မာတိကာသို့ ခုန်သွားရန်

ပရမတ္ထဒီပနီ (ပထမတွဲ)

ဝီကီရင်းမြစ် မှ

ပရမတ္ထဒီပနီ ခေါ်

သင်္ဂြိုဟ်မဟာဋီကာသစ် မြန်မာပြန် (ပဌမတွဲ)

ပဌမလယ်တီဆရာတော်

မာတိကာ

စိတ်ပိုင်း

ဂန္ထာရမ္ဘ ကထာ
ပဏာမနှင့် ပတ္ထနာ
အဘိယာစက ကထာ
အဘိဓမ္မတ္ထနှင့် မဟာသမုဒ္ဒရာ
ကျမ်းပြုပုံ အခြင်းအရာ
ဥယျောဇဉ် တိုက်တွန်းချက်

ပဏာမဂါထာ အဖွင့်
ပိဏ္ဍတ္ထ ငါးပါး
ရတနတ္တယဝန္ဒနာ
ဂန္ထာဘိဓေယျ
ဂန္ထပ္ပကာရ
ဂန္ထာဘိဓာန
ဂန္ထပ္ပယောဇန
ရတနာသုံးပါး ရှိခိုးရခြင်းအကျိုး
အန္တရာယ်ကင်းခြင်း ကျမ်းပြီးခြင်း
အကျိုးလေးတန် ပေးမြဲမှန်
မိမိ သူတပါး အကျိုးများ
ပိဏ္ဍတ္ထ (အပေါင်းအနက်) လေးပါး အကျိုးတရား
သမ္မာသမ္ဗုဒ္ဒပုဒ် အဖွင့်
သမ္မာသဒ္ဒါ၏ အဖွင့်
သံသဒ္ဒါ၏ အဖွင့်
ဥဒကနှင့် အာဠာရတို့သည် ဆရာမဟုတ်
အတုလံပုဒ် အဖွင့်
သဘာ၀ ယုတ္တိ
အာဂမ ယုတ္တိ
အတုလပုဒ် ဝိဂြိုဟ်ထုတ်
တုဘက်ကင်းကွာ သုမေဓာ
ပြည့်စုံမှု သမ္ပဒါ သုံးပါးအဖွင့်
ဟေတု သမ္ပဒါ
ဖလ သမ္ပဒါ
ပဟာန သမ္ပဒါ
ဉာဏ သမ္ပဒါ
အာနုဘာ၀ သမ္ပဒါ
ရူပကာယ သမ္ပဒါ
သတ္တုပကာရသမ္ပဒါ
အာသယ သမ္ပဒါ
ပယောဂ သမ္ပဒါ
သသဒ္ဓမ္မဂဏုတ္တမပုဒ် အဖွင့်
သဗ္ဗညုဘုရားရှင်၏ မူပိုင်ဂုဏ်ပုဒ်
သသဒ္ဓမ္မပုဒ် အဖွင့်
အဘယ်ကြောင့် ဓမ္မ အမည်ရ
မုချ ဓမ္မမည်သော တရား
ပရိယတ္တနှင့် ဖိုလ်လေးပါး ဓမ္မမည်ပုံ
တစ်နည်းကြံငြား ပုဒ်နက်ကား
တရားတော်မြတ် ဆယ်ပါးမှတ်
ပရိယတ္တိဆောင်လျှင် ရှိခိုးထိုက်သည်ပင်
ပဋိပတ္တိကျင့်သူအား သောတာပတ္တိမဂ်၌ ထည့်သွင်းထား
မိစ္ဆာဝါဒ ပယ်လှန်
ကိုးကွယ်ထိုက်သူ မထိုက်သူ
သဒ္ဓမ္မပုဒ်ဝယ် အနက်အဓိပ္ပါယ်
နောက်တစ်နည်းစွက် အဓိပ္ပါယ်နက်
တစ်နည်းသိဖွယ် အနက်အဓိပ္ပါယ်
ဂဏုတ္တမပုဒ် အဖွင့်
အယူသီလ တူမျှအပေါင်းကို ဂိုဏ်းဟုဆို
ဂဏနှင့် သံဃာအတူသာ
လယ်ကောင်းမြေတာ ရှစ်အရိယာ
လယ်ယာမှန်လျက် မြက်ပင်ဖျက်
အဘိဝါဒိယပုဒ် အဖွင့်
ဘာသိဿံပုဒ် အဖွင့်
အဘိဓမ္မတ္ထ သင်္ဂဟံပုဒ် အဖွင့်
အကျဉ်းပေါင်းယူ ဟူသည်မှာ
လွန်သည့် ထူးသည့်တရား
လူ့ပြည်မဟော နတ်ပြည်ဟော
အချို့ဆရာဝါဒ ပယ်စွန့်ချ
ဝိနယနှင့် ဓမ္မကိစ္စများ
ကေစိဝါဒ ပယ်စွန့်ချ

ဒုတိယဂါထာ အဖွင့်
ဒုတိယဂါထာ ယောဇနာ
ပရမတ္ထပုဒ် အဖွင့်
ခေါ်ဝေါ်တုံဘိ သမုတိသစ္စာ
သစ္စာသမ္မုတိ ကြီးကျယ်၏
သစ္စာပရမတ္ထ နှစ်ပါးပြ
အရိယရောက် သဘာဝပျောက်
မှန်ကန်လှဘိ အရိယသစ္စာ
သစ္စာသမ္မုတိ နှစ်လိုဘိ
အနက်နှစ်ဖြာ သိဖွယ်ရာ
သဘာဝသိဒ္ဓအနက် ဟူသည်မှာ
ပရိကပ္ပအနက် ဟူသည်မှာ
သဘာဝသိဒ္ဓမှ ပရမတ္ထ
ကြံဆမှုကို ပရမတ္ထ မဆို
စိတ္တံပုဒ် အဖွင့်
အာရုံယူမှု ကြံစည်မှု
စေတသိက် ရှေ့သွား စိတ်တရား
မုချနှင့် ပရိယာယ်
မကွဲမပြားဘဲ ကွဲပြားသလို
ထိုသို့ဆိုဘိ ဘယ်အကျိုးရှိ
ဆန်းကြယ်ပန်းချီ စိတ်ကြံစည်
ဆန်းကြယ်ပုံ အဆင့်ဆင့်
လက္ခဏစသည့် လေးပါး ခွဲခြားရန်
စိတ်၏လက္ခဏ စသော လေးပါး
စေတသိကံပုဒ် အဖွင့်
ဖြစ်-ပျက်-မှီ-အာ တူပုံ ဥပမာ
စိတ်နှင့် စေတသိက် - ရေနှင့် အဆင်း
ရူပံပုဒ် အဖွင့်
သုခုမရုပ်များ ဖောက်ပြန်မှု မရှိသလော
ဖောက်ပြန်မှုကား မထင်ရှား နာမ်ကား ရုပ်မမည်
ဗြဟ္မာ့ဘုံကြော ရုပ်သဘော
နိဗ္ဗာနံပုဒ် အဖွင့်
ငြိမ်းအေးပူပန် မြတ်နိဗ္ဗာန်
သုံးတန်ကာလ ငြိမ်းမရ

စိတ်ပိုင်းအဖွင့်

ဘုံလေးပါး၌ဖြစ်သော တရားလေးပါး
ကာမာဝစရံပုဒ် အဖွင့်
မေးဖြေ တစ်ချက် စကားဆက်
အောက်ငရဲဘုံ နှစ်သက်ပုံ
ဖြစ်ခြင်းအနက်တွင် အပြစ်ထင်
ယေဘုယျနည်း ဆိုလည်း မသင့်
အကျုံးဝင်ဟူ တူမျှမျိုးနွယ်
သိဖွယ်တစ်ရပ် အမှာချပ်
ရူပါဝစရံ အရူပါဝစရံ ပုဒ်အဖွင့်
ရူပ အရူပ အမည်ရပုံ
မှီရာဘုံအား တင်စားခေါ်ဝေါ်
ပါဠိတော်လာ သန့်ရှင်းစွာ
လောကုတ္တရံပုဒ် အဖွင့်
လောကုတ္တရာဝယ် သိမှတ်ဖွယ်

အကုသိုလ် လောဘမူစိတ် အဖွင့်
ဝဋ်မြစ် ယှဉ်ငြား များဘိ လောဘမူ
သောမနဿသဟဂတံပုဒ် အဖွင့်
တဒ္ဓိတ်ဘာ၀ အရကောက်လျှင်
ဒိဋ္ဌိဂတသမ္ပယုတ္တံပုဒ် အဖွင့်
အသင်္ခါရ သသင်္ခါရပုဒ် အဖွင့်
ဒိဋ္ဌိဂတဝိပ္ပယုတ္တံပုဒ် အဖွင့်
ဥပေက္ခာ၏ အဓိပ္ပါယ်
ဖဿစကား တရားအစု ထူးမပြု
လောဘ ဝေဒနာ ဒိဋ္ဌိ သင်္ခါရတို့ အထူးပြုကြပုံ
သပ္ပီတိက စသည် မဆိုပုံ
သောမနဿ အင်္ဂါ ဤလေးဖြာ
ဥပေက္ခာအင်္ဂါ ဤလေးဖြာ
ဒိဋ္ဌိအင်္ဂါ ဤငါးဖြာ
အသင်္ခါရိကအင်္ဂါ ဤခြောက်ဖြာ
အဋ္ဌပိ မှ ပိ သဒ္ဒါ

ဒေါသမူစိတ် အဖွင့်
ဒေါမနဿနှင့် ပဋိဃတို့ အထူးပြုပုံ
ပြုံးလျက် သတ်လည်း ဒေါမနဿပဲ
သတ်မှုမှန်သမျှ ပဋိဃ
ဒေါသမူအင်္ဂါ ဤငါးဖြာ

မောဟမူစိတ် အဖွင့်
မောဟမူမှာ ဥပေက္ခာ
ဝိစိကိစ္ဆာနှင့် ဥဒ္ဓစ္စ ယှဉ်ပုံပြ
ဥဒ္ဓစ္စကို နောက်မှဆို
မောဟမူမှာ အသင်္ခါရိက
မောဟမူဟမှ မောမူဟ

နိဂုံးပုဒ် အဖွင့်
အကုသိုလ်ဝယ် အဓိပ္ပါယ်
အကုသိုလ်နှင့် ကုသိုလ်ဖြစ်ပုံ
ရွှေတုပုံလို အကုသိုလ်
ရွှေစစ်အလား ကုသိုလ်တရား
ဆေးနှင့်အနာ ဥပမာ
သမတ္တာနိပုဒ် အဖွင့်

သင်္ဂဟဂါထာ အဖွင့်

အဟိတ်စိတ် အကုသလဝိပါက် အဖွင့်
ဝိညာဏမည်ခြင်း အကြောင်းရင်း
ပဉ္စဝိညာဏ် ဖြစ်ကြောင်းများ
အလင်းမရှိ မသိ မမြင်
ဝိပါကဝယ် အနက်အဓိပ္ပါယ်
အချို့ဆရာ အယူမှာ
သုခပုဒ် အဖွင့်
ကုသလဝိပါကာ ဟေတုကပုဒ် အဖွင့်
အကုသလဝိပါက၌ အဟေတုက မပါရပုံ
ကုသလဝိပါက၌ အဟေတုက ပါရပုံ
အဟိတ်ကြိယာပုဒ် အဖွင့်
ဟသိတုပ္ပါဒ်၌ သိမှတ်ဖွယ်
ရဟန္တာတို့၏ ရယ်ရွှင်ဖွယ် အာရုံ
ကုသိုလ် အကုသိုလ် ဝိပါက် ကြိယာ ဖြစ်ပေါ်ခြင်း
ဝေဒနာဖြင့် စိစစ်ခြင်း
အကြောင်းပစ္စည်းကြောင့်သာ အားနည်း အားရှိသည်
သင်္ခါရဖြင့် စိစစ်ခြင်း
သမ္ပယုတ် ဝိပ္ပယုတ် စိစစ်ခြင်း

သောဘဏစိတ် အဖွင့်
ပါပါဟေတုက စသော ဂါထာအဖွင့်

ကာမာဝစရ သောဘဏစိတ် - မဟာကုသိုလ် အဖွင့်
သောမနဿ ဥပေက္ခာဖြစ်ခြင်း အကြောင်း
ဉာဏသမ္ပယုတ် ဝိပ္ပယုတ် ဖြစ်ကြောင်း
သင်္ခါရ၏ အကြောင်း
မဟာကုသိုလ်စိတ်၌ မြှောက်ပွားပုံ
ကာမာဝစရကုသလ သဒ္ဒါ၏ ဝိဂ္ဂဟနှင့် အဓိပ္ပါယတ္ထ
မဟာဝိပါက် အဖွင့်
ဝေဒနာဘေဒ
သမ္ပယောဂဘေဒ
သင်္ခါရဘေဒ
မဟာဝိပါက၌ ပိ သဒ္ဒါပေါင်းပုံ
မဟာကြိယာ အဖွင့်
နိဂုံး အဖွင့်
ပထမဂါထာ အဖွင့်
ဒုတိယဂါထာ အဖွင့်
သဗ္ဗထာ၌ကျေသော ပိ သဒ္ဒါ၏ အဓိပ္ပါယ်
ဓမ္မသင်္ဂဏီနှင့် ဝိဘင်္ဂပါဠိတော် ကျမ်းကိုး စာမျက်နှာများ

ရူပါဝစရစိတ် အဖွင့်
သဒ္ဒါ အဖွင့်
အဓိပ္ပါယ် အဖွင့်
ဧကဂ္ဂတာ ဟူဘိ သမာဓိ
ဝိတက် ဈာနင်
ဝိစာရ ဈာနင်
ပီတိ ဈာနင်
သုခ ဈာနင်
ဥပေက္ခာ ဈာနင်
လောင်ကျွမ်းတတ်မှန် ဈာန်၏အနက်
ဈာနင်အပေါင်းကို ဈာန်ဟုဆို
အပရေဆရာများ ဝါဒကား
ဈာန်အင်္ဂါများကို ဘယ်တရားကပြု
သင်္ခါရဘေဒကို ဘာကြောင့်မဆို
ပဋိပဒါဘေဒဖြင့် ပြီးစီးပုံ
ပဋိပဒါနှင့် အဘိညာဉ်
ဝိပါကဈာန် အဖွင့်
ကာမနှင့် မဟဂ္ဂုတ် အကျိုးပေးကြပုံ
သင်္ဂဟ ဂါထာ အဖွင့်

အရူပါဝစရစိတ် အဖွင့်
နေဝစိတ္တနာစိတ္တ - နေဝဖဿနာဖဿ မဆိုရခြင်း အကြောင်း
သင်္ဂဟ ဂါထာ အဖွင့်

လောကုတ္တရာစိတ် အဖွင့်
သောတာပတ္တိ အဖွင့်
သကဒါဂါမိ အဖွင့်
အနာဂါမိ အဖွင့်
အရဟတ္တ အဖွင့်
ဖိုလ်စိတ် အဖွင့်
သင်္ဂဟ ဂါထာ အဖွင့်
ဇာတိဘေဒ သင်္ဂဟ ဂါထာ အဖွင့်
ဘူမိဘေဒ သင်္ဂဟ ဂါထာ အဖွင့်
စိတ်အကျဉ်းနှင့် အကျယ် ပဋိညာဉ်ဂါထာ အဖွင့်
သင်္ဂဟ ဂါထာ အဖွင့်
ကုသိုလ်နှင့် ဝိပါက်အကျယ် သင်္ဂဟဂါထာ အဖွင့်

စေတသိက်ပိုင်း အဖွင့်

သမ္ပယောဂ လက္ခဏာလေးပါး အဖွင့်
အညသမာန်း စေတသိက် အဖွင့်
ဖဿ အဖွင့်
ဝေဒနာ အဖွင့်
သညာ အဖွင့်
စေတနာ အဖွင့်
ဇီဝိတိန္ဒြေ အဖွင့်
မနသိကာရ အဖွင့်

ပကိဏ်းစေတသိက် အဖွင့်
ဝိတက် အဖွင့်
ဝိစာရ အဖွင့်
အဓိမောက္ခ အဖွင့်
ဝီရိယ အဖွင့်
ပီတိ အဖွင့်
ဆန္ဒ အဖွင့်

အကုသိုလ် စေတသိက် အဖွင့်
မောဟ အဖွင့်
အဟိရိက အဖွင့်
အနောတ္တပ္ပ အဖွင့်
ဥဒ္ဓစ္စ အဖွင့်
လောဘ အဖွင့်
ဒိဋ္ဌိ အဖွင့်
မာန အဖွင့်
ဒေါသ အဖွင့်
ဣသာ အဖွင့်
မစ္ဆရိယ အဖွင့်
ဣသာနှင့် မစ္ဆရိယ အထူး
ကုက္ကုစ္စ အဖွင့်
ထိန အဖွင့်
မိဒ္ဓ အဖွင့်
ဝိစိကိစ္ဆာ အဖွင့်

သောဘဏ စေတသိက် အဖွင့်
သဒ္ဓါ အဖွင့်
သတိ အဖွင့်
ဟိရီ အဖွင့်
သြတ္တပ္ပ အဖွင့်
အလောဘ အဖွင့်
အဒေါသ အဖွင့်
အမောဟ အဖွင့်
တတြမဇ္ဈတ္တတာ အဖွင့်
ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိ အဖွင့်
ကာယလဟုတာ စိတ္တလဟုတာ အဖွင့်
ကာယမုဒုတာ စိတ္တမုဒုတာ အဖွင့်
ကာယကမ္မညတာ စိတ္တကမ္မညတာ အဖွင့်
ကာယပါဂုညတာ စိတ္တပါဂုညတာ အဖွင့်
ကာယုဇုကတာ စိတ္တုဇုကတာ အဖွင့်

ဝိရတီ စေတသိက် အဖွင့်
သမ္မာဝါစာ အဖွင့်
သမ္မာကမ္မန္တ အဖွင့်
သမ္မာအာဇီ၀ အဖွင့်
ဝိရတီ အဖွင့်

အပ္ပမညာ စေတသိက် အဖွင့်
ကရုဏာ အဖွင့်
မုဒိတာ အဖွင့်
အပ္ပမညာ အဖွင့်
ပညိန္ဒြေ အဖွင့်

သမ္ပယောဂ (၁၆) နည်း အဖွင့်
ပကိဏ်း စေတသိက်တို့ အသီးသီး မယှဉ်ခြင်း အကြောင်း

အကုသိုလ် စေတသိက် သမ္ပယောဂနည်း အဖွင့်
သင်္ဂဟဂါထာ အဖွင့်

သောဘဏ စေတသိက် သမ္ပယောဂနည်း
သင်္ဂဟ ဂါထာများ အဖွင့်
အနိယတယောဂီ စေတသိက်များ အဖွင့်
နိယတယောဂီ စေတသိက်များနှင့် သင်္ဂဟနည်း ပဋိညာဉ် ဂါထာ အဖွင့်

သင်္ဂဟနည်း ၃၃-ပါး အဖွင့်
သင်္ဂဟနည်း မာတိကာ ဂါထာ အဖွင့်
လောကုတ္တရာ သင်္ဂဟနည်း ငါးပါး အဖွင့်
မဟဂ္ဂုတ်စိတ် သင်္ဂဟနည်း ငါးပါး အဖွင့်
ကာမာဝစရသောဘဏစိတ် သင်္ဂဟနည်း ၁၂ ပါး အဖွင့်
သင်္ဂဟ ဂါထာများ အဖွင့်
န ဝိဇ္ဇန္တေတ္တ စသော ဂါထာ အဖွင့်
ဝိသေသက စေတသိက်ပြ သင်္ဂဟ ဂါထာ အဖွင့်
အကုသိုလ်စိတ် သင်္ဂဟနည်း ခုနှစ်ပါး အဖွင့်
အကုသလ သင်္ဂဟဂါထာ အဖွင့်
အကုသလယောဂီ စေတသိက် ၁၄-ပါးပြ ဂါထာ အဖွင့်
အဟိတ် သင်္ဂဟ ဂါထာ အဖွင့်
စေတသိက်ကို စိတ်နှင့်အမျှ ရေတွက်ခြင်း

ပကိဏ်းပိုင်း

ပကိဏ်းပိုင်း အဖွင့်
ပဋိညာဉ် ဂါထာ အဖွင့်
သင်္ဂဟ မာတိကာ ဂါထာ အဖွင့်

ဝေဒနာ သင်္ဂဟ အဖွင့်
သင်္ဂဟ ဂါထာ အဖွင့်

ဟေတု သင်္ဂဟ အဖွင့်
သင်္ဂဟ ဂါထာ အဖွင့်

ကိစ္စ သင်္ဂဟ အဖွင့်
ပဋိသန္ဓေ ကိစ္စ
ဘဝင် ကိစ္စ
အာဝဇ္ဇန်း ကိစ္စ
ဝုဋ္ဌော ကိစ္စ
ဇော ကိစ္စ
တဒါရုံ ကိစ္စ
စုတိ ကိစ္စ
ဌာန အဖွင့်
သင်္ဂဟ ဂါထာ အဖွင့်

ဒွါရ သင်္ဂဟ အဖွင့်
သင်္ဂဟ ဂါထာ အဖွင့်

အာရမ္မဏ သင်္ဂဟ အဖွင့်
သင်္ဂဟ ဂါထာ အဖွင့်

ဝတ္ထု သင်္ဂဟ အဖွင့်
သင်္ဂဟ ဂါထာ အဖွင့်

ပရမတ္ထဒီပနီ ပဌမတွဲ မာတိကာ ပြီး၏။

[Unicode]

ပဌမလယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသော

ပရမတ္ထဒီပနီ ခေါ် သင်္ဂြိုဟ်မဟာဋီကာသစ်

မြန်မာပြန် (ပဌမတွဲ)

စိတ်ပိုင်း

နမော ဗုဒ္ဓဿနမော ဓမ္မဿနမော သံဃဿ
နမော ဂန္ထကာရဿ လယ်တီမဟာထေရဿ

ဂန္ထာရမ္ဘ ကထာ

ပဏာမနှင့် ပတ္ထနာ

မုံရွာမြို့ လယ်တီတောကျောင်းဆရာ ငါသည် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် တရားရောင် တည်းဟူသော ရောင်ခြည်ကွန် ရက်တို့ကို ဖြန့်ကျက်ဝင်းပြောင် အလင်းဆောင်တော်မူတတ်သည့် လောကသုံးပါး၌ ပြိုင်ဘက်မပြူ တစ်ဆူတည်းသာ ဖြစ်တော်မူသော ဘုရားတည်းဟူသော နေမင်းကြီး၏ သဗ္ဗညုတဉာဏ်ဟု ဆိုအပ်သော ယုဂန်တောင်စွန်းမှ ထွန်းလင်း ထွက်ပေါ် ဖြစ်တော်မူလာခြင်း အကြောင်းကြောင့် ဇာတိခေတ်ဟု ဆိုအပ်သော စကြဝဠာပေါင်း တိုက်တစ်သောင်း တည်းဟူသော ပဒုမာကြာအိုင်ကြီးအတွင်း၌ ကျွတ်ထိုက်သော လူ နတ် ဗြဟ္မာ ဝေနေယျကြာတို့သည် သစ္စာလေးအင် သိမြင်လျက် မဂ်ဖိုလ် တရား ကြာချပ်ကြာမှုံများတို့ဖြင့် ပွင့်ကြရလေကုန်၏။

ဇာတိခေတ် တစ်ခုလုံး အုပ်ဖုံးမှေးကာထားသော အဝိဇ္ဇာ အမှောင်ထုကြီးကိုလည်း ပယ်ဖျောက် တတ်သည့် ဘုရားတည်းဟူသော နေမင်းကြီးကို ရှိခိုးပါ၏။

ရှင်တော်ဗုဒ္ဓ တည်းဟူသော နေမင်းကြီးသည် ကျမ်းပြုရန် အားထုတ်သော တပည့်တော်၏ စိတ်နှလုံး၌ သည်းထန်စွာ ဖြစ်ပွားနေသည့် အဝိဇ္ဇာမှောင်အမိုက်ကို ပယ်ဖျောက်တော်မူပါစေ သတည်း။

အဘိယာစက ကထာ

အဘိဓမ္မတ္ထသင်္ဂဟကျမ်း၌ ရှေးပညာရှိတို့ ဖွင့်အပ်ကုန်ပြီးသည့် ဋီကာဟောင်းတို့သည် ဤယခု လောက၌ များစွာ ထင်မြင်ကြ- အထင် အရှား များစွာရှိကြကုန်၏။

အနှစ်သာရရှိသော အနက်သဘောကိုသာ လွန်စွာ နှစ်သက်မြတ်နိုးလေ့ ရှိကြသည့် ပညာရှိတို့သည် ရှေးဋီကာဟောင်းတို့ဖြင့် နှစ်သက်ရောင့်ရဲမှု မရနိုင်ကြပေ။ အဘိဓမ္မတ္ထသင်္ဂဟကျမ်း၌ ချီးမွမ်းအပ် ကောင်းမြတ်သော အနက်ကို ပြရာပြကြောင်းဖြစ်သည့် ဋီကာကျမ်းသစ် တစ်စောင် ရေးသားပါရန် အကျွန်ုပ်ကို စုပေါင်း တောင်းပန်ကြပေသည်။

အဘိဓမ္မတ္ထသင်္ဂဟနှင့် မဟာသမုဒ္ဒရာ

မဟာသမုဒ္ဒရာအတွင်း၌ ရှိကြသည့် ရတနာ ဆယ်ပါးတို့ကို ထုတ်ဆယ်ယူငင်၍ ကျွန်းကြီး လေးကျွန်း၌ နေကုန်သော သူတို့အား အလိုရှိတိုင်း ပေးသော်လည်း သမုဒ္ဒရာအတွင်း၌ ရတနာတို့ ယုတ်လျော့သည်၏ အဖြစ်ကို မဆိုအပ် မဆိုသင့်သည်သာ ဖြစ်၏။

ထိုဥပမာအတူသာလျှင် ဤသင်္ဂြိုဟ်ကျမ်း၌လည်း အနက်အဓိပ္ပါယ်တို့ ပြန့်ပြော ကျယ်ဝန်းလှကုန်၏။ မဟာသမုဒ္ဒရာတွင်းရှိ ရတနာတို့နှင့် တူကြကုန်၏။ အကြိမ်တစ်ရာမက ဖွင့်ကြကုန်သော်လည်း ကုန်ခန်းသွားကြသည်ဟု မဖြစ်လတံ့။

ကျမ်းပြုပုံ အခြင်းအရာ

ထို့ကြောင့် ဋီကာဟောင်းတို့၌ ပါဝင်သော ကောင်းမြတ်သည့် အရာကို ယူ၍-

- အထွေထွေ အရပ်ရပ် ကောင်းမြတ်သော အနက်အဓိပ္ပါယ် တို့ဖြင့် အစ အလယ် အဆုံး တစ်ကျမ်းလုံး ပြည့်စုံစေသည်။
- အလွန်ပေါ်လွင်သော ပုဒ်အစဉ်ယ ဝါကျအစဉ်လည်း ရှိသည်။
- ကျဉ်းလွန်း ကျယ်လွန်းသော အပြစ်ဒေါသမှလည်း ကင်းလွတ်သည်။
- ဉာဏ်ပညာနုံ့သည့် မန္ဒဗုဒ္ဓိပုဂ္ဂိုလ် တို့ကိုလည်း ပွင့်လင်းစေနိုင်သည်။

ဤဂုဏ် အင်္ဂါတို့နှင့် ပြည့်စုံသော ပရမတ္ထဒီပနီ မည်သော ဋီကာ သစ်ကျမ်းကို ရေးသားပေအံ့။

ဥယျောဇဉ်- တိုက်တွန်းချက်

ပရမတ္ထတရားတို့၌ လိမ္မာလိုကြကုန်သော သူတော်ကောင်း တို့သည် ထို ငါဖွင့်ဆိုလတံ့သော ပရမတ္ထဒီပနီ ဋီကာသစ်ကျမ်းကို ကြည့်ရှုနာယူကြစေကုန်သတည်း၊ ကြည့်ရှုနာယူကြပါလော။

ပရမတ္ထဒီပနီဋီကာ အချီးစကား တစ်ရပ် ဤတွင် အပြီးသတ်ပြီ။

ပဏာမဂါထာ အဖွင့်

ပိဏ္ဍတ္ထ ငါးပါး

အဘိဓမ္မတ္ထသင်္ဂဟကျမ်းကို ပြုလိုသည့် အရှင်အနုရုဒ္ဓါမထေရ်သည် သင်္ဂြိုဟ်ကျမ်းအစ၌ ရှေးဦးစွာ (အကျိုး) ပယောဇဉ်နှင့်တကွ (အပေါင်းနက်) ပိဏ္ဍတ္ထ ငါးပါးတို့ကို ပြုတော်မူလို၍ အစဖြစ်သည့် သမ္မာသမ္ဗုဒ္ဓ မတုလံ စသော ဂါထာကို မိန့်တော်မူ၏။

ပိဏ္ဍတ္ထ ငါးပါး ဟူသည်ကား-

၁။ ရတနတ္တယဝန္ဒနာ - ရတနာသုံးပါး အပေါင်းအား ရှိခိုးခြင်း၊
၂။ ဂန္ထာဘိဓေယျ - ကျမ်း၏အနက်၊
၃။ ဂန္ထပ္ပကာရ - ကျမ်းပြုသော အခြင်းအရာ၊
၄။ ဂန္ထာဘိဓာန - ကျမ်း၏အမည်၊
၅။ ဂန္ထပ္ပယောဇန - ကျမ်းပြုခြင်း၏ အကျိုး၊

ဤငါးပါးတို့ ဖြစ်ပေသည်။ ထိုငါးပါးတို့တွင်-

ရတနတ္တယဝန္ဒနာ

ရတနာသုံးပါးတို့၌ ရိုသေ တုပ်ဝပ်မှုကို ပြုခြင်းသည် ရတနတ္တယဝန္ဒနာ မည်၏၊ ထိုရတနတ္တယ ဝန္ဒနာကို သမ္မာသမ္ဗုဒ္ဓ မတုလံသသဒ္ဓမ္မဂဏုတ္တမံအဘိဝါဒိယ ဟူသော ပုဒ်တို့ဖြင့် ပြအပ်၏။

ဂန္ထာဘိဓေယျ

အလုံးစုံသော (အဘိဓမ္မာခုနစ်)ကျမ်းသည် ဟောအပ်သည့် လိုရင်းပဓာနအနက် ဖြစ်ကုန်သော (စိတ် စေတသိက် ရုပ် နိဗ္ဗာန် ဟုဆိုအပ်ကုန်သော) အဘိဓမ္မာအနက် လေးပါးတို့သည် အဘိဓေယျ (ကျမ်း၏အနက်) မည်၏၊ ထိုဂန္ထာဘိဓေယျကို အဘိဓမ္မတ္ထသင်္ဂဟံ ပုဒ်၌ အဘိဓမ္မတ္ထ သဒ္ဒါဖြင့် ပြအပ်၏။

၁။ အဘိဓမ္မတ္ထဝိဘာဝနီ မည်သော ဋီကာကျော်ကျမ်း (နှာ-ရဝ) ၌ကား-
‘‘သင်္ဂြိုဟ်ရေတွက်အပ်သည်၏ အဖြစ်သည်လည်း ကျမ်း၏ အနက်ပင် မည်သည်သာလျှင် တည်း’’ဟု နှလုံးပိုက်တော်မူ၍ ‘‘ကျမ်း၏ အနက်ကို အဘိဓမ္မတ္ထသင်္ဂဟံ ဟူသော ပုဒ်ဖြင့် ပြအပ်၏’’
ဟု မိန့်ဆိုတော်မူ၏၊ ထိုစကားသည် မကောင်းချေ။

မမှားဧကန် မှန်လှစွာ၏၊ လိုရင်းအနက် မဟုတ်သည့် ‘‘သင်္ဂြိုဟ် ရေတွက်အပ်သည်၏ အဖြစ်သည် ’’ ဤပိဏ္ဍတ္ထ (အပေါင်းနက်)ကို ပြရာ၌ အဘိေဓယျ ဖြစ်ရန် မသင့်ဟု သိသင့် သိထိုက်၏။

အမှာစကား -

အမှာစကား တစ်ချက် ဆက်၍ ဆိုဦးအံ့။ ဤစကားရပ်မှ စ၍-
ဋီကာ’-ဟု ဆိုခဲ့သော် ဤသင်္ဂြိုဟ်ကျမ်း၏အဖွင့်သီဟိုဠ်ဋီကာဟောင်း နှစ်စောင်တို့တွင် ရှေးဦး ဖြစ်သော ဋီကာကို ဆိုသည်ဟု မှတ်ပါလေ။
ဝိဘာဝနီ၌’-ဟု ဆိုခဲ့သော် ယခု ထင်ရှားရှိနေသည့် နှစ်ခုမြောက် ဋီကာကျော်ကို ဆိုသည်ဟု မှတ်ယူပါလေ။
ဋီကာတို့၌’-ဟု ဆိုခဲ့သော် ဋီကာဟောင်းယ ဋီကာကျော် နှစ်စောင်တို့ကို ဆိုသည်ဟု မှတ်ယူပါလေ။
မဟာဋီကာ၌’-ဟု ဆိုခဲ့သော် ဝိသုဒ္ဓိမဂ် မဟာဋီကာကို ဆိုသည်ဟု မှတ်ယူပါလေ။
ဝိဘာဝနီ၌သာလျှင်’-ဟု ဆိုခဲ့သော် ဝိဘာဝနီဋီကာကျော်၌ လည်းကောင်း တစ်ပါးသော အဋ္ဌကထာ ဋီကာတို့၌လည်းကောင်း လာသော စကားဖြစ်သော်လည်း ဤဋီကာသစ်၌ ‘ဝိဘာဝနီ၌သာလျှင်’ ဟု ဆိုခဲ့ပေလိမ့်မည်၊ အဘယ့်ကြောင့်နည်းဟူမူ နီးစပ်သည်၏ အဖြစ်ကြောင့် သာတည်းဟု သိပါလေ။

ဂန္ထပ္ပကာရ

သဘောတူသည့် တရားအပေါင်းကို သင်္ဂြိုဟ်ရေတွက်သည်၏ အစွမ်းအားဖြင့် ကျမ်းကိုစီရင်သော အခြင်းအရာသည် ဂန္ထပ္ပကာရ မည်ပေ၏၊ ထို ‘ဂန္ထပ္ပကာရ’ကိုကား ‘သင်္ဂဟ’ သဒ္ဒါဖြင့် ပြအပ်၏။

၂။ ဋီကာကျော် (နှာ- ရဝ)၌ကား-
အဘိဓမ္မတ္ထသင်္ဂဟံ- ဟူသော ပုဒ်ဖြင့် ပြအပ်၏’’ ဟု မိန့်ဆို၏၊ ထိုစကားသည် မကောင်းချေ။

ထိုစကားသည် မှန်လှစွာ၏၊ အဘိဓမ္မတ္ထ သဒ္ဒါသည် ကျမ်းစီရင်သည့် အခြင်းအရာကို မပြတတ်ချေဟု သိအပ် သိသင့်၏။

ဂန္ထာဘိဓာန

အနက်သို့ အစဉ်လိုက်သော (အဘိဓမ္မတ္ထသင်္ဂဟံ- ဟူသော) ကျမ်း၏အမည်သည် ဂန္ထာဘိဓာန မည်၏။ ထိုဂန္ထာဘိဓာနကို ‘‘အဘိဓမ္မတ္ထသင်္ဂဟံ’’ ဟူသော ပုဒ်ဖြင့် ပြအပ်၏။

ဂန္ထပ္ပယောဇန

သင်္ဂြိုဟ်ကျမ်းကို ပြုစီရင်အပ်သည်ရှိသော် ထိုကျမ်းကို သင်ယူခြင်းယ မေးမြန်းခြင်း အစရှိသည် တို့၏ အစွမ်းဖြင့် မငြိုမငြင် မပင်မပန်း ရသင့်ရထိုက်သည့် တရားတို့၏ သရုပ်ကို ထိုးထွင်း၍ သိခြင်းအစယ အနုပါဒါပရိနိဗ္ဗာန် အဆုံးရှိသော သင်္ဂြိုဟ်ကျမ်း၏ အကျိုးရင်း အကျိုးဖျားသည် ဂန္ထပ္ပယောဇန မည်၏။

ထိုကျမ်း၏ အကျိုးကိုလည်း ‘‘အဘိဓမ္မတ္ထသင်္ဂဟံ’’ဟူသော ပုဒ်ဖြင့်သာလျှင် သာမတ္ထိယအားဖြင့် (မုချအကျိုး အဆက်ဆက်အကျိုး နှစ်ပါးကို ဟောခြင်းငှါ စွမ်းနိုင်သည့် အစွမ်းအားဖြင့်) ပြအပ်၏။

၃။ ဋီကာကျော် (နှာ- ရဝ)၌ကား-
သင်္ဂဟသဒ္ဒါဖြင့် ပြအပ်၏’’
ဟု မိန့်ဆိုတော်မူ၏၊ ထိုစကားသည် မကောင်းချေ။

ငါဆိုခဲ့ငြား ထိုစကားသည် မမှားဧကန် မှန်လှစွာ၏၊ အဘိဓမ္မ သဒ္ဒါနှင့်ကင်း၍ ငြိုငြင် ပင်ပန်းမှုမရှိဘဲ ပြီးစီးကာမျှကို ပြတတ်သည့် သင်္ဂဟသဒ္ဒါမျှဖြင့် ထိုသို့ သဘောရှိသော အနုပါဒါပရိနိဗ္ဗာန် အဆုံး ရှိသော အကျိုးထူးကို သိခြင်းငှါ မတတ်နိုင်ဟု သိအပ် သိထိုက်၏။

ရတနာသုံးပါး ရှိခိုးရခြင်း၏ အကျိုး

ထို ပိဏ္ဍတ္ထ (အပေါင်းနက်) ငါးပါးတို့တွင် ရှေးဦးစွာ ရတနာသုံးပါး အပေါင်းအား ရှိခိုးခြင်းသည် မရေတွက်နိုင် မပိုင်းခြားနိုင်သည့် အကျိုး ရှိပေသည်၊ ဘုရားရှင် အဘယ်သို့ ဟောတော်မူသနည်း ဟူမူကား-

ကိလေသာမီး ငြိမ်းကုန်သော တစ်စုံတစ်ခုမျှ ဘေးမရှိကုန်သော ဘုရားအစရှိသည့် အရိယာ သူတော်ကောင်းတို့ကို ပူဇော်သော သူ၏ ကောင်းမှုကို ဤလောက၌ တစ်စုံတစ်ယောက်သော သူမျှလည်း ရေတွက်ခြင်းငှါ မတတ်ကောင်း။ ဟု ဟောတော်မူ၏။

‘‘တစ်စုံတစ်ယောက်သောသူမျှ’’ ဟူသည်ကား ဤလောက၌ တစ်စုံတစ်ယောက်မျှသော လူသည် လည်းကောင်း၊ နတ်သည်လည်းကောင်း၊ ဗြဟ္မာမင်းသည်လည်းကောင်း ရေတွက်ခြင်းငှါ မတတ်နိုင်’’

ဤသည်ကား ‘‘တစ်စုံတစ်ယောက်’’ ဟူသော စကားကို အဓိပ္ပါယ်နက် ဖော်ပြခြင်းပေတည်း။

ဋီကာကျမ်းပြု ဆရာတို့ကလည်း ထိုရတနာသုံးပါး အပေါင်းအား ရှိခိုးခြင်း၏အကျိုးကို ထိုထို ဋီကာကျမ်းတို့၌ အများအပြား ချဲ့ထွင်ပြကြကုန်၏။

အဋ္ဌကထာ ဆရာတို့သည်ကား အန္တရာယ်ကို တားမြစ်ခြင်းကိုသာလျှင် အထူးအားဖြင့် တောင့်တ ကြကုန်၏၊ ထိုစကားသည် မှန်လှစွာ၏။

ရတနာသုံးပါးအပေါင်း၌ ပြုအပ်သော ထိုရိုသေကျိုးနွံခြင်း အမှု၏ အာနုဘော်ကြောင့် အန္တရာယ်တို့ကို အကြွင်းအကျန် မရှိသော အားဖြင့် ခြောက်သွေ့စေ၍၏။

ဟူ၍ အဋ္ဌသာလိနီအဋ္ဌကထာ၌ မိန့်ဆိုတော်မူ၏။

အန္တရာယ်ကင်းခြင်း ကျမ်းပြီးခြင်း

ရတနာသုံးပါး အပေါင်းအား ရှိခိုးခြင်းဖြင့် အန္တရာယ်ကို တားမြစ်ခြင်းသည် အဘယ်သို့ ဖြစ်နိုင်ပါ သနည်းဟု မေးခဲ့ပါမူ အဖြေစကားကို အကျယ်ဖွင့်၍ ဆိုခဲ့ပေအံ့၊ ရတနာသုံးပါး အပေါင်းအား ရှိခိုးခြင်းသည်ကား ရှိခိုးခြင်းကြိယာကို ပြီးစေတတ်သည့် ဇောခုနစ်ချက်ကို တစ်ကြိမ် ဇောခုနစ်ချက် ကို တစ်ကြိမ်ထား၍ အကြိမ်ပေါင်း ကုဋေ တစ်သိန်းမကသည်တိုင်အောင် ဖြစ်ခဲ့ရသော ကြီးမားသည့် ကုသိုလ်အစု ကောင်းမှုအလျဉ်သည် ဖြစ်၏။

ထိုကုသိုလ်အစု ကောင်းမှုအလျဉ်သည်လည်း အတုမရှိကုန်သော ဘုရားအစရှိကုန်သော ကောင်းမှု၏ ပွားစီးရာ လယ်ယာမြေကောင်းတို့၌ ပေါက်ဖွား ကြီးပွားသည်၏အဖြစ် - အရှင်အနုရုဒ္ဓါမထေရ်၏ မွန်မြတ်သော ဆန္ဒ သဒ္ဓါ ပညာဂုဏ်တို့ဖြင့် ထုံအပ်သည်၏ အဖြစ်ကြောင့် ကြီးသော တန်ခိုးလည်းရှိ များသော အကျိုးလည်း ရှိ၍ များသော အာနိသင်လည်း ရှိသည့် လွန်ကဲသော ကောင်းမှု ဖြစ်ပေါ်လာပေသည်။

ထိုလွန်ကဲသည့် ကောင်းမှုသည် မိမိဟု ဆိုအပ်သော အရှင်အနုရုဒ္ဓါ မထေရ်မြတ်၏ အားထုတ်မှုနှင့် ပြည့်စုံသော (ပယောဂသမ္ပတ္တိ) အဖြစ်၌ တည်လျက် အပသန္တာန်၌ဖြစ်သည့် ပျက်စီးခြင်း (ဝိပတ္တိ) အကြောင်းတို့ကို ပယ်ခွာ၍ ပြည့်စုံသော (သမ္ပတ္တိ) အကြောင်းတို့ကို ဆောင်ကာ မွန်မြတ်သော ဥတု စိတ် အာဟာရတို့ကြောင့် ဖြစ်ကြသည့် အရှင်အနုရုဒ္ဓါမထေရ်၏ကိုယ်၌ ဖြစ်တည်နေကြကုန်သော ရုပ်ဓာတ် နာမ်ဓာတ်တို့၏ ပွားစီးခြင်းကို ပြု၍ ပဋိသန္ဓေအခါမှစ၍ အကျိုးပေးခွင့် ရရှိသော ဇနက ကံဟောင်းအား အားအဆင့် ပေးလေသည်၊ အကျိုးပေးခွင့် မရသေးသော ကုသိုလ်ကံ တစ်ပါး ၏လည်း အကျိုးပေးခွင့် ရအောင်ပြုပေသည်။

ထိုအခါတွင် ရအပ်သော အားအဆင့် ရှိသည်လည်းဖြစ် ရအပ်သောအခွင့် ရှိသည်လည်း ဖြစ်သည့် ထိုကုသိုလ်ကံ နှစ်ပါးကြောင့် ဖြစ်ကြသော ရုပ်အစဉ် နာမ်အစဉ်တို့သည် အရှင်အနုရုဒ္ဓါမထေရ်၏ သန္တာန်တော်၌ အစုံတွဲ၍ စီးဆင်းလာသော မြစ်ကြီးတို့ကဲ့သို့ အလွန် အားကြီးကုန်သည်ဖြစ်၍ ဖြစ်ကြကုန်၏။

ထိုအခါ ကောင်းကျိုးအပေါင်းတို့ဖြင့် တခဲနက် ပြည့်သော ထိုအရှင်အနုရုဒ္ဓါမထေရ်၏ သန္တာန်၌ မကောင်းသော အကျိုးဖြစ်ကြကုန်သော အနာရောဂါ စသော အန္တရာယ် အပေါင်းတို့ ဖြစ်ခွင့် မရှိတော့ပြီ၊ ထို့ကြောင့် ကောင်းကျိုးအစဉ်ကို တားမြစ်တတ်သည်လည်းဖြစ် မကောင်းကျိုးအစဉ်ကို ဖြစ်စေတတ်သည်လည်း ဖြစ်ကုန်သော အကုသိုလ်ကံတို့သည် အဝေးသို့ ဖယ်ရှားအပ်ကုန်ပြီးသည် သာလျှင်တည်း။

အကျိုးလေးတန် ပေးမြဲမှန်

ဆိုခဲ့ပြီးသော စကားသည် မှန်လှစွာ၏၊ ကုသိုလ်ကံ အကုသိုလ်ကံတို့ မည်သည် မိမိ၏ အကျိုးပေးခွင့် မရခဲ့သည်ရှိသော် အကျိုးမပေးနိုင်ကြတော့ပြီဟု သိသင့် သိထိုက်၏၊ ထို့ကြောင့် အရှင်အနုရုဒ္ဓါ၏ သန္တာန်၌ အသက်ရှည်ခြင်း အဆင်းလှခြင်း အစရှိကုန်သော ကောင်းကျိုး တရားတို့သည် ကျမ်းပြီးသည်တိုင်အောင် လည်းကောင်း၊ အာယုကပ်ဆုံးသည် တိုင်အောင် လည်းကောင်း တည်၍ ဖြစ်ကုန်၏။

ရှင်တော်ဗုဒ္ဓ အဘယ်ကဲ့သို့ မိန့်ဟတော်မူခဲ့သနည်း ဟူမူ-

ရှိခိုးခြင်း အလေ့ရှိ - အမြဲမပြတ် ကြီးမြတ်သော သူကို ပူဇော်လေ့ရှိသည့် သတ္တဝါအား အသက် ရှည်ခြင်းယ အဆင်းလှခြင်း ချမ်းသာကြီးခြင်း ခွန်အားဗလ တိုးပွားခြင်းဟူသော အကျိုးတရား လေးပါးတို့ တိုးပွားကြကုန်၏။

ဟု ဟောတော်မူ၏၊ ဤသို့ ထိုရတနာသုံးပါး အပေါင်းအား ရှိခိုးခြင်းသည် အန္တရာယ်ကို တားမြစ်နိုင်ပေသည်၊ ထို့ကြောင့်ပင်လျှင် သင်္ဂြိုဟ်ကျမ်း၏ အစ၌ ရတနာသုံးပါး အပေါင်းအား ရှိခိုးခြင်းကို ပြုခြင်းသည် အရှင်အနုရုဒ္ဓါ၏ မိမိပြုလုပ် အားထုတ်အပ်သော သင်္ဂြိုဟ်ကျမ်း၏ အန္တရာယ်မရှိဘဲ ကျမ်းပြီးဆုံးခြင်းအကျိုး ရှိပေသည်။

မိမိ သူတစ်ပါး အကျိုးများ

အရှင်အနုရုဒ္ဓါမထေရ်၏သာလျှင် အန္တရာယ်မရှိဘဲကျမ်းပြီးဆုံးခြင်း မိမိအကျိုးရှိသည် မဟုတ်သေး၊ သင်္ဂြိုဟ်ကျမ်းကို သင်ယူကုန်သည့် စာသင်သားတို့၏လည်း သင်ယူမှုအစ အခါကပင်လျှင် ရှိခိုးခြင်း ကိစ္စ ပြီးစီးခြင်းကြောင့် အန္တရာယ်မရှိပဲ သင်ယူမှုကိစ္စ ပြည့်စုံစေခြင်း အကျိုးရှိ၏ဟု သိအပ်၏။

၄။ ဋီကာကျော် (နှာ- ရဝ) ၌ကား-
ဇောခုနစ်ကြိမ်တို့တွင် ပထမဇော၏ အစွမ်းဖြင့်သာလျှင် ရှိခိုးခြင်း၏ အကျိုးကို ပြသကဲ့သို့ ထင်၏။
ဤစကားသည် ထင်ရှား မှန်ကန်လှပေ၏။

‘မျက်မှောက်သော ကိုယ်၏အဖြစ်၌ ခံစားအပ်သော အကျိုး ရှိသည်ဖြစ်၍ ဖြစ်သော’-
ဟု ထိုဋီကာကျော် (နှာ-ရဝ)၌ မိန့်ဆိုအပ်၏၊ ထိုစကားသည် မကောင်းချေ။

အဘယ့်ကြောင့်နည်း ဟူမူကား- ထောက်ပံ့ခြင်း ကိစ္စကိုသာလျှင် ဤရတနာသုံပါး အပေါင်းအား ရှိခိုးခြင်းအရာ၌ အလိုရှိသည်၏အဖြစ် ထိုထောက်ပံ့ခြင်း ကိစ္စကို ဇောခုနစ်ကြိမ်တို့၌လည်း ရအပ် သည်၏ အဖြစ်တို့ကြောင့် ပေတည်းဟု သိအပ် သိသင့်၏။

မှန်လှစွာ၏၊ အာဟာရဇရုပ်၏ ကိစ္စနှစ်ပါးတို့တွင် သြဇဋ္ဌမကရုပ် (သြဇာလျှင် ရှစ်ခုမြောက်ဖြစ်သည့် အဋ္ဌကလာပ်ရုပ်)ကို ဖြစ်စေခြင်း ကိစ္စသည် အနည်းငယ် အားသေး၏၊ စတုသန္တတိရုပ် (အကြောင်း လေးပါးကြောင့် ဖြစ်သောရုပ်)အစဉ်ကို ထောက်ပံ့ခြင်းကိစ္စသည်သာ အားကြီး လွန်ကဲလှ၏။

မမှားဧကန် မှန်လှစွာ၏၊ ထို့ကြောင့်သာလျှင် ပဋ္ဌာန်းပါဠိတော် ၌လည်း ထိုထောက်ပံ့ခြင်းကိစ္စ ကိုသာလျှင် ယူ၍-
ကဗဠီကာရ အာဟာရ (စားသောက် မျိုသွင်းအပ်သော အာဟာရ၌ပါသော သြဇာ)သည် ဤရူပ ကာယအား အာဟာရ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေ၏။
ဟု ဝိဘင်္ဂဝါရကို ဝေဖန် ဟောတော်မူအပ်သကဲ့သို့ ဤအတူပင်လျှင် ဤရတနာသုံးပါး အပေါင်းအား ရှိခိုးခြင်းအရာ၌လည်း ပထမဇော၏ ယခုဘဝ၌သာလျှင် အကျိုးကို ဖြစ်စေခြင်း ကိစ္စသည် အနည်းငယ်သာ ဖြစ်၏။

ထိုစကားသည် မှန်လှစွာ၏။

အဟိတ်ဝိပါက်မျှကို ဖြစ်စေ၏။
ဟု အဋ္ဌကထာတို့၌ မိန့်ဆိုတော်မူ၏၊ ကံတစ်ပါးကို ထောက်ပံ့ခြင်း ကိစ္စသည်သာလျှင် အားကြီး လွန်ကဲ၏၊ ထိုထောက်ပံ့ခြင်း ကိစ္စကိုလည်း ခုနစ်ကြိမ်သော ဇောတို့၌လည်း ရအပ်သည်သာတည်းဟု သိအပ်ပေသည်။

ပိဏ္ဍတ္ထ (အပေါင်းနက်) လေးပါး- အကျိုးတရား

ဂန္ထာဘိဓေယျ-စသော ကြွင်းသော ပိဏ္ဍတ္ထ (အပေါင်းနက်) လေးပါးတို့၏ အကျိုးတရားကို ပြဆိုပေဦးအံ့။

- ဂန္ထာဘိဓေယျ = ကျမ်း၏ အနက်
- ဂန္ထပ္ပကာရ = ကျမ်းပြုသော အခြင်းအရာ
- ဂန္ထပ္ပယောဇန = ကျမ်းပြုခြင်း၏ အကျိုး

ဤအပေါင်းအနက်တို့ကို အစအဦး၌ သိခဲ့သည်ရှိသော် စာသင်သားတို့ ကျမ်းကို ကြားနာ သင်ယူခြင်း၌ အားထုတ်ခြင်းကို ဖြစ်စေနိုင်သောကြောင့် ထိုဂန္ထာဘိဓေယျ စသည်တို့ကို ပြရခြင်း သည် ကျမ်းကို အားထုတ်မှုကို ဖြစ်စေခြင်း အကျိုးရှိ၏။

- ဂန္ထာဘိဓာန = ကျမ်း၏ အမည်ကို ပြခြင်းကြောင့် ခေါ်ဝေါ်လွယ်ခြင်း အကျိုးရှိ၏ဟု သိအပ်၏၊ ဤဆိုခဲ့ပြီးသည်ကား ပထမဂါထာ၌ အပေါင်းနက်ကို ပြခြင်းပေတည်း။

ကျမ်း၏အပေါင်းနက် ငါးမျိုး အဖွင့်ပြီးပြီ

သမ္မာသမ္ဗုဒ္ဓ -ပုဒ်အဖွင့်

သမ္မာ သဒ္ဒါ၏ အဖွင့်

ဤဆိုလတ္တံ့သည်ကား ပုဒ်တို့၏အနက်ပေတည်း။ ကောင်းစွာလည်းသိ ကိုယ်တိုင်လည်း သိတော် မူပြီးသောကြောင့် သမ္မာသမ္ဗုဒ္ဓ မည်တော်မူပေသည်။

ဤအချက်၌ ဆက်လက် ဖွင့်ဆိုဦးအံ့၊ ဤ သမ္မာသမ္ဗုဒ္ဓ ဟူသော ပါဠိ၌ သမ္မာ သဒ္ဒါသည် မဖောက် မပြန်ခြင်း အနက်၌ ဖြစ်သည့် နိပါတ်ပုဒ်ပေတည်း၊ ထိုသမ္မာသဒ္ဒါသည် သိသင့် သိထိုက်ကုန်သော ဉေယျတရားတို့၌ သိခြင်းကြိယာ၏ အကြွင်းအကျန်မရှိ နှံ့သည်၏ အဖြစ်ကို ပြ၏။

ထိုစကားသည် မှန်လှစွာ၏။

ပဒေသဉာဏ်၌ တည်ကုန်သော ပစ္စေကဗုဒ္ဓါ အစရှိသည်တို့သည် မိမိအရာ၌သာလျှင် မဖောက်မပြန် သိကြကုန်၏၊ အရာမဟုတ် သည်၌ကား အမိုက်တိုက်၌ ဝင်ရကုန်သကဲ့သို့ ဖြစ်ကြရကုန်၏။

ဟု အဋ္ဌကထာ၌ မိန့်ဆိုပေသည်။

သဗ္ဗညုဘုရားရှင်တို့၏ အရာကို ထောက်ဆသည်ရှိသော် ပစ္စေကဗုဒ္ဓါတို့၏ အရာသည် အနည်းငယ် မျှသာ ဖြစ်၏၊ ဥပမာ ဆိုရပါမူကား အထက်ကောင်းကင်ကြီးကို ထောက်ဆသည်ရှိသော် လက်ခုပ် တွင်းရှိ ကောင်းကင်သည် အနည်းငယ်မျှသာ ဖြစ်သကဲ့သို့ပေတည်း။

ထိုစကားသည် မှန်လှစွာ၏၊ ပစ္စေကဗုဒ္ဓါတို့သည် ဖဿ စသော တရားတို့တွင် တစ်ခုသော တရား ကိုမျှ အခြင်းခပ်သိမ်း သိခြင်းငှါ မတတ်နိုင်ကြချေ၊ ဤသို့ပင် သိအပ်လှပေ၏။

သဗ္ဗညု ဘုရားရှင်တို့မူကား ဖောက်ဖောက်ပြန်ပြန် သိအပ်သော တရားဟူ၍ မရှိချေ၊ အရာ မဟုတ်သော တရားဟူ၍ မရှိချေ၊ သဗ္ဗညု ဘုရားရှင်တို့သည် အစမထင်သော သံသရာယ အဆုံးမရှိသော လောကဓာတ်တို့၌ လည်းကောင်း- ကာလသုံးပါး ၌လည်းဖြစ် - ကာလသုံးပါးမှ လွတ်သည်လည်း ဖြစ်ကုန်သော တရားတို့ကို လက်ဝယ်တင်ထား ပတ္တမြားကဲ့သို့ ထပ်တူထပ်မျှ ပြု၍ သိတော်မူ၏။

ထိုစကားသည် မှန်လှစွာ၏။

ခပ်သိမ်းသော တရားတို့သည် ခပ်သိမ်းသော အခြင်းအရာနှင့် တကွ ရွှေဘုန်းသခင် ဘုရားရှင်၏ ဉာဏ်တော်ဝ၌ ထင်ခြင်းသို့ ရောက်ကုန်၏။

ဟူ၍ ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ မိန့်ဆိုတော်မူ၏။

ထိုပါဠိတော်တွင် ‘ဉာဏ်တော်ဝ၌’ ဟူသည်ကား သဗ္ဗညုဘုရားရှင်၏ ဘဝင်တော် (မနောဒွါရ)ကြီးကို ရည်ရွယ်၍ မိန့်ဆိုတော်မူ၏၊ မှန်လှပေ၏၊ ထို သဗ္ဗညုဘုရားရှင်၏ ဘဝင်တော်ကြီး၌ ထိုတရား တို့သည် အမြဲမပြတ် ထင်ကုန်၏ဟု သိအပ်၏။

ထိုသို့ပင် ထင်ကြကုန်သော်လည်း စိစစ်ခြင်းငှါ အလိုရှိကုန်သော တရားတို့ကို အာဝဇ္ဇန်းဖြင့် ဆင်ခြင်၍ အသီးအခြားပြု၍ သုံးသပ်တော် မူကြကုန်၏ဟု သိအပ်၏၊ တရားတို့သည် များလှကုန်၏၊ ဘဝင်တော်သည်ကား နည်းသည် မဟုတ်တုံလောဟု ဤသို့သော စကားကို မစောဒနာအပ်၊ မစောဒနာသင့်။

မှန်လှစွာ၏၊ အထွတ်အထိပ် လွန်ကဲခြင်းသို့ ရောက်ကုန်သော နာမ်တရားတို့၏ ဤသို့ ဖြစ်ရခြင်း သည် အာနုဘော်တော်ပေတည်းဟု သိအပ် သိသင့်၏။

သံ သဒ္ဒါ၏ အဖွင့်

သံ- သဒ္ဒါသည်ကား သာမံ သဒ္ဒါ၏ (‘ကိုယ်တော်တိုင်’ဟူသော စကား၏) အနက်၌ဖြစ်သော ဥပသာရပုဒ်ပေတည်း၊ ထိုသံ သဒ္ဒါသည် မြတ်ဘုရား၏ ပဋိဝေဓတရားတို့၌ ဆရာမရှိသည်၏ အဖြစ်ကို ထွန်းပြပေသည်၊ မှန်လှပေ၏။

ငါဘုရားအား သင်ပြသူ ဆရာ မရှိ။

ဟူ၍ ဟောတော်မူ၏။

ဥဒကနှင့် အာဠာရတို့သည် ဆရာမဟုတ်

‘မြတ်စွာဘုရား၏ တတိယ အရူပ သမာပတ် စတုတ္ထ အရူပသမာပတ်တို့သည် အာဠာရဆရာ ဥဒက ဆရာလျှင် အရင်းမူလ ရှိကုန်သည် မဟုတ်တုံလော’ဟု မေးစိစစ်ခဲ့ပါမူ အာဠာရ ဥဒကလျှင် အရင်းမူလရှိခဲ့သည်ကား မှန်ပေ၏၊ သို့ပင် ဖြစ်သော်လည်း ထိုအရူပသမာပတ်တို့သည် တန်ဆာ မဆင်မူ၍ ရကာမျှ တို့သည်သာ ဖြစ်၍ နောက်အခါ၌ စွန့်ပစ်အပ်သည်၏ အဖြစ်ကြောင့် သိခြင်း ကြိယာ၏ အခြေခံမျှတို့သည်လည်း မဖြစ်ကြကုန်၊ ပဋိဝေဓဓမ္မ (သစ္စာတရားတို့ကို ထိုးထွင်း၍ သိမှု)သည် အဘယ်မှာ ဖြစ်နိုင်ကြကုန်အံ့နည်းဟု သိအပ် သိသင့်၏၊ ထို့ကြောင့် ထိုအရူပ သမာပတ်တို့သည် ရှင်တော်ဗုဒ္ဓ၏ ဘုရားဖြစ်မှု၌ ဆရာ ရှိသည်၏ အဖြစ်ကို မပြီးစေနိုင်ကုန်ဟု သိအပ်၏၊ ဤဆိုအပ်ခဲ့ပြီးသည်ကား သမ္မာသမ္ဗုဒ္ဓံ- ဟူသော ဤပုဒ်၌ ပါဠိတော်သို့ အစဉ်လိုက်သော အနက်ပေတည်း။

ရှင်တော်ဗုဒ္ဓ အဘယ်သို့ မိန့်ဟတော်မူသနည်း ဟူမူကား-

အဘယ်ပုဂ္ဂိုလ်သည် သမ္မာသမ္ဗုဒ္ဓ မည်သနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ရှေးအခါက သူတစ်ပါးအထံမှ မကြားဖူးကုန်သည့် တရားတို့၌ ကိုယ်တိုင် သစ္စာတရားတို့ကို ထိုးထွင်း၍ သိပြီ၊ ထိုသို့ သိခြင်းကြောင့်လည်း (အလုံးစုံသော တရားတို့ကို သိသော) သဗ္ဗညုအဖြစ်သို့ ရောက်၏၊ ဆယ်ပါးသော ဉာဏ်အားတို့၌လည်း အစိုးရသည်၏ အဖြစ်သို့ ရောက်၏၊ ဤပုဂ္ဂိုလ်ကို သမ္မာသမ္ဗုဒ္ဓ ဟူ၍ ဆိုအပ်၏။

ဟူ၍ ပုဂ္ဂလပညတ္တိပါဠိတော်၌ ဟောတော်မူ၏။

အမှာစကား တစ်ရပ် -

အမှာစကား တစ်ရပ် ချပ်လိုက်ပါဦးအံ့၊ ဤ ပါဠိတော်စကား၌ ‘ရှေးအခါက သူတစ်ပါး အထံမှ မကြားဖူးကုန်သည့် တရားတို့၌ ကိုယ်တိုင်’ဟူသော စကားဖြင့် သံ သဒ္ဒါ၏အနက်ကို ပြ၏၊ ‘ထိုသို့ သိခြင်းကြောင့်လည်း’ စသော စကားဖြင့် သမ္မာ သဒ္ဒါ၏ အနက်ကို ပြ၏ဟု သိအပ်၏။

သမ္မာသမ္ဗုဒ္ဓပုဒ်အဖွင့် ပြီးပြီ။

အတုလံပုဒ် အဖွင့်

ယခုအခါ၌ အရှင်အနုရုဒ္ဓါ မထေရ်မြတ်သည် မိမိ၏ ရှိခိုးခြင်းကို ကောင်းစွာ အားကြီးသည်ကို ပြုတော်မူသည်ဖြစ်၍ အတုလံ- ဟူသော ဝိသေသန (ဂုဏ်)ပုဒ်ကို မိန့်တော်မူ၏။

မှန်လှစွာ၏၊ တစ်ပါးမက များစွာသော ဂုဏ်ပုဒ်လျှင် အရာရှိသော ရှိခိုးခြင်းသည် အတိုင်းထက်အလွန် အားကြီးလှပေ၏ဟု သိအပ်၏၊ တစ်ခုသော ဂုဏ်ပုဒ်လျှင် အရာရှိသည်လည်း ဖြစ်သည့် ရှိခိုးခြင်း သည် အန္တရာယ်ကို တားမြစ်ခြင်း၌ စွမ်းနိုင်သည် မဟုတ်ပါလော၊ သို့ဖြစ်ခဲ့သည်ရှိသော် နှစ်ခု မြောက်သော ဂုဏ်ပုဒ်ဖြင့် အဘယ်အကျိုးရှိပါအံ့နည်း- ဤကား စောဒနာ စကားရပ်တည်း။

မစွမ်းနိုင်သည်ကား မဟုတ်၊ စွမ်းနိုင်သည်ကား မှန်ပေ၏၊ ထိုသို့ပင် စွမ်းနိုင်သော်လည်း ပညာရှိ သဘော ရှိကြကုန်သော သူတို့သည် မြတ်ဘုရား၏ ဂုဏ်ကို ချီးမွမ်းရာ၌ အတိုင်းအရှည်ကို ပြုလေ့ မရှိကြပေ။ အရှင်အနုရုဒ္ဓါ မထေရ်မြတ်သည်လည်း ပညာရှိအပေါင်းတို့တွင် တစ်ပါးအပါအဝင် ဖြစ်ပေသည်၊ သင်စောဒကဆရာသည် ပညာရှိသော သဘော မရှိသောကြောင့် အတိုင်းအရှည်ကို ပြုလျက် စောဒနာတုံဘိ၏ ဟု သိအပ်၏။

နောက်တစ်နည်းသော်ကား- ရှိခိုးခြင်းဖြင့် အန္တရာယ်ကို တားမြစ်မှု သက်သက်ကိုသာလျှင် အလိုရှိ အပ်သည် မဟုတ်သေး၊ စင်စစ်သော်ကား ပညာထက်သန်ခြင်း အစရှိသော အကျိုးကိုလည်း မငြိုမငြင်ဘဲ ကျမ်းပြီးဆုံးခြင်း၏လည်းကောင်း၊ ကျမ်း၏ကောင်းမွန် စင်ကြယ်ခြင်း၏လည်းကောင်း အကြောင်းဖြစ်ပေ၏ဟု သိအပ်၏။

သဘာဝယုတ္တိ

သဘောမှန်ကို ထုတ်ဆိုဦးအံ့၊ ဘုရား အစရှိသည့် အနုဿတိဌာနတို့၌ စိတ်၏ ပွားများခြင်းသည် စိတ်၏ ကောင်းစွာ တည်ကြည်ခြင်းကို ရွက်ဆောင်နိုင်၏၊ စိတ်၏ တည်ကြည်ခြင်း ရှိခဲ့သော် ဉာဏ်ပညာထက်သည် ရဲရင့်သည်ဖြစ်၍ ရွက်ဆောင်နိုင်သည်။

အာဂမယုတ္တိ

ရှင်တော်ဗုဒ္ဓ အဘယ်သို့ မြွက်ဟတော်မူသနည်း-
‘‘ရဟန်းတို့၊ ကောင်းစွာ တည်ကြည်သော သူသည် ဟုတ်မှန်သောအတိုင်း ဉာဏ်ဖြင့် သိမြင်နိုင်၏’’ ဟူ၍ ဟောတော်မူ၏၊ ထို့ကြောင့် ထိုပညာထက်သန်ခြင်း အကျိုးငှါလည်း ရှိခိုးခြင်းကို ကောင်းစွာ အားကြီးသည်ကို ပြုသင့် ပြုထိုက်သည်သာလျှင်တည်းဟု သိအပ်၏။

၅။ ဋီကာကျော် (နှာ- ရဝ) ၌ကား-

အကြင်အကြင် ဆိုအပ်ပြီးသော ဝစနတ္ထနှင့် ယှဉ်ငြားသော်လည်း သမ္မာသမ္ဗုဒ္ဓ သဒ္ဒါ၏ မြတ်စွာဘုရား ၌ အမည်၏ အစွမ်းအားဖြင့် ဖြစ်သောကြောင့် အတုလံ (ပြိုင်ဘက် မရှိ)ဟူသော ဤပုဒ်ဖြင့် အထူးပြု၏။

ဤသို့ မိန့်ဆို၏၊ ထိုစကားသည် မကောင်းပေ။

မှန်လှစွာ၏၊ ထို သမ္မာသမ္ဗုဒ္ဓ - ဟူသော ဂုဏ်ပုဒ်သည် မြတ်ဘုရား၏ ဂုဏ်ပုဒ်တို့၏ အလယ်၌ ကြီးကျယ်လှပေသည်၊ ဥပမာပုံဆို အဘယ်လိုနည်းဟူမူကား- နက္ခတ်တာရာ ကြယ်တကာ အပေါင်းတို့၏ အလယ်၌ လမင်းကြီးကဲ့သို့ပေတည်း၊ ထို့ကြောင့် ထို သမ္မာသမ္ဗုဒ္ဓ - ဟူသော ဂုဏ်ပုဒ်သည် မာဂဓဘာသာကို တတ်သိကုန်သော သူတို့၏အထံ၌ သဘောမှ သုဉ်းဆိတ်သော ဘုရား၏အမည်ဖြစ်ရန် မထိုက်ချေ၊ မာဂဓဘာသာကို မတတ်ကုန်သော သူတစ်ပါးတို့၏ အထံ၌ကား ပုဒ်ပေါင်း တစ်ထောင်ဖြင့် ဆိုငြားသော်လည်း ဘုရားရှင်၏ အမည်မျှသာလျှင် ပြည့်စုံ၏ဟု သိအပ်၏။

အတုလပုဒ် ဝိဂြိုဟ်ထုတ်

တစ်ပါးသော သူတို့နှင့်တကွ နှိုင်းယှဉ်အပ်သောကြောင့် တုလ-မည်၏၊ နှိုင်းယှဉ်အပ်သည် မဟုတ် သောကြောင့် အတုလ - မည်၏၊ တစ်နည်းကား - ရှင်တော်မြတ်ဘုရားအား တူသောသူ မရှိသောကြောင့် အတုလ- မည်တော်မူ၏၊ ဤဝိဂ္ဂဟ၌ ရှင်တော်ဗုဒ္ဓကို အရကောက်အပ်၏။

ထိုစကားသည် မှန်လှစွာ၏၊ မြတ်စွာဘုရားအား ကိုယ်တော်မြတ်နှင့် တူသည့်သူ လောက၌ တစ်စုံတစ်ယောက်မျှ မရှိဟု သိအပ် သိသင့်၏၊ ရှင်တော်မြတ်ဘုရား အဘယ်သို့ ဟောကြားတော် မူသနည်း ဟူမူကား-

ငါဘုရားအား ဆရာမရှိ၊ ငါနှင့်တူသည့် ပုဂ္ဂိုလ်မရှိ၊ နတ်နှင့် တကွသော လောက၌ ငါ့အား ပြိုင်ဘက်ဖြစ်သော ပုဂ္ဂိုလ်မရှိ။ ဟူ၍ ဟောတော်မူခဲ့ပေသည်။

ဆက်၍ ဆိုဦးအံ့၊ ဘုရားအဖြစ်သို့ ရောက်ပြီးသော ရှင်တော်ဗုဒ္ဓ၏ အတုမရှိသည့် အဖြစ်သည် မအံ့သြလောက်သေးပေ၊ ယခု ဖွားကာစဖြစ်သော အလောင်းမင်းသားအား အတုမရှိသည်၏ အဖြစ် ကား ထင်ရှားလှပေ၏၊ ထိုစကား မှန်လှစွာ၏၊ ထိုဖွားကာစ ယောက်ျားမြတ် ဖြစ်သော အလောင်းမင်းသားသည် ဖွားကာစသာလျှင် ဖြစ်ပါလျက် မြောက်မျက်နှာသို့ ရှေးရှုတည်တော်မူ၏၊ ထိုအရပ်ဖို့၌ အတိုင်းမသိကုန်သော စကြဝဠာတို့သည် တခဲနက် တစပ်တည်းသို့ ဖြစ်ကြကုန်၏၊ ထိုစကြဝဠာတို့၌ တည်ကြသည့် နတ်ဗြဟ္မာတို့သည်-

‘‘အရှင် ယောက်ျားမြတ် - ဤ လောကဓာတ်၌ အရှင် ယောက်ျားမြတ်နှင့် တူသောသူ မရှိပါချေ၊ လွန်မြတ်သောသူ ဟူသည် အဘယ်မှာ ရှိပါအံ့နည်း’’

ဤသို့ ဆိုကြကုန်၍ လွန်မြတ်သော ပူဇော်ခြင်းဖြင့် ပူဇော်ကြကုန်၏၊ အရှေ့အရပ်မှ ကြွင်းသော အရပ်မျက်နှာတို့၌လည်း ဤအတိုင်း သာလျှင် သိသင့် သိထိုက်၏။

ထိုအခါ အလောင်းတော် ယောက်ျားမြတ်သည် မိမိ၏ အလုံးစုံသော လောကထက် မြတ်သည်၏ အဖြစ်ကို သိ၍ -

ငါသည် လောကတွင် အဦးအစ ဖြစ်၏။ ငါသည် လောကတွင် အကြီးအမှူး ဖြစ်၏ယ ငါသည် လောကတွင် အမွန်မြတ်ဆုံး ဖြစ်၏။ ဤပဋိသန္ဓေနေခြင်းကား နောက်ဆုံးနေခြင်းပင်တည်း။ ယခုအခါ၌ ဘဝသစ်၌ တစ်ဖန် ဖြစ်ရခြင်း မရှိတော့ပြီ။ ဤသို့ ကြောက်ရွံ့မဲ့ကင်း ရဲတင်းသော စကားကို မြွက်ဆိုခဲ့ဖူး၏ဟု သိအပ် သိသင့်၏၊ ပစ္ဆိမဘဝသို့ ရောက်ပြီးသော အလောင်းမင်းသားအား အတုမရှိသည်၏ အဖြစ်သည်လည်း အံ့သြဖွယ် မဟုတ်သေးချေ။

တုဘက်ကင်းကွာ သုမေဓာ

အလောင်းတော် သုမေဓာရှင်ရသေ့ ဖြစ်သည့် ရှင်တော်ဗုဒ္ဓသည် ဒီပင်္ကရာ မြတ်ဘုရား အထံတော် နိယတဗျာဒိတ်ပန်းကို ဆင်ယူတော်မူသည့် အခါ၌ ဒီပင်္ကရာ မြတ်ဘုရားကို ထား၍ ပါရမီ ဂုဏ်တော်တို့ကြောင့် ထိုသုမေဓာအလောင်းတော်နှင့် တူသောသူ တစ်စုံတစ်ယောက်မျှ မရှိသည် သာလျှင်တည်း။

ထိုတူသော ပုဂ္ဂိုလ်မရှိသည်၏ အဖြစ်ကိုလည်း ထိုအခါ၌ ဖြစ်ကြသည့် တစ်သောင်းသော လောကဓာတ် တုန်လှုပ်ခြင်း အစရှိကုန်သော ပစ္စေကဗုဒ္ဓါအရှင်မြတ် အရိယာ သာဝကတို့နှင့် မဆက်ဆံသော တန်ခိုး ပြာဋိဟာတို့ဖြင့် ပြဆိုအပ်၏။

ထိုစကားသည် မမှားဧကန် မှန်လှစွာ၏။

ထိုတန်ခိုးပြာဋိဟာတို့ကို ပစ္စေကဗောဓိအလောင်းတို့၏ တစ်သိန်းမျှသော်လည်း ဖြစ်စေခြင်းငှါ မစွမ်းနိုင်လတ္တံ့သည် သာလျှင်တည်း၊ သာဝကဗောဓိလောင်း တစ်သိန်းသည် အဘယ်မှာ စွမ်းနိုင် ပါအံ့နည်း။

ဟု သိသင့် သိထိုက်၏၊ မှန်လှစွာ၏ -

ထို့ကြောင့်သာလျှင် ထိုအခါ၌ဖြစ်သော ပါရမီပဝိစယဉာဏ်သည် မိမိအရာ၌ သဗ္ဗညုတဉာဏ် အလားရှိ၏။

ဟု အဋ္ဌကထာ၌ မိန့်ဆိုတော်မူ၏။

ထိုစကားသည် မှန်လှပေ၏၊ သာဝကဗောဓိ အလောင်းတို့သည်လည်း အကြင်အခါမှစ၍ မိမိ၏ အရဟတ္တမဂ်ဉာဏ်အား လျောက်ပတ်ကုန်သော အဆောက်အအုံ တရားတို့ကို မိမိသည်ပင်လျှင် သိခြင်းငှါ စွမ်းနိုင်ကုန်၏၊ ထိုအခါမှစ၍ ဆုတ်နစ်ခြင်းသဘော မရှိကုန်ရကား ဝဋ်သို့ အစဉ်လိုက်သည့် မဟာပုထုဇဉ် အဖြစ်ကိုလွန်၍ ဘုရားအလောင်း၏ ဘုံသို့ သက်ဝင်ကြကုန်၏။

တစ်ခုသော ပရိယာယ်ဖြင့် မြဲသည် မည်ကုန်သည် လည်းကောင်း၊ မဂ်ဉာဏ်လျှင် လည်းလျောင်းရာ ရှိသည် မည်ကုန်သည် လည်းကောင်း ဖြစ်ကုန်၏၊ ထိုအခါ၌သာလျှင် ဘုရားရှင်တို့၏ မျက်မှောက် ဖြစ်ခဲ့သော် နိယတဗျာဒိတ်ပန်းကို ဆင်မြန်းရကုန်၏၊ သဗ္ဗညုဗောဓိလောင်း ပစ္စေက ဗောဓိလောင်း တို့၌ကား ဆိုဖွယ်တစိ မရှိသည်သာတည်းဟု သိသင့် သိထိုက်၏။

၆။ ဋီကာကျော် (နှာ- ရ၁) ၌ကား

သမိတအနက်၌ ‘ယျ’ အက္ခရာ၏လည်းကောင်း၊ ‘အ’ အက္ခရာ၏ လည်းကောင်း အစွမ်းအားဖြင့် ဤအတုလံဟူသော ပုဒ်သည် ပြီး၏။

ဟု မိန့်ဆို၏၊ ထိုစကားသည် မကောင်းပေ၊ မလွဲဧကန် မှန်လှပေ၏၊ တုလသဒ္ဒါသည် ဓာတ်ဖြင့် ပြီးသော သဒ္ဒါသည်လည်းကောင်း၊ ကမ္မသာဓနရှိသော သဒ္ဒါသည်လည်းကောင်း ဖြစ်ရန်မသင့်သည် မဟုတ်- သင့်သောပုဒ်သည်သာလျှင်တည်း။

နှိုင်းယှဉ်ခြင်းငှါ မသင့်၊ မထိုက်သောကြောင့် အတုလမည်တော်မူ၏၊ နှိုင်းယှဉ်ခြင်းငှါ မအပ် (မနှိုင်းယှဉ်အပ်)။

ဟု ဋီကာဟောင်း၌ မိန့်ဆို၏၊ ဤဋီကာဟောင်းဖြင့် တုလသဒ္ဒါသည် ကမ္မသာနပေတည်းဟု ပြ၏၊ ဤသို့ ဆိုခဲ့သည်ရှိသော် ကမ္မသာဓနဖြင့်ပင်လျှင် ထိုသမိတအနက်၌ ယျ-ပစ္စည်းယ အ-ပစ္စည်း အနက်တို့ ပြီးနေပေပြီ၊ ထိုတုလသဒ္ဒါနောက်မှ သမိတအနက်၌ ယျ-ပစ္စည်းကိုလည်းကောင်း၊ အ-ပစ္စည်းကိုလည်းကောင်း ကြံသဖြင့် အဘယ်အကျိုးရှိအံ့နည်းဟု သိသင့် သိထိုက်၏။

သဒ္ဒါပြယုဂ်သည် ဆိုလိုသော ပုဂ္ဂိုလ်သို့ အစဉ်လိုက်သောကြောင့် ဤသမိတတ္ထ စသော စကားကို ဆိုသင့်၏ဟု ဆိုငြားအံ့၊ ထိုစကားသည်လည်း မသင့်ချေ၊ အဘယ့်ကြောင့်နည်းဟူမူကား ကြားမြဲ တိုင်းသော သင့်မြတ်လှသည့် အနက်ကို ရှောင်ကြဉ်၍ မကြားအပ်သော ယျ-ပစ္စည်းကို ကြံခြင်း၏ အကျိုးမရှိသည်၏ အဖြစ်ကြောင့်ပေတည်းဟု သိအပ်၏။

အတုလံပုဒ် အဖွင့် ပြီးပြီ။

ပြည့်စုံမှု သမ္ပဒါ သုံးပါး အဖွင့်

ပုဒ်အနက်၏ အဖွင့်မှတစ်ပါး ပြည့်စုံမှု သမ္ပဒါအဖွင့်ကို ဆိုဦးအံ့။

(သမ္မာသမ္ဗုဒ္ဓံ အတုလံ-ဟူသော) ဤနှစ်ပုဒ်တို့ဖြင့် မြတ်စွာဘုရား၏-
၁။ ဟေတုသမ္ပဒါ = အကြောင်းနှင့် ပြည့်စုံခြင်း၊
၂။ ဖလသမ္ပဒါ = အကျိုးနှင့် ပြည့်စုံခြင်း၊
၃။ သတ္တုပကာရသမ္ပဒါ = မြတ်သောအလို- မြတ်သောလုံ့လတော်နှင့် ပြည့်စုံခြင်း

ဟူသော ပြည့်စုံခြင်း သမ္ပဒါသုံးပါးကို ထင်စွာ ပြအပ်ကုန်၏။

၁။ ဟေတုသမ္ပဒါ

ထို သမ္ပဒါသုံးပါးတို့တွင် ရှင်တော်ဗုဒ္ဓ၏ မဟာကရုဏာတော်နှင့် ပြည့်စုံသည်၏ အဖြစ်သည် လည်းကောင်း၊ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်၏ အဆောက်အအုံတို့ကို ဆည်းပူးခြင်းသည် လည်းကောင်း ဟေတုသမ္ပဒါ (အကြောင်းနှင့် ပြည့်စုံခြင်း) မည်၏။

ဗောဓိမဏ္ဍိုင်၌ ဖြစ်စေအပ်သည့် ကုဋေနှစ်သန်း လေးသိန်း အရေအတွက်ရှိသည့် (မိုးကြိုးစက်နှင့် တူသော) မဟာဝဇီရဉာဏ်တော်ဟု ဆိုအပ်သော သဗ္ဗညုတ မဟာဝိပဿနာကိုလည်း ဤ ဟေတုသမ္ပဒါ ၌သာလျှင် ထည့်သွင်းရေတွက်အပ်၏၊ ထိုစကားသည် မှန်လှစွာ၏၊ ထိုမဟာဝိပဿနာ ဉာဏ်တော်သည် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တော်၏ နီးစွာသော အကြောင်းဖြစ်၏ဟု သိသင့် သိထိုက်၏၊ တစ်နည်းကား - ထိုဝိပဿနာဉာဏ်ကို ပဟာနသမ္ပဒါ၌သာလျှင် သွင်းယူ ရေတွက်အပ်၏ဟူ၍ မှတ်အပ်၏။

၂။ ဖလသမ္ပဒါ

ဖလသမ္ပဒါသည်-
(က) ပဟာနသမ္ပဒါ
(ခ) ဉာဏသမ္ပဒါ
(ဂ) အာနုဘာဝသမ္ပဒါ
(ဃ) ရူပကာယသမ္ပဒါ
ဟု လေးပါးအပြား ရှိပေသည်။

(က) ပဟာနသမ္ပဒါ

ထိုလေးပါးတို့တွင် ဝါသနာနှင့်တကွ ကိလေသာကို ပယ်ခြင်းသည် ပဟာနသမ္ပဒါ မည်၏ ပယ်ခြင်း၏ အလုံးစုံတို့နှင့် ပြည့်စုံသည်၏အဖြစ်တည်း။

ဤကား ပဟာနသမ္ပဒါ ဟူသော ပုဒ်၏ အနက်ပေတည်း။ တရားကိုယ်အားဖြင့်ကား အရိယာမဂ် တည်း။ တစ်နည်းကား- အရဟတ္တမဂ်ဉာဏ်သည်သာလျှင်တည်း။

(ခ) ဉာဏသမ္ပဒါ

သဗ္ဗညုတဉာဏ် ဒသဗလဉာဏ် စသည်တို့သည် ဉာဏသမ္ပဒါ မည်၏။

(ရ)ဋီကာကျော် (နှာ- ရ၂) ၌ကား-

သမ္ပဒါနှစ်ပါးတို့တွင် ဉာဏသမ္ပဒါကို ရှေးဦးစွာ၊ ပဟာနသမ္ပဒါကို နောက်မှထား၍ မိန့်ဆိုအပ်၏။

ထိုသို့ပင် ဆိုပါသော်လည်း ပဟာနသမ္ပဒါကိုသာလျှင် ရှေးဦးစွာ ဆိုသင့် ဆိုထိုက်၏၊ မှန်လှစွာ၏၊ ထိုပဟာနသမ္ပဒါသည် ဉာဏသမ္ပဒါ၏ ရှေ့သွားလည်း ဖြစ်၏၊ အကြောင်းလည်း ဖြစ်၏၊ မဟာဋီကာ၌ လည်း ထိုပဟာနသမ္ပဒါကိုသာလျှင် ရှေးဦးစွာ မိန့်ဆိုခဲ့၏ဟု သိမှတ်ပါလေ။

(၈)ဋီကာကျော် (နှာ- ရ၂) ၌ကား-

သဗ္ဗညုတဉာဏ်၏ နီးစွာသော အကြောင်းဖြစ်သော အရဟတ္တမဂ်ဉာဏ်-

ဟု ဉာဏသမ္ပဒါ၌ ဆိုသော စကားသည်လည်း မသင့်ချေ၊ မှန်လှစွာ၏၊ အရဟတ္တမဂ်ဉာဏ်သည် ပဟာနသမ္ပဒါ သည်သာလျှင် ဖြစ်ထိုက်၏၊ မမှားဧကန် မှန်လှစွာ၏၊ မဂ်ဉာဏ်မှ တစ်ပါးသော ပဟာနသမ္ပဒါ မည်သည် မရှိဟု သိပါလေ၊ မဂ်ဉာဏ်သည် ဉာဏ်လည်း ဖြစ်၏၊ ပဟာန်လည်း ဖြစ်၏၊ ထို့ကြောင့် သမ္ပဒါနှစ်ပါးတို့၌ ဆိုသင့် ဆိုထိုက်၏ဟု အကြင်စကားကို တစ်စုံတစ်ယောက်သော သူသည် ဆိုငြားအံ့၊ ထိုစကားသည်လည်း မသင့်ချေ၊ မှန်လှစွာ၏၊ ဤသို့ ဖြစ်ခဲ့သော် သမ္ပဒါ ရောယှက်ခြင်း ဖြစ်ပေ၏ဟု သိပါလေ။

(၉)ထို့အတူ ဋီကာကျော် (နှာ- ရ၂) ၌-

ဉာဏသမ္ပဒါ၌ သဗ္ဗညုတဉာဏ်ကို အလုံးစုံတို့၏ ရှေးဦးစွာ ဆိုသင့် ဆိုထိုက်ပါလျက်လည်း မဆိုခဲ့ပေ။

ထိုသို့ မဆိုခဲ့ခြင်းသည်လည်း မကောင်းချေ၊ ထို (အရဟတ္တမဂ်ဉာဏ်)လျှင် အကြောင်းရင်း ရှိကုန် သော ဒသဗလဉာဏ် စသည်တို့ ဟူရာ၌ အာဒိသဒ္ဒါဖြင့် သဗ္ဗညုတဉာဏ်ကိုလည်း ယူအပ်သည် မဟုတ်လောဟု ဆိုငြားအံ့၊ ထိုအဆိုသည်လည်း မသင့်ချေ၊ မှန်လှစွာ၏၊ အပဓာနကို (မပြဋ္ဌာန်းသော ဒသဗလဉာဏ်ကို) သရုပ်အားဖြင့် ဖော်ပြ၍ ထင်ရှားသည့် ပဓာနကို (ပြဋ္ဌာန်းသော သဗ္ဗညုတ ဉာဏ်ကို) အာဒိသဒ္ဒါဖြင့် ယူအပ်၏ဟု အသင့်အားဖြင့် လာသည် မဖြစ်နိုင်ချေဟု သိသင့်၏။

(ဂ) အာနုဘာဝသမ္ပဒါ

မကြံစည်အပ်သည့် အာနုဘော် ရှိကုန်သော သီလစသော ဂုဏ်တို့နှင့်လည်းကောင်း၊ တန်ခိုးကျေးဇူး တို့နှင့်လည်းကောင်း ပြည့်စုံခြင်းသည် အာနုဘာဝသမ္ပဒါ မည်၏။

(ဃ) ရူပကာယသမ္ပဒါ

လက္ခဏာတော်ကြီး၊ လက္ခဏာတော်ငယ် တို့ဖြင့် တန်ဆာ ဆင်အပ်သည့် ရူပကာယတော်၏ ပြည့်စုံခြင်းသည် ရူပကာယသမ္ပဒါ မည်၏။

၃။ သတ္တုပကာရသမ္ပဒါ

သတ္တုပကာရသမ္ပဒါသည်-
(က) အာသယသမ္ပဒါ
(ခ) ပယောဂသမ္ပဒါ
ဟူ၍ နှစ်ပါးအပြား ရှိ၏၊ အလိုတော်၏ မွန်မြတ်သည်၏ အဖြစ် - ကာယပယောဂ၊ ဝစီပယောဂ၏ စင်ကြယ်သည်၏အဖြစ် - ဤနှစ်ပါးသည်ကား (အစဉ်အတိုင်း အာသယသမ္ပဒါ၊ ပယောဂသမ္ပဒါ တို့၏) အနက် အဓိပ္ပါယ်ပေတည်း။

(က) အာသယသမ္ပဒါ

ထိုနှစ်ပါးတို့တွင် ဒေဝဒတ် အစရှိကုန်သော ဆန့်ကျင်ဘက် ဖြစ်ကြသည့် သူတို့၌သော်လည်း အကျိုး စီးပွား၌ အမြဲအလိုရှိတော်မူသည်၏ အဖြစ်သည် အာသယသမ္ပဒါ မည်၏။

(ခ) ပယောဂသမ္ပဒါ

လောက၌ ကျော်စောထင်ရှားကြကုန်သော မင်း၊ မင်း၏အမတ်၊ သူဋ္ဌေးသူကြွယ် တို့အားသော် လည်းကောင်း၊ နတ်မင်းတို့အား လည်းကောင်း တရားဟောတော်မူသည့် ရှင်တော်ဗုဒ္ဓအား လာဘ် ပူဇော် သက္ကာရကို ငဲ့ကွက်ခြင်း မရှိသည်၏အဖြစ်သည် ပယောဂသမ္ပဒါ မည်၏။

ထိုသမ္ပဒါသုံးမျိုးတွင် ပဟာနသမ္ပဒါ၊ ဉာဏသမ္ပဒါ နှစ်ပါးတို့ကို သမ္မာသမ္ဗုဒ္ဓ ဟူသော ပုဒ်ဖြင့် ထင်စွာ ပြအပ်ကုန်၏။

(ဖလသမ္ပဒါ)မှ အာနုဘာဝသမ္ပဒါ၊ ရူပကာယသမ္ပဒါတို့နှင့်တကွ သတ္တုပကာရသမ္ပဒါ နှစ်ပါးတို့ကို အတုလ ဟူသော ပုဒ်ဖြင့် ထင်စွာ ပြအပ်ကုန်၏။

ဟေတုသမ္ပဒါကိုကား သမ္မာသမ္ဗုဒ္ဓပုဒ်၊ အတုလပုဒ်တို့ဖြင့် သာမတ္ထိယ (ဟောခြင်းငှါ စွမ်းဆောင် နိုင်သော အစွမ်း) အားဖြင့် ထင်စွာ ပြအပ်ကုန်၏၊ ထိုစကားသည် ထင်ရှားဧကန် မှန်လှစွာ၏၊ ဟေတုသမ္ပဒါနှင့် ကင်း၍ တစ်ပါးသော သမ္ပဒါတို့ ဖြစ်ခြင်း မရှိဟူ၍ သိပါလေ။

ပြည့်စုံမှု သမ္ပဒါသုံးပါး အဖွင့်ပြီးပြီ။

သသဒ္ဓမ္မဂဏုတ္တမပုဒ် အဖွင့်

နောက်တစ်ဖန်လည်း အရှင်အနုရုဒ္ဓါမထေရ်သည် မိမိ၏ ရှိခိုးခြင်းကို အလွန် အားကြီးသည်ကို ပြုတော်မူလို၍ သသဒ္ဓမ္မဂဏုတ္တမံ ဟူသော ပါဌ်ကို မိန့်ဆိုတော်မူ၏။

ထိုသသဒ္ဓမ္မဂဏုတ္တမံ ဟူသော ပါဌ်ဖြင့် တရား၊ သံဃာတို့အားလည်း ရှိခိုးခြင်းကို ပြုတော်မူသည်၊ မှန်လှစွာ၏။

ငါသည် သံဃာနှင့် တကွသော လောကသုံးပါး၌ အကြီးအမှူး ဖြစ်တော်မူသော ဘုရားမြတ်ကို အဝေးမှ ရှိခိုးဖူးပြီ။

ဟု ဆိုအပ်သည်ရှိသော် သံဃာတော်အားလည်း ရှိခိုးခြင်း ကြိယာ၏ ဆိုက်ရောက်ခြင်းကို ‘‘တကွ’’ ဟူသော စကားဖြင့် သိအပ်၏၊ ဤအတူ ဤသသဒ္ဓမ္မဂဏုတ္တမံပုဒ်ကို သိမှတ်ပါလေ။

၁၀။ ဋီကာကျော် (နှာ- ရ၂) ၌ကား-

မပြဋ္ဌာန်းသည်ဖြစ်၍ ဖြစ်ကုန်သော တရား၊ သံဃာတို့အားလည်း ရှိခိုးအပ်သည်၏ အဖြစ်ကို (သဟ) တကွ ဟူသော စကားနှင့် ယှဉ်ခြင်းကြောင့် သိအပ်၏။

ဟု မိန့်ဆို၏၊ ထိုစကား၌ ‘‘ရှိခိုးအပ်သည်၏အဖြစ်’’ဟု မဆိုသင့် မဆိုထိုက်ပေ၊ စင်စစ်သော်ကား- ‘ရှိခိုးတတ်သည်၏အဖြစ်’ဟူ၍လည်းကောင်း၊ ‘ရှိခိုးခြင်း’ ဟူ၍လည်းကောင်း ဆိုသင့် ဆိုထိုက်၏၊ မှန်လှစွာ၏၊ ဤသို့ ဆိုခဲ့သော် ဤအရာ၌ ရှိခိုးခြင်း ကြိယာအပေါင်း ပြီးစီးသည်၏အဖြစ်ကြောင့် တရား၊ သံဃာတို့အားလည်း အရှင်အနုရုဒ္ဓါမထေရ်၏ ရှိခိုးခြင်း ကြိယာရောက်ခြင်းသည် ပြီးစီး ပြည့်စုံ၏ဟု သိရပေသည်။

ဤမှ တစ်ပါးသော အခြင်းအရာအားဖြင့် အနက်ကို ယူဆချေသော် (ရှိခိုးအပ်ဟူသော ပုဒ်၌ ‘အပ်’ဟူသော) တဗ္ဗပစ္စည်း၏ ‘ထိုက်ခြင်း’ အနက်ကို ထွန်းပြသောကြောင့် ရှိခိုးခြင်းငှါ ထိုက်သည်၏ အဖြစ်ဟု ဆိုအပ်သော ဂုဏသမဝါယမ (ဂုဏ်အပေါင်း)ကို ဆိုရာကျသည် ဖြစ်ရာ၏၊ ထို ဂုဏသမဝါယမ အနက်ကိုလည်း ဤပုဒ်၌ အလိုမရှိအပ်ချေ၊ မိမိ၏ ‘သားမယားနှင့်တကွ လာ၏’ ဟူသော ဥဒါဟရုဏ်နှင့်လည်း မညီညွတ်ဟု သိမှတ်ပါလေ။

ဆိုဖွယ်အထူးကား- အရှင်အနုရုဒ္ဓါမထေရ်သည် ‘‘ဤ အဘိဓမ္မတ္ထသင်္ဂဟကျမ်းကို စီရင်ပေအံ့’’ဟု ကျမ်းပြုကာနီး ရှေ့အဖို့၌သာလျှင် ရတနာသုံးပါးတို့ကို ရှိခိုးပြီးခဲ့လေပြီ၊ ထို့နောက်မှ မိမိ၏ ရှိခိုးခြင်းကို ကျမ်းပြုခြင်း ပဋိညာဉ်နှင့်တကွ စပ်၍ ပြလိုရကား ဤ သမ္မာသမ္ဗုဒ္ဓံ စသော ဂါထာကို ရေးခဲ့ပေသည်၊ ဤသို့ ဆိုခြင်းငှါလည်း မတတ်ကောင်းသည် မဟုတ်- တတ်ကောင်းသည် သာတည်းဟု သိသင့် သိထိုက်၏၊ မှန်လှစွာ၊ ထို့ကြောင့်ပင်လျှင် ‘‘ရှိခိုးပြီး၍’’ (အဘိဝါဒိယာတိ) ဟု မိန့်ဆိုအပ်၏၊ ‘‘ရှိခိုးပါ၏’’ (အဘိဝါဒိယာမီတိ) ဟူ၍ကား မဆိုခဲ့ချေ၊ တစ်ပါးသော ကျမ်းဂန်တို့ ၌လည်း ဤနည်းသာလျှင် ပြောဆိုဖွယ်ရာနည်း ရှိပေသည်။

သဗ္ဗညုဘုရားရှင်၏ မူပိုင် ဂုဏ်ပုဒ်

ထိုသသဒ္ဓမ္မဂဏုတ္တမံ - ဟူသော ဂုဏ်ပုဒ်၌ မိမိ ဖန်ဆင်းအပ်သည့် လောကအားလုံး၏ ကိုးကွယ်ရာ ဖြစ်သော သူတော်ကောင်းတရားနှင့် လည်းကောင်း၊ ဂိုဏ်းမြတ်နှင့်လည်းကောင်း တကွဖြစ်တတ် သောကြောင့် သသဒ္ဓမ္မဂဏုတ္တမ မည်၏၊ ရှင်တော်မြတ်ဘုရားကို အရကောက်ယူပါလေ၊ မှန်လှစွာ၏၊ မြတ်ဘုရားဟူသော သူတစ်ပါးသည် ဖန်ဆင်းအပ်သည့် သူတော်ကောင်းတရားနှင့် လည်းကောင်း၊ ဂိုဏ်းမြတ်နှင့်လည်းကောင်း တကွဖြစ်ကြသည့် သာဝကတို့ကို (သသဒ္ဓမ္မ) သူတော်ကောင်းတရား နှင့်တကွ ဟူ၍လည်းကောင်း၊ (သဂဏုတ္တမ) ဂိုဏ်းမြတ်နှင့်တကွ ဟူ၍လည်းကောင်း မဆိုထိုက်ကုန်၊ မိမိသာလျှင် ကိုးကွယ်ရာ ဖြစ်သည့် သူတော်ကောင်းတရားနှင့်လည်းကောင်း၊ သီတင်းသုံးဖော် ဂိုဏ်းမြတ်နှင့် လည်းကောင်း တကွဖြစ်ကြသည့် ပစ္စေကဗုဒ္ဓါတို့သည် ထို သမ္မာသမ္ဗုဒ္ဓနည်းတူ (သသဒ္ဓမ္မဂဏုတ္တမ) သူတော်ကောင်းတရား ဂိုဏ်းမြတ်တို့နှင့် အတူတကွဟူ၍ ချီးမွမ်းခြင်းကို ပြုရန်မထိုက်ကုန်ဟု သိပါလေ၊ ထို့ကြောင့် ဤ ပုဒ်သည်လည်း ပစ္စေကဗုဒ္ဓါယ သာဝကတို့နှင့် မဆက်ဆံသည့် သဗ္ဗညုဘုရားရှင်၏ မူပိုင် ဂုဏ်ပုဒ်သာလျှင် ဖြစ်၏ဟု မှတ်အပ်၏။

သသဒ္ဓမ္မပုဒ် အဖွင့်

ဘယ့်ကြောင့် ဓမ္မ အမည်ရ

ထိုသူတော်ကောင်းတရား၊ ဂိုဏ်းမြတ်နှင့်တကွ (သသဒ္ဓမ္မဂဏုတ္တမ) ဟူသော စကား၌ ဆောင်တတ် သောကြောင့် ဓမ္မ (တရား)မည်၏၊ အဘယ်သူတို့ကို ဆောင်တတ်သနည်း၊ မိမိကိုယ်ကို ဆောင်တတ်သည့် သူတို့ကို ဆောင်တတ်၏၊ ထိုစကားသည် မှန်လှစွာ၏။

တရားကို စောင့်သောသူကို စင်စစ်အားဖြင့် တရားသည် စောင့်ရှောက်၏။

ဟူ၍ ထေရဂါထာ၌ ဟောတော်မူအပ်၏၊ အဘယ်သို့လျှင် ဆောင်သနည်း၊ အပါယ်လေးပါး တို့၌လည်းကောင်း၊ ဝဋ်ဆင်းရဲတို့၌လည်းကောင်း မကျသည်တို့ကို ပြုလျက် ဆောင်တတ်၏။

ဆောင်ခြင်းမည်သည် အဘယ်နည်း- အကြင် ကိလေသာတို့၏ အစွမ်းကြောင့် သတ္တဝါတို့သည် အပါယ်တို့၌လည်းကောင်း၊ ဝဋ်ဆင်းရဲ တို့၌လည်းကောင်း ကျရောက်ကြရကုန်၏၊ ထိုကိလေသာ တို့ကို တစ်စိတ်အားဖြင့် လည်းကောင်း၊ အလုံးစုံ အကုန်အားဖြင့် လည်းကောင်း ကောင်းစွာ ပယ်ဖြတ်ခြင်းပေတည်း။

မုချ ဓမ္မ မည်သော တရား

ဤအနက်၌ အရိယာမဂ် လေးပါးတို့သည်လည်းကောင်း နိဗ္ဗာန်သည်လည်းကောင်း မုချဆတ်ဆတ် ဓမ္မမည်သော တရားပေတည်း၊ မမှားဧကန် မှန်လှစွာ၏၊ အရိယာမဂ် လေးပါးတို့သည် ကိလေသာတို့ကို ကောင်းစွာ ဖြတ်ကုန်သည်ရှိသော် နိဗ္ဗာန်နှင့် တကွသာလျှင် ဖြစ်၍ ဖြစ်ကြကုန်၏၊ နိဗ္ဗာန်နှင့်ကင်း၍ မဖြစ်နိုင်ကြကုန်ဟု သိပါလေ၊ ထို့ကြောင့် ထိုအရိယာမဂ်လေးပါး၊ နိဗ္ဗာန်တစ်ပါး- ပေါင်း ငါးပါးသော တရားတို့သည်သာလျှင် စင်စစ် ဓမ္မ မည်၏ဟု သိပါလေ။

ပရိယတ္တိနှင့် ဖိုလ်လေးပါး ဓမ္မ မည်ပုံ

ပရိယတ္တိဓမ္မသည်ကား ဆောင်ခြင်း၏ အကြောင်းသည်သာလျှင် ဖြစ်၏၊ အရိယာဖိုလ်လေးပါး တို့သည်လည်း ဆောင်ခြင်း၏ အကျိုးတို့သာ ဖြစ်ကုန်၏၊ ကိလေသာကို တစ်ဖန် ငြိမ်းစေခြင်း၏ အစွမ်းဖြင့် ဖြစ်သောကြောင့် ဆောင်ခြင်း အားလျော်စွာ ဖြစ်ကြကုန်၏၊ ထို့ကြောင့် ပရိယတ္တိနှင့် အရိယာဖိုလ်လေးပါး ပေါင်း ငါးပါးသော တရားတို့သည် ပရိယာယ်အားဖြင့် ဓမ္မတို့ မည်ကုန်၏ဟု သိပါလေ။

တစ်နည်း ကြံငြား ပုဒ်နက်ကား

ပုဒ်နက်တစ်နည်းကို ပြဆိုဦးအံ့၊ ဆောင်အပ်သောကြောင့် ဓမ္မ မည်၏၊ ဆောင်ခြင်း ဆောင်ထိုက်၏ဟု ဆိုလိုပေသည်၊ စင်စစ် ဧကန် မှန်လှစွာ၏၊ အကြင်တရားသည် ဆောင်သောသူကို စင်စစ်အားဖြင့် ဆင်းရဲမှုမှ လွတ်စေတတ်၏၊ မြတ်သောချမ်းသာ၌လည်း တည်စေတတ်၏၊ ထို တရားသည်သာလျှင် ဆောင်ထိုက်သည်၏ အဖြစ်ကြောင့် ဤအရာ၌ ဓမ္မ မည်၏၊ ထိုဓမ္မ ဟူသည် အဘယ်တရား ပေနည်းဟု မေးလျှင် ယခင်ဆိုခဲ့ပြီးသော ပရိယတ္တိနှင့် ဖိုလ်လေးပါး တရားတို့ ပေတည်းဟု ဖြေဆိုရာ၏။

မမှားဧကန် မှန်လှစွာ၏၊ အချို့ကုန်သော ထိုတရားတို့ကို မျက်မှောက်ပြုခြင်း၏ အစွမ်းအားဖြင့်၊ အချို့ကုန်သော ထိုတရားတို့ကို မျက်မှောက်ဘဝ၌ ချမ်းသာစွာနေခြင်း၏ အစွမ်းအားဖြင့်၊ အချို့ကုန် သော ထိုတရားတို့ကို သင်ခြင်း ဆောင်ခြင်း၏ အစွမ်းအားဖြင့် ဆောင်အပ်ကုန်၏၊ ဤသို့ ဆောင်အပ်ကုန်သော ထို တရားတို့သည်လည်း ထိုက်သည့် အားလျော်စွာ အပါယ်ဆင်းရဲမှ လည်းကောင်း၊ ဝဋ်ဆင်းရဲမှ လည်းကောင်း ဆောင်သောသူကို လွတ်စေကြကုန်၏၊ မြတ်သော ဖိုလ် ချမ်းသာ၌လည်းကောင်း၊ နိဗ္ဗာန်ချမ်းသာ၌လည်းကောင်း တည်စေကြကုန်၏ဟု သိအပ် သိထိုက်၏။

တစ်နည်းသော်ကား- ထိုတရားဖြင့် သူတော်ကောင်းတို့သည် အပါယ်လေးပါးတို့၌ လည်းကောင်း၊ ဝဋ်ဆင်းရဲ တို့၌လည်းကောင်း မိမိကိုယ်ကို မကျမရောက်အောင် ပြု၍ ရွက်ဆောင်ကြသောကြောင့် ဓမ္မ မည်၏။

တစ်နည်းသော်ကား- ဤတရား၌ တရားသာလျှင် ဆောက်တည်ရာ ကျွန်းကြီးသဖွယ် ရှိကြကုန်သော တရားသာလျှင် ကိုးကွယ်ရာ ရှိကြကုန်သော သူတို့သည် တည်ကြကုန်၏၊ ရအပ်သော ထောက် တည်ရာ ရှိကြကုန်၏၊ ထို့ကြောင့် ဓမ္မ မည်၏၊ ဤသို့သော အနက်သည်လည်း သင့်မြတ်သည် သာလျှင်တည်း။

တရားတော်မြတ် ဆယ်ပါးမှတ်

ဤအရာ၌ အဘယ်ကြောင့်လျှင် တရားတော်ကို ဆယ်ပါးရှိသည်ကိုသာလျှင် ဆိုအပ်ပါသနည်း၊ ပဋိပတ်တရားနှင့်တကွ တစ်ဆယ့်တစ်ပါး ရှိသည်ကိုသာလျှင် ဆိုသင့် ဆိုထိုက်သည် မဟုတ်ပါလော၊ ဤသည်ကား စောဒနာရန် စကားတစ်ရပ်တည်း၊ ဆိုသင့်သည်ကား မှန်ပေ၏၊ ထိုသို့ပင် ဆိုသင့်သည် မှန်သော်လည်း ထိုပဋိပတ္တိဓမ္မသည် မဂ်၏ရှေ့အဖို့၌ဖြစ်သော အကျင့်သည်သာလျှင်ဖြစ်သောကြောင့် မုဉ္စစေတနာ ဟူသော ဒါန၌ ပုဗ္ဗစေတနာကို ယူအပ်သကဲ့သို့ မဂ်၌သာလျှင် ပဋိပတ်တရားကို ရေတွက်သွင်းယူအပ်၏၊ ထို့ကြောင့် တရားတော်ကို ဆယ်ပါးရှိသည်ကိုသာလျှင် ကျမ်းဂန်အားလုံး တို့၌ ဆိုအပ်၏ဟု မှတ်ယူပါလေ။

ပရိယတ္တိဆောင်လျှင် ရှိခိုးခြင်းငှါထိုက်သည်ပင်

ဆိုဖွယ် အထူးကား - ပရိယတ္တိဓမ္မကို ဤနေရာ၌ တရားအတွင်း၌ ထည့်သွင်း ရေတွက်အပ်ရကား ပရိယတ္တိဆောင်သည့် ပုဂ္ဂိုလ်ကိုလည်း ရှိခိုးသင့် ရှိခိုးထိုက်သော သံဃာ၌ ထည့်သွင်း ရေတွက် အပ်၏။

ပဋိပတ္တိကျင့်သူအား သောတာပတ္တိမဂ်၌ ထည့်သွင်းထား

သံဃာကိုဆိုရာ၌ ကလျာဏပုထုဇဉ်ပုဂ္ဂိုလ်ကို သေက္ခပုဂ္ဂိုလ်တို့၌ ရေတွက်အပ်၏၊ ထိုကလျာဏ ပုထုဇဉ်ပုဂ္ဂိုလ်၏ ကလျာဏ ဖြစ်ခြင်း၏ အကြောင်းဖြစ်သည့် ပဋိပတ်တရားကိုလည်း ရှိခိုး ထိုက်သော တရား၌ ရေတွက်အပ်၏ဟု သိမှတ်ပါလေ။

မမှားဧကန် မှန်လှစွာ၏၊ ထိုကလျာဏပုထုဇဉ် ပုဂ္ဂိုလ်သည် ပုထုဇဉ်ပင် ဖြစ်ငြားသော်လည်း အကြင် ပဋိပတ်တရားတို့နှင့် ပြည့်စုံသောကြောင့် သေက္ခဖြစ်သည့် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သော မဂ်ပုဂ္ဂိုလ်၌ ရေတွက်အပ်၏၊ ထိုပဋိပတ်တရားတို့ကိုကား သေက္ခပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သည့် သောတာပတ္တိမဂ်၌ မရေတွက်ဟု ဆိုခြင်းငှါ မတတ်ကောင်းချေဟု သိပါလေ။

မိစ္ဆာဝါဒ ပယ်လှန်ချ

ဤမျှသော စကားဖြင့် ‘‘အကြင်ဆရာတို့သည် ‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ’ ဟူသော ပါဠိ၌ ကလျာဏ ပုထုဇဉ်ကို သံဃာ၌ မထည့်သွင်း မရေတွက်အပ်ချေ၊ မှန်လှစွာ၏၊ ထိုပုထုဇဉ် ရဟန်းကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်သော ပုဂ္ဂိုလ်အား သရဏဂုံမပြည့်စုံ’’ဟု ဆိုကြကုန်၏၊ ထိုဆရာတို့၏ စကားကို စွန့်ပစ်အပ်၏၊ ဤသို့ကား ဆိုသင့် ဆိုထိုက်၏။

ချစ်သား အာနန္ဒာ - ငါဘုရားသည် သင်ချစ်သားတို့အား အကြင် သုတ်၊ အဘိဓမ္မာကိုလည်း ဟောတော်မူအပ်ပြီ၊ အကြင် ဝိနည်း တရားကိုလည်း ပညတ်တော်မူအပ်ပြီ၊ ထိုသုတ်၊ အဘိဓမ္မာ၊ ဝိနည်းတရားသည် ငါဘုရား ပရိနိဗ္ဗာန် စံဝင်ပြီးသောအခါ သင်တို့ဆရာအဖြစ် နေရစ်လတ္တံ့။

ဤသို့ ဘုရားအရာ၌ထား၍ ရှင်တော်ဗုဒ္ဓသည် ချီးမွမ်းတော်မူအပ်သည့် ပရိယတ္တိဓမ္မကို ဓမ္မဟူသော ကိုးကွယ်ရာ၌ ထည့်သွင်း ရေတွက်သင့်ပေသည်။

ကိုးကွယ်ထိုက်သူ မထိုက်သူ

ထိုပရိယတ်တရားကို ဆောင်သော သူသည်ကား ကောင်းသောအကျင့်၌ တည်သူလည်း ရှိ၏၊ မတည်သူလည်း ရှိ၏၊ ကောင်းသောအကျင့်၌ မတည်သောသူသည် မိမိ၏လည်း ကိုးကွယ်ရာ မဖြစ်တော့ချေ၊ သူတစ်ပါး၏ ကိုးကွယ်ရာကား အဘယ်မှာ ဖြစ်နိုင်ပါအံ့တော့နည်း၊ ရှင်တော်ဗုဒ္ဓ သည်လည်း အထောင်မက များစွာသော သုတ်တို့၌ ထိုသို့သော ပုဂ္ဂိုလ်မျိုးကို ကဲ့ရဲ့တော်မူ၏၊ ထို့ကြောင့် မကောင်းသော အကျင့်၌တည်သော ထိုပုဂ္ဂိုလ်မျိုးကို သံဃာဟူသော ကိုးကွယ်ရာ၌ မထည့်သွင်း မရေတွက်အပ်ပေ၊ ဤမှတစ်ပါး ကောင်းသောအကျင့်၌ တည်သော ပုဂ္ဂိုလ်ကိုသာလျှင် သံဃာဟူသော ကိုးကွယ်ရာ၌ ထည့်သွင်း ရေတွက်အပ်၏ဟု သိပါလေ။

သဒ္ဓမ္မပုဒ်ဝယ် အနက်အဓိပ္ပါယ်

သူတော်ကောင်းတို့၏ တရားဖြစ်သောကြောင့် သဒ္ဓမ္မ မည်၏၊ ကိလေသာမီး ငြိမ်းအေးပြီးသော ကြောင့်သာလျှင် ချီးမွမ်းထိုက် ပူဇော်ထိုက်ကုန်သော သူတော်ကောင်း ပညာရှိတို့၏ တရားပေတည်း၊ ဤကား သဒ္ဓမ္မ ပုဒ်၏ အနက်အဓိပ္ပါယ်တည်း။

နောက်တစ်နည်းစွက် အဓိပ္ပါယ်နက်

သူတော်ကောင်းတို့၏ တရားသည် စင်စစ်အားဖြင့် ငြိမ်သက်သည်သာ ဖြစ်၏၊ ထို့ကြောင့် ငြိမ်သက် သောတရား ဖြစ်သောကြောင့်လည်း သဒ္ဓမ္မ မည်၏၊ ချီးမွမ်းထိုက် ပူဇော်ထိုက်သည့် တရားပေတည်း၊ ဤကား သဒ္ဓမ္မ ပုဒ်၏ အနက်အဓိပ္ပါယ် နောက်တစ်နည်းတည်း။

တစ်နည်းသိဖွယ် အနက်အဓိပ္ပါယ်

နောက်တစ်နည်းသော်ကား - မယွင်းဧကန် မှန်သော တရားပေတည်း၊ မှန်လှစွာ၏၊ ဤ သူတော်ကောင်းတရားသည် သာသနာပ တိတ္ထိတို့၏ တရားကဲ့သို့ ဆောင်သည့်သူကို မချွတ်ယွင်းစေတတ်ပေ၊ မမှားဧကန် မှန်လှပေ၏၊ ထိုတိတ္ထိတို့၏ တရားသည် ‘ဤတရားသည် ငါ၏ အစီးအပွားပေတည်း’ ဟု ဆောင်သောသူအား အကျိုးမဲ့သည်သာလျှင် ဖြစ်၏၊ ဤ သူတော်ကောင်း တရားသည်ကား ထိုသို့သော အခြင်းအရာအားဖြင့် ဆောင်သောသူအား အစီးအပွား သည်သာလျှင် ဖြစ်၏ဟု သိပါလေ။

သဒ္ဓမ္မပုဒ် အဖွင့် ပြီးပြီ။

ဂဏုတ္တမပုဒ် အဖွင့်

အယူသီလ တူမျှအပေါင်းကို ဂိုဏ်းဟုဆို

ဂဏုတ္တမံ ဟူသော ပုဒ်၌ လောကတွင် အယူသီလ တူမျှကြသည့် သီတင်းသုံးဖော် အပေါင်းကို ဂိုဏ်းဟု ဆို၏၊ ဤအရာ၌ကား မြတ်ကုန်သော သီလစသော ဂုဏ်တို့နှင့်ယဉ်သည့် မြတ်ဘုရား၏ တပည့်သား သံဃာသည် မြတ်လည်း မြတ်၏၊ မြတ်၏ဟူသည် ဂိုဏ်းလည်း ဟုတ်၏၊ ဤသို့သော အနက်ကြောင့် ဥတ္တမဂဏ (မြတ်သောဂိုဏ်း) မည်သည်သာလျှင်တည်း၊ ဤအရာ၌ ထို ဥတ္တမဂဏ ကို ပင်လျှင် ‘‘ဂဏုတ္တမ’’ဟု မိန့်ဆိုတော်မူ၏၊ ဥပမာ အဘယ်သို့နည်းဟူမူ - ‘ဘုရားကြီး-ဘုရားမြတ်’ဟု ဆိုကြသကဲ့သို့တည်း။

၁၁။ ဋီကာကျော် (နှာ- ရ၂)၌ကား-
ဂိုဏ်းတို့ထက်၊ ဂိုဏ်းတို့တွင် နတ် လူ အစရှိသည့် အပေါင်းတို့ထက် အမြတ်ဆုံး ဖြစ်သောကြောင့် ဂဏုတ္တမ မည်၏။ ဟူ၍ မိန့်ဆို၏၊ ထိုစကားသည် မကောင်းချေ၊ မှန်လှပေ၏၊ ထိုသို့သော အနက်မျိုး ဖြစ်ခဲ့သော် ဥတ္တမ သဒ္ဒါသည် လိုရင်းပဓာန ဖြစ်၏၊ ဤသို့ ထို ဥတ္တမ သဒ္ဒါဖြင့် ဤအရာ၌ အရိယာ သံဃာကို ဆိုအပ်၏၊ ဤသို့သော အနက်သည် မပြီးမပြည့်စုံနိုင်ပေ။

ဂဏနှင့် သံဃာ အတူသာ

ဆက်၍ ဆိုဦးအံ့၊ ဤအရာ၌ ဂဏ ဟူသည်လည်း သံဃာကိုသာ ဆိုအပ်၏၊ ထိုသံဃာသည်လည်း-

၁။ သမ္မုတိသံဃာ
၂။ ဒက္ခိဏေယျသံဃာ
ဟူ၍ နှစ်ပါးအပြား ရှိ၏။

ထိုနှစ်ပါးတို့တွင် ညီညွတ်သော သံဃာသည် ပြုအပ်သော ဥပသမ္ပဒကံသည် သမ္မုတိကံ မည်၏၊ ထို သမ္မုတိကံ ကြောင့် ပဉ္စင်းဘုံသို့ ရောက်၍ တည်သော ရဟန်းသံဃာသည် သမ္မုတိသံဃာ မည်၏၊ ထို သမ္မုတိသံဃာ သည် ဝိနည်းတို့၌ ထင်ရှားပေသည်။

လယ်ကောင်းမြေတာ ရှစ်အရိယာ

ဒက္ခိဏေယျသံဃာ မည်သည်ကား - ရှစ်ယောက်သော အရိယာပုဂ္ဂိုလ်တို့၏ အပေါင်း ပေတည်း၊ ထိုအရိယာပုဂ္ဂိုလ် အပေါင်းသည်ကား သမ္မုတိသံဃာ ၌လည်း အတွင်းဝင်သာလျှင် အကယ်၍ကား ဖြစ်ပေ၏၊ ထိုသို့ပင် ဖြစ်သော်လည်း သရဏဂုံယူခြင်း၊ ရှိခိုးခြင်း၊ မြတ်နိုးခြင်း၊ ပူဇော်ခြင်း၊ အရိုအသေပြုခြင်း၊ အဖန်တလဲလဲ အောက်မေ့ခြင်းအရာတို့၌ အတုမရှိသည့် ကောင်းမှုမျိုးတို့ကို စိုက်ပျိုးရာ လယ်ယာမြေအထူးကို သိမ်းကျုံးခြင်း အကျိုးငှါ ရှင်တော်ဗုဒ္ဓသည် ထိုထိုသို့သော အခြင်းအရာအားဖြင့် ချီးမွမ်းတော်မူပြီး၍ ထိုအရိယာ သံဃာတို့ကို အသီးအခြား ဟောတော် မူအပ်၏ဟု မှတ်သိပါလေ။

လယ်ယာမှန်လျက် မြက်ပင်ဖျက်

မမှားဧကန် မှန်လှစွာ၏၊ ပုထုဇဉ် သံဃာသည် ကောင်းမှု၏ ပွားစီးရာ လယ်ယာမြေပင် ဖြစ်သော် လည်း အတုမရှိသည့် ကောင်းမှုမျိုးကို စိုက်ပျိုးချရာ လယ်ယာမြေကောင်းကား မဟုတ်ချေ၊ အဘယ််ကြောင့်နည်းဟူမူ - သလေးခင်း၌ လယ်ယာကို ဖျက်ဆီးတတ်သော မြက်တို့ ကဲ့သို့သော ကောင်းမှုမျိုးချရာ ဌာနကို ဖျက်ဆီးတတ်သည့် သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ အနုသယ တို့ ထင်ရှား ရှိနေခြင်းကြောင့်ပေတည်းဟု သိမှတ်ပါလေ၊ ထိုပုထုဇဉ်သံဃာ၏ ကောင်းမှုမျိုးကို စိုက်ပျိုးရာ၏ အဖြစ်ကိုကား ‘ရှေးဖြစ်သည့် သဒ္ဓမ္မ ပုဒ်၌ ဆိုအပ်ပြီးသောနည်း’ဖြင့် သိအပ်၏ဟု မှတ်ပါလေ။

သသဒ္ဓမ္မဂဏုတ္တမပုဒ် အဖွင့် ပြီးပြီ။

အဘိဝါဒိယပုဒ် အဖွင့်

အဘိဝါဒိယ (ရှိခိုးပြီး၍)ဟူသည်ကား- အထူးအးဖြင့် ရှိခိုးပြီး၍ဟု ဆိုလိုသည်၊ ဤစကားကို ဆက်၍ဆိုပါဦးအံ့၊ ဤအရာ၌ ဤပုဂ္ဂိုလ်သည် သီလစသော ဂုဏ်တို့နှင့်ယဉ်သည်ဖြစ်၍ အမြတ် ဆုံးဖြစ်သည့် ရှိခိုးထိုက်သော သူပေတည်း၊ ဤသို့ အမြတ်ဟူသော စိတ်ကို ရှေးရှု တည်စေ၍ ရှိခိုးသော ပုဂ္ဂိုလ်ကို အထူးအားဖြင့် ရှိခိုး၏ဟု ဆိုထိုက်၏၊ ရှိခိုးခြင်းသည်ကား- (ကာယဝန္ဒနာ) ကိုယ်ဖြင့်ရှိခိုးခြင်း စသည်တို့၏ အစွမ်းအားဖြင့် သုံးပါးအပြား ရှိ၏၊ ရှင်တော်ဗုဒ္ဓ အဘယ်သို့ ဟောတော်မူသနည်း ဟူမူကား-

ရဟန်းတို့၊ ရှိခိုးခြင်းတို့သည် ဤသုံးပါးတို့တည်း။ အဘယ် သုံးပါးတို့နည်း ဟူမူကား- ကိုယ်ဖြင့် ရှိခိုး၏၊ နှုတ်ဖြင့် ရှိခိုး၏၊ စိတ်ဖြင့် ရှိခိုး၏၊ ဤသုံးပါးတို့ပေတည်း။

ထိုသုံးပါးတို့တွင် အမြတ်ဟူသော စိတ်ကို ရှေးရှုတည်စေ၍ ပုဆစ် ဒူးဝန်းနှစ်ဖက်၊ တံတောင်ဆစ် နှစ်ဖက်၊ နဖူးပြင်ဟု ဆိုအပ်ကုန်သော အင်္ဂါ ငါးပါးတို့ကို မြေ၌တည်စေ၍ ရှိခိုးခြင်းငှါ ထိုက်ကုန်သော ရတနာသုံးပါးတို့ကို ရှေးရှုအလျားဝပ်သောသူသည် ကိုယ်ဖြင့် ရှိခိုးသည် မည်၏၊ အကြင်သို့သော ရှိခိုးခြင်းကို ရည်ရွယ်၍ - တည်ခြင်း ငါးပါးဖြင့် ရှိခိုးပြီး၍-။ ဟု ထိုထိုအဋ္ဌကထာ ဋီကာတို့၌ မိန့်ဆို အပ်၏၊ အကြင်သို့သော ရှိခိုးခြင်းဖြင့်လည်း ရှိမခိုးထိုက်သော အရာတို့၌ ရှိခိုးသော ရဟန်းအား အာပတ်သင့်၏ဟု သိအပ် သိထိုက်၏။

ဂုဏ်ပုဒ်တို့ကို နှုတ်ဖြင့် ဖြစ်စေသော သူသည် နှုတ်ဖြင့် ရှိခိုးသည် မည်၏။

‘‘ဘုရားအား ရှိခိုးပါ၏၊ ဘုရားအား ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း၊ အရဟတ္တဖိုလ်အား ရှိခိုးပါ၏၊ အရဟတ္တဖိုလ်၌ တည်ကုန်သော ဘုရားရှင်တို့အား ရှိခိုးပါ၏၊ ဝိပဿီအမည်ရှိသော ရှင်တော်မြတ် ဘုရားအား ရှိခိုးပါ၏’’

ဤသို့ အစရှိသော ပုဒ်တို့၌လည်း နှုတ်ဖြင့် ရှိခိုးခြင်းသည်သာတည်း၊ ဂုဏ်ပုဒ်တို့ကို အစဉ်လိုက်၍ ဂုဏ်တို့ကို အောက်မေ့သောသူသည် စိတ်ဖြင့် ရှိခိုးသည် မည်၏ဟု သိပါလေ။

[မြန်မာပြန်ဆရာ၏ မှတ်ချက် - ဤစာပိုဒ်၌ ‘အရဟတ္တဖိုလ်အား’ဟု ဆိုရာ၌ အရဟတ္တဖိုလ်ဟူသော မကင်းတတ်သည်ကို ဆိုသဖြင့် ဘုရားရှင် တည်းဟူသော မကင်းရာကိုလည်း ရသော အဝိနာဘာဝနည်းဖြင့် ဆိုသည်ဟု မှတ်ပါလေကုန်။]

အဘိဝါဒိယပုဒ် အဖွင့် ပြီးပြီ။

ဘာသိဿံပုဒ် အဖွင့်

ဘာသိဿံ- ဟူသည်ကား ‘ဆိုပေအံ့’ဟု ဆိုလိုသည်။ အရှင်အနုရုဒ္ဓါမထေရ်သည် ဤသင်္ဂြိုဟ်ကျမ်းကို စီရင်တော်မူသည်ရှိသော် ပေ ပုရပိုက်၌ တင်သည်ကိုပြု၍ အကယ်၍ကား စီရင်ရေးသားတော်မူပေ လတ္တံ့၊ ထိုသို့ပင် စီရင်တော်မူငြားသော်လည်း ကျမ်းပြုခြင်း အမှုမည်သည် နှုတ်အမှုတို့၌ ထင်ရှား၏၊ ဤသို့ နှလုံးပိုက်တော်မူ၍ ‘ဆိုပေအံ့’ ဟူ၍ မိန့်အပ်၏ဟု မှတ်ပါလေ။

ဘာသိဿံပုဒ် အဖွင့် ပြီးပြီ။

အဘိဓမ္မတ္ထသင်္ဂဟံပုဒ် အဖွင့်

အဘိဓမ္မတ္ထသင်္ဂဟံ - ဟူသော ပုဒ်၌ အဘိဓမ္မာ၌ ဟောတော်မူအပ်ကုန်သော အနက်တို့သည် အဘိဓမ္မတ္ထ တို့ မည်ကုန်၏၊ ဤကျမ်း၌ (တစ်နည်းကား) ဤကျမ်းဖြင့် ထိုအဘိဓမ္မာ၏ အနက်တို့ကို အကျဉ်း ပေါင်း၍ ယူအပ်ကုန်သောကြောင့် အဘိဓမ္မတ္ထသင်္ဂဟ မည်၏။

အကျဉ်းပေါင်းယူ ဟူသည်မှာ

ဆက်၍ ဆိုပါဦးအံ့၊ ‘‘အကျဉ်းပေါင်း၍ ယူအပ်ကုန်၏’’ ဟူသည်မှာကား- အရှင်အနုရုဒ္ဓါမထေရ်သည် အကျဉ်းချုံး၍ ယူအပ် ဆိုအပ်ကုန်၏၊ ဤကား အဓိပ္ပါယ်အနက်တည်း။

လွန်သည့်- ထူးသည့် တရား

ဆက်၍ ဆိုပေဦးအံ့၊ အဘိဓမ္မာ ဟူသောပုဒ်၌ လွန်ကဲသည်လည်းဖြစ် - ထူးသည်လည်း ဖြစ်သည့် တရားသည် အလွန် ထူးသည့်တရား (အဘိဓမ္မာ) မည်၏၊ (ဓမ္မ) တရား ဟူသည်မှာလည်း ဝိနည်း ပါဠိတော်မှ တစ်ပါးသော သုတ္တန် အဘိဓမ္မာ ပါဠိတော် နှစ်ခု အပေါင်းကို ဆိုပေသည်၊ ထိုစကားသည် မှန်လှစွာ၏။

ချစ်သား အာနန္ဒာ- ငါဘုရားသည် သင်ချစ်သားတို့အား အကြင် သုတ်၊ အဘိဓမ္မာ တရားကိုလည်း ဟောတော်မူအပ်ပြီ။ အကြင် ဝိနည်းတရားကိုလည်း ပညတ်တော်မူအပ်ပြီ။

ဟု ရှင်တော်ဘုရား ဟောကြားတော်မူ၏၊ ထိုသုတ် အဘိဓမ္မာ ပါဠိတော် နှစ်ခုအပေါင်းသည်လည်း အာဏာ အစီအရင်ဟု ဆိုအပ်သော ဆုံးမခြင်းကိစ္စကို ကြဉ်ဖယ်၍ ကုသိုလ် အစရှိကုန်သည့် ဖြစ်မြဲတိုင်း ကုန်သော ပရမတ်တရားတို့ကိုသာလျှင် ပြတော်မူ၏ဟု သိပါလေ။

ဆက်၍ ဆိုပေဦးအံ့၊ ဤသို့ ပြအပ်ကုန်သော သုတ် အဘိဓမ္မာ တရားနှစ်ပါးတို့တွင် အကြင် တရားသည် တစ်ပါးသော သုတ်တရားထက် လွန်လည်း လွန်ကဲ၏၊ ထူးလည်း ထူး၏၊ ဤတရား သည်သာလျှင် အဘိဓမ္မာ မည်၏၊ ဤ အဘိဓမ္မာ မှ တစ်ပါးသော တရားသည်ကား (ဓမ္မ) တရားသာ မည်၏။

ဤသို့သော အကြောင်းကြောင့်-
၁။ ဓမ္မ တစ်မျိုး၊
၂။ အဘိဓမ္မ တစ်မျိုး၊
၃။ ဝိနယ တစ်မျိုး၊
၄။ အဘိဝိနယ တစ်မျိုး၊

ဟု လေးမျိုးအပေါင်းကို သိအပ် သိသင့်၏၊ ထိုလေးမျိုးတို့တွင်-

(၁) သုတ္တန်ပိဋကသည် ဓမ္မ မည်၏။
(၂) ဓမ္မသင်္ဂဏီစသော ခုနစ်ကျမ်းသည် အဘိဓမ္မ မည်၏။
(၃) ဥဘတောဝိဘင်းသည် ဝိနယ မည်၏။
(၄) ခန္ဓပရိဝါရတို့သည် အဘိဝိနယ မည်၏။

ဟု အဋ္ဌကထာတို့၌ မိန့်ဆိုပေ၏။

ဆက်၍ ဆိုပါဦးအံ့၊ ဤအဘိဓမ္မာ၌ လွန်ကဲသည်၏အဖြစ်၊ ထူးသည်၏အဖြစ်ကို ကုသိုလ်စသည်တို့၏ အစွမ်းအားဖြင့်လည်းကောင်း၊ ခန္ဓာစသည်တို့၏ အစွမ်းအားဖြင့် လည်းကောင်း၊ ပေါင်းရုံးယူခြင်း စသည်တို့၏ အစွမ်းအားဖြင့်လည်းကောင်း၊ ထိုသို့သော အခြင်းအရာအားဖြင့် ဟောသင့် ဟောထိုက် သည့် အပြားတို့၏လည်းကောင်း၊ အကြွင်းအကျန်မရှိ ဝေဖန်သည်၏ အစွမ်းအားဖြင့်လည်းကောင်း၊ သက်သက်သော ဓမ္မဓိဋ္ဌာန် ဒေသနာဖြစ်ခြင်း၏ အစွမ်းအားဖြင့်လည်းကောင်း သိအပ်၏။

လူ့ပြည်မဟော နတ်ပြည်ဟော

သဗ္ဗညုဘုရားရှင်တို့သည် ဤအဘိဓမ္မာ ဒေသနာကို နတ်တို့၌သာလျှင် ဟောကြကုန်၏၊ လူ့ပြည်တို့၌ ဟောတော်မမူကြကုန်၊ မှန်လှစွာ၏၊ လူတို့သည် သုံးလပတ်လုံး မပြတ် ဖြစ်စေခြင်းငှါ လျော်ကန် လျောက်ပတ်သော ဤသို့ သဘောရှိသည့် စကားအစဉ်ကို ဣရိယာပုထ် တစ်ခုတည်းဖြင့် အစမှ အဆုံး ရောက်သည်အထိ နာယူခြင်းငှါ မစွမ်းနိုင်ကြကုန်။

ဤသို့သော သဘောရှိသည့် တစ်ခုသော မာတိကာဖြင့် ဖွဲ့အပ်သော စကားအစဉ်သည် အထူးထူး သော ခဏတို့၌ အထူးထူးသော သတ္တဝါတို့အား ဟောတော်မူခြင်းငှါ တတ်ကောင်းသည် မဖြစ်နိုင်ဟု သိအပ်၏။

အချို့ဆရာဝါဒ ပယ်စွန့်ချ

အချို့သော ဆရာတို့သည်ကား ဝိနည်းပါဠိထက်လည်း ထိုအဘိဓမ္မာပါဠိ၏ လွန်ကဲသည်၏ အဖြစ်၊ ထူးသည်၏အဖြစ်ကို ဖွင့်ဆိုကြကုန်၏၊ ထိုသို့ ဖွင့်ခြင်းသည် အဋ္ဌသာလိနီနှင့် မညီပေ၊ မှန်လှပေ၏၊ ဓမ္မမည်ကုန်သော သုတ် အဘိဓမ္မာ ပါဠိတော်နှစ်ခုတို့၏ အလယ်၌သာလျှင် ဤလွန်ကဲသည်၏အဖြစ် ထူးသည်၏အဖြစ်ကို စိစစ်သင့်၏၊ ဝိနည်းနှင့်တကွ ထိုသို့သော အခြင်းအရာဖြင့် စိစစ်ရန် သင့်လည်း မသင့်ချေ၊ အဘယ်ကြောင့်နည်း ဟူမူကား- မတူသောအရာ ရှိသည်၏အဖြစ်ကြောင့်ပေတည်း။

ဝိနယနှင့်ဓမ္မ ကိစ္စများ

ဆက်၍ ဆိုဦးအံ့၊ ဝိနည်းသည် ကိုယ်နှုတ်တို့ကို ဆုံးမခြင်းလည်း ရှိ၏၊ လွန်ကျူးခြင်းလျှင် အရာလည်း ရှိ၏၊ သုတ် အဘိဓမ္မာ တရားသည်ကား တရားကို ဝေဖန်ခြင်း ကိစ္စလည်း ရှိ၏၊ တရားတို့၏ ဖြစ်ခြင်းလျှင် အရာလည်း ရှိ၏ဟု သိပါလေ။

ကေစိဝါဒ ပယ်စွန့်ချ

အချို့သော ဆရာတို့သည်ကား ဤသို့ မတူကြသော်လည်း ဝိနည်းသည်သာလျှင် အလုံးစုံတို့ထက် ကြီးမြတ်သည် ဖြစ်ရာ၏၊ မှန်လှပေ၏၊ ဝိနည်းကို ကဲ့ရဲ့သည့်ရဟန်းအား ပါစိတ်အာပတ် သင့်၏၊ သုတ် အဘိဓမ္မာကို ကဲ့ရဲ့သော ရဟန်းအား ဒုက္ကဋ်အာပတ်မျှသာ သင့်၏ဟု ဆိုကြကုန်၏၊ ထိုဆရာတို့၏ စကားသည် မသင့်ချေ၊ မမှားဧကန် မှန်၏၊ ဝိနည်းသည် အာဏာစက်ပေတည်း၊ သုတ် အဘိဓမ္မာသည် ဓမ္မစက်ပေတည်း၊ ထိုနှစ်မျိုး၌ ဝိနည်းကို ကဲ့ရဲ့သော ရဟန်းသည် မြတ်စွာဘုရား၏ အာဏာစက်၌ ပုတ်ခတ်ခြင်းကို ပေး၏၊ မြတ်စွာဘုရား၌ မရိုသေခြင်းသည် ကြီးကျယ်လှပေ၏၊ မြတ်စွာဘုရား၌ မရိုသေသောသူသည် တရား သံဃာယ သိက္ခာသုံးပါးတို့၌ မရိုသေမှုသည် ပြီးပြည့်စုံ လေ၏၊ ထို့ကြောင့် ဝိနည်းကို ကဲ့ရဲ့မှု၌ အာပတ်ကြီးလေး၏၊ အလုံးစုံသော ပါဠိတော်တို့ထက် ကြီးမြတ်သည်၏ အဖြစ်ကြောင့် အာပတ်ကြီးသည် မဟုတ်ချေဟု မှတ်အပ်၏။

နည်းတစ်ပါးကို ဆိုဦးအံ့၊ ဝိနည်းမည်သည် သာသနာတော်၏ အမြစ်ရင်းတည်း၊ ဝိနည်း မတည် ခဲ့သော် သာသနာသည် မတည်နိုင်၊ ထို့ကြောင့် သာသနာတော် ရှည်မြင့်စွာ တည်စေရန် ဝိနည်းကို ကဲ့ရဲ့သော ရဟန်း၌ ကြီးလေးသော အာပတ်ကို ပညတ်တော်မူအပ်၏ဟု မှတ်အပ်၏။

ဤသည်လျှင် ပရမတ္ထဒီပနီမည်သော သင်္ဂြိုဟ်ကျမ်း၏ လေးခုမြောက် အဖွင့်ဖြစ်သော ကျမ်း၌ ပထမ ဂါထာ၏ မြတ်သော အနက်ကို ပြခြင်းသည် ပြီးပြီ။

ပထမဂါထာ အဖွင့် ပြီးပြီ။

ဒုတိယဂါထာ အဖွင့်

ဤသို့ သမ္မာသမ္ဗုဒ္ဓံ-စသော အစဂါထာဖြင့် ထိုထိုသို့သော အကျိုးနှင့်တကွ ဖြစ်ကုန်သော အနက် ငါးမျိုးတို့ကို ပြဆိုပြီး၍ ယခုအခါ၌ ထိုအဘိဓမ္မာ၏ အနက်တို့ကို အကျဉ်းအားဖြင့် ပြတော်မူလိုသည် ဖြစ်၍ တတ္ထ ဝုတ္တာ-စသော ဒုတိယဂါထာကို မိန့်ဆိုတော်မူ၏။

ဒုတိယဂါထာ ယောဇနာ

ဒုတိယဂါထာ၌ တတ္ထ-ဟူသည်ကား လွန်ကဲသော ထူးသော တရားတို့ကို အကျဉ်းပေါင်း၍ ယူအပ်သော ကျမ်းကို ဆိုပေအံ့၊ (အဘိဓမ္မတ္ထသင်္ဂဟံ) ဟူ၍ ရှေ့ဂါထာ၌ ဆိုခဲ့ပြီးသော ထို အဘိဓမ္မတ္ထသင်္ဂဟပုဒ် ၌ ငါသည် ဆိုအပ်ခဲ့ကုန်သော အဘိဓမ္မာ၏အနက်တို့ဟူသည် အလုံးစုံသော အခြင်းအရာဖြင့် လေးပါးအပြား ရှိကုန်၏၊ ဤကား အနက် ယောဇနာခြင်းတည်း။

ဆက်၍ ဆိုဦးအံ့၊ ဤဂါထာ၌-

၁၂။ ဋီကာဟောင်း၌ ရှေးဦးစွာ -
ထို အဘိဓမ္မတ္ထသင်္ဂဟ ကျမ်း၌ ဟူ၍လည်းကောင်း၊ အဘိဓမ္မတ္ထ ပုဒ်၌ ဟူ၍လည်းကောင်း၊ အဘိဓမ္မာ ၌ ဟူ၍လည်းကောင်း -သဒ္ဒါ၏ အစွဲကို ညွှန်ပြအပ်၏။

ဋီကာကျော် (နှာ- ရ၃) ၌ကား-
ထိုအဘိဓမ္မာ၌ -
ဟူ၍ မိန့်ဆိုအပ်၏၊ ထိုစကားစုအလုံးစုံသည် မကောင်းချေ။

မှန်လှစွာ၏၊ ‘‘အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်း၌ ငါသည် ဆိုအပ်ခဲ့ကုန်ပြီးသော အဘိဓမ္မာအနက်တို့တည်း’’ ဤသို့ (ဆိုခြင်းငှါ) မသင့်ချေ၊ မမှားဧကန် မှန်လှစွာ၏၊ အဘိဓမ္မတ္ထသင်္ဂဟကျမ်းသည်လည်း အထက် ၌ ဆိုအပ်လတ္တံ့သည်သာလျှင် ဖြစ်သေး၏၊ ဆိုပြီးသည်ကား မဟုတ်သေးပေ၊ အဘိဓမ္မာ၏ အနက် တို့ကား ဆိုခဲ့ပြီးသည်တို့သည် အဘယ်မှာ ဖြစ်နိုင်ပါအံ့နည်းဟု သိအပ်၏။

ဆက်၍ ဆိုပါဦးအံ့။ နေတ္တိကျမ်း၌ကဲ့သို့ တစ်ပါးသော သံဝဏ္ထနာကျမ်း၌ အစ၌ ရှေးဦးစွာ -သဒ္ဒါသည် မပြဋ္ဌာန်းသေးသော ပုဒ်တို့ကို စွဲယူသုံးသပ်၏၊ ဤသို့ ရှိလည်း မရှိခဲ့ဖူးချေ၊ ထို့ကြောင့် အဋ္ဌသာလိနီကျမ်း အစ၌-
ထိုအဘိဓမ္မာ၏ အနက်ကို ထင်ရှားပြပေအံ့ ဟူသော စကားရပ်၌ (တစ်နည်း)ကို အဘိဓမ္မာကထံ ဟူသော စကား၌ အဘယ်သို့သော အနက်ကြောင့် အဘိဓမ္မာ မည်ပါသနည်း’’
ဟူသော ဝါကျ၌ကဲ့သို့ ဤ၌ -သဒ္ဒါ၏အနက်ကို သိအပ်၏ဟု မှတ်ပါလေ၊ မှန်လှစွာ၏၊ ဤသို့ ဖြစ်သည်ရှိသော်-

၁၃။ ဋီကာဟောင်း ဋီကာကျော် (နှာ- ရ၃)တို့၌-
ကုသိုလ်အစရှိသော ခန္ဓာအစရှိသော အပြားအားဖြင့် ဟောတော်မူအပ်ကုန်သော-
ဟူ၍ ယောဇနာခြင်းကိုလည်း ပယ်အပ်၏၊ မှန်လှစွာ၏၊ ထိုယောဇနာခြင်းသည် ဆိုအပ်လတ္တံ့ ကုန်သော-
ခပ်သိမ်းသော အခြင်းအရာဖြင့်လည်း တစ်ဆယ့်နှစ်ပါးသော အကုသိုလ်စိတ်တို့သည် ပြီးကုန်၏။
ခပ်သိမ်းသော အခြင်းအရာဖြင့်လည်း တစ်ဆယ့်ရှစ်ပါးကုန်သော အဟိတ်စိတ်တို့သည် ပြီးကုန်၏။
အစရှိသည်တို့နှင့် မညီညွတ်ချေဟု သိအပ်၏။

ထိုနေရာ၌ ‘‘ခပ်သိမ်းသော အခြင်းအရာ’’ ဟူသည်ကား-
ဓမ္မသင်္ဂဏီပါဠိတော်၌ ဟောတော်မူအပ်သော အကုသိုလ် အစရှိသော ခပ်သိမ်းသော အပြားအားဖြင့် လည်း လေးပါး အပြား ရှိကုန်သည်သာလျှင် ဖြစ်ကုန်၏။
ဝိဘင်းပါဠိတော်၌ ဝေဖန်အပ်သော ခန္ဓာအစရှိသော ခပ်သိမ်းသော အပြားအားဖြင့်လည်း လေးပါး အပြား ရှိကုန်သည်သာလျှင် ဖြစ်ကုန်၏။
ဤကား အနက်တည်း၊ ‘‘ဓာတုကထာပါဠိတော်၌ ဟောတော်မူအပ်သော’’ ဤသို့ စသည်ဖြင့်လည်း ဆိုသင့် ဆိုထိုက်ပေ၏။

ပရမတ္ထပုဒ် အဖွင့်

ပရမတ္ထတော - ဟူသည်ကား ပရမတ္ထသစ္စာအားဖြင့်ဟု ဆိုလိုသည်။ မမှားဧကန် မှန်လှစွာ၏၊ သစ္စာတို့သည်-

၁။ သမ္မုတိသစ္စာ
၂။ ပရမတ္ထသစ္စာ

ဟူ၍ နှစ်ပါး ရှိကုန်၏။

ခေါ်ဝေါ်တုံဘိ သမုတိသစ္စာ

ထိုသစ္စာနှစ်ပါးတို့တွင် သတ္တဝါ ပုဂ္ဂိုလ် အတ္တ ဇီဝ အစရှိကုန်သော ပညတ်အနက်တို့သည် သဘော အားဖြင့် ထင်ရှား မရှိကြကုန်သည်သာလျှင်တည်း၊ ထိုသို့ပင် မရှိကြကုန်သော်လည်း ယထာဘူတ ဉာဏ်မှ ကင်းကုန်သော လူအပေါင်းတို့၏ စိတ်၌ အလွန်ကြီးကျယ်ထင်ရှားကြကုန်၍ ထင်ရှားရှိကုန် သကဲ့သို့သာလျှင် ထင်ရကုန်၏၊ ထိုလူအပေါင်းတို့သည်လည်း အညီအညွတ် ထိုသတ္တဝါ ပုဂ္ဂိုလ် အတ္တ ဇီဝ စသည်တို့၏ စင်စစ်အားဖြင့် ရှိသည်၏အဖြစ်ကို ခေါ်လည်း ခေါ်ဝေါ်ကြကုန်၏၊ ဝန်ခံလည်း ဝန်ခံကြကုန်၏၊ ထို့ကြောင့် ထိုသတ္တဝါ ပုဂ္ဂိုလ် အတ္တ ဇီဝ အစရှိသော ပညတ်နက်တို့ကို အညီအညွတ် ဖြစ်သော လူများ အပေါင်းတို့သည် သမုတ်အပ်သည်၏ အဖြစ်ကြောင့် လည်းကောင်း၊ ထိုသို့ သမုတ်ခြင်းကြောင့်သာလျှင် ဝစီသစ္စာ ဝိရတီသစ္စာတို့၏ တည်ရာ အဖြစ်ကြောင့်လည်းကောင်း သမ္မုတိသစ္စာ ဟူ၍ ဆိုအပ်ကုန်၏။

သစ္စာသမ္မုတိ ကြီးကျယ်၏

ထိုသမ္မုတိသစ္စာ၌ တည်၍ ကောင်းစွာ ကျင့်ကြကုန်သော သူတို့သည် အလုံးစုံသော လောကီစည်းစိမ် ချမ်းသာ၌လည်းကောင်း၊ ထိုဗောဓိ အဆောက်အဦ ဖြစ်သော သီလစသော တရား တို့ကို လည်းကောင်း ပြီးစေနိုင်ကုန်၏၊ ဖောက်ပြန်စွာ ကျင့်ကြကုန်သော သူတို့သည် အပါယ်၌ ပြည့်ကြရ ကုန်၏၊ မှန်လှစွာ၏၊ သမ္မုတိသစ္စာသည် ဤမျှလောက် ကြီးကျယ်၏ဟု သိမှတ်ပါလေ။

ပရမတ္ထသစ္စာသို့ ရောက်သည်ရှိသော်ကား ထိုသမ္မုတိသစ္စာသည် သစ္စာမျှပင် မဟုတ်တော့ပေ၊ မှန်လှစွာ၏၊ ထိုသမ္မုတိသစ္စာသည် ထင်ရှားမရှိသည်သာလျှင် ဖြစ်လျက် လူများအပေါင်းတို့ကို ထင်ရှားရှိ၏ ဟူ၍သာလျှင် ယူစွဲစေ၏၊ သက္ကာယဒိဋ္ဌိ နှစ်ဆယ်၊ မိစ္ဆာဒိဋ္ဌိကြီး သုံးပါး တို့၏တည်ရာဖြစ်၍ မလိမ္မာသည့် လူမိုက်တို့အား ဝဋ်ဆင်းရဲမှ လွတ်မြောက်ရန် အခွင့်မပေးချေ၊ မှန်လှပေ၏၊ သမ္မုတိသစ္စာသည် ဤမျှလောက် ဖောက်ပြန်ခြင်းလည်း ရှိ၏၊ ဤမျှလောက် အပြစ်လည်း ကြီး၏ဟု သိပါလေ။

သစ္စာ ပရမတ္ထ နှစ်ပါးပြ

ပရမတ္ထသစ္စာ သည်ကား-
၁။ သဘာဝသစ္စာ
၂။ အရိယသစ္စာ
ဟူ၍ နှစ်ပါးအပြား ရှိ၏၊

ထိုနှစ်ပါးတို့တွင် ဓမ္မသင်္ဂဏီ အစရှိကုန်သော အဘိဓမ္မာ ခုနစ်ကျမ်းတို့၌ ဝေဖန်အပ်ကုန်သည့် ကုသိုလ် အစရှိကုန်သော တရားတို့သည် သဘာဝသစ္စာ မည်ပေ၏၊ မမှားဧကန် မှန်လှပေ၏၊ ထို ကုသိုလ်စသည့် တရားတို့သည် မိမိသဘောအားဖြင့် ထင်ရှားရှိသည်၏ အဖြစ်ကြောင့် ကုသိုလ် မည်သော တရားတို့ ရှိကြကုန်၏၊ သုခမည်သော ဝေဒနာတရား ရှိ၏ဟု ယူသော သူတို့ကို မချွတ်ယွင်းစေတတ်ကုန်ဟု သိအပ်၏။

အရိယရောက် သဘာဝပျောက်

ထိုသဘာဝသစ္စာသည်ကား အရိယသစ္စာသို့ ရောက်သည်ရှိသော် အချို့သော တရားတို့သည် သစ္စာမျှ ပင် မဟုတ်သည်လည်း ရှိပေ၏၊ ထိုစကားသည် ထင်ရှားဧကန် မှန်ပါပေ၏၊ ခံစားခြင်း အပြားမျှကို ထောက်၍သာလျှင် ဝေဒနာကို ‘‘သုခါဒုက္ခာ အဒုက္ခမသုခါ’’ဟု သံယုတ်ပါဠိတော်၌ ဟောတော်မူ၏၊ ခပ်သိမ်းသော အခြင်းအရာ အားဖြင့် ချမ်းသာသည်၏ အဖြစ်ကြောင့် ဟောတော်မူသည်ကား မဟုတ်ချေ၊ စင်စစ်သော်ကား အလုံးစုံကုန်သော အနိစ္စ၏အဖြစ် သင်္ခတ၏အဖြစ် အစရှိကုန်သော အရာမက များစွာသော အခြင်းအရာတို့ဖြင့် အလုံးစုံသော ဝေဒနာတို့သည် ဒုက္ခတို့သာတည်း။

ထို့အတူ အပြစ်မရှိ ကောင်းသောအကျိုးကို ပေးတတ်သော အနက်ကြောင့် ကုသိုလ်၏ အဖြစ် ကိုလည်း အကုသိုလ်ကို ထောက်၍သာလျှင် ဟောတော်မူအပ်၏။

မှန်လှစွာ၏၊ အလုံးစုံသော ဘုံသုံးပါး၌ ဖြစ်ကုန်သော ကုသိုလ်ဟု သမုတ်အပ်ကုန်သော တရားတို့ သည်လည်း အာသဝနှင့်တကွ ဖြစ်သည်၏အဖြစ်၊ သံကိလေသတရားတို့ကို ရခြင်းငှါ ထိုက်သည်၏ အဖြစ်၊ သြဃတရားတို့၏ ပွားစီးကြောင်းအဖြစ်၊ ယောဂတရားတို့ ပွားစီးကြောင်း၏အဖြစ်၊ ဥပါဒါန် တရားတို့ ပွားစီးကြောင်း၏အဖြစ်ဟု ဆိုအပ်ကုန်သော အပြစ်တို့ဖြင့် အပြစ်နှင့်တကွ ဖြစ်ကုန် သည်သာလျှင်တည်း၊ ဆက်၍ ဆိုဦးအံ့၊ ဒုက္ခသစ္စာ ဖြစ်ကုန်သော ဝိပါက်တရားတို့ကို ဖြစ်စေ တတ်သော အနက်ကြောင့် စင်စစ်အားဖြင့် မကောင်းသော အကျိုး ရှိကုန်သည်သာတည်း။

အဇ္ဈတ္တတိက်ကိုလည်း အလုံးစုံသော လူအပေါင်းတို့ သမုတ်အပ်သည်ကို ထောက်၍ ဟောတော် မူအပ်၏။

[မှတ်ချက်။ ။ တိကမာတိကာ၌ အဇ္ဈတ္တသန္တာန်၌ ဖြစ်သောတရား၊ ဗဟိဒ္ဓသန္တာန်၌ ဖြစ်သောတရား၊ အဇ္ဈတ္တဗဟိဒ္ဓ သန္တာန်၌ ဖြစ်သောတရားဟု သုံးပုံသုံးစုပြုလျက် ဟောတော်မူခဲ့သည်ကို အဇ္ဈတ္တတိက် ဟု ဆိုသည်။]

မှန်လှစွာ၏၊ အလုံးစုံလည်း ဖြစ်ကုန်သော ဘုံလေးပါး၌ ဖြစ်သည့် တရားတို့သည် စင်စစ်အားဖြင့် အတ္တတို့ မည်သည် မရှိကြကုန်၊ အဇ္ဈတ္တ (မိမိ၏ကိုယ်တွင်းသန္တာန်) မည်ကုန်သည်ကား အဘယ်မှာ ရှိနိုင်ပါကုန်အံ့နည်း၊ အပသန္တာန်တို့သာလျှင် ဖြစ်ကြရကုန်၏၊ စင်စစ်ဧကန် မှန်လှစွာ၏။

ရုပ်နာမ်သင်္ခါရတရားတို့ကို သူစိမ်းပြင်ပအားဖြင့် ရှုလော့ ဟူ၍ သံယုတ်ပါဠိတော်၌ ဟောတော်မူ၏ဟု သိပါလေ၊ ဤဆိုခဲ့ပြီးသော နည်းကို ကြွင်းသော တိက် ဒုက်တရားတို့၌လည်း ထိုက်သည့် အားလျော်စွာ ဆောင်အပ်၏။

မှန်ကန်လှဘိ အရိယသစ္စာ

အရိယသစ္စာ မည်သည်ကား ခပ်သိမ်းကုန်သော တေတူမကတရားတို့၏ စင်စစ် ဒုက္ခအဖြစ်သည် လည်းကောင်း၊ တဏှာ၏ စင်စစ် ဒုက္ခပွားရာ ပွားကြောင်း၏ အဖြစ်သည်လည်းကောင်း၊ နိဗ္ဗာန်၏ သာလျှင် ဒုက္ခချုပ်ရာ၏ အဖြစ်သည်လည်းကောင်း၊ အင်္ဂါရှစ်ပါးရှိသော မဂ်၏သာလျှင် ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း၏ အဖြစ်သည်လည်းကောင်း ဖြစ်ပေ၏ဟု သိပါလေ။

စင်စစ်ဧကန် မှန်လှပေ၏၊ ဤ အရိယသစ္စာ သည်သာလျှင် စင်ကြယ်သည့် အသိဉာဏ်ရှိကြသော အရိယာပုဂ္ဂိုလ်တို့၏ ဉာဏ်၌ တုန်လှုပ်ခြင်း မရှိ အလုံးစုံသော အခြင်းအရာနှင့် ပြည့်စုံသည့် မုချ ဆတ်ဆတ်သော သစ္စာမည်၏ဟု မှတ်အပ်၏။

သစ္စာသမ္မုတိ နစ်လိုဘိ

ထိုနှစ်ပါးသော (သမ္မုတိ ပရမတ္ထ) သစ္စာတို့တွင် ဤအရာ၌ သမ္မုတိသစ္စာကို နစ်စေလို၍ ပရမတ္ထတော ဟူသော စကားကို (အရှင်အနုရုဒ္ဓါသည်) မိန့်တော်မူ၏၊ ထို့ကြောင့် ပရမတ္ထတော ဟူသော သင်္ဂဟပါဌ်ကို ‘‘ပရမတ္ထ သစ္စတော’ဟု (လယ်တီတောကျောင်းဆရာ) ငါသည် ဖွင့်ဆို ခဲ့ပေသည်။

အနက်နှစ်ဖြာ သိဖွယ်ရာ

ထိုအနက်သည်-
၁။ သဘာဝသိဒ္ဓ = သဘောအားဖြင့် ပြီးသော အနက်
၂။ ပရိကပ္ပသိဒ္ဓ = ကြံဆသဖြင့် ပြီးသော အနက်
ဤသို့ နှစ်ပါးအပြား ရှိ၏။

သဘာဝသိဒ္ဓအနက် ဟူသည်မှာ

ထိုနှစ်ပါးတို့တွင် တစ်ပါးကို ရည်ညွှန်းခြင်းနှင့် ကင်း၍ သက်သက်ဖြစ်သော အသီးအသီး မိမိ၏ လက္ခဏာဖြင့် ထင်ရှားရှိသည်ဖြစ်၍ ပြီးသည့်စိတ် အစရှိသော အနက်သည် သဘောအားဖြင့် ပြီးသော အနက် မည်၏။

ပရိကပ္ပအနက် ဟူသည်မှာ

မိမိ၏ သဘောလက္ခဏာအားဖြင့် ထင်ရှားရှိသည် မဟုတ်ချေ၊ စင်စစ်သော်ကား ထင်ရှားရှိသည့် အနက်၏ အထူးထူးသော ဖြစ်ပုံ အခြင်းအရာတို့ကို ထောက်၍ စိတ်ဖြင့် ကြံဖန်၍ (အထည်ဒြဗ် မရှိဘဲ) အထည်ဒြဗ် ရှိသည်ကို ပြုလျက် စွဲယူအပ်သည် ဖြစ်၍ စိတ်ဖြင့်ပြီးသည် စိတ်သည် ဖန်ဆင်း အပ်သည် ဖြစ်၍ စိတ်၌သာလျှင် ရအပ်သည့် သတ္တဝါ ပုဂ္ဂိုလ် စသောအနက်သည် ကြံဆသဖြင့် ပြီးသော အနက်မည်၏။

သဘာဝသိဒ္ဓမှ ပရမတ္ထ

ထိုနှစ်ပါးသော အနက်တို့တွင် သဘောအားဖြင့် ပြီးသော အနက်သည်သာလျှင် ပရမတ္ထ မည်၏၊ မှန်လှစွာ၏၊ ထို ပရမတ္ထ သည် ဤတရား၌ အသိဉာဏ် သဒ္ဒါတို့သည် ဖြစ်တတ်ကုန်သောကြောင့် အနက်မည်၏၊ စင်စစ် ထင်ရှားရှိသော အနက်ကြောင့် ဤ(သဘာဝသိဒ္ဓ)မှ တစ်ပါးသော ပရိကပ္ပ အနက်ထက် မြတ်သည့် အလွန်အကဲ အထွတ်အထိပ်သို့ ရောက်သည့်အနက် ဖြစ်သောကြောင့် ပရမတ္ထ မည်၏။

တစ်နည်း ဆိုဦးအံ့၊ အကြင်ပုဂ္ဂိုလ်တို့သည် ဤအနက်သည် ရှိ၏၊ ဤအနက်ကို ရအပ်၏ဟု ယူဆချက် အထူးသိသင့် သိထိုက်သည့် အနက်ကို ပိုင်းခြား၍ သိဖို့ရန်၊ ပယ်သင့် ပယ်ထိုက် သည့်အနက်ကို ပယ်ဖို့ရန်၊ မျက်မှောက်ပြုသင့် ပြုထိုက်သည့် အနက်ကို မျက်မှောက်ပြုဖို့ရန်၊ ပွားသင့် ပွားထိုက်သည့် အနက်ကို ပွားဖို့ရန် ကျင့်ကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့၏ ထိုအကျိုးကို ပြီးစေ ခြင်း၌ မချွတ်ယွင်းစေတတ်သော အနက်ကြောင့် မြတ်သောအနက် ဖြစ်ပေ၏၊ ထို့ကြောင့် ပရမတ္ထ မည်၏။

ကြံဆမှုကို ပရမတ္ထ မဆို

ဤမှ တစ်ပါးသော ပရိကပ္ပ အနက်သည်ကား ထင်ရှား မရှိသည်၏ အဖြစ်ကြောင့် ထိုအနက်ကို ထိုးထွင်း၍ သိခြင်း အစရှိသော အကျိုးငှါ ကျင့်ကြကုန်သော သူတို့အား ထိုအကျိုးကို ပြီးစေခြင်း၌ ချွတ်ယွင်းသည်သာလျှင် ဖြစ်လတ္တံ့၊ ထိုအကျိုးကို မပြီးစေနိုင်လတ္တံ့၊ ထို့ကြောင့် ပရမတ္ထ ဟု ဆိုခြင်းငှါ မထိုက်ဟု သိအပ် သိသင့်၏။

၁၄။ ဋီကာကျော် (နှာ- ရ၄)၌ကား-
မြတ်သော သဗ္ဗညုတဉာဏ်၏ အာရုံသည် ပရမတ် မည်၏၊ ဟူ၍လည်း မိန့်ဆိုခဲ့၏၊ ထိုစကားသည် မကောင်းချေ၊ မှန်လှပေ၏၊ ပရမ သဒ္ဒါသည် ဉာဏ်ဖြစ်သည်ကို မပြအပ်ပေ၊ အတ္တ သဒ္ဒါသည် အာရုံ၌ ထင်လည်း မထင်ဟု သိပါလေ။

အကြင်စကားကိုလည်း အနုဋီကာ၌ -
မှန်သော သစ္စာတရားသည်သာလျှင် သစ္စိက မည်၏၊ ထို သစ္စိက အနက်သည်သာလျှင် မဖောက်ပြန် သော ဉာဏ်၏ အရာ ဖြစ်သော အနက်ကြောင့် သစ္စိကဋ္ဌ မည်၏။

ဟူ၍ မိန့်တော်မူ၏၊ ထိုစကားသည် မဖောက်ပြန်သော ဉာဏ်ဖြင့် ကပ်အပ်သောကြောင့် အတ္ထမည်၏ ဟူသော အနက်ကို ပြတော်မူ၏၊ ပရမ သဒ္ဒါ၏ အနက်ကို မပြဟူ၍ သိအပ်၏။

ပရမတ္ထပုဒ် အဖွင့် ပြီးပြီ။

စိတ္တံ-ပုဒ် အဖွင့်

အာရုံယူမှု ကြံစည်မှု

စိတ္တံဟူသော ဤပုဒ်၌ ကြံတတ်သောကြောင့် စိတ်မည်၏၊ ဆက်၍ ဆိုဦးအံ့၊ ဤစကားရပ်၌ ကြံခြင်း ကြိယာ မည်သည်ကား အမြဲအာရုံကို ငဲ့ပေ၏၊ မှန်လှပေ၏၊ ထို ကြံစည်ခြင်း ကြိယာကို အာရုံနှင့် ကင်း၍ မရအပ်ပေဟု သိပါလေ၊ ထို့ကြောင့် အာရုံကို ယူခြင်း အာရုံကို ရခြင်းကိုသာလျှင် ဤအရာ၌ ကြံစည်ခြင်းဟူ၍ မှတ်အပ် မှတ်သင့်၏။

မမှားဧကန် မှန်လှပေ၏၊ ဤသို့ ဖြစ်ခဲ့သော် ဘဝင်စိတ် ဖြစ်ဆဲအခါ တွေဝေမိန်းမောဆဲ အခါတို့၌ စိတ်သည် အာရုံနှင့်ကင်း၍လည်း ဖြစ်သေး၏ဟု ဤသို့ ယူစွဲကြသည့် ပုဂ္ဂိုလ်တို့၏ အယူအစွဲကို ပယ်အပ်ပြီး ဖြစ်ခဲ့သည်။

ဆက်၍ ဆိုပါဦးအံ့၊ နိဿယပစ္စည်း အနန္တရပစ္စည်း စသည်တို့ ရှိကြပါကုန်သော်လည်း ထိုနိဿယ အနန္တရ စသော ပစ္စည်းတို့ဖြင့် ထိုစိတ်၏အမည်ကို မရမူ၍ အာရမ္မဏပစ္စည်း၏ အစွမ်းဖြင့်သာလျှင် ထိုစိတ်၏အမည်သည် ပြီး၏ဟု မှတ်ပါလေ။

စေတသိက်ရှေ့သွား စိတ်တရား

ထိုစိတ်ဖြင့် သမ္ပယုတ်တရား (စေတသိက်) များတို့သည် ကြံတတ်ကုန်သောကြောင့် စိတ်မည်၏၊ မှန်လှပေ၏၊ ထိုစိတ်သည် အာရုံကို ယူခြင်း ကိစ္စ၌ ရှေ့သွားပဓာန ဖြစ်သောကြောင့် ထိုစိတ်၌ ယှဉ်သော သမ္ပယုတ်တရားတို့သည်လည်း အာရုံကို ယူကြရကုန်သည် ရှိသော် ထိုစိတ်၏ အစွမ်း အားဖြင့်သာ ယူကြရကုန်၏ဟု သိအပ်၏။

မုချနှင့် ပရိယာယ်

တစ်နည်း ဆိုပေဦးအံ့၊ ကြံခြင်းမျှသည် စိတ်မည်၏၊ မှန်လှပေ၏၊ အလုံးစုံကုန်သော တရားတို့သည် ထိုထို အမူအရာမျှသာလျှင် ဖြစ်ကုန်၏၊ ထိုတရားတို့၌ ဒြဗ်ကိုလည်းကောင်း၊ သဏ္ဌာန်ကို လည်းကောင်း၊ ကိုယ်ထည်ကိုလည်းကောင်း မရအပ်ပေ၊ အကြောင်းနှင့်စပ်၍ ဖြစ်ခြင်းလည်း ရှိကြ ကုန်၏၊ ထိုတရားတို့သည် မိမိ၏စွမ်းအင်ဖြင့်လည်းကောင်း၊ အင်အားဖြင့်လည်းကောင်း၊ အစွမ်းဖြင့် လည်းကောင်း၊ သတ္တိဖြင့်လည်းကောင်း ဖြစ်ခြင်းငှါ မစွမ်းနိုင်ကြကုန်၊ ကြံခြင်းငှါလည်းကောင်း၊ တွေ့ထိခြင်းငှါလည်းကောင်း အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်းဟု သိမှတ်အပ်၏၊ တစ်ခဏမျှသာ တည်လေ့ရှိကုန်၏၊ တစ်ရံတစ်ခါမျှ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်၏ အလိုသို့ လိုက်ခြင်းငှါ မစွမ်းနိုင်ကုန်ဟု သိပါလေ၊ ထို့ကြောင့် ထိုတရားတို့၌ ဤကား ဒြဗ်တည်း၊ ဤကား သတ္တိတည်း၊ ဤကား အမူအရာတည်း၊ ဤသို့ ဝေဖန်ခြင်းကို မရအပ်ပေဟု မှတ်ပါလေ၊ ဤသို့သော အကြောင်း ကြောင့် အလုံးစုံသော ပရမတ္ထပုဒ်တို့၌ ဘာဝသာဓန တစ်ခုကိုသာလျှင် မုချဆတ်ဆတ် ရအပ်၏၊ ထိုမှတစ်ပါးသော ကတ္တုသာဓနကရဏသာဓန တို့ကိုကား ပရိယာယအားဖြင့်သာလျှင် ရအပ် ကုန်၏ဟု သိပါလေ။

မကွဲမပြားဘဲ ကွဲပြားသလို

ဆက်၍ ဆိုဦးအံ့၊ ဤနေရာ၌ ဒြဗ်စသည်တို့၏ အစွမ်းအားဖြင့် ကွဲပြားမှု မရှိသည့် ကြံခြင်း ကြိယာ၏ အထူးကို သိစေခြင်း အကျိုးငှါ ကွဲပြားမှုကို ကြံသည်၏ အစွမ်းဖြင့် ကွဲပြားသမှု ပြုခြင်းကို ပရိယာယစကားဟူ၍ မှတ်အပ်၏၊ ဥပမာ အဘယ်ကဲ့သို့နည်းဟုမူကား ‘ကျောက်သား၏ ကိုယ်ထည်’ ဟု ဆိုသကဲ့သို့ပေတည်း။

ထိုသို့ ဆိုဘိ ဘယ်အကျိုးရှိ

ထိုသို့ ကွဲပြားမှုကို ပြုခြင်းသည်လည်း ထိုထို အမူအရာဟု ဆိုအပ်သော ဓမ္မမှ လွတ်ကင်းသည့် (သာသနာမှ) တစ်ပါးသော တိတ္ထိတို့သည် ကြံဖန်အပ်သော ကာရက (ပြုတတ်သော ပုဂ္ဂိုလ်ရှိ၏ဟု ယူစွဲသော ကာရကဒိဋ္ဌိ) ဖြစ်သော အတ္တဇီဝသတ္တပုဂ္ဂလ၏ အချင်းခပ်သိမ်း မရှိသည်၏ အဖြစ်ကို ပြရခြင်း အကျိုးရှိ၏၊ မှန်လှပေ၏၊ အတ္တ အစရှိသည် သည် အသီးအခြားရှိခဲ့သော် မကွဲပြားသည်ကို ကွဲပြားသလို ကြံသဖြင့် အဘယ်အကျိုးရှိအံ့နည်းဟု သိပါလေ။

၁၅။ ဋီကာကျော် (နှာ- ရ၄)၌ကား-

‘‘ယုန်ချို’’ဟူသော ပြယုဂ်ကဲ့သို့ ထင်ရှားမရှိသည့် ၀တ္ထုကို ထင်ရှားကြံခြင်းကို ဆိုသကဲ့သို့ ထင်၏။

ဤဆိုလတ္တံ့သည်ကား ထိုဋီကာကျော်ဆရာ၏ အဓိပ္ပါယ်တည်း၊ တရားတို့၌ ပြုတတ်သော သူသည်လည်းကောင်း၊ ပြုစေတတ်သော သူသည် လည်းကောင်း၊ တစ်စုံတစ်ယောက်သောသူမျှ မရှိချေ၊ ထိုသို့ပင် မရှိငြားသော်လည်း လောက၌ မိမိပြဋ္ဌာန်းသည်ဖြစ်၍ ကြိယာကို ပြီးစေတတ်သော ကတ္တား မည်သည် ပြီး၏၊ ထို့ကြောင့် ကြံစည်ခြင်းကိစ္စ၌ မိမိ ပြဋ္ဌာန်းသည်၏ အဖြစ်ကိုပြခြင်း အကျိုးငှါ ထိုကတ္တား၏ အဖြစ်ကိုလည်း စိတ်၌ တင်စား၍ ကြံတတ်သောကြောင့် စိတ်ဟူ၍ ဆိုအပ်၏။

ဆက်၍ ဆိုပေဦးအံ့၊ စိတ်၏အစွမ်းဖြင့် ထိုစိတ်နှင့် ယှဉ်သည့် သမ္ပယုတ်တရားတို့၏လည်း ထိုကြံခြင်းကိစ္စ၌ ထိုစိတ်အားလျော်စွာ ဖြစ်ခြင်းကို ပြခြင်း အကျိုးငှါ တစ်ဖန် ကရိုဏ်းအဖြစ် ကိုလည်းကောင်း၊ စိတ်၌ ကတ္တားအဖြစ်ကိုလည်းကောင်း၊ ထိုသမ္ပယုတ်တရားတို့၌ တင်စား၍ ထို သမ္ပယုတ်တရားတို့၏ ကြံစည်ကြောင်း ဖြစ်သောကြောင့် စိတ် ဟူ၍ မိန့်ဆိုအပ်၏ဟု သိပါလေ။

ဆန်းကြယ်ပန်းချီ စိတ်ကြံစည်

တစ်နည်းသော်ကား ဤ စိတ္တံဟူသော ပုဒ်၌ စိတ္တ သဒ္ဒါသည် ဆန်းကြယ်သော အနက်ကို ဟော၏ဟု မှတ်ပါလေ၊ မမှားဧကန် မှန်လှပေ၏၊

ရှင်တော်မြတ်ဘုရားသည် သံယုတ်ပါဠိတော်၌-

ချစ်သားတို့၊ ဆန်းကြယ်စွာ ရေးထားအပ်သော ပန်းချီကားကို သင်ချစ်သားတို့ မြင်ဖူးကြကုန်၏လော ဟု မေးတော်မူ၏၊ အရှင်မြတ်ဘုရား၊ မြင်ဖူးကြပါ၏ ဘုရားဟု လျှောက်ကြား ကြကုန်၏၊ ချစ်သားတို့၊ ထိုဆန်းကြယ်သော ပန်းချီကားကို စိတ်ဖြင့်သာလျှင် ကြံအပ်၏၊ ချစ်သားတို့ ထိုဆန်းကြယ်သော ပန်းချီကားထက်လည်း စိတ်သည်သာလျှင် အထူးသဖြင့် ဆန်းကြယ်၏ဟု သိအပ်၏။

ချစ်သားတို့ ဤကဲ့သို့ ဆန်းကြယ်သော အကြင်တရားသဘော ရှိ၏၊ တစ်ပါးတခြားသော တစ်ခုသော အပေါင်းကိုမျှလည်း ငါဘုရား မြင်တော်မမူ၊ ဤဆန်းကြယ်သော တရားသဘောသည် အဘယ်နည်း ဟူမူကား ချစ်သားတို့ တိရစ္ဆာန် ဖြစ်ကုန်သော သတ္တဝါ တို့ပေတည်း၊ ချစ်သားတို့၊ တိရစ္ဆာန် ဖြစ်ကုန်သော ထိုသတ္တဝါတို့ကိုလည်း စိတ်သည်သာလျှင် ဆန်းကြယ်သည်ကို ပြုအပ်ကုန်၏၊ ချစ်သားတို့ တိရစ္ဆာန် ဖြစ်ကုန်သော ထိုသတ္တဝါတို့ထက်လည်း စိတ်သည်သာလျှင် အထူးသဖြင့် ဆန်းကြယ်၏ဟု သိအပ်၏။

ဤသို့ ဟောတော်မူ၏။

ထိုပါဠိတော်၌ ‘‘စရဏံနာမ စိတ္တံ’’ ဟူသည်ကား အကြင်ပန်းချီကား၌ ဆန်းကြယ်ကုန်သော နတ်ဗိမာန် အစရှိသည့် ဆန်းကြယ်သော အမှုတို့ကို ပြု၍ ဤမည် ဤမည်သော ကောင်းမှုတို့ကို ပြုကြ၍ ဤမည် ဤမည်သော ဗိမာန် တို့၌လည်း ဖြစ်ကြရကုန်၏ဟု ပြကုန်လျက် လှည့်လည်ကြ ကုန်၏၊ ထိုစရဏမည်သော ပိတ်ပုဆိုးကား ပေါင်၏ အမည်ပေတည်း။

စိတ္တေန-ဟူသော ပုဒ်သည် ပဉ္စမီအနက်၌ ကရိုဏ်းဝိဘတ်ပေတည်း၊ ယထယိဒံ-ဟူသော ပုဒ်၏ ယထာ ဣမေ-ဟူသော အနက်ကို သိအပ်၏၊ စိတ္တိကတာ-ဟူသော ပုဒ်သည်ကား ဆန်းကြယ်သည်ကို ပြုအပ်ကုန်၏ဟု ဆိုလိုသည်။

ဆန်းကြယ်ပုံ အဆင့်ဆင့်

ဆက်၍ ဆိုဦးအံ့၊ ဤစိတ် ဆန်းကြယ်သောကြောင့် တဏှာ ဆန်းကြယ်၏၊ တဏှာ ဆန်းကြယ် သောကြောင့် ကံတရား ဆန်းကြယ်၏၊ ကံတရား ဆန်းကြယ်သောကြောင့် သတ္တဝါအမျိုးမျိုးဖြစ်ရန် ယောနိဇာတိ ဆန်းကြယ်၏၊ ယောနိ ဆန်းကြယ်သောကြောင့် တိရစ္ဆာန်တို့၏ ဆန်းကြယ်သည်၏ အဖြစ်ကို သိအပ်၏၊

လက္ခဏစသည့် လေးပါး ခွဲခြားရန်

(၁) တရားတို့၏ ထိုထိုသော သဘောသည် လက္ခဏာ မည်၏။

(၂) ပြုခြင်းကိစ္စ ပြည့်စုံခြင်းတို့သည် ရသ မည်၏။

(၃)ယူအပ်သော အခြင်းအရာကိုလည်းကောင်း၊ အကျိုးကို လည်းကောင်း ပစ္စုပဋ္ဌာန် ဟူ၍ မှတ်အပ်၏။

(၄)နီးစွာသော အကြောင်းကို ပဒဋ္ဌာန်ဟု သိအပ်၏။

ထို လက္ခဏရသပစ္စုပဋ္ဌာန်ပဒဋ္ဌာန်ဟူသော တရားလေးပါး တို့သည် ထူးသော ပညာရှင်အား တရားတို့ကို ပိုင်းခြားရန် ထိုက်လှပေ၏။

စိတ်၏လက္ခဏာ စသော လေးပါး

(၁) စိတ်သည် အာရုံကို သိခြင်း လက္ခဏာ ရှိ၏။

(၂) နာမ်တရားတို့၏ ရှေ့သွားခြင်း ကိစ္စရသ ရှိ၏။

(၃)အစဉ်မပြတ် စပ်ဆက်ခြင်း ပစ္စုပဋ္ဌာန် ရှိ၏။

(၄)နာမ်ရုပ်လျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန် ရှိ၏။

စိတ္တံပုဒ် အဖွင့် ပြီးပြီ။

……….

စေတသိကံ-ပုဒ် အဖွင့်

စေတသိကံ - ဟူသော ဤပုဒ်၌ ထိုစိတ်နှင့် စပ်ဆက်၍ ဖြစ်ခြင်း ရှိသောကြောင့် စိတ်၌စွဲ၍ ဖြစ်သောကြောင့် စေတသိက် မည်၏၊ တွေ့ထိခြင်း- ဖဿ၊ ခံစားခြင်း- ဝေဒနာ စသော တရားသဘောစုကို အရကောက် ယူပါလေ။

ဆက်၍ ဆိုပေဦးအံ့၊ ဤ ‘စေတသိကံ’ ဟူသော ပုဒ်၌ ထိုစိတ်နှင့် စပ်ဆက်၍ ဖြစ်ခြင်းရှိသည်၏ အဖြစ် မည်သည်ကား စိတ်နှင့်အတူဖြစ်ခြင်း ဧကုပ္ပါဒ၏အဖြစ် အစရှိကုန်သော လက္ခဏာ လေးပါးတို့ဖြင့် စိတ်နှင့်တကွ တစ်ပေါင်းတည်း ဖြစ်သကဲ့သို့ ဖြစ်ခြင်းပေတည်း၊ ဤ စကားဖြင့် စိတ်၏ ဇာတိသည်ပင်လျှင် ဖဿ စသည်တို့၏ ဇာတိပင်တည်း၊ စိတ်၏ ဇရာသည်ပင်လျှင် ဖဿ စသည်တို့၏ ဇရာပင်တည်း၊ စိတ်၏ မရဏသည်ပင်လျှင် ဖဿ စသည်တို့၏ မရဏပင်တည်း၊ စိတ်၏ အာရုံသည်ပင်လျှင် ဖဿ စသည်တို့၏ အာရုံပင်တည်း၊ စိတ်၏ မှီရာ ၀တ္ထုသည်ပင်လျှင် ဖဿ စသည်တို့၏ မှီရာ ၀တ္ထုပင်တည်းဟု မှတ်အပ်၏။

ဖြစ်-ပျက်-မှီ-အာ တူပုံ ဥပမာ

ဥပမာဆို အဘယ်လိုနည်းဟူမူ- တစ်ခုသော အညှာဖြင့် ဖွဲ့အပ်သော ပန်းခိုင် ပန်းပြွတ်ကဲ့သို့ စိတ်နှင့် အတူတကွ တစ်ခုသော ဇာတိ အစရှိသည်ဖြင့် ဖွဲ့အပ်ကုန်သည့် ဖဿစသော တရားတို့သည် ဤအရာ၌ စေတသိက် မည်၏ဟူသော အဓိပ္ပါယ်တို့သည် ပြီးပြည့်စုံကုန်၏။

ဆက်၍ ဆိုဦးအံ့၊ ဤသို့ ဖြစ်ခဲ့သော် စိတ်သည်လည်း ဖဿစသည်တို့နှင့်တကွ ထို့အတူသာလျှင် စပ်လျက်ဖြစ်သောကြောင့် ထိုစိတ်ကိုလည်း ‘‘ဖဿ၌ ဖြစ်၏၊ ဝေဒနာ၌ ဖြစ်၏’’ စသည်ဖြင့် ဆိုသင့် ဆိုထိုက်သည် မဟုတ်ပါလော ဟု ဆိုငြားအံ့၊ မသင့်ချေဟု ဖြေဆိုအပ်၏၊ အဘယ့်ကြောင့်နည်းဟူမူ စိတ်သာလျှင် အကြီးအမှူး အဖြစ်ကြောင့်ပေတည်း၊ မှန်လှပေ၏၊ ရှင်တော်ဗုဒ္ဓသည်-

နာမက္ခန္ဓာ တရားသုံးပါးတို့သည် ဝိညာဏက္ခန္ဓာသာလျှင် ရှေ့သွားရှိကုန်၏၊ ဝိညာဏက္ခန္ဓာသာလျှင် အကြီးအမှူး ရှိကုန်၏၊ ဝိညာဏက္ခန္ဓာဖြင့် ပြီးကုန်၏၊ ဖန်ဆင်းအပ်ကုန်၏။

ဟူ၍ ဓမ္မပဒပါဠိတော်၌ ဟောတော်မူ၏။

ဆက်၍ ဆိုဦးအံ့၊ ဤဓမ္မပဒပါဠိတော်၌ ‘‘မနော မယာ’’ ဟူသည်ကား စိတ်ဖြင့်သာလျှင် ပြုအပ် ကုန်၏၊ ဖန်ဆင်းအပ်ကုန်၏၊ စိတ်၏ အမူအရာဖြစ်၍ ဖြစ်ကုန်၏၊ ဤကား မနောမယာ-ဟူသော ပုဒ်၏ အနက်ပေတည်း။

ဤပါဌ်ဖြင့် ဖဿစသော တရားတို့ကို စိတ်နှင့်ကင်းလွတ်၍ မရအပ်ကုန်ဟူသော အဓိပ္ပါယ်ကို ပြ၏၊ စိတ်သည်ကား အချို့ကုန်သော ထို စေတသိက်တရားတို့နှင့် ကင်းလွတ်၍သာလျှင် ဖြစ်နိုင်သေး၏၊ မှန်လှစွာ၏၊ ပဉ္စဝိညာဏစိတ်သည် အချို့ကုန်သော ဝိတက်စသော ထိုတရားတို့နှင့် ကင်းလွတ်၍ ဖြစ်သေး၏ဟု သိပါလေ၊ ထို့ကြောင့် ထိုစေတသိက်တို့၏သာလျှင် ထိုစိတ်နှင့်စပ်၍ ဖြစ်ခြင်းရှိသည်ကို ဆိုသင့် ဆိုထိုက်၏၊ စိတ်၏ ထိုစေတသိက်နှင့် စပ်၍ဖြစ်ခြင်း ရှိသည်ကို မဆိုသင့် မဆိုထိုက်ဟု သိအပ်၏။

၁၆။ ဋီကာကျော် (နှာ- ရ၅)၌ကား-

တူသောအာရုံ ရှိသည်၏အဖြစ်မျှဖြင့် ထိုစေတသိက်တို့၏ စိတ်နှင့်စပ်ဆက်၍ ဖြစ်ခြင်းရှိသည်၏ အဖြစ်ကိုလည်းကောင်း စေတသိက်၏ အဖြစ်ကိုလည်းကောင်း ထင်စွာပြ၏။

ထိုစကားသည် မကောင်းချေ၊ မှန်လှစွာ၏၊ တူသောအာရုံ ရှိကာမျှဖြင့် စေတသိက်မည်သည် မဖြစ်နိုင်ဟု သိပါလေ။

စိတ်နှင့်စေတသိက် ရေနှင့်အဆင်း

ဆက်၍ ဆိုဦးအံ့၊ ဤအရာတွင် လောက၌ အထူးထူးသော အဆင်းရောင်ရှိသည့် ဆေးရောင်တို့ကို ရေ၌သွေး၍ (ဖျော်၍) ပန်းချီ ကားချပ်၌ အထူးထူးသော ပန်းချီဆေးရေးအမှုတို့ကို ပြုကြကုန်၏၊ ထိုသို့ ပြုကြရာ၌ ပိတ်ကားပြင်၌ ပျံ့နှံ့ခြင်း ဖွဲ့စပ်ငြိကပ်ခြင်းသည် ရေ၏ကိစ္စသာတည်း၊ ဆေးရောင် အဆင်းဓာတ်တို့၏ ကိစ္စမဟုတ်၊ အထူးထူးသော အဆင်းသဏ္ဌာန် ထင်ပေါ်ခြင်းသည် ဆေးရောင် အဆင်းဓာတ်တို့၏ ကိစ္စသာတည်း၊ ရေ၏ကိစ္စမဟုတ်။

ထိုဥပမာ၌ ကားချပ်သည် အာရုံနှင့်တူ၏ဟု မှတ်၊ ရေသည် စိတ်နှင့် တူ၏ဟု မှတ်၊ အထူးထူးသော ဆေးရောင်အဆင်းတို့သည် စေတသိက်နှင့် တူ၏ဟု မှတ်ပါလေ။

စေတသိကံ ပုဒ်အဖွင့် ပြီးပြီ။

………

ရူပံ-ပုဒ် အဖွင့်

ရူပံ-ဟူသော ဤပုဒ်၌ ဖောက်ပြန်တတ်သောကြောင့် ရုပ်မည်၏၊ အအေးအပူစသော ဆန့်ကျင်ဘက် အကြောင်းတို့ကြောင့် ဖောက်ပြန်ခြင်းသို့ ရောက်၏။

တစ်နည်းကား- ထိုအအေးအပူစသော ဆန့်ကျင်ဘက် အကြောင်းတို့သည် ဖောက်ပြန်ခြင်းသို့ ရောက်စေအပ်၏၊ ဤသည်ကား ရုပ်၏ အနက်အဓိပ္ပါယ်တည်း၊ ရှင်တော်ဗုဒ္ဓသည်လည်း-

ရဟန်းတို့ ဖောက်ပြန်တတ်၏၊ ထို့ကြောင့် ရုပ်ဟူ၍ ဆိုအပ်၏၊ အဘယ် အကြောင်းကြောင့် ဖောက်ပြန်တတ်သနည်း၊ အအေးကြောင့်လည်း ဖောက်ပြန်တတ်၏၊ အပူကြောင့်လည်း ဖောက်ပြန် တတ်၏၊ ဆာလောင်ခြင်းကြောင့်လည်း ဖောက်ပြန်တတ်၏၊ မွတ်သိပ်ခြင်းကြောင့်လည်း ဖောက်ပြန် တတ်၏၊ ခြင် မှက် လေ နေပူ မြွေ ကင်း သန်းတို့၏ အတွေ့ကြောင့်လည်း ဖောက်ပြန်တတ်၏။

ဟူ၍ ခန္ဓဝဂ္ဂသံယုတ် ပါဠိတော်၌ ဟောတော်မူခဲ့ပေသည်။ သာဓကတစ်ခု ဆက်၍ ဆိုဦးအံ့၊ ဖောက်ပြန်တတ်၏ ဟူသည်ကား-

ဖောက်ပြန်တတ်၏၊ ချောက်ချားတတ်၏၊ ထိပါးအပ်၏၊ နှိပ်စက်အပ်၏၊ ပျက်ကွဲတတ်၏။ ဟူ၍လည်း မဟာနိဒ္ဒေသပါဠိတော်၌ ဟောတော်မူခဲ့ပေသည်။

ဤဆိုလတ္တံ့သည်ကား ဤဖောက်ပြန်၏ ဟူသော ပုဒ်၏ အပေါင်းဖြစ်သော အနက်ပေတည်း၊ အကြင်တရားတို့သည် ရှည်မြင့်စွာလည်း တည်ကြကုန်၏၊ ထိပါးခြင်း သဘောလည်း ရှိကြကုန်၏၊ ထိုတရားတို့၏သာလျှင် ဌီခဏတို့၌ ဆန့်ကျင်ဘက် အကြောင်းတို့နှင့် ပေါင်းဆုံသည် မည်၏၊ နည်းသောခဏ ရှိကုန်သော ထိပါးခြင်းသဘော မရှိကုန်သော တစ်ပါးကုန်သော တရားတို့၏ ဆန့်ကျင်ဘက်အကြောင်းတို့နှင့် ပေါင်းဆုံခြင်းမည်သည် မဖြစ်ဟု သိအပ်၏။

မှန်လှပေ၏၊ ထိပါးခြင်း သဘော မရှိကြသည့် ထိုသုခုမရုပ်တို့၏လည်း အပ၌ အအေးစသည်တို့နှင့် ပေါင်းဆုံခြင်းမည်သည် မရှိချေ၊ နည်းသောခဏ ရှိကြ- ထိပါးခြင်းသဘော မရှိကြသည့် ထိုနာမ် တရားတို့၏ အအေးစသည်တို့နှင့် ပေါင်းဆုံခြင်းမည်သည် အဘယ်မှာ ရှိနိုင်ပါအံ့နည်းဟု သိပါလေ။

သုခုမရုပ်များ ဖောက်ပြန်မှုမရှိသလော

ဆိုအပ်ခဲ့ပြီးသော စကားသည် အကယ်၍ ဖြစ်ခဲ့ငြားအံ့၊ သုခုမရုပ်တို့၏ ရုပ်မဟုတ်သည်၏ အဖြစ်သို့ ရောက်ရာသည် မဟုတ်ပါလော၊ ဤကား စောဒနာစကားပေတည်း၊ မဖြစ်နိုင် မရောက်နိုင်ပေ၊ အဘယ့်ကြောင့်နည်း ဟူမူကား- သြဠာရိကရုပ်တို့နှင့် တူမျှသော အလားရှိသည်၏ အဖြစ်ကြောင့် ပေတည်း။

ချဲ့၍ ဆိုပေဦးအံ့၊ ထိုသုခုမရုပ်တို့သည် သြဠာရိကရုပ်တို့၏ ဖောက်ပြန်ကုန်သည်ရှိသော် ဖောက်ပြန်ကြကုန်သည် သာလျှင်တည်းဟု သိအပ်၏၊ ပေါင်းဆုံခြင်း မည်သည်ကား ထင်ခြင်းသို့ ရောက်ခြင်းကိုလည်းကောင်း၊ အာရုံပြုခြင်းကိုလည်းကောင်း၊ ခြွင်းချန်ထား၍ အချင်းချင်း ဆန့်ကျင် ကြကုန်သော ဌီသို့ရောက်ကြသည့် သြဠာရိကရုပ်တို့၏ လည်းကောင်း၊ မဟာဘုတ်တို့၏သာလျှင် လည်းကောင်း၊ အချင်းချင်း ထိခိုက်ခြင်းကို ဆိုအပ်၏၊ မှန်လှပေ၏။

ဖောက်ပြန်တတ်၏၊ ပျက်စီးတတ်၏၊ ထိပါးတတ်၏၊ နှိပ်စက်အပ်၏။

ဟု မဟာနိဒ္ဒေသပါဠိတော်၌ ဟောတော်မူအပ်၏၊ ဖောက်ပြန်ခြင်း မည်သည်ကား သူတစ်ပါးတို့၏ စစ်သည်တို့ တိုက်ခိုက်ခြင်းကြောင့် တိုင်းပြည်အတွင်း ချောက်ချားခြင်းကဲ့သို့ ကလာပ်တစ်ပါး၌ တည်ကြသည့် ဓာတ်တို့၏ ချောက်ချားခြင်းကို လည်းကောင်း ဖောက်ပြန်ခြင်းကို လည်းကောင်း ဆိုအပ်၏။

မှန်လှပေ၏၊ ‘‘ချောက်ချားတတ်၏ ပျက်ကွဲတတ်၏’’ဟူ၍ မဟာနိဒ္ဒေသပါဠိတော်၌ပင် ဟောတော် မူအပ်၏၊ ဆက်၍ ဆိုဦးအံ့၊ ဤ ပါဠိတော်၌ ‘ကုပ္ပတိ’ ဟူသည်ကား ချောက်ချားခြင်း တုန်လှုပ်ခြင်း ပေတည်း၊ ‘ဘိဇ္ဇတိ’ဟူသည်ကား ဖောက်ပြန်ခြင်းသို့ ရောက်ခြင်းပေတည်း။

ဆန့်ကျင်ဘက်ဖြစ်သော အကြောင်းတို့၏ ပေါင်းဆုံမှုကို ရကြသော အခါမှစ၍ မိမိသည်လည်း ဖောက်ပြန်ခြင်းသို့ ရောက်ကြကုန်၏၊ ယုတ်ညံ့သော ရုပ်အစဉ် လွန်ကဲသော ရုပ်အစဉ်တို့ ဖြစ်ခြင်း၏ အကြောင်း အဖြစ်သို့လည်း ရောက်ကြကုန်၏၊ ဤကား သြဠာရိကရုပ် သုခုမရုပ်တို့၏ ဖောက်ပြန်ကြ ရပုံ အဓိပ္ပါယ်တည်း။

တစ်နည်းဆိုဦးအံ့၊ ဤနေရာ၌ ဖောက်ပြန်မှုသည်-

၁။ ၀ဍ္ဎနပက္ခ = တိုးတက် ပွားများခြင်းအဖို့၊
၂။ ဟာယနပက္ခ = ဆုတ်ယုတ် လျော့ကျခြင်းအဖို့၊

ဤသို့အားဖြင့် နှစ်မျိုး နှစ်စား ရှိ၏၊ ထိုနှစ်မျိုး နှစ်စားလုံးသည်လည်း ကမ္ဘာပျက်ရာ၊ ကမ္ဘာတည်ရာ အထူးထူးသော အာယုကပ်၊ အထူးထူးသော နှစ်၊ အထူးထူးသော ဥတု၊ အထူးထူးသော လ၊ အထူးထူးသော ညဉ့် နေ့ စသည်တို့ ပြောင်းလဲ ပြန်လှန်ရာတို့၌ ထင်ရှား လှစွာ၏။

အဘယ့်ကြောင့်နည်း- ရုပ်ဟူသော အမည်သည် ထိခိုက်ခြင်း၏ အစွမ်းအားဖြင့် ဖောက်ပြန် တတ်သည့် တရားတို့သာလျှင် ပြီးစီးပါသလောဟု မေးမူ၊ ထိုရုပ်တရားတို့ သာလျှင် အထည်ဒြဗ် ရှိသည်၏ အဖြစ်ကြောင့်ပေတည်းဟု ဖြေဆိုရာ၏၊ ချဲ့၍ ဆိုဦးအံ့၊ ရုပ်တရားတို့သည် လုံးလုံး လျောင်းလျောင်း ပေါင်း၍ တည်ဟန်သဏ္ဎာန် ပုံပန်းအဖြစ်သို့ ရောက်နိုင်သောကြောင့် အကောင် အထည် ဒြဗ်သဏ္ဌာန် ရှိကြကုန်၏၊ ထို့ကြောင့် ထိုရုပ်တရားတို့၏သာလျှင် ဖောက်ပြန်ခြင်းသည် မျက်မှောက်ထင်ထင်အားဖြင့် လူအပေါင်းအား ထင်ရှားလှစွာ၏၊ ထိုသို့ ထင်ရှားသောကြောင့် ထိုဖောက်ပြန်ခြင်းရှိသည့် ရုပ်တရားတို့၌သာလျှင် ရုပ်ဟူသောအမည် ပြီးစီး၏ဟု မှတ်ပါလေ။

ဖောက်ပြန်မှုကား မထင်ရှား နာမ်ကား ရုပ်မမည်

နာမ်တရားတို့သည်ကား အကောင်အထည် ဒြဗ်သဏ္ဌာန် မရှိကောင်းသောကြောင့် နာမ်တရားတို့၏ ဖောက်ပြန်ခြင်းသည် မျက်မှောက် အားဖြင့် လူအပေါင်းအား မထင်ရှားပေ၊ ထိုရုပ်တရားတို့ ဖောက်ပြန်သော အခြင်းအရာကို မြင်၍ ကြား၍ မေးမြန်း၍သာလျှင် နာမ်တရားတို့၏ ဖောက်ပြန် မှုကို သူတစ်ပါးစိတ်ကို သိသည့် ပရစိတ္တဝိဒူပုဂ္ဂိုလ်ကို ကြဉ်ပယ်၍ လူအပေါင်းသည် သိရ၏ဟု သိမှတ်အပ်၏၊ ထို့ကြောင့် နာမ်တရားတို့၏ ရုပ်အဖြစ်သို့ မရောက်နိုင် ဟု သိပါလေ။

၁ရ။ ဋီကာကျော် (နှာ- ရ၅) ၌ကား -

ထိုနာမ်တရားတို့၏ ရုပ်၏အဖြစ်သို့ ရောက်ခြင်း၌ လျဉ်းပါးခြင်းကို သီတ အစရှိသော သဒ္ဒါ၏ သာမတ္ထိယအားဖြင့် နစ်စေအပ်၏။

ထိုသို့ပင် နစ်စေငြားသော်လည်း ဝေါဟာရ မည်သည်ကား လောကီ လူတို့ ခေါ်ဝေါ်ခြင်းနှင့် ကင်း၍ မပြီးနိုင်၊ လောကီလူတို့ ခေါ်ဝေါ်ခြင်း မည်သည်လည်း ထင်ရှားသော နိမိတ်၏ အစွမ်းအားဖြင့် သာလျှင်ဖြစ်သောကြောင့် ဤရုပ္ပန - ဖောက်ပြန်မှု အရာ၌ သီတစသော သဒ္ဒါနှင့် ကင်း၍လည်း ထို နာမ်တရားတို့၏ ရုပ်အဖြစ်၌ လျဉ်းပါးခြင်းမှ နစ်ခြင်းသည် လောကအားဖြင်သာ ပြီး၏ဟု မှတ်အပ်၏။

ဗြဟ္မာ့ဘုံကြော ရုပ်သဘော

ဆက်၍ ဆိုဦးအံ့၊ ဗြဟ္မာ့ပြည်၌ ဗြဟ္မာတို့၏ ကိုယ်၏ ဖောက်ပြန်ခြင်း နှုတ် ဖောက်ပြန်ခြင်း တို့သည် လည်းကောင်း တန်ခိုး ဖန်ဆင်းခြင်း၏ အစွမ်းဖြင့် ဖြစ်ကုန်သော အထူးထူးသော ရုပ်တို့၏ ဖောက်ပြန်ခြင်း တို့သည်လည်းကောင်း ထင်ကုန်သည်သာလျှင်တည်း။

ထိုဖောက်ပြန်ခြင်းတို့သည်လည်း တစ်ခုသော ပရိယာယ်အားဖြင့် ဖောက်ပြန်သော အခြင်းအရာတို့ မည်ကုန်သည်သာ ဖြစ်သောကြောင့် ထိုဖောက်ပြန်ခြင်းတို့၏ အစွမ်းအားဖြင့် ထိုဗြဟ္မာ့ဘုံ၌ ရုပ်တို့၏ ရုပ်အဖြစ် ပြီးစီးခြင်း ဖြစ်၏ဟု သိအပ်၏။

နောက်တစ်နည်းကား- မိမိ၏သဘောအားဖြင့် ထင်ရှားတတ်သောကြောင့် ရုပ်မည်၏၊ မှန်လှစွာ၏၊ နာမ်တရားတို့သည် မိမိသဘောအားဖြင့် မထင်ရှားကြကုန်၊ ရုပ်ကို မှီကုန်သဖြင့်သာလျှင် ထင်ရှားလှ ပေ၏၊ ပဉ္စဝိညာဉ် တို့ဖြင့်လည်း ယူအပ်၏ဟု သိပါလေ၊ ဤသို့သော အနက်သဘော ရှိခဲ့သော် ဗြဟ္မာ့ပြည်၌ ရုပ်တို့၏လည်း အဖြောင့်အားဖြင့်သာလျှင် ရုပ်၏အဖြစ် ပြီးစီး၏ဟု သိအပ်၏။

၁၈။ ဋီကာကျော် (နှာ- ရ၅)၌ကား-

ချီးမြှောက်တတ်ကုန်သည့် သီတ စသည်တို့၏ အစွမ်းအားဖြင့် လည်းကောင်း ထိုဖောက်ပြန်ခြင်း သဘောကို မလွန်ဆန်နိုင်သည်၏ အစွမ်းအားဖြင့် လည်းကောင်း ထိုဗြဟ္မာ့ဘုံ၌ ရုပ်၏အဖြစ် ပြီးစီးခြင်းကို ထင်စွာ ပြအပ်၏။

ထိုသို့ပင် ထင်ရှားစွာ ပြသော်လည်း ‘‘သီတေနာပိ ဥဏှေနာပိ’’ စသော စကားသည် ဥဒါဟရုဏ်မျှသာ ဖြစ်၍ ဖြစ်၏၊ အဘယ့်ကြောင့်နည်းဟုမေးမူ ကံ စိတ် အာဟာရတို့၏ အစွမ်းအားဖြင့် ရုပ် ဖြစ်သင့်သောကြောင့်ပေတည်းဟု ဖြေဆိုရာ၏။

မှန်လှပေ၏၊ ထို့ကြောင့်သာလျှင် သညာ ဝိညာဉ်တို့ကိုလည်း ရူပါရုံ ရသာရုံတို့ဖြင့်သာ ပါဠိတော်၌ ညွှန်ပြအပ်ကုန်၏၊ ထင်ရှား ဧကန် မှန်လှပေ၏၊ သညာသည် ရူပါရုံကိုသာလျှင် သိသည် မဟုတ်၊ (အညို- အရွှေ စသည်ကိုလည်း သိသေး၏ဟူလို)၊ ဝိညာဉ်သည် ရသာရုံကိုသာလျှင် သိသည် မဟုတ်ဟု သိပါလေ၊ (အချို-အချဉ် စသည်ကိုလည်း သိသေး၏ဟူလို)၊ ထို့ကြောင့် သီတ အစရှိသည့် သဒ္ဒါကို မလွှတ်မူ၍သာလျှင် ထိုဗြဟ္မာ့ဘုံ၌ ရုပ်၏အဖြစ် ပြီးစီးခြင်းကို ထင်စွာ ပြသဖြင့် အကျိုးမရှိဟု သိသင့် သိထိုက်ပေ၏။

ရူပံပုဒ်အဖွင့် ပြီး၏

နိဗ္ဗာနံ-ပုဒ် အဖွင့်

ငြိမ်းအေး ပူပန် မြတ်နိဗ္ဗာန်

နိဗ္ဗာနံ - ဟူသော ဤပုဒ်ကို ထိုနိဗ္ဗာန်၌ အလုံးစုံသော ဝဋ်ဆင်းရဲဟူသော ပူပန်ခြင်းတို့ ငြိမ်းအေး ကုန်၏၊ ထို့ကြောင့် နိဗ္ဗာန် မည်၏၊ ငြိမ်းကုန်၏ ဟူသည်ကား- မပွားစေအပ်သည့် မဂ်ရှိသော ပုဂ္ဂိုလ် (မဂ်မရသေးသည့် ပုဂ္ဂိုလ်)အား နောင်အခါ၌ ဖြစ်ထိုက်သောအဖို့၌ တည်ကြသည့် ကိလေသာနှင့် ခန္ဓာတို့သည်သာလျှင် ပွားစေအပ် ပြီးသော မဂ်ရှိသော ပုဂ္ဂိုလ် (မဂ်ရပြီးသော ပုဂ္ဂိလ်)အား ဖြစ်ထိုက် သော အဖို့သို့ မရောက်ကြကုန်၊ ဤကား ‘‘ငြိမ်းကုန်၏’’ ဟူသော စကား၏ လိုရင်းအဓိပ္ပါယ် အနက်ပေတည်း။

သုံးတန်ကာလ ငြိမ်းမရ

မှန်လှစွာ၏၊ ခဏသုံးပါးသို့ရောက်၍ ချုပ်ကုန်ပြီးသည့် တရားတို့သည် ငြိမ်းသည် မမည်ကုန်၊ ပစ္စုပ္ပန် ဖြစ်ဆဲတရားတို့၌ လည်းကောင်း နောင်အခါ မချွတ်ဖြစ်လတံ့သော အနာဂတ်တရားတို့၌ လည်း ကောင်း ဆိုဖွယ်တစိ မရှိတော့ပြီဟု သိပါလေ။

ဝဋ်ဆင်းရဲဟူသော ပူပန်ခြင်း- ဟူသည်ကား ကိလေသဝဋ်ကမ္မဝဋ်ဝိပါကဝဋ် တည်းဟူသော ဆင်းရဲပူပန်ခြင်းတို့ပေတည်း၊ ဟုတ်မှန်လှစွာ၏၊ ဝဋ်သုံးပါးတည်းဟူသော ပူပန်ခြင်းမှ ကင်းကြသည့် သစ်ပင် စသည်သည် နိဗ္ဗာန် မမည်ဟု သိအပ် သိသင့်၏။

ထိုနိဗ္ဗာန်၌ ဟူသည်ကား- ဝိသယာဓာရအနက်၌ သတ္တမိဝိဘတ်တည်း၊ ဥပမာအဘယ်သို့နည်း- ‘‘ကောင်းကင်၌ ငှက်တို့သည် ပျံသွားကြကုန်၏’’ ဟူသကဲ့သို့ပေတည်း၊ မှန်လှစွာ၏၊ ထိုနိဗ္ဗာန်မှ လွတ်သော ဆင်းရဲ ပူပန်ခြင်းတို့၏ ငြိမ်းအေးရာဖြစ်သည့် တစ်ပါးသော အရပ် မည်သည် စိုးစဉ်းမျှ မရှိချေ။

တစ်နည်းကား- ထိုနိဗ္ဗာန်၌ အရိယာ သူတော်ကောင်းတို့သည် ဝဋ်ဇာတ်ရုပ်သိမ်း ချုပ်ငြိမ်း ချမ်းသာကြကုန်၏၊ ထို့ကြောင့် နိဗ္ဗာန်မည်၏၊ မမှားဧကန် မှန်လှစွာ၏။

ဤဆီမီးသည် ငြိမ်းချုပ်လေသကဲ့သို့ ပညာရှိ ရဟန္တာတို့သည် တစ်ဖန် ပဋိသန္ဓေ မနေရသောအားဖြင့် ငြိမ်းအေးကြကုန်၏။

ဟူ၍ ရှင်တော်မြတ်ဘုရားသည် ခုဒ္ဒကပါဌပါဠိတော်၌ ဟောတော်မူအပ်ပေ၏။

ချုပ်ငြိမ်းချမ်းသာကြကုန်၏ - ဟူသည်ကား ထိုထိုကိလေသာတို့ လည်းကောင်း ခန္ဓာတို့၏ လည်း ကောင်း မရှိခြင်း မဖြစ်ခြင်း နောက်တစ်ဖန် ပဋိသန္ဓေ မနေရခြင်းသို့ ရောက်ကြရကုန်၏၊ ဤကား ဆိုလိုသော အဓိပ္ပါယ်အနက်ပေတည်း၊ ထိုနိဗ္ဗာန်၌ - ဟူသည်ကား ဝိသယာ ဓာရအနက်၌ သာလျှင် သတ္တမိဝိဘတ်တည်း၊ ဧကသ္မိံ အဓိဂတေ = ထိုနိဗ္ဗာန်ကို ရအပ်သည် ရှိသော်ဟူ၍လည်း အနက် ယောဇနာကြကုန်၏။

၁၈။ ဋီကာဟောင်းနှင့် ဋီကာကျော် (နှာ- ရ၅) တို့၌ကား-

ဘဝငယ် ဘဝကြီး ဖွဲ့တတ် ချုပ်တတ်သောကြောင့် တဏှာကို ဝါန- ဟု ဆိုအပ်၏၊ ထိုဝါန မည်သော တဏှာမှ ထွက်မြောက်တတ်သောကြောင့် နိဗ္ဗာန် မည်၏။

ဟု မိန့်ဆိုအပ်၏။

၁၉။ ဋီကာကျော် (နှာ- ရ၅)၌ကား-

ဤနိဗ္ဗာန်ဖြင့် ရာဂမီး အစရှိသော တစ်ဆယ့်တစ်ပါးသော မီးသည် ငြိမ်းတတ်၏၊ ဤသို့ မီးငြိမ်းရာ ဖြစ်သောကြောင့် နိဗ္ဗာန် မည်၏။

ဟူ၍လည်း မိန့်ဆိုအပ်၏၊ ထိုစကားသည် မကောင်းချေ။

မှန်လှစွာ၏၊ မဂ်၌ကဲ့သို့ နိဗ္ဗာန်၌ တစ်စုံတစ်ခုသော ကျမ်းဂန်တို့တွင် ကရဏသာဓနကို မမြင်စဖူး၊ နိဗ္ဗာန်ကို ငြိမ်းအေးခြင်း ကြိယာကို ပြီးစေရာ၌ ရာဂစသော ကတ္တား၏ တကွပြုလေ့ရှိသော အကြောင်းလည်း မဖြစ်သင့်ချေဟု သိအပ်၏။

နိဗ္ဗာနံပုဒ် အဖွင့် ပြီးပြီ။

ဒုတိယဂါထာ၏ မြတ်သော အနက်ကို ပြကြောင်း ဖြစ်သော စကားသည် ပြီးဆုံးပြီ။

၁- စိတ်ပိုင်းအဖွင့်

ဘုံးလေးပါး၌ဖြစ်သော တရားလေးပါး

ယခုအခါ ဥဒ္ဒေသ အစဉ်အားဖြင့် စိတ်ကို ရှေးဦးစွာ ထုတ်ပြလိုသော အရှင်အနုရုဒ္ဓါဆရာသည် ‘‘တတ္ထ စိတ္တံ တာဝ’’ စသော စကားကို မိန့်တော်မူ၏။

တတ္ထ - ဟူသည်ကား ထိုလေးပါးသော အဘိဓမ္မတ္ထ တို့တွင်ဟု ဆိုလိုပေသည်၊ တာဝ - ဟူသည်ကား ရှေးဦးစွာဟူသော အနက်ကို ဟော၏။

အကြင်စိတ်အား လေးပါးအပြား ရှိကုန်၏၊ ထို့ကြောင့် ထိုစိတ် သည် စတုဗ္ဗိဓ မည်၏။

ကာမာဝစရံ-ပုဒ် အဖွင့်

ကာမာဝစရံ-ဟူသော ဤပုဒ်၌ အလိုရှိအပ် (နှစ်သက်အပ်)သောကြောင့် ကာမ မည်၏၊ တစ်နည်း ကား- ဤကာမဘုံ၌ သတ္တဝါတို့သည် အလိုရှိကြကုန်၏၊ မခွာအပ်သေးသော ကာမရာဂ ရှိသည်၏ အဖြစ်ကြောင့် ကာမတည်းဟူသော မွေ့လျော်ခြင်းဖြင့်သာလျှင် မွေ့လျော်ကြကုန်၏၊ အထက်ဖြစ် သော (ဗြဟ္မာ့) ဘုံတို့၌ကဲ့သို့ ဈာန် တည်းဟူသော မွေ့လျော်ခြင်းဖြင့် မမွေ့လျော်နိုင်ကြကုန် သောကြောင့် ကာမ မည်၏၊ ကာမ တစ်ဆယ့်တစ်ဘုံကို ရအပ်၏။

မေးဖြေတစ်ချက် စကားဆက်

မေးဖွယ်တစ်ချက် ဆက်၍ ဆိုပေဦးအံ့၊ ဤကာမဘုံ၌ ဈာနလာဘီ (ဈာန်ရ) ပုဂ္ဂိုလ်တို့လည်း ရှိကြသည် မဟုတ်ကုန်လော၊ ဤကား စောဒနာ (အမေး) စကားတစ်ရပ် တည်း၊ မရှိသည်ကား မဟုတ်ကုန်၊ ရှိကြကုန်သည် သာလျှင်တည်း၊ ထိုသို့ပင် ရှိကြကုန်သော်လည်း ထိုဈာနလာဘီ (ဈာန်ရ) ပုဂ္ဂိုလ်တို့သည်ကား တစ်ရံတစ်ခါသာလျှင် ရှိကြကုန်သောကြောင့် ဤဝိဂြိုလ်၌ အပြစ်မရှိပေ။

အောက်ငရဲဘုံ နှစ်သက်ပုံ

အဝီစိငရဲ စသည်တို့သည် အဘယ်သို့လျှင် အလိုရှိအပ် (နှစ်သက်အပ်)ကုန်သနည်း၊ ထိုအဝီစိငရဲ စသည်တို့၌ သတ္တဝါတို့သည် ကာမတည်း ဟူသော မွေ့လျော်ခြင်းဖြင့် အဘယ်သို့လျှင် မွေ့လျော်ကြ ကုန်သနည်း၊ ဤကား အမေးစကား တစ်ရပ်တည်း။

ဂတိနိမိတ်ကို သာယာသည်၏ အစွမ်းအားဖြင့်လည်းကောင်း ဘဝနိကန္တိ၏ အစွမ်းဖြင့်လည်းကောင်း မွေ့လျော်ကြကုန်၏၊ ဤကား အဖြေစကားတည်း။

ထိုစကားသည် မှန်လှစွာ၏၊ သေခါနီးကာလတွင် ထင်လာကုန်သော ငရဲမီးလျှံတို့သည် ရွှေအဆင်းတို့ကဲ့သို့ ထင်ကုန်၏၊ တစ်ဆင့် စကား ကြားဖူးသည်ကား-

မိစ္ဆာဒိဋ္ဌိ အယူရှိသော ပုဏ္ထား တစ်ယောက်သည် သေရာညောင်စောင်း၌ လျောင်းအိပ်နေ၏၊ ထို ပုဏ္ထား၏ ဆရာပုဏ္ထားတို့သည် အနီး၌ တည်နေကုန်၍ ‘‘အို-အချင်း ဗြဟ္မာ့ပြည်သို့ သွားပါလော့’’ ဟု ဆိုကြကုန်၏၊ ထိုပုဏ္ထားကား အဝီစိငရဲ၌ မီးလျှံတို့သည် ထင်ကုန်၏၊ ထိုအခါ ထိုပုဏ္ထားသည် ‘‘အို- ဆရာတို့ ရွှေအဆင်းကဲ့သို့သော အဆင်းတို့သည် ထင်ကုန်၏’’ဟု ဆို၏၊ ‘‘အို-အချင်း ဤသည်ကား ဗြဟ္မာ့ပြည်တည်း၊ ထိုဗြဟ္မာ့ပြည်သို့ သွားပါလော့’’ဟု ဆိုကြကုန်၏၊ ထိုပုဏ္ထား သည် သေပြီးနောက် အဝီစိငရဲ၌ ဖြစ်ရ၏၊ ဤသို့ ဂတိနိမိတ်ကို သာယာသည်၏အစွမ်းအားဖြင့် ထိုအဝီစိငရဲ စသည်တို့ကို အလိုရှိအပ်ကုန်၏။

ထိုအဝီစိငရဲ၌ ဖြစ်ကုန်သော သတ္တဝါတို့အားလည်း ဘဝနိကန္တိမည်သည် ဖြစ်၏ဟု သိအပ်၏၊ ဆိုဖွယ် အထူးကား ထိုအဝီစိငရဲ၌ ဖြစ်ကုန်သော သူတို့သည် မပယ်ခွာအပ်သေးသော ကာမရာဂ ရှိကြကုန် သည်သာလျှင်တည်း၊ အခွင့်ရခဲ့သည်ရှိသော် ကာမဂုဏ် တည်းဟူသော မွေ့လျော်ခြင်းဖြင့် မွေ့လျော် ကြကုန်လတ္တံ့သည်သာတည်းဟု သိထိုက်၏။

ထိုကာမဘုံ၌ ကျင်လည်တတ်သောကြောင့် ကာမာဝစရ မည်၏၊ ဆက်၍ ဆိုဦးအံ့၊ ဤဝိဂြိုဟ်၌ အဝစရတိ- ဟူသော ပုဒ်၌ ဥပ္ပဇ္ဇတိ - (ဖြစ်၏)ဟူသော အနက်ကို မယူအပ်ပေ၊ ထိုစကားသည် မှန်လှ စွာ၏၊ ထို (ဥပ္ပဇ္ဇတိ-ဖြစ်၏) အနက်သည် ပါဠိတော်နှင့်လည်း မညီချေ၊ အထူးထူးသော အပြစ် နှင့်လည်း ယှဉ်၏ဟု သိအပ်ပေ၏၊ ထိုစကားသည်လည်း ဟုတ်မှန်လှပေ၏။

ဤအဝီစိငရဲနှင့် ပရနိမ္မိတဝသဝတ္တိ နှစ်ဘုံတို့ အကြား၌ ကျင်လည်ကုန် အကျုံးဝင်ကုန်သော ခန္ဓာ ဓာတ် အာယတန ဟု ဆိုအပ်ကုန်သော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် တရားသည် ရှိ၏။

ဟူ၍ ဓမ္မသင်္ဂဏီ ဝိဘင်္ဂ ပါဠိတော်တို့၌ ဟောတော်မူ၏၊ ဆက်၍ ဆိုဦးအံ့၊ ဤ၌ အဝစရတိ-ဟူသောပုဒ်၌ ထိုဥပ္ပဇ္ဇတိ (ဖြစ်၏)ဟူသော အနက်ကို အကယ်၍ အလိုရှိအပ်ငြားအံ့၊ ‘‘ဤအဝီစိငရဲနှင့် ပရနိမ္မိတဝသဝတ္တိ နှစ်ဘုံတို့၏အကြား၌ ကျင်လည်ကုန် ဖြစ်ကုန်သော’’ ဟူ၍ ဟောတော်မူခဲ့ရာ၏၊ ဤသို့ကား ဟောတော်မမူခဲ့ပေ၊ ပရိယာပန္န (အကျုံးဝင်ခြင်း) သဒ္ဒါသည် ဥပ္ပန္န (ဖြစ်ခြင်း) သဒ္ဒါနှင့် တူသော အနက်ရှိ၏ဟု ဆိုခြင်းငှါလည်း မတတ်ကောင်းချေ။

ဖြစ်ခြင်း အနက်တွင် အပြစ်ထင်

ထိုစကားသည် ထင်ရှားဧကန် မှန်လှပေ၏၊ လောကုတ္တရာစိတ်တို့သည် ဘုံသုံးပါးတို့၌ ဖြစ်ကုန်ငြား သော်လည်း ထိုဖြစ်ရာဘုံတို့၌ အကျုံးမဝင်ကုန်သည် သာလျှင်တည်းဟု သိမှတ်ပါလေ၊ ဤသို့ ရှေးဦးစွာ ပါဠိတော်နှင့် မညီဟု သိမှတ်အပ်၏။

ဆက်၍ ဆိုဦးအံ့၊ ထိုဥပ္ပဇ္ဇတိ (ဖြစ်၏)ဟူသော အနက်ကို ယူအပ်သည်ဖြစ်ခဲ့ငြားအံ့၊ ထိုကာမဘုံ၌ ဖြစ်ကုန်သော မဟဂ္ဂုတ် လောကုတ္တရာ တရားတို့၏လည်း ကာမာဝစရ အဖြစ်သို့ရောက်ခြင်း အပြစ် သည်လည်းကောင်း ရူပါဝစရ အဖြစ်စသည်မှ လွတ်ခြင်းအပြစ်သည် လည်းကောင်း ရောက်ခဲ့ရာ၏၊ ရူပဘုံ အရူပဘုံတို့၌ ဖြစ်ကုန်သော ကာမာဝစရတရားတို့၏လည်း ရူပါဝစရ အရူပါဝစရ အဖြစ်သို့ ရောက်ခြင်း တည်းဟူသော အပြစ်သည်လည်းကောင်း ကာမာဝစရ အဖြစ်မှ လွတ်ခြင်း အပြစ် သည်လည်းကောင်း ရောက်ခဲ့ရာ၏ဟု သိမှတ်အပ်၏။

ယေဘုယျနည်း ဆိုလည်း မသင့်

ယေဘုယျဝုတ္တိ (အများကိုမှတ်၍ ဆိုသဖြင့် အနည်းကို ရသော ယေဘုယျနည်းဖြင့် ဆိုမှု)၏ အစွမ်းဖြင့်လည်း အချို့သော အနက်တို့၏ အမည်ကို ရခြင်း ဖြစ်နိုင်၏၊ ပုံစံအဘယ်သို့နည်း ‘‘တောမုဆိုး စစ်မြေပြင်၌ ကျင်လည်သော ဆင်’’ ဟူသကဲ့သို့ပေတည်း၊ ထို့ကြောင့် ဤအရာ၌လည်း ထိုတရားတို့၏ မိမိ မိမိ၏ ဘုံတို့၌ အဖြစ်များသည်၏ အဖြစ်ကြောင့် ကာမာဝစရ စသောအမည်ကို ရခြင်းဖြစ်ခဲ့သော် တစ်စုံတစ်ခုသော အပြစ်မရှိသည် မဟုတ်ပါလော။

ဤကား အမေးစကား တစ်ရပ်ပေတည်း၊ ဤအမေးစကားသည်လည်း မသင့်ပေ၊ မှန်လှစွာ၏၊ ဤသို့ ဖြစ်ခဲ့သော် လောကုတ္တရာ တရားတို့၏ ကာမာဝစရ အဖြစ်စသည်မှ လွတ်ခြင်းအကျိုးငှါ ယေဘုယျ (များသော)အားဖြင့် ဖြစ်ရာဘုံကို အသီးအခြား ဆိုသင့် ဆိုထိုက်သည် ဖြစ်ရာ၏၊ ထိုလောကုတ္တရာ တရားတို့၏ များသောအားဖြင့် ဖြစ်ရာဘုံ မည်သည် ရှိလည်း မရှိဟု သိအပ်ပေ၏။

မှန်လှစွာ၏၊ ထိုလောကုတ္တရာ တရားတို့ ဖြစ်ကြကုန်သည်ရှိသော် သုံးပါးသော ဘဝတို့၌သာလျှင် ဖြစ်ကြရကုန်၏၊ ထို့ကြောင့် ထိုလောကုတ္တရာတရားတို့၏ ကာမာဝစရ ရူပါဝစရ အရူပါဝစရ အဖြစ်သို့ ရောက်ခြင်းတည်းဟူသော အပြစ်ကို တားမြစ်နိုင်ခဲ့သည် ဖြစ်ရာ၏၊ ဤသို့ အထူးထူးသော အပြစ်နှင့် ယှဉ်နေ၏ဟု သိမှတ်ပါလေ၊ ထို့ကြောင့် ထိုအဝစရတိပုဒ်၏ ထိုသို့ (ဖြစ်၏ဟူသော) သော အခြင်းအရာအားဖြင့် အနက်ကို မယူမူ၍-

ဤအဝီစိငရဲနှင့် ပရနိမ္မိတဝသဝတ္တိ နှစ်ဘုံတို့၏အကြား၌ ကျင်လည်ကုန် အကျုံးဝင်ကုန်သော-

ဟူ၍ ရှင်တော်ဗုဒ္ဓ ဖွင့်ပြတော်မူအပ်သော ပါဠိတော်နည်းဖြင့်သာလျှင် ထိုအဝစရတိ ဟူသော ပုဒ်၏အနက်ကို ယူသင့်ယူထိုက်၏ဟု သိပါလေ။

ဟုတ်မှန်လှ၏၊ ဤဆိုလတ္တံ့သည်ကား ဤအဝစရတိပုဒ်၌ အနက်တည်း၊ ‘‘ကာမဘုံ၌ ကျင်လည် တတ်၏၊ အကျုံးဝင်သည်၏ အဖြစ်ဖြင့် ထိုကာမဘုံ၌ သက်ဝင်၍ ဖြစ်တတ်၏’’ ထို့ကြောင့် ကာမာဝစရ မည်၏ဟု သိပါလေ။

အကျုံးဝင်ဟူ တူမျှ မျိုးနွယ်

ဆက်၍ ဆိုဦးအံ့၊ အကျုံးဝင်သည်၏ အဖြစ်မည်သည် ကား မိမိ၏ အာဓာရ (တည်ရာ)ဖြစ်သော ထိုကာမတရားနှင့် အမျိုးတူ အနွယ်တူ အမည်တူ ရှိသည်၏အဖြစ်ဟု ဆိုအပ်ကုန်သော ထက်ဝန်း ကျင်သော အဖို့တို့ဖြင့် ထိုကာမဘုံ၌ ရောက်သည်၏ အဖြစ်ပေတည်း၊ ဝင်သည်၏ အဖြစ် အတွင်း ဝင်သည်၏ အဖြစ်ပေတည်းဟု ဆိုလိုရင်း ဖြစ်ပေသည်၊ ထို အကျုံးဝင်သည်၏ အဖြစ်ကိုလည်း သိမ်းဆည်းတတ်သော ကာမတဏှာသည် ပြုအပ်၏ဟု မှတ်ပါလေ။

ဤမျှသော စကားအစဉ်ဖြင့် အကြင်တရားတို့သည် ရူပသတ္တဝါ အရူပသတ္တဝါတို့၏ သန္တာန်၌ ဖြစ်ကြကုန်ငြားသော်လည်း ‘‘ဤတရားတို့သည် ငါ၏သစ္စာတို့ပေတည်း’’ဟု ကာမတဏှာသည် သိမ်းဆည်းအပ်ကုန်သည်ဖြစ်၍ ကာမဘုံ၌ အကျုံးဝင်ကုန်သည်သာလျှင်တည်း၊ ထိုတရားတို့သည် ကာမာဝစရ မည်၏ဟူသော အဓိပ္ပါယ်သည် ပြီးပြည့်စုံကုန်ပေပြီ။

သိဖွယ်တစ်ရပ် အမှာချပ်

ရူပါဝစရ အရူပါဝစရတို့၌လည်း ဤနည်းကို ဆောင်အပ်၏၊ ထိုရူပါဝစရတရား အရူပါဝစရတရား တို့၌ကား ရူပတဏှာကိုလည်းကောင်း အရူပတဏှာကိုလည်းကောင်း သိမ်းဆည်းတတ်သော တဏှာ ဟူ၍ သိမှတ်အပ်ကုန်၏။

တဏှာသုံးပါးတို့၏ သိမ်းဆည်းခြင်းမှ လွတ်ကုန်သော တရားတို့သည် ဘုံသုံးပါးတို့၌ ဖြစ်ကုန်ငြား သော်လည်း ထိုဖြစ်ရာဘုံ၌ အကျုံးမဝင်ကုန်သည်သာလျှင်တည်း၊ ထို့ကြောင့် လောကုတ္တရာ မည်ကုန် ဖြစ်ကုန်၏ဟု သိပါလေ။

ဆက်၍ ဆိုဦးအံ့၊ ပဋ္ဌာန်းပါဠိတော်၌-

အရူပဘုံ၌ ကာမစ္ဆန္ဒနီဝရဏကို စွဲ၍ ဥဒ္ဓစ္စနီဝရဏတရားသည် လည်းကောင်း။

စသည်ဖြင့် အရူပပုဂ္ဂိုလ် သန္တာန်၌လည်း ကာမစ္ဆန္ဒဟု ဆိုအပ်သော ကာမတဏှာ ဖြစ်ခြင်းကို ဟောတော်မူ၏၊ ထို့ကြောင့် ရူပ အရူပဘုံတို့၌ ဖြစ်ကုန်သော ကာမတရားတို့ကို သိမ်းဆည်း တတ်သည့် တဏှာကို ရူပ အရူပ သတ္တဝါတို့ သန္တာန်၌တည်သော တဏှာဟူ၍လည်း မှတ်ယူအပ်၏၊ ပါဠိတော်၌ကား ကာမစ္ဆန္ဒနီဝရဏ ဟူသော စကားကို နီဝရဏမျိုး၌ ဖြစ်သောကြောင့် ဟောတော် မူအပ်၏။

မှန်လှစွာ၏၊ ဈာန်ဘုံတို့၌ စင်စစ် နီဝရဏကိစ္စ ရှိကုန်သော နီဝရဏတရားတို့ကို ရခြင်းငှါ မတတ်ကောင်းကုန်ဟု သိအပ်ပေ၏၊ ဤအရာ၌ ကာမအပြားကို ဆိုအပ်၏၊ ကာမတရားတို့သည်-

၁။ ကိလေသာကာမ
၂။ ၀တ္ထုကာမ
ဟူ၍ နှစ်မျိုးနှစ်စား အပြားရှိကြကုန်၏။

ထိုနှစ်မျိုးတို့တွင် ရူပရာဂ အရူပရာဂတို့ကို ဖယ်ထား၍ တစ်ပါးသော အလုံးစုံလည်း ဖြစ်သည့် လောဘသည် ဤဘုံလေးပါး၌ ဖြစ်သော တရားတို့ကို ပိုင်းခြားရာ အခန်း၌ ကိလေသာကာမ မည်၏။

ဆက်၍ ဆိုဦးအံ့၊ ရူပ အရူပတရားတို့ကို ဖယ်ထား၍ တစ်ပါးကုန်သော အလုံးစုံ ဘုံသုံးပါး၌ ဖြစ်ကုန်သော ကာမာဝစရတရားတို့သည် ၀တ္ထုကာမ မည်၏ဟု သိပါလေ။

အဋ္ဌသာလိနီအဋ္ဌကထာ၌-

‘အလုံးစုံ ဘုံသုံးပါး၌လည်း ဖြစ်ကုန်သော တရားတို့သည် ၀တ္ထုကာမ မည်၏’

ဟု မိန့်ဆိုတော်မူသော စကားကို မဟာနိဒ္ဒေသ၌ ညွှန်ပြအပ်သော

‘သုတ္တန် (သုတ္တန်နည်း) ပရိယာယ် (ပရိယာယဒေသနာ)အားဖြင့် မိန့်တော်မူ၏’

ဟု ယူအပ်၏၊ မမှားဧကန် မှန်လှစွာ၏၊ ရူပါဝစရတရား အရူပါဝစရ တရားတို့သည် အဘိဓမ္မာ၌ ကာမဟူသော အမည်ဖြင့် ဟောတော်မူသော အရာတို့ မရှိကြကုန်ဟု သိပါလေ။

ကာမာဝစရံ ပုဒ် အဖွင့် ပြီးပြီ။

ရူပါဝစရံယ အရူပါဝစရံ-ပုဒ် အဖွင့်

ရူပယ အရူပ အမည်ရပုံ

ရူပါဝစရံ အရူပါဝစရံ- ဟူသော ဤပုဒ်၌ ရူပသဒ္ဒါ အရူပသဒ္ဒါတို့သည် ထိုရူပဘုံ အရူပဘုံတို့၌ ထင်ကုန်၏ဟု မှတ်ကြလေကုန်၊ ဆိုဖွယ် အထူးကား ဘုံတို့သည်-

၁။ ရူပဘုံ
၂။ အရူပဘုံ
ဟု နှစ်မျိုး ရှိကြကုန်၏။

ထိုနှစ်မျိုးတို့တွင် ဖောက်ပြန်ခြင်း လက္ခဏာ ရှိသည့် ရုပ်မရှိသော လေးပါးသော ဘုံသည် အရူပဘုံ မည်၏၊ ကြွင်းသော နှစ်ဆယ့်ခုနစ် ဘုံတို့သည် ရူပဘုံတို့ မည်ကုန်၏။

ထိုနှစ်ဆယ့်ခုနစ်ဘုံတို့တွင်လည်း အောက်တစ်ဆယ့်တစ်ဘုံတို့ကို ရုန့်ရင်းသော ကာမဖြင့် အထူးပြု၍ ကာမဘုံတို့ဟူ၍ ဆိုအပ်ကုန်၏၊ အထက် တစ်ဆယ့်ခြောက်ဘုံတို့ကို ရူပဘုံတို့ဟူ၍သာလျှင် ဆိုအပ်ကုန်၏ဟု သိမှတ်ပါလေ။

မှီရာဘုံအား တင်စားခေါ်ဝေါ်

အကြင်အရာဌာန၌ တဏှာကိုလည်းကောင်း ဈာန်ကိုလည်းကောင်း ရူပသဒ္ဒါ အရူပသဒ္ဒါတို့ဖြင့် ဆိုအပ်ကုန်၏၊ ထိုအရာဌာန၌ မှီရာဘုံ၏ အမည်ကို မှီတတ်သော တရား၌ တင်စားသည့် စကားဟူ၍ သိပါလေ။

အကြင်အရာ၌လည်း ကာမာဝစရ စသော သဒ္ဒါတို့ဖြင့် ဘုံကိုသာလျှင် ဆိုအပ်ကုန်၏၊ ထိုနေရာတို့၌ မှီတတ်သော တရား၏ အမည်ကို မှီရာဘုံ၌ တင်စားသည့် စကားဟူ၍ သိပါလေ။

ဤအရာ၌ အကြင်စကားကို ဆိုသင့် ဆိုထိုက်၏၊ ထိုစကားသည် ကာမာဝစရပုဒ်၌ ဆိုအပ်ပြီး သောနည်း ရှိသည် သာလျှင်တည်းဟု သိပါလေ၊ ဤဆိုအပ်ခဲ့ပြီးသည်ကား ဤ ‘ပရမတ္ထဒီပနီဋီကာ’ ၌ ဘုံသုံးပါးကို ပိုင်းခြားရာ အခန်း၌ ပါဠိတော်သို့ အစဉ်လိုက်သော မြတ်သောအနက်ကို ပြခြင်း ပေတည်း။

ဗုဒ္ဓဘုရားရှင် အဘယ်သို့ ဟောတော်မူသနည်း ဟူမူကား-

အဘယ်မည်သော တရားတို့သည် ကာမာဝစရ မည်ကုန်သနည်း၊ အောက်အဖို့အားဖြင့် အဝီစိငရဲကို အဆုံးပြု၍ အထက် အဖို့အားဖြင့် ပရနိမ္မိတဝသဝတ္တိ နတ်ဘုံတို့ကို အတွင်းပြု၍ ဤအတွင်းအရပ်၌ ကျင်လည်ကုန် အကျုံးဝင်ကုန်သော အကြင် ခန္ဓာ ဓာတ် အာယတနတို့သည် လည်းကောင်း ရုပ် ဝေဒနာ သညာယ သင်္ခါရ ဝိညာဏ်တို့သည် လည်းကောင်း ရှိကြကုန်၏၊ ဤတရားတို့သည် ကာမာဝစရတို့ မည်ကုန်၏။

အဘယ်မည်သော တရားတို့သည် ရူပါဝစရ မည်ကုန်သနည်း၊ အောက်အဖို့အားဖြင့် ဗြဟ္မာ့ပြည်ကို အဆုံးပြု၍ အထက်အဖို့ အားဖြင့် အကနိဋ္ဌ ဗြဟ္မာ့ဘုံတို့ကို အတွင်းပြု၍ ဤအတွင်း အရပ်၌ ကျင်လည်ကုန် အကျုံးဝင်ကုန်သော ဈာန်ဝင်စားသော ပုဂ္ဂိုလ် ပဋိသန္ဓေနေသော ပုဂ္ဂိုလ် မျက်မှောက် ဘဝ၌ ချမ်းသာစွာနေသော ပုဂ္ဂိုလ်တို့၏ အကြင် စိတ် စေတသိက် တရားတို့သည် ရှိကြကုန်၏၊ ဤတရားတို့သည် ရူပါဝစရ မည်ကုန်၏။

အဘယ်တရားတို့သည် အရူပါဝစရ မည်ကုန်သနည်း၊ အောက်အဖို့အားဖြင့် အာကာသာနဉ္စာယတန ဘုံသို့ ကပ်ကုန်သော ဗြဟ္မာတို့ကို အဆုံးပြု၍ အထက် အဖို့အားဖြင့် နေဝသညာနာသညာယတန ဘုံသို့ ကပ်ကုန်သော ဗြဟ္မာတို့ကို အတွင်းပြု၍ ဤအတွင်းအရပ်၌ ကျင်လည်ကုန် အကျုံးဝင် ကုန်သော ဈာန်ဝင်စားသော ပုဂ္ဂိုလ် ပဋိသန္ဓေနေသော ပုဂ္ဂိုလ် မျက်မှောက်ဘဝ၌ ချမ်းသာ စွာနေသော ပုဂ္ဂိုလ်တို့၏ အကြင် စိတ် စေတသိက်တရားတို့သည် ရှိကြကုန်၏၊ ဤတရားတို့သည် အရူပါဝစရ မည်ကုန်၏။

ဟူ၍ ဟောတော်မူ၏။

၂၀။ ဋီကာဟောင်း ဋီကာကျော် (နှာ- ရ၆)တို့၌ကား-

ဆိုအပ်ခဲ့ပြီးသည့် အပြားရှိသော အလွန်သန့်ရှင်း စင်ကြယ်သည့် ပါဠိတော်နည်းကို မယူမူ၍ တစ်ပါးသော အခြင်းအရာအားဖြင့် ဝစနတ္ထတို့ကို လည်းကောင်း အဆုံးအဖြတ်တို့ကို လည်းကောင်း ဤအရာ၌ မိန့်တော်မူကြကုန်၏၊ ခပ်သိမ်းကုန်သော ထိုဝစနတ္ထ အဆုံးအဖြတ်တို့ကို ကောင်းမြတ် သည့် အနှစ်သာရ အားဖြင့် မယုံကြည်အပ်ကုန်ဟု မှတ်ပါလေ။

ပါဠိတော်လာ သန့်ရှင်းစွာ

အဋ္ဌသာလိနီ၌ပင်လျှင် ထိုဝစနတ္ထ အဆုံးအဖြတ် တို့ကိုလည်းကောင်း တစ်ပါးကုန်သော အနက် တို့ကိုလည်းကောင်း မိန့်ဆိုအပ်ကုန်သည် မဟုတ်လော၊ ဤကား အမေးစကားတည်း၊ မိန့်ဆိုခဲ့ သည်ကား မှန်ပေ၏၊ သို့ပင် မှန်ပါသော်လည်း ဟုတ်မှန်၍ ကောင်းမွန် သန့်ရှင်းသည့် ပါဠိတော်သို့ အစဉ်လိုက်သော အနက်ကို သိပြီး၍ (အယူဉာဏ်အမြင်) ပြန့်လွင့်သဖြင့် အဘယ်အကျိုးရှိအံ့နည်းဟု သိမှတ်ပါလေ။

ရူပါဝစရံ အရူပါဝစရံ ပုဒ်အဖွင့် ပြီးပြီ။

လောကုတ္တရံ-ပုဒ် အဖွင့်

လောကုတ္တရံ-ဟူသော ဤပုဒ်၌ ပျက်စီးတတ် အပြားအားဖြင့် ပျက်စီးတတ်သော အနက်သဘော ကြောင့် အကြင် အကြင် ဆိုအပ်ခဲ့ပြီးသော ဘုံသုံးပါး၌ဖြစ်သော တရားကို လောကဟူ၍ ဆိုအပ်၏၊ ရှင်တော်ဘုရား အဘယ်သို့ ဟောကြားတော်မူသနည်း-

ချစ်သား ရဟန်းများတို့ ပျက်စီးတတ် အပြားအားဖြင့် ပျက်စီးတတ်သောကြောင့် လောကမည်၏ဟု ဆိုအပ်၏။
ဟူ၍ ဟောတော်မူ၏။

ဤသို့ ဖြစ်သည်ရှိသော် နိဗ္ဗာန်သည် ကြဉ်အပ်သော လောကုတ္တရာ တရားတို့၏လည်း လောက၏ အဖြစ်သို့ ရောက်ခြင်းဖြစ်ရာသည် မဟုတ်ပါလော၊ အဘယ်ကြောင့်နည်းဟူမူ ထို လောကုတ္တရာ တရားတို့၏လည်း ပျက်စီးတတ် အပြားအားဖြင့် ပျက်စီးတတ်သော သဘော ရှိသည်၏ အဖြစ် ကြောင့်ပေတည်း၊ ဤကား အမေးစကားရပ်ပေတည်း၊ မဖြစ်နိုင်ပေ၊ မှန်လှစွာ၏၊ အကြင်တရား၌ နိစ္စ ဓုဝ သဿတ (မြဲ၏)ဟု လူအများအား မိစ္ဆာ (ဖောက်ပြန်မှားယွင်းသော)အယူသည် တည်ထောင်၏၊ ထိုတရား၌သာလျှင် ထိုမိစ္ဆာအယူကို တားမြစ်ခြင်းအကျိုးငှါ ဤလောက အမည်ကို မှတ်အပ်၏၊ ထို့ကြောင့် အချင်းခပ်သိမ်း မိစ္ဆာအယူမှ ကင်းလွတ်ကုန်သည့် ထိုလောကုတ္တရာတရားတို့၏ လောက အဖြစ်သို့ မရောက်ရှိကြကုန်ဟု ဆိုကြကုန်၏။

တစ်နည်း ဆိုပေဦးအံ့၊ အကြင်တရားတို့၏ ပျက်စီးခြင်း အပြားအားဖြင့် ပျက်စီးခြင်းသည် လူအများအား ထင်ရှား၏၊ ထိုတရားတို့၏သာလျှင် လောက၏အဖြစ် ပြီးစီးခြင်း ရှိသောကြောင့် လောကုတ္တရာ တရားတို့၏ လောက၏အဖြစ် လျဉ်းပါးဖွယ် မရှိနိုင်ချေဟု သိပါလေ။

လောကုတ္တရာဝယ် သိမှတ်ဖွယ်

လောကမှ လွန်မြောက်တတ်သောကြောင့် လောကုတ္တရာ မည်၏၊ မဂ်စိတ်ကို ရအပ်၏၊ ထိုလောကမှ လွန်မြောက်ပြီးသောကြောင့် လောကုတ္တရာ မည်၏၊ ဖိုလ်စိတ်ကို ရအပ်၏၊ နိဗ္ဗာန်ကိုကား ဤအရာ၌ မရအပ်ဟု သိပါလေ။

ဆက်၍ ဆိုပေဦးအံ့၊ ဤအရာ၌ လွန်မြောက်ခြင်း မည်သည်ကား တဏှာသုံးပါးမှ လွတ်ခြင်းကြောင့် လောကသုံးပါးတို့၌ အကျုံးမဝင် သည်၏အဖြစ်သည်သာလျှင်တည်း၊ ထို အကျုံးမဝင်သည်၏ အဖြစ် ကိုလည်း ထိုလောကုတ္တရာ တရားတို့၏ တည်ရာဖြစ်၍ ဖြစ်သကဲ့သို့ ယူအပ်၏၊ ထို့ကြောင့် အသီးအခြား တစ်ခုသော လေးခုမြောက်ဖြစ်သော အဝတ္ထာဘုံ မည်သည် ဖြစ်၏ဟု သိပါလေ။

ဘုံလေးပါး၌ဖြစ်သော တရားတို့ကို ဝေဖန်ခြင်း၏ မြတ်သော အနက်ကို ပြခြင်းသည် ပြီးပြီ။

အကုသိုလ် လောဘမူစိတ် အဖွင့်

ဤသို့ စိတ်ကို ဘုံတို့၏ အပြားအားဖြင့် အယုတ်အမြတ် အစဉ်အားဖြင့် လေးပါး အပြားအားဖြင့် ထုတ်ဖော်ပြတော်မူပြီးလျှင် ယခုအခါ၌ လေးပါးအပြားရှိသည့် ထိုစိတ်ကိုပင်လျှင် အကြင်အကြင် ထုတ်ပြသော အစဉ်အားဖြင့် ဝေဖန်တော် မူလိုသည်ဖြစ်၍ ရှေးဦးစွာ ကာမာဝစရစိတ်ကို - ထို ကာမာဝစရစိတ်တွင်လည်း ယုတ်နိမ့်သော အသောဘဏစိတ်ကို - ထိုအသောဘဏ စိတ်တွင်လည်း အလုံးစုံတို့အောက် ယုတ်နိမ့်သော အကုသိုလ်စိတ်ကို ရှေးဦးစွာ ပြတော်မူခြင်းငှါ ‘သောမနဿ- သဟဂတံ’ စသော စကားကို မိန့်တော်မူ၏။

ဆက်၍ ဆိုဦးအံ့၊ ဤအရာ၌ ကာမာဝစရစိတ်၏လည်း အကုသိုလ် စိတ် အဟိတ်စိတ် သဟိတ်စိတ် အစဉ်ကို အယုတ်အမြတ် အစဉ်၏ အစွမ်းအားဖြင့် မိန့်ဆိုအပ်၏ဟူ၍ မှတ်အပ်၏။

၂၁။ ဋီကာကျော် (နှာ- ရရ)၌ကား-

အထက်၌ ဆိုအပ်လတ္တံ့ကုန်သော များစွာကုန်သော စိတ်တို့၏ သောဘဏ အမည်ကို ပြခြင်း၏ ချမ်းသာခြင်း အကျိုးငှါ အနည်းငယ် ဖြစ်ကုန်သော အကုသိုလ်စိတ် အဟိတ်စိတ်တို့ကို သာလျှင် ရှေးဦးစွာ ပြတော်မူလို၍ ဤသို့ မိန့်ဆို၏။

ဟု ဆို၏၊ ထိုစကားသည် မကောင်းချေ၊ ထို အနက်သည် အကြင် အကြင် ဆိုခဲ့ပြီးသော ဟိန (ယုတ်ညံ့ခြင်း) အစရှိသော အစဉ်ဖြင့်သာလျှင် ပြီး၏ဟု သိပါလေ။

၂၂။ ထိုဋီကာကျော် (နှာ- ရရ)၌-

ထိုအကုသိုလ်စိတ်တို့တွင်လည်း ထိုဘုံသုံးပါးတို့၌ ပဋိသန္ဓေယူသော သတ္တဝါတို့အား အစ၌ ဝီထိ၏ အစွမ်းဖြင့် လောဘသဟဂုတ်စိတ် တို့၏သာလျှင် ဖြစ်သောကြောင့် ထိုလောဘသဟဂုတ်စိတ် တို့ကိုသာလျှင် ရှေးဦးစွာ-

ဟူသော အကြင်စကားကို မိန့်ဆို၏၊ ထိုစကားသည်လည်း မသင့်ပေ။

အဘယ့်ကြောင့်နည်းဟူမူကား အစ၌ ဝီထိစိတ်တို့၏ အစွမ်းအားဖြင့် မနောဒွါရာဝဇ္ဇန်း၏သာလျှင် အလုံးစုံတို့၏ ရှေးဦးစွာ ဖြစ်ခြင်းကြောင့်တည်းဟု သိပါလေ။

ဝဋ်မြစ်ယှဉ်ငြား များဘိ လောဘမူ

အကုသိုလ်စိတ် တို့တွင်ကား လောဘမူစိတ်သည် များလည်း များ၏၊ ဝဋ်မြစ် နှစ်ပါးတို့နှင့်လည်း ယှဉ်သည်၏ အဖြစ်ကြောင့် ပြဋ္ဌာန်းလည်း ပြဋ္ဌာန်း၏၊ ထင်ရှားလည်း ထင်ရှား၏၊ ထို့ကြောင့် လောဘမူစိတ် တို့ကိုသာလျှင် ရှေးဦးစွာ ဆိုတော်မူ၏ဟု သိပါလေ။

သောမနဿသဟဂတံ ပုဒ်၏အဖွင့်

ထိုသောမနဿသဟဂတံ - ဟူသော ပုဒ်၌ ကောင်းသောစိတ် ဖြစ်သောကြောင့် သုမန မည်၏၊ ‘‘ပြေပြစ်သော စိတ်ကို ရအပ်၏’’ ထိုစကားသည် မှန်လှစွာ၏၊ အပြစ်မရှိသော အနက်ကြောင့် ကောင်းသည်၏အဖြစ်သည် ဤအရာ၌ မသင့်ဟု သိပါလေ။

တစ်နည်းကား ထိုပုဂ္ဂိုလ်အား ကောင်းသော (ပြေပြစ်ချောမွေ့သော) စိတ် ရှိသောကြောင့် သုမန မည်၏၊ ပြေပြစ် ချောမွေ့သော စိတ်နှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်ကို ရအပ်၏။

ကောင်းသောစိတ် (တစ်နည်း) ပြေပြစ်ချောမွေ့သော စိတ်ရှိသော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်းသည် သောမနဿ မည်၏၊ ဤ သောမနဿ ဟူသော အမည်သည် စိတ်၌မှီသော သုခဝေဒနာ၏ (သောမနဿ ဝေဒနာ)၏ အမည်ပေတည်း။

တဒ္ဓိတ်ဘာဝ အရကောက်လျှင်

ဆက်၍ ဆိုဦးအံ့၊ ဤ‘‘သုမနဿ ဘာဝေါ သောမနဿံ’’ ဟူသော စကား၌ ထိုစိတ်၌ (တစ်နည်း) ထို ပုဂ္ဂိုလ်၌ သုမနအမည်၏လည်းကောင်း ဤသူကား ထိုသုမန အမည်ရသော သူပေတည်းဟု သုမနဒြဗ်ကို သိသော ဉာဏ်၏ လည်းကောင်း ဖြစ်ခြင်းအကြောင်းသည် ဖြစ်၏၊ ဤကား အနက် ပေတည်း။

မှန်လှစွာ၏၊ ဘာဝေါ - ဖြစ်ကြောင်း ဟူသည်ကား ထိုပုဂ္ဂိုလ်၌ သဒ္ဒါ အသိဉာဏ်တို့သည် ဖြစ်ရာ ဖြစ်ကုန်သောကြောင့် သဒ္ဒါ အသိဉာဏ်တို့၏ဖြစ်ခြင်း၏ အကြောင်းကို ဆိုအပ်၏။

ဆက်၍ ဆိုဦးအံ့၊ ထိုစိတ်၌ (တစ်နည်း) ထိုပုဂ္ဂိုလ်၌- ဟူသည်ကား နိမိတ်အနက်၌ သတ္တမိဝိဘတ် ပေတည်း၊ အဘယ်ကဲ့သို့နည်း ဟူမူကား ‘‘အစွယ်ကြောင့် ဆင်ပြောင်ကို သတ်အပ်၏ ဟူသကဲ့သို့တည်း၊ ထိုစကားသည် မှန်လှစွာ၏၊ ထိုစကားရပ်၌ မိမိ၏ အစွယ်ဟူသော အကြောင်း ကြောင့် အစွယ်နှင့် ယှဉ်သော ဆင်ဒြဗ်၏ သတ်ခြင်း ကြိယာဖြစ်သကဲ့သို့ ဤအတူ ဤအရာ၌လည်း ထိုဝေဒနာဟူသော အကြောင်းကြောင့် ဝေဒနာနှင့် ယှဉ်သော စိတ်၌လည်းကောင်း (တစ်နည်း)၊ ပုဂ္ဂိုလ်၌လည်းကောင်း သဒ္ဒါ အသိဉာဏ်တို့ ဖြစ်ကြကုန်၏ဟု သိပါလေ၊ ဤ တရားဖြင့် အသိဉာဏ် သဒ္ဒါတို့ ဖြစ်ကုန်သောကြောင့် ဘာဝ (ဖြစ်ကြောင်း) မည်၏ဟူ၍လည်း ဆိုကြကုန်၏၊ ထိုအကြောင်း ကြောင့် အသိဉာဏ် သဒ္ဒါတို့ ဖြစ်ကြကုန်၏၊ ထို့ကြောင့် ဘာဝ မည်၏၊ ‘‘ဘဝန္တိ ဗုဒ္ဓိ သဒ္ဒါ တသ္မာတိ ဘာဝေါ’’ ဟု ဝစနတ္ထ ပြု၏ဟူ၍လည်း တစ်ပါးသော ဆရာတို့ ဆိုကြကုန်၏။

သောမနဿဝေဒနာနှင့် အတူတကွ တစ်ပေါင်းတည်း ဖြစ်သောကြောင့် သောမနဿသဟဂတ မည်၏၊ သောမနဿဝေဒနာနှင့် ယှဉ်၏။ ဤကား အနက်တည်း။

ဒိဋ္ဌိဂတသမ္ပယုတ္တံ အဖွင့်

မြင်ခြင်းသည် ဒိဋ္ဌိ မည်၏၊ ထိုမြင်ခြင်းသည်ကား-

၁။ သမ္မာဒိဋ္ဌိ = မှန်သော မြင်ခြင်း၊
၂။ မိစ္ဆာဒိဋ္ဌိ = မှားသော မြင်ခြင်း၊
တို့၏ အစွမ်းအားဖြင့် နှစ်ပါးအပြား ရှိ၏။

ဤအရာ၌ မိစ္ဆာဒိဋ္ဌိနှင့် ယှဉ်သင့်ပေ၏၊ အဘယ့်ကြောင့်နည်း ဟူမူကား အကုသိုလ်အရာ ဖြစ်သော ကြောင့်ပေတည်း၊ ဒိဋ္ဌိသည်ပင်လျှင် ဒိဋ္ဌိဂတ မည်၏၊ (ဂတ သဒ္ဒါကြောင့် အနက်ထူး မရှိ)။

ပုံစံ အဘယ်လိုနည်း ဟူမူကား-

ဂူထဂတံ = ကျင်ကြီး၊ မုတ္တဂတံ = ကျင်ငယ် ဟူသကဲ့သို့တည်းဟု သိပါလေ။

[မြန်မာပြန် ဆရာ၏မှတ်ချက်။ ။ ဂူထဂတံ-၌ ဂတသဒ္ဒါ အနက် မရှိ၊ ‘ဂူထဂတန္တိအာဒီသု ဂူထမေဝ ဂူထဂတံ-ဟူသော ပဏ္ထာသ အဋ္ဌကထာကို မျှော်ပါ။]

မိစ္ဆာဒိဋ္ဌိနှင့် ထပ်တူထပ်မျှ (အတူဖြစ်ခြင်း စသော) အပြားတို့နှင့် ယှဉ်တတ် သောကြောင့် ဒိဋ္ဌိဂတသမ္ပယုတ္တ မည်၏၊ မိစ္ဆာဒိဋ္ဌိနှင့်အတူ ဖြစ်ခြင်း အစရှိကုန်သော အပြားတို့နှင့် ထပ်တူထပ်မျှ တစ်ပေါင်းတည်းကဲ့သို့ ရောနှောသည်တည်း၊ ဤကား အနက်တည်း။

အသင်္ခါရ သသင်္ခါရ ပုဒ်အဖွင့်

အသင်္ခါရိကမေကံ သသင်္ခါရိကမေကံ - ဟူသော ဤပုဒ်တို့၌ သင်္ခါရ ဟူသည်ကား ရှေးအဖို့၌ဖြစ်သော ပြုပြင်စီရင်ခြင်းတည်း၊ ထို သင်္ခါရသည်-

၁။ ပယောဂသင်္ခါရ
၂။ ဥပါယသင်္ခါရ
ဟူ၍ နှစ်ပါး အပြားရှိ၏။

ထိုနှစ်ပါးတို့တွင် စေခိုင်းသဖြင့်လည်းကောင်း တိုက်တွန်းသဖြင့် လည်းကောင်း ခြိမ်းခြောက်သဖြင့် လည်းကောင်း ‘‘ဤအမှုကို ပြုလော့’’ ဟူ၍ သူတစ်ပါးတို့က ကိုယ် နှုတ်တို့ဖြင့် စီရင်ပြုလုပ်မှုသည် ပယောဂသင်္ခါရ မည်၏။

ပယောဂသင်္ခါရမှ တစ်ပါး ဥပါယသင်္ခါရကို ပြဆိုပေဦးအံ့၊ စေခိုင်းခြင်း စသည်နှင့်ကင်း၍သာလျှင် အမှုကို ပြုစိမ့်သောငှါ ဥပါယ်တံမျဉ် (ထိုထိုအကြောင်း)ကို သူတစ်ပါးတို့က ပြောကြားလာကုန်၏၊ မပြုမလုပ်ခြင်း၌ အပြစ်ကိုလည်းကောင်း ပြုလုပ်ခြင်း၌ အကျိုးအာနိသင်ကို လည်းကောင်း ပြုလာ ကြကုန်၏၊ ကတိကဝတ်ကိုမူလည်း ပြုကြကုန်၏၊ ဒဏ်အမှုကိုမူလည်း ထားကြကုန်၏၊ မိမိ ကိုယ်တိုင်သာလျှင်မူလည်း ထိုထိုအကြောင်းကို အဖန်တလဲလဲ အောက်မေ့ဆင်ခြင်၏၊ ဤသို့ စသော နည်းဖြင့် ဥပါယသင်္ခါရသည် များပြားလှစွာ၏၊ ထိုပယောဂသင်္ခါရ ဥပါယသင်္ခါရ နှစ်ပါးသည် ဤ အရာ၌ သင်္ခါရမည်၏။

မိမိ၏ သဘောအားဖြင့် ပြုဖို့ရန် အလိုမရှိသည့် စိတ်အစဉ်ကို မပြုဘဲနေခြင်းငှါ အခွင့်မပေးဘဲ ပြုလုပ်ခြင်းငှါ ပြုပြင်စီရင်တတ် ဖြစ်စေတတ် ထစေတတ် ထိုထိုအမှု၌ ယှဉ်စေတတ်သောကြောင့် သင်္ခါရမည်၏။

စိတ်ဖြစ်ပေါ်ရန် အကြင်အကြောင်း ပစ္စည်းအပေါင်းသည် ထိုသင်္ခါရ နှစ်ပါးနှင့် ကင်း၏၊ ထိုအကြောင်း ပစ္စည်းအပေါင်းသည် အသင်္ခါရ မည်၏။

အကြင်အကြောင်း ပစ္စည်းအပေါင်းသည် ထိုသင်္ခါရ နှစ်ပါးနှင့် တကွ ဖြစ်၏၊ ထိုအကြောင်း ပစ္စည်းအပေါင်းသည် သသင်္ခါရမည်၏ ဟု သိပါလေ၊

မှန်လှပေ၏၊ အဋ္ဌကထာ၌-

သင်္ခါရနှင့်တကွ ဖြစ်သောကြောင့် သသင်္ခါရမည်၏၊ သင်္ခါရနှင့် တကွ ပယောဂနှင့်တကွ ဥပါယ်နှင့် တကွ ဖြစ်သော ထိုအကြောင်း ပစ္စည်းအပေါင်းဖြင့် ဤကား (သသင်္ခါရပုဒ်၏) အနက်တည်း။

ဟူသော ဤစကားကို မိန့်ဆိုတော်မူ၏။

ဆက်၍ ဆိုဦးအံ့၊ ဤအရာ၌ အကြောင်း ပစ္စည်းအပေါင်း ဟူသည်ကား အာရမ္မဏစသော စိတ်အများနှင့် ဆက်ဆံသော အကြောင်း ပစ္စည်းအပေါင်းကို အဋ္ဌကထာ၌ မိန့်ဆိုအပ်၏၊ ထိုသို့ပင် အဋ္ဌကထာ၌ မိန့်ဆိုငြားသော်လည်း စိတ်အများနှင့် မဆက်ဆံသော ကုသိုလ်ကံတို့၌ သပ္ပုရိသူပ- နိဿယ (သဒ္ဓမ္မဿဝန)စသော အကုသိုလ်ကံတို့၌ အသပ္ပုရိသူပနိဿယ (သဒ္ဓမ္မဝိမုခ) စသော အကြောင်းပစ္စည်းအပေါင်းသည် အထူးပြု ယူခြင်းငှါ သင့်၏။

ထိုအကြောင်းပစ္စည်းအပေါင်းသည်ကား အကြင်အခါ၌ သင်္ခါရ နှစ်ပါးနှင့်ကင်း၍ မိမိအလိုလိုသာလျှင် စိတ်ကို တွန့်တိုခြင်း မရှိသည်ကို ပြု၍ ထစေ၏၊ ထိုအခါ၌ ထိုအကြောင်း ပစ္စည်းအပေါင်းသည် အသင်္ခါရ မည်၏။

အကြင်အခါ၌ ထိုသင်္ခါရနှစ်ပါးနှင့် ကင်း၍ မိမိအလိုလိုသာလျှင် စိတ်ကို ထစေခြင်းငှါ မတတ်နိုင်ချေ၊ သင်္ခါရဟူသော အဖော်သဟဲကို ရ၍သာလျှင် စွမ်းနိုင်၏၊ ထိုအခါ၌ ထိုအကြောင်း ပစ္စည်းအပေါင်း သည် သသင်္ခါရမည်၏၊ ထို့ကြောင့် ‘အသင်္ခါရော’ ဟူသော ဤစကားသည် လည်းကောင်း ‘သသင်္ခါရော’ ဟူသော ဤစကားသည် လည်းကောင်း အကြောင်းပစ္စည်း အပေါင်း၏သာလျှင် အမည် ပေတည်း၊ စိတ်၏ အမည် မဟုတ်ချေ။

အဖို့တစ်ပါးကို ဆိုဦးအံ့၊ စိတ်သည် သင်္ခါရနှင့် ကင်းသော သက်သက်သော အကြောင်းပစ္စည်း အပေါင်းဖြင့် ဖြစ်သည်ရှိသော် အသင်္ခါရိက မည်၏၊ သင်္ခါရနှင့်တကွ ဖြစ်သော အကြောင်း ပစ္စည်း အပေါင်းဖြင့် ဖြစ်သည်ရှိသော် သသင်္ခါရိက မည်၏၊ မှန်လှစွာ၏၊ ဤအသင်္ခါရိက ပုဒ်တို့၌ ဣက ပစ္စည်းသည် ဥပ္ပန္နအနက်၌ ဖြစ်၏ဟု သိပါလေ။

မှန်လှစွာ၏-

အကြင်အခါ၌ သောမနဿ ဝေဒနာနှင့်တကွ ဖြစ်သော ဒိဋ္ဌိနှင့် ယှဉ်သည့် အကုသိုလ်စိတ်သည် သင်္ခါရနှင့်တကွ ဖြစ်၏။ ဟု ပါဠိတော်၌ ဟောတော်မူ၏။

ဆက်၍ ဆိုဦးအံ့၊ ဤပါဠိတော်၌ သင်္ခါရဟူသော အကြောင်း ပစ္စည်းအပေါင်းနှင့်တကွ ဖြစ်၏ဟူ၍ ယှဉ်အပ်၏ဟု သိပါလေ၊ ဤ ဆိုအပ်ခဲ့ပြီးသည်ကား ဤပရမတ္ထဒီပနီဋီကာ၌ အသင်္ခါရိက သသင်္ခါရိက ပုဒ်တို့၌ မြတ်သောအနက်ကို ပြခြင်းတည်း။

၂၃။ ဋီကာ (နှာ- ရရ)တို့၌ကား-

ဤ(ဆိုအပ်ခဲ့ပြီးသော) အနက်ကို မမှတ်မူ၍ စိတ်ကိုသာလျှင် အသင်္ခါရ ဟူ၍လည်းကောင်း သသင်္ခါရ ဟူ၍လည်းကောင်း ယူ၍ ‘‘ထိုစိတ်အား သင်္ခါရသည် မရှိ၊ ထို့ကြောင့် အသင်္ခါရမည်၏၊ ထိုအသင်္ခါရ သည်ပင်လျှင် အသင်္ခါရိက မည်၏၊ သင်္ခါရနှင့်တကွ ဖြစ်တတ်၏၊ ထို့ကြောင့် သသင်္ခါရ မည်၏၊ သသင်္ခါရ သည်သာလျှင် သသင်္ခါရိက မည်၏’’ဟူ၍လည်းကောင်း ‘‘အကြင် စိတ်အား ထိုသသင်္ခါရ မရှိ၊ ထိုစိတ်သည် အသင်္ခါရ မည်၏၊ ထိုအသင်္ခါရ သည်ပင်လျှင် အသင်္ခါရိကမည်၏၊ သင်္ခါရနှင့်တကွ ဖြစ်သော စိတ်သည်ပင်လျှင် သသင်္ခါရိက’’ဟူ၍လည်းကောင်း။

အကြင်စကားကို မိန့်ဆိုအပ်၏၊ အလုံးစုံသော စကားသည် မသင့်သည်သာလျှင်တည်း။

၂၄။ ဋီကာကျော် (နှာ- ရရ)၌-

စိတ်ကို ထက်သည်၏အဖြစ်ဟု ဆိုအပ်သော တန်ဆာအထူးဖြင့် စီရင်တတ်သောကြောင့် သင်္ခါရ မည်၏ဟူ၍ လည်းကောင်း တစ်နည်းကား ထိုစိတ်ကို ထိုတရားသည် အကြင် ဆိုအပ်ခဲ့ပြီးသော နည်းဖြင့် စီရင်အပ်သောကြောင့် သင်္ခါရ မည်၏ဟူ၍ လည်းကောင်း။

မိန့်ဆိုအပ်၏၊ ထိုစကားသည်လည်း မကောင်းချေ။

ထိုစကားသည် မှန်လှစွာ၏၊ ဤသို့ ဖြစ်သည်ရှိသော် သင်္ခါရနှင့် တကွလည်းဖြစ်သော စိတ်သည် ထက်သည် ဖြစ်ရာ၏ဟု သိမြင်အပ်၏။

၂၅။ ဋီကာကျော် (နှာ- ရရ)၌-

ထိုသို့ပင် ပုဗ္ဗပ္ပယောဂသည် သင်္ခါရ မည်သော်လည်း ထိုပုဗ္ဗပ္ပယောဂသည် မိမိ၏ရှေ့အဖို့၌ဖြစ်သော စိတ်အစဉ်၌ လည်းကောင်း သူတစ်ပါးတို့၏ သန္တာန်၌ လည်းကောင်း ဖြစ်၏။ ဤသို့သော ထိုပုဗ္ဗပ္ပယောဂကြောင့်ဖြစ်သော စိတ်၏ ထက်သည်၏အဖြစ်ဟု ဆိုအပ်သော ထိုအထူးသည်သာလျှင် ဤအရာ၌ ကာရဏူပစာအားဖြင့် သင်္ခါရ မည်၏။

ဟု မိန့်ဆို၏၊ ထိုစကားသည်လည်း အသင်္ခါရိက သသင်္ခါရိကပုဒ်တို့၏ ဝစနတ္ထတို့၌ ချွတ်ချော်၍ ထို ချွတ်ချော်သည့် အားလျော်သော သင်္ခါရကို ကြံဖန်သည်၏ အစွမ်းအားဖြင့် ဆိုသည်၏ အဖြစ်ကြောင့် မသင့်သည်သာလျှင်တည်း။

၂၆။ ဤစကားဖြင့် (ဋီကာကျော် နှာ- ရ၈)၌-

ရှေးတိုက်တွန်းမှုကြောင့် ဖြစ်သော နောက်စိတ်နှင့်တကွ ဖြစ်လေ့ ရှိသော စိတ်ထက်သည်၏အဖြစ်ဟု ဆိုအပ်သော တန်ဆာ အထူးသည် သင်္ခါရ မည်၏၊ ထိုစိတ်၏ ထက်သည်၏အဖြစ်ဟု ဆိုအပ်သော တန်ဆာအထူး၏ အစွမ်းအားဖြင့် ဤအသင်္ခါရိကံ- သသင်္ခါရိကံ ဟူသောပုဒ်၌ အသင်္ခါရိက စသည်၏ အဖြစ်သည် ဖြစ်၏။

ဟူသော သာဓက ဂါထာကိုလည်း ပယ်အပ်၏ဟု သိပါလေ။ ဆက်၍ ဆိုဦးအံ့။

၂ရ။ ထိုဋီကာကျော် (နှာ- ရ၈)၌-

တစ်နည်းကား အသင်္ခါရိက ဟူ၍လည်းကောင်း သသင်္ခါရိက ဟူ၍လည်းကောင်း ဤပုဒ်နှစ်ခု အပေါင်းကို သက်သက် သင်္ခါရ၏ ရှိသည် မရှိသည်၏အဖြစ်ကို ရည်ရွယ်၍ မိန့်ဆိုအပ်၏၊ ထိုသင်္ခါရ နှင့်တကွ ဖြစ်ခြင်းရှိသည် မရှိသည်၏ အဖြစ်ကို ရည်ရွယ်၍ ဆိုအပ်သည် မဟုတ်ပေ။

- ထို့ကြောင့် ပြားသော သူတစ်ပါးတို့၏ သန္တာန်၌ဖြစ်ခြင်းရှိသော်လည်း သင်္ခါရ၏ ဤနောက်စိတ်၌ ရှိသည်၏အဖြစ်ကြောင့် ထိုရှေး တိုက်တွန်းမှု၏ အစွမ်းကြောင့်ဖြစ်သော စိတ်သည် ‘‘ထိုစိတ်အား သင်္ခါရ ရှိသောကြောင့် သသင်္ခါရိက မည်၏’’ ဟူသော ဝိဂြိုဟ်အရ သသင်္ခါရိက မည်၏။

- အဘယ့်ကြောင့်ဟူမူ ‘‘အမွေးရှိသော သူ အတောင်ရှိသောငှက်’’ အစရှိသည် တို့၌ကဲ့သို့ သဟ သဒ္ဒါ၏ ထင်ရှားရှိသော အနက်ကို ပြခြင်းကြောင့်ပေတည်း။

- အဖို့တစ်ပါးကို ဆိုဦးအံ့၊ ထိုသသင်္ခါရိကစိတ်မှ ဖောက်ပြန်သော စိတ်သည်ကား ထိုရှေးဖြစ်သော တိုက်တွန်းမှု မရှိသောကြောင့် ဆိုအပ်ပြီးသော နည်းဖြင့် အသင်္ခါရိကမည်၏။

ဟူသော အကြင်စကားကို မိန့်ဆိုအပ်၏၊ ထိုစကားကိုလည်း ပါဠိတော် အဋ္ဌကထာဖြင့် ပြီးသော ဖြောင့်မတ် သန့်ရှင်းသည့်အနက်ကို လွှတ်၍ မိမိ၏ ကြံဆချက်ဖြင့် ဆိုအပ်သည်၏ အဖြစ်ကြောင့် မယူအပ် မယူသင့်သည်သာလျှင်တည်း။

ဆက်၍ ဆိုဦးအံ့၊ ဤအသင်္ခါရိကံ သသင်္ခါရိကံ ဟူသော ပုဒ်၌ မိမိ၏အလိုနှင့် ကင်း၍ သူတစ်ပါးတို့ စေခိုင်းခြင်းဖြင့်လည်းကောင်း တိုက်တွန်းခြင်းဖြင့်လည်းကောင်း တောင်းပန်ခြင်းဖြင့်လည်းကောင်း ဖြစ်စေအပ်သည့် စိတ်သည် ပယောဂသင်္ခါရသည် ဖြစ်စေအပ်သော စိတ် မည်၏။

ထိုအတူ မိမိ၏အလိုနှင့်ကင်း၍ သူတစ်ပါးတို့ကို ကြောက်ရွံ့သဖြင့် လည်းကောင်း ရှက်နိုးသဖြင့် လည်းကောင်း ရိုသေကျိုးနွံသဖြင့် လည်းကောင်း ကတိကဝတ်ဖြင့် လည်းကောင်း ဒဏ်မှ ကြောက်သဖြင့်လည်းကောင်း ဖြစ်စေအပ်သည့် စိတ်သည် ဥပါယသင်္ခါရကြောင့် ဖြစ်သော စိတ် မည်၏။

တစ်နည်းကား မိမိသည်ပင်လျှင် မိမိ၏ တွန့်တိုသော စိတ်ကို သိ၍ ထိုထိုဥပါယ်ဖြင့် မိမိကိုယ်ကို ဆုံးမ၍သော်လည်းကောင်း ထိုထို အကြောင်းကို အောက်မေ့၍သော်လည်းကောင်း ဖြစ်စေအပ်သည့် စိတ်သည် ဥပါယသင်္ခါရကြောင့် ဖြစ်သော စိတ်မည်၏၊ ဤစကားသည်လည်း နည်းပြရုံမျှသာ တည်းဟု သိပါလေ။

ဒိဋ္ဌိဂတဝိပ္ပယုတ္တံ-ပုဒ်၏ အဖွင့်

မိစ္ဆာဒိဋ္ဌိနှင့် မယှဉ်ခြင်းသည် ဒိဋ္ဌိဂတဝိပ္ပယုတ် မည်၏။

ဥပေက္ခာ၏ အဓိပ္ပါယ်

လျစ်လျဉ်ရှုသည်၏ အဖြစ်ဖြင့် ရှုတတ် ခံစားသော အခြင်းအရာအားဖြင့် အာရုံကို ရှုတတ် သောကြောင့် ဥပေက္ခာမည်၏၊ တစ်နည်းကား - အသင့်အားဖြင့် ရှုတတ်သောကြောင့် ဥပေက္ခာ မည်၏။

ထိုစကားသည် မှန်လှစွာ၏၊ သောမနဿယ ဒေါမနဿတို့သည် အာရုံကို အလွန်အကဲအားဖြင့် ရှုတတ်ကြကုန်၏၊ အကြင်ကြောင့် သောမနဿဝေဒနာနှင့် ယှဉ်သော ပုဂ္ဂိုလ်သည် ထိုအာရုံနှင့် ကင်းကွာခြင်းကြောင့် ဖောက်ပြန်ခြင်းသို့ ရောက်ရသကဲ့သို့၊ ဒေါမနဿဝေဒနာနှင့်ယှဉ်သော ပုဂ္ဂိုလ် သည် ထိုအာရုံနှင့် ပေါင်းဆုံခြင်းကြောင့် ဖောက်ပြန်ခြင်းသို့ ရောက်ရသကဲ့သို့ ထို့အတူ ဤဥပေက္ခာ ဝေဒနာသည် မဖြစ်ချေ၊ စင်စစ်သော်ကား ဤဥပေက္ခာဝေဒနာသည် အသင့်အားဖြင့်သာလျှင် ရှုတတ်၏၊ အနိဋ္ဌ- ဣဋ္ဌအာရုံတို့နှင့် ယှဉ်ခြင်း ကွေကွင်းခြင်းဟူသော အကြောင်းကြောင့် ပုဂ္ဂိုလ်သည် ဖောက်ပြန်ခြင်းသို့ မရောက်နိုင်ပေဟု သိပါလေ။

အချို့သော ဆရာတို့သည်ကား ‘‘အသင့်အားဖြင့် ရှုတတ်သောကြောင့် ဥပေက္ခာ’’ဟူသော ဤဝိဂြိုလ် စကားသည် ဤလောဘအမူ အရာ၌ မဖြစ်သင့်ချေ၊ မှန်လှစွာ၏၊ အကုသိုလ်စိတ်သည် သင့်လျော် သော သဘောရှိသည်မည်သည်၊ မဖြစ်ချေဟု ဆိုကြကုန်၏၊ ‘‘သဥပေက္ခာနှင့်တကွ ဖြစ်သည်တည်း’’ သမာသ်ပြုသင့်၏။

[မြန်မာပြန် ဆရာ၏အမှာ။ ။ ‘ဥပေက္ခာယ သဟဂတံ ဥပေက္ခာသဟဂတံ’-ဟု တပ္ပုရိသ်သမာသ် ပြုလေ-ဟူလို။]

ဖဿ စသား- တရား အစု ထူးမပြု

ဆက်၍ ဆိုဦးအံ့၊ ဤလောဘမူစိတ်၌ ဖဿ အစရှိသည် ဝိတက် အစရှိသည် မောဟ အစရှိသည်လည်း ဖြစ်ကုန်သော တရားတို့သည် အလုံးစုံသော ဤလောဘမူစိတ် ရှစ်ပါးတို့နှင့် ဖြစ်ကုန် ယှဉ်ကုန်၏၊ ထိုဖဿ အစရှိ၊ ဝိတက် အစရှိ၊ မောဟ အစ ရှိကုန်သော တရားတို့သည် ဝေဒနာကဲ့သို့ မိမိတို့သည်လည်း ကွဲပြားမှု မရှိကြကုန်၊ ဒိဋ္ဌိ သင်္ခါရ တို့ကဲ့သို့ ထိုဖဿ စသော စေတသိက်တို့၏ ဤလောဘမူစိတ်၌ အချို့၌ဖြစ်၊ အချို့၌ မဖြစ်ကုန်၊ ဤသို့သော ဝိကပ် (ကြံဆဖွယ်သည်)သည် ရှိလည်း မရှိခဲ့၊ ထို့ကြောင့် ထိုဖဿစသော တရားတို့သည် ဤလောဘမူစိတ်၏ အထူးကို မပြုတတ်ကုန်၊ ထို့ကြောင့် ဤလောဘမူစိတ်၌ (အထူးပြုသော အားဖြင့်) မယူအပ်ကုန်ဟု သိမှတ်ပါလေ။

လောဘယ ဝေဒနာယ ဒိဋ္ဌိ သင်္ခါရတို့ အထူးပြုကြပုံ

လောဘ စေတသိက်သည်ကား တစ်ပါးကုန်သော အကုသိုလ် စေတသိက်တို့နှင့် ဤလောဘမူစိတ် ရှစ်ပါးအား ထူးခြားသည်ကို ပြုတတ်၏၊ ဝေဒနာ ဒိဋ္ဌိ သင်္ခါရတို့သည်လည်း ဤလောဘမူစိတ်၏ အချင်းချင်း ထူးခြားသည်ကို ပြုတတ်ကုန်သောကြောင့် ထိုဝေဒနာ ဒိဋ္ဌိ သင်္ခါရတို့ကိုသာလျှင် ဤလောဘမူစိတ်၌ ယူအပ်ကုန်၏ဟု သိမှတ်ပါလေ။

သပ္ပီတိက စသည် မဆိုပုံ

ပီတိ မာန ထိန မိဒ္ဓတို့သည်လည်း အထူးကို ပြုတတ်ကုန်သောကြောင့် ထိုပီတိ မာန ထိနမိဒ္ဓ တို့ကိုလည်း ဤ လောဘမူစိတ်၌ သပ္ပီတိက အပ္ပီတိက မာနသမ္ပယုတ္တ မာနဝိပ္ပယုတ္တ ထိနမိဒ္ဓသမ္ပယုတ္တ ထိနမိဒ္ဓဝိပ္ပယုတ္တ ဟူ၍ ယူအပ်ကုန်သည် မဟုတ်ပါလော၊ ဤကား အမေးစကား တစ်ရပ်တည်း။

မယူအပ် မယူသင့်ပေ၊ ထိုစကားသည် မှန်လှစွာ၏၊ ထိုပီတိ စသော တရားတို့တွင် သောမနဿကို ယူသည်ရှိသော် ပီတိကို ယူခြင်းကိစ္စပြီး၏၊ ဤမှတစ်ပါးသော မာန ထိန မိဒ္ဓ တရားသုံးပါးတို့ သည်လည်း အမြဲယှဉ်လေ့လည်း မရှိကုန်၊ ယေဝါပနကတို့လည်း ဖြစ်ကုန်၏၊ ထို့ကြောင့် မယူအပ် ကုန်ဟု သိအပ်ကုန်၏။

၂၈။ ဋီကာကျော် (နှာ- ရ၈)၌ကား-

ဖဿ အစရှိ၊ ဝိတက် အစရှိ၊ မောဟအစရှိသော တရားတို့သည် ဤလောဘမူစိတ်မှ တစ်ပါး ကုန်သော စိတ်တို့နှင့်လည်း ယှဉ်ကုန်သောကြောင့် ထိုဖဿစသောတရားတို့သည် တစ်ပါးကုန်သော စိတ်တို့နှင့် ဤလောဘမူစိတ်၏ အထူးကို မပြုတတ်ကြကုန်၊ ထို့ကြောင့် ထိုဖဿ စသည်တို့ကို ဤ လောဘမူစိတ်၌ မယူအပ်ကုန်ဟူသော ဤအဓိပ္ပါယ်အားဖြင့်-

‘‘စောဒနာ စကားကို ဆိုဦးအံ့၊ ဤလောဘမူစိတ်၌ တစ်ပါးသော ဖဿ စသော ယှဉ်သော တရားတို့ ထင်ရှားရှိကြပါကုန်လျက် သောမနဿဝေဒနာနှင့် တကွဖြစ်ခြင်း စသည်ကိုသာ အဘယ်ကြောင့် ဆိုအပ်ပါသနည်းဟု မေးခဲ့ပါမူ။

သောမနဿ စသော ဝေဒနာတို့သည်သာလျှင် လောဘမူစိတ်မှ တစ်ပါးသော စိတ်တို့နှင့် မဆက်ဆံ သောကြောင့်ဟု အဖြေပုဒ်ကို ထုတ်ဆိုအပ်၏၊ ချဲ့၍ ဆိုဦးအံ့၊ ဖဿ အစရှိကုန်သော အချို့ကုန်သော စေတသိက်တို့သည် အလုံးစုံသော စိတ်တို့နှင့် ဆက်ဆံကြကုန်၏၊ အချို့ကုန်သော စေတသိက် တို့သည် ကုသိုလ်စသော စိတ်တို့နှင့် ဆက်ဆံကြကုန်၏၊ မောဟစသော စေတသိက်တို့သည် အလုံးစုံ သော အကုသိုလ်စိတ်တို့နှင့် ဆက်ဆံကြကုန်၏၊ ထို့ကြောင့် ထိုဖဿစသော စေတသိက်တို့ဖြင့် စိတ်ကို အထူးပြုခြင်းငှါ မတတ်နိုင်ကုန်။

ဟူ၍ အကြင်စကားကို မိန့်ဆိုအပ်၏၊ ထိုစကားကို စူးစမ်းဆင်ခြင်အပ်၏။

ထိုစကားသည် မှန်လှပေ၏၊ ဤသို့ ဖြစ်ခဲ့သည်ရှိသော် သောမနဿ ဥပေက္ခာ သင်္ခါရတို့သည်လည်း တစ်ပါးသော စိတ်တို့၌ ထင်ကုန် တွေ့မြင်ရကုန်၏၊ ထို့ကြောင့် ထိုသောမနဿ စသော တရား တို့သည်လည်း တစ်ပါးသော စိတ်တို့နှင့် ဤလောဘမူစိတ်၏ အထူးကို မပြုနိုင်ကြကုန်သောကြောင့် ထိုသောမနဿ စသော တရားတို့ကိုလည်း ဤ လောဘမူစိတ်၌ မယူအပ်ကုန်သည် ဖြစ်ရာ၏ဟု သိပါလေ။

သောမနဿ အင်္ဂါ ဤလေးဖြာ

ဆက်၍ ဆိုပေဦးအံ့၊ ဤသောမနဿသဟဂတံ-ဟူသော ပုဒ်၌-

၁။ သောမနဿဝိပါက်စိတ်နှင့် ပဋိသန္ဓေ နေသည်၏အဖြစ် တစ်ပါး၊
၂။ မနက်နဲသော သဘောရှိသည်၏အဖြစ် တစ်ပါး၊
၃။ သဘာဝဣဋ္ဌာရုံ ပရိကပ္ပဣဋ္ဌာရုံတို့နှင့် တွေ့ကြုံမိခြင်း တစ်ပါး၊
၄။ ပျက်စီးခြင်း စသည်မှ ကင်းလွတ်ခြင်း တစ်ပါး၊

ဤကား သောမနဿ ဖြစ်ခြင်း၏အကြောင်း လေးပါးတည်း။

ချဲ့၍ ဆိုပေဦးအံ့၊ သောမနဿနှင့် ပဋိသန္ဓေနေသော ပုဂ္ဂိုလ်သည် အခါခပ်သိမ်း သောမနဿ ဘဝင်ဖြင့် ထုံအပ်သော စိတ်အစဉ် ရှိ၏၊ ထို့ကြောင့် ထိုပုဂ္ဂိုလ်အား စိတ်ဖြစ်သည်ရှိသော် များသော အားဖြင့် သောမနဿဝေဒနာနှင့် တကွဖြစ်၏ဟု သိပါလေ။

မနက်နဲသော သဘောရှိသော ပုဂ္ဂိုလ်သည်လည်း ယုတ်ညံ့သော အာသယ (အလို) ရှိသည် ဖြစ်၍ အနည်းငယ်ကိုလည်း အကြီးအကျယ် ဟူ၍ မှတ်ထင်တတ်၏၊ အယုတ်ကိုလည်း အမြတ်ဟူ၍ မှတ်ထင်တတ်၏၊ ထို့ကြောင့် ထိုပုဂ္ဂိုလ်အားလည်း စိတ်သည် ဖြစ်သည်ရှိသော် များသောအားဖြင့် သောမနဿဝေဒနာနှင့် တကွဖြစ်၏ဟု သိပါလေ။

သဘာဝဣဋ္ဌာရုံ ပရိကပ္ပဣဋ္ဌာရုံတို့နှင့် တွေ့ဆုံမိခြင်း ဟူသည်ကား - မိမိသည် အလိုရှိအပ်သော ယုတ်ညံ့သည်လည်း ဖြစ်သော၊ မြတ်သည်လည်းဖြစ်သော အာရုံနှင့်ပေါင်းဆုံမိခြင်းတည်း။

ပျက်စီးခြင်းစသည်မှ ကင်းလွတ်ခြင်းဟူသည် ဆွေမျိုးတို့၏ ပျက်စီးခြင်းစသည်မှ ကင်းလွတ်ခြင်း တည်း။

ဥပေက္ခာအင်္ဂါ ဤလေးဖြာ

၁။ ဥပေက္ခာစိတ်နှင့် ပဋိသန္ဓေနေသည်၏ အဖြစ် တစ်ပါး၊
၂။ နက်နဲသော သဘောရှိသည်၏အဖြစ် တစ်ပါး၊
၃။ အလယ် အလတ်ဖြစ်သော မဇ္ဈတ္တာရုံနှင့် ပေါင်းဆုံမိခြင်း တစ်ပါး၊
၄။ ဆွေမျိုးတို့၏ ပျက်စီးခြင်း စသည်မှ လွတ်ကင်းခြင်း တစ်ပါး။

ဤကား ဥပေက္ခာဖြစ်ခြင်း၏ အကြောင်းလေးပါးတည်း။

ဆက်၍ ဆိုပေဦးအံ့၊ ဤအရာ၌ နက်နဲသော သဘောရှိသည်၏ အဖြစ် မည်သည်ကား ကြီးကျယ်သော အဇ္ဈာသယ ရှိသည်၏အဖြစ်တည်း၊ မှန်လှစွာ၏၊ ထိုသို့ သဘောရှိသော ပုဂ္ဂိုလ်သည် အကြီးအကျယ်ကိုသော်လည်း အနည်းငယ်ကဲ့သို့ မှတ်ထင်တတ်၏၊ အမြတ်ကိုသော်လည်း အယုတ် ဟူ၍ မှတ်ထင်တတ်၏ဟု သိပါလေ။

ဒိဋ္ဌိအင်္ဂါ ဤငါးဖြာ

ဒိဋ္ဌိဖြစ်ရန် အကြောင်းအင်္ဂါကား-

၁။ ဘဝအဆက်ဆက်မှ ပါလာသော ဒိဋ္ဌိလျှင် အဇ္ဈာသယ ရှိသည်၏အဖြစ် တစ်ပါး၊
၂။ အယူပျက်သော မိစ္ဆာဒိဋ္ဌိ ပုဂ္ဂိုလ်ကို မှီဝဲခြင်းသည်လည်း တစ်ပါး၊
၃။ သူတော်ကောင်းတရားမှ မျက်ကွယ်ပြုသည်၏အဖြစ် တစ်ပါး၊
၄။ မိစ္ဆာဝိတက် များသည်၏အဖြစ် တစ်ပါး၊
၅။ မသင့်မတင့်သောအားဖြင့် နှလုံးသွင်းခြင်း တစ်ပါး။

ဤသည်လျှင် ဒိဋ္ဌိဖြစ်ခြင်း၏ အကြောင်းငါးပါးတည်း။

ထိုစကား၌ ဘဝအဆက်ဆက်မှ ပါလာသော ဒိဋ္ဌိလျှင် အဇ္ဈာသယ ရှိသည်၏ အဖြစ် - ဟူသည်ကား ကာဏရိဌ်နဂါး သုနက္ခတ္တရဟန်းတို့ကဲ့သို့ ရှေးဘဝ၌ ဒိဋ္ဌိလျှင် လည်းလျောင်းရာ ရှိသည်၏အဖြစ်ဖြင့် လာသည်၏အဖြစ်ကြောင့် ဤဘဝ၌လည်း သဿတအယူ ဥစ္ဆေဒ အယူလျှင် အရာရှိသည်၏ အဖြစ် ပေတည်း။

သူတော်ကောင်း တရားမှ မျက်ကွယ်ပြုသည်၏ အဖြစ် - ဟူသည်ကား ရှည်မြင့်စွာသော ကာလ ပတ်လုံးလည်း သူတော်ကောင်းတရားနှင့် ကင်းလွတ်၍ လာသည်၏ အဖြစ်ပေတည်း။

မိစ္ဆာဝိတက် များသည်၏ အဖြစ် ဟူသည်ကား - မိမိ၏အရာ မဟုတ်ကုန်သော သဗ္ဗညုဘုရားရှင်၏ အရာဌာနတို့၌ မိမိ၏အတိုင်းအရှည် မသိမူ၍ ကြံစည်ခြင်း၌ လေ့ကျက်သည်၏ အစွမ်းအားဖြင့် မိစ္ဆာဝိတက် များသည်၏ အဖြစ်ပေတည်း။

မသင့်မတင့်သောအားဖြင့် နှလုံးသွင်းခြင်း - ဟူသည်ကား မိမိသည် မြင်အပ်သော အကြောင်းကို သာလျှင် အနှစ်သာရရှိသည့် အမှန်အကန် အားဖြင့် နှလုံးသွင်းခြင်းတည်း။

ထိုမှ ပြန်ဘက်အားဖြင့် ဒိဋ္ဌိဂတဝိပ္ပယုတ် ဖြစ်ခြင်း အကြောင်းကို သိပါလေ။

အသင်္ခါရိက အင်္ဂါ ဤခြောက်ဖြာ

အသင်္ခါရိကဖြစ်ရန်အကြောင်း အင်္ဂါကား-

၁။ အသင်္ခါရိကကံသည် ဖြစ်စေအပ်သော ပဋိသန္ဓေရှိသည်၏အဖြစ် တစ်ပါး၊
၂။ ခံ့ကျန်းသော ကိုယ်စိတ်ရှိသည်၏အဖြစ် တစ်ပါး၊
၃။ သည်းခံခြင်း များသည်၏အဖြစ် တစ်ပါး၊
၄။ ယောက်ျားတို့ ပြုသင့် ပြုထိုက်သည့် အမှုတို့၌ မြင်အပ်သော အကျိုးအာနိသင် ရှိသည်၏အဖြစ် တစ်ပါး၊
၅။ အမှု၌ လေ့ကျက်သည်၏အဖြစ် တစ်ပါး၊
၆။ လျောက်ပတ်သည့် ဥတု ဘောဇဉ် စသည်ကိုရခြင်း တစ်ပါး၊

ဤသည်လျှင် အသင်္ခါရိက ဖြစ်ခြင်း၏အကြောင်း ခြောက်ပါးတည်း။

ထိုစကား၌ သည်းခံခြင်း များသည်၏အဖြစ် ဟူသည်ကား- အချမ်း အပူ စသည်တို့ကို သည်းခံခြင်း များသည်၏ အဖြစ်ပေတည်း။

ယောက်ျားတို့ ပြုသင့် ပြုထိုက်သည့် အမှုတို့၌ မြင်အပ်သော အကျိုးအာနိသင် ရှိသည်၏အဖြစ်- ဟူသည်ကား ယောက်ျားတို့ ပြုသင့်ပြုထိုက်သော အမှုတို့၌ဟု ဆိုလိုသည်၊ အမှု၌ လေ့ကျက်သည် ၏အဖြစ်- ဟူသည်ကား အမှု၌ လေ့လာအပ်ပြီးသော ဝသီဘော် ရှိသည်၏အဖြစ်ဟု ဆိုလိုသည်။

ထိုမှ ပြန်ဘက်အားဖြင့် သသင်္ခါရိက ဖြစ်ခြင်း၏အကြောင်းကို သိပါလေ၊ ဤစိတ်တို့၏ ဖြစ်ပုံ အစီအရင်ကိုကား ဝိသုဒ္ဓိမဂ်၌ ယူအပ်၏။

အဋ္ဌပိမှ ‘ပိ’ သဒ္ဒါ

အဋ္ဌပိ ပုဒ်၌ ‘ပိ’ သဒ္ဒါဖြင့် ထိုလောဘမူစိတ်တို့၏ ရသင့် ရထိုက်သော ကမ္မပထ အပြားအားဖြင့် လည်းကောင်း ကာလ သန္တာန် အာရုံ စသော အပြားအားဖြင့် လည်းကောင်း များသော အပြား ရှိသည့်အဖြစ်ကို ပေါင်း၏ဟု သိအပ်၏။

လောဘမူစိတ်၏ မြတ်သော အနက်ကို ပြသော အခန်း ပြီးပြီ။

ဒေါသမူစိတ် အဖွင့်

ဒေါသမူစိတ်၌ မကောင်းသော စိတ်ဖြစ်သောကြောင့် ဒုမန မည်၏၊ ဖောက်ပြန်သော စိတ်ကို ရအပ်၏။

တစ်နည်းကား- ထိုပုဂ္ဂိုလ်အား မကောင်းသော စိတ်ရှိသောကြောင့် ဒုမန မည်၏၊ ဖောက်ပြန်သော စိတ်နှင့်ပြည့်စုံသည့် ပုဂ္ဂိုလ်ကို ရအပ်၏။

မကောင်းသောစိတ်၏ ဖြစ်ကြောင်းသည် ဒေါမနဿ မည်၏၊ တစ်နည်းကား- မကောင်းသော စိတ်ရှိသော ပုဂ္ဂိုလ်၏ဖြစ်ကြောင်းသည် ဒေါမနဿ မည်၏၊ ဤဒေါမနဿဟူသော အမည်သည် စိတ်၌ရှိသော ဒုက္ခဝေဒနာ၏ အမည်ပေတည်း။

မှန်လှစွာ၏၊ ထို ဒေါမနဿဝေဒနာသည် မိမိနှင့်တကွဖြစ်သော စိတ်၌လည်းကောင်း ထိုစိတ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်၌လည်းကောင်း ဒုမနသဒ္ဒါ ဖြစ်ခြင်း၏ လည်းကောင်း ဤသူသည် ထိုဒုမန ပင်တည်း ဟူ၍ ဒုမနဒြဗ်ကိုသိသော ဉာဏ်၏လည်းကောင်း ဖြစ်ခြင်း၏အကြောင်း ပေတည်းဟု သိအပ် သိသင့်၏။

ကြွင်းကျန်သော အစီအရင် အနက် အဓိပ္ပါယ်သည် အောက်၌ ဆိုအပ်ပြီးသော နည်းရှိသည် သာလျှင်တည်း၊ ဒေါမနဿဝေဒနာနှင့် တကွဖြစ်သည်တည်း၊ ဤသို့သော သမာသ်ကို ပြုအပ်၏။

ထိပါးလောင်မြိုက်တတ်သောကြောင့် ပဋိဃ မည်၏၊ ဒေါသကို ရအပ်၏၊ ချဲ့၍ ဆိုဦးအံ့၊ ထိုဒေါသ တရား ဖြစ်ပေါ်လာသည်ရှိသော် သမ္ပယုတ်တရားတို့ကိုလည်း ထိပါးတတ်၏၊ ခေါင်းပါးသည် ပူလောင်သည်တို့ကို ပြုတတ်၏၊ မိမိ၏ မှီရာ၀တ္ထုကိုလည်း ထိပါးတတ်၏၊ ဟဒယ၀တ္ထု- နှလုံးသား ကိုလည်း လောင်မြိုက်တတ်၏၊ ထိုဒေါမနဿဝေဒနာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို မျက်နှာမလှ သည်ကို ပြုတတ်၏၊ မိမိ၏ အာရုံကိုလည်း ထိပါးတတ်၏၊ ထိုအာရုံကို နှိပ်စက်၍ ယူတတ်၏၊ ထို့ကြောင့် ပဋိဃဟူ၍ ဆိုအပ်၏ဟု သိပါလေ။

ဒေါမနဿနှင့် ပဋိဃတို့ အထူးပြုပုံ

ဤအရာ၌ စောဒနာဖွယ် ဖြစ်ရာ၏၊ ရှေးဦးစွာ သင်္ခါရသည် ဤဒေါသမူစိတ်ကို ကွဲပြားအောင် ပြုတတ်၏၊ ထို့ကြောင့် ထိုသင်္ခါရကို ဤဒေါသမူစိတ်၌ ယူအပ်သော အရာသည်ကား သင့်တန်သည် မှန်၏၊ ဝေဒနာ ပဋိဃ တို့သည်ကား ကွဲပြားအောင် မပြုတတ်ချေ၊ ထို့ကြောင့် ထိုဝေဒနာ ပဋိဃတို့ကို ဤဒေါသမူစိတ်၌ မယူအပ်သည် မဟုတ်ပါလော၊ ဤသို့ မေးခဲ့ငြားအံ့၊ အဖြေစကား တစ်ရပ်ကို ဆိုခဲ့ပေအံ့၊ ရှေးဦးစွာ ဒေါမနဿဝေဒနာကို ယူခြင်းသည် ဤဒေါသမူစိတ်၏ တစ်ရံတစ်ခါ တစ်ပါး သော ဝေဒနာနှင့် ယှဉ်သည်၏အဖြစ်၌ လျဉ်းပါးခြင်းကို နစ်စေခြင်း အကျိုးရှိ၏ဟု သိပါလေ။

ပြုံးလျက် သတ်လဲ ဒေါမနဿပဲ

ချဲ့၍ ဆိုဦးအံ့၊ အကြင်အခါ၌ မင်းတို့သည် ရယ်ရွှင်ကုန်လျက် ခိုးသူသတ်ခြင်းကို အမိန့်ပေး စေခိုင်းကြကုန်၏၊ အကြင်အခါလည်း လူအပေါင်းတို့သည် မိမိ၏ရန်သူ ဖြစ်ကုန်သော သူတို့၏ သေခြင်း၌ ဝမ်းမြောက်စကားကို ပြောကြားကြကုန်၏၊ သေခြင်းကို နှစ်သက်ကြကုန်၏၊ အကြင် အခါ၌လည်း လူမိုက်တို့သည် ရယ်ရွှင်ကုန်လျက်သာလျှင် သားငှက်တို့ကို သတ်ကြကုန်၏၊ ထိုအခါ၌ ဒေါသမူစိတ်သည် သောမနဿဝေဒနာနှင့် ယှဉ်လေသလော ဤသို့သော လျဉ်းပါး ယုံမှား ဖွယ်သည် ရှိသည်သာလျှင်တည်း၊ ဥပေက္ခာဝေဒနာနှင့် ယှဉ်ရာ၌ကား ဆိုဖွယ်သည်သာလျှင် မရှိတော့ပေ၊ ထိုလျဉ်းပါးဖွယ်ကို နစ်စေခြင်းငှါ ဒေါမနဿဝေဒနာကို ယူခြင်းသည် ဖြစ်၏ဟု သိပါလေ။

သတ်မှုမှန်သမျှ ပဋိဃ

ပဋိဃသဒ္ဒါကို ယူခြင်းသည်လည်း တစ်ပါးသော တရားတို့နှင့် ယှဉ်သည်၏ အဖြစ်၌ လျဉ်းပါးခြင်းကို နစ်စေခြင်း အကျိုးရှိ၏၊ ထိုစကားကို ချဲ့၍ ဆိုဦးအံ့၊ နတ္ထိကဒိဋ္ဌိအဟေတုကဒိဋ္ဌိအကိရိယဒိဋ္ဌိ မှားသောအမြင် ရှိကြသည့် အကြင်သူတို့သည် သတ္တဝါကို သတ်ခြင်း၌ မကောင်းမှု မည်သည် မရှိဟု ယူစွဲကြကုန်၏၊ အကြင်သူတို့သည်လည်း လူကို သတ်ခြင်း၌သာလျှင် မကောင်းမှုဖြစ်၏၊ တိရစ္ဆာန်ကို သတ်ရာ၌ မကောင်းမှု မည်သည် မရှိဟု ယူစွဲကြကုန်၏၊ အကြင်သူတို့သည်လည်း သတ္တဝါကို သတ်ကြကုန်၍ ယဇ်ပူဇော်ကြကုန်သော သူတို့အား ကြီးကျယ်သော ကောင်းမှုဖြစ်၏၊ နတ်ပြည်၌ ဖြစ်စေတတ်၏ဟု ယူစွဲကြကုန်၏။

ထိုသူတို့သည် မိမိတို့၏ အယူဖြင့် ရဲရဲဝံ့ဝံ့ သတ္တဝါသတ်ခြင်းကို ကိုယ်တိုင်မူလည်း ပြုကြကုန်၏၊ တစ်ပါးသော သူတို့ကိုမူလည်း စေခိုင်းကြကုန်၏၊ ထိုအခါ၌ ဤဒေါသမူစိတ်သည် ဒိဋ္ဌိနှင့်လည်း ယှဉ်နိုင်သည် ဖြစ်ရာ၏ဟု လျဉ်းပါးဖွယ် ဖြစ်နိုင်သည်သာလျှင်တည်း။

အကြင်သူတို့သည်ကား သမ္မာဒိဋ္ဌိ လူမျိုးတို့၌ ဖြစ်ကုန်သော်လည်း မိုက်မဲကုန်၏၊ မလိမ္မာကြကုန်၊ ထိုသူတို့သည် တစ်ရံတစ်ခါ ထိုမိစ္ဆာဒိဋ္ဌိ အယူရှိကုန်သော သူတို့၏အယူကို စွဲယူ၍ သူ့အသတ်ကို သတ်ကြကုန်သည်ရှိသော် အစ၌ဖြစ်သော ယုံမှားခြင်း ရှိကြကုန်သေးသည်သာလျှင်တည်း၊ ထိုအခါ၌ ထိုသူတို့၏ ဤဒေါသမူစိတ်သည် ဝိစိကိစ္ဆာနှင့် ယှဉ်သည်ဖြစ်ရာ၏ဟု လျဉ်းပါးဖွယ် ဖြစ်နိုင်ရာ၏၊ ထိုလျဉ်းပါးဖွယ်ကို နစ်စေခြင်း အကျိုးငှါ ပဋိဃသဒ္ဒါကို ယူခြင်းဖြစ်ပေသည်။

ဤမှတစ်ပါးသော အခြင်းအရာအားဖြင့် အနက်အဓိပ္ပါယ်ကို ယူဆခဲ့သော် ရှေး၌ဖြစ်သော စိတ်၏ လောဘသဟဂုတ် အဖြစ်ကဲ့သို့ ဤစိတ်၏ ပဋိဃနှင့် ယှဉ်သည်၏အဖြစ်ကို စူဠနိဂုံးဖြင့်သာလျှင် ပြီး၏၊ ထို့ကြောင့် ထိုဒိဋ္ဌိစသည်တို့ကို ယူခြင်းသည် အကျိုးမရှိသည် ဖြစ်ရာ၏ဟု သိပါလေ၊ ဆက်၍ ဆိုဦးအံ့၊ ဤအရာ၌ ဣဿာမစ္ဆရိယကုက္ကုစ္စတို့ကိုလည်းကောင်း၊ ထိနမိဒ္ဓကိုလည်းကောင်း မယူခြင်းကို ရှေးစိတ်၌ မာနထိနမိဒ္ဓနည်းဖြင့် သိပါလေ၊ ဤဆိုအပ်ခဲ့ပြီးသည်ကား ဤကျမ်း၌ မြတ်သော အနက်ကို ပြခြင်းပေတည်း။

၂၉။ ဋီကာကျော်(နှာ-၈၀)၊ မဟာဋီကာ၊ ဒု (နှာ-၁၂၁) ၌လည်း-
မဆက်ဆံသော တရား၏အစွမ်းဖြင့် စိတ်ကို မှတ်ခြင်း အကျိုးငှါ ဒေါမနဿဝေဒနာကို ယူခြင်း ဖြစ်ပေသည်။
ဟူ၍ မိန့်ဆိုအပ်၏၊ ထိုစကား၌ ‘မဆက်ဆံသော တရား၏အစွမ်းဖြင့်’ ဟူသော ဤစကားသည် ရှေးဦးစွာ မသင့်ချေ။

၃၀။ အဘယ့်ကြောင့်နည်း၊ ဤဒေါသမူစိတ်၏ သောမနဿသဟဂုတ်ဥပေက္ခာသဟဂုတ်၏ အဖြစ်ရှိပါသော်လည်း တရားတစ်ပါးနှင့် မဆက်ဆံသည်သာလျှင် ဖြစ်သော ဒေါမနဿဖြင့် ဤဒေါသမူစိတ်ကို မှတ်ခြင်း အကျိုးငှါ ဟူသော အနက်ရောက်ခြင်းကြောင့်ပေတည်းဟု သိပါလေ။

ဥပမာဆို အဘယ်လိုနည်းဟူမူ ရှေး၌ဖြစ်သော (လောဘမူ) စိတ်၏လည်းကောင်း ဤဒေါသမူစိတ်၏ လည်းကောင်း မောဟသဟဂုတ်၏ အဖြစ်ရှိပါသော်လည်း တရားတစ်ပါးနှင့် မဆက်ဆံသည်သာလျှင် ဖြစ်သော လောဘဖြင့် လည်းကောင်း ပဋိဃဖြင့် လည်းကောင်း မှတ်ခြင်း အကျိုးငှါ ‘‘လောဘသဟဂတယ ပဋိဃသဟဂတ’’၏ သဒ္ဒါကို ယူသကဲ့သို့ ပေတည်းဟု သိပါလေ၊ မှတ်ခြင်း အကျိုးငှါ-ဟူ၍လည်း မဆိုအပ် မဆိုသင့်ချေ။

အပြစ်ကို ဆိုဦးအံ့၊ ယင်းသို့ ဖြစ်ခဲ့သော် ထင်ရှားသော ဒေါမနဿဖြင့် မထင်ရှားကုန်သော တစ်ပါးသော ဝေဒနာတို့၏လည်း ဤဒေါသမူစိတ်၌ ရအပ်သည်၏အဖြစ်ကို မှတ်အပ်၏ဟူသော အနက်အဓိပ္ပါယ်သည် ရောက်ခဲ့ရာ၏၊ အဘယ်ကဲ့သို့နည်းဟူမူကား- ‘‘ရအပ်သော ထီးဖြူရှိသော မင်းသား’’ ဟူသကဲ့သို့ပေတည်း။

၃၁။ ဋီကာကျော် (နှာ- ၈၀)၌-
ပဋိဃနှင့် ယှဉ်သည်၏အဖြစ်ကိုကား နှစ်ပါးကုန်သော ဒေါမနဿပဋိဃတို့၏ စင်စစ်တကွ ဖြစ်သည့်အဖြစ်ကို ပြခြင်း အကျိုးငှါ မိန့်ဆိုအပ်၏။
ဟူ၍ ဆိုအပ်သော ထိုစကားသည်လည်း မကောင်းချေ၊ အဘယ့်ကြောင့်နည်း ဟူမူကား- ဤ ဒေါသမူစိတ်၏ စူဠနိဂုံးဖြင့်သာလျှင် ထိုအနက် ပြီးစီးနိုင်သောကြောင့်တည်းဟု သိပါလေ။

ဒေါသမူအင်္ဂါ ဤငါးဖြာ

ဆက်၍ ဆိုဦးအံ့၊ ဤဒေါသမူစိတ်၌-
၁။ ဒေါသလျှင် အဇ္ဈာသယဓာတ်ခံ ရှိသည်၏အဖြစ် တစ်ပါး၊
၂။ မနက်နဲသော သဘောရှိသည်၏အဖြစ် တစ်ပါး၊
၃။ နည်းသော အကြားအမြင် ရှိသည်၏အဖြစ် တစ်ပါး၊
၄။ အာဃာတ၀တ္ထုနှင့် ပေါင်းဆုံမိခြင်း တစ်ပါး၊
၅။ အနိဋ္ဌာရုံနှင့် ပေါင်းဆုံမိခြင်း တစ်ပါး၊

ဤသည်ကား ဒေါမနဿ၏လည်းကောင်း ပဋိဃ၏လည်းကောင်း ဖြစ်ကြောင်း အင်္ဂါတည်း။

ထိုစကား၌ ဒေါသများသော ဘဝမှ လာသည်၏ အစွမ်းအားဖြင့် ဒေါသလျှင် အဇ္ဈာသယ ဓာတ်ခံ ရှိသည်၏အဖြစ်ကို မှတ်အပ်၏။

မနက်နဲသော သဘောရှိသည်၏ အဖြစ်သည် ယုတ်ညံ့သော အဇ္ဈာသယ ရှိသည်၏အဖြစ်ပေတည်း။

နည်းသော အကြားအမြင်ရှိသော သူအားလည်း အလိုမရှိအပ်သည့် လောကဓံတရားတို့ဖြင့် တွေ့ထိ သည်ရှိသော် ‘‘ဤလူ့ဘောင်၌ ထိုကုသိုလ် ပြုခွင့်ကို အဘယ်မှာ ရပါအံ့နည်း’’ ဟု နှလုံးသွင်း ဆင်ခြင်ခြင်း မရှိဟု သိပါလေ။

ဤနှစ်ပါးကုန်သော စိတ်တို့၏လည်း ဖြစ်ပုံ အစီအရင်ကို ဝိသုဒ္ဓိမဂ်၌ ယူအပ်၏၊ ‘ပိ’ သဒ္ဒါ၏ အနက်သည်လည်း ဆိုအပ်ခဲ့ပြီးသော နည်းရှိသည် သာလျှင်တည်းဟု သိပါလေ။

ဒေါသမူစိတ်၏ မြတ်သော အနက်ကို ပြခြင်း ပြီးပြီ။

…………

မောဟမူစိတ် အဖွင့်

မောဟမူစိတ်၌ ဝိစိကိစ္ဆာဥဒ္ဓစ္စတို့၏ ပုဒ်အနက်သည် အထက် စေတသိက်ပိုင်း၌ လာလတ္တံ့။

မောဟမူမှာ ဥပေက္ခာ

အကြင့်ကြောင့်ကား ဤမောဟမူစိတ်သည် မူလ တစ်ပါး ကင်းသော ရအပ်သော အခွင့်ရှိသည့် အားကြီးသော မောဟနှင့်လည်းကောင်း ရွေ့လျားခြင်း ပျံ့လွင့်ခြင်း ရှိကြသည့် ဝိစိကိစ္ဆာဥဒ္ဓစ္စ တို့နှင့်လည်းကောင်း ယှဉ်၏၊ ထို့ကြောင့် ဤမောဟမူစိတ်၌ ဝေဒနာသည်လည်း အာရုံကို လွန်ကဲသော အားဖြင့် ခံစားခြင်းငှါ မစွမ်းနိုင်ပေ၊ ထို့ကြောင့် ဥပေက္ခာဝေဒနာ သည်သာ ယှဉ်နိုင် ပေသည်။

ယင်းသို့ ဖြစ်ငြားသော်လည်း ဤမောဟမူစိတ်သည် သောမနဿသဟဂုတ်ဒေါမနဿသဟဂုတ် စိတ်တို့၏လည်း အခြားမဲ့၌ဖြစ်သောကြောင့် ဤစိတ်သည် ထိုဝေဒနာ နှစ်ပါးစုံ တို့နှင့်လည်း ယှဉ်သည် ဖြစ်ရာ၏ဟု လျဉ်းပါးဖွယ် ရှိသောကြောင့် ထိုလျဉ်းပါးဖွယ်ကို နစ်စေခြင်း အကျိုးငှါ ဤအရာ၌ ဥပေက္ခာသဒ္ဒါကို ပြုအပ်၏။

ဝိစိကိစ္ဆာနှင့် ဥဒ္ဓစ္စ ယှဉ်ပုံပြ

တစ်ပါးသောစိတ်နှင့် မဆက်ဆံသော တရားဖြင့် စိတ်ကို မှတ်ခြင်းအကျိုးငှါ ဝိစိကိစ္ဆာ သဒ္ဒါကို ပြုအပ်၏၊ ဥဒ္ဓစ္စသည်ကား အလုံးစုံသော အကုသိုလ်စိတ်တို့၌ ယှဉ်ငြား ပါသော်လည်း ဤအရာ၌ ရအပ်သော အခွင့်ရှိသည်ဖြစ်၍ ကောင်းစွာ အားရှိ အားကြီးပေ၏ဟု ပြခြင်း အကျိုးငှါ ဤနေရာ၌ သာလျှင် ယူအပ်၏ဟု သိမှတ်ပါလေ။

ဥဒ္ဓစ္စကို နောက်မှဆို

မှန်လှစွာ၏၊ ထို့ကြောင့်သာလျှင် ဓမ္မသင်္ဂဏီ ပါဠိတော် ဓမ္မုဒ္ဒေသဝါရဥဒ္ဓစ္စကို တစ်ပါးကုန်သော အကုသိုလ်စိတ်တို့၌ သရုပ်အားဖြင့် မထုတ်မူ၍ ယေဝါပနက အဖြစ်ဖြင့်သာလျှင် ဟောတော်မူအပ်၏၊ ဤအဆုံးစွန် ဖြစ်သော အကုသိုလ်စိတ်၌သာ သရုပ်အားဖြင့် ထုတ်တော်မူ၏ဟု မှတ်သိပါလေ။

မောဟမူမှာ အသင်္ခါရိက

ဆက်၍ ဆိုဦးအံ့၊ အကြင့်ကြောင့် ဤမောဟမူစိတ် နှစ်ခုသည် သတ္တဝါတို့၏ ပကတိသဘော ဖြစ်သောကြောင့် ပယောဂဖြင့် လည်းကောင်း အကြောင်းဖြင့် လည်းကောင်း တစ်စုံတစ်ခုဖြင့် ဖြစ်စေဖွယ် မည်သည် မရှိချေ၊ အခါခပ်သိမ်းလည်း ဘဝင်စိတ်ကဲ့သို့ မဆုတ်မနစ် မတွန့်တိုသည် ဖြစ်၍ မပင်မပန်း မငြိုမငြင်သဖြင့် ဖြစ်၏၊ ထို့ကြောင့် စင်စစ်အားဖြင့် အသင်္ခါရိကသာလျှင် ဖြစ်သော ကြောင့် ဤမောဟမူစိတ်၌ သင်္ခါရ အပြားကို မယူအပ်ဟု မှတ်ထိုက်၏။

ဆက်၍ ဆိုဦးအံ့၊ ထို့ကြောင့်သာလျှင် ပါဠိတော်၌လည်း ရှေး (လောဘမူ၊ ဒေါသမူ) စိတ်တို့၌ကဲ့သို့ ဤမောဟမူစိတ်၌ သသင်္ခါရိက ဟူ၍ ဒုတိယစိတ်၏ ဝါရကို မဟောအပ်ဟု သိသင့် သိထိုက်၏၊ ဤဆိုအပ်ခဲ့ပြီးသည်ကား ဤမောဟမူစိတ်၌ မြတ်သောအနက်ကို ပြခြင်းပေတည်း။

၃၂။ ဋီကာကျော် (နှာ- ၈၀)၌ကား-
ဤနှစ်ပါးသော မောဟမူစိတ်တို့သည် အလွန်တွေဝေသောကြောင့် လည်းကောင်း အလွန်တုန်လှုပ် သည်၏ အဖြစ်ကြောင့် လည်းကောင်း အလုံးစုံသော အာရုံတို့၌ တပ်နှစ်သက်ခြင်း ပြစ်မှားခြင်း ကင်းကုန်၏၊ ထို့ကြောင့် ဥပေက္ခာသဟဂုတ်တို့သည်သာလျှင် ဖြစ်ကုန်၏။
ဟု မိန့်ဆို၏၊ ထိုစကားသည် မကောင်းချေ၊ တပ်နှစ်သက်ခြင်းနှင့် တကွလည်း ဖြစ်ကုန်သော လောဘမူစိတ်တို့၏ ဥပေက္ခာနှင့် ယှဉ်ခြင်းကို မြင်ရသောကြောင့်တည်းဟု သိအပ်၏။

၃၃။ ထိုဋီကာကျော် (နှာ- ၈၁)၌လည်းကောင်း-
မဟာဋီကာ (နှာ- ၁၂၁)၌လည်းကောင်း-
ထို့ကြောင့်သာလျှင် သဘောအားဖြင့် ထက်သော အဖြစ်၏ လည်းကောင်း တိုက်တွန်းအပ်သည့် အဖြစ်၏ လည်းကောင်း မရှိသောကြောင့် သင်္ခါရ အပြားသည်လည်း (အသင်္ခါရိက၊ သသင်္ခါရိက ကွဲပြားမှုသည်လည်း) ထိုမောဟမူစိတ်တို့အား မရှိပေ။
ဟု မိန့်ဆို၏၊ ထိုစကား၌ ‘သဘောအားဖြင့် ထက်သောအဖြစ်၏ မရှိခြင်းကြောင့်’ဟူသော ဤ စကားဖြင့် ဤမောဟမူစိတ်အား အသင်္ခါရိက၏ အဖြစ်ကို မြစ်ပယ်၏၊ ‘တိုက်တွန်းအပ်သည့် အဖြစ်၏ မရှိခြင်းကြောင့်’ဟူသော ဤစကားဖြင့် သသင်္ခါရိက၏ အဖြစ်ကို မြစ်ပယ်၏၊ ထိုနှစ်ပါးစုံဖြင့်လည်း ဤစိတ်နှစ်ခု အပေါင်းသည် အခါခပ်သိမ်း သင်္ခါရမှ လွတ်၏ဟု ပြဆို၏၊ ထိုစကားသည် ရှေးဦးစွာ အဋ္ဌကထာနှင့် မညီညွတ်ပေ။

မှန်လှပေ၏၊ ပဋိစ္စသမုပ္ပါဒဝိဘင်း အဋ္ဌကထာ၌ သင်္ခါရအပြားအားဖြင့် အဝိဇ္ဇာနှစ်ပါး အပြားရှိသည်၏ အဖြစ်ကိုသာလျှင် မိန့်ဆို၏၊ အကယ်၍ ဤအဝိဇ္ဇာ နှစ်ခုအပေါင်းသည် သင်္ခါရမှ လွတ်ခဲ့ငြားအံ့၊ ဤသို့ လွတ်ခဲ့သည်ရှိသော် ဤနေရာ၌ မောဟသည်လည်း သင်္ခါရမှ လွတ်သည် ဖြစ်ရာ၏၊ ထိုမောဟ သည်လည်း အဝိဇ္ဇာသာလျှင် ဖြစ်သောကြောင့်သာလျှင် အဝိဇ္ဇာသုံးပါး အပြားရှိသည်၏ အဖြစ် ကိုလည်း ထိုအဋ္ဌကထာ၌ ဆိုသင့် ဆိုထိုက်၏၊ ဆိုကား မဆိုခဲ့ချေဟု သိအပ်၏။ ဤသို့ ရှေးဦးစွာ အဋ္ဌကထာနှင့် မညီခဲ့ပေ။

တစ်နည်းကား- ပရမတ္ထသံခိပ်ဋီကာ ဆရာ လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးကလည်း ခန္ဓဝိဘင်း အဋ္ဌကထာ၌လည်း အကုသိုလ်စိတ်တို့၏ သြဠာရိက သုခုမကို ဝေဖန်ရာ၌ သသင်္ခါရိက အသင်္ခါရိကနှစ်ထွေသာ လာပေသည်၊ သင်္ခါရဝိမုတ် ဟူ၍ မလာပေဟု မိန့်ဆိုပြန်သည်၊ ထိုဆရာ၏ မိန့်ချက်ကို အကွက်ကျ သိလိုမူ သမ္မောဟဝိနောဒနီ အဋ္ဌကထာ (နှာ-၁၅)တွင် ကြည့်ကြပါကုန်။

၃၄။ ဆက်၍ ဆိုဦးအံ့၊ အကြင့်ကြောင့် ဤမောဟမူစိတ်၌ ထက်သည်၏အဖြစ် မည်သည်ကား သင်္ခါရနှင့် ကင်း၍ သက်သက် ပကတိသောအကြောင်း ပစ္စည်းအပေါင်း၏ အစွမ်းဖြင့်သာလျှင် ဖြစ်ခြင်းငှါ စွမ်းနိုင်သည်၏ အဖြစ်ကို ဆိုအပ်၏၊ ဤစိတ်သည်လည်း ထို့အတူသာလျှင် ဖြစ်သော ကြောင့် ဤစိတ်သည် သဘောအားဖြင့် မထက်ဟု ဆိုခြင်းငှါ မတတ်နိုင်ကောင်းပေဟု သိပါလေ။

[အမှာ။ ဤစကားရပ်ဖြင့် ဋီကာကျော် (နှာ-၈၁) ဂါထာ (၂)ပိုဒ်မှ ထိုမောဟမူစိတ် သဘောအားဖြင့် ထက်သည်၏အဖြစ် မရှိသောကြောင့် အသင်္ခါရိက မဖြစ် တိုက်တွန်းအပ်သည်၏အဖြစ် မရှိသော ကြောင့် သသင်္ခါရိက မဖြစ်ရကား သင်္ခါရအပြား မရှိ၊ သင်္ခါရရဝိမုတ်သာ ဖြစ်၏’’ဟူသော စကားကို သောဓနာတော်မူသည်။]

မောဟမူဟ-မှ မောမူဟ

ရအပ်သော အခွင့်ရှိသည့် မောဟဖြင့် ကောင်းစွာ တွေဝေတတ်သောကြောင့် မောဟမူဟ စိတ်တို့ မည်ကုန်၏၊ ထို့ကြောင့် ‘မောဟမူဟ’ ဟု ဆိုလိုလျက် နိရုတ္တိနည်း အားဖြင့် ‘မောမူဟ’ ဟု မိန့်ဆိုအပ်၏။

[မြန်မာပြန်ဆရာ၏ အမှာ ။ ။ ယခုခေတ် မြန်မာဝေါဟာရ အားဖြင့် ‘မောဟမူစိတ်’ဟု ခေါ်ဆို နေကြ၏၊ ဤ၌လည်း ‘မောဟမူဟစိတ်’ဟု ဆိုလိုလျက် နိရုတ္တိနည်းဖြင့် နောက်‘ဟ’ တစ်လုံးကို ချေထား၏ဟု သိပါလေ။]

……….

နိဂုံးပုဒ် အဖွင့်

ဣစ္စေဝံ- စသည်ကား နိဂုံးကြီး စကားရပ်တည်း၊ ထိုနိဂုံးကြီး စကား၌ ‘ဣစ္စေဝံ’ ဟူသောပုဒ်ကို ‘ဣတိ + ဧဝံ’ဟု ပုဒ်ဖြတ်ပါလေ၊ မှန်လှစွာ၏၊ ဤ ‘ဣစ္စေဝံ’ သဒ္ဒါသည် နိပါတ်ပုဒ် အပေါင်းပေတည်း။

တစ်နည်းကား- နောက်ဖြစ်သော ဧဝံ သဒ္ဒါသည် ရှေ့ဖြစ်သော ဣတိ သဒ္ဒါ၏အနက်ကို ဟောသော သဒ္ဒါတည်း။

တစ်နည်းကား- ‘ဣစ္စေဝံ’ ဟူသည်ကား အသီးအခြား ဖြစ်သည့် တစ်ခုသော နိပါတ်ပုဒ်ပေတည်း။

အလုံးစုံသော နည်းသုံးပါးတို့၌လည်း သောမနဿသဟဂတံ - စသော ဤဆိုအပ်ခဲ့ပြီးသော အပြား အားဖြင့်ဟူသော အနက်ကို မှတ်သင့် မှတ်ထိုက်၏။

ဤ‘ဣစ္စေဝံ’ဟူသော ပုဒ်သည်လည်း ဒွါဒသဟူသော ဤပုဒ်၌ အထူးပြုသော ဝိသေသနပုဒ် ဟူ၍ သိပါလေ။

သဗ္ဗထာပိ ဟူသည်ကား- ဓမ္မသင်္ဂဏီဝိဘင်းဓာတုကထာ ပါဠိတော် စသည်၌လည်းကောင်း၊ ထိုထိုသုတ္တန် ပါဠိတော်တို့၌ လည်းကောင်း ဝေဖန် ဟောကြားအပ်သည့် အပြားအားဖြင့် တစ်ဆယ့်နှစ်ပါး တို့သာလျှင် ဖြစ်ကုန်၏၊ ကာလ ဒေသ သန္တာန် စသည့် အပြားအားဖြင့်လည်း တစ်ဆယ့်နှစ်ပါးသာလျှင် ဖြစ်ကြကုန်၏၊ အဘယ်သို့လျှင် တစ်ဆယ့်နှစ်ပါး အပြားသာလျှင် ဖြစ်ကုန် သနည်း၊ ဤကား အမေးစကား တစ်ရပ်တည်း၊ (ဓမ္မသင်္ဂဏီ ဝိဘင်း ဓာတုကထာ ထိုထိုသုတ္တန် ပါဠိတော်တို့၌ ဟောတော်မူခဲ့သော အပြားအားဖြင့်လည်းကောင်း၊ ကာလ ဒေသ သန္တာန် စသည့် အပြားအားဖြင့်လည်းကောင်း) ဤသို့ တစ်ဆယ့်နှစ်ပါး အပြားရှိကုန်သည်သာလျှင်တည်းဟူသော (အဖြေ- ဝိသဇ္ဇနာနှင့်) ယှဉ်အပ်၏။

၃၅။ ဋီကာကျော် (နှာ- ၈၁)၌ကား-
အောက်၌ ဆိုအပ်ခဲ့ပြီးသော သမ္ပယောဂ စသော အခြင်းအရာကိုသာလျှင် ထင်စွာပြအပ်၏၊ ထိုအခြင်းအရာသည်ကား ‘ဣစ္စေဝံ’ ဟူသော ပါဌ်ဖြင့်သာ ပြီး၏ဟု သိပါလေ။

အကုသိုလ်ဝယ် အဓိပ္ပါယ်

အကုသလစိတ္တာနိ - ဟူသည်ကား ကုသိုလ်တို့နှင့် ဆန့်ကျင်ဘက်ဖြစ်သော သဘောရှိကုန်သည်၏ အဖြစ်ကြောင့် ဤသို့ အကုသိုလ်ဟူ၍ ရအပ်သော အမည်ရှိကုန်သော စိတ်တို့တည်း။

အကုသိုလ်နှင့် ကုသိုလ်ဖြစ်ပုံ

ဆက်၍ ဆိုဦးအံ့၊ ဤနေရာ၌ စင်စစ်အားဖြင့် သဒ္ဓါ အစရှိသည်တို့သည်သာလျှင် ကုသိုလ် မည်ကုန်၏၊ မောဟ အစရှိသည်တို့သည်သာလျှင် အကုသိုလ်မည်ကုန်၏၊ စိတ်သည်ကား ဖဿ စသည်တို့ကဲ့သို့ အညသမာန်းမျိုး သက်သက်သာ ဖြစ်၏၊ မှန်လှစွာ၏၊ အာရုံကို သိခြင်းအမှုမည်သည် စင်စစ်အားဖြင့် တွေဝေခြင်း စသည်ကဲ့သို့ အပြစ်ရှိသော အမှုမျိုး မဟုတ်ပေ၊ ယုံကြည်ခြင်း စသည်ကဲ့သို့ အပြစ်၏ ဆန့်ကျင်ဘက်မျိုးလည်း မဟုတ်ပေဟု သိပါလေ။

စင်စစ်သော်ကား ထိုစိတ်သည် မောဟ အစရှိသော အကုသိုလ် စေတသိက်တို့နှင့် ယှဉ်သည်ရှိသော် အကုသိုလ်စိတ်ဟု ဆိုအပ်၊ သဒ္ဓါအစရှိသော ကုသိုလ် စေတသိက်တို့နှင့် ယှဉ်သည်ရှိသော် ကုသိုလ် စိတ်ဟု ဆိုအပ်၏ဟု သိပါလေ။

ဆက်၍ ဆိုဦးအံ့၊ သဒ္ဓါ စသည်တို့၏လည်းကောင်း မောဟ စသည်တို့၏လည်းကောင်း ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်၏ အဖြစ်ကို အစဉ်အတိုင်း ပယ်တတ်သည် ပယ်အပ်သည်၏ အဖြစ်ဖြင့် သိသင့် သိထိုက်၏။

ရွှေတုပုံလို အကုသိုလ်

ချဲ့၍ ဆိုဦးအံ့၊ အကုသိုလ်တရားတို့သည် အားနည်းကြကုန်၏၊ ဥပမာဆို အဘယ်လိုနည်း ဟူမူကား ရွှေအတုတို့ကိုကဲ့သို့ အကာဖြစ်၍ ဖြစ်ကုန်သည် ပွားများခြင်းငှါ မထိုက်ကုန်သည်ဖြစ်၍ အဖန်ဖန် မှီဝဲအပ်ကုန်သော်လည်း တုန်လည်း တုန်လှုပ်ကုန် ဖရိုဖရဲလည်း ကြဲကြကုန်သည် သာတည်း၊ မြဲခြင်းသို့ သက်ကုန်သော်လည်း တစ်ခုသော ဘဝ၌ သာလျှင် အပါယ်လျှင် အဖို့ရှိသည် အဖြစ်ဖြင့် သက်ကြရကုန်၏၊ ကုသိုလ်မူလတို့ကို အချင်းခပ်သိမ်း ဖြတ်ပယ်၍ သတ္တဝါတို့ကို ဝဋ်ဆင်းရဲ အယဉ်၌ မြဲသည်တို့ကို ပြုခြင်းငှါ မစွမ်းနိုင်ကြကုန်။

ရွှေစစ်အလား ကုသိုလ်တရား

ကုသိုလ်တရားတို့သည်ကား အားကြီး အားရှိကြကုန်၏၊ ဥပမာဆို အဘယ်လိုနည်း ဟူမူကား ရွှေမှန် ရွှေစစ်တို့ကဲ့သို့ အနှစ်ဖြစ်ကုန်သည် ပွားများခြင်းငှါ ထိုက်ကုန်သည် အဖန်ဖန် မှီဝဲအပ် ကုန်သည် ရှိသော် အလွန် မြဲမြံခိုင်ခံ့ခြင်းသို့ ရောက်ကြကုန်၍ လောကီတရားတို့၌ တန်ခိုးဖန်ဆင်းခြင်း အစီအရင် တိုင်အောင် လောကုတ္တရာ တရားတို့၌လည်း အရဟတ္တမဂ် ရသည်တိုင်အောင် ကြီးပွား စည်ပင်ခြင်း သဘောတို့ ဖြစ်ကြကုန်၏၊ မြဲခြင်းသဘောသို့ သက်ဝင်ကုန်သည်ရှိသော် အပါယ် အယဉ်ကို လည်းကောင်း သံသရာ ဝဋ်ဆင်းရဲကို လည်းကောင်း အချင်းခပ်သိမ်း ကောင်းစွာဖြတ်၍ အနုပါဒိသေသနိဗ္ဗာန်လျှင် အဖို့ရှိသည့် အဖြစ်ဖြင့် သက်ဝင်ကြကုန်၏၊ ထို့ကြောင့် ကုသိုလ်တရား တို့သည်သာလျှင် ပယ်တတ်သော တရားတို့ မည်ကုန်၏၊ ဤကုသိုလ်မှ တစ်ပါးသော အကုသိုလ် တရားတို့သည်ကား ပယ်အပ်သော တရားတို့ မည်ကုန်၏ဟု သိသင့် သိအပ် သိထိုက်၏။

ဆေးနှင့်အနာ ဥပမာ

ဆိုဖွယ်အထူးကား - ကုသိုလ်တရားတို့မည်သည် အယုတ်ဆုံးအားဖြင့် ဆွမ်းတစ်လုတ်စာ ဒါနမျှကို လည်း လောက၌ ဆေးစီရင်ခြင်း တို့ကဲ့သို့ အကုသိုလ်ကို ပယ်ခြင်းငှါသာလျှင် ပညာရှိတို့သည် ပညတ်လည်း ပညတ်အပ်ကုန်၏၊ ပြုလည်း ပြုကြကုန်၏၊ ထို့ကြောင့် ထိုအကုသိုလ် တရားတို့သည် သာလျှင် ပယ်တတ်သောတရား မည်ကုန်၏၊ အကုသိုလ် တရားတို့သည်ကား လောက၌ အထူးထူး သော အနာမျိုးတို့ကဲ့သို့ အလုံးစုံသော လောက၏ ပြကတေ့ သဘောဖြစ်၍ ဖြစ်ကြကုန်သည် သာတည်း၊ ထို့ကြောင့် ထိုအကုသိုလ် တရားတို့သည် ပယ်အပ်သော တရားတို့ သာလျှင်တည်းဟု သိပါလေ။

သမတ္တာနိပုဒ် အဖွင့်

ထက်ဝန်းကျင်မှ အကြွင်းမရှိသောအားဖြင့် ယူအပ်ကုန်သောကြောင့် သမတ္တာနိ မည်ကုန်၏၊ တစ်နည်းအားဖြင့်သော်ကား သမတ္တာနိ ဟူသည် ပြီးကုန်ပြီ၊ ပြည့်စုံကုန်ပြီဟု ဆိုလိုသည်။

သင်္ဂဟဂါထာ အဖွင့်

အဋ္ဌဓာ-စသော စကားသည်ကား သင်္ဂဟဂါထာ (အကျဉ်းချုံးသော စကား)ပေတည်း၊ ထိုစိတ်ရှစ်ခု တို့အား လောဘဟု ဆိုအပ်သော မူလ ရှိ၏ဟု သမာသ်ပြုလေ။

‘‘လောဘော မူလံ ဧတေသန္တိ လောဘမူလာ’’ဟု ဗဟုဗ္ဗီဟိသမာသ် ပြုလေဟု ဆိုလိုသည်။

ဒွါဒသာကုသလာ သိယုံ-ဟူသော ဤပါဌ်၌ ‘သိယုံ’ဟူသည်ကား နိပါတ်ပုဒ်တည်းဟူ၍ ဤဂါထာ၌ မှတ်အပ်၏၊ ‘အကုသိုလ်စိတ်တို့သည် တစ်ဆယ့်နှစ်ပါးတို့ ဖြစ်ကုန်၏’ ဤကား အနက်တည်း။

ဤသို့သော သဒ္ဒါစဉ် အနက်အစဉ်ဖြင့်
ပရမတ္ထဒီပနီ အမည်ရှိသော အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်း၏
စတုတ္ထအဖွင့်၌ အကုသိုလ်စိတ်၏ မြတ်သောအနက်ကို
ပြရာပြကြောင်းဖြစ်သော အခန်းသည်
ပြီးဆုံးခြင်းသို့ ရောက်ပြီ။

………..

အဟိတ်စိတ် အကုသလဝိပါက် အဖွင့်

ဤသို့ အလုံးစုံတို့အောက် ယုတ်ညံ့သော အကုသိုလ်စိတ်ကို ပေါင်းယူပြီး၍ ယခုအခါ၌ အဟိတ်စိတ် ကို ပေါင်းယူလိုသည်ဖြစ်၍ ထိုအဟိတ်စိတ်၌လည်း အလုံးစုံတို့အောက် ယုတ်ညံ့သော အကုသလဝိပါက်စိတ်ကို ရှေးဦးစွာ ပြခြင်းငှါ ‘ဥပေက္ခာသဟဂတံ’ စသော ပါဌ်ကို မိန့်သတည်း။

၃၉။ ဋီကာကျော် (နှာ- ၈၂)၌ကား-
ထိုအကုသလဝိပါက်စိတ်ကို အကုသလဝိပါက် ဖြစ်လေသောကြောင့်သာလျှင် အကုသိုလ်စိတ်၏ အခြားမဲ့၌ ရှဦးစွာ ပြအပ်၏ဟူသော အလိုဆန္ဒဖြင့်-
‘‘ထို အဟိတ်စိတ်တို့၏ အကုသလဝိပါက် စသည်၏ အစွမ်းဖြင့် သုံးပါးအပြား ရှိသော်လည်း အကုသိုလ်စိတ်၏ အခြားမဲ့၌ အကုသလဝိပါက်စိတ်တို့ကို သာလျှင် ဝေဖန်တော်မူခြင်းငှါ’’ ဟူသော စကားကို ဆိုတော်မူ၏၊ ထိုစကားသည် မကောင်းချေ။

ချဲ့၍ ဆိုဦးအံ့၊ ဤသို့ ဖြစ်ခဲ့သည်ရှိသော် ကုသလဝိပါက်စိတ် တို့သည်လည်း ကုသိုလ်စိတ်၏ အခြားမဲ့၌သာလျှင် ဆိုသင့် ဆိုထိုက်ကုန်သည် ဖြစ်ကုန်ရာ၏ဟု သိအပ် သိသင့်၏။

စက္ခုသောတ စသည်တို့၏ ပုဒ်အနက်သည် အထက်ရုပ်ပိုင်း၌ ထင်ရှားစွာ လာလိမ့်လတ္တံ့။

ဝိညာဏမည်ခြင်း အကြောင်းရင်း

သိတတ်သောကြောင့် ဝိညာဏ် မည်၏။ ရှင်တော်ဗုဒ္ဓသည် အဘယ်သို့ ဟောတော်မူသနည်း-
ချစ်သားတို့ စင်စစ်အားဖြင့် သိတတ်၏၊ ထို့ကြောင့် ဝိညာဏ် မည်၏ဟူ၍ ဆိုအပ်၏။ ဟူ၍ ဟောတော်မူ၏။

မျက်စိအကြည်ကို မှီသည့် သိမှုဖြစ်သောကြောင့် စက္ခုဝိညာဏ် မည်၏။

တစ်နည်းကား- အကြောင်းပစ္စည်းဖြစ်သည့် မျက်စိအကြည်သည် ဖြစ်စေအပ်သော သိမှုဖြစ် သောကြောင့် စက္ခုဝိညာဏ် မည်၏။

တစ်နည်းကား- ကံသည် မျက်စိအကြည်အား ဆောင်အပ်သည့် သိမှုဖြစ်သောကြောင့် စက္ခုဝိညာဏ် မည်၏။

တစ်နည်းကား- မျက်စိအကြည်မှ ဖြစ်သည့် သိမှုဖြစ်သောကြောင့် စက္ခုဝိညာဏ် မည်၏။

တစ်နည်းကား- အစိုးရသည်၏အဖြစ်ဖြင့် အရှင်ဖြစ်သည့် မျက်စိအကြည်၏ သိမှုဖြစ်သောကြောင့် စက္ခုဝိညာဏ် မည်၏။

တစ်နည်းကား- မျက်စိအကြည်၌ဖြစ်သည့် သိမှုဖြစ်သောကြောင့် စက္ခုဝိညာဏ် မည်၏။

- သောတဝိညာဏ် စသည်တို့၌လည်း ဤနည်းအတူပေတည်း။

ပါဠိတော်၌ကား မဟာတဏှာသင်္ခယသုတ်၌ -
ချစ်သား ရဟန်းတို့ ဥပမာမည်သည်ကား ထင်းကိုစွဲ၍ တောက်လောင်သော မီးကို ထင်းမီးဟူ၍ လည်းကောင်း၊ ထင်း ပွေးကို စွဲ၍တောက်လောင်သော မီးကို ထင်းပွေးမီး ဟူ၍လည်းကောင်း၊ မြက်ကိုစွဲ၍ တောက်လောင်သော မီးကို မြက်မီးဟူ၍ လည်းကောင်း၊ နွားချေးကို စွဲ၍တောက် လောင်သော မီးကို နွားချေးမီးဟူ၍လည်းကောင်း၊ ဖွဲကို စွဲ၍တောက်လောင်သော မီးကို ဖွဲမီးဟူ၍ လည်းကောင်း၊ အမှိုက်ကို စွဲ၍တောက်လောင်သော မီးကို အမှိုက်မီး ဟူ၍လည်းကောင်း ခေါ်ဆို ရေတွက်ခြင်းသို့ ရောက်၏။

ချစ်သား ရဟန်းတို့ ဤအတူသာလျှင်-
မျက်စိအကြည်ကိုလည်းကောင်း အဆင်းအာရုံကိုလည်းကောင်း စွဲ၍ ဖြစ်ပေါ်လာသည့် အသိစိတ် သည် စက္ခုဝိညာဏ် မည်၏။
နားအကြည်ကိုလည်းကောင်း အသံအာရုံကိုလည်းကောင်း စွဲ၍ ဖြစ်ပေါ်လာသည့် အသိစိတ်သည် သောတဝိညာဏ် မည်၏။
နှာခေါင်းအကြည်ကိုလည်းကောင်း အနံ့အာရုံကိုလည်းကောင်း စွဲ၍ ဖြစ်ပေါ်လာသည့် အသိစိတ်သည် ဃာနဝိညာဏ် မည်၏။
လျှာအကြည်ကိုလည်းကောင်း အရသာအာရုံကိုလည်းကောင်း စွဲ၍ ဖြစ်ပေါ်လာသည့် အသိစိတ်သည် ဇိဝှါဝိညာဏ် မည်၏။
ကိုယ်အကြည်ကိုလည်းကောင်း အတွေ့အထိအာရုံကို လည်းကောင်း စွဲ၍ ဖြစ်ပေါ်လာသည့် အသိစိတ်သည် ကာယဝိညာဏ် မည်၏။
စိတ်အကြည်ကိုလည်းကောင်း ပညတ် ပရမတ် အစုံ ဓမ္မာရုံကို လည်းကောင်း စွဲ၍ ဖြစ်ပေါ်လာသည့် အသိစိတ်သည် မနောဝိညာဏ် မည်၏။
ဟူ၍ ဟောတော်မူ၏။

တထာ-ဟူသော ဤပါဌ်ဖြင့် ‘ဥပေက္ခာသဟဂတံ’ ဟူသော ပုဒ်ကို ငင်၏၊ ဆင်းရဲစေတတ် သောကြောင့် ဒုက္ခ မည်၏၊ သမ္ပယုတ်တရား တို့ကိုလည်းကောင်း ထိုဒုက္ခဝေဒနာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို လည်းကောင်း ညှဉ်းဆဲတတ်၏၊ ဤကား ဒုက္ခသဒ္ဒါ၏ အနက်တည်း။

တစ်နည်းကား- မကောင်းသဖြင့် ကိုယ်၌ဖြစ်သော ချမ်းသာကို တူးဖြိုတတ် (ဖျက်ဆီးတတ်) သောကြောင့် ဒုက္ခ မည်၏။

တစ်နည်းကား- ခဲယဉ်းသဖြင့် သည်းခံအပ်သောကြောင့် ဒုက္ခမည်၏။

တစ်နည်းကား- ထိုတရားအား ခဲယဉ်းသော ခွင့်ပေးခြင်း အမှုရှိသောကြောင့် ဒုက္ခ မည်၏၊ ကိုယ်၌ဖြစ်သော ဒုက္ခဝေဒနာ၏သာလျှင် အမည်ပေတည်း။

ကောင်းစွာလည်းကောင်း ရှေးရှု့လည်းကောင်း အလိုရှိတတ်သောကြောင့် သမ္ပဋိစ္ဆိုန်း မည်၏၊ ‘ကောင်းစွာ’ ဟူသည်ကား (အာရုံကို) မလွှတ်မူ၍ဟု ဆိုလိုသည်၊ ‘ရှေးရှု’ ဟူသည်ကား တစ်ပါး အခြားကို မငဲ့မူဟူ၍ ဆိုလိုသည်၊ ‘အလိုရှိ၏’ ဟူသည်ကား နှစ်သက်၏၊ ခံယူ၏ဟု ဆိုလိုသည်၊ မှန်လှပေ၏၊ ထိုကြောင့်သာလျှင် ‘ဘာသိတံ အဘိနန္ဒုံ’ ဟူသော ဤပါဌ်၌ ‘သမ္ပဋိစ္ဆိံသု’ ဟူ၍ ဖွင့်ဆိုကြ ကုန်၏။

ကောင်းစွာ စိစစ်တတ် ဆင်ခြင်တတ်သောကြောင့် သန္တီရဏ မည်၏၊ သင်္ဂြိုဟ်ဋီကာဟောင်း၌ ‘‘စိစစ်တတ်၏ ပြီးဆုံးစေ၏’’ဟူ၍ မိန့်ဆိုအပ်၏၊ ဋီကာကျော် (နှာ- ၈၃)၌ ‘‘စုံစမ်းတတ်၏’’ဟူ၍ မိန့်ဆိုအပ်၏။

ပဉ္စဝိညာဏ် ဖြစ်ကြောင်းများ

၁။ မျက်စိအကြည် မပျက်မစီးသည်၏အဖြစ် တစ်ပါး၊
၂။ အရောင်အလင်းဟူသော မှီရာကို ရခြင်း တစ်ပါး၊
၃။ ရူပါရုံတို့ ရှေးရှုထင်ခြင်းသို့ ရောက်ခြင်း တစ်ပါး၊
၄။ (ထိုရူပါရုံလျှင် အာရုံရှိသော ပဉ္စဒွါရာဝဇ္ဇန်းတည်း ဟူသော) နှလုံးသွင်းမှု ရှိခြင်းတစ်ပါး၊
ဟူ၍ အကြောင်းတရား လေးပါးတို့သည် စက္ခုဝိညာဏ် ဖြစ်ခြင်း၏ အကြောင်းတို့ပေတည်း။

၁။ နားအကြည် မပျက်မစီးသည်၏ အဖြစ်တစ်ပါး၊
၂။ (ဒွါရအာရုံတို့အကြား အဆီးအတား အပိတ်အပင် မရှိဘဲ) အာကာသဟင်းလင်း ဟူသော မှီရာကို ရခြင်းတစ်ပါး၊
၃။ သဒ္ဒါရုံတို့ ရှေးရှုထင်ခြင်းသို့ ရောက်ခြင်းတစ်ပါး၊
၄။ (ထိုသဒ္ဒါရုံလျှင် အာရုံရှိသော ပဉ္စဒွါရာဝဇ္ဇန်း တည်းဟူသော) နှလုံးသွင်းမှု ရှိခြင်းတစ်ပါး၊
ဟူ၍ အကြောင်းတရား လေးပါးတို့သည် သောတဝိညာဏ်ဖြစ်ခြင်း၏ အကြောင်းတို့ပေတည်း။

၁။ နှာခေါင်းအကြည်၏ မပျက်မစီးသည်၏ အဖြစ်တစ်ပါး၊
၂။ (ဂန္ဓာရုံကို ဆောင်ယူလာသော ရှူရှိုက်အပ်သော) လေ တည်းဟူသော မှီရာကို ရခြင်းတစ်ပါး၊
၃။ ဂန္ဓာရုံတို့ ရှေးရှုထင်ခြင်းသို့ ရောက်ခြင်းတစ်ပါး၊
၄။ (ထိုဂန္ဓာရုံလျှင် အာရုံရှိသော ပဉ္စဒွါရာဝဇ္ဇန်း တည်းဟူသော) နှလုံးသွင်းမှု ရှိခြင်းတစ်ပါး၊
ဟူ၍ အကြောင်းတရား လေးပါးတို့သည် ဃာနဝိညာဏ် ဖြစ်ခြင်း၏ အကြောင်းတို့ပေတည်း။

၁။ လျှာအကြည်၏ မပျက်မစီးသည်၏ အဖြစ်တစ်ပါး၊
၂။ (လျှာအပြင်ကို စိမ့်စို နူးညံ့ နှံ့နိုင်လောက်သော အရည်အစက် ဟူသော) ရေဟူသော မှီရာကို ရရှိခြင်းတစ်ပါး၊
၃။ ရသာရုံတို့ ရှေးရှုထင်ခြင်းသို့ ရောက်ခြင်းတစ်ပါး၊
၄။ (ထိုရသာရုံလျှင် အာရုံရှိသော ပဉ္စဒွါရာဝဇ္ဇန်း တည်းဟူသော) နှလုံးသွင်းမှု ရှိခြင်းတစ်ပါး၊
ဟူ၍ အကြောင်းတရား လေးပါးတို့သည် ဇိဝှါဝိညာဏ် ဖြစ်ခြင်း၏ အကြောင်းတို့ပေတည်း။

၁။ ကိုယ်အကြည်၏ မပျက်မစီးသည်၏ အဖြစ်တစ်ပါး၊
၂။ (ကာယအကြည်၌ ထိခိုက်ခြင်းငှါ တတ်ကောင်းလောက်အောင် ခက်မာသော) ပထဝီ = မြေ ဟူသော မှီရာကို ရခြင်းတစ်ပါး၊
၃။ (ပထဝီ တေဇော ဝါယော ဟူသော) ဖောဋ္ဌဗ္ဗာရုံ သုံးမျိုးတို့တွင် တစ်မျိုးမျိုး၏ ထင်ခြင်းသို့ ရောက်ခြင်းတစ်ပါး၊
၄။ (ထိုဖောဋ္ဌဗ္ဗာရုံလျှင် အာရုံရှိသော ပဉ္စဒွါရာဝဇ္ဇန်း တည်းဟူသော) နှလုံးသွင်းမှု ရှိခြင်းတစ်ပါး၊
ဟူ၍ အကြောင်းတရား လေးပါးတို့သည် ကာယဝိညာဏ် ဖြစ်ခြင်း၏ အကြောင်းတို့ပေတည်း။

အလင်းမရှိ မသိမမြင်

ဆက်၍ ဆိုဦးအံ့၊ အရောင်အလင်း ဟင်းလင်းအပြင် အလင်းမရှိ အစရှိသည့် မှီရာတို့ကို ယူခြင်းသည် ထိုအရောင်အလင်းနှင့် ဟင်းလင်း အပြင်စသည်တို့နှင့် ကင်း၍ ရူပါရုံ စသည်တို့၏ ပသာဒတို့၌ ထင်ခြင်းသို့ ရောက်ခြင်းသို့ ရောက်ခြင်း၏သာလျှင် မရှိသောကြောင့် ယူ၏ဟု သိမှတ်ပါလေ။

ထိုစကားသည် မှန်လှစွာ၏၊ အရောင်အလင်း မရှိသည် ရှိသော် ရူပါရုံတို့သည် အနီးအရပ်၌ တည်နေကြကုန်သော်လည်း မျက်စိအကြည်၌ ထင်ခြင်းသို့ မရောက်ကြကုန်၊ ကြွင်းသော နားအကြည် စသည်တို့၌လည်း ဤနည်းအတူပင်ဟု မှတ်ပါလေ။

အဋ္ဌကထာ၌-
စက္ခုပသာဒ မပျက်စီးသော်လည်း အပြင်ပ ရူပါရုံသည် ထင်ခြင်းသို့ မရောက်ခဲ့သော် စက္ခုဝိညာဏ် မဖြစ်နိုင်၊ ထို့အပြင်ပ ရူပါရုံသည် ထင်ခြင်းသို့ ရောက်ခဲ့သော်လည်း အရောင်အလင်း ဟူသော မှီရာ မရှိခဲ့သော် စက္ခုဝိညာဏ် မဖြစ်နိုင်။
ဟု မိန့်ဆိုတော်မူခဲ့၏၊ ထိုစကားသည် အရောင်အလင်းနှင့်ကင်း၍ ဝိညာဏ်ဖြစ်မှု မဖြစ်နိုင်ခြင်းကို ပြခြင်းလျှင် ပြဋ္ဌာန်းခြင်းရှိ၏၊ ထင်ခြင်းသို့ ရောက်ခြင်းမည်သည် အရောင်အလင်း မရှိငြားသော်လည်း ဖြစ်နိုင်၏ဟု ပြခြင်းလျှင် ပြဋ္ဌာန်းခြင်း ရှိသည် မဖြစ်နိုင်ဟု မှတ်အပ်၏၊ ဤဆိုအပ်ခဲ့ပြီးသည်မှ တစ်ပါးသော အခြင်းအရာအားဖြင့် အနက်ကို ယူချေသည်ရှိသော် ညဉ့်မှောင်မိုက်သော အခါ၌လည်း ရူပါရုံတို့သည် မျက်စိအကြည်၌ ထင်ခြင်းသို့ ရောက်ကုန်၏ဟု ဆိုရာရောက်ခဲ့ရာ၏ဟု သိပါလေ၊ အကုသိုလ်၏ အကျိုးတရားတို့ ဖြစ်သောကြောင့် အကုသလဝိပါက်တို့ မည်ကြကုန်၏။

ဝိပါကဝယ် အနက်အဓိပ္ပါယ်

ဆက်၍ ဆိုပေဦးအံ့၊ ဤနေရာ၌ အဘယ်သို့သော အနက် သဘောကြောင့် ဝိပါက် မည်သနည်း၊ ဤကား အမေးစကားတည်း၊ ရင့်တတ်သော အနက်ကြောင့် ဝိပါက်မည်၏၊ ဤကား အဖြေစကားတည်း၊ အဘယ်သို့လျှင် ရင့်သနည်း၊ ဤကား အမေးတည်း၊ လောက၌ သရက်သီး စသည်တို့၏ နုသောအဖြစ်ကို လွန်၍ ရင့်သောအဖြစ်သို့ ရောက်ခြင်းကို ရင့်ခြင်းဟူ၍ ဆိုအပ်သကဲ့သို့ ဤအတူသာလျှင် ဤအရာ၌လည်း ရင့်ခြင်းဟု သိပါလေ။

ဤသို့သော အနက်ကိုလည်း လေးပါးကုန်သော ပြည့်စုံခြင်းတို့ဖြင့် ပြအပ်၏၊ ချဲ့၍ ဆိုဦးအံ့၊ လေးပါးကုန်သော ပြည့်စုံခြင်းတို့ မည်သည်ကား-

၁။ စေတနာနှင့် ပြည့်စုံသည်၏ အဖြစ်တစ်ပါး၊
၂။ ကံနှင့် ပြည့်စုံသည်၏ အဖြစ်တစ်ပါး၊
၃။ ထင်ခြင်းနှင့် ပြည့်စုံသည်၏ အဖြစ်တစ်ပါး၊
၄။ အကျိုးပေးခြင်းနှင့် ပြည့်စုံသည်၏ အဖြစ်တစ်ပါး၊
ဟူ၍ လေးပါးတို့ပေတည်း။

ထိုလေးပါးတို့တွင် ရှေးအခါ၌ ထိုထိုသို့သော ကံကို ဆည်းပူးသော အခါ၌ ကုသိုလ် အကုသိုလ် စေတနာ၏ ခဏသုံးပါးနှင့် ပြည့်စုံသည်၏အဖြစ်သည် စေတနာနှင့် ပြည့်စုံသည်၏ အဖြစ်မည်၏။

ထိုစေတနာသည်ကား ချုပ်သည်ရှိသော် အချင်းခပ်သိမ်း မရှိသည်၏ အဖြစ်သို့ ရောက်၍ ချုပ်သည် မဟုတ်ချေ၊ နောင်အခါ၌ကား အကျိုးတရား ထင်ရှားဖြစ်ဖို့ရန် မိမိအား အလုံးစုံသော အခြင်းအရာ ဖြင့် ပြည့်သော ကြိယာအထူးကို ထိုစိတ်အစဉ်၌ သိုမှီး၍သာလျှင် ချုပ်၏၊ ထိုကြိယာအထူး သည်လည်း အကြင်မျှလောက် အကျိုးပေးခွင့် မရသေးချေ၊ ထိုမျှလောက် ကမ္ဘာတစ်သိန်း ကာလ ပတ်လုံးလည်း ထိုစိတ်အစဉ်သို့ အစဉ်တစိုက် လိုက်သည်သာလျှင် ဖြစ်၏။

အကြင်စကားကို ရည်၍ ဓမ္မပဒပါဠိတော်၌ - ညှစ်ခါစ ဖြစ်သော နို့ရည်သည် မချဉ်မသိုး အခိုး မလွတ်သေး သကဲ့သို့ ပြုသစ်စဖြစ်သော မကောင်းမှုကံသည် အခိုးမလွတ်သေး၊ အခိုးလွတ်သည် ရှိသော် ပြာဖုံးထားသော မီးကဲ့သို့ လူမိုက်ကို လောင်ကျွမ်းစေလျက် အစဉ်လိုက်၏။ ဟူ၍ ဟောတော် မူ၏။

ထိုကြိယာအထူးသည်ကား- အသီးအခြား ဖြစ်သည့် တစ်ခုသော ပရမတ္ထတရားပေတည်း ဟူ၍လည်း ရေတွက်ခြင်းသို့ မရောက်ချေ၊ အနုသယဓာတ်တို့ ကဲ့သို့ပေတည်းဟု သိပါလေ၊ ဤဆိုအပ်ခဲ့ပြီးသည် ကား ကံနှင့် ပြည့်စုံသည်၏ အဖြစ်မည်၏။

ထိုကြိယာအထူးသည်ကား အကြင်အခါ၌ မိမိအား သင့်တင့် လျောက်ပတ်ကုန်သော အကြောင်း တို့ကို ရလာ၏၊ ထိုအခါ၌ အကျိုးပေးဖို့ရန် အခွင့်ကို ပြုပေ၏၊ အဘယ်သို့လျှင် အခွင့်ကို ပြုသနည်း၊ ဤကား အမေးစကားရပ်တည်း၊ ထိုကြိယာအထူးသည် သေခါနီးဖြစ်သော သတ္တဝါအား မိမိကိုယ် ကိုမူလည်း ရှေးရှုထင်စေ၏၊ မိမိ၏အာရုံကိုမူလည်း ရှေးရှုထင်စေ၏၊ ဂတိနိမိတ်ကိုမူလည်း ရှေးရှု ထင်စေ၏၊ ထိုသတ္တဝါ သည်မူလည်း ထိုအာရုံနိမိတ်ကို မလွတ်မူ၍ အကယ်၍ ယူသည်ဖြစ်ခဲ့အံ့၊ ထိုအခါ၌ အခွင့်ကို ရ၏၊ ဤကား အဖြေစကားရပ်ပေတည်း၊ ဤသည်ကား ထင်ခြင်းနှင့် ပြည့်စုံ သည်၏ အဖြစ်ပေတည်း။

ထိုအာရုံနိမိတ်ကို မလွှတ်မူ၍ စုတေသော သတ္တဝါ၏ကား စုတိ၏ အခြားမဲ့၌သာလျှင် ကံဟု ဆိုအပ်သည့် ထိုကြိယာအထူးသည် အသီးအခြား တစ်ခုသော သမ္ပယုတ်တရားနှင့်တကွ ဖြစ်သော ပရမတ္ထတရား အစုဖြစ်၍ တစ်ခုသော ဘဝကို ပြည့်စေလျက် အကျိုးပေး၏။

ဆက်၍ ဆိုပေဦးအံ့၊ ‘‘တစ်ခုသော ဘဝကို ပြည့်စေလျက်’’ ဟူသည်ကား အသက်ထက်ဆုံး ဘဝင်ကိစ္စကိုလည်းကောင်း ခြောက်ဒွါရတို့တွင် ထိုထိုဒွါရ၌ဖြစ်သော ဝိပါက်ကိစ္စတို့ကိုလည်းကောင်း ထိုဘဝ၏ အဆုံး၌ စုတိကိစ္စကိုလည်းကောင်း ပြီးစေလျက်- ဤကား အနက်ပေတည်း။

ထိုစကား၌ ‘ရှေးဖြစ်ကုန်သည့် သုံးပါးကုန်သော ပြည့်စုံသည်၏ အဖြစ်တို့သည် နုသော အခိုက် အတန့်’ မည်ကုန်၏၊ နောက်ဖြစ်သော ‘အကျိုးပေးခြင်းနှင့် ပြည့်စုံသည်၏ အဖြစ်သည် ရင့်သော အခိုက်အတန့်’ မည်၏ဟု သိပါလေ။

ထို့ကြောင့် ရင့်ကျက်တတ်ကုန်သောကြောင့် ဝိပါက်တို့ မည်ကုန်၏၊ နူးညံ့သည့် နုသော အခိုက်အတန့်ကို ကျော်လွန်၍ ရင့်သော အခိုက်အတန့်ဟု ဆိုအပ်သည့် ရင့်ကျက်သည့် အဖြစ်သို့ ရောက်ကြကုန်၏ဟု ဤအရာ၌ သိအပ်၏။

ထို့ကြောင့် ပါဠိတော်၌ ‘ကုသိုလ်ကံ အကုသိုလ်ကံကြောင့် ဖြစ်ကြကုန်သော်လည်း ကဋတ္တာရုပ်တို့ကို ဝိပါကပုဒ်၌ မယူရခြင်း ဖြစ်ပေသည်’ဟု သိပါလေ၊ မှန်လှပေ၏၊ ထိုကဋတ္တာရုပ်တို့သည် ကံ၏အစဉ်မှ အသီးအခြား ပြီးခြင်းကြောင့် သီးခြားကံကြောင့် ဖြစ်သည် မည်ကုန်သည် သာလျှင်တည်း၊ ရင့်သည် မမည်ကြကုန်ဟု သိပါလေ၊ မှန်လှစွာ၏၊ နာမ်တရားတို့၏ အစဉ်သည် တစ်ပါးတစ်ခြား၊ ရုပ်တရားတို့၏ အစဉ်သည် တစ်ပါးတစ်ခြားပေတည်းဟု သိအပ်၏၊ ဤဆိုအပ်ခဲ့ပြီးသည်ကား ဤနေရာ၌ ဝိပါကပုဒ်၌ မြတ်သောအနက်ကို ပြသော အခန်းတည်း။

အချို့ဆရာ အယူမှာ

အကြင်ဆရာတို့သည် နာမ်အဖြစ်ဖြင့်လည်းကောင်း အာရုံရှိသည်၏ အဖြစ်ဖြင့်လည်းကောင်း ကံနှင့် တူသည်၏အဖြစ်မျှကိုယူ၍ နာမ်တရားတို့၏သာလျှင် ဝိပါက် အဖြစ်ကို ပြီးစေကုန်၏ (ဟု ဆိုကြ ကုန်၏)၊ ထိုဆရာတို့ အယူ၌ ဝိပါကသဒ္ဒါသည် နာမ်တရားတို့၌ ရုဠှီအစွမ်းဖြင့် ဖြစ်၏ဟု ဆိုရာကျ၏ ဟူ၍ သိအပ်၏။

ထိုဆရာတို့၏ အယူ၌ ‘သလေးမျိုးစေ့ကြောင့် ဖြစ်ကြသည့် အရိုး အရွက် အပွင့် အသီးတို့၌ မျိုးစေ့နှင့် တူကုန်သော အသီးတို့၏သာလျှင် သလေးသီး သလေးမှည့် ဟူသော အမည်သည် ပြီးသကဲ့သို့တည်း’ ဟူသော ဥပမာကို ပြကြကုန်၏၊ ထိုဥပမာသည်လည်း မညီညွတ်ပေ။

မှန်လှပေ၏၊ အသီးတို့သည်လည်း နုသောအခါ၌ ‘ပါက= ရင့်၏’ ဟူသော အမည်ကို မရနိုင်ကြကုန်၊ အရွက် အပွင့်တို့သည်လည်း ရင့်သောအခါ၌ ‘ပါက= ရင့်၏’ဟူသော အမည်ကို မရနိုင်ကြသည်ကား မဟုတ်ချေ၊ ရကုန်၏ဟု သိအပ်၏။

မှန်လှစွာ၏၊ ထိုအရိုး အရွက် အပွင့်တို့သည်လည်း ထိုရင့်သောအခါ၌ အရိုးသည် မှည့် (ရင့်)လေပြီ၊ အရွက်သည် မှည့် (ရင့်)လေပြီ၊ အပွင့်သည် မှည့် (ရင့်)လေပြီဟု မဆိုအပ်ကုန်သည်ကား မဟုတ်ချေ၊ ဆိုအပ်ကုန်သည်သာတည်း။

သုခပုဒ် အဖွင့်

ချမ်းသာစေတတ်သောကြောင့် သုခ မည်၏၊ သမ္ပယုတ်တရား တို့ကိုလည်းကောင်း ထိုသုခနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကိုလည်းကောင်း ရအပ်သော သက်သာရာ ရှိသည်ကို ပြုတတ်၏၊ ဤသည်ကား သုခပုဒ်၏ အနက်တည်း။

တစ်နည်းကား- ကိုယ်၌ဖြစ်သော ဆင်းရဲကို ကောင်းစွာ တူးဖြိုတတ်သောကြောင့် သုခ မည်၏။

တစ်နည်းကား- ချမ်းသာသဖြင့် သည်းခံအပ်သောကြောင့် သုခ မည်၏။

တစ်နည်းကား- ထိုတရားအား ပြုလွယ်သော အခွင့်ပေးခြင်း ရှိသောကြောင့် သုခ မည်၏။

ကုသလဝိပါကာ ဟေတုကပုဒ် အဖွင့်

ကုသိုလ်၏ အကျိုးတို့လည်းဖြစ် သမ္ပယုတ်ဟိတ်မှ ကင်းခြင်းကြောင့် အဟိတ်တို့လည်း ဖြစ်ကုန် သောကြောင့် ကုသလဝိပါက် အဟိတ်စိတ်တို့ မည်ကြကုန်၏။

၃ရ။ ဋီကာကျော် (နှာ- ၈၅)၌-

ရှေး၌ဖြစ်သော ကံနှင့်တကွ ဖြစ်သော အကျိုးကို ဖြစ်စေတတ်သည့် ဟိတ်ဖြင့်လည်း ဤအရာ၌ ဝိပါက်စိတ်၏ အဟိတ်၏အဖြစ် လျဉ်းပါးခြင်းကို ပြုအပ်၏၊ ထိုသို့ လျဉ်းပါးခြင်းသည် မကောင်းချေ။

မှန်လှစွာ၏၊ အဘိဓမ္မာ၌ တစ်စုံတစ်ခုသော အရာဌာန၌ ရှေး၌ ဖြစ်သော ကံနှင့်တကွ ဖြစ်သည့် အကျိုးကို ဖြစ်စေတတ်သော ဟိတ်ဖြင့် ဝိပါက်၏ သဟိတ် အဟိတ်၏အဖြစ် ဖြစ်သင့်ခြင်း မည်သည် မရှိခဲ့ချေ၊ ဖြစ်သင့်ခြင်း မရှိခဲ့သော် လျဉ်းပါးဖွယ်လည်း မရှိသောကြောင့် ထိုသို့သော (ဋီကာကျော်၏) လျဉ်းပါးခြင်းသည် အကျိုးမရှိသည်သာတည်းဟု သိအပ်၏။

အကုသလဝိပါက၌ အဟေတုကမပါရပုံ

ဆက်၍ ဆိုဦးအံ့၊ ဤအရာ၌ အကုသလဝိပါက်တို့၏ မိမိသည် အဗျာကတတရား ဖြစ်သောကြောင့် လောဘ အစရှိကုန်သော အကုသိုလ်ဟိတ်တို့ဖြင့် လည်းကောင်း မိမိသည် အကုသလဝိပါက် ဖြစ်သောကြောင့် အလောဘအစရှိကုန်သော အပြစ်မရှိကြသည့် ဟိတ်တို့ဖြင့်လည်းကောင်း သဟိတ် ဖြစ်သင့်မှု မရှိတော့ပေ၊ ထို သဟိတ်၏အဖြစ် ဖြစ်သင့်ခြင်း မရှိသော်လည်း ထိုအကုသလ ဝိပါက် တို့၏ အဟိတ်၏အဖြစ် လျဉ်းပါးဖွယ် မရှိသည်သာလျှင်တည်း၊ ထို့ကြောင့် ထိုအကုသလဝိပါက် အရာ၌ အဟေတုသဒ္ဒါကို မပြုအပ် မပြုသင့်ပေ။

ကုသလဝိပါက၌ အဟေတုကပါရပုံ

ကုသလဝိပါက်စိတ်တို့၏ကား မိမိသည် ကုသလဝိပါက် ဖြစ်သောကြောင့်သာလျှင် အလောဘ အစရှိကုန်သော ကုသိုလ် အဗျာကတနှင့် ယှဉ်လေ့ရှိကုန်သော အပြစ်မရှိသည့် ဟိတ်တို့ဖြင့် သဟိတ် အဖြစ်၏ ဖြစ်သင့်ခြင်း ရှိသည်သာလျှင်တည်း၊ ထိုသဟိတ်၏ အဖြစ် ဖြစ်သင့် ရှိသင့်ပါသော်လည်း ထိုကုသလဝိပါက်တို့၏ အဟိတ်၏အဖြစ် လျဉ်းပါးဖွယ်နှင့်တကွ ဖြစ်၏၊ ထို့ကြောင့် ထိုအရာ၌ သာလျှင် အဟေတုကသဒ္ဒါကို ပြုအပ်၏ဟု မှတ်ပါလေ။

အဟိတ်ကြိယာပုဒ် အဖွင့်

စက္ခုစသော ပဉ္စဒွါရ၌ဖြစ်သည့် ဆင်ခြင်ခြင်း ဖြစ်သောကြောင့် ပဉ္စဒွါရာဝဇ္ဇန်း မည်၏၊ မှန်လှပေ၏၊ ထိုစိတ်သည် ပဉ္စဒွါရ၌ ထိခိုက်လာသောအာရုံကို ယူ၍ ဆင်ခြင်လျက် ဖြစ်တတ်၏ဟု သိပါလေ။

ဘဝင်ဟု ဆိုအပ်သော မနောဒွါရ၌ဖြစ်သည့် အာဝဇ္ဇန်းဖြစ်သောကြောင့် မနောဒွါရာဝဇ္ဇန်း မည်၏၊ မှန်လှစွာ၏၊ ထိုစိတ်သည် ထိုမနောဒွါရ၌ ထင်ခြင်းသို့ရောက်သော အာရုံကိုယူ၍ ဆင်ခြင်လျက် ဖြစ်၏ဟု သိပါလေ၊ ဆက်၍ ဆိုပေဦးအံ့၊ ဤအရာ၌ မနောဒွါရဟူသည်ကား အလုံးစုံသော ဘဝင်စိတ်ကို မှတ်အပ်၏။

ဋီကာဟောင်း (နှာ-၂၉၀) (ဇမ္ဗူ့မိတ်ဆွေ) ၌ကား-

ရှေးဦးစွာ ‘မနောဒွါရဟူသော ဤပုဒ်၌ ဆင်ခြင်ခြင်း (အာဝဇ္ဇန်း)၏ အနန္တရပစ္စည်း ဖြစ်သည့် ဘဝင်စိတ်ကို ‘‘မနော’’ဟူ၍ ဆိုအပ်၏၊ ထိုမနောသည်ပင်လျှင် ဆင်ခြင်ခြင်း (အာဝဇ္ဇန်း)စိတ် ဇောစိတ် စသည့် ဝီထိစိတ် ဖြစ်ကြောင်း အပေါက်ဝဖြစ်သောကြောင့် ဒွါရ မည်၏’ဟု မိန့်ဆိုအပ်၏။

၃၈။ ဋီကကျော် (နှာ- ၈၆) ၌ကား-

ဆင်ခြင်ခြင်း (အာဝဇ္ဇန်း) စိတ်၏ အနန္တရပစ္စည်း ဖြစ်သည့် ဘဝင်္ဂုပစ္ဆေဒ ဘဝင်စိတ်သည် ဝီထိစိတ် တို့၏ ဖြစ်ကြောင်း အပေါက်ဝ ဖြစ်သောကြောင့် မနောဒွါရ မည်၏။ ဟု မိန့်ဆို၏၊ ထိုအလုံးစုံသော စကားသည်လည်း မသင့်လျော်သည်သာတည်း။

မှန်လှစွာ၏၊ အကြင်ဘဝင်၏ အခြားမဲ့၌ ဝီထိစိတ်တို့သည် ဖြစ်ကြကုန်၏၊ ထိုဘဝင်စိတ်သည် သာလျှင် စင်စစ်အားဖြင့် ထိုဝီထိစိတ်တို့၏ဖြစ်ရာ အစဖြစ်သောကြောင့် မနောဒွါရ မည်၏၊ ထိုဘဝင်စိတ်မှ ရှေးကျသော ဘဝင်စိတ်တို့သည် မနောဒွါရ မမည်ချေ၊ ဤသို့သော အနက်သည် ဖြစ်ခဲ့ရာ၏၊ ဤသို့သော အနက်ဖြစ်ခဲ့သော် အကြင် စက္ခုပသာဒ စသည်တို့၌ ရူပါရုံ စသည်တို့ ထိခတ် တိုက်ခိုက်အပ်သည်၏ အဖြစ်ကြောင့် အာဝဇ္ဇန်း အစရှိကုန်သော ဝီထိစိတ်တို့ ဖြစ်ကြရကုန်၏၊ ထို စက္ခုပသာဒ စသည်တို့သာလျှင် စင်စစ်အားဖြင့် ထိုအာဝဇ္ဇန်း စသော ဝီထိစိတ်တို့ဖြစ်ရာ အဝင်ဝ ဖြစ်သောကြောင့် ဒွါရ မည်ကုန်၏၊ ထိုစက္ခုပသာဒ စသည်တို့မှ တစ်ပါး တစ်ခြားသော စက္ခုပသာဒ စသည်တို့သည် ဒွါရ မမည်ကုန်ဟူသော ဤအနက်သည်လည်း ရောက် ခဲ့ရာ၏၊ အကြင် စက္ခုပသာဒ စသည်တို့သည် ဒွါရရုပ် မမည်ကုန်၊ ထိုဒွါရရုပ် မမည်ကုန်သော စက္ခုပသာဒ စသည်တို့သည် ရှိလည်း မရှိကုန်ဟု မှတ်အပ်၏၊ ဤအလုံးစုံသည် အထက် ပကိဏ်းပိုင်း ဒွါရသင်္ဂဟသို့ ကျရောက်သော ကာလ၌ ထင်ထင်ရှားရှားကြီး ဖြစ်ပေလတ္တံ့။

ဟသိတုပ္ပါဒ်၌ သိမှတ်ဖွယ်

ရွှင်ခြင်းသည် ဟသိတ မည်၏၊ မျက်နှာ၏ ရွှင်သော အခြင်းအရာအားဖြင့် ဖြစ်ခြင်းပေတည်း၊ ထိုရွှင်ခြင်းကို ဖြစ်စေတတ်သောကြောင့် ဟသိတုပ္ပါဒ် မည်၏။

တစ်နည်းကား- ထိုရွှင်ခြင်း သဘောဖြင့် ရဟန္တာပုဂ္ဂိုလ်တို့ ရွှင်ခြင်းကို ဖြစ်စေတတ်သောကြောင့် ဟသိတုပ္ပါဒ် မည်၏။

တစ်နည်းကား- ဤတရားသဘောဖြင့် ထိုရယ်ရွှင်ခြင်း ဖြစ်တတ်သောကြောင့် (ရယ်ရွှင်မှု ဖြစ်ကြောင်း ဖြစ်သောကြောင့်) ဟသိတုပ္ပါဒ် မည်၏၊ ထိုဟသိတုပ္ပါဒ် သည်ပင်လျှင် စိတ်တည်းဟု သမာသ်ဝိဂ္ဂဟ ပြုလေ။

ရဟန္တာတို့၏ ရယ်ရွှင်ဖွယ် အာရုံ

ရဟန္တာပုဂ္ဂိုလ်တို့အား မရုန့်ရင်းကုန်သော အာရုံတို့၌ အကြင်စိတ်ဖြင့် ပြုံးခြင်းကို ထင်စွာ ပြုကြ ကုန်၏၊ ထိုဟသိတုပ္ပါဒ်ဟူသော အမည်သည် ထိုစိတ်၏ အမည်ပေတည်း၊ မှန်လှစွာ၏၊ ရဟန္တာပုဂ္ဂိုလ် တို့သည် လောကီလူအပေါင်းတို့ကဲ့သို့ တပ်နှစ်သက်ဖွယ် ဖြစ်ကြသည့် ရုန့်ရင်းကုန်သော ရယ်ရွှင်ဖွယ် အရာတို့၌ မရယ်ရွှင်ကြကုန်ဟု သိပါလေ၊ ဋီကာဟောင်း (နှာ-၂၉၀၊ ဇမ္ဗူ့မိတ်ဆွေမူ)နှင့် ဋီကာကျော် (နှာ-၈၆)တို့၌ကား စိတ်ကိုငဲ့၍ ဟသိတုပ္ပါဒံ- ဟူ၍ ညွှန်ပြအပ်သည် ဖြစ်ရာ၏ဟု သိပါလေ။

ဆိုအပ်ခဲ့ပြီးသော နည်းဖြင့် အဟိတ်တို့လည်း ဖြစ်ကုန်၏၊ ထိုအဟိတ်တို့ဟူသည် ရင့်ခြင်းကိစ္စ အကျိုးကို ဖြစ်စေခြင်းကိစ္စမှ ကင်းသည်၏ အဖြစ်ကြောင့် ထိုထိုကြိယာမျှ ဖြစ်၍ ဖြစ်ကုန်သော စိတ်တို့လည်း ဖြစ်ကုန်၏၊ ထို့ကြောင့် အဟိတ်ကြိယာစိတ်တို့ မည်ကုန်၏။

ကုသိုလ် အကုသိုလ် ဝိပါက် ကြိယာ ဖြစ်ပေါ်ရခြင်း

ဆက်၍ ဆိုဦးအံ့၊ ဤ၌ ဝီထိမုတ်စိတ်တို့သည် ကိစ္စအားနည်း သည်၏ အဖြစ်ကြောင့်လည်းကောင်း ပဉ္စဝိညာဏ်တို့သည် ၀တ္ထုအာရုံ အားနည်းသည်၏ အဖြစ်ကြောင့်လည်းကောင်း သမ္ပဋိစ္ဆိုန်း အစ ရှိသည်တို့သည်လည်း ကိစ္စဌာန အားနည်းသည်၏ အဖြစ်ကြောင့် လည်းကောင်း မိမိ၏ အားထုတ်ခြင်းနှင့် ကင်း၍ သက်သက် ရင့်ခြင်းမျှဖြင့် ဖြစ်ကြကုန်သောကြောင့် ထိုအလုံးစုံသော စိတ် တို့သည် ဝိပါက်စိတ်တို့သာလျှင် ဖြစ်ကြကုန်၏။

အကြင်စိတ်တို့သည်ကား အားကြီးသော ကိစ္စ ရှိသည်၏အဖြစ်ကြောင့် မိမိ၏ အားထုတ်ခြင်းဖြင့် ဖြစ်ကြကုန်၏၊ နောင်အခါ၌လည်း အကျိုးကို ဖြစ်စေခြင်းငှါ အားထုတ်ခြင်းနှင့်တကွ ဖြစ်ကြကုန်၏၊ ထိုစိတ်တို့သည် ကုသိုလ် အကုသိုလ်တို့ မည်ကုန်၏။

အကြင်စိတ်တို့သည်ကား ရင့်ခြင်းမျှကို လွန်၍ မိမိ အားထုတ်ခြင်းဖြင့်သာလျှင် ဖြစ်ကြကုန်၏၊ ထိုစိတ်တို့တွင် အာဝဇ္ဇန်းဒွေသည် ဝိပါက်အစဉ်မှ ရအပ်သော အကြောင်းရှိသည်၏ အဖြစ်ကြောင့် အတန်ငယ် အားနည်းသည်၏ အဖြစ်ကြောင့် ဤမှတစ်ပါးသော ကြိယာစိတ် တို့သည်လည်း အနုသယကင်းသော ပုဂ္ဂိုလ်၏ သန္တာန်၌ဖြစ်သည်၏ အဖြစ်ကြောင့် အချင်းခပ်သိမ်း အကျိုးကို ဖြစ်စေခြင်းငှါ အားထုတ်ခြင်းနှင့် ကင်းကုန်သည်သာလျှင် ဖြစ်ကုန်သောကြောင့် ထိုအလုံးစုံ တို့သည် ကြိယာတို့ မည်ကုန်၏ ဖြစ်ကုန်၏ဟု မှတ်ပါလေ။

ဝေဒနာဖြင့် စိစစ်ခြင်း

ယခုအခါ၌ အစမှစ၍ ဝေဒနာဖြင့် စိစစ်ခြင်းကို ဆိုအပ်၏၊ ထိုစကားကို ချဲ့၍ ဆိုပေဦးအံ့၊ ရှေးဦးစွာ စက္ခုဝိညာဏ် စသည်တို့၏ ၀တ္ထုတို့သည်လည်းကောင်း အာရုံတို့သည်လည်းကောင်း ဥပါဒါရုပ်တို့ သာလျှင် ဖြစ်ကြကုန်၏၊ ဥပါဒါရုပ်တို့၏လည်း ဝါဂွမ်းစိုင်တို့ကဲ့သို့ အချင်းချင်း တိုက်ခိုက် ခြင်းသည် အားနည်းသည်သာလျှင် ဖြစ်ခြင်းကြောင့် ထိုစက္ခုဝိညာဏ် စသည်တို့သည် ဣဋ္ဌ အနိဋ္ဌ ဖြစ်သော အာရုံ၌ ဥပေက္ခာသဟဂုတ်တို့သာလျှင် ဖြစ်ကုန်၏ဟု သိမှတ်ပါလေ။

ကာယဝိညာဏ်၏ကား အာရုံတို့သည် မဟာဘုတ်တို့ ဖြစ်ကုန်သောကြောင့် ပေထက်၌ တင်ထား အပ်သော ဝါဂွမ်းစိုင်ကို သံတူဖြင့် ထုရိုက်ကုန်သော သူတို့၏ သံတူ၏ ဝါဂွမ်းစိုင်ကို လွန်၍ ပေကို တိုက်ခိုက်ခြင်း အားကြီးစွာ ဖြစ်သကဲ့သို့ ထို့အတူ အာရုံဖြစ်၍ ဖြစ်ကုန်သော ထိုမဟာဘုတ်တို့၏ ကာယဝ၀တ္ထုကို ကျော်လွန်၍ ကာယပသာဒ၏ မှီရာဖြစ်ကုန်သည့် မဟာဘုတ်တို့၌ ထိခိုက်ခြင်းသည် အားကြီးလှစွာ၏၊ ထို့ကြောင့် ကာယဝိညာဏ်သည် ဣဋ္ဌဖြစ်သော အာရုံ၌ သုခဝေဒနာနှင့်တကွ အနိဋ္ဌဖြစ်သော အာရုံ၌ ဒုက္ခဝေဒနာနှင့်တကွ ဖြစ်၏ဟု မှတ်ပါလေ။

သမ္ပဋိစ္ဆိုန်း စိတ်သည်ကား အလုံးစုံတို့အောက် အားနည်းကုန်သည့် ပဉ္စဝိညာဏ်တို့၏ အခြားမဲ့၌ ဖြစ်ရသောကြောင့် အမြဲအားနည်းသည်ဖြစ်၍ အလုံးစုံသော အာရုံတို့၌ ဥပေက္ခာသဟဂုတ် သည်သာလျှင် ဖြစ်၏ဟု သိအပ်၏။

၃၉။ ဋီကာကျော် (နှာ-၈၄)၌ကား-

မတူသော မှီရာ ရှိကုန်သော ထိုပဉ္စဝိညာဏ်စိတ်တို့မှ ရအပ်သော အကြောင်းပစ္စည်း ရှိသည်၏ အဖြစ် အစွမ်းအားဖြင့် ဟူသော အနက်ကို ထင်စွာပြ၏။

သန္တီရဏစိတ်သည်ကား မိမိသည်လည်း အားကြီးသည့် ၀တ္ထုကို မှီ၍ ဖြစ်၏၊ ထိုသို့ သဘောရှိသည့် အားကြီးသော ၀တ္ထုလျှင် မှီရာရှိသော ရှေ့စိတ်မှ ရအပ်သော အကြောင်းလည်း ရှိ၏၊ ထို့ကြောင့် အတန်ငယ် အားကြီးသည် ဖြစ်ရကား ကုသလဝိပါက်ဖြစ်သည့် ထိုသန္တီရဏစိတ်သည် ဣဋ္ဌာရုံ၌ ဥပေက္ခာသဟဂုတ် ဖြစ်၏၊ အတိဣဋ္ဌာရုံ၌ သောမနဿသဟဂုတ် ဖြစ်၏၊ အကုသလဝိပါက် သန္တီရဏစိတ်သည်ကား အနိဋ္ဌာရုံ၌လည်းကောင်း အတိအနိဋ္ဌာရုံ၌လည်းကောင်း ဥပေက္ခာသဟဂုတ် သာလျှင် ဖြစ်၏။

‘‘ဘယ့်ကြောင့် ဖြစ်သနည်းဟု အကယ်၍ မေးဆိုလာငြားအံ့၊ အဖြေစကားကို ထုတ်ဆိုပေအံ့၊ ထိုအကုသလဝိပါက်စိတ်သည် အတိဣဋ္ဌာရုံ၏ အစွမ်းအားဖြင့် ဝေဒနာအပြားနှင့် ယှဉ်သည် အကယ်၍ ဖြစ်ငြားအံ့၊ ဒုက္ခနှင့်လည်းကောင်း ဒေါမနဿနှင့်လည်းကောင်း ယှဉ်သည် ဖြစ်ရာ၏၊ ထို နှစ်ပါးတို့တွင် ရှေးဦးစွာ ဒုက္ခနှင့် မယှဉ်ချေ၊ အဘယ့်ကြောင့်နည်းဟူမူ ဒုက္ခ၏ စင်စစ် ကာယပသာဒလျှင် မှီရာရှိသည်၏ အဖြစ်ကြောင့်ပေတည်း၊ ဒေါမနဿနှင့်လည်း မယှဉ်နိုင်ချေေ၊ အဘယ့်ကြောင့်နည်းဟူမူ ပဋိဃသည် ထိခတ်အပ်သည်၏ အဖြစ်ကြောင့်သာလျှင် နှလုံးမသာယာ သည်၏ အဖြစ်သို့ ရောက်သော ဒေါမနဿဝေဒနာသည် ပဋိဃနှင့် ကင်း၍ မဖြစ်နိုင်ပေဟု သိပါလေ၊ စင်စစ် အကုသိုလ် ဖြစ်၍ ဖြစ်သည့် ပဋိဃနှင့် အမြဲယှဉ်လေ့ရှိသော ဒေါမနဿ၏ အဗျာကတ တရားတို့၌ မဖြစ်သင့်သောကြောင့်တည်းဟု ဤသို့သော အဖြေကို သိပါလေ။

အာဝဇ္ဇန်းဒွေသည်ကား သန္တီရဏထက်လည်း အနည်းငယ် အားရှိ၏၊ မှန်လှစွာ၏၊ ဝိပါက်စိတ်တို့အား ဖြစ်ခြင်းငှါလည်း မိမိ အားထုတ်မှု အားမည်သည် မရှိချေ၊ ထိုသို့ပင် မရှိုငြားသော်လည်း အားကြီး ကုန်သော ကံစသော အကြောင်းတို့ကြောင့် ဖြစ်ကုန်သည်ရှိသော် အားကြီးသည် မည်ကုန်၏၊ အားနည်းသော ကံစသော အကြောင်းတို့ကြောင့် ဖြစ်ကုန်သည်ရှိသော် အားနည်းသည် မည်ကုန်၏၊ ဤသို့ သိမှတ်ပါလေ၊ ဤသို့ ဖြစ်ငြားသော်လည်း ထိုအာဝဇ္ဇန်းဒွေသည် ကံ၏ အာနုဘော်မှလည်း လွတ်၍ ဝိပါက်အစဉ်မှလည်း အကြောင်းကိုယူ၍ ထသည်၏အဖြစ်ကြောင့် အားနည်းသည်သာလျှင် ဖြစ်သောကြောင့် အခါခပ်သိမ်းလည်း ဥပေက္ခာသဟဂုတ်သည်သာ ဖြစ်၏ဟု သိမှတ်ပါလေ။

၄၀။ ဋီကာကျော် (နှာ- ၈၅)၌ကား

ပဉ္စဒွါရာဝဇ္ဇန်းသည် မိမိဖြစ်သည်မှ ရှေးကာလ၌ တစ်စုံတစ်ခုသော စိတ်သည် မယူအပ်သေးသော အာရုံ၌ တစ်ကြိမ်သာလျှင် ဖြစ်သောကြောင့် မနောဒွါရာဝဇ္ဇန်း စိတ်သည်လည်း ရှေးစိတ်အစဉ်နှင့် မတူသော ဇောစိတ် အစဉ်ကို နောက်၌ ဖြစ်စေသည်၏ အစွမ်းဖြင့် အားထုတ်ခြင်း တစ်ပါးကို ငဲ့ခြင်းနှင့်တကွ ဖြစ်သောကြောင့် အာရုံ၏ အရသာကို အလွန်အကဲအားဖြင့် ခံစားခြင်းငှါ မစွမ်းနိုင်၊ ထို့ကြောင့် ‘‘အလုံးစုံသော အာရုံတိုင်း၌ ဥပေက္ခာဝေဒနာနှင့် ယှဉ်ခြင်းသည်သာလျှင် ဖြစ်နိုင်၏’’ဟု မိန့်ဆိုအပ်၏။

ထိုဋီကာကျော် စကား၌ ‘‘အားထုတ်ခြင်း တစ်ပါးကို ငဲ့ခြင်း ရှိသည်၏ အဖြစ်ကြောင့်’’ ဟူသော ဤစကားသည် မသင့်ချေ။

အကြောင်းပစ္စည်းကြောင့်သာ အားနည်း အားရှိသည်

မှန်လှပေ၏၊ စိတ်တို့၏ အားကြီးသည်၏ အဖြစ် အားနည်းသည်၏ အဖြစ်တည်းဟူသော အထူးကို မိမိ၏နောက်၌ဖြစ်သော စိတ်၏အစွမ်းဖြင့် ဆိုခြင်းငှါ မတတ်ကောင်းချေ၊ စင်စစ်သော်ကား မိမိ၏ အကြောင်းတို့ကြောင့်သာလျှင် ထိုအားရှိ အားနည်းမှု အထူးကို ဆိုခြင်းငှါ တတ်ကောင်း၏ဟု သိမှတ် ပါလေ။

ဤမှတစ်ပါးသော အခြင်းအရာအားဖြင့် အနက်ကို ယူချေသည်ရှိသော် သန္တီရဏ၏လည်း ဗျာပါရ တစ်ပါးကို ငဲ့သည်၏အဖြစ်သည် ဖြစ်ရာ၏၊ မှန်လှစွာ၏၊ ထိုသန္တီရဏ သည်လည်း မတူသော စိတ်အစဉ်ကို မိမိမှနောက်၌ လည်စေသည်သာလျှင်တည်းဟု သိပါလေ။

သင်္ခါရဖြင့် စိစစ်ခြင်း

ဤစိတ်တို့သည် မိမိ၏ ပကတိအကြောင်း အပေါင်းနှင့် ပေါင်းဆုံမိခြင်း ရှိခဲ့သော် မဖြစ်ကုန်ဟူ၍ မရှိချေ (ဖြစ်သည်သာလျှင်တည်း)၊ ထို့ကြောင့် အသင်္ခါရိက တို့သည်သာလျှင် ဖြစ်ကြကုန်၏ဟူ၍ ဆိုကြကုန်၏။

မူလဋီကာ ဝိပါကုဒ္ဓါရ၌ကား-

အဟိတ်ဝိပါက်တို့၏ မထင်ရှားသော ကိစ္စ ရှိသည်၏အဖြစ်ကြောင့် သသင်္ခါရိကကံ၏ ဆန့်ကျင်ဘက် ဖြစ်သည့် အသင်္ခါရိက၏ အဖြစ်သည်လည်း မရှိချေ၊ အသင်္ခါရိကကံ၏ ဆန့်ကျင်ဘက်ဖြစ်သည့် သသင်္ခါရိက၏ အဖြစ်လည်း မရှိချေ၊ ထို့ကြောင့် ထိုအဟိတ်ဝိပါက်တို့၏ နှစ်ပါးသော ကံကြောင့် လည်း ဖြစ်ခြင်းကို (မောရဝါပိဝါသီ မဟာဒတ္တ) မထေရ်သည် ခွင့်ပြုတော်မူအပ်၏ ဟု မိန့်ဆို တော်မူ၏။

ဤ မူလဋီကာစကားဖြင့် သုံးပါးကုန်သော ကြိယာစိတ်တို့၏လည်း နှစ်ပါးသော အသင်္ခါရိက သသင်္ခါရိက အဖြစ် မရှိခြင်းကို ဆိုခြင်းကိစ္စ ပြီးပေ၏၊ မှန်လှပေ၏၊ ထိုကြိယာစိတ်တို့သည်လည်း မထင်ရှားသောကိစ္စ ရှိကုန်သည်သာလျှင်တည်းဟု သိပါလေ။

တစ်နည်းသော်ကား - အဆင်းကို မြင်ခြင်း အသံကို ကြားခြင်း စသည်တို့ကို သတ္တဝါတို့သည် တစ်ခါတစ်ရံ မိမိ၏အလိုအားဖြင့် ပြုကြကုန်၏၊ တစ်ခါတစ်ရံ သူတစ်ပါးတို့ တိုက်တွန်းကုန်သည် ဖြစ်၍ ပြုကြကုန်၏၊ ဤသို့သော အနက်အဓိပ္ပါယ်သည် မျက်မြင်အားဖြင့် သာလျှင် ပြီးစီးစေ၏။

ထိုစကားရပ်၌ မိမိအလိုအားဖြင့် ပြုသောအခါ၌ ပဉ္စဒွါရာဝဇ္ဇန်း စသည့် အလုံးစုံသော ဝီထိစိတ် တို့သည် အသင်္ခါရိကတို့ မည်ကုန်၏၊ သူတစ်ပါးတို့ တိုက်တွန်း ကုန်သည်ဖြစ်၍ ပြုသောအခါ၌ သသင်္ခါရိကတို့ မည်ကုန်၏။

ဒွါရဝိမုတ်စိတ်တို့တွင်ကား ဥပေက္ခာသန္တီရဏ နှစ်ခုတို့ကို မဟာဝိပါက်စိတ် ရှစ်ခုတို့၌ကဲ့သို့ ဆိုအပ် ဆိုထိုက်၏။

ဤသို့လျှင် အလုံးစုံသော အဟိတ်စိတ်တို့သည် အကြောင်းဖြစ်သည့် ထိုသင်္ခါရအပြားအားဖြင့် အသီးသီး ကွဲပြားကြကုန်သည် သာလျှင်တည်း၊ ဤသို့ ဖြစ်သည်ရှိသော်လည်း မထင်ရှားသော ကိစ္စရှိကုန်သည်၏ အဖြစ်ကြောင့်သာလျှင် ထိုအဟိတ်စိတ်တို့၏ သင်္ခါရအပြားကို ပါဠိတော်၌ ဟောတော်မမူခဲ့ပေဟု သိအပ်၏။

သမ္ပယုတ် ဝိပ္ပယုတ် စိစစ်ခြင်း

ဟိတ်တရားတို့ မည်သည်ကား ကြီးကျယ်သော တရားတို့ ဖြစ်ကုန်သောကြောင့် ထို ဟိတ်တရား တို့သည် အားနည်းသော ကံကြောင့်လည်း ဖြစ်ကုန် အားနည်းသော ၀တ္ထုကိစ္စ ဌာနလည်း ရှိကုန်သော ဤအဟိတ်စိတ်တို့၌ မဖြစ်နိုင်ကြကုန်၊ ထိုစကား၌ အလုံးစုံသော အကုသိုလ်ကံသည် ပျံ့လွင့်ခြင်းနှင့် ယှဉ်သည်ဖြစ်၍ မိမိလည်း တုန်လှုပ်၏၊ အားနည်း၏၊ ထို့ကြောင့် ထိုအကုသိုလ်ကံ သည် တစ်ကမ္ဘာလုံး တည်သော ကံပင် ဖြစ်ပါသော်လည်း ကာလတစ်ပါး၌ ဟိတ်နှင့်ယှဉ်သည့် အကျိုးကို ဖြစ်စေခြင်းငှါ မတတ်နိုင်ချေ၊ တိဟိတ်ကံပင် ဖြစ်သော်လည်း အားနည်းကြသည့် စက္ခုစသော ၀တ္ထုတို့၌ လည်းကောင်း ဒဿန (မြင်ခြင်း) အစရှိကုန်သော ကိစ္စ ဌာနတို့၌ လည်းကောင်း ဟိတ်နှင့် ယှဉ်သောအကျိုးကို ဖြစ်စေခြင်းငှါ မစွမ်းနိုင်ချေ။

အာဝဇ္ဇန်းကိစ္စ ဟသနကိစ္စတို့သည်လည်း အားနည်းသော ကိစ္စတို့သာလျှင် ဖြစ်ကြကုန်၏၊ ထို့ကြောင့် ဤအလုံးစုံသော စိတ်တို့သည် သမ္ပယုတ်ဟိတ်မှ ကင်း၍ ဖြစ်ကုန်၏ဟု သိမှတ်ပါလေ။

သဗ္ဗထာပိ-ဟူသော ပုဒ်၏အနက်ကို အောက်၌ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့်သာလျှင် သိမှတ်ပါလေ။

၄၁။ ဋီကာကျော် (နှာ- ၈၆)၌ကား-

သဗ္ဗထာပိ ဟူသည်ကား အကုသလဝိပါက် ကုသလဝိပါက် ကြိယာတို့၏ အပြားအားဖြင့်ဟု မိန့်ဆို အပ်၏။ ထိုစကားသည် မကောင်းချေ၊ မှန်လှစွာ၏၊ ထိုသို့သော အပြားကို ‘ဣစ္စေဝံ’ ဟူသော ဤ ပါဌ်ဖြင့်သာလျှင် ယူအပ် ယူသင့်၏ဟု သိပါလေ။

သင်္ဂဟဂါထာ၌-

အကုသလဝိပါက်စိတ်တို့သည် ၀တ္ထုကိစ္စ အပြားအားဖြင့် ခုနစ်ပါးတို့ ဖြစ်ကုန်၏၊ အဟိတ်ကုသလ ဝိပါက်စိတ်တို့သည် ၀တ္ထုကိစ္စ ဝေဒနာ အပြားအားဖြင့် ရှစ်ပါးအပြား ရှိကုန်၏၊ ကြိယာစိတ်တို့သည် ကိစ္စ ဒွါရအပြားအားဖြင့် သုံးပါးတို့ ဖြစ်ကုန်၏၊ ထို့ကြောင့် အဟိတ်စိတ်တို့သည် တစ်ဆယ့်ရှစ်ပါးတို့ ဖြစ်ကုန်၏- ဤကား ယောဇနာခြင်းတည်း။

[အမှာစကား။ ။ ဆက်၍ ဆိုဦးအံ့၊ ဤအရာဝယ် အဟိတ်ကုသလ ဝိပါက်တို့၌ ဝေဒနာအပြားကိုလည်း ဆိုသင့် ဆိုထိုက်၏၊ ဤမှတစ်ပါး (ဝေဒနာအပြားကို မဆို)သော အခြင်းအရာအားဖြင့် အနက်ကို ယူခဲ့သည်ရှိသော် သန္တီရဏ၏ အပြားမရှိခြင်း ဖြစ်ခဲ့ရာ၏၊ ထို့အတူ ကြိယာစိတ်တို့၌ ဒွါရအပြားကိုလည်း ဆိုသင့် ဆိုထိုက်၏၊ (ဒွါရအပြားကို မဆိုဘဲ) တစ်ပါးသော အခြင်းအရာအားဖြင့် အနက်ကို ယူခဲ့သည်ရှိသော် အာဝဇ္ဇန်းဒွေ၏ အပြားမရှိခြင်း ဖြစ်ခဲ့ရာ၏ဟု သိပါလေ။ ဋီကာဟောင်း ဋီကာကျော် တို့၌ကား ထိုသို့သော အပြားကို မဆိုအပ် မဆိုခဲ့ပေဟု သိမှတ်ပါလေ။]

အဟိတ်စိတ်၏ မြတ်သောအနက်ကို ပြရာ ပြကြောင်း ဖြစ်သော အခန်းသည် ပြီးဆုံးပေပြီ။
အဟိတ်စိတ် အဖွင့် ပြီးပြီ။

သောဘဏစိတ် အဖွင့်

‘ပါပါဟေတုက’ စသော ဂါထာအဖွင့်

ယခုအခါ၌ အောက်၌ ဆိုအပ်ခဲ့ကုန်ပြီးသည် စိတ်တို့၏ အသောဘဏ အမည်ကို လည်းကောင်း အထက်၌ ဆိုအပ်လတ္တံ့ကုန်သည်သည့် စိတ်တို့၏ သောဘဏ အမည်ကို လည်းကောင်း ထားတော် မူလိုသည်ဖြစ်၍ ‘ပါပါဟေတုက မုတ္တာနိ’- စသော ဂါထာကို မိန့်ဆိုတော်မူ၏။

မှန်လှစွာ၏၊ အထက်၌ ဆိုအပ်လတ္တံ့ကုန်သော စိတ်တို့၏ သောဘဏ၏အဖြစ်ကို ဆိုသည်ရှိသော် အောက်၌ ဆိုအပ်ခဲ့ကုန်ပြီးသော စိတ်တို့၏ အသောဘဏအဖြစ်ကို မဆိုဘဲလျက်လည်း ဆိုခြင်းကိစ္စ ပြီး၏ဟု သိပါလေ။

ထိုစကား၌-

‘‘ပါပါဟေတုက မုတ္တာနိ’’ ဟူသည်ကား အကုသိုလ်စိတ် တို့မှလည်းကောင်း အဟိတ်စိတ်တို့မှ လည်းကောင်း လွတ်ကုန်သော တစ်ခုယုတ် ခြောက်ဆယ် (၅၉)သော စိတ်တို့ကို လည်းကောင်း တစ်နည်းကား ကိုးဆယ့်တစ်ပါးသော စိတ်တို့ကို လည်းကောင်း သောဘဏတို့ မည်ကုန်၏ ဟူ၍ မိန့်ဆိုအပ်ကုန်၏၊ ဤကား ယောဇနာခြင်းတည်း။

ထိုစကား၌ ‘‘ပါပေဟိ’’ ဟူသည်ကား ‘အကုသိုလ်စိတ်တို့’မှ - ဟု ဆိုလိုပေသည်၊ မှန်လှပေ၏၊ အကုသိုလ်တို့သည် မိမိနှင့် ပြည့်စုံကုန်သော သတ္တဝါတို့ကို အလိုမရှိကုန်ဘဲသာလျှင် အပါယ်ဘုံသို့ ကျရောက်စေတတ်ကုန်၏၊ ထို့ကြောင့် ပါပတို့ ဟူ၍ ဆိုအပ်ကုန်၏။

ဤပါဌ်ဖြင့် ကုသိုလ်တို့၏လည်း သုဂတိဘုံသို့ ရောက်စေတတ်သော အနက်ကြောင့် ပါပ၏အဖြစ် လျဉ်းပါးခြင်းကို နစ်စေအပ်ပေ၏၊ မှန်လှစွာ၏၊ အလိုရှိကုန်သော သူတို့ကို ရောက်စေခြင်း၌ ရောက်စေခြင်း ဗျာပါရသည် ထင်ရှားသည် မဟုတ်ပေဟု သိပါလေ။

တစ်နည်းကား - ယုတ်ညံ့သော အနက်ကြောင့် ထိုအကုသိုလ်စိတ် တို့ကိုသာလျှင် ပါပတို့ ဟူ၍ ဆိုအပ်ကုန်၏ဟု သိပါလေ၊ တင့်တယ်ကုန်သော သဒ္ဓါစသော ဂုဏ်တို့နှင့် ယှဉ်ခြင်းကြောင့် လည်း ကောင်း ထိုသဒ္ဓါစသော ဂုဏ်တို့နှင့် ယှဉ်ခြင်းကြောင့် သာလျှင် မိမိသည်လည်း တင့်တယ်ခြင်းသို့ ရောက်ခြင်းကြောင့်လည်းကောင်း သောဘဏတို့ မည်ကုန်၏ဟု သိပါလေ။

ကာမာဝစရ သောဘဏစိတ်၊ မဟာကုသိုလ် အဖွင့်

ယခုအခါ၌ ထိုသောဘဏစိတ်တို့ကို အယုတ်အမြတ် အစဉ်အားဖြင့် ပြတော်မူလိုသည် ဖြစ်၍ ‘‘သောမနဿသဟဂတံ’’စသော စကားကို မိန့်ဆိုတော်မူ၏။

ထိုစကား၌ သိတတ်သောကြောင့် ဉာဏ်မည်၏၊ ဟုတ်မှန်သောအတိုင်း ထိုးထွင်း၍ သိတတ်၏၊ ဤကား ဉာဏ-ပုဒ်၏ အနက်ပေတည်း။

ဉာဏ်နှင့်ယှဉ်သည်တည်း၊ ဉာဏ်နှင့် မယှဉ်သည်တည်း၊ ဤသို့ သမာသ်စပ်ခြင်းကို ပြုအပ်၏။

[မြန်မာပြန် ဆရာ၏အမှာ။ ။ ဉာဏေန သမ္ပယုတ္တံ ဉာဏသမ္ပယုတ္တံ၊ ဉာဏေန ဝိပ္ပယုတ္တံ ဉာဏဝိပ္ပယုတ္တံ- ဟု သမာသ်စပ်ရမည် ဟူလို။]

ပကတိသော အကြောင်း အပေါင်းအား သင်္ခါရမရှိသောကြောင့် အသင်္ခါရိက မည်၏၊ ပကတိသော အကြောင်း အပေါင်းအား သင်္ခါရ ရှိသောကြောင့် သသင်္ခါရိက မည်၏၊ သပ္ပုရိသူပနိဿယ စသော ကုသိုလ်ဖြစ်ခြင်း၏ ပကတိသော အကြောင်းအပေါင်းကို ရအပ်၏။

မှန်လှစွာ၏၊ ထိုအကြောင်း အပေါင်းသည် အကြင်အခါ၌ နှစ်ပါး အပြားရှိသည့် သင်္ခါရနှင့် ကင်း၍ သက်သက် မိမိအားအစွမ်းဖြင့် ကုသိုလ်စိတ်ကို ဖြစ်စေ၏၊ ထိုအခါ၌ အသင်္ခါရ မည်၏။

ထိုအကြောင်း အပေါင်းသည်သာလျှင် အကြင်အခါ၌ မိမိ၏ အားအစွမ်းဖြင့် ကုသိုလ်စိတ်ကို ဖြစ်စေခြင်းငှါ မစွမ်းနိုင်ချေ၊ သင်္ခါရ တည်းဟူသော အဖော်သဟဲကို ရမှသာလျှင် ထိုကုသိုလ်စိတ်ကို ဖြစ်စေ၏၊ ထိုအခါ၌ သသင်္ခါရ မည်၏။

သသင်္ခါရ ကင်းသော အကြောင်း အပေါင်းကြောင့်ဖြစ်သော စိတ်သည် အသင်္ခါရိက မည်၏၊ သင်္ခါရနှင့် တကွဖြစ်သော အကြောင်း အပေါင်းကြောင့်ဖြစ်သော စိတ်သည် သသင်္ခါရိက မည်၏ဟု အလုံးစုံကို အောက်၌ ဆိုအပ်ပြီးသည်သာလျှင်တည်း။

သောမနဿ-ဥပေက္ခာ ဖြစ်ခြင်းအကြောင်း

ဆက်၍ ဆိုပေဦးအံ့၊ ဤအရာ၌ သောမနဿ စသည်တို့၏ ဖြစ်ကြောင်းကို အောက်၌ ဆိုအပ်ခဲ့ပြီး သည်သာလျှင်တည်း။

ဆိုဖွယ်အထူးကား-
၁။ သဒ္ဓါတရားနှင့် ပြည့်စုံခြင်း၊
၂။ ဉာဏ်အမြင်နှင့် ပြည့်စုံခြင်း၊
၃။ အလှူဝတ္ထု အလှူခံပုဂ္ဂိုလ် နှင့် ပြည့်စုံခြင်း။

ဤသို့ အစရှိသည်သည် သောမနဿ ဖြစ်ခြင်း၏အကြောင်းပေတည်း၊ ထိုမှ ပြန်ဘက်သည် ဥပေက္ခာ ဖြစ်ခြင်း၏ အကြောင်းပေတည်း။

ပီတိသမ္ဗောဇ္ဈင်၏ လည်းကောင်း ဥပေက္ခာသမ္ဗောဇ္ဈင်၏ လည်းကောင်း အကြင် အကြောင်းတို့ကို အဋ္ဌကထာတို့၌ ဆိုအပ်ကုန်၏၊ ထိုအကြောင်း တို့ကိုလည်း ဤအရာ၌ ဆိုသင့် ဆိုထိုက်ကုန်၏ဟု သိပါလေ။

ဉာဏသမ္ပယုတ်- ဝိပ္ပယုတ် ဖြစ်ကြောင်း

၁။ ပညာကို ဖြစ်စေတတ်သည့် ကံလျှင် ဥပနိဿယ ရှိသည်၏အဖြစ်
၂။ ကြောင့်ကြခြင်း ကင်းသည့် ဗြဟ္မာ့ ပြည်၌ ဖြစ်သည်၏အဖြစ်
၃။ ဣန္ဒြေရင့်သည်၏အဖြစ်
၄။ ကိလေသာမှ ဝေးသည်၏အဖြစ်
တို့သည် ဉာဏ်ဖြစ်ခြင်း၏ အကြောင်းတို့ပေတည်း။

၁။ တိဟိတ်ပဋိသန္ဓေ နေသည်၏အဖြစ်
၂။ အမောဟလျှင် အဇ္ဈာသယ ရှိသည်၏အဖြစ်
၃။ ပညာရှိ ပုဂ္ဂိုလ်ကို မှီဝဲသည်၏ အဖြစ်
၄။ အကြားအမြင် ကြံစည်ခြင်း၌ လေ့ကျက်သည်၏အဖြစ်

ဤသို့လည်း ဆိုခြင်းငှါ သင့်လှပေ၏။

ဓမ္မဝိစယ သမ္ဗောဇ္ဈင်၏ အကြင်ကြောင်းတို့ကိုလည်း အဋ္ဌကထာတို့၌ ဆိုအပ်ကုန်၏၊ ထိုအကြောင်းတို့ကိုလည်း ဤအရာ၌ ဆိုသင့် ဆိုထိုက်ကုန်၏၊ ထိုမှ ပြန်ဘက်ဖြစ်သည့် အကြောင်း စုသည် ဉာဏဝိပ္ပယုတ်၏ အကြောင်းပေတည်း။

သင်္ခါရ၏ အကြောင်း

သင်္ခါရဖြစ်ကြောင်းကိုလည်း ရှေး၌ ဆိုအပ်ခဲ့ပြီးသည် သာလျှင်တည်း၊ ဝီရိယ သမ္ဗောဇ္ဈင်၏ လည်း ကောင်း၊ ပဿဒ္ဓိ သမ္ဗောဇ္ဈင်၏လည်းကောင်း အကြင်အကြောင်း တို့ကိုလည်း အဋ္ဌကထာတို့၌ ဆိုအပ်ကုန်၏၊ ထိုအကြောင်းတို့ကိုလည်း ဤအရာ၌ ဆိုသင့် လှပေ၏ဟု သိပါလေကုန်။

ဤစိတ်တို့၏ ဖြစ်ပုံ အစီအရင်ကိုလည်း ဝိသုဒ္ဓိမဂ်၌ ယူအပ်၏ဟု မှတ်ပါလေ။

မဟာကုသိုလ်စိတ်၌ မြှောက်ပွားပုံ

အဋ္ဌပိ-ဟူသော ဤပါဌ်၌ ပိ-သဒ္ဒါသည် ပေါင်းခြင်း အနက်ရှိ၏၊ ထို ပိ-သဒ္ဒါဖြင့် ဤစိတ်တို့၏ ဤသင်္ဂြိုဟ်ကျမ်း၌ ဆိုအပ်ခဲ့ပြီးသည့် အပြားမှ တစ်ပါးကုန်သော အပြားတို့မှ တစ်ပါးမက များသော အပြားရှိသည်၏ အဖြစ်ကို ပေါင်း၏၊ ထိုစကား၌ ဤဆိုလတ္တံ့သည်ကား ပေါင်းပုံပေါင်းနည်းတည်း။

ဤမဟာကုသိုလ်စိတ် ရှစ်ပါးတို့ကို ပုညကြိယာ ၀တ္ထု ဆယ်ပါးတို့ဖြင့် မြှောက်ပွားသည်ရှိသော် ရှစ်ဆယ်တို့ ဖြစ်ကုန်၏ (၈ x ၁၀ = ၈၀)၊ နောက်တစ်ဖန် ထို ရှစ်ဆယ်တို့ကို အာရုံခြောက်ပါးတို့ဖြင့် မြှောက်ပွားသည်ရှိသော် လေးရာ့ရှစ်ဆယ်တို့ ဖြစ်ကုန်၏ (၈၀ x ၆ = ၄၈၀)၊ နောက်တစ်ဖန် ထိုလေးရာ့ရှစ်ဆယ်တို့ကို ကံသုံးပါးတို့ဖြင့် မြှောက်ပွားသည်ရှိသော် တစ်ထောင့်လေးရာ့ လေးဆယ် တို့ ဖြစ်ကုန်၏ (၄၈၀ x ၃ = ၁၄၄၀)၊ နောက်တစ်ဖန် ထိုတစ်ထောင့်လေးရာ့လေးဆယ်တို့ကို ဟိနယ မဇ္ဈိမယ ပဏိတ သုံးပါးတို့ဖြင့် မြှောက်ပွားသည်ရှိသော် လေးထောင့် သုံးရာ့နှစ်ဆယ်တို့ ဖြစ်ကုန်၏ (၁၄၄၀ x ၃ = ၄၃၂၀)၊ ထိုလေးထောင့် သုံးရာ့နှစ်ဆယ်တို့ကို ဤသည်တို့ကား သုဒ္ဓိက (အဓိပတိ မဖက် သက်သက်သော နိရာဓိပတိ) တို့ပေတည်းဟု အမှတ်ပြု၍ သမ္ပယုတ် ဝိပ္ပယုတ် ဟူသော နှစ်ဌာနတို့၌ နှစ်ပုံခွဲထားအပ်၏ (၄၃၂၀ / ၂ = ၂၁၆၀)။

ထိုနှစ်စု နှစ်ပုံမှ တစ်စု တစ်ပုံကို ယူ၍ နှစ်ဌာနခွဲမှု ပြုပြန်သော် ဉာဏသမ္ပယုတ်ပေါင်း နှစ်ထောင့် တစ်ရာ့ ခြောက်ဆယ်၊ ဉာဏဝိပ္ပယုတ်ပေါင်း နှစ်ထောင့်တစ်ရာ့ ခြောက်ဆယ်စီတို့ ဖြစ်ကုန်၏ဟု သိပါလေ။

နောက်တစ်ဖန် ထိုသမ္ပယုတ် ဝိပ္ပယုတ် နှစ်ပါးတို့တွင် ဉာဏသမ္ပယုတ် နှစ်ထောင့်တစ်ရာ့ ခြောက်ဆယ်တို့ကို အဓိပတိ လေးပါးတို့ဖြင့် မြှောက်ပွား သည်ရှိသော် ရှစ်ထောင့်ခြောက်ရာ့ လေးဆယ်တို့ ဖြစ်ကုန်၏ (၂၁၆၀ x ၄ = ၈၆၄၀)။

ဉာဏဝိပ္ပယုတ် နှစ်ထောင့်တစ်ရာ့ ခြောက်ဆယ်ကို ဝီမံသ ကြဉ်သည့် အဓိပတိ သုံးပါးတို့ဖြင့် မြှောက်ပွားသည်ရှိသော် ခြောက်ထောင့်လေးရာ့ ရှစ်ဆယ်တို့ ဖြစ်ကုန်၏ (၂၁၆၀ x ၃ = ၆၄၈၀)။

နောက်တစ်ဖန် ဉာဏသမ္ပယုတ် ရှစ်ထောင့်ခြောက်ရာ့ လေးဆယ်နှင့် ဉာဏဝိပ္ပယုတ် ခြောက်ထောင့် လေးရာ့ ရှစ်ဆယ်ဟူသော ထို နှစ်ပါးတို့ကို ပေါင်းသည်ရှိသော် တစ်သောင်း ငါးထောင် တစ်ရာ့ နှစ်ဆယ်တို့ ဖြစ်ကြကုန်၏ (၈၆၄၀ + ၆၄၈၀ = ၁၅၁၂၀)။

ထိုတစ်သောင်း ငါးထောင် တစ်ရာ့ နှစ်ဆယ်ကို ရှေး၌ အသီးအခြား ထားအပ်ခဲ့ကုန်သည့် သုဒ္ဓိက လေးထောင့်သုံးရာ နှစ်ဆယ်တို့နှင့် ပေါင်းသည်ရှိသော် တစ်သောင်း ကိုးထောင် လေးရာ့ လေးဆယ် တို့ ဖြစ်ကုန်၏ (15120 + 4320 = 19440)။

ဋီကာဟောင်း၌-

ဤပိသဒ္ဒါ၏ ပေါင်းခြင်း၌ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့် သုဒ္ဓိက တို့ကိုလည်းကောင်း၊ ဉာဏဝိပ္ပယုတ် တို့ကို လည်းကောင်း မခွဲခြားမူ၍ အလုံးစုံတို့ကို ပုညကြိယာ အစရှိသည်တို့ဖြင့် အညီအမျှ မြှောက်အပ် ကုန်သည့်အတွက် တစ်သောင်း ခုနစ်ထောင် နှစ်ရာ့ ရှစ်ဆယ် (၁ရ၂၈၀) ရကုန်၏ဟု မိန့်ဆိုအပ်၏။

၄၂။ ဋီကာကျော် (နှာ- ၈၈)၌ကား-

သုဒ္ဓိကတို့ကို အသီးအခြား မခွဲဘဲ ဉာဏဝိပ္ပယုတ်တို့ကိုသာလျှင် အသီးအခြားခွဲ၍ ထိုဆိုခဲ့ပြီးသော အခြင်းအရာအားဖြင့် မြှောက်ပွား ကုန်သည်ဖြစ်၍ တစ်သောင်း ငါးထောင် တစ်ရာ့ နှစ်ဆယ် (၁၅၁၂၀) ရ၏ဟူသော အကြင်စကားကို ဆို၏။ ထိုအလုံးစုံသော စကားသည် မသင့်ချေ။

မှန်လှပေ၏၊ ဤသို့ ဖြစ်သည်ရှိသော် ဤ ကာမာဝစရ ကုသိုလ်စိတ်တို့သည် အဓိပတိတို့နှင့် အမြဲ ဖြစ်ကုန်သည် ဖြစ်၍ မြဲသော အဓိပတိ ရှိသည် မည်ကုန်သည် ဖြစ်ကုန်ရာ၏။

ဤမဟာကုသိုလ် စိတ်တို့သည် အထက်ဖြစ်သည့် မဟဂ္ဂုတ်စိတ် လောကုတ္တရာစိတ် တို့ကဲ့သို့ အဓိပတိ အမြဲမရှိကြကုန်ဟု သိပါလေ၊ ဋီကာနည်း အားဖြင့်ကား ဉာဏဝိပ္ပယုတ် တို့သည်လည်း ဝီမံသတို့နှင့် တကွ ဖြစ်ကုန်၏ဟုဆိုရာ ရောက်ခဲ့ပေ၏ဟူ၍ သိပါလေ။

တစ်နည်းကား- ‘‘ဉာဏ်ပညာကြောင့် ကောင်းစွာ ဖြစ်သည်၏ အဖြစ်ဟူသော အနက်ကြောင့် လည်းကောင်း ကုသိုလ်မည်၏’’ ဟူသော ဤပုဒ်၌ ဉာဏဝိပ္ပယုတ် တို့သည်လည်း ဉာဏ်ပညာ မည်သည် အထူးထူးသော အာဝဇ္ဇန်းရှိသော ဝီထိ၌ဖြစ်သော ဥပနိဿယဉာဏ်ဖြင့် ဖြစ်သည်၏ အဖြစ်ကြောင့် ကုသိုလ် မည်ကုန်သည်သာလျှင် ဖြစ်ကုန်သကဲ့သို့ ထို့အတူ ဤအရာ၌လည်း ထို မဟာကုသိုလ်စိတ်တို့သည် ဝီမံသာဓိပတိ ဖြစ်သည့် ထိုကောသသန အမည်ရှိ ဥပနိဿယ ဉာဏ်ဖြင့်သာလျှင် ဖြစ်သောကြောင့် ဝီမံသာဓိပတေယျ မည်၏ဟု ဆိုခြင်းငှါ မတတ် ကောင်းသည် ကား မဟုတ်ချေ၊ တတ်ကောင်းသည် သာလျှင်တည်း ဟူသော အဓိပ္ပါယ်အားဖြင့် ထိုဉာဏဝိပ္ပယုတ် တို့ကို အသီးအခြား မပြုဘဲ ထားကုန်သည် ဖြစ်ရာ၏ဟု သိပါလေ။

ဤသို့ပင် ဖြစ်ပါသော်လည်း အဓိပတိမှ လွတ်သည်သာလျှင် ဖြစ်ကုန်သော ကာမာဝစရကုသိုလ်တို့ မည်သည် တို့သည် များပြားကုန်၏၊ ထို့ကြောင့် အလုံးစုံ ကုန်သော ကာမကုသိုလ် တို့သည် ဝီမံသာဓိပတိလျှင် အကြောင်းရင်း အမြစ် ရှိကုန်သည် ဖြစ်ခြင်းငှါ မတတ်ကောင်းချေ။

ကာမာဝစရကုသလသဒ္ဒါ၏ ဝိဂ္ဂဟနှင့် အဓိပ္ပာယတ္ထ

ကာမာဝစရတို့လည်း ဖြစ်ကုန်၏၊ ထိုကာမာဝစရတို့ဟူသည် ကုသိုလ်စိတ်တို့လည်း ဖြစ်ကုန်၏၊ ဤသို့သော ဝိဂ္ဂဟကို ပြုအပ်၏၊ ထိုစကား၌ အဘယ်အနက်ကြောင့် ကုသိုလ် မည်သနည်း၊ ဤကား အမေးစကားတည်း။

၁။ အနာမရှိသော အနက်ကြောင့် ကုသိုလ် မည်၏။
၂။ ကောင်းသော အနက်ကြောင့် ကုသိုလ် မည်၏။
၃။ လိမ္မာသော အနက်ကြောင့် ကုသိုလ် မည်၏။
၄။ အပြစ်မရှိသော အနက်ကြောင့် ကုသိုလ် မည်၏။
၅။ ကောင်းသောအကျိုးကို ပေးတတ်သော အနက်ကြောင့် ကုသိုလ် မည်၏။

ဤကား အဖြေစကားတည်း။

ချဲ့၍ ဆိုဦးအံ့၊ ရာဂစသော တရားတို့သည်-

(၁) စိတ်အစဉ်ကို ကျင်နာစေတတ်သော အနက်ကြောင့် ရောဂါ (အနာ) မည်ကုန်၏။
(၂) အစီးအပွား မဟုတ်သော အနက်ကြောင့် အသုန္ဒရ (မကောင်းသည်) မည်ကုန်၏။
(၃) မသိမ်မွေ့သော အနက်ကြောင့် အဆေက (မလိမ္မာသည်) မည်ကုန်၏။
(၄) ကဲ့ရဲ့တတ်သော အနက်ကြောင့် ဝဇ္ဇ (အပြစ်ရှိသည်) မည်ကုန်၏။
(၅) အလိုမရှိသော မချမ်းသာသော အကျိုးကို ပေးတတ်သော အနက်ကြောင့် ဒုက္ခဝိပါက (မကောင်းသော အကျိုးကို ပေးတတ်သည်) မည်ကုန်၏။

ဤမဟာကုသိုလ်စိတ် တို့သည်ကား ထိုရာဂ စသည်တို့မှ ထမြောက်သည်၏ အဖြစ်ကြောင့် ကုသိုလ်တို့ မည်ကုန်၏၊ အနာမရှိသည် မည်ကုန်၏၊ ဤကား အနက်ပေတည်း။

ထိုရာဂ စသည်တို့မှ ဆန့်ကျင်ဘက်၏ အဖြစ်ကြောင့်လည်း ကောင်းသည် မည်ကုန်သည် လည်းကောင်း၊ လိမ္မာသည် မည်ကုန်သည် လည်းကောင်း၊ အပြစ်မရှိသည် မည်ကုန်သည် လည်းကောင်း၊ ချမ်းသာသော အကျိုးကို ပေးသည် မည်ကုန်သည်လည်းကောင်း ဖြစ်ကြကုန်၏ဟု သိပါလေ၊ စက်ဆုပ်အပ်ကုန်သည့် အကုသိုလ် တရားတို့ကို တုန်လှုပ်စေတတ် ဖျက်ဆီးတတ်ကုန် သောကြောင့် ကုသိုလ်တို့ မည်ကုန်၏။

တစ်နည်း- စက်ဆုပ်အပ်သည့် အခြင်းအရာအားဖြင့် သတ္တဝါတို့၏ သန္တာန်၌ ကိန်းတတ်ကုန် သောကြောင့် ‘ကုသ’တို့ မည်ကုန်၏၊ ရာဂ စသည်တို့ကို ရအပ်ကုန်၏။

ထိုရာဂစသော တရားတို့ကို ပယ်ဖြတ်တတ်သောကြောင့် ကုသိုလ်တို့ မည်ကုန်၏၊ တစ်နည်းကား- စက်ဆုပ်အပ်ကုန်သော ကိလေသာ တရားတို့ကို ခေါင်းပါးအောင် ပြုတတ်သော အနက်ကြောင့် လည်းကောင်း၊ ကုန်ဆုံးအောင် ပြုတတ်သော အနက်ကြောင့်လည်းကောင်း ဉာဏ်ကို ကုသမည်၏ ဟူ၍ ဆိုအပ်၏၊ ကုသဟု ဆိုအပ်သော ဉာဏ်ဖြင့် ယူအပ်ကုန်သောကြောင့် ကုသိုလ်တို့ မည်ကုန်၏။

တစ်နည်းကား- သမန်းမြက်တို့သည် လက်၏ အစိတ်အပိုင်းကို ဖြတ်တတ်ကုန်သကဲ့သို့ သံကိလေသ (ညစ်နွမ်းစေတတ်သော ကိလေသာ) အသင်းအပင်းကို ပယ်ဖြတ်တတ်ကုန်သောကြောင့် ကုသိုလ်တို့ မည်ကုန်၏။

ဆိုဖွယ်အထူးကား- စက်ဆုပ်အပ်ကုန်သော အကုသိုလ်တရားတို့ကို ညှဉ်းဆဲတတ်ကုန်သောကြောင့် ကုသိုလ်တို့ မည်ကုန်၏၊ ‘ရ’အက္ခရာကို ‘လ’ ပြု၍ ကုသလ = ကုသိုလ်ဟု ဖြစ်လာ၏။

[မြန်မာပြန် ဆရာ၏အမှာ။ ။ ကုသလပုဒ်ကို ‘ကုစ္ဆိတေ ပါပဓမ္မေ သရန္တိ ဟိံသန္တီတိ ကုသလာနိ’ဟု ဝိဂ္ဂဟပြု၍ ကုပုဗ္ဗ သရ-ဖြင့် ကုသရ ဟု ဆိုလိုလျက် ‘ရ’အက္ခရာကို ‘လ’ပြု၍ ဖြစ်လာ၏ဟု ဆိုလိုသည်။]

တစ်နည်းကား- ‘ကောသလ္လ’မည်သော ဉာဏ်ကြောင့်ဖြစ်သောကြောင့် ကုသိုလ် မည်ကုန်၏ဟု သိပါလေ။

မဟာဝိပါက် အဖွင့်

ဝေဒနာ ဘေဒ

မဟာဝိပါက်စိတ်တို့၌ ပုဒ်အနက်အားဖြင့် ဆိုဖွယ်အထူး မရှိချေ၊ ဝေဒနာအပြားကို အာရုံ၏ အစွမ်းအားဖြင့် ဆိုသင့် ဆိုထိုက်ပေ၏၊ မှန်လှစွာ၏၊ ထိုဝိပါက်စိတ်တို့သည် အတိဣဋ္ဌလည်း ဖြစ်၊ ဣဋ္ဌမဇ္ဈတ္တလည်း ဖြစ်သော အာရုံ၌ အစဉ်အတိုင်း သောမနဿနှင့် လည်းကောင်း၊ ဥပေက္ခာနှင့် လည်းကောင်း ယှဉ်ကြကုန်၏ဟု သိပါလေ။

သမ္ပယောဂ ဘေဒ

သမ္ပယောဂအပြားကို ကံ၏အစွမ်းအားဖြင့် လည်းကောင်း၊ ဇော၏အစွမ်းအားဖြင့် လည်းကောင်း ဆိုသင့် ဆိုထိုက်၏၊ မှန်လှစွာ၏၊ ထိုမဟာဝိပါက်စိတ်တို့သည် အားကြီးသော ကံသည် ဖြစ်စေအပ် ကုန်သည်ရှိသော် ဉာဏသမ္ပယုတ်တို့ ဖြစ်ကုန်၏၊ အားနည်းသော ကံသည် ဖြစ်စေအပ် ကုန်သည် ရှိသော် ဉာဏဝိပ္ပယုတ်တို့ ဖြစ်ကုန်၏။

တစ်ခါတစ်ရံ၌ကား တဒါရုံ၏ အစွမ်းအားဖြင့်ဖြစ်သော ကာလတွင် အများအားဖြင့် တိဟိတ်ဇောတို့ အစဉ်လိုက်ကုန်သည်ရှိသော် ဉာဏသမ္ပယုတ်တို့ ဖြစ်ကုန်၏၊ ဤမှ တစ်ပါးသော ဒွိဟိတ်ဇော ဧကဟိတ်ဇောသို့ အစဉ်လိုက်ကုန်သည်ရှိသော် ဉာဏဝိပ္ပယုတ်တို့ ဖြစ်ကုန်၏ဟု သိပါလေ။

သင်္ခါရ ဘေဒ

သင်္ခါရအပြားကိုလည်း အချို့သော (မောရဝါပိဝါသီမဟာဒတ္တ) ဆရာတို့သည် ကံ၏အစွမ်းအားဖြင့် သာလျှင် ဆိုအပ်၏၊ အသင်္ခါရိကကံသည် ဖြစ်စေအပ်သည်ရှိသော် အသင်္ခါရိကတို့ မည်ကုန်၏၊ သသင်္ခါရိကကံသည် ဖြစ်စေ အပ်ကုန်သည်ရှိသော် သသင်္ခါရိက မည်ကုန်၏ဟု ဆိုအပ်၏။

အဋ္ဌကထာဆရာ (အရှင်ဗုဒ္ဓဃောသမထေရ်)သည်ကား- အနီး၌ တည်သော ပစ္စုပ္ပန်အကြောင်း၏ အစွမ်းအားဖြင့် (အဋ္ဌသာလိနီ အဋ္ဌကထာ၌) ဆိုအပ်၏၊ မှန်လှစွာ၏၊ ထိုမဟာဝိပါက်စိတ်တို့သည် ပဋိသန္ဓေအခါ၌ ရှေးဘဝ သေခါနီးကာလ၌ ဆွေမျိုး စသည်တို့သည် ထိုထိုပယောဂဖြင့် ထင်စေ အပ်ကုန်သော ကံအစရှိသည့် အာရုံတို့ကို ယူ၍ ဖြစ်ကုန်သည်ရှိသော် သသင်္ခါရိကတို့ မည်ကုန်၏၊ ထိုသို့ သဘောရှိသော ပယောဂနှင့်ကင်း၍ မိမိအလိုလိုသာလျှင် ကံ၏အစွမ်းဖြင့် ထင်ကုန်သည့် ကံစသော အာရုံတို့ကိုယူ၍ ဖြစ်ကုန်သည်ရှိသော် အသင်္ခါရိကတို့ မည်ကုန်၏။

တဒါရုံဖြစ်သော ကာလ၌ကား အသင်္ခါရိကဇောသို့ အစဉ်လိုက်ကုန်သည် ရှိသော် အသင်္ခါရိကတို့ မည်ကုန်၏၊ သသင်္ခါရိကဇောသို့ အစဉ် လိုက်ကုန်သည်ရှိသော် သသင်္ခါရိကတို့ မည်ကုန်၏ဟု သိပါလေ။

မဟာဝိပါက၌ ပိသဒ္ဒါပေါင်းပုံ

ဤမဟာဝိပါက်စိတ်၌လည်း ပိ-သဒ္ဒါသည် ပေါင်းခြင်း အနက်ရှိ၏၊ ထို ပိ-သဒ္ဒါဖြင့် အာရုံခြောက်ပါး ဟိန မဇ္ဈိမ ပဏိတ ဟူသော တိကတို့၏ အစွမ်းအားဖြင့်သာလျှင် လည်းကောင်း၊ ကာလ ဒေသ သန္တာန် စသည်တို့၏ အစွမ်းအားဖြင့် လည်းကောင်း ထို မဟာဝိပါက်စိတ်တို့၏ တစ်ပါးမက များလှ စွာ၏ အဖြစ်ကို ပေါင်း၏။

အကြင်ကြောင့်ကား ထိုမဟာဝိပါက်စိတ်တို့သည်-

၁။ အလှူပေးခြင်း စသည်တို့၏ အစွမ်းအားဖြင့်လည်းကောင်း၊
၂။ ကာယကံ စသည်တို့၏ အစွမ်းအားဖြင့်လည်းကောင်း၊
၃။ ဆန္ဒ စသည်တို့ကို အကြီး အမှူး ပြု၍လည်းကောင်း၊

မဖြစ်နိုင်ကြကုန်၊ ထို့ကြောင့် ထိုမဟာဝိပါက်စိတ်တို့သည် ပုညကြိယာ ၀တ္ထုတို့၏လည်းကောင်း ကံ-အဓိပတိတို့၏လည်းကောင်း အစွမ်းအားဖြင့် ပွားခြင်းကို မရကုန်ဟု သိပါလေ။

၄၃။ ဋီကာကျော် (နှာ- ၈၉)၌ကား-

ဤမဟာဝိပါက်စိတ်တို့သည် ကာယဝိညတ် စသည်ကို ဖြစ်စေနိုင်ခြင်း သဘောမရှိသည်၏ အဖြစ်ဖြင့် ကမ္မဒွါရ၏ အစွမ်းအားဖြင့် မဖြစ်ကုန်၊ အကျိုးပေးခြင်း သဘောမရှိသည်၏ အဖြစ်ကြောင့်လည်း ကံ၏ အစွမ်းအားဖြင့် မဖြစ်ကုန်။

ဟု မိန့်ဆို၏၊ ထိုဋီကာကျော်စကားကို စိစစ်အပ်၏၊ မှန်လှစွာ၏၊ အောက်တွင် ကုသိုလ်စိတ်တို့၌ ကမ္မတိက၏ အစွမ်းအားဖြင့် ပွားခြင်းကို ဆိုအပ်ခဲ့ပေ၏၊ အသီးအခြား ကမ္မဒွါရ၏ အစွမ်းအားဖြင့် ပွားခြင်းကိုကား မဆိုခဲ့ပေ၊ ကမ္မတိက မည်သည်လည်း သုံးပါးအပြားရှိသည့် ကမ္မဒွါရ၏ အစွမ်း အားဖြင့်သာလျှင် ပြီး၏ဟု သိပါလေ။

အဋ္ဌကထာ၌-

ချဲ့၍ ဆိုပေဦးအံ့၊ ကာမာဝစရ ကုသိုလ်စိတ်တို့၌ အကြင် ကမ္မဒွါရ အပြား၊ ကမ္မပထ အပြား၊ ပုညကြိယ၀တ္ထု အပြားကို မိန့်ဆိုအပ်ခဲ့ပြီ၊ ထိုကမ္မဒွါရ အပြား၊ ကမ္မပထ အပြား၊ ပုညကြိယ၀တ္ထု အပြားသည် ဤမဟာဝိပါက်စိတ်၌ မရှိချေ၊ အဘယ့်ကြောင့် နည်းဟူမူ ဝိညတ်ကို မဖြစ်စေ တတ်သည်၏ အဖြစ်၊ အကျိုးကို ဖြစ်စေတတ်သော သဘော မရှိသည်၏ အဖြစ်၊ ထိုဒါန သီလစသော ပုညကြိယ အပြားအားဖြင့် မဖြစ်သောကြောင့်ပေတည်း။

ဟူ၍ မိန့့်ဆိုအပ်သည် မဟုတ်ပေလော၊ ဤကား စောဒနာစကား တစ်ရပ်ပေတည်း။

ဆိုခဲ့သည်ကား မှန်လှပေ၏၊ ထိုသို့ပင် ဆိုခဲ့သည် မှန်သော်လည်း ထိုအဋ္ဌကထာစကား၌-

ဝိညတ်ကို မဖြစ်စေတတ်သည်၏ အဖြစ်ကြောင့် ကမ္မဒွါရ အပြားသည် ဤမဟာဝိပါက်စိတ်၌ မဖြစ်။

ဟူသော စကားဖြင့် ကာယကံယ ဝစီကံယ မနောကံ ဟူသည် ဤသို့သော အပြားမရှိခြင်းကို မိန့်ဆိုတော်မူ၏။

အကျိုးကို ဖြစ်စေတတ်သော သဘောမရှိသည်၏ အဖြစ်ကြောင့် ကမ္မပထ အပြားသည် ဤမဟာ ဝိပါက်စိတ်၌ မဖြစ်။

ဟူသော စကားဖြင့် ဆယ်ပါးအပြား ရှိသည့် ကမ္မပထအပြား မရှိခြင်းကို မိန့်ဆိုတော်မူ၏။

ဤဋီကာကျော် မြှောက်ပွားနည်း၌ကား ကုသိုလ်တို့၌လည်း ကမ္မပထ အပြားကို မယူမူ၍ သုံးပါးသော ကမ္မဒွါရဖြင့် ပြားသော ကမ္မတိကကိုသာလျှင် ယူထားပေ၏၊ ထိုကမ္မတိကကိုလည်း ‘‘ဝိညတ်ကို ဖြစ်စေခြင်း မရှိသည်၏ အဖြစ်ကြောင့် သုံးပါးအပြားရှိသော ကမ္မဒွါရ၏ အစွမ်းဖြင့် မဖြစ်ကုန်’’ဟူသော စကားဖြင့်သာလျှင် ပြီးပေ၏။

အောက်ဖြစ်သော ကုသိုလ်စိတ်တို့၌လည်း ဆယ်ပါးအပြားရှိသည့် ကမ္မပထ အပြား၏ အစွမ်းအားဖြင့် အသီးအခြား ပွားခြင်းကို ဆိုအပ်ခဲ့သည် အကယ်၍ ဖြစ်ငြားအံ့၊ ဤသို့ ဖြစ်သည်ရှိသော် ဤမဟာ ဝိပါက်စိတ်၌လည်း ‘‘အကျိုးမပေးသော သဘောရှိသည်၏ အဖြစ်ကြောင့် ကမ္မပထ၏ အစွမ်းဖြင့် မဖြစ်ကုန်’’ဟူသော စကားကို ဆိုသင့် ဆိုထိုက်သည်သာလျှင် ဖြစ်၏ဟု သိပါလေ။

မဟာကြိယာ အဖွင့်

မဟာကြိယာစိတ် တို့၌လည်း မဟာဝိပါက် စိတ်တို့၌ကဲ့သို့ အာရုံ၏ အစွမ်းအားဖြင့်သာလျှင် ဝေဒနာဘေဒကို အထက်၌ အရှင်အနုရုဒ္ဓါ ဆရာသည်ပင် မိန့်ဆိုတော်မူပေလိမ့်မည်၊ ဉာဏသမ္ပယုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက သသင်္ခါရိက အပြားကိုကား ထိုက်သည့် အားလျော်စွာ ကုသိုလ်တို့၌ ဆိုအပ်ခဲ့ပြီးသောနည်းဖြင့် သိပါလေ။

၄၄။ ဋီကာကျော် (နှာ- ၉၀)၌ကား-

ထိုအခြင်းအရာကို မစိစစ်မူ၍ ‘‘ကြိယာစိတ်တို့၏လည်း ကုသိုလ်၌ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ထိုက်သည့်အားလျော်စွာ သောမနဿ သဟဂုတ်စသော အဖြစ်ကို သိအပ်၏’’ဟု မိ်န့်ဆိုအပ်၏။ ထိုစကားသည် မသင့်ချေ။

နိဂုံး အဖွင့်

ဣစ္စေဝံ သဗ္ဗထာပိ- ဟူကုန်သော ပုဒ်တို့၏ အနက်ကို အောက်၌ ဆိုအပ်ခဲ့ပြီးသည်သာလျှင်တည်း။

သဟေတုက ကာမာဝစရ ကုသလ ဝိပါက ကြိယ စိတ္တာနိ- ဟူသော ပုဒ်၌ သဟေတုကသဒ္ဒါသည် ကုသလသဒ္ဒါနှင့် စပ်ရာ၌ ဟုတ်မှန်သောအတိုင်းကို ဆိုသော ဝိသေသန ပုဒ်ပေတည်း။

မှန်လှစွာ၏၊ ထို့ကြောင့်သာလျှင် ထိုသဟေတုကသဒ္ဒါကို ကုသိုလ်စိတ်တို့၏ စူဠနိဂုံး၌ မယူခဲ့ မဆိုခဲ့ပေ၊ ဝိပါကသဒ္ဒါ ကြိယသဒ္ဒါတို့နှင့် စပ်ရာ၌ကား ဗျဝစ္ဆေဒကဝိသေသန (ပိုင်းခြားသောအားဖြင့် အထူးပြုခြင်း) ဟူ၍ မှတ်ပါလေ။

၄၅။ ဋီကာကျော် (နှာ-၉၀)၌ကား-

‘ကျောက်စရစ် အိုးခြမ်းကွဲသည် လည်းကောင်း၊ ငါးလိပ်သည် လည်းကောင်း၊ ရပ်သည်ကို လည်း ကောင်း၊ သွားသည်ကိုလည်းကောင်း မြင်၏’ ဟူသော သုတ်ပုဒ် (သီလက္ခန္ဓပါဠိ၊ နှာ-ရ၉)၌ ကဲ့သို့ ဤနေရာ၌ ရသင့်သည့် အားလျော်စွာ ယောဇနာလေဟု မိန့်ဆို၏။

ထိုစကားသည် မညီညွတ်ချေ၊ မှန်လှစွာ၏၊ ထိုသုတ္တန်ပါဠိ၌ ကျောက်စရစ် အိုးခြမ်း မည်သည်ကား မသွားမလာတတ်ဟု ဆိုသင့် ယူသင့်၏၊ ဤ အရာ၌ကား ကုသိုလ်သည် သဟိတ် မဖြစ်ချေ၊ ဤသို့သော စကားသည် မသင့်သည်သာတည်း။

[မြန်မာပြန်ဆရာ၏အမှာ။ ။ ဥပမာန ဥပမေယျတို့ ယှဉ်စပ် တွဲဖက်ရာတွင် မညီညွတ် မသင့်တင့်ချေ ဟူလိုသည်၊ ကျောက်စရစ် အိုးခြမ်းတို့ မသွားမလာတတ်သည်နှင့် အတူ ကုသိုလ်သည် သဟိတ် မဟုတ်၊ ငါး လိပ်တို့ သွားလာတတ်သည်နှင့်အတူ မဟာဝိပါက် မဟာကြိယာတို့သည် သဟိတ် ဖြစ်၏ဟု ဥပမာန ဥပမေယျ ယူဆလွဲမှားဖွယ် ရှိသည်၏ အဖြစ်ကြောင့်ပေတည်း။]

ပထမဂါထာ အဖွင့်

သင်္ဂဟဂါထာ၌ ဝေဒနာ ဉာဏ သင်္ခါရ ဘေဒေန ဟူသည်ကား ဝေဒနာ အပြားအားဖြင့် လည်းကောင်း ဉာဏ်အပြားအားဖြင့် လည်းကောင်း သင်္ခါရ အပြားအားဖြင့် လည်းကောင်းဟု ဆိုလိုသည်၊ ထိုဘေဒ သုံးမျိုးတို့တွင် ဝေဒနာဘေဒ ဟူသည်ကား ဝေဒနာ အပြားအားဖြင့် ပြီးသော စိတ်တို့၏ အပြား အားဖြင့်ဟု ဆိုလိုသည်၊ ဉာဏဘေဒ ဟူသည်ကား ဉာဏ်နှင့်ယှဉ်ခြင်း မယှဉ်ခြင်းအားဖြင့် ပြီးသော စိတ်တို့၏ အပြားအားဖြင့်ဟု ဆိုလိုသည်၊ သင်္ခါရဘေဒ ဟူသည်ကား သင်္ခါရနှင့် ကင်း၍လည်းကောင်း တကွလည်းကောင်း ဖြစ်သော အကြောင်း အပေါင်း၏ အပြားအားဖြင့် ပြီးသော စိတ်အပြား အားဖြင့် ဟု ဆိုလိုသည်၊ ဤကား အနက်တည်း။

မှန်လှစွာ၏၊ အလွန် ထင်ရှားကြသည့် အထူးထူး အပြားပြားကုန်သော ပုဒ်အနက်တို့ကို အနည်းငယ် သော သဒ္ဒါဖြင့် ပြခြင်းငှါ စွမ်းနိုင်သည်၏ အဖြစ်သည် သမာသ်ပုဒ်တို့၏ အစွမ်းသတ္တိပေတည်းဟု သိပါလေ။

၄၆။ ဤစကားဖြင့် ဋီကာကျော် (နှာ- ၉၀)၌-

မိမိသည် အပြားမရှိကြသည့် ဉာဏ် သင်္ခါရတို့၏ အပြားကို ဆိုရာ၌လည်းကောင်း စိတ်၏အပြားကို ပြုသည်၏ အဖြစ်၌ လည်းကောင်း စောဒနာခြင်း၏ အခွင့်မဟုတ်သည်၏ အဖြစ်ကို ပြီးစေအပ်၏ဟု သိပါလေ။

ထိုစကား၌ ဤဆိုလတ္တံ့သည်ကား ယောဇနာခြင်းပေတည်း။ ‘‘သဟိတ် ကာမာဝစရကုသိုလ် သဟိတ် ကာမာဝစရဝိပါက် သဟိတ် ကာမာဝစရ ကြိယာစိတ်တို့ကို ဝေဒနာ ဉာဏ် သင်္ခါရတို့၏ အပြားအားဖြင့် အစဉ်အတိုင်း ခြောက်ပါးတို့ဟူ၍ လည်းကောင်း တစ်ဆယ့်နှစ်ပါးတို့ ဟူ၍ လည်း ကောင်း နှစ်ဆယ့်လေးပါးတို့ဟူ၍လည်းကောင်း သိအပ် ကုန်၏’’ ဤကား ယောဇနာခြင်းပေတည်း။

ဆက်ဦးအံ့၊ ဤအရာ၌-

ဝေဒနာ ဉာဏ သင်္ခါရ - ဘေဒေနေတာနိ အဋ္ဌဓာ။
ပုည ပါကကြိယာဘေဒါ၊ စတုဝီသတိ ဝိဓာ မတာ။
(ဟူ၍လည်း ဆိုသင့် ဆိုထိုက်ပေ၏။)

‘‘ထိုကာမာဝစရသောဘဏစိတ်တို့သည် ဝေဒနာအပြား ဉာဏ်အပြား သင်္ခါရအပြားအားဖြင့် ရှစ်ပါး အပြား ရှိကုန်၏။ ကုသိုလ် ဝိပါက် ကြိယာတို့၏ အပြားအားဖြင့် နှစ်ဆယ့်လေးပါး အပြား ရှိကုန်၏’’ ဟူ၍ သိအပ် သိသင့်ကုန်၏။

(ဤကား ဂါထာအနက်တည်း။)

အကျိုးကို ဆိုဦးအံ့၊ ဤသို့ ဆိုအပ်သည်ရှိသော် အနက်အလားသည်လည်း သန့်ရှင်း၏၊ အထက်တွင် ဆိုအပ်လတ္တံ့ကုန်သော သင်္ဂဟ ဂါထာတို့နှင့်လည်း ညီညွတ်၏ဟု သိပါလေ။

ဒုတိယဂါထာ အဖွင့်

ကာမေ - အစရှိသော စကားသည် ကာမစိတ် အားလုံးတို့၏ သင်္ဂဟဂါထာ ပေတည်း၊ ထိုသင်္ဂဟ ဂါထာ၌ ကာမဘုံ၌ ဝိပါက်စိတ်တို့သည် သဟိတ် အဟိတ်တို့၏ အစွမ်းအားဖြင့် ဝိပါက်စိတ် အားလုံး တို့သည် နှစ်ဆယ့်သုံးပါးတို့ ဖြစ်ကုန်၏၊ ကုသိုလ်စိတ် အကုသိုလ်စိတ် တို့သည်လည်း နှစ်ဆယ်တို့ ဖြစ်ကုန်၏၊ ကြိယာစိတ်တို့သည်လည်း သဟိတ် အဟိတ်တို့၏ အစွမ်းအားဖြင့် ကြိယာစိတ် အားလုံး တို့သည်ကား တစ်ဆယ့်တစ်ပါးတို့ ဖြစ်ကြကုန်၏၊ ဤသို့လျှင် ခပ်သိမ်းသော အခြင်းအရာ အားဖြင့် လည်း ငါးဆယ့်လေးပါးတို့ ဖြစ်ကြကုန်၏ဟု ယောဇနာခြင်းတည်း။

သဗ္ဗထာ၌ ကျေသော ‘ပိ’သဒ္ဒါ၏ အဓိပ္ပါယ်

ဆက်၍ ဆိုပေဦးအံ့။ သဗ္ဗထာ-ဟူသော ဤပါဌ်၌ ‘ပိ’သဒ္ဒါ ကျေသောအားဖြင့် ညွှန်ပြအပ်၏။ ‘ဓမ္မသင်္ဂဏီကျမ်း- ဝိဘင်းကျမ်းတို့၌ ဟောကြား ဝေဖန်အပ်သော ခပ်သိမ်းသော အပြား အားဖြင့် လည်း လေးဆယ့်ငါးပါးတို့ သာလျှင်တည်း’ ဤသို့ စသည်ဖြင့် ထိုသဗ္ဗထာပုဒ်၏ အနက်ကို အောက်၌ ပြဆိုခဲ့ပြီးသည်သာလျှင်တည်းဟု သိပါလေ။

မြန်မာပြန်ဆရာ ရှာဖွေဖော်ထုတ် ပြဆိုအပ်သော ဓမ္မသင်္ဂဏီနှင့် ဝိဘင်္ဂပါဠိတော်ကျမ်းကိုး စာမျက်နှာများ

ကာမစိတ်-၅၄ ဓမ္မသင်္ဂဏီစာမျက်နှာ ဝိဘင်္ဂစာမျက်နှာ
မဟာကုသိုလ်စိတ် ၈-ပါး ၁ မှ ၄၃ ၃၀၉
အကုသိုလ်စိတ် ၁၂-ပါး ၉၀ မှ ၁၀၃ ၃၁၁
အဟိတ်ကုသလဝိပါက် ၈-ပါး ၁၀၄ မှ ၁၀၅ ၃၁၂ မှ ၃၁၄
မဟာဝိပါက် ၈-ပါး ၁၁၆ ၃၁၄
အဟိတ်ကုသလဝိပါက် ရ-ပါး ၁၃၆ မှ ၁၃၈ ၃၁၆
အဟိတ်ကြိယာ ၃-ပါး ၁၃၉ မှ ၁၄၁ ၃၁ရ
အဟိတ်ကြိယာ ၈-ပါး ၁၄၂ ၃၁၈
ပေါင်း ၅၄-ပါး

၄ရ။ ဤစကားဖြင့် ဋီကာကျော် (နှာ- ၉၀)၌-

ဤသင်္ဂြိုဟ်ကျမ်း၌ ဆိုအပ်ကုန်ပြီးသည့် ကုသိုလ် စသည်တို့၏ အတွင်းဝင်သော အပြား၏ အစွမ်း အားဖြင့် ထိုသဗ္ဗထာ ဟူသော ပုဒ်၏ အနက် ဖွင့်ဆိုခြင်းကို တားမြစ်၏။

၄၈။ ဋီကာကျော် (နှာ- ၉၀)၌-

ကာမေ ဘဝေ’ဟူ၍ ဆိုအပ်သော စကားကိုလည်း စိစစ်အပ်၏၊

မှန်လှစွာ၏၊ ဘဝ- သဒ္ဒါသည် ကုသိုလ်ကံ အကုသိုလ်ကံတို့၌ လည်းကောင်း ကံသည် ဖြစ်စေအပ် ကုန်သည့် ဝိပါက်ကဋတ္တာရုပ်တို့၌ လည်းကောင်း ဖြစ်သည်ကို အဘိဓမ္မာ၌ မြင်အပ်၏၊ ထိုမှ တစ်ပါး ကုန်သော နာမ်ရုပ်တို့၌ ဖြစ်သည်ကို မမြင်အပ်ချေဟု မှတ်အပ်၏။

ဆက်၍ ဆိုဦးအံ့၊ ဤအရာ၌ ကာမသဒ္ဒါသည် ဘုံ၏ပရိယာယ် သာလျှင်တည်း၊ ဘုံဟူသည်လည်း ဖြစ်ရာအရပ်နှင့် တကွသော ဣန္ဒြိယဗဒ္ဓ အနိန္ဒြိယဗဒ္ဓ ဖြစ်သည့် တရားအပေါင်းကို ဆိုအပ်၏၊ ထို့ကြောင့် ‘‘ကာမေ- ကာမဘူမိယံ’’ဟူသော ဤအနက်ကိုသာလျှင် သင့်၏ဟု မှတ်အပ်၏။

တစ်နည်းကား- သုတ္တန္တပရိယာယ်အားဖြင့် ဤအရပ်၌ သတ္တဝါတို့သည်လည်းကောင်း ရုပ်နာမ် သင်္ခါရတို့သည်လည်းကောင်း ဖြစ်ကြရာ ဖြစ်သောကြောင့် ဘုံကိုပင်လျှင် ဘဝဟူ၍ ဆိုအပ်၏။

နောက်နောက်၌လည်း ဤနည်းသာလျှင် နည်းရှိပေ၏။

ဤဆိုအပ်ခဲ့ပြီးသော အစဉ်ဖြင့်
ပရမတ္ထဒီပနီမည်သော အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်း၏ လေးခုမြောက်
အဖွင့်၌ ကာမစိတ်၏ မြတ်သော အနက်ကို ပြဆိုသော
အခန်းသည် ပြီးပေပြီ။

ကာမသောဘဏစိတ်အဖွင့် ပြီးပြီ။

ရူပါဝစရစိတ် အဖွင့်

သဒ္ဒါအဖွင့့်

ဤသို့ ကာမစိတ်၏ သင်္ဂဟကို ပြတော်မူပြီး၍ ယခုအခါ၌ အစဉ်အားဖြင့် ရောက်လာသော ရူပစိတ်၏ သင်္ဂဟကို ပြတော်မူလိုသောကြောင့် ဝိတက္က ဝိစာရ ပီတိ သုခေကဂ္ဂတာ သဟိတံ’’- စသော စကားကို မိန့်ဆိုတော်မူ၏။

ဝိတက်လည်း ဝိစာရလည်း ပီတိလည်း သုခလည်း ဧကဂ္ဂတာလည်း ဤသို့ ဒွန်သမာသ် ပြုလေ၊ ထိုဝိတက် စသည်တို့နှင့် အတူတကွ ဖြစ်သည်တည်းဟု (တပ္ပုရိသ်) သမာသ် တွဲစပ်ပါလေ။

[မြန်မာပြန်ဆရာ၏အမှာ။ ။ ဝိတက္ကော စ ဝိစာရော စ ပီတိ စ သုခဉ္စ ဧကဂ္ဂတာ စ ဝိတက္ကဝိစာရပီတိသုခေကဂ္ဂတာ- ဟူ၍ ဒွန်သမာသ် ဆိုလေ။

ဝိတက္ကဝိစာရပီတိသုခေကဂ္ဂတာဟိ သဟိတံ ဝိတက္က ဝိစာရပီတိသုခေကဂ္ဂတာသဟိတံ ဟု တပ္ပုရိသ် သမာသ်လည်း တစ်ဖန် တွဲစပ်လေ ဟူ၍ ဆိုလိုသည်။]

ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ-ဟု ဆိုအပ်သော အပေါင်းဖြစ်သော ပထမဈာန်နှင့် ယှဉ်သော ကုသိုလ်စိတ် ဖြစ်သောကြောင့် ပထမဈာန် ကုသိုလ်စိတ် မည်၏။

အဓိပ္ပါယ်ဖွင့်

ထိုစကား၌ အဘယ်အနက်ကြောင့် ပထမ မည်သနည်း၊ အဘယ်အနက်ကြောင့် ဈာန်မည်သနည်း၊ ဤကား အမေး စကားပေတည်း၊ အစ၌ ရောက်အပ်သည်၏ အဖြစ်ကြောင့် ပထမ မည်၏၊ ကသိုဏ်း စသော အာရုံကိုလည်းကောင်း အနိစ္စစသော လက္ခဏာကို လည်းကောင်း ကပ်၍ ရှုတတ်သော အနက်ကြောင့် လည်းကောင်း ဆန့်ကျင်ဘက် တရားတို့ကို လောင်ကျွမ်း စေတတ်သော အနက် ကြောင့်လည်းကောင်း ဈာန်မည်၏။

ဧကဂ္ဂတာ ဟူဘိ သမာဓိ

ဆက်၍ ဆိုဦးအံ့၊ ဤနက် နှစ်ပါးတို့၌ ဧကဂ္ဂတာသည်သာလျှင် အလွန်အကဲ သင့်မြတ်ပေ၏ဟု မှတ်အပ်၏၊ မှန်လှပေ၏၊ ထိုဧကဂ္ဂတာကို ထိုတရားအား တစ်ခုတည်းသော သဘောရှိသည့် အာရုံဟု ဆိုအပ်သော အစွန်းတစ်ခုသာ ရှိ၏၊ အဖို့အစု တစ်ခုသာ ရှိ၏ဟူသော အနက်ကြောင့် ဧကဂ္ဂတာဟု ဆိုအပ်သော စိတ်၏ ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ်ခြင်း၌ အစိုးရခြင်းဂုဏ်နှင့် ယှဉ်ခြင်း ကြောင့် ဧကဂ္ဂတာ ဟူ၍လည်း ဆိုအပ်၏။

ထိုဧကဂ္ဂတာသည်ပင်လျှင် စိတ်ကို အထူးထူးသော အာရုံတို့၌ ပျံ့လွင့်ခြင်းငှါ မပေးမူ၍ တစ်ခုတည်း သော အာရုံ၌သာလျှင် ဆန့်ကျင်ဘက်ဖြစ်သော တရားတို့၏ ဝေးသည်၏အဖြစ်ကြောင့် ကောင်းစွာ လည်း ထား၏၊ ဣန္ဒြေတို့၏လည်း မျှသည်၏အဖြစ်ကို ပြု၍ ထိုအာရုံ၌သာလျှင် တွန့်တိုခြင်း ပျံ့လွင့်ခြင်းတို့၏ မရှိခြင်းသို့ ရောက်စေသဖြင့် ညီညွတ်စွာလည်း ထား၏၊ ဤသို့သော အနက်ကြောင့် သမာဓိ ဟူ၍လည်း ဆိုအပ်၏။

ထိုဧကဂ္ဂတာကိုပင်လျှင် ပါဠိတော်၌-

မလွင့်ခြင်း မပျံ့ခြင်း ကောင်းစွာ တည်ခြင်း မတုန်မလှုပ် တည်ခြင်း-ဟူ၍ ညွှန်ပြတော်မူအပ်၏ဟု သိပါလေ။

ထိုဧကဂ္ဂတာအား အလွန်အကဲနှင့် တကွ ကျေးဇူးပြုတတ်သည်၏ အဖြစ်ကြောင့် ဝိတက် စသည် တို့ကို ဈာန်ဟူ၍သာလျှင် ဟောတော်မူအပ်ကုန်၏။

ဝိတက် ဈာနင်

ထိုစကားကို ချဲ့၍ ဆိုပေဦးအံ့၊ ရှေးဦးစွာသော ဝိတက်သည် စိတ်ကို ထိန မိဒ္ဓ၏ အစွမ်းဖြင့် ဆုတ်နစ်ခြင်းငှါ မပေးမူ၍ မြဲမြံစွာ အာရုံသို့ ရှေးရှုသည်ကိုသာလျှင် ပြုတတ်၏။

ဟုတ်မှန်လှပေ၏၊ ဝိတက်သည် အာရုံသို့ ရှေးရှုတင်ခြင်း လက္ခဏာ ရှိ၏၊ ထိန မိဒ္ဓ၏လည်း ဖြောင့်ဖြောင့် ဆန့်ကျင်ဘက် ဖြစ်၏ဟု မှတ်ပါလေ။

ဝိစာရ ဈာနင်

ဝိစာရသည်လည်း ထိုစိတ်ကို ဝိစိကိစ္ဆာ၏ အစွမ်းဖြင့် ရွေ့ရှားခြင်းငှါ မပေးမူ၍ ပြင်းစွာ အာရုံ၌ အစဉ်ဖွဲ့သည်ကိုသာလျှင် ပြုပေ၏၊ ဟုတ်မှန်လှပေ၏၊ ဝိစာရသည် အာရုံကို အဖန်ဖန် အထပ်ထပ် သုံးသပ်ခြင်း လက္ခဏာ ရှိပေ၏၊ ပညာသဘော ရှိ၏၊ ဝိစိကိစ္ဆာ နီဝရဏ၏လည်း ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်ဖြစ်၏ဟု မှတ်ပါလေ။

ပီတိ ဈာနင်

ပီတိသည် စိတ်ကို ဗျာပါဒ၏ အစွမ်းဖြင့် ဆန့်ကျင်ခြင်းငှါ မပေးမူ၍ အာရုံ၌ ထက်ဝန်းကျင် နှစ်သက်သည်ကိုသာလျှင် ပြုပေ၏၊ မှန်လှစွာ၏၊ ပီတိသည် အာရုံကို ချစ်ခြင်းလက္ခဏာ ရှိ၏၊ ဗျာပါဒ နီဝရဏ၏လည်း ဖြောင့်ဖြောင့် ဆန့်ကျင်ဘက် ဖြစ်၏ဟု မှတ်ပါလေ။

သုခ ဈာနင်

ထို့အတူ သုခသည်လည်း ထိုစိတ်ကို ဥဒ္ဓစ္စ ကုက္ကုစ္စ၏ အစွမ်းဖြင့် မငြိမ်မသက်ခြင်းငှါ မပေးမူ၍ အာရုံ၌ ရအပ်သော သက်သာရာ ရှိသည်ကို ပွားသည်ကို ပြု၏၊ မှန်လှပေ၏၊ သုခသည် သာယာခြင်း လက္ခဏာ ရှိ၏၊ ဥဒ္ဓစ္စ ကုက္ကုစ္စ၏လည်း ဖြောင့်ဖြောင့် ဆန့်ကျင်ဘက် ဖြစ်၏ဟု သိပါလေ။

ဥပေက္ခာ ဈာနင်

ဥပေက္ခာသည်လည်း ငြိမ်သက်ခြင်း သဘောရှိသည်၏ အဖြစ်ကြောင့် သုခ၌သာလျှင် သင်္ဂြိုဟ် ရေတွက်အပ်၏ဟု မှတ်ပါလေ၊ ဆက်၍ ဆိုဦးအံ့၊ ဤသို့ ပြုကြကုန်သော ထိုတရားတို့သည် ထိုအာရုံ၌ ထိုစိတ်၏ ကောင်းစွာ တည်ကြည်သည်၏အဖြစ် အကျိုးငှါလည်း ဖြစ်ကုန်၏၊ တည်ကြည်သည်၏ အဖြစ် မည်သည်လည်း ဧကဂ္ဂတာသည်သာလျှင်တည်း။

ထိုဧကဂ္ဂတာသည်လည်း ထိုတရားတို့သည် ထိုသို့သော အခြင်းအရာတို့ဖြင့် ချီးမြှောက်အပ်သည် ဖြစ်၍ ကောင်းစွာ အားကြီးသည်ဖြစ်၍ မိမိသည် ကာမစ္ဆန္ဒ၏ အစွမ်းဖြင့် အထူးထူးသော အာရုံတို့၌ စိတ်၏ ပြေးသွားခြင်းကို တားမြစ်၍ ကသိုဏ်းနိမိတ် စသည့် ထိုအာရုံ၌ မတုန်မလှုပ် တည်၍ ထို အာရုံသို့ကပ်၍ ရှု၏၊ ကြည့်၏၊ ထို့ကြောင့် အလုံးစုံလည်း ဖြစ်ကုန်သော ထိုတရားတို့ကို ကပ်၍ ရှုတတ်သော အနက်ကြောင့်လည်း ဈာန်ဟူ၍ မိန့်အပ်ကုန်၏ဟု သိပါလေ။

လောင်ကျွမ်းတတ်မှန် ဈာန်၏အနက်

ဆက်၍ ဆိုပေဦးအံ့၊ ထိုတရားတို့သည် ထိုသို့သော အခြင်းအရာအားဖြင့်ဖြစ်ကြကုန်သည်ရှိသော် ထို တရား၏ ဆန့်ကျင်ဘက် ဖြစ်ကုန်သည့် နီဝရဏတရားတို့သည် အခွင့်မရကြမူ၍ စိတ်တွင်း၌ ထကြွခြင်းငှါ မတတ်နိုင်ကြကုန်၊ လောင်ကျွမ်းစေအပ်သည် မည်ကုန်၏၊ ထို့ကြောင့် ထိုဝိတက် စသည့် တရားတို့ကို ဆန့်ကျင်ဘက်တရားတို့ကို လောင်ကျွမ်းစေတတ်သော အနက်ကြောင့်လည်း ဈာန်ဟု ဆိုအပ်ကုန်၏ဟု သိပါလေ။

ဈာနင်အပေါင်းကို ဈာန်ဟုဆို

ဤသို့ပင် ဖြစ်ငြားပါသော်လည်း အကြင့်ကြောင့် ဈာန် မဂ် သမ္ဗောဓိဟု ဆိုအပ်ကုန်သော သုံးပါး ကုန်သော ဌာနတို့၌ အစိတ် အစိတ်သော အင်္ဂါတို့ ညီညွတ်ခြင်းဟု ဆိုအပ်သည့် ဓမ္မသာမဂ္ဂီလျှင် ပြဋ္ဌာန်းခြင်း ရှိ၏၊ အဘယ့်ကြောင့်နည်း ဟူမူ အင်္ဂါတို့၏ ညီညွတ်မှု ရှိသော်သာလျှင် အပ္ပနာသို့ ရောက်သည်၏ အစွမ်းဖြင့် ဈာနဘာဝနာကိစ္စ မဂ္ဂဘာဝနာကိစ္စ ဗောဇ္ဈင်္ဂဘာဝနာကိစ္စ ပြီးစီး ထမြောက်ခြင်းကြောင့်ပေတည်း။

အကြင့်ကြောင့်လည်း ထိုတရားတို့သည် ဆိုအပ်ပြီးသောနည်းဖြင့် အသီးအသီး မိမိ၏ကိစ္စကို ပြုကြကုန်သော်လည်း စိတ်၏အာရုံ၌ မတုန်မလှုပ် ဖြစ်ခြင်းဟု ဆိုအပ်သည့် တစ်ခုတည်းသာ လျှင်ဖြစ်သော ကပ်၍ ရှုခြင်းကိစ္စကို ပြီးစေတတ်ကုန်၏၊ ထို့ကြောင့် ရထားအင်္ဂါတို့၏ အပေါင်း၌ သာလျှင် ရထားခေါ်ဝေါ်ခြင်းကဲ့သို့ ထိုဝိတက်စသည်တို့၏ အပေါင်း၌သာလျှင် ဈာန်ဟု ခေါ်ဝေါ်ခြင်း သည် ပြီး၏ဟု သိပါလေ။

အပရေဆရာများ ဝါဒကား

တစ်ပါးသော ဆရာတို့သည်ကား- ငါးပါးလည်း ဖြစ်ကုန်သော ထိုဝိတက် စသည်တို့၏ အာရုံသို့ ရှေးရှုတင်ခြင်း အစရှိကုန်သော အကြင် အကြင် မိမိတို့၏ဥစ္စာ ဖြစ်ကုန်သည့် ကိစ္စတို့သည်သာလျှင် အသီးအသီး ရှုခြင်းကိစ္စတို့ မည်ကုန်၏။ ထို့ကြောင့် ပဋ္ဌာန်းပါဠိတော်၌-

ဈာနပစ္စည်းသို့ ရောက်သည်ရှိသော် အလုံးစုံလည်း ဖြစ်ကုန်သော ထိုဝိတက် အစရှိသော တရား တို့သည် အသီးအသီး ဈာနပစ္စည်းကို ပြီးစေကုန်သည်သာလျှင်တည်း။

ထို့ကြောင့် ထိုဝိတက် စသည့်တရားတို့သည် အသီးသီးလည်း ဈာန်တို့ မည်ကုန်သည် သာလျှင် ဖြစ်ကုန်၏ဟု ဆိုခြင်းငှါ တတ်ကောင်း၏။

ဆက်၍ ဆိုပေဦးအံ့၊ ‘‘ပဉ္စင်္ဂိကံ သီလံ ဒသင်္ဂိကံ သီလံ’’ဟူသော ပါဌ်၌ ငါးပါးအပေါင်း စသည်တို့သည် ထိုသီလတို့၏ ပဉ္စင်္ဂိက စသော အမည်ရခြင်း၏ အကြောင်းသာလျှင် ဖြစ်ကုန်၏၊ သီလဖြစ်ခြင်း၏ အကြောင်းမဟုတ်ကုန်သကဲ့သို့ပေတည်း။

မှန်လှစွာ၏၊ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း စသည်တို့သည် တစ်ခုတည်း ဖြစ်သော်လည်း သီလ မမည်သည်ကား မဟုတ်ချေ၊ သီလ မည်သည်သာတည်းဟု သိပါလေ၊ ဤအတူ ဤအရာ၌ လည်း ငါးပါးအပေါင်း စသည်တို့သည် ပဉ္စင်္ဂိက စသော အဖြစ်၏ သာလျှင်လည်းကောင်း ပထမဈာန် စသော အဖြစ်၏သာလျှင်လည်းကောင်း အကြောင်း ဖြစ်ကြကုန်၏၊ ဈာန်အဖြစ်၏ အကြောင်း မဖြစ်ကုန်ဟု သိခြင်းငှါ မတတ်ကောင်းသည်ကား မဟုတ်ချေ၊ တတ်ကောင်း သည်သာလျှင်တည်း၊ ဤမှတစ်ပါးသော အခြင်းအရာအားဖြင့် အနက်ကို ယူအပ်သည်ရှိသော် ဈာနပစ္စည်း၌ ဈာန်အင်္ဂါ တို့သည် ပစ္စနိက်တို့သာလျှင် ဖြစ်ကုန်ရာ၏ဟုလည်း ဆိုကြကုန်၏။

ဤမျှသော စကားအစဉ်ဖြင့် ဤစိတ်၏ ဖဿ စသော တရားတို့နှင့်လည်း တကွ ဖြစ်သည်၏အဖြစ် ရှိပါသော်လည်း ထိုတရားတို့၏ ထိုသို့ သဘောရှိသော ကိစ္စထူး၏ မရှိခြင်းကြောင့် ဤအရာ၌ မယူခြင်း ဖြစ်ပေ၏ဟူသော အဓိပ္ပါယ်လည်း ပြီးစီး၏ဟု မှတ်ပါလေ။

ဝိစာရ ပီတိ သုခယ ဧကဂ္ဂတာ-ဟု ဆိုအပ်သော ဒုတိယဈာန်နှင့် ယှဉ်သော ကုသိုလ်စိတ်သည် ဒုတိယဈာန် ကုသိုလ်စိတ် မည်၏၊ ကြွင်းသော စိတ်တို့၌လည်း ဤအတူပင်တည်း။

ဈာန်အင်္ဂါများကို ဘယ်တရားကပြု

ဤအရာ၌ စောဒနာဖွယ် ရှိပေ၏၊ အဘယ်တရားသည် ဈာန်တို့၏ အင်္ဂါအပြားကို ပြုအပ်ပါသနည်း၊ ဤကား အမေးစကား တစ်ရပ်ပေတည်း၊ ပုဂ္ဂိုလ်၏ အလိုဆန္ဒသည် ပြုအပ်၏ဟု ဖြေဆိုပေရာ၏၊ ချဲ့၍ ဆိုပေဦးအံ့၊ အကြင်ပုဂ္ဂိုလ်သည် ဝိတက်လျှင် အဖော်သဟဲ ရှိသည်ဖြစ်၍ အင်္ဂါငါးပါး ရှိသော ပထမဈာန်ကို ဖြစ်စေပြီး၍ ထိုပထမဈာန်၌ လေ့လာသည်၏ အဖြစ်ကို ပြု၍ တစ်ဖန် ဝိတက်၌ ငြီးငွေ့၏၊ ထိုပုဂ္ဂိုလ်အား ဝိတက်ကို လွန်မြောက်ပြီး ဝိတက်မရှိသည့် အင်္ဂါလေးပါးရှိသော ဈာန်ကို ရခြင်းငှါ အလိုဆန္ဒ ကောင်းစွာတည်လာ ဖြစ်လာ၏၊ ထိုအခါ၌ ထိုပုဂ္ဂိုလ်သည် ထိုပထမဈာန် ကိုပင်လျှင် အခြေခံ = ပါဒကအဖြစ် အကျိုးငှါ မြဲစွာ ဝင်စား၍ (ထိုဈာန်မှ)ထ၍ ထိုအလိုဆန္ဒနှင့် တကွသာလျှင် ပွားများခြင်းကို အဖန်တလဲလဲ အားထုတ်သည်ရှိသော် ဝိတက်မရှိသော အင်္ဂါလေးပါး ရှိသည့် ဈာန်ကို ရ၏။

ထိုစကား၌ ထိုဘာဝနာသည် မိမိသည် ဝိတက်နှင့် ယှဉ်ငြားသော်လည်း ထိုအလိုဆန္ဒသည် လွန်စွာထုံအပ်သည်၏ အဖြစ်ကြောင့် ဝိတက်ကို ပျောက်ကင်းစေတတ်သော ဘာဝနာမည်သည် ဖြစ်၏၊ ထိုဘာဝနာ၏ အစွမ်းကြောင့် ထိုဈာန် ဖြစ်ပေါ်လာသည်ရှိသော် ဝိတက်မရှိသော အင်္ဂါ လေးပါးရှိသည့် ဈာန်ဖြစ်ပေါ်လာ၏၊ ကြွင်းသော ဈာန်ကို ရရာ၌လည်း ဤနည်းသာလျှင် နည်းရှိ၏ဟု သိပါလေ။

ဤသို့ ပုဂ္ဂိုလ်၏ အလိုဆန္ဒသည် ထိုဈာန်တို့၏ အင်္ဂါအပြားကို ပြုအပ်၏ဟု သိပါလေ၊ ဆက်၍ ဆိုဦးအံ့၊ ဤနေရာ၌ အထက် အထက်ဈာန်ကို ရရာ၌ ပါဒကဖြစ်ရန် ရှေးရှေးဈာန်ကို ဝင်စားခြင်းကို မချွတ်ဧကန် အလိုရှိအပ်၏၊ အောက်အောက်၌ ဖြစ်သည့် လေ့လာအပ်ပြီးသော ဈာန်သည် အထက် အထက်ဈာန်၌ ဖြစ်သော ဈာန်၏ နီးစွာသော အကြောင်းဖြစ်၏ဟု အဋ္ဌကထာ၌ ဆို၏။

အလိုဆန္ဒ၏ အစွမ်းအားဖြင့် အထက်ဈာန် ဖြစ်သည်ရှိသော် ပါဒကဈာန်နှင့်တူသည် မဟုတ်ချေ၊ မှန်လှစွာ၏၊ ပါဒကဈာန်ထက် ပုဂ္ဂလ အဇ္ဈာသယသည်သာလျှင် အားကြီး၏။

ထို့ကြောင့် မြတ်စွာဘုရားသည်-

‘‘ချစ်သားတို့ သီလနှင့်ပြည့်စုံသော သူ၏ စိတ်၏ တောင့်တခြင်းသည် ပြည့်စုံ၏၊ အဘယ့်ကြောင့် နည်းဟူမူကား- စင်ကြယ်သည်၏ အဖြစ်ကြောင့်တည်း။’’

ဤအနက်သည်လည်း အထက်လောကုတ္တရာစိတ်သို့ ရောက်သည်ရှိသော် ထင်ရှားစွာ ဖြစ်လတ္တံ့။

သင်္ခါရဘေဒကို ဘာကြောင့်မဆို

ဤအရာ၌ စောဒနာဖွယ် ရှိ၏၊ ဤရူပါဝစရစိတ်၌ သင်္ခါရအပြားကို အဘယ့်ကြောင့် မဆိုပါသနည်း၊ ဤကား အမေးစကားတည်း၊ ပါဠိတော်၌ပင်လျှင် ဟောတော်မမူသောကြောင့်တည်း၊ ဤကား အဖြေ စကားတည်း၊ ဆက်၍ ဆိုဦးအံ့၊ အဘယ့်ကြောင့် ထိုသင်္ခါရအပြားကို ပါဠိတော်၌ မဟောအပ်ပါ သနည်းဟု မေးပါမူ ပဋိပဒါအပြားကို ဟောသဖြင့်သာလျှင် ပြီးသည်၏ အဖြစ်ကြောင့်တည်းဟု ဖြေဆိုအပ်၏။

ပဋိပဒါဘေဒဖြင့် ပြီးစီးပုံ

ထိုစကားကို ချဲ့၍ ဆိုပေဦးအံ့၊ အလုံးစုံကုန်သော လောကီ လောကုတ္တရာဈာန်တို့၏ သုခပဋိပဒါ၏ အဖြစ်ပြီးသည်ရှိသော် အသင်္ခါရိကအဖြစ် ပြီးသည်သာလျှင်တည်း၊ ဒုက္ခပဋိပဒါအဖြစ် ပြီးသည်ရှိသော် ထိုလောကီ လောကုတ္တရာဈာန်တို့၏ သသင်္ခါရိက အဖြစ်ပြီးသည်သာလျှင်တည်းဟု သိပါလေ။

အဘယ်သို့ သိအပ်သနည်းဟု မေးငြားအံ့၊ အဋ္ဌကထာကို မြင်သောကြောင့်တည်းဟု ဖြေဆိုရာ၏၊ မှန်လှစွာ၏၊ အဋ္ဌသာလိနီ၌-

အကြင်ပုဂ္ဂိုလ်သည် အစ၌ ကိလေသာတို့ကို ခွာသည်ရှိသော် ဆင်းရဲသဖြင့် သင်္ခါရ လုံ့လပယောဂနှင့် တကွ ပင်ပန်းသည် ဖြစ်၍ ခွာရ၏၊ ထိုပုဂ္ဂိုလ်အား ဒုက္ခပဋိပဒါ မည်သည်ဖြစ်၏။

အကြင်ပုဂ္ဂိုလ်သည် ကိလေသာကို ခွာသည်ရှိသော် ချမ်းသာသဖြင့် မပင်မပန်း ခွာရ၏၊ ထိုပုဂ္ဂိုလ်အား သုခပဋိပဒါ မည်သည် ဖြစ်၏။

ဟူသော စကားကို မိန့်ဆိုတော်မူ၏၊ သမ္မောဟဝိနောဒနီ အဋ္ဌကထာ၊ ဝိသုဒ္ဓိမဂ် အဋ္ဌကထာတို့၌လည်း ထို့အတူပေတည်းဟု သိကြလေကုန်။

ဆက်၍ ဆိုဦးအံ့၊ ဤအဋ္ဌကထာပါဌ် ရှေးဝါကျ၌- ‘‘ဒုက္ခေန သသင်္ခါရေန သပ္ပယောဂေန’’ ဟူ၍ မြင်အပ်သည်၏ အဖြစ်ကြောင့် နောက်ဝါကျ၌လည်း ‘‘သုခေန အသင်္ခါရေန အပယောဂေန’’ ဟူ၍ မြင်အပ်သည်သာလျှင် ဖြစ်၏။

ထိုစကား၌ ‘‘သသင်္ခါရေန သပ္ပယောဂေန’’ ဟူသည်ကား သင်္ခါရပယောဂနှင့် တကွဖြစ်သော ကာမဂုဏ်တို့၏ အပြစ်ကိုမြင်ခြင်း စသည့် အကြောင်းအပေါင်းဖြင့်- ဤကား အနက်ပေတည်း၊ ဤစကားဖြင့် အလုံးစုံကုန်သော ဒုက္ခပဋိပဒါဈာန်တို့၏ သသင်္ခါရိကအဖြစ်ကို ဆိုရာကျပေ၏။

‘‘အသင်္ခါရေန အပ္ပယောဂေန’’ ဟူသည်ကား သင်္ခါရပယောဂမှ ကင်းသော ထိုကာမဂုဏ်တို့၏ အပြစ်ကို မြင်ခြင်း အစရှိသည့် အကြောင်း အပေါင်းဖြင့် - ဤကား အနက်ပေတည်း၊ ဤစကားဖြင့် အလုံးစုံကုန်သော သုခပဋိပဒါဈာန်တို့၏ အသင်္ခါရိက အဖြစ်ကို ဆိုရာကျပေ၏ဟု သိပါလေ။

မှန်လှပေ၏၊ ခိပ္ပဘိညာဈာန်တို့၏လည်း ဒုက္ခပ္ပဋိပဒါ၏ အဖြစ် ရှိခဲ့သော် သသင်္ခါရိက အဖြစ်ကို သာလျှင် သိအပ်၏၊ ဒန္ဓာဘိညာဈာန် တို့၏လည်း သုခပ္ပဋိပဒါအဖြစ် ရှိခဲ့သော် အသင်္ခါရိက အဖြစ် ကိုသာ သိအပ်၏ဟု သိမှတ်ပါလေ။

ဆိုအပ်ခဲ့ပြီးသော စကားသည် အကယ်၍ ဖြစ်ခဲ့ငြားအံ့၊ ဤသို့ ဖြစ်သည်ရှိသော် ပဋိပဒါမှ ကင်းကုန်သော မဂ္ဂသိဒ္ဓဈာန် ဥပပတ္တိဈာန်တို့၏ သင်္ခါရအပြားသည် အဘယ်သို့လျှင် ပြီးနိုင်ပါ မည်နည်း၊ ဤကား အမေးစကားရပ်တည်း၊ ထိုဈာန်တို့၏လည်း သုံးဆောင်သော ကာလ၌ သမာပတ်၏ အန္တရာယ် ဖြစ်ကုန်သော အကြောင်းတို့၏ အနီး၌ တည်ခြင်း မတည်ခြင်း၏ အစွမ်းဖြင့် ဒုပ္ပဋိပဒါ သုခပ္ပဋိပဒါ အဖြစ်၏ ဖြစ်သင့်ခြင်း ဖြစ်သည်သာလျှင်တည်းဟု သိပါလေ။

ထိုနှစ်ပါးတို့တွင် မဂ္ဂသိဒ္ဓဈာန် မည်သည်ကား သက်သက်သော ဝိပဿနာလျှင် ယာဉ်ရှိသော ပုဂ္ဂိုလ်တို့၏ မဂ်ကိုရခြင်းနှင့် တကွသာလျှင် ပြီးစီးသော ဈာန်ပေတည်း။

ထိုမဂ္ဂသိဒ္ဓဈာန်သည်-
၁။ အောက်မဂ်၌ ပြီးစီးသော ဈာန်၊
၂။ အရဟတ္တမဂ်၌ ပြီးစီးသော ဈာန်၊
ဟု နှစ်မျိုး ရှိ၏။

ထိုနှစ်မျိုးတို့တွင် မဟာသမယသုတ်၌ လာကြကုန်သော ရဟန်း ငါးရာတို့၏ ဈာန်သည် အောက်မဂ်၌ ပြီးစီးသော ဈာန်မည်၏။

အာနန္ဒာမထေရ်မြတ်၏ ဈာန်သည် အရဟတ္တမဂ်၌ ပြီးစီးသော ဈာန်မည်၏၊ မသိကုန်စဉ်သာလျှင် ဓားလက်နက်ဖြင့် သတ်၍ အဆောတလျင် သေကုန်သော အနာဂါမ်ပုဂ္ဂိုလ်တို့အား ဖြစ်သော ဈာန်သည်လည်း မဂ္ဂသိဒ္ဓဈာန်လျှင် အလားရှိ၏။

သမာပတ်ရှစ်ပါးတို့ကို ပွား၍ အမှတ်မရှိ တစ်ခုခုသော ရူပဗြဟ္မာဘုံ၌ဖြစ်သော ပုဂ္ဂိုလ်၏ သမာပတ် တို့သည် ထိုဗြဟ္မာ့ဘုံ၌ ပြကတေ့ တို့သာလျှင် ဖြစ်ကုန်၏၊ ဤဈာန်သည် ဥပပတ္တိသိဒ္ဓဈာန် မည်၏ဟု သိပါလေ။

မှန်လှစွာ၏၊ တစ်ခုသော ဘဝ၌လည်း ရအပ်သော ဈာန်တို့သည် သုံးဆောင်သော ကာလ၌ အနီး၌ တည်သော အကြောင်း၏ အစွမ်းဖြင့် အထူးထူးသော ပဋိပဒါနှင့် ယှဉ်ကုန်၏ဟု သိပါလေ၊ တစ်နည်း- ဈာန်ဖြစ်ခြင်း၏အကြောင်း ပဋိပဒါ ကင်းသည်၏ အဖြစ်ကြောင့် အသင်္ခါရိကဈာန်တို့၌ ထိုသိဒ္ဓဈာန် တို့ကို ရေတွက်သင့်ရာ၏ဟု သိပါလေ။

ဆိုဖွယ်အထူးကား- နေတ္တိပါဠိတော်၌ အလုံးစုံကုန်သော လောကီ လောကုတ္တရာ သမာဓိတို့၏ သင်္ခါရအပြား သရုပ်အားဖြင့်သာလျှင် ညွှန်းပြအပ်၏၊ အရှင်ကစ္စည်း မထေရ်မြတ်သည် နှစ်ပါးသော သမာဓိတို့ကို အဘယ်သို့ ဟောတော်မူသနည်း။

သသင်္ခါရဖြစ်သော သမာဓိတစ်မျိုး၊
အသင်္ခါရဖြစ်သော သမာဓိတစ်မျိုး၊

ဤသို့ ဟောတော်မူ၏။ အဋ္ဌကထာ၌လည်း-

သုခပ္ပဋိပဒါ ရှေ့သွားရှိကြသည့် နှစ်ပါးကုန်သော ဒန္ဓာဘိညာ ခိပ္ပါဘိညာ သမာဓိတို့၏ အသင်္ခါရ အဖြစ်ကိုလည်းကောင်း၊ ဒုက္ခပဋိပဒါ ရှေ့သွားရှိကြသည့် နှစ်ပါးကုန်သော ဒန္ဓာဘိညာ ခိပ္ပါဘိည သမာဓိတို့၏ သသင်္ခါရအဖြစ်ကိုလည်းကောင်း မိန့်ဆိုအပ်ပေ၏ဟု သိမှတ်ပါလေ။

ဤမျှသော စကားအစဉ်ဖြင့် ခပ်သိမ်းကုန်သော မဟဂ္ဂုတ် လောကုတ္တရာ ဈာန်စိတ်တို့၏ အသင်္ခါရိက သသင်္ခါရိကအစွမ်းအားဖြင့် အသီးအသီး နှစ်ပါးအပြား ရှိသည်၏အဖြစ် ပြီးစီး၏။

အကြင့်ကြောင့်ကား - ဤသင်္ခါရဟူသော ဝေါဟာရသည် အကုသိုလ် တို့အားလည်း ဆက်ဆံ၏၊ ပဋိပဒါ ဟူသော ဝေါဟာရသည်ကား အထူးအားဖြင့် ပဋိပတ် တရားတို့၌သာလျှင် ထင်ရှား၏၊ မဟဂ္ဂုတ် လောကုတ္တရာ တရားတို့သည်လည်း စင်စစ် ပဋိပတ်တရား တို့သည်သာလျှင်တည်း၊ ထို့ကြောင့် ထိုမဟဂ္ဂုတ် လောကုတ္တရာစိတ်တို့၏ အပြားကို သင်္ခါရ၏အစွမ်းအားဖြင့် ဟောတော် မမူဘဲ ပဋိပဒါ၏ အစွမ်းအားဖြင့်သာလျှင် ဓမ္မသင်္ဂဏီပါဠိတော် ၌လည်း ဟောတော်မူအပ်၏ဟု မှတ်ပါလေ။

ဤဆိုအပ်ခဲ့ပြီးသည်ကား ဤရူပါဝစရစိတ်၌ မြတ်သောအနက်ကို ပြရာပြကြောင်း ဖြစ်သော စကားတည်း။

၄၉။ ဋီကာကျော် (နှာ- ၉၃)၌ကား-

အလုံးစုံလည်း ဖြစ်သော ဈာန်၏ ပရိကံဟု ဆိုအပ်သော ပုဗ္ဗာဘိသင်္ခါရနှင့် ကင်း၍ သက်သက် အဓိကာရ၏ အစွမ်းအားဖြင့် မဖြစ်ခြင်းကြောင့် အသင်္ခါရိကဟူ၍လည်းကောင်း၊ အဓိကာရနှင့်လည်း ကင်း၍ သက်သက် ပရိကံဟု ဆိုအပ်သော ပုဗ္ဗာဘိသင်္ခါရ၏ အစွမ်း အားဖြင့်သာလျှင် မဖြစ်ခြင်း ကြောင့် သသင်္ခါရိက ဟူ၍လည်းကောင်း ဆိုခြင်းငှါ မတတ်ကောင်း။ ဟူသော အကြင်စကားကို ဆို၏၊ ထိုစကား၌-

‘‘ပရိကံဟု ဆိုအပ်သော ပုဗ္ဗာဘိသင်္ခါရနှင့် ကင်း၍ မဖြစ်ခြင်းကြောင့် အသင်္ခါရိက ဟူ၍လည်း ဆိုခြင်းငှါ မတတ်ကောင်း’’

ဟူသော ဤစကားသည် ရှေးဦးစွာ မသင့်ချေ၊ မှန်လှပေ၏၊ ပရိကံဟု ဆိုအပ်သော ပုဗ္ဗာဘိသင်္ခါရ သည် ဤ၌ သင်္ခါရအပြား၌ သင်္ခါရ မမည်နိုင်သည်သာလျှင် ဖြစ်၏၊ အဘယ်ကြောင့်နည်း ဟူမူ ဈာန်ဖြစ်ခြင်း၏ ပကတိအကြောင်းဖြစ်၍ ဖြစ်သည်၏ အဖြစ်ကြောင့်ပေတည်း။

ထိုစကားကို ချဲ့၍ ဆိုပေဦးအံ့၊ လောက၌လည်းကောင်း သာသနာတော်၌လည်းကောင်း အလုံးစုံ လည်းဖြစ်သော ကုသိုလ် အကုသိုလ်ကံသည် မိမိအားလျော်စွာသော ပရိကံဟု ဆိုအပ်သော ပုဗ္ဗာဘိသင်္ခါရနှင့် ကင်း၍ ဖြစ်သည် မည်သည် မရှိ၊ အယုတ်အားဖြင့် တစ်လုတ်သော ဆွမ်းအလှူမျှ သည်လည်း မိမိအားလျော်သည့် ပရိကံဟု ဆိုအပ်သော ပုဗ္ဗာဘိသင်္ခါရနှင့် ကင်း၍ ဖြစ်သည် မည်သည် မရှိချေဟု သိအပ်၏။

ဆက်၍ ဆိုဦးအံ့၊ အကြင်စိတ်သည် မိမိ အားလျော်သော အကြင် ပရိကံဟု ဆိုအပ်သော ပုဗ္ဗာဘိသင်္ခါရနှင့် ကင်း၍မဖြစ်၊ ထိုပရိကံဟု ဆိုအပ်သော ပုဗ္ဗာဘိသင်္ခါရသည် ထိုစိတ်၏ ပကတိ အကြောင်း အပေါင်း၌သာလျှင် အတွင်းဝင်ပေ၏၊ လောကီ လောကုတ္တရာ ဖြစ်ကုန်သော အလုံးစုံ လည်း ဖြစ်ကုန်သော ဈာန်တို့သည်လည်း မိမိအားလျော်သော ပရိကံဟု ဆိုအပ်သော ရှေ့အဖို့၌ ဖြစ်သည့် ဘာဝနာဟူသော အဘိသင်္ခါရနှင့်ကင်း၍ ဖြစ်သည် မည်ကုန်သည် မရှိကုန်၊ ထို့ကြောင့် ထိုဘာဝနာဘိသသင်္ခါရသည် ထိုဈာန်စိတ်တို့၏ ပကတိအကြောင်း အပေါင်းတို့၌သာလျှင် အတွင်း ဝင်ပေ၏ဟု သိပါလေ၊ ဤမှတစ်ပါးသော အခြင်းအရာဖြင့် အနက်ကို ယူအပ်သည်ရှိသော် အလုံးစုံ လည်းဖြစ်သည့် ကုသိုလ် အကုသိုလ်ကံသည် အသင်္ခါရိက မည်သည် မရှိဟု ဆိုရာရောက်ခဲ့ပေရာ၏ ဟု သိပါလေ။

၅၀။ ထိုဋီကာကျော် စကား၌-

အဓိကာရနှင့်လည်း ကင်း၍ သက်သက်သော ပရိကံဟု ဆိုအပ်သော ပုဗ္ဗာဘိသင်္ခါရ၏ အစွမ်းအားဖြင့် သာလျှင် မဖြစ်ခြင်းကြောင့် သသင်္ခါရိကဟူ၍လည်းကောင်း ဆိုခြင်းငှါ မတတ်ကောင်း။

ဟူသော အကြင်စကားကို ဆိုအပ်၏၊ ထိုစကားသည်လည်း မသင့်သည်သာတည်း၊ မှန်လှပေ၏၊ လောကီဈာန်တို့ မည်သည်ကား အဓိကာရနှင့် ကင်း၍ မဖြစ်ကြသည်ဟူ၍ မရှိချေ၊ သက်သက် သော်ကား ရှေးဘဝ၌ သမထအမှုတို့၌ ပြုအပ်ပြီးသည့် အဓိကာရ ရှိသော ပုဂ္ဂိုလ်အား သုခပ္ပဋိပဒါ ဈာန် ဖြစ်၏၊ ပြုအပ်ပြီးသည့် အဓိကာရ မရှိသော ပုဂ္ဂိုလ်အားကား ဒုက္ခပ္ပဋိပဒါဈာန် ဖြစ်၏ ဟူ၍သာလျှင် အဋ္ဌကထာတို့၌ လာ၏။

ချဲ့၍ ဆိုဦးအံ့၊ ထိုအဋ္ဌကထာ၌ သမထ၌ ပြုအပ်ပြီးသော အဓိကာရ မရှိသည့် ပုဂ္ဂိုလ်အား ဆင်းရဲသောအကျင့် ဖြစ်ရ၏၊ ပြုအပ်ပြီးသော အဓိကာရ ရှိသည့် ပုဂ္ဂိုလ်အား ချမ်းသာသောအကျင့် ဖြစ်ရ၏ဟူ၍ ဆိုတော်မူ၏။

ဆိုဖွယ်အထူးကား- ရှေးဘဝ၌ ပြီးစီးခဲ့သည့် အဓိကာရကို ယူ၍ ဤနေရာ၌ သင်္ခါရအပြားကို စိစစ်ခြင်းသည်လည်း မသင့်သည်သာလျှင်တည်း၊ မှန်လှပေ၏၊ ကုသိုလ် ကြိယာ ဈာန်တို့၌လည်း အနီး၌တည်သော အကြောင်း၏ အစွမ်းဖြင့်သာလျှင် ထိုသင်္ခါရကို စိစစ်ခြင်းသည် သင့်မြတ်၏ဟု သိပါလေ။

၅၁။ဤမျှသော စကားအစဉ်ဖြင့် ‘အထဝါ- နောက်တစ်နည်းသော်ကား အစရှိသော နောက် ဝိကပ် ကိုလည်း ပယ်အပ်ပြီး သည်သာလျှင်တည်း’ဟု သိပါလေ။

ပဋိပဒါနှင့် အဘိညာဉ်

ဤအရာ၌ ဈာန်ကို အားထုတ်သည့် ပုဂ္ဂိုလ်အား နိမိတ်ဖြစ်သည်မှ ရှေးသည် ပဋိပဒါ၏ ခေတ်မည်၏၊ နောက်သည် အဘိညာဉ်၏ ခေတ်မည်၏၊ ထိုစကား၌ ရှေး၌ ဆန့်ကျင်ဘက်ဖြစ်သော အကြောင်း တို့၏ အနီး၌ တည်ခြင်းကြောင့် ပင်ပန်းသည်ဖြစ်လျက် ကျင့်သောပုဂ္ဂိုလ်၏ ဘာဝနာ အကျင့်သည် ဆင်းရဲသည် မည်၏၊ မပင်ပန်းသည်ဖြစ်လျက် ကျင့်သော ပုဂ္ဂိုလ်၏ ဘာဝနာအကျင့်သည် ချမ်းသာ သည် မည်၏။

ဆက်၍ ဆိုဦးအံ့၊ နောက်၌-
- နှေးစွာ အပ္ပနာသို့ရောက်သော ပုဂ္ဂိုလ်၏ ဘာဝနာအဘိညာဉ်သည် ဒန္ဓာဘိညာဉ် မည်၏။
- လျင်စွာ အပ္ပနာသို့ရောက်သော ပုဂ္ဂိုလ်၏ ဘာဝနာအဘိညာဉ်သည် ခိပ္ပါဘိညာဉ် မည်၏။

ထိုစကား၌ ရှေး၌ ဆင်းရဲသောအကျင့်သည် နောက်၌ နုံ့နှေးစွာလည်းကောင်း လျင်စွာလည်းကောင်း ဖြစ်သော ဈာန်ကို ဒုက္ခပဋိပဒါအမည်ကို ပြု၏။

ရှေး၌ ချမ်းသာသော အကျင့်သည် နောက်၌ နုံ့နှေးစွာလည်းကောင်း လျင်စွာဖြစ်သော ဈာန်ကို သုခပ္ပဋိပဒါ အမည်ကို ပြု၏ဟု သိပါလေ၊ ဒုတိယဈာန် စသည်တို့ကား ရှေးဈာန်၌ နိကန္တိကို ခွာခြင်း ၏ ဒုက္ခ သုခအဖြစ်၏ အစွမ်းဖြင့် ပဋိပဒါအပြားကို သိအပ်၏။

အကြင်ပုဂ္ဂိုလ်သည်ကား ယခုလက်ထက်၌ လူသည်လည်းကောင်း ရဟန်းသည်လည်းကောင်း ရှေးဘဝ၌ ပြုအပ်ပြီးသည့် အဓိကာရ မရှိငြားသော်လည်း အန္တရာယိကဓမ္မမှ လွတ်သည်ဖြစ်၍ ကောင်းသောအကျင့်၌ တည်သည်ဖြစ်၍ ဖြတ်အပ်ပြီးသော ပလိဗောဓ ရှိသည်ဖြစ်၍ ကမ္မဋ္ဌာန်းသို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ ဈာန်ကို ပွားစေ၏၊ ထိုပုဂ္ဂိုလ်၏ ဈာန်ကို ပွားစေခြင်းသည် မပြည့်စုံသော အကြောင်းမရှိနိုင်ဟု ဤအရာ၌ ဆုံးဖြတ်ခြင်းကို သိအပ်၏ဟု သိပါလေ။

ကုသိုလ်ဈာန် ပြီးပြီ။

ဝိပါကဈာန် အဖွင့်

ကာမနှင့် မဟဂ္ဂုတ် အကျိုးပေးကြပုံ

ဝိပါက်ဈာန်၌ ကာမကုသိုလ်ကံသည် အပ္ပနာသို့ မရောက်သည်ဖြစ်၍ နူးညံ့၏၊ အားနည်း၏၊ သေးငယ်ကုန်သော အထူးထူးသော ကိစ္စဌာနတို့၌လည်းကောင်း ယုတ်ညံ့သည်လည်း ဖြစ်ကုန်သော အတ္တဘောတို့၌ လည်းကောင်း အကျိုးပေး၏၊ ထို့ကြောင့် ထိုကာမာဝစရကုသိုလ်သည် မိမိနှင့် မတူသည်လည်း ဖြစ်သော အကျိုးကို ဖြစ်စေ၏။

မဟဂ္ဂုတ်ကံသည်ကား အပ္ပနာသို့ ရောက်သည်ဖြစ်၍ ထက်၏၊ အားကြီး၏၊ မွန်မြတ်သည့် ဗြဟ္မာ့အတ္တဘော၌ ဘဝင်ဌာနတို့၌သာလျှင် အကျိုးပေး၏၊ ထို့ကြောင့် ထိုမဟဂ္ဂုတ်ကုသိုလ်သည် အခါခပ်သိမ်းလည်း မိမိနှင့် တူသည်သာလျှင် ဖြစ်သော အကျိုးကို ဖြစ်စေ၏။

ထို့ကြောင့်သာလျှင် ‘‘ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာနှင့် တကွဖြစ်၏’’ အစရှိသည်ဖြင့် ဝိပါက်ကိုလည်း အချင်းခပ်သိမ်း ကုသိုလ်နှင့်အတူသာလျှင် ပြ၏။

၅၂။ အခြားမဲ့ ဘဝ၌သာလျှင် အကျိုးပေးခြင်း ရှိသည်၏အဖြစ်ကြောင့် ထိုမဟဂ္ဂုတ်သည် မိမိနှင့် တူသည်သာ ဖြစ်သော အကျိုးကို ဖြစ်စေ၏ဟု ဆိုကြကုန်၏။

ထိုအဆိုသည် မကောင်းပေ၊ မှန်လှပေ၏၊ ယင်းသို့ ဖြစ်သည်ရှိသော် ကာမကုသိုလ် သတ္တမဇော သည်လည်း မိမိနှင့်တူသော အကျိုးကိုသာလျှင် ဖြစ်စေရာ၏ဟု သိပါလေ။

ဆက်၍ ဆိုပေဦးအံ့၊ အကြင်ကြောင့် ကုသိုလ်သည်သာလျှင် အနုသယကင်းသော ပုဂ္ဂိုလ်၏သန္တာန်၌ ဖြစ်သည်ရှိသော် ကြိယာဈာန် မည်သည် ဖြစ်၏၊ ထို့ကြောင့် ကြိယာကိုလည်း ကုသိုလ်နှင့် တူစွာ သာလျှင် ပြအပ်၏။

သင်္ဂဟ ဂါထာ အဖွင့်

ပဉ္စဓာ - အစရှိသည်ကား သင်္ဂဟ ဂါထာပေတည်း၊ ထိုဂါထာ၌ ဈာနဘေဒေန ဈာန်အပြား ဟူသည် ကား- ပထမဈာန် အစရှိကုန်သော ဈာန်ငါးပါးတို့နှင့် ယှဉ်သော အပြားအားဖြင့် ရူပါဝစရစိတ်သည် ငါးပါး အပြားရှိ၏၊ ပထမဈာန်နှင့် ယှဉ်သောစိတ်၊ ဒုတိယဈာန်နှင့် ယှဉ်သောစိတ်၊ တတိယဈာန်နှင့် ယှဉ်သောစိတ်၊ စတုတ္ထဈာန်နှင့် ယှဉ်သောစိတ်၊ ပဉ္စမဈာန်နှင့် ယှဉ်သောစိတ်ဟု ငါးပါးအပြား ရှိ၏၊ ဤကား အနက်တည်း။

ထို ရူပါဝစရစိတ်သည်သာလျှင် ကုသိုလ်အပြား ဝိပါက်အပြား ကြိယာအပြား အားဖြင့် တစ်ဆယ့်ငါးပါး အပြားရှိ၏ဟု ယောဇနာ ပါလေ။

၅၃။ ဋီကာကျော် (နှာ- ၉၄)၌ကား- ဈာန်အပြား ဟူသည်ကား- ဈာန် အင်္ဂါ တို့နှင့် ယှဉ်သော အပြားအားဖြင့်။ ဟု မိန့်ဆို၏၊ ထိုအဆိုသည် မကောင်းချေ၊ မှန်လှပေ၏၊ ဈာန်အပြားသည် တခြား၊ ဈာန် အင်္ဂါ အပြားသည် တခြားပေတည်း၊ ထိုနှစ်ပါးတို့တွင် ပထမဈာန် ဒုတိယဈာန် တတိယဈာန် စသည်သည် ဈာန်အပြား မည်၏၊ ပထမဈာန်၌ အင်္ဂါ ငါးပါး ဒုတိယဈာန်၌ အင်္ဂါ လေးပါး စသည်သည် ဈာန် အင်္ဂါ အပြား မည်၏၊ ထိုနှစ်မျိုးတို့တွင် ဤအရာ၌ ဈာန်အပြားကိုသာလျှင် အလိုရှိအပ်၏၊ ဈာန် အင်္ဂါ အပြားကို အလိုမရှိအပ်ပေ။

မှန်လှပေ၏၊ စိတ်သည် ဈာန်အပြား အားဖြင့်သာလျှင် ငါးပါးအပြား ရှိ၏၊ ဈာန် အင်္ဂါ အပြားအားဖြင့် ငါးပါးအပြား ရှိသည် မဟုတ်ချေ၊ စင်စစ်သော်ကား ဈာန်သည်သာလျှင် ဈာန် အင်္ဂါ အပြားအားဖြင့် ငါးပါး အပြားရှိ၏ဟု သိပါလေ။

၅၄။ ထိုဋီကာကျော် (နှာ- ၉၄)၌- ငါးပါးအပြားအားဖြင့် ဟူသည်- အင်္ဂါ ငါးပါး ရှိသောဈာန်၊ အင်္ဂါ လေးပါး ရှိသောဈာန်၊ အင်္ဂါ သုံးပါး ရှိသောဈာန်၊ အင်္ဂါ နှစ်ပါး ရှိသောဈာန်၊ တစ်ဖန် အင်္ဂါ နှစ်ပါး ရှိသောဈာန် ဤသို့အားဖြင့် ငါးပါး အပြားရှိ၏ဟု မိန့်ဆို၏။

ဤအဆိုသည်လည်း မကောင်းချေ၊ မှန်လှပေ၏၊ ဈာန်သည်သာလျှင် အင်္ဂါ ငါးပါးရှိ၏အစရှိသည် ဖြစ်နိုင်၏၊ စိတ်သည်ကား အင်္ဂါငါးပါးရှိ၏ စသည် မဖြစ်နိုင်ဟု သိပါလေ။

ရူပါဝစရစိတ်၏ မြတ်သော အနက်ကို ပြသော အခန်းပြီးပြီ။

အရူပါဝစရစိတ် အဖွင့်

ယခုအခါ၌ အစဉ်ရောက်သည့် အားလျော်စွာ အရူပစိတ်ကို ညွှန်ပြတော်မူလိုသည်ဖြစ်၍ ‘‘အာကာသာနဉ္စာယတန ကုသလစိတ္တံ’’ စသော စကားကို မိန့်တော်မူ၏။

ထိုစကား၌ လွန်စွာ ထွန်းပတတ်သောကြောင့် အာကာသ မည်၏၊ မှန်လှပေ၏၊ ထိုကောင်းကင်သည် မိမိသည် သရုပ်အားဖြင့် မရအပ်ငြားသော်လည်း လရောင် နေရောင် စသည်တို့၏ အစွမ်းဖြင့် အလွန်လျှင် တောက်ပသကဲ့သို့ ထင်ရ၏ဟု သိပါလေ။

ဖြတ်ခြင်း ခွဲခြင်းတို့၏ အစွမ်းဖြင့် မရေးခြစ်အပ်သောကြောင့် အာကာသမည်၏၊ ‘အ ကာသ’ သဒ္ဒါ သည်ပင်လျှင် ‘အာကာသ’ မည်၏ဟု ဆိုကြကုန်၏။

ထိုကောင်းကင်သည်ကား-
၁။ အဇဋာကာသ
၂။ ပရိစ္ဆိန္နာကာသ
၃။ ကသိဏုဂ္ဃါဋိမာကာသ
၄။ ရူပကလာပ ပရိစ္ဆေဒါကာသ
ဟူ၍ လေးပါးအပြား ရှိပေ၏။

ထိုလေးပါးတို့တွင် ဤနေရာ၌ ကသိုဏ်းကို ခွာ၍ရအပ်သော ကသိဏုဂ္ဃါဋိမာကာသကိုသာ အလိုရှိအပ်၏၊ မှန်လှပေ၏၊ ထိုကသိုဏ်းကို ခွာ၍ ရအပ်သော ကောင်းကင်သည် အဆုံးမရှိသော အဇဋာကာသ နှင့်တကွ တစ်ပေါင်းတည်း ဖြစ်သကဲ့သို့ ဖြစ်ပေ၏။

ယောဂီပုဂ္ဂိုလ်သည် အဆုံးမရှိသည်၏အဖြစ်ဖြင့် နှံ့အပ်သောကြောင့် အနန္တအာကာသဟု ဆို၏၊ ထို အနန္တအာကာသ သဒ္ဒါသည်ပင် အာကာသာနန္တ မည်ပေ၏။

ထိုကောင်းကင်အား ဥပါဒ်စွန်း ဘင်စွန်း မထင်သောကြောင့် အနန္တမည်၏ ဟူ၍လည်း ဆိုအပ်၏။

ထို အာကာသာနန္တပုဒ်သည်ပင်လျှင် သကတ်အနက်၌ ယပစ္စည်းနှင့်တကွ ရုပ်ပြီးသောကြောင့် အာကာသာနဉ္စ မည်၏။

ဆက်၍ ဆိုပေဦးအံ့၊ နတ်တို့၏တည်ရာ နတ်ကွန်းကို ဒေဝါယတနဟုဆိုအပ်သကဲ့သို့ ထို့အတူ ဤအရာ၌လည်း ထိုအဆုံးမရှိသော ကောင်းကင်၌ အပ္ပနာသို့ရောက်သော သမ္ပယုတ်တရားနှင့်တကွ ဖြစ်သော ဈာန်၏တည်ရာဟူသော အနက်ကြောင့် ထိုအဆုံးမရှိသော ကောင်းကင်ကိုပင်လျှင် အာယတန ဟူ၍လည်း ဆိုအပ်၏၊ ထိုတရား အပေါင်းအား အဆုံးမရှိသော ကောင်းကင်ဟု ဆိုအပ်သော တည်ရာ ရှိသောကြောင့် အာကာသာနဉ္စာယတန မည်၏၊ စိတ် စေတသိက်တရား အပေါင်းကို ရအပ်၏။

မှန်လှပေ၏၊ ဝိဘင်းပါဠိတော် (နှာ- ၂ရ၂)၌- အာကာသာနဉ္စာယတန - ဟူသည်ကား အာကာသာနဉ္စာယတနဈာန်ကိုဝင်စားသော ပုဂ္ဂိုလ်၏လည်း ကောင်း ပဋိသန္ဓေအားဖြင့် ကပ်ရောက်သော ပုဂ္ဂိုလ်၏ လည်းကောင်း မျက်မှောက်၌ ချမ်းသာစွာ နေသော ပုဂ္ဂိုလ်၏လည်းကောင်း စိတ် စေတသိက် တရားတို့ပေတည်း။ ဟု ဟောတော်မူ၏၊ အာကာသာနဉ္စာယတန ဈာန်၌ဖြစ်သည့် ကုသိုလ်စိတ် ဖြစ်သောကြောင့် အာကာသာနဉ္စာယတန ကုသိုလ်စိတ် မည်ပေ၏။

ဝိညာဏဉ္စာယတန - ဟူသောပါဌ်၌ ဝိညာဏမည်သည်ကား ဝိညာဏဉ္စာယတန စိတ်သည် သာလျှင်တည်း၊ ထိုစိတ်သည်ကား မိမိသည် ဥပါဒ်အစရှိသည်ဖြင့် အဆုံးရှိငြားသော်လည်း အဆုံးမရှိဟု မှတ်အပ်သော ကောင်းကင်၌ ဖြစ်ခြင်းကြောင့် အနန္တဟုဆိုအပ်၏။

တစ်နည်းကား- အန္တသဒ္ဒါသည် အဖို့အစု ဟူသောအနက် ရှိ၏၊ မိမိ၏ဥပါဒ် အစရှိကုန်သော အဖို့အစုတို့တွင် တစ်စိတ်တစ်ဒေသ၌ မတည်မူ၍ အလုံးစုံကို နှံ့သည်၏ အစွမ်းအားဖြင့် ထိုပဌမ အရူပဝိညာဏ် သာလျှင် အာရုံရှိသော ဘာဝနာဖြစ်ခြင်းကြောင့် အနန္တဟူ၍ ဆိုအပ်၏။

တစ်နည်းကား- အနန္တ အမည်ရှိသော ကောင်းကင်၌ ဖြစ်ခြင်းကြောင့် အနန္တဟု အမည်ရှိသော ထိုပဌမအရူပဝိညာဏ်လျှင် အာရုံ၌ ရှိသော ဘာဝနာဖြစ်ခြင်းကြောင့် အနန္တဟုဆိုအပ်၏။

တစ်နည်းကား- အနန္တ မည်သော ကောင်းကင်၌ မိမိ၏နှံ့သော အခြင်းအရာ၏ အစွမ်းအားဖြင့်လည်း အနန္တဟူ၍ ဆိုခြင်းငှါ သင့်သည် သာလျှင်တည်း။

အဆုံးမရှိသော ဝိညာဏ်ဖြစ်သောကြောင့် ဝိညာဏာနန္တ မည်၏၊ ထိုဝိညာဏာနန္တသည်ပင်လျှင် နိရုတ္တိနည်းဖြင့် ဝိညာဏဉ္စမည်၏၊ ထိုတရား အပေါင်းအား အဆုံးမရှိသော ဝိညာဏ်ဟု ဆိုအပ်သည့် တည်ရာ ရှိသောကြောင့် ဝိညာဏဉ္စာယတန မည်၏။ ဝိညာဏဉ္စာယတန ဆိုအပ်သည့် စိတ်၊ စေတသိက် အစု၌ဖြစ်သော ကုသိုလ်စိတ်တည်းဟု သမာသ်ပြုပါလေ။

မှန်လှစွာ၏၊ ဝိဘင်းပါဠိတော်၌- ဝိညာဏဉ္စာယတန ဟူသည်ကား- ဝိညာဏဉ္စာယတနဈာန်ကို ဝင်စားသောပုဂ္ဂိုလ်၏ လည်းကောင်း ပဋိသန္ဓေ အားဖြင့် ကပ်ရောက်သော ပုဂ္ဂိုလ်၏လည်းကောင်း မျက်မှောက်၌ ချမ်းသာစွာနေသော ပုဂ္ဂိုလ်၏ လည်းကောင်း စိတ်၊ စေတသိက် တရားတို့ပေတည်း။ ဟု ဟောတော်မူ၏။

အဖို့တစ်ပါးကို ဆိုဦးအံ့- ၅၅။ ဋီကာကျော် (နှာ- ၉၅)၌လည်းကောင်း- မဟာဋီကာ၊ ပ ၊ (နှာ- ၄၀ဝ)၌လည်းကောင်း- ဒုတိယာရုပ္ပဝိညာဏ်ဖြင့် ရောက်အပ်သောကြောင့် ဝိညာဏဉ္စ မည်၏။ ဟုလည်း မိန့်ဆိုအပ်၏၊ ထိုအဆိုသည် ပါဠိတော်နှင့် မညီညွတ်ချေ။ မှန်လှပေ၏။

အနန္တံ ဝိညာဏံ ဟူသည်ကား- ထိုပဌမာရုပ္ပဝိညာဏ်ကိုပင်လျှင် ဒုတိယာရုပ္ပဝိညာဏ်ဖြင့် တွေ့ထိ ပျံ့နှံ့၏၊ နှလုံးသွင်းခြင်းကို ပြု၏၊ အဆုံး အပိုင်းအခြား မရှိဟု ဖြန့်၏၊ ပွားများ၏၊ ထို့ကြောင့် အနန္တံ ဝိညာဏံဟု ဆိုအပ်၏။ ဟူ၍ ဝိဘင်းပါဠိတော်၌ ဟောတော်မူ၏၊ ဆက်၍ ဆိုပေဦးအံ့၊ ဤ ပါဠိတော် စကားရပ်ဖြင့် ထိုဝိညာဏ်သည် စင်စစ်အားဖြင့် ‘အနန္တံ အဆုံးအပိုင်းအခြား မရှိ’ဟူသော ဝိသေသနနှင့် ယှဉ်၏ဟူ၍ သိအပ်၏ ဟု မှတ်ပါလေ၊ ထိုပါဠိတော်၌ ‘‘ထိုအဆုံး အပိုင်းအခြား မရှိသော ကောင်းကင်ပညတ်’’ ဟူ၍ အချို့ ရှိသေး၏။

အာကိဉ္စညာယတနံ-ဟူသော ဤပါဌ်၌ ‘ကိဉ္စိ’ ဟူသော ပုဒ်သည် လည်းကောင်း၊ ‘ကိဉ္စနံ’ ဟူသော ပုဒ်သည်လည်းကောင်း အနက်အားဖြင့် တူ၏။ ‘အနည်းငယ်’၏ အမည်ပေတည်း။

ထိုပဌမာရုပ္ပဝိညာဏ်အား အနည်းငယ်မျှသော အယုတ်အားဖြင့် ဘင်မျှလည်းဖြစ်သော အကြွင်းမရှိ သောကြောင့် အကိဉ္စန မည်၏၊ ဘင်မျှ အကြွင်းအကျန် မရှိသည်၏အဖြစ်သည် အကိဉ္စည မည်၏၊ ပဌမာရုပ္ပဝိညာဏ်၏ မရှိခြင်းတည်းဟူသော နတ္ထိဘောပညတ်ကို အရကောက်အပ်၏။

မှန်လှပေ၏၊ ထို နတ္ထိဘောပညတ်သည် နတ္ထိ ကိဉ္စိ = အနည်းငယ် စိုးစဉ်းမျှမရှိ ဟူ၍ နှလုံးသွင်း သည်၏ အစွမ်းအားဖြင့် ထို(အာကိဉ္စည) အမည်ကို ရ၏ဟု သိပါလေ။

ထိုတရားအပေါင်းအား နတ္ထိဘောပညတ်ဟု ဆိုအပ်သော တည်ရာသည် ရှိ၏၊ ဤသို့ အစရှိသည့် ဆိုအပ်ပြီးသော နည်းရှိသည်သာလျှင်တည်း။

နေဝသညာနာသညာယတန - ဟူသော ဤပါဌ်၌ ရုန့်ရင်းကြမ်းတမ်းသည့် သညာကို ရည်ရွယ်၍ ထိုဈာန်အား သညာမရှိသောကြောင့် နေဝသည မည်၏ (သညာမရှိဟု ဆို၏)၊ သိမ်မွေ့သည့် သညာ ကို ရည်ရွယ်၍ ထိုဈာန်အား သညာမရှိသည်လည်း မဟုတ်သောကြောင့် နာသည မည်၏ (သညာရှိ၏ဟု ဆို၏)။

ထိုဈာန်တရားသည် ရုန့်ရင်းသော သညာ မရှိသည်လည်း ဟုတ်၏၊ သိမ်မွေ့သော သညာရှိသည် လည်း ဟုတ်၏၊ ထို့ကြောင့် အလယ်၌ ဒီဃပြု၍ ‘နေဝသညာ နာသညာ’ မည်၏၊ စိတ် စေတသိက် အစုကိုသာလျှင် ရအပ်၏။

ထိုနေဝသညာနာသညာသည်ပင်လျှင် ယောဂီပုဂ္ဂိုလ်၏ ချမ်းသာထူးတို့၏ တည်ရာအနက် ရှိရကား တည်ရာဖြစ်သောကြောင့် နေဝသညာနာသညာယတန မည်၏၊ ထို နေဝသညာနာသညာဈာန်၌ ဖြစ်သော ကုသိုလ်စိတ်ပေတည်းဟု သမာသ်ပြုလေ။

တစ်နည်း ဆိုဦးအံ့၊ သညာသည်ပင်လျှင် ထင်ရှားသည့် သညာကိစ္စ မရှိခြင်းကြောင့် နေဝသညာ လည်း မည်၏၊ သိမ်မွေ့သည့် သင်္ခါရ အကြွင်း၏အဖြစ်ဖြင့် ထင်ရှားရှိသည်၏ အဖြစ်ကြောင့် အသညာလည်း မမည် (နာသညာ မည်၏)၊ ထို့ကြောင့် နေဝသညာနာသညာ မည်၏၊ ထို နေဝသညာနာသညာ သည်ပင်လျှင် တည်ရာ ဖြစ်သောကြောင့် နေဝသညာနာသညာယတန မည်၏၊ ထိုနေဝသညာနာသညာယတန နှင့်လည်းယှဉ်သော ကုသိုလ်စိတ်ပေတည်းဟု သမာသ်ပြုလေ။

နေဝစိတ္တနာစိတ္တ နေဝဖဿနာဖဿ မဆိုရခြင်းအကြောင်း

ဆက်ဦးအံ့၊ ဤနေရာ၌ အကြင်ကြောင့် အစမှစ၍ ရုန့်ရင်းကုန်သော နီဝရဏတရား တို့ကို လည်းကောင်း ဝိတက် အစရှိသည် တို့ကိုလည်းကောင်း ပယ်စွန့်၍ ကြွင်းသည့် တရား တို့ကိုလည်း ဘာဝနာ၏အစွမ်းဖြင့် အဆင့်ဆင့်သိမ်မွေ့သည် အဖြစ်သို့ ရောက်စေ၍ အစဉ်အားဖြင့် ကျင့်ကြ ကုန်သော ပုဂ္ဂိုလ်တို့သည် သိမ်မွေ့သော အနက်ကြောင့် လောကီတရားတို့၌ အထွတ်အထိပ် ဖြစ်သော ဤသမာပတ်သို့ ရောက်လာကြကုန်၏၊ ထို့ကြောင့် ဤအရူပစိတ်၌ စိတ်သည်လည်း ‘နေဝစိတ္တ နာစိတ္တ’ သည်သာလျှင် ဖြစ်၏၊ ဖဿသည်လည်း ‘နေဝဖဿနာဖဿ’ သည်သာလျှင် ဖြစ်၏၊ ဝေဒနာစသည်တို့သည်လည်း ထို့အတူပေတည်း ဟုသိပါလေ၊ထို့ကြောင့် ဤအရာ၌ သညာသဒ္ဒါသည် ‘‘ဒေသနာသီသ’’ မျှသာတည်းဟု မှတ်ပါလေ။

ဝိပါက်စိတ်တို့၌ ဝိညာဏဉ္စာယတန ဟူသော ဤ ပါဌ်၌ ဝိညာဏ ဟူသည်ကား ပဌမာရုပ္ပ ကုသိုလ်ဝိညာဏ်သည်သာလျှင် ဖြစ်၏၊ ထိုပဌမာရုပ္ပ ကုသိုလ်ဝိညာဏ်သည်လည်း အတီတာနန္တရဘဝ = အခြားမဲ့ ဘဝ၌ ဖြစ်၏ဟု မှတ်ပါလေ။

အကိဉ္စန အဖြစ်သည်လည်း ထိုပဌမာရုပ္ပ ကုသိုလ်ဝိညာဏ်၏သာလျှင် မရှိသည်၏ အဖြစ်ပေတည်း ဟု မှတ်ပါလေ။

ကြိယာစိတ်တို့၌ကား ဝိညာဏ်မည်သည်ကား ကုသိုလ်ဖြစ်၍ ဖြစ်သော ကြိယာဖြစ်၍လည်း ဖြစ်သော နှစ်ပါးအပြားရှိသည့် ပဌမ အရူပဝိညာဏ်ကို သိအပ်၏၊ အကိဉ္စန၏ အဖြစ်သည်လည်း နှစ်ပါး အပြားရှိ၏၊ နှစ်ပါးအပြားရှိသည့် ထိုပဌမာရုပ္ပကုသိုလ် ကြိယာဝိညာဏ် ၏သာလျှင် မရှိသည့် အဖြစ်သည်သာလျှင်ပေတည်းဟု သိပါလေ။

သင်္ဂဟဂါထာ အဖွင့်

သင်္ဂဟဂါထာ၌- ‘အာရမ္မဏပ္ပဘေဒေန’ ဟူသည်ကား အာရုံပြုအပ်ကုန်သော ကသိုဏ်းကိုခွာ၍ ရအပ်ကုန်သည့် ကောင်းကင် စသည်တို့၏ အာရုံလေးပါးတို့၏ အပြားအားဖြင့်ဟု ဆိုလိုသည်၊ မှန်လှပေ၏၊ အာရမ္မဏစတုက္ကသည်-
၁။ အတိက္ကမိတဗ္ဗစတုက္က
၂။ အာလမ္ဗိတဗ္ဗစတုက္က
ဟူ၍ နှစ်မျိုးရှိ၏။

ထိုနှစ်မျိုးတို့တွင် ပဌမအရူပ၌ ရူပါဝစရပဉ္စမဈာန်၏ အာရုံဖြစ်သည့် ကသိုဏ်း နိမိတ်သည် အတိက္ကမိတဗ္ဗအာရုံ မည်၏၊ ထိုကသိုဏ်းနိမိတ်ကို ခွာ၍ ရအပ်သော ကောင်းကင်သည် အာလမ္ဗိတဗ္ဗ အာရုံ မည်၏။

ဒုတိယာရုပ္ပ၌ ပဌမာရုပ္ပဝိညာဏ်၏ အာရုံဖြစ်သည့် ကောင်းကင်သည် အတိက္ကမိတဗ္ဗအာရုံ မည်၏၊ ပဌမာရုပ္ပဝိညာဏ်သည် အာလမ္ဗိတဗ္ဗအာရုံ မည်၏။

တတိယာရုပ္ပ၌ ထိုပဌမာရုပ္ပဝိညာဏ်သည် အတိက္ကမိတဗ္ဗအာရုံ မည်၏၊ ထိုပဌမာရုပ္ပဝိညာဏ်၏ နတ္ထိဘောပညတ်သည် အာလမ္ဗိတဗ္ဗ အာရုံမည်၏။

စတုတ္ထာရုပ္ပ၌ ထိုနတ္ထိဘောပညတ်သည် အတိက္ကမိတဗ္ဗအာရုံ မည်၏၊ တတိယာရုပ္ပဝိညာဏ်သည် အာလမ္ဗိတဗ္ဗအာရုံ မည်၏။

ထိုစကား၌ အရူပစိတ်သည် အတိက္ကမိတဗ္ဗအာရုံ လေးပါးတို့၏လည်း အပြားအားဖြင့် လေးပါးရှိသည် အကယ်၍ကား ဖြစ်ပေ၏၊ ထိုသို့ပင် ဖြစ်ပါသော်လည်း အာကာသာနဉ္စာယတန - စသည်ဖြင့် ဤ အရာ၌ အာလမ္ဗိတဗ္ဗအာရုံတို့ကိုသာလျှင် သရုပ်အားဖြင့် ယူအပ်သည်၏ အဖြစ်ကြောင့် ထို အာလမ္ဗိတဗ္ဗအာရုံတို့၏ အပြားအားဖြင့် ဤအရူပစိတ်၏ အပြားသည် ထင်ရှား၏ဟု မှတ်ပါလေ၊ အရူပစိတ်သည် အာရုံတို့၏ အပြားအားဖြင့် လေးပါး အပြားအားဖြင့် တည်၏၊ ထိုအရူပ စိတ်သည် ပင်လျှင် ကုသိုလ် ဝိပါက် ကြိယာတို့၏ အပြားအားဖြင့် တစ်ဆယ့်နှစ်ပါး အပြားအားဖြင့် တည်၏၊ ဤကား ယောဇနာခြင်းပေတည်း။

အရူပစိတ်၏ မြတ်သော အနက်ကို ပြသော အခန်းပြီးပြီ။ အရူပစိတ် အဖွင့် ပြီးပြီ။

လောကုတ္တရာစိတ် အဖွင့်

သောတာပတ္တိ အဖွင့်

ယခုအခါ၌ အစဉ်ရောက်သော လောကုတ္တရာစိတ်ကို ပြတော်မူလိုရကား ‘‘သောတာပတ္တိမဂ္ဂစိတ္တံ’’ စသော စကားကို မိန့်သတည်း။

ထိုစကား၌ မဆုတ်မနစ်သော သွားခြင်း၏ အစွမ်းအားဖြင့် စီးသွားတတ်သောကြောင့် သောတ မည်၏၊ ဂင်္ဂါမြစ် စသည်တို့၌ ရေအယဉ်ကို ရအပ်၏။

မှန်လှပေ၏၊ ထိုရေအယဉ်သည် အစအမွန်ဖြစ်ရာ အရပ်မှ စ၍ မဟာသမုဒ္ဒရာတိုင်အောင် အကြား၌ မဆုတ်မနစ်မူ၍ စီးသွားတတ်၏ဟု သိပါလေ။

မြစ်ရေအယဉ်ကဲ့သို့ ဖြစ်တတ်သောကြောင့် သောတ မည်ပေ၏။ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသည့် အရိယာ မဂ်ကို ရအပ်၏။

ပါဠိတော်၌ အဘယ်သို့ ဟောတော်မူခဲ့သနည်း- ငါ့ရှင်တို့- ဖြူစင်စွာသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသည့် အကြင် မဂ်တရားသည် ရှိ၏၊ ထိုမဂ်တရား ဟူသည် အဘယ်နည်း၊ ကောင်းသော အမြင်၊ ကောင်းသော အကြံ၊ ကောင်းသော အပြောအဆို၊ ကောင်းသော အလုပ်အကိုင်၊ ကောင်းသော အသက်မွေးမှု၊ ကောင်းစွာ အားထုတ်မှု၊ ကောင်းစွာ အောက်မေ့မှု၊ ကောင်းစွာ တည်ကြည်မှုတို့ပေတည်း၊ ငါ့ရှင်တို့ - ဤရှစ်ပါးသော တရားကို သောတ ဟူ၍ ဆိုအပ်၏။

မှန်လှစွာ၏၊ ဤမဂ်သည်လည်း အကြင်အခါ၌ ဖြစ်၏၊ ထိုဖြစ်သော အခါမှစ၍ အာနုဘော် နှံ့သည်၏အစွမ်းဖြင့် အနုပါဒိသေသ နိဗ္ဗာနဓာတ် တိုင်အောင် အကြား၌ ဆုတ်နစ်ခြင်း မရှိသည် သာလျှင် ဖြစ်၍ စီးသွား၏ဟု သိပါလေ။

ဘုရားရှင် အဘယ်သို့ ဟောတော်မူပြန်ပါသနည်း- ချစ်သားရဟန်းတို့ - ဥပမာ မည်သည်ကား ခပ်သိမ်းကုန်သော မြစ်ကြီးတို့သည် ရှိကြကုန်၏၊ ဤမြစ်ကြီးတို့သည် အဘယ်သည်တို့နည်း ဟူမူကား- ဂင်္ဂါမြစ်၊ ယမုနာမြစ်၊ အစိရဝတီမြစ်၊ သရဘူမြစ်၊ မဟီမြစ်ကြီး တို့ပေတည်း၊ အလုံးစုံကုန်သော ထိုမြစ်တို့သည် သမုဒ္ဒရာသို့ ညွတ်ကုန်၊ ကိုင်းကုန်၊ ရှိုင်းကုန်၏၊ ချစ်သားတို့- ဤအတူသာလျှင် ရဟန်းသည် ဖြူစင်သည့် အင်္ဂါရှစ်ပါးရှိသည့် မဂ်ကို ပွားသည်ရှိသော် ကြိမ်ဖန်များစွာ ပြုသည်ရှိသော် နိဗ္ဗာန်သို့သာလျှင် ညွတ်ကုန်၊ ကိုင်းကုန်၊ ရှိုင်းကုန်၏ဟု ဟောတော်မူ၏။

ဆက်၍ ဆိုဦးအံ့၊ ဤ (သဝတိ သန္ဒတိ အနိဝတ္တဂမနဝသေန ပဝတ္ထတီတိ သောတော၊ သောတောဝိယာတိ သောတော-ဟူသော) ဝိဂ္ဂဟ၌ ထိုထိုမဂ်ဖြင့် ပယ်အပ်ကုန်ပြီးသည့် ကိလေသာ တို့ကို တစ်ဖန် မကပ်သည်၏ အစွမ်းအားဖြင့်လည်းကောင်း၊ သဒ္ဓါစသော ဣန္ဒြေတို့၏ အစဉ်အားဖြင့် ရင့်ခြင်းသို့ ရောက်သည်၏ အစွမ်းအားဖြင့်လည်းကောင်း ဆုတ်နစ်ခြင်း မရှိသည့် သွားခြင်းကို မှတ်အပ်၏။

ဘုရားရှင် အဘယ်သို့ ဟောတော်မူပြန်ပါသနည်း- ချစ်သားရဟန်းတို့- ဥပမာ အဘယ်ကဲ့သို့နည်းဟူမူကား မှောက်ထားအပ်သော အိုးသည် ရေကို ထွေးအန်သည်သာလျှင်တည်း၊ တစ်ဖန် ပြန်၍ မမျိုတော့ပေ၊ ချစ်သားရဟန်းတို့- ဤအတူသာလျှင် ဖြူစင်မွန်မြတ်သည့် အင်္ဂါရှစ်ပါးရှိသည့် မဂ်ကို ပွားစေသည်ရှိသော် ကြိမ်ဖန်များစွာ ပြုသည်ရှိသော် ယုတ်မာကုန်သော အကုသိုလ်တရားတို့ကို ထွေးအန်သည်သာတည်း၊ တစ်ဖန် ပြန်၍ မမျိုတော့ပေ။ ဟု ဟောတော်မူ၏။

တစ်နည်း- အဘယ်ကဲ့သို့ ဟောတော်မူပြန်သနည်းဟူမူ- သောတာပတ္တိမဂ်ဉာဏ်သည် အကြင်ကိလေသာတို့ကို ပယ်အပ် ကုန်ပြီ၊ ထိုကိလေသာတို့သည် တစ်ဖန် ပြန်၍ ဖြစ်ပေါ်မလာတော့ပေ။ ဤသို့ စသည်ကို ဟောတော်မူအပ်၏။

မှန်လှပေ၏၊ ပုထုဇဉ်ပုဂ္ဂိုလ်တို့သည် ပယ်အပ်ကုန်ပြီးသည့် ကိလေသာတို့သို့လည်း တစ်ဖန် ကပ်ရောက်ကြကုန်၏၊ တိဟိတ် ဖြစ်ကုန်ငြားသော်လည်း ဒွိဟိတ် အဟိတ် အဖြစ်သို့ ရောက်ကြ ရကုန်၏၊ အထက် ဘဝဂ်ဘုံ၌ ဖြစ်ကုန်သော်လည်း တစ်ဖန် အပါယ်ဘုံ၌ ထင်ကုန်၏၊ သီလရှိကုန် သော်လည်း တစ်ဖန် ဒုဿီလ ဖြစ်ကြရကုန်၏၊ တည်ကြည်သောသူတို့ ဖြစ်ကုန်ငြားသော်လည်း တစ်ဖန် သူရူး ဖြစ်ကြရကုန်၏၊ စိတ်ပျံ့လွင့်ကြရကုန်၏၊ ပညာရှိ ဖြစ်ကုန်သော်လည်း တစ်ဖန် ပညာ မရှိသူ ခံတွင်း၌ အရိယိုသောသူ (ဆွံ့အသူ) ဖြစ်ကြရကုန်သကဲ့သို့ ထို့အတူ အရိယာပုဂ္ဂိုလ်တို့ ဖြစ်ရိုး မရှိကြကုန်။

ထိုအရိယာပုဂ္ဂိုလ်တို့သည် ထိုထိုမဂ်ဖြင့် ပယ်အပ်ကုန်ပြီးသည့် ကိလေသာတို့သို့ တစ်ဖန် မကပ်ကြ ကုန်၊ ပုထုဇဉ်အဖြစ်သို့ လည်းကောင်း အောက်အရိယာအဖြစ်သို့ လည်းကောင်း မကပ်ရောက်ကြ ရကုန်၊ အစဉ်အားဖြင့် သဒ္ဓါအစရှိကုန်သည့် ဣန္ဒြေတို့ ရင့်သည်၏ အဖြစ်သို့သာလျှင် ကပ်ရောက် ကုန်၏ဟု သိပါလေ၊ ဤအလုံးစုံသည် အရိယာမဂ်၏သာလျှင် အာနုဘော်ဖြင့် ပြီး၏၊ ထို့ကြောင့် သောတဟူသော အမည်သည် အစအမွန်ဖြစ်သော ထိုမဂ်၌သာလျှင် ထင်၏ဟု မှတ်ပါလေ။

ထိုအရိယာမဂ် တည်းဟူသော သောတသို့ အစဉ်ရောက်ခြင်းသည် သောတာပတ္တိ မည်၏၊ အရိယာမဂ် တည်းဟူသော သောတသို့ ရှေးဦးစွာ ရောက်ခြင်းဖြင့် ရအပ်သော မဂ်သည် သောတာပတ္တိမဂ် မည်၏။

တစ်နည်းသော်ကား- ဗောဓိပက္ခိယတရား တည်းဟူသော အယဉ်သို့ ရောက်ပြီးသော ပုဂ္ဂိုလ်သည် အရိယာ မည်၏ဟု ဆိုအပ်၏။ ဟူ၍ ဟောတော်မူအပ်သည်၏ အဖြစ်ကြောင့် အလုံးစုံကုန်သော အရိယာတို့၏ သန္တာန်၌ တည်ကြကုန်သည့် လောကီ လောကုတ္တရာ ဖြစ်ကုန်သော ဗောဓိပက္ခိယတရားတို့သည် အထက် မဂ်လျှင် လည်းလျောင်းရာ ရှိသည်၏အဖြစ် အစွမ်းဖြင့်လည်းကောင်း၊ အနုပါဒိသေသ နိဗ္ဗာန်လျှင် လည်းလျောင်းရာ ရှိသည်၏အဖြစ် အစွမ်းဖြင့် လည်းကောင်း မဆုတ်မနစ်သော သွားခြင်းဖြင့် ဖြစ်ကုန်သည်ဖြစ်၍ အကြင်အကြင် ဆိုအပ်ခဲ့ပြီးသော အနက်ကြောင့် သောတဟူ၍ ဆိုအပ်ကုန်၏။

ထိုအကျင့်ဖြင့် ဗောဓိပက္ခိယတရား တည်းဟူသော သောတသို့ အစ၌ ရောက်ကြကုန်သောကြောင့် သောတာပတ္တိ မည်၏။

ဗောဓိပက္ခိယတရား တည်းဟူသော သောတသို့ အစစွာ ရောက်ကြောင်းလည်း ဟုတ်၏၊ ထို ရောက်ကြောင်း ဟူသည် မဂ်လည်းဟုတ်သောကြောင့် သောတာပတ္တိမည်၏၊ မှန်လှပေ၏။

ပထမမဂ်ဟု ဆိုအပ်သော သောတာပတ္တိ မည်၏၊ အင်္ဂ - အင်္ဂါ ဖြစ်သောကြောင့် သောတာပတ္တိယင်္ဂ မည်၏။ ဟု အဋ္ဌကထာ၌ ဆိုအပ်၏၊ မဂ်ဟူသည်လည်း ခရီးတည်း / အကြောင်းတည်း၊ နိဗ္ဗာန်ကို ရှာမှီး တတ်သောကြောင့် မဂ်မည်၏၊ နိဗ္ဗာန်ကို အလိုရှိသော သူတို့သည် ရှာမှီးအပ်သောကြောင့် မဂ်မည်၏၊ ကိလေသာတို့ကို သတ်သည်ဖြစ်၍ သွားတတ်သောကြောင့် မဂ်မည်၏၊ ဤသို့လည်း ဆိုကြကုန်၏။

၅၆။ ဋီကာကျော် (နှာ- ၉ရ)၌ကား- ထိုပုဂ္ဂိုလ်အား အရိယာမဂ်အယဉ်သို့ ရှေးဦးစွာ ရောက်ခြင်း ရှိသောကြောင့် ထိုပုဂ္ဂိုလ်သည် သောတာပတ္တိ မည်၏၊ ပုဂ္ဂိုလ်ကို ရအပ်၏။ ဟု မိန့်ဆို၏၊ ထိုအဆိုသည် မကောင်းချေ၊ မှန်လှပေ၏၊ ပုဂ္ဂိုလ်၌ ဖြစ်သည့် သောတာပတ္တိသဒ္ဒါကို တစ်စုံတစ်ခုသော အရာ၌မထင်ဟု သိပါလေ။

ဤစကားဖြင့်- ၅ရ။ ထိုအရိယာမဂ်သို့ ရှေးဦးစွာ ရောက်သော ပုဂ္ဂိုလ်၏မဂ်သည် သောတာပတ္တိမဂ် မည်၏။ ဟူသော (ဋီကာကျော်၊ နှာ- ၉ရ၌ဆိုသော) စကားကိုလည်း ပယ်အပ်ပြီး ဖြစ်၏။

သောတာပတ္တိမဂ်နှင့် ယှဉ်သော စိတ်သည် သောတာပတ္တိ မဂ်စိတ်မည်၏။

၅၈။ ဋီကာဟောင်း- ဋီကာကျော် (နှာ-၉ရ)တို့၌ကား- အရိယာမဂ်သို့ ရှေးဦးစွာ ရောက်ခြင်းဖြင့် ရအပ်သော မဂ်စိတ်သည် သောတာပတ္တိမဂ်စိတ် မည်၏။ ဟူ၍ မိန့်ဆို၏၊ ထိုအဆိုသည် မကောင်းချေ၊ မှန်လှပေ၏၊ စိတ္တသဒ္ဒါနှင့် စပ်သည့် သောတာပတ္တိ သဒ္ဒါကို တစ်စုံတစ်ခုသော ပါဠိတော်၌ မထင်ဟု သိပါလေ။

သကဒါဂါမိ အဖွင့်

ပဋိသန္ဓေ၏ အစွမ်းအားဖြင့် တစ်ကြိမ် ဤကာမလောကသို့ အလေ့အားဖြင့် လာတတ်သောကြောင့် သကဒါဂါမိ မည်၏၊ ဒုတိယ ဖလဋ္ဌာန်ပုဂ္ဂိုလ်ကို ရအပ်၏။

မှန်လှပေ၏၊ ထိုဒုတိယ ဖလဋ္ဌာန်ပုဂ္ဂိုလ်သည် အကြွင်းမဲ့ မဖြတ်ရသေးသည့် ကာမရာဂါနုသယ ရှိသည်၏အဖြစ်ကြောင့် ကာမဘုံသို့ လာကြောင်းဖြစ်သည့် ကိလေသာ ထင်ရှားသည်၏အဖြစ်ဖြင့် ထို သဘောကို မလွန်ဆန်နိုင်ခြင်းကြောင့် အထက်ဘဝဂ်၌ တည်ငြားသော်လည်း ပဋိသန္ဓေ၏ အစွမ်း အားဖြင့် တစ်ဖန် ဤကာမဓာတ်သို့ လာခြင်း အလေ့ရှိသည်သာလျှင် ဖြစ်နိုင်၏ဟု သိပါလေ။

မှန်လှပေ၏၊ စတုက္ကနိပါတ်၌-

ချစ်သား သာရိပုတ္တရာ- ဤလောက၌ အချို့သော ပုဂ္ဂိုလ်အား သြရမ္ဘာဂီယသံယောဇဉ်တို့ကို မပယ်အပ်နိုင်ကုန်၊ ထိုပုဂ္ဂိုလ်သည် မျက်မှောက်သောဘဝ၌ နေဝသညာနာသညာယတနဈာန်သို့ ကပ်ရောက်၍ နေ၏၊ ထို ပုဂ္ဂိုလ်သည် (ပ)ဈာန်မှ မဆုတ်ယုတ်ဘဲ သေခြင်းကို ပြုသည်ရှိသော် နေဝသညာနာသညာယတနဘုံသို့ ကပ်ကုန်သော ဗြဟ္မာတို့၏ အပေါင်းအဖော်၏ အဖြစ်သို့ ကပ်ရောက်ရ၏၊ ထိုပုဂ္ဂိုလ်သည် ထိုဘဝမှ စုတေခဲ့သော် ဤကာမဘုံသို့ လာရောက် ဖြစ်ရလေ၏။

ချစ်သား သာရိပုတ္တရာ - ဤလောက၌ အချို့သော ပုဂ္ဂိုလ်အား သြရမ္ဘာဂီယသံယောဇဉ်တို့ကို ပယ်အပ်ကုန်၏၊ ထိုပုဂ္ဂိုလ်သည် မျက်မှောက်ဘဝ၌ နေဝသညာနာသညာယတနဈာန်သို့ ကပ်ရောက်၍ နေ၏၊ ထိုပုဂ္ဂိုလ်သည် ထိုဘဝမှ စုတေခဲ့သော် ဤကာမဘုံသို့ မလာရောက်ရတော့ပေ။

ဟူ၍ ဟောတော်မူပေ၏၊ အဋ္ဌကထာ၌လည်း-

ဤကာမဘုံသို့ ဟူသည်ကား- ဤကာမာဝစရ ပဉ္စက္ခန္ဓာ အဖြစ်သို့။

ဟု ဖွင့်ဆိုတော်မူ၏၊ ဤအနက်ကိုလည်း ကိလေသာဂတိ၏ အစွမ်းအားဖြင့် ဆိုအပ်၏၊ ပုဂ္ဂိုလ်၏ အစွမ်းအားဖြင့် မဆိုအပ်ပေ၊ မှန်လှပေ၏၊ ဗြဟ္မာဖြစ်ကုန်သော သောတာပန် သကဒါဂါမ် ပုဂ္ဂိုလ်တို့သည် ပဋိသန္ဓေ၏ အစွမ်းဖြင့် အောက်ဖြစ်သော ဗြဟ္မာ့ပြည်ကိုလည်း လားရိုး မရှိကြကုန်၊ ကာမဘုံသို့ အဘယ်မှာ လာပါကုန်အံ့နည်း။

အဘယ်သာဓကကြောင့် သိအပ်ပါသနည်း မေးမူကား အနုသယ ယမိုက်၌-

ကာမသုဂတိ ခုနစ်ဘုံမှ စုတေသော ရူပတစ်ဆယ့်ခြောက်ဘုံ၊ အရူပလေးဘုံ၌ ပဋိသန္ဓေနေသော အချို့သော ပုထုဇဉ် ပုဂ္ဂိုလ်အား အနုသယ ခုနစ်ပါးတို့ ကိန်းကုန်၏၊ အချို့သော သောတာပန် သကဒါဂါမ် ပုဂ္ဂိုလ်တို့အား အနုသယ ငါးပါးတို့ ကိန်းကုန်၏၊ အချို့သော အနာဂါမ်ပုဂ္ဂိုလ်တို့အား အနုသယ သုံးပါးတို့ ကိန်းကုန်၏။

ဟု ဟောတော်မူပြီး၍-

အသညသတ်၊ သုဒ္ဓါဝါသ ကြဉ်သော ရူပဆယ်ဘုံ၊ အရူပ လေးဘုံမှ စုတေသော ကာမသုဂတိ ခုနစ်ဘုံ၌ ပဋိသန္ဓေနေသော ပုဂ္ဂိုလ်အား အနုသယခုနစ်ပါးတို့ ကိန်းကုန်၏

ဟူ၍ ဟောတော်မူအပ်သည်၏ အဖြစ်ကြောင့် သိအပ်၏၊ ထိုပါဠိတော်တွင် ရှေးဝါကျ၌ ပုထုဇဉ်၏ အစွမ်းအားဖြင့် အနုသယခုနစ်ပါး၊ သောတာပန်ပုဂ္ဂိုလ် သကဒါဂါမ်ပုဂ္ဂိုလ် နှစ်မျိုးတို့ အစွမ်းအားဖြင့် အနုသယငါးပါး၊ အနာဂါမ်ပုဂ္ဂိုလ်၏အစွမ်းအားဖြင့် အနုသယသုံးပါး- ဤသို့ ဟောတော်မူ၏။

နောက်ဝါကျ၌ကား- ဗြဟ္မာဖြစ်ကုန်သော သောတာပန် သကဒါဂါမ် အနာဂါမ် ပုဂ္ဂိုလ်တို့၏ ပဋိသန္ဓေ၏ အစွမ်းဖြင့် ကာမလောကသို့ လားရောက်ခြင်း မရှိသည်၏ အဖြစ်ကြောင့် သက်သက် သော ပုထုဇဉ်၏ သာလျှင် အစွမ်းဖြင့် အနုသယခုနစ်ပါးဟူ၍ ဟောတော်မူအပ်၏။

ဓမ္မဟဒယဝိဘင်္ဂအဋ္ဌကထာ၌လည်း-

ရူပါဝစရဘုံ၌ ဖြစ်ကြကုန်သည့် သောတာပန် သကဒါဂါမ်တို့သည် တစ်ဖန် ဤကာမဘုံသို့ မလာ ရောက်ကြကုန်။ ထိုရူပါဝစရဘုံ၌ သာလျှင် ပရိနိဗ္ဗာန် ပြုကြကုန်၏။ မှန်လှစွာ၏။ ထိုရူပါဝစရဘုံ၌ ဖြစ်ကြကုန်သည့် သောတာပန် သကဒါဂါမ်တို့သည် ဈာန်ကြောင့် ကာမဘုံသို့ မပြန်သော ပုဂ္ဂိုလ်တို့ မည်ကုန်၏။ (ဈာနအနာဂါမ် မည်ကြကုန်၏)။

ဤသို့လည်းကောင်း-

ကိုးပါးကုန်သော ဗြဟ္မာ့လောကတို့၌ ဖြစ်ကြကုန်သည့် အရိယာ သာဝကတို့၏ ထိုကိုးဘုံ တို့၌လည်း ဖြစ်၏။ အထက်ဘုံတို့၌လည်း ဖြစ်၏။ အောက်ဘုံတို့၌ ဖြစ်သည် မရှိပေ။ ပုထုဇဉ် ဗြဟ္မာတို့၏ကား ထိုကိုးဘုံတို့၌လည်း ဖြစ်၏။ အထက်ဘုံ အောက်ဘုံတို့၌လည်း ဖြစ်၏။

ဤသို့လည်းကောင်း ဟောတော်မူ၏။

ထိုသို့ မလာခြင်းသည်လည်း မဂ်လျှင် အဖော်သဟဲရှိသော ဈာန်၏ အာနုဘော်ဖြင့်သာလျှင် ပြီး၏၊ မဂ်၏ အာနုဘော်ဖြင့် ပြီးသည် မဟုတ်ချေဟု သိပါလေ၊ ဆက်၍ ဆိုဦးအံ့၊ ဤအရာ၌ ‘‘ဤလောက၌’’ ဟူသော ပုဒ်၏-

(က) ‘ဤလူ့ဘုံသို့’-ဟူ၍လည်းကောင်း၊
(ခ) ‘ဤကာမာဝစရဘုံသို့’-ဟူ၍လည်းကောင်း၊

အဋ္ဌကထာတို့၌ အနက်နှစ်မျိုး ဖွင့်ဆိုထားအပ်၏၊ ထိုအနက် နှစ်မျိုးတို့တွင်-

- ရှေ့အနက်သည် ဖြစ်ခဲ့သော် ‘‘လာ၏’’ ဟူသော ဤပုဒ်၏ ‘‘နတ်ပြည်မှလာ၏’’ဟူသော အနက်ကို ယူပါလေ။
- နောက်အနက်သည် ဖြစ်ခဲ့သော် ‘‘ဗြဟ္မာ့ပြည်မှလည်း လလာ၏’’ ဟူသော အနက်ကို ယူပါလေ။

ပါဠိတော်၌ကား နောက်အနက်ကိုသာလျှင် ဟောတော်မူသကဲ့သို့ ထင်၏၊ မှန်လှစွာ၏၊ ပုဂ္ဂလပညတ္တိ ပါဠိတော်၌-

‘‘ဤကာမာဝစရလောကသို့ မလာမရောက်တတ်သောကြောင့် အနာဂါမ်မည်၏’’ ဤသို့ အဓိပ္ပါယ် လာသော ဝါကျကို ဟောတော်မူ၏၊ ထိုဝါကျဖြင့် (ဗြဟ္မာဘုံမှလည်း-ဟူသော အဓိပ္ပါယ်ကို) မှတ်အပ်၏။

‘‘ဤ ကာမာဝစရလောကသို့ လာရောက်တတ်သောကြောင့် သောတာပန် သကဒါဂါမ်တို့ မည်ကုန်၏’’ ဤသို့သော ဝါကျကို ဟောတော်မူ၏၊ ထိုဝါကျဖြင့် (ဗြဟ္မာ့ဘုံမှလည်း- ဟူသော အဓိပ္ပါယ်ကို) မှတ်အပ်၏ဟု သိပါလေ။

ဆက်၍ ဆိုဦးအံ့၊ ဤပါဠိတော်၌ အနာဂန္တွာ ဣတ္ထတ္တံ ဟူသော ဤပါဌ်ဖြင့် ‘‘ဤကာမာဝစရ လောက သို့ မလာရောက်တတ်သောကြောင့် အနာဂါမိမည်၏’’ဟူသောအနက်ကိုပြ၏၊ အာဂန္တွာ ဣတ္ထတ္တံ ဟူသော ဤပါဌ်ဖြင့်ကား နှစ်ပါးလည်း ဖြစ်ကုန်သော သောတာပန်နှင့် သကဒါဂါမ် ပုဂ္ဂိုလ်တို့သည် တစ်ဖန် ဤကာမာဝစရလောကသို့ တစ်ကြိမ် လာတတ်သောကြောင့် သကဒါဂါမိတို့ မည်ကုန်၏’’ ဟူသော အနက်ကို ပြ၏။

အဘယ့်ကြောင့်နည်း ဟူမူကား- အခြားမရှိ တစ်စပ်တည်း တည်သော ဝါကျတို့၌ နှစ်ပါးကုန်သော ဣတ္ထတ္တ သဒ္ဒါတို့၏ အထူးထူးသော အနက်မဖြစ်သင့်သောကြောင့်ပေတည်း။

မဇ္ဈိမပဏ္ဏာသ ကဏ္ဍကတ္ထလသုတ်၌လည်း-

မြတ်သောမင်းကြီး- အကြင်ဗြဟ္မာသည် ဒေါသရှိ၏၊ ထိုဗြဟ္မာသည် ဤကာမလောကသို့ လာရ၏၊ အကြင်ဗြဟ္မာသည် ဒေါသမရှိ၊ ထိုဗြဟ္မာသည် ဤကာမလောကသို့ မလာရချေ။

ဟု ရှင်တော်ဗုဒ္ဓသည် ဟောတော်မူအပ်၏။

ထိုပါဠိတော်၌ ‘‘ဒေါသရှိ၏’’ဟူသော စကားဖြင့် ပုထုဇဉ်နှင့်တကွ သောတာပန် သကဒါဂါမ် ဖြစ်ကုန် သော ဗြဟ္မာတို့ကို ယူအပ်ကုန်၏၊ မှန်လှစွာ၏၊ ထိုပုဂ္ဂိုလ်တို့သည် ပဋိဃာနုသယကို မပယ်အပ်သေး သည်၏အဖြစ်ကြောင့် စေတသိကဒုက္ခဟု ဆိုအပ်သော ဗျာပဇ္ဈကိုလည်း မပယ်အပ်သေးသည် သာလျှင်တည်း၊ ထို့ကြောင့် ‘‘ဒေါသရှိသည်’’ မည်ကုန်၏ (သဗျာပဇ္ဈ မည်ကုန်၏)။

အာဂန္တွာ ဣတ္ထတ္တံ-ဟူသည်ကား ဤကာမလောကသို့ ပဋိသန္ဓေ၏ အစွမ်းအားဖြင့် တစ်ဖန် လာခြင်း အလေ့ ရှိ၏၊ လာခြင်းသဘော ရှိ၏၊

ဤကား အနက်ပေတည်း၊ ထိုမှပြန်သောအားဖြင့် နောက်ဝါကျ၏ အနက်ကို သိပါလေ။

ထိုသကဒါဂါမ် နှစ်ပါးတို့တွင် ရှေးဖြစ်သော သကဒါဂါမ်၏ တစ်ပါးနှင့် မဆက်ဆံသည်သာလျှင် ဖြစ်သော အလုံးစုံတို့၏ ရှေးဦးစွာ အရိယာမဂ်တည်းဟူသော သောတသို့ ရောက်ခြင်းတည်းဟူသော ဂုဏ်ဖြင့် သောတာပန်ဟူသော အမည်သည်သာလျှင် ပြီး၏ဟု မှတ်ပါလေ။

ဆက်၍ ဆိုဦးအံ့၊ ဤစကား၌ ပုဂ္ဂလဂတိ၏ အစွမ်းဖြင့် ဗြဟ္မာ့ပြည်၌ တည်ကုန်သည့် ပုဂ္ဂိုလ်တို့၏ သတ္တက္ခတ္တုပရမတာ - စသော အဖြစ်ကဲ့သို့ သကဒါဂါမ်ပုဂ္ဂိုလ်၏ အဖြစ်သည်လည်း မရှိပေ၊ မှန်လှပေ၏၊ ပထမဖလဋ္ဌာန်၊ ဒုတိယဖလဋ္ဌာန် ပုဂ္ဂိုလ်တို့သည်လည်း ထိုဗြဟ္မာ့ပြည်၌ အနာဂါမ်ဟူသော ရေတွက်ခြင်းသို့သာလျှင် ရောက်ကုန်၏၊ ထို့ကြောင့် သကဒါဂါမ်ဟူသော ဤစကားသည် ကာမမျိုး သာလျှင် ဖြစ်ကုန်သော ဒုတိယဖလဋ္ဌာန်တို့အား ပြီးသော အမည်ပေတည်း၊ ထို့ကြောင့် ထို သကဒါဂါမ် ပုဂ္ဂိုလ်တို့အား ကာမလောက၌သာလျှင် အောက် အထက် ပဋိသန္ဓေ၏ အစွမ်းအားဖြင့် တစ်ကြိမ်လာခြင်းကို အဋ္ဌကထာတို့၌ ဖွင့်ဆို၏ဟု မှတ်ပါလေ။

ဤသို့သော အကြောင်းကြောင့် ပါဠိတော်၌လည်း-

သတ္တက္ခတ္တုပရမပုဂ္ဂိုလ်အား လည်းကောင်း၊ ကောလံကောလ ပုဂ္ဂိုလ်အား လည်းကောင်း၊ ဧကဗီဇိ ပုဂ္ဂိုလ်အား လည်းကောင်း၊ သကဒါဂါမ် ပုဂ္ဂိုလ်အားလည်းကောင်း အကြင်ပုဂ္ဂိုလ်သည် မျက်မှောက် သော ကိုယ်အဖြစ်၌သာလျှင် ရဟန္တာဖြစ်၏၊ ထိုပုဂ္ဂိုလ်အား လည်းကောင်း၊ ဤငါးယောက်သော ပုဂ္ဂိုလ်တို့အား ဤကာမလောက၌ အနုပါဒိသေသနိဗ္ဗာန်သို့ ရောက်သည်ဖြစ်၍ ပြီးဆုံးကြကုန်၏။

ဟူ၍ ဟောတော်မူ၏။

ထိုသကဒါဂါမ်သည်ကား-

၁။ ဤလူ့ပြည်၌ သကဒါဂါမ် အဖြစ်သို့ရောက်၍ ဤလူ့ပြည်၌ ပရိနိဗ္ဗာန်စံသော ပုဂ္ဂိုလ်၊
၂။ ထိုနတ်ပြည်၌ သကဒါဂါမ် အဖြစ်သို့ရောက်၍ ထိုနတ်ပြည်၌ ပရိနိဗ္ဗာန်စံသော ပုဂ္ဂိုလ်၊
၃။ ဤလူ့ပြည်၌ သကဒါဂါမ် အဖြစ်သို့ရောက်၍ ထိုနတ်ပြည်၌ ပရိနိဗ္ဗာန်စံသော ပုဂ္ဂိုလ်၊
၄။ ထိုနတ်ပြည်၌ သကဒါဂါမ် အဖြစ်သို့ရောက်၍ ဤလူ့ပြည်၌ ပရိနိဗ္ဗာန်စံသော ပုဂ္ဂိုလ်၊
၅။ ဤလူ့ပြည်၌ သကဒါဂါမ် အဖြစ်သို့ရောက်၍ ထိုနတ်ပြည်၌ ပဋိသန္ဓေယူသည်၏ အစွမ်းအားဖြင့် ဖြစ်၍ ဤလူ့ပြည်၌ ပရိနိဗ္ဗာန် စံသော ပုဂ္ဂိုလ်၊
၆။ ထိုနတ်ပြည်၌ သကဒါဂါမ် အဖြစ်သို့ရောက်၍ ဤလူ့ပြည်၌ ပဋိသန္ဓေ ယူသည်၏အစွမ်းအားဖြင့် ဖြစ်၍ ထိုနတ်ပြည်၌ ပရိနိဗ္ဗာန် စံသော ပုဂ္ဂိုလ်ဟူ၍ ခြောက်မျိုး ရှိ၏။

အကြင်ဆရာတို့၏ကား ‘‘ဤလောက’’ဟူသော ပုဒ်၏ ‘‘ဤလူ့လောက’’ဟူသော အနက်ကို ယူ၏၊ ထိုဆရာတို့ အနက်၌ ထို သကဒါဂါမ်သည် ငါးမျိုးသာ ဖြစ်နိုင်၏ဟုဆို၏၊ ခြောက်ယောက်မြောက် သကဒါဂါမ်ပုဂ္ဂိုလ်ကို မဆိုအပ်ချေ။

၅၉။ ဋီကာကျော် (နှာ- ၉၇)၌လည်း-

ငါးယောက်ကုန်သော သကဒါဂါမ်ပုဂ္ဂိုလ်တို့တွင် ငါးခုမြောက် နောက်ဆုံး သကဒါဂါမ်ပုဂ္ဂိုလ်ကို ဤ သကဒါဂါမိမဂ္ဂစိတ္တံ - ဟူသော ပုဒ်၌ အလိုရှိအပ်၏၊ အဘယ့်ကြောင့် အလိုရှိအပ်ပါသနည်း ဟူမူကား ထိုငါးခုမြောက် သကဒါဂါမ်ပုဂ္ဂိုလ်သည်သာ ဤလူ့ပြည်မှ နတ်ပြည်သို့ ရောက်၍ တစ်ဖန် လူ့ပြည်သို့ တစ်ကြိမ် လာတတ်သောကြောင့် အလိုရှိအပ်ပေ၏။

ဟု မိန့်ဆို၏။

မဟာပရိနိဗ္ဗာနသုတ် အဋ္ဌကထာ၌လည်းကောင်း၊ မဟာဝဂ္ဂသံယုတ် အဋ္ဌကထာ၌လည်းကောင်း ထို ခြောက်ခုမြောက် သကဒါဂါမ်သည်လည်း တစ်ကြိမ်လာခြင်း အနက်အားဖြင့် လာသည်သာ လျှင်တည်း။

ဆက်၍ ဆိုဦးအံ့၊ အကြင်ကြောင့် သဗ္ဗညုဘုရားရှင်တို့သည်လည်း အကြင်မျှလောက် အထက် အထက်မဂ်သို့ မရောက်ကြကုန်သေး၊

ထိုမျှလောက် ပထမဖလဋ္ဌာန် ပုဂ္ဂိုလ်ဖြစ်ကြသည်ရှိသော် သတ္တက္ခတ္တုပရမ အဖြစ်၌ တည်ကုန် သကဲ့သို့ ဒုတိယဖလဋ္ဌာန် ပုဂ္ဂိုလ် ဖြစ်ကြကုန်သည်ရှိသော် တစ်ကြိမ်လာခြင်း သဘော၌ တည်ကုန် သည်သာလျှင် ဖြစ်ကုန်၏၊ ထို့ကြောင့် ဤ‘သကဒါဂါမိ’ ဟူသော ပါဌ်၌ တစ်စုံတစ်ယောက်သော ဒုတိယဖလဋ္ဌာန်သည် တစ်ကြိမ်လာခြင်း အနက်အားဖြင့် မုချဆတ်ဆတ်အားဖြင့် သကဒါဂါမ် မမည် နိုင်သည် မဟုတ်၊ မည်နိုင်သည်သာတည်း၊ ထို့ကြောင့် အလုံးစုံသော သကဒါဂါမ်ပုဂ္ဂိုလ်သည်လည်း ဤနေရာ၌ မုချဆတ်ဆတ်အားဖြင့် သကဒါဂါမ် မည်သည်သာတည်းဟု မှတ်ပါလေ။

သကဒါဂါမ်ပုဂ္ဂိုလ်၏ မဂ်သည် သကဒါဂါမိမဂ် မည်၏၊ မှန်လှစွာ၏၊ ထိုသကဒါဂါမိမဂ်သည် မိမိသည် ဖြစ်စေတတ်သော ကတ္တားဖြစ်၍ ဖြစ်စေအပ်သော သကဒါဂါမ်ပုဂ္ဂိုလ်ဟု ဆိုအပ်သော ကံကို ဖြစ်စေ တတ်၏၊ ဤအရာ၌ ဇနေတဗ္ဗဇနကသမ္ဗန်ဖြင့် အထူးပြုတတ်သည်၏အဖြစ် အထူးပြုအပ်သည်၏ အဖြစ်သည် အသင့်အားဖြင့် လာသည်သာလျှင် ဖြစ်၏၊ အဘယ်ကဲ့သို့နည်းဟူမူ- ‘တိဿ၏ အမိ’ ‘ဖုဿ၏ အမိ’ဟူသကဲ့သို့ပေတည်း။

၆၀။ ဋီကာကျော် (နှာ- ၉၈)၌ကား-

ထိုအထူးပြုတတ်၏ အဖြစ်၊ အထူးပြုအပ်သည်၏ အဖြစ်သည် အသင့်အားဖြင့် လာသည်သာလျှင် မဖြစ်ချေ၊ ထိုသို့ပင် အသင့်အားဖြင့် မလာငြားသော်လည်း အနည်းငယ်သော အကျိုးသည် ရှိ၏၊ အကျိုး၏ အစွမ်းအားဖြင့် မဆန့်ကျင်ဟူသော အဓိပ္ပါယ်ဖြင့် -

မဂ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်၏ ထိုသို့ တစ်ကြိမ် ပဋိသန္ဓေ ယူသောအားဖြင့် ဤလူ့ပြည်သို့ မလာနိုင်သောကြောင့် ဖိုလ်ပုဂ္ဂိုလ်သည်သာလျှင် မုချ သကဒါဂါမ် မည်နိုင်ပေ၏၊ ထိုသို့ပင် မည်နိုင် သော်လည်း ထိုသကဒါဂါမ်ပုဂ္ဂိုလ်၏ အကြောင်း ဖြစ်သောကြောင့် ဖိုလ်၏ ရှေးအဖို့၌ဖြစ်သော သကဒါဂါမိမဂ်ကို တစ်ပါးသော မဂ်ကို တားမြစ်ခြင်း အကျိုးငှါ ဖိုလ်ပုဂ္ဂိုလ်ဖြင့် အထူးပြု၍ ‘‘သကဒါဂါမိမဂ္ဂေါ’’ဟု ဆိုအပ်၏၊ အနာဂါမိမဂ်ပုဂ္ဂိုလ် ကိုလည်း ဤသကဒါဂါမိမဂ် ပုဂ္ဂိုလ်ကဲ့သို့ပင် မှတ်အပ်၏။

ဟူသော စကားကို ဆို၏၊ ထိုအဆိုသည် မသင့်ချေ၊ သကဒါဂါမိမဂ်နှင့်ယှဉ်သော စိတ်တည်းဟု သမာသ်ပြုလေ။

အနာဂါမိ အဖွင့်

သြရမ္ဘာဂီယသံယောဇဉ်တို့ကို အချင်းခပ်သိမ်း ပယ်ဖြတ်အပ်ပြီးသည်၏အဖြစ်ကြောင့် ပဋိသန္ဓေ၏ အစွမ်းဖြင့် တစ်ဖန် ဤကာမလောကသို့ မလာတတ်သောကြောင့် အနာဂါမ်မည်၏၊ စင်စစ်အားဖြင့် ဗြဟ္မာ့ပြည်လျှင် လည်းလျောင်းရာ ရှိသည်သာလျှင်ဖြစ်၏၊ ဤကား အနက်တည်း။

ဆက်၍ ဆိုဦးအံ့၊ ဤစကားကို သက်သက် ဤမဂ်၏ အာနုဘော်၏ အစွမ်းအားဖြင့်သာလျှင် ဆိုအပ်၏၊ အထက်မဂ် ဝိပဿနာ လာသည် ရှိသော်ကား ထို ပုဂ္ဂိုလ်သည် ထိုအရပ်၌သာလျှင် အရဟတ္တမဂ်လျှင် လည်းလျောင်းရာ ရှိသည်လည်း ဖြစ်သည်သာလျှင်တည်း။

အနာဂါမ်မည်သော တတိယဖလဋ္ဌာန်၏ မဂ်တည်း၊ ထိုမဂ်နှင့် ယှဉ်သောစိတ်တည်းဟု ဝိဂ္ဂဟ ပြုပါလေ။

အရဟတ္တ အဖွင့်

အကျိုးကြီးသည်၏ အဖြစ်ကို ပြုတတ်သော ဂုဏ်နှင့် ယှဉ်သောအားဖြင့် ပူဇော်အထူးကို ခံထိုက် သောကြောင့် အရဟာ မည်၏၊ ကုန်ပြီးသည့် အာသဝေါရှိသော စတုတ္ထဖလဋ္ဌာန် ပုဂ္ဂိုလ်ကို ရအပ်၏၊ ရဟန္တာပုဂ္ဂိုလ်၏အဖြစ်သည် အရဟတ္တမည်၏၊ စတုတ္ထဖိုလ်ကို ရ၏၊ ထိုစတုတ္ထဖိုလ်၏ မဂ်တည်း၊ ထိုမဂ်နှင့်ယှဉ်သော စိတ်တည်းဟု ဝိဂြိုဟ် ပြုပါလေ။

ပိ-သဒ္ဒါဖြင့် ပါဠိတော်၌ ဝေဖန်အပ်သော မဂ်စိတ်အပြားတို့ကို ပေါင်းတော်မူ၏၊ ထိုစကား၌ ရှေးဦးစွာ ဓမ္မသင်္ဂဏီပါဠိတော်၌ ပဌမမဂ်၌ ဈာန်ဟူသော အမည်ဖြင့် ဟောတော်မူအပ်ကုန်သည့် ငါးပါးကုန် သော ဝါရတို့တွင် ပထမဖြစ်သော သုဒ္ဓိကပဋိပဒါဝါရ၌ နှစ်ပါးကုန်သော-

၁။ စတုက္ကနည်း၊
၂။ ပဉ္စကနည်း၊

တို့၏အစွမ်းဖြင့် ကိုးပါးသော စိတ်တို့ ဖြစ်ကြကုန်၏၊ ထို့အတူ သုဒ္ဓိက သုညတ၌လည်းကောင်း၊ သုညတပဋိပဒါ၌လည်းကောင်း၊ သုဒ္ဓိက အပ္ပဏိဟိတ၌ လည်းကောင်း၊ အပ္ပဏိဟိတပဋိပဒါ၌ လည်း ကောင်း ဤသို့ ငါးဝါရတို့၌ နည်းဆယ်ပါး တို့၏ အစွမ်းဖြင့် လေးဆယ့်ငါးပါးသော စိတ်တို့ ဖြစ်ကြ ကုန်၏။

မဂ္ဂသတိပဋ္ဌာန် အစရှိကုန်သော တစ်ဆယ့်ကိုးပါးသော အမည်တို့ဖြင့် ဟောတော်မူအပ်ကုန်သော အသီးအသီး ငါးပါးသော ဝါရတို့၌ ထို့အတူပေတည်း၊ ဤသို့ နှစ်ဆယ်သော အမည်တို့ဖြင့် ဟောတော် မူအပ်သော ဝါရတစ်ရာ၌ နည်းနှစ်ရာတို့၏ အစွမ်းဖြင့် စိတ်ပေါင်း ကိုးရာတို့ ဖြစ်ကြကုန်၏။

တစ်ဖန် အဓိပတိ လေးပါးတို့နှင့် ယှဉ်၍ ဟောအပ်ကုန်သော ဝါရလေးရာတို့၌ နည်းရှစ်ရာတို့၏ အစွမ်းဖြင့် စိတ်ပေါင်း သုံးထောင့် ခြောက်ရာတို့ ဖြစ်ကြကုန်၏။

ဤသို့ ပထမမဂ်၌ နည်းတစ်ထောင်၏ အစွမ်းဖြင့် လေးထောင့် ငါးရာသော စိတ်တို့ ဖြစ်ကြကုန်၏။

ကြွင်းသော မဂ်တို့၌လည်း ထို့အတူပေတည်း၊ ဤသို့ မဂ်လေးပါးတို့၌ နည်းလေးထောင်တို့၏ အစွမ်းဖြင့် တစ်သောင်းရှစ်ထောင်သော မဂ်စိတ်တို့ ဖြစ်ကြကုန်၏။

သစ္စဝိဘင်း၊ သတိပဋ္ဌာနဝိဘင်းတို့၌ကား နည်းနှစ်သောင်းတို့၏ အစွမ်းဖြင့် ကိုးသောင်းသော မဂ်စိတ်တို့ ဖြစ်ကြကုန်၏။

မဂ္ဂဝိဘင်း၌ နှစ်သောင်းရှစ်ထောင်သော နည်းတို့၏ အစွမ်းဖြင့် တစ်သိန်းနှစ်သောင်း ခြောက်ထောင် သော မဂ်စိတ်တို့ ဖြစ်ကုန်၏ဟု သိပါလေ။

အဋ္ဌကထာတို့၌ နည်းအပြားတို့ကိုသာလျှင် ဆိုကုန်၏၊ စိတ်အပြားတို့ကို မဆိုကြကုန်ဟု သိပါလေ။

၆၁။ ဋီကာကျော် (နှာ- ၉၈)၌ကား-

ပိ-သဒ္ဒါဖြင့် သစ္စဝိဘင်း၌ လာသော ခြောက်သောင်း အပြားရှိသော နည်းကို ပေါင်းတော်မူ၏။

ဟူသော အကြင်စကားကို ဆို၏၊ ထိုအဆိုကို ဤကုသိုလ်စိတ်၏ နိဂုံး၌ မဆိုထိုက်ချေ၊ မှန်လှစွာ၏၊ ခြောက်သောင်း အပြားရှိသော ထိုနည်းကို ဝိပါက်အရာ၌သာလျှင် အဋ္ဌကထာ၌ လာ၏ဟု သိပါလေ။

၆၂။ ထိုဋီကာကျော် (နှာ- ၉၈)၌-

ပဋိပဒါအပြားကို မသုံးသပ်မူ၍ သက်သက် သုညတမဂ်၊ အပ္ပဏိဟိတမဂ် ဟူ၍ နှစ်ပါးအပြားအားဖြင့် ဝေဖန်အပ်၏၊

ဟူသော အကြင်စကားကို ဆို၏၊ ထိုအဆိုသည်လည်း မသင့်ချေ၊ မှန်လှပေ၏၊ ပါဠိတော်၌ ပဋိပဒါအပြားသည် အစ၌သာလျှင် လာ၏ဟု သိပါလေ၊ အစ၌ သုညတ အပ္ပဏိဟိတ-ဟူ၍ နှစ်ပါး အပြားအားဖြင့် ဝေဖန်အပ်သော အခြားမရှိသော ဝါရသည်လည်း မရှိဟု သိပါလေ။

၆၃။ ထိုဋီကာကျော် (နှာ- ၉၈)၌-

သုညတဝါရသည် နည်းတစ်ခု၊ အပ္ပဏိဟိတဝါရသည် နည်းတစ်ခု၊ ပဋိပဒါ အထူးပြုအပ်သော သုညတဝါရ လေးခု၊ အပ္ပဏိဟိတ ဝါရ လေးခုဟု ပြု၍ နည်းတစ်ဆယ် ဖြစ်ကုန်၏ သဘော အဓိပ္ပါယ်ဖြင့်-

‘‘ဤသို့ ဈာန်အမည်အားဖြင့် ဆယ်ပါးအပြားဖြင့် ဝေဖန်အပ်၏’’ ဟူသော အကြင်စကားကို ဆို၏၊ ထိုအဆိုသည်လည်း မသင့်သည်သာလျှင်တည်း။

မှန်လှပေ၏၊ သုညတ အစရှိသည်တို့သည် ဤအရာ၌ နည်းမဟုတ်ကုန်၊ စင်စစ်သော်ကား ထိုသုညတဝါရ စသည်တို့တွင် တစ်ခုတစ်ခုသော ဝါရ၌ နှစ်ပါး နှစ်ပါးသော စတုက္က ပဉ္စကနည်း တို့သာလျှင် ဤအရာ၌ နည်းမည်ကုန်၏ဟု သိပါလေ၊ ဤစကားဖြင့် ‘‘တထာ မဂ္ဂသတိပဋ္ဌာန = ထို့အတူ မဂ်နှင့် သတိပဋ္ဌာန်’’ဟူသော အလုံးစုံကိုလည်း ပယ်အပ်ပြီး ဖြစ်၏ဟု သိပါလေ။

မဂ်စိတ် အဖွင့် ပြီးပြီ။

ဖိုလ်စိတ် အဖွင့်

ဖိုလ်စိတ်၌ ဖိုလ်ဟူသည်ကား ဝိပါက် = အကျိုးဖြစ်သော အဋ္ဌင်္ဂီက မဂ်တည်း၊ တစ်နည်းကား- သမ္ပယုတ်တရား အပေါင်းတည်း၊ သောတာပတ္တိဖြင့် ရအပ်သော ဖိုလ်တည်း၊ ထိုဖိုလ်နှင့်ယှဉ်သော (တစ်နည်း) ထိုဖိုလ်၌ အကျုံးဝင်သော စိတ်တည်း၊ ထို့ကြောင့် သောတာပတ္တိဖိုလ်စိတ် မည်၏၊ ဒုတိယနှင့် တတိယတို့၌လည်း ဤနည်းလျှင် နည်းရှိ၏။

အရဟတ္တလည်း ဟုတ်၏၊ ထိုအရဟတ္တ ဟူသည် ဖိုလ်လည်း ဟုတ်၏၊ ထို့ကြောင့် အရဟတ္တဖိုလ် မည်ပေ၏၊ ထိုအရဟတ္တဖိုလ်နှင့် ယှဉ်သော (တစ်နည်း) ထိုအရဟတ္တဖိုလ်၌ အကျုံးဝင်သော စိတ်တည်း၊ ဤကား ဝိဂြိုဟ်ပေတည်း။

ဖိုလ်စိတ် အဖွင့် ပြီးပြီ။

သင်္ဂဟဂါထာ အဖွင့်

သင်္ဂဟဂါထာ၌- စတုမဂ္ဂပ္ပဘေဒေန ဟူသည်ကား လေးကြိမ် ရောက်အပ်သည်၏ အဖြစ်ကြောင့် လေးပါးအပြားရှိကုန်သည့် အဋ္ဌင်္ဂိကမဂ်တို့၏ အပြားအားဖြင့် ဟူလို။

အဘယ့်ကြောင့် ထိုမဂ်စိတ်တို့ကို လေးကြိမ် ရောက်အပ်ကုန်သနည်း၊ ဤကား စောဒနာစကား တည်း၊ အဖြေကို ဆိုပေဦးအံ့၊ ရှေးဦးစွာ သောတာပတ္တိမဂ်၌ သဒ္ဓါ အစရှိကုန်သော ဣန္ဒြေတို့သည် နုကုန်သောကြောင့် ထိုသောတာပတ္တိမဂ်သည် ဒိဋ္ဌိ ဝိစိကိစ္ဆာကိုသာလျှင် ပယ်ဖြတ် ခြင်းငှါ စွမ်းနိုင်၏၊ တစ်ပါးကုန်သော ကာမရာဂနှင့် ဗျာပါဒတို့ကို ခေါင်းပါးသည်တို့ကိုလည်း ပြုခြင်းငှါ မစွမ်းနိုင်ပေ။

ဒုတိယမဂ်၌ ထိုသဒ္ဓါစသော ဣန္ဒြေတို့သည် အတန်ငယ် ထက်ကုန်သောကြောင့် ထိုဒုတိယမဂ်သည် ကာမရာဂနှင့် ဗျာပါဒတို့ကိုလည်း ခေါင်းပါးသည်တို့ကို ပြုခြင်းငှါ စွမ်းနိုင်၏၊ အကြွင်းမဲ့ ဖြတ်ခြင်း ငှါကား မစွမ်းနိုင်သည်သာလျှင်တည်း။

တတိယမဂ်၌ ထိုဣန္ဒြေတို့သည် အလွန်ထက်ကုန်သောကြောင့် ထိုတတိယမဂ်သည် ကာမရာဂ ဗျာပါဒတို့ကို အကြွင်းမဲ့ ဖြတ်ခြင်းငှါ စွမ်းနိုင်၏၊ ရူပရာဂ အရူပရာဂ မာန ဥဒ္ဓစ္စ အဝိဇ္ဇာတို့ကိုကား အကြွင်းမဲ့ ဖြတ်ခြင်းငှါ မစွမ်းနိုင်သည်သာလျှင်တည်း။

စတုတ္ထမဂ်၌ကား ထိုသဒ္ဓါစသော ဣန္ဒြေတို့သည် အထူးသဖြင့် အလွန်ထက်ကုန်သောကြောင့် ထိုစတုတ္ထမဂ်သည် ထိုရူပရာဂ အရူပရာဂ မာန ဥဒ္ဓစ္စနှင့် အဝိဇ္ဇာတို့ကို လည်းကောင်း တစ်ပါးလည်း ဖြစ်ကုန်သော အလုံးစုံလည်း ဖြစ်ကုန်သော အကုသိုလ်တရား တို့ကိုလည်းကောင်း အကြွင်းမဲ့ ဖြတ်ခြင်းငှါ စွမ်းနိုင်ပေ၏။

ဤသို့ လေးကြိမ် ဖြစ်ကုန်သော်သာလျှင် ထက်ဝန်းကျင် ပြီးဆုံးပြီးသော ကိစ္စရှိသည်၏ အဖြစ်ကြောင့် ထိုမဂ်တို့ကို လေးကြိမ် ရောက်အပ်ကုန်၏ဟု သိပါလေ။

‘‘ကုသိုလ်စိတ်ကို လေးပါးသော မဂ်တို့၏ အပြားအားဖြင့် လေးပါး အပြားရှိ၏ဟု သိအပ်၏၊ ဝိပါက်စိတ်ကိုလည်း ထိုလေးပါး အပြားရှိသော ကုသိုလ်စိတ်၏ အကျိုးဖြစ်သောကြောင့် ထိုကုသိုလ် စိတ်အတူ လေးပါးအပြားရှိ၏ ဟူ၍ သိအပ်၏၊ ဤသို့သော လောကုတ္တရာစိတ်ကို ရှစ်ပါးအပြား ရှိ၏ဟူ၍ သိအပ်၏’’ ဤကား ယောဇနာခြင်းပေတည်း။

ထိုစိတ်အား မိမိထက် လွန်ကဲသော တရားမရှိသောကြောင့် အနုတ္တရ မည်၏။

အဘယ့်ကြောင့် ဤလောကုတ္တရာစိတ်၌ကား ကြိယာစိတ် မည်သည်ကို မယူအပ်ပါသနည်း၊ ဤကား အမေးစကားတည်း၊ လောကုတ္တရာ ကြိယာစိတ်၏ မရှိခြင်းကြောင့်တည်း၊ ဤကား အဖြေစကား တည်း။

အဘယ့်ကြောင့် ထိုလောကုတ္တရာစိတ်၌ ကြိယာစိတ် မရှိပါသနည်း၊ ဤကား အမေးစကားတည်း၊ မဂ်စိတ်၏ တစ်ခုသော စိတ္တက္ခဏ ရှိသည်၏ အဖြစ်ကြောင့်ပေတည်း၊ ဤသို့သော အဖြေကို သိအပ်၏။

ဆက်၍ ဆိုဦးအံ့၊ ထိုမဂ်စိတ်သည် လောကီကုသိုလ်ကဲ့သို့ အထူးထူးသော ခဏတို့၌ အကယ်၍ ဖြစ်ငြားအံ့၊ ထိုအခါ၌ အနုသယ ကင်းသော ပုဂ္ဂိုလ်၏သန္တာန်၌လည်းဖြစ်၍ လောကုတ္တရာကြိယာ မည်သည် ဖြစ်ရာ၏ဟု သိပါလေ။

အဘယ့်ကြောင့် ထိုမဂ်စိတ်သည် တစ်ခုသော စိတ္တက္ခဏသာလျှင် ရှိနိုင်ပါသနည်း၊ ဤကား အမေး စကားတည်း၊ မဂ်၏ကြီးသော အာနုဘော် ရှိသည်၏ အဖြစ်ကြောင့်တည်း၊ ဤကား အဖြေစကား တည်း။

အဘယ်သို့လျှင် ကြီးသောအာနုဘော် ရှိပါသနည်း၊ ဤကား အမေးစကားတည်း၊ အဖြေကို ဆိုပေဦးအံ့၊ အရိယာမဂ် မည်သည်ကား တစ်ကြိမ်ဖြစ်သော်သာလျှင် မိမိသည် ပယ်သင့် ပယ်ထိုက် ကုန်သော ကိလေသာတို့ကို တစ်ဖန် မဖြစ်ခြင်း သဘောရှိသည်၏ အဖြစ်သို့ ရောက်စေ၍ ပယ်စွန့်၏၊ ဤသည်ကား ထိုမဂ်၏ အာနုဘော် တစ်ခုပေတည်း။

ဝိပါက်ကိုလည်း ကုသိုလ်ဇော ကြိယာဇောကဲ့သို့ ဇောကိစ္စနှင့် ယှဉ်သည်ဖြစ်၍ အမှတ်မရှိသော အခါ၌ ဝင်စားခြင်းငှါ ခန့်သည်ကိုလည်း ပြု၍ မိမိ၏ အခြားမဲ့မှစ၍ ဖြစ်စေ၏၊ ဤသည်ကား အရိယာမဂ်၏ နှစ်ခုမြောက် အာနုဘော်တည်း။

ထို့ကြောင့် ထိုမဂ်၏ ကိလေသာကို ပယ်ခြင်း အကျိုးငှါလည်း တစ်ဖန် ဖြစ်စေဖွယ် ကိစ္စမည်သည် မရှိ၊ ဝင်စားခြင်း အကျိုးငှါလည်း ထို့အတူ မရှိဟု သိပါလေ။

မှန်လှစွာ၏၊ တစ်စုံတစ်ယောက်သော သူသည် ‘‘ငါသည် ဖိုလ်ကို ဝင်စားခြင်းငှါ အလိုမရှိချေ၊ ရှေး၌ ရအပ်သော မဂ်ကိုသာလျှင် ဝင်စားပေအံ့’’ဟု နှလုံးပိုက်၍ ပရိကံကို အကယ်၍ ပြုစေဦးတော့၊ ထိုအခါ၌ ရှေးအခါက တစ်ကြိမ်ဖြစ်၍ ချုပ်ပြီးသော မဂ်စေတနာ၏ အာနုဘော်ကြောင့် ဖိုလ်စိတ် သာလျှင် ဖြစ်ရာ၏၊ မဂ်စိတ် မဖြစ်ရာ။

အဘယ့်ကြောင့်နည်း ဟူမူကား- မဂ်၏ မတားမြစ်အပ်သော အာနုဘော်ရှိသည်၏ အဖြစ်ကြောင့် ပေတည်း၊ ချဲ့၍ ဆိုဦးအံ့၊ ဤမဂ်၏ အာနုဘော်သည်လည်း တစ်စုံတစ်ယောက်သော သူသည် ဆန္ဒဖြင့် လည်းကောင်း အလိုဖြင့်လည်းကောင်း အဇ္ဈာသယဖြင့် လည်းကောင်း ပရိကံဖြင့် လည်း ကောင်း တားမြစ်ခြင်းငှါ မတတ်ကောင်းသည်သာလျှင်တည်းဟု သိပါလေ။

ဇာတိဘေဒ သင်္ဂဟဂါထာ အဖွင့်

‘‘ဒွါဒသာကုသလာနေဝံ’’စသော စကားသည် ခပ်သိမ်းကုန်သော ဘုံလေးပါး၌ ဖြစ်ကုန်သည့် စိတ်တို့၏ ဇာတိ၏အစွမ်းဖြင့် ရေတွက်ခြင်းပေတည်း။

ဤဆိုအပ်ခဲ့ပြီးသော အပြားအားဖြင့် အကုသိုလ်စိတ်တို့သည် တစ်ဆယ့်နှစ်ပါး တို့သည်သာလျှင် ဖြစ်ကုန်၏၊ ကုသိုလ်စိတ်တို့သည် နှစ်ဆယ့်တစ်ပါး တို့သည်သာလျှင် ဖြစ်ကုန်၏၊ ဝိပါက်စိတ်တို့သည် သုံးဆယ့်ခြောက်ပါး တို့သည်သာလျှင် ဖြစ်ကုန်၏၊ ကြိယာစိတ်တို့သည် နှစ်ဆယ်သည်သာလျှင် ဖြစ်ကုန်၏။

ဤသို့ ဋီကာဟောင်း၌ ယောဇနာအပ်၏။

အချို့သော ဆရာတို့သည်ကား ကုသိုလ်စိတ်တို့၏လည်းကောင်း ဝိပါက်စိတ်တို့၏လည်းကောင်း အထက်၌ ပွားအပ်လတ္တံ့သည်၏ အဖြစ်ကြောင့် ဧဝသဒ္ဒါကို အစပုဒ် အဆုံးပုဒ်တို့၌သာလျှင် ယှဉ်ကြကုန်၏။

ဘူမိဘေဒသင်္ဂဟဂါထာ အဖွင့်

‘‘စတုပညာသဓာ’’ စသော စကားသည် ဘုံ၏အစွမ်းအားဖြင့် ရေတွက်ခြင်းပေတည်း။

ကာမဘုံ၌ အကျုံးဝင်ကုန်သော စိတ်တို့ကို ငါးဆယ့်လေးပါး အပြားရှိကုန်၏ဟူ၍ ဆိုရာ၏၊ ရူပဘုံ၌ အကျုံးဝင်ကုန်သော စိတ်တို့ကို တစ်ဆယ့်ငါးပါး အပြားရှိကုန်၏ဟူ၍ ဆိုရာ၏၊ အရူပဘုံ၌ အကျုံးဝင် ကုန်သော စိတ်တို့ကို တစ်ဆယ့်နှစ်ပါး အပြားရှိကုန်၏ဟူ၍ ဆိုရာ၏၊ ထိုမှတစ်ပါး လောကုတ္တရာ၌ အကျုံးဝင်ကုန်သော စိတ်တို့ကို ရှစ်ပါး အပြားရှိကုန်၏ဟူ၍ ဆိုရာ၏။

ဤကား ယောဇနာခြင်းပေတည်း။

ဆက်၍ ဆိုဦးအံ့၊ ဤယောဇနာနည်း၌ အနုတ္တရေ ဟူသည်ကား ‘‘လောကုတ္တရာဘုံ၌’’ဟု ဆိုလိုသည်၊ ထိုဘုံသည်ကား-

၁။ သင်္ခတဘုံ၊
၂။ အသင်္ခတဘုံ၊

ဤသို့ နှစ်မျိုးရှိ၏၊ သင်္ခတဘုံသည်လည်း လေးမျိုး အပြားရှိ၏၊ ဘုရားရှင် အဘယ်သို့ ဟောတော် မူသနည်းဟူမူ-

အကြင်အခါ၌ ပထမဘုံသို့ ရောက်ခြင်းငှါ လောကုတ္တရာဈာန်ကို ပွားစေ၏။

- ဒုတိယဘုံသို့ ရောက်ခြင်းငှါ လောကုတ္တရာဈာန်ကို ပွားစေ၏။
- တတိယဘုံသို့ ရောက်ခြင်းငှါ လောကုတ္တရာဈာန်ကို ပွားစေ၏။
- စတုတ္ထဘုံသို့ ရောက်ခြင်းငှါ လောကုတ္တရာဈာန်ကို ပွားစေ၏။

ဤသို့ ဟောတော်မူ၏။

ထိုပါဠိတော်၌ ‘ဘုံ’ဟူသည်ကား-

‘‘သာမညဖိုလ်ကို အလိုရှိအပ်၏’’

ဟူ၍ အဋ္ဌကထာ၌ မိန့်ဆိုအပ်၏၊ ပထမ မဂ်ဖိုလ်အစုံသည် ပဌမဘုံ မည်၏၊ ဒုတိယမဂ်ဖိုလ်အစုံသည် ဒုတိယဘုံမည်၏၊ တတိယ မဂ်ဖိုလ် အစုံသည် တတိယဘုံမည်၏၊ စတုတ္ထမဂ်ဖိုလ် အစုံသည် စတုတ္ထဘုံ မည်၏၊ ဤသို့လည်း သင့်လျော်သည် သာလျှင်တည်း၊ တရားကိုယ် အားဖြင့်ကား ရာဂ သုံးပါးအပေါင်း၏ သိမ်းဆည်းခြင်းမှ လွတ်သောကြောင့် တေဘူမကတရားတို့၌ အကျုံးမဝင်သည် ၏ဟု ဆိုအပ်သော အခိုက်အတန့် အထူးနှင့် ယှဉ်သည့် တရားထူးပေတည်း၊ ထိုတရား အထူး သည်လည်း ကိလေသာကို ပယ်ခြင်းအထူးဖြင့် လေးပါး အပြား ဖြစ်၏ဟု သိပါလေ။

၆၄။ ဋီကာကျော် (နှာ- ၁၀ဝ)၌ကား-

ဤမှ တစ်ပါးသော ကာမဘုံ ရူပဘုံ အရူပဘုံ တို့ကဲ့သို့ လောကုတ္တရာဘုံမည်သည် အသီးအခြားမရှိ၊ ကိုးပါး အပြားရှိသည့် လောကုတ္တရာ တရားအပေါင်း သည်သာလျှင် ထိုလောကုတ္တရာတို့၏ ဘူမိပရိယာယ်တည်းဟု (နှလုံးသွင်းမှု) ပြု၍-

တစ်စုံတစ်ခုသောဘုံ၌ အကျုံးမဝင်ကုန်သော ကိုးပါးအပြား ရှိသည့် လောကုတ္တရာတရား အပေါင်း၏ တစ်စိတ်တစ်ဒေသ ဖြစ်ကုန်၍ ‘ရုက္ခေသာခါ’ ဤသို့ စသည်တို့၌ကဲ့သို့ လောကုတ္တရာ တရား အပေါင်း၌ စိတ်တို့တည်းဟုဆိုအပ်ကုန်၏။

ဟု ဆိုသော ထိုစကားသည် မသင့်ချေ။

ချဲ့၍ ဆိုပေဦးအံ့ ဘုံသည်-
(၁) အဝတ္ထာဘုံ
(၂) သြကာသဘုံ

ဟူ၍ နှစ်မျိုးရှိ၏၊ ထိုနှစ်မျိုးတို့တွင် အဝတ္ထာဘုံသည်သာလျှင် မုချဆတ်ဆတ် ရအပ်သော ဘုံဖြစ် ၊ ဤမှတစ်ပါးသော သြကာသဘုံသည် မုချဆတ်ဆတ် ရအပ်သော ဘုံမဖြစ်နိုင်ချေ၊ မှန်လှပေ၏၊ ထိုသြကာသဘုံသည် တရားတို့၏ ထိုထိုအခိုက်အတန့်အထူး၏ အစွမ်းဖြင့်သာလျှင် ပြီး၏ဟု သိပါလေ၊ ထိုထိုအခိုက်အတန့် အထူးဟူသည်ကိုလည်း အောက်၌ ဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ကာမာဝစရ အဖြစ်စသော အခိုက်အတန့် အထူးကို မှတ်အပ်၏။

ဆိုဖွယ်အထူး ရှိပေသေး၏၊ သုံးဆယ့်တစ်ဘုံတို့သည်လည်း ကုသိုလ် အကုသိုလ်တရားတို့၏ ဟိန ပဏီတ သြဠာရိက သုခုမအဖြစ်ဟု ဆိုအပ်ကုန်သော အခိုက်အတန့် အထူးတို့ဖြင့်သာလျှင် ပြီးကုန်၏ဟု သိပါလေ။

စိတ်အကျဉ်းနှင့် အကျယ်

ပဋိညာဉ်ဂါထာ အဖွင့်

ဤသို့ ဘုံလေးပါး၌ဖြစ်သော စိတ်တို့ကို အကျဉ်းအားဖြင့် ထုတ်ပြ ပြီး၍ ယခုအခါ တစ်ဖန် အကျယ် အားဖြင့် ထုတ်ပြတော်မူလိုသည်ဖြစ်၍ ‘‘ဣတ္ထံ’’ စသော ဂါထာကို မိန့်ဆိုသတည်း၊ ထိုဂါထာ၌ ဤ ဆိုလတ္တံ့ သည်ကား ယောဇနာခြင်းပေတည်း။

‘‘တစ်နည်းသော်ကား အကြင်အကြင် ဆိုအပ်ခဲ့ပြီးသော အပြားအားဖြင့် ရှစ်ဆယ့်ကိုးပါး အပြား ရှိသော စိတ်ကို တစ်ရာ့နှစ်ဆယ့် တစ်ပါး အပြားရှိသည်ကို ပြု၍ ပညာရှိတို့သည် ဝေဖန်တော်မူ ကြကုန်၏။’’

ဤကား ယောဇနာခြင်းပေတည်း။

၆၅။ ဋီကာတို့၌ကား -
ဂါထာ၏ ရှေ့ထက်ဝက်ကို ရှေ့ဂါထာတို့၏ နိဂုံးပြု၍ နောက် ထက်ဝက်ကိုသာလျှင် အားထုတ်ခြင်း တစ်ပါးကိုပြု၍ ယောဇနာ ကြကုန်၏။

ထိုသို့ ယောဇနာခြင်းသည် ‘‘ကတမေကူန နဝုတိဝိဓံ စိတ္တံ ဧကဝီသသတံ ဟောတိ’’ ဟူသော ဤပါဌ်နှင့် မညီညွတ်ချေဟု သိပါလေ။

ယခုအခါ၌ ထိုတစ်ရာ့နှစ်ဆယ့် တစ်ပါးအပြားကို ပြတော်မူလိုသည်ဖြစ်၍ ‘‘ကတမေကူန နဝုတိဝိဓံ စိတ္တံ ဧကဝီသသတံ ဟောတိ’’ ဟူ၍ မေးတော်မူပြီး၍ ‘‘ဝိတက္က ဝိစာရ ပီတိ သုခေကဂ္ဂတာ သဟိတံ’’ အစရှိသော စကားကို မိန့်တော်မူ၏။

ထိုစကား၌ ‘ပထမဇ္ဈာန သောတာပတ္တိမဂ္ဂစိတ္တံ’ ဟူသော ဤပါဌ်၌ အင်္ဂါငါးပါးရှိသည့် ပထမဈာန်နှင့် ယှဉ်သော သောတာပတ္တိမဂ်သည် ပထမဈာန် သောတာပတ္တိမဂ် မည်၏၊ ထိုပထမဈာန် သောတာပတ္တိမဂ်နှင့်ယှဉ်သော စိတ်တည်းဟု သမာသ်ပြုလေ။

၆၆။ ဋီကာတို့၌ကား -
ပဌမဈာန်လည်း ဟုတ်၏၊ ထိုပဌမဈာန်ဟူသည် သောတာပတ္တိမဂ်စိတ်လည်း ဟုတ်၏ဟု ယောဇနာကြကုန်၏။ ထိုသို့ ယောဇနာခြင်းသည် မသင့်ချေ၊ မှန်လှပေ၏၊ ဈာန်သည် စိတ်မဟုတ်၊ စိတ်သည် ဈာန်မဟုတ်၊ ဈာန်တစ်ခြား စိတ်တစ်ခြား ပေတည်း ဟု သိပါလေ။

၆ရ။ ဋီကာကျော် (နှာ- ၁၀၁)၌ကား-
ဈာန်အင်္ဂါတို့၏ အစွမ်းဖြင့် ပထမဈာန်နှင့် တူသောကြောင့် ပထမဈာန်လည်း မည်၏။

ဟု ဆိုသော ထိုစကားသည်လည်း မသင့်ပေ၊ မှန်လှပေ၏၊ အင်္ဂါငါးပါး ရှိသည့် လောကုတ္တရာဈာန် သည် ပထမဈာန်နှင့်တူသော အနက်ကြောင့် ပထမဈာန်အမည်ကိုရ၏ဟု ဆိုခြင်းငှါ မတတ်ကောင်း ချေ၊ မှန်လှပေ၏၊ ထိုပထမဈာန်သည် မိမိအလိုလို မိမိ၏ပဉ္စင်္ဂိက အဖြစ်ဖြင့်သာလျှင် မုချဆတ်ဆတ် အားဖြင့် ဈာန်မည်၏ဟု သိပါလေ။

မှန်လှပေ၏၊ ဤဈာန် မည်သည်ကား လောကီဈာန်သည်မူလည်း ဖြစ်စေ လောကုတ္တရာဈာန် သည်မူလည်း ဖြစ်စေ အင်္ဂါငါးပါးရှိသော ဈာန်သည် မိမိအလိုလို ပထမဈာန်ဟူသော အမည်သည် ပြီး၏၊ ဈာန်အင်္ဂါလေးပါး သုံးပါး နှစ်ပါး တစ်ဖန် နှစ်ပါးရှိသော ဈာန်သည် မိမိအလိုလိုသာလျှင် ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန် ပဉ္စမဈာန်ဟူသောအမည် ပြီး၏ဟု သိပါလေ။

တစ်နည်း- လောကုတ္တရာ၌ ဒုတိယအစရှိသော အဖြစ်၏ ဥပ္ပတ္တိက္ကမ၏ အစွမ်းအားဖြင့် မပြီးသည်၏ အဖြစ်ကြောင့် ဤသို့ ဈာန်အင်္ဂါ၏ အစွမ်းအားဖြင့် ပထမဈာန်နှင့် တူသည်၏အဖြစ်ကြောင့်ဟု ဆိုသည် မှတ်ပါလေ။

၆၈။ ထိုဋီကာကျော် (နှာ- ၁၀၁)၌ကား-
တူမျှသည်၏ အဖြစ်ကြောင့်သာလျှင် လောကုတ္တရာ၌ ထိုပဉ္စင်္ဂိက အစရှိသည်တို့၏ ဈာန်ဟူသော ဝေါဟာရ၏ ပြီးသည်၏ အဖြစ်ကို ပြခြင်းအကျိုးငှါ-

အကျယ်ချဲ့၍ ပြဦးအံ့၊ ပါဒကဈာန် သမ္မသိတဈာန် ပုဂ္ဂိုလ်တို့၏ အလိုတို့တွင်လည်း တစ်ပါးပါး၏ အစွမ်းဖြင့် ထိုထို ဈာန်နှင့် တူသည်၏ အဖြစ်ကြောင့် ဝိတက်စသော ဈာန်အင်္ဂါ ထင်ရှားဖြစ်သဖြင့် လေးပါးလည်း ဖြစ်ကုန်သော မဂ်တို့သည် ပဌမဈာန်စသော အမည်ကို ရကြကုန်လျက် အသီးအသီး ငါးပါးအပြားအားဖြင့် ကွဲပြားကုန်၏။

ဟု ဆို၏၊ ထိုစကားသည်လည်း မသင့်သည်သာလျှင်တည်း၊ မှန်လှပေ၏၊ မဂ်တို့သည် ပထမဈာန် စသော အမည်ကို မရနိုင်ကြကုန်၊ မှန်လှစွာ၏၊ မဂ်သည် တစ်ခြားတစ်ပါးတည်း၊ ဈာန်သည် တစ်ခြား တစ်ပါးတည်းဟု သိအပ်၏။

ဆိုဖွယ်အထူးကား- ကပ်၍ ရှုတတ်သော အနက်ကြောင့်လည်းကောင်း၊ ဆန့်ကျင်ဘက်တရားတို့ကို လောင်ကျွမ်းစေတတ်သော အနက်ကြောင့် လည်းကောင်း ဈာန်မည်သည် အကယ်၍ ဖြစ်ငြားအံ့၊ ထိုအခါ၌ လောကုတ္တရာဈာန်တို့သည်သာလျှင် အလွန်အကဲအားဖြင့် ဈာန်မည်ကုန်ရာ၏၊ ဤမှ တစ်ပါးသော ရူပ အရူပဈာန်တို့သည် ဈာန်မည်ကုန်သည် မဖြစ်ရာ။

မှန်လှစွာ၏၊ ထိုရူပ အရူပဈာန်တို့သည် ကသိုဏ်းအစရှိသော နိမိတ်မျှကို ကပ်၍ ရှုကုန်၏၊ ဆန့်ကျင်ဘက် တရားတို့ကိုလည်း ဝိက္ခမ္ဘနမျှဖြင့် လောင်ကျွမ်း စေကုန်၏၊ လောကုတ္တရာဈာန် တို့သည်သာလျှင် အလွန်နက်နဲ အလွန်မြင်နိုင်ခဲသည့် နိဗ္ဗာန်ကို ကပ်၍ ရှုမြင်ကုန်၏၊ ဆန့်ကျင်ဘက် တရားတို့ကိုလည်း အမြစ်နှင့်တကွ အနုသယနှင့် တကွ အချင်းခပ်သိမ်း အကြွင်းမဲ့ ဖြတ်သည်၏ အစွမ်းအားဖြင့် လောင်ကျွမ်းစေကုန်၏ဟု သိပါလေ။

ဆက်၍ ဆိုဦးအံ့၊ ဤအရာ၌ အပ္ပနာဈာန်တို့၏ ပဉ္စင်္ဂိကအဖြစ် မည်သည်ကား ပြကတေ့အားဖြင့် သာလျှင် ပြီးသည် ဖြစ်သောကြောင့် ပဌမဈာန် ရှိကုန်သော မဂ်ဖိုလ်တို့၌ ပါဒကဈာန်စသော အကြောင်းထူးဖြင့် ပြုဖွယ်ကိစ္စ မရှိတော့ချေ၊ စတုရင်္ဂိက စသော အဖြစ်သည်ကား ထိုအကြောင်း အထူးနှင့် ကင်း၍ မပြီးနိုင်ချေ၊ မှန်လှစွာ၏၊ ထိုအကြောင်းထူး မရှိခဲ့သော် အလုံးစုံသော ဈာန်သည် လည်း အင်္ဂါငါးပါး ရှိသည်သာလျှင် ဖြစ်ပေလတ္တံ့ဟု သိပါလေ။

ထိုစကား၌ ဥပမာဆိုသော်ကား လောကီဈာန်တို့၌ အာဒိကမ္မိကအခါ၌ ဒုတိယစသော ထိုထိုဈာန်၏ ဥပစာဖြစ်၍ ဖြစ်သော ဘာဝနာသည် မိမိသည် ဝိတက်စသည်နှင့် ယှဉ်ငြားသော်လည်း ဝိတက် စသည်တို့၌ အပြစ်ကိုမြင်သော ဉာဏ်နှင့်လည်းကောင်း ‘‘ယခုအခါ၌ ဝိတက်ကင်းသည့် ဈာန်ကို ဖြစ်စေအံ့၊ ယခုအခါ၌ ဝိစာရကင်းသည့် ဈာန်ကို ဖြစ်စေအံ့’’- ဤသို့ စသည်ဖြင့် ဖြစ်သော အဇ္ဈာသယအထူးနှင့်လည်းကောင်း ယှဉ်သည်၏အဖြစ်ကြောင့် အချို့သော ဘာဝနာသည် ဝိတက်ကို ပျောက်ကင်းစေတတ်သော ဘာဝနာမည်၏၊ အချို့သော ဘာဝနာသည် ဝိစာရကို ပျောက်ကင်းစေ တတ်သော ဘာဝနာမည်၏၊

အချို့သော ဘာဝနာသည် ပီတိကို ပျောက်ကင်းစေတတ်သော ဘာဝနာ မည်၏၊ အချို့သော ဘာဝနာသည် သုခကို ပျောက်ကင်း စေတတ်သော ဘာဝနာ မည်၏၊ အချို့သော ဘာဝနာသည် ရုပ်ကို ပျောက်ကင်းစေတတ်သော ဘာဝနာမည်၏၊ အသညသတ်ဘုံ၌ ဖြစ်ကုန်သော ပုဂ္ဂိုလ်တို့အား သညာကို ပျောက်ကင်းစေတတ်သော ဘာဝနာ မည်၏။

ထိုဘာဝနာသည် မိမိ မိမိ၏ဈာန်ကို ဝိတက် ကင်းသည်ကို လည်းကောင်း၊ ဝိစာရ ကင်းသည်ကို လည်းကောင်း၊ ပီတိ ကင်းသည်ကိုလည်းကောင်း၊ ဥပေက္ခာနှင့်တကွ ဖြစ်သည်ကိုလည်းကောင်း ပြုခြင်းငှါ စွမ်းနိုင်၏၊ ဈာန်တို့၌ ဝသီဘော်ဖြစ်သော ကာလ၌ကား အပြစ်ကို မြင်သော ဉာဏ်နှင့် ကင်း၍ သက်သက် အဇ္ဈာသယမျှဖြင့် အလိုရှိသော ဈာန်ကို ဝင်စားသည်သာလျှင်တည်း။

ဤလောကီဈာန်နှင့် အလားတူ ဤလောကုတ္တရာဈာန်၌လည်း ထိုထိုမဂ်၏ ဥပစာဖြစ်သည့် ဝုဋ္ဌာနဂါမိနီဝိပဿနာဟု ဆိုအပ်သော ဘာဝနာသည် မိမိသည် ဝိတက်စသည်နှင့် ယှဉ်ပါသော်လည်း အထူးထူးသော သတ္တိနှင့် ယှဉ်၏၊ အချို့သော ဘာဝနာသည် ဝိတက်ကို ပျောက်ကင်းစေသော ဘာဝနာ မည်၏၊ အချို့သော ဘာဝနာသည် ဝိတက် ဝိစာရကို ပျောက်ကင်းစေသော ဘာဝနာ မည်၏၊ အချို့သော ဘာဝနာသည် ဝိတက် ဝိစာရ ပီတိကို ပျောက်ကင်း စေသော ဘာဝနာ မည်၏၊ အချို့သော ဘာဝနာသည် ဝိတက် ဝိစာရ ပီတိ သုခကို ပျောက်ကင်းစေတတ်သော ဘာဝနာ မည်၏။

ထိုဘာဝနာတို့တွင် ဝိတက်ကို ပျောက်ကင်းစေခြင်း၊ လွန်စေခြင်းငှါ စွမ်းနိုင်သည့် ဘာဝနာသည် ဝိတက္က ဝိရာဂ ဘာဝနာ မည်၏၊ ကြွင်းသော ဘာဝနာတို့၌လည်း ဤနည်းသာလျှင် နည်းရှိပေ၏ဟု သိပါလေ။

အဘယ်တရား၏ အစွမ်းကြောင့် ထိုဝိပဿနာသည် အထူးထူးသော သတ္တိနှင့် ယှဉ်သနည်း၊ ဤကား အမေးတည်း၊ အဖြေကို ဆိုပေအံ့-

(က) ပါဒကဈာန်၏ အစွမ်းကြောင့် ထိုဝိပဿနာသည် အထူးထူးသော သတ္တိနှင့် ယှဉ်၏၊ ဤသည်ကား တစ်ခုသော (တိပိဋကစူဠနာဂ)မထေရ်၏ အယူဝါဒတည်း။

(ခ) သမ္မသိတဈာန်၏ အစွမ်းကြောင့် ထို ဝိပဿနာသည် အထူးထူးသော သတ္တိနှင့် ယှဉ်၏၊ ဤသည်ကား တစ်ခုသော (မောရဝါပိဝါသီမဟာဒတ္ထ)မထေရ်၏ အယူဝါဒတည်း။

(ဂ) ပုဂ္ဂလဇ္ဈာသယ၏ အစွမ်းကြောင့် ထိုဝိပဿနာသည် အထူးထူးသော သတ္တိနှင့်ယှဉ်၏၊ ဤသည်ကား တစ်ခုသော (စူဠာဘယ)မထေရ်၏ အယူဝါဒ တည်း။

(က) ထိုထေရဝါဒ သုံးမျိုးတို့တွင် ထိုထိုဝိပဿနာ၏ ပါဒက အကျိုးငှါ အနီး၌ ဝင်စားအပ်သော ဈာန်သည် ပါဒကဈာန် မည်၏၊ ထိုပါဒကဈာန်သည် ပထမဈာန် အကယ်၍ ဖြစ်အံ့၊ ဝိပဿနာသည် ပြကတေ့အတိုင်းသာ ဖြစ်၏၊ အကယ်၍ ဒုတိယဈာန်ကို ဖြစ်စေအံ့၊ ဝိပဿနာသည် ဝိတက်ကို ပျောက်ကင်းစေတတ်သည့် သတ္တိနှင့် ယှဉ်ပေ၏၊ မဂ်၌ ဝိတက်ကင်းသည့် ဈာန်ကို မှတ်ခြင်းငှါ စွမ်းနိုင်၏၊ ကြွင်းကုန်သော ပါဒကဈာန် တို့၌လည်း ဤနည်းသာလျှင် နည်းရှိ၏၊ ဤသည်ကား ပါဒကဝါဒတည်း။

ပါဒကဈာန် ရှိခဲ့သော် ထိုပါဒကဈာန်နှင့် တူသည်သာလျှင် ဖြစ်သော မဂ်၌ ဈာန်သည် ဖြစ်၏၊ ပါဒကဈာန် မရှိခဲ့သော်ကား မဂ်၌ ပထမဈာန် သည်သာလျှင် ဖြစ်၏၊ သမ္မသိတဈာန်သည် လည်း ကောင်း၊ ပုဂ္ဂလဇ္ဈာသယ ဈာန်သည်လည်းကောင်း မဂ်၌ ဈာန်အင်္ဂါကို မှတ်ခြင်းငှါ မတတ်နိုင်ချေ၊ ဤသည်ကား ပါဒကဝါဒီဆရာ၏ အလို တည်းဟု သိပါလေ။

(ခ) ပါဒကဈာန် ရှိခဲ့သော် ထိုပါဒကဈာန်ကိုလည်းကောင်း၊ တစ်ပါးသော ဈာန်ကိုလည်းကောင်း အကြင် အကြင်ဈာန်ကို သုံးသပ်အပ်၏၊ ထို သုံးသပ်အပ်သော ဈာန်သည် ပထမဈာန် အကယ်၍ ဖြစ်ခဲ့အံ့၊ ဝိပဿနာသည် ပြကတေ့အတိုင်းသာလျှင် ဖြစ်၏၊ အကယ်၍ ဒုတိယဈာန် ဖြစ်ခဲ့အံ့၊ ဝိပဿနာသည် ဝိတက်ကို ကင်းစေသော သတ္တိနှင့် ယှဉ်ပေ၏၊ မဂ်၌ ဝိတက်ကင်းသော ဈာန်ကို မှတ်ခြင်းငှါ စွမ်းနိုင်၏၊ ကြွင်းသော သမ္မသိတဈာန်တို့၌လည်း ဤနည်းလျှင် နည်းရှိ၏၊ ဤကား သမ္မသိတဝါဒတည်း။

ဝိပဿနာ၏ အာရုံအဖြစ်ဖြင့် အတူတကွ ဖြစ်သောကြောင့် သမ္မသိတဈာန်သည်သာလျှင် ပါဒကဈာန် ထက်လည်းကောင်း၊ အဇ္ဈာသယဈာန်ထက်လည်းကောင်း အားကြီး၏၊ ဤကား သမ္မသိတဝါဒီ ဆရာ၏ အဓိပ္ပါယ်တည်းဟု သိပါလေ။

၆၉။ ဋီကာကျော် (နှာ- ၁၀၁)၌ကား-
ဝိပဿနာ၏ အခြေဖြစ်သော တစ်စုံတစ်ခုသော ဈာန်မရှိဟု ဤသမ္မသိတဝါဒ၌ ဆို၏။

ထိုအဆိုသည် အဋ္ဌကထာနှင့် မညီချေ။

(ဂ) ပါဒကဈာန် ရှိခဲ့သော် ထိုပါဒကဈာန်ကိုလည်းကောင်း၊ တစ်ပါးသော ဈာန်ကိုလည်းကောင်း မဂ်၌ အကြင်အကြင်ဈာန်ကို အလိုရှိ၏၊ ထိုထိုဈာန်သည် ပြည့်စုံ၏၊ ဝိပဿနာသည်လည်း အလိုအား လျော်စွာ ဝိတက်ကို ပျောက်ကင်း စေခြင်းစသော အဖြစ်သို့ ရောက်ပေ၏၊ ဤသည်ကား ပုဂ္ဂလဇ္ဈာသယဝါဒတည်း။

လောကီဈာန်တို့၌ အနီး၌ ထအပ်သော ဈာန်သည် အထက်ဈာန်၏ ဥပစာရဘာဝနာ၏ အထောက် အပံ့မျှသာ ဖြစ်၏၊ အထက်ဈာန်၌ ဈာန်ကို မိမိနှင့် တူသည်ကို ပြုခြင်းငှါ မစွမ်းနိုင်ချေ၊ အဇ္ဈာသယ သည်သာလျှင် အထက်ဈာန်၌ ဈာန်အင်္ဂါကို မှတ်နိုင်သကဲ့သို့ ဤအတူ ဤလောကုတ္တရာ၌လည်း ပါဒကဈာန်သည် ဝိပဿနာ၏ ထက်သည်၏ အဖြစ် သန့်ရှင်းသည်၏ အဖြစ် အကျိုးငှါ အားကြီး သော မှီရာဖြစ်၏၊ အဇ္ဈာသယသည်သာလျှင် ဝိပဿနာကို ဝိတက်ကင်းခြင်း စသည်၏ အဖြစ်သို့ ရောက်စေ၍ မဂ်၌ ဈာန်အင်္ဂါကို မှတ်၏၊ ဤကား ပုဂ္ဂလဇ္ဈာသယဝါဒီ ဆရာ၏ အလိုတည်းဟု သိပါလေ။

ဆက်၍ ဆိုဦးအံ့၊ ဤအရာ၌ ဝုဋ္ဌာနဂါမိနီဝိပဿနာသည်သာလျှင် မဂ်၌ ဈာန်အင်္ဂါကို မှတ်၏ဟူသော အကြင် မဟာအဋ္ဌကထာဝါဒသည် ရှိ၏၊ ထိုဝါဒ၌လည်း ပုဂ္ဂလဇ္ဈာသယအထူး၏ အစွမ်းဖြင့် ဝိတက်ကင်းခြင်း အစရှိသော သတ္တိအထူးနှင့် ယှဉ်သော ဝုဋ္ဌာနဂါမိနီ ဝိပဿနာမျိုး သည်သာတည်း ဟူသော အနက်ကို သိပါလေ။

ဆက်၍ ဆိုဦးအံ့၊ ဤအရာ၌ အဋ္ဌသာလိနီ အဋ္ဌကထာ၌ ဤ ထေရဝါဒသုံးမျိုးတို့၏ အချင်းချင်း မဆန့်ကျင်ခြင်းကို ဆိုအပ်သကဲ့သို့ ထင်ခဲ့၏၊ ထိုသို့ပင် ထင်ပါသော်လည်း ဤဝါဒတို့သည် အချင်းချင်း နှီးနှော၍ မဖြစ်နိုင်ကြကုန်၊ အသီး အသီး ခပ်သိမ်းသော လောကုတ္တရာ ဈာန်ကို အပြည့်အစုံပြု၍ ဖြစ်ကုန်သောကြောင့် ထိုဝါဒ သုံးမျိုးတို့၏ အချင်းချင်း ဆန့်ကျင်ခြင်းကို ရှောင်လွှဲခြင်းငှါ မတတ်ကောင်းချေဟု သိပါလေ။

ဆက်၍ ဆိုဦးအံ့၊ ဤအရာ၌ ဈာနလာဘီပုဂ္ဂိုလ်တို့၏ ဝိပဿနာအမှု၌ ပါဒကဈာန်ကို ဝင်စားခြင်း မည်သည်ကို မြတ်စွာဘုရားသည်သာလျှင် ကောင်းစွာစီရင်အပ်၏၊ မှန်လှပေ၏၊ မဟာသုညတသုတ် ၌ -

ချစ်သား အာနန္ဒာ - ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှကင်း၍သာလျှင် အကုသိုလ်တို့မှ ကင်း၍သာလျှင် ပဌမဈာန်ကို ကပ်ရောက်၍ နေ၏၊ ဒုတိယဈာန်ကို တတိယဈာန်ကို စတုတ္ထဈာန်ကို ကပ်ရောက်၍ နေ၏၊ (ပ) ထိုရဟန်းသည် မိမိကို စွဲ၍ဖြစ်သော ခန္ဓာငါးပါးတို့၌ သတ္တ ဇီဝတို့မှ ကင်း ဆိတ်သည်၏အဖြစ်ကို နှလုံးသွင်း ဆင်ခြင်၏၊ မိမိကိုစွဲ၍ ဖြစ်သော ခန္ဓာငါးပါးတို့၌ သတ္တ ဇီဝတို့မှ ကင်းဆိတ်သည်၏ အဖြစ်ကို နှလုံးသွင်းသော ထိုရဟန်း၏ စိတ်သည် မိမိကိုစွဲ၍ ဖြစ်သော ခန္ဓာငါးပါး ၌ မပြေးဝင်နိုင် မသက်ဝင်နိုင် (ပ)။

ချစ်သား အာနန္ဒာ - ထိုရဟန်းသည် ရှေ့ဖြစ်သော မိမိကိုယ်ကို စွဲ၍ ဖြစ်သည်သာလျှင် ဖြစ်သော ထိုပထဝီကသိုဏ်း စသော သမာဓိနိမိတ်၌သာလျှင် ပါဒကဈာန်စိတ်ကို ကောင်းစွာ တည်စေအပ်၏၊ ကောင်းစွာ ထိုင်စေအပ်၏၊ မြတ်သည်ဖြစ်၍ တည်ကြည်အောင် ပြုအပ်၏။ ကောင်းစွာ ထားအပ်၏။

ဤသို့ စသည်ကို ဟောတော်မူ၏၊ ထိုပါဠိတော်၌ ‘‘သတ္တ ဇီဝတို့မှ ကင်းဆိတ်သည်၏ အဖြစ်ကို နှလုံးသွင်း ဆင်ခြင်၏’’ ဟူသည်ကား ဝိပဿနာမှုကို ဆိုလိုသည်၊ ‘‘ရှေ့၌ဖြစ်သော ထိုပထဝီကသိုဏ်း စသော သမာဓိနိမိတ်၌သာလျှင်’’ဟူသည်ကား ပါဒကဈာန် သမာဓိနိမိတ်၌ဟု ဆိုလိုသည်။

နဝကနိပါတ်၌လည်း-

ချစ်သားတို့- ပထမဈာန်ကိုလည်း အမှီပြု၍ အာသဝတို့၏ ကုန်ခြင်းကို ငါဘုရား ဟောတော်မူ၏။ (ပ)
ချစ်သားတို့- နေဝသညာနာသညာယတနဈာန်ကိုလည်း အမှီပြု၍ အာသဝတို့၏ ကုန်ခြင်းကို ငါဘုရား ဟောတော်မူ၏။

ဟူ၍ ဟောတော်မူ၏။

ဤဝါဒသုံးမျိုးတို့တွင် ပုဂ္ဂလဇ္ဈာသယဝါဒသည် အားကြီးသကဲ့သို့ ထင်၏၊ မှန်လှစွာ၏၊ လောကီဈာန် တို့၌လည်း ပါဒကဈာန် အမည်ကို အလိုရှိအပ်သည် သာလျှင်တည်း၊ ထိုပါဒကဈာန်သည်လည်း အထက်ဈာန်၏ ဥပစာရဘာဝနာ၏ ထက်သည်၏အဖြစ် သန့်ရှင်းသည်၏အဖြစ် အကျိုးငှါသာလျှင် ဖြစ်၏၊ စင်စစ်သော်ကား အဇ္ဈာသယသည်သာလျှင် ဥပစာရဘာဝနာ၏ ဝိတက်ကင်းခြင်း စသည်၏ အဖြစ်ကို ပြီးစေ၏၊ ဥပစာရဘာဝနာသည်သာလျှင် အထက်ဈာန်၌ ဈာန်အင်္ဂါကို မှတ်၏၊ ဤအတူ ဤ၌လည်း ပါဒကဈာန်၏ အစွမ်းသတ္တိကြောင့် ထက်သည်၏ အဖြစ် သန့်ရှင်းသည်၏အဖြစ်သို့ ရောက်သော ဝုဋ္ဌာနဂါမိနီ ဝိပဿနာ သည်သာလျှင် အဇ္ဈာသယ အထူး၏ အစွမ်းကြောင့် ဝိတက် ကင်းစေခြင်း စသော သတ္တိအထူးနှင့် ယှဉ်သည်ဖြစ်၍ မဂ်၌ အထူးထူးသော ဈာန်တို့ကို ပြီးစေ၏။

အဇ္ဈာသယ အထူးမရှိခဲ့သော်ကား ထိုထိုပါဒကဈာန် အားလျော်စွာ အဇ္ဈာသယသာမညသည် ကောင်းစွာတည်၏၊ ထို့ကြောင့် အဇ္ဈာသယ အထူးမရှိခဲ့သော် ပါဒကဈာန်သည်သာလျှင် ပမာဏ ဖြစ်၏၊ ထို အဇ္ဈာသယ အထူးရှိခဲ့သော်ကား ထိုအဇ္ဈာသယ သည်သာလျှင် ပမာဏ ဖြစ်၏ဟု ဆိုသင့် ယူသင့်၏။

မှန်လှပေ၏၊ အလုံးစုံသော ဈာန်တို့၌ လေ့ကျက်ပြီးသည့် ဝသီဘော် ရှိသော ပုဂ္ဂိုလ်တို့အား မဂ်တို့၌ အလိုရှိအပ်သည့် ဈာန်ကို ဖြစ်စေခြင်းသည် အလိုရှိအပ် အလိုရှိအပ်သော လောကီဈာန်ကို ဝင်စားခြင်းနှင့် တူ၏ဟု သိပါလေ။

အဖို့တစ်ပါးကို ဆိုဦးအံ့၊ ဤအရာ၌ ပါဒကဈာန် စသည်တို့၏ အစွမ်းအားဖြင့်ဖြစ်သော အလုံးစုံသော ထူးမှုသည် ဝိပဿနာ အထူးဖြစ်ခြင်း အကျိုးငှါသာလျှင် ဖြစ်၏၊ ဝိပဿနာအထူးသည်သာလျှင် မဂ်၌ ဈာန်ကို မှတ်၏၊ ထို့ကြောင့် အဋ္ဌသာလိနီ၌လည်းကောင်း ဝိသုဒ္ဓိမဂ်၌ လည်းကောင်း ဝိပဿနာကို သာလျှင် ပမာဏကိုပြု၍ ဆို၏။

အလုံးစုံသော ထိုအထူးသည်လည်း ပါဒကဈာန်နှင့် ကင်း၍ မပြီးနိုင်ချေ၊ ထိုသို့သော နှလုံးသွင်းခြင်း ကိုပြု၍ မဂ္ဂဝိဘင်္ဂ မဂ္ဂသံယုတ္တဋ္ဌကထာတို့၌ ပါဒကဈာန်ကိုသာလျှင် ပမာဏပြု၍ မိန့်ဆိုအပ်၏ဟု သိပါလေ။

အကြင့်ကြောင့်ကား ပါဠိတော်၌-

သူကြွယ် - ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်း၍ သာလျှင် (ပ) ပထမဈာန်ကို ကပ်ရောက်၍ နေ၏၊ ထိုရဟန်းသည် ဤသို့ ရှုမှတ်ဆင်ခြင်၏၊ စင်စစ်သော်ကား ဤပထမဈာန် သည်လည်း အလွန်ပြုပြင်အပ်၏၊ အလွန် စေ့ဆော်အပ်၏၊ အလွန်ပြုပြင်အပ် စေ့ဆော်အပ်သော တစ်စုံတစ်ခုသော အကြင်ပဌမဈာန်သည် ရှိ၏၊ ထိုပဌမဈာန်သည် မမြဲချေ၊ ထိုပဌမဈာန်သည် ချုပ်ဆုံးခြင်းသဘော ရှိ၏ဟု ပိုင်းခြား၍ သိ၏၊ ထိုရဟန်းသည် ထိုပဌမဈာန်၌ တည်လျက် အာသဝေါတရားတို့၏ ကုန်ခြင်းသို့ ရောက်၏ (ပ)ဒုတိယဈာန်ကို၊ တတိယဈာန်ကို၊ စတုတ္ထဈာန်ကို မေတ္တာဟူသော စေတောဝိမုတ္တိကို၊ ကရုဏာဟူသော စေတောဝိမုတ္တိကို၊ မုဒိတာဟူသော စေတောဝိမုတ္တိကို၊ ဥပေက္ခာဟူသော စေတောဝိမုတ္တိကို အာကာသာနဉ္စာယတနဈာန်ကို (ပ) အာကိဉ္စညာယတနဈာန်ကို ကပ်ရောက်၍ နေ၏၊ ထိုရဟန်းသည် ဤသို့ ရှုမှတ်ဆင်ခြင်၏၊ ဤ အာကိဉ္စညာယတနဈာန်သည်လည်း အလွန်ပြုပြင်အပ်၏၊ အလွန် စေ့ဆော်အပ်၏၊ အလွန်ပြုပြင် အပ် စေ့ဆော်အပ်သော တစ်စုံတစ်ခုသော အကြင် အာကိဉ္စညာယတနဈာန်သည် ရှိ၏၊ ထိုဈာန်သည် မမြဲချေ၊ ထိုဈာန်သည် ချုပ်ဆုံးခြင်း သဘောရှိ၏ဟု ပိုင်းခြား၍ သိ၏၊ ထိုရဟန်းသည် ထို အာကိဉ္စညာယတနဈာန်၌ တည်၍ အာသဝေါတရားတို့၏ ကုန်ခြင်းသို့ ရောက်၏။

ဤသို့ ဧကာဒသကနိပါတ်၌ ဟောတော်မူ၏။

ချစ်သား အာနန္ဒာ- ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်း၍သာလျှင် အကုသိုလ်တရား တို့မှ ကင်း၍သာလျှင် ဝိတက် ဝိစာရနှင့်တကွဖြစ်သော နီဝရဏတို့မှ ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော ဖရဏာပီတိ စေတသိကသုခ ရှိသော ပထမဈာန်ကို ကပ်ရောက်၍ နေ၏။

ဤသို့ စသည်ဖြင့် အနုပဒသုတ်မဟာသုညတသုတ်တို့၌ လည်းကောင်း-

ထိုရဟန်းသည် ထိုပထမဈာန် သမာပတ်အတွင်း၌ အကြင် ရုပ်တရား ဝေဒနာတရား သညာတရား သင်္ခါရတရား ဝိညာဏ်တရားသည် ဖြစ်၏၊ ထိုခန္ဓာငါးပါး တရားတို့ကို မမြဲသောအားဖြင့် ဆင်းရဲသော အားဖြင့် (ပ) အတ္တ မဟုတ်သော အားဖြင့် ရှုမြင် ဆင်ခြင်၏၊ ထိုရဟန်းသည် ထို ဝိပဿနာ၌ တည်လျက် အာသဝတို့၏ ကုန်ခြင်းသို့ ရောက်၏၊ အာသဝတို့၏ ကုန်ခြင်းသို့ အကယ်၍ မရောက် သည်ဖြစ်အံ့၊ ထိုသမထ ဝိပဿနာတရား၌ တပ်မက်သည့် ဆန္ဒရာဂ ဖြင့်သာလျှင် ထိုသမထ ဝိပဿနာတရား၌ နှစ်သက် ခြင်းဖြင့်သာလျှင် အောက်အဖို့ဟုဆိုအပ်သော ကာမဘုံ၌ ဖြစ်စေတတ် ကုန်သော သံယောဇဉ်ငါးမျိုးတို့၏ ကုန်ခြင်းကြောင့် သုဒ္ဓါဝါသဘုံ၌ ပဋိသန္ဓေနေရ၏၊ ထို သုဒ္ဓါဝါသ ဘုံ၌ ပရိနိဗ္ဗာန် ပြုရ၏၊ ထို သုဒ္ဓါဝါသဘုံမှ အောက်သို့ တစ်ဖန် ပြန်မလည်ခြင်းသဘော ရှိ၏။

ဤသို့ စသည်ဖြင့် မဟာမာလုကျပုတ္တသုတ်၌လည်းကောင်း၊ များစွာကုန်သော သုတ္တန်ပါဠိတော် တို့၌လည်းကောင်း သမာပတ် ရှစ်ပါးတို့တွင် တစ်ပါးပါးသော သမာပတ်မှထ၍ ထအပ်ပြီးသော သမာပတ်၌ရှိသော တရားတို့ကို သုံးသပ်ခြင်း သည်သာလျှင် လာ၏။ (ထအပ်သော သမာပတ်မှ) တစ်ပါးသော ဈာန်ကို သုံးသပ်ခြင်း မလာ မရှိချေ။

ထို့ကြောင့် ယောဂီပုဂ္ဂိုလ်၏ အလိုအတိုင်း၏ အစွမ်းဖြင့် ပါဒကဈာန်မှ တစ်ပါးသောဈာန်ကို သုံးသပ်ခြင်း ရှိငြားသော်လည်း ပါဒကဈာန်သည်သာလျှင် ပမာဏတည်းဟု သိခြင်းငှါ တတ်ကောင်း၏ဟု သိပါလေ၊ ဤမျှတည်းသော စကားအစဉ်ဖြင့် သမ္မသိတဝါဒသည် အလုံးစုံတို့ အောက် အားနည်း၏ဟူသော အဓိပ္ပါယ်ပြီး၏ဟု သိပါလေ။

အကြင်ပုဂ္ဂိုလ်တို့သည်ကား သမာပတ်ရှစ်ပါးကို ရကုန်ငြားသော်လည်း ဈာန်ကို ပါဒကမပြုမူ၍ သာလျှင် မဂ်ကို ဖြစ်စေကြကုန်၏၊ ပထမဈာန်ကိုသာလျှင် ပါဒကပြု၍ အဇ္ဈာသယအထူး မပြုမူ၍ မဂ်ကို ဖြစ်စေကြကုန်၏၊ ပထမဈာန်မျှကို ရကုန်သည်ဖြစ်၍လည်း ထိုပထမဈာန်ကိုသာလျှင် ပါဒကပြု၍ မဂ်ကို ဖြစ်စေကြကုန်၏၊ အကြင်ပုဂ္ဂိုလ်တို့သည်လည်း သုက္ခဝိပဿက ပုဂ္ဂိုလ်တို့ ဖြစ်ကြ၍ မဂ်ကို ဖြစ်စေကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့အား ပထမဈာန်ရှိသည်သာလျှင် ဖြစ်သော မဂ်ဖြစ်၏ ဟု သိအပ်၏။

ဆိုဖွယ်အထူးကား - အကြင်ပုဂ္ဂိုလ်တို့သည် ပြကတေ့ကပင်လျှင် သမာပတ်ရှစ်ပါးတို့၌ လေ့ကျက် အပ်ပြီးသော ဝသီဘော် ရှိကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် အနီးဖြစ်သော ပါဒကဈာန်နှင့်ကင်း၍ အကြင်အကြင် ဈာန်ကို အလိုရှိကြကုန်၏၊ ထိုထိုဈာန်သည် ထိုပုဂ္ဂိုလ်တို့၏ မဂ်တို့၌ မပြည့်စုံဟု မဆိုထိုက်ချေ။

ရဝ။ ဋီကာကျော် (နှာ- ၁၀၂)၌ကား-
ယောဂီပုဂ္ဂိုလ်အား ထိုသို့သဘောရှိသော အလိုသည် အကယ်၍ မရှိအံ့၊ အောက်အောက်ဈာန်မှထ၍ အထက်အထက်ဈာန် တရားတို့ကို သုံးသပ်၍ ဖြစ်စေအပ်သော မဂ်သည် ပါဒကဈာန်ကို မငဲ့မူ၍ သုံးသပ်အပ်သော ဈာန်နှင့်တူ၏။

ဟု ဆိုအပ်သော အဆိုကို ဆင်ခြင်အပ်၏၊ မှန်လှပေ၏၊ အာရုံမျှ ဖြစ်၍ ဖြစ်သော သမ္မသိတဈာန်သည် အထက်ဈာန် ဖြစ်ငြားသော်လည်း အနီး၌ ထအပ်သော ဈာန်ထက် အားကြီးသည် ဖြစ်ခြင်းငှါ မထိုက်ချေ၊ အဘယ့်ကြောင့်နည်း ဟူမူကား- အနီး၌ ထအပ်သော ဈာန်၏သာလျှင် စိတ်အစဉ်ကို အထူးပြုခြင်းငှါ စွမ်းနိုင်သည်၏ အဖြစ်ကြောင့်ပေတည်း။

ချဲ့၍ ဆိုပေဦးအံ့၊ ထို့ကြောင့်သာလျှင် ထိုသမ္မသိတဝါဒကို အလုံးစုံသော အဋ္ဌကထာတို့၌ ကေစိဝါဒ အဖို့၌သာလျှင် ထားအပ်၏ဟု သိပါလေ။

ပုဂ္ဂလဇ္ဈာသယဝါဒကိုလည်း ထို့အတူ ထားအပ်သည်သာလျှင် မဟုတ်ပါလော၊ ဤကား စောဒနာ စကားတည်း၊ ထားသည်ကား မှန်ပေ၏၊ ထိုသို့ပင် မှန်ငြားသော်လည်း ထိုပုဂ္ဂလဇ္ဈာသယဝါဒသည် လောကီဈာန်တို့၏ ဖြစ်ပုံ အစီအရင်နှင့်တကွ နှီးနှောသည်၏ အဖြစ်ကြောင့် အတိုင်းထက်အလွန် သင့်မြတ်သည်သာလျှင် ဖြစ်၏၊ ဤကား သောဓနာစကားတည်း။

ရ၁။ဤစကားဖြင့် ထိုဋီကာကျော် (နှာ- ၁၀၂)၌-
အထက်အထက်ဖြစ်သော ဈာန်မှထ၍ အောက်အောက်ဖြစ်သော ဈာန်တရားတို့ကို သုံးသပ်၍ ဖြစ်စေအပ်သော မဂ်သည် သုံးသပ်အပ်သော ဈာန်ကို မငဲ့မူ၍ ပါဒကဈာန်နှင့် တူစွာဖြစ်၏၊ အဘယ့်ကြောင့်ဆိုသော် အောက်အောက်ဖြစ်သော ဈာန်ထက် အထက်အထက် ဖြစ်သောဈာန်သည် အားအလွန်ကြီးသောကြောင့်ပေတည်း။

ဟု ဆိုသော အဆိုကိုလည်း ပယ်အပ်ပြီး ဖြစ်ပေတော့၏၊ မှန်လှပေ၏၊ ပါဒကဈာန်သည် အထက် ဖြစ်၍ ဖြစ်သောကြောင့်သာလျှင် အားကြီးသည် မဟုတ်ချေ၊ စင်စစ်သော်ကား ပါဒကဖြစ်သော ကြောင့်သာလျှင် အားကြီး၏ဟု သိပါလေ။

ရ၂။ ထိုဋီကာကျော် (နှာ- ၁၀၂)၌-
မဂ်၌ ဝေဒနာကိုမှတ်ခြင်း မည်သည်ကား ပါဒကဈာန် စသည် တို့၏အစွမ်းဖြင့် မပြီး၊ တစ်ပါးသော အပြားဟု ဆိုအပ်သော အနက်အဓိပ္ပါယ်ကို ယူအပ်သည်ရှိသော် ဝိပဿနာသည် တစ်စုံတစ်ခုသော ဝေဒနာနှင့် ယှဉ်သည်ဖြစ်၍ ထို ပါဒကဈာန် စသည်တို့ဖြင့် သတ်မှတ်အပ်သော တစ်ပါးပါးသော မဂ်ဝေဒနာ နှင့်တကွ စပ်ရာ၏ ဟူသော ဤအဓိပ္ပါယ်အားဖြင့်-

‘‘လောကုတ္တရာစိတ် ဝေဒနာဖြစ်ပုံကို ဆိုဦးအံ့၊ ဝေဒနာ မှတ်ခြင်းသည်ကား အလုံးစုံသော မဂ်တို့ ၌လည်း ဝုဋ္ဌာနဂါမိနီ ဝိပဿနာ အရ မှတ်ပြခြင်းဖြင့် ဖြစ်၏။’’

ဟူ မိန့်ဆို၏၊ ထိုအဆိုသည်လည်း မသင့်ချေ၊ အဘယ့်ကြောင့်နည်း ဟူမူကား- ပါဒကဈာန် စသည် တို့၏ အစွမ်းဖြင့်သာလျှင် ဝိပဿနာနှင့် တကွ ဝေဒနာမှတ်ခြင်း ပြီးသည်၏ အဖြစ်ကြောင့်ပေတည်း။

ထိုစကားကို ချဲ့၍ ဆိုဦးအံ့၊ ထိုထိုပါဒကဈာန်မှ ထ၍ ဝိပဿနာ ရှုသော ယောဂီပုဂ္ဂိုလ်၏ ဝိပဿနာ သည် အစ၌ ရံခါ သောမနဿနှင့် တကွ ဖြစ်သည်လည်း ရှိ၏၊ ရံခါ ဥပေက္ခာနှင့်တကွ ဖြစ်သည် လည်း ရှိ၏၊ မဂ်ထသော ကာလ၌ကား ပါဒကဈာန်သည် သောမနဿဈာန် အကယ်၍ ဖြစ်ငြားအံ့၊ ဝိပဿနာသည် စင်စစ်အားဖြင့် သောမနဿသဟဂုတ်သာဖြစ်၍ မဂ်နှင့်တကွ စပ်၏၊ ဥပေက္ခာဈာန် အကယ်၍ ဖြစ်ခဲ့ငြားအံ့၊ ဥပေက္ခာသဟဂုတ်သာ ဖြစ်၍ မဂ်နှင့်တကွ စပ်၍ ဖြစ်၏။

မှန်လှစွာ၏။ သဠာယတနဝိဘင်္ဂသုတ်၌-

ရဟန်းတို့ - ထိုသုံးဆယ့်ခြောက်ပါးသော သတ္တပဒတို့တွင် ခြောက်ပါးကုန်သော နိစ္စသညာ စသည် တို့မှ ထွက်မြောက်သော ဝိပဿနာကို မှီကုန်သော အကြင်ဥပေက္ခာတို့သည် ရှိကုန်၏၊ ထို ဥပေက္ခာတို့ကို မှီကုန်၍ ထိုဥပေက္ခာတို့ကို စွဲကုန်၍ နိစ္စသညာ စသည်တို့မှ ထွက်မြောက်သော ဝိပဿနာကို မှီကုန်သော အကြင် သောမနဿတို့သည် ရှိကုန်၏၊ ထိုသောမနဿတို့ကို ပယ်ကြ ကုန်လော့၊ ထို သောမနဿတို့ကို လွန်မြောက်ကြကုန်လော့၊ ဤသို့ နေက္ခမ္မ နိဿိတတို့၏ ဖြစ်ပေါ်ခြင်းဖြင့် ထိုဂေဟဿိတတို့ကို ပယ်ခြင်းသည် ဖြစ်၏၊ ဤသို့ နေက္ခမ္မနိဿိတတို့၏ ဖြစ် ပေါ်ခြင်းဖြင့် ထိုဂေဟဿိတတို့ကို လွန်မြောက်ခြင်းသည် ဖြစ်၏။

ဟူသော ဤသို့သော စကားတော်ကို ဟောတော်မူအပ်၏။

အဋ္ဌကထာ၌လည်း-

သမာပတ်ရှစ်ပါးတို့တွင် သုံးပါးကုန်သော ပဌမဈာန် စသည်တို့ကိုလည်းကောင်း သက်သက်သော သင်္ခါရတရားတို့ကို လည်းကောင်း အခြေခံပြု၍ ဝိပဿနာ အားထုတ်ကုန်သော ရဟန်း လေးပါးတို့၏ ရှေ့အဖို့ဖြစ်သော ဝိပဿနာသည် သောမနဿသဟဂုတ်သော်လည်း ဖြစ်၏၊ ဥပေက္ခာသဟဂုတ် သော်လည်း ဖြစ်၏၊ ဝုဋ္ဌာနဂါမိနီသည်ကား သောမနဿသဟဂုတ်သာလျှင် ဖြစ်၏။

- စတုတ္ထဈာန် စသည်တို့ကို အခြေခံပြု၍ ဝိပဿနာ အားထုတ်ကုန်သော ရဟန်းငါးပါးတို့အား ရှေ့ အဖို့ဖြစ်သော ဝိပဿနာသည် ရှေ့နှင့်တူသည်သာတည်း၊ ဝုဋ္ဌာနဂါမိနီသည်ကား ဥပေက္ခာသဟဂုတ် ဖြစ်၏၊ ဤသည်ကိုရည်၍ ‘‘ယာနိ ဆ နေက္ခမ္မနိဿိတာနိ (ပ) ပဇဟထ’’ဟု မိန့်တော်မူ၏။

အဇ္ဈာသယအထူးနှင့်တကွ မဂ်မှထရာ၌လည်း ဤနည်းလျှင် နည်းရှိ၏၊ မှန်လှပေ၏၊ အားကြီးသော ဝိပဿနာကာလ၌ ဝိပဿနာရတိ မည်သည် ကောင်းစွာ အလွန်မွန်မြတ်လှပေ၏၊ တစ်ကိုယ်လုံးကို ပျံ့နှံ့လျက် လွှမ်းမိုးလျက် ဖြစ်၏။

ဘုရားရှင် အဘယ်ကဲ့သို့ ဟောတော်မူသနည်း ဟူမူကား-

ဆိတ်ငြိမ်ရာအရပ်၌ ဝင်နေသော ငြိမ်သက်သော စိတ်ရှိသည့် ရဟန်းအား ကောင်းစွာတရားကို အထူးသဖြင့် မြင်ခြင်းကြောင့် လူသာမန်တို့၌ ဖြစ်လေ့မရှိသော မွေ့လျော်ခြင်း ဖြစ်ရ၏။

ဟု ဟောတော်မူ၏။

ထို့ကြောင့် ထိုအခါ၌ ပါဒကဈာန် အထူးသည်လည်းကောင်း အဇ္ဈာသယအထူးသည် လည်းကောင်း ကင်းစေကာမူ ဝုဋ္ဌာနဂါမိနီ ဝိပဿနာသည် ဥပေက္ခာသဟဂုတ်သည် မဖြစ်ချေ၊ စင်စစ်အားဖြင့် သောမနဿသဟဂုတ်သည်သာ ဖြစ်၏ဟု သိပါလေ။

ဤအရာ၌ကား အလုံးစုံသော ဈာန်တို့၌ လေ့လာအပ်ပြီးသော ဝသီဘော်ရှိသော ပုဂ္ဂိုလ်အား အမှတ် မရှိသည့် တစ်ခုသော ဈာန်ကို အခြေခံပြု၍ ထိုဈာန်ကိုလည်းကောင်း တစ်ပါးသော ဈာန်ကို လည်းကောင်း မဂ်၌ အကြင် အကြင်ဈာန်ကို အလိုရှိ၏၊ မဂ်ထသည့် ကာလ၌ အဇ္ဈာသယ၏ အစွမ်းဖြင့် ထိုထိုဈာန်အားလျော်စွာ ဝိပဿနာ၌လည်းကောင်း မဂ်၌လည်းကောင်း ဝေဒနာ ညွတ်ခြင်းကို သိအပ်၏၊ ဝေဒနာနိယာမ မည်သည်ကို အသီးအခြား ဆိုဖွယ်မရှိဟု မှတ်ပါလေ။

သင်္ဂဟဂါထာ အဖွင့်

သင်္ဂဟဂါထာ၌ - ‘‘ရှစ်ပါးအပြားရှိသော လောကုတ္တရာစိတ်ကို ဈာန်အင်္ဂါနှင့်ယှဉ်သော အပြားအားဖြင့် တစ်ခုတစ်ခုကို ငါးပါး အပြား ရှိသည်ကိုပြု၍ လေးဆယ်အပြား ရှိ၏ဟူ၍လည်း ဆိုအပ်၏’’။ ဤသည်ကား ယောဇနာခြင်းတည်း။

ယခုအခါ၌ အလုံးစုံကုန်သော မဟဂ္ဂုတ် လောကုတ္တရာစိတ်တို့ကို ငါးပါးအပြားရှိသည့် ဈာန်အဖို့အစု၌ ပေါင်းရုံး၍ ပြခြင်းငှါ ‘‘ယထာ စ ရူပါဝစရံ’’ အစရှိသော စကားကို မိန့်တော်မူ၏။

‘‘ရူပါဝစရစိတ်ကို ပထမဈာန် စသော ဈာန်အပြား၌ ယူအပ်၏၊ ဈာန်အပြားဖြင့် ပြီးသော ပထမ ဈာန်နှင့် ယှဉ်သည့်စိတ်စသည် အပြား ရှိသော ငါးပါးအပြားရှိသည့် စိတ်အပြား၌ ရေတွက်အပ် သကဲ့သို့ ထို့အတူ လောကုတ္တရာစိတ်ကိုလည်း ပဌမဈာန်စသော အပြား၌ ရေတွက်အပ်၏၊ အရူပ စိတ်ကိုလည်း ဥပေက္ခာ ဧကဂ္ဂတာဟု ဆိုအပ်သော ပဉ္စမဈာန်နှင့် ယှဉ်သည်၏အဖြစ်ကြောင့် ပဉ္စမ ဈာန်၌ / ပဉ္စမ ဈာန်နှင့်ယှဉ်သော စိတ်အပြား၌ ရေတွက်အပ်၏။’’

‘‘ထို့ကြောင့် တစ်ခုတစ်ခုသော ပဌမဈာန် စသော / ပဌမဈာန်နှင့် ယှဉ်သည့်စိတ် အစရှိသော ဈာန်သည် / ဈာန်စိတ်သည် တစ်ဆယ့် တစ်ပါးအပြားရှိသည် ဖြစ်၏၊ အဆုံးဖြစ်သည့် ပဉ္စမဈာန်နှင့် ယှဉ်သော စိတ်အပြား၌ ဈာန်စိတ်သည် နှစ်ဆယ့်သုံးပါး အပြားရှိသည် ဖြစ်ပေ၏’’ ဤသည်ကား ယောဇနာခြင်းပေတည်း။

ဆက်၍ ဆိုပေဦးအံ့၊ ဤဂါထာ၌ ဈာန သဒ္ဒါဖြင့် ထိုဈာန်နှင့် ယှဉ်သည့် စိတ်ကိုသာလျှင် ဆိုအပ်၏၊ မှန်လှပေ၏၊ ဈာန်သည် တစ်ဆယ့်တစ်ပါး အပြားရှိသည်လည်းကောင်း နှစ်ဆယ့်သုံးပါး အပြား ရှိသည်လည်းကောင်း မဖြစ်နိုင်ပေ၊ ဤသို့ သိအပ် သိထိုက်၏။

ရ၃။ ဋီကာကျော် (နှာ- ၁၀၂)၌ကား-
‘‘ရူပါဝစရစိတ်ကို ပထမဈာန် ဤသို့ အစရှိသည်ဖြင့် ဆိုအပ်သကဲ့သို့ ဟူ၍ လည်းကောင်း၊ အရူပါဝစရစိတ်ကိုလည်း ပဉ္စမဈာန် ဟူသောအမည်ကို ရ၏’’ ဟူ၍လည်းကောင်း ဆိုအပ်၏။

ထိုအဆိုသည် မသင့်ချေ၊ မှန်လှပေ၏၊ စိတ်သည် ပဌမဈာန် မဟုတ်ချေ၊ ပဌမဈာန်ဟူသော ခေါ်ဝေါ် ခြင်းကို မရနိုင်ချေဟု သိပါလေ။

ရ၄။ ဤဂါထာ၌ တစ်ပါးလည်းဖြစ်သော အကြင် ယောဇနာခြင်းကိုလည်း (ဋီကာကျော်) ၌ ဆိုအပ်၏။

ထိုယောဇနာခြင်းသည်လည်း မသင့်သည်သာလျှင်တည်း။

အဘယ့်ကြောင့်နည်းဟူမူ ‘‘တထာ’’သဒ္ဒါကို ‘‘ပထမာဒိဇ္ဈာနဘေဒေ’’ ဟူသော ပုဒ်၏ရှေ့၌ ရွတ်အပ် သည်၏ အဖြစ်ကြောင့်ပေတည်းဟု သိပါလေ။

ဤသို့ အကြင် အခြင်းအရာအားဖြင့် ဝေဖန်သင့် ဝေဖန်ထိုက်သည့် တစ်စိတ်တစ်ဒေသကို ဝေဖန် လိုက်သည်ရှိသော် အလုံးစုံသော ရှစ်ဆယ့်ကိုးပါး အပြားရှိသည့် စိတ်ကို တစ်ရာ့နှစ်ဆယ့်တစ်ပါး အပြားရှိသည်ကို ပြု၍ ဝေဖန်အပ်သည် မည်၏။

ထိုအခြင်းအရာအားဖြင့် ဝေဖန်ပြီး၍ ယခုအခါ၌ ထို ဝေဖန်အပ်ပြီးသော စိတ်တို့၏ သင်္ဂဟကို ပြတော်မူလိုသည်ဖြစ်၍ ‘‘သတ္တတိံသဝိဓံ ပုညံ’’ဟူသော အဆုံးဂါထာကို မိန့်သတည်း။

ကုသိုလ်နှင့်ဝိပါက်အကျယ် သင်္ဂဟဂါထာအဖွင့်

‘‘ကုသိုလ်စိတ်သည် သုံးဆယ့်ခုနစ်ပါး အပြားရှိ၏၊ ထိုမှ တစ်ပါး ဝိပါက်စိတ်သည် ငါးဆယ့်နှစ်ပါး အပြားရှိ၏၊ ဤသို့ ရှစ်ဆယ့် ကိုးပါး အပြားရှိကုန်သော စိတ်တို့ကို တစ်ရာ့နှစ်ဆယ့်တစ်ပါး အပြား ရှိသည်ကို ပြု၍ ပညာရှိတို့သည် ဆိုကြ ဝေဖန်ကြကုန်၏။’’ ဤသို့ ဆိုလိုရင်း ဖြစ်၏ဟု သိပါလေ။

ဤသည်လျှင် ‘ပရမတ္ထဒီပနီ’ အမည်ရှိသော အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်း၏
လေးခုမြောက်အဖွင့်၌ စိတ္တသင်္ဂဟ၏ မြတ်သောအနက်ကို ပြရာပြကြောင်း
ဖြစ်သော စကားသည် ပြီးဆုံးပေပြီ။

ပရမတ္ထဒီပနီ မြန်မာပြန် စိတ်ပိုင်း ပြီးပြီ

……..

ပရမတ္ထဒီပနီ ခေါ် သင်္ဂြိုဟ်မဟာဋီကာသစ် မြန်မာပြန်

စေတသိက်ပိုင်း - သမ္ပယောဂလက္ခဏာလေးပါး အဖွင့်

ဤသို့ စိတ္တသင်္ဂဟကို ပြတော်မူပြီး၍ ယခုအခါ၌ အစဉ်ရောက်လာသော စေတသိကသင်္ဂဟကို ပြတော်မူလိုသည်ဖြစ်၍ သမ္ပယောဂ လက္ခဏာတို့နှင့်တကွ ဝစနတ္ထကိုလည်းကောင်း သရူပတ္ထကို လည်းကောင်း ပြတော်မူခြင်းငှါ ‘‘ဧကုပ္ပါဒ နိရောဓာ စ’’ စသော အစဂါထာကို မိန့်ဆိုတော်မူသတည်း။

ထိုစကား၌-

(က) ‘‘ဧကုပ္ပါဒနိရောဓာ စ၊ ဧကာလ န ၀တ္ထုကာ’’ ဟူသော ပုဒ်သည် သမ္ပယောဂလက္ခဏာ လေးပါး ကို ပြသော ပုဒ်တည်း။

(ခ) ‘‘စေတောယုတ္တာ’’ ဟူသော ပုဒ်သည် ဝစနတ္ထကို ပြသော ပုဒ်တည်း။
အဘယ့်ကြောင့်နည်း ဟူမူကား- (စေတသိ ယုတ္တာ = စေတသိကာ) စိတ်၌ ယှဉ်မှီတတ်သောကြောင့် စေတသိက်မည်၏၊ တစ်နည်း (စေတသာ ယုတ္တာ = စေတသိကာ) စိတ်နှင့်ယှဉ်သောကြောင့် စေတသိက် မည်၏ဟူ၍ ပြခြင်းကြောင့်ပေတည်း။

(ဂ) ‘‘ဒွိပညာသ ဓမ္မာ’’ ဟူသောပုဒ်သည် သရုပ်ကို ပြကြောင်း ဖြစ်သော ပုဒ်တည်း။

(ဃ) ‘‘စေတသိကာ’’ ဟူသော ပုဒ်သည် ပုဒ်ပြီးကို ပြကြောင်း ဖြစ်သော ပုဒ်တည်း။

ထိုစကား၌ တရား၏အနာဂတ် အဖြစ်ဟု ဆိုအပ်သော ရှေ့အစွန်းမှ အထက်၌ ရောက်ခြင်းပေတည်း၊ သရုပ်အားဖြင့် ထင်ရှားဖြစ်ခြင်းသည် ဥပါဒ် မည်၏၊ ဖြစ်ခြင်းပေတည်းဟု ဆိုလိုရင်း ဖြစ်ပေသည်၊ မှန်လှစွာ၏၊ ခပ်သိမ်းကုန်သော သင်္ခတတရားတို့သည် အနာဂတ်အဖြစ် ရှေးရှုကုန်သည်သာလျှင် ဖြစ်ကုန်၏၊ ထိုအနာဂတ်အဖို့မှ အကြောင်း၏ ညီညွတ်ခြင်းကိုရ၍ ပစ္စုပ္ပန်အဖြစ်သို့ ရောက်ကုန်၏၊ ထိုပစ္စုပ္ပန် အခိုက်အတန့်မှချုပ်၍ အတိတ်အဖြစ်သို့ ရောက်ကြကုန်၏ဟု သိပါလေ။

ချုပ်ခြင်းသည် နိရောဓ မည်၏၊ သဘော၏ ပျက်စီးခြင်းသည် ဘင် မည်၏၊ မမြဲခြင်း သေခြင်းဟု ဆိုလိုရင်း ဖြစ်ပေသည်။

စိတ်၏ အကြင်ဖြစ်ခြင်း ရင့်ရော်ခြင်း သေခြင်း အာရုံ မှီရာ၀တ္ထုသည် ရှိ၏၊ ထိုစိတ်၏ ဖြစ်ခြင်း ရင့်ရော်ခြင်း သေခြင်း အာရုံ မှီရာ၀တ္ထုသည်ပင်လျှင် ဖဿအစရှိသည်တို့၏ ဖြစ်ခြင်း ရင့်ရော်ခြင်း သေခြင်း အာရုံ မှီရာ၀တ္ထုပင် ဖြစ်ပေ၏၊ ဤသို့စသော အောက်၌ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့်-

  • ထိုဖဿစသော တရားတို့အား တစ်ခုသော ဖြစ်ခြင်းရှိသောကြောင့် ဧကုပ္ပါဒ မည်ကုန်၏။
  • ထိုဖဿစသော တရားတို့အား တစ်ခုသော ချုပ်ခြင်းရှိသောကြောင့် ဧကနိရောဓ မည်ကုန်၏။
  • ထိုဖဿစသော တရားတို့သည် တစ်ခုသော ဖြစ်ခြင်းလည်း ရှိကုန် တစ်ခုသော ချုပ်ခြင်းလည်း ရှိကုန်သောကြောင့် ဧကုပ္ပါဒနိရောဓ တို့ မည်ကုန်၏။

(နိရောဓ-ဟူသော) နောက်ပုဒ်၌ ဧကသဒ္ဒါ ကျေ၏။
(၀တ္ထုက- ဟူသော) နောက်ပုဒ်၌လည်း ဤနည်းတူ ဧကသဒ္ဒါ ကျေနေ၏။

  • ထိုဖဿစသော တရားတို့သည် တစ်ခုသောအာရုံရှိသောကြောင့် ဧကာလမ္ဗဏ မည်ကုန်၏။
  • ထိုဖဿစသော တရားတို့သည် တစ်ခုသော မှီရာ၀တ္ထုရှိသောကြောင့် ဧက၀တ္ထုက မည်ကုန်၏။
  • ထိုဖဿစသော တရားတို့သည် တစ်ခုသော အာရုံလည်း ရှိကုန် တစ်ခုသော မှီရာ၀တ္ထုလည်း ရှိကုန် သောကြောင့် ဧကာလမ္ဗဏ ၀တ္ထုက တို့ မည်ကုန်၏။

အဖို့တစ်ပါးကို ဆိုဦးအံ့၊ ဤအရာ၌ အာရုံသည် တစ်ခုတည်းသော စိတ်၏လည်း များစွာဖြစ်သည် သာတည်း၊ ထိုသို့ပင် ဖြစ်ပါသော်လည်း တစ်ခုတည်း၏ အဖြစ်ကိုဆောင်၍ ‘‘ဧကာလမ္ဗဏ’’ ဟု ဆိုအပ်၏ဟု သိမှတ်ပါလေ။

ရ၅။ ဋီကာကျော် (နှာ- ၁၀၄)၌ကား-
အကြင် စေတသိက်တို့အား (စိတ်နှင့်တကွ) တစ်ပေါင်းတည်း ဖြစ်ခြင်းသည် လည်းကောင်း ချုပ်ခြင်း သည်လည်ကောင်း ရှိသောကြောင့် ထိုစေတသိက်တို့သည် ဧကုပ္ပါဒနိရောဓ မည်ကုန်၏။

ဟူ၍ မိန့်ဆို၏၊ ထိုအဆိုသည် မကောင်းချေ၊ မှန်လှစွာ၏၊ တစ်ပြိုင်နက်သော ခဏ၌ တစ်ပေါင်း တည်း ဖြစ်ကာမျှဖြင့် ဧကုပ္ပါဒ အဖြစ်ကို ဤအရာ၌ အလိုမရှိအပ်ပေ၊ စင်စစ်သော်ကား ဆိုအပ် ပြီးသော နည်းဖြင့်သာလျှင် အလိုရှိအပ်ပေ၏။

မှန်လှစွာ၏။ မူလဋီကာ၌-
တစ်ခုသော ကလာပ်၌ အကျုံးဝင်ကုန်သော ရုပ်တို့၏ အတူတကွသာလျှင် ဖြစ်ခြင်းစသည် ဖြစ်သောကြောင့် တစ်ခုသော ကလာပ်၏ ဥပါဒ် စသည်တို့သည် တစ်ခုစီ တစ်ခုစီသာလျှင် ဖြစ်ကုန်၏။
ဟူ၍ မိန့်ဆိုတော်မူ၏။

‘‘ဧကုပ္ပါဒါ’’ စသော ထိုဂါထာ၌ ဤဆိုလတ္တံ့သည်ကား ယောဇနာခြင်းပေတည်း။

‘‘စိတ်နှင့်တစ်ခုသော ဖြစ်ခြင်း တစ်ခုသော ချုပ်ခြင်း ရှိကုန်သည်လည်းကောင်း စိတ်နှင့်တစ်ခုသော အာရုံ တစ်ခုသော မှီရာ ရှိကုန်သည်လည်းကောင်း ဖြစ်၍ အကြင်တရားတို့သည် စိတ်နှင့် ယှဉ်ကုန်၏၊ ငါးဆယ့်နှစ်ပါးကုန်သော ထိုတရားတို့ကို စေတသိက်တို့ မည်ကုန်၏ဟူ၍ သိအပ်ကုန်၏’’ ဤသို့ ယောဇနာပါလေ။

ယောဇနာနည်း တစ်နည်းကား- ဘာဝပ္ပဓာန သည်လည်း ဤအရာ၌ သင့်၏၊ ဝိသေသန အနက်၌ လည်း ပဉ္စမီဝိဘတ် တည်း။

‘‘တစ်ခုသော ဖြစ်ခြင်း တစ်ခုသော ချုပ်ခြင်း ရှိသည်၏ အဖြစ်ဖြင့်လည်းကောင်း တစ်ခုသော အာရုံ တစ်ခုသော မှီရာ၀တ္ထု ရှိသည်၏ အဖြစ်ဖြင့်လည်းကောင်း အကြင်တရားတို့သည် စိတ်နှင့် ယှဉ်ကုန်၏၊ ငါးဆယ့်နှစ်ပါးကုန်သော ထိုတရားတို့ကို စေတသိက် မည်ကုန်၏ဟူ၍ သိအပ်ကုန်၏။’’
ဟု ယောဇနာပါလေ။

ဆက်၍ ဆိုဦးအံ့၊ ဤအရာ၌ စိတ်နှင့်ယှဉ်ကုန်သော တရားတို့သည် စေတသိက် မည်ကုန်၏ဟု ဆိုအပ်သည်ရှိသော် စိတ်၏ သဟဇာတ ပစ္စုပ္ပန် ဖြစ်သော ရုပ်တရား တို့သည်လည်း ထိုစိတ်နှင့်စပ်၍ ဖြစ်ခြင်း ရှိသည်၏အဖြစ်ကြောင့် စင်စစ်အားဖြင့် စိတ်နှင့်စပ်၍ ဖြစ်ခြင်း ရှိကုန်သည်ဖြစ်၍ စိတ်နှင့် ယှဉ်ကုန်ရကား စေတသိက်အမည်ရှိကုန်သည် ဖြစ်ကုန်ရာ၏၊ ထို့ကြောင့် ထိုစိတ္တဇရုပ်တရားတို့ကို နစ်စေခြင်း အကျိုးငှါ ‘‘တစ်ခုသော ဖြစ်ခြင်း တစ်ခုသော ချုပ်ခြင်း ရှိသည်၏အဖြစ် လည်းကောင်း တစ်ခုသောအာရုံ တစ်ခုသော မှီရာ၀တ္ထု ရှိသည်၏ အဖြစ် လည်းကောင်း’’ ဟု မိန့်ဆိုတော်မူ၏။

မှန်လှပေ၏၊ ထိုရုပ်တရားတို့သည် စိတ်နှင့်ခဏအားဖြင့် တကွ ဖြစ်ကုန်ငြားသော်လည်း ပြားသော သန္တာန်ရှိသည်၏ အဖြစ်ကြောင့် ‘‘စိတ်၏ဇာတိသည်ပင်လျှင် ဖဿစသော တရားတို့၏ ဇာတိ ပင်တည်း’’ ဟူသော ဤလက္ခဏာကိုလည်း မရနိုင်ကုန်၊ မှန်လှစွာ၏၊ ရုပ်တရားတို့၏ အစဉ်သည် တစ်ပါးတစ်ခြား နာမ်တရားတို့၏ အစဉ်သည် တစ်ပါးတစ်ခြားပေတည်းဟု သိပါလေ။

အဖို့တစ်ပါးကို ဆိုဦးအံ့၊ ဖဿ စသည်တို့အား ဥပါဒ် မျှသည်သာလျှင် စိတ်နှင့်အတူတကွ တစ်ခု ဖြစ်သည် မဟုတ်ပေ၊ စင်စစ်သော်ကား ချုပ်ခြင်းသည်လည်းကောင်း အာရုံသည်လည်းကောင်း မှီရာ ၀တ္ထုသည် လည်းကောင်း အလုံးစုံသည် တစ်ခုဖြစ်သည် သာလျှင်တည်းဟု သိစေခြင်း အကျိုးငှါ ‘‘ဧကနိရောဓ’’ သဒ္ဒါစသည်ကို မိန့်ဆိုတော်မူ၏ဟု မှတ်ပါလေ။

မှန်လှပေ၏၊ ဤသို့ မဆိုသည်ရှိသော် ထိုအခြင်းအရာအားဖြင့် သိခြင်းငှါ မတတ်ကောင်းချေဟု သိပါလေ၊ ဆက်၍ ဆိုဦးအံ့၊ အကြင့်ကြောင့် များစွာသော လူတို့၏ဥစ္စာဖြစ်သော နွားတစ်ကောင်သည် တိဿ၏နွား ဒတ္တ၏နွားဟု အသီးအသီးလည်း ဆိုသင့် ဆိုထိုက်သည် သာလျှင် ဖြစ်သကဲ့သို့ ထို့အတူ ဖြစ်ခြင်းသည်လည်းကောင်း ချုပ်ခြင်းသည်လည်းကောင်း တစ်ခုခုသော ရုပ်ကလာပ် နာမ်ကလာပ်၌ တစ်ခုသည်သာလျှင် ဖြစ်လျက်ပေတည်း၊ ဖဿ၏ ဥပါဒ်၊ ဝေဒနာ၏ ဥပါဒ်၊ ပထဝီဓာတ်၏ ဥပါဒ်၊ အာပေါဓာတ်၏ ဥပါဒ် အစရှိသော နည်းဖြင့် အသီးအသီးလည်း ဆိုသင့် ဆိုထိုက်သည် သာလျှင် တည်း၊ ထို့ကြောင့် သုတ္တန်ပါဠိတော်တို့၌-

ဝေဒနာ၏ဖြစ်ခြင်းသည် ထင်၏၊ ပျက်ခြင်းသည် ထင်၏၊ တည်ခြင်း တစ်ပါးသော အဖြစ်သည် ထင်၏၊ သညာ၏ (ပ) သင်္ခါရ၏ (ပ) ဝိညာဉ်၏ (ပ) ထင်၏။

ဤသို့ ခန္ဓဝဂ္ဂသံယုတ္တပါဠိတော်၌ ဟောတော်မူ၏၊ ထို့အတူ-

ချစ်သား ရဟန်းတို့ - ပထဝီဓာတ်၏ အကြင်ဖြစ်ခြင်း တည်ခြင်း ထင်ရှားဖြစ်ပေါ်ခြင်း ထင်ရှား ဖြစ်ခြင်းသည် ရှိ၏၊ ဤသို့ ဖြစ်ခြင်းသည် ဒုက္ခ၏ဖြစ်ခြင်းပေတည်း၊ ရောဂါတို့၏ တည်ခြင်းပေတည်း၊ ဇရာ မရဏတို့၏ ထင်ရှားဖြစ်ပေါ်ခြင်းပေတည်း။

အာပေါဓာတ် (ပ) တေဇောဓာတ် (ပ) ဝါယောဓာတ် (ပ) စက္ခုဓာတ် (ပ) စိတ်၏ (ပ) ထင်ရှား ဖြစ်ပေါ်ခြင်းပေတည်း။
ဤသို့ နိဒါနဝဂ္ဂသံယုတ္တပါဠိတော်၌ ဟောတော်မူ၏ဟု မှတ်ပါလေ။

ဤမှတစ်ပါးသော အခြင်းအရာအားဖြင့် အနက်ကို ယူအပ်သည် ရှိသော် ဇီဝိတိန္ဒြေ အစရှိသည် တို့၏လည်း ရုပ်ကလာပ် တစ်ခုတည်း၌ များသော အဖြစ်ကို ဆိုသင့် ဆိုထိုက်သည် ဖြစ်ရာ၏၊ မှန်လှစွာ၏၊ အကြင်တရားသည် နာမ်ဖြစ်ကုန်သော တရားတို့၏ အသက်တည်း၊ တည်ခြင်းတည်း၊ ယုတ်သော တည်ခြင်းတည်းဟု ဆိုအပ်၏၊ ထို့အတူ ဝိကာရရုပ်တို့၏ (တစ်နည်းကား) အလုံးစုံလည်း ဖြစ်ကုန်သော စက္ခု အစရှိကုန်သော ဥပါဒါရုပ်တို့၏ တစ်ခုသော ကလာပ်၌များသော အဖြစ်ကို ဆိုသင့် ဆိုထိုက်သည် ဖြစ်ရာ၏၊ မဟာဘုတ် လေးပါးတို့ကို စွဲ၍ဖြစ်သော ရုပ်ဟူ၍ လည်းကောင်း မဟာဘုတ်လေးပါးတို့ကို စွဲ၍ ဖြစ်သော ပသာဒဟူ၍လည်းကောင်း ဆိုအပ်၏ဟု သိပါလေ။

ကာယလဟုတာ စိတ္တလဟုတာ စသည်တို့ကိုကား အနက်ထူးကို ပြခြင်း အကျိုးငှါ နှစ်ဖြာခွဲ၍ ဆိုအပ်ကုန်၏၊ ထိုအနက်ထူးသည်လည်း အထက်၌ ထင်ရှားဖြစ်လတ္တံ့ဟု သိပါလေ၊ ဤသည်ကား ဤအရာ၌ မြတ်သောအနက်ကို ပြခြင်းတည်း။

ရ၆။ ဋီကာကျော် (နှာ- ၁၀၄)၌ကား-
ဤသို့သော အနက်ကို မမှတ်မူ၍ စိတ်နှင့်တကွ ဖြစ်ကာမျှဖြင့်သာလျှင် စေတသိက်တို့ကို ‘‘စေတောယုတ္တ’’ ဟူ၍ အကယ်၍ အလိုရှိအပ်ငြားအံ့၊ ထိုသို့ ဧကုပ္ပါဒါလက္ခဏာ တစ်ပါးဖြင့် ‘‘စေတောယုတ္တ’’ ဖြစ်၏ဟု ယူခဲ့ပါမူ စိတ်နှင့်တကွ ဖြစ်ကုန်သော စိတ္တဇရုပ်တို့၏လည်း ‘‘စေတောယုတ္တ’’ အဖြစ်သည် ရောက်ခဲ့ရာ၏၊ ထိုသို့ စိတ္တဇရုပ်ကို နစ်စေလိုသောကြောင့် ‘‘ဧကနိရောဓ’’ သဒ္ဒါကို ဆိုအပ်၏။

ဤစိတ်နှင့်တကွ ဖြစ်ခြင်း တကွချုပ်ခြင်း လက္ခဏာနှစ်ပါး၏ စေတောယုတ္တ အဖြစ်ကို ဆိုပါမူလည်း စိတ်သို့ အစဉ်လိုက်၍ ဖြစ်ကုန်သော ဝိညတ် ရုပ်နှစ်ပါး၏လည်း စေတသိက်မည်၏ဟု လျဉ်းပါးခြင်း ကို တားမြစ်ခြင်းကို မတတ်နိုင်ရာ၊ ထို့ကြောင့် ‘‘ဤရုပ်တရားတို့အား စိတ်နှင့်တကွ ဖြစ်ခြင်းသည် လည်းကောင်း တကွချုပ်ခြင်းသည်လည်းကောင်း ရှိသောကြောင့် ထိုကမ္မဇရုပ်တရားတို့သည် ဧကုပ္ပါဒနိရောဓ မည်ကုန်၏’’ ဟု ကြံဆသော ဆရာ၏ အယူ၌ စိတ်၏ရှေးဦးစွာ ဖြစ်၍ စိတ်၏ ဘင်ခဏ၌ ချုပ်ကုန်သော ကမ္မဇရုပ်တရား တို့ကိုလည်း တားမြစ် ခြင်းငှါ ‘‘ဧကာလမ္ဗဏ’’ သဒ္ဒါကို မိန့်ဆိုအပ်၏။

ဤသို့ အကြင် စေတသိက်တို့သည် ဆိုအပ်ခဲ့ပြီးသော ဧကုပ္ပါဒ ဧကနိရောဓ ဧကာလမ္ဗဏ လက္ခဏာသုံးပါး ရှိကုန်၏၊ ထို စေတသိက်တို့သည် မြဲသောအားဖြင့် တူသော မှီရာ၀တ္ထု ရှိကုန်သည် သာတည်းဟု ပြခြင်းငှါ ‘‘ဧက၀တ္ထုက’’ သဒ္ဒါကို ဆိုအပ်၏၊ ထို့ကြောင့် အလွန်ချဲ့သဖြင့် အကျိုးမရှိပြီ။
ဟူသော စကားကို မိန့်ဆို၏၊ ထိုအဆိုအားလုံးသည် အကျိုးမရှိသည် သာလျှင်တည်း။

သမ္ပယောဂ လက္ခဏာ အဖွင့် ပြီးပြီ။

အညသမာန်း စေတသိက် အဖွင့်

အဘယ်သို့လျှင် ငါးဆယ့်နှစ်ပါး အပြားရှိကုန်သနည်းဟု မေးတော်မူပြီး၍ ရှေးဦးစွာ ငါးဆယ့်နှစ်ပါး သရုပ်ကို သုံးရာသီတို့ဖြင့် ဝေဖန်တော်မူပြီး၍ ပြတော်မူလိုရကား ‘‘ကထံ’’ စသော စကားကို မိန့်တော်မူ၏။

ဖဿ အဖွင့်

ထိုစကား၌ - တွေ့ထိတတ်သောကြောင့် ဖဿ မည်၏၊ တစ်နည်းကား- ဤသဘောတရားဖြင့် သမ္ပယုတ်တရားတို့သည် တွေ့ထိကြရသောကြောင့် ဖဿ မည်၏၊ တစ်နည်းကား- ဤ တရားသည် တွေ့ထိကာမျှ ဖြစ်သောကြောင့် ဖဿ မည်၏။

ဆက်၍ ဆိုဦးအံ့၊ ဤနေရာ၌ တွေ့ထိခြင်းကို အာရုံ၏ ဣဋ္ဌရသ အနိဋ္ဌရသ ကို ထိခိုက်၍ ပြင်းထန်စွာ ထိခိုက်၍ ယူခြင်းကို မှတ်အပ်၏၊ အကြင်ကြောင့် ထိုအာရုံ၏ ဣဋ္ဌရသ အနိဋ္ဌရသကို ခံစားတတ်သည့် ဝေဒနာ ထင်ရှားဖြစ်ပေါ်လာ၏၊ မှန်လှစွာ၏၊ ‘‘ဖဿပစ္စယာ ဝေဒနာ’’ ဟု ရှင်တော်ဘုရား ဟောကြား တော်မူ၏။

ထိုဖဿသည် တွေ့ထိခြင်း လက္ခဏာ ရှိ၏၊ ဤဖဿသည် နာမ်တရားတည်း၊ နာမ်တရားတို့ မည်သည် ထိခိုက်ခြင်းသဘော မရှိကြကုန်သည်ဖြစ်၍ တစ်စုံတစ်ခုကိုမျှ မတွေ့ထိကြကုန်သည် မဟုတ်လော၊ ဤသည်ကား စောဒနာ စကားတည်း၊ မှန်လှပေ၏၊ ထိုသို့ပင် မှန်ငြားသော်လည်း ဤ ဖဿသည် တွေ့ထိသော အခြင်းအရာအားဖြင့်လည်း ဖြစ်၏၊ အကြင်ကိစ္စကိုလည်း တွေ့ထိသော တရားတို့သည် ပြီးစေအပ်၏၊ ထိုကိစ္စကိုလည်း ပြီးစေ၏၊ ထို့ကြောင့် ဤဖဿကို ဖဿ ဟူ၍လည်းကောင်း တွေ့ထိခြင်း လက္ခဏာ ရှိ၏ဟူ၍လည်းကောင်း ဟောတော်မူအပ်၏။

အဘယ်ကိစ္စကို ပြီးစေသနည်းဟု မေးပါမူ အာရုံ အရသာ အားလျော်စွာ စိတ်၏ ဖောက်ပြန်ခြင်းသို့ ရောက်ခြင်းကို လည်းကောင်း ဝေဒနာ အထူးဖြစ်ပေါ်ခြင်းကို လည်းကောင်း ပြီးစေ၏ဟု ဖြေဆိုရာ၏၊ ဤ အနက်ကိုလည်း ချဉ်သီးစားသော အစရှိသည်တို့ကို မြင်သည် ရှိသော် တစ်ပါးသောသူ၏ တံတွေးဖြစ်ခြင်း စသည်တို့၌ ထင်ရှား၏ဟု သိပါလေ။

ရရ။ ဋီကာကျော် (နှာ-၁၀၅)၌ကား -
ချဉ်သီးစားသော သူအား မြင်ရသော သူတစ်ပါး၏ တံတွေး ဖြစ်ခြင်းကဲ့သို့ မှတ်အပ်၏။
ဟု ဆို၏၊ ဤသို့ ဖြစ်သည်ရှိသော် ဤစကားသည် ဥပမာမျှသာ ဖြစ်ရာ၏၊ စင်စစ်သော်ကား ဤစကားသည် အလွန်ထင်ရှားသည့် ဖဿ၏ ဖြစ်ခြင်းကို ပြကြောင်း ဖြစ်သည့် စကားတည်းဟု မှတ်သင့်၏။

ဝေဒနာ အဖွင့်

ခံစားတတ်သောကြောင့် ဝေဒနာ မည်၏၊ အာရုံ၏ အရသာကို ခံစားတတ်၏၊ တစ်နည်းကား- မထင်ရှားသော အာရုံ၏ အရသာကို သမ္ပယုတ်တရား တို့အား လည်းကောင်း ထိုဝေဒနာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့အားလည်းကောင်း ထင်ရှားအောင် ပြတတ်၏၊ ဤကား အနက်တည်း။

တစ်နည်းကား- ဤတရားဖြင့် သတ္တဝါတို့သည် သက်သာ (သာယာ) သည်ကိုလည်းကောင်း မသက်သာ (မသာယာ) သည်ကို လည်းကောင်း ရကြောင်း ဖြစ်သောကြောင့် ဝေဒနာ မည်၏၊ တစ်နည်းကား- ဤတရားသည် ခံစားကာမျှ ဖြစ်သောကြောင့်သာလျှင် ဝေဒနာ မည်၏။

ပါဠိတော်၌ကား -
ရဟန်းတို့ - ခံစားတတ်၏၊ ထို့ကြောင့် ဝေဒနာ ဟု ဆိုအပ်၏၊ အဘယ်ကို ခံစားသနည်း၊ ချမ်းသာ ကိုလည်း ခံစား၏၊ ဆင်းရဲကိုလည်း ခံစား၏၊ ဆင်းရဲလည်း မဟုတ် ချမ်းသာလည်း မဟုတ် သည်ကိုလည်း ခံစား၏။
ဤသို့ ခန္ဓဝဂ္ဂသံယုတ်တွင် ဟောတော်မူအပ်၏။

အလုံးစုံလည်း ဖြစ်ကုန်သော စိတ် စေတသိက်တရားတို့သည် အာရုံ၏ အရသာကို ခံစားခြင်းသဘော ရှိကုန်သည်သာလျှင်တည်း၊ ထို့ကြောင့် ထိုတရားတို့သည်လည်း ဝေဒနာတို့ မည်သည် ဖြစ်ကုန်ရာ သည် မဟုတ်ပေလော၊ ဤကား စောဒနာစကားတည်း၊ မဖြစ်ကုန်ရာ၊ ဤကား အဖြေစကားတည်း၊ မှန်လှပေ၏၊ ထိုတရားတို့သည် ကိစ္စ တစ်ပါးကို အားထုတ်ရကုန်၏၊ အာရုံ၏ အရသာကို ဖြောင့်ဖြောင့် ခံစားခြင်းငှါ မစွမ်းနိုင်ကုန်၊ မိမိ မိမိ၏ကိစ္စကို ပြုကုန်လျက်သာလျှင် တစ်စိတ် တစ်ဒေသမျှသာ ခံစားကြရကုန်၏၊ စင်စစ်သော်ကား ဝေဒနာ သည်သာလျှင် ကိစ္စတစ်ပါး မရှိသည် ၏အဖြစ်ကြောင့် လည်းကောင်း ခံစားခြင်းကိစ္စ၌ အစိုးရခြင်းနှင့် ယှဉ်ခြင်းကြောင့် လည်းကောင်း အစိုးရ သည်၏အဖြစ်ဖြင့် ခံစားပေ၏၊ ထို့ကြောင့် ထိုဝေဒနာသည်သာလျှင် ဝေဒနာအမည်ရခြင်းငှါ ထိုက်၏ဟု သိပါလေ။

ဤသို့သော အကြောင်းကြောင့်- မင်းအား ထိုက်တန်သော ဘောဇဉ်အရသာကို ခံစားခြင်း၌ ထိုသမ္ပယုတ်တရားတို့၏ စားဖိုသည်နှင့် တူသည်၏အဖြစ်ကို လည်းကောင်း ဝေဒနာ၏သာလျှင် မင်းနှင့် တူသည်၏ အဖြစ် ကိုလည်းကောင်း။
အဋ္ဌကထာတို့၌ ဆိုကြကုန်၏ဟု သိပါလေ။

သညာ အဖွင့်

အမှတ်ပြု၍ သိတတ်သောကြောင့် သညာ မည်၏၊ တစ်ဖန် သိခြင်းအကျိုးငှါ မှတ်ခြင်းကို ပြုတတ်၏၊ ဤကား အနက်တည်း၊ မှန်လှပေ၏၊ ဤသညာသည် ရှေ့၌ ယူအပ်ပြီးသော အမှတ်ဖြင့် သိသော ကာလ၌လည်း တစ်ဖန် သိခြင်း အကျိုးငှါ အမှတ်ကို ပြုသေးသည်သာလျှင်တည်းဟု သိပါလေ၊ ဟုတ်မှန်လှပေ၏၊ ထိုသညာသည် ဤသို့ အဖန်ဖန် အမှတ်ကိုပြု၍ ဖြစ်သည် ရှိသော် မြဲမြံသော သညာအဖြစ်သို့ ရောက်၍ အသက်ရှည်သမျှ ကာလပတ်လုံးလည်းကောင်း ဘဝတစ်ပါးသို့ ရောက်၍ လည်းကောင်း သတ္တဝါတို့အား မမေ့မလျော့သည်၏ အဖြစ်ကို ပြီးစေ၏။

မိစ္ဆာဘိနီဝေသသညာ အဖြစ်သို့ ရောက်၍လည်း ဤသတ္တဝါတို့ကို သဗ္ဗညုဘုရားတို့သော်လည်း သိခြင်းငှါ မတတ်ကောင်းသည်တို့ကို ပြုတတ်၏ဟု သိပါလေ၊ မှန်လှစွာ၏၊ ထို့ကြောင့်သာလျှင် ထိုသညာကို-

  • တစ်ဖန် သိခြင်းအကျိုးငှါ အမှတ်ပြုရာ၌ ‘‘သစ်ရွေသမား’’ နှင့် တူ၏ ဟူ၍လည်းကောင်း၊
  • အကြင်အကြင် ယူအပ်ပြီးသော နိမိတ်၏အစွမ်းအားဖြင့် အဘိနိဝေသကို ပြုရာ၌ ‘ဆင်ကိုပြသော သူကာန်း’ နှင့် တူ၏ ဟူ၍ လည်းကောင်း၊
  • ထင်သော အာရုံကို ယူရာ၌ ‘မြက်ယောက်ျားရုပ်တို့၌ သမင်ငယ်’ တို့နှင့် တူ၏ဟူ၍လည်းကောင်း၊

အဋ္ဌကထာတို့၌ ဆိုအပ်ကုန်၏ဟု သိပါလေ။

ပါဠိတော်၌ကား-
ရဟန်းတို့ - ကောင်းစွာ မှတ်သိတတ်၏၊ ထို့ကြောင့် သညာ ဟု ဆိုအပ်၏၊ အဘယ်ကို ကောင်းစွာ မှတ်သိသနည်း၊ ညိုသော အဆင်းကို လည်း မှတ်သိ၏၊ ရွှေသော အဆင်းကိုလည်း မှတ်သိ၏။
ဤသို့ စသော စကားကို (ခန္ဓဝဂ္ဂသံယုတ်တွင်) ဟောတော်မူ၏ဟု သိပါလေ။

စေတနာ အဖွင့်

နှိုးဆော် စေ့စပ်တတ်သောကြောင့် စေတနာ မည်၏၊ မိမိနှင့် အတူတကွ သမ္ပယုတ်တရားတို့ကို ထိုထိုအာရုံ၌လည်းကောင်း ထိုထိုကိစ္စတို့၌လည်းကောင်း အဖန်ဖန် နှိုးဆော် စေ့စပ်တတ်၏၊ ထိုအာရုံ ကိစ္စ၌ အစဉ်တစိုက် နှိုးဆော် စေ့စပ်သည်၏ အစွမ်းဖြင့် မပြတ်ဖြစ်သည်ကို ပြု၏၊ ဤကား အနက် ပေတည်း။

တစ်နည်းကား - ထိုသမ္ပယုတ်တရားတို့ကို စီရင်တတ်၏၊ အာရုံကို ရခြင်းငှါလည်းကောင်း အမှုကိစ္စ ပြီးစီးစေခြင်းငှါလည်းကောင်း ပြုပြင် စီရင်တတ်၏။

တစ်နည်းကား- ပေါင်းစပ်တတ်၏၊ ထိုသမ္ပယုတ်တရားတို့ကို အာရုံ၌ ပေါင်းစည်းတတ်၏၊ တပေါင်း တစည်းတည်း စုဝေးသည်တို့ကို ပြုလုပ်တတ်၏၊ ဤသည်ကား အနက်ပေတည်း။

မှန်လှစွာ၏၊ ထို့ကြောင့်သာလျှင်-
ထိုစေတနာကို အားထုတ်ခြင်း ကိစ္စရှိ၏ဟူ၍လည်းကောင်း၊
စီရင်ခြင်းလျှင် ထင်သော အခြင်းအရာရှိ၏ဟူ၍လည်းကောင်း၊
မိန့်ဆိုအပ်ကုန်၏၊ မှန်လှပေ၏၊ ထိုစေတနာသည် ထိုအာရုံ၌ အမြဲမပြတ် ကြောင့်ကြစိုက်ခြင်း ဗျာပါရ၏ အစွမ်းဖြင့် ဖြစ်ကြသည်ရှိသော် ထိုစေတနာနှင့် ယှဉ်သော တရားတို့သည်လည်း မိမိ မိမိ၏ကိစ္စကို အားထုတ်ကုန်သည်ဖြစ်၍ ထိုအာရုံ၌ ထို့အတူသာလျှင် ဖြစ်ကြကုန်၏ဟု သိပါလေ၊ ထို့ကြောင့်သာလျှင် ထိုစေတနာကို- မိမိကိစ္စ သူတစ်ပါးကိစ္စကို ပြီးစေတတ်သော တပည့် လက်သမားကြီးနှင့် တူ၏။ ဟူ၍ အဋ္ဌကထာတို့၌ ဆိုကြကုန်၏ဟု သိပါလေ။

ရ၈။ ဋီကာကျော် (နှာ- ၁၀၅)၌ကား-
မိမိနှင့် သမ္ပယုတ်တရားတို့ကို အာရုံ၌ စေ့ဆော်တတ်သောကြောင့် စေတနာ မည်၏၊ ပြုပြင် အပ်ကုန်သော သင်္ခတတရား တို့ကို ပြုပြင်ခြင်း၌ အလွန်အားထုတ်ခြင်းသို့ ရောက်တတ်သော ကြောင့် စေတနာ မည်၏။

- ဟု ဆိုပြီး၍ ထိုအနက်ကို ပြီးစေခြင်းငှါ ဝိဘင်္ဂပါဠိတော် သုတ္တန္တဘာဇနီ၌ သင်္ခါရက္ခန္ဓာကို ဝေဖန်တော်မူသော မြတ်စွာဘုရားသည် ‘‘ကံ စိတ် ဥတု အာဟာရ တည်းဟူသော အကြောင်းတရား လေးပါးတို့သည် ပေါင်း၍ ပြုပြင်စီရင်အပ်သော သင်္ခတတရားကို ပြုပြင်စီရင်တတ်သောကြောင့် သင်္ခါရတို့ မည်ကုန်၏’’ ဟု ဟောတော်မူပြီး၍-

ဟု ဆိုသော စကားသည် (ဝိဘင်းပါဠိတော်) ၌ မရှိချေ၊ ဤစကားကို ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်၌ ဟောတော်မူ၏ဟု သိပါလေ။

ဤ သဘောတရားအား တစ်ခုတည်းသော သဘောရှိသည့် အာရုံဟု ဆိုအပ်သော အဖို့အစု (တစ်နည်း) အစွန်းရှိသောကြောင့် ‘‘ဧကဂ္ဂ’’ မည်၏၊ စိတ်ကို အရကောက်လေ၊ ထိုတစ်ခုတည်းသော အဖို့အစု ရှိသည့် စိတ်၏အဖြစ်သည် ‘‘ဧကဂ္ဂတာ’’ မည်၏။

မှန်လှစွာ၏၊ အာရုံမည်သည်ကား တစ်ခုသော အာရုံသည်လည်း အထူးထူးသော သဘော ရှိသော ကြောင့် တစ်ခုတည်းလည်း ဖြစ်သည့် ထိုအာရုံ၏ အထူးထူးသော သဘောတို့၌ ပြန့်လွင့်ခြင်းသို့ မရောက်မူ၍ တစ်ခုတည်းသော သဘော၌ တစ်ခဏမျှလည်း ဖြစ်သော စိတ်၏ ဤမတုန်မလှုပ်သော အခြင်းအရာသည် ထိုစိတ်၌ ဧကဂ္ဂသဒ္ဒါ ၏လည်းကောင်း ဧကဂ္ဂ ဟူ၍ သိသောဉာဏ်၏လည်းကောင်း ဖြစ်ခြင်း၏ အကြောင်း အဖြစ်ဖြင့် ယူအပ်၏ဟု သိပါလေ၊ မှန်လှပေ၏၊ ထို့ကြောင့်သာလျှင်-

ထိုဧကဂ္ဂတာကို- လေဆိတ်ငြိမ်သော အရပ်၌ ထွန်းညှိသော ဆီမီးလျှံတို့၏ တည်ခြင်းကဲ့သို့ စိတ်၏တည်ခြင်း ပေတည်းဟု မှတ်အပ်၏။ ဤသို့ အဋ္ဌကထာတို့၌ မိန့်ဆိုကြကုန်၏။

ရ၉။ ဋီကာကျော် (နှာ- ၉၂)၌ကား-
ဤစိတ်အား တစ်ခုတည်းသော အာရုံဟု ဆိုအပ်သော အဖို့ ရှိသောကြောင့် ဧကဂ္ဂ မည်၏။

ဟု မိန့်ဆို၏၊ ထိုအဆို၌လည်း အဂ္ဂ-သဒ္ဒါသည် အဖို့အစုဟူသော အနက် အစွန်းဟူသော အနက်၌ ဖြစ်၏ဟု ယူသင့်ပေ၏၊ အချို့သော ဆရာတို့သည်ကား- ‘‘အာရုံ၌ဖြစ်၏’’ ဟု ဆိုကြကုန်၏၊ ထို အဆိုသည် မကောင်းချေ၊ မှန်လှစွာ၏၊ အဂ္ဂ-သဒ္ဒါကို အာရုံ၏ ပရိယာယ်ဟူ၍ တစ်စုံတစ်ခုသော ကျမ်းဂန်၌ မတွေ့ရပေဟု သိပါလေ။

ဇီဝိတိန္ဒြေ အဖွင့်

ဤတရားဖြင့် သမ္ပယုတ်တရားတို့သည် အသက်ရှည်ကြကုန် သောကြောင့် ဇီဝိတ မည်၏၊ ဣန္ဒော- ဟူသည်ကား အစိုးရသည်တည်း၊ ဤအရာ၌ အစိုးရသည်၏ အဖြစ်ကို ဆိုအပ်၏၊ အစိုးရသည်၏ အဖြစ်ကို ပြုစေတတ်သောကြောင့် ဣန္ဒြေ မည်၏၊ ထိုတရားသဘောသည် အသက်ရှည်လည်း ဟုတ် အစိုးရသည်လည်း ဟုတ်သောကြောင့် ဇီဝိတိန္ဒြေ မည်၏။

မှန်လှစွာ၏၊ ထိုဇီဝိတိန္ဒြေသည် ‘‘ငါနှင့်ကင်း၍ သင်တို့အား အသက်မရှိနိုင်၊ ထို့ကြောင့် ငါ့ကို အသက်ရှည်ခြင်း အမှု၌ သင်တို့ကို အစိုးရသည်ကို ပြုကြကုန်လော့’’ဟု ဆိုသကဲ့သို့ သဟဇာတ် တရားတို့ကို လွှမ်းမိုး၍ ဖြစ်၏ဟု သိပါလေ။

ထိုစကားသည် မှန်လှစွာ၏၊ ထိုဇီဝိတိန္ဒြေကို-

  • အဆက်မပြတ်ဖြစ်သော ခန္ဓာအစဉ်၏ အကြီးအကဲတည်းဟူ၍ လည်းကောင်း၊
  • ရေသည် ပဒုမာကြာ စသည်တို့ကို စောင့်ရှောက်သကဲ့သို့ဟူ၍ လည်းကောင်း၊

အဋ္ဌကထာ၌ မိန့်ဆိုအပ်၏၊ ထိုအဋ္ဌကထာစကား၌ ခန္ဓပရိနိဗ္ဗာန် စံသည်တိုင်အောင် အစဉ်စပ်သည်၏ အစွမ်းအားဖြင့်ဖြစ်သော စိတ်အစဉ်သည် ‘‘အစဉ်မပြတ်ဖြစ်သော ခန္ဓာအစဉ်’’ မည်၏၊ အစိုးရ သည်၏အဖြစ်သည် ‘‘အကြီးအကဲ’’ မည်၏၊ ထိုဇီဝိတိန္ဒြေအား အစဉ်မပြတ်ဖြစ်သော တရားအစဉ်၌ အစိုးရမှု အကြီးအကဲမှု အဖြစ်သည် ရှိ၏ဟု သမာသ်ပြုပါလေ။

မှန်လှစွာ၏၊ အဖန်ဖန် ချုပ်ပြီးသည်လည်းဖြစ်သော စိတ်အစဉ်သည် ထိုဇီဝိတိန္ဒြေ၏ အားအစွမ်း ကြောင့် အဖန်ဖန် အသက်ရှင်သည်ဖြစ်၍ ခန္ဓပရိနိဗ္ဗာန် စံသည်တိုင်အောင် အဖန်ဖန် ဖြစ်သည် သာလျှင်တည်း၊ မှန်လှပေ၏၊ ဇီဝိတမှ ကင်းကုန်သော အနိန္ဒြိယဗဒ္ဓတရားတို့၌ ထိုသို့ သဘောရှိသော အဆက်မပြတ်ဖြစ်သော ခန္ဓာအစဉ် အထူးမည်သည် မရှိချေဟု သိပါလေ။

မနသိကာရ အဖွင့်

စိတ်၌ အာရုံကို မဆိတ်သည်ကို (တစ်နည်း) စိတ်ကိုအာရုံ၌ အမြဲညွတ်သည်ကို ပြုတတ်သောကြောင့် မနသိကာရ မည်၏။ ထိုမနသိကာရသည်ကား-

(က) ဝီထိပဋိပါဒကမနသိကာရ၊
(ခ) ဇဝနပဋိပါဒကမနသိကာရ၊
(ဂ) အာရမ္မဏပဋိပါဒကမနသိကာရ၊
ဟူ၍ သုံးမျိုးရှိ၏။

(၁) ထိုသုံးပါးတို့တွင် ပဉ္စဒွါရာဝဇ္ဇန်းသည် ဝီထိပဋိပါဒက မနသိကာရ မည်၏၊ မှန်လှပေ၏၊ ထို ပဉ္စဒွါရာဝဇ္ဇန်းသည် ပဉ္စဒွါရိကစိတ် အစဉ်ကို အာရုံ၌ ယှဉ်စေ၏ဟု သိပါလေ။

(၂) မနောဒွါရာဝဇ္ဇန်းသည် ဇဝနပဋိပါဒကမနသိကာရ မည်၏၊ မှန်လှပေ၏၊ ထိုမနောဒွါရာဝဇ္ဇန်း သည်လည်း ဇောအစဉ်ကို အာရုံ၌ ယှဉ်စေ၏ဟု သိပါလေ။

ဤအာဝဇ္ဇန်းနှစ်ပါးကိုပင်လျှင် ထိုထိုအဋ္ဌကထာ ဋီကာတို့၌ ယောနိသောမနသိကာရ ဟူ၍လည်း ကောင်း အယောနိသောမနသိကာရ ဟူ၍လည်းကောင်း မိန့်ဆိုအပ်၏၊ မှန်လှပေ၏၊ ထိုအာဝဇ္ဇန်းဒွေ သည် ပြကတေ့အားဖြင့် ကောင်းစွာ လေ့ကျက်ခြင်း ညွတ်ခြင်း မှတ်ခြင်း အစရှိကုန်သော အကြောင်း တို့ဖြင့် ထောက်ပံ့အပ်သည်ဖြစ်၍ စိတ်အစဉ်ကို သင့်သော အကြောင်းအားဖြင့်လည်းကောင်း မသင့်သော အကြောင်း အားဖြင့်လည်းကောင်း အာရုံ၌ ညွတ်သည်ကို ပြုတတ်၏ဟု သိပါလေ။

(၃) ပဋိသန္ဓေစိတ်ဖြစ်ရာ အခါကာလမှ စ၍ ဖြစ်သော စိတ်အစဉ်သည် အာရုံကိုလွှတ်၍ ချုပ်ပြီး ၍လည်း တစ်ဖန် ဖြစ်ကုန်သည်ရှိသော် အကြင်တရား၏ အစွမ်းအားဖြင့် ထို အာရုံ၌သာလျှင် အကြောင်းထူး မရှိခဲ့သည်ရှိသော် ဖြစ်၏၊ ထိုမနသိကာရသည် အာရမ္မဏပဋိပါဒက မနသိကာရ မည်၏။

ဤအရာ၌ ဤအာရမ္မဏပဋိပါဒကမနသိကာရကို အလိုရှိအပ်၏၊ မှန်လှပေ၏၊ ဤမနသိကာရသည် အာရုံကို စိတ်၌ စိတ်ကိုမူလည်း အာရုံ၌ ယှဉ်စေ၏ဟု သိပါလေ၊ ထို့ကြောင့်သာလျှင် ဤ မနသိကာရကို-

  • ယှဉ်စေခြင်း လက္ခဏာရှိ၏ ဟူ၍လည်းကောင်း၊
  • သမ္ပယုတ်တရားတို့ကို အာရုံနှင့် ယှဉ်စေခြင်း ကိစ္စရှိ၏ ဟူ၍ လည်းကောင်း၊
  • အာရုံကို ယှဉ်စေတတ်သော အနက်ကြောင့် ရထားထိန်း နှင့် တူ၏ဟူ၍ မှတ်အပ်၏ ဟူ၍ လည်းကောင်း (အဋ္ဌကထာ) ၌ မိန့်ဆိုအပ်၏။

ထိုအဋ္ဌကထာစကား၌ ‘‘သမ္ပယုတ်တရားတို့ကို အာရုံနှင့် ယှဉ်စေခြင်းကိစ္စ’’ ဟူသည်ကား ရထား ထိန်းသည် မြင်းတို့ကို ယှဉ်စေသကဲ့သို့ သမ္ပယုတ်တရားတို့ကို ဖြောင့်စွာ အာရုံသို့ ရှေးရှုဖြစ်စေခြင်း လက္ခဏာ ရှိ၏၊ ဤကား အနက်ပေတည်း။

အညီအညွတ် ဆောင်တတ် ဆက်ဆံတတ်သောကြောင့် သာဓာရဏ တို့ မည်ကုန်၏၊ အလုံးစုံသော စိတ်တို့အား ဆက်ဆံကုန်သည်တို့သည် သဗ္ဗစိတ္တသာဓာရဏ မည်ကုန်၏။

ပကိဏ်းစေတသိက် အဖွင့်

ဝိတက် အဖွင့်

ကြံစည်တတ်သောကြောင့် ဝိတက် မည်၏၊ ထိုထို အခြင်းအရာအားဖြင့် အဖန်ဖန် ကြံဖန်၍ အာရုံသို့ တက်၏၊ ဤကား အနက်ပေတည်း။

ထိုဝိတက်သည်ကား - ထိုအာရုံသို့ ထိုသို့ ထွေထွေလာလာ ကြံဖန်သော အခြင်းအရာအားဖြင့် တက်ကုန်သည်ရှိသော် သမ္ပယုတ်တရား တို့သည်လည်း ထိုအာရုံသို့ တက်ကုန်သည်သာလျှင်တည်း၊ ထိုအခါ၌ ထိုဝိတက် သည်သာလျှင် ထို သမ္ပယုတ်တရားတို့ကို အာရုံသို့ တက်စေသည် မည်၏၊ ထို့ကြောင့်-

  • ဝိတက်သည် မိမိနှင့်အတူ ဖြစ်ကုန်သော တရားတို့ကို အာရုံသို့ ရှေးရှုတင်ခြင်း လက္ခဏာရှိ၏ ဟူ၍ အဋ္ဌကထာ၌ ဆိုအပ်၏။
  • မင်းကျွမ်းဝင်သောသူကို မှီ၍ ဇနပုဒ်၌ နေသောသူသည် မင်းအိမ်သို့ တက်နိုင်ခြင်းသည် ဤ ဝိတက်၌ အဋ္ဌကထာ၏ ဥပမာတည်း။

ထိုစကားသည် မှန်၏၊ ဝိတက်ကင်းသည့် စိတ်သည်လည်း ဝိတက်နှင့်တကွ ဖြစ်သော တရား သန္တာန်၌ ဝိတက်နှင့်တကွ ဖြစ်သည့် လေ့ကျက်ခြင်း၏ အစွမ်းဖြင့် တက်ခြင်းကြောင့် ဝိတက်သည် တင်သည် မည်သည်သာလျှင်တည်းဟု သိပါလေ။

ဆိုဖွယ်အထူးကား - ဝိတက်ကင်းသည်လည်း ဖြစ်သော ပဉ္စဝိညာဉ်သည် ၀တ္ထုအာရုံ ထိခိုက်ခြင်း၏ အစွမ်းဖြင့် တက်၏၊ ဒုတိယဈာန် စသည် တို့သည်လည်း ဥပစာရဘာဝနာ၏ အစွမ်းဖြင့် တက်ကြ ကုန်၏။

မဇ္ဈိမနိကာယ်အဋ္ဌကထာ၌ကား-
- တစ်နည်းကား ဤသို့သော ယုတ္တိကို ကြံသဖြင့် အဘယ်အကျိုး ရှိအံ့နည်းဟု ဆိုတော်မူပြီး၍ ဤဆိုလတ္တံ့သော အနက်ကို ပြတော်မူ၏။
- မှန်လှပေ၏၊ စိတ်သည်လည်း အာရုံသို့ တက်သည်သာလျှင်တည်း။ ထိုစိတ်၏ကား အမြဲဖြစ်သည့် အဖော်သဟဲကြီးကား မနသိကာရ စေတသိက် ပေတည်း၊ မှန်လှစွာ၏၊ ထိုမနသိကာရ မရှိခဲ့သော် ထိုစိတ်သည် ပဲ့ကိုင်သူကြီးမှ ကင်းသော လှေကဲ့သို့ အမှတ်မထင် ရောက်ချင်ရာရာသော အာရုံကိုယူ၍ ဖြစ်လေရာ၏ ဟု သိပါလေ။

ထို့ကြောင့် ပဉ္စဝိညာဏ်သည် မနသိကာရလျှင် အဖော်သဟဲ ရှိသည်ဖြစ်၍ မိမိ၏ အာရမ္မဏဝိဇာနန သတ္တိ အစွမ်းဖြင့် အာရုံသို့ တက်နိုင်၏။ အကုသိုလ်သို့ ရောက်သည်ရှိသော်ကား စိတ်သည်လည်း ကောင်း လောဘ စသည်တို့သည်လည်းကောင်း အာရုံသို့ တက်ခြင်း၌ အားအစွမ်းသို့ ရောက်ကုန် သည်သာလျှင်တည်း။ မှန်လှပေ၏။

  • ‘‘စိတ်သည် မကောင်းမှု၌ မွေ့လျော်၏’’ ဟု ဘုရားရှင် ဟောကြားတော်မူ၏။
  • ဒုတိယဈာန်စိတ် စသည်တို့သည်လည်း မနသိကာရ ဝီရိယ သတိတို့၏ အစွမ်းဖြင့် တက်ကုန်၏။
  • ဝိတက်သည်မူကား ထိုသို့သော အခြင်းအရာအားဖြင့် ထွေထွေလာလာ ကြံဖန်၍ မိမိနှင့်တကွ ဖြစ်ကုန်သည့် သမ္ပယုတ်တရားတို့ကို အာရုံသို့ တက်ရာ၌ အတိုင်းထက်အလွန် အားရှိသည် အားကြီး သည်ကို ပြု၏၊ ထို့ကြောင့် ထိုအာရုံသို့ တက်ခြင်းကိစ္စ၌ တစ်ပါးသော တရားတို့ထက် လွန်ကဲသော ဗျာပါရ ရှိသည်၏ အဖြစ်ကြောင့်သာလျှင် ဤတရားကို ဝိတက် ဟူ၍ ဆိုအပ်၏။

ဤသို့ အဋ္ဌကထာ၌ မိန့်ဆိုခဲ့ပေပြီ။

ဤသို့မူကား ဆိုသင့် ဆိုထိုက်သေး၏၊ တစ်ပါးကုန်သော နာမ်တရားတို့သည်လည်း အာရုံကိုယူခြင်း သဘော ရှိကုန်သည်ဖြစ်၍ အာရုံသို့ တက်ရောက်နိုင်သည် မဟုတ်ကုန်လော၊ သို့ဖြစ်ပါလျက် အဘယ့်ကြောင့် ဤတရားကိုသာလျှင် ဝိတက် ဟု ဆိုအပ်ပါသနည်း၊ ဤကား စောဒနာစကားတည်း။ တစ်ပါးကုန်သော တရားတို့၏ကား အာရုံသို့ တက်ခြင်းသည် ကိစ္စတစ်ပါးနှင့် ယှဉ်သည်၏ အစွမ်း အားဖြင့်သာလျှင် ပြီး၏၊ ဤဝိတက်၏ကား ဤကိစ္စမှတစ်ပါးသော ကိစ္စမည်သည် မရှိချေ၊ ထို့ကြောင့် ဤတရားကိုသာလျှင် ထိုအခြင်းအရာအားဖြင့် ဆိုအပ်၏ဟု သိပါလေ။

ဝိစာရ အဖွင့်

လှည့်လည်တတ်သောကြောင့် ဝိစာရ မည်၏၊ (တစ်နည်း) သမ္ပယုတ် ဖြစ်ကုန်သော တရားတို့ကို လှည့်လည် စေတတ်သောကြောင့် ဝိစာရ မည်၏၊ (တစ်နည်းကား) ဤတရားဖြင့် ထိုသမ္ပယုတ် တရားတို့သည် လှည့်လည်ကြရကုန်သောကြောင့် ဝိစာရ မည်၏။

ဆက်၍ ဆိုဦးအံ့၊ ဤနေရာ၌ လှည့်လည်ခြင်းကို ဝိတက်သည် တင်အပ်ပြီးသော ထိုအာရုံ၌သာလျှင် သဘောအခြင်းအရာ ထင်ရှားပေါ်ခြင်း အကျိုးငှါ အဖန်ဖန် အထပ်ထပ် သုံးသပ်သည်၏ အစွမ်းအား ဖြင့် ဖြစ်ခြင်းဟူ၍ မှတ်အပ်၏၊ ဆက်၍ ဆိုဦးအံ့၊ ဤအရာ၌ ဝိတက်သည် ရုန့်ရင်းကြမ်းတမ်းသည် လည်းကောင်း ရှေ့သွားသည် လည်းကောင်း အာရုံ၌ စိတ် ရှေးဦးစွာ ကျခြင်းသည်လည်းကောင်း ဖြစ်သောကြောင့် ခေါင်းလောင်း ရှေးဦးစွာ တီးခတ်အပ်သော အသံနှင့်တူ ဟူ၍မှတ်အပ် ၊ ဝိစာရသည် သိမ်မွေ့သည်လည်းကောင်း နောက်လိုက်သည်လည်းကောင်း ထိုအာရုံ၌သာလျှင် စိတ်၏ အစဉ် ဖွဲ့ခြင်းသည် လည်းကောင်း ဖြစ်သောကြောင့် ခေါင်းလောင်း၏ အဆင့်ဆင့် မြည်ဟည်းနေသော အသံနှင့်တူ၏ ဟူ၍ မှတ်အပ်၏၊ ဤသို့သော အထူးကို သိပါလေ။

အဓိမောက္ခ အဖွင့်

ကျွတ်ကျွတ်လွတ်လွတ် ဆုံးဖြတ်ခြင်းသည် အဓိမောက္ခ မည်၏၊ အာရုံ၌ ဤသို့ ဖြစ်လေသလော သို့မဟုတ်ပဲပင် ဖြစ်လေသလောဟု ဖြစ်သော ရွေ့လျားခြင်းကို နှိပ်စက် ဖြတ်တောက်၍ အဖို့တစ်ပါးမှ လွတ်သည်၏ အစွမ်းအားဖြင့် စိတ်၏ဖြစ်ခြင်းပေတည်းဟု ဆိုလိုသည်၊ ဤအကြောင်းကြောင့် ထို အဓိမောက္ခကို-

  • အာရုံ၌ ဆုံးဖြတ်ခြင်း လက္ခဏာရှိ၏ ဟူ၍လည်းကောင်း၊
  • အာရုံ၌ တုန်လှုပ်ခြင်း မရှိသည်၏ အဖြစ်ဖြင့် တံခါးခုံ နှင့် တူ၏ ဟူ၍လည်းကောင်း အဋ္ဌကထာ၌ မိန့်ဆိုအပ်၏။

ဝီရိယ အဖွင့်

အမှု၌ ရဲရင့်သည်၏ အဖြစ်ကြောင့် ဝီရိယ မည်၏၊ (တစ်နည်းကား) ရဲရင့်သောသူ၏ အမူအရာ ဖြစ်သောကြောင့် ဝီရိယ မည်၏၊ မှန်လှစွာ၏၊ ထိုဝီရိယနှင့် ပြည့်စုံသော သူသည် အမှု၌ ရဲရင့်လှစွာ၏၊ ကြီးကျယ်စွာသော အမှုကိုလည်း အနည်းငယ်အားဖြင့် ယူနိုင်၏၊ ခဲယဉ်းသည့် အမှုကိုလည်း လွယ်လင့်တကူအားဖြင့် ယူနိုင်၏၊ ဝန်လေးသော အမှုကိုလည်း ဝန်မလေးသောအားဖြင့် ယူနိုင်၏၊ ကိုယ်၏ ပင်ပန်းခြင်းကို တွက်ဆမှု မရှိ၊ အမှုကိစ္စ ပြီးစီးရန် အမြဲချီးပင့်အပ်သော ကိုယ်စိတ ်ရှိသည်သာလျှင် ဖြစ်၏၊ ထို့ကြောင့် ထိုဝီရိယသည် ထိုပုဂ္ဂိုလ်၏ ထိုသို့သော အခြင်း အရာအားဖြင့် ဖြစ်ခြင်း၏ အကြောင်း၏ အဖြစ်သည်လည်းကောင်း ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ်သော ထိုပုဂ္ဂိုလ်၏ ကိုယ်စိတ်တို့၏ အမူအရာ ဖြစ်၍လည်း ဖြစ်၏ဟု သိပါလေ။

တစ်နည်းကား- အထူးထူးသော နည်း အထူးထူးသော အကြောင်းဖြင့် ဝီရိယရှိသော ပုဂ္ဂိုလ်အား အဘယ်မည်သော အမှုသည် မပြီးဘဲ ရှိပါအံ့နည်း- ဤသို့ အစရှိသော ပုဗ္ဗာဘိသင်္ခါရ ဖြင့် ဖြစ်စေ အပ်၏၊ ထို့ကြောင့် ဝီရိယ မည်၏။

တစ်နည်းကား - ဤတရားသည် အထူးအားဖြင့် မိမိသူတစ်ပါး နှစ်ပါးသော အကျိုးစီးပွားဟူသော အကြောင်းကြောင့် ထိုဝီရိယနှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့သည် တုန်လှုပ်ကြကုန်သောကြောင့် ဝီရိယ မည်၏။

ဆက်၍ ဆိုဦးအံ့၊ ဤအရာ၌ ဝီရိယသည် ထောက်ပံ့အပ်ကုန်သော သမ္ပယုတ်တရားတို့သည် အခါခပ်သိမ်း မချထားအပ်သော ဝန်ရှိကြကုန်သည်ဖြစ်၍ ချီးပင့်အပ်သော ဦးခေါင်း ရှိကြကုန်သကဲ့သို့ ဖြစ်၍ မိမိ မိမိ၏ ကိစ္စပြည့်စုံခြင်းငှါ အမြဲဖြစ်သော အားထုတ်ခြင်း ရှိကြကုန်သည်သာလျှင် ဖြစ်ကုန်၏။

ထိုတရားတို့သည်လည်း ထိုအခြင်းအရာအားဖြင့် ဖြစ်ကြကုန်သည် ရှိသော် ထိုဝီရိယနှင့် ပြည့်စုံကြသော ပုဂ္ဂိုလ်တို့သည်လည်း မိမိ၏ လည်းကောင်း သူတစ်ပါးတို့၏ လည်းကောင်း အစီးအပွား ဟူသော အကြောင်းကြောင့် အမြဲကြောင့်ကြစိုက်သည့် ကိုယ်စိတ် ရှိကြကုန်သည် ဖြစ်ကြ ကုန်၏၊ ထို့ကြောင့် တုန်လှုပ်ကြကုန်၏ဟု ဆိုအပ်ကုန်၏။

ထိုစကားသည် မှန်လှစွာ၏၊ ထိုဝီရိယကို -

  • ထောက်ပံ့ခြင်း လက္ခဏာရှိ၏ ဟူ၍လည်းကောင်း၊
  • ချီးပင့်ခြင်း လက္ခဏာရှိ၏ ဟူ၍လည်းကောင်း၊
  • အားထုတ်ခြင်း လက္ခဏာရှိ၏ ဟူ၍လည်းကောင်း၊
  • အိမ်၏ ထောက်တိုင် နှင့် တူ၏ ဟူ၍လည်းကောင်း၊
  • ကောင်းစွာ အားထုတ်အပ်သည်ရှိသော် အလုံးစုံသော စည်းစိမ်တို့၏ မူလဖြစ်၏ ဟူ၍ လည်းကောင်း အဋ္ဌကထာ၌ ဆိုအပ်၏ဟု သိပါလေ။

ပီတိ အဖွင့်

ကိုယ်စိတ်ကို အားရနှစ်လို့ ပျို့စေတတ်သောကြောင့် ပီတိ မည်၏၊ နှစ်သက်သည်ကို ဝဖြိုးသည်ကို ဖြစ်စေတတ်၏၊ (တစ်နည်းကား) ကောင်းစွာ ပွင့်သော ပဒုမ္မာကြာပန်းကဲ့သို့ ပွားစေတတ်သော ကြောင့် ပီတိ မည်၏၊ (တစ်နည်းကား) ဤတရားဖြင့် ထိုပီတိနှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့သည် ရွှင်လန်း နှစ်လို့ ပျို့ကြရကုန်၏၊ လပြည့်ဝန်းကဲ့သို့ တင့်တယ်သော ကိုယ်စိတ် ရှိကြကုန်၏၊ ထို့ကြောင့် ပီတိ မည်၏။

ထိုပီတိသည်-

(က) ကိုယ်၌ ကြယ်သီးမွေးညှင်း ထရုံမျှဖြစ်သော ခုဒ္ဒကာပီတိ
(ခ) လျှပ်စစ်ပြက်သန်းသည့်ပမာ ခဏခဏ ဖြန်းခနဲ ဖြန်းခနဲ ဖြစ်သော ခဏိကာပီတိ
(ဂ) သမုဒ္ဒရာလှိုင်းကဲ့သို့ ကိုယ်မှ သက်၍သက်၍ ပြက်သော သြက္ကန္တိကာပီတိ
(ဃ) ကိုယ်ကို လွင့်ပါး ပျံတက်စေနိုင်အောင် အားရှိသော ဥဗ္ဗေဂါပီတိ
(င) ကိုယ်လုံး စိမ့်လျှမ်း ရေဝှေ့သော တောင်ဝှမ်းကဲ့သို့ ငြိမ်းချမ်း ပျံ့နှံ့သော ဖရဏာပီတိ

ဟူ၍ ငါးပါးအပြား ရှိ၏။

ဆန္ဒ အဖွင့်

ပြုလို ဖြစ်လိုခြင်းသည် ဆန္ဒ မည်၏၊ လိုချင်ခြင်း တောင့်တခြင်းဟု ဆိုလိုသည်။ ထိုဆန္ဒသည်-

(က) တပ်မက် စွန်းငြိသောအားဖြင့် အလိုရှိမှု တဏှာဆန္ဒ
(ခ) စွန်းငြိ တပ်မက်မှု မရှိဘဲ ပြုလိုကာမျှ ရလိုကာမျှဖြစ်သော ကတ္တုကမျတာဆန္ဒ

ဟူ၍ နှစ်ပါးအပြား ရှိ၏၊ ဤအရာ၌ ကတ္တုကမျတာဆန္ဒကိုသာ အလိုရှိအပ်၏။

ဆက်၍ ဆိုဦးအံ့၊ ဤနေရာ၌ ပြုခြင်းငှါ အလိုရှိသောကြောင့် ကတ္တုကာမ မည်၏၊ အလိုဆန္ဒနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို ရယူအပ်၏၊ ထိုဆန္ဒနှင့် ပြည့်စုံသော ပုဂ္ဂိုလ်၏အဖြစ်သည် ကတ္တုကမျ မည်၏၊
ထိုကတ္တုကမျသည်ပင်လျှင် ကတ္တုကမျတာ မည်၏၊ ဥပမာ အဘယ်ကဲ့သို့နည်းဟူမူ ‘‘ဒေဝေါယေဝ ဒေဝတာ’’ ဆိုသကဲ့သို့ပေတည်း။

ဆက်၍ ဆိုဦးအံ့၊ ဤအရာ၌ ကတ္တုသဒ္ဒါသည် အလုံးစုံကုန်သော ဓာတုသဒ္ဒါတို့၏ အနက်တို့ကို သိမ်းကျုံး၍ ဖြစ်၏၊ ထို့ကြောင့် ကတ္တုကမျတာ ဟူသော ဤပါဌ်ဖြင့် ဆိုလိုသော သူ၏အဖြစ် ကြံ လိုသော သူ၏အဖြစ် မြင်လိုသော သူ၏အဖြစ် ကြားလိုသော သူ၏အဖြစ် - ဤသို့ အစရှိကုန်သော အလုံးစုံသော ကြိယာပုဒ်တို့ကို သိမ်းကျုံးအပ်ကုန်၏ဟု မှတ်ပါလေ။

ထိုဆန္ဒသည်ကား- အာရုံကို အလိုရှိသော်လည်း တဏှာကဲ့သို့ သာယာခြင်း တပ်စွန်းခြင်း ကပ်ငြိခြင်း၏ အစွမ်းဖြင့် အလိုရှိသည် မဟုတ်ချေ၊ စင်စစ်သော်ကား အလိုရှိအပ်သော အကျိုးကို ပြီးစေခြင်းငှါ လိုလားသည်၏ အဖြစ် အစွမ်းအားဖြင့် အလိုရှိ၏။

ဥပမာသော်ကား- မင်း၏ လေးသမားတို့သည် ဥစ္စာဖြင့်လည်းကောင်း အခြံအရံဖြင့်လည်းကောင်း အလိုရှိကြကုန်သည်ဖြစ်၍ မင်း၏ ရန်သူတို့ကို ပစ်သည်၏ အစွမ်းအားဖြင့် ပစ်အပ်သည်နှင့် ယှဉ်သည်လည်း ဖြစ်ကုန်သော မြားတို့ကို များစွာ အလိုရှိကုန်သကဲ့သို့သာလျှင် ဤအတူ ဤဆန္ဒ သည်လည်း သူတစ်ပါးအား စွန့်အပ်သည်နှင့် ယှဉ်သည်လည်း ဖြစ်ကုန်သော ၀တ္ထု တို့ကို မရသေး သည်တို့ကိုလည်း ရခြင်းငှါ အလိုရှိ၏၊ ရပြီးသည်တို့ကိုလည်း စောင့်ရှောက်ခြင်းငှါ အလိုရှိ၏ဟု သိပါလေ။

ဤအနက်ကိုလည်း ဋီကာကျော်၌လည်း မိန့်ဆိုအပ်ပြီး သည်သာလျှင်တည်း မှန်လှစွာ၏။

၈၀။ ထိုဋီကာကျော် (နှာ- ၁၀ရ)၌-

ဒါနဝတ္ထုကို စွန့်သည်၏ အစွမ်းဖြင့်ဖြစ်သော ကာလ၌လည်း ဤဆန္ဒသည် စွန့်အပ်သော ထို ဝတ္ထုဖြင့် အလိုရှိအပ်သည်သာတည်း၊ ဥပမာ အဘယ်ကဲ့သို့နည်းဟူမူ- ပစ်အပ်သော မြားတို့ကို (ပစ်ဖို့ရာ ဖြစ်သော မြားတို့ကို) အလိုရှိသော လေးသမား ကဲ့သို့တည်း။ ဟူ၍ မိန့်ဆို၏။

ထိုဋီကာကျော် စကား၌ အကြင် အဖို့ဖြင့် အလှူကို ပေးလှူအံ့ဟု အလှူဝတ္ထုကို ရှာမှီးခြင်း စသည်တို့၏ အစွမ်းအားဖြင့် ဖြစ်သော ရှေ့အဖို့၌ဖြစ်သည့် စေတနာသည် အလှူဝတ္ထုကို စွန့်ခြင်းဟု ဆိုအပ်သော ဒါန၌ ရေတွက်အပ်၏၊ ထိုအဖို့ဖြင့် ထိုရှေ့အဖို့၌ ဖြစ်သည့် စေတနာ၏ဖြစ်ရာ ကာလသည် ဤအရာ၌ အလှူဝတ္ထုကို စွန့်ကြဲသည်၏ အစွမ်းဖြင့်ဖြစ်သော ကာလပေတည်းဟု သိပါလေ။

ဝိသဇ္ဇိတဗ္ဗေန - ဟူသော ဋီကာကျော် ပါဌ်သည်ကား စွန့်အပ်သည်နှင့်ယှဉ်သော ထို၀တ္ထုကို အလိုရှိအပ်သည်သာလျှင်တည်း၊ သူတစ်ပါးအား စွန့်ခြင်းအကျိုးငှါ- ဤကား အဓိပ္ပါယ်တည်း။

ခိပိတဗ္ဗဥသူနံ ဂဟဏေ - ဟူသော ဋီကာကျော် ပါဌ်သည်ကား မပြုလုပ်အပ် မပြုလုပ်ရသေးသော ထိုမြားတို့ကို ပြုလုပ်လိုသည်၏ အစွမ်းဖြင့် မရအပ်သေးသော မြားတို့ကို ရှာမှီးသည်၏ အစွမ်းဖြင့် ယူခြင်း၌- ဟု ဆိုလိုသည်။

ဤအရာ၌ကား အချို့သော ဆရာတို့သည် လေးသမားသည် မြားတို့ကို ပစ်အပ်ပြီး၍လည်း ရနိုင်သည်ရှိသော် ထိုပစ်ပြီးသော မြားတို့ဖြင့် (ရယူခြင်းငှါ) အလိုရှိသေးသည်သာလျှင်တည်း-ဟူသော အနက်ကို ဆိုကြကုန်၏၊ ထိုအနက်သည် မသင့်လျော်ပေ။

မှန်လှစွာ၏၊ ဤသို့သော အနက်ဖြစ်သင့်သည် ရှိခဲ့သော် ခိပိတဥသူနံ (ပစ်အပ်ပြီးသော မြားတို့ကို) ဟူ၍ ဆိုသင့်ရာ၏၊ အဘယ်ကဲ့သို့နည်း ဟူမူကား - ‘ကထိတံ လပိတံ တထာဂတေန = မြတ်စွာဘုရား သည် ဟောအပ်ပြီ မြွက်ဆိုအပ်ပြီ’ ဟူသကဲ့သို့တည်း၊ ဝိသဇ္ဇိတဗ္ဗေန ဟူသော ဤပါဌ်၌လည်း ထို့အတူပေတည်းဟု သိပါလေ။

အချို့သော ဆရာတို့သည် လေးသမားသည် မြားတို့ဖြင့် အလိုမရှိသည် ဖြစ်၍ ပစ်သည် မဟုတ်ချေ၊ အလိုရှိသည်သာလျှင် ဖြစ်ပါလျက် တစ်ပါးသော အကျိုးကို အလိုရှိသည် ဖြစ်၍ ပစ်၏ဟု ဤသို့သော အနက်ကို ဆိုကြကုန်၏၊ ထိုအနက်သည်လည်း မသင့်ချေ။

မှန်လှပေ၏၊ ဤသို့သော အနက်ဖြစ်ခဲ့သော် မြားတို့ဖြင့် အလိုရှိလျက်သာလျှင် ထိုမြားတို့ကို ပစ်သော လေးသမားကဲ့သို့တည်းဟု ဆိုလိုသည် ဖြစ်ပေရာ၏ဟု သိပါလေ၊ အနက်အားဖြင့်ကား ထိုနှစ်ပါးစုံ သည်လည်း ရယ်ရွှင်ဖွယ်သည်သာလျှင် ဖြစ်ပေ၏ဟု သိပါလေ။

ဆက်၍ ဆိုဦးအံ့၊ ဆန္ဒနှင့်ယှဉ်သော စိတ်သည် အာရုံကို ယူသည်ရှိသော် ဆန္ဒ၏အစွမ်းအားဖြင့် အလွန်အလိုရှိသကဲ့သို့ လုယက်သကဲ့သို့ ယူတတ်သောကြောင့်-

ဤဆန္ဒသည် အာရုံကို ယူရာ၌ စိတ်၏လက်ကို ဆန့်တန်းသကဲ့သို့ မှတ်အပ်၏။ ဟူ၍ အဋ္ဌကထာ၌ မိန့်ဆိုတော်မူ၏။

ဆက်၍ ဆိုဦးအံ့၊ ဤအဋ္ဌကထာစကား၌ ‘‘လက်ကို ဆန့်တန်းသကဲ့သို့’’ ဟူသော ဤစကားကို ထင်ရှားမရှိသည်ကို ကြံဆ၍ ဆိုသော စကားဟူ၍ မှတ်အပ်၏၊ မှန်လှပေ၏၊ စိတ်တရားအား လက် မည်သည် မရှိချေ၊ စင်စစ်သော်ကား အနက်အထူးကို ထင်ရှားစေခြင်းငှါ မရှိသည်ကိုလည်း ရှိသကဲ့သို့ ကြံဆ၍ ဆိုခြင်းပေတည်းဟု မှတ်ပါလေ။

ဆိုဖွယ်အထူးကား- ဤဆန္ဒ မည်သည်ကား အားအစွမ်းသို့ ရောက်သည်ရှိသော် တဏှာထက် အလွန်အားကြီး၏၊ ထိုစကားသည် မှန်လှစွာ၏၊ ဤဆန္ဒသည် အဓိပတိလည်း ဖြစ်၏၊ ဣဒ္ဓိပါဒ်လည်း ဖြစ်၏ဟု သိပါလေ။

မှန်လှစွာ၏၊ ထိုဆန္ဒသည် တဏှာနှင့်တူသော အားရှိသည် အကယ်၍ ဖြစ်ခဲ့ငြားအံ့၊ ဤသတ္တဝါ တို့သည် တဏှာ၏လက်၌ တည်ကြရကုန်သည်ဖြစ်၍ တဏှာသည် သိမ်းဆည်းအပ်ကုန်သော ဓနသုခ ဘောဂသုခ ရဇ္ဇသုခတို့ကို လည်းကောင်း ဒိဗ္ဗသမ္ပတ္တိ ဗြဟ္မသမ္ပတ္တိတို့ကို လည်းကောင်း စွန့်၍ ဝဋ်ဆင်းရဲမှ ထွက်မြောက်ခြင်းငှါ မစွမ်းကြကုန်လတ္တံ့ သာလျှင်တည်းဟု သိပါလေ။

သောဘဏ - အသောဘဏစိတ်တို့၌ ပြိုးပြွမ်း ယှဉ်တတ်သောကြောင့် ပကိဏ္ဏ = ပကိဏ်း မည်ကုန်၏၊ ထိုပကိဏ္ဏတို့သည်ပင်လျှင် ပကိဏ္ဏကတို့ မည်ကုန်၏။

တစ်ပါးကုန်သော စိတ်တို့နှင့် (တစ်နည်း) တစ်ပါးကုန်သော စိတ်တို့အား တူကုန်သောကြောင့် အညသမာနတို့ မည်ကုန်၏။

သောဘဏစိတ်တို့၌ ယှဉ်သောအခါ အသောဘဏစိတ်မှ တစ်ပါးကုန်သော သောဘဏစိတ်တို့နှင့် တူကြကုန်၏၊ အသောဘဏစိတ်တို့၌ ယှဉ်သောအခါ သောဘဏစိတ်မှ တစ်ပါးကုန်သော အသောဘဏစိတ်တို့နှင့် တူကြကုန်၏ဟု ဆိုလိုရင်း ဖြစ်ပေသည်။

အညသမာန်းရာသီ၌
မြတ်သောအနက်ကို ပြကြောင်းဖြစ်သော စကားရပ် ပြီးပေပြီ။

အညသမာန်း စေတသိက် အဖွင့် ပြီးပြီ။

အကုသိုလ်စေတသိက် အဖွင့်

ယခုအခါ၌ အကုသလရာသီကို ပြတော်မူလိုသော အရှင်အနုရုဒ္ဓါသည် ‘‘မောဟော’’ ဤသို့ အစရှိသော စကားကို မိန့်သတည်း။

မောဟ အဖွင့်

ထိုစကားရပ်၌ တွေဝေတတ်သောကြောင့် မောဟ မည်၏။ (တစ်နည်း) ထိုမောဟဖြင့် သတ္တဝါ တို့သည် တွေဝေကြရကုန်သောကြောင့် မောဟ မည်၏။ (တစ်နည်း) တွေဝေခြင်းမျှသည် မောဟ မည်၏။

အင်္ဂါလေးပါးရှိသော အမိုက်၏မျက်စိကို ကန်းသည်၏ အဖြစ်ကို ပြုသကဲ့သို့ အချင်းခပ်သိမ်း ကောင်းသောအဖို့ကို ဖုံးလွှမ်း၍ စိတ်၏ ကန်းသည်၏ အဖြစ်ကို ပြုခြင်းပေတည်းဟု ဆိုလိုသည်။

မကောင်းသော အဖို့သို့ ရောက်သည်ရှိသော် ထိုမောဟသည် ဉာဏ်အလား ရှိ၏ဟု မှတ်အပ်၏၊ ထိုစကားသည် မှန်၏၊ ပါဠိတော်၌ ဤမောဟကို ‘‘မိစ္ဆာဉာဏ်’’ဟူ၍ ဟောတော်မူ၏။

အဋ္ဌကထာတို့၌လည်း-

မိစ္ဆာဉာဏ် ဟူသည်ကား- ယုတ်မာ ဆိုးဝါးလှစွာသော အမူအရာတို့၌ ဥပါယ်တမျည် ကြံစည်သည်၏ အစွမ်းအားဖြင့် ဖြစ်သော မောဟပေတည်း။

ဟု ဖွင့်ဆိုတော်မူ၏၊ ဆက်၍ ဆိုဦးအံ့၊ အဝိဇ္ဇာသည်-

၁။ အပ္ပဋိပတ္တိ = ဟုတ်သည်ကို မသိခြင်း
၂။ မိစ္ဆာပဋိပတ္တိ = မှားသည်ကို မသိခြင်း

တို့၏ အစွမ်းအားဖြင့် နှစ်ပါးအပြား ရှိသည်၏ အဖြစ်ကို ဖွင့်ဆို၏။

ဆက်၍ ဆိုဦးအံ့၊ ဤနှစ်ပါးတို့တွင် အပ္ပဋိပတ္တိ ဟူသည်ကား-

ကောင်းသောအဖို့၌ မသိခြင်းကိုသာလျှင် ဆိုအပ်၏၊ မိစ္ဆာပဋိပတ္တိ ဟူသည်ကား- မကောင်းသော အဖို့၌ မိစ္ဆာဉာဏ်ကိုသာလျှင် ဆိုအပ်၏ဟု သိပါလေ၊ ထိုစကားသည် မှန်လှပေ၏၊ မကောင်းသော အဖို့သို့ ရောက်သည်ရှိသော်-

၁။ မောဟ
၂။ လောဘ
၃။ ဒိဋ္ဌိ
၄။ ဝိတက်
၅။ ဝိစာရ

ဤတရားငါးပါးတို့သည် ဉာဏ်အလား ရှိကြကုန်သည်သာတည်း၊ စိတ်နှင့်သော်ကား အတူတကွ ခြောက်ပါးအပြား ရှိကြကုန်၏။

မှန်လှပေ၏၊ ထိုတရားခြောက်ပါးတို့သည် ပြကတေ့အားဖြင့် သိကြားလိမ္မာ ပညာရှိသဘော ရှိကြပေကုန်သော သူတို့၌လည်းကောင်း အကြားအမြင် ပရိယတ်နှင့် ပြည့်စုံသော သူတို့၌လည်း ကောင်း ဖြစ်ကုန်သည်ရှိသော် မကောင်းသော အမူအရာတို့၌ ထိုထိုအကြောင်း ဥပါယ် တမျဉ်ကို မြင်သည်၏ အစွမ်းဖြင့် ထိုသူတို့၏ ထိုမကောင်းသော အမူအရာတို့၌ လိမ္မာသည်၏ အဖြစ်ကို လည်းကောင်း စွမ်းနိုင်သည်၏ အဖြစ်ကိုလည်းကောင်း ပြီးစေနိုင်ကုန်၏ဟု သိပါလေ။

အဟိရိက အဖွင့်

ကာယဒုစရိုက် စသည်တို့မှ မရှက်တတ် မစက်ဆုပ်တတ် မရွံ့ရှာတတ်သောကြောင့် အဟိရိက မည်၏၊ (တစ်နည်းကား) ကာယဒုစရိုက် စသည်တို့မှ ရှက်တတ် စက်ဆုပ်တတ် ရွံရှာတတ်သော ဟိရိ၏ ဆန့်ကျင်ဘက် ဖြစ်သောကြောင့် အဟိရိမည်ပေ၏၊ ထိုအဟိရိ သဒ္ဒါသည်ပင်လျှင် အဟိရိက မည်၏။

မှန်လှပေ၏၊ ထိုအဟိရိကသည် မကောင်းသော အမူအရာတို့ ရှေးရှု တည်ကုန်သည်ရှိသော် ဟိရိ၏ အခွင့်ကို မပေးမူ၍ ထိုမကောင်းသော အမူအရာတို့၌ မြိန်ရှက်ခြင်းကို ဖြစ်စေ၍ ဖြစ်စေ၏ဟု သိပါလေ။

ထိုစကားသည် မှန်လှစွာ၏၊ ထိုအဟိရိကကို-

- ကာယဒုစရိုက် စသည်တို့မှ မစက်ဆုပ်ခြင်း လက္ခဏာ ရှိ၏ ဟူ၍လည်းကောင်း၊
- ကာယဒုစရိုက် စသည်တို့မှ မရှက်ခြင်း လက္ခဏာ ရှိ၏ ဟူ၍လည်းကောင်း အဋ္ဌကထာ၌ မိန့်ဆို၏။

အနောတ္တပ္ပ အဖွင့်

မထိတ်မလန့်တတ်သောကြောင့် အနောတ္တပ္ပ မည်၏၊ ကာယဒုစရိုက် စသည်တို့မှ မကြောက်တတ် မထိတ်မလန့်တတ်၊ ဤကား အနက်တည်း၊ (တစ်နည်း) ကာယဒုစရိုက် စသည်တို့မှ ကြောက်တတ် ထိတ်လန့်တတ်သော သြတ္တပ္ပ၏ ဆန့်ကျင်ဘက် ဖြစ်သောကြောင့် အနောတ္တပ္ပ မည်၏။

မှန်လှစွာ၏၊ ထိုအနောတ္တပ္ပသည်လည်း ထိုမကောင်းသော အမူအရာတို့သည် ရှေးရှုတည်လာ ကုန်သည်ရှိသော် သြတ္တပ္ပ၏ အခွင့်ကို မပေးမူ၍ စိတ်ကို ထိုမကောင်းသော အမူအရာတို့၌ မကြောက် မရွံ့သည်ကို ပြု၍ ဖြစ်၏ဟု သိပါလေ။

ထိုစကားသည် မှန်လှစွာ၏၊ ဤအနောတ္တပ္ပကို-

- ကာယဒုစရိုက် စသည်တို့မှ မရွံရှာခြင်း လက္ခဏာ ရှိ၏ ဟူ၍လည်းကောင်း၊
- ကာယဒုစရိုက် စသည်တို့မှ မထိတ်မလန့်ခြင်း လက္ခဏာ ရှိ၏ ဟူ၍လည်းကောင်း

အဋ္ဌကထာ၌ မိန့်ဆိုတော်မူ၏။ ဆက်၍ ဆိုဦးအံ့-

- အဟိရိကနှင့် ပြည့်စုံသော သူသည် မကောင်းမှုမှ မစက်ဆုပ် မရွံရှာတတ်ပေ။ ဥပမာ အဘယ်ကဲ့သို့နည်း ဟူမူကား - အိမ်ဝက်သည် မစင်မှ မစက်ဆုပ်မရွံရှာခြင်း အလေ့ရှိ သကဲ့သို့ ပေတည်း။
- အနောတ္တပ္ပနှင့် ပြည့်စုံသော သူသည် မကောင်းမှုမှ မကြောက် မလန့်တတ်ပေ၊ ဥပမာ အဘယ်ကဲ့သို့နည်း ဟူမူကား- ပိုးဖလံသည် မီးမှ မကြောက်မလန့်သကဲ့သို့ပေတည်း။

ဟု မိန့်ဆိုအပ်၏။

ဥဒ္ဓစ္စ အဖွင့်

ပျံ့လွင့်တတ်သောကြောင့် ဥဒ္ဓဋ မည်၏၊ ချောမြေ့လှစွာသော ကျောက်ဖျာအပြင်၌ မွေ့၍ စွန့်လွှတ်အပ်သည့် မရပ်မတည် ပတ်ချာလည်၍နေသော ဂျင်ငယ်ကဲ့သို့ (ဒိုးဂျင်ကဲ့သို့) အမျိုး မျိုးသော အာရုံတို့၌ ပျံ့လွင့်ပြေးသွားနေသော စိတ်ကို အရ ကောက်ပါလေ။ ပျံ့လွင့်နေသော စိတ်၏ကား ပျံ့လွင့်သော အခြင်းအရာအားဖြင့် ဖြစ်ခြင်းအကြောင်း ဖြစ်၍ ဖြစ်သော တရားသည် ဥဒ္ဓစ္စ မည်၏။

ထိုဥဒ္ဓစ္စကိုကား-

- လေခတ်အပ်သော ရေကဲ့သို့လည်းကောင်း လေခတ်အပ်သော တံခွန် ကုက္ကားကဲ့သို့လည်းကောင်း မှတ်အပ်၏။

လောဘ အဖွင့်

လိုချင် တပ်မက်သောကြောင့် လောဘ မည်၏၊ (တစ်နည်း) ထိုလောဘဖြင့် သမ္ပယုတ်တရားတို့သည် လိုချင် တပ်မက်ကြကုန်သောကြောင့် လောဘ မည်၏၊ (တစ်နည်း) ဤတရားသည် လိုချင် တပ်မက်ခြင်းမျှသာလျှင် ဖြစ်သောကြောင့် လောဘ မည်၏။

ဆက်၍ ဆိုဦးအံ့၊ ဤနေရာ၌ လိုချင်တပ်မက်ခြင်း မည်သည်ကား အာရုံ၌ ကပ်ငြိတွယ်တာခြင်းကို မှတ်အပ်၏။

ထိုလောဘကိုကား အာရုံ၌ ကပ်ငြိတွယ်တာတတ်သော အနက်ကြောင့်-

- ‘‘မျောက်နှဲစေး’’ ကဲ့သို့လည်းကောင်း အလွန်လိုချင်တတ်သော အနက်ကြောင့် ‘‘လောလောပူသော သံပူအိုးကင်း၌ ပစ်ချအပ်သော သားတစ်’’ ကဲ့သို့လည်းကောင်း၊ မစွန့်လွှတ်နိုင်ဘဲ စွဲလမ်းတတ်သော အနက်ကြောင့် ‘‘ဆီချေးဖြင့် ညစ်ထေး ပေကျံနေသော လက်နှီးစုတ်အဝတ်’’ ကဲ့သို့လည်းကောင်း၊ တဏှာတည်း ဟူသော မြစ်ကြီး၏ အဖြစ်ဖြင့် တိုးပွား၍ သတ္တဝါတို့ကို အပါယ်သို့ ဆောင်ယူ တတ်သော အနက်ကြောင့် ‘‘အလုံးစုံကုန်သော ခြောက်သော သစ်သား သစ်ခက် သစ်ရွက် မြက်မှိုက် စုတို့ကို မဟာသမုဒ္ဒရာသို့ ဆောင်ယူတတ်သည့် လျင်မြန်သော ရေအယဉ်ရှိသည့် မြစ်ကြီး’’ ကဲ့သို့ မှတ်အပ်၏။

ဒိဋ္ဌိ အဖွင့်

မြင်ခြင်းသည် ဒိဋ္ဌိမည်၏၊ တရားတို့၏ ဟုတ်မှန်သော သဘောတို့၌ ဉာဏ်၏မြင်ခြင်းကဲ့သို့ ထိုတရား တို့၏သာလျှင် မဟုတ်မမှန်သော သဘောတို့၌ မှားသောမြင်ခြင်းပေတည်းဟု ဆိုလိုသည်။

ချဲ့၍ ဆိုဦးအံ့၊ ထိုဒိဋ္ဌိသည် အချို့ကုန်သော ငါပညာရှိဟု မှတ်ထင်ကုန်သော မိစ္ဆာဝိတက် များကုန်သော ပုဂ္ဂိုလ်တို့အား ဖြစ်သည်ရှိသော် အားအစွမ်းသို့ ရောက်သည်ဖြစ်၍ မဟုတ်မမှန်သော အဖို့၌ ပဋိဝေဓဉာဏ်အလား ရှိ၏ဟု သိပါလေ။

ထိုဒိဋ္ဌိသည်ကား ‘‘မှားသောအားဖြင့် နှလုံးသွင်းခြင်း လက္ခဏာ ရှိ၏၊ လွန်ကဲကြီးလေးသော အပြစ် ပေတည်း’’ ဟု သိမှတ်ပါလေ။

မာန အဖွင့်

မှတ်ထင်တတ်သောကြောင့် မာန မည်၏၊ ‘‘ငါသည် လောက၌ တစ်ယောက်တည်းသော ပုဂ္ဂိုလ်ဖြစ်၏၊ ထင်းဆွေး သစ်ဆွေးတို့ကဲ့သို့ မထေမဲ့မြင် ပြုခြင်းငှါ မထိုက်တန်ချေ’’ဟု မိမိကိုယ်ကို မြဲမြံစွာ ချီးပင့်၍ အဖန်ဖန် ရှုတတ်၏၊ ဤကား အနက်တည်း။

ထိုမာနသည်ကား- အမျိုး ဥစ္စာ စည်းစိမ် အခြံအရံ အစိုးရခြင်း စသည်တို့ဖြင့်လည်းကောင်း၊ သီလ သုတ လာဘ သက္ကာရ အစရှိကုန်သော ဂုဏ်တို့ဖြင့်လည်းကောင်း ထောက်ပင့်အပ်သည်ရှိသော် အတိုင်း ထက်အလွန် ပွားတိုး၍ မိမိကိုယ်ကို လူအပေါင်းတို့၏ အလယ်၌ စွင့်စွင့်တက်သော မှန်ကင်း (တံခွန်)ကဲ့သို့ မှတ်ထင်တတ်၏။

ထို့ကြောင့် ထိုမာနကို-

- တက်ကြွခြင်း လက္ခဏာ ရှိ၏ ဟူ၍လည်းကောင်း၊
- သူရူးနှင့် တူ၏ ဟူ၍လည်းကောင်း

အဋ္ဌကထာ၌ မိန့်ဆိုအပ်၏။

ဒေါသ အဖွင့်

ပြစ်မှားတတ်သောကြောင့် ဒေါသ မည်၏၊ ထိုဒေါသကိုကား ကြမ်းတမ်းသော အနက်ကြောင့် ‘‘တုတ်လှံတံဖြင့် ပုတ်ခတ်မိသော မြွေဟောက်’’ကဲ့သို့လည်းကောင်း ပျံ့နှံ့၍ ဖြစ်ပွား ကျရောက် တတ်သော အနက်ကြောင့် ‘‘မိုးကြိုးစက်’’ကဲ့သို့ လည်းကောင်း၊ (မြားဆိပ် မြွေဆိပ်ကဲ့သို့ လည်းကောင်း) မိမိ၏မှီရာ ၀တ္ထုကို လောင်ကျွမ်းတတ်သောကြောင့် ‘‘တောမီး’’ကဲ့သို့လည်းကောင်း၊ ပြစ်မှား တတ်သော အနက် ကြောင့် ‘‘နှိပ်စက်ခွင့်ရသော ရန်သူ’’ ကဲ့သို့လည်းကောင်း၊ အချင်းခပ်သိမ်း အစီးအပွားမဲ့မှု အစုကို ပြုတတ်သော အနက်ကြောင့် ‘‘အဆိပ်နှင့် ရောနှောသော နွားကျင်ငယ်ပုပ်ရေ’’ကဲ့သို့လည်းကောင်း ရှုမှတ်အပ်၏။

ဣဿာ အဖွင့်

ငြူစူတတ်သောကြောင့် ဣဿာ မည်၏၊ သူတစ်ပါး၏ စည်းစိမ်ချမ်းသာကို ငြူစူတတ်၏၊ ဤကား အနက်တည်း၊ မှန်လှစွာ၏၊ ထိုဣဿာသည် သူတစ်ပါးတို့၏ ပြကတေ့ ရအပ်ပြီးသော စည်းစိမ်ကို မြင်သော်လည်းကောင်း၊ ကြားသော်လည်းကောင်း သည်းမခံနိုင်ပေ၊ ထိုစည်းစိမ်၏ ပျက်စီးခြင်းကို အလိုရှိ၏၊ တောင့်တ၏၊ ‘‘ဤမည်သော သူသည် ဤမည်သော ၀တ္ထုကို ရလိမ့်မည်’’ ဟု ကြား၍လည်း သည်းမခံနိုင်ပေ၊ ထိုသူ၏ မရခြင်းကို အလိုရှိ၏၊ တောင့်တ၏။

ထို့ကြောင့် ထိုဣဿာသည်-

- သူတစ်ပါးတို့၏ စည်းစိမ်ကို ငြူစူခြင်း လက္ခဏာ ရှိ၏။ ဟူ၍ အဋ္ဌကထာ၌ မိန့်ဆိုတော်မူ၏။

မစ္ဆရိယ အဖွင့်

ငါ၏သာလျှင် ဤဂုဏ်၏ ဖြစ်ပေါ်ခြင်းသည်လည်းကောင်း၊ ဤ ၀တ္ထုသည်လည်းကောင်း ဖြစ်ပါစေ သတည်း၊ သူတစ်ပါးအား မဖြစ်ပါစေသတည်း၊ ဤသို့ မိမိ၏ သမ္ပတ္တိ ဟူသော အကြောင်းကြောင့် မပျံ့နှံ့ မရောက်ရှိစေလိုသည့် အဖြစ်၏ အစွမ်းဖြင့် ဖြစ်တတ်သောကြောင့် မစ္ဆေရ မည်၏၊ ထိုသို့သော အခြင်း အရာအားဖြင့် ဖြစ်သော စိတ်ကို ရ၏၊ ဝန်တိုတတ်သည်၏ အဖြစ်သည် မစ္ဆရိယ မည်၏။

ဤမစ္ဆရိယသည်လည်း ဣဿာကဲ့သို့ မိမိရအပ်ပြီးသော စည်းစိမ် ရလတ္တံ့သော စည်းစိမ်တို့၏ အစွမ်းအားဖြင့် နှစ်ပါးအပြား ရှိ၏၊ ထိုနှစ်ပါးတို့တွင် ရှေးဦးစွာ ပြကတေ့ သဘောအားဖြင့် ရအပ်ပြီး သော စည်းစိမ်၌ ထိုစည်းစိမ်ကို သူတစ်ပါးတို့နှင့် ဆက်ဆံသည်ကိုလည်းကောင်း၊ အမှတ်မထား တစ်ပါးပါးသော အကြောင်းဖြင့်လည်း မိမိဥစ္စာ အဖြစ်မှ စွန့်လွှတ်၍ သူတစ်ပါးတို့၏ ဥစ္စာအဖြစ်သို့ ရောက်လတ္တံ့သည်ကိုလည်းကောင်း၊ မြင်သော်လည်းကောင်း ကြားသော်လည်းကောင်း ကြံသော် လည်းကောင်း၊ ဆင်းရဲခြင်း နှလုံးမသာယာခြင်းသည် ဖြစ်၏။

ရအပ်လတ္တံ့သော စည်းစိမ်၌လည်း ‘‘ဤမည်သော အရပ်၌လည်းကောင်း၊ ဤမည်သော ကာလ၌ လည်းကောင်း၊ ဤမည်သော ၀တ္ထု ဖြစ်လတ္တံ့’’ဟု ကြားသော်လည်းကောင်း၊ ကြံသော်လည်းကောင်း ထိုဥစ္စာကို မိမိသာလျှင် ရခြင်းငှါ အလိုရှိ၏၊ သူတစ်ပါးတို့ ရခြင်းကို အလို မရှိချေ၊ သူတစ်ပါးတို့ ရလိမ့်မည်ဟု ကြားသော် လည်းကောင်း၊ ကြံသော် လည်းကောင်း ဆင်းရဲခြင်း၊ နှလုံးမသာယာခြင်း သည် ဖြစ်၏ဟု သိပါလေ။

ထိုစကားသည် မှန်လှပေ၏-

- ဤမစ္ဆရိယသည် ရအပ်ပြီး ဖြစ်ကုန်သော ရအပ်လတ္တံ့ ဖြစ်ကုန်သော မိမိ၏ ပြည့်စုံခြင်းတို့ကို လျှို့ဝှက်ခြင်း လက္ခဏာ ရှိ၏။ ဟူ၍ အဋ္ဌကထာ၌ မိန့်ဆို၏။

ဣဿာနှင့် မစ္ဆရိယ အထူး

ဆက်၍ ဆိုဦးအံ့၊ ဤနေရာ၌ ရအပ်လတ္တံ့သော စည်းစိမ်၌ အကြင်သူ၏ ရခြင်းကို အလိုမရှိ၊ ထိုသူ ရ ဟူ၍လည်းကောင်း ရလိမ့်မည်ဟူ၍ လည်းကောင်း ကြားသော် လည်းကောင်း ကြံစည်သော် လည်းကောင်း စိတ်ပင်ပန်းခြင်းသည် ဣဿာ မည်၏။

အကြင်အကြင်၀တ္ထုကို မိမိရခြင်းငှါ အလိုရှိ၏၊ ထိုထို၀တ္ထုကို မိမိ မရအပ်လတ္တံ့သည်ကို ကြံစည်၍ စိတ်ပင်ပန်းခြင်းသည် မစ္ဆရိယ မည်၏။

မှန်လှပေ၏၊ ထိုတရားနှစ်ပါးတို့သည် တစ်ပေါင်းတည်း မဖြစ်ကြကုန်ဟု သိပါလေ။

ကုက္ကုစ္စ အဖွင့်

ကုက္ကုစ္စံ-ဟူသော ဤပါဌ်၌ အမူအရာသည် ကတ မည်၏၊ စက်ဆုပ်အပ်သော အမူအရာ ဖြစ်သော ကြောင့် ကုကတ မည်၏၊ စက်ဆုပ်ဖွယ်သော အမူအရာတည်း၊ ဤကား အနက်ပေတည်း၊ ပညာရှိတို့သည် စင်စစ်အားဖြင့် ကဲ့ရဲ့အပ်သော စိတ်ဖြစ်ခြင်း အထူးပေတည်းဟု ဆိုလိုပေ၏၊ အနက် အားဖြင့်ကား ‘‘ငါသည် စင်စစ်အားဖြင့် ကောင်းမှုကို မပြုမိခဲ့ချေ၊ မကောင်းမှုကို ပြုခဲ့မိ၏’’ဟု ဤသို့ အဖန်ဖန် စိုးရိမ်ပူပန်ခြင်း၏ အစွမ်းဖြင့်ဖြစ်သော ကုက္ကုစ္စနှင့်ယှဉ်သော စိတ္တုပ္ပါဒ်သာလျှင်တည်း။

မှန်လှစွာ၏၊ ထိုကုက္ကုစ္စနှင့် ယှဉ်သော စိတ္တုပ္ပါဒ်သည် ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ်ပါသော် လည်း ရှေးက မပြုမိခဲ့သော ကောင်းမှုကိုလည်း တစ်ဖန်ပြုပြီး ဖြစ်ရလေအောင် ပြုခြင်းငှါ မစွမ်း နိုင်ပေ၊ ရှေးက ပြုပြီးသော မကောင်းမှုကိုလည်း တစ်ဖန် ပြုပြီး မဖြစ်ရလေအောင် ပြုခြင်းငှါ မစွမ်းနိုင်ပေ၊ စင်စစ်သော်ကား ကုသိုလ်တရားတို့၌ စိတ်ကုန်ခန်းခြင်း အကျိုးငှါသာလျှင် ဖြစ်၏၊ ထို့ကြောင့် စက်ဆုပ်ဖွယ်သော အမူအရာမျှသာ ဖြစ်သောကြောင့် ကုကတ - ဟု ဆိုအပ်၏ဟူ၍ သိပါလေ။

မှန်လှပေ၏။ အဋ္ဌကထာ၌-

- ပြုခဲ့ပြီး မပြုမိခဲ့သေးသော အပြစ်ရှိသည် မရှိသည်သို့ ရှေးရှု သွားခြင်းသည် ပဋိသာရ မည်၏၊ အကြင့်ကြောင့်ကား ဤ နှလုံးမသာယာခြင်းသည် ပြုခဲ့ပြီးသော မကောင်းမှုကိုမူလည်း ပြုပြီး မဟုတ်ရလေအောင် မပြုလုပ်နိုင်ပေ၊ မပြုမိခဲ့သော ကောင်းမှုကိုလည်း ပြုပြီး ဖြစ်ရလေအောင် မပြု လုပ်နိုင်ပေ၊ ထို့ကြောင့် ဖောက်ပြန်သော (တစ်နည်း) စက်ဆုပ်ဖွယ်သော ရှေးရှုသွားခြင်း ပေတည်း၊ ထို့ကြောင့် ဝိပ္ပဋိသာရ မည်၏။

ဟူ၍ ဤသို့သော စကားကို မိန့်ဆိုအပ်၏။

ဆက်၍ ဆိုဦးအံ့၊ ဤအရာ၌ ဝိပ္ပဋိသာရ ဟူသည် ကုက္ကုစ္စသည် သာလျှင်တည်း၊ ဆက်၍ ဆိုဦးအံ့၊ ကုက္ကုစ္စသည် စက်ဆုပ်အပ်သည်ရှိသော် ထိုကုက္ကုစ္စနှင့် ယှဉ်သော စိတ်သည်လည်း စက်ဆုပ် အပ်သည်သာတည်း၊ ဆက်ပြန်ဦးအံ့၊ အကြင်အကြောင်းဖြင့် ကုက္ကုစ္စသည် စက်ဆုပ်အပ်သည် မည်၏၊ ထိုအကြောင်းဖြင့်သာလျှင် ထို စိတ္တုပ္ပါဒ်သည်လည်း စက်ဆုပ်အပ်သည် မည်လေတော့၏၊ ထို့ကြောင့် ထိုစိတ္တုပ္ပါဒ် ကိုသာလျှင် ကုကတပုဒ်၌ ယူခြင်းငှါသင့်၏ဟု သိပါလေ။

သုဒိန္နကဏ္ဍအဋ္ဌကထာ၌ကား ဤအနက်ကို အဖြောင့်အားဖြင့်သာလျှင် မိန့်ဆို၏၊ အဘယ်ကဲ့သို့ ဆိုသနည်းဟူမူ-

ပညာရှိတို့သည် မပြုအပ်သည်၏ အဖြစ်ကြောင့် စက်ဆုပ်အပ်သည့် အမူအရာ၏ အဖြစ်ကြောင့် ကုက္ကုစ္စ မည်၏။ ဟု မိန့်ဆိုတော်မူ၏။

၈၁။ ဋီကာကျော် (နှာ- ၁၀၈)၌ကား-

ဤအနက်ကို မမှတ်မူ၍-

ကဲ့ရဲ့အပ်သော ပြုအပ်ပြီးသော အမှုဖြစ်သောကြောင့် ကုကတ မည်၏၊ ပြုအပ်ပြီးသော ဒုစရိုက် မပြုမိခဲ့သော သုစရိုက်ကို ရအပ်၏။

ဟူ၍ ဆိုသော ထိုစကားသည် မသင့်သည်သာလျှင်တည်း၊ ထိုစကားဖြင့် ထိုဋီကာကျော်၌-

ထို စကားသည် မှန်၏၊ မပြုခဲ့မိသော သုစရိုက်ကိုလည်း ကုကတ ဟု လူတို့ ခေါ်ဆိုကြကုန်၏၊ အဘယ်သို့ ခေါ်ဆိုကြသနည်း ဟူမူကား- ‘‘အကြင် သုစရိုက်ကို ငါသည် မပြုမိခဲ့ပေ၊ ထို မပြုမိခဲ့သော သုစရိုက်သည် စက်ဆုပ်အပ်သော အမူအရာတည်း’’ ဟူ၍လည်းကောင်း၊

‘‘ဤကုက္ကုစ္စ အရာ၌ကား ပြုအပ်ပြီးသော ဒုစရိုက် မပြုမိခဲ့သော သုစရိုက်ကို အကြောင်းပြု၍ ဖြစ်သော နှလုံးမသာယာသော စိတ္တုပ္ပါဒ်သည် ကုကတ မည်၏’’ ဟူ၍လည်းကောင်း၊

ဆိုသော ထိုစကားအားလုံးကိုလည်း ပယ်ခြင်းကိစ္စ ပြီးသည်သာလျှင်တည်းဟု သိပါလေ။

စက်ဆုပ်အပ်သည့် အကြင် အကြင် ဆိုအပ်ခဲ့ပြီးသော စိတ္တုပ္ပါဒ်၏ ထိုထိုသို့သော အခြင်းအရာ အားဖြင့် ဖြစ်ခြင်းအကြောင်း၏ အဖြစ်သည် ကုက္ကုစ္စ မည်၏၊ ဆိုဖွယ်အထူးကား- ဓာတုမာလာပါဌ် တို့၌ ‘‘ကုစ’’ သဒ္ဒါကို တွန့်ခြင်း နှလုံးကို ရေးခြစ်ခြင်း အနက်တို့၌ ဆိုကြကုန်သည် သာလျှင်တည်း၊ ထို့ကြောင့် စက်ဆုပ်အပ်သော အခြင်းအရာအားဖြင့် တွန့်တတ်၏၊ မကောင်းမှုမှ စက်ဆုပ်သော အခြင်းအရာအားဖြင့် တွန့်တတ်သည်ကား မဟုတ်ချေ၊ ထို့ကြောင့် ကုက္ကုစ္စ မည်၏။

တစ်နည်းကား စက်ဆုပ်အပ်သော အခြင်းအရာအားဖြင့် ရေးခြစ်တတ်၏၊ ကိလေသာကို ရေးခြစ် သော အခြင်းအရာအားဖြင့် ရေးခြစ်တတ်သည်ကား မဟုတ်ချေ၊ ထို့ကြောင့် ကုက္ကုစ္စ မည်၏၊ ထိုသို့ သော အခြင်းအရာအားဖြင့် ဖြစ်သော တရားအပေါင်းကို ရအပ်၏။

မှန်လှပေ၏၊ ထိုတရားအပေါင်းသည် စက်ဆုပ်ဖွယ်သော ‘‘ငါသည် ကောင်းမှု သုစရိုက်တရားကို မပြုမိခဲ့၊ ဒုစရိုက်တရားကိုမူကား ပြုကျင့်ခဲ့မိချေ၏တကား’’ ဟု ဤသို့ဖြစ်သော ငြီးတွားသော အခြင်းအရာအားဖြင့် တွန့်တတ်၏၊ ကုသိုလ်တရားတို့ကို ဆောက်တည်မှု၌ စိတ်ကို ညွတ်ခြင်း ငှါလည်း မပေးတတ်ချေ၊ စိတ်နှလုံးကိုလည်း ရေးခြစ်တတ်၏၊ သဒ္ဓါ အစရှိကုန်သော ကောင်းသော အနှစ်ရှိကုန်သော တရားတို့ကို ခေါင်းပါးအောင် ပြုသဖြင့် စိတ်ကို ကုသိုလ်တရားတို့ကို ဆောက်တည်ခြင်း၌ ကုန်ခန်းသော အားအစွမ်းရှိသည်ကို ပြုတတ်၏၊ ထို့ကြောင့် ကုက္ကုစ္စ ဟူ၍ ဆိုအပ်၏။

အကြင်တရားနှင့် ယှဉ်သည်၏ အဖြစ်ကြောင့် ထိုတရားအပေါင်းသည် ထိုသို့သော အခြင်းအရာ အားဖြင့် ဖြစ်တတ်၏၊ ထိုတရားသည် ကုက္ကုစ္စ မည်၏၊ စက်ဆုပ်အပ်သော အမူအရာဖြစ်သော ကြောင့် ကုက္ကုစ္စ မည်၏။

ထိုကုက္ကုစ္စ သည်ကား- အကြင့်ကြောင့် ရှေး၌ မပြုမိခဲ့သော ကောင်းမှုကိုလည်းကောင်း၊ ပြုမိခဲ့သော မကောင်းမှုကိုလည်းကောင်း၊ အာရုံပြု၍ နောက်၌ အဖန်အဖန် ပူပန်သည်၏ အစွမ်းအားဖြင့်လည်း ကောင်း၊ အဖန်အဖန် စိုးရိမ်သည်၏ အစွမ်းအားဖြင့်လည်းကောင်း ဖြစ်၏။ ထို့ကြောင့် ထိုကုက္ကုစ္စကို-

- နောက်၌ ပူပန်ခြင်း လက္ခဏာ ရှိ၏ ဟူ၍လည်းကောင်း၊
- ပြုခဲ့ပြီးသော ဒုစရိုက်၊ မပြုမိခဲ့သော သုစရိုက်တို့ကို စွဲ၍ အဖန်အဖန် စိုးရိမ်ခြင်း ကိစ္စရှိ၏ ဟူ၍လည်းကောင်း၊

အဋ္ဌကထာ၌ မိန့်ဆိုတော်မူ၏။

ဆက်၍ ဆိုဦးအံ့၊ ဤနေရာ၌ ‘‘နောက်၌ ပူပန်ခြင်း လက္ခဏာ ရှိ၏’’ ဟူသည်ကား ရှေး၌ ကောင်းမှုကိုလည်း မပြုမိမူ၍ မကောင်းမှုကိုလည်း ပြုမိခဲ့၍ လာသည်၏ အဖြစ်ကြောင့် နောက် ကာလ၌ အဖန်အဖန် ပူပန်ခြင်း လက္ခဏာ ရှိ၏၊ ဤသည်ကား အနက်အဓိပ္ပါယ်တည်း။ ထိုစကားရပ်ဖြင့် ကုက္ကုစ္စ၏ စင်စစ်အားဖြင့် အတိတ်လျှင် အာရုံရှိသည်၏ အဖြစ်သည် ပြီးစီးပေတော့၏၊ ပစ္စုပ္ပန် အနာဂတ်ကို အာရုံ ပြုသည်၏ အဖြစ်ကိုလည်း တားမြစ်ပေတော့၏ဟု သိပါလေ။ ‘‘ပြုခဲ့ပြီးသော ဒုစရိုက်၊ မပြုမိခဲ့သော သုစရိုက်တို့ကို စွဲ၍ အဖန်အဖန် စိုးရိမ်ခြင်း ကိစ္စရှိ၏’’ ဟူသော ဤစကားရပ်၌ ‘‘ပြုခဲ့ပြီးသော မကောင်းမှုကိုလည်းကောင်း၊ မပြုခဲ့မိသော ကောင်းမှုကိုလည်းကောင်း’’ ဤသို့ ယှဉ်စပ်ပါလေ။

မှန်လှစွာ၏၊ မဟာနိဒ္ဒေသပါဠိတော်၌-

- ကုက္ကုစ္စသည် ပြုမိခဲ့သည်၏ အဖြစ်ကြောင့် လည်းကောင်း၊ မပြုမိခဲ့သည်၏ အဖြစ်ကြောင့် လည်းကောင်း နှစ်ပါးကုန်သော အခြင်းအရာတို့ကြောင့် ဖြစ်၏၊ ပြုမိခဲ့သည်၏ အဖြစ်ကြောင့် လည်းကောင်း၊ မပြုမိခဲ့သည်၏ အဖြစ်ကြောင့်လည်းကောင်း နှစ်ပါးကုန်သော အခြင်းအရာတို့ ကြောင့် အဘယ်သို့လျှင် ဖြစ်သနည်း၊ ကာယသုစရိုက်ကို ငါမပြုမိခဲ့၊ ကာယဒုစရိုက်ကို ငါပြုမိခဲ့၏ဟု ကုက္ကုစ္စ ဖြစ်၏၊ ဝစီသုစရိုက်ကို ငါမပြုမိခဲ့၊ ဝစီဒုစရိုက်ကို ငါပြုမိခဲ့၏ဟု ကုက္ကုစ္စ ဖြစ်၏၊ မနောသုစရိုက်ကို ငါမပြုမိခဲ့၊ မနောဒုစရိုက်ကို ငါပြုမိခဲ့၏ဟု ကုက္ကုစ္စ ဖြစ်၏၊ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်းကို ငါမပြုမိခဲ့၊ သူ့အသက်သတ်ခြင်းကို ငါပြုမိခဲ့၏ဟု ကုက္ကုစ္စ ဖြစ်၏၊ (လ) သမ္မာဒိဋ္ဌိ ကို ငါမပြုမိခဲ့၊ မိစ္ဆာဒိဋ္ဌိကို ငါပြုမိခဲ့၏ဟု ကုက္ကုစ္စ ဖြစ်၏။

ဟူသော ဤစကားကို (အရှင်သာရိပုတ္တရာ)သည် ဟောတော်မူအပ်၏။

ဤပါဠိစကားရပ်ဖြင့် မပြုမိသော သုစရိုက်လျှင် အာရုံရှိသည်၏ အဖြစ်၏လည်းကောင်း၊ ပြုခဲ့ပြီး သော ဒုစရိုက်လျှင် အာရုံရှိသည်၏ အဖြစ်၏လည်းကောင်း အစွမ်းအားဖြင့် ကုက္ကုစ္စ၏ နှစ်ပါးအပြား ရှိသည်၏ အဖြစ်သည်သာလျှင် ပြီး၏၊ မှန်လှပေ၏၊ ဒွိဟာကာရေဟိ- ဟူ၍ ဆိုအပ်ပေ၏။

ထိုကုက္ကုစ္စသည်လည်း ရှေး၌ မကောင်းမှုကို ပြုမိခဲ့၍ နောက်၌ အပါယ်ဘေးသည် ခြိမ်းခြောက် အပ်ကုန်သော သူတို့အားလည်းကောင်း၊ အပါယ်တို့၌ ကျရောက်၍ ရှေး၌ မိမိသည် ပြုအပ်ပြီးသော ကံကို အဖန်ဖန်အထပ်ထပ် အောက်မေ့သော ပုဂ္ဂိုလ်အား လည်းကောင်း ဖြစ်၏၊ တစ်ပါးသော သူတို့အား မဖြစ်ချေ၊ မှန်လှစွာ၏။

‘‘ကာယသုစရိုက်ကို ငါမပြုမိခဲ့၊ ကာယဒုစရိုက်ကို ငါပြုမိခဲ့၏’’

ဟူ၍ မဟာနိဒ္ဒေသ၌ ဟောတော်မူခဲ့၏။

အဖို့တစ်ပါးကို ဆိုဦးအံ့၊ မာနသည်-

- ဟုတ်မှန်တိုင်းသော ယာထာဝမာန တစ်မျိုး
- မဟုတ်မမှန်သော အယာထာဝမာန တစ်မျိုး

ဟူ၍ နှစ်မျိုး နှစ်စား ရှိသကဲ့သို့ ထို့အတူ ကုက္ကုစ္စသည်လည်း-

- ဟုတ်မှန်တိုင်းသော ယာထာဝကုက္ကုစ္စ တစ်မျိုး
- မဟုတ်မမှန်သော အယာထာဝကုက္ကုစ္စ တစ်မျိုး

ဟူ၍ နှစ်မျိုး နှစ်စား ရှိ၏၊ ထိုနှစ်မျိုးတို့တွင် အယာထာဝကုက္ကုစ္စသည်လည်း ဖြစ်သည်ရှိသော် ‘‘ငါသည် စင်စစ် ကောင်းမှုကို မပြုမိခဲ့ချေ၊ မကောင်းမှုကို ပြုမိခဲ့၏’’

ထိုကုက္ကုစ္စသည် အဘယ်နည်း၊ ဤကား အမေးစကားတည်း၊ အကြင် ကုက္ကုစ္စသည်လည်း ရှေး ကောင်းမှု၌ မကောင်းမှုဟု မှတ်ထင်သည် မကောင်းမှုဟု အယူရှိသည်ဖြစ်၍ မပြုမလုပ်မူ၍ မကောင်းမှု၌လည်း ကောင်းမှုဟု မှတ်ထင်သည်၊ ကောင်းမှုဟု အယူရှိသည်ဖြစ်၍ ပြုလုပ်ပြီး၍ နောက်မှ အဖန်တလဲလဲ စိုးရိမ်ပူပန်သည်၏ အစွမ်းအားဖြင့် ဖြစ်၏။

အကြင် ကုက္ကုစ္စသည်လည်း ရှေးကောင်းမှု၌ ကောင်းမှုဟု မှတ်ထင်သည်ဖြစ်၍ ပြုပြီးနောက် မကောင်းမှုဟု မှတ်ထင်သော ပုဂ္ဂိုလ်အား လည်းကောင်း၊ မကောင်းမှု၌လည်း မကောင်းမှုဟု မှတ်ထင်သည်ဖြစ်၍ မပြုမူ၍ နောက်မှ ကောင်းမှုဟု မှတ်ထင်သော ပုဂ္ဂိုလ်အားလည်းကောင်း ဖြစ်၏၊ ဤကုက္ကုစ္စသည် အယာထာဝကုက္ကုစ္စ မည်၏။

- အပြစ်မရှိသည်၌ အပြစ်ရှိ၏ဟု အမှတ်ရှိခြင်း၊
- မအပ်သည်၌ အပ်၏ဟု အမှတ်ရှိခြင်း၊
- အာပတ် မသင့်သည်၌ အာပတ်သင့်၏ဟု အမှတ်ရှိခြင်း၊

ဤသို့ အစရှိသည်ဖြင့်လည်း ယှဉ်စပ်ယူပါလေ။

ဤအလုံးစုံသည်လည်း ဖြစ်သည်ရှိသော် နှစ်ပါးသော အခြင်းအရာ တို့ဖြင့်သာလျှင် ဖြစ်၏၊ ထို့ကြောင့် နှစ်ပါးတို့၌သာလျှင် ရေတွက်အပ်၏ဟု မှတ်သိပါလေ။

အကြင် ကုက္ကုစ္စကိုကား မဟာနိဒ္ဒေသပါဠိတော်၌ပင်လျှင်-

- လက်လှုပ်ရှားမှုသည်လည်း ကုက္ကုစ္စ မည်၏၊ ခြေလှုပ်ရှားမှုသည်လည်း ကုက္ကုစ္စ မည်၏၊ လက်ခြေလှုပ်ရှားမှုသည်လည်း ကုက္ကုစ္စ မည်၏။

ဟူ၍ ညွှန်ပြတော်မူအပ်၏၊ ထိုကုက္ကုစ္စမျိုးသည် မစောင့်စည်းသည့် အတွက်ဖြစ်သော အသံယတ- ကုက္ကုစ္စ မည်၏။

‘‘ထို ၀တ္ထုကို ရဟန်းတို့သည် အလို့အလို ရှိကြကုန်သည် ဖြစ်၍ မခံယူကြကုန်’’

ဟူ၍ အကြင်စကားသည် ဝိနည်းပါဠိတော်၌ လာ၏၊ အကြင် ကုက္ကုစ္စသည်လည်း အဘယ့်ကြောင့် အာပတ်သင့်သနည်း၊ အပ်သည်၌ မအပ်ဟု အမှတ်ရှိ၏၊ မအပ်သည်၌ အပ်၏ဟု အမှတ်ရှိ၏၊ ဤသို့ ကုက္ကုစ္စ နှိပ်စက်လေသောကြောင့် အာပတ်သို့ ရောက်၏။

ဟူ၍ လာ၏၊ ထိုကုက္ကုစ္စသည်ကား ဝိနည်းတော်နှင့် ဆိုင်သော ဝိနယကုက္ကုစ္စ မည်၏၊ ထို ဝိနယကုက္ကုစ္စသည်ကား ဝိနယသံသယ သာလျှင်တည်း၊ ထိုဝိနယသံသယ သည်လည်း မိမိ၏ အရာမဟုတ်သည်၌ အပ်သလောယ မအပ်သလောဟု ရွေ့လျားသော အခြင်းအရာအားဖြင့် ဖြစ်သော ကုသိုလ် ကြိယာ စိတ္တုပ္ပါဒ်ပေတည်း။

ထိုသံသယသည်ကား အကြင်သူတို့အား ဖြစ်၏၊ ထိုသူတို့တွင် အကြင်ပုဂ္ဂိုလ်တို့သည် သိက္ခာကို အလိုရှိကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် ထိုအမှုကို မပြုကြကုန်၊ ထိုပုဂ္ဂိုလ်တို့ကို ရည်ရွယ်၍ ‘‘အလို့အလို ရှိကြကုန်သည်ဖြစ်၍ မခံယူကြကုန်’’ဟူ၍ ဟောတော်မူ၏။

အကြင်ပုဂ္ဂိုလ်တို့သည်ကား ပြုကြကုန်သည်သာလျှင်တည်း၊ ထိုပုဂ္ဂိုလ်တို့သည်ကား ကပ္ပိယ၀တ္ထု ၌လည်း အာပတ်သို့ ရောက်ကြကုန်၏၊ ထိုပုဂ္ဂိုလ်ကို ရည်ရွယ်၍ ‘‘ကုက္ကုစ္စ နှိပ်စက်လေသောကြောင့် အာပတ်သို့ ရောက်၏’’ဟူ၍ ဟောတော်မူ၏။

ထိန အဖွင့်

စိတ်ကို နုံ့သည်ထက် နုံ့သည်ကိုပြု၍ လွှမ်းမိုးတတ်သောကြောင့် ထိန မည်၏၊ မှန်လှစွာ၏၊ ပါဠိတော်၌-

‘‘တွန့်တိုခြင်း တွန့်တိုသည်၏ အဖြစ်’’ ဟူ၍ ညွှန်ပြတော်မူ၏။

မိဒ္ဓ အဖွင့်

စေတသိက်တရားတို့ကို အမှု၌ မခံ့သည်တို့ကို ပြု၍ ညှဉ်းဆဲတတ်သောကြောင့် မိဒ္ဓ မည်၏၊ ထိုစကားကို ချဲ့၍ ဆိုဦးအံ့၊ အာရုံ၌ သက်ဝင်ပျံ့နှံ့သည်၏ အစွမ်းဖြင့် ထိုထို

ဣရိယာပုထ်ကိုလည်း ကောင်းစွာ ဆောင်ရွက်၍ သမ္ပယုတ်တရား တို့သည် ဖြစ်ကြကုန်သည် ရှိသော် ဆောက်ပုတ်ဖြင့် ပုတ်ခတ်အပ်သကဲ့သို့ ထို သမ္ပယုတ်တရားတို့ကို အာရုံမှ တွန့်စေ၍ ဣရိယာပုထ်ကို လည်း ဆောင်ရွက်ခြင်းငှါ မစွမ်းနိုင်သည်တို့ကို ပြု၍ ထိနသည် စိတ်ကို လွှမ်းမိုး ဖိစီး၏၊ မိဒ္ဓသည် စေတသိက်ကို လွှမ်းမိုး ဖိစီး၏ဟု သိပါလေ။

ဝိစိကိစ္ဆာ အဖွင့်

ဝိစိကိစ္ဆာဟူသော ဤပါဌ်၌ - ကုစားခြင်းသည် စိကိစ္ဆာ မည်၏၊ ဉာဏ်တည်းဟူသော ကုစားခြင်း တည်း၊ ဤကား အနက်ပေတည်း၊ ဤတရားမှ ကုစားခြင်းငှါ ခဲယဉ်းသည်၏ အဖြစ်ကြောင့် ကင်းသော ကုစားခြင်း ရှိသောကြောင့် ဝိစိကိစ္ဆာ မည်၏။

တစ်နည်းကား- ဤတရားဖြင့် ဟုတ်မှန်သော သဘောကို စုံစမ်း ဆင်ခြင်ပါသော်လည်း ပင်ပန်း သောကြောင့် ဝိစိကိစ္ဆာ မည်၏။

တစ်နည်းကား - နှလုံး နှစ်ခွ ဒွိဟသဘောအားဖြင့် (တစ်နည်း) သို့လော သို့လော တွေးတော ယုံမှားသောအားဖြင့် ဖြစ်တတ်သောကြောင့် ဝိစိကိစ္ဆာ မည်၏။

ထိုဝိစိကိစ္ဆာသည်-

- နီဝရဏဖြစ်သော ဝိစိကိစ္ဆာ၊
- အတုဖြစ်သော ဝိစိကိစ္ဆာ၊
    ဟူ၍ နှစ်မျိုး နှစ်စား ရှိ၏။

ထိုနှစ်မျိုးတို့တွင် ဘုရားအစရှိကုန်သော ၀တ္ထုရှစ်မျိုးတို့၌ ယုံမှားသည်၏ အစွမ်းအားဖြင့်ဖြစ်သော ဝိစိကိစ္ဆာသည် နီဝရဏ ဖြစ်သော ဝိစိကိစ္ဆာ မည်၏၊ ထိုဝိစိကိစ္ဆာမှ တစ်ပါးသော သဗ္ဗညုမဟုတ်သော သူတို့အား ထိုထိုအာရုံတို့၌ အဘယ်သို့ ဖြစ်လေသနည်း - ဤသို့ ဖြစ်လေသလော - ဤဟာပင် ဖြစ်လေသလော-ဟု ယုံမှားသည်၏ အဖြစ်ဖြင့် ဖြစ်သော အလုံးစုံသော ဝိစိကိစ္ဆာသည် ပဋိရူပကဝိစိကိစ္ဆာ မည်၏။ (ဝိစိကိစ္ဆာ အတုမည်၏)။

ထိုဝိစိကိစ္ဆာတုသည်ကား ကုသိုလ်လည်း ရှိ၏၊ အကုသိုလ်လည်း ရှိ၏၊ ရဟန္တာပုဂ္ဂိုလ်တို့အား ဖြစ်သည်ရှိသော် ကြိယာဗျာကတလည်း ရှိ၏ဟု သိပါလေ၊ ဤအရာ၌ကား စင်စစ် အကုသိုလ် ဖြစ်သော နီဝရဏဝိစိကိစ္ဆာကိုသာလျှင် အလိုရှိအပ်၏ဟု သိပါလေ။

အကုသလရာသီ၌ မြတ်သော အနက်ကို ပြခြင်း ပြီးပြီ။

သောဘဏစေတသိက် အဖွင့်

သဒ္ဓါ အဖွင့်

ကောင်းစွာ ထားတတ်သောကြောင့် သဒ္ဓါ မည်၏၊ ကြည်လင်ငြိမ်သက်သော ရေသည် လ နေ အစ ရှိသည်တို့၏ အရိပ်တို့ကို ကောင်းစွာ မိမိ၌ထားသကဲ့သို့ ထို့အတူ ဤ သဒ္ဓါသည် ဘုရားဂုဏ် အစရှိသည်တို့ကို မိမိ၌ ကောင်းစွာ ဆောင်တတ် ထားတတ်၏၊ ဤကား အနက်တည်း။

(တစ်နည်းကား) ဤတရားဖြင့် ယုံကြည်ရကုန်သောကြောင့် သဒ္ဓါ မည်၏။

(တစ်နည်းကား) ဤသဒ္ဓါသည် ယုံကြည်ခြင်းမျှသည်သာလျှင် ဖြစ်သောကြောင့် သဒ္ဓါ မည်၏။

ထိုသဒ္ဓါသည်လည်း ဘုရားအစရှိကုန်သော ယုံကြည်ထိုက်သော ၀တ္ထုတို့၌ မည်းညစ်ခြင်း မရှိသည်၏ အဖြစ်ဖြင့်ဖြစ်သော သဒ္ဓါကိုသာလျှင် ဤအရာ၌ အလိုရှိအပ်၏၊ ထိုသဒ္ဓါမှ တစ်ပါးသော တိတ္ထိတို့၌ လည်းကောင်း၊ တိတ္ထိတို့၏ တရားတို့၌ လည်းကောင်း ဤသို့သော သဘောရှိကုန်သော မယုံကြည် ထိုက်သော ၀တ္ထုတို့၌ ယုံကြည်သည်၏ အစွမ်းအားဖြင့် ဖြစ်သော သက်ဝင်ခြင်းသည် သဒ္ဓါတု မည်၏၊ ထိုသဒ္ဓါတုသည်ကား တရားကိုယ်အားဖြင့် မိစ္ဆာဓိမောက္ခသည် သာလျှင်တည်းဟု သိပါလေ။

အဖို့တစ်ပါးကို ဆိုဦးအံ့၊ လူတို့သည်-
- လက်မရှိခဲ့သော် ရတနာတို့ကို မြင်သော်လည်း ယူခြင်းငှါ မစွမ်းနိုင်ကုန်သကဲ့သို့-
- ဥစ္စာမရှိခဲ့သော် လူတို့အား အလုံးစုံသော အသုံးအဆောင်တို့ မပြည့်စုံနိုင်ကုန်သကဲ့သို့-
- မျိုးစေ့ မရှိခဲ့သော် ကောက်စသည်တို့ မပြည့်စုံနိုင်သကဲ့သို့-
ထို့အတူ သဒ္ဓါမရှိခဲ့သော် ပုညကြိယာ ၀တ္ထုတို့ မပြည့်စုံနိုင်ကုန်။

ထို့ကြောင့်-
‘‘ဤသဒ္ဓါကို လက် ဥစ္စာ မျိုးစေ့နှင့် တူ၏’’ ဟူ၍ အဋ္ဌကထာ၌ မိန့်ဆိုအပ်၏။

သတိ အဖွင့်

အောက်မေ့တတ်သောကြောင့် သတိ မည်၏၊ မိမိသည် ပြုအပ်ပြီးသည်လည်း ဖြစ်ကုန်သော ပြုအပ် လတ္တံ့သည်လည်း ဖြစ်ကုန်သော ကောင်းမှုတို့ကို လည်းကောင်း ဘုရား အစရှိသည် တို့ကိုလည်း ကောင်း မမေ့မလျော့သည်၏ အစွမ်းအားဖြင့် ကပ်ရောက်တတ်၏၊ ဤကား အနက်ပေတည်း။

ထိုသတိသည်လည်း-
- ကောင်းသော အာရုံ၌ မမေ့မလျော့ခြင်း သမ္မာသတိ
- မကောင်းသော အာရုံ၌ မမေ့မလျော့ခြင်း မိစ္ဆာသတိ
ဟူ၍ နှစ်ပါး အပြားရှိ၏။

ထိုနှစ်ပါးတို့တွင် သမ္မာသတိကို ဤအရာ၌ အလိုရှိအပ်၏၊ ဤမှ တစ်ပါးသော မိစ္ဆာသတိသည်ကား သတိပင်လျှင် မဟုတ်ပေ၊ ပြုအပ်ပြီး ပြုအပ်လတ္တံ့လည်း ဖြစ်သော မကောင်းမှုကို မမေ့မလျော့ သည်၏ အစွမ်းအားဖြင့် ဖြစ်သော သတိနှင့် အလားတူသော (သတိတု ဖြစ်သော) အကုသိုလ် စိတ္တုပ္ပါဒ် သည်သာလျှင်တည်း။

ဆက်၍ ဆိုဦးအံ့၊ အကြင့်ကြောင့် ဤသတိသည် စိတ်ကို အလုံးစုံကုန်သော အကုသိုလ်တရားတို့မှ စောင့်ရှောက်ခြင်းငှါ လည်းကောင်း ကုသိုလ်တရားတို့နှင့် ယှဉ်ခြင်းငှါ လည်းကောင်း စွမ်းနိုင်၏၊ ထို့ကြောင့်-
ထိုသတိကို မင်း၏ ခပ်သိမ်းသော အမှုတို့ကို ပြီးစေတတ်သော အမတ်ကြီးကဲ့သို့ မှတ်အပ်၏။
ဟူ၍ အဋ္ဌကထာ၌ မိန့်ဆိုတော်မူ၏၊ မှန်လှစွာ၏။

ဘိက္ခဝေ=ရဟန်းတို့၊ စင်စစ်သော်ကား သတိတရားကိုသာလျှင် အလုံးစုံသော အရာဌာန ဟူသမျှတို့၌ အသုံးကျ၏ ဟူ၍ ငါဘုရားသည် ဟောတော်မူခဲ့ပေ၏။
ဟူ၍ သံယုတ္တပါဠိတော်၌ ဟောတော်မူ၏။

ဟိရီ အဖွင့်

ရှက်တတ်သောကြောင့် ဟိရီ မည်၏၊ ကာယဒုစရိုက် စသည်တို့မှ ရှက်တတ် စက်ဆုပ်တတ် ဆန့်ကျင်တတ်၏၊ ဤကား အနက်ပေတည်း။

သြတ္တပ္ပ အဖွင့်

ထိုကာယဒုစရိုက် စသည်တို့မှသာလျှင် ထိတ်လန့်တတ်သောကြောင့် သြတ္တပ္ပ မည်၏၊ ကြောက်ရွံ့ ထိတ်လန့်တတ်၏ ဤကား အနက်တည်း၊ ဤနေရာ၌လည်း ဟိရီတု သြတ္တပ္ပတုတို့ ရှိကြကုန်၏၊ မှန်လှစွာ၏။

- ရှက်သင့် ရှက်ထိုက်သည့် အကုသိုလ် အရေး၌ မရှက်ကြကုန်၊ မရှက်သင့် မရှက်ထိုက်သော ကုသိုလ်ရေးတို့၌ ရှက်ကြကုန်၏။ ဟူ၍လည်းကောင်း၊
- ကြောက်လန့်သင့် ကြောက်လန့်ထိုက်သည့် အကုသိုလ် အရေး၌ မကြောက်မလန့်ကြကုန်၊ မကြောက်သင့် မလန့်သင့်သော ကုသိုလ်ရေး၌ ကြောက်လန့်ဖွယ်ရေး ဘေးဟု ရှုမြင်လေ့ရှိကြကုန်၏၊ ဟူ၍လည်းကောင်း ဓမ္မပဒပါဠိတော်၌ ဟောတော် မူ၏။

ဆက်၍ ဆိုပေဦးအံ့၊ အကြင့်ကြောင့် သူတော်ကောင်းတို့သည် မိမိ၌ ဟိရီဖြင့်လည်းကောင်း သြတ္တပ္ပ ဖြင့်လည်းကောင်း တစ်ပါးကုန်သော ကိုယ်စောင့်နတ် စသည်တို့၌ ရိုသေခြင်းကို ဖြစ်စေ၍ မကောင်းမှုမှ ကြဉ်ရှောင်၍ မိမိကိုယ်ကို စင်ကြယ်စွာ ရွက်ဆောင်ကြကုန်၏၊ ထို့ကြောင့် ‘ဤတရား နှစ်ပါးတို့ကို လောကပါလတရားတို့’ ဟူ၍ ဟောတော်မူအပ်၏။

အလောဘ အဖွင့်

လောဘ၏ ဆန့်ကျင်ဘက်ဖြစ်သော တရားသည် အလောဘ မည်၏၊ မှန်လှပေ၏၊ ထိုအလောဘ သည် မိမိ၏ အကျိုးရှိ၏ဟု မှတ်ထင်အပ်ကုန်သော အကြင် အာရုံတို့၌ လောဘသည် ငြိကပ်သည်၏ အစွမ်းအားဖြင့် ဖြစ်၏၊ ထိုအာရုံတို့၌သာလျှင် ထိုလောဘကို မှုတ်လွှင့်၍ လောဘ၏ မှီရာဖြစ်ကုန် သော ဘဝသမ္ပတ္တိ ဘောဂသမ္ပတ္တိတို့ကို မစင်စုကဲ့သို့ ရှုတ်ချ စက်ဆုပ်၍ တစ်ခုသော နေက္ခမ္မဓာတ် ကြီးမည်သည် ဖြစ်၍ ဖြစ်၏ဟု သိပါလေ။

အဒေါသ အဖွင့်

ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်သော တရားသည် အဒေါသ မည်၏၊ မှန်လှပေ၏၊ ထိုအဒေါသသည် လည်း မိမိ၏ အကျိုးမဲ့ဟု မှတ်အပ်ကုန်သော အကြင် အာရုံတို့၌ ဒေါသသည် ပြစ်မှားသည်၏ အစွမ်းအားဖြင့် ဖြစ်၏၊ ထိုအာရုံတို့၌သာလျှင် ထိုဒေါသကို မှုတ်လွှင့်၍ မြင်တိုင်းမြင်တိုင်း ကုန်သော သတ္တဝါတို့၌ လပြည့်ဝန်းကဲ့သို့ အေးမြသော စိတ်နှလုံးကို ဖြစ်ပွားစေ၍ တစ်ခုသော အဗျာပါဒဓာတ် မည်သည်ဖြစ်၍ ဖြစ်၏ဟု သိပါလေ၊ ဤ အဒေါသကိုသာလျှင် ဗြဟ္မဝိဟာရတရားတို့၌ မေတ္တာ ဟူ၍ ဟောတော်မူ၏။

အမောဟ အဖွင့်

အမောဟကိုလည်း ဤအရာ၌ ဆိုအပ် ဆိုသင့်၏၊ မောဟ၏ ဆန့်ကျင်ဘက်ဖြစ်သော တရားသည် အမောဟ မည်၏၊ မှန်လှပေ၏၊ ထိုအမောဟသည်လည်း အကြောင်းလည်း ဖြစ်ကုန်သော အကျိုး လည်း ဖြစ်ကုန်သော အကြင် အရိယသစ္စာတရား လေးပါးတို့၌ မောဟသည် အမိုက်တိုက််ကို ပြု၍ဖြစ်၏၊ ထိုတရားတို့၌သာလျှင် ထိုမောဟကို မှုတ်လွှင့်၍ လတစ်ထောင် နေတစ်ထောင်ကို တက်ထွန်းစေသကဲ့သို့ ဝိဇ္ဇာဉာဏ် မည်သည် ဖြစ်၍ ဖြစ်၏ဟု သိပါလေ။

တတြမဇ္ဈတ္တတာ အဖွင့်

တတြမဇ္ဈတ္တတာ ဟူသော ဤပါဌ်၌ သဘောတရားကို အတ္တာ ဟူ၍ ဆိုအပ်၏။

ထိုတရားအား တွန့်ခြင်း ပျံ့လွင့်ခြင်း အစရှိကုန်သော နှစ်ပါးကုန်သော မညီမညွတ်သော အဖို့တို့၏ အလယ်၌ဖြစ်သော သဘောရှိသောကြောင့် မဇ္ဈတ္တ မည်၏၊ အညီအမျှဖြစ်သော သမ္ပယုတ်တရား အပေါင်းကို ရအပ်၏။

ထိုအညီအညွတ် ဖြစ်သော တရားအပေါင်း၏ အဖြစ်သည် မဇ္ဈတ္တတာမည်၏၊ ထိုထို သမ္ပယုတ်တရား တို့၌ ထင်သော လျစ်လျူရှုသည်၏ အဖြစ်သည် တတြမဇ္ဈတ္တတာ မည်၏။

တစ်နည်း- ထိုထိုအကျိုးစီးပွား ရှိသော အမှုတို့၌ စိတ် စေတသိက် တရားတို့အား လစ်လျူရှုသည်၏ အဖြစ်သည် တတြမဇ္ဈတ္တတာ မည်၏၊

ထိုစကားသည် မှန်လှစွာ၏၊ ထို တတြမဇ္ဈတ္တတာ စေတသိက်ကို အညီအညွတ် ဖြစ်ကြကုန်သော သမ္ပယုတ်တရားတို့၏ လျစ်လျူရှုသည်၏ အစွမ်းဖြင့်-
- အညီအညွတ် ဖြစ်ကြကုန်သော အာဇာနည်မြင်းတို့ကို လျစ်လျူရှု၍နေသော ရထားထိန်းကဲ့သို့ မှတ်အပ်၏။
ဟူ၍ အဋ္ဌကထာ၌ မိန့်ဆိုအပ်၏၊ တတြမဇ္ဈတ္တတာ စေတသိက်ကိုပင်လျှင် ဗြဟ္မဝိဟာရတရားတို့၌ ဥပေက္ခာဟူ၍ ဆိုအပ်၏။

ကာယပဿဒ္ဓိယ စိတ္တပဿဒ္ဓိ အဖွင့်

ကာယပဿဒ္ဓိ အစရှိသည်တို့၌ ကာယ-ဟူသည်ကား ဝေဒနာ အစရှိသော ခန္ဓာသုံးပါး အပေါင်းဟု ဆိုအပ်သော စေတသိက် အပေါင်းကို ဆိုအပ်၏၊ စိတ္တ-ဟူသည်ကား သောဘဏစိတ်ပေတည်း။

ကိုယ်၏ ငြိမ်းခြင်းသည် ကာယပဿဒ္ဓိ မည်၏၊ စိတ်၏ ငြိမ်းခြင်းသည် စိတ္တပဿဒ္ဓိ မည်၏၊ ဤသို့ စသည်ဖြင့် သမာသ်ဝိဂ္ဂဟ ပြုပါလေ၊ ငြိမ်းခြင်းသည် ပဿဒ္ဓိ မည်၏၊ ငြိမ်သက် ချမ်းအေးသည်၏ အဖြစ်တည်း၊ ဤကား အနက်တည်း။

အကြင်ပုဂ္ဂိုလ်တို့အား ဤစေတသိက် နှစ်ပါးအပေါင်းသည် ချို့တဲ့ အားနည်းခဲ့၏၊ ထိုပုဂ္ဂိုလ်တို့သည် ကောင်းမှုကုသိုလ်ကံတို့၌ စိတ်၏ ငြိမ်းအေး ချမ်းသာခွင့်ကို မရနိုင်ကြကုန်၊ ကုသိုလ်ရေးမှ အပသို့သာ လျှင် ထိုပုဂ္ဂိုလ်တို့၏ စိတ်သည် ပြေးထွက်သွား၏၊ ‘‘လောလောပူသော ကျောက်ဖျာအပြင်၌ ပစ်ချ ထားအပ်သော ငါးနှင့်တူ၏’’ အကြင်ပုဂ္ဂိုလ်တို့အားကား ပဿဒ္ဓိ နှစ်ပါး အားရှိ၏၊ ထိုပုဂ္ဂိုလ်တို့သည် ထိုကောင်းမှု ကုသိုလ်ကံတို့၌ ထိုစိတ်၏ ငြိမ်းအေး ချမ်းသာမှုကို ရကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့၏ စိတ်သည် ‘‘အေးမြသော ရေ၌ ပစ်ထည့်အပ်သော ငါးနှင့် တူ၏။’’

ကာယလဟုတာယ စိတ္တလဟုတာ အဖွင့်

ပေါ့သည်၏ အဖြစ်သည် လဟုတာ မည်၏၊ မလေးသည်၏အဖြစ် မနှေးသည်၏ အဖြစ်ပေတည်း၊ ဤကား အနက်ပေတည်း၊ အကြင်ပုဂ္ဂိုလ်တို့အား ဤတရား နှစ်ပါးအပေါင်းသည် ချို့တဲ့အားနည်း၏၊ ထိုပုဂ္ဂိုလ်တို့၏ စိတ်သည် ကောင်းမှုကုသိုလ်ကံတို့၌ ပျံ့နှံ့မှု မရှိချေ၊ တွန့်တိုနေ၏၊ ‘‘လောလော ပူသော ကျောက်ဖျာအပြင်၌ ပစ်ချထားအပ်သော ပဒုမာကြာပန်းနှင့် တူ၏’’ အကြင်ပုဂ္ဂိုလ်အားကား လဟုတာ နှစ်ပါး အားရှိ၏၊ ထိုပုဂ္ဂိုလ်တို့၏ စိတ်သည် ထိုကောင်းမှု ကုသိုလ်ကံတို့၌ ပျံ့နှံ့ပေါ့ပါး၏၊ ‘‘အေးမြစွာသော ရေ၌ ပစ်ထည့်အပ်သော ပဒုမာ ကြာပန်းနှင့် တူ၏။’’

ကာယမုဒုတာယ စိတ္တမုဒုတာ အဖွင့်

နူးညံ့သည်၏အဖြစ်သည် မုဒုတာ မည်၏၊ အကြင်ပုဂ္ဂိုလ်တို့အား ဤတရား နှစ်ပါးအပေါင်းသည် ချို့တဲ့ အားနည်း၏၊ ထိုပုဂ္ဂိုလ်တို့၏ စိတ်သည် ကောင်းမှု ကုသိုလ်ကံတို့၌ ကြမ်းတမ်း ခက်ထန်၏၊ ‘‘ရန်သူတို့၏ အလယ်၌ရောက်နေသော စစ်သူရဲကြီးနှင့် တူ၏’’၊ အကြင်ပုဂ္ဂိုလ်တို့အားကား မုဒုတာ နှစ်ပါး အားရှိ၏၊ ထိုပုဂ္ဂိုလ်တို့၏စိတ်သည် ထိုကုသိုလ် ကောင်းမှုတို့၌ နူးညံ့ ပျော့ပျောင်း၏။ ‘‘ချစ်ခင် လှစွာသော အဆွေအမျိုးတို့၏ အလယ်၌ ရောက်နေသော စစ်သူရဲကြီးနှင့် တူ၏။’’

ကာယကမ္မညတာ စိတ္တကမ္မညတာ အဖွင့်

အမှု၌ ကောင်းခြင်းသည် ကမ္မည မည်၏၊ ထို ကမ္မည သဒ္ဒါသည်ပင်လျှင် ကမ္မညတာ မည်၏၊ အကြင်ပုဂ္ဂိုလ်တို့အား ဤတရားနှစ်ပါး အပေါင်းသည် ချို့တဲ့အားနည်း၏၊ ထိုပုဂ္ဂိုလ်တို့၏ စိတ်သည် ကောင်းမှုကုသိုလ်ကံတို့၌ အလိုရှိတိုင်း ထားခြင်းငှါ မရနိုင်ချေ၊ ဖရိုဖရဲ ပြန့်ကြဲ၏၊ ‘‘လေညာသို့ ပစ်လွင့်အပ်သော ဖွဲဆုပ်နှင့် တူ၏’’၊ အကြင်ပုဂ္ဂိုလ်တို့အားကား ကမ္မညတာ နှစ်ပါး အားရှိ၏၊ ထိုပုဂ္ဂိုလ်တို့၏သာလျှင် ထိုစိတ်ကို ထိုကောင်းမှုကုသိုလ်တို့၌ အလိုရှိတိုင်း ထားခြင်းငှါ ရနိုင်၏၊ ဖရိုဖရဲ မပြန့်ကြဲပေ၊ ‘‘လေညာသို့ ပစ်လွင့်အပ်သော ရွှေတုံး ရွှေခဲနှင့် တူ၏။’’

ကာယပါဂုညတာယ စိတ္တပါဂုညတာ အဖွင့်

လေ့ကျက် နပ်နောသည်၏ အဖြစ် ကျွမ်းကျင်သည်၏ အဖြစ်သည် ပါဂုည မည်၏၊ ထို ပါဂုည သဒ္ဒါသည်ပင်လျှင် ပါဂုညတာ မည်၏၊ အကြင်ပုဂ္ဂိုလ်တို့အား ဤတရားနှစ်ပါး အပေါင်းသည် ချို့တဲ့အားနည်း၏၊ ထိုပုဂ္ဂိုလ်တို့၏ စိတ်သည် ကောင်းမှုကုသိုလ်ကံတို့၌ တုန်လှုပ်၏၊ ပင်ပန်း၏၊ ‘‘နက်စွာသော ရေ၌ ပစ်ချအပ်သော မျောက်နှင့်တူ၏၊’’ အကြင်ပုဂ္ဂိုလ်တို့အားကား ပါဂုညတာ နှစ်ပါး အားရှိ၏၊ ထိုပုဂ္ဂိုလ်တို့၏ ထိုစိတ်သည် ထိုကောင်းမှု ကုသိုလ်ကံတို့၌ မတုန်လှုပ် မပင်ပန်းချေ၊ ‘‘နက်စွာသော ရေ၌ ပစ်ချအပ်သော မိကျောင်းနှင့် တူ၏။’’

ကာယုဇုကတာ စိတ္တုဇုကတာ အဖွင့်

ဖြောင့်မတ်ခြင်းသည်သာလျှင် ဥဇုက မည်၏၊ ဖြောင့်မတ်သည်၏ အဖြစ်သည် ဥဇုကတာ မည်၏၊ အကြင် ပုဂ္ဂိုလ်တို့အား ဤတရားနှစ်ပါးသည် ချို့တဲ့ အားနည်း၏၊ ထိုပုဂ္ဂိုလ်တို့၏ စိတ်သည် ကောင်းမှုကုသိုလ်ကံတို့၌ မညီမညွတ်သော သွားခြင်း ရှိ၏၊ ရံခါ တွန့်၏၊ ရံခါ ပျံ့လွင့်၏၊ ရံခါ ညွတ်၏၊ ရံခါ မြင့်၏၊ မော်၏၊ ‘‘သေရည်သေရက် မူးယစ်သော သူ၏ လမ်းခရီးသွားခြင်းနှင့် တူ၏’’၊ အကြင်သူတို့အားကား ဥဇုကတာ တရားနှစ်ပါး အားရှိ၏၊ ထိုသူတို့၏ ထိုစိတ်ကို ဆိုအပ်ခဲ့ပြီးသည်မှ ပြန်ဘက်အားဖြင့် သိအပ်၏ ဟု မှတ်ပါလေ။

ဆက်၍ ဆိုပေဦးအံ့၊ ဤအရာ၌ စိတ်၏ ငြိမ်းချမ်းခြင်း စသည်တို့ကို ဆိုအပ်သည်ရှိသော် ပြီးစီးသင့်ပါလျက် အသီးအခြား ကိုယ်၏ငြိမ်းချမ်းခြင်း စသည်တို့ကို ဆိုခြင်းသည် ထို ကာယပဿဒ္ဓိ စသည်တို့၏ အစွမ်းအားဖြင့် ရူပကာယ၏လည်း ငြိမ်းခြင်း စသည်ကို ပြုရခြင်း အကျိုး ရှိ၏။

ထိုစကား၌ ထိုထို (ဗောဇ္ဈင်သုတ် စသော) သုတ္တန်တရားတော်ကို ကြားနာရ၍ အနာရောဂါမှ ထခြင်း စသည်တို့၌ ရူပကာယ၏လည်း ငြိမ်းသည်၏ အဖြစ်သည် ထင်ရှား၏။

တန်ခိုးရှိသော ပုဂ္ဂိုလ်တို့၏ တန်ခိုးဖြင့် ကောင်းကင်သို့ သွားခြင်း စသည်တို့၌ ပေါ့သည်၏ အဖြစ်သည် ထင်ရှား၏။

ခန္ဓာကိုယ်ကို ငယ်သည်ကို လည်းကောင်း ကြီးသည်ကို လည်းကောင်း ပြု၍ ဖန်ဆင်းခြင်းတို့၌ နူးညံ့သည်၏ အဖြစ်သည် ထင်ရှား၏။

မြေ၏အတွင်း၌လည်းကောင်း တောင်၏အတွင်း၌လည်းကောင်း မငြိမကပ် မထိမခိုက်သည်ကို ပြု၍ သွားနိုင်ခြင်း စသည်တို့၌ အမှု၌ ခန့်သည်၏ အဖြစ်သည် ထင်ရှား၏။

နဂါးအသွင်ကိုလည်းကောင်း ဂဠုန်အသွင်ကိုလည်းကောင်း ပြု၍ ဖန်ဆင်းခြင်း စသည်တို့၌ လေ့လာ သည်၏ အဖြစ်သည် ထင်ရှား၏။

အလုံးစုံကုန်သော ထိုတရား တို့၌သာလျှင် အကြင်အကြင် ဖန်ဆင်းခြင်း၏ အစွမ်းအားဖြင့် ကြာမြင့်စွာ တည်သည်၏အဖြစ် ရှိကုန်လတ်သော် ဖြောင့်မတ်သည်၏ အဖြစ်သည် ထင်ရှား၏ဟု သိပါလေ။

အညီအညွတ် ဆောင်တတ်ကုန်သောကြောင့် သာဓာရဏတို့ မည်ကုန်၏၊ အလုံးစုံကုန်သော သောဘဏစိတ်တို့နှင့် ဆက်ဆံကုန်သောကြောင့် သောဘဏ သာဓာရဏတို့ မည်ကုန်၏၊ (တစ်နည်းကား) ထိုတရားတို့အား ဆက်ဆံကုန်သောကြောင့် သောဘဏသာဓာရဏတို့ မည်ကုန်၏။

သောဘဏ သာဓာရဏ စေတသိက်အဖွင့် ပြီးပြီ။

ဝိရတီစေတသိက် အဖွင့်

သမ္မာဝါစာ အဖွင့်

သမ္မာဝါစာ ဟူသော ဤပါဌ်၌ သမ္မာဝါစာသည်-
(၁)ကထာသမ္မာဝါစာ
(၂) စေတနာသမ္မာဝါစာ
(၃)ဝိရတိသမ္မာဝါစာ
တို့၏ အစွမ်းအားဖြင့် သုံးပါးအပြား ရှိ၏။

ထိုသုံးပါးတို့တွင်-
- အကျိုးအကြောင်းနှင့် စပ်ယှဉ်သော ကောင်းစွာ ဆိုအပ်သော စကားသည် ကထာသမ္မာဝါစာ မည်၏။
- ထိုစကားကို ဖြစ်စေတတ်သော ကုသိုလ် ကြိယာဇော စေတနာသည် စေတနာသမ္မာဝါစာ မည်၏။
- မုသာဝါဒါဝေရမဏိ - အစရှိကုန်သော သိက္ခာပုဒ်တို့ကို ဆောက်တည်ဆဲဖြစ်သော ပုဂ္ဂိုလ်အား လည်းကောင်း ဓိဋ္ဌာန်ဆဲဖြစ်သော ပုဂ္ဂိုလ်အားလည်းကောင်း ရောက်လာသော ၀တ္ထုကို မကျူး မလွန်သော ပုဂ္ဂိုလ်အားလည်းကောင်း မကောင်းမှုမှ ကြဉ်ရှောင်သော အခြင်းအရာအားဖြင့် စိတ်၏ ဖြစ်ခြင်းသည် ဝိရတိသမ္မာဝါစာ မည်၏။

ထို ဝိရတိသမ္မာဝါစာ ကိုသာလျှင် ဤအရာ၌ အလိုရှိအပ်၏၊ ထို သဘောတရားဖြင့် ကောင်းစွာ ဆိုတတ်သောကြောင့် သမ္မာဝါစာ မည်၏၊ ဆက်၍ ဆိုပေဦးအံ့၊ ‘‘ဤသဘောတရားဖြင့်’’ဟူသော စကား၌ ကရိုဏ်းအနက်၌လည်းကောင်း ဟိတ်အနက်၌ လည်းကောင်း ဆိုသော ကရိုဏ်းဝိဘတ် တည်းဟု မှတ်ပါလေ။

ထိုစကား၌ နှုတ်ဖြင့် သိက္ခာပုဒ်တို့ကို ဆောက်တည်သော ပုဂ္ဂိုလ်၏ ဆောက်တည်သော စကားတို့ကို ရည်ရွယ်၍ ကရိုဏ်းအနက်သည်လည်းကောင်း ဟိတ်အနက်သည်လည်းကောင်း သင့်လျော်ပေ၏။

ထိုခံယူပြီးသည်မှ ဆောက်တည်မြဲတိုင်း ဓိဋ္ဌာန်မြဲတိုင်းလည်း ဖြစ်ကုန်သော သိက္ခာပုဒ်တို့ကို ကောင်းစွာ စောင့်ကုန်အံ့ဟု နှလုံးပိုက်၍ အပြစ်မရှိကုန်သော အကြင်စကားတို့ကို ဆိုကုန်လျက် လှည့်လည် သွားလာကြကုန်၏၊ ထိုစကားတို့ကို ရည်ရွယ်၍ ကရိုဏ်းအနက် အားလျော်သော ဟိတ်အနက်သည်သာလျှင် သင့်လျော်၏ဟု သိပါလေ။

တစ်နည်းကား- ထိုအခြင်းအရာအားဖြင့် ဆိုကုန်သည်မူလည်း ဖြစ်စေ မဆိုကုန်သည်မူလည်းဖြစ်စေ ဤ သမ္မာဝါစာသည်ကား ဆိုကြကုန်သည်ရှိသော် ထိုသူတို့အား ကောင်းစွာ ဆိုခြင်းငှါသာလျှင် ပေး၏၊ ဖောက်ပြန်စွာ ဆိုခြင်းငှါ မပေးချေ၊ ထို့ကြောင့် သမ္မာဝါစာ ဟူ၍သာ ဆိုအပ်၏။

ဆိုဖွယ်အထူးကား- ဤ ဝိရတီသည် ဝစီဒုစရိုက်တို့ကို ပယ်ခြင်း၏ အစွမ်းအားဖြင့် ဖြစ်သည်ဖြစ်၍ ဝစီဒွါရ စင်ကြယ်ခြင်းငှါသာ ဖြစ်၏၊ ထို့ကြောင့် သမ္မာဝါစာ ဟူ၍ ဆိုအပ်၏ဟု သိပါလေ။

သမ္မာကမ္မန္တ အဖွင့်

သမ္မာကမ္မန္တသည်လည်း-
(၁)ကြိယာသမ္မာကမ္မန္တ
(၂) စေတနာသမ္မာကမ္မန္တ
(၃)ဝိရတိသမ္မာကမ္မန္တ
၏ အစွမ်းအားဖြင့် သုံးပါးအပြား ရှိ၏။

ထိုသုံးပါးတို့တွင်
- အမှတ်မရှိသည့် အပြစ်မရှိသော အမှုကို ပြုသောသူ၏ ကိုယ်အမူအရာသည် ကြိယာသမ္မာကမ္မန္တ မည်၏။
- ထို ကြိယာသမ္မာကမ္မန္တကို ဖြစ်စေတတ်သော စေတနာသည် စေတနာသမ္မာကမ္မန္တ မည်၏။
- ပါဏာတိပါတာ ဝေရမဏိ - အစရှိကုန်သော သိက္ခာပုဒ်တို့ကို ဆောက်တည်ဆဲ ဖြစ်သောသူအား လည်းကောင်း ဓိဋ္ဌာန်ဆဲ ဖြစ်သော သူအားလည်းကောင်း ရောက်လာသော ၀တ္ထုကို မလွန်ကျူးသော သူအားလည်းကောင်း မကောင်းမှုမှ ကြဉ်ရှောင်သော အခြင်းအရာအားဖြင့် စိတ်၏ အကြင်ဖြစ်ခြင်း သည် ရှိ၏၊ ဤဖြစ်ခြင်းသည် ဝိရတိသမ္မာကမ္မန္တ မည်၏။

ထိုအမှုဖြင့် ကောင်းစွာ ပြုတတ်သောကြောင့် သမ္မာကမ္မ မည်၏။ ထို သမ္မာကမ္မသည်ပင်လျှင် သမ္မာကမ္မန္တ မည်၏၊ သုတ္တန္တသဒ္ဒါ ဝနန္တ သဒ္ဒါကဲ့သို့ပေတည်း၊ ဤ၌ အကြွင်းသည် ဆိုအပ်ခဲ့ပြီးသော နည်းရှိသည် သာလျှင်တည်း။

သမ္မာအာဇီဝ အဖွင့်

သမ္မာအာဇီဝသည်လည်း-
(၁)ဝီရိယသမ္မာအာဇီဝ
(၂) ဝိရတိသမ္မာအာဇီဝ
၏ အစွမ်းအားဖြင့် နှစ်ပါးအပြား ရှိ၏။

ထိုနှစ်ပါးတို့တွင်-
- ပြကတေ့သဘောအားဖြင့် အပြစ်မရှိကုန်သော လယ်လုပ်ခြင်း စသော အမှုတို့ကိုလည်းကောင်း ဆွမ်းခံခြင်း စသည်တို့ကို လည်းကောင်း ပြု၍ အသက်မွေးကြကုန်သော သူတို့၏ ထကြွခြင်း အားအစွမ်း ဟု ဆိုအပ်သော ဝီရိယသည် ဝီရိယ သမ္မာအာဇီဝ မည်၏။
- အသက်မွေးခြင်း၏ စင်ကြယ်ခြင်းကို ငဲ့၍ မိမိ၏ အာဇီဝသီလ ပျက်စီးခြင်း၏ အကြောင်း ဖြစ်ကုန်သော ကာယဒုစရိုက် ဝစီဒုစရိုက်တို့ကို စွန့်ဆဲဖြစ်ကုန်သော သူတို့၏ မကောင်းမှုမှ ရှောင်ကြဉ်သော အခြင်းအရာအားဖြင့် အကြင်စိတ်၏ ဖြစ်ခြင်းသည် ရှိ၏၊ ဤစိတ်၏ ဖြစ်ခြင်းသည် ဝိရတိသမ္မာအာဇီဝ မည်၏၊ ဤ ဝိရတိသမ္မာအာဇီဝကိုသာလျှင် ဤအရာ၌ အလိုရှိအပ်၏၊ ဤသဘော တရားဖြင့် ကောင်းစွာ အသက်မွေးတတ်သောကြောင့် သမ္မာအာဇီဝ မည်၏၊ ဤ၌ အကြွင်းသည် ဆိုအပ်ခဲ့ပြီးသော နည်းရှိသည်သာလျှင်တည်း။

ဝိရတိ အဖွင့်

ဆက်၍ ဆိုဦးအံ့၊ ဤအရာ၌ တစ်ခုတစ်ခုသော ဝိရတိသည်လည်း-
(၁)သမ္ပတ္တဝိရတိ
(၂) သမာဒါနဝိရတိ
(၃)သမုစ္ဆေဒဝိရတိ
တို့၏ အစွမ်းအားဖြင့် သုံးပါးအပြား ရှိ၏။ ထိုသုံးပါးတို့တွင်-

- သိက္ခာပုဒ်တို့ကို မဆောက်တည်မူ၍လည်းကောင်း ဆောက်တည်ပြီး၍လည်း ဖြစ်ကုန်သော ထိုသိက္ခာပုဒ်တို့ကို မငဲ့မူ၍ လည်းကောင်း သက်သက်သော ဟိရီ-သြတ္တပ္ပတို့၏ အစွမ်းအားဖြင့် သာလျှင် ရောက်လာသော ၀တ္ထုကို မလွန်ကျူးကုန်သော ပုဂ္ဂိုလ်တို့အား ဖြစ်သော ဝိရတိသည် သမ္ပတ္တဝိရတိ မည်၏။

ထို သမ္ပတ္တိဝိရတိသည် ပစ္စုပ္ပန်ကိုသာ အာရုံပြု၏၊ မှန်လှစွာ၏။

ငါးပါးကုန်သော သိက္ခာပုဒ်တို့သည် ပစ္စုပ္ပန်သာလျှင် အာရုံ ရှိကြကုန်၏ဟူ၍ အဋ္ဌကထာ၌ မိန့်ဆိုပေ၏။

- သမာဒါနဝိရတိကို ဆိုပေဦးအံ့၊ သိက္ခာပုဒ်တို့ကို ဆောက်တည်ဆဲဖြစ်သော သူ၏လည်းကောင်း၊ ဓိဋ္ဌာန်ဆဲဖြစ်သော သူ၏ လည်းကောင်း၊ ဆောက်တည်မြဲတိုင်းတို့ကိုလည်းကောင်း၊ ဓိဋ္ဌာန်မြဲတိုင်းကို လည်းကောင်း ကောင်းစွာ စောင့်ရှောက်အံ့ဟု နှလုံးပိုက်၍ ရောက်လာသော ၀တ္ထုကို မလွန်ကျူး သော သူအားလည်းကောင်း ဖြစ်သော ဝိရတိသည် သမာဒါနဝိရတီ မည်၏။

ထို သမာဒါနဝိရတိသည်ကား ပစ္စုပ္ပန်လျှင် အာရုံရှိသည်လည်း ဖြစ်၏၊ အနာဂတ်အာရုံလျှင် အာရုံ ရှိသည်လည်း ဖြစ်၏၊ ထိုစကားသည် မှန်လှပေ၏。

‘‘ငါးပါးကုန်သော သိက္ခာပုဒ်တို့သည် ပစ္စုပ္ပန်သာလျှင် အာရုံရှိ၏ဟူသော ဤစကားကို သမ္ပတ္တဝိရတိ ၏ အစွမ်းအားဖြင့်သာလျှင် ဆိုအပ်၏။’’
ဟု အဋ္ဌကထာ၌ မိန့်ဆိုအပ်၏။

- မဂ်ခဏ၌ကား အလုံးစုံသော ဒုစရိုက်တို့ကို အကြောင်းနှင့်တကွ ဖြစ်တတ်သည်၏ အစွမ်းဖြင့် ဖြစ်သော ဝိရတိသည် သမုစ္ဆေဒဝိရတိ မည်၏။

ထို သမုစ္ဆေဒဝိရတိသည်ကား နိဗ္ဗာန်လျှင် အာရုံရှိ၏၊ ဖိုလ်ဝိရတိကိုလည်း ဤ သမုစ္ဆေဒဝိရတီ၌ သာလျှင် သင်္ဂြိုဟ်ရေတွက်အပ်၏ဟု သိပါလေ။

ထို ဝိရတီတို့တွင် လောကီဝိရတီတို့သည် ဇီဝိတိန္ဒြေ အစရှိကုန်သော ဝိတိက္ကမ၀တ္ထုတို့ကို အာရုံပြု၍ ပါဏာတိပါတ အစရှိကုန်သော ဝိရမိတဗ္ဗ၀တ္ထုတို့ကို စွန့်ကုန်၏၊ လောကုတ္တရာ ဝိရတီတို့သည်ကား နိဗ္ဗာန်ကို အာရုံပြု၍ ထိုဝိရမိတဗ္ဗ၀တ္ထုတို့ကိုသာလျှင် စွန့်ကုန်၏ဟု သိမှတ်ပါလေ။

အပ္ပမညာစေတသိက် အဖွင့်

ကရုဏာ အဖွင့်

သူတစ်ပါးတို့၏ ဆင်းရဲခြင်းသည် ရှိခဲ့သော် သနားခြင်း အလေ့ရှိသော သူတို့၏နှလုံး ပင်ပန်းခြင်းကို ပြုတတ်သောကြောင့် ကရုဏာ မည်၏၊ (တစ်နည်းကား) သူတစ်ပါးတို့၏ ဆင်းရဲခြင်းကို ပယ်တတ် သောကြောင့် ကရုဏာ မည်၏၊ (တစ်နည်းကား) သူတစ်ပါးတို့ ဆင်းရဲခြင်းကို ညှဉ်းဆဲ တတ်သော ကြောင့် ကရုဏာမည် ၊ (တစ်နည်းကား) ဆင်းရဲသည့် သတ္တဝါတို့၌ (သနားကြင်နာသော စိတ်အလို ကို) ဖြန့်အပ်သောကြောင့် ကရုဏာ မည်၏။

အထူးကို ဆိုပေဦးအံ့၊ ကရုဏာဟူသော ပုဒ်ကို (ကလိ = ဥဏာ) ဟူ၍ ပုဒ်ဖြတ်ခြင်းကို ပြုအပ်၏၊ ဆင်းရဲခြင်းကို ကလိဟူ၍ ဆိုအပ်၏၊ အဘယ်ကဲ့သို့နည်း ဟူမူကား- ‘‘ကလိသမ္ဘဝေ ဘဝေ’’ (ဆင်းရဲခြင်းဖြစ်ခြင်း၏ အကြောင်းဖြစ်၏) ဟူသကဲ့သို့ပေတည်း။

(တစ်နည်းကား) မကောင်းမှုကိုလည်းကောင်း ရှုံးခြင်းကိုလည်းကောင်း ကလိဟူ၍ ဆိုအပ်၏၊ မှန်လှပေ၏。

- ‘‘ကလိသဒ္ဒါသည် မကောင်းမှု၌လည်းကောင်း ရှုံးခြင်း၌လည်းကောင်း ဖြစ်ရာ၏’’ ဟူ၍ အဘိဓာန်၌ မိန့်ဆို၏။

ဆက်၍ ဆိုဦးအံ့၊ ဤအလုံးစုံသည် သနားလေ့ရှိကုန်သော ပုဂ္ဂိုလ်တို့၏ သနားခြင်း၏ အကြောင်းဖြစ်၍ ဖြစ်သည်သာလျှင်တည်း၊ ထို့ကြောင့် ဤသနားခြင်းဖြင့် ကလိဟု ဆိုအပ်သော ဆင်းရဲကိုလည်းကောင်း မကောင်းမှုကိုလည်းကောင်း အလုံးစုံသော စည်းစိမ်မှ ရှုံးခြင်းကိုလည်း ကောင်း သတ္တဝါတို့မှ စောင့်ရှောက်ကြကုန်၏။

(တစ်နည်းကား) ဤ သနားခြင်းဖြင့် သတ္တဝါတို့ကို သုံးပါးအပြား ရှိသော ထို ကလိမှ စောင့်ရှောက် တတ်ကုန်သောကြောင့် ကရုဏာ မည်၏။

မုဒိတာ အဖွင့်

ဤဝမ်းမြောက်ခြင်းဖြင့် သူတစ်ပါးတို့၏ စည်းစိမ်ကို မြင်၍ ဝမ်းမြောက်တတ်သောကြောင့် မုဒိတာ မည်၏။

အပ္ပမညာ အဖွင့်

ထိုသတ္တဝါတို့အား အတိုင်းအရှည် ပမာဏ မရှိသောကြောင့် အပ္ပမာဏ မည်ကုန်၏၊ သတ္တဝါတို့ကို အရကောက်အပ်ကုန်၏၊ အတိုင်းအရှည် မရှိသော သတ္တဝါတို့၌ ဖြစ်ကုန်သောကြောင့် အပ္ပမညာတို့ မည်ကုန်၏။

မှန်လှစွာ၏၊ ဤတရားတို့သည် ဤမျှသာလျှင် ဖြစ်ကုန်သော သတ္တဝါတို့၌ ဖြစ်စေအပ်ကုန်၏၊ ဤသတ္တဝါတို့မှ တစ်ပါးသော သတ္တဝါတို့၌ မဖြစ်စေအပ်ကုန်ဟု အပိုင်းအခြား ပမာဏမရှိခြင်း ကြောင့် တစ်ယောက်သော သတ္တဝါတို့၌ ဖြစ်ကုန်ငြားသော်လည်း အပ္ပမညာ မည်ကုန်သည်သာလျှင် တည်းဟု သိပါလေ။

၈၂။ ဋီကာတို့၌ကား (နှာ- ၁၁၁)
အတိုင်းမသိသော သတ္တဝါလျှင် အာရုံရှိသောကြောင့် အပ္ပမာဏ မည်၏၊ ထို အပ္ပမာဏသဒ္ဒါသည် ပင်လျှင် အပ္ပမညာ မည်၏ဟု မိန့်ဆိုအပ်၏။ ထိုအဆိုသည် မကောင်းချေ။

ပညိန္ဒြေ အဖွင့်

ပညိန္ဒြေဟူသော ဤပါဌ်၌ အောက်၌ ဆိုအပ်ပြီးသော အမောဟသည် သာလျှင်တည်း၊ မှန်လှပေ၏၊ ထိုအမောဟကို သိတတ်သော အနက်ကြောင့် ပညာမည်၏၊ အစိုးရခြင်း တည်းဟူသော အနက် ကြောင့် ဣန္ဒြေလည်း မည်၏၊ ထို့ကြောင့် ပညိန္ဒြေဟူ၍ ဆိုအပ်၏ဟု သိပါလေ။

သောဘဏရာသီ၌ မြတ်သော အနက်ကို ပြခြင်းသည် ပြီးပြီ။

[အမှာ-ဧတ္တာဝတာစသော စကားစုသည် သုံးပါးသော ရာသီတို့ကို ရေတွက်ခြင်းတည်း။]

သောဘဏ စေတသိက် အဖွင့် ပြီးပြီ။

သမ္ပယောဂ (၁၆)နည်း အဖွင့်

ဤသို့ ငါးဆယ့်နှစ်ပါး သရုပ်ကို ပြတော်မူပြိး၍ ယခုအခါ၌ စိတ်နှင့်ယှဉ်သော အပြားကို ပြတော် မူလိုရကား တေသံ အစရှိသော စကားကို မိန့်တော်မူ၏။

စေတသိက်တို့၏ သရုပ်ကို ပြပြီးသည့် ဤမှ နောက်၌ စိတ်၌ အမြဲယှဉ်ကုန်သော စိတ်နှင့်မကွေမကွာ ယှဉ်ကြကုန်သော ထိုစေတသိက်တို့၏ စိတ်တို့၌ အသီးအသီး ယှဉ်ခြင်းကို ယှဉ်သင့်သည့် အားလျော်စွာ ဆိုအပ်၏။

ဤသည်ကား ယောဇနာခြင်းတည်း။

စိတ္တုပ္ပါဒ်တို့၌ - ဟူသည်ကား စိတ်တို့၌ ဟူ၍သာလျှင် အနက်ကို မှတ်အပ်၏၊ ဤစိတ်တို့၌ စေတသိက်တို့သည် ဖြစ်ကြကုန်သောကြောင့် ဥပ္ပါဒတို့ မည်ကုန်၏၊ စိတ်တို့သည်သာလျှင် စေတသိက်တို့၏ ဖြစ်ရာ ဖြစ်သောကြောင့် စိတ္တုပ္ပါဒတို့ မည်ကုန်၏၊ ထို့ကြောင့် ဤသို့လျှင် အနက်ကို မှတ်အပ်၏။

ပကိဏ်းစေတသိက်တို့ အသီးအသီး မယှဉ်ခြင်းအကြောင်း

* ဒွေပဉ္စဝိညာဉ် တစ်ဆယ်တို့၏ အလုံးစုံတို့အောက် အားနည်းသည်၏ အဖြစ်ကြောင့် ထို ဒွေပဉ္စဝိညာဉ် တစ်ဆယ်တို့၌ ပကိဏ်းစေတသိက် ခြောက်ခုတို့ မဖြစ်ကြကုန်။

* ဘာဝနာ၏ အစွမ်းအားဖြင့် ပယ်အပ်ပြီးသည်၏ အဖြစ်ကြောင့် ဝိတက်သည် ဒုတိယဈာန်စိတ် စသည်တို့၌၊ ဝိစာရသည် တတိယဈာန်စိတ် စသည်တို့၌၊ ပီတိသည် စတုတ္ထဈာန်စိတ် စသည်တို့၌ မဖြစ်ကြကုန်။

* ဆုံးဖြတ်ခြင်း သဘောရှိသည်၏ အဖြစ်ကြောင့် အဓိမောက္ခသည် ဆုံးဖြတ်ခြင်း သဘောမရှိသော ဝိစိကိစ္ဆာသဟဂုတ်စိတ်၌ မဖြစ်ချေ။

* ဝီရိယသည် ဗိုလ်တရားတို့၏ အကြီးအမှူး ဖြစ်သောကြောင့် အားနည်းကုန်သော ပဉ္စဒွါရာဝဇ္ဇန်း အစရှိကုန်သော စိတ်တစ်ဆယ့်ခြောက်ပါးတို့၌ မဖြစ်ချေ။

* ပီတိသည် နှစ်သက်ခြင်း သဘောရှိသည်၏ အဖြစ်ကြောင့် ဒေါမနဿသဟဂုတ် ဥပေက္ခာသဟဂုတ် စိတ်တို့၌ မဖြစ်ချေ။

* ဆန္ဒသည် လိုချင်ခြင်း သဘောရှိသည်၏ အဖြစ်ကြောင့် လိုချင်မှု ကင်းကုန်သော အဟိတ်စိတ် မောဟမူစိတ်တို့၌ မဖြစ်ကြကုန်။

ထို့ကြောင့် ‘‘ပကိဏ္ထကေသု ပန ဝိတက္ကော (လ) မောမူဟဝဇ္ဇိတစိတ္တေသု’’ ဟူ၍ အရှင်အနုရုဒ္ဓါ မထေရ်မြတ် မိန့်ဆိုတော်မူသည်။

ပကိဏ်းစေတသိက် ခြောက်ခုသည် ကြဉ်အပ်ကုန်သော ပကိဏ်းစေတသိက် ခြောက်ခုနှင့်တကွ ဖြစ်ကုန်သော ထိုစိတ္တုပ္ပါဒ်တို့သည်၏ ဤသို့ သမ္ဗန်ခြင်းကို ပြုအပ်၏။

ပကိဏ်းစေတသိက် သမ္ပယောဂနည်း အဖွင့် ပြီးပြီ။

အကုသိုလ်စေတသိက် သမ္ပယောဂနည်း အဖွင့်

အကုသိုလ် ဟူသည်ကား- အကုသိုလ်စေတသိက်တို့၌ အလုံးစုံသော အကုသိုလ်စိတ်တို့နှင့် ဆက်ဆံ သည် မည်ကုန်၏၊ ထို့ကြောင့် အလုံးစုံလည်း ဖြစ်ကုန်သော တစ်ဆယ့်နှစ်ပါးကုန်သော အကုသိုလ် စိတ်တို့၌ ရအပ်ကုန်၏၊ ဤသည်ကား ယောဇနာခြင်းပေတည်း။

၈၃။ ဋီကာကျော် (နှာ- ၁၁၄)၌ကား-

နောက်ဝါကျသည် ရှေ့ဝါကျ၏ ပြီးစေကြောင်း ဖြစ်သော စကားပေတည်းဟု အဓိပ္ပါယ် ယူဆပေ၏။

ထိုအယူသည် မကောင်းချေ၊ မှန်လှပေ၏၊ ဤအရာသည် စိတ်တို့၌ ရသင့်သည်၏ အဖြစ်ကို ပြခြင်းလျှင် ပြဋ္ဌာန်းခြင်း ရှိ၏ဟု မှတ်ပါလေ။

အဖို့တစ်ပါးကို ဆိုဦးအံ့၊ အကြင့်ကြောင့် အလုံးစုံကုန်သော အကုသိုလ်စိတ်တို့သည် ဤလေးပါးသော စေတသိက်တို့နှင့် ကင်း၍ မဖြစ်ကြကုန်၊ မှန်လှပေ၏၊ ထိုအကုသိုလ်စိတ်တို့သည် မကောင်းမှုတို့၌ အပြစ်ကို မြင်၍ တည်ကုန်သော ပုဂ္ဂိုလ်တို့အား မဖြစ်ကြကုန်၊ ထိုမကောင်းမှုတို့မှ ရှက်သဖြင့် လည်းကောင်း၊ ကြောက်သဖြင့်လည်းကောင်း ဆန့်ကျင်ကုန်သော သူတို့အားလည်း မဖြစ်ကြကုန်၊ ကုသိုလ်တရားတို့၌ ကောင်းစွာ တည်ကြည်ကြကုန်သော ပုဂ္ဂိုလ်တို့အားလည်း မဖြစ်ကြကုန်၊ ထို့ကြောင့် ထိုလေးပါးသော စေတသိက်တို့ကို ခပ်သိမ်းကုန်သော ထိုအကုသိုလ်စိတ်တို့၌ ရအပ် ကုန်၏ဟု သိပါလေ။

ဆက်၍ ဆိုဦးအံ့၊ အကြင့်ကြောင့် ဒိဋ္ဌိစေတသိက် မာနစေတသိက် တို့သည် ခန္ဓာတို့၌ သာယာခြင်းကို မလွတ်မူ၍သာလျှင် ထိုခန္ဓာတို့၌ ထိုထိုအခြင်းအရာအားဖြင့် သုံးသပ်၍ ဖြစ်ကြကုန်၏၊ ထို့ကြောင့် ထိုဒိဋ္ဌိ မာနတို့သည် လောဘမူစိတ်တို့၌သာလျှင် ဖြစ်ကြကုန်၏၊ ထို လောဘမူစိတ်တို့၌ ဖြစ်ကုန်သော ထိုဒိဋ္ဌိ မာနတို့တွင် ဒိဋ္ဌိစေတသိက်သည် ခန္ဓာတို့၌ အတ္တ = ‘ငါ’ဟူသော စွဲလမ်းခြင်းကို မြဲစွာယူ၍ ထို အတ္တကို မြဲသည်၏ အဖြစ် အစရှိကုန်သော ဖောက်ပြန်သော သဘောတို့ဖြင့် သာလျှင် သုံးသပ်လျက် ဖြစ်၏၊ မာနစေတသိက်သည်ကား ခန္ဓာတို့ကို ‘ငါ’ဟူ၍ မြဲစွာယူလျက် ထိုယူအပ်သော အခြင်းအရာကို မြတ်သည်၏ အဖြစ် စသည်တို့ဖြင့်သာလျှင် သုံးသပ်လျက် ဖြစ်၏၊ ထို့ကြောင့် ထိုဒိဋ္ဌိ မာနတို့သည် သုံးသပ်သော အခြင်းအရာအားဖြင့် မတူသော ဖြစ်ခြင်း ရှိကြကုန်သည်သာလျှင် ဖြစ်ကြကုန်၏၊ ‘‘ထို့ကြောင့် ဒိဋ္ဌိ စတူသု (လ) ဝိပ္ပယုတ္တေသု’’-ဟူ၍ မိန့်တော်မူ၏။

အကြင် ဒိဋ္ဌိအလား ရှိကုန်သော သူတို့သည် ဒိဋ္ဌိဖြင့် အကြင် အကြင် ယူအပ်ပြီးသော အတ္တကိုသာလျှင် ‘ငါ’ဟူ၍ ယူစွဲကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့၏လည်း ဒိဋ္ဌိ မာနတို့သည် သုံးသပ်သော အခြင်းအရာသို့ ရောက်သည်ရှိသော် မတူသော ဖြစ်ခြင်း ရှိကြကုန်သည်သာလျှင်တည်း။

မှန်လှပေ၏၊ မာနကဲ့သို့ ဒိဋ္ဌိအား မိမိကိုယ်ကို ချီးမြှောက်ခြင်း၌ ဗျာပါရ မရှိချေ၊ ဒိဋ္ဌိကဲ့သို့ မာနအား တရားတို့၏ မဟုတ်မမှန်သော အဖို့ကို ကြံခြင်း၌ ဗျာပါရ ရှိလည်း မရှိချေဟု သိပါလေ၊ မှန်လှစွာ၏၊ ထို့ကြောင့်သာလျှင် ‘ငါ’ဟူ၍ စွဲလမ်းတတ်သော မာနသည် အနာဂါမ် ပုဂ္ဂိုလ်တို့အားလည်း ဖြစ်၏၊ အတ္တဟု စွဲလမ်းမှုဖြစ်သော ဒိဋ္ဌိသည်ကား ပုထုဇဉ်ပုဂ္ဂိုလ်တို့အားသာလျှင် ဖြစ်၏ဟု သိပါလေ။

၈၄။ ဋီကာကျော် (နှာ- ၁၁၄)၌ကား-

မာနစေတသိက်သည်လည်း ‘ငါ ဟူသော မာန်၏ အစွမ်းအားဖြင့် ဖြစ်ခြင်းကြောင့် ဒိဋ္ဌိနှင့် တူစွာသာလျှင် ဖြစ်၏၊ ထို့ကြောင့် ဒိဋ္ဌိနှင့် အတူတကွ တစ်ခုတည်းသော စိတ်၌ မဖြစ်ချေ၊ ဤသို့ ဆိုပြီး၍ ခြင်္သေ့မင်း ဥပမာဖြင့် ထိုအနက်ကို ပြီးစေ၏။

ထိုအနက်သည် မကောင်းချေ၊ မှန်လှစွာ၏၊ တူသော ဖြစ်ခြင်း မည်သည်ကား တကွဖြစ်ခြင်း၏ သာလျှင် အကြောင်းဖြစ်ပေ၏ဟု သိပါလေ။

မစ္ဆရိယသည်ကား မိမိ၏ စည်းစိမ်တို့၌ ငြိကပ်တတ်သော လောဘကြောင့် ဖြစ်ငြားသော်လည်း ထိုစည်းစိမ်တို့၏ သူတစ်ပါးတို့နှင့် ဆက်ဆံသည်၏ အဖြစ်ကို သည်းမခံနိုင်သော အခြင်းအရာ အားဖြင့် ဖြစ်သည်၏ အဖြစ်ကြောင့် စင်စစ်အားဖြင့် ပဋိဃသမ္ပယုတ်စိတ်၌သာလျှင် ဖြစ်၏၊ ထို့ကြောင့် ‘‘ဒေါသော ဣဿာ (လ) စိတ္တေသု’’ဟူ၍ မိန့်ဆိုတော်မူ၏။

အမှု၌ မခံ့ခြင်း လက္ခဏာရှိသော ထိန-မိဒ္ဓသည် အမှု၌ခံ့ခြင်း သဘောရှိကုန်သော အသင်္ခါရိကစိတ် တို့၌ မဖြစ်ပေ၊ ထို့ကြောင့် ‘‘ထိနမိဒ္ဓံ ပဉ္စသု သသင်္ခါရိကစိတ္တေသု’’ ဟူ၍ မိန့်တော်မူ၏။

သင်္ဂဟဂါထာ အဖွင့်

လေးပါးကုန်သော သဗ္ဗာကုသလ သာဓာရဏ စေတသိက်တို့သည် သုံးပါးကုန်သော လောဘ ဒိဋ္ဌိ မာန စေတသိက်တို့သည် လေးပါးကုန်သော ဒေါသအစရှိသည့် စေတသိက်တို့သည်- ထိန မိဒ္ဓ စေတသိက် နှစ်ခု အပေါင်းသည်- ဝိစိကိစ္ဆာ စိတ္တေစ-ဟူသော ဤပါဌ်၌ ‘’ သဒ္ဒါသည် အဝဓာရဏအနက်၌ ဖြစ်၏၊ ဝိစိကိစ္ဆာ သဟဂုတ်စိတ်၌ သာလျှင် ဤသည်ကား သင်္ဂဟဂါထာ အနက်တည်း။

တစ်ဆယ့်လေးပါးကုန်သော အကုသိုလ်စေတသိက်တို့သည်၏ ဟူ၍လည်း အနက်ယောဇနာပါလေ။

အကုသိုလ်စေတသိက် သမ္ပယောဂနည်း ပြီးပြီ။

သောဘဏစေတသိက် သမ္ပယောဂနည်း

သောဘဏေသု … ဟူသည်ကား - သောဘဏစေတသိက်တို့၌ (ဟူလို)။

လောကုတ္တရာစိတ်၌ အဋ္ဌင်္ဂိကမဂ်၌ သုံးပါးကုန်သော ခန္ဓာတို့တွင် ပညာက္ခန္ဓာသမ္မာသင်္ကပ္ပ မည်သည်ကား သမ္မာဒိဋ္ဌိ၏ နောက်လိုက်သာလျှင် ဖြစ်၏၊ ထို့ကြောင့် ပါဒကဈာန် စသည်တို့၏ အစွမ်းအားဖြင့် ထိုသမ္မာသင်္ကပ္ပ မရှိသော်ငြားလည်း ปညာက္ခန္ဓာသည် မယုတ်လျော့ချေ။

သီလက္ခန္ဓတရား သမာဓိက္ခန္ဓတရားတို့၌ကား တစ်ခုသော တရားသည် တစ်ခုသောတရား၏ ကိစ္စကို မပြီးစေနိုင်ပေ၊ ထို့ကြောင့် လောကုတ္တရာမဂ်သည် အင်္ဂါနှစ်ပါးရှိသော မဂ်အောက် ယုတ်လျော့၍ မဖြစ်ချေ၊ ထို့ကြောင့် ‘‘ဝိရတိယော ပန တိဿောပိ (လ) လ န္တိ’’ ဟူ၍ မိန့်တော်မူ၏။

အမြဲ တစ်ပြိုင်နက်အားဖြင့်သာလျှင် ခပ်သိမ်းသော အခြင်းအရာအားဖြင့်လည်း ရကုန်၏၊ ဤ သည်ကား ယောဇနာခြင်းပေတည်း။

ထိုစကား၌ ‘‘အမြဲသာလျှင်’’ ဟူသည်ကား လောကီတို့၌ ကဲ့သို့ တစ်ရံတစ်ခါသာလျှင် ရအပ်ကုန်သည်ကား မဟုတ်ကုန်၊ စင်စစ်သော်ကား အခါခပ်သိမ်းလည်း မြဲကုန်သည် ဖြစ်ကုန်၍ သာလျှင် ရအပ်ကုန်၏၊ အဘယ့်ကြောင့်နည်း ဟူမူကား- လောကုတ္တရာတရားတို့အား အမြဲမပြတ် သီလတို့၌ ပြည့်စုံစွာ ဖြည့်ကျင့်ခြင်းကို ပြုလေ့ရှိသည်၏ အစွမ်းဖြင့် ဖြစ်သည်၏ အဖြစ် ကြောင့်ပေတည်း။

မှန်လှစွာ၏၊ ထိုလောကုတ္တရာ တရားတို့သည် လောကီတရားတို့ကဲ့သို့ တစ်ခါတစ်ရံ၌ ဒါန၏အစွမ်း အားဖြင့် တစ်ခါတစ်ရံ အကြားအမြင် ပရိယတ္တိ အစွမ်းအားဖြင့် တစ်ခါတစ်ရံ ကသိုဏ်းဘာဝနာ စသည်တို့၏ အစွမ်းအားဖြင့် မဖြစ်ကြကုန်ဟု သိပါလေ။

‘‘တစ်ပြိုင်နက်’’ ဟူသည်ကား - လောကီတရားတို့၌ ကဲ့သို့ အသီး အသီး မရအပ်ကုန်၊ စင်စစ် သော်ကား သုံးပါးကုန်သော ဝိရတီတို့ကိုလည်း တစ်ပေါင်းတည်း ဖြစ်ကုန်၍သာလျှင် ရအပ်ကုန်၏၊ အဘယ့်ကြောင့်နည်း ဟူမူကား- မပြားသော အာရုံရှိသည်၏ အဖြစ်ကြောင့်ပေတည်း။

မှန်လှစွာ၏၊ ထိုဝိရတီတို့သည် လောကီ၌ကဲ့သို့ ဝိတိက္ကမ၀တ္ထုဟု ဆိုအပ်ကုန်သော ဇီဝိတိန္ဒြေ အစ ရှိကုန်သော အထူးထူးသော အာရုံတို့ကို အာရုံပြု၍ မဖြစ်ကုန်၊ စင်စစ်သော်ကား နိဗ္ဗာန်အာရုံ တစ်ခု တည်းကိုသာလျှင် အာရုံပြု၍ ဖြစ်ကုန်၏ဟု သိပါလေ။

‘‘ခပ်သိမ်းသော အခြင်းအရာ’’ ဟူသည်ကား- လောကီတရားတို့၌ကဲ့သို့ တစ်စိတ်တစ်ဒေသကို ပယ်သည်၏ အစွမ်းအားဖြင့် မရအပ်ကုန်၊ စင်စစ်သော်ကား သုံးပါးကုန်သော ဝိရတီတို့ကိုလည်း အကြွင်းအကျန် မရှိသော ဒုစရိုက် ဒုရာဇီဝတို့ကို ပယ်သော အခြင်းအရာအားဖြင့်သာလျှင် ရအပ်ကုန်၏၊ မှန်လှပေ၏၊ လောကီတို့၌ တစ်ကြိမ်ဖြစ်သော သမ္မာဝါစာသည် လေးပါး အပြား ရှိကုန်သော အလုံးစုံသော ဝစီဒုစရိုက်တို့ကို တစ်ပေါင်းတည်း ပယ်ခြင်းငှါ မစွမ်းနိုင်ချေ၊ မုသာဝါဒ ဝိရတီသည် မုသာဝါဒကိုသာလျှင် ပယ်ခြင်းငှါ စွမ်းနိုင်၏၊ ဤမှ တစ်ပါးကုန်သော ဝစီဒုစရိုက်တို့ကို ပယ်ခြင်းငှါ မစွမ်းနိုင်ချေ၊ မုသာဝါဒကိုသော်လည်း အမြစ်အရင်းနှင့်တကွ အနုသယနှင့် တကွ ပယ်ခြင်းငှါ မစွမ်းနိုင်ချေ။

ထို့အတူ ပိသုဏဝါစာဝိရတီသည် ပိသုဏဝါစာကိုသာလျှင် ပယ်ခြင်းငှါ စွမ်းနိုင်၏၊ ဤမှ တစ်ပါးသော ဝစီဒုစရိုက်တို့ကို ပယ်ခြင်းငှါ မစွမ်းနိုင်ချေ၊ ပိသုဏဝါစာကိုသော်လည်း အမြစ်အရင်းနှင့် တကွ အနုသယနှင့် တကွ ပယ်ခြင်းငှါ မစွမ်းနိုင်ချေ၊ အလုံးစုံကို အကျယ် ချဲ့အပ်၏။ (အကျယ်ချဲ့၍ သိပါလေ)။

အဖို့တစ်ပါးကို ဆိုဦးအံ့၊ လောကုတ္တရာစိတ်တို့၌ တစ်ကြိမ်ဖြစ်သော သမ္မာဝါစာသည် အလုံးစုံ ကုန်သော ဝစီဒုစရိုက်တို့ကို အမြစ်အရင်းနှင့် တကွ အနုသယနှင့် တကွ ပယ်နိုင်၏၊ တစ်ကြိမ်ဖြစ် သော သမ္မာကမ္မန္တသည် အလုံးစုံကုန်သော ကာယဒုစရိုက်တို့ကို အမြစ်အရင်းနှင့် တကွ အနုသယနှင့် တကွ ပယ်နိုင်၏၊ တစ်ကြိမ်ဖြစ်သော သမ္မာအာဇီဝသည် အလုံးစုံကုန်သော အသက်မွေးခြင်းလျှင် အကြောင်းရင်း ရှိကုန်သော ကာယဒုစရိုက် ဝစီဒုစရိုက်တို့ကို အမြစ်အရင်းနှင့် တကွ အနုသယနှင့် တကွ ပယ်နိုင်၏၊ ထို့ကြောင့် သုံးပါးကုန်သော ဝိရတီစေတသိက်တို့ကို လောကုတ္တရာစိတ် တို့၌သာလျှင် ခပ်သိမ်းသော အခြင်းအရာအားဖြင့်လည်း ရအပ်ကုန်၏ဟု သိပါလေ။

တိဿောပိ - ၌ ‘ပိ’သဒ္ဒါသည် အစိတ် အစိတ်ကို ပေါင်းခြင်း အနက်ရှိ၏၊ တစ်ကြိမ်ဖြစ်သော တစ်ခုသော သမ္မာဝါစာသည် မုသာဝါဒကို ပယ်သည်၏ အစွမ်းအားဖြင့်လည်း ရအပ်၏၊ သက်သက် လည်း ထိုမုသာဝါဒကို ပယ်သည်၏ အစွမ်းအားဖြင့်သာလျှင် မဟုတ်သေးချေ၊ စင်စစ်သော်ကား ပိသုဏဝါစာကို ပယ်သဖြင့်လည်း ရအပ်၏ဟု အလုံးစုံကို ဆိုသင့် ဆိုထိုက်၏။

ဆက်၍ ဆိုဦးအံ့၊ ဤအရာ၌ ‘‘ဒုစရိုက်တို့ကို အမြစ်အရင်းနှင့်တကွ အနုသယနှင့် တကွ’’ဟူသော ဤစကား၌ ကိုယ်လှုပ်ရှားခြင်း နှုတ်လှုပ်ရှားခြင်း အဖို့ရှိကုန်သော ကာမရာဂါနုသယ အစရှိကုန်သော အထက်မဂ်သည် သတ်အပ်ကုန်သည့် ကိလေသာ အပေါင်းတို့သည် အရူပသေက္ခပုဂ္ဂိုလ် တို့အား လည်း ရှိကုန်သေးသည်သာလျှင်တည်း၊ ကာမသေက္ခ ရူပသေက္ခ ပုဂ္ဂိုလ်တို့အားကား ဆိုဖွယ်သည် ပင်လျှင် မရှိချေ၊ ထိုကြောင့် ထိုကိလေသာအပေါင်းတို့ကို ပယ်ခြင်း အစွမ်းအားဖြင့် အထက်မဂ် အထက်ဖိုလ် ဝိရတီတို့၏ ဒုစရိုက်ကို ပယ်ခြင်းကို မှတ်အပ်၏။

ကာမာဝစရ ကုသိုလ်တို့၌သာလျှင် ရအပ်ကုန်၏၊ ကာမာဝစရ ဝိပါက် ကြိယာစိတ်တို့၌ကား မရအပ်ကုန်၊ မဟဂ္ဂုတ်စိတ်တို့၌ ရလည်း မရအပ်ကုန်၊ ဤသည်ကား အဓိပ္ပါယ်တည်း။

ကာမာဝစရ ကုသိုလ်စိတ်တို့တွင်လည်း ကာမဘုံ၌ ဖြစ်ကုန်သော ကာမာဝစရ ကုသိုလ်တို့၌သာလျှင် ရအပ်ကုန်၏၊ ရူပဘုံ အရူပဘုံ၌ ဖြစ်ကုန်သော ကာမာဝစရ ကုသိုလ်တို့၌ မရအပ်ကုန်၊ မှန်လှစွာ၏၊ ဗြဟ္မာတို့အား ဝိရမိတဗ္ဗ၀တ္ထုဟု ဆိုအပ်ကုန်သော ကာယဒုစရိုက် ဝစီဒုစရိုက်တို့ မည်သည် မရှိကြကုန်။

လောကီဝိရတီတို့သည် ဝိရမိတဗ္ဗ၀တ္ထုမှ ကင်းကုန်သော ပုဂ္ဂိုလ်တို့ ၌လည်း မဖြစ်ကုန်ဟု သိပါလေ၊ အထက် နတ်ပြည်ခြောက်ထပ်တို့၌လည်း မဖြစ်ကုန်ဟု ဆိုကြကုန်၏၊ ထိုစကားကိုကား ကထာ၀တ္ထု ပါဠိတော်၌ သုံးသပ်ထားအပ်သည်သာတည်း။

ဆိုအပ်ခဲ့ပြီးသော စကားသည် အကယ်၍ ဖြစ်ခဲ့ငြားအံ့၊ ယင်းသို့ ဖြစ်ခဲ့သည်ရှိသော် လူ့ပြည်၌လည်း သုံးပါးကုန်သော အောက်ဖလဋ္ဌာန် ပုဂ္ဂိုလ်တို့၌ ထိုဝိရတီတို့၏ မဖြစ်ခြင်းသည် ရောက်ခဲ့ရာ၏၊ မှန်လှစွာ၏၊ ထိုဖလဋ္ဌာန် ပုဂ္ဂိုလ်တို့အားလည်း ပါဏာတိပါတ အစရှိကုန်သော ဝိရမိတဗ္ဗ၀တ္ထုတို့ မည်ကုန်သည် မရှိကြကုန်သလော၊ ဤကား စောဒနာ ပေတည်း၊ မရှိသည်ကား မှန်ပေ၏၊ သို့သော်လည်း ဤအရာ၌ ခုနစ်ပါး အပြားရှိသော အာပတ်အစုတို့သည်လည်း ဝိရမိတဗ္ဗ၀တ္ထု အရာ၌ တည်ကုန်၏၊ ထို့အတူ သုံးပါးအပြားရှိသည့် ကုဟန၀တ္ထုတို့သည်လည်း ဝိရမိတဗ္ဗ၀တ္ထုအရာ၌ တည်ကုန်၏၊ အချို့ကုန်သော ထို၀တ္ထုတို့သည်လည်း ထိုဖလဋ္ဌာန် ပုဂ္ဂိုလ်တို့အားလည်း ဆက်ဆံ ကုန်သည်သာလျှင်တည်းဟု ဆိုကုန်၏။

လူတို့အားလည်း အမှတ်မရှိကုန်သော ဆောက်တည်အပ်ပြီးသည့် ထိုထိုသိက္ခာပုဒ်၏ ၀တ္ထုတို့သည် လည်း ဝိရမိတဗ္ဗ၀တ္ထုတို့သည်သာလျှင် ဖြစ်ကုန်၏ဟု ဆိုကြကုန်၏၊ ကာမသေက္ခ ပုဂ္ဂိုလ်တို့၏ ကိုယ်တုန်လှုပ်ခြင်း နှုတ်တုန်လှုပ်ခြင်းကို ပြုတတ်ကုန်သော သမုစ္ဆေဒဝိရတိတို့၏ ၀တ္ထု ဖြစ်၍ ဖြစ်ကုန်သော အကြင်ကိလေသာ အပေါင်းတို့သည် ရှိကြကုန်၏၊ ထိုကိလေသာအပေါင်းတို့သည် ထိုကာမသေက္ခပုဂ္ဂိုလ်တို့၏ တဒင်္ဂဝိရတိတို့၏လည်း ၀တ္ထုတို့သာလျှင်တည်းဟု သိပါလေ။

ကဒါစိ သန္ဒိဿန္တိ ဟူသည်ကား - သမာဒါနဝိရတိ သမ္ပတ္တဝိရတိတို့တွင် တစ်ပါးပါး၏ အစွမ်းအားဖြင့် ဖြစ်သော ကာလ၌သာလျှင် ထင်ကုန်၏၊ ဤသို့ပင် ထင်ကုန်ငြားသော်လည်း ပြားသောအာရုံ ရှိသည်၏ အဖြစ်ကြောင့် တစ်ပေါင်းတည်းဖြစ်၍ မထင်ကြကုန်၊ ထို့ကြောင့် ‘‘ဝိသုံ ဝိသုံ’’ဟု မိန့်တော်မူ၏၊ အသီးအသီး ထင်ကြကုန်ငြားသော်လည်း တစ်ခုတစ်ခုသော ဒုစရိုက်ကို ပယ်သည်၏ အစွမ်းအားဖြင့်သာလျှင် ထင်ကုန်၏၊ လောကုတ္တရာတို့၌ကဲ့သို့ ခပ်သိမ်းသော အခြင်းအရာ အားဖြင့် လည်း မထင်ကုန်ဟု သိမှတ်အပ်၏။

အပ္ပနာသို့ ရောက်ကုန်သော အပ္ပမညာတို့၏ သောမနဿသဟဂုတ် အဖြစ်ကိုသာလျှင် ဝိဘင်း ပါဠိတော်၌ ဟောတော်မူအပ်၏၊ ထို့ကြောင့် ‘‘ပဉ္စမဇ္ဈာနဝဇ္ဇိတ မဟဂ္ဂတစိတ္တေသု’’ဟူ၍ မိန့်တော် မူ၏။

မှန်လှပေ၏၊ ဤအပ္ပမညာတို့သည် တစ်ပါးသော သတ္တဝါတို့၏ အကြောင်းကြောင့် လွန်ကဲသော ဗျာပါရ ရှိကုန်သည် ဖြစ်ကုန်၏၊ ထို့ကြောင့် အလွန်ငြိမ်သက်သော ဗျာပါရမှကင်းသော ပဉ္စမဈာန် ဥပေက္ခာနှင့်တကွ မဖြစ်ကုန်ဟု သိပါလေ။

အပ္ပနာ၏ ရှေ့အဖို့၌ ဖြစ်ကုန်သော ထိုအပ္ပမညာတို့၏ကား ဥပေက္ခာဝေဒနာနှင့်လည်း ယှဉ်ခြင်းကို အဋ္ဌကထာ၌ ခွင့်ပြုအပ်သည်သာလျှင်တည်း၊ ထို့ကြောင့် ကာမာဝစရ (ပ) စိတ္တေသွေဝ’’ဟူ၍ မိန့်တော်မူ၏။

ကဒါစိ ဟူသည်ကား- သနားခြင်း အလေ့ရှိသော ပုဂ္ဂိုလ်၏လည်းကောင်း ငြူစူခြင်း မရှိသော ပုဂ္ဂိုလ်၏လည်းကောင်း သူတစ်ပါးတို့၏ ဝိပ္ပတ္တိ သမ္ပတ္တိကို မြင်သော ကာလ၌ ဖြစ်ကုန်၏။

နာနာဟုတွာ ဇာယန္တိ ဟူသည်ကား- ထိုတစ်ပါးကုန်သော သူတို့၏ ဝိပ္ပတ္တိကို မြင်သောကာလ၌ အစဉ်သနားသည်၏ အစွမ်းအားဖြင့် ကရုဏာသည်သာလျှင် ဖြစ်၏၊ မုဒိတာ မဖြစ်ချေ၊ သမ္ပတ္တိကို မြင်သော ကာလ၌ကား ဝမ်းမြောက်သည်၏ အစွမ်းအားဖြင့် မုဒိတာသည်သာလျှင် ဖြစ်၏၊ ကရုဏာ မဖြစ်ချေ၊ ဤသို့ အသီးအသီး ဖြစ်၍ ဖြစ်ကုန်၏၊ ဤကား အနက်တည်း။

ဆက်၍ ဆိုဦးအံ့၊ အကြင်ကြောင့် ဤ ကရုဏာ မုဒိတာတို့ကို ဒေါမနဿကြောင့် ဖြစ်ကုန်သော ဝိဟိံသာတရား အရတိတရားတို့မှ ကျွတ်လွတ် ထွက်မြောက်ရာ ဖြစ်ကုန်၏ဟူ၍ သုတ္တန်အရပ်ရပ် တို့၌ ဟောတော်မူအပ်ကုန်၏၊ ဒေါမနဿ၏ ဆန့်ကျင်ဘက်သည်လည်း သောမနဿသည်သာလျှင် ဖြစ်၏၊ ထို့ကြောင့် အပ္ပနာ၏ ရှေ့အဖို့၌ ဖြစ်ကုန်သော ထိုကရုဏာ မုဒိတာတို့၏လည်း အမြဲ သောမနဿနှင့် ယှဉ်ခြင်းကိုသာလျှင် အချို့သော ဆရာတို့သည် အလိုရှိကြကုန်၏၊ ထို့ကြောင့် ‘‘ဥပေက္ခာသဟဂတေသု (လ) ကေစိ ဝဒန္တိ’’ ဟူ၍ မိန့်ဆို တော်မူကုန်၏။

ထိုကေစိဆရာတို့၏ ထိုဝါဒသည် အဋ္ဌကထာနှင့်လည်း တကွ ဆန့်ကျင်၏၊ ထို့ကြောင့် ထို ကေစိဝါဒကို များစွာကုန်သော ပညာရှိတို့သည် ဝန်မခံကြကုန်၊ ထို့ကြောင့် ထိုဝါဒကို အရှင် အနုရုဒ္ဓါမထေရ်သည် ကေစိဝါဒ မည်သည်ကို ပြုအပ်၏။

ဆက်၍ ဆိုဦးအံ့၊ အကြင်ကြောင့် အလုံးစုံလည်း ဖြစ်ကုန်သော လောကီ လောကုတ္တရာဈာန်တို့၏ ရှေ့အဖို့၌ဖြစ်သော ပုဗ္ဗဘာဂဘာဝနာ မည်သည်ကား အပ္ပနာ၏ အနီးဖြစ်သော အခါ၌သာလျှင် သောမနဿဈာန်တို့၏ ရှေ့အဖို့တို့သည် သောမနဿသဟဂုတ် ဘာဝနာတို့ ဖြစ်ကြကုန်၏၊ ဥပေက္ခာဈာန်တို့၏ ရှေ့အဖို့တို့သည် ဥပေက္ခာသဟဂုတ် ဘာဝနာတို့ ဖြစ်ကြကုန်၏။

အပ္ပနာနှင့် မနီးသော ကာလ၌ကား အလုံးစုံလည်း ဖြစ်ကုန်သော ထိုဈာန်တို့၏ ရှေ့အဖို့တို့သည် တစ်ရံတစ်ခါ သောမနဿသဟဂုတ်တို့ ဖြစ်ကြကုန်၏၊ တစ်ရံတစ်ခါ ဥပေက္ခာသဟဂုတ်တို့ ဖြစ်ကြ ကုန်၏၊ ထို့ကြောင့် ထိုဝါဒကို ကေစိဝါဒ ဟူ၍သာလျှင် ပြုခြင်းငှါ သင့်၏ဟု သိပါလေ။

ဆက်၍ ဆိုဦးအံ့၊ ဤအရာ၌ အလုံးစုံလည်း ဖြစ်ကုန်သော သမထဘာဝနာ ဝိပဿနာဘာဝနာစိတ်တို့ မည်သည်ကား ပွားများစ၌ များသောအားဖြင့် ဥပေက္ခာသဟဂုတ်တို့သည်သာလျှင် ဖြစ်ကုန်ရာ၏၊ မှန်လှစွာ၏၊ ထိုသမထဘာဝနာ ဝိပဿနာဘာဝနာစိတ်တို့သည် ပွားများစ အခါမှသာလျှင် အစပြု၍ သောမနဿနှင့် တကွဖြစ်ကုန်ငြားအံ့၊ ထိုသို့ ဖြစ်သည်ရှိသော် ဤသတ္တဝါတို့သည် ဖြစ်သော သောမနဿ ရှိကုန်သော အမှုတို့၌ မပျော်ရွှင်ဘဲ ပျင်းရိသည် မည်သည် မရှိကြကုန်၊ ထို့ကြောင့် တစ်ပါးသော အမှုကိစ္စကို စွန့်လွှတ်၍ ဘာဝနာအမှုကိုသာလျှင် အားထုတ်ကြကုန်ရာ၏ဟု သိပါလေ။

အားထုတ်ခါစမှ နောက်ကာလ၌ကား မိမိ၏ ဘာဝနာ၏ ရှေ့ နောက်ဖြစ်သော အထူးကို မြင်တွေ့ သောကာလ၌သာလျှင် သောမနဿသဟဂုတ်တို့ ဖြစ်နိုင်ကုန်၏၊ စက်ဆုပ်ဖွယ် အာရုံလျှင် အာရုံရှိ ကုန်သော အသုဘဘာဝနာစိတ်တို့၌လည်းကောင်း ဒုက္ခိတသတ္တဝါလျှင် အာရုံရှိကုန်သော ကရုဏာ ဘာဝနာစိတ်တို့၌လည်းကောင်း ဆိုဖွယ် မရှိသည်သာလျှင်တည်း။

ဆိုဖွယ်အထူးကား- ဤကရုဏာ မုဒိတာတို့မည်သည်ကား ပကတိသော အခါ၌လည်း ဖြစ်ကြကုန် သည်သာတည်း၊ ထိုကရုဏာ မုဒိတာတို့တွင် ရှေးဦးစွာ မုဒိတာသည် ဣဋ္ဌသမ္ပတ္တိလျှင် အရာရှိသည်၏ အဖြစ်ကြောင့် ထိုမုဒိတာသည် များသောအားဖြင့် သောမနဿနှင့် တကွ ဖြစ်၏ဟူသော ဤအနက်သဘောသည် သင့်လျော်၏၊ ကရုဏာ သည်ကား အနိဋ္ဌဝိပ္ပတ္တိလျှင် အရာရှိသည်၏ အဖြစ် ကြောင့် ထိုကရုဏာသည် များသောအားဖြင့် ဥပေက္ခာနှင့်တကွသာလျှင် ဖြစ်ရာ၏။

ဤကရုဏာ မုဒိတာတို့သည် တစ်ပါးသော သတ္တဝါဟူသော အကြောင်းကြောင့် လွန်ကဲသော ဗျာပါရတို့ ရှိကြကုန်၏၊ ထို့ကြောင့် ဥပေက္ခာဝေဒနာနှင့်တကွ ဆန့်ကျင်ကုန်သည်သာလျှင်တည်းဟု ဆိုခြင်းငှါ တတ်လည်း မတတ်ကောင်းချေ။

မှန်လှပေ၏၊ အပ္ပနာသို့ မရောက်သော ထိုဥပေက္ခာဝေဒနာ မည်သည်ကား အာရုံ၏ အရသာကို ခံစားခြင်း ကိစ္စ၌သာလျှင် ဗျာပါရ မရှိချေ၊ တစ်ပါးသော ကိစ္စတို့၌ ဗျာပါရ မရှိသည် မဟုတ်ချေ၊ ထို စကားသည် မှန်လှစွာ၏၊ သတ္တဝါတို့သည် ဥပေက္ခာနှင့်တကွ ဖြစ်ကုန်သော စိတ်တို့ဖြင့် သူတစ်ပါး မပေးသည်ကိုလည်း ခိုးယူကြကုန်၏၊ အလှူဒါနကိုလည်း ပေးလှူကြကုန်၏၊ တစ်ပါးလည်း ဖြစ်ကုန်သော ကြီးကျယ်ကုန်သည့် ကုသိုလ်ကံ အကုသိုလ်ကံတို့ကို ပြုကြကုန်သည် သာလျှင်တည်းဟု သိပါလေ၊ ထို့ကြောင့် အပ္ပနာသို့ ရောက်သည် သာလျှင် ဖြစ်ကုန်သော ထိုအပ္ပမညာတို့သည် ဥပေက္ခာဝေဒနာနှင့်တကွ ဆန့်ကျင်သည်၏ အဖြစ်ကို ဆိုခြင်းငှါ သင့်လျော်၏ဟု သိပါလေ၊ (ပကတိ သာမည ဥပေက္ခာတို့နှင့်မူကား မဆန့်ကျင်ဟု သိထိုက်၏။)

ဤမျှသော စကားရပ်ဖြင့်-

၈၅။ ဋီကာကျော် (နှာ- ၁၁၆)၌-

* ကရုဏာ မုဒိတာတို့ကို ပွားများသော ကာလ၌ အပ္ပနာဝီထိမှ ရှေးကာလ၌ အလေ့အကျက်၏ အစွမ်းအားဖြင့် ဥပေက္ခာ သဟဂုတ်စိတ်တို့ဖြင့်လည်း ဘာဝနာ စီးဖြန်းမှု ဖြစ်၏။ အဘယ်ကဲ့သို့နည်း ဟူမူကား-

* မိမိလေ့လာ ကျွမ်းကျင်ပြီးသော ကျမ်းဂန်ကို သရဇ္ဈာယ်သော ပုဂ္ဂိုလ်အား တစ်ရံတစ်ခါ တစ်ပါး တခြားကို အာရုံပြုခြင်း ရှိသော ပုဂ္ဂိုလ်၏လည်း ရွတ်ပြန် သရဇ္ဈာယ်ခြင်း ဖြစ်နိုင်သကဲ့ သို့တည်း။

* ဥပမာ တစ်နည်းကား လေ့ကျက်အပ်ပြီးသော ဝိပဿနာဖြင့် တေဘူမကသင်္ခါရ တရားတို့ကို သုံးသပ် ဆင်ခြင်သောသူအား တစ်ရံတစ်ခါ အလေ့အကျက်၏ အစွမ်းအားဖြင့် ဉာဏဝိပ္ပယုတ် စိတ်တို့ဖြင့်လည်း သုံးသပ်နိုင်သကဲ့သို့တည်း။

ထို့ကြောင့် ဥပေက္ခာသဟဂုတ် ကာမာဝစရစိတ်တို့၌ ကရုဏာ မုဒိတာတို့၏ မဖြစ်သင့်-ဟူသော ဝါဒကို ကေစိဝါဒ ပြုတော်မူအပ်၏။ ဟု ဆိုသောစကားကို ပယ်အပ်၏ဟု မှတ်ပါလေ။

ကသိုဏ်းနိမိတ် အစရှိကုန်သော အာရုံတို့သည် မနက်နဲသော သဘောရှိကုန်သည်သာလျှင် အကယ်၍ကား ဖြစ်ကြကုန်ပေ၏၊ ထိုသို့ပင် ဖြစ်ကြကုန်ငြားသော်လည်း အားထုတ်ခြင်း အမှု၏ အားအစွမ်းဖြင့် လည်းကောင်း၊ စိတ်တည်ကြည်ခြင်း၏ အားအစွမ်းဖြင့်လည်းကောင်း၊ ကိလေသာမှ ဝေးသည်၏ အဖြစ်ဖြင့်လည်းကောင်း ထိုကသိုဏ်းနိမိတ်လျှင် အာရုံရှိကုန်သော ဈာန်စိတ်တို့၌ ဉာဏ်သည် စင်စစ်အားဖြင့် ဖြစ်သည်သာလျှင်တည်း၊ ထို့ကြောင့် ‘သဗ္ဗေသုပိ (လ) စိတ္တေသု စ’ ဟူ၍ မိန့်တော်မူ၏။

သောဘဏစေတသိက် သမ္ပယောဂနည်း သင်္ဂဟဂါထာများ အဖွင့်

သုံးပါးကုန်သော ဝိရတီတရားတို့သည် အပ္ပမညာစေတသိက် နှစ်ပါးစုံသည် ဤသို့ သောဘဏ စေတသိက်တို့သည် သောဘဏသာလျှင် ဖြစ်ကုန်သော စိတ်တို့၌ လေးပါးသော အပြားတို့ဖြင့် ယှဉ်ကုန်၏၊ ဤကား သင်္ဂဟဂါထာ၌ ယောဇနာချက်ပေတည်း။

အနိယတယောဂီ စေတသိက်များ အဖွင့်

ယခုအခါ၌ အလုံးစုံလည်း ဖြစ်ကုန်သော စိတ်နှင့်ယှဉ်ကုန်သည့် စေတသိက်တို့၏ အမြဲယှဉ်လေ ရှိသော အပြား အမြဲယှဉ်လေ့ မရှိသော အပြားကို ပြခြင်းငှါ ’ဣဿာ’ အစရှိသည်ကို မိန့်သတည်း။

အကြင်စေတသိက်အား ကရုဏာဟု ဆိုအပ်သော အစသည် ရှိပေ၏၊ ထို့ကြောင့် ထိုစေတသိက်သည် ကရုဏာဒိ မည်၏၊ အပ္ပမညာ စေတသိက် နှစ်ခုအပေါင်းကို ရအပ်၏။

ဣဿာ- မစ္ဆေရ- ကုက္ကုစ္စတို့လည်း၊ ဝိရတိတို့လည်း၊ ကရုဏာ စသည်တို့လည်း၊ ထို့ကြောင့် ဣဿာ- မစ္ဆေရ- ကုက္ကုစ္စ- ဝိရတိ- ကရုဏာဒိတို့ မည်ကုန်၏။

ထိုတရားတို့သည် အသီးအသီးလည်း ဖြစ်ကုန်၏၊ တစ်ရံတစ်ခါလည်း ဖြစ်ကုန်၏။

* မာနစေတသိက်ကား တစ်ရံတစ်ခါသာ ဖြစ်၏။

* ထိန မိဒ္ဓ စေတသိက်လည်း ထို့အတူ တစ်ရံတစ်ခါသာ ဖြစ်၏၊ ဖြစ်ပြန်သည်ရှိသော်ကား အချင်းချင်း အတူတကွသာလျှင် ဖြစ်၏၊ အသီးအသီး မဖြစ်ချေ၊ ဤသည်ကား ယောဇနာချက်တည်း။

ဆက်၍ ဆိုပေဦးအံ့၊ ဤအရာ၌ အပ္ပမညာ ဝိရတိတို့၏ နာနာ ကဒါစိ ယှဉ်ပုံကို အောက်၌လည်း ဆိုခဲ့ပေပြီ၊ အထက်၌လည်း ဆိုအပ်လတ္တံ့၊ ဣဿာ စသည်တို့၏လည်း နာနာ ကဒါစိ ယှဉ်ပုံကို အထက်၌ ဆိုအပ်လတ္တံ့၊ မာန- ထိန- မိဒ္ဓတို့၏ နာနာ ကဒါစိ ယှဉ်ပုံကို ဤအရာ၌ ဆိုသင့် ဆိုထိုက်ပေ၏ဟု သိပါလေ။

ထိုစကား၌ မာနစေတသိက်ကို ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် လေးခုတို့၌ ရအပ်ပါသော်လည်း တစ်ရံတစ်ခါ ထိုဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် လေးခုတို့၌ ‘‘ငါသည် အမြတ်ဆုံး ဖြစ်၏’’ စသည်ဖြင့် ဖြစ်သော အခါ၌သာ လျှင် ရအပ်၏၊ တစ်ပါးသော ‘‘ငါသည် အမြတ်ဆုံး ဖြစ်၏’’ စသည်ဖြင့် မဖြစ်သောအခါ၌ မရအပ်ချေ။

ထိနမိဒ္ဓ စေတသိက်သည် သသင်္ခါရိကစိတ် ငါးခုတို့၌ ရအပ်ပါသော်လည်း တစ်ရံတစ်ခါ ထို သသင်္ခါရိကစိတ်တို့၏ ငိုက်မျည်းခြင်းဖြင့် နှိပ်စက်သည်၏ အစွမ်းအားဖြင့် ဖြစ်သော အခါမျိုး၌ သာလျှင် ရအပ်၏၊ ငိုက်မျည်းခြင်းဖြင့် မနှိပ်စက်သည့် တစ်ပါးသော အခါမျိုး၌ မရအပ်ပေ၊ ထိုအခါ ရအပ်သည်ရှိသော် ထိန-မိဒ္ဓ စေတသိက် နှစ်ခုအပေါင်းသည် အတူတကွသာလျှင် ရအပ်၏၊ အသီးအသီး မရအပ်ဟု သိပါလေ။

၈၆။ ဋီကာကျော် (နှာ- ၁၁ရ)၌ကား-

ထိန-မိဒ္ဓသည် တစ်ရံတစ်ခါ ဣဿာယ မစ္ဆရိယယ ကုက္ကုစ္စတို့နှင့် လည်းကောင်း မာနနှင့်လည်း ကောင်း တကွဖြစ်၏၊ တစ်ရံတစ်ခါ ထိုစေတသိက်တို့နှင့်လည်းကောင်း ထိုမာနနှင့်လည်းကောင်း အသီးအသီး ဖြစ်၏၊ ဤသို့ ယောဇနာခြင်းကိုလည်း ဆိုအပ်၏။ ထိုယောဇနာခြင်းကို အနှစ်သာရ အားဖြင့် မယုံကြည်အပ်ပေ။

မှန်လှပေ၏၊ ထိုဣဿာ- မစ္ဆေရ- ကုက္ကုစ္စတို့နှင့်လည်းကောင်း၊ ထိုမာနနှင့်လည်းကောင်း၊ ထိုထိန- မိဒ္ဓ၏ တကွဖြစ်သည်၏ အဖြစ်သည်လည်းကောင်း၊ အသီးအသီးဖြစ်သည်၏ အဖြစ်သည်လည်း ကောင်း၊ ကိစ္စအာရုံ ဆန့်ကျင်မှု မဆန့်ကျင်မှု၏ အဖြစ်ဖြင့်လည်းကောင်း ပြီးနိုင်သည် မဟုတ် ပေလော ဟု သိအပ်၏။

ဋီကာဟောင်း၌ကား-

မာနစေတသိက်သည်လည်းကောင်း ထိန-မိဒ္ဓ စေတသိက်သည် လည်းကောင်း ရံခါ အသီးအသီး ဖြစ်၏၊ ရံခါတကွ ဖြစ်၏။ ဤသို့ ယောဇနာခြင်းကို မိန့်ဆိုအပ်၏။

ထိုယောဇနာခြင်းသည်လည်း မကောင်းချေ၊ မကောင်းခြင်း၏ အကြောင်းကို ဆိုအပ်ခဲ့ပြီးသည် သာလျှင်တည်း။

နိယတယောဂီ စေတသိက်များနှင့် သင်္ဂဟနည်း ပဋိညာဉ် ဂါထာ အဖွင့်

ယထာဝုတ္တာနုသာရေန ဟူသည်ကား- ‘‘သတ္တသဗ္ဗတ္ထယုဇ္ဇန္တိ’’ စသည်ဖြင့် သမ္ပယောဂနည်း မာတိကာ ဂါထာ၌ ဆိုအပ်ပြီးသော အပြားကို အစဉ်လျှောက်သဖြင့်၊ သေသာ ဟူသည်ကား- တစ်ဆယ့်တစ်ပါး ကုန်သော အနိယတယောဂီစေတသိက်တို့မှ ကြွင်းကုန်သော လေးဆယ့် တစ်ပါးသော စေတသိက်တို့သည်-

ထိုတရားတို့ကို ဆိုအပ်ခဲ့ပြီးသောနည်းကို အစဉ်လျောက်သဖြင့် မိမိသည် ရသင့်ရထိုက်သော စိတ္တုပ္ပါဒ်တို့၌ အနိယတယောဂီ စေတသိက်တို့ ဟူ၍ သိအပ်ကုန်၊ ဤကား ယောဇနာခြင်းတည်း။

သမ္ပယောဂနည်း အဖွင့် ပြီးပြီ။

သင်္ဂဟနည်း ၃၃-ပါး အဖွင့်

ဤသို့ စေတသိက်တို့၏ ယှဉ်ရာဌာနကို ပိုင်းခြားသည်၏ အစွမ်းအားဖြင့် သမ္ပယောဂနည်းကို ပြပြီး၍ ယခုအခါ၌ ယှဉ်သော တရားအစုကို ပိုင်းခြားသည်၏ အစွမ်းအားဖြင့် သင်္ဂဟနည်းကို ပြတော်မူလိုသည် ဖြစ်၍ ‘‘သင်္ဂဟဉ္စ’’စသော စကားကို မိန့်တော်မူသတည်း။

ယခုအခါ၌ ထိုစေတသိက်တို့၏ သင်္ဂဟနည်းကိုလည်း ထိုက်သည့်အားလျော်စွာ မိန့်ဆိုပေအံ့၊ ဤသည်ကား ယောဇနာချက်ပေတည်း။

သင်္ဂဟနည်း မာတိကာ ဂါထာ အဖွင့်

ဆတ္တိံသ- အစရှိသော စကားရပ်သည် သင်္ဂဟနည်း၏ ဥဒ္ဒေသဂါထာပေတည်း။

လောကုတ္တရာ သင်္ဂဟနည်း ငါးပါးအဖွင့်

သတ္တဝါ ပညတ်လျှင် အာရုံရှိသည်၏ အဖြစ်ကြောင့် အပ္ပမညာတို့ကို နိဗ္ဗာန်သာလျှင် အာရုံရှိ ကုန်သော လောကုတ္တရာစိတ်တို့၌ မရအပ်ကုန်၊ ထို့ကြောင့် ‘‘အပ္ပမညာဝဇ္ဇိတာ’’ဟူ၍ မိန့်တော်မူ၏။

ထို့အတူ ဒုတိယဈာန်နှင့်ယှဉ်သော စိတ်ရှစ်ခုတို့၌ ဝိတက်သည် ကြဉ်အပ်သော တစ်ဆယ့်နှစ်ခု ကုန်သော အညသမာန်း စေတသိက်တို့သည်လည်းကောင်း၊ အပ္ပမညာသည် ကြဉ်အပ်ကုန်သော နှစ်ဆယ့်သုံးပါးသော သောဘဏစေတသိက်တို့သည် လည်းကောင်း ဤသုံးဆယ့် ငါးပါးသော စေတသိက်တို့သည် ရေတွက်ခြင်းသို့ ရောက်ကုန်၏။ ဤသို့ စသောနည်းကို ‘‘တထာ’’သဒ္ဒါဖြင့် ညွှန်းပြတော်မူ၏။

တေဧဝ ဟူသည်ကား- ဝိတက် ဝိစာရ ပီတိ သုခသည် ကြဉ်အပ်ကုန်သော ဥပေက္ခာနှင့်တကွ ဖြစ်ကုန်သော ထိုသုံးဆယ့်သုံးပါးသော စေတသိက်တို့သည်သာလျှင် ဖြစ်ကုန်၏ဟု ဆိုလိုပေသည်။

အဋ္ဌသု ဟူသော- ပါဌ်၌ ‘ရှစ်ခုတို့လည်း ရှစ်ခုတို့လည်း = ရှစ်ခုတို့’ ဤသို့သော ဧကသေသ နိဒ္ဒေသကိုလည်းကောင်း ဝိစ္ဆာနိဒ္ဒေသကိုလည်းကောင်း မှတ်အပ်၏။

ပဉ္စကဇ္ဈာနဝသေန ဟူသည်ကား- ပါဠိတော်၌ ပဉ္စကနည်းဖြင့် ဟောတော်မူအပ်သော ဈာန်အပြား၏ အစွမ်းအားဖြင့်ဟု ဆိုလိုသည်။ စတုက္ကနည်းဖြင့် ဟောတော်မူအပ်သော ဈာန်အပြား၏ အစွမ်း အားဖြင့် လေးပါးအပြားအားဖြင့်သာလျှင် ရေတွက်ခြင်းဖြစ်၏၊ ဤကား အဓိပ္ပါယ်တည်း။

နှစ်ပါးကုန်သော ပုဂ္ဂိုလ်တို့တွင် ရူပပထမဈာန်ကို ရသော ပုဂ္ဂိုလ်တို့သည် ဒုတိယဈာန်ကို ဖြစ်စေ ကုန်သည်ရှိသော် နုံ့သောပုဂ္ဂိုလ်သည် ဝိတက်ကိုသာလျှင် လွန်ခြင်းငှါ စွမ်းနိုင်၏၊ ထိုပုဂ္ဂိုလ်အား အင်္ဂါလေးပါး ရှိသော ဒုတိယဈာန် ဖြစ်၏။

ထက်သော ပညာရှိသော ပုဂ္ဂိုလ်သည်ကား ဝိတက် ဝိစာရတို့ကို တစ်ပေါင်းတည်း လွန်ခြင်းငှါ စွမ်းနိုင်၏၊ ထိုပုဂ္ဂိုလ်အား အင်္ဂါသုံးပါး ရှိသော ဒုတိယဈာန် ဖြစ်၏၊ ဤသည်ကား ထိုနည်း နှစ်ပါး တို့၏ အထူးတည်း။

မဟဂ္ဂုတ်စိတ် သင်္ဂဟနည်း ငါးပါးအဖွင့်

ကိစ္စအာရုံ ဆန့်ကျင်သည်၏ အဖြစ်ကြောင့်သာလျှင် ဝိရတီတို့သည် မဟဂ္ဂုတ်တရားတို့၌ မဖြစ်နိုင် ကြကုန်၊ ထို့ကြောင့် ‘‘ဝိရတိတ္တယဝဇ္ဇိတာ’’ ဟူ၍ မိန့်ဆိုတော်မူ၏။

မှန်လှစွာ၏၊ ဝိရတီစေတသိက်တို့သည် ကာယပယောဂ ဝစီပယောဂကို သုတ်သင်ခြင်း ကိစ္စရှိကုန်၏၊ မဟဂ္ဂုတ်ဈာန် တို့သည်ကား ကောင်းစွာ စင်ကြယ်ပြီးသော ကာယပယောဂ ဝစီပယောဂ ရှိသော ပုဂ္ဂိုလ်၏သာလျှင် စိတ်ကို သုတ်သင်ခြင်း ကိစ္စရှိကုန်၏။

ဝိရတီစေတသိက်တို့သည်ကား ဝိတိက္ကမ၀တ္ထုကိုလည်းကောင်း နိဗ္ဗာန်ကိုလည်းကောင်း အာရုံပြု၍ ဖြစ်ကြကုန်၏၊ မဟဂ္ဂုတ်ဈာန်တို့သည်ကား ပညတ်တို့ကိုလည်းကောင်း မဟဂ္ဂုတ်တရားတို့ကိုလည်း ကောင်း အာရုံပြု၍ ဖြစ်ကြကုန်၏ဟု သိပါလေ။

ကာမာဝစရ သောဘဏစိတ် သင်္ဂဟနည်း ၁၂-ပါး အဖွင့်

ကိစ္စအာရုံ ဆန့်ကျင်သည်၏ အဖြစ်ကြောင့်သာလျှင် ဝိရတီ အပ္ပမညာတို့ကို တစ်ခုတည်းသော စိတ်၌ နှစ်ပါးမရနိုင်ကုန်၊ ထို့ကြောင့် ‘‘အပ္ပမညာဝိရတိယော ပနေတ္ထ (လ) ယောဇေတဗ္ဗာ’’ဟူ၍ မိန့်ဆို တော်မူ၏။

ဝိရတီတို့ကို စင်စစ်အားဖြင့် သီလမရှိသော ဒုဿီလအမှုကို ပယ်ခြင်း ကိစ္စရှိသည်၏ အဖြစ်ကြောင့် ထိုပယ်ခြင်းကိစ္စမှ ကင်းကုန်သော လောကီ အဗျာကတတရားတို့၌ မရအပ်ကုန်၊ ထို့ကြောင့် ‘‘ဝိရတိဝဇ္ဇိတာ’’ ဟူ၍ မိန့်ဆိုတော်မူ၏။

မှန်လှပေ၏၊ ဓမ္မသင်္ဂဏီပါဠိတော်၌-

* ငါးပါးကုန်သော သိက္ခာပုဒ်တို့သည် ကုသိုလ်တရားတို့သာတည်း၊ ဟူ၍ ဟောတော်မူ၏၊ ဤစကား ကိုလည်း လောကီသိက္ခာပုဒ်တို့ကို ရည်ရွယ်၍ ဟောတော်မူ၏ဟု မှတ်ပါလေ။

အပ္ပမညာတို့၏ သတ္တဝါပညတ်လျှင် အာရုံရှိသည်၏ အဖြစ်ကြောင့်၊ မဟာဝိပါက်စိတ်တို့၏လည်း စင်စစ် ကာမတရားလျှင် အာရုံရှိသည် အဖြစ်ကြောင့်၊ ထိုအပ္ပမညာတို့၏ ထိုမဟာဝိပါက်စိတ်တို့၌ ဖြစ်သင့်ခြင်း မရှိချေ၊ ထို့ကြောင့် ‘‘အပ္ပမညာဝိရတိဝဇ္ဇိတာ’’ဟူ၍ မိန့်တော်မူ၏။

ကာမကုသိုလ်သည် သတ္တဝါ ပညတ်စသော အာရုံလျှင် အာရုံရှိသည်လည်း ဖြစ်၏၊ ထို့ကြောင့် ထို၏အကျိုးဖြစ်သော ဝိပါက်စိတ်သည်လည်း ထိုကုသိုလ်စိတ်နှင့် တူသောအာရုံ ရှိသည် ဖြစ်ရာသည် မဟုတ်ပါလော၊ ဤကား စောဒနာတည်း၊ မဖြစ်သင့်ချေ၊ အဘယ့်ကြောင့် နည်းဟူမူကား- ကြံဖန်ခြင်း ကင်းသည်၏ အဖြစ်ကြောင့်တည်း၊ ဤကား သောဓနာပေတည်း။

ချဲ့၍ ဆိုဦးအံ့၊ ပညတ်တို့သည် ထင်ရှားမရှိသည်၏ အဖြစ်ကြောင့် လည်းကောင်း၊ မဟဂ္ဂုတ်- လောကုတ္တရာ တရားတို့သည်လည်း သိမ်မွဲနူးညံ့သော တရားဖြစ်လေသောကြောင့်လည်းကောင်း၊ ထိုထိုသို့သော အခြင်းအရာအားဖြင့် ကြံဖန်၍လည်းကောင်း၊ ထိုးထွင်း၍လည်းကောင်း ယူကုန်သော ကုသိုလ်စသည်တို့၏သာလျှင် အာရုံဖြစ်ကုန်၏၊ ကာမ ဝိပါက်တို့သည်ကား မိမိသည် အလွန်အားနည်းသည်၏ အဖြစ်ကြောင့် အာရုံကို ကြံဖန်၍လည်း ယူခြင်းငှါ မတတ်နိုင်ကုန်၊ ထိုးထွင်း၍ ယူခြင်းငှါ အဘယ်မှာ တတ်နိုင်ပါကုန်အံ့နည်း၊ ထို့ကြောင့် ထိုမဟာဝိပါက်တို့သည် ပညတ်တို့ကို လည်းကောင်း၊ မဟဂ္ဂုတ် - လောကုတ္တရာတရား တို့ကိုလည်းကောင်း အာရုံပြုခြင်းငှါ မတတ်နိုင်ကုန်ဟု သိပါလေ။

မဟဂ္ဂုတ်ဝိပါက် တို့သည်ကား အထူးကြံခြင်းမှ ကင်းကုန်ငြားသော်လည်း အပ္ပနာသို့ရောက်သော ကံအထူးသည် ဖြစ်စေအပ်သည်၏ အဖြစ်ကြောင့် ဘာဝနာတည်းဟူသော အားအစွမ်းသည် ဖန်ဆင်း အပ်ကုန်သော ပညတ်အထူးတို့ကို အာရုံပြုခြင်းငှါ စွမ်းနိုင်၏ဟု မှတ်ပါလေ။

၈ရ။ ဋီကာကျော် (နှာ- ၁၁၉)၌-

‘‘ကာမတဏှာနှင့် စပ်သော ကံသည် ဖြစ်စေအပ်သည်၏ အဖြစ်ကြောင့် ကာမဝိပါက်တို့သည် ကာမတဏှာ၏ အာရုံဖြစ်ကုန်သော ကာမတရားတို့ကိုသာလျှင် အာရုံပြုခြင်းငှါ ရကုန်၏’’-ဟူသော အဓိပ္ပါယ်ဖြင့်- ‘‘ကာမတဏှာနှင့် စပ်သော ကာမာဝစရစိတ်၏ အကျိုး၏ အဖြစ်ကြောင့်’’ဟူ၍ ဆိုပြီးနောက် ကျွန်မသား ဥပမာဖြင့် ထိုအနက်ကို ထင်စွာပြဆို၏။

ထိုစကားကို ဆင်ခြင်အပ်၏၊ မှန်လှပေ၏၊ ယင်းသို့ ဖြစ်ခဲ့သည် ရှိသော် မဟဂ္ဂုတ်ဝိပါက်စိတ် တို့သည်လည်း ရူပတဏှာ အရူပတဏှာနှင့် စပ်သော ကံသည် ဖြစ်စေအပ်ကုန်သည်သာလျှင်တည်း၊ ထို့ကြောင့် ထိုမဟာဝိပါက်တို့သည်လည်း ရူပတဏှာ အရူပတဏှာတို့၏ အာရုံ ဖြစ်ကုန်သော မဟဂ္ဂုတ်တရားတို့ကိုသာလျှင် အာရုံပြုကြကုန်ရာ၏။

အထူးကို ဆိုဦးအံ့၊ ကာမတဏှာသည်လည်း ကာမတရားကိုသာလျှင် အာရုံပြု၏၊ ပညတ်တရားတို့ကို အာရုံမပြုဟု မရှိချေ၊ မိန်းမ ယောက်ျား လက် ခြေစသော ပညတ်တို့၌ သာယာသည်၏ အစွမ်း အားဖြင့် ဖြစ်သော တဏှာသည် ကာမတဏှာ မဟုတ်ဟု ဆိုဖွယ် မရှိချေ။

သင်္ဂဟဂါထာများ အဖွင့်

* သုဘေ ဟူသည်ကား မဟာကုသိုလ်စိတ်၌၊

* မနေ ဟူသည်ကား နိဒ္ဓါရဏအနက်၌ သတ္တမိဝိဘတ်တည်း၊

* သုဘေ ကြိယေ ပါကေ ဟူ၍ ဆိုအပ်သော စကား၌ နိဒ္ဓါရဏိယကို မှတ်အပ်၏။

သဟိတ် ကာမာဝစရကုသိုလ်၊ သဟိတ် ကာမာဝစရဝိပါက်၊ သဟိတ် ကာမာဝစရကြိယာစိတ်တွင် တစ်ဆယ့်နှစ်ပါး အပြားအားဖြင့်သာလျှင် သင်္ဂဟနည်းသည် ဖြစ်၏၊ ဤသို့လည်း ယှဉ်စေအပ်၏။

န ဝိဇ္ဇန္တေတ္ထ - စသော ဂါထာ အဖွင့်

* န ဝိဇ္ဇန္တေတ္ထ ဟူသည်ကား- ကြဉ်အပ်ကုန်သော တရားတို့ကို ရေတွက်ခြင်းပေတည်း။

* ဧတ္ထ ဟူသည်ကား- သောဘဏစိတ်တို့၌။

* ဒွယံ ဟူသည်ကား- ဝိရတိယအပ္ပမညာ နှစ်ခုတို့၏ အပေါင်း တည်း။

ဝိသေသက စေတသိက်ပြ သင်္ဂဟဂါထာ အဖွင့်

* အနုတ္တရေ ဟူသည်ကား- အထူးပြုတတ်သော တရားတို့ကို ရေတွက်ခြင်းတည်း။

* ဈာနဓမ္မာ ဟူသည်ကား- ဝိတက် အစရှိသည်တို့တည်း။

မဇ္ဈိမဟု ဆိုအပ်သော မဟဂ္ဂုတ်စိတ်၌ အပ္ပမညာတို့သည် လည်းကောင်း၊ ဈာန်တရားတို့သည် လည်းကောင်း၊ ပရိတ္တဟု ဆိုအပ်ကုန်သော ကာမာဝစရ သောဘဏစိတ်တို့၌ အပ္ပမညာတို့သည် လည်းကောင်း၊ ဝိရတိ ဉာဏ် ပီတိတို့သည်လည်းကောင်း အထူးပြုတတ်ကြကုန်၏၊ သင်္ဂဟနည်း အပြားကို ပြုတတ်ကုန်၏၊ ဤသည်ကား အနက်တည်း။

အကုသိုလ်စိတ် သင်္ဂဟနည်း ခုနစ်ပါးအဖွင့်

တစ်ဆယ့်ခုနစ်ပါးသော စေတသိက်တို့သည် လောဘ-ဒိဋ္ဌိတို့နှင့်တကွ တစ်ဆယ့်ကိုးပါး ဖြစ်၍ ရေတွက်ခြင်းသို့ ရောက်ကုန်၏၊ ဤသည်ကား ယောဇနာခြင်းတည်း။

ပီတိသည် ကြဉ်အပ်ကုန်သော အညသမာန်း အမည်ရှိကုန်သော တစ်ဆယ့်နှစ်ပါးကုန်သော စေတသိက်တို့လည်းကောင်း လေးပါးကုန်သော အကုသလ သာဓာရဏ စေတသိက်တို့ လည်းကောင်း ဤ တစ်ဆယ့်ခြောက်ပါးကုန်သော တရားတို့သည် လောဘ ဒိဋ္ဌိတို့နှင့်တကွ တစ်ဆယ့်ရှစ်ပါးတို့ ဖြစ်၍ ရေတွက်ခြင်းသို့ ရောက်ကုန်၏၊ ဤသည်ကား ယောဇနာခြင်းတည်း။

ဣဿာ- မစ္ဆရိယ- ကုက္ကုစ္စတို့သည် ကိစ္စအားဖြင့်လည်းကောင်း အာရုံအားဖြင့် လည်းကောင်း ကွဲပြားကြကုန်သောကြောင့် ‘‘ဣဿာ (လ) ယောဇေတဗ္ဗာနိ’’ ဟူ၍ မိန့်ဆိုအပ်၏။

ခပ်သိမ်းကုန်သော အကုသိုလ်စိတ္တုပ္ပါဒ်တို့၌ အညီအညွတ် ယှဉ်ကုန်သော တရားတို့သည် ဓမ္မအားဖြင့် မတူကြကုန်သည်သာလျှင်တည်း၊ အရေအတွက်အားဖြင့်ကား အချို့သော စေတသိက်အပေါင်းသည် အချို့သော စေတသိက်အပေါင်းတို့နှင့် တူကုန်သည်သာလျှင်တည်း၊ ထို့ကြောင့် ‘‘ဒွါဒသ (လ) သင်္ဂဟိတာ ဘဝန္တိ’’ ဟူ၍ မိန့်တော်မူ၏။

အကုသလသင်္ဂဟ ဂါထာ အဖွင့်

ဆက်၍ ဆိုဦးအံ့၊ ဤနေရာ၌ ငါးပါးကုန်သော အသင်္ခါရိက တို့တွင် ပထမ ဒုတိယစိတ်တို့၌ တစ်ခုယုတ်နှစ်ဆယ်စီ ဖြစ်ကုန်၏၊ တတိယ စတုတ္ထစိတ်တို့၌ တစ်ဆယ့်ရှစ်ခုစီ ဖြစ်ကြကုန်၏၊ ပဉ္စမစိတ်၌ နှစ်ဆယ်သော စေတသိက်တို့ ဖြစ်ကုန်၏။

ငါးပါးကုန်သော သသင်္ခါရိကစိတ်တို့တွင် ပထမ ဒုတိယစိတ်တို့၌ နှစ်ဆယ့်တစ်စီ ဖြစ်ကြကုန်၏၊ တတိယ စတုတ္ထစိတ်တို့၌ နှစ်ဆယ်စီတို့ ဖြစ်ကြကုန်၏၊ ပဉ္စမ သသင်္ခါရိကစိတ်၌ နှစ်ဆယ့်နှစ်ပါးတို့ ဖြစ်ကြကုန်၏။

မောဟမူနှစ်ခု၌ တစ်ဆယ့်ငါးပါးစီ ဖြစ်ကြကုန်၏၊ ဤသို့ အကုသိုလ်စိတ်တို့၌ ခုနစ်ပါးသော သင်္ဂဟတို့ ဖြစ်ကြကုန်၏၊ ထို့ကြောင့် ‘‘ဧကူနဝီသ’’ စသည်ကို မိန့်တော်မူ၏။

အကုသလယောဂီ စေတသိက် ၁၄-ပါးပြ ဂါထာအဖွင့်

- သာဓာရဏ ဟူသည်ကား- သဗ္ဗာကုသလသာဓာရဏ စေတသိက်တို့သည်၊
- သမာနာ ဟူသည်ကား- အညသမာန်း စေတသိက်တို့သည်၊
- အပရေ ဟူသည်ကား- ဆန္ဒ ပီတိ အဓိမောက္ခတို့ကို ထား၍ အချို့ကုန်သော စေတသိက်တို့သည်၊

အဟိတ်စိတ် သင်္ဂဟနည်း လေးပါး အဖွင့်

- ဟသနစိတ္တေ ဟူသည်ကား- ဟသိတုပ္ပါဒ်စိတ်၌၊
- ဝေါဋ္ဌဗ္ဗနေ ဟူသည်ကား- မနောဒွါရာဝဇ္ဇန်းစိတ်၌၊
- သုခသန္တီရဏေ ဟူသည်ကား- သောမနဿသန္တီရဏစိတ်၌၊
- မနောဓာတုတ္တိကာ ဟေတုက ပဋိသိယုဂဠေ ဟူသည်ကား- ပဉ္စဒွါရာဝဇ္ဇန်း သမ္ပဋိစ္ဆိုန်းဒွေးဟု ဆိုအပ်သော မနောဓာတ်သုံးခု အပေါင်း၌လည်းကောင်း၊ ဥပေက္ခာသန္တီရဏ နှစ်ခုအပေါင်းဟု ဆိုအပ် သော အဟိတ် ပဋိသန္ဓေအစုံ၌လည်းကောင်း၊

အဟိတ် သင်္ဂဟဂါထာ အဖွင့်

အလုံးစုံသော အဟိတ်စိတ်တို့၌ သဗ္ဗစိတ္တသာဓာရစေတသိက် ခုနစ်ခုတို့ ဖြစ်ကြကုန်၏၊ ထို သဗ္ဗစိတ္တသာဓာရဏစေတသိက် ခုနစ်ခုတို့မှ ကြွင်းကုန်သော ပကိဏ်းစေတသိက် ခြောက်ခုတို့သည် ကား ထိုက်သည့် အားလျော်စွာ ယှဉ်ကြကုန်၏၊ ဤသို့ သုံးဆယ့်သုံးပါး အပြားရှိသော သင်္ဂဟနည်းကို ငါဆိုအပ်ခဲ့ပေပြီ၊ ဤကား ယောဇနာခြင်းပေတည်း။

စေတသိက်ကို စိတ်နှင့်အမျှ ရေတွက်ခြင်း

ယခုအခါ၌ ဤနိဒ္ဒေသသည်ကား စေတသိကနိဒ္ဒေသတည်း၊ ဤသို့ နှလုံးသွင်းခြင်းကို ပြု၍ စိတ်ကဲ့သို့ တစ်ခုတည်းဖြစ်သော စေတသိက်၏ ဘူမိ ဇာတိ သမ္ပယောဂ စသော အပြားအားဖြင့် ဝေဖန်ခြင်းကို ဆိုအပ်၏၊ ဤသို့ ထိုစေတသိက်အပြားကို ပြခြင်းငှါ အဆုံးဖြစ်သော ဂါထာကို မိန့်ဆိုတော်မူ၏။

အကြင်အကြင် ဆိုအပ်ခဲ့ပြီးသော အပြားအားဖြင့် စိတ်၌ အမြဲ ယှဉ်ကုန်သော စေတသိက်တို့၏ တစ်ဆယ့်ခြောက်ပါး အပြားရှိသော သမ္ပယောဂနည်းကိုလည်းကောင်း သုံးဆယ့်သုံးပါး အပြား ရှိသော သင်္ဂဟနည်းကိုလည်းကောင်း သိပြီး၍ ထိုစေတသိက်တို့၏ ယှဉ်သင့်သည့် အားလျော်စွာ စိတ်နှင့်ညီမျှသော အပြားကို ပြရာ၏၊ ဤသည်ကား ယောဇနာခြင်းတည်း။

ရှေးဦးစွာ ဖဿသည် ရှစ်ဆယ့်ကိုးပါးလည်း ဖြစ်သော- တစ်ရာ့ နှစ်ဆယ့်တစ်ပါး အပြားရှိသည်လည်း ဖြစ်ကုန်သော စိတ်တို့နှင့် ယှဉ်သည်၏ အဖြစ်ကြောင့် ရှစ်ဆယ့်ကိုးပါး အပြားရှိသည်လည်းကောင်း တစ်ရာ့နှစ်ဆယ့်တစ်ပါး အပြားရှိသည်လည်းကောင်း ဖြစ်ပေ၏၊ ဤသို့ ငါးဆယ့်နှစ်ပါးကုန်သော စေတသိက်တို့ကို အသီးအသီး ထုတ်၍ ယှဉ်သင့်သည့် အားလျော်စွာ ဘူမိ ဇာတိ သမ္ပယောဂ စသော အပြားတို့ဖြင့် ထိုစေတသိက်တို့၏ အပြားကို ဆိုရာ၏၊ ဤသည်ကား အနက် ပေတည်း။

ဤသည်လျှင် ပရမတ္ထဒီပနီ အမည်ရှိသော အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်း၏ လေးခုမြောက်အဖွင့်၌ စေတသိကသင်္ဂဟ၏ မြတ်သောအနက်ကို ပြရာ ပြကြောင်း ဖြစ်သော စကားအစဉ်သည် ပြီးဆုံးပေပြီ။

ပရမတ္ထဒီပနီ မြန်မာပြန် စေတသိက်ပိုင်း ပြီးပြီ။

ပကိဏ်းပိုင်း - ပဋိညာဉ်ဂါထာ အဖွင့်

ဤသို့ အသီးအသီး စိတ် စေတသိက်တို့၏ နိဒ္ဒေသ = အကျယ် ပြခြင်းကို ပြတော်မူပြီး၍ ယခုအခါ၌ တစ်ဖန် နှစ်ပါးကုန်သော စိတ် စေတသိက်တို့၏ နိဒ္ဒေသ = အကျယ်ပြခြင်းကို ပြတော်မူလိုသော အရှင်အနုရုဒ္ဓါမဟာထေရ်မြတ်သည် ‘‘သမ္ပယုတ္တာ ယထာယောဂံ’’ စသော စကားကို မိန့်တော် မူသတည်း။

ယှဉ်သင့်သည့်အားလျော်စွာ အညီအညွတ် အပြားအားဖြင့် ယှဉ်ကြကုန်သော သဘောအားဖြင့် ငါးဆယ့်သုံးပါးကုန်သော စိတ်စေတသိက် မည်ကုန်သော အကြင်တရားတို့ကို ငါသည် အသီးအသီး ညွှန်ပြအပ်ကုန်ပြီ၊ ယခုအခါ၌ ထိုက်သည့်အားလျော်စွာ ထိုနှစ်ပါးကုန်သော စိတ် စေတသိက်တို့၏ သင်္ဂဟ မည်သည်ကို ဆောင်အပ်ပေ၏၊ ဤသည်ကား ယောဇနာခြင်းပေတည်း။

ထိုစကား၌ မိမိ မိမိ၏ ဖြစ်ခြင်းသဘောသည် သဘာဝ မည်၏၊ တရားတို့၏ အသီးအသီးသော လက္ခဏာပေတည်းဟု ဆိုလိုရင်း ဖြစ်ပေသည်။

ရှေးဦးစွာ စိတ်ကို ဘုံ ဇာတ် သမ္ပယောဂ စသော အပြားအားဖြင့် ရှစ်ဆယ့်ကိုးပါး အပြားရှိသော်လည်း မိမိ၏အာရုံကို သိခြင်းဟု ဆိုအပ်သော အသီးအသီးသော လက္ခဏာဖြင့် တစ်ခုတည်းသာလျှင်တည်း၊ ဖဿသည်လည်း ဘုံ ဇာတ် သမ္ပယောဂ စသော အပြားအားဖြင့် ရှစ်ဆယ့်ကိုးပါး အပြားရှိသော်လည်း ဖုသန = တွေ့ထိခြင်း လက္ခဏာအားဖြင့် တစ်ခုတည်းသာလျှင်တည်း၊ ဝေဒနာ သညာ စသည် တို့သည် ထိုနည်းအတူပေတည်း၊ ဤသို့ သဘောအားဖြင့် ငါးဆယ့်သုံးပါး တို့သည်သာလျှင် ဖြစ်ကုန်၏ဟု သိပါလေ။

သင်္ဂဟ မာတိကာ ဂါထာအဖွင့်

ဝေဒနာအပြား ဟိတ်အပြားအားဖြင့်လည်းကောင်း ကိစ္စအပြား ဒွါရအပြား အာရုံအပြား ၀တ္ထုအပြား အားဖြင့် လည်းကောင်း ဖြစ်သော သင်္ဂဟကိုဟု သမ္ဗန်ပါလေ။

ထိုစကား၌-
- ဝေဒနာဟေတုတော ဟူသည်ကား- ဝေဒနာအပြား ဟိတ်အပြားအားဖြင့်၊
- ကိစ္စဒွါရာရဏ၀တ္ထုတော ဟူသော- ဤပါဌ်၌လည်း ဤနည်း အတူသာတည်းဟု မှတ်ပါလေ။
- စိတ္တုပ္ပါဒဝသေနေဝ ဟူသည်ကား- စိတ်၏အစွမ်းအားဖြင့်သာလျှင် ဆောင်အပ်၏ဟု သမ္ဗန်ပါလေ၊ ဧဝသဒ္ဓါဖြင့် စေတသိက်တရားတို့ကို နစ်စေ၏။

(၁) ဝေဒနာ သင်္ဂဟ အဖွင့်

ဤမျှတည်းဖြင့် ခြောက်ပါးကုန်သော ပကိဏ္ထကသင်္ဂဟတို့၏ ဝစနတ္ထကို ဤအစ၌ပင်လျှင် ရှေးဦးစွာ အရှင်အနုရုဒ္ဓါမထေရ်သည် ပြအပ်၏။

- ဝေဒနာအပြားအားဖြင့် စိတ် စေတသိက်တို့၏ သင်္ဂဟသည် ဝေဒနာသင်္ဂဟ မည်၏。
- ဟိတ်အပြားအာဖြင့် စိတ် စေတသိက်တို့၏ သင်္ဂဟသည် ဟေတုသသင်္ဂဟ မည်၏。

ဤသို့ အစရှိသည်ဖြင့် ပြအပ်၏။

၈၈။ ဋီကာကျော် (နှာ- ၁၂၂)၌ကား-
စိတ္တုပ္ပါဒ သဒ္ဒါဖြင့် စေတသိက်တရားတို့ကိုလည်း ယူ၍ တစ်ပါးသော နစ်စေအပ်သော တရားကို မမြင်သည်ဖြစ်၍-
‘‘တစ်စုံတစ်ခုသော သင်္ဂဟ၌ ထိုစိတ္တုပ္ပါဒ်နှင့် ကင်းသဖြင့် မဆောင်အပ်’’ ဟူ၍ မိန့်ဆို၏။

ထိုအဆိုသည် မသင့်သည်သာတည်း၊ မှန်လှပေ၏၊ ဤသင်္ဂဟ၌ ဤမျှလောက်ကုန်သော စေတသိက် တို့သည် သုခနှင့်တကွ ဖြစ်ကုန်၏၊ ဤမျှလောက်ကုန်သော စေတသိက်တို့သည် ဒုက္ခနှင့်တကွ ဖြစ်ကုန်၏၊ ဤသို့ စသည်ဖြင့် တစ်ခုသော သင်္ဂဟသည်လည်း စေတသိက်တို့ဖြင့် ဆောင်အပ်သည် မည်သည် မရှိချေ။

- သုခဝေဒနာနှင့်တကွ ဖြစ်သော ကုသလဝိပါက် ကာယဝိညာဉ်စိတ် တစ်ပါး။

ဤသို့ စသည်ဖြင့်ကား စိတ်ဖြင့်သာလျှင် ဆောင်အပ်၏ဟု သိပါလေ၊ စိတ်သည်ကား ပြီးသည်ရှိသော် စေတသိက်တို့သည်လည်း ပြီးကြကုန်သည်သာလျှင်တည်း၊ ထို့ကြောင့် ‘‘စိတ္တုပ္ပါဒ်တို့၏ အစွမ်းဖြင့်’’ ဟူသော ဤစကားကို မိန့်ဆိုအပ်၏ဟု မှတ်သိပါလေ။

တတ္ထ ဟူသည်ကား- ထိုခြောက်ပါးကုန်သော သင်္ဂဟတို့တွင်၊ ဝေဒနာအပြားအားဖြင့် ထိုဝေဒနာ အပြားနှင့်ယှဉ်ကုန်သော စိတ်စေတသိက်တို့၏ သင်္ဂဟဖြစ်သောကြောင့် ဝေဒနာသင်္ဂဟမည်၏။

၈၉။ ဋီကာကျော် (နှာ- ၁၂၂)၌ကား-
သုခ အစရှိသော ဝေဒနာတို့ကို လည်းကောင်း ထိုဝေဒနာနှင့် တကွဖြစ်သော စိတ္တုပ္ပါဒ်တို့ကို လည်းကောင်း ဝေဖန်ခြင်း၏ အစွမ်းဖြင့် အကျဉ်းပေါင်း၍ ယူရာ ယူကြောင်းဖြစ်သော သင်္ဂဟနည်း သည် ဝေဒနာသင်္ဂဟမည်၏ဟု မိန့်ဆို၏၊ ထိုဋီကာကျော် စကား၌ စသဒ္ဒါဖြင့် ‘‘ဝေဒနာသင်္ဂဟလည်း ဝေဒနာသဟဂတစိတ္တုပ္ပါဒသင်္ဂဟလည်း ဤသို့သော အနက်၌ ဝေဒနာသင်္ဂဟသဒ္ဒါသည်ဖြစ်၏ဟု ဧကသိက်နည်းဖြင့် ညွှန်ပြ၏ဟူ၍ ပြဆို၏။’’

ထိုသို့ ပြဆိုခြင်းသည် မကောင်းချေ။

မှန်လှပေ၏၊ ဤအရာ၌ ဝေဒနာအပြားကို ဤသင်္ဂဟ၏ မှီရာ ဖြစ်သော ဓမ္မကို သိမ်းကျုံးခြင်းငှါသာ ဆိုအပ်၏၊ ဝေဒနာတို့၏လည်း အသီးအခြား သင်္ဂဟကို ပြခြင်းအကျိုးငှါ မဆိုသင့် မဆိုအပ်ဟု သိပါ လေ။

ထိုစကား၌ ‘‘တိဝိဓာ ဝေဒနာ = ဝေဒနာတို့သည် သုံးပါးအပြား ရှိကုန်၏’’ ဟု အဘယ့်ကြောင့် ဆိုအပ်ပါသနည်း၊ သံယုတ်ပါဠိ တော်၌-
- နှစ်ပါးလည်း ဖြစ်ကုန်သော သုံးပါးလည်း ဖြစ်ကုန်သော ငါးပါးလည်း ဖြစ်ကုန်သော ခြောက်ပါး လည်း ဖြစ်ကုန်သော ရှစ်ပါးလည်း ဖြစ်ကုန်သော သုံးဆယ့်ခြောက်ပါးလည်း ဖြစ်ကုန်သော တစ်ရာ့ရှစ်ပါးလည်း ဖြစ်ကုန်သော ဝေဒနာတို့ကို ဟောတော်မူအပ်သည် မဟုတ်ပါလောဟု စောဒနာပေရာ၏။

ဟောတော်မူသည်ကား မှန်လှပေ၏၊ ထိုသို့ပင် မှန်သော်လည်း အနုဘဝနလက္ခဏာ အားဖြင့် ဝေဒနာ သည် သုံးပါးအပြားရှိသည်သာလျှင် ဖြစ်ပေ၏၊ မှန်လှပေ၏၊ အလုံးစုံကုန်သော သတ္တဝါတို့သည် အမှတ်မရှိ တစ်ခုခုသော အာရုံကို ခံစားကြကုန်၏၊ ထိုသတ္တဝါတို့သည် ထိုအာရုံကို သာယာသော အားဖြင့်လည်း ခံစားကုန်၏၊ မသာယာသော အားဖြင့်လည်း ခံစားကုန်၏၊ အလယ်အလတ် အားဖြင့်လည်း ခံစားကုန်၏၊ ထိုသုံးပါးမှ တစ်ပါးသော အပြားသည် မရှိချေဟု သိပါလေ၊ တစ်ပါးကုန်သော အပြားတို့ကိုကား ထိုထိုပရိယာယ်အားဖြင့် ဟောတော်မူအပ်ကုန်၏။

မှန်လှစွာ၏၊ ထိုနှစ်ပါး စသည်တို့တွင် နှစ်ပါးသော ဝေဒနာတို့ကို ကိုယ်၌ဖြစ်သော ဝေဒနာ စိတ်၌ဖြစ်သော ဝေဒနာတို့၏ အစွမ်းအားဖြင့် ဟောတော်မူအပ်ကုန်၏၊ အဘယ်ကဲ့သို့ ဟောတော်မူသနည်း ဟူမူကား-
- ချစ်သား ရဟန်းတို့- နှစ်ပါးကုန်သော ဝေဒနာတို့ ဟူသည်ကား အဘယ်နည်း၊ ကိုယ်၌ဖြစ်သော ဝေဒနာလည်းကောင်း စိတ်၌ ဖြစ်သော ဝေဒနာလည်းကောင်း ဤနှစ်ပါးတို့တည်း။
ဟု ဟောတော်မူ၏၊ တစ်နည်းကား ဥပေက္ခာဝေဒနာကို သုခဝေဒနာ၌ ထည့်သွင်း ရေတွက်၍ သုခဝေဒနာ ဒုက္ခဝေဒနာ၏ အစွမ်းအားဖြင့် ဟောတော်မူ၏၊ အဘယ်ကဲ့သို့ ဟောတော်မူသနည်း ဟူမူကား-
- သုခဝေဒနာ ဒုက္ခဝေဒနာ ဟူ၍ ဝေဒနာနှစ်ပါးတို့ကို ရှင်တော်မြတ်ဘုရားသည် ဟောတော် မူအပ်ကုန်၏၊ အရှင်မြတ် ဥဒါယီ … သုခလည်း မဟုတ် ဒုက္ခလည်း မဟုတ်သော အကြင် ဥပေက္ခာ ဝေဒနာသည် ရှိ၏၊ ဤသုခလည်း မဟုတ် ဒုက္ခလည်း မဟုတ်သော ဥပေက္ခာဝေဒနာသည် ငြိမ်သက် မွန်မြတ်သော သုခဝေဒနာ၌ ဘုရားရှင်သည် ဟောတော်မူအပ်၏။ ဟု ဟောတော်မူ၏။

၉၀။ ဋီကာကျော် (နှာ- ၁၂၃)၌ကား-
အပြစ်မရှိသော အဖို့၌တည်သော ဥပေက္ခာဝေဒနာကို သုခ၌- အပြစ်ရှိသော အဖို့၌တည်သော ဥပေက္ခာဝေဒနာကို ဒုက္ခ၌- ပေါင်းယူ၍ နှစ်ပါးကုန်သော ဝေဒနာတို့ကို ဟောတော်မူအပ်ကုန်၏။
ဟု မိန့်ဆို၏၊ ထိုအဆိုသည် ပါဠိတော်၌ မလာသော်လည်း သင့်လျော်သည်သာလျှင်တည်း。

- ဣန္ဒြိယအပြား၏ အစွမ်းဖြင့် ဝေဒနာငါးပါးတို့ ဖြစ်ကုန်၏။
- ဖဿအစွမ်း၏ အပြားဖြင့် ဝေဒနာခြောက်ပါးတို့ ဖြစ်ကုန်၏။
- ဥပဝိစာရ၏ အပြား၏ အစွမ်းအားဖြင့် ဝေဒနာတစ်ဆယ့်ရှစ်ပါးတို့ ဖြစ်ကုန်၏。

[မြန်မာပြန်ဆရာ၏မှတ်ချက်။ ။ ဥပဝိစာရဘေဒအားဖြင့် တစ်ဆယ့်ရှစ်ပါးဟူသည် ဒွါရခြောက်ပါး တို့တွင် တစ်ပါး တစ်ပါး၌ သုခဝေဒနာ ဒုက္ခဝေဒနာ ဥပေက္ခာ ဝေဒနာအားဖြင့် သုံးပါးစီကပ်ရောက် လှည့်လည်၍ ဖြစ်သောကြောင့် (၆ x ၃ = ၁၈) ဝေဒနာပေါင်း တစ်ဆယ့်ရှစ်ပါးဖြစ်သည်ကို ဆိုလိုသည်ဟု မှတ်ပါလေ။]

- ခြောက်ပါးကုန်သော ဂေဟဿိတ တို့လည်းကောင်း ခြောက်ပါးကုန်သော နေက္ခမ္မနိဿိတ တို့ လည်းကောင်း ဤသို့ အသီးအသီး တစ်ဆယ့်နှစ်ပါးကုန်သော သောမနဿ ဒေါမနဿ ဥပေက္ခာ တို့၏ အစွမ်းဖြင့် သုံးဆယ့်ခြောက်ပါးကုန်သော ဝေဒနာတို့ ဖြစ်ကုန်၏။

- ထိုဝေဒနာ သုံးဆယ့်ခြောက်ပါးတို့ကိုသာလျှင် ကာလသုံးပါး၏ အစွမ်းအားဖြင့် ဝေဒနာ တစ်ရာ့ရှစ်ပါးတို့ကို ဟောတော်မူအပ်ကုန်၏ဟု သိပါလေ။

- အကြင်ဝေဒနာကိုလည်း အချို့သော သုတ်၌-
‘‘အလုံးစုံ ခံစားအပ်သည်၏ အဖြစ်သည် ရှိ၏။ အလုံးစုံ ထိုခံစားအပ်သော အဖြစ်သည် ဒုက္ခ၌ အကျုံး ဝင်သည် ချည်းသာတည်း။’’
ဟု ဟောတော်မူသော ထိုစကားကို သင်္ခါရဒုက္ခ၏အစွမ်းဖြင့် ဟောတော်မူ၏ဟု သိပါလေ။

အောက်ဖြစ်သော စိတ်ပိုင်း၌ကား စိတ်တို့ကို ဣန္ဒြိယဘေဒအစွမ်းဖြင့် ညွှန်ပြအပ်ကုန်၏၊ ထို့ကြောင့် ဤဝေဒနာသင်္ဂဟ၌လည်း ဣန္ဒြိယဘေဒ၏ အစွမ်းဖြင့်သာလျှင် စိတ်တို့ကို ရေတွက်ခြင်းငှါ ‘‘သုခံ (လ) ပဉ္စဓာ ဟောတိ’’ ဟု တစ်ဖန် မိန့်တော်မူ၏။

ဆက်၍ ဆိုဦးအံ့၊ ဤအရာ၌ အကြင်တရားတို့၌ အစိုးရသည်၏ အစွမ်းဖြင့် သုခ ဒုက္ခတို့သည် ဣန္ဒြေတို့ မည်ကုန်၏၊ ထိုအစိုးရရာ တရားတို့၏ ကိုယ်၌ဖြစ်မှု စိတ်၌ဖြစ်မှုတို့၏ အစွမ်းဖြင့် နှစ်ပါးအပြား ရှိသောကြောင့် ထိုဣန္ဒြေတို့ကိုလည်း သုခိန္ဒြေ သောမနဿိန္ဒြေ ဒုက္ခိန္ဒြေ ဒေါမနဿိန္ဒြေဟူ၍ နှစ်ပါးစီ ပြားသောအားဖြင့် ဟောတော်မူအပ်ကုန်၏၊

ဥပေက္ခာဝေဒနာ၏ကား အစိုးရဌာန ဖြစ်ကုန်သော တရားတို့သည် စိတ်၌ မှီကုန်သည်သာလျှင် ဖြစ်ကုန်၏၊ ထို့ကြောင့် ထိုဥပေက္ခာဝေဒနာကို ဥပေက္ခိန္ဒြေဟူ၍ တစ်ပါးအားဖြင့်သာလျှင် ဟောတော် မူ၏ဟု မှတ်ပါလေ။

တစ်နည်း ဆိုပေဦးအံ့၊ ထိုဥပေက္ခာ၏ အစိုးရရာဖြစ်သော တရားတို့သည်လည်း ပရိယာယ်အားဖြင့် နှစ်ပါးအပြား ရှိကုန်၏၊ အဘယ့်ကြောင့်နည်း ဟူမူကား စက္ခုစသော ပသာဒကာယတို့၌ မှီကုန်သော တရားတို့၏လည်း ထင်ရှားရှိသည်၏ အဖြစ်ကြောင့်ပေတည်း၊ ထိုသို့ပင် နှစ်ပါးအပြား ရှိကုန်ငြား သော်လည်း ဝေဒနာကို တစ်ခုသော ရသရှိသည်၏ အဖြစ်ကြောင့် တစ်ပါး အပြားရှိသည်ကိုသာလျှင် ဟောတော်မူ၏ဟု သိပါလေ။

၉၁။ ဋီကာကျော် (နှာ- ၁၂၃)၌ကား-
ကိုယ်၌မှီသော သာယာမှု မသာယာမှု စိတ်၌မှီသော သာယာမှု မသာယာမှုတို့၏ အပြားအားဖြင့် သုခဝေဒနာ ဒုက္ခဝေဒနာ တို့ကို နှစ်ပါး အပြားအားဖြင့် ဟောတော်မူအပ်ကုန်၏။
ဟု မိန့်ဆို၏၊ ထိုစကား၌ သုခ-ဒုက္ခဝေဒနာတို့သည် သဘောအားဖြင့် ဣဋ္ဌ-အနိဋ္ဌဖြစ်သော ဖောဋ္ဌဗ္ဗာရုံကို ခံစားခြင်း လက္ခဏာ ရှိကြကုန်၏၊ ဤမှ တစ်ပါးကုန်သော သောမနဿ ဒေါမနဿ ဥပေက္ခာတို့သည် သဘောအားဖြင့်လည်းကောင်း ကြံဆသောအားဖြင့်လည်းကောင်း ဣဋ္ဌာရုံ- အနိဋ္ဌာရုံ- မဇ္ဈတ္တာရုံတို့ကို ခံစားခြင်း လက္ခဏာ ရှိကြကုန်၏ဟု မှတ်ပါလေ။

သေသာနိ- ဟူသည်ကား ဆိုအပ်ခဲ့ပြီးသော သုခ ဒုက္ခ သောမနဿ ဒေါမနဿနှင့်ယှဉ်သော စိတ်တို့မှ ကြွင်းကုန်သော သုံးဆယ့်နှစ်ပါးသော ကာမာဝစရစိတ်တို့လည်းကောင်း နှစ်ဆယ့်သုံးပါးသော ပဉ္စမဈာန်တို့လည်းကောင်း ဤသို့ အလုံးစုံကုန်သော ငါးဆယ့် ငါးပါးသော စိတ်တို့ ဖြစ်ကြကုန်၏。

သင်္ဂဟဂါထာ အဖွင့်

- ဧကတ္ထ ဟူသည်ကား- တစ်ခုတည်းသော စိတ်၌၊
- ဣတရာ ဟူသည်ကား- ဤမှ တစ်ပါးသော ဥပေက္ခာဝေဒနာသည်။

ဝေဒနာသင်္ဂဟအဖွင့် ပြီးပြီ။

(၂) ဟေတုသင်္ဂဟ အဖွင့်

ဟိတ်တို့၏ အပြားအားဖြင့် ထိုဟိတ် ယှဉ်ကုန်သော စိတ်- စေတသိက်တို့၏ သင်္ဂဟသည် ဟေတုသင်္ဂဟ မည်၏。

၉၂။ ဋီကာကျော် (နှာ- ၁၂၄)၌ကား-
လောဘ စသော ဟိတ်တို့ကို ဝေဖန်ခြင်း၏ အစွမ်းအားဖြင့် လည်းကောင်း၊ ထိုလောဘ စသည့် ဟိတ်တို့နှင့် ယှဉ်ကုန်သော စိတ္တုပ္ပါဒ် တရားတို့၏ အစွမ်းအားဖြင့်လည်းကောင်း ပေါင်းရုံး၍ယူရာ ယူကြောင်း ဖြစ်သော သင်္ဂဟသည် ဟေတုသင်္ဂဟမည်၏။
ဟု မိန့်ဆို၏၊ ထိုအဆိုသည် မကောင်းချေ၊ အကြောင်းကို ဆိုခဲ့ပြီးသည်သာလျှင်တည်း。

ဟိတ်တို့မည်သည် ခြောက်ပါး အပြားရှိသည် ဖြစ်ကုန်၏ဟု သမ္ဗန်ပါလေ။

ထိုဟေတုသင်္ဂဟ၌ ဟေတုကိစ္စ မည်သည်ကား အာရုံ၌ သမ္ပယုတ်တရားတို့၏ ကောင်းစွာ တည်သည်၏ အဖြစ်ကို ပြီးစေခြင်းတည်း၊ ချဲ့၍ ဆိုပေဦးအံ့၊ သစ်ပင်၏ ရေသောက်မြစ်တို့သည် မိမိတို့မူကား မြေတွင်း၌ ပုန်းအောင်း ပွားစည်း၍ မြေ၏အရသာ သြဇာဓာတ်ဆီတို့ကို လည်းကောင်း ရေ၏အရသာ သြဇာဓာတ်ဆီတို့ကိုလည်းကောင်း စုပ်ယူ၍ သစ်ပင်ကို အညွန့်ဖျားတိုင်အောင် ရှေးရှုပို့ဆောင်ကြကုန်၏၊ လေပြင်းသည်လည်းကောင်း အဟုန်ပြင်းထန်သော ရေအယဉ်သည် လည်း ကောင်း တိုက်ခတ်စီးဆင်းလာခဲ့သည်ရှိသော် သစ်ပင်ကို ကောင်းစွာ မလဲမပြိုအောင် ဆွဲငင်၍ တည်ထားကြကုန်၏。

ဤသို့ တည်နေခဲ့သည်ရှိသော် သစ်ပင်သည် ကြီးပွားမှု စည်ပင်မှု ပြန့်ပြောမှု ရှည်မြင့်စွာ တည်မှု စသည်သည် ဖြစ်ရလေသကဲ့သို့ ဤအတူ ဤဟိတ်တရားတို့သည် မိမိသည် အာရုံတို့၌ မြဲမြံ ခိုင်ခံ့ခြင်း သို့ ရောက်ကုန်သည်ဖြစ်၍ သမ္ပယုတ်တရားတို့ကို ထိုအာရုံ၌ ကြီးပွား စည်ပင် ပြန့်ပြောမှု ရှည်မြင့်စွာ တည်မှုတို့ကို ပြီးစေကုန်၏ဟု သိပါလေ。

အဟိတ်စိတ်တို့သည်ကား ရေအပြင်၌ အမြစ်မရှိသည့် မှော်တို့ကဲ့သို့ အာရုံ၌ ကောင်းမွန် မြဲမြံစွာ မတည်နိုင်ကြကုန်ဟု သိမှတ်ပါလေ。

တစ်ပါးသော (ရေဝတမထေရ်) ဆရာတို့သည်ကား-
- တရားတို့၏ ကုသိုလ် အစရှိသည်၏ အဖြစ်ကို ပြီးစေခြင်းသည် ဟေတုကိစ္စ မည်၏။
ဟူ၍ ဆိုကြကုန်၏၊ ယင်းသို့ ဖြစ်ခဲ့သည်ရှိသော် အကြင်တရားတို့အား အတူတကွဖြစ်သော ဟိတ်သည် မရှိချေ၊ ထိုတရားတို့အား အကုသိုလ် အဖြစ်သည်လည်းကောင်း အဗျာကတ အဖြစ်သည်လည်းကောင်း မပြည့်စုံလေရာ၊ ရအပ်သော ဟေတုပစ္စည်း ရှိကုန်သော အကြင်ရုပ်တို့ သည် ရှိကုန်၏၊ ထိုရုပ်တို့၏လည်း ကုသိုလ် အစရှိသော အဖြစ်သည် ဖြစ်ခဲ့ရာ၏ဟု ဆို၍ ထိုဝါဒကို ပယ်ကြကုန်၏。

ထိုသို့ပင် ပယ်ကြကုန်သော်လည်း လောက၌ အမိုက်တိုက် မည်သည်ကား တစ်စုံတစ်ခုသော အကြောင်းထူးဖြင့် ပြီးစေအပ်သည်သာလျှင် မဟုတ်ချေ၊ အကြင်အရပ်၌ အလင်းရောင် မရှိချေ၊ ထိုအရပ်၌ အမိုက်မှောင်သည် မိမိ၏သဘောအားဖြင့်သာလျှင် ပြီးသကဲ့သို့ ဤအတူ တရားတို့၌ မသိမှု တွေဝေခြင်း အမူအရာဖြစ်သော မောဟတည်းဟူသော အမိုက်မှောင်သည်လည်း မိမိ၏ သဘောအားဖြင့်သာလျှင် အကုသိုလ် ဖြစ်ခြင်းငှါ ထိုက်၏。

ထိုစကားသည် မှန်၏၊ အလိုရှိခြင်း မည်သည် ရှိ၏၊ ထိုအလိုသည် တွေဝေခြင်း ကြိယာနှင့် ယှဉ်ခဲ့သော် ငြိကပ်ခြင်း သဘောသို့ရောက်၍ လောဘ အကုသိုလ်မည်သည် ဖြစ်၏၊ သဒ္ဓါနှင့် ယှဉ်ခဲ့သော်ကား ဓမ္မစ္ဆန္ဒ အဖြစ်သို့ရောက်၍ ကုသလစ္ဆန္ဒ မည်သည် ဖြစ်၏。

ထိုမှတစ်ပါး သည်းမခံခြင်း မည်သည် ရှိ၏၊ ထိုသည်းမခံခြင်းသည်လည်း တွေဝေခြင်း ကြိယာနှင့် ယှဉ်ခဲ့သော် ထိပါးတတ်သည်၏ အဖြစ်သို့ရောက်၍ ဒေါသအကုသိုလ် မည်သည် ဖြစ်၏၊ သဒ္ဓါနှင့် ယှဉ်ခဲ့သော်ကား ဖြစ်လာသော ကာမဝိတက်ကို သည်းမခံနိုင်ပေ。

ဤသို့ စသော နည်းအားဖြင့် မကောင်းသောတရား မကောင်းသော အာရုံတို့၏ ဆန့်ကျင်သည်၏ အဖြစ်သို့ရောက်၍ အလောဘကုသိုလ် မည်သည် ဖြစ်၏၊ တွေဝေခြင်း ကြိယာသည်ကား ဤ မည်သော တရားနှင့် ယှဉ်သော် အကုသိုလ်မည်၏၊ ဤမည်သော တရားနှင့်ယှဉ်သော် ကုသိုလ် မည်၏-ဟူသော အသင့်ယုတ္တိ မရှိချေ。

ချဉ်စေခြင်း အကျိုးငှါ တစ်ပါးသော အချဉ်မျိုးနှင့် တွဲဖက်ခြင်းကိစ္စမှ ကင်းသော အမျိုးအရိုးဖြစ်သော ချဉ်သောရသရှိသော ၀တ္ထုကဲ့သို့ စင်စစ် အကုသိုလ်မျိုးသည်သာလျှင် ဖြစ်၏၊ အကြင်တရား သည်လည်း ကုသိုလ် အကုသိုလ် မဖြစ်၊ ထိုတရားသည် အဗျာကတ မည်၏၊ ဤမျှသည်သာလျှင် တရားတို့၏ အဗျာကတအဖြစ် ပြီးခြင်း၏အကြောင်း ဖြစ်၏၊ ထို့ကြောင့် အဟိတ်စိတ်တို့၏ လည်းကောင်း ရုပ် နိဗ္ဗာန်တို့၏ လည်းကောင်း အဗျာကတ၏ အဖြစ်သည်လည်း မိမိ၏ သဘောအားဖြင့် သာလျှင် ပြီး၏。

ထိုစကား၌ မောဟသည် ကြွင်းသော ဟိတ်တို့၏လည်း မူလဖြစ်၏၊ မှန်လှပေ၏၊ တပ်ခြင်း ပြစ်မှားခြင်းတို့သည်လည်း တွေဝေခြင်း၏ အကျိုးဆက်တို့သာလျှင် ဖြစ်ကုန်၏၊ အလောဘ စသည် တို့၏လည်း ကုသိုလ်၏အဖြစ်သည် အဝိဇ္ဇာနုသယနှင့် တကွသာလျှင် ပြီး၏ဟု မှတ်ပါလေ。

ထိုအလောဘ အစရှိသော ဟိတ်တို့သည်ကား လောဘသဟဂုတ်စိတ် အစရှိသည်တို့၏ ထူးသော မူလတို့ ဖြစ်ကြကုန်၏၊ မှန်လှပေ၏၊ ဒိဋ္ဌိ-မာန စသည်တို့သည် လိုချင် တပ်မက် နှစ်သက်စွဲလမ်းခြင်း စသည်၏ အကျိုးဆက်တို့ ဖြစ်ကြကုန်၏၊ သဒ္ဓါ စသည်တို့သည် မတပ်မက် မလိုချင်ခြင်း စသည်၏အကျိုးဆက်တို့ ဖြစ်ကြကုန်၏ဟု မှတ်ပါလေ。

ဆက်၍ ဆိုဦးအံ့၊ အကြင့်ကြောင့် ဟိတ်တို့ မည်သည်ကား သမ္ပယုတ်တို့၌ ပြဋ္ဌာန်းသော တရားတို့ ဖြစ်ကုန်၏၊ ထို့ကြောင့် သဟိတ် ဝိပါက် ကြိယာတို့၏ အဗျာကတ အဖြစ်ကိုကား ဟိတ်ကို အဦးပြုသဖြင့်လည်း ဆိုခြင်းငှါသင့်၏。

၉၃။ ဤမျှသော စကားဖြင့် ဋီကာကျော် (နှာ- ၁၂၄)၌-
ဝါဒအထူးကို ဆိုပေဦးအံ့-
အဋ္ဌကထာဆရာမှ တစ်ပါးကုန်သော အရှင်ရေဝတ စသော အပရေ ဆရာတို့သည်ကား၏ …
- ကုသိုလ် စသည်တို့၏ ကုသိုလ် စသည်၏ အဖြစ်ကို ပြီးစေခြင်းသည် ဟိတ်တို့၏ အဖြစ် မည်၏။
ဟု ဆိုကြကုန်၏၊ ဤသို့ ဖြစ်သည်ရှိသော် ဟိတ်တို့၏ မိမိ၏ ကုသိုလ်စသော အဖြစ်ကို ပြီးစေတတ်သော တစ်ပါးသော သမ္ပယုတ်ဟိတ်ကို ရှာမှီးသင့်ရာ၏၊ ထိုဟိတ်တို့၏ ကုသိုလ် စသည်တို့၏ အဖြစ်သည် ကြွင်းသော သမ္ပယုတ်ဟိတ် တို့နှင့် စပ်သည် အကယ်၍ ဖြစ်ခဲ့ငြားအံ့၊ ဤသို့ ဖြစ်ခဲ့သော်လည်း မောဟမူစိတ်နှင့် ယှဉ်သော မောဟဟိတ်၏ အကုသိုလ် ၏အဖြစ်သည် ဟိတ်နှင့် မစပ်သည် ဖြစ်ခဲ့ရာ၏၊ ထိုမောဟမူစိတ်နှင့် ယှဉ်သော မောဟဟိတ်၏ အကုသိုလ် အဖြစ်သည်လည်း သဘောအားဖြင့် အကယ်၍ ဖြစ်ခဲ့ငြားအံ့၊ ဤသို့ ဖြစ်ခဲ့သော် ကြွင်းသော ဟိတ်တို့၏လည်း သဘောအားဖြင့်သာလျှင် ကုသိုလ်စသည်၏ အဖြစ်သည် ဖြစ်ခဲ့ရာ၏။ ထို့ကြောင့် ထိုသမ္ပယုတ်ဟိတ်တို့၏ ထိုကုသိုလ် စသည်တို့၏ အဖြစ်သည် ဟိတ်နှင့် မစပ်သကဲ့သို့ ဟိတ်နှင့် ယှဉ်ကုန်သော တရားတို့၏လည်း ထိုကုသိုလ် စသည်တို့၏ အဖြစ်သည် ဟိတ်နှင့်မစပ်ရာ၊

ကုသိုလ်စသည်တို့ အဖြစ်သည် ဟိတ်နှင့်စပ်သည် အကယ်၍ ဖြစ်အံ့၊ ထိုသို့ ဟိတ်နှင့်စပ်၍ ဖြစ်ခဲ့သော် အဟိတ်တို့၏ အဗျာကတ အဖြစ်သည် မဖြစ်သင့်ရာ၊ ထို့ ကြောင့် အပရေ ဆရာတို့ကို အလွန်နှိပ်စက် သဖြင့် အကျိုး မရှိတော့ပြီ။
ဟု ဆိုသော ထိုစကားကို ပယ်ခြင်းကိစ္စ ပြီးသည်သာလျှင်တည်း。

ဆက်၍ ဆိုဦးအံ့၊ ရအပ်သော ဈာနပစ္စည်း ရှိကြကုန်သော ရုပ်နာမ်တရားတို့တွင် ဈာန်အင်္ဂါတို့သည် နာမ်တရားတို့၌သာလျှင် ကပ်၍ ရှုခြင်းကိစ္စကို ပျံ့နှံ့စေနိုင်ကုန်၏၊ ရုပ်တရားတို့၌ ကပ်၍ ရှုခြင်း ကိစ္စကို မပျံ့နှံ့စေနိုင်ကုန်၊ စင်စစ်သော်ကား ထိုရုပ်တရားတို့ကို ဈာန်တရားတို့ကြောင့် ဖြစ်သည်၏ အဖြစ်ကြောင့်သာလျှင် ဈာနပစ္စယုပ္ပန်တရားတို့၌ ဟောတော်မူအပ်ကုန်၏၊ ဤအတူသာလျှင် ဟိတ်တရားတို့သည်လည်း နာမ်တရားတို့၌သာလျှင် ကုသိုလ်စသည်၏ အဖြစ်ကို ပြီးစေနိုင်ကုန်၏၊ ရုပ်တရားတို့၌ ကုသိုလ်စသည်၏ အဖြစ်ကို မပြီးစေနိုင်ကုန်၊ ထိုရုပ်တရားတို့သည်ကား ဟိတ်ကြောင့် ဖြစ်သည်၏ အဖြစ်ကြောင့်သာလျှင် ဟေတုပစ္စယုပ္ပန်တို့၌ ဟောတော်မူအပ်ကုန်၏၊ ထို့ကြောင့် ထိုရုပ်တရားတို့၏ ကုသိုလ်စသည်၏ အဖြစ်သို့ ရောက်ခြင်းကို မစောဒနာအပ်ဟု သိပါလေ。

၉၄။ ဋီကာကျော် (နှာ- ၁၂၄)၌ကား-
ကုသိုလ်စသည်၏ အဖြစ်သည်ကား ကုသိုလ် အကုသိုလ်တို့၏ သင့်တင့်သော နှလုံးသွင်းခြင်း မသင့်တင့်သော နှလုံးသွင်းခြင်းနှင့် စပ်၏။
ဟု ဆို၏၊ ထိုစကားကိုလည်း ဆင်ခြင်အပ်သည်သာလျှင်တည်း。

ထိုစကားကို ချဲ့၍ ဆိုဦးအံ့၊ နေရောင်လာသည် ရှိသော် နေ့အခါ၌ အားရှိကြကုန်သော ဟင်္သာ စသည်တို့၏ အခွင့်အခါ ဖြစ်၏၊ အမှောင်မိုက်လာသည်ရှိသော် ညဉ့်အခါ၌ အားရှိကြကုန်သော ခင်ပုတ်ငှက် စသည်တို့၏ အခွင့်အခါ ဖြစ်၏。

ဆက်၍ ဆိုဦးအံ့၊ ထိုနေရောင် အမိုက်မှောင်တို့သည် ထိုငှက်တို့၏ အဆင်းအစရှိသော အထူးကို မပြီးစေနိုင်ကုန်၊ ထိုအဆင်း အထူးကိုကား ထိုငှက်တို့၏ မျိုးရိုးတို့ကသာလျှင် ပြီးစေနိုင်ကုန်၏。

ထိုဥပမာ၌-
- နေရောင်အလင်းကဲ့သို့ ယောနိသောမနသိကာရ ကို မှတ်သိပါလေ။
- အမိုက်မှောင်ကဲ့သို့ အယောနိသောမနသိကာရ ကို မှတ်သိပါလေ။
- ထိုသတ္တဝါတို့ကဲ့သို့ ကုသိုလ် အကုသိုလ်တို့ကို မှတ်သိပါလေ။
- အဆင်းစသော အထူးကဲ့သို့ ကုသိုလ်စသည်၏ အဖြစ်ကို မှတ်သိပါလေ။
- မျိုးရိုးတို့ကဲ့သို့ ဟိတ်တို့ကို မှတ်သိပါလေ。

အဗျာကတတို့၏ စသော အလုံးစုံသည် ‘‘အကြင်တရားသည် ကုသိုလ်လည်း မဟုတ်၊ အကုသိုလ် လည်း မဟုတ်၊ ထိုတရားသည် အဗျာကတ မည်၏’’ဟု ဆိုအပ်သောအဖို့၌ ကျရောက်သည် သာလျှင်တည်းဟု သိပါလေ。

- တတ္ထ ဟူသည်ကား- ဟေတုသင်္ဂဟ၌၊

သဟိတ်တရားတို့၏ သိမ်းကျုံး၍ ယူလွယ်စိမ့်သောငှါ ဤအရာ၌ ကြဉ်သင့် ကြဉ်ထိုက်ကုန် သော်လည်း အဟိတ်စိတ်တို့ကို ရှေးဦးစွာ ထုတ်ပြအပ်ကုန်၏၊ ထို့ကြောင့် ‘‘သေသာနိ (လ) သဟေတုကာနေဝ’’ ဟူ၍ မိန့်ဆိုတော်မူ၏。

သင်္ဂဟဂါထာ အဖွင့်

တစ်နည်းကား- ထိုအဟိတ်စိတ်တို့၏ အဟိတ်ဟူသော အမည်သည်လည်း ဟိတ်တို့၏ အစွမ်း အားဖြင့်သာလျှင် အသီးအခြား ပြီးစီးပေ၏၊ ထို့ကြောင့် ထိုဟိတ်တရားတို့၏လည်း ဤဟေတုသင်္ဂဟ ၌ ရေတွက်ခြင်းသည် မဆန့်ကျင်ပေ၊ ထို့ကြောင့် ‘‘အဟေတုကာဋ္ဌာရသေက’’ စသည်တို့ကို (ဒုတိယဂါထာ၌) မိန့်တော်မူ၏。

သဘောတို့၏ အပြားအားဖြင့် ခြောက်ပါး အပြားရှိသည်လည်း ဖြစ်ကုန်သော ဟိတ်တို့သည် ကုသိုလ်ဇာတ် အကုသိုလ်ဇာတ် အဗျာကတဇာတ် အပြားအားဖြင့် ကိုးပါးအပြားရှိကုန်၏၊ ထို့ကြောင့် ‘‘လောဘော ဒေါသောစ’’ အစရှိသည်ကို (ပထမဂါထာ၌) မိန့်တော်မူ၏。

ဟေတုသင်္ဂဟအဖွင့် ပြီးပြီ။

ကိစ္စသင်္ဂဟ အဖွင့်

တစ်ဆယ့်လေးပါးကုန်သော ကိစ္စတို့၏ အပြားအားဖြင့် ထိုကိစ္စ ရှိကုန်သော စိတ် စေတသိက်တို့၏ သင်္ဂဟသည် ကိစ္စသင်္ဂဟ မည်၏။

၉၅။ ဋီကာကျော် (နှာ- ၁၂၅)၌ကား-
ပဋိသန္ဓေ အစရှိကုန်သော ကိစ္စတို့ကို ဝေဖန်သည်၏ အစွမ်းအားဖြင့်လည်းကောင်း ထိုပဋိသန္ဓေ စသော ကိစ္စရှိကုန်သော စိတ်တို့ကို ပိုင်းခြားသည်၏ အစွမ်းအားဖြင့်လည်းကောင်း ပေါင်းရုံး သိမ်းကျုံး၍ ယူရာ ယူကြောင်းဖြစ်သော သင်္ဂဟသည် ကိစ္စသင်္ဂဟ မည်၏။
ဟု ဆိုသော ထိုစကားသည် မကောင်းချေ။

ပဋိသန္ဓေ ကိစ္စ

အကြင် တစ်ခုသော ကံကြောင့် တစ်ခုသော ဥပပတ္တိဘဝသည် ဖြစ်၏၊ ထိုကံသည် မိမိအလိုအားဖြင့် လည်းကောင်း ရအပ်သော တားမြစ်ခြင်းဖြင့်လည်းကောင်း ကုန်ခန်းသည်ရှိသော် ထိုဘဝ ချုပ်ဆုံး ရ၏၊ တစ်ခုသော ကံ၏အခွင့်လမ်း ဖြစ်၏၊ ထို့ကြောင့် ထိုဖြစ်ဆဲသော ဘဝမှ စုတေသော ပုဂ္ဂိုလ်၏ ဘဝနှစ်ခုအကြား၌ ခဏမျှလည်း မရပ် မတည်မူ၍ ရအပ်သော အခွင့်ရှိသော တစ်ခုသောကံကြောင့် တစ်ဖန် ဘဝတစ်ပါး၏ အစကို ဆက်စပ်သည်၏ အစွမ်းဖြင့် ဖြစ်ခြင်းသည် ပဋိသန္ဓေကိစ္စ မည်၏။

ဘဝင် ကိစ္စ

ထိုအခြင်းအရာအားဖြင့် ဖြစ်ဆဲဖြစ်သော ဥပပတ္တိဘဝ အစဉ်၏ အကြင်မျှလောက် ကံမကုန်သေး၊ ထိုမျှလောက် မပြတ်ဖြစ်ခြင်း၏ အကြောင်း အင်္ဂါ ၏ အဖြစ်ဖြင့် ဖြစ်ခြင်းသည် ဘဝင်ကိစ္စ မည်၏။

မှန်လှစွာ၏၊ ထိုဘဝင်ကိစ္စ၏ ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ်ခြင်းရှိလတ်သော် ဇီဝိတိန္ဒြေ အစဉ်တို့သည် လည်းကောင်း ကမ္မဇတေဇော အစဉ်တို့သည် လည်းကောင်း ဖြစ်ကုန်သည် သာလျှင်တည်း၊ ထို့ကြောင့် သုံးပါးသော တရားတို့သည် ဤကိုယ်ကောင်ကို မပျက် မစီးအောင် စောင့်ရှောက်ကြကုန်၏ဟု မှတ်ပါလေ။

ဗုဒ္ဓရှင်တော် အဘယ်ကဲ့သို့ ဟောတော်မူခဲ့သနည်း ဟူမူကား-
ဇီဝိတိန္ဒြေ အစဉ်သည်လည်းကောင်း ကမ္မဇတေဇော အစဉ်သည်လည်းကောင်း ဘဝင်စိတ်ဝိညာဉ် အစဉ်သည်လည်းကောင်း အကြင်အခါ၌ ဤကိုယ်ကောင်ကို စွန့်ခွာကြကုန်၏၊ ထိုအခါ၌ အသုံးမကျ အသုံးမဝင်သော ထင်းသစ်တုံးကဲ့သို့ အသိဝိညာဏ် ကင်းသည်ဖြစ်၍ အိပ်ရ သေရပေတော့၏။
ဟူ၍ ဟောတော်မူသည်။

အာဝဇ္ဇန်း ကိစ္စ

စိတ်အစဉ်၏ လည်ခြင်း ဆင်ခြင်ခြင်းသည် အာဝဇ္ဇန်းမည်၏၊ တစ်နည်းကား- ထိုစိတ်အစဉ်ကို လည်စေတတ် ဆင်ခြင်စေတတ်သောကြောင့် အာဝဇ္ဇန်း မည်၏၊ တစ်နည်းကား- ဤစိတ်၌ ထို စိတ်အစဉ်သည် လည်ရာ ဆင်ခြင်ရာ ဖြစ်သောကြောင့် အာဝဇ္ဇန်း မည်၏၊ တစ်နည်းကား- ဤစိတ်ဖြင့် ထိုစိတ်အစဉ်သည် လည်ကြောင်း ဆင်ခြင်ကြောင်း ဖြစ်သောကြောင့် အာဝဇ္ဇန်း မည်၏။

ဘဝင်စိတ် အစဉ်မှ ဖဲကြဉ်၍ အာရုံတစ်ပါးသို့ ရှေးရှုဖြစ်တတ်၏၊ ဤသည်ကား အနက်ပေတည်း။

တစ်နည်းကား- အာရုံတစ်ပါးသို့ ဆင်ခြင်တတ် နှလုံးသွင်းခြင်းကို ပြုတတ်သောကြောင့် အာဝဇ္ဇန်း မည်၏၊ မြင်ခြင်း အစရှိသည်တို့ထက် ထင်ရှားကြကုန်၏။

ဝုဋ္ဌော ကိစ္စ

ဝုဋ္ဌော ဟူသည်ကား- အသီးအသီး ပိုင်းခြား၍ ထားခြင်းတည်း၊ ဤကား အညိုဟူ၍လည်းကောင်း အဝါဟူ၍လည်းကောင်း တင့်တယ်၏ဟူ၍ လည်းကောင်း မတင့်တယ်ဟူ၍ လည်းကောင်း မရောမယှက်သောအားဖြင့် ထားခြင်း မှတ်ခြင်း ပေတည်းဟု ဆိုလိုပေသည်။

ဇော ကိစ္စ

ဇဝနသဒ္ဒါသည်လည်းကောင်း ဇဝသဒ္ဒါသည်လည်းကောင်း ဝေဂသဒ္ဒါသည်လည်းကောင်း အနက် အားဖြင့် တူ၏၊ မိုးကြိုးကျခြင်းကဲ့သို့ အဟုန်နှင့်တကွဖြစ်သော တစ်ခု တစ်ခုသော စိတ်၏ ဖြစ်ခြင်းသည် ဇောကိစ္စ မည်၏။

၉၆။ ဋီကာကျော် (နှာ- ၉၂)၌ကား-
အာရုံ၌ ထိုထိုကိစ္စကို ပြီးစေသည်၏ အစွမ်းအားဖြင့် အကြိမ် များစွာသော်လည်းကောင်း တစ်ကြိမ် သော်လည်းကောင်း လျင်သော အဟုန်ဖြင့် ပြေးသွားသော ယောက်ျား၏ ဖြစ်ခြင်း ကဲ့သို့ အဟုန်ဖြင့် ဖြစ်ခြင်းသည် ဇောကိစ္စ မည်၏။ ဟု မိန့်ဆိုအပ်၏၊ ထိုစကားသည် မကောင်းချေ။

မှန်လှစွာ၏၊ အဟုန်နှင့်တကွဖြစ်သော စိတ်၏ တစ်ကြိမ်မျှဖြင့် ဆုတ်နစ်ခြင်း မည်သည် မရှိချေ၊ မှန်လှပေ၏၊ မဂ်ဇော အဘိညာဉ်ဇော တို့သည်လည်း တစ်ခုသော အာဝဇ္ဇန်းရှိသော ပရိကံစိတ်မှစ၍ တစ်ခုသော အဟုန်ဖြင့်ဖြစ်သော အဟုန်နှင့်တကွသော ဇောစိတ်အစဉ်၌ ကျရောက်ကုန်သည် သာလျှင် ဖြစ်ကုန်၏၊ ထိုမဂ်ဇော အဘိညာဉ်ဇော တို့သည် အသီးအခြား ပြီးစီးသော အဟုန်ဖြင့် မစောနိုင်ကြကုန်ဟု မှတ်ပါလေ။

၉ရ။ ဆက်၍ ဆိုပေဦးအံ့။ ထိုဋီကာကျော် စကား၌-
- လျင်သောအဟုန်ဖြင့် ပြေးသွားသော ယောက်ျား၏ ဖြစ်ခြင်း ကဲ့သို့ အဟုန်ဖြင့် ဖြစ်ခြင်းသည် …
ဟူသော ဤစကားဖြင့် အသီးအသီးဖြစ်၍ ချုပ်လေပြီးသော ခဏိကတရားတို့သည် လျင်စွာသွားခြင်း ဟု ဆိုအပ်သော အဟုန်မည်သည် မရှိချေ၊ အကြိမ်များစွာ ဖြစ်ခြင်း၏ အစွမ်းအားဖြင့်ကား လျင်မြန်စွာ သွားသော ယောက်ျားနှင့် တူသည်၏အဖြစ်ကြောင့် သာလျှင် ‘ဇဝန’ဟူ၍ ဆိုအပ်၏ဟု ပြအပ်ပေသည်။

ထိုစကားသည်လည်း မကောင်းချေ။ မှန်လှပေ၏။
- ‘‘မိုးကြိုးကျခြင်းကဲ့သို့ အဟုန်နှင့်တကွဖြစ်သော တစ်ခု တစ်ခုသော စိတ်၏ဖြစ်ခြင်းသည် ဇောကိစ္စ မည်၏။’’
ဟူ၍ အောက်၌ ဆိုအပ်၏၊ မှန်လှပေ၏၊ ဘဝင်စိတ်သည် ရှည်စွာသော ကာလကို ပြည့်စေ၍ ဖြစ်ငြားပါသော်လည်း မြစ်ရေအယဉ်၌ မျောပါလာသော သစ်ရွက်ခြောက်ကဲ့သို့ အဟုန်မှ ကင်းသုဉ်း ၊ ဇောစိတ်သည် တစ်ကြိမ် တစ်ကြိမ်သာ ဖြစ်ငြားပါသော်လည်း သိကြားမင်းသည် အရှိန်အဟုန်နှင့် တကွသာလျှင် ဖြစ်၏ဟု မှတ်သိပါလေ။

တဒါရုံ ကိစ္စ

ထိုစိတ်အား ထိုဇော၏ အာရုံရှိသောကြောင့် တဒါရုံမည်၏၊ အကြင်အာရုံကို ဇောသည် ယူ၏၊ ထိုအာရုံသည်ပင်လျှင် ထိုစိတ်၏ အာရုံပေတည်းဟု ဆိုလိုပေသည်။

မှန်လှပေ၏။
‘‘အကြင်အာရုံသည် ဇောဖြင့် ယူအပ်သော အာရုံဖြစ်၏၊ ထိုအာရုံကိုသာလျှင် ယူတတ်သည်၏ အဖြစ်ကြောင့် တဒါရုံ မည်၏။’’
ဟု အဋ္ဌကထာ၌ မိန့်ဆိုပေ၏။

တစ်နည်းကား- ထိုစိတ်၏ အာရုံသည် ထိုဇော၏ အာရုံဖြစ်သောကြောင့် တဒါရုံ မည်၏၊ ဤအရာ၌ကား တဒါရုံ၏ အဖြစ်ကို အလိုရှိအပ်၏။

စုတိ ကိစ္စ

ဖြစ်ဆဲဖြစ်သော ဘဝမှ ရွေ့လျောခြင်း လွတ်ခြင်း လျောကျခြင်းသည် စုတိ မည်၏။

ဌာန အဖွင့်

ယခုအခါ၌ ထိုကိစ္စတို့သည် အမှတ်မရှိသောအားဖြင့်မဖြစ်ကြကုန်၊ ဌာနတည်းဟူသော အမှတ်ဖြင့် သာလျှင် ဖြစ်ကြကုန်၏ဟု ပြခြင်းအကျိုးငှါ ဌာနအပြားကို မိန့်ဆိုအပ်၏၊ ထိုထိုကိစ္စရှိသော စိတ် သည် ဤအရပ်၌ ဖြစ်ကြောင်း ဖြစ်သောကြောင့် ဌာနမည်၏၊ အရပ်ကို အရကောက်အပ်၏၊ ထိုထို အကြား ကာလတည်းဟု ဆိုလိုသည်။

မှန်လှပေ၏၊ ကာလသည်လည်း ကာလရှိသော တရားတို့ဖြစ်ခြင်း၏ တည်ရာဖြစ်သောကြောင့် ဌာနဟူ၍ ဆိုအပ်၏၊ ပဋိသန္ဓေ၏ ဌာနသည် ပဋိသန္ဓေဌာန မည်၏၊ ပဋိသန္ဓေကာလ ပဋိသန္ဓေခဏဟု ဆိုလိုရင်း ဖြစ်သည်၊ ကြွင်းသော ဌာနတို့၌လည်း ဤနည်းတူ မှတ်ပါလေ။

၉၈။ ဋီကာကျော် (နှာ- ၁၂၅)၌ကား-
‘‘ပဋိသန္ဓေ၏ တည်ရာသည် ပဋိသန္ဓေဌာန မည်၏’’ ဟု ဆိုပြီး၍-
ပဋိသန္ဓေမှလွတ်သော ဌာနမည်သည် အကယ်၍ကား မရှိချေ၊ ယင်းသို့ပင် မရှိသော်လည်း ချမ်းသာစွာ ယူလွယ်စေခြင်း အကျိုးငှါ သိလာပုတ္တကသိရံ- ဤသို့ အစရှိသော ပါဌ်တို့၌ကဲ့သို့ မကွဲပြားသော်လည်း ကွဲပြားသကဲ့သို့ ကြံဆခြင်း ‘အဘေဒ ဘေဒူပစာ’ဟူ၍ မှတ်အပ်၏။
ဟူ၍ မိန့်ဆို၏၊ ထိုအဆိုကို မယူသင့် မယူအပ်ပေ။

မှန်လှပေ၏၊ ကာလ မည်သည်ကား သဘောအားဖြင့် ထင်ရှား မရှိသော်လည်း စိတ်၏အသီးအခြား အာရုံဖြစ်သော တစ်ခုသော ပညတ်တရားပေတည်း။

ထိုစကားသည် မှန်လှစွာ၏။ အဋ္ဌကထာ၌-
- ရှစ်ပါးကုန်သော ဤမဟာဝိပါက်စိတ်တို့၏ ရင့်ကျက်သော ဌာနကို သိအပ်၏၊ ထိုစိတ်တို့သည် လေးပါးကုန်သော ဌာနတို့၌ ရင့်ကျက်ကြကုန်၏၊ ပဋိသန္ဓေဌာန၌လည်းကောင်း ဘဝင်ဌာန၌ လည်းကောင်း စုတိဌာန၌လည်းကောင်း တဒါရုံ ဌာန၌လည်းကောင်း ရင့်ကျက်ကြကုန်၏။

ဟု မိန့်ဆိုတော်မူပြီး၍ ထိုစကားကို အကျယ်ချဲ့တော်မူလိုသော အဋ္ဌကထာ ဆရာသည်-
- ပဋိသန္ဓေကို ယူရာကာလ၌ ပဋိသန္ဓေဖြစ်၍ ရင့်ကျက်ကုန်၏၊ အသင်္ချေမျှသော အသက်ကာလသည် ဘဝင်ဖြစ်၍ သေရာကာလ၌ စုတိဖြစ်၍ ရင့်ကျက်ကုန်၏။
ဟူ၍ ကာလကိုသာလျှင် မိန့်ဆိုအပ်၏ဟု မှတ်သိပါလေ။

ဤမှ တစ်ပါးသော အခြင်းအရာဖြင့် အနက်ကို ယူခဲ့သော် ကိစ္စတို့ကဲ့သို့ ဌာနတို့ကိုလည်း တစ်ဆယ့် လေးပါး အပြားရှိသည်တို့ကိုသာလျှင် ဆိုသင့် ဆိုထိုက်ကုန်သည် ဖြစ်ကုန်ရာ၏ဟု သိပါလေ။

[အမှာစကားချပ်- ဌာနတို့၏ အကျယ်အပြားကိုကား အထက်၌ နှစ်ပါးကုန်သောပဝတ္တိ သင်္ဂဟ တို့၌ ဆိုအပ်ပြီးသော စိတ်ဖြစ်ခြင်း၏အစီအရင်ကို အစဉ်လျှောက်သဖြင့် သိအပ်၏ဟု မှတ်ပါလေ။]

အကြင့်ကြောင့် သြမကဖြစ်သော ဒွိဟိတ်ကုသိုလ်ကံသည် မိမိသည် သောမနဿနှင့် ယှဉ်သည် ဖြစ်ငြားပါသော်လည်း အလွန်အားနည်းသည်၏အဖြစ်ကြောင့် သောမနဿပဋိသန္ဓေကို ပေးခြင်းငှါ မစွမ်းနိုင်ပေ၊ ထို့ကြောင့် သောမနဿသန္တီရဏသည် ပဋိသန္ဓေဌာနသို့ မရောက်နိုင်၊ ထို့ကြောင့် ‘‘ဒွေ ဥပေက္ခာသဟဂတသန္တိရဏာနိစေဝ’’ ဟူ၍ မိန့်တော်မူ၏။

မှန်လှပေ၏၊ ထို့ကြောင့်သာလျှင် ပဋ္ဌာန်းပါဠိတော်၌- ပီတိ သဟဂတတိက် ပဋိစ္စဝါရဟေတုပစ္စနိက်၌ ထိုသောမနဿ သန္တီရဏကို ပဋိသန္ဓေဌာန၌ ထုတ်၍ ဟောတော်မမူအပ်ဟု သိပါလေ။

မနောဒွါရာဝဇ္ဇန်းသည် ပရိတ္တာရုံ၌လည်းကောင်း အဝိဘူတာရုံ၌ လည်းကောင်း နှစ်ကြိမ် သုံးကြိမ် ဖြစ်ငြားသော်လည်း ဝိပါက်အစဉ်မှ ရအပ်သော အကြောင်းပစ္စည်း ရှိသည်၏အဖြစ်ဖြင့် အားနည်း သည်၏ အဖြစ်ကြောင့် ဇောအဟုန်မှ ကင်းသည်သာလျှင် ဖြစ်၏၊ ထို့ကြောင့် ‘‘အာဝဇ္ဇနဒွယဝဇ္ဇိတာနိ’’ ဟူ၍ မိန့်တော်မူ၏။

၉၉။ ဋီကာကျော် (နှာ- ၁၂ရ)၌ကား-
‘‘အာရုံ၏ အရသာကို ခံစားနိုင်ခြင်း မရှိသောကြောင့်’’ ဟူ၍ အကြောင်းကို မိန့်ဆို၏။

ထိုအကြောင်းသည်လည်း အကြောင်းမဟုတ်ချေ၊ မှန်လှစွာ၏၊ အာရုံအရသာကို ခံစားခြင်းသည် ဇောကိစ္စ ပြီးစီးခြင်း၏လည်းကောင်း ဇောအမည် ရခြင်း၏လည်းကောင်း အကြောင်းမဖြစ်ချေ၊ စင်စစ်သော်ကား ထိုအာရုံအရသာကို ခံစားခြင်းသည် ဇောကိစ္စ ပြီးခြင်း၏ အကျိုးသာလျှင် ဖြစ်၏ဟု မှတ်ပါလေ။

အကြင့်ကြောင့်ကား ဖိုလ်စိတ်သည် အာသေဝနအဖြစ်မှ ကင်းငြားသော်လည်း မဂ်စေတနာ၏ ကြီးသော အာနုဘော်ရှိသည်၏အဖြစ်ကြောင့်လည်းကောင်း ပရိကမ္မဘာဝနာ၏ အစွမ်းအားဖြင့် ဖြစ်သည်၏ အဖြစ်ကြောင့်လည်းကောင်း အာရုံ၌အဟုန်နှင့်တကွသာလျှင် ကျရောက်၏၊ ထို့ကြောင့် ထိုဖိုလ်စိတ်ကို ဇောတို့၌ ယူခြင်းကို ပြုအပ်၏။

၁၀ဝ။ ဋီကာကျော် (နှာ- ၁၂ရ)၌ကား-
မဂ်ဇော- အဘိညာဉ်ဇောတို့၏ တစ်ကြိမ်သာလျှင် ဖြစ်ခြင်းကြောင့် ဇောကိစ္စသည် မပြည့်စုံဟူသော အဓိပ္ပါယ်ဖြင့်-
‘‘တစ်ခုသော စိတ္တက္ခဏသာရှိသော်လည်း လောကုတ္တရာမဂ် အစရှိသည်သည် ထို ဇောသဘော ရှိသည်၏အဖြစ်ကြောင့် ဇောကိစ္စ မည်၏’’
ဟု မိန့်ဆိုတော်မူပြီး၍ သဗ္ဗညုတဉာဏ် ဥပမာဖြင့် ထိုအနက်ကို ထင်စွာပြ၏။ ထိုစကားသည်လည်း မသင့်သည်သာလျှင်တည်း။

ယခုအခါ၌ တူမျှသော ကိစ္စအရေအတွက် ရှိကုန်သော စိတ်တို့ကို ပေါင်းရုံး၍ ပြုခြင်းငှါ ‘‘တေသု ပန’’ အစရှိသော စကားကို မိန့်တော်မူသတည်း။

သင်္ဂဟ ဂါထာ အဖွင့်

ပဋိသန္ဓေ အစရှိသည် မည်ကုန်သော စိတ္တုပ္ပါဒ်တို့သည်- ဟု သမ္ဗန် ပါလေ။

၁၀၁။ ဋီကာကျော် (နှာ- ၁၂ရ)၌ကား-
အမည်ကိစ္စတို့၏ အပြားဖြင့်-
ဟူ၍လည်း ယောဇနာ၏၊ ထိုယောဇနာချက်သည် မကောင်းချေ၊ အဘယ့်ကြောင့်နည်းဟူမူ အမည်အပြားကို အသီးအခြား ဆိုရန်အခွင့် မရှိသည်၏ အဖြစ်ကြောင့်ပေတည်းဟု သိပါလေ။

တစ်ကိစ္စ တစ်ဌာန၊ နှစ်ကိစ္စ နှစ်ဌာန၊ သုံးကိစ္စ သုံးဌာန၊ လေးကိစ္စ လေးဌာန၊ ငါးကိစ္စ ငါးဌာန ဖြစ်ကုန်သော စိတ် တို့ကို အစဉ်အတိုင်း ခြောက်ဆယ့်ရှစ်ပါး အပြားရှိကုန်၏ ဟူ၍လည်းကောင်း၊ ထိုမှတစ်ပါး နှစ်ပါးအပြားရှိကုန်၏ ဟူ၍လည်းကောင်း၊ ကိုးပါးအပြားရှိကုန်၏ ဟူ၍ လည်းကောင်း၊ ရှစ်ပါးအပြားရှိကုန်၏ ဟူ၍လည်းကောင်း၊ နှစ်ပါးအပြား ရှိကုန်၏ ဟူ၍လည်းကောင်း ညွှန်ပြရာ၏ ဟု ယောဇနာပါလေ။

ကိစ္စ သင်္ဂဟ အဖွင့် ပြီးပြီ။

ဒွါရ သင်္ဂဟ အဖွင့်

စက္ခုအစရှိကုန်သော ဒွါရတို့၏ အပြားအားဖြင့် စိတ် စေတသိက်တို့၏ သင်္ဂဟ သည် ဒွါရ သင်္ဂဟ မည်၏။

၁၀၂။ ဋီကာကျော် (နှာ- ၁၂၈)၌ကား-
ဒွါရတို့ကိုလည်းကောင်း၊ ဒွါရ၌ဖြစ်သော စိတ် တို့ကိုလည်းကောင်း ပိုင်းခြားသည်၏ အစွမ်းဖြင့် ပေါင်းရုံး၍ ယူရာယူကြောင်း ဖြစ်သော သင်္ဂဟ သည် ဒွါရ သင်္ဂဟ မည်၏။ ဟူ၍ မိန့်ဆို၏၊ ထိုစကားသည် မကောင်းချေ။

ဤတံခါးဖြင့် နှစ်ယောက်ကုန်သော လူတို့သည် သွားကြကုန်၏၊ ထို့ကြောင့် ဒွါရမည်၏၊ မြို့တွင်း၌နေသော သူတို့သည်လည်းကောင်း၊ မြို့ပြင်၌နေသော သူတို့သည် လည်းကောင်း၊ အကြင်အပေါက်ခရီးဖြင့် ထွက်လည်း ထွက်ကြကုန်၏၊ ဝင်လည်း ဝင်ကြကုန်၏၊ ဤဒွါရဟူ သော အမည်သည် ထိုအပေါက်ခရီး၏ အမည်ပေတည်း။

ဤတံခါး၌ နှစ်ယောက်သော သူတို့သည် သွားကြကုန်၏၊ ထို့ကြောင့် ဒွါရမည်၏ ဟူ၍လည်း ဆိုကြကုန်သေး၏။

ဆိုဖွယ်အထူးကား တံခါးသည်-
၁။ အလင်းတံခါး
၂။ အကြည်တံခါး
ဟူ၍ နှစ်ပါးအပြား ရှိ၏။

ထိုနှစ်ပါးတို့တွင် အလင်းတံခါး မည်သည်ကား အကြင်ဆိုအပ်ခဲ့ပြီးသော အပြားရှိသော အပေါက်တံခါးပေတည်း။

အကြည်တံခါး မည်သည်ကား ကြေးမုံမှန်ပြားဖြင့် ပြီးသော အလင်းတံခါးတည်း၊ ထိုတံခါးကိုကား ဘုန်းရှိသော သူတို့၏ အိမ်တို့၌ ယှဉ်အပ်၏။

ဆက်ဦးအံ့၊ ထိုအိမ်တို့၌ တံခါးနှစ်ခုတို့ ဖြစ်ကုန်သကဲ့သို့ ထို့အတူ သတ္တဝါတို့၏ ကိုယ်၌လည်း တံခါးနှစ်ခုတို့သာလျှင် ဖြစ်ကြကုန်၏၊ မှန်လှပေ၏၊ ‘‘ကိုးပေါက်သော ဒွါရသည် ကြီးစွာသော အမာဝကြီး ပေတည်း’’ဟူ၍ အပေါက်တံခါးကို ဟောတော်မူ၏၊ ကိုးသောင်း ကိုးထောင်သော မွေးညင်းပေါက်တို့သည်လည်း အပေါက်တံခါးတို့သည် သာလျှင်တည်း။

ဤအရာ၌ကား မှန်ပြားနှင့်တူသော အကြည်တံခါးကို အလိုရှိအပ်၏၊ မှန်လှပေ၏၊ ထိုအကြည်တံခါး ကိုလည်း အာရမ္မဏိကတရားတို့၏ လည်းကောင်း အာရုံတရားတို့၏လည်းကောင်း ထွက်ရာဝင်ရာ အကြောင်းအရာအားဖြင့် ဒွါရနှင့် တူသည်၏အဖြစ်ကြောင့် ဒွါရဟူ၍ ဆိုအပ်သည်ဟု မှတ်ပါလေ။

ထိုအကြည်ဒွါရသည်ကား-
၁။ ရုပ်အကြည်ဒွါရ
၂။ နာမ်အကြည်ဒွါရ
ဟု နှစ်ပါးအပြား ရှိ၏။

ရုပ်အကြည်သည်လည်း ကံအထူး မဟာဘုတ်အထူးတို့ဖြင့် ပြီးသော ကြည်သည်၏အဖြစ် အထူးအားဖြင့် ငါးပါးအပြား ရှိ၏ဟု ပြတော်မူခြင်းငှါ ‘‘စက္ခုဒွါရံ’’စသော စကားကို မိန့်တော်မူ၏။

ထိုစကား၌ ‘‘စက္ခုပသာဒသည်ပင်လျှင် စက္ခုဒွါရ မည်၏’’ ဟူသည်ကား- အကြင် မျက်စိအကြည်၌ လဝန်းအစရှိကုန်သော ရူပါရုံနိမိတ်တို့သည် တိုက်ခိုက် ထင်လာကြကုန်၏၊ အာဝဇ္ဇန်း စသည်တို့သည် လည်း အကြင် မျက်စိအကြည်၌ ထင်လာကြကုန်သော ထိုရူပါရုံနိမိတ်တို့ကို ယူကြကုန်၏၊ ထို့ကြောင့် ထိုမျက်စိအကြည် သည်ပင်လျှင် ထိုအာရုံ- အာရမ္မဏိက တရားနှစ်ပါးတို့၏ ဝိသယ- ဝိသယီအဖြစ်သို့ ကပ်ရောက်ခြင်း၏ အကြောင်းအရာ ဖြစ်သည်၏ အဖြစ်ကြောင့် စက္ခုဒွါရ မည်၏၊ ဤသည်ကား အနက်တည်း။

တစ်နည်းကား- အကြင်မျက်စိ အကြည်ဖြင့် ပြင်ပ၌ လဝန်း အစရှိကုန်သော ရူပါရုံတို့သည် အတွင်း၌ အာဝဇ္ဇန်း စသည်တို့၏ အာရုံအဖြစ်သို့ ကပ်ရောက်ကြရကုန်၏၊ အကြင်မျက်စိ အကြည်ဖြင့်လည်း အတွင်း၌ အာဝဇ္ဇန်း စသည်တို့သည် ပြင်ပက ထိုရူပါရုံတို့၏ ဝီသယီအဖြစ်သို့ ကပ်ရောက်ကြ ရကုန်၏၊ ထိုမျက်စိအကြည်သည်ပင်လျှင် အကြင်ဆိုအပ်ခဲ့ပြီးသော အကြောင်းဖြင့် စက္ခုဒွါရ မည်၏၊ ဤသည်ကား အနက်ပေတည်း၊ ကြွင်းသော သောတဒွါရ စသော ပုဒ်တို့၌လည်း ဤနည်းတူ မှတ်ပါလေ။

၁၀၃။ ဋီကာဟောင်း ဋီကာကျော် (နှာ- ၁၂၈)တို့၌ကား-
အာဝဇ္ဇန်း အစရှိကုန်သော နာမ်တရားတို့၏ ဖြစ်ခြင်း၏ အကြောင်း ဖြစ်၍ တံခါးနှင့် တူသည်၏ အဖြစ်ကြောင့် ဒွါရတို့ မည်ကုန်၏။ ဟူ၍ မိန့်ဆို၏၊ ထိုအဆိုသည် မကောင်းချေ။

အဘယ့်ကြောင့်နည်း ဟူမူကား- ရူပါရုံ အစရှိကုန်သော အာရုံတို့၏လည်း ဖြစ်ရာဘဝ ဖြစ်သည်၏ အဖြစ်ကြောင့်တည်း၊ မှန်လှပေ၏၊ ‘‘ဆဗ္ဗိဓာ ဝိသယ ပဝတ္တိယော’’ဟူ၍ ဆိုပေလတ္တံ့။

ဆက်၍ ဆိုပေဦးအံ့၊ ဤနေရာ၌ ဝိသယ ဖြစ်ကုန်သော ရူပါရုံ အစရှိကုန်သော အာရုံတို့၏ ဒွါရတို့၌ ထင်ခြင်းသို့ ရောက်ခြင်းဟု ဆိုအပ်ကုန်သော ဖြစ်ခြင်းတို့ကို ဝိသယပဝတ္တိတို့ ဟူ၍ ဆိုအပ်ကုန်၏၊ ထိုစကား၌ ‘‘စက္ခုမေဝ ဒွါရံ’’ဟူသော ဤပါဌ်ဖြင့် စက္ခုပသာဒ၏ တံခါးပေတည်း၊ စက္ခုပသာဒ၏ တံခါးဟူသော အနက်ကို နစ်စေ၏။

ထို့အတူ ‘‘သောတာဒယော သောတာဒွါရာဒီနိ’’ ဟူသော ပါဌ်ဖြင့် နားအကြည် သည်ပင်လျှင် သောတဒွါရ မည်၏၊ (လ) စိတ်သည်ပင်လျှင် မနောဒွါရ မည်၏။

စိတ်တို့၏ တံခါးပေတည်း၊ ဤသို့သော အနက်ကြောင့် မနောဒွါရ မည်သည်ကား မဟုတ်ချေ၊ ဤသို့သော အနက်ကို ညွှန်ပြတော်မူ၏၊ ထိုစိတ်၏ကား များသော အပြား ရှိသည်၏ အဖြစ်ကြောင့် ဤအရာ၌ အလိုရှိအပ်သော စိတ်ကို ပြတော်မူလို၍ ‘‘မနောဒွါရံ ပန ဘဝင်္ဂန္တိ ပဝုစ္စတိ’’ဟူ၍ မိန့်တော်မူ၏။

၁၀၄။ ဋီကာကျော် (နှာ- ၁၂၈)၌ကား-
အာဝဇ္ဇန်း အစရှိကုန်သော ဝီထိစိတ်တို့၏ ဖြစ်ကြောင်း ဖြစ်သောကြောင့် မနောဒွါရ မည်၏။
ဟူ၍လည်း မိန့်ဆိုအပ်၏၊ ထိုအဆိုသည် မကောင်းချေ၊ အကြောင်းကို ဆိုအပ်ခဲ့ပြီးသည် သာလျှင်တည်း။

ထိုစကား၌ အလုံးစုံသော စိတ်တစ်ခုယုတ်ကိုးဆယ် (၈၉)ပါး အပြား ရှိသည်လည်းဖြစ်သော စိတ်သည် မနောဒွါရ မည်သည်သာလျှင် ဖြစ်၏၊ ဤအရာကား ဥပ္ပတ္တိဒွါရကိုသာလျှင် အလိုရှိအပ်၏၊ ထို့ ကြောင့် ‘‘ဘဝင်္ဂန္တိ ပဝုစ္စတိ’’ဟူ၍ မိန့်တော်မူ၏။

ပဋိသန္ဓေအခါမှ စ၍ အသက်ရှည်သမျှ ကာလပတ်လုံး မြစ်ရေအလျဉ်ကဲ့သို့ ဖြစ်သော တစ်ခုယုတ်နှစ်ဆယ် (၁၉)ပါး အပြားရှိသော ဘဝင်စိတ်ကိုသာလျှင် ဤအရာ၌ မနောဒွါရ ဟူ၍ ဆိုအပ်၏၊ ဤသည်ကား အနက်တည်း။

၁၀၅။ ဋီကာကျော် (နှာ- ၁၂၈)၌ကား-
ရွာတံခါး မည်သည်ကား ရွာ၏ အခြားမဲ့၌သာလျှင် ဖြစ်သကဲ့သို့ ထို့အတူ အာဝဇ္ဇန်းစသော စိတ်တို့၏ ဖြစ်ရာအဝ ဟူသော အနက်ကြောင့် ဒွါရ မည်သည်၊ အာဝဇ္ဇန်း၏ အခြားမဲ့၌ ဖြစ်သော ဘဝင်သည် သာလျှင် ဖြစ်ရာ၏၊ ထိုအာဝဇ္ဇန်း၏ အခြားမဲ့၌ ဖြစ်သောဘဝင်မှ ရှေ့၌ဖြစ်ကုန်သော ဘဝင်တို့သည် မဖြစ်ကုန်ရာ ဟူသော အဓိပ္ပါယ်အားဖြင့်-
‘‘ဘဝင် ဟူသည်ကား- အာဝဇ္ဇန်း၏ အခြားမဲ့၌ဖြစ်သော ဘဝင်္ဂုပစ္ဆေဒဖြစ်သော ဘဝင်ပေတည်း’’
ဟူသော စကားကို မိန့်ဆို၏၊ ထိုစကားကို မယူအပ် မယူသင့်ချေ။

အပြစ်ကို ပြဆိုဦးအံ့၊ ယင်းသို့ ဖြစ်သည်ရှိသော် အကြင် စက္ခုပသာဒ အစရှိသည်တို့၌ ရူပါရုံ စသည်တို့သည် ထင်ခြင်းသို့ မရောက်ကြကုန်သေး၊ ထိုစက္ခုပသာဒ စသည်တို့သည်လည်း အာဝဇ္ဇန်း အစရှိကုန်သော ဝီထိစိတ် တို့ ဖြစ်ခြင်း၏ အကြောင်းတို့သည်သာလျှင် မဖြစ်နိုင်ကုန်၊ ထို့ကြောင့် ဒွါရမည်ကုန်သည် မဖြစ်နိုင်ကြရာ၊ ထိုသို့သော အခြင်းအရာအားဖြင့် ဆိုခြင်းငှါ တတ်လည်း မတတ်ကောင်းပေ။

အဘယ့်ကြောင့်နည်းဟူမူ- ပါဠိတော်၌ပင်လျှင် ထိုစက္ခုပသာဒ စသည်တို့၏ ဒွါရရုပ်အဖြစ်ကို ဟောတော်မူသည်၏ အဖြစ်ကြောင့် ပေတည်း၊ ဤသင်္ဂြိုဟ်ကျမ်း၌လည်း ‘‘ပသာဒဝိညတ္တိ သင်္ခါတံ သတ္တဝိဓမ္ပိ ဒွါရရူပံနာမ’’ ဟူ၍ ဆိုလတ္တံ့၊ ထို့ကြောင့်ပေတည်း။

၁၀၆။ ထိုဋီကာကျော် (နှာ- ၁၂၈)၌-
အာဝဇ္ဇန်း၏ အခြားမဲ့၌ဖြစ်သော (အာဝဇ္ဇန်းရှိသော) ဘဝင်ကိုကား မနောဒွါရဟု ဆိုအပ်၏။
ဟူသော သာဓကစကားကို ထုတ်ဆောင်အပ်၏၊ ထိုသာဓကစကားသည်လည်း ဤနေရာ၌ မသင့်သည်သာလျှင်တည်း၊ မှန်လှပေ၏၊ ထိုစကားသည် အာဝဇ္ဇန်းကိုလည်း မနောဒွါရ အဖို့ရှိသည်ကို ပြု၍ ပြတော်မူ၏။

အကြင် သံယုတ်ပါဠိတော်၌ကား-
- စက္ခုပသာဒကိုလည်းကောင်း အဆင်းအမျိုးမျိုး ဟူသော ရူပါရုံကိုလည်းကောင်း အစွဲပြု၍ စက္ခုဝိညာဏ်သည် ဖြစ်ပေါ်လာ၏။
- သောတပသာဒကိုလည်းကောင်း (လ) ၏။
- ဘဝင်စိတ်ကိုလည်းကောင်း ပညတ် ပရမတ်အစုံ ဓမ္မာရုံတရား တို့ကိုလည်းကောင်း အစွဲပြု၍ မနောဝိညာဏ်သည် ဖြစ်ပေါ်လာ၏။
ဟူ၍ ဟောတော်မူ၏၊ ထိုပါဠိတော်၌သာလျှင် ထိုစကားသည် သင့်မြတ်၏။

ချဲ့၍ ဆိုဦးအံ့၊ ထိုပါဠိတော်၌ စက္ခုဝိညာဏ်ဖြစ်ခြင်း၏ လေးပါးသော အကြောင်းတို့၌ စက္ခု၀တ္ထု ရူပါရုံတို့ကိုသာလျှင် သရုပ်အားဖြင့် ဟောတော်မူအပ်ကုန်၏၊ ထို့ကြောင့် ဤမှ တစ်ပါးကုန်သော အာဝဇ္ဇန်းကိုလည်းကောင်း သမ္ပယုတ္တခန္ဓာကိုလည်းကောင်း ဤနှစ်ပါးသော အကြောင်းတို့ကို ‘စ’သဒ္ဒါဖြင့် ယူအပ်ကုန်၏၊ သောတဝိညာဏ် စသည် တို့၌လည်း ဤနည်းအတူပေတည်း။

မနောဝိညာဏ်၌ကား- ‘မနဉ္စ’ဟူသော ပါဌ်၌ ဘဝင်စိတ်နှင့်တကွ အာဝဇ္ဇန်းကို ယူ၍ စ-သဒ္ဒါဖြင့် သမ္ပယုတ္တခန္ဓာတို့ကို ယူအပ်ကုန်၏၊ အကျိုးကို ဆိုဦးအံ့၊ ဤသို့ ယူသည်ရှိသော် လေးပါးသော အကြောင်းတို့သည် ဖြစ်ကြကုန်၏ဟု သိမှတ်အပ်ပေသည်။

မှန်လှပေ၏။ ဓာတုဝိဘင်း အဋ္ဌကထာ၌-
- အစွဲပြု၍ မည်သည်ကား လာရာဌာန၌ အာဝဇ္ဇန်းကို အသီးအခြား မယူအပ်ပေ၊ အာဝဇ္ဇန်းကို ဘဝင်ကိုမှီ၍ ဖြစ်သည်ကိုသာလျှင် ယူအပ်၏ (ဤသို့ မဟာဓမ္မရက္ခိတမထေရ် မိန့်ဆိုခဲ့၏)၊ ထို့ကြောင့် ဤအရာ၌ မန-ဟူသည်ကား အာဝဇ္ဇန်းနှင့် တကွသော ဘဝင်စိတ်ပေတည်း။
- မနောဝိညာဏ် ဟူသည်ကား- ဇောဖြစ်သော မနောဝိညာဏ် တည်း။ ဟူ၍မိန့်တော်မူ ။

ဆက်၍ ဆိုပေဦးအံ့၊ ဤအဋ္ဌကထာစကား၌ ‘‘အစွဲပြု၍ လာရာဌာန၌’’ဟူသော ဤစကားဖြင့် တစ်ပါးသော ‘‘အစွဲပြု၍’’ဟူ၍ မလာရာ၌ကား အာဝဇ္ဇန်းကို ဒွါရအဖို့ရှိသည်ကို မပြုအပ်ဟူသော အဓိပ္ပါယ်သည် ပြီး၏၊ ဆက်ဆိုဦးအံ့၊ ‘‘အစွဲပြု၍’’ဟူ၍ လာသည်၏ အဖြစ်ကြောင့်သာလျှင် ဘဝင်ကိုလည်း အာဝဇ္ဇန်း၏ အခြားမဲ့၌ ဘဝင်နှစ်ခုအပေါင်း ကိုသာလျှင် ဤပါဠိတော်၌ ယူအပ်၏၊ အဘယ့်ကြောင့်နည်းဟူမူ- အနီး၌ တည်ရှိသော အကြောင်းတို့ကိုသာလျှင် ထို‘အစွဲပြု၍’ဟု လာရာ၌ အလိုရှိအပ်သည်၏ အဖြစ်ကြောင့်ပေတည်းဟု သိပါလေ။

ဤနေရာ၌ကား ဒွါရဖြစ်ခြင်းငှါထိုက်သော အလုံးစုံသော ဥပ္ပတ္တိဓမ္မကို သိမ်းကျုံးအပ်သည်၏ အဖြစ် ကြောင့် အလုံးစုံသော ဘဝင်ကို အလိုရှိအပ်၏၊ မှန်လှပေ၏၊ အကြင်ဘဝင်သည် မနောဒွါရဖြစ်ခြင်းငှါ ထိုက်သည် မဖြစ်ရာ၊ တစ်ပါးသော ထိုဘဝင်မည်သည် မရှိဟု ဤအရာ၌ ဆုံးဖြတ်အပ်၏ဟု မှတ်ပါလေ။

- တတ္ထ ဟူသည်ကား- နိဒ္ဓါရဏအနက်၌ ဖြစ်သော သတ္တမီ၏ ကိုယ်စား ‘ထ’ပစ္စည်းပေတည်း၊ ထိုခြောက်ပါးကုန်သော ဒွါရတို့တွင် စက္ခုဒွါရ၌-ဟု အနက် သမ္ဗန် ပါလေ။
- ယထာရဟံ ဟူသည်ကား- အာရုံ ဘုံ ပုဂ္ဂိုလ် မနသိကာရ စသည်တို့အား လျော်လျောက်ပတ် သည်၏ အစွမ်းအားဖြင့်၊
- သဗ္ဗထာပိ ဟူသည်ကား- အသီးအသီး လေးဆယ့်ခြောက်ပါး အပြားဟု ဆိုအပ်သော ခပ်သိမ်းသော အပြားအားဖြင့်လည်း။
- မယူအပ်သေးသည်ကို ယူသည်၏ အစွမ်းအားဖြင့် ငါးဆယ့်လေးပါးတို့ ဖြစ်ကုန်၏ဟု အနက် သမ္ဗန်ပါလေ။

တစ်နည်းကို ဆိုဦးအံ့၊ သဗ္ဗထာပိ ဟူသည်ကား- အာဝဇ္ဇန်း အစ တဒါရုံအဆုံး ရှိသည်၏ အစွမ်းဖြင့် တစ်ပါးမက များသော ကိစ္စအပြားနှင့်ယှဉ်သော ခပ်သိမ်းသော အပြားအားဖြင့်လည်း ကာမာဝစရ တို့သည် သာလျှင် ဖြစ်ကုန်သော-ဟု အနက် သမ္ဗန်ပါလေ။

အာဝဇ္ဇန်း အစရှိကုန်သော အကြင်ကိစ္စတို့သည် ဒွါရ၏ ဖောက်ပြန်ခြင်းကို စွဲ၍ ဖြစ်ကြကုန်၏၊ ထိုဒွါရဖောက်ပြန်ခြင်းကို စွဲ၍ဖြစ်သော ကိစ္စရှိကုန်သော စိတ်တို့သည်သာလျှင် ဒွါရ၌ယှဉ်ကုန်၏၊ ဤသို့သော အနက်ကြောင့် ဒွါရိကတို့ မည်ကုန်၏။

ပဋိသန္ဓေ ဘဝင် စုတိကိစ္စတို့သည်ကား ဒွါရဖောက်ပြန်ခြင်းနှင့် ကင်း၍ သက်သက်သော ကံအစွမ်း ဖြင့်သာလျှင် ပြီးကုန်၏၊ ထို့ကြောင့် ထိုပဋိသန္ဓေကိစ္စ ဘဝင်ကိစ္စ စုတိကိစ္စ ရှိကုန်သော စိတ် တို့သည် ဒွါရိကတို့ မမည်ကြကုန်၊ ထို့ကြောင့် ‘‘ဧကူန (လ) ဒွါရဝိမုတ္တာနိ’’ဟူ၍ မိန့်တော်မူအပ်၏။

ဆက်၍ ဆိုဦးအံ့၊ ဤနေရာ၌ ‘‘ဒွါရဖောက်ပြန်ခြင်း’’ မည်သည်ကို မိမိ၌ အာရုံတို့၏ ထင်ခြင်းသို့ ရောက်သည်၏ အစွမ်းအားဖြင့် ဘဝင်၏ လှုပ်ခြင်းကိုလည်းကောင်း စက္ခုစသည်တို့၏ မိမိ၌ ဝိညာဏ်ကို ဖြစ်စေတတ်သော အစွမ်းသတ္တိအထူးနှင့် ယှဉ်ခြင်းကိုလည်းကောင်း မှတ်အပ်၏။

၁၀ရ။ ဋီကာကျော် (နှာ- ၁၂၈)၌ကား-
စက္ခုစသော ဒွါရတို့၌ မဖြစ်ခြင်းကြောင့်လည်းကောင်း မနောဒွါရဟု ဆိုအပ်သော ဘဝင်မှ အာရုံတစ်ပါးကို ယူသည်၏ အစွမ်းအားဖြင့် မဖြစ်ခြင်းကြောင့်လည်းကောင်း ဒွါရမှ လွတ်ကုန်၏။
ဟူ၍ မိန့်ဆို၏၊ ထိုစကားသည် သင်္ဂဟအဋ္ဌကထာနှင့် တကွလည်း မညီညွတ်ပေ။

မှန်လှစွာ၏။
- ပဋိသန္ဓေကိစ္စ ဘဝင်ကိစ္စ စုတိကိစ္စတို့၏ အစွမ်းအားဖြင့်- ဟူ၍ မိန့်ဆိုအပ်ပေ၏၊ မှန်လှပေ၏၊ ထိုပဋိသန္ဓေကိစ္စ ဘဝင်ကိစ္စ စုတိကိစ္စတို့၏ အစွမ်းအားဖြင့်ဟူသော စကားဖြင့် ကိစ္စကို အဦးပြု သဖြင့်သာလျှင် စိတ်တို့၏ ခြောက်ဒွါရ၌ ဖြစ်သည်၏ အဖြစ်ဖြင့် ခြောက်ဒွါရမှ လွတ်သည်၏ အဖြစ်ကို အရှင်အနုရုဒ္ဓါမထေရ်မြတ်သည် ပြတော်မူအပ်၏။

ထို့ကြောင့်သာလျှင် အောက်၌လည်း-
- ပဉ္စဒွါရာဝဇ္ဇန်း ဒွေပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုန်း သန္တီရဏ ဝုဋ္ဌော ဇော တဒါရုံတို့၏ အစွမ်းအားဖြင့်-
ဤသို့ စသည်ဖြင့် ကိစ္စကို အဦးပြုသဖြင့်သာလျှင် စိတ်တို့၏ စက္ခုဒွါရိက စသော အဖြစ်ကို မိန့်ဆိုတော်မူ၏ဟု မှတ်ပါလေ။

‘‘စက္ခုစသော ဒွါရတို့၌ မဖြစ်ခြင်းကြောင့်’’ဟူသော ဤစကားဖြင့် ဤနက်ကိုသာလျှင် ဆိုအပ်သည် မဟုတ်ပေလောဟု ဤသို့ ဆိုငြားအံ့၊ မသင့်ပေ၊ အဘယ့်ကြောင့်နည်းဟူမူ- လိုရင်းအနက်မှလည်း ကင်းသော လျဉ်းပါးဖွယ်ကိုလည်း မနစ်စေတတ်သော သံဝဏ္ထနာဝါကျ၏ အကျိုးမရှိသည်၏ အဖြစ်ကြောင့်တည်းဟု မှတ်ပါလေ။

သန္တီရဏ တဒါရုံ ကိစ္စတို့၏ အစွမ်းအားဖြင့် ခြောက်ဒွါရ၌လည်း ဖြစ်ကုန်၏၊ ပဋိသန္ဓေ အစရှိသော ကိစ္စတို့၏ အစွမ်းအားဖြင့် ခြောက်ဒွါရမှလည်း လွတ်ကုန်၏၊ ဤကား အဓိပ္ပါယ်တည်း။

သင်္ဂဟ ဂါထာ အဖွင့်

ငါးဒွါရ၌လည်း ဖြစ်ကုန်၏၊ ခြောက်ဒွါရ၌လည်း ဖြစ်ကုန်၏။ ထို့ကြောင့် ပဉ္စဆဒွါရိကာနိ-တို့ မည်ကုန်၏။ တစ်ရံတစ်ခါ ခြောက်ဒွါရ၌လည်း ဖြစ်ကုန်၏၊ ထိုခြောက်ဒွါရ၌ ဖြစ်ကုန်၏ဟူသည် တစ်ရံတစ်ခါ ခြောက်ဒွါရမှ လွတ်ကုန်သည်လည်း ဖြစ်ကုန်၏၊ ထို့ကြောင့် ဆဒွါရိကဝိမုတ္တာနိ-တို့ မည်ကုန်၏။

ဆက်၍ ဆိုဦးအံ့၊ ဤနေရာ၌ ဒွါရ-သဒ္ဒါကို လိုက်သည်၏ အစွမ်းအားဖြင့် ယှဉ်စပ်အပ်၏။

၁၀၈။ ဋီကာကျော် (နှာ- ၁၂၉)၌ကား-
ခြောက်ဒွါရ၌ဖြစ်သော စိတ်တို့လည်းကောင်း ခြောက်ဒွါရမှ လွတ်သော စိတ်တို့လည်းကောင်း၊
ဟူ၍လည်း မိန့်ဆို၏၊ ထိုစကားသည် မကောင်းချေ။

အဘယ့်ကြောင့်နည်းဟူမူကား- အောက်စုဏ္ထိယဝါကျ၌ ထိုအခြင်းအရာဖြင့် မကြားအပ်သည်၏ အဖြစ်ကြောင့်ပေတည်းဟု မှတ်ပါလေ။

တစ်ဒွါရ၌ဖြစ်သော စိတ်ကိုလည်းကောင်း (လ)ခပ်သိမ်းသော အခြင်းအရာအားဖြင့် ခြောက်ဒွါရမှ လွတ်သော စိတ်တို့ကိုလည်းကောင်း အစဉ်အတိုင်း သုံးဆယ့်ခြောက်ပါး အပြားရှိကုန်၏ ဟူ၍ လည်းကောင်း (လ) ကိုးပါးအပြားရှိကုန်၏ ဟူ၍လည်းကောင်း ဤသို့ ငါးပါးအပြားအားဖြင့် ပြရာ၏၊ ဤကား ယောဇနာခြင်းတည်း။

ဒွါရသင်္ဂဟအဖွင့် ပြီးပြီ။

အာရမ္မဏသင်္ဂဟအဖွင့်

ရူပါရုံ အစရှိကုန်သော အာရုံတို့၏ အပြားအားဖြင့် စိတ် စေတသိက်တို့၏ သင်္ဂဟသည် အာရမ္မဏသင်္ဂဟ မည်၏။

၁၀၉။ ဋီကာဟောင်း ဋီကာကျော် (နှာ- ၁၂၉)၌ကား-
အာရုံတို့ကို သရုပ်အားဖြင့်လည်းကောင်း ဝေဖန်သောအားဖြင့် လည်းကောင်း ထိုအာရုံကို အာရုံ ပြုသော စိတ်အားဖြင့်လည်းကောင်း သိမ်းရုံး ပေါင်းကျုံး၍ ယူရာယူကြောင်း ဖြစ်သော သင်္ဂဟသည် အာရမ္မဏသင်္ဂဟ မည်၏။ ဟူ၍ မိန့်ဆို၏၊ ထိုစကားသည် မကောင်းချေ။

မှန်လှပေ၏၊ ဤသင်္ဂဟသည် စိတ် စေတသိက်တို့၏သာလျှင် သင်္ဂဟပေတည်း၊ အာရုံတို့၏ သင်္ဂဟကား မဟုတ်ချေဟု သိပါလေ၊ ရူပါရုံစသည်တို့၏ ဝစနတ္ထသည် အထက် ရူပသင်္ဂဟ၌ ထင်ရှားစွာ လာပေလတ္တံ့။

အားနည်းသော ယောက်ျားသည် တောင်ဝှေးစသည်ကို လှမ်းယူ ဆွဲကိုင်အပ်သကဲ့သို့ စိတ် စေတသိက်တရားတို့သည် လှမ်းယူဆွဲကိုင်အပ်၏၊ မလွတ်နိုင်ကုန်သည် ဖြစ်၍ ယူအပ်၏၊ ထို့ကြောင့် အာလမ္ဗဏ = အာရုံမည်၏၊ အာရမ္မဏ သဒ္ဒါရှိခဲ့သော်ကား ဤအာရုံ၌ စိတ် စေတသိက်တို့သည် လာ၍ မွေ့လျော်ကြကုန်သောကြောင့် အာရမ္မဏ = အာရုံ မည်၏။

၁၁၀။ ဋီကာကျော် (နှာ- ၁၂၉)၌-
အားနည်းသော ယောက်ျားသည် တောင်ဝှေး စသည်ကို ဆွဲကိုင်သကဲ့သို့ စိတ် စေတသိက်တို့သည် ဆွဲကိုင် အပ်သောကြောင့်၊ တစ်နည်းကား- ထိုစိတ် စေတသိက်တို့သည် လာ၍ ဤအာရုံ၌ မွေ့လျော်ကြကုန်သောကြောင့် အာလမ္ဗဏ = အာရုံ မည်၏။ ဟု မိန့်ဆို၏၊ ထိုစကားသည် မကောင်းချေ။

မှန်လှစွာ၏၊ ထိုပုဒ်တို့သည် အသီးအသီး ပြီးကုန်သော ပုဒ်တို့သာလျှင်တည်းဟု မှတ်သိပါလေ။

- ဝဏ္ထာယတန ခေါ်သော အဆင်းဓာတ်သည်ပင်လျှင် ရူပါရုံ မည်၏。

- အာရုံငါးပါးမှ လွတ်သော အလုံးစုံသော ထင်ရှားရှိသည်လည်း ဖြစ်သော ထင်ရှားမရှိသည်လည်း ဖြစ်သော ဟုတ်မှန်သည်လည်း ဖြစ်သော မဟုတ်မမှန်သည်လည်း ဖြစ်သော တရား သဘောသည် ဓမ္မာရုံသည်သာလျှင်တည်း။

ထိုဓမ္မာရုံသည်ကား- သဘောတူ ကောဋ္ဌာသ အားဖြင့် အကျဉ်းပေါင်းယူအပ်သည်ရှိသော် ခြောက်မျိုး အပြားရှိသောကြောင့် ‘‘ဓမ္မာရမ္မဏံ ပန (လ) ဆဓာ သင်္ဂယှတိ’’ဟူ မိန့်တော်မူ၏။

- တတ္ထ ဟူသည်ကား- ခြောက်ပါးကုန်သော ထိုရူပါရုံ စသည်တို့တွင်-

စက္ခုဒွါရ၌ ထိခိုက်ဆဲဖြစ်သော ရူပါရုံကို အစဉ်လျောက်သဖြင့်သာလျှင် ဖြစ်ကုန်သော စက္ခုဒွါရ၌ ဖြစ်ကုန်သော စိတ်တို့သည် တစ်ပါးကုန်သော အာရုံတို့ကို အာရုံပြုခြင်းငှါ မရအပ်ကုန်၊ ရူပါရုံတို့ကို လည်း ထိခိုက်ခြင်းမှ ကင်းကုန်သော အတိတ် အနာဂတ်တို့ကို အာရုံပြုခြင်းငှါ မရအပ်ကုန်၊ ထို့ကြောင့် ‘‘စက္ခုဒွါရိကစိတ္တာနံ သဗ္ဗေသမ္ပိ ရူပမေဝ အာရမ္မဏံ၊ တဉ္စ ပစ္စုပ္ပန္နံ’’ ဟူ၍ မိန့်တော်မူ၏။

သောတဒွါရိက- အစရှိသည်တို့၌လည်း ဤနည်းအတိုင်းသာလျှင်တည်း၊ ထိုစကား၌-

- ထိုထိုအကြောင်းကို စွဲ၍ ဖြစ်ခြင်းသည် ပစ္စုပ္ပန်မည်၏၊ ရောက်ဆဲ ဖြစ်ဆဲတည်း။ ဤသည်ကား အနက်တည်း。

- ဆဗ္ဗိဓမ္ပိ ဟူသည်ကား- ရူပါရုံ စသည်တို့၏ အစွမ်းဖြင့် ခြောက်ပါးအပြား ရှိပေသည်။

- လွန်သည်၏အဖြစ်သို့ ရောက်သောကြောင့် အတိတ် မည်၏。

- ရောက်ဆဲ ရောက်ပြီး ဖြစ်သောကြောင့် အာဂတ မည်၏၊ ပစ္စုပ္ပန်ကိုလည်းကောင်း အတိတ်ကို လည်းကောင်း ရအပ်၏၊ ရောက်ဆဲ ရောက်ပြီး မဟုတ်သောကြောင့် အနာဂတ် မည်၏။

ဥပါဒ်ခြင်း သဘောရှိကုန်သော သင်္ခတတရားတို့သည်သာလျှင် သုံးပါးကုန်သော ကာလတို့၌ အစဉ်အတိုင်း ကျတတ်ကုန်၏၊ ထို့ကြောင့် ဥပါဒ်ခြင်းမှ ကင်းကုန်သော အသင်္ခတ ဖြစ်ကုန်သည့် နိဗ္ဗာန် ပညတ်တို့သည် ကာလဝိမုတ္တိ မည်ကုန်၏ဟု သိပါလေ။

၁၁၁။ ဋီကာကျော် (နှာ- ၁၃၀)၌ကား-
ပျက်စီးခြင်း မရှိသောကြောင့်လည်းကောင်း အတိတ်စသော ကာလ၏အစွမ်းဖြင့် မဆိုအပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း နိဗ္ဗာန်သည်လည်းကောင်း ပညတ်သည်လည်းကောင်း ကာလဝိမုတ် မည်၏။
ဟု မိန့်ဆို၏၊ ထိုစကားကို စိစစ် သုံးသပ်အပ်၏။

မှန်လှပေ၏၊ ခပ်သိမ်းကုန်သော သင်္ခတတရားတို့သည် အနာဂတ် အဖြစ် ရှေးရှုကုန်သည်သာလျှင် ဖြစ်ကုန်၏၊ ထို့ကြောင့် ထိုတရားတို့သည် အကြင်အခါ၌ အကြောင်း၏ညီညွတ်ခြင်းကို ရ၍ ‘‘ဖြစ်ကုန်လတ္တံ့’’ ဟု ဆိုသင့် ဆိုထိုက်သော အဖို့၌ တည်ကုန်၏၊ ထိုအခါ၌ အနာဂတ် မည်၏၊ အကြင် အခါ၌ အကြောင်းညီညွတ်ခြင်းကို ရ၍ ဖြစ်ကုန်၏၊ ထိုအခါ၌ ပစ္စုပ္ပန် မည်ကုန်၏၊ အကြင်အခါ၌ ချုပ်ကုန်၏၊ ထိုအခါ၌ အတိတ် မည်ကုန်၏။

ဤသို့ ဥပါဒ်ခြင်း သဘောရှိသော တရားတို့၏သာလျှင် ဥပါဒ်ခြင်းလျှင် အရင်းရှိသော တေကာလိက- အဖြစ်သည် ပြီးစီးတော့၏၊ ဥပါဒ်ခြင်းမှ ကင်းကုန်သော တရားတို့ကား အနာဂတ် အခိုက်အတန့်မျှ လည်း မရှိ၊ ပစ္စုပ္ပန် အခိုက်အတန့် အတိတ် အခိုက်အတန့်သည် အဘယ်မှာ ရှိပါတော့အံ့နည်းဟု သိပါလေ၊ ထို့ကြောင့် နိဗ္ဗာန် ပညတ်တို့၏ ကာလသုံးပါးအပေါင်းမှ လွတ်သည်၏ အဖြစ်သည် ဖြစ်၏ဟု သိမှတ်ပါလေ။

‘‘ဝိနာသာ ဘာဝတော’’ ဟူသော စကားသည်ကား အတိတ်ကာလမှ လွတ်ခြင်း၏သာလျှင် အကြောင်းပေတည်း၊ ထို့ကြောင့် ထိုစကားဖြင့် ထိုနိဗ္ဗာန်-ပညတ်တို့၏ ဤမှတစ်ပါးသော အနာဂတ် ပစ္စုပ္ပန်တို့မှ လွတ်ခြင်းကို မပြီးစေနိုင်ဟု မှတ်ပါလေ။

ထိုက်သင့်သည့် အားလျော်စွာ ဝေဖန်ခြင်းကိုကား ဤအာရမ္မဏ သင်္ဂဟ၌သာလျှင် ‘‘တေသု ပန’’ စသည်ဖြင့် နောက်၌လာလတ္တံ့။

ဒွါရဝိမုတ်စိတ်တို့၏လည်း ခြောက်ပါးအပြား ရှိသည်လည်း ဖြစ်သော အာရုံသည် ဖြစ်၏၊ ဤသည်ကား အဓိပ္ပါယ်နက် ဆက်စပ်ခြင်းပေတည်း။

အဖို့တစ်ပါးကို ဆိုပေဦးအံ့၊ အာဝဇ္ဇန်း အစရှိကုန်သော ခြောက် ဒွါရ၌ ဖြစ်ကုန်သော စိတ်တို့၏ အာရုံသည် ဘဝတစ်ပါး၌လည်းကောင်း ဤဘဝ၌လည်းကောင်း ရှေးအဖို့၌ တစ်စုံတစ်ခုသော ဒွါရဖြင့် ယူအပ်ပြီးသည်လည်းကောင်း မယူအပ်ပြီးသည်လည်းကောင်း ဖြစ်သကဲ့သို့ ထို့အတူ ဤ ဒွါရဝိမုတ်စိတ်တို့၏ အာရုံသည် မဖြစ်ဟု ပြခြင်းငှါ ‘‘ဘဝန္တရေ ဆဒွါရဂ္ဂဟိတံ’’ဟူ၍ မိန့်တော်မူ၏၊ မှန်လှစွာ၏၊ ဘဝအထူးကို တောင့်တ၍ ကံကိုပြု၍ ထိုဘဝ၌ ဖြစ်ကုန်သော သူတို့၏ အာရုံသည် ဘဝတစ်ပါး၌လည်း တစ်စုံတစ်ခုသော ဒွါရဖြင့် ယူအပ်ပြီးသည်သာလျှင်တည်းဟု သိပါလေ။

၁၁၂။ ဋီကာကျော် (နှာ- ၁၃၀)၌ကား-
ထိုပဋိသန္ဓေ ဘဝင် စုတိစိတ်တို့၏ ထိုအာရုံသည် ပဉ္စဒွါရာဝဇ္ဇန်းစိတ်၏ တစ်စုံတစ်ခုသော စိတ်သည် မယူအပ်သေးသည် သာလျှင်ဖြစ်သော အာရုံသည် အာရုံ၏အဖြစ်သို့ ရောက်သကဲ့သို့ တစ်စုံတစ်ခု သော စိတ်သည် မယူအပ်သေးသည်သာလျှင် ဖြစ်သော အာရုံသည် အာရုံ၏အဖြစ်သို့ မရောက်ချေဟု ပြခြင်းငှါ ‘‘ဆဒွါရဂ္ဂဟိတံ’’ဟု မိန့်ဆိုအပ်၏။ ဟူ၍ ဆို၏၊ ထိုအဆိုသည် မကောင်းချေ။

မှန်လှပေ၏၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ်၏လည်း အာရုံသည် ရှေး၌ တစ်စုံ တစ်ခုသော ဒွါရတစ်ပါးဖြင့် ယူအပ်ပြီးသည်လည်းကောင်း မယူအပ် ပြီးသည်လည်းကောင်း ဖြစ်သည်သာလျှင်တည်း။

ထိုစကားကို ချဲ့၍ ဆိုပေဦးအံ့၊ ဤမည်သော ၀တ္ထုကို ရလတ္တံ့၊ စားရလတ္တံ့၊ မြင်ရလတ္တံ့-ဟူ၍ ရှေး၌ ယူအပ်ပြီးသော အာရုံသည် နောက်၌ အာဝဇ္ဇန်း၏အာရုံ မဖြစ်နိုင်သည်ကား မဟုတ်ချေ၊ ဖြစ်သည် သာလျှင်တည်းဟု သိပါလေ။

ဆက်၍ ဆိုဦးအံ့၊ တစ်ခုသော အာဝဇ္ဇန်းရှိသော ဝီထိ၌ ရှေးက တစ်စုံတစ်ခုသော စိတ်ဖြင့် မယူအပ်သည်၏ အဖြစ်သည် ဤအရာ၌ ပမာဏမဟုတ်ဟု မှတ်ပါလေ၊ ပဉ္စဒွါရ၌ဖြစ်သော စိတ်တို့၏ အာရုံသည် စင်စစ် ပစ္စုပ္ပန်သာလျှင် ဖြစ်သကဲ့သို့လည်းကောင်း မနောဒွါရ၌ ဖြစ်ကုန်သော စိတ်တို့၏အာရုံသည် ကာလသုံးပါး ရှိသည်လည်းကောင်း ကာလဝိမုတ် သာမညသည်လည်းကောင်း ဖြစ်သကဲ့သို့လည်းကောင်း ထို့အတူ ဤဒွါရဝိမုတ်စိတ်တို့၏ အာရုံသည် မဖြစ်ဟု ပြတော်မူခြင်းငှါ- ‘‘ပစ္စုပ္ပန္နမတီတံ ပညတ္တိဘူတံ ဝါ’’ဟု မိန့်ဆိုတော်မူ၏။

ဆက်၍ ဆိုဦးအံ့၊ ခြောက်ဒွါရ၌ ဖြစ်ကုန်သော စိတ်တို့အာရုံသည် ရောက်ကြောင်းအားဖြင့် ပြီးသော ဝေါဟာရနှင့် ယှဉ်သည်လည်းကောင်း ထိုရောက်ကြောင်းအားဖြင့် ပြီးသော ခေါ်ဝေါ်ခြင်းမှ လွတ်သည်လည်းကောင်း ဖြစ်သကဲ့သို့ ထို့အတူ ဤဒွါရဝိမုတ်စိတ်တို့၏ အာရုံသည် ထိုဝေါဟာရမှ လွတ်သည် မဟုတ်ချေဟု ပြခြင်းငှါ ‘‘ကမ္မ ကမ္မနိမိတ္တ ဂတိနိမိတ္တသမ္မတံ’’ဟု မိန့်တော်မူ၏။

၁၁၃။ ဋီကာကျော် (နှာ- ၁၃၀)၌ကား-
သေခါနီးကာလမှ ရှေးအဖို့၌ ဖြစ်ကုန်သော ဆဒွါရိကဇောတို့၏အာရုံသည် ကံ ကမ္မနိမိတ် အစရှိသည်တို့၏ အစွမ်းဖြင့် အကြောင်းကံကြောင့် ပြီးသော ဝေါဟာရမှ လွတ်သကဲ့သို့ ထိုဒွါရဝိမုတ် စိတ်တို့၏ အာရုံသည် ကံ ကမ္မနိမိတ် စသည်တို့၏ အစွမ်းဖြင့် အကြောင်းကံကြောင့် ပြီးသော ဝေါဟာရမှ လွတ်သည် ဖြစ်လည်း မဖြစ်ဟု ပြခြင်းအကျိုးငှါ- ‘‘ကမ္မ ကမ္မနိမိတ္တသမ္မတံ’’ဟု မိန့်ဆိုတော်မူ၏။
ဟု မိန့်ဆိုတော်မူ၏၊ ထိုအဆိုသည်လည်း မကောင်းချေ။

မှန်လှစွာ၏၊ မရဏာသန္နမှ ရှေးအဖို့၌လည်း သတ္တဝါတို့သည် မိမိသည် ပြုအပ်ပြီးသော ကံကို လည်းကောင်း စေတီ အစရှိကုန်သော ကံ အဆောက်အအုံတို့ကို လည်းကောင်း အာရုံပြုကြ ကုန်သည်သာလျှင်တည်း။

မှန်လှစွာ၏၊ ထိုအခါ၌ ကံသည် ကံသည်သာလျှင်တည်း။ ကံ၏ အဆောက်အအုံတို့သည်လည်း ကမ္မနိမိတ်တို့သာလျှင်တည်း၊ ကံပြီးခြင်း၏အကြောင်းသည် ကမ္မနိမိတ် မည်သောကြောင့် ကမ္မနိမိတ် တို့သာလျှင်တည်း၊ ကံ၏နိမိတ် အာရုံသည်လည်း ကမ္မနိမိတ် မည်၏ဟုလည်း ဆိုကြကုန်၏။

ဆက်၍ ဆိုဦးအံ့၊ အဇာတသတ်မင်းကဲ့သို့ အိပ်မက်မြင်ခြင်း အစရှိသည်၏ အစွမ်းအားဖြင့် ဂတိနိမိတ်တို့ကိုလည်း အာရုံပြုကုန်သည်သာလျှင်တည်း၊ မှန်လှပေ၏၊ အဇာတသတ်မင်းကြီးသည် နှစ်ဘဝတို့၌ အဖကို သတ်ခဲ့ဖူး၏၊ သတ်သောအခါမှ စ၍လည်း ထိုအဇာတသတ် မင်းကြီးသည် အိပ်ပျော်သည်ရှိသော် ဂတိနိမိတ်တို့သည် ထင်လာကြ ကုန်၏ဟု မှတ်အပ်၏။

ထိုစကား၌-

- ယထာ သမ္ဘဝံ ဟူသည်ကား - ထိုထို ပဋိသန္ဓေ အစရှိသော စိတ်တို့၏ ခြောက်ဒွါရဖြင့် ယူအပ် သည်၏ အဖြစ် အစရှိသည်တို့၏ အစွမ်းအားဖြင့် ဖြစ်သော အာရုံအား လျော်သည်၏အစွမ်းအားဖြင့်၊ ယထာ သမ္ဘဝ - ကို ဝေဖန်ခြင်းသည်ကား အထက် မရဏုပ္ပတ္တိ၌ လာလတ္တံ့။

- ယေဘုယျေန ဟူသည်ကား- များသောအားဖြင့်။

- ဘဝန္တရေ ဟူသည်ကား- အတီတာနန္တရဘဝ၌၊ ထိုအတီတာ နန္တရဘဝ၌လည်း သေခါနီးဖြစ်သော ကာလ၌။

- ဆဒွါရဂ္ဂဟိတံ ဟူသည်ကား ခြောက်ပါးကုန်သော ဒွါရ တို့ဖြင့် မရဏာသန္နဇောတို့သည် ယူအပ်၏။

ဆက်၍ ဆိုဦးအံ့၊ ဤနေရာ၌ ‘ယေဘုယျေန’ဟူသော ဤပါဌ်ဖြင့် ‘ဘဝန္တရေ ဆဒွါရဂ္ဂဟိတံ’ ဟူသော ဤအစီအရင်၏ အနေကံ၏အဖြစ်ကို အထူးပြု၏၊ အဘယ့်ကြောင့်နည်းဟူမူ- မယူအပ်သေးသော အာရုံ၏လည်း ဖြစ်သင့်သည်၏ အဖြစ်ကြောင့်တည်း၊ မှန်လှစွာ၏၊ အသညီ ဘဝမှ စုတေကုန်သော ပုဂ္ဂိုလ်တို့အား ကံ ကမ္မနိမိတ် ဂတိနိမိတ်ဟု သမုတ်အပ်သော ကာမပဋိသန္ဓေ ဘဝင် စုတိတို့၏ အကြင်အာရုံသည် ရှိ၏၊ အရူပဘဝမှ စုတေကုန်သော ပုဂ္ဂိုလ်တို့အားလည်း ဂတိနိမိတ်ဟု သမုတ် အပ်သော ကာမပဋိသန္ဓေ ဘဝင် စုတိတို့၏ အကြင်အာရုံသည် ရှိ၏၊ ထိုအာရုံသည် ဘဝတစ်ပါး၌ တစ်စုံတစ်ခုသော ဒွါရဖြင့် မယူအပ်သည်သာလျှင် ဖြစ်၏ဟု မှတ်ပါလေ။

ဆက်၍ ဆိုဦးအံ့၊ ဤနေရာ၌ အကြင်ကြောင့် ပဋ္ဌာန်းပါဠိတော်၌ အရူပဘဝ၌ နှစ်ပါးအပြား ရှိသည်လည်းဖြစ်သော ပုရေဇာတပစ္စည်းကို တားမြစ်အပ်၏၊ အဋ္ဌကထာတို့၌လည်း ထိုအရူပဘုံမှ စုတေကုန်သော ပုဂ္ဂိုလ်တို့အား ကာမပဋိသန္ဓေ၏ ပစ္စုပ္ပန်ဂတိနိမိတ်လျှင် အာရုံရှိသည်၏ အဖြစ်ကို လည်း ဆိုအပ်ကုန်၏၊ ဂတိနိမိတ် မည်သည်ကိုလည်း ရူပါရုံကိုသာလျှင် ပြကြကုန်၏၊ ထို့ကြောင့် ထိုရူပဘုံမှ စုတေကြကုန်သော ပုဂ္ဂိုလ်တို့၏ ကာမပဋိသန္ဓေ၏လည်း ဂတိနိမိတ်ဟု သမုတ်အပ်သော အာရုံသည် ဘဝတစ်ပါး၌ တစ်စုံတစ်ခုသော ဒွါရဖြင့် မယူအပ်သည် သာလျှင် ဖြစ်၏ဟု သိပါလေ။

ဆိုဖွယ်အထူးကား - သေခါနီးကာလ၌ ကံ၏အစွမ်းအားဖြင့် ကံ အစရှိသည်တို့၏ ထင်ခြင်း မည်သည်ကား များသောအားဖြင့် တွေဝေသော သေခြင်းဖြင့် သေကုန်သော သတ္တဝါတို့အားသာလျှင် ဖြစ်၏၊ ဤမှ တစ်ပါးသော မတွေဝေဘဲ သေရသော သတ္တဝါတို့အားကား တစ်ပါးသော သူတို့၏ ပယောဂအစွမ်းအားဖြင့် လည်းကောင်း မိမိသည် ပြကတေ့ အားဖြင့်သာလျှင် ကောင်းစွာ မှီဝဲအပ်ကုန်ပြီးသော အာရုံတို့ကို အဖန်တလဲလဲ အောက်မေ့ခြင်း၏ အစွမ်းအားဖြင့်လည်းကောင်း ဓမ္မိက ဥပါသကာ အစရှိသည်တို့၏ နတ်ပြည်မှလာ၍ ယူကြကုန်သော နတ်တို့၏ အာနုဘော် အားဖြင့်လည်းကောင်း ဖြစ်သည်သာလျှင်တည်း။

ငရဲထိန်းတို့သည်လည်း ငရဲမှလာ၍ ယူကြကုန်သေးသည်သာလျှင်တည်း၊ ဆက်၍ ဆိုဦးအံ့၊ ဤနေရာ၌ ရေဝတီ ဝိမာန၀တ္ထုကို ဆိုအပ်၏၊ မှန်လှပေ၏၊ ထိုရေဝတီကို နှစ်ယောက်ကုန်သော ငရဲထိန်းတို့သည် ဆောင်ယူကြ၍ ရှေးဦးစွာ တာဝတိံသာဘုံသို့ ဆောင်ယူကြကုန်ပြီး၍ နောက်၌ ငရဲသို့ ဆောင်ကြလေကုန်၏၊ မှန်လှပေ၏၊ ထိုဆောင်ယူကုန်သော သူတို့သည် ဘီလူးမျိုး ဖြစ်လေသောကြောင့် ဝေဿဝဏ္ထ နတ်မင်းကြီး၏ ပရိသတ်တို့ကဲ့သို့ တာဝတိံသာဘုံသို့လည်း သွားခြင်းငှါ စွမ်းနိုင်ကြကုန်သည်သာလျှင်တည်း။

မှန်လှပေ၏。

- ‘‘ယမမင်း၏ တမန်ဖြစ်ကုန်သော ဘီလူးနှစ်ယောက်တို့’’ ဟု ပါဠိတော်၌ ဟောတော်မူ၏。

အဋ္ဌကထာ၌-
- ဝေဿဝဏ်နတ်မင်းကြီး၏ တမန်တို့ကို ဤပါဠိတော်၌ ယမမင်း၏ တမန်တို့ဟူ၍ ဆိုအပ်ကုန်၏။ ဟု မိန့်ဆိုကြကုန်၏。

ထို့ကြောင့် အကြင်ပုဂ္ဂိုလ်တို့သည် ကသိုဏ်း အသုဘ အစရှိကုန်သော သမထနိမိတ်တို့ကို ကောင်းစွာထုံစေ၍ ဥပစာရဈာန်၌ တည်ပြီး ထိုသမထနိမိတ်တို့ကိုသာလျှင် ယူပြီး သေကြရကုန်၏၊ ထိုပုဂ္ဂိုလ်တို့အားလည်း ကာမပဋိသန္ဓေ၏ အာရုံသည် ဘဝတစ်ပါး၌ တစ်စုံတစ်ခုသော ဒွါရဖြင့် မယူအပ်သည်သာလျှင် ဖြစ်ရာ၏၊ ဥပစာရဈာန် အစွမ်းဖြင့်သာလျှင် ဗြဟ္မာ့ပြည်မှ ဤကာမဘုံ၌ ဖြစ်ကုန်သော ပုဂ္ဂိုလ်တို့အားလည်း ဤနည်းအတူသာ သိပါလေ။

၁၁၄။ ဋီကာကျော် (နှာ- ၁၃၁)၌-
သက်သက်သော ကံ၏ အစွမ်းဖြင့်သာလျှင် အသညသတ်ဘုံမှ စုတိကြကုန်သော ထိုသတ္တဝါတို့၏ ပဋိသန္ဓေသည် ကမ္မနိမိတ် အစရှိသော အာရုံသည် ထင်၏။
ဟူသော အကြင်စကားကို ဆို၏၊ ထိုစကား၌ ‘‘ကမ္မနိမိတ် အစရှိသော’’ ဟူသော စကား၌ ‘အစရှိသော’ဟူသော စကားဖြင့် ကံကိုလည်း ယူအပ်သည်သာလျှင်တည်း၊ မှန်လှပေ၏၊ ထိုကံကို မယူခြင်း၌ အကြောင်း မရှိဟု မှတ်ပါလေ၊ ခပ်သိမ်းကုန်သော ထိုကံ ကမ္မနိမိတ်တို့သည်ကား သက်သက်သော ပဋိသန္ဓေကို ဖြစ်စေတတ်သော ကံ၏အာနုဘော်အားဖြင့်သာလျှင် ပဋိသန္ဓေအခါ၌ ထင်ကြကုန်၏ဟု သိပါလေ။

အနာဂတ်ဖြစ်သော နိမိတ်သည်ကား ထင်သည်ရှိသော် ဂတိနိမိတ် သည်သာလျှင် ဖြစ်ရာ၏၊ ထို အနာဂတ်ဖြစ်သော ဂတိနိမိတ်၏ အသီးအခြား ထင်ဖွယ်ကိစ္စသည် ရှိလည်းမရှိချေ။

ပစ္စုပ္ပန် ဂတိနိမိတ်သည် ပြီးသည်ရှိသော် ပြီးသည်သာလျှင် ဖြစ်၏၊
ထို့ကြောင့် ‘‘ပစ္စုပ္ပန္နမတီတံ ပညတ္တိဘူတံ ဝါ’’ဟူ၍ မိန့်တော်မူ၏။

၁၁၅။ ဋီကာကျော် (နှာ- ၁၃၂)၌ကား-
အနာဂတ်မည်သည် အတိတ်ကဲ့သို့ ခံစားအပ်ဖူးသည်လည်း မဟုတ်၊ ပစ္စုပ္ပန် ဂတိနိမိတ်ကဲ့သို့ ထင်ခြင်းသို့ ရောက်သည်လည်း မဟုတ်။
ဟု အကြောင်းကို ဆို၏၊ ထိုအဆိုသည် အကြောင်း မဟုတ်ချေ၊ အဘယ့်ကြောင့်နည်းဟူမူ- လျဉ်းပါးဖွယ်ကို မနစ်စေအပ်သည်၏ အဖြစ်ကြောင့်တည်း။

ချဲ့၍ ဆိုဦးအံ့၊ ဂတိနိမိတ် မည်သည်ကား ပစ္စုပ္ပန်သည်လည်း ခံစားဖူးသည် မဟုတ်သည် သာလျှင်တည်း၊ ထိုပစ္စုပ္ပန် ဂတိနိမိတ်သည်လည်း ကံ၏အစွမ်းအားဖြင့်သာလျှင် ထင်ခြင်းသို့ ရောက်၏၊ ဤသို့ ဖြစ်သည်ရှိသော် အနာဂတ် ဂတိနိမိတ်သည်လည်း ကံ၏အစွမ်းအား ဖြင့်သာလျှင် ထင်ခြင်းသို့ ရောက်သည်သာလျှင် ဖြစ်ရာ၏ဟု ဤလျဉ်းပါးခြင်းသည် ပြကတေ့သည်သာလျှင် ဖြစ်၏ဟု သိပါလေ။

- တေသု ဟူသည်ကား- အကြင် အကြင် ဆိုအပ်ကုန်ပြီးသော အာရမ္မဏိကစိတ်တို့၌၊

- ထိုစိတ်တို့အား ရူပါရုံ အစရှိကုန်သော ငါးပါးကုန်သော အာရုံတို့တွင် တစ်ခု တစ်ခုသော အာရုံသည် ရှိ၏ဟု (ရူပါဒိဧကေ ကာရမ္မဏာနိ ပုဒ်ကို) သမာသ်ပြုလေ။

- ထိုစိတ်တို့အား ရူပါရုံ အစရှိကုန်သော ငါးပါးကုန်သော အာရုံတို့သည် ရှိကုန်၏ဟု (ရူပါဒိပဉ္စာရမ္မဏံ ပုဒ်ကို) ဝိဂြိုဟ်ပြုလေ။

- သေသာနိ ဟူသည်ကား- ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုန်းဒွေးမှ ကြွင်းကုန်သော သန္တီရဏ မဟာဝိပါက် တို့သည်၊

- သဗ္ဗထာပိ ကာမာဝစရာရမ္မဏာနေဝ ဟူသည်ကား ပဋိသန္ဓေ အစရှိကုန်သော အထူးထူးသော ကိစ္စတို့ဖြင့် ရူပါရုံ အစရှိကုန်သော အထူးထူးသော အာရုံတို့၌ဖြစ်သော ခပ်သိမ်းသော အပြားအားဖြင့် လည်း ကာမာဝစရအာရုံ ရှိကုန်သည်သာလျှင် ဖြစ်ကုန်၏။

မှန်လှပေ၏၊ ထိုကာမဝိပါက်တို့သည် သဗ္ဗညုဘုရားတို့အား ဖြစ်ကုန်ငြားသော်လည်း အထူးထူး ကြံဖန်နိုင်သော အစွမ်းသတ္တိမှ ကင်းသည်၏ အဖြစ်ကြောင့် ထင်ရှားမရှိသော ပညတ်တရားတို့ကို လည်းကောင်း သိမ်မွေ့ကုန်သော မဟဂ္ဂုတ်တရားတို့ကို လည်းကောင်း နက်နဲကုန်သော လောကုတ္တရာ တရားတို့ကိုလည်းကောင်း အာရုံပြုခြင်းငှါ မစွမ်းနိုင်ကုန်ဟု သိပါလေ။

ထိုစကား၌ ရှေးဦးစွာ သန္တီရဏ သုံးခုအပေါင်းသည် သန္တီရဏကိစ္စ၏ အစွမ်းအားဖြင့် ရူပါရုံစသော ငါးပါးသော အာရုံ၌ဖြစ်၏၊ တဒါရုံ အစရှိသည်တို့၏ အစွမ်းအားဖြင့်ကား အလုံးစုံကုန်သော တစ်ဆယ့် တစ်ပါးသော ဝိပါက်တို့သည် ခြောက်ပါးကုန်သော ကာမအာရုံတို့၌ ဖြစ်ကြကုန်၏ဟု မှတ်ပါလေ။

၁၁၆။ ဋီကာကျော် (နှာ- ၁၃၂)၌ကား-
ဝိပါက်စိတ်တို့သည် ရှေးဦးစွာ သန္တီရဏ အစရှိသည်တို့၏ အစွမ်းဖြင့်-
ဟု မိန့်ဆို၏၊ ထိုစကား၌ ‘‘သန္တီရဏ အစရှိသည်တို့၏ အစွမ်းဖြင့်’’ဟု မဆိုသင့် မဆိုထိုက်ချေ၊ ‘‘သန္တီရဏ၏ အစွမ်းဖြင့်’’ဟူ၍သာလျှင် ဆိုထိုက်၏ဟု မှတ်ပါလေ။

အဖို့တစ်ပါးကို ဆိုဦးအံ့၊ ဤနေရာ၌ စိတ်တို့၏ အာရုံတို့၌ အကြင် ဖြစ်ခြင်းအပြားကို ဆိုသင့် ဆိုထိုက်၏၊ ထိုဖြစ်ခြင်းအပြားကို အဋ္ဌကထာ ကဏ္ဍ၌ ယူအပ်၏။

လောကုတ္တရာတရားတို့သည် အလွန်နက်နဲသည်၏ အဖြစ်ကြောင့် ဉာဏ်၏သာလျှင် အာရုံဖြစ် ကုန်၏၊ ထို့ကြောင့် ‘‘အကုသလာနိစေဝ ဉာဏဝိပ္ပယုတ္တ ကာမာဝစရဇဝနာနိစေတိ လောကုတ္တရဝဇ္ဇိတ သဗ္ဗာ ရမ္မဏာနိ’’ ဟူ၍ မိန့်တော်မူ၏။

ထိုစကား၌ ထိုနှစ်ဆယ်သော စိတ်တို့သည် ရအပ်သော သမာပတ်ရှိသော ပုဂ္ဂိုလ်တို့အားဖြစ်သော ကာလ၌သာလျှင် မဟဂ္ဂုတ်တရားကို အာရုံပြုနိုင်ကုန်၏၊ ထိုစိတ်တို့တွင်လည်း ဒေါသမူစိတ် နှစ်ပါး တို့သည် လျောကျသော ဈာန်တို့ကို အာရုံပြု၍ဖြစ်သော ကာလ၌ မဟဂ္ဂုတ်တရားတို့ကို အာရုံပြု ကုန်၏ဟု မှတ်ပါလေ၊ ဉာဏ်သည်လည်း မရဖူးကုန်သော လောကုတ္တရာ အာရုံတို့ကို အာရုံပြုခြင်းငှါ မစွမ်းနိုင်ကုန်၊ ထို့ကြောင့် ‘‘ဉာဏသမ္ပယုတ္တကာမာဝစရကုသလာနိစေဝ ပဉ္စမဇ္ဈာန သင်္ခါတံ အဘိညာကုသလဉ္စေတိ အရဟတ္တမဂ္ဂဖလဝဇ္ဇိတ သဗ္ဗာ ရမ္မဏာနိ’’ဟု မိန့်တော်မူ၏။

ထိုစကား၌ ဉာဏသမ္ပယုတ် ကာမာဝစရကုသိုလ်တို့သည် ဈာန်မရကုန်သော ပုထုဇဉ်ပုဂ္ဂိုလ်တို့အား ဖြစ်သော ကာလ၌ ပညတ်နှင့်တကွ ကာမာဝစရလျှင် အာရုံရှိကြကုန်၏၊ ထိုဉာဏသမ္ပယုတ် ကုသိုလ်တို့သည်ပင်လျှင် သောတာပတ္တိမဂ်စိတ်မှ ရှေး၌ဖြစ်သော ဂေါတြဘူခဏ၌ ပုထုဇဉ်ပုဂ္ဂိုလ် တို့အား နိဗ္ဗာန်လျှင် အာရုံရှိကြကုန်၏၊ ဈာန်ရကုန်သော ပုထုဇဉ်ပုဂ္ဂိုလ်တို့အား ထိုဉာဏသမ္ပယုတ် ကာမာဝစရ ကုသိုလ်တို့သည် လည်းကောင်း အဘိညာဉ် ကုသိုလ်သည်လည်းကောင်း မဟဂ္ဂုတ် တရားကိုလည်း အာရုံပြုကြကုန်၏၊ အောက်ဖလဋ္ဌာန် ပုဂ္ဂိုလ်သုံးယောက်တို့အား မိမိသည် ရအပ်ပြီးသော မဂ်ဖိုလ်နိဗ္ဗာန်လျှင် အာရုံရှိကုန်၏ဟု သိပါလေကုန်။

ဆက်၍ ဆိုဦးအံ့၊ ဤနေရာ၌ အရိယာပုဂ္ဂိုလ်တို့သည် မိမိရအပ်ပြီးသော မဂ်ဖိုလ်တို့ကိုသာလျှင် အာရုံပြုခြင်းငှါ တတ်နိုင်သကဲ့သို့ ထို့အတူ ဈာန်ရသော ပုဂ္ဂိုလ်တို့သည်လည်း မိမိသည် ရအပ်ပြီး သော ဈာန်တို့ကိုသာလျှင် အာရုံပြုခြင်းငှါ တတ်နိုင်ကုန်၏ဟု သိပါလေ။

ဤအရာ၌ စောဒနာဖွယ်သည် ဖြစ်ရာ၏၊ အကြင်ပုဂ္ဂိုလ်တို့သည်လည်း ဈာန်တို့ကို လိုလား တောင့်တကြကုန်၏၊ ဈာန်ပရိကံကိုလည်း ပြုကြကုန်၏၊ အကြင်ပုဂ္ဂိုလ်တို့သည်လည်း ဈာန်ကို ဟောသော သုတ္တန်ကို ဖွင့်ကြကုန်၏၊ ဈာန်ကို မရကြကုန်သော ထိုပုဂ္ဂိုလ်တို့သည် မဟဂ္ဂုတ်ဈာန် တို့ကို အာရုံပြုခြင်းငှါ စွမ်းနိုင်ကြကုန်သလော မစွမ်းနိုင် ကြကုန်သလော၊ ဤကား စောဒနာ စကားတည်း။

မစွမ်းနိုင်ကြကုန်ဟု ဖြေဆိုပေရာ၏၊ မှန်လှစွာ၏၊ ထိုပုဂ္ဂိုလ်တို့သည် ဈာန်တို့မည်သည် ဤသို့ ကြီးသောအာနုဘော် ရှိကုန်၏၊ ဤသို့ ကြီးသောအာနိသင်ရှိကြကုန်၏ဟု ကြားကုန်၍လည်းကောင်း အကြားအမြင် သင်ကြားထားသော ပရိယတ်အားဖြင့် ပြီးသော အခြင်းအရာကို ကောင်းစွာ မှတ်သိသော ဉာဏ်၌တည်၍လည်းကောင်း အနုမာနအစွမ်းအားဖြင့်သာလျှင် ထိုမဟဂ္ဂုတ်တို့ကို လိုလားတောင့်တ ကြကုန်၏၊ ထို သူတို့သည် ပရိကံကိုလည်း ပြုကြကုန်၏၊ သုတ္တန်ကိုလည်း ဖွင့်ကြကုန်၏ဟု သိပါလေ။

ဤမှ တစ်ပါးသော အခြင်းအရာအားဖြင့် အနက်ကို ယူသည်ရှိသော် ပုထုဇဉ်တို့သည်လည်း လောကုတ္တရာတရားတို့ကို လိုလားတောင့်တ ကြကုန်၏၊ မဂ်၏ ပရိကံကိုလည်း ပြုကြကုန်၏၊ မဂ်စကား ဖိုလ်စကား နိဗ္ဗာန်စကားကိုလည်း ပြောဆိုကြကုန်၏၊ ဖွင့်ဆိုကြကုန်၏၊ ထို့ကြောင့် ထို ပုဂ္ဂိုလ်တို့အားလည်း ထိုလောကုတ္တရာတရားတို့သည် အာရုံ ဖြစ်ကုန်၏ဟု သိပါလေ၊ ထိုပုဂ္ဂိုလ်တို့၏ စိတ်တို့သည်ကား ဈာန်အစရှိသည်၏ ပညတ်တို့ကိုသာလျှင် မှီနိုင်ကြကုန်၏ဟု သိပါလေ။

မှန်လှပေ၏၊ မြတ်သောတရားတို့၏ ပညတ်တို့သည်လည်း မြတ်သောသဘော ရှိကုန်သည်သာလျှင် ဖြစ်ကုန်၏ဟု သိပါလေ၊ မှန်လှပေ၏၊ တန်ခိုးကြီး၍ သူတစ်ပါးစိတ်ကို သိနိုင်သော မာရ်နတ်သား သည် ဝဋ်ကို မှီသည်သာလျှင် ဖြစ်သော ရူပါဝစရဈာန်စိတ်ကို မြင်နိုင်၏၊ ဝိဝဋ္ဋနိဿိတ ရူပါဝစရ ဈာန်ကို မမြင်နိုင်ချေ၊ အရူပဈာန်စိတ်ကိုကား ဝဋ်ကိုပင် မှီစေကာမူ မမြင်နိုင်ဟု အင်္ဂုတ္တရနဝက နိပါတ်အဋ္ဌကထာ၌ မိန့်ဆိုတော်မူအပ်၏။

အကြင်ပုဂ္ဂိုလ်တို့သည်ကား အရဟတ္တမဂ် အရဟတ္တဖိုလ်တို့ကို ထိုးထွင်း၍ သိကြကုန်၏၊ ထိုပုဂ္ဂိုလ် တို့အား ဖြစ်ကုန်သော မဟာကြိယာ ဉာဏသမ္ပယုတ္တ ဇောတို့သည်လည်းကောင်း ကြိယာ အဘိညာဉ် ဇောသည်လည်းကောင်း ပုဂ္ဂိုလ်အားလျော်စွာ ပညတ်နှင့်တကွ ဘုံလေးပါး၌ ဖြစ်သော တရားတို့တွင် တစ်စုံတစ်ခုသော တရားကိုမျှ အာရုံပြုခြင်းငှါ မစွမ်းနိုင်ကုန်ဟူ၍ မရှိချေ၊ ထိုကြိယာဇောတို့၏ ရှေ့သွားဖြစ်သော မနောဒွါရာဝဇ္ဇန်းသည်လည်း ထို့အတူပင်တည်း၊ ထို့ကြောင့် ‘‘ဉာဏသမ္ပယုတ္တ- ကာမာဝစရ ကြိယာနိစေဝ ကြိယာဘိညာဝေါဋ္ဌဗ္ဗနဉ္စေတိ သဗ္ဗထာပိ သဗ္ဗာရမ္မဏာနိ’’ဟူ၍ မိန့်တော်မူ၏။

ထိုစကားရပ်၌-

- သဗ္ဗထာပိ ဟူသည်ကား- အလုံးစုံသော ကာမာဝစရတရား အလုံးစုံသော မဟဂ္ဂုတ်တရား အလုံးစုံသော လောကုတ္တရာတရား အလုံးစုံသော ပညတ်တရား အလုံးစုံသော ပစ္စုပ္ပန် စသော အပြား အားဖြင့်လည်းဟု အနက်ပေးပါလေ။

ဤစကားကိုလည်း သဗ္ဗညုဘုရားရှင်တို့အား ဖြစ်ကုန်သော ကြိယာဇောတို့ကို ရည်ရွယ်၍ မိန့်တော်မူ၏၊ ဤမှတစ်ပါးသော ကြိယာဇော တို့သည်ကား ပစ္စေကဗုဒ္ဓါတို့အား ဖြစ်ကြကုန် သော်လည်း တစ်စိတ်တစ်ဒေသ ကြွင်းကျန်သော အလုံးစုံသော အာရုံလျှင် အာရုံရှိကြကုန်သည် သာလျှင် ဖြစ်ကြကုန်၏၊ မှန်လှပေ၏၊ ထိုသဗ္ဗညုဘုရားတို့၏ ကြိယာမှ တစ်ပါးသော ကြိယာစိတ် တို့သည် တစ်ခုသော ပထဝီဓာတ် ကိုမျှလည်း အလုံးစုံ အကြွင်းအကျန် မရှိသော အပြားတို့ဖြင့် သိခြင်းငှါ မစွမ်းနိုင်ကြကုန်ဟု သိပါလေ။

အရူပစိတ်တို့တွင် ဒုတီယ စတုတ္ထစိတ်တို့သည် ပဌမာရုပ္ပ တတိယာရုပ္ပ ဝိညာဏ်လျှင် အာရုံရှိသည်၏ အဖြစ်ကြောင့် မဟဂ္ဂုတ်တရားလျှင် အာရုံ ရှိကုန်၏။

- သေသာနိ ဟူသည်ကား- အဘိညာဉ်ဒွေး ဒုတိယာရုပ္ပ စတုတ္ထာရုပ္ပတို့မှ ကြွင်းကုန်သော အလုံးစုံကုန်သော နှစ်ဆယ့်တစ်ပါး အပြားရှိကုန်သော မဟဂ္ဂုတ်စိတ်တို့သည် ကသိုဏ်း အစရှိကုန် သော ပညတ်တရားသာလျှင် အာရုံ ရှိကုန်၏၊ ဤကား အနက်တည်း。

သင်္ဂဟဂါထာ အဖွင့်

- ပဉ္စဝီသ ဟူသည်ကား- ပဉ္စဒွါရာဝဇ္ဇန်းယ နှစ်ဆယ့်သုံးပါးသော ကာမဝိပါက် ဟသိတုပ္ပါဒ် စိတ်တို့ကို ရည်ရွယ်၍ မိန့်တော်မူ၏。

- ပရိတ္တမှိ ဟူသည်ကား- ကာမာဝစရအာရုံ၌သာလျှင် ဖြစ်ကြကုန်၏ဟု အနက်ပေးလေ။

မှန်လှပေ၏၊ ထိုအာရုံသည် နည်းသော အာနုဘော် ရှိသည်၏ အဖြစ်ကြောင့် တားမြစ်နှောင့်ယှက် ဖျက်ဆီးတတ်သော တရားတို့သည် ထက်ဝန်းကျင်မှ ပိုင်းဖြတ်အပ်၏၊ တန်ခိုး မရှိသည်၏ အဖြစ်သို့ ရောက်စေအပ်၏၊ ထို့ကြောင့် ‘‘ပရိတ္တ’’ဟု ဆိုအပ်၏။

အာရမ္မဏသင်္ဂဟ အဖွင့် ပြီးပြီ။

၀တ္ထုသင်္ဂဟအဖွင့်

စက္ခု အစရှိကုန်သော ၀တ္ထုတို့၏ အပြားအားဖြင့် ထို၀တ္ထုလျှင် တည်ရာရှိကုန်သော စိတ် စေတသိက် တို့ကို ပေါင်းယူရာဖြစ်သော သင်္ဂဟသည် ၀တ္ထုသင်္ဂဟမည်၏။

၁၁ရ။ ဋီကာကျော် (နှာ- ၁၃၅)၌ကား-
၀တ္ထုတို့ကို ဝေဖန်သောအားဖြင့်လည်းကောင်းယ ထို၀တ္ထု၌ မှီ၍ ဖြစ်သော စိတ်ကို ပိုင်းခြားသည်၏ အစွမ်းဖြင့်လည်းကောင်း ပေါင်းယူရာ သင်္ဂဟသည် ၀တ္ထုသင်္ဂဟ မည်၏။
ဟု မိန့်ဆို၏၊ ထိုအဆိုသည် မကောင်းချေ။

ထိုတရားတို့၌ စိတ် စေတသိက်တို့သည် တည်ကြရကုန်သောကြောင့် ၀တ္ထု တို့ မည်ကုန်၏။

စက္ခု၀တ္ထု လည်းကောင်း၊ သောတ၀တ္ထု လည်းကောင်း၊ ဃာန၀တ္ထုလည်းကောင်း၊ ဇိဝှါ၀တ္ထု လည်းကောင်း၊ ကာယ၀တ္ထု လည်းကောင်း ဟဒယ၀တ္ထု လည်းကောင်း၊ ဤသည်ကား ယောဇနာ ခြင်းတည်း။

ပသာဒစက္ခုသည်ပင်လျှင် စက္ခု၀တ္ထု မည်၏၊ ထို့အတူ ပသာဒ သောတ အစရှိသည်တို့ပင်လျှင် သောတ၀တ္ထု စသည် မည်ကုန်၏။

မှန်လှပေ၏၊ ဤပါဌ်သည် ဝါကျကို အကျဉ်းချုံးသော ပါဌ်တစ်မျိုးတည်း၊ ပေယျာလနည်း ဟူ၍ လည်းကောင်း အန္တဒီပကနည်း ဟူ၍ လည်းကောင်း ဆိုခြင်းငှါ သင့်၏၊ အချို့သော ဆရာတို့ သည်ကား ဒွန်သမာသ်ဟူ၍ မှတ်ထင်ကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့၏ အလို၌ စ-သဒ္ဒါသည် မသင့်ချေ၊ နောက်၌ ၀တ္ထုသဒ္ဒါကိုလည်းကောင်းယ စ-သဒ္ဒါကို လည်းကောင်း ရှေ့ပုဒ်တို့၌ ဆောင်အပ်၏ ဟူ၍လည်း ဆိုကြကုန်၏၊ ထိုဆရာတို့၏ အယူ၌ ဟဒယ၀တ္ထု ဟူသော သမာသ်သည် မသင့်ချေ၊ အဝိဘတ္တိကနိဒ္ဒေသ ဟူ၍လည်း အပရေဆရာတို့ ဆိုကြကုန်၏။

- တာနိ ကာမလောကေ သဗ္ဗာနိပိ လန္တိ ဟူသည်ကား- ကာမတဏှာနှင့်စပ်သော ကံသည် ဖြစ်စေအပ်ကုန်သော အတ္တဘောတို့၏သာလျှင် ပြည့်စုံသော ဣန္ဒြေရှိသည်၏ အဖြစ်၏ ဖြစ်သင့်သောကြောင့် အလုံးစုံကုန်သော ထို ၀တ္ထုရုပ်ခြောက်ပါးတို့သည်လည်း ကာမဘုံ၌သာလျှင် ရအပ်ကုန်၏။

ထိုစကားသည် မှန်လှစွာ၏၊ စက္ခု အစရှိကုန်သော ၀တ္ထု တို့သည် ရှိကုန်သည် ရှိသော်သာလျှင် ရူပါရုံ စသည်တို့ကို သုံးဆောင်ခြင်းသည် ပြည့်စုံ၏၊ ထို့ကြောင့် ရူပါရုံ အစရှိကုန်သော ကာမ၀တ္ထု တို့၌ အလွန် မွေ့လျော်သော ကာမတဏှာသည် အခါခပ်သိမ်း စက္ခုအစရှိကုန်သော ငါးပါးကုန်သော ၀တ္ထု တို့၏လည်း ပြည့်စုံခြင်းကို တောင့်တသည်သာတည်း။

ဆက်၍ ဆိုဦးအံ့၊ ခပ်သိမ်းသော အမှုကို ရွက်ဆောင်တတ်သော အမတ်သည် အခါခပ်သိမ်း ပြည့်ရှင်မင်း၏ အလိုကိုသာလျှင် ပြည့်စေလျက် အလုံးစုံကုန်သော မင်း၏အမှုတို့ကို ပြည့်စုံစေ သကဲ့သို့ ဤအတူသာလျှင် ကာမာဝစရကံသည်လည်း အခါခပ်သိမ်း ကာမတဏှာ၏ အလိုကို သာလျှင် ပြည့်စေလျက် ပြည့်စုံသော ဣန္ဒြေရှိသော အတ္တဘောကိုဖြစ်စေ၏၊ ထို့ကြောင့် ကာမတဏှာ နှင့်စပ်သော ကံသည် ဖြစ်စေ အပ်ကုန်သော ကာမသတ္တဝါတို့သည်သာလျှင် ပြည့်စုံသော ဣန္ဒြေ ရှိကြကုန်၏ဟု သိပါလေ။

ဆက်၍ ဆိုဦးအံ့၊ ဒဿနာနုတ္တရိယဓမ္မယ သဝနာနုတ္တရိယဓမ္မ ဖြစ်ကုန်သော စက္ခု သောတတို့သည် ဘုရားကို ဖူးမြင်ခြင်း တရားကို နာကြားခြင်း အစရှိသည်တို့၏ အစွမ်းအားဖြင့် သတ္တဝါတို့၏ စင်ကြယ်ခြင်းငှါလည်း ဖြစ်ကုန်သကဲ့သို့ ထို့အတူ ဃာနစသော ရုပ်သုံးခုအပေါင်းသည် မဖြစ်ချေ၊ စင်စစ်သော်ကား ထိုဃာနစသော ရုပ်သုံးခုအပေါင်းသည် သက်သက် ကာမဂုဏ်ကို သုံးဆောင်ခြင်း အကျိုးငှါသာလျှင် ဖြစ်၏၊ ထို့ကြောင့် ထိုဃာနစသော ရုပ်သုံးခုအပေါင်းကို ကာမဂုဏ်၌ တပ်ခြင်း ကင်းသော ဘာဝနာကံသည် ဖြစ်စေအပ်ကုန်သော ဗြဟ္မာ့အတ္တဘောတို့၌ မရအပ်ပေ၊ ထို့ကြောင့် ‘‘ရူပလောကေ ပန ဃာနာဒိတ္တယံ နတ္ထိ’’ဟူ၍ မိန့်ဆိုတော်မူ၏ဟု သိပါလေ။

ဤစကားကိုလည်း ပသာဒရုပ် သုံးခုအပေါင်းကို ရည်ရွယ်၍ မိန့်တော်မူ၏၊ သမ္ဘာရနှင့်တကွဖြစ်သော ဃာန ဇိဝှါ ကာယ သဏ္ဌာန် တို့သည်ကား ကောင်းစွာ ပြည့်စုံကုန်သည်သာလျှင် ဖြစ်ကြကုန်၏ဟု သိမှတ်ပါလေကုန်။

အရူပဘုံ၌ကား အလုံးစုံသော ၀တ္ထုရုပ်တို့သည်လည်း မရှိကြကုန်၊ အဘယ့်ကြောင့်နည်း ဟူမူကား- ရုပ်၌တပ်ခြင်း ကင်းသော ဘာဝနာကံသည် ဖြစ်စေအပ်သော ထိုအရူပဘုံ၌ အဇ္ဈတ္တသန္တာန် ဗဟိဒ္ဓသန္တာန်တို့၌လည်း အချင်းခပ်သိမ်း ရုပ်ဖြစ်ခြင်း၏သာလျှင် မရှိခြင်းကြောင့်တည်း။

ချဲ့၍ ဆိုဦးအံ့၊ ထိုအရူပဘုံ၌ ဖြစ်ကုန်သော သတ္တဝါတို့သည် စင်ကြယ်သော အမိုက်ဖြစ်သော ကောင်းကင်အပြင်၌သာလျှင် စိတ်အစဉ် မျှတို့သည်ဖြစ်၍ တည်ကြည်ကုန်၏ဟု သိပါလေ။

ဤ၀တ္ထုသင်္ဂဟ ၌ကား- စိတ်တို့ကို ခုနစ်ပါးသော ဝိညာဏဓာတ်တို့၏ အစွမ်းအားဖြင့် ယူခြင်းငှါ ‘‘တတ္ထ ပဉ္စဝိညာဏဓာတုယော’’ အစရှိသော စကားကို မိန့်တော်မူ၏။

- တတ္ထ ဟူသည်ကား ထိုခြောက်ပါးသော ၀တ္ထုတို့၌၊

- ပဉ္စဝိညာဏ်တို့သည်သာလျှင် သတ္တဇီဝမှ ကင်းဆိတ်သော အနက်ကြောင့် ဓာတ်မည်ကုန်၏၊ ဤသို့ ဝိဂ္ဂဟ ပြုလေ၊ ကြွင်းသော ပုဒ်တို့၌လည်း ဤအတူသာလျှင်တည်း။

- အထူးသိခြင်း ကိစ္စမရှိသည်၏ အဖြစ်ကြောင့် သိကာမျှဖြစ်သည့် ဓာတ်ပေတည်း၊ ထို့ကြောင့် မနောဓာတ် မည်၏။

မှန်လှစွာ၏၊ ပဉ္စဒွါရ၌ အာဝဇ္ဇန်းမျှ သမ္ပဋိစ္ဆိန်းမျှ ဖြစ်ကုန်သော ကိစ္စတို့သည် အထူးသိခြင်း ကိစ္စတို့သည် မဖြစ်နိုင်ကြကုန်ဟု သိပါလေ၊ ပဉ္စဝိညာဏ်တို့သည်ကား မျက်မှောက်အားဖြင့် မြင်ခြင်း စသည်တို့၏ အစွမ်းအားဖြင့် အတန်ငယ်ထူးသော သိခြင်းကိစ္စတို့သည် ဖြစ်ကြကုန်၏၊ ပဉ္စဝိညာဏဓာတ် မနောဓာတ်တို့မှ ကြွင်းကုန်သော သန္တီရဏ အစရှိကုန်သော တရားတို့သည် အာရုံသဘောကို စိစစ်ခြင်း အစရှိသည်၏ အစွမ်းဖြင့် အလွန်အကျူး အထူးသိခြင်းကိစ္စနှင့့် ယှဉ်သည်၏ အဖြစ်ကြောင့် မနောဓာတ်တို့ကဲ့သို့ သိခြင်းမျှတို့သည် မဖြစ်ကြကုန်၊ ပဉ္စဝိညာဏဓာတ်တို့ကဲ့သို့ အထူးသိခြင်း မျှတို့သည်လည်း ဖြစ်လည်း မဖြစ်ကြကုန်။

စင်စစ်သော်ကား- သိတတ်သော အနက်ကြောင့် မနသည်လည်း ဖြစ်ပေ၏၊ ထိုမနဟူသည် အထူးသိတတ်သော အနက်ကြောင့် ဝိညာဏ်သည်လည်း ဖြစ်ပေ၏၊ ထို့ကြောင့် မနောဝိညာဏဓာတ်တို့ မည်ကုန်၏၊ အလွန်အထူး သိတတ်ကုန်သော ဓာတ်တို့တည်း၊ ဤကား အနက်တည်း။

မှန်လှပေ၏၊ ပရိယာယ်ပုဒ်တို့၏ ဝိသေသနသမာသ်အတိသယ အနက်ကို သိအပ်၏၊ အဘယ်ကဲ့သို့နည်း ဟူမူကား- ‘‘ပဒဋ္ဌာနံ’’ ဟူသကဲ့သို့တည်း။

၁၁၈။ ဋီကာကျော် (နှာ- ၁၃၆)၌ကား-
စိတ်သည်ပင်လျှင် ဝိညာဏ်မည်၏၊ ထို့ကြောင့် မနောဝိညာဏ် မည်၏- ဟူ၍လည်းကောင်း စိတ်၏ ဝိညာဏ်ဖြစ်၏၊ ထို့ကြောင့် မနောဝိညာဏ် မည်၏-ဟူ၍လည်းကောင်း မိန့်ဆိုအပ်၏။
ထိုစကား၌ ‘‘စိတ်သည်ပင်လျှင် ဝိညာဏ်မည်၏’’ဟူသော ဤ စကားသည် ရှေးဦးစွာ မသင့်ချေ၊ မှန်လှပေ၏၊ အချင်းချင်း အထူးပြု၍ လွန်ကဲသော အနက်ကို ပြတတ်သော ‘‘ပဒဋ္ဌာနံ’’ အစရှိသော ဝိသေသန သမာသ်၌ အဝဓာရဏဝိဂ္ဂဟကို တစ်စုံတစ်ခုသော ကျမ်းဂန်၌ မထင်ချေ၊ သင့်လည်း မသင့်ဟု မှတ်ပါလေ။

၁၁၉။ စိတ်၏ ဝိညာဏ်ဖြစ်၏- ဟူသော ဤစကားသည်လည်း မသင့်သည်သာလျှင်တည်း။

မှန်လှစွာ၏၊ (မနသော) စိတ်၏ ဟူသည်ကား- မနောဓာတ် သုံးခုအပေါင်းဟု ဆိုအပ်သော စိတ်၏ (ဟု ဆိုလိုသည်)၊ ထိုစကား၌ သမ္ပဋိစ္ဆိုန်းဒွေသည် သန္တီရဏ အစရှိသော ဝိညာဏ်အစဉ်၏ ပစ္စည်း ဖြစ်ပေသည်၊ ပဉ္စဒွါရာဝဇ္ဇန်းသည်ကား နောက်၌ ဒွါရတစ်ပါး ဝီထိ တစ်ပါး၌ ဖြစ်သော ထိုမနောဝိညာဏ် အစဉ်၏သာလျှင် ပစ္စယုပ္ပန် ဖြစ်ပေသည်၊ ထို့ကြောင့် အစ၌ ပစ္စည်းလည်းဖြစ်သော အဆုံး၌ ဒွါရတစ်ပါး၌ ပစ္စယုပ္ပန်လည်းဖြစ်သော မနသမ္ဗန္ဓိဖြစ်သော ဝိညာဏ် ဖြစ်သည်၊ ဤကား အနက်တည်း။

တစ်နည်းကို ဆိုဦးအံ့၊ ပဉ္စဝိညာဏ်သည် ကြဉ်အပ်ကုန်သော အလုံးစုံကုန်သော ဝိညာဏ်တို့သည် သိခြင်းကိစ္စ ရှိသည်၏ အဖြစ်ကြောင့် မန မည်၏၊ အာရုံ၌ ရှေးရှုကျကာမျှ ဖြစ်ကုန်သော ပဉ္စဝိညာဏ် တို့သည် သိခြင်းကိစ္စ ရှိကုန်သည် မဟုတ်ကုန်၊ ထို့ကြောင့် ဒဿန စသည်တို့သည်သာလျှင် မည်ကုန်၏။

‘‘ပဉ္စဒွါရာဝဇ္ဇန်း’’သည်လည်း သိကာမျှ ဖြစ်သော်လည်း သိစိတ်၏ အကြောင်း မဟုတ်ပေ၊ ဒဿန- စသည်တို့၏သာလျှင် အကြောင်း ဖြစ်ပေ၏၊ ‘‘သမ္ပဋိစ္ဆိုန်းဒွေး’’သည်လည်း မန၏အကြောင်း ဖြစ်သော်လည်း မနမှ ဖြစ်သည် မဟုတ်ချေ၊ ဒဿန - စသည်တို့မှသာလျှင် ဖြစ်၏၊ သန္တီရဏ- စသည်တို့ကား မိမိ၏ရှေ့၌လည်ကောင်း နောက်၌ လည်းကောင်း ဖြစ်ကုန်သော နှစ်ပါး နှစ်ပါး ကုန်သော မနတို့၏သာလျှင် အလယ်၌ ဖြစ်ကုန်၏၊ ထို့ကြောင့် မိမိ၏ပစ္စည်း - ပစ္စယုပ္ပန် ဖြစ်သော မနသမ္ဗန္ဓိဝိညာဏ်တည်း၊ ဤကား အနက်ပေတည်း။

ဤသို့ ဖြစ်သည်ရှိသော် ပဉ္စဝိညာဉ်သည်လည်း နှစ်ပါးကုန်သော မနောဓာတ်တို့၏ အတွင်း၌ ဖြစ်သည်၏ အဖြစ်ကြောင့် ပစ္စည်း- ပစ္စယုပ္ပန်ဖြစ်သော မနသမ္ဗန္ဓိဖြစ်သော ဝိညာဏ်တည်း၊ ထို့ကြောင့် မနောဝိညာဏ် မည်၏ဟု ဆိုသင့် ဆိုထိုက်သည်သာလျှင် ဖြစ်ခဲ့ရာ၏ဟု သိပါလေ။

ဋီကာဟောင်း၌ကား-
စိတ်မှဖြစ်သော ဝိညာဏ်တည်း။
ဤသို့လည်း မိန့်ဆို၏၊ ထိုစကားသည်လည်း ဆိုအပ်ခဲ့ပြီးသော နည်းဖြင့် မသင့်သည်သာလျှင်တည်း။

အဖို့တစ်ပါးကို ဆိုဦးအံ့၊ ကြွင်းကုန်သော မနောဝိညာဏဓာတ်ဟု ဆိုအပ်ကုန်သော သန္တီရဏစိတ် သုံးခု မဟာဝိပါက်စိတ် ရှစ်ခု ဒေါသမူစိတ် နှစ်ခု ဟသိတုပ္ပါဒ် တစ်ခု သောတာပတ္တိမဂ်စိတ် တစ်ခု ရူပါဝစရစိတ် တစ်ဆယ့်ငါးခုတို့၏ အစွမ်းအားဖြင့် သုံးဆယ်သော တရားတို့သည် ဟဒယ၀တ္ထုကို မှီ၍သာလျှင် ဖြစ်ကုန်၏၊ ဤကား ယောဇနာခြင်းပေတည်း။

ဤနေရာ၌ စ-သဒ္ဒါသည်ကား ကြွင်းကုန်သော ခုနစ်ဆယ့်ခြောက်ပါးကုန်သော တရားတို့၏ မနောဝိညာဏဓာတ်၏ အဖြစ်ကို ချီးမွမ်း၏။

၁၂၀။ ဋီကာကျော် (နှာ- ၁၃၆)၌ကား-
- သမ္ပိဏ္ဍနအနက်ကို ယူ၍၏
‘‘သက်သက်သော မနောဓာတ်သည်သာလျှင် ဟဒယ၀တ္ထုကို မှီ၍ ဖြစ်သည် မဟုတ်ချေ’’
ဟု မိန့်ဆို၏။ ထိုစကားသည် မသင့်ချေ၊ မှန်လှပေ၏၊ ဤသို့ ဖြစ်သည်ရှိသော်-
- ပဉ္စဝိညာဏဓာတ် မနောဓာတ်မှလည်း ကြွင်းကုန်သော မနောဝိညာဏဓာတ်ဟု ဆိုအပ်ကုန်သော ဝိညာဏဓာတ်တို့သည် ဟူ၍ မိန့်ဆိုအပ်သည် ဖြစ်ရာ၏ဟု သိပါလေ။

၁၂၁။ ဋီကာဟောင်း ဋီကာကျော် (နှာ- ၁၃၆)တို့၌-
သန္တီရဏ သုံးပါးတို့၏လည်းကောင်း မဟာဝိပါက်စိတ် ရှစ်ပါး တို့၏လည်းကောင်း ဒေါသမူဒွေး၏ လည်းကောင်း ပဌမ သောတာပတ္တိမဂ်၏လည်းကောင်း ဟသိတုပ္ပါဒ်၏လည်းကောင်း တစ်ဆယ့် ငါးပါးကုန်သော ရူပါဝစရစိတ်တို့၏လည်းကောင်း အစွမ်းအားဖြင့် ဖြစ်ကုန်သော (အကြင် ဆိုအပ် ခဲ့ပြီးသော မနောဓာတ်ယ ပဉ္စဝိညာဏဓာတ်မှ) ကြွင်းကုန်သော မနောဝိညာဏဓာတ်ဟု ဆိုအပ် ကုန်သော သုံးဆယ်သော စိတ်တို့သည်-
ဟု ယောဇနာခြင်းသည်လည်း မကောင်းချေ၊ အဘယ့်ကြောင့်နည်း ဟူမူကား- အနက်အလား၏ မသန့်ရှင်းသည်၏ အဖြစ်ကြောင့်တည်းဟု သိပါလေ။

ထိုစကား၌ အဘယ့်ကြောင့် ထိုသုံးဆယ်သော စိတ်တို့သည် မှီကုန်၍သာလျှင် ဖြစ်ကုန်သနည်းဟု မေးခဲ့ပါမူ- အရူပဘုံ၌ မဖြစ်ခြင်းကြောင့်တည်းဟု ဖြေဆိုပေရာ၏၊ ဆက်၍ ဆိုဦးအံ့၊ အဘယ့်ကြောင့် ထိုအရူပဘုံ၌ မဖြစ်ကြကုန်သနည်းဟု စောဒနာငြားအံ့၊ အဖြေကို ငါဆိုပေအံ့၊ ရှေးဦးစွာ သန္တီရဏစိတ် မဟာဝိပါက်စိတ်တို့သည် ထိုအရူပဘုံ၌ မဖြစ်ကြကုန်၊ အဘယ့်ကြောင့်နည်း ဟူမူကား- ငါးပါး ကုန်သော ဒွါရတို့၏ လည်းကောင်း မိမိ၏ ကိစ္စတို့၏လည်းကောင်း ထိုအရူပဘုံ၌ မရှိခြင်းကြောင့် ပေတည်း။

ဒေါသမူစိတ် နှစ်ခုအပေါင်းသည်လည်း မဖြစ်ချေ၊ အဘယ့်ကြောင့်နည်း ဟူမူကား- နီဝရဏ အခိုက်အတန့် မရှိသော ပဋိဃ၏ မရှိခြင်းကြောင့်ပေတည်း၊ ဆက်၍ ဆိုဦးအံ့၊ စင်စစ် နီဝရဏ ထိုက်သော တရားတို့၏ ဈာန်ဘုံတို့၌ မဖြစ်သင့်သောကြောင့်ပေတည်း၊ ဤ၌ကား- နီဝရဏ အခိုက် အတန့်မှ ကင်းသော ပဋိဃသည် အကယ်၍ မရှိခဲ့ငြားအံ့။

- ဣန္ဒြိယသံယုတ်ပါဠိတော်၌ ‘ဒုတိယဈာန်၌သာလျှင် ထို ဒေါမနဿိန္ဒြေ၏ အကြွင်းမရှိ ချုပ်၏’ ဟူသော စကားသည် လည်းကောင်း၊

- အဋ္ဌကထာတို့၌ ဒုတိယဈာန်၏ ဥပစာရ၌ ထိုဒေါမနဿိန္ဒြေ၏ ဖြစ်သင့်ခြင်းကို ဆိုသော စကားသည်လည်းကောင်း၊ ဆန့်ကျင်သည် ဖြစ်ရာ၏၊ ထို့ကြောင့် မိမိ၏ ဖြစ်ဖော်ဖြစ်ဖက် အကြောင်း ဖြစ်သော ရုန့်ရင်းသော ကာမရာဂ၏ ဈာန်ဘုံတို့၌ မရှိခြင်းကြောင့် ပဋိဃစိတ် နှစ်ပါးသည် ထိုဈာန်ဘုံ၌ မဖြစ်ဟု ယူသင့်၏ဟူ၍လည်း ဆိုကြကုန်၏။

- ဋီကာကျမ်းပြုဆရာတို့သည်ကား၏ ဒုတိယဈာန်၏ ဥပစာရ၌ ဒေါမနဿိန္ဒြေ၏ ဖြစ်သင့်ခြင်းကို ဆိုသော စကားသည် ပရိကပ္ပစကား မျှသာတည်း。

ဤသို့ နှလုံးသွင်းခြင်းကို ပြု၍ ရှေး (ပါဠိတော်) အကြောင်းကိုသာလျှင် အလိုရှိကြကုန်၏၊ ဤအဋ္ဌကထာစကားသည် ပရိကပ္ပစကားမျှသည် အကယ်၍ ဖြစ်ငြားအံ့၊ ပါဠိတော်စကားသည်လည်း ပရိကပ္ပ စကားမျှ သည်သာလျှင် ဖြစ်ရာ၏၊ ထို့ကြောင့် နောက် (အဋ္ဌကထာ) အကြောင်းသည် သာလျှင် သင့်လျော်သော သဘောရှိ၏၊ ဤကား ငါတို့၏ အကြိုက်ပေတည်း။

ဟသိတုပ္ပါဒ် စိတ်သည်လည်း မဖြစ်ချေ၊ အဘယ့်ကြောင့်နည်း ဟူမူကား- အရူပဗြဟ္မာတို့၏ ရယ်ရွှင်ခြင်းကိစ္စ မရှိခြင်းကြောင့်ပေတည်း၊ ကိုယ်၏ မရှိခြင်းကြောင့်ပေတည်း ဟုလည်း ဆိုသင့် ဆိုထိုက်၏။

သောတာပတ္တိမဂ်စိတ်သည်လည်း မဖြစ်ချေ၊ အဘယ့်ကြောင့်နည်း ဟူမူကား- ပရတောဃောသ၏ မရှိခြင်းကြောင့်လည်းကောင်း ထို၌ဖြစ်သော ပုထုဇဉ်ပုဂ္ဂိုလ်၏ ဓမ္မာဘိသမယ၏ မရှိခြင်းကြောင့် လည်းကောင်း ထိုအရူပဘုံ၌ ဘုရား ပစ္စေကဗုဒ္ဓါ စသည်တို့၏ မဖြစ်ခြင်းကြောင့် လည်းကောင်း ထို့ကြောင့် ပေတည်း၊ မှန်လှစွာ၏၊ ထို့ကြောင့်ပင်လျှင် ထိုအရူပဘုံ၌ဖြစ်သော ပုထုဇဉ်ကို ရပ်ပြစ်ရှစ်ပါးတို့၌ ယှဉ်သော ပုဂ္ဂိုလ်တို့၌ ဟောတော်မူအပ်၏ဟု သိပါလေ။

ရူပါဝစရစိတ်တို့သည်လည်း ထိုအရူပဘုံ၌ မဖြစ်ကုန်၊ အဘယ့်ကြောင့်နည်း ဟူမူ ရုပ်၌ တပ်ခြင်း ကင်းသော ဘာဝနာဖြင့် ရုပ်နိမိတ်လျှင် အလွန်အာရုံရှိကုန်သော ထိုရူပါဝစရစိတ်တို့ကို ကောင်းစွာ လွန်သည်၏ အဖြစ်ကြောင့်တည်းဟု သိပါလေ။

ကြွင်းကုန်သော မနောဝိညာဏဓာတ်ဟု ဆိုအပ်ကုန်သော ကုသိုလ် အကုသိုလ် ကြိယာ လောကုတ္တရာတို့၏ အစွမ်းအားဖြင့် လေးဆယ့် နှစ်ပါးသော စိတ်တို့သည် ဟဒယ၀တ္ထုရုပ်ကို မှီ၍လည်းကောင်း မမှီကုန် မူ၍လည်းကောင်း ဖြစ်ကုန်၏၊ ဤကား ယောဇနာခြင်းတည်း။

ပဉ္စဝေါကာရဘုံ၌ မှီကုန်၍လည်းကောင်း စတုဝေါကာရဘုံ၌ မမှီကုန်မူ၍လည်းကောင်း ဖြစ်ကုန်၏၊ ဤကား အဓိပ္ပါယ်တည်း။

ကုသိုလ်တို့လည်း အကုသိုလ်တို့လည်း ကြိယာစိတ်တို့လည်း လောကုတ္တရာစိတ်တို့လည်း ဤသို့ ဝိဂြိုဟ်ပြုသင့်၏။

ထိုစကား၌-

- ကုသိုလ်တို့ ဟူသည်ကား- ရူပါဝစရကုသိုလ် ငါးပါးတို့မှ ကြွင်းကုန်သော တစ်ဆယ့်နှစ်ပါးကုန်သော လောကီကုသိုလ်စိတ် တို့တည်း။

- အကုသိုလ်တို့ ဟူသည်ကား- ဒေါသမူဒွေးမှ ကြွင်းကုန်သော ဆယ်ပါးကုန်သော အကုသိုလ်စိတ် တို့တည်း။

- ကြိယာတို့ ဟူသည်ကား- ပဉ္စဒွါရာဝဇ္ဇန်းယ ဟသိတုပ္ပါဒ် ရူပါဝစရကြိယာစိတ် ငါးခုတို့မှ ကြွင်းကုန် သော တစ်ဆယ့် သုံးပါးကုန်သော ကြိယာစိတ်တို့တည်း။

- လောကုတ္တရာတို့ ဟူသည်ကား- သောတာပတ္တိမဂ်မှ ကြွင်းကုန်သော ခုနစ်ပါးကုန်သော လောကုတ္တရာစိတ်တို့တည်း。

သင်္ဂဟဂါထာ အဖွင့်

ကာမဘုံ၌ ခြောက်ပါးသော ၀တ္ထုရုပ်ကို မှီ၍ဖြစ်ကုန်သော ခုနစ်ပါးသော ဓာတ်တို့ကို သိအပ်ကုန်၏၊ အသညသတ်ကြဉ်သော ရူပ တစ်ဆယ့်ငါးဘုံ၌ သုံးပါးသော ၀တ္ထုရုပ်ကို မှီ၍ဖြစ်ကုန်သော လေးပါး ကုန်သော ဓာတ်တို့ကို သိအပ်ကုန်၏၊ အရူပလေးဘုံ၌ တစ်စုံတစ်ခုသော ၀တ္ထုရုပ်ကို မမှီမူ၍ ဖြစ်ကုန်သော တစ်ခုသော ဓာတ်ကို သိအပ်၏၊ ဤကား ယောဇနာခြင်းတည်း။

တေစတ္တာလီသဟူသည်ကား- ဒွေးပဉ္စဝိညာဏ် တစ်ဆယ် မနောဓာတ်သုံးခုတို့နှင့်တကွ သန္တီရဏ အစရှိကုန်သော သုံးဆယ်ကုန်သော တရားတို့ကို ရည်ရွယ်၍ မိန့်ဆိုအပ်၏ဟု သိပါလေ။

ဤသည်လျှင် ပရမတ္ထဒီပနီ အမည်ရှိသော အဘိဓမ္မတ္ထသင်္ဂဟကျမ်း၏ လေးခုမြောက်အဖွင့်၌ ပကိဏ်းပိုင်း၏ မြတ်သောအနက်ကို ပြရာပြကြောင်းဖြစ်သောစကားသည် ပြီးပေပြီ。

ပရမတ္ထဒီပနီ မြန်မာပြန် ပကိဏ်းပိုင်း ပြီးပြီ။

လယ်တီဆရာတော်