အပြစ်ကို ပြဆိုဦးအံ့။ ဤသို့ ဖြစ်သည်ရှိသော် ပထမဇောစေတနာသည် အဘယ်တရား၏ အနန္တရပစ္စည်း အဖြစ်ဖြင့် ကောင်းစွာ ပြုပြင်အပ်သည်၏ အဖြစ်ကြောင့် ဒိဋ္ဌဓမ္မဝေဒနီယ မည်သည် ဖြစ်သနည်း။ ဤသို့ ဆိုအပ်ပေ၏။ ဤသည်ကား အပြစ်ပေတည်း။
မဟာဋီကာ၌ကား-
- အားနည်းသည်လည်း ဖြစ်သော အဆုံးဇောစေတနာသည် ဆုံးဖြတ်ခြင်းကိစ္စ အထူးနှင့် ယှဉ်သည်၏ အဖြစ်ကြောင့် အကျိုးပေးရာ၌ သတ္တိအထူးနှင့် ယှဉ်သည် ဖြစ်ပေ၏။ ထို့ကြောင့် ထိုသတ္တမဇော စေတနာသည် ဥပပဇ္ဇဝေဒနီယ ကံသည်လည်းကောင်း၊ အနန္တရိယ ကံသည်လည်း ကောင်း ဖြစ်နိုင်၏။
ဟူ၍ မိန့်ဆိုအပ်၏။
- ယထာရဟံ … ဟူသည်ကား ထိုထိုပုဂ္ဂိုလ် အားလျော်စွာ။
- ယထာဘိနီဟာရဝသေန … ဟူသည်ကား ထိုထိုပရိကံ ဘာဝနာစိတ်ကို ကသိုဏ်းနိမိတ် စသည် တို့၌လည်းကောင်း၊ အနိစ္စလက္ခဏာ စသည်တို့၌လည်းကောင်း ရှေးရှုဆောင်သည် အားလျော်စွာ။
- အပ္ပနာဝီထိံ … ဟူသည်ကား အပ္ပနာ အစဉ်သို့။
ဤစကားကိုလည်း များစွာသော အကြိမ်တို့တိုင်တိုင် ဖြစ်သည်လည်း ဖြစ်ကုန်သော အပ္ပနာဇော တို့ကို သိမ်းကျုံး ရေတွက်ခြင်း အကျိုးငှါ မိန့်ဆိုအပ်၏။ ထို့ကြောင့်ပင်လျှင် ‘‘တတော ပရံ အပ္ပနာဝသာနေ ဘဝင်္ဂပါတောဝ ဟောတိ’’ ဟူ၍ မိန့်တော်မူ၏။
ထိုစကား၌ ‘‘တတော … ဟူသည်ကား လေးကြိမ်မြောက်မှ လည်းကောင်း၊ ငါးကြိမ်မြောက် မှလည်းကောင်း’’ ဤသို့သော အနက်ရှိသည် ရှိသော် ငါးကြိမ်မြောက်၌လည်းကောင်း၊ ခြောက်ကြိမ် မြောက်၌လည်းကောင်း စင်စစ်အားဖြင့် ဘဝင်ကျ၏။ ဤသို့သော အနက် သဘောသည် ရောက်ခဲ့ရာ၏။ ထို့ကြောင့် တစ်ဖန် အပ္ပနာဝသာနေ = (အပ္ပနာဇော၏ အဆုံး၌) မိန့်ဆိုအပ်၏။ ဘဝင်ကျသည်သာလျှင် ဖြစ်၏။ တဒါရုံ ဖြစ်ခြင်း မရှိပေ။ ဤသည်ကား အဓိပ္ပါယ်တည်း။
၁၄၃။ ဋီကာကျော် (နှာ- ၁၄၉)၌ကား-
အချို့သော အပ္ပနာဝါရ၌ ဇောခုနစ်ကြိမ် ပြည့်စေခြင်းငှါ အပ္ပနာဇော၏ အဆုံး၌ ကာမာဝစရဇောတို့၏ ဖြစ်ခြင်းကို ဆိုကြကုန်သည့် နိကာယ်တစ်ပါးကို ဆောင်ကြကုန်သော မထေရ်တို့၏ ဝါဒကို ဤ သင်္ဂြိုဟ်ကျမ်း၌ ဧဝ-သဒ္ဒါဖြင့် နစ်စေအပ်၏။
ဟု မိန့်ဆို၏။
- တတ္ထ … ဟူသည်ကား ထိုအပ္ပနာဇောဝါရ၌။
အခြားမရှိ ဖြစ်ကုန်သော ဇောတို့၏ ပြားသော ဝေဒနာရှိသည်၏ အဖြစ် မည်သည် မရှိချေ။ ထို့ကြောင့် ‘‘သောမနဿသဟဂတဇဝနာနန္တရံ’’ ဤသို့ စသော စကားကို မိန့်ဆိုတော်မူ၏။
၁၄၄။ ဋီကာကျော် (နှာ- ၁၄၉)၌ကား-
ပြားသော ဝေဒနာ ရှိကုန်သော ဇောတို့၏ အချင်းချင်း အာသေဝနပစ္စည်း အဖြစ်ကို မထုတ်ဆောင်အပ်သောကြောင့် အလိုမရှိအပ်။
ဟူ၍ အကြောင်းကို မိန့်ဆိုအပ်၏။ ထိုစကားသည် မကောင်းချေ။ မှန်လှစွာ၏။ ဤအရာ၌ အာသေဝနပစ္စည်း၏ အဖြစ်သည် ပမာဏ မဟုတ်ပေ။ အဘယ့်ကြောင့်နည်း ဟူမူကား - အာသေဝနပစ္စည်း၏ ပစ္စနိက် ဖြစ်ကုန်သော ဖိုလ်ဇောတို့၏လည်းကောင်း၊ ပရိကံဇောတို့နှင့် အချင်းချင်း၏ လည်းကောင်း မပြားသော ဝေဒနာရှိသည်၏ အဖြစ်ကို အလိုရှိအပ်သည်၏ အဖြစ် ကြောင့်တည်းဟု မှတ်အပ်၏။
- ပါဋိကင်္ခိတဗ္ဗာ … ဟူသည်ကား မချွတ်ဧကန် အလိုရှိအပ်၏။
၁၄၅။ ဋီကာကျော် (နှာ- ၁၄၉)၌ကား-
ချီးမွမ်းအပ်၏ဟု မိန့်ဆို၏။
ထိုစကားသည် မကောင်းချေ။ မှန်လှပေ၏။ ထိုသို့ သဘောရှိသော သံဝဏ္ထနာ အစိတ်သည် မထင်မိချေဟု မှတ်အပ်၏။
အရဟတ္တဖိုလ်၌ မဂ္ဂဝီထိတွင် မဂ်ကုသိုလ်၏ အခြားမဲ့ဝယ် ဖြစ်ငြား ပါသော်လည်း ဤရှေ့နောက် မှတ်ခြင်းသည် ပရိကံဇောတို့နှင့်သာလျှင် အတူတကွ အပ္ပနာဇောတို့အား ဖြစ်ပေ၏။ ထို့ကြောင့် ‘‘ကြိယဇဝနာနန္တရံ အရဟတ္တဖလဉ္စ’’ ဟူ၍ မိန့်ဆိုအပ်သတည်း။
သင်္ဂဟ ဂါထာ အဖွင့်
(က) - သုခသဟဂုတ် ကုသိုလ်ဇောမှ နောက်၌ သုံးဆယ့်နှစ် ပါးကုန်သော အပ္ပနာဇောတို့သည် ဖြစ်ကြကုန်၏။
- ဥပေက္ခာဖြစ်သော ကုသိုလ်ဇောမှ နောက်၌ တစ်ဆယ့် နှစ်ပါးကုန်သော အပ္ပနာဇောတို့သည် ဖြစ်ကြကုန်၏။
- သုခသဟဂုတ် ကြိယာဇောမှ နောက်၌ ရှစ်ပါးကုန်သော အပ္ပနာဇောတို့သည် ဖြစ်ကြကုန်၏။
- ဥပေက္ခာဖြစ်သော ကြိယာဇောမှ နောက်၌ ခြောက်ပါးကုန်သော အပ္ပနာဇောတို့သည် ဖြစ်ကြကုန်၏။
ဤကား ယောဇနာခြင်းပေတည်း။ ထိုဂါထာ၌-
- ဒွတ္တိံသ … ဟူသည်ကား အရဟတ္တဖိုလ် အလုံးစုံသော ပဉ္စမဈာန်သည် ကြဉ်အပ်ကုန်သော ရူပကုသိုလ် လေးပါးတို့၏ လည်းကောင်း၊ မဂ်ကုသိုလ် တစ်ဆယ့် ခြောက်ခုတို့၏ လည်းကောင်း၊ အောက် အောက် ဖိုလ် တစ်ဆယ့်နှစ်ခုတို့၏လည်းကောင်း အစွမ်းဖြင့် သုံးဆယ့်နှစ်ပါးတို့တည်း။
- ဒွါဒသ … ဟူသည်ကား ပဉ္စမဈာန်နှင့် ယှဉ်ကုန်သည့် ရူပ အရူပကုသိုလ် မဂ်ကုသိုလ် တို့၏လည်းကောင်း၊ အောက် အောက် ဖိုလ် (သုံးခု)တို့၏လည်းကောင်း အစွမ်းဖြင့် တစ်ဆယ့် နှစ်ခုတို့တည်း။
- အဋ္ဌ … ဟူသည်ကား ပဉ္စမဈာန် ကြဉ်အပ်ကုန်သော ရူပ ကြိယာလေးခုတို့၏ လည်းကောင်း၊ အရဟတ္တဖိုလ် လေးခုတို့၏လည်းကောင်း အစွမ်းဖြင့် ရှစ်ပါးတို့တည်း။
- ဆ … ဟူသည်ကား ပဉ္စမဈာန်နှင့် ယှဉ်ကုန်သော ရူပ အရူပ ကြိယာ ငါးခုတို့၏လည်းကောင်း၊ အရဟတ္တဖိုလ် တစ်ခု၏လည်းကောင်း အစွမ်းဖြင့် ခြောက်ခုတို့တည်း။
(ခ) - ပုထုဇဉ်ပုဂ္ဂိုလ်တို့၏လည်းကောင်း၊ သေက္ခပုဂ္ဂိုလ်တို့၏ လည်းကောင်း ကာမကုသိုလ် တိဟိတ်ဇော လေးခုမှ နောက်၌ လေးဆယ့်လေးပါးကုန်သော အပ္ပနာဇောတို့ ဖြစ်ကြကုန်၏။
- ကင်းပြီးသည့် ရာဂရှိကြကုန်သော ရဟန္တာပုဂ္ဂိုလ်တို့၏ တိဟိတ် ကာမကြိယာ လေးခုမှ နောက်၌ တစ်ဆယ့် လေးပါးကုန်သော အပ္ပနာဇောတို့ ဖြစ်ကြကုန်၏။
ဤသည်ကား ယောဇနာခြင်းပေတည်း။
မနောဒွါရ အပ္ပနာဇောဝါရ အဖွင့် ပြီးပြီ။
တဒါရမ္မဏ နိယာမ အဖွင့်
- သဗ္ဗထာပိ … ဟူသည်ကား အတိမဟန္တ အစရှိသော ခပ်သိမ်းသော အပြားအားဖြင့်လည်း။
- ဧတ္ထ … ဟူသည်ကား အကြင် အကြင် ဆိုအပ်ကုန်ပြီးသော ထိုပဉ္ဒွါရ မနောဒွါရတို့၌။
အလိုရှိအပ်သောကြောင့် ဣဋ္ဌ မည်၏။ အဘယ်သူသည် အလိုရှိအပ်သနည်း။ ဤသည်ကား အမေးတည်း။ လောကီလူများ အပေါင်းသည် အလိုရှိအပ်၏။ ဆက်၍ ဆိုဦးအံ့။ ထိုစကားရပ်၌ အလွန်မြင့်မြတ်သည်လည်း ဖြစ်ကုန်သော၊ အလွန်ဆင်းရဲသည်လည်း ဖြစ်ကုန်သော လူတို့ကို မယူ မူ၍ အလယ်အလတ် ဖြစ်သော လူသည် အလိုရှိအပ်၏။ အကျိုးကို ဆိုဦးအံ့။ ဤသို့ ယူသည်ရှိသော် ဣဋ္ဌ အနိဋ္ဌတို့ကို ကောင်းစွာ ပိုင်းခြားနိုင်ခြင်းသည် ဖြစ်၏ဟု အဋ္ဌကထာ၌ မိန့်ဆိုအပ်၏။
ဝိပါက်အမှန် ဇောအပြန်
အကြင်အာရုံ၌ ကုသလဝိပါက်သည် ဖြစ်၏။ ထိုအာရုံသည်သာလျှင် ဣဋ္ဌ မည်၏။ အကြင်အာရုံ၌ အကုသလဝိပါက်သည် ဖြစ်၏။ ထိုအာရုံသည်သာလျှင် အနိဋ္ဌ မည်၏။ မှန်လှစွာ၏။ ဣဋ္ဌ လည်း ဖြစ်သောယ အနိဋ္ဌ လည်းဖြစ်သော အာရုံသည် ဝိပါက်စိတ်ကို လှည့်ပတ်ခြင်းငှါ မတတ် ကောင်းချေ - ဤသို့လည်းကောင်း၊ ဆိုဖွယ်အထူးကား ဒွါရ၏ အစွမ်းအားဖြင့်လည်း ဣဋ္ဌ အနိဋ္ဌ အဖြစ်ကို သိအပ်၏- ဤသို့လည်းကောင်း အဋ္ဌကထာ၌ ဆိုအပ်၏။
ထို့ကြောင့် ဣန္ဒြေနှင့်စပ်သော သန္တာန် ဣန္ဒြေနှင့် မစပ်သော သန္တာန် ဖြစ်သည့် တစ်ခု တစ်ခုသော ရုပ်ကလာပ်၌ ဝဏ္ထ အစရှိကုန်သော ရုပ်တို့တွင် အချို့သည် ဣဋ္ဌ ဖြစ်၏။ အချို့သည် အနိဋ္ဌ ဖြစ်၏။ ရံခါ ဣဋ္ဌ ဖြစ်၏။ ရံခါ အနိဋ္ဌ ဖြစ်၏။
ထိုရှေ့စကား၌ အချို့ ဣဋ္ဌ အချို့ အနိဋ္ဌ ဟူသည်ကား အချို့သော ပန်းတစ်ပွင့်၌ အဆင်းသည် ဣဋ္ဌ ဖြစ်၏။ အနံ့သည် အနိဋ္ဌ ဖြစ်၏။ အရသာသည် အနိဋ္ဌ ဖြစ်၏။ အတွေ့သည် အနိဋ္ဌ ဖြစ်၏။ ကြမ်းတမ်းသော အတွေ့ရှိ၏။ အချို့သော ပန်းတစ်ပွင့်၌ အဆင်းသည်လည်း ဣဋ္ဌ ဖြစ်၏။ အနံ့သည်လည်း ဣဋ္ဌ ဖြစ်၏။ အရသာ စသည်တို့သည် အနိဋ္ဌတို့သည်သာလျှင် ဖြစ်ကုန်သကဲ့သို့ ထို့အတူ ဘုရားရှင်၏ ကိုယ်၌ပင် ဖြစ်ငြားသော်လည်း တစ်ခုသော ရုပ်ကလာပ်၌ အဆင်းသည် ဣဋ္ဌ ဖြစ်၏။ အနံ့သည် အနိဋ္ဌ ဖြစ်၏။ သေပြီးသော ခွေးနက်၏ ဖူးဖူးရောင်သော အကောင်ပုပ်၌လည်း အဆင်းသည် ဣဋ္ဌ ဖြစ်၏။ အနံ့သည် အနိဋ္ဌ ဖြစ်၏။ မှန်လှစွာ၏။ ထိုအဆင်းသည် ဝတ်ရုံအပ်သော အဝတ်အား အကယ်၍ ဖြစ်ငြားအံ့။ ထိုအဝတ်သည် အဖိုးများစွာ ထိုက်၏ဟု မှတ်အပ်၏။
ရံခါ ဣဋ္ဌ ဖြစ်၏။ ရံခါ အနိဋ္ဌ ဖြစ်၏- ဟူသည်ကား မီးမည် သည်ကား ဆောင်းကာလခါ ဣဋ္ဌ ဖြစ်၏။ သုခသဟဂုတ် ကုသလဝိပါက်၏ အကြောင်းဖြစ်၏။ နွေလအခါ၌ အနိဋ္ဌ ဖြစ်၏။ ဒုက္ခသဟဂုတ် အကုသလဝိပါက်၏ အကြောင်းဖြစ်၏။ ရေအေးသည် နွေလအခါ၌ ဣဋ္ဌ ဖြစ်၏။ ဆောင်းလအခါ၌ အနိဋ္ဌ ဖြစ်၏။ ထို့အတူ ချမ်းသာသော အတွေ့ရှိသည့် အဝတ်သည် ပြကတေ့သော ကိုယ်၌ ဣဋ္ဌ ဖြစ်၏။ အိုင်းအမာသို့ ရောက်သည်ရှိသော် အနိဋ္ဌ ဖြစ်၏။ ထိုအဝတ်ဖြင့်လည်း ဖြည်းညင်း သက်သာစွာ တွေ့ထိသော ပုဂ္ဂိုလ်အား ဣဋ္ဌ ဖြစ်၏။ ပြင်းထန်စွာ ပွတ်တိုက်တွေ့ထိသော ပုဂ္ဂိုလ်အား အနိဋ္ဌ ဖြစ်၏ဟု မှတ်အပ်၏။
- အလိုမရှိအပ်သောကြောင့် အနိဋ္ဌ မည်၏။ ထိုအနိဋ္ဌာရုံ၌။
- ဣဋ္ဌေ … ဟူသည်ကား ဣဋ္ဌမဇ္ဈတ္တာရုံ၌ ကုသလဝိပါက် ဖြစ်ကုန်သော ပဉ္စဝိညာဉ် သမ္ပဋိစ္ဆိုန်း သန္တီရဏ တဒါရုံတို့သည်-၊
ဤသည်ကား ပုဒ်အစပ်ကို ညွှန်ပြခြင်းတည်း။
ဆက်၍ ဆိုဦးအံ့။ ။ ဤဣဋ္ဌမဇ္ဈတ္တာရုံ၌ သန္တီရဏ တဒါရုံတို့ကို ဥပေက္ခာသဟဂုတ် တို့ကိုသာလျှင် သိအပ်ကုန်၏။ ထို့ကြောင့်သာလျှင် ‘‘အတိဣဋ္ဌေ ပန’’ အစရှိသော စကားကို မိန့်ဆိုတော်မူ၏။
ထိုအတိဣဋ္ဌာရုံ၌ အတိဣဋ္ဌ ဟူသည်ကား ရွှေအဆင်း ငွေအဆင်း ပတ္တမြားအဆင်း အစရှိည်လည်း ဖြစ်သော၊ ဆေးဒါန်း အစရှိသည်လည်း ဖြစ်သော၊ ပဒုမာအဆင်း အစရှိသည်လည်း ဖြစ်သော၊ ပိုးချည်ဖြင့် ပြီးသော အဝတ်အဆင်း အစရှိသည်လည်း ဖြစ်သော နတ်သမီးအဆင်း အစရှိသည်လည်း ဖြစ်သော အလွန်လျှင် လူများအပေါင်းသည် အလိုရှိအပ်သော အာရုံခြောက်ပါး၌-။
ဆက်၍ ဆိုပေဦးအံ့။ ဤတဒါရမ္မဏနိယာမ၌ အကြင်ကြောင့် အနိဋ္ဌာရုံနှင့် ပေါုံမိခြင်းသည် အကုသိုလ်ကံ၏သာလျှင် အကျိုးပေးခွင့်ပေတည်း။ ဣဋ္ဌာရုံနှင့် ပေါင်းဆုံမိခြင်းသည် ကုသိုလ်ကံ၏ သာလျှင် အကျိုးပေးခွင့်ပေတည်း။ ထို့ကြောင့် အနိဋ္ဌာရုံ၌ အကုသလဝိပါက်တို့ သည်သာလျှင် ဖြစ်ကြကုန်၏။ ဣဋ္ဌာရုံ၌ ကုသလဝိပါက်တို့သည်သာလျှင် ဖြစ်ကြကုန်၏ဟု ဤသို့ စွဲမှတ်ဖွယ်သည် ပြီးစီးပေတော့၏။
ဝေဒနာဘေဒ နိယာမ
အဖို့တစ်ပါးကို ဆိုဦးအံ့။ ဝေဒနာဖြင့် မှတ်ဖွယ်သည် ကြေးမုံအပြင်၌ မျက်နှာရိပ်၏သို့ မိမိ၏ အားထုတ်ခြင်း တည်းဟူသော အားအစွမ်းနှင့် ကင်း၍ သက်သက်သော ကံ၏အစွမ်းကြောင့် ဖြစ်ကုန်သော ဝိပါက်တို့၏ ထက်ဝန်းကျင်မှ အားနည်းသည်၏ အဖြစ်ကြောင့် ထိုထိုအခြင်းအရာ အားဖြင့် ကြံဆ၍- အပြားအားဖြင့် ကြံဆ၍ ယူခြင်း၏ မရှိခြင်းကြောင့် အာရုံအားလျော်စွာသာလျှင် ပြိးစီး၏ဟု မှတ်အပ်၏။
ဝိပါက်လည်း-မှန် ဇောလည်း-မှန်
သက်သက်လည်း ဝိပါက်တို့၏သာလျှင် မဟုတ်သေး။ စင်စစ်သော်ကား ဝိပလ္လာသ ကင်းပြီးသော ရဟန္တာပုဂ္ဂိုလ်တို့၏ သန္တာန်၌ ဖြစ်ကြကုန်သည့် ကာမကြိယာဇောတို့၏လည်း အာရုံအားလျော်စွာ သာလျှင် ဝေဒနာနှင့် ယှဉ်ခြင်း ဖြစ်ပေ၏။ ဤသို့သော အဓိပ္ပါယ်ဖြင့် ‘‘တတ္ထာ ပိသောမနဿ သဟဂတ ကြိယဇဝနာဝသာနေ’’ ဤသို့ အစရှိသော စကားကို မိန့်ဆို အပ်ပေ၏။ ထိုစကားရပ်၌-
- တတ္ထာပိ … ဟူသည်ကား ထိုဝိပါက်တို့တွင်လည်း-။
- သောမနဿသဟဂကြိယဇဝနာဝသာနေ … ဟူသည်ကား မြတ်စွာဘုရား၏ အဆင်းတော် အစရှိသော အတိဣဋ္ဌာရုံ၌ ဖြစ်ကြ ကုန်သည့် သောမနဿသဟဂုတ် ကြိယာဇောတို့၏ အဆုံး၌-။
- ဥပေက္ခာသဟဂတ ကြိယဇဝနာဝသာနေ ၏ ဟူသည်ကား အနိဋ္ဌာရုံ၌လည်းကောင်း၊ ဣဋ္ဌမဇ္ဈတ္တာရုံ ၌လည်းကောင်း ဖြစ်ကြကုန်သည့် ဥပေက္ခာသဟဂုတ် ကြိယာဇောတို့၏ အဆုံး၌-။
ကြိယာဇော၏ အဆုံး၌ ဤတဒါရမ္မဏနိယမကိုလည်း အဋ္ဌကထာ၌လည်း မိန့်ဆိုအပ်သည် သာလျှင် တည်း။ မှန်လှစွာ၏။ ထိုအဋ္ဌကထာ၌-
- ကာမာဝစရတိဟိတ် သောမနဿသဟဂုတ် ကြိယာဇောနှစ်ခုသည် တဒါရုံ၏ အစွမ်းအားဖြင့် ငါးခုကုန်သော သောမနဿ သဟဂုတ် ဝိပါက်တို့အား အနန္တရပစ္စည်းသည် ဖြစ်ပေ၏။
ဤသို့ စသည်ကို မိန့်ဆိုအပ်ပေ၏။ ဤစကားကိုလည်း ပြကတေ့သော အနေအထားအားဖြင့် ဖြစ်ကြကုန်သည့် ကြိယာဇောတို့၏ အစွမ်းဖြင့် မိန့်ဆိုအပ်၏။ စင်စစ်သော်ကား ထိုသို့ သဘော ရှိသော စိတ်ကို ပြုပြင်မှုကြောင့် ဖြစ်ကြကုန်သည့် ကြိယာဇောတို့၏ ဣဋ္ဌာရုံ၌သော်လည်း ဥပေက္ခာဝေဒနာနှင့် ယှဉ်ခြင်းသည်လည်းကောင်း၊ အနိဋ္ဌာရုံ၌သော်လည်း သောမနဿနှင့် ယှဉ်ခြင်း သည်လည်းကောင်း ဖြစ်နိုင်သည် သာလျှင်တည်း။
ဘုရားအဘယ်သို့ ဟောတော်မူသနည်း။
- ချစ်သား အာနန္ဒာ - အရိယာပုဂ္ဂိုလ်သည် အဘယ်သို့လျှင် ပွားစေအပ်ပြီးသော ဣန္ဒြေရှိသနည်း။ ချစ်သား အာနန္ဒာ - ဤလောက၌ ရဟန်းအား စက္ခုဝိညာဉ်စိတ်ဖြင့် ရူပါရုံကို မြင်သည်ရှိသော် နှစ်သက်မှုသည် ဖြစ်၏။ မနှစ်သက်မှုသည် ဖြစ်၏။ နှစ်သက်မှု မနှစ်သက်မှုသည် ဖြစ်၏။
ထိုရဟန်းသည် စက်ဆုပ် ရွံ့ရှာဖွယ်ရှိသော အာရုံ၌ စက်ဆုပ် ရွံ့ရှာဖွယ်မရှိဟု အမှတ်ရှိသည် ဖြစ်၍ နေအံ့ဟူ၍ အကယ်၍ အလိုရှိ သည်ဖြစ်အံ့၊ ထိုစက်ဆုပ် ရွံ့ရှာဖွယ်ရှိသော အာရုံ၌ စက်ဆုပ်ဖွယ် မရှိဟု အမှတ်ရှိသည် ဖြစ်၍ နေနိုင်၏။ စက်ဆုပ် ရွံ့ရှာဖွယ် မရှိသော အာရုံ၌ စက်ဆုပ် ရွံ့ရှာဖွယ်ဟု အမှတ် ရှိသည်ဖြစ်၍ နေအံ့ဟူ၍ အကယ်အလိုရှိခဲ့သည် ဖြစ်အံ့။ ထိုစက်ဆုပ် ရွံ့ရှာဖွယ် မရှိသော အာရုံ၌ စက်ဆုပ် ရွံ့ရှာဖွယ် ရှိ၏ဟု အမှတ်ရှိသည် ဖြစ်၍ နေ၏။ ဟူ၍ ဟောတော်မူ၏။ ဥပရိပဏ္ထာသပါဠိတော် ၌ အလုံးစုံသော ဣန္ဒြိယဘာဝနာသုတ်ကို ဆောင်အပ်၏။ ထိုပါဠိတော်၌-
- နှစ်သက်မှု ဖြစ်၏။ မနှစ်သက်မှု ဖြစ်၏။ နှစ်သက်မှု မနှစ်သက်မှု ဖြစ်၏။
ဟူသော ဤစကားဖြင့် ရဟန္တာပုဂ္ဂိုလ်တို့၏ ကြိယာဇောတို့၏ ပကတိသော အနေအတိုင်းအားဖြင့် ဣဋ္ဌရုံ၌ သောမနဿနှင့် ယှဉ်ခြင်းကိုလည်းကောင်း၊ အနိဋ္ဌာရုံ၌ ဥပေက္ခာနှင့် ယှဉ်ခြင်းကို လည်းကောင်း ပြအပ်၏။
- ထိုရဟန်းသည် … (ပ) … နေ၏။
ဤသို့ အစရှိသော စကားဖြင့်ကား ထိုရဟန္တာပုဂ္ဂိုလ်တို့၏ ထိုသို့ သဘောရှိသော စိတ်ကို ပြုပြင်မှုသည် ရှိခဲ့သည်ရှိသော် ဣဋ္ဌာရုံ၌သော်လည်း ဥပေက္ခာနှင့် ယှဉ်ခြင်းကိုလည်းကောင်း၊ အနိဋ္ဌာရုံ၌သော်လည်း သောမနဿနှင့် ယှဉ်ခြင်းကိုလည်းကောင်း မိန့်ဆိုအပ်၏ဟု မှတ်အပ်၏။
ရဟန္တာပုဂ္ဂိုလ်တို့အား သတတဝိဟာရသုတ်၌-
- ဤသာသနာတော်၌ ရဟန်းသည် စက္ခုဝိညာဉ်ဖြင့် ရူပါရုံကို မြင်သည်ရှိသော် ဝမ်းမြောက်မှု မဖြစ်ချေ။ နှလုံးမသာယာမှု မဖြစ်ချေ။ လျစ်လျူရှုသည် သတိနှင့် ပြည့်စုံသည် ပညာအဆင်ခြင်နှင့် ပြည့်စုံသည်ဖြစ်၍ နေ၏။
ဤသို့ အစရှိသည်ဖြင့် ခြောက်ဒွါရတို့၌ အကြင်သောမနဿကို ပယ်ခြင်းကို ဟောတော်မူ၏။ ထိုသောမနဿ ပယ်ခြင်းကိုလည်း ထို ရဟန္တာပုဂ္ဂိုလ်တို့၏ ထိုသို့ သဘောရှိသော စိတ်ကို ပြုပြင်ခြင်း များသည်၏ အစွမ်းဖြင့် ဟောတော်မူအပ်၏ဟု ယူသင့် ယူထိုက်၏။
တစ်နည်းကား- အကြင့်ကြောင့် ရဟန္တာပုဂ္ဂိုလ်တို့သည်လည်း မြတ်စွာဘုရား၏ အဆင်းတော်ကို ဖူးမြင်ရသောအခါ စသည်တို့၌လည်းကောင်း၊ ကမ္မဋ္ဌာန်း စီးဖြန်းခြင်းငှါ သင့်လျော် လျောက်ပတ်သော အရပ်ကို မြင်ခြင်း စသည်တို့၌လည်းကောင်း ဝမ်းမြောက်ခြင်း ရှိကြ ဖြစ်ကြကုန်သည်သာလျှင် တည်း။ ထို့ကြောင့် သက်သက် ရာဂ အစရှိသည်တို့၏ ၀တ္ထု ဖြစ်ကုန်သော ရူပါရုံ အစရှိကုန်သည့် ဣဋ္ဌာရုံ အနိဋ္ဌာရုံတို့ကို ရည်ရွယ်၍ ဤသုတ်ကို ဟောတော်မူအပ်၏။ ဤသို့လည်း ယူသင့် ယူထိုက်၏။
ဆက်၍ ဆိုဦးအံ့၊ ဤဣန္ဒြိယဘာဝနာသုတ်၌-
- စက်ဆုပ် ရွံ့ရှာဖွယ်ရှိသော အာရုံ၌ စက်ဆုပ် ရွံ့ရှာဖွယ် မရှိဟု အမှတ်ရှိသည်ဖြစ်၍ အဘယ်သို့လျှင် နေသနည်း။ အနိဋ္ဌာရုံ ဖြစ်သော ၀တ္ထု၌ မေတ္တာဖြင့်သော်လည်း ပျံ့နှံ့၏။ ဓာတ်အားဖြင့်သော်လည်း ရှေးရှုဆောင်၏။ ဤသို့ စက်ဆုပ် ရွံ့ရှာဖွယ် ရှိသော အာရုံ၌ စက်ဆုပ် ရွံ့ရှာဖွယ် မရှိဟု အမှတ်ရှိသည် ဖြစ်၍ နေ၏။
စက်ဆုပ် ရွံ့ရှာဖွယ်မရှိသော အာရုံ၌ စက်ဆုပ်ရွံ့ရှာဖွယ်ဟု အမှတ်ရှိသည်ဖြစ်၍ အဘယ်သို့လျှင် နေသနည်း။ နှစ်သက်အပ်သော ၀တ္ထု၌ မတင့်မတယ် စက်ဆုပ်ဖွယ်အားဖြင့် သော်လည်း ပျံ့နှံ့၏။ မမြဲသော အားဖြင့်သော်လည်း ရှေးရှုဆောင်၏။ ဤသို့ စက်ဆုပ် ရွံ့ရှာဖွယ် မရှိသော အာရုံ၌ စက်ဆုပ် ရွံ့ရှာဖွယ်ဟု အမှတ်ရှိသည် ဖြစ်၍ နေ၏။
ဤသို့ စသည်ဖြင့် ပဋိသမ္ဘိဒါမဂ်နည်းအားဖြင့် ဤဝေဒနာနိယမ အရာ၌ ထိုသို့ သဘောရှိသော စိတ်ပြုပြင်မှု မည်သည်ကို သိအပ်၏။
အချို့ကုန်သော ဆရာတို့သည် ဆိုကြကုန်၏။
‘‘ရဟန္တာပုဂ္ဂိုလ်တို့သည် အကြင်အခါ၌ နတ်သမီးအဆင်း အစရှိသော အတိဣဋ္ဌာရုံ ထင်ခြင်းသို့ ရောက်၏။ ထိုအခါ ထိုအတိဣဋ္ဌာရုံ အသုဘအားဖြင့်သော်လည်း ပျံ့နှံ့ကြကုန်၏။ အနိစ္စအားဖြင့် သော်လည်း ရှေးရှုဆောင်ကြကုန်၏။ ထိုနတ်သမီး အဆင်း စသည်တို့၌ အနိဋ္ဌဖြစ်သော အသုဘ လက္ခဏာသည် လည်းကောင်း၊ အနိစ္စလက္ခဏာသည် လည်းကောင်း ဥပေက္ခာ ကြိယာဇောတို့၏ အာရုံသည် ဖြစ်ပေ၏။ အတိဣဋ္ဌာရုံဖြစ်သော နတ်သမီးအဆင်း စသည့်အာရုံ မဖြစ်တော့ချေ။
ထိုမှတစ်ပါး အကြင်အခါ၌ ကျိုက်ကျိုက်ဆူ နူနာရှိသည့် ကိုယ်ရှိသော သူစသော အတိအနိဋ္ဌာရုံသည် ထင်ခြင်းသို့ ရောက်၏။ ထိုအခါ ထို အတိအနိဋ္ဌာရုံ၌ မေတ္တာဖြင့်သော်လည်း ပျံ့နှံ့ကုန်၏။ ဓာတ်အားဖြင့်သော်လည်း ရှေးရှုဆောင်ကြကုန်၏။ ထိုအတိအနိဋ္ဌာရုံ၌ ဣဋ္ဌ ဖြစ်သော ရန်ကင်း သည်၏ အဖြစ် အစရှိသော လက္ခဏာသည်သာလျှင် သောမနဿကြိယာဇော တို့၏ အာရုံသည် ဖြစ်ပေ၏။ အတိအနိဋ္ဌဖြစ်သော ကျိုက်ကျိုက်ဆူ နူနာရှိသည့်ကိုယ် ရှိသောသူ စသည်သည် ကြိယာဇောတို့၏ အာရုံ မဖြစ်တော့ချေ။ ထို့ကြောင့် ထိုကြိယာဇော တို့သည် ကာမဝိပါက်တို့ကဲ့သို့ အခါခပ်သိမ်းလည်း အာရုံ အားလျော်စွာသာလျှင် ဝေဒနာနှင့် ယှဉ်ကုန်၏။’’ ဟု ဆိုကြကုန်၏။
ထိုအချို့သော (အပရေ) ဆရာတို့၏ စကားသည် မသင့်ချေ။ မှန်လှစွာ၏။ ထိုလက္ခဏာတို့ကို နတ်သမီးအဆင်း စသည်တို့နှင့်ကင်း၍ အသီးအခြား မရအပ်ကုန်။ စင်စစ်သော်ကား ထို နတ်သမီးအဆင်း စသည်တို့နှင့် တကွသာလျှင် ရအပ်ကုန်၏။ ထို့ကြောင့် အကျိုး အာနိသံသကို မြင်ခြင်းကြောင့်လည်းကောင်း၊ ဘာဝနာ၏ ရှေ့နောက် အထူးကို မြင်ခြင်းကြောင့်လည်းကောင်း၊ ဖူးဖူးရောင် အကောင်ပုပ် အစရှိကုန်သော အတိအနိဋ္ဌာရုံတို့၌သော်လည်း သောမနဿ ဖြစ်ခြင်းကို အဋ္ဌကထာ၌ ဆိုအပ်သကဲ့သို့လည်းကောင်း၊ အရှင်မဟာမောဂ္ဂလာန် မထေရ်၏ မြတ်စွာဘုရား၏ ကောင်းစွာ ဘုရားဖြစ်တော်မူသည်၏ အဖြစ်ကို မြင်ခြင်းကြောင့်လည်းကောင်း၊ မိမိ၏ ပြည့်စုံခြင်းကို မြင်ခြင်းကြောင့်လည်းကောင်း၊ အနိဋ္ဌာရုံ ဖြစ်၍လည်း ဖြစ်သော အရိုးစုပြိတ္တာ၏ အဆင်း၌ သောမနဿ ဖြစ်ခြင်းကို ပါဠိတော်၌ ဟောတော်မူအပ်သကဲ့သို့ လည်းကောင်း၊ အရှင်မဟာကဿပ မထေရ်၏ ထိုသို့ သဘောရှိသော စိတ်၏ ပြုပြင်ခြင်းကြောင့် နူနာရှိသော သူ၏လက်မှ ရအပ်သော အနိဋ္ဌာရုံ ဖြစ်သော ပုပ်သိုးလေပြီးသော မုယောမုန့်၌သော်လည်း သောမနဿဖြစ်ခြင်းကို အဋ္ဌကထာ ၌ ဆိုအပ်သကဲ့သို့လည်းကောင်း၊ ဤအတူသာလျှင် ဤအရာ၌လည်း အသုဘပျံ့နှံ့ခြင်း အစရှိသော စိတ်၏ ပြုပြင်ခြင်းသည် အတိဣဋ္ဌာရုံ၌ ဥပေက္ခာဇောတို့၏ လည်းကောင်း၊ အတိအနိဋ္ဌာရုံ၌ သောမနဿဇောတို့၏လည်းကောင်း ဖြစ်ခြင်း၏ အကြောင်းသည် ဖြစ်၏ဟု မှတ်အပ်၏။
ချဲ့၍ ဆိုဦးအံ့။ အာရုံတို့၏ ဤဣဋ္ဌ အနိဋ္ဌအဖြစ် မည်သည်ကား လောကီလူများ အပေါင်းတို့၏ အလို၏အစွမ်းဖြင့် ပြီးစီး၏။ နက်နဲမှု မရှိချေ။ ဝိပလ္လာသဓမ္မတို့၏ လည်းကောင်း၊ ကိလေသာ တို့၏လည်းကောင်း တည်ရာဖြစ်၍ ဖြစ်ပေ၏။
ဘုရားအဘယ်သို့ ဟောတော်မူသနည်း။
- ထိုရူပက္ခန္ဓာ၌ အဘယ်ရုပ်သည် ယုတ်ညံ့သနည်း။ ထိုထိုသတ္တဝါ တို့၏ အကြင်ရုပ်ကို မထေမဲ့မြင် သိအပ်၏။ အယုတ်သဖြင့် သိအပ်၏။ ဤသို့ စသည်ကို ဟောတော်မူ၏။
ချဲ့၍ ဆိုဦးအံ့။ ဤ ဝိဘင်္ဂပါဠိတော်၌ ‘‘ထိုထိုသတ္တဝါတို့၏’’ ဟူသော ဤစကားဖြင့် အာရုံတရားတို့၏ ဣဋ္ဌအဖြစ် အနိဋ္ဌအဖြစ် မည်သည် လောကီလူများ အပေါင်းတို့သည် သမုတ်ခြင်းဖြင့် ပြီးစီး၏။ ဤသို့သော အနက်ကို ပြ၏။
ထို့ကြောင့် မပယ်အပ်သေးသော ဝိပလ္လာသ ရှိကုန်သော လောကီ လူများတို့၏ နတ်သမီးအဆင်း အစရှိကုန်သော အတိဣဋ္ဌာရုံတို့၌ အတိဣဋ္ဌ အခြင်းအရာအားဖြင့် အကြင်ယူခြင်းသည် လည်း ကောင်း၊ မြတ်စွာဘုရား၏ အဆင်းတော် အစရှိကုန်သော အတိဣဋ္ဌာရုံတို့၌ အနိဋ္ဌ အခြင်းအရာ အားဖြင့် အကြင်ယူခြင်းသည်လည်းကောင်း ရှိပေ၏။ ထိုနှစ်ပါးစုံသော ယူခြင်းသည်လည်း ထို ဝိပသနာသကို မပယ်ကုန်သေးသော ပုဂ္ဂိုလ်တို့၏ ဖောက်ပြန်ခြင်း၏ အစွမ်းဖြင့်သာလျှင် ဖြစ်ပေ၏။
ပညာရှိကုန်သော မြတ်စွာဘုရား တပည့်သားတော်တို့၏ကား နတ်သမီးအဆင်း အစရှိကုန်သော အတိဣဋ္ဌာရုံတို့၌ အနိဋ္ဌ အခြင်းအရာ အားဖြင့် အကြင်ယူခြင်းသည် လည်းကောင်း၊ ဘုရား အဆင်းတော် အစရှိကုန်သော အတိဣဋ္ဌာရုံတို့၌ အတိဣဋ္ဌ အခြင်းအရာအားဖြင့် လည်းကောင်း၊ အကြင်ယူခြင်းသည်လည်းကောင်း ရှိ၏။ ထိုနှစ်ပါးစုံသည်လည်း ပညာအစွမ်းအားဖြင့်သာလျှင် ဖြစ်၏ဟု သိသင့် သိထိုက်၏။
၁၄၆။ ဋီကာကျော် (နှာ- ၁၅၀)၌ကား-
ကုသိုလ် အကုသိုလ်တို့ကို မပယ်အပ်သေးသော ဝိပလ္လာသတရား ရှိကုန်သော ပုထုဇဉ်သန္တာန်တို့၌ ဖြစ်ခြင်းကြောင့် အလွန်နှစ်သက်ဖွယ် အာရုံ၌လည်း လျစ်လျူရှုသော အခြင်းအရာ မနှစ်သက်သော အခြင်းအရာအားဖြင့် ယူခြင်းဖြစ်၏။ မနှစ်သက်အပ်သော အာရုံ၌သော်လည်း နှစ်သက်သော အခြင်း အရာ လျစ်လျူရှုသော အခြင်းအရာအားဖြင့် ယူခြင်းဖြစ်၏။ ဟူသော အကြင်စကားကိုလည်း မိန့်ဆို၏။ ထိုဋီကာကျော်၌-
ရဟန္တာပုဂ္ဂိုလ်တို့အား စိတ်၏ဖောက်ပြန်ခြင်း မရှိသောကြောင့် ကြိယာဇော တို့သည်လည်း အာရုံအားလျော်စွာသာလျှင် ဖြစ်ကြကုန်၏။
ဟူသော အကြင်စကားကိုလည်း မိန့်ဆိုအပ်၏။ ထိုစကားကို စိစစ် သုံးသပ်အပ်သည်သာလျှင်တည်း။ ချဲ့၍ ဆိုဦးအံ့။ တရားကို မြင်နိုင်သော မျက်စိမှ ကင်းကြကုန်သည့် သတ္တဝါတို့သည်သာလျှင် ဝိပလ္လာသ တို့၏ အစွမ်းဖြင့် စိတ်၏အလိုနိုင်ငံသို့ အစဉ်လိုက်ကြကုန်သည်လည်းကောင်း၊ အာရုံ၏ အလိုနိုင်ငံသို့ အစဉ်လိုက်ကြကုန်သည်လည်းကောင်း ဖြစ်ကြကုန်၏။ ထို့ကြောင့် ကုသိုလ် အကုသိုလ် တို့သည်သာလျှင် များသောအားဖြင့် အာရုံအားလျော်စွာ ဖြစ်ကြကုန်၏။ ကြိယာဇော တို့သည်ကား အာရုံအားလျော်စွာ မဖြစ်ကြကုန်၏။
မှန်လှစွာ၏။ ရဟန္တာပုဂ္ဂိုလ်တို့သည် လောကီလူများအပေါင်းသည် သမုတ်အပ်သော ဣဋ္ဌ အနိဋ္ဌတို့၌ စိတ်၏ အလိုနိုင်ငံသို့ အစဉ်လိုက်ကြကုန်သည် လည်းကောင်း၊ အာရုံ၏ အလိုနိုင်ငံသို့ အစဉ် လိုက်ကြကုန်သည် လည်းကောင်း မဖြစ်ကြကုန်ပေဟု မှတ်အပ်ကုန်၏။
ဘုရားရှင် အဘယ်သို့ ဟောတော်မူသနည်း။
- နှလုံးမွေ့လျော်ဖွယ်ရှိသော ရူပါရုံဟူသော အကြောင်းကြောင့် လည်းကောင်း၊
သဒ္ဒါရုံဟူသော အကြောင်းကြောင့် လည်းကောင်း၊
ဂန္ဓာရုံဟူသော အကြောင်းကြောင့် လည်းကောင်း၊
ရသာရုံဟူသော အကြောင်းကြောင့် လည်းကောင်း၊
ဖောဋ္ဌဗ္ဗာရုံ ဟူသော အကြောင်းကြောင့် လည်းကောင်း၊
ဣဋ္ဌတရားကြောင့် လည်းကောင်း၊
အနိဋ္ဌတရားကြောင့် လည်းကောင်း ပညာရှိတို့သည် မတုန်မလှုပ်ကြကုန်။ ဟူ၍ ဟောတော်မူ၏။
ထို့ကြောင့် သောမနဿကြိယာဇော၏ အခြားမဲ့၌လည်း တဒါရုံတို့သည် သောမနဿဝေဒနာ ဥပေက္ခာဝေဒနာနှင့် ယှဉ်ကုန်သည်သာလျှင် ဖြစ်ကုန်ရာ၏။ ဥပေက္ခာကြိယာ ဇော၏ အခြားမဲ့၌လည်း ထို့အတူ တဒါရုံတို့သည် သောမနဿဝေဒနာ ဥပေက္ခာဝေဒနာနှင့် ယှဉ်ကုန် သည်သာလျှင် ဖြစ်ကုန်ရာ၏ဟု မှတ်အပ်ကုန်၏။
ဤအရာ၌ မူလဋီကာ၌ကား-
- ပဋ္ဌာန်းပါဠိတော်၌ ‘ကုသိုလ် အကုသိုလ်ဇောသည် ချုပ်ပြီးသည်ရှိသော် ဝိပါက်ဖြစ်သော တဒါရုံသည် ဖြစ်၏’ ဟု ကုသိုလ် အကုသိုလ်ဇော၏ အခြားမဲ့၌သာလျှင် တဒါရုံကို ဟောတော်မူ အပ်၏။ အဗျာကတဇောတို့၏ အခြားမဲ့၌ တဒါရုံကို ဟောတော် မမူအပ်ပေ။ အချို့သော အဘိဓမ္မာပါဠိရပ်၌ ကြိယာဇော၏ အခြားမဲ့၌ တဒါရုံ၏ ဟောတော်မူအပ်သော အရာသည် ထင်လည်း မထင်ချေ။ ထိုကြိယာ ဇော၏နောက်၌ တဒါရုံသည် ထင်ရှား ရှိပါလျက်လည်း ဟောတော်မမူရာ၌ အကြောင်းသည် ရှိလည်း မရှိချေ။ ဤဘဝင်မည်သည်လည်း မြစ်ရေအယဉ်သည် မြစ်ညာသို့ ဆန်တက်သော လှေသို့ အစဉ်လိုက်ဘိသကဲ့သို့ ပျံ့နှံ့ခြင်းနှင့် တကွသာလျှင်ဖြစ်သော (မငြိမ်သက်ခြင်းနှင့် တကွသာလျှင် ဖြစ်သော) ဇောသို့ အစဉ်လိုက်၏။ ဤသို့သော အနက် ဥပေက္ခာရှိသည့် ရဟန္တာပုဂ္ဂိုလ်၏ ငြိမ်သက်စွာ ဖြစ်ခြင်းရှိသော ကြိယာဇောသို့ အစဉ်မလိုက်နိုင် ပေ။ ထို့ကြောင့် ကြိယာဇော၏ အခြားမဲ့၌ တဒါရုံကျမှု အစီအရင်ကို စူးစမ်း ဆင်ခြင်အပ်၏။ ဟူ၍ မိန့်ဆိုတော်မူအပ်၏။
[မြန်မာပြန်ဆရာ၏ မှတ်ချက် - ကျေးဇူးရှင် ဆရာတော်ကြီးက ယူသင့်သည်သာ ယူငင်၍ ရေးသားတော်မူခဲ့ခြင်း ဖြစ်သည်။]
ထိုသို့ပင် ဆိုပါသော်လည်း ပဋ္ဌာန်းပါဠိတော် ကုသလတိက် ပဉှာဝါရ အာရမ္မဏပစ္စည်းကို ဝေဖန်ရာ သုံးပါးကုန်သော အဗျာကတပုဒ် အဆုံးရှိသော ဝါရတို့၌ သေက္ခ ပုထုဇဉ်ပုဂ္ဂိုလ်တို့အား တဒါရုံ သည်သာလျှင် ပြဋ္ဌာန်း၏။ ကုသိုလ် အကုသိုလ်ဇောသည် မပြဋ္ဌာန်းချေ။ ထို့ကြောင့် နှစ်ပါးလည်း ဖြစ်ကုန်သော ဝါရတို့၌-
- သေက္ခပုဂ္ဂိုလ်တို့သည် လည်းကောင်း၊ ပုထုဇဉ်ပုဂ္ဂိုလ်တို့သည် လည်းကောင်း ဝိပဿနာ ရှုသင့် ရှုထိုက်သော တေဘူမက ကုသိုလ်ကို မမြဲသောအားဖြင့် (ဆင်းရဲသော အစိုးမရသော အားဖြင့်) ဝိပဿနာ ရှုကြကုန်၏။ တေဘူမက ကုသိုလ်ကို လောဘမူ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် စိတ်တို့ဖြင့် နှစ်သက်ကြကုန်၏။
ဤသို့ စသည်ကို ဟောတော်မူပြီး၍ နောက်တစ်ဖန်လည်း-
- ကုသိုလ်ဇော ချုပ်ပြီးသည်ရှိသော်ယ အကုသိုလ်ဇော ချုပ်ပြီးသည် ရှိသော် ဝိပါက်ဖြစ်သော တဒါရုံ ဖြစ်၏။ ဟူ၍ ဟောတော်မူ၏။
ရဟန္တာပုဂ္ဂိုလ်အားကား ဇောသည်လည်းကောင်း၊ တဒါရုံသည်လည်းကောင်း ပြဋ္ဌာန်းသည်သာလျှင်တည်း။ ထို့ကြောင့်-
- ရဟန္တာပုဂ္ဂိုလ်သည် ရှေး၌ လေ့ကျက်ခဲ့ဘူးသော ကုသိုလ်ဇောကို အနိစ္စ ဒုက္ခ အနတ္တ အစွမ်းအားဖြင့် ဝိပဿနာ ပြု၏။ ဟူ၍ပင်လျှင် ဟောတော်မူ၏။
- ကြိယာအဗျာကတဇောသည် ချုပ်ပြီးသည်ရှိသော် ဝိပါက်ဖြစ်သော တဒါရုံသည် ဖြစ်၏။ ဟူ၍ ဟောကား မဟောခဲ့ပေ။
ဆက်၍ ဆိုဦးအံ့။ ဤသို့သော စကားကို အကယ်၍ ဟောတော်မူ ခဲ့ငြားအံ့။ တဒါရုံကိုသာလျှင် ပြဋ္ဌာန်းသည်ကို ပြုသည် မည်သည် ဖြစ်ရာ၏။ ဆက်၍ ဆိုဦးအံ့။ ထိုစကားကို မဟောအပ်သော်လည်း ‘‘ဝိပဿနာပြု၏’’ ဟူသော ဤစကားဖြင့် တဒါရုံကို လည်း ယူအပ်သည်သာလျှင် ဖြစ်ပေ၏ဟု မှတ်အပ်၏။ ထို့ကြောင့်-
- ပဋ္ဌာန်းပါဠိတော်၌ ‘ကုသိုလ် အကုသိုလ်ဇောသည် ချုပ်ပြီးသည် ရှိသော် ဝိပါက်ဖြစ်သော တဒါရုံသည် ဖြစ်၏ ဟု ကုသိုလ် အကုသိုလ်ဇော၏ အခြားမဲ့၌သာလျှင် တဒါရုံကို ဟောတော်မူ၏။ အဗျာကတဇောတို့၏ အခြားမဲ့၌ တဒါရုံကို ဟောတော် မမူအပ်ပေ။
ဟူ၍လည်းကောင်း-
- ထိုကြိယာဇော၏ နောက်၌ တဒါရုံသည် ထင်ရှားရှိပါလျက်လည်း ဟောတော်မမူရာ၌ အကြောင်း သည် ရှိလည်း မရှိချေ။ ဟူ၍လည်းကောင်း (မူလဋီကာဆရာ၏) ထိုစကားသည် မသင့်သည် သာလျှင်တည်း။
အဖို့တစ်ပါးကို ဆိုဦးအံ့။ အနန္တရပစ္စည်းကို ဝေဖန်သောအရာ ဌာနတို့၌-
- ‘‘လောကီကုသိုလ် သတ္တရသ အဆုံးဇောသည် တဒါရုံ ဘဝင်အား’’
- ‘‘အကုသိုလ် ဒွါဒသ အဆုံးဇောသည် တဒါရုံ ဘဝင်အား’’
- ‘‘ကြိယာ အဋ္ဌာရသ အဆုံးဇော ဒုတိယ ဝုဋ္ဌောသည် တဒါရုံ ဘဝင်အား’’
ဟူ၍လည်းကောင်း-
- အချင်းချင်း ထူးကုန်သော အကျိုးကို ဖြစ်စေခြင်း သဘောရှိကုန်သော အကုသိုလ်စိတ် (၁၂)၊ ကုသိုလ်စိတ် (၂၁)၊ စေတသိက် (၅၂) ဟူကုန်သော ခန္ဓာတို့သည် တဒါရုံ ဘဝင်အား-
- အချင်းချင်း ထူးကုန်သော ကုသိုလ် အကုသိုလ်တို့၏ အကျိုးလည်း မဟုတ်၊ အကျိုးကို ဖြစ်စေခြင်း သဘောရှိသည်လည်း မဟုတ်ကုန်သော ကြိယာစိတ် (၂၀)၊ စေတသိက် (၃၅) ဟူကုန်သော ခန္ဓာတို့သည် တဒါရုံ ဘဝင်အား-
ဟူ၍လည်းကောင်း- ဤသို့ စသည်ဖြင့် ကြိယာဇော၏ အခြားမဲ့၌ ဘဝင်နှင့်တကွ တဒါရုံ၏လည်း ‘‘ဝုဋ္ဌာန’’အမည်ဖြင့် ဟောတော်မူအပ်သော အရာထင်သည်သာလျှင်တည်း။
ထို့ကြောင့် -
- အချို့သော အဘိဓမ္မာပါဠိရပ်၌ ကြိယာဇော၏ အခြားမဲ့၌ တဒါရုံ၏ ဟောတော်မူအပ်သော အရာသည် ထင်လည်း မထင်ချေ။
ဟု ဆိုသော ထို(မူလဋီကာဆရာ၏) စကားသည်လည်း မသင့်မလျော်သည်သာလျှင်တည်း။ အင်္ဂါ ခြောက်ပါးနှင့် ပြည့်စုံသော ဥပေက္ခာရှိသည့် ရဟန္တာပုဂ္ဂိုလ်၏ ငြိမ်သက်စွာ ဖြစ်ခြင်း ရှိသော ကြိယာဇောသည် ပျံ့နှံ့ခြင်း (မငြိမ်သက်ခြင်း) မဖြစ်သည်ကား မဟုတ်ချေ။ ဖြစ်သည်သာလျှင်တည်း။
အဘယ့်ကြောင့်နည်း ဟူမူကား- ကုသိုလ်ဇော၏ ဖြစ်ခြင်းကဲ့သို့ ထိုကြိယာဇော၏လည်း ရုန့်ရင်း သော ကာယပယောဂယ ဝစီပယောဂကို ဖြစ်စေခြင်းကြောင့်တည်းဟု မှတ်အပ်၏။
၁၄ရ။ ဋီကာကျော် (နှာ- ၁၅၁)၌ကား-
မူလဋီကာဝါဒ၏ အဖြေကို ဖြေဆိုသော ဋီကာဆရာသည် အဗျာကတ၏ အခြားမဲ့၌လည်း တဒါရုံ ဖြစ်ခြင်းကို အကယ်၍ ဆိုငြားအံ့။ ကာမအာရုံ၌ ဝုဋ္ဌော၏ အခြားမဲ့၌ ထိုတဒါရုံ၏ ဖြစ်ခြင်းကို အောက်မေ့ မှတ်ထင်ကုန်ရာ၏။ ထို့ကြောင့် ကြိယာဇော၏ အခြားမဲ့၌ တဒါရုံကျသည်ကို ရှင်တော်ဗုဒ္ဓ ဟောတော်မမူခဲ့ပေ။
ဟူသော ထိုစကားသည် မကောင်းချေ။ မှန်လှစွာ၏။ ပဋ္ဌာန်းပါဠိတော်၌ ဤစကားကို ဆိုသည်ရှိသော် ဤမည်သော အကြောင်းအရာကို မှတ်ထင်ကုန်ရာ၏။ ဤသို့ နှလုံးပိုက်တော်မူ၍ မဟောအပ်သော အရာ မည်သည် မရှိချေ။
- ရဟန္တာပုဂ္ဂိုလ်သည် ရှေး၌ လေ့ကျက်ခဲ့ဖူးသော ကုသိုလ်ဇောကို အနိစ္စအားဖြင့် ဒုက္ခအားဖြင့် အနတတ်အားဖြင့် ရှုကြည့်၏။
ဤသို့ စသည်ဖြင့် ဝိပဿနာစာရ၏ အစွမ်းဖြင့် ဟောတော်မူအပ်သော အရာ၌ ပဉ္စဒွါရိက ပရိတ္တာရမ္မဏဝါရ၏ လျဉ်းပါးခြင်းသည်လည်း မရှိပေဟု မှတ်အပ်၏။
အာဂန္တုကဝီထိ အဖွင့်
ဒေါမနဿသဟဂုတ်ဇော၏ အဆုံး၌ တဒါရုံတို့သည် လည်းကောင်း၊ ဘဝင်တို့သည် လည်းကောင်း ဥပေက္ခာသဟဂုတ်တို့သာလျှင် ဖြစ်ကုန်၏။ သောမနဿသဟဂုတ်တို့ မဖြစ်ကြကုန်။ အဘယ့်ကြောင့်နည်း ဟူမူကား- သောမဿ ဒေါမနဿတို့၏ အချင်းချင်း ဆန့်ကျင်သည်၏ အဖြစ် ကြောင့်တည်း။ မှန်လှစွာ၏။ ထို့ကြောင့်ပင်လျှင် ပဋ္ဌာန်းပါဠိတော်၌ အချင်းချင်း၏ အနန္တရပစ္စည်း၏ အဖြစ်ကို ဟောတော်မမူအပ်ပေဟု မှတ်အပ်၏။
ဆက်၍ ဆိုဦးအံ့။ ဤတဒါရမ္မဏနိယမ အရာ၌ ကြိယာဇော ဒေါမနဿဇောတို့၏ အခြားမဲ့၌ တဒါရုံကို မှတ်ခြင်းကို ပြတော်မူသော အရှင်အနုရုဒ္ဓါမထေရ်သည် ဤကြိယာဇော ဒေါမနဿဇောမှ တစ်ပါးကုန်သော ကုသိုလ် အကုသိုလ်ဇောတို့၏ အခြားမဲ့၌ကား ထိုသို့ သဘောရှိသော မှတ်ခြင်း သည် မရှိချေ။ ဤသို့ ပြအပ်၏။ ထို့ကြောင့် မဟာကုသိုလ်ဇော ရှစ်ခုတို့၏လည်းကောင်း၊ လောဘမူ ဇော ရှစ်ခုတို့၏ လည်းကောင်း၊ မောဟမူဇော နှစ်ခုတို့၏လည်းကောင်း ဤသို့ ဇောတစ်ဆယ့်ရှစ်ခု တို့၏ အဆုံး၌ အာရုံအားလျော်စွာ အလုံးစုံကုန်သော တဒါရုံတို့သည် လည်းကောင်း၊ ဘဝင်တို့ သည်လည်းကောင်း ဖြစ်ကြကုန်၏။
ဇောနှင့် တဒါရုံ မှတ်သားပုံ
များသောအားဖြင့်ကား အကုသိုလ်ဇော၏ အခြားမဲ့၌ အဟိတ်တဒါရုံသည်သာလျှင် ဖြစ်၏။ ဒွိဟိတ်ဇော၏ အခြားမဲ့၌ ဒွိဟိတ်တဒါရုံ သည်သာလျှင် ဖြစ်၏။ တိဟိတ်ဇော၏ အခြားမဲ့၌ တိဟိတ်တဒါရုံ သည်သာလျှင် ဖြစ်၏။ ဤသို့သော မှတ်ဖွယ်သည် ယေဘုယျ မှတ်သား ဖွယ်သာ ဖြစ်၏။
အပ္ပကနည်းဖြင့် မှတ်သားပုံ
အကြင်ပုဂ္ဂိုလ်အားကား ဒွိဟိတ်လည်း ဖြစ်ကုန်သော၊ တိဟိတ်လည်း ဖြစ်ကုန်သော ကုသိုလ်ဇော တို့သည် များစွာ လေ့ကျက်မှု ရှိကုန်၏။ ထိုပုဂ္ဂိုလ်အား တစ်ရံတစ်ခါ အကုသိုလ်ဇောတို့ စောကုန်သည်ရှိသော် အကုသိုလ်ဇော၏ အခြားမဲ့၌လည်း ဒွိဟိတ်လည်း ဖြစ်ကုန်သော၊ တိဟိတ် လည်း ဖြစ်ကုန်သော တဒါရုံတို့ ဖြစ်ကြကုန်၏။ အကြင်ပုဂ္ဂိုလ်အား အကုသိုလ်ဇောတို့သည် များစွာ လေ့ကျက်မှု ရှိကုန်၏။ ထိုပုဂ္ဂိုလ်အား တစ်ရံ တစ်ခါ ဒွိဟိတ်လည်း ဖြစ်ကုန်သော၊ တိဟိတ်လည်း ဖြစ်ကုန်သော ကုသိုလ်ဇောတို့သည် စောကုန်သည်ရှိသော် ကုသိုလ်ဇော၏ အခြားမဲ့၌လည်း အဟိတ်တဒါရုံတို့ ဖြစ်ကြကုန်၏။
မှန်လှစွာ၏။ ပဋ္ဌာန်းပါဠိတော်၌-
- အဟိတ်ဖြစ်ကုန်သော ခန္ဓာတို့ကို အနိစ္စ ဒုက္ခ အနတ္တ၏ အစွမ်းအားဖြင့် ဝိပဿနာ ပြု၏၊ သာယာ၏၊ နှစ်သက်၏။ ထိုအဟိတ် ခန္ဓာကို အာရုံပြု၍ ရာဂ ဖြစ်၏၊ ဒိဋ္ဌိ ဖြစ်၏။ ဝိစိကိစ္ဆာ ဖြစ်၏။ ဥဒ္ဓစ္စ ဖြစ်၏။ ဒေါမနဿ ဖြစ်၏။ ကုသိုလ် အကုသိုလ်ဇော ချုပ်သည် ရှိသော် သဟိဝိပါက် တဒါရုံ ဖြစ်၏။ အဟိတ်ဝိပါက် တဒါရုံ ဖြစ်၏။ ဟူသော ဤစကားကို ဟောတော်မူ၏။
[မြန်မာပြန်သူ၏အမှာ- မန္ဒပုဂ္ဂိုလ်များကို ငဲ့၍ ပေယျာလကို ဖော်ထုတ်၍ စုံလင်စွာ မြန်မာပြန် လိုက်သည်။]
မှန်လှစွာ၏။ ဤတဒါရုတို့ မည်သည်ကား ပဋိသန္ဓေကို ဖြစ်စေတတ်သော တစ်ခုသောကံကြောင့် ဖြစ်ကုန်ငြားသော်လည်း အထူးထူးသော ဝီထိတို့၌ အထူးထူး အပြားပြား ရှိကုန်၏။ ပဝတ္တိအကျိုးကို ဖြစ်စေတတ်ကုန်သည့် အထူးထူးသော ကံတို့ကြောင့် ဖြစ်ကုန်သော တဒါရုံတို့၌ကား ဆိုဖွယ်ပင် မရှိတော့ပေဟု မှတ်အပ်ကုန်၏။
- တသ္မာ ... ဟူသည်ကား အကြင့်ကြောင့် ဒေါမနဿဇော၏ အခြားမဲ့၌ သောမနဿ၏ ဖြစ်ခြင်းမည်သည် မရှိချေ။ ထို့ကြောင့်၏။
- သောမနဿ ပဋိသန္ဓိကဿ … ဟူသည်ကား သောမနဿ သဟဂုတ် မဟာဝိပါက် လေးခုတို့တွင် တစ်ခုခုသော ဝိပါက်ဖြင့် ယူအပ်သော ပဋိသန္ဓေရှိသော သတ္တဝါအား …။
- တဒါရမ္မဏသမ္ဘဝေါ … ဟူသည်ကား တဒါရုံ ဖြစ်သင့်ခြင်း၏ အကြောင်းသည် (တစ်နည်း) တဒါရုံ ဖြစ်ခြင်းသည်သာလျှင် …။
- ယံ ကိဉ္စိ … ဟူသည်ကား ဣဋ္ဌ အနိဋ္ဌဖြစ်၍ ဖြစ်ကုန်သော ရူပါရုံ စသည်တို့တွင် အမှတ်မရှိ တစ်ခုခုသော …။
- ပရိဝိတပုဗ္ဗံ … ဟူသည်ကား ဤဘဝ၌ပင်လျှင် ထိုခဏမှ ရှေးခဏတို့၌ ယူခြင်းများသည်၏ အဖြစ် အစွမ်းဖြင့် လေ့ကျက်ဖူးသော မပြတ်မှီဝဲဖူးသော - ဤသည်ကား အနက်တည်း။
- ပရိတ္တာရမ္မဏံ … ဟူသည်ကား ကာမတရားဖြစ်၍ ဖြစ်သော အာရုံကို …။
- အာရမ္ဗ ... ဟူသည်ကား အာရုံပြု၍ …။
- ဥပေက္ခာသန္တီရဏံ … ဟူသည်ကား ဥပေက္ခာသန္တီရဏ နှစ်ခုတို့တွင် ဣဋ္ဌာရုံ၌ ကုသလဝိပါက် ဖြစ်သော၊ အနိဋ္ဌာရုံ၌ အကုသလဝိပါက်ဖြစ်သော ဥပေက္ခာသန္တီရဏသည် …။
အထူးကို ဆိုဦးအံ့။ အကြင်ပုဂ္ဂိုလ်တို့အား ပြကတေ့အားဖြင့် ဤ ဥပေက္ခာသန္တီရဏ နှစ်ပါးမှ တစ်ပါးကုန်သော ဥပေက္ခာသဟဂုတ် မဟာဝိပါက်လေးပါးတို့ များစွာ ဖြစ်ကြကုန်၏။ ထိုပုဂ္ဂိုလ် တို့အား ထိုလေးပါးသော ဥပေက္ခာသဟဂုတ် မဟာဝိပါက် တို့သည်လည်း အာဂန္တုက ဘဝင် မဖြစ်နိုင်ကြကုန်ဟု မဆိုသင့် မဆိုထိုက်ကုန်ချေ။
အဋ္ဌကထာ၌ကား မဟာဓမ္မရဆိတမထေရ် ၏ ဝါဒ၌ ယေဘုယျအားဖြင့် မှတ်အပ်သော အစဉ်၌ ကျရောက်သည်၏ အဖြစ်ကြောင့် အကုသိုလ်ဇော အားလျော်စွာ အဟိတ်ဖြစ်သည့် ဥပေက္ခာသန္တီရဏ နှစ်ခုကိုသာလျှင် မိန့်ဆိုအပ်၏။ မှန်လှစွာ၏။ ထို့ကြောင့်ပင်လျှင် နောက်၌ မထေရ်၏ ဝါဒတို့ကို စိစစ်သော အရာ၌ အကုသိုလ်ဇော၏ အခြားမဲ့၌ အဟိတ်တဒါရုံကိုသာလျှင် ပြသော ထိုမထေရ်ဝါဒ၏ မပြည့်စုံသော ဝါဒ၏အဖြစ်ကို ပြ၍ အကြင်အခါ၌ ကုသိုလ်ဇောတို့၏ အကြား အကြား၌ အကုသိုလ် ဇောသည် စော၏။ ထိုအခါ၌ ကုသိုလ်၏အဆုံး၌ လေ့ကျက်အပ်သည်နှင့် တူသည်သာလျှင် အကုသိုလ်၏ အဆုံး၌ သဟိတ်တဒါရုံသည် သင့်မြတ်၏။ ဤသို့ အဋ္ဌကထာ၌ မိန့်ဆိုအပ်၏။
တဒါရုံသည် သင့်သည်ရှိသော် ဤအာဂန္တုက ဘဝင်သည်လည်း သင့်မြတ်သည်သာလျှင်တည်း။ ထို့ကြောင့် ခြောက်ပါးလည်း ဖြစ်ကုန်သော ဥပေက္ခာသဟဂုတ်တို့သည် အာဂန္တုကဘဝင် ဖြစ်ကြ ကုန်သည်သာလျှင်တည်းဟု သိမှတ်အပ်၏။
ဆက်၍ ဆိုဦးအံ့။ ဤအရာ၌ ရှေးဦးစွာ ဥပေက္ခာပဋိသန္ဓေနေခြင်း ရှိသော ပုဂ္ဂိုလ်အား အတိမဟန္တ ဝိဘူတ ဖြစ်ကုန်သော ဘုရား၏ အဆင်းတော် အစရှိကုန်သော အတိဣဋ္ဌာရုံတို့၌ ဒေါမနဿဇကို ဖြစ်စေသည်ရှိသော် တဒါရုံ ဖြစ်သင့်ခြင်း မရှိချေ။ ထို့ကြောင့် ဒေါမနဿဇော၏ အခြားမဲ့၌ ဘဝင်ကျသည်သာလျှင်တည်း။
သောမနဿ ပဋိသန္ဓေနေသော ပုဂ္ဂိုလ်အားကား အလုံးစုံကုန်သော ဣဋ္ဌ အနိဋ္ဌလည်း ဖြစ်ကုန်သော၊ မဟန္တလည်း ဖြစ်ကုန်သော၊ အဝိဘူတလည်း ဖြစ်ကုန်သော အာရုံခြောက်ပါးတို့ ဒေါမနဿကို ဖြစ်စေသည် ရှိသော် တဒါရုံဖြစ်ခြင်း မရှိသည်သာလျှင်တည်း။ မူလဘဝင်၏ ဖြစ်သင့်ခြင်းသည်လည်း ရှိလည်း မရှိချေ။ ထို့ကြောင့် ဒေါမနဿဇော အဆုံး၌ ခြောက်ပါးကုန်သော ဥပေက္ခာသဟဂုတ် ဝိပါက်တို့တွင် ထိုက်သည့် အားလျော်စွာ တစ်ခုသော ဝိပါက်သည် အာဂန္တုကဘဝင်၏ အဖြစ်ဖြင့် ဖြစ်၏။
ထိုသောမနဿ ပဋိသန္ဓေနေသော ပုဂ္ဂိုလ်အားသာလျှင် ဘုရားအဆင်းတော် အစရှိကုန်သော အတိဣဋ္ဌ ဖြစ်ကုန်သော အတိမဟန္တလည်း ဖြစ်ကုန်သော အတိဝိဘူတလည်း ဖြစ်ကုန်သော အာရုံ ခြောက်ပါးတို့၌လည်းကောင်း၊ မဟဂ္ဂုတ်ပညတ်တို့ လည်းကောင်း ဒေါမနဿဇောကို ဖြစ်စေသည် ရှိသော် ထို့အတူပေတည်းဟု မှတ်အပ်၏။
ဆက်၍ ဆိုဦးအံ့။ ဤအရာ၌ အကြင့်ကြောင့် အဘိဓမ္မာပါဠိတော် ဓာတု ဝိဘင်္ဂ ၌-
- ခပ်သိမ်းသော တရားတို့၌ကား ရှေးဦးစွာ နှလုုံးသွင်ခြင်းသည် ဖြစ်ပေ၏။ ဟူ၍ ဟောတော်မူ၏။
ဟတ္ထိပဒေါပမသုတ် ၌လည်း-
- ငါ့ရှင်တို့ … မိမိသန္တာန်၌ ဖြစ်သော စက္ခုပသာဒ မပျက်မစီးသည် အကယ်၍ ဖြစ်ခဲ့ငြားအံ့။ အပ ဖြစ်ကုန်သော ရူပါရုံတို့သည်လည်း ထင်ခြင်းသို့ အကယ်၍ ရောက်ကုန်ငြားအံ့။ ထိုစက္ခုပသာဒ ရူပါရုံအားလျော်စွာ ဖြစ်သည့် နှလုံးသွင်းခြင်း သည်လည်း အကယ်၍ မဖြစ်ငြားအံ့။ ထိုမျှလောက် ထိုစက္ခုပသာဒ ရူပါရုံ နှလုံးသွင်းခြင်း အားလျော်သော ဝိညာဏ်အစု၏ ထင်ရှားဖြစ်ပေါ်ခြင်း မဖြစ်သည်သာလျှင်တည်း။
- ငါ့ရှင်တို့ … အကြင့်ကြောင့်လျှင် မိမိသန္တာန်၌ ဖြစ်သော စက္ခုပသာဒ မပျက်မစီးသည် အကယ်၍ ဖြစ်ခဲ့ငြားအံ့။ အပ ဖြစ်ကုန်သော ရူပါရုံတို့သည်လည်း ထင်ခြင်းသို့ အကယ်၍ ရောက်ကုန်ငြားအံ့၊ ထိုစက္ခုပသာဒ ရူပါရုံအားလျော်စွာ ဖြစ်သည့် နှလုံးသွင်းခြင်းသည်လည်း အကယ်၍ ဖြစ်ငြားအံ့။ ဤသို့ ဖြစ်လတ်သော် ထိုစက္ခုပသာဒ ရူပါရုံ နှလုံးသွင်းခြင်း အားလျော်သော ဝိညာဏ်အစု၏ ထင်ရှားဖြစ်ပေါ်ခြင်း ဖြစ်ပေ၏။
- ငါ့ရှင်တို့ … မိမိသန္တာန်၌ ဖြစ်သော သောတပသာဒ မပျက်မစီးသည် အကယ်၍ ဖြစ်ခဲ့ငြားအံ့၊ (ပ)။
- ငါ့ရှင်တို့ … မိမိသန္တာန်၌ ဖြစ်သော ဃာနပသာဒ မပျက်မစိးသည် အကယ်၍ ဖြစ်ခဲ့ငြားအံ့၊ (ပ)။
- ငါ့ရှင်တို့ … မိမိသန္တာန်၌ ဖြစ်သော ဇိဝှါပသာဒ မပျက်မစီးသည် အကယ်၍ ဖြစ်ခဲ့ငြားအံ့၊ (ပ)။
- ငါ့ရှင်တို့ … မိမိသန္တာန်၌ ဖြစ်သော ကာယပသာဒ မပျက်မစီးသည် အကယ်၍ ဖြစ်ခဲ့ငြားအံ့၊ (ပ)။
- ငါ့ရှင်တို့၏ မိမိသန္တာန်၌ ဖြစ်သော ဘဝင်စိတ် မပျက်မစီးသည် အကယ်၍ ဖြစ်ခဲ့ငြားအံ့။ အပ ဖြစ်ကုန်သော ဓမ္မာရုံတို့သည်လည်း ထင်ခြင်းသို့ အကယ်၍ ရောက်ကုန်ငြားအံ့၊ ထိုဘဝင်စိတ် ဓမ္မာရုံအားလျော်စွာ ဖြစ်သည့် နှလုံးသွင်းခြင်းသည်လည်း အကယ်၍ မဖြစ်ခဲ့ငြားအံ့၊ ထိုမျှလောက် ထိုဘဝင်စိတ် ဓမ္မာရုံ နှလုံးသွင်းခြင်း အားလျော်သော ဝိညာဏ်အစု၏ ထင်ရှားဖြစ်ပေါ်ခြင်း မဖြစ်သည်သာလျှင်တည်း။
ငါ့ရှင်တို့၏ အကြင့်ကြောင့်လျှင် (အကြွင်းဟူသမျှ တူပြီ စက္ခုပသာဒနှင့် ဘဝင်စိတ် ရူပါရုံနှင့် ဓမ္မာရုံ ပြောင်းရုံမျှသာ ထူး၏။) ဟူ၍ ဟောတော်မူ၏။
ထို့ကြောင့် ဝီထိစိတ်တို့ မည်သည် အာဝဇ္ဇန်းနှင့် ကင်း၍ မဖြစ်ကြကုန်။ အာဝဇ္ဇန်းသည် တရားကိုယ်အားဖြင့် လည်းကောင်း၊ ကာလအားဖြင့် လည်းကောင်း အကြင် အကြင် အာရုံကိုမှတ်၍ ဆင်ခြင်အပ်သည် အကယ်၍ ဖြစ်ခဲ့အံ့။ ထိုအာရုံကိုသာလျှင် ထိုဝီထိစိတ် တို့သည်လည်း ယူကြကုန်၏။ မမှတ်မူ၍ အမှတ်မရှိ တစ်ခုခုသော အာရုံကို ဆင်ခြင်အပ်သည် အကယ်၍ ဖြစ်ငြားအံ့။ ထိုဝီထိစိတ်တို့သည်လည်း ဆင်ခြင်အပ်ပြီးသော အပြားရှိသော အာရုံကိုသာလျှင် ယူကြကုန်၏။
တစ်ခုသော အာဝဇ္ဇန်းရှိသော ဝီထိ၌ အလုံးစုံကုန်သော ဝီထိစိတ်တို့သည် အာဝဇ္ဇန်းနှင့် လည်းကောင်း၊ အချင်းချင်းလည်းကောင်း၊ တရားကိုယ်အားဖြင့် လည်းကောင်း၊ ကာလအားဖြင့် လည်းကောင်း ပြားသောအာရုံ ရှိကုန်သည် မဖြစ်ကြကုန်ဟု သိအပ်၏။ ဤသို့ မှတ်ပါလေ။
ဤစကားရပ်၌ စောဒနာဖွယ်သည် ဖြစ်ရာ၏။ ချဲ့၍ ဆိုပေဦးအံ့။ ဤအာဂန္တုကဘဝင်သည် တစ်ခုသော ဝီထိ၌ အစတွင် အာဝဇ္ဇန်းသည် ဆင်ခြင်အပ်သော အာရုံကို မယူမူ၍ တစ်ပါးသော အမှတ်မရှိ တစ်ခုခုသော ရှေး၌ လေ့ကျက်ခဲ့ဖူးသည့် ကာမအာရုံကို အာရုံပြု၍ အကယ်၍ ဖြစ်ခဲ့ငြားအံ့။ ဤသို့ ဖြစ်သည်ရှိသော် ဤအာဂန္တုက ဘဝင်သည် အာဝဇ္ဇန်းကင်းသည် မည်သည် ဖြစ်ရာသည် မဟုတ်ပါလား။
သည်မျှသာ မကသေး။ အာဝဇ္ဇန်း အစရှိသည်နှင့်တကွ တရားကိုယ်အားဖြင့် လည်းကောင်း၊ ကာလအားဖြင့်လည်းကောင်း ပြားသောအာရုံ ရှိသည် မည်သည် ဖြစ်ရာသည် မဟုတ်ပေလော။ ဤသို့သော စောဒနာ ဖွယ်သည် ဖြစ်ပေရာ၏။
မှန်လှပေ၏။ ထိုသို့ပင် မှန်ပါသော်လည်း မဂ္ဂဝီထိ၌ ဂေါတြဘူ-ဝေါဒါန်တို့သည်လည်းကောင်၊ ဖလသမာပတ္တိဝီထိ၌ ဖိုလ်စိတ်တို့သည် လည်းကောင်း၊ နိရောဓသမာပတ်မှ ထသော ပုဂ္ဂိုလ်၏ ဖိုလ်စိတ်သည် လည်းကောင်း၊ ကင်းသော အာဝဇ္ဇန်း ရှိသည်သာလျှင်လည်းကောင်း၊ ပြားသောအာရုံ ရှိသည်လည်းကောင်း ဖြစ်သကဲ့သို့ ဤအတူသာလျှင် ထိုအာဂန္တုကဘဝင်၏လည်း ကင်းသော အာဝဇ္ဇန်း ရှိသည်၏ အဖြစ်၌ လည်းကောင်း၊ ပြားသော အာရုံရှိသည်၏ အဖြစ်၌လည်းကောင်း အပြစ် မရှိချေဟု သိမှတ်အပ်၏။
တစ်ခုသော ဘဝ၌ ဘဝင်၏ ပဋိသန္ဓေနှင့်တကွ တရားကိုယ်အားဖြင့်လည်းကောင်း၊ အာရုံအားဖြင့် လည်းကောင်း အကြင် မပြားသည်၏ အဖြစ်ကိုလည်း ထိုထိုအဋ္ဌကထာ ဋီကာတို့၌ မိန့်ဆိုအပ်ပေ၏။ ထိုမပြားသည်၏ အဖြစ်ကိုလည်း မူလ ဘ၀င်ကို ရည်ရွယ်၍ မိန့်ဆိုအပ်၏။ ဤဘဝင်သည်ကား အာဂန္တုကဘဝင်တည်း။ ထို့ကြောင့် အပြစ်မရှိချေဟု မှတ်အပ်၏။
- တမနန္တရိတွာ … ဟူသည်ကား ထို အာဂန္တုကဘဝင်ကို မိမိ၏ အနန္တရ ပစ္စည်းပြု၍ (အဋ္ဌသာလိနီကျမ်းပြု) ဆရာတို့သည် ဆိုကြကုန်၏။ ပါဠိတော်၌လည်းကောင်း၊ မဟာအဋ္ဌကထာ ၌လည်းကောင်း ဤအစီအရင်သည် မရှိချေ။ ဤသည်ကား အရှင် အနုရုဒ္ဓါမထေရ်၏ အလိုတော် တည်း။
ကာမာဝစရဇော၏ အဆုံး၌သာလျှင် တဒါရုံကို အလိုရှိကြကုန်၏။ မဟဂ္ဂုတ်ဇော လောကုတ္တရာ ဇော၏ အဆုံး၌ တဒါရုံကို အလိုမရှိကြကုန်။ အဘယ့်ကြောင့် တဒါရုံကို အလိုမရှိကြကုန်သနည်း။ ဤသို့ စောဒနာငြားအံ့။ ကာမာဝစရဇောတို့၏ သာလျှင် တုန်လှုပ်ခြင်း ရှိသည်၏ အဖြစ်ကြောင့် လည်းကောင်း၊ ဤမှ တစ်ပါးသော မဟဂ္ဂုတ် လောကုတ္တရာ ဇောတို့၏ တုန်လှုပ်ခြင်း မရှိသည်၏ အဖြစ်ကြောင့်လည်း ကောင်းတည်း။
၁၄၈။ ဋီကာကျော် (နှာ- ၁၅၃)၌ကား-
ကာမတဏှာလျှင် အကြောင်းရင်းရှိသော ကံသည် ဖြစ်စေအပ်သောကြောင့် ဟူ၍ အကြောင်းကို မိန့်ဆိုအပ်၏။ ထို အကြောင်းသည် အကြောင်းမဟုတ်ချေ။
ဆိုဖွယ်အထူးကား အဘိညာဉ်ဇောသည် ကြဉ်အပ်ကုန်သော မဟဂ္ဂုတ်- လောကုတ္တရာဇောတို့သည် ပညတ်တရား မဟဂ္ဂုတ်တရား နိဗ္ဗာန်တရားလျှင် အာရုံရှိကုန်၏။ တဒါရုံတို့သည်ကား ကာမတရား လျှင် အာရုံရှိသည်သာလျှင် ဖြစ်ကုန်၏။ ထို့ကြောင့် ထိုမဂ္ဂုတ်- လောကုတ္တရာဇောတို့၏ အဆုံး၌ တဒါရုံ ဖြစ်သင့်ခြင်း၏ လျဉ်းပါးခြင်း မရှိချေ။
အဘိညာဉ်ဇောတို့သည်လည်း အချို့ကုန်သော အဘိညာဉ်ဇောတို့သည် ကာမတရားလျှင် အာရုံ ရှိကြကုန်ငြားသော်လည်း အထူးသဖြင့် အလွန်သိမ်မွေ့ကြကုန်၏။ ထို့ကြောင့် ထိုအဘိညာဉ်ဇော တို့၏လည်း အဆုံး၌ ထိုတဒါရုံ၏ ဖြစ်ခြင်း မရှိသည်သာလျှင်တည်းဟု မှတ်အပ်၏။
၁၄၉။ ဤစကားရပ်ဖြင့် (နှာ- ၁၅၃)-
မဟဂ္ဂုတ်ကံ လောကုတ္တရာကံသည် တရာဒါရုံကို မဖြစ်စေနိုင်သောကြောင့် လည်းကောင်း၊ တဒါရုံကို ဖြစ်စေတတ်သော ကာမာဝစရ ကံနှင့် ဘုံအားဖြင့် တူသော သဘောမရှိသည်၏ အဖြစ်ကြောင့် လည်းကောင်း-။ ဤသို့ အစရှိသော ဋီကာကျော် စကားသည်လည်း ပယ်ခြင်းကိစ္စ ပြီးစီးပေတော့၏။
ကာမာဝစရ သတ္တဝါတို့အားသာလျှင် တဒါရုံကို အလိုရှိကြကုန်၏။ ရူပါဝစရ အရူပါဝစရ သတ္တဝါတို့အား တဒါရုံကို အလိုမရှိကြပေကုန်။ မှန်လှစွာ၏။ ထိုရူပသတ္တဝါ အရူပသတ္တဝါတို့၌ ဖြစ်ကြကုန်သော ကာမတရားလျှင် အာရုံရှိကုန်ငြားသော်လည်း ကာမာဝစရဇော တို့၏ အဆုံး၌ တဒါရုံဖြစ်ခြင်း မရှိချေ။ အဘယ့်ကြောင့်နည်း ဟူမူကား- တဒါရုံ၏ ဥပနိဿယ ဖြစ်သော ကာမဘဝင်၏ မရှိခြင်းကြောင့်လည်းကောင်း၊ အထူးသဖြင့် အလွန်သိမ်မွေ့သော မဟဂ္ဂုတ် ဘဝင်၏ တဒါရုံ ကိစ္စ၏ မရှိခြင်းကြောင့်လည်းကောင်းတည်းဟု မှတ်အပ်၏။
အထူးကို ဆိုဦးအံ့။ စက္ခုဝိညာဉ် သောတဝိညာဉ်တို့သည်လည်း ရူပသတ္တဝါတို့အား စက္ခုန္ဒြေ သောတိန္ဒြေ ဖြစ်ခြင်း၏ အာနုဘော်ကြောင့် သမ္ပဋိစ္ဆိုန်း သန္တီရဏတို့သည်လည်း ဒွါရအထူး ဝီထိအထူး၌ စိတ္တနိယာမ၏ ပြီးစီးခြင်းကြောင့် ရူပသတ္တဝါတို့၌ ဖြစ်ကြကုန်သည် သာလျှင်တည်းဟု မှတ်အပ်၏။
အာရုံဖြစ်ကုန်သော ကာမတရား တို့၌သာလျှင် တဒါရုံကို အလိုရှိကြကုန်၏။ မဟဂ္ဂုတ်တရား လောကုတ္တရာတရား ပညတ်တရားတို့၌ တဒါရုံကို အလိုမရှိကြကုန်။ အဘယ့်ကြောင့်နည်း ဟူမူကား- တဒါရုံ တို့၏ စင်စစ် ကာမအာရုံလျှင် အာရုံရှိသည်၏ အဖြစ်ကြောင့်တည်း။ ထိုအာရုံတို့၏ စင်စစ် ကာမအာရုံလျှင် အာရုံရှိသည်၏ အဖြစ်၌ အကြောင်းကိုကား အောက်၌ ဆိုအပ်ခဲ့ပြီး သည်သာလျှင်တည်းဟု မှတ်အပ်၏။
၁၅၀။ ဋီကာကျော် (နှာ- ၁၅၄)၌ကား-
လေ့ကျက်သော အာရုံ မဟုတ်သောကြောင့်။ ဟူ၍ အကြောင်းကို မိန့်ဆိုအပ်၏။ ထိုအကြောင်းသည် အကြောင်း မဟုတ်ချေ။
မှန်လှစွာ၏။ စိတ်မည်သည်ကား ကြံဖန်ခြင်း၏ အစွမ်းသည်လည်းကောင်း၊ အပ္ပနာသို့ရောက်သော ဘာဝနာကံ အထူးသည်လည်းကောင်း ရှိခဲ့သည်ရှိသော် နိဗ္ဗာန်အာရုံ၌ကဲ့သို့ မလေ့ကျက်ဘူးသည် လည်း ဖြစ်သော အာရုံ၌ ဖြစ်သည်သာလျှင်တည်းဟု မှတ်အပ်၏။
၁၅၁။ ဋီကာကျော် (နှာ- ၁၅၄)၌ကား-
ကာမတဏှာနှင့် စပ်သော ကံသည် ဖြစ်စေအပ်သည် အဖြစ်ကြောင့်လည်း ဟူသော အကြောင်းကို မိန့်ဆိုအပ်၏။ ထို အကြောင်းကိုလည်း အောက်၌ ပယ်အပ်ပြီးသည်သာလျှင်တည်း။
မှန်လှစွာ၏။ ထို့ကြောင့်ပင်လျှင် (ပဋိစ္စပသမုပ္ပါဒဝိဘင်း) အဋ္ဌကထာ၌-
- ဤ၌ အသင့်ယုတ္တိကို ကြံသဖြင့် အဘယ်အကျိုးရှိအံ့နည်း။ ဆိုတော်မူပြီး၍ အလုံးစုံကုနော် ဋီကာကျော်၌ ဆိုအပ်သော အကြောင်းတို့ကို ပယ်တော်မူအပ်ကုန်ပြီဟု မှတ်အပ်ကုန်၏။
တဒါရုံကျခြင်း အင်္ဂါ
ကာမေ ဝနသတ္တာလမ္ဗကာနံ နိယမေ သတိ … ဟူသည်ကား ကာမဘုံ၌ အကျုံးဝင်ကုန်သော ဇောတို့၏ လည်းကောင်း၊ သတ္တဝါတို့၏လည်းကောင်း၊ အာရုံတို့၏လည်းကောင်း အစွမ်းအားဖြင့် သုံးပါးအပြားရှိသည် မှတ်သားဖွယ် ရှိခဲ့သော်-
ဝိဘူတေတိ မဟန္တေ စ တဒါရမ္မဏမိရိတံ- ဟူသော ဤပါဌ်ဖြင့် တဒါရုံမည်သည် ဖြစ်သည်ရှိသော် ဝိဘူတာရုံ၌လည်းကောင်း၊ အတိမဟန္တာရုံ၌လည်းကောင်း ဖြစ်၏။ ဤသို့သော မှတ်ဖွယ်ကိုသာလျှင် ပြအပ်၏။
အကြင်အာရုံ၌ကား တဒါရုံ ဖြစ်၏။ ထိုအာရုံသည်သာလျှင် ဝိဘူတာရုံ မည်သည်လည်းကောင်း၊ အတိမဟန္တာရုံ မည်သည်လည်းကောင်း ဖြစ်၏ဟု ဤသို့သော မှတ်ဖွယ်ကို ပြသည်မဟုတ်ပေ။ ထို့ကြောင့် မွန်မြတ်သော ကံကြောင့် ဖြစ်ကုန်သော အလွန်စင်ကြယ်သော ၀တ္ထုရှိကုန်သော ရူပဗြဟ္မာ တို့အား ဖြစ်ကုန်သော ဝီထိတို့သည် များသောအားဖြင့် ဝိဘူတာရုံလျှင် အာရုံရှိသော ဝီထိတို့သည် လည်းကောင်း၊ အတိမဟန္တာရုံလျှင် အာရုံရှိသော ဝီထိတို့သည်လည်းကောင်း ဖြစ်ကုန်၏ဟု သိအပ် သိသင့်၏။
အချို့ကုန်သော ကေစိဆရာတို့သည်ကား ဤသို့သော အနက်ကို မမှတ်မူ၍ ရူပ အရူပဘုံတို့၌ ဝိဘူတာရုံဝီထိတို့ကိုလည်းကောင်း၊ အတိမဟန္တာရုံ ဝီထိတို့ကိုလည်းကောင်း မရအပ်ကုန်သည်ဟု ဆိုကြကုန်၏။ တဒါရုံ၌ မှတ်ဖွယ်သည် ပြီးပေပြီ။
တဒါရမ္မဏနိယမအဖွင့် ပြီးပြီ။
ဇဝနနိယမ အဖွင့်
ဇဝနေသု စ-ဟူသော ဤပါဌ်၌ စ-သဒ္ဒါသည် ပန-သဒ္ဒါ၏ အနက်ရှိ၏။ ခြောက်ကြိမ်သာ လည်းကောင်း စောကြ ဖြစ်ကြကုန်၏။ ပြကတေ့အခါ၌လည်း အာရုံ၏ အားနည်းသည်၏အဖြစ် ရှိလတ်သော်-၊ ဤသည်ကား အဓိပ္ပါယ်တည်း။ မှန်လှစွာ၏။ အဋ္ဌကထာ၌လည်း ပြကတေ့အခါ၌ အာရုံအားနည်းသော အရာ၌သာလျှင် ကာမာဝစရဇောတို့၏ ခြောက်ကြိမ်ဖြစ်ခြင်းကို မိန့်ဆို အပ်၏ဟု မှတ်အပ်၏။ အချို့ကုန်သော ကေစိဆရာတို့သည်ကား ‘ခြောက်ကြိမ်’ဟူသော ဤစကား ကို တွေဝေသော အခါ၏အစွမ်းဖြင့် မိန့်ဆိုအပ်၏ဟု မှတ်တင်ကြကုန်၏။
မန္ဒပဝတ္တိယံ - ဟူသည်ကား သေခါနီးကာလ၌ များစွာသော စိတ္တက္ခဏလျှင် လွန်ခြင်းရှိသော ဟဒယ၀တ္ထု၏ အားနည်းသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ သေခါနီးမှ တစ်ပါးသော ကာလတို့၌ အထူးသဖြင့် အလွန်နူးညံ့သည်၏ အဖြစ် လည်းကောင်း၊ တစ်စုံတစ်ခုသော ဘေးရန်သည် နှိပ်စက်အပ်သည်၏ အဖြစ်ဖြင့်လည်းကောင်း၊ လွှမ်းမိုးအပ်သည်၏ အဖြစ်ဖြင့်လည်းကောင်း၊ ဟဒယ ၀တ္ထု ၏ အားနည်းသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ထိုဟဒယ၀တ္ထု ကို မှီကုန်သော ဇောတို့၏ နုံ့စွာဖြစ်၍ဖြစ်သော အဟုန်ရှိသည်၏ အဖြစ် အစွမ်းဖြင့် ဖြစ်သော ကာလ၌-။
မရဏကာလာဒီသု - ဟူသည်ကား သေခါနီးကာလ၌ လည်းကောင်း၊ တွေဝေသော ကာလ၌ လည်းကောင်း၊ မိန်းမောသည်ဖြစ်၍ ဖြစ်သော ကာလ၌လည်းကောင်း၊ အလွန်နုသော ကာလ၌ လည်းကောင်း ထိုသေခါနီးကာလ စသည်တို့တွင်-။
တွေဝေသောကာလ - ဟူသည်ကား သည်းမခံနိုင်သော သဘောရှိကုန်သော ဒုက္ခတရားတို့သည် နှိပ်စက်အပ်သည် ဖြစ်ကုန်သော ရုပ်တရားတို့၏ အလွန်အကဲအားဖြင့် ကရဇကာယ၏ ပင်ပန်းခြင်း သို့ ရောက်သော ကာလသည် တွေဝေသောကာလ မည်၏။
မိန်းမောသည် ဖြစ်၍ဖြစ်သော ကာလ ဟူသည်ကား ပီတိအဟုန်ကြောင့်လည်းကောင်း၊ အိပ်ပျော်ခြင်း ဖြင့် နှိပ်စက်အပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ဘီလူးဖမ်းခြင်းကြောင့် လည်းကောင်း၊ သေရည်ယစ်မူးခြင်း စသည်တို့၏ အစွမ်းကြောင့်လည်းကောင်း၊ ပြကတေ့သော သညာမှ ကင်းသော ကာလသည် မိန်းမောသော ကာလ မည်၏။
အလွန်နုသော ကာလ ဟူသည်ကား အမိဝမ်း၌ တည်သည်လည်း ဖြစ်သော ဖွားမြင်ပြီးခါစလည်း ဖြစ်သော သူငယ်၏ အတွင်းသန္တာန်၌ဖြစ်သော ၀တ္ထုရုပ်တို့၏ အလွန်နူးညံ့သော ကာလသည် အလွန်နုသော ကာလ မည်၏။
မှန်လှစွာ၏။ ထိုသို့ သဘောရှိကုန်သော ကာလတို့၌ အကြား အကြား၌ ခြောက်ဒွါရ၌ ဖြစ်ကုန်သော ဝီထိတို့သည် ဖြစ်ကြပါကုန်ငြား သော်လည်း များသောအားဖြင့် အပြည့်အစုံဖြစ်သော ဇောဝါရတို့ မဖြစ်နိုင်ကြကုန်။ နှစ်ကြိမ် သုံးကြိမ် ဝုဋ္ဌောဖြစ်ခြင်းရှိသော ဝါရတို့သည်လည်းကောင်း၊ လေးကြိမ် ငါးကြိမ်ဇော ဖြစ်ခြင်းရှိသော ဝါရတို့သည်သာလျှင် လည်းကောင်း ဖြစ်နိုင်ကြကုန်၏ဟု မှတ်အပ် ကုန်၏။
ဆက်၍ ဆိုဦးအံ့။ ဤစကားရပ်၌ နှစ်ကြိမ် သုံးကြိမ် ဝုဋ္ဌောဖြစ်ခြင်း ရှိသော ဝါရတို့ကို အဋ္ဌကထာ၌ မိန့်ဆိုအပ်ကုန်၏။ လေးကြိမ် ငါးကြိမ်ဇောဖြစ်ခြင်း ရှိသော ဝါရတို့ကို မူလဋီကာ၌ မိန့်ဆိုအပ်ကုန်၏။
ပဉ္စဝါရမေဝ - ဟူသော ဤစကားကိုကား သေခါနီးကာလ၏ အစွမ်းအားဖြင့် ဆိုအပ်၏။ တွေဝေသောကာလ စသည်တို့၏ အစွမ်းဖြင့် မမိန့် မဆိုအပ်ပေ။ ထိုစကားကိုလည်း ပြကတေ့ သေမြဲ တိုင်းဖြင့် သေကုန်သော သတ္တဝါတို့၏ အစွမ်းဖြင့်သာလျှင် မိန့်ဆိုအပ်၏၊
အထူးကို ဆိုဦးအံ့။ အကြင်ပုဂ္ဂိုလ်တို့သည် ဈာန်၏ အခြားမဲ့၌လည်းကောင်း၊ ပစ္စဝေက္ခဏာ၏ အခြားမဲ့၌လည်းကောင်း၊ အဘိညာဉ်၏ အခြားမဲ့၌လည်းကောင်း စုတေမူလည်း စုတေကြကုန်ရာ၏။ ပရိနိဗ္ဗာန် ပြုမူလည်း ပြုကြကုန်ရာ၏။ ထိုပုဂ္ဂိုလ်တို့အား ဈာန်အစရှိသည်တို့သည်သာလျှင် ငါးကြိမ်ထက် လွန်သည်လည်း ဖြစ်ကုန်သော၊ ငါးကြိမ်အောက် ယုတ်သည်လည်း ဖြစ်ကုန်သော မရဏာသန္နဇောတို့ မည်သည် ဖြစ်ကြကုန်၏ဟု မှတ်အပ်၏။ ဤသို့သော အနက်သည်လည်း အထက် ဖြစ်သော ဘုံပိုင်း မရဏုပ္ပတ္တိအခန်း၌ ထင်ရှားစွာ ဖြစ်လတ္တံ့ဟု မှတ်ပါလေ။
ဘဂဝတော ပန ယမကပါဋိဟာရိယကာလာဒီသု- ဟူသော ဤပါဌ်၌ ဘုရားမှတစ်ပါးလည်း ဖြစ်ကုန်သော အရှင်မောဂ္ဂလ္လာန်မထေရ် စသည်တို့အား ဤသို့ သဘောရှိသည့် လျင်မြန်စွာဖြစ်သော ကာလကို အာဒိ-သဒ္ဒါဖြင့် သွင်းယူအပ်၏ဟု မှတ်အပ်၏။
မှန်လှပေ၏။ (ဝိသုဒ္ဓိမဂ်အဋ္ဌကထာ)၌-
- အထွတ်အထိပ်သို့ ရောက်ပြီးသော ဤဝသီဘော်ကို ရှင်တော်ဗုဒ္ဓ၏ တန်ခိုးပြာဋိဟာ ပြတော်မူရာ၌ ရအပ်၏။ ဘုရားမှ တစ်ပါးလည်း ဖြစ်ကုန်သော အရှင်မောဂ္ဂလ္လာန် စသည်တို့အား မူကား ဤသို့ သဘောရှိသည့် ထ၍ ထ၍ လျင်မြန်စွာ လျင်မြန်စွာ အာဝဇ္ဇနဝသီကို ဖြစ်စေရာ ကာလ၌ ရအပ်၏။
ဟူ၍ မိန့်ဆိုအပ်၏။ အထူးကို ဆိုဦးအံ့။ အလုံးစုံသော ဝါကျဖြင့် တန်ခိုးပြာဋိဟာနှင့် တူသော လျင်မြန်စွာဖြစ်သော ကာလကိုထား၍ တစ်ပါးသော ကာလ၌ ရှင်တော်ဗုဒ္ဓအားလည်း ခြောက်ကြိမ် ခုနစ်ကြိမ်လည်း ဖြစ်ကုန်သော ပစ္စက္ခေဏ စိတ်တို့ ဖြစ်ကုန်၏။ တစ်ပါးသော ပုဂ္ဂိုလ်တို့အားကား ဆိုဖွယ်မရှိသည်သာတည်း။ ဤသို့သော အနက်ကို ပြတော်မူ၏။
စတ္တာရိ ပဉ္စ ဝါ ပစ္စဝေက္ခဏစိတ္တာနိ ဘဝန္တိ- ဟူသော ဤပါဌ်၌လည်း ရှင်တော် ဗုဒ္ဓအားလည်း လျင်မြန်စွာ ဖြစ်သောအခါ၌ ပစ္စဝေက္ခဏာဇောစိတ် ငါးကြိမ်တို့ ဖြစ်ကုန်၏။ အလွန်လျင်မြန်စွာ ဖြစ်ရသောအခါ၌ ပစ္စဝေက္ခဏာဇောစိတ် လေးကြိမ်တို့ ဖြစ်ကုန်၏။ ဤသို့သော အနက်သည်လည်း သင့်မြတ်လျော်ကန်သည်သာလျှင်တည်း။
၁၅၂။ ဋီကာကျော် (နှာ- ၁၅၅)၌ကား-
မြတ်စွာဘုရားအား လေးကြိမ်၊ တစ်ပါးသော သာဝကတို့အား ငါးကြိမ်တို့ ဖြစ်ကုန်၏ဟူသော ဤအဆုံးအဖြတ် စကားသည် သင့်အံ့ ထင်၏။
ဟူ၍ မိန့်ဆို၏။
ထိုစကား၌ ယမိုက်ပြာဋိဟာကို ပြုတော်မူသော ရှင်တော်ဗုဒ္ဓသည် မီးအစု ရေအယဉ် အစရှိကုန်သော နှစ်ပါး နှစ်ပါးကုန်သော တန်ခိုး ပြာဋိဟာကို ဖြစ်စေခြင်း အကျိုးငှါ ရှေးဦးစွာ တေဇောကသိုဏ်း၌ ပါဒကဈာန်ကို ဝင်စားတော်မူ၏။ ထို့နောင်မှ ဈာန် အင်္ဂါနှစ်ပါးတို့ကို ဆင်ခြင်တော်မူ၏။ ထို့နောင်မှ အထက်ပိုင်း ကိုယ်တော်မှ မီးအစု ဖြစ်စေသတည်းဟု ဓိဋ္ဌာန်တော်မူ၏။ ထို့နောင်မှ ထိုတေဇော ကသိုဏ်း၌ပင်လျှင် အဘိညာဉ်ကို ဝင်စား၏။ အဘိညာဉ်၏ အစွမ်းအားဖြင့် အထက်ပိုင်း ကိုယ်တော်မှ မီးအစု ဖြစ်ပေါ်လေ၏။
ထို့နောင်မှ အာပေါကသိုဏ်း၌ ပါဒကဈာန်ကို ဝင်စားတော်မူ၏။ ထို့နောင်မှ ဈာန် အင်္ဂါနှစ်ပါးတို့ကို ဆင်ခြင်တော်မူ၏။ ထို့နောင်မှ အောက်ပိုင်းကိုယ်တော်မှ ရေအယဉ်တို့ ဖြစ်စေကုန်သတည်းဟု ဓိဋ္ဌာန် တော်မူ၏။ ထို့နောင်မှ ထိုအာပေါကသိုဏ်း၌သာလျှင် အဘိညာဉ်ကို ဝင်စား၏။ အဘိညာဉ်၏ အစွမ်းအားဖြင့် အောက်ပိုင်းကိုယ်တော်မှ ရေအယဉ်တို့ ဖြစ်ပေါ်ကြကုန်၏။ ကြွင်းသော ဌာနတို့မှ ရေမီးအစုံ အစုံတို့၌လည်း ဤနည်းသာလျှင် နည်းရှိ၏။
ဆက်၍ ဆိုဦးအံ့။ ဤအရာ၌ လျင်မြန်စွာ ဖြစ်ခြင်းကို အလိုရှိအပ်သည်၏ အဖြစ်ကြောင့် နှစ်ခု နှစ်ခုကုန်သော ပစ္စဝေက္ခဏာဝါရတို့သည် လေးကြိမ် ငါးကြိမ်ဇောဖြစ်ခြင်း ရှိကုန်သည်သာလျှင် ဖြစ်ကြကုန်၏။ နှစ်ခုကုန်သော ဇောဝါရတို့၏ အကြား၌လည်း နှစ်ကြိမ်သာလျှင် ဖြစ်ကုန်သော ဘဝင်တို့ ဖြစ်ကြကုန်၏။ နှစ်ခုကုန်သော ထိုတန်ခိုးပြာဋိဟာ တို့သည်လည်း ရှုမြင်ကြကုန်သော သူတို့အား တစ်ပြိုင်နက်အားဖြင့်သာလျှင် ဖြစ်ကုန်ဘိသကဲ့သို့ ထင်ကြကုန်၏ဟု မှတ်အပ်ကုန်၏။ ယခုအခါ၌ကား အချို့ကုန်သော ကေစိဆရာတို့သည် အာဒိကမ္မိက ဈာန်ပစ္စဝေက္ခဏဝီထိတို့၌လည်း လေးကြိမ် ငါးကြိမ်လည်း ဖြစ်ကုန်သော ဇောတို့ကို ဆိုကြကုန်၏။
အာဒိကမ္မိကဿ - ဟူသည်ကား အားထုတ်ခြင်းအမှု ပြီးစီးသည်၏ အစ၌ယှဉ်သော ပုဂ္ဂိုလ်အား- ရှေးဦးစွာဖြစ်သော အပ္ပနာသည် ပထမ အပ္ပနာ မည်၏။ ထိုပထမ အပ္ပနာ၌- အာဒိကမ္မိကဖြစ်သော အပ္ပနာဝီထိ၌-၊ ဤသည်ကား အနက်တည်း။
မှန်လှစွာ၏။ ထိုအခါ၌ အလုံးစုံကုန်သော မဟဂ္ဂုတ်ဇောတို့သည် တစ်ဖန် မှီဝဲခြင်း မရှိသည်၏အဖြစ်ကြောင့် ထက်ဝန်းကျင် အားနည်း ကြကုန်၏။ ထို့ကြောင့် တစ်ကြိမ်သာလျှင် စောကြကုန်၏ဟု သိအပ်၏။
အဘိညာဉ်ဇောတို့ကိုကား တန်ခိုးဖန်ဆင်းစသော ကိစ္စပြီးစီးခြင်းငှါသာလျှင် ယှဉ်အပ်ကုန်သော ကြောင့် ကိစ္စပြီးစီးသည်မှ နောက်၌ ပြုဖွယ် ကိစ္စ မရှိသည်၏ အဖြစ်ကြောင့် အစအဦး ပြုလုပ်ရာ ကာလ၌လည်းကောင်း၊ ဝသီဘော်သို့ရောက်သော ကာလ၌လည်းကောင်း တစ်ကြိမ်သာလျှင် စောကြကုန်၏။ ထို့ကြောင့် အဘိညာဇဝနာနိ စ သဗ္ဗဒါပိ ဟူ၍ မိန့်တော်မူ၏။
အဘိညာဉ်ဇောတို့သည် တစ်ကြိမ်သာလျှင် စောကုန်သကဲ့သို့လည်း ထို့အတူ မဂ်ဇောတို့သည်လည်း ထိုထိုသို့သော ကိလေသာတို့ကို ပယ်ခြင်းကိစ္စ ပြီးသည်မှ နောက်၌ပြုဖွယ်ကိစ္စ မရှိခြင်းကြောင့် တစ်ကြိမ်သာလျှင် စောကုန်၏။ ထို့ကြောင့် စတ္တာရော ပန မဂ္ဂုပ္ပါဒါ ဧကစိတ္တက္ခဏိကာ ဝါ ဟူ၍ မိန့်ဆိုတော်မူအပ်၏။ တစ်နည်းကား မဂ်စေတနာ၏ အခြားမဲ့၌ဖြစ်သော အကျိုးရှိသည်၏ အဖြစ်ကြောင့် တစ်ကြိမ် မဂ်ဖြစ်သည်ရှိသော် ဖိုလ်၏အကြိမ် ရောက်လာ၏။ ထို့ကြောင့် မဂ်စိတ်၏ တစ်ဖန်ဖြစ်ခြင်းငှါ အခွင့်မရှိတော့ချေ။ ထို့ကြောင့် စတ္တာရော ပန မဂ္ဂုပ္ပါဒါ ဧကစိတ္တက္ခဏိကာ ဝါ ဟူ၍ မိန့်ဆိုတော်မူအပ်၏။
ဇောဖြစ်ခြင်း၏ ပြကတေ့အားဖြင့် ခုနစ်ကြိမ် အတိုင်းအရှည် ရှိသည်၏ အဖြစ်ကြောင့် မန္ဒပုဂ္ဂိုလ်အား ငါးကြိမ်မြောက်၌ဖြစ်သော မဂ်မှ နောက်၌ ဖိုလ်ဇော နှစ်ကြိမ်တို့ ဖြစ်ကြကုန်၏။ တိက္ခပုဂ္ဂိုလ်အား လေးကြိမ်မြောက်၌ဖြစ်သော မဂ်မှနောက်၌ ဖိုလ်ဇော သုံးကြိမ်တို့ ဖြစ်ကြကုန်၏။ ထို့ကြောင့် တတော ပရံ ဒွေ တီဏိ ဖလစိတ္တာနိ ယထာရဟံ ဥပ္ပဇ္ဇန္တိ ဟူ၍ မိန့်ဆိုတော်မူအပ်၏။
နိရောဓသမာပတ် အခါ၌ကား ရှေးအဖို့၌သာလျှင် ထိုသို့ သဘောရှိသော အားထုတ်ခြင်းဖြင့် ပြုပြင် စီရင်ခြင်းကို ပြုပြင် စီရင်ပြီးသည်၏ အဖြစ်ကြောင့် နှစ်ကြိမ်တို့၏ အထက်၌ စိတ်၏ဖြစ်ခြင်း မရှိတော့ချေ။ ထို့ကြောင့် နိရောဓသမာပတ္တိကာလေ ဒွက္ခတ္တုံ စတုတ္ထာရုပ္ပဇဝနံ ဇဝတိ ဟူ၍ မိန့်ဆိုတော်မူအပ်၏။ ဆက်၍ ဆိုဦးအံ့။ ဤအရာ၌ ‘‘နှစ်ကြိမ်’’ ဟူသော ဤစကားကို အလွန်ဆုံးကို ညွှန်ပြသည်၏ အစွမ်းဖြင့် မိန့်ဆိုအပ်၏။
မှန်လှပေ၏။
- တစ်ခုလည်းဖြစ်သော နှစ်ခုလည်းဖြစ်သော စိတ်အကြိမ်တို့ကို လွန်၍ စိတ်မရှိသည် ဖြစ်ပေ၏။
ဟူ၍ အဋ္ဌကထာ၌ မိန့်ဆိုအပ်၏။
စတုတ္ထာရုပ္ပဇဝနံ … ဟူသည်ကား အနာဂါမ်ပုဂ္ဂိုလ်အား ကုသိုလ် ဖြစ်သော ရဟန္တာပုဂ္ဂိုလ်အား ကြိယာဖြစ်သော နေဝသညာနာသညာယတနဇောသည် …။
နိရောဓသမာပတ်မှ ထသော အခါ၌လည်း နိရောဓသမာပတ်၏ အကျိုးဆက်မျှ၏ အဖြစ်ကြောင့် တစ်ကြိမ်သာလျှင် ဇောဖြစ်ပေတော့၏။ ထို့ကြောင့် ဝုဋ္ဌာနကာလေ စ အစရှိသော စကားကို မိန့်ဆိုတော်မူအပ်၏။
ထိုစကားရပ်၌ အနာဂါမိဖလံ ဝါ အရဟတ္တဖလံ ဝါ ၏ ဟူသည်ကား အနာဂါမိဖိုလ်သည် လည်း ကောင်း၊ အရဟတ္တဖိုလ်သည်လည်းကောင်း-၊ မှန်လှစွာ၏။ ဤ အနာဂါမိဖလံ ဝါ အရဟတ္တဖလံ ဝါ ဟူသော ပုဒ်သည် ဘာဝေနဘာဝလက္ခဏအနက်၌ ပထမာဝိဘက် ရှိသော ပုဒ်တည်း။ ထို့ကြောင့် နိရုဒ္ဓေ ဟူ၍ မိန့်တော်မူ၏။
သဗ္ဗတ္ထာ ပိ သမာပတ္တိဝီထိယံ- ဟူသည်ကား ဈာနသမာပတ် ဖလသမာပတ်တို့၏ အစွမ်းအားဖြင့် အလုံးစုံလည်း ဖြစ်သော သမာပတ်၌-
ဘဝင်္ဂသောတော ပိယ ဝီထိနိယမော နတ္ထိ - ဟူသော ဤစကားကို လေ့ကျက်သော ဝသီဘော် ရှိသော အခါကို ရည်ရွယ်၍ မိန့်ဆိုအပ်ပေ၏။ ပြုအပ်ပြီးသော အဓိကာရ မရှိသော ပုဂ္ဂိုလ်၏ကား ဈာနသမာပတ္တိဝီထိ၌ အစမှစ၍ နှစ်ကြိမ် သုံးကြိမ် လေးကြိမ် ဤသို့ စသည်ဖြင့် ဈာန်ဇောတို့သည် အစဉ်အားဖြင့် ပွားစီးကုန်သည်ဖြစ်၍ ဖြစ်ကြကုန်၏။
ပြုအပ်ပြီးသော အဓိကာရရှိကြသော မဟာပုရိသ = ယောက်ျားမြတ်မျိုး ဖြစ်ကြသော သူတို့အားကား ဈာန်ကို ရအပ်ပြီးသော အခါကာလမှ စ၍ လေ့ကျက်အပ်ပြီးသော ဝသီဘော် ရှိကြကုန်သည် သာလျှင်တည်း။
ထို့အတူသာလျှင် ဖိုလ်ဇောတို့သည် အလုံးစုံကုန်သော သူတို့အားလည်း ဖိုလ်ကို ရအပ်ပြီးသော အရာဌာန၌ ရအပ်ပြီးသော အခါကာလမှ စ၍ လေ့ကျက်အပ်ပြီးသော ဝသီဘော် ရှိကြကုန်သည် သာလျှင်တည်းဟု မှတ်အပ်၏။
ဗဟူနိပိ- ဟူသော ဤပါဌ်၌ ပိ-သဒ္ဒါသည် သမ္ပိဏ္ဍ နတ္ထ = ပေါင်းခြင်းအနက် ရှိ၏။ ထို ပိ-သဒ္ဒါဖြင့် ဈာန်ကို ရပြီးခါစ အာဒိကမ္မိက အခါကာလ စသည်တို့၌ တစ်ကြိမ် အစရှိသည်တို့၏ အစွမ်းအားဖြင့် လည်း ကြွင်းကုန်သော ဇောတို့၏ဖြစ်ခြင်းကို ပေါင်း၏ဟု သိအပ်၏၊ ဇောကို မှတ်ဖွယ်သည် ပြီးပေပြီ။
ဇဝနနိယမအဖွင့် ပြီးပြီ။
ပုဂ္ဂလဘေဒ အဖွင့်
ဤသို့ ရှေ့နောက်ကို မှတ်သည်၏ အစွမ်းဖြင့် ဝီထိစိတ်တို့၏ ဖြစ်ခြင်းကို ပြတော်မူပြီး၍ ယခုအခါ၌ ပုဂ္ဂိုလ်ကွဲပြားသည်၏ အစွမ်းဖြင့်လည်းကောင်း၊ ဘုံကွဲပြားသည်၏ အစွမ်းဖြင့်လည်းကောင်း ထို ဝီထိစိတ်တို့၏ ဖြစ်ခြင်းကို ပြတော်လိုမူ၍ ဒုဟေတုကာနံ အစရှိသော စကားကို မိန့်ဆိုတော်မူ၏။
ထိုပုဂ္ဂိုလ်တို့အား ပဋိသန္ဓေဝိညာဉ်နှင့်တကွ ဖြစ်ကုန်သော နှစ်ပါးကုန်သော ဟိတ်တို့ ရှိကုန် သောကြောင့် ဒုဟေတုက (ဒွိဟိတ်)တို့ မည်ကုန်၏။ ဉာဏဝိပ္ပယုတ် မဟာဝိပါက်စိတ် လေးခုတို့ဖြင့် ယူအပ်သော ပဋိသန္ဓေ ရှိကုန်သော ပုဂ္ဂိုလ်တို့တည်း။
နှစ်ခုကုန်သော အဟိတ်ဝိပါက်တို့ဖြင့်ကား ယူအပ်သော ပဋိသန္ဓေ ရှိကုန်သော ပုဂ္ဂိုလ်တို့သည် အဟေတုက (အဟိတ်)တို့ မည်ကုန်၏။ ထိုပုဂ္ဂိုလ်တို့အား ပဋိသန္ဓေဟိတ်သည် မရှိကြကုန်။ ဤသို့ ဝိဂ္ဂဟပြု၍ အဟေတုကာ (အဟိတ်)တို့ မည်ကုန်၏။
နှစ်မျိုးကုန်သော ထိုဒွိဟိတ် အဟိတ်ပုဂ္ဂိုလ်တို့၏ ဝိပါကာဝရဏတရား၏ ထင်ရှားရှိခြင်းကြောင့် လောကီမဟဂ္ဂုတ် ဈာန်တို့သည်လည်း ရှေးဦးစွာ မဖြစ်ကြကုန်။ လောကုတ္တရာဈာန်တို့သည် အဘယ်မှာ ဖြစ်နိုင်ပါကုန်အံ့နည်း။ ကြိယာဇောတို့သည်ကား ရဟန္တာပုဂ္ဂိုလ်တို့၏သာလျှင် အသီး အခြားသော ဥစ္စာဖြစ်ကြကုန်၏။ ထို့ကြောင့် ကြိယဇဝနာနိစေဝ အပ္ပနာဇဝနာနိ စ န လဘန္တိ ဟူ၍ မိန့်ဆိုတော်မူ၏။ ထိုစကားရပ်၌ အဟိတ်ပဋိသန္ဓေ နေသည်၏ အဖြစ်သည်လည်းကောင်း၊ ဒွိဟိတ် ပဋိသန္ဓေ နေသည်၏ အဖြစ်သည်လည်းကောင်း ဝိပါကာဝရဏ မည်၏။
တထာ ဉာဏသမ္ပယုတ္တဝိပါကာနိ စ သုဂတိယံ … ဟူသည်ကား သုဂတိဘဝ၌ အကျုံးဝင်ကုန်သော ထိုသုဂတိအဟိတ် ဒွိဟိတ်ပုဂ္ဂိုလ် နှစ်မျိုးတို့အား ဉာဏသမ္ပယုတ် မဟာဝိပါက်စိတ်တို့ကိုလည်း မရအပ်ကုန်။ ဤသည်ကား အနက်တည်း။
ဆက်၍ ဆိုဦးအံ့။ ဤစကားရပ်၌ သုဂတိယံ- ဟူသော ဤပါဌ်ဖြင့် ဒုဂ္ဂတိဘုံ၌ အကျုံးဝင်ကုန်သော အဟိတ်ပုဂ္ဂိုလ်တို့ကို နစ်စေ၏။ မှန်လှစွာ၏။ ထိုဒုဂ္ဂတိ အဟိတ်ပုဂ္ဂိုလ်တို့အား ဤဝါကျ၌ ဤမှ တစ်ပါးကုန်သော သုဂတိအဟိတ် ပုဂ္ဂိုလ်တို့အား ခွင့်ပြုအပ်ကုန်သော ဉာဏဝိပ္ပယုတ် မဟာဝိပါက် စိတ်တို့ကိုလည်း မရအပ်ကုန်ဟု မှတ်အပ်၏။ ထို့ကြောင့် ‘ဒုဂ္ဂတိယံ ပန’ အစရှိသော စကားကို မိန့်ဆိုတော်မူ၏။
ထိုစကားရပ်၌ ဒုဂ္ဂတိဘုံ၌ အကျုံးဝင်ကုန်သော အဟိတ်ပုဂ္ဂိုလ်တို့အား ဉာဏသမ္ပယုတ် မဟာ ဝိပါက်စိတ်တို့ကိုလည်းကောင်း၊ ဉာဏဝိပ္ပယုတ် မဟာဝိပါက်စိတ်တို့ကိုလည်းကောင်း မရအပ်ကုန်။ ဤသို့ ပြည့်စုံစွာ ယောဇနာခြင်းကို မှတ်အပ်၏။
ဤ၌ စောဒနာဖွယ်သည် ဖြစ်ခဲ့ရာ၏။ အဘယ့်ကြောင့်လျှင် ဤ ပုဂ္ဂလဘေဒ သုဂတိဘုံ၌ အကျုံးဝင်ကုန်သော အဟိတ်ပုဂ္ဂိုလ်တို့အား ဉာဏသမ္ပယုတ် မဟာဝိပါက် လေးခုတို့ကိုလည်း ကောင်း၊ ဒုဂ္ဂတိဘုံ၌ အကျုံးဝင်ကုန်သော အဟိတ်ပုဂ္ဂိုလ်တို့အား သဟိတ် မဟာဝိပါက်စိတ် ရှစ်ခုတို့ ကိုလည်းကောင်း မရအပ်ကုန်ဟု ဆိုအပ်ပါသနည်း။
ပဋ္ဌာန်းကျမ်း၌ -
- သဟိတ်ဘဝင်သည် အဟိတ်ဘဝင်အား အနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
ဟု ဟောတော်မူအပ်သည် မဟုတ်ပါလော။
မှန်လှပေ၏။ ဤပဋ္ဌာန်းပါဠိတော်၌ တစ်ခုသော ဘဝ၌ တစ်ယောက်သော သတ္တဝါအား တစ်ရံတစ်ခါ သဟိတ်ဖြစ်သည့် ဘဝင်ဖြစ်ပေ၏။ တစ်ခါတစ်ရံ အဟိတ်ဖြစ်သည့် ဘဝင်ဖြစ်၏။ ဤသို့ မူလဘဝင်၌ ဖြစ်ခြင်း အပြားမရှိချေ။ ထို့ကြောင့် သဟိတ်ဘဝင် ဟူသော ပဋ္ဌာန်း ပါဠိတော် စကားကို တဒါရုံဟု ဆိုအပ်သော အာဂန္တုက ဘဝင်ကို ရည်ရွယ်၍ ဟောတော်မူအပ်သည်ဟု သိအပ်၏။ သဟိတ် ဟူသည်လည်း သာမညစကား ဖြစ်သည်၏ အဖြစ်ကြောင့် ဒွိဟိတ်လည်း ဖြစ်သော တိဟိတ်လည်း ဖြစ်သော တဒါရုံကို သိအပ်၏။
အဟိတ်ဘဝင်အား ဟူသော ဤစကား၌ကား ထိုတဒါရုံ၏ အခြားမဲ့၌ဖြစ်သော မူလဘဝင်ကို သာလျှင် အလိုရှိအပ်၏။ ဤ အဟိတ်ဘဝင်အား ဟူသော စကား၌လည်း သာမညစကား ဖြစ်သည်၏ အဖြစ်ကြောင့် အဟိတ်ဘဝင် နှစ်ခုတို့တွင် အမှတ်မထား တစ်ပါးပါးသော ဘဝင်ကို ယူအပ်သည်သာလျှင်တည်းဟု သိအပ်၏။
ထို့ကြောင့် အဟိတ်ပုဂ္ဂိုလ် နှစ်ယောက်တို့အားလည်း သဟိတ်တဒါရုံ ရှစ်ခုတို့ကိုလည်း ရသင့် ရထိုက်ကုန်သည်သာလျှင် ဖြစ်ကုန်ရာ၏။ ဒွိဟိတ်ပုဂ္ဂိုလ်တို့အားကား ဆိုဖွယ်ပင်လျှင် မရှိချေဟု စောဒနာသည် ဖြစ်ခဲ့ရာ၏။
အဖြေစကားကို ငါဆိုပေအံ့။ အဟိတ်ပုဂ္ဂိုလ်တို့တွင် ရှေးဦးစွာ ဒုဂ္ဂတိဘုံ၌ အကျုံးဝင်ကုန်သော ဒုဂ္ဂတိအဟိတ် ပုဂ္ဂိုလ်တို့အား သဟိတ် တဒါရုံ ဖြစ်သင့်ခြင်းကို အလုံးစုံသော အဋ္ဌကထာတို့၌ ပယ်မြစ်အပ်ပေပြီ။ ထိုသို့ ပယ်မြစ်ပြီး ဖြစ်လေသောကြောင့် အဟိတ် ဘဝင်အား ဟူသော ဤ စကားကို ကုသလဝိပါက်ဖြစ်သည့် အဟိတ်ဘဝင်ကို ရည်ရွယ်၍ ဟောတော်မူအပ်၏။ ဤသို့ ယူရန် သင့်မြတ်လျော်ကုန်ကုန်၏။
မှန်လှစွာ၏။ ပဋ္ဌာန်းပါဠိတော်၌ အကြင် ရသင့် ရထိုက်အားလျော်စွာ ယူရခြင်းသည် ရှိပေ၏။ ဤသို့ ယူရခြင်းမျိုးသည် ဓမ္မတာသဘော ပေတည်းဟု သိအပ်၏။ ဤဆိုအပ်ခဲ့ပြီးသည်မှ တစ်ပါးသော အခြင်းအရာဖြင့် အနက်ကို ယူခဲ့ချေသော် အလုံးစုံသော အဋ္ဌကထာတို့နှင့် ဆန့်ကျင်မှု ဖြစ်ပေရာ၏ဟု သိအပ်၏။
ဆက်၍ ဆိုပေဦးအံ့။ ကုသိုလ်တို့၏ အားထုတ်ခြင်း အမှုဖြင့် ပြီးစီးအပ်သည်၏ အဖြစ်ကြောင့် ပဝတ္တိအခါ၌လည်း အားထုတ်ခြင်း အမှု၏အစွမ်းဖြင့် ဉာဏ်နှင့်ယှဉ်ခြင်းသည် ဖြစ်သကဲ့သို့ ထို့အတူ ဝိပါက်တို့အား မဖြစ်ချေ။ ထိုဝိပါက်တို့၏ကား အားထုတ်ခြင်းဖြင့် မပြီးစေအပ်သည်၏ အဖြစ်ကြောင့် ပဝတ္တိအခါ၌ ဘဝင်ဉာဏ်ဟု ဆိုအပ်သော ဥပနိဿယ ပစ္စည်းတပ်သော ဉာဏ်နှင့်ကင်း၍ ဉာဏ်နှင့်ယှဉ်ခြင်းသည် မဖြစ်ချေ။ ထို့ကြောင့် သဟိတ် ဘဝင်သည် ဟူသော ဤစကား၌လည်း ဉာဏဝိပ္ပယုတ်ဖြစ်သော သဟိတ်တဒါရုံကိုသာလျှင် ယူခြင်းငှါ သင့်မြတ်လျော်ကန်လှပေ၏။ ဤသို့ နှလုံးပိုက်တော်မူ၍ ဒွိဟိတ်ပုဂ္ဂိုလ် တို့အားလည်းကောင်း၊ အဟိတ်ပုဂ္ဂိုလ်တို့အားလည်းကောင်း ဉာဏသမ္ပယုတ် တဒါရုံကို ပယ်မြစ်ခြင်းကို အရှင်အနုရုဒ္ဓါမထေရ်သည် ပြုတော်မူ၏ဟု သိအပ်၏။
အဘိဓမ္မာဝတာရကျမ်းပြုဖြစ်သော ဆရာဗုဒ္ဓဒတ္တမထေရ်သည်ကား အကြင်ဝိပါက်စိတ်ဖြင့် ပဋိသန္ဓေကို ယူကြကုန်၏။ ထိုဝိပါက်စိတ်နှင့် တူသည်လည်း ဖြစ်သော ထိုဝိပါက်စိတ်အောက် ယုတ်ညံ့သည်လည်း ဖြစ်သော တဒါရုံသည် ထိုပုဂ္ဂိုလ်တို့အား ဖြစ်၏။ မူလဘဝင်ထက် မြင့်မြတ်သော ဝိပါက်တဒါရုံ မဖြစ်နိုင်ချေ။ ဤသို့ နှလုံးပိုက်တော်မူ၍ နှစ်မျိုးကုန်သော အဟိတ်ပုဂ္ဂိုလ်တို့အား မဟာဝိပါက် ရှစ်ခုတို့ကို ပယ်မြစ်တော်မူ၍ သုံးဆယ့်ခုနစ်ပါးသော စိတ်အရကို မိန့်ဆိုတော်မူအပ်၏။ ထိုစကားသည်ကား ဆိုအပ်ခဲ့ပြီးသော ပဋ္ဌာန်းပါဠိတော်နှင့် ဆန့်ကျင်ပေ၏။
တစ်ပါးကုန်သော အပရေဆရာတို့သည်ကား သုဂတိဘုံ၌ အကျုံးဝင်ကုန်သော အဟိတ်ပုဂ္ဂိုလ် တို့အား ဒွိဟိတ်တဒါရုံ ဖြစ်သကဲ့သို့ ထို့အတူ ဒွိဟိတ်ပုဂ္ဂိုလ်တို့အား တိဟိတ်တဒါရုံ ဖြစ်သင့်၏ဟု ဆိုကြကုန်၏။ ထိုသို့ဆိုသော စကားသည်လည်း သင့်မြတ်သကဲ့သို့ ထင်၏။ မှန်လှပေ၏။ အဋ္ဌကထာ ၌ သုဂတိအဟိတ်၊ ဒွိဟိတ်ပုဂ္ဂိုလ် နှစ်ယောက်တို့အား သာမညအားဖြင့် မဟာဝိပါက်စိတ် ရှစ်ခု တို့၏ ဖြစ်ခြင်းကို မိန့်ဆိုအပ်၏ဟု သိအပ်၏။
ထိုပုဂ္ဂိုလ်တို့အား ပဋိသန္ဓေဝိညာဉ်နှင့် တကွဖြစ်ကုန်သော ဟိတ် သုံးပါး ရှိကုန်သောကြောင့် တိဟိတ်တို့ မည်ကုန်၏။ ထိုတိဟိတ်ပုဂ္ဂိုလ် တို့သည်ကား ကာမတိဟိတ် ရူပတိဟိတ် အရူပတိဟိတ် တို့၏ အစွမ်းအားဖြင့် သုံးပါးအပြား ရှိကုန်၏။ တိဟိတ် ပုထုဇဉ်လည်းကောင်း၊ အရိယာပုဂ္ဂိုလ် ရှစ်ယောက်တို့လည်းကောင်း ဤသို့ ကိုးယောက်အပြား ရှိကုန်၏။
ထိုကိုးယောက်တို့တွင် ရဟန္တာပုဂ္ဂိုလ်အား ကုသိုလ် အကုသိုလ်ဇော တို့ကိုလည်း မရအပ်ကုန်။ အဘယ့်ကြောင့်နည်း ဟူမူကား- အချင်းခပ်သိမ်း အနုသယကို ပယ်သဖြင့် အလုံးစုံကုန်သော ကုသိုလ် အကုသိုလ်တို့၏ တစ်ပြိုင်နက် ချုပ်သည်၏ အဖြစ်ကြောင့်ပေတည်း။ မှန်လှပေ၏။ ထိုကုသိုလ် အကုသိုလ်တို့၏ ထိုကုသိုလ် အကုသိုလ် အဖြစ်သည် အနုသယနှင့် ဆက်စပ်၏ဟု သိအပ် သိထိုက်၏။
တထာ - သဒ္ဒါသည် ပက္ခန္တရအနက် ရှိ၏။ မပြီးဆုံးသေးသော ကျင့်ဖွယ် ကိစ္စရှိသည်၏ အဖြစ်ကြောင့် ကျင့်ခြင်း အလေ့နှင့် ယှဉ်ကုန်သော အရိယာပုဂ္ဂိုလ် ခုနစ်ယောက် တို့သည် သေက္ခပုဂ္ဂိုလ်တို့ မည်ကုန်၏။ ဤသေက္ခပုဂ္ဂိုလ် ခုနစ်ယောက်တို့၌ကား အောက်ဖလဋ္ဌာန်ပုဂ္ဂိုလ် သုံးယောက်တို့ကို အလိုရှိအပ်ကုန်၏။
မှန်လှပေ၏။ ထိုဖလဋ္ဌာန်ပုဂ္ဂိုလ် သုံးယောက်တို့အား အစ၌ သောတာပတ္တိမဂ်ဖြင့်သာလျှင် ဒိဋ္ဌိ- ဝိစိကိစ္ဆာတို့ကို ပယ်အပ်ပြီးသည်၏ အဖြစ်ကြောင့် ထိုဒိဋ္ဌိ-ဝိစိကိစ္ဆာ နှင့်တကွ ဖြစ်ကုန်သော (ဒိဋ္ဌိဂတသမ္ပယုတ်စိတ်-၄၊ ဝိစိကိစ္ဆာသဟဂုတ်စိတ်-၁-ပါး) ငါးပါးကုန်သော အကုသိုလ်ဇောတို့ကို မရအပ်ကုန်ဟု သိအပ်၏။
အနာဂါမ်ပုဂ္ဂိုလ်တို့အားကား ဒေါသမူဇောတို့ကိုလည်း မရအပ်ကုန်။ အဘယ့်ကြောင့်နည်း ဟူမူကား- အနာဂါမိမဂ်ဖြင့် ပယ်အပ်ပြီးသည်၏ အဖြစ်ကြောင့်တည်း။
မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်၏ကား တစ်ခုသော စိတ္တက္ခဏရှိသည်၏ အဖြစ်ကြောင့် မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် လေးယောက် တို့အား အသီးအသီး အကြင် အကြင် မိမိတို့၏ဥစ္စာ ဖြစ်ကုန်သော မဂ်ဇောတို့ကိုသာ ရအပ်ကုန်၏။
အထက်၌ ဖြစ်ကုန်သော ဖိုလ်တို့ကိုလည်း အောက်၌ဖြစ်သော ပုဂ္ဂိုလ်တို့သည် မရအပ်သေးသည်၏ အဖြစ်ကြောင့် လည်းကောင်း၊ အောက်ဖြစ်သော ဖိုလ်တို့၏ အထက်ဖြစ်သော ပုဂ္ဂိုလ် (အထူး)တစ်ပါး တို့၌ မဖြစ်ခြင်းကြောင့် လည်းကောင်း၊ ဖလဋ္ဌာန်ပုဂ္ဂိုလ် လေးယောက်တို့ အားလည်း အသီးအသီး အကြင် အကြင် မိမိတို့၏ဥစ္စာ ဖြစ်ကုန်သော ဖိုလ်ဇောတို့ကိုသာလျှင် ရအပ်ကုန်၏။ ထို့ကြောင့် လောကုတ္တရ ဇဝနာနိ စ ယထာရဟံ အရိယာနမေဝ သမုပ္ပဇ္ဇန္တိ ဟူ၍ မိန့်တော်မူအပ်၏။
ဆက်၍ ဆိုဦးအံ့။ ဤအရာ၌ အထက်မဂ် လာသည်ရှိသော် အောက်ဖြစ်သော မဂ်၏ အာနုဘော်၏ အချင်းခပ်သိမ်း ချုပ်ငြိမ်းသည်၏ အစွမ်းဖြင့် အထက်ပုဂ္ဂိုလ်တို့၏ ပုဂ္ဂိုလ် (အထူး)တစ်ပါး အဖြစ်၏ ပြီးစီးခြင်းကို သိအပ်၏ဟု မှတ်သင့် မှတ်ထိုက်၏။ .
သင်္ဂဟဂါထာ အဖွင့်
ဤယခုအခါ၌ ထိုထိုပုဂ္ဂိုလ်တို့၏ ပါရိသေသနည်းအားဖြင့် ရသင့်ရထိုက်သော ဝီထိစိတ်တို့ကို ပြခြင်းငှါ သင်္ဂဟဂါထာကို မိန့်ဆိုတော်မူ၏။
ပြီးပြီးသော ကျင့်ခြင်းကိစ္စ ရှိသည်၏ အဖြစ်ကြောင့် ထိုပုဂ္ဂိုလ်တို့အား ကျင့်ဖွယ်ကိစ္စ မရှိသောကြောင့် အသေက္ခတို့ မည်ကုန်၏။ ရဟန္တာပုဂ္ဂိုလ်တို့ကို ရအပ်ကုန်၏။ ထိုပုဂ္ဂိုလ်တို့၏ နှစ်ဆယ့်သုံးပါးသော ကာမဝိပါက် နှစ်ဆယ်သော ကြိယာ အရဟတ္တဖိုလ်၏ အစွမ်းဖြင့် လေးဆယ့်လေးပါးသော ဝီထိစိတ် တို့ကို ဖြစ်သင့်သည့် အားလျော်စွာ ညွှန်ပြရာ၏။ သေက္ခပုဂ္ဂိုလ် ခုနစ်ယောက် တို့အား ဒိဋ္ဌိဂတသမ္ပယုတ် ဝိစိကိစ္ဆာသဟဂုတ်သည် ကြဉ်အပ်ကုန်သော အကုသိုလ်ဇော ခုနစ်ခုတို့၏လည်း ကောင်း၊ နှစ်ဆယ့်တစ်ပါးသော ကုသိုလ်ဇောတို့၏လည်းကောင်း၊ နှစ်ဆယ့်သုံးပါးသော ကာမဝိပါက် တို့၏လည်းကောင်း၊ အောက်ဖိုလ် သုံးခုတို့၏လည်းကောင်း၊ အာဝဇ္ဇန်းနှစ်ခုတို့၏လည်းကောင်း အစွမ်းဖြင့် ငါးဆယ့်ခြောက်ပါးသော ဝီထိစိတ်တို့ကို ဖြစ်သင့်သည့် အားလျော်စွာ ညွှန်းပြရာ၏။ ကြွင်းကုန်သော ပုထုဇဉ်လေးယောက်တို့အား ကာမဝိပါက် လောကီကုသိုလ် အကုသိုလ် အာဝဇ္ဇန်း ဒွေး၏ အစွမ်းဖြင့် ငါးဆယ့်လေးပါးသော ဝီထိစိတ်တို့ကို ဖြစ်သင့်အားလျော်စွာ ညွှန်းပြရာ၏။ ဤသည်ကား ယောဇနာခြင်းတည်း။ ပုဂ္ဂိုလ်တို့၏ အပြားအားဖြင့် ဝီထိစိတ်တို့၏ ဖြစ်ခြင်း အပြားသည် ပုဂ္ဂလဘေဒ မည်၏။
ပုဂ္ဂလဘေဒ အဖွင့် ပြီးပြီ။
ဘူမိဝိဘာဂ အဖွင့်
ကာမဘူမိ ဝိဘာဂ
အလုံးစုံလည်း ဖြစ်ကုန်သော ဝီထိစိတ်တို့ကို ရအပ်ကုန်၏။ အဘယ့်ကြောင့်နည်း ဟူမူကား- ပုဂ္ဂိုလ်တို့၏လည်းကောင်း၊ ဒွါရတို့၏လည်းကောင်း ဤဘုံ၌သာလျှင် ပြည့်စုံစွာ ဖြစ်သင့်ခြင်းကြောင့်တည်း။ ယထာရဟံ … ဟူသည်ကား ထိုထိုဘုံပုဂ္ဂိုလ်တို့၏ ဖြစ်ထိုက်သည့် အားလျော်စွာ။ .
ရူပဘူမိ ဝိဘာဂ
ရူပါဝစရဘုံ၌ ကြဉ်သင့် ကြဉ်ထိုက်ကုန်သော တစ်ဆယ့်ခြောက်ပါးကုန်သော ဝီထိစိတ် တို့တွင် ခြောက်ပါးကုန်သော စိတ်တို့၏ အထက်ဝါကျ၌ ဆိုအပ်လတ္တံ့ သည်၏ အဖြစ်ကြောင့် ပဋိဃဖဝန တဒါရမ္မဏဝဇ္ဇိတာနိ ဟူ၍ မိန့်ဆိုအပ်၏။ .
အရူပဘူမိ ဝိဘာဂ
အရူပါဝစရဘုံ၌ သောတာပတ္တိမဂ် ရူပါဝစရစိတ် သဟိတုပ္ပါဒ် အောက်၌ဖြစ်သော အရူပစိတ်သည် ကြဉ်အပ်သည်လည်း ဖြစ်ကုန်သော ဒေါသမူဇော တဒါရုံသည် ကြဉ်အပ်သည်လည်း ဖြစ်ကုန်သော ဝီထိစိတ်တို့ကို ရအပ်ကုန်၏။ ဤသည်ကား ယောဇနာခြင်းတည်း။
ဤအရူပဘုံ၌လည်း ကြဉ်သင့် ကြဉ်ထိုက်ကုန်သော သုံးဆယ့်ရှစ်ပါးသော စိတ်တို့တွင် တစ်ဆယ့် ခြောက်ပါးကုန်သော စိတ်တို့၏ အထက်၌ ဆိုအပ်လတ္တံ့သည်၏ အဖြစ်ကို မှတ်အပ်၏။
သဗ္ဗတ္ထာပိ … ဟူသည်ကား အလုံးစုံကုန်သော ရူပဘုံ အရူပဘုံတို့၌ -
တံ တံ ပသာဒရဟိတာနံ တံ တံ ဒွါရိကဝီထိစိတ္တာနိ … ဟူသည်ကား ရူပါဝစရဘုံ၌ ရှေးဦးစွာ ဃာနစသော ပသာဒရုပ် သုံးခုအပေါင်းသည် မရှိချေ။ ထို့ကြောင့် ဃာနပသာဒ ဇိဝှါပသာဒ ကာယပသာဒမှ ကင်းကုန်သော ရူပဗြဟ္မာတို့အား ဃာနဒွါရ ဇိဝှါဒွါရ ကာယဒွါရတို့၌ ဖြစ်ကုန်သော ခြောက်ပါးသော ဝီထိစိတ်တို့တွင် မရအပ်ကုန်သည်သာလျှင်တည်း။ အကြင်ခြောက်ပါးသော ဝီထိ စိတ်တို့ကို ရည်ရွယ်၍ ဆန္နံ စိတ္တာနံ ဥပရိဝါတျေ ဝုစ္စမာနတ္တာ ဟူ၍ အောက်၌ ဆိုအပ်ခဲ့ပေပြီ။
အရူပဘုံ၌ကား ငါးပါးသော ပသာဒတို့သည်လည်း မရှိကြကုန်။ ထို့ကြောင့် ငါးဒွါရ၌ ဖြစ်ကုန်သော ဒွေးပဉ္စဝိညာဉ် တစ်ဆယ် မနောဓာတ်သုံးခု သန္တီရဏစိတ် သုံးခုတို့၏ အစွမ်းဖြင့် တစ်ဆယ့် ခြောက်ပါးသော ဝီထိစိတ်တို့ကို မရအပ်ကုန်သည်သာလျှင်တည်း။ အကြင် တစ်ဆယ့်ခြောက်ပါး သော စိတ်တို့ကို ရည်ရွယ်၍ သောဠသန္နံ စိတ္တာနံ ဥပရိဝုစ္စမာနတာ ဟူ၍ မိန့်ဆိုအပ်ခဲ့ပေပြီ။
ကာမဘုံ၌ကား ထိုထိုသော ပသာဒမှ ကင်းသည်၏ အဖြစ်ကို ဇစ္စန္ဓ စသည်တို့၏ အစွမ်းဖြင့် ယှဉ်အပ်၏။ .
သင်္ဂဟဂါထာ အဖွင့်
ကာမတစ်ဆယ့်တစ်ဘုံ၌ ရှစ်ဆယ်သော ဝီထိစိတ် တို့ကို ထိုက်သည့် အားလျော်စွာ ရအပ်ကုန်၏၊ အသညသတ် ကြဉ်သော ရူပတစ်ဆယ့် ခြောက်ဘုံ၌ ခြောက်ဆယ့်လေးပါးသော ဝီထိ စိတ် တို့ကို ထို့အတူ ထိုက်သည့်အားလျော်စွာ ရအပ်ကုန်၏။ အရူပလေးဘုံ၌ လေးဆယ့်နှစ်ပါးသော ဝီထိစိတ် တို့ကို ထိုက်သည့် အားလျော်စွာ ရအပ်ကုန်၏။ ဤသည်ကား ယောဇနာခြင်းတည်း။
ဆက်၍ ဆိုပေဦးအံ့။ ဤအရာ၌ -
- ဗြဟ္မာ့ဘုံ၌လည်းကောင်း၊ အထက် ကာမာဝစရနတ်ပြည် ခြောက်ထပ်တို့၌လည်းကောင်း၊ နိဋ္ဌာရုံတို့ မည်သည် မရှိကြကုန်။ ထို့ကြောင့် ရူပါဝစရဘုံ၌ လေးပါးကုန်သော အကုသလ ဝိပါက်တို့၏ ရထိုက် သည်၏ အဖြစ်ကို ဆိုခြင်းကို ထိုဗြဟ္မာ့ပြည်၌ ရအပ်၍သော် လည်းကောင်း၊ ဤလူ့ပြည်သို့ လာ၍ သော်လည်းကောင်း ဤလူ့ပြည်၌ အနိဋ္ဌဖြစ်ကုန်သော ရူပါရုံသဒ္ဒါရုံတို့နှင့် ပေါင်းဆုံမိသော ဗြဟ္မာ တို့၏ အစွမ်းဖြင့် မှတ်အပ်၏။
အချို့ကုန်သော ကေစိဆရာတို့သည်ကား ဤလူ့ပြည်သို့ လာသည်သာလျှင် ဖြစ်ကုန်သော ဗြဟ္မာတို့အား အနိဋ္ဌာရုံနှင့် ပေါင်းဆုံမိခြင်းသည် ဖြစ်၏။ ထို့ကြောင့် လေးပါးကုန်သော ထိုအကုသလ ဝိပါက်တို့သည် ရူပဘုံ၌ ရအပ်သည် မည်ကုန်သည် မဖြစ်နိုင်ကုန်။ ထို့ကြောင့် ထိုရူပဗြဟ္မာဘုံ၌ ခြောက်ဆယ်သာလျှင် ဖြစ်ကုန်သော ဝီထိစိတ်တို့ ဖြစ်ကြကုန်၏ဟု ဆိုကြကုန်၏။
ထိုကေစိဆရာတို့ ဆိုသောစကားသည် မသင့်ချေ။ အဘယ့်ကြောင့်နည်း ဟူမူကား- ဤလူ့ပြည် သို့လာသော ဗြဟ္မာတို့အား သာလျှင်ဖြစ်သော စိတ်တို့သည်လည်း ဗြဟ္မာ၏ အတ္တဘော၌ ဖြစ်သည်၏ အဖြစ်ကြောင့် ဗြဟ္မာ့ဘုံ၌ ဖြစ်ကုန်၏ ဟူ၍သာလျှင် ဆိုသင့် ဆိုထိုက်သည်၏ အဖြစ်ကြောင့်တည်း။
ထိုဗြဟ္မာပြည်၌ တည်သော ဗြဟ္မာတို့သည်လည်း ဤလူ့ပြည်၌ အနိဋ္ဌာရုံတို့ကို မယူနိုင်ကုန်သည် ဖြစ်လည်း မဖြစ်ကုန်။ ဝေးသောအရပ်၌လည်း အာရုံကို ယူခြင်းငှါ စွမ်းနိုင်သည်၏ အဖြစ်ကြောင့် တည်း။ ဟူ၍ အဋ္ဌကထာ၌ မိန့်ဆိုတော်မူ၏။
၁၅၃။ ဋီကာကျော် (နှာ- ၁၆၀)၌ကား-
ထိုဝါဒကို ပယ်ခြင်းအကျိုးငှါ …
ဤသင်္ဂြိုဟ်ကျမ်း၌ကား ထိုဗြဟ္မာ့ဘုံ၌ တည်၍လည်း ဤလူ့ပြည်ကို ကြည့်ရှုကုန်သော ဗြဟ္မာတို့အား အနိဋ္ဌာရုံ၏ မဖြစ်သင့်ခြင်းကို ဆိုခြင်းငှါ မတတ်ကောင်းချေ။
ဟု မိန့်ဆို၏။ ထိုစကားဖြင့် ထိုဗြဟ္မာ့ပြည်၌ တည်၍ ဤလူ့ပြည်ကို ကြည့်ရှုကုန်သော ဗြဟ္မာတို့အား ဖြစ်ကုန်သော ထိုစိတ်လေးခုတို့ကို ထိုဗြဟ္မာ့ပြည်၌ ရအပ်သည် မည်ကုန်၏။ ဤလူ့ပြည်သို့လာသော ဗြဟ္မာတို့အားဖြစ်သော စိတ်တို့ကို ဤလူ့ပြည်၌ ရအပ်သည် မည်ကုန်၏။ ဤသို့ ခွင့်ပြုအပ်၏။ ထိုစကားသည်လည်း မသင့်ချေ။
အဘယ့်ကြောင့်နည်း ဟူမူကား - ထိုထိုဘုံ၌ အကျုံးဝင်သော သတ္တဝါသန္တာန်၌ ဖြစ်သော စိတ်တို့သည်သာလျှင် ထိုထိုဘုံ၌ ဖြစ်ကုန်၏။ ဤသို့ ပြီးသည်၏ အဖြစ်ကြောင့်တည်း။
- ဣစ္စေဝံ၏ ဤသို့ အစရှိသော စကားသည် မဟာနိဂုံးတည်း။
- ယထာသမ္ဘဝံ … ဟူသည်ကား ထိုထို ဘုံ ပုဂ္ဂိုလ် ဒွါရ အာရုံတို့၌ ဖြစ်သင့်သည့် အားလျော်စွာ-။
- ဘဝင်ခြားသည်တည်း။ ထို့ကြောင့် ဘဝင်္ဂန္တရိတာ မည်၏။
- ယာဝတာယုကံ … ဟူသည်ကား ထိုထိုဘဝ၌ ဘဝနိကန္တိကဝီထိ စ၍ အကြင်မျှလောက်သော ကာလပတ်လုံး အသက်အစဉ်သည် ဖြစ်၏။ ထိုမျှလောက်သော ကာလပတ်လုံး၊ ဤသည်ကား အနက်တည်း။
နိရောဓသမာပတ် မရှိခဲ့သော် မပြတ် ဖြစ်၏။ ဤသည်ကား အဓိပ္ပါယ်တည်း။
ဤသို့သော သဒ္ဒါအစဉ် အနက်အစဉ်ဖြင့် ပရမတ္ထဒီပနီ အမည်ရှိသော အဘိဓမ္မတ္ထ သင်္ဂြိုဟ်ကျမ်း၏ စတုတ္ထ အဖွင့်၌ ဝီထိ သင်္ဂဟ ၏ မြတ်သောအနက်ကို ပြရာ ပြကြောင်း ဖြစ်သော အခန်းသည် ပြီးဆုံးပေပြီ။
ပရမတ္ထဒီပနီ မြန်မာပြန် ဝီထိပိုင်း အဖွင့် ပြီးပြီ။
ဝီထိမုတ်ပိုင်း
ဝီထိမုတ်ပိုင်း အဖွင့်
နမော တ ဗုဒ္ဓရာဇိန္ဒ
ဤသို့ ပဝတ္တိအခါ၌ ပဝတ္တိသင်္ဂဟ ကို ပြတော်မူပြီး၍ ယခုအခါ ပဋိသန္ဓေအခါ၌ ပဝတ္တိ သင်္ဂဟ ကို ပြခြင်းငှါ ‘‘ဝီထိစိတ္တဝသေနေဝံ’’ စသော အစဂါထာကို မိန့်တော်မူ၏။
အနုသန္ဓေနှင့် ပဋိညာဉ်ဂါထာ အဖွင့်
- ဤသို့ ဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ပဝတ္တိအခါ၌ ပဝတ္တိသင်္ဂဟအမည်ရှိသော ဝီထိသင်္ဂဟကို ဝီထိစိတ်တို့၏ အစွမ်းအားဖြင့် မိန့်ဆိုအပ်ပြီ။
ယခုအခါ ပဋိသန္ဓေအခါ၌ ပဝတ္တိသင်္ဂဟ အမည် ရှိသော ဝီထိမုတ္တသင်္ဂဟ ကို ဝီထိမုတ် စိတ်တို့၏ အစွမ်းအားဖြင့် မိန့်ဆိုအပ်၏။ ဤသည်ကား ယောဇနာ ခြင်းတည်း။
ဆက်၍ ဆိုဦးအံ့။ ဤစကား၌ ပဋိသန္ဓေအခါ၌ စိတ် စေတသိက်တို့၏ ဖြစ်ခြင်းကို ဆိုအပ်သည်ရှိသော် ထိုပဋိသန္ဓေအခါမှ နောက်၌ ဘဝင်အခါ၌ လည်းကောင်း၊ စုတိကာလ၌ လည်းကောင်း ထိုစိတ် စေတသိက်တို့၏ ဖြစ်ခြင်းကို ဆိုခြင်းကိစ္စ ပြီးသည်သာလျှင်တည်း။
ထို့ကြောင့် ‘ပဋိသန္ဓိယံ’ ဟူ၍ သာလျှင် မိန့်ဆိုအပ်၏။
၁၅၄။ ဋီကာကျော် (နှာ-၁၆၁)၌ကား-
နောက်၌ မရဏုပ္ပတ္တိအခန်း၌ ရှေးဦးစွာ စုတိကို ပြပြီး၍နောက်မှ စုတိကို ပြပြီးသည်၏ အခြားမဲ့၌ ပဋိသန္ဓေကို ဆိုအပ်လတ္တံ့ သည်၏ အဖြစ်ကြောင့် ဤ‘သန္ဓိယံ’ ဟူသော ပုဒ်၌ သန္ဓိ-သဒ္ဒါဖြင့် လွန်ခဲ့ပြီးသည့် အခြားမဲ့ဘဝ၌ ဖြစ်သော စုတိကိုလည်း ယူအပ်၏။
ဤသို့သော အဓိပ္ပါယ်ဖြင့် ‘‘ထိုပဋိသန္ဓေကာလနှင့် နီးသည်၏ အဖြစ်ကြောင့် ထိုပဋိသန္ဓေကာလကို ယူသဖြင့် ယူအပ်သော စုတိကာလ၌လည်းကောင်း။
ဟု ဆိုအပ်သော စကားသည် မသင့်လျော်သည်သာလျှင်တည်း။
မှန်လှစွာ၏။ ဝီထိမုတ်စိတ်တို့၏ အာရုံတို့၌ ဖြစ်ခြင်း မည်သည်ကား လွန်လေပြီးသည့် အခြားမဲ့ဘဝ၌ မရဏုပ္ပတ္တိ အခန်း၌သာလျှင် ပြီးစီး၏။
ထို့ကြောင့် တစ်ခုသော ဘဝ၌ အာရုံတို့၏ ဖြစ်ခြင်းနှင့် အတူတကွ ပဋိသန္ဓေလျှင် အမှူး ရှိကုန်သော ထိုဝီထိမုတ်စိတ်တို့၏ ဖြစ်ခြင်းကို ပြခြင်း အကျိုးငှါ သာလျှင် ထိုလွန်လေပြီးသည့် အခြားမဲ့ဘဝမှ စုတိနှင့် အတူတကွ မရဏုပ္ပတ္တိ အစီအရင်ကို အရှင် အနုရုဒ္ဓါမထေရ်သည် ပြအပ်၏ဟု သိအပ်၏။
ဘုံ မည်သည်မှာ
ထိုဘုံတို့၌ သတ္တဝါတို့သည်လည်းကောင်း၊ သင်္ခါရတို့သည်လည်းကောင်း ဖြစ်ရာ ဖြစ်ကုန်သော ကြောင့် ဘုံတို့ မည်ကုန်၏။
အပါယ်ဘုံ မည်သည်မှာ
အယ-ဟူသည်ကား အစီးအပွားပေတည်း။
တရားကိုယ်အားဖြင့်ကား ချမ်းသာသုခကို လည်းကောင်း၊ ချမ်းသာသုခတို့၏ အကြောင်းတို့ကို လည်းကောင်း၊ ချမ်းသာသုခ၏ အထောက်အပံ့တို့ကို လည်း ကောင်း သိအပ်ကုန်၏။
ဤဘုံ၌ ဖြစ်ကုန်သော သတ္တဝါတို့သည် များသောအားဖြင့် ထိုအစီးအပွားမှ ကင်းရာဖြစ်သောကြောင့် ‘အပါယ = အပါယ်’ မည်၏။
ထိုအပါယ- အပါယ်သည်ပင်လျှင် ဘုံမည်၏။ ထို့ကြောင့် အပါယ်ဘုံ မည်၏။
ကာမ သုဂတိဘုံ
ရုန့်ရင်း ကြမ်းတမ်းသော ကာမရာဂသည် အလိုရှိအပ် နှစ်သက်အပ်သောကြောင့် ကာမ မည်၏။
ကပ်ရောက်အပ် သောကြောင့် ဂတိ မည်၏။ (တစ်နည်းကား) ဤ အရပ်၌ သတ္တဝါတို့သည် လားရောက်ရာ ဖြစ်သောကြောင့် ဂတိ မည်၏။
တစ်ပါးမက များစွာသော အပြားရှိကုန်သော သမ္ပတ္တိတို့၏ တည်ရာ ဖြစ်သော အနက်ကြောင့် တင့်တယ်ကောင်းမြတ်သော လားရာအရပ်သည် သုဂတိ မည်၏။
နှစ်သက်အပ်သည်လည်း ဖြစ်၏။ ဤသို့ မမာသ်စပ်ခြင်းကို ပြုအပ်၏။
ငရဲဘုံ
ဤဘုံ၌ အကြင် အကြင် ဆိုအပ်ခဲ့ပြီးသော အစီးအပွားမှု မရှိသောကြောင့် ‘နိရယ = ငရဲ’ မည်၏။
(တစ်နည်းကား) ဤဘုံ၌ ဆင်းရဲခြင်းသို့ ရောက်ကုန်သော သတ္တဝါတို့သည် အမြဲမပြတ် တုန်လှုပ်ရာ ဖြစ်သောကြောင့် နိရယ = ငရဲ မည်၏။
တိရစ္ဆာန်
လူတို့ကဲ့သို့ အထက်သို့ မြင့်ကုန်သည် မဖြစ်ကုန်မူ၍ ဖီလာကန့်လန့် ဖြစ်တတ်ကုန်သောကြောင့် တိရစ္ဆာန် မည်ကုန်၏။
ထိုအမျိုးဇာတ်ဖြင့် သတ္တဝါတို့သည် အထူးထူးသော အဆင်း သဏ္ဌာန်ပင် ရှိကုန်ငြားသော်လည်း တူမျှသော ဇာတ်ရှိသည်၏ အဖြစ်ကြောင့် တစ်ပေါင်းတည်းကဲ့သို့ ဖြစ်တတ် သောကြောင့် ယောနိ မည်၏။ အမျိုးဇာတ်ကို ရအပ်၏။
၁၅၅။ ဋီကာကျော် (နှာ- ၁၆၁)၌ကား-
ခန္ဓာတို့၏ ဖြစ်ခြင်း အထူးတည်း။
ဟူ၍ မိန့်ဆိုအပ်၏။ တိရစ္ဆာန်တို့၏ အမျိုးဇာတ် ဖြစ်သောကြောင့် တိရစ္ဆာနယောနိ မည်၏။
ပြိတ္တာ
ဖဲခွာ၍ ဖြစ်တတ်ကုန်သောကြောင့် ‘ပေတ = ပြိတ္တာတို့’ မည်ကုန်၏။
ဤဘဝမှ ဖဲခွာစုတေ၍ ဘဝတစ်ပါး၌ ဖြစ်တတ်ကုန်၏။ ဤသည်ကား အနက်တည်း။
အလုံးစုံ သေကုန်သော သူတို့ကို ရအပ်ကုန်၏။ မှန်လှစွာ၏။ နတ်ပြည်သို့ သွားကုန်သော်လည်း လောက၌ သေသောသူတို့ကို ‘ပေတ’တို့ ဟူ၍ ဆိုအပ်ကုန်၏။
ဤအရာ၌ကား ချမ်းသာအပေါင်းမှ ဖဲခွာ၍ ဝေးသော ကွေကွင်းရာ အရပ်သို့ သွားရောက် ဖြစ်တတ်၏။
ဤသို့သော အနက်ကြောင့် အကြင်မျှလောက် ထိုပြိတ္တာအဖြစ်မှ မလွတ်သေး၊ ထိုမျှလောက် အမြဲဆင်းရဲခြင်းသို့ ရောက်ကုန်သည့် လက္ခဏသံယုတ် စသည်တို့၌ လာကုန်သော တတိယဘုံသား ဖြစ်ကုန်သော အပါယ်ဘုံသား သတ္တဝါတို့ကို အလိုရှိ အပ်ကုန်၏။
ပေတတို့၏အပေါင်းသည် ပြိတ္တာ မည်၏။
ပြိတ္တာအပေါင်းတို့၏ နေရာဖြစ်ရာ ဖြစ်သောကြောင့် ပေတ္တိဝိသယ မည်၏။
ဝိသယ- ဟူသည်လည်း ဖြစ်ရာအရပ်ကို ဆိုအပ်၏။
အသူရာကာယ်
အသုကာယ - ဟူသော ဤပုဒ်၌ တန်ခိုးအထူး တို့ဖြင့် ထွန်းပတတ်ကုန်၏။
(တစ်နည်းကား) လွန်လွန်မင်းမင်း ကာမဂုဏ်ချမ်းသာဖြင့် မွေ့လျော် ပျော်ပါးခြင်းကို ခံစား စံစားကြကုန်၏။
ဤသို့သော် ဝဂ္ဂဟကိုပြု၍ အထက်ဖြစ်သော နတ်တို့ကို ‘သုရာ’တို့ ဟူ၍ မိန့်ဆိုအပ်ကုန်၏။
အထက် နတ်တို့ကဲ့သို့ ထွန်းပတတ်ကုန်သည် မဟုတ်သောကြောင့် အသုရာတို့ မည်ကုန်၏။
ဝေပစိတ္တိ ပဟာရာ အစရှိကုန်သော အသုရာတို့ကို ရည်ရွယ်၍ နတ်တို့၏ ဆန့်ကျင်ဘက်တို့တည်း။
တစ်နည်း ကား နတ်နှင့် တူကုန်သည်တို့တည်း။ ဤကား အနက်တည်း။
ပိယင်္ကရမာတာ ဥတ္တရမာတာ အစရှိကုန်သော ဝိနိပါတိကအသုရာ တို့ကို ရည်ရွယ်၍ ငယ်ကုန်သော အသုရာတို့တည်း။ ဤသည်ကား အနက်တည်း။
ယမမင်း အစရှိကုန်သော ဝေမာနိကပြိတ္တာတို့ကို ရည်ရွယ်၍ တစ်စိတ် တစ်ဒေသအားဖြင့် နတ်နှင့်တူကုန်၏။ ဤသည်ကား အနက်တည်း။
မှန်လှစွာ၏။ ဝေမာနိကပြိတ္တာတို့သည်လည်း အချို့သော အရာ၌ ‘အသုရာကာယ = အသုရကာယ်’ တို့ ဟူ၍ လာကုန်၏။
လောကန္တရက် ငရဲ၌ ဖြစ်ကုန်သော ငရဲသူတို့ကို ရည်ရွယ်၍ အချင်းခပ်သိမ်း နတ်တို့၏ ဂုဏ်မှ ကင်းကုန်၏။ ဤသည်ကား အနက်တည်း။
မှန်လှစွာ၏။ ထိုလောကန္တရက် ငရဲသူတို့ကို ဗုဒ္ဓဝံသအဋ္ဌကထာ၌လည်းကောင်း၊ နိဒါနအဋ္ဌကထာ၌လည်းကောင်း၊ ဇာတိဒုက္ခနိဒ္ဒေသ ၌လည်းကောင်း ‘အသုရကာယ = အသုရကာယ်’တို့ ဟူ၍ မိန့်ဆိုအပ်ကုန်၏။
ထို့အတူ ကာလကဉ္စိကပြိတ္တာတို့ကို ရည်ရွယ်၍ အချင်းခပ်သိမ်း နတ်တို့၏ အဖြစ်မှ ကင်းကုန်၏။ ဤသည်ကား အနက်တည်း။
ဤသို့ ငါးယောက်ကုန်သော အသုရာတို့၏ အစွမ်းဖြင့် အနက်ကို ဝေဖန်ခြင်းကို သိအပ်၏။
- ‘‘အို အချင်းတို့ … စင်စစ်အားဖြင့် နတ်အပေါင်းတို့သည် ဆုတ်ယုတ်ကြကုန်လတ္တံ့၊ အပါယ် လေးဘုံသားတို့သည် ပေါပြည့်ကြကုန် လတ္တံ့’’။
ဟူသော ဤသုတ်ပုဒ်၌ ‘အပါယ်လေးဘုံသားတို့’ ကို အသုရကာယတို့ ဟူ၍ အဋ္ဌကထာ၌ ဖွင့်ဆိုအပ်ကုန်၏။
ထိုအသုရာတို့တွင် ဝေပစိတ္တိအသုရာ ပဟာရာဒ စသော အသုရာတို့ကို တာဝတိံသာနတ်တို့၌ သင်္ဂြိုဟ်ရေတွက်အပ်ကုန်၏။
ဝိနိပါတိက အသုရာတို့ကို စာတုမဟာရာဇ်နတ်တို့၌ သင်္ဂြိုဟ်ရေတွက် အပ်ကုန်၏။
ဝေမာနိကပြိတ္တာတို့ကို ထို့အတူ စာတုမဟာရာဇ်တို့၌ သင်္ဂြိုဟ်ရေတွက် အပ်ကုန်၏။
မှန်လှစွာ၏။ ထိုဝေမာနိကပြိတ္တာ အသုရာတို့သည်လည်း ဝိနိပါတိက အသုရာတို့ကဲ့သို့ တိဟိတ် တို့သည်လည်းကောင်း၊ ဒွိဟိတ်တို့သည် လည်းကောင်း၊ အဟိတ်တို့သည် လည်းကောင်း ဖြစ်ကြ ကုန်၏ဟု အဋ္ဌကထာ တို့၌ ဆိုကြကုန်၏။
ယမမင်းကြီးတို့သည်-
- ‘‘ဝေဿဘူမည်သော နတ်သည် မညှင်းဆဲပေ။ ပြိတ္တာမင်းသည်လည်း မညှင်းဆဲပေ။ သောမ မည်သော မင်းသည်လည်းကောင်း၊ ယမ မည်သော မင်းသည်လည်းကောင်း၊ ဝေဿဝဏ မည်သော မင်းသည်လည်းကောင်း မညှင်းဆဲပေ။’’
ဤသို့ ကထာ၀တ္ထုပါဠိတော်၌ လာကုန်သော ဝေဿဘူ အစရှိကုန်သော ယမမင်းကြီးတို့သည်ကား မိမိတို့သည် ကြီးသော တန်ခိုးကြီးသော အာနုဘော် ရှိကြကုန်သော ဝေမာနိကပြိတ္တာမင်းကြီးတို့ ဖြစ်ကုန်၍လည်း ငရဲဘုံတို့၌ ဖြစ်ကုန်သည့် သတ္တဝါတို့၌ သနားသည်၏ အဖြစ်ကို စွဲ၍ အောက်ဖြစ်သည့် ငရဲဘုံတို့၌လည်း မင်းအဖြစ်ကို ပြုစေကုန်သည်သာလျှင်တည်း။
မှန်လှစွာ၏။ ထို့ကြောင့်သာလျှင် အလုံးစုံကုန်သော ပြိတ္တာလောက တို့ကိုလည်းကောင်း၊ ငရဲလောက တို့ကိုလည်းကောင်း၊ ယမလောကတို့ ဟူ၍လည်းကောင်း၊ ယမဝိသယတို့ ဟူ၍လည်းကောင်း မိန့်ဆို အပ်ကုန်၏ဟု မှတ်အပ်၏။
စာတုမဟာရာဇ်ဘုံ၌ အကျုံးဝင်ကုန်သော ယုတ်မာသည့် အလိုဆန္ဒ ရှိကြကုန်သော ကြမ်းတမ်း သောအမှုကို ပြုလေ့ရှိကုန်သော ရေဝတီ ဝိမာန၀တ္ထု ပါဠိတော်၌ ‘ယက္ခာ’တို့ ဟူ၍ လာကုန်သော၊ သံကိစ္စဇာတ်၌ ရက္ခိုသ်တို့ဟူ၍ လာကုန်သော အကြင်ဘီလူး ရက္ခိုသ်တို့ မည်သည်ကား ဤ သုဂတိဘုံမှ သွား၍ ဥဿဒငရဲတို့၌ ငရဲသားတို့အား အထူးထူးသော ကမ္မကာရဏအမှုတို့ကို ပြုကုန်လျက် လှည့်လည်ကြကုန်၏။
ကာလ ဥပကာလ အစရှိကုန်သော အမည်တို့ဖြင့် နာရဒဇာတ်၌ လာကုန်သော ထိုငရဲထိန်း တို့၏လည်း အထက်၌ ယမမင်းကြီးတို့၏ အာဏာသည် ဖြစ်သည်သာလျှင်တည်းဟု မှတ်အပ်၏။
လောကန္တရိက် ငရဲ၌ ဖြစ်ကုန်သော အသုရာတို့ကို ငရဲ၌ ထည့်သွင်း ရေတွက်အပ်ကုန်၏။
ဤ ‘အသုရကာယော’ ဟူသော ပုဒ်၌ကား ကာလကဉ္စိက အစရှိကုန်သော ပြိတ္တာ အသုရာတို့ကိုသာလျှင် အလိုရှိအပ်ကုန်၏။
ထိုအသုရာတို့၏ အပေါင်းဖြစ်သောကြောင့် အသုရာကာယ မည်၏။
ငရဲကြီးနှင့် ငရဲငယ်
ဆက်၍ ဆိုဦးအံ့။ ဤအပါယ်လေးဘုံဟူသော စကားရပ်၌ ငရဲဘုံ မည်သည်ကား အသီးအသီး တစ်ဆယ့်ခြောက်ထပ်သော ဥဿဒ (ငရဲငယ်) အခြံအရံရှိသော ငရဲကြီးရှစ်ထပ်တို့၏ အစွမ်းအားဖြင့် မြေတွင်း၌ တည်ရှိကြကုန်၏ဟု သိအပ်ကုန်၏။
တောတောင် သမုဒ္ဒရာ ကျွန်းငယ် စသည်တို့၌လည်း အထူးထူးသော ငရဲဘုံတို့ ရှိကြကုန်သည်သာလျှင်တည်း။
ထို့ကြောင့် ထိုသို့သဘောရှိသော အသီး အခြား ပိုင်းခြားအပ်သော အရပ်ရှိသည်၏ အဖြစ်ကြောင့် ငရဲဟူ၍သာလျှင် မိန့်ဆိုအပ်ကုန်၏။
ကြွင်းကုန်သော အပါယ်သုံးဘုံတို့၌ကား ထိုသို့ သဘောရှိသော အရပ်၏ မရှိသည်၏ အဖြစ်ကြောင့် ယောနိသဒ္ဒါ ဝိသယသဒ္ဒါ ကာယသဒ္ဒါတို့နှင့် ယှဉ်၍ ခန္ဓာတို့ကိုလည်းကောင်း၊ ခန္ဓာ၏ဖြစ်ရာ အရပ်တို့ကိုလည်းကောင်း ယူအပ်ကုန်၏ဟူ၍ မှတ်အပ်၏။
အပါယ်ဘုံသည် ပြီးပြီ။
အပါယ်လေးဘုံ အဖွင့် ပြီးပြီ။
………
ကာမသုဂတိခုနစ်ဘုံ အဖွင့်
ထိုလူတို့အား တက်ကြွသော (တစ်နည်း) ပြန့်ပြောသော စိတ်ရှိသောကြောင့် မနုဿတို့ မည်ကုန်၏။
မှန်လှစွာ၏။ ထိုလူတို့သည် အဆုံးမရှိကုန်သော စကြဝဠာတို့၌လည်း ဤမှတစ်ပါးသော ဘုံ၌နေကုန်သော သတ္တဝါတို့ထက် အထူးသဖြင့် ထက်မြက် ရဲရင့် ဆန်းကြယ်သော စိတ်ရှိကြကုန်၏။
အဘယ့်ကြောင့်နည်း ဟူမူကား- အပြည့်အစုံ ဖြစ်ကုန်သော ကုသိုလ်ကမ္မပထ၊ အကုသိုလ် ကမ္မပထ တို့၏လည်းကောင်း၊ အနန္တရိယကံတို့၏လည်းကောင်း ဤလူ့ဘုံ၌သာလျှင် ဖြစ်သင့်သောကြောင့် တည်းဟု သိအပ်၏။
အဖို့တစ်ပါးကို ဆိုဦးအံ့။ ထိုလူတို့တွင်လည်း ဇမ္ဗူဒိပ်ကျွန်း၌ နေကုန်သော လူတို့သည်သာလျှင် အလွန်အကဲအားဖြင့် တက်ကြွသော စိတ် ရှိကြကုန်၏။
ဤမှ တစ်ပါးသော ကျွန်း၌နေကုန်သော သူတို့ကိုကား ထို ဇမ္ဗူဒိပ်ကျွန်းသူ ကျွန်းသားတို့နှင့်တူသော အဆင်းရှိခြင်း အစရှိသည်၏ အဖြစ် ကြောင့် မနုဿတို့ ဟူ၍သာလျှင် ဆိုအပ်ကုန်၏။ ဤစကြဝဠာတို့၌ကား ဆိုဖွယ်ပင် မရှိချေ။
ဘုရားရှင် အဘယ်သို့ ဟောတော်မူခဲ့သနည်း-
‘‘ရဟန်းတို့၏ သုံးပါးကုန်သော အကြောင်းတို့ဖြင့် ဇမ္ဗူဒိပ်ကျွန်း၌ နေကုန်သော လူတို့သည် ဥတ္တရကုရုကျွန်း၌ နေကုန်သော လူတို့ကိုလည်းကောင်း၊ တာဝတိံသာနတ်တို့ကိုလည်းကောင်း သာလွန် လွှမ်းမိုးနိုင်ကုန်၏။
အဘယ် သုံးမျိုးတို့နည်း ဟူမူကား - ရဲရင့်သော အရာလည်းကောင်း၊ မြဲခိုင်သော သတိရှိသော အရာလည်းကောင်း ဤ ဇမ္ဗူဒီပါကျွန်း၌ ရဟန်း၏ အဖြစ်တည်းဟူသော မြတ်သောအကျင့်ကို ကျင့်နိုင်ခြင်း လည်းကောင်း ဤသုံးမျိုးတို့ဖြင့် သာလွန် လွှမ်းမိုးနိုင်ကုန်၏။
မနု ဟူသည်ကား မဟာသမ္မတမင်းကို ဆိုအပ်၏။
ဤလူတို့သည်လည်း ထိုသမ္မတမင်းသည် ထားအပ်ကုန်သော ထုံး ဥပဒေတို့၌ တည်ကုန်သည်ဖြစ်၍ ထိုမဟာသမ္မတမင်း၏ သားအရာ၌ တည်ကုန်၏။
ထို့ကြောင့် မနုမင်း၏ သားတို့တည်း။ ထို့ကြောင့် မနုဿတို့ မည်ကုန်၏ဟု အက္ခရာကို ကြံကုန်သော ဆရာတို့ ဆိုကြကုန်၏။
ဤမနုဿာ- ဟူသော ပုဒ်၌ကား ဘုံ၏ပရိယာယ်ပေတည်း။
ထို့ကြောင့် ‘မနုဿာ’ဟူ၍ ဣတ္ထိလိင်ကိုလည်းကောင်၊ ဧကဝုစ်ကိုလည်းကောင်း ပြုအပ်၏ဟု မှတ်အပ်၏။
စာတုမဟာရာဇိကာ- စသော ကြွင်းသော ပုဒ်တို့၌လည်း ဤအတူသာတည်း။
စာတု မဟာရာဇ်ဘုံ
အကြင်နတ်တို့၌ကား နတ်မင်းကြီး လေးယောက်တို့ကို မင်းအဖြစ်ကို ပြုစေကုန်၏။
ထိုနတ်တို့သည် စာတုမဟာရာဇိကတို့ မည်ကုန်၏။
ထိုနတ်မင်းကြီး လေးယောက်တို့တွင် ဓတရဋ္ဌနတ်မင်းကြီးသည် ဂန္ဓဗ္ဗနတ်တို့၏ မင်းဖြစ်၏။
ဝိရုဠှကနတ်မင်းသည် ကုမ္ဘဏ်နတ်တို့၏ မင်းဖြစ်၏။
ဝိရူပက္ခနတ်မင်း သည် နဂါးတို့၏ မင်းဖြစ်၏။
ကုဝေရနတ်မင်းသည် ဘီလူးတို့၏ မင်းဖြစ်၏။
ဂန္ဓဗ္ဗနတ်
ထိုဂန္ဓဗ္ဗနတ် စသည်တို့တွင် ပဋိသန္ဓေနေသည်၏ အစွမ်းအားဖြင့် အနံ့ကောင်းသော သစ်ပင်တို့၌ ကပ်ရောက်တတ်ကုန်ကြောင့် ဂန္ဓဗ္ဗနတ်တို့ မည်ကုန်၏။
အနံ့ကောင်းသော သစ်ပင် စောင့်သည့် နတ်တို့ပေတည်း။
ထိုဂန္ဓဗ္ဗနတ်မျိုးတို့သည် မူလဂန္ဓ စသည်တို့၏ အစွမ်းအားဖြင့် ဆယ်မျိုး ပြားကုန်၏ဟူ၍ ပါဠိတော်၌ လာကုန်၏။
ကုမ္ဘဏ် နဂါး ဘီလူး
ကုမ္ဘဏ် ဟူသည်ကား- ဒါနောရက္ခိုသ်တို့ပေတည်း။
နဂါးတို့သည်လည်းကောင်း၊ ဘီလူးတို့သည် လည်းကောင်း ထင်ရှားကြကုန်သည်သာတည်း။
ထို(ဂန္ဓဗ္ဗ ကုမ္ဘဏ် နဂါး ဘီလူး)လေးမျိုး အလုံးစုံတို့သည် များသောအားဖြင့် အလိုဆိုး ရှိကြကုန်သည်လည်းကောင်း၊ ကြမ်းတမ်းသောအမှုကို ပြုလေ့ရှိကြကုန်သည်လည်းကောင်း ဖြစ်ကြ ကုန်၏။
ထို့ကြောင့် နတ်မင်းကြီး လေးယောက်တို့သည် အချင်းချင်းတို့ကိုလည်းကောင်း၊ လူတို့ကို လည်းကောင်း မနှိပ်စက် မညှင်းပန်းခြင်း အကျိုးငှါ ထိုဂန္ဓဗ္ဗ စသည်တို့တွင် အဆင့်ဆင့်သော မင်း(ဘုရင်ခံ) နတ်များကို လည်းကောင်း၊ အဆင့်ဆင့်သော စစ်သူကြီးကိုလည်းကောင်း ထားကြ ကုန်၏။
ဆက်၍ ဆိုကြကုန်ဦးအံ့။ ဤအရာ၌ အာဋာနာဋိယသုတ်ပါဠိတော်ကို ဆိုသင့်လှပေ၏။ ချဲ့၍ ဆိုဦးအံ့။
ထိုအာဋာနာဋိယသုတ်ပါဠိတော်၌ ဘီလူးထီး ဘီလူးမ၊ ဂန္ဓဗ္ဗနတ်ထီး ဂန္ဓဗ္ဗနတ်မ၊ ကုမ္ဘဏ် နတ်ထီး ကုမ္ဘဏ်နတ်မ၊ နဂါးထီး နဂါးမ၊ဤသို့လျှင် လေးမျိုးကုန်သော ကိုက်ခဲ ပူးဝင်တတ်ကုန်သော နတ်မျိုးတို့သည် လာကုန်၏။
ဘီလူး
ထိုနတ်လေးမျိုးတို့တွင် ကိုယ်ရောင် ကိုယ်ဝါ ကျက်သရေ၏ ပြည့်စုံခြင်းနှင့်ယှဉ်သော နတ်ကို ‘ယက္ခ’ဟူ၍ လည်းကောင်း၊ ‘ဒေဝ’ဟူ၍လည်းကောင်း ဆိုအပ်၏။
ကိုယ်ရောင် ကိုယ်ဝါ ကျက်သရေ ပြည့်စုံခြင်းမှ ကင်းသော ဖောက်ပြန် ဆိုးရွားသော အဆင်း သဏ္ဌာန် ရှိသော နတ်ကို ‘ယက္ခ’ဟူ၍သာလျှင် ဆိုအပ်၏။
ရုက္ခဇိုဝ်းနတ်
တောစိုး သစ်ပင်ကြီး စသည်၌ တည်သော ဗိမာန်၌ ဖြစ်သော နတ်သည် သစ်ပင်စောင့်နတ် မည်၏။
(တစ်နည်း) ရုက္ခဇိုဝ်း မည်၏။
ဂန္ဓဗ္ဗနတ်
သစ်ပင်၏အတွင်း (သစ်ခေါင်း သစ်မြက်အတွင်း)၌ ဖြစ်သော နတ်သည် ဂန္ဓဗ္ဗနတ် မည်၏။
အကြင် ဂန္ဓဗ္ဗနတ်ကို လောက၌ သစ်ဘီလူးဟူ၍ ဆိုအပ်၏။
ဇော်ဂနီမ စုန်းမ
ရှေးဘဝက ပြုခဲ့ဖူးသည့် ယုတ်ညံ့သော အကုသိုလ်ကံ ရှိကုန်သော အချို့ကုန်သော ဂန္ဓဗ္ဗနတ်မ တို့သည် လူမိန်းမတို့၏ ကိုယ်တွင်းလည်း ဖြစ်ကြကုန်၏။
အကြင် ဂန္ဓဗ္ဗနတ်မတို့ကို ဗေဒင်ကျမ်းတို့၌ ‘ယောဂိနီနတ်’တို့ ဟူ၍လည်းကောင်း၊ လောက၌ ‘ဇောဂနီနတ်’တို့ ဟူ၍လည်းကောင်း ဆိုအပ်ကုန် ၏။
မိမိတို့ မှတ်သားထားကြသော အမှတ်အသားအတိုင်း မှောင်မိုက်သော ညဉ့်အခါတို့၌ ကျက်စားခြင်းငှါ လေ့ကျက်သော ကာလ၌ ထွန်းပတောက်စားတတ်သော အနက်ကြောင့် (ဇုဏှ = စုန်း)တို့ဟူ၍ လည်း ဆိုအပ်ကုန်၏။
ကုမ္ဘဏ်
ကုမ္ဘဏ်မည်သည်ကား ကြီးသောဝမ်းဗိုက် ရှိကုန်သော ကျယ်သောမျက်ကွင်း ရှိကုန်သော နတ်မျိုး တို့သည် ရက္ခိုသ် တို့သာ မည်ကုန်၏။
အကြင် ရက္ခိုသ်တို့ကို လောက၌ ဥစ္စာစောင့်တို့ ဟူ၍ ဆိုအပ်ကုန်၏။
မှန်လှစွာ၏။ ထိုရက္ခိုသ်နတ်တို့သည် ဝေပုလ္လတောင်၌ ပတ္တမြားရတနာတို့ကို စောင့်ကြကုန်၏။
ဟိမဝန္တာတောင်၌ အဗ္ဘန္တရသရက်ပင်တို့ကို စောင့်ရှောက် ထိန်းသိမ်းကြကုန်၏။
ဤသို့ ရတနာရှိသော အရပ်တို့ကိုလည်းကောင်း၊ တောစိုး သစ်ပင်ကြီးတို့ကို လည်းကောင်း၊ နတ်ဆေးပင်တို့ကိုလည်းကောင်း၊ နတ်၌ဖြစ်သော နံ့သာပင်တို့ကိုလည်းကောင်း၊ ရေအိုင်တို့ကိုလည်း ကောင်း စောင့်ရှောက်၍ စားသောက်ကြရကုန်၏။
ထိုသို့ စောင့်ရှောက်၍ စားသောက်ရသည့် အတွက်ကြောင့် ‘ရက္ခိုသ်’ တို့ဟူ၍ မိန့်အပ်ကုန်၏။
နဂါးဖို နဂါးမ
နဂါးဖို + နဂါးမ ဟူသော ဤစကား၌ တောင်၏ အတွင်း၌ လည်းကောင်း၊ မြေ၏အတွင်း၌ လည်းကောင်း ဖြစ်ကုန်သော မြေစောင့်နတ်မျိုးတို့ကိုလည်း ဤနေရာ၌ ‘နဂါး’ တို့ဟူ၍သာလျှင် မိန့်ဆိုအပ်ကုန်၏။
အကြင် မြေစောင့်နတ်မျိုးတို့ကို မဟာပရိနိဗ္ဗာနသုတ် ဘူမိစာလသုတ်ပုဒ်၌ ‘ပထဝီဒေဝ = မြေစောင့်နတ်’ဟူ၍ ဟောတော်မူအပ်ကုန်၏။
အကြင် မြေစောင့်နတ်တို့၏ ကစားခြင်းငှါ လေ့လာသည်၏ အစွမ်းအားဖြင့် တစ်ရံတစ်ခါ မြေကြီး ငလျင်လှုပ်ခြင်းသည် ဖြစ်၏။
အကြင် မြေစောင့်နတ်တို့လည်း မန္တာန်ပုဒ်တို့ကို ‘၀တ္ထုဝိဇ္ဇာ’ ဟူ၍ လည်းကောင်း၊ ‘ဘူမိဝိဇ္ဇာ’ဟူ၍လည်းကောင်း ဗြဟ္မဇာလသုတ်၌ ဟောတော်မူကုန်၏။
ထို မြေစောင့်နတ်တို့တွင်လည်း အထူးထူးသော တန်ခိုးရှိသည်လည်းဖြစ်၊ ပူးဝင် နှောင့်ယှက် ဖမ်းစားတတ်သည်လည်း ဖြစ်၊ မကောင်းမှု၌ မွေ့လျော် ပျော်ပိုက်သည်လည်း ဖြစ်၊ မကောင်းသော အမှုကို ပြုလေ့ရှိသည်လည်း ဖြစ်ကုန်သော နတ်တို့သည် အံကစားကြူးသည်၏ အစွမ်း အားဖြင့် လည်းကောင်း၊ အစားကြူးသည်၏ အစွမ်းအားဖြင့်လည်းကောင်း၊ ပြိတ္တာဘုံတို့၌လည်းကောင်း၊ ငရဲဘုံတို့၌လည်းကောင်း၊ ပြကတေ့ အဆင်းဖြင့် လည်းကောင်း၊ ခွေး လင်းတ ကျီး စသည်တို့၏ အဆင်းအားဖြင့်လည်းကောင်း သတ္တဝါတို့ကို ညှဉ်းပန်းကုန်လျက် လှည့်လည် သွားလာကြကုန်၏။
မှန်လှစွာ၏။ ဤအလုံးစုံကို သုတ္တန်ကျမ်းဂန်တို့၌လည်းကောင်း၊ ဇာတ်တော်တို့၌လည်းကောင်း၊ ဗေဒင်ကျမ်းတို့၌လည်းကောင်း၊ လိမ္မာကျွမ်းကျင် ပညာရှင်တို့သည် လက်ဝယ်တင်ထား ပတ္တမြားသို့ ထင်ရှား ပိုင်ပိုင် သိမြင်နိုင်ကြကုန်၏ဟု မှတ်အပ်၏။
တာဝတိံသာ နတ်ဘုံ
အတူတကွ ကုသိုလ်ကောင်းမှု ပြုဖော်ပြုဖက် ဖြစ်ကြ ကုန်သည့် သုံးကျိပ်သုံးယောက်သော သူတို့သည် မာဃ အမည်ရှိသော အကြီးအကဲဖြစ်သည့် ယောက်ျား နှင့်တကွ ဤနတ်ပြည်၌ ဖြစ်ရာ ဖြစ်သောကြောင့် တေတ္တိံသတို့ မည်ကုန်၏။
ထို တေတ္တိံသသည် ပင်လျှင် နိရုတ္တိနည်းအားဖြင့် တာဝတိံသာ မည်၏။
ဆက်၍ ဆိုပေဦးအံ့။ ဤအရာ၌ အလုံးစုံသော စကြဝဠတို့၌လည်း ဤဒုတိယမြောက် နတ်ပြည်သည် ဇနဝသဘသုတ်၌ လာသော နည်းဖြင့် သိကြားအရာ၌ တည်ကုန်သော ပဇာပတိနတ်မင်း၊ ဝရုဏ နတ်မင်း၊ ဤသာနနတ်မင်း အစရှိကုန်သော သုံးကျိပ်သုံးယောက်သော နတ်မင်းတို့၏ အမြဲဖွဲ့စပ် သော အရပ်သည် အကယ်၍ကား ဖြစ်ပေ၏။
မှန်လှစွာ၏။ အင်္ဂုတ္တရပါဠိတော်၌-
- စာတုမဟာရာဇိကနတ်ဘုံတို့၏ တစ်ထောင် တာဝတိံသာနတ်ဘုံတို့၏ တစ်ထောင်-။
ဟူ၍ ဟောတော်မူအပ်ပြီ။
ထိုသို့ပင် ဟောတော်မူပါသော်လည်း မာဃလုလင်၏ အခြံအရံ အသင်း အပင်း အချင်း ယောက်ျား ဖြစ်ကုန်သော သုံးကျိပ်သုံးယောက်ကုန်သော သူတို့သည်ကား ကမ္ဘာ စဉ်ဆက်က လာကုန်သော ထိုသုံးကျိပ်သုံးယောက်သော နတ်မင်းကြီးတို့၏ အရာဌာနတို့၌ ဆက်လက်၍ ဖြစ်ကြကုန်သည် လည်းကောင်း၊ ဤယခုအခါ၌ ထင်ရှား တည်ရှိကြကုန်သည် လည်း ကောင်း ဖြစ်ကြကုန်၏။
ထို့ကြောင့် ထိုသုံးကျိပ် သုံးယောက်ကုန်သော နတ်မင်းတို့၏ အစွမ်းဖြင့် ဤသို့သော ဝစနတ္ထကို ပြုအပ်၏ဟု သိအပ်၏။
အချို့ကုန်သော အပရေဆရာတို့သည်ကား-
- ‘ဣန္ဒ ဂေါပကဝဏ္ထာဘာ၊ တာဝ ဒိဿန္တိ တိံသတိ’ ပိုးဖလံအဆင်းနှင့်တူသော အရေးကား သုံးဆယ်တည်း။
ဟူသော ဤဝိဓူရဇာတ်၌ ‘တာဝ’ သဒ္ဒါသည် ‘တိံသ’ သဒ္ဒါ၏ အခြံ အရံမျှသာ ဖြစ်သကဲ့သို့ (တာဝ- သဒ္ဒါအနက်ထူး မရှိဟူလို) ထို့အတူ ဤတာဝတိံသာ ဟူသော ပုဒ်၌လည်း တာဝသဒ္ဒါသည် တိံသသဒ္ဒါ၏ အခြံအရံမျှသာ ဖြစ်၏။
ဤအရာ၌လည်း ထို့အတူပေတည်း။ ဤသို့ နှလုံးပြုကြကုန်၍ သုံးကျိပ်မျှ ရှိကုန်သော သိကြားအရာ၌ တည်ကုန်သည့် နတ်မင်းမျိုးတို့၏ အမြဲနေရာဖြစ်သော အနက်ကြောင့် တာဝတိံသာ မည်၏။ ဤသို့ သင့်မြတ် လျော်ကန်သည် ဖြစ်ရာ၏။
အဋ္ဌကထာတို့၌ကား အကြင် အကြင် ဆိုအပ်ခဲ့ပြီးသော နိရုတ္တိနည်းကို ကြံဆ၍ မာဃ၀တ္ထု တို့၌လည်းကောင်း၊ ထိုထိုသို့သော အရာဌာနတို့၌လည်းကောင်း သိကြားတို့၏ သုံးကျိပ်သုံးယောက် အရေအတွက်ကိုသာလျှင် မိန့်ဆိုအပ်ကုန်၏ ဟူ၍လည်း မိန့်ဆိုကြကုန်၏။
သုတ်မဟာဝါပါဠိတော်၌ပင်လျှင်-
- သနင်္ကုမာရဗြဟ္မာသည် သုံးကျိပ်သုံးခုသော အတ္တဘောတို့ကို ဖန်ဆင်း၍ တာဝတိံသာ နတ်တို့၏ အသီးအသီးသော ပသနင်တို့၌ ထိုင်နေ၍-
ဟူ၍ ဟောတော်မူအပ်သည်၏ အဖြစ်ကြောင့် ထိုအချို့ကုန်သော အပရေဆရာတို့၏ စကားသည် မသင့်လျော်ချေ။
ယာမာ နတ်ဘုံ
ယာမ- ဟူသည်ကား ထိုနတ်ပြည်လောက၌ အစိုးရသော နတ်မျိုး၏ အမည်ပေတည်း။
သုယာမ-ဟူသော အမည်သည်လည်း ထို့အတူပင်တည်း။
ထိုယာမနတ်မျိုး သုယာမ-ဟူသော အမည် သည်လည်း ထို့အတူပင်တည်း။
ထို ယာမနတ်မျိုး သုယာမနတ်မျိုးနှင့်တကွ ဖြစ်သည်၏ အဖြစ် ကြောင့်ကား ထိုနတ်ပြည်လောကကိုလည်းကောင်း၊ ထိုနတ်ဘုံ၌ဖြစ်သော နတ်တို့ကို လည်းကောင်း ယာမတို့ ဟူ၍သာလျှင် ဆိုအပ်ကုန်၏။
တုသိတာ နတ်ဘုံ
ဤဘုံ၌ ကြီးကျယ် ပြန့်ပြောသော ကျက်သရေနှင့် ပြည်စုံသည်၏ အဖြစ်ကြောင့် အမြဲမပြတ် နှစ်သက်ရာ အလွန်လျှင် ရွှင်လန်း နှစ်သက်သော မျက်နှာ ရှိကုန်ရာ ဖြစ်သောကြောင့် တုသိတာတို့ မည်ကုန်၏။
နိမ္မာရနရတိ နတ်ဘုံ
ဤဘုံ၌ အကြင် အကြင် အလိုရှိအပ်ကုန်သော စည်းစိမ်တို့ကို ကိုယ်တိုင်သာလျှင် ဖန်ဆင်း၍ ဖန်ဆင်း၍ မွေ့လျော်ကြကုန်ရာ ဖြစ်သောကြောင့် နိမ္မာရတိတို့ မည်၏။
ပရိနိမ္မိတဝသဝတ္တိ နတ်ဘုံ
ဤဘုံ၌ မိမိ၏ အလိုဆန္ဒကို သိ၍ တစ်ပါးကုန်သော သူတို့သည် ဖန်ဆင်းအပ်သော စည်းစိမ်တို့၌ အလိုကို ဖြစ်စေတတ်ကုန်ရာ ဖြစ်သောကြောင့် ပရနိမ္မိတဝသဝတ္တိ မည်၏။
ကာမသုဂတိဘုံအဖွင့် ပြီးပြီ။
ရူပတစ်ဆယ့်ခြောက်ဘုံ အဖွင့်
ဗြဟ္မာ
ပွားစီးစေတတ် အလွန်မွန်မြတ်လှသော ဈာန်အစရှိသော ဂုဏ်ကျေးဇူးတို့ဖြင့် ပွားစီးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်တတ်ကုန်သောကြောင့် ဗြဟ္မာတို့ မည်ကုန်၏။
ကြီးမြတ် ကုန်သော ဗြဟ္မာတို့ ဖြစ်သောကြောင့် မဟာဗြဟ္မာတို့ဟု ဆိုလိုလျက် မဟာသဒ္ဒါကျေခြင်း ဖြစ်ပေ၏။
ဗြဟ္မ ပါရိသဇ္ဇာ
ပရိသတ်၌ ဖြစ်တတ်သောကြောင့် ပါရိသဇ္ဇတို့ မည်ကုန်၏။
(တစ်နည်းကား) ပရိသတ်တို့၌ ဖြစ်တတ် သောကြောင့် ပါရိသဇ္ဇတို့ မည်ကုန်၏။
အလုပ်အကျွေးဖြစ်သော ဗြဟ္မာတို့တည်း။ ဤသည်ကား အနက်တည်း။
မဟာဗြဟ္မာတို့၏ အလုပ်အကျွေး ဖြစ်သောကြောင့် ဗြဟ္မပါရိသဇ္ဇာတို့ မည်ကြကုန်၏။
ဗြဟ္မ ပုရောဟိတာ
ရှေ့၌ မြင့်မြတ်သော နေရာ၌ တည်တတ်ကုန်သောကြောင့် ပုရောဟိတတို့ မည်ကုန်၏။
မဟာဗြဟ္မာတို့၏ ရှေ့နေ ရှေ့ရပ် (ပုရောဟိတ်)တို့ ဖြစ်သောကြောင့် ဗြဟ္မပုရောဟိတတို့ မည်ကုန်၏။
မဟာဗြဟ္မာ
ကြီးမြတ်ကုန်သော ဗြဟ္မာတို့ ဖြစ်သောကြောင့် မဟာဗြဟ္မာတို့ မည်ကုန်၏။
- ‘စကြဝဠာတစ်ထောင်ကို ကိုယ်ရောင်ဖြင့် လွှမ်းမိုးနိုင်သော ဗြဟ္မာမင်း စကြဝဠာနှစ်ထောင်ကို ကိုယ်ရောင်ဖြင့် လွှမ်းမိုးနိုင်သော ဗြဟ္မာမင်း စကြဝဠာသုံးထောင်ကို ကိုယ်ရောင်ဖြင့် လွှမ်းမိုးနိုင်သော ဗြဟ္မာမင်း၊
ဤသို့ စသည်ဖြင့် သင်္ခါရုပပတ္တိသုတ်၌ လာကုန်သော အစိုးရကုန်သော ဗြဟ္မာတို့တည်း။ ဤသည်ကား အနက်တည်း။
ထိုသုတ်၌ ‘သဟေဿာ ဗြဟ္မာ’ ဟူသည်ကား စကြဝဠာ တစ်ထောင်၌ အစိုးရသော ဗြဟ္မာတည်း၊ ‘ဒွိသဟေဿာ ဗြဟ္မာ’ = စကြဝဠာနှစ်ထောင်တို့၌ အစိုးရသော ဗြဟ္မာတည်း။ ဤသည်ကား အနက်တည်း။
သုံးယောက်လည်း ဖြစ်ကုန်သော ထိုဗြဟ္မာတို့သည် တစ်ခုသော (ပထမဈာန်ဘုံ) အပြင်၌ နေလေ့ရှိကြကုန်၏။
ထိုသုံးယောက်ကုန်သော ဗြဟ္မာတို့တွင် လောက၌ လူများအပေါင်း တို့သည် အသီးအသီး အမျိုးအရိုး နတ်တို့ မည်သည်တို့ကို လုပ်ကျွေးကြကုန်၏။
အချို့သော လူတို့သည် မဟာဒေဝ မည်သော နတ်ကိုလုပ်ကျွေးကြကုန်၏။
အချို့သော လူတို့သည် ဝါသုဒေဝ မည်သော နတ်ကို လုပ်ကျွေးကြ ကုန်၏။
အချို့သော လူတို့သည် မဟေသရ မည်သော နတ်ကို လုပ်ကျွေးကြကုန်၏။
အချို့သော လူတို့သည် ပရမေသွာရ မည်သော နတ်ကို လုပ်ကျွေးကြကုန်၏။
အိမ်စောင့်နတ် ရွာစောင့်နတ် သစ်ပင်စောင့်နတ် စသည်တို့သည် ထိုမဟာဒေဝ နတ်မင်းကြီးတို့၏ အလုပ်ကျွေးတို့သည်သာလျှင် ပြည့်စုံကြကုန်၏။
ထိုစကားရပ်၌ နတ်မင်းကြီးတို့ကဲ့သို့ မဟာဗြဟ္မာတို့ကို မှတ်အပ်ကုန်၏။
အိမ်စောင့်နတ် စသည် တို့ကဲ့သို့ ဗြဟ္မပုရောဟိတ်တို့ကို မှတ်အပ်ကုန်၏။
လူတို့ကဲ့သို့ ဗြဟ္မပါရိသဇ္ဇာတို့ကို မှတ်အပ်ကုန်၏။
ဆက်၍ ဆိုဦးအံ့။ ထိုသုံးမျိုးသော ဗြဟ္မာတို့တွင် အိမ်စောင့်နတ် စသည်တို့သည် နတ်မင်းကြီးတို့ကို မမြင်ရကုန်မူ၍သာလျှင် ဆည်းကပ် ခစားကြရကုန်၏။
လူတို့သည်လည်း ထိုနှစ်ပါးစုံသော နတ်တို့ကို မမြင်ကြကုန်မူ၍သာလျှင် ဆည်းကပ် ခစားကြရကုန်၏။
ဤအတူသာလျှင် ဗြဟ္မပုရောဟိတ်တို့သည် မဟာဗြဟ္မာတို့ကိုလည်း မမြင်ကြရကုန်။
မဟာဗြဟ္မာ တို့၏ နေရာအရပ်ကိုလည်း မသိကြကုန်၏။
ဗြဟ္မာပါရိသဇ္ဇာ တို့သည် နှစ်ပါးကုန်သော ဗြဟ္မပုရောဟိတ မဟာဗြဟ္မာ တို့ကိုလည်း မမြင်ကြကုန်၏။
နှစ်ပါးကုန်သော ဗြဟ္မပုရောဟိတ မဟာဗြဟ္မာတို့၏ နေရာအရပ်ကိုလည်း မသိကြကုန်၏။
အကြင်အခါ၌ကား ရုန့်ရင်း ကြမ်းတမ်းသော ရုပ်အဆင်းကို ဖန်ဆင်း၍ မိမိကိုယ်ကို ပြကြကုန်၏။
ထိုအခါ၌သာလျှင် မြင်ကြရကုန်၏။ အထက်ဖြစ်သော ဘုံတို့၌လည်း ဤနည်းသာလျှင် နည်းရှိ၏။
ဗြဟ္မနိမန္တနသုတ်အဋ္ဌကထာ၌ -
- ဗြဟ္မာတို့၏ ပကတိရုပ်အဆင်းသည် တစ်စုံတစ်ယောက်သော သူအား ထင်ခြင်းသို့ မရောက်နိုင်။
ဟူ၍ အကြင်စကားကို မိန့်ဆိုအပ်၏။
ထိုစကားကို ဗြဟ္မပုရောဟိတာ အစရှိကုန်သော အထက်ဗြဟ္မာတို့၏ ပကတိသော အဆင်းသည် တစ်စုံ တစ်ယောက်သော ဗြဟ္မာပါရိသဇ္ဇာ အစရှိသော ဗြဟ္မာအားလည်းကောင်း၊ နတ်အားလည်းကောင်း၊ လူအားလည်းကောင်း ထင်ခြင်းသို့ မရောက်နိုင်။ ထို့ကြောင့် မိန့်ဆိုအပ်၏။
အောက်၌ ဖြစ်ကုန်သော ဗြဟ္မာတို့၏ကား ပကတိသော အဆင်းသည် အထက်၌ဖြစ်သော ဗြဟ္မာအား ထင်ခြင်းသို့ ရောက်လတ္တံ့သည်သာတည်း။
ထိုစကားသည်သာလျှင် မှန်လှစွာ၏။ ဇနဝသဘသုတ်အဋ္ဌကထာ၌-
- မှန်လှစွာ၏။ အောက်အောက်၌ ဖြစ်ကုန်သော နတ်တို့သည် အထက်အထက် ဖြစ်ကုန်သော နတ်တို့၏ ရုန့်ရင်း ကြမ်းတမ်းသော ရုပ်အဆင်းကို ပြု၍ ဖန်ဆင်းအပ်သည်သာလျှင် ဖြစ်သော အတ္တဘောကို မြင်ခြင်းငှါ စွမ်းနိုင်ကြကုန်၏။
ဟူ၍ မိန့်ဆိုအပ်၏။
ပရိတ္တာဘာ ဗြဟ္မာ
ထိုဗြဟ္မာတို့တွင် ဒုတိယဈာန်ဘုံ အပြင်၌ ပရိတ္တာဘာ ဟူသည်ကား ဗြဟ္မပါရိသဇ္ဇဗြဟ္မာ တို့သည်သာလျှင်တည်း။
အပ္ပမာဏာဘာ ဗြဟ္မာ
အပ္ပမာဏာဘာ ဟူသည်ကား ဗြဟ္မပုရောဟိတ ဗြဟ္မာတို့သည် သာလျှင်တည်း။
အာသဿရာ ဗြဟ္မာ
အာဘဿရာ ဟူသည်ကား မဟာဗြဟ္မာ တို့သည်သာလျှင်တည်း။
ထိုဒုတိယဘုံ အပြင်၌ အစိုးရသော ဗြဟ္မာတို့သည် သာလျှင်တည်း။ ဤသည်ကား အနက်တည်း။
အောက်အပြင်မှကား အထူးပြုခြင်း အကျိုးငှါ အရောင်၏ အစွမ်းဖြင့် အမည်ကို ယူခြင်း ဖြစ်ပေ၏ဟု မှတ်အပ်၏။
ထိုစကားရပ်၌ ထိုဗြဟ္မာတို့အား သေးငယ်ကုန်သော အရောင်တို့ ရှိကြကုန်သောကြောင့် ပရိတ္တာဘာ တို့ မည်ကုန်၏။
ထိုဗြဟ္မာတို့အား အတိုင်းအရှည် မရှိကုန်သော အရောင်တို့ ရှိကုန်သောကြောင့် အပ္ပဏာဘာတို့ မည်ကုန်၏။
ထိုဗြဟ္မာတို့၌ အရောင်တို့သည် ပြိုးပြိုး ပြက်ပြက် ထွက်ကုန် သောကြောင့် အာဘဿရာတို့ မည်ကုန်၏ဟု သိအပ်၏။
ပရိတ္တသုဘာ ဗြဟ္မာ
တတိယဈာန်ဘုံ အပြင်၌ ပရိတ္တသုဘာ ဟူသည်ကား ဗြဟ္မပါရိသဇ္ဇာ ဗြဟ္မာတို့သည် သာလျှင်တည်း။
အပ္ပမာဏာသုဘာ ဗြဟ္မာ
အပ္ပမာဏာသုဘာ ဟူသည်ကား ဗြဟ္မပုရောဟိတာ ဗြဟ္မာတို့သည် သာလျှင်တည်း။
သုဘတိဏ္ထာ ဗြဟ္မာ
သုတကိဏှာဗြဟ္မာ ဟူသည်ကား မဟာဗြဟ္မာတို့သည် သာလျှင်တည်း။
ထိုတတိယဘုံ အပြင်၌ အစိုးရသော ဗြဟ္မာတို့သည် သာလျှင်တည်း။ ဤကား အနက်တည်း။
ထိုဗြဟ္မာတို့တွင် ‘သုဘာ’ ဟူသည်ကား တစ်ခဲနက် မတုန်မလှုပ် တည်ကုန်သော အရောင် တို့ကိုသာလျှင် ဆိုအပ်ကုန်၏။
ထိုဗြဟ္မာတို့အား နည်းကုန်သော ကောင်းသောအရောင်တို့ ရှိကုန် သောကြောင့် ပရိတ္တာသုဘာတို့ မည်ကုန်၏။
ထိုဗြဟ္မာတို့အား အတိုင်းအရှည် မရှိကုန်သော ကောင်းသော အရောင်တို့ ရှိကုန်သောကြောင့် အပ္ပမာဏာသုဘာတို့ မည်ကုန်၏။
ကောင်းသော အရောင်တို့ဖြင့် ပြွမ်းကုန်သောကြောင့် သုဘကိဏ္ထာတို့ မည်ကုန်၏။
သုဘကိဏှာ ဟူ၍လည်း ရွတ်ဆိုကြကုန်၏။
ထိုဆရာတို့၏ အယူ၌ အ-အက္ခရာ၏ အ-ရဿ အပြုကိုလည်းကောင်း၊ အဆုံးဖြစ်သော ဏ-အက္ခရာ၏ ဟ-အပြုကိုလည်းကောင်း မှတ်အပ်၏။
ဤဒုတိယဈာန်ဘုံ တတိယဈာန်ဘုံ အပြင် နှစ်ခုတို့၌ကား ပကတိသော ကိုယ်ရောင်တို့သည် လွန်ကဲကုန်၏။
ထို့ကြောင့် ထိုကိုယ်ရောင်တို့၏ အစွမ်းအားဖြင့် ‘ပရိတ္တာဘာ’ ဤသို့ အစရှိသော အမည်သည် ပြီးစီး၏။
ဗြဟ္မပါရိသဇ္ဇ ဤသို့ အစရှိသော အမည်သည် မပြီးစီးချေ။
ထိုကြောင့် ဝေရဉ္ဇသုတ်၌-
- ပထမအပြင်၌ နေလေ့ရှိကုန်သော ဗြဟ္မာတို့သည် ဗြဟ္မကာယိက ဒေဝတို့ ဟူ၍ လာကုန်၏။
- ဒုတိယအပြင်၌ နေလေ့ရှိကုန်သော ဗြဟ္မာတို့သည် အာဘာ ဒေဝတို့ ဟူ၍ လာကုန်၏။
- တတိယအပြင်၌ နေလေ့ရှိကုန်သော ဗြဟ္မာတို့သည် သုဘာ ဒေဝတို့ ဟူ၍ လာကုန်၏။
ဝေဟပ္ဖိုလ် ဗြဟ္မာ
စတုတ္ထအပြင်၌ ထိုဗြဟ္မာတို့အား ပြန့်ပြောသော အကျိုး ရှိသောကြောင့် ဝေဟပ္ဖလ = ဝေဟပ္ဖိုလ်တို့ မည်ကုန်၏။ တစ်နည်းကား လှုပ်ရှားခြင်း သဘောရှိကုန်သော သောမနဿဈာန်တို့ဖြင့် ဖြစ်ကုန်သော အောက်ဘုံအပြင် သုံးခုတို့၏ မီးဖျက်ခြင်းစသော အန္တရာယ်ကြောင့် ဘုံအပြင်နှင့်တကွ အာယုကပ် ဆုတ်နစ်သည်၏ လှုပ်ရှားသော ကောင်းမှုအကျိုး ရှိ၏။ မှန်လှစွာ၏။
ထိုအောက်ဘုံ အပြင်တို့၌-
- သုဘကိဏှာဘုံ၌ ဖြစ်ကုန်သော ဗြဟ္မာတို့၏ အသက်အတိုင်း အရှည်သည် မဟာကပ် ခြောက်ဆယ့် လေးကပ်တို့ ဖြစ်ကုန်၏။
ဟူသော အကြင်စကားကို အရှင်အနုရုဒ္ဓါဆရာမိန့်ဆိုအပ်၏။ ထိုစကားကို ထိုစတုတ္ထဘုံအပြင်၌ ကပ်ဦးအစ၌ ဖြစ်ကုန်သော ဗြဟ္မာတို့၏ အစွမ်းအားဖြင့် မိန့်ဆိုအပ်၏။ နောက်၌ဖြစ်ကုန်သော ဗြဟ္မာတို့၏ကား ခြောက်ဆယ့်သုံးကမ္ဘာ ခြောက်ဆယ့်နှစ်ကမ္ဘာ ခြောက်ဆယ့်တစ်ကမ္ဘာ စသည်တို့၏ အစွမ်းဖြင့် လှုပ်ရှားသော ကောင်းမှုအကျိုးရှိ၏ဟု သိအပ်၏။
လှုပ်ရှားခြင်း သဘောမရှိသည့် ဥပေက္ခာဈာန်ဖြင့် ဖြစ်ကြကုန်သော ပုဂ္ဂိုလ်တို့အားကား တစ်စုံတစ်ခုသော အန္တရာယ်ဖြင့် ထိုသို့ သဘောရှိသော လှုပ်ရှားသော ကောင်းမှုအကျိုး မည်သည် မရှိချေ။ ထို့ကြောင့် ဈာန်၏ အစွမ်းသတ္တိ အားလျော်စွာ အထူးသဖြင့် အလွန်ပွားသည့် ကောင်းမှု အကျိုးသည် ဤဘုံ၌ရှိသောကြောင့် ဝေဟပ္ဖလာ = ဝေဟပ္ဖိုလ်တို့ မည်ကုန်၏။
အသညသတ် ဗြဟ္မာ
ထိုဗြဟ္မာတို့အား သညာကို အဦးပြုသဖြင့် ယူအပ်ကုန်သော နာမ်ခန္ဓာလေးပါးတို့ မရှိကြကုန် သောကြောင့် အသညာတို့ မည်ကုန်၏။ သညာ မရှိကုန်သည်တို့လည်း ဖြစ်ကုန်၏။ ထို ‘သညာ မရှိကုန်သည်တို့’ ဟူသည် သတ္တဝါတို့ သည်လည်း ဖြစ်ကုန်၏။ ထို့ကြောင့် အသညသတ္တာတို့ မည်ကုန်၏။
ဆက်၍ ဆိုဦးအံ့။ စိတ် စေတသိက်တို့၏ မရှိသည်၏ အဖြစ်ကြောင့် ထိုဗြဟ္မာတို့ သတ္တဝါမဟုတ်ဟု လျဉ်းပါးဖွယ်၏ အဖြစ်သည် ဖြစ်သင့်၏။ ထို့ကြောင့် သတ္တ-သဒ္ဒါကို ပြုအပ်၏ဟု မှတ်အပ်၏။ နှစ်ပါးလည်း ဖြစ်ကုန်သော ထိုဝေဟပ္ဖိုလ် အသညသတ် ဗြဟ္မာတို့သည် တစ်ခုသော ဘုံအပြင်၌ နေလေ့ရှိကုန်သည်သာလျှင်တည်း။
ဤဝေဟပ္ဖိုလ် အသညသတ်ဘုံတို့၌လည်း ဖြစ်စေတတ်သော ဈာန်၏ အယုတ်အလတ် အမြတ်အဖြစ် တည်းဟူသော အထူး၏ ရှိသည်၏ အဖြစ်ကြောင့် ထိုဈာန် အားလျော်စွာ ဗြဟ္မာတို့၏လည်း ပါရိသဇ္ဇ၏ အဖြစ် ပုရောဟိတ၏ အဖြစ် မဟာဗြဟ္မ၏ အဖြစ် တည်းဟူသော အထူးသည် ဖြစ်သင့်သည်သာလျှင်တည်း။ ထိုသို့ပင် ဖြစ်သင့်သော်လည်း အသက်၏ ထူးသည်၏ အဖြစ်၏လည်းကောင်း၊ အချင်းချင်း မမြင်ခြင်း စသည်တို့၏လည်းကောင်း၊ မရှိသည်၏ အဖြစ် ကြောင့် ပါရိသဇ္ဇ စသည်တို့၏ အစွမ်းဖြင့် ဘုံကို ဝေဖန်ခြင်း မရှိဟူ၍ သိအပ်၏။ အဝိဟာဘုံ စသည်တို့၌လည်း ဤအတူပေတည်း။
သုဒ္ဓါဝါသဘုံ အတိဟာဗြဟ္မာ
ရုန့်ရင်း ကြမ်းတမ်းကုန်သော ကာမရာဂါနုသယ ပဋိဃာနုသယတို့ မရှိသည်၏ အဖြစ်ကြောင့် စင်ကြယ်ကုန်သော အနာဂါမ် ရဟန္တာပုဂ္ဂိုလ်တို့ ၏သာလျှင် နေရာဖြစ်သောကြောင့် သုဒ္ဓါဝါသဘုံတို့ မည်ကုန်၏။ ထိုသုဒ္ဓါဝါသ ငါးဘုံတို့တွင် ပထမဘုံ၌ နေလေ့ရှိကုန်သော ပုဂ္ဂိုလ်တို့သည် အနည်းငယ်သော ကာလဖြင့် မိမိ၏တည်ရာ အရပ်ကို မစွန့်နိုင် ကုန်တတ်သောကြောင့် အဝိဟာတို့ မည်ကုန်၏။
တစ်နည်းကား ရုန့်ရင်း ကြမ်းတမ်းကုန်သော သံယောဇဉ်ငါးခုတို့၏ ပယ်အပ်ပြီးသည်၏ အဖြစ် ကြောင့် ထိုဗြဟ္မာတို့အား စိတ်၏ပင်ပန်းခြင်းသည် သထမ ဝိပဿနာတရားတို့၌ ပျံ့နှံ့ခြင်း မရှိသည်၏ အဖြစ်သို့ ရောက်ခြင်း မရှိသောကြောင့် အဝိဟာ မည်ကုန်၏။
အတပ္ပါ ဗြဟ္မာ
ဒုတိယဘုံ၌ နေကုန်သော ဗြဟ္မာတို့သည် တစ်စုံတစ်ခုသော စိတ်၏ပူပန်ခြင်းဖြင့် မပူပန်တတ် သောကြောင့် အတပ္ပါတို့ မည်ကုန်၏။
သုဒဿာ ဗြဟ္မာ
တတိယဘုံအပြင်၌ နေလေ့ရှိကြကုန်သော ဗြဟ္မာတို့သည် စင်ကြယ်သောကုန်သော ပသာဒစက္ခုယ ဒိဗ္ဗစက္ခု ဓမ္မစက္ခု ပညာစက္ခုတို့နှင့် ပြည့်စုံသည်၏ အဖြစ်ကြောင့် ကောင်းစွာ မြင်ကြရ ကုန်သောကြောင့် သုဒဿာတို့ မည်ကုန်၏။
သုဒဿီ ဗြဟ္မာ
စတုတ္ထဘုံ အပြင်၌ နေလေ့ရှိကြကုန်သော ဗြဟ္မာတို့သည်ကား ထိုသုဒဿာဗြဟ္မာတို့ထက် အလွန်အကဲ အားဖြင့် ကောင်းစွာ မြင်သည်၏ အဖြစ်နှင့် ပြည့်စုံကုန်သောကြောင့် သုဒဿီတို့ မည်ကုန်၏။ မှန်လှစွာ၏။ ဤသုဒဿီ ဟူသော ပုဒ်မှ ဤ-အက္ခရာသည် ‘အတိသယတ္ထ = အလွန်အကဲ’ ဟူသော အနက်၌ ဖြစ်၏ဟု မှတ်အပ်၏။
အကနိဋ္ဌ ဗြဟ္မာ
ပဉ္စဘုံအပြင်၌ နေလေ့ရှိကြကုန်သော ဗြဟ္မာတို့သည် မိမိ၏အထက်၌ တစ်ပါးသော ဘုံတစ်ပါး၌ တည်သည့် ရုပ်ရှိသော ဗြဟ္မာမရှိသည်၏ အဖြစ်ကြောင့် ထိုဗြဟ္မာတို့အား ရုပ်ရှိကုန်သော သတ္တဝါတို့၏ အလယ်၌ တစ်စုံတစ်ခုသော ဂုဏ်ဖြင့် ငယ်သည်၏အဖြစ် မရှိသောကြောင့် အကနိဋ္ဌတို့ မည်ကုန်၏။
ရူပ တစ်ဆယ့်ခြောက်ဘုံ အဖွင့် ပြီးပြီ။
အရူပ လေးဘုံ အဖွင့်
အာကာသာနဉ္စာယတနဘူမိ- ဟူသော ဤပါဌ်၌ အကြင်မျှလောက်သော ကောင်းကင်အရပ်၌ ပျံ့နှံ့၍ အာကာသာနဉ္စာယတနဟု မှတ်အပ်ကုန်သော လေးပါးကုန်သော ခန္ဓာတို့သည် ဖြစ်ကြကုန်၏။ ခန္ဓာနှင့် တကွဖြစ်သော ထိုကောင်းကင်အရပ်သည် အာကာသာနဉ္စာယတနဘုံ မည်၏။ ကြွင်းကုန် သော ဘုံတို့၌ ဤနည်းအတူပင်တည်း။
အရူပ လေးဘုံ အဖွင့် ပြီးပြီ။
ဘုံ၌ ပုဂ္ဂိုလ်အရ သင်္ဂဟဂါထာ အဖွင့်
ပုထုဇဉ်ပုဂ္ဂိုလ် တို့ကိုလည်းကောင်း၊ သောတာပန်ပုဂ္ဂိုလ် တို့ကိုလည်းကောင်း၊ သကဒါဂါမ်ပုဂ္ဂိုလ် တို့ကိုလည်းကောင်း သုဒ္ဓါဝါသ ငါးဘုံတို့၌ ခပ်သိမ်းသော အခြင်းအရာအားဖြင့် မရအပ်ကုန်။ ဤသည် ကား ယောဇနာခြင်းပေတည်း။
ဆက်၍ ဆိုဦးအံ့။ ဤဂါထာ၌ သကဒါဂါမ်ပုဂ္ဂိုလ်တို့ကို ပယ်သဖြင့် အနာဂါမိမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်ကိုလည်း ထိုသုဒ္ဓါဝါသငါးဘုံ၌ ပယ်ခြင်းကိစ္စ ပြီးစီးပေ၏။ ထို့ကြောင့် အထက်ဖြစ်ကုန်သည့် အရိယာပုဂ္ဂိုလ် သုံးယောက်တို့၏သာလျှင် ထိုသုဒ္ဓါဝါသ ငါးဘုံ၌ ရခြင်းကို ဤဂါထာဖြင့် မိန့်ဆိုအပ်၏ဟု သိအပ် သိထိုက်၏။
သေသဌာနေသု - ဟူသည်ကား သုဒ္ဓါဝါသ ငါးဘုံမှလည်းကောင်း၊ အသညသတ်ဘုံ အပါယ်လေးဘုံ မှလည်းကောင်း ကြွင်းကုန်သော နှစ်ဆယ့်တစ်ပါးသော ဘုံတို့၌-
အနရိယာ - ဟူသည်ကား ပုထုဇဉ်ပုဂ္ဂိုလ်တို့တည်း။ ။ ဘူမိစတုက္ကသည် ပြီးပြီ။
ဘူမိစတုက္က အဖွင့် ပြီးပြီ။
ပဋိသန္ဓေစတုက္က အဖွင့်
အပါယ်ပဋိသန္ဓေ တစ်ပါး
သြက္ကန္တိက္ခဏေ - ဟူသည်ကား ပဋိသန္ဓေခဏ၌-။ မှန်လှစွာ၏။ ပဋိသန္ဓေသည် ဘဝတစ်ပါး၌ သက်ဝင်ခြင်းတည်း။ ဤသို့သော အနက်ကြောင့် ‘သြက္ကန္တိ’ ဟူ၍ မိန့်ဆိုအပ်၏။ ထိုပဋိသန္ဓေအခါမှ နောက်၌ ဘဝင်သည် ဖြစ်၍၊ ဤသည်လျှင် ယောဇနာခြင်းတည်း။ အချို့သော ကေစိဆရာ တို့သည် ကား ‘ဘဝင်္ဂပရိယောသာနေ’ ဟူ၍ ရွတ်ဆိုကြကုန်၏။ ထိုသို့ ရွတ်ဆိုခြင်းသည် မသင့် သည်သာတည်း။
သုဂတိအတိတ် ပဋိသန္ဓေ တစ်ပါး
ပဋိသန္ဓေအားဖြင့် ကန်းသောသူသည် ဇစ္စန္ဓ မည်၏။ အာဒိ-သဒ္ဒါဖြင့် ပဋိသန္ဓေအားဖြင့် နားပင်း သောသူ ပဋိသန္ဓေအားဖြင့် နှာခေါင်းအကြည် ချို့တဲ့သောသူ ပဋိသန္ဓေအားဖြင့် အ-သောသူ ပဋိသန္ဓေအားဖြင့် မိုက်သောသူ ပဋိသန္ဓေအားဖြင့် ရူးသောသူ ပဏ္ဍုက် ဥဘတောဗျည်း နပုန်း မန်းစွဲသောသူ စသည်တို့ကို ပေါင်းရုံး သိမ်းယူ၏။
ထိုပုဂ္ဂိုလ်တို့တွင်-
- အကြင်ပုဂ္ဂိုလ်အား စက္ခုပသာဒကို ဖြစ်စေခြင်းငှါ မစွမ်းနိုင်သောကံကြောင့် ပဋိသန္ဓေကို ရအပ်၏။ ထိုပုဂ္ဂိုလ်သည် ‘ဇစ္စန္ဓ = ဝမ်းတွင်းကန်း’ မည်၏။ ကြွင်းသော ဇာတိဗဓိရ စသည့် ပုဂ္ဂိုလ်တို့၌လည်း ဤနည်းသာလျှင် နည်းရှိပေ၏။
- ထိုစကားရပ်၌ သောတပသာဒမှ ကင်းသော ပုဂ္ဂိုလ်သည် ‘ဇာတိဗဓိရ = ဝမ်းတွင်းပင်း’ မည်၏။
- ဃာနပသာဒမှ ကင်းသော ပုဂ္ဂိုလ်သည် ‘ဇစ္စဃာနက’ မည်၏။
- ဇိဝှါပသာဒမှ ကင်းသော ပုဂ္ဂိုလ်မည်သည် မရှိချေ။ စကားပြောတတ်မှုမှ ကင်းသော ပုဂ္ဂိုလ်သည် ‘ဇာတိမူဂ’ မည်၏။
- တူရူအရပ် အထောင့်အရပ်မျှကိုလည်း သိစေခြင်းငှါ မစွမ်းနိုင်သော ပုဂ္ဂိုလ်သည် ‘ဇာတိဧဠ = ဝမ်းတွင်းမှ နုံ့နအ-ဖျင်းသူ’ မည်၏။
- အလုံးစုံသော ကာလပတ်လုံးလည်း ဖောက်ပြန်သော စိတ်ရှိသော ပုဂ္ဂိုလ်သည် ‘ဇစ္စုမ္မတ္တက = ဝမ်းတွင်းရူး’ မည်၏။
- ကာမဂုဏ် တည်းဟူသော အကြောင်းကြောင့် ပန်းစုတ်ခြင်း စသည်တို့၏ အဖြစ်ဖြင့် ဖောက်ပြန်ခြင်းသို့ ရောက်သော ပုဂ္ဂိုလ်သည် ‘ပဏ္ဍက = ပဏ္ဍုက်’ မည်၏။
- နှစ်ခုကုန်သော ယောက်ျားနိမိတ် မိန်းမနိမိတ်တို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ‘ဥဘတောဗျည်း’ မည်၏။
- ဣတ္ထိဘာဝရုပ် ပုမ္ဘာဝရုပ် ဟူသော ဘာဝရုပ် နှစ်ခုတို့၏ အပေါင်းမှ ကင်းသော ပုဂ္ဂိုလ်သည် ‘နပုန်း’ မည်၏။
- ပြကတေ့သော စကား၌လည်း တစ်လုံး တစ်လုံးသော အက္ခရာကို များစွာအားထုတ်ခြင်းဖြင့် ဖြစ်စေရသည့် ဖောက်ပြန်သော စကားရှိသော ပုဂ္ဂိုလ်သည် ‘မမ္မ = မန်းစွဲသောပုဂ္ဂိုလ်’ မည်၏။
ဆက်၍ ဆိုဦးအံ့။ ဤစကားရပ်၌ မျက်စိကို ဖြစ်စေခြင်းငှါ စွမ်းနိုင်သော ကံကြောင့် ရအပ်သော ပဋိသန္ဓေရှိသော ပုဂ္ဂိုလ်အား ပဝတ္တိအခါ၌ ထိုပဋိသန္ဓေကို ဖြစ်စေတတ်သော ကံသည် လည်းကောင်း၊ ထိုကံမှ တစ်ပါးသော ပဝတ္တိအကျိုးကို ဖြစ်စေတတ်သော ကံသည် လည်းကောင်း၊ စက္ခုပသာဒကို ဖြစ်စေ၏။ မစွမ်းနိုင်သော ကံကြောင့် ရအပ်ပြီးသော ပဋိသန္ဓေရှိသော ၀တ္ထု ပျက်စီးသော ပုဂ္ဂိုလ်အား ပဝတ္တိအခါ၌ တစ်ပါးလည်းဖြစ်သော ကံသည် စက္ခုပသာဒကို ဖြစ်စေ၏။ ဤသို့သော အဆိုသည် မရှိချေ။ ထို့ကြောင့် အမိဝမ်း၌ ကိန်းကုန်သော ပုဂ္ဂိုလ်တို့ အားလည်း ‘ဇစ္စန္ဓ = ဝမ်းတွင်းကန်း’၏ အဖြစ်သည် ပဋိသန္ဓေခဏ၌ သာလျှင် ပြီးစီး၏ဟု သိအပ်၏။ ကြွင်းကုန်သော ‘ဇာတိဗဓိရ = ဝမ်းတွင်းပင်း’ အစရှိကုန်သော ပုဂ္ဂိုလ်တို့၌ ဤနည်းသာလျှင် နည်းရှိ၏။
- အာယတနတို့၏ ရခြင်းကို ဇာတိဟု ဆိုအပ်၏။
ဟူ၍ ဝိဘင်းပါဠိတော်၌ ဆိုအပ်သည်၏ အဖြစ်ကြောင့် စက္ခုပသာဒ၏ ဖြစ်ခြင်းငှါ ထိုက်သော ကာလသည် စက္ခုပသာဒ၏ ဇာတိကာလ မည်၏။ ထိုအခါ၌ မဖြစ်သော စက္ခုပသာဒ ရှိသည့် ပုဂ္ဂိုလ်သည် ဇစ္စန္ဓ မည်၏။ ဤသို့ မိမိ မိမိ၏ ဖြစ်ခြင်းငှါ ထိုက်သောကာလ၏ အစွမ်းဖြင့် ထိုထို အာယတန၏ ဇာတိကာလကို သိအပ်၏။ မှန်လှစွာ၏။ ဤသို့ ဖြစ်သည်ရှိသော် ဇာတိမူဂ အစရှိသည်တို့ည်လည်း ပြည့်စုံကုန်၏။ ဤသို့လည်း ဆိုကြကုန်၏။ ဋီကာကျော်၌လည်း ဤသို့သော အနက်ကို ထင်စွာ ပြအပ်၏ဟု မှတ်အပ်၏။
၁၅၆။ ဋီကာကျော် (နှာ- ၁၆၅) ၌ကား-
အပရေဆရာ တို့သည်ကား ဇစ္စန္ဓ ဟူသည်ကား အမိဝမ်း၌ပင်လျှင် ကန်းသောသူတည်း။ အမိ ဝမ်းတွင်း၌ ကန်းသည်ဖြစ်၍ ဖွားသော သူတည်း။ ဤသို့သော အနက်ကို မှတ်အပ်၏။ ထိုဇစ္စန္ဓ ဟူသော ပါဌ်ဖြင့် ဒွိဟိတ်ပုဂ္ဂိုလ် တိဟိတ်ပုဂ္ဂိုလ်တို့အား အမိဝမ်းတွင်း၌ စက္ခုန္ဒြေ၏ မချို့ဟူသော အဓိပ္ပါယ်သည် ပြီးပြည့်စုံ၏ဟု ဆိုကြကုန်၏။
ဟူသော စကားကို မိန့်ဆို၏။ ထိုစကားသည် မသင့်လျော်ချေ။ အဘယ့်ကြောင့်နည်း ဟူမူကား- လောက၌ အမိဝမ်းတွင်း၌သာလျှင် ကန်းသည် ဖြစ်၍ မွေးဖွားသည်လည်းဖြစ်သော အချို့သော ပုဂ္ဂိုလ်အား ထိုထို အတတ်ပညာ အရာဌာနတို့၌ ပညာထက်သန်သည်၏ အဖြစ်ကို မြင်အပ်သည်၏ အဖြစ်ကြောင့်ပေတည်း။
ချဲ့၍ ဆိုပေဦးအံ့။ ဘုရားအလောင်းတော်ကြီးတို့ကို လည်းကောင်း၊ တစ်ပါးကုန်သော ပစ္ဆိမဘဝိက၌ ဖြစ်ကုန်သည့် သတ္တဝါတို့ကိုလည်းကောင်း ချန်ထား၍ ကြွင်းကုန်သော ဒွိဟိတ်ပုဂ္ဂိုလ် တိဟိတ် ပုဂ္ဂိုလ်တို့ အားလည်း အမိ၏ဝမ်း၌ သူတစ်ပါး၏ လုံ့လကြောင့်လည်းကောင်း၊ အမိ၏ မညီ မညွတ်သော ပယောဂကြောင့် လည်းကောင်း၊ အထူးထူးသော အနာကြောင့်လည်းကောင်း ဖြစ်ပြီး သည်လည်း ဖြစ်ကုန်သော စက္ခုပသာဒ- သောတပသာဒတို့၏ ပျက်စီးခြင်းမည်သည် မရှိဟု မှတ်သား ပိုင်းခြားခြင်းငှါ မတတ်ကောင်းချေ။ ဤသို့ သိအပ်၏။
ဘုမ္မဇိုဝ်းနတ်
ဘုမ္မဿိကာနဉ္စ ဝိနိပါတိကာသုရာနံ- ဟူသော ဤပုဒ်၌ မြေ၌ ဖြစ်ကုန်သောကြောင့် ‘ဘုမ္မ’တို့ မည်ကုန်၏။ မြေနှင့်စပ်ကုန်သော သစ်ပင်၌တည်သော ဗိမာန် တောင်၌တည်သော ဗိမာန်တို့၌ ဖြစ်ကုန်သော ကြီးသောတန်ခိုး ရှိကြသည့် အာဠာဝက သာတာဂိရိ ဟေမာဝတ အစရှိကုန်သော ဘုမ္မဇိုဝ်းနတ်တို့ကို ရအပ်ကုန်၏။
အကြင် ဘုမ္မဇိုဝ်းနတ်သည်ကား ဘုမ္မဇိုဝ်းနတ်မျိုးတို့ ဖြစ်ကုန်ငြားသော်လည်း မိမိ၏မကောင်းမှု ကြောင့် ဖြစ်သော တစ်စုံတစ်ခုသော စည်းစိမ်ချမ်းသာ၏ မရှိခြင်းကြောင့် ငြိုငြင်သော အသက်မွေး ခြင်းသို့ ရောက်ကြကုန်သည် ဖြစ်၍ လှည့်လည်ကြရကုန်၏။ ထိုဘုမ္မဇိုဝ်းနတ်တို့သည် တန်ခိုးကြီးကြ ကုန်သည့် ထိုဘုမ္မဇိုဝ်းနတ်တို့၏ အဆက်ဆက်သော ပရိသတ်တို့၌ အကျုံးဝင်သည်၏ အဖြစ်ကြောင့် ဘုမ္မဇိုဝ်းနတ်တို့ကိုမှီ၍ နေကြရကုန်၏။ ဤသို့သော အနက်ကြောင့် ဘုမ္မဿိတှု ဘုမ္မဇိုဝ်းတို့ မည်ကုန်၏။ ဘုမ္မဿိတာ ဟူ၍လည်း ပါဠိတစ်မျိုး ရှိသေး၏။ ဘုန်းကံကြောင့်ဖြစ်သည့် နေရာ အရပ်၌ မရှိခြင်းကြောင့် သစ်ပင် တော ချုံ လိုဏ် ဂူ သုဿာန် အစရှိကုန်သော ဆိတ်ငြိမ်ကုန်သည့် မြေအရပ်တို့၌ မှီ၍ နေတတ်ကြကုန်၏။ ဤသည်ကား အနက်တည်း။
ဝိနိပါတိက အသုရာ
ထို ဘုမ္မဇိုဝ်းနတ်တို့သည်သာလျှင် ဖောက်ပြန်ကုန်သည် ဖြစ်ကုန်၍ ဘဝတစ်ပါး၌ ကျတတ် ကုန်သောကြောင့် ဝိနိပါတိကတို့ မည်ကုန်၏။ ဖောက်ပြန်၍ ကျကုန်သည်တို့လည်း ဖြစ်ကုန်၏။ ထိုဖောက်ပြန်၍ ကျကုန်သည်တို့ ဟူသည်လည်း အောက်၌ ဆိုအပ်ခဲ့ပြီးသော အနက်ကြောင့် အသုရာတို့လည်း မည်ကုန်၏။ ထို့ကြောင့် ဝိနိပါတိကအသုရာတို့ မည်ကုန်၏။
ထိုဝိနိပါတိကအသုရာ တို့သည်ကား ရွာ၏အနီး၌ လည်းကောင်း၊ ရွာတွင်း၌ လည်းကောင်း၊ ဆိတ်ငြိမ်ရာ အရပ်တို့၌နေ၍ ရွာ၌ နေကုန်သော လူတို့သည် စွန့်ပစ်အပ်ကုန်သော ထမင်းလုံး မုန့် ခဲဘွယ် ငါး အမဲ အစရှိသည်တို့ကို ရှာမှီး၍သော်လည်းကောင်း၊ ထို ၀တ္ထုတို့ကို မရသည်ရှိသော သူငယ်တို့ကို လည်းကောင်း၊ နာသောသူတို့ကို လည်းကောင်း၊ နှိပ်စက်၍သော် လည်းကောင်း၊ စွမ်းနိုင်သည်ရှိသော်ကား တစ်ပါးကုန်သော လူတို့ကို ခြောက်ခြိမ်း၍သော်လည်းကောင်း နှိပ်စက်၍ သော်လည်းကောင်း အသက်မွေးကြကုန်၏ဟု သိအပ်၏။ ထို ဝိနိပါတိကအသုရာတို့တွင် အချို့ ကုန်သော ဝိနိပါတိကအသုရာတို့အား- ဟုသာလျှင် အလိုရှိအပ်သည်တည်း။
မှန်လှစွာ၏။ အလုံးစုံကုန်သော ဝိနိပါတိကအသုရာတို့ မည်သည် အဟိတ်တို့သည်သာတည်း။ ဤသို့ ဆိုခြင်းငှါ မတတ်ကောင်းကုန်။ အဘယ်ကြောင့်နည်း ဟူမူကား- ဒွိဟိတ် တိဟိတ် တို့၏လည်း ထင်ရှား ရှိသည်၏ အဖြစ်ကြောင့်တည်း။ ဤသို့သော အကြောင်းကြောင့် အချို့ကုန်သော ပိယင်္ကရမာတာ မည်သော တစ္ဆေမ၊ ဥတ္တရမာတာ မည်သော တစ္ဆေမ၊ ဓမ္မဂုတ္တာ မည်သော တစ္ဆေမ၊ ဖုဿမိတ္တာ မည်သော တစ္ဆေမ အစရှိကုန်သော ထိုဝိနိပါတိက အသုရာမျိုးတို့အား သစ္စာလေးပါး တရား သိခြင်းကိုလည်း အဋ္ဌကထာတို့၌ မိန့်ဆိုအပ်၏။ ဤသို့ မှတ်အပ်၏။
အချို့ကုန်သော ထိုထိုကျွန်းငယ်တို့၌ မြို့ရွာ တည်ထောင်နေကြသော ဘီလူးမျိုး၊ ထိုထိုတောကြီး မြိုင်ကြီး ဝါဠယက္ခကန္တာရကြီးတို့၌ မြို့ရွာ တည်ထောင်နေကြသော ဘီလူးမျိုးတို့ကို လည်းကောင်း၊ သမုဒ္ဒရာရေထဲ၌ နေသော ရေစောင့် ရက္ခိုသ်ဘီလူးမျိုး၊ ထိုထိုတောကြီး မြိုင်ကြီးတွင်း ရှိသည့် ရေအိုင်ကြီးအတွင်း၌နေသော ရက္ခိုသ်ဘီလူးမျိုး တို့ကိုလည်းကောင်း၊ ဝေမာတိကပြိတ္တာ တို့ကို လည်းကောင်း၊ ပရဒတ္ထူမဇီဝိပြိတ္တာတို့ကို လည်းကောင်း ဤ‘ဝိနိပါတိကအသုရာနံ’ ဟူသော ပုဒ်၌ ရေတွက်အပ်ကုန်၏ဟု မှတ်အပ်ကုန်၏။
သက်တမ်း မမြဲသူများ
တေသု- ဟူသည်ကား အကြင် အကြင်ဆိုအပ်ခဲ့ပြီးသော ပဋိသန္ဓေနှင့် ယှဉ်ကုန်သော ပုဂ္ဂိုလ်တို့တွင်-၊အကြင့်ကြောင့် အသက်အပိုင်းအခြား မည်သည်ကား တစ်ခုသော (ဘုံ၌ အကျုံးဝင်ကုန်သော) ခပ်သိမ်းသော သတ္တဝါတို့အား အကြွင်းအကျန် မရှိသည့် ဆက်ဆံသော မြဲသော အပိုင်းအခြား၏ အစွမ်း၏ ဖြစ်၏။ အပါယ်ပုဂ္ဂိုလ်တို့အား လည်းကောင်း၊ လူတို့အား လည်းကောင်း၊ ဘုမ္မဇိုဝ်းနတ် တို့အား လည်းကောင်း ထိုသဘောရှိသော မြဲသော အပိုင်းအခြားမည်သည် မရှိချေ။
မှန်လှစွာ၏။ အလုံးစုံသော စကြဝဠာ၌ အကျုံးဝင်ကုန်သော အလုံးစုံသော ငရဲသားတို့သည် တစ်ခုသော အသက်အပိုင်းအခြား ရှိကုန်သည် မဖြစ်ကြကုန်။ တိရစ္ဆာန် အစရှိသည်တို့၌လည်း ဤနည်းသာလျှင် နည်းရှိပေ၏။ ထို့ကြောင့် ‘စတုန္နံ အပါယာနံ’ စသော စကားကို မိန့်ဆိုအပ်ပေ၏။
အပါယ်လေးဘုံ၌ ဖြစ်ကုန်သော ပုဂ္ဂိုလ်တို့၏ အသက် အပိုင်းအခြားကို ရေတွက်ခြင်း၏ အမှတ် အသား မရှိချေ။ အဘယ့်ကြောင့်နည်း ဟူမူကား- ထိုအပါယ်ဘုံ၌ များသောအားဖြင့် ကံသာလျှင် ပမာဏ ရှိသည်၏ အဖြစ်ကြောင့်တည်း။ ထိုအပါယ်ဘုံ၌ ငရဲဘုံတို့၌ အဗ္ဗုဒအစ ရှိကုန်သော ငရဲဆယ်ထပ်တို့အား မြတ်စွာဘုရားသည် (ဟောတော်မူအပ်ကုန်သော အသက် အပိုင်းအခြားသည်) လည်း ထိုထို အဗ္ဗုဒငရဲ စသည်တို့၌ ဖြစ်စေတတ်သော ကံဖြင့်သာလျှင် ပြီးစီး၏ဟု သိအပ်၏။
မနုဿာနံ-ဟူသော ပါဌ်ကို ဇမ္ဗူဒိပ်ကျွန်း၌ နေကုန်သော သူတို့၏ အစွမ်းဖြင့် ဆိုအပ်၏ဟု ရှေးဆရာတို့ ဆိုကြကုန်၏။ မှန်လှစွာ၏။ ထိုဇမ္ဗူဒိပ်ကျွန်း၌ နေကုန်သော သူတို့၏သာလျှင် အာယုကပ် = အသက်တန်း၏ တက်ခြင်းသည်လည်းကောင်း၊ ဆုတ်ခြင်းသည်လည်းကောင်း ရှိ၏။ ဤမှ တစ်ပါးသော ကျွန်းသုံးကျွန်း၌ နေကုန်သော သူတို့အား အာယုကပ်၏ တက်ခြင်းသည် လည်းကောင်း၊ ဆုတ်ခြင်းသည်လည်းကောင်း မရှိချေ။
မှန်လှစွာ၏။ ထိုဇမ္ဗူဒိပ်ကျွန်းမှ တစ်ပါးသော ကျွန်းသုံးကျွန်းသူတို့တွင် ဥတ္တရကုရု = မြောက်ကျွန်း၌ နေထိုင်ကုန်သော သူတို့အား အမြဲအားဖြင့် သက်တမ်း အနှစ်တစ်ထောင် ဖြစ်၏။ ဤမှတစ်ပါး ကုန်သော ကျွန်းနှစ်ကျွန်း၌ နေကုန်သော သူတို့အား အနှစ်ငါးရာတို့ ဖြစ်ကြကုန်၏။ ဤသို့လည်း ဆိုကြကုန်၏။
ထိုသို့ ဖြစ်သည်ရှိသော် ထိုကျွန်းတွင် ကမ္ဘာဦး၌ဖြစ်ကုန်သော သူတို့၏လည်း ထိုအသက် အပိုင်းအခြားသည်သာလျှင် ရောက်ခဲ့ရာ၏။ စင်စစ်သော်ကား- ဇမ္ဗူဒိပ်ကျွန်းသူတို့၏ ညီညွတ်သော အကျင့်၊ မညီညွတ်သော အကျင့်၏ အကျိုးဆက်ဖြစ်၍ ဖြစ်ကုန်သော၊ လ နေ နက္ခတ် စသည်တို့၏ ညီညွတ်သော သွားခြင်း၊ မညီညွတ်သော သွားခြင်းလျှင် အရင်းရှိကုန်သော၊ ဥတု အာဟာရတို့၏ သမ္ပတ္တိ ဝိပတ္တိတို့သည် ထိုကျွန်းသူ ကျွန်းသားတို့အားလည်း ဆက်ဆံကုန်သည်သာလျှင်တည်း။ ထို့ကြောင့် ထိုကျွန်း၌ နေကုန်သော သူတို့၌လည်း အသက် အပိုင်းအခြားတို့၏ တက်ခြင်းသည် လည်းကောင်း၊ ဆုတ်ခြင်းသည်လည်းကောင်း မရှိချေဟု မဆိုအပ် မဆိုသင့်ပေ။ အကျိုးဆက်မျှ၏ အဖြစ်ကြောင့် ဇမ္ဗူဒိပ်နေကုန်သော သူတို့၏ အလားနှင့်တူသော အလားရှိကုန်သည် မဟုတ်ကုန်။ ဤသို့ကား ဆိုအပ် ဆိုသင့် ဆိုထိုက်၏။
ထိုစကားသည် မှန်လှစွာ၏။ အင်္ဂုတ္တိုရ်ပါဠိတော်၌-
- မြောက်ကျွန်းသူ မြောက်ကျွန်းသား လူအများတို့သည် ငါ့ဟာ ငါ့ဥစ္စာဟု မြတ်နိုးခြင်း မရှိကြကုန်။ သိမ်းဆည်းခြင်း မရှိကြကုန်။ ကြွင်းကျန် ဆုတ်ယုတ်သော သက်တမ်းဖြင့် မြဲသော သက်တမ်း ရှိကြကုန်၏။
ဟူ၍ ဟောတော်မူအပ်၏။ ထိုပါဠိတော်၌ ‘အဝသေသာယုနာ = ကြွင်းကျန်သော သက်တမ်းဖြင့်’ ဟူသည်ကား- အသင်္ချေယျတမ်းမှ သက်ဆင်း ဆုတ်ယုတ် လျှောကျ၍ အမြဲတည်သော နှစ်ပေါင်း တစ်ထောင် သက်တမ်းဖြင့်-၊ ဤသည်ကား အနက်တည်းဟု သိအပ်၏။
[မြန်မာပြန်ဆရာ၏အမှာ - ဤအင်္ဂုတ္တရပါဠိတော်၌ ဆဋ္ဌမူတွင်-
- ‘အမမာ အပရိဂ္ဂဟာ နိယတာယုကာ ဝိသေသဂုဏာ’ဟု ရှိပါ၏။ ကျေးဇူးရှင်ကြီးတို့၏ ခေတ် ပေ ပရပိုက်မူ စသည်တို့၌ -
- ‘အမမာ အပရိဂ္ဂဟာ နိယတာယုကာ အဝသေသာယုနာ’ဟု ရှိနေပုံရပေသည်။ ယင်းပါဠိတော်၏ အဖွင့်အဋ္ဌကထာ၌ကား - ‘ဝိသေသဂုဏာ’ ပုဒ်ကိုလည်းကောင်း၊ ‘အဝသေသာယုနာ’ ပုဒ်ကိုလည်း ကောင်း ဖွင့်ဆိုခြင်း မရှိခဲ့ချေ။ ထို့ကြောင့် ကျေးဇူးရှင်ကြီးသည် ‘အဝသေသာယုနာ’ ပုဒ်၏အဖွင့်ကို မိမိ၏ ဒီပနီကျမ်း၌ ဖွင့်ပြရှင်းလင်းချက် ထုတ်ခဲ့သည်ဟု မှတ်ပါလေကုန်။]
ဝိနီပါတိကာသုရာနံ- ဟူသော ဤစကားကို နိဒဿနစကားမျှ ဟူ၍ မှတ်အပ်၏။ အဘယ့်ကြောင့် နည်း ဟူမူကား- အလုံးစုံကုန်သော ကြီးသောတန်ခိုး ရှိသည်လည်း ဖြစ်ကုန်သော၊ နည်းသောတန်ခိုး ရှိသည်လည်း ဖြစ်ကုန်သော၊ ဘုမ္မစိုးနတ်တို့ကိုလည်းကောင်း၊ ဝေမာတိကပြိတ္တာ တို့ကိုလည်း ကောင်း၊ ဤအရာ၌ အလိုရှိအပ်သည်၏ အဖြစ်ကြောင့်တည်း။ မှန်လှစွာ၏။ အလုံးစုံလည်း ဖြစ်ကုန်သော ထိုဘုမ္မဇိုဝ်းနတ် ဝေမာတိက နတ်ပြိတ္တာတို့အား ကံသည်သာလျှင် ပမာဏတည်းဟု သိအပ်၏။
စာတုမဟာရာဇ် နတ်သက်တမ်း
စာတုမဟာရာဇိကာနံ ပန ဒေဝါနံ- ဟူသော ဤစကားကို အထက်၌ ဖြစ်ကုန်သော စာတုမဟာရာဇ် တို့ကို ရည်ရွယ်၍ မိန့်ဆိုအပ်၏။
- ဒိဗ္ဗာနိ- ဟူသည်ကား ထိုနတ်ပြည်၌ ပြီးကုန်သော။
- ပဉ္စဝဿသတာနိ-ဟူသော ဤစကားကိုလည်း ယေဘုယျနည်း၏ အစွမ်းအားဖြင့် မိန့်ဆိုအပ်၏ဟု ယူအပ်၏။
အကြင်ကြောင့်လျှင် ကဿပမြတ်စွာဘုရား၏ တပည့်သား ဖြစ်ကုန်သော သောတာပန်နတ်သား တို့သည် ကောင်းကင်၌ တည်ကုန်သော ဗိမာန်တို့၌ ဖြစ်ကုန်၍ နေမိမင်းကြီး ဖြစ်သည်တိုင်အောင် လည်း တည်ကြကုန်၏ဟု ဇာတ်အဋ္ဌကထာ၌ မိန့်ဆိုအပ်ကုန်၏။ ထို့ကြောင့် အချို့ ကုန်သော ကောင်းကင်၌ တည်ကုန်သော နတ်တို့အားလည်း ကံသာလျှင် ပမာဏ ရှိသည်၏ အဖြစ်သည် ပြီးစီး၏ဟု သိအပ်၏။
ဆက်၍ ဆိုဦးအံ့။ ဤစာတုမဟာရာဇ်ဘုံ၌ အဖန်ဖန် ဖြစ်ခြင်းကို မကြံသင့် မကြံထိုက်ချေ။ မှန်လှစွာ၏။ သောတာပန် ပုဂ္ဂိုလ်တို့အား ခုနစ်ကြိမ်ထက် အလွန်ကာမဘုံ၌ ပဋိသန္ဓေမည်သည် မရှိချေ။ ထိုနတ်ဘုံလောက၌ အကြိမ်တစ်ထောင် ဖြစ်ကုန်ငြားသော်လည်း ထိုမျှလောက် နေမိ မင်းကြီး ဖြစ်သောအခါကို ကောင်းစွာရောက်ခြင်းငှါ တတ်လည်း မတတ်ကောင်းသည် သာလျှင် တည်းဟု မှတ်အပ်၏။
- မနုဿဂဏနာယ - ဟူသည်ကား လူတို့၏ အရေအတွက်အားဖြင့် -
မှန်လှစွာ၏။ လူ့လောက၌ အနှစ်ငါးဆယ်တို့သည် စာတုမဟာရာဇ် နတ်ပြည်၌ တစ်ခုသော နတ်၌ဖြစ်သော ညဉ့် နေ့ တစ်ရက် ဖြစ်၏။ ညဉ့် နေ့ ရက်သုံးဆယ်တို့သည် တစ်ခုသော နတ်၌ ဖြစ်သော လ ဖြစ်၏။ (တစ်လ ဖြစ်၏။) တစ်ဆယ့်နှစ်လတို့သည် တစ်ခုသော နတ်၌ဖြစ်သော နှစ် ဖြစ်၏။ (တစ်နှစ် ဖြစ်၏။) ထိုနတ်၌ဖြစ်သော နှစ်ဖြင့် ထိုစာတုမဟာရာဇ် နတ်တို့၌ အနှစ်ငါးရာ တို့သည် လူတို့၏ အရေအတွက်အားဖြင့် အနှစ်ကိုးသန်း ဖြစ်၏ဟု သိအပ်၏။
- တတော - ဟူသည်ကား စာတုမဟာရာဇ်ဘုံ၌ ဖြစ်ကုန်သော နတ်တို့၏ အသက်အပိုင်းအခြား ထက်၊
- စတုဂ္ဂုဏံ- ဟူသည်ကား အသက် အပိုင်းအခြား၏ နှစ်ဆတက်ပွားခြင်း၏လည်းကောင်း၊ နတ်၌ဖြစ်သော ညဉ့်နေ့၏ နှစ်ဆတက်ပွားခြင်း၏လည်းကောင်း၊ အစွမ်းအားဖြင့် လေးပါးကုန်သော အဖို့တို့ဖြင့် ပွားအပ်သော- ဤသည်ကား အနက်တည်း။ ကြွင်းသော နတ်တို့၌လည်း ဤနည်းသာ လျှင် နည်းရှိ၏။
ထိုစကားရပ်၌ အသက်အတိုင်းအရှည်၏ နှစ်ဆတက်ပွားခြင်း မည်သည်ကား အောက်၌ဖြစ်ကုန် သော နတ်တို့၏ အသက် အတိုင်းအရှည်ထက် အထက်၌ ဖြစ်ကုန်သော နတ်တို့၏ အသက် အတိုင်းအရှည်၏ နှစ်ဆ ပွားခြင်းတည်း။ ဤစကားဖြင့် တာဝတိံသာ နတ်တို့၏ နတ်၌ဖြစ်သော အနှစ်တစ်ထောင်သည် အသက် အပိုင်းအခြား ဖြစ်၏။
- ယာမာနတ်တို့၏ နတ်၌ဖြစ်ကုန်သော အနှစ်နှစ်ထောင်တို့သည် အသက် အပိုင်းအခြား ဖြစ်၏。
- တုသိတာနတ်တို့၏ နတ်၌ဖြစ်ကုန်သော အနှစ်လေးထောင်တို့သည် အသက် အပိုင်းအခြား ဖြစ်၏。
- နိမ္မာနရတိနတ်တို့၏ နတ်၌ဖြစ်ကုန်သော အနှစ်ရှစ်ထောင်တို့သည် အသက် အပိုင်းအခြား ဖြစ်၏。
- ဝသဝတ္တီနတ်တို့၏ နတ်၌ဖြစ်ကုန်သော အနှစ်တစ်သောင်း ခြောက်ထောင်တို့သည် အသက် အပိုင်းအခြား ဖြစ်၏။ ဤသို့ ပြီးစီးသည် ဖြစ်ပေ၏။
နတ်၌ဖြစ်သော ညဉ့် နေ့ ၏ နှစ်ဆတက်ပွားခြင်း မည်သည်ကား အောက်၌ ဖြစ်ကုန်သော နတ်တို့၏ ညဉ့် နေ့ ထက် အထက်၌ ဖြစ်ကုန်သော နတ်တို့၏ ညဉ့် နေ့ ၏ နှစ်ဆတက်ပွားခြင်းတည်း။
ဤစကားရပ်ဖြင့် လူ့ဘုံလောက၌ အနှစ်တစ်ရာသည် တာဝတိံသာ၌ တစ်ခုသော နတ်၌ဖြစ်သော ညဉ့် နေ့ (တစ်ရက်) ဖြစ်၏။
လူ့ဘုံလောက၌ အနှစ်နှစ်ရာတို့သည် ယာမာနတ်ပြည်၌ တစ်ခုသော နတ်၌ဖြစ်သော ညဉ့် နေ့ (တစ်ရက်) ဖြစ်၏။
လူ့ဘုံလောက၌ အနှစ်လေးရာတို့သည် တုသိတာနတ်ပြည်၌ တစ်ခုသော နတ်၌ဖြစ်သော ညဉ့် နေ့ (တစ်ရက်) ဖြစ်၏။
လူ့ဘုံလောက၌ အနှစ်ရှစ်ရာတို့သည် နိမ္မာနရတိနတ်ပြည်၌ တစ်ခုသော နတ်၌ဖြစ်သော ညဉ့် နေ့ (တစ်ရက်) ဖြစ်၏။
လူ့ဘုံလောက၌ အနှစ်တစ်ထောင့်ခြောက်ရာတို့သည် ဝသဝတ္တီနတ်ပြည်၌ တစ်ခုသော နတ်၌ ဖြစ်သော ညဉ့် နေ့ (တစ်ရက်) ဖြစ်၏။ ဤသို့ ပြီးစီးသည် ဖြစ်၏။
ညဉ့်နေ့တို့၏လည်း နှစ်ဆတက်ပွားခြင်းသည် ပြီးသည်ရှိသော် လနှစ်တို့၏လည်း နှစ်ဆတက်ပွား သည်၏ အဖြစ်သည် ပြီးစီးသည်သာလျှင်တည်းဟု မှတ်အပ်၏။ ဤသို့ ဖြစ်သည်ရှိသော် အကြင် အကြင် ဆိုအပ်ခဲ့ကုန်ပြီးသော တာဝတိံသာ စသည်တို့၏ နတ်၌ဖြစ်သော အနှစ် တစ်ထောင် စသည် တို့ကိုလည်း မိမိ မိမိ၏ ညဉ့် နေ့ လ နှစ်တို့ဖြင့် သာလျှင် သိအပ်ကုန်၏ဟု ပြီးစီးပေ၏။ ထိုသို့ ဖြစ်သည်ရှိသော် အထက်၌ ဖြစ်ကုန်သော နတ်တို့၏ အသက် အပိုင်းအခြားတို့သည် အောက်၌ ဖြစ်ကုန်သော နတ်တို့၏ အသက် အပိုင်းအခြားထက် လေးဆတက်တို့ ဖြစ်ကုန်၏။ ဤသို့ ပြီးစီး၏။ ထို့ကြောင့် ‘တတော စတုဂ္ဂုဏံ တာဝတိံသာနံ တတော စတုဂ္ဂုဏံ ယာမာနံ’ စသော စကားကို မိန့်ဆိုအပ်၏။
ဆက်၍ ဆိုဦးအံ့။ နတ်တို့၏ အရေအတွက်သည် ထိုအခြင်းအရာအားဖြင့် ပြီးသည်ရှိသော် လူတို့၏ အရေအတွက် အားဖြင့်လည်း လေးဆတက်သည်၏ အဖြစ်သည် ပြီးစီးတော့သည်သာလျှင်တည်း။ ထို့ကြောင့် လူတို့၏ အရေအတွက်အားဖြင့်လည်း အောက်၌ဖြစ်ကုန်သော နတ်တို့၏ အနှစ်ကိုးသန်း အစရှိသည်တို့သည် လေးခုတို့ဖြင့် အဆင့်ဆင့် မြှောက်အပ်ကုန်သည်ရှိသော် အထက်၌ ဖြစ်ကုန်သော နတ်တို့အား သုံးကုဋေ ခြောက်သန်း အစရှိသည်တို့ ဖြစ်ကြကုန်၏။ ထို့ကြောင့် ထိုအလုံးစုံတို့ ကိုလည်း အစအဆုံးကို ပြသည်၏ အစွမ်းဖြင့် ညွှန်ပြတော်မူလိုသည် ဖြစ်၍ ‘နာဝဿတံ’ စသော ဂါထာကို မိန့်ဆိုတော်မူ၏။
နှစ်တို့၏ ကုဋေကိုးရာတို့သည်လည်းကောင်း၊ နှစ်ဆယ့်တစ်ကုဋေတို့သည် လည်းကောင်း၊ ထိုမှတစ်ပါး အနှစ်ခြောက်သန်းတို့သည် လည်းကောင်း၊ ဝသဝတ္တီနတ်တို့၌ အသက် အပိုင်းအခြား သည် ဖြစ်၏။ ဤသည်လျှင် ယောဇနာခြင်းတည်း။
အကြင့်ကြောင့် အတိတက္က ဝိစာရမျှသာဖြစ်သော ဈာန်သည် ရုန့်ရင်း ကြမ်းတမ်းသည့် ဝိတက်ကို လွန်မြောက်ခြင်းကြောင့် ပထမဈာန်ထက် ကောင်းစွာ အားကြီး၏။ ထိုအားကြီးသောကြောင့် သာလျှင် တတိယဈာန် အောက်လည်း အလွန်အားနည်းလွန်းသည်လည်း မဟုတ်ပေ။ ထို့ကြောင့် ထိုအဝိတက္က ဝိစာရမျှသာ ဖြစ်သော ဈာန်သည် တတိယဈာန်နှင့် တစ်ပေါင်းတည်းဖြစ်၍ ညီမျှသော အပြင်ရှိသော ဘုံတစ်ပါး၌ အကျိုးကို ပေးတတ်၏။ ထို့ကြောင့် ‘ဒုတိယဇ္ဈာနဝိပါကံ တတိယဇ္ဈာန- ဝိပါကဉ္စ ဒုတိယဇ္ဈာန ဘူမိယံ’ ဟူ၍ မိန့်ဆိုအပ်၏။
ဆက်၍ ဆိုဦးအံ့။ ထို့ကြောင့်သာလျှင် ဘုံတို့၏တည်ခြင်း အစဉ်သည်လည်း စတုတ္ထဈာန်၏ အစွမ်းဖြင့်သာလျှင် ပြီးစီး၏။ အရှင်အနုရုဒ္ဓါ မထေရ်သည်ကား အောက်စိတ်ပိုင်း၌ ပဉ္စကနည်း၏ အစွမ်းဖြင့်သာလျှင် ဈာန်တို့ကို မိန့်ဆိုအပ်ကုန်၏။ ထို့ကြောင့် ဤဘုံပိုင်း၌လည်း ထိုပဉ္စကနည်း၏ အစွမ်းဖြင့်သာလျှင် ဝိပါက်တို့ကို ယူ၍ ‘စတုတ္ထဇ္ဈာနဝိပါကံ တတိယဇ္ဈာနဘူမိယံ’ အစရှိသော စကားကို မိန့်ဆိုအပ်ပေ၏။
တေသု- ဟူသည်ကား ထိုခြောက်ပါးကုန်သော ပဋိသန္ဓေတို့ဖြင့် ယူအပ်ပြီးသော ပဋိသန္ဓေ ရှိကုန်သော ပုဂ္ဂိုလ်တို့တွင်-
ကပ္ပဿ- ဟူသော ဤစကားကို အသင်္ချေယျ ကပ်ကို ရည်ရွယ်၍ မိန့်ထိုအပ်၏။ မှန်လှစွာ၏။ ကမ္ဘာတို့သည်-
၁။ မဟာကပ်၊
၂။ အသင်္ချေယျကပ်၊
၃။ အန္တရကပ်၊
၄။ အာယုကပ်၊
ဤသို့ လေးပါးအပြား ရှိကုန်၏။
ထိုလေးပါးတို့တွင် အာယုကပ် မည်သည်ကား- ထိုထိုသတ္တဝါတို့၏ ထိုထိုသို့သော အသက်အပိုင်း အခြားကို ဆိုအပ်၏။
အန္တရကပ် မည်သည်ကား- တစ်ခုသော ဝိဝဋ္ဋဌာယီ အသင်္ချေယျကပ်၏ အတွင်း၌ လူတို့၏ အာယုကပ်၏ ယုတ်ခြင်း ပွားခြင်း၏ အစွမ်းဖြင့် ထင်မြင်သော အခြားရှိကုန်သော ခြောက်ဆယ့် လေးကပ် အပြား ရှိကုန်သော ကပ်ငယ်တို့ကို ဆိုအပ်ကုန်၏။ နှစ်ဆယ်အပြား ရှိကုန်သော ကပ်ငယ်တို့ကို ဆိုအပ်ကုန်၏။ ဤသို့ အချို့ကုန်သော ကေစိဆရာတို့ ဆိုကြကုန်၏။ ရှစ်ဆယ်အပြား ရှိကုန်သော ကပ်ငယ်တို့ကို ဆိုအပ်ကုန်၏။ ဤသို့ အချို့ရှိကုန်သော အပရေဆရာတို့ ဆိုကြကုန်၏။ တစ်ဆယ့် လေးကပ် အပြားရှိကုန်သော ကပ်ငယ်တို့ကို ဆိုအပ်ကုန်၏။ ဤသို့ ဗေဒင်ကျမ်းတတ် ဆရာတို့ ဆိုကြကုန်၏။
အကြင် ကပ်ငယ်တို့ကို လောက၌ မနွန္တရကပ်တို့ ဟူ၍ ဆိုအပ်ကုန်၏။ တစ်ယောက် တစ်ယောက်သော မနု အမည်ရှိသော မဟာသမ္မတမင်းဖြင့် မှတ်အပ်ကုန်သော အန္တရကပ်တို့လည်း ဤသို့ ဆိုလိုပေသည်။ အချို့ကုန်သော ကေစိဆရာတို့သည်ကား တစ်ခုသော ဝိဝဋ္ဋဌာယီကပ်၌ မဟာသမ္မတမင်းကို တစ်ယောက်သာလျှင် အလိုရှိကြကုန်၏။
အဖို့တစ်ပါးကို ဆိုဦးအံ့။ အန္တရကပ် ခြောက်ဆယ့်လးကပ်တို့သည် အသင်္ချေယျကပ် တစ်ကပ် မည်၏။ ထို အသင်္ချေယျ ကပ်သည်-
၁။ သံဝဋ္ဋကပ်၊
၂။ သံဝဋ္ဋဌာယီကပ်၊
၃။ ဝိဝဋ္ဋကပ်၊
၄။ ဝိဝဋ္ဋဌာယီယကပ်၊
ဤသို့ လေးပါးအပြား ရှိ၏။ ထိုလေးပါးတို့တွင်-
- ပျက်ဆဲသော ကပ်သည် သံဝဋ္ဋကပ် မည်၏။
- ပျက်မြဲတိုင်းသော အခြင်းအရာအားဖြင့် တည်နေသော ကပ်သည် သံဝဋ္ဋဌာယီကပ် မည်၏။
- ပွားဆဲသော ကပ်သည် ဝိဝဋ္ဋကပ် မည်၏။
- ပွားမြဲတိုင်းသော အခြင်းအရာအားဖြင့် တည်နေသော ကပ်သည် ဝိဝဋ္ဋဌာယီကပ် မည်၏။
ဤသို့ သိအပ်ပေ၏။ ထို အသင်္ချေယျကပ် လေးကပ်တို့သည်ကား မဟာကပ် တစ်ကပ် မည်၏။ ဆက်၍ ဆိုဦးအံ့။ ဤစကားရပ်၌ အလျား တစ်ယူဇနာ၊ အနံ တစ်ယူဇနာ ရှိသည့် မုန်ညင်းဖြူစေ့ အစု သည် အနှစ်တစ်ရာ အနှစ်တစ်ရာကို လွန်သောအခါ၌ တစ်ခု တစ်ခုသော မုန်ညင်းစေ့ကို ပယ်ရှား သဖြင့် ကုန်ငြားသော်လည်း တစ်ခုသော မဟာကပ်သည် ကုန်ခြင်းသို့ မရောက်နိုင်ပေ။ မဟာကပ် သည် ဤမျှ လောက် ရှည်ကြာ၏ဟု သိအပ်၏။
ထိုစကားရပ်၌-
- အကြင်အခါ၌ ကမ္ဘာကြီးသည် မီးဖြင့် ပျက်စီး၏။ ထိုအခါ၌ အာဘဿရာဘုံမှ အောက်တစ်ခွင်ကို မီးသည် လောင်အပ်၏။
- အကြင်အခါ၌ ကမ္ဘာကြီးသည် ရေဖြင့် ပျက်စီး၏။ ထိုအခါ၌ သုဘကိဏှာဘုံမှ အောက်တစ်ခွင်ကို ရေသည် ချေဖျက်အပ်၏။
- အကြင်အခါ၌ ကမ္ဘာကြီးသည် လေဖြင့် ပျက်စီး၏။ ထိုအခါ၌ ဝေဟပ္ဖိုလ်ဘုံမှ အောက်တစ်ခွင်သည် လေဖြင့် ပျက်စီး၏။
ဟူ၍ အဋ္ဌကထာ၌ မိန့်ဆိုအပ်သည်၏ အဖြစ်ကြောင့် ဤလောကသည် အခြားမရှိ ခုနစ်ကြိမ်တို့၌ မီးဖြင့် ပျက်၏။ ရှစ်ကြိမ်မြောက်၌ ရေဖြင့် ပျက်၏။ တစ်ဖန် ခုနစ်ကြိမ်တို့၌ မီးဖြင့် ပျက်၏။ ရှစ်ကြိမ်မြောက်၌ ရေဖြင့် ပျက်၏။ ဤသို့ ရှစ်ခုကုန်သော အဋ္ဌကတို့၏ (ရှစ်ခုရှစ်လီ တို့၏) အစွမ်းဖြင့် ခြောက်ဆယ့်လေးကြိမ်တို့တွင် အဆုံးဖြစ်သော ရေအကြိမ်၌ ရေကို ပယ်၍ လေအကြိမ်သည် ဖြစ်၏။ ဤသို့သော အနက်သည် ပြီးစီး၏။
အဘယ်သို့သော အနက်သည် ပြီးစီးသနည်း ဟူမူကား-
- အာဘဿရဘုံ၌ ဖြစ်ကုန်သော ဗြဟ္မာတို့၏ အသက်အတိုင်း အရှည်သည် မဟာကပ် ရှစ်ကပ်တို့ ဖြစ်ကုန်၏။
ဟူသော အကြင်စကားကို အရှင်အနုရုဒ္ဓါမထေရ်သည် မိန့်ဆိုအပ်၏။
ဤစကားရပ်ဖြင့် ရှစ်ကြိမ်မြောက် ရှစ်ကြိမ်မြောက်၌ ရေဖျက်သော ကမ္ဘာသည် ဖြစ်၏။ အကြား၌ ခုနစ်ကြိမ် ခုနစ်ကြိမ်တို့၌ မီးဖျက်သော ကမ္ဘာတို့ ဖြစ်ကြကုန်၏။ ဤသို့သော အနက်သည် ပြီးစီး၏။
- သုဘကိဏှာဘုံ၌ ဖြစ်ကုန်သော ဗြဟ္မာတို့၏ အသက်အတိုင်း အရှည်သည် မဟာကပ် ခြောက်ဆယ့်လေးကပ်တို့ ဖြစ်ကြကုန်၏။
ဟူသော အကြင်စကားကိုလည်း အရှင်အနုရုဒ္ဓါမထေရ်သည် မိန့်ဆိုအပ်၏။ ဤစကားရပ်ဖြင့် ခြောက်ဆယ့်လေးကြိမ်မြောက် ခြောက်ဆယ့်လေးကြိမ်မြောက် ဖြစ်သော အကြိမ်၌ လေဖျက်သော ကမ္ဘာသည် ဖြစ်၏။ အကြား၌ ခြောက်ဆယ့်သုံးကြိမ်တို့၌ မီးဖျက်သော ကမ္ဘာတို့သည်လည်းကောင်း၊ ရေဖျက်သော ကမ္ဘာတို့သည်လည်းကောင်း ပြီးစီးကုန်ကြ၏ဟု သိအပ်၏။
ထို့ကြောင့် ရှေးဆရာမြတ်တို့သည်-
- ‘‘အာဘဿရဘုံမှ အောက်တစ်ခွင်သည် မီးဖြင့် ပျက်စီး၏။ သုဘကိဏှဘုံမှ အောက်တစ်ခွင်သည် ရေဖြင့် ပျက်စီး၏။
- ဝေဟပ္ဖလာဘုံမှ အောက်တစ်ခွင်သည် လေဖြင့် ပျက်စီး၏။
ဤသို့ ကမ္ဘာလောကကြီးသည် ပျက်စီး၏။
- ခုနစ်ကြိမ် ခုနစ်ကြိမ်တို့၌ မီးဖြင့် ပျက်စီး၏။ ရှစ်ကြိမ် ရှစ်ကြိမ် မြောက်၌ ရေဖြင့် ပျက်စီး၏။ အကြင်အခါ၌ ခြောက်ဆယ့်လေးကြိမ် ပြည့်၏။ ထိုအခါ၌ တစ်ခုသော လေအကြိမ်သည် ဖြစ်ရာ၏။
ဟူ၍ မိန့်ဆိုတော်မူခဲ့ကြကုန်၏။
ဤသို့လျှင် လောကသည် ပျက်စီးသည်ရှိသော် တစ်ခုသော ကပ်၌လည်း ပဌမဈာန်ဘုံသည် မပျက်စီးသည် မည်သည် မရှိတော့ချေ။ ထို့ကြောင့်-
- ဗြဟ္မပါရိသဇ္ဇာဘုံ၌ ဖြစ်ကုန်သော ဗြဟ္မာတို့၏ အသက်အတိုင်း အရှည်သည် အသင်္ချေယျကပ်၏ သုံးပုံတစ်ပုံတည်း။
- ဗြဟ္မပုရောဟိတဘုံ၌ ဖြစ်ကုန်သော ဗြဟ္မာတို့၏ အသက် အတိုင်းအရှည်သည် အသင်္ချေယျကပ်၏ တစ်ကပ်တည်း။
ဤသို့ မိန့်ဆိုသော သင်္ဂဟ ပါဌ်၌ အသင်္ချေယျ ကပ်သည်သာလျှင် ဖြစ်သင့်၏။ မဟာကပ် မဖြစ်သင့်ချေ။ ထို့ကြောင့် ‘ကပ္ပဿ’ဟူသော ဤ သင်္ဂဟကျမ်းလာ စကားကို အသင်္ချေယျ ကပ်ကိုသာလျှင် ရည်ရွယ်၍ မိန့်ဆိုအပ်၏။
အာယုကပ်ကို ရည်ရွယ်၍ မိန့်ဆိုအပ်၏။ ဤသို့လည်း သင့်လျော် လျောက်ပတ်၏။ မှန်လှစွာ၏။ မီးဖျက်သော ကမ္ဘာတို့၌ ပဌမဈာန် အပြင်သည် တည်သည်ရှိသော် အလုံးစုံတို့၏ ရှေးဦးစွာ တည်၏။ ပျက်သည်ရှိသော အလုံးစုံတို့၏ နောက်မှပျက်၏။ ထို့ကြောင့် တည်တံ့သော ကမ္ဘာ၏ နောင် ထက်ဝက်နှင့်လည်းကောင်း၊ ပျက်သောကမ္ဘာ၏ ရှေ့ထက်ဝက်နှင့်လည်းကောင်း တကွတစ်ပါးသော ဝိဝဋ္ဋာဌာယီကပ်ကို ယူ၍ နှစ်ပါးကုန်သော အသင်္ချေယျ ကပ်တို့သည် ထိုပဌမဈာန်အပြင်၌ တစ်ခု သော အာယုကပ် ဖြစ်၏။ ဤသို့ ဆိုခြင်းငှါ ထက်ကောင်းကင်၏ဟု မှတ်အပ်၏။ အဖို့တစ်ပါးကို ဆိုဦးအံ့။ ဒုတိယဘုံ အပြင်မှ စ၍ မဟာကပ်ကိုသာလျှင် ယူအပ်၏။
အနည်းငယ်သော ယုတ်လျော့ခြင်းသည် လည်းကောင်း၊ အပိုအလွန်သည် လည်းကောင်း ရေတွက်ခြင်းငှါ လောက်သည် မဖြစ်ပေ။ ထို့ကြောင့် ကပ်ထက်ဝက်တို့နှင့် တကွ ခုနစ်ကပ်တို့ကို ရည်ရွယ်၍-
- အာဘဿရဘုံ၌ ဖြစ်ကုန်သော ဗြဟ္မာတို့၏ အသက်အတိုင်းအရှည်သည် မဟာကပ် ရှစ်ကပ်တို့တည်း။
ဟူ၍ မိန့်ဆိုအပ်ပေ၏။ စတုသဋ္ဌိကပ္ပါနိ = ခြောက်ဆယ့်လေးကပ်တို့ ဟူသော ဤစကား၌လည်း ဤအတူပေတည်းဟု သိအပ်၏။
အရူပဘုံ အဖွင့်
အာကာသာနဉ္စာယတနဘုံသို့ ကပ်ရောက်တတ်သောကြောင့် အာကာသာနဉ္စာယတနူပဂတို့ မည်ကုန်၏။
ထိုဗြဟ္မာတို့အား-။
အကြင်စိတ်အား တစ်ခုတည်းသာလျှင် ဖြစ်သော အာရုံရှိသောကြောင့် ထို စိတ်သည် ဧကဝိသယ မည်၏။ ဧကဇာတိယံ ဟူသည်ကား တစ်ခုသော ဘဝ၌။
ပဋိသန္ဓေ စတုက္ကသည် ပြီးပြီ။
ပဋိသန္ဓေ စတုက္က အဖွင့်သည် ပြီးဆုံးပြီ။
ကမ္မစတုက္က အဖွင့်
- ဖြစ်စေတတ်သောကြောင့် ဇနကကံ မည်၏။
- ထောက်ပံ့တတ်သောကြောင့် ဥပတ္ထမ္ဘကကံ မည်၏။
- ကပ်၍ နှိပ်စက်တတ်သောကြောင့် ဥပပီဠကကံ မည်၏။
- ကပ်၍ သတ်တတ်သောကြောင့် ဥပဃာတကကံ မည်၏။
ထိုလေးပါးသော ကံတို့တွင် ဇနကကံ မည်သည်ကား-
ပဋိသန္ဓေအခါ ပဝတ္တိအခါတို့၌ ဝိပါက်ခန္ဓာ ကဋတ္တာရုပ်တို့ကို ဖြစ်စေ တတ်သော ကုသိုလ် အကုသိုလ် စေတနာတည်း။ ထိုနှစ်ပါးသော စေတနာတို့တွင် ပဋိသန္ဓေကို ဖြစ်စေတတ်သော စေတနာကို ကမ္မပထသို့ ရောက်သည်ကိုသာလျှင် မှတ်အပ်၏။
အဖို့တစ်ပါးကို ဆိုဦးအံ့။ ပဝတ္တိကို ဖြစ်စေတတ်သော စေတနာကို ကမ္မပထသို့ ရောက်သော် လည်းကောင်း၊ မရောက်သော်လည်းကောင်း၊ ယုတ်သော အပိုင်းအခြားအားဖြင့် ပဉ္စဒွါရ၌ဖြစ်သော ဇော စေတနာကို လည်းကောင်း၊ အိမ်မက်၌ ကုသိုလ် အကုသိုလ် စေတနာကိုလည်းကောင်း မှတ်အပ်၏။
ဥပတ္ထမ္ဘကကံ
ဥပတ္ထမ္ဘကကံ မည်သည်ကား- အကျိုးပေးခြင်းငှါ မရအပ်သော အခွင့်ရှိသည်လည်း ဖြစ်သော၊ အကျိုးပေးခြင်း ရှိသည်လည်း ဖြစ်သော၊ အလုံးစုံလည်း ဖြစ်သော ကုသိုလ် အကုသိုလ် စေတနာ တည်း။ မှန်လှစွာ၏။ ထိုကုသိုလ် အကုသိုလ် စေတနာသည် ပဋိသန္ဓေကို ဖြစ်စေတတ်သည် ဖြစ်ငြားသော်လည်း မိမိ၏အကျိုးပေးသော အလှည့်အကြိမ်မှ ရှေး၌လည်းကောင်း၊ နောက်၌ လည်းကောင်း၊ သဘောတူသော ကံတစ်ပါးကိုလည်းကောင်း၊ ကံကြောင့်ဖြစ်သော ခန္ဓာအစဉ်ကို လည်းကောင်း ထောက်ပံ့လျက် ဖြစ်၏။ ဤသို့ သိအပ်၏။ ဥပမာ အဘယ်သို့နည်း ဟူမူကား- ကျမ်းပြုရန် အားထုတ်ရာ၌ (ကျမ်းပြုဆရာ၏) ရတနာသုံးပါးအား ရှိခိုးသော စေတနာ ကဲ့သို့ ပေတည်းဟု သိအပ်၏။
ဝိသုဒ္ဓိမဂ္ဂ၌ -
- ဥပတ္ထမ္ဘကကံ သည်ကား အကျိုးကို ဖြစ်စေခြင်းငှါ မစွမ်းနိုင် ဟူသော အကြင်စကားကို မိန့်ဆို၏။ ထိုစကားကို မရအပ်သော အကျိုးပေးခြင်း အလှည့်အကြိမ်ရှိသော ကံကို ရည်ရွယ်၍ မိန့်ဆိုအပ်၏ဟု ယူအပ်၏။ မှန်လှစွာ၏။ အကြောင်း၏ ညီညွတ်ခြင်း ရှိလတ်သော် တစ်စုံတစ်ခုသော ကံသည် ပဝတ္တိ အကျိုးကိုမျှလည်း မဖြစ်စေတတ်သည် မည်သည် မရှိချေဟု သိအပ်၏။ ထိုစကားရပ်၌ ကံတစ်ပါးကို ထောက်ပံ့ခြင်း မည်သည်ကား မရအပ်သော အခွင့်ရှိသည့် တစ်ပါးသော ဇနကကံဟောင်းအား အခွင့်ကို ပြုခြင်းပေတည်း။ ထိုအခွင့်ပြုခြင်းသည်ကား သေခါနီးကာ၌ ထင်ရှား၏။ မှန်လှစွာ၏။ ထိုအခါ၌ ကုသိုလ်ဇော စောသည်ရှိသော် တစ်ပါးသော အကုသိုလ်ကံသည် အခွင့်ကို ရ၏။ ဤသို့ သိအပ်၏။
မှန်လှစွာ၏။ ဣတိဝုတ်ပါဠိတော်၌-
- ဤအခါ၌ ဤပုဂ္ဂိုလ်သည် ဘဝတစ်ပါးသို့ ပြောင်းသွားငြားအံ့။ ထိုပုဂ္ဂိုလ်သည် နတ်ပြည်၌ ဖြစ်ရာ၏။ မှန်လှစွာ၏။ ထိုပုဂ္ဂိုလ်၏စိတ်သည် ကြည်ညို၏။
- ဤအခါ၌ ဤပုဂ္ဂိုလ်သည် ဘဝတစ်ပါးသို့ ပြောင်းသွားငြားအံ့။ ထိုပုဂ္ဂိုလ်သည် ငရဲ၌ ဖြစ်ရာ၏။ မှန်လှစွာ၏။ ထိုပုဂ္ဂိုလ်၏ စိတ်သည် ပြစ်မှား၏။
ဟူသော ဤစကားကို မိန့်ဆိုတော်မူအပ်လေပြီ။
ပဝတ္တိကာလ၌လည်း ဤထောက်ပံ့မှုကို များစွာ ရအပ်သည်သာလျှင်တည်း။ ကံကြောင့်ဖြစ်သော ခန္ဓာအစဉ်ကို ထောက်ပံ့ခြင်း မည်သည်ကား တစ်ပါးသော ရအပ်သည့် အခွင့်ရှိသော ကုသိုလ်ကံ ကြောင့်လည်းကောင်း၊ အကုသိုလ်ကံကြောင့်လည်းကောင်း ဖြစ်သော ခန္ဓာအစဉ်၏ အသက် အန္တရာယ်တို့ကို ပယ်ရှား၍ အသက်၏ အဆောက်အအုံတို့ကို ပေါင်းစု၍ အလွန်ရှည်မြင့်စွာ ဖြစ်ခြင်းကို ပြုခြင်းပေတည်း။
ရှင်တော်ဘုရား အဘယ်ကဲ့သို့ ဟောကြားတော်မူသနည်း ဟူမူကား-
- အမြဲမပြတ် အသက်အားဖြင့် ကြီးသောသူ ဂုဏ်အားဖြင့် ကြီးသော သူတို့ကို အရိုအသေ ပြုလေ့ရှိသော ရိုသေစွာ ရှိခိုးလေ့ ချီးမွမ်းလေ့ ရိုသေသောသူအား အသက်ရှည်ခြင်း လည်းကောင်း၊ အဆင်းလှခြင်းလည်းကောင်း၊ ချမ်းသာခြင်း လည်းကောင်း ကောင်းကျိုးကျေးဇူး တို့သည် တိုးတက် ပွားများ ကြကုန်၏။
ဟူ၍ ဟောတော်မူ၏။
ဤအရာ၌ကား ကုသိုလ်သည်လည်း အကုသိုလ်ကံကြောင့်ဖြစ်သော ခန္ဓာအစဉ်ကိုလည်းကောင်း၊ အကုသိုလ်ကံသည်လည်း ကုသိုလ်ကံကြောင့် ဖြစ်သော ခန္ဓာအစဉ်ကိုလည်းကောင်း၊ ထောက်ပံ့တတ် သည် မည်သည် မရှိချေ။ ဤသို့ မဆိုသင့် မဆိုထိုက်ပေ။ မှန်လှစွာ၏။ အကုသိုလ်ကံ ကြောင့် ဖြစ်သည်လည်း ဖြစ်သော ကြီးသော တန်ခိုးရှိကြကုန်သည့် နဂါး ဂဠုန် စသည်တို့၏ ခန္ဓာအစဉ်ကို ပဝတ္တိအခါ၌ ရှေး၌ပြအပ်သော ကုသိုလ်ကံသည် ဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ပွားစီးခြင်းကို ပြုသည် သာလျှင်တည်း။ ထို့အတူ ကုသိုလ်ကံကြောင့် ဖြစ်သည်လည်း ဖြစ်သော အချို့ကုန်သော ဝိနိပါတိက အသုရာ စသည်တို့၏ ခန္ဓာအစဉ်ကို ပဝတ္တိ အခါ၌ ရှေး၌ပြုအပ်သော အကုသိုလ်ကံသည် အလွန် ရှည်မြင့်စွာ ဖြစ်ခြင်းကို ပြုသည်သာလျှင်တည်း။ ဤသို့ သိအပ်၏။
ဥပပီဠကနှင့် ဥပဃာတက ကံနှစ်ပါး
ဥပပီဠကကံ၊ ဥပဃာတကကံတို့ သည်လည်း ဆိုအပ်ခဲ့ပြီးသော အပြားရှိကုန်သော ကုသိုလ် အကုသိုလ် စေတနာတို့သည် သာလျှင်တည်း။ မှန်လှစွာ၏။ ထိုကုသိုလ် အကုသိုလ် စေတနာ သည်လည်း ပဋိသန္ဓေကို ဖြစ်စေတတ်သည်ဖြစ်၍ ဖြစ်ကုန်ငြားသော်လည်း မိမိ၏အကျိုးပေးသည့် အလှည့်အကြိမ်မှ ရှေ့၌လည်းကောင်း၊ နောက်၌လည်းကောင်း၊ အကျိုးပေးသော အလှည့်အကြိမ်ကို ယူသော ကာလ၌လည်းကောင်း၊ ကံတစ်ပါးကိုလည်းကောင်း၊ ကံကြောင့်ဖြစ်သော ခန္ဓာအစဉ်ကို လည်းကောင်း၊ အတိုင်းထက်အလွန် အားနည်းသည်ကို ပြု၍သော်လည်းကောင်း၊ နှိပ်စက်ကုန်လျက် အချင်းခပ်သိမ်းလည်းကောင်း ဖြစ်ကုန်လျက် ဖြစ်ကြကုန်၏။ ဤသို့ သိအပ်၏။
ထိုဥပပီဠကကံ ဥပဃာတကကံ နှစ်ပါးတို့တွင် ရှေးဦးစွာ ဥပပီဠကကံ၌ ကံတစ်ပါးကို နှိပ်စက်ခြင်း မည်သည်ကား တစ်ပါးသော ဇနကကံအား အားနည်းသည်၏ အဖြစ်ကို ပြုခြင်းတည်း။ မှန်လှစွာ၏။ ကံ မည်သည်ကား အားထုတ်သော ကာလ၌ အားကြီးသော ကံဖြစ်ငြား သော်လည်း နောက်၌ ပြုအပ်သည့် ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်ဖြစ်သော ကံတစ်ပါးသည် နှိပ်စက်အပ်သည်ရှိသော် တစ်ဖန် ကင်းသော အစွမ်းသတ္တိ ရှိသည်၏ အဖြစ်သည် ဖြစ်နိုင်ပေ၏။ အထက်ဘုံ၌ ဖြစ်စေတတ် သည် ဖြစ်ငြားသော်လည်း အောက်ဘုံ၌ ဖြစ်စေ၏။ ကြီးသော တန်ခိုး ရှိကုန်သော သတ္တဝါတို့၌ ဖြစ်စေတတ်သည် ဖြစ်ငြားသော်လည်း နည်းသော တန်ခိုးရှိကုန်သော သတ္တဝါတို့၌ ဖြစ်စေ၏။ ထို့အတူ မြင့်မြတ်သော အမျိုးတို့၌ ဖြစ်စေတတ်သည် ဖြစ်ငြားသော်လည်း ယုတ်နိမ့်သော အမျိုးတို့၌ ဖြစ်စေ၏။ ရှည်သော အသက်ရှိကုန်သော သတ္တဝါတို့၌ ဖြစ်စေတတ်သည် ဖြစ်ငြားသော်လည်း နည်းသော အသက်ရှိကုန်သော သတ္တဝါတို့၌ ဖြစ်စေ၏။ များသော စည်းစိမ်ရှိကုန်သော သတ္တဝါ တို့၌ ဖြစ်စေတတ်သည် ဖြစ်ငြားသော်လည်း နည်းသော စည်းစိမ် ရှိကုန်သော သတ္တဝါတို့၌ ဖြစ်စေ၏။ ယောက်ျား၏ အတ္တဘောကို ဖြစ်စေတတ်သည် ဖြစ်ငြားသော်လည်း မိန်းမ၏ အတ္တဘောကိုလည်း ကောင်း၊ နပုံး၏အဖြစ်ကိုလည်းကောင်း ဖြစ်စေ၏။ အဆင်း၏ ပြည့်စုံခြင်းကို ဖြစ်စေတတ်သည် ဖြစ်ငြားသော်လည်း အဆင်းမလှသည်၏ အဖြစ်ကို ဖြစ်စေ၏။ ဣန္ဒြေတို့၏ ပြည့်စုံခြင်းကို ဖြစ်စေတတ်သည် ဖြစ်ငြားသော်လည်း မျက်စိကန်းသည်ကိုလည်းကောင်း၊ နားပင်းသည်ကို လည်းကောင်း၊ အမှတ်မရှိသော ဣန္ဒြေတို့၏ ချို့တဲ့သည်၏ အဖြစ်ကို လည်းကောင်း ဖြစ်စေ၏။ အင်္ဂါ ကြီးငယ်တို့၏ ပြည့်စုံခြင်းကို ဖြစ်စေတတ်သည် ဖြစ်ငြားသော်လည်း လက် ခြေစသော အဂါဲတို့၏ ချို့တဲ့သည်၏အဖြစ်ကို ဖြစ်စေ၏။
ထို့အတူ အားထုတ်သော ကာလ၌ ငရဲကြီးတို့၌ ဖြစ်စေတတ်သော အကုသိုလ်ကံသည်လည်း နောက်၌ပြုအပ်သော အားကြီးသော ကုသိုလ်သည် နှိပ်စက်အပ်သည်ရှိသော ဥဿဒငရဲတို့၌ လည်း ကောင်း၊ ပြိတ္တာမျိုးတို့၌လည်းကောင်း ဖြစ်စေ၏။ ဆက်၍ ဆိုဦးအံ့။ ဤအရာ၌ အဇာတသတ် မင်းကြီးသည် ဥဒါဟရုဏ်ပုံ သက်သေတည်း။ ဥဿဒငရဲ တို့၌ ဖြစ်စေတတ်သော ကံဖြစ်ငြား သော်လည်း ပြိတ္တာတို့၌လည်းကောင်း၊ တိရစ္ဆာန်တို့၌လည်းကောင်း ဖြစ်စေ၏။ ဤသို့ စသော အလုံးစုံကို ဆိုသင့် ဆိုထိုက်၏။
ဥပတ္ထမ္ဘကကံကိုလည်း ထိုမှ ပြန်ဘက် ဖြစ်သောအားဖြင့် သိသင့်တော့သည်သာလျှင်တည်း။ ထိုစကားသည် မှန်လှစွာ၏။ ကံမည်သည်ကား ပြုအပ်သော ကာလ၌ အားနည်းသောကံ ဖြစ်ငြား သော်လည်း နောက်၌ သဘောတူ အားကြီးသည့် ကုသိုလ်ကံသည်လည်းကောင်း၊ အကုသိုလ် ကံသည်လည်းကောင်း ထောက်ပံ့အပ်သည် ဖြစ်၍ ကောင်းစွာ အားရှိသည် ဖြစ်ပေ၏။ ဤသို့ သိအပ်၏။ ကံကြောင့်ဖြစ်သော ခန္ဓာအစဉ်ကို နှိပ်စက်ခြင်း မည်သည်ကား တစ်ပါးသော ကံကြောင့် ဖြစ်သော သတ္တဝါ၏ ယူအပ်ပြီးသော ပဋိသနေ္ဓမှ စ၍ အမှတ်မရှိ အလုံးစုံသော အခါ၌ကိုယ်၌ အထူးထူးသော အန္တရာယ်တို့ကို ဖြစ်စေ၍လည်းကောင်း၊ ရာထူးဌာနန္တရ လယ် ယာ နွား ကျွဲ ဥစ္စာ စပါး စည်းစိမ် ပြည့်စုံခြင်းတို့၏လည်းကောင်း၊ သားမယား ဆွေမျိုး မိတ်ဆွေတို့၏လည်းကောင်း ပျက်စီးခြင်းကို ပြု၍လည်းကောင်း ဒုက္ခဖြစ်အောင် ပြုခြင်းပေတည်း၊
မှန်လှစွာ၏။ ကံ၏အကျိုး မည်သည်ကား-
၁။ ဝိပါကဖလ = ဝိပါက အကျိုးရင်းခေါ်ရသော ကံ၏အကျိုး၊
၂။ နိဿန္ဒဖလ = အာနိသင် အကျိုးဆက် ခေါ်ရသော ကံ၏အကျိုး၊
ဤသို့ နှစ်ပါးအပြား ရှိ၏။ ထိုနှစ်ပါးတို့တွင် ဝိပါကဖလ = အကျိုးရင်း ခေါ်ရသော ကံ၏အကျိုး မည်သည်ကား ကံပြုသော ပုဂ္ဂိုလ်အားသာလျှင် ဖြစ်၏။ တစ်ပါးသော ပုဂ္ဂိုလ်အား မဖြစ်ချေ။ နိဿန္ဒဖလ အာနိသင် အကျိုးဆက် ခေါ်ရသော ကံ၏အကျိုးကား တစ်ပါးသော ပုဂ္ဂိုလ်တို့အား လည်း ဆက်ဆံသည်သာလျှင်တည်း။
ဤအရာ၌ ဓမ္မပဒ၌လာသော အာနန္ဒသေဋ္ဌေး၀တ္ထုကို ပြောဆိုခြင်းငှါ သင့်လျော်လှပေ၏။ အဖို့တစ်ပါးကို ဆိုဦးအံ့။ စက္ခု အစရှိကုန်သော ကမ္မဇသန္တတိ အဦးတို့တွင် အကြင်ကံကြောင့် အမှတ် မရှိသည့် တစ်ခုသည်လည်းကောင်း၊ နှစ်ခုတို့သည် လည်းကောင်း၊ သုံးခုတို့သည် လည်းကောင်း အချင်းခပ်သိမ်း ပျက်စီးကြကုန်၏။ စက္ခုပါလမထေရ် စသည်တို့၏ ကဲ့သို့တည်း။ ထိုကံကို ဥပဃာတကကံ၌ ရေတွက်အပ်၏၊ ဤသို့ ယူရန် သင့်မြတ် လျော်ကန်၏။
အဖို့တစ်ပါးကို ဆိုဦးအံ့။ ဥပဃာတက ဟူသော အမည်သည်လည်းကောင်း၊ ဥပစ္ဆေဒက ဟူသော အမည်သည်လည်းကောင်း တရားကိုယ် အားဖြင့် တူ၏။ မှန်လှစွာ၏။ ထို့ကြောင့်သာလျှင် မဇ္ဈိမ အဋ္ဌကထာ၌-
- ‘ရှေးဦးစွာ ဥပစ္ဆေဒက ဟူသော အမည်ဖြင့် ဆိုပြီး၍ ဥပဃာတက ဟူသော အမည်သည် ထို ဥပစ္ဆေဒကကံ၏သာလျှင် အမည်ပေတည်း။
ဟု မိန့်ဆိုအပ်၏။
အင်္ဂုတ္တရအဋ္ဌကထာ၌ -
- ရှေးဦးစွာ ဥပဃာတက ဟူသောအမည်ဖြင့် ဆိုပြီး၍ ဥပစ္ဆေဒ ဟူသော အမည်သည် ထိုဥပဃာတက ကံ၏ သာလျှင် အမည်ပေတည်း။
ဟု မိန့်ဆိုအပ်၏။
ဝိသုဒ္ဓိမဂ္ဂ မရဏဿတိနိဒ္ဒေသ၌လည်း-
- ထိုဥပဃာတက ဟူသော အမည်ကိုသာလျှင် ကမ္မုပစ္ဆေဒကံ ဟူ၍ မိန့်အပ်၏။
ဆက်၍ ဆိုပေဦးအံ့။ ဤသင်္ဂြိုဟ်ကျမ်းတွင် နောက်၌ ‘‘ဥပစ္ဆေဒက ကမ္မုနာ = ဥပစ္ဆေဒကကံဖြင့်’’ဟူ၍ ဆိုပေလတ္တံ့။
ဤဥပစ္ဆေဒကကံ၏လည်း ကံတစ်ပါးကို ဖြတ်ခြင်းသည် သေခါနီး ကာလ၌ ထင်ရှား၏။ မှန်လှစွာ၏။ ထိုသေခါနီးကာလ၌ ရှေးဦးစွာ အကုသိုလ်ကံ၏ အစွမ်းကြောင့် ဒုဂ္ဂတိနိမိတ် ထင်သည်ရှိသော် တစ်ဖန် ကုသိုလ်ကံသည် ထိုအကုသိုလ်ကံကို တားမြစ်၍ သုဂတိနိမိတ်ကို ပြ၍ နတ်ပြည်၌ ဖြစ်စေ၏။ ကုသိုလ်ကံ၏ အစွမ်းကြောင့် သုဂတိနိမိတ် ထင်သည်ရှိသော် တစ်ဖန် အကုသိုလ်ကံသည် ထိုကုသိုလ်ကံကို တားမြစ်၍ ဒုဂ္ဂတိနိမိတ်ကို ပြ၍ အပါယ်ဘုံ၌ ဖြစ်စေ၏။ ဒုဋ္ဌဂါမဏိမင်းကြီး ၏လည်းကောင်း၊ သောဏမထေရ်၏ အဘ၏လည်းကောင်း ၀တ္ထုတို့ကို ပြဆိုအပ်ကုန်၏။
အင်္ဂုတ္တရအဋ္ဌကထာ၌ကား-
- ကုသိုလ် အကုသိုလ်ကံ၏ ကုန်ခြင်းကို ပြုတတ်သော မဂ်ကုသိုလ်ကံ၏လည်း ကံတစ်ပါးကို ဖြတ်သည်၏ အဖြစ်ကို မိန့်ဆိုအပ်၏။
အင်္ဂုလိမာလမထေရ် စသည်တို့ကဲ့သို့တည်းဟု မှတ်အပ်၏။ ဤဘဝ၌ ရအပ်ကုန်သော မဟဂ္ဂုတ် ကံတို့သည် အကြင် အကုသိုလ်ကံကြောင့် ဆုတ်ယုတ်ကြကုန်၏။ ထိုအကုသိုလ်ကံလည်း ကံတစ်ပါး ကို ဖြတ်ခြင်း၌ ရေတွက်သင့် ရေတွက်ထိုက်၏။ ဥပမာပုံဆို အဘယ်လိုနည်း ဟူမူကား- ဒေဝဒတ်၏ ကဲ့သို့ပေတည်း။
ကံကြောင့်ဖြစ်သော ခန္ဓာအစဉ်ကို ဖြတ်ခြင်းကိုကား ထိုထိုသို့သော ဘဝ၌ အသက်ကံတို့ ထင်ရှား ရှိကုန်ပါလျက် ရအပ်သော အခွင့်ရှိသော တစ်ခု တစ်ခုသော ပြစ်မှားသော ကံ၏အစွမ်းကြောင့် ကလလရေကြည် တည်နေသော အခါမှစ၍ အကြား၌သာလျှင် တစ်စုံတစ်ခုသော ရောဂါဖြင့် လည်းကောင်း၊ ဘေးဖြင့် လည်းကောင်း၊ လုံ့လဖြင့်လည်းကောင်း သေကုန်သော သတ္တဝါတို့၏ အစွမ်းဖြင့် သိအပ်၏။
ဥပဃာတကကံ
ဆက်၍ ဆိုပေဦးအံ့။ ဤအရာ၌ ကံတစ်ပါးကို လည်းကောင်း၊ ကံကြောင့်ဖြစ်သော ခန္ဓာအစဉ်ကို လည်းကောင်း၊ ထောက်ပံ့ခြင်း အစရှိသည်တို့ကို ရည်ရွယ်၍ လေးပါးလည်း ဖြစ်ကုန်သော ဤကံတို့၏ ကုသိုလ် အကုသိုလ်၏ အဖြစ်ကို ဝိသုဒ္ဓိမဂ်၌လည်းကောင်း၊ အင်္ဂုတ္တရ အဋ္ဌကထာ၌ လည်းကောင်း မိန့်ဆိုအပ်ပေ၏။
ဥပစ္ဆေဒကကံ
မဇ္ဈိမအဋ္ဌကထာ၌ကား သံဝဏ္ထေတဗ္ဗသုတ် အားလျော်စွာ ကံကြောင့်ဖြစ်သော ခန္ဓာအစဉ် ကိုသာလျှင် ထောက်ပံ့ခြင်း အစရှိသည်တို့ကို ရည်ရွယ်၍ ဥပထမ္ဘကကံ၏ ကုသိုလ်၏ အဖြစ်ကို လည်းကောင်း၊ ဥပပီဠကကံ ဥပဃာတက ကံတို့၏ အကုသိုလ်၏အဖြစ်ကို လည်းကောင်း မိန့်ဆို အပ်ပေ၏။ ထိုကုသိုလ်ကံ အကုသိုလ်၏ အဖြစ်ကိုကား မဇ္ဈိမဋီကာ၌ လည်းကောင်း၊ အင်္ဂုတ္တရဋီကာ ၌လည်းကောင်း မနှစ်မြို့အပ်သကဲ့သို့ မိန့်ဆိုအပ်၏။ မဟာဋီကာ၌ကား ထိုဝါဒကို ကေစိဝါဒ ဟူ၍လည်း ပြုအပ်၏။
ထိုသို့ပင် ပြုငြားပါသော်လည်း ထိုမဇ္ဈိမအဋ္ဌကထာ၌ သံဝဏ္ထေတဗ္ဗသုတ် အားလျော်စွာ မိန့်ဆိုအပ်သည်၏ အဖြစ်ကြောင့် အသီးအခြား ဖြစ်သည့် ပါဠိတော် နည်းပေတည်းဟု မှတ်ယူသင့် ပေ၏။ ကေစိဝါဒကိုကား ပြုလည်း မပြုအပ်သည်သာလျှင်တည်း။
ထိုစကားသည် မှန်လှပေ၏။ မဇ္ဈိမနိကာယ် ဥပရိပဏ္ထာသပါဠိတော် စူဠကမ္မဝိဘင်္ဂသုတ်၌-
- လုလင်- အကြင်သူသည် သူ့အသက်ကို သတ်လေ့ရှိ၏။ ထိုသူ၏ အကြင် ပါဏာတိပါတကံသည် ရှိ၏။ ထိုပါဏာတိပါတကံသည် အသက်တို့ခြင်းကို ဖြစ်စေတတ်သော အကျင့်မည်၏။
ဤသို့ စသည်ဖြင့် ဥပဃာတတကံကို ပါဏာတိပါတ၏ အစွမ်းအားဖြင့်သာလျှင် ဟောတော်မူအပ်၏။
- လုလင်- အကြင်သတ္တဝါတို့ကို ညှင်းဆဲတတ်သော သဘောရှိ၏။ ထိုသူ၏ အကြင် ညှင်းဆဲ တတ်သော သဘောသည် ရှိ၏။ ထိုညှင်းဆဲတတ်သော သဘောသည် များသော အနာ ရှိသည်ကို ဖြစ်စေ တတ်သော အကျင့်မည်၏။
ဤသို့ စသည်ဖြင့် ဥပပီဠကကံကိုလည်း ညှင်းဆဲခြင်း အစရှိသည်တို့၏ အစွမ်းအားဖြင့် ဟောတော် မူအပ်၏။
- လုလင်- အကြင်သူသည် သူ့အသက်သတ်ခြင်းကို ပယ်စွန့်၍ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏။ ထိုသူ၏ အကြင် သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်သော သဘောသည် ရှိ၏။ ထိုသူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်သော သဘောသည် အသက်ရှည်ခြင်းကို ဖြစ်စေ တတ်သော အကျင့်မည်၏။
ဤသို့ စသည်ဖြင့် ဥပထမ္ဘကကံကို ပါဏာတိပါတမှ ရှောင်ကြဉ်ခြင်း ဝိရတီကုသိုလ် အစွမ်းဖြင့် ဟောတော်မူအပ်၏။
ဆက်၍ ဆိုဦးအံ့။ ဤအလုံးစုံကို လူ့ဘဝသို့ ရောက်လာသည်သာလျှင် ဖြစ်သော သတ္တဝါ၏ အစွမ်းအားဖြင့် ဟောတော်မူအပ်၏။ ဤသို့သော အသီးအခြား ဟောကြားတော် မူအပ်သော ပါဠိတော်နည်းကို သိအပ်၏ ဟု မှတ်ယူသင့်၏။
အဖို့တစ်ပါးကို ဆိုပေဦးအံ့။ မဟာဋီကာ၌ လည်းကောင်း၊ အင်္ဂုတ္တရ ဋီကာ၌လည်းကောင်း ကံ တစ်ပါးကို ထောက်ပံ့ခြင်း အစရှိသည်တို့ကို အလိုမရှိကြကုန်သော ဋီကာဆရာတို့သည်-
- ပဋိသန္ဓေကို ဖြစ်စေခြင်း အစရှိသော အဖြစ် မည်သည်ကို ဝိပါက်ကို စွဲ၍ အလိုရှိအပ်၏။ ကံကိုစွဲ၍ အလိုမရှိအပ်။ ထို့ကြောင့် ဝိပါက်ကိုသာလျှင် သတ်တတ်သည်၏ အဖြစ်သည် သင့်လျော်သကဲ့သို့ ထင်ပေ၏။
ဤသို့ မိန့်ဆိုအပ်ပေ၏။
ကိစ္စဝသေန ဟူသည်ကား-
(၁) ဖြစ်စေခြင်းကိစ္စ၊
(၂) ထောက်ပံ့ခြင်းကိစ္စ၊
(၃) ကပ်၍ နှိပ်စက်ခြင်းကိစ္စ၊
(၄) ကပ်၍ သတ်ဖြတ်ခြင်းကိစ္စ၊
ဤကိစ္စ လေးပါးတို့၏ အစွမ်းအားဖြင့်- ဤသို့ ဆိုလိုပေသည်။
ထိုကိစ္စလေးပါးတို့တွင် တစ်ခုသော ပါဏာတိပါတ စေတနာသည် လေးပါးသော ကိစ္စတို့ကို ဆောင်ရွက်ပြီးစီးစေ၏။ မှန်လှစွာ၏။ ထိုပါဏာတိပါတ စေတနာသည် အကြင်မျှလောက် အကျိုး ပေးခြင်းငှါ အခွင့်မရသေး။ ထိုမျှလောက်သော ကာလပတ်လုံး ထောက်ပံ့ခြင်း အစရှိကုန်သော ကိစ္စသုံးပါးတို့တွင် အမှတ်မရှိသော ရအပ်သည့် အကြောင်း ရှိသော ကိစ္စကို ပြု၏။ အကြင်အခါ၌ အကျိုးပေးခြင်းငှါ အခွင့်ရ၏။ ထိုအခါ၌-
- တစ်ခုသော စေတနာသည် တစ်ခုသော ပဋိသန္ဓေကို ဖြစ်စေ၏။ ဟူ၍ အဋ္ဌသာလိနီ စိတ္တုပ္ပါဒကဏ္ဍ သာကေတပဉှာ၌ ဟောတော်မူအပ်သော နည်းဖြင့် တစ်ခုသော အပါယ်ဘဝကို ဖြစ်စေတတ်၏။ ထိုပဋိသန္ဓေအကျိုးကို ဖြစ်စေပြီးသည်မှ နောက်၌ကား ပဋိသန္ဓေကို ဖြစ်စေခြင်းကိစ္စ မရှိတော့ပြီ။ ပဝတ္တိအကျိုးကို ဖြစ်စေခြင်း ကိစ္စနှင့်တကွ ဤမှတစ်ပါးကုန်သော ကိစ္စသုံးပါးတို့ကို ဘဝတစ်သိန်း သော်လည်းကောင်း၊ ကမ္ဘာတစ်သိန်းသော်လည်းကောင်း ဖြစ်စေပြီးစေနိုင်သည်သာ လျှင်တည်း။ ဓမ္မဒိန္နာမည်သော ဥဂ္ဂသေနမင်း၏ မိဖုရား၀တ္ထုကို ဤ အရာ၌ ဆိုသင့် ဆိုထိုက်၏။
ထိုပါဏာတိပါတ စေတနာသည်ကား- အကြင်အခါ၌ မိမိ၏ အကျိုး ပေးရမည့် အလှည့်အကြိမ်မှ ရှေး၌ အရိယာဖြစ်ပြီးသော သူအားလည်းကောင်း၊ ပုထုဇဉ်ပင် ဖြစ်သော်လည်း ကောင်းသောစိတ်နှင့် ပြည့်စုံသော သူအားလည်းကောင်း ဖြတ်ခြင်းကို ပြု၏။ ထိုအခါ၌ ဖြတ်ပြီး၍ ကံတစ်ပါး၏သာလျှင် အခွင့်ကို ပြုပေ၏။ မိမိသည် အကျိုးကို မဖြစ်စေနိုင်ပေ။ အကြင်အခါ၌ကား မကောင်းသောစိတ်နှင့် ပြည့်စုံသောသူ၏ ခန္ဓာအစဉ်ကို ဖြတ်၏။ ထိုအခါ၌သာလျှင် ဖြတ်၍ မိမိ၏ အကျိုးကို ပေးစေနိုင်၏။
တစ်ကြိမ် ရအပ်ပြီးသော ပဋိသန္ဓေ အကြိမ်ရှိသော အခါမှစ၍ကား တစ်ပါးမက များစွာကုန်သော အတ္တဘော တစ်သိန်းတို့၌လည်း ဖြတ်ခြင်း အစရှိသည်တို့ကိုသာလျှင် ပြုတတ်၏။ ဤအရာ၌ မဟာမောဂ္ဂလ္လာန် မထေရ်၏ ၀တ္ထုကိုလည်းကောင်း၊ သာမာဝတီ ၀တ္ထုကိုလည်းကောင်း၊ ဝဂ္ဂုမုဒါ မြစ်ကမ်း၌ နေကုန်သော ရဟန်းတို့၏ ၀တ္ထုကိုလည်းကောင်း၊ ဒုဿိမာရ်နတ်- ကလာဗုမင်းတို့၏ ၀တ္ထုတို့ကိုလည်းကောင်း ပြဆိုအပ်ကုန်၏။
အကြင့်ကြောင့်လျှင် ဤဥပစ္ဆေဒကံ မည်သည်ကို တိရစ္ဆာန်တို့အား များစွာ ရအပ်၏။ ထို့ကြောင့် ကောင်းစွာ အားကြီးသည့် အကုသိုလ်ကံသည် အားနည်းသော အကုသိုလ်ကံကိုလည်းကောင်း၊ အကုသိုလ်ကံကြောင့်ဖြစ်သည့် ခန္ဓာအစဉ်ကိုလည်းကောင်း မဖြစ်နိုင်ချေဟု မဆိုသင့် မဆိုထိုက်ချေ။
မှန်လှစွာ၏။ ထို့ကြောင့်သာလျှင် မဇ္ဈိမနိကာယ် အဋ္ဌကထာ၌-
- မှန်လှစွာ၏။ များစွာသော အကုသိုလ်ကံကို အားထုတ်အပ်သည် ရှိသော် အားကြီးသော ကံသည် အားနည်းသော ကံ၏အကျိုးကို တားမြစ်၍ မိမိ၏အကျိုးပေးခွင့်ကို ပြု၏။
ဟူ၍ မိန့်ဆိုအပ်ပေ၏။
ဆိုဖွယ် အထူးကား - ပဝတ္တိအခါ၌သော်လည်း ကံတစ်ပါးကြောင့် ဖြစ်နေသော ဘဝင်အစဉ်ကို မဖြတ်မူ၍ စက္ခုဒသက သောတဒသက ဃာနဒသက ဇိဝှါဒသက ဘာဝဒသကဟု ဆိုအပ်ကုန်သော အစဉ်တို့တွင် တစ်ပါးပါးသော အစဉ်ကို အချင်းခပ်သိမ်း ဖြတ်ခြင်းသည်လည်း ဤဥပစ္ဆေဒကံ၏ သာလျှင် သတ္တိကိစ္စပေတည်းဟု ဆိုသင့် ဆိုထိုက်ပေ၏။
မဟာဋီကာ၌လည်းကောင်း၊ အင်္ဂုတ္တရဋီကာ၌လည်းကောင်း-
- ဥပပီဠကကံသည် တစ်ပါးသော ကံ၏အကျိုးကို ဖြစ်တတ်၏။ မိမိအကျိုးကိုမူကား မဖြစ်စေနိုင်။
ဟူသော အကြင်စကားကို မိန့်ဆိုအပ်၏။ ထိုစကားကို အဋ္ဌကထာ၌-
- ချမ်းသာဆင်းရဲမှုကို နှိပ်စက် ညှင်းဆဲတတ်၏။ ရှည်မြင့်စွာသော ကာလပတ်လုံး ဖြစ်စိမ့်သောငှါ မပေးနိုင်ချေ။
ဟူသော ဤစကားကို မြင်၍ ဆိုအပ်သည် ဖြစ်ပေရာ၏။ ‘‘ရှည်မြင့်စွာသော ကာလပတ်လုံး ဖြစ်စိမ့်သောငှါ မပေးနိုင်ချေ’’ဟူသော ဤ အဋ္ဌကထာစကား၌ ‘‘သုခအစဉ်ကိုလည်းကောင်း၊ ဒုက္ခအစဉ်ကိုလည်းကောင်း ရှည်မြင့်စွာသော ကာလပတ်လုံး ဖြစ်စေခြင်းငှါ မပေးနိုင်’’ ဤသို့သော အနက်အဓိပ္ပါယ်ကို မှတ်အပ်၏၊
ဥပဃာတကကံ ကဲ့သို့ ဘဝင်၏ အစဉ်နှင့်တကွ တစ်ပါးသော ကံ၏အကျိုးကို ဖြစ်တတ်၏။ ဤသို့သော အနက်အဓိပ္ပါယ်ကို မမှတ်သင့် မမှတ်ထိုက်ချေ။
၁၅၇။ ဋီကာကျော် (နှာ- ၁၆၉)၌-
ဇနကကံသည် ကံတစ်ပါး၏ အကျိုးကို မဖြစ်မူ၍သာလျှင် အကျိုးဝိပါက်ကို ဖြစ်စေတတ်၏။ ဥပဃာတကကံသည် ကံတစ်ပါး၏ အကျိုးကို ဖြတ်ခြင်းလျှင် ပြဋ္ဌာန်းခြင်း ရှိ၏ ဤသည်လျှင် အထူးပေတည်း။ ဤဆိုအပ်ခဲ့ဖူးသော အဆုံးအဖြတ်သည် ရှေးဦးစွာ အဋ္ဌကထာတို့၌ လာသော အဆုံး အဖြတ်တည်း။
ဟူ၍ ဆိုအပ်သော စကားသည် မကောင်းချေ။
အဘယ့်ကြောင့်နည်း ဟူမူကား- ဤပစ္စုပ္ပန်ဘဝ၌ ရှေးဘဝ၌ ပြုအပ်သော ဥပစ္ဆေဒကကံကြောင့် သေ၍ နတ်ပြည်၌ ဖြစ်ကုန်သော ၀တ္ထုတို့၏ အဋ္ဌကထာတို့၌သာလျှင် လာသည်၏ အဖြစ်ကြောင့်ပေ တည်း။ ထို့ကြောင့် မကောင်းချေ။
၁၅၈။ ထိုဋီကာကျော် (နှာ- ၁၆၉)၌-
တစ်ပါးကုန်သော (အပရေ) ဆရာတို့သည်ကား ဥပပီဠှကကံသည် အနာများသည်၏ အဖြစ် အစရှိသည်သာဖြစ်သော အကြောင်းကို ဆောင်သဖြင့် ကံတစ်ပါး၏ အကျိုးကို ကြိုးကြား ကြိုးကြား တားမြစ် တတ်၏။ ဥပဃာတကကံသည်ကား ထိုကံတစ်ပါး၏ အကျိုးကို အချင်း ခပ်သိမ်းအားဖြင့် ဖြတ်၍ တစ်ပါးသောကံ၏ အခွင့်ကိုပေး၏။ မိမိမူကား အကျိုးကို ဖြစ်စေတတ်သောကံ မဖြစ်နိုင် တော့ချေ။ မှန်လှစွာ၏။ ဤသို့ ဖြစ်သည်ရှိသော် ဇနကကံမှ ဤဥပဃာတကကံ၏ အထူးသည် ကောင်းစွာ ထင်ရှား၏ဟူ၍ မိန့်ဆိုကြကုန်၏။
(ဤ၌ ပရမတ္ထဒီပနီဋီကာမှာ ပေယျာလကို ဖော်ထုတ်၍ မြန်မာပြန်လိုက်သည်။)
ဤသို့ စသည်ဖြင့် ဥပဃာတကကံ၏ မိမိသည်အကျိုးကို ဖြစ်စေတတ်သည်၏ အဖြစ် မရှိခြင်း ကိုဆိုသော အကြင်စကားကို မိန့်ဆိုအပ်၏။ ထိုစကားသည်လည်း မကောင်းချေ။
အဘယ်ကြောင့်နည်း ဟူမူကား- ထိုဥပဃာတက ကံကြောင့်သာလျှင် အပါယ်ဘုံ၌ ဖြစ်ကြကုန်သော ဒုဿီမာရ်နတ်၊ ကလာဗုမင်း စသည်တို့၏ ထိုကံ၏ ဥပစ္ဆေဒကံ အဖြစ်ဖြင့် အဋ္ဌကထာတို့၌ လာသည် ၏ အဖြစ်ကြောင့်ပေတည်း။ ထို့ကြောင့် မကောင်းချေ။
ဇနက္ကကံစသော ကံလေးပါးအဖွင့် ပြီးပြီ။
ပါကဒါနပရိယာယ ကံလေးပါး
ဂရုကံ
ဂရုကံ ဟူသည်ကား- တစ်ပါးသော ကံသည် တားမြစ်ခြင်းငှါ မတတ်နိုင်သည့် ကုသိုလ်အဖို့၌ မဟဂ္ဂုတ်ကံသည် လည်းကောင်း၊ အကုသိုလ်အဖို့၌ နိယတမိစ္ဆာဒိဋ္ဌိနှင့်တကွ ပဉ္စာနန္တရိယကံ ပေတည်း။
[အထူးသိမှတ်ဖွယ် - ဤဂရုကံအရာ၌ နိယတိမိစ္ဆာဒိဋ္ဌိ ဟူသည်မှာ - လှူဒါန်းပေးကမ်းသော်လည်း အကျိုးမရှိ စသည်ဖြင့် ကမ္မဿကတာ သမ္မာဒိဋ္ဌိနှင့် ဖြောင့်ဖြောင့် ဆန့်ကျင်ဘက် ဖြစ်သည့် စွဲမြဲစွာ ယူအပ်သော မှားသော အယူမျိုးပေတည်း။
ပဉ္စာနန္တရိယကံ ဟူသည်မှာ-
(၁) အမိကို သတ်မှု = မာတုဃာတကကံ၊
(၂) အဘကို သတ်မှု = ပိတုဃာတကကံ၊
(၃) ရဟန္တာကို သတ်မှု = အရဟန္တဃာတကကံ၊
(၄) ဘုရားရှင်ကို သွေးစိမ်းတည်အောင် ပြုလုပ် မှု = လောဟိတုပ္ပါဒကကံ၊
(၅) သံဃာကို အသင်းခွဲ မှု = သံဃဘေဒကကံ တို့ပေတည်း။]
မဟဂ္ဂုတ်ကံဝယ် စောဒနာဖွယ်
ဤစကားရပ်၌ စောဒနာဖွယ် ရှိပေရာ၏။ မဟဂ္ဂုတ်ကံ ဟူ၍ အဘယ်ကြောင့် ဆိုအပ်ပါသနည်း။ မှန်လှစွာ၏။ ထိုမဟဂ္ဂုတ်ကံသည် မေ့လျော့သည့် အစွမ်းဖြင့်လည်းကောင်း၊ နီဝရဏတရားတို့ ဖြစ်ခြင်းကြောင့်လည်းကောင်း၊ ဈာန်မှ ဆုတ်ယုတ်လျှောကျသည်ရှိသော်လည်းကောင်း၊ နိကန္တိ တရားသည် ပိတ်ပင် ဟန့်တား အပ်သည်ရှိသော် လည်းကောင်း အကျိုးမပေးနိုင်သည် မဟုတ် ပါလော။ ဤကား ပထမစောဒနာ စကားတစ်ရပ်တည်း။
ထို့အတူ တစ်ယောက်သော ပုဂ္ဂိုလ်အား များစွာကုန်သော အနန္တရိယ ကံတို့ကို ပြုအပ်ကုန် သည်ရှိသော် တစ်ခုသော ကံသည် အကျိုးပေးသည် ရှိသော် ကြွင်းသောကံတို့ အကျိုးပေးနိုင် ကုန်သည် မဟုတ်ပါလော။ ဤကား ဒုတိယစောဒနာ စကားတစ်ရပ်တည်း။
သောဓနာပြု ဖြေကြားမှု
အဖြေစကားကို ငါဆိုပေဦးအံ့။ ရှေးဦးစွာ မဟဂ္ဂုတ်ကံသည် ပမာဒတရား နီဝရဏတရား နိကန္တိ တရားတို့ကိုလည်းကောင်း၊ မိမိထက် အားအလွန်ကြီးသော တရားကိုလည်းကောင်း ထား၍ မဟဂ္ဂုတ် ကံတစ်ပါးကို တစ်ပါးသော ကောင်းမှုကံသည် မတားမြစ်အပ်သော အနက်ကြောင့် ဂရုကံ မည်၏။ အနန္တရိယကံတို့သည်ကား မိမိထက် အလွန်အားကြီးသော အနန္တရိယကံကိုထား၍ တစ်ပါးသော တစ်စုံတစ်ခုသော တရားသည် မတားမြစ်အပ်သော အနက်ကြောင့် ဂရုကံမည်သည် ဖြစ်ပေ၏။ ဤသို့ ထိုက်သင့်သည့် အားလျော်စွာ ထိုကံတို့၏ ဂရုကံ၏ အဖြစ်ကို သိအပ်၏။ ဤသည်ကား အဖြေစကားရပ်ပေတည်း။
အာသံန္နကံ
အာသန္နကံ ဟူသည်ကား- သေခါနီးကာလ၌ အဖန်ဖန် အောက်မေ့အပ်သော (-အာသန္နာနုဿရိတ ကံ) ကံသည်လည်းကောင်း၊ ထိုသေခါနီးကာလ၌ ပြုအပ်သော (-အာသန္နကတာကံ) ကံသည် လည်းကောင်းတည်း။ ထိုအဖန်ဖန် အောက်မေ့အပ်သော အာသန္နကံ ပြုအပ်သော အာသန္နကံ နှစ်ပါးတို့တွင် ထိုသေခါနီးကာလ၌ ပြုအပ်သောကံ ဟူသည်ကား အဆုံးဖြစ်သော ဇောဝီထိမှ ရှေးအဖို့၌ အနီးဖြစ်သော ကာလ၌ ပြုအပ်သည့် အမှတ်မရှိ တစ်စုံတစ်ခုသော ကုသိုလ် အကုသိုလ် ကံပေတည်း။
အဖို့တစ်ပါးကို ဆိုပေဦးအံ့။ မိစ္ဆာဒိဋ္ဌိကံသည်လည်းကောင်း၊ ဝိပဿနာ အစရှိသည်၏ အစွမ်းဖြင့် ဖြစ်သော သမ္မာဒိဋ္ဌိကံသည်လည်းကောင်း အဆုံးဖြစ်သော ဇောဝီထိ၌လည်း ပြုအပ်သည်ရှိသော် ‘‘ထို သေခါနီးကာလ၌ ပြုအပ်သော ကံမည်၏’’ ဤသို့ ယူအပ်၏။ ရှင်တော် ဘုရား အဘယ်ကဲ့သို့ ဟောကြားတော်မူခဲ့သနည်း ဟူမူကား-
- ထိုပုဂ္ဂိုလ်အား သေခါနီးကာလ၌ မိစ္ဆာဒိဋ္ဌိကိုလည်းကောင်း၊ သမ္မာဒိဋ္ဌိကိုလည်းကောင်း ပြည့်စုံ သည်- ကောင်းစွာ ဆောက်တည်အပ်သည် ဖြစ်ပေ၏။
ဟူ၍ ဟောတော်မူ၏။ ဤပါဠိတော်ဖြင့် ထိုမိစ္ဆာဒိဋ္ဌိကံ သမ္မာဒိဋ္ဋိကံမှ တစ်ပါးသော အဆုံးဖြစ်သည့် ဇောဝီထိ၌ဖြစ်သော ကံသည် ပဋိသန္ဓေကို ဖြစ်စေခြင်းငှါ မစွမ်းနိုင်။ ဤသို့ ပြီးစီးပေ၏ဟု မှတ်အပ်၏။
[မြန်မာပြန်ဆရာ၏အမှာစကား - မိစ္ဆာဒိဋ္ဌိကံ သမ္မာဒိဋ္ဋိကံများ ရှိခဲ့သော် မရဏာသန္နဝိထိ၌ ဖြစ်သော ကံသည် ပဋိသန္ဓေ အကျိုးမပေးနိုင်။ ထိုမိစ္ဆာဒိဋ္ဋိကံ သမ္မာဒိဋ္ဋိကံ ကသာလျှင် ပဋိသန္ဓေအကျိုးကို ပေးနိုင်၏ဟု ဆိုလိုပေသည်။]
အာစိဏ္ထကံ
အာစိဏ္ထကံ ဟူသည်ကား - ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး မပြတ်မလပ် ပြုအပ်သော ကံသည်လည်းကောင်း၊ တစ်ကြိမ်ပြုပြီး၍လည်း နောက်၌ အဖန်ဖန် ဝမ်းမြောက်ခြင်းကို ဖြစ်စေ တတ်သော ကံသည်လည်းကောင်း၊ နောက်တစ်ဖန် ပူပန်ခြင်းကို ဖြစ်စေတတ်သော ကံသည် လည်းကောင်းတည်း။
ကဋတ္တာကံ
ကဋတ္တာကံ ဟူသည်ကား- ပြုအပ်ပြီးသောကြောင့် ကံမည်၏။ ဤသို့ ပြုအပ်ပြီးသော အကြောင်း ကြောင့် သာလျှင် ကံဟူ၍ ဆိုအပ်သော ကံပေတည်း။ ဂရုကံ စသည်တို့၏ အဖြစ်ဖြင့် ဆိုအပ်သော ကံမဟုတ်ချေ။ ဤသည်ကား အနက်ပေတည်း။
ထိုလေးပါးသော ကံတို့တွင် ရှေး၌ဖြစ်ကုန်သော ကံသုံးပါးတို့သည် ဤဘဝ၌ ပြုအပ်ကုန်သော ဥပပဇ္ဇဝေဒနိယက သို့သည်သာလျှင်တည်း။ ကဋတ္တာကံသည်ကား အတိတ်ဘဝတို့၌ ပြုအပ်ကုန် သော အပရာပရိယာယ ဝေဒနိယကံတို့နှင့် တကွ၊ ဤဘဝ၌ ပြုအပ်သော ဂရုကံ၏အဖြစ် အာသန္နံကံ ၏အဖြစ် အာစိဏ္ထကံ၏ အဖြစ်မှ ကင်းသည် ကမ္မပထသို့ ရောက်သည့် အမှတ်မရှိသော ဥပပဇ္ဇဝေဒနီယကံတည်း။
မဟာကာဋီကာ၌ကား ကဋတ္တာကံ ရှေးဘဝတို့၌ ပြုအပ်သော ကံကိုသာလျှင် ယူအပ်၏။ ထိုစကား သည် အဋ္ဌကထာနှင့် မညီညွတ်ပေ၊ မှန်လှစွာ၏။
- အဖို့တစ်ပါးကို ဆိုဦးအံ့။ ထိုသုံးပါးသော ကံတို့မှလွတ်သော အဖန်ဖန် ရအပ်သော အာသေဝန ပစ္စည်းရှိသော ကံသည် ကဋတ္တာကံ မည်သည် ဖြစ်၏။
ဟူ၍ အဋ္ဌကထာ၌ မိန့်ဆိုအပ်၏။ အတိ်တ်ဘဝတို့၌ ပြုအပ်ကုန်သော မာတုဃာတကကံ အစ ရှိသည်လည်း ဖြစ်ကုန်သော အပရာပရိယာယကံတို့သည် ထိုသုံးပါးသော ကံတို့မှ လွတ်ကုန်သော ကံတို့ဟူ၍လည်းကောင်း၊ မလွတ်ကုန်သော ကံတို့ဟူ၍လည်းကောင်း၊ အဖန်ဖန် ရအပ်သော အာသေဝနပစ္စည်းရှိသော ကံတို့ဟူ၍လည်းကောင်း၊ မရအပ်သော အာသေဝနပစ္စည်းရှိသော ကံတို့ ဟူ၍လည်းကောင်း အထူးပြုခြင်းငှါ တတ်လည်း မတတ်ကောင်းသည်သာလျှင်တည်း။ မှန်လှစွာ၏။ ထို ရှေးဘဝ၌ ထိုပြုအပ်သော ကံတို့သည် ဂရုကံ၏ အစဉ်၌ဖြစ်ကုန်သည်လည်း ဖြစ်ကုန်၏။ အာသန္နကံ၏ အစဉ် အာစိဏ္ထကံ၏ အစဉ်၌ ဖြစ်ကုန်သည်လည်း ဖြစ်ကုန်၏။ ဤသို့ မှတ်အပ်၏။
အင်္ဂုတ္တရအဋ္ဌကထာ၌လည်း-
- အဖို့တစ်ပါးကို ဆိုဦးအံ့။ ထိုသုံးပါးသော ကံတို့မှ လွတ်သော မသိသည်၏ အစွမ်းအားဖြင့် ပြုအပ်သော ကံသည် ကဋတ္တာကံ မည်၏။
ဟူ၍ မိန့်ဆိုအပ်၏။ ထိုရှေး၌ ပြုအပ်သော ကံတို့သည် မသိသည်၏ အစွမ်းဖြင့် ပြုအပ်ကုန်သော ကံတို့တည်း။ ထို့ကြောင့် အထူးပြုခြင်းငှါ မတတ်ကောင်းကုန် မှန်လှစွာ၏။ ထိုရှေးဘဝ၌ ပြုအပ်သော ကံတို့သည် ရှေးဘဝတို့၌ မသိသည်၏ အစွမ်းဖြင့် ပြုအပ်ကုန်သည်တို့လည်း ဖြစ်ကုန် ၏။ သိသည်၏ အစွမ်းဖြင့် ပြုအပ်ကုန်သော ကံတို့သည်လည်း ဖြစ်ကုန်၏ဟု သိအပ်၏။ ထိုဝိသေသနတို့ကိုကား ဤဘဝ၌ ပြုအပ်သည့် ဂရုက အစရှိသည့် ကံသုံးပါးတို့မှ လွတ်ကုန်သော သတ္တမဇောကံတို့၏ အစွမ်းဖြင့် ဆိုအပ်ကုန်၏ဟု မှတ်အပ်၏။ ထို့ကြောင့် ထိုယခုဘဝ၌ ပြုအပ်သော သတ္တမဇောကံတို့နှင့် တကွ ရှေးဘဝ၌ ပြုအပ်ကုန်သော အပရာပရိယာယကံတို့သည် ကဋတ္တာကံ မည်၏ဟု သိအပ်ကုန်၏။ ဤအကြောင်းကြောင့် အကြင် ပါဠိတော်၌ ထိုအဋ္တတာကံသည် ‘‘ရှေး၌ ပြုအပ်သောကံ’’ ဟူသော အမည်ဖြင့် လာ၏။ ထိုပါဠိတော်၌လည်း ဤဘဝ၌လည်းကောင်း၊ အတိတ်ဘဝတို့၌လည်းကောင်း ရှေးကာလ၌ ပြုခဲ့ဖူးသော ကံတည်း။ ဤသို့သော အနက်ကို သိအပ်၏ဟု မှတ်အပ်၏။
အကျိုးပေးမည့် အလှည့်အစဉ်
ဤကံလေးပါးတို့ ထင်ရှားရှိကုန်သည်ရှိသော် ဂရုကံသည်သာလျှင် အခြားမဲ့ဖြစ်သော ဘဝ၌ပဋိသန္ဓေ ကို ပေး၏။ ဂရုကံ မရှိခဲ့သော် အာသန္နကံသည် ပဋိသန္ဓေကို ပေး၏။ အာသန္နကံ မရှိခဲ့သော် အာစိဏ္ထကံသည် ပဋိသန္ဓေကို ပေး၏ အာစိဏ္ထကံ မရှိခဲ့သော် ကဋတ္တာကံသည် ပဋိသန္ဓေ ကို ပေး၏။ ထို့ကြောင့် ‘‘ပါကဒါန ပရိယာယေန’’ ဟူ၍ မိန့်ဆိုတော်မူ၏။ အကျိုးပေးသော အလှည့်အကြိမ် အားဖြင့်- ဤသည်ကား အနက်တည်း။
ပါဠိအစဉ်ဝယ် စောဒနာဖွယ်
ဤစကားရပ်၌ စောဒနာဖွယ်သည် ဖြစ်ပေရာ၏။ အဘယ့်ကြောင့် ဤသင်္ဂြိုဟ်ကျမ်း၌ အာသန္နကံကို အာစိဏ္ထကံမှ ရှေးဦးစွာ မိန့်ဆိုအပ်ပါသနည်း။ အဋ္ဌကထာပါဠိ၌ အာသန္နကံမှ ရှေးဦးစွာ အာစိဏ္ထကံ ကိုသာလျှင် ဆိုတော်မူအပ်သည် မဟုတ်ပါလော။ အဋ္ဌကထာဆရာ အဘယ်ကဲ့သို့ မိန့်တော်မူ ခဲ့သနည်း ဟူမူကား-
- အကြင် မဟာသာဝဇ္ဇဖြစ်သော အကုသိုလ် မဟာနုဘာဝ ဖြစ်သော ကုသိုလ်ဟူသော လေးပါးသော ကံသည်လည်းကောင်း၊ အကြင် အကြိမ်များစွာ ပြုအပ်- ကောင်းစွာ မှီဝဲအပ်ပြီးသော ကံသည် လည်းကောင်း၊ အကြင် မရဏာသန္နအခါ ပြုအပ် အောက်မေ့အပ်သော ကံသည်လည်းကောင်း၊ ရှေးဘဝက ပြုအပ်ပြီးသည်၏ အဖြစ်ကြောင့် အဋတ္တာ မည်သော ကံသည်လည်းကောင်း-
ဟူ၍ မိန့်ဆိုအပ်၏။ (တစ်ပါးသော) အဋ္ဌကထာတို့၌လည်း ထိုအစဉ် အားဖြင့်သာလျှင် အကျိုး ပေးသော အလှည့်အကြိမ်ကို စီရင်အပ်သည် မဟုတ်ပါလော။ ဤသည်ကား စောဒနာခြင်းပေတည်း။
သောဒနာမှု အဖြေပြု
အဖြေစကားကို ငါဆိုပေဦးအံ့။ သဘောအားဖြင့် အားကြီး အားနည်းသော အစဉ်အားဖြင့် (အဋ္ဌကထာ) ပါဠိ၌ အာစိဏ္ထကံကို ရှေးဦးစွာ မိန့်ဆိုတော်မူ၏။ ထိုအစဉ်သည်ကား တစ်ရံတစ်ခါ အကျိုးပေးသော အစဉ်သည်လည်း ဖြစ်သင့်၏။ ထို့ကြောင့် အဋ္ဌကထာတို့၌ ထိုအစဉ်အားဖြင့် သာလျှင် အကျိုးပေးသော အလှည့်အကြိမ်ကို စီရင်အပ်၏။
မှန်လှစွာ၏။ အာသန္နကံ ဖြစ်ငြားသော်လည်း စိတ်ကို နှစ်သက်စေခြင်းငှါ လည်းကောင်း၊ ပူပန် စေခြင်းငှါလည်းကောင်း မတတ်နိုင်သည် ဖြစ်၍ အားနည်းသည်ရှိသော် အားကြီးသော အာစိဏ္ထကံကို နစ်စေတတ်သည် မဖြစ်နိုင်ချေဟု မှတ်အပ်၏။ အကြင်ကြောင့်လျှင် မဟာကမ္မ ဝိဘင်္ဂသုတ်၌-
- ထိုနတ်ပြည်သို့ ရောက်သောသူသည် ရှေးအခါ၌သော်လည်းကောင်း၊ မြတ်သော သဘောရှိသော သုခဝေဒနာကို ဖြစ်စေတတ်သော ထိုကောင်းမှုကံကို ပြုလုပ်ခဲ့ဖူး၏။ ထိုသည် နောင်အခါ၌သော် လည်းကောင်း၊ မြတ်သော သဘောရှိသော သုခ ဝေဒနာကို ဖြစ်စေတတ်သော ထိုကောင်းမှုကံကို ပြုလုပ်ခဲ့ဖူး၏။ ထိုသူသည် သေခါနီးကာလ၌သော်လည်း ယူအပ်သော ကောင်းစွာ ဆောက်တည် အပ်သော မှန်သောအယူ ဖြစ်ပေ၏။
ဤသို့ မပြတ်လေ့ကျက်အပ်သော ဒုစရိုက်ရှိသည်လည်း ဖြစ်သော အချို့သော ပုဂ္ဂိုလ်အား အာသန္နကံဖြစ်သည့် ကောင်းမှုကံကြောင့် နတ်ပြည်သို့ သွားရောက်ရခြင်းကို ဟောတော်မူ၏။ ထို့အတူ-
- ထိုငရဲ၌ ကျရောက်ရသော သူသည် ရှေးအခါ၌သော်လည်း ဒုက္ခဝေဒနာကို ဖြစ်စေတတ်သော ထိုမကောင်းမှုကံကို ပြုခဲ့ဖူး၏။ ထိုသူသည် နောင်အခါ၌သော်လည်း ဒုက္ခဝေဒနာကို ဖြစ်စေ တတ်သော ထိုမကောင်းမှုကံကို ပြုလုပ်ခဲ့ဖူး၏။ ထိုသူသည် သေခါနီးကာလ၌သော်လည်း ယူအပ် သော ကောင်းစွာ ဆောက်တည်အပ်သော မှားသောအယူ ဖြစ်ပေ၏။
ဤသို့ မပြတ် လေ့ကျက်အပ်သော သုစရိုက်ရှိသော်လည်း ဖြစ်သော အချို့သော ပုဂ္ဂိုလ်အား အာသန္နကံဖြစ်သော မကောင်းမှုကံကြောင့် အပါယ်ဘုံသို့ သွားရောက်ရခြင်းကို ဟောတော်မူ၏။
အကြင့်ကြောင့်လျှင် နှစ်ပါးစုံသော အာသန္နကံ အာစိဏ္ထကံတို့၏လည်း အားကြီးသည်၏ အဖြစ် ရှိခဲ့သော် အာသန္နကံသည်သာလျှင် စွမ်းနိုင်သည် ဖြစ်ခြင်းငှါ ထိုက်၏။ ထို့ကြောင့် ဤသင်္ဂြိုဟ်ကျမ်း၌ အရှင်အနုရုဒ္ဓါမထေရ်သည် အာသန္နကံကိုသာလျှင် ရှေးဦးစွာ မိန့်အပ်၏ဟု မှတ်အပ်၏။
ဆက်၍ ဆိုပေဦးအံ့။ ဤဥပရိပဏ္ထာသ ပါဠိတော်၌ ‘‘ပုဗ္ဗေဝါဿတံ ကတံ ဟောတိ’’ ဟူသော ဤစကားတော်ကို သေခါနီးကာလ၌ အဖန်ဖန် အောက်မေ့အပ်သော ကံ၏အစွမ်းဖြင့် ဟောတော် မူအပ်၏။ ဤသို့ သိအပ်၏။ တမ္ဗဒါဋ္ဌိက အမည်ရှိသော ခိုးသူတတ်သော ယောက်ျား၏ လည်းကောင်း၊ မဟာကာလ အမည်ရှိသော ဥပါသကာ၏ လည်းကောင်း ၀တ္ထုကို ဤအာသန္နာနုဿရိတကံ (= သေခါနီးကာလ အောက်မေ့အပ်သောကံ) ၏ အရာ၌ ပြဆိုသင့်၏ဟု မှတ်အပ်၏။
၁၅၉။ ဋီကာကျော် (နှာ- ၁ရဝ)၌ကား-
အဋ္ဌကထာ၌လာသော နွားအိုကြီး ဥပမာကို ပြဆို၍ အာသန္နကံသည်သာလျှင် ရှေးဦးစွာ အကျိုးပေး၏။
ဤသို့ စင်စစ်အားဖြင့် မိန့်ဆိုအပ်၏။ ထိုစကားသည် မကောင်းချေ။ မှန်လှစွာ၏။ အဋ္ဌကထာ၌ ဤသို့ စင်စစ်အားဖြင့် မဆိုအပ်ပေ။ ထခြင်းငှါလည်း မစွမ်းနိုင်သော ထိုနွားအိုကြီးသည် နွားခြံတံခါး၏ အနီး၌ တည်ငြားသော်လည်း ရှေးဦးစွာ မထွက်နိုင်လတ္တံ့သည်သာလျှင်တည်း။ ထို့ကြောင့် မကောင်းချေ။
ဂရုကစတုက္ကသည် ပြီးပြီ။
ဂရုကံစသော ပါဒကဒါနကံ လေးပါးအဖွင့် ပြီးပြီ။
……
ဒိဋ္ဌဓမ္မ ဝေဒနီယကံ
မျက်မှောက်ဖြစ်သော ပစ္စုပ္ပန် အတ္တဘောကို ဒိဋ္ဌဓမ္မဟူ၍ ဆိုအပ်၏။ ခံစားအပ်သောကြောင့် ဝေဒနိယ မည်၏။ အကျိုးတရားကို ရအပ်၏။ ထိုကံအား မျက်မှောက်ဖြစ်သည့် အတ္တဘော၌ ခံစားအပ်သော အကျိုးတရားရှိသောကြောင့် ဒိဋ္ဌဓမ္မဝေဒနီယကံ မည်၏။
၁၆၁။ ဋီကာကျော် (နှာ- ၁ရဝ)၌ကား-
ပစ္စုပ္ပန် အတ္တဘော၌ အကျိုးကို ခံစားသည်၏ အစွမ်းဖြင့် ခံစားအပ်သောကြောင့် ဒိဋ္ဌဓမ္မဝေဒနိယကံ မည်၏။
ဟူ၍ ဆိုအပ်၏။ ထိုစကားသည် မကောင်းချေ။ မှန်လှစွာ၏။
ပါဠိတော်၌-
- အကျိုးကို မျက်မှောက်ဖြစ်သော ကိုယ်၏အဖြစ်၌ပင်လျှင် ခံစားရပြီ။
ဟူ၍ ဟောတော်မူ၏။ မှန်လှစွာ၏။ ဤပါဠိတော်၌ ‘‘ဝိပါကံ ပဋိသံဝေဒေတိ’’ ဟူသော ဤပါဌ်ဖြင့် ဤအရာ၌ ဝေဒနီယ- သဒ္ဒါသည် ကမ္မသာဓနလည်း ရှိ၏။ ဝိပါက်လျှင် အဘိဓေယျ ရှိသည်လည်း ဖြစ်ပေ၏ဟု ပြတော်မူ၏။ ဤသို့ ဖြစ်သည်ရှိသော် ဤဒိဋ္ဌဓမ္မဝေဒနီယ ဟူသောပုဒ်၌ အညပဒတ္ထ သမာသ်ကိုသာလျှင် ရအပ်၏။ ဥတ္တရပဒတ္ထပဌာန သမာသ်ကို မရအပ်ချေ။ ထို့ကြောင့် မကောင်းချေ။
ဥပပဇ္ဇ ဝေဒနီယကံ
ထိုကံအား မျက်မှောက်ဖြစ်သော အတ္တဘောကို ကပ်၍ ထိုအတ္တဘော၏ အခြားမဲ့၌ ရောက်၍ ခံစားအပ်သောအကျိုး ရှိသောကြောင့် ဥပပဇ္ဇဝေဒနီယကံ မည်၏။ မှန်လှစွာ၏။ ထို့ကြောင့် သာလျှင် အဋ္ဌကထာ၌ ဥပပဇ္ဇသဒ္ဒါ၏ အနက်ကို ဆိုတော်မူသော အဋ္ဌကထာဆရာသည် ‘‘ဥပပဇ္ဇိတွာ’’ ဟူ၍ မိန့်ဆိုအပ်၏။
သုတ်ပုဒ်တို့၌ကား ‘‘ဥပပဇ္ဇေဝါ’’ ဟူသော ပါဌ်ကို မြင်အပ်၏။
ထို့ကြောင့် ဒိဋ္ဌဓမ္မဘဝ၏အနီး အခြားမဲ့၌ ရောက်အပ်သောကြောင့် ဥပပဇ္ဇ မည်၏။ နှစ်ခုမြောက်သော အတ္တဘောကို ရအပ်၏။ ထိုကံအား အနီးဖြစ်သော ဒုတိယအတ္တဘော၌ ခံစားအပ်သော အကျိုး ရှိသောကြောင့် ဥပပဇ္ဇဝေဒနီယကံ မည်၏။ ဤသို့သော အနက်ကို ပါဠိတော်ပါဌ်၏ အစွမ်းအားဖြင့် သိအပ်၏။ ဥပပဇ္ဇ ဟူသည်လည်း အခြားမဲ့ဖြစ်သော ဘဝ၌ဖြစ်သည့် တစ်ခုသော နိပါတ်ပုဒ်တည်း။ ဥပမာဆို အဘယ်လိုနည်း ဟူမူကား- ပစ္စ ဟူသော နိပါတ်ပုဒ်ကဲ့သို့တည်း။
၁၆၁။ ဋီကာကျော် (နှာ- ၁ရဝ)၌ကား
ပစ္စုပ္ပန်ဖြစ်သော အတ္တဘောမှ အခြားမဲ့ဖြစ်၍ ခံစားအပ်သော ကံသည် ဥပပဇ္ဇဝေဒနီယကံ မည်၏။
ဟူ၍ မိန့်ဆိုအပ်၏။ ထိုစကားသည် မကောင်းချေ။ မှန်လှစွာ၏။ ပါဠိတော်၌-
- မျက်မှောက်သော ကိုယ်၏အဖြစ်၌လည်းကောင်း၊ အကျိုးကို ခံစားရ၏၊ဟု ဟောတော်မူ၏။
အပရပရီယာယ ဝေဒနီယကံ
အဖန်ဖန် လာတတ်သောကြောင့် အရိယာယမည်၏။ ထိုတရားသည် တစ်ပါးသည်လည်း ဖြစ်အဖန်ဖန် လာတတ်သည်လည်း ဖြစ်သောကြောင့် အပရပရိယာယ မည်၏။ မျက်မှောက်ဘဝ လာလတ္တံ့ သော အခြားမဲ့ဖြစ်သည့် ဒုတိယဘဝတို့မှ တစ်ပါးသော အတ္တဘောအစဉ်ကို ရအပ်၏။ မှန်လှစွာ၏။ ထို့ကြောင့်သာလျှင် မဟာဋီကာ၌လည်းကောင်း၊ အင်္ဂုတ္တရဋီကာ၌လည်းကောင်း-
- အပရရိယာယေ- ဟူသည်ကား မျက်မှောက်ဘဝ အခြားမဲ့ ဖြစ်သည့် လာလတ္တံ့ ဒုတိယဘဝမှ တစ်ပါးသော အတ္တဘော၏ အလှည့် အကြိမ်၌ အတ္တဘောကို ဖြစ်စေတတ်၏။ ဟူ၍ မိန့်ဆိုအပ် ပေ၏။
အပရပရိယာယနှင့် အပရာပရိယပုဒ် နှစ်ခု အထူး စိစစ်ချက်
သုတ်ပုဒ်တို့၌ကား ‘‘အပရေ ဝါ ပရိယာ ယေ’’ ဟူ၍လည်းကောင်း၊ ‘‘အပရာပရေ ဝါ ပရိယာယေ’’ ဟူ၍လည်းကောင်း နှစ်ပါးအပြားအားဖြင့် ပါဌ်ကို မြင်အပ်၏။ ထိုနှစ်ပါးတို့တွင် နောက်ဖြစ်သော ပါဌ်ရှိခဲ့သော် ဤအပရ ပရိယာယ ဟူသောပုဒ်၌ အလယ်တွင် အပရသဟဒ္ဒါ တစ်ခုံ၏ ကျေခြင်းကို မှတ်အပ်၏။ သင်္ဂြိုဟ်ပေ (ဘုတ်အုပ် = ကျမ်းစာအုပ်) တို့၌ကား အလယ်တွင် ဒီဃအပြု ရှိသည်လည်းဖြစ်သော ယာ-အက္ခရာ ပျောက်ပျက်သည်လည်း ဖြစ်သော အပရာပရိယ သဒ္ဒါသည် ထင်၏။ ထိုအပရာပရိယသဒ္ဒါသည် များစွာကုန်သော အဋ္ဌကထာတို့၌ မရှိချေ။ ပါဠိတော်နှင့်လည်း မညီညွတ်ချေ။
၁၆၂။ ဋီကာကျော် (နှာ- ၁ရဝ)၌-
အဆက်ဆက်ဖြစ်သည့် အတ္တဘော၌ မျက်မှောက်ဘဝမှ တစ်ပါးသော အမှတ်မဲ့ တစ်စုံတစ်ခု ဖြစ်သည့် အတ္တဘော၌ ခံစားအပ်သော ကံသည် အပရာပရိယဝေဒနီယကံ မည်၏။
ဟူသော အကြင်စကားကိုလည်း ဆိုအပ်၏။ ထိုစကား၌ ‘‘ဒိဋ္ဌဓမ္မတာ = မျက်မှောက်ဘဝ’’ဟူသော ဤစကားသည် ရှေးဦးစွာ မသင့်ချေ။ မှန်လှစွာ၏။ အလယ်၌ ဒုတိယဖြစ်သော ဥပပဇ္ဇဘဝကို ကြဉ်၍ ပထမဖြစ်သော ဒိဋ္ဌဓမ္မသဒ္ဒါသည်သာလျှင် ဤတတိယပုဒ်၌ လိုက်လာ၏။ ထို့ကြောင့် မသင့်ချေ။
- အဖို့တစ်ပါးကို ဆိုပေဦးအံ့။ အနက်အားဖြင့်လည်းကောင်း၊ သဒ္ဒါအားဖြင့်လည်းကောင်း အလုံးစုံ သည် ပါဠိတော်နှင့် မညီညွတ်ချေ။
မှန်လှစွာ၏။
- မျက်မှောက်ဘဝ လာလတ္တံ့သော အခြားမဲ့ ဒုတိယဘဝမှ တစ်ပါးသော အတ္တဘောအစဉ်မှ အကျိုးကို ခံစားရ၏။ ဟူ၍ မိန့်ဆိုပေ၏။ ‘‘အပရာပရေ ဝါ ပရိယာယေ’’ ဟူ၍လည်း ပါဌ်ရှိသေး၏။
အဟောသိကံ
အဟောသိ အမည်ရှိသော ကံသည် အဟောသိကံ မည်၏။ ‘‘ကံသည် ဖြစ်ပြီ၊ ကံသည် ဖြစ်လတ္တံ့၊ ကံသည် ဖြစ်ဆဲ၊ ထိုကံ၏အကျိုးသည် မရှိ’’ ဤသို့ ဟောတော်မူအပ်သော ပါဠိတော်၏ အစွမ်းဖြင့် အဋ္ဌကထာဆရာတို့သည် ထိုထိုသို့သော အခြင်းအရာအားဖြင့် အဟောသိကံဟူ၍ ယူအပ်သော အမည်ရှိသော အချင်းခပ်သိမ်း မရအပ်သော အကျိုးပေးခြင်း အလှည့်အကြိမ်ရှိသော ကံပေတည်း။ ဤသို့ ဆိုလိုပေသည်။
ထိုလေးပါးသော ကံတို့တွင် ခုနစ်ကြိမ်ကုန်သော ကုသိုလ်ဇော အကုသိုလ်ဇောတို့တွင် ပထမဇော စေတနာသည် ဒိဋ္ဌဓမ္မဝေဒနိယကံ မည်၏။ မှန်လှစွာ၏။ ထိုပထမဇော စေတနာသည် မရအပ်သော အာသေဝနပစ္စည်း ရှိသည်၏ အဖြစ်ကြောင့် တည်ခြင်းလည်း မရှိချေ။ အလွန်နည်းသော အကျိုးပေးခြင်း ရှိသည်လည်း ဖြစ်၏။ ထို့ကြောင့် အကြောင်းကို ရသည်ရှိသော် မျက်မှောက် ဘဝ၌သာလျှင် အဟိတ်မျှ ဖြစ်သော အကျိုးကိုပေး၍ ပြယ်ပျောက်၏။ တစ်ခုလည်းဖြစ်သော သေရာကာလကို လွန်၍ သတ္တဝါ၏အစဉ်ကို အစဉ်လိုက်ခြင်းငှါ မစွမ်းနိုင်။ အကြောင်းကို မရသည် ရှိသော်ကား အဟောသိကံ မည်သည် ဖြစ်၏။
အကြောင်း ဟူသည်ကား- မိမိ၏အကျိုး ဖြစ်ခြင်း၏ အခွင့်ကို ပေးတတ်သော အထူးထူးသော ဣရိယာပုဒ်တို့၌ ဣဋ္ဌာရုံ အနိဋ္ဌာရုံနှင့် ပေါင်းဆုံမိခြင်း အစရှိသော အမှတ်မရှိ တစ်စုံတစ်ခုသော အကြောင်းသည်လည်း သင့်မြတ် လျော်ကန်သည်သာလျှင်တည်း။
ဋီကာကျမ်းတို့၌ကား-
- ဆန့်ကျင်ဘက် ဖြစ်ကုန်သော ကုသိုလ်ကံ အကုသိုလ်ကံတို့သည် မနှိပ်စက်အပ်သည်၏ အဖြစ်ကြောင့်-
ဤသို့ အစရှိသဖြင့် အကြီးအကျယ် ပြု၍ အကြောင်းကို မိန့်ဆိုအပ်၏။ ထိုအကြောင်းကို ကာကဝလိယ စသည်တို့၏ကဲ့သို့ အလွန်ထင်ရှားသော အကျိုးပေးခြင်းကို ရည်ရွယ်၍ မိန့်ဆို အပ်၏ဟု သိအပ်၏။
မှန်လှစွာ၏။ ကမ္မပထဇော၏ အစဉ်၌ဖြစ်သော ပထမဇော စေတနာသည်လည်းကောင်း၊ ဤမှ တစ်ပါး ကမ္မပထမမြောက်သည်လည်း ဖြစ်သော ပထမဇောစေတနာသည်လည်းကောင်း၊ ဣဋ္ဌာရုံ အနိဋ္ဌာရုံနှင့် ပေါင်းဆုံခြင်း၏ အစွမ်းဖြင့်လည်း ရအပ်သော အကြောင်း ရှိသည်ရှိသော် တစ်စုံ တစ်ခုသော စေတနာသည် မိမိ၏အစွမ်း အားလျော်စွာ အကျိုးကို မပေးနိုင်။ ဤသို့သော အဆိုသည် မရှိချေ။ ထိုပထမဇောစေတနာသည် ပေးအပ်သော အလုံးစုံလည်းဖြစ်သော အကျိုးသည် လူများ အပေါင်းအားလည်းကောင်း၊ ကံကိုပြုသော သူအားသာလျှင်လည်းကောင်း ထင်ရှားသည်သာလျှင် ဖြစ်ရာ၏။ ဤသို့ ဆိုခြင်းငှါ တတ်လည်း မတတ်ကောင်းပေ။ ဤသို့ သိအပ်၏။
ဉာဏဝိဘင်းအဋ္ဌကထာ၌ -
- တစ်ခုသော ဥပပဇ္ဇဝေဒနီယကံသည် ပဋိသန္ဓေကို ငင်၏။ ကြွင်းသော ဥပပဇ္ဇဝေဒနီယကံတို့သည် အကျိုးမပေးကြကုန်။
ဟူသော အကြင်စကားကို မိန့်ဆိုအပ်၏။ ထိုစကားကိုလည်း ပဋိသန္ဓေ အကျိုးကို ရည်ရွယ်၍ မိန့်ဆိုအပ်၏။ ဤသို့ ယူသင့် ယူထိုက်၏။ မှန်လှစွာ၏။ ကြွင်းသော ကံတို့သည်လည်း အကြင် မျှလောက် ဒုတိယ စုတိသည် မလာသေးချေ။ ထိုမျှလောက် ရအပ်သော အကြောင်းရှိကုန် သော ကံတို့သည် ပဝတ္တိအကျိုးကို ပေးကုန်တော့သည်သာလျှင်တည်း။ ဤလူ့ဘဝ၌ ကုသိုလ် အကုသိုလ် ရောနှောသော ကံတို့ကိုပြု၍ အခြားမဲ့ ဖြစ်သည့် ဘဝ၌ မိဿကကံ၏အကျိုးကို ခံစားကုန်သော ဝေမာနိက ပြိတ္တာတို့၏ ၀တ္ထု တို့ကိုလည်းကောင်း၊ တစ်ပါးကုန်သော ထိုထိုကံကို ပြုပြီး၍ အခြား မဲ့ဖြစ်သော ဘဝ၌သာလျှင် သုဂတိဘုံ၌ ထိုကံ၏အကျိုး ဖြစ်သော ပျက်စီးခြင်းကို ခံစားသည်လည်း ဖြစ်ကုန်သော ဒုဂ္ဂတိဘုံ၌ ထိုကံ၏ အကျိုးဖြစ်သော ပြည့်စုံခြင်းကို ခံစားသည်လည်း ဖြစ်ကုန်သော တစ်ပါးမက များစွာကုန်သော အရာမကသော ၀တ္ထုတို့ကိုလည်းကောင်း ဤအရာ၌ ပြဆိုအပ် ကုန်၏ဟု မှတ်အပ်၏။
၁၆၃။ ဋီကာကျော် (နှာ- ၁ရ၁)၌-
ထိုသတ္တမဇော စေတနာသည်လည်း ပဋိသန္ဓေကို ပေးပြီး၍သာလျှင် ပဝတ္တိအကျိုးကို ပေး၏။ ပဋိသန္ဓေအကျိုးကို မပေးသည် ရှိသော် ကား ပဝတ္တိအကျိုးကို ပေး၏။ ဤသို့ ပဝတ္တိအကျိုးကို ပေးခြင်းသည် မရှိချေ။
ဟူသော အကြင်စကားကို မိန့်ဆိုအပ်၏။ ထိုစကားသည် မသင့်လျော်ချေ။ အဘယ့်ကြောင့်နည်း ဟူမူကား- အကြင် အကြင် ဆိုအပ်ခဲ့ပြီးသော ၀တ္ထုတို့နှင့်တကွ ဆန့်ကျင်သောကြောင့်ပေတည်း။
၁၆၄။ ထိုဋီကာကျော် (နှာ- ၁ရ၁)၌-
အကြင်ကြောင့် စုတိစိတ်၏ အခြားမဲ့၌ ဥပပဇ္ဇဝေဒနီယကံ၏ အခွင့်သည် ဖြစ်၏။ ထို့ကြောင့် ပဋိသန္ဓေအကျိုးကို ပေးသည် ရှိသော် ပဝတ္တိအကျိုးကို ပေး၏။ ဤသို့ ပဝတ္တိအကျိုး ပေးခြင်းသည် မရှိချေ။
ဟူသော အကြင်အကြောင်းကိုလည်း မိန့်ဆိုအပ်၏။ ထိုအကြောင်းသည်လည်း အကြောင်း မဟုတ်ချေ။ အဘယ့်ကြောင့်နည်း ဟူမူကား- စုတိ၏ အခြားမဲ့မှစ၍ အသက်ရှည်သမျှ ကာလ ပတ်လုံးလည်း အခွင့်၏ ဖြစ်သင့်သောကြောင့်ပေတည်း။
၁၆၅။ ထိုဋီကာကျော် (နှာ- ၁ရ၁)၌-
- ပဋိသန္ဓေအကျိုးကို ပေးသည်ရှိသော် ဘဝတစ်ရာ၌လည်း ပဝတ္တိ အကျိုးကို ပေး၏။
ဟူသော အကြင်စကားကိုလည်း မိန့်ဆိုအပ်၏။ ထိုစကားကိုလည်း မယူသင့် မယူထိုက်ချေ။ အဘယ့်ကြောင့်နည်း ဟူမူကား- ကံ၏ ရောယှက်ခြင်းသို့ ရောက်ခြင်းကြောင့်ပေတည်း။
အင်္ဂုတ္တရအဋ္ဌကထာ၌လည်း-
- ဒိဋ္ဌဓမ္မဝေဒနီယကံလည်းကောင်း၊ ဥပပဇ္ဇဝေဒနီယကံလည်း ကောင်း၊ အပရပရိယာယဝေဒနီယ ကံလည်းကောင်း၊ ဤသို့ ကံသုံးပါးတို့သည်သာလျှင် ဖြစ်ကုန်၏။ ထိုကံတို့၏ ရောယှက်ခြင်းသည် မရှိချေ။ တည်မြဲတိုင်းသာလျှင် တည်ကြကုန်၏။
ဟူ၍ မိန့်ဆိုအပ်၏။ ဆက်၍ ဆိုပေဦးအံ့။ ဤအင်္ဂုတ္တရအဋ္ဌကထာ၌ ပဋိသန္ဓေ၏ အစွမ်းအားဖြင့် ဤသို့ မိန့်ဆိုအပ်၏။ ဤသို့ ဆိုခြင်းငှါ မတတ်ကောင်းချေ။ အဘယ့်ကြောင့်နည်း ဟူမူကား- ထို အနက်ကို ပြီးစီးစေတတ်သည့် အဋ္ဌကထာ တစ်စိတ်၏လည်းကောင်း၊ ၀တ္ထု၏ လည်းကောင်း၊ ယုတ္တိ၏လည်းကောင်း မရှိခြင်းကြောင့်ပေတည်း။ ထို့ကြောင့် မယူသင့် မယူထိုက်ပေ။
အလယ်၌ ငါးပါးသော ဇောစေတနာတို့သည်ကား အပရပရိယာ ဝေဒနီယကံ မည်ပေ၏။ မှန်လှပေ၏။ ထိုငါးပါးသော ဇောစေတနာတို့သည် အလွန်အားလည်း ရှိကုန်၏။ အနှစ်သာရ ရှိသည် လည်း ဖြစ်ကုန်၏။ ထို့ကြောင့် လျင်မြန်စွာ အကျိုးပေးခြင်းငှါ မစွမ်းနိုင်ကြကုန်။ ရှည်မြင့်စွာ တည်ခြင်း ရှိကုန်သည်သာလျှင် ဖြစ်ကုန်၏။ ထို့ကြောင့် တတိယဘဝမှစ၍ အကြင်အခါ၌ အကျိုး ပေးခွင့်ကို ရကုန်၏။ ထိုအခါ၌ ငါးကြိမ်သို့တိုင်အောင် ပဋိသန္ဓေကို ပေး၍ သံသရာ၏ ဖြစ်ခြင်း ရှိလတ်သော် ကမ္ဘာတစ်သိန်း၌လည်း ပဝတ္တိအကျိုးကို ပေးကြကုန်ဟု မှတ်အပ်၏။
ဤသုံးပါးသော ကံတို့သည်သာလျှင် မိမိ မိမိ၏ ခေတ်အခါ၌ အချင်းခပ်သိမ်း အကျိုးကိုပေးသော အလှည့်အကြိမ်ကို မရကုန်သည် ရှိသော် အဟောသိကံ မည်ပေတော့၏။ ထိုကံသုံးပါးတို့၏ ခေတ်အခါ ကိုလည်း ရှေးဦးစွာသော ဒိဋ္ဌဓမ္မဝေဒနိယကံ၏ ခေတ်ကို ဒိဋ္ဌဓမ္မ စုတိဖြင့် ပိုင်းခြားပေ၏။ နှစ်ခုမြောက်သော ဥပပဇ္ဇဝေဒနီယကံ၏ ခေတ်ကို လာလတ္တံ့သော အနန္တရဘဝ၏ စုတိဖြင့် ပိုင်းခြားပေ၏။ တတိယဖြစ်သော အပရပရိယာယဝေဒနီယကံ ခေတ်ကို ပရိနိဗ္ဗာန် စုတိဖြင့် ပိုင်းခြားပေ၏။ ဤသို့ မှတ်အပ်၏။
ဒိဋ္ဌဓမ္မ စတုက္ကသည် ပြီးပေပြီ။
ဒိဋ္ဌဓမ္မဝေဒနီယ စသော ပါကကာလကံ လေးပါး အဖွင့် ပြီးပြီ။
………
- ပါကဌာနဝသေန- ဟူသည်ကား အပါယ် အစရှိသော အကျိုးပေးရာ အရပ်၏ အစွမ်းအားဖြင့်၊
ထို့အတူ လေးပါးကုန်သော ကံတို့မည်ကုန်သည် ဖြစ်ကြကုန်၏။ ဤသည်ကား ယောဇနာခြင်း ပေတည်း။
- တတ္ထ - ဟူသည်ကား အကုသိုလ် အစရှိကုန်သော လေးပါးကုန်သော ထိုကံတို့တွင်-
- ကမ္မဒွါရဝသေန- ဟူသည်ကား ကံပြီးခြင်း၏ အင်္ဂါဖြစ်ကုန်သော ကိုယ်အစရှိကုန်သော ကမ္မဒွါရ တို့၏ အစွမ်းဖြင့်၊
ပါဏာတိပါတကံ
ဤသဘောတရားဖြင့် သတ္တဝါကို လွန်စွာ ချခွင်းတတ်ကြောင်း ဖြစ်ကုန်သောကြောင့် ပါဏာတိပါတ မည်၏။ ဆက်၍ ဆိုဦးအံ့။ ဤပါဏာတိပါတ ဟူသော ပုဒ်၌ မိမိ အလိုလိုအားဖြင့် ကျခြင်းငှါ မပေးမူ အကြား၌သာလျှင် ပယောဂ၏ အစွမ်းဖြင့် ကျခြင်းကို အတိပတနဟူ၍ မှတ်အပ်၏။
အဒိန္နဒါနကံ
ဤသဘောတရားဖြင့် သူတစ်ပါး၏ ဥစ္စာကို ခိုးယူကြောင်း ဖြစ်ကုန်သောကြောင့် အဒိန္နဒါန မည်၏။
ကာမေသု မိစ္ဆာစာရကံ
ဤတရားသဘောဖြင့် မသွားလာအပ်သော ၀တ္ထု ဟုဆိုအပ်ကုန်သော ၀တ္ထုကာမဂုဏ်တို့၌ မှားယွင်းသောအားဖြင့် ကျင့်တတ်ကြောင်း ဖြစ်ကုန်သောကြောင့် ကာမေသုမိစ္ဆာစာရ မည်၏။
ထိုကံသုံးပါးတို့တွင် တစ်ပါးသော သတ္တဝါ၌ သတ္တဝါဟု အမှတ် ရှိသော သူအား ထိုတစ်ပါးသော သတ္တဝါ၏ ဇီဝိတိန္ဒြေ၏ အစဉ်ကို ဖြတ်တတ်သည့် ကာယပယောဂ ဝစီပယောဂကို ဖြစ်စေတတ်သော ဝဓကစေတနာသည် ပါဏာတိပါတ မည်၏။ မိမိကိုယ်တိုင်ပင်လျှင် မိမိ၏ ဇီဝိတိန္ဒြေကို ကျစေသောသူအား ပါဏာတိပါတ မဖြစ်ချေ။ သူတစ်ပါးတို့ သိမ်းဆည်းအပ်သော ဥစ္စာ၌ သူတစ်ပါး တို့ သိမ်းဆည်းအပ်သော ဥစ္စာဟု အမှတ်ရှိသော သူအား ထိုသူတစ်ပါးတို့ သိမ်းဆည်း အပ်သော ဥစ္စာအဖြစ်မှ ကွေကွင်းခြင်း၏ အကြောင်းဖြစ်သည့် ကာယ ပယောဂယ ဝစီပယောဂကို ဖြစ်စေတတ်သော လုယက်တတ်သော စေတနာသည် အဒိန္နာဒါန မည်၏။
မသွားအပ် မလာအပ်သည့် ၀တ္ထုတို့၌ မဂ်အချင်းချင်း စပ်ယှဉ်သော ကာယပယောဂကို ဖြစ်စေ တတ်သော သာယာသော စေတနာသည်ကား ကာမေသုမိစ္ဆာစာရ မည်ပေ၏။ အချို့ကုန်သော ကေစိ ဆရာတို့သည်ကား ဤကာမေသုမိစ္ဆာစာရ ဟူသော ပုဒ်၌လည်း ‘‘အဂမနီယ ၀တ္ထု သညိနော = မသွားမလာအပ်သည့် ၀တ္ထုဟူ၍ အမှတ်ရှိ၏’’ ဟူသော ပုဒ်ကို အလိုရှိကြကုန်၏။ ထိုစကားသည် အဋ္ဌကထာနှင့် မညီညွတ်ပေ။ မှန်လှစွာ၏။
- မသွား မလာအပ်သော ၀တ္ထုလည်းကောင်း၊ ထိုအဂမနီယ ၀တ္ထု၌ မှီဝဲလိုသော စိတ်လည်းကောင်း။
ဟူ၍ ထိုအဋ္ဌကထာ၌ မိန့်ဆိုအပ်၏။ ဤအဋ္ဌကထာပါဌ်ဖြင့် အဂမနီယ ၀တ္ထု ရှိခဲ့သော် သွားလာ အပ်သော ၀တ္ထု ဟူသော အမှတ်ဖြင့်လည်းကောင်း၊ မသွားမလာအပ်သော ၀တ္ထု ဟူသော အမှတ်ဖြင့် လည်းကောင်း မှီဝဲသောသူအား ကမ္မပထမြောက်သည်သာလျှင်တည်း။ ဤသို့သော အနက်သည် ပြီးစီးပေ၏။ ဤမှ တစ်ပါးသော အခြင်းအရာအားဖြင့် အနက်ကို ယူသည်ရှိသော်-
- မသွားမလာအပ်သော ၀တ္ထုလည်းကောင်း၊ ထိုသို့သော အခြင်းအရာအားဖြင့် အမှတ်ရှိသည်၏ အဖြစ်လည်းကောင်း၊ ထို အဂမနီယ ၀တ္ထု ၌ မှီဝဲလိုသော စိတ်လည်းကောင်း- ဟူ၍ မိန့်ဆိုအပ်သည် ဖြစ်ခဲ့ရာ၏ဟု သိအပ်၏။
ကာမေသုမှ ဝါဒများစွာ
အချို့ကုန်သော အပရေဆရာတို့သည်ကား မိမိသည် လှုပ်ရှားမှု ကာယပယောဂကို မပြုမူ၍ မိမိ၌ တစ်ပါးသော သူသည် ပြုအပ်သော မဂ်အချင်းချင်း စပ်ယှဉ်ခြင်းကို သာယာသောသူအား မှီဝဲလိုသောစိတ် ရှိငြားပါသော်လည်း ကမ္မပထ အပြားမရှိချေ။ အဘယ့်ကြောင့်နည်း ဟူမူကား- ကာယပယောဂ၏ မရှိခြင်းကြောင့်တည်းဟု ဆိုကြကုန်၏။
မှီဝဲလိုသောစိတ် ရှိခဲ့သော်ကား ကာယပယောဂသည် ပမာဏ မဟုတ်ချေ။ ဤသို့ အချို့ကုန်သော ဧကေဆရာတို့ ဆိုကြကုန်၏။ ဤသို့ ဆိုသည်ရှိသော် လွန်ကျူးမှု = မိစ္ဆာစာရသည် အင်္ဂါ သုံးပါး ရှိသည် သာလျှင် ဖြစ်ပေရာ၏။ အင်္ဂါ လေးပါး ရှိသည် မဖြစ်သည်သာလျှင်တည်း။ ဤသို့ အဓိပ္ပါယ် ရောက်ခဲ့ရာ၏။ အဋ္ဌကထာ၌ကား မှီဝဲလိုသော ပယောဂနှင့်တကွ အင်္ဂါလေးပါး ရှိသည်ကိုသာလျှင် မိန့်ဆိုအပ်၏ဟု တစ်ပါးသော အညေဆရာတို့ ဆိုကြကုန်၏။ မှီဝဲကြောင်းဖြစ်သော ပယောဂကိုကား များသောအားဖြင့် ရအပ်သည်၏ အဖြစ်ကြောင့်သာလျှင် မိန့်ဆိုအပ်၏။ စင်စစ် အင်္ဂါ ၏အဖြစ် ကြောင့် မိန့်ဆိုအပ်သည် မဟုတ်ချေ။ ဤမှ တစ်ပါးသော အခြင်းအရာအားဖြင့် အနက်ကို ယူအပ် သည်ရှိသော် မိန်းမတို့အား များသောအားဖြင့် လုံ့လပြုခြင်းကိစ္စ မရှိချေ။ ထို့ကြောင့် ထိုမိန်းမတို့အား မှားယွင်းသော အကျင့်သည် ရနိုင်ခဲသည် ဖြစ်ခဲ့ရာ၏။ ဤသို့လည်း ဆိုကြကုန်၏။
ဘိက္ခုနီမတို့ကို ဖျက်ဆီးခြင်းကိုလည်း ဤကာမေသုမိစ္ဆာစာရ၌သာလျှင် ရေတွက်အပ်၏။ မှန်လှစွာ၏။ ထိုဘိက္ခုနီမကို စောင့်ရှောက်အပ်သော မိန်းမတစ်ကျိပ် နှစ်ယောက်တို့၌ ရေတွက် အပ်၏။ ဤသို့ သိအပ်၏။ ဋီကာကျမ်းတို့၌ကား ထိုဘိက္ခုနီမသည် ဓမ္မရက္ခိတ = တရားကျင့်ဖော်တို့ စောင့်ရှောက်အပ်သာ မိန်းမသည်လည်း မဟုတ်ချေ။ အမိ စသည် စောင့်ရှောက်အပ်သော မိန်းမ သည် အဘယ်မှာ ဖြစ်နိုင်ပါတော့အံ့နည်း။ ဓမ္မံ = တရားဟူသည်ကား ဤအရာ၌ ပါသဏ္ဍ အယူရှိသောသူတို့၏ တရားကိုသာလျှင် အဋ္ဌကထာ၌ မိန့်ဆိုအပ်၏။ ဤသို့ ဆိုကြကုန်၏။
သာသနာတွင်း တရားသည်လည်း မသင့်သည်ကား မဟုတ်ချေ။ သင့်သည်သာလျှင်တည်း။ ဥပဇ္ဈာယ်ဆရာမ အစရှိကုန်သော သီတင်းသုံးဖော်မတို့သည်လည်း ထိုဘိက္ခုမ၏ အမိအရာ၌ တည်ကြကုန်သည် သာလျှင်တည်း။
မှန်လှစွာ၏။ ထို့ကြောင့်သာလျှင် သိက္ခာပဒ ဝိဘင်္ဂအဋ္ဌကထာ၌-
- မိစ္ဆာစာရှု မှားယွင်းသော အကျင့်သည်လည်း သီလမရှိသော မိန်းမကို လွန်ကျူးခြင်း၌ နည်းသောအပြစ် ရှိ၏။ ထို့ထက် ပကတိ သဘောအားဖြင့် ကောင်းမြတ်သော အကျင့်ရှိသော မိန်းမ၌ အပြစ် ကြီးပေ၏။ ထို့ထက် သရဏဂုံတည်သော မိန်းမကို၊ ထို့ထက် ပဉ္စသီလရှိသော မိန်းမကို၊ ထို့ထက် သာမဏေမကို၊ ထို့ထက် ပုထုဇဉ် ဘိက္ခုနီမကို၊ ထို့ထက် သောတာပန်မကို၊ ထို့ထက် သကဒါဂါမ်မကို၊ ထို့ထက် အနာဂါမ်မကို လွန်ကျူးခြင်း၌ အပြစ်ကြီးလေး၏။ ရဟန္တာမ ၌ကား စင်စစ် အပြစ်ကြီးသည်သာလျှင်တည်း။
ဟူ၍ မိန့်ဆိုအပ်ပေ၏။
သုရာပါနကံ
အဘယ့်ကြောင့်လျှင် ဤအကုသလကမ္မပထအရာ၌ သေအရက် သောက်စားမှု သုရာပါနကံကို မယူအပ်ပါသနည်း။ မှန်လှစွာ၏။ ထိုသေရည်သေရက် သောက်ခြင်းအမှုကိုလည်း အပါယ်ဘုံ၌ ဖြစ်စေတတ်သည်၏ အဖြစ်ဖြင့် ဟောတော်မူအပ်၏။ ရှင်တော်မြတ်ဘုရား အဘယ်ကဲ့သို့ ဟောကြားတော်မူသနည်းဟူမူကား-
- ရဟန်းတို့- သေရည်သေရက် သောက်ခြင်းကို အထူးအချွန် အလွန်အကဲ မှီဝဲသည်ရှိသော်၊ ပွားစေအပ်သည်ရှိသော်၊ ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် ငရဲ၌ ဖြစ်စေတတ်၏။ တိရစ္ဆာန် အမျိုး၌ ဖြစ်စေတတ်၏။ ပြိတ္တာမျိုး၌ ဖြစ်စေတတ်၏။ အလုံးစုံ တို့အောက် အပေါ့ဆုံးဖြစ်သော သေရည်သေရက် သောက်ခြင်း၏ အကျိုးသည် လူဖြစ်သောသူအား ရူးသွပ်ခြင်းကို ဖြစ်စေ တတ်၏။
ဟူ၍ ဟောတော်မူ၏။ အဋ္ဌကထာတို့၌လည်း-
- အဖို့အစုအားဖြင့် ငါးပါးလည်း ဖြစ်ကုန်သော ပါဏာတိပါတ စသည်တို့သည် ကမ္မပထတို့ သည်သာလျှင်တည်း။
ဟူ၍ မိန့်ဆိုတော်မူ၏။ ဤသည်ကား စောဒနာစကားရပ်တည်း။ အဖြေစကားကို ငါဆိုပေအံ့။ ရှေးဦးစွာ မူလဋီကာ၌-
- ထိုသုရာပါန၏ သဘောတူသည်၏ အဖြစ်ကြောင့် မိစ္ဆာစာရ၌ ကျေးဇူးပြုတတ်သည်၏ အဖြစ်ဖြင့် ဆယ်ပါးလည်း ဖြစ်ကုန်သော ကမ္မပထတို့၌ အလျော်အားဖြင့် သွင်းခြင်းသည် ဖြစ်၏။
ဤသို့ မိန့်တော်မူ၏။ ထိုမူလဋီကာ၌ သဘောတူသည်၏ အဖြစ်ကို ယူ၍-
၁၆၆။ ဋီကာကျော် (နှာ- ၁ရ၂)၌-
ရသာရုံဟု ဆိုအပ်သော ကာမတို့ မှားယွင်း လွန်ကျူးသော အကျင့်ဖြစ်သောကြောင့် သူရာ သောက်ခြင်းကိုလည်း ဤ ကာမေသုမိစ္ဆာစာရ၌သာ ပေါင်းယူအပ်၏ ဆိုကြကုန်၏။
ဟူ၍ မိန့်ဆိုအပ်ပေ၏။ ကျေးဇူးပြုတတ်သည်၏ အဖြစ်ကို ယူ၍ ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ၌-
- ကုသိုလ် အကုသိုလ်တို့ကိုလည်း ပဋိသန္ဓေအကျိုးကို ဖြစ်စေ နိုင်ကုန်မှသာလျှင် ကမ္မပထ (ပဋိသန္ဓေအကျိုး ပေးနိုင်သော ကံ)တို့ ဟူ၍ ဆိုအပ်ကုန်၏။ ဆိုအပ်ခဲ့ပြီးသော ကံတို့မှ တစ်ပါးသော ပဋိသန္ဓေ အကျိုးကို ပေးရန် အမြဲမဟုတ်ကုန်သော ကုသိုလ် အကုသိုလ်တို့ကို ပဋိသန္ဓေကို ဖြစ်စေရာ၌ ဧကန္တ မဟုတ်သောကြောင့် ကမ္မပထတို့ ဟူ၍ မဆိုအပ်ကုန်။
ဟူသော ဤ(ပဋိသမ္ဘိဒါမဂ္ဂ) အဋ္ဌကထာ ဝါကျ၏ အဖွင့်ဋီကာ၌-
- ဝုတ္တာဝသေသာ = ဆိုအပ်ခဲ့ပြီးသော ကံတို့မှ တစ်ပါးသော ပဋိသန္ဓေအကျိုးကို ပေးရန် အမြဲမဟုတ်ကုန်သော ကုသိုလ် အကုသိုလ်တို့ကို ဟူသည်ကား သေသောက်ခြင်း စသည်တို့ သည် လည်းကောင်း၊ ထိုသေသောက်ခြင်းမှ ကြဉ်ရှောင်ခြင်း စသည်တို့သည်လည်းကောင်း ဖြစ်ကြကုန်၏။
မှန်လှစွာ၏။ သေသောက်ခြင်းသည် ယစ်မူးခြင်း၏ အကြောင်း ဖြစ်၏။ ယစ်မူးခြင်းသည် အကုသိုလ် ကမ္မပထ၏ အကြောင်းဖြစ်၏။ ထိုသေရည်သေရက် သောက်ခြင်းမှ ကြဉ်ရှောင်ခြင်းသည်လည်း ယစ်မူးခြင်းမှ ကင်းခြင်း၏ အကြောင်းဖြစ်၏။ ထိုယစ်မူးခြင်းမှ ကင်းခြင်းသည်လည်း ကုသိုလ် ကမ္မပထ၏ အကြောင်းဖြစ်၏။ ဤသို့ ကမ္မပထ၏ အားကြီးသော အကြောင်း ဖြစ်ကုန်သော ထိုကံတို့သည် ထိုသေရည် သေရက်သောက်ခြင်း အမှု၊ သေရည်သေရက် သောက်ခြင်းမှ ကြဉ်ရှောင် ခြင်းအမှု၏ အနီးအပါးဖြစ်သော ကံ၏အစွမ်းဖြင့် ပဋိသန္ဓေကို ဖြစ်စေ တတ်ကုန်သည် ဖြစ်ကုန်၏။
ဤသို့ မိန့်ဆိုအပ်၏။
ထိုပဋိသမ္ဘိဒါမဂ္ဂဋီကာ၌ ထိုသေရည်သေရက်သောက်ခြင်း အမှု၊ သေရည်သေရက်သောက်ခြင်းမှ ကြဉ်ရှောင်ခြင်းအမှု၏ အနီးအပါး ဖြစ်သော ကံ၏အစွမ်းဖြင့်- ဟူသည်ကား ‘ထိုသေရည်သေရက် သောက်ခြင်း၏လည်းကောင်း၊ သေရည်သေရက် သောက်ခြင်းမှ ကြဉ်ရှောင်ခြင်း၏လည်းကောင်း၊ အနီး၌ဖြစ်ကုန်သော ထိုသေရည်သေရက် သောက်ခြင်းအမှု၊ သေရည်သေရက် သောက်ခြင်းမှ ကြဉ်ရှောင်ခြင်း အမှုလျှင် အကြောင်းရင်း ရှိကုန်သော အကုသိုလ်ကံတို့၏လည်းကောင်း၊ ကုသိုလ်ကံ တို့၏လည်းကောင်း အစွမ်းဖြင့်’- ဤသည်ကား အနက်တည်း။
ဤဆိုလတ္တံ့သော စကားကို ဆိုလိုသည် ဖြစ်ပေ၏။ ‘‘အကြင်သူသည် သေရည်သေရက်ကို သောက်၍ သေရည်သေရက် ယစ်မူးခြင်း တည်းဟူသော အကြောင်းကြောင့် ပါဏာတိပါတ စသည်တို့၌ အမှတ် မရှိသော ကံကိုပြု၏။ ထိုသူအား သေရည်သေရက် သောက်ခြင်းသည် ထိုကံ၏ အားကြီးသော အကြောင်းလည်း ဖြစ်၏။ ပုဗ္ဗစေတနာအရာ၌ တည်သည်လည်း ဖြစ်၏။ ထိုပုဗ္ဗစေတနာအရာ၌ တည်သော ကံသည်သာလျှင် အသီးအခြား ပဋိသန္ဓေကို ဖြစ်စေနိုင်၏။ ဤမှ တစ်ပါးသော ပုဗ္ဗစေတနာအရာ၌ မတည်သောကံသည် ပဋိသန္ဓေကို မဖြစ်စေနိုင်။ ဤသို့ မှတ်အပ်၏။
မှန်လှစွာ၏။ ပုဗ္ဗစေတနာ အပရစေတနာတို့သည်လည်း ကမ္မပထ သို့ရောက်သော ကံ၏အခြံအရံ ဖြစ်ကုန်သော်သာလျှင် ပဋိသန္ဓေကို ဖြစ်စေကုန်သကဲ့သို့ ဤမှ တစ်ပါးသော ကမ္မပထမြောက်သည့် ကံ၏ ပုဗ္ဗစေတနာ အပရစေတနာတို့သည် ပဋိသန္ဓေကို မဖြစ်စေနိုင်သကဲ့သို့ ဤအတူ ဤသုရာပါနကံသည်လည်း ကမ္မပထမြောက်သော ကံ၏အခြံအရံ ဖြစ်သော်သာလျှင် ပဋိသန္ဓေကို ဖြစ်စေ၏။ ဤသို့ မှတ်အပ်၏။
မှန်လှစွာ၏။ ကမ္မပထသုတ်တို့၌ သရုပ်အားဖြင့် လာကုန်သော ကံတို့သည်သာလျှင် ပဋိသန္ဓေကို ဖြစ်စေကုန်၏။ ဤမှ တစ်ပါးသော ကမ္မပထသုတ်တို့၌ မလာကုန်သော ကံတို့သည် ပဋိသန္ဓေကို မဖြစ်စေနိုင်ကုန်။ ဤသို့ မှတ်သား ပိုင်းခြားခြင်းငှါ မတတ်ကောင်းကုန်။
အကြင်ကံတို့သည်ကား စင်စစ်အားဖြင့် ပဋိသန္ဓေကို ဖြစ်စေတတ်သော အစွမ်းသတ္တိနှင့် ယှဉ်ကုန်၏။ ထိုကံတို့ကိုသာလျှင် ထိုကမ္မပထ သုတ်တို့၌ သရုပ်အားဖြင့် ဟောတော်မူအပ်ကုန်၏။ အကြင်ကံ တို့သည်ကား ပဋိသန္ဓေအကျိုးကို ဖြစ်စေခြင်း၌ ဧကန္တ မဟုတ်ကြကုန်။ ထိုကံတို့ကို ထိုကမ္မပထ သုတ်တို့၌ သရုပ်အားဖြင့် ဟောတော်မမူအပ်ကုန်။ ဤသို့ သိခြင်းငှါ တတ်ကောင်းကုန်၏။
မှန်လှစွာ၏။ ထို့ကြောင့်သာလျှင် ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ၌-
- ကုသိုလ် အကုသိုလ်တို့ကိုလည်း ပဋိသန္ဓေအကျိုးကို ဖြစ်စေနိုင်ကုန်မှသာလျှင် ကမ္မပထ (ပဋိသန္ဓေအကျိုးကို ပေးနိုင်သော ကံ)တို့ ဟူ၍ ဆိုအပ်ကုန်၏။ ဆိုအပ်ခဲ့ပြီးသော ကံတို့မှ တစ်ပါး သော ပဋိသန္ဓေ အကျိုးကို ပေးရန် အမြဲမဟုတ်ကုန်သော ကုသိုလ် အကုသိုလ်တို့ကို ပဋိသန္ဓေကို ဖြစ်စေရာ၌ ဧကန္တ မဟုတ်သောကြောင့် ကမ္မပထတို့ဟူ၍ မဆိုအပ်ကုန်။
ဟူ၍ မိန့်ဆိုအပ်၏။
ထို့ကြောင့် ဤသုရာပါနကိုလည်း ပဋိသန္ဓေကို ဖြစ်စေခြင်း၌ ဧကန္တ မဟုတ်သည်၏ အဖြစ်ကြောင့် ထိုကမ္မပသုတ်တို့၌ သရုပ်အားဖြင့် ဟောတော်မူအပ်သည် မဟုတ်ပေ။ ဤသို့လည်းကောင်း၊ အကြင် သုရာပါနကံကို ‘‘ထိုသေရည်သေရက် သောက်ခြင်းအမှု သေရည် သေရက် သောက်ခြင်းမှ ကြဉ်ရှောင်ခြင်းအမှု၏ အနီးဖြစ်သော ကံ၏ အစွမ်းဖြင့် ပဋိသန္ဓေကို ဖြစ်စေ၏’’ဟု ရှေး၌ ဆိုအပ်ခဲ့ပေပြီ။ ထိုသုရာ ပါနသည် ထိုကမ္မပထသုတ်တို့၌ သရုပ်အားဖြင့် ဟောတော်မူအပ်ကုန် သော ထိုသေရည်သေရက် သောက်ခြင်းအမှု၏ အနီးအပါးဖြစ်သော ကံတို့၌ အလျော်အားဖြင့် သက်ဝင်၏။ ဤသို့လည်းကောင်း ဆိုခြင်းငှါ တတ်ကောင်း၏။ ဤသို့ သိအပ်၏။
စင်စစ် ဧကန်အမှန်နေရာကျကို ဆိုဦးအံ့။ ထိုသုရာပါန ကိစ္စသည် ပဋိသန္ဓေကို ဖြစ်စေခြင်း ကိစ္စလည်းကောင်း၊ ကံကို ဖြစ်စေခြင်းကိစ္စ လည်းကောင်း ဤသို့ နှစ်ပါးအပြား ရှိ၏။ ထိုနှစ်ပါး တို့တွင် ပဋိသန္ဓေကို ဖြစ်စေခြင်းကိစ္စထက် ထိုသုရာပါန၏ ကံကိုဖြစ်စေခြင်းကိစ္စသည်သာ လျှင် ကြီးကျယ်သည်လည်းကောင်း၊ ကြီးသော ပျံ့နှံ့ခြင်း ရှိသည်လည်းကောင်း ဖြစ်ပေ၏။ ထို့ကြောင့်-
- နတ်တို့ကို အစိုးရသော သိကြားမင်းသည် ကုမ္ဘဇာတ်၌- အကြင် သေရည်ကို သောက်၍ စင်စစ် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့် လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ဒုစရိုက်ကို ကျင့်ကြကုန် ၏။ ထိုသူတို့သည် ဒုစရိုက်ကိုကျင့်၍ ငရဲသို့ ရောက်ကြရကုန်၏။ ထိုသေရည်ဖြင့် ပြည့်သော ဤအိုးကို ဝယ်ကြကုန်လော။
ဤသို့ မိန့်ဆိုအပ်ပေ၏။ ဤသို့ ထိုသေရည်သေရက် သောက်ခြင်း အမှု၏ အနီးအပါးဖြစ်သော ကံ၏အစွမ်းဖြင့်သာလျှင် ထိုသုရာပါန၏ အပါယ်သို့ လားစေတတ်သည်၏ အဖြစ်ကို ဟောတော် မူအပ်၏။
ထိုသုရာပါန၏ ထိုနှစ်ပါးစုံသော ပဋိသန္ဓေကို ဖြစ်စေခြင်းကိစ္စ၊ ကံကို ဖြစ်စေခြင်းကိစ္စကို ယူ၍ကား-
- ရဟန်းတို့- သေရည်သေရက် သောက်ခြင်းကို အထူးအချွန် အလွန်အကဲ မှီဝဲသည်ရှိသော်၊ ပွားစေအပ်သည်ရှိသော်၊ ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် ငရဲ၌ ဖြစ်စေတတ်၏။ တိရစ္ဆာန် မျိုး၌ ဖြစ်စေအပ်၏။ ပြိတ္တာမျိုး၌ ဖြစ်စေတတ်၏။ အလုံးစုံအောက် အပေါ့ဆုံးဖြစ်သော သေရည်သေရက် သောက်ခြင်း၏ အကျိုးသည် လူဖြစ်သော သူအား ရူးသွပ်ခြင်းကို ဖြစ်စေ တတ်၏။
ဟူ၍ အင်္ဂုတ္တရပါဠိတော်၌ ဟောတော်မူအပ်ပေ၏။ ဤသို့ သိအပ်၏။ မှန်လှစွာ၏။ ‘‘ဖြစ်စေ တတ်၏’’ဟူ၍ ဟောတော်မူအပ်သော အရာ၌ အကြင်ရသင့်သည် အားလျော်စွာ ယောဇာနာရသော ယထာလာဘ ယောဇနာသည် ရှိပေ၏။ ဤရသင့်သည့် အားလျော်စွာ ယှဉ်ရခြင်းသည် သုတ်ပုဒ်တို့၌ သဘောတံထွာပေတည်း။ မှန်လှပေ၏။ ထို့ကြောင့်သာလျှင် မူလဋီကာ၌-
- ပုနဗ္ဘဝံ ဒေတိယ ပုနဗ္ဘဝါယ သံဝတ္တေသိ - ဟူသော အဋ္ဌကထာ ပါဌ်၌ ကံနှင့်တကွ ဖြစ်သော တဏှာသည် တစ်ဖန် ဘဝသစ်ကို ပေးတတ်၏။ ကံ၏ အဖော်သဟဲ ဖြစ်သော ကံနှင့်တကွ မဖြစ် သော တဏှာသည် တစ်ဖန် ဘဝသစ်ကို ဖြစ်စေ၏။
ဤသို့ မိန့်ဆိုအပ်၏။
အချို့ကုန်သော ကေစိဆရာတို့သည်ကား ဤသို့သော အနက်ကို မစူးစမ်း မဆင်ခြင်မူ၍- ဤ (အဋ္ဌကထာ) ပါဠိဖြင့် ထိုသုရာပါန၏ အခြားစင်စစ် ကမ္မပထ၏ အဖြစ်ကို မှတ်ထင်ကြကုန်၏။
- ကောဋ္ဌာသအားဖြင့် ပါဏာတိပါတ အစရှိကုန်သော ငါးပါးတို့သည်လည်း ကမ္မပထတို့သည် သာလျှင်တည်း။
ဟူသော အကြင် အဋ္ဌကထာစကားသည် ထိုစကားရပ်၌သာလျှင် ဧဝ- သဒ္ဒါဖြင့် ထိုငါးပါးသော ကံတို့၏ စေတနာဓမ္မ၏ အဖြစ်ကြောင့် ဈာန်အစရှိသော အဖို့အစု၌ ဖြစ်သည်၏ အဖြစ်ကို နစ်စေ၏။ မှန်လှစွာ၏။ စေတနာသည် ကမ္မပထသို့ ရောက်သော်လည်းကောင်း၊ မရောက်သော်လည်းကောင်း အဖို့အစုအားဖြင့် ကမ္မပထ အဖို့အစု ရှိသည်သာလျှင် ဖြစ်၏ဟု သိအပ်၏။ ထို့ကြောင့်သာလျှင် မူလဋီကာ၌-
- ကမ္မပထဧဝ- ဟူသည်ကား ကမ္မပထ အဖို့အစု၌ အကျုံးဝင် ကုန်သည်သာလျှင်တည်း။
ဟူ၍ မိန့်ဆိုတော်မူသည်။
အနုဋီကာ၌လည်း-
- ကမ္မပထ အဖို့အစု၌ အကျုံးဝင်ကုန်သည် သာလျှင်တည်း ဟူသည်ကား ဈာနကောဋ္ဌာသ၌ အကျုံးဝင်သော တရားမျိုးတို့ မဟုတ်ကုန်။
ဟူ၍ မိန့်ဆိုအပ်ပေ၏။
အချို့ကုန်သော ကေစိဆရာတို့သည်ကား ဤသို့သော အနက်ကို မမှတ်မူ၍ ဤဝါကျဖြင့် ထိုသုရာပါန၏ အသီးအခြား ကမ္မပထ၏ အဖြစ်ကို ဆိုကြကုန်၏။
ခုဒ္ဒကပါဌအဋ္ဌကထာ၌ကား အချင်းခပ်သိမ်း ထိုသုရာပါန၏ ကမ္မပထ၏ အဖြစ်ကို ပယ်အပ်သည် သာလျှင်တည်း။ မှန်လှစွာ၏။ ထိုခုဒ္ဒကပါဌအဋ္ဌကထာ၌ ရှေးဦး၌ ဖြစ်ကုန်သော ကံလေးပါးတို့၏ ကာယကံ စသည်တို့၏ အဖြစ်ကိုလည်းကောင်း၊ ကမ္မပထ၏ အဖြစ်ကို လည်းကောင်း အသီးအခြား ဆိုပြီး၍ သုရာပါနသို့ရောက်၍ ‘‘ကာယကံ သာတည်း’’ ဟူ၍ မိန့်ဆိုအပ်ပေ၏။ ဤစကားရပ်ဖြင့် ဝစီကံ၏ အဖြစ်ကို လည်းကောင်း၊ ကမ္မပထသို့ ရောက်သည်ကိုလည်းကောင်း ပယ်တော်မူ၏ဟု သိအပ်၏။
ဓာတုသံယုတ္တအဋ္ဌကထာ၌လည်း ပယ်တော်မူ၏။ အဋ္ဌကထာဆရာ အဘယ်သို့ ဆိုတော်မူသနည်း ဟူမူကား-
- တတိယ ပဉ္စသိက္ခာပဒသုတ်၌ ငါးပါးကုန်သော ကမ္မတို့၏ အစွမ်းအားဖြင့် သိကြကုန်သော ဝေနေယျတို့၏ အလို အဇ္ဈာသယ၏ အစွမ်းဖြင့် ဟောတော်မူအပ်ပေ၏။
- စတုတ္ထ သတ္တကမ္မပထသုတ်၌ ခုနစ်ပါးကုန်သော ကမ္မပထ၏ အစွမ်းအားဖြင့် သိကြကုန်သော ဝေနေယျတို့၏ အလို အဇ္ဈာသယ၏ အစွမ်းဖြင့် ဟောတော်မူအပ်ပေ၏။
- ပဉ္စမ ဒသကမ္မပထသုတ်၌ ဆယ်ပါးကုန်သော ကမ္မပထ၏ အစွမ်းအားဖြင့် သိကြကုန်သော ဝေနေယျတို့၏ အလို အဇ္ဈာသယ၏ အစွမ်းဖြင့် ဟောတော်မူအပ်ပေ၏။
ဟူ၍ မိန့်ဆိုတော်မူ၏။ မှန်လှပေ၏။ ထိုဓာတုသံယုတ္တအဋ္ဌကထာ၌ တတိယဖြစ်သည့် ပဉ္စသိက္ခာပဒသုတ်၌ သုရာပါနနှင့် ရောနှောသည်၏ အဖြစ်ကြောင့် ‘‘ငါးပါးကုန်သော ကံတို့၏ အစွမ်းအားဖြင့်’’ ဟူ၍သာလျှင် မိန့်တော်အပ်၏။ ‘‘ငါးပါးကုန်သော ကမ္မပထတို့၏ အစွမ်းအားဖြင့်’’ ဟူ၍ မိန့်တော်မမူခဲ့ပေ။ ဤပါဠိအဋ္ဌကထာ ဋီကာတို့၌လည်း ပဋိသန္ဓေကို ဖြစ်စေခြင်း၌ ဧကန္တ မဟုတ်သည်၏ အဖြစ်ကြောင့်သာလျှင် ပယ်မြစ်တော်မူအပ်၏ဟူ၍ ဆိုခြင်းငှါ မတတ်ကောင်း သည်ကား မဟုတ်။ တတ်ကောင်းသည်သာလျှင်တည်း။ မှန်လှစွာ၏။ ဤသို့ ဆိုခဲ့သည်ရှိသော် အလုံးစုံသော ပါဠိ အဋ္ဌကထာ ဋီကာတို့ နှီးနှောမိ ကြကုန်၏ဟု သိအပ်၏။
[မှတ်ချက် - ဤ ဓာတုသံယုတ္တဋ္ဌကထာလာ စကားသည် ယခုခေတ် ဆဋ္ဌမူ အဋ္ဌကထာပါဌ်၌ ‘‘ပဉ္စကမ္မပထဝသေန’’ ဟု ပါရှိနေပေသည်။ ကျေးဇူးရှင်ကြီးတို့၏ ခေတ်စာမူတို့တွင် ‘‘ပဉ္စကမ္မဝသေန’’ ဟူ၍ ရှိခဲ့ဟန် တူပေသည်။ ကျေးဇူးရှင်ကြီး၏ အယူအဆတော် အာဘောဂနှင့် သဘာဝယုတ္တိတို့ကို နှိုင်းညှိခဲ့သော် ‘‘ပဉ္စကမ္မဝသေန’’ဟု ရှိမှ သင့်ပေလိမ့်မည်။]
ကာယကမ္မံဟူသော ဤပုဒ်၌ ကာယ ဟူသည်ကား-
- ဆံပင်စသော သုံးဆယ့်နှစ်ပါးသော ကောဋ္ဌာသတို့၏ တည်ရာ ဖြစ်သော သသမ္ဘာရကာယ၊
- ကာယဝိညာဉ်၏ မှီရာဖြစ်သော ပသာဒကာယ၊
- ကိုယ်ခန္ဓာ၏ လှုပ်ရှားမှု တည်းဟူသော ကာယဝိညာတ်ဟု ဆိုအပ်သော စောပနကာယ။
ဤသို့အားဖြင့် သုံးပါးအပြား ရှိ၏။ ဤအရာ၌ ကာယဝိညတ်ဟု ဆိုအပ်သော စောပနကာယကို အလိုရှိအပ်၏။ ထို့ကြောင့် ‘‘ကာယဝိညတ္တိ သင်္ခါတေ’’ဟု အရှင်အနုရုဒ္ဓါဆရာ မိန့်ဆိုအပ်၏။ မှန်လှစွာ၏။ စောပနကာယကို ရံခါ ကိုယ် အင်္ဂါ ဖြင့် မိမိ၏အလိုကို သူတစ်ပါးအား သိစေခြင်း အကျိုးငှါလည်း ပြုအပ်သောကြောင့် ကာယဝိညတ္တိဟူ၍ ဆိုအပ်၏ဟု မှတ်အပ်၏။
ဆက်၍ ဆိုဦးအံ့။ ထိုစောပနကာယသည်သာလျှင် ကံတို့၏ ဖြစ်ခြင်း၏ အကြောင်း၏ အဖြစ်ကြောင့် ဒွါရ မည်ပေ၏။ ထို့ကြောင့် ကာယဒွါရ မည်၏။ မှန်လှစွာ၏။ ထိုစာပနကာယသည် ထိုထိုလုံ့လကို ပြုခြင်း ကိစ္စဖြင့် ဖြစ်သော်သာလျှင် ဇီဝိတိန္ဒြေကို ဖြတ်ခြင်း အစရှိသော ကိစ္စ၏ ပြီးခြင်းကြောင့် ထိုစောပနကာယကို ဖြစ်စေတတ်သည့် စေတနာ ဓမ္မ၏ အားထုတ်ခြင်းကိစ္စ၏ ပြီးစီးခြင်းသည် လည်းကောင်း၊ ကာယကံ ဟူသော အမည်ကို ရခြင်းသည်လည်းကောင်း ဖြစ်ပေ၏ဟု သိအပ်၏။ ထိုကာယဒွါရ၌ (-ဟူ၍ အနက်ပေးလေ)။
ဆက်၍ ဆိုဦးအံ့။ ဤစကားရပ်၌ အကြင်ကြောင့် အလုံးစုံလည်း ဖြစ်ကုန်သော ကံတို့သည် ရှေ့သွားဖြစ်၍ဖြစ်သော သမ္ပယုတ်စိတ်နှင့် ကင်း၍ မပြီးစီးနိုင်ကြကုန်။ မှန်လှစွာ၏။
- သုစရိုက်တရား ဒုစရိုက်တရားတို့သည် ဝိညာဏက္ခန္ဓာသာလျှင် ရှေ့သွားရှိကုန်၏။ ဝိညာဏက္ခန္ဓာ သာလျှင် အကြီး အမှူး ရှိကုန်၏။ ဝိညာဏက္ခန္ဓာဖြင့် ပြီးကုန်၏။
ဟူ၍ ဟောတော်မူအပ်၏။ ဆက်၍ ဆိုဦးအံ့၊ ဤပါဠိတော်ပါဌ်၌ ‘‘ဓမ္မာ’’ ဟူသည်ကား သုစရိုက် ဒုစရိုက်တရားတို့ကို မိန့်ဆိုအပ်ကုန်၏။ ထို့ကြောင့် မနောဒွါရသည် အလုံးစုသော ကံတို့နှင့် ဆက်ဆံသည်၏ အဖြစ်ကြောင့် ကံတို့ကို အထူးပြုခြင်းငှါ မစွမ်းနိုင်ချေ။ အဖို့တစ်ပါးကို ဆိုဦးအံ့။ မဆက်ဆံသည်ဖြစ်၍ ဖြစ်ကုန်သော ကာယဝိညတ် ဝစီဝိညတ် တို့သည်သာလျှင် စွမ်းနိုင်ကုန်၏။
အကြင်ကြောင့်လျှင် ရှေး၌ဖြစ်ကုန်သော ခုနစ်ပါးအပြား ရှိကုန်သော ကံတို့သည် သက်သက် စိတ်မျှဖြင့် မပြီးစီးနိုင်ကြကုန်။ စင်စစ်သော်ကား ထိုမနောကြောင့် ဖြစ်ကုန်သော ကာယဝိညတ် ဝစီဝိညတ်တို့ဖြင့်သာလျှင် ပြီးစီးနိုင်ကုန်၏။ ထို့ကြောင့် ထိုကာယဝိညတ် ဝစီဝိညတ်တို့သည်သာလျှင် ထိုကံတို့၏ ဖြစ်ခြင်း၏ အကြောင်းဟူသော အရေအတွက်သို့ ရောက်ကြကုန်၏။ ထို့ကြောင့် ‘‘ကာယဒွါရေ’’ဟူ၍လည်းကောင်း၊ နောက်၌ ‘‘ဝစီဒွါရေ’’ဟူ၍လည်းကောင်း အရှင်အနုရုဒ္ဓါမိန့်ဆို တော်မူ၏။ အကြင်ကြောင့်ကား-
- ကာယဒွါရ၌ ဖြစ်ခြင်းကြောင့်ကား ကာယကံ မည်၏။
- ဝစီဒွါရ၌ ဖြစ်ခြင်းကြောင့် ဝစီကံ မည်၏။
ဟူ၍ ဤမျှလောက်ကို ဆိုသည်ရှိသော်- ပါဏာတိပါတ စသော ကံသုံးပါးတို့သည် ကာယကံ မည်၏။ မုသာဝါဒ စသော ကံလေးပါး တို့သည် ဝစီကံ မည်၏ ဟူ၍ ဤသို့ ဒွါရဖြင့် ကံတို့၏အမည်ကို မှတ်သားပိုင်းခြားခြင်းသည် မပြီးစီးသည် ဖြစ်ရာ၏။ အဘယ်သို့ မပြီးစီးသည် ဖြစ်ရာသနည်း။ မှန်လှစွာ၏။ အကြင်အခါ၌ ရှေး၌ဖြစ်ကုန်သော ကံနှစ်ပါးတို့သည် စေခိုင်းခြင်း၏ အစွမ်းဖြင့် အနည်းငယ်အားဖြင့် ဝစီဒွါရ၌ ပြီးစီးကြကုန်၏။ ထိုအခါ၌ ထိုကံတို့သည် ကာယကံ ဟူသော အမည်ကို စွန့်ကုန်ရာ၏။ ဝစီကံဟူသော အရေအတွက်သို့ ရောက်ကုန်ရာ၏။ အဘယ့်ကြောင့်နည်း ဟူမူကား- ‘‘ဝစီဒွါရ၌ဖြစ်သောကြောင့် ဝစီကံ မည်၏’’ဟူ၍ ဆိုအပ်သည်၏ အဖြစ်ကြောင့်တည်း။ ထိုကံတို့အား နှစ်ပါးသော အမည်တို့သည်မူလည်း ဖြစ်ကုန်ရာ၏။ အဘယ့်ကြောင့်နည်း ဟူမူကား- နှစ်ပါးစုံသော ဒွါရတို့၌လည်း ထင်ခြင်း ကြောင့်ပေတည်း။
အကြင်အခါ၌ကား အလယ်၌ဖြစ်ကုန်သော ကံလေးပါးတို့သည်လည်း လက်ဆုပ်ပြခြင်း စသည်တို့၏ အစွမ်းဖြင့် အနည်းငယ်အားဖြင့် ကာယဒွါရ၌ ပြီးစီးကြကုန်၏။ ထိုအခါ၌ ထိုကံတို့သည်လည်း ဝစီကံ ဟူသော အမည်ကို စွန့်ကုန်ရာ၏။ ကာယကံဟူသော အရေအတွက်သို့ ရောက်ကုန်ရာ၏။ အဘယ့်ကြောင့်နည်း ဟူမူကား- ‘‘ကာယဒွါရ၌ ဖြစ်သောကြောင့် ကာယကံ မည်၏’’ဟူ၍ ဆိုအပ် သည်၏ အဖြစ်ကြောင့်တည်း။ ထိုကံတို့အား နှစ်ပါးသော အမည်တို့သည်လည်း ဖြစ်ကုန်ရာ၏။ အဘယ့်ကြောင့်နည်း ဟူမူကား- နှစ်ပါးစုံသော ဒွါရတို့၌လည်း ထင်ခြင်းကြောင့်တည်း။
ဤသို့ ဖြစ်သည်ရှိသော်-
- သူ့အသက်ကို သတ်ခြင်းသည်လည်းကောင်း၊
- အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်သော သူတစ်ပါးဥစ္စာတို့ကို ခိုးယူခြင်းလည်းကောင်း၊
- မာတုရက္ခိတ စသော ဌာန၌ လွန်ကျူးခြင်း စေတနာဟု ဆိုအပ်သော ကာမဂုဏ်တို့၌ မှားသော အကျင့်လည်းကောင်း၊
ဤသို့သော ကံသည် ကာယကံ မည်၏ဟူ၍ ဤမှတ်သား ပိုင်းခြားခြင်းသည်သာလျှင် အကျိုး မရှိသည် ဖြစ်ရာ၏။ ထို့အတူ နောက်၌-
- မဟုတ်သည်ကို ဟုတ်သောအားဖြင့် ဆိုကြောင်းဖြစ်သော စကားလည်းကောင်း၊
- သူနှစ်ယောက်တို့၏ အချစ်ကို ဖျက်ဆီးတတ်သော ကုန်းတိုက် စကားလည်းကောင်း၊
- လွှသွားပမာ နားမချမ်းဖွယ် ကြမ်းတမ်းစွာ ပြောဆိုသော စကား လည်းကောင်း၊
- စီးပွား ချမ်းသာခြင်း အနက်အဓိပ္ပါယ်မှ ကင်းသော ပြိန်ဖျင်းသော စကားလည်းကောင်း၊
ဤသို့သော ကံသည် ဝစီကံ မည်၏ဟူ၍ ဤမှတ်သား ပိုင်းခြား ခြင်းသည်သာလျှင် အကျိုးမရှိသည် ဖြစ်ရာ၏။
‘‘ဗာဟုလ္လဝုတ္တိတော = များစွာဖြစ်ခြင်းကြောင့်’’ ဟူ၍ ဆိုသည်ရှိသော်ကား တစ်ခု တစ်ခုသော ဗဟုသန သဒ္ဒါဖြင့် ခြောက်ပါးအပြား ရှိကုန်သော ထိုအပြစ်တို့ကို ကြဉ်ပယ်၍ ဆိုအပ်ပြီးသော အပြားရှိသော ကံကို မှတ်သား ပိုင်းခြားခြင်းသည် ဒွါရဖြင့် ပြီးစီးသည် ဖြစ်ပေ၏ ဥပမာ အဘယ် သို့နည်း- တောမုဆိုး တိုက်စစ်ဆင် ဟူသည်တို့ကဲ့သို့ပေတည်း။
မနောကံတို့သည်ကား- ဒွါရတစ်ပါးတို့၌ ကျင်လည်ကုန်သော်လည်း ကျင်လည်ခြင်းမျှတို့သည် သာလျှင် ဖြစ်ကုန်၏။ ဒွါရတစ်ပါးတို့သည် ထိုမနောကံတို့၏ ကံပြီးခြင်း၏ အင်္ဂါ မဖြစ်နိုင်ကြကုန်။ ထို့ကြောင့် ထိုကံတို့ကို အသီးအခြား ပြုအပ်ကုန်၏ဟု သိအပ်၏။
အကြင်ကြောင့်လျှင် ကာယဒွါရ၏ ကာယဟူသော အမည်သည် တစ်ပါးမက များပြားလှကုန်သော အထောင်မကသည့် သုတ်တို့၌ အလိုလိုသာလျှင် ပြီးစီးသည်လည်းကောင်း၊ ထင်ရှားသည်လည်း ကောင်း ဖြစ်ပေ၏။ ထို့အတူ ဝစီဒွါရ၏ ဝါစာဟူသော အမည်သည် အလိုလို သာလျှင် ပြီးစီးသည် လည်းကောင်း၊ ထင်ရှားသည်လည်းကောင်း ဖြစ်ပေ၏။ ကုသိုလ် အကုသိုလ် ဇောစိတ်ဟု ဆိုအပ် သော ပြီးစီးသည်လည်းကောင်း၊ ထင်ရှားသည်လည်းကောင်း ဖြစ်ပေ၏။ ထို့ကြောင့် အလုံးစုံသော ကျမ်းတို့၌ ‘‘ကာယဒွါရ ဝစီဒွါရ မနောဒွါရ’’ဟူ၍ ဆိုသည်ရှိသော် ကံဖြင့် ဒွါရကို ပိုင်းခြားဖွယ်ကိစ္စ မည်သည် မရှိချေ။ အကြင် ကျမ်းတို့၌ကား- ‘‘ကာယကမ္မဒွါရ ဝစီကမ္မဒွါရ မနောကမ္မဒွါရ’’ဟူ၍ လာ၏။ ထိုကျမ်းတို့၌သာလျှင် ဒွါရကထာ စသည်တို့၌ ကံဖြင့် ဒွါရကို ပိုင်းခြားခြင်းကိုလည်း အသီး အခြား ဆိုအပ်ပေ၏ဟု မှတ်အပ်၏။
၁၆၆။ ဤစကားရပ်စုဖြင့် ဋီကာကျော် (နှာ- ၁ရ၃)၌-
ကာယကံ၏ ဖြစ်ခြင်းအကြောင်းဖြစ်သော ဒွါရကိုလည်း ကာယဒွါရဟု ဆိုအပ်၏။
ဟု ဆိုသော စကားကိုလည်း ပယ်အပ်သည် ဖြစ်၏။
၁၆ရ။ ထိုဋီကာကျော် (နှာ- ၁ရ၃)၌-
ထို့အတူ မုသားပြောခြင်း စသည်ကို ကိုယ်၏ဖောက်ပြန်ခြင်းဖြင့် ပြုသောသူအား ဝစီကံသည် ကာယဒွါရ၌လည်း ဖြစ်၏။ ထို့ကြောင့်ကံဖြင့် ဒွါရကို မှတ်ခြင်းသည် မဖြစ်နိုင်ရာ ဟူသော ဤ စောဒနာသည် ဖြစ်ရာ၏။
ဟုဆိုသော စကားသည်လည်း မသင့်မြတ်ပေ။ ထိုအပြစ်ကို ပြဆိုဦးအံ့။ ကိုယ်၏ဖောက်ပြန်ခြင်းဖြင့် ပြုအပ်သော ဝစီကံသည် ကာယဒွါရ၌ ဖြစ်ငြားသော်လည်း ထိုဒွါရ၏ ကာယဟူသော အမည်ကို ဖျက်ခြင်းငှါ လည်းကောင်း၊ မိမိ၏ ဝစီဟူသော အမည်ကို ပေးခြင်းငှါလည်းကောင်း မတတ်နိုင်ပေ။ အဘယ့်ကြောင့်နည်း ဟူမူကား- ထိုကာယဟူသော အမည်၏ သဘောအားဖြင့် ပြီးသည်၏ အဖြစ်ကြောင့်ပေတည်းဟု သိအပ်၏။
၁၆၈။ ဤစကားရပ်ဖြင့်သာလျှင် ထိုဋီကာကျော် (နှာ- ၁ရ၃)၌-
ထို့အတူ ကာယကသည်သာလျှင် များသောအားဖြင့် ကာယ ဒွါရ၌ ဖြစ်၏။ ဝစီကံ မနောကံတို့သည် များသောအားဖြင့် မဖြစ်ကုန်။ ထို့ကြောင့် ကာယကံ၏ များသောအားဖြင့် ဤ ကာယဒွါရ၌သာလျှင် ဖြစ်သောကြောင့် ကာယဒွါရ အဖြစ်သည် ပြီးပြည့်စုံ၏။ အဘယ်ကဲ့သို့ နည်းဟူမူ- များသောအားဖြင့် ပုဏ္ထားတို့၏ နေရာဖြစ်သော ရွာအစရှိသည်တို့၏ ‘‘ပုဏ္ထားရွာ’’ စသော အမည်ရှိသည်၏ အဖြစ်သည် ပြီးသကဲ့သို့ပေတည်း။
ဟုဆိုသော စကားကိုလည်း ပယ်အပ်သည် ဖြစ်ပေ၏။
မှန်လှစွာ၏။ ကာယကမ္မဒွါရ ဟူသော အမည်ကို ဤသင်္ဂြိုဟ်ကျမ်း၌ ဆိုအပ်သော အရာဌာနသည် မရှိချေဟု မှတ်အပ်၏။
ကာယကံသည် ပြီးပြီ။
ကာယကံ အဖွင့် ပြီးပြီ။
ဝစီကံ အဖွင့်
မုသာဝါဒကံ
မုသာဟူသော သဒ္ဒါသည်ကား မဟုတ်မမှန်ဟူသောအနက်၌ဖြစ်သော နိပါတ်ပုဒ် သဒ္ဒါပေတည်း။ ဤ တရားသဘောဖြင့် မဟုတ်မမှန်သောအားဖြင့် ပြောဆိုတတ်ကုန်သောကြောင့် မုသာဝါဒ မည်၏။
ပိသုဏဝါစာကံ
ထိုစေတနာဖြင့် သူတစ်ပါးတို့၏ အချင်းချင်း ဝမ်းမြောက်သည်၏ အဖြစ်ဟု ဆိုအပ်သော ညီညွတ်သော အရသာကို အမှုန့်ပြု ကြိတ်ချေတတ် ဖျက်ဆီးတတ် မိတ်ပျက်ခြင်းကို ပြုတတ်သော ကြောင့် ပိသုဏ မည်၏။ တစ်နည်းကား- ထိုစေတနာဖြင့် မိမိ၏ချစ်သည်၏ အဖြစ်ကိုလည်းကောင်း၊ တစ်ပါးသော သူတို့၏ မိတ်ဆွေအဖြစ်မှ ကင်းဆိတ်သည်၏ အဖြစ်ကိုလည်းကောင်း ပြုတတ် သောကြောင့် နိရုတ္တိနည်းအားဖြင့် ပိသုဏ မည်၏။ ထိုစေတနာဖြင့် ပြောဆိုတတ်ကုန်သောကြောင့် ဝါစာ မည်၏။ မိတ်ပျက်ခြင်းကို ပြုတတ် မိတ်ဆွေမှ ကင်းဆိတ်ခြင်းကို ပြုတတ်သည်လည်း ဖြစ်ပေ၏။ ထိုမိတ်ပျက်ခြင်း မိတ်ဆွေမှ ကင်းဆိတ်ခြင်းကို ပြုတတ်သည် ဟူသည့် ပြောဆိုကြောင်း ဖြစ်သော စကားသည်လည်း ဖြစ်ပေ၏။ ထိုနှစ်ပါး သော သတ္တိကြောင့် ပိသုဏဝါစာ မည်၏။
ဖရုသဝါစာကံ
အကြင်သူသည် ကြားအပ်၏။ ထိုကြားသောသူ၏ စိတ်နှလုံးကို ပျံ့နှံ့သည်ဖြစ်၍ ပူလောင် တတ်သောကြောင့် ဖရုသာ မည်၏။ ကြားသောသူ၏ စိတ်နှလုံးကို ပျံ့နှံ့သည်ဖြစ်၍ ပူလောင်တတ် သည်လည်း ဖြစ်၏။ ထိုပူလောင်တတ်သည် ဟူသည် ပြောဆိုကြောင်း ဖြစ်သော စကားသည်လည်း ဖြစ်၏။ ထို့ကြောင့် ဖရုသဝါစာ မည်၏။
သမ္ဖပ္ပလာပကံ
သူတော်ကောင်းတို့သည် ရောက်ထိုက် ရထိုက်သော ချမ်းသာကိုလည်းကောင်း၊ အစီးအပွားကိုလည်း ကောင်း၊ ဖျက်ဆီးတတ် စီးပွား ချမ်းသာလမ်းကြောင်းကို ဖျက်ခွဲတတ် သောကြောင့် သမ္ဖ မည်၏။ တစ်နည်းကား- ဤတရားသဘောဖြင့် ထိုချမ်းသာစီးပွားသည် ပျက်စီးတတ်ကြောင်း ဖြစ်သော ကြောင့် သမ္ဖ မည်၏။ အကြောင်းအကျိုးမှ ကင်းသော ဉာဏ်ပဋိဘာန်ဖြင့် ဆန်းကြယ် သော ဘာရတညီနောင်တို့ စစ်ထိုးခြင်း၊ သီတာ မိဖုရားကို ဆောင်ယူခြင်းစသော စကား၀တ္ထု မျှ၏ ဤ အမည်ပေတည်း။ အကြင် ၀တ္ထု၌ ဒိဋ္ဌဓမ္မ အကျိုးပွားများခြင်းငှါလည်းကောင်း၊ ဒိဋ္ဌဓမ္မ အစီးအပွား၌ လိမ္မာခြင်းငှါလည်းကောင်း၊ တမလွန်အကျိုးတရား ပွားများခြင်းငှါလည်းကောင်း နည်းလမ်းကို ပြတတ်သည့် တစ်စုံတစ်ခုသော အတ္ထပုဒ် ဓမ္မပုဒ် ဝိနယပုဒ် မရှိချေ။ ဤစေတနာဖြင့် ချမ်းသာ စီးပွားကို ဖျက်ဆီး တတ်သော ချမ်းသာစီးပွား၏ ပျက်စီးကြောင်းဖြစ်သော စကားကို ပြောဆိုတတ် အပြားအားဖြင့် ပြောဆိုတတ်ကြောင်း ဖြစ်သောကြောင့် သမ္ဖပ္ပလာပ မည်၏။
မုသာဝါဒ၏ ကမ္မပထ မြောက်မှု မမြောက်မှု
ထိုလေးပါးသော ကံတို့တွင် သူတစ်ပါး၏ ချွတ်ယွင်း စေခြင်းကို ရှေးရှုသဖြင့် ချွတ်ယွင်းစေတတ်သော ကာယပယောဂ ဝစီပယောဂကို ဖြစ်စေတတ်သော အကုသိုလ်စေတနာသည် မုသာဝါဒ မည်၏။ ထိုမုသာဝါဒသည် သူတစ်ပါး၏ အကျိုးစီးပွား ပျက်စီးခြင်းကို ပြုတတ်သည်သာလျှင် ကမ္မပထ မြောက်၏။ ဤမှတစ်ပါး သူတစ်ပါး အကျိုးစီးပွားကို မဖျက်နိုင်သော မုသာဝါဒသည် ကံသည် သာလျှင်တည်း၊ (ကမ္မပထ မမြောက်ဟု ဆိုလိုသည်။)
ကမ္မပထ ဆိုသည်မှာ
ဆက်၍ ဆိုဦးအံ့။ ဤစကားရပ်၌ ကမ္မပထ - ဟူသည်ကား ပဋိသန္ဓေကို ဖြစ်စေတတ်ကုန်သော ကံတို့၏ထကြွရာဖြစ်သော အကြောင်းလမ်းခရီးကို ဆိုအပ်ပေ၏။ ဥပမာဖြင့် ထင်စွာပြဦးအံ့။ မြူတို့၏ ထကြွရာအရပ်ကို ‘‘ရဇပထ’’ ဟူ၍ ဆိုအပ်သကဲ့သို့ ထို့အတူ လောက၌ ထင်မြင်အပ် ကုန်သော သတ္တဝါတို့၏ ကိုယ်ဖြင့် ပြုပြင်ခြင်း၏ကိစ္စ နှုတ်ဖြင့် ပြုပြင်ခြင်းကို စိတ်ဖြင့် ပြုပြင်ခြင်း ကိစ္စတို့တွင် အကြင်ကိစ္စတို့မှ ပဋိသန္ဓေကို ဖြစ်စေ တတ်ကုန်သော ကံတို့သည် ထကြွကုန်၏။ တစ်နည်းကား- အကြင် ကိစ္စတို့၌ ထိုကံတို့သည် ဖြစ်ကြကုန်၏။ ထိုကိုယ်ဖြင့် ပြုပြင်ခြင်းကိစ္စ နှုတ်ဖြင့် ပြုပြင်ခြင်းကိစ္စ စိတ်ဖြင့် ပြုပြင်ခြင်းကိစ္စတို့ကို ပဋိသန္ဓေကို ဖြစ်စေတတ်ကုန်သော ကံတို့၏ ထကြွရာ အကြောင်းလမ်းခရီး၏ အဖြစ်ကြောင့် ‘‘ကမ္မပထ’’ဟူ၍ ဆိုအပ်ကုန်၏။
ထိုကိစ္စတို့သည် အဘယ်သည်တို့နည်း။ ဤသည်ကား အမေးတည်း။ အင်္ဂါနှင့် ပြည့်စုံကုန်သော အကုသိုလ်တို့၌ သတ္တဝါကို သတ်ခြင်းကိစ္စ အစရှိကုန်သော ဆယ်ပါးအပြား ရှိကုန်သော ဒုစရိုက်ကိစ္စ တို့သည်လည်းကောင်း၊ ကုသိုလ်တို့၌ ထိုသတ္တဝါကို သတ်ခြင်းမှ ကြဉ်ရှောင်ခြင်းကိစ္စ အစရှိကုန်သော ဆယ်ပါးအပြား ရှိကုန်သော သုစရိုက်တို့သည်လည်းကောင်း ဖြစ်ကြကုန်၏ဟု မှတ်အပ်ကုန်၏။
ကံတို့သည်သာလျှင် သုဂတိဘဝ ဒုဂ္ဂတိဘဝတို့၏လည်းကောင်း၊ ထိုသုဂတိဘဝ ဒုဂ္ဂတိဘဝ၌ ဖြစ်သော သုခ ဒုက္ခတို့၏ လည်းကောင်း အကြောင်း၏ အဖြစ်ကြောင့် ကမ္မပထ မည်သည် ဖြစ်ကုန်၏။ ဤသို့လည်း ဆိုကြကုန်၏။
ပိသုဏဝါစာ၏ ကမ္မပထ မြောက်မှု မမြောက်မှု
သူတစ်ပါး၏ ကွဲပြားခြင်းကို ရှေးရှုသဖြင့် ကွဲပြားစေတတ်သော ကာယပယောဂ ဝစီပယောဂကို ဖြစ်စေတတ်သော ညစ်နွမ်းသောစေတနာသည် ပိသုဏဝါစာ မည်၏။ ထို ပိသုဏဝါစာသည်လည်း သူတစ်ပါးသည် ကွဲပြားသည် ရှိသော်သာလျှင် ‘‘ကမ္မပထ’’ အထူးဖြစ်၏။ မကွဲပြားသည်ရှိသော် ကံသည်သာလျှင် ဖြစ်ပေ၏။
ဖရုသဝါစာဝယ် သိမှတ်ဖွယ်
သူတစ်ပါး၏ မြတ်နိုးရာကို ထိခိုက်တတ်သော ကာယပယောဂယ ဝစီပယောဂကို ဖြစ်စေတတ်သော ကြမ်းတမ်းသည့် စေတနာသည် ဖရုသဝါစာ မည်၏။ ဆက်၍ ဆိုဦးအံ့။ ဤစကားရပ်၌ ထိုအနာကို ထိခိုက်အပ်သည် ရှိသော် သတ္တဝါတို့သည် သေတတ်ကုန်၏။ သေလောက်ရုံမျှသော ဆင်းရဲသို့မူ လည်း ရောက်တတ်ကုန်၏။ ထို့ကြောင့် ‘‘ဓမ္မ’’မည်၏။ အနာပျက်ကို အရကောက်အပ်၏။
‘‘ဓမ္မ’’ မည်သော အနာပျက်ကို ဖြစ်တတ် ခွဲတတ် ထိခိုက်တတ်သောကြောင့် ‘‘ဓမ္မစ္ဆေဒက’’ မည်၏။ အနာပျက်ကို ထိခိုက်ခြင်း ပယောဂကို အရကောက်အပ်၏။
ဤအရာ၌ကား ‘‘မမ္မ’’မည်သော အနာပျက်နှင့် တူသောကြောင့် ‘‘မမ္မံ’’ မည်၏။ ဇာတ်အမျိုး အစရှိကုန်သော ဆယ်ပါးကုန်သော ဆဲရေးကြောင်း ဖြစ်သော ၀တ္ထုတို့တွင် အမှတ်မရှိ တစ်ခုခုသော ၀တ္ထုကို အရကောက်အပ်၏။
‘‘မမ္မစ္ဆေဒက = အနာပျက်ကို ထိခိုက်သကဲ့သို့’’ ဟူသည်ကား ဇာတ် အမျိုး စသည်တို့၏ ထိခိုက်ခြင်း ၏ အစွမ်းဖြင့်ဖြစ်သော ကြမ်းတမ်းသော ကာယပယောဂ ဝစီပယောဂပေတည်း။ ဤသို့သော အနက်ကို သီလက္ခ ဋီကာ၏ အစွမ်းဖြင့် သိအပ်၏။
တစ်နည်းကား- မြတ်နိုးအပ်သောကြောင့် ‘‘မမ္မ’’ မည်၏။ အဆွေ ခင်ပွန်းကို အရကောက်အပ်၏။ မြတ်နိုးအပ်သည်၏ ဖြစ်ကြောင်းဖြစ်သောကြောင့် ‘‘မမ္မ’’ မည်၏။ မေတ္တာစိတ်ကို အရကောက် အပ်၏။ မေတ္တာစိတ်ကို ဖြစ်တတ်သောကြောင့် ‘‘မမ္မစ္ဆေဒက’’ မည်၏။
ဤဖရုသဝါစာသည်လည်း ဆဲရေးအပ်သော သူ၏မျက်မှောက်၌သာလျှင် ကမ္မပထ အထူးသည် ဖြစ်၏ဟု အချို့သော ကေစိဆရာတို့ ဆိုကြကုန်၏။ မျက်ကွယ်၌လည်း ကမ္မပထ အထူးသည် ဖြစ်၏ဟု အပရေဆရာတို့ ဆိုကြကုန်၏။ စင်စစ်သော်ကား သူတစ်ပါးကို ဆဲရေး၍ ကန်တော့သောသူ၏ ကန်တော့သော အမှုသည် တစ်ပါးသောသူသည် အဝေး၌ တည်သော်လည်း ကောင်း၊ သေသော်လည်းကောင်း ပြည့်စုံ သကဲ့သို့ ထို့အတူ ဆဲရေးခြင်း အမှုသည်လည်း တစ်ပါး သောသူသည် အဝေး၌ တည်သော်လည်းကောင်း၊ သေသော်လည်းကောင်း ပြည့်စုံ၏။ ဤသို့ ဒီဃနိကာယ်ဋီကာ မဇ္ဈိမနိကာယ်ဋီကာ ဆရာတို့ အလိုရှိကြကုန်၏။
ဆဲရေးလိုသော အလိုဖြင့် ‘‘သင့်ကို ကြမ်းတမ်းသည့် ကျွဲရိုင်းမသည် လိုက်ပါစေသတည်း’’ ဤသို့လည်းကောင်း၊ ‘‘သင့်ကို ခိုးသူတို့သည် အပိုင်းပိုင်း ပြုစေကုန်သတည်း’’ ဤသို့လည်းကောင်း၊ ‘‘သင်၏ ဦးထိပ်သည် ခုနစ်ဖြာ ကွဲပါစေသတည်း’’ ဤသို့ လည်းကောင်း၊ ဤသို့ အစရှိကုန်သော နည်းဖြင့် သူတစ်ပါးကို ကျိန်ဆဲသောသူအားလည်း ကမ္မပထအထူး ဖြစ်သည်သာလျှင်တည်းဟုလည်း ဆိုကြကုန်၏။
သမ္ဖပ္ပလာပဝယ် သိမှတ်ဖွယ်
အကျိုးမဲ့ကို သိစေတတ်သော ကာယပယောဂ ဝစီပယောဂကို ဖြစ်စေတတ်သော အကုသိုလ် စေတနာသည် သမ္ဖပ္ပလာပ မည်၏။ ထိုသမ္ဖပ္ပလာပ သည်လည်း ဘာရတညီနောင်တို့ စစ်ထိုးခြင်း သီတာမိဖုရားကို ဆောင်ယူခြင်း အစရှိကုန်သော ပဋိဘာန် ဆန်းကြယ်သော စကား ၀တ္ထုမျှ တို့သာလျှင် ကမ္မပထ အထူးဖြစ်၏။ ထိုသမ္ဖပ္ပလာပသည်လည်း စင်စစ်အားဖြင့် သူတစ်ပါးသည် ထိုအကျိုးစီးပွားမဲ့ကို အမှန်အကန်အားဖြင့် ယူသော်သာလျှင် ကမ္မပထ အထူးဖြစ်၏။ မယူသည် ရှိသော်ကား ကံသည်သာလျှင် ဖြစ်၏။
ထို့အတူ ရာဇကထာ = မင်းနှင့်စပ်သော စကား အစရှိကုန်သော သုံးဆယ့်နှစ်ပါးသော တိရစ္ဆာနကထာ အပြားတို့၌လည်း ကံသည်သာလျှင် ဖြစ်၏။ ထိုကံသည်လည်း စင်စစ်အားဖြင့် ထို ရာဇကထာ စသည်ကို သာယာသည်၏ အစွမ်းဖြင့် ပြောဆိုသော သူအားသာလျှင် ကမ္မပထ ဖြစ်၏။ အကျိုးအကြောင်း အဆုံးအမ၌ မှီသည်ကိုပြု၍ ပြောဆိုသောသူအား အလုံးစုံသော စကားသည် လည်း အကျိုးရှိသည်သာလျှင် ဖြစ်၏ဟု သိအပ်၏။
ဝါစာလေးမျိုး
ဝစီကမ္မံ- ဟူသော ဤပုဒ်၌ ‘‘ဝစီ’’ ဟူသည်ကား ဝါစာ သာလျှင်တည်း။ ထိုဝါစာသည်-
(၁)စကားသံဟူသော သဒ္ဒဝါစာ၊
(၂) ဝစီဒုစရိုက်မှ ရှောင်ကြဉ်မှု ဟူသော ဝိရတိဝါစာ၊
(၃)ဝစီဝိညတ်ကို ဖြစ်စေတတ်သည့် စေတနာဟူသော စေတနာဝါစာ၊
(၄)စကား၌ ပါရှိသည့် မိမိ၏အလိုကို သူတစ်ပါးတို့ သိစေ နိုင်သော အမူအရာထူး ဟူသော စောပနဝါစာ၊
ဤသို့အားဖြင့် လေးပါးအပြား ရှိ၏။ ဤအရာ၌ကား အသံနှင့် တကွ ဖြစ်သော ဝစီဝိညတ်ဟု ဆိုအပ်သော စောပနဝါစာကို အလိုရှိအပ်၏။ ထို့ကြောင့် ‘‘ဝစီဝိညတ္တိသင်္ခါတေ’’ဟူ၍ အရှင်အနုရုဒ္ဓါ ဆရာ မိန့်ဆိုအပ်၏။
မှန်လှစွာ၏။ စောပနဝါစာကို တစ်ရံတစ်ခါ နှုတ်အင်္ဂါ ဖြင့် မိမိ၏ အလိုကို သူတစ်ပါးအား သိစေခြင်း အကျိုးငှါလည်း ပြုအပ်၏။ ထို့ကြောင့် ဝစီဝိညတ်ဟူ၍ ဆိုအပ်၏ဟု မှတ်အပ်၏။ ဆက်၍ ဆိုဦးအံ့။ ထိုစောပနဝါစာသည်သာလျှင် ကံတို့၏ဖြစ်ခြင်း၏ အကြောင်း၏ အဖြစ်ကြောင့် ဒွါရ မည်သည် တည်း။ ထို့ကြောင့် ဝစီဒွါရ မည်၏။ မှန်လှစွာ၏။ ထိုစောပနဝါစာသည် ထိုထို ဝစီပယောဂကိစ္စဖြင့် ဖြစ်သော်သာလျှင် ချွတ်ယွင်းစေခြင်း အစရှိသော ကိစ္စ၏ ပြီးခြင်းကြောင့် ထိုစောပန ဝါစာကို ဖြစ်စေတတ်သော စေတနာဓမ္မ၏ အားထုတ်ခြင်း ကြိယာ၏ ပြီးစီးခြင်းသည်လည်းကောင်း၊ ဝစီကံ ဟူသော အမည်ကို ရခြင်းသည် လည်းကောင်း ဖြစ်ပေ၏။ ဤသို့ သိအပ်၏။ ထိုဝစီဒွါရ၌ အကြင် စကားကို ဤအရာ၌ ဆိုသင့် ဆိုထိုက်၏။ ထိုစကားကို ကာယကံ၌ ဆိုအပ်ခဲ့ပြီးသည် သာလျှင် တည်းဟု မှတ်အပ်၏။ ။ ဝစီကံပြီးပြီ။
ဝစီကံ အဖွင့် ပြီးပြီ။
မနောကံ အဖွင့်
အဘိဇ္ဈာကံ
ထိုစေတနာဖြင့် အလွန်ရှုကုန်၏။ သာယာကာမျှ၌ မတည်မူ၍ သူတစ်ပါး၏ ဥစ္စာကို မိမိသို့ ညွတ်စေသည်၏ အစွမ်းဖြင့် အတိုင်းထက်အလွန် ရှုတတ်ကုန်၏။ ထို့ကြောင့် အဘိဇ္ဈာ မည်၏။
ဗျာပါဒကံ
ထိုစေတနာဖြင့် ပျက်စီးစေကုန်၏။ တစ်ပါးသော သတ္တဝါတို့ကို ပျက်စီးခြင်းသို့ ရောက်သည်တို့ကို ပြု၍ ကြံတတ်ကုန်၏။ ထို့ကြောင့် ဗျာပါဒ မည်၏။
မိစ္ဆာဒိဋ္ဌိကံ
မိစ္ဆာဒိဋ္ဌိ ဟူသော ဤပုဒ်၌ ‘‘မိစ္ဆာ’’ ဟူသည်ကား ဖောက်ပြန်ခြင်းဟူသော အနက်၌ဖြစ်သော နိပါတ်ပုဒ်တည်း။ ထိုစေတနာဖြင့် အလှူ၏အကျိုးသည် ရှိ၏။ ဤသို့ အစရှိသော နည်းဖြင့် ဖြစ်သော အလုံးစုံသော သူတော်ကောင်းတို့၏လမ်းခရီးကို သူတော်ကောင်းတို့သည် ပညတ်အပ်သော ဒါန သီလ စသည်ကို ဖျက်ဆီး၍ ထိုမှပြန်ဘက်အားဖြင့် အလှူ၏အကျိုးသည် မရှိ။ ဤသို့ အစရှိသော နည်းဖြင့် ရှုတတ်ကုန်သောကြောင့် မိစ္ဆာဒိဋ္ဌိ မည်၏။
အဘိဇ္ဈာဝယ် သိမှတ်ဖွယ်
ထိုသုံးပါးသော ကံတို့တွင် သူတစ်ပါးတို့၏ ဥစ္စာကို မြင်၍ သက်သက် သာယာခြင်း နှစ်သက်ခြင်း တပ်မက်ခြင်းမျှတို့၌ မတည်မူ၍ ‘‘ဤဥစ္စာသည် ငါ့အား ဖြစ်ပါစေမူကား သြော် ကောင်းလေစွတကား’’ ဤသို့ မိမိသို့ပြု၍ စိတ်ဖြင့် ညွတ်စေသော သူအားသာလျှင် အဘိဇ္ဈာကမ္မပထ အထူးသည် ဖြစ်ပေ၏။
သူတစ်ပါးတို့၏ ဥစ္စာ၏အဖြစ်၌သာလျှင် ထား၍ ‘‘အကြင် သူတို့သည် ဤသို့ သဘောရှိသော ဥစ္စာကို သုံးဆောင်ကုန်၏။ ဤသူ တို့သည် ရတတ်ကုန်ပေစွတကား။ ငါသည်လည်း အခိုက်အတန့်မျှ သုံးဆောင်ရမူကား ကောင်းလေစွ တကား။ တောင်း၍သော် လည်းကောင်း၊ ဝယ်၍သော် လည်း ကောင်း၊ မိမိအား ပြုရမူကား သြော် ကောင်းလေစွ တကား’’ တစ်ပါးသော ဤသို့ သဘောရှိသော ဥစ္စာကိုမျှလည်း ရပါမူကား သြော် ကောင်းလေစွတကား။ ဤသို့ သာယာသော သူအား ကံသည် သာလျှင်တည်း။
မှန်လှစွာ၏။ အဋ္ဌကထာတို့၌-
- မှန်လှစွာ၏။ သူတစ်ပါး၏ ဥစ္စာဟူသော တည်ရာအာရုံရှိသော လောဘသည် ဖြစ်ပါသော်လည်း အကြင်မျှလောက် ဤသူ၏ ဥစ္စာသည် ငါ၏ဥစ္စာ ဖြစ်ပါမူကား သြော် ကောင်းလေစွ တကား။ ဤသို့ မိမိ၏ အထံသို့ မညွတ်စေသေး။ ထိုမျှလောက် ကမ္မပထ အထူးမဖြစ်ပေ။
ဟူသော ဤစကားကို မိန့်ဆိုအပ်ပေ၏။
ဗျာပါဒဝယ် သိမှတ်ဖွယ်
ယုတ်သော အပိုင်းအခြားအားဖြင့် မှက် ခြင် အစရှိသည်တို့ကိုမူလည်း အကြောင်းပြု၍ ‘‘ဤသူတို့သည် ပျက်စီးစေကုန်သတည်း။ ပျောက်ကွယ်စေကုန် သတည်း။ ဤသူတို့သည် ပျက်စီးကုန်မူကား- ကွယ်ပျောက်ကုန်ပါမူကား- သြော် ကောင်းလေစွတကား၊ မကြီးပွားကုန်သည် မူလည်း ဖြစ်ကုန်ပါမူကား သြော် ကောင်းလေစွတကား၊ ကြာမြင့်စွာမူလည်း မတည်ပါမူကား သြော် ကောင်းလေစွတကား၊ အဘယ်အခါ၌မူလည်း ပျက်စီးကုန်အံ့နည်း၊ ကွယ်ပျောက်ကုန်အံ့နည်း’’ ဤသို့ တစ်ပါးသော သတ္တဝါ၏ ခန္ဓာအသက်၏ ပျက်စီးခြင်းကို ကြံစည်သော သူအားသာလျှင် ဗျာပါဒသည် ကမ္မပထ အထူးဖြစ်၏။ ဤမှတစ်ပါးသော ဗျာပါဒသည် ကံသည်သာလျှင် ဖြစ်ပေ၏။
မှန်လှစွာ၏။
- ‘‘မှန်လှစွာ၏။ တစ်ပါးသော သတ္တဝါဟူသော တည်ရာအာရုံ ရှိသော ဒေါသသည် ဖြစ်ပါသော်လည်း အကြင်မျှလောက်တွင် သတ္တဝါကို ဖြတ်ပါမူကား၊ ပျက်စီးစေရပါမူကား၊ သြော်- ကောင်းလေစွ တကား။ ဤသို့ ထိုတစ်ပါးသော သူ၏ ပျက်စီးခြင်းကို မကြံစည်သေးချေ။ ထိုမျှလောက် ကမ္မပထ အထူးသည် မဖြစ်ချေ။
ဟူသော စကားကို မိန့်ဆိုအပ်ပေ၏။
မိစ္ဆာဒိဋ္ဌိဝယ် သိမှတ်ဖွယ်
ကံကိုလည်းကောင်း၊ ကံ၏အကျိုးကိုလည်းကောင်း အချင်းခပ်သိမ်း တားမြစ်တတ်သော နတ္ထိကဒိဋ္ဌိ၊ အဟေတုကဒိဋ္ဌိ၊ အကြိယဒိဋ္ဌိတို့၏ အစွမ်းဖြင့် သုံးပါးအပြားရှိသော နိယတမိစ္ဆာဒိဋ္ဌိသည်သာလျှင် ကမ္မပထအထူး ဖြစ်၏။ ဒသ၀တ္ထုက မိစ္ဆာဒိဋ္ဌိသည်ကား နတ္ထိကဒိဋ္ဌိ၏ အထူးအပြား ပေတည်း။ မြတ်စွာဘုရား၏ ဒေသနာတော်ကို တားမြစ်၍ ဖြစ်ကုန်သော အရိဋ္ဌရဟန်း ကဏ္ဍကသာမဏေ စသည်တို့၏ ဒိဋ္ဌိတို့သည်လည်း ကမ္မပထတို့သည်သာလျှင်တည်းဟု ဆိုကြကုန်၏။ နှစ်ဆယ်သော ၀တ္ထုရှိသော သက္ကာယဒိဋ္ဌိသည်လည်းကောင်း၊ ခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိတို့သည်လည်းကောင်း ကံသာလျှင်တည်းဟု မှတ်အပ်၏။
ဆက်၍ ဆိုဦးအံ့။ နိယတဟူသော ဤပုဒ်၌ (နိယတမိစ္ဆာဒိဋ္ဌိ ဟူသော ပုဒ်မှ နိယတသဒ္ဒါကို ဆိုလိုသည်) သုံးပါးသော လက္ခဏာတို့ကို အကြင်မျှလောက် မြင်၍ သဒ္ဓါဓိမောက္ခဖြင့် ဆုံးဖြတ်ခြင်း သို့ ရောက်သောသူ၏ စိတ္တုပ္ပါဒ်သည် မိမိ၏အခြားမဲ့၌ အကျိုးပေးခြင်း မြဲသောအားဖြင့် အမြဲဖြစ် ပေ၏။ ထိုမျှလောက် မြင်သောသူကို ကုသိုလ် ဖြစ်ကုန်သော တရားတို့၌ နိယာမသဘောသို့ သက်ဝင်၏ဟူ၍ ဆိုအပ် သကဲ့သို့ ထို့အတူ ဒိဋ္ဌိတို့၏တည်ရာ ဖြစ်ကုန်သော အကြောင်းတူတို့ကို အကြင် မျှလောက် မြင်၍ မိစ္ဆာဓိမောက္ခဖြင့် ဆုံးဖြတ်ခြင်းသို့ ရောက်သောသူ၏ စိတ္တုပ္ပါဒ်သည် စုတိ၏ အခြားမဲ့၌ အကျိုးပေးခြင်း မြဲသောအားဖြင့် အမြဲဖြစ်ပေ၏။ ထိုမျှလောက် မြင်၍ ဆုံးဖြတ်ခြင်းသို့ ရောက်သောသူသည် အကုသိုလ်တရားတို့၌ မြဲခြင်းသဘောသို့ သက်ဝင်၏။ မကုစားထိုက်သောသူ မည်၏။
ထိုသို့သော အခြင်းအရာအားဖြင့်ကား မမြင်မူ၍ သက်သက် မိစ္ဆာဓိမောက္ခမျှဖြင့် ဤသို့သာလျှင် ဖြစ်လတ္တံ့ဟု ဆုံးဖြတ်ခြင်းသို့ ရောက်၍ မိမိဆရာ၏ အယူဖြစ်သော အယူကို ချီးမြှောက်၍ တည်သော သူသည် မကုစားထိုက်သောသူ မည်သည် မဖြစ်ချေ။ အဘယ့်ကြောင့်နည်း ဟူမူကား- အကျိုးပေးခြင်း အမြဲမရှိခြင်းကြောင့်ပေတည်းဟု သိအပ်၏။
ဤသို့သော အနက်ကိုလည်း မိစ္ဆတ္တတိက်ဖြင့် ပြအပ်၏။ မှန်လှစွာ၏။ ထိုမိစ္ဆတ္တတိက်၌ အကျိုးပေးခြင်း မြဲသည်၏ အစွမ်းဖြင့်သာလျှင် နှစ်ပါးစုံကုန်သော သမ္မတ္တတရား မိစ္ဆတ္တတရားတို့၏ လည်း နိယတဟူသော အမည်ရခြင်းကို အဋ္ဌကထာ၌ မိန့်ဆိုအပ်၏ဟု သိအပ်၏။ သုတ္တန်သံဝဏ္ထနာ တို့၌ကား စွဲယူခြင်း မြဲသည်၏ အစွမ်းဖြင့်လည်း ထိုနိယတမိစ္ဆာဒိဋ္ဌိ၏ မြဲသည်၏ အဖြစ်ကို မိန့်ဆို အပ်၏ဟု မှတ်အပ်၏။
အညတြာပိဝိညတ္တိယာ- ဟူသည်ကား ဝိညတ်ဒွေနှင့် ကင်း၍လည်း ဝိညတ်ဒွေကို မဖြစ်စေ မူ၍လည်း၊ ဤသည်ကား အနက်ပေတည်း၊ အပိ သဒ္ဒါဖြင့်ကား ဝိညတ်ဒွေနှင့်တကွလည်း၊ ဤသို့ သော အဓိပ္ပါယ်ကို ပြပေ၏။
မှန်လှပေ၏။ ဤသုံးပါးကုန်သော ကံတို့သည် အကြင်အခါ၌ ကိုယ်အင်္ဂါ နှုတ်အင်္ဂါ တို့ကို မလှုပ်ရှားစေမူ၍ စိတ်၌သာလျှင် ပြီးကုန်၏။ ထိုအခါ၌ ဝိညတ်နှင့်ကင်း၍သာလျှင် ဖြစ်ကြကုန်၏။ အကြင်အခါ၌ကား ထို ကိုယ်အင်္ဂါ နှုတ်အင်္ဂါ တို့ကို လှုပ်ရှားစေ၍ ကာယဒွါရ ဝစီဒွါရတို့၌ ပြီးကုန်၏။ ထိုအခါ၌ ဝိညတ်နှင့်တကွသာလျှင် ဖြစ်ကုန်၏။ ဤသို့ သိအပ်၏။ ဤပါဌ်ဖြင့် ဤမနောကံတို့၏ သုံးပါးကုန်သော ဒွါရတို့၌ လည်း ဖြစ်ခြင်းကို ပြပေ၏။
ဤသို့ပင် ဖြစ်ပါသော်လည်း ဤမနောကံတို့သည် မနောဒွါရ၌သာလျှင် များစွာ ဖြစ်ကုန်၏။ ကာယဒွါရ ဝစီဒွါရတို့ပကား အနည်းငယ်သာလျှင် ဖြစ်ကုန်၏။ ထို့ကြောင့် ‘‘မနသ္မိယေဝ ဗာဟုသနဝုတ္တိတော’’ ဟူ၍ မိန့်ဆိုအပ်ပေ၏။
ထိုပါဌ်၌ ‘‘မနသ္မိယေဝ’’- ဟူသည်ကား ကုသိုလ်ဇောစိတ် အကုသိုလ်ဇောစိတ်ဟု ဆိုအပ်သော မနောဒွါရ၌သာလျှင်၊ (ဤကား မနသ္မိ အရ ဖော်ပြမှုတည်း) ဤ မနသ္မိ ဟူသော ပါဌ်ဖြင့် ရှေးဖြစ်ကုန် သော ကာယဒွါရေ ဝစီဒွါရေ ဟူသော ပုဒ်တို့၌လည်း ဧဝ သဒ္ဒါ ဖြစ်သင့်ခြင်းကို ပြအပ်၏။ မှန်လှ စွာ၏။ ဤသို့ ဖြစ်သည်ရှိသော် ထိုကာယဒွါရေ ဝစီဒွါရေ ဟူသော ပုဒ်တို့၌လည်း ဒွါရဖြင့် ကံကို ပိုင်းခြားခြင်းသည် အတိုင်းထက်အလွန် ပြည့်စုံ၏ဟု မှတ်အပ်၏။ ဤမှ တစ်ပါးသော အခြင်းအရာ အားဖြင့် အနက်ကို ယူသည်ရှိသော် ဥပလက္ခဏနည်း စသည်တို့၏ အစွမ်းဖြင့် အနက်တစ်ပါး၏ လျဉ်းပါးခြင်းသည်လည်း ဖြစ်ရာ၏ဟု သိအပ်၏။
ဆိုဖွယ် အထူးကား- ဤအရာ၌ ‘ဧဝ’ သဒ္ဒါဖြင့် ဤထူးသော အနက်ကို ပြအပ်၏။ မှန်လှစွာ၏။ သတ္တဝါကို သတ်ခြင်း စသည်တို့၌ ‘‘ထိုသူကို သတ်အံ့။ ထိုဥစ္စာကို ခိုးယူအံ့’’ ဤသို့သော စီရင်သည့် အခြင်းအရာဖြင့် ဖြစ်သော စေ့ဆော်ခြင်း ကြိယာသည်သာလျှင် ပြဋ္ဌာန်း၏။ ထိုစေ့ဆော်ခြင်း ကြိယာသည်လည်း ကာယပယောဂယ ဝစီပယောဂတို့နှင့် ကင်း၍ မပြီးစီးနိုင်ပေ။ ထို့ကြောင့် ထိုကာယကံယ ဝစီကံတို့၌ ကာယပယောဂယ ဝစီပယောဂတို့သည် ကံပြီးခြင်း၏ တစ်ခုသော အင်္ဂါဖြစ်ကြကုန်၏။
ထိုကာယကံယ ဝစီကံနှင့်တကွဖြစ်သော အဘိဇ္ဈာ အစရှိသည်တို့သည်လည်း စေတနာအဖို့ ရှိကုန် သည်သာလျှင် ဖြစ်ကုန်၍ ခေါ်ဝေါ်လောက် သည်၏ အဖြစ်သို့ ရောက်ကုန်၏။ သူတစ်ပါးတို့၏ ဘဏ္ဍာကို ငြူစူ စောင်းမြောင်းခြင်း အစရှိသည်တို့၌ကား မိမိ ပြဋ္ဌာန်းကုန်သော အဘိဇ္ဈာ အစရှိ သည်တို့၏ ကာယဒွါရယ ဝစီဒွါရတို့၌ ဖြစ်ကုန်ငြားသော်လည်း ကာယပယောဂယ ဝစီပယောဂ တို့သည် ကံပြီးခြင်း၏ အင်္ဂါသည်ပင်လျှင် မဖြစ်ကြကုန်၏။
အဘယ့်ကြောင့်နည်း ဟူမူကား- ထိုထိုသို့သော အခြင်းအရာအားဖြင့် ကြံခြင်း၏ ဖြစ်ခြင်းမျှဖြင့် သာလျှင် ထိုအဘိဇ္ဈာ စသည်တို့၌ ကံ၏ ပြီးခြင်းကြောင့်တည်း။ ထို့ကြောင့် ဤမနောကံတို့၌ ကာယဒွါရ ဝစီဒွါရတို့၏ အချင်းခပ်သိမ်း အင်္ဂါ၏အဖြစ်ကို ပယ်ခြင်းအကျိုးငှါ ‘‘မနသ္မိယေဝ’’ဟူ၍ ‘‘ဧဝသဒ္ဒါ’’ကို ဤမနောကံ၌သာလျှင် ပြုအပ်၏ဟု မှတ်အပ်၏။ ထိုသုံးပါးကုန်သော ဒွါရတို့၌ကား ဖြစ်ခြင်းမျှ၏ ထင်ရှား ရှိသည်၏ အဖြစ်ကို ရည်ရွယ်၍ ဗာဟုသနသဒ္ဒါကိုလည်း ဤမနောကံ၌ ယူအပ်၏။ ဤသို့ မှတ်အပ်၏။
၁၆၉။ ဋီကာကျော် (နှာ- ၁ရ၄)၌ကား-
ဤဆယ်ပါးကုန်သော အကုသလကမ္မပထတို့တွင် ဝိညတ်ကို ဖြစ်စေတတ်သော စိတ်နှင့် ယှဉ်ကုန်သော အဘိဇ္ဈာ စသည်တို့သည် စေတနာ၏ အသင်းအပင်း ဖြစ်ကုန်၏။
ဟု ဆိုအပ်သော စကားသည် ဤအရာ၌ မသင့်မလျော်ပေ။ အပြစ်ကို ပြဆိုပေဦးအံ့။ ဝိညတ်ကို ဖြစ်စေတတ်သော စိတ်နှင့်ယှဉ်ကုန်ငြားသော်လည်း သက်သက် မနောကံ ကိစ္စအထူးဖြင့် ဖြစ်ကုန်သော အဘိဇ္ဈာ စသည်တို့သည် စေတနာအဖို့ ရှိကုန်သည် မဖြစ်ကုန်။ စင်စစ်သော်ကား စေတနာသည်သာလျှင် အဘိဇ္ဈာစသော အဖို့ ရှိပေ၏ဟု သိအပ်၏။
မနောကံ ပြီးပြီ။
မနောကံ အဖွင့် ပြီးပြီ။
ဆက်၍ ဆိုဦးအံ့။ ဤစကားရပ်၌ ဆယ်ပါးကုန်သော ဤကမ္မပထ တို့၏လည်း ပုဗ္ဗစေတနာ အပရစေတနာတို့သည် ပဋိသန္ဓေကို ငင်ရာ၌ ဧကန္တ မဟုတ်သော အဖို့သို့ ရောက်ကုန်၏။ ဤသို့ ပဋိသမ္ဘိဒါမဂ်ဋီကာ ၌ မိန့်ဆိုအပ်၏။ ထို့ကြောင့် ထိုပုဗ္ဗစေတနာ အပရစေတနာတို့သည်လည်း ‘‘ဤသတ္တဝါတို့ကို သတ်အံ့။ အရှင်မပေးသော ဤဥစ္စာကို ခိုးယူအံ့’’၊ ဤသို့ အစရှိသောနည်းဖြင့် အစမှစ၍ ဖြစ်ကုန်သည်ရှိသော် အားကြီးသော အကြောင်းတို့ကို ရကုန်သည်ရှိသော် ပဋိသန္ဓေကို ငင်ကုန်၏။ မရကုန်သည်ရှိသော် မငင်နိုင်ကြကုန်။ ဤသို့ (ပြောဆိုရန်) သင့်မြတ်လျော်လှကုန်၏။
အကြင်ကုသိုလ် အကုသိုလ်တို့သည်ကား ကမ္မပထအပြားသို့ မရောက်ကုန်သည် ဖြစ်ကြကုန်၏။ ထိုကုသိုလ် အကုသိုလ်တို့သည် ကာယဒွါရ၌ ထင်မြင်အပ်ကုန်သည်ရှိသော် ကာယကံတို့ မည်ကုန်၏။ ဝစီဒွါရ၌ ထင်မြင်အပ်ကုန်သည်ရှိသော် ဝစီကံတို့ မည်ကုန်၏။ သက်သက်သော မနောဒွါရ၌ ထင်မြင်အပ်ကုန်သည်ရှိသော် မနောကံတို့ မည်ကုန်၏။ ဤသို့ မှတ်အပ်၏။
ကံသုံးပါး အဖွင့် ပြီးပြီ။
ကံ၏ဖြစ်ကြောင်း တရားများ
ဒေါသမူလ တရား
ဒေါသမူလေန- ဟူသည်ကား ဒေါသဟု ဆိုအပ်သော မူလကြောင့်လည်းကောင်း၊ ဒေါသဟု ဆိုအပ်သော မူလရှိသော စိတ်ကြောင့်လည်းကောင်း၊ ဤသို့ နှစ်ပါး အပြားအားဖြင့် (ဤသို့သော) အနက်ကို သိအပ်၏။ ထိုနှစ်ပါးသော အနက်တို့တွင် ရှေးဖြစ်သော အနက်ကို ဗျာပါဒသည် ကြဉ်အပ်ကုန်သော နှစ်ပါးသော ကံတို့နှင့် ယှဉ်အပ်၏။ နောက်ဖြစ်သော အနက်ကို သုံးပါးကုန်သော ကံတို့နှင့် ယှဉ်အပ်၏။
လောဘမူလ တရား
လောဘမူလေန- ဟူသော ဤပုဒ်ကား ဤဒေါသမူ၌ ဆိုအပ်ခဲ့သော နည်းသာလျှင် နည်းရှိပေ၏။ မှန်လှပေ၏။ ထိုနှစ်ပါးသော အနက်တို့တွင်လည်း ရှေးဖြစ်သော အနက်ကို အဘိဇ္ဈာသည် ကြဉ်အပ်ကုန်သော ကံနှစ်ပါးတို့နှင့် ယှဉ်အပ်၏။ နောက်ဖြစ်သော အနက်ကို ကံသုံးပါးတို့နှင့်လည်း ယှဉ်အပ်၏ဟု သိအပ်၏။
နှစ်ပါးစုပေါင်း အကြောင်းမူလ
တစ်ရံတစ်ခါ၌ ဒေါသတည်းဟူသော မူလကြောင့် လည်းကောင်း၊ တစ်ရံတစ်ခါ၌ လောဘတည်းဟူ သော မူလကြောင့်လည်းကောင်း ဤသို့ မူလနှစ်ပါးတို့ကြောင့် ဖြစ်ကြကုန်၏။ မောဟမူသည်ကား အလုံးစုံတို့နှင့် ဆက်ဆံသည်၏ အဖြစ်ကြောင့် အထူးပြုတတ်သည် မဖြစ်ချေ။ ထို့ကြောင့် ဤအရာ၌ မယူအပ်တော့ပေ။
၁ရဝ။ ဋီကာကျော် (နှာ- ၁ရ၅)၌ကား-
‘‘နီတိကျမ်း၌ လာသော ပါဌ်အပိုင်းအခြားအားဖြင့် မကောင်းသော သူတို့ကို နှိပ်စက်ခြင်း အကျိုးငှါ သူတစ်ပါးတို့၏ ဥစ္စာဆောင်ယူကုန်သော မင်းတို့၏လည်းကောင်း၊ ပုဏ္ထားတို့၏ လည်းကောင်း ဤအလုံးစုံကို ပုဏ္ထားတို့အား မင်းတို့သည် ပေးလှူ အပ်၏။ ထိုသို့ပင် လှူသော်လည်း ထိုပုဏ္ထား တို့၏ အလုံးစုံ အားနည်းသည်၏ အဖြစ်ကြောင့် တစ်ပါးသော သူတို့သည် သုံးဆောင်ကြကုန်၏။ မိမိဥစ္စာကိုသာလျှင် ပုဏ္ထားတို့ သည် သုံးဆောင်ကြကုန်၏။’’ ဤသို့စသော စကားတို့ကို ဆိုပြိး၍ မိမိဥစ္စာ အမှတ်ဖြင့်သာလျှင် အလုံးစုံသော ဥစ္စာကို ဆောင်ယူကုန်သော ပုဏ္ထားတို့၏လည်းကောင်း၊ ကံ၏အကျိုးနှင့်စပ်၍ ယူလေ့ရှိကုန်သောသူ ကံ၏အကျိုးကို တားမြစ်လေ့ ရှိသော သူတို့၏ လည်း ကောင်း အဒိန္နဒါနကံသည် မောဟစိတ်ကြောင့် ဖြစ်၏။
ဟူသော အကြင်စကားကို မိန့်ဆို၏။ ထိုစကားသည် ဤအရာ၌ မသင့်လျော်ချေ။ မှန်လှစွာ၏။ ကံနှင့်တကွဖြစ်သော မူလကိုလည်းကောင်း၊ မဆက်ဆံသည်ဖြစ်၍ ဖြစ်သော မူလကိုလည်းကောင်း ဤအရာ၌ အလိုရှိအပ်၏။ ထိုအခြင်းအရာအားဖြင့် သူတစ်ပါး၏ ဥစ္စာကို ဆောင်ယူကုန်သော ထိုမင်း ထိုပုဏ္ထားတို့၏လည်း ဆောင်ယူခြင်းသည် ဆောင်ယူသော ကာလ၌ ရံခါ ဒေါသတည်းဟူသော မူလ ကြောင့်လည်းကောင်း၊ ရံခါ လောဘတည်းဟူသော မူလကြောင့်လည်းကောင်း ဤသို့ မူလနှစ်ပါး တို့ကြောင့်သာလျှင် ဖြစ်၏ဟု မှတ်အပ်၏။
အကြင် မောဟသည်ကား မဟာသမ္မတ အစရှိကုန်သော တရားစောင့်သော မင်းတို့၏ လက်ထက် ၌ဖြစ်သော ရှေး၌ဖြစ်သော ဓမ္မသတ်ကျမ်းကို ချန်ထား၍ နောက်ကာလ၌ တရားမစောင့်ကုန်သော မင်းတို့၏ လက်ထက်၌ ဖြစ်ကုန်သော များသောအားဖြင့် တရားနှင့် မလျော်ကုန်သော ဓမ္မသတ်ယ ရာဇသတ်ဟု ဆိုအပ်ကုန်သော နိတိပါဌ်တို့၌ တရားနှင့် သင့်လျော်သည်ဟု မှတ်ထင်ကုန်သော မင်းတို့အား ဖြစ်ပေါ်ပေ၏။
အကြင် မောဟသည်လည်း မင်းတို့၏ အဘိသိက်သွန်းသော ကာလ၌ မြက် ထင်း ရေကို ရဟန်း ပုဏ္ထားတို့အား ပေးအပ်သည်သာလျှင်တည်း။ ဤသို့ဆိုသော စကားကို စွဲ၍ ဤအလုံးစုံတို့ ပုဏ္ထားတို့အား မင်းတို့သည် ပေးလှူအပ်၏ဟု ဤသို့ မှတ်ထင်ကုန်သော ပုဏ္ထားတို့အား ဖြစ်ပေါ် ပေ၏။
အကြင် မောဟသည်လည်း ကောင်းသဖြင့် ပြုအပ်၊ မကောင်းသဖြင့် ပြုအပ်ကုန်သော ကံတို့၏ အကျိုးရင်းသည်လည်းကောင်း၊ အကျိုးဆက်သည်လည်းကောင်း မရှိချေဟု ဤသို့ အယူရှိကြ ကုန်သော ကံ၏အကျိုးနှင့် စပ်သည်ကို တားမြစ်လေ့ရှိကုန်သော သူတို့အား ဖြစ်ပေါ်ပေ၏။ ထိုအလုံးစုံသော မောဟသည်လည်း ဥပနိဿယမောဟ မည်၏။ ထိုဥပနိဿယမောဟကို ဤအရာ၌ အလိုမရှိအပ်ပေ။
တစ်ပါးသော အခြင်းအရာအားဖြင် အနက်ကို ယူအပ်သည်ရှိသော်-
- လောဘသည် ကံတို့၏ ကောင်းစွာဖြစ်ပွားခြင်းငှါ အကြောင်း ပေတည်း။
- ဒေါသသည် ကံတို့၏ ကောင်းစွာဖြစ်ပွားခြင်းငှါ အကြောင်း ပေတည်း။
- မောဟသည် ကံတို့၏ ကောင်းစွာဖြစ်ပွားခြင်းငှါ အကြောင်း ပေတည်း။
ဟူ၍ ဟောတော်မူခြင်းကြောင့် အလုံးစုံလည်း ဖြစ်ကုန်သော အကုသိုလ် ကမ္မပထတို့ကို မူလသုံးပါး ရှိကုန်၏ဟူ၍သာလျှင် ဤအရာ၌ ဆိုအပ်ကုန်သည် ဖြစ်ကုန်ရာ၏ဟု သိအပ်၏။
ဤသို့ကား ဤအရာ၌ ဆိုအပ် ဆိုသင့်သည် ဖြစ်ပေရာ၏။ ကံတို့၌ လည်းကောင်း၊ ကံ၏ အကျိုးတို့၌လည်းကောင်း ဖြစ်ပွားသော ယုံမှားခြင်း ရှိကုန်သော သူတို့၏ ယုံမှားခြင်း ထကြွသော စိတ်နှင့်တကွသာလျှင် ထိုအားလျော်ကုန်သော အဒိန္နာဒါန် အစရှိကုန်သော ကံလေးပါးတို့ကို ပြုကုန်သော သူတို့အား ထိုကံတို့သည် သက်သက်သော မောဟတည်း ဟူသော မူလကြောင့် ဖြစ်ကုန်၏ဟု သိအပ်၏။ မှန်လှပေ၏။ ဤသို့ ဖြစ်သည်ရှိသော် နောက်၌ ဝိစိကိစ္ဆာစေတနာကို ပဋိသန္ဓေ ဖြစ်စေတတ်သော ကံတို့၌ ယူခြင်းသည်လည်း သင့်မြတ်ပေ၏ဟု သိအပ်၏။
အကုသိုလ်ကံ ပြီးပေပြီ။
အကုသိုလ်ကံ အဖွင့် ပြီးပြီ။
ကာမာဝစရ ကုသိုလ်ကံ အဖွင့်
‘‘ကာမာဝစရ ကုသလံ ပိ ကာယဒွါရေ ပဝတ္တံ ကာယကမ္မံ’’ဟူသော ပုဒ်၌ နှစ်ပါးကုန်သော ပရိယာယ်တို့ကို သိအပ်ကုန်၏။ အဘယ်သို့လျှင် သိအပ်ကုန်သနည်း။ ချဲ့၍ ဆိုဦးအံ့။ ဆိုအပ် လတ္တံ့ကုန်သော ပုညကြိယ ၀တ္ထုတို့တွင် အမှတ်မရှိ တစ်စုံတစ်ခုသော ပုညကြိယ၀တ္ထုသည် ကိုယ်အင်္ဂါ လှုပ်ရှားစေ၍ ဖြစ်စေအပ်သည်ရှိသော် ကာယကံ မည်၏။ နှုတ်အင်္ဂါ ကို လှုပ်ရှားစေ၍ ဖြစ်စေအပ်သည်ရှိသော် ဝစီကံ မည်၏။ ကိုယ်အင်္ဂါ နှုတ်အင်္ဂါ တို့ကို မလှုပ်ရှားစေမူ၍ မနောဒွါရ၌သာ လျှင် ဖြစ်စေအပ်သည်ရှိသော် မနောကံ မည်၏။ ဤဆိုအပ်ခဲ့ပြီးသည်ကား တစ်ခုသော ပရိယာယ် ပေတည်း။ ဤပရိယာယ်သည်ကား-
- သီတင်းသုံးဖော်တို့၌ မေတ္တာနှင့်ယှဉ်သော ကာယကံအမှုသည် မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း ရှေးရှု တည်၏။ သီတင်းသုံးဖော်တို့၌ မေတ္တာနှင့်ယှဉ်သော ဝစီကံ အမှု သည် မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း ရှေးရှုတည်၏။ သီတင်းသုံးဖော်တို့၌ မေတ္တာနှင့်ယှဉ်သော မနောကံအမှုသည် မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း ရှေးရှုတည်၏။
ဤသို့လည်းကောင်း-
- အလုံးစုံသော ကာယကံအမှုသည် ဉာဏ်လျှင် ပြဋ္ဌာန်းခြင်း ရှိ၏။ ဉာဏ်သို့ အစဉ်လိုက်၍ ဖြစ်အံ့။ အလုံးစုံသော ဝစီကံ အမှုသည် ဉာဏ်လျှင် ပြဋ္ဌာန်းခြင်း ရှိ၏။ ဉာဏ်သို့ အစဉ်လိုက်၍ ဖြစ်၏။ အလုံးစုံသော မနောကံအမှုသည် ဉာဏ်လျှင် ပြဋ္ဌာန်းခြင်း ရှိ၏။ ဉာဏ်သို့ အစဉ်လိုက်၍ ဖြစ်၏။
ဤသို့လည်းကောင်း-
- မြတ်သော ကာယကံသည်လည်းကောင်း၊ မြတ်သော ဝစီကံသည်လည်းကောင်း၊ မြတ်သော မနောကံသည်လည်းကောင်း၊ မြတ်သောကံ၌ ဆောက်တည်ခြင်သည်လည်းကောင်း သင့်အား ဖြစ်ပါစေသတည်း။
ဟူ၍လည်းကောင်း ဤသို့ အစရှိကုန်သော သုတ်ပုဒ်တို့၌ လာရှိပေ၏။ နည်းတစ်ပါးကို ဆိုဦးအံ့။ အဋ္ဌသာလိနီ၌ အလုံးစုံသော ကိုးပါးသော ကမ္မဒွါရကထာဖြင့် ဤသို့သော အနက်ကို ပြအပ်၏။ မှန်လှစွာ၏။
ထိုကိုးပါးသော ကမ္မဒွါရကထာ၌ ဒါနမယကုသိုလ်ကိုလည်း ကာယကံ ဝစီကံ မနောကံတို့၏ အစွမ်းအားဖြင့် သုံးပါးအပြားဖြင့် ဝေဖန်အပ်၏။ သီလမယ ကုသိုလ်ကိုလည်းကောင်း၊ ဘာဝနာမယ ကုသိုလ်ကိုလည်းကောင်း ထို့အတူ သုံးပါးအပြားအားဖြင့် ဝေဖန်အပ်၏ဟု သိအပ်၏။
အကြင် ဒုဿီလဖြစ်ကြောင်း ဒုစရိုက်မှုသည် ဖြစ်ပေါ်လာသည် ရှိသော်ကား ကိုယ်အမူအရာသည် မသန့်ရှင်း မစင်ကြယ်မှု ဖြစ်ပေ၏။ ကိုယ်ဖြင့် စောင့်စည်းခြင်း ပျက်စီးပေ၏။ အကြင် ကုသိုလ်မှု ဖြစ်သည် ရှိသော်ကား တဒင်္ဂပ္ပဟာန် စသည်တို့၏ အစွမ်းအားဖြင့် ထိုဒုဿီလ ဖြစ်ကြောင်း ဒုစရိုက်အမှုကို စွန့်ပယ်၍ ကာယဒွါရကို သုတ်သင် ရှင်းလင်းလျက် ကိုယ်ဖြင့် စောင့်စည်းခြင်းကို ပြည့်စေလျက် ဖြစ်၏။ ထိုကုသိုလ်မှုသည် ကိုယ်လှုပ်ရှားခြင်းမှ ကင်းငြားသော်လည်း ကိုယ်အင်္ဂါ ကို စောင့်ရှောက်ခြင်း ကိစ္စ ရှိသည်၏ အဖြစ်ကြောင့် ကိစ္စကို ခေါင်းတပ်သဖြင့် ကာယဒွါရ၌ ဖြစ်သော ကာယကံ မည်၏။ ကာယသုစရိုက် ဟူ၍လည်း ဆိုအပ်၏။
ဆက်၍ ဆိုဦးအံ့။ ဤအရာ၌-
- ‘‘ထိုဒုဿီလဖြစ်ကြောင်း ဒုစရိုက်အမှုကို စွန့်ပယ်၍’’ ဟူသည်ကား အကြင်စိတ် ဖြစ်သည်ရှိသော် သတ္တဝါကို သတ်ခြင်း စသော ကာယဒွါရ၌ ဖြစ်သော ဒုစရိုက်ဖြစ်ရာ၏။ ထိုစိတ်အား ဖြစ်ခြင်းငှါ မပေးသည်၏ အစွမ်းအားဖြင့် ထိုဒုဿီလဖြစ်ကြောင်း ဒုစရိုက်အမှုကို စွန့်ပယ်၍-
- ‘‘ကာယဒွါရကို သုတ်သင် ရှင်းလင်းလျက်’’ ဟူသည်ကား အကြင် ဒုဿီလဖြစ်ကြောင်း ဒုစရိုက်စိတ် ဖြစ်သည်ရှိသော် ကိုယ်အင်္ဂါသည် မစင်ကြယ် မသန့်ရှင်းတော့ပေ။ ထိုဒုစရိုက် စိတ်အား ဖြစ်ခြင်းငှါ မပေးသည်၏ အစွမ်းအားဖြင့် ကာယဒွါရကို သုတ်သင် ရှင်းလင်းလျက် -
- ‘‘ကိုယ်ဖြင့် စောင့်စည်းခြင်းကို ပြည့်စေလျက်’’ ဟူသည်ကား မိမိသည် ကိုယ်အင်္ဂါ၏ စောင့်စည်း ခြင်းကိစ္စတို့ ပြီးပြည့်စုံစေသဖြင့် ကိုယ်ဖြင့် စောင့်စည်းခြင်းကို ပြည့်စုံစေလျက်-
ဤသည်ကား ဆိုလိုရင်း အနက်ပေတည်း။ ဝစီကံ၌လည်း ဤနည်းသာလျှင် နည်းရှိပေ၏။
ကြွင်းသော အလုံးစုံလည်းဖြစ်သော ကောင်းသောအမှုသည်အား သုံးပါးကုန်သော ဒွါရတို့၌ ဖြစ်သော် လည်း မနောဒွါရကိုသာလျှင် သုတ်သင်ရှင်းလင်းလျက် စိတ်ဖြင့် စောင့်စည်းခြင်းကိုသာလျှင် ပြည့်စေ လျက် ဖြစ်၏။ ထို့ကြောင့် မနောဒွါရ၌ ဖြစ်သော မနောကံ မည်၏။ မနောသုစရိုက် ဟူ၍လည်း ဆိုအပ်၏။ ဤဆိုအပ်ခဲ့ပြီးသည်ကား တစ်ခုသော ပရိယာယ်ပေတည်း။ ဤပရိယာယ်သည်ကား အရာမက များစွာသော ကမ္မပထသုတ်တို့၌ လာရှိပေ၏။
ဆိုဖွယ်အထူးကား အဋ္ဌသာလိနီ၌ အလုံးစုံသော ဒွါရကထာဖြင့် ဤသို့သော အနက်ကို ပြအပ်၏ဟု သိအပ်၏။ ဤနှစ်ပါးကုန်သော ပရိယာယ်တို့တွင်ကား မြတ်စွာဘုရား သာသနာတော်၌ ကောင်း သော ကုသိုလ်တရားကို ဖြည့်ကျင့်ခြင်း မည်သည် မကြင်မျှလောက် လွန်သော အပိုင်းအခြားအားဖြင့် မကောင်းသော အကုသိုလ်ဓမ္မကို ပယ်ခြင်း အကျိုးငှါသာလျှင် ဖြစ်၏။ ထို့ကြောင့် နောက်ဖြစ်သော ပရိယာယ်သည် သာလျှင် ပြဋ္ဌာန်း၏ဟု သိအပ်၏။
ဒါနကံ ဟူသည်မှာ
ဤစေတနာဖြင့် ပေးလှူ အပ်၏။ ထိုပေးလှူ အပ်ကြောင်း ဖြစ်သော သတ္တိကြောင့် ဒါနမည်၏။ ပစ္စည်း၀တ္ထု ကို စွန့်လှူကြောင်း ဖြစ်သော စေတနာကို အရကောက်အပ်ပေ၏။
သီလကံ ဟူသည်မှာ
ကောင်းစွာ ထားတတ်သောကြောင့် သီလ မည်၏။ အပြစ်နှင့်တကွ ဖြစ်ကုန်သော ကာယကံယ ဝစီကတို့ကို တားမြစ် ပိတ်ပင်၍ အပြစ်မရှိကုန်သော ကာယကံ ဝစီကံတို့ကို ကောင်းစွာ တည်ကြည် သည်တို့ကို ပြု၍ ကောင်းစွာ ထားတတ်၏။ အထက်ဖြစ်ကုန်သော ကုသိုလ်တရားတို့ကိုလည်း လွန်စွာ ဆောင်တတ်၏။ ထိုကုသိုလ်တရားတို့၏ တည်ရာဖြစ်၍ ဆောင်တတ်၏။ ဤသည်ကား လိုရင်းအနက်တည်း။
ဘာဝနာကံ ဟူသည်မှာ
ဤတရားဖြင့် ပွားများကြကုန်၏။ ဤသို့ ပွားများကြောင်းဖြစ်သော သတ္တိကြောင့် ဘာဝနာ မည်၏။ လွန်ကဲသော ကုသိုလ်တရားတို့ကို မဖြစ်သေးသည်တို့ကိုလည်း ဖြစ်စေကုန်၏။ ဖြစ်ပြီးသော လွန်ကဲသည့် ကုသိုလ်တရား တို့ကိုလည်း ပွားစေတတ်ကုန်၏။ ဤသည်ကား လိုရင်းအနက်တည်း။
အပစာယနကံ ဟူသည်မှာ
ဤတရားဖြင့် ပူဇော်ကြကုန်၏။ ဤသို့ ပူဇော်ကြောင်းဖြစ်သော သတ္တိကြောင့် အပစာယန မည်၏။ ‘‘ပူဇော်ကုန်၏’’ ဟူသည်ကား ကိုယ်နှုတ်တို့ဖြင့် မိမိကိုယ်ကို နိမ့်ကျသော ဖြစ်ခြင်း ရှိသည်ကို ပြကြကုန်၏။ ဤသည်ကား လိုရင်းအနက်တည်း။
ဝေယျာဝစ္စကံ ဟူသည်မှာ
အထူးအားဖြင့် အားထုတ်ကြကုန်၏။ ကြောင့်ကြစိုက်သည်၏ အဖြစ်သို့ ရောက်ကြကုန်၏။ ထို့ကြောင့် ဗျာဝဍ္ဎတို့ မည်ကုန်၏။ ကြောင့်ကြစိုက်သည်၏ အဖြစ်သို့ ရောက်ကုန်သော သူတို့၏ အမှုပေတည်း။ ထို့ကြောင့် ဝေယျာဝစ္စ မည်၏။
ပတ္တိဒါနကံ ဟူသည်မှာ
ရောက်အပ်ပြီးသောကြောင့် ပတ္တိ မည်၏။ ဤပတ္တိ ဟူသော အမည်သည် မိမိ၌ ရအပ်သော ကုသိုလ်အစု၏ အမည်ပေတည်း။ တစ်နည်းကား- ရောက်စေအပ်သောကြောင့် ပတ္တိ မည်၏။ ဤပတ္တိဟူသော အမည်သည် ဝမ်းမြောက်ကုန်သော တစ်ပါးသော သူတို့သည် ရအပ်ရထိုက်သော ကောင်းမှုအကျိုးဆက်၏ အမည်ပေတည်း။ ဤတရားဖြင့် ရအပ်သော ကုသိုလ်အစုကို ပေးကြ ကုန်ကြောင်း ဖြစ်သော သတ္တိကြောင့် ပတ္တိဒါန မည်၏။
ပတ္တာနုမောဒနကံ ဟူသည်မှာ
ဤတရားဖြင့် သူတစ်ပါးတို့သည် ပေးအပ်သော ထိုကုသိုလ်အဖို့ကိုသာလျှင် ဝမ်းမြောက် ကြရကုန်၏။ ကောင်းချီးပေးခြင်းကို ပေးကြကုန်၏။ ဤသို့ပေးကြောင်း ဖြစ်သော သတ္တိကြောင့် ပတ္တာနုမောဒနာ မည်၏။
ဓမ္မဿဝနကံ ဟူသည်မှာ
ဤတရားဖြင့် တရားကို နာယူတတ်ကြကုန်ကြောင်း ဖြစ်သော သတ္တိကြောင့် ဓမ္မဿဝန မည်၏။
ဤတရားဖြင့် တရားကို ဟောကြားတတ်ကြကုန်ကြောင်းဖြစ်သော သတ္တိကြောင့် ဓမ္မဒေသနာ မည်၏။
ဒိဋ္ဌိဇုကမ္မကံ ဟူသည်မှာ
ဤတရားဖြင့် အလှူ၏အကျိုးသည် ရှိ၏။ ယဇ်ကြီးပူဇော်ရခြင်း၏ အကျိုးသည် ရှိ၏။ ယဇ်ငယ်ပူဇော်ရခြင်း၏ အကျိုးသည် ရှိ၏။ ကောင်းစွာ ပြုအပ် မကောင်းသဖြင့် ပြုအပ်ကုန်သော ကံတို့၏အကျိုး ဝိပါက်သည် ရှိ၏။ ဤသို့ စသည်ဖြင့် ဒသ၀တ္ထုက သမ္မာဒိဋ္ဌိကို ဖြောင့်မတ်စွာ ပြုတတ်ကြကုန်ကြောင်း ဖြစ်သောကြောင့် ဒိဋ္ဌိဇုကမ္မ မည်၏။
ပုညကြိယာ ဟူသည်မှာ
အလုံးစုံကုန်သော ထိုတရားတို့သည်ကား ထိုတရားတို့ဖြင့် ဖြူစင်စေကြကုန်၏။ စိတ်အစဉ်ကို သုတ်သင်ကြကုန်၏။ ဤသို့ ဖြူစင်ကြောင်း သုတ်သင်ကြောင်း ဖြစ်သော သတ္တိကြောင့် ပုညတို့ မည်ကုန်၏။ ပူဇော်ထိုက်သော အဖြစ်ကို ဖြစ်စေတတ်ကုန်သောကြောင့် ပုညတို့ မည်ကုန်၏။ ဟူ၍ လည်း ဆိုကြကုန်၏။ ထိုပုညတို့သည်သာလျှင် မချွတ်မယွင်း ပြုသင့် ပြုထိုက်သော အနက်ကြောင့် ကြိယာတို့သည်လည်း ဖြစ်ကြကုန်၏။ ထို့ကြောင့် ပုညကြိယာတို့ မည်ကုန်၏။ ထိုပုညကြိယာ တို့သည်ပင်လျှင် ချမ်းသာအထူးတို့၏ တည်ရာဖြစ်သော အနက်ကြောင့် ၀တ္ထုတို့သည်လည်း ဖြစ်ကြကုန်၏။ ထို့ကြောင့် ပုညကြိယာ ၀တ္ထုတို့ မည်ကုန်၏။ ဤသို့ သိအပ်၏။
ဤဆယ်ပါးသော ပုညကြိယာ ကုသိုလ်တို့တွင် တစ်ခု တစ်ခုသော ကုသိုလ်သည် ပုရိမကုသိုလ် လည်းကောင်း၊ မဇ္ဈိမကုသိုလ် လည်းကောင်း၊ ပစ္ဆိမကုသိုလ် လည်းကောင်း ဤသို့ သုံးပါး အပြား ရှိ၏။
ထိုသုံးပါးတို့တွင် ရှေးဦးစွာ ဒါန၌ အလှူခံပုဂ္ဂိုလ်အား စွန့်ကြဲ လှူဒါန်းခြင်းသည် မဇ္ဈိမ မည်၏။
ထိုမဇ္ဈိမမှ ရှေး၌ ဤ သင်္ကန်း စသော ပစ္စည်း ၀တ္ထု ဖြင့် ဒါနမယ ဖြစ်သော ကောင်းမှုကို ဖြစ်စေအံ့။ ဤသို့ ဥစ္စာပစ္စည်းကို ဖြစ်စေသည်မှစ၍ ဒါနကို အာရုံပြု၍ ဒါနကို ရည်မှတ်၍ သုံးပါးကုန်သော ဒွါရတို့၌ ဖြစ်သော စေတနာသည် ပုရိမ မည်၏။
နောက်အဖို့၌ကား မိမိသည် ပေးလှူ အပ်ပြီးသော ဒါနကို အာရုံပြု၍ အဖန်ဖန် အထပ်ထပ် ဝမ်းမြောက်သောစိတ်ကို ဖြစ်သော ပုဂ္ဂိုလ်အားဖြစ်သော ကုသိုလ်စေတနာသည် ပစ္ဆိမ မည်၏။
အလုံးစုံလည်းဖြစ်သော ဤကုသိုလ်သည် အကုသိုလ်၌ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့် အားကြီးသော အကြောင်းတို့ကို ရသည်ရှိသော် ပဋိသန္ဓေကို ပေးနိုင်၏။ မရသည်ရှိသော် ပဋိသန္ဓေကို မပေးနိုင်ပေ။ ဤသို့ သိအပ်၏။
တစ်ဖန် ဟီန၊ မဇ္ဈိမ၊ ပဏီတတို့၏ အစွမ်းဖြင့် သုံးပါး အပြားရှိ၏။
ထိုသုံးပါးတို့တွင်-
- ယုတ်ညံ့သော ဆန္ဒဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း၊ ဝီရိယဖြင့်လည်းကောင်း၊ ပညာဖြင့် လည်းကောင်း ဖြစ်စေအပ်သော ကုသိုလ်သည် ဟီန မည်၏။
- အလယ်အလတ်ဖြစ်သော ဆန္ဒ အစရှိသည်ဖြင့် ဖြစ်စေအပ်သော ကုသိုလ်သည် မဇ္ဈိမ မည်၏။
- မြတ်သော ဆန္ဒ အစရှိသည်ဖြင့် ဖြစ်စေအပ်သော ကုသိုလ်သည် ပဏီတ မည်၏။
တစ်နည်းကား-
- အကျော်အစော အချီးအမြှောက်ကို အလိုရှိသည်၏ အဖြစ်ကြောင့် ဖြစ်စေအပ်သော ကုသိုလ်သည် ဟိန မည်၏။
- ကောင်းမှုအကျိုးကို အလိုရှိသည်၏ အဖြစ်ကြောင့် ဖြစ်စေအပ်သော ကုသိုလ်သည် မဇ္ဈိမ မည်၏။
- ဤကုသိုလ်ကို ပြုအပ် ပြုသင့် ပြုထိုက်သည်သာလျှင်တည်း၊ ဤသို့ မြတ်သောအဖြစ်ကို (အရိယပုဂ္ဂိုလ်၏အဖြစ်ကို) မှီ၍ ဖြစ်စေအပ်သော ကုသိုလ်သည် ပဏီတ မည်၏။
တစ်နည်းကား-
- မိမိကိုယ်ကို ချီးမြှင့်ခြင်း သူတစ်ပါးကို ရှုတ်ချကဲ့ရဲ့ခြင်း စသည်တို့ဖြင့် ညစ်နွမ်းသော ကုသိုလ်သည် ဟီန မည်၏။
- (မိမိကိုယ်ကို ချီးမြှင့်ခြင်း သူတစ်ပါးကို ရှုတ်ချကဲ့ရဲ့ခြင်း မရှိမှု စသည်ဖြင့်) မညစ်နွမ်းသော လောကီချမ်းသာသာလျှင် အဖို့ ရှိသည်၏ အဖြစ်ဖြင့် ဖြစ်စေအပ်သော ကုသိုလ်သည် မဇ္ဈိမ မည်၏။
- မဂ်ချမ်းသာ ဖိုလ်ချမ်းသာလျှင် အဖို့ရှိသည်၏ အဖြစ်ဖြင့် ဖြစ်စေအပ်သော ကုသိုလ်သည် ပဏီတ မည်၏။
တစ်နည်းကား-
- တဏှာ၏အစွမ်းအားဖြင့် ဘဝသမ္ပတ္တိ၊ ဘောဂသမ္ပတ္တိ အကျိုးငှါ ဖြစ်စေအပ်သော ဒါနသည် ဟီန မည်၏။
- မိမိ၏ သံသရာဝဋ်မှ လွတ်မြောက်ခြင်း အကျိုးငှါ ဖြစ်စေအပ်သော ဒါနသည် မဇ္ဈိမ မည်၏။
- အလုံးစုံသော သတ္တဝါတို့၏ သံသရာမှ ကျွတ်လွတ်ခြင်း အကျိုးငှါ ဖြစ်စေအပ်သော ပါရမီ မြောက်ဖြစ်သော ဒါနသည် ပဏီတ မည်၏။
ဤသို့သော အနက်ကို ဝိသုဒ္ဓိမဂ္ဂ သီလနိဒ္ဒေသကို မှီ၍ သိအပ်၏ဟု မှတ်အပ်၏။ ဆက်၍ ဆိုဦးအံ့။ ဤဒါန၌ သီလနိဒ္ဒေသကို မှီ၍ သိအပ်သကဲ့သို့ ထို့အတူ ကြွင်းသော ပုညကြိယာတို့၌လည်း ဖြစ်သင့် သည့် အားလျော်စွာ သုံးခုတို့၏ နှစ်ပါးအပေါင်းကို ဝေဖန်၍ ဆိုသင့် ဆိုထိုက်၏ဟု သိအပ်၏။
ထိုစကားရပ်၌ သီလ မည်သည်ကား-
(၁) ရဟန်း ယောက်ျားတို့ ဆောက်တည်အပ်သော ဘိက္ခုသီလ၊
(၂) ရဟန်းမိန်းမတို့ ဆောက်တည်အပ်သော ဘိက္ခုနီသီလ၊
(၃) သာမဏေတို့ ဆောက်တည်အပ်သော သာမဏေသီလ၊
(၄) အိမ်ရာတည်ထောင်၍ နေသော လူတို့ဆောက်တည်အပ်သော ဂဟဋ္ဌသီလ၊
ဤသို့ လေးပါး အပြားရှိ၏။ ထိုလေးပါးတို့တွင် ရှေး၌ဖြစ်ကုန်သော ဘိက္ခုသီလ၊ ဘိက္ခုနီသီလ နှစ်ပါးတို့၏ ဆောက်တည်ခြင်း ကိစ္စသည် ကမ္မဝါစာဖြင့် ပြီးစီးပြည့်စုံ၏။ ပါရာဇိတ ကျရောက်ခြင်း အန္တိမ၀တ္ထုဖြင့်လည်းကောင်း၊ သိက္ခာချ လူဝတ်လဲသဖြင့်လည်းကောင်း မူလကမ္မဝါစာသည် ဖတ်ရွတ် စဉ်က ပျက်စီးသည်ရှိသော် အလုံးစုံသော ဆောက်တည်ခြင်းကိစ္စ ပျက်စီးပေတော့၏။ အလုံးစုံ ကုန်သော ရဟန်းသီလတို့ ပျက်စီးကုန်၏။ ထိုအခါ၌ ရဟန်းဟူသော ဝန်ခံခြင်းကို မစွန့်မူ၍ တည်သောပုဂ္ဂိုလ်သည် ဒုဿီလ (သီလမရှိသူ) မည်၏။ အန္တိမ ၀တ္ထုကို ချန်ထား၍ကား တစ်ပါးသော သိက္ခာပုဒ်တို့ကို လွန်ကျူး ကျော်နင်းသော ပုဂ္ဂိုလ်အား အကြင်သိက္ခာပုဒ်ကို လွန်ကျူး၍ ကျင့်၏။ ထိုသိက္ခာပုဒ်၌သာလျှင် စောင့်ခြင်းအမှု ပျက်စီး၏။ ဆောက်တည်သော အမှု ပျက်စီးခြင်း မဖြစ်ပေ။
မှန်လှစွာ၏။ ထိုသိက္ခာပုဒ်ကို ကမ္မဝါစာဖြင့် ဆောက်တည်အပ်၏။ ဤသို့သော စကားဆိုဖွယ်သည် မရှိချေဟု သိအပ်၏။ ကုစားခြင်းအမှုကို ပြုသည်ရှိသော်ကား စောင့်စည်းခြင်းသည် ပကတိအတိုင်း ဖြစ်ပေတော့၏။ စေတနာရှိသည်ဖြစ်၍ လွန်ကျူး၍ ကျင့်သော ပုဂ္ဂိုလ်သည်လည်းကောင်း၊ ကုစားခြင်းအမှုကို မပြုသော ပုဂ္ဂိုလ်သည်လည်းကောင်း အလဇ္ဇီ မည်၏။ ဒုဿီလပုဂ္ဂိုလ် မဖြစ်ပေဟု သိအပ်၏။ သာမဏေတို့၏ သီလ၌လည်း ဤသို့သော နည်းသည်သာလျှင် နည်းရှိ၏။
ထိုသာမဏေတို့ သီလ၌ကား သရဏဂုံဖြင့်သာလျှင် ဆောက်တည်ခြင်းကိစ္စ ပြီးစီးပြည့်စုံလေ၏။ လိင်ပြန်ခြင်း အင်္ဂါကို ပြုပြီး၍ သရဏဂုံ ပျက်သည်ရှိသော် အလုံးစုံ ဆောက်တည်မှု ပျက်စီး၏။ ဤလိင်အင်္ဂါမှ တစ်ပါးသော ဒဏ်အင်္ဂါ တို့၌ကား အကြင်ဒဏ်သင့်သော အင်္ဂါကို လွန်ကျူး၍ ကျင့်၏။ ထိုဒဏ် အင်္ဂါ၌သာလျှင် စောင့်စည်းမှု ပျက်ခြင်း ဖြစ်ပေ၏ဟု သိအပ်၏။
လူတို့၏ သီလ၌ကား ပကတိသော လူတို့ ခံယူသည်၏ အစွမ်းအားဖြင့်သာလျှင် ဆောက်တည်ခြင်း ကိစ္စ ပြည့်စုံပေတော့၏။ ထို့ကြောင့် တစ်ပေါင်းတည်း ခံယူသည်ရှိသော် အလုံးစုံသော သီလတို့ ဆောက်တည် ခြင်းကိစ္စ ပြီးကုန်၏။ တစ်ခုသော သီလသည်လည်း ပျက်စီးခဲ့သည် ရှိသော် အလုံး စုံသော သီလတို့ ပျက်စီးကြကုန်၏။ အလုံးစုံသော သီလတို့ကို တစ်ဖန် ဆောက်တည်အပ်ကုန်၏။ အသီး အသီး ခံယူခြင်း ရှိခဲ့သော်ကား အကြင်သီလကို လွန်ကျူး၏။ ထိုသီလသည်သာလျှင် ပျက်စီး၏။ ထိုသီလကိုသာလျှင် တစ်ဖန် ဆောက်တည်အပ်၏ဟု သိအပ်၏။ ပိုင်းခြားအပ်သော ကာလကို လွန်သည်ရှိသော်ကား အလုံးစုံသော ဆောက်တည်ခြင်းကိစ္စ ငြိမ်းစဲတော့သည် သာလျှင် တည်း ဤ လူ့သီလ၌ ဒုဿီလ၏အဖြစ်ကား နိစ္စသီလတို့၏ ပျက်စီးခြင်းဖြင့် သိအပ်၏။
နိစ္စသီလနှင့် အနိစ္စသီလ
နိစ္စသီလ၊ အနိစ္စသီလတို့၌ကား အကြင်သီလသည် မြဲမှသာလျှင် အပ်၏။ မမြဲသည်ရှိသော်ကား အပြစ်ရှိ၏။ ထိုသီလသည် နိစ္စသီလ မည်၏။ အကြင်သီလသည် မြဲသော်လည်း အပ်၏။ ကြီးကျယ်သော ကောင်းမှုအယဉ်သည် ဖြစ်၏။ မမြဲသော်လည်း သင့်၏။ အပြစ်ရှိသည် မဟုတ်ချေ။ ထိုသီလသည် အနိစ္စသီလ မည်၏။
နိစ္စသီလ ဟူသည်
ထိုသီလတို့တွင် ရဟန်းအဖြစ်၌ တည်သော ပုဂ္ဂိုလ်၏ ရဟန်းသီလသည် လည်းကောင်း၊ သာမဏေ အဖြစ်၌ တည်သော ပုဂ္ဂိုလ်၏ သာမဏေသီလသည် လည်းကောင်း ပကတိသော လူတို့၏ ငါးပါးသီလသည် လည်းကောင်း၊ ရသေ့ ပရဗိုဇ်တို့၏ အသွင်အပြင် ရှိကုန်သော ဥပါသကာတို့၏ လည်းကောင်း၊ ရသေ့ ပရဗိုဇ်တို့၏ လည်းကောင်း၊ ဆယ်ပါးသီလသည် လည်းကောင်း နိစ္စသီလ မည်၏။
မှန်လှစွာ၏။ ထိုသူတို့အား မိမိတို့၏ ဥစ္စာဖြစ်သော ထိုထိုသီလစုကို အမြဲစင်ကြယ်သည်ကို ပြု၍ စောင့်ရှောက်ကြခြင်းငှါ အပ်၏။ မစောင့်ရှောက်ကုန်သည်ရှိသော် ရဟန်းအဖြစ် စသည်သည် အပြစ် ရှိ၏။ မစင်ကြယ်ချေ။ အဘယ့်ကြောင့်နည်း ဟူမူကား- မိမိ အားလျော်သော အကျင့် ပျက်စီးခြင်း ကြောင့်ပေတည်း။
ပကတိလူတို့အား ရှစ်ပါးသီလသည် အနိစ္စသီလ မည်၏။ မှန်လှစွာ၏။ ထိုရှစ်ပါးသီလသည် ထိုလူပုဂ္ဂိုလ်တို့အား ဆိုအပ်ခဲ့ပြီးသော နည်းဖြင့် နိစ္စသီလသော်လည်း အပ်၏။ အနိစ္စသီလသော် လည်း အပ်၏။ ထို့အတူ ဆယ်ပါးသီလသည်လည်း နိစ္စသီလသော်လည်း အပ်၏။ အနိစ္စသီလသော် လည်း အပ်၏။
မှန်လှစွာ၏။ ပကတိလူပုဂ္ဂိုလ်တို့အား ထိုဆယ်ပါးသီလသည် အနိစ္စ သီလသာလျှင် ဖြစ်၏။ လူ့အဝတ်တန်ဆာကို ပယ်စွန့်၍ ဖန်ရည်စွန်းသော အဝတ်ကို ဆောင်ယူသဖြင့် ရသေ့ ပရဗိုဇ် အရေ အတွက်သို့ ရောက်ကုန်သော သူတို့အားသာလျှင် နိစ္စသီလ ဖြစ်ပေ၏။
မှန်လှစွာ၏။ ပကတိလူတို့ အား ငါးပါးသီလသည် ဆောက်တည်သော်လည်းကောင်း၊ မဆောက်တည်သော်လည်းကောင်း၊ အမြဲစောင့်ရှောက်ခြင်းငှါ သာလျှင် သင့်သကဲ့သို့ လွန်ကျူးခြင်းငှါ မသင့်သကဲ့သို့ ထို့အတူ ရသေ့ ပရဗိုဇ် အသွင်ကို ဆောင်ကုန်သော သူတို့အား ဆယ်ပါးသီလသည် ဆောက် တည်သော်လည်း ကောင်း၊ မဆောက်တည်သော်လည်းကောင်း အမြဲ စောင့်ရှောက်ခြင်းငှါ သာလျှင် သင့်၏။ လွန်ကျူးခြင်းငှါ မသင့်ပေ။
ရသေ့အသွင် ပရဗိုဇ်အသွင်ကို ဆောင်ယူသည်နှင့် တစ်ပြိုင်နက် (ဆယ်ပါးသီလ ခံယူခြင်းကိစ္စ) ပြီးစီးပြည့်စုံသည်၏ အဖြစ်ကြောင့် ပေတည်း မှတ်အပ်၏။
ဘာဝနာ နှစ်မျိုး
အထက်၌ ဆိုအပ်လတ္တံ့သော သမထ ဝိပဿနာတို့၏ အစွမ်းဖြင့် နှစ်ပါး အပြားရှိသော ဘာဝနာသည် ဘာဝနာ မည်၏။
ထိုဘာဝနာကို ဤအရာ အပ္ပနာသို့ မရောက်သေးသော ဘာဝနာကိုသာလျှင် အလိုရှိအပ်၏။ သုတ် အဘိဓမ္မာ ဝိနည်းတို့ကို သင်ကြားခြင်းနှင့်တကွ အပြစ်ကင်းသော အမှု အပြစ်ကင်းသော အတတ် အပြစ်ကင်းသော ပညာ အရာဌာနတို့၌ အလွန်လေ့ကျက်ခြင်းကို ပြုသော စေတနာကိုလည်း ဤဘာဝနာ၌ သာလျှင် သင်္ဂြိုဟ် ရေတွက်အပ်၏။
အပစာယနဝယ် သိမှတ်ဖွယ်
အဖို့တစ်ပါးကို ဆိုဦးအံ့။ ရတနာသုံးပါး အပေါင်း၌လည်းကောင်း၊ အမိအဘတို့၌လည်းကောင်း၊ အမျိုးအနွယ်၌ ကြီးရင့်သော သူတို့၌လည်းကောင်း၊ ဆရာသမားတို့၌လည်းကောင်း၊ တရားကို ကျင့်သော ရဟန်း ပုဏ္ထားတို့၌ လည်းကောင်း၊ ရတနာသုံးပါး အမိအဘ စသည်တို့မှ တစ်ပါးကုန် သော ဂုဏ်အားဖြင့် ကြီးသောသူ အရွယ်အားဖြင့် ကြီးသောသူတို့၌လည်းကောင်း၊ ထိုက်သည့် အားလျော်စွာ ခရီးဦးကြိုဆိုခြင်း ရှိခိုးခြင်း လက်အုပ်ချီသည်ကို ပြုခြင်း အရိုအသေ ပြုခြင်း ဝတ်ကြီး ဝတ်ငယ်ကို ပြုခြင်း ဤသို့ အစရှိသည့် အလုံးစုံသော အမှုသည် အပစာယန မည်၏။
ဝေယျာဝစ္စဝယ် သိမှတ်ဖွယ်
ထိုရတနာသုံးပါး အမိအဘ စသော သူတို့၏သာလျှင်လည်းကောင်း၊ တစ်ပါးကုန်သော အာဂန္တု ရဟန်း ခရီးသွားကာနီးသော ပုဂ္ဂိုလ် ခရီးသွားပြီးသော ပုဂ္ဂိုလ်တို့၏လည်းကောင်း၊ သူနာရဟန်း တို့၏လည်းကောင်း၊ အသက်ကြီးသော ပုဂ္ဂိုလ်တို့၏လည်းကောင်း၊ ပြုသင့်သော အမှုကြီး ငယ်တို့၌ လည်းကောင်း၊ သီတင်းသုံးဖော်တို့၏ သင်္ကန်းအမှု စသည်တို့၌ လည်းကောင်း၊ သူတစ်ပါးတို့၏ ထိုထို ကောင်းမှုကံတို့၌လည်းကောင်း ထက်ဝန်းကျင်မှ စင်ကြယ်သော အစီးအပွားတို့၌ ပျံ့နှံ့သောစိတ်ဖြင့် မိမိ၏ကိစ္စတို့၌ကဲ့သို့ ကိုယ်နှုတ်တို့ဖြင့် အားထုတ်ခြင်းသည် ဝေယျာဝစ္စ မည်၏။
ပတ္တိဒါနဝယ် သိမှတ်ဖွယ်
မိမိသည် ပြုအပ်သော အမှတ်မရှိ တစ်စုံတစ်ခုသော ကောင်းမှုကို တစ်ပါးသော သူတို့နှင့် ဆက်ဆံသည်ကို ပြုခြင်းသည် ပတ္တိဒါန မည်၏။
ပတ္တာနုမောဒနဝယ် သိမှတ်ဖွယ်
တစ်ပါးသော သူတို့သည် ပေးဝေအပ်သော ကုသိုလ် အဖို့အစုကို ဝမ်းမြောက်ခြင်းသည် ဝမ်းမြောက် သည်၏ အဖြစ်ကို ပြောကြားခြင်းသည် ပတ္တာနုမောဒန မည်၏။
မပေးအပ်သော ကုသိုလ်ကို ဝမ်းမြောက် ခြင်းသည်ကား အနုမောဒနသာလျှင် ဖြစ်၏။ ပတ္တာနုမောဒန မဖြစ်ချေ။ အဘယ့်နည်း ဟူမူကား- ရောက်စေအပ်သော အဖို့၏သာလျှင် မရှိသောကြောင့်ပေတည်း။
ပတ္တိနှစ်မျိုး
ပတ္တိသည်လည်း-
(၁) ရည်ညွှန်းအပ်သော အဖို့ရှိသော- ဥဒ္ဒိဿိကပတ္တိ၊
(၂) မရည်ညွှန်းမူ၍ ပို့အပ်သော အဖို့ရှိသော- အနုဒ္ဒိဿိကပတ္တိ၊
ဤသို့ နှစ်ပါးအပြားရှိ၏။ ထိုနှစ်ပါးတို့တွင် မိမိကိုယ်ကို ရည်ညွှန်း၍ ပေးဝေသော အဖို့အစုကို သာဓုခေါ်ရသော သူအားသာလျှင် မျက်မှောက်သော ကိုယ်၏အဖြစ်၌ ခံစားရမှုသည် ဖြစ်ပေ၏။ ဤသို့ သိအပ်၏။
ဤ ပတ္တိဒါန ပတ္တာနုမောဒနာ နှစ်ပါးအပေါင်းသည်ကား ဒါန ကုသိုလ်တို့၌သာလျှင် အထူးအားဖြင့် ထင်ရှား၏။
မှန်လှစွာ၏။ ထိုဒါန ကုသိုလ် အဖို့အစုကို ရည်မှတ်သည်ကိုပြု၍ နတ်တို့အား လည်းကောင်း၊ ပရဒတ္တုပဇီဝိပြိတ္တာတို့အားလည်းကောင်း၊ ဝေမာနိကပြိတ္တာတို့အားလည်းကောင်း၊ ဝိနိပါတိက အသုရာတို့အားလည်းကောင်း ဝမ်းမြောက်အပ်သည် ရှိသော်လည်းကောင်း ထိုနတ် စသည်တို့အား ထိုခဏ၌သာလျှင် မျက်မှောက်သော ကိုယ်၏အဖြစ်၌ ခံစားရမှုသည် ဖြစ်ပေ၏ဟု သိအပ်၏။
ဓမ္မဿဝနနှင့် ဓမ္မဒေသနာ
အကျိုးစီးပွားနှင့် စပ်ယှဉ်သော တရားစကားကို ယောနိသောမနသိကာရ၌ တည်၍ နာကြားခြင်းသည်လည်းကောင်း၊ ဟောပြောခြင်းသည်လည်းကောင်း ဓမ္မဿဝနလည်း မည်၏။ ဓမ္မဒေသနာလည်း မည်၏။
အပြစ်ကင်းသော ပညာအရာဌာနတို့ကို နာယူသော စေတနာ ပြောကြား သင်ပြသော စေတနာတို့ကိုလည်း ဤ ဓမ္မဿဝန ဓမ္မဒေသနာတို့၌ သာလျှင် သင်္ဂြိုဟ်ရေတွက်အပ် ကုန်၏ဟု သိအပ်၏။
ဒိဋ္ဌိဇုကမ္မဝယ် သိမှတ်ဖွယ်
ပေးလှူအပ်သော အကျိုးသည် မရှိချေ။ ယဇ်ကြီး ပူဇော်သော အကျိုးလည်း မရှိချေ။ ဤသို့စသော နည်းဖြင့် ဖြစ်သော ဆယ်ပါးသော ၀တ္ထု ရှိသည့် မိစ္ဆာဒိဋ္ဌိမှလည်းကောင်း၊ ဣဿရနိမ္မာန အစရှိသော ဒိဋ္ဌိမှလည်းကောင်း၊ ဒိဋ္ဌ မင်္ဂလာ အစရှိသော ဒိဋ္ဌိမှလည်းကောင်း၊ စင်ကြယ်သည်ကို ပြု၍ ထိုထို ၀တ္ထု သက်သေတို့ဖြင့်လည်းကောင်း၊ အသင့်ယုတ္တိတို့ဖြင့်လည်းကောင်း၊ အမျိုးမျိုးသော အကြောင်းတို့ဖြင့် လည်းကောင်း၊ ကမ္မဿကတာဉာဏ် ( = ကံကိုလည်းကောင်း၊ ကံ၏အကျိုးကိုလည်းကောင်း ယုံကြည်သောဉာဏ်)ဟု ဆိုအပ်သော သမ္မာဒိဋ္ဌိကို ဖြူစင်အောင် ပြခြင်းသည် ဒိဋ္ဌိဇုကမ္မ မည်၏ဟု သိအပ်၏။
သုံးမျိုးအစု ယှဉ်တွဲပြု
အကြင်ဌာန၌ကား သုံးပါး အပြားရှိသည်သာလျှင် ဖြစ်သော ပုညကြိယာ ၀တ္ထုသည် လာရှိပေ၏။ ထိုအရာ၌ ပတ္တိဒါန ပတ္တာနုမောဒနာတို့ကို ဒါန၌ သင်္ဂြိုဟ် ရေတွက် အပ်ကုန်၏။
အဘယ့် ကြောင့်နည်း ဟူမူကား- ဣဿာ မစ္ဆရိယတို့၏ ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်၏ အဖြစ်ဖြင့် ထိုဒါနနှင့် သဘောတူသည်၏ အဖြစ်ကြောင့်ပေတည်း။
အပစာယန ဝေယျာဝစ္စတို့ကို သီလ၌ သင်္ဂြိုဟ်ရေတွက် အပ်ကုန်၏။
အဘယ့်ကြောင့်နည်း ဟူမူကား- ထိုအပစာယန ဝေယျာဝစ္စတို့၏ စာရိတ္တသီလ၏ အဖြစ်ကြောင့်ပေတည်း။
ကြွင်းကုန်သော ဓမ္မဿဝန ဓမ္မဒေသနာ ဒိဋ္ဌိဇုကမ္မ သုံးပါးတို့ကို ဘာဝနာ၌ သင်္ဂြိုဟ်ရေတွက် အပ်ကုန်၏။
အဘယ့်ကြောင့်နည်း ဟူမူကား- ထိုဘာဝနာသဘော ရှိသည်၏ အဖြစ်ကြောင့်တည်း။ မှန်လှစွာ၏။
- ကမ္မဋ္ဌာန်းမှ လွတ်သော တရားမည်သည် မရှိချေ။
ဟူ၍ အဋ္ဌကထာ၌ မိန့်ဆိုအပ်ပေ၏။ ဒိဋ္ဌိဇုကမ္မသည်လည်း ဉာဏ်ကို ပွားစေတတ်သည် သာလျှင်တည်း။ ဤသို့ သိအပ်၏။ တစ်နည်းကား- ဤ ဒိဋ္ဌိဇုကမ္မကို ဒါန သီလ ဘာဝနာ သုံးပါးတို့သာလျှင် ရေတွက်အပ်၏။ မှန်လှစွာ၏။
- ဒိဋ္ဌိဇုကမ္မသည် အလုံးစုံသော ပုညကြိယ ၀တ္ထုတို့၏ အကျိုးကြီး သည်၏ အဖြစ်ကို အမြဲသတ်မှတ် ဆုံးဖြတ်ခြင်း၏ လက္ခဏာပေတည်း။
ဟူ၍ အဋ္ဌကထာ၌ မိန့်ဆိုအပ်၏။ မှန်လှစွာ၏။ ကမ္မဿကတာဉာဏ် ရှိသော်သာလျှင် ဒါန အစ ရှိသော သုံးပါးတို့သည် ပြည့်စုံကြကုန်၏။ ဤသို့ သိအပ်၏။
ကာမာဝစရကုသိုလ်ကံ အဖွင့် ပြီးပြီ။
ရူပါဝစရကုသိုလ်ကံ အဖွင့်
မနောကံသာလျှင်တည်း။ အဘယ့်ကြောင့်နည်း ဟူမူကား- စိတ်၌သာလျှင် ကမ္မပထကိစ္စ ပြီးစီးခြင်း ကြောင့် မနောကံသာလျှင်တည်း။
၁ရ၁။ ဋီကာကျော် (နှာ- ၁ရ၈)၌ကား-
ဝိညတ်ကို ဖြစ်စေတတ်သည်၏ အဖြစ် မရှိခြင်းကြောင့် ကာယ ဒွါရ စသည်တို့၌ မဖြစ်ခြင်းကြောင့် မနောကံသာလျှင် ဖြစ်၏။ ဟူ၍ မိန့်ဆိုအပ်၏။ ထိုစကားသည် မကောင်းချေ။ မှန်လှစွာ၏။
ဝိညတ်ကို ဖြစ်စေတတ်သည့် အဘိညာဉ်သည် ကာယဒွါရ စသည်တို့၌ ဖြစ်ငြားသော်လည်း ကာယကံ ဝစီကံ ဟူသော ခေါ်ဝေါ်ခြင်းသို့ မရောက်ချေ။ အဘယ့်ကြောင့်နည်း ဟူမူကား- ကာယကံယ ဝစီကံတို့၏ ကမ္မပထအင်္ဂါ အဖြစ်၏ မဖြစ်သင့်သောကြောင့်ပေတည်း။ ဤသို့ သိအပ်၏။
ထိုရူပါဝစရ ကုသိုလ်သည်လည်း ဘာဝနာဖြင့် ပြီး၏ဟု မှတ်သိအပ်၏။ အဘယ့်ကြောင့်နည်း ဟူမူကား- ဒါန သီလတို့၏ အစွမ်းအားဖြင့် မဖြစ်ခြင်းကြောင့်ပေတည်း။ သက်သက် ဘာဝနာကံ အထူး၏ အဖြစ်ကြောင့် ထိုမဟဂ္ဂုတ်ကုသိုလ်ကံသည် ဘာဝနာကံသာလျှင် ဖြစ်ပေ၏။
ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌-
- ပထမဈာန်ဖြင့် နီဝရဏတို့ကို ပယ်ခြင်းသည် သီလ မည်၏။ ရှောင်ကြဉ်ခြင်းသည် သီလ မည်၏။ စေတနာသည် သီလ မည်၏။ စောင့်စည်းခြင်းသည် မလွန်ကျူးခြင်း သီလ မည်၏။
- ဒုတိယဈာန်ဖြင် ဝိတက် ဝိစာရတို့ကို ပယ်ခြင်းသည် သီလ မည်၏။ (ပ) မလွန်ကျူးခြင်းသည် သီလ မည်၏။
- တတိယဈာန်ဖြင့် ပီတိကို ပယ်ခြင်းသည် သီလ မည်၏။ (ပ) မလွန်ကျူးခြင်းသည် သီလ မည်၏။
- စတုတ္ထဈာန်ဖြင့် သုခ ဒုက္ခတို့ကို ပယ်ခြင်းသည် သီလ မည်၏။ (ပ) မလွန်ကျူးခြင်းသည် သီလ မည်၏။
ဟူ၍ ဟောတော်မူအပ်၏။ ထိုစကားသည် ပရိယာယ်အားဖြင့် ဟောတော်မူအပ်၏ဟု သိအပ်၏။
အပ္ပနာသို့ ရောက်၏။ အဘယ့်ကြောင့်နည်း ဟူမူကား- ဘာဝနာ၏ အစွမ်းအားဖြင့် အာရုံ၌ တုန်လှုပ်ခြင်း မရှိတည်သည်၏ အဖြစ်ဖြင့် အစဉ်လျှောက်ကာ ဝင်ရောက်၍ ဖြစ်ခြင်းကြောင့် အပ္ပနာသို့ ရောက်သော ကံ ဖြစ်ပေ၏။
၁ရ၂။ ဋီကာကျော် (နှာ- ၁ရ၈)၌ကား-
ရှေးအဖို့၌ ဖြစ်ကုန်သော ကုသိုလ်တို့၏ ကာမာဝစရကုသိုလ် ဖြစ်သောကြောင့် -
ဟူ၍ အကြောင်းကို မိန့်ဆိုအပ်၏။ ထိုအကြောင်းသည် မကောင်းချေ။ မှန်လှစွာ၏။ ရှေးအဖို့၌ ဖြစ်သော စိတ်တို့၏ ကာမာဝစရ အဖြစ်မျှသည် အပ္ပနာသို့ ရောက်ခြင်း၏ အကြောင်းမဟုတ်ဟု သိအပ်၏။
ဈာနင်္ဂ ဘေဒေန-ဟူ၍ ဆိုအပ်၏။ ဈာနင်္ဂ ဘေဒေန- ဟူသည်ကား ဆိုသင့် ဆိုထိုက်၏။ တစ်နည်း ကား- ဈာနင်္ဂ ဘေဒေန- ဟူသည်ကား ဈာန်အင်္ဂါ အပေါင်း၏ အပြားအားဖြင့်- ဤသည်ကား အနက်တည်း။ ဈာန်အပြားအားဖြင့် ဟူ၍သာလျှင် ဆိုလိုရင်း ဖြစ်ပေ၏။
ရူပဝါစရကုသိုလ်ကံ အဖွင့် ပြီးပြီ။
ကာမကံ၏ အကျိုးပေးပုံများ
ဧတ္ထ - ဟူသည်ကား ဤပါကဌာနစတုက္က၌ (ဟု အနက်ပေးပါလေ)
ဥဒ္ဓစ္စဝိရဟိတံ- ဟူသည်ကား ဥဒ္ဓစ္စစေတနာသည် ကြဉ်အပ်သော၊ အဘယ့်ကြောင့် ဥဒ္ဓစ္စစေတနာကို ဤအရာ၌ ကြဉ်အပ်လေသနည်း။
ဤသည်ကား အမေးစကားတည်း။ ပဋိသန္ဓေကို ငင်ခြင်း မရှိသည်၏ အဖြစ်ကြောင့်ပေတည်း။ အဘယ်သို့လျှင် သိအပ်ပါသနည်း။ ဤသို့ အကယ်၍ စောဒနာငြားအံ့။ ဓမ္မသင်္ဂဏီ ပါဠိတော်၌ ‘‘ဒဿနေန ပဟာတဗ္ဗ’’ တရားတို့ ထိုဥဒ္ဓစ္စကို မဟောမူ၍ ‘‘ဘာဝနာယ ပဟာတဗ္ဗ’’ တရားတို့၌ သာလျှင် ဟောတော်မူအပ်သည်၏ အဖြစ်ကြောင့်ပေတည်း။
ရှင်တော်ဘုရား အဘယ်ကဲ့သို့ ဟောကြားတော်မူသနည်း-
- လေးပါးကုန်သော မိစ္ဆာဒိဋ္ဌိနှင့် အညီအညွတ် အပြားအားဖြင့် ယှဉ်ကုန်သည့် စိတ် ဝိစိကိစ္ဆာနှင့် တကွဖြစ်သည့် စိတ်သည် ဖြစ်ပေ၏။ ဤတရားတို့ကို သောတာပတ္တိမဂ်သည် ပယ်အပ်ကုန်၏။
ဤသို့လည်းကောင်း-
- ဥဒ္ဓစ္စနှင့်တကွ ဖြစ်သော စိတ်သည် ဖြစ်ပေ၏။ ဤတရားတို့ကို ကြွင်းသော အထက်မဂ်သုံးပါးသည် ပယ်အပ်ကုန်၏။
ဤသို့လည်းကောင်း ဆိုအပ်ခဲ့ပြီးသည်မှ ကြွင်းကုန်သော စိတ်တို့ကိုကား-
- လေးပါးကုန်သော မိစ္ဆာဒိဋ္ဌိနှင့် မယှဉ်ကုန်သော လောဘနှင့် တကွဖြစ်သော စိတ် နှစ်ပါးကုန်သော ဒေါမနဿဝေဒနာ နှင့်တကွ ဖြစ်သော စိတ်တို့သည် ဖြစ်ကြကုန်၏။ ဤတရားတို့ကို ရုန့်ရင်းသော အချို့တို့ကို သောတာပတ္တိမဂ်သည် ပယ်အပ်ကုန်၏။ သိမ်မွေ့သော အချို့တို့ကို ကြွင်းသော အထက်မဂ် သုံးပါးသည် ပယ်အပ်ကုန်၏။
ဤသို့လည်းကောင်း ထို ဓမ္မသင်္ဂဏီပါဠိတော်၌ ဟောတော်မူအပ်ကုန်၏။
အဘယ်သို့လျှင် သိအပ်ပါသနည်း။ အကြင် အကုသိုလ်ဓမ္မကို ဒဿနေန ပဟာတဗ္ဗ တရားတို့၌ မဟောအပ်ပေ။ ထိုအကုသိုလ်ဓမ္မသည် ပဋိသန္ဓေကို မငင်တတ်ဟု သိအပ်၏။
ပဋ္ဌာန်းပါဠိတော်၌ ဒဿနေန ပဟာတဗ္ဗ တရားတို့၌သာလျှင် နာနာက္ခဏိကကမ္မပစ္စည်းကို ထုတ်အပ်သည်၏ အဖြစ်ကြောင့် - တစ်ပါးသော ဘာဝနာယပဟာတဗ္ဗ တရားတို့၌ ထိုနာနာက္ခဏိကကမ္မပစ္စည်းကို မထုတ်အပ်သည်၏ အဖြစ်ကြောင့်ပေတည်းဟု သိအပ်၏။
ရှင်တော်ဘုရား အဘယ်ကဲ့သို့ ဟောကြားတော်မူခဲ့သနည်း-
- အတူတကွဖြစ်သော သောတာပတ္တိမဂ်သည် အကြွင်းမဲ့ ပယ်အပ်သော ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ခု၊ ဝိစိကိစ္ဆာတစ်ခု၌ ရှိသော စေတနာ တနုကရအားဖြင့် ပယ်အပ်သော အပါယဂမနီယ ဖြစ်သည့် ဒိဋ္ဌိဂတ ဝိပ္ပယုတ်စိတ် ၄-ခု၊ ဒေါသမူဒွေ၌ ရှိသော စေတနာသည် ယင်းစေတနာနှင့် ယှဉ်ကုန်သော ဒိဋ္ဌိဂတသမ္ပယုတ်စိတ်လေးခု၊ ဝိစိကိစ္ဆာစိတ် တစ်ခု၊ မာန ဒေါသ ဣဿာ မစ္ဆရိယ ကုက္ကုစ္စ ကြဉ်သော စေတသိက် ၂၂-ခု၊ တနုကရအားဖြင့် ပယ်အပ်သည့် အပါယဂမနီယ ဖြစ်သော ဒိဋ္ဌိဂတဝိပ္ပယုတ် စိတ်လေးခု၊ ဒေါသမူစိတ် နှစ်ခု၊ ဒိဋ္ဌိ ဝိစိကိစ္ဆာ ကြဉ်သော စေတသိက် ၂၅-ပါး တရားတို့အား လည်းကောင်း၊ စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်တို့အားလည်ကောင်း ကမ္မပစ္စယသတ္တိဖြင့် ကျေးဇူး ပြုပေ၏။
- အထူးထူးသော ကာလ၌တည်သော သောတာပတ္တိမဂ်သည် အကြွင်းမဲ့ ပယ်အပ်သည့် ဒိဋ္ဌိဂတသမ္ပယုတ်စိတ် လေးခု၊ ဝိစိကိစ္ဆာ တစ်ခု၌ရှိသော စေတနာ၊ တနုကရအားဖြင့် ပယ်အပ်သော အပါယဂမနီယ ဖြစ်သည့် ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် လေးခု၊ ဒေါသမူဒွေ၌ရှိသော စေတနာသည် ဝိပါက်နာမက္ခန္ဓာ ကဋတ္တာ ရုပ်တို့အား ကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေ၏။
ဟူ၍လည်းကောင်း-
- အတူတကွဖြစ်သော အထက်မဂ် သုံးပါးသည် ပယ်အပ်သော ဥဒ္ဓစ္စနှင့်တကွ ဖြစ်သော စေတနာသည်၊
- သကဒါဂါမိမဂ်သည် တနုကရအားဖြင့် ပယ်အပ်သော ရုန့်ရင်းသည့် ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် လေးခု၊ ဒေါသမူဒွေ၊
- အနာဂါမိမဂ်သည် အကြွင်းမရှိသောအားဖြင့် ပယ်အပ်သော ကာမရာဂနှင့် သမ္ပယုတ်ဖြစ်သည့် ဒိဋ္ဌိဂတဝိနယုတ်စိတ် လေးခု၊ ဒေါသမူဒွေ ဒိဋ္ဌိ ဝိစိကိစ္ဆာ ကြဉ်သော စေတသိက် ၂၅-ပါး၊
- အရဟတ္တမဂ်သည် အကြွင်းမရှိသောအားဖြင့် ပယ်အပ်သော ရူပရာဂ အရူပရာဂနှင့် သမ္ပယုတ် ဖြစ်သည့် ဒိဋ္ဌိဂတဝိပ္ပယိုတ် စိတ်လေးခု၊ ဥဒ္ဓစ္စသဟဂုတ်စိတ် တစ်ခု၊ ဒိဋ္ဌိ ဒေါသ ဣဿာ မစ္ဆရိယ ကုက္ကုစ္စ ဝိစိကိစ္ဆာ ကြဉ်သော စေတသိက် ၂၁-ပါး သမ္ပယုတ္တနာမက္ခန္ဓာတို့အား လည်း ကောင်း၊ စိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ်တို့အားလည်းကောင်း ကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြု ပေ၏။
ဟူ၍လည်းကောင်း ဟောတော်မူ၏။ နာနာက္ခဏိက ကမ္မပစ္စည်း၏ သတ္တိကို ကြဉ်၍ ပဋိသန္ဓေ အကျိုးကို ဖြစ်စေခြင်း မည်သည် ရှိလည်း မရှိချေဟု သိအပ်၏။
ဆိုအပ်ခဲ့ပြီးသော စကားသည် အကယ်၍ ဖြစ်ငြားအံ့။ ဤသို့ ဖြစ်ခဲ့သည်ရှိသော် ထို ဥဒ္ဓစ္စ စေတနာသည် ပဝတ္တိအကျိုးကိုလည်း မဖြစ် စေတတ်ဟု ဆိုခြင်းငှါ တတ်ကောင်းပါသလော။ ဤသို့ အကယ်၍ ဆိုလာငြားအံ့။ မဆိုသင့် မဆိုထိုက်ပေ။ အဘယ့်ကြောင့်နည်း ဟူမူကား- ပဋိသမ္ဘိဒါ ဝိဘင်း၌ ထိုဥဒ္ဓစ္စစေတနာ၏ ဝိပါက်များကို ထုတ်ဆိုဟောကြားအပ်သည်၏ အဖြစ်ကြောင့်ပေတည်း။
အဘယ်သို့ ဟောကြားတော်မူသနည်း ဟူမူကား-
- အဘယ်တရားတို့သည် အကုသိုလ်တရားတို့ မည်ကုန်သနည်း- အကြင်အခါ၌ သောမနဿဝေဒနာ နှင့် တကွဖြစ်သော သင်္ခါရနှင့်တကွ ဒိဋ္ဌိနှင့်ယှဉ်သော အကုသိုလ်မည်သော စိတ်သည် ရူပါရုံကိုလည်းကောင်း၊ (ပ) ဓမ္မာရုံကိုလည်းကောင်း၊ အကြင် ကြင်သို့သော အာရုံကို အာရုံပြု၍ ဖြစ်၏။ (ပ) ဥပေက္ခာ ဝေဒနာနှင့်တကွ ဖြစ်သော ဥဒ္ဓစ္စနှင့် ယှဉ်သော အကုသိုလ် မည်သော စိတ်သည် ရူပါရုံကိုလည်းကောင်း၊ (ပ) ဓမ္မာရုံကို လည်းကောင်း၊ အကြင် အကြင်သို့သော အာရုံကို အာရုံပြု၍ ဖြစ်၏။ (ပ) ဤတရားတို့သည် အကုသိုလ်တို့ မည်ကုန်၏။ ဤအကုသိုလ်တရားတို့၌ သိသောဉာဏ်သည် အကျိုးတရား၌ သိသော ဉာဏ်သည် အတ္ထပဋိသမ္ဘိဒါ မည်၏။
ဤသို့ ဟောတော်မူ၏။ ထို့ကြောင့် ‘‘ပဝတ္တိအခါ၌ကား တစ်ဆယ့် နှစ်ပါးအပြား ရှိသည် အလုံးစုံသော အကုသိုလ်ကံသည်လည်း’’ ဤသို့ အစရှိသော စကားကို အရှင်အနုရုဒ္ဓါ မိန့်ဆိုတော်မူ၏။
၁ရ၃။ ဋီကာကျော် (နှာ- ၁ရ၉)၌ကား-
ဝိစိကိစ္ဆာသဟဂုတ်စိတ်သည် အဓိမောက္ခနှင့် ကင်း၍ အလုံးစုံသော အကုသိုလ်တို့အောက် အလွန်အားနည်းသော်လည်း ပဋိသန္ဓေကို ငင်နိုင် ပေးနိုင်၏။ ဥဒ္ဓစ္စနှင့်တကွ ဖြစ်သော ကံသည်ကား အဓိမောက္ခ စေတသိက်နှင့် ယှဉ်သဖြင့် ထိုဝိစိကိစ္ဆာစိတ်ထက် အားကြီးပါသော်လည်း ပဋိသန္ဓေကို အဘယ့်ကြောင့် မငင်နိုင် မပေးနိုင်ပါသနည်း။
ဟူ၍ ဆိုအပ်သော စကားသည် မကောင်းချေ။ မှန်လှစွာ၏။ အဓိမောက္ခ ကင်းခါမျှဖြင့် ဝိစိကိစ္ဆာသဟဂုတ်စိတ်သည် အလုံးစုံတို့အောက် အားနည်း၏ဟူ၍လည်းကောင်း၊ အဓိမောက္ခနှင့် ယှဉ်ခါမျှဖြင့် ဥဒ္ဓစ္စသဟဂုတ်စိတ်သည် ထိုဝိစိကိစ္ဆာသဟဂုတ် စိတ်ထက် အားကြီး၏ဟူ၍လည်း ကောင်း ဆိုခြင်းငှါ မတတ်ကောင်းချေ။
အဘယ့်ကြောင့်နည်း ဟူမူကား- ဘုရား၌ ယုံမှား၏၊ တရား၌ ယုံမှား၏၊ ဤသို့ အစရှိသောနည်းဖြင့် ဟောတော်မူအပ်သော ဝိစိကိစ္ဆာ၏ မိမိ၏ အရာ၌ ဆင်ပြောင်ကြီး၏ အားကဲ့သို့ အလွန်အားရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ အလွန်လျှင် မည်းညစ်သော သဘောရှိသည်၏ အဖြစ်ကြောင့်လည်း ကောင်းတည်းဟု သိအပ်၏။
မှန်လှစွာ၏။ ထို့ကြောင့်သာလျှင် ထို ဝိစိကိစ္ဆာကို စင်စစ်အားဖြင့် ဒဿနေန ပဟာတဗ္ဗတရားတို့၌ ပြဋ္ဌာန်းသည်၏ အဖြစ်ဖြင့် ဟောတော်မူအပ်၏။ ထို့ကြောင့်သာလျှင်လည်း ထိုဝိစိကိစ္ဆာ၏ ပဋိသန္ဓေ ငင်ခြင်း အကျိုးပေးခြင်းကိုလည်း သိအပ်ပေ၏၊ မှတ်အပ်၏။
စင်စစ်ဧကန် အမှန်ဆိုသော်ကား သဘောအားဖြင့် ဆန့်ကျင်သည်၏ အဖြစ်ကြောင့်သာလျှင် ဝိစိကိစ္ဆာသဟဂုတ်စိတ်သည် အဓိမောက္ခကင်းသည် ဖြစ်ပေ၏။ ဤသို့ဆိုရန် သင့်မြတ်လျော်ကန်၏။ ထို့ကြောင့် ဥဒ္ဓစ္စသဟဂုတ်စိတ်သည်သာလျှင် အလုံးစုံတို့အောက် အားနည်း၏ဟု သိအပ်ပေ၏။
- သဗ္ဗတ္ထာပိ - ဟူသည်ကား သုဂတိ ဒုဂ္ဂတိတို့၏ အစွမ်းအားဖြင့် အလုံးစုံလည်း ဖြစ်သော၊
- ယထာရဟံ - ဟူသည်ကား ထိုကာမလောက ရူပလောကတို့၌ ရအပ်သော ၀တ္ထု ဒွါရအားလျော်စွာ၊
- ဝိပစ္စတိ - ဟူသည်ကား ရင့်စေ၏။ တစ်နည်းကား- အလုံး စုံလည်း ဖြစ်သော တစ်ဆယ့်နှစ်ပါး အပြားရှိသည့် အကုသိုလ်ကံသည် ခုနစ်ပါးသော အကုသလ ဝိပါက်တို့သည် ဖြစ်ကုန်၍ ရင့်ကျက်၏။ ရင့်ကျက်သည်၏ အဖြစ်သို့ ရောက်၏။ ဤသည်ကား အနက်တည်း။
အကြင့်ကြောင့် ကုသိုလ်ကံတို့သည် အပါယ်ဘုံ၌လည်း ပဝတ္တိအခါ၌ ကြီးစွာသော စည်းစိမ်တို့ကို ကောင်းစွာဖြစ်စေ၍ ကြီးသော တန်ခိုးရှိကုန်သော နဂါး ဂဠုန်စသော သူတို့၏လည်း သန္တာန်၌ မိမိအလိုလို သာလျှင် မိမိ၏အကျိုးပေးခွင့်ကို ပြု၍ ချမ်းသာသော အကျိုးကို ဖြစ်စေကုန်၏။ တစ်ပါး သော အပါယ်ဘုံသားတို့အားလည်း ထိုထိုသို့သော အကြောင်းကြောင့် ဣဋ္ဌာရုံနှင့် ပေါင်းဆုံခြင်း ဖြစ်လတ်သော် မိမိ၏ အကျိုးပေးခွင့်ကိုရ၍ ချမ်းသာသော အကျိုးကို ဖြစ်စေကုန်၏။ ထို့ကြောင့် ‘‘တထာ ပဝတ္တိယဉ္စ’’ ဤသို့ စသော စကားကို အရှင်အနုရုဒ္ဓါဆရာ မိန့်ဆိုတော်မူ၏။
မှန်လှစွာ၏။ ထိုချမ်းသာသော အကျိုးတို့သည် ကုသိုလ်ကံ၏ အကျိုးတို့ ဖြစ်ခြင်းငှါ မထိုက်ကုန်ဟု မှတ်အပ်၏။ မှန်လှစွာ၏။
ဝိဘင်း ပါဠိတော်၌-
- ကာယဒုစရိုက်ကံသည် အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်သော အကျိုးကို ဖြစ်စေရာ၏။ ဤဒုစရိုက်ကံသည် အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်သော အကျိုးကို ဖြစ်စေရာ၏။ ဤဒုစရိုက် ကံသည် အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်သော အကျိုးကို ဖြစ်စေခြင်း အကြောင်းသည် အကြင့်ကြောင့် မရှိချေ။ ထိုဒုစရိုက်ကံသည် အလိုရှိအပ် နှစ်သက်အပ် မြတ်နိုး အပ်သော အကျိုးကို ဖြစ်စေ၏ဟု ယူစွဲနိုင်ဖွယ် အကြောင်းသည် အကြောင်းမဟုတ် အရာမဟုတ်ချေ။
ဤသို့ အစရှိသော စကားကို ဟောတော်မူအပ်၏။ ထိုစကား၌ မဟာဝိပါက်တို့သည် သုဂတိကာမ လောက၌ ရှစ်ပါး အပြားရှိသည်လည်း ဖြစ်ကုန်သော အဟိတ်ဝိပါက်တို့သည် အလုံးစုံသော ကာမ လောကက၌ ထိုအဟိတ်ဝိပါက်တို့တွင်လည်း ငါးပါးသော စက္ခုဝိညာဉ် တစ်ပါးသော ဝိညာဉ်တစ်ပါး သမ္ပဋိစ္ဆိုန်းတစ်ပါး သန္တိရဏနှစ်ပါးတို့သည် ရူပဘုံ၌ အကျိုးပေး၏။ ထို့ကြောင့် ‘ယထာရဟံ ဝိပစ္စတိ’ ဟူ၍ အရှင်အနုရုဒ္ဓါ မိန့်ဆိုတော်မူ၏။
မှန်လှစွာ၏။ ရူပါဝစရကုသိုလ်ကံသည် ကံကြောင့်ဖြစ်သော ရုပ်တို့ကို ဖြစ်စေငြားသော်လည်း မိမိသည် ရင့်ခြင်းသို့ ရောက်သည်ရှိသော် အာရုံတစ်ပါး၌ တစ်ပါးသော ဘုံ၌ဖြစ်သော ဝိပါက်၏ အဖြစ်ဖြင့် ရင့်ခြင်းသို့ မရောက်စေနိုင်။ စင်စစ်သော်ကား ကာမဂုဏ်၌ တပ်ခြင်း ကင်းသော ဘာဝနာ၏ အဖြစ်ဖြင့် အပ္ပနာသို့ရောက်သော ကံအထူး၏ အဖြစ်ကြောင့် ကာမတဏှာ၏ အာရုံ မဟုတ်သော နိမိတ်အာရုံ၌ မိမိနှင့် အချင်းခပ်သိမ်း တူသော မဟဂ္ဂုတ်အဖြစ်သို့ ရောက်သော ရူပ ဝိပါက်၏ အဖြစ်ဖြင့်သာလျှင် ရင့်ခြင်းသို့ ရောက်၏။ ထို့ကြောင့် ရူပလောက၌လည်း ထိုငါးပါး ကုန်သော ဝိပါက်စိတ်တို့သည် ကာမာဝစရ ကုသိုလ်၏သာလျှင် အကျိုးတရားတို့တည်းဟု သိအပ် ကုန်၏။ ဤသို့ သိအပ်၏။
ကံ၏နှစ်ပါးကုန်သော အကျိုးပေးရာဌာနတို့တွင် ပဋိသန္ဓေ မည်သည် ကြီးကျယ်သော ဌာနဖြစ်၏။ ထို့ကြောင့် ထိုပဋိသန္ဓေအခါ၌ ရင့်စေသောကံသည် မိမိ၏အစွမ်းသတ္တိ အားလျော်စွာ မယုတ်လွန်း သော အကျိုးကို ပေးခြင်းငှါ စွမ်းနိုင်၏။ ပဝတ္တိအခါ၌ကား အထူးထူးသော ဌာနတို့၌ အထူးထူးသော ကိစ္စတို့ဖြင့် ရင့်၏။ ထို့ကြောင့် ထိုပဝတ္တိ အခါ၌ ရင့်သောကံသည် မိမိ၏အစွမ်းသတ္တိ အားလျော်စွာ ရင့်စေခြင်းငှါ မတတ်နိုင်။ ပဉ္စဝိညာဉ်ဌာန အစရှိကုန်သော သေးငယ်ကုန်သော ဌာနတို့၌ အကျိုး ပေးသည်ရှိသော် ဌာနအားလျော်စွာ ရင့်၏။ တဒါရုံ ဌာန၌ အကျိုးပေးသည်ရှိသော် များသောအားဖြင့် ဇောအားလျော်စွာ ရင့်၏။ ထို့ကြောင့် သောဠသက အစဉ်လည်းကောင်း၊ ဒွါဒသကအစဉ် လည်း ကောင်း၊ အဟေတုကအဋ္ဌက အစဉ်လည်းကောင်း ဤသို့ တစ်ခု တစ်ခုသော ကံ၏ဝိပါက်အပြားသည် ဖြစ်၏။ ထို့ကြောင့် ထိုသို့သော အပြားကို ပြခြင်းငှါ ‘‘တတ္တာပိ’’ ဤသို့ အစရှိသော စကားကို အရှင် အနုရုဒ္ဓါဆရာ မိန့်တော်မူ၏။
ကုသိုလ်သည်-
(၁) သိသည်ဖြစ်၍ ပြုသော သမ္ပဇာနကတ ကုသိုလ် လည်းကောင်း၊
(၂) မသိသည်ဖြစ်၍ ပြုသော အသမ္ပဇာနကတ ကုသိုလ်လည်းကောင်း၊
ဤသို့ နှစ်ပါးအပြား ရှိ၏။ ထိုနှစ်ပါးတို့တွင် ကံကို အားထုတ်သော အခါ၌ အယုတ်သဖြင့် အောက်၌ ဆိုအပ်ခဲ့ပြီးသော ဒိဋ္ဌိဇုကမ္မဉာဏ်ကိုလည်း ကောင်းစွာ ယှဉ်စေ၍ ပြုအပ်သော ကုသိုလ်သည် သမ္ပဇာနကတ ကုသိုလ် မည်၏။
အဋ္ဌကထာဆရာ အဘယ်သို့ ဆိုတော်မူသနည်း ဟူမူကား-
- ကံကိုလည်းကောင်း၊ ကံ၏အကျိုးကိုလည်းကောင်း ယုံကြည်၍ ပြုအပ်သော ကုသိုလ်သည် သမ္ပဇာနကတ ကုသိုလ်မည်၏။
ဟူ၍ မိန့်ဆိုတော်မူ၏။
ဒိဋ္ဌိဇုကမ္မဉာဏ်ကိုမျှလည်း မယှဉ်စေမူ၍ ပြုအပ်သော ကုသိုလ်သည် အသမ္ပဇာနကတ ကုသိုလ် မည်၏။
အဋ္ဌကထာဆရာ အဘယ်သို့ ဆိုတော်မူသနည်း ဟူမူကား-
- ကံကိုလည်းကောင်း၊ ကံ၏အကျိုးကိုလည်းကောင်း မသိမူ၍ ပြုအပ်သော ကုသိုလ်ကံသည် အသမ္ပဇာနကတ ကုသိုလ် မည်၏။
ဟူ၍ မိန့်တော်မူ၏။
ထိုနှစ်ပါးတို့တွင် သမ္ပဇာနကတ ကုသိုလ်ကံသည် တိဟိတ်ကံ ဖြစ်၏။ အသမ္ပဇာနကတကံသည် ဒွိဟိတ်ကံ ဖြစ်၏။
အဋ္ဌကထာဆရာ အဘယ်သို့ ဆိုတော်မူသနည်း ဟူမူကား-
- ကုသိုလ်ကံနှစ်ပါးတို့၏ အထူးကို ဆိုပေအံ့။ ကံ-ကံ၏ အကျိုးကို ကောင်းစွာ အပြားအားဖြင့် သိသည်၏ ဖြစ်၍ ပြုခြင်းသည် (ဝါ- သမ္ပဇာနကတ ကုသိုလ်ကံသည်) လေးပါးကုန်သော ဉာဏသမ္ပယုတ်တို့ဖြင့် ဖြစ်ပေ၏။ ကံ-ကံ၏အကျိုးကို ကောင်းစွာ အပြားအားဖြင့် မသိသည်ဖြစ်၍ ပြုခြင်းသည် (ဝါ- အသမ္ပဇာနကတ ကုသိုလ်ကံသည်) လေးပါးကုန်သော ဉာဏဝိပ္ပယုတ်ဖြင့် ဖြစ်ပေ၏။
ဟူ၍ မိန့်ဆိုတော်မူ၏။
ထို တိဟိတ်ကုသိုလ် ဒွိဟိတ်ကုသိုလ်တို့တွင် တစ်ခု တစ်ခုသော ကုသိုလ်သည် မွန်မြတ်သော ဥက္ကဋ္ဌ ကုသိုလ်လည်းကောင်း၊ ယုတ်ညံ့သော သြမက ကုသိုလ်လည်းကောင်း ဤသို့ နှစ်ပါး အပြားရှိပေ၏။
ထိုနှစ်ပါးတို့တွင် ကုသိုလ်ပြုသောအခါ၌ ထကြွကုန်သော နီဝရဏတရားတို့ကိုလည်းကောင်း၊ မိမိကိုယ်ကို ချီးမြှောက်ခြင်း သူတစ်ပါးကို ရှုတ်ချခြင်း အစရှိကုန်သော အကုသိုလ်တရားတို့ကို လည်းကောင်း ကောင်းစွာ သုတ်သင် ရှင်းလင်း၍ ပြုအပ်သော ကုသိုလ်သည် ဥက္ကဋ္ဌ မည်၏။
မသုတ် သင် မရှင်းလင်းမူ၍ ပြုအပ်သော ထိုအကုသိုလ်ဓမ္မတို့နှင့် ရောပြွမ်းသော ကုသိုလ်သည် သြမက မည်၏။
အထူးဆိုဖွယ်
ဆိုဖွယ်အထူးကို ဆိုဦးအံ့။ အကြင်ကောင်းမှုကို ပြု၍ နောက်၌ ‘‘အကြင် ငါ့အား ဤသို့ သဘောရှိသော ကုသိုလ်မှုကို ဆည်းပူးအပ်၏။ ထိုငါ့အား လူ့အဖြစ်ကို အရတော်ပေစွတကား၊ ငါ့အား လူ့အဖြစ်ကို အရမတော်သည်ကား မဟုတ်ချေ၊ ငါ့အား စင်စစ် လူ့အဖြစ်ကို ကောင်းစွာ ရအပ်၏။ ငါ့အား စင်စစ် လူ့အဖြစ်ကို မကောင်းသဖြင့် ရအပ်သည် မဟုတ်ချေ’’ဟူ၍ ဤသို့ အဖန်ဖန် အထပ်ထပ် ဝမ်းမြောက်အံ့၊ ထိုကုသိုလ်သည် ဥက္ကဋ္ဌ မည်၏။
အကြင်ကောင်းမှုကို ပြုပြီး၍ နောက်၌ အမှတ်မရှိ တစ်စုံတစ်ခုသော အကြောင်းဖြင့် ‘‘ငါသည် မကောင်းသဖြင့် ပြုအပ်၏’’ ဤသို့ နှလုံး မသာမယာခြင်း ဖြစ်အံ့။ ထိုကုသိုလ်သည် သြမက မည်၏။
ဤသို့ လေးပါးအပြားရှိသော ကံ၏အစွမ်းဖြင့် လေးပါးအပြား ရှိသည့် ဝိပါက်အစုကို ဝေဖန်တော်မူ၍ ပြခြင်းငှါ ‘‘တတ္တာပိ’’ အစရှိ သော စကားကို အရှင်အနုရုဒ္ဓါဆရာ မိန့်တော်မူ၏။
- တတ္တာပိ- ဟူသည်ကား ထိုကာမာဝစရကုသိုလ်၌လည်း-
- တိဟေတုကမုက္ကဋ္ဌံ- ဟူသည်ကား မွန်မြတ်သည်ဖြစ်သော လေးပါးအပြားရှိသည့် တိဟိတ်ကုသိုလ် သည်-
- တိဟေတုကံ ပဋိသန္ဓိ- ဟူသည်ကား လေးပါး အပြားရှိသော တိဟိတ် ပဋိသန္ဓေဝိပါက်ကို-
ဆက်၍ ဆိုဦးအံ့။ ဤအရာ၌ တစ်ခုသော စေတနာသည် တစ်ခုသာလျှင်ဖြစ်သော ပဋိသန္ဓေကို ပေး၏။ ပဝတ္တိအကျိုးကိုကား မရေမတွက်နိုင်သည်လည်း ဖြစ်ကုန်သော ဘဝတို့၌ ပေးတော့သည် သာလျှင်တည်း။ ဤစကား၌ စောဒနာဖွယ်သည် ဖြစ်ရာ၏။ မှန်လှစွာ၏။
- ပန်းတစ်ပွင့်ကို ပူဇော်ခဲ့ဖူးသောကြောင့် ကပ်ကုဋေတစ်ထောင်တို့ပတ်လုံး နတ်ပြည်တို့၌ လည်း ကောင်း၊ လူ့ပြည်တို့၌လည်းကောင်း ကျင်လည်ပြီး၍ အဆုံးဘဝ၌ ပရိနိဗ္ဗာန်စံရလေ၏။
ဟူ၍ ဟောတော်မူအပ်၏။ ထို့ကြောင့် တစ်ခုသော စေတနာသည် တစ်ခုသာလျှင် ဖြစ်သော ပဋိသန္ဓေကို ပေး၏ဟု ဆိုသော ဤစကားသည် မသင့်လျော်သည် မဟုတ်ပါလော။ ဤသည်ကား စောဒနာခြင်း ပေတည်း။
မသင့်သည်ကား မဟုတ်ပေ။ သင့်လျော်သည်သာလျှင်တည်း။ အဘယ့်ကြောင့်နည်းမူကား ပုဗ္ဗစေတနာ၊ အပရစေတနာတို့နှင့်တကွ ကမ္ဘာတစ်ထောင် အတိုင်းအရှည်ကို ဆိုထိုက်သည်၏ အဖြစ်ကြောင့်ပေတည်း။ မှန်လှပေ၏။ စိတ်မည်သည် လက်ဖျစ်တစ်တွက် ကာလ၌လည်း ကုဋေ တစ်သိန်း မကတိုင်အောင် ဖြစ်နိုင်ပေ၏။ ထိုလက်ဖျစ်တစ်တွက် ကာလထက် ကြာမြင့်သော ကာလ၌ ဆိုဖွယ်သည်ပင်လျှင် မရှိချေ။ ဤသို့ သိအပ်၏။
- ကပ်ကုဋေတစ်ထောင်တို့ပတ်လုံး ဟူသည်ကား ‘‘အာယုကပ်ပေါင်း ကုဋေတစ်ထောင် ဘဝပေါင်း ကုဋေတစ်ထောင်တို့ ပတ်လုံး’’ ဟူ၍ နေတ္တိအဋ္ဌကထာ၌ မိန့်ဆိုအပ်လေ၏။
ပုဗ္ဗစေတနာ အပရစေတနာတို့၏ ပဋိသန္ဓေအကျိုးပေးသော အဖြစ်ကိုလည်း ကောသလသံယုတ်ဖြင့် ပြအပ်၏။ မှန်လှစွာ၏။
- တစ်ခုသော ဆွမ်းအလှူ ၌ တစ်ခုသော စေတနာသည် နှစ်ပါးကုန်သော ပဋိသန္ဓေတို့ကို မပေးနိုင်ချေ။ ပုဗ္ဗစေတနာ ပစ္ဆိမစေတနာ တို့၏ အစွမ်းဖြင့် ခုနစ်ကြိမ် နတ်ပြည်၌ ခုနစ်ကြိမ် သူဋ္ဌေးမျိုး၌ ဖြစ်နိုင်ပေ၏။
ဤသို့ သံယုတ်အဋ္ဌကထာ၌ မိန့်ဆိုအပ်၏။
တိဟိတ်သြမက စသည်များ
တိဟိတ်လည်း ဖြစ်သော ကံသည် ဆန့်ကျင်ဘက် ဖြစ်ကုန်သော အကုသိုလ်တရားတို့သည် နှိပ်စက် အပ်သည်ဖြစ်၍ ကင်းသော အစွမ်းသတ္တိ ရှိသည် ဖြစ်ခဲ့သော် တိဟိတ်ဝိပါက်ကို ဖြစ်စေခြင်းငှါ မစွမ်းနိုင်ချေ။
ထိုတိဟိတ် ကံသည် အလွန်အားနည်းသည် ဖြစ်ငြားသော်လည်း ကောသသနဟု ဆိုအပ်သော ဉာဏ်နှင့် ယှဉ်ခြင်းကြောင့် အလွန်တွေဝေခြင်း၏ အကြောင်း ဖြစ်သော ဝမ်းတွင်း ကန်းစသော ပျက်စီးခြင်းနှင့်တကွ ဖြစ်သော အဟိတ် ဝိပါက်ကို ဖြစ်လည်း မဖြစ်နိုင်စေချေ။ ထို့ကြောင့် ‘‘တိဟေတုက မောမကံ’’ စသော စကားကို အရှင်အနုရုဒ္ဓါဆရာမိန့်ဆိုတော်မူအပ်၏။
- တစ်ဆယ့်နှစ်ပါးသော ဝိပါက်တို့ကို ဖြစ်စေ၏။ ဤသည်ကား ဒွါဒသက အစဉ်မည်၏။
- အဟိတ်ဝိပါက်တို့ကို ဖြစ်စေ၏။ ဤသည်ကား အဟေတုကဋ္ဌက အစဉ် မည်၏။
ကေစိဝါဒ ဂါထာ အဖွင့်
ဤသို့ တိပိဋကစူဠနာဂ မထေရ်၏ အယူ၏ အစွမ်းဖြင့် ဝိပါက်၏ဖြစ်ခြင်းကို ပြပြီး၍ ယခုအခါ၌ မောရဝါပီဝါသီ မဟာဒတ္တမထေရ်၏ ဝါဒကို ပြခြင်းငှါ (အသင်္ခါရ -သသင်္ခါရ စသော) ဂါထာကို အရှင် အနုရုဒ္ဓါဆရာ မိန့်တော်မူ၏။
ချဲ့၍ ဆိုပေဦးအံ့။ ထိုမဟာဒတ္တမထေရ်သည် ဝိပါက်တို့၏ အသင်္ခါရ အဖြစ်သည်လည်းကောင်း၊ သသင်္ခါရ အဖြစ်သည်လည်းကောင်း ကံ၏ အစွမ်းအားဖြင့်သာလျှင် ပြီးစီး၏။ ဤသို့ နှလုံးသွင်းခြင်းကို ပြု၍ အသင်္ခါရ ကံသည် သသင်္ခါရ ဝိပါက်တို့ကို မဖြစ်စေ။ သသင်္ခါရ ကံသည် အသင်္ခါရ ဝိပါက်ကို မဖြစ်စေဟူ၍ ဆိုတော်မူ၏။
ဥပမာဆို အဘယ်လိုနည်း ဟူမူကား- မျက်နှာရိပ်မည်သည် မျက်နှာသည် ငြိမ်သက်နေသည် ရှိသော် ငြိမ်သက်နေသကဲ့သို့လည်းကောင်း၊ လှုပ်ရှားသည် ရှိသော် လှုပ်ရှားနေသကဲ့သို့လည်းကောင်း၊ ဤအတူ (ကာယ ပယောဂ ဝစီပယောဂ ဟူသော) ပယောဂဖြင့် မပြီးစေအပ်ကုန်သော ဝိပါက်တို့၏ ထက်သည်၏အဖြစ် နုံ့သည်၏အဖြစ်တည်းဟူသော အထူးဖြစ်၍ဖြစ်သော သင်္ခါရ အပြားကို ကံ၏ အစွမ်းဖြင့်သာလျှင် ဆိုအပ်၏။ ပယောဂ၏ အစွမ်းအားဖြင့် မဆိုသင့် မဆိုထိုက်ပေ။
ဆိုအပ်ခဲ့ပြီးသည်မှ တစ်ပါးသော အခြင်းအရာအားဖြင့် အနက်ကို ယူခဲ့သော်- အသင်္ခါရကံ သသင်္ခါရကံ အထူးကြောင့် ထက်စွာ နုံ့စွာ ဖြစ်ကြသည့် ထိုဝိပါက်တို့၏ အနီး၌ တည်ရှိသည့် ပယောဂဟူသော အကြောင်းမျှကြောင့် နုံ့သည် ထက်သည်၏ အဖြစ်သို့ ရောက်ခြင်း မည်သည် ဖြစ်လေရာ၏။
အဟိတ်ဝိပါက်တို့၏ကား ထက်ဝန်းကျင်မှ အားနည်းသည်၏ အဖြစ်ကြောင့် ထက်သည် နုံ့သည်၏အဖြစ် တည်းဟူသော အထူးသည် မထင်ရှားသည်သာလျှင်တည်း။ ထို့ကြောင့် အသင်္ခါရကံ သသင်္ခါရကံ နှစ်ပါးကြောင့် ဖြစ်ခြင်းသည် သင့်လျော်၏။ ဤသည်ကား မဟာဒတ္တ မထေရ်၏ အလိုတော်ပေတည်း။
ကေစိဝါဒ ဆိုကြောင်းပြ
အဖို့တစ်ပါးကို ဆိုဦးအံ့။ အကြင့်ကြောင့် ထိုဝိပါက်တို့၏ သသင်္ခါရ အဖြစ် အသင်္ခါရ အဖြစ်ကို ပဋိသန္ဓေ၏ အစွမ်းအားဖြင့်လည်းကောင်း၊ တဒါရုံ၏ အစွမ်း အားဖြင့်လည်းကောင်း ဖြစ်သောအခါ၌ ပုဗ္ဗပယောဂဟု ဆိုအပ်သော အကြောင်းထူး၏ ရှိသည် မရှိသည်၏ အဖြစ်ဖြင့် ဆိုခြင်းငှါ သင့်မြတ် လျော်ကန်၏။ ကံတည်းဟူသော အကြောင်း၏ အစွမ်းအားဖြင့် ဆိုခြင်းငှါ မသင့်မြတ် မလျော်ကန်လှပေ။
မှန်လှစွာ၏။ ကံဖြစ်သောအခါ၌ သင်္ခါရသည် ဘဝတစ်ပါး၌ ဝိပါက်တို့အား အထူးပြုခြင်းငှါ မသင့်တော် မလျော်ကန်ချေ။ ထို့ကြောင့် ဤမဟာဒတ္တမထေရ်၏ ဝါဒကို ကေစိဝါဒ မည်သည်ကို ပြုတော်မူလိုသည်ဖြစ်၍ ‘‘ကေစန’’ ဟူ၍ အရှင်အနုရုဒ္ဓါ ဆရာ မိန့်တော်မူ၏။
ကေစိဝါဒ သရုပ်ပြ
ဤကေစိဝါဒ၌လည်း အသင်္ခါရိကကံ၌လည်း သသင်္ခါရိက ဝိပါက်တို့ကို သသင်္ခါရိကကံ၌လည်း အသင်္ခါရိက ဝိပါက်တို့ကို ပယ်ကြဉ်၍ လေးပါးကုန်သော တိဟိတ်ဥက္ကဋ္ဌကံတို့တွင် အသင်္ခါရိကကံ နှစ်ပါးအပေါင်း၌ ဝိပါက်တို့သည် ပဋိသန္ဓေအခါ၌ နှစ်ပါးတို့တည်း။ ပဝတ္တိအခါ၌ ဝိပါက်တို့သည် တစ်ဆယ့်နှစ်ပါးတို့တည်း။ သသင်္ခါရိကကံ နှစ်ပါး အပေါင်း၌ ပဋိသန္ဓေအခါ ဝိပါက်တို့သည် နှစ်ပါး တို့တည်း။ ပဝတ္တိအခါ ဝိပါက်တို့သည် တစ်ဆယ့်နှစ်ပါး တို့တည်း။
ဒွိဟိတ်သြမကကုသိုလ် လေးခုတို့တွင် အသင်္ခါရိက နှစ်ပါး အပေါင်း၌ ပဋိသန္ဓေအခါ ဝိပါက်တို့သည် နှစ်ပါးတို့တည်း။ ပဝတ္တိအခါ ဝိပါက်တို့သည် ဆယ်ပါးတို့တည်း။ သသင်္ခါရိက နှစ်ပါးအပေါင်း၌ ပဋိသန္ဓေအခါ ဝိပါက်တို့သည် နှစ်ပါးတို့တည်း။ ပဝတ္တိအခါ ဝိပါက်တို့သည် ဆယ်ပါးတို့တည်း။ လေးပါးကုန်သော ဒွိဟိတ်ဥက္ကဋ္ဌ ကုသိုလ်တို့၌ ထို့အတူပေတည်း။
လေးပါးကုန်သော ဒွိဟိတ်သြမက ကုသိုလ်တို့၌ကား ပဋိသန္ဓေအခါ တစ်ခုသော အဟိတ်ပဋိသန္ဓေ သည် ဖြစ်ပေ၏။ ပဝတ္တိအခါ၌ ရှစ်ပါး ကုန်သော အဟိတ်ဝိပါက်တို့ ဖြစ်ကုန်၏။
ဤသို့ ဝိပါက်တို့၏ နှစ်ပါး ကုန်သော ဝိပါက် တစ်ဆယ့်နှစ်ပါး အစဉ်သည်လည်းကောင်း၊ လေးပါး ကုန်သော ဝိပါက် ဆယ်ပါး အစဉ်သည်လည်းကောင်း၊ တစ်ပါးသော အဟိတ်ဝိပါက် ရှစ်ပါး အစဉ်သည်လည်းကောင်း ဖြစ်ကုန်၏။ ထိုအလုံးစုံကို ပေါင်းရုံး၍ ပြခြင်းငှါ ‘‘တေသံ’’ စသော ဂါထာကို အရှင်အနုရုဒ္ဓါ ဆရာ မိန့်ဆိုတော်မူ၏။
- တေသံ ဟူသည်ကား အချို့ကုန်သော ဆရာတို့၏ အယူ၌-
အဋ္ဌသာလိနီ၌ကား-
- တိဟိတ်ကံကြောင့် ပဋိသန္ဓေသည် တိဟိတ်ပဋိသန္ဓေသည်သာလျှင် ဖြစ်၏။ ဒွိဟိတ်ပဋိသန္ဓေ မဖြစ်ချေ။ အဟိတ်ပဋိသန္ဓေလည်း မဖြစ်ချေ။ ဒွိဟိတ်ကံကြောင့် ပဋိသန္ဓေသည် ဒွိဟိတ် ပဋိသန္ဓေ သည်လည်းကောင်း၊ အဟိတ်ပဋိသန္ဓေ သည်လည်းကောင်း ဖြစ်ပေ၏။ တိဟိတ်ပဋိသန္ဓေ မဖြစ်နိုင်ပေ။
ဤသို့ဖြစ်သော မဟာဓမ္မရက္ခိတမထေရ်၏ ဝါဒသည်လည်း လာရှိပေ၏။
ထိုဝါဒ၌ ဒွိဟိတ်ဖြစ်သည့် ယုတ်ညံ့သောကံကြောင့် အဟိတ်ဖြစ်သည့် ပဋိသန္ဓေကို မချွတ်ဧကန် အလိုရှိအပ်သကဲ့သို့ ထို့အတူ တိဟိတ် ဖြစ်သည့် ယုတ်ညံ့သော ကံကြောင့် ဒွိဟိတ်လည်း ဖြစ်သော ပဋိသန္ဓေကို မချွတ်ဧကန် အလိုရှိအပ်တော့သည်သာလျှင်တည်း။ ဤသို့ နှလုံးပိုက်တော်မူ၍ ဤသင်္ဂြိုဟ်ကျမ်း၌ ဤမဟာဓမ္မရက္ခိတမထေရ်၏ ဝါဒကို အရှင်အနုရုဒ္ဓါဆရာ မယူအပ်ပေ။ ဤသို့ သိအပ်၏။
ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌ကား-
- မနုဿဂတိ ဒေဝဂတိဟု ဆိုအပ်သော ဂတိသမ္ပတ္တိ၌ ဉာဏသမ္ပယုတ် ပဋိသန္ဓေခဏ၌ ရှစ်ပါးကုန်သော ဟိတ်တို့၏ အကြောင်းကြောင့် ကပ်ရောက်၍ ဖြစ်၏။
- ကုသိုလ်ကံ၏ ဇောခဏ၌ သုံးပါးကုန်သော ကုသိုလ်ဖြစ်ကုန်သော ဟိတ်တို့ ဖြစ်ကုန်၏။
- ကံ ကမ္မနိမိတ် ဂတိနိမိတ်ကို နှစ်သက် ငြိတွယ်သော ခဏ၌ နှစ်ပါးကုန်သော အကုသိုလ်ဖြစ် ကုန်သော ဟိတ်တို့ ဖြစ်ကုန်၏။
- ပဋိသန္ဓေခဏ၌ သုံးပါးကုန်သော အဗျာကတ ဖြစ်ကုန်သော ဟိတ်တို့ ဖြစ်ကုန်၏။
ဟူ၍လည်းကောင်း၊
- မနုဿဂတိ ဒေဝဂတိဟု ဆိုအပ်သော ဂတိသမ္ပတ္တိ၌ ဉာဏဝိပ္ပယုတ် ပဋိသန္ဓေခဏ၌ ခြောက်ပါး ကုန်သော ဟိတ်တို့၏ အကြောင်းကြောင့် ကပ်ရောက်၍ ဖြစ်၏။
- ကုသိုလ်ကံ၏ ဇောခဏ၌ နှစ်ပါးကုန်သော ကုသိုလ်ဖြစ်ကုန်သော ဟိတ်တို့ ဖြစ်ကုန်၏။
- ကံ ကမ္မနိမိတ် ဂတိနိမိတ်ကို နှစ်သက် ငြိတွယ်သော ခဏ၌ နှစ်ပါးကုန်သော အကုသိုလ် ဖြစ်ကုန်သော ဟိတ်တို့ ဖြစ်ကုန်၏။
- ပဋိသန္ဓေခဏ၌ နှစ်ပါးကုန်သော အဗျာကတ ဖြစ်ကုန်သော ဟိတ်တို့ ဖြစ်ကုန်၏။
ဟူ၍လည်းကောင်း ဤသို့ တိဟိတ်ဖြစ်သော ကံကြောင့် ပဋိသန္ဓေကို တိဟိတ်ကိုသာလျှင် မိန့်ဆို အပ်ပေ၏။ ဒွိဟိတ်ဖြစ်သော ကံကြောင့် ပဋိသန္ဓေကို ဒွိဟိတ်ကိုသာလျှင် မိန့်ဆိုအပ်၏။
- မနုဿဂတိယ ဒေဝဂတိဟု ဆိုအပ်သော ဂတိသမ္ပတ္တိ၌ ဉာဏဝိပ္ပယုတ် ပဋိသန္ဓေခဏ၌ ခုနစ်ပါးကုန်သော ဟိတ်တို့၏ အကြောင်းကြောင့်-
ဤသို့ စသည်ဖြင့် တိဟိတ်ဖြစ်သော ကံကြောင့် ဒွိဟိတ်ဖြစ်သော ပဋိသန္ဓေကိုကား မဆိုအပ်ပေ။
- လေးပါးကုန်သော ဟိတ်တို့၏ အကြောင်းကြောင့်-
ဤသို့ စသည်ဖြင့် ဒွိဟိတ်ဖြစ်သော ကံကြောင့် - အဟိတ်ဖြစ်သော ပဋိသန္ဓေကို ဆိုလည်း မဆို အပ်ပေ။ ဤသို့ သိအပ်၏။
ထိုပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော် ၌ကား သုံးပါးကုန်သော ခဏတို့၌ သဟဇာတ်ဖြစ်ကုန်သော ဟိတ်တို့၏ အစွမ်းဖြင့် ဤဒေသနာဝါရသည် ဟိတ်လျှင် အရင်းရှိသည်သာလျှင်တည်း။ ထို့ကြောင့် အခွင့်အရာ မဟုတ်သည်၏ အဖြစ်ကြောင့် အဟိတ်ပဋိသန္ဓေကို ထိုပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌ မဆိုအပ်ပေ။ စင်စစ်သော်ကား မရအပ်သည်၏ အဖြစ်ကြောင့် မဆိုအပ်သည်ကား မဟုတ်ချေ။
ဒွိဟိတ်ပဋိသန္ဓေသည်ကား အခွင့်မရသည်သာလျှင် မဖြစ်ချေ။ မရအပ်သည်၏ အဖြစ်ကြောင့် သာလျှင် ထိုဒွိဟိတ်ပဋိသန္ဓေကို မဟောအပ်။ ဤသို့ သိခြင်းငှါ တတ်ကောင်းပေ၏။ ထို့ကြောင့် ယုတ္တိထက် ပါဠိတော်သည်သာလျှင် အလွန်အားကြီး၏။ ထို့ကြောင့် မဟာဓမ္မရက္ခိတ မထေရ်၏ ဝါဒသည်သာလျှင် ပါဠိတော်နှင့် ညီညွတ်ပေ၏။ ဤသို့ ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ၌ မိန့်ဆိုအပ်ပေ၏။
ဋီကာကျမ်းပြု ဆရာတို့သည်ကား ကံနှင့်အလားတူသော အကျိုးကို ပြခြင်းအကျိုးငှါ အကြွင်း အကျန်နှင့် တကွဖြစ်သော ပါဌ်ကိုသာလျှင် အရှင်သာရိပုတ္တရာမထေရ်မြတ်သည် မိန့်ဆိုအပ်ပေ၏။ ဤသို့ အလိုရှိကြကုန်၏။ ဤသို့သော အကြောင်းကြောင့် အဋ္ဌသာလိနီ၌လည်း တိပိဋကစူဠနာဂ မထေရ်၏ ဝါဒကိုသာလျှင် ပမာဏပြု၍ ဆိုအပ်၏ဟု သိအပ်၏။
၁ရ၄။ ဋီကာကျော် (နှာ- ၁၈၂)၌-
ဣဒါနိ ဧကာယ စေတနာယ ဒွါဒသဝိပါကာနိ ဧတ္ထေဝ ဒသကမဂ္ဂေါပိ အဟေတုက အဋ္ဌကမ္ပီတိ အာဂတဿ မောရဝါပီဝါသီ မဟာဓမ္မရက္ခိတေတ္ထရဝါဒဿ -
ဟူ၍ ပါရှိ၏။ မောရဝါပီဝါသီ မဟာဒတ္တမထေရ် ဟူ၍ကား ဆိုသင့် ဆိုထိုက်၏။
မဟာဓမ္မရက္ခိတ မထေရ်၏ ဝါဒကိုကား ဤကေစိဆရာတို့၏ ဝါဒ၌ တစ်စိတ် တစ်ဒေသအားဖြင့် သင်္ဂြိုဟ်ရေတွက်အပ်သည် သာလျှင်တည်း။ မှန်လှစွာ၏။ ထို မဟာဓမ္မရက္ခိတ မထေရ်၏ ဝါဒလည်း အသင်္ခါရိကမည်သော ကံသည် အသင်္ခါရိကဝိပါက် ကိုသာလျှင် ပေးနိုင်၏။ သသင်္ခါရိက ဝိပါက်ကို မပေးနိုင်ချေ။ သသင်္ခါရိက မည်သော ကံသည် သသင်္ခါရိက ဝိပါက်ကိုသာလျှင် ပေးနိုင်၏။ အသင်္ခါရိက ဝိပါက်ကို မပေးနိုင်ချေဟု လာသည်သာလျှင်တည်းဟု သိအပ်ပေ၏။
ကာမာဝစရကံ ပြီးပြီ။
ကာမာဝစရကုသိုလ်ကံ အဖွင့် ပြီးပြီ။
………..
ရူပါဝစရကုသိုလ်ကံ အဖွင့်
ရူပါဝစရကံ၌ - ပရိတ္တ ဟူသည်ကား မလေ့ကျက် အပ်သည်၏ အဖြစ်ကြောင့် နည်းသော အာနုဘော်ရှိသော ဈာန်သည်လည်းကောင်း၊ ယုတ်ညံ့သည် အဖြစ်ကြောင့် နည်းသော အာနုဘော် ရှိသော ဈာန်သည် လည်းကောင်း ဤသို့ နှစ်ပါး အပြား ရှိ၏။ ထိုနှစ်ပါးတို့တွင် အကြင်ဈာန်ကို မွန်မြတ်ကုန်သော ဆန္ဒ အစရှိသည်တို့နှင့် ယှဉ်ငြားသော်လည်း မပွားစေအပ်သေးပေ။ ရအပ်ခါမျှသာ ဖြစ်၏။ ထိုဈာန်သည် မလေ့ကျက်အပ်သေးသည်၏ အဖြစ်ကြောင့် ပရိတ္တ မည်၏။
အကြင်ဈာန်ကို ရည်ရွယ်တော်မူ၍ -
- အကြင်ဈာန်သည် မလေ့လာသေးသည် ဖြစ်ပေ၏။ အထက်ဈာန်၏ အကြောင်းဖြစ်ခြင်းငှါ မတတ်ကောင်းချေ။ ဤဈာန်သည် ပရိတ္တ မည်၏။
ဟူ၍ အဋ္ဌသာလိနီ၌ မိန့်ဆိုအပ်ပေ၏။ အကြင်ဈာန်ကိုကား ကောင်းစွာ ပွားများအပ်ပေသည် ဖြစ်ငြားသော်လည်း ယုတ်ညံ့ကုန်သော ဆန္ဒ စသည်တို့နှင့် ယှဉ်၏။ ထိုဈာန်သည် ယုတ်ညံ့သည်၏ အဖြစ်ကြောင့် ပရိတ္တ မည်၏။
ယင်းသို့သော ဈာန်ကို ရည်ရွယ်၍ -
- အကြင်ဈာန်ကို အားထုတ်သော ခဏ၌ ဆန္ဒသည်မူလည်း ယုတ်ညံ့၏၊ ဝီရိယမူလည်း ယုတ်ညံ့၏၊ စိတ်သည်မူလည်း ယုတ်ညံ့၏၊ ပညာသည်မူလည်း ယုတ်ညံ့၏၊ ထိုဈာန်သည် ဟီန မည်၏။
ဟူ၍ အဋ္ဌသာလိနီ၌ပင်လျှင် မိန့်ဆိုအပ်ပေ၏။
မဇ္ဈိမသည်လည်း နှစ်ပါးအပြား ရှိ၏။ ထိုနှစ်ပါးတို့တွင် အလွန် မလေ့လာအပ်သည်၏ အဖြစ်ကြောင့် မဇ္ဈိမဈာန်ကို ရည်ရွယ်၍ -
- လွန်စွာ မပွားစေအပ်သေးသော သမာဓိသည် မဇ္ဈိမ မည်၏။ ဟူ၍ ဝိသုဒ္ဓိမဂ်၌ မိန့်ဆိုအပ်၏။ အလယ်အလတ် ဖြစ်ကုန်သော ဆန္ဒ စသည်တို့နှင့် ယှဉ်သည်၏ အဖြစ်ကြောင့် မဇ္ဈိမ မည်သည်ကို ရည်ရွယ်၍-
- အကြင်ဈာန်ကို အားထုတ်သော ခဏ၌ ထိုဆန္ဒ ဝီရိယ စိတ် ဝိမံသတို့သည် အလယ်အလတ်၌ ဖြစ်ကုန်၏။ ထိုဈာန်သည် မဇ္ဈိမ မည်၏။
ဟူ၍ အဋ္ဌကထာ၌ မိန့်ဆိုအပ်ပေ၏။
ပဏီတသည်လည်း နှစ်ပါးအပြား ရှိ၏။ ထိုနှစ်ပါးတို့တွင် အလွန် လေ့လာသည်၏ အဖြစ်ကြောင့်- ပဏီတမည်သည်၏ အဖြစ်ကြောင့် ပဏီတ မည်သည်ကို ရည်ရွယ်၍-
- ‘‘လွန်စွာ ပွားစေအပ်ပြီးသော ဝသီဘော်သို့ ရောက်သော သမာဓိသည် ပဏီတ မည်၏။’’
ဟူ၍ ဝိသုဒ္ဓိမဂ်၌ မိန့်ဆိုအပ်ပေ၏။ မွန်မြတ်ကုန်သော ဆန္ဒ အစရှိသည် တို့နှင့် ယှဉ်သည်၏ အဖြစ်ကြောင့် ပဏီတ မည်သည်ကို ရည်ရွယ်၍-
- ‘‘အကြင်ဈာန်ကို အားထုတ်သော ခဏ၌ ထိုဆန္ဒ ဝီရိယ စိတ် ဝီမံသတို့သည် မွန်မြတ်ကုန်၏။ ထိုဈာန်သည် ပဏီတ မည်၏။’’
ဟူ၍ အဋ္ဌသာလိနီ၌ မိန့်ဆိုအပ်ပေ၏။
ယူအပ်သည်မှန် ပရိတ္တဈာန်
ထိုစကားရပ်၌ မလေ့ကျက်အပ်သည်၏ အဖြစ်အစရှိသည်တို့၏ အစွမ်းအားဖြင့် ဟောတော်မူအပ် ကုန်သော ပရိတ္တာ ဈာန်တို့ကို ဤအရာ၌ အလိုမရှိအပ်ကုန်၏။ ယုတ်ညံ့ခြင်း အစရှိကုန်သော ဆန္ဒစသည်တို့နှင့် ယှဉ်သည်၏အဖြစ်ကြောင့် ဟောတော်မူအပ်သော ပရိတ္တ စသော ဈာန် တို့ကို သာလျှင် ဤအရာ၌ အလိုရှိအပ်ကုန်၏။
မှန်လှစွာ၏။ ဤ ပရိတ္တ စသော ဈာန်တို့သည်သာလျှင် သုံးပါး အပြား ရှိကုန်သော ဘုံတို့၌ သုံးပါးအပြားရှိသော ဗြဟ္မာ့ပဋိသန္ဓေ အပြားကို ပြီးစေကုန်၏ဟု သိအပ်၏။
မိန်းမတို့မှာ မဟာဗြဟ္မာ မဖြစ်
ဆက်၍ ဆိုဦးအံ့။ ဤအရာ၌ ဈာန်တို့၌ ဝသီဘော်သို့ ရောက်ကုန်သော မိန်းမတို့အားလည်း ဆန္ဒ စသည်တို့၏ မမွန်မြတ်သည်၏ အဖြစ်ကြောင့် မဟာဗြဟ္မာကြီးတို့၌ မဖြစ်ခြင်းသည် သက်သေ သာဓကပေတည်း။ ထို့ကြောင့်သာလျှင် အဋ္ဌကထာ၌ ဆန္ဒ စသည်တို့၏ အစွမ်းအားဖြင့် ပြီးကုန်သော ဟီန မဇ္ဈိမ ပဏီတတို့ကို တစ်ဆယ့်ရှစ်ပါး အပြားအားဖြင့် ဝေဖန်တော်မူ၍ -
- ‘‘ဤတစ်ဆယ့်ရှစ်ပါးသော ကုသိုလ်တို့သည် ကမ္မဒွါရတို့ မည်ကုန်၏။ ဤကမ္မဒွါရတို့သည် အပြား အားဖြင့် ဖြစ်စေအပ်ကုန် သည်၏ အဖြစ်ကြောင့် ဤကမ္မဒွါရတို့၏ အစွမ်းအားဖြင့် တစ်ဆယ့်ရှစ်ပါး ကုန်သော မင်းတို့ကို လည်းကောင်း၊ တစ်ဆယ့် ရှစ်ပါးကုန်သော ပုဏ္ထားတို့ကို လည်းကောင်း၊ တစ်ဆယ့်ရှစ်ပါးကုန်သော ကုန်သည်တို့ကိုလည်းကောင်း၊ တစ်ဆယ့်ရှစ်ပါး ကုန်သော သူဆင်းရဲ တို့ကိုလည်းကောင်း၊ လေးဆယ့်ရှစ်ပါးသော ဂေါတမ စသော အနွယ်တို့ကိုလည်းကောင်း သိအပ် ကုန်၏။’’
ဟူ၍ မိန့်ဆိုတော်မူအပ်၏။ မှန်လှစွာ၏။ ဤအဋ္ဌကထာစကားဖြင့် နတ်တို့အားလည်းကောင်း၊ ဗြဟ္မာတို့အားလည်းကောင်း- ရအပ်ရထိုက်သော ပဋိသန္ဓေ အထူးကို မှတ်တော်မူ၏ဟု သိအပ်၏။
၁၅ရ။ ဋီကာကျော် (နှာ- ၁၈၅)၌ကား-
ရကာမျှဖြစ်သော မမှီဝဲအပ်သေးသော ဈာန်သည် နည်းသော အာနုဘော်ရှိ၏။ ဤသို့ သာမည အားဖြင့်သာလျှင် အဋ္ဌကထာ၌ မိန့်ဆို အပ်၏။ ထို့အတူ အလွန် မပွားများအပ်သော မပြည့်စုံသော ဝသီဘော်ရှိသော ဈာန်သည် မဇ္ဈိမ ဈာန်မည်၏။ အလွန်လျှင် ပွားများအပ်သော ခပ်သိမ်းသော အပြားအားဖြင့် ပြည့်စုံသော ဝသီဘော်ရှိသော ဈာန်သည်ကား ပဏီတဈာန် မည်၏။
ဟူ၍ ဆိုအပ်၏။ ထိုအလုံးစုံသော စကားသည် ဤအရာ၌ မသင့်သည် သာလျှင်တည်း။
မှန်လှစွာ၏။ ထိုဋီကာကျော်၌ ဆိုသော ဟီန မဇ္ဈိမ ပဏီတမျိုးကို အထက်ဖြစ်သော ဈာန်၏ အကြောင်းဖြစ်ခြင်းငှါ စွမ်းနိုင်သည် မစွမ်းနိုင်သည်ကိုလည်းကောင်း၊ ယုတ်ညံ့သော အဖို့ရှိသည်၏ အဖြစ် အစရှိသော အထူးကိုလည်းကောင်း ရည်ရွယ်၍ မိန့်ဆိုအပ်သည် မဟုတ်ချေဟု သိအပ်၏။
၁ရ၆။ ဋီကာကျော် (နှာ- ၁၈၅)၌-
ဤ ပရိတ္တစသော ဈာန်အရာ၌ အရှင်အနုရုဒ္ဓါဆရာသည် ပရိတ္တဈာန်ကိုလည်း စဉ်းငယ် ရအပ်သော မှီဝဲခြင်း ရှိသည်သာလျှင် ဖြစ်သော ကြောင့် အလိုရှိအပ်၏။ ဤသို့သော အကြောင်းသည် ထင်၏။ ထိုစကားသည် မှန်၏။ ဤအရှင်အနုရုဒ္ဓါသည် နာမရူပပရိစ္ဆေဒကျမ်း၌-
- ဘုံအားဖြင့် မိမိနှင့်တူသော ဇောမှ အာသေဝနပစ္စည်းကို ရသောကြောင့် ကြီးသော အားရှိသည် အဖြစ်သည် ထင်ရှားဖြစ်လတ်သော် မဟဂ္ဂုတ်ကုသိုလ်သည် အကျိုးကိုပေး၏။ အဘိညာဉ်သည်ကား ထိုသို့ သဘောရှိသော အာသေဝနပစ္စည်း ဖြစ်သော အကြောင်းကို မရသောကြောင့် အကျိုးမပေး တတ်ချေ။
ဟူသော ဤဂါထာဖြင့် မိမိနှင့်တူသော ရူပါဝစရ အရူပါဝစရဘုံ၌ ဖြစ်သော ရှေးရှေးသော မဟဂ္ဂုတ်ဇောမှသာလျှင် အာသေဝနပစ္စည်းကို ရသဖြင့် အားရှိသည်၏ အဖြစ်ကြောင့် မဟဂ္ဂုတ်ကုသိုလ် တရားတို့၏ အကျိုးပေးပုံကို ဆိုပြီး၍ ထိုမိမိနှင့်တူသော ဘုံ၌ဖြစ်သော ရှေးရှေးသော ကုသိုလ်ဇောမှ အာသေဝနပစ္စည်းကို မရည်ဖြစ်၍ အားမရှိသောကြောင့် အဘိညာဉ် ကုသိုလ်ဇော၏ အကျိုးမပေးခြင်းကို မိန့်ဆိုအပ်၏။
ဟူ၍ အကြင်စကားကိုလည်း မိန့်ဆို၏။ ထိုစကားကိုလည်း ဆင်ခြင်သင့်သည်သာလျှင်တည်း။ ဥပမာဖြင့် ထင်စွာပြဦးအံ့။ အရိယာမဂ်နှင့် သမ္ပယုတ်ဖြစ်သည့် စေတနာသည် မိမိနှင့် တူမျှသောဘုံရှိသော ဇောမှ မရအပ်သော အာသေဝနပစ္စည်း ရှိသည် ဖြစ်ငြားသော်လည်း ဝိပါက်ကို မပေးနိုင်ပေ။ ဤသို့သော ဆိုဖွယ်စကားသည် မရှိသကဲ့သို့ ထို့အတူ အာဒိကမ္မိကဈာနဝီထိ၌ တစ်ကြိမ်မျှဖြစ်သော မဟဂ္ဂုတ်စေတနာသည် လည်းကောင်း၊ အလုံးစုံသော သမာပတ္တိဝီထိတို့၌ အလုံးစုံသော ဇောတို့၏ ရှေးဦးစွာဖြစ်သော မဟဂ္ဂုတ် ပထမဇောစေတနာစုသည်လည်းကောင်း တူသောဘုံရှိသော ဇောမှ အာသေဝနပစ္စည်းကို မရသည်၏ အဖြစ်ဖြင့် အားနည်းသည်၏ အဖြစ်ကြောင့် အကျိုးကို မပေးနိုင်ချေ။ ဤသို့သော ဆိုဖွယ်စကားသည် မရှိချေ။ ဤသို့ သိခြင်းငှါ မတတ်ကောင်းသည်ကား မဟုတ်၊ တတ်ကောင်းသည်သာလျှင်တည်းဟု သိအပ်၏။
ဤစကားရပ်၌ စောဒနာဖွယ်သည် ဖြစ်ပေရာ၏ -
- ရူပါဝစရ မည်သော ထိုကုသိုလ်ကံကိုသာလျှင် ပြုအပ်သည်၏ အဖြစ်ကြောင့် ဆည်းပူးအပ်သည်၏ အဖြစ်ကြောင့် အကျိုး ဖြစ်သော ပထမဈာန်ကို ပြည့်စုံစေ၍ နေ၏။
ဟူ၍ ဟောတော်မူအပ်၏။ ထိုအာဒိကမ္မိက မဟဂ္ဂုတ် ကုသိုလ်စေတနာသည်လည်း ဆည်းပူး အပ်သည် မည်သည် မဖြစ်သေးပေ။ အဘယ့်ကြောင့်နည်း ဟူမူကား- တူမျှသောဘုံရှိသော တရားမှ အာသေဝန ပစ္စည်းကို မရသေးသည်၏ အဖြစ်ကြောင့်ပေတည်း။ ဤကား စောဒနာခြင်းတည်း။
ဤသို့ စောဒနာမှု မပြုသင့်ချေ။ အဘယ့်ကြောင့်နည်း ဟူမူကား- မဂ်စေတနာလည်း အကျိုးမပေးသည်၏ အဖြစ်သို့ ရောက်ခြင်းကြောင့်တည်း။ မှန်လှစွာ၏။ ထိုမဂ်စေတနာကိုလည်း-
- လောကုတ္တရာမည်သော ထိုကုသိုလ်ဈာန်ကိုပင်လျှင် ပြုအပ်သည်၏ အဖြစ်ကြောင့်- ပွားစေအပ် သည်၏ အဖြစ်ကြောင့်- အကျိုးဖြစ်သော ပထမဈာန်ကို ပြည့်စုံစေ၍ နေ၏။
ဟူ၍ ဟောတော်မူ၏။ ထိုမဂ်စေတနာသည်လည်း တူသောဘုံရှိသော ဇောမှ ရအပ်သော အာသေဝန ပစ္စည်း ရှိသည်ဖြစ်လည်း မဖြစ်ချေ- ဤသို့ သိအပ်၏။
နှစ်ပါးသော မဟဂ္ဂုတ်စေတနာတို့၌ကား ရှေးဦးစွာ ကမ္မဋ္ဌာန်းကို အားထုတ်သည်မှ စ၍ ဆည်းပူး၍ ပွားစေ၍ လာခဲ့သည်၏ အဖြစ်ကြောင့် မတူသော ဘုံရှိသော ဇောတို့မှလည်း ရအပ်သော အာသေဝန ပစ္စည်း ရှိသည်၏အဖြစ်ကို စွဲ၍ ဆည်းပူးအပ်သည်၏ အဖြစ်ကိုလည်းကောင်း၊ ပွားစေအပ်သည်၏ အဖြစ်ကိုလည်းကောင်း ဟောတော်မူအပ်၏။ ဤသို့ ဆိုခြင်းငှါ တတ်ကောင်း၏ဟု သိအပ်၏။ ထို့ကြောင့် အာဒိကမ္မိကလည်း ဖြစ်သော မဟဂ္ဂုတ်စေတနာသည် သေခါနီးအခါ၌ ရသည်ဖြစ်၍ လောလောပူသည် ဖြစ်၍ အာသန္နကံ ဖြစ်ခဲ့သော် အကျိုး မပေးဟူ၍ မဆိုသင့် မဆိုထိုက်ပေ။
အဘိညာဉ် စေတနာသည်လည်း တူသောဘုံ ရှိသည်လည်း ဖြစ်ကုန်သော အထူးထူးသော အာဝဇ္ဇန်းရှိသော ဝီထိဇောတို့မှ အတိုင်းထက်အလွန် ရအပ်သော အာသေဝနပစ္စည်း ရှိသည်၏ အဖြစ်ကြောင့် အလွန်ထက်မြက်သည် ဖြစ်၍ အဘယ်သို့လျှင် အားနည်းသည် မည်သည် ဖြစ်ရာ အံ့နည်း။ ထို့ကြောင့်သာလျှင် ဤဝါဒကို အနုဋီကာ၌ ပယ်တော်မူခဲ့ပေ၏။
မှန်လှပေ၏။ ထိုအနုဋီကာ၌-
- အချို့သော ဆရာတို့သည် တူသောဘုံရှိသော ဇောမှ အာသေဝနပစ္စည်းကို ရသဖြင့် ဈာန်တို့သည် အားရှိကုန်၏။ ထို့ကြောင့် ထိုအားရှိသော ဈာန်တို့သည် (သမာပတ်၏ အဖြစ်ကြောင့်) အကျိုးကို ပေးကုန်၏။
- အဘိညာဉ်စေတနာသည်ကား ဈာန်၏အဖြစ်သည် ဖြစ်ငြားပါ သော်လည်း ထိုတူသောဘုံရှိသော ဇောမှ အာသေဝနပစ္စည်းကို ရသောအဖြစ်၏ မရှိခြင်းကြောင့်လည်းကောင်း၊ ထိုထိုအာရုံ၌ အာဂန္တုက၏ အဖြစ်ကြောင့်လည်းကောင်း အားနည်း၏။ ထို့ ကြောင့် အကျိုးကို မပေးချေ။ ဤသို့ ဆိုကြကုန်၏။ ထိုသို့ ဆိုသော စကားသည် အကြောင်းမဟုတ်ချေ။ အဘယ့်ကြောင့်နည်းဟူမူကား- အဖန်ဖန် အထပ်ထပ် ပရိကံ၏ အစွမ်းအားဖြင့် အဘိညာဉ်စေတနာ၏လည်း ဝသီဘော်၏ အဖြစ်ဖြင့် ဖြစ်သင့်ခြင်းကြောင့်တည်း။
ဟူ၍ မိန့်ဆိုတော်မူ၏။ အမှန်အားဖြင့်ကား- စတုတ္ထဈာန် သမာဓိ၏ အကျိုးအာနိသင်ဖြစ်သော အဘိညာဉ်စေတနာသည် ထိုစတုတ္ထဈာန်၏ အကျိုးနှင့် တူမျှ၏။ အကျိုးအရာ၌ တည်၏။ ထို့ကြောင့် ထိုအဘိညာဉ် စေတနာသည် အကျိုးကို မပေးချေ။ ဤသို့ အဘိဓမ္မဋီကာ ကျမ်းပြု ဆရာတို့သည် အလိုရှိကြကုန်၏။
တစ်နည်းသော်ကား- ထိုအဘိညာဉ်စေတနာ၏ တန်ခိုးဖန်ဆင်းခြင်း အစရှိသော ကိစ္စသည် အကျိုးပေးခြင်း ကိစ္စထက်လည်း အလွန်အားကြီး၏။ အလုံးစုံသော အားအစွမ်းဖြင့်လည်း ဖန်ဆင်းခြင်း အစရှိသော ကိစ္စကို ပြီးစေသည်ရှိသော် အကျိုးပေးခြင်း အစွမ်းသည်လည်း ထို အား အစွမ်းနှင့် အတူတကွ ကုန်ခြင်းသို့ ရောက်၏။ ထို့ကြောင့် ထို အဘိညာဉ်စေတနာသည် တစ်ဖန် အကျိုးကို မပေးချေ။ ဤသို့လည်း ယူရန် သင့်မြတ်လျော်ကန်သည်သာလျွင်တည်း။
- ပဉ္စမဇ္ဈာနံ- ဟူသည်ကား အဘိညာဉ်၏ အဖြစ်သို့ မရောက်သော ပရိတ္တ အစရှိသော အပြားဖြင့် သုံးပါးအပြားရှိသော ပဉ္စမဈာန်ကို-
- တဒေဝ- ဟူသည်ကား ပဉ္စမဈာန်ကိုပင်လျှင်-
- သညာဝိရာဂံ ဘာေဝတွာ- ဟူသည်ကား စိတ်ဖြစ်သည်ရှိသော် တပ်မက်ခြင်း ပြစ်မှားခြင်း တွေဝေခြင်းတို့ ဖြစ်ကြကုန်၏။ ထိုစိတ် မဖြစ်သည်ရှိသော် ဒိဋ္ဌဓမ္မ နိဗ္ဗာန်သို့ ရောက်သည် မည်၏။ ဤသို့ စိတ်၌သာလျှင် အပြစ်ကိုမြင်၍ စိတ်ကင်းသော ဘဝကို တောင့်တခြင်းနှင့် တကွဖြစ်သော ဝါယောကသိုဏ်း၌ လည်းကောင်း၊ အချို့သော ပုဂ္ဂိုလ်တို့၏ အယူအားဖြင့် ပရိစ္ဆိန္နာကာသ ကသိုဏ်း ၌လည်းကောင်း သညာကင်းသော ဘာဝနာကို ပွားစေ၍။
- အသညသတ္တေသု ဥပ္ပဇ္ဇန္တိ- ဟူသည်ကား အကြင် အကြင် ဣရိယာပုထ်ဖြင့် ဤကာမဘုံ၌ သေကြရကုန်၏။ ထို ဣရိယာပုထ်ဖြင့် သာလျှင် ထိုအသညသတ် ဗြဟ္မာ့ဘုံ၌ ကမ္မကိရိယ အယူ ရှိကုန်သော တိတ္ထိ တို့သည်သာလျှင် ဖြစ်ကြရကုန်၏။ ဤသည်ကား အဓိပ္ပါယ်တည်း။ မှန်လှစွာ၏။ ကမ္မကိရိယ အယူမရှိကုန်သော ပုဂ္ဂိုလ်တို့အား ဈာန်ကို ပွားမှုမည်သည် မရှိပေ။ ဤသို့ သိအပ်၏။
- အနာဂါမိနော ပန သုဒ္ဓါဝါသေသု ဥပ္ပဇ္ဇန္တိ- ဟူသည်ကား သုဒ္ဓါဝါသဘုံတို့၌ကား အနာဂါမ် ပုဂ္ဂိုလ် တို့သည်သာလျှင် ဖြစ်ကြကုန်၏။ တစ်ပါးကုန်သော သကဒါဂါမ် စသော ပုဂ္ဂိုလ်တို့ မဖြစ်ကြကုန်။
ဤသည်ကား အနက်တည်း။
ဤပါဌ်ဖြင့် အနာဂါမ်ပုဂ္ဂိုလ်တို့အား တစ်ပါးလည်းဖြစ်သော ဗြဟ္မာ့ဘုံ၌ ဖြစ်ခြင်းကို မတားမြစ် အပ်ပေ။ အနာဂါမ်ပုဂ္ဂိုလ်တို့တွင်လည်း-
- သဒ္ဓါလွန်ကဲသော ပဉ္စမဇ္ဈာန်ရ အနာဂါမ်ပုဂ္ဂိုလ်သည် အဝိဟာဘုံ၌ ဖြစ်၏။
- ဝီရိယလွန်ကဲသော ပဉ္စမဇ္ဈာန်ရ အနာဂါမ်ပုဂ္ဂိုလ်သည် အတပ္ပာဘုံ၌ ဖြစ်၏။
- သတိလွန်ကဲသော ပဉ္စမဇ္ဈာန်ရ အနာဂါမ်ပုဂ္ဂိုလ်သည် သုဒဿာဘုံ၌ ဖြစ်၏။
- သမာဓိလွန်ကဲသော ပဉ္စမဇ္ဈာန်ရ အနာဂါမ်ပုဂ္ဂိုလ်သည် သုဒဿီဘုံ၌ ဖြစ်၏။
- ပညာလွန်ကဲသော ပဉ္စမဈာန်ရ အနာဂါမ်ပုဂ္ဂိုလ်သည် အကနိဋ္ဌဘုံ၌ ဖြစ်၏။
ဤသို့ အစဉ်အတိုင်း သိအပ်၏။
အရူပဘုံတို့၌ အစဉ်အတိုင်း အရူပဈာန်ကို ပွားများ၍ ဘုံတို့၏ အစဉ်အတိုင်း ဖြစ်ကြရကုန်၏။ ဤသည်ကား ယောဇနာခြင်းတည်း။
ဆက်၍ ဆိုဦးအံ့။ ဤအရာ၌ ‘‘နည်းသော အာနုဘော်ရှိသော ပထမဈာန်ကို ပွားစေ၍’’ ဤသို့ အစရှိသော အလုံးစုံသည် ပထမဈာန် အစရှိသည်တို့၏ အကြင် အကြင် မိမိတို့၏ ဥစ္စာဖြစ်သော အကျိုးပေးရာဘုံကို ပိုင်းခြားသည်၏ အစွမ်းဖြင့် မိန့်ဆိုတော်မူအပ်၏။
သမာပတ်ကို ရကုန်သော ပုထုဇဉ် သောတာပန် သကဒါဂါမ်တို့ သည်ကား မိမိသည် ရအပ်ပြီးသော သမာပတ်တို့၏ အကျိုးပေးရာ ဘုံတို့တွင် အလိုရှိအပ်သော ဘုံ၌ ဖြစ်ကြကုန်၏။ ထိုသုံးယောက်ကုန် သော ပုဂ္ဂိုလ်တို့တွင် ပုထုဇဉ်သည် ကာမဘုံ၌ ဖြစ်လို ကျင်လည်လိုသော နိကန္တိ ရှိခဲ့သော် ကာမဘုံ၌လည်း ဖြစ်သည်သာလျှင်တည်း။
ဤပုထုဇဉ်မှ တစ်ပါးသော သောတာပန် သကဒါဂါမ်ပုဂ္ဂိုလ်တို့သည်ကား ဈာန်မလျော ကျခဲ့သည် ရှိသော် ကာမဘုံ၌လည်း ဖြစ်လိုသော နိကန္တိမည်သည် ထိုပုဂ္ဂိုလ်တို့အား မဖြစ်သင့်ပေ။ ထို့ကြောင့် လျောကျသော ဈာန်ရှိကုန်မှသာလျှင် ထိုကာမဘုံ၌ ဖြစ်ကြကုန်၏။
၈ရ၂။ ဋီကာကျော် (နှာ- ၁၈၆)၌ကား-
ထိုသောတာပန် သကဒါဂါမ်တို့အား နိကန္တိ၏ အစွမ်းဖြင့် ကာမဘုံ၌ဖြစ်ခြင်းကို အလိုရှိတော်မူသော ဋီကာကျော်ဆရာသည် ‘‘ကာမဘုံ၌လည်း ကာမာဝစရကံ၏ အစွမ်းကြောင့် ထို့အတူ ဖြစ်ကြရကုန်၏၊ မှန်လှစွာ၏။ ‘ရဟန်းတို့- သီလ ရှိသော ပုဂ္ဂိုလ်၏ သီလစင်ကြယ်သည်၏ အဖြစ်ကြောင့် စိတ်၏ တောင့်တခြင်းသည် ပြည်စုံပေ၏’ဟူ၍ (အင်္ဂုတ္တရ တိကနိပါတ်၌) ဟောတော်မူအပ်ပေ၏။
ဟူ၍ မိန့်ဆိုအပ်၏။ ထိုစကားသည် မသင့်လျော်ချေ။
မှန်လှစွာ၏။ ထိုသောတာပန် သကဒါဂါမ် ပုဂ္ဂိုလ်တို့သည် ဈာန်မလျောကျခဲ့သည်ရှိသော် စင်စစ်အားဖြင့် ဗြဟ္မာဘုံသို့ သွားရလတ္တံ့ ကုန်သည်သာလျှင်တည်း။ အကြင်ကြောင့် ထိုပုဂ္ဂိုလ်တို့ကို ဈာနအနာဂါမ် ပုဂ္ဂိုလ်တို့ ဟူ၍ ဆိုအပ်ကုန်၏။ ဈာန်မှ လျောကျခြင်းသည်လည်း ထိုပုဂ္ဂိုလ်တို့အား ထိုထိုပလိဗောဓ၏ အစွမ်းအားဖြင့်သာလျှင် ဖြစ်ပေ၏။ ကာမရာဂ စသည်တို့၏ အစွမ်းဖြင့်ဖြစ်ကား မဖြစ်နိုင်ပေ။ အဘယ့်ကြောင့်နည်း ဟူမူကား- မဂ်လျှင် အဖော်သဟဲရှိသည့် ဈာန်ဖြင့် ကောင်းစွာ ခွာအပ်သည်၏ အဖြစ်ကြောင့်တည်း။
မှန်လှစွာ၏။ အင်္ဂုတ္တရပါဠိတော်၌-
- ရဟန်းတို့- သောတာပတ္တိမဂ်ဉာဏ် ဖြစ်သည်နှင့်တကွ အရိယာ သာဝကအား သက္ကာယဒိဋ္ဌိဟု ဆိုအပ်သော သံယောဇဉ်လည်းကောင်း၊ ဝိစိကိစ္ဆာဟု ဆိုအပ်သော သံယောဇဉ်လည်းကောင်း၊ သီလဗ္ဗတပရာမာသဟု ဆိုအပ်သော သံယောဇဉ်လည်းကောင်း ဤသို့ သံယောဇဉ်သုံးပါးတို့ကို ပယ်အပ်ကုန်၏။
- ထိုသောတာပတ္တိမဂ် ဖြစ်သည်မှ နောက်၌ နှစ်ပါးကုန်သော သကဒါဂါမိမဂ် အနာဂါမိမဂ် တည်း ဟူသော တရားတို့ဖြင့် အဘိဇ္ဈာမှလည်းကောင်း၊ ဗျာပါဒမှလည်းကောင်း ထွက်မြောက်၏။
- ထိုသောတာပန် သကဒါဂါမ်ယ အနာဂါမ်ပုဂ္ဂိုလ်သည် ကိလေသာ ကာမတို့မှ ကင်းဆိတ်၍သာလျှင် (ပ) ပထမဈာန်သို့ ကပ်ရောက်၍ နေ၏။
- ရဟန်းတို့- ထိုပထမဈာန်သို့ ကပ်၍နေသော ကာလ၌ အရိယာ သာဝကသည် သေခြင်းကို အကယ်၍ ပြုငြားအံ့။ အကြင် သံယောဇဉ်နှင့် ယှဉ်သော အရိယာသာဝကသည် တစ်ဖန် ဤလူ့ပြည် သို့ လားရာ၏။ ထိုပထမဈာန်နှင့် ပြည့်စုံသော သောတာပန် သကဒါဂါမ် အနာဂါမ်ဟု ဆိုအပ်သော အရိယာဖြစ်သော တပည့်အား ထိုလူ့ပြည်သို့ လားကြောင်း ဖြစ်သော သြရမ္ဘာဂီယသံယောဇဉ် နှစ်ပါးသည် မရှိတော့ချေ။
ဟူသော ဤစကားကို ဟောတော်မူအပ်၏။ ဆက်၍ ဆိုဦးအံ့။ ဤ ပါဠိတော်ပုဒ်တို့တွင် ထိုပထမ ဈာန်သို့ ကပ်၍နေသော ကာလ၌ ဤသို့ အစရှိသည်ဖြင့် ထိုပုဂ္ဂိုလ်သည် ရအပ်ပြီးသော ဈာန်ကို မလျောကျစေ မူ၍ အကယ်၍ သေငြားအံ့။ အမှန်စင်စစ်အားဖြင့် ဗြဟ္မာ့ဘုံသို့သာလျှင် သွားရလတ္တံ့။ ဈာန်မှ လျောကျစေသော ပုဂ္ဂိုလ်အားကား ထိုသံယောဇဉ်သည် ပြကတေ့အတိုင်း တည်ရှိနေသည် သာလျှင်တည်း။ ဤသို့ ပြဆိုပေ၏။
ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ၌ကား-
- ဈာန်မရ အရိယာမှ တစ်ပါး- ဈာန်ရ အရိယာကို ဆိုပေဦးအံ့။ ဈာနလာဘီဖြစ်သော သောတာပန် သကဒါဂါမ် ပုဂ္ဂိုလ်တို့ အားလည်းကောင်း၊ အနာဂါမ်ပုဂ္ဂိုလ်တို့အားလည်းကောင်း ဗြဟ္မာ့ဘုံ၌ သာလျှင် ပဋိသန္ဓေနေသော အားဖြင့် ဖြစ်ရ၏။ ထိုပုဂ္ဂိုလ်တို့အား ဝိပဿနာ၌ တပ်နှစ်သက်သော နိကန္တိတဏှာသည် ကာမသုဂတိ ပဋိသန္ဓေအကြောင်း မဖြစ်တော့ချေ။
ဟူ၍ မိန့်ဆိုပေ၏။
ထို ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ၌-
- ဈာနလာဘီနံ- ဟူသည်ကား သောတာပန် သကဒါဂါမ် ပုဂ္ဂိုလ်တို့အား၊
- ပစ္စယော န ဟောတိ- ဟူသည်ကား ထိုပုဂ္ဂိုလ်တို့အား ဝိပဿနာ၌ တပ်နှစ်သက်သော တဏှာသည် ကာမပဋိသန္ဓေ၏ အကြောင်းမဖြစ်ချေ။
ဤသည်ကား အနက်ပေတည်း။
ထို့ကြောင့် နှစ်ယောက်ကုန်သော ထိုသေက္ခပုဂ္ဂိုလ်တို့အား ပျက်စီးတတ်သော ဈာန်တရား ရှိကြကုန်သည် ဖြစ်ကုန်ငြားသော်လည်း ဈာန်တရားသည် ထင်ရှားရှိခဲ့သော် ကာမဘုံ၌ နိကန္တိတဏှာ မည်သည် မရှိချေဟု သိအပ်၏။
အနာဂါမ်ပုဂ္ဂိုလ်အားကား အိပ်ပျော်နေစဉ်ပင်လျှင် ဓားဖြင့် လည်ပင်း ကိုဖြတ်၍ သတ်အပ်သော်လည်း ဈာန်ကို မရမူ၍ စုတေခြင်းမည်သည် မရှိချေ။ မှန်လှစွာ၏။ ထိုအနာဂါမ်ပုဂ္ဂိုလ်ကို ‘‘သမာဓိတရား၌ ထက်ဝန်း ကျင်မှ ပြည့်စုံစွာ ပြုလေ့ရှိ၏’’ဟူ ဟောတော်မူအပ်၏။
မိန်းမတို့သည်ကား သမာပတ်ရှစ်ပါးတို့ကို ရ၍ အခြားမဲ့ဘဝ၌ အကနိဋ္ဌဘုံ၌ ဖြစ်ကုန်ငြားသော်လည်း အကြီးအကဲဖြစ်ကုန်သော မဟာဗြဟ္မာကြီးတို့၌ မဖြစ်နိုင်ကြကုန်။ အဘယ့်ကြောင့်နည်း ဟူမူကား- ယုတ်ညံ့သော အဇ္ဈာသယ ရှိသည်၏ အဖြစ်ကြောင့်တည်း။ ထိုမိန်းမတို့သည် ပုရောဟိတ်ဗြဟ္မာ ပါရိသဇ္ဇဗြဟ္မာငယ်တို့၌သာလျှင် ဖြစ်ကြ ကုန်၏။
မှန်လှစွာ၏။ ထို့ကြောင့်သာလျှင် အဋ္ဌကထာတို့၌-
- မိန်းမသည် အကြင်သို့သော အကြောင်းကြောင့် ဗြဟ္မာ၏အဖြစ်ကို ပြုရာ၏။ ထိုအကြောင်း အရာသည် မရှိချေ။
ဟူသော သုတ်ပုဒ်၏ အနက်ကို ဖွင့်ဆိုရာ၌-
- ဗြဟ္မာ၏အဖြစ် ဟူသည်ကား- မဟာဗြဟ္မာ၏ အဖြစ်ကို အလိုရှိအပ်၏။ မှန်လှစွာ၏။ မိန်းမသည် ဤလူ့ပြည်မှ ဈာန်ကို ဖြစ်စေ၍ သေခြင်းကို ပြုခဲ့သော် ဗြဟ္မာ့ပါရိသဇ္ဇာဗြဟ္မာတို့၏ အပေါင်းအဖော်၏ အဖြစ်သို့ ကပ်ရောက်ရ၏။ မဟာဗြဟ္မာ တို့၏ အပေါင်းအဖော်၏ အဖြစ်သည် မကပ်ရောက်ရပေ။
ဟူ၍ မိန့်ဆိုအပ်၏။
ဆက်၍ ဆိုဦးအံ့။ ‘‘ဗြဟ္မပါရိသဇ္ဇာ ဗြဟ္မာတို့၏’’ ဟူသော ဤပုဒ်၌ ဗြဟ္မပုရောဟိတ်တို့ကိုလည်း ရေတွက် သွင်းယူခြင်းကို သိအပ်၏။ မှန်လှစွာ၏။ ထိုဗြဟ္မပါရိသဇ္ဇာ ဗြဟ္မပုရောဟိတ်တို့သည်လည်း မဟာ ဗြဟ္မာကြီးတို့၏ အခြွေအရံ ပရိသတ်တို့သာလျှင် ဖြစ်ကုန်၏ဟု သိအပ်၏။
မှန်လှစွာ၏။ သံယုတ်ပါဠိတော်၌-
- ရဟန်းတို့- ထိုအခါ၌ သိခီဘုရားရှင်သည် အဘိဘူ အမည်ရှိသော ရဟန်းကို မကောင်းမှုမှ အပပြုပြီးသော အို … ချစ်သား ရဟန်း မဟာဗြဟ္မာ၏လည်းကောင်း၊ ဗြဟ္မပုရောဟိတ် ဗြဟ္မာ အပေါင်း၏ လည်းကောင်း၊ ဗြဟ္မာပါရိသဇ္ဇာ ဗြဟ္မာတို့၏ လည်းကောင်း (အထံ၌) တရားနှင့်စပ်သော စကားကို သင်၏ ဉာဏ်၌ ထင်ပါစေလော။
ဟူသော ဤစကားကို မိန့်ဆိုအပ်ပေ၏။ ပရိသတ်၏ အဖြစ်သည်လည်း ရှိလတ်သော် ပရိသတ်တို့၌ ဖြစ်သည် မည်သည်လည်း ရှိသည် ဖြစ်ကုန်၏။
ထိုသံယုတ်ပါဠိတော်၌-
- ဗြဟ္မုနော- ဟူသော ပါဌ်သည်ကား မဟာဗြဟ္မာအား၊
- ဗြဟ္မပရိသာယ- ဟူသော ပါဌ်သည်ကား ဗြဟ္မပုရောဟိတ် ဗြဟ္မာအပေါင်းအား၊
ဤသည်ကား ဆိုလိုရင်းအနက်ပေတည်း။
‘‘ဗြဟ္မပါရိသဇ္ဇာတို့၏’’ဟူ၍ ဆိုအပ်သည်၏ အဖြစ်ကြောင့် ‘‘မဟာဗြဟ္မာတို့၏ အပေါင်းအဖော်၏ အဖြစ်သို့ မကပ်ရောက်ရပေ’’ဟူသော ပုဒ်၌သာလျှင် ထိုဗြဟ္မပုရောဟိတ်တို့ကို ရေတွက်သွင်းယူခြင်း သည် သင့်လျော်သည် မဟုတ်ပါလောဟု အကယ်၍ ဆိုငြားအံ့။ မဆိုသင့် မဆိုထိုက်ပေ။ အဘယ့် ကြောင့်နည်း ဟူမူကား-
- မိန်းမသည် အကြင်သို့သော အကြောင်းကြောင့် သိကြားမင်း၏ အဖြစ်ကို ပြုရာ၏ (ပ) မာရ်မင်း၏ အဖြစ်ကို ပြုရာ၏။ (ပ) မဟာဗြဟ္မာ၏ အဖြစ်ကို ပြုရာ၏။ ထိုအကြောင်းအရာသည် မရှိချေ။
ဟူ၍ ဤသို့ အကြီးအကဲ ဖြစ်ကုန်သော သိကြားမင်း အစရှိသည်တို့နှင့်တကွ ဟောတော်မူအပ် သည်၏ အဖြစ်ကြောင့် ဤအရာ၌ အကြီးအကဲကို ပယ်ရှားခြင်း၏သာလျှင် ဖြစ်သင့်ခြင်း ကြောင့်တည်း။
မှန်လှစွာ၏။ ထို့ကြောင့်သာလျှင် နေတ္တိပါဠိတော် ၌-
- မိန်းမသည် မဟာဗြဟ္မာ ဖြစ်နိုင်ပါသလော- ဤသို့ ဆိုလာသည် ရှိသော် ဤသို့သော အကြောင်း အရာသည် မရှိနိုင်ပေဟု ဆိုပေရာ၏။
ဟူ၍ မိန့်ဆိုတော်မူအပ်၏။ ဤမျှတည်းသော သဒ္ဒါအစဉ် အနက်အစဉ်အားဖြင့် ဝေဟပ္ဖိုလ် အစရှိကုန်သော အထက်ဖြစ်သော ဗြဟ္မာ့ဘုံတို့၌လည်း ပုရောဟိတ်ဗြဟ္မာ ပါရိသဇ္ဇဗြဟ္မာတို့၏ ရှိသင့်သော အဖြစ်သည်လည်း ပြီးစီးပေတော့၏။
ထို့ကြောင့်သာလျှင် သံယုတ္တအဋ္ဌကထာ၌-
- မှန်လှစွာ၏။ မထေရ်ကြီးဖြစ်သော ရဟန်းတို့အား သင်္ကန်း သပိတ် စသော ပရိက္ခရာကို ဆောင်ယူသော ပဉ္စင်းငယ်ကဲ့သို့ မဟာဗြဟ္မာကြီးတို့၏လည်း အလုပ်အကျွေး ဗြဟ္မာငယ်တို့မည် သည် ရှိသည်၏ ဖြစ်ကုန်၏။ ဟူ၍ မိန့်ဆိုအပ်၏။
၁ရ၃။ ဋီကာကျော် (နှာ- ၁၈၉)၌ကား-
အထူးကို ဆိုဦးအံ့။ အရိယာလည်း ဖြစ်ကုန်သော အရိယာ မဟုတ်သည်လည်း ဖြစ်ကုန်သော သမာပတ်ရှစ်ပါးကို ရကုန်သော မိန်းမတို့သည်လည်း ဗြဟ္မပါရိသဇ္ဇ ဘုံတို့၌သာလျှင် ဖြစ်ကုန်၏ဟု အဋ္ဌကထာ၌ မိန့်ဆိုအပ်၏။
ဟူ၍ မိန့်ဆို၏။
ထိုဋီကာကျော်၌ ‘‘ဗြဟ္မပါရိသဇ္ဇာဘုံ တို့၌သာလျှင်’’ ဟူသည်ကား- အကနိဋ္ဌဘုံ၌ ဖြစ်ကုန်ငြား သော်လည်း မဟာဗြဟ္မာကြီးတို့၏ အလုပ်အကျွေး ဗြဟ္မာငယ် တို့၌သာလျှင် ဖြစ်ကုန်၏။ မဟာဗြဟ္မာကြီးတို့၌ မဖြစ်ကုန်။ ဤသို့သော အနက်ကို မှတ်အပ်၏။
မဏိမဉ္ဇူသာကျမ်း၌ကား-
- ဗြဟ္မာပါရိသဇ္ဇာဘုံတို့၌သာလျှင် ဖြစ်ကုန်၏။ ဗြဟ္မာပုရောဟိတ စသော ဘုံတို့၌ မဖြစ်ကုန်။
ဟု မိန့်ဆိုအပ်၏။ ထိုစကားကို မယူအပ်ပေ။
ထိုမဏိမဉ္ဇူသာ၌-
- သာမာဝတီ အမှူး ရှိကုန်သော ငါးရာသော မိန်းမတို့၏ ရှေးဦးစွာ ဗြဟ္မပါရိသဇ္ဇာဘုံတို့၌ အကြင်ဖြစ်ခြင်းကို မိန့်ဆိုအပ်၏။ ထိုစကားသည် အဋ္ဌကထာနှင့် မညီညွတ်ပေ။
- အကြင်ကြောင့် ထိုမိန်းမတို့သည်ကား ဤအတ္တဘော၌ အရိယာဖိုလ်တို့ကို မျက်မှောက်ပြုကြ ကုန်၏။ ထို့ကြောင့် ထိုမိန်းမတို့တွင် အနာဂါမ်မိန်းမတို့သည် သုဒ္ဓါဝါသဘုံတို့၌ ဖြစ်ကြရကုန်၏။ ဤအနာဂါမ်မှ တစ်ပါးကုန်သော အချို့ကုန်သော မိန်းမ တို့သည် တာဝတိံသာဘုံတို့၌ အချို့ကုန် သော မိန်းမတို့သည် ယာမာဘုံတို့၌ အချို့ကုန်သော မိန်းမတို့သည် တုသိတာဘုံတို့၌ အချို့ကုန်သော မိန်းမတို့သည် နိမ္မာနရတိဘုံတို့၌ အချို့ကုန်သော မိန်းမတို့သည် ပရနိမ္မိတဝသဝတ္တိဘုံတို့၌ ဖြစ်ကြရကုန်၏။
ဟူ၍ပင်လျှင် ဥဒါနအဋ္ဌကထာ၌ မိန့်ဆိုအပ်၏ဟု သိအပ်ပေ၏။
ဆိုဖွယ်အထူးကား ဤစကားရပ်၌ ဝေဟပ္ဖိုလ်ဘုံ၌လည်းကောင်း၊ အကနိဋ္ဌဘုံ၌လည်းကောင်း၊ စတုတ္ထာရုပ္ပဖြစ်သော နေဝသညာနာသညာယတနဘုံ၌လည်းကောင်း ဤသို့ သုံးပါးသော ဘဝဂ် ဘုံတို့၌ ဖြစ်ကုန်သော အရိယာတို့သည် တစ်ပါးသော ဘုံတို့၌ မဖြစ်ကြကုန်။ ကြွင်းသော ဗြဟ္မာဘုံ တို့၌ ဖြစ်ကုန်သော အရိယာတို့သည် အောက် အောက်ဖြစ်သော ဗြဟ္မာဘုံတို့၌ မဖြစ်ကြကုန်ဟု သိအပ်၏။
ဓမ္မစတုက္ကသည် ပြီးပြီ။
ကံလေးပါး လေးလီအဖွင့် ပြီးပြီ။
…….
မရဏပ္ပတ္တိ စတုက္က အဖွင့်
သေခြင်း လေးပါး
သက်တမ်းကုန်သဖြင့် သေရခြင်းသည်လည်းကောင်း၊ ကံတန်ခိုးကုန်သဖြင့် သေရခြင်းလည်းကောင်း၊ ဤသို့ စသည်ဖြင့် ယှဉ်အပ်၏။ ထိုလေးပါးတို့တွင် ကံတန်ခိုး မကုန်မီသာလျှင် ထိုထိုသတ္တဝါ အပေါင်း၌ အကြင် အကြင်မှတ်အပ်သည့် အသက်အတိုင်းအရှည်၏ ကုန်သဖြင့် ပြည့်စုံသဖြင့် သေရခြင်းသည် အာယုက္ခယမရဏ = သက်တမ်းကုန်သဖြင့် သေရခြင်း မည်၏။
ထိုထိုဘုံဘဝ၌ အားနည်းသော ကံကြောင့်ဖြစ်သော သတ္တဝါအား အသက်အတိုင်းအရှည် မကုန်မီသာလျှင် သက်သက် ကံအစွမ်း ကုန်ခန်းသဖြင့် အကြား၌သာလျှင် သေခြင်းသည် ကမ္မက္ခယ- မရဏ = ကံအစွမ်း ကုန်သဖြင့် သေရခြင်း မည်၏။
ထိုအသက်ယ ကံနှစ်ပါး အညီအမျှကုန်သဖြင့် သေရခြင်းသည် ဥဘယက္ခယမရဏ = အသက် ကံနှစ်ပါးစုံ ကုန်သဖြင့် သေရခြင်း မည်၏။
ထိုအသက် ကံနှစ်ပါး အပေါင်းသည် ထင်ရှားရှိပါလျက်လည်း ရှေးဘဝတို့၌လည်းကောင်း၊ ဤယခု ပစ္စပ္ပုန်ဘဝ၌လည်းကောင်း ပြုအပ်သည့် ဥပဃာတကကံကြောင့် အဇ္ဈတ္တသန္တာန် ဗဟိဒ္ဓသဏ္ဌာန်၌ ဖြစ်ကုန်သော အထူးထူးသော ရောဂါအထူးထူးသော အနာ မြေမျိုခြင်း မိုးကြိုးကျခြင်း အစရှိ ကုန်သော အသက်၏ အန္တရာယ်တို့ကို ဖြစ်စေ၍ ဒုဿိအမည်ရှိသော မာရ်နတ် ကလာဗုမင်းတို့၏သို့- အကြား၌သာလျှင် ချုပ်ပျက်သော ခန္ဓာအစဉ်ရှိသည့် သတ္တဝါ၏ သေခြင်းသည် ဥပစ္ဆေဒက မရဏ = ဥပဃာတကကံ သတ်ဖြတ်သဖြင့် သေရခြင်း မည်၏။
စောဒနာဖွယ်ကို ဆိုပေဦးအံ့။ ဤမရဏုပ္ပတ္တိ၌ သေသည် မည်ကုန်သော အလုံးစုံသော ပုဂ္ဂိုလ်တို့အားလည်း ထိုထိုဘုံဘဝကို ဖြစ်စေတတ်သော ကံကုန်တော့သည် မဟုတ်ပါလော။ ထိုသို့ ဖြစ်ပါလျက် အဘယ်ကြောင့် ဤကမ္မက္ခယမှ တစ်ပါးသော အာယုက္ခယယ ဥဘယက္ခယယ ဥပစ္ဆေဒကမရဏ တို့ကိုလည်း အရှင်အနုရုဒ္ဓါဆရာ ဆိုအပ်ကုန်လေ သနည်း။ ဤသည်ကား စောဒနာ ခြင်းတည်း။
အဖြေစကားကို ငါဆိုပေအံ့။ မှန်လှစွာ၏။ မိမိ အလိုလိုသဘော၏ အစွမ်းဖြင့်သာလျှင် ကံအစွမ်း၏ ကုန်ခန်းခြင်းကို ဤအရာ၌ ကမ္မက္ခယ = ကံကုန်ခြင်းဟူ၍ အလိုရှိအပ်၏။ ဆယ်နှစ် အနှစ်နှစ်ဆယ် အနှစ် အသင်္ချေယျ တိုင်အောင် အစရှိသည်တို့၏ အစွမ်းဖြင့် အထူးထူးသော အာယုကပ်ကို စီရင် တတ်ကုန်သော ထိုထိုသတ္တဝါအပေါင်း၌ အလုံးစုံသော သူခပ်သိမ်းတို့နှင့် ဆက်ဆံကုန်သည့် သတ္တဝါတို့၏ အဇ္ဈတ္တ သန္တာန် ဗဟိဒ္ဓသဏ္ဌာန်၌ ဖြစ်ကုန်သော အကြင် ဥတု အာဟာရတို့ မည်သည် ရှိသည် ဖြစ်ကုန်၏။ ထိုထိုအာယုကပ်၏ ပွားစီးခြင်းကို ပြုတတ်သည့် ဥတု အာဟာရတို့ လည်းကောင်း၊ ယုတ်လျော့ခြင်းကို ပြုတတ်သည့် ဥတု အာဟာရတို့လည်းကောင်း ဤသို့ သုံးပါး အပြား ရှိကုန်၏။
ထိုသုံးပါးတို့တွင် အကုသိုလ် မူလတရားတို့သည် ပွားစီးကုန်သည် ရှိသော် ယုတ်လျော့ခြင်းကို ပြုတတ်ကုန်သော ဥတု အာဟာရတို့သည် တစ်နေ့တခြား တိုးပွားကြကုန်၏။ ကုသိုလ် မူရင်း တရားတို့သည် ပွားစီး ကုန်သည်ရှိသော် ပွားစီးခြင်းကို ပြုတတ်ကုန်သော ဥတု အာဟာရတို့ သည် ပွားစီးကြကုန်၏။ ကုသိုလ် အကုသိုလ် မူလရင်း နှစ်ပါးစုံသော တရားတို့သည် အညီအမျှ တည်ကုန် သည်ရှိသော် တည်တံ့ခြင်းကို ပြုတတ်သော ဥတု အာဟာရတို့သည် အညီအမျှ ဖြစ်ကြကုန်၏။ ထိုဥတု အာဟာရတို့၏ အစွမ်းဖြင့် သတ္တဝါတို့၏ အာယုကပ်သည် တစ်စုံတစ်ခုသော ဘုံ၌ အခါ ခပ်သိမ်း တည်တံ့ခြင်း အဖို့ရှိသည် ဖြစ်ပေ၏။ တစ်စုံတစ်ခုသော ဘုံ၌ တစ်ရံတစ်ခါ ယုတ်လျော့ခြင်း အဖို့ ရှိသည် ဖြစ်ပေ၏။ တစ်ရံတစ်ခါ တိုးပွားခြင်း အဖို့ရှိသည် ဖြစ်ပေ၏။
ဆက်၍ ဆိုပေဦးအံ့။ တည်တံ့သော အဖို့ကို ပြုခြင်း အစရှိကုန်သော ဤတရားသုံးပါးတို့သည် ထိုထိုသတ္တဝါ အပေါင်းကို လွှမ်းမိုးလျက် သက်တမ်းကို ပိုင်းခြားလျက် ဖြစ်ကုန်၏။ ထို့ကြောင့် အသင်္ချေယျ အသက်ရှည်သည်ကို ဖြစ်စေတတ်သည်လည်း ဖြစ်သည့် စကြာမင်း၏ စည်းစိမ်ချမ်းသာ ကို ဖြစ်စေတတ်သည်လည်း ဖြစ်သော ကံသည် ဆယ်နှစ်တမ်းဖြစ်သော ကာလ၌ အကျိုးပေးရသည် ရှိသော် ထိုကာလ အားလျော်သည်သာလျှင် ဖြစ်သော စည်းစိမ်ကိုလည်းကောင်း၊ အစိုးရ ခြင်းကို လည်းကောင်း ပေး၍ ဆယ်နှစ်ဖြင့် ကုန်ခန်းလေ၏။ ထိုထို သတ္တဝါအပေါင်း၌ အကြုံးဝင်ကုန်သော သတ္တဝါ အကောင်အထည် သဏ္ဌာန် ဖြစ်ကုန်သော ရုပ်တရားတို့သည် သဗ္ဗညုဘုရားရှင်တို့၏ ခန္ဓာအစဉ် ဖြစ်ကုန်ငြားသော်လည်း ထိုထိုဥတု ထိုထိုအာဟာရ အလားလျှင် အလားရှိကုန်သည် သာလျှင် ထိုဥတု ထိုအာဟာရ အခိုက်အတန်လျှင် အခိုက်အတန့် ရှိကုန်သည်သာလျှင် ဖြစ်၍ တန်ခိုးဖြင့် ပြီးသော အသက်ကို ပြုပြင်ခြင်း အတတ်ပညာဖြင့် ပြီးသော အသက်ကို ပြုပြင်ခြင်း ရသာယတနဆေး အစီအရင်ဟု ဆိုအပ်သော အသက်ကို ပြုပြင် ခြင်းတို့၌ လိမ္မာသော ပညာရှိတို့ကို ကြဉ်ထား၍ ညွတ်ကြကုန်၏ဟု သိအပ်၏။
မှန်လှစွာ၏။ မဟာပဒါနသုတ် အဋ္ဌကထာ၌-
- အလုံးစုံလည်း ဖြစ်ကုန်သော သဗ္ဗညုဘုရားရှင်တို့သည် အသင်္ချေ အသက်ရှည်ထိုက်ကုန်၏။ အဘယ်ကြောင့် ထိုဘုရားရှင်တို့သည် အသင်္ချေယျပတ်လုံး မတည်ကြကုန်သနည်း၊ ဤကား အမေး တည်း။ ဥတုဘောဇဉ်တို့၏ ဖောက်ပြန်ခြင်း ကြောင့်ပေတည်း။ မှန်လှစွာ၏။ ဥတုဘောဇဉ်တို့၏ အစွမ်းဖြင့် အသက်သည် ဆုတ်ယုတ်သည်မူလည်း ဆုတ်ယုတ်၏။ တိုးပွား သည်မူလည်း တိုးပွား၏။
ဟူသော ဤစကားကို မိန့်ဆိုအပ်ပေ၏။ ထို့ကြောင့် ပြဋ္ဌာန်းသော အားကြီးသည့် မှီရာဖြစ်ကုန်သော ဥတု အာဟာရတည်းဟူသော အကြောင်း နှစ်ပါးကြောင့် ဖြစ်သော ရုပ်တရားတို့သည် ထိုထို အာယုကပ်၏ အစွမ်းဖြင့် ညွတ်ကုန်သည်ရှိသော် ဆွေးမြေ့ကြကုန်သည်ရှိသော် အလွန် အားကြီး သည်လည်း ဖြစ်သော ကံသည် မိမိ၏ အကျိုး၏ တည်ရာ၏ မရှိခြင်းကြောင့် ကုန်ခန်းတော့ သည်သာလျှင်တည်း။
ထိုကံ၏ ထိုကုန်ခန်းခြင်းသည်လည်း မိမိသဘော၏ အစွမ်းဖြင့် မဖြစ်ချေ။ စင်စစ်သော်ကား အသက် အရံအတား၏ ဖောက်ပြန်ခြင်းကြောင့်သာလျှင် ဖြစ်၏။ ထို့ကြောင့် ဤအရာ၌ အသက်၏ကုန်ခြင်း =
အာယုက္ခယကို အသီးအခြား ယူအပ်၏ဟု သိအပ်၏။ ဤသို့သော နည်းကို ဥပစ္ဆေဒကမရဏ၌လည်း ဆောင်၍ သိအပ်၏။
ထိုမရဏုပ္ပတ္တိ၌ ဥပစ္ဆေဒကမရဏ ဟူသည်ကား- အခါမဟုတ်သော သေရခြင်းကို ဆိုအပ်၏။ မှန်လှစွာ၏။ ထိုအခါ မဟုတ်ဘဲ သေရခြင်း ဖြစ်သည်ရှိသော် ဥပစ္ဆေဒကကံကြောင့်လည်း ဖြစ်၏။ တစ်ပါးကုန်သော အထောင်မက များလှကုန်သော အကြောင်းတို့ကြောင့်လည်း ဖြစ်၏။ ထိုအကြောင်းတို့ကိုကား ပါဠိတော်၌ မူလအပြားအားဖြင့် ခြုံတော်မူ၍ ရှစ်ပါး အပြားအားဖြင့် ဟောတော်မူအပ်ကုန်၏။
ထိုရှစ်ပါးသော အကြောင်းတို့ ဟူသည် အဘယ်သို့နည်း။ ဤသည်ကား အမေးပုစ္ဆာတည်း။
- လေကြောင့် ဖြစ်ကုန်သော အနာမျိုးတို့သည် ရှိကြကုန်၏။
- သည်းခြေကြောင့် ဖြစ်ကုန်သော အနာမျိုးတို့သည် ရှိကြကုန်၏။
- သလိပ်ကြောင့် ဖြစ်ကုန်သော အနာမျိုးတို့သည် ရှိကြကုန်၏။
- လေ သည်းခြေ သလိပ် သုံးပါး ပေါင်းဆုံ၍ ဖြစ်ကုန်သော အနာမျိုးတို့သည် ရှိကြကုန်၏။
- ဥတုကြောင့် ဖြစ်ကုန်သော အနာမျိုးတို့သည် ရှိကြကုန်၏။
- မိမိကိုယ်ကို မညီမညွတ် ရွက်ဆောင်ခြင်းကြောင့် ဖြစ်ကုန်သော အနာမျိုးတို့သည် ရှိကြကုန်၏။
- မိမိလုံ့လ သူတစ်ပါးလုံ့လကြောင့် ဖြစ်ကုန်သော အနာမျိုးတို့သည် ရှိကြကုန်၏။
- ကံ၏အကျိုးကြောင့် ဖြစ်ကုန်သော အနာမျိုးတို့သည် ရှိကြကုန်၏။
ဤသို့ ရှစ်ပါး အပြားအားဖြင့် ဟောတော်မူအပ်ကုန်၏။ ထိုရှစ်ပါးတို့တွင် ကံ၏အကျိုးကြောင့် ဖြစ်ကုန်သော အချို့သော အနာတို့သည် ဥပပိဠကကံကြောင့် ဖြစ်ကုန်၏။ အချို့သော အနာတို့သည် ဥပစ္ဆေဒကကံကြောင့် ဖြစ်ကုန်၏။
အထူးကို ဆိုဦးအံ့။ အကြင်ကြောင့် လေပျက်သည်ရှိသော် သီတ ဥတု အစရှိကုန်သော ဆယ်ပါး ကုန်သော အကြောင်းတို့ကြောင့် ပျက်၏။ ထိုဆယ်ပါးသော အကြောင်းတို့တွင်လည်း ကံ၏အကျိုး ကြောင့် ဖြစ်သော အကြောင်းသည် တစ်ပါးသည်သာလျှင် ဖြစ်၏။ ကြွင်းသော အကြောင်းတို့ သည်ကား ကံ၏အကျိုးကြောင့် မဖြစ်ကြကုန်ဟု မိလိန္ဒပဉှာ၌ မိန့်ဆိုအပ်၏။ ဆက်၍ ဆိုဦးအံ့။ အကြင့်ကြောင့် ကံ၏အကျိုးကြောင့် ဖြစ်သည်လည်း ဖြစ်ကုန်သော အနာမျိုးတို့ ဖြစ်ကုန်သည် ရှိသော် လေပျက်ခြင်း စသည်တို့နှင့် ကင်း၍ မဖြစ်ကြကုန်။ ထို့ကြောင့် အချို့ ကုန်သော လေကြောင့် ဖြစ်သော အနာစသည်တို့သည်လည်း ကံ၏ အကျိုးကြောင့်ဖြစ်သော အနာတို့ ဖြစ်ကြ ကုန်သည်သာ လျှင်တည်းဟု မှတ်အပ်ကုန်၏။
ထိုရှစ်ပါးတို့တွင် ‘‘လေ သည်းခြေ သလိပ် သုံးပါး ပေါင်းဆုံ၍ ဖြစ်ကုန်သော အနာ’’ ဟူသည်ကား-
- လေ အစရှိကုန်သော နှစ်ပါးလည်း ဖြစ်ကုန်သော သုံးပါးလည်း ဖြစ်ကုန်သော စုရုံးသော ဓာတ်တို့၏ အစွမ်းဖြင့် ဖြစ်ကုန်သော အနာတို့တည်း။ လောက၌ သတ္တဝါတို့၏ ပယောဂမှ လွတ် ကုန်သော အလိုအလျောက် ဖြစ်ကုန်သော အကြင် အထူးထူးသော ဘေးဥပဒ္ဒေဝေါတို့သည် ရှိကြကုန်၏။ ထိုဥပဒ္ဒေဝေါတို့ကို ဥတုကြောင့်ဖြစ်သော အနာတို့၌ ရေတွက် သွင်းယူအပ် ကုန်၏ဟု မှတ်အပ်ကုန်၏။
‘‘မိမိကိုယ်ကို မညီမညွတ် ရွက်ဆောင်ခြင်းကြောင့် ဖြစ်ကုန်သော အနာ’’ ဟူသည်ကား-
- အမြော်အမြင် အဆင်ခြင်ပညာ မရှိကြကုန်သော များသော အပြားရှိသော မညီမညွတ်သည့် ပျက်စီးခြင်း အကြောင်း၌ မိမိကိုယ်ကို ယှဉ်စေကုန်သော ပုဂ္ဂိုလ်တို့အား ထိုထိုအရပ်မှ လည်းကောင်း၊ ထိုထိုအရပ်၌လည်းကောင်း ကျခြင်း ချော်ချွတ်ခြင်း စသည်တို့၏ အစွမ်းဖြင့် ဖြစ်ကုန်သော အနာတို့တည်း။
‘‘မိမိလုံ့လ သူတစ်ပါးလုံ့လကြောင့် ဖြစ်ကုန်သော အနာ’’ ဟူသည်ကား-
- မိမိသည်လည်းကောင်း၊ တစ်ပါးကုန်သော မင်း ခိုးသူ ရန်သူတို့သည်လည်းကောင်း၊ ဘီလူး သရဲ နတ်တို့သည်လည်းကောင်း၊ သစ် ကျား စသော သားရဲတို့သည်လည်းကောင်း ပြုအပ်ကုန်သော လုံ့လပယောဂတို့၏ အစွမ်းဖြင့် ဖြစ်ကုန်သော အနာတို့တည်း။
မှန်လှစွာ၏။ နတ်တို့ အမျက်ထွက်ကုန်သည်ရှိသော် အလုံးစုံသော ပြည်ကိုလည်းကောင်း၊ တိုင်းကိုလည်းကောင်း၊ ကျွန်းငယ်ကိုလည်းကောင်း တစ်ပြိုင်နက်တည်းဖြင့် အကြွင်းအကျန် မရှိသည်ကို ပြု၍ ပျက်စီးစေကုန်၏။ အဘယ်တို့၌ကဲ့သို့ နည်းဟူမူကား- ဒဏ္ဍကတိုင်း မဇ္ဈတိုင်း ကလိင်္ဂတိုင်း မာတင်္ဂတိုင်းတို့ ကဲ့သို့တည်း။ တစ်နည်းကား- အသိန်း မက များစွာကုန်သော ဘီလူး သားရဲတို့ကို လွှတ်ကြကုန်၏။ အဘယ်ပြည်၌ ကဲ့သို့နည်းဟူမူကား ဝေသာလီပြည်၌ကဲ့သို့တည်း။ ရက္ခိုသ်တို့ကိုမူလည်း လွှတ်ကြကုန်၏။ အဘယ်အရပ်၌ကဲ့သို့ နည်းဟူမူကား သထုံပြည်ကဲ့သို့တည်း။
မှန်လှစွာ၏။ အင်္ဂုတ္တရ ပါဠိတော်၌-
- အကြီးအကဲ ဖြစ်ကုန်သော နတ်ဘီလူးတို့သည် ရဲရင့်ကြမ်းတမ်းကုန်သော ဘီလူး သဘက်တို့ကို စေလွှတ်ကြကုန်၏။ ထိုဘီလူး သဘက်တို့ကို စေလွှတ်သောကြောင့် များစွာသော လူတို့ သေခြင်းသို့ ရောက်ကြရကုန်၏။
ဟူသော ဤစကားတော်ကို မိန့်တော်မူအပ်၏။ အဋ္ဌကထာ၌လည်း-
- ဘီလူးတို့ဟူသည် ဘီလူးတို့ကို အစိုးရသော နတ်ဘီလူးတို့သည် ရဲရင့် ကြမ်းတမ်းကုန်သော ဘီလူး သဘက်တို့ကို စေလွှတ် ကြကုန်၏ ဟူသည်ကား ရဲရင့် ကြမ်းတမ်းကုန်သော ဘီလူး သဘက်တို့ကို လူတို့၏ နေရာအရပ်တို့သို့ စေလွှတ်ကြကုန်၏။ ထိုဘီလူး သဘက်တို့သည် ရအပ်သော အခွင့်ရှိကြကုန်သည် ဖြစ်၍ များစွာသော လူအပေါင်းကို အသက်ကုန်ခြင်းသို့ ရောက်စေကြကုန်၏။
ဟူ၍ မိန့်ဆိုအပ်၏။
ထိုစကားရပ်၌ ‘‘စေလွှတ်ကြကုန်၏’’ ဟူသည်ကား မညီမညွတ် မသင့်မတင့်သော အကျင့်များ ကုန်သော လူတို့ကိုမြင်၍ သဒ္ဓါတရား ပျက်သောကြောင့် နတ်ဘီလူး စစ်သူကြီးတို့သည် လူတို့ အကျိုးငှါ ရှေး၌ကဲ့သို့ အစောင့်အရှောက်ကို မယူကြလေကုန်။ ဤသည်ကား အနက်တည်း။
ဇနပုဒ် မြို့ နိဂုံး ရွာတို့၌လည်းကောင်း၊ ထိုထိုပုဂ္ဂိုလ်၌လည်းကောင်း ဆိုဖွယ်အထူးသည်ပင်လျှင် မရှိတော့ချေ။ အင်္ဂုတ္တရပါဠိတော်၌ ဟောတော်မူအပ်ကုန်သော သတ္တန္တရကပ် ဒုဗ္ဘိက္ခန္တရကပ်ယ ရောဂန္တရကပ်တို့ကိုလည်း ဤနေရာ၌ ဆိုသင့် ဆိုထိုက်ကုန်၏ဟု သိအပ်၏။
‘‘ကံ၏အကျိုးကြောင့် ဖြစ်ကုန်သော အနာ’’ဟူသည်ကား-
- ဥပပီဠက- ဥပဃာတကဟု ဆိုအပ်ကုန်သော ကံတို့၏ အကျိုးပေးသည်၏ အစွမ်းဖြင့် ဖြစ်ကုန်သော အနာတို့တည်း။ ဤသည်ကား အနက်ပေတည်း။
ဤသို့ အခါမဟုတ်ဘဲ သေရခြင်းသည် ဥပစ္ဆေဒက ကံကြောင့် လည်းကောင်း၊ တစ်ပါးကုန်သော အထောင်မက များကုန်သော အကြောင်းတို့ကြောင့်လည်းကောင်း ဖြစ်ပေ၏ဟု သိအပ်၏။
ချဲ့၍ ဆိုဦးအံ့။ လောက၌ အချို့ကုန်သော အသက်ကို ဆောင်တတ် အသက်ကို ဖျက်ဆီး တတ်ကုန်သော အကြင် အထူးထူးသော ရောဂါတို့သည်လည်းကောင်း၊ အကြင် အထူးထူးသော အနာတို့သည်လည်းကောင်း၊ အထူးထူးသော ဘေးတို့သည်လည်းကောင်း၊ အကြင် အထူးထူးသော ဒဏ်တို့သည်လည်းကောင်း၊ အကြင် အထူးထူးသော ဥပဒ္ဒဝေါ ဥပသဂ္ဂတို့သည်လည်းကောင်း ထင်ကုန်၏။ အလုံးစုံကုန်သော ထိုဘေး ဥပဒ္ဒဝေါတို့သည် မိမိ၏ကံကြောင့် ဖြစ်ကုန်မှသာလျှင် မိမိအား ဆက်ဆံ ကုန်၏။ ဤသို့သော စကားသည် မရှိချေ။ သူတစ်ပါးတို့၏ ကံကြောင့် ဖြစ်ကုန် ငြားသော်လည်း မိမိအား ဆက်ဆံကုန်သည်သာလျှင်တည်း။ မိမိကံကြောင့် ဖြစ်ကုန်ငြားသော်လည်း သူတစ်ပါးတို့အား ဆက်ဆံကုန်သည်သာလျှင်တည်း။ ကံကိုကြဉ်၍ အမှတ်မရှိ တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်သော ဥပဒ်တို့သည်လည်း မိမိအားလည်းကောင်း၊ သူတစ်ပါးတို့အား လည်း ကောင်း ဆက်ဆံကုန်သည်သာလျှင်တည်း။ သူခပ်သိမ်းတို့နှင့် ဆက်ဆံသော ကံကြောင့်ဖြစ်သော ဘေးဥပဒ်တို့၌ ဆိုဖွယ်သည် ပင်လျှင် မရှိတော့ချေ။
အဋ္ဌကထာဆရာ အဘယ်သို့ဆိုသနည်း ဟူမူကား ဝိသုဒ္ဓိမဂ်၌-
- ခရီးလေးခု အဆုံ၌ စိုက်ထောင်၍ ထားအပ်သော မှတ်တိုင်၌ အလုံးစုံသော အရပ်မျက်နှာတို့မှ လာကုန်သော မြား လှံ ခက်ရင်း ကျောက် အစရှိသည်တို့သည် ကျကုန်သကဲ့သို့ ထို့အတူ ကိုယ်၌ လည်း အလုံးစုံသော ဥပဒ္ဒဝေါတို့သည် ကျကုန်၏။
ဤသို့ မိန့်ဆိုတော်မူ၏။
ဆက်၍ ဆိုဦးအံ့။ အကြင် ပြည် တိုင်း စသည်တို့၌ ထိုဥပဒ္ဒဝေါ တို့သည် ကျရောက်ကြကုန်၏။ ထို ပြည် တိုင်း စသည်တို့၌ အကြင် သူတို့သည် အကြောင်းဥပါယ်တံမျဉ်၌ လိမ္မာကြကုန်သည်မူလည်း မဖြစ်ကြကုန်။ ကုစားမှု၌ လိမ္မာကြကုန်သည်မူလည်း ဖြစ်လည်း မဖြစ်ကြကုန်။ ရှောင်လွဲမှု၌ လိမ္မာကြကုန်သည်မူလည်း ဖြစ်လည်း မဖြစ်ကြကုန်။ ကံသည်လည်း အကြင်သူတို့အား အားနည်း၏။ ဖြစ်ပေါ်လာသော အကျိုးမဲ့သည် အားကြီး၏။ ထိုသူတို့သည် ဥပစ္ဆေဒကကံကို ကြဉ်၍လည်း ထိုဖြစ်ပေါ်လာသော ဘေးရန်မှ မလွတ်ကုန်။ သေရခြင်းသို့လည်းကောင်း၊ သေလောက်ရုံမျှ ဖြစ်သော ဆင်းရဲသို့လည်းကောင်း ရောက်ကုန်သည်သာလျှင်တည်း။
မှန်လှစွာ၏။ ကောင်းသည်ဖြစ်၍ ဖြစ်သော ကံသည်လည်း မိမိထက် အလွန်အားရှိသော တစ်စုံ တစ်ခုသော အကြောင်းကြောင့် ဖြစ်သော ရောဂါကိုလည်းကောင်း၊ အနာကိုလည်းကောင်း၊ ဘေးကို လည်းကောင်း၊ ဒဏ်ကိုလည်းကောင်း၊ ဥပဒ္ဒဝေါ- ဥပသဂ္ဂတို့ကိုလည်းကောင်း တားမြစ်ခြင်းငှါ မတတ်နိုင်ချေ။ ရောဂါ စသည်တို့သာလျှင် ထိုကုသိုလ်ကံကို ကုန်စေလျက် ဖြစ်ကြကုန်၏။
ဥပမာဖြင့် ထင်စွာ ပြဦးအံ့။ ရေသည် မိမိထက် အလွန်အားရှိသော မီးကို တားမြစ်ခြင်းငှါ မတတ်ကောင်းပေ။ မီးသည်သာလျှင် ထိုရေကို ကုန်စေလျက် ဖြစ်သကဲ့သို့ ထို့အတူ ဤဥပမာ၏ ပြည့်စုံခြင်းကို မှတ်အပ်၏။
ဆက်၍ ဆိုဦးအံ့။ ဤသတ္တဝါတို့၏ ပြကတေ့အားဖြင့်လည်း ကံ၏ အားနည်းသော အဖြစ်ကို မဟာနိဒ္ဒေသ ပါဠိတော်၌ ဇရာသုတ်၏ နိဒ္ဒေသဖြင့်လည်းကောင်း၊ ဝိသုဒ္ဓိမဂ် မရဏဿတိ၏ နိဒ္ဒေသ၌ အာယုဒုဗ္ဗလတော ဟူသော ပုဒ်၏ နိဒ္ဒေသဖြင့်လည်းကောင်း ပြသင့် ပြထိုက်ပေ၏။
အဋ္ဌကထာဆရာ အဘယ်သို့ ဆိုသနည်း ဟူမူကား-
- ဤအသက် မည်သည်ကား အားမရှိချေ။ အားနည်းလှ၏။ ထိုစကားသည် မှန်လှစွာ၏။ သတ္တဝါ တို့၏ အသက်သည် ထွက်သက် ဝင်သက်နှင့်လည်း စပ်သည်သာလျှင်တည်း။ ဣရိယာပုဒ်နှင့်လည်း စပ်၏၊ အအေး အပူနှင့်လည်း စပ်၏၊ မဟာဘုတ်နှင့်လည်း စပ်၏၊ အာဟာရနှင့်လည်း စပ်၏။
ဤသို့ အစရှိသော စကားကို မိန့်ဆိုပေ၏။ ထို့အတူ-
- ကာယဗဟုသာ ဓာရဏတော = ကိုယ်၏ များစွာသော သတ္တဝါတို့နှင့် ဆက်ဆံသော အဖြစ်ဖြင့် လည်းကောင်း၊
- အနိမိတ္တော = သေခြင်း၏ အမှတ်အသား မရှိသောအားဖြင့် လည်းကောင်း၊
ဟူကုန်သော ဤပုဒ်တို့၏ နိဒ္ဒေသဖြင့်လည်း ထင်ရှားတော့သည်သာလျှင်တည်း။ မှန်လှစွာ၏။ ကံကြောင့်ဖြစ်သော အသက်၏ မြက်ဖျား၌ (ရောက်သော) ဆီးနှင်းပေါက်ကဲ့သို့ အလွန်အားနည်း သည်၏ အဖြစ်ကို ပါဠိတော်၌လည်းကောင်း၊ အဋ္ဌကထာ၌လည်းကောင်း မိန့်ဆိုအပ်သည် ရှိသော် ကံ၏လည်း ထို့အတူသာလျှင် အားနည်းသည်၏ အဖြစ်ပြီးစီးပေ၏ဟု သိအပ်၏။ ဤသို့လျှင် ဤစကား ဝန်ခံအပ်၏။
ဤမှ တစ်ပါးသော အပြားအားဖြင့် အနက်ကို ယူသည်ရှိသော် သဗ္ဗံ ပုဗ္ဗေကတဟေတုဒိဋ္ဌိ မည်သည် ဖြစ်ပေရာ၏။ ဘုရား အဘယ်သို့ ဟောတော်မူသနည်း ဟူမူကား-
- ဤလောက၌ အချို့သော ရဟန်းသည်လည်းကောင်း၊ ပုဏ္ထားသည်လည်းကောင်း ဤသို့ ဟောလေ့ရှိသည် ဖြစ်ပေ၏။ ဤသို့ ယူလေ့ရှိသည် ဖြစ်ပေ၏။ ‘‘ဤ ယောက်ျား ဖြစ်သော ပုဂ္ဂိုလ်သည် အလုံးစုံသော သုခဝေဒနာကိုလည်းကောင်း၊ ဒုက္ခ ဝေဒနာကိုလည်းကောင်း၊ အဒုက္ခ မသုခဝေဒနာကိုလည်းကောင်း ခံစားရ၏။ အလုံးစုံသော ထိုခံစားသမျှသည် ရှေးဘဝ၌ ပြုခဲ့ပြီးသော ကံဟူသော အကြောင်းကြောင့် ဖြစ်၏။
ဟူ၍ ဟောတော်မူ၏။ ဤသို့သော အနက်သည်လည်း မိလိန္ဒပဉှာ ၌ သုံးပါးကုန်သော အရာဌာန တို့၌ အကျယ်အားဖြင့် လာရှိပေ၏။
[ကျမ်းပြုဆရာ၏အမှာ- သုံးပါးကုန်သော အရာဌာန ဟူသည်ကား သည်းခြေကြောင့် ဖြစ်ခြင်း သလိပ်ကြောင့် ဖြစ်ခြင်း လေကြောင့် ဖြစ်ခြင်းဟု ဆိုအပ်သော သည်းခြေ သလိပ် လေ ဟူသော အကြောင်း အရာဌာန သုံးမျိုးတို့ကြောင့် အဖြစ်များပုံကို မိလိန္ဒပဉှာ (နှာ- ၁၃၆ မှ ၁၄၀- အထိ)၌ လာရှိပေ၏။ ထို မိလိန္ဒပဉှာ မှလည်း သဠာယတနဝဂ္ဂသံယုတ္တပါဠိ (နှာ- ၄၂၈) သီဝကသုတ်ကို ထပ်ဆင့်သာဓက ပြုတော်မူပြန်၏။ အကျယ်ကို သိလိုမူ ထိုထိုပါဠိတို့၌ ရှုတော်မူကြ ပါကုန်။]
စင်စစ်သော်ကား အကြင်ကြင် ဆိုအပ်ခဲ့ကုန်ပြီးသော အထောင်မကကုန်သော အကြောင်းတို့ဖြင့် ဖြစ်သော သေခြင်းကိုလည်း အကာလ မရ အဖြစ်ဖြင့် တူသည်၏ အဖြစ်ကြောင့် ဤအရာ၌ ဥပစ္ဆေဒကမရဏ၌ သွင်းယူရေတွက်အပ်၏ဟု မှတ်အပ်၏။
၁ရ၄။ ဋီကာကျော် (နှာ- ၁၈ရ)၌-
ဤဥပစ္ဆေဒက သေခြင်းသည်ကား ငရဲသူတို့အား လည်းကောင်း၊ မြောက်ကျွန်းသူတို့အား လည်း ကောင်း၊ အချို့သော နတ်တို့ အားလည်းကောင်း မဖြစ်ချေ။
ဟူ၍ မိန့်ဆို၏။ ထိုသို့ပင် ဆိုငြားပါသော်လည်း မဟာဋီကာ၌ ဤလူ့ဘုံမှ အဆွေအမျိုးတို့ ပေးဝေအပ်သော ကောင်းမှု၏ အဖို့ကို ဝမ်းမြောက်၍ (သာဓုအနုမောဒနာ ခေါ်ဆို၍) ထိုခဏ၌ ပင်လျှင် စုတေ၍ သုဂတိဘုံ၌ ဖြစ်ကုန်သော အချို့သော ပြိတ္တာတို့အား ကုသိုလ်ဖြစ်သော ဥပစ္ဆေဒကံကို မိန့်ဆိုအပ်ပေ၏။
ထို့အတူ ယမမင်း၏ မေးစီစစ်သောအခါ စသည်တို့၌ မိမိသည် ပြုအပ်ခဲ့သော ကောင်းမှုကို အောက်မေ့၍ ထိုခဏ၌ပင်လျှင် စုတေ၍ သုဂတိဘုံ၌ ဖြစ်ကုန်သော အချို့သော ငရဲသူတို့အားလည်း ဥပစ္ဆေဒ မရဏ မည်သည်ကို ဆိုခြင်းငှါ မတတ်ကောင်းသည်ကား မဟုတ်ချေ။ တတ်ကောင်း သည်သာလျှင်တည်း။
အချို့ကုန်သော တာဝတိံသာနတ်ပြည်၌ ဖြစ်ကုန်သော နတ်တို့အားလည်း ထိုဥပစ္ဆေဒကမရဏ ဖြစ်နိုင်သည်သာလျှင်တည်း။ မှန်လှစွာ၏။ ထို့ကြောင့်သာလျှင် သုဗြဟ္မဒေဝပုတ္တသံယုတ် အဋ္ဌကထာ ၌-
- ထိုအခါ၌ ပင်လယ်ကသစ်ပင်သို့ တက်ကြကုန်သော ငါးရာကုန်သော နတ်သမီးတို့သည် ဥပစ္ဆေဒကကံ၏ အစွမ်းအားဖြင့် တစ်ပြိုင် နက်တည်းသာလျှင် စုတေခြင်းကို ပြုကြကုန်၍ အဝီစိငရဲ၌ ဖြစ်ကြရကုန်၏။
ဟူ၍ မိန့်ဆိုအပ်၏။ ထိုအဋ္ဌကထာ၌-
- သစ်ပင် ဟူသည်ကား- တာဝတိံသာ၌ ပင်လယ်ကသစ်ပင်ကို (ဟု ဆိုလိုသည်)
- တက်ကြကုန်သော နတ်သမီးတို့သည်- ဟူသည် တက်ကြကုန်သော ငါးရာကုန်သော နတ်သမီး တို့သည် (ဟု ဆိုလိုသည်)
မနောပဒေါသိကနတ် ခိဍ္ဍာပဒေါသိကနတ်တို့၏ သေခြင်းကို လည်းကောင်းရှည်သော အသက်ရှိသော နတ်ပြည်၌လည်းကောင်း၊ ဗြဟ္မာ့ပြည်၌လည်းကောင်း၊ ဖြစ်ကုန်သော ဘုရားအလောင်းတို့သည် နှလုံးသွင်းလျက် သေခြင်းကိုလည်းကောင်း၊ ဆန္နမထေရ် ဂေါဓိကမထေရ် စသည် တို့၏သို့ ကိုယ်တိုင်သာလျှင် လက်နက်ကိုဆောင်၍ ပရိနိဗ္ဗာန်စံသော ပုဂ္ဂိုလ်တို့၏ သေခြင်းကိုလည်းကောင်း ဤဥပစ္ဆေဒကမရဏ၌သာလျှင် သွင်းယူ ရေတွက်အပ်၏ဟု မှတ်အပ်၏။
- တထာစ- ဟူသည်ကား လေးပါးကုန်သော ထိုအပြားတို့ဖြင့် သေကုန်သော ပုဂ္ဂိုလ်တို့အား ခြောက်ပါးကုန်သော ဒွါရတို့တွင် တစ်ခုခုသော ဒွါရ၌ ရှေ့ရှုဖြစ်၍ တည်၏။ ဤသည်ကား ပုဒ်စပ်ခြင်း တည်း။
- မရဏကာလေ- ဟူသည်ကား သေခါနီးကာလ၌၊
- ယထာရဟံ- ဟူသည်ကား သုဂတိဘုံ ဒုဂ္ဂတိဘုံသို့ သွားလတ္တံ့သော ပုဂ္ဂိုလ်တို့အား ထိုက်သည် အားလျော်စွာ၊
ရဟန္တာတို့၏ မရဏသန္န အဆုံးဇောအာရုံ
အကြင် ရဟန္တာပုဂ္ဂိုလ်တို့သည်ကား တစ်စုံတစ်ခုသော ဘုံ၌ မဖြစ်ကြကုန်။ ထိုပုဂ္ဂိုလ်တို့တွင်-
- သုက္ခဝိပဿက ရဟန္တာပုဂ္ဂိုလ်တို့အား ပြကတေ့အားဖြင့် ထင်မြဲတိုင်းသော နာမ်ရုပ်သည်သာလျှင် အဆုံးဇောတို့၏ အာရုံ ဖြစ်ပေ၏။
- သမာပတ်ကို ရသော ရဟန္တာပုဂ္ဂိုလ်တို့တွင်ကား ဈာန်၏အခြားမဲ့၌ ပရိနိဗ္ဗာန် ပြုကုန်သော ရဟန္တာတို့အား ကသိုဏ်းနိမိတ် စသည်သည် အန္တိမဇောတို့၏ အာရုံ ဖြစ်ပေ၏။
- ပစ္စဝေက္ခဏာဇော၏ အခြားမဲ့၌ ပရိနိဗ္ဗာန် ပြုကုန်သော ရဟန္တာတို့အား ဈာန်အင်္ဂါတို့သည် အန္တိမဇောတို့၏ အာရုံ ဖြစ်ပေ၏။
- အဘိညာဉ်ဇော၏ အခြားမဲ့၌ ပရိနိဗ္ဗာန် ပြုကုန်သော ရဟန္တာတို့အား မိမိ၏ကရဇရုပ်သည် အန္တိမဇောတို့၏ အာရုံ ဖြစ်ပေ၏။
- ဇီဝိတ သမသီသီ ဖြစ်ကုန်သော အရဟတ္တမဂ်၏ကား ပစ္စဝေက္ခဏာ၏ အခြားမဲ့၌ ပရိနိဗ္ဗာန် ပြုကုန်သော ရဟန္တာတို့အား မဂ္ဂင် အစရှိသည်တို့သည် အန္တိမဇောတို့၏ အာရုံ ဖြစ်ပေ၏ဟု သိအပ်၏။
အလုံးစုံသော ရဟန္တာပုဂ္ဂိုလ်တို့၏လည်း ပရိနိဗ္ဗာနစုတိစိတ်၏ကား အစ မိမိ မိမိ၏ ပဋိသန္ဓေသည် ယူမြဲတိုင်းသော ကံအစရှိသည်တို့တွင် တစ်ပါးပါးသည်သာလျှင် အာရုံဖြစ်ပေ၏ဟု မှတ်အပ်ပေ၏။ အကြင် ဆရာတို့သည်ကား-
- အို … လူ နတ် ဗြဟ္မာ ဝေနေယျသတ္တဝါအပေါင်းတို့ တဏှာ ကင်းစင်တော်မူပြီးထသော အကြင် မြတ်စွာသခင် ဘုရားရှင်သည် နိဗ္ဗာန်သို့ ဝင်ခြင်းကို အကြောင်းပြု၍ စုတေခြင်းကို ပြုတော်မူ၏။
ဟူသော ဤသုတ်ပုဒ်ကို မြင်ကြကုန်၍ နိဗ္ဗာန်ကိုသာလျှင် ဘုရားရှင်၏ ပရိနိဗ္ဗာနစုတို့၏ အာရုံမည်၏ဟု ဆိုကြကုန်၏။ ထိုဆရာတို့သည် ထိုစကားဖြင့် မိမိတို့သည်သာလျှင် အဘိဓမ္မာ၌ အာရမ္မဏတိက်တို့၌ မိမိ၏ မလိမ္မာသည်၏ အဖြစ်ကို ပြကြကုန်၏။ အဘယ်ကဲ့သို့ ဟောတော် မူသနည်း ဟူမူကား-
- ‘‘ကာမတရားလျှင် အာရုံရှိကုန်သော တရားတို့သည် အဘယ်တရားတို့ ဖြစ်ကြပါသနည်း။ အလုံးစုံသော ကာမာဝစရဝိပါက် ကြိယာ မနောဓာတ် သောမနဿဝေဒနာနှင့် တကွဖြစ်သော ကြိယာ ဟေတုကမနောဝိညာဏဓာတ် ဖြစ်ပေ၏။ ဤတရားတို့သည် ကာမတရားလျှင် အာရုံရှိသော တရားတို့ မည်ကုန်၏။
ဟူ၍ ဟောတော်မူ၏။
စင်စစ်သော်ကား အကြင်ကြောင့် ပရိနိဗ္ဗာန်ပြုသည် မည်သည် နိဗ္ဗာန်အကျိုးငှါ သာလျှင် ဖြစ်၏။ ထိုမြတ်စွာဘုရား၏ ဆန္ဒတော်သည်လည်း စင်စစ်အားဖြင့် နိဗ္ဗာန်သို့ ညွတ်တော့သည်သာလျှင် တည်း။ ထို့ကြောင့် ‘‘တဏှာကင်းစင်တော်မူပြီးထသော’’ စသော သုတ်ပုဒ်ကို အရှင်အနုရုဒ္ဓါ ရဟန္တာ မထေရ်မြတ်သည် ရွတ်ဆိုတော်မူအပ်ပေ၏။
မှန်လှစွာ၏။ ထို့ကြောင့်သာလျှင် အဋ္ဌကထာ၌-
- ‘‘သန္တိမာရဗ္ဘာတိ အနုပါဒိသေသံ နိဗ္ဗာနံ အာရ¸ ပဋိစ္စသန္ဓာယ’’ ဟူ၍ မိန့်ဆိုတော်မူအပ်၏။ ‘‘အာရဗ္ဘ အာလမ္ဘိတွာ အာရမ္မဏံ ကတွာ’’ ဟူ၍ကား မဆိုခဲ့ပေ။
ထေရအဋ္ဌကထာ၌ကား-
‘‘သန္တိမာ ရဗ္ဘာတိ အနုပါဒိသေသံ နိဗ္ဗာနံ အာရမ္မဏံ ကတွာ’’ ဟူ၍ မိန့်ဆိုအပ်၏။ ထိုစကားသည် ပရိနိဗ္ဗာနသုတ် ပါဠိတော်နှင့်လည်းကောင်း၊ ထိုပါဠိတော်၏ အဖွင့် အဋ္ဌကထာနှင့်လည်းကောင်း မညီညွတ်ပေ။
[မြန်မာပြန်ဆရာ၏အမှာ- ဤထေရအဋ္ဌကထာ၏ အဖွင့်စကားသည် ယခုခေတ် ဆဋ္ဌမူတို့၌ သုတ်မဟာဝါအဋ္ဌကထာနှင့် တညီတညွတ်တည်း ရှိနေသည်ကို တွေ့ရ၏။ ကျေးဇူးရှင်ကြီးတို့၏ခေတ် ပေမူ ဘုတ်အုပ်မူတို့၌ကား- သုတ်မဟာဝါ အဋ္ဌကထာနှင့် မတူဘဲ တစ်မူ ထူးခြားစွာ ‘‘အာရဗ္ဘ’’ပုဒ်ကို ‘‘အာကမ္မဏံ ကတွာ’’ဟု ဖွင့်ဆိုချက် ရှိဟန်တူသည်။ ထို့ကြောင့် ဆိုခဲ့ပြီးသော စကားဝါကျနှင့် ဆိုလတ္တံ့သော စကားဝါကျတို့ကို ကျေးဇူးရှင်ကြီး မိန့်ဆိုတော်မူ၏။ ပရိနိဗ္ဗာနစုတိစိတ်သည် နိဗ္ဗာန်ကို အာရုံပြု၏ဟူသော ဝါဒန္တရ ဖြစ်ပေါ်လာ၏- ဟုလည်း သိမှတ်ကြကုန်ရာ၏။]
မှန်လှစွာ၏။ ထိုပါဠိအဋ္ဌကထာတို့၌ မြတ်စွာဘုရား၏ ပရိနိဗ္ဗာန်သည် ဈာန် အင်္ဂါကို ဆင်ခြင်သော ပစ္စဝေက္ခဏာဝီထိ၏ အခြားမဲ့၌ ဖြစ်၏ဟု မိန့်ဆိုအပ်ပေ၏။ ဆက်၍ ဆိုဦးအံ့။ ဤအရာ၌ ရှေး၌ ဖြစ်ကုန်သော နှစ်ပါးကုန်သော သမနန္တရ = အခြားမဲ့တို့ကို ပရိနိဗ္ဗာနသုတ် အဋ္ဌကထာတို့၌ မိန့်ဆို အပ်ကုန်၏။ အဘိညာဉ်၏ အခြားမဲ့သည် ဥဒါန အဋ္ဌကထာတို့၌ လာ၏။ အဋ္ဌကထာဆရာ အဘယ်သို့ ဆိုသနည်း ဟူမူကား-
- ဝုဋ္ဌဟိတွာ ပရိနိဗ္ဗာယိ- ဟူသည်ကား အဘိညာဉ် ဝီထိစိတ်အစဉ်မှထ၍ ဘဝင်စိတ်ဖြင့် ပရိနိဗ္ဗာန် ပြုတော်မူ၏။ ဟူ၍ မိန့်ဆိုပေ၏။
အရဟတ္တမဂ်၏ ပစ္စဝေက္ခဏာဝီထိ၏ အခြားမဲ့သည် ပုဂ္ဂလပညတ္တိ အဋ္ဌကထာ၌ လာ၏။ အဋ္ဌကထာ ဆရာ အဘယ်သို့ မိန့်ဆိုသနည်း ဟူမူကား-
- ပစ္စဝေက္ခဏဉာဏ် ဆယ့်ကိုးတန်၌ တည်၍ ဘဝင်သို့ သက်ဝင်လျက် ပရိနိဗ္ဗာန် ပြု၏-ဟူ၍ မိန့်ဆိုပေ၏။
သံယုတ္တအဋ္ဌကထာ၌ကား-
- အရဟတ္တမဂ်၏ အခြားမဲ့၌ ဖိုလ်သည် ဖြစ်၏။ ဖိုလ်၏ အခြားမဲ့၌ ဘဝင် ဖြစ်၏။ ဘဝင်မှထ၍ ပစ္စဝေက္ခဏဝီထိဇော ဖြစ်၏၊ ထိုပစ္စဝေက္ခဏဝီထိဇောသည် အပြည့်အစုံမူလည်း ဖြစ်၏။ မပြည့် မစုံမူလည်း ဖြစ်၏။ မှန်လှစွာ၏။ ထက်လှစွာသော သန်လျက်ဖြင့် ဦးခေါင်းကို ဖြတ်ပါသော်လည်း တစ်ကြိမ်လည်းဖြစ်သော နှစ်ကြိမ်လည်း ဖြစ်ကုန်သော ပစ္စဝေက္ခဏ ဇောဝီထိ အကြိမ်တို့သည် မချွတ်ဧကန် ဖြစ်ကြကုန်၏။
ဟူ၍ မိန့်ဆိုအပ်ပေ၏။
[မြန်မာပြန်ဆရာ၏အမှာစကား - ဤသံယုတ္တအဋ္ဌကထာလာ စကားသည် ‘‘ဇိဝိတသမသီသီ ပုဂ္ဂိုလ်’’ကို ဖွင့်ဆိုရာ ဌာနဖြစ်၍ ‘‘မဂ်၏ အခြားမဲ့၌ ဖိုလ်ဖြစ်၏’’စသော စကားရပ်စုတို့ကို မိန့်ဆို တော်မူ၏။ ကျေးဇူးရှင်ကြီး မိန့်တော်မူလိုရင်းမှာ ‘‘ပစ္စဝေက္ခဏဝီထိ နောင်တွင် ပရိနိဗ္ဗာန်ပြု၏’’ ဟူသည်ကိုသာ ဆိုတော်မူလိုရင်း ဖြစ်၏ဟု သိမှတ်ပါကုန်။]
၁ရ၅။ ဋီကာကျော် (နှာ- ၁၈၈)၌ကား-
ဤသို့ ပိုင်းခြား မှတ်သားခြင်းကို မပြုမူ၍-
အထူးကို ဆိုဦးအံ့။ တစ်စုံတစ်ခုသော ဂတိ၌ မဖြစ်လတ္တံ့သော ရဟန္တာပုဂ္ဂိုလ်အား ရှေး၌ ထင်မြဲ တိုင်းသော နာမ်ရုပ် အစရှိသော အာရုံသည်သာလျှင် စုတိ အဆုံးရှိကုန်သော စိတ်တို့၏ အာရုံ အဖြစ်သို့ ရောက်၏။ ကံ ကမ္မနိမိတ် အစရှိသော အာရုံတို့သည် အာရုံအဖြစ်သို့ မရောက်ကြကုန်၏။ ဟူသော စကားကို ဆိုခြင်းသည် မကောင်းချေ။ မှန်လှပေ၏။ ထိုရဟန္တာ ပုဂ္ဂိုလ်၏ စုတိစိတ်သည် ကံ ကမ္မနိမိတ် စသည်ကို အာရုံမပြုသည်ကား မဟုတ်၊ ပြုသည်သာလျှင်တည်း။ စုတိသည် ယူအပ် ကုန်သော ကံအစရှိသည်တို့ မည်သည် အလုံးစုံသော သတ္တဝါတို့အားလည်း ဘဝ တစ်ပါး၏ အကျိုးငှါ ဖြစ်လည်း မဖြစ်ကုန်ဟု သိအပ်၏။
- အဘိမုခိဘုတံ- ဟူသည်ကား ကံတစ်ပါး၏ အခွင့်ကို မပေးမူ၍ မိမိ၏အခွင့်ကို ပြု၍ ရှေးရှုဖြစ်၍ တည်သော ကံသည်မူလည်း ရှေးရှုဖြစ်၍ တည်၏။ ဤသည်ကား ပုဒ်စပ်ခြင်းပေတည်း။
- ဥပလဒ္ဓပုဗ္ဗံ- ဟူသည်ကား ထိုကံ၏ အာရုံဖြစ်ကုန်သော အမှု ၀တ္ထု စသည်တို့ကိုလည်းကောင်း၊ သူတစ်ပါးအသက် စသည်တို့ကိုလည်းကောင်း ရည်ရွယ်၍ မိန့်ဆိုအပ်၏။
အကြင်ကြောင့်လည်း လက္ခဏသံယုတ်၌-
- နွား အစရှိသည်တို့ကို သတ်၍ အစုအပုံ ပြုအပ်ကုန်သော အရိုးစု အရိုးပုံ စသည်တို့သည် ကမ္မနိမိတ်တို့ ဖြစ်ကြကုန်၍ ထင်လာကုန်၏။
ဟူ၍ အဋ္ဌကထာ၌ မိန့်ဆိုအပ်၏။ ထို့ကြောင့် ကံနှင့်စပ်ကုန်သော အမှတ်မရှိကုန်သော ၀တ္ထု တို့ကိုလည်းကောင်း၊ အာရုံတို့ကိုလည်းကောင်း ဤအရာ၌ အဆောက်အဦ၌ သွင်းယူအပ်ကုန်၏ဟု မှတ်အပ်ကုန်၏။
- ဥပလဗ္ဘိတဗ္ဗံ - ဟူသည်ကား ဒုဂ္ဂတိနိမိတ်ကို ရည်ရွယ်၍ မိန့်ဆိုအပ်၏။
- ဥပဘောဂဘူတံ- ဟူသည်ကား သုဂတိနိမိတ်ကို ရည်ရွယ်၍ မိန့်ဆိုအပ်၏။
- တစ်နည်းသော်ကား- နှစ်ပါးစုံလည်းဖြစ်သော အကြင်အာရုံသည် ကိုယ်နှင့် စပ်ယှက်သည် ဖြစ်၍ ရအပ်၏။ ထိုရအပ်သော အာရုံသည် ဥပလဗ္ဘိတဗ္ဗ မည်၏။
- ကိုယ်နှင့် မစပ်သည်ဖြစ်၍ သက်သက် ချမ်းသာ ဆင်းရဲကို ခံစားခြင်း အကျိုးငှါ ရအပ်သော အာရုံသည် ဥပဘောဂတူတ မည်၏။
ဆက်၍ ဆိုဦးအံ့။ ဤအရာ၌ ငရဲမီးလျှံ ကြေးနီအိုး ငရဲထိန်း ငရဲခွေး စသည်တို့သည် ငရဲနိမိတ် မည်၏။ ထိုနိမိတ်သည်ကား အချို့ကုန်သော သူတို့အား မိမိ၏နေရာ အရပ်ကဲ့သို့ ထင်လာ၏။ အချို့ ကုန်သော သူတို့အား ထိုထိုအရပ်မှလာ၍ မိမိကိုယ်ကို ဝိုင်းဝန်းလာဘိ သကဲ့သို့ ထင်လာ၏။
အဋ္ဌကထာဆရာ အဘယ်သို့ မိန့်တော်မူသနည်း ဟူမူကား-
- သူနာ၏အိပ်ရာ ညောင်စောင်း၌ လျောင်းအိပ်နေသော ထိုသောဏမထေရ်၏ ခမည်းတော် ရဟန်းကြီးအား ငရဲနိမိတ်သည် ထင်လာ၏။ သောဏတောင်ခြေမှ အလွန်ကြီးမားကုန်သော ခွေးကြီး တို့သည် လာကြကုန်၍ ခဲစားခြင်းငှါ အလိုရှိ ကြကုန်သကဲ့သို့ ဝိုင်းဝန်းကြကုန်၏။
ဟူ၍ မိန့်ဆိုပေ၏။ နတ်ပြည် နိမိတ် ၌လည်း ထို့အတူ ထင်လာ၏။
အဋ္ဌကထာ အဘယ်သို့ မိန့်ဆိုတော်မူသနည်း ဟူမူကား-
- နန္ဒဝန်ဥယျာဉ် စိတ္တလတာဥယျာဉ် မိဿကဥယျာဉ် ဖာရုသက ဥယျာဉ် ဗိမာန်တို့သည် လည်းကောင်း၊ နတ်ကချေသည်တို့သည် လည်းကောင်း ဝိုင်းဝန်း၍ တည်လာကြကုန်သကဲ့သို့ ဖြစ်ကြ ကုန်၏။
ဟူ၍ မိန့်ဆိုပေ၏။
အချို့ကုန်သော ပုဂ္ဂိုလ်တို့သည်ကား မိမိတို့သည် ထိုထိုအရပ်တို့သို့ ရောက်၍ မြင်အပ်သကဲ့သို့ ထင်လာကုန်၏။ ကမ္ဗလာယာဉ်နှင့် တူသော အမိဝမ်းရေအဆင်းသည် မနုဿနိမိတ် မည်၏။ တောင်ခြေ တောအုပ် ခိုးသားတို့ချရာ ချောက်ကမ်းပါး အစရှိသည်တို့သည် တိရစ္ဆာန် အစရှိသော နိမိတ်တို့ မည်ကုန်၏။ ဤသို့ မှတ်အပ်၏။
- ‘‘ကမ္မဗလေန- ဟူသည်ကား ယခုအခါ၌ ပဋိသန္ဓေကို ဖြစ်စေခြင်းငှါ ရှေးရှုတည်သော ကံ၏ အာနုဘော်ဖြင့် ဤစကားကိုလည်း ယေဘုယျ၏ အစွမ်းအားဖြင့် မိန့်ဆိုပေ၏။’’
ပြကတေ့သဘောအားဖြင့်ကား မပြတ်လေ့ကျက်အပ်သည်လည်း ဖြစ်သော ထိုခဏ၌ ပြုအပ် သည်လည်း ဖြစ်သောယ တစ်ပါးသော သူသည် အောက်မေ့စေအပ်သည်လည်း ဖြစ်သော ကိုယ်တိုင် သာလျှင် အောက်မေ့အပ်သည်လည်း ဖြစ်သော ပြကတေ့အားဖြင့်သာလျှင် ကုက္ကုစ္စကိုလည်းကောင်း၊ သောမနဿကိုလည်းကောင်း ဖြစ်စေ၍ တည်သည်လည်းဖြစ်သော ကံသည်လည်းကောင်း၊ ထိုကံ၏နိမိတ်သည်လည်းကောင်း တစ်ပါးလည်းဖြစ်သော အကြောင်း၏ အစွမ်းအားဖြင့် ထင်လာ သေးသည်သာလျှင်တည်းဟု မှတ်အပ်၏။
- တမေဝ တတော ပဋ္ဌိတံ အာရမ္မဏံ အာရဗ္ဘ- ဟူသော ဤ ထိုစကားသည် မှန်လှစွာ၏။ အချို့ကုန်သော ပုဂ္ဂိုလ်တို့အား ရှေးဦးစွာ ကံ၏အစွမ်းကြောင့်လည်းကောင်း၊ တစ်ပါးသော အကြောင်းကြောင့် လည်းကောင်း အကုသိုလ်၏ အဖို့ဖြစ်သော နိမိတ်တို့သည် ထင်လာကုန် သည်ရှိသော် တစ်ဖန် ဒုဋ္ဌဂါမဏိမင်းကဲ့သို့ ရှေး၌ ပြုခဲ့ဖူးသော အလွန် အားရှိသော ကောင်းမှုကို အောက်မေ့ကုန်သော ပုဂ္ဂိုလ်တို့အားလည်းကောင်း၊ သောဏမထေရ်၏ အဖကဲ့သို့ ထိုခဏ၌သာလျှင် ကြည်ညိုခြင်းကို ဖြစ်စေတတ်သော ကောင်းမှုကို ပြုကုန်သော ပုဂ္ဂိုလ်တို့အား လည်းကောင်း၊ နောက်ကာလ၌ ကောင်းမှုအဖို့ ဖြစ်သော နိမိတ်တို့သည် ထင်လာကုန်၏။
ထို့အတူ အချို့ကုန်သော ပုဂ္ဂိုလ်တို့အား ရှေးဦးစွာ ကောင်းမှု၏ အဖို့ဖြစ်သော နိမိတ်တို့သည် ထင်လာကြကုန်သော် ဓမ္မာသောကမင်း ကဲ့သို့ နောက်ကာလ၌ တစ်စုံတစ်ခုသော အကြောင်းဖြင့် ဒေါမနဿကို ဖြစ်စေ၍ မကောင်းမှုကံ၏ အခွင့်ကို ပြုကုန်သော ပုဂ္ဂိုလ်တို့အား မကောင်းမှု၏ အဖို့ဖြစ်သော နိမိတ်တို့သည် ထင်လာကုန်၏ဟု သိအပ်၏။
- ဝိပစ္စမာနက ကမ္မာနုရူပံ- ဟူသည်ကား အကြင် ပုဂ္ဂိုလ်အား အကျိုးကို ဖြစ်စေတတ်သော ကံသည် ကုသိုလ်ကံ ဖြစ်အံ့။ ထိုပုဂ္ဂိုလ်အား စင်ကြယ်သော ကုသိုလ်စိတ်အစဉ် မပြတ်မလပ် ဖြစ်၏။ အကြင် ပုဂ္ဂိုလ်အား ထိုကံသည် အကုသိုလ်ကံ ဖြစ်အံ့။ ထိုပုဂ္ဂိုလ်အား ညစ်နွမ်းသော အကုသိုလ်စိတ်အစဉ် မပြတ်မလပ် ဖြစ်၏။ ဤသည်ကား အနက်တည်း။
ထိုစကားသည် မှန်လှစွာ၏။ အဋ္ဌကထာ၌လည်း သုဂတိဘုံသို့ သွားလတ္တံ့သော ပုဂ္ဂိုလ်တို့အား -
- ကုသိုလ်ဖြစ်ခြင်း၏ အကြောင်းဖြစ်သော မွန်မြတ်သော အာရုံသည် ထင်ခြင်းသို့ ရောက်၏။
ဟူ၍လည်းကောင်း၊
- ဒုဂ္ဂတိဘုံသို့ သွားလတ္တံ့သော ပုဂ္ဂိုလ်တို့အား အကုသိုလ် ဖြစ်ခြင်း၏ အကြောင်းဖြစ်သော ယုတ်ညံ့သော အာရုံသည် ထင်ခြင်းသို့ ရောက်၏။
ဟူ၍လည်းကောင်း မိန့်ဆိုအပ်၏။
မူလဋီကာ၌လည်းကောင်း၊ မဟာဋီကာ၌လည်းကောင်း-
- အနီး၌ဖြစ်သော အကုသိုလ်သည် လည်းကောင်း၊ ဒုဂ္ဂတိဘုံ၌ ကုသိုလ်သည် လည်းကောင်း သုဂတိ ဘုံ၌ ပဋိသန္ဓေ၏ ဥပနိဿယသည် ဖြစ်ပေ၏။
ဟူ၍ မိန့်ဆိုအပ်၏။
ဤစကား၌ စောဒနာဖွယ်သည် ဖြစ်ပေရာ၏။ အကြင်အခါ၌ နတ်သမီး အစရှိကုန်သော နတ်ပြည်နိမိတ်တို့သည် ထင်လာကုန်၏။ ထိုအခါ၌ ထိုနတ်သမီး စသော နတ်ပြည်နိမိတ်တို့ကို တဏှာဖြင့် သာယာမှု ဖြစ်စဉ်သာလျှင် စုတေသော ပုဂ္ဂိုလ်အား အဘယ်သို့လျှင် ဖြစ်သနည်း။ ဤကား စောဒနာခြင်းတည်း။ အဖြေစကားကို ငါဆိုပေအံ့။ ထိုပုဂ္ဂိုလ်အား ညစ်နွမ်းသည်သာလျှင် ဖြစ်သော စိတ်သည် အကြင်ကြောင့် ဖြစ်၏။ ထို့ကြောင့် ထိုပုဂ္ဂိုလ်အား ဒုဂ္ဂတိဘဝကိုသာလျှင် အလိုရှိအပ်၏ဟု ဆိုကြကုန်၏။ အကြင်ကြောင့်ကား ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌ ထိုသို့ သဘောရှိသော တဏှာ၏ ကုသိုလ်ကံနှင့် တကွ ပြုလေ့ရှိသော အကြောင်း၏အဖြစ်ကို မိန့်ဆိုအပ်၏။ အဘယ်သို့ ဆိုတော်မူသနည်း ဟူမူကား-
- နိကန္တိခဏ၌ ဟိတ်နှစ်ပါး ရှိကုန်သော အကုသိုလ်ဇောတို့သည် ဖြစ်ကုန်၏။
ဟူ၍ မိန့်ဆိုတော်မူ၏။ ထို့ကြောင့် ဤတဏှာသည် သုဂတိဘဝကို ဖြစ်စေခြင်း၌လည်း စင်စစ် အားဖြင့် ကုသိုလ်ကံ၏ ဘဝကို မှတ်တတ်သော တကွပြုလေ့ရှိသော အကြောင်းဖြစ်၏။ ထို့ကြောင့် ထိုပုဂ္ဂိုလ်အား ထိုနတ်သမီး အစရှိသော ဂတိနိမိတ်တို့ကိုလည်းကောင်း၊ ကုသိုလ်ကံ ကမ္မနိမိတ် တို့ကိုလည်းကောင်း သာယာစဉ်သာလျှင် စုတေသော ပုဂ္ဂိုလ်အား ထိုနတ်သမီး စသည်တို့၌ သာယာမှုဖြစ်စဉ် တဏှာသည် ထို ကုသိုလ်ကံ၏ အထောက်အပံ့သည်သာလျှင် ဖြစ်ခြင်းငှါ ထိုက်၏။ ထိုကံကို တားမြစ်တတ်သည် မဖြစ်နိုင်ပေ။ ဤသို့ သိခြင်းငှါ တတ်ကောင်း၏။
- ချစ်သား ရဟန်းများတို့- အပေါင်း အမှတ်အသား၌ သာယာ ခြင်းဖြင့် နှောင်ဖွဲ့အပ်သော ကမ္မဝိပါက် ဝိညာဏ်သည်လည်းကောင်း အသေးစိတ် အမှတ်အသား၌ သာယာခြင်းဖြင့် နှောင်ဖွဲ့အပ်သော ကမ္မဝိပါက်ဝိညာဏ်သည် လည်းကောင်း တည်သည်ရှိသော် တည်ပေရာ၏။ ချစ်သား ရဟန်းတို့- ထိုအခါ၌ သေခြင်းကို အကယ်၍ ပြုငြားအံ့။ ဤသို့ ပြုသည်ရှိသော် ငရဲဂတိသို့လည်းကောင်း၊ တိရစ္ဆာန်ဂတိသို့လည်းကောင်း နှစ်ပါး ကုန်သော ဂတိတို့တွင် အမှတ်မထား တစ်ပါးပါးသော ဂတိသို့ အကြင် ရောက်ရှိရာ၏။ ဤအကြောင်းသည် ရှိပေ၏။
ဟူ၍ အာဒိတ္တပရိယာယသုတ်၌ အကြင်စကားကိုလည်း ဟောတော်မူအပ်၏။ ထိုစကားကိုလည်း မိမိ၏လည်းကောင်း၊ သူတစ်ပါးတို့၏လည်းကောင်း လက်ခြေ စသည်တို့၌ တပ်မက်မောခြင်းကို ရည်ရွယ်၍ ဟောတော်မူအပ်၏။ ကံအစရှိသည်တို့၌ တပ်မက်မောခြင်းကို ရည်ရွယ်၍ ဟောတော် မမူခဲ့ပေ။ ဤသို့ ဆိုခြင်းငှါ တတ်ကောင်း၏ဟု သိအပ်၏၊
- ဥပလဗ္ဘိတဗ္ဗဘဝါနုရူပံ- ဟူသည်ကား ရအပ်သော ဘဝသည် သုဂတိဘဝ အကယ်၍ ဖြစ်ငြားအံ့။ ထိုသုဂတိဘဝကို သာယာသော အခြင်းအရာအားဖြင့် ဒုဂ္ဂတိဘဝသည် အကယ်၍ ဖြစ်ငြားအံ့။ ထိုဒုဂ္ဂတိဘဝကို မသာယာသော အခြင်းအရာအားဖြင့် ဤသို့ ရအပ်သော ဘဝအားလျော်စွာ …
- တတ္ထောဏတံဝ- ဟူသည်ကား ထင်မြဲတိုင်းသော ထိုအာရုံ၌ ညွတ်သည်ဖြစ်၍သာလျှင်-
ထိုစကားသည် မှန်လှစွာ၏။ မာလပဏ္ဍိတသုတ် ၌-
- ‘‘ထိုသေခါနီးပုဂ္ဂိုလ်အား ထိုမကောင်းမှုတို့သည် ထိုအခါ၌ စွဲထင်လာကုန်၏။ လွှမ်းမိုးထင်လာ ကုန်၏။ လွန်စွာ ထင်လာကုန်၏’’ဟူ၍ ဟောတော်မူအပ်၏။
ထိုသုတ်၌-
- တာနိဿ- ဟူသည်ကား ထိုပုဂ္ဂိုလ်အား ထိုကုသိုလ်ကံ အကုသိုလ်ကံတို့သည် လည်းကောင်း၊ ကံကို အဦးပြုသဖြင့် ဟောတော်မူအပ်ကုန်သော ကမ္မနိမိတ် ဂတိနိမိတ်တို့သည်လည်းကောင်း၊
- သြလမ္ဗန္တိ - ဟူသည်ကား ထိုပုဂ္ဂိုလ်၏ စိတ်အစဉ်ကို မိမိ၌သာလျှင် ညွတ်သည်ကို အလွန်ညွတ်သည်ကို ရှေးရှုသည်ကို ပြု၍ တွဲလွဲဆွဲကုန်၏။ အပြားအားဖြင့် တွဲလွဲဆွဲကုန်၏။ နှောင်ဖွဲ့၍ ငင်ကုန်ဘိသကဲ့သို့ ထင်လာကုန်၏။ ဤသည်ကား အနက်တည်း။
ဤသို့ကား ထိုကံ ကမ္မနိမိတ် ဂတိနိမိတ် သုံးပါးတို့သည် ထိုသို့သော အခြင်းအရာအားဖြင့် တွဲလွဲဆွဲကြကုန်သည်ရှိသော် ထိုစိတ်အစဉ်သည် ထိုအာရုံတို့၌ ညွတ်သည် ကိုင်းသည် ရှိုင်းသည် မည်သည်သာလျှင် ဖြစ်၏။ ထို့ကြောင့် ‘‘တတ္ထောဏတံဝ’’ ဟူ၍ အရှင်အနုရုဒ္ဓါဆရာ မိန့်တော် မူအပ်၏။
ထို့ကြောင့်သာလျှင် အဋ္ဌကထာ၌-
- ‘‘အားရှိသော ကိလေသာသည် ညွတ်စေအပ်သည် ဖြစ်၍’’ ဤသို့ဖြစ်သော ထိုစိတ်အစဉ်ကို (ညွတ်စေ၏-၌ အဓိပ္ပါယ် စပ်ယူပါ) တဏှာ အဝိဇ္ဇာတို့ကို မဂ်ဖြင့် မပယ်အပ်သေးသည်၏ အဖြစ်ကြောင့် အဝိဇ္ဇာသည် ဖုံးလွှမ်းအပ်သော အပြစ်ရှိသော ထိုကံအစရှိသော အာရုံ၌ တဏှာသည် ညွတ်စေ၏။ မရဏ သန္နဇောနှင့် တကွဖြစ်ကုန်သော စေတနာတို့သည် ပစ်ချကြကုန်၏။ ဟူ၍ မိန့်ဆိုအပ်၏။
[မြန်မာပြန်ဆရာ၏မှတ်ချက် - ဤအဋ္ဌကထာ သာဓတွင်- ‘‘ ’’ ဤအင်ဗာတက်ကော်မာ အတွင်းပါ စကားရပ်စုသည် ယခုခေတ် ဆဋ္ဌမူ သမ္မောဟဝိနောဒနီတွင် မပါမရှိချေ။ ကျေးဇူးရှင်ကြီးများ၏ ခေတ် ပေမူ စသည်တို့၌ ပါရှိသည်ဟု မှတ်ယူရန် ရှိပေသည်။]
ထိုအဋ္ဌကထာ စကား၌-
- ကံ- ဟူသည်ကား ဝိညာဉ်သည်၊ စိတ်အစဉ်သည်၊ ဤသို့ သာလျှင် ဖြစ်သော အနက်ကို မှတ်အပ်၏။
- တသ္မိ ဝိသယေ- ဟူသည်ကား ကံ အစရှိသော အာရုံ၌-
- တဏှာနာမေတိ- ဟူသည်ကား ဝဋ်၏အကြောင်း ဖြစ်သော တဏှာသည် ထိုစိတ်အစဉ်ကို ထိုအာရုံ၌ ညွတ်သည်ကို ပြု၍ ယှဉ်စေတတ်၏။ ဤသည်ကား အနက်တည်း။
၁ရ၆။ ဋီကာကျော် (နှာ- ၁၈၈)၌ကား-
‘‘တတ္ထောဏတံဝ - ဟူသည်ကား ထိုဖြစ်လတ္တံ့သော ဘဝ၌ ညွတ်သကဲ့သို့သော၊ တစ်နည်းကား- ညွတ်သည်သာလျှင် ဖြစ်သော’’
ဟူ၍ မိန့်ဆိုအပ်၏။ ထိုစကားသည် အဋ္ဌကထာနှင့်လည်း မညီညွတ်ပေ။
- အဘိဏှံ- ဟူသည်ကား မပြတ်မလပ်- ထိုသို့ ဖြစ်ခြင်းကိုကား ဖြည်းဖြည်းသာသာ သေကုန်သော သူတို့အားသာလျှင် ရအပ်၏။ လျင်မြန်စွာ သေခြင်းဖြင့် သေကုန်သော သူတို့အားကား မရအပ်၊ ထို့ကြောင့် ‘‘ဗာဟုလ္လေန’’ ဟူ၍ မိန့်ဆိုအပ်၏။
၁ရရ။ ဋီကာကျော် (နှာ- ၁၈၈)၌-
‘‘ဗာဟုလ္လေန’’ ဟူသော ဤပုဒ်၌ အဓိပ္ပါယ်ကို ‘‘ယေဘုယျေနဘဝန္တရေ’’ဟူသော ဤပုဒ်၌ ဆိုအပ်ပြီးသော နည်းဖြင့် မှတ်အပ်၏။’’
ဟူသော အကြင်စကားကို မိန့်ဆိုအပ်၏။ ထိုစကားသည် မသင့်မြတ်လှပေ။ မှန်လှစွာ၏။ ထိုယေဘုယျေန ဘဝန္တရေ- ဟူသော ပုဒ်ကို ဆိုအပ်ကုန်သော အသညသတ် ပုဂ္ဂိုလ်တို့အား စိတ်အစဉ်၏ မပြတ်ဖြစ်ခြင်း၏ လျဉ်းပါးခြင်း မည်သည် မရှိချေ။ အဘယ်ကြောင့်နည်း ဟူမူကား- စိတ်အစဉ်၏သာလျှင် ထိုပုဂ္ဂိုလ်တို့အား မရှိခြင်းကြောင့်တည်းဟု သိအပ်၏။
ကံအာရုံ ထင်ပုံ
ယခုအခါ၌ တစ်ပါးသော အပြားအားဖြင့် ကံ၏ထင်ခြင်းကို ပြတော်မူခြင်းငှါ ‘‘တမေဝပါပန (လ) ဒွါရပတ္တံ ဟောတိ’’ ဟူ၍ မိန့်ဆိုတော်မူအပ်၏။ ထိုစကား၌-
- အဘိနဝကရဏဝသေန- ဒွါရပ္ပတ္တံဟောတိ- ဟူသည်ကား ရှေး၌ ပြု၏ဟူသော အမှတ်ကို မဖြစ်စေမူ၍ ထိုခဏ၌သာလျှင် ပြုသော အခြင်းအရာကို ဖြစ်စေ၍ မိမိကိုယ်ကို အသစ်တို့ကဲ့သို့ ပြု၍ မနောဒွါရ၌ ထိုရှေးကံနှင့်တူသော ဇောဖြစ်ခြင်း၏ အစွမ်းအားဖြင့် ရောက်သည် ထင်ရှားဖြစ်သည် ဖြစ်ပေ၏။ ဤသည်ကား အနက်တည်း။
မှန်လှစွာ၏။ ဤဘဝ၌ ဖြစ်သော တစ်စုံတစ်ခုသော ထင်ရှားသည့် ကံသည် ဤမည်သော ကာလ၌ ‘‘ငါသည် ဤမည်သော အမှုကို ပြုခဲ့ဖူး၏’’ ဤသို့ ရှေး၌ ပြု၏ဟူသော အမှတ်ကို ဖြစ်စေ၍လည်း ထင်သကဲ့သို့ ထို့အတူ ဘဝတစ်ပါး၌ ဖြစ်သည့် ဘဝကို ဖုံးလွှမ်းသော ကံသည်လည်းကေား၊ ဤယခု ပစ္စုပ္ပန်ဘဝ၌ ဖြစ်သည့် မထင်ရှားသော ကံသည်လည်းကောင်း ရှေး၌ ပြု၏ဟူသော အမှတ်ကို ဖြစ်စေ၍လည်း မထင်နိုင်ပေ။ ဤသို့ သိအပ်၏။
ဆိုဖွယ်အထူးကား- ဤလောက၌ အချို့ကုန်သော သူတို့သည် ဘုရားအစရှိကုန်သော သုံးပါး ကုန်သော ၀တ္ထုတို့၌ ပေးလှူခြင်း၊ ပူဇော်ခြင်း စသည်တို့၏ အစွမ်းဖြင့် အလေ့အကျက် များကြ ကုန်၏။ ထိုသူတို့သည် သေခါနီး၌ ဖြစ်သော အနာရောဂါ၏ အစွမ်းဖြင့် နစ်မျောခြင်းသို့ ရောက်ကုန် သည်ဖြစ်၍ တစ်စုံတစ်ခုသော ဆင်းရဲကို မသိမူ၍ နစ်မျောသည့် အတွင်း၌ ရှေး၌ကဲ့သို့ ရဟန်းသံဃာအား အလှူ ဒါနကို ပေးလှူကုန်လျက်၊ စေတီတော်ကို ရှိခိုးကုန်လျက်၊ ပူဇော်ခြင်းကို ပြုကုန်လျက်၊ အထူးကြည်လင်သော စိတ် ရှိကြကုန်သည်သာလျှင် ဝမ်းမြောက်သော စိတ် ရှိကြ ကုန်သည်သာလျှင် ဖြစ်ကြကုန်၏။ ထိုမှ ပြန်သောအားဖြင့် မကောင်းမှုများသော ပုဂ္ဂိုလ်တို့ကိုလည်း ဆိုသင့် ဆိုထိုက်ကုန်၏ဟု သိအပ်၏။ ဤကံသည်လည်း ဒွါရသို့ ရောက်သည်သာလျှင်တည်း။ ဤသို့ သိအပ်၏။
ဆက်၍ ဆိုဦးအံ့။ ဤအလုံးစုံကို လက္ခဏသံယုတ္တအဋ္ဌကထာဖြင့် ပြသင့် ပြထိုက်၏။ ထိုအဋ္ဌကထာ၌ အသိလောမပြိတ္တာ အစရှိသော ၀တ္ထုတို့၌-
- ထိုဝက်သတ်သမားအား ချီမအပ်သော သံလျက်ရှိသော အဖြစ်သာလျှင် နိမိတ် ဖြစ်လေ၏ ဟူ၍လည်းကောင်း၊
- ထိုသမင်သတ်သော မုဆိုးအား လှံဖြင့်ထိုးသော အဖြစ်သည်ပင်လျှင် နိမိတ် ဖြစ်လေ၏ ဟူ၍လည်းကောင်း၊
- ထိုသူသတ် ယောက်ျားအား မြားဖြင့် စူးဝင်သော အဖြစ်သည်ပင်လျှင် နိမိတ် ဖြစ်လေ၏ ဟူ၍လည်းကောင်း၊
- ထိုမြင်းဆုံးမတတ်သော သူအား သံချွန်တပ်သော လှံတံဖြင့် ထိုးဆွအပ်သော အဖြစ်လျှင် နိမိတ် ဖြစ်လေ၏ ဟူ၍လည်းကောင်း၊
- ထိုချောပစ်ကုန်းတိုက်တတ်သော သူအား အပ်တို့သည် ထွင်းဖောက် စူးဝင်ခြင်း ဆင်းရဲကို ခံရစိမ့်သောငှါ မကောင်းသော ကံကိုပင်လျှင် နိမိတ်ကိုပြု၍ အပ်အမွေး ပေါက်သော = သူစိလောမ ပြိတ္တာ ဖြစ်ရလေ၏ ဟူ၍လည်းကောင်း၊
ဤသို့ များစွာ ဒွါရသို့ ရောက်သည်၏ အစွမ်းဖြင့် ကံ၏ထင်ခြင်းကို မိန့်ဆိုအပ်၏ဟု သိအပ်၏။
ချဲ့၍ ဆိုဦးအံ့။ ထိုစကားရပ်၌ ‘‘ထိုဝက်သတ်သမားအား (ပ)နိမိတ် ဖြစ်လေ၏’’ ဟူသည်ကား ငရဲ၌ လောင်ကျက်ပြီး၍ တစ်ဖန် သေခါနီး ဖြစ်သော ထိုပုဂ္ဂိုလ်အား ထိုကံသည် ထိုသေခါနီးအခါ၌ ချီမ အပ်သော သံလျက်အရိုးဟူသော အမှတ်ကို ဖြစ်စေ၍ ထိုဝက်သတ်သမား၏ ဒွါရသို့ ရောက်သည်၏ အစွမ်းအားဖြင့် အာရုံနိမိတ် ဖြစ်၏။ ဤသည်ကား အနက်တည်းတည်း။ ကြွင်းသော ၀တ္ထုတို့၌လည်း ဤနည်းသာလျှင် နည်းရှိ၏ဟု သိအပ်၏။
ထိုဒွါရသို့ ရောက်သော အခြင်းအရာသည်လည်း ကံ၏အဖို့အစု သည်သာလျှင် ဖြစ်၏။ ထိုသတ္တဝါ အားလည်း မထင်ရှားသည် မည်သည် မရှိချေ။ ထို့ကြောင့် ထိုပုဂ္ဂိုလ်၏ ပဋိသန္ဓေသည် ယူခြင်းငှါ သင့်လျော်သည်၏ အဖြစ်သည် ဖြစ်ပေ၏ဟု သိအပ်၏။
မရဏသန္န ဝီထိ
ပစ္စာသန္နမရဏဿ- ဟူသည်ကား အဆုံးဇော ဖြစ်ခြင်း၏ အစွမ်းဖြင့် တစ်ဖန် အလွန်နီးသော သေရခြင်းရှိသော ပုဂ္ဂိုလ်အား ဝီထိစိတ္တာဝသာနေဝ- ဟူသည်ကား ကာမဘုံမှ စုတေ၍ ကာမဘုံ၌ သာလျှင် ဖြစ်လတ္တံ့ကုန်သော ပုဂ္ဂိုလ်တို့အား ဇောအဆုံးရှိသည်လည်း ဖြစ်ကုန်သော တဒါရုံ အဆုံးရှိ သည်လည်း ဖြစ်ကုန်သော ဝီထိစိတ်တို့၏ အဆုံး၌-
ဤကာမဘုံမှ စုတေ၍ ကာမဘုံ၌ ဖြစ်လတ္တံ့သော ပုဂ္ဂိုလ်မှတစ်ပါးသော ပုဂ္ဂိုလ်တို့အားကား ဇော၏အဆုံး၌သာလျှင် ဖြစ်ကုန်သော ဝီထိစိတ်တို့၏ အဆုံး၌၊ ဤသည်ကား အနက်တည်း။ ဤသို့သော အနက်ကို အဋ္ဌကထာ၌လည်း မိန့်ဆိုအပ်သည်သာလျှင်တည်း။
အဋ္ဌကထာဆရာ အဘယ်သို့ မိန့်ဆိုသနည်း ဟူမူကား-
- ‘‘ထိုကမ္မနိမိတ်ကို အာရုံပြု၍ တဒါရုံ အဆုံးရှိသော ဝီထိ၏ လည်းကောင်း၊ သက်သက်သော ဇောဝီထိ၏လည်းကောင်း အခြားမဲ့၌ စုတိစိတ် ဖြစ်၏။ ဟူ၍ မိန့်ဆိုတော်မူအပ်၏။
၁၇၈။ ဋီကာကျော် (နှာ- ၁၈၉)၌ကား-
ထိုနှစ်မျိုးသော တဒါရုံအဆုံး ဇောအဆုံးရှိသော ဝီထိတို့တွင် ကာမဘုံမှ စုတေ၍ ထိုကာမဘုံ ၌သာလျှင် ဖြစ်လတ္တံ့ကုန်သော သတ္တဝါတို့အား တဒါရုံအဆုံးရှိသော ဝီထိစိတ်တို့ ဖြစ်ကုန်၏။ ကြွင်းသော သတ္တဝါတို့အား ဇောအဆုံးရှိသော ဝီထိစိတ်တို့ ဖြစ်ကုန်၏။ ဤသို့ ဓမ္မာနုသာရဏီကျမ်း၌ မိန့်ဆိုအပ်၏။
ဟူ၍ မိန့်အပ်၏။ ထိုစကားသည် မကောင်းချေ။ မှန်လှစွာ၏။ အဋ္ဌကထာ၌ ပြည့်စုံသည်ကို ပြု၍ ဆိုအပ်ပါလျက် မပြည့်စုံသော ဓမ္မာနုသာရီစကားဖြင့် အဘယ်အကျိုးရှိအံ့နည်း။ ဤသို့ သိအပ်၏။
- ဘဝင်္ဂက္ခယေဝါ- ဟူသည်ကား ဘဝင်၏ အဆုံး၌လည်းကောင်း ဤသို့သာလျှင် အနက်ကို မှတ်အပ်၏။
နှစ်ပါးအပြားရှိသော ဝီထိစိတ်မှ နောက်၌ ပဉ္စဝေါကာရဘုံ၌ ၀တ္ထုရုပ်သည် စတုဝေါကာရ၌ စိတ် အစဉ်သည် နှစ်ချက်သော စိတ္တက္ခဏ အသက်ကြွင်းရှိသည် အကယ်၍ ဖြစ်ခဲ့အံ့။ ထိုအခါ၌ တစ်ခုသော ဘဝင်၏ အဆုံး၌- ဤသို့ ဆိုလိုသည် ဖြစ်၏။
မှန်လှစွာ၏။ ဤမရဏသန္နဝီထိ၌ သောမနဿပဋိသန္ဓေနေသော ဒေါမနဿဇော (ကျသောဝီထိ) စိတ်ဖြင့် စုတေလတ္တံ့သော ပုဂ္ဂိုလ်အား အာဂန္တုကဘဝင် ဖြစ်သင့်ပေ၏။ ထိုအာဂန္တုကဘဝင် ဖြစ်သင့် သည် ရှိခဲ့သော်ကား တစ်ပါးသော မရဏသန္နဝီထိ၌ ဘဝင်၏ ဖြစ်သင့်ခြင်းကိုလည်း မတားမြစ်သင့်၊ မတားမြစ်ထိုက်ပေ။ ထို့ကြောင့် ‘‘ဘဝင်္ဂက္ခ ယေဝါ’’ဟုသာ ဤစကားကို အရှင်အနုရုဒ္ဓါဆရာ ကောင်းစွာ မိန့်ဆို အပ်ပေ၏။
ပဋိသန္ဓေစိတ် ဖြစ်ပုံ
တသ္မိံ နိရုဒ္ဓါဝသာနေ- ဟူသည်ကား ထိုစုတိစိတ် ချုပ်ပြီးသည်ရှိသော် ချုပ်ပြီးသော ထိုစုတိစိတ်၏ အဆုံး၌-
အကြင် သူတို့သည်ကား လောက၌ စုတိနှင့် ပဋိသန္ဓေတို့၏ အကြား၌ တစ်ခုသော အန္တရာဘဝ မည်သည် ရှိသေး၏။ အကြင်ဘဝ၌ ဖြစ်သော သတ္တဝါသည် ဒိဗ္ဗစက္ခုအဘိညာဉ်ကို ရဘိသကဲ့သို့ လည်းကောင်း၊ တန်ခိုးရှိသကဲ့သို့လည်းကောင်း တစ်ခဏချင်းဖြင့် အလိုရှိသော အရပ်သို့ သွားခြင်းငှါ စွမ်းနိုင်၏။ ဤလူ့ဘုံမှ စုတေကုန်သော အချို့ကုန်သော သူတို့သည် ထိုအန္တရာဘဝ၌ ဖြစ်၍ အမိအဖတို့၏ စည်းဝေးခြင်း အစရှိသည်တို့ကို မျှော်လင့် စောင့်စားကုန်လျက် ခုနစ်ရက်ပတ်လုံး လည်းကောင်း၊ ခုနစ်ရက်ထက် အလွန်လည်းကောင်း တည်နေကြကုန်၏။ ဤသို့သော အယူတို့ ယူကြကုန်၏။ ထိုသူတို့၏ ထိုအယူကို တားမြစ်တော်မူခြင်းငှါ ‘‘တဿာ နန္တရမေဝ’’ဟူ၍ မိန့်ဆို အပ်ပေ၏။
- ပဉ္စဝေါကာရဘုံ၌ မှီရာ ၀တ္ထုရုပ် ရှိသည်လည်း ဖြစ်သော စတုဝေါကာရဘုံ၌ မှီရာ ၀တ္ထုရုပ် မရှိသည်လည်း ဖြစ်သော၊
- ယထာရဟံ- ဟူသည်ကား ကုသိုလ်ဖြစ်၍လည်း ဖြစ်သော အကုသိုလ် ဖြစ်၍လည်း ဖြစ်သော သင်္ခါရအား ထိုက်သည် အားလျော်စွာ-
အဝိဇ္ဇာနုသယ တဏှာနုသယတို့သည် ကုသိုလ်ဖြစ်သော သင်္ခါရအား မပယ်အပ်သေးသော အနက်အားဖြင့် အကုသိုလ်ဖြစ်သော သင်္ခါရ အားကား သဟဇာတ အဖြစ်ဖြင့်လည်း အခြံအရံ ဖြစ်ကုန်သည်လည်း အကြောင်းရင်း ဖြစ်ကုန်သည်လည်း ဖြစ်ကြကုန်၏။ ဤသည်ကား အနက်တည်း။
ပရိယုဋ္ဌာန် အခိုက်အတန့်သို့ မရောက်မူ၍ ကုသိုလ် အဗျာကတ စိတ် အစဉ်နှင့်လည်း မဆန့်ကျင် သည်၏ အဖြစ်ဖြင့် လျော်စွာ၊ တစ်နည်းကား- အစဉ်ဖွဲ့လျက် ကိန်းတတ်၏။ တစ်နည်းကား- အဖန်ဖန် အထပ်ထပ် မပြတ်မလပ် ကိန်းတတ်၏။ ထို့ကြောင့် အနုသယ မည်၏။ အနုသယ ဖြစ်သော အဝိဇ္ဇာသည် ခြံရံအပ်သည်တည်း။ ထို့ကြောင့် ‘‘အဝိဇ္ဇာနုသယပရိက္ခိတ္တ’’ မည်၏။ ထိုတရား အား တဏှာနုသယဟု ဆိုအပ်သော မူလရှိသောကြောင့် ‘‘တဏှာနုသယမူလက’’ မည်၏။
- ‘‘အဝိဇ္ဇာနုသယလျှင် အကြောင်းရင်းရှိသော တဏှာနုသယသည် ခြံရံအပ်သော’’
ဟူ၍ကား ဆိုသည်ရှိသော် အတိုင်းထက်အလွန် သင့်မြတ်လျော်ကန်လှပေ၏။ မှန်လှစွာ၏။ အဝိဇ္ဇာသည် တဏှာ၏လည်း အကြောင်းရင်း ဖြစ်ပေ၏။ အဘယ့်ကြောင့်နည်း ဟူမူကား- ထိုအဝိဇ္ဇာ သည် ဖုံးလွှမ်းအပ်သော အပြစ်ရှိသည်သာလျှင် ဖြစ်သော အာရုံ၌ တဏှာဖြစ်သင့် သောကြောင့် ပေတည်း။
ဆက်၍ ဆိုဦးအံ့။ တဏှာသည်လည်း တကွပြုလေ့ရှိသော အကြောင်း၏ အဖြစ်ဖြင့် ထိုထိုသင်္ခါရကို ယှဉ်စေလျက် ဖြစ်၏။ ထို့ကြောင့် သင်္ခါရ၏ အခြံအရံ ဖြစ်၍ ဖြစ်၏။ အားကြီးသော နီးစွာသော အဖော်သဟဲဖြစ်၍ ဖြစ်၏ဟု သိအပ်၏။
ဆက်၍ ဆိုဦးအံ့။ ဤအရာ၌ အကုသိုလ်ကံနှင့် တကွလည်း ဖြစ်ကုန်သော ကမ္မနိကန္တိ နိမိတ္တနိကန္တိနှင့် တကွလည်း ဖြစ်ကုန်သော နှလုံးမသာယာခြင်းနှင့် တကွလည်း ဖြစ်ကုန်သော မရဏသန္နဇောနှင့် တကွလည်း ဖြစ်ကုန်သော အဝိဇ္ဇာ တဏှာတို့၏လည်း သဘောအားဖြင့် အနုသယနှင့် တူသည်၏ အဖြစ်ကြောင့် အနုသယဟူသော ခေါ်ဝေါ်ခြင်း၏ ဖြစ်သင့်ခြင်းကို သိအပ်၏။
တစ်နည်းသော်ကား- အနုသယတို့ မည်သည် ပဋိသန္ဓေကို ဖြစ်စေခြင်း၌ ကုသိုလ်သင်္ခါရ၏လည်း အားကြီးသော အဖော်သဟဲ ဖြစ်ကုန်သည် အကြင်ကြောင့် ဖြစ်ကုန်၏။ ထို့ကြောင့် ဤမရဏပ္ပတ္တိ၌ စင်စစ် အနုသယဖြစ်သော အဝိဇ္ဇာ တဏှာတို့သည်သာလျှင် စွမ်းနိုင်ကြကုန်၏။ ထို့ကြောင့် သဟဇာတ်ဖြစ်သော အဝိဇ္ဇာ တဏှာတို့ကို ယူသဖြင့် အဘယ်အကျိုးရှိအံ့နည်း။ ဤသို့ သိအပ်၏။
ထို့ကြောင့်သာလျှင် အဋ္ဌကထာ၌လည်း-
- တဏှာ အဝိဇ္ဇာတို့ကို မဂ်ဖြင့် မပယ်အပ်သေးသည်၏ အဖြစ်ကြောင့်၊
ဟူ၍ ဤသို့ အပ္ပဟီနသဒ္ဒါဖြင့် စင်စစ် အနုသယဖြစ်သော အဝိဇ္ဇာ တဏှာတို့ကိုသာလျှင် ယူအပ် ကုန်၏ ဟု သိအပ်၏။
- သင်္ခါရေန- ဟူသည်ကား ပဋိသန္ဓေကို ဖြစ်စေတတ်သော ကံဟု ဆိုအပ်သော စေတနာသင်္ခါရသည်၊ တစ်နည်းကား ထိုစေတနာ သင်္ခါရနှင့် တကွဖြစ်သော ဖဿ အစရှိသော တဏှာအပေါင်း သည်လည်း-
မှန်လှစွာ၏။ ထိုနှစ်ပါးစုံသည်လည်း ကံအစရှိသော အာရုံ၌ ပစ်ချတတ်သော သင်္ခါရ၏ အဖြစ်ဖြင့် ပဋိသန္ဓေကို ဖြစ်စေ၏ဟု သိအပ်၏။ ထိုစကားသည် မှန်လှစွာ၏။ အဋ္ဌကထာ၌-
- တဏှာ အဝိဇ္ဇာတို့ကို မဂ်ဖြင့် မပယ်အပ်သေးသည်၏ အဖြစ်ကြောင့် အဝိဇ္ဇာသည် ဖုံးလွှမ်းအပ်သော အပြစ်ရှိသော ထိုကံ အစရှိသော အာရုံ၌ တဏှာသည် ညွတ်စေ၏။ မရဏသန္နဇော နှင့် တကွဖြစ်သော စေတနာတို့သည် ပစ်ချကြကုန်၏။
ဟူ၍ မိန့်ဆိုအပ်၏။
မူလဋီကာ၌လည်း-
- သဟဇာတာသင်္ခါရာ- ဟူသည်ကား စုတိ၏အနီးဖြစ်သော ဇောဝိညာဉ်နှင့်တကွ ဖြစ်ကုန်သော စေတနာတို့သည်၊ တစ်နည်းကား- အလုံးစုံလည်း ဖြစ်ကုန်သော ဖဿ အစရှိကုန်သော တရား တို့သည်၊
ဟူ၍ မိန့်ဆိုအပ်၏။
အလုံးစုံသော ‘‘အဝိဇ္ဇာနုသယ ပရိက္ခိတ္တေန’’စသော စကားဖြင့်ကား အရဟတ္တမဂ်သည် မပယ် အပ်သော၊ အဝိဇ္ဇာသည် ကံအစရှိသော အာရုံ၌ လည်းကောင်း၊ ဘဝတစ်ပါး၌လည်းကောင်း အပြစ်ကို ဖုံးလွှမ်း၏။ ထိုသို့ သဘောရှိသည်သာလျှင် ဖြစ်သော တဏှာသည် ထိုကံအစရှိသော အာရုံ ဘဝတစ်ပါးဟု ဆိုအပ်သော နှစ်ပါးစုံ၌ စိတ်အစဉ်ကို ညွတ်စေ၏။ အကြင် အကြင် ဆိုအပ်ပြီးသော သင်္ခါရတို့သည် ထိုစိတ်အစဉ်ကို ထိုနှစ်ပါးစုံ၌ ပစ်ချကြကုန်၏။ ထိုနှစ်ပါးစုံ၌ အသစ်ဖြစ်သော ဝိညာဉ်၏ ထင်ရှားခြစ်ခြင်းကို ပြီးစေကုန်၏ဟု ပြတော်မူ၏။ ဤသို့ သိအပ်၏။
- သမ္ပယုတ္တေဟိ ပရိဂ္ဂယှမာနံ- ဟူသည်ကား ဖဿ အစရှိကုန်သော သမ္ပယုတ်တရားတို့သည် ခြံရံ၍ ယူအပ်သော-
- သဟဇာတာနံ- ဟူသည်ကား နာမ်ရုပ်တရားတို့၏-
- အဓိဋ္ဌာနဘာဝေန- ဟူသည်ကား မှီရာ၏ အဖြစ်ဖြင့်-
- ပုဗ္ဗင်္ဂမဘူတံ- ဟူသည်ကား ပြဋ္ဌာန်းသည်ဖြစ်၍ ဖြစ်သော- ပုဒ်နှစ်ပါးအပေါင်းဖြင့် ဝီဇာနနဓာတ်၏ အလွန်လျှင် ကြီးကျယ်သော အာနုဘော် ရှိသည်၏ အဖြစ်ကို ပြ၏။
ဥပမာဖြင့် ထင်ရှားစွာ ပြဦးအံ့။ လောက၌ တစ်ယောက်သော ကြီးကျယ်သည့် ဘုန်းတန်ခိုး ရှိသော ယောက်ျားထူး ယောက်ျားမြတ် ဖွားမြင်သည်ရှိသော် အခြံအရံ ဖြစ်ကုန်သော တကွ ဖွားဖက်တော် လူတို့သည်လည်းကောင်း၊ ထို ယောက်ျားမြတ်၏ အတွင်းအသုံးအဆောင် အပအသုံးအဆောင် ဖြစ်ကုန်သော ပြာသာဒ် ပဒေသာပင် စသည်တို့သည်လည်းကောင်း ထိုယောက်ျားမြတ်နှင့်တကွ ဖြစ်ကြရကုန်သကဲ့သို့ ထို့အတူ ဤဥပမာဖြင့် ပြည့်စုံခြင်းကို မှတ်အပ်၏။
- ဘဝန္တရပဋိသန္ဓာနဝသေန- ဟူသည်ကား တစ်ခုသော ဘဝ ချုပ်ပြီးသည်ရှိသော် ထိုဘဝနှင့်တကွ အခြားမရှိသည်ကို ပြု ဘဝတစ်ပါးကို စပ်သည်၏ အစွမ်းဖြင့်-
- ဥပဇ္ဇမာနမေဝပတိဋ္ဌာတိ- ဟူသည်ကား ရှေးဘဝ၌ ဖြစ်ပြီး၍ မချုပ်မူ၍ ဌီ၏အဖြစ်ဖြင့် သွား၍ ဘဝတစ်ပါး၌ မတည်နိုင်ပေ၊
ဤသည်ကား လိုရင်းအဓိပ္ပါယ်တည်း။
မှန်လှစွာ၏။ ဖြစ်တိုင်း ဖြစ်တိုင်းကုန်သော တရားတို့သည် ပကတိအခါ၌လည်း အရပ်တစ်ပါးသို့ လည်းကောင်း၊ ခဏတစ်ပါးသို့လည်းကောင်း ပြောင်းရွှေ့တတ်သည် မည်ကုန်သည် မရှိကြကုန်။ သေသောအခါ၌ ဘဝတစ်ပါးသို့ ပြောင်းရွှေ့တတ်သည် မည်ကုန်သည် အဘယ်မှာလျှင် ရှိနိုင်ပါ ကုန်တော့အံ့နည်း။
- ဘိက္ခဝေ- ချစ်သား ရဟန်းတို့- အဝိဇ္ဇာဖြင့် ဖုံးလွှမ်းအပ်ကုန်သော တဏှာဖြင့် နှောင်ဖွဲ့ ချည်တုပ် အပ်ကုန်သော သံသရာစခန်းမှာ အပင် ပန်းပန်း ပြေး၍ နေကြရကုန်သော တပတ်လည်လည် အတည်မကျ ကျင်လည်၍ နေကြရကုန်သော သတ္တဝါတို့၏ ရှေ့သံသရာ အစွန်းအစသည် ထင်ရှားမရှိခဲ့ချေ။ ချစ်သား ရဟန်းတို့- ဤသံသရာကြီးသည် မသိအပ် မသိနိုင်သော အစရှိ၏။
ဟူသော အကြင်စကားကိုလည်း ဟောတော်မူအပ်၏။ ထိုစကားကိုလည်း ပရိယာယ်အားဖြင့် ဟောတော်မူအပ်၏။ မှန်လှစွာ၏။ အကြင် အဝိဇ္ဇာ တဏှာ သင်္ခါရတို့၏ အစွမ်းဖြင့် ဘဝတစ်ပါး၌ ပဋိသန္ဓေသည် ထင်ရှား ဖြစ်၏။ အဝိဇ္ဇာ တဏှာ သင်္ခါရတို့သည်လည်း ရှေး၌ အကြင်ပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ကြကုန်၏။ ထိုပုဂ္ဂိုလ်ကို ထိုအဝိဇ္ဇာ တဏှာ သင်္ခါရတို့၏ အကြောင်းအကျိုးစပ်သဖြင့် ဘဝတစ်ပါးသို့ ပြေးသွား၏၊ ကျင်လည်ရ၏။ ဤသို့ ဟောတော်မူအပ်၏ဟု သိအပ်၏။ ထို့ကြောင့်သာလျှင်လည်း ထိုပဋိသန္ဓေ၏ ရှေးဘဝ၌ အကျုံးဝင်ကုန်သော အကြောင်းတို့နှင့် ကင်း၍ မဖြစ်ခြင်းသည်လည်း ပြီးစီးပေ၏ဟု သိအပ်၏။ ဆက်၍ ဆိုဦးအံ့။ ဤအရာ၌ ပဲ့တင်သံ ဆီမီးလျှံ တံဆိပ်အရေး စသည်တို့သည် ဥပမာတို့ ဖြစ်ကြကုန်၏။ ဤသို့ သိအပ်၏။
ကာမပဋိသန္ဓေ စိတ်၏အာရုံ
ဧတ္ထ- ဟူသည်ကား မရဏုပ္ပတ္တိအရာ၌ မန္ဒပ္ပ -
ဝတ္တာနိ- ဟူသည်ကား ကံအားနည်းသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ၀တ္ထုအားနည်းသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ နုံ့သည် ဖြစ်၍ ဖြစ်ကုန်သော (သင်္ဂြိုဟ်ကျမ်းရင်းလာ ‘‘ဇောတို့ကို’’၌ ဆက်စပ်၍ ယူပါ) ထို့ကြောင့် ပစ္စုပ္ပန်လျှင် အာရုံရှိသည်၏ အဖြစ်ကို ရအပ်၏။ ဤသို့ ပုဒ်စပ်ခြင်းကို ပြုအပ်၏။
- ဓရန္တေသွေဝ- ဟူသည်ကား တည်ကုန်စဉ်သာလျှင်၊
- ပဋိသန္ဓိဘဝင်္ဂါနံပိ- ဟူသည်ကား ပဋိသန္ဓေ၏ လည်းကောင်း၊ နှစ်ကြိမ် သုံးကြိမ်သော ဘဝင်တို့၏ လည်းကောင်း၊
- ဣတိကတွာ- ဟူသည်ကား ဤသို့သော အကြောင်းကြောင့် ဤမရဏပ္ပတ္တိ၌- အဋ္ဌကထာ၌-
- ဂတိနိမိတ် မည်သည် ဖြစ်လတ္တံ့သော ဘဝ၌ တစ်ခုသော ရူပါရုံသည် ထင်လာ၏။
ဤသို့ မိန့်ဆိုတော်မူပြီး၍ အလုံးစုံကုန်သော ဂတိနိမိတ်၏ ဝါရတို့၌ ဂတိနိမိတ်ကို ရူပါရုံကိုသာ လျှင်လည်းကောင်း၊ မနောဒွါရဖြင့် ယူအပ်သည်ကိုသာလျှင်လည်းကောင်း၊ ပစ္စုပ္ပန်ကိုသာလျှင်လည်း ကောင်း အကယ်၍ကား ပြအပ်ပေ၏။ ထိုသို့ပင် ပြအပ်ငြားသော်လည်း နတ်ပြည်ခြောက်ထပ်မှ မိမိ၏အထံသို့ လာကုန်သော နတ်၏ရထားတို့ကိုသာလျှင် ဂတိနိမိတ်ကို ပြု၍ စုတေ့ကုန်သော ဓမ္မိကဥပါသကယ ဒုဋ္ဌဂါမဏိ အဘယမင်း စသည်တို့၏ အစွမ်းဖြင့် ထိုဂတိနိမိတ်သည်လည်း ကမ္မနိမိတ်ကဲ့သို့ ခြောက်ပါး အပြားရှိသည်လည်း ဖြစ်သော ခြောက်ဒွါရဖြင့် ယူအပ်သည်လည်း ဖြစ်သော ပစ္စုပ္ပန်သည်လည်းကောင်း၊ အတိတ်သည်လည်းကောင်း ဖြစ်သင့်၏။ ဤသို့သော အဓိပ္ပါယ်အားဖြင့် ထိုဂတိနိမိတ်ကို ကမ္မနိမိတ်နှင့် အထူးမရှိသည်ကို ပြု၍ ‘‘ကာမာဝစရ ပဋိသန္ဓိယာ (ပ) ဥပလဗ္ဘတိ’’ဟူ၍ အရှင်အနုရုဒ္ဓါဆရာ မိန့်တော်မူအပ်၏။
မှန်လှစွာ၏။ ထိုသို့သော အခြင်းအရာအားဖြင့် စုတေ့ကုန်သော ပုဂ္ဂိုလ်တို့အား နတ်၏အဆင်း အရောင်သည်လည်း နတ်တို့၏ အာနုဘော်ကြောင့် မျက်စိဖြင့် မြင်အပ်သည်သာလျှင် ဖြစ်၏။ နတ်ရထားအသံ သည်လည်းကောင်း၊ တူရိယာမျိုးငါးပါး အသံသည်လည်းကောင်း၊ စကား အသံ သည်လည်းကောင်း နားဖြင့် ကြားသည်သာလျှင် ဖြစ်၏။ နတ်တို့၏ ရနံ့သည်လည်း နှာခေါင်းဖြင့် နမ်းရတော့သည်သာလျှင် ဖြစ်၏။ ငရဲမှ တက်လာသော မီးလျှံသည် လောင်အပ်သော ကိုယ်ဖြင့် စုတေ့ကုန်သော ဒေဝဒတ် နန္ဒဘီလူး နန္ဒလုလင် အစရှိသည်တို့၏လည်းကောင်း၊ သင်တုန်းစက်၌ ချဉ်းကပ်ကုန်သော မိတ္တဝိန္ဒက အစရှိသည်တို့၏လည်းကောင်း အစွမ်းအားဖြင့် ဖောဋ္ဌဗ္ဗာရုံသည် လည်း ဖြစ်သင့်သည် သာလျှင်တည်း။ ရသာရုံ ဓမ္မာရုံတို့ကိုလည်း ဖြစ်သင့်သည် အားလျော်စွာ ယှဉ်စေအပ်ကုန်၏၊ သိအပ်၏။
သစ္စသံခိပ်ကျမ်း၌ -
- ပဉ္စဒွါရ၌ ပဋိသန္ဓေသည် ကံအာရုံကို ကြဉ်၍ နှစ်ပါးစုံသော ကမ္မနိမိတ် ဂတိနိမိတ်တို့ကို အာရုံပြု၍ ဖြစ်၏။
ဟူ၍ မိန့်လည်း မိန့်ဆိုအပ်၏။ မဟာဋီကာ၌လည်း ဤသို့သော အနက်ကို မိန့်ဆိုအပ်သည် သာလျှင်တည်း။ အကြင်အခါ၌ကား အဆုံး ဇောဝီထိမှ ရှေးအဖို့၌ ထင်မြဲတိုင်းသော ဂတိနိမိတ်သည် အဆုံးဖြစ်သော ဇော၏အာရုံ ဖြစ်၏။ ထိုအခါ၌ ထိုဂတိနိမိတ်သည် အတိတ်လည်း ဖြစ်တော့ သည်သာလျှင်တည်း။ ဤသို့ မှတ်အပ်၏။
အဋ္ဌကထာ၌ကား သန္တတိ၏ အစွမ်းဖြင့် ထိုဂတိနိမိတ်၏ ပစ္စုပ္ပန်၏ အဖြစ်ကိုသာလျှင် မိန့်ဆိုအပ်၏။ ထို့အတူ ရူပါရုံ၏ အဖြစ်ကိုလည်းကောင်း၊ မနောဒွါရဖြင့် ယူအပ်သော အဖြစ်ကိုလည်းကောင်း များသောအားဖြင့် မိန့်ဆိုအပ်၏ဟု သိအပ်၏။
ဤမှတစ်ပါးသော အခြင်းအရာအားဖြင့် အနက်ကို ယူချေသည် ရှိသော် ကမ္မနိမိတ်ကိုလည်း ပစ္စုပ္ပန်ဖြစ်၍ ဖြစ်သည်ကို ပဉ္စဒွါရ၌သာလျှင် အဋ္ဌကထာ၌ ပြတော်မူအပ်၏။ ထို့ကြောင့် ထိုကမ္မနိမိတ် ကိုလည်း မနောဒွါရဖြင့် ယူအပ်သော ပစ္စုပ္ပန်ဖြစ်သော ပဉ္စာရုံသည်လည်းကောင်း၊ ဓမ္မာရုံသည် လည်းကောင်း မဖြစ်သင့်ပေ။ ဤသို့ ဆိုသင့်သည် ဖြစ်ရာ၏။ ထိုသို့သော အခြင်းအရာအားဖြင့် ဆိုခြင်းငှါ တတ်လည်း မတတ်ကောင်းပေ။ အဘယ့်ကြောင့်နည်း ဟူမူကား-
- ‘‘စက္ခုပသာဒကို အနိစ္စအားဖြင့် ဒုက္ခအားဖြင့် အနတ္တအားဖြင့် ရှုကြကုန်၏။’’
ဤသို့ အစရှိသည်ဖြင့် ပဋ္ဌာန်းပါဠိတော် ၌ ဟောတော်မူအပ်သော အာရုံခြောက်ပါး ဖြစ်သော ပုရေဇာတပစ္စည်း၏ မနောဒွါရိက မရဏသန္နဇောတို့အားလည်း အလိုရှိအပ်သည်၏ အဖြစ်ကြောင့်တည်း။ ထို့ကြောင့်သာလျှင်လည်း ထိုဇောသို့ အစဉ်လိုက်သော ပဋိသန္ဓေ၏လည်း ဖြစ်သင့်ခြင်း ကြောင့်တည်းဟု သိအပ်၏။
၁၇၉။ ဋီကာကျော် (နှာ- ၁၉၀)၌ကား-
ထိုသို့သော အခြင်းအရာအားဖြင့် မစိစစ်မူ၍-
‘‘မနောဒွါရ၌ ဂတိနိမိတ်၏ အစွမ်းဖြင့် ပဉ္စဒွါရ၌ ကမ္မနိမိတ်၏ အစွမ်းဖြင့် ပစ္စုပ္ပန်အာရုံတို့သည် ထင်ခြင်းသို့ ရောက်ကုန်စဉ်’’
ဟူသော အကြင်စကားကို မိန့်ဆိုအပ်၏။ ထိုစကားသည် မကောင်းချေ။
၁၈၀။ ထိုဋီကာကျော် (နှာ- ၁၉၁)၌-
ဆဒွါရဂ္ဂဟိတံ- ဟူသည်ကား ကမ္မနိမိတ်ကို ခြောက်ဒွါရဖြင့် ယူအပ်၏။ ဂတိနိမိတ်ကို ခြောက်ခု မြောက်သော မနောဒွါရဖြင့် ယူအပ်၏။ ဤသို့ ဖြစ်သင့်သည် အားလျော်စွာ ယှဉ်စေအပ်၏။
ဟူသော အကြင်စကားကိုလည်း မိန့်ဆိုအပ်၏။ ထိုစကားသည်လည်း မသင့်လျော်ချေ。
မှန်လှစွာ၏။ ဤသို့ ဖြစ်သည်ရှိသော် ကံကိုကဲ့သို့ ဂတိနိမိတ်ကိုလည်း အရှင်အနုရုဒ္ဓါမြတ်သည် ခွဲ၍ ဆိုတော်မူသည် ဖြစ်ရာ၏။ ထိုဂတိနိမိတ်ကို ဆိုအပ်ခဲ့ပြီးသော နည်းအားဖြင့် ပဉ္စဒွါရဖြင့် ယူအပ်သည် မဖြစ်သင့်သည်ကား ဖြစ်လည်း မဖြစ်ချေဟု သိအပ်၏။
၁၈၁။ ထိုဋီကာကျော် (နှာ- ၁၉၁)၌-
အဋ္ဌကထာ၌ လည်းကောင်း၊ မူလဋီကာ စသည်တို့၌လည်းကောင်း ယေဘုယျ၏ အစွမ်းအားဖြင့် ဆိုအပ်သော အကြွင်းအကျန်နှင့် တကွ ဖြစ်သော ပါဌ်ကို မစိစစ်မူ၍-
အဋ္ဌကထာ၌ကား ဂတိနိမိတ်သည် မနောဒွါရ၌ ထင်ခြင်းသို့ ရောက်၏ဟု ဆိုအပ်သောကြောင့် လည်းကောင်း၊ ထိုဂတိ နိမိတ်လျှင် အာရုံရှိသော ပဉ္စဒွါရ၌ဖြစ်သော ပဋိသန္ဓေကို မပြအပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ မူလဋီကာ အစရှိသည်တို့၌လည်း ကံ၏အစွမ်းသည် ထင်စေအပ်သော ရူပါရုံသည် အိပ်မက်ကို မြင်မက်သော သူအားလည်းကောင်း၊ ဒိဗ္ဗစက္ခု အဘိညာဉ်အား လည်း ကောင်း၊ မနောဒွါရ၌သာ အာရုံ၏ အဖြစ်သို့ ရောက်သကဲ့သို့ မနောဒွါရ၌သာ အာရုံ၏အဖြစ်သို့ ရောက်၏။ ဤသို့ မှတ်၍ ဆိုအပ်သောကြောင့်လည်းကောင်း၊ ထိုအပရေဆရာတို့၏ စကားကို ဆရာတို့ ဝန်မခံကြကုန်။
ဟူသော အကြင်စကားကိုလည်း မိန့်ဆိုအပ်၏။ ထိုစကား၌လည်း ဝန်မခံကုန်သော ပုဂ္ဂိုလ်တို့၏ မစိစစ်ခြင်းကို ကြဉ်ထား၍ တစ်ပါးသော အကြောင်းမရှိချေဟု သိအပ်၏။
ပစ္စုပ္ပန္နမတီတံ- ဟူသော ပုဒ်၌ အကြင်ပုဂ္ဂိုလ်အား ဇောအဆုံး ရှိသော ပဉ္စဒွါရဝီထိဖြင့် စုတေ၏။ ထိုပုဂ္ဂိုလ်အား ဤပဋိသန္ဓေ၏လည်းကောင်း၊ နှစ်ပါးကုန်သော ဘဝင်တို့၏လည်းကောင်း ပစ္စုပ္ပန် လျှင် အာရုံရှိသည်၏ အဖြစ်ကို ရအပ်၏။
အကြင်ပုဂ္ဂိုလ်အား တဒါရုံ အဆုံးရှိသော ပဉ္စဒွါရဝီထိဖြင့် စုတေ၏။ ထိုပုဂ္ဂိုလ်အား ပဋိသန္ဓေ၏ သာလျှင် ပစ္စုပ္ပန်လျှင် အာရုံရှိသည်၏ အဖြစ်ကို ရအပ်၏။
အကြင်ပုဂ္ဂိုလ်အားကား- ဇောအဆုံးရှိသော ပစ္စုပ္ပန်လျှင် အာရုံသည် ရှိသည့် မနောဒွါရဝီထိဖြင့် စုတေ၏။ ထိုပုဂ္ဂိုလ်အား ပဋိသန္ဓေ၏ လည်းကောင်း၊ ခြောက်ပါးကုန်သော ဘဝင်တို့၏လည်းကောင်း ပစ္စုပ္ပန်လျှင် အာရုံရှိသည်၏ အဖြစ်ကို ရအပ်၏။
အကြင်ပုဂ္ဂိုလ်ကား- တဒါရုံ အဆုံးရှိသော ပစ္စုပ္ပန်လျှင် အာရုံ ရှိသည့် မနောဒွါရဝီထိဖြင့် စုတေ၏။ ထိုပုဂ္ဂိုလ်အား ပဋိသန္ဓေ၏လည်းကောင်း၊ လေးပါးကုန်သော ဘဝင်တို့၏လည်းကောင်း ပစ္စုပ္ပန်လျှင် အာရုံရှိသည်၏ အဖြစ်ကို ရအပ်၏ဟု သိအပ်၏။
ဆက်၍ ဆိုဦးအံ့။ ဤမရဏုပ္ပတ္တိ၌ အာရုံသည် အလွန်များသော အသက်ရှိသည် ဖြစ်၍ အားကြီး ငြားသော်လည်း ၀တ္ထုအားနည်းသော အဖြစ်ရှိခဲ့သော ကာမသတ္တဝါတို့အားလည်း ဇောအဆုံးရှိသော ဝီထိ ဖြစ်တော့သည်သာတည်းဟု မှတ်အပ်၏။
အဋ္ဌကထာ၌လည်း- သဒ္ဒါရုံ အဆုံးရှိသော ဝီထိကိုသာလျှင် ယှဉ်အပ်သည်၏ အဖြစ်ကြောင့် မနောဒွါရ၌ ပဋိသန္ဓေမှ နောက်၌ လေးပါးကုန်သသော ဘဝင်တို့၏ ပဉ္စဒွါရ၌ ပဋိသန္ဓေ၏သာလျှင် ပစ္စုပ္ပန်လျှင် အာရုံရှိသည်၏ အဖြစ်ကို မိန့်ဆိုအပ်၏။ ထိုသို့ပင် ဆိုငြားပါသော်လည်း-
- တဒါရုံ အဆုံးရှိသော ဝီထိ၏လည်းကောင်း၊ သက်သက်သော ဇောဝီထိ၏လည်းကောင်း၊
ဟူ၍ အဋ္ဌကထာ၌ ဆိုအပ်သည်၏ အဖြစ်ကြောင့် ဤဋီကာကျမ်း၌ ဇောအဆုံးရှိသော ဝီထိကိုလည်း ယှဉ်အပ်၏။ ဤသို့ သိအပ်၏။
၁၈၂။ ဋီကာကျော် (နှာ- ၁၉၀)၌ကား-
ဤသို့ မစိစစ်မူ၍-
မနောဒွါရ၌ ရှေးဦးစွာ ပဋိသန္ဓေ၏လည်းကောင်း၊ လေးပါးကုန်သော ဘဝင်တို့၏လည်းကောင်း ပစ္စုပ္ပန်အာရုံ၏ ရအပ်၏၊
ပဉ္စဒွါရ၌ကား-
ပဋိသန္ဓေ၏သာလျှင် ပစ္စုပ္ပန် အာရုံ၏ အဖြစ်ကို ရအပ်၏။
ဤသို့ အစရှိသော စကားကို မိန့်ဆိုအပ်၏။ ထိုစကားသည် မပြည့်စုံ မသင့်မြတ်လှပေ၏။
ဆက်၍ ဆိုဦးအံ့။ ဤမရဏုပ္ပတ္တိ၌ အကြင်ကြောင့် ပဋိသန္ဓေကို ဖြစ်စေတတ်သည်သာလျှင် ဖြစ်သော ကံ၏အာရုံကိုလည်းကောင်း၊ အဆောက်အဦးကိုလည်းကောင်း ကမ္မနိမိတ်ဟူ၍ အလိုရှိအပ်၏။ ပဉ္စဒွါရ၌ ဖြစ်သော ကံသည်လည်း ပဋိသန္ဓေကို ဖြစ်စေတတ်သည်သာလျှင် မဖြစ်ချေ။ ထို့ကြောင့် ထိုမရဏသန္နအခါ၌ ပဋိသန္ဓေကို ဖြစ်စေတတ်သော ကံသည် ရှေးအဖို့၌သာလျှင် မနောဒွါရ၏ အစွမ်းဖြင့် ပြီးစီးသည် ဖြစ်ပေ၏။ ထိုကံ၏လည်း အာရုံဖြစ်သည်သာလျှင် ဖြစ်သော ၀တ္ထုသည် လည်းကောင်း၊ အဆောက်အဦ ဖြစ်သည်သာလျှင် ဖြစ်သော ၀တ္ထုသည်လည်းကောင်း စင်စစ်အမှန် အားဖြင့် ကမ္မနိမိတ် မည်၏။
ပဉ္စဒွါရ၌ ဖြစ်သော အဆုံးဇော၏ကား အကြင်အာရုံသည် ဖြစ်၏။ ထိုအာရုံကို ရှေးဖြစ်သည့် ချုပ်ပြီးသော အာရုံနှင့် ၀တ္ထုအားဖြင့် မပြားသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ထို၀တ္ထုနှင့် တူသည်၏ အဖြစ်ကြောင့်လည်းကောင်း ကမ္မနိမိတ် ဟူ၍သာလျှင် ဆိုအပ်၏၊ ဤသို့ သိအပ်၏။
ထိုစကားသည် မှန်လှစွာ၏။ မူလဋီကာ၌-
- ပဉ္စဒွါရ၌လည်း ထင်ခြင်းသို့ ရောက်သော ပစ္စုပ္ပန်ဖြစ်သည့် အကြင် ကမ္မနိမိတ်သည် သေခါနီးသော အခါ၌ ပြုအပ်သော ပဋိသန္ဓေကို ဖြစ်စေတတ်သည့် ကံ၏အာရုံဖြစ်သော ကမ္မနိမိတ်နှင့် တစ်စပ်တည်းသော သဏ္ဌာန်၌ ဖြစ်၏။ ထိုသေခါနီးကာလ၌ ပြုအပ်သော ပဋိသန္ဓေကို ဖြစ်စေတတ်သည့် ကံ၏ အာရုံဖြစ်သော ကမ္မနိမိတ်နှင့် တူ၏။ ဤသို့ မှတ်အပ်၏။
ဟူ၍ မိန့်ဆိုအပ်၏။
ထိုမူလဋီကာ၌ အကြင်အလဥန၀တ္ထုတို့၌လည်းကောင်း၊ အကြင် စေတီတော် အစရှိသည် တို့၌ လည်းကောင်း၊ အကြင် ဓားလက်နက် အစရှိသည် တို့ဖြင့်လည်းကောင်း ရှေး၌ ပြုအပ်သော ကံသည် ပြီးစီး၏။ ထိုအလှူ၀တ္ထု စသည်တို့၏ မျက်မှောက်၌ ထင်ရှားရှိသည်၏ အဖြစ်ကို ရည်ရွယ်၍ ‘‘သန္တတိယံ ဥပ္ပန္နှုံ သဏ္ဌာန် ၌ ဖြစ်၏’’ ဟူ၍ မိန့်ဆိုအပ်ပေ၏။
ထို အလှူ ၀တ္ထု စသည်တို့နှင့် တူသော ၀တ္ထုတို့၏ ထင်ရှားရှိသည်၏ အဖြစ်ကို ရည်ရွယ်၍ ‘‘တံ သဒိသဉ္စှ - ထိုသေခါနီးသော ကာလ၌ ပြုအပ်သော ပဋိသန္ဓေကို ဖြစ်စေတတ်သည့် ကံ၏အာရုံ ဖြစ်သော ကမ္မနိမိတ်နှင့် တူ၏’’ဟူ၍ မိန့်ဆိုအပ်၏။
မှန်လှစွာ၏။ တူသော ၀တ္ထုတို့သည်လည်း ကံ၏အခွင့်ရခြင်း၏ အကြောင်းတို့ ဖြစ်ကုန်သည် သာလျှင်တည်း။ အဘယ်ကဲ့သို့နည်း ဟူမူကား- ဤလူ့ဘဝမှ အနည်းငယ်မျှသော မကောင်းမှု ကံကြောင့်ငရဲ၌ ဥဿဒငရဲ၏ အနီးအပါး၌ ဖြစ်ကုန်သည်ဖြစ်၍ ရှေးကောင်းမှုပြုသော အခါ၌ ရအပ်သော နိမိတ်နှင့်တူသော ငရဲမီးလျှံတို့၏ အသံကိုကြား၍ လည်းကောင်း၊ အဆင်းကို မြင်၍ လည်းကောင်း ကောင်းမှုကို အောက်မေ့၍ စုတေ၍ နတ်ပြည်၌ ဖြစ်ကုန်သော သူတို့၏မီးလျှံ ကဲ့သို့တည်း။ ဤသို့ မှတ်အပ်၏။
၁၈၃။ ဋီကာကျော် (နှာ- ၁၉၂)၌ကား-
မူလဋီကာပါဌ်ကို မစိစစ်မူ၍ ‘‘တံ သဒိသဉ္စ’’ ဟူသော ဤပုဒ်၏ ကျကျန်သော ‘စ’အက္ခရာ ရှိသော ပါဌ်ကိုမြင်၍-
‘‘မနောဒွါရ၌ ဖြစ်ကုန်သော ဇောတို့၏ အာရုံဖြစ်၍ ဖြစ်သော ကမ္မနိမိတ်နှင့်တကွ တူသောကြောင့် ထိုရှေးအဖို့၌ ဖြစ်သော မနောဒွါရ၌ ဖြစ်သည့် ဇောတို့၏ အာရုံဖြစ်သော ကမ္မနိမိတ်နှင့် တစ်စပ်တည်း တည်သော မရဏသန္နဇောသည် ယူအပ်သော ပစ္စုပ္ပန် ဖြစ်သည့် ရူပါရုံ စသည်ကိုလည်း ကမ္မနိမိတ်၏ အဖြစ်ဖြင့် မိန့်ဆိုပ်၏။’’
ဟူ၍ မိန့်ဆိုအပ်၏။ ထိုစကားသည် မပြည့်စုံသည်သာလျှင်တည်း။ ဆိုဖွယ် အထူးကား အဋ္ဌကထာ၌-
- တစ်ပါးသော သူအား သေသောအခါ၌ အဆွေအမျိုးတို့သည် ‘အမောင် ချစ်သား- သင်၏အကျိုးငှါ ဤဘုရားကို ပူဇော်ခြင်းကို ပြုအပ်၏၊ စိတ်ကို ကြည်ပါစေလော’ ဤသို့ဆို၍ ပန်းဆိုင်း တံခွန်လုံး တံခွန်ပြား စသည်တို့၏ အစွမ်းဖြင့် ရူပါရုံကိုလည်းကောင်း၊ တရားတော်ကို နာခြင်း တူရိယာမျိုး ငါးပါးကို ပူဇော်ခြင်း စသည်တို့၏ အစွမ်းဖြင့် သဒ္ဒါရုံကိုလည်းကောင်း၊ အခိုး အထုံ နံ့သာ စသည်တို့၏ အစွမ်းဖြင့် ဂန္ဓာရုံကိုလည်းကောင်း၊ ရှေးဦးစွာ ‘ဤ၀တ္ထုကို လျက်ဦးလော့၊ သင်၏ အကျိုးငှါ ပေးလှူအပ်သော လှူဖွယ်၀တ္ထု တည်း၊’ ဤသို့ဆို၍ ပျား တင်လဲ စသည်တို့၏ အစွမ်းဖြင့် ရသာရုံကိုလည်းကောင်း၊ ‘ရှေးဦးစွာ ဤ၀တ္ထုကို တွေ့ထိ ဦးလော့၊ သင်၏အကျိုးငှါ ပေးလှူအပ်သော လှူဖွယ်၀တ္ထုတည်း၊’
ဤသို့ဆို၍ စိန့်တိုင်း၌ ဖြစ်သော ပုဆိုး သောမာရ တိုင်း၌ဖြစ်သော ပုဆိုး အစရှိသည်တို့၏ အစွမ်းဖြင့် ဖောဋ္ဌဗ္ဗာရုံကိုလည်းကောင်း ပဉ္စဒွါရ၌ ရှေးရှုဆောင်ကြကုန်၏။
ဤသို့ မိန့်ဆိုအပ်၏။ ထိုစကား၌ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံတို့ကို ရည်ရွယ်၍ မူလဋီကာ၌ ‘‘သန္တတိယံ ဥပ္ပန္နံ - သဏ္ဌာန်၌ ဖြစ်၏၊’’ ဟူ၍ မိန့်ဆိုအပ်၏။ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့ကို ရည်ရွယ်၍ ‘‘တံ သဒိသဉ္စှု ထိုသေခါနီး ကာလ၌ ပြုအပ်သော ပဋိသန္ဓေကို ဖြစ်စေတတ်သည့် ကံ၏အာရုံဖြစ်သော ကမ္မနိမိတ် နှင့် တူ၏’’ဟူ၍ မိန့်ဆိုအပ်၏။
မှန်လှစွာ၏။ ရှေးဦးစွာ လျက်အပ် တွေ့ထိအပ်ကုန်သော ထိုအာရုံတို့သည် တစ်ပါး တစ်ခြားသို့ ဖြစ်ကုန်၏။ နောက်မှ ပေးလှူအပ်ကုန်သော အာရုံတို့သည် တစ်ပါး တစ်ခြားတို့ ဖြစ်ကုန်၏ဟု သိအပ်၏။
ဆက်၍ ဆိုဦးအံ့။ ဤအရာ၌ ဤသို့ ရှေးရှုဆောင်ကုန်သော ရူပါရုံ အစရှိသည်တို့ကို ရှေးဦးစွာ ပဉ္စဒွါရဖြင့် ယူ၍ မစုတေသေးမူ၍ နောက်မှတစ်ဖန် ယခုအခါ၌ ဤသို့ သဘောရှိကုန်သော ၀တ္ထုတို့ သည် ရှိကြကုန်၏။ ဤသို့ သက်သက်သော မနောဒွါရဖြင့် ယူ၍ စုတေကုန်သော ပုဂ္ဂိုလ်တို့အား ထိုအာရုံတို့ကို မနောဒွါရဖြင့် ယူအပ်ကုန်သော ပစ္စုပ္ပန် ဖြစ်ကုန်သော ကမ္မနိမိတ်တို့ ဖြစ်ကြကုန်၏။ ဤသို့ သိအပ်ကုန်၏ဟု မှတ်အပ်၏။
ရူပ အရူပ ပဋိသန္ဓေ၏ အာရုံ
ပထမ အရူပပဋိသန္ဓေ တတိယ အရူပ ပဋိသန္ဓေတို့အား ပညတ်ဖြစ်သော အာရုံဖြစ်၏။ ဒုတိယ အရူပပဋိသန္ဓေ စတုတ္ထ အရူပပဋိသန္ဓေတို့အား မဟဂ္ဂုတ်ဖြစ်သော အာရုံဖြစ်၏။ ထို့ကြောင့် ‘‘ယထာရဟံ’’ ဟူ၍ မိန့်ဆိုအပ်၏။
စုတိနောက် ပဋိသန္ဓေဖြစ်ပုံ
အရူပဘုံတို့တွင် အထက်ဘုံတို့၌ ဖြစ်ကုန်သော အရူပပုဂ္ဂိုလ်တို့အား အောက်အောက်၌ ဖြစ်သော ဈာန်တို့သည် ငြိမ်းကုန်၏။ ထိုအထက်အထက်၌ ဖြစ်သော ပုဂ္ဂိုလ်သည်လည်း ထိုအောက်အောက်၌ ဖြစ်ကုန်သော ဈာန်တို့ကို တစ်ဖန် အားမထုတ်ကြကုန်။ ထို့ကြောင့် ‘‘ဟေဋ္ဌိမာရုပ္ပဝဇ္ဇိတာနိ = အောက်အောက်၌ ဖြစ်သော အရူပ ပဋိသန္ဓေသည် ကြဉ်အပ်ကုန်သော’’ ဟူ၍ အရှင်အနုရုဒ္ဓါဆရာ မိန့်ဆိုအပ်၏။
မေ့လျော့သော အဖို့၌ ကျ၍ စွန့်လွှတ်အပ်သော ဈာန်ရှိကုန်သော ထို့ကြောင့်ပင်လျှင် မပယ်အပ် ကုန်သော သြရမ္ဘာဝိဟ သံယောဇဉ်ငါးပါးတို့သည် အောက်အဖို့သို့ ဆွဲငင်အပ်သော စိတ်နှလုံး ရှိကြကုန်သည် ဖြစ်၍ ကာမဘုံ၌ ဖြစ်လတ္တံ့ကုန်သော ထိုသူတို့၏ တိဟိတ်ဥက္ကဋ္ဌဖြစ်သော ဥပစာရ ဈာန် စေတနာကို ချန်ထား၍ တစ်ပါးသော အားနည်းသော ကံသည် အခွင့်ကို မရနိုင်ချေ။ ထို့ကြောင့် ‘‘တထာ ကာမ တိဟေတုကာ = ထို့အတူ ကာမတိဟိတ် ပဋိသန္ဓေ လေးခုတို့သည်လည်းကောင်း’’ ဟူ၍ မိန့်ဆိုအပ်၏။ မှန်လှစွာ၏။ ထို့ကြောင့်သာလျှင် အင်္ဂုတ္တရအဋ္ဌကထာ၌-
- မှန်လှစွာ၏။ ထိုအရူပဘုံမှ စုတေသော ပုဂ္ဂိုလ်အား တိဟိတ် ဥက္ကဋ္ဌဖြစ်သော ဥပစာရဈာန်ထက် အားအလွန်ရှိသော ကံမည်သည် မရှိချေ။
ဟူ၍ မိန့်ဆိုအပ်၏。
ဋီကာ၌လည်း-
- မှန်လှစွာ၏။ ထိုအရူပဘုံမှ စုတေသော ပုဂ္ဂိုလ်အား (ပ) မရှိချေဟူသော ဤအဋ္ဌကထာပုဒ်ဖြင့် ထိုအရူပဘုံမှ စုတေကုန်သော ပုဂ္ဂိုလ်တို့အား တိဟိတ်ဥက္ကဋ္ဌဖြစ်သော ဥပစာရဈာန် သည်သာလျှင် ပဋိသန္ဓေကို ဖြစ်စေတတ်သော ကံပေတည်း။ ဤသို့သော အနက်အဓိပ္ပါယ်ကို ပြဆိုပေ၏။
ဟူ၍ မိန့်ဆိုအပ်ပေ၏။ ဤသို့ သိအပ်၏။
ရူပါဝစရ ပဋိသန္ဓေကား ထို အရူပပုဂ္ဂိုလ်တို့အား မရှိသည်သာလျှင်တည်း။ ဤသို့သော အကြောင်းကြောင့် ယမိုက်ပါဠိတော်၌-
- ‘‘အရူပလေးဘုံမှ စုတေသော အရူပလေးဘုံ၌ ပဋိသန္ဓေနေသော’’ ဟူ၍လည်းကောင်း၊
- ‘‘အရူပလေးဘုံမှ စုတေသော ကာမသုဂတိ ခုနစ်ဘုံ၌ ပဋိသန္ဓေ နေသော’’ ဟူ၍လည်းကောင်း ဟောတော်မူအပ်၏။
- အရူပလေးဘုံမှ စုတေသော ရူပတစ်ဆယ့်ခြောက်ဘုံ၌ ပဋိသန္ဓေ နေသော’’ ဟူ၍ ဟောတော် မမူအပ်ပေ။
ရူပဘုံမှ စုတေသော ပုဂ္ဂိုလ်တို့အားကား တစ်ပါးသော အားနည်းသော ကံသည် အခွင့်ကို မရချေ။ ဤသို့ မဆိုသင့် မဆိုထိုက်ပေ။ ဤသို့ပင် ဖြစ်သော်လည်း ကောင်းစွာ ခွာအပ်ပြီးသော နီဝရဏရှိကုန် သော ထိုရူပပုဂ္ဂိုလ်တို့အား အပ္ပနာသို့ရောက်သော ဈာန်အထူးဖြင့် ကောင်းစွာ ထက်ဝန်းကျင်မှ ပွားအပ်ပြီးသော စိတ်အစဉ်သည် ရှိသည်၏ အဖြစ်ကြောင့် ဝမ်းတွင်းကန်း အစရှိသော ဝိပတ္တိကို ဖြစ်တတ်သော ဒွိဟိတ် သြမကကံသည်လည်း အခွင့်ကို မရနိုင်ပေ။ အပါယ်သို့ လားစေတတ်သော ကံသည် အဘယ်မှာ ရနိုင်ပါတော့အံ့နည်း။ ထို့ကြောင့် ‘‘အဟေတု ရဟိတာ သိယုံ’’ဟူ၍ အရှင် အနုရုဒ္ဓါဆရာ မိန့်ဆိုအပ်ပေ၏။
၁၈၄။ ဋီကာကျော် (နှာ- ၁၉၂)၌ကား-
ဥပစာရဈာန်၏ အစွမ်းကြောင့်သာလျှင် ဖြစ်ကုန်သော ဒွိဟိတ် ပဋိသန္ဓေ တိဟိတ်ပဋိသန္ဓေတို့ ဖြစ်ကုန်၏။
ဟူ၍ မိန့်ဆိုအပ်၏။ ထိုစကားကို စိစစ်အပ်၏။ မှန်လှစွာ၏။ ထိုစကားကို ပဋိသန္ဓေအကျိုး ပေးသည်ကို ရည်ရွယ်၍ ဆိုအပ်သည်။ အကယ်၍ ဖြစ်ငြားအံ့။ ဒွိဟိတ်ပဋိသန္ဓေသည် မဖြစ်သင့် မဖြစ်ထိုက်ချေ။ မှန်လှစွာ၏။ ကောင်းစွာ ခွာအပ်ပြီးသော နီဝရဏ ရှိကုန်သော ပုဂ္ဂိုလ်တို့အား အပ္ပနာဝီထိ၌ ဖြစ်သည့် ဥပစာရဈာန်သည် တိဟိတ်သြမကကံ မည်သည် မဖြစ်သင့်ချေဟု သိအပ်၏။ ကံတစ်ပါးအား ထောက်ပံ့ခြင်းအမှုကို ရည်ရွယ်၍ ဆိုအပ်သည် အကယ်၍ ဖြစ်ငြားအံ့၊ မိမိသည် အလွန် အားကြီးသည် ဖြစ်ပါလျက်လည်း ပဋိသန္ဓေကို မပေးမူ၍ အားနည်းသည့် ကံတစ်ပါးအား ထောက်ပံ့ခြင်း အမှု၌ အကြောင်းမရှိချေ။ ဤသို့ သိအပ်၏။
အကြင်ကြောင့်ကား ရူပဗြဟ္မာတို့အား ဥပစာရဈာန်မှ တစ်ပါးလည်း ဖြစ်ကုန်သော ကာယကံ ဝစီကံ မနောကံ ကုသိုလ်တို့သည် ဖြစ်ကြ ကုန်သည်သာလျှင်တည်း။ ထိုကံတို့သည်သာလျှင်တည်း။ အချို့တို့သည် တိဟိတ်သြကမတို့သည်လည်းကောင်း၊ အချို့တို့သည် ဒွိဟိတ်ဥက္ကဋ္ဌတို့ သည်လည်း ကောင်း ဖြစ်ကြကုန်၏။ ရုန့်ရင်းကုန်သော နီဝရဏတို့ကို ကောင်းစွာ ခွာအပ်ပြီးသည်၏ အဖြစ် ကြောင့်ကား ဝိပတ္တိနှင့် တကွသော ပဋိသန္ဓေကို ဖြစ်စေတတ်ကုန်သော ဒွိဟိတ်သြမကကံတို့သည် ထိုပုဂ္ဂိုလ်တို့အား မဖြစ်ကြကုန်။
ထိုသို့ ဒွိဟိတ်သြမက သဘောရှိကုန်သော အပရပရိယကံတို့သည်လည်း ထိုပုဂ္ဂိုလ်တို့အား အခွင့်ကို မရကြလေကုန်။ အထူးထူးသော အာရုံတို့၌လည်း ထိုရူပပုဂ္ဂိုလ်တို့အား ဆန္ဒသည်လည်းကောင်း၊ နိကန္တိ သည်လည်းကောင်း ဖြစ်သည်သာလျှင်တည်း။ အကြင်သို့ ဖြစ်ခြင်းကြောင့် အထူးထူးသော ကံတို့သည်လည်း အကျိုးပေးခြင်းငှါ အခွင့်ကို ရကြကုန်၏။ အကြင်သို့ ရခြင်းကြောင့်လည်း ထိုရူပပုဂ္ဂိုလ်တို့သည် စက္ခုဒွါရ သောတဒွါရတို့ဖြင့်လည်း ထိုရူပဘုံမှ စုတေကြကုန်၏။ ထို့ကြောင့် ဤအရာ၌ ဥပစာရဈာန်ဖြင့် အကြောင်းကို မဆိုမူ၍ ဆိုအပ်ပြီးသော နည်းဖြင့်သာလျှင် ထိုအကြောင်းကို ဆိုခြင်းငှါ သင့်မြတ်လျော်ကန်၏ဟု မှတ်အပ်၏။
- ကာမတိဟိတ်ဖြစ်သော စုတိမှနောက်၌ အလုံးစုံကုန်သော နှစ်ဆယ်သော ပဋိသန္ဓေတို့သည် ဖြစ်ကြကုန်၏。
- ဤမှ တစ်ပါးသော ဒွိဟိတ်စုတိ အဟိတ်စုတိမှ နောက်၌ ကာမတစ်ဆယ့်တစ်ဘုံ တို့၌သာလျှင် တစ်ဆယ်သော ပဋိသန္ဓေတို့သည် ဖြစ်ကြကုန်၏။ ဤသည်ကား ယောဇနာခြင်းတည်း。
ဘဝသစ်ဘဝင်နှင့် စုတိဖြစ်ပုံ
ဤသို့ ပဋိသန္ဓေခဏ၌ ဝိသယပ္ပဝတ္တိနှင့် တကွ ဝီထိမုတ်စိတ်တို့၏ ဖြစ်သော အခြင်းအရာကို ပြတော်မူပြီး၍ ယခုအခါ ပဝတ္တိကာလ၌ လည်းကောင်း၊ ဘဝအဆက်ဆက်တို့၌ လည်းကောင်း ဖြစ်သော အခြင်းအရာကို ပြတော်မူခြင်းငှါ ‘‘ဣစ္စေဝံ’’ အစရှိသော စကားကို မိန့်တော်မူ၏။
- ပဋိသန္ဓိနိရောဓာနန္တရတော- ဟူသည်ကား ပဋိသန္ဓေ၏ ချုပ်သည် ပျက်သည်၏ အခြားမဲ့ဖြစ်သော ကာလမှ-
- တမေဝစိတ္တံ- ဟူသည်ကား ထိုပဋိသန္ဓေစိတ်နှင့် တူသော တရား၌ ထို(ပဋိသန္ဓေစိတ်) တရားဟု ခေါ်ဝေါ်ခြင်းကို မှတ်အပ်၏။
အဘယ်ကဲ့သို့နည်း ဟူမူကား- ‘‘ထို ဝတ္ထုတို့သည်သာလျှင် ဆေးတို့ပင်တည်း’’ ဟူသကဲ့သို့ပေတည်း။
- ယာဝစုတိစိတ္တုပ္ပဒါ- ဟူသော ဤပုဒ်၌ စုတိသဒ္ဒါဖြင့် ထိုစုတိ၏ အနီးဖြစ်သော ဝီထိစိတ် တို့ကိုလည်း ယူခြင်းကို မှတ်အပ်၏။
- အသတိပ္ပထိစိတ္တုပါဒေ- ဟူသည်ကား အကြား အကြား၌ ဝီထိစိတ်တို့၏ ဖြစ်ခြင်း မရှိလတ်သော်-
- ဘဝဿအင်္ဂဘာဝေန- ဟူသည်ကား ဥပပတ္တိဘဝ၏ မပြတ်ခြင်း၏ အကြောင်း၏ အဖြစ်ဖြင့်-
မှန်လှစွာ၏။ ထိုဘဝင်စိတ်သည် မဖြစ်သည်ရှိသော် ပစ္ဆာဇာတ ပစ္စည်းမှ ကင်းကုန်သော ရုပ်တရား တို့အား မိုးရေမှ ကင်းကုန်သော ပျိုနုသည့် ကောက်စပါးပင် တို့ကဲ့သို့ ညှိုးနွမ်းသည်၏ အဖြစ်သို့ ရောက်ခြင်းကြောင့် ဥပပတ္တိဘဝသည် ပြတ်၏။ ဤသို့ သိအပ်၏။ ထိုစိတ် သည်သာလျှင် စုတိစိတ်ဖြစ်၍ ချုပ်ရပေ၏။ ဤသည်ကား ပုဒ်စပ်ခြင်းတည်း။
- ယထာက္ကမံ ဧဝ ပရိဝတ္တန္တာ ပဝတ္တန္တိ- ဟူသည်ကား ပရိနိဗ္ဗာန စုတိတိုင်အောင် အစဉ်အတိုင်း တပြောင်းပြန်ပြန် လည်ကုန်သည်၏ ဖြစ်၍ ဖြစ်ကြကုန်သည်သာလျှင်တည်း။
စင်စစ်သော်ကား တစ်ပါးသော တိတ္တိတို့၏ အယူ၌ကဲ့သို့ တစ်ရံ တစ်ခါ၊ တစ်စုံတစ်ခုသော ဘုံဘဝ၌ ဆုတ်နစ်ခြင်းသို့ မရောက်ကုန်။ ဤသည်ကား အနက်တည်း။
၁၈၅။ ဋီကာကျော် (နှာ- ၁၉၃)၌ကား-
‘‘ဝဋ်ဆင်းရဲ၏ အရင်းဖြစ်ကုန်သော အဝိဇ္ဇာ တဏှာ ပြတ်သည် တိုင်အောင်’’ ဟူ၍ မိန့်ဆိုအပ်၏။ အရဟတ္တမဂ်ကို ဝဋ်ဆင်းရဲ၏ အရင်းဖြစ်ကုန်သော အဝိဇ္ဇာ တဏှာတို့ကို ဖြစ်တတ်သော တရားဟူ၍ ဆိုအပ်၏။ ထိုအရဟတ္တမဂ်မှ နောက်၌လည်း ခန္ဓပရိနိဗ္ဗာန် စံသည်တိုင်အောင် ဖြစ်ကြကုန်သည် သာလျှင်တည်း။
သံသရာစက်လည်ပုံ အဖွင့်
ဣဟ- ဟူသည်ကား ဤဘဝ၌- ဣစ္စယံ- ဟူသော ပုဒ်၏ ဣတိအယံ ဟူ၍ ပုဒ်ဖြစ်ခြင်းကို ပြုအပ်၏၊ ဣတိသဒ္ဒါသည် အစဟူသော အနက်ရှိ၏။
ဤဘဝ၌ ပဋိသန္ဓေစိတ်သည် လည်းကောင်း၊ ဘဝင်စိတ်သည်လည်းကောင်း အာဝဇ္ဇန်း အစရှိသော ဝီထိစိတ်တို့သည်လည်းကောင်း၊ စုတိစိတ်သည် လည်းကောင်း ဤစိတ်အစဉ်သည် မပြတ်လည်၍ ဖြစ်သကဲ့သို့ ထို့အတူ တစ်ဖန် ဘဝတစ်ပါး၌လည်း ပဋိသန္ဓေ ဘဝင်အစရှိသော ဤစိတ်အစဉ်သည် တပြောင်းပြန်ပြန် လည်၍ ဖြစ်၏။ လည်လျက် ဖြစ်၏။ ဤသည်ကား အနက်တည်း။
သံသရာစက် ပြတ်ပုံ အဖွင့်
ယခုအခါ၌ အကြင်ဝိပဿနာ မဂ် ဖိုလ်နိဗ္ဗာန်၏ (ဝဋ်ဒုက္ခငြိမ်းခြင်း၏) အကျိုးငှါစိတ် စေတသိက်တို့၏ ပဘေဒ သင်္ဂဟ၊ ပဝတ္တိ သင်္ဂဟ တို့ကို ဖြစ်စေအပ်ကုန်၏။ ထိုဝိပဿနာ မဂ် ဖိုလ် နိဗ္ဗာန်၏ အကျိုးကို (ဝဋ်ဒုက္ခ ငြိမ်းခြင်း၏ အကျိုးကို) ပြတော်မူလိုသည် ဖြစ်၍ (ပဋိသင်္ခါယ စသော) ဂါထာကို မိန့်တော်မူ၏။ ထိုဂါထာ၌-
- ပဋိသင်္ခါယ - ဟူသည်ကား ပဋိသင်္ခါဉာဏ်ဟု ဆိုအပ်သော ဝိပဿနာဉာဏ်ဖြင့် အဖန်ဖန် အထပ်ထပ် သိမြင်၍-
- ဧတံ- ဟူသည်ကား အကြင် အကြင် ဆိုအပ်ခဲ့ပြီးသော စိတ် စေတသိက် ပဘေဒ အစီအရင် ပဝတ္တိ အစီအရင်ကို-
- အဓုဝံ- ဟူသည်ကား မမြဲသော-
- အဓိဂန္တွာ - ဟူသည်ကား အဓိဂမဟု ဆိုအပ်သော လေးပါးသော မဂ်ဉာဏ်ဖြင့် ရ၍ မျက်မှောက်ပြု၍-
- ပဒံ- ဟူသည်ကား သဥပါဒိသေသ ဖြစ်သော နိဗ္ဗာန်ကို-
- ဗုဓာ- ဟူသည်ကား ပညာရှိတို့သည်-
ထိုပုဂ္ဂိုလ်တို့သည် ကောင်းစွာ အနုသယမျှကိုလည်း မကြွင်းမကျန်စေမူ ထက်ဝန်းကျင်မှ ကြွင်းကျန်သော ကိလေသာတို့နှင့် တကွ ဖြတ်အပ်ပြီးသော အကြင်ကြင် ဆိုအပ်ကုန်ပြီးသော စိတ် စေတသိက်တို့၌ ကိန်းဝပ်သော တဏှာ ချစ်ခြင်းဟု ဆိုအပ်သော အနှောင်အဖွဲ့ ရှိသောကြောင့် ‘‘သုသမုစ္ဆိန္န သိနေဟ ဗန္ဓနာ’’တို့ မည်ကုန်၏။
ထိုနိဗ္ဗာန်၌ ဝဋ်ဆင်းရဲ တည်းဟူသော ပူပန်ခြင်းတို့သည် ငြိမ်းကုန်- ကောင်းစွာ ငြိမ်းကုန် သောကြောင့် ‘‘သမ’’ မည်၏။ အနုပါဒိသေသ နိဗ္ဗာန်ကို ရအပ်၏။
- ဧဿန္တိ- ဟူသည်ကား ရောက်ရကုန်လတ္တံ့၊
- စိရာယ- ဟူသည်ကား ကြာမြင့်စွာသော ကာလပတ်လုံး-
ထိုပုဂ္ဂိုလ်တို့အား ကောင်းသော မဂ် ဖိုလ် နိဗ္ဗာန်ကို ရွက်ဆောင်တတ်သော သီလဓုတင်ဟု ဆိုအပ်သော အကျင့်ရှိသောကြောင့် ‘‘သုဗ္ဗတ’’တို့ မည်ကုန်၏။ ကောင်းစွာ စင်ကြယ်သော သီလ ခေါင်းပါးသော အကျင့်ရှိကုန်၏။ ဤသည်ကား အနက်တည်း။
ရှည်မြင့်စွာသော ကာလပတ်လုံး ကောင်းသော အကျင့်ရှိကုန်သော ပညာရှိတို့သည် မမြဲသော ဤပဘေဒအစီအရင် ပဝတ္တိ အစီအရင်ကို ပညာဖြင့် ဆင်ခြင်၍ စုတေခြင်း မရှိသော သဥပါဒိသေသနိဗ္ဗာန်ကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် ရ၍ ကောင်းစွာ မဂ်ဖြင့် ဖြတ်အပ်ပြီးသော ချစ်ခြင်း နှောင်ဖွဲ့ခြင်း ရှိကြကုန်သည်ဖြစ်၍ အနုပါဒိသေသနိဗ္ဗာန်သို့ ရောက်ကြရကုန်လတ္တံ့၊ ဤသည်ကား ယောဇနာခြင်းတည်း။
ဤဆိုအပ်ခဲ့ပြီးသည်ကား ပရမတ္ထဒီပနီ အမည်ရှိသော အဘိဓမ္မတ္ထသင်္ဂဟ အမည်ရှိသော သင်္ဂြိုဟ် ကျမ်း၏ ငါးခုမြောက် အဖွင့်၌ ဝီထိမုတ္တသင်္ဂဟ၏ မြတ်သော အနက်ကို ပြရာ ပြကြောင်း ဖြစ်သော အခန်းသည် ပြီးဆုံးပေပြီ။
ပရမတ္ထဒီပနီ မြန်မာပြန် ဝီထိမုတ်ပိုင်း အဖွင့် ပြီးပြီ။
ရုပ်ပိုင်းအဖွင့်
နမော တေ ပုရိသာဇည
အနုသန္ဓေနှင့် ပဋိညာဉ် ဂါထာအဖွင့်
ဤသို့ စိတ် စေတသိက်တို့ကို နှစ်ပါးကုန်သော အပြားဖြစ်ခြင်းတို့ဖြင့် ပြပြီး၍ ယခုအခါ၌ အစဉ်ရောက်သော ရုပ်ကို ပြတော်မူလိုသည် ဖြစ်၍ (အနုသန္ဓေနှင့် ပဋိညာဉ်ကို ပြဆိုရာဖြစ်သော) အစဂါထာကို အနုရုဒ္ဓါဆရာ မဟာထေရ်မြတ် မိန့်ဆိုတော်မူ၏။
ထိုဂါထာ၌ ဝစနတ္ထကို ဤဆိုလတ္တံ့သောနည်းဖြင့် သိအပ်၏။ ထိုပရိစ္ဆေဒအား ဤအတိုင်း အရှည်သည် ရှိ၏။ ထို့ကြောင့် ‘‘ဧတ္တာဝန္တ’’ မည်၏။ ထိုဤမျှ အတိုင်းအရှည်ရှိသော ပရိစ္ဆေဒဖြင့်၊ တစ်နည်းကား- ဤ ‘‘ဧတ္တာဝတာ’’ဟူသော ပုဒ်သည် နိပါတ်ပုဒ်တည်း။ ဟိ- သဒ္ဒါသည် ပုဒ်ပြည့်ခြင်း၌ ဖြစ်၏၊ အပြားလည်း ဖြစ်ခြင်းလည်း (ထို့ကြောင့်) အပြားဖြစ်ခြင်းတို့၊ (ဟူ၍ ဒွန်သမာသ် စပ်လေ) အကြင် စိတ် စေတသိက်တို့သည် အပြားဖြစ်ခြင်းတို့နှင့် တကွဖြစ်ကုန် သောကြောင့် ထိုစိတ် စေတသိက်တရားတို့သည် ‘‘သပ္ပဘေဒပ္ပဝတ္တိကာ’’တို့ မည်ကုန်၏။
- ဤမျှ အတိုင်းအရှည်ရှိသော ပရိစ္ဆေဒဖြင့် အပြား ဖြစ်ခြင်းနှင့် တကွ ဖြစ်ကုန်သော စိတ် စေတသိက် ဖြစ်ကုန်သော တရားတို့ကို ငါသည် ဝေဖန်အပ်ကုန်ပြီ။ ယခုအခါ၌ ရုပ်ကို မိန့်အပ်၏။ ဤသည်ကား ဧတ္တာဝတာ စသော ဂါထာ၏ အနက် ယောဇနာခြင်းတည်း။
သင်္ဂဟ မာတိကာ ဂါထာအဖွင့်
အကျဉ်းအားဖြင့် ထုတ်ဆိုခြင်းသည် ‘‘သမုဒ္ဒေသ’’ မည်၏။ အကျဉ်းအားဖြင့် ထုတ်ဆိုအပ်ပြီးသော ရုပ်ကို တစ်ဖန် ဝေဖန်ခြင်းသည် ‘‘ဝိဘာဂ’’ မည်၏။ ဤကံ အစရှိသော အကြောင်းတရားဖြင့် ရုပ်သည် ဖြစ်တတ်သော သတ္တိကြောင့် ‘‘သမုဋ္ဌာန’’ မည်၏။ ကံ အစရှိသော တရားကို ရအပ်၏။ အစိတ်တို့ကို ကလတို့ ဟူ၍ မိန့်ဆိုအပ်ကုန်၏။ ဤအပေါင်း၌ ထိုအစိတ်တို့ကို သွင်းအပ်ကုန်၏။ ထိုသို့ အစိတ်တို့၏ သွင်းယူရာ ဖြစ်သောကြောင့် ‘‘ကလာပ’’တို့ မည်ကုန်၏။ အပေါင်း အစုပေတည်း။ ဤသည်ကား ကလာပ ဟူသော ပုဒ်၏ အနက်ပေတည်း။ ပဝတ္တိက္ကမတော- ဟူသည်ကား ဖြစ်စဉ်အားဖြင့် (ဟူလိုသည်)။
ရူပသမုဒ္ဒေသ အဖွင့်
မဟာဘုတ်နှင့် ဥပါဒါရုပ်
မိမိတို့၏ လက္ခဏာအားဖြင့်လည်းကောင်း၊ မိမိတို့၏ အဆောက်အအုံအားဖြင့်လည်းကောင်း ကြီး ကျယ်ကုန်သည် ဖြစ်ကုန်၍ ထင်ရှား ဖြစ်တတ်သောကြောင့် မဟာဘုတ်တို့ မည်ကုန်၏။ ထိုစကား သည် မှန်လှစွာ၏။ ထိုမဟာဘုတ်တို့သည် မိမိတို့၏ သဘောလက္ခဏာအားဖြင့် ဥပါဒါရုပ် တို့ကို ထောက်ဆ၍ ကြီးကျယ်ကုန်သည်သာလျှင် ဖြစ်ကုန်၍ ထင်ရှား ဖြစ်ကြကုန်၏ဟု သိအပ်၏။ အဖို့တစ်ပါးကို ဆိုဦးအံ့။
၁၈၆။ ဋီကာကျော် (နှာ- ၁၉၄)၌လည်းကောင်း၊ မဟာဋီကာ၌လည်းကောင်း- ‘‘သသမ္ဘာရဓာတ်၏ အစွမ်းဖြင့်’’ ဟူ၍ မိန့်ဆိုအပ်၏။ ထိုစကားသည် မပြည့်စုံချေ။ မသင့်လျော်ပေ။
မှန်လှစွာ၏။ မိမိတို့၏ အဆောက်အအုံ ဝတ္ထုတို့၏ အစွမ်းဖြင့်သာလျှင် ထိုမဟာဘုတ်တို့၏ ဤမဟာဘုတ်ဟူသော ခေါ်ဝေါ်ခြင်းသည် ဖြစ်၏ဟု ဆိုခြင်းငှါ မတတ်ကောင်းချေ။ မိမိတို့၏ ကက္ခဠ စသော သဘောလက္ခဏာအားဖြင့် ကြီးကျယ်သည်၏ အဖြစ်နှင့် ကင်းကွာ၍ ထိုမဟာဘုတ်တို့၏ မိမိတို့၏ အဆောက်အအုံအားဖြင့် ကြီးကျယ်သည်၏အဖြစ် မည်သည် ဖြစ်လည်း မဖြစ်သင့်ပေ။ ဤသို့ သိအပ်၏။
ထို့ကြောင့် ထိုမဟာဘုတ်တို့၏ ဣန္ဒြေနှင့်စပ်သော သန္တာန် ဣန္ဒြေနှင့် မစပ်သော သန္တာန်တို့၌ မြေတောင် စသည်တို့၏ အစွမ်းအားဖြင့် လည်းကောင်း၊ သမုဒ္ဒရာ၌ ငါး လိပ် စသည်တို့၏ အစွမ်းဖြင့်လည်းကောင်း မိမိတို့၏ အဆောက်အအုံအားဖြင့် အကြင် ကြီးကျယ်သည်၏ အဖြစ်သည် ရှိပေ၏။ ထိုကြီးကျယ်သည်၏ အဖြစ်သည်လည်း မိမိတို့၏ သဘောလက္ခဏာအားဖြင့် ကြီးကျယ် သည်၏ အဖြစ်လျှင် အရင်းရှိ၏ဟု မှတ်အပ်၏။
တစ်နည်းကား- လောက၌ ချွတ်ယွင်းစေတတ်သော အနက်ကြောင့် မျက်လှည့်သည် တို့ကို လည်းကောင်း၊ ပူးဝင်ခြင်း ဖမ်းယူခြင်းတို့၌ မကြံစည်အပ်သော တည်ရာရှိသော အနက်ကြောင့် ဘီလူး စသည်တို့ကို လည်းကောင်း၊ လှည့်ပတ် ဖြားယောင်းတတ်သော အနက်ကြောင့် ဘီလူးမတို့ကိုလည်းကောင်း မဟာဘုတ်တို့ ဟူ၍ ဆိုအပ်ကုန်၏။ ထိုသို့သော အနက်ကြောင့်သာလျှင် ထိုမျက်လှည့်သည် စသည်တို့နှင့် တူသည်၏ အဖြစ်ကြောင့် ဤရုပ်တို့သည်လည်း မျက်လှည့်သည် အစရှိသော မဟာဘုတ်တို့ကဲ့သို့ ဖြစ်ကြကုန်၏။ ထို့ကြောင့် မဟာဘုတ်တို့ မည်ကုန်၏။ ဆက်၍ ဆိုဦးအံ့။ နှစ်ပါးစုံသော ဥပမာပက္ခ ဥပမေယျပက္ခတို့၌လည်း ထိုတရားတို့၌ ကြီးကျယ်ကုန်သော မဟုတ်မမှန်ခြင်းတို့သည် လည်းကောင်း၊ အံ့ဖွယ်သူရဲတို့သည်လည်းကောင်း ရှိကြကုန်၏။ ဤသို့ ဝိဂြိုဟ်သည် သင့်မြတ်သည်သာလျှင်တည်း။
၁၈ရ။ ဋီကာကျော် (နှာ- ၁၉၄)၌ကား- ဘီလူးမကို အသီးအခြား ဥပမာမျှကို ပြု၍- တစ်နည်းကား- နှစ်လိုဖွယ်သော အဆင်း သဏ္ဌာန် အစရှိသည်တို့ဖြင့် သတ္တဝါတို့ကို လှည့်ပတ် တတ်ကုန်သော ဘီလူးမ အစရှိသည်ကဲ့သို့ နှစ်လိုဖွယ်သော မိန်းမ ယောက်ျားတို့၏ အဆင်းကို ပြခြင်း အစရှိသည်ဖြင့် သတ္တဝါတို့ကို လှည့်ပတ်တတ်သည်၏ အဖြစ်ကြောင့် ထိုရုပ်တရားတို့၌ များစွာကုန်သော မဟုတ်မမှန်သော သဘောတို့သည် ရှိကြကုန်သောကြောင့် မဟာဘုတ်တို့ မည်ကုန်၏။ ဟူ၍ မိန့်ဆိုအပ်၏။ ထိုစကားသည် အဋ္ဌကထာနှင့် မညီမညွတ်ချေ။
ထိုစကားသည် မှန်လှစွာ၏။ အဋ္ဌကထာ၌ ‘‘မဟာဘူတသာမညတော’’ဟူသော ပုဒ်၏အကျယ် ၌သာလျှင် ‘‘မျက်လှည့်သည်လည်းကောင်း၊ ဘီလူးလည်းကောင်း၊ ဘီလူးမလည်းကောင်း ဤသို့ သုံးပါး ကုန်သော မဟာဘုတ်တို့ကို မိန့်ဆိုအပ်ကုန်၏။’’ ဤသို့ သိအပ်၏။
- စတုန္နဉ္စ မဟာဘူတာနံ- ဟူသည်ကား ဥပယောဂအနက်၌ သာမိဝိဘတ် ရှိသော ပုဒ်တည်း။
- ဥပါဒါယ- ဟူသည်ကား မြဲမြံစွာ မှီ၍ ဖြစ်သည်တည်း။
ဤသည်ကား အကြွင်းအကျန်ဖြစ်သော ပါဌ်တည်း။
- တစ်နည်းကား ‘‘ဥပါဒါယရူပံ’’ဟူသော သမာသ်ပုဒ်ကို မှတ်အပ်၏။
၁၈၈။ ဋီကာကျော် (နှာ- ၁၉၅)၌ကား- စွဲမှီ၍ ဖြစ်သော ရုပ်သည် ဥပါဒါရုပ် မည်၏။ ဟူ၍ မိန့်ဆိုအပ်၏။ ထိုဋီကာကျော်ဆရာ ဆိုသော စကားသည် ဤအရာ၌ မသင့်လျော်ချေ။ မှန်လှစွာ၏။ ဤပါဌ်၌ တစ်စုံတစ်ခုသော ပါဠိတော်၌ ယ-အက္ခရာ ကင်းသော ပါဌ်ကို မမြင်အပ်ပေ။ (ဥပါဒရူပံဟု ဆိုထား၏ဟူလို)
မှန်လှစွာ၏။ ထို့ကြောင့်သာလျှင် မူလဋီကာ၌- စွဲမှီတတ်၏။ ထို့ကြောင့် ဥပါဒါယ မည်၏။ ထိုဥပါဒါယသည်ပင်လျှင် ရုပ်မည်၏။ ဤသို့လည်း မိန့်ဆိုအပ်၏။ (ဥပါဒါယရူပံဟု ဆိုမိန့်၏ဟူလို)
ပထဝီဓာတ်
အထူးသဖြင့် ထင်ရှားတတ်သောကြောင့် ပထဝီ မည်၏။ သဟဇာတ် ရုပ်တရားတို့၏ တည်ရာ၏ အဖြစ်ဖြင့် ထင်ရှားတတ်၏။ ဤသည်ကား အနက်တည်း။ ကြီးကျယ်သည် ဖြစ်၍ ဖြစ်တတ်သော ကြောင့်လည်း ပထဝီ မည်၏။ အပြားအားဖြင့် ချီးမွမ်းအပ်၏။ အလုံးစုံကုန်သော ရုပ်အဆောက် အအုံတို့၏ တည်ရာ၏ အဖြစ်ကြောင့် ဤဓာတ်သည် ထိုရုပ်အဆောက်အအုံတို့၏ တည်ရာ မှီရာ ဖြစ်ပွားရာပေတည်း။ ဤသို့ အစရှိသော အထူးထူး အပြားပြားသော ဂုဏ်အစုဖြင့် အလွန် ချီးမွမ်းအပ်သောကြောင့် ပထဝီ မည်၏။ ထိုပထဝီသည်ပင်လျှင် သတ္တ ဇီဝ မဟုတ်သော အနက် ကြောင့် ဓာတ် မည်၏။ ထို့ကြောင့် ပထဝီဓာတ် မည်၏။
အာပေါဓာတ်
ပျံ့နှံ့ စိုစွတ်တတ်၏။ သဟဇာတ် ရုပ်တို့ကို ပျံ့နှံ့စေ၍ တည်တတ်သောကြောင့် အာပေါ မည်၏။ တစ်နည်းကား- ထိုသဟဇာတ် ရုပ်တို့ကို ရောက်စေတတ် ကောင်းစွာ ပွားစေတတ်သောကြောင့် အာပေါ မည်၏။ တစ်နည်းကား- ထိုသဟဇာတ်ရုပ်တို့ကို ဖရိုဖရဲ မကြဲသည်တို့ကို ပြု၍ လွန်စွာ စောင့်ရှောက်တတ်သောကြောင့် အာပေါ မည်၏။ တစ်နည်းကား- သောက်တတ် သောက်ဘိ သကဲ့သို့ ထိုသဟဇာတ် ရုပ်တို့ကို ပေါင်းစုတတ် ပေါင်းတတ်သောကြောင့် အာပေါ မည်၏။ ထိုအာပေါသည်ပင်လျှင် ဓာတ်မည်၏။ ထို့ကြောင့် အာပေါဓာတ် မည်၏။
တေဇောဓာတ်
ထက်မြက်စေတတ် ထက်မြက်သည်၏ အဖြစ်ဖြင့် တောက်ပသကဲ့သို့ သဟဇာတ် တရားတို့၏ အလယ်၌ ထင်ရှားပြတတ်သောကြောင့် တေဇာ မည်၏။ တစ်နည်းကား- ထက်မြက်စေတတ် သွေးတတ် (ထက်မြက်အောင် ပြုတတ်) သဟဇာတ် တရားတို့ကို ထက်မြက်သော အားအစွမ်း ရှိသည်တို့ကို ပြုတတ်သောကြောင့် တေဇော မည်၏။ တစ်နည်းကား- ရင့်ကျက်စေတတ် ပူလောင် စေတတ်သောကြောင့် တေဇော မည်၏။ ထိုတေဇောသည်ပင်လျှင် ဓာတ်မည်၏။ ထို့ကြောင့် တေဇောဓာတ် မည်၏။
ဝါယောဓာတ်
လှုပ်ရှားတတ် အရပ်တစ်ပါး၌ ဖြစ်ခြင်း၏ အကြောင်း၏ အဖြစ်ဖြင့် ဘုတ်အဆက်ဆက်ကို အရပ်တစ်ပါးသို့ ရောက်စေတတ်သောကြောင့် ဝါယော မည်၏။ တစ်နည်းကား- ရွက်ဆောင်တတ် သဟဇာတ်တရားကို လျောကျမှု မရှိသည်တို့ကို ပြု၍ ရွက်ဆောင်တတ်သောကြောင့် ဝါယော မည်၏။ ထိုဝါယောသည်ပင်လျှင် ဓာတ် မည်၏။ ထို့ကြောင့် ဝါယောဓာတ် မည်၏။
မဟာဘုတ် ရုပ်ဓာတ်တို့၏ လက္ခဏာများ
ထိုမဟာဘုတ် ရုပ်လေးပါးတို့တွင်-
- ပထဝီဓာတ်သည် ကြမ်းတမ်း ခက်မာခြင်း သဘောလက္ခဏာ ရှိ၏။
- အာပေါဓာတ်သည် ဖွဲ့စည်းခြင်း သဘောလက္ခဏာ ရှိ၏။
- တေဇောဓာတ်သည် ပူသည်၏ အဖြစ်လျှင် သဘောလက္ခဏာ ရှိ၏။
- ဝါယောဓာတ်သည် ထောက်ခံခြင်း သဘောလက္ခဏာ ရှိ၏။
ဖြစ်ခဲ့ပေရာ စောဒနာ
ဤအရပ်၌ ရပ်တည်၍ စောဒကဆရာ၏ စောဒနာခြင်းသည် ဖြစ်ခဲ့ပေရာ၏။ အဘယ့်ကြောင့် ပထဝီဓာတ်ကို ကက္ခဠလက္ခဏာ = ကြမ်းတမ်း ခက်မာခြင်းသဘောလက္ခဏာ ရှိ၏ဟူ၍ ဆိုအပ်ပါသနည်း။ ထိုပထဝီဓာတ်သည် နူးညံ့သော အဖြစ်သည်လည်း ဖြစ်နိုင်သည် မဟုတ်ပါလော။ ဤသို့သော စောဒနာဖွယ်သည် ဖြစ်ခဲ့ပေရာ၏။
မှန်လှစွာ၏။ ထိုသို့ပင် မှန်ပါသော်လည်း နူးညံ့သည် ဖြစ်၍ ဖြစ်သော ထိုပထဝီဓာတ်သည်လည်း ကြွင်းသော ဘုတ်သုံးပါးတို့၏ အပေါင်းကို ထောက်၍ ကြမ်းတမ်းခက်မာသည် ဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်၏။ အချင်းချင်း ထောက်၍သာလျှင် ဤပထဝီဓာတ်သည် နူးညံ့၏။ ဤပထဝီဓာတ်သည် ကြမ်းတမ်း၏။ ခက်မာ၏။ ဤသို့ ဖြစ်ပေ၏။ ထို့ကြောင့်သာလျှင် နူးညံ့ခြင်း ကြမ်းတမ်း ခက်မာခြင်းတို့၏ ဒီဃ ရဿ = အရှည်အတိုတို့၏ ကဲ့သို့ မတည်တံ့သည်၏ အဖြစ်သည် ဖြစ်ပေါ်ပေ၏။ မှန်လှစွာ၏။ နူးညံ့သည် ဖြစ်၍ ဖြစ်သော ပထဝီဓာတ်သည်လည်း ထိုနူးညံ့သည်ထက် အလွန်နူးညံ့သော ပထဝီသို့ ရောက်သည်ရှိသော် ကြမ်းတမ်းသည် ခက်မာသည် မည်သည် ဖြစ်၏။ ကြမ်းတမ်း ခက်မာသော ပထဝီသည်လည်း အလွန်ကြမ်းတမ်း ခက်မာသော ပထဝီသို့ ရောက်သည်ရှိသော် နူးညံ့သည် ဖြစ်၍ ဖြစ်သော ပထဝီဓာတ် မည်သည် ဖြစ်၏။ ဤသည်ကား အဖြေပေတည်း။
အာပေါဓာတ်သည် ဖွဲ့စည်းခြင်း လက္ခဏာ ရှိ၏ဟူ၍ မိန့်ဆိုအပ်၏။ ထိုအာပေါဓာတ်သည်လည်း ပကတိသော ရေ၌ လွန်ကဲ၏။ ထို့ကြောင့် ပကတိသော ရေသည် ဖွဲ့စည်းသည်ဖြစ်၍ တစ်ခဲနက် (အခဲ အတုံး) ဖြစ်သည်သာလျှင် ဖြစ်ရာ၏။ ဤသို့ အကယ်၍ ဆိုငြားအံ့ (ထိုသို့သော စောဒနာသည်) မဖြစ်သင့်ပေ။ အဘယ့်ကြောင့်နည်း ဟူမူကား- ဖွဲ့စည်းအပ်သော ပထဝီဓာတ်၏ ထိုရေ၌ အားနည်း သည်၏ အဖြစ်ကြောင့်ပေတည်းဟု သိအပ်၏။ အကြင် ဝတ္ထု၌ကား ပထဝီသည် အားကြီး၏။ ထို ဝတ္ထု၌သာလျှင် ထိုအာပေါသည် အလွန်ဖွဲ့စည်းသည် ဖြစ်၍ ဖွဲ့စည်း၏ဟု သိအပ်၏။
တေဇောသည် ပူသည်၏ အဖြစ်လျှင် သဘောလက္ခဏာ ရှိ၏ဟူ၍ မိန့်ဆိုအပ်၏။ ဤသို့ ဆိုခဲ့သည်ရှိသော် အေးသည်၏ အဖြစ်သည် တေဇောသာလျှင် မဖြစ်ပေရာ။ ဤသို့ အကယ်၍ ဆိုငြားအံ့။ (ထိုသို့ကား) မဆိုသင့်ပေ။ လောင်ကျွမ်းတတ် ရင့်ကျက်စေတတ် ရင့်ကျက် သည်၏ အဖြစ်သို့ ရောက်စေတတ်သောကြောင့် ဥဏှ မည်၏။ အေးသည်၏ အဖြစ်သည်လည်း ရင့်စေတတ် ရင့်ကျက်စေတတ်၊ ထိုရင့်စေတတ်သည်၏ အဖြစ်သို့ ရောက်စေတတ်သည်သာလျှင်တည်း။ ဤသို့ သိအပ်၏။
မူလဋီကာ၌- မှန်လှစွာ၏။ တေဇောသည်ပင်လျှင် အအေးသည် ဖြစ်ပေ၏။ အဘယ့်ကြောင့်နည်း ဟူမူကား- ဆီးနှင်းကျရာ အခါ အစရှိသည်တို့၏ အအေး = သီတတေဇော၏ ထက်ဝန်းကျင် လောင်ကျက် သည်၏ အဖြစ်ကို မြင်ရသောကြောင့်တည်း။ ဟူ၍ မိန့်ဆိုအပ်ပေ၏။
ဝါယောဓာတ်သည် ထောက်ခံခြင်း သဘော လက္ခဏာ ရှိ၏ဟူ၍ မိန့်ဆိုအပ်၏။ ထိုဝါယောဓာတ်ကိုကား တစ်ခဲနက် ခိုင်မာကုန်သော ကျောက်တိုင် စသည်တို့၌ မရအပ်ချေ။ ဤသို့ အကယ်၍ ဆိုငြားအံ့။ (ထိုသို့သော စကားကို မဆိုသင့်ပေ၊ မှန်လှစွာ၏။ ထိုကျောက်တိုင် စသည်တို့၌ ပထဝီဓာတ်သည် မိမိနှင့်တကွဖြစ်သော လေ၏ထောက်ပံ့ခြင်းကို ရ၍ အားအစွမ်းသို့ ရောက်သည် ဖြစ်၍လည်းကောင်း၊ ခိုင်ခံ့ခြင်းသို့ ရောက်သည် ဖြစ်၍လည်းကောင်း ရွက်ဆောင်တတ်၏ဟု သိအပ်၏။
စက္ခု ပသာဒရုပ်
ပြောကြားတတ် သာယာတတ်သောကြောင့် စက္ခု မည်၏။ ညီညွတ်သည် မညီညွတ်သည်ကို ပြောကြားတတ်၏။ အဘယ့်ကြောင့်နည်း ဟူမူကား- ညီညွတ်သည် မညီညွတ်သည်ကို သိခြင်း၏ ထိုစက္ခုပသာဒလျှင် အကြောင်းရင်း ရှိသည်၏ အဖြစ်ကြောင့်တည်း။ တစ်နည်းကား- ရူပါရုံကို သာယာတတ်၏။ အဘယ့်ကြောင့်နည်း ဟူမူကား- ထင်ခြင်းသို့ရောက်တိုင်း ရောက်တိုင်းသော ရူပါရုံကို မတားမြစ်ခြင်းကြောင့်တည်း။ တစ်နည်းကား- ထိုရူပါရုံကို ထင်စွာ ပြတတ်၏။ ဤသည်ကား စက္ခုသဒ္ဒါ၏ အနက်တည်း။
သောတ ပသာဒရုပ်
ကြားတတ်သောကြောင့် သောတ မည်၏။ တစ်နည်းကား- ဤတရားဖြင့် ကြားတတ်ကုန် သောကြောင့်(တစ်နည်း) ကြားအပ်ကုန်သောကြောင့် သောတ မည်၏။
ဃာန ပသာဒရုပ်
နမ်းတတ်သောကြောင့် ဃာန မည်၏။ တစ်နည်းကား- ဤတရားဖြင့် နမ်းတတ်ကုန်သောကြောင့် (တစ်နည်းကား) နမ်းအပ်ကုန်သောကြောင့် ဃာန မည်၏။
ဇိဝှါ ပသာဒရုပ်
အသက်၏ အကြောင်းဖြစ်သော ရသာရုံကို ဇီဝိတ ဟူ၍ ဆိုအပ်၏။ ထိုရသာရုံ၌ ညွတ်တတ်သည်၏ အဖြစ်ကြောင့် ထိုရသာရုံကို ခေါ်ဝေါ်တတ်သောကြောင့် ဇိဝှါ မည်၏။ တစ်နည်းကား- အသက်ကို ရွက်ဆောင်တတ်သောကြောင့် ဇိဝှါ မည်၏။ တစ်နည်းကား- ဤတရားသဘောဖြင့် ထို အသက်ကို ဖြစ်စေကြရကုန်သောကြောင့် ဇိဝှါ မည်၏။ အဘယ့်ကြောင့်နည်း ဟူမူကား- အသက်မွေးခြင်းကို ပြည့်စုံစေတတ်သည်၏ အဖြစ်ကြောင့်တည်း။ ထို့ကြောင့် ဇိဝှါ မည်၏။ တစ်နည်းကား- ဇိ- ဟူသည်ကား အောင်ခြင်းကို လည်းကောင်း၊ ရှုံးခြင်းကို လည်းကောင်း ဆိုအပ်၏။ ထိုအောင်ခြင်း ရှုံးခြင်း နှစ်ပါးစုံကို ရွက်ဆောင်တတ်သောကြောင့် ဇိဝှါ မည်၏။ တစ်နည်းကား- ဤတရား သဘောဖြင့် ထို အောင်ခြင်း ရှုံးခြင်း နှစ်ပါးစုံကို ရွက်ဆောင်ကြောင်း ဖြစ်သောကြောင့် ဇိဝှါ မည်၏။ သသမ္ဘာရနှင့် တကွဖြစ်သော လျှာကို ရအပ်၏။
ရှင်တော်ဘုရား အဘယ်သို့ ဟောကြားတော်မူသနည်း ဟူမူကား- မှန်လှစွာ၏။ မွေးဖွားသော ယောက်ျား၏ ခံတွင်း၌ လျှာတည်း ဟူသော ထားမ(ဓားမ)သည် ဖြစ်လာပါ၏။ မကောင်းစုတ်ချာ ယုတ်မာသော စကားကို ပြောဆိုသော လူမိုက်သည် အကြင် လျှာတည်း ဟူသော ထားမ(ဓားမ)ဖြင့် မိမိကိုယ်ကို ဖြတ်ပိုင်း ရှာလေ၏။ ဟူ၍ ဟောတော်မူ၏။ ဤအရာ၌ကား ထိုသသမ္ဘာရလျှာနှင့် တကွ ဖြစ်သောကြောင့် ဇိဝှါဟူသည်ကား ပသာဒရုပ်ကို သာလျှင် ဆိုအပ်၏။
ကာယ ပသာဒရုပ်
စက်ဆုပ်အပ် စက်ဆုပ်ဖွယ် ဖြစ်ကုန်သော ဆံပင် စသည်တို့၏လည်းကောင်း၊ မကောင်းသော တရားတို့၏လည်းကောင်း တည်ရာ ဖြစ်ရာ ဖြစ်သောကြောင့် ကာယ မည်၏။ သသမ္ဘာရကာယကို ရအပ်၏။ ဤအရာ၌ကား ထို သသမ္ဘာရကာယနှင့် တကွဖြစ်သော ပသာဒကာယကိုသာလျှင် အလိုရှိ အပ်၏။
ပသာဒ-အကြည်
ကြည်လင်တတ်ကုန်သောကြောင့် ပသာဒတို့ မည်ကုန်၏။ တစ်နည်းကား- ဤစက္ခု စသော အကြည်၌ အပြားအားဖြင့် နစ်မြုပ်တတ်ကုန်၏။ လဝန်း အစရှိကုန်သော အာရုံနိမိတ်သည် ထိုစက္ခုစသော အကြည်၌ နစ်မြုပ်ကုန်ဘိသကဲ့သို့ သရုပ်အားဖြင့် ထင်ကြကုန်၏။ ထို့ကြောင့် ပသာဒတို့ မည်ကြကုန်၏။ အလွန် စင်ကြယ်သော ကြေးမုံအကြည်နှင့် တူကုန်သော ကံကြောင့်ဖြစ် သော ကမ္မဇအကြည်တို့ကို ရအပ်ကုန်၏။
ဤစက္ခုပသာဒ အစရှိသော ငါးပါးတို့ကို မြင်ခြင်းငှါ အလိုရှိသည်၏ အဖြစ်တည်းဟူသော ရူပတဏှာ စသည်လျှင် အကြောင်းရင်းရှိသော ကံကြောင့်ဖြစ်သော မဟာဘုတ်တို့ကို ကြည်လင်စေခြင်း လက္ခဏာ ရှိကုန်၏ဟူ၍လည်းကောင်း၊ ရူပါရုံ စသည်တို့၏ ထိခိုက်ခြင်းငှါ ထိုက်သော မဟာဘုတ် တို့ကို ကြည်လင်စေခြင်း လက္ခဏာ ရှိကုန်၏ဟူ၍ လည်းကောင်း စက္ခုပသာဒ စသည်တို့ကို မှတ်အပ်ကုန်၏။
ထိုငါးပါးကုန်သော ပသာဒရုပ်တို့တွင် သောတပသာဒ စသည်တို့၏ ရှေးဦးစွာ စက္ခုပသာဒရုပ်သည် မျက်ဖြူဝန်းသည် ခြံရံအပ်သော မျက်နက်ဝန်း၏ အလယ်တည့်တည့်၌ သန်းဦးခေါင်း ပမာဏရှိသော ရှေးရှုတည်သော အရပ်၌ တည်ကုန်သော သူတို့၏ ကိုယ် သဏ္ဌာန် ဖြစ်ရာအရပ်ဖြစ်၍ ဖြစ်သော မြင်အပ်သော အဝန်းအဝိုင်း၌ ဆီသည် ခုနစ်ခုသော ဝါဂွမ်းလွှာတို့ကို ပျံ့နှံ့၍ တည်သကဲ့သို့ မျက်လွှာခုနစ်ထပ်တို့ကို ပျံ့နှံ့၍ တည်၏။
သောတပသာဒရုပ်သည် နားပေါက်အတွင်း၌ လက်စွပ်ကွင်း သဏ္ဌာန် ရှိသော ပေါင်းစုအပ်သော ပါးသော နီမြန်းသော အမွေးရှိသည့် အရပ်ကို ပျံ့နှံ့၍ တည်၏။
ဃာနပသာဒရုပ်သည် နှာခေါင်းအတွင်း၌ ဆိတ်ခွာ သဏ္ဌာန် ရှိသော အရပ်ကို ပျံ့နှံ့၍ တည်၏။
ဇိဝှါပသာဒရုပ်သည် သသမ္ဘာရနှင့် တကွဖြစ်သော လျှာလယ်၌ ကြာရွက်ဖျား သဏ္ဌာန် ရှိသော အရပ်ကို ပျံ့နှံ့၍ တည်၏။
ကာယပသာဒသည်ကား ကြီးစွာသော ဝါဂွမ်းအပြင်လုံး၌ သွန်းလောင်းအပ်သော ဆီကဲ့သို့ ပါစကတေဇော၏ တည်ရာ အရပ်ကိုလည်းကောင်း၊ ဆံဖျား အမွေးဖျား ခြေသည်းဖျား လက်သည်း ဖျား ခြောက်သွေ့သော အရေတို့ကိုလည်းကောင်း၊ ထား၍ ဆံဖျား စသည်တို့မှ ကြွင်းကျန်သည့် အလုံးစုံသော ကိုယ်ကိုပျံ့နှံ့၍ တည်၏။ ဤသို့ သိအပ်၏။
ထိုငါးပါးသော ပသာဒတို့သည်ကား ထိုက်သည့်အားလျော်စွာ ပဉ္စဒွါရ၌ ဖြစ်သော စိတ်တို့၏ မှီရာ ဝတ္ထု၏ အဖြစ် ဒွါရ၏အဖြစ်ကို ပြီးစေကုန်၏။ ထိုပသာဒရုပ်တို့တွင်လည်း တစ်ခု တစ်ခုသော ပသာဒရုပ်အား လေးပါး လေးပါးကုန်သော ဓာတ်တို့သည် ဆောင်ခြင်းကိစ္စ ဖွဲ့စည်းခြင်းကိစ္စ ရင့်ကျက်ခြင်းကိစ္စ တုန်လှုပ်ခြင်းကိစ္စတို့ဖြင့် ကျေးဇူး ပြုကြကုန်၏။
ဥပမာဆို အဘယ်လိုနည်း ဟူမူကား- မင်းမျိုး၌ဖြစ်သော မင်းသားအား လေးယောက်ကုန်သော အထိန်းတော်တို့သည် ချီပိုးခြင်းကိစ္စ ရေချိုးခြင်းကိစ္စ တန်ဆာဆင်ခြင်းကိစ္စ ယပ်လေခပ်ခြင်းကိစ္စ တို့ဖြင့် ကျေးဇူးပြုကြကုန်သကဲ့သို့တည်း။ ဤသို့ သိအပ်၏။
ဥတု စိတ် အာဟာရတို့သည်လည်း ထိုပသာဒရုပ်ကို ထောက်ပံ့ကြကုန်၏။ ဥပမာ အဘယ်ကဲ့သို့နည်း ဟူမူကား- မင်းမျိုး၌ ဖြစ်သော မင်းသားကို ခမည်းတော် နောင်တော်ကြီး အစ်မတော်ကြီးတို့သည် ထောက်ပံ့ ချီးမြှောက်ကြကုန်သကဲ့သို့ပေတည်း။
ဇီဝိတိန္ဒြေသည်လည်း ထိုပသာဒရုပ်ကို ကောင်းစွာ အစဉ်အမြဲ စောင့်ရှောက်ပေ၏။ ဥပမာဆို အဘယ်လိုနည်း ဟူမူကား- ထိုမင်းမျိုး၌ ဖြစ်သော မင်းသားကို မင်းချီးမြှင့် မြှောက်စားအပ်သော ဒိသာပါမောက္ခ ဖြစ်သော သမားတော်ကြီးသည် အစဉ်အမြဲ စောင့်ရှောက်ဘိသကဲ့သို့ ပေတည်း။
အဆင်း အစရှိသည်တို့သည်လည်း ထိုပသာဒရုပ်ကို ခြံရံကြကုန်၏။ ဥပမာဆို အဘယ်လိုနည်း ဟူမူကား- မင်းမျိုး၌ဖြစ်သော မင်းသားကို ဖွားဖက်တော်များ ဖြစ်ကြသည့် အမတ်သား အကြီးတော် တို့သည် ခြံရံ ကြကုန်ဘိသကဲ့သို့ပေတည်း။
အဆင့်ဆင့် ဆန်းကြယ်ပုံ
အကြင်ကြောင့်ကား သတ္တဝါတို့၏စိတ် မည်သည်ကား ဆန်းကြယ်လှပေ၏။ စိတ် ဆန်းကြယ် လှသည်၏ အဖြစ်ကြောင့် သညာ ဆန်းကြယ်၏။ သညာ ဆန်းကြယ်သည်၏ အဖြစ်ကြောင့် တဏှာ ဆန်းကြယ်၏။ တဏှာ ဆန်းကြယ်၏ အဖြစ်ကြောင့် ကံဆန်းကြယ်ကြကုန်၏။ ကံ ဆန်းကြယ် သည်၏ အဖြစ်ကြောင့် ကံလျှင်ဖြစ်ကြောင်း ရှိကုန်သော မဟာဘုတ်တို့ ဆန်းကြယ်ကြကုန်၏။ မဟာဘုတ် ဆန်းကြယ်သည်၏ အဖြစ်ကြောင့် ဤပသာဒရုပ်တို့ ဆန်းကြယ်ကြကုန်သည် ဖြစ်၍ အချင်းချင်း မတူကြ ကုန်သည် ဖြစ်ကြကုန်၏။ မှန်လှစွာ၏။ ထိုပသာဒတို့သည် ပသာဒအကြည် ဖြစ်ကြကုန်သော်လည်း အချို့သော ပသာဒတို့သည် ရူပါရုံ၏သာလျှင် တိုက်ခိုက်ခြင်းငှါ ထိုက်တန်ကြကုန်၏။ သဒ္ဒါရုံ စသည်တို့၏ ရှေးရှုတိုက်ခိုက်ခြင်းငှါ ထိုက်တန်ကြကုန်သည် မဟုတ်ကုန်။ အချို့ကုန်သော ပသာဒသည် သဒ္ဒါရုံ စသည်တို့၏သာလျှင် ရှေးရှုတိုက်ခိုက်ခြင်းငှါ ထိုက်တန်ကြကုန်၏။ ရူပါရုံ၏ ရှေးရှု တိုက်ခိုက်ခြင်းငှါ ထိုက်တန် ကြကုန်သည် မဟုတ်ကုန်ဟု သိအပ်၏။ ထို့ကြောင့် ထိုပသာဒရုပ်တို့၏ အချင်းချင်းလည်းကောင်း၊ တစ်ပါးသော ရုပ်တို့နှင့်လည်းကောင်း၊ လက္ခဏာအားဖြင့် မရောယှက်သည်၏ အဖြစ်ကို သိအပ်၏။ ဤသို့ မှတ်အပ်၏။
ရူပါရုံ
ပြတတ်သောကြောင့် ရူပ မည်၏။ အဆင်းအထူးသို့ ရောက်၍ နှလုံး၌တည်သော အလိုကို ထင်ရှားစွာ ပြတတ်သောကြောင့် ရူပ မည်၏။ တစ်နည်းကား- ပြကတေ့ သဘောအားဖြင့်လည်း အလုံးစုံသော ဝတ္ထုဒြပ်ကိုလည်းကောင်း၊ ညီညွတ်သည် မညီညွတ်သည် ကိုလည်းကောင်း ထင်ရှားစွာ ပြတတ်၏။ ဤသည်ကား ရူပ ဟူသော ပုဒ်၏ အနက်ပေတည်း။
သဒ္ဒါရုံ
သောတဝိညာဉ်ဖြင့် သိအပ်သည်၏ အဖြစ်သို့ ရောက်တတ်သောကြောင့် သဒ္ဒ မည်၏။ မြည်စေအပ် ရွတ်ဆိုအပ်သောကြောင့် သဒ္ဒ မည်၏။ ထိုထိုအနက်ကိုလည်းကောင်း၊ မိမိ၏ ထိုထိုတည်ရာ ဝတ္ထုကိုလည်းကောင်း ပြောကြားတတ်၏။ ဤသည်ကား သဒ္ဒဟူသော ပုဒ်၏အနက်တည်း။ တစ်နည်းကား- ထိုထိုအရပ်ဌာနသို့လည်းကောင်း၊ ခဏချင်းဖြင့် ပျံ့နှံ့တတ်သောကြောင့် သဒ္ဒ မည်၏။
ဂန္ဓရုံ
ပြတတ်သောကြောင့် ဂန္ဓ မည်၏။ မိမိ၏တည်ရာဝတ္ထုကို ပြတတ်၏။ ဤသည်ကား ဂန္ဓဟူသော ပုဒ်၏ အနက်ပေတည်း။ သွားတတ်သောကြောင့် ဂန္ဓ မည်၏။ လေကို အရကောက်အပ်၏။ ထိုလေသည် ဆောင်အပ်သောကြောင့် ဂန္ဓ မည်၏။
ရသာရုံ
သာယာအပ်သောကြောင့် ရသ မည်၏။ တစ်နည်းကား- ထိုအာရုံကို သာယာတတ်ကုန်သောကြောင့် ရသ မည်၏။
ဖောဋ္ဌဗ္ဗာရုံ
တွေ့ထိအပ်သောကြောင့် ဖောဋ္ဌဗ္ဗ မည်၏။ ဆက်၍ ဆိုဦးအံ့။ ဤဝိဂြိုဟ်ဖြင့် ပသာဒနှင့်တကွ ထိခိုက်ခြင်းကိုလည်းကောင်း၊ ကလာပ်တစ်ပါး၌ တည်သော မဟာဘုတ်တို့နှင့်တကွ ထိပါးခြင်းကို လည်းကောင်း တွေ့ထိခြင်း ဟူ၍ သိအပ်၏။ ထိုနှစ်ပါး စုံသော ထိခိုက်ခြင်းသည်လည်း အာပေါဓာတ် အား မရှိချေ။ ထို့ကြောင့် ‘‘အာပေါဓာတု ဝိဝဇ္ဇိတံ = အာပေါဓာတ်သည် ကြဉ်အပ်သော’’ ဟု အရှင် အနုရုဒ္ဓါဆရာ မိန့်ဆိုအပ်ပေ၏။
စောဒနာနှင့် သောဓနာကို ဆိုဦးအံ့။ အဘယ့်ကြောင့် ထိုနှစ်ပါးစုံ ထိပါးခြင်းသည် ထိုအာပေါဓာတ်အား မရှိပါသနည်း။ အေးသည်၏ အဖြစ်ကိုလည်းကောင်း၊ စိုစွတ်သည် အဖြစ်ကိုလည်းကောင်း ထိ၍ ယူအပ်သည် မဟုတ်ပါလော။ ဤသည်ကား စောဒနာခြင်းတည်း။ ဤအရာ၌ အဖြေကို ငါဆိုပေအံ့။ မှန်လှစွာ၏။ အေးသည်၏ အဖြစ်သည် တေဇောသည်သာလျှင်တည်း။ အာပေါ မဟုတ် ချေ။ မှန်လှပေ၏။ ထိုအေးသည်၏အဖြစ်သည် အာပေါသည်သာလျှင် အကယ်၍ ဖြစ်ခဲ့ငြားအံ့။ ကျိုက်ကျိုက်ဆူသော အလွန်ပူသည့် သံရည်၌လည်း ထိုအေးသည်၏ အဖြစ်ကို ရအပ်သည် ဖြစ်ပေရာ၏။ မှန်လှစွာ၏။ ထိုသံရည်သည် အာပေါ လွန်၏ဟု သိအပ်၏။ ဤသို့ကား မရအပ်ချေ။ ထို့ကြောင့် ထိုအေးသည်၏ အဖြစ်ကြောင့် တေဇောသာလျှင်တည်း၊ အာပေါ မဟုတ်ချေ။ ဤ သည်လျှင် အဖြေတည်း။
တစ်နည်းသော်ကား- အအေးအပူတို့၏ တစ်ခုသော ကလာပ်၌ အတူတကွ မဖြစ်ခြင်း ကြောင့်လည်းကောင်း၊ ဤမှဘက်ကမ်းနှင့် ထိုမှာ ဘက်ကမ်းတို့ကဲ့သို့ ထိုအပူအအေးတို့၏ မတည် တံ့ခြင်းကြောင့်လည်းကောင်း သိအပ်ပေ၏။ မှန်လှစွာ၏။ အအေးရုပ်ကလာပ်၌ အပူရုပ်သည် လည်းကောင်း၊ အပူရုပ်ကလာပ်၌ အအေးရုပ်သည်လည်းကောင်း အတူတကွ မဖြစ်ချေ။ အကြင် ဝတ္ထု၌လည်း ရှေး၌ အအေးဟူသော မှတ်ခြင်းသည် တည်၏။ ထို့နောက်၌ ထိုအေးသည်ထက် အလွန်အေးသော ရုပ်ကလာပ်ရောက်သည် ရှိသော် ထိုရှေးဖြစ်နှင့်သော ရုပ်ကလာပ်၌ ပင်လျှင် တစ်ဖန် အပူဟူသော မှတ်ခြင်းသည် တည်၏။ ရှေး၌ အပူဟူသော မှတ်ခြင်း၌လည်း ဤနည်း သာလျှင် နည်းရှိ၏။ ထိုမှတစ်ပါး အပူနုံ့သည်ရှိသော် အအေးဟူသော မှတ်ခြင်းသည် တည်၏။ အအေး နုံ့သည်ရှိသော် အပူဟူသော မှတ်ခြင်းသည် တည်၏ဟု သိအပ်၏။
စိုစွတ်သည် ဖြစ်၍ဖြစ်သော အာပေါကို တွေ့ထိ၍ အကယ်၍ ယူအပ်သည် ဖြစ်အံ့။ သံတွေခဲ စသည်တို့၌ ဖွဲ့စည်းခြင်းဖြစ်၍ ဖြစ်သော အာပေါကိုလည်း ထိ၍သာလျှင် ယူအပ်ရာ၏။ ဤသို့ ဖြစ်သည်ရှိသော် ထိုသံတွေခဲ စသည်တို့၌ ဤမှတစ်ပါးကုန်သော မဟာဘုတ် ရုပ်သုံးခုတို့သည် ဤမှတစ်ပါးသော မဟာဘုတ်နှင့်ကင်း၍ အသီးအသီး ကာယိကသုခ ကာယိကဒုက္ခတို့၏ အာရုံဖြစ်၍ ဖြစ်ကုန်သကဲ့သို့ ထို့အတူ ထိုအာပေါသည်လည်း ဤမှတစ်ပါးသော မဟာဘုတ်တို့နှင့် ကင်း၍ အသီးအခြား ကာယိကသုခ ကာယိကဒုက္ခတို့၏ အာရုံဖြစ်၍ ဖြစ်သည်သာလျှင် ဖြစ်ရာ၏။ ဖြစ်ကား မဖြစ်ခဲ့ပေ။
မှန်လှစွာ၏။ ထိုသံတွေခဲ စသည်တို့ကို တွေ့ထိကုန်သော သူတို့အား ကိုယ်၌ဖြစ်သော အကြင်သုခ သည်လည်းကောင်း၊ အကြင်ဒုက္ခ သည်လည်းကောင်း ဖြစ်ပေ၏။ ထိုသုခ ဒုက္ခသည် နူးညံ့သည်၏ အဖြစ် ခက်မာသည်၏ အဖြစ် အစွမ်းဖြင့်လည်း ဖြစ်ပေ၏။ အေးသည်၏ အဖြစ် ပူသည်၏ အဖြစ် အစွမ်းလည်း ဖြစ်ပေ၏။ အတွင်း၌ ဖြစ်သော ထောက်ပံ့ခြင်း၏ နုံ့သည်၏ အဖြစ် ထက်သန်သည်၏ အဖြစ်၏ အစွမ်းဖြင့်လည်း ဖြစ်ပေ၏။ တစ်ပါးသော အခြင်းအရာဖြင့် မဖြစ်ချေ။ ဤသို့ သိအပ်၏။
ထို့ကြောင့် ရှေးအဖို့၌ သုံးပါးကုန်သော မဟာဘုတ်တို့ကို တွေ့ထိ၍လည်းကောင်း၊ အဆင်းကို မြင်၍လည်းကောင်း၊ နောက်အဖို့၌ သက်သက်သော မနောဝိညာဉ် အစဉ်ဖြင့် အရှည်အတိုစသော သဏ္ဌာန်ကို လည်းကောင်း၊ ညဉ့် အခါ၌ မီးစက်ဝန်းကိုလည်းကောင်း၊ ထိုထို အပေါက်ကြီး အပေါက် ငယ်ကိုလည်းကောင်း သိကြသော သူတို့ကဲ့သို့ ရှေးဦးစွာ စိုစွတ်သည်၏ အဖြစ်နှင့်တကွ ဖြစ်ကုန် သော ကြေမွကုန်သော နူးညံ့ကုန်သော သုံးပါးကုန်သော မဟာဘုတ်တို့ကိုလည်းကောင်း၊ ပထဝီဓာတ် ကိုသာလျှင်လည်းကောင်း တွေ့ထိ၍ နောက်၌ သက်သက်သော မနောဝိညာဉ် အစဉ်ဖြင့် အသီးအခြား စိုစွတ်သည်၏ အဖြစ်ကို စိုစွတ်သည်၏ အဖြစ် စွက်သည်၏ အဖြစ်ကို သိကြကုန်၏။ စိုသည်၏အဖြစ်ဖြင့် စွတ်သည်၏ အဖြစ်ကို သိကြကုန်၏။ ဤသို့ဖြစ်သော်လည်း ထိုစိုစွတ် သည်၏ အဖြစ်ကို တွေ့ထိ၍ သိကြကုန်၏ ဟူ၍သာလျှင် အထူးကို မသိကုန်သော သူတို့သည် မှတ်ထင် ကြကုန်၏။ ဤသို့ သိအပ်၏။
ဂေါစရရုပ် အဖွင့်
နွားတို့၏ မပြတ်လှည့်လည်ရာ အရပ်သည် ဂေါစရ မည်၏။ နွားတို့၏ ကျက်စားရာ အရပ်နှင့် တူသည်၏ အဖြစ်ကြောင့် ဤအရာ၌ ဂေါစရ မည်၏။ တစ်နည်းကား- ဂေါ- ဟူသည်ကား ဤအရာ၌ စက္ခုစသော ဣန္ဒြေတို့ကို ဆိုအပ်ကုန်၏။ ထိုစက္ခုစသော ဣန္ဒြေတို့သည် ဝိညာဉ်တို့၏ တည်ရာတို့ ဖြစ်ကြကုန် ထိုအာရုံတို့၌ ဖြစ်တတ်ကုန်သောကြောင့် ဂေါစရ မည်၏။ တစ်နည်းကား- ထိုရူပါရုံ စသည်တို့၌ ဤစက္ခု အစရှိသော တရားတို့သည် ဖြစ်စေတတ် ထိခိုက်တတ်သောကြောင့် ဂေါစရတို့ မည်ကုန်၏။ ထိုဂေါစရတို့ကိုသာလျှင် ဤအရာ၌ တစ်ခုတည်း၏ အဖြစ်ကို ဆောင်၍ ‘‘ဂေါစရရူပံ’’ဟူ၍ မိန့်ဆိုအပ်၏။ ငါးပါးကုန်သော ဤရူပါရုံ စသည်တို့သည် စက္ခု အစရှိသည်တို့၌ အစဉ်အတိုင်း ထိပါးခြင်း လက္ခဏာ ရှိကြကုန်၏။ ဤသို့ သိအပ်ကုန်၏။
ဣတ္ထိ ဘာဝရုပ်
မသန့်ရှင်းသော အခြင်းအရာအားဖြင့် တည်သော ခန္ဓာငါးပါး အပေါင်းကို ဣတ္ထိ ဟူ၍ ဆိုအပ်၏။ အကြင်တရား၏ကား အာနုဘော်ကြောင့် ထိုခန္ဓာငါးပါး အပေါင်းသည် ထိုမသန့်ရှင်းသော အခြင်းအရာအားဖြင့် တည်တတ် ဖြစ်တတ်၏။ ထိုတရားသည် မိန်းမ၏ အဖြစ်တည်း။ ထို့ကြောင့် ဣတ္တတ္တ မည်၏။
ပုရိသ ဘာဝရုပ်
သန့်ရှင်းသော အခြင်းအရာအားဖြင့် တည်သော ခန္ဓာ ငါးပါး အပေါင်းကို ပုရိသဟူ၍ ဆိုအပ်၏။ အကြွင်းသည် ဆိုအပ်ခဲ့ပြီးသော နည်းရှိသည်သာလျှင်တည်း။ ထိုနှစ်ပါးတို့တွင် ဣတ္ထိ ဘာဝရုပ်သည်-
- ဣတ္ထိလိင်္ဂ = မိန်းမ၏ ကိုယ်လုံး ကိုယ်ဟန် ကိုယ် သဏ္ဌာန်အသွင်အပြင်စုများ။
- ဣတ္ထိ နိမိတ္တ = မိန်းမဟူ၍ သိကြောင်းဖြစ်သော ကိုယ် အင်္ဂါ များ သေးသွယ် ပျော့ပျောင်း နွဲ့နှောင်းသော ကိုယ် အင်္ဂါ အစိတ်အပိုင်းများ စသည်များ။
- ဣတ္ထိ ကုတ္တ = မိန်းမတို့နှင့်သာ စပ်ဆိုင်သော လုပ်မှု ကိုင်မှု စားမှု သောက်မှု ကစားမြူးတူး ပျော်မြူး စံပယ်မှုများ။
- ဣတ္ထိ အာကပ္ပ = မိန်းမတို့နှင့်သာ သက်ဆိုင်သော သွားပုံ လာပုံ ကြည်ပုံ ရှုပုံ ပြုံးပုံ ရယ်ပုံ နွဲ့နှောင်း သွယ်လျ ကနွဲ့ကလျ ပြောပုံ ဆိုပုံများ။
တို့၏ အကြောင်း၏ အဖြစ်လျှင် လက္ခဏာ ရှိ၏။
ပုရိသဘာဝရုပ်သည်-
- ပုရိသလိင်္ဂ = ယောက်ျား တို့၏ ကိုယ်လုံး ကိုယ်ဟန် ကိုယ်သဏ္ဌာန် အသွင်အပြင်စုများ။
- ပုရိသနိမိတ္တ = ယောက်ျား ဟူ၍ သိကြောင်းဖြစ်သော ကိုယ် အင်္ဂါများ ထွားကျိုင်း ဖွံ့ဖြိုးခြင်း၊ ခြေလက် အင်္ဂါ ခံ့ခံ့ညားညား ရှိခြင်း မုတ်ဆိတ် နှုတ်ခမ်းမွေးတို့ ပေါက်ရောက်ခြင်း စသည်များ။
- ပုရိသကုတ္တ = ယောက်ျား တို့နှင့်သာ စပ်ဆိုင်သော လုပ်မှု ကိုင်မှု စားမှု သောက်မှု ကစား မြူးတူး ပျော်မြူး စံပယ်မှုများ။
- ပုရိသအာကပ္ပ = ယောက်ျားတို့နှင့်သာ သက်ဆိုင်သော သွားပုံ လာပုံ ကြည်ပုံ ရှုပုံ ပြုံးပုံ ရယ်ပုံ တည်တံ့ ခံ့ညားသော ပြောပုံ ဆိုပုံများ။
တို့၏ အကြောင်း၏ အဖြစ်လျှင် လက္ခဏာ ရှိ၏။
ထိုနှစ်ပါးတို့တွင်-
- လိင်္ဂ = ဟူသည်ကား ပြဋ္ဌာန်းသော အင်္ဂါ ဖြစ်၍ ဖြစ်သော ကြီးမားသော အသွင် သဏ္ဌာန် တည်း။
- နိမိတ္တ = တည်းဟူသော ငယ်သော အင်္ဂါ ဖြစ်၍ ဖြစ်သော သေးငယ်သော အသွင် သဏ္ဌာန်တည်း။
- ကုတ္တ = ဟူသည်ကား ကစားခြင်း စံပယ်ခြင်း အစရှိသော ကြိယာ အထူးတည်း။
- အာကပ္ပ = ဟူသည်ကား သွားခြင်း ကစားခြင်း စံပယ်ခြင်း အစရှိသော ကြိယာအထူးတည်း။
အလုံးစုံလည်း ဖြစ်ကုန်သော ထိုဣတ္ထိလိင်္ဂ စသည်တို့သည် ခန္ဓာ ငါးပါး အပေါင်း၏ ဖြစ်ခြင်း အထူးတို့သည်သာလျှင်တည်း။ အကြင် ဖြစ်ခြင်း အထူးတို့ကို သဒ္ဒါကျမ်းတို့၌ လိင်္ဂ ဟူ၍ ဆိုအပ် ကုန်၏။ အကြင် ဖြစ်ခြင်း အထူးတို့၏လည်း အစွမ်းအားဖြင့် ‘‘ဤသူကား မိန်းမသာ လျှင်တည်း၊ ယောက်ျား မဟုတ်။ ဤသူကား ယောက်ျား သာလျှင်တည်း၊ မိန်းမ မဟုတ်’’ဟု ကောင်းစွာ သိကြကုန်၏။
အကြင်ကြောင့်ကား ဤအရာ၌ သဏ္ဌာန် စသည်တို့၏ မသန့်ရှင်းခြင်း အစရှိသော အဖြစ်သည် သာလျှင် အနက်အားဖြင့် မိန်းမ၏ အဖြစ်၊ ယောက်ျား၏ အဖြစ်သည် ဖြစ်ပေ၏။ ထိုနှစ်ပါးစုံမှ လွတ်သော အဖြစ်သည်ကား နပုံး၏ အဖြစ်သည် ဖြစ်ပေ၏။ ထိုသန့်ရှင်းသော အခြင်းအရာ စသည် လည်း အက္ခရာပုဒ်ဟု ဆိုအပ်ကုန်သော သဒ္ဒါတို့၌ လည်းကောင်း၊ သဒ္ဒါအနက်တို့၌လည်းကောင်း ထိုက်သည် အားလျော်စွာ ထင်သည်သာလျှင်တည်း။ ထို့ကြောင့် ဣန္ဒြေတို့မှ ကင်းကုန်သော ပုဒ်တို့၌လည်းကောင်း၊ သစ်ပင် အစရှိကုန်သော ပုဒ်အနက်တို့၌လည်း ကောင်း ပရိယာယ်အားဖြင့် ဣတ္ထိ ၏အဖြစ် နပုံး၏အဖြစ် ပြီးစီးခြင်းကို သိအပ်၏ဟု မှတ်အပ်၏။
၁၈၉။ ဋီကာကျော် (နှာ- ၁၉ရ)၌ကား-
မိန်းမတို့၏ အင်္ဂါဇာတ်သည် ဣတ္ထိလိင် မည်၏။
ဟူ၍ အကြင်စကားကိုလည်း မိန့်ဆိုပြန်၏။ ထိုစကားသည် မကောင်းချေ။
မှန်လှစွာ၏။ တစ်စုံတစ်ခုသော ပါဠိတော်၌လည်းကောင်း၊ အဋ္ဌကထာတို့၌ လည်းကောင်း နိမိတ္တသဒ္ဒါ ကဲ့သို့ လိင်္ဂသဒ္ဒါကို အင်္ဂါဇာတ်၌ ထင်ရှားသည်ကို မတွေ့မမြင်အပ်ပေ။ ဤသို့ သိအပ်၏။
၁၉၀။ ထိုဋီကာကျော် (နှာ- ၁၉ရ)၌-
မိန်းမ၏ သဏ္ဌာန်သည် ဣတ္ထိအာကပ္ပ မည်၏။
ဟူ၍ အကြင်စကားကိုလည်း မိန့်ဆိုပြန်၏။ ထိုစကားသည်လည်း မကောင်းချေ။
မှန်လှစွာ၏။ လိင်္ဂသဒ္ဒါကဲ့သို့ အာကပ္ပသဒ္ဒါကို သဏ္ဌာန်၌ ထင်ရှားသည်ကို မတွေ့မမြင်အပ်ပေ။ ဤသို့ သိအပ်၏။ ကြွင်းကျန်သော ထိုဋီကာကျော်ကျမ်း၌ ဆိုအပ်သော စကားသည်ကား စိုးစဉ်းမျှ အဋ္ဌကထာနှင့် မညီညွတ်သော်လည်း ထိုပရိယာယ်ဖြင့် သင့်မြတ်လျော်ကန်သည် သာလျှင်တည်း။
ဘာဝရုပ် အဖွင့်
ဤတရားဖြင့် ထိုဘာဝရုပ်နှင့် တကွဖြစ်သည့် ခန္ဓာအစဉ်၌ ဤသူသည်ကား မိန်းမတည်း။ ဤသူသည်ကား ယောက်ျားတည်း၊ ဤသို့ ဖြစ်ကုန်သော သဒ္ဒါအဘိဉာဏ်တို့သည် ဖြစ်တတ်ကြ ကုန်၏။ ထိုသို့ဖြစ်ကြောင်း ဖြစ်သော သတ္တိကြောင့် ဘာဝ မည်၏။ တစ်နည်းကား- ထိုဘာဝရုပ် ဖြစ်သည်ရှိသော် ထိုဘာဝရုပ်နှင့် တကွသော ခန္ဓာအစသ်၌ လိင်အစရှိ သည်တို့ ထင်ရှား ဖြစ်ကြကုန်၏။ ထို့ကြောင့် ဘာဝ မည်၏။ ထိုဘာဝ သည်ပင်လျှင် ရုပ်ဖြစ်သောကြောင့် ဘာဝရုပ် မည်၏။
ဟဒယ၀တ္ထု အဖွင့်
ဤတရားဖြင့် သတ္တဝါတို့သည် ထိုထိုအကျိုးကိုလည်းကောင်း၊ ထိုထိုအကျိုးမဲ့ကိုလည်းကောင်း ပြည့်ကြကုန်၏။ ထိုသို့ ပြည့်ကြောင်းဖြစ်သော သတ္တိကြောင့် ဟဒယ မည်၏။ တစ်နည်းကား- ဤရုပ်မှ သတ္တဝါတို့သည် အထူးထူးသော ဝိတက် (အကြံအစည်)တို့ကို စွန့်လွှတ်ကြကုန်၏။ ဤသို့ စွန့်လွှတ်ရာဖြစ်သော သတ္တိကြောင့် ဟဒယ မည်၏။ တစ်နည်းကား- ထိုရုပ်ကို သတ္တဝါတို့သည် အသက်ကဲ့သို့ ရွက်ဆောင်ကြ စောင့်လည်း စောင့်ရှောက်ကြကုန်၏။ ထို့ကြောင့် ဟဒယ မည်၏။
ဤတရား၌ စိတ် စေတသိက်တရားတို့သည် နေတတ်ကုန်၏။ ထိုသို့ နေရာဖြစ်သော သတ္တိကြောင့် ဝတ္ထုမည်၏။ ဟဒယရုပ်သည်လည်း ဖြစ်ပေ၏။ ထိုဟဒယရုပ်ဟူသည် တည်ရာဝတ္ထုလည်း ဖြစ်ပေ၏။ ထို့ကြောင့် ဟဒယ၀တ္ထု မည်ပေ၏။ ဟဒယ၀တ္ထုရုပ်သည် ဓာတ်နှစ်ပါး အပေါင်း၏မှီရာ အဖြစ်လျှင် မှတ်ကြောင်း လက္ခဏာ ရှိ၏။
ထိုဟဒယ၀တ္ထုသည်ကား နှလုံးသား အတွင်း၌ တစ်လက်ခွဲမျှ လောက်သော သွေးကို ပျံ့နှံ့၍ တည်၏။ ဤသို့ သိအပ်၏။ ဓမ္မသင်္ဂဏီ ပါဠိတော် ၌ကား ဒေသနာပျက်ခြင်းမှ စောင့်ခြင်း အကျိုးငှါ ဟောတော် မမူဘဲ ပဋ္ဌာန်းကျမ်း၌သာလျှင် ထိုဟဒယ၀တ္ထုကို ဟောတော်မူအပ်၏။
ရှင်တော်ဘုရား အဘယ်ကဲ့သို့ ဟောကြားတော်မူခဲ့သနည်း-
- ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ နောက်နောက်သော ကုသိုလ်စိတ် ဧကဝီသအား တပ်သော ဝုဋ္ဌော မနောဒွါရာဝဇ္ဇန်း အစရှိသော ရှေးရှေးသော စိတ်နှင့်အတူ ဥပါဒ်သော ဟဒယ၀တ္ထု၊ မရဏာသန္န ကုသိုလ်ဇော ငါးချက်အား တပ်သော စုတိစိတ်မှ ပြန်၍ ရေသည်ရှိသော် တစ်ဆယ့်ခုနစ်ချက် မြောက်သော စိတ်နှင့်အတူ ဥပါဒ်သော ဟဒယ၀တ္ထု ပစ္စည်းတရားသည် ပဉ္စဝေါကာရဘုံ၌ ဖြစ်သော အခါ နောက်နောက်သော ကုသိုလ် ဧကဝိသစေတသိက် အဋ္ဌတိံသ အစိတ် အစိတ် နာမက္ခန္ဓာအား နိဿယပစ္စယ သတ္တိဖြင့် ကျေးဇူးပြု၏။
- ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ နောက်နောက်သော အကုသိုလ်စိတ် ဒွါဒသအား တပ်သော ဝုဋ္ဌော မနောဒွါရာဝဇ္ဇန်း အစရှိသော ရှေးရှေးသော စိတ်နှင့်အတူ ဥပါဒ်သော ဟဒယ၀တ္ထု၊ မရဏာသန္န အကုသိုလ်ဇော ငါးချက်အား တပ်သော စုတိစိတ်မှ ပြန်၍ ရေသည်ရှိသော် တစ်ဆယ့် ခုနစ်ချက်မြောက်သော စိတ်နှင့်အတူ ဥပါဒ်သော ဟဒယ၀တ္ထု ပစ္စည်းတရားသည် နောက်နောက် သော အကုသိုလ်ဒွါဒသ ပစ္စယုပ္ပန်တရား နာမက္ခန္ဓာအား နိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
ဤသို့ အစရှိသည်ကို ဟောတော်မူ၏။
ဆက်၍ ဆိုပေဦးအံ့။ ဤအရာ၌ ခြောက်ပါးကုန်သော ဝတ္ထုရုပ်တို့မှ တစ်ပါး တခြားသော ဝတ္ထု မည်သည် မရှိချေ။ ထိုခြောက်ပါးကုန်သော ဝတ္ထုတို့တွင်လည်း ရှေး၌ဖြစ်ကုန်သော ဝတ္ထုရုပ် ငါးပါးတို့သည် ကုသိုလ် စသည်တို့၏ မှီရာတို့သည်ပင်လျှင် မဖြစ်နိုင်ကြကုန်။ ထို့ကြောင့် ထိုကုသိုလ် စသည်တို့၏ မှီရာ၏အဖြစ်ဖြင့် ထိုပဋ္ဌာန်းကျမ်း၌ ဟောတော် မူအပ်သော ဝတ္ထုမည်သည် အသီး အခြား တစ်ခုသော ရုပ်ဝတ္ထုသည် သာလျှင်တည်း။ ဤသို့ (ဆိုဖွယ်သည်) ပြီးစီး၏ဟု သိအပ်၏။
၁၉၁။ ဋီကာကျော် (နှာ- ၁၉၈)၌ကား-
ယံ ရူပံ နိဿာယ- ဟူသော ပါဌ်ကို ထုတ်ဆောင်အပ်သည်၏ အဖြစ်ကြောင့် ရုပ်သာမည်၏ လျဉ်းပါးခြင်းသည် ဖြစ်နိုင်ပေ၏။ ထို့ကြောင့် ထိုလျဉ်းပါးခြင်း သုတ်သင်ခြင်းငှါ ယုတ္တိ မည်သည်ကို မိန့်ဆိုအပ်ပေ၏။ ပဋ္ဌာန်းကျမ်း၌ကား များစွာကုန်သော တစ်ပါးသော ဝတ္ထုတို့နှင့် မဆက်ဆံ ကုန်သော အရာတို့၌ ဝတ္ထုအမည်ဖြင့် အထူးပြု၍ ဟောတော်မူသည်၏ အဖြစ်ကြောင့် ထိုလျဉ်းပါး ခြင်းသည် မရှိသင့်သာလျှင်တည်း။ ဤသို့ မှတ်အပ်၏။
ဇီဝိတရုပ် အဖွင့်
အကြင်တရားဖြင့် သဟဇာတ်တရားတို့ အသက်ရှည်ကြောင်း ဖြစ်သောကြောင့် ဇီဝိတ မည်၏။ ထိုသဟဇာတ် တရားတို့၏ အသက်ရှည်ခြင်း၌ အစိုးရသည်၏ အဖြစ်နှင့် ယှဉ်ခြင်းကြောင့် ထိုသဟဇာတ်တရားတို့၌ မိမိကိုယ်ကို အစိုးရသည်ကို ပြုတတ်၏။ ထို့ကြောင့် ဣန္ဒြိယ မည်၏။ ဇီဝိတ သည်လည်း ဖြစ်ပေ၏။ ထိုဇီဝိတဟူသည်လည်း ဣန္ဒြေသည်လည်း ဖြစ်ပေ၏။ ထို့ကြောင့် ဇီဝိတိန္ဒြိယ မည်၏။ ဇီဝိတိန္ဒြေသည် သဟဇာတ် တရားတို့ အစဉ်စောင့်ရှောက်ခြင်း လက္ခဏာ ရှိ၏။
မှန်လှစွာ၏။ မျိုးစေ့ကြောင့် ဖြစ်ကုန်သော ကြာညို စသည်တို့သည် မျိုးစေ့ပျောက်ကွယ် သွားသော်လည်း ရေသည် အစဉ်စောင့်ရှောက် အပ်သည် ဖြစ်၍ ရှည်မြင့်စွာသော ကာလပတ်လုံး အသက်ရှည် နေနိုင် သကဲ့သို့၊ ဤအတူသာလျှင် ချုပ်ပြီးသော ကံကြောင့်ဖြစ်ကုန်သော ကမ္မဇရုပ်တို့သည် အစဉ် မရှိပါသော်လည်း ဇီဝိတသည် အစဉ်စောင့် ရှောက်အပ်ကုန်သည် ဖြစ်၍ အစဉ်မပြတ်သည်၏ အစွမ်းဖြင့် အနှစ် တစ်ရာပတ်လုံး လည်းကောင်း၊ အနှစ်တစ်ထောင်ပတ်လုံး လည်းကောင်း၊ တစ်ကမ္ဘာပတ်လုံး လည်းကောင်း၊ ကမ္ဘာပေါင်း တစ်သောင်းခြောက် ထောင်ပတ် လုံးလည်းကောင်း အသက်ရှည် နေနိုင်ကုန်သည်သာလျှင်တည်း။
ထိုစကားသည် မှန်လှပေ၏။ ဇီဝိတိန္ဒြေမှ ကင်းကုန်သော ဤမှ တစ်ပါးသော ရုပ်တို့သည် အသက်ရှည်ကုန်သည်သာလျှင် မဖြစ်ကြကုန်။ မှန်လှစွာ၏။ ထိုစိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ် တို့သည် တစ်ခုသော အကြင်စိတ်ကြောင့်လည်းကောင်း၊ တစ်ခုသော အကြင်ဥတု ကြောင့်လည်း ကောင်း၊ တစ်ခုသော အကြင် အာဟာရကြောင့်လည်းကောင်း ဖြစ်ကြကုန်၏။ ထိုစိတ် ဥတု အာဟာရ ချုပ်ပြီးသည်ရှိသော် ချုပ်ကြကုန်၏။ နောက်၌ တစ်မုဟုတ်မျှလည်း အစဉ်ကို စပ်ဆက်ခြင်း ငှါ မစွမ်းနိုင်ကြကုန်။
မှန်လှစွာ၏။ ထိုစိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့တွင်-
- စိတ္တဇရုပ်တို့အား သန္တတိ ပစ္စုပ္ပန်သည် တစ်ခုသော ဝီထိဝါရ တစ်ခုသော ဇောဝါရ တစ်ခုသော သမာပတ္တိဝါရဖြင့် ပိုင်းခြားအပ်၏။
- ဥတုဇရုပ် အာဟာရရုပ်တို့သည်လည်း သဘောတူသော တစ်မျိုးသော ဥတု တစ်မျိုးသော အာဟာရ၏ အစွမ်းဖြင့် ပိုင်းခြား အပ်၏။
ကမ္မဇရုပ်တို့အား အသီးအခြားသော သန္တတိပစ္စုပ္ပန်သည် မည်သည် မရှိချေ။ ထိုကမ္မဇရုပ်တို့အား တစ်ခုသော ဘဝဖြင့် ပိုင်းခြားအပ်သော အဒ္ဓါပစ္စုပ္ပန်သည်သာလျှင် ရှိသည် ဖြစ်ပေ၏။ ဤသို့ သိအပ်၏။
ဆိုအပ်ခဲ့ပြီးသော စကားသည် အကယ်၍ ဖြစ်ငြားအံ့။ ဤသို့ ဖြစ်သည်ရှိသော် နာမ်တရားတို့အား တစ်ခုသော ဘဝဖြင့် ပိုင်းခြားသော အဒ္ဓါပစ္စုပ္ပန်သည်သာလျှင် အဘယ်ကြောင့် မဖြစ်သနည်း။ ဤသည်ကား စောဒနာခြင်းတည်း။
မှန်လှစွာ၏။ ထိုနာမ်တရားတို့သည် ဇီဝိတိန္ဒြေနှင့် ယှဉ်ခြင်းကြောင့် အသက်ရှည်ကုန်သည်သာလျှင် ဖြစ်ကုန်၏ ဤသို့ပင် ဖြစ်ပါသော်လည်း ထိုနာမ်တရားတို့အား သန္တတိပစ္စုပ္ပန်သည် ထင်သည် မဟုတ်ပါလော။ ဤသည်ကား စောဒနာခြင်းတည်း။
အဖြေစကားကို ငါဆိုပေအံ့။ နာမ်တရားတို့၌ကား ဝိပါက်နာမ်တို့သည် ရှေးဦးစွာ ကမ္မဇရုပ်နှင့် တူကြကုန်၏။ မှန်လှပေ၏။ ထိုဝိပါက် နာမ်တို့သည်လည်း ဝီထိစိတ် မရှိခဲ့သော် အသက်ထက်ဆုံးလည်း တစ်ခုသော အစဉ်၏အစွမ်းဖြင့် တည်ကုန်လတ္တံ့သည်သာလျှင်တည်း။ ဤ ဝိပါက်မှ တစ်ပါးသော ကုသိုလ်စိတ် အကုသိုလ်စိတ် ကြိယာစိတ်တို့ သည်ကား အကြင်အာရုံ၏ ထင်ခြင်းသို့ ရောက်သည်၏ အဖြစ်ကြောင့် ဖြစ်ကြရကုန်၏။ ထိုအာရုံ ချုပ်ပြီးသည်ရှိသော် ထိုအာရုံပင် မရှိငြား သော်လည်း ထိုချုပ်ပြီးသော အတိတ်အာရုံလျှင် အာရုံရှိကုန်သော များစွာ ကုန်သော စိတ်အစဉ်တို့သည် နာမ်ဇီဝိတိ၏ အဓွန့်ကာလကို နှံ့စေခြင်း၏ အာနုဘော်ကြောင့် အစဉ် တည်ကြကုန်သည်သာလျှင်တည်း။
တစ်နည်းကို ဆိုပေအံ့။ ခန္ဓပရိနိဗ္ဗာန် စံသည်တိုင်အောင် အနန္တရ ပစ္စည်း အဖွဲ့အစည်းဖြင့် မပြတ်သော စိတ်အစဉ်၏ အစွမ်းဖြင့်လည်း ဤအနက်ကို ဖြေဆိုထိုက်၏။ မှန်လှစွာ၏။ ထို့ကြောင့်သာလျှင်-
- ကိလေသာ၏ ဦးခေါင်းသည် အဝိဇ္ဇာ၊
- ရုပ် နာမ်ဖြစ်မှု၏ ဦးခေါင်းသည် ဇီဝိတိန္ဒြေ၊
ဟူ၍ အဋ္ဌကထာတို့၌ မိန့်ဆိုအပ်ပေ၏။
၁၆၂။ ဋီကာကျော် (နှာ- ၁၉၈)၌ကား-
အာဟာရဇရုပ် စသည်တို့၏ အာဟာရ စသည်သာလျှင် ဖြစ်ခြင်းငှါလည်းကောင်း၊ ခဏဌီ အကျိုးငှါလည်းကောင်း အကြောင်းသည် ဖြစ်ပေ၏။ အဘယ်ကြောင့်နည်း ဟူမူကား- ထိုခဏ၌ ထင်ရှားရှိသည်၏ အဖြစ်ကြောင့်တည်း။ ကမ္မဇရုပ်တို့၏ကား ကံသည် ဥပဒ်ခြင်းငှါသာလျှင် အကြောင်းသည် ဖြစ်ပေ၏။ ဌီအကျိုးငှါ အကြောင်းသည် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်နည်း ဟူမူကား- ထိုခဏ၌ မရှိခြင်းကြောင့်တည်း။ ဇီဝိတိန္ဒြေသည်ကား အစဉ်စောင့်ရှောက်အပ်သည်၏ အဖြစ်ကြောင့်သာလျှင် ထိုကမ္မဇရုပ်တို့၏ ခဏဌီသည် ပြီးစီးပေ၏။ ဤသို့သော အဓိပ္ပါယ်ဖြင့် ‘‘မိမိတို့၏ သဘောအားလျော်စွာ တစ်ခဏမျှ တည်ကုန်သော်လည်း သဟဇာတ် ဖြစ်ကုန်သော ကမ္မဇရုပ်တို့ကို ဖြစ်ခြင်း၏ အကြောင်း၏ အဖြစ်ဖြင့်သာလျှင် စောင့်ရှောက်တတ်၏။ ... ’’
ဟူ၍ မိန့်ဆိုသော ထိုစကားသည် မသင့်မလျော်ချေ။
မှန်လှစွာ၏။ တရားတို့၏ ခဏဌီမည်သည် ကလာပ်တူ၌ တည်သော သဟဇာတ်ပစ္စည်းနှင့် စပ်သည်သာလျှင်တည်း။ အသီး အသီးသော ကလာပ်၌တည်သော ဇနကအကြောင်းနှင့် မစပ်ချေ။ ဤမှ တစ်ပါးသော အပြားဟု ဆိုအပ်သော အနက်အဓိပ္ပါယ်ကို ယူချေသည် ရှိသော် ဥပဒ်ခဏ၌ ရအပ် ကုန်သော ဥပစယရုပ် သန္တတိရုပ်တို့၏ကဲ့သို့ ဌီခဏ၌ ရအပ်သော ဇရတာ၏လည်း ကုတောစိသမုဋ္ဌာန်၏ အဖြစ်ကို ပါဠိတော်၌ ဟောတော်မူခဲ့သည် ဖြစ်ရာ၏။ ဤသို့ သိအပ်၏။
စင်စစ်သော်ကား ခဏဌီမည်သည် သဘောအားဖြင့် ပြီးသည်သာ လျှင်တည်း။ မှန်လှစွာ၏။ ဖြစ်ကုန်သော တရားတို့သည် အကြောင်း ချို့တဲ့ခြင်းကြောင့် မိမိ၏ ခဏတို့၌ ပြည့်စုံစွာ မတည်မူ၍ အကြား၌သာလျှင် ပျက်ကြကုန်၏။ ဤသို့သော ယုတ္တိသည် မရှိချေ။ အကြောင်း လွန်ကဲခြင်းကြောင့် အလွန်အကဲ တည်ကုန်၏။ ဤသို့သော ယုတ္တိသည်ရှိလည်း မရှိချေ။ ထို့ကြောင့် ခဏဌီ၌ ထောက်ပံ့ကြသည်လည်း ဖြစ်ကုန်သော အာဟာရ စသည်တို့သည်လည်းကောင်း၊ အစဉ်စောင့်သော ဇီဝိတသည်လည်းကောင်း၊ နောက်၌ အားကြီးသော ရုပ်အစဉ် တည်ခြင်း အကျိုးငှါသာလျှင် ထောက်လည်း ထောက်ပံ့ကြကုန်၏။ စောင့်လည်းစောင့်ရှောက်၏။ ခဏဌီ တည်ခြင်းငှါ မထောက်ပံ့ကြကုန်၊ မစောင့်ရှောက်ကြကုန်။ ဤသို့ သိအပ်၏။
အဋ္ဌကထာ၌လည်း-
- အစဉ်စောင့်ရှောက်ခြင်း လက္ခဏာစသော အစီအရင်သည် ထင်ရှားရှိပါသော်လည်း ရေသည် ကြာအစရှိသည်တို့ကို အစဉ်စောင့် ရှောက်သကဲ့သို့ ထို့အတူ အစဉ်စောင့်ရှောက်အပ်သော တရား တို့၏ ထင်ရှားရှိဆဲ ခဏ၌သာလျှင် ထိုဇီဝိတိန္ဒြေသည် ထိုတကွ ဖြစ်ဖက်တရား တို့ကို အစဉ် စောင့်ရှောက်၏။
ဤသို့ အစရှိသော စကား၌ အကြင်သို့သော အခြင်းအရာဖြင့် သန္တတိဌီကို ရအပ်၏။ ထိုသို့သော အခြင်းအရာဖြင့် စိစစ်၍ ယူအပ်၏။ ဤသို့ သိအပ်၏။ ဤဇီဝိတိန္ဒြေသည်ကား ပါစကတေဇောနှင့် တကွ အလုံးစုံသော ဥပါဒိဏ္ထကကိုယ်ကို ပျံ့နှံ့၍ တည်၏။ ဤသို့ မှတ်အပ်၏။
အာဟာရရုပ် အဖွင့်
အလုပ်အလွေးကို ပြုအပ်သောကြောင့် ကဗဠီကာရ မည်၏။ မျိုသွင်းအပ်သောကြောင့် အာဟာရ မည်၏။ ကဗဠီကာရသည်လည်း ဖြစ်၏။ ထိုကဗဠီကာရ ဟူသည် အာဟာရလည်း ဖြစ်၏။ ထို့ကြောင့် ကဗဠီကာရာဟာရ မည်၏။ ‘‘ကဗဠီကာရော အာဟာရော’’ ဟူ၍လည်း ပါဌ်တစ်မျိုး ရှိသေး၏။ ဤစကားကိုလည်း ထမင်းစသော ဝတ္ထု နှင့်တကွ ဆိုသော စကားဟူ၍ မှတ်အပ်၏။
တစ်နည်းကား - ကဗဠီကာရလျှင် အစာရှိကုန်သော သတ္တဝါတို့၏ အတ္တဘောကို လွန်စွာ ဆောင်တတ် အဓွန့်ရှည်စွာ ဖြစ်စေတတ်သောကြောင့် အာဟာရ မည်၏။ ခဲဖွယ် ဘောဇဉ် အစ ရှိသော ကဗဠီကာရ၌ အာဟာရတည်း။ အဘယ်ကြောင့်နည်း ဟူမူကား- ထိုခဲဖွယ် ဘောဇဉ် စသည်၌ မှီနေသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ထိုခဲဖွယ် ဘောဇဉ် စသည်၌ အကျုံးဝင်သည်၏ အဖြစ်ကြောင့်လည်းကောင်း တည်း။ ထို့ကြောင့် ကဗဠီကာရာဟာရ မည်၏။ ဤသို့သော အနက် ဖြစ်သည်ရှိသော် ဆတ်ဆတ်သော ပရမတ်သြဇာကိုသာလျှင် ရအပ်၏။ တရားကိုယ်အားဖြင့်ကား အင်္ဂါကြီးငယ်သို့ အစဉ်လျှောက်သော ရသာ၏ အနှစ်ဖြစ်၍ ဖြစ်သော ထောက်ပံ့တတ်သော အားကို ပြုစေတတ်သော မဟာဘုတ်တို့၌ မှီသော အလွန် သိမ်မွေ့သော အဆီအစေးသည် ဤအရာ အာဟာရရုပ် မည်၏။
ထိုရသ၏ အနှစ်ဖြစ်၍ ဖြစ်သော ထောက်ပံ့သော အားကို ပြုတတ်သောကြောင့် ထောက်ပံ့ တတ်သော အားကို ပြုတတ်သည် မည်ပေ၏။ မှန်လှစွာ၏။ ထိုရသသည် အစာသစ်အိမ်၌ တည်ကာ မျှသည်သာလျှင် အလုံးစုံသော ကိုယ်၌ မဟာဘုတ်တို့၌ ထောက်ပံ့တတ်သော အားကို ဖြစ်စေ၏။ ဤသို့ သိအပ်၏။
၁၉ရ။ ဋီကာကျော် (နှာ- ၁၉၉)၌ကား-
အင်္ဂမင်္ဂါနုသာရိရသတရသင်္ခါတာ = အင်္ဂါကြီးငယ်ကို လျှောက်တတ်သော အရသာကို ဆောင်တတ် သည်။ ဟူ၍ ပါဌ်ရှိ၏။
ထိုပါဌ်သည် မကောင်းသော ပါဌ်တည်း။ ထိုအာဟာရရုပ်သည်ကား ဣန္ဒြေနှင့်တကွသော ကိုယ်ကို ထောက်ပံ့ခြင်း လက္ခဏာ ရှိ၏။ တစ်နည်းကား- သြဇာလက္ခဏာ ရှိ၏။ ထိုစကား၌ ပွားတတ် သောကြောင့် သြဇာ မည်၏။ တစ်နည်းကား- အဝသဒ္ဒါသည် စောင့်ခြင်း၌ ဖြစ်၏။ ဆက်၍ ဆိုဦးအံ့။ ဤပုဒ်၌ ထောက်ပံ့ခြင်းသည်သာလျှင် ရက္ခဏ = စောင့်ခြင်း မည်၏။ စောင့်လည်း စောင့်တတ်၊ ဖြစ်လည်း ဖြစ်စေတတ်သောကြောင့် သြဇာ မည်၏။
သဘာဝရုပ် - သူတစ်ပါးတို့ကို ညွှန်ခြင်းမှကင်းသော ကြမ်းတမ်းသည်၏အဖြစ် အစရှိသော မိမိ၏အဖြစ်ဖြင့် ပြီးသော ရုပ်သည် သဘာဝရုပ် မည်၏။
သလက္ခဏရုပ် - ဥပဒ် စသည်လည်းဖြစ်သော အနိစ္စတာ စသည်လည်း ဖြစ်သော သင်္ခတလက္ခဏာနှင့် တကွ ဖြစ်သော ရုပ်သည် သလက္ခဏရုပ် မည်၏။
နိပ္ဖန္နရုပ် - အဖြောင့်အားဖြင့်သာလျှင် ကံ အစရှိကုန်သော အကြောင်းတို့သည် ပြီးစေအပ်သော ရုပ်သည် နိပ္ဖန္နရုပ် မည်၏။
ရူပရုပ် - ဖောက်ပြန်မှု ရုပ္ပနလက္ခဏာနှင့် ပြည့်စုံသော ဧကန် မုချဖြစ်သော ရုပ်သည် ရူပရုပ် မည်၏။ အဘယ်ကဲ့သို့နည်း ဟူမူကား- ‘ဒုက္ခဒုက္ခံ အဇ္ဈတ္တဇ္ဈတ္တံ’ ဟူသကဲ့သို့တည်း။
သမ္မသနရုပ် - သင်္ခတလက္ခဏာနှင့် ယှဉ်သည်၏ အဖြစ်ကြောင့် အနိစ္စ အစရှိသော လက္ခဏာယာဉ် သုံးပါးတို့၏ အပေါင်းကို တင်၍ သုံးသပ်ခြင်းငှါ ဆိုက်သော ရုပ်သည် သမ္မသနရုပ် မည်၏။
အနိပ္ဖန္နရုပ် ၁၀-ပါး အဖွင့်
အာကာသဓာတ်
ဤတရားဖြင့် ထိုထိုဒြပ် အဆောက်အအုံတို့သည် လည်းကောင်း၊ ထိုထိုရုပ်ကလာပ်တို့သည်လည်း ကောင်း အသီးအသီး လွန်စွာ ထင်ရှားကုန်၏။ ထိုသို့ ထင်ရှားကြောင်း ဖြစ်သော သတ္တိကြောင့် အာကာသ မည်၏။ သတ္တမျိုး ဇီဝမျိုး မဟုတ်သောကြောင့် ဓာတ် မည်၏။ အာကာသဟု ဆိုအပ်သော ဓာတ်ပေတည်း။ ထို့ကြောင့် အာကာသဓာတ် မည်၏။
ထက်ဝန်းကျင်မှ ပိုင်းခြားတတ်၏။ ကလာပ်တစ်ပါး၌ တည်ကုန်သော မဟာဘုတ်တို့ကို ကလာပ်တစ်ပါး၌ တည်ကုန်သော မဟာဘုတ် တို့နှင့်တကွ မရောနှောသည်ကို တစ်ခုတည်း၏ အဖြစ်သို့ မကပ်ရောက် သည်ကို ပြုတတ်၏။ ထို့ကြောင့် ပရိစ္ဆေဒ မည်၏။ တစ်နည်းကား - ထိုကလာပ်တစ်ပါး၌ တည်သော မဟာဘုတ်တို့သည် ပိုင်းခြားအပ်၏။ မိမိအားလည်းကောင်း၊ သူတစ်ပါးအားလည်းကောင်း မပြုမူ၍ အလယ်၌ အသီးအခြား ထားအပ်၏။ တစ်နည်းကား - ထိုကလာပ်တစ်ပါး၌ တည်သော မဟာဘုတ်တို့၏ အပေါက်အကြားမျှ ဖြစ်၍ဖြစ်၏။ အသီးအခြား တစ်ခုသော ဥပဒ်နှင့်တကွဖြစ်သော သဘာဝဓမ္မမျိုး မဟုတ်ချေ။ တစ်စုံ တစ်ခုသော ရုပ်ကလာပ်၏ အဖို့ဖြစ်၍ ဖြစ်သည်၊ ဖြစ်လည်း မဖြစ်ချေ။ ထို့ကြောင့် ပရိစ္ဆေဒ မည်၏။
မှန်လှစွာ၏။ ဝိကာရရုပ် လက္ခဏရုပ်တို့သည် သဘာဝဓမ္မမျိုး မဟုတ်ကြသည် ဖြစ်ကုန်သော်လည်း ထိုထိုရုပ်ကလာပ်တို့၌ ထင်ရှား ပေါ်လွင်သည်၏ အဖြစ်ကြောင့် ထိုထိုရုပ်ကလာပ်တို့၏ အဖို့ရှိကြကုန် သည်သာလျှင်တည်း။ ဤပရိစ္ဆေဒရုပ်သည်ကား ထိုရုပ်ကလာပ်တို့မှ အချင်းခပ်သိမ်း လွတ်သည်၏ အဖြစ်ဖြင့် အပဖြစ်သည်၏ အဖြစ်ကြောင့် တစ်စုံတစ်ခုသော ရုပ်ကလာပ်၏ အဖို့၏အဖြစ် မဟုတ်ချေ။
အဋ္ဌကထာ၌ကား တစ်ခဲနက် အစိုင်အခဲဖြစ်သော ဝတ္ထုတို့၌ ပဋိဃသဘော ဖောဋ္ဌဗ္ဗသဘော ရှိကုန်သော အထူးထူးသော ကလာပ်၌ တည်ကုန်သော မဟာဘုတ် တို့၏ အချင်းချင်း တွေ့ထိသည်၏ အဖြစ်သည် ရှိ၏။
ဋီကာ၌ကား ဤနိဒ္ဒေသသည် အဇဋာကာသနိဒ္ဒေသသည် မဟုတ်ချေ။ ပရိစ္ဆေဒရုပ်၏ နိဒ္ဒေသသည်သာလျှင်တည်း။
‘အဗျာပိတာဟိ အသမ္ဖုဋ္ဌာ = အကြင်ကြောင့် မဟာဘုတ်တို့၏ ပျံ့နှံ့ခြင်း မရှိသည်၏ အဖြစ်သည် မတွေ့ထိအပ်သည်၏ အဖြစ်ပေတည်း။’ဟူ၍ အရှင်အာနန္ဒာမထေရ်သည် မူလဋီကာ၌ မိန့်ဆို တော်မူအပ်ပေ၏။ တရားကိုယ်အားဖြင့်ကား အထူးထူးသော ကလာပ်၌ တည်ကုန်သော မဟာဘုတ် တို့၏ အဆုံး၏အဖြစ်ဟု ဆိုအပ်သော အကြား ဖြစ်သော တရားတည်း။ ပရိစ္ဆေဒရုပ်သည် ရုပ်ကို ပိုင်းခြားခြင်း လက္ခဏာ ရှိ၏။
ကာယဝိညတ်ရုပ် အဖွင့်
အကြင်တရားသဘောသည်ကား လှုပ်ရှားသောကိုယ် အင်္ဂါဖြင့် မိမိကိုယ်ကိုလည်းကောင်း၊ ကိုယ်အင်္ဂါ နှင့် ပြည့်စုံသော ပုဂ္ဂိုလ်၏လည်းကောင်း၊ အလိုကိုလည်းကောင်း မျက်မှောက်၌ တည်ကုန်သော လူတို့ကို သိစေ၏။ ထင်ရှား ပေါ်လွင်သည်ကို ပြု၍ ပြတတ်၏။ မိမိကိုလည်း ထိုကိုယ်အင်္ဂါဖြင့် ထိုမျက်မှောက် တည်သော သူတို့သည် သိအပ်၏။ ထိုသဘောတရားသည် ကာယဝိညတ် မည်၏။
ဝစီဝိညတ်ရုပ် အဖွင့်
အကြင် သဘောတရားသည် ရွတ်ဆို ပြောကြားအပ်သော နှုတ် အင်္ဂါဟု ဆိုအပ်သော စကားသံဖြင့်မိမိကိုလည်းကောင်း၊ ကိုယ်အင်္ဂါနှင့် ပြည့်စုံသော ပုဂ္ဂိုလ်၏အလိုကိုလည်းကောင်း၊ နားဖြင့် ကြားကောင်းရာ အရပ်၌ တည်ကုန်သော သူတို့ကို သိစေ၏။ မိမိကိုလည်း ထိုနှုတ် အင်္ဂါဖြစ်သော အသံဖြင့် ထိုနားဖြင့် ကြားကောင်းရာ အရပ်၌တည်သော သူတို့သည် သိအပ်၏။ ထိုတရားသဘောသည် ဝစီဝိညတ် မည်၏။
တစ်နည်းကား- ဤတရားသဘောဖြင့် လူတို့သည် အချင်းချင်း၏ စိတ်တို့ကို သိစေကုန်၏။ ဤသို့ သိစေကြောင်းဖြစ်သော သတ္တိကြောင့် ဝိညတ် မည်၏။
တစ်နည်းကား- ဤတရားသဘောဖြင့် လူတို့သည် အချင်းချင်း၏ စိတ်တို့ကို သိအပ်ကုန်၏။ ဤသို့ သိအပ်ကြောင်း ဖြစ်သော သတ္တိကြောင့် ဝိညတ် မည်၏။ သသမ္ဘာရနှင့် တကွသော အင်္ဂါကြီးငယ် ဖြစ်၍ ဖြစ်သော ကိုယ်၌ဖြစ်သော ဝိညတ်သည် ကာယဝိညတ် မည်၏။ တစ်နည်းကား- စောပနကာယ ဟု ဆိုအပ်သော ကာယသည်ပင်လျှင် ဝိညတ် မည်၏။ ထို့ကြောင့် ကာယဝိညတ် မည်၏။
စိတ္တဇသဒ္ဒဟု ဆိုအပ်သော စကား၌ဖြစ်သော ဝိညတ်သည် ဝစီဝိညတ် မည်၏။ တစ်နည်းကား- စောပနဝါစာဟု ဆိုအပ်သော စကားသည်ပင်လျှင် ဝိညတ် မည်၏။ ထို့ကြောင့် ဝစီဝိညတ် မည်၏။
စောပနကာယ
[မြန်မာပြန်ဆရာ၏အမှာ- အချင်းချင်း တစ်ယောက်သည် တစ်ယောက်၏ စိတ်အလိုဆန္ဒ အမျိုးမျိုးကို သိကြောင်း ဖြစ်သော ကိုယ်၌ ဖြစ်သည့် အမူအရာထူးသည် စောပနကာယ မည်၏။ အချင်းချင်း တစ်ယောက်သည် တစ်ယောက်၏ စိတ်အလိုဆန္ဒ အမျိုးမျိုးကို သိကြောင်းဖြစ်သော နှုတ်၌ဖြစ်သည့် အမူအရာထူးသည် စောပနဝါစာ မည်၏ဟု သိပါလေကုန်။]
ထိုစကား၌ စိတ်၏အစွမ်းဖြင့် အလုံးစုံသော ကိုယ်အင်္ဂါဖောက်ပြန်ခြင်းကို ပြုသောသူအား ထိုထိုကိုယ်အင်္ဂါကို ကောင်းစွာ ထောက်ပံ့ ကောင်းစွာ ဆောင်ကြကုန်လျက်၊ လှုပ်ရှားစေကြ ကုန်လျက် အင်္ဂမင်္ဂါနုသာရိဟု ဆိုအပ်ကုန်သော စိတ္တဇဝါယောဓာတ် ကလာပ်တို့သည် ထိုထိုကိုယ် အင်္ဂါကို ပြည့်စေ၍ ဖြစ်ကြကုန်၏။
ဖြစ်ကြကုန်သော်လည်း အမှတ်မရှိသော အခြင်းအရာဖြင့် မဖြစ်ကြကုန်မူ၍ ထိုစိတ္တဇ ဝါယောဓာတ် ကလာပ်တို့နှင့် တကွဖြစ်သည့် အကြင် စောပနကာယ၏ အာနုဘော်ကြောင့် အလုံးစုံကုန်သော ထိုစိတ္တဇဝါယောဓာတ် ကလာပ်တို့သည် အကြင်ကြင် အလိုရှိအပ်သော အရပ်မျက်နှာသို့ ရှေးရှုကုန်သည် ဖြစ်၍သာလျှင် ဖြစ်ကြကုန်၏။ စောပနကာယဟု ဆိုအပ်သော ဤ အခြင်းအရာ အမူအရာထူးသည် ကာယဝိညတ် မည်၏။
မှန်လှစွာ၏။ ဤကာယဝိညတ်သည် ပဲ့ထိန်း ပဲ့ကိုင်ဖြစ်သော လှေသူကြီးနှင့် တူ၏။ ထိုစိတ္တဇ ဝါယောဓာတ် ကလာပ်တို့သည်လည်း လှေနှင့်တူကုန်၏။ ဤသို့ သိအပ်၏။
မှန်လှစွာ၏။ ပဲ့ထိန်း ပဲ့ကိုင် လှေသူကြီးသည် လှေ၏အရင်းအဖို့၌ (လှေပဲ့၌)တည်၍ တစ်ခုသော တက်မကြီးကို မြဲစွာ ကိုင်၍ မြစ်ရေအယဉ်၌ လှော်ခတ်၍ အလုံးစုံသော လှေကြီးကို အလိုရှိအပ်သော အရပ်သို့ ရှေးရှု ယှဉ်စေ၏။ အမှတ်မရှိသော အရပ်သို့ သွားခြင်းငှါ မပေးသကဲ့သို့ ထို့အတူ ဤဥပမာ၏ ပြည့်စုံခြင်းကို မှတ်အပ်၏။
မှန်လှစွာ၏။ တစ်ခုသော စိတ္တလက္ခဏာရှိသော ဝိညတ်သည် ထိုစိတ္တဇဝါယောဓာတ် ရုပ်ကလာပ် တို့၏ အရင်းအဖို့၌သာလျှင် ရအပ်သည်ဖြစ်၍ ထိုစိတ္တဇဝါယော ရုပ်ကလာပ်တို့ကို အကြင်ကြင် အလိုရှိသော အရပ်သို့ ရှေးရှုသည်တို့ကိုသာလျှင် ပြု၍ ယှဉ်စေ၏။ ထို့ကြောင့် ထိုဝိညတ်သည် ပဲ့ထိန်း ပဲ့ကိုင် လှေသူကြီးနှင့် တူ၏ဟု သိအပ်၏။
ဆက်၍ ဆိုဦးအံ့။ ဤအရာတွင် အဋ္ဌကထာ၌-
- တစ်ခုသော အာဝဇ္ဇန်းရှိသော မနောဒွါရဝီထိ၌ ခုနစ်ကြိမ်ကုန်သော ဇောတို့တွင် ပထမဇောစိတ်ကြောင့် ဖြစ်ကုန်သော ဝါယောဓာတ်သည် မိမိနှင့်တကွ ဖြစ်သော ရုပ်အပေါင်းတို့ကို ကောင်းစွာ ထောက်ပံ့ခြင်းငှါလည်းကောင်း၊ ကောင်းစွာ ဆောင်ထားခြင်းငှါလည်းကောင်း စွမ်းနိုင်၏။
ပြန်ဘက်ကို ဆိုပေဦးအံ့။ ထိုမှ ဤမှ လှုပ်ရှားစေခြင်းငှါ မစွမ်းနိုင်ပေ။ ဒုတိယဇောစိတ် စသည်တို့၌ ဒုတိယဇောစိတ်ကြောင့် ဖြစ်သော ဝါယောဓာတ် စသည်တို့၌လည်း ဤဆိုခဲ့ပြီးသော နည်းသာလျှင် နည်းရှိပေ၏။
သတ္တမဇောစိတ်ကြောင့်ကား ဖြစ်သော ဝါယောဓာတ်သည် အောက်၌ ခြောက်ပါး ကုန်သော ဇောစိတ်တို့ကြောင့် ကောင်းစွာ ဖြစ်သော ဝါယောဓာတ်ဟူသော ထောက်ပံ့တတ်သော အကြောင်းကိုရ၍ မိမိနှင့်တကွဖြစ်သော ရုပ်အပေါင်းကို ကောင်းစွာ ထောက်ပံ့ခြင်းငှါလည်းကောင်း၊ ကောင်းစွာ ဆောင်ထားခြင်းငှါ လည်းကောင်း၊ လှုပ်ရှားစေခြင်းငှါလည်းကောင်း၊ ရှေ့သို့ တက်ခြင်း ငှါလည်းကောင်း၊ နောက်သို့ဆုတ်ခြင်းငှါလည်းကောင်း၊ (တူရှုကြည့်ခြင်းငှါလည်းကောင်း၊ တစောင်း ကြည့်ခြင်းငှါလည်း ကောင်း၊ ကွေးခြင်းငှါလည်းကောင်း၊ ဆန့်ခြင်းငှါလည်းကောင်း) စွမ်းနိုင်၏။
[မြန်မာပြန်ဆရာ၏အမှာ- ( )ဤတွင် ဝိုက်ကွင်းအတွင်းပါ စကားရပ်စုတို့သည် အဋ္ဌကထာပါ စကားရပ်ကို ပြည့်စုံစွာ ထည့်၍ မြန်မာလိုက်သည်။ ဋီကာပါဌ်တွင် (ပ)ဟု ပေယျာလထည့်၍ ပုံနှိပ်ရန်သင့်၏ဟု သတိပြုပါလေ။]
ထိုစကားကို ‘ရှေ့သို့တက်အံ့’ဟူ၍ ကိုယ်ကို ချီပင့်သော သူတို့အား အထောင်မကကုန်သော ဇောဝါရတို့ ဖြစ်ကုန်သည်ရှိသော် အကြင် ဝါရ၌ လှုပ်ရှားခြင်းဟု ဆိုအပ်သော အရပ်တစ်ပါးသို့ ရောက်ခြင်းသည် ဖြစ်၏။ ထိုဝါရကို ရည်ရွယ်၍ ဆိုအပ်၏။
မှန်လှစွာ၏။ နှစ်ခု သုံးခုသော ဇောဝါရတို့ဖြင့် လှုပ်ရှားခြင်းသည် မဖြစ်နိုင်ပေ။ အကယ်၍ ဖြစ်ငြားအံ့။ တန်ခိုးကြီးကုန်သော သူတို့၏ တန်ခိုးဖြင့် သွားခြင်းကဲ့သို့ အလုံးစုံသော သူတို့၏လည်း အလွန်လျှင်မြန်သော သွားခြင်း သည် ထင်ရှားရာ၏။
အဘယ့်ကြောင့်နည်း၊ လက်ဖျစ်တစ်ထွက် ခဏ၌လည်း ကုဋေတစ်သိန်း မကသော စိတ်ဖြစ်ခြင်း၏ ဖြစ်သင့်ခြင်းကြောင့်တည်း။ ဤအနက်သည်လည်း အထက်၌ အက္ခရာ ဖြစ်ခြင်းကို စိစစ်ရာ စကားရပ်၌ ထင်ရှားသည် ဖြစ်လတ္တံ့။ ဤသို့ သိအပ်၏။ ထို့ကြောင့် ထို လှုပ်ရှားခြင်း၏ ဖြစ်သော ဇောဝါရမှ ရှေးဝါရတို့၌ ကောင်းစွာ ထောက်ပံ့ခြင်း၊ ကောင်းစွာ ဆောင်ခြင်းတို့သည်သာလျှင် ပြည့်စုံကုန်၏ဟု သိအပ်၏။
ဆက်၍ ဆိုဦးအံ့။ အကြင်ထမ်းပိုး ခုနစ်ခုဆက်၍ ဆွဲငင်အပ်သော လှည်းဥပမာကိုလည်း ဆိုအပ် ပေ၏။ ထိုဥပမာသည်လည်း အထူးထူးသော ဇောဝီထိတို့၌ ဖြစ်ကုန်သော ဝါယောဓာတ်တို့၏ အဆက်ဆက် ထောက်ပံ့ခြင်း၌လည်း သင့်လျော်သည်သာလျှင်တည်း။
ထိုစကားသည် မှန်လှပေ၏။ လှုပ်ရှားသော စိတ္တဇရုပ်အစဉ်၌ ဖြစ်ကုန်သော ဥတုဇရုပ် အဆက် ဆက်တို့သည်လည်း ဝိညတ်နှင့်တကွ ဖြစ်ကုန်သကဲ့သို့ ထိုအခြင်းအရာ ရှိကုန်သည်။ အဟုန်နှင့်တကွ ဖြစ်ကုန်သည်။ ပျံ့နှံ့ခြင်းနှင့်တကွ ဖြစ်ကုန်သည်သာလျှင် ဖြစ်၍ ဖြစ်ကြကုန်၏။ ထို့ကြောင့် ရှေ့နောက်ဖြစ်ကုန်သော အထူးထူးသော ဇောဝီထိတို့၏ အကြားအကြား၌ ဘဝင်ကျသော အခါ၌ လည်း ရှေ့သို့တက်ခြင်း အစရှိသော လှုပ်ရှားခြင်းသည် ပြည့်စုံသည်သာလျှင်တည်း။
ဆက်၍ ဆိုဦးအံ့။ တစ်စပ်တည်း ဖြစ်ကုန်သော စတုသမုဋ္ဌာနိကရုပ်တို့ မည်သည် တစ်ခု၏အရာ၌ ဤမှတစ်ပါးကုန်သော ရုပ်တို့သည် တစ်ခုသော သမုဋ္ဌာန်ရှိသော ရုပ်တို့ကဲ့သို့ အချင်းခပ်သိမ်း ထိုရုပ်သို့ အစဉ်လိုက်ခြင်း ရှိကုန်၏။ ထို့ကြောင့် စိတ္တဇရုပ် လှုပ်ရှားသည်ရှိသော် ဤမှ တစ်ပါး ကုန်သော ရုပ်တို့သည်လည်း လှုပ်ရှားကြကုန်သည်သာလျှင်တည်း။ ဤသို့ မှတ်အပ်၏။
ဆက်၍ ဆိုဦးအံ့။ ဤအရာ၌ နောက်နောင်၌ ဖြစ်ကုန်သော ရုပ်ကလာပ် အဆက်ဆက်တို့၏ ဖြစ်ရာအရပ်မှ အရပ်တစ်ပါး၌ ဖြစ်မြဲတိုင်းသာ အဆောက်အအုံ အခြင်းအရာဖြင့် အဆင့်ဆင့် ဖြစ်ခြင်း ကို လှုပ်ရှား ခြင်းဟူ၍ သိအပ်၏။
မှန်လှစွာ၏။ ရုပ်နာမ်တရားတို့၏ ဖြစ်ရာအရပ်၌ မချုပ်မူ၍ ဆံဖျားမျှလည်း အရပ်တစ်ပါးသို့ ပြောင်းရွှေ့ခြင်း မည်သည် မရှိချေ။ ဤမှ တစ်ပါးသော အခြင်းအရာဖြင့် အနက်ကို ယူခဲ့သည်ရှိသော် ထိုပရတ္တ ဓမ္မတို့၏ ခဏ၌ယှဉ်သော တရား၏အဖြစ်သည်လည်းကောင်း၊ ဗျာပါရ ကင်းသော တရား၏အဖြစ်သည်လည်းကောင်း၊ အလိုသို့ မလိုက်သည်၏ အဖြစ်သည်လည်းကောင်း မဖြစ်နိုင် ရာ။ ဤသို့ သိအပ်၏။
အလုံးစုံသော နှုတ်မြွက်ခြင်းကို ပြုသောသူအား ကဏ္ဍဌာန် စသည်တို့၌ တည်သော ဥပါဒိဏ္ဏက ပထဝီဓာတ်တို့၌ လှုပ်ရှားသော လည်ချောင်း အရပ်စသည်တို့၌ တည်သော စိတ္တဇပထဝီဓာတ်တို့၏ ထိခိုက်ခြင်းဟု ဆိုအပ်သော ဌာန်ကရိုဏ်းတို့၏ ပေါင်းစု စည်းဝေးခြင်းနှင့်တကွ သာလျှင် ဝစိဃောသ (= စကားသံ)ဟု ဆိုအပ်သော အကြင် စိတ္တဇသဒ္ဒသည် ဖြစ်၏။
ထိုစိတ္တဇသဒ္ဒသည် မိမိနှင့်တကွ ဖြစ်သော အကြင် အချင်းအရာ အမူအရာထူးဖြင့် အလိုရှိတိုင်းသော ထိုထိုအက္ခရာ ထူး၏ အဖြစ်သို့ ရောက်၏။
အကြင် အမူအရာထူးဖြင့်လည်း ကြားကုန်သော သူတို့အား ထိုထို အနက်ကို ပြတတ်သော အက္ခရာအစည်းအဝေး ဖြစ်၍ဖြစ်သော ပုဒ် ဝါကျအထူးကို ရအပ်၏။ စောပနဝါစာဟု ဆိုအပ်သော ထိုအခြင်းအရာ အမူအရာထူးသည် ဝစီဝိညတ် မည်၏။
အဋ္ဌကထာ၌ကား-
- ‘အမှန်စင်စစ်အားဖြင့်ကား စိတ်ကြောင့်ဖြစ်သော ထိုပထဝီဓာတ်၏ ဥပါဒိန္နကဖြစ်သော စတုဇပထဝီဓာတ်ကို ထိခိုက်ခြင်း၏ အကြောင်းဖြစ်၍ ဖြစ်သော တစ်မျိုးသော အခြင်းအရာ အမူ အရာထူးသည် ရှိ၏။ ဤအခြင်းအရာ အမူအရာထူးသည် ဝစီဝိညတ် မည်၏။
ဟူ၍ မိန့်ဆိုအပ်ခဲ့ပေပြီ။
ထိုအဋ္ဌကထာ၌ကား ‘ဥပါဒိန္နကဖြစ်သော စတုဇပထဝီဓာတ်ကို ထိခိုက်ခြင်း၏ အကြောင်းဖြစ်၍ ဖြစ်သော’ ဟူသည်ကား ကံကြောင့် ဖြစ်၍ဖြစ်သော၊ တစ်နည်းကား- အကြောင်းလေးပါးကြောင့် ဖြစ်၍သာလျှင် ဖြစ်သော ဥပါဒိန္နပထဝီဓာတ်နှင့်တကွ တိုက်ခိုက်ခြင်းကို စွဲ၍ အသံထူးဖြစ်ခြင်း၏ အကြောင်းဖြစ်၍ ဖြစ်သော၊ ဤသည်ကား အနက်တည်း။
ထိခိုက်ခြင်း၏ အကြောင်းသည်ကား လှုပ်ရှားသော လည်ချောင်း အရပ် အစရှိသည်၏ အထူး ဖြစ်၍ ဖြစ်သော ကိုယ်အင်္ဂါအထူးသည် သာလျှင် ဖြစ်ရာ၏။ အခြင်းအရာထူး နှစ်ခုအပေါင်းကိုလည်း မရောမနှောဘဲ ရှင်းရှင်းလင်းလင်း တခြားစီကို ပြု၍ သိအပ်၏။ ဤသို့ မှတ်အပ်၏။
ဆက်၍ ဆိုဦးအံ့။ ဤစကား၌ ဥပါဒိန္နကပထဝီတို့နှင့် တကွ ထိခိုက်ခြင်းသည် စိတ္တဇပထဝီတို့၏ ကိစ္စပေတည်း၊ ထိုစိတ္တဇပထဝီတို့၏ အမှတ်မရှိသော အခြင်းအရာဖြင့် မထိခိုက်မူ၍ အကြင်သို့သော အခြင်းအရာဖြင့် အလိုရှိအပ်သော အက္ခရာသည် ပြည့်စုံ၏။ ထိုသို့သော အခြင်းအရာဖြင့် အကြင်ထိခိုက်ခြင်း အပြားအထူးကို စီရင်ခြင်း အမှုသည် ရှိ၏။ ဤစီရင်ခြင်း အမှုသည် ကာယဝိညတ် ကိစ္စပေတည်း။ ထိခိုက်ခြင်းနှင့် တကွသာလျှင်ဖြစ်သော အသံတို့၏ ထိုထိုအက္ခရာ ဝဏ္ဏအဖြစ်သို့ ရောက်ခြင်းငှါ စီရင်ခြင်းသည်သာလျှင် ဝစီဝိညတ်၏ ကိစ္စတည်း။
- အိုးစည်မျက်နှာ အပြင်ကဲ့သို့ ဥပါဒိန္နက ပထဝီကို သိအပ်၏။
- တီးခတ်အပ်သော လက်ကဲ့သို့ စိတ္တဇပထဝီကို သိအပ်၏။
- လက်၏ ထက်ဝန်းကျင်မှ လှည့်ပတ်ရိုက်ခတ်သော အမူအရာထူးကဲ့သို့ ကာယဝိညတ်ကို သိအပ်၏။
- အသံ၏ အမူအရာထူးကဲ့သို့ ဝစီဝိညတ်ကို သိအပ်၏။
- အိုးစည်၏ အထူးထူးသော အသံအပြားကဲ့သို့ အထူးထူးသော အက္ခရာအပြားကို သိအပ်၏။ ဤသို့ မှတ်အပ်၏။
ဆက်၍ ဆိုဦးအံ့။ ဤစကားဝယ် အဋ္ဌကထာ၌-
- ဤစကားကို ဆိုပေအံ့။ ထိုစကားကို ဆိုပေအံ့။ ဤသို့ ဖြစ်သော စိတ်သည် ရှစ်ပါးကုန်သော ရုပ်တို့ကို ဖြစ်စေ၏။ ထိုရုပ်ရှစ်ပါး တို့၏အတွင်း၌ စိတ်ကြောင့်ဖြစ်သော ပထဝီဓာတ်သည် ဥပါဒိန္နကဖြစ်သော ပထဝီဓာတ်ကို (တစ်နည်း- စတုဇဖြစ်သော ပထဝီဓာတ်ကို) ထိခိုက်လျက်သာလျှင် ဖြစ်၏။ ထို ဓာတ်၏ ထိခိုက်ခြင်းနှင့် တကွသာလျှင် အသံသည် ဖြစ်ပေါ် လာ၏။
ဟူ၍လည်းကောင်း၊
- ရှေးစိတ်ကြောင့်ဖြစ်သော ပထဝီဓာတ်၏ ထောက်ပံ့ခြင်း ကိစ္စသည်လည်း မရှိချေ။
ဟူ၍လည်းကောင်း အကြင်စကားကို မိန့်ဆိုအပ်၏။ ထိုစကားသည်လည်း အရာမက များစွာ ကုန်သော ဇောဝါရတို့ ဖြစ်ကုန်သည်ရှိသော် အကြင် ဝါရ၌ ထင်ရှားသော အက္ခရာသည် ဖြစ်၏။ ထိုဝါရကို ရည်ရွယ်၍ မိန့်ဆိုအပ်၏ဟု ယူအပ်၏။
မှန်လှစွာ၏။ ထို့ကြောင့်သာလျှင် မူလဋီကာ၌-
- ထောက်ပံ့ခြင်းကိစ္စသည် မရှိချေ။ (အဘယ်ကြောင့်နည်း) ရအပ်သော အာသေဝနရှိသော ပထမစိတ်ကြောင့်ပင်လျှင် ထိခိုက်ခြင်း၏ အားရှိသည်၏ အဖြစ်ကြောင့်ပေတည်း။
ဟူ၍ မိန့်ဆိုအပ်၏။
ဆက်၍ ဆိုဦးအံ့။ ဤမူလဋီကာ၌ ‘‘ရအပ်သော အာသေဝန ရှိသော’’ဟူသော ဤစကားဖြင့် ရှေးအဖို့၌ အထူးထူးသော ဝီထိဇောတို့မှ ရအပ်သော အာသေဝန ရှိသည်၏ အဖြစ်ကို ပြ၏။ အဘယ့်ကြောင့်နည်း ဟူမူကား- ပထမဇောစိတ်ကိုလည်း ရအပ်သော အာသေဝန ရှိသည်၏ အဖြစ်ဖြင့် အလိုရှိအပ်သည်၏ အဖြစ်ကြောင့် ပေတည်း။
ဆက်၍ ဆိုဦးအံ့။ တစ်ခုသော ဇောဝါရမျှဖြင့် ထင်ရှားသည့် အက္ခရာတစ်လုံး ပြည့်စုံ၏ဟု သိခြင်းငှါ မတတ်ကောင်းချေ။ အဘယ့်ကြောင့်နည်း ဟူမူကား- ထိုတစ်ခုသော အက္ခရာ၏ လက်ဖျစ်တစ်ထွက် လက်ဖျစ်နှစ်ထွက် ခဏအတိုင်းအရှည် ရှိသော ကာလဖြင့် ရွတ်ဆိုအပ်သည်၏ အဖြစ်ကြောင့်လည်း ကောင်း၊ လက်ဖျစ်တစ်ထွက် ခဏ၌ အသိန်းမကကုန်သော ဇောဝီထိတို့၏ ဖြစ်သင့်ခြင်းကြောင့် လည်းကောင်းတည်း။ မှန်လှစွာ၏။
- သုံးလုံးကုန်သော ရဿသရတို့သည် တစ်မတြာကာလ ရှိကုန်၏။ ဒီဃသရတို့ကို နှစ်မတြာကာလ ရှိကုန်၏ဟူ၍ ဆိုအပ်ကုန်၏။ သုံးမတြာရှိသော အက္ခရာကိုကား သီချင် သံဟူ၍ သိအပ်၏။ ဗျည်းတို့သည် မတြာခွဲကာလ ရှိကုန်၏။
ဟူ၍ သဒ္ဒါကျမ်းတတ် ဆရာမြတ်တို့ မိန့်ဆိုအပ်၏။
မိလိန္ဒပဉှာ၌လည်း-
- အပိုဖြစ်သော စပါးနှင့်တကွသော စပါးလှည်းတစ်ရာ၌ စပါးစေ့ တို့သည် လက်ဖျစ်တစ်ထွက် ခဏ၌ဖြစ်သော စိတ်၏ (တစ်ဆယ့်ခြောက်စိတ် စိတ်၍) တစ်စိတ်စာမျှသို့လည်း မရောက်ကုန်။ အစိတ်၏ အဖို့ အစုသို့လည်း မရောက်ကုန်။
ဤသို့ ပြအပ်၏။ တစ်လုံးသော အက္ခရာကို ရွတ်ဆိုသော သူအားလည်း ထိုမျှလောက် အတိုင်းအရှည်ရှိသော ကာလပတ်လုံးလည်း ရွတ်ဆိုသော စိတ်ဗျာပါရသည်သာလျှင်တည်း။ ပရမတ္ထ အားဖြင့် တစ်ခုသာလျှင်ဖြစ်သော အသံကို ရွတ်ဆိုအံ့။ ဤသို့လည်းကောင်း နာကြားအံ့။ ဤသို့လည်းကောင်း မှတ်၍ ရွတ်ဆိုခြင်းငှါလည်းကောင်း၊ နာကြားခြင်းငှါ လည်းကောင်း တတ်လည်း မတတ်ကောင်းချေ။
အဘယ့်ကြောင့်နည်း ဟူမူကား- ထိုသို့သော အခြင်းအရာဖြင့် မှတ်သော ပုဂ္ဂိုလ်အားလည်း အသံတို့၏ ရှေ့နောက်အားဖြင့် အသိန်းမကသည်သာလျှင် ရွတ်ဆိုခြင်း ကြားနားခြင်း၏ ဖြစ်သင့်ခြင်းကြောင့်တည်း။ တစ်ခုသာလျှင်တည်း။ ဤသို့ မှတ်ထင်ခြင်းသည်ကား သမူဟဃန၊ သန္တတိဃနတို့ဖြင့် ဖုံးလွှမ်း အပ်သည်၏ အဖြစ်ကြောင့်သာလျှင် ဖြစ်၏။ ဤသို့ မှတ်အပ်၏။
ဤဝစီဝိညတ်၌ အကြွင်းကို ကာယဝိညတ်၌ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ဖြစ်သင့်သည် အားလျော်စွာ သိအပ်၏ဟု မှတ်အပ်၏။
ဆက်၍ ဆိုဦးအံ့။ ဤစကားရပ်၌ ဝိညတ္တိသဒ္ဒါသည် ‘‘ကာယေန ဝိညာပေတိ၊ ဝါစာယ ဝိညာပေတိ = ကိုယ်ဖြင့် သိစေ၏၊ နှုတ်ဖြင့် သိစေ၏၊’’ ဤသို့ စသည်တို့၌ ‘‘သိစေခြင်း’’ အနက်ရှိ၏။
သုဒိန္နကဏ္ဍ၌ ‘‘တိက္ခတ္တုံ ဝိညာပေသိ’’ သုံးကြိမ် လွန်ကျူးခြင်းကို ဖြစ်စေ၏။ ဤသို့ စသည်တို့၌ ‘‘ဖြစ်စေခြင်း’’ အနက်ရှိ၏။ ဤအရာ၌ကား နှစ်ပါးအပြား ရှိသော ဝိညတ္တိသဒ္ဒါသည်လည်း သင့်လျော်၏။
မှန်လှစွာ၏။ ဤသို့ ဖြစ်သည်ရှိသော် သူတစ်ပါးကို သိစေခြင်းငှါ အလိုရှိသည်၏ အဖြစ်မှ ကင်းကုန်သော အလုံးစုံသော ကိုယ် အင်္ဂါလှုပ်ခြင်း နှုတ်အင်္ဂါ လှုပ်ခြင်းတို့၌လည်း ဖြစ်စေခြင်း = ပဝတ္တကဝိညတ်၏ ရအပ်သည်၏ အဖြစ်ကို သိအပ်၏ဟု မှတ်အပ်၏။
မူလဋီကာ၌ကား-
- သူတစ်ပါးကို သိစေခြင်းငှါ အလိုရှိသည်၏ အဖြစ်နှင့် ကင်း၍လည်း ရှေ့သို့တက်ခြင်း စသည်ကို ဖြစ်စေခြင်းဖြင့် ထိုစိတ်နှင့် တကွ ဖြစ်သော အမူအရာထူးသည် အလိုကို သိစေ၏။ မိမိဟူသော ဝိကာရရုပ်ကိုလည်း သိအပ်၏။ ဤသို့ နှစ်ပါး အပြားဖြင့်လည်း ဝိညတ် မည်သည် သာလျှင်တည်း။ ဤသို့ သိအပ်၏။
ဟူ၍ မိန့်ဆိုအပ်၏။
ထိုနှစ်ပါးကုန်သော သိစေခြင်း အနက်ရှိသော ဝိညတ်နှစ်ပါးတို့တွင် ရှေးဖြစ်သော ကာယဝိညတ်ကို အင်္ဂါကြီးငယ်၏ လှုပ်ရှားသော အဆင်းကို စက္ခုဝိညာဏဝီထိဖြင့် လှုပ်ရှားသော အင်္ဂါကြီးငယ်ကို ကာယဝိညာဏဝီထိဖြင့် ယူပြီး၍ နောက်၌ သက်သက်သော မနောဒွါရဇောဖြင့်သာလျှင် သိအပ်၏။
နောက်၌ဖြစ်သော ဝစီဝိညတ်ကိုလည်း ရွတ်ဆိုအပ်သော အသံကို သောတဝိညာဏဝီထိဖြင့် ယူ၍ နောက်၌သက်သက်သော မနောဒွါရိကဇောဖြင့်သာလျှင် သိအပ်၏။ ပဉ္စဒွါရိကဇောဖြင့် မသိအပ်ပေ။
မှန်လှစွာ၏။ ထိုဝိညတ်သည် မိမိကို သိသည်သာလျှင် ဖြစ်ကုန်သော တစ်ပါးသော သတ္တဝါတို့ကို မိမိနှင့်ပြည့်စုံသော ပုဂ္ဂိုလ်၏စိတ်ကို သိစေ၏။ မသိသော ပုဂ္ဂိုလ်တို့ကို မသိစေ၊ မှန်လှစွာ၏။
သိစေတတ်သော အကြောင်းမည်သည်ကား မိမိကိုသိသော သူတို့ကိုသာလျှင် သိစေအပ်သော အနက်ကို သိစေ၏။ မသိသော ပုဂ္ဂိုလ်တို့ကို သိစေအပ်သော အနက်ကို မသိစေ။ ထို့ကြောင့် ကိုယ်အင်္ဂါလှုပ်ရှားခြင်းကို မြင်၍လည်းကောင်း၊ သုံးသပ်၍လည်းကောင်း၊ အသံကိုကြား၍လည်း ကောင်း သူတစ်ပါး၏ ထိုထိုအလိုကို သိကုန်သော တိရစ္ဆာန်တို့အားလည်း ရှေးဦးစွာ ဝိညတ်ကို သိခြင်းသည် ပြီးစီးသည် ဖြစ်ပေ၏။
အဘယ့်ကြောင့်နည်း ဟူမူကား- ထိုဝိညတ်ကို သိခြင်းနှင့်ကင်း၍ အလိုကို သိခြင်း၏ မဖြစ် သင့်ကြောင့်တည်း။ ဝိညတ်ကို သိကုန်သော သူတို့အားလည်း ရှေး၌ ပြီးစီးသော သင်္ကေတ နှင့်စပ်သော သိခြင်းနှင့် ကင်း၍ အလိုကို သိခြင်းသည် မဖြစ်သင့်ပေ။ ထို့ကြောင့် အလယ်၌ အသီး အခြား ရှေးဖြစ်သော သင်္ကေတနှင့်စပ်သော ယူခြင်းကိုလည်း အလိုရှိကြကုန်၏။
အဖို့တစ်ပါးကို ဆိုဦးအံ့။ ဖြစ်စေခြင်း အနက်ရှိသော ဝိညတ်နှစ်ပါး တို့တွင် ရှေ့သို့တက်သော သူတစ်ပါးကို စက္ခုဝိညာဏဝီထိဖြင့် မြင်၍ ရှေ့သို့ တက်လိုသော ဝိညတ်ကိုလည်းကောင်း၊ ရှေ့သို့ တက်လိုသော စိတ်ကိုလည်းကောင်း မနောဝိညာဏဝီထိဖြင့် သိကြကုန်၏။ နောက်သို့ ဆုတ်ခြင်း အစရှိသည်တို့၌ ဤနည်းသာလျှင် နည်းရှိပေ၏။
ထို့အတူ သူတစ်ပါး၏ စကားကို သောတဝိညာဏဝီထိဖြင့် ကြား၍ ပြောဆိုသော ဝိညတ်ကို လည်းကောင်း၊ ပြောဆိုလိုသော စိတ်ကိုလည်းကောင်း မနောဝိညာဏဝီထိဖြင့် သိကြကုန်၏။
သူတစ်ပါးကို တပ်နှစ်သက်သော စိတ်ဖြင့် ကိုယ်အင်္ဂါလှုပ်ရှားသော သူကိုမြင်၍ လှုပ်ရှားသော ဝိညတ်ကိုလည်းကောင်း၊ တပ်နှစ်သက်သော စိတ်ကိုလည်းကောင်း သိကြကုန်၏။
တပ်နှစ်သက်သော သူ၏ စကားကို ကြားရ၍ ပြောဆိုသော ဝိညတ်ကိုလည်းကောင်း၊ ရာဂစိတ် ကိုလည်းကောင်း သိကြကုန်၏။ အလုံးစုံသော ကိုယ်၌ဖြစ်သော အမူအရာ ကြိယာ နှုတ်၌ဖြစ်သော အမူအရာ ကြိယာတို့၌ ဤနည်းသာလျှင် နည်းရှိပေ၏။
လဟုတာ မုဒုတာ ကမ္မညတာ အဖွင့်
ပေါ့သည်၏ အဖြစ်သည် လဟုတာ မည်၏။ နူးညံ့သည်၏ အဖြစ်သည် မုဒုတာ မည်၏။ အမှု၌ ကောင်းသည်၏ အဖြစ်သည် ကမ္မညတာ မည်၏။ အမှု၌ ခံ့သည်တည်း။ ဤသည်ကား အနက်တည်း။ အမှု၌ ခံ့သည်၏အဖြစ်သည် ကမ္မညတာ မည်၏။
- ရူပဿလဟုတာသည် မနုံ့နှေးသည်၏ အဖြစ်လျှင် လက္ခဏာ ရှိ၏။
- ရူပဿမုဒုတာသည် မကြမ်းတမ်းသည်၏ အဖြစ်လျှင် လက္ခဏာ ရှိ၏။
- ရူပဿကမ္မညတာသည် ကိုယ်အမူအရာ အားလျော်သော အမှု၌ ခံ့သည်၏အဖြစ်လျှင် လက္ခဏာ ရှိ၏။
ဤရူပဿလဟုတာ အစရှိသော တရားတို့ကို အချင်းချင်း မစွန့် ကြကုန်သော်လည်း ဆန့်ကျင်သော အကြောင်း လျှောက်ပတ်သော အကြောင်းတို့၏ အစွမ်းအားဖြင့် မရောမနှောသော အားဖြင့် သိအပ် ကုန်၏။
ထိုစကားကို ချဲ့၍ ဆိုပေဦးအံ့။ မိမိ၏ကိုယ်နှင့် ဆန့်ကျင်သော ဥတုကိုလည်းကောင်း၊ အာဟာရ ကိုလည်းကောင်း၊ စိတ်၏အမူအရာကို လည်းကောင်း မှီဝဲကြကုန်သော သူတို့အား ကိုယ်၌ တည်ကုန်သော ဓာတ်လေးပါးတို့သည် ရံခါ အလုံးစုံသော ကိုယ်ကိုလည်းကောင်း၊ ကိုယ်တစ်စိတ်ကို လည်းကောင်း တုန်လှုပ် ချောက်ချား၍ အထူးအားဖြင့် ပုတိမုခမြွေဟု ဆိုအပ်သော အာပေါ၏ ထကြွခြင်းကို ပြု၍ ကိုယ်ကို မချီမကြွနိုင်သော ဝန်တို့ကဲ့သို့ လေးလံသည်ကို ဝန်လေးသည်ကို ပြုကြကုန်၏။
ဣရိယာပုတ်ကို လှည့်လည်ခြင်း၌ ကိုယ်ခန္ဓာ၏ ဝန်လေး ခြင်းလျှင် အကြောင်းရှိသော ဒုက္ခကို ဖြစ်စေကုန်။ ထိုအခါ၌ ရူပဿ လဟုတာသည် မဖြစ်ချေ။
တစ်ဖန် မိမိ၏ကိုယ်အား လျှောက်ပတ်သော ဥတုကိုလည်းကောင်း၊ အာဟာရကိုလည်းကောင်း၊ စိတ်၏ အမူအရာကိုလည်းကောင်း မှီဝဲကြကုန်သော သူတို့အား ထိုဓာတ်လေးပါးတို့၏ တုန်လှုပ် ချောက်ချားခြင်းသည် ငြိမ်းအေးလေ၏။ ကိုယ်သည် ပေါ့ပါးလေ၏။ ဣရိယာပုထ်ကို လှည့်လည်ခြင်း၌ ကိုယ်ခန္ဓာ၏ ဝန်လေးခြင်းလျှင် အကြောင်းရှိသော ဆင်းရဲမှုမည်သည် မရှိတော့ ချေ။ ထိုအခါ၌ ထိုရူပဿလဟုတာသည် ဖြစ်၏။ ကြွင်းသော မုဒုတာ ကမ္မညတာတို့၌လည်း ဤနည်းသာလျှင် နည်းရှိပေ၏။
ဆက်၍ ဆိုဦးအံ့။ ဤဝိကာရရုပ် သုံးခု၌ အထူးအားဖြင့် မုဒုတာ၌ ကဋ္ဌမုခမြွေဟု ဆိုအပ်သော ပထဝီ၏ ထကြွခြင်းကို ပြု၍ ထင်းသစ်တုံး ခြောက်ကဲ့သို့ ကိုယ်ကို ကြမ်းတမ်းသည်ကို ခက်မာသည်ကို ပြုကြကုန်၏။ ဣရိယာပုတ်ကို လှည့်လည်ခြင်း၌ အင်္ဂါကြီးငယ်တို့၏ ပြတ်အံ့ ကျိုးအံ့သော အခြင်းအရာသို့ရောက်သော ကြမ်းတမ်း ခက်မာခြင်းလျှင် အကြောင်းရှိသော ဆင်းရဲကို ဖြစ်စေကြကုန်၏။ ဤသို့ ဆိုအပ် ဆိုသင့်၏။
ကမ္မညတာ၌ သတ္ထမုခမြွေဟု ဆိုအပ်သော ဝါယောဓာတ်၏ ထကြွခြင်းကို ဝါယောဓာတ်၏ မညီညွတ်ခြင်းကို ပြု၍ ဒါမရိကခိုးသူ ထကြွသော ပစ္စန္တရာဇ်တိုင်းကိုကဲ့သို့ ကိုယ်ကို ထိုမှ ဤမှ ချောက်ချား လူးလည်းသည်ကို ပြုကြကုန်၏။ အလုံးစုံသော ဣရိယာပုထ်တို့၌ ချမ်းသာမှုမည်သည် မရှိချေ။ ဤသို့ ဆိုအပ်၏။
တေဇောဓာတ်သည်ကား အလုံးစုံကုန်သော ထိုဓာတ်တို့၏လည်း အခြေခံ၍ ဖြစ်၍ ဖြစ်၏။ ဤသို့ သိအပ်၏။
ဤတရားတို့သည်ကား အနာမရှိသော သူ၏ ခံ့ကျန်းသည်၏ အဖြစ်ကဲ့သို့ ကောင်းစွာ နယ်အပ်ပြီး သော သားရေ၏ နူးညံ့သည်၏ အဖြစ်ကဲ့သို့၊ ကောင်းစွာ လှော်ပြီး ဦးပြီးသော ရွှေ၏အမှု၌ ခံ့သည်၏ အဖြစ်ကဲ့သို့ ရူပကာယ၏ ဣရိယာပုထ်ကို လှည့်လည်ခြင်း၌ ကောင်းစွာ ပေါ့ပါးသည်၏ အဖြစ် စသည်တို့၏ အစွမ်းဖြင့် ထင်ကုန်သော ထူးသော အခြင်းအရာတို့သည် ဖြစ်ကြကုန်၏။ ထို့ကြောင့် ဝိကာရရုပ် မည်၏။
ဥပစယရုပ် အဖွင့်
ပွားစီးခြင်းသည် ဥပစယ မည်၏။ အပေါင်း၏ အစွမ်းဖြင့် ရှေးရှုဖြစ်ခြင်းတည်း။ ဤသည်လျှင် စယ-ဟူသော ပုဒ်၏ အနက်တည်း။
အစ၌လည်းကောင်း၊ အထက်၌လည်းကောင်း ပွားစီးခြင်းသည် ဥပစယ မည်၏၊ ရှေးဦးစွာ ဖြစ်ခြင်းလည်းကောင်း၊ အဆင့်ဆင့် ပွားခြင်းလည်းကောင်း ဤသည်လျှင် အနက်ပေတည်း။
ချဲ့၍ ဆိုပေဦးအံ့။ ဤ(ဥပစယ ဟူသော ပုဒ်၌) ဥပသဒ္ဒါသည် ဥပညတ္တံ = ရှေးဦးစွာ ပညတ်အပ်၏။ တစ်နည်း- ရှေးဦးစွာ ချီးမွမ်းအပ်၏။ အစရှိသည်တို့၌ကဲ့သို့ ပထမာအနက် ရှိ၏။ ဥပသိတ္တံ = အထက်၌ သွန်းလောင်းအပ်၏။ အစရှိသည်တို့၌ကဲ့သို့ ဥပရိ အနက်ရှိ၏။ ဤသို့ သိအပ်၏။
မှန်လှစွာ၏။ မူလဋီကာ၌
- ဥပသဒ္ဒါသည် ရှေးဦးစွာ ဖြစ်ပေါ်မှုဟူသော အနက် (ပဌမတ္ထ) ရှိသည်လည်းကောင်း၊ အထက်၌ ဖြစ်ပေါ်မှုဟူသော အနက် (ဥပရိအတ္ထ) ရှိသည်လည်းကောင်း ဖြစ်ပေ၏။
ဟူ၍ မိန့်ဆိုအပ်ပေ၏။ မှန်လှပေ၏။ ထို့ကြောင့်သာလျှင် ပါဠိတော်၌-
- အဖန်တလဲလဲဖြစ်သော တစ်ဆယ့်တစ်ပါးသော ရုပ်အာယတန တို့၏ အကြင် ရှေးဦးစွာဖြစ်ခြင်း ဥပဒ်သည် ဖြစ်၏။ ထိုရှေးဦးစွာ ဖြစ်ခြင်း ဥပဒ်သည် စက္ခုဒသက စသော ရုပ်၏ ပွားစီးခြင်း ဥပဒ်သည် ဖြစ်ပေ၏။ (ဥပစယ ဖြစ်၏ ဟူလို)
- အကြင် အထက်အထက်၌ ပွားစီးခြင်း ဖြစ်ခြင်းသည် စက္ခု ဒသက စသော ရုပ်၏ဖြစ်စဉ် ဥပဒ်သည် ဖြစ်၏။ သန္တတိ ဖြစ်၏ ဟူလို။
ဟူ၍ ဟောတော်မူခဲ့ပေ၏။
ချဲ့ခြင်းသည် တတိ မည်၏။ စပ်လျက် ချဲ့ခြင်းသည် သန္တတိ မည်၏။ တစ်နည်း- အဖန်ဖန် ချဲ့ခြင်းသည် သန္တတိ မည်၏။ ဖြစ်မြဲ တိုင်းကုန်သော အာယတနတို့၏ အဓွန့်ကို ပြည့်စေခြင်း၏ အစွမ်းဖြင့် ဖြစ်ခြင်းတည်း။ ဤသည်ကား သန္တတိပုဒ်၏ အနက်ပေတည်း။
ဥပစယ-နှင့် သန္တတိ-အထူး
ထိုစကားရပ်၌ အမိဝမ်း၌ ကိန်းကုန်သော သတ္တဝါတို့၏ ပဋိသန္ဓေခဏ၌ ရုပ်တို့၏ ဥပဒ်ခြင်း ဖြစ်မှု သည် ရှေးဦးစွာ ဖြစ်ခြင်းတည်းဟူသော အနက်ကြောင့် ဥပစယ မည်၏။
ထိုပဋိသန္ဓေအခါမှ နောက်ကာလ၌ အကြင်မျှလောက် အလုံးစုံတို့၏ ရှေးဦးစွာ ဖြစ်ကုန်သော စက္ခု သောတ ဃာန ဇီဝှါတို့၏ ဖြစ်ခြင်းသည် ရှိ၏။ ဤအတွင်း၌ ရုပ်တို့၏ ဖြစ်ခြင်းသည် အထက်၌ ပွားခြင်းတည်း ဟူသော အနက်ကြောင့် ဥပစယ မည်၏။
ထိုမှနောက်၌ အသက်ရှည်သမျှ ကာလပတ်လုံး စတုဇသန္တတိ ရုပ်တရားတို့၏ အစဉ်သဖြင့် ဖြစ်ပေါ်မှုသည် သန္တတိ မည်၏။
မှန်လှစွာ၏။ အဋ္ဌကထာ၌-
- မြစ်ကမ်းပါး၌ တူးအပ်သော လက်ယက်တွင်းငယ်၌ ရှေးဦးစွာ ရေထွက်သော ကာလကဲ့သို့ အစ၌ ပွားစီးခြင်းသည် နိဗ္ဗတ္တိ = ဥပစယ မည်၏။
- ရေပြည့်သော အခါကဲ့သို့ အထက်၌ ပွားစီးခြင်းသည် ဝီဍ္ဎိ ဥပစယ မည်၏။
- ရေပြည့်လျှံ၍ ကမ်းကို လွှမ်းမိုး၍သွားသော အခါကဲ့သို့ ရုပ်တို့၏ အစဉ်သည် ပဝတ္တိ =သန္တတိ မည်၏။
ဟူသော စကားကို မိန့်ဆိုတော်မူအပ်၏။
၁၉၄။ ဋီကာကျော် (နှာ- ၂၀၂)၌ကား-
ပဋိသန္ဓေမှ စ၍ အကြင်မျှလောက် ကာလပတ်လုံး စက္ခုဒဿက အစရှိသော ရုပ်တို့၏ ဖြစ်ခြင်းသည် ရှိ၏။ ဤအတွင်း၌ နိပ္ဖန္နရုပ်တို့၏ ဖြစ်ခြင်းသည် ဥပစယ မည်၏။ ထိုစက္ခုဒဿက အစရှိသည်တို့၏ ဖြစ်ခြင်းမှ နောက်ဖြစ်သော နိပ္ဖန္နရုပ်တို့၏ ဖြစ်ခြင်းသည် သန္တတိ မည်၏။
ဟူ၍ မိန့်ဆိုအပ်၏။ ထိုစကားသည်လည်း ထိုပရိယာယ်ဖြင့် သင့်လျော် သည်သာလျှင်တည်း။
သံသေဒဇပုဂ္ဂိုလ် ဥပပတ်ပုဂ္ဂိုလ်တို့အားကား ပဋိသန္ဓေခဏ၌ ရုပ်တို့၏ဖြစ်ခြင်းသည် ရှေးဦးစွာ ဖြစ်ခြင်း တည်းဟူသော အနက်ကြောင့်လည်းကောင်း၊ ပြည့်စုံစွာ ပွားစည်းခြင်း တည်းဟူသော အနက်ကြောင့်လည်းကောင်း ဥပစယ မည်၏။ ထိုမှနောက်၌ ရုပ်တို့၏ ဖြစ်ခြင်းသည် သန္တတိ မည်၏။
ဆိုဖွယ်အထူးကား- အကြောင်းသုံးပါးကြောင့် ဖြစ်ကုန်သော တိသမုဋ္ဌာနိကရုပ်တို့အား အသီးအသီး သန္တတိပစ္စုပ္ပန် မည်သည် ရှိ၏။ တစ်ခု တစ်ခုသော ထိုသန္တတိ ပစ္စုပ္ပန်၏လည်း ဖြစ်ပေါ်ခြင်း ပွားစီး ခြင်း အစဉ်တည်ခြင်း၏ အစွမ်းဖြင့် သုံးပါး သုံးပါး ကုန်သော အခိုက်အတန့်တို့သည် ဖြစ်ကြကုန်၏။
ထိုသုံးပါးသော အခိုက်အတန့်တို့တွင် တစ်ခုခုသော အစဉ်၌ အစ၌ သန္တတိ အစဖြစ်ကုန်သော ရုပ်တို့၏ အလုံးစုံတို့၏ ရှေးဦးစွာ ဖြစ်ခြင်းသည် နိဗ္ဗတ္တိ = ဖြစ်ပေါ်ခြင်း မည်၏။ ထို့နောင်မှ ပွားစီး ကုန်သော ရုပ်တို့၏ ဖြစ်ခြင်းသည် ဝိဍ္ဎိ ပွားစီးခြင်း မည်၏။ ပွားစီးခြင်း ပြီးပြည့်စုံပြီးသည်ရှိသော် မပွားကုန်မူ ပဗန္ဓဌီ၏ အစွမ်းဖြင့် ဖြစ်ကုန်သော ရုပ်တို့၏ ဖြစ်ခြင်းသည် ပဝတ္တိ = အစဉ် တည်ခြင်း မည်၏။
ထိုစကားရပ်၌လည်း ဖြစ်ပေါ်ခြင်း ပွားစီးခြင်းတို့သည် ဥပစယ မည်၏။ အစဉ်တည်ခြင်း သည် သန္တတိ မည်၏။
အကျဉ်းအားဖြင့်ကား လောက၌ အလုံးစုံကုန်သော ဣန္ဒြိယဗဒ္ဓရုပ် အနိန္ဒြိယဗဒ္ဓရုပ်တို့၏ ဖြစ်မှုတို့၌ ထင်မြင်ကုန်သော ဖြစ်ခြင်း ပွားခြင်း အစဉ်တည်ခြင်းဟု ဆိုအပ်ကုန်သော အခိုက်အတန့် အပြား တို့ကို မြင်၍ ဥပစယ သန္တတိတို့ကို သိအပ်ကုန်၏။
ထိုစကားရပ်၌ ဤဆိုလတ္တံ့သည်ကား သက်သေနည်းပြပေတည်း၊ သစ်ပင် မြက် စသည်တို့သည် လည်းကောင်း၊ အခက် အရွက် အပွင့် အသီး စသည်တို့သည်လည်းကောင်း အစ၌ ပေါ်ပေါက် ကြကုန်၏။ ပေါ်ပေါက်ပြီး၍ တိုးပွားကြကုန်၏။ တိုးပွားခွင့် ပြီးပြည့်စုံပြီးသည်ရှိသော် မတိုး ပွားကုန်မူ၍ အစဉ်၏ အစွမ်းဖြင့် တည်နေ၍ ပျက်ဆုံးကြကုန်၏။ ဤသည်ကား နည်းပြ သက်သေစကားတည်း။
ဆွေးမြေ့ခြင်း သဘောသည် ဇရာမည်၏။ ဤတရားဖြင့် ဆွေးမြေ့တတ်ကြောင်း ဆွေးမြေ့သည်၏ အဖြစ်သို့ ရောက်ကြောင်းဖြစ်သောကြောင့် ဇရာမည်၏။ ထိုဇရာသည်ပင်လျှင် ဇရတာ မည်၏။
ဖြစ်ခြင်း ရင့်ရော်ခြင်း ပျက်ခြင်းတို့ဖြင့် မတုန်လှုပ်တတ်သောကြောင့် နိစ္စ မည်၏။ အသင်္ခတ တရားကို ရအပ်၏။ မြဲသော အသင်္ခတတရားမျိုး မဟုတ်သော တရားသဘောသည် အနိစ္စ မည်၏။ အသင်္ခတတရားကို ရအပ်၏။ မမြဲသောတရာ၏ ဖြစ်ကြောင်းဖြစ်သော ဖြစ်သောကြောင့် အနိစ္စတာ မည်၏။ ပျက်ခြင်း ဘင်ကို ရအပ်၏။
၁၉၅။ ဋီကာကျော် (နှာ- ၂၀၂)၌ကား-
အကြင်တရားသဘောကို မြဲသည်၏ အဖြစ်အားဖြင့် (ဝိပဿနာဉာဏ်ဖြင့်) မသိအပ်သောကြောင့် အနိစ္စ မည်၏။
ဟူ၍ မိန့်ဆိုအပ်၏။ ထိုစကားသည် မကောင်းချေ။
မှန်လှစွာ၏။ နိစ္စသဒ္ဒါသည် သာသနာကျမ်း၌လည်းကောင်း၊ လောကီကျမ်း၌လည်းကောင်း ထင်ရှား လှစွာ၏။ ထိုနိစ္စသဒ္ဒါကိုသာလျှင် ဤအရာ၌ ‘န’အက္ခရာနှင့် ယှဉ်သည်ဖြစ် အနိစ္စဟူ၍ ဆိုအပ်၏-ဟူ၍ သိအပ်၏။
ဤတရားဖြင့် ဤတရားတို့ကား သင်္ခတတရားတို့တည်း ဟူ၍ ကောင်းစွာ မှတ်ကြောင်း ဆုံးဖြတ် ကြောင်း ဖြစ်သောကြောင့် လက္ခဏ မည်ပေ၏။ သင်္ခတ၏ အဖြစ်ကို သိခြင်း၏ အကြောင်း ပေတည်း။ ဤသည်ကား လက္ခဏဟူသော ပုဒ်၏အနက်တည်း။
ရှင်တော်ဘုရား အဘယ်သို့ ဟောကြားတော်မူခဲ့သနည်း။ အင်္ဂုတ္တရ ပါဠိတော် ၌-
- ရဟန်းတို့- သင်္ခတတရားတို့၏ လက္ခဏာတို့သည် ဤသုံးပါး တို့တည်း၊ အဘယ်သုံးပါးတို့နည်း ဟူမူကား- ဖြစ်ဆဲသည်လည်း ထင်ရှား၏။ ပျက်ဆဲသည်လည်း ထင်ရှား၏။ တည်သော သင်္ခတ တရား၏ ဖောက်ပြန်သည်၏ အဖြစ်သည်လည်း ထင်ရှား၏။
ဟူ၍ ဟောတော်မူ၏။
ပါဠိတော်၌ ဇာတိမည်သည် လာရှိသေးသည် မဟုတ်ပါလော။ ထို့ကြောင့် ထိုဇာတိကိုလည်း ဤအရာ၌ ဆိုသင့် ဆိုထိုက်သည် မဟုတ်ပါလော။ ဤသို့ စောဒနာရန် ရှိသောကြောင့် ‘‘ဇာတိရူပမေဝ’’ ဤသို့ အစရှိသော စကားကို အရှင်အနုရုဒ္ဓါဆရာ မိန့်ဆိုတော်မူအပ်ပေ၏။
- ဧတ္ထ - ဟူသည်ကား ရူပသမုဒ္ဒေသ၌၊
- ထင်ရှားဖြစ်ခြင်းသည် ဇာတိ မည်၏။ တစ်နည်းကား- ဤ တရားသဘောဖြင့် ဖြစ်ကြောင်း ဖြစ်သောကြောင့် ဇာတိ မည်၏။
ဥပစယ သန္တတိဟူသော အမည်ဖြင့် ဆိုအပ် ဆိုထိုက်၏။ အဘယ့်ကြောင့်နည်း ဟူမူကား- ထိုဇာတိ၏ ထိုသို့သော အခိုက်အတန့် အထူးနှင့် ယှဉ်ခြင်းကြောင့်ပေတည်း။ ဤသည်ကား အရှင်အနုရုဒ္ဓါဆရာ မြတ်၏ အလိုတော်ပေတည်း။
မှန်လှပေ၏။ ထိုဇာတိသည် အစ၌ ပဋိသန္ဓေရုပ်တို့ကို ထင်ရှား ဖြစ်ပေါ်သည်တို့ကို ပြ၏။ တစ်ဖန် မပြည့်စုံကုန်သော အာယတနတို့ကိုလည်း ပြည့်စေ၏။ ပြည့်ကုန်ပြီးသော အာယတနတို့ကိုလည်း ရှည်မြင့်သည်လည်းဖြစ်သော ကာလပတ်လုံး မပြတ်သည်ကိုပြု၍ ဖြစ်စေ အစဉ် စပ်စေ၏ဟု သိအပ်၏၊
- ဧကာဒဝိဓံပိ- ဟူသည်ကား မဟာဘုတ် စသည်တို့၏ အဖြစ်ဖြင့် တစ်ခုတည်း၏ အဖြစ်ကို ဆောင်ခြင်း၏ အစွမ်းဖြင့် တစ်ဆယ့် တစ်ပါး အပြားရှိသည်လည်း ဖြစ်သော-
အဘယ်သို့လျှင် သရုပ်၏ အစွမ်းအားဖြင့် နှစ်ဆယ့်ရှစ်ပါး အပြား ရှိသနည်း။ ဤသို့ မေးတော်မူပြီး၍ ‘‘ဘူတပ္ပသာဒဝိသယာ’’ ဤသို့ အစရှိသဖြင့် တစ်ဆယ့်တစ်ပါး အပြား ရှိသည်ကိုသာလျှင် သရုပ်အား ဖြင့် ပြခြင်းသည် အတွင်းဝင်သော အပြားတို့၏ ရှေး၌ ဆိုအပ်ခဲ့ပြီးသည်၏ အဖြစ်ဖြင့် အလွန် ထင်ရှားသည်၏ အဖြစ်ကြောင့်တည်း။ ဤသို့ မှတ်အပ်၏။ ထို့ကြောင့် ‘‘အဋ္ဌာရသဝိဓံ’’ဟူ၍ မိန့်ဆိုတော်မူအပ်၏။
သင်္ဂဟဂါထာ အဖွင့်
- လေးပါးကုန်သော မဟာဘုတ်တို့လည်းကောင်း၊ ငါးပါးကုန်သော ပသာဒရုပ်တို့လည်းကောင်း၊ မယူသေးသည်ကို ယူသဖြင့် လေးပါးကုန်သော ဝိသယရုပ်တို့လည်းကောင်း (တစ်နည်း) ဂေါစရရုပ် တို့လည်းကောင်း၊ နှစ်ပါးအပြား ရှိသော ဘာဝရုပ် လည်းကောင်း၊ တစ်ခုသော ဟဒယရုပ် လည်း ကောင်း ဤသို့ တစ်ဆယ့်ခြောက်ပါး အပြားရှိသော ဤရုပ်သည် ဇီဝိတရုပ် အာဟာရရုပ်တို့နှင့် အတူ တကွ တစ်ဆယ့်ရှစ်ပါး အပြားရှိ၏။
- ထိုမှတစ်ပါး တစ်ခုသော ပရိစ္ဆေဒရုပ် လည်းကောင်း၊ နှစ်ပါး အပြားရှိသော ဝိညတ်ရုပ် လည်းကောင်း၊ မယူသေးသည်ကို ယူသဖြင့် သုံးပါးအပြားရှိသော ဝိကာရရုပ် လည်းကောင်း၊ လေးပါးအပြားရှိသော လက္ခဏရုပ် လည်းကောင်း၊ ဤသို့ ဆယ်ပါးကုန်သော အနိပ္ဖန္နရုပ်တို့ လည်းကောင်း၊ ဤသို့ ရုပ်သည် သရုပ်အားဖြင့် နှစ်ဆယ့်ရှစ်ပါး အပြားရှိသည် ဖြစ်၏။ ဤသည်ကား ယောဇနာခြင်းတည်း။
ဆက်၍ ဆိုဦးအံ့။ ဤနှစ်ပါးသော (နိပ္ဖန္န အနိပ္ဖန္န) ရုပ်တို့တွင် နောက်၌ ဖြစ်ကုန်သော ဆယ်ပါး ကုန်သော ရုပ်တို့သည် သဘောအားဖြင့် မရအပ်သည်၏ အဖြစ်ကြောင့် အကြောင်းတရားတို့သည် ပြီးစေအပ်ကုန်သော ရုပ်တို့သည် မဖြစ်ကြကုန်။ ထို့ကြောင့် အနိပ္ဖန္နရုပ်တို့ မည်ကုန်၏။
ဤအနိပ္ဖန္န ရုပ်ဆယ်ပါး၌ ဆိုဖွယ်အထူးကား အဘိဓမ္မာ၌ အသီး အခြား အကျဉ်း ပြအပ်သည်လည်း ဖြစ်ကုန်သော အကျယ် ပြအပ်ကုန် သည်လည်း ဖြစ်ကုန်သော ဤဆယ်ပါးသော ရုပ်တို့ကို သဘော အားဖြင့် မရအပ်ကုန်ဟူ၍ လည်းကောင်း၊ ပရမတ္ထအားဖြင့် ထင်ရှားမရှိကုန် ဟူ၍လည်းကောင်း ဆိုခြင်းငှါ မတတ်ကောင်းချေ။
အဘယ့်ကြောင့်နည်း ဟူမူကား- ဝေါဟာရဖြင့် ပြီးသည်၏ အဖြစ်မျှကို လွန်၍ ထိုသို့ သဘောရှိသော သက်သက်သော သဘောအားဖြင့် ပြီးသော ပရမတ္ထ လက္ခဏာအားဖြင့် ရအပ်သည်၏ အဖြစ်ကြောင့်ပေတည်း။
ဤမှ တစ်ပါးသော အခြင်းအရာအားဖြင့် အနက်ကို ယူအပ်သည် ရှိသော ဖြစ်ပေါ်ခြင်းလက္ခဏာမှ ကင်းသော အသင်္ခတနိဗ္ဗာန်သည်လည်း သဘောအားဖြင့် မရအပ်သည်လည်းကောင်း၊ ပရမတ္ထ အားဖြင့် ထင်ရှား မရှိသည် မည်သည်လည်းကောင်း ဖြစ်ပေရာ၏ဟု မှတ်အပ်၏။
ထို့ကြောင့် ဖြစ်ပေါ်ခြင်း လက္ခဏာမှ ကင်းသည်၏ အဖြစ်ကြောင့်သာလျှင် ဤရုပ်တို့သည် အနိပ္ဖန္နတို့ မည်ကြ ကုန်၏။ သဘောအားဖြင့် မရအပ် သည်၏ အဖြစ်ကြောင့် အနိပ္ဖန္န မည်ကုန်သည် မဟုတ်ကုန်။ ဤသို့ သင့်မြတ်လျော်ကန်သည် ဖြစ်ပေရာ၏။ ဤသို့ မှတ်အပ်၏။
ရူပသမုဒ္ဒေသသည် ပြီးပြီ။
ရူပဝိဘာဂ အဖွင့်
ရူပဝိဘာဂ၌ အလုံးစုံလည်းဖြစ်သော အကြင်အကြင် အကျဉ်းအားဖြင့် ထုတ်ပြအပ်ပြီးသော နှစ်ဆယ့်ရှစ်ပါး အပြားရှိသော ထိုရုပ်သည် သမ္မယုတ်ဟိတ် ကင်းသော အနက်ကြောင့် (အဟေတုက) ဟူသော တစ်ပါးသော အဖို့ရှိသည်သာလျှင်တည်း။ သဟိတ် အဟိတ်၏ အစွမ်းဖြင့် နှစ်ပါးအပြား ရှိသည် မဟုတ်ချေ။ ထို့အတူ အကြောင်းနှင့်တကွ ဖြစ်သော အနက်ကြောင့် (သပ္ပစ္စယ ဟူသော) တစ်ပါးသော အဖို့ ရှိသည်သာလျှင်တည်း။ သပ္ပစ္စယ အပ္ပစ္စယ၏ အစွမ်းဖြင့် နှစ်ပါးအပြား ရှိသည် မဟုတ်ချေ။
ဤသို့ဖြစ်သော တစ်ပါး အပြားရှိသော နည်းကို ရှေးဦးစွာ ပြခြင်းငှါ ‘‘သဗ္ဗဉ္စ’’ ဤသို့ အစရှိသော စကားကို အားထုတ်အပ်ပေပြီ။
၁၉၆။ ဋီကာကျော် (နှာ- ၂၀၃)၌ကား-
ဧကဝိဓနည်းသည်လည်း ရုပ်ကို ဝေဖန်ခြင်းသည်သာလျှင်တည်း။ ဤသို့ နှလုံးသွင်း၍-
‘‘အကြင် အကြင် အကျဉ်း ပြအပ်ပြီးသော ရုပ်တို့၏ ဧကဝိဓ အစရှိသော နည်းကို ပြခြင်းငှါ သဗ္ဗဉ္စ ဤသို့ အစရှိသော စကားကို မိန့်ဆိုအပ်၏။’’
ဟူ၍ မိန့်ဆိုအပ်၏။ ထိုစကားသည် အရှင်အနုရုဒ္ဓါဆရာ၏ နောက်တွင် ဆိုလတ္တံ့သော သင်္ဂဟဂါထာ စကားနှင့် မညီညွတ်ပေ။ မှန်လှစွာ၏။
- အဇ္ဈတ္တိကရုပ် အစရှိသည်တို့၏ အပြားဖြင့် ထိုက်သည့် အားလျော်စွာ ပညာရှိတို့သည် ဝေဖန်ကြကုန်၏။
ဟူ၍ ဆိုပေလတ္တံ့။ ဤစကားရပ်ဖြင့် အဇ္ဈတ္တိက အစရှိသော အပြားကိုသာလျှင် ရူပဝိဘာဂ မည်၏ဟူ၍ သိအပ်၏။
ထိုစကား၌ အလုံးစုံသော ရုပ်သည်လည်း ဟိတ်နှင့် ယှဉ်ခြင်း၏ မရှိခြင်းကြောင့် အဟိတ်သာ လျှင်တည်း။ အချို့သော ရုပ်သည် သဟိတ်တည်း။ အချို့သော ရုပ်သည် အဟိတ်တည်း။ ဤသို့ ဝေဖန်အပ်သော အကွဲအပြားသည် မရှိချေ။ ဤသည်ကား အဓိပ္ပါယ်တည်း။
သပ္ပစ္စယံ သာသဝံ သင်္ခတံ လောကိယံ- ဟူ၍ ပါဌ်ရှိ၏။ သပ္ပစ္စယံ သင်္ခတံ လောကိယံ သာသဝံ- ဟူသော ပါဌ်သည်ကား သင့်မြတ်လျော်ကုန်၏။ အဘယ့်ကြောင့်နည်း ဟူမူကား- ပါဠိတော်၌လည်း ထိုသို့သော အခြင်းအရာဖြင့် ထုတ်၍ ပြအပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ သဘောတူသော အစုံ၏ အဖြစ်ခြင်းကြောင့်လည်းကောင်းတည်း။ ဤသို့ သိအပ်၏။ ဤမှ တစ်ပါးသော ပုဒ်တို့ သည်ကား ပါဠိအစဉ်နှင့် မညီညွတ်ကုန်သော်လည်း သဘောတူသော အစုံ၏ အဖြစ်၏ မဖြစ် သင့်သောကြောင့် သင့်လျော်ကုန်သည်သာလျှင်တည်း။ ထိုစကားရပ်၌-
- မိမိကို ဖြစ်စေတတ်သော အကြောင်းနှင့် တကွသာလျှင် ဖြစ်တတ်သောကြောင့် သပ္ပစ္စယ မည်၏။
- အကြောင်းတရားတို့သည် ပေါင်းဆုံ၍ ပြုအပ်သောကြောင့် သင်္ခတ မည်၏။
- ငါးပါးသော ဥပါဒါနက္ခန္ဓာဟု ဆိုအပ်သော လောက၌သာလျှင် အကျုံးဝင်သောကြောင့် လောကိယ မည်၏။
- မိမိကိုအာရုံပြု၍ ဖြစ်ကုန်သော အာဝသတရားတို့နှင့် တကွ သာလျှင် ဖြစ်သောကြောင့် သာသဝ မည်၏။
- အကနိဋ္ဌ ဗြဟ္မာ့သဏ္ဌာန် ဖြစ်၍ ဖြစ်သည်လည်း ဖြစ်သော ရုပ်သည် ကာမတဏှာ၏ အာရုံ၏ အဖြစ်ဖြင့် ကာမတရား၌ သာလျှင် အကျုံးဝင်သည်၏ အဖြစ်ကြောင့် ကာမာဝစရ မည်၏။
- ထိုရုပ်အား မိမိသည် ယူအပ်သော တစ်စုံတစ်ခုသော အာရုံ မည်သည် မရှိသောကြောင့် အနာရမ္မဏ မည်၏။
- အကြင်တရားသည် တစ်ခုသော လုံ့လဖြင့် ပယ်အပ်ပါသော်လည်း အကြောင်းကို ပယ်ခြင်း မရှိခဲ့သော် ပယ်ခြင်းကိစ္စ မပြီးသည်သာလျှင် ဖြစ်၏။ အဘယ့်ကြောင့်နည်း ဟူမူကား- နောက် တစ်ဖန် ဧကန်မချွတ် ဖြစ်လတ္တံ့သည်၏ အဖြစ်ကြောင့်တည်း။ မပယ်အပ်သော်လည်း ထိုအကြောင်းကို ပယ်ခြင်း ဖြစ်ခဲ့သော် ပယ်ခြင်းကိစ္စ ပြီးသည်သာလျှင်တည်း။ အဘယ့်ကြောင့်နည်း ဟူမူကား- နောက်တစ်ဖန် ဖြစ်ခြင်းငှါ မထိုက်သည်၏ အဖြစ်ကြောင့်ပေတည်း။ ထိုသို့ သဘော ရှိသော တရားသည် ပယ်ခြင်းလုံ့လ၏ အရာမဟုတ်သည်၏ အဖြစ်ကြောင့် အပ္ပဟာတဗ္ဗ မည်၏။ ရုပ်သည်လည်း ဤသို့ သဘောရှိသည်သာလျှင်တည်း။ ထို့ကြောင့် အပ္ပဟာတဗ္ဗ မည်၏။ ရုပ်သည်လည်း ဤသို့ သဘောရှိသည်သာလျှင် တည်း။ ထို့ကြောင့် အဗ္ဗဟာတဗ္ဗ မေဝ- ဟူ၍ မိန့်ဆိုအပ်၏။
အရာမဟုတ်သည်၏ အဖြစ်ကြောင့် ပယ်ခြင်းလုံ့လကို (ပြုခြင်းငှါ) မထိုက်ချေ။ ဤသည်ကား အနက်တည်း။ တစ်နည်းကား- အကြောင်းကို ပယ်ခြင်းနှင့်ကင်း၍ ပယ်ခြင်းငှါ မတတ်ကောင်းပေ။ ဤသည်ကား အနက်ပေတည်း။ ဆိုခဲ့ပြီးသော စကားသည် အကယ်၍ ဖြစ်ခဲ့ငြားအံ့။ ဤသို့ ဖြစ်ခဲ့သည်ရှိသော်-
- ချစ်သား ရဟန်းတို့- ရုပ်သည် သင်၏ဥစ္စာ မဟုတ်ချေ။ ထိုရုပ်ကို ပယ်ကြကုန်လော။ ထိုရုပ်ကို ပယ်သည်ရှိသော် သင်တို့၏ ရှည်မြင့်စွာသော ညဉ့် နေ့ ပတ်လုံး အကျိုးငှါ စီးပွားခြင်းငှါ ချမ်းသာ ခြင်းငှါ ဖြစ်လတ္တံ့။
ဟူသော ဤစကားတော်သည် အဘယ်သို့နည်း။ ဤသည်ကား အမေးတည်း။ ထိုစကားကိုလည်း ထိုရုပ်လျှင် အာရုံရှိသော တပ်မက်မှု ရာဂကို ပယ်ခြင်းကို ရည်ရွယ်၍ ဟောတော်မူအပ်၏ဟု မှတ်အပ်၏။
ရှင်တော်ဘုရား အဘယ်ကဲ့သို့ ဟောကြားတော်မူခဲ့သနည်း။
- ချစ်သား ရာဓ- ရုပ်တရား၌ အကြင် လိုချင်ခြင်း ဆန္ဒသည် ရှိ၏။ အကြင် တပ်မက်ခြင်း ရာဂသည် ရှိ၏။ အကြင် နှစ်သက်ခြင်း နန္ဒီသည် ရှိ၏။ အကြင် မွတ်သိပ် ဆာလောင်ခြင်း တဏှာသည် ရှိ၏။ ထိုတဏှာကို ပယ်စွန့်ကြကုန်လော့။ ဤသို့ ပယ်စွန့်သည်ရှိသော် ထိုရုပ်ကို ပယ်စွန့်အပ်ပြီးသည် အကြွင်းမဲ့ ပြတ်ပြီးသော အမြစ်ရှိသည် နှုတ်အပ်ပြီးသော ထန်းပင်ငုတ် ကဲ့သို့ ပြုအပ်သည်၊ တစ်ဖန် မဖြစ်ခြင်းကို ပြုအပ်သည်၊ နောင်အခါ၌ တစ်ဖန် မဖြစ်ခြင်း သဘောရှိသည် ဖြစ်လတ္တံ့။
ဟူ၍ ဟောတော်မူ၏။ ဤသို့ ဆိုအပ်ခဲ့ပြီးသောနည်းကို တစ်ပါးလည်း ဖြစ်ကုန်သော ကုသိုလ် အစရှိကုန်သော အပ္ပဟာတဗ္ဗတရားတို့၌ သိအပ်၏ဟု မှတ်ထိုက် မှတ်သင့်၏။
ဆက်၍ ဆိုဦးအံ့။ ဤ (သဗ္ဗဉ္စပနေတံ- စသော) ဝါကျ၌ ဧဝသဒ္ဒါကို ရှေ့ဖြစ်သော (အဟေတုကံ- စသော) ပုဒ်တို့၌လည်း ယှဉ်အပ်၏။ ဣတိ သဒ္ဒါသည် အာဒိ = အစဟူသော အနက်ရှိ၏။ တစ်နည်းကား- ပကာရ = အပြားဟူသော အနက်ရှိ၏။ ထိုဣတိသဒ္ဒါဖြင့် ပါဠိတော်၌ လာသော န ဟေတု (ဟိတ် မမည်ကုန်) ဟေတု ဝိပ္ပယုတ္တာ (ဟေတု ဝိပ္ပယုတ္တတို့ မည်ကုန်၏) ဤသို့ အစ ရှိသည်ကို သွင်းယူ၏။
အဇ္ဈတ္တိကရုပ် ဗာဟိရရုပ်
ထိုထိုပုဂ္ဂိုလ်၏ အတ္တဘော၌ အကျုံးဝင်သော တရားအပေါင်းသည် အဇ္ဈတ္တ မည်၏။ ထိုအဇ္ဈတ္တတရား အပေါင်းတွင်လည်း အကြွင်းတရား၌ တဏှာ၏ အတိုင်းထက်အလွန် မြဲမြံစွာ သိမ်းဆည်းခြင်းသည် ဖြစ်၏။ စက္ခု အစရှိသော စိတ်နှင့်တကွ ခြောက်ပါး အပြားရှိသော ထိုတရားသည် အဇ္ဈတ္တိက မည်၏။ အဇ္ဈတ္တသန္တာန်၌ ထင်ရှားသည်တည်း။ ထို့ကြောင့် အဇ္ဈတ္တိက မည်၏။ ထိုစကားသည် မှန်လှစွာ၏။ ထိုခြောက်ပါး အပြား ရှိသော တရားကို အဇ္ဈတ္တဇ္ဈတ္တ = အလွန်အမင်း အတွင်းကျသော တရား ဟူ၍လည်း မိန့်ဆိုအပ်၏။
အဖို့တစ်ပါးကို ဆိုပေဦးအံ့။ ဤ(စက္ခုစသော တရားခြောက်ပါး)မှ တစ်ပါးကုန်သော ရူပါရုံ စသည်တို့သည် လည်းကောင်း၊ ဖဿ စသည်တို့ သည်လည်းကောင်း၊ ထိုခြောက်ပါးသော တရားကို ထောက်၍ တဏှာ သိမ်းဆည်းခြင်း၏ နုန့်သည်၏ အဖြစ်ကြောင့် ဗာဟိရတို့ မည်ကုန်၏။
မှန်လှစွာ၏။ လောက၌ ပတ္တမြားကို လည်းကောင်း၊ ရွှေကိုလည်းကောင်း၊ ငွေကိုလည်းကောင်း အိမ်ပ၌ သိုမှီး၍ ထားအပ်၏။ ခြင်း တောင်းကိုလည်းကောင်း၊ မန်းကိုလည်းကောင်း (= ဘန်းစကော ကိုလည်းကောင်း) အိုးကိုလည်းကောင်း၊ ခွက်ကိုလည်းကောင်း အိမ်အတွင်း၌ ထားအပ်၏။ ထိုနှစ်ပါးတို့တွင် နောက်၌ ဆိုအပ်ခဲ့ကုန်ပြီးသော ခြင်း တောင်းစသော ၀တ္ထု တို့ကို စွန့်ပစ်၍လည်း ရှေး၌ ဆိုအပ်ခဲ့ပြီးကုန်သော ပတ္တမြားစသော ၀တ္ထု တို့ကို စောင့်ရှောက် သိမ်းဆည်းကြကုန်၏။ ထို့ကြောင့် ထိုရှေး၌ ဆိုအပ်ခဲ့ပြီးသော ပတ္တမြားစသော ၀တ္ထုတို့ကိုသာလျှင် တဏှာသိမ်းဆည်းခြင်း မြဲမြံသည်၏ အဖြစ်ကြောင့် အတွင်း အသုံး အဆောင် ဟူ၍သာလျှင် ဆိုအပ်ကုန်၏။ နောက်၌ ဆိုအပ်ခဲ့ပြီးသော ခြင်းတောင်း စသော ၀တ္ထုတို့ကား အပ အသုံးအဆောင် ဟူ၍သာလျှင် ဆိုအပ် ကုန်သကဲ့သို့ ထို့အတူ ဤဥပမာ၏ ပြည့်စုံခြင်းကို မှတ်အပ်၏။
မှန်လှစွာ၏။ ဤအရာ၌လည်း အကယ်၍ စွမ်းနိုင်သည် ဖြစ်အံ့။ ရူပါရုံ စသည်လည်း ဖြစ်ကုန်သော ဖဿ အစရှိသည်လည်း ဖြစ်ကုန်ပြီးသော အလုံးစုံတို့ကို စွန့်၍လည်း စက္ခုအစရှိသော ခြောက်ပါး အပြား ရှိသည်ကိုသာလျှင် မချွတ်ဧကန် စောင့်ရှောက်ကုန်လတ္တံ့။ ဤသို့ သိအပ်၏။ ဤသို့ တဏှာ သိမ်းဆည်းခြင်း၏ ထက်သည်၏ အဖြစ် နုန့်သည်၏အဖြစ် အစွမ်းဖြင့်သာလျှင် ထိုနှစ်ပါးသော ၀တ္ထုတို့၏ အဇ္ဈတ္တိက ဗာဟိရ၏ အဖြစ်ကို မိန့်ဆိုအပ်၏။ ဖြစ်ရာအရပ်၏ အစွမ်းဖြင့် ဆိုအပ်သည် မဟုတ်ပေ။ ဤသို့ ပြီးဆုံးခြင်းကို သိအပ်၏။
၁၉၈။ ဋီကာကျော် (နှာ- ၂၀၃)၌ကား-
အတ္တဘောဟု ဆိုအပ်သော ခန္ဓပဉ္စကကို စွဲ၍ဖြစ်သည်၏ အဖြစ်ကြောင့် အဇ္ဈတ္တိကရုပ် မည်၏။ မှန်လှစွာ၏။ တစ်ပါးလည်း ဖြစ်ကုန်သော အတ္တဘောကို စွဲ၍ ဖြစ်ကုန်သော တရား တို့သည် အကယ်၍ကား ရှိကုန်၏။ ထိုသို့ပင် ရှိကုန်သော်လည်း အထင်ရုဠီ၏ အစွမ်းဖြင့် စက္ခုပသာဒ အစရှိသော ရုပ်ငါးခု အပေါင်းသည်သာလျှင် အဇ္ဈတ္တိက မည်၏။
ဟူ၍ အကြင်စကားကို မိန့်ဆိုအပ်၏။ ထိုစကားသည် မကောင်းချေ။
၁၉၉။ ထိုဋီကာကျော် (နှာ- ၂၀၃)၌-
တစ်နည်းကား- ငါတို့သည် အကယ်၍ မရှိကုန်ငြားအံ့။ သင်အတ္တဘောသည် ထင်းတုံးနှင့်တူသည် ဖြစ်လတ္တံ့ဟု ဆိုကြကုန်သကဲ့ သို့ အတ္တဘောအား အလွန်အကဲ ကျေးဇူးပြုတတ် သောကြောင့် စက္ခု အစရှိသည်တို့သည်သာလျှင် အထူးအားဖြင့် အဇ္ဈတ္တိကတို့ မည်ကုန်၏။
ဟူ၍ အကြင်စကားကိုကား မိန့်အပ်၏။ ထိုစကားသည် အလွန် သင့်မြတ်လျော်ကန်လှပေ၏။ မှန်လှစွာ၏။ ထိုသို့သော အခြင်းအရာဖြင့် ကျေးဇူးပြုခြင်း လွန်ကဲသည်၏ အဖြစ်ကြောင့်သာလျှင် ထိုစက္ခု အစရှိသည်တို့၌ သတ္တဝါတို့၏ သိမ်းဆည်းခြင်း မြဲမြံသည်၏ အဖြစ်သည် ဖြစ်ပေ၏။ ဤသို့ သိအပ်၏။
ဒွါရရုပ်
ခုနစ်ပါး အပြားရှိသော ရုပ်သည် ဒွါရရုပ် မည်၏။ အဘယ့်ကြောင့်နည်း ဟူမူကား- အစဉ်အတိုင်း ဝီထိစိတ်တို့၏ လည်းကောင်း၊ ပါဏာတိပါတ အစရှိသော ကံတို့၏လည်းကောင်း ဖြစ်ခြင်း၏ အကြောင်းဖြစ်သောကြောင့်တည်း။ ထိုခုနစ်ပါးသော ဒွါရရုပ် တို့တွင်ကား ငါးပါး အပြားရှိသော ပသာဒရုပ်သည် ဥပပတ္တိဒွါရ မည်၏။ ဝိညတ်ရုပ် နှစ်ခုအပေါင်းသည် ကမ္မဒွါရ မည်၏။ ဤသို့ မှတ်အပ်၏။
သြဠာရိကရုပ်
အဘယ့်ကြောင့် သြဠာရိကရုပ် မည်သနည်း။ ပြကတေ့သဘောအားဖြင့် ရုန့်ရင်းသော သဘောရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ တိုက်ခိုက်ခြင်းဟု ဆိုအပ်သော မိမိကိစ္စ၏ ရုန့်ရင်းသည်၏ အဖြစ်ကြောင့်လည်းကောင်းတည်း။
သန္တိကေရုပ်
အဘယ့်ကြောင့် သန္တိကေရုပ် မည်သနည်း။ အဝေး၌ဖြစ်ငြားသော်လည်း အလွန် လျင်မြန်စွာ ဉာဏ်ဖြင့် ယူခြင်းငှါ ခံ့သည်၏ အဖြစ်ကြောင့်တည်း။
သပ္ပဋိဃရုပ်
သပ္ပဋိဃရူပဉ္စ- ဟူသော ဤပါဌ်၌ ထိပါးခြင်းသည် ပဋိဃ မည်၏။ ထိုပဋိဃသည် အာရုံ အာရမ္မဏိက တရားတို့၏ ထိခိုက်ခြင်းလည်းကောင်း၊ မဟာဘုတ်တို့၏ အချင်းချင်း ထိခိုက်ခြင်းလည်းကောင်း၊ ဤသို့ နှစ်ပါး အပြားရှိ၏။ ထိုနှစ်ပါးတို့တွင် အကြင် ထိခိုက်ခြင်းဖြင့် ပသာဒဒွါရတို့၏လည်းကောင်း၊ ဘဝင်၏လည်းကောင်း ဖောက်ပြန်ခြင်းသို့ ရောက်ခြင်းသည် ဖြစ်၏။ ဤသို့ ထိပါးခြင်းသည် အာရုံ အာရမ္မဏိက တရားတို့၏ ထိပါးခြင်း မည်၏။ အကြင် ထိပါးခြင်းဖြင့် ဖောက်ပြန်ခြင်း လက္ခဏာ ရှိကုန်သော ရုပ်တရားတို့၏ ဖောက်ပြန်ခြင်း လှုပ်ရှားခြင်း ထိပါးခြင်း ပျက်စီးခြင်း စသည်တို့သည် ဖြစ်ကြကုန်၏။ ဤထိပါးခြင်းသည် မဟာဘုတ်တို့၏ အချင်းချင်း ထိပါးခြင်း မည်၏။ ထိပါးခြင်းနှင့် တကွဖြစ်သောကြောင့် သပ္ပဋိဃ မည်၏။
၂၀ဝ။ ဋီကာကျော် (နှာ- ၂၀၄)၌ကား-
မိမိ၏ အစွမ်းအားဖြင့်လည်းကောင်း၊ မိမိ၏ မှီရာဖြစ်သော မဟာဘုတ်တို့၏ အစွမ်းအားဖြင့် လည်းကောင်း၊ ရောက်ကုန်သော သြဠာရိက ရုပ်တို့၏လည်းကောင်း၊ မရောက်ကုန်သော သြဠာရိက ရုပ်တို့၏လည်းကောင်း အကြင် အချင်းချင်း ရှေးရှုတော်တည့် ပေါင်းဆုံမိခြင်းသည် ရှိ၏။ ထိုသို့ အချင်းချင်း ရှေးရှုတော်တည့် ပေါင်းဆုံမိကြသည်၏ အဖြစ်သည် သူနှစ်ယောက်တို့၏ ထိခိုက် တိုးဝှေ့မိခြင်းနှင့် တူ၏။ ထို့ကြောင့် ပဋိဃ မည်၏။
ယင်းစကားကို ထင်ရှားအောင် ဖော်ပြဦးအံ့။ နှစ်ယောက်ကုန်သော သူတို့၏ တိုက်ခိုက်ထိပါးမှု ဖြစ်လတ်သော် အားနည်းသော သူ၏ တုန်လှုပ်ခြင်း ဖြစ်သကဲ့သို့ ဤအတူ သြဠာရိကရုပ်တို့၏ အချင်းချင်း တိုက်ခိုက်မိသည်ရှိသော် နာမ်သဘော ရှိသည်၏ အဖြစ်ကြောင့် အားနည်းသော ဘဝင်၏ လှုပ်ရှားခြင်း ဖြစ်၏။
ဟူ၍ ဤသို့ မဟာဘုတ်တို့၏ ထိပါးခြင်းကို ဥပမာမျှပြု၍ အာရုံ အာရမ္မဏိကတို့၏ ထိခိုက်ခြင်း ကိုသာလျှင် ယူအပ်၏။ ထိုစကားသည် မပြည့်စုံ မသင့်မြတ် မလျော်ကန်ချေ။
အပြစ်ကို ဆိုပေဦးအံ့။ ဤသို့ ဖြစ်သည်ရှိသော် လောက၌ အဇ္ဈတ္တ သန္တာန်၌ ဗဟိဒ္ဓသဏ္ဎာန်တို့၌ အကြင် ထိပါးခြင်းတို့သည် ထင်ကုန်၏။ အကြင် ထိပါးခြင်းတို့၏ အစွမ်းဖြင့် ရုပ်တရားတို့၌ အချင်းချင်း ငြိတွယ်ခြင်း ဖွဲ့စည်းခြင်း ထမ်းခြင်း (ထောက်ပံ့ခြင်း) ဆောင်ခြင်း (ရွေ့လျားခြင်း) တုန်လှုပ်ခြင်း စသည်တို့သည်လည်းကောင်း၊ တိုးပွားခြင်း ဆုတ်ယုတ်ခြင်း ပြတ်ခြင်း ကွဲခြင်း ကြေမွခြင်း ဖရိုဖရဲကြဲခြင်း စသည်တို့သည်လည်းကောင်း ဖြစ်ကြကုန်၏။ ထိုထိပါးခြင်းတို့ကို ဤအရာ၌ မသိမ်းကျုံးအပ်ကုန်သည် (သွင်း၍ မယူအပ်ကုန်သည်) ဖြစ်ကုန်ရာ၏။ ထိုထိပါးခြင်း တို့သည် ချီးမြှောက်ခြင်း နှိပ်စက်ခြင်း၏ အစွမ်းဖြင့် ဖြစ်သော မဟာဘုတ် အစည်းအဝေးဟု ဆိုအပ်သော ထိပါးခြင်းကို ကြဉ်၍ တစ်ပါးသော အပြားတို့သည်သာလျှင် ဖြစ်ခြင်းငှါ တတ်လည်း မတတ်ကောင်းကုန်။ ဤသို့ သိအပ်၏။
ဤသြဠာရိကရုပ်မှ တစ်ပါးသော တစ်ဆယ့်ခြောက်ပါး အပြားရှိသော ရုပ်သည် ဆိုအပ်ခဲ့ပြီးသည်မှ ဆန့်ကျင်ဘက်၏ အစွမ်းဖြင့် သုခုမရုပ်လည်း မည်၏။ ဒူရေသည်လည်း မည်၏။ သပ္ပဋိဃရုပ်လည်း မည်၏။
ဥပါဒိဏ္ထရုပ်
ဥပါဒိဏ္ထရုပ် မည်သည်ကား အချို့သော အရာ၌ အလုံးစုံသော ကိုယ်၌တည်သော ရုပ်ကို ဆိုအပ်၏။ အချို့ သောအရာ၌ ကံလျှင် ဖြစ်ကြောင်းရှိသော ကမ္မဇရုပ်ကိုသာလျှင် ဆိုအပ်၏။ ထိုနှစ်ပါးစုံ သည်လည်း တဏှာ ဒိဋ္ဌိတို့ဖြင့် ပြင်းထန်စွာ စွဲလမ်းအပ် မှားသောအားဖြင့် သုံးသပ်အပ်သည်၏ အဖြစ်ကြောင့် ဥပါဒိဏ္ထ မည်၏။ မုချအားဖြင့်ကား ကံလျှင် ဖြစ်ကြောင်းရှိသော ကမ္မဇရုပ်သည် သာလျှင် ဥပါဒိဏ္ထ မည်၏။ အဘယ့်ကြောင့်နည်း ဟူမူကား- ထိုကမ္မဇရုပ်၏သာလျှင် သတ္တဝါတို့၏ သဏ္ဌာန်၌ မြဲသော ကာလပတ်လုံး ဖြစ်ခြင်း၏ အစွမ်းဖြင့် အလွန်အကဲနှင့်တကွ ပြင်းထန်စွာ စွဲလမ်းအပ် ယူအပ် မှားသောအားဖြင့် သုံးသပ်အပ်သည်၏ အဖြစ်၏ ဖြစ်သင့် သောကြောင့် ပေတည်း။ ထို့ကြောင့် ကမ္မဇံ ဥပါဒိဏ္ထရူပံ- ဟူ၍ မိန့်ဆိုအပ်၏။ ဤ ၀တ္ထုသည် ငါ၏ဥစ္စာတည်း။ ဤသို့ အစရှိသည်ဖြင့် တဏှာ ဒိဋ္ဌိတို့သည် ပြင်းထန်စွာ စွဲလမ်းအပ်သောကြောင့် ဥပါဒိဏ္ထ မည်၏။
အဋ္ဌကထာ၌ကား-
- တဏှာ ဒိဋ္ဌိတို့သည် ကပ်ရောက်အပ်သော ကံသည် ယူအပ်ကုန်သော တရားတို့တည်း။ မိမိ၏ အကျိုး၏ အဖြစ်ဖြင့် ယူအပ်ကုန်သော တရားတို့တည်း။
ဟူသော ဤအနက်ကို ပြဆိုပေ၏။
သနိဒဿနရုပ်
မြင်ခြင်းနှင့်တကွ ဖြစ်သောကြောင့် သနိဒဿနရုပ် မည်၏။ ဆက်၍ ဆိုဦးအံ့၊ နိဒဿန ဟူသည်ကား စက္ခုဝိညာဉ်သည် မြင်အပ်သည်၏ အဖြစ်ကို ဆိုအပ်၏။ ထိုမြင် အပ်သည်၏ အဖြစ်ကိုကား (အဆင်း ပရမတ္ထ) ဓမ္မမှတစ်ပါး အခြား မဟုတ်သည်၏ အဖြစ်ရှိပါသော်လည်း တစ်ပါးတခြားကိုကဲ့သို့ ပြု၍ တင်စား ခေါ်ဝေါ်အပ်၏။ အကျိုးကို ဆိုဦးအံ့။ ဤသို့ တင်စား ခေါ်ဝေါ်သည်ရှိသော် အနက်ထူးကို သိခြင်းသည် ဖြစ်ပေ၏။ ဤသို့ သိအပ်၏။ တစ်နည်းကား- နိဒဿန ဟူသည်ကား စက္ခုဝိညာဉ် ကိစ္စကို ဆိုအပ်၏။ ထိုစက္ခုဝိညာဉ် ကိစ္စနှင့်တကွ ဖြစ်သောကြောင့် သနိဒဿန မည်၏။ ဤသို့လည်း သင့်မြတ် လျော်ကန်သည်သာလျှင်တည်း။
ဂေါစရဂ္ဂါဟိကရုပ် / အဂ္ဂေါစရဂ္ဂါဟိကရုပ်
စက္ခုစသော ရုပ်နှစ်ခု အပေါင်းသည် မရောက်သည်၏ အစွမ်းဖြင့် အာရုံကို ယူတတ်၏။ ဃာန အစရှိသော ရုပ်သုံးခုအပေါင်းသည် ရောက်သည်၏ အစွမ်းဖြင့် အာရုံကို ယူတတ်၏။ ဤသို့ ငါးပါးအပြား ရှိသော ရုပ်သည်လည်း ဂေါစရဂ္ဂါဟိက = အာရုံကို ယူတတ်သော ရုပ်မည်၏။ ဤသည် ကား ယောဇနာခြင်းတည်း။
ထိုစကားရပ်၌ ငြိကပ် ထိခိုက်၍ဖြစ်သော အာရုံသည် သမ္ပတ္တ = ဒွါရသို့ရောက်သော အာရုံမည်၏။ ဆံခြည်ဖျားမျှလည်း ကင်းလွတ်၍ ဖြစ်သော အာရုံသည် အသမ္ပတ္တ = ဒွါရသို့ မရောက်သော အာရုံ မည်၏။ အဘယ့်ခြောက်လျှင် ဤဂေါစရရုပ်တို့တွင် စက္ခု အစရှိသော ရုပ်နှစ်ခုအပေါင်းသည် ဒွါရသို့မရောက်သော အာရုံကိုသာလျှင် ယူသနည်း။ ဃာန အစရှိသော ရုပ်သုံးခုအပေါင်းသည် ဒွါရသို့ရောက်သော အာရုံကိုသာလျှင် ယူသနည်း။ ဤကား အမေးစကားတည်း။
အကြောင်းထူးသည်၏ အဖြစ်ကြောင့် ယူ၏။ (ဤကား အဖြေတည်း) ချဲ့၍ ဆိုပေဦးအံ့။ အရောင်အလင်းသည် ရူပါရုံကို ယူခြင်း၌ စက္ခုပသာဒ၏ အကြောင်းဖြစ်၏။ အာကာသသည်လည်း သဒ္ဒါရုံကို ယူခြင်း၌ သောတပသာဒ၏ အကြောင်းဖြစ်၏။ ဤသို့ သိအပ်၏။
စက္ခုပသာဒနှင့် ရူပါရုံတို့သည်လည်း အချင်းချင်း ငြိကပ်၍ ဖြစ်ကုန်သည်ရှိသော် အရောင် အလင်းဟူသော အခြံအရံ၏ အခွင့်အလမ်း မရှိတော့ချေ။ ထို့အတူ သောတပသာဒနှင့် သဒ္ဒါရုံ တို့သည်လည်း အချင်းချင်း ငြိကပ်၍ ဖြစ်ကုန်သည်ရှိသော် ကောင်းကင်ဟူသော အခြံအရံ၏ အခွင့်အလမ်း မရှိတော့ချေဟု သိအပ်၏။
ဝါယောဓာတ် အာပေါဓာတ် ပထဝီဓာတ်တို့သည်ကား ဃာန စသော ရုပ်သုံးခုအပေါင်း၏ ဂန္ဓာရုံ စသည်ကို ယူခြင်း၌ အကြောင်းတို့ ဖြစ်ကြကုန်၏။ ထိုသုံးပါးတို့တွင် လေမည်သည်ကား ဂန္ဓာရုံကို ဆွဲငင်တတ်သော နှာခေါင်းလေသည်သာလျှင်တည်း။ ထိုနှာခေါင်းလေသည်လည်း ဒွါရသို့ ရောက်ခြင်း၏သာလျှင် အကြောင်းပေတည်း။ အာပေါ သည်လည်း လျှာ၌တည်သော စိုစွတ်သော အရည်ပေတည်း။ ထိုအာပေါ (အရည်)သည်လည်း ဒွါရသို့ ရောက်ခြင်း၏သာလျှင် အကြောင်းပေ တည်း။ မှန်လှစွာ၏။ ရသာရုံသည် ခြောက်သော (လျှာရည်မရှိသော) လျှာ၌ မပျံ့နှံ့နိုင်ပေ။ ဤသို့ သိအပ်၏။
ပထဝီသည်လည်း ထိခိုက်ခြင်းငှါ အကြောင်းပေတည်း။ မှန်လှစွာ၏။ အားနည်းသော ပထဝီကို မှီသော အရောင်အလင်းသည်လည်းကောင်း၊ မြူမှုန်သည်လည်းကောင်း ကိုယ်၌ကျပါသော်လည်း ပသာဒ၌ မထိခိုက်နိုင်ပေ။ ဤသို့ သိအပ်၏။
ဤသို့ အကြောင်းထူးသည်၏ အဖြစ်ကြောင့် ထိုငါးပါးသော ပသာဒရုပ်တို့၏ ဒွါရသို့ အာရုံ ရောက်သည် မရောက်သည်၏ အစွမ်းဖြင့် ယူခြင်း အထူးဖြစ်ပေ၏။ ဤသို့ သိအပ်၏။
ထိုငါးပါးတို့တွင် ရှေးဦးစွာ စက္ခုပသာဒ၏ မရောက်သော အာရုံကို ယူခြင်းသည် ထင်ရှားလှစွာ၏။ မှန်လှစွာ၏။ ထိုစက္ခုပသာဒသည် အနီး၌ မျက်စိအဆင်းကိုလည်းကောင်း၊ မျက်မှောက်ရင်း ကိုလည်းကောင်း မမြင်နိုင်ပေ။ မမြင်နိုင်သည်မှ တစ်ပါး မြင်နိုင်သည်ကို ဆိုဦးအံ့။ အဝေး၌ တည်သော အဆင်းကိုလည်းကောင်း၊ ကြီးစွာသော လဝန်း စသည်ကိုလည်းကောင်း၊ ဖန် မှန် စသည် တို့ဖြင့် ခြားကာအပ်သော အဆင်းကိုလည်းကောင်း မြင်နိုင်ပေ၏။ ထိုစက္ခုပသာဒအား အရပ် မျက်နှာ ပိုင်းခြားခြင်းသည်လည်း ထင်၏။ ဤသို့ သိအပ်၏။
သောတပသာဒကား အဘယ်သို့နည်း။ ဤသည်ကား အမေးတည်း။ ချဲ့၍ ဖြေဆိုပေအံ့။ ထိုစကား၌ အဝေး၌တည်သော အသံသည် ကြာမြင့်မှ ကြားအပ်သည်ဖြစ်၍ ထင်၏။ အနောက်အရပ်အဖို့၌ ဖြစ်ပါသော်လည်း အသံကို အကြားအရပ်၌ ကြီးစွာသော စေတီအစရှိသည်သည် ခြားအပ်သည် ရှိသော် တောင်အရပ် နံပါးမှသော်လည်း ကြားအပ်၏။ မြောက်အရပ် နံပါးမှသော်လည်း ကြားအပ်၏။ မကြားအပ်သော အပြား သည်လည်း ဖြစ်ရာ၏။ ဤသည်ကား အမေးစကားရပ်တည်း။
အဖြေစကားကို ငါဆိုပေဦးအံ့။ ဖြစ်ပေါ်လာသော အသံအဆက်ဆက်သည် တည်ကုန်သော သူတို့အား အစမှစ၍ ဆုံးသည်တိုင်အောင် အစဉ်အားဖြင့် ထင်ရှားဖြစ်၍ ဖြစ်၏ ထိပါးခြင်း အဟုန်သည်လည်း အားကြီးသည် ဖြစ်ပေ၏။ ‘‘ငါသည် ကြား၏’’ ဤသို့ ဖြစ်ကုန်သော ဆုံးဖြတ်ကြောင်းဖြစ်သော ဇောဝီထိတို့သည် အလွန်လျင်မြန်စွာ အခြား မရှိသကဲ့သို့ ဖြစ်ကုန်၏။ အဝေး၌တည်ကုန်သော သူတို့အားကား ထိခိုက်ခြင်း အဟုန်သည် အလွန်နုန့်၏။ အစမှ မထင်ရှားချေ။ အလယ်၌လည်းကောင်း၊ အဆုံး၌လည်းကောင်း အပေါင်း၏ အစွမ်းအားဖြင့် ထင်ရှားသည်ဖြစ်၍ ဖြစ်ပေ၏။ ဆုံးဖြတ်ခြင်းကြောင့် ဖြစ်သော ဇောဝီထိတို့သည် ကြာမြင့်မှ ဖြစ်ကြကုန်၏။ ထို့ကြောင့် ထိုအနီးအဝေး၌ တည်သော သူတို့အား လျင်မြန်စွာ ကြားအပ်၏။ ကြာမြင့်မှ ကြားအပ်၏။ ဤသို့ မှတ်ထင်ခြင်း ဖြစ်ပေ၏။ ဤသို့ သိအပ်၏။
တစ်နည်းသော်ကား- အသံမည်သည်ကား မှီရာဓာတ် အဆင့်ဆင့် အားဖြင့် ဖြစ်၍ ဝေးသောဒေသသို့ သွားသည်သာလျှင်တည်း။ ဤသို့ သွားသော်လည်း ရောက်ရာ ရောက်ရာ အရပ်၌သာလျှင် တည်၍ နားကြားကောင်းသော အရပ်၌ တည်ကုန်သော သူတို့၏နားတစ်ထောင် ကိုလည်း ထိခိုက်၏။ ကြီးစွာသော စေတီ စသည်သည် ခြားသည်ရှိသော် အကြင်အရပ်မှ ကောင်းကင်သည် ဖြောင့်စွာ ဟင်းလင်းပွင့်သည် ဖြစ်၏။ ထိုအရပ်မှ တောင်နံပါးမှသော်လည်းကောင်း၊ မြောက်နံပါးမှသော်လည်း ကောင်း ရောက်ရာ ရောက်ရာ အရပ်မှသာလျှင် နားကို ထိခိုက်၏။ အလွန်နုန့်သော အသံသည်ကား မကြားအပ်သော အရာသည်လည်း ရှိသည် ဖြစ်ပေ၏။ ဤသို့ သွားသော်လည်း အကြင်မျှလောက် သောတပသာဒ၌ ငြိကပ်၍ မဖြစ်သေး။ ထိုမျှလောက် မရောက်သော အသံမည်သည်သာလျှင် ဖြစ်ပေ၏။ ထိုအသံကို ကြားအပ်၏။ အကြင် အသံသည်ကား ငြိကပ်၍ ဖြစ်၏။ ထိုအသံသည် ရောက်သောအသံ မည်သည် ဖြစ်၏။ ထိုအသံကို မကြားအပ်။ ဤသို့ သိအပ်၏။
သောတပသာဒသည် ရောက်သော (သမ္ပတ္တ) အာရုံလျှင် အရာရှိသည် အကယ်၍ ဖြစ်ငြားအံ့။ ဝမ်းတွင်း၌တည်သော အနံ့ကို အပ၌ မနမ်းအပ်သကဲ့သို့ (အနံ့မရသကဲ့သို့) ထို့အတူ ဝမ်းတွင်း၌ တည်သော အသံကိုလည်း ပြင်ပ၌ မကြားအပ်ရာပေ။ ထိုသောတပသာဒ၏ အနံ့ ကဲ့သို့ အရပ်မျက်နှာ ပိုင်းခြားခြင်းသည်လည်း မဖြစ်ရာပေ။ ဤသို့ သိအပ်၏။
၂၀၁။ ဋီကာကျော် (နှာ- ၂၀၅)၌ကား-
ထိုစက္ခုပသာဒ သောတပသာဒသည် အာရုံရှိရာသို့ ရောက်၍ နှံ့၍ ထိုရူပါရုံ သဒ္ဒါရုံကို ယူ၏ဟု တစ်စုံတစ်ယောက်သော စောဒက ဆရာသည် အကယ်၍ ဆိုငြားအံ့။ ဤသို့ ဆိုသည် ရှိသော် ဒိဗ္ဗစက္ခု ဒိဗ္ဗသောတ အဘိညာဉ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်၏ ဒိဗ္ဗစက္ခု ဒိဗ္ဗသောတ အဘိညာဉ်ဟု ဆိုအပ်သော အဓိဋ္ဌာန်ကို ပြီးစေခြင်း ရှိသော်လည်း ထိုဒိဗ္ဗစက္ခု ဒိဗ္ဗသောတ အဘိညာဉ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်၏ ထိုသို့ အဓိဋ္ဌာန်အပ်သော အဝေး၌တည်သော သိမ်မွေ့သော ရူပါရုံ သဒ္ဒါရုံသည် ရောက်လာ၍ အာရုံ ဖြစ်ရာ၏။
ဟူသော စကားကိုလည်း စိစစ်အပ်၏။ ထိုစကားသည် မကောင်းချေ။ မှန်လှစွာ၏။ စက္ခုစသော ပသာဒရုပ် နှစ်ခုအပေါင်း၏ အပ၌ အာရုံ ရှိရာ အရပ်သို့ သွားခြင်း၏ လျဉ်းပါးခြင်းသည် မရှိချေဟု သိအပ်၏။
အာရုံကို ယူတတ်သောကြောင့် ဂေါစရဂ္ဂါဟိကရုပ် မည်၏။ ပသာဒ အကြည် ဖြစ်သည်၏ အဖြစ် ကြောင့် ထင်ခြင်းသို့ရောက်သော အာရုံ နိမိတ်ကို ခံယူတတ်၏။ ဤသည်ကား အနက်တည်း။
၂၀၂။ ဋီကာကျော် (နှာ- ၂၀၆)၌ကား-
ပဉ္စဝိညာဏ်၏ မှီရာဖြစ်၍ ထိုထိုသို့သော အာရုံကိုယူခြင်း သဘောရှိသည်၏ အဖြစ်ကြောင့်-
ဟူ၍ မိန့်ဆိုအပ်၏။
အဝိနိဗ္ဘောဂရုပ်
ဝဏ္ထဟူသော ဤအမည်သည် ရူပါရုံ၏ အမည်ပေတည်း။ သြဇာ ဟူသည်ကား အာဟာရရုပ်ကို မိန့်ဆိုတော်မူ၏။ ခွဲခြားဝေဖန်အပ်သောကြောင့် ဝိနိဗ္ဘောဂ မည်၏။ တည်ရာအားဖြင့်လည်းကောင်း၊ အရပ်အားဖြင့်လည်းကောင်း၊ ဖြစ်ခြင်း အကြောင်းအားဖြင့်လည်းကောင်း အသီးအသီး ပိုင်းခြား အပ်၏။ ဤ သည်လျှင် အနက်ပေတည်း။ ခွဲခြား ဝေဖန်အပ်သည် မဟုတ်သောကြောင့် အဝိနိဗ္ဘောဂ မည်၏။ ထို အဝိနိဗ္ဘောဂ သည်ပင်လျှင် ရုပ်မည်သောကြောင့် အဝိနိဗ္ဘောဂရုပ် မည်၏။
ဤအရာ၌ ဆရာအာနန္ဒမထေရ်မြတ်သည်ကား ဂန္ဓရသ သြဇာတို့သည် အချို့သော ရူပဘုံဘဝ၌ ခွဲခြား ဝေဖန်အပ်ကုန်သည် ဖြစ်၍ ထင်ကြကုန်၏။ ထို့ကြောင့် ငါးပါး အပြားရှိသော အဝိနိဗ္ဘောဂ ရုပ်ကို အလိုရှိအပ်ပေ၏။ ထိုစကားသည် နောက်၌ ထင်ရှားစွာ လာလတ္တံ့ဟု သိမှတ်ပါလေ။
ရူပဝိဘာဂ အဖွင့် ပြီးပြီ။
ရူပသမုဋ္ဌာန အဖွင့်
ကံ ဟူသည်ကား တစ်ခုသော စေတနာသည်သာလျှင်တည်း။ မှန်လှစွာ၏။ ထိုစေတနာကိုပင်လျှင် ပဋ္ဌာန်းပါဠိတော်၌ နာနာက္ခဏိက ကမ္မပစ္စည်း၏ အဖြစ်ဖြင့် ဟောတော်မူအပ်၏။ ရှင်တော်ဘုရား အဘယ်ကဲ့သို့ ဟောကြားတော်မူသနည်း။
- အထူးထူးသော ကာလ၌ တည်သော ကုသိုလ် အကုသိုလ် ဖြစ်သော စေတနာသည် အကျိုးဖြစ်ကုန်သော ဝိပါက် ဆတ္တိံသ စေတသိက် အဋ္ဌတိံသ နာမက္ခန္ဓာတို့အား လည်းကောင်း၊ ပဋိသန္ဓေကမ္မဇရုပ် ပဝတ္တိကမ္မဇရုပ် အသညသတ် ကမ္မဇရုပ်တို့အားလည်းကောင်း နာနာက္ခဏိက ကမ္မသတ္တိဖြင့် ကျေးဇူးပြုတတ်၏။
ဟူ၍ ဟောတော်မူ၏။
စိတ္တံ- ဟူသည်ကား သမ္ပယုတ်တရားနှင့် တကွ အလိုရှိအပ်၏။ အဘယ့်ကြောင့်နည်း ဟူမူကား- ပဋ္ဌာန်းကျမ်း၌ စေတသိက်တရားတို့ကိုလည်း ရုပ်ကို ဖြစ်စေတတ်သည်၏ အဖြစ်ဖြင့် ဟောတော် မူအပ်သည်၏ အဖြစ်ကြောင့်ပေတည်း။
ရှင်တော်ဘုရား အဘယ်ကဲ့သို့ ဟောကြားတော်မူသနည်း။
- ဟိတ်ခြောက်ပါးတို့သည် ဟိတ်နှင့် ယှဉ်ကုန်သော သဟိတ် စိတ် ဧကသတ္တတိ မောဟမူဒွေ၌ မောဟကြဉ်သော စေတသိက် ဒွေပညာသတို့အားလည်းကောင်း၊ ထိုဟိတ် ဟိတ်နှင့်ယှဉ်သော စိတ် စေတသိက်လျှင် ဖြစ်ကြောင်း ရှိကုန်သော စိတ္တဇရုပ် ပဋိသန္ဓေ ကမ္မဇရုပ် တို့အားလည်းကောင်း ဟေတုပစ္စယသတ္တိ ဖြင့် ကျေးဇူးပြုပေ၏။
ဤသို့ အစရှိသည်ကို မိန့်တော်မူ၏။
ဥတု- ဟူသည်ကား တေဇောသာလျှင်တည်း။ မှန်လှစွာ၏။ ထိုတေဇောသည် ကမ္ဘာကို တည်ထောင်ခြင်း၏ အစွမ်းဖြင့် အလုံးစုံသော သြကာသလောကကိုလည်းကောင်း၊ အထူးထူးသော ရုပ်ခန္ဓာကောင်ကို တည်ထောင်သည်၏ အစွမ်းဖြင့် အလုံးစုံသော ရုပ်သဏ္ဌာန်ဖြင့် ပြီးသော သတ္တလောကကိုလည်းကောင်း၊ အထူးထူးသော သစ်ပင် မြက် စသည်တို့ကိုလည်းကောင်း၊ တိမ်တိုက် တိမ်လွှာ မိုးရေ မိုးပေါက်အစု မီးအစု လေအစု စသည်တို့ကိုလည်းကောင်း၊ တည်ထောင် ခြင်း၏ အစွမ်းဖြင့် အလုံးစုံသော သင်္ခါရလောကကိုလည်းကောင်း ဖြစ်စေ ပွားစေ၏။ ထို့ကြောင့် ဥတုဟူ၍ ဆိုအပ်၏။ ဖြစ်တတ်သောကြောင့် ဥတု မည်၏- ဟူ၍လည်း မိန့်ဆိုကြကုန်သေး၏။
အာဟာရ ဟူသည်ကား သြဇာသည်သာလျှင်တည်း။
ကံက ရုပ်ကိုဖြစ်စေပုံ
ရုပ်၌ တပ်ခြင်းကင်းသော ဘာဝနာဖြစ်၍ ဖြစ်သောအရူပကုသိုလ်ကံသည် ကမ္မဇရုပ်ကို မဖြစ်စေ တတ်။ထို့ကြောင့် ‘‘ပဉ္စဝီသတိ ဝိဓံပိ’’ဟူ၍ မိန့်ဆိုအပ်၏။
အဘိသင်္ခတံ- ဟူသည်ကား အတိတ်ကာလ၌ အကြင်သို့သော အခြင်းအရာအားဖြင့် ကာလတစ်ပါး၌ ရုပ်ကို ဖြစ်စေ၏။ ထိုသို့သော အခြင်းအရာအားဖြင့် အထူးပြု၍ ကောင်းစွာ ပြုအပ်သော-
အဇ္ဈတ္တိကသန္တာနေ- ဟူ၍ (အရှင်အနုရုဒ္ဓါဆရာ) မိန့်ဆိုအပ်၏။ အဇ္ဈတ္တိကသန္တာနေ- ဟူ၍ကား ဆိုသင့် ဆိုထိုက်၏။ တစ်နည်းကား- အဇ္ဈတ္တသဒ္ဒါ သည်ပင်လျှင် အဇ္ဈတ္တိက မည်၏။ ဤသို့ ဣကသဒ္ဒါ၏ အနက်ကို မှတ်အပ်၏။
ပဋိသန္ဓိမုပါဒါယ- ဟူသည်ကား ပဋိသန္ဓေစိတ်၏ ဥပဒ် ခဏကို အစပြု၍- ခဏေ ခဏေ- ဟူသည်ကား တစ်ခု တစ်ခုသော စိတ်၏ သုံးပါး သုံးပါးကုန်သော ခဏတို့၌။
ဆရာအာနန္ဒာမထေရ်သည်ကား အလုံးစုံလည်း ဖြစ်ကုန်သော စတုသမုဋ္ဌာနိကရုပ်တို့၏ တစ်ခု တစ်ခုသော စိတ်၏ ဥပဒ်ခဏ၌သာလျှင် ဖြစ်ခြင်းကိုလည်းကောင်း၊ ဘင်ခဏ၌သာလျှင် ချုပ်ခြင်းကို လည်းကောင်း မိန့်ဆိုတော်မူ၏။ ဤဆိုလတ္တံ့သည်ကား ထိုအရှင်အာနန္ဒာဆရာ ၏ အလိုတည်း။
- အလုံးစုံကုန်သော စတုသမုဋ္ဌာနိက ရုပ်တို့သည် စိတ်၏ ဥပဒ် ခဏ၌သာလျှင် ဖြစ်ကုန်၏။ ဘင်ခဏ၌ မဖြစ်ကြကုန်။ ရှင်တော်ဘုရား အဘယ်သို့ ဟောကြားတော်မူသနည်း။
- အကြင်ပုဂ္ဂိုလ်အားလည်း သမုဒယသစ္စာသည် ချုပ်ဆဲ၊ ထို ပုဂ္ဂိုလ်အား ဒုက္ခသစ္စာ ဖြစ်ဆဲလော၊ ဤသို့သော အမေးရှိခဲ့သော် သမုဒယသစ္စာ ချုပ်ဆဲ ပုဂ္ဂိုလ်အား ဒုက္ခသစ္စာ ဖြစ်ဆဲ မဟုတ် ဤသို့ ဖြေတော်မူ၏။
ဟူ၍ ဟောတော်မူ၏။ ထိုမှတစ်ပါး ထိုစတုသမုဋ္ဌာနိက ရုပ်တို့သည် စိတ်၏ ဘင်ခဏ၌သာလျှင် ချုပ်ကြကုန်၏။ ဥပဒ်ခဏ၌ မချုပ်ကြကုန်။
ရှင်တော်ဘုရား အဘယ်သို့ ဟောကြားတော်မူခဲ့သနည်း။
- အကြင်ပုဂ္ဂိုလ်အား ကုသိုလ်တရားတို့ ဖြစ်ကြကုန်ဆဲ၊ အကုသိုလ်တရားတို့ ဖြစ်ကြကုန်ဆဲ၊ ထိုပုဂ္ဂိုလ်အား အဗျာကတ တရားတို့ ချုပ်ကြကုန်ဆဲ၊ ဤသို့သော အမေးရှိခဲ့သော် ကုသိုလ် အကုသိုလ် တရားတို့ ဖြစ်ကုန်ဆဲ ပုဂ္ဂိုလ်အား အဗျာကတ တရားတို့ ချုပ်ဆဲ မဟုတ်ကုန်။ ဤသို့ ဖြေတော်မူ၏။
ဟူ၍ ဟောတော်မူ၏။
အရူပဘဝကို ရည်ရွယ်တော်မူ၍ ဤယမိုက်ပါဠိတော် နှစ်ခုအပေါင်းကို ဟောတော်မူအပ်၏။ ရုပ်တို့သည်ကား စိတ်၏ ဘင်ခဏ၌လည်း ဖြစ်ကြကုန်၏။ ဥပဒ်ခဏ၌လည်း ချုပ်ကြကုန်၏။ ဤသို့ အကယ်၍ ဆိုငြားအံ့။ မဆိုသင့် မဆိုထိုက်ချေ။ အပြစ်ကို ဆိုဦးအံ့။ ဤသို့ ဖြစ်ခဲ့သည်ရှိသော်-
- အကြင် ပုဂ္ဂိုလ်အားလည်း သမုဒယသစ္စာ ချုပ်ဆဲ၊ ထိုပုဂ္ဂိုလ်အား ဒုက္ခသစ္စာ ဖြစ်ဆဲလော ဟူသော အမေးရှိခဲ့သော်-
- အရူပဘုံ၌ တဏှာ၏ ဘင်ခဏ၌ ထိုပုဂ္ဂိုလ်တို့အား သမုဒယ သစ္စာ ချုပ်ဆဲတည်း။ ထိုပုဂ္ဂိုလ်တို့အား ဒုက္ခသစ္စာ ဖြစ်ဆဲ မဟုတ်၊ ပဉ္စဝေါကာရဘုံ၌ တဏှာ၏ ဘင်ခဏ၌ ထိုပုဂ္ဂိုလ် တို့အား သမုဒယ သစ္စာလည်း ချုပ်ဆဲ၊ ဒုက္ခသစ္စာလည်း ဖြစ်ဆဲ။
ဟူ၍လည်းကောင်း၊ ဤမှတစ်ပါးသော-
- အကြင် ပုဂ္ဂိုလ်အား ကုသိုလ်တရားတို့ ဖြစ်ကြကုန်ဆဲ၊ အကုသိုလ်တရားတို့ ဖြစ်ကြကုန်ဆဲ၊ ထိုပုဂ္ဂိုလ်အား အဗျာကတ တရားတို့ ချုပ်ကြကုန်ဆဲလော။
ဟူသော နောက်ယမိုက်၌လည်း-
- အရူပဘုံ၌ ကုသိုလ်တရားတို့၏ ဖြစ်ဆဲခဏ၌ ထိုပုဂ္ဂိုလ်တို့အား ကုသိုလ်တရားတို့ ဖြစ်ကြကုန်ဆဲ၊ ထိုပုဂ္ဂိုလ်တို့အား အဗျာကတ တရားတို့ ချုပ်ကြကုန်ဆဲ မဟုတ်ကုန်။ ပဉ္စဝေါကာရဘုံ၌ ကုသိုလ်တရားတို့၏ ဖြစ်ဆဲခဏ၌ ထိုပုဂ္ဂိုလ်တို့အား ကုသိုလ် တရားတို့လည်း ဖြစ်ကြကုန်ဆဲ၊ အဗျာကတ တရားတို့လည်း ချုပ်ကြကုန်ဆဲ။
ဟူ၍လည်းကောင်း၊ ဤသို့ ပရိပုဏ္ထပဉှာ (= ပြည့်စုံသည့် အမေးပုစ္ဆာ) တို့ကိုသာလျှင် ထုတ်ဆောင် အပ်ကုန်သည် ဖြစ်ကြကုန်ရာ၏။ နော- ဟူ၍ကား တားမြစ်ခြင်းကိုသာလျှင် ထုတ်ဆောင်အပ်၏။ ထို့ကြောင့် ဤစကားကို အရူပဘဝကို ရည်ရွယ်၍ ဟောတော်မူအပ်၏ဟု ဆိုခြင်းငှါ မတတ် ကောင်းပေ။ ဤသို့ သိအပ်၏။
စိတ္တဇရုပ်ကို ရည်ရွယ်၍ ဟောတော်မူအပ်၏။ ဤသို့ အကယ်၍ ဆိုပြန်ငြားအံ့။ ထိုစကားကိုလည်း မဆိုသင့် မဆိုထိုက်ပေ။ အဘယ့်ကြောင့်နည်း ဟူမူကား- ကမ္မဇရုပ်ကိုလည်း ယူခြင်း၌ ဆန့်ကျင်ဘက် ဖြစ်သည့် ယမကပါဠိတော် တစ်ပါးတခြား၏ မရှိခြင်းကြောင့်လည်းကောင်း၊ သင့်လျော် လျောက်ပတ်သည်၏သာလျှင် ရှိသည်၏ အဖြစ်ကြောင့်လည်းကောင်းတည်း။
ရှင်တော်ဘုရား အဘယ်ကဲ့သို့ ဟောကြားတော်မူသနည်း။
- တစ်နည်းသော်ကား- အကြင်ပုဂ္ဂိုလ် အကြင်ဘုံ၌ မနိန္ဒြေ မဖြစ်၊ ထိုပုဂ္ဂိုလ် ထိုဘုံပ ဇီဝိတိန္ဒြေ မဖြစ်သလော။ ဤသို့သော အမေးရှိလတ်သော်-
- အသညသတ် ဥပပဇ္ဇန္တ ဖြစ်ကုန်သော ထိုပုဂ္ဂိုလ်တို့အား ထို အသညသတ်ဘုံ၌ မနိန္ဒြဖြစ်ဆဲ မဟုတ်၊ ထိုအသညသတ် ပုဂ္ဂိုလ်တို့အား ထိုအသညသတ်ဘုံ၌ ဇီဝိတိန္ဒြေဖြစ်ဆဲ မဟုတ်သည်ကား မဟုတ်ချေ။ ဖြစ်ဆဲပေတည်း။
- ခပ်သိမ်းကုန်သော စုတိဆဲ ပုဂ္ဂိုလ်တို့၏ လည်းကောင်း၊ ပဝတ္တိအခါ စိတ်၏ ဘင်ခဏ၌ ထိုဘင်ခဏနှင့် ပြည့်စုံသော ပုဂ္ဂိုလ် တို့အားလည်းကောင်း၊ ထိုဘုံတို့၌ မနိန္ဒြေလည်း ဖြစ်ဆဲ မဟုတ်၊ ဇီဝိတိန္ဒြေလည်း ဖြစ်ဆဲမဟုတ်။
ဟူ၍ ဟောတော်မူ၏။
မှန်လှစွာ၏။ ဤယမိုက်ပါဠိတော်၌ အသညသတ္တာနံ = (အသညသတ် ဥပပဇ္ဇန္တပုဂ္ဂိုလ်တို့အား) ဟူသော ဤပါဌ်ဖြင့် ရုပ်ဖြစ်သည့် ဇီဝိတိန္ဒြေ ကိုသာလျှင် ဟောတော်မူအပ်၏။ ထိုဇီဝိတိန္ဒြေသည် စိတ်၏ ဘင်ခဏ၌လည်း အကယ်၍ ဖြစ်ခဲ့ငြားအံ့။ ရှေးဖြစ်သော အဖို့၌-
- (ပဝတ္တေ စိတ္တဿ ဘင်္ဂက္ခဏေ အသညသတ္တာနံ တေသံ တတ္ထ မနိန္ဒြိယံ န ဥပ္ပဇ္ဇတိ၊ နော စ တေသံ တတ္ထ ဇီဝိတိန္ဒြိယံ န ဥပ္ပဇ္ဇတိ။)
- ပဝတ္တိအခါ စိတ်၏ ဘင်ခဏ၌ ဘင်ခဏနှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့အားလည်းကောင်း၊ အသညသတ် ပုဂ္ဂိုလ်တို့အားလည်းကောင်း၊ ထိုပုဂ္ဂိုလ်တို့အား ထိုဘုံတို့၌ မနိန္ဒြေ ဖြစ်ဆဲမဟုတ်၊ ထိုပုဂ္ဂိုလ်တို့အား ထိုဘုံတို့၌ ဇီဝိတိန္ဒြေ ဖြစ်ဆဲမဟုတ်သည်ကား မဟုတ် ဖြစ်ဆဲသာတည်း။
ဟူ၍ ဟောတော်မူအပ်သည် ဖြစ်ခဲ့ပေရာ၏။ နောက်ဖြစ်သော အဖို့၌ကား-
- သဗ္ဗေသံ စဝန္တာနံ = ခပ်သိမ်းကုန်သော စဝန္တ ပုဂ္ဂိုလ်တို့အား- ဟူ၍သာလျှင် ဟောတော်မူအပ်သည် ဖြစ်ခဲ့ရာ၏။ ဤသို့ သိအပ်၏။
နောက်ဖြစ်သော အဖို့၌ နာမ်ဇီဝိတိန္ဒြေကို ရည်ရွယ်၍ ဟောတော် မူအပ်၏။ ဤသို့ ဆိုငြားအံ့။ ထိုစကားကိုလည်း မဆိုသင့် မဆိုထိုက်ချေ။ အဘယ့်ကြောင့်နည်း ဟူမူကား- ထိုကဲ့သို့ ယူခြင်းအကျိုးငှါ ယမိုက် ပါဠိတော် တစ်ပါးတခြား မရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ သဗ္ဗညုဘုရားရှင်၏ အရာအခွင့်ဖြစ်သော အရာဌာန၌ ပါဠိတို့ကို နှီးနှော၍ အားကြီးသော ပါဠိယုတ္တိ၌ သာလျှင် တည်ခြင်းငှါ ထိုက်သည်၏ အဖြစ်ကြောင့်လည်းကောင်းတည်းဟု သိအပ်၏။
အကြင်ကြောင့် ရုပ်တရား မည်သည်တို့ကား နုန့်နှေးသောဖြစ်ခြင်း ရှိကုန်၏။ နာမ်တရားတို့သည် လျင်မြန်သော ဖြစ်ခြင်း ရှိကုန်၏။ ထိုနာမ်တရားတို့၏ အရေအတွက်လောက်သော ဌီခဏသည် အသီးအခြား မရှိချေ။ ထို့ကြောင့် ရုပ်တရားတို့၏ ခဏအစဉ်သည် တစ်ပါး တခြားသာလျှင်တည်း။ နာမ်တရားတို့၏ ခဏအစဉ်သည် တစ်ပါး တခြားသောလျှင်တည်း။
ထိုရုပ်နာမ် နှစ်ပါးတို့တွင် အလုံးစုံလည်း ဖြစ်ကုန်သော ရုပ်တရား တို့သည် တစ်ခုသော စိတ္တက္ခဏ အတိုင်းအရှည်ရှိသော မိမိ၏ ဥပဒ် ခဏနှင့် ယှဉ်ကုန်သည်ဖြစ်၍ ခဏတိုင်း ခဏတိုင်း၌ မပြတ် သာလျှင် ဖြစ်ကြကုန်၏။ ပဋိသန္ဓေအခါမှစ၍ တကွ ဖြစ်သည်၏ အဖြစ်ကြောင့်ကား နှစ်ပါး စုံကုန်သော ထိုရုပ်နာမ်တရားတို့၏ ဥပဒ်အစသည်လည်းကောင်း၊ ချုပ်ခြင်းအဆုံးသည်လည်းကောင်း အသက်ရှည်သမျှ ကာလပတ်လုံးလည်း တကွသာလျှင် ဖြစ်၏ဟူ၍လည်း ထိုအရှင်အာနန္ဒာဆရာ၏ အလိုတော်တို့ကို ဤသို့ သိအပ်၏။
ယမိုက်ပါဠိတော်တို့သည်ကား အထူးထူးသော အနက်ရှိကြကုန်၏။ အထူးထူးသော သဒ္ဒါရှိကြ ကုန်၏။ မြတ်စွာဘုရား၏ အလိုတော်သည်လည်း နက်နဲစွာ၏။ ထို့ကြောင့် ကောင်းစွာ စိစစ်၍ ကောင်းစွာ မှတ်အပ်၏။ အကြင် ရသင့်သည် အားလျော်စွာ ယှဉ်ခြင်းသည် ရှိ၏။ ဤသို့ ရသင့်သည် အားလျော်စွာ ယှဉ်ခြင်းသည် ယမိုက်ပါဠိတော်၏ သဘောပေတည်း။ ဤသို့ နှလုံးပြု၍ မိမိ၏အလို၌ တည်၍ မြင်တိုင်း မြင်တိုင်းသော ယမိုက်ပါဠိတော်ကို အကြင် အကြင် ရသင့်သည် အားလျော်စွာ ယှဉ်ခြင်းဖြင့်သာလျှင် ယှဉ်စိမ့်သောငှါ မတတ်ကောင်းချေ ဟု သိအပ်၏။
စိတ်က ရုပ်ကိုဖြစ်စေပုံ
ရုပ်၌ တပ်ခြင်းကင်းသော ဘာဝနာအထူးဖြစ်၍ ဖြစ်သော အရူပကုသိုလ်သည် ထိုအရူပဘုံ၌ ရုပ်နှင့် တကွဖြစ်သော ပဋိသန္ဓေကို မဖြစ်စေတတ်ပေ။ သက်သက်သော နာမ်ပဋိသန္ဓေကိုသာလျှင် ဖြစ်စေတတ်၏။
ထို့ကြောင့် ရုပ်အစဉ်အဦး၏ အချင်းခပ်သိမ်း မရှိခြင်းကြောင့် ထိုအရူပဘုံ၌ ဖြစ်ကုန်သော အလုံးစုံကုန်သော လေးဆယ့်ခြောက်ပါးသော စိတ်တို့သည် ရုပ်ကို ဖြစ်စေခြင်းငှါ မတတ်နိုင်ကုန်။ အရူပဝိပါက် တို့သည်ကား ထိုအရူပဘုံ၌သာလျှင် အမြဲဖြစ်ကြကုန်၏။ ထို့ကြောင့် အရူပဝိပါက်ကို ယူခြင်းကို ပြုအပ်၏။
ထို့ကြောင့်သာလျှင် အဋ္ဌကထာပါဌ်၌-
- အရူပဘုံ၌ ဖြစ်ကုန်သော တစ်ပါးတခြားလည်း ဖြစ်ကုန်သော များစွာကုန်သော စိတ်တို့သည် အရာအခွင့် မဟုတ်သည်၏ အဖြစ်ကြောင့် ရုပ်ကို မဖြစ်စေနိုင်ကုန်။
ဟူ၍ မိန့်ဆိုအပ်ပေ၏။ ထိုအဋ္ဌကထာပါဌ်၌ ‘‘အခွင့်အရာ မဟုတ်သည်၏အဖြစ်’’ မည်သည်ကား အစမှစ၍ ဖြစ်သော ရုပ်အစဉ် အဦး၏ မရှိခြင်းကိုသာလျှင် မှတ်အပ်၏ဟု သိအပ်ပေ၏။
၂၀၃။ ဋီကာကျော် (နှာ- ၂၀ဝ)၌ကား-
ရုပ်၌ တပ်ခြင်းကင်းသော ဘာဝနာသည် ဖြစ်စေအပ်သည်၏ အဖြစ်ကြောင့် အကြောင်းဖြစ်သော ကံ၏ ထိုရုပ်၏ ဆန့်ကျင်ဘက် ဖြစ်သည်၏ အဖြစ်ကြောင့်လည်းကောင်း-
ဟူ၍လည်း အကြောင်းကို မိန့်ဆိုအပ်၏။ ထိုအကြောင်းသည် အကြောင်း မဟုတ်ချေ။ အဘယ့် ကြောင့်နည်း ဟူမူကား- ရုပ်နာမ်၌ တပ်ခြင်း ကင်းသော ဘာဝနာဖြစ်၍ ဖြစ်သည့်မဂ်ကြောင့် ဖြစ်သော လောကုတ္တရာ ဝိပါက်၏ ရုပ်ရှိရာအရပ် ဖြစ်လတ်သော် ရုပ်ကို ဖြစ်စေတတ်သည်၏ အဖြစ် ကို မြင်ခြင်းကြောင့်ပေတည်းဟု သိအပ်၏။
ဈာန် အင်္ဂါ ကင်းသဖြင့် အင်္ဂါ အားနည်းသော စိတ်တို့သည်လည်း ရုပ်ကို မဖြစ်စေနိုင်ကြကုန်။ ထို့ကြောင့် ဒွိပဉ္စ ဝိညာဏသဒ္ဒါကို ပြုအပ်၏။
ဤမှ တစ်ပါးကုန်သော တစ်ဆယ့်ငါးပါးကုန်သော ကာမ ပဋိသန္ဓေစိတ်၊ ရူပပဋိသန္ဓေစိတ် တို့ကိုလည်းကောင်း၊ ရဟန္တာပုဂ္ဂိုလ်တို့၏ ပရိနိဗ္ဗာနစုတိစိတ်လည်းကောင်း၊ ဤစိတ်တို့သည် ရုပ်ကို မဖြစ်စေနိုင် ကုန်သည်သာလျှင်တည်း။ ဤသို့ပင် ဖြစ်သော်လည်း အလုံးစုံကုန်သော ထိုစုတိ ပဋိသန္ဓေစိတ်တို့သည် ဘဝင်ကာလ၌လည်းကောင်း၊ ရဟန္တာ မဟုတ်သော ပုဂ္ဂိုလ်တို့၏ စုတိကာလ၌လည်းကောင်း ဖြစ်စေကြကုန်၏။ ထို့ကြောင့် ထိုစိတ်တို့ကို ဤအရာ၌ မယူခြင်းကို မှတ်အပ်၏။
၂၀၄။ ဋီကာကျော် (နှာ- ၂၀၈)၌ကား-
အထူးကို ဆိုဦးအံ့။ ပဋိသန္ဓေစိတ်သည်လည်းကောင်း၊ စုတိစိတ်သည်လည်းကောင်း တစ်ခုယုတ် နှစ်ဆယ် အတိုင်းအရှည်ရှိသော ဘဝင်၏သာလျှင် အတွင်းဝင်သည်၏ အဖြစ်ကြောင့် စိတ်အထူး သည် မဖြစ်ချေ။ ထို့ကြောင့် ထိုပဋိသန္ဓေစိတ် စုတိစိတ်ကို ကြဉ်ပယ်ခြင်းကို အရှင်အနုရုဒ္ဓါဆရာသည် မပြုအပ်ပေ။
ဟူ၍ မိန့်ဆိုအပ်၏။ ထိုဋီကာကျော်၌ ‘‘တစ်ခုယုတ်နှစ်ဆယ် အတိုင်းအရှည်ရှိသော ဘဝင်၏ သာလျှင်’’ ဟူ၍ မဆိုသင့်ပေ။ အဘယ့်ကြောင့်နည်း ဟူမူကား- အရူပဝိပါက်ကို သရုပ်အားဖြင့် ကြဉ်အပ်ပြီး ဖြစ်သည်၏ အဖြစ်ကြောင့်တည်း။ ဤသို့ သိအပ်၏။
အဘယ့်ကြောင့်လျှင် အကြင် အကြင် ဆိုအပ်ခဲ့ကုန်ပြီးသော တစ်ဆယ့်ငါးပါးကုန်သော ပဋိသန္ဓေ စိတ်တို့သည် ပဋိသန္ဓေခဏ၌ ရုပ်ကို မဖြစ်စေနိုင်ကြကုန်သနည်း။ ဤသည်ကား အမေးတည်း။ ထက်ဝန်းကျင်မှ အားနည်းသည်၏ အဖြစ်ကြောင့်ပေတည်း။ ချဲ့၍ ဆိုပေဦးအံ့။ စိတ်မည်သည်ကား ဥပဒ်ခဏ၌သာလျှင် ပြည့်စုံသော အကြောင်းကိုရ၍ အားကြီး၏။ ရုပ်သည်ကား ဌီခဏ၌သာလျှင် ပြည့်စုံသော အကြောင်းကို ရ၍ အားကြီး၏။ ထို့ကြောင့် မိမိ၏အားရှိ အားကြီးသော ခဏ၌ ဖြစ်ဆဲ ဖြစ်သည်၏ အဖြစ်ဖြင့် အားနည်းသော ၀တ္ထုရုပ်ကို မှီ၍ ဖြစ်ရသည်၏ အဖြစ်ကြောင့် မိမိသည်လည်း ထက်ဝန်းကျင်မှ အားနည်း၏။ ထို့ကြောင့် အလုံးစုံလည်း ဖြစ်ကုန်သော ထိုပဋိသန္ဓေစိတ်တို့သည် ထိုပဋိသန္ဓေအခါ၌ ရုပ်ကို မဖြစ်စေနိုင်ကြကုန်- ဤသို့ သိအပ်၏။
ဆက်၍ ဆိုဦးအံ့။ ဤစကား၌ အချို့ကုန်သော အနန္တရပစ္စည်း အာသေဝနပစ္စည်း စသည်တို့သည် စိတ်၏ ဥပဒ်ခဏ၌သာလျှင် ပျံ့နှံ့ကုန်၏။ ရုပ်၏ကား အထောက်အပံ့ဖြစ်၍ ဖြစ်ကုန်သော ဥတု အာဟာရ တို့သည်လည်းကောင်း၊ ပစ္ဆာဇာတပစ္စည်း တရားတို့သည်လည်းကောင်း ဌီခဏ၌သာလျှင် ပျံ့နှံ့ကြကုန်၏။ ထို့ကြောင့် ထိုရုပ်နာမ်တရားတို့အား အစဉ်အတိုင်း ဥပဒ်ခဏလည်းကောင်း၊ ဌီခဏ၌လည်းကောင်း ပြည့်စုံသော အကြောင်းကို ရအပ်၏။
၂၀၅။ ဋီကာကျော် (နှာ- ၂၀၈)၌ကား-
ထိုသို့ပင် မပြုအပ်ပါသော်လည်း ပစ္ဆာဇာတပစ္စည်း ကင်းသော ဗာဟိရဖြစ်ကုန်သော အာဟာရ အစရှိသည်တို့သည် ထောက်ပံ့အပ်သော အားနည်းသည့် ၀တ္ထုကိုမှီ၍ ဖြစ်သည်၏ အဖြစ်ကြောင့် လည်းကောင်း၊ မိမိ၏လည်း ဧည့်သည်ဖြစ်သည်၏ အဖြစ်ကြောင့်လည်းကောင်း ကမ္မဇရုပ်တို့သည် စိတ်ကြောင့် ဖြစ်သော ရုပ်တို့၏ အရာကို တည်သည်၏အဖြစ်ကြောင့် လည်းကောင်း-
ဟူ၍ အကြောင်းကို မိန့်ဆိုအပ်၏။ ထိုဋီကာကျော်၌ ‘‘ပစ္ဆာဇာတပစ္စည်း ကင်းသော’’ ဟူသော ဤစကားကို စိစစ်အပ်၏။
အဘယ့်ကြောင့်နည်း ဟူမူကား- ပဋိသန္ဓေစိတ်၏ ဌီခဏ၌ ပစ္ဆာဇာတပစ္စည်းမှ ကင်းသည်လည်း ဖြစ်သော ဥတု၏ရုပ်ကို ဖြစ်စေတတ်သည်၏ အဖြစ်ကို ဆိုလတ္တံ့သည်၏ အဖြစ်ကြောင့်ပေတည်း။
ချဲ့၍ ဆိုပေဦးအံ့။ မိမိသည် ထင်ရှားမရှိသော နောက်စိတ်သည် ရှေးစိတ္တက္ခဏ၌ တည်သော တစ်စုံတစ်ခုသော ရုပ်၏ ပစ္ဆာဇာတပစ္စည်းသည် မဖြစ်နိုင်ပေ။ အဘယ့်ကြောင့်နည်း ဟူမူကား- ထိုပစ္ဆာဇာတ ပစ္စည်း၏ အတ္ထိပစ္စည်း၏ အစိတ်ဖြစ်သောကြောင့်ပေတည်း။ ဤသို့ သိအပ်၏။
ရဟန္တာပုဂ္ဂိုလ်တို့၏ စုတိစိတ်သည်ကား ပြကတေ့အားဖြင့်သာလျှင် ငြိမ်းပြီးသော ဝဋ်မြစ်ရှိသော သန္တာန်၌ ဖြစ်သည်၏ အဖြစ်ကြောင့် အထူးသဖြင့် ငြိမ်သက်၏။ တစ်ဖန် အာယု သင်္ခါရ တို့၏ ကုန်သဖြင့် အလွန်အားနည်းသည်လည်း ဖြစ်ထသော၊ အဆုံး၌ တည်သည်လည်း ဖြစ်ထသော ၀တ္ထု၌ မှီသည်၏ အဖြစ်ကြောင့် အလွန်လည်း အားနည်းလှပေ၏။ ထို့ကြောင့် ထိုရဟန္တာတို့၏ စုတိစိတ် သည် ရုပ်ကို မဖြစ်စေတတ်ပေ။ ဤသို့ သိအပ်၏။
ဆရာအာနန္ဒာမထေရ်သည်ကား အလုံးစုံသော သတ္တဝါတို့၏လည်း စုတိစိတ်သည် ရုပ်ကို မဖြစ် စေတတ်။ ဤသို့ အလိုရှိတော်မူ၏။
ဆရာအာနန္ဒာမထေရ်မြတ် အဘယ်သို့ မိန့်တော်မူသနည်း။
- ရဟန္တာပုဂ္ဂိုလ်တို့၏ စုတိစိတ်သည် ဟူ၍ အထူးပြု ပြီး၍ အဋ္ဌကထာ၌ မိန့်ဆိုအပ်၏။ ထိုသို့ပင် ဆိုအပ်ပါသော်လည်း-
- ကာမာဝစရပုဂ္ဂိုလ်တို့၏ ပစ္ဆိမ(စုတိ)စိတ်၏ ဥပဒ်ခဏ၌လည်းကောင်း၊ အကြင်စိတ်၏ အခြားမဲ့၌ ကာမာဝစရပုဂ္ဂိုလ်တို့၏ ပစ္ဆိမ (စုတိ) စိတ်သည် ဖြစ်လတ္တံ့။ ထိုစိတ်၏ ဥပဒ်ခဏ၌ လည်းကောင်း၊ ရူပါဝစရဘုံ၌လည်းကောင်း၊ အရူပါဝစရဘုံ၌ လည်းကောင်း၊ ပစ္ဆိမဘဝိက ပုဂ္ဂိုလ်တို့၏လည်းကောင်း၊ အကြင် ပုဂ္ဂိုလ်တို့သည် ရူပါဝစရဘုံသို့လည်းကောင်း၊ အရူပါဝစရဘုံသို့လည်းကောင်း ကပ်ရောက်၍ ပရိနိဗ္ဗာန် ပြုကုန်လတ္တံ့။ ထို ပုဂ္ဂိုလ်တို့၏လည်းကောင်း၊ စုတေဆဲ ဖြစ်ကုန်သော ထိုဆိုအပ်ခဲ့ ပြီးသော ပုဂ္ဂိုလ်တို့၏လည်းကောင်း ဝစီသင်္ခါရသည် ချုပ်လတ္တံ့။ ထိုပုဂ္ဂိုလ်တို့၏ ကာယ သင်္ခါရသည် မချုပ်လတ္တံ့- ဟူ၍ ဟောတော်မူခြင်းကြောင့် ရဟန္တာပုဂ္ဂိုလ်မှ တစ်ပါးတခြားသော ပုဂ္ဂိုလ် တို့၏ လည်း စုတိစိတ်သည် ရုပ်ကို မဖြစ်စေနိုင်ချေ။ ဤသို့ သိအပ်၏။
မှန်လှစွာ၏။ ရုပ်ကို ဖြစ်စေတတ်သော စိတ်၏ အမိဝမ်း၌သက်ခြင်း အစရှိသော (အဿာသ ပဿာသကို) တားမြစ် တတ်သော အကြောင်းမရှိခဲ့သည်ရှိသော် ကာယ သင်္ခါရ(အဿာသ ပဿာသ)ကို မဖြစ်စေခြင်းသည် မရှိချေ။ စုတေ ပြီးသည်လည်း ဖြစ်၏။ ထိုစုတေပြီးသော ပုဂ္ဂိုလ်အား စိတ်ကြောင့်ဖြစ်သော ရုပ်သည်လည်း ဖြစ်၏။ ဤသို့သော သဘောသည် သင့်လည်း မသင့်လျော်ချေ။ စုတိစိတ်သည် ရုပ်ကို ဖြစ်စေ၏။ ဤသို့သော ပါဠိတော်သည် ရှိလည်း မရှိခဲ့။ ဤသို့ သိအပ်၏။
ဟူ၍ မိန့်ဆိုတော်မူ၏။ အနုဋီကာ၌ကား-
- ထိုယမိုက်ပါဠိတော်၌ ‘‘စုတိဆဲဖြစ်သော ထိုပုဂ္ဂိုလ်တို့၏ ကာယ သင်္ခါရသည် မချုပ်လတ္တံ့’’ ဟူသော စကားသည် သက်သက် စုတိစိတ်၏သာလျှင် ရုပ်ကို ဖြစ်စေခြင်း၏ မရှိခြင်းကို ပြီးစေ တတ်သည် မဟုတ်။ စင်စစ်သော်ကား ထိုစိတ်မှ ရှေး၌ဖြစ်ကုန်သော အလုံးစုံကုန်သော မရဏာသန္နစိတ်တို့၏ လည်း ရုပ်ကို ဖြစ်စေခြင်း၏ မရှိခြင်းကိုလည်း ပြီးစေတတ်သည်သာလျှင် တည်း-ဟု ပြ၏။
မှန်လှစွာ၏။ စုတိစိတ်၌ ကာယသင်္ခါရ ၏ ချုပ်ခြင်းကို တားမြစ်အပ်သည်ရှိသော် ထိုစုတိစိတ်မှ ရှေး၌ တစ်ဆယ့်ခုနစ်ချက်မြောက်သော စိတ်တိုင်အောင် ဤအတွင်း၌ ထိုကာယသင်္ခါရ ၏ ဖြစ်ခြင်းကို လည်း တားမြစ်အပ်သည်သာ လျှင် ဖြစ်ပေ၏-ဟု သိအပ်၏။
ဤအလုံးစုံသော စကားကိုလည်း စိစစ်အပ်၏။
မှန်လှစွာ၏။ ကာယသင်္ခါရ ဟူသည်ကား ထွက်သက် ဝင်သက်ကို ဆိုအပ်၏။ ထိုထွက်သက် ဝင်သက်သည်လည်း လွန်စွာ ကြမ်းတမ်းသော ရုပ်တရားတည်း။ ထို့ကြောင့် စုတိစိတ်၏ ထို ထွက်သက် ဝင်သက်၏ ချုပ်ခြင်း မရှိခြင်းကို ဆိုသော စကားဖြင့် ဤထွက်သက် ဝင်သက်မှ တစ်ပါးတခြားကုန်သော သိမ်မွေ့နူးညံ့သည်လည်း ဖြစ်ကုန်သော ရုပ်တို့ကို စုတိစိတ်သည် မဖြစ်စေ တတ်-ဟု ဆိုခြင်းငှါ မတတ်ကောင်းချေ။
ထိုမူလဋီကာ၌-
- မှန်လှစွာ၏။ ရုပ်ကို ဖြစ်စေတတ်သော စိတ်၏ အမိဝမ်း၌ သက်ခြင်း (ဖြစ်ခြင်း) အစရှိသော (အဿာသ ပဿာသကို) တားမြစ် တတ်သော အကြောင်းမရှိခဲ့သည်ရှိသော် ကာယ သင်္ခါရကို မဖြစ်စေခြင်းသည် မရှိချေ။
ဟူ၍ အကြင်စကားကိုလည်း မိန့်ဆိုအပ်၏။ ထိုစကားသည်လည်း မသင့်လျော်ချေ။ မှန်လှစွာ၏။ ထိုအမိဝမ်း၌ သက်ခြင်း အစရှိသည် တို့သည်သာလျှင် ရုန့်ရင်းသော ကာယသင်္ခါရ ကို မဖြစ်စေတတ်သည်လည်း ဖြစ်သော စိတ်သည် ဤမှတစ်ပါးသော သိမ်မွေ့သော ရုပ်ကိုကား ဖြစ်စေတတ်သည်သာလျှင်တည်း။ ဤသို့သော အနက်ကို ပြီးစေတတ်ကုန်သည်တို့သည် ဖြစ်ခြင်းငှါ ထိုက်ကုန်၏။
ထိုမူလဋီကာ၌-
- စုတေပြီးသည်လည်း ဖြစ်၏။ စုတေပြီးသော ပုဂ္ဂိုလ်အား စိတ်ကြောင့်ဖြစ်သော ရုပ်သည်လည်း ဖြစ်၏။ ဤသို့သော သဘောသည် သင့်လည်း မသင့်လျော်ချေ။
ဟူ၍ အကြင်စကားကိုလည်း မိန့်ဆိုအပ်၏။ ထိုစကားသည်လည်း အကြောင်း မဟုတ်ချေ။ မှန်လှ စွာ၏။ စုတိမှ နောက်၌ အနည်းငယ် နှစ်ခု သုံးခုစသော ခဏမျှ စိတ္တဇရုပ် ဖြစ်ခြင်းကြောင့် တစ်စုံတစ်ခုသော ဆန့်ကျင်ခြင်း မရှိချေဟု သိအပ်၏။
ထိုမူလဋီကာ၌-
- စုတိစိတ်သည် ရုပ်ကို ဖြစ်စေ၏။ ဤသို့သော ပါဠိတော်သည် ရှိလည်း မရှိခဲ့။
ဟူ၍ အကြင်စကားကိုလည်း မိန့်ဆိုအပ်၏။ ထိုစကား၌လည်း ‘‘ကာယ သင်္ခါရကို ကြဉ်၍ စုတိစိတ်သည် ရုပ်ကို မဖြစ်စေတတ်။ ဤသို့လည်း မရှိချေ’’၊ ဤသို့ ဆိုခြင်းငှါ မတတ်ကောင်း သည်ကား မဟုတ်၊ တတ်ကောင်းသည်သာလျှင်တည်း။ ဤသို့ သိအပ်၏။
ဤသို့မူကား သင့်မြတ်လျော်ကန်သည် ဖြစ်ရာ၏။ ရုပ်တရားတို့သည် အစဖြစ်သော ပဋိသန္ဓေအခါ၌ တစ်ခုသော စိတ္တက္ခဏမျှ၌ အကြောင်းနည်းသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ မိမိ၏ နုံ့နှေးသော ဖြစ်ခြင်း ရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း အားနည်းကုန်သကဲ့သို့ ထို့အတူ အဆုံးဖြစ်သည့် သေသောအခါ၌လည်း ကုန်ဆဲအကြောင်း ရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ချုပ်ခါနီးသည်၏ အဖြစ်ကြောင့်လည်းကောင်း ထက်ဝန်းကျင်မှ အားနည်းကြကုန်သည်သာလျှင် ဖြစ်ကုန်၏။ ဤသို့ ဆိုခြင်းငှါ တတ်ကောင်းပေ၏။ ထို့ကြောင့် ၀တ္ထု၏ အစအဆုံး၌ မှီကုန်သော ပဋိသန္ဓေစိတ် စုတိစိတ်တို့သည် အညီအမျှ အားနည်းကြကုန်သည်သာလျှင် ဖြစ်ကုန်၏။ ဤသို့ သိခြင်းငှါ တတ်ကောင်း၏။
၂၀၆။ ဋီကာကျော် (နှာ- ၂၀၈)၌ကား-
အဘိဓမ္မတ္ထဝိကာသနီ၌လည်း ပါဠိနှင့် ဆန့်ကျင်ခြင်း မည်ကို မှတ်ထင်သည် ဖြစ်၍ စိုးစဉ်းမျှကိုလည်း မစိစစ်မူ၍ ဋီကာ တို့၌ ဆိုအပ်သော နည်းကိုသာလျှင် ကောင်းစွာ ထင်စွာ ပြ၍ သွားလေ၏။ ဤသို့ သိအပ်၏။
- ပထမ ဘဝင်္ဂမုပါဒါယ- ဟူသည်ကား ပထမဘဝင်စိတ်၏ ဥပဒ် ခဏမှ စ၍၊
- ဇာယန္တမေဝ- ဟူသည်ကား ဥပဒ်ခဏ ဥပဒ်ခဏ၌ ဖြစ်ဆဲ ဖြစ်၍သာလျှင် ဖြစ်စေ၏။ တည်ဆဲဖြစ်၍ မဖြစ်စေ၊ ပျက်ဆဲ ဖြစ်၍ မဖြစ်စေ၊ ဤသည်ကား အနက်တည်း။ အကြောင်းကို ဆိုခဲ့ပြီးသည် သာလျှင်တည်း။
- တတ္ထ - ဟူသည်ကား ခုနစ်ဆယ့်ငါးပါး အပြားရှိသော ထိုစိတ်၌-
- အပ္ပနာဇဝနံ- ဟူသည်ကား အဘိညာဉ် ဒွေသည် ကြဉ်အပ်သော နှစ်ဆယ့်ခြောက်ပါး အပြားရှိသော အပ္ပနာဇောစိတ်တည်း။
- ဣရိယာပထံ- ဟူသည်ကား သွားခြင်း ဣရိယာပုတ်သည် ကြဉ်အပ်သော သုံးပါး အပြားရှိသော ဣရိယာပုတ်ကို။
၂၀ရ။ ဋီကာကျော် (နှာ- ၂၀၈)၌ကား-
သွားခြင်း အစရှိသည်သည် ဣရိယာပုတ် မည်၏။ ဟူ၍ မိန့်ဆိုအပ်၏။ ထိုစကားသည် မသင့်ချေ။
မှန်လှစွာ၏။ အင်္ဂါ ကြီးငယ်တို့၌ လှုပ်ရှားခြင်း စဉ်းငယ် လှုပ်ရှားခြင်း မျှသည်လည်း ဝိညတ်နှင့် ကင်း၍ မပြီးစေနိုင်။ သွားခြင်းသည် အဘယ်မှ ပြီးစေနိုင်အံ့နည်း။ ဆက်၍ ဆိုပေဦးအံ့။ အကြင် အကြင် ဆိုအပ်ခဲ့ပြီးသော အပ္ပနာဇောသည် ဝိညတ်ကို ဖြစ်စေခြင်းငှါ မတတ်နိုင်ပေ။ ထို့ကြောင့် မသင့်လျော်ချေ။
ပိသဒ္ဒါဖြင့် ထိုအပ္ပနာဇောသည် သက်သက် ရုပ်ကို ဖြစ်စေတတ် ကာမျှသည် မဟုတ်။ ဤသို့သော အနက်ကို ပြ၏။
- သန္နာမေတိ- ကောင်းစွာ ဆောင်၏။ တစ်နည်းကား- ဤ ‘‘ကောင်းစွာ ဆောင်၏’’ ဟူသော စကားသည်သာလျှင် ဆိုလို ရင်း စကား ဖြစ်ပေရာ၏။ ဆိုလတ္တံ့ကုန်သော စိတ်တို့သည် ပြုပြင်အပ်သော ဖြစ်မြဲတိုင်းသော ဣရိယာပုတ်ကို မကျသည်ကို မလှုပ်ရှားသည်ကို ဆောင်တတ်၏။ ထောက်ပံ့တတ်၏။ ဤသည်ကား အနက်တည်း။
ဆက်၍ ဆိုဦးအံ့။ ဤအရာ၌ ဖြစ်မြဲတိုင်းသော ဣရိယာပုတ်ကို စောင့်ရှောက်ခြင်းမျှကို ဥပတ္ထမ္ဘန = ထောက်ပံ့ခြင်း ဟူ၍ မှတ်အပ်၏။ မြှောက်ချီသကဲ့သို့ ရှေးရှုဆောင်ခြင်းကို ဥပတ္ထမ္ဘန = ထောက်ပံ့ခြင်း ဟူ၍ မှတ်အပ်၏။ ဤမှ တစ်ပါးသော အခြင်းအရာအားဖြင့် အနက်ကို ယူအပ်သည်ရှိသော် ထောက်ပံ့ခြင်း ဝိညတ်၏ လျဉ်းပါးခြင်းသည် ဖြစ်ပေရာ၏-ဟု မှတ်အပ်၏။
ဆက်၍ ဆိုဦးအံ့။ ဤအရာ၌ ထိုင်သောသူ၏လည်းကောင်း၊ ရပ်သောသူ၏လည်းကောင်း ဘဝင်စိတ်သည် ဝီထိနှင့် မရောပြွမ်းပဲ ဖြစ်သည်ရှိသော် ကိုယ် အင်္ဂါ တို့သည် နစ်ကုန်သကဲ့သို့ ကျကုန်သကဲ့သို့ ထို့အတူ နှစ်ဆယ့်ခြောက်ပါး အပြားရှိသော ဤနိုးကြားသော စိတ်သည် ဖြစ်၍နေသော်လည်းကောင်း၊ နောက်ဝါကျ၌ ဆိုလတ္တံ့ကုန်သော သုံးဆယ့် နှစ်ပါး အပြားရှိကုန်သော နိုးကြားသော စိတ်တို့သည် ဖြစ်ကြကုန်သော် လည်းကောင်း၊ ကိုယ် အင်္ဂါတို့သည် မနစ်ကြကုန်။ စင်စစ်သော်ကား ထိုငါးဆယ့်ရှစ်ခုသော စိတ်တို့ ဖြစ်ကြကုန်လတ်သော် ကိုယ် အင်္ဂါတို့သည် တောင့်တင်းကြကုန်၏။ မဆုတ်မနစ်ကြကုန်။ မလျော့မကျကြကုန်။ ရှေး၌ ထားမြဲတိုင်းတို့သည် သာလျှင် ဖြစ်ကြကုန်၏။ ဤသို့ သိအပ်၏။
၂၀၈။ ဋီကာကျော် (နှာ- ၂၀၉)၌ကား-
န ဧဝ မေ တေသု ဒွတ္တိံသဝိဓေသု ဝဆမာနေသု စ ဆဗ္ဗီသတိယာ ဇာဂရဏစိတ္တေသု ပဝတ္တမာနေသု = ထို့အတူ ဆိုလတ္တံ့ ကုန်သော ထိုသုံးဆယ့်နှစ်ပါး အပြားရှိကုန်သော ဤနိုးကြားသော စိတ်တို့သည် လည်းကောင်း၊ ဆိုအပ်ခဲ့ကုန်ပြီးသော နှစ်ဆယ့်ခြောက်ပါး အတိုင်းအရှည် ရှိကုန်သော ဤနိုးကြား သော စိတ်တို့သည်လည်းကောင်း ဖြစ်ကုန်သည်ရှိသော်- ဟူသော ပါဌ်သည် မကောင်းသော ပါဌ်တည်း။
- န ဧဝ မေ တေသု ဆဗ္ဗီသတိယာ ဇာဂရဏစိတ္တေသု ဝက္ခမာနေသု စ ဒွတ္တိံသဝိဓေသု ပဝတ္တမာနေသု = ထို့အတူ ဆိုအပ်ခဲ့ပြီးကုန်သော နှစ်ဆယ့်ခြောက်ပါး အတိုင်းအရှည် ရှိကုန်သော ဤနိုးကြားသော စိတ်တို့သည်လည်းကောင်း၊ ဆိုအပ် လတ္တံ့ကုန်သော သုံးဆယ့်နှစ်ပါး အပြားရှိကုန်သော နိုးကြား သော စိတ်တို့သည်လည်းကောင်း ဖြစ်ကုန်သည် ရှိသော် -
ဟူသော ပါဌ်သည်ကား (ဟု ရွတ်ဆိုမှုသည်ကား) သင့်မြတ်လျော်ကန်၏။
- ဝေါဋ္ဌဗ္ဗနံ- ဟူသည်ကား မနောဒွါရ၌ (ဖြစ်သော) အာဝဇ္ဇန်းကို မိန့်ဆိုတော်မူ၏။ မှန်လှစွာ၏။ ပဉ္စဒွါရ၌ ဖြစ်ကုန်သော ဇော စိတ်တို့သည်လည်း ဝိညတ်ကို မဖြစ်စေနိုင်ကုန်။ တစ်နည်းကား-
ဝိသဒ္ဒါဖြင့် ယူအပ်သော ဣရိယာပုထ်ကို ထောက်ပံ့ခြင်းမျှကို ရည်ရွယ်၍ ဝုဋ္ဌော အစရှိကုန်သော ပဉ္စဒွါရိက စိတ်တို့ကိုလည်း ယူအပ်ကုန်၏။ ဤသို့ မှတ်အပ်၏။
ဆက်၍ ဆိုဦးအံ့။ ဤအရာ၌ ဣရိယာပုထ် မည်သည်ကား သွားခြင်း အစရှိသော ထိုထို အခိုက်အတန့် အထူးဖြင့် ဖြစ်ကုန်သော ရုပ်တရားတို့သည်သာလျှင်တည်း။ ဤသို့ ဖြစ်သော်လည်း အချို့သော စိတ်သည် ရုပ်သာမညကိုသာလျှင် ဖြစ်စေနိုင်၏။ ထိုရုပ်သာမညထက် အလွန် မဖြစ်စေ တတ်ချေ။ အချို့သော စိတ်သည် တစ်ပါးသော စိတ်၏ အစွမ်းဖြင့် ဖြစ်မြဲတိုင်းသော ဣရိယာပုထ်ကို စောင့်ရှောက်ခြင်းငှါသာလျှင် စွမ်းနိုင်၏။ မဖြစ်သေးသော ဣရိယာပုထ်ကို ဖြစ်စေခြင်းငှါ မစွမ်းနိုင်ချေ။ အချို့သော စိတ်သည် ဝိညတ်ကို ဖြစ်စေ၍ မဖြစ်သေးသည်လည်း ဖြစ်သော ဣရိယာပုထ်ကို ဖြစ်စေခြင်းငှါ စွမ်းနိုင်၏။ တစ်ပါးလည်း ဖြစ်ကုန်သော ကိုယ်အမူအရာ နှုတ် အမူအရာတို့ကို ဖြစ်စေခြင်းငှါ စွမ်းနိုင်၏။ အကြင် စိတ်တို့သည်လည်း နောက်နောက်ကိစ္စကို ဖြစ်စေခြင်းငှါ စွမ်းနိုင်ကြကုန်၏။ ထိုစိတ်တို့သည် အောက်အောက် ဖြစ်သော ကိစ္စကို ဖြစ်စေခြင်းငှါ စွမ်းနိုင်ကြကုန်သည်သာလျှင်တည်း။ ဤသို့ ပြခြင်း အကျိုးငှါ ဤဝေဖန်ခြင်းကို ပြုအပ်၏။ ဤသို့ သိအပ်၏။
၂၀၉။ ဋီကာကျော် (နှာ- ၂၀၉)၌-
အထူးအားဖြင့် အကြင်စိတ်သည် ဝိညတ်ကို ဖြစ်စေ၏။ ထိုစိတ်သည် ဣရိယာပုတ်၏ ဝိညတ်နှင့်တကွ ကင်း၍ မဖြစ်သောကြောင့် စင်စစ်အားဖြင့် ဣရိယာပုထ်ကို ခိုင်စေတတ်၏။ ဟူ၍ အကြင်စကားကို မိန့်ဆိုအပ်၏။ ထိုစကားသည် မသင့်လျော်ချေ။
မှန်လှစွာ၏။ ဤအရာ၌ ဣရိယာပုတ် ထောက်ပံ့ခြင်း မည်သည်ကို ဝိညတ်နှင့် ကင်းသည်ကိုသာလျှင် အလိုရှိအပ်၏။ ဝိညတ်နှင့် တကွကို အလိုမရှိအပ်ပေ။ ဤမှ တစ်ပါးသော အခြင်းအရာအားဖြင့် အနက်ကို ယူအပ်သည်ရှိသော် အပ္ပနာဇောတို့၏လည်း ဝိညတ်ကို ဖြစ်စေတတ်သည်၏ အဖြစ်သည် ဖြစ်ခဲ့ရာ၏။ ဤသို့ သိအပ်၏။
သောမနဿဇဝနာနိ တေရသ- ဟူသည်ကား ဟသိတုပ္ပါဒ်နှင့် တကွ လောဘမူမှလည်းကောင်း၊ မဟာကုသိုလ်မှလည်းကောင်း၊ မဟာကြိယာမှလည်းကောင်း၊ လေးပါး လေးပါးတို့ပေတည်း။ ဤသို့ တစ်ဆယ့်တစ်ပါးကုန်သော သောမနဿဇောတို့သည်။
အထူးကို ဆိုပေဦးအံ့။ ထိုတစ်ဆယ့်သုံးပါးသော သောမနဿဇော တို့တွင် ကုသိုလ် အကုသိုလ်ဇောမှ ရှစ်ပါးသော ဇောတို့သည် ပုထုဇဉ် ပုဂ္ဂိုလ်တို့အား ဖြစ်ကြကုန်၏။ ဒိဋ္ဌိနှင့် မယှဉ်သော အကုသိုလ် ကုသိုလ်မှ ခြောက်ပါးသော ဇောတို့သည် သေက္ခပုဂ္ဂိုလ်တို့အား ဖြစ်ကြကုန်၏။ ကြိယာမှ ငါးပါးသော ဇောတို့သည် ရဟန္တာပုဂ္ဂိုလ်တို့အား ဖြစ်ကြကုန် ၏။ ဤသို့ မှတ်အပ်၏။
- အလုံးစုံသော ကိုယ်တော်ဖြင့် ပြုတော်မူအပ်သမျှသော အမှုကိစ္စ၊ နှုတ်တော်ဖြင့် မိန့်ဆို တော်မူအပ်သမျှသော အမှုကိစ္စ၊ စိတ်တော်ဖြင့် သိတော်မူအပ်သမျှသော အမှုကိစ္စသည် ဉာဏ်တော် လျှင် ရှေ့သွား ရှိ၏။ ဉာဏ်တော်သို့ အစဉ်လိုက်၏။
ဟူ၍ ဟောတော်မူသောကြောင့် ဆင်ခြင်ခြင်းကိစ္စမှ ကင်းသော ဟသိတုပ္ပါဒ်သည် ဘုရားရှင်တို့အား မဖြစ်သင့်ချေ။ ဤသို့ဖြစ်သော အယူကို အဋ္ဌကထာ၌ ပယ်အပ်သည်သာလျှင်တည်း။
မှန်လှစွာ၏။ ထိုအယူ ဖြစ်ပေါ်လတ်သော် ဤ (ဟသိတုပ္ပါဒ်)မှ တစ်ပါးတည်း ဖြစ်ကုန်သော အဟိတ် စိတ်တို့၏လည်းကောင်း၊ ဉာဏဝိပ္ပယုတ် မဟာကြိယာ ဇောတို့၏လည်းကောင်း ဘုရားရှင်တို့အား မဖြစ်သင့်ခြင်းသည် ဖြစ်ခဲ့ရာ၏။ ထို့ကြောင့် ထိုဘုရားရှင်တို့အား ဟသိတုပ္ပါဒ် စိတ်ဖြင့် ဖြစ်သော ပြုံးရွှင်ခြင်း အမှု၏ ရှေ့နောက် ဖြစ်ကုန်သော ဉာဏ်တို့၏ အစွမ်းဖြင့် ဉာဏ်ရှေ့သွား ရှိသည်၏ အဖြစ်ကိုလည်းကောင်း၊ ဉာဏ်သို့ အစဉ်လိုက်သည်၏ အဖြစ်ကိုလည်းကောင်း သိအပ်၏။ ဤသို့ သိမှတ်အပ်၏။
ဥတုက ရုပ်ကိုဖြစ်စေပုံ
သီတုဏှောတု သမညာတာ- ဟူသည်ကား ဤသည်ကား အအေးတည်း။ ဤသည်ကား အပူတည်း။ ဤသို့ ခပ်သိမ်းသော လောက၌ ဖြစ်သော လူအပေါင်းတို့သည် ကောင်းစွာ ပိုင်းခြား၍ သိအပ်သော-
- ဌီတိပ္ပတ္တာဝ- ဟူသည်ကား မိမိ (ဟု ဆိုအပ်သော ဥတု)၏ ဌီအဖြစ်သို့၊ တစ်နည်းကား- ဌီခဏသို့ ရောက်သည်ရှိသော် သာလျှင် စိတ်ကဲ့သို့ ဖြစ်ဆဲမျှသာလျှင် မဟုတ်ချေ။ ဤသည်ကား အနက်တည်း။ အကြောင်းကို ဆိုအပ်ခဲ့ပြီးသည်သာလျှင်တည်း။
၂၁၀။ ဋီကာကျော် (နှာ- ၂၁၀)၌-
ပစ္ဆာဇာတ အစရှိသော ပစ္စည်း အထောက်အပံ့ကို ရခြင်းကြောင့် ဌီခဏ၌သာလျှင် ဥတုဇသြဇာတို့၏ အားရှိသည်၏ အဖြစ်သည် ဖြစ်၏။ ထို့ကြောင့် ‘‘တေဇောဓာဋ္ဌိတု တိပ္ပတ္တာဝ’’ ဤသို့ အစရှိသော စကားကို မိန့်ဆိုအပ်၏။
ဟူသော အကြင်စကားကို မိန့်ဆိုအပ်၏။ ထိုစကား၌ ပစ္ဆာဇာတပစ္စည်း စကားကို အောက်၌ စိစစ်အပ်ပြီးသည်သာလျှင်တည်း။
နည်းတစ်ပါးကို ဆိုပေဦးအံ့။ ဥတု၏ အားကြီးသည်၏ အဖြစ်သည် လည်းကောင်း၊ ရုပ်ကို ဖြစ်စေခြင်းသည်လည်းကောင်း၊ ပစ္ဆာဇာတပစ္စည်းနှင့် စပ်သည် အကယ်၍ ဖြစ်ငြားအံ့။ ဤသို့ ဖြစ်သည်ရှိသော် ထိုဥတုသည် ပဋိသန္ဓေစိတ်၏ ဌီခဏ၌ ရုပ်ကို မဖြစ်စေရာ။ အဘယ့်ကြောင့်နည်း ဟူမူကား- ထိုအခါ၌ ပစ္ဆာဇာတပစ္စည်း၏သာလျှင် မရှိခြင်း ကြောင့်ပေတည်း။ ‘‘ဌိတိကာလ မုပါဒါယ ဥတုသမုဋ္ဌာနာ = ပဋိသန္ဓေ စိတ်၏ ဌီကာလကို အစပြု၍ ဥတုကြောင့်ဖြစ်သော ရုပ်ကလာပ်တို့ ဖြစ်ကြကုန်၏’’ ဟူ၍ ဆိုလည်း ဆိုတော်မူလတ္တံ့။ ဆက်၍ ဆိုဦးအံ့။ ဤစကား၌ ဌိတိကာလံ- ဟူသည်ကား ပဋိသန္ဓေစိတ်၏ ဌီကာလကို မိန့်ဆိုအပ်၏-ဟု သိအပ်၏။ ထို့ကြောင့် ပစ္ဆာဇာတပစ္စည်း စကားကို စိစစ် ဝန်ခံအပ်၏-ဟု သိအပ်၏။
အာဟာရက ရုပ်ကိုဖြစ်စေပုံ
သြဇာသင်္ခါရတော အာဟာရော- ဟူသည်ကား ကမ္မသမုဋ္ဌာန် စသည်တို့၏ အစွမ်းဖြင့် လေးပါးအပြားရှိသော အဇ္ဈတ္တသန္တာန်၌ တည်သည်လည်း ဖြစ်သော စားခြင်း သောက်ခြင်း ခဲခြင်း လျက်ခြင်းတို့၏ အစွမ်းဖြင့် လေးပါး အပြားရှိသော ဗဟိဒ္ဓ သန္တာန်၌ တည်သည်လည်း ဖြစ်သော သြဇာဟု ဆိုအပ်သော နှစ်ပါး အပြားရှိသည့် အာဟာရတည်း။
ထိုနှစ်ပါးတို့သည်လည်း ရောနှောသည်၏ အစွမ်းဖြင့် ရအပ်သော ထောက်ပံ့ခြင်း ရှိကုန်သည် သာလျှင် ဤသို့ သဘောရှိသော ရုပ်ကို ဖြစ်စေကုန်၏။ ထို့ကြောင့် ‘‘အဇ္ဈောဟရဏကာလေ = မျိုသွင်းသော ကာလ၌’’ ဟူ၍ မိန့်ဆိုအပ်ပေ၏။
ဆက်၍ ဆိုဦးအံ့။ ဤစကား၌ ဗဟိဒ္ဓသန္တာန်၌ ဖြစ်သော ဥတုနှင့် တကွ အဇ္ဈတ္တသန္တာန်၌ ဖြစ်ကုန်သော လေးပါးသော အကြောင်းတို့ ကြောင့် ဖြစ်ကုန်သော ဥတု သြဇာတို့၏သို့ ဗဟိဒ္ဓ သန္တာန်၌ ဖြစ်သော သြဇာ၏လည်း အဇ္ဈတ္တသန္တာန်၌ ရုပ်ဖြစ်စေခြင်းကို အလုံးစုံသော အဋ္ဌကထာတို့၌ မိန့်ဆိုအပ်၏။
အဋ္ဌကထာဆရာ အဘယ်သို့ မိန့်ဆိုအပ်သနည်း ဟူမူ- မဇ္ဈိမ အဋ္ဌကထာ၌-
- ကဗဠီကာရ အာဟာရသည် ရှေးဦးစွာ ခံတွင်း၌ ထားကာမျှ ဖြစ်သော်သာလျှင် ရှစ်ပါးသော ရုပ်တို့ကို ဖြစ်စေ၏။ သွားဖြင့် မုန့်မုန့်ညက်ညက် ပြုအပ်သည် ဖြစ်၍ကား မျိုသွင်းအပ်သည် ရှိသော် တစ်ခု တစ်ခုသော ထမင်းလုံးသည် ရှစ်ခု ရှစ်ခုကုန်သော ရုပ်တို့ကို ဖြစ်စေတတ်သည် သာလျှင်တည်း။ ဟူ၍ မိန့်ဆိုတော်မူ၏။
ဆရာဓမ္မပါလမထေရ်သည်ကား ဗဟိဒ္ဓသန္တာန်၌ ဖြစ်သော သြဇာသည် ရုပ်ကို- အကယ်၍ ဖြစ်စေငြားအံ့။ ဤသို့ ဖြစ်စေသည်ရှိသော်၊ ဗဟိဒ္ဓသန္တာန်၌ ဖြစ်သော ဥတုသည် အဇ္ဈတ္တသန္တာန်၌ လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌လည်းကောင်း၊ ရုပ်ကို ဖြစ်စေသကဲ့သို့ ထို့အတူ ထို သြဇာသည်လည်း ဗဟိဒ္ဓ၌လည်း ရုပ်ကို ဖြစ်စေရာ၏။ ဖြစ်ကား မဖြစ်စေတတ်။ ထို့ကြောင့် ထိုဗဟိဒ္ဓသြဇာသည် အဇ္ဈတ္တသန္တာန်သို့ ရောက်၍လည်း ရုပ်ကို မဖြစ်စေတတ်သည်သာလျှင်တည်း။ စင်စစ်အား ဖြင့်ကား အဇ္ဈတ္တသြဇာသည်သာလျှင် ဖြစ်စေတတ်၏။ ထိုဗဟိဒ္ဓသြဇာသည်ကား ထိုအဇ္ဈတ္တသြဇာ၏ ထောက်ပံ့ခြင်း အကြောင်းသည်သာလျှင် ဖြစ်၏။ ဤသို့သော အဓိပ္ပါယ်ဖြင့်-
- ခံတွင်း၌ ထားကာမျှ ဖြစ်သော်သာလျှင် ဖြစ်စေတတ်၏။ ဝါးပြီးမှသာလျှင် ဖြစ်စေတတ်သည် မဟုတ်ချေ။ ထိုမျှလောက် ဖြင့်လည်း အတွင်း၌ တည်သော အာဟာရ၏ အကြောင်းသည် ဖြစ်သည်သာလျှင်တည်း။ ထို့ကြောင့် ‘‘ရှစ်ခု ရှစ်ခုကုန်သော ရုပ်တို့ကို ဖြစ်စေတတ်၏’’ ဟူ၍ မိန့်ဆိုတော်မူ၏။
မဇ္ဈိမဋီကာ၌ မိန့်ဆိုတော်မူအပ်၏။
အကြင်ကြောင့်ကား ဥပါဒိဏ္ထက (= ကံကြောင့်) ဖြစ်ကုန်သော ဥတု သြဇာတို့ မည်သည်ကား လွန်စွာ မွန်မြတ်သော သဘောရှိကုန်၏။ ထို့ကြောင့် ဗဟိဒ္ဓသြဇာသည်လည်း အဇ္ဈတ္တသန္တာန်သို့ ရောက်သည ်ရှိသော် ထိုအဇ္ဈတ္တဥတုသည် ကောင်းစွာ ပေါင်းနွှေး နူးနပ်အပ်သည် ရှိသော် ထိုအဇ္ဈတ္တသြဇာ သည်လည်း ကောင်းစွာ ထောက်ပံ့အပ်သည် ရှိသော် ကိုယ်၌ အဆီခဲ အဆီကြည်တို့ကို တိုးပွားစေသည်၏ အစွမ်းဖြင့် ရုပ်ကို ဖြစ်စေသည်သာလျှင်တည်း။ ဤသို့ သင့်မြတ် လျော်ကန်၏။ ‘‘အဇ္ဈောဟရဏကာလေ = မျိုသွင်းသော အခါကာလ၌’’ ဟူသော ဤ စကားကိုလည်း ကောင်းစွာ အားကြီးသည်၏ အဖြစ်သို့ ရောက်သော ကာလကို ရည်ရွယ်၍- မိန့်ဆိုအပ်ပေ၏။
ဝိသုဒ္ဓိမဂ်၌ကား-
- အမိသည် မျိုအပ်သော အာဟာရသည်လည်း သူငယ်၏ကိုယ်ကို ပျံ့နှံ့၍ ရုပ်ကို ဖြစ်စေနိုင်၏။ ကိုယ်ကို လိမ်းကျံအပ်သော အာဟာရသည်လည်း ရုပ်ကို ဖြစ်စေ၏။
ဟူ၍ မိန့်ဆိုအပ်ပေ၏။ ခံတွင်း၌ ထားကာမျှ ဖြစ်သော်သာလျှင် ရှစ်ပါးသော ရုပ်တို့ကို ဖြစ်စေနိုင်၏။ ဤသို့လည်း ရှေး၌ မိန့်ဆိုအပ်ပေပြီ- ဤသို့ သိအပ်၏။
- ဌာနပတ္တောဝ- ဌီသို့ ရောက်သည် ဖြစ်၍သာလျှင်- ဟူသည်ကား မိမိ (ဟူသော အာဟာရ၏) ဌီခဏသို့ ရောက်သော်သာလျှင်။
ဆက်၍ ဆိုဦးအံ့။ ဤအရာ၌ လေးပါးကုန်သော ဖြစ်ကြောင်းတို့တွင် ဥတုသည်သာလျှင် ကြီးကျယ်သည်- ကြီးကျယ်သော အားအစွမ်းရှိသည် ကြီးကျယ်သော ပျံ့နှံ့ခြင်းရှိသည်လည်း ဖြစ်ပေ၏။ မှန်လှစွာ၏။ ထိုဥတုသည် အလုံးစုံလည်း ဖြစ်သော စကြာဝဠာ ကမ္ဘာ မြေ ရေ အစရှိသော သြကာသလောကကိုလည်းကောင်း၊ ဗဟိဒ္ဓ၌ အလုံးစုံသော ကမ္ဘာဖျက် မိုး ကမ္ဘာဖျက်မီး ကမ္ဘာဖျက်ရေ ကမ္ဘာဖျက်လေ ကမ္ဘာပြုမိုး ကမ္ဘာပြုရေ တောတောင်တစ်ခွင် သစ်ပင် ချုံနွယ် အစ ရှိသော သင်္ခါရလောကကိုလည်းကောင်း၊ ဖြစ်ပွားလေအောင် ထူထောင်တတ်သည် လည်းကောင်း၊ ဖျက်ဆီးတတ်သည်လည်းကောင်း ဖြစ်ပေ၏။ ထိုဥတုသည်သာလျှင် ရုပ်ရှိသော သတ္တလောက ၏လည်း ကြီးကျယ်သော အဇ္ဈတ္တ အဆောက်အဦ ဖြစ်၍ ဖြစ်၏။ ဥတုမှ တစ်ပါးကုန်သော ကံ စိတ် အာဟာရ သုံးပါးတို့သည်ကား ထိုဥတု၏ အခြံအရံမျှတို့သည်သာလျှင် ပြည့်စုံကြကုန်၏- ဤသို့ သိအပ်၏။
ကမ္မဇ ဧကန်ရုပ်
ဟဒယရုပ် ဣန္ဒြိယရုပ်တို့သည် ကံကြောင့်သာလျှင် ဖြစ်သော ရုပ်တို့ပေတည်း။ စိတ်ကြောင့် ဖြစ်သောရုပ်စသည် မဟုတ်ကြကုန်။ ဤသို့ ဖြစ်ခဲ့သော်-
- ချစ်သား သာရိပုတ္တရာ- သင်၏ ဣန္ဒြေတို့သည် အထူးသဖြင့် ကြည်လင်ကုန်၏၊ ချစ်သား သာရိပုတ္တရာ- သင်သည် ယခုအခါ၌ အဘယ်သို့သော နေခြင်းဖြင့် အခါများစွာ နေသနည်း。
ဟူ၍ အဘယ့်ကြောင့် ဟောတော်မူအပ်ပါသနည်း။ ဤကား အမေးတည်း။ စက္ခုစသော ဣန္ဒြေ၏ အဆောက်အဦ ဖြစ်ကုန်သော သမာပတ် စိတ်ကြောင့် ဖြစ်ကုန်သော အဆင်းအရောင်တို့၏ သန့်ရှင်းသည်၏ အဖြစ် ကြည်လင်သည်၏ အဖြစ်၏ အစွမ်းဖြင့် တင်စား၍ ဆိုအပ်သော စကား ဖြစ်လေသောကြောင့် မိန့်ဆိုတော်မူအပ်ပေသတည်း။ ဤသို့ သိအပ်၏။
ထိုစကားသည် မှန်လှပေ၏။ တပေါင်း တစ်စုတည်း ဖြစ်ကြကုန်သော စတုဇရုပ်တို့သည် တစ်မျိုးသော ရုပ်ကြည်လင်သည် ရှိသော် အလုံးစုံကုန်သော ရုပ်တို့ ကြည်လင်ကြကုန်သည် သာလျှင်တည်း။ တစ်မျိုးသော ရုပ် ညှိုးနွမ်းသည်ရှိသော်ကား အလုံးစုံကုန်သော ရုပ်တို့ ညှိုးနွမ်း ကြကုန်သည် သာလျှင်တည်း။ ဤသို့ သိအပ်၏။ ဥတု စိတ် အာဟာရ တို့သည်ကား ထိုရုပ် ကိုးပါးတို့၏ အထောက်အပံ့ အကြောင်းတို့ ဖြစ်ကြကုန်၏-ဟု သိအပ်၏။ ဆက်၍ ဆိုဦးအံ့။ ဤအရာ၌ ဥပ္ပလကြာမျိုး ပဒုမာကြာမျိုးတို့ကဲ့သို့ ကမ္မဇရုပ်တို့ကို မှတ်အပ်ကုန်၏။ ထိုကြာမျိုးတို့၏ မျိုးစေ့ကိုကဲ့သို့ ကံကို မှတ်အပ်၏။ ရွံ့ညွန် ရေတို့ကဲ့သို့ ဥတု အာဟာရတို့ကို မှတ်အပ်ကုန်၏။
စိတ္တဇ ဧကန်ရုပ်
ဝိညတ်ဒွေသည် စိတ်ကြောင့်ဖြစ်သော ရုပ်သာလျှင်တည်း။ မှန်လှစွာ၏။ ထို့ကြောင့်သာလျှင် ထိုဝိညတ်ဒွေကို စိတ္တသဟဘူ = စိတ်နှင့်တကွ ဖြစ်ကုန်သော တရား၊ စိတ္တာနုပဝတ္တိ = စိတ်သို့ အစဉ်လိုက်၍ ဖြစ်ကုန်သော တရားတို့၌ ရှင်တော်ဘုရားသည် ထုတ်ပြတော်မူပေ၏-ဟု သိအပ်၏။
ဒွိဇရုပ်
သဒ္ဒေါ စိတ္တောတုဇော = သဒ္ဒရုပ်သည် စိတ်ဥတုကြောင့် ဖြစ်၏-ဟူ၍ အဘယ့်ကြောင့် ဟောတော်မူအပ်ပါ သနည်း။
နိဓိကဏ္ဍသုတ် ပါဠိတော်၌-
- ကောင်းသော အဆင်းရှိသည်၏ အဖြစ်ကိုလည်းကောင်း၊ ကောင်းသော အသံရှိသည်၏ အဖြစ်ကိုလည်းကောင်း၊ ကောင်းသော အင်္ဂါကြီးငယ် ရှိသည်၏ အဖြစ်ကိုလည်းကောင်း၊ ကောင်း သော ကိုယ်ရှိသည်၏ အဖြစ်ကိုလည်းကောင်း၊ (ထိုကောင်းမှုကံကြောင့် ရအပ်၏။)
ဤသို့ အစရှိသည်ဖြင့် ထိုသို့ သဘောရှိသော ကံအထူးကြောင့် အသံ၏ ပြည့်စုံခြင်း မည်သည်ကို ဟောတော်မူအပ်သည် မဟုတ်ပါလော။ ဤကား အမေးတည်း။ ဟောတော်မူအပ်သည်ကား မှန်လှပေ၏။ ထိုသို့ပင် ဟောတော်မူပါသော်လည်း ကံအထူးကြောင့် အကြင်သို့သော အခြင်းအရာ အားဖြင့် အလွန် သန့်ရှင်းသော အလွန် ချိုမြိန်သော အသံသည် ဖြစ်၏။ ထိုသို့သော အခြင်း အရာအားဖြင့် ဌာန်အရပ် ကရိုဏ်းအရပ်တို့၌ တည်ကုန်သော ဥပါဒိဏ္ထကသရီရရုပ်တို့၏ ကောင်းစွာ တည်ထောင်သည်၏ အဖြစ်သည်လည်းကောင်း၊ လေ သလိပ် အစရှိသည်တို့သည် အနှောင့်အယှက် မရှိသည်၏ အဖြစ်သည် လည်းကောင်း ဖြစ်ပေ၏။ ထို့ကြောင့် ထိုသို့သော ဥပါဒိဏ္ထကရုပ်တို့၏ တည်ထောင်ပုံ ကောင်းသည်၏ အဖြစ် လေ သလိပ်တို့၏ အနှောင့် အယှက် ကင်းသည်၏ အဖြစ်လျှင် အရင်းရှိသော အသံ၏ ပြည့်စုံခြင်းကို ကံ၏အကျိုးတို့၌ ထည့်သွင်း၍ သုသရတာ = ကောင်းသော အသံ ရှိသည်၏ အဖြစ်-ဟူ ဟောတော်မူအပ်၏။ စင်စစ်အားဖြင့် အသံ၏ ကံကြောင့် ဖြစ်သည်၏ အဖြစ်ကြောင့် ဟောတော်မူအပ်သည် မဟုတ်ချေ- ဤသို့ သိအပ်၏။
တိဇရုပ်
လဟုတာဒိတ္တယံ ဥတုစိတ္တာဟာရေဟိ သမ္ဘောတိ = လဟုတာ အစရှိသော ရုပ်သုံးခုတို့၏ အပေါင်းသည် ဥတု စိတ် အာဟာရတို့ကြောင့် ဖြစ်၏-ဟူ၍ အဘယ့်ကြောင့် မိန့်ဆိုအပ်ပါသနည်း။
- အို … လုလင် သတ္တဝါတို့အား မညှင်းဆဲ ဟူသော အကြင် အကျင့်သည် ရှိပေ၏။ သည် အကျင့်သည် အနာကင်းခြင်းကို ဖြစ်စေတတ်၏။
ဟူ၍ ဟောတော်မူအပ်သည် မဟုတ်ပါလော။ ဆက်၍ ဆိုပေဦးအံ့။ ဤရုပ်သုံးခု အပေါင်းသည် အနာရောဂါကင်းခြင်း၏ အကြောင်းတရားစုကြောင့် ဖြစ်သည် မဟုတ်ပါလော။ ထိုစကားသည် မှန်လှစွာ၏။ ထိုရုပ်သုံးခုကို ရုပ်၏ နုန့်နှေးသည်၏ အဖြစ် စသည်ကို ပြုတတ်သော ဓာတ်ချောက်ချားခြင်း၏ ဆန့်ကျင်ဘက်ဖြစ်သော အကြောင်းစုလျှင် ဖြစ်ကြောင်း ရှိသည်၏အဖြစ်ကို ဟောတော်မူအပ်သည် မဟုတ်ပါလော။ ဤကား အမေးစကားရပ်တည်း။
အဖြေစကားကို ငါဆိုပေဦးအံ့။ ကမ္မဇရုပ်တို့ မည်သည်ကား ရေ၌ လောင်းထည့်အပ်ကုန်သော အကြိမ်တစ်ရာမက ချက်အပ်ကုန်သော နှမ်းဆီတို့ကဲ့သို့ နဂိုပကတိအားဖြင့်သာလျှင် ကံအား လျော်စွာ ပေါ့သည်၊ နူးညံ့သည်၊ အမှု၌ ခံ့သည်ဖြစ်၍ ဖြစ်ကုန်၏။ ထို့ကြောင့် ထိုကမ္မဇရုပ် တို့အား အသီးအခြား ပေါ့သည်၏ အဖြစ် အစရှိသော အမူအရာထူး မည်သည် မရှိချေ။ အကြင်သို့ အမူအရာ အထွေအထူး မရှိလေသောကြောင့် ထိုကမ္မဇရုပ်တို့အား တစ်ခုသော အဒ္ဓါပစ္စုပ္ပန်ကိုသာလျှင် ရအပ်၏- ဟု မှတ်အပ်၏။ ထို့ကြောင့်လည်း ယမိုက်ကျမ်းတို့၌လည်း ထိုကမ္မဇရုပ်တို့၏ ကာလ အပြားကို ပဋိသန္ဓေအစ စုတိအဆုံးဖြင့် ပိုင်းခြားအပ်သော အဒ္ဓါပစ္စုပ္ပန်ဖြင့်သာလျှင် ယူတော် မူအပ်၏-ဟု မှတ်အပ်၏။
အကြင်ကြောင့်ကား စိတ်မည်သည်ကား အထူးထူးသော နီဝရဏ အပြားတို့၏ အစွမ်းဖြင့်လည်းကောင်း၊ သုခ ဒုက္ခ ပီတိ ပဿဒ္ဓိ အဒ္ဓါ ပညာ စသည်တို့၏ အစွမ်းအားဖြင့်လည်း ကောင်း၊ အထူးထူးသော ခဏတို့၌ အထူးထူးသော အခိုက်အတန့်နှင့် ယှဉ်၏။ ထို့အတူ ဥတု အာဟာရတို့သည်လည်း လျောက်ပတ်သည် မလျောက်ပတ်သည် စသော အပြား၏ အစွမ်းဖြင့် အထူးထူးသော ခဏတို့၌ အထူးထူးသော အခိုက်အတန့်နှနင့် ယှဉ်ကုန်၏။ ထို့ကြောင့် ထို သုံးပါးကုန်သော စိတ် ဥတု အာဟာရတို့ကြောင့် ဖြစ်ကုန်သော ရုပ်တို့သည်သာလျှင် အထူး ထူးသော ခဏတို့၌ အလေးအပေါ့ စသည်တို့၏ အစွမ်းဖြင့် အထူးထူးသော ဖောက်ပြန်မှုနှင့် ယှဉ်ကုန်၏။
အကြင်သို့ အထူးထူး အထွေထွေ ဖောက်ပြန်မှုနှင့် ယှဉ်ခြင်းကြောင့် ထိုတိသမုဋ္ဌာနိက = အကြောင်းသုံးပါးကြောင့် ဖြစ်သော ရုပ်တို့အား သန္တတိပစ္စုပ္ပန် သမယပစ္စုပ္ပန်တို့၏ အစွမ်းဖြင့် ကာလအပြားကို ရအပ်၏။ ထို့ကြောင့် ယမိုက်ကျမ်းတို့၌လည်း ကမ္မဇတရားစုမှ တစ်ပါးကုန် သော တရားတို့၏ ပဝတ္တိအခါ၌ ခဏသန္တတိ၏ အစွမ်းဖြင့်လည်း ကာလအပြားကို ယူအပ်၏-ဟု မှတ်အပ်၏။
ဆိုလိုရင်း အဓိပ္ပါယ်
ယမိုက်ပါဠိတော်တို့၌ ကမ္မဇ မဟုတ်သော တရားတို့၏ ဥပ္ပါဒကိုလည်းကောင်း၊ နိရောဓကို လည်းကောင်း ဟောသော ဝါရတို့၌သာ ‘‘ပဝတ္တေ စိတ္တဿ ဥပ္ပါဒက္ခေဏ = ပဝတ္တိအခါ စိတ်၏ ဥပ္ပါဒ်ခဏ၌’’ အစရှိသည်ဖြင့် ထိုထိုကာလဘေဒနှင့် တကွ ဥပ္ပါဒ နိရောဓတို့ကို ပြ၍ ဟောတော်မူ သည်ဟု ဆိုလိုသည်။
- ရှေး၌ ပြုအပ်သော အကုသိုလ်မှု၏ ရင့်သန်ခြင်းကြောင့် ဖြစ်ကုန်သော အနာတို့သည် ရှိကြကုန်၏။
ဤသို့ ဟောတော်မူအပ်သည် မဟုတ်ပါလော။ ကံလျှင်ဖြစ်ကြောင်း ရှိသော အနာရုပ် ရှိခဲ့သော် ထိုအနာမှ ထကြောင်းဖြစ်၍ ဖြစ်သော ကံလျှင် အကြောင်းရှိသော လဟုတာ အစရှိသော ဂုဏ်ကို လည်း အသီးအခြား ရသင့်သည် ဖြစ်ရာသည် မဟုတ်ပါလော။ ဤသည်ကား အမေးစကားရပ်တည်း။
ကံကြောင့်ဖြစ်သော လဟုတာ စသော ဂုဏ်ကို မရအပ်ပေ။ မှန်လှစွာ၏။ အကြင် ဥပပီဠကကံ ဥပဃာတကကံတို့၏ အစွမ်းကြောင့် ဤကိုယ်၌ ရှေး၌ပြုအပ်သော အကုသိုလ်မှု၏ ရင့်သန်ခြင်း ကြောင့် ဖြစ်ကုန်သော အနာတို့ ဖြစ်ကြကုန်၏။ ထိုဥပပီဠကကံ ဥပဃာတကကံတို့သည်လည်း ဂတိဝိပ္ပတ္တိ ပယောဂဝိပ္ပတ္တိတို့ကို ရကြကုန်သည် ရှိသော်သာလျှင် ကိုယ်၌တည်သော ဥတုဇ ဖြစ်ကုန်သော ပထဝီစသော ဓာတ်တို့ကိုလည်းကောင်း၊ လေ သည်းခြေ အစရှိကုန်သော ဥတုကြောင့် ဖြစ်ကုန်သော ဓာတ်တို့ကိုလည်းကောင်း ချောက်ချားစေ၍ အထူးထူးသော အနာတို့ကို ဖြစ်စေကြ ကုန်၏။ ဥတုကြောင့် ဖြစ်ကုန်သော ပထဝီဓာတ် စသည် လေဓာတ် စသည်တို့ ချောက်ချား လှုပ်ရှား ထကြွ သောင်းကျန်းကြကုန်သည် ရှိသော်ကား ဤမှ တစ်ပါးကုန်သော ကံကြောင့်ဖြစ်သော ဓာတ်တို့သည် ထိုဥတုကြောင့် ဖြစ်သော ဓာတ်သို့ အစဉ်လိုက်ကြကုန်သည်သာလျှင် ဖြစ်ကြကုန်၏။
မှန်လှစွာ၏။ ထို့ကြောင့်သာလျှင်-
- အအေးကြောင့်လည်း ဖောက်ပြန်တတ်၏။ အပူကြောင့်လည်း ဖောက်ပြန်တတ်၏။ ဆာလောင်ခြင်းကြောင့်လည်း ဖောက်ပြန်တတ်၏။ မွတ်သိပ်ခြင်းကြောင့်လည်း ဖောက်ပြန်တတ်၏။
ဤသို့ အစရှိသည်ဖြင့် ရုပ်တရားတို့၏ ဥတုပြဋ္ဌာန်းသည်သာလျှင် ဖြစ်သော ဖောက်ပြန်ခြင်း၏ အကြောင်းကို ဟောတော်မူအပ်၏။ ထို့ကြောင့် သက်သက် သမ္မသမုဋ္ဌာန်အနာ မည်သည် မရှိချေ။ အကြင် ဥတုနှင့် မဖက် သက်သက်သော ကမ္မသမုဋ္ဌာန်အနာ ရှိခြင်းကြောင့် အကြင် အကြင် ဆိုအပ်ခဲ့ပြီးသော ကံကြောင့်ဖြစ်သော လဟုတာ စသော ဂုဏ်မည်သည်ကို အသီးအခြား ရအပ်သည် ဖြစ်ရာ၏။ ဤသို့ မှတ်အပ်၏။
လိုရင်းအဓိပ္ပါယ်
ကိုယ်၌ရှိသော ဥတုဇဓာတ်တို့၏ လှုပ်ရှားမှုကို လွှတ်၍ ကမ္မဇဓာတ်သက်သက်တို့က အစပြု၍ ဖြစ်ပေါ်လာသော အနာရောဂါဟူ၍ မရှိချေ-ဟု ဆိုလိုသည်။
ကံကြောင့် အနာကင်းပုံကို ဆိုပေအံ့။ အကြင်ကြောင့် အဝိဟိံသာ = သတ္တဝါတို့အား မညှဉ်းဆဲခြင်းနှင့် ယှဉ်သော ကံကြောင့် ဖြစ်ကြကုန်သော သတ္တဝါတို့သည် ဥပဝီဠက အစရှိကုန်သော ထိုကံတို့၏ အလွန် ဝေးသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ကိုယ်အစုတို့၏ တစ်ခဲနက် သိမ်မွေ့စွာ တည်ခြင်း ကြောင့် ချောက်ချားစေခြင်းငှါ ခဲယဉ်းသည်၏ အဖြစ်ကြောင့်လည်းကောင်း ဖြစ်လေရာ ဘဝ၌ အနာကင်းကြကုန်၏။
ထို့ကြောင့် ထိုအနက်ကို ရည်ရွယ်၍-
- အို … လုလင် သတ္တဝါတို့အား မညှဉ်းဆဲခြင်း ဟူသော အကြင် ကံသည် ရှိပေ၏။ ဤကံသည် အနာကင်းခြင်းကို ဖြစ်စေ တတ်သော အကျင့်မည်၏。
ဟူ၍ ဟောတော်မူအပ်၏။ အနာကင်းခြင်းလျှင် အကြောင်းရှိသော လဟုတာ-စသော ရုပ်သုံးခု အပေါင်း၏ ကံအကြောင်းကြောင့် ဖြစ်သည် ၏ အဖြစ်ကြောင့် ဟောတော်မူအပ်သည် မဟုတ်ချေ။ ထို့ကြောင့် ရူပကဏ္ဍ၌ ‘‘နကမ္မဿ ကဋတ္တာ ရူပံ (= ကံမှတစ်ပါးသော အကြောင်းကြောင့် ဖြစ်သော ရုပ်)တို့၌သာလျှင် ထိုလဟုတာ စသော ရုပ်သုံးခု အပေါင်းကို ထုတ်ပြတော်မူအပ်၏-ဟု မှတ်အပ်၏။
[မြန်မာပြန်ဆရာ၏အမှာ- အဋ္ဌသာလိနီ ရူပကဏ္ဍ၌
(၁) ကမ္မဿကဋတ္တာရုပ်၊
(၂) န ကမ္မကဋတ္တာရုပ်ဟု နှစ်မျိုး လာရှိ၏။
(၁) ကံကြောင့်ဖြစ်သော ရုပ်ကို ကမ္မဿကဋတ္တာရုပ်ဟု ခေါ်သည်။
(၂) ကံမှ တစ်ပါးသော အကြောင်းကြောင့်ဖြစ်သော ရုပ်ကို နကမ္မကဋတ္တာရုပ် ခေါ်သည်ဟု မှတ်ပါလေကုန်။ ဤလဟုတာ စသော ရုပ်သုံးခုတို့၏ အပေါင်းသည် ကံကြောင့်မဖြစ်။ စိတ် ဥတု အာဟာရဟူသော အကြောင်း သုံးပါးတို့ကြောင့် ဖြစ်၏-ဟု ဆိုလိုပေသည်။]
စတုဇရုပ်
ရုပ်ကလာပ်တို့မည်သည် တစ်ခုသော ပရမာဏုမြူ၌လည်း များစွာသော အထူးအပြား ရှိကြကုန်သည် ဖြစ်ကြကုန်၍ ဖြစ်ကုန်၏။ ထို့ကြောင့် စတုဇရုပ်ကလာပ်တို့သည် တစ်ခဲနက်၏ အဖြစ်ဖြင့် ဖြစ်ကြကုန်သည်ရှိသော် ကလာပ်တို့၏ အကြား ဖြစ်၍ ဖြစ်သော အာကာသဓာတ်သည်လည်း ထင်သည်သာလျှင်တည်း။ ဤသို့ နှလုံးပြု၍ ထိုအာကာသဓာတ်ကို စတုဇရုပ်တို့၌ ယူခြင်းကို ပြုအပ်၏။
နကုတောစိရုပ်
အလုံးစုံလည်း ဖြစ်ကုန်သော အနိပ္ဖန္နရုပ်တို့သည် တစ်စုံတစ်ခုသော အကြောင်းသည် မပြီးစေအပ် ကုန်သည်သာလျှင် စင်စစ် ဖြစ်ကြပေကုန်၏။ ထိုသို့ပင် ဖြစ်ကြပါကုန် သော်လည်း ထိုအနိပ္ဖန္နရုပ် တို့တွင် လက္ခဏာရုပ်မှ တစ်ပါးသော ရုပ်တို့သည် စိတ်အစရှိကုန်သော အကြောင်းတို့၏ အထူး ကြောင့် ထင်မြင် အပ်သော အထူးရှိသော ရုပ်တို့ ဖြစ်ကြကုန်သကဲ့သို့ ထို့အတူ လက္ခဏ ရုပ်တို့သည် စိတ်အစရှိကုန်သော အကြောင်းတို့၏ အထူးကြောင့် ထင်မြင်အပ်သော ရုပ်တို့ မဖြစ်ကြကုန်။ ထို့ကြောင့် ‘‘လက္ခဏရူပါနိ နကုတောစိ ဇာယန္တိ = လက္ခဏရုပ် လေးခုတို့တွင် တစ်စုံတစ်ခုသော အကြောင်းတို့ကြောင့် မဖြစ်ကြကုန်’’ ဟူ၍ မိန့်ဆိုအပ်ပေ၏။
သင်္ဂဟဂါထာ အဖွင့်
- ဇာယမာနာဒိရူပါနံ- ဟူသည်ကား ဖြစ်ဆဲ ရင့်ဆဲ သေဆဲ ဖြစ်ကုန်သော ရုပ်ကလာပ်တို့၏၊
- သတာဝတ္တာ- ဟူသည်ကား ဖြစ်ခြင်း ရင့်ခြင်း သေခြင်းဟု ဆိုအပ်သော လက္ခဏာ သဘောမျှသာ ဖြစ်သည်၏ အဖြစ်ကြောင့်။
ဆက်၍ ဆိုဦးအံ့။ ဤအရာ၌ ရူပကဏ္ဍ၌ ဥတုသမုဋ္ဌာနံ = ဥတုလျှင် ဖြစ်ကြောင်းရှိ၏ ဟူ၍လည်း ကောင်း၊ အာဟာရသမုဋ္ဌာနံ = အာဟာရလျှင် ဖြစ်ကြောင်းရှိ၏ ဟူ၍လည်းကောင်း ဟောတော်မူ အပ်သော စကားသည် မရှိချေ။ ပဋ္ဌာန်းကျမ်း၌သာလျှင် ဟောတော်မူအပ်၏။
ဤအရာ၌ စောဒနာဖွယ် ဖြစ်ပေရာ၏။ ဇရတာရုပ် အနိစ္စတာရုပ်တို့ကို ဓမ္မသင်္ဂဏီပါဠိတော်၌ပင်လျှင် တစ်စုံတစ်ခုသော အကြောင်းကြောင့် မဖြစ်သောရုပ်တို့ဟူ၍ ဟောတော်မူအပ်ကုန်၏။ ထို့ကြောင့် ဤသင်္ဂြိုဟ်ကျမ်း၌လည်း ထိုဇရတာရုပ် အနိစ္စတာရုပ်တို့ကို တစ်စုံတစ်ခုသော အကြောင်းကြောင့် မဖြစ်သော (နကုတောစိ သမုဋ္ဌာန) ရုပ်တို့၌ ယူခြင်းသည် သင့်မြတ်လျော်ကန်လှပေပြီ။ ဥပစယရုပ် သန္တတိရုပ်တို့ကိုကား ဓမ္မသင်္ဂဏီပါဠိတော်၌လည်း တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်သော (ကုတောစိ သမုဋ္ဌာန) ရုပ်တို့၌သာလျှင် ဟောတော် မူအပ်ကုန်၏။
အဋ္ဌကထာ၌လည်း ထိုဥပစယရုပ် သန္တတိရုပ်တို့နှင့်တကွ နှစ်ဆယ်သော ကမ္မဇရုပ်တို့ကိုလည်းကောင်း၊ တစ်ဆယ့်ခုနစ်ပါးကုန်သော စိတ္တဇရုပ်တို့ကိုလည်းကောင်း၊ တစ်ဆယ့်လေးပါးသော ဥတုဇရုပ်တို့ကို လည်းကောင်း၊ တစ်ဆယ့် သုံးပါးကုန်သော အာဟာရဇရုပ်တို့ကိုလည်းကောင်း မိန့်ဆိုအပ်ကုန်၏။ ထို့ကြောင့် ဤသင်္ဂြိုဟ်ကျမ်း ၌ ထိုဥပစယရုပ် သန္တတိရုပ်တို့၏ နကုတေစိ သမုဋ္ဌာနတာ = တစ်စုံတစ်ခုသော အကြောင်းကြောင့် မဖြစ်သော ရုပ်တို့၏အဖြစ်ကို မဆိုသင့် မဆိုထိုက်ချေ။ ဤသို့သော စောဒနာဖွယ်သည် ဖြစ်ပေရာ၏။
အဖြေစကားရပ်ကို ငါဆိုပေအံ့။ ရုပ်ကို ဖြစ်စေတတ်ကုန်သော အကြောင်းတို့၏ ဖြစ်စေခြင်း ဗျာပါရမည်သည် မိမိသည် ဖြစ်စေအပ်သော ရုပ်တို့၏ ဥပဒ်ခဏ၌သာလျှင် ပျံ့နှံ့နိုင်၏။ ထိုဥပဒ်ခဏမှ နောက်ဖြစ်သော ဌီခဏ ဘင်ခဏ၌ မပျံ့မနှံ့နိုင်။ ထို့ကြောင့် ထိုဥပဒ် ခဏ၌ ရအပ်ကုန်သော ဥပစယရုပ် သန္တတိရုပ်တို့သည်သာလျှင် တစ်စုံတစ်ခုသော အကြောင်းကြောင့် ဖြစ်၏ဟူသော ပရိယာယ်ကို (ဆိုခြင်းငှါ) ထိုက်ကုန်၏။ ဇရတာရုပ် အနိစ္စတာရုပ်တို့သည် မထိုက်ကြကုန်။ ဤသို့ နှလုံးပြု၍ ပါဠိတော်၌လည်းကောင်း၊ အဋ္ဌကထာ၌လည်းကောင်း၊ ထိုဥပစယရုပ် သန္တတိရုပ်တို့ကိုသာလျှင် ကုတောစိ သမုဋ္ဌာန = တစ်စုံ တစ်ခုသော အကြောင်း ကြောင့်ဖြစ်သော ရုပ်တို့၌ ယူခြင်းကို ပြုအပ်၏။
တစ်နည်းသော်ကား ရှေး၌ မဖြစ်ကုန်သေးသော တရားတို့သည် အကြောင်းပစ္စည်း ရှိလတ်သော် ဖြစ်ကြကုန်၏။ မရှိလတ်သော် မဖြစ်ကြကုန်။ ဤသို့သော သဘောသည် ထင်ရှားရှိ၏။ ဖြစ်ပြီးသော တရားတို့သည်ကား အကြောင်းရှိလတ်သော် ရင့်ရော်ကြကုန်၏။ သေကြရကုန်၏။ မရှိလတ်သော် မရင့်ရော်ကြကုန်။ မသေကြရကုန်။ ဤသို့သော သဘောသည် မရှိချေ။ ထို့ကြောင့် ရှေး၌ ဖြစ်ကုန်သော နှစ်ပါး ကုန်သော ရုပ်တို့၏ဖြစ်ခြင်းသည် စင်စစ်အားဖြင့် အကြောင်းနှင့် စပ်သည်သာ လျှင်တည်း။ နောက်၌ ဖြစ်ကုန်သော နှစ်ပါးကုန်သော ရုပ်တို့၏ ဖြစ်ခြင်းသည်ကား စင်စစ်အားဖြင့် အကြောင်းကို ငဲ့ခြင်း ကင်း၏။ ဤသို့သော ပရိယာယ်ဖြင့် ထိုဥပစယရုပ် သန္တတိရုပ် နှစ်ပါး၊ ဇရတာရုပ် အနိစ္စတာရုပ် နှစ်ပါးတို့ကို ထိုကုတောစိ သမုဋ္ဌာန်တရား တို့၌ ယူခြင်းကိုလည်းကောင်း၊ မယူခြင်းကိုလည်းကောင်း သိအပ်၏။
သုတ်ပုဒ်တို့၌-
- ရဟန်းတို့- ဇရာ မရဏသည် (တစ်နည်း) ဇရာ မရဏကို မမြဲချေ။ အကြောင်းတရားတို့သည် ကောင်းစွာ ပြုပြင် စီမံအပ်၏။ အကြောင်းကို စွဲ၍ ဖြစ်၏။
ဟူသော အကြင်စကားတော်ကို မိန့်တော်မူအပ်၏။ ထိုစကားကို ဇာတိ ဖြစ်သော်သာလျှင် ထိုဇရာ မရဏ နှစ်ပါးသည် ထင်၏။ မဖြစ်ခဲ့သော် မထင်နိုင်ပေ။ ဤသို့သော ပရိယာယ်ဖြင့် ဟောတော် မူအပ်၏-ဟု သိအပ်၏။
ဤသင်္ဂြိုဟ်ကျမ်း၌ကား ရှေး၌ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ဤ လက္ခဏရုပ်မှ တစ်ပါးသော အနိပ္ဖန္နရုပ်တို့ကဲ့သို့ လေးပါးကုန်သော ဤလက္ခဏရုပ်တို့သည် စိတ်အစရှိသော အကြောင်းတို့၏ အထူးကြောင့် ထင်မြင်သော အထူးရှိကုန်သည် မဖြစ်ကုန်။ ထို့ကြောင့် လေးပါးကုန်သော လက္ခဏရုပ်တို့၏လည်း တစ်စုံတစ်ခုသော အကြောင်းကြောင့် မဖြစ်ကုန်သည်၏ အဖြစ်ကို မိန့်ဆို အပ်၏။
ဤသို့ပင် ဖြစ်ပါသော်လည်း အလွန် ကောင်းမြတ်သော ပါဠိတော်နည်းကို လွန်၍ ပြေးသကဲ့သို့ ဖြစ်ပေ၏။ ထို့ကြောင့် ဥပစယရုပ် သန္တတိရုပ်တို့၏ တစ်စုံတစ်ခုသော အကြောင်းကြောင့် ဖြစ်သော (ကုတောစိ သမုဋ္ဌာန) ရုပ်တို့၌ ပေါင်းရုံးခြင်းသည်သာလျှင် ကောင်းမြတ်၏။ ဤသို့ သိအပ်၏။
ရူပသမုဋ္ဌာန နည်းသည် ပြီးပြီ။
ရူပကလာပ အဖွင့်
ထိုရုပ်တို့အား တစ်ခုတည်းသာလျှင် ဖြစ်သော ဇာတိဟု ဆိုအပ်သော ဖြစ်ခြင်း ရှိသောကြောင့် ဥပ္ပါဒတို့ မည်ကုန်၏။ ထိုရုပ်တို့အား တစ်ခုတည်းသာလျှင် ဖြစ်သော အနိစ္စဟု ဆိုအပ်သော ချုပ်ဆုံးခြင်း ရှိသောကြောင့် ဧကနိရောဓတို့ မည်ကုန်၏။ ဆက်၍ ဆိုဦးအံ့။ ဤ အရာ၌ ဧကသဒ္ဒါ သည် သင်္ချာအနက်၌ ဖြစ်၏။ ထို့ကြောင့် ထိုဧကသဒ္ဒါဖြင့် အကြင်ရုပ်တို့သည် တစ်ခုသော ဇာတိဖြင့်သာလျှင် ဖြစ်ကြကုန်၏။ တစ်ခုသော ချုပ်ခြင်းဖြင့်သာလျှင် ချုပ်ကြကုန်၏။ ထိုရုပ်တို့၏ အပေါင်းအစည်း အစိုင်အခဲသည် ဤအရာ၌ ရူပကလာပ မည်၏။ ဤသို့ ဟောပြတော်မူ၏။
အကြင်ဆရာတို့သည်ကား တစ်ခုသော ရုပ်ကလာပ်၌ တည်သော ရုပ်အရေအတွက်အားဖြင့် တစ်ခု သော ရုပ်ကလာပ်၌လည်း များစွာကုန်သော ဇာတိ အစရှိသည်တို့ကို ကြံဖန်ကြကုန်၏။ ထိုဆရာတို့၏ အကြံသည် မူလဋီကာနှင့် မညီညွတ်ချေ။ ယုတ္တိသည်လည်း မရှိချေ။
မှန်လှစွာ၏။ ထိုမူလဋီကာ၌-
- တစ်ခု တစ်ခုသော ရုပ်ကလာပ်၌ အကျုံးဝင်ကုန်သော ရုပ်တို့၏ တကွသာလျှင် ဥပဒ်မှု စသည်တို့၏ ဖြစ်ခြင်းကြောင့် တစ်ခု တစ်ခုသော ရုပ်ကလာပ်၏ ဥပဒ် အစရှိသည်တို့သည် တစ်ခုစီ တစ်ခုစီ တို့သည်သာလျှင် ဖြစ်ကြကုန်၏။ ထို့ကြောင့် တစ်ခုစီ တစ်ခုစီသော ရုပ်ကလာပ်၏ ဇီဝိတိန္ဒြေကို ကလာပ် တစ်ခုလုံးကို အစဉ်စောင့်ပေးသော ဥပါဒါရုပ် ဟူ၍ ဆိုအပ် သကဲ့သို့ ထို့အတူ ကလာပ်၏ ဥပဒ်ခြင်း စသည် သဘောဖြစ်ကုန်သော ဇာတိ အစရှိသည်တို့ကို ဥပါဒါရုပ်တို့ ဟူ၍သာလျှင် ဆိုအပ်ကုန်၏။ ဤနည်းအတူ ဝိကာရရုပ် ပရိစ္ဆေဒရုပ် တို့ကိုလည်း ယှဉ်စေအပ်ကုန်၏။
ဟူ၍ မိန့်ဆိုအပ်ပေပြီ။ ဆက်၍ ဆိုပေဦးအံ့-
- အဖန်တလဲလဲ ဖြစ်သော တစ်ဆယ့်တစ်ပါးသော ရုပ် အာယတနတို့၏ အကြင် ရှေးဦးစွာဖြစ်ခြင်း ဥပဒ်သည် ဖြစ်၏။ ထိုရှေးဦးစွာ ဖြစ်ခြင်း ဥပဒ်သည် စက္ခုဒသက စသောရုပ်၏ ပွားစီးခြင်း ဥပဒ်သည် ဖြစ်ပေ၏။
ဟူ၍လည်းကောင်း-
- စက္ခုဒသက စသော ရုပ်၏ အကြင်အထက်အထက်၌ ပွားစီးခြင်းသည်ဖြစ်၏။ ထိုအထက်အထက်၌ ပွားစီးခြင်း ဖြစ်ခြင်းသည် စက္ခုဒသက စသော ရုပ်၏ဖြစ်စဉ် ဥပါဒ်သည် ဖြစ်ပေ၏။
ဟူ၍လည်းကောင်း ပါဠိတော်၌ ဟောတော်မူအပ်သည်၏ အဖြစ်ကြောင့် ဇာတိ အစရှိကုန်သော ထိုလက္ခဏရုပ်တို့သည် အသီးအသီး အစိတ်အစိတ်သော ရုပ်တို့၏သာလျှင် လက္ခဏာတို့ ဖြစ်ကြကုန်၏။ အပေါင်း၏ (ရုပ်ကလာပ်၏) လက္ခဏာတို့ မဖြစ်ကြကုန်၏။ ဤသို့ အကယ်၍ ဆိုကုန်ငြားအံ့။
- လေးပါးကုန်သော မဟာဘုတ်တို့ကို စွဲမှီ၍ မဟာဘုတ်တို့ကို ကြည်လင်စေတတ်၏။
- ဖောက်ပြန်မှုသဘော ရှိကုန်သော ထိုရုပ်တရားတို့၏ အကြင် အသက်သည် ဖြစ်ပေ၏။
ဤသို့ စသည်ဖြင့် ဟောတော်မူအပ်သည်၏ အဖြစ်ကြောင့် စက္ခု စသည် ဇီဝိတ စသည်တို့သည်လည်း တစ်ခုသော ကလာပ်၌ များကုန်သည် သာလျှင် ဖြစ်ခဲ့လေကုန်ရာ၏။ ထို့ကြောင့် ထိုအခြင်းအရာဖြင့် ကြံဖန်ခြင်းကို မပြုမူ၍ တစ်ခုသော ကလာပ်၌ တစ်ပါးကုန်သော ဥပါဒါရုပ်တို့ကဲ့သို့ လက္ခဏရုပ်တို့သည်လည်း တစ်ခု တစ်ခုစီတို့သာတည်း။ ဤသို့ ဆုံးဖြတ်ခြင်းသို့ ရောက်အပ်၏-ဟု သိအပ်၏။
ထိုရုပ်တို့အား မဟာဘုတ်ဟု ဆိုအပ်သော တူသော မှီရာရှိသောကြောင့် ဧကနိဿယ မည်ကုန်၏။ ဤအရာ၌ ဧကသဒ္ဒါသည် သမာန = အတူဟူသော အနက်၌ သင့်လျော်၏။ အဘယ်ကြောင့်နည်း ဟူမူကား- လေးပါးကုန်သော မဟာဘုတ်တို့၌ မှီရာ၏အဖြစ် ဖြစ်သင့်လေသောကြောင့်ပေတည်း။ အကြင်ရုပ်တို့သည်လည်း ဧကုပ္ပါဒ အစရှိကုန်သော သုံးပါးကုန်သော လက္ခဏာတို့နှင့် ယှဉ်ကုန်၏။ ထိုရုပ်တို့သည် စင်စစ်အားဖြင့် တကွ ဖြစ်ခြင်းရှိသည် မည်ကုန်၏။ ထို့ကြောင့် သဟဝုတ္တိနော = တကွဖြစ်ခြင်း ရှိကုန်၏-ဟူ၍ မိန့်ဆိုအပ်ပေ၏။
ထိုရုပ်အပေါင်းအား ဆယ်ခုကုန်သော အတိုင်းအရှည် အရေအတွက်တို့ ရှိကုန်သောကြောင့် ဒသက မည်၏။ တစ်နည်းကား ဆယ်ခုတို့၏ အပေါင်းဖြစ်သောကြောင့် ဒသက မည်၏။
စက္ခုပသာဒဖြင့် မှတ်အပ်သော ဆယ်ခုတို့၏ အပေါင်းဖြစ်သောကြောင့် စက္ခုဒသက မည်၏။ တစ်နည်းကား- စက္ခုပသာဒ ပြဋ္ဌာန်းသော ဆယ်ခုတို့၏ အပေါင်းဖြစ်သောကြောင့် စက္ခုဒသက မည်၏။ ကြွင်းသော ကလာပ်တို့၌လည်း ဤနည်းအတိုင်းပင်တည်း။
အကြင့်ကြောင့်ကား စိတ်ကြောင့်ဖြစ်သော အသံရုပ်သည် ဝိညတ် ဟူသော ဝိကာရနှင့်ကင်း၍ မဖြစ်နိုင်။ ဝိညတ်ဟူသော ဝိကာရသည်လည်း ထိုစိတ္တဇသဒ္ဒနှင့် ကင်း၍ မဖြစ်နိုင်။ ထို့ကြောင့် စိတ္တဇဖြစ်သော သဒ္ဒနဝက ကလာပ်သည်လည်းကောင်း၊ ဝစီဝိညတ္တိနဝက ကလာပ်သည် လည်းကောင်း မဖြစ်သင့်ပေ။ ဤသို့သော အဓိပ္ပါယ်ဖြင့် ‘‘ဝစီဝိညတ္တိ သဒ္ဒေဟိ စ သဟ ဝစီဝိညတ္တိဒသကံ’’ ဟူ၍ မိန့်ဆိုအပ်ပေ၏။
ဤအရာ၌ကား ရှေးဦးစွာ ဝိညတ္တိဟူသော ဝိကာရသည် သဒ္ဒရုပ်နှင့် ကင်း၍ မဖြစ်ချေ။ ဤစကား သည် ရှေးဦးစွာ သင့်တော် လျော်ကန်လှစွာ၏။ မှန်လှစွာ၏။
- ထိုသဒ္ဒဝါစာဖြင့် အကြင် သိစေခြင်းသည် အကြင် သိစေသော အခြင်းအရာသည် အကြင် သိစေ တတ်သည်၏ အဖြစ်သည် ရှိသည် ဖြစ်၏။ ဤသို့ သဘောရှိသော ထိုရုပ်သည် ဝစီဝိညတ် မည်၏။
ဟူ၍ ဟောတော်မူအပ်ပေပြီ။
ဝိညတ္တိဟူသော ဝိကာရမှ ကင်းသော စိတ္တဇဖြစ်သော သဒ္ဒနဝက ကလာပ်သည်ကား အဋ္ဌကထာတို့၌ လာသည်သာလျှင်တည်း။ အဘယ်သို့ ဆိုသနည်း ဟူမူကား- ပဋိစ္စသမုပ္ပါဒ်ကို ဖွင့်ပြသော အဋ္ဌကထာတို့၌-
- ပဋိသန္ဓေအခါမှ အထက်၌ဖြစ်သော ဥတုကြောင့်လည်းကောင်း၊ စိတ်ကြောင့်လည်းကောင်း သဒ္ဒနဝကကလာပ်ရုပ်သည် ထင်ရှား ဖြစ်၏။
ဟူ၍ မိန့်ဆိုတော်မူ၏။ မဟာအဋ္ဌကထာနည်းဖြင့် ဝိညတ်မှ ကင်းသော ဝိတက္ကဝိပ္ဖါရသဒ္ဒ အမည်ရှိသော သောတဝိညာဉ်ဖြင့် မသိအပ်သော စိတ်ကြောင့် ဖြစ်သည့် အသံကို ရအပ်၏။ ထိုဝိညတ်ကင်းသော စိတ္တဇသဒ္ဒကိုကား အရှင်ဗုဒ္ဓဃောသဆရာသည် တားမြစ်အပ်၏။
အဋ္ဌကထာဆရာ အဘယ်သို့ တားမြစ် မိန့်ဆိုတော်မူသနည်း။
- ပဋ္ဌာန်းပါဠိတော်၌လည်း ‘‘စိတ်ကြောင့်ဖြစ်သော သဒ္ဒါယတနသည် သောတဝိညာဏ်အား အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏’’ ဟူ၍ လာရှိပေ၏။ ထို့ကြောင့် ဝိညတ်ကြောင့် ဖြစ်သော ထိခိုက်ခြင်းနှင့် ကင်း၍ဖြစ်သော သောတဝိညာဉ်ဖြင့် မသိအပ် မသိနိုင်သော ဝိတက္ကဝိပ္ဖါရသဒ္ဒ (= ကြံစည်သော ပုဂ္ဂိုလ်၏ ဝိတက်ကြောင့် အလွန် သိမ်မွေ့စွာဖြစ်သော အသံ) မည်သည် မရှိချေ။
ဟူ၍ မိန့်ဆိုတော်မူ၏။
ဝိသုဒ္ဓိမဂ်၌ ထွက်သက် ဝင်သက်၌ စိတ်ကြောင့် ဖြစ်သော သဒ္ဒနဝကရုပ်ကို မိန့်ဆိုအပ်ပေ၏။ အဋ္ဌကထာဆရာ အဘယ်သို့ မိန့်ဆိုတော်မူသနည်း-
- စိတ်ကြောင့်ဖြစ်သော ထွက်လေ ဝင်လေ အစု၌လည်း သြဇဋ္ဌမက = အဋ္ဌကလာပ်ရုပ် ရှစ်ခုလည်းကောင်း၊ သဒ္ဒရုပ်လည်းကောင်း ဤသို့ ရုပ်ကိုးခု = နဝကကလာပ် ဖြစ်ပေ၏။
ဟူ၍ မိန့်ဆိုတော်မူ၏။ သဒ္ဒနဝကကလာပ်သည်လည်း လာသည်ရှိသော် သဒ္ဒလဟုတာဒိဒွါသက ကလာပ်သည်လည်း လာတော့သည်သာလျှင် ဖြစ်ပေ၏။ ထို့ကြောင့်-
၁။ သုဒ္ဓဋ္ဌကကလာပ်၊
၂။ သဒ္ဒနဝကကလာပ်၊
၃။ ကာယဝိညတ္တိနဝကကလာပ်၊
၄။ ဝစီဝိညတ္တိဒသကကလာပ်၊
၅။ လဟုတာဧကာဒသကကလာပ်၊
၆။ သဒ္ဒလဟုတာဒိဒွါဒသကကလာပ်၊
၇။ ကာယဝိညတ္တိလဟုတာဒိဒွါဒသကကလာပ်၊
၈။ ဝစိညတ္တိသဒ္ဒလဟုတာဒိတေရသကကလာပ်၊
ဤသို့ ရှစ်ခုကုန်သော စိတ္တဇကလာပ်တို့ကို ယုံကြည်လေးမြတ် သိမှတ်အပ်ကုန်၏-ဟု သိအပ်၏။ သစ္စသံခိပ်ကျမ်း၌ကား သဒ္ဒလဟုတာဒိဒွါဒသကလာပ်ကို အသီးအခြား မယူမူ၍ စိတ္တဇကလာပ်တို့ကို ခုနစ်ပါး တို့ကိုသာလျှင် မိန့်ဆိုအပ်ကုန်၏။
ထိုသစ္စသံခိပ်ကျမ်း၏ ဋီကာနှစ်စောင်တို့တွင် ဋီကာဟောင်း၌-
- မဟာအဋ္ဌကထာနည်းဖြင့် ဝိညတ်ကင်းသော သောတဝိညာဉ်ဖြင့် မသိအပ် မသိနိုင်သော ဝိတက္ကဝိပ္ဖါရ = ကြံစည်သော ပုဂ္ဂိုလ်၏ ဝိတက်ကြောင့် အလွန် သိမ်မွေ့စွာဖြစ်သော အသံ၌ သဒ္ဒနဝက ကလာပ်ကို ပြပြီး၍ တစ်ဖန် ဝါဒတစ်ပါးကို ပြပြန်သည်ရှိသော် ‘‘နည်းတစ်ပါးကို ဆိုဦးအံ့။ များစွာသော လူအစုအဝေး အရပ်ဌာနမှ မထင်မရှား မကွဲမပြားသော အက္ခရာပုဒ် ဗျည်း အနက်သည် စိတ်ကြောင့်ဖြစ်သော အသံသည် အဝိညတ္တိကသည်သာလျှင်တည်း။ (= သူတစ်ပါးကို သိစေ တတ်သော သဘောမရှိ သည်သာလျှင်တည်း၊) ဤသို့ ဆိုကြကုန်၏။ ထို့အတူ သား သမင် ကျေးငှက် တို့၏ အချင်းချင်း ပြောသော အသံသည် လည်းကောင်း၊ ဘာသာစကားကို မသိနိုင် နားမလည် နိုင်ကုန်သော အန္ဓတိုင်းသား ဒမိဠတိုင်းသားတို့၏ (= ဘာသာကွဲပြား စကားမတူသော လူမျိုးခြား တို့၏) စကားသံသည်လည်းကောင်း၊ အဝိညတ္တိကဖြစ်သော (= သူတစ်ပါးကို သိစေတတ်သော သဘောမရှိသော) စိတ်ကြောင့် ဖြစ်သော အသံသည် ရှိ၏။
ဟူ၍ မိန့်ဆိုပေ၏။
ထိုဋီကာဟောင်း စကား၌ သူတစ်ပါးကို သိစေတတ်သော ဝိညတ်မှ ကင်းသော သောတဝိညာဉ်ဖြင့် မသိအပ် မသိနိုင်သော ဝိတက္ကဝိပ္ဖါရ အသံကို အဋ္ဌသာလိနီ၌ ပယ်အပ်ပေပြီ။ များစွာသော လူအစုအဝေး၏ စိတ်ကြောင့် ဖြစ်သော အုတ်အုတ်ကျက်ကျက် အသံသည်လည်း အနီး၌ တည်ကုန်သော သူတို့အား ထင်ရှားသော ပုဒ်အက္ခရာ သဒ္ဒါ၏ ဝါကျအနက်ရှိသော ဝိညတ်နှင့်တကွ သာလျှင် ဖြစ်၏။ ဤသို့ မယူခဲ့သည် ရှိသော် အလုံးစုံလည်း ဖြစ်ကုန်သော စိတ္တဇသဒ္ဒါတို့သည် အလွန်ဝေးရာ အရပ်၌ တည်ကုန်သော သူတို့အား မထင်ရှားသော ပုဒ် ဝါကျ ရှိကုန်သည်သာလျှင် ဖြစ်ကုန်၏။ ထို့ကြောင့် အလုံးစုံကုန်သော စိတ္တဇသဒ္ဒတို့သည်လည်း ဝိညတ် ကင်းကုန်သည် ဖြစ်ကုန်ရာ၏။ ဤသို့ သားငှက် စသည်တို့၏ စိတ္တဇဖြစ်သော သဒ္ဒသည် ဝိညတ် ကင်းသည်လည်း မဖြစ်ချေ။ အဘယ်ကြောင့်နည်း ဟူမူကား- တူသောဇာတ် ရှိကုန်သော တစ်ပါးသော သားငှက် စသည်တို့၏ အလိုအနက်ကို သိစေတတ်သည်၏ အဖြစ်ကြောင့်တည်း။ ဤသို့ မှတ်အပ်၏။
ထိုသစ္စသံခိပ်ကျမ်း၏ ဋီကာသစ် ၌ကား-
- ဤအရာ၌ကား လက်ဖျစ်တီးသော အသံ လက်ခုပ်တီးသော အသံ စသည့် အသံနှင့်တကွ ဖြစ်သော အဋ္ဌကလာပ်သည်သာလျှင် သဒ္ဒနဝက ကလာပ်သည် သင့်တော် လျော်ကန်၏။
ဟူ၍ မိန့်ဆိုပေ၏။ ထိုစကားသည်လည်း မသင့်တော် မလျော်ကန်ချေ။ မှန်လှစွာ၏။ ထိုသို့ သဘောရှိသော လက်ဖျစ်တီးသော အသံ လက်ခုပ် တီးသော အသံ လက်ပမ်းပေါက်ခတ်သော အသံ အစရှိသည်သည် စိတ်လျှင် အကြောင်းရင်းရှိသော ဥတုဇအသံ သာလျှင်တည်း။ ထို့ကြောင့် ဝိသုဒ္ဓိမဂ်၌ ဆိုအပ်ခဲ့ပြိးသော နည်းဖြင့် ထွက်သက် ဝင်သက်၌လည်းကောင်း၊ ဝစီဃောသ = နှုတ်မှပြောဆိုသော အသံ မဟုတ်ကုန်သော တစ်ရံတစ်ခါ၌ စိတ်နှင့်တကွ ဖြစ်ကုန်သော ချောင်းဆိုးသံ ချေဆတ်သံ ပျို့သံ အံသံ စသည်တို့၌ လည်းကောင်း ထို သဒ္ဒနဝကကလာပ်ကို သိအပ်၏- ဟု မှတ်အပ်၏။
[မြန်မာပြန်ဆရာ၏မှတ်ချက် - အက္ခရာ ပုဒ် ဗျည်း မထင်သော ငိုသံ ညည်းညူသံ စသည်ကို အာဒိသဒ္ဒါဖြင့် ယူပါလေ။]
အဇ္ဈတ္တိ ဗဟိဒ္ဓ ကလာပ်ခွဲပုံ
ဥတုဇကလာပ်တို့တွင် နှစ်ပါးလည်း ဖြစ်ကုန်သော နောက်၌ဖြစ်ကုန်သော ရုပ်ကလာပ်တို့ကို အဘယ်ကြောင့် ဗဟိဒ္ဓသန္တာန်၌ မရအပ်ကုန်သနည်း။ ဗဟိဒ္ဓသန္တာန်၌လည်း ရုပ်တို့၏ ပေါ့သည်၏အဖြစ် လေးသည်၏ အဖြစ် နူးညံ့သည်၏ အဖြစ် ကြမ်းတမ်းသည်၏ အဖြစ် အမှု၌ ကောင်းသည်၏ အဖြစ် မကောင်းသည်၏ အဖြစ်တို့သည် ထင်ကုန်သည် မဟုတ်ပါလော။ ဤသည်ကား အမေးတည်း။
မှန်လှစွာ၏။ ထိုသို့ပင် မှန်ပါသော်လည်း ထိုပေါ့သည်၏ အဖြစ် စသည်တို့သည် ထိုထိုမဟာဘုတ် တို့၏ ယုတ်သည် ညံ့သည်၏ အဖြစ် လွန်သည် ထက်သည်၏ အဖြစ်၏ အစွမ်းဖြင့် ဖြစ်ကြကုန်၏။ လဟုတာ စသော သုံးခုအပေါင်းတို့၏ အစွမ်းဖြင့် ဖြစ်ကား မဖြစ်ကြကုန်- ဤသို့ မှတ်အပ်၏။
သင်္ဂဟဂါထာ အဖွင့်
အဘယ်ကြောင့်လျှင် အာကာသဓာတ်ကို လည်းကောင်း၊ လက္ခဏရုပ် တို့ကို လည်းကောင်း ရုပ်ကလာပ်တို့ မယူအပ်ကုန်သနည်း။ ဤသို့ မေးရန်ရှိသောကြောင့် ‘‘ကလာပါနံ’’ ဤသို့ အစ ရှိသည်ကို မိန့်ဆိုအပ်ပေ၏။
အာကာသဓာတ်သည် ရုပ်ကလာပ်တို့၏ အပိုင်းအခြားမျှ ဖြစ်လေ သောကြောင့် အချို့သော ရုပ်ကလာပ်၏ အင်္ဂါအစိတ်အပိုင်း၏ အဖြစ် မဖြစ်တော့ချေ။
လက္ခဏရုပ်တို့သည်လည်း အလုံးစုံလည်း ဖြစ်ကုန်သော ကလာပ်တို့၏ ဥပဒ်ခြင်း အစရှိသော လက္ခဏာမျှ ဖြစ်လေသောကြောင့် ဝိကာရရုပ်တို့ကဲ့သို့ ရုပ်ကလာပ်တို့၏ အပြားကို ပြုတတ် ကုန် သော အကြောင်းဖြစ်၍ ဖြစ်ကုန်သည် ကလာပ်အထူး ပညတ်ခြင်း၏ အကြောင်း ဖြစ်၍ ဖြစ်ကုန် သည် မဖြစ်ကြကုန်။
ထို့ကြောင့် ထိုအာကာသဓာတ် လက္ခဏရုပ်တို့ကို ထိုကလာပ်တို့၌ မယူအပ်ကုန်။ ဤသို့ ပြ၏။ ထိုစကားဖြင့် ဧကုပ္ပါဒ = တစ်ခုတည်းသာလျှင် ဖြစ်သော ဖြစ်ခြင်း- ဤသို့ စသည်ဖြင့် ရှေး၌ဆိုအပ်ခဲ့ပြီးသော အမှတ်အသားသည် နိပ္ဖန္နရုပ်တို့အားသာလျှင် ဖြစ်၏။ အနိပ္ဖန္နရုပ်တို့အား မဖြစ်ချေ။
ဆက်၍ ဆိုဦးအံ့။ ထိုအနိပ္ဖန္နရုပ်တို့အား ကလာပ်ကို အထူးအပြား ဖြစ်အောင် ပြုခြင်းသည်သာလျှင် ကလာပ်ဖွဲ့စည်းခြင်း၏ အကြောင်း အင်္ဂါဖြစ်၏။ ဤသို့လည်း ပြ၏။ ထို့ကြောင့် ဧကနိရောဓ (= တစ်ခုတည်းသာလျှင် ဖြစ်သော ချုပ်ခြင်း) အင်္ဂါမှ ကင်းသည်လည်း ဖြစ်သော ဝိညတ်ဒွေ၏ ကလာပ် ၏ အထူးအပြား ဖြစ်အောင် ပြုတတ် လေသောကြောင့်သာလျှင် ထိုကလာပ်တို့၌ ယူခြင်းသည် ကောင်းစွာ ပြည့်စုံ၏။ ဤသို့ သိအပ်၏။
ကလာပယောဇနာသည် ပြီးပြီ။
ရူပပဝတ္တိက္ကမ အဖွင့်
- ယထာရဟံ- ဟူသည်ကား ဘာဝရှိသော သတ္တဝါ (ဣတ္ထိဘာဝရုပ်ရှိသော သတ္တဝါ ပုမ္ဘာဝရုပ်ရှိသော သတ္တဝါ) ဘာဝမရှိသော သတ္တဝါ (ဘာဝရုပ် နှစ်စုံမရှိသော သတ္တဝါ) တို့အားလည်းကောင်း၊ ပြည့်စုံသော ဣန္ဒြေမရှိသော သတ္တဝါတို့ အားလည်းကောင်း ထိုက်သည် အားလျော်သောအားဖြင့်၊
- အနုနာနိ- ဟူသည်ကား ပြည့်စုံကုန်သည် ဖြစ်၍၊
မှန်လှစွာ၏။ ဤမည်သော ရုပ်ကို ကာမလောက၌ ပဝတ္တိအခါ၌ မရအပ်။ ဤသို့သော ဆိုဖွယ်သည် မရှိချေ-ဟူ၍ သိအပ်၏။
၂၁၁။ ဋီကာကျော် (နှာ- ၂၁၂)၌ကား-
ယထာရဟံ- ဟူသည်ကား ဘောရှိသော သတ္တဝါ ပြည့်စုံသော အာယတနရှိသော သတ္တဝါတို့အား လျှောက်ပတ်စွာ-
ဟူ၍ မိန့်ဆိုအပ်၏။ ထိုစကားသည် မကောင်းချေ။ မှန်လှစွာ၏။ အနုနာနိ- ဟူသော ဤပုဒ်သည် ပုဂ္ဂိုလ်၏အစွမ်းဖြင့် အထူးပြုသည် မဟုတ်ချေဟု သိအပ်၏။
သံသေဒဇာနဉ္စေဝ သြပပါတိကာနဉ္စှု ဟူသော ဤပါဌ်၌ မဟာသီဟနာဒသုတ်၌-
- ချစ်သား သာရိပုတ္တရာ- ဤခန္ဓာ အဖို့အစုတို့သည် လေးပါး တို့တည်း။ အဘယ် လေးပါးတို့နည်း ဟူမူကား- အဥ၌ဖြစ်သော ခန္ဓာအဖို့အစုလည်းကောင်း၊ သားအိမ်၌ဖြစ်သော ခန္ဓာအဖို့အစု လည်းကောင်း၊ အညှိ၌ဖြစ်သော ခန္ဓာအဖို့အစုလည်းကောင်း၊ ကျရောက်သကဲ့သို့ ဖြစ်ပေါ်လာသော ခန္ဓာအဖို့အစုလည်းကောင်း၊
- ချစ်သား သာရိပုတ္တရာ- အကြင် သတ္တဝါတို့သည် ဥခွံကို ဖောက်ခွဲ၍ ဖောက်ခွဲ၍ ဖြစ်ကြကုန်၏။ ချစ်သား သာရိပုတ္တရာ- ဤသတ္တဝါကို အဥ၌ဖြစ်သော ခန္ဓာအဖို့အစုဟူ၍ ဆိုအပ်၏။
- ချစ်သား သာရိပုတ္တရာ- အကြင် သတ္တဝါတို့သည် သားအိမ်ကို ဖောက်ခွဲ၍ ဖောက်ခွဲ၍ ဖြစ်ကြကုန်၏။ ချစ်သား သာရိပုတ္တရာ- ဤသတ္တဝါကို သားအိမ်၌ဖြစ်သော ခန္ဓာအဖို့အစုဟူ၍ ဆိုအပ်၏။
- ချစ်သား သာရိပုတ္တရာ- အကြင် သတ္တဝါတို့သည် ငါးပုပ်၌လည်း ဖြစ်ကြကုန်၏။ အကောင်ပုပ်၌လည်း ဖြစ်ကြကုန်၏။ မုန့်သိုး၌လည်း ဖြစ်ကြကုန်၏။ ညွန်မရှိသော တံစီးတွင်း (= ရွှံ့ညွန်တွင်း)၌လည်း ဖြစ်ကြကုန်၏။ ညွန်ရှိသော တံစီးတွင်း ၌လည်း ဖြစ်ကြရကုန်၏။ (တံစီး- ရွှံ့တိ ဝိဇာနိယာကို ထောက်၊ ရွှံ့ညွန်ဖြင့် နောက်ကျိမနေသော ရွှံ့ညွန်တွင်း၌- ဟူလို) ချစ်သား သာရိပုတ္တရာ- ဤသတ္တဝါကို အညှိ၌ဖြစ်သော ခန္ဓာအဖို့အစု ဟူ၍ ဆိုအပ်၏။
- ချစ်သား သာရိပုတ္တရာ- ဘုမ္မဇိုဝ်းနတ်မှ တစ်ပါးသော နတ် ဗြဟ္မာတို့သည်လည်းကောင်း၊ ငရဲသားတို့သည်လည်းကောင်း၊ အချို့ကုန်သော လူတို့သည်လည်းကောင်း၊ အချို့ကုန်သော ဝိနိပါတိက အသုရာတို့သည်လည်းကောင်း ရှိကြကုန်၏။ ချစ်သား သာရိပုတ္တရာ- ဤသတ္တဝါကို ကျရောက်သကဲ့သို့ ဖြစ်ပေါ်လာသော ခန္ဓာအဖို့အစုဟူ၍ ဆိုအပ်၏။
ဟူ၍ ဟောတော်မူအပ်၏။
အဋ္ဌကထာ၌လည်း-
- အဥ၌ ဖြစ်ကုန်သောကြောင့် အဏ္ဍဇတို့ မည်ကုန်၏။
သားအိမ်၌ ဖြစ်ကုန်သောကြောင့် ဇလာဗုဇတို့ မည်ကုန်၏။
စိုစွတ်ရာ၌ ဖြစ်ကုန်သောကြောင့် သံသေဒဇတို့ မည်ကုန်၏။
ဤအစု အစရှိသော အကြောင်းသုံးပါးတို့နှင့် ကင်း၍ ခုုန်ပျံ၍ ကျရောက် လာဘိသကဲ့သို့ ထင်ရှား ဖြစ်ပေါ်လာကုန်သောကြောင့် သြပပါတိကတို့ မည်ကုန်၏။
- ဖောက်ခွဲ၍ ဖြစ်ကြ၏- ဟူသည်ကား ဖောက်ခွဲရန် ထွက်လာသည်၏ အစွမ်းဖြင့် ဖြစ်ကြကုန်၏။
- အကောင်ပုပ်၌လည်း ဤသို့ အစရှိသည်တို့ဖြင့် အနိဋ္ဌ ဖြစ်သော အရပ်ဌာနဖြင့်သာလျှင် ပြတော် မူအပ်ကုန်၏။
- ဆီ ပျား တင်လဲ အစရှိကုန်သော အလိုရှိအပ်သော အရာဌာန တို့၌လည်း သတ္တဝါတို့သည် ဖြစ်ကြကုန်သည်သာလျှင်တည်း။
ဟူ၍ မိန့်ဆိုအပ်ပေ၏။
ဆက်၍ ဆိုဦးအံ့။ ဤပါဠိတော်၌ ရှေးဖြစ်ကုန်သော နှစ်ပါးကုန်သော အဏ္ဍဇပုဒ် ဇလာဗုဇပုဒ်တို့၌ ပါဠိတော်နည်းဖြင့် ဥခွံကို အဏ္ဍဟူ၍ ဆိုအပ်၏။ ဆီးအိမ်ကို (သားအိမ်အချင်းကို) ဇလာဗုဟူ၍ ဆိုအပ်၏။ ထိုဥခွံ ဆီးအိမ် (သားအိမ်)တို့မှ ပေါက်ပွားကုန်သည်တို့တည်း။ ထွက်လာ ကုန်သည် တို့တည်း။ ထို့ကြောင့် အဏ္ဍဇတို့ ဟူ၍လည်းကောင်း၊ ဇလာဗုဇာတို့ ဟူ၍လည်းကောင်း ဆိုအပ်ကုန်၏။ ဤသို့ သိအပ်ကုန်၏။
ထိုစကားရပ်၌-
- ဆွေးမြေ့ခြင်းသို့ ကပ်ရောက်တတ်သောကြောင့် ဇလာဗု မည်၏။
ဤသို့ သဒ္ဒနီတိ၌ မိန့်ဆိုအပ်ပေ၏။
ကလလရေကြည်ကို ဇလ ဟူ၍ ဆိုအပ်၏။ ထိုကလလရေကြည်ကို ဖုံးလွှမ်းတတ် စောင့်လည်း စောင့်တတ်သောကြောင့် ဇလဗု မည်ပေ၏။ သူငယ်ကို ရစ်ပတ် စောင့်ရှောက်တတ်သော သားအိမ်ကိုရအပ်၏။
ဤစိုစွတ်သော အရပ်၌ နစ်တတ်ရာ ညှိကပ်ရာ ဖြစ်သောကြောင့် သံသေဒဇတို့ မည်၏။ ငါးပုပ် အစရှိသော ထောပတ် အစရှိသော ပဒုမာကြာတိုက် ဝါးတိုက် သစ်ခေါင်း သစ်ပွင့် သစ်သီး အစရှိသည် လည်းဖြစ်သော စိုစွတ် စေးချွဲသော အရပ်၌ ရအပ်၏။
ဖြစ်ဆဲခဏ၌သာလျှင် ပြည့်စုံပြီးသော အင်္ဂါကြီးငယ် ရှိသည်၏ အဖြစ်ကြောင့် ထိုထိုစုတေရာ ဘဝ ဟောင်းမှ ခုုန်ပျံကျလာဘိသကဲ့သို့ ဖြစ်ကြကုန်သောကြောင့် သြပပါတိကတို့ မည်ကုန်၏။
၂၁၂။ ဋီကာကျော် (နှာ- ၂၁၂)၌ကား-
အဏ္ဍဇ အစရှိသည်တို့သည်လည်း ဥခွံ စသည်၌ သက်ကြ ကုန်သည်ရှိသော် ခုုန်ပျံ၍ ကျသည် မည်ကုန်သည်သာလျှင် တည်း။ ထို့ကြောင့် ထိုအဏ္ဍဇ သတ္တဝါ စသည်တို့၏လည်း ဥပပတ်၏အဖြစ် လျဉ်းပါးခြင်းကို မှတ်ထင်သည် ဖြစ်၍ -
- ထိုသတ္တဝါတို့အား ထင်ရှားစွာ၊ ဝါ- အလိုလို ဖြစ်လာသကဲ့သို့ ဖြစ်ခြင်း ရှိသောကြောင့် သြပပါတိကတို့ မည်ကုန်၏။
ဟု မိန့်ဆိုပြီး၍-
- ဆက်၍ ဆိုဦးအံ့။ ဤပဋိသန္ဓိယံ ပန- အစရှိသော ဝါကျ၌ အကျုံးဝင်သော သြပပါတိကာနံ- ဟူသော ပုဒ်၌ လွန်စွာ ဖြစ်ကုန်သော အပိုင်းအခြား၏ အစွမ်းအားဖြင့် ပြည့်စုံသော အာယတနရှိသော ဥပပတိ ပဋိသန္ဓေကို ယူအပ်၏။ ဥပမာဆို အဘယ်လိုနည်း ဟူမူကား- ‘‘အဘိရူပဿ ကညာဒါတဗ္ဗာ = အမျိုးစည်းစိမ် ဂုဏ်သိန် စသည်တို့ဖြင့် ထူးသော သတို့သားအား အမျိုးစည်းစိမ် ဂုဏ်သိန် စသည်တို့ဖြင့် ထူးသော သတို့သမီးကို ပေးအပ်၏’’ဟု ဆိုသကဲ့သို့တည်း။
ဟူ၍ မိန့်ဆို၏။
- ဥက္ကဋ္ဌဝသေန - ဟူသည်ကား ပြည့်စုံသော အာယတန ရှိသည်၏ အဖြစ်ဟု ဆိုအပ်သော အလွန်အကဲ၏ အစွမ်းဖြင့်။
ထိုစကားရပ်၌ ဥပပတ် ပုဂ္ဂိုလ်တို့သည် အင်္ဂါကြီးငယ်တို့နှင့်တကွ အချင်းခပ်သိမ်း ပြည့်စုံသော အတ္တဘောဖြင့် ဖြစ်ကြကုန်၏။ ထိုဥပပတ် ပုဂ္ဂိုလ်တို့အား တစ်ဖန် ကြီးပွားဖွယ်ကိစ္စ မရှိတော့ချေ။ သံသေဒဇ ပုဂ္ဂိုလ်တို့အားကား အာယတနတို့သည်သာလျှင် ပြည့်စုံကြကုန်၏။ အင်္ဂါကြီးငယ် တို့သည်ကား တစ်ဖန် ကြီးပွား၍သာလျှင် ပြည့်စုံကုန်သည် ဖြစ်ကြကုန်၏-ဟူ၍ သိအပ်၏။
- သြမကဝသေန- ဟူသည်ကား အယုတ်၏ အစွမ်းအားဖြင့်၊ စက္ခု သောတ ဃာန ဘာဝဒသက ကလာပ်တို့ကို တစ်ခါတစ်ရံ၌လည်း မရအပ်ကုန်။ အဘယ်ကြောင့်နည်း ဟူမူကား- ပဋိသန္ဓေအားဖြင့် စက္ခုချို့တဲ့သောသူ သောတချို့တဲ့သောသူ ဃာနချို့တဲ့သောသူ တို့၏ လည်းကောင်း၊ ဣတ္ထိဘာဝ ပုမ္ဘာဝ ချို့တဲ့သောသူတို့၏လည်းကောင်း ဖြစ်သင့်သောကြောင့်တည်း။ ဤသည်ကား အဓိပ္ပါယ် တည်း။
ထိုစကားရပ်၌ ထိုအလုံးစုံသော စက္ခု သောတ ဃာန ဘာဝတို့ကိုလည်း သုဂတိမျိုး ဒုဂ္ဂတိမျိုး ဖြစ်ကုန်သော အဟိတ်သံသေဒဇပုဂ္ဂိုလ်တို့အား တစ်ရံတစ်ခါ မရအပ်ကုန်။ သုဂတိဘုံ၌ကား ဥပပတ်ပုဂ္ဂိုလ်၏ အဖြစ် မည်သည် မြတ်သော အတ္တဘောကို ရခြင်းပေတည်း။ ထို့ကြောင့် ယုတ်ညံ့သော အမှတ်မရှိသော ကံကြောင့် ရခြင်းငှါ မထိုက်ပေ။ ထို့ကြောင့် သုဂတိမျိုး ဖြစ်ကုန်သော ဥပပတ်ပုဂ္ဂိုလ်တို့အား ဘာဝရုပ် မရှိကြကုန်သော ကမ္ဘာဦးသူတို့ကို ချန်ထား၍ မပြည့်စုံသော ဣန္ဒြေ ရှိသော အဖြစ် မည်သည် မရှိချေ၊ ဤသို့ မှတ်အပ်၏။ ဒုဂ္ဂတိမျိုးလည်း ဖြစ်ကုန်သော ထိုဥပပတ် ပုဂ္ဂိုလ်တို့အား ရံခါ စက္ခု သောတ ဘာဝ ချို့တဲ့သည်၏ အဖြစ်ကိုသာလျှင် ဆိုအပ်၏။ ဃာန ချို့တဲ့သည်၏ အဖြစ်ကို မဆိုအပ်ချေ။
မှန်လှစွာ၏။ အဋ္ဌကထာ၌-
- ကာမဘုံ၌ ဃာနိန္ဒြေချို့သော ဥပပတ် ပုဂ္ဂိုလ်သည် မရှိချေ။
ဟူ၍ မိန့်ဆိုတော်မူ၏။ ဇိဝှါချို့တဲ့ သည်၏အဖြစ် မည်သည် အလုံးစုံကုန်သော သုဂတိ ဒုဂ္ဂတိ သံသေဒဇ ဥပပတ်တို့အားလည်း မရှိ သည် သာလျှင်တည်း။ ဤသို့ သိအပ်၏။
မှန်လှစွာ၏။ ထို့ကြောင့်သာလျှင် ဓမ္မဟဒယဝိဘင်းပါဠိတော်၌-
- ကာမဘုံ၌ ပဋိသန္ဓေခဏ၌ အချို့သော ပုဂ္ဂိုလ်အား တစ်ဆယ့် တစ်ပါးသော အာယတနတို့သည် ထင်ရှား ဖြစ်ကြကုန်၏။
- အချို့သော ပုဂ္ဂိုလ်အား ဆယ်ပါးသော အာယတနတို့သည် ထင်ရှား ဖြစ်ကြကုန်၏။
- အချို့သော ပုဂ္ဂိုလ်အား တစ်ပါးတခြားကုန်သော ဆယ်ပါးသော အာယတနတို့သည် ထင်ရှား ဖြစ်ကြကုန်၏။
- အချို့သော ပုဂ္ဂိုလ်အား ကိုးပါးသော အာယတနတို့သည် ထင်ရှား ဖြစ်ကြကုန်၏။
- အချို့သော ပုဂ္ဂိုလ်အား ခုနစ်ပါးသော အာယတနတို့သည် ထင်ရှား ဖြစ်ကြကုန်၏။
ဟူ၍ ဟောတော်မူအပ်၏။
ထိုစကားရပ်၌-
- ကာမဓာတုယံ- ဟူသည်ကား ကာမလောက၌-
- ဥပပတ္တိက္ခဏေ- ဟူသည်ကား ပဋိသန္ဓေစိတ်၏ ဥပပဒ်ခဏ၌-
‘‘အချို့သော ပုဂ္ဂိုလ်အား တစ်ဆယ့်တစ်ပါးကုန်သော အာယတန တို့သည် ထင်ရှား ဖြစ်ကြကုန်၏။ ဤသို့ အစရှိကုန်သော လေးဝါကျတို့၌ သံသေဒဇ ဥပပတ်ပုဂ္ဂိုလ်တို့ကို ဟောတော်မူအပ်ကုန်၏။ အချို့သော ပုဂ္ဂိုလ်အား ခုနစ်ပါးသော အာယတနတို့သည် ဖြစ်ကြကုန်၏’’ ဟူသော ဤဝါကျ၌လည်း ဂဗ္ဘသေယျက ပုဂ္ဂိုလ်တို့ကိုသာလျှင် ဟောတော်မူအပ်၏။
ထိုစကားရပ်၌ ခုနစ်ပါးသော အာယတနမည်သည် ပဋိသန္ဓေခဏ၌ အကြင့်ကြောင့် မရအပ်ပေ။ ပဝတ္တိအခါ၌သာလျှင် ရအပ်၏။ ထို့ကြောင့် ‘‘တစ်ဆယ့်တစ်ပါးသော အာယတနတို့သည်’’ ဟူ၍ ဟောတော်မူအပ်၏။ ‘‘အချို့သော ပုဂ္ဂိုလ်အား ဆယ်ပါးသော အာယတနတို့သည်’’ ဟူသည်ကား စက္ခုချို့တဲ့သည်၏ အစွမ်းဖြင့် ဟောတော်မူအပ်၏။ ‘‘အချို့သော ပုဂ္ဂိုလ်အား တစ်ပါးတခြား ကုန်သော ဆယ်ပါးသော အာယတနတို့သည်’’ ဟူသည်ကား သောတချို့တဲ့သည်၏ အစွမ်းဖြင့် ဟောတော်မူအပ်၏။ ‘‘အချို့သော ပုဂ္ဂိုလ်အား ကိုးပါးသော အာယတနတို့သည်’’ ဟူသည်ကား စက္ခု သောတ နှစ်ပါးစုံ ချို့တဲ့သည်၏ အစွမ်းဖြင့် ဟောတော်မူအပ်၏။
ဆက်၍ ဆိုဦးအံ့။ ဃာန ချို့တဲ့သော ဥပပတ်ပုဂ္ဂိုလ်မည်သည် အကယ်၍ ဖြစ်ငြားအံ့။ ထိုသို့ ဖြစ်သောအခါ၌ သက်သက် ဃာန ချို့တဲ့သော ပုဂ္ဂိုလ်နှင့်တကွ သုံးပါးကုန်သော ဒသကဝါရ = အာယတန ဆယ်ခုသုံးကြိမ်တို့ကို ဟောတော်မူအပ်သည် ဖြစ်ကုန်ရာ၏။ ထို့အတူ စက္ခု ဃာန ချို့တဲ့သူ၊ သောတ ဃာန ချို့တဲ့သူတို့နှင့်တကွ သုံးပါးကုန်သော နဝကဝါရ = အာယုတန ကိုးခု သုံးကြိမ်တို့ကိုလည်းကောင်း၊ သုံးပါးကုန်သော စက္ခု သောတ ဃာန ချို့တဲ့ခြင်းတို့၏ အစွမ်းဖြင့် အဋ္ဌကဝါရ = တစ်ခုသော အာယတန ရှစ်ခုကြိမ်ကိုလည်းကောင်း ဟောတော်မူအပ်သည် ဖြစ်ရာ၏။ ထိုသို့သော အခြင်းအရာအားဖြင့် ဟောတော်မမူအပ်သည်၏ အဖြစ်ကြောင့်ကား ဃာန ချို့တဲ့သော ဥပပတ် ပုဂ္ဂိုလ်သည် မရှိချေဟု သိအပ်၏။
ထိုဝိဘင်းပါဠိတော်၌ကား ဣန္ဒြိယဝါရ၌ ‘‘နပုံလိင် ဖြစ်ကုန်သော ဥပပတ်ပုဂ္ဂိုလ်တို့အား’’ဟူ၍ ဟောတော် မမူအပ်သည်၏ အဖြစ်ကြောင့် ကမ္ဘာဦးသူတို့ကို ထား၍ ဘာဝရုပ် ချို့တဲ့သည်လည်း ဖြစ်သော ဥပပတ် ပုဂ္ဂိုလ် မရှိသည်သာလျှင်တည်း။ ဤသို့ သိအပ်၏။
ပါဠိတော်၌ တိုက်ရိုက် မဟောငြားပါသော်လည်း သံသေဒဇပုဂ္ဂိုလ် တို့၏ ဆိုအပ်ပြီးသော အပြား ရှိသော စက္ခု စသည်တို့၏ ချို့တဲ့သည်၏ အဖြစ်ကို အဋ္ဌကထာ၏ အစွမ်းဖြင့် သိအပ်၏။
အဋ္ဌကထာဆရာ အဘယ်သို့ မိန့်တော်မူသနည်း၊
- သံသေဒဇယောနိ ရူပါဝစရမှ တစ်ပါးသော သြပပါတိကယောနိတို့၌ အလွန်အားဖြင့်လျှင် ခုနစ်ဆယ်ကုန်သော ရုပ်တို့သည် ဖြစ်ကြကုန်၏။ ထိုမှတစ်ပါးလည်း အယုတ်အားဖြင့် သုံးဆယ် ကုန်သော ရုပ်တို့သည် ဖြစ်ကြကုန်၏။
ဟူ၍ မိန့်ဆိုပေ၏။ ထိုစကားရပ်၌ ‘‘သုံးဆယ်’’ ဟူသည်ကား ဇိဝှါဒသကကလာပ်၊ ကာယဒသကကလာပ်၊ ၀တ္ထုဒသကကလာပ်တို့၏ အစွမ်းဖြင့် သုံးဆယ်သော ရုပ်တို့သည်- ဤသို့လည်း အဋ္ဌကထာ၌ မိန့်ဆိုအပ်ပေ၏။
မှန်လှစွာ၏။ သုံးဆယ်ဟူသော စကားကို ‘‘သံသေဒဇပုဂ္ဂိုလ်တို့၏ အစွမ်းဖြင့် မိန့်ဆိုအပ်၏။’’ ဤသို့ မဟာဋီကာ၌ မိန့်အပ်၏။ ဆရာ အာနန္ဒာမထေရ်သည်ကား ယမိုက်ပါဠိတော်၌ ဃာန ဇိဝှါတို့၏ အချင်းချင်း မကင်းမူ၍ ဖြစ်လေ့ရှိသည်၏ အဖြစ်ကို ဟောတော်မူအပ်၏။ ထို့ကြောင့် ဇိဝှါချို့တဲ့သည်၏ အဖြစ်ကဲ့သို့ ဃာနချို့တဲ့သည်၏ အဖြစ်သည် မရှိချေ။ ဤသို့ အလိုရှိတော်မူ၏။
ဣန္ဒြိယယမိုက်ပါဠိတော်၌ကား-
- အကြင်ပုဂ္ဂိုလ်အား ဣတ္ထိန္ဒြေ ဖြစ်ဆဲ၊ ထိုပုဂ္ဂိုလ်အား ဃာနိန္ဒြေ ဖြစ်ဆဲလော၊ ဤသို့ အမေးတော်ရှိလတ်သော် အဃာနက ဣတ္ထိ ကာမာဝစရ ဥပပဇ္ဇန္တ ဖြစ်သော ဒုဂ္ဂတိအဟိတ် သုဂတိ အဟိတ် ပုထုဇဉ် ဖြစ်သော ထိုပုဂ္ဂိုလ်တို့အား ဣတ္ထိန္ဒြေ ဖြစ်ဆဲ၊ ထိုပုဂ္ဂိုလ်တို့အား ဃာနိန္ဒြေ ဖြစ်ဆဲ မဟုတ်။
ဟူ၍လည်းကောင်း၊
- အကြင်ပုဂ္ဂိုလ်အား ပုရိသိန္ဒြေ ဖြစ်ဆဲ၊ ထိုပုဂ္ဂိုလ်အား ဃာနိန္ဒြေ ဖြစ်ဆဲလော၊ ဤသို့သော အမေးတော် ရှိလတ်သော် အဃာနက ပုရိသ ကာမာဝစရ ဥပပဇ္ဇန္တ ဖြစ်သော ဒုဂ္ဂတိအဟိတ် သုဂတိအဟိတ် ပုထုဇဉ်ဖြစ်သော ထိုပုဂ္ဂိုလ်တို့အား ပုရိသိန္ဒြေ ဖြစ်ဆဲ၊ ထိုပုဂ္ဂိုလ်တို့အား ဃာနိန္ဒြေ ဖြစ်ဆဲ မဟုတ်။
ဟူ၍လည်းကောင်း ဟောတော်မူအပ်၏။ ထို့ကြောင့် အဋ္ဌကထာ၌ ဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ဃာန ချို့တဲ့သည်၏ အဖြစ်သည်လည်း ရှိ၏။ ဤသို့ (ယူဆရန်) သင့်လျော်သည် ဖြစ်ရာ၏။
၂၁၃။ ဋီကာကျော် (နှာ- ၂၁၃)ကား-
- တစ်ပါးကုန်သော ဆရာတို့သည်ကား ယမိုက်၌ ဃာန ဇိဝှါတို့၏တကွ ဖြစ်သည်၏ အဖြစ်ကို ဆိုအပ်၏။ ထို့ကြောင့် ဇိဝှါပသာဒ ချို့သော သတ္တဝါ၏ မဖြစ်သင့်သောကြောင့် ဃာနပသာဒ ချို့သော သတ္တဝါ၏လည်း မဖြစ်သင့်သည်ကို သာလျှင် ဖွင့်ဆိုကြကုန်၏။ ထိုယမိုက်၌လည်း စက္ခု သောတ တို့သည် ရူပဘုံ၌ ဃာန ဇိဝှါတို့နှင့်ကင်း၍ ဖြစ်ကုန်သကဲ့သို့ ထို့အတူ ဃာန ဇိဝှါတို့သည် နှစ်ပါးကုန်သော ဃာန ဇိဝှါတို့၏လည်း ရူပဘုံ၌ မဖြစ်သောကြောင့် တစ်ပါးသည် တစ်ပါးနှင့် ကင်း၍ မဖြစ်ကုန်။ ဤသို့ အသီးအသီး ကာမဘုံ၌ မဖြစ်ခြင်း၏ အစွမ်းအားဖြင့် ထိုဃာန ဇိဝှါတို့၏ တကွဖြစ်ခြင်းကို မိန့်ဆိုအပ်၏။ ထို့ကြောင့် သံသေဒဇတို့အား ဃာန ဇိဝှါတို့၏ တကွဖြစ်သည်၏ အဖြစ်ကို ဆိုခြင်းငှါ မတတ်ကောင်းသည်ကား မဟုတ်ချေ။ တတ်ကောင်းသည်သာတည်း။
ဟူ၍ မိန့်ဆိုအပ်၏။ ထိုစကားသည် သင့်လျော်၏။
မှန်လှစွာ၏။ သြကာသဝါရ၌ စင်စစ် တကွဖြစ်လေ့ရှိသည်၏ အဖြစ်ကို ဟောတော်မူကာမျှဖြင့် ပုဂ္ဂလဝါရတို့၌ စင်စစ် တကွဖြစ်လေ့ ရှိသည်၏ အဖြစ်ကို ဆိုခြင်းငှါ မတတ်ကောင်းချေ။ ဤသို့ သိအပ်၏။
- အမိဝမ်း၌ ကိန်းကြကုန်သောကြောင့် ဂဗ္ဘသေယျကတို့ မည်ကုန်၏။
- ရုပ်အစရှိကုန်သော ခန္ဓာတို့၌ ငြိကပ် တပ်မက်တတ်ကုန်သောကြောင့် သတ္တဝါတို့ မည်ကုန်၏။
ရှင်တော်ဘုရား အဘယ်သို့ ဟောကြားတော်မူသနည်း ဟူမူကား-
- ချစ်သား ရာဓ- ရုပ်၌ အကြင် လိုချင်ခြင်း၊ အကြင် တပ်မက်ခြင်း၊ အကြင် နှစ်သက်ခြင်း၊ အကြင် မွတ်သိပ်ခြင်းသည် ရှိ၏။ ထိုတပ်မက်ခြင်းဖြင့် ထိုရုပ်၌ ကပ်ငြိတတ်၏။ ထိုရုပ်၌ အလွန် ကပ်ငြိ တတ်၏။ ထို့ကြောင့် သတ္တဝါဟူ၍ ဆိုအပ်၏။
ဤသို့ အစရှိသည်ကို ဟောတော်မူ၏။
အမိဝမ်း၌ ကိန်းသော သူတို့သည်လည်း ဖြစ်ကြကုန်၏။ ထိုအမိဝမ်း၌ ကိန်းသော သူတို့ဟူသည် သတ္တဝါတို့သည်လည်း ဖြစ်ကြကုန်၏။ ဤသို့သော သမာသ်ကို သိအပ်၏။ အဏ္ဍဇပုဂ္ဂိုလ်တို့ကို လည်းကောင်း ဇလာဗုဇပုဂ္ဂိုလ်တို့ကိုလည်းကောင်း ရအပ်ကုန်၏။
သုံးပါးကုန်သော ဒသကကလာပ်တို့သည် ထင်ရှားဖြစ်ကုန်၏။ အကြင် သုံးပါးကုန်သော ဒသကကလာပ်တို့ကို ကလလရေကြည်ဟူ၍ မိန့်ဆိုအပ်ကုန်၏။
ဘာဝဒသကကလာပ်ကို ရံခါ နပုံသက ပုဂ္ဂိုလ်အား မရအပ်။ ဤသည်ကား အဓိပ္ပါယ်တည်း။ ထို့ကြောင့်သာလျှင် ဓမ္မဟဒယဝိဘင်း ပါဠိတော်၌-
- ဂဗ္ဘသေယျက သတ္တဝါတို့၏လည်းကောင်း၊ အဟိတ်ပုဂ္ဂိုလ်တို့၏ လည်းကောင်း၊ နပုံသက ပုဂ္ဂိုလ်တို့၏လည်းကောင်း၊ ပဋိသန္ဓေခဏ၌ ကာယိန္ဒြေသည်လည်းကောင်း၊ မနိန္ဒြေသည် လည်း ကောင်း၊ ဇီဝိတိန္ဒြေသည်လည်းကောင်း၊ ဥပေက္ခိန္ဒြေသည် လည်းကောင်း ဤသို့ လေးပါးသော ဣန္ဒြေတို့သည် ထင်ရှား ဖြစ်ကြကုန်၏။
ဟူ၍ ဟောတော်မူအပ်၏။
- တတောပရံ- ဟူသည်ကား ဂဗ္ဘသေယျက ပုဂ္ဂိုလ်တို့၏ ပဋိသန္ဓေခဏမှ နောက်၌-
- ပဝတ္ထိကာလေ- ဟူသည်ကား တစ်ဆယ့်တစ်ခုမြောက်သော သတ္တာဟ၌-
ထိုစကားသည် မှန်လှစွာ၏။ ကထာ၀တ္ထု အဋ္ဌကထာ၌-
- ဆိုအပ်ခဲ့ပြီးသည်မှ ကြွင်းကုန်သော စက္ခု သောတ ဃာန ဇိဝှါဟု ဆိုအပ်ကုန်သော အာယတန လေးပါးတို့သည် ခုနစ်ဆယ့်ခုနစ် (၇၇) ရက်ဟု ဆိုအပ်သော တစ်ဆယ့် တစ်သတ္တာဟ၌ ဖြစ်ကြ ကုန်၏။
ဟူ၍ မိန့်ဆိုအပ်၏။
ထိုစကားရပ်၌-
- ကြွင်းကုန်သော ဟူသည်ကား ကာယာယုတန မနာယတနမှ ကြွင်းကုန်သော လေးပါးကုန်သော စက္ခာယတန သောတာယတန ဃာနယတန ဇိဝှါယတန တို့သည်-
- ခုနစ်ဆယ့် ခုနစ်ရက်- ဟူသည်ကား တစ်ဆယ့်တစ်သတ္တာဟ၏ အဆုံးဖြစ်သော ရက်၌-
ဤအနက်ကိုလည်း ယမကဋီကာဖြင့် ပြအပ်၏။ မှန်လှစွာ၏။ ထိုယမကဋီကာ၌-
- ပစ္ဆိမဘဝိက ဖြစ်သော တစ်ဆယ့်တစ်သတ္တာဟမှ အတွင်း၌ တည်သော ပဋိသန္ဓေ ကပ်တည်နေဆဲ ဖြစ်သော ဂဗ္ဘသေယျက သတ္တဝါအား ရူပယတနသည် မဖြစ်လတ္တံ့၊ စက္ခာယတနသည် မဖြစ်လတ္တံ့သည်ကား မဟုတ်။
ဟူ၍လည်းကောင်း၊
- ဆက်၍ ဆိုဦးအံ့။ အကြင်ပုဂ္ဂိုလ်အား အကြင်ဘုံ၌ ရူပါယတန ဖြစ်ပြီးပြီ။ ထိုပုဂ္ဂိုလ်အား ထိုဘုံ၌ ဃာနာယတန ဖြစ်ဆဲလော၊ ဤသို့သော အမေးတော် ရှိလတ်သော် ကာမာဝစရဘုံမှ စုတေဆဲ ဖြစ်ကုန်သော ပုဂ္ဂိုလ်တို့၏လည်းကောင်း၊ ဃာနာယတန မရှိကုန်သော ကာမာဝစရဘုံ၌ ပဋိသန္ဓေနေဆဲ ဖြစ်ကုန်သော ပုဂ္ဂိုလ်တို့၏လည်းကောင်း၊ ရူပါဝစရပုဂ္ဂိုလ်တို့၏လည်းကောင်း ထိုပုဂ္ဂိုလ် ထိုကာမာဝစရဘုံ ရူပါဝစရဘုံတို့၌ ရူပါယတန ဖြစ်ပြီးပြီ။ ထိုပုဂ္ဂိုလ်တို့၏ ထိုဘုံတို့၌ ဃာနာယတန ဖြစ်ဆဲ မဟုတ်။ ဤသို့ ဟောတော်မူ၏။ ဤပါဠိတော်စကားရပ်၌ ဃာနာယတန မရှိကုန်သော ကာမာဝစရဘုံ၌ ပဋိသန္ဓေနေဆဲ ဖြစ်ကုန်သော ပုဂ္ဂိုလ်တို့အား- ဟူသော အကြင်စကားကို ရှင်တော်ဗုဒ္ဓ ဟောကြားတော်မူအပ်၏။ ထိုစကားကို အကြင် ကာမာဝစရ ပုဂ္ဂိုလ် တို့သည် တစ်ဆယ့်တစ်သတ္တာဟမှ အတွင်းမှ သေခြင်းကို ပြုကုန်လတ္တံ့။ ဃာနာယတနကို မဖြစ် စေတတ်သော ကံဖြင့် ယူအပ်ပြီးသော ပဋိသန္ဓေ ရှိကုန်သော ထိုပုဂ္ဂိုလ်တို့၏ အစွမ်းဖြင့် ဟောတော်မူအပ်ပေပြီ။
ဟူ၍လည်းကောင်း မိန့်ဆိုအပ်၏။
ဆက်၍ ဆိုဦးအံ့။ ဤဋီကာ ဝါကျ၌ စက္ခု ဃာနတို့ကို ဆိုအပ်ကုန်သည်ရှိသော် သောတ ဇိဝှါတို့သည် မဆိုအပ်ကုန်သော်လည်း အနက်အားဖြင့် ပြီးစီးကုန်သည်သာလျှင် ဖြစ်ကုန်၏ဟု သိအပ်၏။
၂၁၄။ ထိုဋီကာကျော် (နှာ- ၂၁၄)၌-
ပဝတ္တိကာလေ- ဟူသည်ကား ခုနစ်ခုတို့၏ ပြည့်ကြောင်း ဖြစ်သော သတ္တာဟ၌-
ဟူသော အကြင်စကားကို မိန့်ဆိုအပ်ပေ၏။ ထိုစကားကို မယူအပ် မယူသင့်ချေ။ အဘယ့်ကြောင့် နည်း ဟူမူကား- ကထာ၀တ္ထု အဋ္ဌကထာ နှင့် ဆန့်ကျင်သောကြောင့်လည်းကောင်း၊ ဤသို့ သဘောရှိကုန်သော အရာတို့၌ အဋ္ဌကထာသည်သာလျှင် ပမာဏ ဖြစ်လေသောကြောင့် လည်းကောင်း ဤသို့ သိအပ်၏။
၂၁၅။ ထိုဋီကာကျော် (နှာ- ၂၁၄)၌-
အဘိဓမ္မာ ဋီကာကျမ်းကို ပြုသော အရှင်အာနန္ဒာ ဆရာမြတ်၏ အလိုအားဖြင့် တစ်ဆယ့် တစ်ခုဖြစ်သော သတ္တာဟ၌သာလျှင်- ဟူသော အကြင်စကားကို မိန့်ဆိုအပ်၏။ ထိုစကားသည်လည်း မကောင်းချေ။ မှန်လှစွာ၏။ အဋ္ဌကထာ၌ တိုက်ရိုက်အားဖြင့် ဆိုအပ်သော အဆုံးအဖြတ်ကို ဋီကာဆရာ၏ အလိုမည်သည်ကို ဆိုခြင်းငှါ မတတ်ကောင်းချေဟု သိအပ်၏။
၂၁၆။ ထိုဋီကာကျော် (နှာ- ၂၁၄)-
ကမေန- ဟူသည်ကား စက္ခုဒသက ထင်ရှားဖြစ်သည်မှ ခုနစ်ရက်ကို လွန်သဖြင့် သောတဒသက သည် ထင်ရှားဖြစ်၏။ ထိုသောတ ဒသက ထင်ရှားဖြစ်သည်မှ ခုနစ်ရက်ကို လွန်သဖြင့် ဃာနဒသက သည် ထင်ရှားဖြစ်၏။ ထိုဃာနဒသက ထင်ရှား ဖြစ်သည်မှ ခုနစ်ရက်ကို လွန်သဖြင့် ဇိဝှါဒသကသည် ထင်ရှား ဖြစ်၏- ဤသို့သော အစဉ်အားဖြင့်-
ဟူသော အကြင်စကားကို မိန့်ဆိုအပ်ပေ၏။ ထိုစကားကိုလည်း မမှတ်အပ်ပေ။ အဘယ့်ကြောင့်နည်း ဟူမူကား- ဆိုအပ်ခဲ့ပြီးသော အဋ္ဌကထာနှင့် ဆန့်ကျင်သောကြောင့်ပင်လျှင်တည်း။
၂၁ရ။ ထိုဋီကာကျော် (နှာ- ၂၁၄)၌-
မှန်လှစွာ၏။ အဋ္ဌကထာ၌လည်း ဤဒသကတို့၏ အစဉ်အားဖြင့် ဖြစ်ခြင်းဟူသော အနက်ကို ပြအပ်သည်သာတည်း။
ဟူသော အကြင်စကားကိုလည်း မိန့်ဆိုအပ်၏။ ထိုစကားသည်လည်း မသင့်လျော်ချေ။ မှန်လှစွာ၏။ အကြင် အဋ္ဌကထာ၌ ဤသို့ သဘောရှိသော ဖြစ်စဉ်ကို ပြအပ်သည် ဖြစ်ရာ၏။ ထိုအဋ္ဌကထာ စကားမည်သည် မရှိချေ။ ပဋိစ္စသမုပ္ပါဒ အဋ္ဌကထာတို့၌-
- တစ်နည်းကား အစဉ်အတိုင်း ဖြစ်ခြင်းကို ပြခြင်းကြောင့် ဂဗ္ဘသေယျက သတ္တဝါတို့၏ အစွမ်း အားဖြင့် ရှေးဖြစ်သော ဘဝ တည်းဟူသော စက်ကို ဟောတော်မူအပ်၏။
ဟူ၍ ဆိုအပ်သည် မဟုတ်ပါလော။ ဤသို့ ဆိုငြားအံ့။ မဆိုသင့် မဆိုထိုက်ချေ။ မှန်လှစွာ၏ ထိုအဋ္ဌကထာစကားကို ဝိညာဏ် အစရှိကုန်သော ငါးပါးကုန်သော အင်္ဂါတို့၏ ပစ္စည်း ပစ္စယုပ္ပန် အဖြစ်ဖြင့် ဖြစ်မှု အစဉ်အားဖြင့် ပါဠိတော်၌လာသော ငါးပုဒ်ကို ရည်ရွယ်၍ မိန့်ဆိုအပ်၏-ဟု သိအပ်၏။
စင်စစ်သော်ကား ထိုဖြစ်စဉ်ကို အာယတန နိဒ္ဒေသကို ပြဆိုသော အဋ္ဌကထာတို့၌ ပယ်အပ်သည်သာလျှင်တည်း။ အဋ္ဌကထာတို့၌ ပယ်အပ်သော ဖြစ်စဉ်ကို ဤသင်္ဂြိုဟ်ကျမ်း၌ အရှင် အနုရုဒ္ဓါမထေရ်သည် ‘‘ကမေန’’ဟူသော ဤပါဌ်ဖြင့် ပြအပ်၏။ ဤသို့ ဆိုခြင်းငှါ တတ်လည်း မတတ်ကောင်းချေ။
ထို့ကြောင့် ‘‘ကမေန’’ ဟူသော ဤပုဒ်၌ ဒေသနက္ကမအားဖြင့် (ပြအပ်၏) ဤသို့သော အနက်ကိုလည်းကောင်း ဟောတော်မူအပ်ကုန်သော- ဤသို့ စစ်ခြင်းကို လည်းကောင်း သိအပ်၏။
သစ္စသင်္ခေပဋီကာ၌ကား-
- ခက်မငါးဖြာ ဖြစ်သော အခိုက်အတန့်ကို လွန်၍ နောက်၌ ခုနစ်ခုမြောက် ဖြစ်သော သတ္တာဟ၌ စက္ခု သောတ ဃာန ဇိဝှါ ဒသကကလာပ်တို့သည်လည်း ဖြစ်ကြကုန်၏။ အဘိဓမ္မာ ဋီကာကျမ်းပြု အရှင်အာနန္ဒာ ဆရာမြတ်သည်ကား တစ်ဆယ့် တစ်ခု ဖြစ်သော သတ္တာဟ၌- ဤသို့ မိန့်ဆိုပေ၏။
ဟူ၍ မိန့်ဆို၏။ ထိုစကားသည်လည်း မသင့်လျော်သည်သာလျှင်တည်း။ ဤသို့ သိအပ်၏။ ဆက်၍ ဆိုဦးအံ့။ ဤအရာ၌ ကလလရေကြည် စသည်တို့၏ ဖြစ်စဉ်ကို သံယုတ်ပါဠိတော် ၌ ဟောတော် မူအပ်၏။ ရှင်တော်ဘုရား အဘယ်သို့ ဟောကြားတော်မူသနည်း ဟူမူကား-
- ပဌမ ခုနစ်ရက်၌ ညွန်နုတွင်မည် ရုပ်ရေကြည်သည် ဖြစ်၏။ ကလလရေကြည် ခုနစ်ရက်မှ နောက်ခုနစ်ရက်၌ အမြှုပ်ကျဲသည် ဖြစ်၏။ အမြှုပ်ကျဲ ခုနစ်ရက်မှ နောက်ခုနစ်ရက်၌ ပြစ်ချွဲသော အမြှုပ်စိုင်သည် ဖြစ်၏။ အမြှုပ်စိုင် ခုနစ်ရက်မှ နောက်ခုနစ်ရက်၌ အသားစိုင် အသားခဲသည် ဖြစ်၏။ အသားစိုင် အသားခဲ ခုနစ်ရက်မှ နောက်ခုနစ်ရက်၌ ခက်မငါးဖြာတို့ ဖြစ်ကြကုန်၏။ အဆုံးခုနစ်ရက်၌ ဆံပင်တို့သည် လည်းကောင်း၊ အမွေးတို့သည် လည်းကောင်း၊ ခြေသည်း လက်သည်းတို့သည် လည်းကောင်း ဖြစ်ကြကုန်၏။
ဤသို့ ဟောတော်မူ၏။ အဋ္ဌကထာ၌လည်း မိန့်ဆိုအပ်ပေ၏။ အဘယ်ကဲ့သို့ မိန့်ဆိုအပ်သနည်း ဟူမူကား-
- ထိုပါဠိတော်၌ ပဌမံ- ဟူသည်ကား ရှေးဦးစွာသော ပဋိသန္ဓေ ဝိညာဉ်နှင့်တကွ တိဿ ဟူ၍ လည်းကောင်း၊ ဖုဿ ဟူ၍လည်းကောင်း အမည်မရှိချေ။ စင်စစ်သော်ကား အမျိုးစစ်သော သိုးမွေးမျှင် သုံးမျှင်တို့ဖြင့် ပြုအပ်သော ကြိုးဖျား၌တည်သော ဆီကြည်ပေါက် ပမာဏရှိသော ကလလရေကြည်သည် ဖြစ်၏။ အကြင် ကလလရေကြည်ကို ရည်ရွယ်၍-
- နှမ်းဆီပေါက်ကဲ့သို့ လည်းကောင်း၊ မနောက်ကျူသော ထောပတ်ကြည်ကဲ့သို့ လည်းကောင်း ဤသို့သော သဏ္ဌာန်၊ ဤသို့သော အဆင်းနှင့်တူသော အဖို့ရှိသော ရုပ်အစုကို ကလလရေကြည် ဟူ၍ ဆိုအပ်၏။
ဟူ၍ မဟာအဋ္ဌကထာ၌ ဆိုအပ်၏။
‘‘ရေကြည် ခုနစ်ရက်မှ နောက်ခုနစ်ရက်၌ အမြှုပ်ကျဲ ဖြစ်၏’’ ဟူသည်ကား ထိုကလလရေကြည်မှ ခုနစ်ရက်ကို လွန်သောအခါ၌ အမဲသားကို ဆေးသော ရေအဆင်းရှိသော အမြှုပ်ကျဲ မည်သည် ဖြစ်၏။ ကလလရေကြည် ဟူသော အမည် ပျောက်ကွယ်လေ၏။ မှန်လှစွာ၏။
- ခုနစ်ရက်ပတ်လုံး ကလလရေကြည်သည် ရင့်ကျက်သည်၊ ကောင်းစွာ ပွားစီးသည် ဖြစ်၏။ ဖြစ်ပြီး၍ ထိုကလလရေကြည် အဖြစ်သည် ပြောင်းရွေ့လျက် အမြှုပ်ကျဲ အမည်သည် ဖြစ်ပေါ်လာ၏။
ဟူ၍ ဆိုအပ်သည်သာလျှင်တည်း။
‘‘အမြှုပ်ကျဲ ခုနစ်ရက်မှ နောက်ခုနစ်ရက်၌ ပြစ်ချွဲသော အမြှုပ်စိုင် ဖြစ်၏’’ ဟူသည်ကား ထိုအမြှုပ်ကျဲ ခုနစ်ရက်မှလည်း ခုနစ်ရက်ကို လွန်သောအခါ၌ မီး၌ချ၍ ကြေမွသော ခဲမဖြူနှင့် အလားတူသော အမြှုပ်ခဲမည်သည် ကောင်းစွာ ဖြစ်၏။ ထိုအမြှုပ်ခဲကို ငရုတ်တင်လဲ လုပ်နည်းဖြင့် ပြအပ်၏။
ချဲ့၍ ဆိုဦးအံ့။ ရွာသူသားငယ်တို့သည် ကောင်းစွာ မှည့်ကုန်သော ငရုတ်သီးတို့ကို ယူ၍ အဝတ်ပုဆိုးတွင်း၌ အထုပ်ကိုပြု၍ ညှစ်၍ အရည်ကြည်ကို ယူ၍ အိုးကင်း၌ ထည့်၍ နေပူ၌ ထားကြကုန်၏။ ထိုငရုတ်ရည်သည် ခြောက်၍ ခြောက်၍ သွားသည်ရှိသော် အလုံးစုံသော အဖို့တို့ဖြင့် ကျွတ်လွတ်၏။ ဤသို့ သဘောရှိသော အမြှုပ်ခဲသည် ဖြစ်၏။ အမြှုပ်ကျဲဟူသော အမည်သည် ကွယ်ပျောက်လေ၏။ မှန်လှစွာ၏။
- ခုနစ်ရက်ပတ်လုံး အမြှုပ်ကျဲသည် ရင့်ကျက်သည် ကောင်းစွာ ပွားစီးသည် ဖြစ်၏။ ဖြစ်ပြီး၍ ထိုအမြှုပ်ကျဲ အဖြစ်သည် ပြောင်းရွေ့လျက် အမြှုပ်စိုင် အမည်သည် ဖြစ်ပေါ်လာ၏။
ဟူသော ထိုစကားကို မိန့်ဆိုအပ်ပေ၏။
‘‘အမြှုပ်စိုင် ခုနစ်ရက်မှ နောက်ခုနစ်ရက်၌ အသားစိုင် အသားခဲ ဖြစ်၏’’ ဟူသည်ကား ထိုအမြှုပ်စိုင် အမြှုပ်ခဲမှ ခုနစ်ရက်ကို လွန်သောအခါ၌ ကြက်ဥသဏ္ဌာန် ရှိသော ဃန အမည်ရှိသော အသားတစ် အသားခဲသည် ဖြစ်၏။ အမြှုပ်စိုင်ဟူသော အမည်သည် ပျောက်ကွယ်၏။ မှန်လှစွာ၏။
- အမြှုပ်စိုင် အမြှုပ်ခဲသည် အစအတိုင်း ရင့်ကျက်လျက် ကောင်းစွာ ပွားစီးလျက် ခုနစ်ရက်ပတ်လုံး ဖြစ်၏။ ဖြစ်ပြီး၍ ထိုအမြှုပ်ခဲ အမြှုပ်စိုင် အဖြစ်သည် ပြောင်းလဲလျက် ဃန အမည်ရှိသော အသားတစ် အသားခဲ မည်သည် ဖြစ်၏။
- ကြက်မ၏အဥသည် ထက်ဝန်းကျင် လုံးဝန်းသည် ဖြစ်သကဲ့သို့ ဤအတူ ကံဟူသော အကြောင်း ကြောင့် အသားတစ်၏ သဏ္ဌာန် သည် ဖြစ်၏။
ဟူသော ထိုစကားကို မိန့်လည်း မိန့်ဆိုအပ်သည်တည်း။
‘‘အသားစိုင် အသားခဲ ခုနစ်ရက်မှ နောက်ခုနစ်ရက်၌ ခက်မငါးဖြာတို့ ဖြစ်ကြကုန်၏’’ ဟူသည်ကား ငါးရက်မြောက်သော သတ္တာဟ၌ နှစ်ခု နှစ်ခုကုန်သော လက်ခြေတို့၏လည်းကောင်း၊ ဦးခေါင်း၏ လည်းကောင်း အကျိုးငှါ ငါးခုသော အဖုအတက်တို့ ဖြစ်ကြကုန်၏။ အကြင် အဖုအတက် ဖြစ်ပုံကို ရည်ရွယ်၍-
- ချစ်သား ရဟန်းတို့- ငါးခုမြောက်ဖြစ်သော သတ္တာဟ၌ ကံ ကြောင့် ငါးခုကုန်သော အဖုအတက် တို့သည် ဖြစ်ကြကုန်၏။ ကောင်းစွာ တည်ကြကုန်၏။
ဟူ၍ ဤစကားတော်ကို မိ်န့်တော်မူ၏။
‘‘ဆံပင် အမွေး ခြေသည်း လက်သည်း တို့သည်လည်း’’ ဟူသည် ကား လေးဆယ့်နှစ်ခုမြောက်သော သတ္တာဟ၌ ဤဆံပင် စသည်တို့သည် ဖြစ်ကြကုန်၏။ ဤသို့ သိအပ်၏။
ဆက်၍ ဆိုဦးအံ့။ ဤအဋ္ဌကထာ၌ ခြောက်ခုမြောက်သော သတ္တာဟ အစရှိကုန်သော ခြောက် သတ္တာဟတို့သည် ပသာဒရုပ်တို့၏ မှီရာ တည်ရာ ဖြစ်ကုန်သော အင်္ဂါကြီးငယ်တို့၏ အစဉ်ဖြင့် ကြီးပွား၍ ရင့်သန်နေသော ကာလတို့သည် ဖြစ်ကြကုန်၏။
စက္ခု သောတ ဃာန ဇိဝှါတို့သည်ကာ တစ်ဆယ့်တစ်ခုမြောက် ဖြစ်သော သတ္တာဟ၏ အဆုံးရက်၌ တပေါင်းတည်း ဖြစ်ကြကုန်၏။
ဤသို့ ဤအရာ၌ ဆုံးဖြတ်ခြင်းသို့ ရောက်အပ်၏။ ဤအရာ၌ ‘‘နှမ်း၏ အဆီပေါက်ကဲ့သို့’’ ဤသို့ စသည်ဖြင့် ကလလရေကြည်၏ အကြင် အဆင်းသဏ္ဌာန်ကို မိန့်ဆိုအပ်၏။ ထိုအဆင်းသဏ္ဌာန်ကို အနည်းငယ် ကြီးပွားပြီးသည်ကို ရည်ရွယ်၍ မိန့်ဆိုအပ်၏။ ပဋိသန္ဓေခဏ၌ ဖြစ်ဆဲကို ရည်ရွယ်၍ မိန့်ဆိုအပ်သည် မဟုတ်ချေ။
မှန်လှစွာ၏။ ထိုပဋိသန္ဓေအခါ၌ ထိုသို့ သဘောရှိသော ပကတိ မျက်စိဖြင့် မြင်အပ်သော အဆင်း သည်လည်းကောင်း၊ သဏ္ဌာန်သည် လည်းကောင်း ထိုကလလရေကြည်အား မထင်နိုင်ရာသေး။ ဤသို့ သိအပ်၏။
မှန်းဆသော အားဖြင့်ကား ဤသို့ သိအပ်၏။ တစ်ကောင်သော သန်း၏ ခုနစ်ခုမြောက်သော အဖို့ သည် တစ်ခုသော ကညစ်ချေး (ကညစ်ရေးရာ၌ ထွက်သောအစာ) မည်၏။ ကညစ်ချေး၏ သုံးဆယ့်ခြောက်ဖို့မြောက် ဖြစ်သော အဖို့သည် ရထရေဏုမြူ မည်၏။
ရထရေဏုမြူ၏ သုံးဆယ့်ခြောက်ဖို့မြောက် ဖြစ်သော အဖို့သည် တဇ္ဇာရီ မြူမည်၏။ တဇ္ဇာရီမြူ၏ သုံးဆယ့်ခြောက်ဖို့မြောက် ဖြစ်သော အဖို့သည် ပရမာဏုမြူ မည်၏။
ထိုပရမာဏုမြူတို့သည်ကား ကောင်းကင် ဟူသော အဖို့၌သာ ပါဝင်လေ၏။ မံသစက္ခုအား ထင်ခြင်း သို့ မရောက်ပြီ။ ဒိဗ္ဗစက္ခုအဘိညာဉ်အားသာလျှင် ထင်ခြင်းသို့ ရောက်နိုင်၏။ ဤသို့ အဋ္ဌကထာ၌ မိန့်ဆိုအပ်၏။ ထိုပရမာဏုမြူတို့၏ သုံးဆယ့်ခြောက်ခု အတိုင်းအရှည်ရှိသော အဏုမြူသည်ကား နံရံပေါက် သံကောက်ပေါက် (သော့ပေါက်)တို့မှ ဝင်လာသော နေရောင်တို့၌ အလုံးအလုံးဖြစ်၍ လည်လျက် ထင်၏။ ဤသို့ မိန့်ဆိုအပ်ပေ၏။
ကလလရေကြည်သည်ကား ကလာပ်သုံးခု အတိုင်းအရှည်မျှသာ ဖြစ်သည်ဖြစ်၍ ပဋိသန္ဓေခဏ၌ ပရမာဏုမြူထက်လည်း သေးငယ်သည်သာလျှင် ဖြစ်ရာ၏။ မှန်လှစွာ၏။ ထိုပရမာဏုမြူသည် အစဉ် စပ်ဆက်သည်၏ အစွမ်းဖြင့် ဖြစ်နေသည်၏ အဖြစ်ကြောင့် ခဏတိုင်း ခဏတိုင်း၌ ပွားသော ရုပ်ကလာပ်သည်သာလျှင် ဖြစ်၏။
ထို့ကြောင့် အယုတ်ဆုံးသော အဖို့အားဖြင့် ကလာပ်ပေါင်း လေးဆယ့်ကိုးစည်း အတိုင်းအရှည် ရှိသည်သာလျှင် ဖြစ်ရာ၏။ အဘယ့်ကြောင့်နည်း ဟူမူကား- ထိုကလာပ် လေးဆယ့်ကိုးစည်းအောက် သေးငယ်သည် ရှိခဲ့သော် အစဉ် ဆက်လက်ခြင်း၏ သာလျှင် မဖြစ်သင့်သောကြောင့်ပေတည်း။ ဤသို့ သိအပ်၏။
မဟာဋီကာ၌-
- ထိုရုပ်ကလာပ်တို့သည်ကား ပရမာဏုမြူ အတိုင်းအရှည် ရှိကုန်သည် ဖြစ်ကြကုန်၏။
ဟူ၍ အကြင်စကားကို မိန့်ဆိုအပ်ပေ၏။ ထိုစကားကို ဓာတ်ကြီးလေးပါးတို့၏ စုဏ္ထမနသိကာရ (ရုပ်ကလာပ်မှုန့်ကို နှလုံးသွင်း ဆင်ခြင်သည့်) အားလျော်ကာမျှ၏ အစွမ်းဖြင့် မိန့်ဆိုအပ်၏။ ဤသို့ မှတ်ယူအပ်၏။
- ဒုတိယံစိတ္တံ- ဟူသည်ကား ပဌမဘဝင်စိတ်ကို၊
- ဌိတိကာလံ- ဟူသည်ကား ပဋိသန္ဓေစိတ်၏ ဌီကာလကို၊
- သြဇာဖရဏ မုပါဒယ- ဟူသည်ကား ရှေးဦးစွာ ဂဗ္ဘသေယျက သတ္တဝါတို့အား အမြှုပ်ကျဲ အဖြစ်သို့ ရောက်သောအခါ အသားခဲ အဖြစ်သို့ ရောက်သောအခါ အစရှိသည်၌ အမိ၏ အစာသစ်အိမ်သို့ ရောက်သော မျိုအပ်သော အာဟာရ၏ အဆီအစေးဖြစ်၍ ဖြစ်သော သြဇာ၏ သားအိမ်၏ အညှာရင်း မှ အစဉ်လျောက်သဖြင့် အမြှုပ်ကျဲ အမြှုပ်ခဲ သားခဲစသော ၀တ္ထု၌ ပျံ့နှံ့သော ကာလကို အစပြု၍-
ရှင်တော်ဘုရား အဘယ်ကဲ့သို့ ဟောကြားတော်မူနသည်း ဟူမူကား-
- ထိုသူငယ်၏ အမိသည် အကြင် ထမင်းကိုလည်းကောင်း၊ အကြင် အဖျော်ကိုလည်းကောင်း၊ အကြင် ဘောဇဉ်ကိုလည်းကောင်း မျိုသွင်း၏။ အမိဝမ်းတိုက်၏ အတွင်း၌ တည်သော ထိုသူငယ်သည် ထိုအမိဝမ်းတွင်း၌ ထိုအမိမျိုသွင်းသော အစာအဟာရဖြင့် မျှတလေ၏။
ဟူ၍ ဟောတော်မူ၏။ အဋ္ဌကထာ၌လည်း-
- ထိုသူငယ်သည် ထိုအမိဝမ်းတွင်း၌ ထိုအမိ မျိုသွင်းသော အစာအာဟာရဖြင့် မျှတလေ၏- ဟူသည်ကား မှန်လှစွာ၏။ ထို သူငယ်အား ချက်မှပေါက်သော ချက်ရိုး ချက်တံ (ချက်ကြိုး) သည် အမိဝမ်းပျဉ်းနှင့် တစ်စပ်တည်း ဆက်တွယ်သည် ဖြစ်၏။
ထိုချက်ရိုးသည် ကြာညိုရိုးကဲ့သို့ အပေါက်များစွာ ရှိ၏။ ထို အပေါက်ဖြင့် အာဟာရ၏ အဆီ အစေးရည်သည် စိမ့်ဝင်၍ အာဟာရ သမုဋ္ဌာနရုပ်ကို ဖြစ်စေ၏။ ဤသို့ ထိုသူငယ်သည် ဆယ်လ တို့ပတ်လုံး မျှတလေ၏။
- မာတုကုစ္ဆိဂတော တိရော- ဟူသည်ကား အမိ၏ အတွင်းဖြစ်သော ဝမ်း၌တည်သော အမိဝမ်း၏ အတွင်း၌ တည်၏။
ဤကား အနက်တည်း။
ဟူ၍ မိန့်ဆိုအပ်၏။ ထိုအဋ္ဌကထာပါဌ်၌ကား ချက်ရိုး၏ပေါက်သော ကာလကို ရည်ရွယ်၍ ‘‘ချက်မှပေါက်သော ချက်ရိုး ချက်တံသည်’’ဟူ မိန့်ဆိုအပ်၏။ ဤသို့ မှတ်ယူသင့် မှတ်ယူထိုက်၏။ မှန်လှစွာ၏။ အမြှုပ်ကျဲ အစရှိသော ကာလ၌ ထိုသူငယ်၏ ချက်ရိုး ချက်တံမည်သည် ပေါက်ရောက် သည် မဖြစ်ရာသေး။ ဤသို့ သိအပ်၏။
သံသေဒဇသတ္တဝါ ဥပပတ်သတ္တဝါတို့အားကား အမှတ်မရှိသော ရအပ်သော အစာအာဟာရ ကိုလည်းကောင်း၊ မိမိ၏တံတွေးကိုလည်းကောင်း မျိုသွင်းသော အခါ၌ သြဇာပျံ့နှံ့ခြင်းကို အစပြု၍ ထို့ကြောင့် ‘‘သြဇာ၏ ပျံ့နှံ့ရာကာလကို အစပြု၍ အာဟာရကြောင့် ဖြစ်သော ရုပ်ကလာပ်တို့သည် ဖြစ်ကြကုန်၏’’ဟူ၍ အရှင်အနုရုဒ္ဓါဆရာ မိန့်ဆိုအပ်ပေ၏။
- စုတိစိတ္တောပရိသတ္တရသမစိတ္တဿ- ဟူသည်ကား စုတိစိတ်မှ အထက်ဖြစ်သော ရှေးအဖို့၌ တစ်ဆယ့်ခုနစ်ချက်မြောက် ဖြစ်သော ဘဝင်စိတ်၏၊
- ကမ္မဇရူပါနိ န ဥပ္ပဇ္ဇန္တိ- ဟူသည်ကား ထိုကမ္မဇရုပ်တို့၏ ထိုတစ်ဆယ့်ခုနစ်ချက်မြောက်သော ဘဝင်စိတ်မှ စ၍ မဖြစ်သည်၏ အဖြစ်ကြောင့်သာလျှင်တည်း။ ထိုဘဝင်စိတ်မှ တစ်ဆယ့်ခုနစ်ချက် မြောက်သော စိတ်သည် စုတိစိတ် မည်သည် ဖြစ်၏။ တစ်ပါးသော အခြင်းအရာအားဖြင့် မဖြစ်ချေ။ ဤသို့ သိအပ်၏။
- ပုရေတရံ- ဟူသည်ကား တစ်ဆယ့်ခုနစ်ချက်မြောက် ဖြစ်သော ထိုဘဝင်စိတ်၏ ဥပဒ်ခဏ ကိုသာလျှင် ရည်ရွယ်၍ မိန့်ဆိုအပ်၏။
- တတောပရံ- ဟူသည်ကား စုတိစိတ်မှ နောက်ဖြစ်သော တစ်ဆယ့်ခြောက်ချက် စိတ္တက္ခဏ အတိုင်းအရှည် ရှိသော ခဏ၌၊
- စိတ္တဇာဟာရဇ ရူပဉ္စ- ဟူသည်ကား စိတ္တဇရုပ် သန္တာန်တို့၏ လည်းကောင်း၊ အာဟာရဇ ရုပ်သန္တာန်တို့၏လည်းကောင်း ပြတ်၏။ အဘယ့်ကြောင့်နည်း ဟူမူကား- အနုပါဒိန္နကသန္တာန်၌ ထိုစိတ္တဇရုပ် အာဟာရဇရုပ်တို့၏ အသစ်ဖြစ်ပေါ်ခြင်း၏ မဖြစ်သင့်သောကြောင့်တည်း။
အကြင်စကားကို ဤအရာ၌ ဆိုအပ်၏။ ထိုစကားကို ရူပသမုဋ္ဌာန- သင်္ဂဟ၌ ဆိုအပ်ပြီးသည် သာလျှင်တည်း။
ဘာဝဒသက မည်သည်ကား ကာမရာဂလျှင် အကြောင်းရင်းရှိသော ကံသာလျှင် ဖြစ်ကြောင်း ရှိ၏။ ထို့ကြောင့် ထိုကာမရာဂကို ပျောက်ကင်းစေတတ်သော ဘာဝနာကံကြောင့် ဖြစ်သော ရူပလောက၌ ထိုဘာဝဒသက၏ မရခြင်းကို မိန့်ဆိုအပ်၏။
အာဟာရကြောင့်ဖြစ်သော ရုပ်ကလာပ်တို့ကိုလည်း မရအပ်ကုန်။ အဘယ့်ကြောင့်နည်း ဟူမူကား- မျိုသွင်းအပ်သော အာဟာရ၏ မရှိခြင်း ကြောင့်တည်း။ ထိုမျိုသွင်းအပ်သော အာဟာရ မရှိခြင်း ကြောင့်သာလျှင် ဗြဟ္မာတို့၏ ကိုယ်၌တည်သော အဇ္ဈတ္တအာဟာရ၏လည်း ရုပ်တို့၏ ဖြစ်စေခြင်း မရှိခြင်းကြောင့်လည်းကောင်းတည်း။
ဆရာ အာနန္ဒာမထေရ် ကား ထိုရူပဗြဟ္မာ့ပြည်၌ ရအပ်သော ရုပ်ကလာပ်တို့၌လည်း ဂန္ဓာရုံ ရသာရုံတို့၏ လည်းကောင်း၊ သြဇာရုပ်၏ လည်းကောင်း မရှိခြင်းကို ဖွင့်ဆိုတော်မူ၏။ အဘယ့်ကြောင့် ဖွင့်ဆိုတော်မူသနည်း။
- ရူပဓာတ်၌ ပဋိသန္ဓေခဏ၌ အဘယ်ငါးပါးသော အာယတနတို့ ထင်ရှားဖြစ်ကြကုန်သနည်း။ စက္ခာယတနသည်လည်းကောင်း၊ ရူပါယတနလည်းကောင်း၊ သောတယတနသည်လည်းကောင်း၊ မနာယတနသည်လည်းကောင်း၊ ဓမ္မာယတနသည်လည်းကောင်း ဤငါးပါးကုန်သော အာယတန တို့သည် ထင်ရှားဖြစ် ကြကုန်၏။
ဟူ၍လည်းကောင်း၊
- အဘယ်ငါးပါးသော ဓာတ်ကို ထင်ရှားဖြစ်ကြကုန်သနည်း။ စက္ခုဓာတ်သည်လည်းကောင်း၊ ရူပဓာတ်သည်လည်းကောင်း၊ သောတဓာတ်သည်လည်းကောင်း၊ မနောဝိညာဏဓာတ်သည် လည်း ကောင်း၊ ဓမ္မဓာတ်သည်လည်းကောင်း ဤငါးပါးကုန်သော ဓာတ်တို့သည် ထင်ရှားဖြစ်ကြကုန်၏။
ဟူ၍လည်းကောင်း၊
- အဘယ်သုံးပါးသော အာဟာရတို့သည် ထင်ရှားဖြစ်ကြကုန် သနည်း။ ဖဿာဟာရသည် လည်းကောင်း၊ မနောသဉ္ဇေတနာ ဟာရသည်လည်းကောင်း၊ ဝိညာဏာဟာရသည်လည်းကောင်း ဤသုံးပါးကုန်သော အာဟာရတို့သည် ထင်ရှားဖြစ်ကြကုန်၏။
ဟူ၍လည်းကောင်း ဓမ္မဟဒယဝိဘင်းပါဠိတော်၌ ဟောတော်မူအပ်သည်၏ အဖြစ်ကြောင့်တည်း။
ဆက်၍ ဆိုဦးအံ့။ ဤပါဠိတော်၌ ရူပဘုံ၌ ဖောဋ္ဌဗ္ဗကို ပယ်တော် မူအပ်သော်လည်း ဖောဋ္ဌဗ္ဗ တည်းဟူသော ကိစ္စမှတစ်ပါးသော ကိစ္စ သဘော ရှိသောကြောင့် မဟာဘုတ်တို့၏ ထိုရူပဘုံ၌ ရခြင်းကို မတားမြစ်အပ်သည်သာလျှင်တည်း။ ဂန္ဓစသည်တို့၏ကား ကိစ္စတစ်ပါး အထူး သည်ပင် လျှင် မရှိချေ။ အကြင်ကိစ္စတစ်ပါး အထူးအခြားဖြင့် ထိုဂန္ဓ စသည်တို့သည် တရားသဘောမျှ၏ အဖြစ်၌လည်း တည်ကြကုန်ရာ၏။ ထို့ကြောင့် ထိုဂန္ဓစသည်တို့ကို ဟောတော်မမူခြင်းသည် ထိုရူပဘုံ၌ မရှိခြင်းကိုသာလျှင် ပြတော်မူ၏။ ဤသည်ကား ဆရာအရှင်အာနန္ဒာ မထေရ်၏ အလိုတော်တည်း။
ထိုသို့ပင် ဖွင့်ဆိုတော်မူငြားသော်လည်း မဟာဘုတ်လေးခု အပေါင်းသည် ထိုရူပဘုံ၌ ရှိသည် သာလျှင်တည်း။ ရှင်တော်ဘုရား အဘယ်သို့ ဟောကြားတော်မူသနည်း။
- အသညတ်ပုဂ္ဂိုလ်တို့အား တစ်ခုသော မဟာဘုတ်ကို စွဲ၍ သုံးပါးကုန်သော မဟာဘုတ်တို့ ဖြစ်ကြကုန်၏။
ဤသို့ အစရှိသည်တည်း။ ထိုသို့ပင် ဟောတော်မူပါသော်လည်း ဖောဋ္ဌဗ္ဗာယတနကိုလည်းကောင်း၊ ဖောဋ္ဌဗ္ဗဓာတ်ကိုလည်းကောင်း ထိုရူပ ဗြဟ္မာ့ဘုံ၌ ပယ်တော်မူအပ်သကဲ့သို့ ထို့အတူ အလုံးစုံ ကုန်သော သဘော တရားတို့၏ ဓမ္မ၏အဖြစ်သည် တူကြငြားသော်လည်း အကြင်ကိစ္စ အထူးကြောင့် ဂန္ဓဟူ၍လည်းကောင်း၊ ရသဟူ၍လည်းကောင်း၊ ဖောဋ္ဌဗ္ဗ ဟူ၍လည်းကောင်း၊ ကဗဠီကာရာဟာရ ဟူ၍လည်းကောင်း ဆိုအပ်၏။
ထိုကိစ္စအထူး၏ မရှိသည်၏ အဖြစ်ကြောင့် ထိုဂန္ဓစသည်တို့၏ ထိုဂန္ဓ စသော အမည်ဖြင့် ထိုရူပဘုံ၌ မရအပ်သည်၏ အဖြစ်ကို ရည်ရွယ်၍ ဝိဘင်းပါဠိတော်၌ လည်း ကောင်း၊ ကထာ၀တ္ထု ပါဠိတော်၌လည်းကောင်း၊ ယမိုက်ပါဠိတော်၌လည်းကောင်း ဤသို့ အလုံးစုံ သော ပါဠိတော်တို့၌ ထိုဂန္ဓစသည်တို့ကို ထိုရူပဘုံ၌ ပယ်ခြင်းသည် ဖြစ်ပေ၏။
မဟာဘုတ်တို့၏ကား အပွားအစီးဖြစ်သော အကျိုးဆက် တည်းဟူသော သဘောမျှ၏ အဖြစ်ဖြင့် ရှိကြကုန်သော ထိုဂန္ဓစသည်တို့၏ ဓမ္မာယတန ဓမ္မဓာတ်တို့၌ အလျော်အားဖြင့် သွင်းခြင်းသည် ဖြစ်၏။ ဤသို့ (ယူဆရန်) သင့်သည် ဖြစ်ရာ၏။ ဤသို့ ဆိုကြကုန်၏။
‘‘တီဏိ ဒသကာနိ ဇိဝိတနဝကဉ္စှ - သုံးပါးသော ဒသကတို့လည်းကောင်း၊ ဇီဝိတနဝက ကလာပ် လည်းကောင်း’’ ဟူသော ဤပါဌ်၌လည်း ဆရာအာနန္ဒာမထေရ်၏ အလိုတော်အားဖြင့် ‘‘စက္ခုသတ္တကကလာပ် လည်းကောင်း၊ သောတသတ္တကကလာပ်လည်းကောင်း၊ ၀တ္ထုသတ္တက ကလာပ်လည်းကောင်း ဤသို့ သုံးပါးသော သတ္တကကလာပ်တို့လည်း ကောင်း၊ ဇီဝိတဆက္ကကလာပ် လည်းကောင်း’’ဟူ၍ ဆိုသင့် ဆိုထိုက်၏။
အတိရိစ္ဆတိ = ဟူသည်ကား မရအပ်သော ရုပ်စုကို ရှေးဦးစွာ ကြဉ်လိုက်သည်ရှိသော် ထို အသညသတ်ဘုံ၌ ရထိုက်သည်၏ အစွမ်းဖြင့် ကြွင်း၏ တစ်နည်းကား ပိုလွန်၏။ ဤသည်ကား အနက်တည်း။
မေးဖွယ်တစ်ချက်ကို ဆိုဦးအံ့။ ဤအရာ၌ ရူပဘုံ၌ကဲ့သို့ ကာမဘုံ၌ ဇီဝိတနဝကကလာပ်ကို အဘယ့်ကြောင့် အသီးအခြား မဆိုပါသနည်း။ ဤသည်ကား အမေးတည်း။
ရူပဘုံ၌ကား အာဟာရတည်းဟူသော အထောက်အပံ့၏လည်းကောင်း၊ ဇီဝိတနဝကကလာပ်မှ တစ်ပါးသော တစ်ကိုယ်လုံး ပျံ့နှံ့လျက်နေသော အစဉ်စောင့်တတ်သော ကလာပ်တစ်ပါး၌ တည်သော ဇီဝိတ၏ လည်းကောင်း မရှိခြင်းကြောင့် ဤဇီဝိတနဝက ကလာပ်သည်သာလျှင် ထိုနှစ်ပါး၏ အရာ၌တည်၍ အလုံးစုံသော ကိုယ်ကို အစဉ်စောင့်တတ်၏။ ထို့ကြောင့် ထိုရူပဘုံ၌ ထင်ရှား၏။ ထို့ကြောင့် ဇီဝိတနဝကကလာပ်ရုပ် ဟူ၍ အသီးအခြား မိန့်ဆိုအပ်၏။
ကာမဘုံ၌ကား ဇီဝိတနဝကကလာပ်မှ တစ်ပါးကုန်သော ထောက်ပံ့တတ်သော အာဟာရတရား စောင့်ရှောက်တတ်သော ဇီဝိတတရားတို့သည် များကုန်သည်လည်းကောင်း၊ ထင်ရှားကုန်သည် လည်းကောင်း ဖြစ်ကြကုန်၏။ ထို့ကြောင့် ဇီဝိတနဝကကလာပ်သည် မထင်ရှားချေ။ ဤသို့ နှလုံးပိုက်၍ အသီးအခြား ဆိုတော်မမူသည် ဖြစ်ရာ၏။
ထိုသို့ပင် ဆိုသော်မမူသော်လည်း ကာမဘုံ၌လည်း ဤဇီဝိတနဝက ကလာပ်သည် စားအပ်သော အစာစသည်ကို ကျိုချက်တတ်သော ဝမ်းမီး၏ အစွမ်းအားဖြင့်လည်းကောင်း၊ ထိုဝမ်းမီး၏သာလျှင် အပွားအစီး ဖြစ်၍ ဖြစ်သော တစ်ကိုယ်လုံးကို စောင့်ရှောက်ပေသည့် ဥသ္မာခေါ်သော ကိုယ်စောင့်မီး ဓာတ်၏ အစွမ်းအားဖြင့်လည်းကောင်း ထင်ရှားသည်သာလျှင်တည်း။
အကြင် ကိုယ်စောင့်မီးကို ရည်ရွယ်၍-
- အသက်ခေါ်သော ဇီဝိတဓာတ်သည်လည်းကောင်း၊ ကမ္မဇတေဇော ခေါ်သော ကိုယ်စောင့် ဓာတ်မီးသည်လည်းကောင်း၊ ဘဝင်ဝိညာဉ်သည်လည်းကောင်း ထိုတရားသုံးပါးတို့သည် အကြင် အခါ၌ ဤကိုယ်ခန္ဓာကို မစောင့်ကြဘဲ ခွာရှဲ စွန့်ပယ်ကြကုန်၏။ ထိုအခါ၌ အကျိုးမများ အလကား ဖြစ်သော ထင်းတုံး တိုင်ဆွေးကဲ့သို့ စွန့်ပစ်အပ်သည်ဖြစ်၍ အိပ်ရရှာလေ၏။ ဟူ၍ ဟောတော် မူအပ်၏။
- ထိုဂါထာ၌ အာယု- ဟူသည်ကား ထိုနှစ်ပါးသော ပါစက ဓာတ်မီး ဥသ္မာဓာတ်မီး၌ တည်သော ဇီဝိတရုပ်ကိုသာလျှင် ဆိုအပ်၏။
- ဥသ္မာ- ဟူသည်ကား ထိုနှစ်ပါးသော ပါစကဓာတ်မီး ဥသ္မာဓာတ်မီးတို့ကို ဆိုအပ်ကုန်၏။
အကြင် နှစ်ပါးသော ဓာတ်မီးတို့သည် ထက်လွန်း နုန့်လွန်းသည်၏ အစွမ်းဖြင့် မညီမညွတ် ဖြစ်ကုန် သည်ရှိသော် ကိုယ်၌ အထူးထူးသော အနာရောဂါတို့ ဖြစ်ကြကုန်၏။
ရှင်တော်ဘုရား အဘယ်ကဲ့သို့ ဟောကြားတော်မူသနည်း ဟူမူကား-
- အနာများသည် ဖြစ်၏။ ရောဂါများည် ဖြစ်၏။ အစာကို မညီမညွတ် ကျိုချက်တတ်သော အလွန် ပူလွန်း ထက်လွန်းသော အလွန် အေးလွန်း နုန့်လွန်းသော ဝမ်းမီးနှင့် ပြည့်စုံသည် ဖြစ်ပေ၏။
ဟူ၍ ဟောတော်မူ၏။ ဓာတ်မီးနှစ်ပါးတို့ ညီညွတ်စွာ ဖြစ်ကုန်သည် ရှိသော် သတ္တဝါတို့သည် အနာ ကင်းရှင်းကြကုန်သည် ဖြစ်ကြကုန်၏။ ရှင်တော်ဘုရား အဘယ်ကဲ့သို့ ဟောကြားတော် မူသနည်း ဟူမူကား-
- အနာကင်းသည် ဖြစ်၏။ ရောဂါကင်းသည် ဖြစ်၏။ အလွန်လည်း မအေးလွန်း မနုန့်လွန်းသော အလွန်လည်း မပူလွန်း မထက်လွန်းသော အလယ်အလတ်ဖြစ်သော ကမ္မဋ္ဌာန်း အလုပ်ကို အားထုတ်ခြင်းငှါ ခံ့သော အစာကို အညီအညွတ် ကျိုချက်တတ်သော ဝမ်းမီးနှင့် ပြည့်စုံသည် ဖြစ်၏။
ဟူ၍ ဟောတော်မူ၏။
အချို့သော ဆရာတို့သည်ကား အသိတာဒိပါစက (= စားသောက်အပ်သော အစာအာဟာရ စသည်ကို လောင်ကျက်သော) ဓာတ်မီး၌ သာလျှင် ဤဇီဝိတနဝကကလာပ်ကို မှတ်ထင်ကြကုန်၏။ အရှင်အနုရုဒ္ဓါ မထေရ်သည်လည်း နာမရူပရိစ္ဆေဒကျမ်း၌-
- ဇီဝိတနဝကကလာပ် မည်သည် ရူပဘုံ၌ အသီးအခြား ဖြစ်ရာ၏။
ဟူ၍ မိန့်ဆိုအပ်၏။ ဝိသုဒ္ဓိမဂ်၌ကား-
- ဝမ်းမီးဟု ဆိုအပ်သော ဂဟဏီမည်သော တေဇော ကောဋ္ဌာသနှင့် စိတ္တဇဖြစ်သော ဒဿာသပဿာသ ဟူသော ဝါယော ကောဋ္ဌာသတို့မှ ကြွင်းကုန်သော လေးပါးသော အကြောင်းတို့ ကြောင့် ဖြစ်ကုန်သော တေဇောကောဋ္ဌာသ သုံးပါး ဝါယော ကောဋ္ဌာသ ငါးပါးအားဖြင့် ရှစ်ပါး ကုန်သော ကောဋ္ဌာသတို့၌ ဇီဝိတနဝကကလာပ်ကိုလည်းကောင်း၊ စိတ် ဥတု အာဟာရ အားဖြင့် သုံးပါးကုန်သော သြဇဋ္ဌမကရုပ်တို့လည်းကောင်း ဤသို့ သုံးဆယ့်သုံးပါးကုန်သော ရုပ်တို့သည် ထင်ရှား ဖြစ်ကြကုန်၏။
ဟူ၍ မိန့်ဆိုအပ်၏။ ထိုအဋ္ဌကထာပါဌ်၌ အဋ္ဌသု- ဟူသည်ကား ပါစကတေဇော ထွက်သက် ဝင်သက်တို့သည် ကြဉ်အပ်ကုန်သော သုံးပါးသော တေဇောကောဋ္ဌာသတို့၌လည်းကောင်း၊ ငါးပါး ကုန်သော ဝါယောကောဋ္ဌာသတို့၌လည်းကောင်း ဤသို့ ရှစ်ပါးသော ကောဋ္ဌာသတို့၌-
ဤသို့ ကာမလောက၌လည်း တစ်ကိုယ်လုံး ပျံ့နှံ့ကုန်သော တေဇော ကောဋ္ဌာသသုံးပါး ဝါယော ကောဋ္ဌာသ ငါးပါးတို့၌ ရအပ်သည်၏ အဖြစ်ကြောင့် ဤဇီဝိတနဝကကလာပ်ကို တစ်ကိုယ်လုံး ၌သာလျှင် မှတ်အပ်၏။ ဤသို့ သိအပ်၏။
ဤအရာ၌ စောဒနာဖွယ်သည် ဖြစ်ပေရာ၏။ အဘယ့်ကြောင့်ကား ဤရူပဘုံ၌ ကာမဘုံကဲ့သို့ ရုပ်ကလာပ်တို့၏ ချုပ်စဉ်ကို မဆိုပါသနည်း။ ဤသို့ စောဒနာဖွယ်သည် ဖြစ်ရာ၏။ အထူး မရှိခြင်းကြောင့် မဆိုအပ်ပေ။
မှန်လှစွာ၏။ ရူပဘုံ၌လည်း ‘‘မရဏကာလေ ပန စုတိစိတ္တော ပရိသတ္တရသမစိတ္တဿ ဌိတိကာလမုပါဒါယ န ဥပ္ပဇ္ဇန္တိ’’ ဤသို့ အစရှိသော ချုပ်စဉ်သည် ကာမဘုံနှင့် တူသည်သာလျှင်တည်း။
အထူးကို ဆိုဦးအံ့။ ဤရူပဘုံ၌ သက်သက် အာဟာရဇရုပ်၏ ချုပ်ခြင်းမည်သည် မရှိချေ။ ထို့အတူ သူကောင်ပုပ်ကို ပစ်ချရခြင်းသည်လည်း မရှိချေ။
ထို့ကြောင့် ထိုရူပဘုံ၌လည်း စုတိစိတ်မှ နောက်၌ တစ်ဆယ့်ခြောက်ချက်သော စိတ္တက္ခဏ အတိုင်းအရှည်ရှိသော တစ်ခုသော ခဏ၌ စိတ္တဇရုပ် အစဉ်သည် ပြတ်၏။ ထိုစိတ္တဇရုပ်အစဉ် ပြတ်သည်မှ နောက်၌ ဥတုသမုဋ္ဌာန် ရုပ်အဆက်ဆက်သည် လက်ဖျစ် တစ်တွက် လက်ဖျစ်နှစ်တွက် လက်ဖျစ်သုံးတွက်မျှ ကာလပတ်လုံး ဖြစ်၍ ပြတ်၏။ ဤသို့ ယူဆရန် သင့်မြတ်လျော်ကန်၏။
ဤမျှလောက်သော ကာလဖြင့် ရုပ်အစဉ်သည် တည်ငြားသော်လည်း သူသေကောင်ပုပ် မည်သည်ကို ရခြင်းငှါ တတ်လည်း မတတ်ကောင်းချေ။ အဘယ့်ကြောင့်နည်း ဟူမူကား- ကြည့်ရှု၍ နေကြကုန် သော နတ် ဗြဟ္မာတို့အား တစ်ပြိုင်နက် တစ်ခဏခြင်းဖြင့်ကဲ့သို့ ကိုယ်ခန္ဓာ၏ ပျောက်ကွယ်ခြင်း၏ ထင်ခြင်းကြောင့်တည်း။ ဤသို့ သိအပ်၏။
ရူပဘုံ၌ ဥပပတ်ဗြဟ္မာတို့၏ ချုပ်ခြင်းကဲ့သို့ ထို့အတူ ကာမဘုံ၌လည်း ဥပပတ်နတ်တို့၏ လည်းကောင်း၊ တစ်ပါးကုန်သော ငရဲ ပြိတ္တာ အစရှိသော ဥပပတ်သတ္တဝါတို့၏လည်းကောင်း ချုပ်ခြင်း ဖြစ်ပေ၏ဟု သိအပ်၏။
မှန်လှစွာ၏။ ထိုနတ် ငရဲ ပြိတ္တာ အစရှိသော ကာမဥပပတ် သတ္တဝါ တို့၏ ကိုယ်ကောင်အထည်တို့သည် ပဋိသန္ဓေခဏ၌သာလျှင် အချင်းခပ်သိမ်း ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် ဖြစ်သော ကမ္မဇ ကိုယ်ကောင်ဖြင့် ဖြစ်ရသည်၏ အဖြစ်ကြောင့် ကမ္မဇရုပ် တို့ဖြင့် တစ်ခဲနက် ပြည့်နှက်၍ နေကုန်သည်လည်းကောင်း၊ အလွန်အမင်း ပေါ့ပါးခြင်း ရှိကုန်သည် လည်းကောင်း ဖြစ်ကြကုန်၏။
ဤကမ္မဇရုပ်မှ တစ်ပါး တိဇရုပ်တို့သည် ကမ္မဇရုပ်တို့၌ ထောက်တည်၍ ဖြစ်ကြရ တည်ကြရကုန်၏။ ထို့ကြောင့် ထိုကာမဥပပတ်ပုဂ္ဂိုလ် တို့၏ စုတိအခါ၌ ကမ္မဇရုပ်တို့ ချုပ်ကုန်ပြီးလတ်သော် ထိုတိဇရုပ်တို့သည် ပျက်စီးပြီးသော ထောက်ရာ တည်ရာ ရှိကုန်သည် ဖြစ်ကုန်၍ ကြာရှည် လေးမြင့်စွာ အစဉ်ကို ဆက်စပ်ခြင်းငှါ မစွမ်းနိုင်ကြကုန်။ အနည်းငယ် ဖြစ်ပြီး၍ အလုံးစုံ ချုပ်ကြကုန်၏။ ထိုကာမဥပပတ်တို့၏ အသေကောင်ပုပ်ကြီးကို ချန်ထားကျန်ရစ်ခဲ့ခြင်း မည်သည် မရှိချေ။ ဤသို့ မှတ်အပ်၏။
၂၁၈။ ထိုဋီကာကျော် (နှာ- ၂၁၅)၌-
သေသောအခါ၌ကား ဗြဟ္မာတို့အား အသေကောင်ပုပ်ကို ပစ်ချရခြင်း မရှိသောကြောင့် ခပ်သိမ်း ကုန်သော ဗြဟ္မာတို့အား သုံးပါးသော အကြောင်းတို့ကြောင့် ဖြစ်သော ရုပ်တို့သည်လည်း ကောင်း၊ နှစ်ပါးသော အကြောင်းတို့ကြောင့် ဖြစ်သော ရုပ်တို့သည်လည်းကောင်း အတူတကွသာလျှင် ချုပ်ကြ ကုန်၏။ ဟူသော အကြင်စကားကို မိန့်ဆိုအပ်၏။ ထိုစကားသည် မကောင်းချေ။
မှန်လှစွာ၏။ ဤသို့ အသညသတ် ဗြဟ္မာတို့အား ဒွိသမုဋ္ဌာန်ရုပ်တို့၏ ရူပတစ်ဆယ့်ငါးဘုံ ဗြဟ္မတို့အား တိသမုဋ္ဌာန်ရုပ်တို့၏ တစ်ပြိုင်နက် ချုပ်ခြင်းရှိခဲ့သော် အလုံးစုံသော ဗြဟ္မာတို့၏ မရဏာသန္န စိတ်တို့ သည် ရုပ်ကို မဖြစ်စေနိုင်ကြကုန်။ ဤသို့သော သဘောအဓိပ္ပါယ် သက်ရောက်ခဲ့ရာ၏။ မှန်လှစွာ၏။ မရဏာသန္နစိတ်ကြောင့် ဖြစ်ကုန်သော ရုပ်တို့သည် ကမ္မဇရုပ်တို့နှင့် တကွသာလျှင် ချုပ်ကြကုန်၏။ ဤသို့ ဆိုခြင်းငှါ မတတ်ကောင်းချေ။
ဆက်၍ ဆိုဦးအံ့။ ထိုမရဏာသန္နစိတ်ကြောင့် ဖြစ်ကုန်သော စိတ္တဇ ရုပ်တို့သည် ကမ္မဇရုပ် ချုပ်ပြီးသည်မှ နောက်၌ အတန်ငယ်ဖြစ်၍ ချုပ်ကုန်သကဲ့သို့ ထို့အတူ ဥတုဇရုပ်တို့သည်လည်း စိတ္တရုပ် ချုပ်ပြီးသည်မှ နောက်၌ အတန်ငယ်ဖြစ်၍ ချုပ်ကြကုန်၏။ ဤသို့ သိခြင်းငှါ မတတ်ကောင်း သည်ကား မဟုတ်ကုန်။ ထိုမျှလောက်သော ကာလဖြင့် ထိုဥတုဇရုပ်တို့သည် ဖြစ်ကုန်သော်လည်း သူသေကောင်ကို ပစ်ချခြင်း မည်သည် ဖြစ်ခြင်းငှါ တတ်လည်း မတတ်ကောင်းပေ။ ဤသို့ သိအပ်၏။
သင်္ဂဟဂါထာ အဖွင့်
ဗြဟ္မာတို့အားကား ထိန မိဒ္ဓ အစရှိကုန်သော နီဝရဏမျိုးတို့၏ ရှိသည်၏ အဖြစ်ကြောင့် ထိုအားလျော်စွာ စိတ္တဇရုပ်၏လည်းကောင်း၊ ထိုစိတ္တဇရုပ်၏ အလားလျှင် အလားရှိကုန်သော ဥတုဇရုပ်တို့၏လည်းကောင်း ပေါ့သည်၏အဖြစ် လေးသည်၏အဖြစ် အစရှိသော အမူအရာ ထူးသည် မဖြစ်သင့်သည်ကား မဟုတ်ချေ။ ထို့ကြောင့် လဟုတာ အစရှိသော ရုပ်သုံးခုတို့၏ အပေါင်းကိုလည်း ယူ၍ ‘‘တေဝီသရူပီသု = အသညသတ် ကြဉ်သော ရူပတစ်ဆယ့်ငါးဘုံတို့၌ နှစ်ဆယ့်သုံးပါး ကုန်သော ရုပ်တို့သည်’’ဟူ၍ မိန့်ဆိုအပ်၏။
ဃာန အစရှိသော ရုပ်သုံးခုတို့၏ အပေါင်း ဘာဝရုပ် နှစ်ခုတို့သည် ကြဉ်အပ်ကုန်သော နှစ်ဆယ့်သုံးပါးသော ရုပ်တို့ ဖြစ်ကြကုန်၏။ ထိုရုပ် တို့သည်ပင်လျှင် စက္ခုပသာဒ သောတပသာဒ ဟဒယ၀တ္ထု ဝိညတ်ဒွေးတို့သည် ကြဉ်အပ်ကုန်သော အသညသတ်ဗြဟ္မာတို့အား တစ်ဆယ့်ခုနစ်ပါး သော ရုပ်တို့ ဖြစ်ကြကုန်၏။ ဤသို့ ယောဇနာခြင်းကို သိအပ်၏။
အသညသတ် ဗြဟ္မာတို့အားကား လေးသည်၏အဖြစ် ပေါ့သည်၏ အဖြစ် အစရှိသော အပြားကို ကြံအပ်၏။ တစ်နည်းကား- ကြံဖွယ်ကိစ္စ မရှိချေ။ အဘယ့်ကြောင့်နည်း ဟူမူကား- ရုပ်တရားတို့၏ ဖောက်ပြန်ခြင်း အမူအရာ၏ များသောအကြောင်း ရှိသည်၏ အဖြစ် ကြောင့်တည်း။ ဤသို့ သိအပ်၏။
- ဥပပတ္တိယံ- ပဋိသန္ဓေအခါ၌ ဟူသည်ကား ကာမပုဂ္ဂိုလ် ရူပ ပုဂ္ဂိုလ် အသညသတ် ပုဂ္ဂိုလ်တို့၏ ပဋိသန္ဓေအခါ၌-
မှန်လှစွာ၏။ ဥပဒ်ခဏသည်သာလျှင် စင်စစ်အားဖြင့် ပဋိသန္ဓေ ခဏ မည်သည် ဖြစ်ပေ၏။ ဤသို့ သိအပ်၏။
- ပဝတ္တေတု = ပဝတ္တိအခါ၌ကား- ဟူသည်ကား ပဋိသန္ဓေ၏ ဌီခဏမှစ၍ အလုံးစုံသော ပဝတ္တိအခါ၌ကား တစ်စုံတစ်ခုသော ရုပ်ကို လည်း မရအပ်သည်ကား မဟုတ်ချေ။ ရအပ်သည်သာ လျှင်တည်း။ ဤသည်ကား အဓိပ္ပါယ်တည်း။
မှန်လှစွာ၏။ ဤနာမ်ရုပ်ကို ပဝတ္တိအခါ၌ မရအပ်။ ပဋိသန္ဓေ အခါ၌သာလျှင် ရအပ်၏။ ဤသို့ ဆိုဖွယ်သည် မရှိတော့ပေဟု သိအပ်၏။
ရူပပဝတ္တိက္ကမ အဖွင့်
ဤတွင် ပြီးပြီ။
နိဗ္ဗာန် အဖွင့်
ဤသို့ စိတ္တသင်္ဂဟ စေတသိကသင်္ဂဟ ရူပသင်္ဂဟကို ပြပြီး၍ ယခုအခါ၌ အစဉ်ရောက်လာသော နိဗ္ဗာနသင်္ဂဟကို ပြတော်မူလိုသည် ဖြစ်၍ ‘‘နိဗ္ဗာနံ ပန’’ အစရှိသော စကားကို မိန့်ဆိုတော်မူ၏။
နိဗ္ဗာန်ကိုကား နိဗ္ဗာန်ဟူ၍ မိန့်ဆိုတော်မူ၏။ ဤသည်ကား (ရှေ့နောက်ဖြစ်သော) ပုဒ်နှစ်ခုတို့ကို စပ်ပြခြင်းတည်း။
လောကုတ္တရ သင်္ခါတံ- ဟူသည်ကား လောကုတ္တရံ-ဟူ၍ မြတ်စွာဘုရားသည် ဟောတော်မူအပ်၏။ အဘယ်ကဲ့သို့ ဟောတော်မူသနည်း ဟူမူကား-
- အဘယ်တရားတို့သည် လောကုတ္တရာ မည်ကုန်သနည်း။ လေးပါးကုန်သော အရိယာမဂ် တို့သည်လည်းကောင်း၊ လေးပါးကုန်သော သာမညဖိုလ်တို့သည်လည်းကောင်း၊ အကြောင်းတရားတို့ ပြုပြင်မှု မရှိသော သင်္ခတဓာတ်လည်းကောင်း၊
ဤတရားတို့သည် လောကုတ္တရာ မည်ကုန်၏။
ဟူ၍ ဟောတော်မူ၏။ ဤစကားရပ်ဖြင့် နိဗ္ဗာန်၏ ပညတ်မျှ၏ အဖြစ်ကို နစ်စေ၏။ မှန်လှစွာ၏။ လောက ဝေါဟာရမျှသာ ဖြစ်သော ပညတ်သည် လောကုတ္တရာ မည်သည် ဖြစ်ခြင်းငှါ မတတ် ကောင်းချေ။
- စတုမဂ္ဂဉာနေန သစ္ဆိကာတဗ္ဗံ = လေးပါးသော မဂ်ဉာဏ်ဖြင့် မျက်မှောက်ပြုအပ်သော- ဟူသည်ကား မျက်စိအမြင်နှင့် ပြည့်စုံသော ယောက်ျားသည် မျက်စိဖြင့် လဝန်းကို မျက်မှောက် အားဖြင့် မြင်အပ်သကဲ့သို့ ရအပ်ပြီးသော မဂ်ဉာဏ်ရှိကုန်သော အရိယာဖြစ်ပြီးသော သူတို့သည် လေးပါးကုန်သော အရိယာမဂ် ဉာဏ်တို့ဖြင့် မျက်မှောက်အားဖြင့် မြင်အပ်သော ထိုးထွင်းအပ်သော၊ ဤသည်ကား အနက်တည်း။
ထိုစကား၌ ‘‘စတုမဂ္ဂဉာဏေန’’ ဟူသော ဤပါဌ်ဖြင့် ထိုကဲ့သို့ သဘောရှိသော ပဋိပတ္တိလမ်းမှ မျက်ကွယ်ဖြစ်၍ နေကုန်သော အန္ဓပုထုဇဉ်တို့အား ပဋိသန္ဓေအားဖြင့် ကန်းကုန်သော သူတို့အား လဝန်း ကဲ့သို့သော ထိုနိဗ္ဗာန်၏ အရာမဟုတ်သည်၏ အဖြစ်ကို ပြ၏။ ပဋိသန္ဓေအားဖြင့် ကန်း ကုန်သော သူတို့၏ မျက်စိ၌ မရကာမျှဖြင့် လဝန်းသည် မရှိသည် မည်သည်လည်း မဖြစ်နိုင်ပေဟု သိအပ်၏။
သစ္ဆိကာတဗ္ဗံ = မျက်မှောက်ပြုအပ်သော- ဟူသော ပါဌ်ဖြင့် ပရမတ္ထ အားဖြင့် ထင်ရှားရှိသည်၏ အဖြစ်ကို ပြ၏။ မှန်လှစွာ၏။ တစ်စုံတစ်ခုသော အကြင်၀တ္ထုသည် ပရမတ္ထအားဖြင့် ထင်ရှားရှိသည် မဖြစ်ချေ။ ထို၀တ္ထုသည် သရုပ်အားဖြင့် အဘယ်သူ၏ မျက်မှောက်မည်သည် ဖြစ်နိုင်လတ္တံ့နည်း။ ဤသို့ သိအပ်၏။
ထိုနှစ်ပါးစုံသော ‘‘စတုမဂ္ဂဉာဏေန’’ဟူသော ပါဌ် ‘‘သစ္ဆိကာတဗ္ဗံ’’ ဟူသော ပါဌ်ဖြင့်ကား ထိုနိဗ္ဗာန်၏ ပညာကြီးကုန်သော ကလျာဏ ပုထုဇဉ်တို့အား အမှန်းအဆအားဖြင့် (မှန်းဆ သိမြင်နိုင်သော ဉာဏ် အားဖြင့်) ပြီးသည်၏အဖြစ် ထင်ရှားသည်၏ အဖြစ်ကို ပြ၏။ မှန်လှစွာ၏။ အမှန်းအဆ အားဖြင့် လည်း မိမိ၏အသိဉာဏ်၌ မပြီးသော မထင်ရှားသော ၀တ္ထုကို မျက်မှောက်ပြုခြင်းငှါ အားထုတ်ခြင်း မည်သည်လည်း မရှိချေ။ အကြင် အားထုတ်မှုကြောင့် မျက်မှောက်ပြုခြင်း ကိစ္စ၏ ပြီးစီးခြင်းသည် ဖြစ်ရာ၏။ ဤသို့ သိအပ်၏။
ဤသို့ နိဗ္ဗာန်၏ ပရမတ္ထအားဖြင့် ထင်ရှားရှိသည်၏ အဖြစ်ကို ပြပြီး၍ ယခုအခါ၌ သက်သက် ပရမတ္ထအားဖြင့် ထင်ရှားရှိကာ မျှသည် သာလျှင် မဟုတ်သေးပေ။ စင်စစ်သော်ကား ထိုနိဗ္ဗာန်သည် ကြီးမြတ်သော တန်ခိုးရှိသည်လည်းကောင်း၊ ကြီးမြတ်သော သြဇာရှိသည်လည်းကောင်း ဖြစ်ပေ၏-ဟု ပြခြင်းငှါ ‘‘မဂ္ဂဖလာနမာလမ္ဗဏ ဘူတံ’’ဟူ၍ မိန့်ဆိုအပ်ပေ၏။
ဤပါဌ်ဖြင့် နိဗ္ဗာန်နှင့်ကင်း၍ မဂ်ဖိုလ်တို့၏ ကိလေသာကို ပယ်စေခြင်း ကိစ္စမပြီးစီးခြင်းကို ပြ၏။ ထို့ကြောင့် ထိုနိဗ္ဗာန်၏ ကြီးမြတ်သော တန်ခိုးရှိသည်၏ အဖြစ်ကိုလည်းကောင်း၊ ကြီးမြတ်သော သြဇာရှိသည်၏ အဖြစ်ကို လည်းကောင်း ပြ၏။
ချဲ့၍ ဆိုဦးအံ့။ ဥပမာကား တန်ခိုးကြီးသော တစ်ယောက်သော မင်းသည် ရှိသည်ဖြစ်၏။ ထိုမင်း၏ တိုင်းနိုင်ငံအတွင်း၌ တစ်ခုသော ရွာကြီး၌ တစ်ယောက်သော ရွာစားသူကြီးသည်လည်းကောင်း၊ တစ်ယောက်သော အခြံအရံများသည် ခိုးသူကြီးသည်လည်းကောင်း နေ၏။ ထိုရွာသူကြီးနှင့် ခိုးသူကြီးတို့သည် အချင်းချင်း သတ်ခြင်းငှါ အားထုတ်ကြကုန်လျက် လှည့်လည် သွားလာကြကုန်၏။
ထိုနှစ်ယောက်တို့တွင် ရွာစားသူကြီးသည် မြို့သို့သွား၍ မင်းကို ခစားလေ၏။ ထိုရွာစားသူကြီးသည် မကြာမီသာလျှင် မင်းကျွမ်းဝင်သည် ဖြစ်လေ၏။ မင်းမှ ကြီးစွာသော အာဏာကို ရလေ၏။ ထိုအကြောင်းအရာကို ကြား၍ ခိုးသူကြီးသည် ‘‘ယခုအခါ ဤရွာ၌နေသော ငါ့အား အသက်သည် မရှိနိုင်တော့ပြီ’’ ဤသို့ နှလုံးပိုက်၍ မိမိ၏အခြံအရံနှင့် တကွ တောအုပ်သို့ ဝင်လေ၏။
ရွာစားသူကြီးသည်လည်း ထိုခိုးမှူးကြီးကို တောအုပ်သို့ ဝင်သည်ကိုလည်း လွတ်မြောက်ခြင်းငှါ မပေးမူ ဖမ်းယူ၍ သတ်လေသကဲ့သို့ ဤနိဗ္ဗာန်ကို ဤကဲ့သို့ ပြည့်စုံစွာ မှတ်အပ်၏။ ဆက်၍ ဆိုပေဦးအံ့-
- တန်ခိုးကြီးသော မင်းကဲ့သို့ နိဗ္ဗာန်ကို မှတ်အပ်၏။
- ရွာစားသူကြီးကဲ့သို့ ဉာဏ်ကို မှတ်အပ်၏။
- ခိုးမှူးကြီးကဲ့သို့ မောဟကို မှတ်အပ်၏။
- အခြံအရံ ခိုးသားတို့ကဲ့သို့ မောဟမှ ကြွင်းသော ကိလေသာ တို့ကို မှတ်အပ်၏။
- ရှေး၌ မင်းအား မခစားမီကာလ၌ ရွာစားသူကြီးကဲ့သို့ ပုထုဇဉ်၏ဉာဏ်ကို မှတ်အပ်၏။
- ခစားသော ကာလ၌ ရွာစားသူကြီးကဲ့သို့ မဂ်ဉာဏ်ကို မှတ်အပ်၏။
ဤသို့ သိအပ်၏။
တဏှာ ဖြစ်သည်ရှိသော် အဇ္ဈတ္တ ဗဟိဒ္ဓစသည် အပြားရှိကုန်သော ခန္ဓာအစရှိသော တရားတို့၌ မှေးယှက်လျက်သာလျှင် ဖြစ်၏။ ရှင်တော်ဘုရား အဘယ်သို့ ဟောကြားတော်မူသနည်း ဟူမူကား-
- အကြင်တဏှာသည် ကိုယ်တွင်း၌ မှေးယှက်တတ်၏။ ကိုယ်ပ၌ မှေးယှက်တတ်၏။ ထိုတဏှာသည် သတ္တဝါအပေါင်းကို မှေးယှက်အပ်ပါပေ၏။
ဟူ၍ ဟောတော်မူ၏။
ထို့ကြောင့် ထိုတဏှာသည် ဝါးခြုံ၌ ဝါးခက်ကဲ့သို့ ချုပ်စပ် ဖွဲ့ယှက် တတ်သော အနက်ကြောင့် ဝါန ဟူသော အမည်ကို ရ၏။ ထို့ကြောင့် ‘‘ဝါနသင်္ခါတာယ တဏှာယ = သတ္တဝါတို့ကို သံသရာဝဋ်၌ ချုပ်စပ် မြှေးယှက်တတ်သည်၏ အဖြစ်ကြောင့် ဝါနဟု ဆိုအပ်သော တဏှာမှ’’ ဟူ၍ မိန့်ဆိုအပ်၏။
‘‘နိက္ခန္တတ္တာ = ထွက်မြောက်တတ်သည်၏ အဖြစ်ကြောင့်’’ ဟူသည်ကား ကျွတ်လွတ်သည်၏ အဖြစ်ကြောင့် ထိုတဏှာ၏ အာရုံ၏ အဖြစ်ကို ကျော်လွန်၍ တည်သည်၏ အဖြစ်ကြောင့်၊ ဤ သည်ကား အနက်တည်း။ ဤတရားသဘောဖြင့် တဏှာမှ ထွက်မြောက်တတ်သော ကြောင့် နိဗ္ဗာန် မည်၏။ ဤသို့သော အနက်ကို ပြ၏။
နိဗ္ဗာန် အပြား
သဘာဝတော = မိမိ၏ကိစ္စ လက္ခဏာအားဖြင့်- ဟူသည်ကား ငြိမ်းခြင်း လက္ခဏာအားဖြင့် အဇ္ဈတ္တသန္တာန်၌ ဖြစ်ကုန်သော သုံးပါး အပြားရှိသော ဝဋ်အပူတို့၏ ငြိမ်းအေးခြင်း သဘောအားဖြင့်၊ ထိုဝဋ်သုံးပါး အပူတို့၏ အချင်းခပ်သိမ်း မရှိခြင်း သဘောဖြင့်၊ ဤသည်ကား အနက်တည်း။
ဧကဝိဓမ္ပိ = တစ်ခုသော အဖို့ရှိသည်လည်းဖြစ်သော- ဟူသည်ကား စိတ်သည် သဘောအားဖြင့် တစ်ပါး တစ်ခု တစ်ခု တစ်ဖို့တည်းသာ ရှိငြားသော်လည်း ဇာတိတရား၏ အဖြစ်ကြောင့် ဇာတိဘေဒ ဘူမိဘေဒ သမ္ပယောဂဘေဒ အစရှိသောအားဖြင့်လည်းကောင်း၊ ကာလ အပြား ဒိသာအပြား ဒေသအပြား ပုဂ္ဂိုလ်အပြားအားဖြင့်လည်းကောင်း အထည်ကိုယ်ဒြပ်အားဖြင့် ပြားသည်သာလျှင် ဖြစ်သကဲ့သို့ ထို့အတူ နိဗ္ဗာန်သည် မဖြစ်ချေ။ စင်စစ်သော်ကား အထည်ကိုယ်ဒြပ်အားဖြင့် လည်းကောင်း မပြားမကွဲ တစ်ခုတည်းသာလျှင် ဖြစ်၍ တစ်ပါးတစ်ခု တစ်စု တစ်ဖို့တည်းသာ ရှိသည်ဖြစ်၏။
ချဲ့၍ ဆိုပေဦးအံ့။ အနမတဂ္ဂ သံသရာ၌ ရှေးလွန်လေပြီးသော အတိတ်အခါ၌လည်းကောင်း၊ ယခုဖြစ်ဆဲ ပစ္စုပ္ပန်အခါ၌လည်းကောင်း၊ နောင်လာလတ္တံ့သော အနာဂတ်အခါ၌လည်းကောင်း၊ ပရိနိဗ္ဗာန် စံတော် မူကြကုန်သော ဘုရားရှင်တို့၏လည်းကောင်း၊ ပစ္စေကဗုဒ္ဓါ တို့၏လည်းကောင်း၊ ဘုရား၏ တပည့်သာဝကတို့၏လည်းကောင်း၊ အလုံးစုံသော ပုဂ္ဂိုလ်တို့၏လည်းကောင်း ဤနိဗ္ဗာန် သည် မပြားမကွဲ တစ်ခုတည်းသာလျှင် ဖြစ်၏။ အဘယ့်ကြောင့်နည်း ဟူမူကား- ညွှန်ပြခြင်းငှါ မထိုက်သောတရား၏ အဖြစ်ကြောင့်တည်း။
မှန်လှစွာ၏။
- ထူးသောဉာဏ်ဖြင့်သာ သိအပ်သော မျက်စိဖြင့် မမြင်ကောင်း ထသော ရှေ့အစွန်း နောက်အစွန်း ကင်းထသော ထက်ဝန်းကျင်မှ တောက်ပ ထွန်းလင်းထသော နိဗ္ဗာန်သည် ရှိ၏။
ဟူ၍ ရှင်တော်ဘုရားသည် ဗြဟ္မနိမန္တနသုတ်၌ ဟောတော်မူအပ်ပေပြီ။
ထိုပါဠိတော်၌-
- ဝိညာဏံ = ထူးသောဉာဏ်ဖြင့်သာ သိအပ်သော- ဟူသည်ကား သင်္ခတ တရားတို့၏ ခန်းချုပ်တတ်သည်၏ အဖြစ်ဖြင့် ပြီးသည် ထင်ရှား သည်အဖြစ်ကြောင့် ထိုနိဗ္ဗာန်ကို ထိုခန်းချုပ် တတ်သည်၏ အဖြစ်ဖြင့်သာလျှင် လွန်လွန်မင်းမင်း ထင်ရှားသည်ကို ပြု၍ သိအပ်သည်တည်း။
- အနိဒဿနံ = မျက်စိဖြင့် မမြင်ကောင်းထသော- ဟူသည်ကား နိမိတ်ကင်းသော တရား၏ အဖြစ်ကြောင့် ဗာလပုထုဇဉ်တို့၏ မြင်ရာဖြစ်၍ ဖြစ်သော တစ်စုံတစ်ခုသော နိမိတ်ဖြင့် ညွှန်းပြ ခြင်းငှါလည်းကောင်း၊ ကာလအပြားဖြင့်လည်းကောင်း၊ ဒိသာ အပြား ဒေသအပြား ပုဂ္ဂိုလ်အပြား သန္တာန်အပြားဖြင့်လည်းကောင်း၊ ပြားသည်ကိုပြု၍ ညွှန်းပြခြင်းငှါလည်းကောင်း မထိုက် မတန်ချေ။ ဤသည်ကား အနက်တည်း။
- အနန္တံ = ရှေ့အစွန်း နောက်အစွန်း ကင်းထသော- ဟူသည်ကား ရှေ့အစွန်း နောက်အစွန်း ဟူသော အစွန်းနှစ်ပါးမှ ကင်းသည်တည်း။
- သဗ္ဗတောပဘံ = ထက်ဝန်းကျင် တောက်ပ ထွန်းလင်းထသော- ဟူသည်ကား ဝဋ်ဒုက္ခ၏ ဆန့်ကျင်ဘက်ဖြင့် ပြီးကုန်သော အတိုင်းမသိကုန်သော ဂုဏ်ရောင် ဂုဏ်ဝါတို့ဖြင့် ထက်ဝန်းကျင်မှ အရောင်အလင်း တောက်ပခြင်း ရှိထသော၊ ဤသည်ကား အနက်တည်း။
ဆက်၍ ဆိုဦးအံ့။ ထိုအခြင်းအရာ ထိုအပြားဖြင့် ညွှန်ပြခြင်းငှါ မထိုက်သော သဘောရှိသည်၏ အဖြစ်ကြောင့်လည်း အစမထင်သော သံသရာတစ်ခွင်၌ လည်းကောင်း၊ အလုံးစုံကုန်သော အရပ်မျက်နှာတို့၌ လည်းကောင်း ဤအမည်ရှိသော ကာလ၌ ဤအမည်ရှိသော အရပ်၌ နိဗ္ဗာန်သည် မရှိချေ။ ဤသို့ မဆိုအပ် မဆိုသင့် မဆိုထိုက် မဆိုကောင်းပေ။ အဘယ့်ကြောင့်နည်း ဟူမူကား- အရိယာမဂ်ကို ပွားသော ဖိုလ်သည် အမှတ်မရှိသော အခါ၌ အမှတ်မရှိသော အရပ်၌ မချွတ်မလွဲ အမြဲဧကန် ရအပ် ရထိုက်သည်၏ အဖြစ်၏ အစွမ်းဖြင့် အခါခပ်သိမ်းသော အရပ်တို့၌လည်းကောင်း ရအပ် ရထိုက်သည်၏ အဖြစ်ကြောင့်တည်း။
မှန်လှစွာ၏။ ဝိနည်းပါဠိတော်၌လည်းကောင်း၊ အင်္ဂုတ္တရပါဠိတော် ၌လည်းကောင်း၊ ဥဒါနပါဠိတော် ၌လည်းကောင်း-
- ချစ်သား ရဟန်းတို့- လောက၌ အလုံးစုံကုန်သော မြစ်တို့သည် မဟာသမုဒ္ဒရာသို့ စီးဝင်ကြ ရောက်ကြရကုန်၏။ ကောင်းကင်မှ အကြင်မိုးရေ အယဉ်တို့သည်လည်း ကျကုန် ရွာကုန်၏။ ထို အလုံးစုံသော မြစ်မှစီးဝင် ရောက်လာသော ရေ၊ ကောင်းကင်မှ ရွာကျလာသော ရေ အဖြစ် သည်လည်းကောင်း၊ ပြည့်လျှံသည်၏ အဖြစ်သည်လည်းကောင်း မထင်ရှားသကဲ့သို့ ဤအတူ သာလျှင် ချစ်သား ရဟန်းတို့- များစွာကုန်သော ရဟန်းတို့သည် အနုပါဒိသေသနိဗ္ဗာနဓာတ်ဖြင့် အကယ်၍ပင် ပရိနိဗ္ဗာန် ဝင်စံကြကုန်၏။ ထိုသိန်းသန်း သင်္ချေ ကုဋေကုဋာ မရေသာသော ရဟန်းတို့ ပရိနိဗ္ဗာန် စံဝင်ခြင်းဖြင့် နိဗ္ဗာနဓာတ်၏ ယုတ်လျော့သည်၏ အဖြစ်သည်လည်းကောင်း၊ ပြည့်လျှံသည် ၏ အဖြစ်သည်လည်းကောင်း မထင်ရှားချေ။
ဟူသော ဤဒေသနာတော်ကို ရှင်တော်ဘုရား ဟောကြားတော်မူအပ်ပေပြီ။
အဋ္ဌကထာ၌လည်း-
- န တေန နိဗ္ဗာနဓာတုယာ ဦနတ္တံ ဝါ ပူရတ္တံ ဝါ ပညာယတိ- ဟူသည်ကား မဟာကပ် အသင်္ချေ တို့ ပတ်လုံးလည်း ဘုရားရှင်တို့သည် မပွင့်ကုန်သည်ရှိသော် တစ်ယောက်သော သတ္တဝါမျှလည်း ပရိနိဗ္ဗာန် စံခြင်းငှါ မတတ်နိုင်ကြကုန်။ ထိုကမ္ဘာ အသင်္ချေ သုဉ်း၍ နေသောအခါ၌လည်း နိဗ္ဗာန ဓာတ်သည် အချည်းနှီး ရှိနေ၏။ ဤသို့ ဆိုခြင်းငှါ မတတ်ကောင်းချေ။ မြတ်စွာဘုရားတို့၏ ပွင့်ပေါ် တော်မူရာ ကာလ၌ကား တစ်ခု တစ်ခုသော အစည်းအဝေး၌ မရေမတွက်နိုင်သည်လည်း ဖြစ် ကုန်သော သတ္တဝါတို့သည် အမြိုက်နိဗ္ဗာန်ကို ပြီးစေကြကုန်၏။ ထိုအခါ၌လည်း နိဗ္ဗာနဓာတ်သည် တိုး၍ ပြည့်၏။ ဤသို့ ဆိုခြင်းငှါ မတတ်ကောင်းချေ။
ဟူ၍ မိန့်ဆိုအပ်ပေပြီ။
ဗြဟ္မနိမန္တနသုတ်၌လည်း-
- ထူးသော ဉာဏ်ဖြင့်သာ သိအပ်သော မျက်စိဖြင့် မမြင်ကောင်း ထသော ရှေ့အစွန်း နောက်အစွန်း ကင်းထသော ထက်ဝန်းကျင်မှ တောက်ပ ထွန်းလင်းထသော နိဗ္ဗာန်သည် ရှိ၏။
ဟူ၍ ဟောတော်မူအပ်ပေပြီ။
အဋ္ဌကထာ၌လည်း-
- သဗ္ဗတောပဘံ = ထက်ဝန်းကျင်မှ တောက်ပ ထွန်းလင်းထသော- ဟူသည်ကား ထက်ဝန်းကျင်မှ ထွန်းလင်းတောက်ပခြင်းနှင့် ပြည့်စုံသော၊ မှန်လှစွာ၏။ နိဗ္ဗာန်မှ တစ်ပါးသော တစ်စုံ တစ်ခုသော တရားမည်သည် အလွန်တောက်ပသော တရားသည် လည်းကောင်း၊ အလွန် အရောင်ထွန်းပသော တရားသည်လည်းကောင်း၊ အလွန် စင်ကြယ်သော တရားသည်လည်းကောင်း၊ အလွန် ဖြူစင်သော တရားသည်လည်းကောင်း မရှိချေ။
တစ်နည်းကား- ခပ်သိမ်းသော အရပ်၌ ထင်ရှားရှိသည်သာလျှင် ဖြစ်၏၊ တစ်စုံတစ်ခုသော အရပ်၌ မရှိသည်ကား မဟုတ်ချေ။ ထို့ကြောင့် သဗ္ဗတောပဘ မည်၏။ မှန်လှစွာ၏။ အရှေ့ အရပ် အစ ရှိသည်တို့တွင် ဤမည်သော အရပ်၌ နိဗ္ဗာန်သည် မရှိချေ။ ဤသို့ မဆိုအပ် မဆိုသင့် မဆိုထိုက်။
ဤသို့ပင် ဖြစ်ပါသော်လည်း ဤနိဗ္ဗာန်ကို ချုပ်ပြီးသော တေကာဘိက ဓမ္မတို့ကို မှီသဖြင့် သိအပ်သည်၏ အဖြစ်ကြောင့် ချုပ်ပြီးသော တရားတို့၏ အပြားဖြင့် အကွဲအပြားကိုပြု၍ တင်စား ခေါ်ဝေါ်ပြောဆိုခြင်းငှါ ရအပ်၏။ ထို့ကြောင့် ‘‘သဥပါဒိ သေသော = ခန္ဓာငါးပါးသာလျှင် ကိလေသာ တို့မှ ကြွင်းသည်နှင့် တကွဖြစ်သော နိဗ္ဗာန်’’ အစရှိသော စကားကို မိန့်ဆိုအပ်ပေပြီ။
ထိုစကားရပ်၌ အလွန်အမင်း အပြင်းအထန် အသန်အမာ မှတ်ယူအပ် တဏှာ ဒိဋ္ဌိတို့သည် အလွန်အမင်း အပြင်းအထန် အသန်အမာ မှတ်ယူအပ်သောကြောင့် ဥပါဒိ မည်၏။ ဥပါဒိဏ္ထဖြစ်သော ခန္ဓာငါးပါး အပေါင်းကို ရ၏။
ထိုဥပါဒိမည်သော ခန္ဓာငါးပါး အပေါင်းသည်သာလျှင် တစ်စိတ် အားဖြင့်လည်းကောင်း၊ အကြွင်းမဲ့ အားဖြင့်လည်းကောင်း ပယ်အပ်ကုန် ပြီးသော ကံကိလေသာတို့မှ အကြွင်းအကျန်တည်း။ (ဝါ) ကြွင်းကျန်၍ နေရစ်သေးသည်တည်း။ ထို့ကြောင့် ဥပါဒိသေသ မည်၏။
အကြင် နိဗ္ဗာနဓာတ်ကို ရသောအခါ၌ ထိုသန္တာန်၌ အကြွင်းအကျန် ငါးတန်ခန္ဓာသည် မငြိမ်း မပျောက် မျက်မှောက် ရှိနေသေးသည်တည်း။ ထို့ကြောင့် သဥပါဒိသေသ မည်၏။
နိဗ္ဗာနဓာတု = နိဗ္ဗာနဓာတ် ဟူသည်ကား ငြိမ်းခြင်းသဘောတည်း။ သဥပါဒိသေသလည်း ဖြစ်၏။ ထိုသဥပါဒိသေသ ဟူသည် နိဗ္ဗာနဓာတ် သည်လည်း ဖြစ်၏။ ဤသို့ ကမ္မဓရည်းသမာသ် ပြုပါလေ။
အကြင် နိဗ္ဗာနဓာတ်ကို ရသောအခါ၌ ထိုသန္တာန်၌ အကြွင်းအကျန် ငါးတန်ခန္ဓာသည် မရှိချေ။ ထို့ကြောင့် အနုပါဒိသေသ မည်၏။ အကြွင်းအကျန် ငါးတန်ခန္ဓာ မရှိသည်လည်း ဖြစ်၏။ ထို အကြွင်းအကျန် ခန္ဓာမရှိသည့် အနုပါဒိသေသ ဟူသည် နိဗ္ဗာနဓာတ်သည်လည်း ဖြစ်၏။ ဤသို့ ကမ္မဓရည်းသမာသ် ဝိဂြိုဟ် ပြုပါလေ။
မှန်လှစွာ၏။ ဣတိဝုတ်ပါဠိတော်၌-
- ချစ်သား ရဟန်းများတို့- နိဗ္ဗာနဓာတ်တို့သည် ဤနှစ်ပါးတို့တည်း။ အဘယ်နှစ်ပါးတို့နည်း ဟူမူကား- သဥပါဒိသေသ နိဗ္ဗာနဓာတ်လည်းကောင်း၊ အနုပါဒိသေသ နိဗ္ဗာနဓာတ်လည်းကောင်း ဤနှစ်ပါးတို့တည်း။
ဤသို့ အစရှိသော ဤစကားကို မိန့်ဆိုတော်မူအပ်ပေပြီ။
ထိုနှစ်ပါးတို့တွင် ရှေးဖြစ်သော နိဗ္ဗာနဓာတ်သည် ကိလေသနိဗ္ဗာန် မည်၏။ နောက်ဖြစ်သော နိဗ္ဗာနဓာတ်သည် ခန္ဓနိဗ္ဗာန် မည်၏။ တစ်နည်းကား- ရှေးဖြစ်သော နိဗ္ဗာနဓာတ်သည် ဒိဋ္ဌိဓမ္မိကနိဗ္ဗာန် = မျက်မှောက် ပြုအပ်သော နိဗ္ဗာန် မည်၏။ နောက်ဖြစ်သော နိဗ္ဗာနဓာတ်သည် သမ္ပရာယိကနိဗ္ဗာန် = တမလွန်နိဗ္ဗာန် မည်၏။
ရှင်တော်ဘုရား အဘယ်သို့ ဟောကြားတော်မူနသည်း ဟူမူကား-
- တစ်ခုသော ဤဘဝ၌ ဘဝကို ဆောင်တတ်သော တဏှာ၏ ကုန်ခြင်းဟု ဆိုအပ်သော သဥပါဒိသေသ အမည်ရှိသော နိဗ္ဗာနဓာတ် သည် ဒိဋ္ဌဓမ္မိကနိဗ္ဗာန် မည်၏။ အနုပါဒိသေသ အမည် ရှိသော နိဗ္ဗာနဓာတ်သည် သမ္ပရာယိက နိဗ္ဗာန် မည်၏။
ဟူ၍ ဟောတော်မူ၏။
အင်္ဂုတ္တရပါဠိတော် သတ္တကနိပါတ်၌-
ဥဘတောဘာဂဝိမုတ္တ(= ဝိက္ခမ္ဘနဝိမောက္ခ သမုစ္ဆေဒဝိမောက္ခ တည်းဟူသော နှစ်ပါးသော အဖို့တို့ဖြင့် နှစ်ကြိမ် ကိလေသာမှလွတ်သော) ပုဂ္ဂိုလ် ပညာဝိမုတ္တ (= ပညာဖြင့် ကိလေသာမှ လွတ်သော) ပုဂ္ဂိုလ်ဟု ဆိုအပ်ကုန်သော နှစ်ယောက်ကုန်သော ရဟန္တာပုဂ္ဂိုလ်တို့၏ ခန္ဓာငါးပါး တည်းဟူသော ဥပါဒိ အကြွင်း၏ အစွမ်းဖြင့် ကာယသက္ခိ (= ရှေးဦးစွာ ရူပါဝစရဈာန်သို့ ရောက်မှ နာမကာယဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း ရှိသော ပုဂ္ဂိုလ် ဒိဋ္ဌိပတ္တသောတပတ္တိ မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မြင် သည်၏ အခြားမဲ့၌ အရဟတ္တဖိုလ်သို့ရောက်သော) ပုဂ္ဂိုလ် သဒ္ဓါဝိမုတ္တ (= သဒ္ဓါတရားဖြင့် ကိလေသာ မှလွတ်သော) ပုဂ္ဂိုလ်၊ ဓမ္မာနုသာရီ (= ပညာတရားဖြင့် အထက်မဂ်သို့ အစဉ်လျှောက်ခြင်း ရှိသော) ပုဂ္ဂိုလ်ဟု ဆိုအပ်ကုန်သော လေးယောက်ကုန်သော သေက္ခပုဂ္ဂိုလ်တို့၏ လည်းကောင်း၊ လွန်စွာ အားထုတ်၍ ဝိပဿနာရှုသော ယောဂီကလျာဏ ပုထုဇဉ်ပုဂ္ဂိုလ်၏ လည်းကောင်း၊ ကိလေသာ ဟူသော ဥပါဒိအကြွင်း၏ အစွမ်းဖြင့် သဥပါဒိသေသ၏ အဖြစ်ကိုလည်းကောင်း၊ အနုပါဒိသေသ၏ အဖြစ်ကိုလည်းကောင်း ဟောတော်မူအပ်ပေပြီ။
ထိုအင်္ဂုတ္တရပါဠိတော်၌သာလျှင် နဝကနိပါတ်၌- အန္တရာ ပရိနိဗ္ဗာယီ (= အသက်အပိုင်းအခြား၏ အလယ်၌ ကိလေသာငြိမ်းခြင်း ရှိသော) အနာဂါမ်ပုဂ္ဂိုလ် လည်းကောင်း၊ ဥပဟစ္စ ပရိနိဗ္ဗာယီ (= အသက်အပိုင်း အခြား၏ အလယ်ကိုလွန်၍ ကိလေသာငြိမ်းခြင်း ရှိသော) အနာဂါမ် ပုဂ္ဂိုလ် လည်းကောင်း၊ သသင်္ခါရပရိနိဗ္ဗာယီ (= လုံ့လဥဿာဟရှိသဖြင့် ကိလေသာငြိမ်းခြင်းရှိသော) အနာဂါမ်ပုဂ္ဂိုလ်လည်းကောင်း၊ ဥဒ္ဓံသောတ အကနိဋ္ဌဂါမီ (= အထက်၌ ရထိုက်သည့် မဂ်တည်းဟူသော သောတ ရှိသည့်အကနိဋ္ဌဘုံသို့ရောက်သော) အနာဂါမ်ပုဂ္ဂိုလ်လည်းကောင်း၊ ဤသို့ ငါးယောက်ကုန်သော အနာဂါမ်ပုဂ္ဂိုလ်တို့၏လည်းကောင်း၊ သကဒါဂါမ် ပုဂ္ဂိုလ်၏ လည်းကောင်း၊ သုံးယောက်ကုန်သော သောတာပန်ပုဂ္ဂိုလ်တို့၏ လည်းကောင်း၊ ဤသို့ ကိုးယောက် ကုန်သော သေက္ခပုဂ္ဂိုလ်တို့၏ ကိလေသာဟူသော ဥပါဒိအကြွင်း၏ အစွမ်းဖြင့် သဥပါဒိသေသ၏ အဖြစ်ကို ဟောတော်မူအပ်ပေပြီ။
နေတ္တိပါဠိတော်၌ကား အရဟတ္တဖိုလ်ကို သဥပါဒိသေသနိဗ္ဗာန် ဟူ၍ မိန့်ဆိုအပ်ပေပြီ။ ထို အရဟတ္တဖိုလ်ကို ဤအရာ၌ အလိုမရှိအပ်ပေ။ ဆက်၍ ဆိုဦးအံ့။ ဤအရာ မဂ်၏ခဏ၌ ကိလေသာတို့၏ ကုန်ခြင်းသည် သဥပါဒိသေသနိဗ္ဗာန် မည်၏။ စုတိ၏ အခြားမဲ့၌ ခန္ဓာတို့၏ လုံးလုံးကြီး မဖြစ်ဘဲ နေခြင်းသည် အနုပါဒိသေသနိဗ္ဗာန် မည်၏။
ဆက်၍ ဆိုဦးအံ့။ အကျင့်ကြောင့် ပဋိသန္ဓေ ခန္ဓာတို့မည်သည်ကား ကိလေသာတို့ ရှိကုန်သော် သာလျှင် ဖြစ်ကုန်၏။ မရှိကြကုန်သော် မဖြစ်ကြကုန်။ ထို့ကြောင့် ထိုပဋိသန္ဓေ ခန္ဓာတို့သည်လည်း ကိလေသာ ကုန်ခြင်းနှင့် တစ်ပြိုင်နက် တစ်ချက်တည်းသာလျှင် ကုန်ခန်းကြကုန်၏။
စုတိတိုင်အောင် တည်နေဆဲဖြစ်သော ပစ္စုပ္ပန်ခန္ဓာ အစဉ်သည်ကား ရဟန္တာ၏လည်း ရှေးဘဝ၌ ဖြစ်ဆဲသော ကံကိလေသာတို့၏ အကျိုးဆက် ဖြစ်သည်ဖြစ်၍ အလုံးစုံသော သတ္တဝါတို့အား အမြဲတံထွာဓမ္မတာ အားဖြင့် ပြီး၏။ ထို့ကြောင့် ထိုရဟန္တာပုဂ္ဂိုလ်တို့၏ ခန္ဓာအစဉ်သည် ကိလေသာ တို့ကုန်ပင် ကုန်သော်ငြားလည်း စုတိတိုင်အောင် မပျောက်ချုပ်ဘဲ ရှေးတည်မြဲသာ တည်သည် သာလျှင်တည်း။ စုတိခဏ၌ ထို ပစ္စုပ္ပန်ခန္ဓာ အစဉ်၏ ချုပ်ခြင်းသည်လည်း ဓမ္မတာအားဖြင့် ချုပ်ခြင်း သာလျှင်တည်း။
ဆက်၍ ဆိုဦးအံ့။ ထိုစုတိ၏ အခြားမဲ့၌ တစ်ဖန်ဘဝ နောက်ဘဝ၏ အကြင် မဖြစ်ခြင်းသည် ရှိ၏။ ထိုမဖြစ်ခြင်းသည် ကိလေသာကုန်ခြင်းနှင့် တစ်ပြိုင်နက် တစ်ချက်တည်းသာလျှင် ပြီး၏။ သက်သက် ထိုစုတိ၏ အခြားမဲ့၌ တစ်ဖန်ဘဝ နောက်ဘဝ၏သာလျှင် မဟုတ်သေးပေ။ ထိုဒုတိယဘဝမှ နောက်၌လည်း အစမထင်သော သံသရာ၌ ဘဝ အဆက်ဆက်၏ မဖြစ်ခြင်းသည်လည်း ထိုကိလေသာကုန်ခြင်းနှင့် တစ်ပြိုင်နက် တစ်ချက်တည်းလျှင် ပြီး၏။
ဆက်၍ ဆိုဦးအံ့။ ဤအလုံးစုံသည် နိဗ္ဗာန်တစ်ခုတည်းသာ ဖြစ်၏။ ဤသို့ ဖြစ်သော်လည်း ခန္ဓာအကြွင်း၏ ရှိခြင်း မရှိခြင်း အမြွက်ကို စွဲယူထောက်ဆ၍ ဤအပြားကို မိန့်ဆိုအပ်၏။ ထို့ကြောင့် ‘‘ဒုဝိဓံ ဟောတိ ကာရဏပရိယာယေန’’ ဟူ၍ မိန့်ဆိုတော်မူအပ်ခဲ့ပေပြီ။ နှစ်ပါး အပြားရှိ၏ဟု ခေါ်ဝေါ်ပညတ်ခြင်း၏ အကြောင်း အမြွက်အားဖြင့်၊ ဤသည်ကား အနက်တည်း။
အဖို့တစ်ပါးကို ဆိုဦးအံ့။ အကြင်ကြောင့် သင်္ခတ တရား မည်သည်ကား ကြောင့်ကြဖွယ်နှင့်တကွ ဖြစ်သော တရား၏အဖြစ်ကြောင့် အထူး ထူးသော ကြောင့်ကြဖွယ်တို့ဖြင့် အခါခပ်သိမ်း သတ္တဝါကို နှိပ်စက်ကုန်၏။ ငြိမ်းအေးသော ချမ်းသာမည်သည်ကို ရခြင်းငှါ မပေးကြကုန်၊ နိမိတ်နှင့် တကွဖြစ်သော တရား၏ အဖြစ်ကြောင့်လည်း ကိလေသာလည်း ဖြစ်ကုန်ထသော ဇရာ မရဏ အစရှိသည်လည်း ဖြစ်ကုန်ထသော အလုံးစုံကုန်သော အကျိုးမဲ့တို့၏ တည်ရာဖြစ်၍ ဖြစ်ကုန်သည် ဖြစ်ရာဘုံဖြစ် ဖြစ်ကုန်သည် ဖြစ်ကြကုန်၏။ တောင့်တတတ်သော တရားနှင့်တကွ ဖြစ်သည်၏ အဖြစ်ကြောင့်လည်း အလုံးစုံသော ဆင်းရဲ တို့၏ အခြေအမြစ် မူလဖြစ်၍ ဖြစ်သော တောင့်တခြင်း ဆင်းရဲမည် သည်ကို အခါခပ်သိမ်းလည်း ဖြစ်စေကုန်၏။ ထို့ကြောင့် ထို သင်္ခတတရားတို့၏ ဆန့်ကျင်ဘက်ဂုဏ်ဖြင့် ပြီးသော ဂုဏ်အပြားဖြင့် သုံးပါး အပြားရှိသော အကွဲအပြား ထူးခြားသော နာမည်ကို ပြခြင်းငှါ ‘‘သုညတံ’’ အစရှိသော စကားကို မိန့်ဆိုတော်မူအပ်ပေပြီ။
ထိုစကားရပ်၌ အလုံးစုံသော ကြောင့်ကြဖွယ် ကြောင့်ကြရန်တို့မှ ကင်းဆိတ်သည်၏ အဖြစ်ကြောင့် သုညတ မည်၏။ ချဲ့၍ ဆိုဦးအံ့။ သက္ကာယဒိဋ္ဌိ ရှိခဲ့သော် လူမိုက်တို့အား အကြင်မျှလောက်ကုန်သော မကောင်းမှုကံ တည်းဟူသော ကြောင့်ကြဖွယ်တို့သည်လည်းကောင်း၊ အပါယ်ဆင်းရဲ တည်းဟူသော ကြောင့်ကြဖွယ်တို့သည်လည်းကောင်း ထင်မြင်ကြရ တွေ့မြင်ကြရကုန်၏။ ပညာရှိတို့အားလည်း ထိုမကောင်းမှု ကံတည်းဟူသော ကြောင့်ကြဖွယ် အပါယ်ဆင်းရဲတည်းဟူသော ကြောင့်ကြဖွယ် အပါယ်ဆင်းရဲ တည်းဟူသော ကြောင့်ကြဖွယ် နှစ်ပါးမှ မိမိကိုယ်ကို စောင့်ရှောက်ခြင်း အကျိုးငှါ အကြင်မျှလောက်ကုန်သော ကောင်းမှုကံ တည်းဟူသော ကြောင့်ကြဖွယ်တို့သည် ထင်မြင်ကြရ တွေ့မြင်ကြရကုန်၏။
သက္ကာယဒိဋ္ဌိ၏ ချုပ်ပျောက် ပြတ်ကင်း ရှင်းလင်း မထင်မမြင်ရ ခြင်းသည်သာလျှင် ခပ်သိမ်း ကုန်သော သက္ကာယဒိဋ္ဌိလျှင် အကြောင်းရင်း အခြေခံရှိကုန်သော ထိုကြောင့်ကြဖွယ်တို့ကို ချုပ်စေ ခြင်းငှါ စွမ်းနိုင်၏။ ထိုနိဗ္ဗာန်နှင့်ကင်း၍ တစ်ပါးသော တစ်စုံတစ်ခုသော တရားသည် မစွမ်း နိုင်ချေ။ ထို့ကြောင့် ထိုချုပ်ခြင်းကို ထိုကြောင့်ကြခြင်းတို့မှ ကင်းဆိတ်သည် ဖြစ်ပေ၏။ ထို့အတူ ရာဂ၏ ကုန်ခြင်းသည်သာလျှင် အရင်းခံ ရှိကုန်သော ကြောင့်ကြဖွယ်တို့ကို ချုပ်စေခြင်းငှါ စွမ်းနိုင်၏။ ထိုနိဗ္ဗာန် နှင့်ကင်း၍ တစ်ပါးသော တစ်စုံတစ်ခုသော တရားသည် မစွမ်းနိုင်ချေ။ ဒေါသ၏ ကုန်ခြင်း သည်သာလျှင် ဒေါသလျှင် အရင်းခံရှိကုန်သော ကြောင့်ကြဖွယ်တို့ကို ချုပ်စေခြင်းငှါ စွမ်းနိုင်၏။ မောဟ၏ ကုန်ခြင်း သည်သာလျှင် မောဟလျှင် အရင်းခံရှိကုန်သော ဤသို့ အစရှိသည်ကို ဆိုအပ် ဆိုသင့်၏။ ထို့ကြောင့် နိဗ္ဗာန်သည် အလုံးစုံသော ကြောင့်ကြ တို့မှ ကင်းဆိတ်သည်၏ အဖြစ်ကြောင့် သုညတ မည်၏။
အနိမိတ္တ နိဗ္ဗာန်
ဖြစ်ခြင်း တည်ခြင်းလျှင် အကြောင်းရှိသော ရုန့်ရင်းသော အခြင်းအရာကို နိမိတ်ဟူ၍ ခေါ်ဆိုအပ်၏။ အကြင် ရုန့်ရင်းသော အခြင်းအရာနှင့် ပြည့်စုံကုန်သော သင်္ခတ တရားတို့သည် အလုံးစုံကုန်သော ကိလေသာတို့၏လည်းကောင်း၊ ဇရာ မရဏတို့၏လည်းကောင်း တည်ရာဖြစ်၍ ဖြစ်ကုန်သည် ဘုံဖြစ်၍ ဖြစ်ကုန်သည် ဖြစ်ကြကုန်၏။ ထို့အတူ အလုံးစုံကုန်သော မာရ်တို့၏လည်းကောင်း၊ အလုံးစုံကုန်သော ရန်တို့၏လည်းကောင်း၊ အလုံးစုံကုန်သော ရောဂါ အစရှိသော အကျိုးမဲ့တို့၏ လည်းကောင်း တည်ရာ ဖြစ်၍ ဖြစ်ကုန်သည်- ဘုံဖြစ်၍ ဖြစ်ကုန်သည် ဖြစ်ကြကုန်၏။
အကြင်ကြောင့် ထို သင်္ခတ တရားတို့ကို မာရ်မင်း၏ တည်ရာဖြစ်၍ မာရာဓေယျတို့ ဟူ၍ လည်းကောင်း၊ သေခြင်း၏ တည်ရာဖြစ်၍ မစ္စုဓေယျတို့ ဟူ၍လည်းကောင်း ပြောဆို ခေါ်ဝေါ်အပ်ကုန်၏။ အခါ အရပ်မျက်နှာ အရပ်ဒေသ သန္တာန်အစရှိသော အပြားဖြင့်လည်းကောင်း၊ အယုတ်အမြတ် အစရှိသော အပြားဖြင့်လည်းကောင်း အပြားသို့ ရောက် ကြကုန်၏။ နိဗ္ဗာန် သည်ကား အလုံးစုံကုန်သော အရိပ်နိမိတ်ရှိသော တရားတို့ ခန်းချုပ်သည်၏ အဖြစ်ဖြင့် ပြီးသည်၏ အဖြစ်ကြောင့် ထိုနိဗ္ဗာန်၌ သင်္ခတ တရားတို့၌ ရကောင်းသော အရိပ်နိမိတ်နှင့်တူသော အရိပ်နိမိတ် သည် လုံးလုံးပင် မရှိချေ။ ထို့ကြောင့် အနိမိတ္တ မည်၏။
မှန်လှစွာ၏။ ထိုနိဗ္ဗာန်သည် အလုံးစုံကုန်သော ကိလေသာ အစရှိကုန်သော အကျိုးမဲ့တို့၏ တည်ရာ ဖြစ်၍ ဖြစ်ကုန်သော- အရိပ်နိမိတ် ရှိသော တရားတို့ကို ဖျက်ဆီး၍ ထိုအကျိုးမဲ့တို့၏ မရှိခြင်းကို ပြီးစေလျက် အမြဲတည်၏။ ထိုနိဗ္ဗာန်သည် ကာလအပြားဖြင့် ကွဲပြားသည် ဖြစ်လည်း မဖြစ်ချေ။ ဤနိဗ္ဗာန်သည် အတိတ်ကာလ၌ ဤအမည် ရှိသော ကမ္ဘာ၌ ဤအမည်ရှိသော ဘုရား၏ နိဗ္ဗာန် တည်း။ ဤနိဗ္ဗာန်သည် နောင်အခါ၌ ဤအမည်ရှိသော ကမ္ဘာ၌ ဤအမည်ရှိသော ဘုရား၏ နိဗ္ဗာန်တည်း။ ဤနိဗ္ဗာန်သည် ယခုအခါ၌ ဤအမည်ရှိသော ဘုရား၏ နိဗ္ဗာန်တည်း။ ဤသို့ ကာလ အပြားဖြင့် ပြားသည် ဖြစ်လည်း မဖြစ်ချေ။
ဤနိဗ္ဗာန်သည် အရပ်ဆယ်မျက်နှာတို့တွင် ဤအမည်ရှိသော မျက်နှာ၌ နိဗ္ဗာန်တည်း။ ဤနိဗ္ဗာန်သည် ဤအမည်ရှိသော အရပ်မျက်နှာ၌ နိဗ္ဗာန်တည်း။ ဤသို့ အရပ်မျက်နှာ အပြားဖြင့် ပြားသည်ဖြစ်လည်း မဖြစ်ချေ။ ဒေသအပြားဖြင့်လည်းကောင်း၊ သန္တာန်အပြားဖြင့်လည်းကောင်း ကွဲပြားသည် ဖြစ်လည်း မဖြစ်ချေ။
ဤနိဗ္ဗာန်သည် လူ့လောက၌ နိဗ္ဗာန်တည်း။ ဤနိဗ္ဗာန်သည် နတ်လောက၌ နိဗ္ဗာန်တည်း။ ဤနိဗ္ဗာန်သည် ဗြဟ္မာ့လောက၌ နိဗ္ဗာန်တည်း။ ဤသို့လည်းကောင်း၊ ဤနိဗ္ဗာန်သည် လူတို့၏ နိဗ္ဗာန်တည်း။ ဤနိဗ္ဗာန်သည် နတ်တို့၏နိဗ္ဗာန်တည်း။ ဤနိဗ္ဗာန်သည် ဗြဟ္မာတို့၏ နိဗ္ဗာန်တည်း ဤသို့ လည်းကောင်း၊ဤသို့ အရပ်အပြားဖြင့်လည်းကောင်း၊ သန္တာန်အပြားဖြင့် လည်းကောင်း ပြားသည် ဖြစ်လည်း မဖြစ်ချေ။ ထို့အတူ ဤနိဗ္ဗာန်သည် သဗ္ဗညုဘုရားရှင်တို့၏ နိဗ္ဗာန်တည်း။ ဤသည် ကား ပစ္စေကဗုဒ္ဓါတို့၏ နိဗ္ဗာန်တည်း။ ဤသည်ကား ဘုရားရှင်၏ တပည့်သာဝကတို့၏ နိဗ္ဗာန်တည်း။ ဤသို့ အမြတ်စသည်တို့၏ အပြားဖြင့် ကွဲပြားသည် မဖြစ်ချေဟု သိအပ်၏။
အပ္ပဏိဟိတ နိဗ္ဗာန်
ပဏိဟိတပုဒ်လည်းကောင်း၊ ပဏိဓာနပုဒ်လည်းကောင်း၊ ပဏိဓိပုဒ်လည်းကောင်း၊ ပတ္ထနာပုဒ်လည်း ကောင်း၊ အာသာပုဒ်လည်းကောင်း၊ ဇိဃစ္ဆာပုဒ်လည်းကောင်း၊ ပိပါသာပုဒ်လည်းကောင်း ဤပုဒ် အပေါင်းသည် အရကောက် အနက်အားဖြင့် အတူပင်တည်း။
ပြုပြင် စီရင်အပ်သော သင်္ခါရ တရားတို့ မည်သည်လည်း ရအပ် ကုန်သော်လည်း ပျက်စီးခြင်းသဘော ရှိသည်၏ အဖြစ်ကြောင့် ထပ်ခါ ထပ်ခါ ရခြင်းငှါ တောင့်တခြင်း ဆင်းရဲမည်သည်ကို တိုးပွား စေကုန်၏။ တောင့်တခြင်း ဆင်းရဲ၏ အဆုံးမည်သည် မရှိစေ၊ ဆက်၍ ဆိုဦးအံ့။ အလုံးစုံသော ဒုက္ခသည် အာသာလျှင် အရင်းခံဖြစ်၏။ တောင့်တခြင်း နှင့်တူသော ဒုက္ခ၏အကြောင်း အခြေခံ မည်သည် မရှိချေ။
အဖို့တစ်ပါးကို ဆိုဦးအံ့။ နိဗ္ဗာန်သည် မိမိက မွတ်သိပ်ခြင်း ပယ်ဖျောက်ခြင်း သဘောရှိသော တရား၏ အဖြစ်ကြောင့် တောင့်တခြင်းဟု ဆိုအပ်သော အလုံးစုံသော တဏှာဟု ဆိုအပ်သော ပဏိဓိ ကိုလည်းကောင်း၊ ဆန္ဒဟု ဆိုအပ်သော ပဏိဓိကိုလည်းကောင်း ပယ်ဖျောက် မှုတ်လွင့်လျက် ဖြစ်၏။ ထို့ကြောင့် ထိုနိဗ္ဗာန်၌ တောင့်တခြင်း ဟူသည် မရှိချေ။ ထို့ကြောင့် အပ္ပဏိဟိတ မည်၏။
သုခ နှစ်ဖုံ ကွဲပြားပုံ
ဆက်၍ ဆိုဦးအံ့။ ဤအရာ၌ သုခဟူသည် ခံစားခြင်းသုခလည်းကောင်း၊ ငြိမ်းအေးခြင်း သုခလည်းကောင်း၊ ဤသို့ နှစ်ပါး အပြားရှိ၏။ ထိုနှစ်ပါးတို့တွင် လူ့စည်းစိမ် နတ်စည်းစိမ် ဗြဟ္မာ့စည်းစိမ်တို့ကို ရ၍ ခံစားသည်၏ အစွမ်းဖြင့် ဖြစ်သော ပီတိနှင့်ယှဉ်သော သောမနဿဝေဒနာ၊ သုခဝေဒနာသည် ဝေဒယိတသုခ = ခံစားခြင်း သုခဝေဒနာ မည်၏။ ထိုဝေဒယိတသုခ သည်ကား ခဏတိုင်း ခဏတိုင်း လျှပ်စစ်ကဲ့သို့ ပျက်ခြင်းသဘော ရှိ၏။ စည်းစိမ်တို့သည်လည်း မမြဲခြင်းသဘော ရှိကုန်၏။ ထိုအလုံးစုံ တို့သည် အဆုံးမရှိသော တောင့်တခြင်း ဒုက္ခကို လွန်လွန်မင်းမင်း တိုးပွားစေကုန်သည်သာလျှင်တည်း။ ထို့ကြောင့် အလုံးစုံသော ခံစားခြင်း ချမ်းသာမည်သည် တောင့်တခြင်း အာသာဒုက္ခကို ဖြစ်စေတတ်သည်၏ အဖြစ်ကြောင့် စင်စစ်ဧကန် အမှန် နေရာ ကျအားဖြင့် ဆင်းရဲမှန်လှ ဒုက္ခအတိသာလျှင် ဖြစ်၏။
ရှင်တော်ဘုရား အဘယ်သို့ ဟောကြားတော်မူသနည်း ဟူမူကား-
- အမှတ်မရှိသော အလုံးစုံသော ခံစားခြင်းသည် ရှိ၏။ ထိုအလုံးစုံသော ဒုက္ခချည်းသာတည်း။
ဟူ၍ ဟောတော်မူ၏။
- ငါ့ရှင် သာရိပုတ္တရာ၊ ဤနိဗ္ဗာန်၌ အကြင် ခံစားခြင်းသည် မရှိချေ။ ထို့ကြောင့် နိဗ္ဗာန်၌ ချမ်းသာခြင်း ဟူသည် အဘယ်နည်း။ ဤသို့ မေးလျှောက်ခြင်း ခံရသော တရားစစ်သူကြီးဖြစ်သော အရှင် သာရိပုတ္တရာသည်လည်း-
- ငါ့ရှင်၊ ဤနိဗ္ဗာန်၌ ခံစားခြင်းသည် အကြင့်ကြောင့် မရှိချေ။ ဤခံစားခြင်း၏ မရှိခြင်းသည်သာလျှင် ဤနိဗ္ဗာန်၌ ချမ်းသာ ပင်တည်း။
ဤသို့ ဖြေဆိုဟောကြားတော်မူအပ်ပေပြီ။
သန္တိသုခ = ငြိမ်းအေးသော ချမ်းသာ မည်သည်ကား မိမိသန္တာန်၌ ဖြစ်ပြီးသည်လည်း ဖြစ်ကုန်သော ဖြစ်ခြင်းငှါ ရှေးရှုတည်သည်လည်း ဖြစ်ကုန်ထသော ကိလေသာ အစရှိသည်တို့၏လည်းကောင်း၊ အပါယ် ဆင်းရဲ အစရှိသည်တို့၏လည်းကောင်း မိမိ၏ မဖောက်မပြန် မှန်ကန် ကောင်းမြတ်သော ပယောဂကိုစွဲ၍ လွတ်ကင်းသော ချမ်းသာတည်း။ ဤနှစ်ပါးတို့တွင် ဤသန္တိသုခသည်သာလျှင် ချမ်းသာစစ် ချမ်းသာမှန်တည်း။ မလှုပ်မရှားသော ချမ်းသာတည်း။
မှန်လှစွာ၏။ ထိုသန္တိသုခ မရှိခဲ့သော် ပုထုဇဉ်တို့သည် လူ့စည်းစိမ် နတ်စည်းစိမ် ဗြဟ္မာ့စည်းစိမ်တို့ကို ခံစားကုန်သော်လည်း မချွတ်မလွဲ အမြဲဧကန် အမှန်စင်စစ် ရောက်အပ် ရအပ်သော အနက်ကြောင့် အဝီစိငရဲဘေး အစရှိသည်တို့သည် ရှေးရှုတည်ကြကုန်သည်သာလျှင် ဖြစ်ကြကုန်၏ဟု သိအပ် ကုန်၏။ ထို့ကြောင့် အလုံးစုံသော ဝေဒယိတ သုခလျှင် အကြောင်းရင်းရှိသော တောင့်တမှု ဆင်းရဲမှ ငြိမ်းအေးမှု သန္တိသုခကို ပြတတ်သော ဤအပ္ပဏိဟိတပုဒ်သည် နိဗ္ဗာန်၏ ဂုဏ်ပုဒ် ကြီးတစ်ခု ပေတည်း။ ဤတွင် စကားတစ်ရပ် အပြီးသတ်တည်း။
အာကာရဘေဒေန = အခြင်းအရာတို့၏ အပြားအားဖြင့်- ဟူသည်ကား သုံးပါးအပြားရှိသော သုညတ အစရှိသော ဂုဏ်အစု၏ အပြားဖြင့် ဆက်၍ ဆိုဦးအံ့။ ဤအရာ၌ အစမထင်သော သံသရာ၌ အဇ္ဈတ္တသန္တာန်၌ အနုသယကိစ္စအားဖြင့် အဖန်ဖန်ဖြစ်၍ လာကုန်သော ကိလေသာတို့၏ မဂ်ခဏ၌ အဇ္ဈတ္တသာန္တန်၌သာလျှင် အကြင် ချုပ်ခြင်း ကုန်ခန်းခြင်းသည် ဖြစ်ပေ၏။ ခယဓာတ် နိရောဓ ဓာတ်ဟု ဆိုအပ်သော ထိုကိလေသာတို့ ချုပ်ခြင်း ကုန်ခန်းခြင်းသည် ဓမ္မာယတနတစ်ခု ဖြစ်၏။ ဓမ္မာဓာတ်တစ်ခု ဖြစ်၏။ ပရမတ္ထ တရားတစ်ခု ဖြစ်၏။ အဘယ့်ကြောင့်နည်း ဟူမူကား- ကုန်ခန်း ခြင်းသဘော ချုပ်ခြင်းသဘောအားဖြင့် ထင်ရှားရှိသည်၏ အဖြစ်ကြောင့်တည်း။
မှန်လှစွာ၏။ ထိုကိလေသာတို့၏ ချုပ်ခြင်း ကုန်ခန်းခြင်းသည် ပညတ်သဘော ရှိသည် မဖြစ်ပေ။ အဘယ့်ကြောင့်နည်း ဟူမူကား- ကိုယ်၌ လည်းကောင်း၊ ဉာဏ်၌လည်းကောင်း သရုပ်အားဖြင့် ရအပ်သည်၏ အဖြစ်ကြောင့်တည်း။
မှန်လှစွာ၏။ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းသည် ကိုယ်ဖြင့် မျက်မှောက်ပြခြင်းလည်းကောင်း၊ ဉာဏ်ဖြင့် မျက်မှောက်ပြုခြင်းလည်းကောင်း ဤသို့ နှစ်ပါး အပြားရှိ၏။
ရှင်တော်ဘုရား အဘယ်သို့ ဟောကြားတော်မူသနည်း ဟူမူကား-
- ဆန္ဒအားကြီး ဖြစ်လတ်သော် အားထုတ်၏။ အားထုတ်၍ နှိုင်းချိန်၍ နှိုင်းချိန်၍ အပြင်းအားထုတ်၏။ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်လတ်သော် ကိုယ်ဖြင့်မူလည်း မြတ်သောသစ္စာ ဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြု၏။ ဉာဏ်ဖြင့်မူလည်း ထိုမြတ်သောသစ္စာ ဖြစ်သော နိဗ္ဗာန်ကို ထိုးထွင်း ဖောက်ခွဲ၍ မြင်ရ၏။
ဟူ၍ ဟောတော်မူ၏။
ထိုနှစ်ပါးတို့တွင် အစမထင်သော သံသရာ၌ အဇ္ဈတ္တသန္တာန်၌ မပြတ်အမြဲ အပြင်းပူစေ၍ ထက်ဝန်းကျင် လောင်စေ၍ လာကုန်သော ကိလေသာတို့၏ မဂ်ခဏ၌ အဇ္ဈတ္တသန္တာန်၌သာလျှင် ချုပ်ခြင်း ငြိမ်းအေးခြင်းသည် ကိုယ်ဖြင့် မျက်မှောက်ပြုသည် မည်၏။ ဤသို့ ကိုယ်ဖြင့် မျက်မှောက်ပြု၍ တစ်ဖန် ဆင်ခြင်လတ်သော် မိမိသန္တာန်၌ ထိုချုပ်ခြင်းကို ဉာဏ်ဖြင့် အတပ် မျက်မှောက်မြင်၏။ ‘‘ငါ၏သန္တာန်၌ ကိလေသာတို့ ချုပ်ကုန်ပြီ’’ ဤသို့ သိ၏။ ဤဉာဏ်နှင့် မြင်ခြင်း သိခြင်းသည် ဉာဏ်ဖြင့် မျက်မှောက်ပြုသည် မည်၏။
ထိုနှစ်ပါးတို့တွင် ကိုယ်ဖြင့် မျက်မှောက်ပြုခြင်းသည် အဆုံးမရှိ အတိုင်းအရှည် မရှိသော ဝဋ်ဆင်းရဲကို ကုန်စေ၏။ ဉာဏ်ဖြင့် မျက်မှောက်ပြုခြင်းသည် အနပ္ပကမ်း ဖြစ်သော (= များလှစွာ သော) ပီတိ သောမနဿကို ဖြစ်စေ၏။ ပညတ်တရားတို့၌ ဤသို့ သဘောရှိသော မျက်မှောက် ပြုခြင်း မည်သည် မရှိချေ။ ဤသို့ သိအပ်၏။
ဆက်၍ ဆိုဦးအံ့။ ထိုချုပ်ခြင်း၏ သုဉ်းဆိတ်သော သုညတတရား၏ အဖြစ်ကြောင့် ဉာဏ်နည်းသော သူတို့အား ထိုချုပ်ခြင်း နိဗ္ဗာန်၌ အချည်းနှီးဟူသော အမှတ်သညာ အကျိုးမရှိဟူသော အမှတ်သညာ သည် တည်၏။
အရိပ်နိမိတ်ကင်းသော တရား၏အဖြစ်ကြောင့် ထိုနိဗ္ဗာန်၌ မရှိခြင်း မျှဟူသော အမှတ်သညာသည် ပရမတ္ထ အားဖြင့် ထင်ရှားမရှိ တူသော အမှတ်သညာသည် တည်၏။
တောင့်တခြင်း အာသာမရှိသော တရား၏အဖြစ်ကြောင့် တဏှာ အလိုသို့ လိုက်ကြကုန်သော သတ္တဝါ တို့သည် ထိုနိဗ္ဗာန်၌ ချမ်းသာ မည်သည် တစ်စုံတစ်ခုမျှ မရှိချေ။ ဤသို့ မှတ်ထင်ကြကုန်၏။
အကြင် ဆရာတို့သည်ကား အကြင် အကြင် ဆိုအပ်ခဲ့ပြီးသောကုန်ခန်းခြင်း ချုပ်ခြင်းမျှသည် နိဗ္ဗာန်မည်သည် မဖြစ်ချေ။ မှန်လှစွာ၏။ ထိုကုန်ခန်းခြင်း ချုပ်ခြင်းမျှသည် မရှိခြင်းမျှသာ ဖြစ်၍ ပညတ်သဘော ရှိသည် ဖြစ်ပေ၏။ နိဗ္ဗာန် မည်သည်လည်း ဂမ္ဘီရ (= နက်နဲခြင်း) အစရှိကုန်သော အဆုံးမရှိသော ဂုဏ်ကျေးဇူးတို့၏ တည်ရာဖြစ်၏။ မရှိခြင်းမျှသည် ထိုအဆုံးမရှိသော ဂုဏ်ကျေးဇူးတို့၏ တည်ရာဖြစ်ခြင်းငှါ ထိုက်လည်း မထိုက်ချေ။
- လွန်ကဲသော ချမ်းသာကား နိဗ္ဗာန်တည်း။
ဟူ၍လည်း ဓမ္မပဒ၌ ဟောတော်မူအပ်ပေပြီ။ မရှိခြင်းမျှ၌လည်း တစ်စုံတစ်ခုသော ချမ်းသာမည်သည် ရခြင်းငှါ မတတ်ကောင်းချေ။ ထို့ကြောင့် ထိုကုန်ခန်းခြင်း ချုပ်ခြင်း၏ အကြင်အကြောင်းသည် ရှိ၏။ အကြင် အကြောင်း၏လည်း တန်ခိုးတေဇော အာနုဘော်မည် စွမ်းရည်သတ္တိကြောင့် ထိုကုန်ခန်းခြင်း ချုပ်ခြင်းသည် ပြီးစီး၏။ ထိုကုန်ခန်းခြင်း ချုပ်ခြင်း တရားတစ်ခုသည်ပင်လျှင် နိဗ္ဗာန် မည်တော့၏။ ဤသို့ အလိုရှိကြကုန်၏။
ထိုဆရာတို့၏ အယူဝါဒ၌လည်း ဝဋ်ဒုက္ခ၏ ငြိမ်းခြင်းထက် လွန်သော အကျိုးမည်သည်ကို မရအပ်သေးသည်သာလျှင်တည်း။ နိဗ္ဗာန်၏လည်း ဂုဏ်အစုတို့ မည်သည်ကား အဆုံးအစ မရှိကုန်သော ဝဋ်တရားတို့၏ ဆန့်ကျင်ဘက်၏ အစွမ်းဖြင့် ပြီးကြကုန်၏။ တစ်ပါးသော အခြင်းအရာအားဖြင့် မပြီးကြကုန်။ ထို့ကြောင့် အကြင်မျှလောက်ကုန်သော အပြစ်ဒေါသအစုတို့ကို ဝဋ်တရားတို့၌ ရအပ်ကုန်၏။ ထိုမျှ လောက်ကုန်သော ထိုဝဋ်တရားတို့၏ ကုန်ခန်းခြင်း ချုပ်ခြင်း၌ အဆုံး အစ မရှိကုန်သော ဂုဏ်ကျေးဇူးအစုတို့သည် ဖြစ်ကုန်၍ ပြီးကြကုန်၏။ ထိုခယ နိရောဓ (= ကုန်ခန်းခြင်း ချုပ်ခြင်း)သည်လည်း ရှေးဦးစွာ အသီးအခြား တရားတစ်ခု၏ အဖြစ်ဖြင့် သိခြင်းငှါ ပြုနိုင်ခဲပေ၏။ နက်နဲလှပေ၏။ အကြင်ကြောင့် ထိုကုန်ခန်းခြင်း ချုပ်ခြင်းကို မဖြစ်ခြင်း မရှိခြင်း မျှဟူ၍ ပညတ်သဘော ရှိ၏ဟူ၍ မှတ်ထင်ကြကုန်၏။ ထို နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးအစုတို့၏ နက်နဲ သည်၏ အဖြစ်၌ကား ဆိုဖွယ် ပြောဖွယ်သည်ပင်လျှင် မရှိတော့ချေ။
ဆက်၍ ဆိုဦးအံ့။ သန္တိသုခ (= ငြိမ်းအေးသော ချမ်းသာ) မည်သည်ကား ဝဋ်တရားတို့၏ ငြိမ်းအေးသည်၏ အဖြစ်တည်းဟူသော ငြိမ်းအေးခြင်းဂုဏ်သည်ပင်လျှင်တည်း။ မှန်လှစွာ၏။
- ထို သင်္ခါရ တရားတို့၏ ငြိမ်းအေးခြင်းသည် ချမ်းသာလှစွာ၏။ ဟူသော သုတ်မဟာဝါပါဠိတော် မဟာပရိနိဗ္ဗာနသုတ် စသည်၌ ဟောတော်မူလျက် ရှိပေပြီ။
ဆက်၍ ဆိုဦးအံ့။ ဝူပသန္တတာ - ဟူသည်ကား ထို သင်္ခါရ တရားတို့၏ အချင်းခပ်သိမ်း ကုန်ခန်းရာ ချုပ်ရာသာလျှင်တည်း။ ထို့ကြောင့် ဝဋ်ဒုက္ခ၌ အကျုံးဝင်ကုန်သော အလုံးစုံသော ခံစားခြင်း သုခတကာတို့ထက် လွန်ကဲခြင်းသို့ ရောက်သည်။ ထိုခယနိရောဓ ဖြစ်သော နိဗ္ဗာန်၏ အလွန်အမင်း ချမ်းသာလှသည်၏ အဖြစ်သည် ပြီးစီးထင်ရှား၏- ဟု သိအပ်၏။
ထိုသို့ပင် ပြီးစီး ထင်ရှားပါသော်လည်း ထိုနိဗ္ဗာန်၏ ပရမတ္ထအားဖြင့် ထင်ရှားရှိသည်၏ အဖြစ်၌ ဤဆိုလတ္တံ့သည်ကား ရှေးဦးစွာ ဘုရားဟော ပါဠိတော်ပေတည်း။
- ချစ်သား ရဟန်းတို့- ဇာတိ၏ ကုန်ခြင်းဟု ဆိုအပ်သော ဇာတိ၏ မဖြစ်ခြင်းတရား တစ်ခုသည် သင်္ခါရတရားတို့၏ မရှိခြင်းတရား တစ်ခုသည် ဖြစ်လာပေါ်လာ ဥပါဒ်လာအောင် မပြုသော တရား တစ်ခုသည် တာရှည်လေးမြင့် တည်၍နေ အောင် ပြင်ဆင်ခြင်း အမှုကင်းသော တရားတစ်ခုသည် ရှိ၏။
ချစ်သား ရဟန်းတို့- ဤဇာတိ၏ ကုန်ခြင်းဟု ဆိုအပ်သော ဇာတိ၏ မဖြစ်ခြင်း တရားတစ်ခုသည် ဤသင်္ခါရတရားတို့၏ မရှိခြင်း တရားတစ်ခုသည် ဤဖြစ်လာပေါ်လာ ဥပါဒ်လာအောင် မပြုသော တရားတစ်ခုသည် ဤတာရှည်လေးမြင့် တည်၍နေအောင် ပြင်ဆင်အမှု ကင်းသော တရား တစ်ခုသည် အကယ်၍ မရှိခဲ့ငြားအံ့။ ဖြစ်ခြင်းဇာတိဖြင့် ဖြစ်ထသော သင်္ခါရတရားတို့၏ ရှိခြင်းဖြင့် ရှိထသော ဖြစ်လာပေါ်လာ ဥပါဒ် လာအောင် ပြုအပ်ထသော တာရှည်လေးမြင့် တည်၍နေအောင် ပြင်ဆင်အပ်ထသော ဤသံသရာဝဋ်တရား၏ ကျွတ်လွတ် ထွက်မြောက်ရာသည် မထင်နိုင်ပေရာ။
- ချစ်သား ရဟန်းများတို့- အကြင်ကြောင့်လျှင် ဇာတိ၏ ကုန်ခြင်းဟု ဆိုအပ်သော ဇာတိ၏ မဖြစ်ခြင်းတရား တစ်ခုသည် သင်္ခါရတရားတို့၏ မရှိခြင်း တရားတစ်ခုသည် ဖြစ်လာပေါ်လာ ဥပါဒ်လာအောင် မပြုသော တရားတစ်ခုသည် တာရှည်လေးမြင့် တည်၍နေအောင် ပြင်ဆင်ခြင်းအမှု ကင်းသော တရားတစ်ခုသည် စင်စစ် ရှိပေ၏။ ထို့ကြောင့် ဖြစ်ခြင်းဇာတိဖြင့် ဖြစ်ထသော သင်္ခါရ တရားတို့၏ ရှိခြင်းဖြင့် ရှိထသော ဖြစ်လာပေါ်လာ ဥပါဒ်လာအောင် ပြုအပ်ထသော တာရှည် လေးမြင့် တည်၍နေသော ပြင်ဆင်အပ်ထသော ဤသံသရာ ဝဋ်တရား၏ ကျွတ်လွတ် ထွက်မြောက် ရာသည် ထင်ရှားပေ၏။
ဤသည်ကား ဘုရားဟောဖော် ပါဠိတော်ပေတည်း။
ထိုပါဠိတော်၌ မဖြစ်ခြင်းသည် အဇာတ မည်၏။ ဇာတိ၏ ကုန်ခြင်းတည်း။ ဤသည်ကား အနက်တည်း။ မရှိခြင်းသည် အဘူတ မည်၏။ မရှိခြင်းပေတည်း။ ဤသည်ကား အနက်တည်း။ မပြုရခြင်းသည် အကတ မည်၏။ မပြင်ဆင်ရခြင်းသည် အသင်္ခတ မည်၏။ ဖြစ်စေ ခြင်းငှါ လည်းကောင်း၊ တာရှည်လေးမြင့် တည်နေခြင်းငှါလည်းကောင်း ပြုပြင်ရသော ဒုက္ခ၏ မရှိခြင်း တည်း။ ဤသည်ကား အနက်တည်း။
တစ်နည်းကား- ‘‘ဇာတိ၏ကုန်ခြင်း’’ ဟူသည်ကား အသီးအခြား ဓမ္မဓာတ်တစ်ပါး ဖြစ်၏။ ထို့ကြောင့် အသီးအခြား တရား၏အဖြစ်ကို ရည်ရွယ်၍ ဤနိဗ္ဗာန်၌ ဖြစ်ခြင်းသည် မရှိချေ။ ထို့ကြောင့် အဇာတ မည်၏။ ဤသို့လည်း (ယူဆ ပြောဆိုရန်) သင့်သည်သာလျှင်တည်း။ ဤအဓိပ္ပါယ်ကို ဆိုလိုရင်း ဖြစ်ပေသည်။
သင်္ခတတရားတို့ မည်သည်ကား အကြောင်းပစ္စည်း ရှိခဲ့သော် ဖြစ်ကြရကုန်၏။ မရှိခဲ့သော် မဖြစ်ကြရကုန်။ ထို့ကြောင့် ထိုသင်္ခါရတရားတို့၏ ဖြစ်ခြင်းသည် ရှိသကဲ့သို့ ထိုသင်္ခါရတရားတို့၏ မဖြစ်ခြင်းသည် လည်း ရှိ၏။ ပရမတ္ထအားဖြင့် ထင်ရှားရှိသည် ဖြစ်ပေ၏။ ဤသည်ကား အနက် ပေတည်း။
ဆက်၍ ဆိုဦးအံ့။ အဇာတတရား မည်သည် အကယ်၍ မရှိခဲ့အံ့။ ဇာတတရားသည်သာလျှင် အကယ်၍ ရှိခဲ့အံ့။ ဤသို့ရှိခဲ့သော် မိမိ၌ ကိလေသာတို့၏ မဖြစ်ခြင်း အကျိုးငှါ ကောင်းစွာ ကျင့်ကုန်သော ပုဂ္ဂိုလ် တို့အားလည်း အလုံးစုံကုန်သော ကိလေသာတရားတို့သည် တစ်ဖြစ်တည်း ဖြစ်ကုန်သည်သာလျှင် ဖြစ်ကုန်ရာ၏။ မဖြစ်ဘဲ နေကုန်သည် မဖြစ်ကုန်ရာ။ အဘယ့်ကြောင့်နည်း ဟူမူကား- အဇာတမည်သော တရား၏ မရှိသည်၏ အဖြစ်ကြောင့်ပေတည်း။ ဤသို့ သိအပ်၏။
အလုံးစုံကုန်သော ဒုစရိုက်တရားတို့၌လည်းကောင်း၊ အပါယ်ဒုက္ခ ဝဋ်ဒုက္ခတို့လည်းကောင်း၊ ယခုဘဝ ပစ္စက္ခ၌ အလုံးစုံကုန်သော ရောဂါ အနာဘေး ဥပဒ္ဒဝေါတို့လည်းကောင်း ဤနည်းသာလျှင် နည်းရှိပေ၏။
ဆက်၍ ဆိုဦးအံ့။ ဤသို့ ဖြစ်ခဲ့သော် လောက၌ အလုံးစုံကုန်သော ယောက်ျားတို့ ပြုအပ်သော အမှုတို့သည် ယောက်ျားတို့ စွမ်းရည်သတ္တိ တို့သည် ယောက်ျားတို့ လုံ့လဝီရိယတို့သည် အကျိုးမဲ့ငြား အလကားတို့သာလျှင် ဖြစ်ကြကုန်ရာ၏။ ဤသို့သော အနက်အဓိပ္ပါယ်ကို ရည်ရွယ်တော်မူ၍-
ချစ်သား ရဟန်းများတို့ (ပ) အကယ်၍ မရှိခဲ့ငြားအံ့။ ဟူ၍ (ဥဒါနပါဠိတော်၌) ဟောတော်မူအပ် ခဲ့ပေပြီ။
အဖို့တစ်ပါးကို ဆိုဦးအံ့။ အကြင်ကြောင့် အဇာတမည်သော နိဗ္ဗာန်တရားသည် စင်စစ်ဧကန် အမှန်အားဖြင့် ရှိသည်သာလျှင်တည်း။ ထို့ကြောင့် မိမိ၌ အဇာတ (= ဇာတိကုန်ခြင်း၊ ဇာတိမဖြစ်ခြင်း) အကျိုးငှါ ကောင်းစွာကျင့်ကုန်သော သူတို့အား ထိုကိလေသာ တရားတို့သည် စင်စစ်ဧကန် အမှန်အားဖြင့် မဖြစ်ကြကုန်။ ဤသို့ ဖြစ်သည်ရှိသော် အလုံးစုံကုန်သော ယောက်ျားတို့ ပြုအပ်သော အမှုတို့သည် ယောက်ျားတို့ စွမ်းရည်သတ္တိတို့သည် ယောက်ျားတို့ လုံ့လဝီရိယတို့သည် အလကား မဖြစ် စင်စစ် အကျိုးရှိသည်သာလျှင် ဖြစ်ကုန်၏။ ဤသို့သော အနက်ကို ရည်ရွယ်တော်မူ၍ ‘‘ချစ်သား ရဟန်းတို့- အကြင်ကြောင့်လျှင်’’ အစရှိသော စကားကို ဟောကြားတော်မူအပ်ပေပြီ။ ဤမျှသော စကား အစဉ်ဖြင့်-
- အဝိဇ္ဇာဟူသော မောဟ၏ အကြွင်းမဲ့ ချုပ်ငြိမ်းခြင်းကြောင့် လောကီကုသိုလ် အကုသိုလ် စေတနာ သင်္ခါရတို့၏ ချုပ်ခြင်းသည် ဖြစ်၏။ လောကီကုသိုလ် အကုသိုလ် စေတနာသင်္ခါရ တို့၏ ချုပ်ခြင်းကြောင့် အနာဂတ်ဘဝ ပဋိသန္ဓေ ဝိညာဉ် ပဝတ္တိဝိညာဉ်တို့၏ ချုပ်ခြင်းသည် ဖြစ်၏။ (ပ) ဆင်းရဲအစု၏ ချုပ်ခြင်းသည် ဖြစ်၏။
ဟူ၍ ဤသို့ ဟောတော်မူအပ်သော နိဗ္ဗာန်၏ ပရမတ္ထအားဖြင့် ထင်ရှား ရှိသည်၏ အဖြစ်ကို ပြတော်မူ၏။ အဘယ့်ကြောင့်နည်း ဟူမူကား- အတ္ထိသဒ္ဒါ၏ ထင်ရှားရှိခြင်း အနက်ကို ဟောသည်၏ အဖြစ်ကြောင့်တည်း။
ထိုပါဠိတော်၌ နိရောဓသည်-
၁။ ဇာတနိရောဓတစ်ပါး၊
၂။ အဇာတနိရောဓတစ်ပါး၊
ဤသို့ နှစ်ပါးအပြားရှိ၏။ ထိုနှစ်ပါးတို့တွင် ဖြစ်ပြီး၍ ချုပ်ခြင်းသည် ဇာတနိရောဓ မည်၏။ မစ္စုဟူသော အမည်သည်လည်းကောင်း၊ မရဏ ဟူသော အမည်သည်လည်းကောင်း ထိုဇာတနိရောဓ၏သာလျှင် အမည် ပေတည်း။
အဇ္ဈတ္တသန္တာန်၌ အကျုံးဝင်ကုန်သော ကိလေသာ စသည်တို့၏ ဥပဒ်မျှ၏လည်း အချင်းခပ်သိမ်း မရှိခြင်းသည် အဇာတနိရောဓ မည်၏။ အကြင် မဖြစ်ခြင်း မရှိခြင်း အဇာတနိရောဓကို-
- သဗ္ဗသင်္ခါရ သမထ (= အလုံးစုံသော သင်္ခါရတရားတို့ ငြိမ်းအေးရာ) ဟူ၍လည်းကောင်း၊
- သဗ္ဗုပဓိနိဿဂ္ဂ (= အလုံးစုံသော ဥပဓိတရားတို့မှ ကင်းလွတ်ရာ) ဟူ၍လည်းကောင်း၊
- တဏှာယက္ခယ (= တဏှာ၏ကုန်ရာ) ဟူ၍လည်းကောင်း၊
- ဝိရာဂ (= ရာဂ၏ကင်းရာ) ဟူ၍လည်းကောင်း၊
- နိရောဓ (= ဝဋ်ဆင်းရဲ၏ ချုပ်ရာ) ဟူ၍လည်းကောင်း၊
- နိဗ္ဗာန (= တဏှာမှ ထွက်မြောက်ရာ) ဟူ၍လည်းကောင်း၊
ခေါ်ဆိုအပ်၏။ ဤအဇာတ နိရောဓကို ဤအရာ၌ အလိုရှိအပ်၏။
မှန်လှစွာ၏။ ဤအဇာတ နိရောဓသည်သာလျှင် အလုံးစုံသော တောင့်တမှု ကြောင့်ကြမှုတို့မှ သုဉ်းဆိတ်သည်၏ အဖြစ်ကြောင့် သုညတ မည်၏။
ကိလေသာတို့၏လည်းကောင်း၊ ဇရာ မရဏ အစရှိသည်တို့၏လည်းကောင်း တည်ရာဖြစ်၍ အရိပ်နိမိတ်၏ မရှိခြင်းကြောင့် အနိမိတ္တ မည်၏။
အလုံးစုံသော ဆင်းရဲခြင်းတို့၏အကြောင်း အခြေခံဖြစ်၍ ဖြစ်သော တောင့်တခြင်းဒုက္ခ၏ မရှိခြင်း ကြောင့် အပ္ပဏိဟိတ မည်၏။ ထို့ကြောင့် ‘‘သုညတံ (ပ) ဟောတိ’’ဟူ၍ အရှင်အနုရုဒ္ဓါဆရာ မိန့်ဆိုအပ်ပေပြီ။
သင်္ဂဟဂါထာ အဖွင့်
ပဒံ အစရှိသော ပုဒ်တို့သည် နိဗ္ဗာန်၏ ဝေဝုစ်ပရိယာယ်ပုဒ်တို့တည်း။ မှန်လှစွာ၏။ ထိုနိဗ္ဗာန်သည် အသီးအခြား မရောမနှော သက်သက်ရအပ်သော တစ်ခုသော ပရမတ္ထတရားတည်း။ ထို့ကြောင့် ပဒမည်၏။ မှန်လှစွာ၏။ ပဒသဒ္ဒါသည် အဖို့အစုဟူသော အနက်ရှိ၏။ အဘယ်အရာကဲ့သို့နည်း ဟူမူကား- ‘‘ပဒသော ဓမ္မံ ဝါစေယျ (= ပုဒ်ပြိုင်- (တစ်နည်း) ပဒ အနုပဒ အနွက္ခရ အနုဗျဉ္ဇနတို့တွင် တစ်ခုခုသော အဖို့အစုအားဖြင့် ပိဋကတ်သုံးပုံ ပါဠိ အဋ္ဌကထာတရားကို တစ်ပြိုင်နက် ပို့ချငြားအံ့။) ဟူသော အရာကဲ့သို့တည်း။
- ရွေ့လျောခြင်း၏ မရှိခြင်းကြောင့် အစ္စုတ မည်၏။
- ဥပဒ်တည်းဟူသော ရှေ့အစွန်း ဘင်တည်းဟူသော နောက်အစွန်းတို့ကို၊ တစ်နည်း- အတိတ်အဖို့ အနာဂတ်အဖို့တို့ကို လွန်၍ တည်သည် ၏အဖြစ်ကြောင့် အစ္စန္တ မည်၏။
- ပြုပြင်ခြင်းကိစ္စမှ ကင်းသည်၏ အဖြစ်ကြောင့် အသင်္ခတ မည်၏။
- မိမိထက် လွန်မြတ်သော တစ်စုံတစ်ခုသော တရား၏ မရှိသောကြောင့် အနုတ္တရ မည်၏။ ဤသို့ မှတ်အပ်၏။
- တဏှာကင်းလွတ်တော် မူကြကုန်သော၊ မြတ်ကုန်သော သီလက္ခန္ဓ အစရှိကုန်သော တရားတို့ကို ရကုန်ပြီးသောကြောင့် မဟေသီ မည်တော်မူကုန်၏။ ဘုရားရှင်တို့ကို ရအပ်ကုန်၏။
ဤမျှလောက်သော သဒ္ဒါအစဉ် အနက်အစဉ်ဖြင့် ‘ပရမတ္ထဒီပနီ’ အမည်ရှိသော အဘိဓမ္မတ္ထသင်္ဂြိုဟ် ကျမ်း၏ လေးခုမြောက် အဖွင့်၌ ရုပ် နိဗ္ဗာန် နှစ်ပါးကို သင်္ဂြိုဟ်ရာ သင်္ဂြိုဟ်ကြောင်း ဖြစ်သော ဆဋ္ဌပိုင်း၏ ကောင်းမြတ်သော အနက်ကို ပြကြောင်း ပြရာ ဋီကာသစ်သည် အပြီးအဆုံး နိဂုံးခါးပတ် အဆုံးသတ်ပေပြီ။
ရုပ်ပိုင်းအဖွင့် ပြီးပြီ။
ပဌမလယ်တီဆရာတော်