ပရမတ္ထသရူပဘေဒနီကျမ်း-ဒုတွဲ-တ
ပဋိသမ္ဘိဒါ ၄-ပါး အကျယ်
▬▬▬▬▬▬▬▬▬▬
စတုပဋိသမ္ဘိဒါ [၂] ဟူသည်ကား (၁) အတ္ထ (၂) ဓမ္မ (၃) နိရုတ္တိ (၄) ပဋိဘာနပဋိသမ္ဘိဒါ လေးပါးတည်း။
---
အတ္ထပဋိသမ္ဘိဒါ
▬▬▬▬▬▬
ထိုတွင် -
(၁) ယံကိဉ္စိပစ္စယာသမ္ဘူတအကျိုး၊
(၂) နိဗ္ဗာန်၊
(၃) ဘာသိတတ္ထ၊
(၄) ဝိပါက်၊
(၅) ကြိယာ။
ဤ အကျိုးငါးပါးတို့သည် “အရီယတိ အဓိဂမီယတိ သံပါပုဏီယတီတိ အတ္ထော”
ဟူသည်နှင့်အညီ နိဗ္ဗတ္တက ဉာပက သံပါပက ဖြစ်သော အကြောင်း ငါးပါးကို အစဉ် လျှောက်၍ သိအပ် ရအပ် ရောက်အပ်သောကြောင့် အတ္ထ။
ထိုအတ္ထကို ဖောက်ထွင်း ဖွင့်လှန်လျက် မဖောက်မပြန် ဝေဖန်ခွဲခြမ်း တတ်သော ဉာဏ်သည် “ပဋိဝိဇ္ဈန္တီ သမ္မာ ဘိန္ဒတီတိ ပဋိသမ္ဘိဒါ၊ အတ္ထေ ပဋိသမ္ဘိဒါ အတ္ထပဋိသမ္ဘိဒါ” ဟူသော ဝစနတ္ထကြောင့် အတ္ထပဋိသမ္ဘိဒါ မည်၏။
၂။ ပဋိသမ္ဘိဒါဉာဏ် ၄-ပါး။
အတ္ထပဋိသမ္ဘိဒါဉာဏ်။
(အတ္တ=အကျိုး၊ ပဋိ=ဖောက်ထွင်းခြင်း ထိုးတွင်းခြင်း။ သံ=မဖောက်မပြန်၊ ဘိဒါ၊ ဝေဖန်ခွဲခြမ်းခြင်း၊ ဉာဏ = ဉာဏ်။) အကျိုး ၅-ပါးကို ဖောက်ထွင်း ထိုးထွင်းလျက် မဖောက်မပြန် ဝေဖန်ခွဲခြမ်းတတ်သော ဉာဏ်သည် အတ္ထပဋိသမ္ဘိဒါ ဉာဏ် မည်၏။
အကျိုး ၅-ပါး။ ။ ဤတွင် အကျိုး ၅-ပါးမှာ-
(၁) အကြောင်းကြောင့် ဖြစ်သမျှသော အကျိုး။
(၂) နိဗ္ဗာန်။
(၃) ဟောတော်မူအပ်သော ပါဠိတော်၏အနက်။
(၄) ဝိပါက်။
(၅) ကြိယာ ဖြစ်သည်။
အကျိုး ၃-ပါး။ ။ ယင်း ၅-ပါးတွင် နိဗ္ဗာန်သည် ဘုရား ပစ္စေကဗုဒ္ဓါ အရိယာသူမြတ်တို့ ရောက်အပ် (ရအပ်) သောကြောင့် ပတ္တဗ္ဗ အကျိုး မည်သည်၊ ဟောတော်မူအပ်သော ပါဠိတော်၏အနက်သည် သိစေအပ်သောကြောင့် ဉာပေတဗ္ဗ အကျိုး မည်သည်၊ အကြောင်းနှင့် ဖြစ်သမျှသော အကျိုးဝိပါက် ကြိယာသည် ဖြစ်စေအပ်သောကြောင့် နိဗ္ဗတ္တေတဗ္ဗ အကျိုးမည်သည်။ ဤသို့ ခွဲဝေလျှင် အကျိုးသည် ၃-မျိုးသာရှိသည်။ (ဤ၌ ကြိယာကို ကံ၏ အကျိုးနှင့် စပ်သည်ဖြစ်၍ အတ္ထ အကျိုးဟု ဆိုသည်။)
ဓမ္မပဋိသမ္ဘိဒါဉာဏ်
(ဓမ္မ= အကြောင်း။) အကြောင်း ၅-ပါးကို ဖောက်ထွင်းလျက် မဖောက်မပြန် ဝေဖန်ခွဲခြမ်း တတ်သော ဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါဉာဏ် မည်၏။
အကြောင်း ၅-ပါး။
ဤတွင် အကြောင်း ၅-ပါးမှာ-
(၁) အကျိုးကို ဖြစ်စေ သမျှသော အကြောင်း။
(၂) အရိယာမဂ်။
(၃) ဟောတော်မူအပ်သော ပါဠိတော်။
(၄) ကုသိုလ်။
(၅) အကုသိုလ် ဖြစ်သည်။
(ဤ၌ ကုသိုလ် အကုသိုလ်သည် ဝိပါက်၏ ပဓာန အကြောင်းဖြစ်၍ “ဓမ္မ အကြောင်း” ဟု ဆိုသည်။)
အကြောင်း ၃-ပါး။
ယင်း အကြောင်း ၅-ပါးအနက် အရိယာမဂ်သည် နိဗ္ဗာန်သို့ ရောက်စေတတ်သောကြောင့် သမ္ပာပက အကြောင်းမည်သည်၊ ဟောတော်မူအပ်သော ပါဠိတော်သည် အနက်အကျိုးကို သိစေတတ်သောကြောင့် ဉာပက အကြောင်း မည်သည်။ အကျိုးကို ဖြစ်စေသမျှသော အကြောင်းနှင့် ကုသိုလ် အကုသိုလ်တို့သည် အကျိုးကိုဖြစ်စေ တတ်သောကြောင့် နိဗ္ဗတ္တက အကြောင်းမည်သည်၊ ဤသို့ ခွဲဝေလျှင် အကြောင်း ၃-မျိုး ရှိသည်။
နိရုတ္တိ ပဋိသမ္ဘိဒါဉာဏ်
(နိ=ထုတ်၍၊ ဥတ္တိ=ရွတ်ဆိုခြင်း၊ ပြောဆိုခြင်း။) အားလုံး သတ္တဝါတို့ ပြောဆိုသမျှ ဘာသာစကားတို့၌ တတ်သိနားလည် ကျွမ်းကျင်ခြင်း၊ မဂဓတိုင်းသားတို့ ပြောဆိုသည့် မူလဘာသာ စကားတို့၏ အနက် အဓိပ္ပါယ်ကို တတ်သိ နားလည် ကျွမ်းကျင်ခြင်း။ အဋ္ဌကထာတို့ အလိုအားဖြင့်ကား — မဂဓတိုင်းသားတို့ ပြောဆိုသည့် မူလ ဘာသာဖြစ်သော အတ္ထ-ဓမ္မ ၂-ပါးကို ပြတတ်၍ ပျက်စီးခြင်းမရှိ ကိန်းသေ အနက်မှန်ကို ဟောသော ထုတ်၍ဆိုအပ် ပြောဆိုအပ်သော ပစ္စုပ္ပန် စကားသံ သဒ္ဒါရုံ ပရမတ္ထသဒ္ဒါသည် နိရုတ္တိ မည်၏။ (ကေစိဆရာတို့က နာမ ပညတ္တိသဒ္ဒါကို နိရုတ္တိ ဟု ဆိုကြသည်။)
ဤ နိရုတ္တိကို “ဖဿော ဝေဒနာ ဟု ဆိုသံကြားလျှင် သဘာဝ နိရုတ္တိဟုတ်သည် သဘောမှန်သည် ဖဿာ ဝေဒနော ဟု ဆိုသံကြားလျှင် သဘာဝ နိရုတ္တိ မဟုတ် သဘောမမှန်ဟု မနောဖြင့် ဆုံးဖြတ်နိုင်ခြင်း” စသည်ဖြင့် ဖောက်ထွင်းလျက် မဖောက်မပြန် ဝေဖန်ခွဲခြမ်းတတ်သော သောတဒွါရဝီထိ၌ဖြစ်သော ဉာဏ်သည် နိရုတ္တိ ပဋိသမ္ဘိဒါဉာဏ် မည်၏။ နိရုတ္တိ ပဋိသမ္ဘိဒါဉာဏ် သည် ပစ္စုပ္ပန်သဒ္ဒါရုံကိုသာ အာရုံပြုသည်။
မာဂဓိက မူလဘာသာ။
ဤတွင် မာဂဓ တိုင်းသားတို့ ပြောဆိုသည့် မူလဘာသာ စကားဟူသည်ကား-
(၁) ဘုရားဟောဖော် ပါဠိတော်။
(၂) ဗြဟ္မာတို့ ပြောဆိုသော စကား၊
(၃) ကမ္ဘာဦးသူတို့ ပြောဆိုသောစကား။
(၄) မည်သည့် ဘာသာ စကားကို မျှမကြားဘူးသော သူတို့ ပြောဆိုသောစကားဖြစ်သည်။
ပဋိဘာန ပဋိသမ္ဘိဒါဉာဏ်
(ပဋိဘာန = ထင်က ပြုတတ်သောဉာဏ်) အတ္တ ဓမ္မ နိရုတ္တိဉာဏ် ၃-ပါးကို။ ဝါ-အလုံးစုံသော ဉာဏ်ဟူသမျှကို “ဤဉာဏ်သည် ဤမည်သော အာရုံကို အာရုံပြု၍ ဤမည်သောကိစ္စဖြင့် ဖြစ်၏၊ ဤသို့သော လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် ရှိ၏”ဟု အာရုံ ကိစ္စ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် စသည်တို့နှင့်တကွ ထိုးထွင်းလျက် မဖောက်မပြန် ဝေဖန်ခွဲခြမ်း၍သိတတ်သော ဉာဏ်သည် ပဋိဘာနပဋိသမ္ဘိဒါ ဉာဏ် မည်၏။
ဓမ္မပဋိသမ္ဘိဒါ
(၁) ယောကောစိ ဖလနိဗ္ဗတ္တက အကြောင်း၊
(၂) အရိယမဂ်၊
(၃) ဘာသိတ၊
(၄) ကုသိုလ်၊
(၅) အကုသိုလ်၊
ဤ အကြောင်း ငါးပါးတို့သည် “တံ တံ ဒဟတီတိ ဓမ္မာ” ဟူသည်နှင့်အညီ နိဗ္ဗာန် ဟူသော ပတ္တဗ္ဗအကျိုး၊ ဘာသိတတ္ထဟူသော ဉာပေတဗ္ဗအကျိုး။ ပစ္စယုပ္ပန် ဝိပါက် ကြိယာဟူသော နိဗ္ဗတ္တေတဗ္ဗ အကျိုးကို စီရင်တတ်သောကြောင့် ဓမ္မ။
ထို ဓမ္မကို ဖောက်ထွင်း ဖွင့်လှန်လျက် မဖောက်မပြန် ဝေဖန်ခွဲခြမ်းတတ်သော ဉာဏ်သည် “ဓမ္မေ ပဋိဝိဇ္ဈန္တီ သမ္မာ ဘိန္ဒတီတိ ဓမ္မပဋိသမ္ဘိဒါ” ဟူသော ဝစနတ္ထကြောင့် ဓမ္မပဋိသမ္ဘိဒါ မည်၏။
နိဗ္ဗာနံ ဟိ ပတ္တဗ္ဗော အတ္ထော ဘာသိတတ္ထော ဉာပေတဗ္ဗော အတ္ထော ဣတရော နိဗ္ဗတ္တေတဗ္ဗော အတ္ထောတိ ဧဝံ တိဝိဓော ဟောတိ။ .... မဂ္ဂေါ သမ္ပာပကော ဘာသိတံ ဉာပကော ဣတရံ နိဗ္ဗတ္တကောတိ ဧဝံ တိဝိဓော ဟေတု ဝေဒိတဗ္ဗော။
ဋီကာ (မဟာ၊ဒု၊နှာ-၈၁။)
ဓမ္မ အတ္ထ အဆုံးအဖြတ်
ဤ၌ ကြိယာသည် အကျိုး မပေးတတ်သောကြောင့် ဓမ္မမဟုတ်၊ ပစ္စယုပ္ပန်ဖြစ်၍ အတ္ထ ဆိုသည်။ ကုသိုလ် အကုသိုလ်ကား ပစ္စယုပ္ပန် ဖြစ်သော်လည်း ဝိပါက်၏ ပဓာနအကြောင်း ဖြစ်၍ ဓမ္မဆိုသည်။ ကြိယာသည် ပစ္စယုပ္ပန်သာ ဖြစ်သည် မဟုတ်၊ ပစ္စည်းလည်း ဖြစ်၍ ဓမ္မ သင့်သော်လည်း ကံ၏အကျိုးနှင့် စပ်ရကား အတ္ထဟူ၍သာ ဆိုရသည်။
အပိ စ“အယံ ဣမဿ ပစ္စယော၊ အယံ ပစ္စယုပ္ပန္နော”တိ ဘေဒံ အကတွာ ကေဝလံ ကုသလာ’ကုသလေ ဝိပါကကိရိယာဓမ္မေ စ ပစ္စဝေက္ခန္တဿ ဓမ္မတ္ထပဋိသမ္ဘိဒါ ဟောန္တီတိ တေသံ အတ္ထဓမ္မတာ န ဝုတ္တာတိ ဒဋ္ဌဗ္ဗံ။
ဋီကာ (ဒု၊နှာ-၈၂။)
ဓမ္မ အတ္ထ အဖြစ်ကိုသာ ဆိုအပ်သည်ဟု လှန်။
နိရုတ္တိပဋိသမ္ဘိဒါ
ထို အတ္ထ ဓမ္မ နှစ်ပါးကို ပြတတ်သော ဒုက္ခသစ္စံ သမုဒယ သစ္စံ၊ ဖဿော, ဝေဒနာ အစရှိသော --
“နိရုတ္တိပဋိသမ္ဘိဒါ - သဒ္ဒါရမ္မဏာ၊ န ပညတ္တိအာရမ္မဏာ၊ နိရုတ္တိပဋိသမ္ဘိဒါ ပစ္စုပ္ပန္နာရမ္မဏာ” --
ဟူသည်နှင့်အညီ ပစ္စုပ္ပန် သဒ္ဒါရုံဖြစ်သော --
သာ မာဂဓာ မူလဘာသာ၊
နရာ ယာယာဒိကပ္ပိကာ။
ဗြဟ္မာနော စာဿုတာလာပါ၊
သမ္ဗုဒ္ဓါ စာပိ ဘာသရေ။
ဟူသည်နှင့်အညီ မာဂဓိက မူလဘာသာဖြစ်သော --
အဗျဘိစာရီ ဝေါဟာရောတိ တဿ တဿ အတ္ထဿ ဗောဓနေ ပဋိနိယတသမ္ဗန္ဓော သဒ္ဒဝေါဟာရော။
ဟူသည်နှင့်အညီ --
ထိုထို အနက်ကို သိစေခြင်း၌ အမြဲမပြတ် စပ်ခြင်းရှိသော သဒ္ဒဝေါဟာရ သဘာဝနိရုတ္တိ အဘိလာပသည် “နိဟရိတွာ ဥစ္စတေတိ နိရုတ္တိ” ဟူသော ဝစနတ္ထကြောင့် နိရုတ္တိ မည်၏။
[အဘိလာပ = (အဘိ + လာပ = စကား ပြောဆိုခြင်း) သဒ္ဒါ၊ ပြောဆိုသောစကား။]
ယထာ ပန ဒိဗ္ဗသောတဉာဏံ မနုဿာ' မနုဿာဒိသဒ္ဒနိစ္ဆယဿ ပစ္စယဘူတံ တံ တံ သဒ္ဒဝိဘာဝကံ၊ ဧဝံ သဘာဝါ' သဘာဝနိရုတ္တိနိစ္ဆယဿ ပစ္စယဘူတံ ပစ္စုပ္ပန္နသဘာဝ- နိရုတ္တိသဒ္ဒါရမ္မဏံ တံဝိဘာဝကံ ဉာဏံ နိရုတ္တိပဋိသမ္ဘိဒါတိ ဝုစ္စမာနေ န ကောစိ ပါဠိဝိရောဓော။
ဟူသော ဋီကာ (မဟာ၊ဒု၊နှာ-၈၃) နှင့် အညီ ဒိဗ္ဗသောတ အဘိညာသည် နောင် မနောဒွါရိကစိတ်ဖြင့် အသံအထူးကို ဆုံးဖြတ်နိုင်ကြောင်း ဖြစ်အောင် ထင်စွာပြု၍ ဖြစ်သကဲ့သို့ နောင်မနောဒွါရိကစိတ်ဖြင့် သဘာဝါသဘာဝနိရုတ္တိကို ဆုံးဖြတ်နိုင်လောက် အောင် ထင်စွာပြုလျက် ထို မာဂဓိက မူလဘာသာ အဗျဘိစာရီဝေါဟာရ ပစ္စုပ္ပန် သဒ္ဒသဘာဝနိရုတ္တိကို ဖောက်ထွင်း ဖွင့်လှန်လျက် မဖောက်မပြန် ဝေဘန်ခွဲခြမ်း တတ်သော သောတဒွါရဝီထိ၌ဖြစ်သော ဉာဏ်သည် “နိရုတ္တိံ ပဋိဝိဇ္ဈန္တီ သမ္မာ ဘိန္ဒတီတိ နိရုတ္တိပဋိသမ္ဘိဒါ” ဟူသော ဝစနတ္ထကြောင့် နိရုတ္တိပဋိသမ္ဘိဒါ မည်၏။
နိရုတ္တိပဋိသမ္ဘိဒါပ္ပတ္တော ဟိ ဖဿော ဝေဒနာတိ ဧဝမာဒိဝစနံ သုတွာဝ အယံ သဘာဝ- နိရုတ္တီတိ ဇာနာတိ။ ဖဿာ ဝေဒနောတိဧဝမာဒိကံ ပန အယံ န သဘာဝနိရုတ္တီတိ။
အဋ္ဌကထာ (ဒု၊နှာ-၇၁)
ပဋိဘာန ပဋိသမ္ဘိဒါ
ထို ပဋိသမ္ဘိဒါ ဉာဏ်သုံးပါးကို။ ဝါ၊ အလုံးစုံသော ဉာဏ်ဟူသမျှကို သဂေါစရ ကိစ္စ လက္ခဏာ ပစ္စုပဋ္ဌာန် စသည်တို့၏ အစွမ်းဖြင့် ဖောက်ထွင်း ဖွင့်လှန်လျက် မဖောက်မပြန် ဝေဘန်ခွဲခြား အပြားအားဖြင့် သိသော ဉာဏ်သည် “ပဋိဘာနံ ပဋိဝိဇ္ဈန္တီ သမ္မာ ဘိန္ဒတီတိ ပဋိဘာန ပဋိသမ္ဘိဒါ” ဟူသော ဝစနတ္ထကြောင့် ပဋိဘာနပဋိသမ္ဘိဒါ မည်၏။
ကုသလကိရိယာယ ပဋိဘာနပဋိသမ္ဘိဒါယ ဓမ္မတ္ထဘာဝတော တီသု ဧဝ ဝါ ပဝတ္တတ္တာ သဗ္ဗတ္ထ ဉာဏန္တိ ဝုတ္တံ။
ဋီကာ (မဟာ၊ဒု၊နှာ-၈၃)
အဋ္ဌကထာ ဋီကာဟု သာမညမှာလျှင် ဝိသုဒ္ဓိမဂ်ဟူ၍ မှတ်။
ပဋိသမ္ဘိဒါ ရနိုင်သော ပုဂ္ဂိုလ်
ထို ပဋိသမ္ဘိဒါ လေးပါးတို့၏ ဖြစ်ရာဘုံသည် သေက္ခဘုံ အသေက္ခဘုံအားဖြင့် နှစ်ပါးတည်း။ ပုထုဇဉ်တို့ ရရိုး မရှိ။
ထိုတွင် အဂ္ဂသာဝက အာနန္ဒာထေရ်မှ တပါးသော မဟာသာဝက တို့အား အသေက္ခဘုံ၌၊ အာနန္ဒထေရ် စိတ္တသူကြွယ် ဓမ္မိက သီတင်းသည် ဥပါလိသူကြွယ် ခုဇ္ဇုတ္တရာ စသည်တို့မှာ သေက္ခဘုံ၌ ဖြစ်ကြောင်းကို အဋ္ဌကထာ (ဒု၊နှာ-၇၂) မိန့်ဆို၏။
သေက္ခဘုံ၌ အနည်းငယ်သာ၊ အသေက္ခဘုံ၌ အဖြစ်များကြောင်းကို --
ဧတာသံ ပဋိသမ္ဘိဒါနံ သေက္ခဘူမိယံ ပဘေဒဂမနံ အပ္ပဝိသယံ အသေက္ခဘူမိယံ ဗဟုဝိသယန္တိ အာဟ “အဓိဂမော နာမ အရဟတ္တပ္ပတ္တီ”တိ၊ သာတိသယံ ဝါ အဓိဂမံ သန္ဓာယ ဧဝံ ဝုတ္တံ။ သေက္ခေန ပတ္တာနမ္ပိ ဟိ ဣမာသံ အရဟတ္တပ္ပတ္တိယာ ဝိသဒဘာဝါဓိ- ဂမောတိ ဟု-ဋီကာ (မဟာ၊ ဒု၊ နှာ-၈၃)၌ မိန့်သည်။
အဓိဂမော ပရိယတ္တိ၊
သဝနံ ပရိပုစ္ဆနံ။
ပုဗ္ဗယောဂေါစိ”မေ ပဉ္စ၊
တာသံ ဝိသဒကာရဏာ။
သင်္ဂဟဂါထာ
ပဋိသမ္ဘိဒါဉာဏ်
ဖြစ်ပေါ်ရန် အကြောင်း ငါးပါး
အဓိဂမော၊ အရဟတ္တဖိုလ်ကို ရခြင်း၎င်း။
ပရိယတ္တိ၊ ပါဠိဖြစ်သော ဘုရားစကားကို သင်ကြား သရဇ္ဈာယ်ခြင်း၎င်း။
သ၀နံ၊ ထိုပါဠိ၏အနက်ဖြစ်သော အဋ္ဌကထာကို နာယူသင်ကြားခြင်း၎င်း။
ပရိပုစ္ဆနံ၊ ဝန်းကျင်မကြွင်း သိခြင်းငှါ လိုအပ်သော ပုဒ်နက် အဓိပ္ပါယ်အားဖြင့် ခဲကပ်သော ပါဠိ အဋ္ဌကထာ ခန္ဓာဒိပဋိသံယုတ္တ စကားရပ်တို့၌ အကျယ် ဆုံးဖြတ်သော သန္နိဋ္ဌာန ဝိနိစ္ဆယ စကားကို စဉ်းစားကြံစည် ဖွေနှည်မေးမြန်းခြင်း၎င်း။
ပုပ္ပယောဂေါ စ၊ ရှေးဘုရားရှင်တို့ သာသနာ၌ ဂတပစ္စာဂတ [၁] ဝတ်ကို ကျင့်လျက် သင်္ခါရုပေက္ခာဉာဏ် တိုင်အောင် ဝိပသာနာ ကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်ခဲ့ဘူးခြင်း၎င်း။
ဣမေ ပဉ္စ၊ ဤငါးပါးတို့သည်။
တာသံ၊ ထို ပဋိသမ္ဘိဒါ လေးပါးတို့၏။
ဝိသဒကာရဏာ၊ စင်ကြယ် သန့်ရှင်း ဖြစ်ခြင်း အကြောင်းတို့တည်း။
ထိုတွင် အဓိဂမ-အရ အရဟတ္တဖိုလ်ကို ယူခြင်းအကြောင်းကို ဋီကာပါဌ်ဖြင့် ယခင် ပြခဲ့ပြီ။ ပုဗ္ဗယောဂကဲ့သို့ အရဟတ္တပ္ပတ္တိသည် ရဟန္တာ၏လည်း ပဋိသမ္ဘိဒါဝိသဒ၏ အကြောင်း ဖြစ်သင့်ရကား ငါးပါးလုံးကိုပင် သေက္ခ အသေက္ခ နှစ်ပါး၌ ယှဉ်အပ်၏။
၁။ ဂတပစ္စာဂတ = ဆွမ်းခံသွားစဉ် ဆွမ်းခံရာမှ ပြန်လာစဉ်အခါတို့၌ ကမ္မဋ္ဌာန်းကို နှလုံး သွင်းသောဝတ် (မဟာဋီကာ၊ဒု၊နှာ-၈၄)။ အဓိဋ္ဌာန်ဖြင့် ကမ္မဋ္ဌာန်းကို နှလုံးသွင်း၍ လမ်းသွားစဉ် ကမ္မဋ္ဌာန်းပျက်ခဲ့သော် ယင်းကမ္မဋ္ဌာန်းပျက်ရာ ဌာနသို့ ပြန်သွားပြီး တဖန် ကမ္မဋ္ဌာန်းကို နှလုံးသွင်းပြန်သောဝတ် (အဘိ၊ဋ္ဌ၊ ၂၊နှာ-၃၃၅-၃၃၇)။
ပဋိသမ္ဘိဒါ ဖြစ်ပေါ်ခြင်း
အကြောင်း ၈-ပါး
တနည်းလည်း --
ပုဗ္ဗယောဂေါ ဗာဟုဿစ္စံ၊
ဒေသဘာသာ စ အာဂမော။
ပရိပုစ္ဆာ အဓိဂမော၊
ဂရုသန္နိဿယော တထာ။
မိတ္တသမ္ပတ္တိ စေဝါတိ၊
ပဋိသမ္ဘိဒ ပစ္စယာ။
အဋ္ဌကထာ (ဒု၊နှာ-၇၂)၊ ဤကား အပရေဝါဒတည်း။
ပုဗ္ဗယောဂေါ၊ ရှေးဘုရားရှင်တို့ သာသနာ၌ သင်္ခါရုပေက္ခာဉာဏ်အထိ ဝိပဿနာ စီးဖြန်းပွါးများ ခဲ့ဘူးခြင်း၎င်း။
ဗာဟုဿစ္စံ၊ ထိုထို အနဝဇ္ဇကျမ်းဂန် သိပ္ပါယတန တို့၌ လိမ္မာကျွမ်းကျင် အကြားအမြင် များခြင်း၎င်း။
ဒေသဘာသာ စ၊ ဘာသာတရာ့တပါးကို နားလည်ခြင်း၎င်း။
ဝါ၊ အထူးအားဖြင့် မဂဓဘာသာ၌ လိမ္မာခြင်း၎င်း။
အာဂမော၊ အယုတ်အားဖြင့် ဩပမ္မဝဂ် မျှလောက်သော ဘုရားစကား တော်ကို သင်ကြား ဆောင်ရွက်ခြင်း၎င်း။
ဓမ္မပဒေ ယမကဝဂ္ဂေါ ဩပမ္မဝဂ္ဂေါတိ ဝဒန္တိ၊ မူလပဏ္ဏာသေ ယမကဝဂ္ဂေါ ဩပမ္မဝဂ္ဂေါ ဧဝါတိ အပရေ။ ဋီကာ (ဒု၊နှာ-၈၄)
ပရိပုစ္ဆာ၊ အောက်ထစ်ယုတ်စွာ တဂါထာ၏ သော်လည်း အတ္ထဝိနိစ္ဆယကို မေးမြန်း ခြင်း၎င်း။
အဓိဂမော၊ ဖိုလ်လေးပါးကို ရခြင်း၎င်း။
တထာ၊ ထိုမှတပါး။
ဂရုသန္နိဿယော၊ သုတပဋိဘာန်များသော ဆရာသမားထံ၌ နေခြင်း၎င်း။
မိတ္တသမ္ပတ္တိ စေဝ၊ သုတ ပဋိဘာန် ကုံထံသော မိတ်ဆွေ ခင်ပွန်းနှင့် ပြည့်စုံခြင်း၎င်း။
ဣတိ ဣမေ၊ ဤ ရှစ်ပါးတို့သည်။
ပဋိသမ္ဘိဒ ပစ္စယာ၊ ပဋိသမ္ဘိဒါဉာဏ် ဖြစ်ခြင်း၏ အကြောင်းတို့တည်း။
ထိုငါးပါး ရှစ်ပါးတို့တွင် ပုဗ္ဗယောဂ အဓိဂမ နှစ်ပါးကို မှီ၍ ဘုရား ပစ္စေကဗုဒ္ဓါ တို့သည် ပဋိသမ္ဘိဒါသို့ ရောက်ကုန်၏။ သာဝကတို့ကား ဤ အလုံးစုံသော အကြောင်းကို မှီ၍ ရောက်ကုန်၏။ ပဋိသမ္ဘိဒါသို့ ရောက်ကြောင်း ကမ္မဋ္ဌာန်းကား အသီးအခြားမရှိ။ မဂ်ဖိုလ်ရရာ၌ အကြောင်း အားလျော်စွာ ပါကုန်၏ဟု အဋ္ဌကထာ (ဒု၊နှာ-၇၃) မိန့်၏။
“ရုပ် ၂၈-ပါးတို့၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်”
ထို ဝိပဿနာကို စီးဖြန်းအားထုတ်လိုသော ယောဂီ အာစာရ ကုလပုတ္တ အာဒိကမ္မိက ပုဂ္ဂိုလ်သည် --
ဝိပဿနာ၏ ဘူမိ မူလ သရီရ
နာမသံမူဠှ တိက္ခိန္ဒြိယ သင်္ခေပရုစိ [၁] ပုဂ္ဂိုလ်နှင့် သင့်လျော်သော ခန္ဓာငါးပါး။
ရူပသံမူဠှ မဇ္ဈိန္ဒြိယ နာတိသင်္ခေပ နာတိဝိတ္ထာရရုစိ [၂] ပုဂ္ဂိုလ်နှင့် သင့်လျော်သော အာယတန တဆဲ့နှစ်ပါး။
နာမရူပသံမူဠှ မုဒိန္ဒြိယ ဝိတ္ထာရရုစိ [၃] ပုဂ္ဂိုလ်နှင့် သင့်လျော်သော ဓာတ်တဆဲ့ ရှစ်ပါး။ အဝသဝတ္တန [၄] သုညအနတ္တအဖြစ်ကို ပြတတ်သော ဣန္ဒြေ နှစ်ဆဲ့နှစ်ပါး။
[၁။ နာမ်တရား၌ တွေဝေ၍ ထက်မြက်သော ဉာဏ်ရှိပြီးလျှင် အကျဉ်းမျှ ပြသဖြင့် နှစ်သက် သဘောကျပြီး အရဟတ္တဖိုလ် ရောက်နိုင်သူ (ဥဂ္ဃဋိတညူပုဂ္ဂိုလ်)
၂။ ရုပ်တရား၌တွေဝေ၍ အလယ် အလတ် ထက်မြက်သော ဉာဏ်ရှိပြီး မကျဉ်းမကျယ် ဟောရုံမျှဖြင့် နှစ်သက်နိုင်၍ အရဟတ္တဖိုလ် ရောက်နိုင်သူ (ဝိပဉ္စိတညူ)
၃။ နာမ်ရုပ် ၂-ပါး၌ တွေဝေ၍ နုန့်သောဉာဏ်ရှိပြီး အကျယ် ဟောမှသာ နှစ်သက်နိုင်၍ အရဟတ္တဖိုလ် ရောက်နိုင်သူ (နေယျပုဂ္ဂိုလ်)
၄။ အဝသဝတ္တန (အ။ ဝသ=အလို၊ ဝတ္တန ဖြစ်ခြင်း) အလိုအတိုင်း မဖြစ်ခြင်း ( = အနတ္တ)]
ထိုခန္ဓာ အာယတန ဓာတု ဣန္ဒြိယ လေးပါးတို့သည် ပဝတ္တိ နိဝတ္တိ တဒုဘယဟေတုတို့၏ အစွမ်းတို့ဖြင့် မြင်ပါမှ ဥပကာရာဝဟ ဖြစ်ကုန်သည်ဟု ဒဋ္ဌဗ္ဗာကာရကို ပြတတ်သော သစ္စာလေးပါး ပဋိစ္စသမုပ္ပါဒ်တရား ထိုက်သည် အားလျော်စွာ ကျေးဇူးများသော အာဟာရလေးပါး စသော “လက္ခဏာဒိဂ္ဂဟဏဝသေန ဘဝတိ ဝိပဿနာပညာ ဧတ္ထာတိ ဘူမိ” ဟူသော ဝစနတ္ထကြောင့် ဘူမိမည်သော တရားတို့ကို ဉာဏ်အာရုံ ကျက်စား သင်ကြားမှတ်မိ တတ်သိ နားလည်အောင် ပြုပြီး၍ ဝိပဿနာ၏ အခြေပါဒ အမြစ်မူလဖြစ်သော အောက်၌ ဆိုအပ်ခဲ့ပြီးသော သီလဝိသုဒ္ဓိ စိတ္တဝိသုဒ္ဓိနှစ်ပါး ဖွံ့ထွားစွာ ပြည့်စုံ စေ၍ ခြေ လက် ဦးခေါင်း အပေါင်း ကိုယ်အသွင် သစ်ပင်အလား --
ဒိဋ္ဌိဝိသုဒ္ဓိ
ကင်္ခါဝိတရဏဝိသုဒ္ဓိ
မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ
ဉာဏဒဿနဝိသုဒ္ဓိ
ဟူသော ဝိသုဒ္ဓိငါးပါးတို့ကို ပွါးများ မီးဖြန်းအပ်ကုန်၏။
[ဝိပဿနာ၏ဖြစ်ရာ = ဘူမိ ( = ခန္ဓာ အာယတန ဓာတ် သစ္စာ ပဋိစ္စသမုပ္ပါဒ် အာဟာရ)
ဝိပဿနာ၏အမြစ်မူလ = သီလဝိသုဒ္ဓိ စိတ္တဝိသုဒ္ဓိ။
ဝိပဿနာ၏ ခြေ လက် ဦးခေါင်း = သရီ (ကြွင်း ဝိသုဒ္ဓိ ၅-ပါး)။]
ထိုခန္ဓာ အာယတန စသည်တို့ကို သမုစ္စည်းပိုင်း (ဤကျမ်း ပ-တွဲ၊နှာ-၂၇၁) က အကျယ်ပြခဲ့ပြီ။ ထိုတရားတို့၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်ကိုကား မှတ်သား ဆောင်ရွက်လွယ်စေခြင်းငှါ သင်္ဂဟဂါထာ ဖွဲ့၍ပြပေအံ့ --
မဟာဘုတ်လေးပါးတို့၏ လက္ခဏာစသည် ဓမ္မဝ၀တ္ထာန် ၄-ပါး
ဘူတာ ကက္ခဠ ပဂ္ဃရ- ဥဏှ ပိတ္ထမ္ဘ လက္ခဏာ။
ပတိဋ္ဌာဗြူဟ ပါစန- ဥဒီရဏ ရသာ ကမာ။
သမ္ပဋိစ္ဆနသင်္ဂဟ- မဒ္ဒဝါနုပ္ပဒါနက။
အဘိနီဟာရုပဋ္ဌာနာ၊ သေသဘူတ ပဒဋ္ဌာနာ။
လက္ခဏာ
ဘူတာ၊ (ပထဝီ အာပေါ တေဇော ဝါယော) မဟာဘုတ်တို့သည်။
ကမာ၊ အစဉ်အတိုင်း။
ကက္ခဠ ပဂ္ဃရ ဥဏှ ပိတ္ထမ္ဘ လက္ခဏာ၊ ခက်မာ ယိုစီး ပူနွေး ထောက်ပံ့ခြင်းလျှင် မှတ်ကြောင်း လက္ခဏာ ရှိကုန်၏။
ရသ
ပတိဋ္ဌာဗြူဟ ပါစန ဥဒီရဏ ရသာ၊ တည်ရာ ပွါးစေ ကျက်စေ, ရွေ့စေခြင်း ကိစ္စ ရှိကုန်၏။
ပစ္စုပဋ္ဌာန်
သမ္ပဋိစ္ဆနသင်္ဂဟ မဒ္ဒဝါနုပ္ပဒါနက အဘိနီဟာရုပဋ္ဌာနာ၊ ခံထားခြင်း ပေါင်းစုခြင်း နူးညံ့ သည်ကိုပေးခြင်း ရှေးရှုဆောင်ခြင်းလျှင် ထင်သော အခြင်းအရာ ရှိကုန်၏။
ပဒဋ္ဌာန်
သေသဘူတပဒဋ္ဌာနာ၊ ကြွင်း မဟာဘုတ်သုံးပါးလျှင် နီးစွာသောအကြောင်း ရှိကုန်၏။
ပသာဒရုပ်ငါးပါးတို့၏ လက္ခဏာစသည် ဓမ္မ၀၀တ္ထာန် ၄-ပါး
ပသာဒါ ဒဋ္ဌုကမျာဒိ- နိဒါန ကမ္မဇဗ္ဘူတ။
ပသာဒလက္ခဏာ ရူပ-အာဒီသွာ' ဝိဉ္ဆန ရသာ။
ဝိညာဏဓာရုပဋ္ဌာနာ၊ တံ တံ ဘူတ ပဒဋ္ဌာနာ။
ပသာဒါ၊ ပသာဒ ရုပ်ငါးခုတို့သည်---
လက္ခဏာ
ဒဋ္ဌုကမျာဒိနိဒါန ကမ္မဇဘူတပသာဒလက္ခဏာ၊ ကြည့်ရှုလိုသောသူ၏ ဖြစ်ကြောင်း ရူပ တဏှာ စသည်လျှင် အကြောင်းရှိသော ရှေးကံကြောင့်ဖြစ်သော မဟာဘုတ်တို့ကို ကြည်လင်စေခြင်း လက္ခဏာ ရှိကုန်၏။
ရသ
ရူပအာဒီသု၊ ပဉ္စာရုံတို့၌။
အာဝိဉ္ဆနရသာ၊ ပုဂ္ဂိုလ် ပဉ္စဝိညာဏ်တို့ကို ဆွဲငင်ဆောင်ကြဉ်းခြင်း ကိစ္စ ရှိကုန်၏ ။
ပစ္စုပဋ္ဌာန်
ဝိညာဏဓာရုပဋ္ဌာနာ၊ ပဉ္စဝိညာဏ်တို့၏ တည်ရာအဖြစ်လျှင် ထင်သော အခြင်းအရာ အာဓာရဘာဝ ပစ္စုပဋ္ဌာန် ရှိကုန်၏။
ပဒဋ္ဌာန်
တံ တံ ဘူတပဒဋ္ဌာနာ၊ ထို ထိုဒဋ္ဌုကာမတာဒိနိဒါန ကမ္မသမုဋ္ဌာန မဟာဘုတ်လျှင် နီးစွာသောအကြောင်း ရှိကုန်၏။
“ယထာ စေတံ၊ တထာ သဗ္ဗာနိပိ ဥပါဒါရူပါနိ” အဋ္ဌကထာ (ဒု၊နှာ-၇၆) လာသည့်အတိုင်း ဥပါဒါရုပ် ဟူသမျှတို့၏ ပဒဋ္ဌာန်ကို မဟာဘုတ်ချည်းမှတ်။ ထူးရာ၌သာ ဆိုတော့မည်။
ဝိသယရုပ် ၇-ပါး အာရုံငါးပါးတို့၏ လက္ခဏာစသည်
ဂေါစရာနံ လက္ခဏာဒီ၊ ပသာဒ အဘိဃာတနံ။
ဝိညာဏဝိသယဘာဝေါ၊ တေသံ ဂေါစရတာပိ စ။
ဂေါစရာနံ၊ ဝိသယရုပ် ခုနှစ်ခုတို့၏။
လက္ခဏဒီ၊ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကား --
ပသာဒ အဘိဃာတနံ၊ ပသာဒရုပ် ငါးခုတို့၌-တို့၏ ထိခိုက်ခြင်းသည်၎င်း။
ဝိညာဏ ဝိသယ ဘာဝေါ၊ အနညတ္ထဘာဝ ဖြစ်၍ ပဉ္စဝိညာဏ်တို့အား အာရမ္မဏပစ္စည်း တပ်ခြင်းသည်၎င်း။
[အနညတ္ထဘာဝ = (န = မ၊ အည = ရူပါရုံစသည်မှတပါးသော။ အတ္ထ = သဒ္ဒါရုံစသော အနက်၊ ဘာဝ = ဖြစ်ခြင်း၊) စက္ခုဝိညာဉ်သည် ရူပါရုံမှတပါးသော သဒ္ဒါရုံစသည့် အာရုံ၌ မဖြစ်ခြင်း။ (ကြွင်း ဤနည်းတူ)။]
တေသံ၊ ထိုပဉ္စဝိညာဏ်တို့၏။
ဂေါစရတာပိ စ၊ တဗ္ဗဟုလစာရီ ဖြစ်၍ ကျက်စားရာ အဖြစ်သည်၎င်းတည်း။
[တဗ္ဗဟုလစာရီ = (တ = ထို၊ ဗဟုလ = များစွာ၊ စာရီ = ဖြစ်လေ့ရှိခြင်း) စက္ခုဝိညာဉ်၏ ထိုရူပါရုံ၌ များစွာဖြစ်လေ့ရှိခြင်း။ (ကြွင်း ဤနည်းတူ)။]
ဝိသယဂေါစရာနံ အယံ ဝိသေသော- အနညတ္တဘာဝေါ တဗ္ဗဟုလ စာရိတာ စ စက္ခုဝိညာဏဿ။
ဋီကာ (မဟာ၊ဒု၊နှာ-၉၄)
ဘာဝရုပ် ၂-ပါးတို့၏ လက္ခဏာစသည် ဓမ္မဝဝတ္ထာန် ၄-ပါး
ဒွေဘာဝါ ဘာ၀လက္ခဏာ၊ ပကာသနရသာပိ စ။
လိင်္ဂနိမိတ္တအာဒီနံ၊ ကာရဏဘာဝုပဋ္ဌာနာ။
ဒွေ ဘာဝါ၊ ဣတ္ထိဘော ပုံဘော နှစ်ပါးတို့သည်။
ဘာဝ လက္ခဏာ၊ ဣတ္ထိ ပုရိသစိတ် အဘိဓာန တို့၏ဖြစ်ကြောင်း လက္ခဏာ ရှိကုန်၏။
ပကာသန ရသာ၊ မိန်းမ ယောက်ျားဟု ပြခြင်း ကိစ္စ ရှိကုန်၏။
လိင်္ဂ နိမိတ္တ အာဒီနံ၊ လိင်္ဂ နိမိတ္တ ကုတ္တ အာကပ္ပတတို့၏။
ကာရဏဘာဝုပဋ္ဌာနာ၊ အကြောင်းအဖြစ်လျှင် ထင်သော အခြင်းအရာ ရှိကုန်၏။
ထိုဘာဝရုပ်နှစ်ခုသည် ကာယပသာဒကဲ့သို့ တကိုယ်လုံး၌ နှံ့၏။ ကာယပသာဒ နှင့်လည်း မရော။
န စ ကာယပသာဒေန ဌိတောကာသေ ဌိတန္တိ ဝါ အဋ္ဌိတောကာသေ ဌိတန္တိ ဝါ ဝတ္တဗ္ဗတံ အာပဇ္ဇတိ။ ရူပရသာဒယော ဝိယ အညမညံ သင်္ကေရော နတ္တိ။
အဋ္ဌကထာ (ဝိသုဒ္ဓိ၊ဋ္ဌ၊ဒု၊ နှာ-၇၇)
ဟဒယဝတ္ထုရုပ်၏ လက္ခဏစသည် ဓမ္မဝဝတ္ထာန် ၄-ပါး
ဟဒယဿ လက္ခဏာဒီ၊
နိဿရာဓာရဏမ္ပိ စ။
အထော ဥဗ္ဗဟနံ ဉေယျာ၊
ဒွိန္နံ ဝိညာဏဓာတုနံ။
ဒွိန္နံ၊ နှစ်ပါးကုန်သော။
ဝိညာဏဓာတူနံ၊ မနောဓာတ် မနောဝိညာဏဓာတ် တို့၏။
နိဿယော၊ မှီရာအဖြစ်ကို၎င်း။
ဒွိန္နံ ဝိညာဏဓာတူနံ၊ နှစ်ပါးကုန်သော မနောဓာတ် မနောဝိညာဏဓာတ် တို့ကို။
အာဓာရဏမ္ပိ စ၊ လွန်စွာဆောင်ခြင်းကို၎င်း။
အထော၊ ထိုမှတပါး။
ဥဗ္ဗဟနံ၊ ချီတင် ထမ်းပိုးသကဲ့သို့ ဖြစ်ခြင်းကို၎င်း။
ဟဒယဿ၊ ဟဒယဝတ္ထု၏။
လက္ခဏာဒီ၊ လက္ခဏာ စသည်တို့ဟူ၍။
ဉေယျာ၊ သိအပ်ကုန်၏။
ဇီဝိတိန္ဒြေ၏ လက္ခဏာစသည် ဓမ္မ၀၀တ္ထာန် ၄-ပါး
ဇီဝိတိန္ဒြိယဿ အနု-
ပါလနဉ္စ ပဝတ္တနံ။
ဌပနံ သဟဇာတာနံ၊
ဘူတံ ယာပယိတဗ္ဗကံ။
ဇီဝိတိန္ဒြိယဿ၊ ဇီဝိတိန္ဒြေ ၏။
လက္ခဏဒီနိ၊ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကား --
သဟဇာတာနံ၊ ကလာပ်တူ ကမ္မဇရုပ်တို့ကို။
အနုပါလနံ၊ စောင့်ရှောက်ခြင်း၎င်း။
ပဝတ္တနံ၊ မျှတစေ ဖြစ်စေခြင်း၎င်း။
ဌပနံ၊ တည်စေခြင်း၎င်း။
ယာပယိတဗ္ဗကံ ဘူတံ၊ မျှတစေ ဖြစ်စေအပ်သော မှီခိုရာ မဟာဘုတ် ၎င်းတည်း။
န ကေဝလံ ခဏဋ္ဌိတိယာ ဧဝ၊ ပဗန္ဓာနုပစ္ဆေဒဿပိ ဇီဝိတိန္ဒြိယံ ကာရဏန္တိ ဒဋ္ဌဗ္ဗံ၊ ဣတရထာ အာယုက္ခယတော မရဏံ န ယုဇ္ဇေယျာတိ။
ဋီကာ (ဒု၊နှာ-၉၆)
အာဟာရရုပ်၏ လက္ခဏာစသည် ဓမ္မ၀၀တ္ထာန် ၄-ပါး
ဩဇလက္ခဏော အာဟာရော၊
ရူပါဟရဏ ရသော တထာ။
ဥပတ္ထမ္ဘနုပဋ္ဌာနော၊
အာဟရေယျ ပဒဋ္ဌာနော။
အာဟာရော၊ ကဗဠိကာရာဟာရသည် --
ဩဇ လက္ခဏော၊ ခွန်အားဖြစ်စေ မျှတစေ၍ အသက်ကို ရှည်စေခြင်း လက္ခဏာ ရှိ၏။
တထာ၊ ထိုမှတပါး။
ရူပါဟရဏ ရသော၊ ဩဇဋ္ဌမကရုပ်ကို ဆောင်ခြင်းကိစ္စ ရှိ၏။
ဥပတ္ထမ္ဘန ဥပဋ္ဌာနော၊ ရူပကာယကို ထောက်ပံ့ခြင်းလျှင် ထင်သော အခြင်းအရာ ရှိ၏။
အာဟရေယျ ပဒဋ္ဌာနော၊ အလုတ်အခဲပြု၍ မျိုအပ်သော အာဟရိတဗ္ဗ ဝတ္ထုလျှင် နီးစွာသော အကြောင်းရှိ၏။
အင်္ဂမင်္ဂါနုသာရိနော ရသဿ သာရော ဥပတ္ထမ္ဘဗလကရော ဘူတနိဿိတော ဧကော ဝိသေသော ဩဇာ။
ဋီကာ (ဝိသုဒ္ဓိ၊ဒု၊နှာ-၁၀၄)
ဩဇ
အင်္ဂါကြီးငယ်သို့ လျှောက်သော အစာရည်၏ အဆီအနှစ် အထူးသည် ဩဇာမည်၏။ ရူပကာယကို ထောက်ပံ့တတ်၏။ အားကို ဖြစ်စေတတ်၏ ဟူလိုသည်။ ယင်းဩဇာ၏ ရုပ်ကို ဖြစ်စေရာ၌ အဇ္ဈတ္တိကသာ မုချ၊ ဗာဟိရကား ဥပနိဿယ ဟု ---
“ဗာဟိရာဟာရံ ပစ္စယံ လဘိတွာ ဧဝ အဇ္ဈတ္တိကာဟာရော ရူပံ ဥပ္ပါဒေတီတိ အယံ အဇ္ဈတ္တိကာဟာရဿ ဥပနိဿယဘာဝေနပိ ရူပံ အာဟာရတိ” ဟု အဘိဓမ္မာ ဝတာရ ဋီကာ (ဒု၊နှာ-၁၄၁) မိန့်သည်။
အာကာသဓာတ်၏ လက္ခဏာစသည် ဓမ္မ၀၀တ္ထာန် ၄-ပါး
ပရိစ္ဆေဒလက္ခဏံ ခံ၊
ပရိယန္တပ္ပကာသနံ။
မရိယာဒ ဥပဋ္ဌာနံ၊
ပရိစ္ဆန္န ပဒဋ္ဌနံ။
ကာယ ဆိန္နေသု ဥဒ္ဓါဓော၊
တိရိယန္တိ စ ဇာယတိ။
ခံ၊ အာကာသဓာတ်သည် ---
ပရိစ္ဆေဒ လက္ခဏံ၊ ရုပ်ကလာပ်တခုကို ကလာပ်တပါးနှင့် မရောနှောရအောင် ပိုင်းခြားခြင်း လက္ခဏာ ရှိ၏။
ပရိယန္တပ္ပကာသနံ၊ ရုပ်ကလာပ်တို့၏ ထက်ဝန်းကျင် အစွန်အနားအဆုံးကို ပြုခြင်း ကိစ္စ ရှိ၏။
မရိယာဒ ဥပဌာနံ၊ ရုပ်ကလာပ်တို့၏ စသတ်ပိုင်းခြား အရေးအသားလျှင် ထင်သော အခြင်းအရာ ရှိ၏။
တနည်းလည်း -- အသံဖုဋ္ဌဘာဝ ဆိဒ္ဒဝိဝရဘာဝ ပစ္စုပဋ္ဌာနာ ဝါ။
အဋ္ဌကထာ (ဝိသုဒ္ဓိ၊ဒု၊နှာ-၇၈)
ပရိစ္ဆန္ဒ ပဒဋ္ဌာနံ၊ မိမိပိုင်းခြားအပ်သော ရုပ်ကလာပ်လျှင် နီးစွာသော အကြောင်းရှိ၏။
ယာယ၊ အကြင် အာကာသဓာတ်သည်။
ဆိန္နေသု၊ ပိုင်းခြားအပ်ကုန်သည် ရှိသော်။
ဝါ၊ ပိုင်းခြားအပ်ကုန်သောကြောင့်။
ဝါ၊ ပိုင်းခြားအပ်ကုန်သော ရုပ်ကလာပ်တို့၌။
ဥဒ္ဓန္တိ စ၊ အထက်ဟူ၍၎င်း။
အဓောတိ စ၊ အောက်ဟူ၍၎င်း။
တိရိယန္တိ စ၊ ဝဲ ယာ ရှေ့ နောက် ဟူ၍၎င်း။
ဇာယတိ၊ ဖြစ်၏။
အထူးမှတ်ဖွယ်
အာကာသဓာတ်သည် ကလာပ်တခုတည်း အတွင်း ရုပ်ချင်း ချင်းကို ပိုင်းခြားသည်ဟု မှတ်သားတတ်၏။ မမှတ်သင့်၊ ကလာပ်ကြားကိုသာ အာကာသဓာတ် မှတ်ရမည်။ ထို အာကာသဓာတ်သည် ဖောဋ္ဌဗ္ဗသဘော မဟုတ်သောကြောင့် မိမိပိုင်းခြားသော ရုပ်ကလာပ်တို့နှင့် မထိမနှံ့ဟု --
န ကဿတီတိ အကာသော၊ သောယေဝ အာကာသော။ နိဇ္ဇီဝဋ္ဌေန ဓာတု စာတိ အာကာသဓာတု။ စက္ခုဒသကာဒိ ဧကေက ကလာပ ဂတာနံ ရူပါနံ ကလာပန္တရေဟိ အသံကိဏ္ဏာဝါ'ပါဒနဝသေန ပရိစ္ဆေဒကံ တေဟိ ဝါ ပရိစ္ဆိဇ္ဇမာနံ တေသံ ပရိစ္ဆေဒမတ္တံ ဝါ ရူပံ ပရိစ္ဆေဒရူပံ။ တံ ဟိ တံ တံ ရူပကလာပံ ပရိစ္ဆန္ဒန္တံ ဝိယ ဟောတိ။ ဝိဇ္ဇမာနေပိ စ ကလာပန္တရဘူတေဟိ ကလာပန္တရဘူတာနံ သဖုဋ္ဌဘာဝေ တံ တံ ရူပဝိဝိတ္တတာ ရူပပရိယန္တော အာကာသော။ ယေသဉ္စ သော ပရိစ္ဆေဒေါ။ တေဟိ သယံ အသံဖုဋ္ဌောယေဝ။
အညထာ ပရိစ္ဆန္တတာ န သိယာ တေသံ ရူပါနံ ဗျာပီတာဝါပတ္တိတော။ အဗျာပီတာ ဟိ အသံဖုဋ္ဌတာ။ တေနာဟ ဘဂဝါ “အသံဖုဋ္ဌံ စတူဟိ မဟာဘူတေဟီ”တိ။
ဋီကာကျော် (နှာ-၁၉၉) မိန့်သည်။
ဝိညတ်ရုပ် ၂-ပါး၏ လက္ခဏာစသည် ဓမ္မဝဝတ္ထာန် ၄-ပါး
ဝိညတ္တိယော အဓိပ္ပါယ-ပ္ပကာသနရသာ စလ။ ဃောသဟေတု ဥပဋ္ဌာနာ၊ စိတ္တဇာဘူ ပဒဋ္ဌနာ။
ဝိညတ္တိယော၊ တုန်လှုပ် ရွတ်ဆိုသော ကိုယ် နှုတ်တို့ဖြင့် သိစေတတ် သိအပ်သော လက္ခဏာ ရှိကုန်သော ကာယဝိညတ် ဝစီဝိညတ်တို့သည် --
အဓိပ္ပါယပ္ပကာသန ရသာ၊ အလိုဆန္ဒကို ပြခြင်း ကိစ္စ ရှိကုန်၏။
စလ ဃောသဟေတု ဥပဋ္ဌာနာ၊ ကိုယ်တုန်လှုပ်ခြင်း နှုတ်မြွက်ဆိုခြင်း၏ အကြောင်းအဖြစ် လျှင် ထင်သောအခြင်းအရာ ရှိကုန်၏။
စိတ္တဇာဘူ ပဒဋ္ဌာနာ၊ သတ္တိလွန်သော စိတ္တဇဝါယောဓာတ် ပထဝီဓာတ်လျှင် နီးစွာသော အကြောင်း ရှိကုန်၏ ။
ကာယဝိညတ် အဆုံးအဖြတ်
ထိုတွင် ကာယဝိညတ်ဟူသည် ဝါယောဓာတ် လွန်သော စိတ္တဇမဟာဘုတ်တို့၏ သဟဇာတ် ရူပကာယကို လှုပ်ရှားစေကြောင်း သဟကာရီကာရဏ အခြင်းအရာ ဝိကာရသတ္တိတည်း။
ဇောခုနစ်ချက်တွင် သတ္တမဇော ပြုသော သတ္တိသည်သာ ရူပကာယကို လှုပ်ရှားစေနိုင်၏။
ဝစီဝိညတ် အဆုံးအဖြတ်
ဝစီဝိညတ်ကား ပထဝီဓာတ်လွန်သော စိတ္တဇဘုတ်တို့၏ ထိုထို အက္ခရုပ္ပတ္တိဋ္ဌာန်၌ ရှိရင်း ကမ္မဇပထဝီဓာတ်ကို ထိခဘ်ကြောင်း သဟကာရီကာရဏ အခြင်းအရာ ဝိကာရသတ္တိ တည်း။
ဇောခုနစ်ချက်လုံးပြုသော သတ္တိသည်ပင် အက္ခရာကို ဖြစ်စေနိုင်၏ဟု အဋ္ဌသာလိနီ (နှာ-၁၂၉)၌လာ၏။ “သို့ဖြစ်စေလျှင် ပေါက်ပေါက် လှော်သံကဲ့သို့ အသံမထွေးယှက်လော”ဟူမူ အသံတူသသူ နှစ်ယောက် သုံးယောက် သံပြိုင် တွဲ၍ဆိုသော သီချင်းသံကိုပင် တသံတည်းကဲ့သို့ ထင်ရသေး၏၊ စိတ်တူ ဌာန်တူ အက္ခရာတူဖြစ်သော အသံစုမှာ ဆိုဘွယ်ရာ မရှိပြီ။ တသံတည်းကဲ့သို့ ရောနှော စပ်ယှက်၍ ထွက်တော့သည်။ ဇောခုနစ်ချက်တွင်၍သာလည်း မကသေး၊ သုံး လေးဝီထိပင် အက္ခရာတူ အသံထပ်၍ ထပ်၍ ဖြစ်ကြောင်းကို ဒွက္ခရ, တျက္ခရသဒ္ဒါတို့၌ ကျသော သုဏန္တဝီထိဖြင့် သိသာလှ၏။ သို့ နှလုံးသွင်းတော် မမူမိကြ၍ မဏိမဉ္ဇူ (ဒု၊နှာ-၁၄ဂ) စသော ဋီကာရှင်တို့ အဋ္ဌကထာကိုစင်လျက် ပြစ်တင် ကျောက်ကန် လှန်တော်မူကြဟန် ရှိချေသည်။
“စတုန္နံ မဟာဘူတာနံ ဥပါဒါယရူပံ” ဟူသည်နှင့်အညီ ဘုတ်လေးပါးတို့၏ သတ္တိဖြစ်သော်လည်း လွန်သည်ကိုစွဲ၍ ထိုထို အရာ၌ ---
အဘိက္ကမာဒိပ္ပဝတ္တစိတ္တသမုဋ္ဌာန ဝါယောဓာတုယာ သဟဇရူပ- ကာယတ္ထမ္ဘနသန္ဓာရဏ စလနဿ ပစ္စယော အာကာရဝိကာရော ကာယဝိညတ္တိ။
ဝစီဘေဒပ္ပဝတ္တကစိတ္တသမုဋ္ဌာနပထဝီဓာတုယာ ဥပါဒိန္န ယဋ္ဋနဿ ပစ္စယော အာကာရဝိကာရော ဝစီဝိညတ္တိ၊
သော စ ကဏ္ဌာဒိဋ္ဌာနေ ဘိ-ဗျတ္တိတော တတ္ထ စိတ္တဇ။ ပထဝီသတ္တိဝိညတ္တိ၊ ဘူသံဃဋ္ဋနဇော မတော။
စသည်ဖြင့် ဓာတ်လွန်နှစ်ပါးကိုသာ ဆိုလေသည်။
မဟာဘုတ် ပမာဏအဆုံးအဖြတ်
စတုန္နံ ဝိကာရော စတူသု ဧကဿာပိ ဟောတိ စတုသာဓာရဏဓနံ ဝိယ။ ဝါယောဓာတုအဓိကတာယ စ ကလာပဿ ဝါယောဓာတုယာ တိ ဝစနံ န ဝိရုဇ္ဈတိ။ ဧဝံ အဓိကတာ စ သာမတ္ထိယတော၊ န ပမာဏတော။ အညထာ ဟိ အဝိနိဗ္ဘောဂဝုတ္တိတာ န ယုဇ္ဇေယျ။ ဋီကာ (ဝိသုဒ္ဓိ၊ဒု၊နှာ-၉၈)
ဤသို့ လာသည်အတိုင်း မဟာဘုတ် လေးပါးတို့သည် ပမာဏ ညီမျှကြကုန်၏။ ရှေး စတုဓာတုဝဝတ္ထာန် (ဤကျမ်းဒု၊တွဲ၊နှာ-၃၉၁)၌ ပြခဲ့ပြီးသော“ပထဝီဓာတု ဒေါဏမတ္တာ သိယာ" စသော စကားကိုလည်း သတ္တိအားဖြင့် အယုတ် အလွန် အနည်းအများကို မျက်ရမ်းဆဘို့ရာသာ ဆိုသောစကား မှတ်ရာသည်။
စင်စစ် မူကား ဓာတ်တော် အဋ္ဌဒေါဏကို ထောက်၍ မဇ္ဈိမပ္ပမာဏလူကို ထောင်းထု ကြိတ်ချေ၍ ချင့်လျှင် တတင်းခန့်မျှလောက် ရှိရာသည်။ အဝိနိဗ္ဘောဂရုပ်ဖြစ်၍ အချင်းချင်း အတွင်းအပ မရ၊ တခုရှိရာ၌ တခုရှိရကား ပထဝီဓာတ် တတင်းခန့် အာပေါဓာတ်စသည် ဝဏ္ဏ ဂန္ဓ စသည်လည်း တတင်းခန့်စီချည်း ရှိရာသည်။ အားလုံးပေါင်းလျှင်လည်း တတင်းခန့်သာ ရှိရာသည်ဟု ကြံသင့်သည်။ ကြံကြလေ -ခက်ဆစ်တည်း။
လဟုတာ စသည်တို့၏ လက္ခဏာစသည်
လဟုတာ လဟုလက္ခဏာ၊ ဂရုဘာဝ ဝိနောဒနာ။ လဟု ပရိဝတျုပဋ္ဌာနာ၊ လဟု ရူပ ပဒဋ္ဌနာ။
မုဒုတာ မုဒုလက္ခဏာ၊ ထဒ္ဓဘာဝ ဝိနောဒနာ။ အဝိရောဓိတုပဋ္ဌာနာ၊ မုဒုရူပ ပဒဋ္ဌနာ။
ကမ္မညတာ တံ လက္ခဏာ၊ အကမ္မည ဝိနောဒနာ။ အဒုဗ္ဗလတုပဋ္ဌာနာ၊ ကမ္မညရူပ ပဒဋ္ဌနာ။
ကာမံ တိဿော န ဇဟန္တိ၊ အညမညံ တထာပိ တာ။ အရောဂီ စမ္မံ သောဏ္ဏံဝ၊ ဝိသေသာ၀ ဝိကာရတော။
“လဟုတာ၏ လက္ခဏာ စသည် ဓမ္မဝဝတ္ထာန် ၄-ပါး”
လဟုတာ၊ လဟုတာသည် --
လဟု လက္ခဏာ၊ တိဇရုပ်တို့၏ မနှေးလျင်မြန် အဒန္ဓတာ လက္ခဏာရှိ၏။
ဂရုဘာဝ ဝိနောဒနာ၊ လေးလံသည့်အဖြစ်ကို ပယ်ဖျောက်ခြင်းကိစ္စ ရှိ၏။
လဟု ပရိ၀တ္တိ ဥပဋ္ဌာနာ၊ လျင်စွာ ပြန်လှန်နိုင်ခြင်းလျှင် ထင်သော အခြင်းအရာရှိ၏။
လဟုရူပ ပဒဋ္ဌာနာ၊ ပေါ့ပါး လျင်မြန်သော တိဇရုပ်လျှင် နီးစွာသော အကြောင်း ရှိ၏။
“မုဒုတာ၏ လက္ခဏာ စသည် ဓမ္မဝဝတ္ထာန် ၄-ပါး”
မုဒုတာ၊ မုဒုတာသည် --
မုဒု လက္ခဏာ၊ တိဇရုပ်တို့၏ နူးညံ့ မခက်မာ အထဒ္ဓတာ လက္ခဏာရှိ၏။
ထဒ္ဓဘာဝ ဝိနောဒနာ၊ ခက်ထန် ကြမ်းတမ်းခြင်းကို ပယ်ဖျောက်ခြင်း ကိစ္စ ရှိ၏။
အဝိရောဓိတာ ဥပဋ္ဌာနာ၊ ခပ်သိမ်းသော အမူအရာတို့၌ မဆန့်ကျင်ခြင်းလျှင် ထင်သော အခြင်းအရာရှိ၏၊
မုဒုရူပ ပဒဋ္ဌာနာ၊ နူးညံ့သော တိဇရုပ်လျှင် နီးစွာသော အကြောင်းရှိ၏။
“ကမ္မညတာ၏ လက္ခဏာ စသည် ဓမ္မဝဝတ္ထာန် ၄-ပါး”
ကမ္မညတာ၊ ကမ္မညတာသည် --
တံ လက္ခဏာ၊ ကိုယ် အမူအရာအား လျော်ခြင်း ဟုဆိုအပ်သော ထို ကမ္မညတာ လက္ခဏာ ရှိ၏။
အကမ္မည ဝိနောဒနာ၊ အမှု၌ မကောင်းခြင်း မခံ့ခြင်းကို ပယ်ဖျောက်ခြင်း ကိစ္စ ရှိ၏။
အဒုဗ္ဗလတာ ဥပဋ္ဌာနာ၊ အားမနည်းခြင်းလျှင် ထင်သော အခြင်းအရာရှိ၏။
ကမ္မညရူပ ပဒဋ္ဌာနာ၊ အမှု၌ ခံ့ကျန်း ကောင်းမှုန်သော တိဇရုပ်လျှင် နီးစွာသော အကြောင်း ရှိ၏။
ဝိကာရရုပ် သုံးပါးတို့ထူးခြားပုံ
တာ တိဿော၊ ထိုသုံးပါးတို့သည်။
အညမညံ၊ အချင်းချင်း။
ကာမံ န ဇဟန္တိ၊ အကယ်၍ကား မစွန့်မခွဲကြကုန်။
တထာပိ၊ ထိုသို့ မခွဲကြကုန်သော်လည်း။
အရောဂီ ဣဝ၊ ရောဂါရှင်းလင်း အနာကင်းသောသူ ကဲ့သို့၎င်း။
စမ္မံ ဣဝ၊ ကောင်းစွာ နယ်ချေ ပျောင်းပြော့သော သားရေကဲ့သို့၎င်း။
သောဏ္ဏံဣဝ၊ ကြေးညှိ မတင် ဦးပြီးသော ရွှေစင်ကဲ့သို့၎င်း။
ဝိကာရတော၊ လေးလံအောင် ခက်ထန်အောင် မလျော်အောင်ပြုတတ်သော ဓာတုခေါဘ ၏ ဆန့်ကျင်ဖက် အကြောင်းတို့သည် ဖြစ်စေတတ်သော ပေါ့ပါး, နူးညံ့ ခံ့သော ဖောက်ပြန်ခြင်း အားဖြင့်။
ဝိသေသာ ဧဝ၊ ယထာက္ကမ ထူးပြားကြကုန်သည်သာတည်း။
ဓာတ်ချောက်ချားခြင်း ၂-မျိုး
ဤ၌ 'ဓာတုက္ခောဘ ́ ဟူသည် အဘယ်နည်း။
ဓာတုက္ခောဘော ဝါတ ပိတ္တ သေမှပ္ပကောပေါ၊ ရသာဒိဓာတူနံ ဝါ ဝိကာရာဝတ္ထာ။ ဒွိဓာ ဝုတ္တောပိ အတ္ထတော ပထဝီဓာတုအာဒီနံ ဓာတူနံယေဝ ဝိကာရောတိ ဒဋ္ဌဗ္ဗော [၁] ။ ဋီကာ (မဟာ၊နှာ-၁၀၁)
[၁။ လေ သည်းခြေ သလိပ်တို့၏ ဖောက်ပြန် ပျက်စီးခြင်း၊ ဩဇ = ရသ သွေး အသား အဆီ အရိုး ခြင်ဆီ သုက် တည်းဟူသော ဓာတ် ၇-ပါးတို့၏ ဖောက်ပြန်ပျက်စီးခြင်း၊ ဤ ဖောက်ပြန်ခြင်း ၂-မျိုးကို ဓာတ်ချောက်ချားခြင်း “ဓာတုခေါဘ” ဟု ခေါ်သည်။ ဓာတ် ချောက်ချားခြင်း ၂-မျိုးရှိသော်လည်း အချုပ်မှာ ဓာတ် ၄-ပါးတို့၏ ဖောက်ပြန်ခြင်းကိုသာ ဓာတုက္ခောဘ ဟု ဆိုသည်။]
ဆန့်ကျင်ဖက် အကြောင်းဟူသည် အဘယ်နည်း ---
ပဋိပက္ခပစ္စယာ သပ္ပါယဥတုအာဟာရာ' ဝိက္ခိတ္တစိတ္တတာ။ တေ စ တံ တံ ဝိကာရဿ ဝိသေသပစ္စယဘာဝတော ဝုတ္တာ။ အဝိသေသန ပန သဗ္ဗေ သဗ္ဗေသံ ပစ္စယာ။ ယတော နေသံ အညမညာ' ဝိဇဟနံ။ ဋီကာ (မဟာ၊ဒု၊နှာ-၁၀၁၊၁၀၂)
ဥပစယစသည်တို့၏ လက္ခဏာ စသည်
အာစယင်္ကော ဥပစယော၊ ဥမ္မုဇ္ဇာပနရသော တထာ။ နိယျာတန ဥပဋ္ဌာနော၊ ဥပစီတ ပဒဋ္ဌနော။
ပဝတ္တိ အင်္ကာ သန္တတိ၊ အနုပ္ပဗန္ဓန ရသာ တထာ။ အနုပစ္ဆေဒု ပဋ္ဌာနာ၊ အနုပ္ပဗန္ဓ ပဒဋ္ဌနာ။ ဥဘယေတံ ဇာတိနာမံ၊ ဥဒ္ဒိဋ္ဌာ ́ကာရနေယျတော။
ဇရတာယ လက္ခဏာဒီ၊ ပရိပါကော ပနယျနံ။ နဝဘာဝါ ပဂမော စ၊ ပရိပစ္စန္တရူပ စ။
အနိစ္စတာယ ပရိဘေဒေါ၊ သံသီဒနံ ခယဗ္ဗယံ။ ပရိဘိဇ္ဇမာနရူပံ၊ ဒဋ္ဌဗ္ဗာ လက္ခဏာဒယော။
“ဥပစယ၏ လက္ခဏာ စသည် ဓမ္မဝဝတ္ထာန် ၄-ပါး”
ဥပစယော၊ ဥပစယသည် ---
အာစယင်္ကော၊ ရှေးဦးစစွာ လာ၏သို့ ဖြစ်ခြင်း, အထက်၌ ပွါးခြင်း လက္ခဏာ ရှိ၏။
ဥပညတ္တံ ဥပသိတ္တန္တိ အဒီသုဝိယ ဥပ-သဒ္ဒဿ ပထမုပရိအတ္ထဿ နိဒဿနတော။ ဋီကာ (ဒု၊နှာ-၁၀၂။)
တထာ၊ ထိုမှတပါး။
ဥမ္မုဇ္ဇာပန ရသော၊ အနာဂတ်ဖြစ်သော ရှေ့အဘို့မှ ဖော်ထုတ်၍ ရုပ်တို့ကို ပေါ် စေခြင်း ကိစ္စ ရှိ၏။
နိယျာတန ဥပဋ္ဌာနော၊ အပ်နှင်းသကဲ့သို့ ဖြစ်ခြင်းလျှင် ထင်သော အခြင်းအရာ ရှိ၏။
“ဣမေ ရူပဓမ္မာ သမ္ပဋိစ္ဆထ နေ'တိ နိယျာတေန္တော ဝိယ ဂယှတီတိ ဝုတ္တံ “နိယျာတနပစ္စုပဋ္ဌာနော”တိ။ အဘိဓမ္မာဝတာရဋီကာ (ဒု၊နှာ-၁၅၆။)
တနည်းလည်း -- ပရိပုဏ္ဏဘာဝ ပစ္စုပဋ္ဌာန်ရှိ၏။
ပရိပုဏ္ဏဘာဝ ပစ္စုပဋ္ဌာနတာ “ဥပရိ စယော ဥပစယော”တိ ဣမသာ ဝသေန ဝေဒိတဗ္ဗာ။ ဋီကာ (မဟာ၊နှာ-၁၀၂။)
ဥပစိတ ပဒဋ္ဌာနော၊ ရှေးဦးစစွာ လာ၏သို့ ဖြစ်သော ရုပ်, အထက်၌ ပွါးသော ရုပ်လျှင် နီးစွာသော အကြောင်းရှိ၏။
“သန္တတိ၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄-ပါး”
သန္တတိ၊ သန္တတိသည် --
ပဝတ္တိအင်္ကာ၊ ရုပ်တို့၏ ဖြစ်ခြင်းလက္ခဏာ ရှိ၏။
တထာ၊ ထိုမှတပါး။
အနုပ္ပဗန္ဓန ရသာ၊ ရှေ့နောက်စပ်တွဲ အဖန်တလဲလဲ ဖွဲ့ခြင်း ကိစ္စရှိ၏။
အနုပစ္ဆေဒ ပဋ္ဌာနာ၊ အစဉ်မပြတ်ခြင်းလျှင် ထင်သော အခြင်းအရာ ရှိ၏။
အနုပ္ပဗန္ဓ ပဒဋ္ဌာနာ၊ အစဉ်မပြတ် ဖွဲ့စပ်ခြင်းကို ပြုတတ်သော အနုပ္ပဗန္ဓကရ ရုပ်လျှင် နီးစွာသော အကြောင်းရှိ၏။
ဇာတိမည်ပုံ
ဧတံ ဥဘယံ၊ ဤ ဥပစယ သန္တတိ နှစ်ပါးသည်။
ဇာတိနာမံ၊ ဇာတိရုပ်၏ အမည်တည်း။
အာကာရနေယျတော၊ ဖြစ်သော အခြင်းအရာ ဝေနေယျဇ္ဈာသယ အားဖြင့်။
ဥဒ္ဒိဋ္ဌံ၊ ဥဒ္ဒေသ၌ အသီးအခြား ပြအပ်၏။
အာစယ ဥပစယ သန္တတိ အဆုံးအဖြတ်
နိဒ္ဒေသ၌ကား သဘော တရားကိုယ်အားဖြင့် မထူးခြားသောကြောင့် --
ယော အာယတနာနံ အာစယော၊ သော ရူပဿ ဥပစယော။ ယော ရူပဿ ဥပစယော။ သာ ရူပဿ သန္တတိ - ဟူ၍ ဟောတော်မူအပ်၏။
အဋ္ဌကထာဟောင်း၌လည်း --အာစယော နာမ နိဗ္ဗတ္တိ။ ဥပစယော နာမ ဝဍ္ဎိ၊ သန္တတိနာမ ပဝတ္တိ ဟု-ဆိုပြီး၍ မြစ်ကမ်းသဲခုံ၌ တူးအပ်သော လက်ယက်တွင်း၌ ရေထွက်သည်နှင့် တဘဝတွင် အစစွာဖြစ်သော ရုပ်တို့၏ ဥပ္ပါဒဘောဂုဏ် ဟု-ဆိုအပ်သော အာစယ တူ၏။
ထို့နောင် နှစ်ကြိမ်မြောက် ဖြစ်လာသော ရုပ်တို့၏ ဥပ္ပါဒ အဝတ္ထာဟူသော ဥပစယသည် လက်ယက်တွင်း၌ ရေပြည့်သည်နှင့် တူ၏။
ရေလျှံ၍ စီးသွားသည်နှင့်ကား တတိယမှစ၍ စုတိကျသည်တိုင်အောင် အစဉ်မပြတ်ဖြစ်သော ရုပ်တို့၏ ဥပါဒ်အခိုက်အတန့်ဟူသော သန္တတိ တူ၏ ဟု ဥပမာပြုပြီး၍ အဍ္ဎေကာဒသ ရုပ်အာယတနတို့၏ ဥပ္ပါဒအဝတ္ထချည်းဖြစ်၍ အာစယ ဥပစယ သန္တတိ သုံးပါးလုံး အတူတူပင် တည်းဟု-ပြခြင်းငှါ ---
ဧဝံ ကိံ ကထိတံ ဟောတိ။ အာယတနေန အာစယော ကထိတော။ အာစယေန အာယတနံ ကထိတံ။
ဟူ၍ အာစယ တမည်ကိုသာ မိန့်အပ်၏။
ဧဝံ ကိံ ကထိတန္တိ ယော အာယတနာနံ အာစယောတိ အာဒိနာ နိဒ္ဒသေန ကိံ အတ္ထဇာတံ ကထိတံ ဟောတိ၊အာယတနေန အာစယော ကထိတော။ အာစယုပစယ သန္တတိယော ဟိ နိဗ္ဗတ္တိဘာဝေန အာစယော ဧဝါတိ အာယတနေဟိ အာစယာဒီနံ ပကာသိတတ္တာ တေဟိ အာစယော ကထိတော။ အာယတနာနံ အာစယာဒိဝစနေနေဝ အာစယသဘာဝါနိ ဥပ္ပါဒဓမ္မာနိ အာယတနာနီတိ အာစယေန တံ ပကတိကံ အာယတနံ ကထိတံ။ လက္ခဏံ ဟိ ဥပ္ပါဒေါ။ န ရူပ ရူပန္တိ။
ဟု-ဋီကာ (ဒု၊နှာ-၁၀၃) ဖွင့်သည်ကို ရှု၍ အနက်သမ္ဗန်။
ဥပစယ သန္တတိ ဟု-ဇာတိရုပ် နှစ်ပါးသာ ရှိသည်ကို အဘယ်မှ အာစယ ပေါ်၍ လာသနည်းဟူမူ ---
ဥဒ္ဒေသေ အဝုတ္တောပိ အာစယော ဥပစယသဒ္ဒေနေဝ ဝိညာယတိ။ ပါဠိယမ္ပိ ဥပသဒ္ဒေါ ပထမတ္ထော ဥပရိအတ္ထော စ ဟောတီတိ “အာဒိတော စယော ဥပစယော၊ ဥပရိ စယော သန္တတီ”တိ အယမတ္ထော ဝိညာယတိ --
ဟု-မူလ ဋီကာ (နှာ-၁၅၂) ၌ ဖြေ၏။
ဥပစယ ပုဒ်၌ ဥပ-သဒ္ဒါ၊ ဥပညတ္တံ၌ ကဲ့သို့ အာဒျတ္ထ ယူ၍ “အာဒိတော စယော ဥပ္ပတ္တိ ဥပစယော ပြုမူ အာစယပုဒ်နှင့် အနက် တူ၏။ ဥပသိတ္တံ ပုဒ်၌ကဲ့သို့ “ဥပရိအတ္ထ” ယူ၍ ဥပရိ စယော ဝဍ္ဎိ ဥပစယော ပြုမူ “သမ္ဗန္ဓာ ဟုတွာ တနီယတေ သန္တတိ ́ဟု --ပြုအပ်သော သန္တတိပုဒ်နှင့် အနက် တူ၏။ ထို့ကြောင့် ဇာတိရုပ် နှစ်ပါးသာ ဖြစ်၏။ ယင်း နှစ်ပါးကို အာစယ ဥပစယ ဆိုလျှင်လည်း ဆိုသင့်၏။ ဥပစယ သန္တတိ ဆိုလျှင်လည်း ဆိုသင့်၏။
ထို နှစ်ပါးတို့တွင် တဘဝတည်းတွင် ရှေးက မဖြစ်ဘူးသေးသော ရုပ်တို့၏ ဖြစ်စ ဥပါဒ် အခိုက်အတန့်သည် ဥပစယ မည်၏။
တကြိမ် ဖြစ်ဘူးသည့်နောက် အဖန်တလဲလဲ စုတိကျသည်တိုင်အောင် ထပ်၍ ထပ်၍ ဖြစ်လာသော ထိုရုပ်တို့၏ ဖြစ်စ ဥပါဒ် အခိုက်အတန့်သည် သန္တတိ မည်၏။
ထို့ကြောင့် ပဋိသန္ဓေမှစ၍ အာယတန ပြည့်စုံသည် တိုင်အောင် ရုပ်ပိုင်း ပဝတ္တိက္ကမကို ပြဆိုရာအခန်း (ဤကျမ်း၊ပတွဲ၊နှာ-၂၂၀) ၌ပြဆို ဆုံးဖြတ်ခဲ့ပြီး အတိုင်း ဒသမသတ္တာဟ အတွင်း၌ ရုပ်သစ်တို့၏ ဥပါဒ်စကို ဥပစယ၊ ပဋိသန္ဓေ ဌီမှစ၍ စုတိုင်အောင် ရုပ်ဟောင်းတို့၏ ဥပါဒ်စကို သန္တတိတို့ဟူ၍ မှတ်လေ။
“ဇရတာ၏ လက္ခဏစသည် ဓမ္မ၀၀တ္ထာန် ၄-ပါး”
ဇရတာယ၊ ဇရတာ၏။
လက္ခဏာဒီ၊လက္ခဏာ စသည်တို့ကား။
လက္ခဏ
ပရိပါကော၊ ရုပ်တို့၏ ရင့်ကျက် မှည့်ရော်ခြင်း၎င်း။
ရသ
ဥပနယနံ၊ ဘင်သို့ရောက်အောင် ဆောင်ခြင်း၎င်း။
ပစ္စုပဋ္ဌာန်
နဝဘာဝါပဂမော စ၊ ဥပါဒ်ဟူသော အသစ်၏ အဖြစ် ကွယ်ကင်း၍ ဟောင်းမြင်း ဆွေးမြည့်ခြင်း၎င်း။
ပဒဋ္ဌာန်
ပရိပစ္စန္တရူပံ စ၊ ရင့်ကျက်အိုမင်း ဟောင်းမြင်း ဆွေးမြည့်ဆဲရုပ်၎င်းတည်း။
ဝါ၊ ရုပ်သည်၎င်း၊
ဧရတာယ၊ ဇရာ၏။
လက္ခဏာဒီ၊ လက္ခဏာ စသည်တို့ မည်ကုန်၏။
“အနိစ္စတာ၏ လက္ခဏစသည် ဓမ္မ၀၀တ္ထာန် ၄-ပါး”
လက္ခဏ
ပရိဘေဒေါ၊ ရုပ်တို့၏ အကုန်မကြွင်း ပျက်စီးခြင်းကို၎င်း၊
ရသ
သံသီဒနံ၊ စုံးစုံးနစ်အောင် နှစ်ခြင်း နစ်စေခြင်းကို၎င်း။
ပစ္စုပဋ္ဌာန်
ခယဝယံ၊ ကုန်ပျောက်ခြင်းကို၎င်း။
ပဒဋ္ဌာန်
ပရိဘိဇ္ဇမာနရူပံ၊ ထက်ဝန်းကျင် ဖရိုဖရဲ ပျက်ဆဲရုပ်ကို၎င်း။
အနိစ္စတာယ၊ အနိစ္စတာ၏။
လက္ခဏာဒယော၊ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ ဟူ၍။
ဒဋ္ဌဗ္ဗာ၊ မှတ်အပ်ကုန်၏။
ရုပ် ပြီး၏။
“ဝိညာဏ်၏ လက္ခဏာ စသည် ဓမ္မဝဝတ္ထာန် ၄-ပါး”
ကြွင်းသော နာမ်ခန္ဓာ လေးပါးတို့တွင် စိတ်ကို သိပြီးမှ စေတသိက်တို့ကို သိလွယ် သောကြောင့် စိတ်၏ လက္ခဏာစသည်ကို ရှေးဦးစွာ မှတ်အပ်၏။
သဗ္ဗမ္ပိ ဝိညာဏံ အာရမ္မဏဝိဇာနန လက္ခဏံ၊ အာရမ္မဏ ကရဏ ရသံ။ အာရမ္မဏာ- ဘိမုခဘာဝ ပစ္စုပဋ္ဌာနံ၊ အနန္တရာတီတဝိညာဏာပဂမ ပဒဋ္ဌာနံ။
လက္ခဏ
သဗ္ဗမ္ပိ၊ အလုံးစုံလည်း ဖြစ်သော။
ဝိညာဏံ၊ စိတ်တခုယုတ် ကိုးဆယ်သည်။
အာရမ္မဏဝိဇာနန လက္ခဏံ၊ သညာထက် အာရုံကို အထူးသိခြင်း လက္ခဏာ ရှိ၏။ ။
ရသ
အာရမ္မဏကရဏ ရသံ၊ အာရုံပြုခြင်းကိစ္စ ရှိ၏။
ပစ္စုပဋ္ဌာန်
အာရမ္မဏာဘိမုခဘာဝ ပစ္စုပဋ္ဌာနံ၊ အာရုံသို့ ရှေးရှုသည်၏ အဖြစ်လျှင် ထင်သော အခြင်းအရာ ရှိ၏။
ပဒဋ္ဌာန်
အနန္တရာတီတဝိညာဏာပဂမ ပဒဋ္ဌာနံ၊ အခြားမဲ့ လွန်လေသော စိတ်၏ ချုပ်ကင်းခြင်း လျှင် နီးစွာသော အကြောင်း ရှိ၏။
စိတ္တဟူသော ပရိယာယ် အမည်ဖြင့်ကား --
စိတ်သည် စေတသိက်တို့၏ ရှေ့သွား ပုဗ္ဗင်္ဂမ ကိစ္စ။
စိတ်နှင့် မပြတ်စပ်ခြင်း သန္ဓာန ပစ္စုပဋ္ဌာန်။
နာမ်ရုပ်လျှင် ပဒဋ္ဌာန် ရှိ၏-ဟု အဋ္ဌသာလိနီ (နှာ-၁၅၅) ဆို၏။ လက္ခဏာမူ ရှေးနည်း တူ၏။
“ကုသိုလ်စိတ်၏ လက္ခဏာစသည် ဓမ္မ၀၀တ္ထာန် ၄-ပါး”
ကုသလံ အနဝဇ္ဇ သုခဝိပါက လက္ခဏံ။ အကုသလဝိဒ္ဓံသန ရသံ။ ဝေါဒါနပစ္စုပဋ္ဌာနံ။ ယောနိသောမနသိကာရ ပဒဋ္ဌာနံ။
ကုသိုလ်စိတ်သည် --
အပြစ်မရှိခြင်း ကောင်းသောအကျိုးကို ပေးခြင်းလက္ခဏာ။
အကုသိုလ်ကို ဖျက်ဆီးခြင်းကိစ္စ။
ဖြူစင်ခြင်းလျှင် ထင်သောအခြင်းအရာ။ (ပစ္စုပဋ္ဌာန်)
အသင့်အတင့် နှလုံးသွင်းခြင်းလျှင် နီးစွာသော အကြောင်း (ပဒဋ္ဌာန်) ရှိ၏ဟု အနက်ပေး။
“အကုသိုလ်စိတ်၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄-ပါး”
အကုသလံ သာဝဇ္ဇ ဒုက္ခဝိပါက လက္ခဏံ၊ ကုသလပဋိပက္ခ ရသံ၊ ကာဠုဿိယပစ္စုပဋ္ဌာနံ၊ အယောနိသောမနသိကာရ ပဒဋ္ဌာနံ။
အကုသိုလ်သည် --
အပြစ်ရှိခြင်း ဆင်းရဲသော အကျိုးကို ပေးခြင်း လက္ခဏာ။
ကုသိုလ်၏ ဆန့်ကျင်ဖက် ကိစ္စ။
မည်းညစ်ခြင်း ပစ္စုပဋ္ဌာန်။
မသင့်မတင့် နှလုံးသွင်းခြင်း ပဒဋ္ဌာန်ရှိ၏ ဟု အနက်ပေး။
“ဒွေပဉ္စဝိညာဉ်၁၀-၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄-ပါး”
ပဉ္စဝိညာဏာနိ စက္ခာဒိသန္နိဿိတရူပါဒိဝိဇာနန လက္ခဏာနိ၊ ရူပါဒိမတ္တာရမ္မဏရသာနိ၊ ရူပါဒိအဘိမုခ ဘာဝ ပစ္စုပဋ္ဌာနာနိ၊ ကိရိယမနော- ဓာတုယာ အပဂမ ပဒဋ္ဌာနာနိ။
ဒွေပဉ္စဝိညာဏ်တို့သည် --
အသီးအသီး ပဉ္စပသာဒ၌ မှီလျက် ပဉ္စာရုံကို သိခြင်း လက္ခဏာ။
ပဉ္စာရုံမျှကိုသာ အာရုံပြုခြင်း ကိစ္စ။
ပဉ္စာရုံသို့ ရှေးရှုခြင်း ပစ္စုပဋ္ဌာန်။
ပဉ္စဒွါရာဝဇ္ဇန်းစိတ်၏ ချုပ်ကင်းခြင်း ပဒဋ္ဌာန် ရှိကုန်၏ဟု အနက်သမ္ဗန်။
“သမ္ပဋိစ္ဆိန်း၏ လက္ခဏာစသည် ဓမ္မဝဝတ္ထာန် ၄-ပါး”
ဝိပါကမနောဓာတု ရူပါဒိဝိဇာနန လက္ခဏာ၊ ရူပါဒီသမ္ပဋိစ္ဆန ရသာ၊ တထာဘာဝ ပစ္စုပဋ္ဌာနာ၊ စက္ခုဝိညာဏာဒိ အပဂမ ပဒဋ္ဌာနာ။
သမ္ပဋိစ္ဆိုင်းစိတ်သည် --
ပဉ္စာရုံကို သိခြင်းလက္ခဏာ။
ခံယူခြင်းကိစ္စ။
ခံတတ်သည့်အဖြစ် တည်းဟူသော ပစ္စုပဋ္ဌာန်။
ပဉ္စဝိညာဏ်၏ ချုပ်ကင်းခြင်း ပဒဋ္ဌာန် ရှိဟု အနက်သမ္ဗန်။
“သန္တီရဏ၏ လက္ခဏာသည် ဓမ္မဝဝတ္ထာန် ၄-ပါး”
အဟေတုက ဝိပါကာ မနောဝိညာဏဓာတု ဆဠာရမ္မဏ ဝိဇာနနလက္ခဏာ၊ သန္တီရဏာဒိ ရသာ၊ တထာဘာဝ ပစ္စုပဋ္ဌာနာ၊ ဟဒယဝတ္ထု- ပဒဋ္ဌာနာ။
သန္တီရဏစိတ်သည် --
အာရုံခြောက်ပါးကို သိခြင်းလက္ခဏာ။
သန္တီရဏစသော နှစ်ကိစ္စ၊ ငါးကိစ္စ။ (ရသ)
စုံစမ်းခြင်း ပစ္စုပဋ္ဌာန်။
ဟဒယဝတ္ထု ဟူသော ပဒဋ္ဌာန် ရှိ၏ဟု အနက်ပေး။
“ပဉ္စဒွါရာဝဇ္ဇန်း၏ လက္ခဏာစသည် ဓမ္မ၀၀တ္ထာန် ၄-ပါး”
ကိရိယာမနောဓာတု စက္ခုဝိညာဏာဒိ ပုရေစရ ရူပါဒိဝိဇာနန လက္ခဏာ၊ အာဝဇ္ဇန ရသာ၊ ရူပါဒိအဘိမုခဓာဝ ပစ္စုပဋ္ဌာနာ၊ ဘဝင်္ဂဝိစ္ဆေဒ ပဒဋ္ဌာနာ။
ပဉ္စဒွါရာဝဇ္ဇန်းသည် --
ပဉ္စဝိညာဏ်တို့၏ ရှေ့သွားဖြစ်၍ ပဉ္စာရုံကို သိခြင်း လက္ခဏာ။
ပဉ္စာရုံကို ဆင်ခြင်ခြင်း ဘဝင်ကို လည်စေခြင်း ကိစ္စ။
ပဉ္စာရုံသို့ ရှေးရှုသော အဖြစ်လျှင် ပစ္စုပဋ္ဌာန်။
ဘဝင်ပြတ်ခြင်းလျှင် ပဒဋ္ဌာန် ရှိ၏။
“မနောဒွါရာဝဇ္ဇန်း၏ လက္ခဏာစသည် ဓမ္မဝဝတ္ထာန် ၄-ပါး”
သာဓာရဏာကိရိယာ ဟေတုက မနောဝိညာဏဓာတု ဆဠာရမ္မဏဝိဇာနန လက္ခဏာ၊ ဝေါဋ္ဌဗ္ဗနာဝဇ္ဇန ရသာ၊ တထာဘာဝ ပစ္စုပဋ္ဌာနာ၊ အတီတာနန္တရ စိတ္တာပဂမ ပဒဋ္ဌာနာ။
မနောဒွါရာဝဇ္ဇန်းသည် --
အာရုံခြောက်ပါးကိုသိခြင်း လက္ခဏာ။
မှတ်သားပိုင်းခြားခြင်း ဆင်ခြင်ခြင်းကိစ္စ။
မှတ်သား ပိုင်းခြားတတ်, ဆင်ခြင်တတ်သည်၏ အဖြစ်တည်း ဟူသော ပစ္စုပဋ္ဌာန်။
ရှေးအနန္တရစိတ်၏ ချုပ်ကင်းခြင်း ပဒဋ္ဌာန် ရှိ၏ဟု အနက်ပေး။
“ဟသိတုပ္ပါဒ်၏ လက္ခဏာစသည် ဓမ္မ၀၀တ္ထာန် ၄-ပါး”
အသာဓာရဏ ကိရိယာဟေတုက- မနောဝိညာဏဓာတု ဆဠာရမ္မဏဝိဇာနန လက္ခဏာ၊ အနုဠာရေသု ဝတ္ထူသု ဟသိတုပ္ပါဒမှ ရသာ၊ တထာ ဘာဝ ပစ္စုပဋ္ဌာနာ၊ ဧကန္တတော ဟဒယဝတ္ထု၊ ပဒဋ္ဌာနာ။
ဟသိတုပ္ပါဒ်စိတ်သည် ---
အာရုံခြောက်ပါးကို သိခြင်းလက္ခဏာ။
အရိုးစုပြိတ္တာ၏ အဆင်းစသော မမွန်မြတ်သော အာရုံတို့၌ ရွှင်ပြုံးခြင်းမျှကို ဖြစ်စေခြင်းကိစ္စ။
ရွှင်ပျခြင်းမျှကို ဖြစ်စေတတ်သည်၏ အဖြစ်လျှင် ပစ္စုပဋ္ဌာန်။
စင်စစ် ဟဒယဝတ္တုလျှင် ပဒဋ္ဌာန်ရှိ၏ဟု အနက်သမ္ဗန်။
ကြွင်းသော ဝိပါက် ကိရိယာစိတ်တို့၌လည်း ရှေးဆိုခဲ့ပြီးသည်ကို နည်းမှီလျက် ထိုက်သည် အားလျော်စွာ လက္ခဏာ စသည်ကို ထုတ်အပ်၏။ အသီးအခြား အထူးအပြား ထုတ်၍ မရသော အရာများ၌လည်း ရှေးသာမညစိတ် ဟူသမျှနှင့် ဆက်ဆံသော လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် အတိုင်း မှတ်အပ်၏။
ဝိညာဏ် ပြီး၏။
စေတသိက်တို့၏ လက္ခဏာများ
“ဝေဒနာ၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄-ပါး”
သုခံ ဣဋ္ဌဖောဋ္ဌဗ္ဗာနုဘဝန လက္ခဏံ၊ သမ္ပယုတ္တာနံ ဥပဗြူဟန ရသံ။ ကာယိကအဿာဒ ပစ္စုပဋ္ဌာနံ။
ဒုက္ခံ အနိဋ္ဌဖောဋ္ဌဗ္ဗာနုဘဝန လက္ခဏံ၊ သမ္ပယုတ္တာနံ မိလာပန ရသံ။ ကာယိကာဗာဓ ပစ္စုပဋ္ဌာနံ၊ တဒုဘယံ ကာယိန္ဒြိယ ပဒဋ္ဌာနံ။
သောမနဿံ ဣဋ္ဌာရမ္မဏာနုဘဝန လက္ခဏံ၊ ယထာ တထာ ဝါ ဣဋ္ဌာကာရသမ္ဘောဂ ရသံ၊ စေတသိကအဿာဒ ပစ္စုပဋ္ဌာနံ၊ ပဿဒ္ဓိ ပဒဋ္ဌာနံ။
ဒေါမနဿံ အနိဋ္ဌာရမ္မဏာနုဘဝန လက္ခဏံ၊ ယထာ တထာ ဝါ အနိဋ္ဌာကာရသမ္ဘောဂ ရသံ၊ စေတသိကာဗာဓ ပစ္စုပဋ္ဌာနံ၊ ဧကန္တေနေဝ ဟဒယ- ဝတ္ထု ပဒဋ္ဌာနံ။
ဥပေက္ခာ မဇ္ဈတ္တဝေဒယိတ လက္ခဏာ၊ သမ္ပယုတ္တာနံ နာတိဥပဗြူဟနမိလာပန ရသာ၊ သန္တဘာဝ ပစ္စုပဋ္ဌာနာ၊ နိပ္ပီတိကစိတ္တ ပဒဋ္ဌာနာ။
“သုခဝေဒနာ၏ လက္ခဏာစသည် ဓမ္မဝဝတ္ထာန် ၄-ပါး”
သုခံ၊ သုခဝေဒနာသည် --
ဣဋ္ဌဖောဋ္ဌဗ္ဗာနုဘဝန လက္ခဏံ၊ ဣဋ္ဌဖြစ်သော ဖောဋ္ဌဗ္ဗာရုံကို ခံစားခြင်း လက္ခဏာ ရှိ၏။
သမ္ပယုတ္တာနံ၊ သမ္ပယုတ်တရားတို့ကို။
ဥပဗြူဟန ရသံ၊ လွန်စွာ ပွါးစေခြင်း ကိစ္စ ရှိ၏။
ကာယိကအဿာဒ ပစ္စုပဋ္ဌာနံ၊ ကိုယ်၌မှီသော သာယာအပ်ခြင်းလျှင် ထင်သော အခြင်းအရာ ရှိ၏။
“ဒုက္ခဝေဒနာ၏ လက္ခဏာစသည် ဓမ္မ၀၀တ္ထာန် ၄-ပါး”
ဒုက္ခံ၊ ဒုက္ခဝေဒနာသည် --
အနိဋ္ဌဖောဋ္ဌဗ္ဗာနုဘဝန လက္ခဏံ၊ အနိဋ္ဌဖြစ်သော ဖောဋ္ဌဗ္ဗာရုံကို ခံစားခြင်း လက္ခဏာရှိ၏။
သမ္ပယုတ္တာနံ၊ သမ္ပယုတ်တရားတို့ကို။
မိလာပန ရသံ၊ ညှိုးမှိန် ပိန်ချုံးစေခြင်းကိစ္စ ရှိ၏။
ကယိကာဗာဓ ပစ္စုပဋ္ဌာနံ၊ ကိုယ်၌မှီသော ကျင်နာခြင်းဟု ဉာဏ်အား ရှေးရှုထင်၏။
တဒုဘယံ၊ ထို သုခ ဒုက္ခနှစ်ပါးသည်။
ကာယိန္ဒြိယ ပဒဋ္ဌာနံ၊ ကာယိန္ဒြေလျှင် နီးသော အကြောင်းရှိ၏။
“သောမနုဿဝေနာ၏ လက္ခဏာစသည် ဓမ္မ၀၀တ္ထာန် ၄-ပါး”
သောမနဿသည် ....
သဘာဝ ပရိကပ္ပ ဣဋ္ဌာရုံကို ခံစားခြင်း လက္ခဏာ။
ဟုတ်ဟုတ်ငြားငြား ဣဋ္ဌ အခြင်းအရာအားဖြင့် သုံးဆောင်ခြင်း ကိစ္စ။
စိတ်၌မှီသော သာယာအပ်သည်လျှင် ပစ္စုပဋ္ဌာန်။
ပဿဒ္ဓိလျှင် ပဒဋ္ဌာန်ရှိ၏ ဟု- အနက်ပေး။
ပဿဒ္ဓိပဒဋ္ဌာနန္တိ ဣဒံ “ပဿဒ္ဓကာယော သုခံ ဝေဒေတီ”တိ သုတ္တပဒံ နိဿာယ ဝုတ္တံ။ တံ ပန နိရာမိသ သောမနဿ ဝသေန ဝေဒိတဗ္ဗံ။
ဋီကာ (ဒု၊နှာ-၁၃၈။)
ဒေါမနဿ အနက် လွယ်၏။
“ဥပေက္ခာဝေဒနာ၏ လက္ခဏာစသည် ဓမ္မ၀၀တ္ထာန် ၄-ပါး”
ဥပေက္ခာသည် --
အလယ်အလတ် အာရုံကို အလတ် လျစ်လျူ ခံစားခြင်း လက္ခဏာ။
ယှဉ်ဖက်တရားတို့ကို မပွါးမညှိုးစေလွန်းခြင်း ကိစ္စ။
ငြိမ်သက်ခြင်းလျှင် ထင်သော အခြင်းအရာ။
ပီတိကင်းသော စိတ်လျှင် နီးသော အကြောင်းရှိ၏။
“သန္တဘာဝ ပစ္စုပဋ္ဌာနာ”တိ ဣဒံ အနဝဇ္ဇာယနိရာမိသာယ ဥပေက္ခာယ ဝသေန ဝေဒိတဗ္ဗံ။ န သဗ္ဗာယ။
ဋီကာ (ဒု၊နှာ-၁၃၈။)
ဝေဒနာ ပြီး၏။
....
“သညာ၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄-ပါး”
သညာ သဉ္ဇာနန လက္ခဏာ၊ တဒေဝေတန္တိ ပုန သဉ္ဇာနနပစ္စယနိမိတ္တကရဏ ရသာ ဒါရုအာဒီသု တစ္ဆကာဒယော ဝိယ။ ယထာဂဟိတနိမိတ္တ ဝသေန အဘိနိဝေသကရဏ ပစ္စုပဋ္ဌာနာ ဟတ္ထိဒဿကအန္ဓာဝိယ။ ယထာဥပဋ္ဌိတဝိသယ ပဒဋ္ဌာနာ တိဏပုရိသကေသု မိဂပေါတကာနံ ပုရိသာတိ ဥပ္ပန္နသညာ ဝိယ။
သညာ၊ သညာသည်။
သဉ္ဇာနန လက္ခဏာ၊ အမှတ်ပြု၍သိခြင်း လက္ခဏာရှိ၏။
ဧတံ ဣဒံ၊ ဤဝတ္ထုသည်။
တဒေဝ၊ ထိုရှေးမှတ်ဘူးသော ဝတ္ထု ပင်တည်း။
ဣတိပုနသဉ္ဇာနနပစ္စယ နိမိတ္တကရဏ ရသာ၊ ဤသို့ နောင် သိကြောင်းအမှတ်ကို ပြုခြင်း ကိစ္စရှိ၏။
ဒါရုအာဒီသု၊ သစ်စသည်တို့၌။
တစ္ဆကာဒယော ဝိယ၊ တံစည်းသမား စသည်တို့ကဲ့သို့တည်း။
ယထာဂဟိတနိမိတ္တဝသေန၊ ယူတိုင်းသော အမှတ်အသား၏ အစွမ်းဖြင့်။
အဘိနိဝေသကရဏ ပစ္စုပဋ္ဌာနာ၊ ထိုးထွင်း၍ မကြံပဲ အပေါ်ယံ လျှံကာသာ နှလုံးသွင်း ခြင်းကိုပြုခြင်း ပစ္စုပဋ္ဌာန် ရှိ၏။
ဟတ္ထိဒဿကအန္ဓာဝိယ၊ ဆင်ဟူသည် ဆုံခြေ မန်းဝန်း တံမြက်စွန်းနှင့် တူ၏ ဟု ဆင်ကို ညွှန်းပြသော သူကာဏ်းတို့ ကဲ့သို့တည်း။
မန်း = စကော၊ ဘန်း (ဥဒါနပါဠိတော်၊ နှာ-၁၆၀)
ယထာဥပဋ္ဌိတဝိသယ ပဒဋ္ဌာနာ၊ ထင်တိုင်းသော အာရုံလျှင် နီးစွာသော အကြောင်း ရှိ၏။
တိဏပုရိသကေသု၊ လယ်စောင့်ဟန် မြက်ကိုစည်း၍ လုပ်ထားသော ယောကျ်ားရုပ်တို့၌။
မိဂပေါတကာနံ၊ သမင်ငယ်တို့၏။
ပုရိသာတိဥပ္ပန္န သညာဝိယ၊ အဟုတ်ယောကျ်ားဟု ထင်မှားသော သညာကဲ့သို့တည်း။
ဂါထာဗန္ဓဖွဲ့က မပြည့်မစုံမည် စိုးသောကြောင့်၎င်း၊ တရားကိုယ် နည်းပါးသောကြောင့်၎င်း ဤခန္ဓာသုံးပါးတို့၌ ဂါထာဗန္ဓ မဖွဲ့ပဲ အဋ္ဌကထာလာတိုင်းပင် ပြလိုက်သည်။
သညာ ပြီး၏။
....
“သင်္ခါရက္ခန္ဓာဖြစ်သော စေတသိက် ငါးဆယ်တို့၏ လက္ခဏာ စသည်”
စေတနာ ပဓာနာ သင်္ခါရာ၊
အဘိသင်္ခရဏ လက္ခဏာ။
အာယူဟနာ စ ဝိပ္ဖါရာ၊
သေသခန္ဓ ပဒဋ္ဌနာ။
စေတနာပဓာနာ၊ စေတနာပြဓာန်းခြင်းရှိကုန်သော။
သင်္ခါရာ၊ သင်္ခါရက္ခန္ဓာ ငါးဆယ်တို့သည် --
အဘိသင်္ခါရဏ လက္ခဏာ၊ အကျိုးကို ပေါင်းစု ပြုပြင်ခြင်း လက္ခဏာ ရှိကုန်၏။
အာယူဟနာ၊ အားထုတ်ယက်သဲ့ခြင်းကိစ္စ ရှိကုန်၏။
ဝိပ္ဖါရာ၊ ပျံ့လွင့်လှုပ်ရှား ဗျာပါရများခြင်း ပစ္စုပဋ္ဌာန် ရှိကုန်၏။
သေသခန္ဓ ပဒဋ္ဌာနာ၊ ကြွင်းနာမ်ခန္ဓာ သုံးပါးလျှင် ပဒဋ္ဌာန် ရှိကုန်၏။
“ဖဿ၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄-ပါး”
အစိတ်အားဖြင့်ကား --
ဖဿော ဖုသန လက္ခဏော၊
သံဃဋ္ဋန ရသော တထာ။
သန္နိပါတ ဥပဋ္ဌာနော၊
အာပါတဂတဝီသယော။
ဖဿော၊ ဖဿသည် --
ဖုသန လက္ခဏော၊ အာရုံကို တွေ့ထိခြင်း လက္ခဏာ ရှိ၏။
သံဃဋ္ဋန ရသော၊ စိတ် အာရုံ နှစ်ရပ်ကို စပ်ဟပ် ထိခတ်ခြင်း ကိစ္စရှိ၏။
ဝါ၊ ဝတ္ထု အာရုံ ပေါင်းဆုံ ထိခတ်ခြင်းနှင့် ပြည့်စုံ၏။
သန္နိပါတ ဥပဋ္ဌာနော၊ ဝတ္ထုအာရုံ ဝိညာဏ် သုံးပါးတို့၏ စုဝေးခြင်းလျှင် ထင်သောဖြစ်ကြောင်း အခြင်းအရာ ရှိ၏။
အာပါတဂတ ဝိသယော၊ ထင်ခြင်းသို့ ရောက်သော အာရုံလျှင် နီးစွာသော အကြောင်းရှိ၏။
“စေတနာ၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄-ပါး”
စေတနာယ စေတနာဘာဝေါ၊
အာယူဟော သံဝိဓာနနံ။
ဇေဋ္ဌသိဿ ဝဍ္ဎကီဝ၊
သပရက္ကိစ္စသာဓိကာ။
စေတနာဘာဝေါ၊ နှိုးဆော်ကြောင့်ကြ ဗျာပါရရှိသော အဖြစ်သည်၎င်း။
အာယူဟော၊ သမ္ပယုတ်တရားကို ထိုထိုကိစ္စ၌ ရုံးစည်းယက်သဲ့ခြင်း အာယူဟန သည်၎င်း၊
သံဝိဓာနနံ၊ စီရင်ခြင်း သံဝိဒဟနသည်၎င်း။ စေတနာယ၊ စေတနာ၏။
လက္ခဏဒီ၊ လက္ခဏ ရသ, ပစ္စုပဋ္ဌာန် မည်ကုန်၏။
ပဒဋ္ဌာန်ကား သေသခန္ဓတ္တယပင်။
သာ၊ ထိုစေတနာသည်။
ဇေဋ္ဌသိဿ ဝဍ္ဎကီဣဝ၊ တပည့်ကြီး လက်သမားကြီး တို့ကဲ့သို့။
သပရကိစ္စသာဓိကာ၊ မိမိကိစ္စ သူတပါးကိစ္စ နှစ်ပါးကို ပြီးစေတတ်၏။
“ဧကဂ္ဂတာ၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄-ပါး”
ဧကဂ္ဂတာ အဝိသာရ-
အဝိက္ခေပ ဒွိလက္ခဏာ။
သဟဇာတ သမ္ပိဏ္ဍနာ၊
ဥပသမ္မာ သုခါ ကမာ။
ဧကဂ္ဂတာ၊ ဧကဂ္ဂတာသည် --
အပိသာရ အဝိက္ခေပ ဒွိလက္ခဏာ၊ မိမိ၏ အာရုံတပါး မရွေ့ရှားခြင်း သမ္ပယုတ်တရားတို့ကို မပျံလွင့်စေခြင်း လက္ခဏာ နှစ်ပါး ရှိ၏။
ကမာ၊ အစဉ်အတိုင်း။
သဟဇာတ သမ္ပိဏ္ဍနာ၊ သဟဇာတ်တို့ကို ပေါင်းစုခြင်း ကိစ္စရှိ၏။
ဥပသမာ၊ စိတ်ငြိမ်သက်ခြင်း ပစ္စုပဋ္ဌာန် ရှိ၏။
သုခါ၊ သုခဝေဒနာလျှင် ပဒဋ္ဌာန် ရှိ၏။
ဇီဝိတိန္ဒြေကား ရုပ်ဇီဝိတနှင့်တူ၏။
“မနသိကာရ၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄-ပါး”
မနသီကာရော သာရဏော၊
သံယောဇန ရသော တထာ။
အာလမ္မနာဘိမုခဘာဝေါ၊
အာလမ္ဗန ပဒဋ္ဌနော။
မနသိကာရော၊ အာရုံကိုစီရင်တတ် ထင်စေ တတ်သော အာရမ္မဏပ္ပဋိပါဒက မနသိကာရ စေတသိက်သည် ---
သာရဏော၊ သမ္ပယုတ်တရားတို့ကို အာရုံသို့ စိုင်းနှင်ခြင်း ပြေးစေခြင်း လက္ခဏာ ရှိ၏။
တထာ၊ ထိုမှတပါး။
သံယောဇနရသော၊ အာရုံ၌ ယှဉ်စေခြင်းကိစ္စ ရှိ၏။
အာလမ္ဗနာဘိမုခဘာဝေါ၊ အာရုံသို့ ရှေးရှုသည့် အဖြစ်လျှင် ပစ္စုပဋ္ဌာန် ရှိ၏။
အာလမ္ဗန ပဒဋ္ဌာနော၊ အာရုံလျှင် နီးစွာသော အကြောင်း ရှိ၏။
ပဉ္စဒွါရာဝဇ္ဇန်း ဟူသော ဝီထိပ္ပဋိပါဒက မနသိကာရ၊ မနောဒွါရာဝဇ္ဇန်း ဟူသော ဇဝနပ္ပဋိပါဒက မနသိကာရ နှစ်ပါးတို့ကိုကား ဤအရာ၌ မလိုအပ်။
“ဝိတက်၏ လက္ခဏာ စသည် ဓမ္မ၀၀တ္ထာန် ၄-ပါး”
ဝိတက္ကော' ဘိနိရောပနော၊
အာဟနပ္ပရိယာဟနော။
အာနယျန ဥပဋ္ဌာနော၊
ပက္ခဝိက္ခေပနံ ယထာ။
ဝိတက္ကော၊ ဝိတက်သည် --
အဘိနိရောပနော၊ သမ္ပယုတ်တရားတို့ကို အာရုံသို့ ရှေးရှုတင်ခြင်း လက္ခဏာ ရှိ၏။
အာဟနပရိယာဟနော၊ အာရုံကို ရှေးဦး ခေါက်ခြင်း အဖန် တလဲလဲ ခေါက်ခြင်း ကိစ္စ ရှိ၏။
အာနယန ဥပဋ္ဌာနော၊ ရှေးရှုဆောင်ခြင်း ပစ္စုပဋ္ဌာန် ရှိ၏။
ပက္ခဝိက္ခေပနံ ယထာ၊ ကောင်းကင်သို့ ပျံတက်လိုသော ငှက်ကြီး၏ အတောင် ခတ်ခြင်းနှင့် တူ၏။
“ဝိစာရ၏ လက္ခဏာ စသည် ဓမ္မဝဝတ္ထာန် ၄-ပါး”
ဝိစာရော အနုမဇ္ဇနော၊
အနုယောဇန ရသော တထာ။
အနုပ္ပဗန္ဓနုပဋ္ဌာနော၊
ပက္ခပ္ပသာရဏံ ယထာ။
ဝိစာရော၊ ဝိစာရသည် —
အနုမဇ္ဇနော၊ အာရုံကို အဖန်တလဲလဲ သုံးသပ်ဆုပ်နယ်ခြင်း လက္ခဏာရှိ၏။
တထာ၊ ထိုမှတပါး။
အနုယောဇန ရသော၊ သမ္ပယုတ်တရားတို့ကို အာရုံ၌ မပြတ် ယှဉ်စပ်ခြင်း ကိစ္စ ရှိ၏။
အနုပ္ပဗန္ဓန ဥပဋ္ဌာနော၊ အဖန်တလဲလဲ ဖွဲ့ခြင်း ပစ္စုပဋ္ဌာန် ရှိ၏။
ပက္ခပ္ပသာရဏံ ယထာ၊ ကောင်းကင်တက်ပြီး လေဟုန်စီးသည့် ငှက်ကြီး အတောင် ဆန့်တန်းခြင်းနှင့် တူ၏။
“အဓိမောက္ခ၏ လက္ခဏာ စသည် ဓမ္မဝဝတ္ထာန် ၄-ပါး”
အဓိမောက္ခော၊ သန္နိဋ္ဌာနော၊
အသံသပ္ပန နိစ္ဆယော။
သန္နိဋ္ဌေယျ ပဒဋ္ဌာနော၊
ဣန္ဒက္ခီလော၀ နိစ္စလော။
အဓိမောက္ခော၊ အဓိမောက္ခသည် --
သန္နိဋ္ဌာနော၊ ပုံသေ နိယတ သန္နိဋ္ဌာန်ချခြင်း လက္ခဏာ ရှိ၏။
အသံသပ္ပနော၊ ပြုရအံ့ မပြုရအံ့လားဟု မရွေ့ရှားခြင်း ကိစ္စ ရှိ၏။
နိစ္ဆယော၊ ဆုံးဖြတ်ခြင်းလျှင် ပစ္စုပဋ္ဌာန် ရှိ၏။
သန္နိဋ္ဌေယျ ပဒဋ္ဌာနော၊ ပုံသေနိယတ် ဆုံးဖြတ် အပ်သော အာရုံတရားလျှင် ပဒဋ္ဌာန်ရှိ၏။
ဣန္ဒက္ခီလော ဣဝ၊ တံခါးတိုင်ကဲ့သို့။
နိစ္စလော၊ အာရုံ၌ မတုန်မလှုပ် တည်သော တရားတည်း။
“ဝီရိယ၏ လက္ခဏာ စသည် ဓမ္မဝဝတ္ထာန် ၄-ပါး”
ဝီရိယံ တု ဥဿဟနံ၊
သဟဇာတု' ပထမ္ဘနံ။
အသံသီဒနံ သံဝေဂံ၊
အထဝါ'ရမ္ဘဝတ္ထုကံ။
ဝီရိယံ တု၊ ဝီရိယသည်ကား --
ဥဿဟနံ၊ အားထုတ်ခြင်း လက္ခဏာရှိ၏။
သဟဇာတုပထမ္ဘနံ၊ သဟဇာတ် တရားတို့ကို အားပေး ထောက်ပံ့ခြင်း ကိစ္စ ရှိ၏။
အသံသီဒနံ၊ မတွန့်မတို မဆုတ်မနစ်ခြင်း ပစ္စုပဋ္ဌာန်ရှိ၏။
သံဝေဂံ၊ ဇာတိ ဇရာ စသော သံဝေဂဝတ္ထု ရှစ်ပါး၌ ထိတ်လန့်ခြင်း ပဒဋ္ဌာန် ရှိ၏။
အထဝါ၊ ပဒဋ္ဌာန် တနည်းလည်း။
အာရမ္ဘဝတ္ထုကံ၊ ဝီရိယာရမ္ဘဝတ္ထု ရှစ်ပါးလျှင် နီးသောအကြောင်းရှိ၏။
ဝီရိယာရမ္ဘဝတ္ထု ၈-ပါး
ကမ္မ မဂ္ဂ၊ ဂေလည၊ ပိဏ္ဍလေးနှစ်လီ။
ဝီရာရမ္ဘ၊ ဝတ္ထုပြ၊ အဋ္ဌ မှတ်လေ ဤ။
ဝိရိယဖြစ်ကြောင်းဝတ္ထု ၈-ပါး
- (၁) ပြုလတ္တံ့သော အမှုကိစ္စ၊
- (၂) ပြုအပ်ပြီးသော အမှုကိစ္စ၊
- (၃) သွားလတ္တံ့သော လမ်းခရီး၊
- (၄) သွားအပ်ပြီးသော လမ်းခရီး၊
- (၅) အနည်းငယ်သော အနာရောဂါ၊ (အနာရောဂါဖြစ်ခါစ)
- (၆) အနာရောဂါမှ ပျောက်ကင်းကျန်းမာခါစ၊
- (၇) ဆွမ်းဘောဇဉ် ပြည့်ပြည့်စုံစုံ ရခြင်း၊
- (၈) ဆွမ်းဘောဇဉ် ပြည့်ပြည့်စုံစုံ မရခြင်း၊
မဟာဋီကာ၊ဒုနှာ-၁၄၁။ အံ၊၃၊နှာ-၁၇။ (နောက်ဆက်တွဲကြည့်)
“ပီတိ၏ လက္ခဏာ စသည် ဓမ္မဝ၀တ္ထာန် ၄-ပါး”
ပီတိ သံပိယာယနာ စ၊
ပီဏနော'ဒဂျုပဋ္ဌနာ။
ခုဒ္ဒိကာ ခဏိကော'က္ကန္တီ-
ကု'ဗ္ဗေဂါ ဖရဏာတိ စ။
ပီတိ စ၊ ပီတိသည်ကား --
သံပိယာယနာ၊ ချစ်နှစ်သက်ခြင်း လက္ခဏာရှိ၏။
ပီဏနာ၊ ကိုယ်စိတ်တို့ကို ပြည့်ဖြိုးစေခြင်း ကိစ္စရှိ၏။
ဩဒဂျ ဥပဋ္ဌာနာ၊ တက်ကြွခြင်း ပစ္စုပဋ္ဌာန်ရှိ၏။
ပီတိ ၅-မျိုး
ခုဒ္ဒိကာ၊ ကိုယ်၌ ကြက်သီးမွှေးညှင်း ထရုံမျှကိုသာ ပြုနိုင်သော ခုဒ္ဒိကာပီတိ၎င်း။
ခဏိကာ၊ လျှပ်စစ်ပြက်သည့်ပမာ ခဏခဏ၌ ဖြစ်သော ခဏိကာ ပီတိ၎င်း။
သြက္ကန္တိကာ၊ သမုဒြာ လှိုင်းပမာသို့ ကိုယ်မှာ သက်၍ သက်၍ ပြက်သော သြက္ကန္တိကာပီတိ ၎င်း။
ဥဗ္ဗေဂါ၊ ကိုယ်ကိုပျံတက် လွှင့်ပါးစေနိုင်ဘိ၍ အားရှိသော ဥဗ္ဗေဂါပီတိ၎င်း။
ဖရဏာ၊ ကိုယ်လုံးစိမ့်လျှမ်း ရေဝင်သော တောင်ဝှမ်းကဲ့သို့ ငြိမ်းချမ်းပျံနှံ့သော ဖရဏာ ပီတိ၎င်း။
ဣတိ စ၊ ဤသို့ ပီတိငါးပါး အပြားရှိသည်ကိုလည်း မှတ်အပ်၏။
“ဆန္ဒ၏ လက္ခဏာ စသည် ဓမ္မဝ၀တ္ထာန် ၄-ပါး”
ဆန္ဒဿ ကတ္တုကာမတာ၊
အာလမ္ဗပရိယေသနာ။
အာလမ္ဗနေန'တ္ထိကတာ၊
အာလမ္ဗံ လက္ခဏာဒယော။
ဆန္ဒဿ၊ ဆန္ဒ၏ --
လက္ခဏာဒယော၊ လက္ခဏာ စသည်တို့ကား --
ကတ္တုကာမတာ၊ အာရုံပြုလိုသောအဖြစ်၎င်း။
အာလမ္ဗ ပရိယေသနာ၊ အာရုံကို ရှာမှီးခြင်း၎င်း။
အာလမ္ဗနေန၊ အာရုံဖြင့်။
ဝါ၊ အာရုံကို။
အတ္ထိက၊ အလိုရှိသည်၏ အဖြစ်၎င်း။
အာလမ္ဗံ၊ လိုအပ်သောအာရုံ ၎င်းတည်း။
“မောဟ၏ လက္ခဏာ စသည် ဓမ္မဝ၀တ္ထာန် ၄-ပါး”
မောဟော'န္ဓဘာဝေါ သမ္ပဋိဝေဓော၊
အသမ္မာပဋိပတ္တိကော။
အယောနိမနသိကာရော၊
သဗ္ဗပါပမုလံ ထဝါ။
အဉာဏော သဘာဝစ္ဆာဒနော၊
အန္ဓကာရဥပဋ္ဌနော။
မောဟော၊ မောဟသည် --
အန္တဘာဝေါ၊ စိတ်၏ကာဏ်းသည့်အဖြစ် ဟူသော လက္ခဏာ ရှိ၏။
အသမ္ပဋိဝေဓော၊ ကောင်းစွာ ထိုးထွင်း၍ မသိခြင်းကို ပြုခြင်း ကိစ္စရှိ၏။
အသမ္မာပဋိပတ္တိကော၊ ကောင်းမှန်စွာမကျင့် မကောင်းသဖြင့် ကျင့်ခြင်း ပစ္စုပဋ္ဌာန် ရှိ၏။
အယောနိမနသိကာရော၊ မသင့် မတော်သော နှလုံးသွင်းခြင်း ပဒဋ္ဌာန် ရှိ၏။
သဗ္ဗပါပမူလံ၊ ခပ်သိမ်းသော အကုသိုလ် ဟူသမျှတို့၏ အမြစ်အရင်းတည်း။
အထဝါ၊ လက္ခဏာ ရသ ပစ္စုပဋ္ဌာန် တနည်းလည်း --
အဉာဏော၊ မသိခြင်း လက္ခဏာရှိ၏။
သသဘာဝစ္ဆာဒနော၊ အာရုံ၏ သဘောကို ဖုံးလွှမ်းခြင်း ကိစ္စရှိ၏။
အန္ဓကာရဥပဋ္ဌနော၊ ကာဏ်းအောင်ပြုခြင်း ပစ္စုပဋ္ဌာန်ရှိ၏။
အဟိရိက အနောတ္တပ္ပ နှစ်ပါးကို ဆိုလတ္တံ့သော ဟိရီ ဩတ္တပ္ပတို့၏ ဆန့်ကျင်ဖက် မှတ်အပ်၏။
“ဥဒ္ဓစ္စ၏ လက္ခဏာ စသည် ဓမ္မဝ၀တ္ထာန် ၄-ပါး”
ဥဒ္ဓစ္စံ အဝုပသမံ၊
အနဝဋ္ဌာန ရသံ တထာ။
ဘန္တတ္တုပနာ'ယောနိ-
မနက္ကာရ ပဒဋ္ဌနံ။
ဥဒ္ဓစ္စံ၊ ဥဒ္ဓစ္စသည် --
အဝုပသမံ၊ လေခတ်သည့် ရေကဲ့သို့ မငြိမ်သက်ခြင်း လက္ခဏာ ရှိ၏။
တထာ၊ ထိုမှတပါး။
အနဝဋ္ဌာန ရသံ၊ လေခတ်သည့် တမ်းခွန် ကုက္ကား ကဲ့သို့ မရပ်မတည်ခြင်း ကိစ္စ ရှိ၏။
ဘန္တတ္တ ဥပဋ္ဌာနံ၊ ကျောက်ခဲကျ၍ လွှင့်ထသော ပြာပုံကဲ့သို့ ဆွေ့ဆွေ့ ခုန်လျက် တုန်လှုပ်ခြင်း ပစ္စုပဋ္ဌာန် ရှိ၏။
အယောနိမနက္ကာရ ပဒဋ္ဌာနံ၊ စေတသော အဝုပသမ၌ အယောနိသော မနသိကာရလျှင် နီးသောအကြောင်း ရှိ၏။
“လောဘ၏ လက္ခဏာ စသည် ဓမ္မဝ၀တ္ထာန် ၄-ပါး”
လောဘော အာလမ္ဗဂ္ဂဟဏော၊
အဘိသင်္ဂရသော တထာ။
အပရိစ္စာဂေါ အဿာဒ-
ဒဿနော သော အပါယဂေါ။
လောဘော၊ လောဘသည် —
အာလမ္ဗဂ္ဂဟဏော၊ မျောက်နှဲစေးပုံ အာရုံကို စွဲလှမ်း ကိုင်ယူခြင်းလက္ခဏာ ရှိ၏။
တထာ၊ ထိုမှတပါး။
အဘိသင်္ဂ ရသော၊ အိုးကင်းပူ၌ ပစ်အပ်သော သားတစ်သဖွယ် လွန်စွာ ငြိတွယ်ခြင်း ကိစ္စရှိ၏။ -
အပရိစ္စာဂေါ၊ ဆီမင် စွဲသို့ မခွါရှဲ မစွန့်လွှတ်နိုင်ခြင်း ပစ္စုပဋ္ဌာန် ရှိ၏။
အဿာဒ ဒဿနော၊ သာယာအပ်သည်-ဟု ရှုမြင်ခြင်း ပဒဋ္ဌာန် ရှိ၏။
သော၊ ထို လောဘသည်။
အပါယဂေါ၊ ရေယဉ်လျှင်ဆော ဒိုက်သရောကို တိုက်မျှောသည့်တူ ယုတ်မာသူကို သယ်ယူ လျင်လျား ပါယ်လေးပါးသို့ ဆောင်သွားတတ်လေ၏။
“ဒိဋ္ဌိ၏ လက္ခဏာ စသည် ဓမ္မဝ၀တ္ထာန် ၄-ပါး”
ဒိဋ္ဌျ'ယောနိဘိနိဝေသာ၊
ပရာမာသ ရသာ မုသာ။
အဘိနိဝေသော အရိယာနံ၊
အဒဋ္ဌုကာမတာဒိကာ။
ဒိဋ္ဌိ၊ ဒိဋ္ဌိသည် --
အယောနိ အဘိနိဝေသာ၊ မသင့်သောအားဖြင့် နှလုံးသွင်းခြင်း လက္ခဏာရှိ၏။
ပရာမာသ ရသာ၊ အနိစ္စ စသည်မှ တပါး နိစ္စ စသော အမှားအားဖြင့် သုံးသပ်ခြင်း ကိစ္စ ရှိ၏။
မုသာ အဘိနိဝေသာ၊ "ဣဒမေဝ သစ္စံ မောဃမညံ” ဟု ဖောက်ပြန်မှားယွင်း နှလုံးသွင်းခြင်း မိစ္ဆာဘိနိဝေသ ပစ္စုပဋ္ဌာန် ရှိ၏။
အရိယာနံ၊ ဘုရားစသော သူတော်ကောင်းတို့ကို။
အဒဋ္ဌုကာမတာဒိကာ၊ မတွေ့မြင်လိုခြင်းဟူသော အဒဿနကာမ စသည်လျှင် ပဒဋ္ဌာန် ရှိ၏။
“မာန ဒေါသ၏ လက္ခဏာ စသည် ဓမ္မဝ၀တ္ထာန် ၄-ပါး”
မာနော'န္နတိ သမ္မဂ္ဂဟော၊
ကေတုကမျော စ လောဘဝါ။
ဒေါသော စဏ္ဍိက္ကော ဝိသပ္ပနော၊
နိဿယဒါဟ ရသောပိ ဝါ။
ဒူသနော အာဃာတဝတ္ထု၊
ပူတိမုတ္တဝိသံ ယထာ။
မာနော၊ မာနသည် --
ဥန္နတိ၊ ထောင်လွှားတက်ကြွခြင်း လက္ခဏာ ရှိ၏။
သမ္မဂ္ဂဟော၊ ချီးမြှောက်ခြင်း ကိစ္စ ရှိ၏။
ကေတုကမျော၊ တမ်းခွန်အလား သူတပါး၏ အပေါ်၌ ပြုလိုခြင်း ပစ္စုပဋ္ဌာန် ရှိ၏။
လောဘဝါ၊ ဝိပ္ပယုတ် လောဘလျှင် ပဒဋ္ဌာန် ရှိ၏။
ဥမ္မာဒေါ ဝိယ ဒဋ္ဌဗ္ဗော။
အဋ္ဌကထာ (ဝိသုဒ္ဓိ၊ဒု၊နှာ-၉၉)
“ဒေါသ၏ လက္ခဏာ စသည် ဓမ္မဝ၀တ္ထာန် ၄-ပါး”
ဒေါသော၊ ဒေါသသည် —
စဏ္ဍိက္ကော၊ တုတ်ဖြင့် ခေါက်သည့် မြွေဟောက် မယွင်း ကြမ်းတမ်းခြင်း လက္ခဏာ ရှိ၏။
ဝိသပ္ပနော၊ မိမိ၏ဖြစ်ပုံ အခြင်းအရာအစွမ်း ဖောက်ပြန်ပျံ့နှံ့သော အနိဋ္ဌရုပ်ကို ဖြစ်စေ သည့် အစွမ်းတို့ဖြင့် အဆိပ်ကျသည့်မသွေ ညှိုးမှိန် ပျက်စီးစေခြင်း ကိစ္စရှိ၏။
ဝါ၊ တနည်းလည်း။
နိဿယဒါဟ ရသောပိ၊ တောမီးအတူ ကိုယ်ဟူသော မှီရာကို ပူလောင်ခြင်း ကျွမ်းစေခြင်း ကိစ္စ ရှိ၏။
ကာယဿ ဝိဇ္ဈတ္တဘာဝါပါဒနတော အတ္တနော နိဿယဒဟန ရသော။
ဋီကာ (မဟာ၊ဒု၊နှာ-၁၅၂)
ဒုသနော၊ အခွင့်ရပြီး ရန်သူကြီးကဲ့သို့ နှစ်ဦးလုံးကို ဖျက်ဆီးခြင်း ပစ္စုပဋ္ဌာန် ရှိ၏။
အာဃာတဝတ္ထု၊ အာဃာတဝတ္ထု ကိုးပါးလျှင် ပဒဋ္ဌာန် ရှိ၏။
ပူတိမုတ္တဝိသံ ယထာ၊ အဆိပ်နှင့်ရောသော ကျင်ငယ်နှင့် တူ၏။
“ဣဿာ၏ လက္ခဏာ စသည် ဓမ္မဝ၀တ္ထာန် ၄-ပါး”
ဣဿာ ပရသမ္ပတ္တီနံ၊
ဥဿူယနာနဘီရတိ။
ဝိမူခဘာဝုပဋ္ဌာနာ၊
ပရသမ္ပတ္တိကာရဏာ။
ဣသာ၊ ဣသာသည် --
ပရ သမ္မတ္တီနံ၊ သူတပါးတို့၏ စည်းစိမ်တို့ကို၊ ဥဿူယနာ၊ ငြူစူခြင်း လက္ခဏာ ရှိ၏။
အနဘိရတိ၊ သူတပါးပြည့်စုံခြင်း၌ မမွေ့လျော်ခြင်း ကိစ္စ ရှိ၏။
ဝိမုခဘာဝ ဥပဋ္ဌာနာ၊ သူတပါးစည်းစိမ်မှ မျက်နှာလွှဲခြင်း ပစ္စုပဋ္ဌာန် ရှိ၏။
ပရ သမ္ပတ္တိကာရဏာ၊ သူတပါးစည်းစိမ်လျှင် ပဒဋ္ဌာန် ရှိ၏။
“မစ္ဆေရ၏ လက္ခဏာ စသည် ဓမ္မဝ၀တ္ထာန် ၄-ပါး”
မစ္ဆေရံ သကနိဂူဟနံ၊
သာဓာရဏတ္တ အက္ခမံ။
သင်္ကောစံ ကဋုကဉ္စုက-
ဘာဝံ ဝါ အတ္တသမ္ပဒံ။
မစ္ဆေရံ၊ မစ္ဆေရသည်။
သကဂူဟနံ၊ မိမိစည်းစိမ်တို့ကို လျှို့ဝှက်ခြင်း လက္ခဏာ ရှိ၏။
သာဓာရဏတ္တ အက္ခမံ၊ သူတပါးတို့နှင့် ဆက်ဆံ သည်၏ အဖြစ်ကို သည်းမခံနိုင်ခြင်း ကိစ္စ ရှိ၏။ `
သင်္ကောစံ၊ မပေးရက်လို တွန့်တိုခြင်း ပစ္စုပဋ္ဌာန် ရှိ၏။
ဝါ၊ တနည်းကား။
ကဋုကဉ္စုကဘာဝံ၊ မနေရမူ နိုင့်ထက်ယူသော် မီးပူ၌ဆား ပုံအလားသို့ စပ်ခါးအမျက် ထွက်ခြင်း ပစ္စုပဋ္ဌာန် ရှိ၏။
ဝါ၊ ယောက်မဖျားဖြင့် နည်းပါး ဆိတ်ဆွန် ကော်သွန်ပေးကမ်း လှူဒါန်းပူဇော်ခြင်း ပစ္စုပဋ္ဌာန် ရှိ၏။
အတ္တသမ္ပဒံ၊ မိမိစည်းစိမ်လျှင် နီးသောအကြောင်း ရှိ၏။
ကဋုကာကာရဂတိ ကဋုကဉ္စုကတာ။
ဋီကာ (မဟာ၊ဒု၊နှာ-၁၅၂)
ကဋုကဉ္စုကတာ ဝုစ္စတိ ကဋစ္ဆုဂ္ဂါဟော။
အဋ္ဌသာလိနီ (နှာ-၄၀၇)
“ကုက္ကုစ္စ၏ လက္ခဏာ စသည် ဓမ္မဝ၀တ္ထာန် ၄-ပါး”
ကုက္ကုစ္စံပစ္ဆာနုတာပံ၊
ကတာကတာနုသောစနံ။
ဝိပ္ပဋီသာရံ ကတာကတံ၊
ကမာ တံ ဒါသဗျံ ယထာ။
ကုက္ကုစ္စံ၊ ကုက္ကုစ္စ သည် --
ကမာ၊ အစဉ်အတိုင်း။
ပစ္ဆာနုတာပံ၊ နောင်တ ပူပန်ခြင်း လက္ခဏာ ရှိ၏။
ကတာကတာနုသောစနံ၊ ပြုခဲ့မိသော ဒုစရိုက် မပြုခဲ့မိသော သုစရိုက်တို့သို့ အစဉ်လျှောက်၍ အောက်မေ့ စိုးရိမ်ခြင်း ကိစ္စ ရှိ၏။
ဝိပ္ပဋိသာရံ၊ နှလုံးမသာ မျက်နှာညှိုးသေ မှိုင်တွေခြင်း ပစ္စုပဋ္ဌာန် ရှိ၏။
ကတာကတံ၊ ပြုပြီးဒုစရိုက် မပြုမိသော သုစရိုက်လျှင် နီးသောအကြောင်း ရှိ၏။
တံ၊ ထို ကုက္ကုစ္စသည်။
ဒါသဗျံ ယထာ၊ ကျွန်ပြုစေ၍ ကိုယ်နေယူစားမိ သည်နှင့် တူ၏။
[အခစား ကျွန်ခံနေရသူသည် အရှင်သခင်၏ အလိုကျကိုသာ ပြုလုပ်နေရ၍ မိမိအလိုဆန္ဒ အတိုင်း မပြုလုပ်နိုင်စွမ်းသကဲ့သို့ ကုက္ကုစ္စ ဖြစ်နေသူသည် ကုသိုလ်ကောင်းမှုကို မပြုနိုင်။
(မဟာဋီကာ၊ဒု၊နှာ-၁၅၂။)]
“ထိန မိဒ္ဓ၏ လက္ခဏာ စသည် ဓမ္မဝ၀တ္ထာန် ၄-ပါး”
ထိနာ'နုဿာဟံ ဝီရိယာ-
ပနောဒနံ သသီဒနံ။
မိဒ္ဓံတု အကမ္မညတ္တံ၊
ဩနယှနံ လိနတ္တနံ၊
ပစာလာယိကာ နိဒ္ဒံ ဝါ၊
အယောနိသော မနက္ကရံ။
ထိနံ၊ ထိနသည် --
အနုဿာဟံ၊ အားမထုတ်ခြင်း လက္ခဏာ ရှိ၏။
ဝီရိယ အပနောဒနံ၊ လုံ့လကို ပယ်ဖျက်ခြင်း ကိစ္စ ရှိ၏။
သံသီဒနံ၊ ဆုတ်နစ်ခြင်း ပစ္စုပဋ္ဌာန် ရှိ၏။
“မိဒ္ဓ၏ လက္ခဏာ စသည် ဓမ္မဝ၀တ္ထာန် ၄-ပါး”
မိဒ္ဓံ တု၊ မိဒ္ဓသည်ကား --
အကမ္မညတ္တံ၊ အမှု၌ မကောင်းခြင်း လက္ခဏာ ရှိ၏။
ဩနယှနံ၊ သမ္ပယုတ်တရားတို့ကို နှောင်ဖွဲ့ခြင်းကိစ္စ ရှိ၏။ `
လိနတ္တနံ၊ တွန့်တိုသည်၏ အဖြစ်ဟူသော ပစ္စုပဋ္ဌာန် ရှိ၏။
ဝါ၊ တနည်းကား။
ပစလာယိကာနိဒ္ဓံ၊ မျက်လွှာမှိတ်တုတ် တလှုပ်လှုပ် ငိုက်မည်းခြင်း ပစ္စုပဋ္ဌာန် ရှိ၏။
အယောနိသော မနက္ကရံ၊ ထိန မိဒ္ဓ နှစ်ပါးစုံပင် အရတိ ဝိဇမ္ဘီတာ [၁] စသည်တို့၌ အယောနိသော မနသိကာရလျှင် ပဒဋ္ဌာန် ရှိ၏။
[၁။ အရတိ = မမွေ့လျော်ခြင်း (ကုသိုလ်ကောင်းမှု၌ မမွေ့လျော်ခြင်း)
ဝိဇမ္ဘီတာ = (ဝိဇမ္ဘီကာ = ဆဋ္ဌမှု) ကိုယ်လက် ခက်ထရော်ရှိခြင်း (ကုသိုလ်ကောင်းမှု ပြုရန် လက်နှေးခြင်း)]
“ဝိစိကိစ္ဆာ၏ လက္ခဏာ စသည် ဓမ္မဝ၀တ္ထာန် ၄-ပါး”
ဝိစိကိစ္ဆာ သံသယင်္ကာ၊
ကမ္မနာ စ အနိစ္ဆယာ။
အနေကံသဂါဟာ ဝါပိ၊
အယောနိသော မနက္ကရာ။
ဝိစိကိစ္ဆာ၊ ဝိစိကိစ္ဆာသည် --
သံသယ အင်္ကာ၊ ယုံမှားခြင်း လက္ခဏာ ရှိ၏။
ကမ္ပနာ၊ ထိုထိုအာရုံ၌ တုန်လှုပ်ခြင်း ကိစ္စ ရှိ၏။
အနိစ္ဆယာ၊ မဆုံးဖြတ်နိုင်ခြင်း ပစ္စုပဋ္ဌာန် ရှိ၏။
ဝါပိ၊ တနည်းလည်း။
အနေကံသဂါဟာ၊ တခုသော အဘို့ကို မယူ နှစ်ခွသော အဘို့ကို ယူခြင်း ပစ္စုပဋ္ဌာန် ရှိ၏။
အယောနိသော မနက္ကရာ၊ အယောနိသော မနသိကာရလျှင် ပဒဋ္ဌာန် ရှိ၏။
ပဋိပတ္တိအန္တရာယကရာတိ ဒဋ္ဌဗ္ဗာ။
အဋ္ဌကထာ (ဝိသုဒ္ဓိ၊ဒု၊နှာ-၁၀၁)
သဒ္ဓါ၏ လက္ခဏာ စသည် ဓမ္မဝ၀တ္ထာန် ၄-ပါး
သဒ္ဓါ သဒ္ဒဟနလက္ခဏာ၊
ပသာဒန ရသာ တထာ။
အကာလုဿိယာ သဒ္ဓေယျ–
ဝတ္ထုပ္ပဒဋ္ဌာနာ' ထဝါ။
ဩကပ္ပနာ ပက္ခန္ဒနာ၊
အဓိမုတ္တိ ဥပဋ္ဌနာ။
သောတာပတ္တိယင်္ဂပဒါ၊
ဟတ္ထဝိတ္တဗိဇာ ယထာ။
သဒ္ဓါ၊ သဒ္ဓါသည် --
သဒ္ဒဟန လက္ခဏာ၊ ကြည်ညိုခြင်း လက္ခဏာ ရှိ၏။
တထာ၊ ထိုမှတပါး။
ပသာဒန ရသာ၊ ပတ္တမြားမသွေ ကြည်လင်စေခြင်း ကိစ္စ ရှိ၏။
အကာလုဿီယာ၊ မနောက်ကျုခြင်း ပစ္စုပဋ္ဌာန် ရှိ၏။
သယျဝတ္ထု ပဒဋ္ဌာနာ၊ ရတနတ္တယ စသော ကြည်ညိုဘွယ်သော ဝတ္ထုလျှင် ပဒဋ္ဌာန် ရှိ၏။
အထဝါ၊ တနည်းကား --
ဩကပ္ပနာ၊ သက်ဝင်၍ ကြံစည်ခြင်း လက္ခဏာ ရှိ၏။
ပက္ခန္ဒနာ၊ ဘေးရှိရေယဉ်ကူးခတ်သွင်သို့ လွတ်လွတ် သက်ဝင်ခြင်း ကိစ္စရှိ၏။
အဓိမုတ္တိ ဥပဋ္ဌာနာ၊ ပသာဒနီယ အရာ၌ ဆုံးဖြတ် ကိုင်းညွတ်ခြင်း ပစ္စုပဋ္ဌာန် ရှိ၏။
သောတာပတ္တိယင်္ဂပဒါ၊ သောတာပတ္တိ၏ အင်္ဂါလျှင် နီးစွာသော အကြောင်း ရှိ၏။
သပ္ပုရိသသံသေဝန သဒ္ဓမ္မသဝန ယောနိသောမနသိကာရ ဓမ္မာနုဓမ္မပဋိပတ္တိယော သောတာပတ္တိအင်္ဂါနိ၊
ဋီကာ (မဟာ၊ဒု၊နှာ-၁၄၂)
[၁။ သောတာပန်ဖြစ်ကြောင်း ၄-ပါး။
(၁) သူတော်ကောင်းကို မှီဝဲဆည်းကပ်ခြင်း။
(၂) တရားမှန်ကို ကြားနာခြင်း။
(၃) အကြောင်းမှန်အားဖြင့် နှလုံးသွင်းခြင်း။
(၄) လောကုတ္တရာ တရားအားလျော်စွာ ကျင့်ခြင်း။]
ဟတ္ထ ဝိတ္တ ဗီဇာယထာ၊
ကုသိုလ်တရားတို့ကို ယူခြင်းကြောင့် - လက်၊
ခပ်သိမ်း စည်းစိမ်ကို ပြီးစေတတ်ခြင်းကြောင့် - ဥစ္စာ၊
အမြိုက်နိဗ္ဗာန်သီးကို ပြီးစေတတ် ခြင်းကြောင့် မျိုးစေ့၊
တို့နှင့် တူ၏။
သတိ၏ လက္ခဏာ စသည် ဓမ္မဝ၀တ္ထာန် ၄-ပါး
သတျာပိလာပနာ အသံ-
မောသာ အာရက္ခုပဋ္ဌနာ။
ဝိသယဘိမုခတ္တာ ဝါ၊
ထိရသညာ ပဒဋ္ဌနာ။
သတိပဋ္ဌာနပဒါ ဝါ၊
ဒေါဝါရိကေ'သိကာ ယထာ။
သတိ၊ သတိသည် —
အပိလာပနာ၊ ယှဉ်ဘက်အပေါင်းကို ဗူးတောင်း သဘော ပေါလောမပေါ် စေရာ, ကျောက်ဖျာအလား လှုပ်ရှားမရွေ့ အောက်မေ့စေခြင်း လက္ခဏာ ရှိ၏။
အသံမောသာ၊ မေ့လျော့ခြင်းကို ဖျက်ဆီးခြင်း ကိစ္စ ရှိ၏။
အာရက္ခ ဥပဋ္ဌာနာ၊ စိတ်ကို စောင့်ရှောက်ခြင်း ပစ္စုပဋ္ဌာန် ရှိ၏။
ဝါ၊ တနည်းကား --
ဝိသယာဘိမုခတ္တာ၊ အာရုံတပါး မသွားမူ၍ စိတ်၏ အာရုံ၌ ရှေးရှုသည့်အဖြစ်လျှင် ပစ္စုပဋ္ဌာန် ရှိ၏။
ထိရသညာ ပဒဋ္ဌာနာ၊ မြဲမြံသော အမှတ်သညာလျှင် ပဒဋ္ဌာန် ရှိ၏။
ဝါ။ တနည်းကား—
သတိပဋ္ဌာနပဒါ၊ သတိပဋ္ဌာန်လေးပါးလျှင် ပဒဋ္ဌာန် ရှိ၏။
ဒေါဝါရိကော ယထာ၊ တံခါးမှူးနှင့်လည်း တူ၏။
ဧသိကာ ယထာ၊ မြဲမြဲ ကြံ့ခိုင်သော တံခါးတိုင်နှင့် လည်း တူ၏။
သတိ မနသိကာရတို့၏ မနသိကာရ၏ အာရမ္မဏာဘိမုခဘာဝ- ပစ္စုပဋ္ဌာန်နှင့် ပစ္စုပဋ္ဌာန် ချင်း ထူးခြားပုံ အသို့ ထူးသနည်း။
သတိယာ အသမ္မုဿဝသေန ဝိသယာဘိမုခဘာဝ ပစ္စုပဋ္ဌာနတာ။ မနသိကာရဿ ပန သံယောဇနဝသေန အာရမ္မဏာဘိမုခဘာဝ ပစ္စုပဋ္ဌာနတာတိ အယမေတေသံ ဝိသေသာ။
ဋီကာ (မဟာ၊ဒု၊နှာ-၁၄၇)
သတိယာ၊ သတိ၏။
အသမ္ဗုဿနဝသေန၊ မတွေ့ဝေသည်၏ အစွမ်းဖြင့်။
ဝိသယာဘိမုခဘာဝ ပစ္စုပဋ္ဌာနတာ၊ အာရုံသို့ ရှေးရှုသည့်အဖြစ်လျှင် ပစ္စုပဋ္ဌာန် ရှိသည်၏ အဖြစ်သည်။
ဟောတိ၊ ဖြစ်၏။
မနသိကာရဿ ပန၊ မနသိကာရစေတသိက်၏ မူကား။
သံယောဇနဝသေန၊ သမ္ပယုတ် တရားတို့ကို ယှဉ်စေသည်၏ အစွမ်းဖြင့်။
အာရမ္မဏာဘိမုခဘာဝ ပစ္စုပဋ္ဌာနတာ၊ အာရုံသို့ ရှေးရှုသည့်အဖြစ်လျှင် ပစ္စုပဋ္ဌာန် ရှိသည် ၏အဖြစ်သည်။
(ဟောတိ၊ ဖြစ်၏။)
ဣတိအယံ၊ ဤဆိုခဲ့ပြီးသည်ကား။
ဧတေသံ၊ ဤသတိပစ္စုပဋ္ဌာန်နှင့် မနသိကာရ ပစ္စုပဋ္ဌာန်တို့၏။
ဝိသေသာ၊ ထူးခြားပုံတည်း။
သတိသည် အာရုံတပါးသို့ မသွားမူ၍ အာရုံ၌ မတွေဝေသောအားဖြင့် စိတ်အာရုံသို့ ရှေးရှုသည်။
မနသိကာရသည် သမ္မယုတ်တရားတို့ကို ယှဉ်စေသောအားဖြင့် စိတ်၏အာရုံသို့ ရှေးရှုသည်။
ဟိရီ ဩတ္တပ္ပ၏ လက္ခဏာ စသည် ဓမ္မဝ၀တ္ထာန် ၄-ပါး
ဇိဂုစ္ဆနာ ဟိရီ အကရဏာ၊
သင်္ကောစနာ 'တ္တဂါရဝါ။
ဥတ္တာသနော'တ္တပ္ပါ'ကရဏံ၊
သင်္ကောစံ ပရဂါရဝံ။
ဟိရီ၊ ဟိရီသည် --
ဇိဂုစ္ဆနာ၊ တရားယုတ်ကို စက်ဆုပ်ခြင်း လက္ခဏာ ရှိ၏။
အကရဏာ၊ ရှက်၍မပြုခြင်း ကိစ္စ ရှိ၏။
သင်္ကောစနာ၊ တွန့်ဆုတ်ခြင်း ပစ္စုပဋ္ဌာန် ရှိ၏။
အတ္တ ဂါရဝါ၊ မိန်းမကောင်းလို မိမိကိုယ်ကို အလေးပြုခြင်း ပဒဋ္ဌာန် ရှိ၏။
ဩတ္တပ္ပ၏ လက္ခဏာ စသည် ဓမ္မဝ၀တ္ထာန် ၄-ပါး
ဩတ္တပ္ပံ၊ ဩတ္တပ္ပသည် --
ဥတ္တာသနံ၊ မကောင်းမှုမှ ထိတ်လန့်ခြင်း လက္ခဏာ ရှိ၏။
အကရဏံ၊ ကြောက်၍မပြုခြင်း ကိစ္စ ရှိ၏။
သင်္ကောစံ၊ တွန့်ဆုတ်ခြင်း ပစ္စုပဋ္ဌာန် ရှိ၏။
ပရ ဂါရဝံ၊ ဝေသိယ အလား သူတပါးကို ရိုသေခြင်း ပဒဋ္ဌာန် ရှိ၏။
(ဝေသိယ = ပြည့်တန်းဆာမ။)
လောကပါလတရား
ဣမေ ပန ဒွေ ဓမ္မာ လောကပါလကာတိ ဒဋ္ဌဗ္ဗာ။
အဋ္ဌကထာ (ဝိသုဒ္ဓိ၊ဒု၊နှာ-၉၄)
ဣမေ ပန ဒွေ ဓမ္မာ၊ ဤ ဟိရီနှင့် ဩတ္တပ္ပတရား နှစ်ပါးတို့ကို။
လောကပါလကာတိ၊ လောကကို စောင့်ရှောက်သော တရားတို့ ဟူ၍။
ဒဋ္ဌဗ္ဗာ၊ မှတ်အပ်ကုန်၏။
အလောဘ အဒေါသ၏ လက္ခဏာ စသည်
အလောဘော အဂေဓာ လဂ္ဂ-
ဘာဝေါ ဝါ အပရိဂ္ဂဟော။
အနလ္လိယော အဒေါသော တု၊
အစဏ္ဍိက္ကာ ဝိရောဓဝါ။
အာဃာတ ပရိဠာဟာနံ၊
ဝိနယော သောမ္မဘာဝကော။
အလောဘ၏ လက္ခဏာ စသည် ဓမ္မဝ၀တ္ထာန် ၄-ပါး
အလာဘော၊ အလောဘသည် --
အဂေဓော၊ အာရုံ၌ စိတ်၏ မမက်မောခြင်း လက္ခဏာ ရှိ၏။
ဝါ၊ တနည်းကား။
အလဂ္ဂဘာဝေါ၊ ရေပေါက်မကပ် ကြာရွက်ချပ်၌သို့ မငြိကပ်ခြင်း လက္ခဏာ ရှိ၏။
အပရိဂ္ဂဟော၊ ရဟန္တာနည်း မသိမ်းဆည်းခြင်းကိစ္စ ရှိ၏။
အနလ္လိယော၊ ဘင်စု၌ကျ ပုရိသလို မကပ်ငြိလိုခြင်း ပစ္စုပဋ္ဌာန် ရှိ၏။
အဒေါသ၏ လက္ခဏာ စသည် ဓမ္မဝ၀တ္ထာန် ၄-ပါး
အဒေါသော တု၊ အဒေါသသည်ကား --
အစဏ္ဍိက္ကော၊ မကြမ်းတမ်းခြင်း လက္ခဏာ ရှိ၏။
ဝါ၊ တနည်းကား။
အဝိရောဓော၊ ခင်ပွန်းကောင်းတွင် မဆန့်ကျင်ခြင်း လက္ခဏာ ရှိ၏။
အာဃာတ ပရိဠာဟာနံ၊ ရန်ငြိုးဖွဲ့ခြင်း အမျက်ဟူသော ပူအိုက်ခြင်းတို့ကို။
ဝိနယော၊ ဖျောက်ဖြေငြိမ်းဧစေခြင်း ကိစ္စ ရှိ၏။
သောမ္မဘဝကော၊ ကလာပြည့်လျှမ်း ပုဏ္ဏစန်းကဲ့သို့ ဧချမ်းခြင်း ပစ္စုပဋ္ဌာန် ရှိ၏။
တတြမဇ္ဈတ္တတာ၏ လက္ခဏာ စသည် ဓမ္မဝ၀တ္ထာန် ၄-ပါး
တတြမဇ္ဈတ္တတာ ယုတ္တာနံ၊
သမဝါဟိတ လက္ခဏာ။ ..
ဦနာဓိကတာနိဝါရဏာ၊
ပက္ခပါတုပသေဒါ။
မဇ္ဈတ္တဘာဝပဋ္ဌာနာ၊
ယထာပေက္ခသာရထိ။
တတြမဇ္ဈတ္တတာ၊ ထိုယှဉ်ဘက်တရားတို့၌ အလယ် အလတ် သဘောရှိသော တတြမဇ္ဈတ္တတာ စေတသိက်သည် --
ယုတ္တာနံ၊ ယမ္ပယုတ်တရားတို့ကို။
သမဝါဟိတ လက္ခဏာ၊ မိမိတို့ကိစ္စ၌ ညီမျှအောင် ဆောင်ခြင်း ဖြစ်စေခြင်း လက္ခဏာ ရှိ၏။
ဦနာဓိကတာနိဝါရဏာ၊ လီနုဒ္ဓတဟူသော ယုတ် လွန်သည့် အဖြစ်ကို တားမြစ်ခြင်းကိစ္စ ရှိ၏။
ဝါ၊ တနည်းကား။
ပက္ခပါတုပစ္ဆေဒါ၊ လီနုဒ္ဓတအဘို့သို့ ကျခြင်းကို ဖြတ်ခြင်း ကိစ္စ ရှိ၏။
မဇ္ဈတ္တဘာဝ ဥပဋ္ဌာနာ၊ အလယ်အလတ် ဖြစ်ခြင်း ပစ္စုပဋ္ဌာန် ရှိ၏။
အဇ္ဈုပေက္ခသာရထိ ယထာ၊ သွားခြင်းရည်တူ မြင်းဟူဟူကို လျစ်လျူရှုမှိန်း ရထားထိန်းနှင့် တူ၏။
ပဿဒ္ဓိ ၂-ပါး၏ လက္ခဏာ စသည် ဓမ္မဝ၀တ္ထာန် ၄-ပါး
ပဿဒ္ဓိယော ဝုပသမာ၊
ဒရထာနံ နိမဒ္ဒနာ။
အပရိပ္ဖန္ဒ သီတတ္တာ၊
ကာယစိတ္တပဒဋ္ဌနာ။
ပဿဒ္ဓိယော၊ ကာယပ္ပဿဒ္ဓိ စိတ္တပ္ပဿဒ္ဓိ နှစ်ပါး တို့သည် --
ဒရထာနံ၊ ကိလေသာ ဟူသော အပူတို့၏။
ဝုပသမာ၊ ငြိမ်းခြင်း လက္ခဏာ ရှိကုန်၏။
ဒရထာနံ၊ ကိလေသာ အပူအပင်တို့ကို။
နိမဒ္ဒနာ၊ နှိပ်နင်းဖျက်ဆီးခြင်း ကိစ္စ ရှိကုန်၏။
အပရိပ္ဖန္ဒ သီတတ္တာ၊ စေတသိက် စိတ်တို့၏ တုန်လှုပ်ခြင်း ကင်းသည်ဖြစ်၍ ဧမြသည့် အဖြစ်လျှင် ပစ္စုပဋ္ဌာန် ရှိကုန်၏။
ကာယစိတ္တပဒဋ္ဌာနာ၊ စေတသိက် စိတ်လျှင် ပဒဋ္ဌာန် ရှိကုန်၏။
ကာယစိတ္တာနံ အဝုပသမကရဥဒ္ဓစ္စာ- ဒိကိလေသပ္ပဋိပက္ခဘူတာတိ ဒဋ္ဌဗ္ဗာ။
အဋ္ဌကထာ (ဒု၊နှာ-၉၅။)
လဟုတာ ၂-ပါး၏ လက္ခဏာ စသည် ဓမ္မဝ၀တ္ထာန် ၄-ပါး
လဟုတာယော ဝုပသမာ၊
ဂရုတာနံ နိမဒ္ဒနာ။
အဒန္ဓတာ ဥပဋ္ဌာနာ၊
ကာယစိတ္တ ပဒဋ္ဌနာ။
လဟုတာယော၊ ကာယလဟုတာ စိတ္တလဟုတာတို့သည် --
ဂရုတာနံ၊ ကိလေသာ ဟူသော လေးလံခြင်းတို့၏။
ဝုပသမာ၊ ငြိမ်းစေခြင်း လက္ခဏာ ရှိကုန်၏။
ဂရုတာနံ၊ လေးလံခြင်းတို့ကို။
နိမဒ္ဒနာ၊ နှိပ်နင်းခြင်းကိစ္စ ရှိကုန်၏။
အဒန္ဓတာ ဥပဋ္ဌာနာ၊ ပေါ့ပါးခြင်း ပစ္စုပဋ္ဌာန် ရှိကုန်၏။
ကာယစိတ္တ ပဒဋ္ဌာနာ၊ စေတသိက် အပေါင်းနှင့်စိတ်လျှင် ပဒဋ္ဌာန် ရှိကုန်၏။
ကာယ စိတ္တာနံ ဂရုဘာဝကရထိန မိဒ္ဓါဒိကိလေသပ္ပဋိပက္ခဘူတာတိ ဒဋ္ဌဗ္ဗာ။
အဋ္ဌကထာ (ဝိသုဒ္ဓိ၊ဒု၊နှာ-၉၅။)
မုဒုတာ ၂-ပါး၏ လက္ခဏာ စသည် ဓမ္မဝ၀တ္ထာန် ၄-ပါး
မုဒုတာယော ဝုပသမာ၊
ထဒ္ဓတာနံ နိမဒ္ဒနာ။
အပ္ပဋိဂ္ဃါတုပဋ္ဌာနာ၊
ကာယစိတ္တ ပဒဋ္ဌနာ။
မုဒုတာယော၊ ကာယမုဒုတာ စိတ္တမုဒုတာတို့သည် --
ထဒ္ဓတာနံ၊ ခက်ထန်ခိုင်မာခြင်းတို့၏။
ဝုပသမာ၊ ငြိမ်းဧခြင်း လက္ခဏာ ရှိကုန်၏။
ထဒ္ဓတာနံ၊ ကြမ်းတမ်း ခက်ထန်မှုတို့ကို။
နိမဒ္ဒနာ၊ နှိပ်နင်းခြင်း ကိစ္စ ရှိကုန်၏။
အပဋိဃာတ ဥပဋ္ဌာနာ၊ မထိခိုက်ခြင်း ပစ္စုပဋ္ဌာန် ရှိကုန်၏။
ကာယဒိတ္တ ပဒဋ္ဌာနာ၊ စေတသိက်အပေါင်းနှင့် စိတ်လျှင် ပဒဋ္ဌာန် ရှိကုန်၏။
ကာယစိတ္တာနံ ထဒ္ဓဘာဝကရ ဒိဋ္ဌိမာနာဒိ ကိလေသပဋိပက္ခဘူတာတိ ဒဋ္ဌဗ္ဗာ။
အဋ္ဌကထာ (ဝိသုဒ္ဓိ၊ဒု၊နှာ-၉၅။)
ကမ္မညတာ ၂-ပါး၏ လက္ခဏာ စသည် ဓမ္မဝ၀တ္ထာန် ၄-ပါး
ကမ္မညတာ ဝုပသမာ၊
အကမ္မညတာနံ နိမဒ္ဒနာ။
အာလမ္ဗကရဏသမ္ပတ္တိ၊
ကာယစိတ္တ ပဒဋ္ဌနာ။
ကမ္မညတာ၊ ကာယကမ္မညတာ စိတ္တကမ္မညတာ တို့သည် --
အကမညာနံ၊ ဒါန သီလစသော အမှု၌ မကောင်းခြင်း မခံ့ မလျောက်ပတ်ခြင်းတို့၏။
ဝုပသမာ၊ ငြိမ်းစေခြင်း လက္ခဏာ ရှိကုန်၏။
အကမ္မညာနံ၊ အမှု၌ မခံ့ မလျောက်ပတ်ခြင်း တို့ကို။
နိမဒ္ဒနာ၊ နှိပ်နှင်းခြင်း ကိစ္စရှိကုန်၏။
အာလမ္ဗကရဏ သမ္ပတ္တိ၊ ကောင်းမွန်ပြည့်စုံစွာ အာရုံကိုယူခြင်း ပစ္စုပဋ္ဌာန် ရှိကုန်၏။
ကာယစိတ္တ ပဒဋ္ဌာနာ၊ စေတသိက် စိတ်လျှင် ပဒဋ္ဌာန် ရှိကုန်၏။
ကာယစိတ္တာနံ အကမ္မညဘာဝ ကရာ'ဝသေသနီဝရဏဒိပ္ပဋိပက္ခဘူတာ၊ ပသာဒနီယ-ဝတ္ထူသု ပသာဒါဝဟာ၊ ဟိတ ကိရိယာသု ဝိနိယောဂက္ခမတာဝါဝဟာ သုဝဏ္ဏဝိသုဒ္ဓိ ဝိယာတိ ဒဋ္ဌဗ္ဗာ။
အဋ္ဌကထာ (ဝိသုဒ္ဓိ၊ဒု၊နှာ-၉၅)
ပါဂုညတာ ၂-ပါး၏ လက္ခဏာ စသည် ဓမ္မဝ၀တ္ထာန် ၄-ပါး
ပါဂုညတာ ဝုပသမာ၊
ဂေလညာနံ နိမဒ္ဒနာ။
နိရာဒီနဝုပဋ္ဌာနာ၊
ကာယစိတ္တ ပဒဋ္ဌနာ။
ပါဂုညတာ၊ ကာယပါဂုညတာ စိတ္တပါဂုညတာ တို့သည် --
ဂေလညာနံ၊ အကုသိုလ်ဟူသော နာကျင်ခြင်း တို့၏။
ဝုပသမာ၊ ငြိမ်းစေခြင်း လက္ခဏာ ရှိကုန်၏။
ဂေလညာနံ၊ အကုသိုလ်ဟူသော နာကျင်ခြင်းတို့ကို။
နိမဒ္ဒနာ၊ နှိပ်နင်းခြင်း ကိစ္စ ရှိကုန်၏။
နိရာဒီနဝ ဥပဋ္ဌာနာ၊ အပြစ်ဒေါသကင်းခြင်းလျှင် ပစ္စုပဋ္ဌာန် ရှိကုန်၏။
ကာယစိတ္တ ပဒဋ္ဌာနာ၊ စေတသိက် စိတ်လျှင် ပဒဋ္ဌာန် ရှိကုန်၏။
ကာယစိတ္တာနံ ဂေလညဘာဝ ကရအသုဒ္ဓိယာဒိပ္ပဋိပက္ခတာတိ ဒဋ္ဌဗ္ဗာ။
အဋ္ဌကထာ (ဝိသုဒ္ဓိ၊ဒု၊နှာ-၉၆)
ဥဇုကတာ ၂-ပါး၏ လက္ခဏာ စသည် ဓမ္မဝ၀တ္ထာန် ၄-ပါး
ဥဇုကတာ အဇ္ဇဝင်္ကာ၊
ကောဋိလ္လာနံ နိမဒ္ဒနာ။
အဇိမှတာ ဥပဋ္ဌာနာ၊
ကာယစိတ္တ ပဒဋ္ဌနာ။
ဥဇုကတာ၊ ကာယုဇုကတာ စိတ္တုဇုကတာ တို့သည် --
အဇ္ဇ၀ အင်္ကာ၊ ဖြောင့်မတ်ခြင်း လက္ခဏာ ရှိကုန်၏။
ကောဋိလ္လာနံ၊ ထွန်စွန်းတပြေး လရေးအသွင် နွားကျင်အလား ကောက်ခြင်း သုံးပါးတို့ကို။
နိမဒ္ဒနာ၊ နှိပ်နင်းဖျက်ဆီးခြင်း ကိစ္စ ရှိကုန်၏။
အဇိမှတာ ဥပဋ္ဌာနာ၊ မကောက်ဖြောင့်စင်း တည့်မတ်ခြင်း ပစ္စုပဋ္ဌာန် ရှိကုန်၏။
ကာယစိတ္တ ပဒဋ္ဌာနာ၊ စေတသိက် စိတ်လျှင် ပဒဋ္ဌာန် ရှိကုန်၏။
ကာယစိတ္တာနံ ကုဋိလဘာဝကရ မာယာ သာထေယျာဒိပ္ပဋိပက္ခဘူတာတိ ဒဋ္ဌဗ္ဗာ။
အဋ္ဌကထာ (ဝိသုဒ္ဓိ၊ဒု၊နှာ-၉၆)
ဝိရတိ ၃-ပါး၏ လက္ခဏာ စသည် ဓမ္မဝ၀တ္ထာန် ၄-ပါး
ဝိရတိ အဝီတိက္ကမာ၊
သင်္ကောစန ရသာ တထာ။
အကြိယပ္ပစ္စုပဋ္ဌာနာ၊
သဒ္ဓါဒိဂုဏ ပဒဋ္ဌနာ။
ဝိရတီ၊ ဝိရတီ သုံးပါးတို့သည်---
အဝီတိက္ကမာ၊ မလွန်ကျူး မကျော်နင်းခြင်း လက္ခဏာ ရှိကုန်၏။
တထာ၊ ထိုမှတပါး --
သင်္ကောစန ရသာ၊ တွန့်ဆုတ်ခြင်းကိစ္စ ရှိကုန်၏။
အကြိယပ္ပစ္စုပဋ္ဌာနာ၊ မပြုမကျင့်ခြင်း ပစ္စုပဋ္ဌာန် ရှိကုန်၏။
သဒ္ဓါဒိဂုဏ ပဒဋ္ဌာနာ၊ သဒ္ဓါ ဟိရောတ္တပ္ပ အပိစ္ဆတာ စသော ဂုဏ်လျှင် နီးသော အကြောင်း ရှိကုန်၏။
ကရုဏာ၏ လက္ခဏာ စသည် ဓမ္မဝ၀တ္ထာန် ၄-ပါး
ကရုဏာ ပရဒုက္ခာပ-
နယနာကာရပ္ပဝတ္တိကာ။
ဒုက္ခာသဟနာ အဝိဟိံသာ၊
အနာထဘာဝ ဒဿနာ။
ကရုဏာ၊ ကရုဏာသည် ---
ပရဒုက္ခာပနယနာကာရပ္ပဝတ္တိကာ၊ သူတပါး ဆင်းရဲကို ပစ်လိုသော အခြင်းအရာဖြင့် ဖြစ်ခြင်း လက္ခဏာ ရှိ၏။
ဒုက္ခ အသဟနာ၊ သူတပါးဆင်းရဲခြင်းကို သည်းမခံနိုင်ခြင်း ကိစ္စ ရှိ၏။
အဝိဟိံသာ၊ မညှဉ်းဆဲခြင်း ပစ္စုပဋ္ဌာန် ရှိ၏။
အနာထဘာဝ ဒဿနာ၊ ကိုးကွယ်ရာ မရှိသည်၏ အဖြစ်ကို တွေ့မြင်ခြင်း ပဒဋ္ဌာန် ရှိ၏။
မုဒိတာ၏ လက္ခဏာ စသည် ဓမ္မဝ၀တ္ထာန် ၄-ပါး
မုဒိတာ ပမောဒနင်္ကာ၊
အနိဿာယန ရသာ တထာ။
အရတီဝိဃာတူ'ပဋ္ဌာနာ၊
ပရသမ္ပတ္တိ ဒဿနာ။
မုဒိတာ၊ မုဒိတာသည် --
ပမောဒန အင်္ကာ၊ သူတပါးစည်းစိမ်ကို ဝမ်းမြောက်ခြင်း လက္ခဏာ ရှိ၏။
တထာ၊ ထိုမှတပါး --
အနိဿာယန ရသာ၊ မငြူစူခြင်း ကိစ္စ ရှိ၏။
အရတီဝိဃာတ ဥပဋ္ဌာနာ၊ သူတပါးစည်းစိမ်၌ မမွေ့လျော်ခြင်းကို ဖျက်ဆီးခြင်း ပစ္စုပဋ္ဌာန် ရှိ၏။
ပရသမ္ပတ္တိ ဒဿနာ၊ သူတပါးစည်းစိမ်ကို တွေ့မြင်ခြင်း ပဒဋ္ဌာန် ရှိ၏။
အမောဟ၏ လက္ခဏာ စသည် ဓမ္မဝ၀တ္ထာန် ၄-ပါး
အမောဟော ယထာသဘာဝပ္ပဋိဝေဓလက္ခဏော၊ အက္ခလိတပ္ပဋိဝေဓလက္ခဏော ဝါ ကုသလိဿာသ ခိတ္တ ဥသုပ္ပဋိဝေဓော ဝိယ။ ဝိသယောဘာသနရသော ပဒီပေါ ဝိယ။ အသမ္မောဟပစ္စုပဋ္ဌာနော အရညဂတသုဒေသကော ဝိယ။
အဋ္ဌကထာ (ဝိသုဒ္ဓိ၊ဒု၊နှာ-၉၅)
အမောဟော၊ ပညာစေတသိက်သည် --
ယထာသဘာဝပ္ပဋိဝေဓလက္ခဏော၊ အနိစ္စ ဒုက္ခ စသော ကက္ခဠ ဖုသန စသော ဟုတ်မှန်တိုင်းသော သဘောကို သိခြင်း လက္ခဏာ ရှိ၏။
ဝါ၊ တနည်ကား ---
ကုသလိဿာသ ခိတ္တဥသုပ္ပဋိဝေဓော ဝိယ၊ လိမ္မာသော လေးသမားသည် ပစ်လွှတ်အပ်သာ မြား၏စူးဝင်ခြင်းကဲ့သို့။
အက္ခလိတပ္ပဋိဝေဓလက္ခဏော၊ မချော်မယွင်း ဖောက်ထွင်းခြင်း လက္ခဏာ ရှိ၏။
ပဒီပေါဝိယ၊ ဆီမီးကဲ့သို့။
ဝိသယောဘာသန ရသော၊ အာရုံကို ထွန်းပြခြင်း လင်းစေခြင်း ကိစ္စ ရှိ၏၊
အရညဂတသုဒေသကော ဝိယ၊ လမ်းညွှန်လိမ္မာ တောရောက်ခါ ကဲ့သို့။
အသမ္မောဟပစ္စုပဋ္ဌာနော၊ မတွေမဝေသော အခြင်းအရာဖြင့် အာရုံ၌ ရှေးရှု တည်၏။
ဝါ၊ တွေဝေခြင်း၏ မရှိခြင်းကို ဖြစ်စေတတ်၏။
လက္ခဏာစသည် ဓမ္မ၀၀တ္ထာန် ၄-ပါးတို့ကို ဝေဖန်ပိုင်းခြား ကောက်ယူနည်း
ဤ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို --
သာမညံ ဝါ သဘာဝေါ ဝါ၊
ဓမ္မာနံ လက္ခဏံ မတံ။
ကိစ္စံ ဝါ တဿ သမ္ပတ္တိံ၊
ရသောတိ ပရိဒီပယေ။
ဖလံ ဝါ ပစ္စုပဋ္ဌာန-
မုပဋ္ဌာနနယောပိ ဝါ။
အာသန္နကာရဏံ ယန္တု၊
တံ ပဒဋ္ဌာနသညိတံ။
ဟူသော အဋ္ဌကထာ ဂါထာဖြင့် သဘောကျအောင် ကြံရာ၏။
လက္ခဏာ
ဓမ္မာနံ၊ ရုပ်နာမ်တရားတို့၏။
သာမညံ ဝါ၊ အနိစ္စ စသော ဆက်ဆံသော သဘောကို၎င်း။
သဘာဝေါ ဝါ၊ ဝိဇာနန ဖုသန ကက္ခဠ သန္တိ စသော မိမိသဘောကို၎င်း။
ဓမ္မာနံ၊ ရုပ်နာမ်တရားတို့၏။
လက္ခဏံ၊ မှတ်ကြောင်း မှတ်အပ်သော လက္ခဏာဟူ၍။
မတံ၊ သိအပ်၏။
ရသ
ကိစ္စံ ဝါ၊ ပြုခြင်းကြိယာ သဘောကို၎င်း။
တဿ၊ ထိုပြုခြင်းကြိယာ သဘော၏။
သမ္ပတ္တိံ ဝါ၊ ပြည့်စုံလာသော ဂုဏ်ကို၎င်း။
ရသောတိ၊ ရသဟူ၍။
ပရိဒီပယေ၊ ပြရာ၏။
ပစ္စုပဋ္ဌာန်
ဖလံ ဝါ၊ အကျိုးသည်၎င်း။
ဥပဋ္ဌာန နယောပိ ဝါ၊ ဉာဏ်သို့ ကပ်၍ တည်သော အခြင်းအရာသည်၎င်း။
ပစ္စုပဋ္ဌာနံ၊ ပစ္စုပဋ္ဌာန် မည်၏။
ပဒဋ္ဌာန်
ယန္တု အာသန္န ကာရဏံ၊ အကြင် နီးသောအကြောင်းသည်ကား။
အတ္ထိ၊ ရှိ၏။
တံ၊ ထိုနီးသောအကြောင်းကို။
ပဒဋ္ဌာနသညိတံ၊ ပဒဋ္ဌာန်ဟူ၍ သိမှတ်အပ်၏။
ဤကား အနက်။
သင်္ခါရ ပြီး၏။
ဒိဋ္ဌိဝိသုဒ္ဓိ
ဤသို့ သုတမယဉာဏ်ဖြင့် လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို သင်အံ လေ့ကျက် ဆောင်ရွက်မှတ်သား သိကြားနားလည်ပြီးသော ယောဂီသည် ကိုယ်၏အသွင် သစ်ပင် အလား ဝိသုဒ္ဓိငါးပါးတို့ကို ပွါးများ အားထုတ်ရာ၏။
ဒိဋ္ဌိဝိသုဒ္ဓိတရားကိုယ်
ထိုတွင် ပုဂ္ဂိုလ် သတ္တဝါ ငါ သူတပါး ယောက်ျား မိန်းမဟူ၍ မှတ်ထင်သော မိစ္ဆာအမြင်ကို ပယ်ရှားလျက် လောကီ နာမ်ရုပ် နှစ်ပါးတို့ကို ဟုတ်တိုင်းမှန်စွာ သိမြင်သော ပညာသည် ဒိဋ္ဌိဝိသုဒ္ဓိ မည်၏။
နာမရူပပရိစ္ဆေဒဉာဏ် ဖြစ်ပုံ
ဒိဋ္ဌိဝိသုဒ္ဓိကိုရရှိပုံ
ထို ဒိဋ္ဌိဝိသုဒ္ဓိကို ပြည့်စုံစေလိုမူ ဈာန်ကိုရသော သမထယာနိက ယောဂီသည် နေဝသညာ- နာသညာယတနဈာန်ကို ချန်လှပ်၍ ကြွင်း ရှစ်ရပ် လောကီဈာန်တို့တွင် တပါးပါးကို ဝင်စားပြီး ဈာန်မှ ထပြီး၍ ဝိတက်စသော ဈာန်အင်္ဂါတို့ကို၎င်း, ကြွင်းသော သမ္ပယုတ် တရား တို့ကို၎င်း ဆိုခဲ့ပြီးသော သဘော လက္ခဏာ စသည်တို့ဖြင့် သိမ်းဆည်း [၁] လျက် ဤတရားစုသည် အာရုံသို့ ရှေးရှု ညွတ်တတ်သောကြောင့် နာမ်မည်၏ဟု အချင်းချင်း၎င်း ရုပ်နှင့်၎င်း မရောယှက်စေမူ၍ သတ်မှတ်ပိုင်းခြား နှလုံး ထားအပ်၏။
[၁။ သိမ်းဆည်း = “ပရိဂ္ဂဟေတဗ္ဗာ ဉာဏေန ပရိစ္ဆိဇ္ဇ ဂဟေတဗ္ဗာ” အရ သိမ်းဆည်းခြင်း ဟူသည် ဉာဏ်ဖြင့်ပိုင်းခြား၍ ယူခြင်း မှတ်သားခြင်း ပင်တည်း။ (ဝိသုဒ္ဓိ၊ဋီ၊ဒု၊ နှာ-၃၅၀)]
ထိုနောက် အိမ်တွင်းသို့ မြွေဝင်သွားသည်ကို မြင်သော ယောက်ျားသည် အစဉ်လိုက်လျက် နှောက်နှက် ဖွေရှာသည်ရှိသော် နေရာ တွင်းခေါင်းကို တွေ့သကဲ့သို့ မြင်ပြီးသော နာမ်၏ မှီရာကို ရှာသည်ရှိသော် မှီရာ ဟဒယဝတ္ထုရုပ်၊ ယင်း၏မှီရာ မဟာဘုတ်၊ ယင်း ၌မှီသော ဥပါဒါရုပ်တို့ကို အနုက္ကမအားဖြင့် မြင်၍ ဆိုခဲ့ပြီးသော သဘော လက္ခဏာ စသည်တို့ဖြင့် သိမ်းဆည်းလျက် ဤတရားအပေါင်းသည် အကြောင်း ချမ်း ပူ စသည်တို့ကြောင့် မည်း ဖြူ ကြုံ ဝ ဆိုး လှ ပျော့ မာခြင်း စသည်ဖြင့် ဖောက်ပြန်တတ်သောကြောင့် ရုပ်မည်၏” ဟု အချင်းချင်း၎င်း, နာမ်နှင့်၎င်း မရောယှက်စေမူ၍ သတ်မှတ်ပိုင်းခြား နှလုံး ထားအပ်၏။
ထိုနောင် “ဤကား နမန လက္ခဏာရှိသော နာမ်။
ဤကား ရုပ္ပန လက္ခဏာရှိသောရုပ်။
ဤကား ရုပ်။
ဤကား-နာမ်”
ဟု နာမ်ရုပ်အစုကို နှစ်ခု ခွဲထား အဖန်ဖန် ပိုင်းခြား အပ်၏။
ရုပ်မှစ၍ ပွါးရခြင်း
ဓာတ် ၄-ပါးအစွမ်းဖြင့် နာမ်ရုပ် တို့ကို ပိုင်းခြားခြင်း
ရုပ်မှစ၍ကား - သိလွယ်ထင်ရှားသောကြောင့် သမထယာနိက, သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ် နှစ်ပါးလုံးပင် ပွါးသင့်၏။ ပွါးဟန်ကား -စတူဓာတုဝဝတ္ထာန်၌ ဆိုခဲ့ပြီးသော တဆဲ့ကိုးပါးသော ဓာတုပရိဂ္ဂဟမုခ တို့တွင် တပါးပါး၏ အစွမ်းဖြင့် ဓာတ်လေးပါးတို့ကို သိမ်းဆည်း၍ ယာထာဝသရသ လက္ခဏာအားဖြင့် ဓာတ်လေးပါး ထင်ရှားသည် ရှိသော် ---
စတုန္နမ္ပိ စ ဓာတူနံ၊
အဓိကံ'သ ဝသေနိ 'ဓ။
ရူပဘေဒေါ သဝိညေယျော၊
ကမ္မစိတ္တာနလန္နဇော။
စသော တဆဲ့လေးဂါထာ တို့ဖြင့် စတုဓာတုဝဝတ္ထာန်က ပြခဲ့သော --
တရာ့ခုနစ်ဆယ်၊ သုံးခုကယ်၊ ကိုယ်ဝယ် ကလာပ်ပေါင်း။
တထောင့်ငါးရာ၊ တခုသာ၊ ရုပ်မှာ ရစကောင်း။
သစ္စသံခိပ်၊ ဝေဘန်စိတ်၊ ကျိပ်လိပ် သေချာတောင်း။
ဟု ဆိုခဲ့သော ရုပ်ကလာပ်တို့သည် ထင်ရှား လာကုန်၏။
ဤသို့ အကျယ်အားဖြင့် ဘူတုပါဒါရုပ်တရား တို့သည် ထင်ရှားလာကုန်သည် ရှိသော် အလုံးစုံကို ရုပ္ပနလက္ခဏာအားဖြင့် ပေါင်းစု၍ “ဤကား - ရုပ်တည်း” ဟု ရှုအပ်၏။
ဤသို့ ရုပ်ကို သိမ်းဆည်းပြီးသော ယောဂီပုဂ္ဂိုလ် အား လောကီစိတ် ဧကာသီတိ စေတသိက် ဒွေပညာသ ဟူသော နာမ်တရားတို့သည် ဒွါရအားဖြင့် ထင်ရှား လာကုန်၏။ ထိုထင်ရှားလာကုန်သော နာမ်တရားတို့ကို နမနလက္ခဏာ အားဖြင့်စုပေါင်း၍ “ဤကား နာမ်တည်း”ဟု-ရှုအပ်၏။
လောကုတ္တရစိတ္တာနိ ပန နေ၀ သုဒ္ဓဝိပဿကဿ၊ န သမထယာနိကဿ ပရိဂ္ဂဟံ ဂစ္ဆန္တိ အနဓိဂတတ္တာ။
အဋ္ဌကထာ (ဝိသုဒ္ဓိ၊ဒု၊နှာ-၂၂၃။)
သဗ္ဗသင်္ဂါဟိကဝသေန “ဧကာသီတိ လောကိယစိတ္တာနီ”တိ ဝုတ္တံ။ လာဘိနော ဧဝ ပန မဟတဂ္ဂစိတ္တာနိ သုပါကဋာနိ ဟောန္တိ။
ဋီကာ (မဟာ၊ဒု၊နှာ-၃၅၃။)
ဓာတ်အားဖြင့်ပိုင်းခြားခြင်း
တနည်းလည်း ဓာတ်တဆဲ့ရှစ်ပါးတို့၏ အစွမ်းဖြင့် နာမ်ရုပ်ကို ပိုင်းခြားအပ်၏။ ပိုင်းခြား ဟန်ကား -- အခွဲနှင့်တကွ တဆဲ့တပါးသော နိပ္ပန္နရုပ်ဓာတ်တို့သည် ရုပ်တည်း။
ရူပါ ရူပါနေဝ ဟိ ဣဓ ပရိဂ္ဂယှန္တိ၊ န ရူပပရိစ္ဆေဒ ဝိကာရလက္ခဏာနိ။
ဋီကာ (မဟာ၊ဒု၊နှာ-၃၅၃။)
အခွဲနှင့်တကွ ရှစ်ပါးသော နာမ်ဓာတ်တို့သည် နာမ်တည်းဟု ရှေးရှုလျက် “ဤကား ရုပ်, ဤကား နာမ်။ ဤကား နာမ် ဤကား ရုပ်”ဟု ပိုင်းခြား အပ်၏။
အာယတနအားဖြင့် ပိုင်းခြားခြင်း
တနည်း အာယတန တဆဲ့နှစ်ပါးတို့၏ အစွမ်းဖြင့် ထို့အတူ ပိုင်းခြားအပ်၏။
ခန္ဓာအားဖြင့် ပိုင်းခြားခြင်း
တနည်းလည်း ဥပါဒါနက္ခန္ဓာ ငါးပါးတို့၏ အစွမ်းဖြင့် အကျဉ်းအားဖြင့် ပိုင်းခြားအပ်၏။
အကျဉ်းနည်းအားဖြင့် ပိုင်းခြားခြင်း
တနည်းလည်း --
ဣမသ္မိံ သရီရေ ယံကိဉ္စိ ရုပ္ပနလက္ခဏံ ရူပံ၊ ယဉ္စကိဉ္စိ နှမနလက္ခဏံ နာမံ။ ဣဒမ္မိ နာမံ ဣဒဉ္စ ရူပံ ဣဒံ ဝုစ္စတိ နာမရူပံ။
ဣမသ္မိံ သရီရေ၊ ဤကိုယ်၌။
ယံကိဉ္စိ၊ အလုံးစုံသော။
ရုပ္ပနလက္ခဏံ၊ ဖောက်ပြန်ခြင်း လက္ခဏာရှိသော။
ရူပံ၊ ရုပ်သည်၎င်း။
ယံကိဉ္စိ၊ အလုံးစုံသော။
နမန လက္ခဏံ၊ အာရုံသို့ညွတ်ခြင်း လက္ခဏာရှိသော။
နာမံစ၊ နာမ်သည်၎င်း။
အတ္ထိ၊ ရှိ၏။
ဣဒဉ္စ နာမံ၊ ဤ နမနလက္ခဏာရှိသော နာမ်ကို၎င်း။
ဣဒဉ္စ ရူပံ၊ ဤ ရုပ္ပနလက္ခဏာရှိသော ရုပ်ကို၎င်း။
ဣဒံ၊ ဤနာမ်ရုပ ်နှစ်ခုကို။
နာမရူပံ၊ နာမ်ရုပ်ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ဤသို့ လွန်စွာ ကျဉ်းလှသော နည်းဖြင့်လည်း သိမ်းဆည်း ပိုင်းခြားအပ်၏။
ဣန္ဒြေ စသောအားဖြင့် နာမ်ရုပ်ကို ပိုင်းခြားခြင်း
တနည်းလည်း -- လောကိဣန္ဒြေ လောကိသစ္စာ ပဋိစ္စသမုပ္ပါဒ် တို့ဖြင့်လည်း ရုပ် နာမ် နှစ်ပါးကို ပိုင်းခြား၍ နာမရူပ ပရိစ္ဆေဒဉာဏ် ကို ဖြစ်စေအပ်၏။
နာမ် မထင်သေးက ရုပ်ကိုသာ သိမ်းဆည်းအပ်ခြင်း
ဤ ဆိုခဲ့ပြီးအပ် အရပ်ရပ်သော နည်းတို့တွင် လိုရာ တပါးပါးသော နည်းဖြင့် ရုပ်ကို သိမ်းဆည်းပြီး၍ နာမ်ကို သိမ်းဆည်းသောအခါ သိမ်မွေ့သောကြောင့် နာမ် မထင်လာတည့်လျှင် ဓုရနိက္ခေပကို မပြုမူ၍ မျက်နှာရိပ်ထင်အောင် ကြေးမုံပြင်ကို အထပ်ထပ် ပွတ်တိုက်သော ယောက်ျား၊ ရေဖျန်းကာ ဖျန်းကာ ဆီပွတ်သော ယောက်ျား၊ ရေနောက်ကို ကြည်စေ လို၍ ရေအိုးအတွင်း၌ ခပေါင်းရေကြည်စေ့ သွေးသောယောက်ျား၊ ကြံညှစ်သမား၊ နွားကြမ်းကို ဆုံးမသော ယောက်ျား၊ အဟုတ် အမှန် သိလို၍ ခိုးသူကို စစ်ကြောသောမင်း၊ ဆီဥကို လို၍ နို့ဓမ်းကို မွှေသော ယောက်ျား၊ ငါးချက်စားလို၍ ငါးကို ချက်သောယောကျ်ား တို့ကဲ့သို့ ရုပ်ကိုသာ ပြန်လည်၍ အဖန်တလဲလဲ ဆင်ခြင်သုံးသပ် သိမ်းဆည်းအပ်၏။
[ဓုရနိက္ခေပ = မြော်လင့်ချက် မထားတော့ပဲ စိတ်နှလုံး ဒုံးဒုံးချကာ အားလျှော့လိုက်ခြင်း (ဓုရ = ဝန်ထုပ်ဝန်ပိုး။ နိက္ခေပ = ချခြင်း၊ စွန့်ပစ်လိုက်ခြင်း။)]
နာမ်၏ အခြေခံ ဖုသန စသော အခြင်းအရာ ၃-ပါး ထင်လာပုံ
သို့ သိမ်းဆည်းဖန်များ၍ ရူပပရိဂ္ဂဟဉာဏ် ထက်သန်အားရှိသည် ရှိသော် လေ့လာဖန်များသော ပထမဈာန် စသည်သည် ဒုတိယဈာန် စသည်၏ အခြေ ဖြစ်သကဲ့သို့ နာမပရိဂ္ဂဟ ဉာဏ်၏ အခြေပါဒဖြစ်၍ ထိုရုပ်ကို အာရုံပြု၍ ဖြစ်ကုန်သော နာမ်တရားတို့သည် ဖုသန ဝေဒယန ဝိဇာနန သုံးပါးတို့တွင် တပါးပါးသော အခြင်းအရာဖြင့် အလိုလိုပင် ထင်ရှားလာကုန်၏။ အဘယ်သို့ ထင်ရှားလာကုန်သနည်းဟူမူ --
ပထဝီဓာတု ကက္ခဠလက္ခဏာ၊ ကေသေသု ပထဝီဓာတု ကက္ခဠ လက္ခဏာ။
ဤသို့ အစရှိသည်ဖြင့် ရုပ်ဓာတ်ကို သုံးသပ် ဆင်ခြင်ဆဲတွင် ဓာတ်နှင့် စိတ်တို့၏ အာရုံ အာရမ္မဏိက အဖြစ်ဖြင့် ထိခိုက်ခြင်းဟူသော ဖုသန သဘောသည် ဉာဏ်တွင် ထင်ရှားလာ၏။ ယင်း ဖုသန သဘောထင်လျှင် ကြွင်းသော ခန္ဓာ ငါးပါးတို့သည် ထင်ရှားလာကုန်တော့သည်။ အချို့သော ယောဂီမှာ ထိုအာရုံကို ခံစားခြင်း ဟူသော ဝေဒယန သဘောထင်လာ၏။ အချို့သောယောဂီမှာ ထို အာရုံကို သိခြင်းဟူသော ဝိဇာနန သဘောထင်လာ၏။ ယင်း သဘောထင်လျှင်လည်း ကြွင်းသော ခန္ဓာလေးပါး တို့သည် ထင်ရှား လာကုန်သည်။
ထို့ကြောင့် ရုပ်အလုံးစုံကို မမြင်သေးပဲ နာမ်ကို မသိမ်းဆည်းအပ်။ ရုပ် တစိတ်ကိုသာ မြင်သည်ဖြစ်လျက်နှင့် ရုပ်ကိုလွှတ်၍ နာမ်ကို သိမ်းဆည်းလျှင် ပထဝီကသိုဏ်း (ဤကျမ်း၊ဒု၊တွဲ၊နှာ-၂ဝ၈) ၌ဆိုခဲ့ပြီးသော “ပဗ္ဗတေယျဂါဝီ" ကဲ့သို့ တောမဝင်အိမ်မကျ ဖွတ်လည်းမရ ဓားမလည်းဆုံးသည်ဟူသကဲ့သို့ ဖြစ်တတ်သည်။
ဤသို့လျှင် သုံးပါးသော အခြင်းအရာတို့တွင် တပါးပါး၏ အစွမ်းဖြင့် ထင်လာသော နာမ်ခန္ဓာလေးပါးတို့ကို “ဤကား နာမ်တည်း”ဟု ရှေးထင်ပြီး အာရုံဖြစ်သော ရုပ်ကို “ဤကား ရုပ်တည်း”ဟု မှတ်လျက် စေ့စပ်လှစွာသော သေတ္တာကို သံလျက်ဦးဖြင့် ဖွင့်ခွါသကဲ့သို့၎င်း, ထန်းမြစ်ဖု အစုံကို နှစ်ခြမ်းခွဲ သကဲ့သို၎င်း ပုဂ္ဂိုလ် သတ္တဝါ သူတပါး, ယောက်ျား မိန်းမ မဟုတ်၊ နာမ် ရုပ် အစုသာတည်းဟု - သဋ္ဌာန်ချ၏။
သုတ္တန်နည်းဖြင့် နာမ်ရုပ်တို့ကို ပိုင်းခြားဆင်ခြင်ခြင်း
ထိုအခါ “ကျက်ပြီးသည်ကိုကျို၊ ပြိုရာတွင် ဖျက်သည်”ဟူသကဲ့သို့၊ ထိုထိုဘဝ အဆက်ဆက် အနမတဂ်မှ ကိန်းစက်၍လာခဲ့သော မိစ္ဆာဘိနိဝေသကို မဆိုထားဘိ၊ လောကသမ္မုတိပညတ် သတ္တ ပုဂ္ဂလသညာပင် သော်လည်း လွန်စွာ ချုပ်သည်ထက် ချုပ်ခြင်း၊ အသမ္မောဟဘုံ၌ စိတ်ကို တည်စေခြင်း အကျိုးငှါ များစွာသော သုတ္တန်တို့နှင့် နှီးနှောရောစပ်၍ ပိုင်းခြား ဆင်ခြင်အပ်၏။ ဆင်ခြင်ပုံကား ...
ယထာပိ အင်္ဂသမ္ဘာရာ၊
ဟောတိ သဒ္ဒေါ ရထော ဣတိ၊
ဧဝံ ခန္ဓေသု သန္တေသု၊
ဟောတိ သတ္တောတိ သမ္မုတိ။
ယထာ ပဋိစ္စ ကဋ္ဌာဒိံ၊
အဂါရန္တိ ပဝုစ္စတိ။
ဧဝံ ပဋိစ္စ အဋ္ဌျာဒိံ၊
သရီရန္တိ ပဝုစ္စတိ။
ဒုက္ခမေဝ ဟိ သမ္ဘောတိ၊
ဒုက္ခံ တိဋ္ဌတိ ဝေတိ စ။
နာညတြ ဒုက္ခာ သမ္ဘောတိ၊
နာညံ ဒုက္ခာ နိရုဇ္ဈတိ။
ယဒိ ခန္ဓာ သိယုံ အတ္တာ၊
နေတေ ရုဇာယ ဝတ္တယုံ။
ယသ္မာ စေတေ အနတ္တာဝ၊
တသ္မာ ဗာဓာယ သမ္ဘဝံ။
ရဇ္ဇုယောဂါ ဒါရုယန္တံ၊
သဗျာပါရံဝ ခါယတိ။
ဧဝံ သုညံ နာမရူပံ၊
အညမည သမာယုတံ။
ယမကံ နာမရူပဉ္စ၊
ဥဘော အညောညနိဿိတာ။
ဧကသ္မိံ ဘိဇ္ဇမာနသ္မိံ၊
ဥဘော ဘဇ္ဇန္တိ ပစ္စယာ။
န ဝတ္ထာရမ္မဏာ နာမံ၊
နာပိ စူဘိန္နမန္တရာ။
ဟေတုံ ပဋိစ္စ သမ္ဘောတိ၊
သဒ္ဒေါ ပဟတာယ ဘေရိယာ။
န သကေန ဗလေနေဝ၊
ဇာယတေ တိဋ္ဌတေ ဒွယံ။
ဇစ္စန္ဓပီဌသပ္ပီဝ၊
သင်္ခတံ အတ္တဒုဗ္ဗလံ။
ပရပ္ပစ္စယာရမ္မဏာ၊
ဇာယတေ တိဋ္ဌတေ ဒွယံ။
ဧနကော ပတ္ထမ္ဘကေဟိ၊
ပစ္စယေဟိ ပဘာဝိတံ။
ယထာပိ နာဝံ နိဿာယ၊
မနုဿာ ယန္တိ အဏ္ဏဝေ။
ဧဝမေဝ ရူပံ နိဿာယ၊
နာမကာယော ပဝတ္တတိ။
ယထာ စ မနုဿေ နိဿာယ၊
နာဝါ ဂစ္ဆတိ အဏ္ဏဝေ။
ဧဝမေ၀ နာမံ နိဿာယ၊
ရူပကာယော ပဝတ္တတိ။
ဥဘော နိဿာယ ဂစ္ဆန္တိ၊
မနုဿာ နာဝါ စ အဏ္ဏဝေ။
ဧဝံ နာမဉ္စ ရူပဉ္စ၊
ဥဘော အညောည နိဿိတာ။
သင်္ဂဟ ဂါထာ။
.
အင်္ဂသမ္ဘာရာ၊ ဝင်ရိုး စက်ဘီး စသော အစိတ် အဆောက်အဦကြောင့်။
ရထောတိ၊ ရထား ဟူ၍။
သဒ္ဒေါ၊ ခေါ်ဆိုခြင်း ဝေါဟာရ ပညတ်သည်။
ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။
ဧဝံ တထာ၊ ထိုအတူ။
ခန္ဓေသု၊ ခန္ဓာတို့သည်။
သန္တေသု၊ ရှိကုန်လတ်သော်။
သတ္တောတိ သမ္မုတိ၊ သတ္တဝါ-ဟု သမုတ် ပညတ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဤ၌ “ဟောတိ သတ္ထော ရထော ဣတိ” ဟု အဋ္ဌကထာပါဌ် ရှိ၏။ နိဿယ၌လည်း “သတ္တော ရထာ ဣတိ = လှည်းရထား ဟူသော” ဟု အနက် ပေး၏။ ဋီကာ၌လည်း “သတ္ထောတိ ဝေါဟာရော” ဟူ၍ပင် ရှိ၏။ ပါဌ်ပျက် မှတ်ရမည်။ “ယထာ အက္ခစက္ကပဉ္ဇရ ဤသာဒီသု အင်္ဂသမ္ဘာရေသု ဧကေနာကာရေန သဏ္ဌိတေသု ရထောတိ ဝေါဟာရမတ္တံ ဟောတိ” ဟု နောက်၌ အဋ္ဌကထာ ဖွင့်သောကြောင့် ဟောတိ သဒ္ဒေါ ရထော ဣတိ ဟု ရှိသင့်သည်။ ဋီကာ၌လည်း “သဒ္ဒေါတိ ဝေါဟာရော” ဟု ဒန္တဇ တတိယက္ခရာ သဒိသ- ဒွေဘော်နှင့် တည်ပုဒ်ရှိမှ သင့်မည်။
ကဋ္ဌာဒိံ၊ သစ်သားကြိမ်ရွယ် သက်ကယ်မြေကျံ ဟူသော အစိတ်ကို။
ပဋိစ္စ၊ စွဲ၍။
အဂါရန္တိ၊ အိမ် ကျောင်း ဇရပ် ဟု။
ပဝုစ္စတိ ယထာ၊ ဆိုအပ်သကဲ့သို့။
ဧဝံ၊ ဤအတူ။
အဋ္ဌျာဒိံ၊ အရိုး အကြော အသား အရေ လေးထွေသော ကောဋ္ဌာသကို။
ပဋိစ္စ၊ စွဲ၍။
သရီရန္တိ၊ ကိုယ်ဟူ၍။
ပဝုစ္စတိ၊ ဆိုအပ်၏။
ဟိသစ္စံ၊ မှန်၏။
ဒုက္ခမေဝ၊ ဆင်းရဲသက်သက် သည်သာလျှင်။
သမ္ဘောတိ၊ အကြောင်းအားလျော်စွာ ဖြစ်၏။
ဒုက္ခံ ဧဝ၊ ဆင်းရဲသည်သာလျှင်။
တိဋ္ဌတိ၊ ခဏဌီ ပဗန္ဓဌီ အားဖြင့် တည်၏။
ဝေတိ စ၊ ခဏနိရောဓ စုတိနိရောဓ အားဖြင့် ချုပ်လည်းချုပ်၏။
ဒုက္ခာ၊ ဆင်းရဲကို။
အညတြ၊ ကြဉ်ထား၍။
ကိဉ္စိဓမ္မဇာတံ၊ ပုဂ္ဂိုလ်သတ္တဝါ ခေါ် ဆိုဘွယ်ရာ တစုံတခုသော တရားသဘောသည်။
န သမ္ဘောတိ၊ ဖြစ်သည်မရှိ။
ဒုက္ခာ၊ ဆင်းရဲမှ။
အညံ၊ တပါး။
ကိဉ္စိဓမ္မဇာတံ၊ တစုံ တခုသော အဖြစ်တရားသည်။
နိရုဇ္ဈတိ၊ ချုပ်သည်မရှိ။
ခန္ဓာ၊ ခန္ဓာငါးပါးတို့သည်။
အတ္တာ၊ အစိုးရသော ကိုယ်မည်သည်။
ယဒိသိယုံ၊ အကယ်၍ ဖြစ်ကုန်ငြားအံ့။
ဧတေ၊ ထိုခန္ဓာငါးပါးတို့သည်။
ရုဇာယ၊ ကျင်နာနှိပ်စက်ခြင်းငှါ။
နဝတ္တယုံ = နဝတ္တေယျုံ၊ မဖြစ်ကုန်ရာ။
ယသ္မာ စ၊ အကြင် အကြောင်းကြောင့်ကား။
ဧတေ၊ ထို ခန္ဓာငါးပါးတို့သည်။
အနတ္တာဝ၊ အစိုးရသော ကိုယ်မဟုတ်သာလျှင်တည်း။
တသ္မာ၊ ထို့ကြောင့်။
အာဗာဓာယ၊ ကျင်နာနှိပ်စက်ခြင်းငှါ။
သမ္ဘဝံ၊ ဖြစ်ခဲ့ကုန်၏။
ရဇ္ဇုယောဂါ၊ ကြိုးနှင့်ပေါင်းမိခြင်းကြောင့်။
ဒါရုယန္တံ၊ သစ်ယန္တရားရုပ်သည်။
သဗျာပါရံဣ၀၊ သွား ရပ် က ခုန် ဗျာပါရ ရှိပုံယောင်ယောင်။
ခါယတိယထာ၊ ထင်ရသကဲ့သို့။
ဧဝံ၊ ဤအတူ။
သုညံ၊ သတ္တ ဇီဝ ဗျာပါရ ကင်းဆိတ်သော။
နာမရူပံ၊ နာမ်ရုပ် နှစ်ပါးသည်။
အညမညသမာယုတံ၊ အချင်းချင်း ပေါင်းယှဉ် ကြသည် ဖြစ်၍။
သဗျာပါရံဣ၀၊ ယာပိုက်လေးရပ် လှုပ်ရှားတတ်သကဲ့သို့။
ခါယတိ၊ ထင်ရ၏။
ယမကံ၊ အစုံဖြစ်သော။
နာမံ၊ နာမ်သည်၎င်း။
ရူပဉ္စ၊ ရုပ်သည်၎င်း။
ဥဘော၊ နှစ်ပါးစုံတို့သည်။
အညောညနိဿိတာ၊ ဝက္ကထောင်တည်း ယိုင်မလည်းသည့် ကျူစည်းပမည် တပါးသည် တပါးကိုမှီ၍ တည်ကုန်၏။
တတော၊ ထို့ကြောင့်။
ဧကသ္မိံ၊ တခုခုသည်။
ဘိဇ္ဇမာနသ္မိံ၊ ပျက်သည်ရှိသော်။
ဥဘော၊ နာမ်ရုပ်နှစ်ပါးစုံ တို့သည်။
ပစ္စယော၊ ပစ္စည်းတရား ချုပ်ခြင်းဟူသော အကြောင်းကြောင့်။
ဘဇ္ဇန္တိ၊ ပျက်ကုန်၏။
(တနည်းလည်း)
ပစ္စယာ = ပစ္စယဘူတာပိ၊ အချင်းချင်း ကျေးဇူးပြုကြသည် ဖြစ်ကုန်သော်လည်း။
ဥဘော၊ နာမ်ရုပ် နှစ်ပါးစုံတို့သည်။
ဘဇ္ဇန္တိဧ၀၊ ပျက်စီးကုန်သည်သာလျှင်တည်း။
ဝတ္ထာရမ္မဏာ၊ စက္ခု သောတ စသော မှီရာ- ရူပ သဒ္ဒ စသောအာရုံမှ။
နာမံ၊ နာမက္ခန်တရားသည်။
န သမ္ဘောတိ၊ ထွက်လာ၍ ဖြစ်သည် မဟုတ်။
ဥဘိန္နံ၊ ဝတ္ထုအာရုံ နှစ်ပါးစုံတို့၏။
အန္တရာပိ စ၊ အကြား၌လည်း။
န သမ္ဘောတိ၊ ဖြစ်သည်မဟုတ် --
> ‘နော စ ဥဘိန္နမန္တရာ’တိ ဣဒံ ပန တေသံ အရူပ ဓမ္မတ္တာ အပ္ပဒေသတာယ ဝုတ္တံ။
> ဋီကာ (ဒု၊နှာ-၃၆၅)
ပဟတာယ၊ တီးခတ်ရိုက်နှက်အပ်သော။
ဘေရိယာ၊ စည်၏။
သဒ္ဒေါယထာ၊ အသံကဲ့သို့။
ဟေတုံ၊ စက္ခု ရူပ အာလောက မနသိကာရ စသော အကြောင်းကို။
ပဋိစ္စ၊ စွဲ၍။
သမ္ဘောတိ၊ အသစ်ဖြစ်ပေါ် လာ၏။
ဒွယံ၊ နာမ်ရုပ်နှစ်ပါးသည်။
သကေနေဝ ဗလေန၊ မိမိအစွမ်းဖြင့်သာလျှင်။
န ဇာယတေ၊ ဖြစ်လည်းမဖြစ်နိုင်။
န တိဋ္ဌတေ၊ တည်လည်း မတည်နိုင်။
ဇစ္စန္ဓ ပီဌသပ္ပီဝ၊ ဝမ်းတွင်းပါ ကာဏ်းသသူ ဆွံ့အသူ နှစ်ယောက်တို့ကဲ့သို့။
သင်္ခတံ၊ အကြောင်းတရားတို့သည် ပြုပြင်အပ်သည်ဖြစ်၍။
အတ္တ ဒုဗ္ဗလံ၊ ကိုယ်စွမ်းမရှိ အားနည်းဘိသည်ဖြစ်၍။
ပရစ္စယာရမ္မဏာ၊ တပါးသော ဇနကအကြောင်း ဥပတ္ထမ္ဘကအကြောင်းကြောင့်။
(တနည်းလည်း) ရုပ်၏ပစ္စယ နာမ်၏ အာရမ္မဏ ဟူသော တပါးအကြောင်းကြောင့်။
ဒွယံ၊ နာမ်ရုပ် နှစ်ပါးသည်။
ဇာယတေ၊ ဖြစ်ရ၏။
တိဋ္ဌတေ၊ တည်ရ၏။
ဇနေကောပတ္ထမ္ဘကေဟိ၊ ဖြစ်စေတတ် ထောက်ပံ့တတ်ကုန်သော။
ပစ္စယေဟိ၊ အကြောင်းနှစ်ပါးတို့သည်။
ပဘာဝိတံ၊ ဖြစ်စေအပ်၏။
နာဝံ၊ လှေကို။
နိဿာယ၊ မှီ၍။
မနုဿာ၊ လူတို့သည်။
အဏ္ဏဝေ၊ သမုဒ္ဒရာ၌။
ယန္တိ ယထာပိ၊ သွားကုန်သကဲ့သို့လည်း။
ဧဝမေဝ၊ ဤအတူသာလျှင်။
ရူပံ၊ ရုပ်ကို။
နိဿာယ၊ မှီ၍။
နာမကာယော၊ နာမ်အပေါင်းထည်။
ပဝတ္တတိ၊ ဖြစ်ရ၏။
မနုဿေ၊ လူတို့ကို။
နိဿယ၊ မှီ၍။
နာဝါစ၊ လှေသည်လည်း။
အဏ္ဏဝေ၊ သမုဒြာ၌။
ဂစ္ဆန္တိ ယထာ၊ သွားသကဲ့သို့။
ဧ၀မေဝ၊ ဤအတူသာလျှင်။
နာမံ၊ နာမ်ကို။
နိဿာယ၊ မှီ၍။
ရူပကာယာ၊ ရုပ်အပေါင်းသည်။
ပဝတ္တတိ၊ ဖြစ်ရ၏။
မနုဿာ စ၊ လူတို့သည်၎င်း။
နာဝါ စ၊ လှေသည်၎င်း။
ဥဘော၊ နှစ်ပါးစုံတို့သည်။
နိဿယ၊ အချင်းချင်း မှီကြကုန်၍။
အဏ္ဏဝေ၊ သမုဒ္ဒရာ၌။
ဂစ္ဆန္တိယထာ၊ သွားကြကုန်သကဲ့သို့။
ဧဝံ၊ ဤအတူ။
နာမဉ္စ၊ နာမ်သည်၎င်း။
ရူပဉ္စ၊ ရုပ်သည်၎င်း။
ဥဘော၊ နှစ်ပါးစုံတို့သည်။
အညောည နိဿိတာ၊ အချင်းချင်းမှီ၍ ဖြစ်ကုန်၏။
ယထာဘူတ ဒဿနမည်ပုံ
ဤသို့ များစွာသော သုတ္တန်တို့နှင့် နှီးနှော ပိုင်းခြား၍ နာမ် ရုပ်နှစ်ပါးမျှသာ၊ ပုဂ္ဂိုလ် သတ္တဝါ မရှိဟု မြင်ခြင်းသည် ယထာဘူတဒဿန မည်၏။ ယင်းကို ပယ်ခွါ၍ သတ္တဝါစင်စစ် ရှိ၏ဟု ယူမူကား - သဿတဒိဋ္ဌိ၌သော်၎င်း ဥစ္ဆေဒဒိဋ္ဌိ၌သော်၎င်း ကျ၍ မိစ္ဆာဒိဋ္ဌိဝိပရီတဒဿန ဖြစ်၏။
.
ဒိဋ္ဌိဝိသုဒ္ဓိမည်ပုံ
ဤသို့လျှင် ဈာန်ခုနစ်ပါး, ဥပစာခုနစ်ပါးအားဖြင့် နာမ ပရိဂ္ဂဟမုခ [၁] တဆဲ့လေးပါး၊ စတုဓာတုဝဝတ္ထာန်၌ ဆိုခဲ့ပြီးသော ဓာတုပရိဂ္ဂဟမုခ တဆဲ့သုံးပါး [၂]၊ ဓာတ် အာယတန ခန္ဓာ မဟာဘုတ် ဣန္ဒြေ သစ္စာ ပဋိစ္စသမုပ္ပါဒ် အားဖြင့် ခုနှစ်ပါးနှင့်ရော၍ ရူပပရိဂ္ဂဟမုခ [၃] နှစ်ဆယ်၊ ထိုနှစ်ဆယ်ကို သမုခ [၄] အဖြစ်ဖြင့် ထင်လာသော ဖဿ ဝေဒနာ စိတ် သုံးပါးနှင့် မြှောက်၍ ခြောက်ဆယ်၊ ယခင် နာမပရိဂ္ဂဟမုခ တဆဲ့လေးပါးနှင့် ရော၍ ခုနစ်ဆဲ့လေးပါးသော နာမရူပပရိဂ္ဂဟနည်း တို့ဖြင့်၎င်း၊ သမ္ဗဟုလသုတ္တန္တစသော နာမရူပ ဝဝတ္ထာန နည်းတို့ဖြင့်၎င်း နာမ်ရုပ်နှစ်ပါးကို ပိုင်းခြားဆင်ခြင်၍ သတ္တသညာကို စွန့်ခွါနှိပ်စက် ဖြိုဖျက်ပယ်ချွေ မတွေဝေပဲ နှစ်ထွေသော နာမ်ရုပ်ကို ဟုတ်မှန်သည်အတိုင်း သိမြင်သော ယင်း ယထာဘူတဒဿနသည် “အတ္တဒိဋ္ဌိမလဝိသောဓနတော ဒိဋ္ဌိဝိသုဒ္ဓိတိ ဝေဒိတဗ္ဗံ” ဟူသော ဋီကာ(ဒု၊နှာ-၃၆၇) နှင့်အညီ ဒိဋ္ဌိဝိသုဒ္ဓိ မည်၏။ နာမရူပ ဝဝတ္ထာနဉာဏ် သင်္ခါပရိစ္ဆေဒ ဉာဏ်လည်း မည်၏။
[၁။ နာမပရိဂ္ဂဟမုခ = (နာမ = နာမ်၊ ပရိဂ္ဂဟ = သိမ်းဆည်းခြင်း၊ မုခ = အကြောင်း နည်းလမ်း) နာမ်တရားကို ပိုင်းခြား သိမ်းဆည်းယူခြင်း အကြောင်း။
၂ ဓာတုပရိဂ္ဂဟမုခ = ဓာတ်အားဖြင့် သိမ်းဆည်းခြင်း အကြောင်း ၁၃-ပါး။
၃။ ရူပပရိဂ္ဂဟမူခ = ရုပ်ကိုပိုင်းခြား သိမ်းဆည်းခြင်း အကြောင်း ၂၀-ပါး။
၄။ သမုခ = (သ = ရှိ။ မုခ = အစ ရှေးဦး ပြဓာန်းခြင်း။) ရှေးဦးစွာပြဓာန်းခြင်း ရှိသည်။]
.
ဆရာ့ဆရာအလို ပွါးများနည်း
ငါတို့ ကျေးဇူးရှင် ဆရာတော်ဘုရားကား --မျက်စိအမြင်နှင့် ပြည့်စုံသော ယောက်ျား သည် ဆင်မြီး နှာမောင်း အစွယ် စသော အစွန်အဖျားကို မြင်လျှင် အစဉ် လျှောက်၍ ဆင်ခြင်က ဆင်ကောင်အလုံးစုံကို အကုန်အစင် သိရသကဲ့သို့ ရုပ်ကဖြစ်စေ နာမ်ကဖြစ်စေ ဉာဏ်၌ ထင်လာသည်မှ စ၍ သိမ်းဆည်း ပိုင်းခြား ရမည်။ ပိုင်းခြားဟန်ကား -- အသံကိုကြားလျှင် “ဤအသံကား ဥပါဒါရုပ် ဖြစ်၍ မဟာဘုတ်ကို မှီ၏။ ယင်း မဟာဘုတ်သည် မှီတတ်သော ဥပါဒါရုပ်စုနှင့် တကွ ဖြစ်၏။ ဤတရားအပေါင်းသည် ရုပ်တည်း။ ဤရုပ်တရား အပေါင်းသည်လည်း အကြောင်း စိတ္တုပ္ပါဒ်ကြောင့် ဖြစ်၏။ ဤအကြောင်း စိတ္တုပ္ပါဒ်သည် နာမ်တည်း၊ ဤ ရုပ်နာမ် နှစ်ပါးသာ လျှင်တည်း၊ ဤရုပ်နာမ်မှတပါး စကား ပြောဆိုတတ်သော ပုဂ္ဂိုလ် သတ္တဝါ ငါ သူတပါး ယောက်ျား မိန်းမ ဟူ၍ မရှိချေ၊ ဤသို့စသည်ဖြင့် အဖန်ဖန် ပိုင်းခြားပွါးများရမည်” ဟု မိန့်တော်မူ၏။ နာမရူပပရိစ္ဆေဒဉာဏ် ရင့်သန် ထက်မြက်သော ယောဂီတို့၏ အရာပေတည်း။
ဒိဋ္ဌိဝိသုဒ္ဓိ ပြီး၏။
……
ကင်္ခါဝိတရဏဝိသုဒ္ဓိ
ကင်္ခါဝိတရဏဝိသုဒ္ဓိမည်ပုံ
“တေသမေ၀ စ နာမရူပါနံ ပစ္စယပရိဂ္ဂဟော ကင်္ခါဝိတရဏဝိသုဒ္ဓိနာမ” ဟူသည်နှင့် အညီ ဤမြင်အပ်ပြီးသော နာမ် ရုပ်၏ အကြောင်းကို သိမ်းဆည်း စဉ်းစားလျက် အဓွန့် သုံးပါး၌ ယုံမှားခြင်းကို လွန်မြောက်၍ တည်သော ဉာဏ်သည် ကင်္ခါဝိတရဏဝိသုဒ္ဓိ မည်၏။
[(ကင်္ခါ = ယုံမှားခြင်း။ ဝိတရဏ = လွန်မြောက် ကူးမြောက်ခြင်း။ ဝိသုဒ္ဓိ၊ စင်ကြယ်ခြင်း) ယုံမှားမှုကို လွန်မြောက်ခြင်း အားဖြင့် စင်ကြယ်ခြင်း။ ပစ္စယပရိဂ္ဂဟဉာဏ် ရလျှင် ကင်္ခါဝိတရဏဝိသုဒ္ဓိ ဖြစ်ပြီ။]
.
ကင်္ခါဝိတရဏဝိသုဒ္ဓိ ပွါးများပုံ
ယင်း ကင်္ခါဝိတရဏဝိသုဒ္ဓိကို ပွါးဟန်ကား -- သမားလိမ္မာသည် အနာကိုမြင်လျှင် အနာ၏ အကြောင်းသမုဋ္ဌာန်ကို ရှာသကဲ့သို၎င်း, သနားတတ်သော ယောက်ျားသည် ခရီး လမ်းချက်၌ ပက်လက်မဖွယ် သူငယ်ကို မြင်လျှင် မိဘကိုဆင်ခြင်သကဲ့သို့၎င်း၊ ဒုက္ခသုံးပါးနှင့် ယှဉ်သောကြောင့် အနာရောဂါအသွင် သံသရာ၌ နစ်မွန်း၍ နေသော ခန္ဓာအစဉ်ဖြစ်၍ သနားစဖွယ် သူငယ်အသွင် ဤ မြင်အပ်ပြီးသော ရုပ် နာမ် အပေါင်းသည် အကြောင်းမရှိပဲ ဖြစ်သည် ဆိုလျှင် ခပ်သိမ်းသော သန္တာန် အခါ ပုဂ္ဂိုလ်တို့၌ အတူတူချည်း တပုံတည်းသာ ဖြစ်ရာသောကြောင့်၎င်း၊ ဣဿရ ပကတိ ပုရိသ ပာဇာပတိ ကာလ စသည်တို့ကြောင့် ဖြစ်သည်ဆိုလျှင်လည်း နာမ်ရုပ်မှတပါး ဣဿရ စသည် မရှိသောကြောင့်၎င်း၊ ဣဿရ စသည်တို့လည်း နာမ်ရုပ်ပင်တည်းဟု ဆိုပြန်လျှင်လည်း ထိုဣဿရ စသည်တို့၏ အကြောင်း မထင်ရကား ယခင် ဆိုခဲ့ပြီးသော အပြစ်ဒေါသ မလွတ်နိုင်သောကြောင့်၎င်း၊ ဣဿရ ပကတိ စသော ဝိသမဟေတုမှတပါး သင့်လျော် ညီညွတ်သော အကြောင်းဟု ဆိုအပ်သော သမဟေတု ရှိသင့်၏။
.
ရုပ်၏ အကြောင်းကို ရှေးဦးစွာ သိမ်းဆည်းခြင်း
ရှိသော အကြောင်းကို ရှာရာ၌ ရုန့်ရင်း ထင်ရှားသောကြောင့် ရုပ်၏ အကြောင်းကို ရှေးဦးစွာ ရှာအပ်၏။ ရုပ်တွင်လည်း နိဗ္ဗိန္ဒဝိရာဂ၏ အကြောင်းဖြစ်၍ ဝဋ္ဋာဘိရတိကို နစ်စေခြင်းငှါ ဂဗ္ဘသေယျက ရုပ်၏ အကြောင်းကို ရှာအပ်၏။ ရှာဟန်ကား ---
စာသစ် စာကျက်၊ အောက် ထက် ဝန်းရံ၊
ပုပ်နံညီလှောင်း၊ ကျဉ်းမြောင်း မည်းမိုက်၊
မိဝမ်းတိုက်ဝယ်၊ ဘင်၌လောက်လို၊
ကျောက်ကိုဝမ်းပြု၊ ဒူးနှစ်ခုကြား၊
ဦးခေါင်းထားလျက်၊ မေးကြားလက်ဆုပ်၊
သစ်ခွတိုမှာ မျောက်အို ကုပ်သည့်နှယ်၊
မလှုပ်မယှက်၊ သေသောက်လက်ဝယ်၊
ဆိတ်သူငယ်လို၊ အလမ္ပာယ်မိ၊
မြွေငယ်ချိသို့၊ အမိ စပ်ခါး၊
ပူ ဧ စားလည်း၊ ကိုယ်သား ဆတ်ဆတ်၊
သက်ပြတ်တစေ၊ တည်နေဆယ်လ၊
ဤကာယ၏၊ ဖြစ်ရကြောင်းလျာ၊
အဝိဇ္ဇာနှင့်၊ တဏှာ ဥပါဒါန်၊
ကံ အာဟာရ၊ ပဉ္စကသည်၊
ရူပဟေတု ပစ္စည်းတည်း။
ထိုတွင် အဝိဇ္ဇာ တဏှာ ဥပါဒါန် ကံ လေးပါး တို့သည် ဇနကဟိတ်တည်း။ အာဟာရသည် ဥပတ္ထမ္ဘကပစ္စည်းတည်း။ ထိုတွင်လည်း အဝိဇ္ဇာ တဏှာ ဥပါဒါန် သုံးပါးတို့သည် အမိကဲ့သို့ ဥပနိဿယ၊ ကံသည် အဘကဲ့သို့ ဇနက၊ အာဟာရသည် နို့ထိန်းကဲ့သို့ သန္ဓာရက ဖြစ်သော အကြောင်းတည်း။
.
နာမ်၏ အကြောင်းကို သိမ်းဆည်းခြင်း
ဤသို့ ရုပ်၏ အကြောင်းကို သိမ်းဆည်းပြီး၍ “စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ။ တိဏ္ဏံ သင်္ဂတိ ဖဿော” စသော နည်းဖြင့် လောကီ နာမ်တရားတို့၏ စက္ခုပသာဒ အာဝဇ္ဇန်း စသော အဇ္ဈတ္တအကြောင်း၊ ရူပါရုံ အာလောက စသော ဗဟိဒ္ဓ အကြောင်းတို့ကို သိမ်းဆည်း အပ်ကုန်၏။
.
အတိတ် အနာဂတ် ရုပ်နာမ်အကြောင်း မြင်ခြင်း
ဤသို့ ပစ္စုပ္ပန် ရုပ် နာမ် နှစ်ပါး၏ အကြောင်းတရားကြောင့် ဖြစ်သည်ကို မြင်လျှင် --
ယထာ ဣဒံ နာမရူပံ၊
ပစ္စယတော ပဝတ္တတိ။
ဧဝံ တီတေ ပျ'နာဂတေ၊
အဘဝိတ္ထ ဘဝိဿတိ။
သင်္ဂဟဂါထာ၊
ဣဒံ နာမ ရူပံ၊ ဤပစ္စုပ္ပန် ရုပ်နာမ် နှစ်ပါးသည်။
ပစ္စယတော၊ အဝိဇ္ဇာ တဏှာ ဥပါဒါနံ ကံ အာဟာရ စက္ခု ရူပ စသော အကြောင်းကြောင့်။
ပဝတ္တတိယထာ၊ ယခုဖြစ်၍ နေသကဲ့သို့။
ဧဝံတထာ၊ အလားတူ။
အတီတေပိ၊ အနမတဂ္ဂ ရှေးရှေးဘဝ၌လည်း။
ပစ္စယော၊ အဝိဇ္ဇာ တဏှာ ဥပါဒါန် ကံ အာဟာရ စသော အကြောင်းကြောင့်။
အဘဝိတ္ထ၊ ဖြစ်ဘူးလှလေပြီ။
အနာဂတေပိ၊ မကျွတ်သေးသမျှ နောက် ကာလ၌လည်း။
ပစ္စယတော၊ အဝိဇ္ဇာ တဏှာ ဥပါဒါန် ကံ အာဟာရ စသော အကြောင်းကြောင့်။
ဘဝိဿတိ၊ ဖြစ်လေဦးလတ္တံ့။
ဤသို့ အတိတ် အနာဂတ် ကာလ၌လည်း မြင်၏။
.
ယုံမှားခြင်း ၁၆-ပါး ပျောက်ခြင်း
ထိုအခါ အတိတ်အဘို့ကို အာရုံပြု၍ --
အဟောသိံ နု ခေါ အဟံ အတီတမဒ္ဓါနံ။ န နု ခေါ အဟောသိံ အတီတမဒ္ဓါနံ။ ကိံ နု ခေါ အဟောသိံ အတီတမဒ္ဓါနံ။ ကထံ နု ခေါ အဟောသိံ အတီတမဒ္ဓါနံ။ ကိံ ဟုတွာ အဟောသိံ နု ခေါ အဟံ အတီတမဒ္ဓါနံ-ဟု ငါးပါး။
ထို့အတူ အနာဂတ်အဓွန့်ကို အာရုံပြု၍လည်း --
ဘဝိဿာမိ နု ခေါ အဟံ အနာဂတမဒ္ဓါနံ။ န နု ခေါ ဘဝိဿာမိ အနာဂတမဒ္ဓါနံ။ ကိံ နု ခေါ ဘဝိဿာမိ အနာဂတမဒ္ဓါနံ။ ကထံ နု ခေါ ဘဝိဿာမိ အနာဂတမဒ္ဓါနံ၊ ကိံ ဟုတွာ ကိံ ဘဝိဿာမိ နု ခေါ အဟံ အနာဂတမဒ္ဓါနံ-ဟု ငါးပါး။ ။
ပစ္စုပ္ပန် ခန္ဓာ, ပစ္စုပ္ပန်အဓွန့်ကို အာရုံပြု၍ --
အဟံ နုခေါ သ္မိ။ နော နု ခေါ သ္မိ။ ကိံ နုခေါ သ္မိ။ ကထံ နု ခေါ သ္မိ။ အယံ နုခေါ သတ္တော ကုတော အာဂတော။ သော ကုဟိံ ဂါမီ အဝိဿတိ-ဟု ခြောက်ပါး။
ဤ တဆဲ့ခြောက်ပါးသော ယုံမှားခြင်း ဝိစိကိစ္ဆာ ကင်္ခါ ဝိမတိသည် ဝိက္ခမ္ဘန အားဖြင့် ပျောက်၏။
.
အတိတ်၌ ယုံမှားခြင်း ၅-ပါး
အဟံ၊ ငါသည်။
အတီတံအဒ္ဓါနံ၊ လွန်လေပြီးသော ကာလ၌။
အဟောသိံ နုခေါ၊ ဖြစ်ဘူးလေပြီလော။
အတီတမဒ္ဓါနံ၊ အတိတ်ကာလ၌။
န အဟောသိံ နုခေါ၊ မဖြစ်ဘူးလေသလော။
ဤနှစ်ပါးတို့သည် သဿတာကာရ အဓိစ္စသမုပ္ပတ္တိ အာကာရတို့ကို မှီ၍ ဖြစ်ကုန်၏။
အတီတမဒ္ဓါနံ၊ လွန်လေပြီးသော အတိတ်ကာလ၌။
ကိံ နု ခေါ အဟောသိံ ၊ အဘယ်သို့သောသူ ဖြစ်ဘူးလေသနည်း။
ခတ္တိယ ဂဟဋ္ဌ ဒေဝ - စသော ဇာတိ လိင်္ဂ ဥပပတ္တိ တို့ကို မှီ၍ ဖြစ်သည်။
အတီတမဒ္ဓါနံ၊ အတိတ်ကာလ၌။
ကထံနုခေါ အဟောသိံ၊ အဘယ်သို့သော အခြင်းအရာဖြင့် ဖြစ်ဘူးလေသနည်း။
ဒီဃ ရဿ-စသော သဏ္ဌာနာကာရကို မှီ၍ ဖြစ်သည်။
အတီတမဒ္ဓါနံ၊ အတိတ်ကာလ၌။
ကိံ၊ အဘယ်သို့သော သူသည်။
ဟုတွာ၊ ဖြစ်ပြီး၍။
ကိံ၊ အဘယ်သို့သော သူသည်။
အဟောသိံ နုခေါ၊ ဖြစ်ဘူးလေသနည်း။
အဆင့်ဆင့် ဆက်၍ ဖြစ်သော ဇာတ် စသည်ကို မှီ၍ ဖြစ်သည်။
.
အနာဂတ်၌ ယုံမှားခြင်း ၅-ပါး
အဟံ၊ ငါသည်။
အနာဂတမဒ္ဓါနံ၊ အနာဂတ် ကာလ၌။
ဘဝိဿာမိ နုခေါ၊ ဖြစ်ရလတ္တံ့လော။
န နုခေါ ဘဝိဿာမိ၊ မဖြစ်ရလတ္တံ့လော။
သဿတာရ ဥစ္ဆေဒါကာရကို မှီ၍ ဖြစ်သည်။
အကြွင်း အတိတ်နှင့် နည်းတူ။
.
ပစ္စုပ္ပန်၌ ယုံမှားခြင်း ၆-ပါး
အဟံ၊ ငါသည်။
အသ္မိ နုခေါ၊ ဟုတ်ပါလေ၏လော။
နော နုခေါ အသ္မိ၊ မဟုတ်လေသလော။
ကိံ ၊ အဘယ်သို့သော သူသည်။
အသ္မိ နုခေါ၊ ဖြစ်လေသနည်း။
ကထံ၊ အဘယ်သို့သော အခြင်းအရာဖြင့်။
အသ္မိ နုခေါ၊ ဖြစ်လေသနည်း၊
> အဗ္ဗန္တရေ ဇီဝေါ နာမ အတ္ထီတိ ဂဟေတွာ တဿ ဒီဃာဒိဘာဝံ ကင်္ခန္တော ကထံနုခေါသ္မီတိ ကင်္ခတီတိ ဝေဒိတဗ္ဗော။
> ဋီကာ (မဟာ၊ဒု၊နှာ-၃၇၄)
အယံ သတ္တော၊ ဤ ငါဖြစ်သော သတ္တဝါ အတ္တဘောသည်။
ကုတော၊ အဘယ်ဘဝက။
အာဂတော နုခေါ၊ လာခဲ့လေသနည်း။
သော၊ ထို အတ္တဘောသည်။
ကုဟိံ ဂါမီ၊ ဘယ်ဘဝသို့ လားလတ္တံ့သည်။
ဘဝိဿတိ နုခေါ၊ ဖြစ်လိမ့်မည်နည်း။
ဤကား အနက်။
.
ရုပ်နာမ်၏ အကြောင်းများ
အချို့သော ယောဂီသည် သာဓာရဏာ ́သာဓာရဏ အားဖြင့် နာမ်၏အကြောင်း နှစ်ပါးကို ရှု၏၊ ကံ စိတ် ဥတု အာဟာရအားဖြင့် ရုပ်၏ အကြောင်းလေးပါးကို ရှု၏၊
[သာဓာရဏ = အများနှင့်ဆက်ဆံသော အကြောင်း၊
အသာဓာရဏ = အများနှင့်မဆက်ဆံမူ၍ မိမိ၏ သီးခြားကိုယ်ပိုင် အကြောင်း၊]
.
သာဓာရဏအကြောင်း
ထိုတွင် ဒွါရခြောက်ပါး အာရုံ ခြောက်ပါးတို့သည် နာမ်၏ သာဓာရဏ အကြောင်းတည်း။
.
အသာဓာရဏအကြောင်း
ယောနိသောမနသိကာရ, သဒ္ဓမ္မဿဝန, သပ္ပုရိသုပနိဿယ, စတုစက္က သမ္ပတ္တိတို့သည် ကုသိုလ်၏ အသာဓာရဏ အကြောင်းတည်း။ ထိုမှပြန်သော အယောနိသောမနသိကာရ စသည်တို့သည် အကုသိုလ်၏ အသာဓာရဏ အကြောင်းတည်း။ ကံ အဝိဇ္ဇာ ဂတိ ကာလ စသည်တို့သည် ဝိပါက်၏ အသာဓာရဏ အကြောင်းတည်း။ ဘဝင် သန္တီရဏ ကာမကြိယာ အရဟတ္တမဂ် ဖိုလ် စသည်တို့သည် အာဝဇ္ဇန်း ဝုဋ္ဌော မဟဂ္ဂုတ် ကြိယာဇော, ကြိယာ တို့၏ အသာဓာရဏ အကြောင်းတည်း။
ဤနည်းတူ အတိတ် အနာဂတ်၌လည်း နာမ်ရုပ်၏အကြောင်းကို မြင်သည်ရှိသော် အဓွန့်သုံးပါးတို့၌ တဆဲ့ခြောက်ပါးသော ယုံမှားခြင်း ပျောက်၏။
.
“ပဋိလုံနည်းဖြင့် နာမ်ရုပ်၏ အကြောင်းကို သိမ်းဆည်းခြင်း”
အချို့ သော ယောဂီအား ဤနာမ်ရုပ် ဟူသော သင်္ခါရတို့၏ အိုခြင်း သေခြင်း ဇရာ မရဏ ကို မြင်၍ ဤဇရာ မရဏသည် ဇာတိကြောင့် ဖြစ်၏။ ဇာတိသည် ကမ္မဘဝကြောင့်။ ဘဝသည် ဥပါဒါန်ကြောင့်။ပ။ သင်္ခါရတို့သည် အဝိဇ္ဇာကြောင့် ဖြစ်ကုန်၏-ဟု ပဋိလောမ ပဋိစ္စသမုပ္ပါဒ်၏ အစွမ်းဖြင့် နာမ်ရုပ်၏ အကြောင်းကို သိမ်းဆည်း၍ တဆဲ့ခြောက်ပါး ယုံမှားခြင်း ပျောက်၏။
.
“အနုလုံနည်းဖြင့် နာမ်ရုပ်၏ အကြောင်းကို သိမ်းဆည်းခြင်း”
အချို့သော ယောဂီအား အဝိဇ္ဇာကြောင့် သင်္ခါရ ဖြစ်၏ စသော အနုလောမနည်းဖြင့် သိမ်းဆည်း၍ ယုံမှားခြင်း ပျောက်၏။
.
ဝဋ် ၂-ပါးဖြင့် ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်စေခြင်း
အချို့သော ယောဂီသည် --
အတီတေ ဟေတဝေါ ပဉ္စ၊
ဣဒါနိ ဖလပဉ္စကံ။
ဣဒါနိ ဟေတဝေါ ပဉ္စ၊
အာယတိံ ဖလပဉ္စကံ။
ဟူသော ကမ္မဝဋ် [၁], ဝိပါကဝဋ် နှစ်ပါးဖြင့် ပစ္စယပရိဂ္ဂဟဉာဏ်ကို ဖြစ်စေ၍ --
ကမ္မာ ဝိပါကာ ဝတ္တန္တိ၊
ဝိပါကော ကမ္မသမ္ဘဝေါ။
ကမ္မာ ပုနဗ္ဘဝေါ ဟောတိ၊
ဧဝံ လောကော ပဝတ္တတိ။
ကမ္မာ၊ ကံငါးပါးကြောင့်။
ဝိပါကာ၊ ဝိညာဏ် နာမ်ရုပ် စသော အကျိုး ငါးပါးတို့သည်။
ဝတ္တန္တိ၊ ဖြစ်ကုန်၏။
ဝိပါကော၊ အကျိုးဝိပါက်သည်။
ကမ္မသမ္ဘဝေါ၊ အဝိဇ္ဇာ, သင်္ခါရစသော ကမ္မဝဋ်ငါးပါး [၂] လျှင် ဖြစ်ကြောင်း ရှိ၏။
ကမ္မာ၊ ကံငါးပါးကြောင့်။
ပုနဗ္ဘဝေါ၊ တဖန် ဘဝသစ်သည်။
ဟောတိ၊ ဖြစ်၏။
ဧဝံ၊ ဤသို့။
လောကော၊ သတ္တလောကသည်။
ပဝတ္တတိ၊ အဆင့်ဆင့် ဖြစ်၍ နေ၏။
[၁။ ကိလေသဝဋ်သည် ကမ္မဝဋ်၏ အဖော်သဟဲဖြစ်၍ ကိလေသဝဋ်ကို ကမ္မဝဋ်၌ ထည့်သွင်းယူသည်။ မဟာဋီကာ၊ ဒု၊နှာ-၃၇၆။]
၂။ ကံငါးပါး=အပိသခါရ တဏှာ ဥပါဒါန့်ကမ္မဘဝ တည်းဟူသော စေတနာ။]
ဤသို့ အဖန်တလဲလဲ ရှု၏။ ထိုအခါ တဆဲ့ခြောက်ပါးသော ယုံမှားခြင်း ပျောက်ကင်း၍ အကြောင်းအကျိုး စပ်လျဉ်းလျက် ဖြစ်သော နာမ်ရုပ်တရား မျှသာ ထင်၏။ အကြောင်းကို ပြုတတ် အကျိုးကို ခံစားတတ်သော ပုဂ္ဂိုလ် သတ္တဝါကို မမြင်ပြီ။ အကြောင်းကြောင့် အကျိုးဖြစ်သည် ကိုပင် ကာရက ပဋိသံဝေဒက ဟု သမညာမတ္တဖြင့် ပညာရှိတို့ ခေါ်ဝေါ် ပြောဆိုကြကုန်သည် ဟူ၍ ကောင်းစွာ သိမြင်၏။ ထို့ကြောင့် --
ကမ္မဿ ကာရကော နတ္ထိ၊
ဝိပါကဿ စ ဝေဒကော။
သုဒ္ဓဓမ္မာ ပဝတ္တန္တိ၊
ဧဝေတံ သမ္မဒဿနံ။
ဧဝံ ကမ္မေ ဝိပါကေ စ၊
ဝတ္တမာနေ သဟေတုကေ။
ဗီဇရုက္ခာဒိကာနံဝ၊
ပုဗ္ဗာကောဋိ န နာယတိ။
အနာဂတေပိ သံသာရေ၊
အပ္ပဝတ္တံ န ဒိဿတိ။
ဧတမတ္ထံ အနညာယ၊
တိတ္ထိယာ အသယံဝသီ။
သတ္တသညံ ဂဟေတွာန၊
သဿတုစ္ဆေဒဒဿိနော။
ဒွါသဋ္ဌိဒိဋ္ဌိံ ဂဏှန္တိ၊
အညမညဝိရောဓိတာ။
ဒိဋ္ဌိဗန္ဓနဗန္ဓာ တေ၊
တဏှာသောတေန ဝုယှရ။
တဏှာသောတေန ဂုယှန္တာ၊
န တေ ဒုက္ခာ ပမုစ္စရေ။
ဧဝမေတံ အဘိညာယ၊
ဘိက္ခု ဗုဒ္ဓဿ သာဝကော။
ဂမ္ဘီရံ နိပုဏံ သုညံ၊
ပစ္စယံ ပဋိဝိဇ္ဈတိ။
ကမ္မံ နတ္ထိ ဝိပါကမှိ၊
ပါကော ကမ္မေ န ဝိဇ္ဇတိ။
အညမညံ ဥဘော သုညာ၊
န စ ကမ္မံ ဝိနာ ဖလံ။
ယထာ န သူရိယေ အဂ္ဂိ၊
န မဏိမှိ န ဂေါမယေ။
န တေသံ ဗဟိ သော အတ္ထိ၊
သမ္ဘာရေဟိ စ ဇာယတိ။
တထာ န အန္တော ကမ္မဿ၊
ဝိပါကော ဥပလဗ္ဘတိ။
ဗဟိဒ္ဓါပိ န ကမ္မဿ၊
န ကမ္မံ တတ္ထ ဝိဇ္ဇတိ။
ဖလေန သုညံ တံ ကမ္မံ၊
ဖလံ ကမ္မေ န ဝိဇ္ဇတိ။
ကမ္မဉ္စ ခေါ ဥပါဒါယ၊
တတော နိဗ္ဗတ္တတေ ဖလံ။
န ဟေ'တ္ထ ဒေဝေါ ဗြဟ္မာ ဝါ၊
သံသာရဿလ္လိကာရကော။
သုဒ္ဓဓမ္မာ ပဝတ္တန္တိ၊
ဟေတုသမ္ဘာရပစ္စယာ။
ဟူ၍ ရှေးဆရာမြတ်တို့ မိန့်ကုန်၏။
တဆဲ့တဂါထာ
ကမ္မဿ၊ ကံကို။
ကာရကော၊ ပြုတတ်သော ပုဂ္ဂိုလ်သတ္တဝါ မည်သည်။
နတ္ထိ၊ မရှိ။
ဝိပါကဿ၊ အကျိုးဝိပါက်ကို။
ဝေဒကော စ၊ ခံစားတတ်သော ပုဂ္ဂိုလ် သတ္တဝါသည်လည်း။
နတ္တိ၊ မရှိ။
သုဒ္ဓဓမ္မာ၊ ပုဂ္ဂိုလ် သတ္တဝါနှင့် မရောမယှက် သက်သက်သော နာမ်ရုပ် တရားတို့သည် သာလျှင်။
ပဝတ္တန္တိ၊ ဖြစ်ကုန်၏။
ဧဝံ၊ ဤသို့သဘောရှိသော။
ဧတံ ဒဿနံ၊ ဤမြင်ခြင်းသည်သာလျှင်။
သမ္မဒဿနံ၊ မဖောက်မပြန် ဟုတ်မှန်သော မြင်ခြင်း မည်၏။
ဧဝံ၊ ဤသို့။
သဟေတုကေ၊ အကြောင်းနှင့်တကွသော။
ကမေ္မ စ၊ ကံသည်၎င်း။
ဝိပါကေ စ၊ အကျိုးဝိပါက်သည်၎င်း။
ဝတ္တမာနေ၊ မပြတ်ပုံသေ ဖြစ်၍နေသည်ရှိသော်။
ဗီဇရုက္ခာဒိကာနံ၊ မျိုးစေ့နှင့်သစ်ပင် စသည်တို့၏။
ပုဗ္ဗာကောဋိ၊ ရှေးအစကို။
နနာယတိဣဝ၊ မသိအပ်သကဲ့သို့။
တေသံ၊ ထို ကံ ဝိပါက် ဟူသောနာမ်ရုပ်တို့၏။
ပုဗ္ဗာကောဋိ၊ ရှေ့အစွန်းကို။
န နာယတိ၊ မသိအပ်။
> အာဒိသဒ္ဒေန “ကုက္ကုဋိယာ အဏ္ဍံ၊ အဏ္ဍတော ကုက္ကုဋီ။ ပုနပိ ကုက္ကုဋိယာ အဏ္ဍ”န္တိ ဧဝမာဒိံ သင်္ဂဏှာတိ။
> ဋီကာ (မဟာ၊ဒု၊နှာ-၃၈၁)
အနာဂတေပိ သံသာရေ၊ လာလတ္တံ့သော သံသရာ အဓွန့်၌လည်း။
အပ္ပဝတ္တံ၊ နာမ်ရုပ်တို့၏ မဖြစ်ခြင်းသည်။
န ဒိဿတိ၊ မထင်။
ဧတံ အတ္ထံ၊ ဤသို့သော သဘောကို။
အနညာယ၊ မသိခြင်းကြောင့်။
တိတ္ထိယာ၊ တိတ္တိတို့သည်။
အသယံဝသီ၊ မဖောက်မပြန် ဉာဏ်အမြင်ဟူသော မိမိအလိုသို့ မလိုက်ရကုန်ပဲ မိစ္ဆာဘိနိဝေသ ဟူသော ရန်သူအလိုသို့သာ လိုက်ကြကုန်သည်ဖြစ်၍။
သတ္တသညံ၊ သတ္တဝါစင်စစ် ရှိ၏ ဟူသော အမှတ်သညာကို။
ဂဟေတွာန၊ ယူကုန်၍။
သဿတုစ္ဆေဒ ဒဿိနော၊ သဿတ ဥစ္ဆေဒအားဖြင့် ရှုကုန်လျက်။
အညမည ဝိရောဓိတာ၊ အချင်းချင်း ဆန့်ကျင်ကုန်လျက်။
ဒွါသဋ္ဌိ ဒိဋ္ဌိံ ၊ ခြောက်ဆဲ့ နှစ်ပါးသော မိစ္ဆာအယူကို။
ဂဏှန္တိ၊ ယူကြကုန်၏။
ဒိဋ္ဌိဗန္ဓန ဗန္ဓာ၊ မိစ္ဆာအယူဟူသောကြိုးသည် ဖွဲ့ချည်ရစ်ပတ်အပ်ကုန်သော။
တေ၊ ထိုတိတ္ထိတို့သည်။
တဏှာသောတေန၊ တဏှာဟူသောရေအယဉ်ဖြင့်။
ဝုယှရ၊ မြစ်လယ်ရေကြော ဒိုက်သရောကဲ့သို့ မျောပါး ကျင်လည်ရကုန်၏။
တဏှာသောတေန၊ တဏှာရေယဉ်ဖြင့်။
ဂုယှန္တာ၊ မျောပါကုန်သော။
တေ၊ ထိုတိတ္ထိတို့သည်။
ဒုက္ခာ၊ သံသရာညွန်ပျောင်း ဆင်းရဲအပေါင်းမှ။
န ပမုစ္စရေ၊ မလွတ်မြောက်နိုင်ကြကုန်။
ဗုဒ္ဓဿ၊ ဘုရားရှင်၏။
သာဝကော၊ တပည့်ဖြစ်သော။
ဘိက္ခု၊ ရဟန်းသည်ကား။
ဧဝံ၊ ဤဆိုခဲ့ပြီးသည်အတိုင်း။
ဧတံ အတ္ထံ၊ ဤသဘောကို။
အဘိညာယ၊ ထူးသော ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့် သိ၍။
ဂမ္ဘီရံ၊ နက်နဲစွာသော။
နိပုဏံ၊ သိမ်မွေ့စွာသော။
သုညံ၊ သတ္တဇီဝမှ ဆိတ်သော။
ပစ္စယံ၊ နာမ်ရုပ် အကြောင်းကို။
ပဋိဝိဇ္ဈတိ၊ ထိုးထွင်း၍ သိ၏။
ဝိပါကမှိ၊ ဝိပါက်၌။
ကမ္မံ၊ ကံသည်။
နတ္ထိ၊ မရှိ။
ကမ္မ၊ ကံ၌လည်း။
ပါကော၊ အကျိုးဝိပါက်သည်။
န ဝိဇ္ဇတိ၊ မရှိ။
ဥဘော၊ နှစ်ပါးစုံတို့သည်။
အညမညံ၊ အချင်းချင်း။
သုညာ၊ ဆိတ်သုဉ်းကုန်၏။
ကမ္မံ၊ ကံကို။
ဝိနာ၊ ကြဉ်၍။
ဖလံ၊ အကျိုးသည်။
န စ ပဝတ္တတိ၊ ဖြစ်လည်း မဖြစ်။
ယထာ န သူရိယေ အဂ္ဂိ၊
န မဏိမှိ န ဂေါမယေ။
န တေသံ ဗဟိ သော အတ္ထိ၊
သမ္ဘာရေဟိ စ ဇာယတိ။
တထာ၊ ထို့အတူ။
ကမ္မဿ၊ ကံ၏။
အန္တော၊ အတွင်း၌။
ဝိပါကော၊ ဝိပါက်ကို။
န ဥပလဗ္ဘတိ၊ မရအပ်။
ကမ္မဿ၊ ကံ၏။
ဗဟိဒ္ဓါပိ၊ ပြင်ပ၌လည်း။
န ဥပလဗ္ဘတိ၊ မရအပ်။
တတ္ထ၊ ထိုဝိပါက်၌။
ကမ္မံ၊ ကံသည်။
န ဝိဇ္ဇတိ၊ မရှိ။
တံ ကမ္မံ၊ ထိုကံသည်။
ဖလေန၊ အကျိုးမှ။
သုညံ၊ ဆိတ်၏။
ဖလံ၊ အကျိုးသည်။
ကမ္မေ၊ ကံ၌။
န ဝိဇ္ဇတိ၊ မရှိ။
စ၊ ယင်းသို့မရှိသော်လည်း၊
ကမ္မံ ခေါ၊ ကံကိုသာလျှင်။
ဥပါဒါယ၊ စွဲမှီကြောင်း ပြု၍။
တတော၊ ထို ကံကြောင့်။
ဖလံ၊ အကျိုးသည်။
နိဗ္ဗတ္တတိ၊ ဖြစ်ရ၏။
ဟိ သစ္စံ၊ ထိုစကားမှန်၏။
ဧတ္ထ၊ ဤ ကမ္မ ဖလ နှစ်ပါးတို့၌။
သံသာရဿ၊ သံသရာကို။
ကာရကော၊ ပြုလုပ်စီမံ ဖန်ဆင်းတတ်သော။
ဒေဝေါ ဝါ၊ နတ်သည်၎င်း။
ဗြဟ္မာ ဝါ၊ ဗြဟ္မာသည်၎င်း။
န အတ္ထိ၊ မရှိ။
ဟေတု သမ္ဘာရ ပစ္စယာ၊ ဟေတုသမူဟ ဟူသော အကြောင်းကြောင့်။
ဝါ၊ ဇနကပစ္စည်း ဥပတ္ထမ္ဘက ပစ္စည်းကြောင့်။
သုဒ္ဓဓမ္မာ၊ သတ္တ ဇီဝဟူသည်နှင့် မရောမယှက် သက်သက်သော နာမ်ရုပ် တရားတို့သည် သာလျှင်။
ပဝတ္တန္တိ၊ အစဉ်မပျက် ဆက်၍ ဆက်၍ ဖြစ်ကုန်၏။
အနက်။
ဤသို့လျှင် ဆိုအပ်ခဲ့ပြီးသော အထူးထူးသော နည်းတို့ဖြင့် နာမ်ရုပ်၏ အကြောင်းကို သိမ်းဆည်းလျက် အဓွန့်သုံးပါး၌ ယုံမှားခြင်းကင်းသော ယောဂီအား ဆရာ၏ ခံတွင်းမှ သရဇ္ဈာယ်သံသည် မရောက်သော်လည်း တပည့်တော် ခံတွင်း၌ သရဇ္ဈာယ်ခြင်း ဖြစ်၏သို့၎င်း၊ သမားခေါ်လာသော တမန်ကို ရေမန်း တိုက်လျှင် သူနာ၏ ဝမ်းဗိုက်သို့ မရောက်သော်လည်း ရောဂါပျောက်၏သို့၎င်း၊ မျက်နှာကို တန်းဆာဆင်ယင်လျှင် မရောက်သော်လည်း ကြေးမုံပြင် စသည်မှာ ထင်သောမျက်နှာရိပ်၌ တန်းဆာဆင်ယင်ခြင်း ထင်၏သို့၎င်း၊ တခုသော ဆီမီးစာမှ မီးလျှံသည် မပြောင်းသွားသော်လည်း တပါးသော ဆီမီးစာ၌ မီးလျှံ ဖြစ်၏သို့၎င်း၊ ပဲ့တင်သံ တံဆိပ်ရေး များကဲ့သို့၎င်း၊ ရှေးဘဝမှ ဤဘဝသို့ ဤဘဝမှ နောက်ဘဝသို့ တစုံတခုသော တရားမျှလည်း မပြောင်း မရွှေ့သော်လည်း အကြောင်း အကျိုး ဆက်စပ်၍ ခန္ဓာ အာယတန ဓာတ်တို့ ဖြစ်ကြကုန် သည်ဟု သိမြင်၏။
ရုပ်နာမ်များ စုတိပဋိသန္ဓေအားဖြင့် ထင်ရှားပုံ
ယထေဝ စက္ခုဝိညာဏံ၊
မနောဓာတုအနန္တရံ။
န စေဝ အာဂတံ နာပိ၊
န နိဗ္ဗတ္တံ အနန္တရံ။
တထေဝ ပဋိသန္ဓိမှိ၊
ဝတ္တတေ စိတ္တသန္တတိ။
ပုရိမံ ဘိဇ္ဇတေ စိတ္တံ၊
ပစ္ဆိမံ ဇာယတေ တတော။
တေသံ အန္တရိကာ နတ္ထိ၊
ဝီစိ တေသံ န ဝိဇ္ဇတိ။
န စိတော ဂန္တတေ ကိဉ္စိ၊
ပဋိသန္ဓိ စ ဇာယတိ။
မနောဓာတု အနန္တရံ၊ ပဉ္စဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌။
စက္ခုဝိညာဏံ၊ ဖြစ်သော စက္ခုဝိညာဏ်သည်။
နစေဝ အာဂတံ၊ ထိုစိတ်မှ လာသည်လည်းမဟုတ်။
အနန္တရံ၊ ထိုစိတ်၏အခြားမဲ့၌။
နာပိ န နိဗ္ဗတ္တံ၊ မဖြစ်ပဲလည်း မရှိ။
နိဗ္ဗတ္တံ ဧ၀၊ ဖြစ်သည်သာလျှင်။
ဟောတိ ယထေဝ၊ ဖြစ်၏သို့လျှင်။
တထေဝ၊ ထိုအတူသာလျှင်။
ပဋိသန္ဓိမှိ၊ ပဋိသန္ဓေ၌။
စိတ္တသန္တတိ၊ စိတ်အစဉ်သည်။
ဝတ္တတေ၊ ဖြစ်၏။
ပုရိမံစိတ္တံ၊ ရှေးစုတိစိတ်သည်။
ဘိဇ္ဇတေ၊ ပျက်၏။
တတော၊ ထိုစုတိစိတ်မှ။
အနန္တရံ၊ အခြားမဲ့၌။
ပစ္ဆိမံ၊ နောက်ဖြစ်သော ပဋိသန္ဓေစိတ်သည်။
ဇာယတေ၊ ဖြစ်၏။
တေသံ၊ ထိုစုတိ ပဋိသန္ဓေတို့၏။
အန္တရိကာ၊ အခြားအဆီးသည်။
နတ္ထိ၊ မရှိ။
တေသံ၊ ထိုစုတိပဋိသန္ဓေတို့၏။
ဝီစိ၊ အကြားအပြတ်သည်။
န ဝိဇ္ဇတိ၊ မရှိ။
ဣတော၊ ဤစုတိမှ။
ကိဉ္စိ၊ တစုံတခုသောတရားသည်။
န ဂန္တတေ၊ ပဋိသန္ဓေသို့ မသွား မရောက်။
စ၊ ယင်းသို့ မသွား မရောက်သော်လည်း။
ပဋိသန္ဓိ၊ တခြား ဖြစ်သော ပဋိသန္ဓေ စိတ်သစ်သည်။
ဇာယတိ၊ အကြောင်းအားလျော်စွာဖြစ်၏။
ဤသို့ အဓွန့်သုံးပါး၌ ဖြစ်ကုန်သော အလုံးစုံသော လောကီနာမ်ရုပ် တရားတို့သည် စုတိ ပဋိသန္ဓေအားဖြင့် ထင်ရှားကုန်၏။
ပရိညာ ၃-ပါးတို့၏ ဖြစ်ရာဘုံ
ဤ နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ် နှစ်ပါးတို့သည် ဉာတပရိညာ၏ ဖြစ်ရာဘုံ မည်၏။
အထက် သမ္မသနဉာဏ်, ဥဒယဗ္ဗယဉာဏ် နှစ်ပါးတို့သည် တီရဏပရိညာ၏ ဖြစ်ရာဘုံ မည်၏။ ဘင်္ဂါနုပဿနာဉာဏ်မှစ၍ အနုလောမဉာဏ် တိုင်အောင် ဝိပသာနာဉာဏ် ရှစ်ပါး တို့သည် ပဟာနပရိညာ၏ ဖြစ်ရာဘုံ မည်၏။
ဉာတပရိညာ။ ။ (ဉာတ = သိအပ်သည်၊ ပရိ+ညာ = ပိုင်းခြား၍ သိခြင်း) တေဘူမက တရားတို့၌ ရုပ်သည် ဖောက်ပြန်ခြင်း လက္ခဏာရှိသည်၊ ဝေဒနာသည် အာရုံ၏ အရသာကို ခံစားခြင်း လက္ခဏာ ရှိသည် စသည်ဖြင့် သိအပ်သော ရုပ် ဝေဒနာ စသော တေဘူမက တရားတို့၏ အသီးအသီးသော, ရုပ္ပန ဝေဒိယန စသည် သဘော လက္ခဏာ တို့ကို ကောင်းစွာ ပိုင်းခြား၍ သိသော ပညာသည် ဉာတပရိညာ မည်၏။
တီရဏ ပရိညာ။ ။ (တီရဏ = စူးစမ်း သုံးသပ် ဆုံးဖြတ်ခြင်း) တေဘူမက တရားတို့၌ ရုပ်သည် မမြဲ၊ ဆင်းရဲ၏၊ အစိုးမရ၊ အလိုသို့မလိုက် စသည်ဖြင့် တေဘူမက တရားတို့၏ မမြဲခြင်း အနိစ္စတာ လက္ခဏာ စသည်ကို စူးစမ်းသုံးသပ် ဆုံးဖြတ်ကာ ပိုင်းခြား၍ သိသော အနိစ္စတာ စသော လက္ခဏာ ၃-ပါးကို အာရုံပြုသည့် ဝိပဿနာ ပညာ သည် တီရဏ ပရိညာ မည်၏၊
ပဟာနပရိညာ။ ။ (ပဟာန = ပယ်ခြင်း) တေဘူမက တရားတို့၌ မြဲ၏ဟု မှတ်မှားသော သညာ (နိစ္စသညာ) စသည်ကို ပယ်သည်၏ အစွမ်းဖြင့် ဖြစ်သော ပိုင်းခြားသိသော ဝိပဿနာ ပညာသည် ပဟာန ပရိညာ မည်၏။
လိုရင်းမှာ -- တေဘူမက တရားတို့၏ သဘော လက္ခဏာကို ကွဲကွဲပြားပြား ပိုင်းခြား၍ သိခြင်းသည် ဉာတပရိညာ မည်၏။
တေဘူမက တရားတို့၌ အနိစ္စ ဒုက္ခ အနတ္တ ဟု ပိုင်းခြားကာ ဆုံးဖြတ်၍ ကွဲကွဲပြားပြား သိခြင်းသည် တီရဏ ပရိညာ မည်၏။
တေဘူမက တရားတို့၌ ကိလေသာကို ပယ်ခွါ၍ ကွဲကွဲပြားပြား သိခြင်းသည် ပဟာန ပရိညာ မည်၏။ ဝိသုဒ္ဓိ၊ဒု၊နှာ-၂၄၁။
ဉာတပရိညာ ဖြစ်လာပုံ
ထို့ကြောင့် အဓွန့်သုံးပါး၌ နာမ်ရုပ်တရားတို့သည် စုတိပဋိသန္ဓေအားဖြင့် ထင်ရှားစွာဖြစ်သော ထိုအခါ၌ “ဣဒံ နာမံ ဧတ္တကံ နာမံ၊ အယံ တဿ ပစ္စယော ဧတ္တကော ပစ္စယော” အစရှိသည်ဖြင့် ပိုင်းခြားတတ်သော ဉာတပရိညာ ဖြစ်လာ၏။ ခပ်သိမ်းသော အခြင်းအရာဖြင့် ပစ္စယပရိဂ္ဂဟဉာဏ် ထက်သန် အားရှိခြင်းသို့ ရောက်၏။ သောဠသဝိဓကင်္ခါ လွန်စွာ ခွါရှဲ ချုပ်ငြိမ်း၏။ “သတ္တရိ ကင်္ခတိ ဓမ္မေ သံဃေ သိက္ခာယ ပုဗ္ဗန္တေ အပရန္တေ ပုဗ္ဗန္တာပရန္တေ ဣဒပ္ပစ္စယတာ ပဋိစ္စသမုပ္ပန္နေသု ဓမ္မေသု ကင်္ခတိ ဝိစိကိစ္ဆတိ” ဟူ၍ လာသော ကင်္ခါရှစ်ပါးလည်း တံ့စားရာမရ ပယ်ရှား ပျောက်လွင့် လေတော့သည်။ ခြောက်ဆဲ့နှစ်ပါးသော ဒိဋ္ဌိတို့သည် ဝိက္ခမ္ဘနအားဖြင့် ပယ်ရှား ပျောက်ကွာ ကုန်၏။
ကင်္ခါဝိတရဏ ဝိသုဒ္ဓိမည်ပုံ
ဤသို့လျှင် နာမ်ရုပ်၏အကြောင်းကို သိမ်းဆည်းလျက် အဓွန့်သုံးပါး၌ ယုံမှားခြင်းကို လွန်၍ တည်သောဉာဏ်သည် ကင်္ခါဝိတရဏဝိသုဒ္ဓိ မည်၏။ ပစ္စယပရိဂ္ဂဟဉာဏ် လည်း မည်၏။ အကျိုးတရားတို့၏ တည်ရာ အကြောင်း၌ ဖြစ်သောကြောင့် ဓမ္မဋ္ဌိတိဉာဏ် လည်း မည်၏။ သင်္ခါရတရားတို့၏ အနိစ္စတာ စသော သဘောကို သိသောကြောင့် ယထာဘူတဉာဏ်လည်း မည်၏။ သမ္မာဒဿနလည်း မည်၏။ ထိုကြောင့် ---
အဝိဇ္ဇာဒယော ပစ္စယာ၊
သင်္ခါရာဒီ တဒုပ္ပဒါ။
ဥဘော ပစ္စယုပ္ပန္နာတိ၊
ဉာဏံ တံ ဓမ္မဋ္ဌိတိကံ။
အနိစ္စံ မနသိကရံ၊
နိမိတ္တံ ဇာနိ ဘူတတော။
အနု သဗ္ဗေပိ သုဒိဋ္ဌာ၊
ဧတ္ထ ကင်္ခါ ပဟီယတိ။
ဒုက္ခတော မနသိကရံ၊
ပဝတ္တံ ဇာနိ ဘူတတော။
အနု သဗ္ဗေပိ သုဒိဋ္ဌာ၊
ဧတ္ထ ကင်္ခါ ပဟီယတိ။
အနတ္တံ မနသိကရံ၊
တံဒွယံ ဇာနိ ဘူတတော။
အနု သဗ္ဗေပိ သုဒိဋ္ဌာ၊
ဧတ္ထ ကင်္ခါ ပဟီယတိ။
ဟူသော သင်္ဂဟ ဂါထာတို့ကို ဆိုအပ်ကုန်၏။
ဓမ္မဋ္ဌိတိဉာဏ်
အဝိဇ္ဇာဒယော၊ အဝိဇ္ဇာ စသည်တို့သည်။
ပစ္စယာ၊ သင်္ခါရ စသည်တို့အား ဟေတု သဟဇာတ စသော ယထာရဟ- ပစ္စယသတ္တိဖြင့် ကျေးဇူးပြုတတ်ကုန်၏။
သင်္ခါရာဒီ၊ သင်္ခါရ စသည်တို့သည်။
တဒုပ္ပဒါ၊ ထိုအဝိဇ္ဇာ စသည်ကြောင့်ဖြစ်သော ပစ္စယုပ္ပန်တရားတို့တည်း။
ဥဘော၊ ပစ္စည်း ပစ္စယုပ္ပန် နှစ်ပါးလုံးတို့သည်။
ပစ္စယုပ္ပန္နာ၊ အာသဝစသော အကြောင်းကြောင့် ဖြစ်ကုန်၏။
ဣတိ၊ ဤသို့။
ယံ ဉာဏံ၊ အကြင် အကြောင်းပစ္စည်း တရားတို့ကို သိမ်းဆည်းတတ်သော ဉာဏ်သည်။
အတ္ထိ၊ ရှိ၏။
တံ ဉာဏံ၊ ထိုဉာဏ်သည်။
ဓမ္မဋ္ဌိတိကံ၊ ဓမ္မဋ္ဌိတိဉာဏ် မည်၏။
အနိစ္စံ၊ အနိစ္စဟူ၍။
မနသိကရံ မနသိကရောန္တော၊ နှလုံးသွင်းသော ပုဂ္ဂိုလ်သည်။
နိမိတ္တံ၊ ဃနသညာဖြစ်ခြင်း အကြောင်း လုံးလုံး လျောင်းလျောင်း ပေါင်း၍ တည်ဟန် သဏ္ဌာန် အထည်အားဖြင့် ထင်သော ပဉ္စက္ခန္ဓာ ဟူသော သင်္ခါရနိမိတ်ကို --
“နိမိတ္တန္တိ သင်္ခါရနိမိတ္တံ၊ အတ္တတော ပဉ္စက္ခန္ဓာ။ တေ ဟိ ဃနသညာ ပဝတ္တိယာ ဝတ္ထုဘာဝတော နိမိတ္တံ၊သဝိဂ္ဂဟဘာဝေန ဥပဋ္ဌာနတော ဝါ။
ဋီကာ (မဟာ၊ဒု၊နှာ-၃၈၄)
ဘူတတော၊ ဟုတ်မှန်သောအားဖြင့်။
ဇာနေ = ဇာနာတိ၊ သိမြင်၏။
အနု၊ ပစ္စက္ခအားဖြင့် သိမြင်သော ပဉ္စက္ခန္ဓာကို အစဉ်လျှောက်သဖြင့်။
သဗ္ဗေပိ၊ အလုံးစုံသော တိယဒ္ဓဂတ သင်္ခါရတို့ကိုလည်း။
သုဒိဋ္ဌာ၊ နိစ္စအမြွက် ဆိတ်စက် မထင် စင်စစ် အနိစ္စသာတည်းဟု ကောင်းစွာမြင်အပ် ကုန်၏။
ဧတ္ထ၊ ဤမြင်အပ်သော သင်္ခါရတို့၌။
ကင်္ခါ၊ ယုံမှားခြင်းသည်။
ပဟီယတိ၊ ပျောက်ကင်း ချုပ်ကွယ်၏။
ဒုက္ခတော၊ ဒုက္ခဟူ၍။
မနသိကရံ၊ နှလုံးသွင်းသော ပုဂ္ဂိုလ်သည်။
ပဝတ္တံ၊ ကိလေသာဘိသင်္ခါရ တို့ကြောင့် အဆင့်ဆင့်ဖြစ်၍နေသော ဥပါဒိန္နခန္ဓာကို။
ပဝတ္တန္တိ ဥပါဒိန္နခန္ဓပ္ပဝတ္တံ။ တံ ဟိ ကိလေသာဘိသင်္ခါရေဟိ ပဝတ္တိတတ္တာ သာတိသယံ ဒုက္ခဘာဝေန ဥပဋ္ဌာတိ။ ပဝတ္တန္တိ ဌာနနိသဇ္ဇာဒိဝသေန ဒုက္ခ ဒုက္ခ တာဒိ ဝသေန စ သင်္ခါရပ္ပဝတ္တန္တိ အပရေ။
ဋီကာ (မဟာ၊ဒု၊နှာ-၃၈၄)
ဘူတတော၊ ဟုတ်မှန်သောအားဖြင့်။
ဇာနေ၊ သိမြင်၏။
အနု၊ ပဉ္စက္ခန္ဓာကို အစဉ်လျှောက်သဖြင့်။
သဗ္ဗေပိ၊ အလုံးစုံသော သင်္ခါရတို့ကိုလည်း။
သုဒိဋ္ဌာ၊ သုခအမြွက် ဆိတ်စက်မထင် စင်စစ် ဒုက္ခသာတည်းဟု ကောင်းစွာမြင်အပ် ကုန်၏။
ဧတ္ထ၊ ဤသင်္ခါရတို့၌။
ကင်္ခါ၊ ယုံမှားခြင်းသည်။
ပဟီယတိ၊ ပျောက်ကင်း ချုပ်ကွယ်၏။
အနတ္တံ၊ အနတ္တကို။
မနသိကရံ၊ နှလုံးသွင်းသော ပုဂ္ဂိုလ်သည်။
တံဒွယံ၊ ထို နိမိတ္တ ပဝတ္တနှစ်ပါးကို။
ဘူတတော၊ ဟုတ်မှန်သောအားဖြင့်။
ဇာနေ၊ သိမြင်၏။
အနု၊ ပဉ္စက္ခန္ဓာကို အစဉ်လျှောက်သဖြင့်။
သဗ္ဗေပိ၊ အလုံးစုံသော သင်္ခါရတို့ကိုလည်း။
သုဒိဋ္ဌာ၊ အတ္တအမြွက် ဆိတ်စက်မထင် စင်စစ် အနတ္တသာတည်းဟု ကောင်းစွာ မြင်အပ် ကုန်၏။
ဧတ္ထ၊ ဤသင်္ခါရတို့၌။
ကင်္ခါ၊ ယုံမှားခြင်းသည်။
ပဟီယတိ၊ ပျောက်ကင်းချုပ်ကွယ်၏။
ဤကား အနက်။
သမ္မသနဉာဏ်သို့ ရောက်ပုံ
“လက္ခဏာ ၃-တန် ဆင်ခြင်ဟန်”
ရှေး နာမရူပ ပရိစ္ဆေဒဉာဏ်ဖြင့် နာမ်ရုပ် သဘောလက္ခဏာကိုသာ သိသေးသည်။
ဤ ပစ္စယပရိဂ္ဂဟ ဉာဏ်ဖြင့်လည်း နာမ်ရုပ်၏ အကြောင်းကိုသာ သိသေးသည်။ လက္ခဏာရေး သုံးပါးသို့ တင်၍ မဆင်ခြင် မသုံးသပ်ရသေး။
သို့ဖြစ်လျက် အနိစ္စ ဒုက္ခ အနတ္တဟု နှလုံးပြုခြင်း အဘယ်သို့ ဖြစ်နိုင်အံ့နည်း ဟူမူ ---
အနိစ္စတာ စ နာမ ဥပ္ပတ္တိမတော။ ဥပ္ပါဒေါ စ ပစ္စယဝသေနာတိ အနိစ္စတာ သိဇ္ဈမာနာ သင်္ခါရာနံ သပ္ပစ္စယတံ သာဓေန္တီ ယထာဝုတ္တကင်္ခပ္ပ- ဟာနာယ သံဝတ္တတီတိ ဣမမတ္ထံ ဒဿေန္တော အနိစ္စတော။ ပဟီယတီတိ အာဟ။
ဟု ဋီကာ (မဟာ၊ဒု၊နှာ-၃၈၄) မိန့်သည်နှင့် အညီ နာမ်ရုပ်တို့၏ အကြောင်းကို မြင်လျှင် အကြောင်း မရှိက မဖြစ်၊ အကြောင်းရှိမှ ဖြစ်ကုန်သော သင်္ခါရတို့၏ ဖြစ်ခြင်းကို မြင်၏။ ဖြစ်ခြင်း ရှိကလည်း အနိစ္စစင်စစ် ဖြစ်ရကား နာမ်ရုပ်တို့၏ အကြောင်းကို ကောင်းကောင်း ကြီးမြင်သော ယောဂီသည် အကျိုးနာမ်ရုပ် တို့၏ ဖြစ်ခြင်း ပျက်ခြင်းတိုင်အောင် မြင်နိုင်သည်ဖြစ်၍ သောဠသဝိဓကင်္ခါကို စွန့်ခွါပယ်ဖျောက် လွန်မြောက်နိုင်လေသည်။ ထို့ကြောင့်လည်း ကင်္ခါဝိတရဏ၏ အခြားမဲ့၌ သမ္မသနဉာဏ်ဖြင့် ရုပ်နာမ်တို့၏ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာကို လွယ်ကာတကူ ဆင်ခြင်သုံးသပ်နိုင်သည် မှတ်လေ။
ဝိပဿနာ အခြေခံဉာဏ် ၂-ပါး
ဤ ဆိုခဲ့ပြီး နာမရူပဝဝတ္ထာနဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ် နှစ်ပါးတို့သည် သမထ ဝိပဿနာ နှစ်ပါးတို့တွင် ဝိပဿနာ ဖြစ်သင့်၏။ ဝိပဿနာဉာဏ် ဆယ်ပါး၌ မပါဝင်သော ကြောင့်လည်း ဝိပဿနာအစစ် မဟုတ်။ အလျော် အနုလောမ အခြေမူလသာဖြစ်၍ ဝိပဿနာဉာဏ်၏ ပရိကမ် ဥပစာအရာ၌ တည်၏။ ဒါနမယ သီလမယတို့ထက် လွန်စွာထက်မြက်၏။ မဂ်ဖိုလ်၏ အခြေစင်စစ် ဖြစ်၏။
“ဝိပဿနာအခြေခံဉာဏ် ၂-ပါးရသူကို စူဠသောတာပန် ခေါ်ရခြင်း”
ဤဉာဏ်နှစ်ပါးကို ရပြီးသော ပုဂ္ဂိုလ်သည် ဝါတာ တပ ဘယဘေရဝ အရတိ ရတိ တို့ကို သည်းခံနိုင်၏။ နိဝါတ နိမာန ခန္တီ သောရစ္စ သန္တုဋ္ဌီ သလ္လေခ စသော ကျေးဇူး အထူးတို့သည် ရောက်လာကုန်၏။ အရိယမဂ်တည်းဟူသော ဆောက်တည်ရာ ပတိဋ္ဌာ၊ အရိယဖိုလ် တည်း ဟူသော သက်သာရာ အာဿာသကို ရသကဲ့သို့ ဖြစ်၏။ ယခုဘဝမဂ်ဖိုလ်မရ စုတိကျသည် ရှိသော် သုဂတိဘဝသို့ မုချထားရသည်ဖြစ်၍ နိယတဂတိ ရှိရကား သောတာပန်နှင့် အလားတူ၏၊ စူဠသောတာပန် မည်၏။
တနည်းလည်း ... နာမရူပပရိစ္ဆေဒဖြင့် ခန္ဓာဒိဓမ္မတို့ကို သဘာဝရသအားဖြင့် ကောင်းစွာမှတ်၍ သာသနာ၌ ဓမ္မပသံဟိတ ပါမောဇ္ဇကို ရသဖြင့် ရအပ်သော အဿာသ ရှိ၏။ သပ္ပစ္စယနာမရူပကို မြင်သဖြင့် ဒိဋ္ဌိကဏ္ဍကကို ပယ်နုတ်၊ အဟေတု ဝိသမဟေတုဝါဒကို နှင်ထုတ်လျက် ဟုတ်မှန်တိုင်းသော ယထာ- သကပစ္စယတို့ကြောင့် နာမရူပဓမ္မတို့၏ ဖြစ်ခြင်းကို သိရကား သာသနာ၌ မြဲစွာတည်သော သဒ္ဓါခြင်း ရှိသည်ဖြစ်၍ ရအပ်သော ထောက်တည်မှု ပတိဋ္ဌာ ရှိ၏။ နာမရူပ၀၀တ္ထာန်ဖြင့် ဒုက္ခသစ္စာကို။ ဓမ္မဋ္ဌိတိဉာဏ်ဖြင့် သမုဒယသစ္စာကို။ ထိုဉာဏ်၏ နောက်အဘို့၌ အနိစ္စာဒိမနသိကာရဝိဓိဖြင့် မဂ္ဂသစ္စာကို သိ၍ နာမရူပပ္ပဝတ္တိ၏ ဒုက္ခအဖြစ်ကို မြင်သဖြင့် အပ္ပဝတ္တနိရောဓ၌ ဧကန်ညွတ်ကိုင်းသော အာသယရှိရကား လောကီဉာဏ်ဖြင့်ပင်လျှင် သစ္စာလေးတန်ကို သိသည် ဖြစ်၍ အပါယ်၌ မဖြစ်ထိုက်။ သောတာပန်ဘုံ၌ ဖြစ်ထိုက် သောကြောင့် နိယတဂတိ ရှိ၏။ ထို့ကြောင့် စူဠသောတာပန် မည်၏။
တသ္မာ ဘိက္ခု သဒါ သတော၊
နာမရူပဿ သဗ္ဗသော။
ပစ္စယေ ပရိဂ္ဂဏှေယျ၊
ကင်္ခါဝိတရဏတ္တိကော။
အဋ္ဌကထာ (ဝိသုဒ္ဓိ၊ဒု-၂၄၀)
တသ္မာ၊ ထိုသို့ ကင်္ခါဝိတရဏဉာဏ်၏ များစွာ အကျိုးရှိသည်၏ အဖြစ်ကြောင့်။
ကင်္ခါဝိတရဏတ္ထိကော၊ ကင်္ခါဝိတရဏဉာဏ်ကို အလိုရှိသော။
ဘိက္ခု၊ သံသရာ ဘေးကို ရှုသော ယောဂီသည်။
သဒါ၊ အခါခပ်သိမ်း။
သတော၊ သမ္မာသတိနှင့် ပြည့်စုံသည်ဖြစ်၍။
နာမရူပဿ၊ နာမ်ရုပ်၏။
ပစ္စယေ၊ အကြောင်းတို့ကို။
သဗ္ဗသော၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့်။
ပရိဂ္ဂဏှေယျ၊ ဉာဏ်ဖြင့် သိမ်းဆည်း ဆင်ခြင်ရာ၏။
ကင်္ခါဝိတရဏဝိသုဒ္ဓိ ပြီး၏။
……
မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ
“မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ တရားကိုယ်”
တတော ပရံ ပန တထာ ပရိဂ္ဂဟိတေသု သပ္ပစ္စယေသု တေဘူမက သင်္ခါရေသု အတီတာဒိဘေဒဘိန္နေသု ခန္ဓာဒိနယမာရဗ္ဘ ကလာပ ဝသေန သံခိပိတွာ အနိစ္စံ ခယဋ္ဌေန, ဒုက္ခံ ဘယဋ္ဌေန, အနတ္တာ အသာရကဋ္ဌေနာတိ အဒ္ဓါနဝသေန, သန္တတိဝသေန, ခဏဝသေန ဝါ သမ္မသနဉာဏေန။ပ။ မဂ္ဂါမဂ္ဂလက္ခဏဝဝတ္ထာနံ မဂ္ဂါမဂ္ဂဉာဏဒဿန-ဝိသုဒ္ဓိ နာမ --
ဟူသည်နှင့်အညီ --
ဩဘာသော ပီတိ ပဿဒ္ဓိ၊
အဓိမောက္ခော စ ပဂ္ဂဟော။
သုခံ ဉာဏ မုပဋ္ဌာန-
မုပေက္ခာ စ နိကန္တိ စ။
ဟူသော ဤဝိပဿနုပက္ကိလေသ ဆယ်ပါးသည် ဝိပဿနာ၏ညစ်ညူးကြောင်း ဘေးရန် တည်း။ အရိယမဂ်သို့ ရောက်ကြောင်း လမ်းမှန်မဟုတ်။ ဥပက္ကိလေသမှ လွတ်သော ဝီထိပဋိပန္နဝိပဿနာ ဉာဏ်သည်သာ အရိယမဂ်၏ ပုဗ္ဗဘာဂမဂ် တည်း။ အရိယမဂ်သို့ ရောက်ကြောင်း လမ်းမှန်တည်းဟု မဂ္ဂ အမဂ္ဂကို ပိုင်းခြား သိမြင်၍ တည်သောဉာဏ်သည် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ မည်၏။
ဝိပဿနာပွါးပုံ
ထို ဝိသုဒ္ဓိကို ပြီးစေလိုသော ယောဂီသည် ဝိပဿနာတွင် ကလာပသမ္မသန ဉာဏ်အစ ဖြစ် သောကြောင့်၎င်း၊ ဉာတပရိညာ၏ အခြားမဲ့၌ တီရဏပရိညာ ဖြစ်သောကြောင့်၎င်း၊ ကလာပ- သမ္မသန မည်သော နယဝိပဿနာကို ရှေးဦးစွာ ပွါးများ အားထုတ်အပ်၏။ ပွါးဟန်ကား --
ကလာပသမ္မသန= (ဇမ္ဗူဒိပ်ကျွန်းသားတို့အသုံး အနှုန်း)
အတိတ်စသည်ပြားသော ရုပ်နာမ်တရားတို့ကို ရူပက္ခန္ဓာစသော အပေါင်းအစုအားဖြင့် သုံးသပ်ဆင်ခြင်ခြင်းကို “ကလာပသမ္မသန” ဟု ဇမ္ဗူဒိပ်ကျွန်းသားတို့ခေါ် ဝေါ် သည်။
နယဝိပဿနာ = နည်းမှန်လမ်းမှန် ဝိပဿနာ၊ (သီဟိုဠ်ကျွန်သားတို့ အသုံးအနှုန်း)
ယံ ကိဉ္စိ ရူပံ အတီတံ - စသောနည်းဖြင့် ရုပ်နာမ်တရားတို့ကို ရှုနည်းသည် “နယ ဝိပဿနာ”ဟု သီဟိုဠ်ကျွန်းသားတို့ ဆိုကြသည်။
ကလာပသမ္မသနနှင့် နယဝိပဿနာမှာ အခေါ်အဝေါ် အသုံးအနှုန်း ကွဲပြားသော်လည်း ကျင့်စဉ်နည်းလမ်း အဓိပ္ပါယ်မှာ အတူတူပင်ဖြစ်သည်။ (မဟာဋီကာ၊ဒု၊နှာ-၃၇၆။)
ခန္ဓာ၌ ပွါးများပုံ
ယံ အတီတံ ရူပံ၊ တံ အတီတေယေဝ ခီဏံ။ နယိမံ ဘဝံ သမ္မတ္တန္တိ အနိစ္စံ ခယဋ္ဌေန။
ယ အနာဂတံ ရူပံ အနန္တရဘဝေ နိဗ္ဗတ္တိဿတိ။ တမ္ပိ တတ္ထေ၀ ခိယိဿတိ၊ န တတော ပရံ ဘဝံ ဂမိဿတီတိ အနိစ္စံ ခယဋ္ဌေန။
ယံ ပစ္စုပ္ပန္နံ ရူပံ၊ တမ္ပိ ဣဓေ၀ ခိယတိ။ န ဣတော ပရံ ဂစ္ဆတီတိ အနိစ္စံ ခယဋ္ဌေန။
ယံ အဇ္ဈတ္တံ ရူပံ၊ တမ္ပိ အဇ္ဈတ္တမေဝ ခိယတိ။ န ဗဟိဒ္ဓါ ဘာဝံ ဂစ္ဆတီတိ အနိစ္စံ ခယဋ္ဌေန။
ယံ ဗဟိဒ္ဓါ ရူပံ။ ယံ သြဠာရိကံ ရူပံ။ ယံ သုခုမံ ရူပံ။ ယံ ဟီနံ ရူပံ။ ယံ ပဏီတံ ရူပံ။ ယံ ဒူရေ ရူပံ။ ယံ သန္တိကေ ရူပံ။ တမ္ပိ တတ္ထေဝ ခိယတိ၊ န ဒူရေ ဘာဝံ ဂစ္ဆတီတိ အနိစ္စံ ခယဋ္ဌေန။
သဗ္ဗမေဝ စေတံ ဒုက္ခံ ဘယဋ္ဌေန။ အနတ္တာ အသာရကဋ္ဌေန။
ဤသို့ ရူပက္ခန္ဓာ၌ အဘေဒအားဖြင့် သုံးပါး။ ဘေဒအားဖြင့် သုံးဆဲ့သုံးပါး ဖြစ်၏။ ဝေဒနာစသည်၌လည်း နည်းတူ။
ယာ အတီတာ ဝေဒနာ။ ယာ အတီတာ သညာ။ ယေ အတီတာ သင်္ခါရာ။ ယံ အတီတံ ဝိညာဏံ၊ တံ အတီတေယေဝ ခီဏံ။ နယိမံ ဘဝံ သမ္ပတ္တန္တိ အနိစ္စံ ခယဋ္ဌေန။
ယံ အနာဂတံ။ ပစ္စုပ္ပန္နံ။ အဇ္ဈတ္တံ။ ဗဟိဒ္ဓံ။ သြဠာရိကံ။ သုခုမံ။ ဟီနံ။ ပဏီတံ။ ဒူရေ။ သန္တိကေ။ ဝိညာဏံ၊ တမ္ပိ တတ္ထေ၀ ခိယတိ၊ န ဒူရေ ဘာဝံ ဂစ္ဆတီတိ အနိစ္စံ ခယဋ္ဌေန။
သဗ္ဗမေဝ စေတံ ဒုက္ခံ ဘယဋ္ဌေန။ အနတ္တာ အသာရကဋ္ဌေန။
ဟု သုံးသပ်အပ်၏။ ဤသို့လျှင် ခန္ဓာငါးပါးတို့၌ ဘေဒအားဖြင့် သမ္မသနဝါရ တရာ့ခြောက်ဆဲ့ငါး ဖြစ်၏။
ဒွါရစသည်၌ ပွါးများပုံ
ဒွါရခြောက်ပါး အာရုံခြောက်ပါး ဝိညာဏ်ခြောက်ပါး ဖဿခြောက်ပါး ဝေဒနာခြောက်ပါး သညာခြောက်ပါး စေတနာခြောက်ပါး တဏှာခြောက်ပါး ဝိတက်ခြောက်ပါး ဝိစာရခြောက်ပါး ပထဝီစသော ဓာတ်ခြောက်ပါး၊ ကသိုဏ်း ဆယ်ပါး၊ ဒွတ္တိံသ ကောဋ္ဌာသ အာယတန တဆဲ့နှစ်ပါး၊ ဓာတ် တဆဲ့ရှစ်ပါး၊ လောကိန္ဒြေ တဆဲ့ကိုးပါး၊ ကာမဓာတ် စသော ဓာတ်သုံးပါး [၁] ၊ ဘဝ ကိုးပါး [၂] ၊ သေသာရမ္မဏရူပဈာန် လေးပါး [၃] အပ္ပမညာ လေးပါး၊ အရူပ သမာပတ် လေးပါး၊ ပဋိစ္စသမုပ္ပါဒ် အင်္ဂါ တဆဲ့နှစ်ပါးတို့တွင်လည်း ဉာဏ်အား ထင်ရှားရာကို ခန္ဓာနှင့် နည်းထူပင် ပွါးအပ်၏။
[၁။ ကာမဓာတ် ရူပဓာတ် အရူပဓာတ်။
၂။ ကာမဘဝ၊ ရူပဘဝ၊ အရူပဘဝ၊ သညီဘဝ၊ (ကာမ ၁၁-ဘုံ၊ ရူပ ၁၅-ဘုံ၊ အရူပ အောက်၃-ဘုံ)၊ အသညီဘဝ (အသညသတ်)၊ နေဝသညီနာသညီဘဝ၊ ပဉ္စဝေါကာရ စတုဝေါကာရ ဧကဝေါကာရ။
၃။ ကသိုဏ်း ၁၀ ပါး၊ အပ္ပမညာ ၄-ပါးတို့မှ ကြွင်းသော အာရုံရှိသော ရူပဈာန် ၄-ပါး (စတုက္ကနည်း)]
ကောဋ္ဌာသပေါင်း ၂၃-ပါး
ဤ၌ ခန္ဓာ ဒွါရ အာရုံ ဝိညာဏ် ဖဿ ဝေဒနာ သညာ စေတနာ တဏှာ ဝိတက် ဝိစာရ ဓာတ် ကသိုဏ်း ဒွတ္တိံသကောဋ္ဌာသ အာယတန ဓာတ် ဣန္ဒြေ ဓာတ် ဘဝ ဈာန် အပ္ပမညာ သမာပတ် ပဋိစ္စသမုပ္ပါဒ် အားဖြင့် ကောဋ္ဌာသ နှစ်ဆဲ့သုံးပါး ရှိ၏။
ဋီကာ (ဒု၊နှာ-၃၈၉၊၃၉ဝ) ၌ကား --
“ဧဝမေတေ သမ္မသနီယဘာဝနာ”ဂဟိတာ ခန္ဓာဒိဝသေန ကောဋ္ဌာသတော ပဉ္စဝီသတိဝိဓာ”ဟု ပါဌ်ရှိ၏။ ပါဌ်ပျက်မှတ်။
သမ္မသနဝါရပေါင်း
ခန္ဓာငါးပါး စသော ဘေဒအားဖြင့် တရာ့ကိုးဆဲ့ရှစ်ပါး ရှိ၏။
တပါးတပါး၌ အနိစ္စ ဒုက္ခ အနတ္တ ဟူသော သမ္မသန သုံးပါးစီ အားဖြင့် သမ္မသန ငါးရာ့ကိုးဆဲ့လေးပါး ဖြစ်၏။ အတိတ် အနာဂတ် စသော ဩကာသ တဆဲ့တပါးတို့နှင့် မြှောက်ပွါးပြန်သည် ရှိသော် ဘေဒတော သမ္မသနဝါရ ခြောက်ထောင့် ငါးရာ့သုံးဆဲ့လေး ဝါရ ဖြစ်၏။
[ဩကာသ ၁၁-ပါး = အနိစ္စ စသော လက္ခဏာရေး ၃-ပါးဖြင့် သုံးသပ်ရာ ဌာနဖြစ်၍ သြကာသ ၁၁-ပါးဟုခေါ်သည်။ (မဟာဋီကာ၊ဒု၊ နှာ-၃၉၁)]
တမျိုးတဖုံ နှလုံးသွင်းခြင်း
အနိစ္စ၏ ဝေဝုစ်ပရိယာယ်ပုဒ်တို့ဖြင့်၎င်း၊ အထူးထူးသော အခြင်း အရာတို့ဖြင့်၎င်း နှလုံး သွင်းလိုမူကား --
ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အနိစ္စံ သင်္ခတံ ပဋိစ္စသမုပ္ပန္နံ ခယဓမ္မံ ဝယဓမ္မံ ဝိရာဂဓမ္မံ နိရောဓဓမ္မံ။
စသည်ဖြင့် သုံးသပ်အပ်၏။
ဆရာ့ဆရာအလို ဆင်ခြင်ပုံ
တို့ကျေးဇူးရှင် ဆရာတော်ဘုရားကား ခန္ဓာငါးပါးလုံးကို တပေါင်းတရုံးတည်းပင် သုံးသပ် ဆင်ခြင်သင့်၏ဟု မိန့်တော်မူ၏။ သုံးသပ်ဟန်ကား --
ယေကေစိ ပဉ္စက္ခန္ဓာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ ပဏီတာ ဝါ ယေ ဒူရေ ဝါ သန္တိကေ ဝါ၊ သဗ္ဗေ တေ တတ္ထ တတ္ထေ၀ နိရုဇ္ဈန္တီတိ အနိစ္စာ ခယဋ္ဌေန ဒုက္ခာ ဘယဋ္ဌေန အနတ္တာ အသာရကဋ္ဌေန။ သဗ္ဗေ တေ သင်္ခတာ ပဋိစ္စသမုပ္ပန္နာ ခယဓမ္မာ ဝယဓမ္မာ ဝိရာဂဓမ္မာ နိရောဓဓမ္မာ --
ဟု ရှုအပ်၏။ အတိတိက္ခပညာ ပုဂ္ဂိုလ်မြတ်တို့၏ အရာပေတည်း။
အတီတာနာဂတပစ္စုပ္ပန္နာ၊ အတိတ်ဘဝ အနာဂတ်ဘဝ ပစ္စုပ္ပန်ဘဝ၌ ဖြစ်ကုန်သော။
အဇ္ဈတ္တံ ဝါ၊ ကိုယ်တွင်းသန္တာန်၌လည်း ဖြစ်ကုန်သော။
ဗဟိဒ္ဓါ ဝါ၊ အပ သန္တာန်၌လည်း ဖြစ်ကုန်သော။
သြဠာရိကာ ဝါ၊ ရုန့်ရင်းသည်လည်း ဖြစ်ကုန်သော။
သုခုမာ ဝါ၊ သိမ်မွေ့သည်လည်း ဖြစ်ကုန်သော။
ဟီနာ ဝါ၊ ယုတ်ညံ့ သည်လည်း ဖြစ်ကုန်သော။
ပဏီတာ ဝါ၊ မွန်မြတ်သည်လည်း ဖြစ်ကုန်သော။
ယေကေစိ၊ အလုံးစုံကုန်သော။
ပဉ္စက္ခန္ဓာ၊ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည်။
သန္တိ၊ ရှိကုန်၏။
ဒူရေ ဝါ၊ ဝေးသည်လည်း ဖြစ်ကုန်သော။
သန္တိကေ ဝါ၊ နီးသည်လည်း ဖြစ်ကုန်သော။
ယေ ပဉ္စက္ခန္ဓာ၊ အကြင် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည်။
သန္တိ၊ ရှိကုန်၏။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။
တေ ပဉ္စက္ခန္ဓာ၊ ထိုခန္ဓာ ငါးပါး ရုပ်နာမ် တရားတို့သည်။
တတ္ထ တတ္ထေ၀၊ ထိုထိုအတိတ်ဘဝ စသော အဖြစ်၌ပင်လျှင်။
နိရုဇ္ဈန္တိ၊ ချုပ်ပျောက် ပျက်စီးကုန်၏။
ဣတိတသ္မာ၊ ထို့ကြောင့် ---
ခယဋ္ဌေန၊ ဖြစ်ပြီးမြောက်လျှင် ကုန်ပျောက်ပျက်စီးတတ်သော သဘောကြောင့်။
အနိစ္စာ၊ အမြဲမရှိကုန်။
ဘယဋ္ဌေန၊ ကြောက်ဘွယ်ခမန်း ဘေးဘျမ်းဖြစ်သော သဘောကြောင့်။
ဒုက္ခာ၊ ဆင်းရဲကုန်၏။
အသာရကဋ္ဌေန၊ အတ္တာ နိဝါသီ ကာရက ဝေဒက ဟု တိတ္ထိတို့ ခေါ်ဆိုအပ်သော ကိုယ် ဟူသော အနှစ်မဲ့သော သဘောကြောင့်။
အနတ္တာ၊ အစိုးရသော ကိုယ် မဟုတ်ကုန်။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။
တေ ပဉ္စက္ခန္ဓာ၊ ထို ခန္ဓာငါးပါးတို့သည်။
သင်္ခတာ၊ အကြောင်းတရားတို့သည်ပြုပြင်အပ်ကုန်၏။
ပဋိစ္စသမုပ္ပန္နာ၊ အကြောင်းတရားကို စွဲ၍ ဖြစ်ကုန်၏။
ခယဓမ္မာ၊ ကုန်ခြင်း သဘောရှိကုန်၏။
ဝယဓမ္မာ၊ ပျက်ခြင်း သဘောရှိကုန်၏။
ဝိရာဂဓမ္မာ၊ ကင်းခြင်း သဘော ရှိကုန်၏။
နိရောဓဓမ္မာ၊ ချုပ်ခြင်း သဘော ရှိကုန်၏။
အနက်။
ဤနည်းကို မှီ၍ ရှေ့ပါဌ်တို့ကို အနက် သမ္ဗန်။
ရုပ်၌ ခြင်းရာ ၄၀-တို့ ဖြစ်ပွါးပုံ
ဤသို့ အဖန်တလဲလဲ သုံးသပ်ဆင်ခြင်၍ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာ လက္ခဏာ ထင်လာသည်ရှိသော် ထိုထင်သော သမ္မသနဉာဏ် မြဲမြံခိုင်ခံ့ သန့်ရှင်းခြင်း အကျိုးငှါ၎င်း၊ နောက် ဝိပဿနာ ဉာဏ် ကိုးချက် တက်လွယ် ပြီးလွယ်ခြင်း အကျိုးငှါ၎င်း လေးဆယ်သော အခြင်းအရာ တို့ဖြင့်လည်း ခန္ဓာ ငါးပါးတို့ကို ပွါးများသုံးသပ် လေ့လာအပ်ကုန်၏။ ပွါးဟန်ကား --
ရူပံ အနိစ္စ ပလောကံ၊
စလံ ပဘင်္ဂု အဒ္ဓုဝံ။
ဝိပရီဏာမာ'သာရကံ၊
ဝိဘဝံ မစ္စု သင်္ခတံ။
ဒုက္ခဉ္စ ရောဂါဃံ ဂဏ္ဍံ၊
သလ္လာဗာဓံ ဥပဒ္ဒဝံ။
ဘယီတျုပသဂ္ဂါ တာဏံ၊
အလေဏာ သရဏံ ဝဓံ။
အဃမူလံ အာဒီနဝံ၊
သာသဝံ မာရအာမိသံ။
ဇာတိဇ္ဇရံ ဗျာဓိသောကံ၊
ပရိဒေ၀ ́မုပါယာသံ။
သံကိလေသ သဘာဝကံ။
အနတ္တာ စ ပရံ ရိတ္တံ၊
တုစ္ဆံ သုညန္တိ တာလိသံ။
ဝေဒနာဒယော ခန္ဓာပိ၊
တထေဝ ပဉ္စကာပိ ဝါ။
သင်္ဂဟ ဂါထာ
အနစ္စာနုပဿနာ ၁၀-ပါး
ရူပံ၊ ရူပက္ခန္ဓာသည်။
အနိစ္စံ၊ အနစ္စန္တိက အာဒိအန္တဝန္တကြောင့်။
ဝါ၊ ဘင်ဟူသော နောက်အစွန်းကို မလှန်နိုင်ဘိ အစ အဆုံး ရှိခြင်းကြောင့် အမြဲမရှိ၊
ပလောကံ၊ ဗျာဓိ ဇရံ မရဏံကြောင့် ပရမ်းပတာ ပျက်စီးတတ်ချေ၏။
စလံ၊ ဗျာဓိ ဇရံ မရဏံနှင့် လောကဓံ ရှစ်ပါး တရားတွေ့ကြုံ တုန်လှုပ်တတ်ချေ၏။
ပဘင်္ဂု၊ သူ့ဘာဘာအား လုံ့လအားဖြင့် ပျက်ပြားလေ့ ရှိချေ၏။
အဒ္ဓုဝံ၊ သစ်သီးသဖွယ် အရွယ်ခပ်သိမ်းမှ ရွပ်တိမ်း ကျကြွေ မခိုင်ခဲ့ချေ။
ဝိပရိဏာမံ၊ ဇရာ မရဏံ ဘို့နှစ်တန်ဖြင့် ဖောက်ပြန် ညွတ်တိမ်းတတ်ချေ၏။
အသာရကံ၊ အားစွမ်းနည်းငယ် အကာနှယ်သို့ ဖျက်ဆီးလွယ်သည် ဖြစ်၍လည်း အနှစ် မရှိချေ။
ဝိဘဝံ၊ စီးပွါးခြင်းမရှိ တဏှာ, ဒိဋ္ဌိလျှင် ဖြစ်ကြောင်း ရှိချေ၏။
မစ္စု၊ သေခြင်းသဘော ဓလေ့ ပြကတေ့ ရှိချေ၏။
သင်္ခတံ၊ ဆက်ဆံ မဆက်ဆံသော ပစ္စည်း ဟေတု တို့သည် ပေါင်း၍ ပြုပြင်အပ်ချေ၏။
အနိစ္စာနုပသာနာ ဆယ်ပါးတည်း။
ဒုက္ခာနုပဿနာ ၂၅-ပါး
စ၊ အနိစ္စသာ ဖြစ်သည် မဟုတ်သေး။
ဒုက္ခံ၊ ဘင် ဥပါဒ်သည် ထပ်ထပ်နှိပ်စက် သုံးချက် ဒုက္ခ သံသာရ၏ မူလကြောင်းရင်းဖြစ်၍ ဆင်းလည်း ဆင်းရဲလှချေ၏။
ရောဂံ၊ ပစ္စည်းဖြင့်မျှတ အစဉ်လိုက်သော ဗျာဓိတို့၏ မူလဖြစ်၍ ယာပျအနာနှင့် တူချေ၏။
ယာပျဗျာဓိ ဟိ ရောဂေါ။ ဣတရော အာဗာဓော။ ဋီကာ (ဒု၊နှာ-၃၉၅)
အဃံ၊ ကဲ့ရဲ့အပ် စီးပွါးမဲ့ကို ဆောင်တတ် ခပ်သိမ်းသော မကောင်းမှုတို့၏ တည်ရာ အကြောင်းဖြစ်၍ မကောင်းမှုမည်၏။
ဂဏ္ဍံ၊ ဒုက္ခတံကျင် ထိုးကျင် မကွာ ကိလေသာမန်း ပြည့်လျှမ်းယိုထွက် သုံးချက်ခဏ ဖူးကြွရောင်တက် မြှည့်ကျက် ပေါက်ပြဲသည် ဖြစ်၍ အိုင်းအမာနှင့် တူ၏။
သလ္လံ၊ မဂ်ဉာတ်ဟူလျှင်း မွေးညှပ်ကင်းက နုတ်ခြင်းငှါခက် အတွင်းဝင်၍ ထိုးကျင်နှိပ်စက် တတ်သည် ဖြစ်၍ တံကျင် မြားငြှောင့်နှင့် တူချေ၏။
အာဗာဓံ၊ သူတပါးနှင့်စပ်လျဉ်း အနာ၏ အကြောင်းရင်းဖြစ်၍ ယာပျနာမှ ကြွင်းသော အနာ နှင့်တူချေ၏။
ဥပဒ္ဒဝံ၊ မထင်မရှား များပြားစွာခဲ့ ကျိုးမဲ့ကိုပြု မင်းဘေး စသည်တို့၏ တည်ရာအကြောင်း ဝတ္ထုဖြစ်၍ ဥပဒ္ဒဝေါ မည်၏။
ဘယံ၊ ဘေးပေါင်းစုဝေး နိဗ္ဗာန်၏ ဆန့်ကျင်ဖက် အရေးကြောင့် ဘေးဘယ မည်ချေ၏။
ဤတိ၊ အနေကဗျသနကို ပြုတတ်သော အာဂန္တုက ဘေးရန်ကဲ့သို့တည်း။
ဥပသဂ္ဂံ၊ များပြားစွာခဲ့ အကျိုးမဲ့တို့သည် အစဉ်ဖွဲ့အပ် လှည့်ပတ်နတ်ဖျက် သည်းခံခက်စွ အနတ္ထနှင့် တူချေ၏။
အတာဏံ၊ သူ့ကိုလည်း မစောင့်ရှောက်စွမ်း မိမိလည်း ဘေးမငြိမ်းချမ်းချေ။
အလေဏံ၊ ကင်းရဲကင်းလို ချဉ်းကပ်ခိုသော်လည်း ဆင်းရဲကို မတားမြစ်တတ် ချဉ်းကပ်ခြင်းငှါ မထိုက်ပါ၍ ပုန်းအောင်းခိုကပ်ရာ မဟုတ်ချေ။
အသရဏံ၊ ဇာတိစသော ဘေးပေါင်း ကင်းရှဲအောင် မညှဉ်းဆဲတတ်ချေ။
ဝဓံ၊ မိတ်ကျွမ်းဝင်ဟန် သေကြောင်း ကြံသော ရန်သူ သူသတ်ကဲ့သို့တည်း။
အဃ မူလံ၊ လုံးစုံပေါင်းစု မကောင်းမှုတို့၏ ဟေတုမူရင်းတည်း။
အာဒီနဝံ၊ အနိစ္စစ အာကာရဖြင့် ဖြစ်ရလေဘိ ပဝတ္တိဒုက္ခဖြစ်၍ အပြစ်အတိသာတည်း။
ဝါ၊ လွန်စွာဘိစီး ဆင်းရဲကြီးသည်ဖြစ်၍ အထီးကျန်သော သူဆင်းရဲနှင့် တူ၏။
သာသဝံ၊ အာသဝေါတရားတို့၏ နီးနားသော အကြောင်းတည်း။
မာရအာမိသံ၊ ကိလေသ မစ္စု မာရ်နှစ်ခုတို့၏ ဝတ္ထုပစ္စယဖြစ်၍ အစာသဖွယ်ဖြစ်၏။
ဝါ၊ အထိုက်လျော်စွာ မာရ်ငါးဖြာ၏ အစာသဖွယ် ဖြစ်ချေ၏။
ဇာတိ၊ ပဋိသန္ဓေ နေရခြင်းသဘော ရှိချေ၏။
ဇရံ၊ အိုရခြင်း သဘောရှိချေ၏။
ဗျာဓိ၊ ကျင်နာနှိပ်စက်ခြင်း သဘောရှိချေ၏။
သောကံ၊ နှလုံးမငြိမ် စိုးရိမ် ကြောင့်ကြ ရကြောင်းတည်း။
ပရိဒေဝံ၊ အာလျှာ သွေ့ခြောက် စိတ်ရူးနောက်အောင် မဆောက်တည်နိုင် ကြံမှိုင်ပူဆွေး ငိုကြွေးရကြောင်း တည်း။
ဥပါယာသံ၊ သက်ပြတ်ခမန်း ဆည်မစွမ်းအောင် ပင်ပန်းရကြောင်းတည်း။
သံကိလေသ သဘာဝကံ၊ တဏှာဒိဋ္ဌိ ဒုစ္စရိတို့၏ အာရုံဖြစ်၍ ညစ်ညူးခြင်းသဘောလည်း ရှိချေ၏။
ဒုက္ခာနုပဿနာ နှစ်ဆဲ့ငါးပါးတည်း။
အနတ္တာနုပဿနာ ၅-ပါး
စ၊ အနိစ္စ ဒုက္ခသာ ဖြစ်သည် မဟုတ်သေး။
အနတ္တာ၊ သာမီ နိဝါသီ ကာရက ဝေဒက အဓိဋ္ဌာယက ဟုကြံဆခေါ်ဆိုအပ်သော ကိုယ်လည်း မဟုတ်ချေ။
ပရံ၊ အလိုမပါ စီရင်ရာ မရသည်ဖြစ်၍ သူစိမ်းပြင်ပနှင့် တူချေ၏။
ရိတ္တံ၊ သူမိုက်တို့သည် ကြံဆအပ်သော ဓုဝ သုဘ သုခတ္တဘာဝဟူသော အနှစ်ကင်းချေ၏။
တုစ္ဆံ၊ အနှစ် ကင်းဖြည်း ဖျင်းသိမ်နည်း၍ အချည်းနှီးသာတည်း။
သုညံ၊ သာမီ နိဝါသီ ကာရက ဝေဒက အဓိဋ္ဌာယက ဟု ဆခေါ်ဆိုအပ်သော တပါးသော ကိုယ်မှလည်း ဆိတ်ချေ၏။
အနတ္တာနုပဿနာ ငါးပါးတည်း၊
ဣတိ၊ ဤသို့။
တာလီသံ၊ လေးဆယ်သော အခြင်းအရာ ရှိချေ၏။
ဝေဒနာဒယော၊ ဝေဒနာအစရှိကုန်သော။
ခန္ဓာပိ၊ နာမ်ခန္ဓာလေးပါးတို့ သည်လည်း။
တထာဧဝ၊ ထိုရူပက္ခန္ဓာနှင့် နည်းတူသာလျှင်။
တာလီသာ၊ အခြင်းအရာ လေးဆယ်စီချည်း ရှိကြကုန်၏။
ဝါ၊ အစိတ်မှတပါး အပေါင်း တနည်းကား။
ပဉ္စကာပိ၊ ခန္ဓာငါးပါးလုံးတို့သည်လည်း။
တထာဧဝ၊ ထိုအတူ သာလျှင်။
တာလီသာ၊ လေးဆယ်သော အခြင်းအရာ ရှိကုန်၏။
ဤပါဌ်အနက်ကို နှုတ်တက်အာဂုံ ဆောင်ထား၍ အဖန်များစွာ သုံးသပ်ရာ၏။
“နာမ်ခန္ဓာ ၄-ပါးတို့၌ ခြင်းရာ ၄၀-ဖြင့် ဆင်ခြင်ပုံ”
ရူပံ အနိစ္စံ ပလောကံ၊ စလံ ပဘင်္ဂု အဒ္ဓုဝံ စသည်ကဲ့သို့ ကြွင်းနာမ်ခန္ဓာ လေးပါးတို့၌လည်း “ဝေဒနာ အနိစ္စာ ပလောကာ။ သညာ အနိစ္စာ ပလောကာ။ သင်္ခါရာ အနိစ္စာ ပလောကာ။ ဝိညာဏံ အနိစ္စံ ပလောကံ” စသည်ဖြင့်သော်လည်း သုံးသပ်ဆင်ခြင်ရာ၏။
သမ္မသနဉာဏ်နှစ်ရာ
ဤ စတ္တာလီသာကာရတို့ကို ခန္ဓာငါးပါးတို့နှင့် မြှောက်ပွါးသည်ရှိသော် အနိစ္စာနုပဿနာ ငါးဆယ်၊ ဒုက္ခာ နုပဿနာ တရာ့နှစ်ဆဲ့ငါးပါး၊ အနတ္တာနုပဿနာ နှစ်ဆဲ့ငါးပါး အားဖြင့် သမ္မသန နှစ်ရာ ဖြစ်၏။
သုံးသပ်ဆင်ခြင်ရကျိုး
စတ္တာလီသာယာကာရေဟိ၊
ပဉ္စက္ခန္ဓေ သ သမ္မသံ။
လာဘီ ́နုလောမိကံ ခန္တိံ၊
ကမေ သမ္မတ္တနီယမံ။
စတ္တာလီသာယ၊ လေးဆယ် အတိုင်းအရှည် ရှိသော။
အာကာရေဟိ၊ အခြင်းအရာတို့ဖြင့်။
ပဉ္စက္ခန္ဓေ၊ ခန္ဓာငါးပါးတို့ကို။
သမ္မသံ သမ္မသန္တော၊ သုံးသပ် ဆင်ခြင်သော။
သ သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။
အနုလောမိကံ၊ အရိယမဂ်ကို ရခြင်း အားလျော်သော။
ခန္တိံ၊ အာရုံသဘော ဝင်လျော ပိုင်းခြား ခံ့ငြား သည်းခံသော ဝိပဿနာဉာဏ်ကို။
လာဘီ၊ ရသည်။
ဟောတိ၊ ဖြစ်၏။
သမ္မတ္တနိယာမံ၊ မဖောက်ပြန်သော သဘောရှိသည် လည်းဖြစ် မဆုတ်နစ်သော သဘော ရှိ၍ မြဲမြံ သည်လည်းဖြစ်သော အရိယမဂ်သို့။
ကမေ သြက္ကမတိ၊ သက်ဝင်၏။
ဤကား အကျိုးတည်း။
ဥဒယဗ္ဗယဉာဏ်
ဤသို့လျှင် “ယံ အတီတံ ရူပံ” စသည်ဖြင့် အားထုတ်သော အချို့သော တိက္ခိန္ဒြိယ မဟာပညပုဂ္ဂိုလ်အား နယဝိပဿနာ အားရှိ ထက်သန်သည်ဖြစ်၍ ဥဒယဗ္ဗယဉာဏ် ဖြစ်လာ၏။ .. .
ဥဒယ ဝယ ဉာဏုပ္ပတ္တိ ဟိ ဣဓ နယဝိပဿနာယ သမ္ပဇ္ဇနန္တိ အဓိပ္ပေတံ။
ဋီကာ (မဟာ၊ဒု၊နှာ-၃၉၈။)
“ဣန္ဒြေ ထက်မြက်စေခြင်းရာ ကိုးပါးဖြင့် ပွါးများပုံ”
မုဒိန္ဒြိယ အပ္ပပည ပုဂ္ဂိုလ်ဖြစ်၍ နယဝိပဿနာ မပြည့်စုံသေး၊ ဥဒယဗ္ဗယဉာဏ် မဖြစ်လာသေး မူကား ချောမွေ့ လှစွာသော ပုဆိုးကို ချုပ်ဘို့ရာ အလွန် သိမ်မွေ့စွာသော အပ်၌ ထိုထက် အလွန် သိမ်မွေ့လှစွာသော အပ်ချည်ကို တပ်ရသကဲ့သို့ သိမ်မွေ့စွာသော ရုပ်နာမ်တရားကို အလွန် သိမ်မွေ့စွာသော နာမရူပပရိစ္ဆေဒ, ပစ္စယပရိဂ္ဂဟ ဉာဏ်နှစ်ပါးဖြင့် သိမ်းဆည်း ပွါးများပြီးဖြစ်၍ ယခုအခါ လက္ခဏာရေးတင်လျက် ဆင်ခြင်သုံးသပ် ဘို့ရာ ထိုထက် အလွန်သိမ်မွေ့လှစွာသော ဉာဏ်ကို အလိုရှိအပ်သောကြောင့် --
ခယဿ ပဿနံ တတ္ထ၊
သပ္ပါယံ နိစ္စ'မာဒရံ။
သမာဓိ နိမိတ္တဂ္ဂဟံ၊
ဗောဇ္ဈင်္ဂါနုပဝတ္တနံ။
ကာယိဇီဝေသွ နပေက္ခံ၊
တထာဘိဘုယျ အန္တရာ။
အဗျောသာနံ နဝါကာရာ၊
ဣန္ဒြိယတိက္ခကာရဏာ။
ဟူသော အခြင်းအရာ ကိုးပါးတို့ဖြင့် သဒ္ဓါစသော ဣန္ဒြေ ငါးပါးတို့ကို ထက်မြက်အောင် ပြုအပ်ကုန်၏။
- ခယဿ၊ ဥပ္ပန္နုပ္ပန္န သင်္ခါရတို့၏ ကုန်ခြင်းပျက်ခြင်း ဟူသော ဘင်္ဂက္ခဏကို။
- ပဿနံ၊ ဥပါဒ် ဌီမှ ရှုချီလွှတ်ထား၍ စဉ်းစားကြည့်ရှုခြင်း၎င်း။
- တတ္ထ၊ ထိုဘင်ကို ရှုခြင်းဟူသော ခယဒဿန၌။
- ဝါ၊ ခယဒဿနကို။
- သပ္ပါယံ၊ သပ္ပါယ ခုနစ်ပါးတို့ကို မှီဝဲလျက် ပြည့်စုံစေခြင်း၎င်း။
- နိစ္စံ၊ မပြတ် မလပ်ပြု၍ ပြည့်စုံစေခြင်း၎င်း။
- အာဒရံ၊ အရိုအသေပြု၍ ပြည့်စုံစေခြင်း၎င်း။
- သမာဓိနိမိတ္တဂ္ဂဟံ၊ ဝိပဿနာ သမာဓိ၏ ဖြစ်ကြောင်း အခြင်းအရာကို ကောင်းစွာ မှတ်ယူ၍ ပြည့်စုံစေခြင်း၎င်း။
- ဗောဇ္ဈင်္ဂါနုပဝတ္တနံ၊ သတိသမ္ဗောဇ္ဈင်ကြဉ်သော ဗောဇ္ဈင်ခြောက်ပါးတို့ကို လျော်စွာ ဖြစ်စေ၍ ပြည့်စုံစေခြင်း၎င်း။
- ကာယဇီဝေသု၊ ကိုယ်အသက်တို့၌။
- အနပေက္ခံ၊ အပုပ်ကောင်သဖွယ် ရန်သူနယ်သို့ တွယ်တာငဲ့ကွက် မရှိခြင်း၎င်း။
- တထာ၊ ထိုကိုယ်အသက်၌ မငဲ့ကွက်သော အခြင်းအရာဖြင့်။
- အဘိဘုယျ၊ ဖြစ်တိုင်းဖြစ်တိုင်းသော ဒုက္ခကို ဝီရိယဖြင့် နှိပ်စက်လွှမ်းမိုးကာ ဘာဝနာကို ပြည့်စုံစေခြင်း၎င်း။
- အန္တရာ၊ လိုရာ ဘာဝနာ အပြီးအဆုံးသို့ မရောက်မီအကြား၌။
- အဗျောသာနံ၊ ဆုတ်နစ် တွန့်ပေါ့ လက်မလျော့ခြင်း၎င်း။
- နဝ၊ ကိုးပါးကုန်သော။
- အာကာရာ၊ ဤ အခြင်းအရာတို့သည်။
- ဣန္ဒြိယတိက္ခ ကာရဏာ၊ သဒ္ဓါစသော ဣန္ဒြေ ငါးပါးတို့၏ ထက်မြက် သန်စွမ်းကြောင်း တို့တည်း။
ဤကား အနက်။
ရုပ်တို့၏ ဖြစ်ဟန်ကို ရှုပုံ
ဤအခြင်းအရာကိုးပါးတို့ဖြင့် သမ္ဘာရ အဝိနာ- ဘာဝဖြစ်သော ကြွင်း လေးပါးနှင့် တကွသော ပညိန္ဒြေကို ထက်မြက်သိမ်မွေ့စေလျက် ရံခါ ရုပ်ကို ရံခါ နာမ်ကို သုံးသပ်အပ်၏။ ရုပ်ကို သုံးသပ်သော ပုဂ္ဂိုလ်သည် ရုပ်၏ ဖြစ်ခြင်း နိဗ္ဗတ္တိကို ရှုအပ်၏။ ရှုဟန်ကား --
ကမ္မဇရုပ်တို့၏ ဖြစ်ဟန်ကို ရှုပုံ
ကမ္မံ တဇ္ဇံ တပ္ပစ္စယံ၊
တပ္ပစ္စယံ ဟု စိတ္တဇံ။
ဥတုဇံ အာဟာရဇန္တိ၊
ဝိဘာဂေါ ဇာနိယော ဆဓာ။
သင်္ဂဟဂါထာ
- ကမ္မံ၊ ရူပဇနကကံ နှစ်ဆယ့်ငါးပါး [၁] ၎င်း။
- တဇ္ဇံ၊ ထိုဇနကကံကြောင့် ဖြစ်သော ဝိပါက်ကမ္မဇရုပ် ဟူသော ကမ္မသမုဋ္ဌာနတရား၎င်း။
- တပ္ပစ္စယံ၊ ထိုကံလျှင် ဥပတ္ထမ္ဘက အကြောင်းရှိသော ၎င်းဝိပါက်ကမ္မဇရုပ် ဟူသော ကမ္မပစ္စယ တရား၎င်း။
[၁။ ရုပ်ကိုဖြစ်စေတတ်သောကံ ၂၅-ပါး (အကုသိုလ်ကံ-၁၂။ မဟာကုသိုလ်-၈။ ရူပါဝစရ ကုသိုလ်-၅။)]
ကမ္မံ ဟိ ကမ္မဇဿ ဇနကံ ပရိပါလကမ္ပိ ဟောတိ ဇီဝိတိန္ဒြိယဿ ကမ္မဇဂ္ဂိနော စ ဝသေန အနုရက္ခဏ သမ္ဘဝတော အာဟာရာဒိပ္ပဋိလာဘ- ဟေတုတာယ ဥပတ္ထမ္ဘကနိမိတ္တတော စ။
ဋီကာ (မဟာ၊ဒု၊နှာ-၄၀၀)။
- တု၊ ထိုမှတပါး။
- တပ္ပစ္စယံ စိတ္တဇံ၊ ထိုကံလျှင် ဥပတ္ထမ္ဘကအကြောင်း ရှိသော ဝိပါက်စိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ် ဟူသော ကမ္မပ္ပစ္စယစိတ္တသမ္မဋ္ဌာန တရား၎င်း။
နိဿယ၌ “ကမ္မပစ္စယ'ပုဒ်ကို “စိတ္တ”ပုဒ်နှင့် ကမ္မဓရယ်သမာသ် တွဲသည်ကား မသင့်။
- တပ္ပစ္စယံ ဥတု၊ ထို ကံလျှင် ဥပတ္ထမ္ဘကအကြောင်း ဟူသော ဥပနိဿယ ပစ္စည်းရှိသော ကမ္မဇတေဇောဓာတ် ဟူသော ဥတုမှ လေးဆက် ငါးဆက်ဖြစ်၍ သွားသော ဥတုဇကလာပ်ဟူသော ကမ္မပစ္စယ ဥတုသမုဋ္ဌာနရုပ်၎င်း။
- တပ္ပစ္စယံ၊ ထိုကံလျှင် ဥပနိဿယပစ္စည်းရှိသော။
- အာဟာရဇံ၊ ပဋိသန္ဓေနောက် တသတ္တာဟ နှစ်သတ္တာဟရောက်၍ ဗဟိဒ္ဓဩဇာ ကိုယ်၌ ပျံ့နှံ့ သောအခါ အဇ္ဈတ္တကမ္မဇဩဇာ ဟူသော အာဟာရမှ လေးဆက် ငါးဆက်ဖြစ်၍ သွားသော အာဟာရဇ ကလာပ် ဟူသော ကမ္မပစ္စယ အာဟာရသမုဋ္ဌာနရုပ်၎င်း။
“စတဿော ပဉ္စ ဝါ သန္တတိယော ဃဋေတီ”တိ သဒိသသန္တတိဝသေန စတဿော ပဉ္စ ဝါ ရှူပကလာပ ပဝတ္တိယော သန္တာနေတိ။ ဗာဟိရပစ္စယ- ဝိသေသေန ပန ဝိသဒိသာ ဗဟူပိ ပဝတ္တိယော ဃဋေတီတိ ဝဒန္တိ။
ဋီကာ (မဟာဒု၊နှာ-၄၀၁)
- ဣတိ ဤသို့။
- ဆဓာ၊ခြောက်ပါးအပြားအားဖြင့်။
- ဝိဘာဂေါ၊ဝေဘန်ခြင်းကို။
- ဇာနိယော၊ သိအပ်၏။
ဤသို့ ရှေးဦးစွာ ကမ္မဇရုပ်တို့၏ နိဗ္ဗတ္တိကို ရှုအပ်၏။
စိတ္တဇရုပ်တို့၏ ဖြစ်ဟန်ကို ရှုပုံ
စိတ္တံ တဇ္ဇံ တပ္ပစ္စယံ၊
တပ္ပစ္စယောတုဇံ တထာ။
အာဟာရဇန္တိ ဝိဘာဂေါ၊
ပဉ္စဓာ ဧသ ဇာနိယော။
ဧကူနဝီသ ရူပံဝ၊
သဗ္ဗိသ စိရိယာပထံ။
ဝိညတ္တိမ္ပိ စ ဒွတ္တိံသ၊
ဇနေန္တိ န တု စုဒ္ဒသ။
သင်္ဂဟဂါထာ
- စိတ္တံ၊ ရူပဇာနကစိတ် ခုနစ်ဆဲ့ငါးခု၎င်း။
- တဇ္ဇံ၊ ထိုစိတ်ကြောင့်ဖြစ်သော စေတသိက် စိတ္တဇရုပ်ဟူသော စိတ္တသမုဋ္ဌာနတရား၎င်း။
- တပ္ပစ္စယံ၊ ထိုစိတ်လျှင် ပစ္ဆာဇာတ အကြောင်းရှိသော စတုရုပ်ဟူသော စိတ္တပစ္စယတရား၎င်း။
- တပ္ပစ္စယံ ဥတုဇံ၊ ထိုစိတ်လျှင် ဥပနိဿယပစ္စည်း ရှိသော စိတ္တဇတေဇောဓာတ် ဟူသော ဥတုမှ နှစ်ဆက် သုံးဆက် ဖြစ်၍သွားသော ဥတုဇကလာပ် ဟူသော စိတ္တဇပစ္စယ ဥတုသမုဋ္ဌာနရုပ်၎င်း။
- တထာ၊ ထိုအတူ စိတ် ဟူသော ဥပနိဿယ ပစ္စည်းရှိသော။
- အာဟာရဇံ၊ ပဋိသန္ဓေနောက် တသတ္တာဟ နှစ်သတ္တာဟ ရောက်၍ ဗဟိဒ္ဓသြဇာ ကိုယ်၌ ပျံ့နှံ့သောအခါ အဇ္ဈတ္တစိတ္တဩဇာ ဟူသော အာဟာရမှ နှစ်ဆက် သုံးဆက် ဖြစ်၍သွားသော အာဟာရဇကလာပ်ဟူသော စိတ္တပစ္စယ အာဟာရသမုဋ္ဌနရုပ်၎င်း။
ကမ္မသမုဋ္ဌာန ဥတုအာဟာရတို့လောက် အားမရှိ သောကြောင့် “ဒွေ တိဿော ပဝတ္တိယော ဃဋေတိ ဆိုသည်။
- ဣတိ၊ ဤသို့။
- ပဉ္စဓာ၊ ငါးပါးအပြားရှိသော။
- ဧသ ဧသော ဝိဘာဂေါ၊ ဤဝေဘန်ခြင်းကို။
- ဇာနိယော၊ သိအပ်၏။
မဟဂ္ဂတာနုတ္တရစိတ္တဝသေန ပန ဗဟုတရာပိ ပဝတ္တိယော ဣစ္ဆိတဗ္ဗာ။ တံ နိဗ္ဗတ္တနံ စိတ္တဇရူပါနံ ဥဠာရပဏီတဘာဝတော။
ဋီကာ (မဟာ၊ဒု၊နှာ-၄၀၃။)
- ဧကူနဝီသ၊ တဆဲ့ကိုးပါးသော စိတ်တို့သည်။
- ရူပံဧဝ၊ ရုပ်ကိုသာလျှင်။
- ဇနေန္တိ၊ ဖြစ်စေကုန်၏။
- ဆဗ္ဗီသ၊ အဘိညာကြဉ်သော အပ္ပနာဇောဆဗ္ဗီသတို့သည်။
- ဣရိယာပထံစ၊ ဖြစ်မြဲတိုင်းသော ရပ်ခြင်း ထိုင်ခြင်း လျောင်းခြင်း ဣရိယာပုထ် သုံးပါးကိုလည်း။
- ဇနေန္တိ၊ ထောက်ပံ့သောအားဖြင့် ဖြစ်စေကုန်၏။
- “စ" သဒ္ဒါဖြင့် "ရူပံစ”ဟု ပေါင်းသည်။
- ဒွတ္တိံသ၊ ဝုဋ္ဌော ကာမဇော အဘိညာ သုံးဆယ့်နှစ်ပါး တို့သည်။
- ဝိညတ္တိမ္ပိစ၊ ဝိညတ်ကိုလည်း။
- ဇနေန္တိ၊ ဖြစ်စေကုန်၏။
- ပိ စ သဒ္ဒါတို့ဖြင့် ရူပမ္ပိ ဣရိယာပထမ္မိ ဟု ပေါင်းသည်။
- စုဒ္ဒသ တု၊ ဒွိပဉ္စဝိညာဏ်, အရူပဝိပါက် ဤ တဆဲ့လေးပါးတို့သည်ကား။
- ကိဉ္စိ၊ တစုံတခုကိုမျှ။
- န ဇနေန္တိ၊ မဖြစ်စေနိုင်ကုန်။
ရုပ်ကို မဖြစ်စေနိုင်သော စိတ်များ
ထိုမှတပါး အရူပဘုံ၌ ဖြစ်ခိုက် စိတ် လေးဆဲ့နှစ်ခု၊ ခပ်သိမ်းသော ပဋိသန္ဓေ စိတ်၊ အဋ္ဌကထာနည်း အားဖြင့် ရဟန္တာတို့၏စုတိစိတ်၊မူလဋီကာနည်း အားဖြင့် ခပ်သိမ်းသော စုတိစိတ် - တို့သည်လည်း တစုံတခုကိုမျှ မဖြစ်စေနိုင်ကုန်။
ခပ်သိမ်းသောစုတိစိတ် ရုပ်ကိုမဖြစ်စေနိုင်ရာ၌ အာဂုံယုတ္တိကို --
“ကာမာဝစရာနံ ပစ္ဆိမစိတ္တဿ ဥပ္ပါဒက္ခဏေ ယဿ စိတ္တဿ အနန္တရာ ကာမာဝစရာနံ ပစ္ဆိမစိတ္တံ ဥပဇ္ဇ္ပိဿတိ။ ရူပါဝစရေ အရူပါဝစရေ ပဋိမ- ဘဝိကာနံ ယေ စ ရူပါဝစရံ အရူပါဝစရံ ဥပပဇ္ဇိတွာ ပရိနိဗ္ဗာယိဿန္တိ။ တေသံ စဝန္တာနံ တေသံ ဝစီသင်္ခါရော နိရုဇ္ဈိဿတိ။ နော စ တေသံ ကာယသင်္ခါရော နိရုဇ္ဈိဿတီတိ ပန ဝစနတော အညသမ္ပိ စုတိစိတ္တံ ရူပံ န သမုဋ္ဌာပေတီတိ ဝိညာယတိ။ န ဟိ ရူပသမုဋ္ဌာပကစိတ္တဿ ဂဗ္ဘဂတာဒိ- ဝိဗန္ဓာဘာဝေ ကာယသင်္ခါရာ သမုဋ္ဌာပနေ ကာရဏံ အတ္ထိ။ န စ ယုတ္တံ စုတော စ စိတ္တသမုဋ္ဌာနရူပဉ္စဿ ပဝတ္တတီတိ။ နာပိ "စုတိစိတ္တံ ရူပံ သမုဋ္ဌာပေတီ”တိ ပါဠိ အတ္ထိ --
ဟု ဆောင်ပြီး၍ “အဋ္ဌကထာဆရာလည်း ခပ်သိမ်းသော စုတိစိတ်ပင် ရုပ်ကို မဖြစ်စေနိုင်ဟု အလိုတော် ရှိသည်ပင်။ ရဟန္တာစုတိကား ထင်ရှားသည်ဖြစ်၍ ပဓာန နည်းအားဖြင့်သာ ဆိုသည်”ဟု ပြခြင်းငှါ --
“ခီဏာသဝါန”န္တိ ပန ဝိသေသနံ အပ္ပဋိသန္ဓိကနိရောဓန နိရုဇ္ဈန္တဿ တေသံ စုတိစိတ္တဿ ရူပသမုဋ္ဌာပနံ ပါကဋန္တိ ကတွာ ကတန္တိ ဒဋ္ဌဗ္ဗံ —
ဟု ဝိသုဒ္ဓိမဂ် ဋီကာ (မဟာ၊ဒု၊နှာ-၄၀၂-၌) မိန့်၏။
ဤသို့ စိတ္တဇရုပ်တို့၏ ဖြစ်ခြင်းကို ရှုအပ်၏။
ဥတုဇရုပ်တို့၏ ဖြစ်ဟန်ကို ရှုပုံ
ဥတု တဇ္ဇံ တပ္ပစ္စယံ၊
တပ္ပစ္စယော 'တုဇံ တထာ။
အာဟာရဇန္တိ ဝိဘာဂေါ၊
ပဉ္စဓာ ဧသ ဇာနိယော။
သင်္ဂဟဂါထာ
- ဥတု၊ စတုသမုဋ္ဌာန သီတုဏှတေဇောဓာတ်၎င်း။
- တဇ္ဇံ၊ ဌီသို့ရောက်သော ထိုဥတုသည် ဥပါဒိန္နကကို ပစ္စည်းရ၍ ဖြစ်စေအပ်သော ဥတုသမုဋ္ဌာနရုပ်၎င်း။
ထို စတုဇဥတု တို့တွင် ဥတုသမုဋ္ဌာနဥတုကား ဥပါဒိန္နိကကို အမှီ မရပဲလည်း ဗဟိဒ္ဓရုပ်ကို ဖြစ်စေနိုင်၏။ ဥတုသမုဋ္ဌာနာယေဝ ဟိ ဥတု ဥပါဒိန္နကေန ဝိနာ ရူပံ သမုဋ္ဌာပေတိ။ ဋီကာ (မဟာ၊ဒု၊နှာ-၄၀၄။)
- တပ္ပစ္စယံ၊ သဘာဂ, ဝိသဘာဂဖြစ်သော ထိုဥတုလျှင် ဖြစ်ကြောင်း ပျက်ကြောင်း ရှိသော စတုသမုဋ္ဌာန ဖြစ်သော ဥတုပစ္စယရုပ်၎င်း။
ယံ ဟိ ဥတုသမုဋ္ဌာနံ ပန္နရဝိဓံ ရူပံ, ယဉ္စ တဒညံ တိသန္တတိရူပံ။ တဿ သဗ္ဗဿပိ သဘာဂေါ ဥတု ဥပတ္ထမ္ဘကပစ္စယော ဟောတိ။ ဝိသဘာဂေါ ဥတု ဟိမာဒိ ဝိယ ပဒုမာဒီနံ ဝိသဒိသရူပုပ္ပတ္တိဟေတုဘူတံ ပုရိမရူပါ ဝိနာသေန္တော ဝိယ ဟောတိ။
ဋီကာ (ဒု၊နှာ-၄၀၄။)
- တပ္ပစ္စယံ ဥတုဇံ၊ ထိုရှေးမူလဥတုလျှင် အထောက်အပံ့ရှိသော ဥပါဒိန္နအဘို့၌ တည်၍သော်လည်း အဓွန့်ရှည်လျား အဆက်များလှ ဥတုဇ ဖြစ်သော ဥတုပစ္စယ ဥတုသမုဋ္ဌာနရုပ်၎င်း။
- တထာ၊ ထိုအတူ ဥတုလျှင် အထောက် အပံ့ ရှိသော။
- အာဟာရဇံ၊ ပဋိသန္ဓေနောက် တသတ္တာဟ နှစ်သတ္တာဟ ရောက်၍ ဗဟိဒ္ဓဩဇာ ကိုယ်၌ ပျံနှံ့သောအခါ အဇ္ဈတ္တဥတုဩဇာ ဟူသော အာဟာရမှ ဆယ်ဆက် ဆဲ့နှစ်ဆက်ဖြစ်၍ သွားသော အာဟာရဇ အဋ္ဌကလာပ် ဟူသော ဥတုပစ္စယအာဟာရ သမုဌာနရုပ်၎င်း။
- ဣတိ၊ ဤသို့။
- ပဉ္စဓာ၊ ငါးပါး အပြား အားဖြင့်။
- ဧသဝိဘာဂေါ၊ ဤဝေဘန်ခြင်းကို။
- ဇာနိယော၊ သိအပ်၏။
ဤသို့ ဥတုဇရုပ်တို့၏ နိဗ္ဗတ္တိကို ရှုအပ်၏။
အာဟာရဇရုပ်တို့၏ ဖြစ်ဟန်ကို ရှုပုံ
ဩဇာ တဇ္ဇံ တပ္ပစ္စယံ၊
တပ္ပစ္စယော 'တုဇံ တထာ။
အာဟာရဇန္တိ ဝိဘာဂေါ၊
ပဉ္စဓာ ဧသ ဇာနိယော။
သင်္ဂဟ ဂါထာ
- ဩဇာ၊ ကဗဠီကာရအာဟာရ၎င်း။
- တဇ္ဇံ၊ ကမ္မဇရုပ်ကို အထောက် အပံ့ရ၍ ထိုဥပါဒိန္န ကမ္မဇဘုတ်၌ တည်၍ ထိုသြဇာသည် ဖြစ်စေအပ်သော အာဟာရ သမုဋ္ဌာနရုပ်၎င်း။
- တပ္ပစ္စယံ၊ ထိုအာဟာရလျှင် ဇနက ဥပတ္ထမ္ဘက အကြောင်း ရှိသော စတုဇဖြစ်သော အာဟာရပစ္စယရုပ်၎င်း။
- တပ္ပစ္စယံ ဥတုဇံ၊ ထိုသြဇာလျှင် ဥပနိဿယပစ္စည်း ရှိသော ဆယ်ဆက် ဆဲ့နှစ်ဆက် သွားသော ဥတုဇကလာပ် ဟူသော အာဟာရ ပစ္စယ ဥတုသမုဋ္ဌနရုပ်၎င်း။
အာဟာရပစ္စယဥတုနောပိ ဥတုပစ္စယာဟာရဿဝိယ ဒသ ဒွါဒသ ဝါရေ ပဝတ္တိဃဋနာ ဝေဒိတဗ္ဗာ။ ဝုတ္တနယတ္တာ န ဥဒ္ဓဋန္တိ ဝဒန္တိ၊
ဋီကာ (မဟာဒု၊နှာ-၄၀၃)
- တထာ၊ ထို့အတူ ဩဇာလျှင် ဥပနိဿယ ပစ္စည်း ရှိသော။
- အာဟာရဇံ၊ ပဋိသန္ဓေနောက် တသတ္တာဟ နှစ်သတ္တာဟရောက်၍ ဗဟိဒ္ဓဩဇာ ကိုယ်၌ ပျံ့နှံ့သောအခါ အဇ္ဈတ္တအာဟာရဇဩဇာ ဟူသော အာဟာရမှ ဆယ်ဆက် ဆဲ့နှစ်ဆက် ဖြစ်၍ သွားသော အာဟာရဇကလာပ်ဟူသော အာဟာရပစ္စယ အာဟာရသမုဋ္ဌဌာနရုပ် ၎င်း။
- ဣတိ၊ ဤသို့။
- ပဉ္စဓာ၊ ငါးပါးအပြားအားဖြင့်။
- ဝါ၊ ငါးပါးအပြားရှိသော။
- ဧသ ဧသော ဝိဘာဂေါ၊ ဤဝေဖန်ခြင်းကို။
- ဇာနိယော၊ သိအပ်၏။
“ဒသ ဒွါဒသ ဝါရေ”တိ ဝတွာ ကထံ ဣမဿေဝ ဒသ ဒွါဒသ ဝါရေ ပဝတ္တိ ဃဋနာတိ အနုယောဂံ သန္ဓာယာဟ ဧကဒိဝသံ ပရိဘုတ္တာဟာရောတိ အာဒိ။
ဋီကာ (မဟာ၊ဒု၊နှာ-၄၀၃)
ဩဇရုပ်၏ အစွမ်းသတ္တိ
သကိံ ဘုတ္တာပိ သတ္တာဟံ၊
ဒိဗ္ဗာတွေ'ကဒွိမာသကံ။
မာတရာ ဘုတ္တဩဇာပိ၊
သရီရေ မက္ခိတာပိ စ။
သင်္ဂဟ ဂါထာ
- သကိံ ဘုတ္တာပိ၊ တကြိမ်စားသော ဩဇာသည်လည်း။
- သတ္တာဟံ၊ ခုနစ်ရက် ပတ်လုံး။
- ဥပတ္ထမ္ဘေတိ၊ ထောက်ပံ့၏။
- ဒိဗ္ဗာ တု၊ နတ်၌ဖြစ်သော ဩဇာသည်ကား။
- ဧကဒွိမာသကံ၊ တလ နှစ်လ ပတ်လုံး။
- ဥပတ္ထမ္ဘေတိ၊ ထောက်ပံ့၏။
- မာတရာ၊ အမိသည်။
- ဘုတ္တဩဇာပိ၊ စားအပ်သော ဩဇာသည်လည်း။
- ဒါရကသရီရေ၊ သူငယ်၏ကိုယ်၌။
- ရူပံ၊ ရုပ်ကို။
- သမုဋ္ဌာပေတိ၊ ချက်ရင်းဝင်ရောက် အကြောလျှောက်လျက် ဖြစ်စေ၏။
- သရီရေ၊ ကိုယ်၌။
- မက္ခိတာပိစ၊ လိမ်းကျံအပ်သော ဩဇာသည်လည်း။
- ရူပံ၊ ရုပ်ကို။
- သမုဋ္ဌာပေတိ၊ ဖြစ်စေ၏။
ကမ္မဇာဟာရော ဥပါဒိန္ဒကာဟာရော နာမ။ သောပိ ဌာနပ္ပတ္တော ရူပံ သမုဋ္ဌာပေတိ။ တကြာပိ ဩဇာ အညံ သမုဋ္ဌာပေတီတိ ဧဝံ စတဿော ဝါ ပဉ္စ ဝါ ပဝတ္တိယော ဃဋေတိ --
ဟု အဋ္ဌကထာ (ဝိသုဒ္ဓိ၊ဒု၊နှာ-၂၅၁) ၌ ထပ်၍ လာပြန်သော ရုပ်ကား အထူး မဟုတ်။ ယခင် ကမ္မပစ္စယ အာဟာရသမုဋ္ဌာနရုပ် အဆက်ဆက် ပင်တည်း။
ဤသို့ အာဟာရဇရုပ်တို့၏ ဖြစ်ခြင်းကို ရှုအပ်၏။
ဤစတုဇရုပ်တို့၌ အသမ္ဘေဒ (မရောနှောခြင်း) အားဖြင့် ဆက်သကဲ့သို့ သမ္ဘေဒ (ရောနှောခြင်း) အားဖြင့် ကမ္မဇာဟာရသမုဋ္ဌာနဥတုမှ၎င်း၊ ကမ္မဇောတုသမုဋ္ဌာနာဟာရ မှ၎င်း၊ ကမ္မပစ္စယစိတ္တဇာဟာရသမ္မဋ္ဌာနဥတုမှ၎င်း၊ ကမ္မပစ္စယစိတ္တဇောတုသမုဋ္ဌာနာဟာရ မှ၎င်း ဆက်သင့်သေး၏ - ဟု ဋီကာ မိန့်၏။
ဤဆိုပြီးသည့်အတိုင်း စတုဇရုပ်တို့၏ ဖြစ်ပုံကို မှတ်သားလျက် ပဋိသန္ဓေစိတ်၏ ဥပါဒ်မှ စ၍ စိတ်၏ ဥပါဒ်တိုင်း ဌီတိုင်း ဘင်တိုင်း ဂဗ္ဗသေယျက သတ္တဝါတို့အား ကမ္မဇကလာပ် သုံးစည်း၊ ဥပပါတ် သံသေဒဇ ပုဂ္ဂိုလ်တို့အား ခုနစ်စည်း၊ ဗြဟ္မာတို့အား လေးစည်း ဖြစ်ကုန်၏။ ဤကား ကံ၏ သားတို့တည်း။
ဥတုဇရုပ် စတင်ဖြစ်ပေါ်ခြင်း
ထိုကံ၏ သားတို့၌ပါသော တေဇောဓာတ်တို့သည် ပဋိသန္ဓေစိတ်၏ ဌီမှစ၍ မိမိတို့ဌီသို့ အရောက် အရောက်တွင် ဥတုအဋ္ဌက ကလာပ် တစည်းစီ ဖြစ်စေကုန်၏။ ဤကား ကံ၏ မြေးတို့တည်း။
ထိုမြေးတို့၌ ပါသော တေဇောဓာတ်တို့သည် ပဋိသန္ဓေစိတ်၏ ဘင်မှစ၍ မိမိတို့၏ ဌီသို့ အရောက် အရောက်တွင် ဥတုဇအဋ္ဌက ကလာပ် တစည်းစီ ဖြစ်စေကုန်၏။ ဤကား ကံ၏ မြစ်တို့တည်း။ ဤနည်းတူ တီ မြှော့ ကျွတ် တိုင်အောင် လေးဆက် ငါးဆက် ဖြစ်ကုန်၏။
စိတ္တဇရုပ် စတင်ဖြစ်ပေါ်ခြင်း
ပထမဘဝင်ဥပါဒ်မှ စ၍ ဥပါဒ်တိုင်း ဥပါဒ်တိုင်း စိတ္တဇ ကလာပ်တို့သည် ဖြစ်ကုန်၏။ ထိုစိတ်၏ သားတို့၌ ပါသော တေဇောဓာတ်တို့မှလည်း ရှေးနည်းတူ မြေး မြစ် တီ တိုင်အောင် နှစ်ဆက် သုံးဆက် သွား၏။
အာဟာရဇရုပ် စတင်ဖြစ်ပုံ
ဂဗ္ဘသေယျက သတ္တဝါတို့အား တသတ္တာဟ နှစ်သတ္တာဟ ရောက်သောအခါ ဥပပါတ် သံသေဒဇ သတ္တဝါတို့အား မိမိတံထွေးကို မျိုသောအခါ အာဟာရဇကလာပ် တို့သည် ဖြစ်ကုန်၏။ ထို အာဟာရ၏ သားတို့၌ ပါသော တေဇောဓာတ် တို့မှလည်း ရှေးနည်းတူ ဆယ်ဆက် ဆဲ့နှစ်ဆက် သွား၏။
ဗဟိဒ္ဓ သီတု'ဏှနှင့် တွေ့သောအခါ ဥတုဇ ကလာပ်တို့သည် ဖြစ်ကုန်၏။ ထိုဥတု၏ သားတို့၌ ပါသော တေဇောဓာတ်တို့မှလည်း ရှေးနည်းတူ အဓွန့် ကြာရှည် မရေမတွက်နိုင် ကမ္ဘာပျက်သည် တိုင်အောင်ပင် အဆက်ဆက် ဖြစ်ကုန်၏။
ဤသို့လျှင် ပဋိသန္ဓေမှစ၍ ဖြစ်ကုန်သော ရုပ်တရားတို့သည် သားစဉ် မြေးဆက် ပွါး၍ သစ်ပင်တို့၏ ခွမြွာခြင်းကဲ့သို့ များပြားစွာ ကုန်၏။
ဤသို့ သုတမယ အနုမာနဉာဏ်ဖြင့် အဖန်ဖန် ရူပနိဗ္ဗတ္တိကို ရှုအပ်၏။ နောင် အားရှိသည့်အခါ ပစ္စက္ခပင် မြင်လတ္တံ့။ ဓမ္မပ္ပဝတ္တိ၏ တိုသောကာလ ရှိခြင်းကြောင့် နိဗ္ဗတ္တိကို မြင်လျှင် ဘင်ကိုလည်း မြင်တော့သည်။
န ဟိ နိဗ္ဗတ္တိမတ္တဒဿနံ သမ္မသနံ နာမ ဟောတိ။ ဥဒယဝယဒဿနဉ္စ အဓိကတန္တိ။ ဧသ နယော ဣတော ပရေသုပိ နိဗ္ဗတ္တိဂ္ဂဟဏေသု။[၁]
ဋီကာ (ဒု၊နှာ-၄၀၄)
ဤသို့လျှင် ရူပနိဗ္ဗတ္တိကို ရှုခြင်းသည် ရံခါ ရုပ်ကို သုံးသပ်သည် မည်၏။
[၁။ အဖြစ်ကို မြင်ရုံမျှဖြင့် သမ္မသနဉာဏ်မဖြစ်။ ဖြစ် ပျက် ကိုမြင်မှသာ သမ္မသနဉာဏ်ဖြစ်သည်။ ဤနေရာ၌ “နိဗ္ဗတ္တိ” ပုဒ်အရ “ဖြစ် ပျက်” (ဥဒယဝဃ) ကို ဆိုလိုသည်။]
နာမ်တို့၏ ဖြစ်ဟန်ကို ရှုပုံ
နာမ်ကို သုံးသပ်လိုသော ပုဂ္ဂိုလ်သည်လည်း လောကိစိတ္တုပ္ပါဒ် နာမ်တရားတို့၏ဖြစ်ခြင်း နိဗ္ဗတ္တိ ကို ရှုအပ်၏။ ရှုဟန်ကား ---
ဝီထိသင်္ဂဟ၌ ပြခဲ့ပြီးသော ပဋိသန္ဓေဝီထိ ပဉ္စဒွါရဝီထိ မနောဒွါရဝီထိအတိုင်း ပဋိသန္ဓေမှစ၍ ဖြစ်ကုန်သော လောကိစိတ္တုပ္ပါဒ်တို့၏ အစဉ်ကို ဆင်ခြင်၍ --
“ဤနာမ်တရားတို့သည် ရှေးဘဝက အားထုတ်ခဲ့ဘူးသောကံ ဤဘဝ၌ ဒွါရ အာရုံ အလင်း နှလုံးသွင်းခြင်း စသော အကြောင်း တို့ကြောင့် ထိုက်သည်အားလျော်စွာ ပဋိသန္ဓေမှစ၍ ဖြစ်ကြကုန်၏ --
ဟု နာမ်တရားတို့၏ ဖြစ်လားကို ရှုအပ်၏။
ဤသို့ အရူပနိဗ္ဗတ္တိကို ရှုခြင်းသည် ရံခါ နာမ်ကို သုံးသပ်သည် မည်၏။ ဤသို့ ရံခါ ရုပ်ကို ရံခါ နာမ်ကို ရှုပြီး၍လည်း လက္ခဏာရေးသုံးပါး တင်လျက် ဥဒယဗ္ဗယဉာဏ် စသော အစဉ်ဖြင့် တက်၍ အချို့ပုဂ္ဂိုလ်သည် အရဟတ္တမဂ် ဖိုလ် တိုင်အောင် ရ၏။
ရုပ်သတ္တက တို့၏ အစွမ်းဖြင့် သုံးသပ်ပုံ
သို့မှ ပညာဘာဝနာ မပြည့်စုံသေး မူကား --
ရူပေသု မနသိကာရသတ္တကံ ရူပသတ္တကံ၊ရူပဓမ္မေသု သတ္တဟာကာရေဟိ မနသိကာရောတိ အတ္တာ ဝေ အရူပသတ္တကမ္မံ ဝေဒိတဗ္ဗ--
ဟူသော ဋီကာ (မဟာ၊ဒု၊နှာ-၄၀၅)နှင့် အညီ ရူပသတ္တက, အရူပသတ္တက တို့၏ အစွမ်းဖြင့် လက္ခဏာရေးသုံးပါးသို့ တင်၍ သင်္ခါရတို့ကို သုံးသပ်အပ်ကုန်၏။
ထိုတွင် ရူပသတ္တက ဟူသည်ကား --
[ရူပသတ္တက = ရုပ်တရားတို့၌ အခြင်းအရာ ၇-မျိုးဖြင့် နှလုံးသွင်းဆင်ခြင်ခြင်း။]
အာဒါန နိက္ခေပနတော၊
ဝယောဝုဒ္ဓတ္ထဂါမိတော။
အာဟာရတော စ ဥတုတော၊
ကမ္မတော စာပိ စိတ္တတော။
ဓမ္မတာရူပတော သတ္တ၊
ဝိတ္တာရေန ဝိပဿတိ။
ပေါရာဏဂါထာ
- အာဒါန နိက္ခေပနတော၊ ဘဝသစ်ကိုယူခြင်း ဘဝဟောင်းကို စွန့်ပစ်ခြင်း အားဖြင့်၎င်း။
- ဝယောဝုဒ္ဓတ္ထဂါမိတော၊ အရွယ်ကြီးရင့်ပြီးသော ရုပ်တို့၏ ချုပ်ခြင်းသို့ ရောက်သော အားဖြင့်၎င်း။
- အာဟာရတော စ၊ အကြောင်း ဖြစ်သော အာဟာရအားဖြင့်၎င်း။
- ဥတုတော၊ အကြောင်းဖြစ်သော ဥတုအားဖြင့်၎င်း။
- ကမ္မတော စာပိ၊ အကြောင်းဖြစ်သော ကံအားဖြင့်၎င်း။
- စိတ္တတော၊ အကြောင်းဖြစ်သော စိတ်အားဖြင့်၎င်း။
- ဓမ္မတာရူပတော၊ ဝိဝိဓဝဏ္ဏ သဏ္ဌာန ကမ္မနိရပေက္ခ သဘာဝသိဒ္ဓဖြစ်သော သံ ကြေး မြေ ကျောက် စသည်ပြားသော ဓမ္မတာရုပ်အားဖြင့်၎င်း။
- ဣတိ၊ ဤသို့။
- သတ္တ = သတ္တဓာ၊ ခုနစ်ပါးသော အခြင်းအရာတို့ဖြင့်။
- ဝိတ္တာရေန၊ အကျယ်အားဖြင့်။
- ဝိပဿတိ၊ ထိုထိုကောဋ္ဌာသသို့ တိလက္ခဏကိုတင်၍ ဆင်ခြင်သုံးသပ်အပ်၏။
အာဒါန နိက္ခေပနအားဖြင့် လက္ခဏာရေးတင်ပုံ
လက္ခဏာရေးသုံးပါး တင်ဟန်ကား - အနှစ်တရာဖြင့် ပိုင်းခြားအပ်သော ပဋိသန္ဓေ စုတိတို့၏ အကြား ဘူတရုပ် ဥပါဒါရုပ် အပြားရှိသော ရုပ်တို့ကို အာရုံပြု၍ --
ဧတ္ထေန္တရ သဗ္ဗေ သင်္ခါရာ ဥပ္ပါဒဝယဝုတ္တိတော ဝိပရိဏာမတော တာဝကာလိကတော နိစ္စပဋိက္ခေပတော စ အနိစ္စာ။ ဥပ္ပန္နာ သင်္ခါရာ ဌိတိံ ပါပုဏန္တိ၊ ဋ္ဌိတိယံ ဇရာယ ကိလမန္တိ၊ ဇရံ ပတွာ အဝဿံ ဘိဇ္ဇန္တိ၊ တသ္မာ အဘိဏှသမ္ပဋိပိဠနတော ဒုက္ခမတော ဒုက္ခဝတ္ထုတော သုခပဋိက္ခေပတော စ၊ ဒုက္ခာ။ “ဥပ္ပန္နာ သင်္ခါရာ ဌိတိံ မာ ပါပုဏန္တု၊ ဌာနပ္ပတ္တာ မာ ဇီရန္တု၊ ဇရပ္ပတ္တာ မာ ဘိဇ္ဇန္တူ”တိ ကဿစိ ဝသဝတ္တိဘာဝေါ နတ္ထိ။ သုညာ တေန ဝသဝတ္တနာကာရေန၊ တသ္မာ သုညတော အဿာမိကတော အဝသဝတ္တိတော အတ္တပဋိက္ခေပတော စ အနတ္တာ”- ဟု တင်အပ်၏။
- ဧတ္ထေန္တရေ၊ ဤ အာဒါန နိက္ခေပနအကြား၌။
- ပဝတ္တာ၊ ဖြစ်ကုန်သော။
- သဗ္ဗေ၊ ခပ်သိမ်းကုန်သော။
- သင်္ခါရာ၊ ဘူတရုပ် ဥပါဒါရုပ်အားဖြင့် ပြားကုန်သော သင်္ခါရတရားတို့သည်။
ရူပဓမ္မေသု ဟိ ဣဒံ သမ္မသနဝိဓာနံ။
ဋီကာ (မဟာ၊ဒု၊နှာ-၄၀၆။)
အနိစ္စဖြစ်ပုံ
- ဥပ္ပါဒ ဝယ ဝုတ္တိတော စ၊ ဖြစ်ခြင်း ချုပ်ခြင်း၏ အစွမ်းဖြင့် ဖြစ်ခြင်းကြောင့်၎င်း။
- ဝိပရိဏာမတော စ၊ ဇရာ မရဏ အားဖြင့် ဖောက်ပြန်တတ် ဇရာ မရဏသည် ဖောက်ပြန်စေ အပ်သည်၏ အဖြစ်ကြောင့်၎င်း။
- ဝါ၊ ဖောက်ပြန်ယိုယွင်း ပျက်စီးခြင်းကြောင့်၎င်း။
- တာဝအာလိကတော စ၊ ထိုရွေ့ကာလ တခဏမျှ တည်ခြင်းကြောင့်၎င်း။
- နိစ္စပဋိက္ခေပတော စ၊ မြဲသည့်အဖြစ်ကို ပယ်တတ်ခြင်းကြောင့်၎င်း။
- အနိစ္စာ၊ အမြဲမရှိကုန်။
အနိစ္စဓမ္မာ ဟိ တေနေဝ အတ္တနော သဘာဝေန ဇာနန္တာနံ နိစ္စတံ ပဋိက္ခိပန္တိ နာမ။
ဋီကာ(မဟာ၊ဒု၊နှာ-၄၀၆။)
ဒုက္ခဖြစ်ပုံ
- ဥပ္ပန္ဒာ၊ ဖြစ်ပေါ်လာကုန်သော။
- သင်္ခါရာ၊ သင်္ခါရတို့သည်။
- ဌိတိံ ၊ ဌီသို့။
- ပါပုဏန္တိ၊ ရောက်ကုန်၏။
- ဋ္ဌိတိယံ၊ ဌီ၌။
- ဇရာယ၊ ရင့်ရော်အိုမင်းခြင်းဖြင့်။
- ကိလမန္တိ၊ ပင်ပန်းကုန်၏။
- ဇရံ၊ ရင့်ရော်အိုမင်းခြင်းသို့။
- ပတွာ၊ ရောက်ကုန်ပြီး၍။
- အဝဿံ၊ မချွတ်စင်းစင်း။
- ဘိဇ္ဇန္တိ၊ ပျက်စီးကုန်၏။
- တသ္မာ၊ ထို့ကြောင့်။
- အဘိဏှ သမ္ပဋိ ပီဠနတောစ၊ ဇာတိ ဇရာ မရဏသည် မပြတ်နှိပ်စက်အပ်ခြင်းကြောင့်၎င်း။
- ဝါ၊ ဥပါဒ် ဇရာ ဘင်အားဖြင့် ပုဂ္ဂိုလ်ကို နှိပ်စက်တတ်ခြင်းကြောင့်၎င်း။
- ဒုက္ခမတော စ၊ သည်းခံခက်ခြင်းကြောင့်၎င်း။
- ဒုက္ခဝတ္ထုတော စ၊ သုံးပါးသောဒုက္ခ သံသရာဒုက္ခ တို့၏ တည်ရာအဖြစ်ကြောင့်၎င်း။
- သုခပဋိက္ခေပတော စ၊ သုခ၏ ပဋိပက္ခဖြစ်၍ ချမ်းသာသော အဖြစ်ကို ပယ်တတ်ခြင်း ကြောင့်၎င်း။
- ဒုက္ခာ၊ ဆင်းရဲကုန်၏။
သုခပဋိပက္ခဘာဝတော ဒုက္ခံ သုခံ ပဋိက္ခိပတိ နိဝါရေတိ။ ဒုက္ခဝစနံ ဝါ အတ္ထတော သုခံ ပဋိက္ခိပတီတိ အာဟ “သုခပဋိက္ခေပတော”တိ။
ဋီကာ (ဝိဘင်းမူလဋီ၊နှာ-၃၇။)
“တသ္မာနောင်၊ ဟိတ်ကိုဆောင်၊ တူအောင် အနက်ကြံ” ဟူသော နိယံနှင့် အညီ သော်လည်း “တသ္မာ”ကို ဟိတ်လေးပုဒ်နှင့် ပေါင်း၍ သမ္ဗန်။
အနတ္တ - အစိုးမရပုံ
- ဥပ္ပန္နာ၊ ဥပါဒ်ကုန်သော။
- သင်္ခါရာ၊ သင်္ခါရတို့သည်။
- ဌိတိံ၊ ဌီသို့။
- မာ ပါပုဏန္တု၊ မရောက်ပါစေကုန်လင့်။
ဥပ္ပန္နာတိ ဣမိနာ ဥပ္ပါဒက္ခဏသမင်္ဂိတာ ဝုတ္တာ။
ဋီကာ (မဟာ၊ဒု၊နှာ၊၄၀၇။)
- ဌာနပ္ပတ္တာ၊ ဌီဟူသော အိုခြင်းသို့ ရောက်ကုန်သော သင်္ခါရတို့သည်။
- မာ ဇိရန္တု၊ အိုမစွမ်း၍ ပင်ပန်း မရှိပါစေကုန်လင့်။
ဌာနပ္ပတ္တာ မာ ဇိရန္တူတိ ကသ္မာ ဝုတ္တံ။ နနု အတ္ထတော ဌိတိ ဧဝ ဇရာတိ၊ သစ္စမေတံ၊ ဧရာဝသေန ပန ယော ကိလမထော၊ သော ဣဓ ဧရာဂ္ဂဟဏေန ဂဟိတောတိ ဒဋ္ဌဗ္ဗံ။
ဋီကာ (မဟာ၊ဒု၊နှာ-၄၀၇။)
- ဇရပ္ပတ္တာ၊ အိုခြင်းသို့ရောက်ကုန်သော သင်္ခါရတို့သည်။
- မာ ဘိဇ္ဇန္တု၊ မပျက်ပါစေကုန်လင့်။
- ဣတိ၊ ဤသို့။
- ကဿစိ၊ တစုံတယောက်သောသူ၏။
- ဝသဝတ္တိဘာဝေါ၊ အလိုသို့လိုက်တတ်သော အဖြစ်သည်။
- နတ္ထိ၊ မရှိ။
- တေန ဝသဝတ္တနာကာရေန၊ ထိုအလိုသို့ လိုက်တတ်သော အခြင်းအရာမှ။
- သုညာ၊ ဆိတ်ကုန်၏။
န ဟိ လက္ခဏညထတ္တံ ကေနစိ ကာတုံ သက္ကာ။ ဘာဝညထတ္တမေဝ ဟိ ဣဒ္ဓိဝိသယော။
ဋီကာ (ဒု၊နှာ-၄၀၇)
- တသ္မာ၊ ထို့ကြောင့်။
- သုညတောစ၊ နိဝါသီ ကာရက ဝေဒက အဓိဋ္ဌာယကမှ ဆိတ်ခြင်းကြောင့်၎င်း။
- အဿာမိကတော စ၊ စိုးပိုင်သခင် အရှင် မရှိခြင်းကြောင့်၎င်း။
ဧတေန အနတ္တနိယကံ ဒဿေတိ။
ဋီကာ (မဟာ၊ဒု၊နှာ-၄၀၇)
- အဝသ ဝတ္တိတောစ၊ အလိုသို့ လိုက်ခြင်းမရှိ လိုက်စေနိုင်သူမရှိသည့် အဖြစ် ကြောင့်၎င်း။
သမ္မော အဋ္ဌကထာ (နှာ-၄၅) ၌ကား “အကာမကာရိယတော" ရှိ၏။ “န ဣဒံ ကဿစိ ကာမကာရိယံ။ နာပိ ဧတဿ ကိဉ္စိ ကာမကာရိယံ အတ္ထီတိ “အကာမကာရိယံ" ။မူလဋီကာ (ဒု၊နှာ-၃၈) ဖွင့်သည့်အတိုင်း အနက်သမ္ဗန်။
- အတ္တပဋိက္ခေပတောစ၊ သူမိုက်တို့ ကြံဆအပ်သော ကိုယ်ကောင်ကို ပယ်တတ်ခြင်းကြောင့်၎င်း။
- အနတ္တာ၊ ကိုယ်ကောင် မဟုတ်ကုန်။
“သုညတော”တိအာဒိနာ ဟိ ဓမ္မာနံ ဗာဟိရက ပရိကပ္ပိတ အတ္တဝိရဟော ဝုတ္တော။ ဣမိနာ ပန အတံသဘာဝတော အတ္တာ န ဟောတီတိ။
ဋီကာ (မဟာ၊ဒု၊နှာ-၄၀၇။)
- ဣမိနာ ပန၊ ဤအတ္တပဋိက္ခေပတော ပုဒ်ဖြင့်ကား-ပေး။
ဝယောဝုဍ္ဎတ္ထင်္ဂမ အားဖြင့် လက္ခဏာရေး တင်ပုံ
ဤသို့ အာဒါနနိက္ခေပန [၁]အ စွမ်း ဖြင့် ဝဿသတ ပရိစ္ဆိန္နရုပ်၌ လက္ခဏာရေး သုံးပါးကို တင်ပြီး၍ ဝယောဝုဒ္ဓတ္ထင်္ဂမန [၂] အားဖြင့် တင်အပ်၏။ တင်ဟန်ကား --
[၁။ အာဒါန = ယူခြင်း၊ ယူအပ်သော ဘဝသစ် (=ဇာတိ)။ နိက္ခေပန = စွန့်ခြင်း၊ ပစ်လွှင့်ခြင်း၊ စွန့်ပစ်အပ်သော ဘဝဟောင်း (=မရဏ) ။ အာဒါန နိက္ခေပန = အသစ်နှင့် အဟောင်း၊ ပဋိသန္ဓေ နေခြင်း သေခြင်း။
၂။ အရွယ်ကြီးရင့်လာ၍ ချုပ်ပျောက် ပျက်စီးခြင်း (ဝယ = အရွယ်။ ဝုဒ္ဓ = ကြီးရင့်။ အတ္ထ = ချုပ်ပျောက်ခြင်း။ ဂမန = ရောက်ခြင်း။)]
ပထမဝယေ ပဝတ္တံ ရူပံ မဇ္ဈိမဝယံ အပ္ပတွာ တတ္ထေဝ နိရုဇ္ဈတိ၊ တသ္မာတံ အနိစ္စံ ဒုက္ခံ အနတ္တာ။ မဇ္ဈိမဝယေ ပဝတ္တမ္ပိ ပစ္ဆိမဝယံ အပ္ပတွာ။ ပစ္ဆိမဝယေ ပဝတ္တမ္ပိ မရဏတော ပရံ အဂန္တွာ တတ္ထ တတ္ထေ၀ နိရုဇ္ဈတိ၊ တသ္မာ တမ္ပိ အနိစ္စ ဒုက္ခံ အနုတ္တာ --
ဟု ရှုပြီးလျှင် --
မန္ဒံ ခိဋ္ဋံ ဝဏ္ဏံ ဗလံ၊
ပညာဒသက ဟာနိ စ။
ပဗ္ဘာရံ ဝင်္ကံ, မောမူဟံ၊
သယနံ ဒသကာ ဒသ။
ဟူသော ဒသက ဆယ်ခုတို့၏ အစွမ်းဖြင့် --
ပထမဒသကေ ပဝတ္တံ ရူပံ ဒုတိယဒသကံ အပ္ပတွာ။ပ။ ဒသမဒသကေ ပဝတ္တ ရူပမ္ပိ ပုနဗ္ဘဝံ အပ္ပတွာ တတ္ထ တတ္ထေဝ နိရုဇ္ဈတိ၊ တသ္မာ တံ အနိစ္စံ ဒုက္ခံ အနတ္တာ --
ဟု ရှုအပ်၏။
ထို့နောင် “ပထမေ ဝဿပဉ္စကေ ပဝတ္တံ ရူပံ ဒုတိယံ ဝဿပဉ္စကံ အပ္ပတွာ တတ္ထေ၀ နိရုဇ္ဈတိ၊ တသ္မာ တံ အနိစ္စံ ဒုက္ခံ အနတ္တာ”စသည်ဖြင့် ငါးနှစ် လေးနှစ် သုံးနှစ် နှစ်နှစ် တနှစ်စီ ခွဲ၍ ရှုအပ်၏။
ထို့နောင် တနှစ်ကို ဒက္ခိဏာယန, ဥတ္တရာယန နှစ်ပါး။ ဝဿာန ဟေမန္တ ဂိမှ ဥတုကြီး သုံးပါး။ ဝဿာန သရဒ ဟေမန္တ သိသိရ ဝဿန္တ ဂိမှ ရတုငယ် ခြောက်ပါး။ ဝိသာခမာသ (=ကဆုန်လ) စသော လ တဆဲ့နှစ်ပါး ခွဲ၍ ရှုအပ်၏။
ထို့နောင် တလကို ကာဠပက္ခ ဇုဏှပက္ခ ခွဲ၍ ရှု။
တနေ့ကို ရတ္တိ ဒိဝသ နှစ်ပါး။ ပုဗ္ဗဏှ မဇ္ဈနှ သာယနှ ပထမယာမ မဇ္ဈိမယာမ ပစ္ဆိမယာမ ခြောက်ပါး ခွဲ၍ ရှုအပ်၏။
ထို့နောင် အတိက္ကမ ပဋိက္ကမ အာလောကန ဝိလောကန သမိဉ္စန ပသာရဏ ဟူသော ရှေ့သို့တက်ခြင်း နောက်သို့ဆုတ်ခြင်း တူရူ ကြည့်ခြင်း တစောင်း ကြည့်ခြင်း ကွေးခြင်း ဆန့်ခြင်း ကြိယာခြောက်ပါး ခွဲ၍ ရှုအပ်၏။
ထို့နောင် ဥဒ္ဓရဏ အတိဟရဏ ပီတိဟရဏ ဝေါသဇ္ဇန သန္နိက္ခေပန သနိရုဇ္ဈန ဟူသော ခြေကြွခြင်း ခြေကိုရှေ့သို့ဆောင်ခြင်း ခါနုကဏ္ဍက စသည် တို့ကြောင့် ထိုမှ ဤမှ ခြေကို ဆောင်ခြင်း၊ ခြေကို အောက်သို့ လွှတ်ခြင်း၊ ခြေကို မြေ၌ ချထားခြင်း၊ ဒုတိယ ခြေကို ကြွသောအခါ ပထမ ခြေကို မြေ၌ ကြပ်ကြပ် နှိပ်ခြင်း အားဖြင့် ခြေတလှမ်းကို ခြောက်ခြမ်း ခြောက်ဘို့ပြု၍---
ယာ ဥဒ္ဓရဏေ ပဝတ္တာ ဓာတုယော ယာနိ စ တဒုပါဒါယရူပါနိ၊ သဗ္ဗေ တေ ဓမ္မာ အတိဟရဏံ အပ္ပတွာ ဓတ္ထေဝ နိရုဇ္ဈန္တိ၊ တသ္မာ အနိစ္စာ ဒုက္ခာ အနတ္တာ။ပ။ ဣတိ တတ္ထ တတ္ထ ဥပ္ပန္နာ ဣတရံ ဣတရံ ကောဋ္ဌာသံ အပ္ပတွာ တတ္ထ တတ္ထေဝ ပဗ္ဗံ ပဗ္ဗံ သန္ဓိ သန္ဓိ ဩဓိ ဩဓိ ဟုတွာ တတ္တကပါလေ ပက္ခိတ္တတိလာ ဝိယ တဋတဋာယန္တာ သင်္ခါရာ ဘိဇ္ဇန္တိ၊ တသ္မာ အနိစ္စာ, ဒုက္ခာ အနတ္တာ ---
ဟု-ရှုအပ်၏။
ထိုတွင် ဥဒ္ဓရဏ အတိဟရဏ, ဝီတိဟရဏ သုံးပါးတို့၌ လဟုကဓာတ်နှစ်ပါး လွန်သည်။ နောက် သုံးပါး၌ ဂရုကဓာတ်နှစ်ပါး လွန်သည်-ဟု အဋ္ဌကထာ (ဒု၊နှာ-၂၅၇)၌ မိန့်၏။
- ဣတိ ဧဝံ၊ ဤသို့။
- တတ္ထ တတ္ထ၊ ထိုထို ဥဒ္ဓရဏ စသော ကောဋ္ဌာသ၌။
- ဥပ္ပန္နာ၊ ဖြစ်ကုန်သော။
- သင်္ခါရာ၊ ဘူတရုပ် ဥပါဒါရုပ် ဖြစ်ကုန်သော သင်္ခါရ တို့သည်။
- ဣတရံ ဣတရံ ကောဋ္ဌာသံ၊ ဤမှတပါး ဤမှ တပါးသော အဘို့သို့။
- အပ္ပတွာ၊ မရောက်မူ၍။
- တတ္ထ တတ္ထေဝ၊ ထိုထို အဘို့၌ပင်လျှင်။
- ပဗ္ဗံ ပဗ္ဗံ၊ အဆစ် အဆစ်။
- သန္ဓိ သန္ဓိ၊ အစပ် အစပ်။
- ဩဓိ ဩဓိ၊ အပိုင်း အပိုင်း။
- ဟုတွာ၊ ဖြစ်၍။
- တတ္တကပါလေ၊ ခြစ်ခြစ်ပူသော အိုးခင်း၌။
- ပက္ခိတ္တတိလာ ဝိယ၊ ထည့်အပ်သော နှမ်းတို့ကဲ့သို့။
- တဋတဋာယန္တာ၊ ဖျစ်ဖျစ်အသံပြုကုန်၏သို့။
- သင်္ခါရာ၊ ဘူတရုပ် ဥပါဒါရုပ်အားဖြင့် ပြားကုန်သော သင်္ခါရတရားတို့သည်။
- ဘိဇ္ဇန္တိ၊ ပျက်ပြားကုန်၏။
- တသ္မာ၊ ထို့ကြောင့်။
- အနိစ္စာ၊ အမြဲမရှိကုန်။
- ဒုက္ခာ၊ ဆင်းရဲကုန်၏။
- အနတ္တာ၊ ကိုယ်မဟုတ်ကုန်။
ခက်ရာ၌ အနက်။
ဤ အားလုံးကို တပေါင်းတရုံးတည်း ရှုမှတ်လို မူကား --
အကျဉ်းချုပ် လင်္ကာ
သုံးပါးသက်ရွယ်၊ ဆယ် ဒသက၊
ပဉ္စကတည်း၊ စတုက တိ၊
ဒွိ နှင့် ဧက၊ သုံးဝ ဥတု၊
ရတု ခြောက်သွယ်၊ လကွယ် လဆန်း၊
ဒိဝန်း ရတ္တိ၊ ဆဗ္ဗိအခါ၊
ကိရိယာ ဆ၊ ဥဒ္ဓရ ဟု၊
စသည်ခြောက်ခု၊ ထိုထိုစု၌၊
ရှိမှုဥဿုံ၊ အလုံးစုံသည်၊
ရွေ့တုံမဖြစ်၊ တဆစ်တရပ်၊
တစပ်တသင်း၊ နှမ်းအိုးခင်းထက်၊
နှမ်းစေ့ကျက်သို့၊ ကွဲပျက် ကြေမွ၊
အနိစ္စသည်၊ ဒုက္ခ အနတ္တချည်းတည်း -
ဟူ၍ ရှုအပ်၏၊
ဤသို့လျှင် အဆစ်အဆစ် ဖြစ်၍ ပျက်ကုန်သော သင်္ခါရတို့ကို ရှုသော ယောဂီ၏ သမ္မသနဉာဏ်သည် စွမ်းသန် သိမ်မွေ့ခြင်းသို့ ရောက်၏။ ဆီမီးကို မမြင်ဘူးသော ကြည်းတောသားသည် အန္တရာပဏ [၁] ၌ တောက်ပသောဆီမီးကို မြင်၍ မြို့သားများကို အသီးအသီး ပြောပြ သွန်သင်သဖြင့် ချည်တမျှင်မှသည် ချည်တမျှင်သို့ မီးလျှံမရောက် ချုပ်ပျောက်ပျက်စီး၍ နေ၏ ဟူသည်တိုင်အောင် သိသကဲ့သို့တည်း။
[၁။ အန္တရ = အတွင်း။ အာပဏ = ဈေး။]
အာဟာရမယရုပ်ကို လက္ခဏာရေး တင်ပုံ
ထိုနောင် အာဟာရမယရုပ်၌ လက္ခဏာရေး သုံးပါးကို တင်အပ်၏။ တင်ဟန်ကား ---
“ဆာတကာလေ ပဝတ္တံ ရူပံ သုဟိတကာလံ အပ္ပတွာ ဧတ္ထေဝ နိရုဇ္ဈတိ၊ သုဟိတကာလေ သမုဋ္ဌိတမ္ပိ ဆာတကာလံ အပ္ပတွာ ဧတ္ထေ၀ နိရုဇ္ဈတိ၊ တသ္မာ တံ အနိစ္စံ ဒုက္ခံ အနတ္တာ”ဟု တင်အပ်၏။
ဆာတ ကာလေ၊ ငတ်မွတ်ခေါင်းပါး မစားဆာလောင် ဝမ်းဗိုက်ချောင်သော အခါ၌။
ပဝတ္တံ ရူပံ၊ ဖြစ်သောရုပ်သည်။
သုဟိတကာလံ၊ ဆူဖြိုးဝပြော စားရသော အခါသို့။
အပ္ပတွာ၊ မရောက်မူ၍။
ဧတ္ထေဝ၊ ဤ ဆာလောင်သောအခါ၌ပင်လျှင်။
နိရုဇ္ဈတိ၊ ချုပ်၏။
သုဟိတကာလေ၊ ဆူဖြိုးဝပြော စားရသော အခါ၌။
သမုဋ္ဌိတမ္ပိ၊ ဖြစ်စေအပ်သော ရုပ်သည်လည်း။
ဆာတကာလံ၊ ဆာလောင်သော ကာလသို့။
အပ္ပတွာ၊ မရောက်မှု၍။
ဧတ္ထေဝ၊ ဤဝပြောသော အခါ၌ပင်လျှင်။
နိရုဇ္ဈတိ၊ ချုပ်၏။
တသ္မာ၊ ထို့ကြောင့်။
တံ၊ ထိုရုပ်သည်။
အနိစ္စံ၊ အမြဲမရှိ။
ဒုက္ခံ၊ ဆင်းရဲ၏။
အနတ္တာ၊ အတ္တမဟုတ်။
ဥတုမယရုပ်ကို လက္ခဏာရေးတင်ပုံ
ထိုနောင် ဥတုမယရုပ်၌ တိလက္ခဏာကို တင်အပ်၏။
“ဥဏှကာလေ ပဝတ္တံ ရူပံ သီကကာလံ အပ္ပတွာ ဧတ္ထေဝ နိရုဇ္ဈတိ၊ သီတကာလေ ပဝတ္တံ ရူပံ ဥဏှကာလံ အပ္ပတွာ ဧတ္ထေဝ နိရုဇ္ဈတိ၊ တသ္မာ တံ အနိစ္စံ ဒုက္ခံ အနတ္တာ”ဟု တင်အပ်၏။
ကမ္မဇရုပ်ကို လက္ခဏာရေးတင်ပုံ
ထိုနောင် ကမ္မဇရုပ်၌ တိလက္ခဏကိုတင်၍ သုံးသပ်အပ်၏။ တင်ဟန်ကား -- စက္ခုဒွါရ၌ စက္ခု ကာယ ဘာဝဒသက အားဖြင့် ကမ္မဇရုပ် သုံးဆယ်၊ ဥပတ္ထမ္ဘက ဖြစ်သော တိဇရုပ် နှစ်ဆဲ့လေး [၂] အားဖြင့် ပေါင်း ငါးဆဲ့လေး ဖြစ်၏။
[၂။ စိတ် ဥတု အာဟာရကြောင့် ဖြစ်သော အဋ္ဌကလာပ်ရုပ် ၈-ပါးစီအားဖြင့် တိဇရုပ် ၂၄-ဖြစ်၏။]
သောတ ဃာန ဇိဝှါဒွါရတို့၌လည်း နည်းတူ ငါးဆဲ့လေးစီ ဖြစ်၏။
ကာယဒွါရ၌ကား စက္ခုဒသက စသည်ကို နုတ်၍ လေးဆဲ့လေး ဖြစ်၏။ မနောဒွါရ၏ မှီရာဖြစ်၍ မနောဒွါရ-ဟု ဆိုအပ်သော ဟဒယဝတ္ထု၌ ဝတ္ထု ကာယ ဘာဝဒသက ဥတုသမုဋ္ဌာန စသည်တို့၏ အစွမ်းဖြင့် ငါးဆဲ့လေး ဖြစ်၏။ ဤ အလုံးစုံသော ရုပ်ကို သိမ်းဆည်း၍ --
“စက္ခုဒွါရေ ပဝတ္တံ ရူပံ သောတဒွါရံ အပ္ပတွာ ဧတ္ထေဝ နိရုဇ္ဈတိ။ပ။ ကာယဒွါရေ ပဝတ္တံ ရူပံ မနောဒွါရံ အပ္ပတွာ ဧတ္ထေဝ နိရုဇ္ဈတိ။ တသ္မာ တံ အနိစ္စံ ဒုက္ခံ အနတ္တာ”ဟု တင်အပ်၏။
စိတ္တသမုဋ္ဌာနရုပ်ကို လက္ခဏာရေး တင်ပုံ
ထိုနောင် စိတ္တသမုဋ္ဌာနရုပ်၌ တင်အပ်၏။ တင်ဟန်ကား --
“သောမနဿိတကာလေ ပဝတ္တံ ရူပံ ဒေါမနဿိတကာလံ အပ္ပတွာ ဧတ္ထေ၀ နိရုဇ္ဈတိ၊ ဒေါမနဿိတကာလေ ပဝတ္တံ ရူပံ သောမနဿိတကာလံ အပ္ပတွာ ဧတ္ထေ၀ နိရုဇ္ဈတိ၊ တသ္မာ တံ အနိစ္စံ ဒုက္ခံ အနတ္တာ”ဟု တင်အပ်၏။
သောမနဿိတကာလေ၊ ဖြစ်သော ဝမ်းမြောက်ခြင်း ရှိသောအခါ၌။
ဒေါမနဿိတကာလေ၊ ဒေါမနဿသို့ ရောက်သော ကာလ၌။
အနက်ပေး။
ဤသို့စိတ္တဇရုပ်ကို သိမ်းဆည်းလျက် တိလက္ခဏသို့ တင်သော ယောဂီအား --
ဇီဝိတံ အတ္တဘာဝေါ စ၊
သုခဒုက္ခာ စ ကေဝလာ။
ဧကစိတ္တသမာယုတ္တာ၊
လဟုသော ဝတ္တတေ ခဏော။
စုလ္လာသီတိ သဟဿာနိ၊
ကပ္ပံ တိဋ္ဌန္တိ ယေ မရူ။
န တွေ၀ တေပိ တိဋ္ဌန္တိ၊
ဒွိစိတ္တေဟိ သမောဟိတာ။
ယေ နိရုဒ္ဓါ မရန္တဿ၊
တိဋ္ဌမာနဿ ဝါ ဣဓ။
သဗ္ဗေပိ သဒိသာ ခန္ဓာ၊
ဂတာ အပ္ပဋိသန္ဓိကာ။
အနန္တရာ စ ယေ ဘဂ္ဂါ၊
ယေ စ ဘဂ္ဂါ အနာဂတေ။
တဒန္တရာ နိရုဒ္ဓါနံ၊
သမံ နတ္ထိ လက္ခဏေ။
အနိဗ္ဗတ္တေန န ဇာတော၊
ပစ္စုပ္ပန္နေန ဇီဝတိ။
စိတ္တဘင်္ဂါ မတော လောကော၊
ပညတ္တိ ပရမတ္ထိယာ။
အနိဓာနဂတာ ဘဂ္ဂါ၊
ပုဉ္ဇော နတ္ထိ အနာဂတေ။
နိဗ္ဗတ္တာ ယေပိ တိဋ္ဌန္တိ၊
အာရဂ္ဂေ သာသပူပမာ။
နိဗ္ဗတ္တာနဉ္စ ဓမ္မာနံ၊
ဘင်္ဂေါ နေသံ ပုရက္ခတော။
ပလောကဓမ္မာ တိဋ္ဌန္တိ၊
ပူရာဏေဟိ အမိဿိတာ။
အဒဿနတော အာယန္တိ၊
ဘဂ္ဂါ ဂစ္ဆန္တျဒဿနံ။
ဝိဇ္ဇုပ္ပါဒေါ၀ အာကာသေ၊
ဥပ္ပဇ္ဇန္တိ ဝယန္တိ စ။
ဤသို့ သင်္ခါရတို့၏ အလွန် တိုသော ခဏရှိသည့်အဖြစ် တည်းဟူသော အနက် သဘောသည် ထင်ရှားလာ၏။
ဇီဝိတံ၊ ဇီဝိတိန္ဒြေသည်၎င်း။
အတ္တဘာဝေါ စ၊ ဝေဒနာ ဇိဝိတ စိတ်မှကြွင်းသော အတ္တဘောသည်၎င်း။
သုခဒုက္ခာစ၊ ဆင်းရဲ ချမ်းသာ ဝေဒနာတို့သည်၎င်း။
ကေဝလာ၊ မြဲသောဟူသည် ကိုယ်ဟူသည်နှင့် ဆံခြည်ခြမ်းမျှ မရောမယှက် သက်သက်ဖြစ် ကုန်သော ဝေဒနာ ဇီဝေါ အတ္တဘောတို့သည်။
ဧကစိတ္တသမာယုတ္တာ၊ တချက်တချက်သော စိတ္တက္ခဏနှင့်တကွ ယှဉ်စပ်ကုန်၏။
ခဏော၊ စိတ်တချက် နှင့်သာယှဉ်လျက်ဖြစ်သော ဝေဒနာ ဇီဝေါ အတ္တဘောတို့၏ ခဏသည်။
လဟုသော၊ တိုဆောလျှင်မြန်သည်ဖြစ်၍။
ဝတ္တတေ၊ ဖြစ်၏။
ယေ မရူ၊ အကြင် နတ်တို့သည်။
စုလ္လာသီတိ သဟဿာနိ ကပ္ပံ၊ မဟာကပ် ရှစ်သောင်းလေးထောင် တိုင်တိုင် --
> “ကပ္ပန္တိ” စ သာမညသေန ဧကဝစနံ။ ဋီကာ (ဒု၊နှာ-၄၁၁။)
တိဋ္ဌတိ၊ တည်ကုန်၏။
တေပိ၊ ထို နေဝသညာနာသညာယတန နတ်တို့သည်လည်း။
ဒွိစိတ္တေဟိ၊ စိတ္တက္ခဏ နှစ်ချက်တို့နှင့်။
သမောဟိတာ၊ တက္ခဖြစ်ကုန်၏။
နတွေဝ တိဋ္ဌန္တိ၊ မတည်ကုန်သည်သာလျှင်တည်း။
မရန္တဿ၊ သေသူ။
နိရုဒ္ဓါ၊ စုတိရောက်၍ ချုပ်ပျောက်လေကုန်သော။
ယေ ခန္ဓာ ဝါ၊ အကြင် ခန္ဓာငါးပါးတို့သည်၎င်း။
ဣဓ၊ ဤပဝတ္တိအခါ၌။
တိဋ္ဌမာနဿ၊ ထင်ရှားတည်ရှိသောသူ။
နိရုဒ္ဓါ၊ ဘင်သို့ရောက်၍ ချုပ်ပျောက်လေကုန်သော။
ယေ ခန္ဓာ ဝါ၊ အကြင် ခန္ဓာငါးပါးတို့သည်၎င်း။
သန္တိ၊ ရှိကုန်၏။
သဗ္ဗေပိ၊ အလုံးစုံလည်း ဖြစ်ကုန်သော။
တေ ခန္ဓာ၊ ထိုချုပ်ပျောက်လေကုန်သော သေသူ ရှင်သူ နှစ်ပါးတို့၏ ခန္ဓာတို့သည်။
သဒိသာ၊ စင်စစ် တူမျှကုန်၏။
အပ္ပဋိသန္ဓိကာ၊ တဖန်ပြန်နစ် ပေါ် ဖြစ် စေ့စပ်ခြင်း မရှိကုန်ပဲ။
ဂတာ၊ ကင်းပျောက် ကွယ်ရှား ချုပ်သွားကုန်၏။
အနန္တရာ၊ အခြားမဲ့ကုန်သော။
ယေ စ၊ အကြင်ခန္ဓာတို့သည်လည်း။
ဘဂ္ဂါ၊ ချုပ်ပျက်လေကုန်ပြီ။
အနာဂတေ၊ အခြားမဲ့ အနာဂတ်စိတ္တက္ခဏ၌။
ယေ စ၊ အကြင်ခန္ဓာတို့သည်လည်း။
ဘဂ္ဂါ၊ ချုပ်ပျောက် ပျက်စီးကုန်လတ္တံ့။
တေဟိ၊ ထိုပျက်ပြီး ပျက်လတ္တံ့ ခန္ဓာတို့နှင့်။
တဒန္တရာနိရုဒ္ဓါနံ၊ ထိုနှစ်ခုအကြား၌ ချုပ်ဆဲ ကုန်သော ပစ္စုပ္ပန်ခန္ဓာတို့၏။
လက္ခဏေ၊ ဘင်္ဂလက္ခဏ၌။
ဝါ၊ ဘင်္ဂလက္ခဏာကြောင့်။
ဝေသမံ၊ မတူ ထူးခြား ကွဲပြားခြင်းသည်။
နတ္ထိ၊ မရှိ။
အနိဗ္ဗတ္တေန၊ ဖြစ်ဆဲမဟုတ်သော အတိတ် အနာဂတ်စိတ်ဖြင့်။
န ဇာတော၊ သတ္တဝါဖြစ်သည်မဟုတ်။
ပစ္စုပ္ပန္နေန၊ ဖြစ်ဆဲစိတ်ဖြင့်သာလျှင်။
ဇီဝတိ၊ အသက်ရှင်သည် မည်၏။
စိတ္တဘင်္ဂါ၊ ဘင်သို့ရောက်၍ စိတ်တိုင်း ချုပ်ပျောက်ခြင်းကြောင့်။
လောကေ၊ သတ္တလောကသည်။
မတော၊ ခါခါထပ်ထပ် ဆတ်ဆတ် သေသည်မည်၏။
ဧဝံ သန္တေပိ၊ သို့ပင်ပုံသေ သေ၍နေသော်လည်း။
ပညတ္တိ၊ တည်ဆဲ တည်ဆဲ စိတ်ကိုစွဲလျက် အသက်ရှင်၏ ဟူသောစကားဖြစ်ခြင်း၏ အရာ “သန္တာနပညတ်”သည်။
ပရမတ္ထိယာ = ပရမတ္တဘူတာ၊ “နာမ ဂေါတ္တံ န ဇီရတိ” ဆိုဘိသည့်နဲ အမြဲနိယတ် ပရမတ် ကဲ့သို့ ဖြစ်၍ နေ၏။
ဘဂ္ဂါ၊ ချုပ်ပျက်ပြီးကုန်သော သင်္ခါရတို့သည်။
အနိဓာနနဂတာ၊ ငြိမ်းလေပြီးသည့် ဆီမီးပမာ သိုမှီးရာမရှိသော အဖြစ်သို့ ရောက်လေ ကုန်ပြီ။
အနာဂတေ၊ မဖြစ်သေးမီ အနာဂတ်၌။
ပုဉ္ဇော၊ လာ၍ဖြစ်ဘို့ရာ အပုံအစုသည်။
နတ္ထိ၊ မရှိနှင့်လေ။
ယေပိ၊ အကြင်ပစ္စုပ္ပန် သင်္ခါရတို့သည်လည်း။
နိဗ္ဗတ္တာ၊ ဖြစ်ပေါ်လာကုန်သည်ဖြစ်၍။
တိဋ္ဌန္တိ၊ တည်ကုန်၏။
တေပိ၊ ထိုပစ္စုပ္ပန်တို့သည်လည်း။
အာရဂ္ဂေ၊ အပ်သွား ပွတ်ဆောက်ဖျား၌။
သာသပူပမာ၊ မုန်ညင်းစေ့တမူ တူသောဥပမာ ရှိကုန်သည်ဖြစ်၍။
တိဋ္ဌန္တိ၊ တည်ကုန်၏။
နိဗ္ဗတ္တာနံ၊ ဖြစ်ဆဲကုန်သော။
နေသဉ္စ ဓမ္မာနံ၊ ထိုပစ္စုပ္ပန်သင်္ခါရတို့၏လည်း။
ဘင်္ဂေါ၊ ချုပ်ပျက်ခြင်းသည်။
ပုရက္ခတော၊ ရှေ့သွားပြုအပ်သော သဘောတည်း။
တေ၊ ထို ပစ္စုပ္ပန်သင်္ခါရတို့သည်။
ပူရာဏေဟိ၊ ရှေးဟောင်းပူရာဏ် အတိတ်ခန်တို့နှင့်။
အမိဿိတာ၊ ရောဆုံဆက်ထိ မပေါင်းမိကုန်ပဲ။
ပလောကဓမ္မာ၊ ပျက်စီးခြင်းသဘော ရှိကုန်သည်ဖြစ်၍။
တိဋ္ဌန္တိ၊ ကည်ရကုန်၏။
အဒဿနတော၊ မမြင်ရရာ အနာဂတ အဘာ၀ အဖြစ်မှ။
အာယန္တိ၊ လာ၍ အသစ် ပေါ် ဖြစ်ကုန်၏။
ဘဂ္ဂါ၊ ချုပ်ပျက်ကုန်မြို့သည် ရှိသော်လည်း။
အဒဿနံ၊ မမြင်ရရာ အဘာဝစစ် အတိတ်အဖြစ်သို့။
ဂစ္ဆန္တိ၊ ရောက်လေကုန်၏။
အာကာသေ၊ ပဇ္ဇုန်ရိုက်ချုန်း ခြိမ့်အုန်းထက်ခွင် မိုးကောင်းကင်၌။
ဝိဇ္ဇုပ္ပါဒေါ ဣဝ၊ ပြိုးပြက်လျှံလင်း လျှပ်စစ်၏ ဖြစ်ခြင်းကဲ့သို့။
ဥပ္ပဇ္ဇန္တိ စ၊ ဖြစ်လည်း ဖြစ်ကုန်၏။
ဝယန္တိ စ၊ ပျက်လည်း ပျက်ကုန်၏။
ဓမ္မတာရုပ်ကို လက္ခဏာရေး တင်ပုံ
ထိုနောင် ဓမ္မတာရုပ်၌ တိလက္ခဏကို တင်အပ်၏။ ဝိဝဋ္ဋဋ္ဌာ ကပ်ကမ္ဘာ တည်သည်မှ စ၍ အလိုလိုဖြစ်ကြသော သံ ကြေး သလွဲ ပုလဲ ရွှေ ငွေ တောင် မြေ သစ်ပင်စသော ဝိညာဏ်ကင်းသော ရုပ်ဟူသမျှသည် ဓမ္မတာရုပ် မည်၏။ ထိုတွင် ထင်ရှားသော ပန်းသုံးညွန့် သရက်ညွန့် သုံးပန်လှပန်း ရင်ကပ်ပန်း စသည်၌ တင်အပ်၏။ ပန်းသုံးညွန့်၌ တင်ဟန်ကား ---
တနုရတ္တကာလေ ပဝတ္တရူပံ ဃနရတ္တကာလံ အပ္ပတွာဝ နိရုဇ္ဈတိ၊ ဃနရတ္တကာလေ ပဝတ္တရူပံ။ပ။ မန္ဒရတ္တ ... တရုဏပလ္လဝဝဏ္ဏ .. ပရိဏတပလ္လဝဝဏ္ဏ .. ဟရိတပဏ္ဏဝဏ္ဏ ... နီလပဏ္ဏဝဏ္ဏ ... ပဏ္ဍုပလာသကာလေ ပဝတ္တရူပံ ဝဏ္ဏတော ဆိဇ္ဇိတွာ ပတနကာလံ အပ္ပတွာဝ နိရုဇ္ဈတိ၊ တသ္မာ တံ အနိစ္စံ ဒုက္ခံ အနတ္တာ --
ဟု တင်အပ်၏။
တနုရတ္တ = နုနုနီ။
ဃနရတ္တ = ရင့်ရင့်နီ။
မန္ဒရတ္တ = ပြေပြေနီ။
တရုဏပလ္လဝဝဏ္ဏ = ရွက်နုညွန့်အဆင်း။
ပရိဏတ ပလ္လဝ = ရွက်ရင့်။
ဟရိတပဏ္ဏ = စိမ်းလဲ့သော အရွက်။
နီလပဏ္ဏဝဏ္ဏ = ကျီးတောင်ညိုရွက်အဆင်း။
ပဏ္ဍုပလာသ ကာလေ၊ သစ်ရွက်ရော်အခါ၌။
ပဝတ္တရူပံ၊ ဖြစ်သောရုပ်သည်။
ဝဏ္ဏတော၊ အညှာမှ။
ဆိဇ္ဇိတွာ၊ ကြွေ၍။
ပတနကာလံ၊ ကျသောအခါသို့။
အနက်ပေး၊
ဤနည်းကို မှီလျက် ဓမ္မတာရုပ်အားလုံးကို သုံးသပ်အပ်၏။
ရူပသက ပြီး၏။
အရူပသတ္တက (နာမ်၌ရှုပုံ ၇-မျိုး)
အရူပသတ္တက ဟူသည်ကား ---
ကလာပတော ယမကတော၊
ခဏိကာ ပဋိပါဋိတော။
ဒိဋ္ဌိမာနဥဂ္ဃါဋနာ၊
နိကန္တိပရိယာဒနာ။
ဣစ္စေဝံ သတ္တဓာ နာမံ၊
ဝိတ္ထာရေန ဝိပဿတိ။
သင်္ဂဟ ဂါထာ
ကလာပတော၊ နာမ်တရား အပေါင်းအစု အားဖြင့်၎င်း။
ယမကတော၊ အစုံအစုံ အားဖြင့်၎င်း။
ခဏိကာ၊ ခဏိက အားဖြင့်၎င်း။
ပဋိပါဋိတော၊ အစဉ်အားဖြင့်၎င်း။
ဒိဋ္ဌိမာန ဥဂ္ဃါဋနာ၊ ဒိဋ္ဌိကိုပယ်ဖြတ် မာနကိုသတ်သော အားဖြင့်၎င်း။
နိကန္တိပရိယာဒနာ၊ တဏှာကို ကုန်စေသောအားဖြင့်၎င်း။
ဣစ္စေဝံ၊ ဤသို့။
သတ္တဓာ၊ ၇-ပါးအပြားဖြင့်။
ဝိတ္တာရေန၊ အကျယ်အားဖြင့်။
နာမံ၊ နာမ်ကို။
ဝိပဿတိ၊ ရှု၏။
ကလာပ်အားဖြင့် သုံးသပ်ပုံ
ထို ခုနှစ်ပါးတို့တွင် ကလာပအားဖြင့် သုံးသပ်ဟန်ကား အောက် ရူပသတ္တက၌ သုံးသပ်ခဲ့ သော ဝိပဿနာစိတ္တုပ္ပါဒ်ကို တပေါင်းတည်း အာရုံပြု၍ --
ယံ သတ္တသု ဌာနေသု 'ရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ'တိ ပဝတ္တံ စိတ္တံ၊ တမ္ပိ အနိစ္စံ ဒုက္ခံ အနတ္တာ။
ဟု-သုံးသပ်အပ်၏။
သတ္တသု ဌာနေသု၊ ရူပသတ္တက ခုနစ်ဌာနတို့၌။
ရူပံ အနိစ္စံ ဒုက္ခံ အနတ္တာတိ၊ ရုပ်သည် အနိစ္စ ဒုက္ခ အနတ္တပါတကား ဟူ၍။
ပဝတ္တံ၊ ဖြစ်သော။
ယံ စိတ္တံ၊ အကြင် စိတ္တုပ္ပါဒ်သည်။
အတ္ထိ၊ ရှိ၏။
တမ္ပိ၊ ထို ဝိပဿနာစိတ္တုပ္ပါဒ်သည်လည်း။
အနိစ္စံ၊ အမြဲမရှိ။
ဒုက္ခံ၊ ဆင်းရဲ၏။
အနတ္တာ၊ အတ္တမဟုတ်။
ဤကား အရိယဝံသ ကထာနည်းတည်း။
ဝိသုဒ္ဓိကထာ၌ကား -- အောက်၌မသုံးသပ်ခဲ့ဘူးသေးသော ကေသ လောမ စသည်ကို သုံးသပ်ပြီး၍ အဆုံး၌ --
ယေ ဣမေ ကေသာ အနိစ္စာ ဒုက္ခာ အနတ္တာတိ သမ္မသနေ ဥပ္ပန္နာ ဖဿ ပဉ္စမကာ ဓမ္မာ။ ယေစ လောမာ။ပ။ ယေ စ မတ္တလုင်္ဂံ အနိစ္စ ဒုက္ခံ အနတ္တာတိ သမ္မသနေ ဥပ္ပန္နာ ဖဿပဉ္စမကာ ဓမ္မာ၊ သဗ္ဗေ တေ ဣတတရံ အပ္ပတွာ ပဗ္ဗံ ပဗ္ဗံ ဩဓိ ဩဓိ ဟုတွာ တတ္တ ကပါလေ ပက္ခိတ္တ တိလာ ဝိယ တဋတဋာယန္တာ ဝိနဋ္ဌာ၊ တသ္မာ အနိစ္စာ ဒုက္ခာ အနတ္တာ ---
ဟု-ဆင်ခြင်ရမည် ဟူ၏။ ကမ္မဋ္ဌာန်း အသစ်အသစ် ဖြစ်၍ မထင်ရှားနိုင်ရကား ယင်းစကား မသင့်။
> တထာ သတိ ကမ္မဋ္ဌာနံ နဝ နဝမေဝ သိယာ။
> ဋီကာ (မဟာ၊ဒု၊နှာ-၄၁၄)
အစုံအစုံအားဖြင့် သုံးသပ်ပုံ
ယမက အားဖြင့် သုံးသပ်ဟန်ကား---
> အယံ ဟိ ပုဗ္ဗေ ရူပသတ္တက ဝသေန သမ္မသိတွာ ဌိတောပိ ဣဒါနိ အာဒါန နိက္ခေပါဒိဝသေ သမ္မသိတွာဝ တံ သမ္မသတိ။ ခဏိကတော သမ္မသနာဒီသုပိ ဧသေဝ နယော။ —
> ဟူသော ဋီကာ (ဒု၊နှာ-၄၁၄) နှင့် အညီ
အာဒါန, နိက္ခေပနာနံ အန္တရေ သဗ္ဗေပိ သင်္ခါရာ ဥပ္ပါဒဝယဝတ္တိတော။ပ။ အတ္တပဋိက္ခေပတော စ အနတ္တာ။ ယံ ဧတသ္မိံ ရူပ သမ္မသနေ အနိစ္စံ ဒုက္ခံ အနတ္တာတိ ပဝတ္တံ စိတ္တံ၊ ဣဒမ္ပိ အနိစ္စံ ဒုက္ခံ အနတ္တာ။ ဝယောဝုဒ္ဓတ္ထင်္ဂမံ ရူပံ။ အာဟာရဇံ ...။ ဥတုဇံ ...။ ကမ္မဇံ ...။ စိတ္တဇံ ရူပံ ... ။ ဓမ္မတာ ရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ။ ယံ ဧတသ္မိံ ရူပသမ္မသနေ အနိစ္စံ ဒုက္ခံ အနုတ္တာတိ ပဝတ္တံ စိတ္တံ၊ ဣဒမ္ပိ အနိစ္စံ ဒုက္ခံ အနတ္တာ။
ဟူ၍ ရူပသတ္တက၌ ပြခဲ့သည့်အတိုင်း ရုပ်ကို၎င်း၊ ထိုရုပ်လျှင် အာရုံရှိသော ဝိပသာနာစိတ္တုပ္ပါဒ် နာမ်ကို၎င်း၊ ဤရုပ် နာမ် နှစ်ခုကို အစုံအစုံပြု၍ ရှုအပ်၏။
ခဏိကအားဖြင့် ရှုပုံ
ခဏိကအားဖြင့် ရှုဟန်ကား -- ရူပသတ္တကကို၎င်း ထို ရုပ်ကိုအာရုံပြုသော ပထမဝိပဿနာစိတ်ကို၎င်း, ထိုစိတ်ကို အာရုံပြုသော ဒုတိယဝိပဿနာစိတ် ကို၎င်း, ထို ဒုတိယစိတ်ကို အာရုံ ပြုသော တတိယစိတ်ကို၎င်း, ထိုစိတ်ကို အာရုံပြုသော စတုတ္ထဝိပဿနာ စိတ်ကို၎င်း အဆင့်ဆင့် အာရုံပြု၍ --
အာဒါန နိက္ခေပရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ။ ဣဒမ္ပိ ပထမစိတ္တံ အနိစ္စံ ဒုက္ခံ အနတ္တာ။ ဣဒမ္ပိ ဒုတိယစိတ္တံ။ပ။ ဣဒမ္မိ တတိယစိတ္တံ။ပ။ ဣဒမ္ပိ စတုတ္ထံ စိတ္တံ အနိစ္စံ ဒုက္ခံ အနတ္တာ။ ဝယောဝုဒ္ဓတ္ထင်္ဂမံ ရူပံ ... အာဟာရဇ ရူပံ ... ဥတုဇ ရူပံ .. ကမ္မဇ ရူပံ ... စိတ္တဇ ရူပံ... ဓမ္မတာ ရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ။ ဣဒမ္ပိ ပထမစိတ္တံ။ပ။ ဣဒမ္ပိ စတုတ္ထစိတ္တံ အနိစ္စံ ဒုက္ခံ အနတ္တာ --
ဟု စတုတ္ထ ဝိပဿနာစိတ် တိုင်အောင် သုံးသပ် အပ်၏။
> ဧဝံ ရူပပရိဂ္ဂါဟကစိတ္တတော ပဋ္ဌာယ စတ္တာရိ စတ္တာရိ စိတ္တာနိ သမ္မသန္တော ခဏိကတော သမ္မသတိ နာမ။
> အဋ္ဌကထာ (ဝိသုဒ္ဓိဒု၊နှာ-၂၆၂)
> သမ္မသိတသမ္မသိတစိတ္တသမ္မသနေန တေသံ ခဏိကဘာဝဿ ဝိဘာဝနတော ဣဒံ သမ္မသနံ “ခဏိကတော သမ္မသန”န္တိ ဝုတ္တံ။
> ဋီကာ (ဒု၊နှာ-၄၁၄)
အစဉ်အားဖြင့် သုံးသပ်ပုံ
ပဋိပါဋိအားဖြင့် သုံးသပ်ဟန်ကား -- ခဏိကနည်းအတိုင်း အာဒါန နိက္ခေပနရုပ်သည် အနိစ္စ ဒုက္ခ အနတ္တ။ ဤဒုတိယ ဝိပဿနာစိတ်လည်း အနိစ္စ ဒုက္ခ အနတ္တ။ပ။ ဤဒသမ ဝိပသာနာစိတ် လည်း အနိစ္စ ဒုက္ခ အနတ္တ၊ ဝယော ဝုဒ္ဓတ္ထင်္ဂမ ရုပ်လည်း အနိစ္စ ဒုက္ခ အနတ္တ။ ဤဒုတိယ ဝိပဿနာစိတ်လည်း။ပ။ ဤဒသမဝိပသာနာစိတ် လည်း အနိစ္စ ဒုက္ခ အနတ္တ။ ဤသို့ စသည်ဖြင့် ဒသမဝိပသနဉာဏ် စိတ္တုပ္ပါဒ် တိုင်အောင် သုံးသပ်အပ်၏၊
> ဝိပဿနာ ပဋိပါဋိယာ သကလမ္ပိ ဒိဝသဘာဂံ သမ္မသိတုံ ဝဋ္ဋေယျ။ ယာ၀ ဒသမစိတ္တသမ္မသနာ ပန ရူပကမ္မဋ္ဌာနမ္ပိ အရူပကမ္မဋ္ဌာနမ္ပိ ပဂုဏံ ဟောတိ၊ တသ္မာ ဒသမေယေဝ ဌပေတဗ္ဗန္တိ ဝုတ္တံ။
> အဋ္ဌကထာ (ဒု၊နှာ-၂၆၂)
> “ဝဋ္ဋေယျာ”တိ သမ္ဘဝေယျ။ တထာ သတိ ပဋိပါဋိသမ္မသနပသုတာ ဧဝ ဘာဝနာ သိယာ။ န မူလကမ္မဋ္ဌာနုပကာရိနီ။ န စာယံ သမာပတ္တိစာရော။ ယသ္မာ စ တတ္တကေန ရူပဓမ္မေသု အရူပဓမ္မေသု စ အနိစ္စာဒိလက္ခဏာနိ သုဋ္ဌု ဝိဘူတာနိ ဟောန္တိ၊ တသ္မာ ဝုတ္တံ “ယာဝ ဒသမစိတ္တသမ္မသနာ။ပ။ ဌပေတဗ္ဗ”န္တိ၊ ဝုတ္တန္တိ အရိယဝံသကထာယံ ဝုတ္တံ။
> ဋီကာ (ဒု၊ နှာ-၄၁၄)
ဒိဋ္ဌိ မာန တဏှာကိုပယ်ဖြတ်သော အားဖြင့် သုံးသပ်ပုံ
ဒိဋ္ဌိဥဂ္ဃါဋန မာနဥဂ္ဃါဋန နိကန္တိပရိယာဒါန သုံးပါးတို့၌ကား -- သုံးသပ်နည်း အသီး အခြား မရှိပြီ။ အောက် ရူပသတ္တက၌ ရုပ်ကို ဤ အရူပသတ္တက၌ နာမ်ကို သိမ်းဆည်း၍ မြင်ပြီးရကား နာမ်ရုပ်မှတပါး သတ္တဝါကို မမြင်၊ သညာဝိပလ္လာသ ပျောက်၏။ ယင်း ပျောက်လျှင် စိတ္တ ဒိဋ္ဌိဝိပလ္လာသ တို့သည် ပျောက်ကုန်၏။ ဒိဋ္ဌိ ပျောက်ကွာလျှင် ဒိဋ္ဌူပနိဿယ အပါယဂမနိယ မာန ပျောက်ကွာ၏။ မာန ပျောက်ကွာလျှင် သိမ်မွေ့ စွာသော တဏှာနိကန္တိ ကုန်ခန်း ပျောက်လွင့်လေတော့သည်။ ဤကား - ဝိသုဒ္ဓိကထာ ဝါဒတည်း။
အရိယဝံသ ကထာဝါဒကား “အဟံ ဝိပဿာမိ။ မမ ဝိပသာနာ”ဟု ယူလျှင် အတ္တဒိဋ္ဌိ ဖြစ်၏။ အတ္တဒိဋ္ဌိ ဖြစ်လျှင်လည်း ခပ်သိမ်းသောဒိဋ္ဌိ ဖြစ်တော့သည်။
> အတ္တဒိဋ္ဌိမူလိကာ ဟိ သဗ္ဗာဒိဋ္ဌိယော။
> ဋီကာ (မဟာ၊ဒု၊နှာ-၄၁၆)
၎င်းဒိဋ္ဌိသည် ဒိဋ္ဌိဝိသုဒ္ဓိ ကင်္ခါဝိတရဏဝိသုဒ္ဓိနှစ်ပါး ကို ရသဖြင့်ပင် ပျောက်ပပြီး မဟုတ်လောဟူမူ --
> မဂ္ဂေန ပန အသမုဂ္ဃါဋိတတ္တာ အနောဠာရိကာယ စ ဒိဋ္ဌိယာ ဝသေနေဝံ ဝုတ္တံ။
> ဋီကာ (ဒု၊နှာ-၄၁၅)
“သဋ္ဌု ဝိပဿာမိ။ မနာပံ ဝိပဿာမိ”ဟု ယူလျှင် မာနဖြစ်၏။
“ဝိပဿိတုံ သက္ကောမိ = တနေ့ပတ်လုံးပင် ရှုချင်၏ ရှုနိုင်၏”ဟု ဝိပဿနာကို သာယာ နှစ်သက်လျှင် တဏှာနိကန္တိ ဖြစ်၏။
သင်္ခါရာဝ သင်္ခါရေ ဝိပဿန္တိ သမ္မသန္တိ ဝဝတ္ထာပေန္တိ ပရိဂ္ဂဏှန္တိ ပရိစ္ဆန္နန္တိ။
(ဝိသုဒ္ဓိမဂ်၊ဋ္ဌ၊ဒု၊နှာ-၂၆၃)
သင်္ခါရတို့သည်သာလျှင် သင်္ခါရတို့ကိုရှုကုန်၏၊ သုံးသပ် မှတ်သား သိမ်းဆည်း ပိုင်းခြား ကုန်၏-ဟု ယူမှသာလျှင် ဒိဋ္ဌိ မာန နိကန္တိ ပျောက်ပကင်းသည်။
အထူးအားဖြင့်ကား --
- အနတ္တကို မြင်သဖြင့် ဒိဋ္ဌိပျောက်၏။
- အနိစ္စကိုမြင်သဖြင့် မာန ကင်းကွာ၏။
- ဒုက္ခကိုမြင်သဖြင့် နိကန္တိ ကုန်ခန်း၏။
ဤသို့ ဝိပဿနာသုံးရပ်တို့သည် သကသကဌာန၌ တည်ကြ၍ သကသက ကိစ္စကို ပြုတတ်ရကား သုံးသပ်နည်း အသီးအခြား ရှိသည်ပင်။ ဤကား အရိယဝံသ ကထာဝါဒတည်း။
ဤသို့လျှင် ဆိုခဲ့ပြီးအပ် အရပ်ရပ်သော နည်းတို့ဖြင့် သိမ်းဆည်းသုံးသပ်၍ သမ္မသနဉာဏ် သန်စွမ်း သဖြင့် ရူပါရူပကမ္မဋ္ဌာန်း လေ့လာဉာဏ် ထက်လတ်သော် အထက် ဘင်္ဂါနုပဿနာမှစ၍ ပဟာနပရိညာ၏ အစွမ်းဖြင့် အကြွင်းမဲ့ရောက်အပ် လတ္တံ့သော အနိစ္စာနုပဿနာစသော တဆဲ့ရှစ်ပါးသော မဟာဝိပဿနာတို့တွင် အချို့ကို သိသည် ဖြစ်၍ နိစ္စသညာစသော ဆန့်ကျင်ဖက် တရားတို့ကို ပယ်ရှား စွန့်ခွါနိုင်၏။
မဟာဝိပဿနာ ၁၈-ပါး
အဋ္ဌာရသမာဝိပဿနာဟူသည်ကား --
အနိစ္စာနုပဿနံ ဘာဝေန္တော နိစ္စသညံ ပဇဟတိ။
ဒုက္ခာနုပဿနံ ဘာဝေန္တော သုခသညံ ပဇဟတိ။
အနတ္တာနုပဿနံ ဘာဝေန္တော အတ္တသညံ ပဇဟတိ။
ဧဝံ နိဗ္ဗဒါနုပဿနံ နန္ဒိံ။
ဝိရာဂါနုပဿနံ ရာဂံ။
နိရောဓာနုပဿနံ သမုဒယံ။
ပဋိနိဿဂ္ဂါနုပဿနံ အာဒါနံ။
ခယာနုပဿနံ ဃနသညံ။
ဝယာနုပဿနံ အာယူဟနံ။
ဝိပရိဏာမာနုပဿနံ ဓုဝသညံ။
အနိမိတ္တာနုပဿနံ နိမိတ္တံ။
အပ္ပဏိဟိတာနုပဿနံ ပဏိဓိံ။
သုညတာနုပဿနံ အဘိနိဝေသံ။
အဓိပညာဓမ္မဝိပဿနံ သာရာဒါနာဘိနိဝေသံ။
ယထာဘူတဉာဏဒဿနံ သမ္မောဟာဘိနိဝေသံ။
အာဒီနဝါနုပဿနံ အာလယာဘိနိဝေသံ။
ပဋိသင်္ခါနုပဿနံ ဘာဝေန္တော အပ္ပဋိသင်္ခံ ပဇဟတိ။
ဝိဝဋ္ဋာနုပဿနံ ဘာဝေန္တော သံယောဂါဘိနိဝေသံ ပဇဟတိ။
ဟူသည်တည်း။ အချို့လွယ်၏။ ခက်ရာ၌ အနက်ကား --
နိဗ္ဗိဒါနုပဿနံ၊ ငြီးငွေ့သောအားဖြင့် သင်္ခါရကို အဖန်တလဲလဲ ရှုသော အနုပဿနာကို။
ဘာဝေန္တော၊ ပွါးစေသောယောဂီသည်။
နန္ဒိံ၊ နှစ်သက်ခြင်း သပ္ပီတိက တဏှာကို။
ပဇဟတိ၊ စွန့်ခွါ၏။
ဝိရာဂါနုပဿနံ၊ စက်ဆုပ်သော အခြင်းအရာဖြင့် အဖန်တလဲလဲရှုသော အနုပဿနာကို။
(ဘာဝေန္တော၊ ပွါးစေသောယောဂီသည်။
ရာဂံ၊ တပ်မက်မှု “ရာဂ” ကို။
ပဇဟတိ၊ စွန့်ခွါ၏။)
နိရောဓာနုပဿနံ၊ တဖန်မဖြစ် ချုပ်ကြောင်းဖြစ်သော အခြင်းအရာ အားဖြင့် အခါခါရှုသော အနုပဿနာကို။
ဘာဝေန္တော၊ ပွါးစေသောယောဂီသည်။
သမုဒယံ၊ တဖန်ဘဝသစ်၌ ဖြစ်ခြင်းကို။
ပဇဟတိ၊ စွန့်ခွါ၏။
ပဋိနိဿဂ္ဂါနုပဿနံ၊ တဖန်မယူ မစွဲလမ်းမူ၍ စွန့်လွှတ်ကြောင်းဖြစ်သော အနုပဿနာကို။
(ဘာဝေန္တော၊ ပွါးစေသောယောဂီသည်။)
အာဒါနံ၊ ဘဝသစ်ကို ယူခြင်းကို။
ဝါ၊ အနိစ္စအစရှိသောအားဖြင့် စွဲလမ်းခြင်းကို။
(ပဇဟတိ၊ စွန့်ခွါ၏။)
ခယာနုပဿနံ၊ သင်္ခါရတို့၏ ခဏဘင် ဟူသော ကုန်ခြင်းကို အဖန်တလဲလဲ ရှုသော အနုပဿနာကို။
ဘာဝေန္တော၊ ပွါးစေသောယောဂီသည်။
သနသညံ၊ သန္တတိ သမူဟ ကိစ္စ အာရုံအားဖြင့် မပြိုမကွဲ တလုံးတခဲတည်းဟု မှတ်မှားသော သညာကို။
ပဇဟတိ၊ စွန့်ခွါ၏။
(ဝယာနုပဿနံ၊ သင်္ခါရတို့၏ ခဏဘင် ဟူသော ပျက်ခြင်းကို အဖန်တလဲလဲ ရှုသော အနုပဿနာကို။
ဘာဝေန္တော၊ ပွါးစေသောယောဂီသည်။)
အာယူဟနံ၊ သင်္ခါရတို့ကို ပေါင်းစုရုံးစည်း ဆည်းပူးခြင်းကို ပြုသောတဏှာကို။
(ပဒဟတိ၊ စွန့်ခွါ၏။)
ဝိပရိဏာမာနုပဿနံ၊ ဇရာ မရဏံ ဘို့နှစ်တန်ဖြင့် ဖောက်ပြန် ညွတ်တိမ်းခြင်းကို အဖန်တလဲလဲ ရှုသော အနုပဿနာကို။
ဝါ၊ ရူပသတ္တက စသည်တို့၏ အစွမ်းဖြင့် သိမ်းဆည်း အပ်ပြီးသော တရား၏ ထိုထို အပိုင်းအခြားမှ နောက်၌ တပါးတခြား၏ အဖြစ်ကို အဖန်တလဲလဲရှုသော အနုပဿနာကို။
(ဘာဝေန္တော၊ ပွါးစေသောယောဂီသည်။
ဓုဝသညံ၊ မြဲ၏ဟူသော အမှတ်သညာကို။
ပဇဟတိ၊ စွန့်ခွါ၏။)
အနိမိတ္တာနုပဿနံ၊ အနိစ္စာနုပဿနာကို။
ဘာဝေန္တော၊ ပွါးစေသောယောဂီသည်။
နိမိတ္တံ၊ လုံးလုံး လျောင်းလျောင်း ပေါင်း၍ ကြာရှည် တည်၏ဟု ထင်သော သန္တတိ သမူဟ သင်္ခါရ နိမိတ်ကို။
ပဇဟတိ၊ စွန့်ခွါ၏။
အပ္ပဏိဟိတာနုပဿနံ၊ တောင့်တ တပ်မက် နှစ်သက်ဘွယ် မရှိဟု အခါခါ ရှုသော ဒုက္ခာနုပဿနာကို။
ဘာဝေန္တော၊ ပွါးစေသောယောဂီသည်။
ပဏိဓိံ၊ သုခကို တောင့်တခြင်း တဏှာကို။
ပဇဟတိ၊ စွန့်ခွါ၏။
သုညတာနုပဿနံ၊ အတ္တမှဆိတ်သည်ကို အခါခါရှုသော အနတ္တာနုပဿနာကို။
ဘာဝေန္တော၊ ပွါးစေသောယောဂီသည်။
အဘိနိဝေသံ၊ ကိုယ်ဟူ၍မှားသော နှလုံးသွင်းခြင်းကို။
ပဇဟတိ၊ စွန့်ခွါ၏။
အဓိပညာဓမ္မဝိပဿနံ၊ လွန်ကဲသောပညာဟု ဆိုအပ်သော ဘင်၏ အစွမ်းဖြင့် သင်္ခါရတို့၏ ဆိတ်ခြင်းကို ယူ၍ ရုပ်နာမ်တရားတို့၌ ဖြစ်သော ဝိပဿနာကို။
ဘာဝေန္တော၊ ပွါးစေသောယောဂီသည်။
သာရာဒါနာဘိနိဝေသံ၊ နိစ္စ သာရ စသည်ကို ယူ၍ဖြစ်သော မှားသော နှလုံးသွင်းခြင်း ဟူသော တဏှာနှင့်တကွသော ဒိဋ္ဌိကို။
ပဇဟတိ၊ စွန့်ခွါ၏။
ယထာဘူတ ဉာဏဒဿနံ၊ သပ္ပစ္စယံ ရုပ်နှင့် နာမ်ကို မဖောက်မပြန် ဟုတ်မှန်သည် အတိုင်း သိမြင်သော ဉာဏ်အမြင်ကို။
ဘာဝေန္တော၊ ပွါးစေသောယောဂီသည်။
သံမောဟာဘိနိဝေသံ၊ အဟောသိံ နု ခေါ အဟံ အတီတမဒ္ဓါနံ ဣဿရတော လောကဿ သမ္ဘဝနံ” စသော ပြင်းပြစွာ တွေဝေသော နှလုံးသွင်းခြင်းကို။
ပဇဟတိ၊ စွန့်ခွါ၏။
အာဒီနဝါနုပဿနံ၊ ဘယတူပဋ္ဌာန၏ အစွမ်းဖြင့်ဖြစ်သော အပြစ်အစုသာ တည်းဟု အခါခါရှုသော အာဒီနဝဉာဏ်ကို။
ဘာဝေန္တော၊ ပွါးစေသောယောဂီသည်။
အာလယာဘိနိဝေသံ၊ ကပ်ငြိတွယ်တာ ခိုမှီရာဟု မှားသော နှလုံးသွင်း ခြင်းကို။
ပဇဟတိ၊ စွန့်ခွါ၏။
ပဋိသင်္ခါနုပဿနံ၊ သင်္ခါရတို့ကို စွန့်လွှတ်ရကြောင်း ကောင်းစွာတဖန် အနိစ္စ စသည်ဖြင့် ဆင်ခြင်ပြန်သော ပဋိသင်္ခါဉာဏ်ကို။
ဘာဝေန္တော၊ ပွါးစေသောယောဂီသည်။
အပ္ပဋိသင်္ခံ၊ ဆင်ခြင်ခြင်း၏ ဆန့်ကျင်ဖက် ဖြစ်သော အဝိဇ္ဇာကို။
ပဇဟတိ၊ စွန့်ခွါ၏။
ဝိဝဋ္ဋာနုပဿနံ၊ ခပ်သိမ်းသော ဘဝသင်္ခါရတို့မှ စိတ်၏တွန့်တို ဆုတ်နစ်ကြောင်းဖြစ်သော သင်္ခါရုပေက္ခာဉာဏ် အနုလောမ ဉာဏ်ကို။
ဘာဝေန္တော၊ ပွါးစေသောယောဂီသည်။
သံယောဂါဘိနိဝေသံ၊ ကာမသံယောဂ စသော ကိလေသာ၏ ဖြစ်ခြင်းကို။
ပဇဟတိ၊ စွန့်၏။
ဤကား အနက်။
မဟာဝိပဿနာ ၁၈-ပါးကို အကျဉ်းချုံးပြခြင်း
ထိုတဆဲ့ရှစ်ပါးတို့တွင်
အနိစ္စာ ဒုက္ခာ အနတ္တာ နုပဿနာ သုံးပါးတို့ကို သိပြီး ရပြီးသော ယောဂီသည်
အနက်မပြား သဒ္ဒါသာ ပြားသော အနိမိတ္တာ အပ္ပဏီဟိတာ သုညတာနုပဿနာ သုံးပါး တို့ကိုလည်း သိ၏။
အဓိပညာဓမ္မဝိပဿနာ ဟူသည် အလုံးစုံသော ဝိပဿနာတို့၏ အမည်တည်း။
ယထာဘူတဉာဏဒဿနကား ကင်္ခါဝိတရဏဝိသုဒ္ဓိ၌ ပြီးခဲ့ပြီ။
အနိစ္စာနုပဿနာပြီးလျှင် နိရောဓာ ခယာ ဝယာ ဝိပရိဏာမာ နုပသာနာ လေးပါး တစိတ်အားဖြင့် ပြီးသည်မည်၏။
ဒုက္ခာနုပဿနာ ပြီးလျှင် နိဗ္ဗိဒါ အာဒီနဝါနုပသာနာ နှစ်ပါး တစိတ်အားဖြင့် ပြီးသည် မည်၏။
အနုတ္တနုပဿနာပြီးလျှင် ဝိရာဂါ ပဋိနိဿဂ္ဂါ ပဋိသင်္ခါ ဝိဝဋ္ဋာနုပဿနာ လေးပါး တစိတ်အားဖြင့် ပြီးသည် မည်၏။
ဤသို့လျှင် တဆဲ့ရှစ်ဖြာ မဟာဝိပသာနာတစိဘ်ကို ထိုးထွင်း၍ သိပြီးသော ယောဂီသည် ယင်း ဝိပဿနာ၏ ဆန့်ကျင်ဖက် ဖြစ်သော နိစ္စသညာ စသော ဘေးရန်ကို ဤ တီရဏ ပရိညာ သမ္မသနဉာဏ် အရာ၌ပင် တွန်းလှန်ခွါပယ်၍ မှဲ့[၁], ညွန် တိမ် စသည် ညစ်ကြေး မမြှေးမတွယ် သန့်ရှင်းစင်ကြယ်သော ရွှေ ရေ ကောင်းကင်တို့ သဖွယ် သံကိလေသ စင်ကြယ်ရကား သမ္မသနဉာဏ်၏ ကမ်းတဖက်သို့ ရောက်၏။
ဤကား ကလာပသမ္မသန ဉာဏ်တည်း။ သီဟိုဠ်သားတို့ကား နယ ဝိပဿနာ ဟူကုန်၏။
[၁။ ကာဠက = အမဲစက်၊ မှဲ့ (ဝိသုဒ္ဓိမဂ် မဟာဋီကာ၊ ဒု၊ နှာ-၄၁၉)]
ကလာပသမ္မသနဉာဏ် မည်ခြင်းအကြောင်း
အတီတာ နာဂတ ပစ္စုပ္ပန္န စသော အပေါင်းအစည်း အားဖြင့်သာ သုံးသပ်သည် မဟုတ်။ စတ္တာလီသာကာရ, ရူပနိဗ္ဗတ္တိဒဿန အရူပ- နိဗ္ဗတ္တိဒဿန စသော များစွာသော အခြင်းအရာ တို့ဖြင့်လည်း သုံးသပ်ပါလျက် အဘယ်ကြောင့် ကလာပသမ္မသနဉာဏ် ဟူ၍သာ ဆိုသနည်း ဟူမူ --
“သမ္မသနဉာဏဿာ”တိ နယဝိပဿနာ သင်္ခတဿ ကလာပသမ္မသနဉာဏဿ။ တဿေ၀ ဟိ ထိရဘာဝါယ ဣတရေ သမ္မသန ဝိသေသာတိ ဝဒန္တိ [၁]။ အာစရိယဝါဒ ပြ ဋီကာ (မဟာ၊ဒု၊နှာ-၄၁၉)။
[၁။ ကလာပသမ္မသနဉာဏ် မြဲမြံတည်တံ့ခြင်းငှါ အခြင်းအရာ ၄ဝ-စသည့် နည်းများစွာ
တို့ဖြင့်လည်း သုံးသပ်ရသောကြောင့် ကလာပသမ္မသန မည်သည်။]
တနည်းလည်း -- ကလာပ်အားဖြင့် သုံးသပ်သည်ဖြစ်စေ တပါးသော အခြင်းအရာဖြင့် သုံးသပ်သည်ဖြစ်စေ သမ္မသနမည်သည် ချည်းတည်း။ သမ္မသနဉာဏ် ဟူသော အမည်သာ လိုရင်းတည်း။
“သမ္မသနဉာဏဿာ”တိ ဝါ ကလာပါဒိ သမ္မသနဉာဏဿ။ အနုပဒဓမ္မ- ဝိပဿနာသဒိသာ ဟိ သာ။ တာယ ဟိ ဒိဋ္ဌိဥဂ္ဃါဋနာဒိ သမ္ဘဝတီတိ။ ဋီကာ သကဝါဒ ပြ (မဟာ၊ဒု၊နှာ-၄၁၉)၊
သမ္မသနဉာဏ် ပြီး၏။
ဥဒယဗ္ဗယဉာဏ်
သမ္မသနဉာဏ်၏ ကမ်းတဖက်သို့ ရောက်ပြီးသော ယောဂီပုဂ္ဂိုလ်သည် “ပစ္စုပ္ပန္နာနံ ဓမ္မာနံ ဝိပရိဏာမာနုပဿနေ ပညာ ဥဒယဗ္ဗယာနုပဿနေ ဉာဏံ”ဟူ၍ (ပဋိသမ္ဘိဒါမဂ် ပါဠိတော် နှာ-၁-၌) လာသော ဥဒယဗ္ဗယဉာဏ်ကို ရခြင်းငှါ ရှေးဦးစွာ အကျဉ်းအားဖြင့် ပွါးများ အားထုတ်အပ်၏။
အကျဉ်းအားဖြင့် ဖြစ်ပျက် ရှုပုံ
သင်္ခေပတော ဟိ အာရမ္ဘော အာဒိကမ္မိကဿ သုကရော။
ဋီကာ (မဟာ၊ဒု၊ နှာ-၄၁၉)
အားထုတ်ဟန်ကား ----
ဇာတဿ ရူပဿ ပစ္စုပ္ပန္နဿ နိဗ္ဗတ္တိလက္ခဏံ ဇာတိ ဥပ္ပါဒေါ အဘိနဝါကာရော ဥဒယော နာမ။ ဝိပရိဏာမလက္ခဏံ ခယော ဘင်္ဂေါ ဝယော နာမ။ ဇာတာယ ဝေဒနာယ။ ဇာတာယ သညာယ။ ဇာတာနံ သင်္ခါရာနံ။ ဇာတဿ ဝိညာဏဿ ပစ္စုပ္ပန္နဿ နိဗ္ဗတ္တိလက္ခဏံ ဇာတိ ဥပ္ပါဒေါ အဘိနဝါကာရော ဥဒယော နာမ။ ဝိပရိဏာမလက္ခဏံ ခယော ဘင်္ဂေါ ဝယော နာမ။
ဟူ၍ ခန္ဓာငါးပါးကို ရှုအပ်၏။
ပစ္စုပ္ပန်ခန္ဓာငါးပါး၌ အဖြစ်အပျက်ရှုပုံ
ဇာတဿ၊ ဖြစ်ဆဲသော။
ပစ္စုန္နဿ၊ သန္တတိပစ္စုပ္ပန် ခဏပစ္စုပ္ပန်ဖြစ်သော။
ပစ္စုပ္ပန္နံနာမ ဇာတံ ခဏတ္တယပရိယာပန္နန္တိ အတ္ထော။ တံ ပန အာဒိတော ဒုပ္ပရိဂ္ဂဟန္တိ သန္တတိပစ္စုပ္ပန္နဝသေန ဝိပဿနာဘိနိဝေသော ကာတဗ္ဗော။
ဋီကာ (မဟာ၊ဒု၊နှာ-၄၁၉)
ဥဒယ မည်ပုံ
ရူပဿ၊ နိပ္ဖန္နရုပ်၏။
နိဗ္ဗတ္ထိလက္ခဏံ၊ ပေါ် စဖြစ်သော သင်္ခတ လက္ခဏာသည်။
ဇာတိ၊ ဖြစ်စ ဖြစ်သော ဝိကာရသည်။
ဥပ္ပါဒေါ၊ ထ စ ဖြစ်သော ဥပါဒ်သည်။
အဘိနဝါကာရော = ခုမှအသစ် ဖြစ်ပေါ်လာသော အသစ်သော အခြင်းအရာသည်။
ဥဒယောနာမ၊ ဥဒယ မည်၏။
ဝယ မည်ပုံ
ဝိပရိဏာမ လက္ခဏံ၊ ဖောက်ပြန် ညွတ်တိမ်းခြင်း ဟူသော သင်္ခတ လက္ခဏာသည်။
ခယော၊ ကုန်ခန်း ချုပ်ပျောက်ခြင်းသည်။
ဘင်္ဂေါ၊ ပျက်စီးခြင်းသည်။
ဝယောနာမ၊ ဝယ မည်၏။
ဤသို့ စသည်ဖြင့် အနက် သမ္ဗန်။
ပစ္စယတောဥဒယဝယ၏ ကျယ်ဝန်းခြင်းကြောင့် “နိဗ္ဗတ္တိလက္ခဏံ ဝိပရိဏာမ လက္ခဏံ” ဟု ခဏတော ဥဒယဗ္ဗယကိုသာ ဤ၌ အာဒိကမ္မိက အရာဖြစ်၍ ဆိုသည်မှတ်။
ထိုနောင် “ဇာတဿ စက္ခုနော ပစ္စုပ္ပန္နဿ" စသည်ဖြင့် ဘဝတိုင်အောင် ရှုအပ်၏။ ဇာတိ ဇရာ မရဏ တို့ကား နိဗ္ဗတ္တိ ဌိတိ ဝိပရိဏာမ လက္ခဏာမျှ ဖြစ်၍ “ဇာတာယ ဇာတိယာ ပစ္စုပ္ပန္နာယ နိဗ္ဗတ္တိလက္ခဏံ ဝိပရိဏာမလက္ခဏံ" စသည်ဖြင့် မသင့်ရကား မရှုသင့်ပြီ။
ထိုသို့ ရှုဖန်များလတ်သော် ဤ ရုပ်နာမ်တရား တို့သည် မဖြစ်ခင်လည်း အပုံအစု မရှိ။ ဖြစ်ဆဲအခါလည်း အပုံအစုမှ လာသည် မဟုတ်။ ချုပ်ဆဲ အခါလည်း အရပ်တပါးသို့ သွားသည် မဟုတ်၊ ချုပ်ပြီး၍လည်း တစုံတခုသော အရပ်၌ စုပုံ၍ မတည်ကုန်။
စောင်းသံသည် စောင်းခွက် သားရေ တီးခြင်းတို့ကို စွဲ၍ ရှေး၌ မဖြစ်ဘူးပဲ ဖြစ်လာသကဲ့သို့ ဖြစ်ပြီး၍ ပျက်စီးသကဲ့သို့ --
ဧဝံ သဗ္ဗေပိ ရူပါရူပိနော ဓမ္မာ အဟုတွာ သမ္ဘောန္တိ၊ ဟုတွာ ပဋိဝေန္တိ။
ဧဝံ တထာ၊ ထိုစောင်းသံ အတူ။
သဗ္ဗေပိ၊ အလုံးစုံလည်း ဖြစ်ကုန်သော။
ရူပါရူပိနော ဓမ္မာ၊ ရုပ်နာမ်တရားတို့သည်။
အဟုတွာ၊ ရှေး၌ မရှိကုန်ပဲ။
သမ္ဘောန္တိ၊ ယခုအသစ် ဖြစ်ပေါ်လာကုန်၏။
ဟုတွာ၊ ဖြစ်ကုန်ပြီး၍။
ပဋိဝေန္တိ၊ ခဏချက်ခြင်း ယိုယွင်းချုပ်ပျောက် ပျက်စီးခြင်းသို့ ရောက်ကုန်၏ --
ဟု တပ်တပ် ထင်ထင် သိမြင်၏။
ဤသို့ အကျဉ်းအားဖြင့် ဥဒယဗ္ဗယကို ရှုပြီး၍ --
ဖြစ်ပျက်ကို အကျယ်အားဖြင့် ရှုပုံ
ရုပ်၌ ဥဒယဗ္ဗယလက္ခဏာ ၁၀-ပါး
အဝိဇ္ဇာသမုဒယာ ရူပသမုဒယော။ တဏှာသမုဒယာ။ ကမ္မသမုဒယာ။ အာဟာရသမုဒယာ ရူပသမုဒယော။ နိဗ္ဗတ္တိလက္ခဏမ္ပိ ရူပဿ ဥဒယော။
အဝိဇ္ဇာနိရောဓာ ရူပနိရောဓော။ တဏှာနိရောဓာ ရူပနိရောဓော။ ကမ္မနိရောဓာ ရူပနိရောဓော။ အာဟာရနိရောဓာ ရူပနိရောဓော။ ဝိပရိဏာမလက္ခဏမ္ပိ ရှုပဿ ဝယော။
ဟူ၍ ပစ္စယတော ဥဒယ လေးပါး၊ ခဏတော ဥဒယ တပါး၊ ပေါင်း ဥဒယလက္ခဏာ ငါးပါး။ ထိုအဘူ ပစ္စယတော ဝယ လေးပါး၊ ခဏတော ဝယ တပါး၊ ပေါင်း ဝယလက္ခဏာ ငါးပါး၊ ဤသို့လျှင် ရုပ်၌ ဥဒယဗ္ဗယလက္ခဏာ ဆယ်ပါးကို အကျယ်အားဖြင့် ရှုအပ်၏။
နာမ်ခန္ဓာ ၄-ပါး၌ ဥဒယဗ္ဗယလက္ခဏာ ၁၀-ပါးစီ
ဝေဒနာ သညာ သင်္ခါရတို့မှာ “ဖုဋ္ဌော ဝေဒေတိ သဉ္ဇာနာတိ စေတေတိ။ စက္ခုသမ္ဖဿဇာ ဝေဒနာ သညာ စေတနာ ...” စသည် ဖြင့် ဟောတော် မူသောကြောင့် အာဟာရအရာ၌ “ဖဿသမုဒယော။ ဖဿ နိရောဓာ”ဟု ဆိုအပ်၏။
ဝိညာဏ်မှာ “နာမရူပပစ္စယာ ဝိညာဏံ။ နာမရူပပစ္စယာ သဠာယတနံ”ဟု ဟောတော် မူသောကြောင့် နာမရူပသမုဒယာ၊ နာမရူပနိရောဓာ”ဟု ဆိုအပ်၏။ အကြွင်းမှာ ရူပက္ခန္ဓာနှင့် နည်းတူ။ ပေါင်း ခန္ဓာငါးပါး၌ လက္ခဏာ ငါးဆယ်ကို အကျယ်အားဖြင့် ရှုအပ်၏။
ရုပ်၌ ဥဒယလက္ခဏာ ၅-ပါး
အဝိဇ္ဇာသမုဒယာ၊ ရှေးဘဝ၌ အဝိဇ္ဇာဖြစ်၍ ပြီးခဲ့ခြင်းကြောင့်။
ရူပသမုဒယော၊ ရူပက္ခန္ဓာ ဖြစ်၍ နေခြင်းသည်။
ဟောတိ၊ ဖြစ်၏။
မဂ်ဖြင့် မပယ်ရသေးသည်ဖြစ်၍ ခန္ဓာအစဉ်၌ အဝိဇ္ဇာထင်ရှား ရှိခဲ့ဘူးသည်ကို “အဝိဇ္ဇာသမုဒယာ" ဆိုသည်။
“အဝိဇ္ဇာသမုဒယာ”တိ အဝိဇ္ဇာယ ဥပ္ပါဒါ၊ အတ္ထိဘာဝါတိ အတ္ထော။ နိရောဓဝိရောဓိဟိ ဥပ္ပါဒေါ အတ္ထိဘာဝပါစကောပိ ဟောတီတိ ဝုတ္တော ဝါယမတ္ထော၊ တသ္မာ ပုရိမဘဝသိဒ္ဓါယ အဝိဇ္ဇာယ သတိ ဣမသ္မိံ ဘဝေ ရူပဿ ဥပ္ပါဒေါ ဟောတီတိ အတ္ထော။
ဋီကာ (မဟာ၊ဒု၊နှာ-၄၂၀)။
တဏှာသမုဒယာ၊ ရှေးဘဝ၌ တဏှာဖြစ်၍ ပြီးခဲ့ခြင်းကြောင့်။
ကမ္မသမုဒယာ၊ ရှေးဘဝ၌ ကံဖြစ်၍ ပြီးခဲ့ခြင်းကြောင့်။
ရူပသမုဒယော၊ ရူပက္ခန္ဓာ ဖြစ်၍နေခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဤသုံးပါးကို ယူသဖြင့် အတိတ်ကာလ၌ ဖြစ်သော သဟကာရီကာရဏ ဖြစ်သော ဥပါဒါန်တို့ကိုလည်း ယူအပ်ကုန်၏။
အဝိဇ္ဇာဒီဟိ စ ဟီဟိ အတီတကာလိကာနိ တေသံ သဟကာရီ- ကာရဏဘူတာနိ ဥပါဒါနာဒီနိပိ ဂဟိတာနေဝါတိ ဒဋ္ဌဗ္ဗံ။
ဋီကာ (မဟာ၊ဒု-၄၂၁။)
အာဟာရသမုဒယာ၊ ကဗဠိကာရာဟာရ၏ ထင်ရှားရှိနေခြင်းကြောင့်။
ရူပသမုဒယော၊ ရူပက္ခန္ဓာဖြစ်၍ နေခြင်းသည်။
ဟောတိ၊ ဖြစ်၏။
အာဟာရကိုသာ ယူခြင်းအကြောင်း
ပစ္စုပ္ပန်အကြောင်း သုံးပါးတို့တွင် အာဟာရကိုသာ ယူသည်ကား ကာမဓာတ်၌ ကဗဠိကာရာဟာရသည် ဖြစ်ပေါ်လာသောရုပ်ကို ပွါးစေတတ်သောကြောင့်တည်း၊ တနည်းလည်း -- ဥက္ကဋ္ဌနိဒ္ဒေသအားဖြင့် ယူသတည်း။ ယင်း ဥက္ကဋ္ဌဗလဝဖြစ်သော အာဟာရကို ယူသဖြင့် စိတ် ဥတုတို့ကိုလည်း ယူအပ်ကုန်၏။ သို့မှ စတုဇရုပ် ပြည့်စုံသည်။
တသ္မိံ ပန ဂဟိတေ ပဝတ္တိပစ္စယတာသာမညေန ဥတု စိတ္တာနိပိ ဂဟိတာနေဝ ဟောန္တီတိ စတုသမုဋ္ဌာနိကရုပဿ ပစ္စယတော ဥဒယဒဿနံ ဝိဘာဝိတမေဝါတိ ဒဋ္ဌဗ္ဗံ။ ဋီကာ (မဟာ၊ဒု၊နှာ-၄၂၁။)
အတိတ်အကြောင်းအားဖြင့် ကမ္မဇရုပ်ဟူ၍သာ ရှိသည်။ အဝိဇ္ဇာဇရုပ် တဏှာဇရုပ်ဟူ၍ မရှိဘဲလျက် အဘယ့်ကြောင့် “အဝိဇ္ဇာသမုဒယာ, တဏှာသမုဒယာ ရူပသမုဒယော”ဟု ဆိုသနည်းဟူမူ --
အဝိဇ္ဇာတဏှူပနိဿယ သဟိတေနေဝ ကမ္မုနာ ရူပကာယသ နိဗ္ဗတ္တိ။ အသတိ စ အဝိဇ္ဇူပနိဿယာယ ဘဝနိကန္တိယာ ဇာတိယာ အသမ္ဘဝေါ ဧ၀ [၁]။
ဋီကာ (မဟာ၊ဒု၊နှာ-၄၂၁။)
[၁။ ကံကြောင့် ရူပကာယ ဖြစ်သော်လည်း အားကြီးသော မှီရာဖြစ်သော အဝိဇ္ဇာ တဏှာနှင့် အတူတကွ ဖြစ်သော ကံကြောင့်သာ ရူပကာယ ဖြစ်ရလေသည်။
မှန်၏၊ အဝိဇ္ဇာလျှင် အားကြီးသော မှီရာရှိ၍ ဘဝ၌ တွယ်တာ ကပ်ငြိ နှစ်သက်တတ်သော သဘော ရှိသည့် တဏှာ မရှိလျှင် ဇာတိရုပ် မဖြစ်နိုင်။
ထို့ကြောင့် အဝိဇ္ဇာသမုဒယာ တဏှာသမုဒယာ ရူပသမုဒယော ဟု ဆိုသည်။]
နိဗ္ဗတ္တိလက္ခဏမ္ပိ၊ ပေါ်စ ဖြစ်စ ဥပါဒ်စဖြစ်သော သင်္ခတလက္ခဏာ သည်လည်း။
ရူပဿ၊ ရုပ်၏။
ဥဒယော၊ ဖြစ်ခြင်း မည်၏။
'နိဗ္ဗတ္တိလက္ခဏ'န္တိအာဒိနာ ကာလဝသေန ဥဒယဒဿနမာဟ။ ဋီကာ (ဒု၊နှာ-၄၂၁)
ဤကား ရုပ်၌ ဥဒယလက္ခဏာ ငါးပါးတည်း။
ယင်းငါးပါး အထူးကား --
'ပဉ္စ လက္ခဏာနီ'တိ အဝိဇ္ဇာ တဏှာ ကမ္မံ အာဟာရောတိ ဣမေသံ ပစ္စယာနံ အတ္ထိတာ သင်္ခါတလက္ခဏာနိ စေဝ ရူပဿ နိဗ္ဗတ္တိလက္ခဏဉ္စာတိ ပဉ္စ လက္ခဏာနိ။ တေသံ အတ္ထိတာ ဟိ ရှုပဿ ဥဒယော လက္ခီယတိ တေဟီတိ လက္ခဏာနီတိ ဝုစ္စန္တိ။ နိဗ္ဗတ္တိ ပန သင်္ကေတလက္ခဏမေဝ။ (ဋီကာ၊ဒု၊နှာ-၄၂၁)
ရုပ်၌ ဝယလက္ခဏာ ၅-ပါး
အဝိဇ္ဇာနိရောဓာ၊ အရဟတ္တမဂ်ဉာဏ်ဖြင့် နောင် မဖြစ်ပြန်လာ အဝိဇ္ဇာ၏ ချုပ်ခြင်းကြောင့်။
ရူပနိရောဓော၊ အနာဂတ်ရုပ်၏ မဖြစ်လာပဲ ချုပ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ပစ္စယာဘာဝေ အဘာဝတော။ ဋီကာဟိတ် (မဟာ၊ဒု၊နှာ-၄၂၁။)
တဏှာနိရောဓာ၊ တဏှာ၏ချုပ်ခြင်းကြောင့်။
ကမ္မနိရောဓာ၊ ကံ၏ချုပ်ခြင်းကြောင့်။
အာဟာရနိရောဓာ၊ မစားမသောက်သဖြင့် အာဟာရ၏ မရှိခြင်း ဟူသော ချုပ်ခြင်းကြောင့်။
ရူပနိရောဓော၊ မဖြစ်သေးသောရုပ်၏ မဖြစ်ပေါ်လာဘဲ ချုပ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဝိပရိဏာမ လက္ခဏမ္ပိ၊ ဖောက်ပြန် ပျက်စီးခြင်း ဘင်ဟူသော သင်္ကေတလက္ခဏာသည်လည်း။
ရူပဿ၊ ရုပ်၏။
ဝယော၊ ပျက်ခြင်း မည်၏။
“ဝိပရိဏာမ လက္ခဏ” န္တိ ဘင်္ဂကာလဝသေန တေသံ ဝယဒဿနံ”။
ဋီကာ (မဟာ၊ဒု၊နှာ-၄၂၁။)
ဤ ဝယလက္ခဏာငါးပါး၌ အဆုံးအဖြတ်ကား ဥဒယ လက္ခဏာနှင့် တူပြီ။ နာမ် ခန္ဓာတို့၌လည်း နည်းတူ သမ္ဗန်။
ဤသို့လျှင် ရှေးဦးစွာကပင် အဓွန့်အားဖြင့် ဥဒယဗ္ဗယကို မြင်ပြီး၍ တည်သော ယောဂီပုဂ္ဂိုလ်သည် ဤယခုအခါ၌ အတိတ်စသော ကာလဝိဘာဂကို မသုံးသပ်မူ၍ သဗ္ဗသာဓာရဏ အဝိဇ္ဇာ စသော ပစ္စယအားဖြင့် သန္တတိပစ္စုပ္ပန် ဖြစ်သော ပစ္စယတော ဥဒယဗ္ဗယကို မြင်၍ အစဉ်အတိုင်း ဘာဝနာ အားရှိခြင်းသို့ ရောက်သောအခါ ဝိပဿနာဉာဏ် ထက်သန် သန့်ရှင်းသည် ဖြစ်၍ ခဏတော ဥဒယဗ္ဗယကိုလည်း ထင်ရှားစွာ မြင်၏။ ခဏတိုင်း ခဏတိုင်း ဖြစ်၍ ဖြစ်၍ ပျက်ကုန်သော ရုပ်နာမ်တရားတို့၏ ဥဒယဗ္ဗယကို“ဧဝမ္ပိ ရူပဿ ဥဒယော၊ ဧဝမ္ပိ ရူပဿ ဝယော” ဟူ၍ ပစ္စယအားဖြင့်၎င်း၊ “ဧဝမ္ပိ ရူပံ ဥဒေတိ၊ ဧဝမ္ပိ ရူပံ ဝေတိ”ဟူ၍ ခဏအားဖြင့်၎င်း၊ ထိုအတူ “ဧဝမ္ပိ ဝေဒနာယ။ သညာယ။ သင်္ခါရာနံ။ ဝိညာဏဿ ဥဒယော၊ ဧဝမ္ပိ ဝိညာဏဿ ဝယော။ ဧဝမ္ပိ ဝိညာဏံ ဥဒေတိ၊ ဧဝမ္ပိ ဝိညာဏံ ဝေတိ” ဟူ၍၎င်း အကျယ်အားဖြင့် ရှု၏၊ နှလုံးသွင်း၍နေ၏။
ဧဝမ္ပိ၊ ဤသို့သော အဝိဇ္ဇာ စသည် ထင်ရှားရှိခြင်း ဟူသော အကြောင်းကြောင့်လည်း။
ရူပဿ၊ ရုပ်၏။
ဥဒယော၊ ဖြစ်ခြင်းသည်။
ဟောထိ၊ ဖြစ်၏။
ဧဝမ္ပိ၊ ဤသို့သော အဝိဇ္ဇာ စသည် ထင်ရှားမရှိခြင်း ဟူသော အကြောင်းကြောင့်လည်း။
ရူပဿ၊ ရုပ်၏။
ဝယော၊ ပျက်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဧဝမ္ပိ၊ ဤသို့သော နိဗ္ဗတ္တိ လက္ခဏာအားဖြင့်လည်း ရူပံ၊ ရုပ်သည်။
ဥဒေတိ၊ ဖြစ်၏။
ဧဝမ္ပိ၊ ဤသို့ ဝိပရိဏာမ လက္ခဏာ အားဖြင့်လည်း။
ရူပံ၊ ရုပ်သည်။
ဝေတိ၊ ပျက်၏။
ဤကား အနက်။
အယံ ဟိ ပထမံ ပစ္စယတော ဥဒယဗ္ဗယံ မနသိကရောန္တော အဝိဇ္ဇာဒိကေ ပစ္စယဓမ္မေ ဝိသဇ္ဇေတွာ ဥဒယဗ္ဗယဝန္တေ ခန္ဓေ ဂဟေတွာ တေသံ ပစ္စယော ဥဒယဗ္ဗယဒဿနမုခေန ခဏတော ဥဒယဗ္ဗယံ မနသိကရောတိ။ တဿ ယဒါ ဉာဏံ တိက္ခံ ဝိသဒံ ဟုတွာ ပဝတ္တတိ။ တဒါ ရူပါရူပဓမ္မာ ခဏေ ခဏေ ဥပ္ပဇ္ဇန္တာ ဘိဇ္ဇန္တာ စ ဟုတွာ ဥပဋ္ဌဟန္တိ။ တေန ဝုတ္တံ “ဧဝမ္မိ ရူပဿ ဥဒယော”တိအာဒိ။ ဋီကာ (မဟာ၊ဒု၊နှာ-၄၂၂။)
ဤသို့လျှင် ရှေးဦးစွာ ပစ္စုပ္ပန် ရုပ်နာမ် တရားတို့၏ ဥဒယဗ္ဗယကို မြင်ပြီး၍ --
“ဣတိ ကိရိမေ ဓမ္မာ အဟုတွာ သမ္ဘဝန္တိ၊ ဟုတွာ ပဋိဝေန္တိ” ။
ဣတိ ဧဝံ၊ ဤသို့သော နည်းဖြင့်။
ဣမေ ဓမ္မာ၊ ဤ ရုပ်နာမ် တရားတို့သည်။
အဟုတွာ၊ ရှေး၌ မဖြစ်ဘူးကုန်ပဲ။
သမ္ဘဝန္တိ ကိရ၊ အတိတ် အနာဂတ်၌လည်း ဖြစ်ကုန် သတတ်။
ဟုတွာ၊ ဖြစ်ကုန်ပြီး၍။
ပဋိဝေန္တိ ကီရ၊အတိတ်အနာဂတ်၌လည်း ချုပ်ပျောက်ပျက်စီးကုန်သတတ် - ဟု အတိတ် အနာဂတ်၌လည်း နည်းယူ ဆောင်သွင်း၏။ အလွန်အကြူး အထူးဉာဏ် သန့်ရှင်း စင်ကြယ်၏။
ဥဒယဗ္ဗယဉာဏ် ရင့်သန်လျှင် ထင်ရှားလာသော တရားများ
ဤသို့လျှင် ပစ္စယ ခဏ နှစ်ဝသော အခြင်းအရာဖြင့် ဥဒယဗ္ဗယကို ထင်ထင်ရှားရှား မြင်သော ယောဂီ ပုဂ္ဂိုလ်အား လောကိယဉာဏ် အားဖြင့်ပင် သစ္စာလေးပါး၊ အနုလုံ စသော ပဋိစ္စသမုပ္ပါဒ ပဋိစ္စသမုပ္ပန္နတရား၊ ဧကတ္ထ နာနတ္တ အဗျာပါရ ဧဝံဓမ္မတာ ဟူသော နည်း လေးပါး၊ လက္ခဏာရေး သုံးပါး အပြားတို့သည် ထင်ရှား လာကုန်၏။ အဘယ်သို့ ထင်ရှားကုန်သနည်း ဟူမူ --
- ပစ္စယတော ဥဒယဒဿနဖြင့် သမုဒယသစ္စာ ထင်ရှား၏။
- ပစ္စယတော ဝယဒဿနဖြင့် နိရောဓသစ္စာ ထင်ရှား၏။
- ခဏတော ဥဒယဗ္ဗယဒသနဖြင့် ဒုက္ခသစ္စာ ထင်ရှား၏။
- ယင်း ဥဒယဗ္ဗယဒဿနဉာဏ် ပြဓာန်းသော မဂ္ဂင်တရားအစုသည် လောကိယမဂ်ဖြစ်၍ မဂ္ဂသစ္စာ ထင်ရှား၏။
- ပစ္စယတော ဥဒယဒဿနဖြင့် အနုလောမ ပဋိစ္စသမုပ္ပါဒ် ထင်ရှား၏။
- ပစ္စယတော ဝယဒဿနဖြင့် ပဋိလောမ ပဋိစ္စသမုပ္ပါဒ် ထင်ရှား၏။
- ခဏတော ဥဒယဗ္ဗယဒဿနဖြင့် ပဋိစ္စသမုပ္ပန္န ထင်ရှား၏။
- ပစ္စယတော ဥဒယဒဿနဖြင့် ဧကတ္ထနည်း ထင်ရှား၏။ “အထ သုဋ္ဌုတရံ ဥစ္ဆေဒဒိဋ္ဌိံ ပဇဟတိ” ။
အထ၊ အဖြစ်ကိုမြင်သော ထိုအခါ၌။
ဥစ္ဆေဒဒိဋ္ဌိံ၊ ဥစ္ဆေဒဒိဋ္ဌိကို။
သုဋ္ဌုတရံ၊ အလွန် ကောင်းစွာ။
ပဇဟတိ၊ စွန့်ခွါ၏။ - ခဏတော ဥဒယဒဿနဖြင့် နာနတ္တနည်း ထင်ရှား၏။ “အထ သုဋ္ဌုတရံ သဿတဒိဋ္ဌိံ ပဇဟတိ”။
- ပစ္စယတော ဥဒယဗ္ဗယဒဿနဖြင့် အဗျာပါရနည်း ထင်ရှား၏၊ “အထ သုဋ္ဌုတရံ အတ္တဒိဋ္ဌိံ ပဇဟတိ”။
- ပစ္စယတော ဥဒယဒဿနဖြင့် ဧဝံဓမ္မတာ နည်းလည်း ထင်ရှား၏။ “အထ သုဋ္ဌုတရံ အကိရိယဒိဋ္ဌိံ ပဇဟတိ”။
- ပစ္စယတော ဥဒယဝယဒဿနဖြင့် အနတ္တလက္ခဏာ ထင်ရှား၏။
- ခဏတော ဥဒယဗ္ဗယကို မြင်သဖြင့် အနိစ္စ ဒုက္ခ လက္ခဏာ ထင်ရှား၏။
- ပထဝီ ဖဿ စသည်တို့၏ ကက္ခဠ ဖုသန စသော သဘာဝ လက္ခဏာလည်း ထင်ရှား၏။
- သင်္ခတ လက္ခဏာ၏ တာဝကာလိက တိုလှသော အဖြစ်လည်း ထင်ရှား၏။
ဤ၌ ဥဒယဗ္ဗယသာ လာသည်။ ဌီမရှိသောကြောင့်လော ဟူမူ --
ဥဒယဝယ မတ္တဂ္ဂဟဏေဉ္စတ္ထ ဥဒယဗ္ဗယ ဒဿနဝသေနေဝ ဣမဿ ဉာဏဿ ပဝတ္တနတော၊ န ဌိတိက္ခဏဿ အဘာဝါ။ ဋီကာ (ဒု၊နှာ-၄၂၆။)
ဤသို့လျှင် ထင်ရှားပြီးသော သစ္စ ပဋိစ္စသမုပ္ပါဒ ပဋိစ္စသမုပ္ပန္န နယ လက္ခဏ အပြားရှိသော ယောဂီပုဂ္ဂိုလ်အား --
အနုပ္ပန္နာ ဥပ္ပဇ္ဇန္တိ၊
ဥပ္ပန္နာ စ နိရုဇ္ဈရေ။
နိစ္စံ နဝါ'၀ သင်္ခါရာ၊
ဒီပဇာလသမူပမာ။
ဒကေ ရာဇိဗုဗ္ဗုဠေ'ဝ၊
ဥဿာဝေါ ဝိယ သူရိယေ။
အာရဂ္ဂေ သာသပေါ ဝိဇ္ဇု-
ပ္ပါဒေါ'ဝ တာဝကာလိကာ။
မာယာ မရီစိ ဂန္ဓဗ္ဗ-
နဂရံ သုပိနန္တကံ။
ဖေဏကာ'လာတစက္ကံ'ဝ၊
အသာရာ ကဒလီ ယထာ။
သင်္ဂဟ
သင်္ခါရာ၊ ရုပ်နာမ်သင်္ခါရတို့သည်။
အနုပ္ပန္နာ ဧဝ၊ ရှေး၌မဖြစ်ဘူးကုန်ပဲသာလျှင်။
ဥပ္ပဇ္ဇန္တိ၊ ယခုအသစ် ဖြစ်လာကုန်၏။
ဥပ္ပန္နာ စ၊ ဖြစ်ကုန်ပြီး၍လည်း။
နိရုဇ္ဈရေ၊ ခဏချက်ခြင်း ချုပ်ကင်း ပျောက်ပျက်ကုန်၏။
နိစ္စံ နဝါဧဝ၊ အမြဲ အသစ် အသစ်တို့သည်သာလျှင်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဒီပဇာလသမူပမာ၊ ဆီမီးလျှံ တမူ တူသော ဥပမာ ရှိကုန်၏။
ဒကေ၊ ရေအပြင်၌။
ရာဇိ ဝိယ၊ အရေးအသားကဲ့သို့၎င်း။
ဗုဗ္ဗုဠော ဝိယစ၊ ရေပြွက်ကဲ့သို့၎င်း၊
သူရိယေ၊ နေထွက်သောအခါ၌။
ဥဿာဝေါ ဝိယ၊ မြက်ဖျား၌ရောက် ဆီးနှင်းပေါက်ကဲ့သို့၎င်း။
အာရဂ္ဂေ၊ အပ်ဖျား ပွတ်ဆောက်ဖျား၌။
သာသပေါ ဝိယ၊ မုန်ညင်းစေ့ကဲ့သို့၎င်း။
ဝိဇ္ဇုပ္ပါဒေ ဣဝ၊ လျှပ်စစ်၏ ဖြစ်ခြင်းကဲ့သို့၎င်း။
တာဝကာလိကာ၊ နည်းငယ်တိုလျ တခဏမျှ တည်ကုန်၏။
မာယာ ဣ၀၊ မျက်လှည့်ရုပ်ကဲ့သို့၎င်း။
မရီစိ ဣဝ၊ တံလျှပ်ကဲ့သို့၎င်း။
ဂန္ဓဗ္ဗနဂရံ ဣဝ၊ မြူထူးကစားချင်၍ ကောင်းကင်၌ ဖန်ဆင်းအပ်သော ဂန္ဓဗ္ဗနတ်မြို့ ကဲ့သို့ ၎င်း။
သုပိနန္တကံ၊ အိပ်မက်တွင်မြင်မက်သော စည်းစိမ် ကဲ့သို့၎င်း။
ဖေဏကံ ဣဝ၊ ရေမြှုပ်စိုင် ကဲ့သို့၎င်း။
အလာတ စက္ကံ ဣဝ၊ မီးစက်ဝိုင်း ကဲ့သို့၎င်း။
ကဒလီယထာ၊ ငှက်ပျောတုံး ကဲ့သို့၎င်း။
အသာရာ၊ အနှစ်မရှိကုန်။
ဤသို့ ထင်လာကုန်၏။
ထိုအခါ ဥဒယဗ္ဗာနုပဿနာဟူသော တရုဏဝိပဿနာဉာဏ်ကိုရ၍ အာရဒ္ဓဝိပဿက ပုဂ္ဂိုလ် ဟူသော အရေအတွက်သို့ ရောက်ပြီးမှတ်။
အာရဒ္ဓဝိပဿကဂ္ဂိုလ် = (အာရဒ္ဓ = အားထုတ်ခြင်း) ဝိပဿနာ အားထုတ်နေသော ပုဂ္ဂိုလ်။
ဧတ္တာဝတာနေန ဝယဓမ္မမေ၀ ဥပ္ပဇ္ဇတိ၊ ဥပ္ပန္နဉ္စ ဝယံ ဥပေတီတိ ဣမိနာကာရေန သမပညာသလက္ခဏာနိ ပဋိဝိဇ္ဈိတွာ ဌိတံ ဥဒယဗ္ဗယာနုပဿနံ နာမ တရုဏဝိပဿနာ-ဉာဏံ အဓိဂတံ ဟောတိ။ ယဿာဓိဂမာ အာရဒ္ဓဝိပဿကောတိ သင်္ချံ ဂစ္ဆတိ။
အဋ္ဌကထာ (ဝိသုဒ္ဓိမဂ်၊ဒု၊နှာ-၂၆၉)
ဧတ္တာဝတာတိ ယွာယံ ဇာတံ ရူပံ ပစ္စုပ္ပန္နန္တိ အာဒိ ပါဠိနယာနုသာရေန ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နန္တိ အာဒိ ပါဠိနယာနုသာရေန ဝါ ယာဝ ဥဒယဝယပ္ပဋိဝေဓာ ဘာဝနာဝိဓိ အာရဒ္ဓေါ၊ ဧတ္တာဝတာ။
ဣမိနာကာရေနာတိ ယံ ကိဉ္စိ သမုဒယဓမ္မံ သဗ္ဗံ တံ နိရောဓ ဓမ္မန္တိ ဟိ ဝုတ္တံ။ တသ္မာ ဝယံ အနာလမ္ဗိတွာပိ “ဝယဓမ္မမေဝ ဥပ္ပဇ္ဇတီ”တိ ဥဒယဿ “ဥပ္ပန္နဉ္စ ဣဒံ ဝယံ ဥပေတီ”တိ ဝယဿ စ ဣမိနာ ယထာဝုတ္တေန ပစ္စက္ခ- ကရဏာ ကာရေန။ အဓုနာ ဥပ္ပန္နံ၊ န တာ၀ ဗလပ္ပတ္တန္တိ အာဟ တရုဏဝိပဿနာ ဉာဏံတိ။ ကလာပသမ္မသနာဒိဝသေန ပဝတ္တံ သမ္မသနံ န နိပ္ပရိယာယေန ဝိပဿနာသမညံ လဘတိ။ ဥဒယဗ္ဗယာနုပဿနာဝသေန ပဝတ္တမေဝ လဘတီတိ အာဟ “ယဿာဓိဂမာ အာရဒ္ဓဝိပဿကောတိ သင်္ချံ ဂစ္ဆတီ”တိ။
ဋီကာ (မဟာ၊ဒု၊နှာ-၄၂၆၊ ၄၂၇)
ဝိပဿနုပက္ကိလေသ ၁၀-ပါး
ထိုသို့ ဥဒယဗ္ဗယာနုပဿနာ ဟူသော တရုဏဝိပသာနာဉာဏ်ကို ရစအခါ အာရဒ္ဓ-ဝိပဿက ပုဂ္ဂိုလ်တို့အား ဖြစ်မြဲဓမ္မတာဖြစ်သော “ဒိဋ္ဌိဂါဟ”စသည်တို့၏ အကြောင်း ဖြစ်သော --
ဩဘာသော ပီတိ ပဿဒ္ဓိ၊
အဓိမောက္ခာ စ ပဂ္ဂဟော။
သုခံ ဉာဏပဋ္ဌာန-
မုပေက္ခာ စ နိကန္တိ စ။
ဟူသော ဝိပဿနုပက္ကိလေသ ဝိပဿနာ၏ ညစ်ငြူးကြောင်း အညစ်အကြေး ဆယ်ပါး ဖြစ်လာ၏။
ဩဘာသ
ထိုတွင် တင်ပျဉ်ခွေတွင်း ခန်းတွင်း ခန်းပြင်မှစ၍ အကနိဋ္ဌဗြဟ္မာ့ပြည် တိုင်အောင် ဉာဏ်အားလျော်စွာ တပြိုင်နက် ထွန်းလင်းနိုင် သော မိမိသာ မြင်ရသော ဝိပဿနာ ဉာဏ်ကြောင့် ဖြစ်သော စိတ္တောတုသမုဋ္ဌာန် ဖြစ်သော ကိုယ်ရောင်ခြည်အလင်းသည် ဩဘာသ မည်၏။ ဘုရားလောင်း၏ ကိုယ်ရောင်သည်ကား စကြဝဠာတသောင်း လင်း၏။ ထိုသြဘာသ နှံ့ရာအရပ် အတွင်း၌ အဆင်းတို့သည် ဒိဗ္ဗစက္ခုအဘိညာအားကဲ့သို့ မနောဒွါရိက ဝိညာဏ်အား ထင်လာကုန်၏။ ထိုဩဘာသကို ဩဘာသ-ဟု မသိသောကြောင့်"ငါအား ဤကဲ့သို့သော ဝိပဿနာ ဘိရတိသည် ရှေး၌ မဖြစ်ဘူး ပါတကား”ဟု ဩဘာသ သို့သာ စိတ်သွားလျက် ယေဘုယျအားဖြင့် အဘိညာရသော ဈာနလာဘီ ပုဂ္ဂိုလ်သည် ဩဘာသကို နိဗ္ဗာန်-ဟု မှတ်ထင်၍ ဩဘာသလျှင် အာရုံရှိသော သိမ်မွေ့လှစွာသော ဥဒ္ဓစ္စသဟဂုတ် မောဟမူ လောဘမူ စိတ္တုပ္ပါဒ်ကို မဂ်ဖိုလ်-ဟု မှတ်မှား၍ ဓမ္မဒိန္န မထေရ်၏ဆရာ မဟာနာဂ မထေရ် အလားကဲ့သို့ တုန်လှုပ်တတ်၏။ မာလိန်တိုင်ဖျား၌ နားလာသော ဝင်းဝင်း လုံးလုံး ပင်လယ်စုန်းကို စုန်းမှန်း မသိသောကြောင့် ဝမ်းမြောက်သာယာမိသော သင်္ဘောသားအားလုံး ပြုန်းတီးပျက်ပြား သကဲ့သို့ ဝိပဿနာ လမ်းမှားတတ်သည်။
ပီတိ
ကိုယ်လုံးပြည့်လျှမ်း ဆီထိသော ဝါဂွမ်းပမာ ဝိပဿနာဉာဏ်နှင့် ယှဉ်၍ အစဉ်အတိုင်း ဖြစ်သော ခုဒ္ဒိကာ ခဏိကာ ဩက္ကန္တိကာ ဥဗ္ဗေဂါ ဖရဏာအားဖြင့် ငါးပါးသော ပီတိသည် ပီတိ မည်၏။ မတ္ထကပ္ပတ္တိ အခါ၌ကား ဖရဏာပီတိသာ ဖြစ်၏။
မတ္ထကပ္ပတ္တေန ပန ဥဒယဗ္ဗယဉာဏေန သဒ္ဓိံ ဖရဏာပီတိ ယေ၀ ဟောတိ။ ဥပစာရပ္ပနာက္ခဏတော အညဒါပိ ဟိ ဖရဏာပီတိ ဟောတိယေဝ။
ဋီကာ (မဟာ၊ဒု၊နှာ-၄၃၀)
ပဿဒ္ဓိ
လဟုတာ စသည် ခြံရံအပ်သော ဝိပဿနာဉာဏ်နှင့် တကွဖြစ်သော ကိုယ်စိတ်၏ အလွန်ငြိမ်းချမ်းခြင်းသည် ပဿဒ္ဓိ မည်၏။ ဤ သပရိဝါရ ဖြစ်သော ပဿဒ္ဓိသည် ချီးမြှောက်အပ်သောစိတ် ရှိရကား ထိုခဏ၌ လူနတ်တို့၏ ချမ်းသာ “ကာမရတိ”ထက် လွန်မြတ်သော ဓမ္မရတိကို ခံစားရ၏။ ဤကိုရည်၍ --
သုညာဂါရံ ပဝိဋ္ဌဿ၊
သန္တစိတ္တဿ ဘိက္ခုနော။
အမာနုဿီ ရတိ ဟောတိ၊
သမ္မာ ဓမ္မံ ဝိပဿတော။
ယတော ယတော သမ္မသတိ၊
ခန္ဓာနံ ဥဒယဗ္ဗယံ။
လဘတီ ပီတိပါမောဇ္ဇံ၊
အမတန္တံ ဝိဇာနတံ။
ဟု ဟောတော်မူသည်။
သုညာဂါရံ၊ ဆိတ်ငြိမ်ရာကျောင်းသို့။
ဝါ၊ နိစ္စဘာဝ စသည် ကင်းဆိတ် ယောဂီသုခ၏ နိဿယဖြစ်သော ဝိပဿနာသို့ --
“သုညာဂါရန္တိ ယံကိဉ္စိ ဝိဝိတ္တံ သေနာသနံ၊ ဝိပဿနံ ဧဝ ဝါ။ သာပိ ဟိ နိစ္စဘာဝါဒိ သုညတာယ ယောဂိနော သုခသန္နိဿယတာယ စ သုညာဂါရန္တိ ဝတ္တဗ္ဗတံ လဘတိ။
ဋီကာ (မဟာ၊ဒု၊နှာ-၄၃၁)
ပဝိဋ္ဌဿ၊ ဝင်ပြီးသော။
သန္တစိတ္တဿ၊ တည်ကြည်ငြိမ်သက် မလောက် လက်သော စိတ်ရှိသော။
သမ္မာ၊ အသင့်အားဖြင့်။
ဓမ္မံ၊ ရုပ်နာမ်တရားကို။
ဝိပဿတော၊ ဥဒယဗ္ဗယာနုပဿနာ စသည် တို့၏ အစွမ်းဖြင့်ရှုသော။
ဘိက္ခုနော၊ သံသရာဘေးကို ရှုသော ယောဂီအား။
အမာနုဿီ၊ ဝိပဿနာကို အားမထုတ်သူ လူတို့အရာ မဟုတ်သော။
ရတိ၊ ဝိပဿနာပီတိသုခဟူသော မွေ့လျော်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
မနုဿာနံ အယန္တိ မာနုသီ။ မနုဿယောဂ္ဂါ ကာမသုခရတိ။ တာဒိသေဟိ မနုဿဝိသေသေဟိ အနုဘဝိတဗ္ဗတာနတိဝတ္တနတော ဒိဗ္ဗာ ရတိပိ သင်္ဂဟိတာ။ မာနုဿီသဒိသတာယ ကာမသုခဘာဝေန ဒိဗ္ဗရတိပိ ဝါ။ တဿာ အတိက္ကန္တတာယ န မာနုဿီတိ အမာနုဿီ။
ဋီကာ(မဟာ၊ဒု၊နှာ-၄၃ဝ)
ယတော ယတော၊ အကြင်အကြင် နာမမုခ ရူပမုခ [၁]တပါးပါးဖြင့်။
ခန္ဓာနံ၊ ခန္ဓာတို့၏။
ဥဒယဗ္ဗယံ၊ အဖြစ်အပျက်ကို။
သမ္မသတိ၊ သုံးသပ်ဆင်ခြင်၏။
အမတံ၊ အမြိုက်နိဗ္ဗာန်ကို။
ဝိဇာနတံ၊ သိကုန်သော အရိယာသူမြတ်တို့၏။
ယံ ပီတိပါမောဇ္ဇံ၊ အကြင် နှစ်သက် ဝမ်းမြောက်ခြင်းသည်။
အတ္ထိ၊ ရှိ၏။
တံတာဒိသံ၊ ထိုအရိယာတို့၏ ပီတိ ပါမောဇ္ဇနှင့် တူသော။
ပီတိပါမောဇ္ဇံ၊ နှစ်သက် ဝမ်းမြောက်ခြင်းကို။
တတောတတော၊ ထိုထို မုခအားဖြင့်။
လဘတိ၊ ရ၏။
ဝါ ဝိဇာနတံ၊ သိကုန်သော အရိယာ သူမြတ်တို့၏။
အမတန္တံ၊ နိဗ္ဗာန် အဆုံးရှိသော။
ပီတိပါမောဇ္ဇံ၊ နှစ်သက်ဝမ်းမြောက်ခြင်းကို။
တတော တတော၊ ထိုထို မုခမှ။
လဘတိ၊ ရ၏။
[၁။ နာမမုခ = နာမ်ကိုသိမ်းဆည်းသောနည်း (မုခ = နည်း အကြောင်း)။]
အဓိမောက္ခ
ဝိပဿနာနှင့်ယှဉ်သော အလွန်လျှင် အားရှိသော ပသာဒ သဒ္ဓါတရားသည် အဓိမောက္ခ မည်၏။
ပဂ္ဂဟ
အသိထိလ အနစ္စာရဒ္ဓ သုပဂ္ဂဟိတ[၂] ဝီရိယသည် ပဂ္ဂဟ မည်၏။
[၂။ အ သိထိလ = (အ + သိထိလ၊ လျော့ခြင်း) မလျော့ခြင်း။ အနစ္စာရဒ္ဓ = (န + အတိ + အာရဒ္ဓ) အားမထုတ်လွန်း။ အသိထိလ-အနစ္စာရဒ = မလျော့လွန်း မတင်းလွန်း (ဝီရိယ)။ ပဂ္ဂဟိတ = ကောင်းစွာ ချီးပင့်အပ်သော။]
သုခ
ကိုယ်လုံးစိုစွတ် အလွန်မြတ်ထွတ်သော ချမ်းသာခြင်းသည် သုခ မည်၏။
ဉာဏ
သိကြားရွယ်ချိန် ဝဇိရစိန်လက်နက် မိုးကြိုးစက်ကဲ့သို့ ထက်မြက်သန့်ရှင်း ဖောက်ထွင်း နိုင်သော ပညာသည် ဉာဏ် မည်၏။
ဥပဋ္ဌာန
ကျောက်ဖျာ၌ရေးသော အရေးအသွင် အလွန်ထင်မြင်သော မြင်းမိုရ်တောင် အလား လှုပ်ရှားခြင်းမရှိသော သတိသည် ဥပဋ္ဌာန မည်၏။
ဥပေက္ခာ
သိကြားပစ်လွှတ်အပ်သော ဝဇိရစိန်အလား ရဲရဲတောက်သော သံမြားကဲ့သို့ ဥဒယဗ္ဗယ တရားတို့၌ လျစ်လျူဖြစ်သော ဝိပဿနုပေက္ခာ အာဝဇ္ဇနုပေက္ခာ နှစ်ပါးသည် ဥပေက္ခာ မည်၏။
ဝိစိနိတဝိသယတ္တာ သင်္ခါရာနံ ဝိစိနနေ မဇ္ဈတ္တဘာဝေန ဌိတာ ဝိပဿနုပေက္ခာ။ သာ ပန အတ္ထတော တထာ ပဝတ္တာ တတြမဇ္ဈတ္တုပေက္ခာဝ။ မနောဒွါရာဝဇ္ဇနသမ္ပယုတ္တာ စေတနာ အာဝဇ္ဇနေ အဇ္ဈုပေက္ခနဝသေန ပဝတ္တိယာ အဝဇ္ဇနုပေက္ခာတိ ဝုတ္တာ။ ဥဒယဗ္ဗယာနံ သုဋ္ဌုတရံ ဥပဋ္ဌာနတော တဒနုပဿနာယံ မဇ္ဈတ္တဘူတာ ဣဓ ဝိပဿနုပေက္ခာ နာမ။ အာဝဇ္ဇနာယ ဣန္ဒဝဇိရတတ္ထနာရာစသဒိသတာ သူရတိက္ခဘာဝေါ စ သဗ္ဗညုတဉာဏ-ပုရေစရာ ဝိယ တဒနုစရဉာဏဿ တထာဘာဝေန ဒဋ္ဌဗ္ဗာ။
ဋီကာ မဟာ၊ဒု၊နှာ-၄၃၂)
ဣန္ဒဝဇိရတတ္တနာရာစသဒိသတာ၊ သိကြားမင်း၏ ဝဇိရစိန်လက်နက် ရဲရဲ တောက်သော သံမြားတို့နှင့် တူသည်၏ အဖြစ်ကို၎င်း - ဟု အနက်ပေး။
နိကန္တိ
ကိလေသာ ဟူ၍ပင် မသိနိုင်ရာ လွန်စွာသိမ်မွေ့သော ဝိပဿနာ၌ တွယ်တာငဲ့ကွက် နှစ်သက် တပ်စွန်းသော တဏှာသည် နိကန္တိ မည်၏။
ဥပက္ကိလေသတရား
ဤ ပီတိစသော ကိုးပါးဖြစ်ရာ၌လည်း ဩဘာသ ဖြစ်ရာ၌ကဲ့သို့ ပီတိ စသည်ကို မဂ်ဖိုလ်ဟု ထင်မှား၍ ဝိပဿနာ လမ်းလွဲတတ်သည်။ ဤဩဘာသ စသော ဆယ်ပါး တို့သည် ဒိဋ္ဌိ မာန တဏှာဟူသော ဥပက္ကိလေသ သုံးပါးတို့၏ တည်ရာ အာရုံအကြောင်း ဝတ္ထု ဖြစ်သောကြောင့် ဥပက္ကိလေသ မည်ကုန်၏။
ထိုတွင် နိကန္တိကား မိမိလည်း ဥပက္ကိလေသဖြစ်၍ ဥပက္ကိလေသ မည်၏။ ဥပက္ကိလေသ ဝတ္ထုလည်း မည်၏။
ဂါဟ ၃-ပါး
“မမ ဩဘာသော ဥပ္ပန္နော” = ငါ၏အရောင်အလင်း -စသည်ဖြင့် စွဲလမ်းခြင်းသည် ဒိဋ္ဌိဂါဟ မည်၏။
“မနာပေါ ဝတ သြဘာသော ဥပ္ပန္နော” = နှစ်သက် စဘွယ် တင့်တယ် ကောင်းမြတ်သော ဩကာသကို ဖြစ်စေနိုင်သည်တကား - စသည်ဖြင့် ထောင်လွှား စွဲလမ်းခြင်းသည် မာနဂါဟ မည်၏။
ဩဘာသ စသည်ကို သာယာ တပ်မက်ခြင်းသည် တဏှာဂါဟ မည်၏။
ဤ ဂါဟ သုံးပါးဖြင့် မြှောက်ပွါးမူကား ဥပက္ကိလေသ သုံးဆယ်ဖြစ်၏။
ဤသို့ သြဘာသ စသော ဝိပဿနာဥပက္ကိလေသ ဆယ်ပါး ဖြစ်လာလျှင် မလိမ္မာသော ယောဂီသည် “ဧတံ မမ၊ ဧသော ဟမသ္မိ၊ ဧသော မေ အတ္တာ”ဟု တဏှာ မာန ဒိဋ္ဌိဖြင့် ရှု၍ တုန်လှုပ် ပျံ့လွင့်တတ်၏။
မဂ္ဂ အမဂ္ဂကို ပိုင်းခြားသိပုံ
လိမ္မာမြင်သိ ပညာရှိသော ယောဂီသည်ကား --
အယံ ခေါ သော မေ သြဘာသော ဥပ္ပန္နော။ သော ခေါ ပနာယံ အနိစ္စော သင်္ခတော ပဋိစ္စသမုပ္ပန္နော ခယဓမ္မော ဝယဓမ္မော ဝိရာဂဓမ္မော နိရောဓဓမ္မော -ဟူ၍သော်၎င်း။
အယံ ခေါ သြဘာသော ဥပ္ပါဒဝယဝတ္တိတော။ပ။ အတ္တပဋိက္ခေပတော စ အနတ္တာ။ ယံ ဧတသ္မိံ သမ္မသနေ အနိစ္စံ ဒုက္ခံ အနတ္တာတိ ပဝတ္တံ စိတ္တံ၊ တမ္ပိ အနိစ္စံ ဒုက္ခံ အနတ္တာ --
စသည်ဖြင့် အရူပသတ္တက၌ ပြခဲ့ပြီးသည့်အတိုင်း သော်၎င်း၊ ဆင်ခြင် သုံးသပ်လျက် ဥပက္ကိလေသ ဆယ်ပါးတို့၌ “နေတံ မမ၊ နေသောဟမသ္မိ န မေ သော အတ္တာ”ဟူသော ဂါဟသုံးမည် အရှုပ်အထွေးကို ဖျဉ်လျက် ဩဘာသ စသည်သည် လမ်းမှန်မဟုတ်၊ ဝိပဿနာ၏ ညစ်ငြူးကြောင်း ရန်သာတည်း၊ ဥပက္ကိလေသမှ လွတ်၍ လမ်းမှန်သော ဝီထိပ္ပဋိပန္န ဝိပဿနာဉာဏ်သည် သာလျှင် အရိယမဂ်၏ ရှေးအဘို့ဖြစ်သော ပုဗ္ဗဘာဂမဂ်တည်း၊ လမ်းမှန်တည်း၊ အကြောင်းတည်း ဟု မဂ္ဂ အမဂ္ဂကို ပိုင်းခြားဆင်ခြင် ရှုမြင်၏။ ဤကဲ့သို့သော ဗျတ္တယောဂီသည်သာလျှင် သြဘာသ စသည်တို့ကြောင့် တုန်လှုပ်ပျံ့လွင့်ခြင်း မရှိသတည်း။ ထို့ကြောင့် --
ဣမာနိ ဒသဋ္ဌာနာနိ၊
ပညာ ယဿ ပရီစိတာ။
ဓမ္မုဒ္ဓစ္စကုသလော ဟောတိ၊
န စ ဝိက္ခေပ ဂစ္ဆတိ။
ဟု ရှေးဆရာမြတ်တို့ မိန့်အပ်၏။
ယဿ ယောဂိနော၊ အကြင်ယောဂီ၏။
ပညာ၊ ပညာသည်။
ဣမာနိ ဒသဋ္ဌာနာနိ၊ ဤဥပက္ကိလေသ၏ အကြောင်း ဆယ်ပါးတို့ကို။
ပရိစိတာ၊ အနိစ္စတာ စသည် တို့ကိုယူ၍ လေ့လာ သိမ်းဆည်း ဆင်ခြင်၏။
သော၊ ထိုယောဂီသည်။
ဓမ္မုဒ္ဓစ္စကုသလော၊ ဓမ္မုဒ္ဓစ္စ၏ အမဂ္ဂအဖြစ်ကို သိသဖြင့် ဓမ္မုဒ္ဓစ္စ၌လိမ္မာသည်။
ဟောတိ၊ ဖြစ်၏။
ဝိက္ခေပဉ္စ၊ ပျံလွင့်ခြင်းသို့လည်း။
န ဂစ္ဆတိ၊ မရောက်။
သစ္စာ ၃-ပါးကို ပိုင်းခြားသိခြင်း
ဤသို့လျှင် ဒိဋ္ဌိဝိသုဒ္ဓိကို ရသဖြင့် ဒုက္ခသစ္စာကို ပိုင်းခြား၍ သိမြင်နိုင်၏။ ကင်္ခါဝိတရဏ-ဝိသုဒ္ဓိကို ရသဖြင့် သမုဒယသစ္စာကို ပိုင်းခြား၍ သိမြင်နိုင်၏။ ဤမဂ္ဂါမဂ္ဂဉာဏဒဿန- ဝိသုဒ္ဓိကို ရသဖြင့် မဂ္ဂသစ္စာကို ပိုင်းခြား၍ သိမြင်နိုင်၏၊ ဤသို့ လောကိယ ဉာဏ်ဖြင့်ပင် သစ္စာသုံးပါးကို ပိုင်းခြား၍ သိမြင်နိုင်၏။
ဤ ဥဒယဗ္ဗယ ဉာဏ်သည် ဖြစ်စ အပ္ပဂုဏ အခါ၌ တီရဏပရိညာ၏ အရာတည်း။ လေ့လာသောအခါ ပဟာနပရိညာ အဘို့သို့ ဝင်၏။
[အပ္ပဂုဏ = (အ+ ပဂုဏ = လေ့လာပြီးဖြစ်ခြင်း) လေ့လာမှု မရှိသေးခြင်း၊
တီရဏပရိညာ = (တီရဏ = ဆုံးဖြတ် စုံစမ်းခြင်း။ ပရိညာ = ပိုင်းခြား၍ ကွဲကွဲပြားပြား အလုံးစုံ သိခြင်း)]
ပဂုဏဘာဝပ္ပတ္တံ ဥဒယဗ္ဗယဉာဏံ ပဟာန ပရိညာပက္ခိကမေဝ ဒဋ္ဌဗ္ဗံ။
ဋီကာ (မဟာဒု၊နှာ-၄၃၄။)
မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ ပြီး၏။
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ
“ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိ တရားကိုယ်”
တထာ ပရိပန္တဝိမုတ္တဿ ပန တဿ ဥဒယဗ္ဗယဉာဏတော ပဋ္ဌာယ ယာဝါနုလောမာ တိလက္ခဏံ ဝိပဿနာပရမ္ပရာယ ပဋိပဇ္ဇန္တဿ န၀ ဝိပဿနာဉာဏာနိ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နာမ။
ဟူသောသင်္ဂြိုဟ်။
အဋ္ဌန္နံ ပန ဉာဏာနံ ဝသေန သိခါပတ္တာ ဝိပဿနာ နဝမဉ္စ သစ္စာနုလောမိကဉာဏန္တိ အယံ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နာမ။
ဟူသော ဝိသုဒ္ဓိမဂ် (ဋ္ဌ၊ဒု၊နှာ-၂၇၆။)
ဝိပဿနာစာရဿ မတ္ထကပ္ပတ္တိယာ သင်္ခါရုပေက္ခာဉာဏံ သိခါပတ္တဝိပဿနာ။ သိခါပတ္တိ ပနဿ ဥဒယဗ္ဗယဉာဏာဒီနံ အတ္တဋ္ဌမာနံ ဝသေန ဇာတာတိ အာဟ “အဋ္ဌန္နံ ပန ဉာဏာနံ ဝသေန သိခါပတ္တဝိပဿနာ”တိ။ သြဠာရိကောဠာရိကဿ သစ္စပ္ပဋိစ္ဆာဒကမောဟတမဿ ဝိဂမနေန သစ္စပ္ပဋိ- ဝေဓာနုကူလတ္တာ သစ္စာနုလောမိကဉာဏန္တိ အနုလောမဉာဏမာဟ။
ဟူသော ၎င်းဋီကာ (မဟာ၊ဒု၊နှာ-၄၃၅) တို့နှင့်အညီ ဥပက္ကိလေသ ဆယ်ချက်မှ ထွက်မြောက်၍ လမ်းမှန်သို့ရောက်ပြီးသော ဥဒယဗ္ဗယဉာဏ်။
ထိုနောင် အဆက်ဆက်သော ဘင်္ဂဉာဏ် ဘယဉာဏ် အာဒီနဝဉာဏ် နိဗ္ဗန္ဒဉာဏ် မုဉ္စိတုကမျတာဉာဏ်, ပဋိသင်္ခါဉာဏ် သင်္ခါရုပေက္ခာဉာဏ် အနုလောမဉာဏ်၊ ဤ ဝိပဿနာဉာဏ် ကိုးပါးသည် ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ မည်၏။
စင်စစ်အားဖြင့် ဝိပဿနာစာရ၏ အထွတ်အထိပ်သို့ ရောက်သော သိခါပတ္တဖြစ်သော သင်္ခါရုပေက္ခာဉာဏ် အနုလောမဉာဏ် နှစ်ပါး သည်သာလျှင် ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ မည်၏။ ဝုဋ္ဌာနဂါမိနီဝိပဿနာလည်း မည်၏။
[ဝုဋ္ဌာန = သင်္ခါရနိမိတ်မှ ထွက်မြောက်ခြင်း “မဂ်”။ ဂါမိနီ = ရောက်ကြောင်း။]
လက္ခဏာရေးသုံးပါး ထင်ရှားမှု မထင်ရှားမှု
ဥပက္ကိလေသ ဆယ်ပါး နှောက်သောကြောင့် လက္ခဏာရေး သုံးပါး ပျောက်ရကား ဥပက္ကိလေသကို ခွါပြီးနောက် လက္ခဏာရေးသုံးပါး ထင်ရှားလာစေခြင်းငှါ ဥဒယဗ္ဗယဉာဏ်ကို ရှေးနည်းအတိုင်း ပြန်၍ တဖန် ပွါးများ အားထုတ် ရသည်။
အဘယ်ကို နှလုံးမသွင်းသောကြောင့် အဘယ် တရားသည် ဖုံးလွှမ်းသောကြောင့် လက္ခဏာရေး သုံးပါးတို့သည် မထင်ရှားကုန်သနည်း ဟူမူကား--
ဥဒယဗ္ဗယာန မဘိဏှ-
သမ္ပဋီပီဠနဿ စ။
နာနာဓာတုဝိနိဗ္ဘောဂဿ၊
အမနဿိကာရ ဟေတုတော။
သန္တတျာစေ၀ ဣရိယာ-
ပထေဟိ စ ဃနေန စ။
ပဋိစ္ဆန္နတ္တာ ယထာဘူတံ၊
န ဥပဋ္ဌဟန္တိ လက္ခဏာ။
သင်္ဂဟ ဂါထာ
ဥဒယဗ္ဗယာနံ၊ ဖြစ်ခြင်း ပျက်ခြင်း တို့ကို၎င်း။
အဘိဏှ သမ္ပဋီပီဠနဿစ၊ မပြတ်အမြဲ တလဲလဲ နှိပ်စက်ခြင်း ကို၎င်း။
နာနာဓာတုဝိနိဗ္ဘောဂဿ၊ ပထဝီဓာတ် စသော အထူးထူး အပြားပြားသော သဘောတရား အကွဲအပြားကို၎င်း။
အမနဿိကာရ ဟေတုတော၊ နှလုံးမသွင်းခြင်း ဟူသော အကြောင်းကြောင့် လည်းကောင်း။
သန္တတိယာ စေဝ၊ အစဉ်သည်၎င်း။
ဣရိယာပထေဟိ စ၊ ဣရိယာပုထ် တို့သည်၎င်း။
ဃနေန စ၊ သမူဟ ကိစ္စ အာရုံအားဖြင့် ထင်သော တခဲနက်သည်၎င်း။
ပဋိစ္ဆန္နတ္တာ၊ ဖုံးလွှမ်းအပ်သည်၏ အဖြစ်ကြောင့် လည်းကောင်း။
လက္ခဏာ၊ လက္ခဏာရေး သုံးပါးတို့သည်။
ယထာဘူတံ၊ ဟုတ်မှန်သည် အတိုင်း။
န ဥပဋ္ဌဟန္တိ၊ မထင်ရှားနိုင်ကုန်။
အစဉ်အတိုင်း ဟပ်၍ယူ။
ဥဒယဗ္ဗယာဒိံ ပရိဂ္ဂယှ၊
သန္တတျာဒေါ ဝိကောပိတေ။
လက္ခဏာနိ ဥပဋ္ဌဟန္တိ၊
ဝိပဿန္တဿ ယောဂိနော။
အနွယ သင်္ဂဟ ဂါထာ
ဥဒယဗ္ဗယာဒိံ၊ ဥဒယဗ္ဗယ အဘိဏှသမ္ပဋိပီဠန နာနာဓာတုဝိနိဗ္ဘောဂကို။
ပရိဂ္ဂယှ၊ သိမ်းဆည်းဆင်ခြင်၍။
သန္တတျာဒေါ၊ သန္တတိ ဣရိယာပထ ဃနကို။
ဝိကောပိတေ၊ ဖျက်ဆီးခွါလှန် ဝေဖန်အပ်သည် ရှိသော်။
ဝိပဿန္တဿ၊ ဝိပဿနာ ရှုသော။
ယောဂိနော၊ ယောဂီအား။
လက္ခဏာနိ၊ လက္ခဏာရေး သုံးပါးတို့သည်။
ဥပဋ္ဌဟန္တိ၊ ထင်ကုန်၏။
အနိစ္စ စသည်မည်ပုံ
ဤအရာ၌ ခန္ဓပဉ္စကသည် အနိစ္စ ဒုက္ခ အနတ္တ မည်၏။
ဥပ္ပါဒ ဝယညထတ္တသည်။ ဝါ= ဟုတ္တာ အဘာ၀ ဟူသော အာကာရဝိကာရသည် အနိစ္စ လက္ခဏာ မည်၏။
[ဥပ္ပါဒဝယညထတ္တ = (အညထာ = တပါး) ဖြစ်ခြင်း, ပျက်ခြင်း, ဖြစ်ခြင်း ပျက်ခြင်းမှ တပါးသော ဧရာသဘော ထင်ရှားရှိသည်၏ အဖြစ်၊ ဝါ၊ ဇာတိ ဇရာမရဏ သဘော ရှိခြင်း။
ဟုတွာ အဘာ၀ (ဟုတွာ = ဖြစ်ပြီး၍။ အဘာဝ = ပျက်စီးခြင်း၊)
အာကာရ ဝိကာရ = အခြင်းအရာ အထူး။ ရင့်ခြင်းသဘောမှ ထူးသော ဖြစ်ခြင်း ပျက်ခြင်း ဟူသော အခြင်းအရာ။]
အဘိဏှ ပဋိပီဠနာကာရ [၁] သည် ဒုက္ခလက္ခဏာ မည်၏။
အ ဝသဝတ္တနာကာရ [၂] သည် အနတ္တ လက္ခဏာ မည်၏။
[၁။ အဘိဏှ ပဋိပီဠနာကာရ = ဖြစ်ခြင်း ပျက်ခြင်းဖြင့် မပြတ် အဖန်တလဲလဲ နှိပ်စက် ညှဉ်းဆဲသော အခြင်းအရာ (အဘိဏှ = အမြဲမပြတ်။ ပဋိ = အဖန်ဖန်။ ပီဠန=နှိပ်စက်ခြင်း။ အာကာရ = အခြင်းအရာ။)
၂။ အ ဝသဝတ္တနာကာရ = (ဝသ = အလို၊ ဝတ္တန = လိုက်ခြင်း ဖြစ်စေခြင်း) တစုံတယောက်သောသူ၏ အလိုက်သို့လိုက်ခြင်း ဟူသောအခြင်းအရာ။]
ဤလက္ခဏာ သုံးပါးတို့သည် သဘာဝဓမ္မ မဟုတ်သောကြောင့် ခန္ဓာ၌ အတွင်း မဝင်ကုန်။ ခန္ဓာနှင့်ကင်း၍ မရကောင်းသောကြောင့် ခန္ဓာမှလည်း မလွတ်ကုန်။
ခန္ဓေ ပန ဥပါဒါယ ဝေါဟာရ ဝသေန လဗ္ဘမာနာ တဒါဒီနဝ ဝိဘာဝနာယ ဝိသေသ ကာရဏဘူတာ တဇ္ဇာပညတ္တိ ဝိသေသာတိ ဝေဒိတဗ္ဗာ။
ဋီကာ (မဟာ၊ဒု၊နှာ-၄၃၈)
ဥပက္ကိလေသ ဝိနိမုတ္တဝီထိပ္ပဋိပန္နဝိပသာနာ ဟူသော ဥဒယဗ္ဗယဉာဏ် စွမ်းသန် သန့်ရှင်းစေခြင်း အကျိုးငှါ ဤ လက္ခဏာ သုံးပါး လက္ခိတဗ္ဗ ခန္ဓာငါးပါး တို့ကို လက္ခဏာရမ္မဏိက ဝိပဿနာဖြင့် ကောင်းစွာ ရှုမှတ်ဆင်ခြင်၏။
တယိဒံ သဗ္ဗမ္ပိ ယောဂါဝစရော ဥပက္ကိလေသ ဝိနိမုတ္တေန ဝီထိပ္ပဋိပန္နဝိပဿနာ သင်္ခါတေန ဥဒယဗ္ဗယာနုပဿနာဉာဏေန ယာထာဝ သရသတော သလ္လက္ခေတိ။
အဋ္ဌကထာ (ဝိသုဒ္ဓိ၊ဒု၊နှာ-၂၇၇)
“ဥဒယဗ္ဗယာနုပဿနာဉာဏေန သလ္လက္ခေတီ”တိ ဣဒံ တဗ္ဗော ဟာရ ဝသေန ဝုတ္တံ။ ဥဒယဗ္ဗယဉာဏတ္ထံ ဟိ လက္ခဏာရမ္မဏိက ဝိပဿနာ 'ဥဒယဗ္ဗယဉာဏ' န္တိ ကထိတာ။ န ဟိ ဥဒယဗ္ဗယဉာဏံ ဒုက္ခလက္ခဏာဒိဝိသယံ။ တဗ္ဗိသယတ္တေ ဝါ ဥဒယဗ္ဗယဉာဏမေဝ န သိယာ။ ဥဒယဗ္ဗယဉာဏံ ပန တိက္ခံ ဝိသဒဉ္စ ကာတုကာမေန လက္ခဏတ္တယတီရဏမေဝ ကာတဗ္ဗံ။ ပရိကမ္မသဒိသံ ဟေတုံ တဿ။ ဧသ နယော သေသဉာဏေသုပိ။
ဋီကာ (မဟာဒု၊နှာ-၄၃၈)
ဥဒယဗ္ဗယဉာဏ် ပြီး၏။
ဘင်္ဂါနုပဿနာဉာဏ်
“အပျက်ကိုသာ မြင်သောဉာဏ်”
ဤသို့ လက္ခဏာရမ္မဏိက ဝိပဿနာကို ကောင်းစွာ ရှုမှတ်ဆင်ခြင်လျက် “အနိစ္စံ ဒုက္ခံ အနတ္တာ၊ အနိစ္စံ ဒုက္ခံ အနတ္တာ”ဟု အခါခါ အဖန်ဖန် ရုပ်နာမ်တရား တို့ကို စဉ်းစားနှိုင်းချိန်သော ယောဂီအား ဥဒယဗ္ဗယဉာဏ် စွမ်းသန်ထက်မြက်လှ၍ ဖြစ်ခြင်း၊ ပျက်ခြင်းဖြင့် သင်္ခါရတို့သည် လျင်စွာ လျင်စွာ ထင်လာဖန်များသည် ရှိသော် လျှပ်စစ်ပြက် သည်ကို မော်၍ကြည့်သောသူအား လျှပ်စစ်၏ လျင်မြန် ခြင်းကြောင့် ဖြစ်ခြင်းကို မမြင်လိုက်ရပဲ ပျက်ဆဲတွင်သာ မြင်ရ၍ အပျက်သာ ထင်သကဲ့သို့ ဥပါဒ်ကို၎င်း ဌီကို၎င်း, ပဝတ္တကို၎င်း နိမိတ္တကို၎င်း လွှတ်လျက် ခယဝယဘေဒ ဟူသော ခဏိကနိရောဓ အပျက်မျှသာ ထင်တော့သည်။ ဘင်၌သာ သတိဉာဏ် တည်တော့သည်။
ဥပ္ပါဒစသည် အဓိပ္ပါယ်
ဥပ္ပါဒန္တိ နိဗ္ဗတ္တိဝိကာရံ။ 'ဌိတိ'န္တိ ဌိတိပဝတ္တိံ” ဇရန္တိ အတ္ထော။ ပဝတ္တန္တိ ဥပါဒိန္နကပ္ပံဝတ္တံ။ နိမိတ္တန္တိ သင်္ခါရနိမိတ္တံ ဟူသော ဋီကာ (မဟာ၊ ဒု၊နှာ-၄၃၉) ၌ ဖွင့်တိုင်း ဥပ္ပါဒ စသည်ကို မှတ်။
ဘင်္ဂဉာဏ်ဖြစ်ပေါ်ခြင်း
ဤသို့ ဘင်၌သာ သတိဉာဏ် တည်သောအခါ --
“ဧဝံ ဥပ္ပဇ္ဇိတွာ ဧဝံ နာမ သင်္ခါရဂတံ နိရုဇ္ဈတိ”။
သင်္ခါရဂတံ၊ သင်္ခါရတို့၌ အတွင်းဝင်သော တရားအပေါင်းသည်။
ဧဝံ ဥပ္ပဇ္ဇိတွာ၊ ဤသို့ဖြစ်ပြီး၍။
ဧဝံ၊ ဤသို့။
နိရုဇ္ဈတိ နာမ၊ စက်ဆုပ်ဘွယ်လိ ချုပ်ဘိ၏တကား -- ဟူ၍မြင်သော ဘင်္ဂဉာဏ် ဖြစ်၏။
နိစ္စသညာစသည်ကို ပယ်စွန့်ခြင်း
ဉာတဉ္စ ဉာဏဉ္စ ဥဘောပိ ဝိပဿတိ ဟူသည်နှင့် အညီ အာရုံဖြစ်သော ခန္ဓာ ငါးပါး စသည်တို့၏ ဘင်ကို၎င်း၊ ထို ခန္ဓာငါးပါးစသည်လျှင် အာရုံရှိသော အာရမ္မဏိက ဝိပဿနာစိတ်၏ ဘင်ကို၎င်း အာရုံပြု၍ ဘင်္ဂဉာဏ်ဖြင့် အဖန်ဖန် “အနိစ္စံ ဒုက္ခံ အနတ္တာ၊ အနိစ္စံ ဒုက္ခံ အနတ္တာ”ဟုရှုလျက် ထို သင်္ခါရတို့၌ငြီးငွေ့လျက် တပ်ခြင်းကင်းလျက် ရာဂကို ဝိက္ခမ္ဘနအားဖြင့် ချုပ်စေလျက်။ ဝါ၊ ယခုမြင်သော ပစ္စုပ္ပန်သင်္ခါရ၏၎င်း အနုမာန ဉာဏ်ဖြင့်ဆ၍ သိရသော အတိတ် အနာဂတ် သင်္ခါရ၏၎င်း ချုပ်ခြင်း ပျောက်ခြင်း မရှိခြင်းကိုသာ နှလုံးသွင်းလျက် ဤ အနိစ္စာဒိအနုပဿနာ၏ ပရိစ္စာဂပ္ပဋိနိဿဂ္ဂ ပက္ခန္ဒနပ္ပဋိနိဿဂ္ဂဖြစ်၍ အကျိုး ဖြစ်သော ခန္ဓာဘိသင်္ခါရ တို့နှင့်တကွသော ကိလေသမာရ်ကို တွန်းလှန်စွန့်ပစ်လျက် သင်္ခတဒေါသကို မြင်သဖြင့် သင်္ခါရမှ ပြန်သော နိဗ္ဗာန်ပြည်ကြီးသို့ ယိုစီး ကိုင်းညွတ် လွတ်လွတ် ပြေးဝင်သော စိတ်ရှိသော ယောဂီပုဂ္ဂိုလ်သည် ထို အနိစ္စာနုပဿနာ ဒုက္ခာ, အနတ္တာ နိဗ္ဗျန္ဒာ ဝိရာဂါ နိရောဓာ ပဋိနိဿဂ္ဂါ-နုပဿနာဉာဏ် ခုနစ်ပါးတို့ဖြင့် နိစ္စသညာ သုခသညာ အတ္တသညာ နန္ဒီ ရာဂ သမုဒယ အာဒါန ခုနှစ်ပါးတို့ကို ပယ်စွန့်၏။
ဘင်္ဂဉာဏ် ထက်သန်အားရှိခြင်း
ဤသို့လျှင် အာရုံ အာရမ္မဏိက နှစ်ပါးကို အာရုံပြု၍ “အနိစ္စံ ဒုက္ခံ အနတ္တာ, အနိစ္စံ ဒုက္ခံ အနတ္တာ”ဟု ရှုဖန်များ၍ အကြင်အခါ သင်္ခါရာရမ္မဏ ဝိပဿနာစိတ်၏ အခြားမဲ့၌ ယင်း ဝိပဿနာစိတ်၏ ဘင်ကို ဆင်ခြင်နိုင် မြင်နိုင်၏။ ထိုအခါ ဘင်္ဂဉာဏ် အတန်ငယ် ထက်သန်အားရှိပြီဟူ၍ မှတ်အပ်၏။ ဤအနက်ကို --
ဝတ္ထုသင်္ကမနာ စေဝ၊
ပညာယ စ ဝိဝဋ္ဋနာ။
အာဝဇ္ဇနာ ဗလဉ္စေဝ၊
ပဋိသင်္ခါဝိပဿနာ။
အာလမ္ဗနအနွယေန၊
ဥဘော ဧကဝဝတ္ထနာ။
နိရောဓေ အဓိမုတ္တတာ၊
ဝယလက္ခဏဝိပဿနာ။
အာလမ္ဗနဉ္စ ပဋိသင်္ခါ၊
ဘင်္ဂဉ္စ အနုပဿတိ။
သုညတော စ ဥပဋ္ဌာနံ၊
အဓိပညာဝိပဿနာ။
ကုသလော တီသု အနုပဿနာသု၊
စတဿော စ ဝိပဿနာသု။
တယော ဥပဋ္ဌာနေ ကုသလာ၊
နာနာဒိဋ္ဌီသု န ကမ္ပတိ။
ဟူသော ပါဠိဖြင့် သိအပ်၏၊
ပဋိသင်္ခါနုပဿနာ
ဝတ္ထုသင်္ကမနာ စေဝ၊ သင်္ခါရ၏ ဘင်မှ ဝိပသာနာ၏ ဘင်ဟူသော အာရုံတပါး ပြောင်းရွှေ့ခြင်း၎င်း။
ပညာယ၊ ဥဒယဗ္ဗယပညာ၏။
ဝိဝဋ္ဋနာ စ၊ ဥဒယမှဆုတ်နစ်၍ ဝယ၌သာ တည်ခြင်း၎င်း။
အာဝဇ္ဇနာဗလဉ္စေဝ၊ သင်္ခါရ၏ ဘင်ကို မြင်သော စိတ်၏ ဘင်ကို အခြားမဲ့၌ ဆင်ခြင်ခြင်းငှါ စွမ်းနိုင်ခြင်း၎င်း။
ဧသာ၊ ဤသည်လျှင်။
ပဋိသင်္ခါဝိပဿနာ၊ အာရုံကိုသိမြင် ဘင်ကို ရှုတတ်သော ဝိပဿနာ မည်၏။
ဘင်္ဂါနုပဿနာ
အာလမ္ဗနအနွယေန၊ ဒိဋ္ဌဖြစ်သော ပစ္စုပ္ပန်အာရုံကို အစဉ် လျှောက်သဖြင့်။
ဥဘော၊ ဒိဋ္ဌပစ္စုပ္ပန် အဒိဋ္ဌ အတိတ် အနာဂတ် နှစ်ပါးတို့ကို။
ဧကဝဝတ္ထနာ၊ ပျက်ခြင်းဟူသော သဘောတူအားဖြင့် ပိုင်းခြား မှတ်သားခြင်း၎င်း။
နိရောဓေ၊ ထိုဒိဋ္ဌ အဒိဋ္ဌသင်္ခါရ နှစ်ပါးတို့၏ ချုပ်ခြင်းဟူသော ဘင်၌။
အဓိမုတ္တတာ၊ ညွှတ် ကိုင်းရှိုင်း လှမ်းသောအဖြစ်၎င်း။
ဧသာ၊ ဤသည်ကား။
ဝယလက္ခဏဝိပဿနာ၊ အပျက်ဟူသော ဘင်္ဂလက္ခဏာကို ရှုသော ဝိပဿနာ မည်၏။
အဓိပညာဝိပဿနာ
အာလမ္ဗနဉ္စ၊ ရုပ်ဝေဒနာ စသော ရှေးအာရုံကိုလည်း။
ပဋိသင်္ခါ၊ သိပြီး၍။
ဘင်္ဂဉ္စ၊ ဘင်္ဂါရမ္မဏစိတ်၏ ဘင်ကိုလည်း။
အနုပဿတိ၊ အဖန်တလဲလဲ ရှု၏။
သုညတောစ၊ အာရုံ၏ဘင် ဘင်္ဂါရမ္မဏစိတ်၏ ဘင်ကို မြင်ရကား ကိုယ်ဟူသည် အထူး ဆိတ်သော အားဖြင့်။
ဥပဋ္ဌာနံ၊ ထင်ခြင်းသည်။
ဣဇ္ဈတိ၊ ပြည့်စုံ၏။
အယံ၊ ဤသုံးပါးသည်။
အဓိပညာဝိပဿနာ၊ အဓိပညာဝိပဿနာ မည်၏။
'အာလမ္ဗနဉ္စ ပဋိသင်္ခါ'တိ အာဒိ ဘင်္ဂါနုပဿနာယ ဒုပ္ပဋိဝိဇ္ဈတ္တာ ဝုတ္တဿေဝတ္ထဿ ဒဠှီကရဏံ။ တယိဒံ သင်္ခါရာနှံ ဘင်္ဂဒဿနံ အဝသဝတ္တနာဝ- ဗောဓနေန အနတ္တလက္ခဏပ္ပဋိဝေဓာယာတိ တံ ဒဿေန္တော သုညတော စ ဥပဋ္ဌာနန္တိ အာဟ။
ဋီကာ (မဟာ-ဒု၊နှာ-၄၄၃)
ဒိဋ္ဌိကြောင့် မတုန်လှုပ်ခြင်း
တီသု အနုပဿနာသု၊ အနိစ္စ ဒုက္ခ အနတ္တ အနုပဿနာ သုံးပါးတို့၌။
ကုသလာ၊ လိမ္မာသော ယောဂီသည်။
စတဿော စ ဝိပဿနာသု၊ နိဗွိဒါ ဝိရာဂါ နိရောဓာ ပဋိနိဿဂ္ဂါနုပဿနာ လေးပါး တို့၌၎င်း။
တယော စ ဥပဋ္ဌာနေ၊ အနိစ္စဟူသော ခယဝယ အားဖြင့် ထင်ခြင်း, ဒုက္ခဟူသော ဘယအားဖြင့် ထင်ခြင်း, အနတ္တ ဟူသော သုညအားဖြင့် ထင်ခြင်း သုံးပါးတို့၌၎င်း။
ကုသလတာ ကုသလတာယ၊ လိမ္မာသည်၏ အဖြစ်ကြောင့်။
နာနာဒိဋ္ဌီသု၊ သဿတဒိဋ္ဌိစသော အထူးထူးသော ဒိဋ္ဌိတို့ကြောင့်။
န ကမ္ပတိ၊ မတုန်လှုပ်။
ဤကား-အနက်။
ဤသို့ ဘင်္ဂါနုပဿနာဉာဏ် ထက်သန် အားရှိသောအခါ ကွဲဆဲဖြစ်သော ဒုဗ္ဗလ အိုးခွက် လှော်ချက်ဆဲဖြစ်သော နှမ်း ပရမ်းပတာ ကြဲသော မြူဏုတို့ကဲ့သို့ ဥပါဒ် စသည်ကို လွှတ်လျက် အပျက်ကိုသာ ရှု၏။ မိုးပေါက်ကြီးစွာ မိုးရွာတုန်း အခါ ကမ်းထိပ်၌ ရပ်၍ကြည့်သော စက္ခုမာ ယောက်ျားသည် ရေပြင်၌ ဖြစ်၍ ဖြစ်၍ လျင်စွာလျင်စွာ ပျက်သော ဥဗောင်းရေပြွက်တို့ကို မြင်သကဲ့သို့ ခပ်သိမ်းကုန်သော သင်္ခါရတို့သည် လျင်စွာလျင်စွာ ပျက်ကုန်၏ဟု မြင်၏။
ဧဝမေတံ သဗ္ဗေ သင်္ခါရာ ဘိဇ္ဇန္တိ ဘိဇ္ဇန္တီတိ ပဿတိ။
အဋ္ဌကထာ။
တုရိတ တုရိတံ ဟိ နေသံ ဘေဒဒဿနုတ္ထံ ဘိဇ္ဇန္တိ ဘိဇ္ဇန္တီတိ အာမေဍိတဝစနံ။
ဋီကာ (မဟာ၊ဒု၊နှာ-၄၄၁)။
ဤကဲ့သို့ မြင်သော ယောဂီပုဂ္ဂိုလ်ကို ရည်၍--
ကထာ ဗုဗ္ဗုဠကံ ပဿေ၊
ယထာ ပဿေ မရီစိကံ။
ဧဝံ လောကံ အဝေက္ခန္တံ၊
မစ္စုရာဇာ န ပဿတိ။
ဟူ၍ ဟောတော်မူသည်။
ဗုဗ္ဗုဠကံ၊ ရေပြွက်ကို။
ပဿေယထာ၊ မြင်သကဲ့သို့၎င်း။
မရီစိကံ၊ တံလျှပ်ကို။
ပဿေယထာ၊ ရှု၏သို့၎င်း။
ဧဝံယထာ၊ ဤအတူ။
လောကံ၊ ရုပ်နာမ် ဟူသော ခန္ဓလောကကို။
အဝေက္ခန္တံ၊ ဉာဏ်ဖြင့်သက်၍ အပျက်ကိုသာရှုသော ယောဂီပုဂ္ဂိုလ်ကို။
မစ္စုရာဇာ၊ သေမင်းသည်။
န ပဿတိ၊ မမြင်နိုင်။
အရဟတ္တာဓိဂမေန ပုနဗ္ဘဝါ ဘာဝတော။
ဋီကာဟိတ် (မဟာ၊ဒု၊နှာ- ၄၄၄။)
ဤသို့လျှင် သင်္ခါရတို့သည် လျင်စွာလျင်စွာ ပျက်ကုန်၏ဟု မပြတ်မလပ် မြင်သော ယောဂီအား အာနိသင်ရှစ်ပါး ခြံရံအပ်သော ဘင်္ဂဉာဏ် အလွန် အားရှိခြင်းတို့ ရောက်၏။
ဘင်္ဂဉာဏ်၏ အကျိုး ၈-ပါး
အာနိသင်ရှစ်ပါး ဟူသည်ကား---
ဘဝဒိဋ္ဌိဥဿုက္ကာနံ၊
ဇဟော ယုတ္တပ္ပယုတ္တတာ။
စာဂေါ ဇီဝိတနိကန္တိံ၊
သုဒ္ဓါဇီဝေါ စ နိဗ္ဘယော။
ရတာရတိသဟနတာ၊
ခန္တိသောရစ္စ လာဘတာ။
ဘင်္ဂဉာဏံ ဗလပ္ပတ္တံ၊
အဋ္ဌာနိသံသသမ္ပဒံ။
ဒိသွာ ယုဉ္ဇေ သဒါ တတ္ထ၊
အဋ္ဌဂ္ဂုဏဝရေ ဣမေ။
အာဒိတ္တစေလသီရောဝ၊
သီဃံ အမတပတ္တိယာ။
သင်္ဂဟဂါထာ
ဘဝဒိဋ္ဌိဥဿုက္ကာနံ၊ သဿတအယူ ကိစ္စကြီးငယ်၌ ကြောင့်ကြ အားထုတ်ခြင်းတို့ကို။
ဇဟော၊ ပယ်နိုင်ခြင်း နှစ်ပါး၎င်း။
ယုတ္တပ္ပယုတ္တတာ၊ မပြတ်မချာ ဘာဝနာ၌ လွန်စွာလွန်စွာ အားထုတ်နိုင်ခြင်း၎င်း။
ဇီဝိတ နိကန္တိံ၊ အသက်၌ တပ်မက်ခြင်းကို။
စာဂေါ၊ စွန့်နိုင်ခြင်း၎င်း။
သုဒ္ဓါဇီဝေါ စ၊ စင်ကြယ်သော အသက်မွေးခြင်း ရှိသည်၏အဖြစ်၎င်း။
နိဗ္ဘယော၊ အတ္တသိနေက ကင်းသဖြင့် ကြောက်ခြင်း မရှိသော အဖြစ်၎င်း။
ရတာရတိ သဟနတာ၊ ကာမဂုဏ်၌ မွေ့လျော်ခြင်း ဆိတ်ငြိမ်ရာ တောကျောင်း, ကောင်းမြတ် လွန်ကဲသော ကုသိုလ်တရားတို့၌ မမွေ့လျော်ခြင်းတို့ကို နှိပ်နင်း နိုင်ခြင်း၎င်း။
ခန္တိ သောရစ္စ လာဘတာ၊ သည်းခံခြင်း၊ ကောင်းသော အမှု၌ မွေ့လျော်ခြင်းတို့ကို ရခြင်း၎င်း။
ဣတိ၊ ဤသို့။
ဗလပ္ပတ္တံ၊ အားစွမ်းသို့ ရောက်သော။
ဘင်္ဂဉာဏံ၊ ဘင်္ဂဉာဏ်သည်။
အဋ္ဌာနိသံသ သမ္ပဒံ၊ ရှစ်ပါးသော အာနိသင်နှင့် ပြည့်စုံ၏။
တတ္ထ ထိုဘင်္ဂဉာဏ်၌။
ဣမေ အဋ္ဌ ဂုဏဝရေ၊ ဤရှစ်ပါးသော မြတ်သော ကျေးဇူးအာနိသင်တို့ကို။
ဒိသွာ၊ မြင်၍။
သီဃံ၊ လျင်မြန်စွာ။
အမတ ပတ္တိယာ၊ နိဗ္ဗာန်သို့ ရောက်ခြင်း။
သဒါ၊ အခါခပ်သိမ်း။
အာဒိတ္တ စေလ သီရော ဣဝ၊ ပုဆိုးဥသျှောင် ရဲရဲလောင်သည်ကို ငြိမ်းအောင် ကုတ်ပတ် သတ်သော ယောကျ်ားကဲ့သို့။
ယုဉ္ဇေ၊ ကိစ္စတပါး လက်လွှတ်ထား၍ အားထုတ်ရာ၏။
ဘင်္ဂါနုပဿနာဉာဏ် ပြီး၏။
ဘယတူပဋ္ဌာနဉာဏ်
ဤ ဘင်္ဂါနုပဿနာဉာဏ်ကို အဖန်ဖန် မှီဝဲ ပွါးများသော ယောဂီပုဂ္ဂိုလ်အား အသက် ရှည်ကြာ ချမ်းသာလိုသော ဘေးကိုလည်း ကြောက်တတ်သော ဘီရုက ယောက်ျားအား ခြင်္သေ့ သစ်ကျား သားရဲ ဝံ အောင်း မွေးးဆောင်းကွယ်ပြူး ဘီလူးရက္ခိုက် နွားမိုက် ခွေးကြမ်း မုန်ပြွမ်းသော ဆင် ဆိပ်လျင်သော မြွေဆိုး မိုးကြိုးစက်ကွင်း သင်္ချိုင်း စစ်ပွဲ အလျှံစဲသော ရှားမီးခဲ အစုကို တွေ့၍ မှိုင်မေ့ ဝေနောက် သေမတက် ကြောက်ခြင်း ဖြစ်သကဲ့သို့ ခပ်သိမ်းဥဿုံ ပျက်ပြား ကုန်သော တေဘူမိကသင်္ခါရတို့သည် ကြောက်မက် ဘွယ်သော ဘေးကြီးဟု ထင်လာကုန်၏။
ဘယဉာဏ်
နိရုဒ္ဓါတီတသင်္ခါရာ၊
ပစ္စုပ္ပန္နာ စ ဘိဇ္ဇရေ။
အနာဂတာ ဘိဇ္ဇိဿန္တိ၊
သဗ္ဗေ တေ ဘာယိတဗ္ဗကာ။
အတီတသင်္ခါရာ၊ အတိတ် ရုပ် နာမ် သင်္ခါရတို့သည်။
နိရုဒ္ဓါ၊ ချုပ်လေကုန်ပြီ။
ပစ္စုပ္ပန္နာ စ၊ သန္တတိပစ္စုပ္ပန် ရုပ်နာမ် သင်္ခါရ တို့သည်လည်း။
ဘိဇ္ဇရေ၊ ပျက်ပြားကုန်ဆဲ။
အနာဂတာ၊ အနာဂတ် သင်္ခါရတို့သည်လည်း။
ဘိဇ္ဇိဿန္တိ၊ ပျက်စီးကုန်လတ္တံ့။
ဧတေ သဗ္ဗေ၊ ထို အလုံးစုံသော ရုပ်နာမ် သင်္ခါရတို့သည်။
ဘာယိတဗ္ဗကာ၊ ကြောက်မက်ဘွယ်ရာ တို့ချည်းတည်း - ဟူ၍မြင်၏။
သတ်ပြီး သတ်ဆဲ သားကြီး သားလက်တို့ကို မြင်၍ သတ်လတ္တံ့ သားငယ်၌ တွယ်တာ ငဲ့ကွက်ခြင်း အာလယကို စွန့်သော အမိကဲ့သို့၎င်း၊ သားကိုးယောက် သေပြီး၍ လက်၌ ရှိသော ဒသမ သားလည်း သေဆဲကိုမြင်၍ ဝမ်းတွင်ရှိသော ဧကာဒသမ သား၌ ချစ်ခြင်း အာလယ မရှိသော သားမတင်သော မိန်းမကဲ့သို့၎င်းတည်း။ ထိုအခါ ဘယဉာဏ် ဖြစ်၏။
အဒ္ဓါ ပစ္စုပ္ပန္နာ သြဠာရိကာ ဒီဃတရပ္ပဗန္ဓာ၊ ခဏ ပစ္စုပ္ပန္နာ သုခုမတရာ ဣတ္တရကာလာ၊ သန္တတိပစ္စုပ္ပန္နာ မဇ္ဈိမာ ဣဓ အာဒိတော ပရိဂ္ဂဟေတမ္ဗာ။
ဋီကာ (မဟာ၊ဒု၊နှာ-၄၄၅)
ဘယဉာဏ်ရှင်းချက်
ဘယဉာဏ် ဟူသော်လည်း ကြောက်သည်ဟူ၍ မမှတ်လင့်၊ ကြောက်က်လျှင် ဒေါသမူစိတ်သာ ဖြစ်သည်။ မြို့တံခါးဝ၌ တိက္ခ မဇ္ဈ မုဒု ဖြစ်သော မီးကျီးတွင်း သုံးခု၊ ရှားသား တံကျင် သံတံကျင် ရွှေတံကျင် သုံးချောင်းတို့ကို မြင်သော ယောကျ်ား ကဲ့သို့ ကာမ ရူပ အရူပ ဟူသော ဘဝသုံးပါး၌ ဖြစ်ကုန်သော အတိတ် ပစ္စုပ္ပန် အနာဂတ် သင်္ခါရ တရားတို့ကို ကြောက်မက်ဘွယ်ရာ တကားဟု ဘယဉာဏ် စက်သွားဖြင့် ပိုင်းခြား ဆုံးဖြတ်ရုံမျှသာ တည်း။
ဘယတူပဋ္ဌာနဉာဏံ ပန ဘာယတိ န ဘာယတီတိ။ န ဘာယတိ။ တဉှိ အတီတာ သင်္ခါရာ နိရုဒ္ဓါ၊ ပစ္စုပ္ပန္နာ နိရုဇ္ဈန္တိ၊ အနာဂတာ နိရုဇ္ဈဿန္တီတိ တီရဏမတ္တမေဝ ဟောတိ။
အဋ္ဌကထာ (ဝိသုဒ္ဓိ၊ ဒု၊နှာ-၂၈၃)
ခု ဘာယတိ ဉာဏဿ ဘာယနာကာရေန အပ္ပဝတ္တနတော။ ပဋိဃစိတ္တုပ္ပါဒဝသေန ဟိ ဘာယနံ၊ ဉာဏံ ပန ဘာယိတဗ္ဗဝတ္ထုံ ဘာယိတဗ္ဗန္တိ ယာထာဝတော ဇာနာတိ။
ဋီကာ (မဟာဒု၊ နှာ-၄၄၆)
မကြောက်လျှင် အဘယ့်ကြောင့် ဘယဉာဏ် ဆိုသနည်း ဟူမူ --
ယသ္မာ ပနဿ ကေဝလံ သဗ္ဗဘဝ ယောနိ ဂတိ ဋ္ဌိတိ နိုဝါသဂတာ သင်္ခါရာ ဗျသနာပန္နာ သပ္ပဋိဘယာ ဟုတွာ ဘယတော ဥပဋ္ဌဟန္တိ၊ တသ္မာ ဘယတူပဋ္ဌာနန္တိ ဝုစ္စတိ[၁]။
ဟု အဋ္ဌကထာ (ဝိသုဒ္ဓိ၊ဒု၊နှာ-၂၈၃) ၌ ဖြေ၏။
[၁။ အလုံးစုံသော သင်္ခါရတို့သည် ပျက်စီးခြင်း သဘော တည်းဟူသော ဘေးဘယ ရှိသည် ဟု ယောဂီ၏ ဉာဏ်၌ထင်လာသဖြင့် ဘယဉာဏ်ဟုခေါ်သည်။ တုန်လှုပ်ထိတ်လန့် ကြောက်ရွံ့ခြင်းမျိုးမဟုတ်ချေ။]
အနိစ္စံ မနသိကရံ၊
နိမိတ္တံ ဌာတိ ဘာယတော။
ဒုက္ခတော ဘဝပ္ပဝတ္တံ၊
အနတ္တတော တဒူဘယံ။
ပါဠိ သင်္ဂဟ
အနိစ္စံ၊ အနိစ္စဟူ၍။
မနသိကရံ = မနသိကရောန္တဿ၊ နှလုံးသွင်းသူအား။
နိမိတ္တံ၊ တေကာလိက သင်္ခါရနိမိတ်သည်။
ဘယတော၊ ကြောက်မက်ဘွယ်အားဖြင့်။
ဌာတိ = ဥပတိ၊ ထင်၏။
ဒုက္ခတော၊ ဒုက္ခဟူ၍။
မနသိကရံ၊ နှလုံးသွင်းသူအား။
ဘဝပ္ပဝတ္တံ၊ ချမ်းသာသုခ သမုတ်ရသော ရူပါ ရူပဘဝ ဟူသော ဖြစ်ခြင်းသည်။
ဘယတော၊ ကြောက်မက်ဘွယ်အားဖြင့်။
ဌာတိ၊ ထင်၏။
“ပဝတ္တန္တိ ရူပါရူပဘဝပ္ပဝတ္တိ။
အဋ္ဌကထာ (ဝိသုဒ္ဓိ၊ဒု၊နှာ-၂၈၄) ၊
အနတ္တတော၊ အနတ္တဟူ၍။
မနသိကရံ၊ နှလုံးသွင်းသူအား။
တဒူဘယံ၊ ထိုနိမိတ္တ ပဝတ္တနှစ်ပါးသည်။
ဘယတော၊ ကြောက်မက်ဘွယ်အားဖြင့်။
ဌာတိ၊ ထင်၏။
ဘယတူပဋ္ဌာနဉာဏ် ပြီး၏။
အာဒီနဝါနုပဿနာဉာဏ်
ဤဘယတူပနဉာဏ်ကို အဖန်တလဲလဲ မှီဝဲပွါးများသော ယောဂီပုဂ္ဂိုလ် သည် အသက်ရှည်လို ချမ်းသာလိုသော ဘီရုက ယောကျ်ားသည် သားရဲ နေသောရှို၊ ကျား ခိုသော တောင်ခေါင်း၊ မိကျောင်း ရက္ခိုက် စောင့်သောရေ၊ ခိုးသူ ဓားပြ နေသောလမ်း၊ သန်လျက်ထမ်း၍ လာသောသူသတ်၊ အဆိပ် ခပ်သော ထမင်း၊ မီးဝင်းဝင်း ပြောင်ပြောင် လောင်သောအိမ်၊ ရွယ်ချိန် လွှတ်ပစ် ထိုးခုတ်ထစ်သော စစ်မြေသို့ရောက်၍ ရွံ့ကြောက်လန့်ထိတ် စိတ် မပျော်ရွှင် ထက်ဝန်းကျင်အားဖြင့် အပြစ်ဒေါသ အာဒီနဝ ကိုသာ မြင်သကဲ့သို့ ခပ်သိမ်းသော ဘဝ ယောနိ ဂတိ ဌိတိ နိဝါသတို့၌ တဏှာ လေဏ ဂတိ ပဋိသရဏကို မမြင်။ ဘဝါဒိဂတ ဘယ် တစုံတခုသော သင်္ခါရ ကိုမျှ ပတ္ထနာ ပရာမာသ မပြု၊ ဘုံသုံးတန်ကို အလျှံကင်းစဲသော မီးခဲတွင်း မီးခဲစု၊ ဓာတ်လေးခုကို အဆိပ်လျှင်ထန်သောမြွေ၊ ငါးထွေသော ခန္ဓာကို ဥက္ခိတ္တာသိက ချီမ မိုးရွယ်သော သန်လျက်ရှိသော သူသတ်ယောကျ်ား, အဇ္ဈတ္တိကာယတန ခြောက်ပါးကို ရွာပျက်ပမာ၊ ဗာဟိရာယတန ခြောက်ပါးကို ဂါမဃာတက ခိုးသား၊ ဝိညာဏဋ္ဌိတိ ခုနစ်ပါး သတ္တနိဝါသ ကိုးပါးတို့ကို တဆဲ့တပါးသော လောင်မီးတို့ဖြင့် ရောင်ညီး ပေါက်ရှ တောက်ပ ပြောင်ပြောင် ဝင်းဝင်းလောင်၍ နေသည်ပမာ ဘင်္ဂါနုပဿနာ၏ အစွမ်းဖြင့် ဘေး-ဟု ထင်လာကုန်ပြီးသော သင်္ခါရတို့ကို ဂဏ္ဍ ရောဂါ သလ္လာဗာဓ အဃပမာ သက်သာရာမရှိ သမ္ပတ္တိ ကင်းစင် ထက်ဝန်းကျင်မှ ကြီးစွာသော အပြစ်အစုသာ ထင်၏။ ထိုအခါ အာဒီနဝဉာဏ် ဖြစ်ပြီ ဟူ၍မှတ်။
ယံ သပ္ပဋိဘယံ၊ တံ သာဒီနဝံ။
ဋီကာ (မဟာ၊ဒု၊နှာ-၄၄၈)
ဓာတ်ကြီး ၄-ပါး မြွေ ၄-စင်းနှင့် တူပုံ စသည်
ဓာတ်လေးခု စသည် တို့၏ အဆိပ်လျှင် ထန်သော မြွေ စသည်တို့နှင့် တူသည့်အဖြစ်ကို --
“အာသီဝိသာ ဃောရဝိသာ”တိ ခေါ ဘိက္ခဝေ စတုန္နံ ဧတံ ဓာတူစုံ အဓိဝစနံ။
“ဥက္ခိတ္တာသိကော ဝဓကော”တိ ခေါ ဘိက္ခဝေ ပဉ္စန္နေတံ ဥပါဒါနက္ခန္ဓာနံ အဓိဝစနံ။
“သုညဂါမော”တိ ခေါ ဘိက္ခဝေ ဆန္နေတံ အဇ္ဈတ္တိကာနံ အာယတနာနံ အဓိဝစနံ၊ စက္ခုတော စေပိ တံ ဘိက္ခဝေ ပဏ္ဍိတော ဗျတ္တော မေဓာဝီ ဥပပရိက္ခေယျ။ ရိတ္တကမေဝ ခါယတိ တုစ္ဆကမေဝ ခါယတိ သုညတမေဝ ခါယတိ။
“စောရာ ဂါမဃာတကာ”တိ ခေါ ဘိက္ခဝေ ဆန္နေတံ ဗာဟိရာနံ အာယတနာနံ အဓိဝစနံ။
စက္ခု ဘိက္ခဝေ ဟညတိ မနာပါမနာပေသု ရူပေသု။
စက္ခု ဘိက္ခဝေ အာဒိတ္တံ။ ကေန အာဒိတ္တံ။ ရာဂဂ္ဂိနာ ဒေါသဂ္ဂိနာ မောဟဂ္ဂိနာ ဇာတိယာ ဇရာယ မရဏေန သောက ပရိဒေဝေဟိ ဒုက္ခဟိ ဒေါမနဿဟိ ဥပါယာသေဟိ အာဒိတ္တန္တိ ဝဒါမိ --
အစရှိသော ပါဠိဖြင့် သိအပ်၏။
၁၂-ဝါရ
ယင်းသို့ အာဒီန၀ဉာဏ် ဖြစ်သည်ကို ရည်၍ ဝတ္ထုဆယ်ပါး တဆဲ့နှစ်ပါးသော ဝါရတို့ဖြင့် တန်းဆာဆင်လျက် အနွယ ဗျတိရေက အားဖြင့် ပဋိသမ္ဘိဒါ၌ ဟောအပ်၏။ တဆဲ့နှစ်ဝါရ ဟူသည်ကား --
အာဒီန၀ဉာဏ် ၁၅-ပါး
ဥပ္ပါဒေါ ဘယံ။ ပဝတ္တံ ဘယံ။ နိမိတ္တံ ဘယံ။ အာယူဟနာ ဘယံ။ ပဋိသန္ဓိ ဘယံ။ ဂတိ ဘယံ။ နိဗ္ဗတ္တိ ဘယံ။ ဥပပတ္တိ ဘယံ။ ဇာတိ ဘယံ၊ ဇရာ ဘယံ။ ဗျာဓိ ဘယံ။ မရဏံ ဘယံ။ သောကော ဘယံ၊။ပရိဒေဝေါ ဘယံ။ ဥပါယာသော ဘယံ။ အာဒီနဝဉာဏ် တဆဲ့ငါးပါး။
သန္တိပဒဉာဏ် ၁၅-ပါး
အနုပ္ပါဒေါ ခေမံ၊ အပ္ပဝတ္တံ။ပ။ အနုပါယာသော ခေမံ။ သန္တိပဒဉာဏ် တဆဲ့ငါးပါး။
ယမကဉာဏ်၁၅-ပါး
ဥပ္ပါဒေါ ဘယံ၊ အနုပ္ပါဒေါ ခေမံ။ပ။ ဥပါယာသော ဘယံ၊ အနုပါယာသော ခေမံ။ ယမကဉာဏ် တဆဲ့ ငါးပါး။ ပေါင်း သုံးဝါရ။
ထိုအတူ “ဥပ္ပါဒေါ ဒုက္ခံ၊ အနုပ္ပါဒေါ သုခံ”စသည် သုံးဝါရ။
“ဥပ္ပါဒေါ သာမိသံ၊ အနုပ္ပါဒေါ နိရာမိသံ” စသည် သုံးဝါရ။
“ဥပ္ပါဒေါ သင်္ခါရာ၊ အနုပ္ပါဒေါ နိဗ္ဗာနံ” စသည် သုံးဝါရ။
ပေါင်း တဆဲ့ နှစ်ဝါရ ဖြစ်၏။
ဥပ္ပါဒေါ၊ ရှေးကံကြောင့် ဤဘဝ ပဋိသန္ဓေ သင်္ခါရတို့၏ ဖြစ်ခြင်းသည်။
ဘယံ၊ ကြောက်မက်ဘွယ်သော ဘေးတည်း။
ပဝတ္တံ၊ ပဝတ္တိအခါ သင်္ခါရတို့၏ ဆက်ကာ ဆက်ကာဖြစ်၍ နေခြင်းသည်။
ဘယံ၊ ကြောက်မက်ဖွယ်သော ဘေးတည်း။
နိမိတ္တံ၊ လုံးလုံး လျောင်းလျောင်း ပေါင်း၍တည်ဟန် သဏ္ဌာန် အကောင်အထည်ကဲ့သို့ ယူအပ်သော အလုံးစုံသော သင်္ခါရ နိမိတ်သည်။
အာယူဟနာ၊ နောင်ပဋိသန္ဓေ၏ အကြောင်းဖြစ်သော ဤဘဝကံသည်။
ပဋိသန္ဓိ၊ နောက်ဘဝ ပဋိသန္ဓေသည်။
ဂတိ၊ ထိုပဋိသန္ဓေ၏ဖြစ်ရာ ဒေဝ မနုဿ နိရယ ပေတ တိရစ္ဆာန ဂတိငါးပါးသည်။
သာ ပနတ္ထတော တံတံကမ္မနိယမိတာ ဘဝသမညာရဟာ ဝိပါကက္ခန္ဓာ ကဋတ္တာ စ ရူပန္တိ ဝေဒိတဗ္ဗံ။
ဋီကာ (မဟာ၊ဒု၊နှာ-၄၅၀)
နိဗ္ဗတ္တိ၊ ခန္ဓာအသစ် ဖြစ်ခြင်းသည်။
ဥပပတ္တိ၊ သမာပန္န ဥပပန္န ဖြစ်သော ဝိပါက်၏ ဖြစ်ခြင်းသည်။
ဘယံ၊ ကြောက်မက်ဘွယ်သော ဘေးတည်။
ဇာတိ ဇရာ စသည်ကား ထင်ရှား၏။
အနုပ္ပါဒေါ၊ ဥပ္ပါဒမရှိရာ နိဗ္ဗာန်သည်။
ခေမံ၊ သာယာငြိမ်းချမ်း ဘေးဘျမ်း မရှိ။
နတ္ထိ ဧတဿ ဥပ္ပါဒေါ၊ န ဝါ ဧတသ္မိံ အဓိဂတေ သင်္ခါရာနံ အာယတိံ ဥပ္ပါဒေါတိ အနုပ္ပါဒေါ၊ နိဗ္ဗာနံ။ အပ္ပဝတ္တန္တိအာဒီဟိပိ ပဝတ္တာဒိပဋိက္ခေပမုခေန နိဗ္ဗာနမေ၀ ဝဒတိ။
ဋီကာ (မဟာ၊ဒု၊နှာ-၄၄၉)
တတိယဝါရ ယမကဉာဏ်ကိုကား လျင်မြန်စွာ ဝိပဿနာကို အားထုတ်သော ပုဂ္ဂိုလ်အစွမ်းဖြင့် ဟောအပ်၏။
ပဝတ္တိယံ အာဒီနဝံ ဒိသွာ တဒနန္တရမေ၀ နိဝတ္ထိယံ အာနိသံသ- ဒဿနဝသေန သီဃံ ဝိပဿနံ ဥဿုက္ကာပေန္တာနံ ဝသေန ဥပ္ပါဒေါ ဘယံ၊ အနုပ္ပါဒေါ ခေမန္တိ တတိယဝါရော ဝုတ္တာ။ ဧသေ၀ နယော ဆဋ္ဌဝါရာဒီသုပိ။
ဋီကာ (မဟာ၊ဒု၊နှာ-၄၄၉)
ထို ဥပ္ပါဒ ပဝတ္တ စသော တဆဲ့ငါးပုဒ်တို့တွင် --
ဥပ္ပါဒဉ္စ ပဝတ္တဉ္စ၊
နိမိတ္တံ ဒုက္ခန္တိ ပဿာတိ။
အာယူဟနံ အပ္ပဋိသန္ဓိံ၊
ဉာဏံ အာဒီနဝ ဣဒံ။
အနုပ္ပါဒံ အပ္ပဝတ္တံ၊
အနိမိတ္တံ သုခန္တိ စ။
အနာယူဟနံ အပ္ပဋိသန္ဓိံ၊
ဉာဏံ သန္တိပဒေ ဣဒံ။
ဣဒံ အာဒီနဝေ ဉာဏံ၊
ပဉ္စဋ္ဌာနေသု ဇာယတိ။
ပဉ္စဋ္ဌာနေ သန္တိပဒေ၊
ဒသ ဉာဏေ ပဇာနာတိ။
ဒွိန္နိံ ဉာဏာနံ ကုသလတာ၊
နာနာဒိဋ္ဌီသု န ကမ္မတိ။
ဝတ္ထု ၁၀-ပါး
ဥပ္ပါဒဉ္စ၊ ရှေးကံကြောင့် ဤဘဝ ပဋိသန္ဓေသင်္ခါရတို့၏ ဖြစ်ခြင်း၎င်း။
ပဝတ္တဉ္စ၊ ပဝတ္တိအခါ သင်္ခါရတို့၏ ဆက်ကာ ဆက်ကာ ဖြစ်၍နေခြင်းကို၎င်း။
နိမိတ္တံ၊ သင်္ခါရနိမိတ်၎င်း။
အာယူဟနံ၊ နောင်ပဋိသန္ဓေ အကြောင်းဖြစ်သော ဤဘဝကံကို၎င်း။
ပဋိသန္ဓိံ၊ နောင်ဘဝ ပဋိသန္ဓေကို၎င်း။
ဒုက္ခန္တိ၊ ဒုက္ခဟူ၍။
ပဿာတိ၊ ရှုမြင်၏။
ဣဒံ၊ ဤငါးပါးသော အာရုံဟူသော တည်ရာဝတ္တု ရှိသောဉာဏ်သည်။
အာဒီနဝေ၊ အပြစ်ဒေါသ အာဒီနဝဟူသော အာရုံဝတ္ထု၌။
ဉာဏံ၊ ဖြစ်သောဉာဏ် မည်၏။
အနုပ္ပါဒံ၊ ဥပ္ပါဒ မရှိရာ နိဗ္ဗာန်ကို၎င်း။
အပ္ပဝတ္တံ၊ ပဝတ္တိသဘော မရှိသော နိဗ္ဗာန်ကို၎င်း။
အနိမိတ္တံ၊ သင်္ခါရနိမိတ် ကင်းသော နိဗ္ဗာန်ကို၎င်း။
အနာယူဟနံ၊ အာယူဟန ကင်းသော နိဗ္ဗာန်ကို၎င်း။
အပ္ပဋိသန္ဓိံ၊ ပဋိသန္ဓေကင်းသော နိဗ္ဗာန်ကို ၎င်း။
သုခန္တိ၊ သုခဟူ၍။
ပဿတိ၊ ရှုမြင်၏။
ဣဒံ၊ ဤဉာဏ်သည်။
သန္တိပဒေ၊ သင်္ခါရခပ်သိမ်း ကုန်ငြိမ်းရာ နိဗ္ဗာန်ဟူသော - အာရုံ၌။
ဉာဏ်၊ ဖြစ်သောဉာဏ် မည်၏။
ဤကား ဝတ္ထုဆယ်ပါးတည်း။
ဣဒံ အာဒီနဝေဉာဏံ၊ ဤအာဒီန၀ဉာဏ်သည်။
ပဉ္စဋ္ဌာနေသု၊ ငါးပါးသော အာရုံဝတ္ထုတို့၌။
ဇာယတိ၊ ဖြစ်၏။
သန္တိပဒေဉာဏံ၊ သန္တိပဒဉာဏ်သည်။
ပဉ္စဌာနေ၊ ငါးပါးသောအရာဝတ္ထု၌။
ဇာယတိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။
ဒသဉာဏေ၊ ဆယ်ပါးသောဉာဏ်တို့ကို။
ပဇာနာတိ၊ သိ၏။
ဒွိန္နိံ ဉာဏာနံ၊ ဉာဏ်နှစ်ပါးတို့၌။
ကုသလတာ = ကုသလတာယ၊ လိမ္မာသည်၏အဖြစ်ကြောင့်။
နာနာဒိဋ္ဌီသု၊ ပရမ ဒိဋ္ဌဓမ္မနိဗ္ဗာနဂါဟ စသော အထူးထူးသော ဒိဋ္ဌိတို့ကြောင့်။
န ကမ္ပတိ၊ မတုန်လှုပ်။
(ဝိသုဒ္ဓိမဂ်၊ဋ္ဌ၊ဒု၊နှာ-၂၈၆။ ပဋိသမ္ဘိဒါ၊ နှာ-၅၈)
အာဒီန၀ဉာဏ်ဖြစ်ကြောင်း ၅-ပါး
▬▬▬▬▬▬▬▬▬▬▬
ဤပဋိသမ္ဘိဒါ ပါဠိနှင့်ညီစွာ ဥပ္ပါဒ ပဝတ္တ နိမိတ္တ အာယူဟန ပဋိသန္ဓိ ငါးပါးတို့ သည်သာလျှင် အာဒီနဝဉာဏ်၏ ဝတ္ထုတည်း။ ကြွင်းဆယ်ပုဒ် တို့ကား ထိုပုဒ်တို့၏ ပရိယာယ်ဝေဝုစ်ဖြစ်၍ ထိုပုဒ်တို့၌ ဝင်ကုန်၏။
ဧတ္ထ စ ဥပ္ပါဒေါဒယော ပဉ္စေဝ အာဒီနဝဉာဏဿ ဝတ္ထုဝသေန ဝုတ္တာ။ သေသာ တေသံ ဝေဝစနဝသေန။ နိဗ္ဗတ္တိ ဇာတီတိ ဣဒဉှိ ဒွယံ ဥပ္ပါဒဿ စေဝ ပဋိသန္ဓိယာ စ ဝေဝစနံ။ ဂတိ ဥပပတ္တီတိ ဣဒံ ဒယံ ပဝတ္တဿ။ ဇရာဒယော နိမိတ္တဿာတိ။
အဋ္ဌကထာ (ဝိသုဒ္ဓိ၊ဒု၊နှာ-၂၈၆။)
ထိုငါးပုဒ်တို့တွင်လည်း ဥပ္ပါဒ ပဝတ္တ အာယူဟန သုံးပါးတို့ဖြင့် ပစ္စုပ္ပန် သင်္ခါရတို့ကို ယူအပ်ကုန်၏။
ပဋိသန္ဓိဖြင့် အနာဂတ်ဥပါဒိန္နကို ယူအပ်၏။
ဥပ္ပါဒဖြင့် အတိတ် ကမ္မ သင်္ခါရတို့ကိုလည်း ဖော်ပြ အပ်ကုန်၏။
နိမိတ္တဖြင့် အဇ္ဈတ္တ ဗဟိဒ္ဓ စသည်ပြားသော အဓွန့် သုံးပါး၌ဖြစ်သော ရုပ် နာမ် အလုံးစုံကို ယူအပ်၏။
သန္တိပဒဉာဏ်၌လည်း နည်းတူပင်။ ယင်း သန္တိပဒဉာဏ်ကို ဤ အာဒီနဝါနုပဿနာ၌ သွင်း၍ ပြသည်ကား အာဒီနဝဉာဏ်၏ ပဋိပက္ခဉာဏ်ကို ပြရခြင်း အကျိုးရှိ၏။
တနည်းလည်း -- ဘယတူပဋ္ဌာနအားဖြင့် အာဒီနဝကို မြင်၍ ထိတ်လန့် ပင်ပန်းကုန်သော ယောဂီတို့ကို သက်သာစေခြင်း အကျိုးရှိ၏။
တနည်းလည်း -- ဥပ္ပါဒ စသည်ကို ဘယအားဖြင့် ထင်သော ယောဂီ၏ စိတ်သည် ဆန့်ကျင်ဖက် နိဗ္ဗာန်၌ ညွတ်၏။ ထို့ကြောင့် ဘယတူပဋ္ဌာန အစွမ်းဖြင့် ပြီးသော အာဒီနဝဉာဏ်၏ အာနိသင်ကို ပြရခြင်း အကျိုးလည်း ရှိ၏ ဟု မှတ်အပ်၏။
အာမိသ ၃-ပါး
▬▬▬▬▬
ဘယမည်သော တရားဟူသမျှသည် စင်စစ် ဒုက္ခချည်းတည်း။ ဝဋ္ဋာမိသ လောကာမိသ ကိလေသာမီသတို့မှ မလွတ်သောကြောင့် သာမိသ ချည်းတည်း။ သာမိသဖြစ်ကလည်း သင်္ခါရမျှသာတည်း။ ထို့ကြောင့် နောက်ဝါရတို့ကိုလည်း ဟောပြန်ရသည်။
[အာမိသ = သုံးသပ်ခြင်း (တဏှာဒိဋ္ဌိတို့ဖြင့် စွဲလမ်း သုံးသပ်အပ်သော ကာမဂုဏ် ၅-ပါး စသည်တို့ကို အာမိသ ဟု ခေါ်သည်။)]
ဝဋ္ဋာမိသံ ဥပါဒိန္နခန္ဓာတိ ဝဒန္တိ။ တိဝိဓမ္မိ ဝဋ္ဋံ ဝဋ္ဋသန္နိဿိတဉ္စ ဝဋ္ဋာမိသံ ကိလေသေဟိ အာမသိတဗ္ဗတော။ လောကာမိသံ ပဉ္စကာမဂုဏာ။ ကိလေသာ ဧဝ ကိလေသာမိသံ။ သင်္ခါရမတ္တမေဝါတိ ဧတ္ထ ဧဝ-သဒ္ဒေန ဝိသင်္ခါရံ နိဝတ္တေတိ၊ မတ္တ-သဒ္ဒေန ပန အပရိပုဏ္ဏတံ ဝိဘာဝေတိ။
ဋီကာ (မဟာ၊ဒု၊နှာ-၄၅ဝ။)
ဝဋ္ဋာမိသံ၊ ဝဋ္ဋာမိသကို။
ဥပါဒိန္နခန္ဓာတိ၊ ဥပါဒိန္နကခန္ဓာဟူ၍။
ဝဒန္တိ၊ ဆိုကုန်၏။
တိဝိဓမ္မိ၊ ၃-ပါး အပြားရှိသည်လည်း ဖြစ်သော။
ဝဋ္ဋံ၊ ဝဋ်တရားသည်၎င်း။
ဝဋ္ဋသန္နိဿိတဉ္စ၊ ဝဋ်ကို မှီသော တရားသည်၎င်း။
ဝဋ္ဋာမိသံ၊ ဝဋ္ဋာမိသ မည်၏။
(ကသ္မာ၊ အဘယ်ကြောင့် နည်းဟူ မူကား)
ကိလေသေဟိ၊ ကိလေသာတို့သည်။
အာမသိတဗ္ဗတော၊ သုံးသပ်အပ်သောကြောင့် တည်း။
ပဉ္စကာမဂုဏာ၊ ကာမဂုဏ် ၅-ပါးတို့သည်။
လောကာမိသံ၊ လောကာမိသ မည်၏။
ကိလေသာ ဧဝ၊ ကိလေသာတို့ သည်ပင်လျှင်။
ကိလေသာမိသံ၊ ကိလေသာမီသ မည်၏။
သင်္ခါရမတ္တ မေဝါတိ ဧတ္ထ၊ သင်္ခါရမတ္တမေဝ ဟူသောပါဌ်၌။
ဧဝသဒ္ဒေန၊ ဧဝ-သဒ္ဒါဖြင့်။
ဝိသင်္ခါရံ၊ သင်္ခါရကင်းသော နိဗ္ဗာန်ကို။
နိဝတ္တေတိ၊ နစ်စေ၏၊
မတ္တ-သဒ္ဒေန ပန၊မတ္တ-သဒ္ဒါ ဖြင့်ကား။
အပရိပုဏ္ဏတံ၊ မပြည့်စုံသည်၏အဖြစ်ကို။
ဝိဘာဝေတိ၊ ပြ၏။
အာဒီနဝါနုပဿနာဉာဏ် ပြီး၏။
….
နိဗ္ဗိဒါနုပဿနာဉာဏ်
▬▬▬▬▬▬▬
ဥပမာသုံးမျိုး
အနောတတ်အိုင်၏ အနောက်မျက်နှာ ရတနာ ခုနစ်ပါးဖြင့် ပြီးသော စိတ္တကုဋ်တောင်ခြေ၌ ပျော်နေကျ ရွှေဟင်္သာသည် စဏ္ဍာလရွာအထွက် အိုင်ငယ်တံစိပွက်၌ မနှစ်သက် မပျော်ပိုက်နိုင်။ အိုင်ကြီး ခုနစ်ပါး၌သာ ပျော်ပါး နှစ်ခြိုက် သကဲ့သို့၎င်း ... ရွှေချိုင့်လှောင်သွင်း သားမင်း ကေသရာသည် ယူဇနာသုံးထောင် ကျယ်ပြောဆောင်သော ဟေဝန်တောင် အကွေ့၌သာ ပျော်မွေ့သကဲ့သို့၎င်း ... ဟတ္တ ပါဒ ဝါလ သောဏ္ဍ ဝတ္ထိကောသ ဟူသော ဘူမိဖုသန အင်္ဂါခုနစ်ပါး [၁] တို့ဖြင့် မြေ၌တည်သောကြောင့် သတ္တပတိဋ္ဌ မည်သော သဗ္ဗသေတ ဝေဟာသပျံ ဆဒ္ဒန်ဆင်မင်း သည် မြို့တွင်း၌ မမွေ့ လျော်နိုင်၊ ဆဒ္ဒန်အိုင်၌သာ ပျော်ပါးသကဲ့သို၎င်း ... ခပ်သိမ်းကုန်သော သင်္ခါရ တရားတို့ကို အပြစ်ဒေါသ အာဒီနဝအားဖြင့် မြင်ပြီးသော ဤယောဂီဟင်္သာ ကေသရာ ဆင်မင်း သည် အကြွင်းမရှိသော ဘဝ ယောနိ ဂတိ ဋ္ဌိတိ နိဝါသဂတ သဘေဒက သင်္ခါရတို့၌ မနှစ်ခြိုက်နိုင်၊ ညှိုးမှိုင်နွမ်းချိ ပျင်းရိငြီးငွေ့ မပျော်မွေ့ပဲ အနုပဿနာ ခုနစ်ပါး၊ အနုပဿနာ သုံးပါး အဓိမုတ္တိပုဗ္ဗကအနွယဒဿနအနုမာန ဉာဏ်ဖြင့် မြင်အပ်သော အနုပ္ပါဒ စသော နိဗ္ဗာန်တရားတို့၌သာ ပျော်ပါး ညွတ်ကိုင်း ရှိုင်းသောစိတ် ရှိတော့သည်။ ထိုအခါ နိဗ္ဗိန္ဒဉာဏ်ဖြစ်၏။
[၁။ ဘူမိဖုသနအင်္ဂါ = မြေကြီးထိသော အင်္ဂါ၊ ခြေ ၂၊ လက်-၂၊ အမြီး နှာမောင်း သို - ဟူ၍ ၇-ပါး။]
ဉာဏ် ၃-ပါး တူပုံနှင့်ထူးပုံ
▬▬▬▬▬▬▬▬▬
ယင်း နိဗ္ဗိန္ဒဉာဏ် ရှေး ဘယဉာဏ် အာဒီနဝဉာဏ် ဤဉာဏ်သုံးပါးတို့သည် ဘေးအားဖြင့် ထင်သော သင်္ခါရတို့သည်သာ မဟာအာဒီနဝ နိဗ္ဗိန္ဒိတဗ္ဗဖြစ်၍ ထင်သောကြောင့် မတ္ထကပ္ပတ္တိ အခါ၌ သဘောတူမျှ တခုတည်းဖြစ်ကြကုန်သော်လည်း ထိုသို့သော ဘာဝနာ အားစွမ်းသို့ ရောက်သဖြင့် အဝတ္ထာဝိသေသ တိဝိဓကိစ္စ သာမတ္ထိယ အားဖြင့် အစ၌ ထူးခြားသော သဘော ရှိကြကုန်၏ဟု ပြခြင်းငှါ --
တံပနေတံ ပုရိမေန ဉာဏဒွယေန အတ္ထတော ဧကံ။တေနာဟု ပေါရာဏာ --
“ဘယတူပဋ္ဌာနံ ဧကမေဝ တီဏိ နာမာနိ လဘတိ၊ သဗ္ဗသင်္ခါရေ ဘယတော အဒ္ဒသာတိ ဘယတူပဋ္ဌာနံ နာမ ဇာတံ။ တေသုယေဝ သင်္ခါရေသု အာဒီနဝံ ဥပ္ပါဒေသီတိ အာဒီနဝါနုပဿနာ နာမ ဇာတံ။ တေသုယေဝ သင်္ခါရေသု နိဗ္ဗိန္ဒမာနံ ဥပ္ပန္နန္တိ နိဗ္ဗိန္ဒာနုပသာနာ နာမ ဇာတ”န္တိ။
ပါဠိယမ္ပိ ဝုတ္တံ — ယာ စ ဘယတူပဋ္ဌာနေ ပညာ ယဉ္စ အာဒီနဝေ ဉာဏံ ယာ စ နိဗ္ဗိဒါ၊ ဣမေ ဓမ္မာ ဧကတ္တာ၊ ဗျဉ္ဇနမေ၀ နာနန္တိ --
ဟု အဋ္ဌကထာ (ဒု၊နှာ-၂ဂဂ) ၌ မိန့်သည်။
တယိဒံ တာသံ အနုပဿနာနံ မတ္ထကပ္ပတ္တိဝသေန ဝုတ္တံ၊ အာဒိမှိ ပန ဘိန္န သဘာဝါ ဧဝ ပဝတ္တန္တိ၊ ဥပ္ပါဒေသီတိ ပါတွာကာသိ၊ ဝိဘာဝေသီတိ အတ္ထော။
ဋီကာ (မဟာ၊ဒု၊နှာ-၄၅၂))
နိဗ္ဗိဒါနုပဿနာဉာဏ် ပြီး၏။
…..
မုဉ္စိတုကမျတာဉာဏ်
▬▬▬▬▬▬▬▬
ဥပမာ ၁၁-မျိုး
ဤနိဗ္ဗိဒါဉာဏ်ဖြင့် ဘုံသုံးတန် နှောင်အိမ်တွင် ဆန့်ကျင် ငြီးငွေ့ မပျော်မွေ့သော ယောဂီထွတ်ဖျား အမျိုးကောင်းသားအား ကွန်ပိုက်၌ ငါး, မြွေမိသော ဖား အယောင် ချိုင့်လောင်သော တောကြက် အလမ္ပာယ် လက်၌ မြွေ ကျော့ကွင်းမိလေသော သမင် ဂဠုန် လက်တွင် နဂါး, ကြောင်ဘားလက်၌ ကြွက်သူငယ် စွန့်လက်သည်းဝယ် စာသူငယ် နက်ကျယ်စွာသော ညွန်အိုင်၌ကျသော ဆင် ရာဟု ခံတွင်းတွင် လဗိမာန် ရန်သူ ဝန်းပိုင်း အပ်သော ယောက်ျား စသည်ကဲ့သို့ ဘယ်တစုံတရာသော သင်္ခါရတရား၌ပင် ပျော်ပါး ငြိကပ် ဖွဲ့စပ် တပ်စွန်းခြင်း မရှိ လွန်စွာထန်ပြင်း လွတ်ကင်း ထွက်မြောက်လိုသောစိတ် ဖြစ်၏။ ထိုအခါ မုဉ္စိတုကမျတာဉာဏ် ဖြစ်၏။
မုဉ္စိတုကမျတာဉာဏ် ပြီး၏။
…..
ပဋိသင်္ခါဉာဏ်
▬▬▬▬▬
“မြွေဟောက်တွေ့သော တံငါဥပမာ”
ငါးဆောင်းသော ယောက်ျား တံငါ့သားသည် ရေ မြွေဟောက်ကို ဆောင်းမိ၍ ဆောင်းပေါက်မှ လက်ဖြင့် နှိုက်လျက် နှစ်ခြိုက်ဝမ်းသာ ငါးကြီးစွာ၏-ဟု ဖော်ကာ ကြည့်ရှုသဖြင့် လည်ရေး သုံးဆင့်ကို မြင်၍ အလွန် ကြောက်လန့် ပြစ်ထင် မကိုင်ချင်လှ လွှတ်ချင်လှ၍ လက်မှအသာ ဖျည်ကာချေပွတ် ပစ်လွှတ် တက်ပြေး၍ မြွေဘေးမှ ငါလွတ်ခဲ့လာပေပြီဟု လာခဲ့ရာလမ်းကို ဝမ်းမြောက် လည်လှည့် ပြန်ကာ ကြည့်သကဲ့သို့ ရုပ်နာမ် သင်္ခါရ တရားကို မသိမ်းဆည်းခင်က လွန်မင်စုံမက် အတ္တဘောကို နှစ်သက်၍ လက္ခဏာရေးသုံးပါးတို့ကို သမ္မသန ဥဒယဗ္ဗယ ဘင်္ဂဉာဏ်တို့ဖြင့် မြင်ပြီး၍ အစဉ်အတိုင်း ဘယဉာဏ် အာဒီနဝဉာဏ် နိဗ္ဗိန္ဒဉာဏ် မုဉ္စိတုကမျတာဉာဏ်ဖြစ်၍ ထို သင်္ခါရတို့မှ လှလှ လွတ်ဘို့ရန် တဖန် ထို သင်္ခါရတို့ကို ဆိုခဲ့ပြီးသော "ရူပံ အနိစ္စံ ပလောကံ၊ စလံ ပဘင်္ဂု အဒ္ဓုဝံ” စသော လေးဆယ်သော အခြင်းအရာတို့ဖြင့်၎င်း၊
သဗ္ဗမ္ပိ သင်္ခါရဂတံ အနိစ္စံ ခယဋ္ဌေန၊
ဒုက္ခံ ဘယဋ္ဌေန။
အသုဘံ ဒုဂ္ဂန္ဓဇေဂုစ္ဆ ပဋိကူလဋ္ဌေန။
အနတ္တာ အသာရကဋ္ဌေန။
ဟူ၍၎င်း သိမ်းဆည်းပြန်သဖြင့် တဖန် နိစ္စ သုခ သုဘ အတ္တ အခြင်းအရာဖြင့် မထင်လာပဲ ကောင်းစွာ လွတ်ကြီး လွတ်လေသည် ။ ထိုအခါ ပဋိသင်္ခါဉာဏ် ဖြစ်၏။
အနိစ္စံ မနသိကရံ၊
ပဋိသင်္ခါနိမိတ္တကံ။
ဒုက္ခတော ဘဝပ္ပဝတ္တံ၊
အနတ္တတော တဒူဘယံ။
သင်္ဂဟ ဂါထာ
အနိစ္စံ၊ အနိစ္စဟူ၍။
မနသိကရံ = မနသိကရောတော၊ နှလုံးသွင်းသော ယောဂီအား။
နိမိတ္တံ၊ သင်္ခါရနိမိတ်ကို။
ပဋိသင်္ခါ၊ သိ၍။
ဉာဏံ၊ ပဋိသင်္ခါဉာဏ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
ဒုက္ခတော၊ ဒုက္ခအားဖြင့်။
မနသိကရံ = မနသိကရောတော၊ နှလုံးသွင်းသော ယောဂီအား။
ဘဝပ္ပဝတ္တံ၊ ချမ်းသာသုခ သမုတ်ရသော ရူပါရူပ ဘဝဟူသော ဖြစ်ခြင်းကို။
ပဋိသင်္ခါ၊ သိမြင်၍။
ဉာဏံ၊ ပဋိသင်္ခါဉာဏ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
အနတ္တတော၊ အနတ္တဟူ၍။
မနသိကရံ = မနသိကရောတော၊ နှလုံးသွင်းသော ယောဂီအား။
တဒူဘယံ၊ ထို နိမိတ္တ ပဝတ္တ နှစ်ပါးကို။
ပဋိသင်္ခါ၊ သိမြင်၍။
ဉာဏံ၊ ပဋိသင်္ခါဉာဏ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
ပဋိသင်္ခါနုပဿနာဉာဏ် ပြီး၏။
…
သင်္ခါရုပေက္ခာဉာဏ်
▬▬▬▬▬▬▬
သင်္ခါရာနံ အနိစ္စ ဒုက္ခာကာရာဒိပရိဂ္ဂဏှနဝသေန ပဝတ္တမ္ပိ ပဋိသင်္ခါ- နုပဿနာဉာဏံ ဝိသေသတော အနတ္တာကာရပရိဂ္ဂဏှနပ္ပဓာနံ၊ တသ္မိံ ဟိ သတိ သစ္စသမ္ပဋိဝေဓော ဣဇ္ဈတိ၊ န အသဟိ။ တဒဘာဝတော ဟိ အနိစ္စ ဒုက္ခ လက္ခဏ ပညာပကမ္ပိ သရဘင်္ဂသတ္ထာရာဒီနံ သာသနံ အနိယျာနိကမေဝ ဇာတံ။ အထ ဝါ တေသံ နိစ္စ, သာရာဒီဟိ ရိတ္တကံ သန္ဓာယ “သဗ္ဗေ သင်္ခါရာ သုညာတိ ပရိဂ္ဂဟေတွာ”တိ ဝုတ္တံ --
ဟူသော ဋီကာ (မဟာ၊ဒု၊နှာ-၄၅၅) နှင့် အညီ ဤပဋိသင်္ခါနုပဿနာဉာဏ်ဖြင့် မြင်အပ်ပြီးသော သင်္ခါရတို့၏ အတ္တမှ ဆိတ်သားအဖြစ်ကို။ ဝါ=နိစ္စသာရ စသည်တို့မှ ဆိတ်သောအဖြစ်ကို ရှေး သိမ်းဆည်းမြဲအတိုင်း အဖန်တလဲလဲ သိမ်းဆည်းပြီး၍ ယင်း သုညတာကာရ၏ မြဲမြံခိုင်ခံ့ခြင်း ဒဠှီဘာဝအကျိုးငှါ --
အဘို့ ၂-ပါးဖြင့် ဆင်ခြင်ခြင်း
▬▬▬▬▬▬▬▬▬
“သုညမိဒံ အတ္တေနဝါ အတ္တနိယေနဝါ”။
ဣဒံ သင်္ခါရဂတံ၊ ဤ သင်္ခါရသဘောသည်။
အတ္တေန ဝါ၊ သာမီ နိဝါသီ ကာရက ဝေဒက ဖြစ်သော ကိုယ်ဟူသည်မှ၎င်း။
အတ္တနိယေနဝါ၊ သုခ ဒုက္ခကို ပြီးစေတတ်သော မိမိဥစ္စာ သတ္တဝါသင်္ခါရမှ၎င်း။
သုညံ၊ ကင်းဆိတ်၏။
ဤသို့ အဖို့နှစ်ပါးဖြင့် ဆင်ခြင်အပ်၏။
အဘို့ ၄-ပါးဖြင့် ဆင်ခြင်ခြင်း
▬▬▬▬▬▬▬▬▬
မြင်ပြီးသည်ရှိသော် တဖန် ...
နာဟံ ကွစနိ၊
န ကဿစိ ကိဉ္စနသ္မိံ။
န စ ပရော ကွစနိ၊
န မမ ကိဉ္စနတသ္မိံ။
ကွစနိ၊ တစုံတခုသော ဌာန ကာလ သဘာဝ ဓမ္မ အဇ္ဈတ္တ ဗဟိဒ္ဓ၌။
အဟံ၊ ငါ-ဟု ဆိုဘွယ်ရာ ကိုယ်ဟူသည်။
န၊ မရှိလုံးလုံး သုဉ်းချေ၏ တကား။
ကဿစိ၊ တစုံတယောက်သော သူတပါး၏။
ကိဉ္စနတသ္မိံ = ကိဉ္စနဘာဝေ၊ မိဘ သားမြေး ကျွန်ကျေး ဆရာ ဉာတကာ မျိုးဆွေ အန္တေဝါသိက စသည်ဖြင့် ကြောင့်ကြ စိုးရိမ်အပ်သော အဖြစ်၌။
ဥပနေတဗ္ဗော၊ ဆောင်ထားသိမှတ် အပ်သော။
ကဿစိ၊ တစုံတယောက်သော သူတပါး၏ သား မြေး မိဘ စသည် ဆိုဘွယ်ရာ ငါဟူသောကိုယ်သည်။
ကွစနိ၊ တစုံတခုသော ဌာန ကာလ သဘာဝ ဓမ္မ အဇ္ဈတ္တ ဗဟိဒ္ဓ၌။
န၊ မရှိလုံးလုံး သုဉ်းချေ၏တကား။
စ၊ ငါသာ မရှိသည် မဟုတ်သေး။
ကွစနိ၊ တစုံတခုသော ဌာန ကာလ သဘာဝ ဓမ္မ အဇ္ဈတ္တ ဗဟိဒ္ဓ၌။
ပရော၊ သူတပါးဟု ဆိုဘွယ်ရာ ကိုယ် ဟူသည်လည်း။
န၊ မရှိလုံးလုံး သုဉ်းချေ၏တကား။
မမ၊ ငါ၏။
ကိဉ္စနတသ္မိံ = ကိဉ္စနဘာဝေ၊ မိဘ သား မြေး ကျွန်ကျေး ဆရာ ဉာတကာမျိုးဆွေ အန္တေဝါသိက စသည်ဖြင့် ကြောင့်ကြစိုးရိမ် အပ်သော အဖြစ်၌။
ဥပနေတဗ္ဗော၊ ဆောင်ထား သိမှတ်အပ်သော။
မမ၊ ငါ၏ မိဘ စသည်ဆိုဘွယ်ရာ သူတပါး ဟူသောကိုယ်သည်။
န၊ မရှိလုံးလုံး သုဉ်းချေ၏တကား။
ဤသို့ အဖိုးလေးပါးဖြင့် သုညတာကာရ ကို သိမ်းဆည်း ဆင်ခြင်အပ်၏။
အခြင်းအရာ ၆-ပါးဖြင့် ဆင်ခြင်ခြင်း
▬▬▬▬▬▬▬▬
မြင်လတ်သော် တဖန် --
ရူပံ သုညံ အတ္တေန ဝါ အတ္တနိယေန ဝါ နိစ္စေန ဝါ ဓုဝေန ဝါ သဿတေန ဝါ အဝိပရိဏာမ ဓမ္မေန ဝါ။ ဝေဒနာ။ သညာ။ သင်္ခါရာ။ ဝိညာဏံ။ စက္ခု သုညံ။ မနော သုညော။ ရူပါ သုညာ။ ဓမ္မာ သုညာ။ စက္ခုဝိညာဏံ။ မနောဝိညာဏံ။ စက္ခုသမ္ဖဿော။ ယာဝ ဇရာမရဏံ သုညံ အတ္တေန ဝါ အတ္တနိယေန ဝါ နိစ္စေန ဝါ ဓုဝေန ဝါ သဿတေန ဝါ အဝိပရိဏာမဓမ္မေန ဝါ။
ရူပံ၊ ရုပ်သည်။
အတ္တေန ဝါ၊ သာမီ နိဝါသီ ကာရက ဝေဒကဖြစ်သော ကိုယ် ဟူသည်မှ၎င်း။
အတ္တနိယေန ဝါ၊ သုခ ဒုက္ခကို ပြီးစေတတ်သော ကိုယ်၏ဥစ္စာ သတ္တဝါ သင်္ခါရမှ၎င်း။
နိစ္စေန ဝါ၊ တောင်ထွတ်တပဲ မြဲ၏ဟု ကြံဆအပ်သော မိမိ တပါးသူ ကိုယ်ဟူသည်မှ၎င်း။
ဝါ၊ တောင်ထွတ်တပဲ မြဲသောအဖြစ်မှ၎င်း။
ဓုဝေန ဝါ၊ ခိုင်ခံ့သောအဖြစ်မှ၎င်း။
သဿတေန ဝါ၊ အခါခပ်သိမ်း ထင်ရှား ရှိသော အဖြစ်မှ၎င်း။
အဝိပရိဏာမ ဓမ္မေန ဝါ၊ ဖောက်ပြန်ခြင်းသဘော မရှိသော အဖြစ်မှ၎င်း။
သုည၊ ကင်းဆိတ်ချေ၏ တကား။
နိစ္စတာ နာမ ကူဋဋ္ဌတာ။ ဓုဝဘာဝေါ ထိရတာ။သဒါ ဘာဝိတာ သဿတတာ၊ နိဗ္ဗိကာရတာ အဝိပရိဏာမ ဓမ္မတာ။ ဋီကာ (မဟာဒု၊နှာ-၄၅၆)
ယာဝ ဇရာ မရဏံ၊ ဇရာ မရဏတိုင်အောင်သော တရားအပေါင်းသည်။
အတ္တေန ဝါ၊ သာမီ နိဝါသီ ကာရက ဝေဒကဖြစ်သော ကိုယ်ဟူသည်မှ၎င်း။
အတ္တနိယေန ဝါ၊ ကိုယ်၏ဥစ္စာ သတ္တဝါသင်္ခါရမှ၎င်း။
နိစ္စေန ဝါ ဓုဝေန ဝါ သဿတေန ဝါ အဝိပရိဏာမဓမ္မေန ဝါ၊ မြဲသောအဖြစ်မှ၎င်း ခိုင်ခံ့သော အဖြစ်မှ၎င်း အခါခပ်သိမ်း ထင်ရှားရှိသော အဖြစ်မှ၎င်း မဖောက်မပြန်သော သဘောရှိသော အဖြစ်မှ၎င်း။
သုညံ၊ ကင်းဆိတ်ချေ၏တကား။
ဤသို့ ခြောက်ပါးသောအခြင်းအရာ တို့ဖြင့် သိမ်းဆည်း ဆင်ခြင်အပ်၏။
အခြင်းအရာ ၈-ပါးဖြင့် ဆင်ခြင်ခြင်း
▬▬▬▬▬▬▬▬
ထင်မြင်လတ်သော် တဖန် --
ယထာ ဥဒုမ္ဗရေ'ရဏ္ဍော၊
နဠောစ ပါဠိဘဒ္ဒကော။
သေတဝစ္ဆော ဖေဏပိဏ္ဍော၊
မရီစိ ဒကဗုဗ္ဗဠံ။
မာယာ ကဒလိခန္ဓော စ၊
အသာရကော တထေဝိဒံ။
ရူပံ အသာရံ နိဿာရံ သာရာပဂတံ နိစ္စသာရသာရေန ဝါ ဓုဝသာရသာရေန ဝါ သုခသာရသာရေန ဝါ အတ္တသာရသာရေန ဝါ နိစ္စေန ဝါ ဓုဝေန ဝါ သဿတေန ဝါ အဝိပရိဏာမဓမ္မေန ဝါ။ ဝေဒနာ။ သညာ။ သင်္ခါရာ။ ဝိညာဏံ။ စက္ခု။ပ။ ဇရာမရဏံ အသာရံ နိဿာရံ သာရာပဂတံ နိစ္စသာရသာရေန ဝါ။ပ။ အဝိပရိဏာမဓမ္မေန ဝါ။
ဥဒုမ္မရော၊ ရေသဖန်းပင်သည်၎င်း။
ဧရဏ္ဍော၊ ကြက်ဆူပင်သည်၎င်း။
နဠော စ၊ ကျူပင်သည်၎င်း။
ပါဠိဘဒ္ဒကော၊ ပေါက်ပင်သည်၎င်း။
ဝါ၊ ကသစ်ပင်သည်၎င်း။
သေတဝစ္ဆော၊ ရေခတက်ဖြူပင်သည်၎င်း။
ဝါ၊ ကြောင်မီးကူ-ပင်သည်၎င်း။
“သေတဝစ္ဆော”တိ သေတဝရုဏကော။ “မိနရုက္ခောတိပိ ဝဒန္တိ။
ဋီကာ (မဟာ၊ဒု၊နှာ-၄၅၇)
ဖေဏပိဏ္ဍော၊ ရေမြှုပ်စိုင်သည်၎င်း။
မရီစိ၊ တံလျှပ်သည်၎င်း။
ဒကဗုဗ္ဗဠံ၊ ရေပြွက်သည်၎င်း။
မာယာ၊ မြက်လှည့်ရုပ်သည်၎င်း။
ကဒလိခန္ဓောစ၊ ငှက်ပျောတုံးသည်၎င်း။
အသာရကော ယထာ၊ အနှစ်မရှိသကဲ့သို့။
တထေဝ၊ ထိုအတူသာလျှင်။
ဣဒံ ရူပံ၊ ဤရုပ်သည်။
နိစ္စသာရ သာရေန ဝါ၊ နိစ္စသာရတည်း ဟူသော အနှစ်ဖြင့်၎င်း။
ဓုဝသာရ သာရေန ဝါ၊ ဓု၀သာရတည်းဟူသော အနှစ်ဖြင့်၎င်း။
သုခသာရ သာရေန ဝါ၊ သုခသာရ တည်းဟူသော အနှစ်ဖြင့်၎င်း။
အတ္တသာရ ရေန ဝါ၊ အတ္တသာရ တည်းဟူသော အနှစ်ဖြင့်၎င်း။
နိစ္စေန ဝါ၊ မြဲသောအဖြစ်ဖြင့်၎င်း။
ဓုဝေန ဝါ၊ ခိုင်ခံ့သောအဖြစ်ဖြင့်၎င်း။
သဿတေန ဝါ၊ အခါခပ်သိမ်း ထင်ရှားရှိသော အဖြစ်ဖြင့်၎င်း။
အဝိပရိဏာမ ဓမ္မေန ဝါ၊ ဖောက်ပြန်ခြင်းသဘော မရှိသားအဖြစ်ဖြင့်၎င်း။
အသာရံ၊ အနှစ် မဟုတ်။
နိဃာရံ၊ အနှစ်မရှိ။
သာရာပဂတံ၊ အနှစ်မှ ကင်း၏။
ဝါ၊ အနှစ်သည် ကင်း၏။
ဝေဒနာစသည် နည်းတူ။
ဤသို့ ရှစ်ပါးသော အခြင်းအရာတို့ဖြင့် သုညအဖြစ်ကို သိမ်းဆည်းဆင်ခြင် အပ်၏။
အခြင်းအရာ ၁၀-ပါးဖြင့် ဆင်ခြင်ခြင်း
▬▬▬▬▬▬▬▬▬
မြင်လတ်သော် တဖန် --
ရူပံ ရိတ္တံ တုစ္ဆံ သုညံ၊
အနတ္တာ စ အနိဿရံ။
အကာမကာရီယာ'လဗ္ဘ-နီယဉ္စာ’ဝသဝတ္တကံ၊
ပရံ ဝိဝိတ္တံ တထေဝ၊
ဘဝတေ ဝေဒနာဒိပိ။
သင်္ဂဟဂါထာ
ရူပံ၊ ရုပ်သည်။
ရိတ္တံ၊ နိစ္စ သာရ စသော အနှစ်ကင်းချေ၏။
တုစ္ဆံ၊ သိမ်ငယ် ယုတ်ညံ့စွာ၏။
သုညံ၊ အတ္တသာရမှ ဆိတ်ချေ၏။
အနတ္တာ၊ ကိုယ်မဟုတ်ချေ။
အနိဿရံ၊ အစိုးလည်းမရ အစိုးရသူလည်း မရှိချေ။
အကာမကာရိယံ၊ နိစ္စ သုခ စသည်ဖြစ်စေဟု အလိုရှိတိုင်း မပြုထိုက်ချေ။
ဝါ၊ မိမိအလိုဖြင့် တစုံတခုကို မပြုတတ်ချေ။
အလဗ္ဘနီယံ၊ တောင့်တတိုင်း မရချေ။
အ ဝသဝတ္တကံ၊ မိမိလည်း သူတပါး အလို၌ ဖြစ်တတ် သူတပါးကိုလည်း မိမိအလိုသို့ မလိုက်စေတတ်ချေ။
ပရံ၊ စီရင်တိုင်း မရသည်ဖြစ်၍ သူစိမ်းပြင်ပတည်း။
ဝိဝိတ္တံ၊ အကြောင်းမှ၎င်း အကျိုးမှ၎င်း ဆိတ်၏။
န ဟိ ကာရဏေန ဖလံ ဖလေန ဝါ ကရဏံ သဂမ္ဘံ တိဋ္ဌတိ၊
ဋီကာ (မဟာ၊ဒု၊နှာ-၄၅၇။)
ဝေဒနာပိ၊ ဝေဒနာစသော နာမ်ခန္ဒာ လေးပါး သည်လည်း။
တထေဝ၊ ထို့အတူသာလျှင် ရိတ္တ တုစ္ဆ သုည စသည်သည်။
ဘဝတေ၊ ဖြစ်၏။
ဤသို့ ဆယ်ပါးသော အခြင်းအရာတို့ဖြင့် သိမ်းဆည်း ဆင်ခြင်အပ်၏။
အခြင်းအရာ ၁၂-ပါးဖြင့် ဆင်ခြင်ခြင်း
▬▬▬▬▬▬▬▬
မြင်လတ်သော် တဖန် --
ရူပံ န သတ္တော၊ န ဇီဝေါ၊ န နရော၊ န မာဏဝေါ၊ န ဣတ္ထီ၊ န ပုရိသော၊ န အတ္တာ၊ နာဟံ။ န အတ္တနိယံ၊ န မမ၊ န အညဿ၊ န ကဿစိ။ ဝေဒနာ။ သညာ။ သင်္ခါရာ။ ဝိညာဏံ န သတ္တော၊ န ဇီဝေါ။ပ။ န အညဿ၊ န ကဿစိ။
(ဝိသုဒ္ဓိအဋ္ဌကထာ၊ဒု၊နှာ-၂၉၃။)
ရူပံ၊ ရုပ်သည်။
န သတ္တော၊ တိတ္ထိတို့ကြံဆ အတ္တဟူသော သတ္တဝါ မဟုတ်။
န ဇီဝေါ၊ တိတ္ထိတို့ကြံဆ အတ္တဟူသော အရှင်မဟုတ်။
န နရော၊ တိတ္ထိတို့ ကြံအပ် ဆောင်တတ်သော ကိုယ်မဟုတ်။
န မာဏဝေါ၊ မာန၏ ဖြစ်ရာ ကိုယ် မဟုတ်။
အဟမသ္မီတိ မာနုပ္ပတ္တိဋ္ဌာနတာယ မာနော ဧတ္ထ ဝါတိ ပဝတ္တတီတိ မာဏဝေါ။ ။ ဋီကာ (မဟာ၊ဒု၊ နှာ-၄၅၇)၊ န-ငယ်ကို ဏ-ကြီးပြု။
န ဣတ္ထီ၊ တိတ္ထိတို့ ကြံဆသော မိန်းမ မဟုတ်။
န ပုရိသော၊ ယောက်ျား မဟုတ်။
န အတ္တာ၊ ငါဟူသော မာနကို ထားရာ ကိုယ်တောင် မဟုတ်။
န အဟံ၊ ငါဟူသော ကိုယ်ကောင် မဟုတ်။
ဤရှစ်ပုဒ်တို့ဖြင့် ရုပ်၏ အတ္တ သုညတာကို ပြ၏။
နောက်လေးပုဒ်တို့ဖြင့်ကား ထိုရုပ်၏ ကိဉ္ဇနတာဘာဝကို ပြသည်။
ဋီကာ (မဟာ၊ဒု၊ နှာ-၄၅၈)
န အတ္တနိယံ၊ ကိုယ်၏ ဥစ္စာမဟုတ်။
န မမ၊ ငါဟူသောကိုယ်၏ ဥစ္စာမဟုတ်။
န အညဿ၊ သူတပါးဟူသော ကိုယ်၏ဥစ္စာမဟုတ်။
န ကဿစိ၊ တစုံတယောက်သော ကိုယ်၏ ဥစ္စာမဟုတ်။
ဤနောက်သုံးပုဒ်တို့အား “န အတ္တနိယံ” ပုဒ်၏ ဝေဝုစ်ပရိယာယ် တို့ပင်တည်း။
ဝေဒနာစသည် နည်းတူ။
ဤသို့ အခြင်းအရာ တဆဲ့နှစ်ပါးတို့ဖြင့် သိမ်းဆည်း ဆင်ခြင်အပ်၏။
အခြင်းအရာ ၄၂-ပါးဖြင့် ဆင်ခြင်ခြင်း
▬▬▬▬▬▬▬▬▬
မြင်ပြီး၍ တဖန် အောက်၌ ကလာပသမ္မသနဉာဏ် မြဲမြံစေခြင်းငှါ ပွါးများစေလို ပြဆိုခဲ့ပြီးသော --
ရူပံ အနိစ္စံ ပလောကံ၊
စလံ ပဘင်္ဂု အဒ္ဓုဝံ။
ဝိပရိဏာမာ'သာရကံ၊
ဝိဘဝံ မစ္စုသင်္ခတံ။
ဒုက္ခဉ္စ ရောဂါဃံ ဂဏ္ဍံ၊
သလ္လာ'ဗာဓံ ဥပဒ္ဒဝံ။
ဘယီတျုပသဂ္ဂါတာဏံ၊
အလေဏာ သရဏံ ဝဓံ၊
အဃမူလံ အာဒီနဝံ၊
သာသဝံ မာရအာမိသံ။
ဇာတိဇ္ဇရံ ဗျာဓိသောကံ၊
ပရိဒေဝမုပါယာသံ။
သံကိလေသ သဘာဝကံ။
အနတ္တာ စ ပရံ ရိတ္တံ၊
တုစ္ဆ သုညန္တိ တာလိသံ။
ဝေဒနာဒယော ခန္ဓာပိ၊
တထေဝ ပဉ္စကာပိ ဝါ။
ဟူသော နည်းတို့ဖြင့်လည်း ဤ သုညတာနုပဿနာဉာဏ် မြဲမြံစေခြင်း အကျိုးငှါ ခန္ဓာငါးပါးတို့၏ အတ္တမှဆိတ်သော အဖြစ်ကို သိမ်းဆည်းအပ်၏။
အခြင်းအရာ ၄၂-ပါး ရေတွက်ပုံ
▬▬▬▬▬▬▬
ထိုတွင် ဒုက္ခ ဒေါမနဿကို ထည့်သွင်းလျက် သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသ ငါးပါးကို တခုတည်း ပေါင်း၍ သံကိလေသ သဘာဝကံကို နုတ်၍၊ အသရဏီဘူတံ သမုဒယံ အတ္ထင်္ဂမံ အဿဒံ နိဿရဏံ၊ ဤငါးပုဒ်တို့ကို ထည့်သည်ရှိသော် ဒွါစတ္တာလီသာကာရ ဖြစ်၏။
အသရဏီဘူတံ၊ ကိုးကွယ်ရာ မဟုတ်သည်ဖြစ်၍ ဖြစ်၏။
သမုဒယံ၊ ဖြစ်ခြင်း သဘောရှိ၏။
အတ္ထင်္ဂမံ၊ ချုပ်ခြင်းသဘောရှိ၏။
အဿာဒံ၊ သုခသောမနဿ ဟူသော အဿာဒကို ဖြစ်စေတတ်၏။
နိဿရဏံ၊ ဆန္ဒရာဂကို ပယ်ဖျောက်ခြင်း ဟူသော ထွက်မြောက်ကြောင်းတည်း။
ဤသို့ အနက်သမ္ဗာန်။
သုညတာထင်ပုံ
▬▬▬▬▬▬
သမုဒယ အတ္ထင်္ဂမတို့ကို ရှုသဖြင့် နိစ္စ သာရကို မမြင် သုညတာ ထင်၏။ အဿာဒကို ရှုသဖြင့် ပစ္စည်း ပစ္စယုပ္ပန်အဖြစ်ကို မြင်၍ သုညတာ ထင်၏။ အာဒီနဝ နိဿရဏတို့ကို ရှုသဖြင့် နိစ္စအဖြစ် စသည်မှ ဆိတ်ခြင်းဟူသော သုညတာ ထင်၏။
ဤသို့ အခြင်း အရာ လေးဆဲ့နှစ်ပါးတို့ဖြင့် သိမ်းဆည်း ဆင်ခြင်သဖြင့် သုညတာ ထင်သည်ကို --
ရူပံ အနိစ္စတော ။ပ။ နိဿရဏတော ပဿန္တော သုညတော လောကံ အဝေက္ခတိ၊ ဝေဒနံ။ သညံ။ သင်္ခါရေ။ ဝိညာဏံ အနိစ္စတော။ ပ။ နိဿရဏတော ပဿန္တော သုညတော လောကံ အဝေက္ခတိ။
သုညတော လောကံ အဝေက္ခဿု၊
မောဃရာဇ သဒါ သတော။
အတ္တာနုဒိဋ္ဌိံ ဥဟစ္စ၊
ဧဝံ မစ္စုတရော သိယာ။
ဧဝံ လောကံ အဝေက္ခန္တံ၊
မစ္စုရာဇာ န ပဿတိ။
ဟူ၍ (သုတ္တနိပါတ် ပါဠိတော်၊ နှာ-၄၄၈-၌) ဟောတော်မူအပ်၏။
ရူပံ၊ ရုပ်ကို။
အနိစ္စတော၊ အနိစ္စအားဖြင့်။ပ။
နိဿရဏတော၊ ထွက်မြောက်ကြောင်းအားဖြင့်။
ပဿန္တော၊ ရှုသောသူသည်။
လောကံ၊ ခန္ဓာဒိလောကကို။
သုညတော၊ ဆိတ်သောအားဖြင့်။
အဝေက္ခတိ၊ ရှုသည်မည်၏။
ဝေဒနံ သညံ သင်္ခါရေ ဝိညာဏံ၊ ဝေဒနာ သညာ သင်္ခါရ ဝိညာဏကို ။ပ။
အဝေက္ခတိ၊ ရှုသည်မည်၏။
မောဃရာဇ၊ မောဃရာဇရဟန်း။
သဒါ၊ နေ့ရော ညဉ့်ပါ အခါမပြတ်။
သတော၊ သတိနှင့်ပြည့်စုံသည်ဖြစ်၍။
အတ္တာနုဒိဋ္ဌိံ၊ ကိုယ်ဟူ၍ ပြေးသွားသော နှစ်ဆယ်သော ဝတ္ထုရှိသော သက္ကာယဒိဋ္ဌိကို။
ဥဟစ္စ၊ စွန့်ခွါပယ်နှုတ်၍။
လောကံ၊ သင်္ခါရ လောကကို။
သုညတော၊ အနှစ်ကင်းဆိတ်သော အားဖြင့်။
အဝေက္ခဿု၊ ပညာစက္ခုထင်အောင်ပြု၍ မြှော်ရှု စုံစမ်းဘိလော။
ဧဝံ၊ ဤသို့ မြှော်ရှု စုံစမ်းသည် ရှိသော်။
မစ္စုတရော၊ သေမင်းကို လွန်မြောက်သည်။
သိယာ၊ ဖြစ်ရာ၏။
ဧဝံ၊ ဤသို့ သုညအားဖြင့်။
လောကံ၊ သင်္ခါရလောကကို။
အဝေက္ခန္တံ၊ ရှုသော ယောဂီကို။
မစ္စုရာဇာ၊ သေမင်းသည်။
န ပဿတိ၊ မမြင်နိုင်။
သင်္ခါရုပေက္ခာဉာဏ် ဖြစ်ပေါ်ခြင်း
▬▬▬▬▬▬▬▬▬▬▬
ဤသို့လျှင် ဆိုခဲ့ပြီးသော အခြင်းအရာတို့ဖြင့် သိမ်းဆည်း၍ သုညအားဖြင့် မြင်ပြီးသည် ရှိသော် လက္ခဏာရေးသုံးပါးသို့ တင်လျက် ပဋိသင်္ခါဉာဏ်ဖြင့် သင်္ခါရတို့ကို “အနိစ္စံ ဒုက္ခံ အနတ္တာ၊ အနိစ္စံ ဒုက္ခံ အနတ္တာ”ဟု အဖန်ဖန်ရှုသော ယောဂီသည် ချစ်ကြင်လှသော မယားကို မုန်းထားပြစ်မြင် ကြဉ်ပြီးနောက် တစုံတယောက်သော ယောက်ျားနှင့် စကားပြည်ရွှင် နေချင်တိုင်း နေသော်လည်း မမုန်းမချစ် လျစ်လျူသာ ဖြစ်သကဲ့သို့ ခပ်သိမ်းသော သင်္ခါရတို့၌ “ငါတည်း ငါ၏ ဥစ္စာတည်း”ဟု ယူဘွယ်ကို မမြင်ခြင်း ကြောင့် ကြောက်ခြင်း နှစ်သက်ခြင်းကို စွန့်ပစ်၍ မမုန်းမချစ် လျစ်လျူသာ ဖြစ်၏။ ဤသို့ သိမြင်သော ယောဂီပုဂ္ဂိုလ်၏ စိတ်သည် ကြာရွက်၌ ရေပေါက်၊ မီး၌ ကျရောက်သော အကြော ကြက်တောင် တို့ကဲ့သို့ ထိတ်ထောင် နှောင်အိမ်အလား ဘ၀သုံးပါး ယောနိ လေးပါး” စသည်တို့၌ မနှစ်ခြိုက် မပွါးပြန့်မူ၍ တိုတွန့်ကွေးကုပ် နောက်သို့ဆုတ်နစ်၏။ လျစ်လျူဖြစ်ခြင်းသော်၎င်း စက်ဆုပ် ရွံရှာခြင်းသော်၎င်း တည်၏။ ထိုအခါ သင်္ခါရုပေက္ခာ ဉာဏ် ဖြစ်၏။
သင်္ခါရုပေက္ခာဉာဏ် ပြီး၏။
…
အနုလောမဉာဏ်
▬▬▬▬▬▬
“နိဗ္ဗာန်သို့ ဝင်ခြင်း”
ထိုသင်္ခါရုပေက္ခာဉာဏ်သည် ရင့်သန်အားရှိသဖြင့် အနုလောမဉာဏ်၏ အခြေမှန်၍ နိဗ္ဗာန်ကို သန္တအားဖြင့် မြင်သည်ရှိသော် သမုဒြာ၌ ကုန်သွားသော သင်္ဘောများတို့ ယူဆောင်အပ်သော ဒိသာကာက ဒိသာသကုန္တသည် ကမ်းကို မမြင်သေးသမျှ ကာလပတ်လုံး ပြန်ကာပြန်ကာ လင်းယဉ်တိုင်၌သာ နားလာ၍ ကမ်းကိုမြင်သည့် အခါ မပြန်လာပဲ ကမ်းရှိရာအရပ်သို့ ရှေးရှု ပျံသွားသကဲ့သို့ ခပ်သိမ်းသော သင်္ခါရဝဋ်ကို အာရုံမပြု လက်လွှတ် စွန့်လှန်လျက် အနုလောမဉာဏ် ဂေါတြဘူ ဉာဏ်သို့ အစဉ်အတိုင်း တက်၍ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်သို့ ပြေးဝင်၏။ အနုလောမဉာဏ်၏ အခြေ မဖြစ်သေး မရင့်မသန်သေး၍ နိဗ္ဗာန်ကို သန္တ အားဖြင့် မမြင်သေးမူကား မုန့်ညက်ဆင်းခတ် ဝါဂွမ်း ဖတ်သည့်အလားသင်္ခါရ တရားကို သိမ်းဆည်းရှေးရှု အာရုံမူ၍ အဖန်ဖန် လျစ်လျူရှုလျက် အနုပဿနာ သုံးပါး၏ အစွမ်းဖြင့်ပင် တည်နေ၏။
ဥပမာ ဒွယေနပိ ပုနပုန္နံ သမ္မသနေန ဝိပဿနာဉာဏဿ သုခုမတရဘာဝပ္ပတ္တိမာဟ။ ယထာ ယထာ ဟိ ဝိပဿနာ ဘာဝနာဗလေန တိက္ခာ ဝိသဒါ သူရာ စ ဟောတိ။ တထာ တထာ သုခုမတရာပိ ဟောတိ။
ဋီကာ (မဟာ၊ဒု၊နှာ-၄၆၀)
ဥပမာ ဒွယေနပိ၊ ဆင်းအပ်သော မုန့်ညက်ဥပမာ, ဖတ်အပ်သော ဝါဂွမ်းဥပမာ နှစ်ပါး ဖြင့်လည်း၊ အနက် ပေး။
နိဗ္ဗာန်ကို မြင်ပုံ
▬▬▬▬▬▬
ထို သင်္ခါရုပေက္ခာဉာဏ်သည် နိဗ္ဗာန်ကို ငြိမ်သက်သော အားဖြင့် မြင်၏-ဟု ပြသော --
“တံ ပနေတံ သစေ နိဗ္ဗာနံ သန္တတော ပဿတိ၊ သဗ္ဗံ သင်္ခါရပ္ပဝတ္တံ ဝိသဇ္ဇေတွာ နိဗ္ဗာနမေဝ ပက္ခန္ဒတိ ---
ဟူသော အဋ္ဌကထာ (ဝိသုဒ္ဓိ၊ဒု၊နှာ-၂၉၄) စကားကို နိဗ္ဗာန်ကို အာရုံပြုသောကြောင့် ဆိုသည် မဟုတ်။ သင်္ခါရုပေက္ခာဉာဏ် ရင့်ကျက် စွမ်းသန်၍ အနုလောမဉာဏ်၏ အခြေ ဖြစ်သည်ပင်လျှင် နိဗ္ဗာန်ကို မြင်သည် မည်၏-ဟု ပြခြင်းငှါ---
တိက္ခဝိသဒသူရဘာဝေန သင်္ခါရေသု အဇ္ဈုပေက္ခနေ သိဇ္ဈမာနေ တံ သင်္ခါရုပေက္ခာဉာဏံ အနေကဝါရံ ပဝတ္တမာနံ ပရိပါကဂမနေန အနုလောမဉာဏဿ ပစ္စယဘာဝံ ဂစ္ဆန္တံ “နိဗ္ဗာနံ သန္တတော ပဿတိနာမ”။ တထာ ဘူတဉ္စ “သဗ္ဗံ သင်္ခါရပ္ပဝတ္တံ ဝိသဇ္ဇေတွာ နိဗ္ဗာနမေဝ ပက္ခန္ဒ္ခတိနာမ”။ တယိဒံ ဣမံ ဉာဏံ အနုလောမဂေါတြဘူဉာဏေဟိ သဒ္ဓိံ ဧကတ္တံ နေတွာ ဝုတ္တံ ဧကတ္တနယဝသေန[၁] ဟု ဋီကာ (မဟာ၊ဒု၊နှာ-၄၅၉) မိန့်သည်။
[၁။ သင်္ခါရုပေက္ခာဉာဏ်ဟု ဆိုရာ၌ အနုလောမဉာဏ် ဂေါတြဘူဉာဏ်တို့ပါ အကျုံးဝင် သည်။ ဤဉာဏ် ၃-ပါးကို သိခါပတ္တဟုလည်း ခေါ်သည်။ ဝုဋ္ဌာနဂါမိနီ ဝိမောက္ခမုခ အာဂမန ဟုလည်း ခေါ်သည်။]
ဤသို့ အနုပဿနာသုံးပါး၏ အစွမ်းဖြင့် တည်သော ဤသင်္ခါရုပေက္ခာဉာဏ်သည် သုံးပါးသော ဝိမောက္ခမုခ၏ အဖြစ်သို့ရောက်၍ အရိယာပုဂ္ဂိုလ် ခုနစ်ပါး ကွဲပြားခြင်း၏ အကြောင်း ဖြစ်၏။
ဝိမောက္ခ မုခ ၃-ပါး
တိဝိဓ ဝိမောက္ခ မုခ အဖြစ်သို့ ရောက်ဟန်ကား --
အနိမိတ္တ ဝိမောက္ခ မုခ
သဒ္ဓိန္ဒြေအားကြီးကဲလွန်သော ယောဂီအား
အနိစ္စာနုပဿနာ ထက်သန် လှ၍ ဥဒယဝယ သည် ပိုင်းခြားအပ်သော လုံးဝန်း နည်းငယ်လှသော “ဥဒယဗ္ဗယ ပရိစ္ဆိန္ဒ ပရိဝဋုမ သင်္ခါရ”တို့၌ နိစ္စ ဓူဝ သုခ သုဘ အတ္တ နိမိတ်ကို ခွါလျက်
သင်္ခါရနိမိတ် အကြွင်းမဲ့ ကင်းဆိတ်သော နိဗ္ဗာန်သို့ ညွတ်စဉ် ဘဝင်ပြတ်လျက် အနုလောမဉာဏ် ဂေါတြဘူဉာဏ် သို့ တက်၍
မဂ်ဖိုလ်သို့ ချဉ်းကပ် တစပ်တည်း သွားသည်ဖြစ်အံ့၊
အာရုံဖြစ်သော နိဗ္ဗာန်သည် အနိမိတ္တနိဗ္ဗာန် မည်၏။
အာရမ္မဏိက ဖြစ်သော မဂ်သည် အနိမိတ္တ ဝိမောက္ခ မည်၏။
ရောက်ကြောင်း “အာဂမန” ဖြစ်သော အနိစ္စာနုပဿနာ သင်္ခါရုပေက္ခာဉာဏ် သည် အနိမိတ္တဝိမောက္ခမုခ မည်၏။
အပ္ပဏိဟိတဝိမောက္ခမုခ
ထိုအတူ သမာဓိန္ဒြေ အားရှိ ကဲလွန် ထက်သန်သော ယောဂီအား ဒုတ္တာနုပဿနာ ထက်သန်လှ၍
ဇာတိ စသော ဘေးသည် နှိပ်စက်အပ်သော “ဘယာဘိဘူတသင်္ခါရ” တို့၌ တောင့်တခြင်း တဏှာပဏိဓိကို စွန့်ခွါလျက်
တဏှာ အကြွင်းမဲ့ ကင်းဆိတ်သော နိဗ္ဗာန်သို့ညွတ်စဉ် ဘဝင်ပြတ်လျက် အနုလောမဉာဏ် ဂေါတြဘူဉာဏ်သို့ တက်၍
မဂ် ဖိုလ်သို့ချဉ်းကပ် တစပ်တည်းသွားသည်ဖြစ်အံ့၊
နိဗ္ဗာန်သည် အပ္ပဏိဟိတနိဗ္ဗာန် မည်၏။
မဂ်သည် အပ္ပဏိဟိတဝိမောက္ခ မည်၏။
ဒုက္ခာနုပဿနာဟူသော သင်္ခါရုပေက္ခာဉာဏ် သည် အပ္ပဏိဟိတဝိမောက္ခခ မည်၏။
သုညတဝိမောက္ခမုခ
ပညိန္ဒြေ အားရှိကဲလွန် ထူးချွန် ထက်သန်သော ယောဂီအား အနတ္တာနုပဿနာ ထက်သန်လှ၍
သူစိမ်းပြင်ပ သင်္ခါရတို့၌ ကိုယ်ဟု ထင်မှတ်သော အတ္တသညာကို စွန့်ခွါလျက်
အတ္တ ကင်းဆိတ်သော နိဗ္ဗာန်သို့ ညွှတ်စဉ် ဘဝင်ပြတ်လျက် အနုလောမဉာဏ် ဂေါတြဘူဉာဏ်သို့ တက်၍
မဂ် ဖိုလ်သို့ချဉ်းကပ် တစပ်တည်း သွားသည်ဖြစ်အံ့၊
နိဗ္ဗာန်သည် သုညတနိဗ္ဗာန် မည်၏။
မဂ်သည် သုညတဝိမောက္ခ မည်၏။
အနတ္တာနုပဿနာ ဟူသော သင်္ခါရုပေက္ခာဉာဏ်သည် သုညတဝိမောက္ခမုခ မည်၏။
အနုပဿနာ သုံးပါးတို့တွင် တပါးပါး များသော ပုဂ္ဂိုလ်အားလည်း ဣန္ဒြေ သုံးပါးတို့တွင် တပါးပါး ထက်သန်အားကြီးတတ်သည်။
အနုပဿနာသုံးပါးတို့ ဝိမောက္ခမည်ပုံ
ပဋိသမ္ဘိဒါမဂ် (နှာ-၂၆၂,၂၆၃) ၌ကား အနုပဿနာ သုံးပါးကိုပင်
နိစ္စ သုခ အတ္တ ဟူသော နိမိတ်ကို လွှတ်သောကြောင့် အနိမိတ္တဝိမောက္ခ မည်၏။
နိစ္စ သုခ အတ္တ အားဖြင့် တောင့်တခြင်းကို လွှတ်သောကြောင့် အပ္ပဏိဟိတဝိမောက္ခ မည်၏။
နိစ္စ သုခ အတ္တ ဟူ၍ နှလုံးသွင်းခြင်းကို လွှတ်သောကြောင့် သုညတဝိမောက္ခ မည်၏ဟု- ဆို၏။
ထိုစကားသည် မုချမဟုတ်၊ ပရိယာယ်သာတည်း၊ မုချအားဖြင့်ကား အဘိဓမ္မာ ၌ လာသည်အတိုင်း
မဂ်သည်သာလျှင် ဒုက္ခာနုပဿနာ, အနတ္တာနုပဿနာ ဟူသော အာဂမန၏ အစွမ်းဖြင့်
အပ္ပဏိဟိတဝိမောက္ခ သုညတဝိမောက္ခ ဟူသော နှစ်မည်ကိုသာ ရသည်။
[အာဂမန (မဂ်သို့) ရောက်ကြောင်း၊ (မဂ်သို့) လာကြောင်း၊ မဂ်ရအံ့ဆဲဆဲ အခါမဂ် ရှေ့၌ ဖြစ်သော ဝိပဿနာဉာဏ် ( = သင်္ခါရုပေက္ခာဉာဏ် အနုလောမဉာဏ် ဂေါတြဘူဉာဏ် တို့ကို “အာဂမန' ဟု ခေါ်သည်—- နှာ-၅၉၈၊ စာကြောင်းရေ ၁၈-ရှု)]
အနိမိတ္တ ဝိမောက္ခ အမည်မရခြင်း
အနိစ္စာနုပဿနာကား နိစ္စ ဓူဝ သုခ အတ္တ နိမိတ်ကိုသာ လွတ်ခွါနိုင်၍
မိမိကား သင်္ခါရနိမိတ်၌ အတွင်းဝင်ရလျက်ပင် ဖြစ်ရကား အနိမိတ္တ စစ်စစ် မဟုတ်သောကြောင့်
ဝိမောက္ခမည်သော မိမိမဂ်အား အနိမိတ္တဝိမောက္ခဟူသော အမည်ကို မပေးနိုင်ခဲ့။
ထို့ကြောင့် သင်္ခါရုပေက္ခာဉာဏ် အနုလောမဉာဏ် တို့ဖြင့် အနိစ္စ လက္ခဏာကို နှလုံးသွင်းစဉ် မဂ်ဖြစ်လာသည်ဖြစ်အံ့၊
မဂ်သည် ဝိပဿနာဂမန ပစ္စနီက တို့ဖြင့် အမည် မရမှု၍
မိမိသဘောဟူသော “သရသ” အားဖြင့်၎င်း၊ နိဗ္ဗာန်ဟူသော အာရုံ အားဖြင့်၎င်း၊
အနိမိတ္တ အပ္ပဏိဟိတ သုညတ ဟူသော အမည်သုံးပါးလုံးပင် ပရိယာယ်အားဖြင့် မဂ်၌ ဖြစ်သင့်၏။
ကာမံ သုတ္တေ “အနိမိတ္တဉ္စ ဘာဝေဟိ၊ မာနာနုသယ ́မုဇ္ဇဟာ”တိ အနိမိတ္တာဝိပဿနာ ကထိတာ။ သာ ပန နိစ္စနိမိတ္တ ဓုဝနိမိတ္တ သုခနိမိတ္တ အတ္တနိမိတ္တာနိ ဥဂ္ဃါဋေန္တီပိ သယံ နိမိတ္တ ဓမ္မေသု ဧဝ စရတီတိ သနိမိတ္တာ၀ ဟောတိ။
ဋီကာ (မဟာဒု၊နှာ-၄၆၂။)
ဒုက္ခလက္ခဏာ အနတ္တလက္ခဏာ နှစ်ပါးတွင် တပါးပါးကို နှလုံးသွင်းစဉ် မဂ်ဖြစ်လာမူကား
မဂ်သည် ဒုက္ခာနုပသာနာ အနတ္တာနုပဿနာ ဟူသော အာဂမနအားဖြင့်၎င်း၊
ရာဂါဒိပဏိဓိ အတ္တာဘိနိဝေသတို့၏ ဆန့်ကျင်ဖက်ဟူသော ပစ္စနီကအားဖြင့်၎င်း
မုချပင် အပ္ပဏိဟိတသုညတ ဟူသော အမည်ကို ရ၏။
သရသ အာရမ္မဏ တို့၏ အစွမ်းဖြင့်ကား ရှေးနည်းတူ အမည်သုံးပါးလုံးပင် ပရိယာယ် အားဖြင့် မဂ်၌ ဖြစ်သင့်၏။
ကေစိဝါဒ
တနည်းလည်း - အနိစ္စကို နှလုံးသွင်းသော အနိမိတ္တာနုပဿနာ၌ သဒ္ဓါလွန်ကဲသည်။
ထိုသဒ္ဓါသည် မဂ္ဂင်မဟုတ်သောကြောင့် မိမိမဂ်အား အနိမိတ္တ ဟူသောအမည်ကို မပေးနိုင်လေ။
ဒုက္ခ အနတ္တကို နှလုံးသွင်းသော အပ္ပဏိဟိတာနုပဿနာ, သုညတာနုပဿနာ တို့၌ သမာဓိ ပညာ လွန်ကဲသည်။
ထိုသမာဓိသည် သမ္မာသမာဓိမဂ္ဂင် ထိုပညာသည် သမ္မာဒိဋ္ဌိမဂ္ဂင် ဖြစ်ရကား
မိမိတို့မဂ်အား အပ္ပဏိဟိတ ဟူသော သုညတ ဟူသော အမည်ကို ပေးနိုင်လေသည် - ကေစိ။
ဝိမောက္ခအမည်ရခြင်း အကြောင်း ၅-ပါး
တနည်းလည်း --
မဂ္ဂေါ နာမ ပဉ္စဟိ ကာရဏေဟိ နာမံ လဘတိ သရသေန ဝါ ပစ္စနီကေန ဝါ သဂုဏေန ဝါ အာရမ္မဏေန ဝါ အာဂမနေန ဝါ။
အဋ္ဌကထာ (ဝိသုဒ္ဓိ၊ဒု၊နှာ-၃၀၇) နှင့် အညီ မဂ်သည် သရသ အားဖြင့်၎င်း၊ ပစ္စနီက အားဖြင့်၎င်း၊ သဂုဏ အားဖြင့်၎င်း၊ အာရုံ အားဖြင့်၎င်း အာဂမန အားဖြင့်၎င်း၊
ဤငါးပါးသော အကြောင်းတို့ကြောင့် အနိမိတ္တဝိမောက္ခ အပ္ပဏိဟိတဝိမောက္ခ သုညတဝိမောက္ခ ဟူသောအမည်ကို ရသည်။ ထိုတွင် --
ဝိနာ အာဂမနံ နတ္ထိ၊
သဂုဏာ'ရမ္မဏေဟိ သော။
တထာ ဝိနာ ပစ္စနီကံ၊
သရသေနေဝ နာမလော။
အာဂမနံ၊ လာခဲ့ကြောင်းဖြစ်သော ဝုဋ္ဌာနဂါမိနီဝိပဿနာကို။
ဝိနာ၊ ကြဉ်၍။
သဂုဏာရမ္မဏေဟိ၊ ရူပနိမိတ် စသော အာရုံ၏ ကင်းခြင်း ကိလေသပဏိဓိ၏ ကင်းခြင်း ရာဂစသည်တို့၏ ဆိတ်ခြင်း ဟူသော မိမိဂုဏ် သင်္ခါရနိမိတ်ကင်းရာ, တဏှာပဏိဓိကင်းရာ သဗ္ဗသင်္ခါရဆိတ်ရာ နိဗ္ဗာန်ဟူသော အာရုံတို့ဖြင့်။
သော နာမလော၊ ထိုအမည်ကို ယူခြင်း ရခြင်းသည်။
နတ္ထိ၊ မရှိ။
တထာ၊ ထိုအတူ။
ပစ္စနီကံ၊ ဆန့်ကျင်ဖက်ကို။
ဝိနာ၊ ကြဉ်၍။
သရသေနေဝ၊ ဒုဂါဒိနိမိတ်တို့၏ မရှိခြင်း ရာဂစသော တောင့်တခြင်း မရှိခြင်း ရာဂစသည်တို့မှ ဆိတ်ခြင်းဟူသော မိမိသဘောဖြင့်သာလျှင်။
သော နာမလော၊ ထိုအနိမိတ္တ အပ္ပဏိဟိတ သုညတ ဟူသော အမည်ကို ယူခြင်း ရခြင်းသည်။
နတ္ထိ၊ မရှိ။
ဤ သင်္ဂဟဂါထာနှင့် အညီ အာဂမန ပစ္စနီက နှစ်ပါးသာ လိုရင်းပဓာန တည်းဟူ၍ မှတ်အပ်၏။
တတ္ထ သုတ္တန္တိကပရိယာယေန သဂုဏတောပိ အာရမ္မဏတောပိ နာမံ လဘတိ။ ပရိယာယဒေသနာ ဟေသာ။ အဘိဓမ္မကထာ ပန နိပ္ပရိယာယဒေသနာ။ တသ္မာ ဣဓ သဂုဏတော ဝါ အာရမ္မဏတော ဝါ နာမံ န လဘတိ။ အာဂမနတောဝ လဘတိ။ အာဂမနမေ၀ ဟိ ဓုရံ။ တံ ဒုဝိဓံ ဝိပဿနာဂမနံ မဂ္ဂါဂမနန္တိ။ တတ္ထ မဂ္ဂဿ အာဂတဋ္ဌာနေ ဝိပဿနာဂမနံ ဓုရံ။ ဖလဿ အာဂတဋ္ဌာနေ မဂ္ဂါဂမနံ ဓုရံ။
(အဋ္ဌသာလိနီ၊ဋ္ဌ၊နှာ-၂၆၆၊ ၃၂၈)
ဣမာနိ ပန တီဏိ နာမာနိ မဂ္ဂါနန္တရေ ဖလစိတ္တသ္မိံ ယေဝ ဣမိနာ နယေန လဗ္ဗန္တိ။ နော အပရဘာဂေ ဝဠဉ္စနဖလသမာပတ္တိယံ။ အပရဘာဂေ ပန အနိစ္စာဒီဟိ တီဟိ ဝိပဿနာဟိ ဝိပဿိတုံ သက္ကောတိ။ အထဿ ဝုဋ္ဌိတ- ဝိပဿနာဝသေန အနိမိတ္တ အပ္ပဏိဟိတ သုညတသင်္ခါတာနိ တီဏိ ဖလာနိ ဥပ္ပဇ္ဇန္တိ။ တေသံ တာနေဝ သင်္ခါရာရမ္မဏာနိ အနိစ္စာနုပသနာဒီနိ ဉာဏာနိ အနုလောမဉာဏာနိ နာမ ဟောန္တိ။
(အဋ္ဌသာလိနီ၊ဋ္ဌ၊နှာ-၃၂၉)
အယဉှိ မဂ္ဂေါ နာမ ဒွီဟိ ကာရဏေဟိ နာမံ လဘတိ သရသတော စ ပစ္စနီကတော စ၊ သဘာဝတော စ ပဋိပက္ခတော စာတိ အတ္ထော။
အဋ္ဌသာလိနီ (နှာ-၂၆၈)
တတ္ထ အနတ္တာနုပဿနာ အတ္တာဘိနိဝေသံ မုဉ္ဇန္တီ သုညတာနုပဿနာ နာမ ဝိမောက္ခမုခံ ဟောတိ။
အနိစ္စာနုပဿနာ ဝိပလ္လာသနိမိတ္တံ မုဉ္ဇန္တီ အနိမိတ္တာနုပဿနာ နာမ။
ဒုက္ခာနုပဿနာ တဏှာပဏိဓိံ မုဉ္ဇန္တီ အပ္ပဏိဟိတာနုပဿနာ နာမ။
တသ္မာ ယဒိ ဝုဋ္ဌာနဂါမိနီဝိပဿနာ အနတ္တတော ဝိပဿတိ။ သုညတော ဝိမောက္ခော နာမ ဟောတိ မဂ္ဂေါ။ ယဒိ အနိစ္စတော ဝိပသတိ အနိမိတ္တာ ဝိမောက္ခာ နာမ။ ယဒိ ဒုက္ခတော ဝိပဿတိ။ အပ္ပဏိဟိတော ဝိမောက္ခော နာမာတိ မဂ္ဂေါ ဝိပဿနာဂမနဝသေန တီဏိ နာမာနိ လဘတိ။
တထာ ဖလဉ္စ မဂ္ဂါဂမနဝသေန မဂ္ဂဝီထိယံ။ ဖလသမာပတ္တိဝီထိယံ ပန ယထာဝုတ္တနယေန ဝိပဿန္တာနံ ယထာသကံ ဖလမုပ္ပဇ္ဇမာနမ္ပိ ဝိပဿနာ- ဂမနဝသေနေဝ သုညတာဒိဝိမောက္ခောတိ စ ဝုစ္စတိ။ အာရမ္မဏဝသေန ပန သရသဝသေန စ နာမတ္တယံ သဗ္ဗတ္ထ သဗ္ဗေသမ္ပိ သမမေဝ စ။
သင်္ဂြိုဟ် (ကမ္မဋ္ဌာန်းပိုင်း)
တတ္ထာတိ တသ္မိံ ဥဒ္ဒေသ။ သင်္ခါရေသု “ယော အတ္တာဘိနိဝေသော ကမ္မဿ ကာရကော ဖလဿ စ ဝေဒကော၊ ဧသော မေ အတ္တာ”တိ ဧဝံ အဘိနိဝေသော ဒဠှဂ္ဂါဟော။ တံ မုဉ္စန္တီ “အနတ္တာ”တိ ပဝတ္တာ အနုပဿနာဝ အတ္တသုညတာကာရာနုပဿနတော သုညတာနုပဿနာ နာမ ဝိမောက္ခမုခံ ပဋိပက္ခတော ဝိမုတ္တိဝသေန ဝိမောက္ခသင်္ခါတဿ လောကုတ္တရမဂ္ဂဖလဿ ဒွါရုံ ဟောတိ။ သင်္ခါရေသု အနိစ္စန္တိ ပဝတ္တာ အနုပဿနာ အနိစ္စေ နိစ္စန္တိ ပဝတ္တံ သညာ စိတ္တ ဒိဋ္ဌိဝိပလ္လာသသင်္ခါတ- ဝိပလ္လာသနိမိတ္တံ မုဉ္ဇန္တီ ပဇဟန္တီ ဝိပလ္လာသနိမိတ္တရတာ-ကာရာနုပဿနတော အနိမိတ္တာနုပဿနာ နာမ ဝိမောက္ခမုခံ ဟောတီတိ သမ္ဗန္ဓော။ ဒုက္ခန္တိ ပဝတ္တာနုပဿနာ သင်္ခါရေသု ဧတံ မမ၊ ဧတံ သုခန္တိ အာဒိနာ နယေန ပဝတ္တံ ကာမဘဝ တဏှာသင်္ခါတံ တဏှာပဏိဓိံ တဏှာပတ္ထနံ မုဉ္စန္တိ ဒုက္ခာကာရဒဿနေန ပရိစ္စဇန္တီ ပဏိဓိရဟိတာကာရာနုပဿနတော အပ္ပဏိဟိတာနုပဿနာနာမ။
“ဝိပဿနာဂမနဝသေနာ”တိ ဝိပဿနာသင်္ခါတအာဂမနဝသေန။ အာဂစ္ဆတိ ဧတေန မဂ္ဂေါ ဖလဉ္စာတိ ဝိပဿနာမဂ္ဂေါ စ ဣဓ အာဂမနံ နာမ။
“အာရမ္မဏဝသေနာ”တိ သဗ္ဗသင်္ခါရသုညတတ္တာ သင်္ခါရ နိမိတ္တရဟိတတ္တာ တဏှာပဏိဓိရဟိတတ္တာ စ သုညတာနိမိတ္တအပ္ပဏိဟိတနာမဝန္တံ နိဗ္ဗာနံ အာရဗ္ဘ ပဝတ္တတ္တာ တဿ ဝသေန။ “သရသဝသေနာ”တိ ရာဂါဒိ သုညတတ္တာ ရူပနိမိတ္တာဒိ အာရမ္မဏရဟိတတ္တာ ကိလေသ ပဏိဓိရဟိတတ္တာ စ အတ္တနော ဂုဏဝသေန။ “သဗ္ဗတ္ထာ”တိ မဂ္ဂဝီထိယံ ဖလသမာပတ္တိဝီထိယဉ္စ။ “သဗ္ဗေသမ္ပီ”တိ မဂ္ဂဿ ဖလဿပိ။
ဋီကာကျော် (နှာ-၂၇၅၊၂၇၆)
ဤကား အနုပဿနာသုံးပါး၏ အစွမ်းဖြင့်တည်သော သင်္ခါရုပေက္ခာဉာဏ်၏ သုံးပါးသော ဝိမောက္ခမုခ၏ အဖြစ်သို့ ရောက်ဟန်တည်း။
အရိယာပုဂ္ဂိုလ် ၇-မျိုး
ဣန္ဒြေ သုံးချက်ကို ထက်မြက်စေတတ်သော ဝိမောက္ခမုခလည်း မည်သော ဤ ဝုဋ္ဌာနဂါမိနီ ဝိပဿနာ သင်္ခါရုပေက္ခာဉာဏ်၏ အရိယပုဂ္ဂိုလ် ခုနစ်ပါး ပြားခြင်း၏ အကြောင်း ဖြစ်ဟန်ကား --
- သဒ္ဓါနုသာရီ
- သဒ္ဓါဝိမုတ္တ
- ကာယသက္ခိ
- ဥဘတောဘာဂဝိမုတ္တ
- ဓမ္မာနုသာရီ
- ဒိဋ္ဌိပ္ပတ္တ
- ပညာဝိမုတ္တ
ဟူ၍ အရိယာပုဂ္ဂိုလ် ခုနစ်ပါး အပြား ရှိ၏။
သဒ္ဓါနုသာရီပုဂ္ဂိုလ်
ထိုတွင် အနိစ္စာနုပဿနာ ထက်မြက်၍ သဒ္ဓိန္ဒြေ လွန်ကဲသော ယောဂီသည် သောတာပတ္တိမဂ် အခိုက်၌
“သဒ္ဓံ အနုသရတိ သဒ္ဓါယ ဝါ အနုသရတီတိ သဒ္ဓါနုသာရီ” ဟူသည်နှင့်အညီ
အာဂမနိယသဒ္ဓါသို့ အစဉ်လိုက်သည်၏အဖြစ် တိက္ခတရအဓိမတ္တ သမ္ပယုတ္တသဒ္ဓါဖြင့်
သစ္စပ္ပဋိဝေဓ အားလျော်စွာ ကျင့်သည်၏အဖြစ်ကြောင့် သဒ္ဓါနုသာရိပုဂ္ဂိုလ် မည်၏။
သောတာပတ္တိဖလသစ္ဆိကိရိယာယ ပဋိပန္နော ပုဂ္ဂလော သဒ္ဓါနုသာရီ။ ဖလေ ဌိတော သဒ္ဓါဝိမုတ္တော။
ပုဂ္ဂလပညတ်ပါဠိ (နှာ-၁၁၈၊ ၁၈၅)
သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်
အလယ် ခြောက်ဌာနတို့၌ သဒ္ဒဟန္တော ဝိမုတ္တောတိ သဒ္ဓါဝိမုတ္တော နှင့် အညီ
လွန်ကဲသော သဒ္ဓါဖြင့် အာသဝေါတချို့မှ လွတ်သောကြောင့် သဒ္ဓါဝိမုတ္တပုဂ္ဂိုလ် မည်၏။
အယမ္ပိကာယသက္ခိဝိယ ဆဗ္ဗိဓောဝ ဟောတိ။
ပုဂ္ဂလပညတ္တိဋ္ဌကထာ (နှာ-၄၄)
ဤပုဂ္ဂိုလ်သည် ဒိဋ္ဌိပ္ပတ္တအောက် ညံ့သည်။
အရဟတ္တ ဖလဋ္ဌံပုဂ္ဂိုလ်ကား သဒ္ဓါဝိမုတ္တ အမည်ရသော အဂ္ဂမဂ္ဂဋ္ဌံသို့ အစဉ် လိုက်သဖြင့်
ထိုအားလျော်သောကြောင့်၎င်း တုံးသောသန်လျက်ဖြင့် ငှက်ပျောတုံးကို ဖြတ်သကဲ့သို့
ညံ့သောပညာဖြင့် ကိလေသာကိုခွါဖြတ်ရသော သဒ္ဓါဝိမုတ္တ သေက္ခပုဂ္ဂိုလ်နှင့် တူသောကြောင့်၎င်း
ပရိယာယ်အားဖြင့် သဒ္ဓါဝိမုတ္တ မည်၏။
မုချအားဖြင့်ကား အရူပဈာန်ကိုရလျှင် ဥဘတောဘာဂဝိမုတ္တမည်၏။
မရလျှင် ပညာဝိမုတ္တ မည်၏။
ကာယသက္ခိ ပုဂ္ဂိုလ်
ဒုက္ခာနုပဿနာ ထက်မြက်၍ သမာဓိ လွန်ကဲလျက် သမာပတ်ရှစ်ပါးကို ရသော ယောဂီသည် အလယ် ခြောက်ဌာနတို့၌ --
“ဖုဋ္ဌန္တံ သစ္ဆိကရောတီတိ ကာယသက္ခိ။ ဈာနဖဿံ ပထမံ ဖုသတိ ပစ္ဆာ နိရောဓံ နိဗ္ဗာနံ သစ္ဆိကရောတီတိပိ ကာယသက္ခိ --
ဟူသည်နှင့်အညီ ဈာနဖဿကို နာမကာယဖြင့် ကိုယ်တိုင်တွေ့ထိ၍ အခြားမဲ့၌ နိဗ္ဗာန်ကို မျက်မှောက် ပြုရသောကြောင့် ကာယသက္ခိပုဂ္ဂိုလ် မည်၏။
သော သောတာပတ္တိဖလဋ္ဌံ အာဒိံ ကတွာ ယာဝ အရဟတ္တမဂ္ဂဋ္ဌာ ဆဗ္ဗိဓော ဟောတိ။
ပုဂ္ဂလပညတ္တိဋ္ဌကထာ (နှာ-၄၂) ၊
သောတာပတ္တိမဂ္ဂဋ္ဌံ အရဟတ္တဖလဋ္ဌံ ပုဂ္ဂိုလ်တို့ကား ဥပစာရသမာဓိထက် လွန်ကဲသော
သာတိသယ အရူပသမာဓိသမ္ဖဿ ကို တွေ့ထိရ၍ ပြီးစေအပ်သော
အာသဝေါကုန်ခြင်း တူသည်ဖြစ်၍ ကာယသက္ခိပုဂ္ဂိုလ်နှင့် တူသောကြောင့် ပရိယာယ်အားဖြင့် ကာယသက္ခိမည်၏။
မုချအားဖြင့်ကား သောတာပတ္တိမဂ္ဂဋ္ဌံသည် သဒ္ဓါနုသာရီ မည်၏။
ဥဘတောဘာဂဝိမုတ္တပုဂ္ဂိုလ်
အရဟတ္တဖလဋ္ဌံသည် “ဒွီဟိ ဘာဂေဟိ ဒွေ ဝါရေ ဝိမုတ္တောတိ ဥဘတော ဘဂဝိမုတ္တော” ဟူသော ဝစနတ္ထကြောင့် ဥဘတောဘဂဝိမုတ္တ မည်၏။
အရူပဈာနံ ပန ပတွာ အဂ္ဂဖလပ္ပတ္တော ဥဘတောဘာဂဝိမုတ္တော နာမ ဟောတိ။
ဝိသုဒ္ဓိမဂ် (ဋ္ဌ၊ဒု၊နှာ-၂၉၇)
ပဌမမဂ္ဂက္ခဏာ သဒ္ဓါနုသာရီ ဝါ သိယာ, ဓမ္မာနုသာရီ ဝါ၊ ဣဓ ပန သဒ္ဓါနုသာရီ ယုတ္တော။
ဋီကာ (မဟာ၊ဒု၊နှာ-၄၆၅)
အရူပဈာနန္တိ စတုဗ္ဗိဓံ အရူပဈာနံ။ တတ္ထ ပန ဧကမ္ပိ လဒ္ဓါ အရဟတ္တပ္ပတ္တော ဥဘတောဘာဂဝိမုတ္တော ဧဝ ဟောတီတိ ဣမမတ္ထံ ဒဿေတုံ အရူပဈာန မိစ္စေဝ ဝုတ္တံ၊ “န စတ္တာရိ အရူပဈာနာနီ”တိ။ တေနာယံ စတုန္နံ အရူပသမာပတ္တီနံ နိရောဓသမာပတ္တိယာ စ ဝသေန ပဉ္စဝိဓော ဟောတိ။ ဧသ နယော ကာယသက္ခိမှီပိ။ ဒွီဟိ ဘာဂေဟိ ဒွေ ဝါရေ ဝိမုတ္တောတိ ဥဘတောဘာဂဝိမုတ္တော။
၎င်း ဋီကာ (ဒု၊နှာ-၄၆၆။)
ထေရဝါဒ
ဤအရာ၌ တိပိဋကစူဠနာဂ မထေရ်သည် သမာပတ်ဖြင့်၎င်း မဂ်ဖြင့်၎င်း
ဝိက္ခမ္ဘန သမုစ္ဆေဒ ဟူသော ဝိမောက္ခအဘို့ နှစ်ပါးဖြင့် လွတ်သောကြောင့် ဥဘတောဘာဂဝိမုတ္တမည်၏ဟု မိန့်ဆို၏။
တိပိဋက မဟာဓမ္မရက္ခိက မထေရ်သည် နာမကာယမှ၎င်း, ရူပကာယမှ၎င်း ကောင်းစွာ လွတ်သောကြောင့် ဥဘတောဘာဂဝိမုတ္တမည်၏ဟု မိန့်၏။
တိပိဋကစူဠာဘယ မထေရ်ကား သမာပတ်ဖြင့် ဝိက္ခမ္ဘန ဝိမောက္ခအားဖြင့် တကြိမ်
မဂ်ဖြင့် သမုစ္ဆေဒဝိမောက္ခအားဖြင့် တကြိမ် ဤသို့ နှစ်ကြိမ် လွတ်သောကြောင့်
ဥဘတောဘာဂဝိမုတ္တ ပုဂ္ဂိုလ်မည်၏ဟု မိန့်၏။
ဣမေ ပန တယောပိ ထေရာ ပဏ္ဍိတာ။ တိဏ္ဏမ္ပိ ဝါဒေ ကာရဏံ ဒိဿတီတိ တိဏ္ဏမ္ပိ ဝါဒံ တန္တိံ ကတွာ ဌပယိံ သု။
ပုဂ္ဂလပညတ္တိဋ္ဌကထာ (နှာ-၄၁။)
ဓမ္မာနုသာရီပုဂ္ဂိုလ်
အနတ္တာနုပဿနာ ထက်သန်၍ ပညိန္ဒြေ လွန်သော ယောဂီပုဂ္ဂိုလ်သည် သောတာပတ္တိမဂ် အခိုက်၌ ---
ပညာသင်္ခါတေန ဓမ္မေန သရတိ အနုဿရတီတိ ဓမ္မာနုသာရီ။ သောတာပတ္တိမဂ္ဂဋ္ဌဿေတံ နာမံ။
ပုဂ္ဂလပညတ္တိဋ္ဌကထာ (နှာ-၄၄။)
ပညာ ဟိ ဣဓ ဓမ္မေတိ အဓိပ္ပေတော “သစ္စံ ဓမ္မော ဓိတိစ္စာဂေါ”တိ အာဒီသု ဝိယ။
ဋီကာ (မဟာ၊ဒု၊နှာ-၄၆၆။)
တို့နှင့်အညီ လွန်ကဲသောပညာဖြင့် ဖြစ်သောကြောင့် ဓမ္မာနုသာရီ မည်၏။
ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်
အလယ် ခြောက်ဌာနတို့၌ကား “ဒိဋ္ဌန္တံ ပတ္တောတိ ဒိဋ္ဌိပ္ပတ္တော” ဟူသည်နှင့်အညီ
လွန်ကဲသော ပထမမဂ်ပညာ ဖြင့် စတုသစ္စဓမ္မကို သိမြင်ပြီးသော အခြားမဲ့၌ နိဗ္ဗာန်သို့ ရောက်သောကြောင့် ဒိဋ္ဌိပ္ပတ္တမည်၏။
အယမ္ပိ ကာယသက္ခီ ဝိယ ဆဗ္ဗိဓောဝ ဟောတိ။
ပုဂ္ဂလပညတ္တိဋ္ဌကထာ (နှာ-၄၁။)
ပညာဝိမုတ္တပုဂ္ဂိုလ်
အရဟတ္တဖိုလ် အခိုက်၌ကား “ပဇာနန္တော ဝိမုတ္တောတိ ပညာဝိမုတ္တော” ဟူသော ဝစနတ္ထကြောင့် ပညာဝိမုတ္တပုဂ္ဂိုလ် မည်၏။
ထိုပုဂ္ဂိုလ်သည် သုက္ခဝိပဿကပုဂ္ဂိုလ် ရူပဈာန် လေးပါးမှ ထ၍ အရဟတ္တဖိုလ်ကို ရသောပုဂ္ဂိုလ်အားဖြင့် ငါးယောက်တည်း။
အရူပဈာန်ကိုကား မရ။
အရူပါဝစရဈာနေသု ပန ဧကသ္မိမ္ပိ သတိ ဥဘတောဘာဂဝိမုတ္တော- ယေဝ နာမ ဟောတိ။
ပုဂ္ဂလပညတ္တိဋ္ဌကထာ (နှာ-၄၂)
အရိယာပုဂ္ဂိုလ် ၇-ယောက်၌ အဆုံးအဖြတ်
ဤ အရိယာပုဂ္ဂိုလ် ခုနစ်ယောက်တို့၌ အကျဉ်းသင်္ခေပ ဝိနိစ္ဆယကား --
တတ္ထ သဒ္ဓါဓုရံ ပညာဓရန္တိ ဒွေ ဓုရာနိ နာမ။
ဧကော ပန ဘိက္ခု သမထာဘိနိဝေသေန အဘိနိဝိသတိ၊ ဧကော ဝိပဿနာဘိနိဝေသေနာတိ ဣမေ ဒွေ အဘိနိဝေသာ နာမ။
ဧကော စ မတ္ထကံ ပါပုဏန္တော ဥဘတောဘာဂဝိမုတ္တော ဟောတိ။ ဧကော ပညာဝိမုတ္တောတိ ဣမာနိ ဒွေ သီသာနိ နာမ။
ယေကေစိ ဟိ လောကုတ္တရဓမ္မံ နိဗ္ဗတ္တေန္တိ။ သဗ္ဗေ တေ ဣမေ ဒွေ ဓမ္မေ ဓုရံ ကတွာ ဣမေသု ဒွီသု ဌာနေသု အဘိနိဝိသိတွာ ဣမေဟိ ဒွီဟိ ဌာနေဟိ ဝိမုစ္စန္တိ --
ဟူ၍ ပုဂ္ဂလပညတ္တိဋ္ဌကထာ (နှာ-၄၄) လာသည် အတိုင်း ဓုရနှစ်ပါး အဘိနိဝေသ နှစ်ပါး သီသနှစ်ပါး တို့ကို မှတ်သားပြီး၍ --
အရူပဈာန်ကို မရပဲ အနိစ္စအားဖြင့် နှလုံးသွင်း၍ မဂ်ရလျှင်
ပထမမဂ်၌ သဒ္ဓါနုသာရီ၊
အလယ်ခြောက်ချက်၌ သဒ္ဓါဝိမုတ္တ၊
အရဟတ္တဖိုလ် ခဏ၌ ပညာဝိမုတ္တ မည်၏။
ဒုက္ခအားဖြင့် နှလုံးသွင်းရာ၌လည်း ဒုက္ကူပနိဿယသဒ္ဓါ ထက်သန်ခြင်းကြောင့်၎င်း၊
သမာဓိဓုရ-ဟု မရှိ သဒ္ဓါဓုရ ပညာဓုရ နှစ်ပါးသာ ရှိသောကြောင့် ၎င်း အနိစ္စကို နှလုံးသွင်းရာနှင့် နည်းတူပင်။
အနတ္တအားဖြင့် နှလုံးသွင်း၍ မဂ်ရလျှင်
ပထမမဂ်၌ ဓမ္မာနုသာရီ၊
အလယ် ခြောက်ချက်၌ ဒိဋ္ဌိပ္ပတ္တ မည်၏၊
အဂ္ဂဖလ၌ကား ရှေးနည်းတူပင် ပညာ ဝိမုတ္တ မည်၏။
အရူပဈာန်လေးပါးတို့တွင် တပါးပါးကို ရမူကား ဤ အလုံးစုံသော ပုဂ္ဂိုလ်တို့သည်
ပထမ မဂ်၌ ရှေးနည်းအတိုင်းပင်။
အလယ်ခြောက်ချက်၌ ကာယသက္ခိ၊
အဂ္ဂဖလ၌ ဥဘတောဘာဂဝိမုတ္တ ပုဂ္ဂိုလ် မည်၏ ဟူ၍ မှတ်လေ။
ဤသို့လျှင် တိဝိဓဝိမောက္ခအဖြစ်သို့ ရောက်၍ အရိယာပုဂ္ဂိုလ် ခုနစ်ပါး ကွဲပြားခြင်း၏ အကြောင်းဖြစ်သော ဤသင်္ခါရုပေက္ခာ ဉာဏ်သည်
မုဉ္စိတုကမျတာဉာဏ် ပဋိသင်္ခါဉာဏ် ဟူသော ရှေ့ဉာဏ်နှစ်ပါးနှင့် သဘောအားဖြင့် တူ၏။
ဖြစ်ပုံ ပဝတ္တိအာဏာရအားဖြင့်သာ ပြသည်။
တံ ပနေတံ ပုရိမေန ဉာဏဒွယေန အတ္ထတော ဧကံ။
အဋ္ဌကထာ (ဝိသုဒ္ဓိ၊ ဒု၊ နှာ-၂၉၈)
အတ္ထတော ဧကံ၊ ပဝတ္တိအာကာရဘေဒတော နာနန္တိ အဓိပ္ပါယော။ ... မုဉ္စိတုကမျတာ မုဉ္ဇနုပါယကရဏဉာဏာနိပိ သင်္ခါရေသု ဥဒါသိနဘာဝေနေဝ ပဝတ္တနတော သင်္ခါရုပေက္ခာ သမညာနေဝ ဟောန္တိ၊
ဋီကာ (မဟာ၊ဒု၊နှာ-၄၆၉)
သိခါပတ္တမည်သော ဉာဏ် ၃-ပါး
ဤ သင်္ခါရုပေက္ခာဉာဏ် အထက် အနုလောမဉာဏ် ဂေါတြဘူဉာဏ် ဤ ဉာဏ်သုံးပါး တို့သည် --
“သိခါပတ္တဝိပဿနာတိ ဝါ ဝုဋ္ဌာန ဂါမိနီတိ ဝါ သင်္ခါရုပေက္ခာဒိဉာဏတ္တ- ယဿေဝ ဧတံ နာမံ” --
ဟူသော အဋ္ဌကထာ (ဒု၊နှာ-၂၉၉) နှင့် အညီ လောကီ ဉာဏ်တို့၏ အထွတ်အထိပ်သို့ ရောက်သောကြောင့် သိခါပတ္တ မည်၏။
ဝုဋ္ဌာနဂါမိနီလည်း မည်ခြင်း
ဗဟိဒ္ဓနိမိတ်ဟူသော အဘိနိဝိဋ္ဌ သပရသန္တတိ ပရိယာပန္န ခန္ဓပဉ္စက[၁] အာရုံမှ၎င်း၊
မိစ္ဆာဒိဋ္ဌိ တဒနုဝတ္တကကိလေသာ တံနိမိတ္တ အနာဂတ်ဥပါဒိန္န ခန္ဓာ ဟူသော အဇ္ဈတ္တ ပဝတ္တမှ၎င်း
ထမြောက်ခြင်းကြောင့် ဝုဋ္ဌာနမည်သော မဂ်သို့ သွားတတ် မဂ်နှင့်စပ်တတ်သည် ဖြစ်၍ ဝုဋ္ဌာနဂါမိနီလည်း မည်၏။
[၁။ အဘိနိဝိဋ္ဌ= နှလုံးသွင်းအပ်သောဝတ္ထု ( =မိမိ သူတပါး သန္တာန်၌ အကျုံးဝင်သော ခန္ဓာငါးပါး)
(သ = မိမိ။ ပရ = သူတပါး။ သန္တတိ = သန္တာန်။ ပရိယာပန္န = အကျုံးဝင်သော။ ခန္ဓပဉ္စက = ခန္ဓာငါးပါး။)]
ဝုဋ္ဌဟနဉ္စ နေသံ အာရမ္မဏကရဏံ အာယတိံ အနုပ္ပတ္တိဓမ္မတာပါဒနဉ္စ။
ဋီကာ (မဟာ၊ဒု၊နှာ-၄၆၉)
ပုဂ္ဂိုလ် ၈-ယောက်
ဤ၌ အဇ္ဈတ္တကိုချည်း ဗဟိဒ္ဓကိုချည်း ရုပ်ကိုချည်း နာမ်ကိုချည်း မြင်ကာမျှဖြင့် မဂ်ဖိုလ် မရနိုင်။
အနိစ္စကိုချည်း, ဒုက္ခကိုချည်း အနတ္တကိုချည်း ရှု၍လည်း မဂ်ဖိုလ် မရနိုင်။
ထို့ကြောင့် သင်္ခါရ ပရိစ္ဆေဒက ဉာဏ်ဖြင့် ရှေးဦးစွာ အဇ္ဈတ္တခန္ဓာကို သိမ်းဆည်း၍
နောင်အလှည့်စီ ရံခါ ဗဟိဒ္ဓကို ရံခါ အဇ္ဈတ္တကို ဆင်ခြင်လျက် ဝုဋ္ဌာနဂါမိနီ ဝိပဿနာသို့ရောက်သောအခါ
အဇ္ဈတ္တခန္ဓာ၌ နှလုံးသွင်းစဉ် မဂ်ထ သည် ဖြစ်အံ့၊ ထို ယောဂီသည် “အဇ္ဈတ္တံ အဘိနိဝိသိတွာ အဇ္ဈတ္တာ ဝုဋ္ဌာတိ” မည်၏။
အဇ္ဈတ္တံ အဘိနိဝိသိတွာ ဗဟိဒ္ဓါ ဝုဋ္ဌာတိ၊ ဗဟိဒ္ဓါ အဘိနိဝိသိတွာ ဗဟိဒ္ဓါ ဝုဋ္ဌာတိ၊ ဗဟိဒ္ဓါ အဘိနိဝိသိတွာ အဇ္ဈတ္တာ ဝုဋ္ဌာတိ မည်သော ယောဂီ သုံးယောက်ကိုလည်း နည်းမှီ၍ မှတ်။
ပေါင်း လေးယောက်။
ထို့အတူ ရူပေ အဘိနိဝိသိတွာ ရူပါ ဝုဋ္ဌာတိ, အရူပါ ဝုဋ္ဌာတိ၊ အရူပေ အဘိနိဝိသိတွာ အရူပါ ဝုဋ္ဌာတိ, ရူပါ ဝုဋ္ဌာတိ မည်သော ပုဂ္ဂိုလ်လေးယောက်။
ပေါင်း ရှစ်ယောက်ဖြစ်၏။
ပုဂ္ဂိုလ် ၁၆-ယောက်
ယင်း စတုက္ကနှစ်ပါးကို စပ်၍ — အဇ္ဈတ္တံ ရူပေ အဘိနိဝိသိတွာ အဇ္ဈတ္တံ ရူပါဝုဋ္ဌာတိ အဇ္ဈတ္တံ အရူပါ ဝုဋ္ဌာတိ၊ အဇ္ဈတ္တံ အရူပေ အဘိနိဝိသိတွာ အဇ္ဈတ္တံ အရူပါ ဝုဋ္ဌာတိ, အဇ္ဈတ္တံ ရူပါ ဝုဋ္ဌာတိ စသည်ဖြင့် မြှောက်ပွါးမူ စရစတုက္ကသောဠသ ဖြစ်သင့်သေး၏။
[စရစတုက္က = (စရ=ဇယ = ၄။ စတုက = ၄) ၄x၄ = ၁၆။]
ဤ အဇ္ဈတ္တာ ဝုဋ္ဌာတိ စသော စကားကို ဝုဋ္ဌာနဂါမိနီ ဝိပဿနာ၏ အဇ္ဈတ္တ စသည်ကို အာရုံပြုသည်၏ အဖြစ်ကြာင့် ပရိယာယ်အားဖြင့် ဆိုသည်။
စင်စစ်မုချ နိပ္ပရိယာယ အားဖြင့်ကား မဂ်သည် အလုံးစုံသော အဇ္ဈတ္တ ဗဟိဒ္ဓ စသည်မှပင် ထတော့သည် သာတည်း။
တပြိုင်နက် ခန္ဓာ ၅-ပါးမှ ထမြောက်ပုံ
နာမ် ရုပ် ကို၎င်း နာမ်ရုပ်၏ အကြောင်းကို၎င်း ရှေးဦးစွာသိမ်းဆည်းပြီး၍ --
“ယံကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓ ဓမ္မံ”
ယံကိဉ္စိ၊ အလုံးစုံသော တေဘူမိက တရားအပေါင်းသည်။
သမုဒယဓမ္မံ၊ ဖြစ်ခြင်းသဘောရှိ၏။
သဗ္ဗံ၊ အလုံးစုံသော။
တံ၊ ထိုဖြစ်ဖြစ်သမျှ တေဘူမိက သင်္ခါရ တရားအပေါင်းသည်။
နိရောဓ ဓမ္မံ၊ ချုပ်ပျောက်ခြင်း သဘောရှိ၏။
ဤသို့စသော နည်းကျဉ်းအားဖြင့် ဝိပဿနာဉာဏ်ကို ဖြစ်စေသော ဉာဏုတ္တရ ပုဂ္ဂိုလ် သည်
တနေရာတည်း၌ပင် ဉာဏ်စဉ်အတိုင်း လျင်မြန်စွာ သစ္စာလေးပါးကို သိသည်ဖြစ်အံ့၊
ဧကပ္ပဟာရေန ပဉ္စဟိ ခန္ဓေဟိ ဝုဋ္ဌာတိ” မည်၏။
အညထာ ဧကေနေဝ လောကိယစိတ္ထေန ပဉ္စန္နံ ခန္ဓာနံ ပရိဂ္ဂဟပရိဇာနနာဒီနံ အသမ္ဘဝတော။ န ဟိ သနိဒဿနသပ္ပဋိဃာဒိံ ဧကဇ္ဈံ အာရမ္မဏံ ကာတုံ သက္ကာ။ ယဿ ပန ဧကဝါရံ ဉာဏေန ဖဿိတံ။ ပုန န တံ ဖဿိတဗ္ဗမေဝ။ တာဒိသဿ ဝသေန ဝုတ္တန္တိ ဝဒန္တိ။
ဋီကာ (မဟာ၊ဒု၊နှာ-၄၇၀။)
ပုဂ္ဂိုလ် ၉-ယောက်
လက္ခဏာရေး သုံးပါးတို့တွင်လည်း --
- အနိစ္စတော အဘိနိဝိသိတွာ အနိစ္စတော ဝုဋ္ဌာတိ၊ ဒုက္ခတော ဝုဋ္ဌာတိ၊ အနတ္တတော ဝုဋ္ဌာတိ - သုံးယောက်။
- ဒုက္ခတော အဘိနိဝိသိတွာ ဒုက္ခတော၊ အနိစ္စတော၊ အနတ္တတော ဝုဋ္ဌာတိ- သုံးယောက်။
- အနတ္တတော အဘိနိဝိသိတွာ အနတ္တတော၊ အနိစ္စတော၊ ဒုက္ခတော ဝုဋ္ဌာတိ- သုံးယောက်။
ပေါင်း ကိုးယောက်ဖြစ်၏။
ဧတ္ထ စ အဘိနိဝေသော အကာရဏံ။ ဝုဋ္ဌာနမေဝ ပမာဏံ။
အဘိနိဝေသောတိ စ ဝိပဿနာယ ပုဗ္ဗဘာဂေ ကတ္တဗ္ဗနာမရူပပရိစ္ဆေဒေါတိ ဝေဒိတဗ္ဗော --
ဟူသောဋီကာ (မဟာ၊ဒု၊နှာ-၄၇၀,၄၇၁) နှင့် အညီနာမရူပ ပရိစ္ဆေဒဉာဏ် ဟူသော အဘိနိဝေသသည် ပဓာနမဟုတ်။
ဝုဋ္ဌာနသာ လိုရင်းဖြစ်သောကြောင့် ယင်းပုဂ္ဂိုလ် ကိုးယောက်ကို ဣန္ဒြေသုံးပါး, ဝိမောက္ခသုံးပါး ဝိမောက္ခမုခသုံးပါး အရိယာပုဂ္ဂိုလ် ခုနစ်ပါးတို့နှင့် စပ်၍ ရှေး၌ ပြအပ်ခဲ့ပြီးသည်အတိုင်း မှတ်လေ။
ဘယဉာဏ် အတွက် ဥပမာ ၁၂-မျိုး
ဤအရာ၌ ဘယဉာဏ်မှစ၍ ဖလဉာဏ် တိုင်အောင် ထင်ရှားစွာ ဖြစ်စေခြင်း အကျိုးငှါ --
ဝဂ္ဂုလီ ကဏှသပ္ပေါ စ၊
ဃရံ ဂေါ ယက္ခိ ဒါရကော။
ခုဒ္ဒံ ပိပါသံ သီတုဏှံ၊
အန္ဓကာရံ ဝိသေန စ။
ဟူသော ဥပမာ တဆဲ့နှစ်ပါးတို့ကို သိအပ်ကုန်၏။
ဝဂ္ဂုလီ၊ လင်းနို့။
ကဏှသပ္ပေါ၊ ရေ မြွေဟောက်။
ဃရံ၊ အိမ်။
ဂေါ၊ နွား။
ယက္ခီ၊ ဘီလူးမ။
ဒါရကော၊ သူငယ်။
ခုဒ္ဒံ၊ အစာမွတ်ခြင်း။
ပိပါသံ၊ ရေသိပ်ခြင်း။
သီတံ၊ အဧ။
ဥဏှံ၊ အပူ။
ဝိသေန၊ အဆိပ်နှင့်တကွ။
အန္ဓကာရံ၊ အမိုက်မှောင်။
ဣတိ၊ ဤကား မာတိကာတည်း။
ထိုတဆဲ့နှစ်ပါးတို့တွင် --
လင်းနို့ ဥပမာ
လင်းနို့ငှက်သည်၊ ပင်မည်စည်၏၊
ငါးမည်ခက်ကြီး၊ စာရှာမှီးသော်၊
ပွင့်သီး မရ၊ စွန့်ထ အာသာ၊
ဖြောင့်စွာ သစ်ခက်၊ လျှောက်ကာတက်၍၊
ခေါင်းထွက် ရှုမျှော်၊ မိုးပေါ် ကောင်းကင်၊
လေယဉ် ပျံသွား၊ ပင်တပါး၌၊
ကျနားပမာ၊ ငါးခန္ဓ၁၌၊
လက္ခဏာ ရှု၊ ငြီးငွေ့မှုကြောင့်၊
မုဉ္စိတုစ၊ ဉာဏတယံ၊
နုလောမံနှင့်၊ ဂေါတ္တံဘိဘူ၊
မဂ်ဖိုလ်ဟူ၍။
ယှဉ်တူဆိုင် ဟပ်ရာသတည်း။
ရေမြွေဟောက် ဥပမာ
ကဏှသပ္ပူပမာကို ( ဤကျမ်း၊ ဒုတွဲ၊နှာ-၅၈၉) ပဋိသင်္ခါဉာဏ်၌ ပြခဲ့ပြီ။
အိမ် ဥပမာ စသည် ၄-မျိုး
ထမင်း စားပြီး၊ အိမ်ကြီး အထက်၊
မွေ့စက် ပျော်ရာ၊ မီးလောင်လာသော်၊
ထိတ်ပြာ ထွက်ပြေး၊ မီးဘေးကိုလွန်။
လယ်ထွန်သမား၊ မင်း၏နွားကို၊
ကိုယ့်နွား မှတ်ထင်၊ ဖမ်းယူငင်၍၊
လင်းလျှင်လွှတ်ပြေး၊ မင်းဘေးလွတ်လေ။
ရုပ်ရေဆောင်ပြ၊ ဘီလူးမနှင့်၊
သံဝါသမူ၊ တယောက်လူလည်း၊
သိမူစွန့်ပြေး၊ သေဘေးကင်းစင်။
သားခင်မိန်းမ၊ လမ်းမှသူ့သား၊
ငိုသံကြားသော်၊ ကိုယ့်သားမှတ်ထင်၊
ဆောလျင်သွားယူ၊ သိမူချရှက်၊
ပြသာဒ်ထက်သို့၊ ပြန်တက်နေသူ၊
ဤလေးဆူကို။
ရှေးတူပြိုင်စပ်ရာသတည်း။
အစာမွတ်သူ ဥပမာစသည် ၆-မျိုး
ခုဒ္ဒံ ပိပါသံ သီတုဏှံ၊ အန္ဓကာရံ ဝိသေန စာတိ ဣမာ ပန ဆ ဥပမာ ဝုဋ္ဌာနဂါမိနိယာ ဝိပဿနာယ ဌိတဿ လောကုတ္တရဓမ္မာဘိမုခ နိန္နပေါဏပဗ္ဘာရဘာဝဒဿ- နတ္ထံ ဝုတ္တာ။
အဋ္ဌကထာ (ဝိသုဒ္ဓိ၊ဒု၊နှာ-၃၀၄) နှင့် ညီစွာ ဆာလောင် မွတ်သိပ်သောသူ စသည်တို့သည်
ကောင်းသော ဘောဇဉ်အဖျော် စသည်တို့ကို တောင့်တကုန် သကဲ့သို့
ဤ ဝုဋ္ဌာနဂါမိနီ ဝိပဿနာ၌ တည်သော ယောဂီသည်
သံသရာဝဋ်ဒုက္ခ ဟူသော ဇိဃစ္ဆာ ပိပါသ ပကဏ အသေရီဘာဝ စသည်ကို ပြုတတ်သော တဏှာသိနေဟ၊
မီးဆဲ့တပါး ဟူသော အပူ၊
အဝိဇ္ဇာဟူသော မိုက်မှောင်ရိပ်၊
ကိလေသာ ဟူသော အဆိပ်တို့သည် နှိပ်စက်အပ် သည်ဖြစ်၍
“မဂ္ဂသမ္ပယုတ္တသတိ” ဟူသော ကာယဂတာသတိ ဘောဇဉ်၊
အရိယမဂ္ဂင် ဟူသော အဖျော်မီးပူ၊
နိဗ္ဗာန်ဟူသော ဧမြခြင်း၊
ဉာဏ်ရောင် အလင်းရှိသော မဂ္ဂဘာဝနာ၊
အမြိုက်ဆေး ပမာဖြစ်သော နိဗ္ဗာန် တို့ကိုသာလျှင် အသာညွတ်ကိုင်းရှိုင်းဝှမ်း တောင့်တ လေတော့သည်။
ဤသို့ တောင့်တသော ယောဂီ၏ စိတ်သည် ကြာရွက်၌ ရေပေါက်၊ မီး၌ ကျရောက်သော အကြော, ကြက်တောင်တို့ ကဲ့သို့
ထိတ် ထောင် နှောင်အိမ်အလား ဘဝသုံးပါး ယောနိလေးပါး စသည်တို့၌ မနှစ်ခြိုက် မပွါးပြန့်မူ၍
တိုတွန့်ကွေးကုပ် နောက်သို့ ဆုတ်နစ်၏။
လျစ်လျူဖြစ်ခြင်းသော်၎င်း စက်ဆုပ် ရွံရှာခြင်းသော်၎င်း တည်၏။
ဗောဇ္ဈင် စသည်ကို အထူးပြုပုံ
ပတိလီနစရော ဘိက္ခု၊
ဘဇမာနော ဝိဝိတ္တကံ။
ဘဝေ န ဒဿယေတ္တာနံ၊
သာမဂ္ဂိယာဟု တဿ တံ။
ဝိဝိတ္တကံ၊ ကာယဝိဝေက စိတ္တဝိဝေကကို။
ဘဇမာနော၊ ဆည်းကပ်မှီဝဲသော။
ပတိလီနစရော၊ ဘဝ ယောနိ အစရှိသည်၌ တစိမပြန့် လိပ်တွန့်သော အဖြစ်ဖြင့် ကျင့်သော။
ဘိက္ခု၊ ရဟန်းသည်။
ဘဝေ၊ ဘဝသုံးပါး၌။
အတ္တာနံ၊ အတ္တဘောကို။
န ဒဿယေ၊ မဖြစ်စေသောအားဖြင့် မပြ။ ဝါ၊ မမြင်စေ။
တဿ၊ ထိုရဟန်း၏။
တံ၊ ထို မပြခြင်း မမြင်စေခြင်းကို။
သာမဂ္ဂိယံ = ယုတ္တံ = ပဋိရူပံ၊ သင့်တင့် လျောက်ပတ်ပေ၏ ဟူ၍။
ဗုဒ္ဓါဒယော၊ ဘုရားစသော သူတော်ကောင်းတို့သည်။
အာဟု = ကထယိံသု၊ ဟောပြော မိန့်ဆိုကုန်ပြီ။
ဤသင်္ဂဟဂါထာနှင့် ညီစွာ ဤ သင်္ခါရုပေက္ခာဉာဏ်သည် ယောဂီပုဂ္ဂိုလ်၏ ပတိလီနစရအဖြစ်ကို စင်စစ် ပြီးစေလျက် အရိယမဂ်၏လည်း ဗောဇ္ဈင် မဂ္ဂင် ဈာနင် ပဋိပဒါ ဝိမောက္ခတို့၏ အထူးကို ပြုတတ် မှတ်တတ် မြဲစေတတ်၏။
ထေရာဝါဒ ပြဆိုချက်
တိပိဋကစူဠနာဂ မထေရ်သည် ဖွတ်၏အဆင်းကို မြေကြီး၏ အဆင်း ပြုသကဲ့သို့ မဂ်၏ ဗောဇ္ဈင် မဂ္ဂင် ဈာနင် အထူးကို မဂ်၏ အနီး၌ ဝင်စားခဲ့သော ပါဒကဈာန်ပြုသည်ဟူ၏။
မောရဝါပိဝါသီ မဟာဒတ္တမထေရ်ကား ဝုဋ္ဌာနဂါမိနီ ဝိပဿနာ၏ အာရုံဖြစ်သော သမ္မသိတခန္ဓာ ပြုသည်ဟူ၏။
တိပိဋကစူဠဘယ မထေရ်သည်ကား ပုဂ္ဂလဇ္ဈာသယ ပြုသည် ဟူ၏။
ထို သုံးဝါဒလုံး၌ပင် ဝိပသာနာ နိယမနှင့် မကင်းနိုင်ရကား ယင်း ဝိပဿနာ နိယမ သာလျှင် လိုရင်းအာသန္န ပဓာန ဧကန္တိက အကြောင်းတည်း။ ပါဒက ဈာန် စသည်ကား ကင်းသောအရာလည်း ရှိသေး၏။
အထူး၏ အဓိပ္ပါယ်
ဤ၌ ဗောဇ္ဈင် ခုနှစ်ပါးမှ ခြောက်ပါး။ မဂ္ဂင် ရှစ်ပါး ခုနစ်ပါး။ ဈာနင် ငါးပါး လေးပါး သုံးပါး နှစ်ပါး နှစ်ပါး ဖြစ်သည်ကို ဗောဇ္ဈင် မဂ္ဂင် ဈာနင် အထူးဆိုသည်။
ပဋိပဒါနှင့် အဘိညာ
မဂ္ဂါ မဂ္ဂဝဝတ္ထာနတိုင်အောင် ပဋိပဒါ မည်၏။ ထိုမှ အထက် မဂ်ဖိုလ်၏ ရှေး ဂေါတြဘူ ဝေါဒါန် အနုလုံ တိုင်အောင် အဘိညာ မည်၏။
ဒုက္ခပဋိပဒါ မည်ပုံ
ထိုတွင် ရူပါရူပ ပရိဂ္ဂဟ, နာမရူပ ဝဝတ္ထာန, ပစ္စယ ပရိဂ္ဂဟ, လက္ခဏသမ္မသန, ဝိပဿနာနိကန္တိ ပရိယာဒါန အခါတို့၌ ခဲယဉ်းငြိုငြင်စွာ သုံးကြိမ်တိုင်တိုင် အားထုတ်ရလျှင် ဒုက္ခပ္ပဋိပဒါ မည်၏။
သုခပဋိပဒါ မည်ပုံ
တကြိမ် နှစ်ကြိမ် မျှနှင့် ပြည့်စုံမူကား သုခပ္ပဋိပဒါ မည်၏ဟု --
ယတ္ထ သကိံ ဝိက္ခမ္ဘိတာ ကိလေသာ သမုဒါစရိတွာ ဒုတိယမ္ပိ ဝိက္ခမ္ဘိတာ ပုန သမုဒါစရန္တိ၊ တတိယံ ဝိက္ခမ္ဘိတေ ပန တထာ ဝိက္ခမ္ဘိတေ၀ ကတွာ မဂ္ဂေန သမုဂ္ဃါဋံ ပါပေတိ၊ ဣမံ ဝါရံ ရောစေသုံ။ ဣမဿ ဝါရဿ ဒုက္ခာပဋိပဒါတိနာမံ ကတံ။
စသည်ဖြင့် အဋ္ဌသာလိနီ (အဋ္ဌကထာ၊ နှာ-၂၆၀) ၌ လာသည်။
မဟာဋီကာအလို
ဤ အလိုသော် မဂ်၏ သုခ ဒုက္ခပ္ပဋိပဒါ အထူးကို သင်္ခါရုပေက္ခာဉာဏ် ပြုသည် မဟုတ်၊ မဂ္ဂါမဂ္ဂ ဝဝတ္ထာန တိုင် အောင်သော အောက်ဉာဏ်တို့ သာလျှင် ပြုသည်ဟု ဆိုရာ ကျသောကြောင့် သင်္ခါရုပေက္ခာဉာဏ် သည်လည်း မိမိ၏ ဆန့်ကျင်ဖက်ကို ငြိုငြင် ခဲယဉ်းစွာ ခွါဖျက်ရမှု ဒုက္ခပ္ပဋိပဒါ အဘို့၌ပင် တည်သည်ဟု --
အဋ္ဌကထာယံ ပန ဝိပဿနာဉာဏေ တိက္ခေ သူရေ ပသန္နေ ဝဟန္တေ ဥပ္ပန္နံ ဝိပဿနာ နိကန္တိံ ဒုက္ခေန ကသိရေန ကိလမန္တော ပရိယာဒိယာတီတိ ဝုတ္တတ္တာ ပုဗ္ဗဘာဂေ မုဉ္စိတုကမျတာဒိ ဘာဝေန ပဝတ္တမာနာ သင်္ခါရုပေက္ခာ အတ္တနော ပဋိပက္ခေ ကိစ္ဆေန ကသိရေန ဝိက္ခမ္ဘေန္တီ ဒုက္ခပ္ပဋိပဒါပက္ခေယေဝ တိဋ္ဌတိ။
ဟူ၍ ဝိသုဒ္ဓိမဂ်ဋီကာ (ဒု၊နှာ-၄၇၅)၌ လာသည်။
ကေစိ ပန “ယေန ဉာဏေန ဝိပဿနုပက္ကိလေသာ ဝိက္ခမ္ဘိတာ၊ တေန သဒ္ဓိံ ဣဒံ ဉာဏံ ဧကတ္တနယဝသေန ဧကံ ကတွာ အာဒိတော ကိလေသေ ဝိက္ခမ္ဘိယမာနာတိ ဝုတ္တ"န္တိ ဝဒန္တိ။
ဟု ကေစိဝါဒကိုလည်း ပြသည်။
ခိပ္ပါဘိညာနှင့်
ဒန္ဓာဘိညာ မည်ပုံ
ဆန့်ကျင်ဖက်ကို ခွါဖျက်ပြီးနောက် မဂ်သို့ ရောက်လွယ်လျှင် ခိပ္ပါဘိညာ မည်၏။ ရောက်ခဲလျှင် ဒန္ဓာဘိညာ မည်၏။
မဂ်အပြား ၄-ပါး
ဤသို့လျှင် လာခဲ့ရာလမ်း ဝိပဿနာဂမန၏ အစွမ်းဖြင့် မဂ်သည် ဒုက္ခပ္ပဋိပဒဒန္ဓာဘိညမဂ် ဒုက္ခပ္ပဋိပဒခိပ္ပါဘိညမဂ် သုခပ္ပဋိပဒဒန္ဓာဘိညမဂ်, သုခပ္ပဋိပဒခိပ္ပါဘိညမဂ်ဟူ၍ လေးပါး ပြား၏။
ခပ်သိမ်းကုန်သော ဘုရားရှင်တို့မှာ မဂ်လေးပါး လုံးပင် သုခပ္ပဋိပဒခိပ္ပါဘိညချည်းတည်း။ ကြွင်း ပုဂ္ဂိုလ်တို့မှာကား ပဋိပဒါ မမြဲ။ အဓိပတိလည်း မမြဲ။ မဂ္ဂါနန္တရဖိုလ် လေးပါး ကိုလည်း မိမိမဂ်နှင့် တူမြဲတည်း။
သင်္ခါရုပေက္ခာဉာဏ် ပြီး၏။
အနုလောမဉာဏ်
“တထေဝါ”တိ ယထာ အတီတာဒွတ္တိံသ ဇဝနဝီထီသု သင်္ခါရုပေက္ခာ “အနိစ္စာ”တိ ဝါ “ဒုက္ခာ”တိ ဝါ “အနတ္တာ”တိ ဝါ သင်္ခါရေ အာရမ္မဏမကာသိ တထေဝ။
ဟူသော ဋီကာ (မဟာ၊ဒု၊နှာ-၄၇၉) နှင့် အညီ ဤ သင်္ခါရုပေက္ခာဉာဏ်ကို အဖန်တလဲလဲ မှီဝဲပွါးများသော ယောဂီအား အလွန်အားရှိသော အဓိမောက္ခ သဒ္ဓါ၊ ကောင်းစွာ ချီးမြှောက်အပ်သော ဝီရိယ၊ ထင်မြင်လှစွာသော သတိ၊အလွန်တည်ကြည်ဘိသော စိတ်၊ တိက္ခတရ ထက်မြက်လှသော သင်္ခါရုပေက္ခာဉာဏ် ဖြစ်ပေါ် လာ၍ မဂ်ဖြစ်ခါနီးသည် ရှိသော် သုံးဆဲ့နှစ်ဝီထိ တို့၌ ယှဉ်သော သင်္ခါရုပေက္ခာဉာဏ် အာရုံပြုအပ်သော အနိစ္စကိုသော်၎င်း ဒုက္ခကိုသော်၎င်း အနတ္တကိုသော်၎င်း တပါးပါးကို အာရုံပြု၍ မနောဒွါရာဝဇ္ဇန်းစိတ် ဖြစ်၏။
ထိုနောင် မဟာကုသိုလ် ဉာဏသမ္ပယုတ် လေးခုတို့တွင် တခုခုသည် ပရိကမ် ဥပစာ အနုလုံဟု သုံးကြိမ် အနုလောမဉာဏ်ဇော ဖြစ်၏။ တိက္ခပည ပုဂ္ဂိုလ်အားကား ပရိကမ်ကို ပယ်၍ နှစ်ကြိမ်သာ ဖြစ်၏။ ဤဇော သုံးကြိမ်ကို သာမညအားဖြင့် အာသေဝန ဟူ၍၎င်း ပရိကမ္မဟူ၍၎င်း ဥပစာရဟူ၍၎င်း အနုလောမဟူ၍၎င်း ဆိုအပ်သည် ချည်းတည်း။ ဤဇောသုံးကြိမ်၌ရှိသော ဉာဏ်ကို အနုလောမဉာဏ် ဆို၏။
အနုလောမဉာဏ်
မည်ခြင်းအကြောင်း
အဘယ်အား လျော်သောကြောင့် အနုလောမဉာဏ် ဆိုသနည်း --
ပုဗ္ဗဉာဏာန ́မဋ္ဌန္နံ၊
ပစ္ဆာ စ ဗောဓိပက္ခိယ။
ဓမ္မာနံ တထကိစ္စတ္တာ၊
ဘဝေ သစ္စာနုလောမိကံ။
နိစ္ဆယဿ စာမစ္စာနံ၊
ပေါရာဏရာဇတန္တိယာ။
အနုလောမေတိ မောဒန္တော၊
ရာဇာ ယထာပိ ဓမ္မိကော။
အဖြေ - သင်္ဂဟ ဂါထာ။
အဋ္ဌန္နံ ပုဗ္ဗဉာဏာနံ၊ ဥဒယဗ္ဗယ စသည် ရှစ်တန် ရှေ့ဝိပဿနာဉာဏ် တို့အား၎င်း။
ပစ္ဆာ၊ နောက်ဖြစ်သောမဂ်၌။
ဗောဓိပက္ခိယဓမ္မာနံ စ၊ သုံးဆဲ့ခုနစ်ပါး ဗောဓိပက္ခိယ တရားတို့အား၎င်း။
တထကိစ္စတ္တာ၊ လက္ခဏတ္တယကို သုံးသပ်ခြင်း သံမောသ စသော ပဋိပက္ခကို ဖျက်ဆီးခြင်းဖြင့် သင့်တင့်လျော်ကန် မှန်သော ကိစ္စ ရှိသည်၏အဖြစ်ကြောင့်။
သစ္စာနုလောမိကံ၊ မဂ္ဂသစ္စာ အားလျော်သော သစ္စာနုလောမိကဉာဏ် မည်သည်။
ဘဝေ ဘဝတိ၊ ဖြစ်၏။
သဗ္ဗာပိ ဝိပဿနာ လက္ခဏတ္တယ သမ္မသနကိစ္စာဝ၊ ဣဒမ္ပိ တထေဝါတိ ဝုတ္တံ “တထကိစ္စတာယာ”တိ ဗောဓိပက္ခိယဓမ္မာနံ တထကိစ္စတာယ အနုလောမေတိ သမ္မာသာဒိပဋိပက္ခဓမနတော။
ဋီကာ (မဟာ၊ဒု၊နှာ-၄၇၉)
ဓမ္မိကော ရာဇာ၊ ကိုယ် နှုတ် နှလုံး စောင့်သုံး ကျစ်လစ် ဓမ္မရာဇ်သည်။
မောဒန္တော၊ မကွေ့မကောက် မတ်ရှစ်ယောက်တို့ ဖြတ်တောက်သည်ကို ဝမ်းမြောက်သည် ဖြစ်၍။ ဝါ၊ ဝမ်းမြောက်သော။
ဓမ္မိကော ရာဇာ၊ ဓမ္မရာဇာသည်။
အမစ္စာနံ၊ အမတ်ရှစ်ယောက်တို့၏။
နိစ္ဆယဿ စ၊ အဆုံးအဖြတ်အား၎င်း။
ပေါရာဏရာဇတန္တိယာ စ၊ ရှေးမင်းကောင်းတို့၏ ထားဟောင်းပညတ် ဓမ္မသတ် ထုံးစဉ်အား၎င်း။
အနုလောမေတိ ယထာပိ၊ လျော်သကဲ့သို့တည်း။
ဣဒဉ္စ ပန အနုလောမဉာဏံ သင်္ခါရာရမ္မဏာယ ဝုဋ္ဌာနဂါမိနိယာ ဝိပဿနာယ ပရိယောသာနံ ဟောတိ။ သဗ္ဗေန သဗ္ဗံ ပန ဂေါတြဘူဉာဏံ ဝုဋ္ဌာနဂါမိနိယာ ဝိပဿနာယ ပရိယောသာနံ။
အဋ္ဌကထာ (ဝိသုဒ္ဓိ၊ဒု၊နှာ-၃၀၉)
ဝုဋ္ဌာနဂါမိနီ
ဝိပဿနာ၏ အမည်များ
ဤ ဝုဋ္ဌာနဂါမိနီဝိပသာနာကို ထိုထို သုတ်တို့၌---
“အတမ္မယတံ ဘိက္ခဝေ နိဿာယ အတမ္မယတံ အာဂမ္မ ယာယံ ဥပေက္ခာ ဧကတ္တာ ဧကတ္တသိတာ၊ တံ ပဇဟထ တံ သမတိက္ကမထ” ဟူ၍၎င်း။
“နိဗ္ဗိန္နံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ” ဟူ၍၎င်း။
“ပုဗ္ဗေ ခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ၊ ပစ္ဆာ နိဗ္ဗာနေ ဉာဏံ" ဟူ၍၎င်း၊
“သညာ ခေါ ပေါဋ္ဌပါဒ ပထမံ ဥပ္ပဇ္ဇတိ၊ ပစ္ဆာ ဉာဏံ” ဟူ၍၎င်း။
“ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိ ပါရိသုဒ္ဓိပဓာနိယင်္ဂံ” ဟူ၍၎င်း။
“ယာ စ မုဉ္စိတုကမျတာ၊ ယာ စ ပဋိသင်္ခါနုပဿနာ၊ ယာ စ သင်္ခါရုပေက္ခာ၊ ဣမေ ဓမ္မာ ဧကတ္ထာ၊ ဗျဉ္ဇနမေဝ နာနံ” ဟူ၍၎င်း၊
“အနုလောမံ ဂေါတြဘုဿ၊ အနုလောမံ ဝေါဒါနဿ”ဟူ၍၎င်း။
“ကိမ္ပနာဝုသော ပဋိပဒါဉာဏဒဿနဝိသုဒ္ဓတ္ထံ ဘဂဝတိ ဗြဟ္မစရိယံ ဝုဿတိ" ဟူ၍၎င်း
အထူးထူးသော အမည်တို့ဖြင့် ဟောတော်မူအပ်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
အတမ္မယတံ၊ ဝုဋ္ဌာနဂါမိနီဝိပဿနာ၏ အာရုံဖြစ်သော ထိုသင်္ခါရတို့ကြောင့် ဖြစ်သော တဏှာကို ကုန်စေတတ်သော ဝုဋ္ဌာနဂါမိနီ ဝိပဿနာကို။
နိဿာယ၊ မှီ၍။
အတမ္မယတံ၊ ဝုဋ္ဌာနဂါမိနီဝိပဿနာကို။
အာဂမ္မ၊ အစွဲပြု၍။
ဧကတ္တာ၊ တခုတည်းသော သဘောရှိသော။
ဧကတ္တသိတာ၊ တခုတည်းသော သဘောရှိသော အာရုံကိုမှီသော။
ယာ အယံ ဥပေက္ခာ၊ အကြင် အရူပဈာန်နှင့်ယှဉ်သော ဝေဒနုပေက္ခာသည်။
အတ္ထိ၊ ရှိ၏။
တံ၊ ထိုဥပေက္ခာကို။
ပဇဟထ၊ တဒါရမ္မဏ ကိလေသာကို ပယ်သဖြင့် စွန့်ကြကုန်လော။
တံ၊ ထိုဥပေက္ခာကို။
သမတိက္ကမထ၊ ကောင်းစွာ လွန်မြောက်ကြကုန်လော။
သညာ၊ ထွတ်မြတ်စွာလှ ဝုဋ္ဌာနဂါမိနီ ဟူသော သညဂ္ဂသည်။
ဉာဏံ၊ မဂ်ဉာဏ်သည်။
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ၊ ဝုဋ္ဌာနဂါမိနီဝိပဿနာ ဟူသော ပဋိဒါဉာဏဒဿနဝိသုဒ္ဓိ တစိတ်သည်။
ပါရိသုဒ္ဓိပဓာနိယင်္ဂံ၊ စင်ကြယ်ခြင်း၏ ပြဓာန်းသော အကြောင်းတည်း။
ခက်ရာ၌ အနက်။
ဝုဋ္ဌာနဂါမိနီ
ဝိပဿနာ၏ အမည်များ
အတမ္မယတာ နိဗ္ဗိဒါ၊
ဓမ္မဋ္ဌိတိ စ သညဂ္ဂံ။
ပါရိသုဒ္ဓိပဓာနိယင်္ဂံ၊
မုဉ္စိတာဒိနာမတ္တယံ။
အနုလောမာဒိ ပဋိပဒါ၊
ဉာဏဒဿနဝိသုဒ္ဓိ။
အမည်ခေါင်းစဉ် သင်္ဂဟ ဂါထာ။
ဣတိ နေကေဟိ နာမေဟိ၊
ကိတ္တိတာ ယာ မဟေသိနာ။
ဝုဋ္ဌာနဂါမိနီ သန္တာ၊
ပရိသုဒ္ဓါ ဝိပဿနာ။
ဝုဋ္ဌာတုကာမော သံသာရ-
ဒုက္ခပင်္ကာ မဟဗ္ဘယာ။
ကရေယျ သတတံ တတ္ထ၊
ယောဂံ ပဏ္ဍိတဇာတိကော။
အဋ္ဌကထာနုသာသနီ (နှာ-၃၁၁)
ဣတိ၊ ဤသို့။
အနေကေဟိ နာမေဟိ၊ များစွာသော အမည်တို့ဖြင့်။
ဝုဋ္ဌာနဂါမိနီ၊ မဂ်သို့ရောက်ကြောင်း ဖြစ်သော။
သန္တာ၊ ကိလေသာဟူ မီးပူ ခပ်သိမ်းကို ငြိမ်းအေးစေတတ်သော။
ပရိသုဒ္ဓါ၊ ထက်ဝန်းကျင် စင်ကြယ်သော။
ယာ ဝိပဿနာ၊ မဂ်၏တည်ရာ အကြင် ဝိပဿနာကို။
မဟေသိနာ၊ သီလက္ခန္ဓ စသည်ကျေးဇူး ဂုဏ်အထူးကို ဆည်းပူးရှာပြီးတော်မူသော ဘုရား မြတ်သည်။
ကိတ္တိတာ၊ ဟောပြော ချီးမွမ်းတော်မူအပ်ပြီး၊
မဟဗ္ဘယာ၊ ကြောက်ဘွယ်ခမန်း ဘေးဘျမ်းကြီးစွာသော။
သံသာရဒုက္ခပင်္ကာ၊ သံသရာဝဲ ဆင်းရဲပရပိုင် ရွှံ့ညွန်အိုင်မှ။
ဝုဋ္ဌာတုကာမော၊ ကူးတက် ထမြောက် မဂ်သို့ ရောက်လိုသော။
ပဏ္ဍိတ ဇာတိကော၊ တိဟိတ်ပဋိသန် ဇာတိဉာဏ်ကြီးပေသော အမျိုးကောင်းသား သ္မီးသည်။
တတ္ထ၊ ထိုမဂ်၏တည်ရာ ဝုဋ္ဌာနဂါမိနီဝိပဿနာ၌။
သတတံ၊ နေ့ရောညဉ့်ပါ အခါမပြတ်။
ယောဂံ၊ ပွါးများစီးဖြန်းခြင်းကို။ ဝါ၊ အရိုးကြေကြေ အရေခြောက်ခြောက် နောက်မတွန့်ဆုတ် အားထုတ်ခြင်းကို။
ကရေယျ၊ ပြုရာ၏။ ပြုပါလော။
အနုလောမဉာဏ် ပြီး၏။
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ ပြီး၏။
ဉာဏဒဿန ဝိသုဒ္ဓိ
“ဂေါတြဘူ ကိစ္စတပ်ပုံ”
ဤအနုလောမဉာဏ်သုံးပါး [၁] ဖြင့် အစွမ်းအားလျော်စွာ ထူလ မဇ္ဈိမ သုခုမ ဖြစ်သော သစ္စပ္ပဋိစ္ဆေဒက ကိလေသန္ဓကာရကို ခါတွက် ဖျောက်လွှင့်ပြီးသော ယောဂီအား ခပ်သိမ်းကုန်သော နိမိတ္တ ပဝတ္တ သင်္ခါရတို့ကို ပလိဗောဓကြီးဟု မှတ်ထင်၍ သင်္ခါရတို့၌ စိတ်မဝင်ဆန့် မတန့်မရပ် မငြိကပ်ပဲ ကြာချပ်၌ ရေပေါက်ကဲ့သို့ နောက်သို့ တွန့်ဆုတ်လတ်သည် ရှိသော် ထို အနုလောမဉာဏ် သုံးကြိမ်တို့၏ အခြားမဲ့၌ အနိမိတ္တ အပ္ပဝတ္တ ဝိသင်္ခါရ နိရောဓမည်မှန် နိဗ္ဗာန်ကို အာရုံပြုလျက် ပုထုဇဉ်ဟူသော အနွယ်အရာ ပုထုဇန သင်္ချာကို လွန်မြောက်နှိပ်စက် အရိယာဟူသော အနွယ်အရာ အရိယာ ဟူသော သင်္ချာအရေအတွက်သို့ သက်၍ မဂ်၏ အာဝဇ္ဇန်းအရာ၌ တည်သော မဂ်အား အနန္တရ သမနန္တရ ဥပနိဿယ အာသေဝန နတ္ထိ ဝိဂတ ခြောက်ပစ္စယ သတ္တိတို့ဖြင့် ကျေးဇူးပြု တတ်သော-ရှေ့နောက် ဝိသုဒ္ဓိ [၂] နှစ်ပါးသို့ မဝင် အကြားတွင် အဗ္ဗောဟာရိကဉာဏ် ဖြစ်သော --
ဝိပဿနာသောတေ ပတိတတ္တာ ပန ဝိပဿနာတိ သင်္ခံ ဂစ္ဆတိ -- ဟူသော အဋ္ဌကထာ (ဝိသုဒ္ဓိ၊ဒု၊နှာ-၃၁၂)
ဝိပဿနာသောတေ။ပ။ သင်္ခံ ဂစ္ဆတီတိ။ ဧတေနဿ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိဘဇနံ ဒဿေတိ --
ဟူသော ဋီကာ (မဟာ၊ဒု၊နှာ-၄၈၃) တို့နှင့် အညီ လျော်ရာသွင်းလျှင် ဝိပဿနာ အယဉ်၌ ကျသောကြောင့် ဝိပဿနာဟူသော အမည် ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ ဟူသော အမည်ကို ရသော ဝုဋ္ဌာနဂါမိနီ သိခါပတ္တ ဝိပဿနာ၏ မုဒ္ဓဘူတ [၃] အပုနရာဝတ္တက [၄] ဖြစ်၍ ဆုတ်နစ်ပြန်လည်ခြင်း မရှိပဲ ယခင် အနုလောမဉာဏ် ကိစ္စတပ်သော စိတ်သည်ပင် ဂေါတြဘူကိစ္စတပ်၍ ဖြစ်၏။
[၁။ အနုလောမဉာဏ် ၃-ပါး = ပရိကံ ဥပစာ အနုလုံ။
၂။ ရှေ့ နောက် ဝိသုဒ္ဓိ = ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ ဉာဏဒဿနဝိသုဒ္ဓိ ဤ ၂-ပါး၏ အကြား၌ ဂေါတြဘူဉာဏ်ဖြစ်သည်။ ဂေါတြဘူဉာဏ်သည် လက္ခဏာရေး ၃-ပါးဖြင့်သင်္ခါရ တရားတို့ကို မသုံးသပ်ခြင်းကြောင့် ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိ မမည်နိုင်။
ဂေါတြဘူဉာဏ်သည် နိဗ္ဗာန်ကို အာရုံပြုသော်လည်း ကိလေသာကို မကုန်စေနိုင်သော ကြောင့် ဉာဏဒဿန ဝိသုဒ္ဓိဟု မဆိုနိုင်။
ထိုဉာဏ် ၂-ခုတို့၏အလယ် မည်သည့်ဉာဏ်ဟူ၍ မဆိုလောက်သော အဗ္ဗောဟာရိက ဉာဏ်သာ ဖြစ်သည်။ (အဗ္ဗောဟာရိက = အ + ဝေါဟာရိက) မဟာဋီကာ၊ဒု၊နှာ-၄၈၃။
၃။ လောကီဝိပဿနာဉာဏ်တို့တွင် အထွတ်အထိပ် ဖြစ်သဖြင့် သိခါပတ္တ ဝိပဿနာဉာဏ် ဟု အမည်ရသည့် သင်္ခါရုပေက္ခာဉာဏ် အနုလောမဉာဏ် ဂေါတြဘူဉာဏ် ဤ သုံးပါးအနက် ဂေါတြဘုသည် ထိပ်ဆုံးဖြစ်၍ ယင်းကို “မုဒ္ဓဘူတ” (မုဒ္ဓ = ဦးထိပ်။ ဘူတ = ဖြစ်ခြင်း) ဟု မှည့်ခေါ်ထားသည်။
၄။ ဂေါတြဘုဉာဏ်အထိ ရောက်လျှင် ပုထုဇဉ်နယ်သို့ ဆုတ်နစ်ပြန်လည်ခြင်း ရှိပြီ။ အရိယာဘုံသို့ ရောက်တော့သည်။ (အ = မ။ ပုန = တဖန်။ အာဝတ္တက = ပြန်လည်ခြင်း)]
ဂေါတြဘူမည်ခြင်းအကြောင်း
အဘယ့်ကြောင့် ဂေါတြဘူ မည်သနည်းဟူမူ --
ဝုဋ္ဌာယ ဗဟိသင်္ခါရာ၊
ဥပ္ပါဒါဒိံ ဘိဘာဝတိ။
ပက္ခန္ဒတိ နုပ္ပါဒါဒိံ၊
ဝုစ္စတေ တေန ဂေါတြဘူ။
အဖြေ သင်္ဂဟဂါထာ။
ဗဟိ သင်္ခါရာ၊ အာရုံဖြစ်သော အပ သင်္ခါရမှ။
ဝုဋ္ဌာယ၊ ထ၍။
ဥပ္ပါဒါဒိံ၊ ဥပ္ပါဒ ပဝတ္တ စသည် နွယ်ဝင် ပုထုဇဉ် အဖြစ်ကို။
အဘိဘဝတိ၊ နှိပ်စက် လွှမ်းမိုးတတ်၏။
အနုပ္ပါဒါဒိံ၊ အနုပ္ပါဒ အပ္ပဝတ္တ စသည်မည်မှန် နိဗ္ဗာန်၌ စံပယ်သော အရိယအနွယ်ကို။
ပက္ခန္ဒတိ၊ ပြေးဝင်ချဉ်းကပ် ပွါးစေတတ်၏။
တေန၊ ထို“ဂေါတ္တံ အဘိဘဝတိ၊ ဂေါတ္တံ ဘာဝေတိ”ဟူသော သတ္တိ နှစ်ပါးကြောင့်။
ဂေါတြဘူ၊ ဂေါတြဘူ ဟူ၍။
ဝုစ္စတေ၊ ဆိုအပ်၏။
တဝီထိတည်း၌ အာဝဇ္ဇန်းတူသော အနုလုံ ဂေါတြဘူနှစ်ပါး အာရုံပြားရာဝယ် ဤမှာဘက် သစ်ခက်၌ ချည်သော ကြိုးလှံတံကိုစီး၍ မြောင်းကြီးကို ခုန်လွှားသော ယောက်ျားကဲ့သို့ ဥဒယဗ္ဗယာနုပဿနာ စသည်ဖြင့် လျင်စွာ ပြေးလျက် ဘဝ ယောနိ စသော ဤမှာ ဘက်ကမ်းဝယ် အတ္တဘော ဟူသော သစ်ခက်၌ ဖွဲ့ချည်သော ရုပ်နာမ်ခန္ဓာ ဟူသော ကြိုးလှံတံကို အနိစ္စံ ဒုက္ခံ အနတ္တာ-ဟု အာဝဇ္ဇန်းဖြင့် ကိုင်လျက် အနုလုံ သုံးချက်ဖြင့် ခုန်တက်လှမ်း၍ ဂေါတြဘူဖြင့် နိဗ္ဗာန်ဟူသော ထိုမှာဘက်ကမ်း၌ကျ၍ မဂ်ဉာဏ်ဖြင့် လှလှကြီး တည်ရသည်မှတ်။
ဂေါတြဘူဉာဏ်နိဗ္ဗာန်မြင်ခြင်း
ထိုတွင် ကြမ်း လတ် အနု သုံးခုသော မိုးတိမ်ကို လေသုံးကြိမ် ပယ်ရှား၍ ပုဏ္ဏား လ-ကိုမြင်သကဲ့သို့ အနုလုံသုံးခုသည် ကြမ်း လတ် အနု ကိလေသာအမိုက် အစုကိုသာ ပယ်နိုင်သည်။ ဂေါတြဘူဉာဏ်သည် နိဗ္ဗာန်ကိုသာ မြင်နိုင်သည်။
တေနေဝ စေတံ မဂ္ဂဿ အာဝဇ္ဇနန္တိ ဝုစ္စတိ။ တဉှိ အနာဝဇ္ဇနမ္ပိ သမာနံ အာဝဇ္ဇနဌာနေ ဌတွာ ဧဝံ နိဗ္ဗတ္တာဟီတိ မဂ္ဂဿ သညံ ဒတွာ ဝိယ နိရုဇ္ဈတိ။
အဋ္ဌကထာ (ဝိသုဒ္ဓိ၊ ဒု၊နှာ-၃၁၄)
သောတာပတ္တိမဂ်ဉာဏ်
လေးသမားသည် မျက်နှာကို အဝတ်ရစ်လျက် ယန္တရားစက်၌ တည်ရပ်၍ စက်လှည့်သူ ပေးသော တုတ်သံအမှတ်ဖြင့် ရှစ်ဥဿဘအရပ်၌ ထားသော ပိတောက်နှစ် ပျဉ်ချပ် တရာကို ပစ်ဖောက်သကဲ့သို့၊
သရဂေါစရဋ္ဌာနံ နာမ အဋ္ဌ ဥသဘမတ္တံ။ တဉ္စ ခေါ ဒူရေ ပါတိနော။
ဋီကာ (မဟာ၊ဒု၊နှာ-၄၈၅)
ဂေါတြဘူဉာဏ် ပေးတိုင်းသော အမှတ်ကို မလွှတ်ပဲ အနမတဂ္ဂသံသရာမှ စွဲ၍လာခဲ့သော လောဘခဲ ဒေါသခဲ မောဟခဲကို ဖောက်ခွဲဖြိုဖျက်လျက် သောတာပတ္တိမဂ်ဉာဏ် တကြိမ် ဖြစ်လာ၏။
သောတာပတ္တိမဂ်၏အကျိုး
ကဒါစိပိ အနိဗ္ဗိဒ္ဓ-
ပုဗ္ဗံ မဂ္ဂေါ ပနေသ တံ။
လာဘံ ဒေါသဉ္စ မောဟဉ္စ၊
ဝိဒ္ဓံသေန္တော၀ ဇာယတိ။
ပိဓေ သဒါပါယဒွါရံ၊
သောသေတိ ဒုက္ခသာဂရံ။
မိစ္ဆာမဂ္ဂံ ပဇဟတိ၊
အရိယဒ္ဓနမုခီကရော။
သမေတိ ဝေရဘယာနိ၊
နေတိ ဗုဒ္ဓဿ သြရသံ။
အညေသဉ္စာနိသံသာနံ၊
မဂ္ဂေါ လာဘာယ ဝတ္တတိ။
သင်္ဂဟဂါထာ
ဧသ = ဧသော မဂ္ဂေါ ပန၊ ဤသောတာပတ္တိမဂ်သည်ကား။
ကဒါစီပိ၊ တရံတခါမျှလည်း။
အနိဗ္ဗိဒ္ဓပုဗ္ဗံ၊ အနာဒိက သံသာရဝယ်ပယ်မခွင်း မဖောက်ထွင်းဘူးသော။
တံ = တောဒိသံ၊ ထိုသို့သဘောရှိသော။
လောဘဉ္စ၊ လောဘခဲကို၎င်း။
ဒေါသဉ္စ၊ ဒေါသခဲကို၎င်း။
မောဟဉ္စ၊ မောဟခဲကို၎င်း။
ဝိဒ္ဓံသေန္တော ဧ၀၊ မုန့်မုန့်ညက်ညက် ဖောက်ခွဲ ဖြိုဖျက်သည်ဖြစ်၍သာလျှင်။
ဇာယတိ၊ ဖြစ်ပေါ်လာ၏။
ဧသ = ဧသော မဂ္ဂေါ၊ ဤ သောတာပတ္တိမဂ်သည်။
အပါယဒွါရံ၊ အပါယ်လေးပါး တံခါးကို။
သဒါ၊ အချင်းခပ်သိမ်း။
ပိဓေ ပိဒဟတိ၊ ပိတ်ဆို့၏။
ဒုက္ခသာဂရံ၊ ဆင်းရဲအစုတ် ရေသမုဒ်ကို။
သောသေတိ၊ ခန်းခြောက်စေ၏။
မိစ္ဆာမဂ္ဂံ၊ အင်္ဂါရှစ်ပါး မိစ္ဆာလမ်းမှားကို။
ပဇဟတိ၊ စွန့်ပယ်ရှောင်လွှဲ၏။
အရိယဒ္ဓနမုခီကရော၊ သဒ္ဓါ သီလ သုတ စာဂ ပညာ ဟိရီ ဩတ္တပ္ပ ဟူသော သူတော်ကောင်း ဥစ္စာ ခုနစ်ခုသို့ ရှေးရှုပြုတတ်၏။
ဝေရဘယာနိ၊ တွင်းပြင်နီးဝေး ရန်ဘေး ဟူသမျှတို့ကို။
သမေတိ၊ ငြိမ်းပျောက်စေတတ်၏။
ပါဏာတိပါတာဒိ ပဉ္စဝေရာနိ စေဝ ပဉ္စဝီသတိ မဟာဘယာနိ စာတိ သဗ္ဗဝေရဘယာနိ။ ဋီကာ(မဟာ၊ဒု၊နှာ-၄၈၆)
ဗုဒ္ဓဿ၊ ဘုရားရှင်၏။
ဩရသံ၊ ရွှေရင်တော်နှစ် သားတော်စစ် အဖြစ်သို့။
နေတိ၊ ဆောင်တတ်၏။
အညေသဉ္စ၊ ဤမှတပါး များပြားစွာလည်း ဖြစ်ကုန်သော။
အာနိသံသာနံ၊ ရတနတ္တယေ နိဝိဋ္ဌသဒ္ဓါ ပဋိသမ္ဘိဒါ အဘိညာ အစရှိကုန်သော အကျိုး အာနိသင်တို့ကို။
လာဘာယ၊ ရခြင်းငှါ။
ဝတ္တတိ၊ ဖြစ်ပေါ်လာ၏။
သောတာပတ္တိဖိုလ်
ဤသို့သော သတ္တိရှိန်စော် အာနုဘော်နှင့် ပြည့်စုံသော သောတာပတ္တိမဂ် နောင် သောတာပတ္တိဖိုလ် နှစ်ကြိမ် သုံးကြိမ် ဖြစ်လျက် ဘဝင်သို့ သက်လေ၏။ ထိုနောင် --
ပစ္စဝေက္ခဏာဝီထိ ၅-ပါး
မဂ္ဂံ ဖလဉ္စ ပဟီနံ၊
ကိလေသမပဟီနကံ။
နိဗ္ဗာနမ္ပိ စ ကမေနံ၊
ပစ္စဝေက္ခတိ ပဏ္ဍိတော [၁]။
[၁။ (၁) မိမိရပြီးသည့် မဂ်ကို ဆင်ခြင်သည့် မဂ္ဂပစ္စဝေက္ခဏာဝီထိ။
(၂) မိမိရရှိပြီး ဖိုလ်ကို ဆင်ခြင်သည် ဖလပစ္စဝေက္ခဏာဝီထိ။
(၃) ပယ်ပြီးအပ်သော ကိလေသာတို့ကို ဆင်ခြင်သည့် ပစ္စဝေက္ခဏာဝီထိ။
(၄) မပယ်ရသေးသော ကိလေသာတို့ကို ဆင်ခြင်သော ပစ္စဝေက္ခဏာဝီထိ။
(၅) နိဗ္ဗာန်ကို ဆင်ခြင်သော ပဉ္စဝေက္ခဏာဝီထိ။
(ဤ ပစ္စဝေက္ခဏာဝီထိ ၅-ပါးသည် ကာမဇောဝါရ မနောဒွါရိက ဝီထိများဖြစ်သည်)]
ဟူသော သင်္ဂဟဂါထာနှင့်အညီ ပစ္စဝေက္ခဏာဝီထိ ငါးပါးတို့သည် ဖြစ်ကုန်၏။ ထိုတွင် ပဟီနာဝသိဋ္ဌကိလေသာကို ဆင်ခြင်သော နှစ်ဝီထိကား မမြဲ။
ပဟီနာဝသိဋ္ဌိကိလေသ ပစ္စဝေက္ခဏဉှိ သေက္ခာနမ္ပိ ဟောတိ ဝါ န ဝါ။
အဋ္ဌကထာ။
အထက်မဂ် ၃-ပါး
ထိုနောင် ထိုနေရာ၌သော်၎င်း, ရှည်လျားမြင့်ကြာ အခါတပါး၌သော်၎င်း--
ခယဿ ပဿနံ တတ္ထ၊
သပ္ပါယံ နိစ္စ'မာဒရံ။
သမာဓိနိမိတ္တဂ္ဂါဟံ၊
ဗောဇ္ဈင်္ဂါနုပဝတ္တနံ။
ကာယဇီဝေသွ ́နပေက္ခံ၊
တထာဘိဘုယျ အန္တရာ။
အဗျောသာနံ နဝါကာရာ၊
ဣန္ဒြီယတိက္ခကာရဏာ။
ဟု-သမ္မသနဉာဏ်၌ ပြခဲ့ပြီးသော အခြင်းအရာ ကိုးပါးတို့ဖြင့် ဣန္ဒြေ ဗိုလ် ဗောဇ္ဈင် တို့ကို ပေါင်းစုထက်မြက်စေလျက် ဝိပဿနာ ဆယ်ချက်ဖြင့် တက်၍ သကဒါဂါမိမဂ် ဖိုလ် ပစ္စဝေက္ခဏာဉာဏ်တို့သည် ဖြစ်လာကုန်၏။ ထို့အတူ အနာဂါမိမဂ် ဖိုလ် ပစ္စဝေက္ခဏာ-ဉာဏ်၊ အရဟတ္တမဂ် ဖိုလ် ပစ္စဝေက္ခဏာဉာဏ် တို့သည် ဖြစ်လာကုန်၏။
ဝေါဒါန်
ဤ အထက်မဂ် သုံးခုတို့၏ရှေ့ အနန္တရ၌ဖြစ်သော ဉာဏ်သည် -
ပထမမဂ္ဂပုရေစာရိကဉာဏံ ဟိ ပုထုဇ္ဇနဂေါတ္တာဘိဘဝနတော အရိယ- ဂေါတ္တဘာဝနတော စ နိပ္ပရိယာယတော ဂေါတြဘူတိ ဝုစ္စတိ၊ ဣဒ ပန တံသဒိသတာယ ပရိယာယတော ဂေါတြဘု။ ဧကစ္စသံကိလေသ- ဝိသုဒ္ဓိယာ ပန အစ္စန္တဝိသုဒ္ဓိယာ အာရမ္မဏကရဏတော စ ဝေါဒါနန္တိ ဝုစ္စတိ --
ဟူသောဋီကာ (မဟာ၊ဒု၊နှာ-၄၈၇-၈) နှင့်အညီ ပရိယာယ်အားဖြင့် ဂေါတြဘူ မည်၏၊ မုချအားဖြင့် ဝေါဒါန် မည်၏။
အရဟတ္တဖိုလ်နောင်
ပစ္စဝေက္ခဏာ ၄-ဝီထိ
အရဟတ္တဖိုလ်၏ နောက်၌ ဆင်ခြင်ဘို့ရာ အဝသိဋ္ဌ ကိလေသာ မရှိသောကြောင့် ပစ္စဝေက္ခဏာ လေးဝီထိသာ၊ ပေါင်း တဆဲ့ကိုးဝီထိ ဖြစ်၏။
ရဟန္တာ၏ ဂုဏ်ကျေးဇူး
ဤသို့ အရဟတ္တမဂ်ကို ရပြီးမသော ပုဂ္ဂိုလ်သည် ရဟန္တာအဖြစ်သို့ရောက်၍ --
အာသဝါနံ ခယံ ပတ္တာ၊
အန္တိမဒေဟဓာရိနော။
အရဟန္တော'ဟိတဘာရာ၊
အနုပ္ပတ္တသဒတ္ထကာ။
ပရိက္ခီဏသံယောဇနာ၊
သမ္မဒညာ ဝိမုတ္တကာ။
သဒေဝကဿ လောကဿ၊
ဟောန္တ'ဂ္ဂဒက္ခိဏေယျကာ။
ဟူသော ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံ၏။
အာသဝါနံ၊ အာသဝေါတရားတို့၏။
ခယံ ကုန်ရာဖြစ်သော အရဟတ္တမဂ်သို့။
ပတ္တာ၊ ရောက်ကုန်ပြီးသော။
အန္တိမဒေဟဓာရိနော၊ အဆုံးစွန်သော ကိုယ်ကို ဆောင်ကုန်သော။
အရဟန္တော၊ ကိလေသမာရ် ကိုယ်တွင်းရန်ကို ပယ်လှန် တွန်းသတ် ရဟန္တာ ပုဂ္ဂိုလ်မြတ် တို့သည်။
ဩဟိတဘာရာ၊ ပစ်ချအပ်ပြီးသော ခန္ဓဝန် ကိလေသဝန် အဘိသင်္ခါရဝန် ရှိကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
အနုပ္ပတ္တသဒတ္ထကာ၊ အစဉ် ရောက်အပ်ပြီးသော အရဟတ္တဖိုလ် ဟူသော မိမိအကျိုး ရှိကုန်သည်။
“သဒတ္ထော”တိ စ အရဟတ္တံ ဝေဒိတဗ္ဗံ။
ဋီကာ (မဟာ၊ဒု၊နှာ-၄၈၉)
ပရိက္ခီဏသံယောဇနာ၊ ကုန်ခန်းပြီးသော သံယောဇဉ် ဆယ်ပါး ရှိကုန်သည်။
သမ္မဒညာဝိမုတ္တကာ၊ ခန္ဓာဒိသဘာဝကို အသင့်အားဖြင့် သိ၍ အထူးသဖြင့် လွတ်ကုန် ပြီးသည်။
သဒေဝကဿ၊ နတ်နှင့်တကွသော။
လောကဿ၊ လောက၏။
အဂ္ဂဒက္ခိဏေယျကာ၊ မြတ်ကုန်သော အလှူခံပုဂ္ဂိုလ် တို့သည်။ ဝါ၊ မြတ်သော အလှူကိုခံခြင်းငှါ ထိုက်ကုန်သော ပုဂ္ဂိုလ် တို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဤကား အနက်။
ဉာဏဒဿနဝိသုဒ္ဓိ၏ ဂုဏ်ငါးပါး
ဆိုခဲ့ပြီးသော မဂ်လေးခုတို့၌ ရှိသောဉာဏ်သည် ဉာဏဒဿနဝိသုဒ္ဓိ မည်၏။ ယင်း ဉာဏဒဿနဝိသုဒ္ဓိ၏ သတ္တိရှိန်စော် အာနုဘော်ကို သိရခြင်းအကျိုးငှါ--
ဗောဓိပက္ခိယ ပုဏ္ဏတ္တံ၊
ဝုဋ္ဌာနံ ဗလယုတ္တတံ။
ပဟာတဗ္ဗေ ပရိညာဒီ၊
ကိစ္စ္စာနိ စ ဝိဇာနိယာ။
ဟူသောဂုဏ်ငါးပါးတို့ကို မှတ်သားအပ်ကုန်၏။
ဗောဓိပက္ခိယပုဏ္ဏတ္တံ၊ သုံးဆဲ့ခုနစ်ပါး ဗောဓိပက္ခိယ တရားတို့၏ ပြည့်စုံသော အဖြစ် ကို၎င်း။
ဝုဋ္ဌာနံ၊ နိမိတ္တ ပဝတ္တတို့မှ ထခြင်းကို၎င်း။
ဗလယုတ္တတံ၊ သမာဓိဗလ ဝိပဿနာဗလနှင့် ယှဉ်ခြင်းကို၎င်း။
ပဟာတဗ္ဗေ၊ ပယ်အပ်ကုန်သော သံယောဇဉ် စသည်တို့ကို၎င်း။
ပရိညာဒိကိစ္စာနိ စ၊ ပရိညာစသော ကိစ္စတို့ကို၎င်း။
ဝိဇာနိယာ၊ သိရာ၏။
ဤကား အနက်။
ဗောဓိပက္ခိယ
ထိုငါးပါးတို့တွင် “ဗောဓိပက္ခိယ ပုဏ္ဏတ္တံ” ဟူရာ၌ “သတိ-သမ္မ၊ ဣဒ်-ဣန်-ဗ၊ ဗောဇ္ဈ-မဂ် ခုနှစ်” ဟူ၍ သဘာဂသင်္ဂဟ- ကောဋ္ဌာသ အားဖြင့် ဗောဓိပက္ခိယတရား ခုနစ်ပါးတည်း တရားကိုယ်အားဖြင့်ကား တဆဲ့လေးပါးတည်း။ အစိတ်အစိတ် အပြားအားဖြင့်ကား သုံးဆဲ့ခုနစ်ပါးတည်း။
စုဒ္ဒသေဝ အသမ္ဘိန္နာ၊
ဟောန္တေ တေ ဗောဓိပက္ခိယာ။
ကောဋ္ဌာသတော သတ္တဝိဓာ၊
သတ္တတိံသ ပဘေဒတော။
သကိစ္စနိပ္ဖါဒနတော၊
သရူပေန စ ဝုတ္တိတော။
သဗ္ဗေဝ အရိယမဂ္ဂသာ၊
သမ္ဘဝေ သမ္ဘဝန္တိ တေ။
န၀ ဧကဝိဓာ ဧကော၊
ဒွေဓာထ စတု ပဉ္စဓာ။
အဋ္ဌဓာ နဝဓာ စေဝ၊
ဣတိ ဆဓာ ဘဝန္တု တေ။
အဋ္ဌကထာ (ဝိသုဒ္ဓိ၊ဋ္ဌ၊ဒု၊နှာ-၃၂၀,၃၂၁။)
ဧတေ ဗောဓိပက္ခိယာ၊ ထိုဗောဓိပက္ခိယ တရားတို့သည်။
အသမ္ဘိန္နာ၊ ပဋ္ဌာန ပဓာန ဣဒ္ဓိပါဒ စသော ပုဒ်တပါးနှင့် မရောမယှက် သတိ ဝီရိယ ဆန္ဒ စသော သက်သက် တရားကိုယ်အားဖြင့်။
စုဒ္ဒသေဝ၊ ၁၄-ပါးတို့သည်သာလျှင်။
ဟောန္တိ၊ ဖြစ်ကုန်၏။
“စုဒ္ဒသာ ́တိ စ ဥက္ကံပရိစ္ဆေဒဝသေန ဝုတ္တံ၊ တဉ္စ ခေါ ပထမဈာနိက- မဂ္ဂစိတ္တုပ္ပါဒဝသေန။
ဋီကာ (မဟာ၊ဒု၊နှာ-၄၉၂)
ကောဋ္ဌာသတော၊ အဖို့အစုအားဖြင့်။
သတ္တဝိဓာ၊ ခုနစ်ပါး အပြားရှိကုန်၏။
ပဘေဒတော၊ အပြားအားဖြင့်။
သတ္တတိံသ၊ ၃၇-ပါး တို့သည်။
ဟောန္တိ ၊ ဖြစ်ကုန်၏။
သတ္တတိံသ ပဘေဒတော ကထန္တိ အာဟ သကိစ္စနိပ္ဖါဒနတောတိ အာဒိံ။
ဋီကာ (မဟာ၊ဒု၊နှာ-၄၉၃။)
သကိစ္စနိပ္ဖါဒနတော၊ တရားကိုယ် မပြားသော်လည်း ကာယာနုပဿနာ စသော မိမိ ကိစ္စကို ပြီးစေသောကြောင့်၎င်း။
သရူပေန၊ စိတ္တိဒ္ဓိပါဒ် စသော သရုပ်အားဖြင့်။
ဝုတ္တိတော စ၊ ဖြစ်ခြင်းကြောင့်၎င်း။
သဗ္ဗေဝ၊ အလုံးစုံသာလျှင် ဖြစ်ကုန်သော။
တေ၊ ထိုသုံးဆဲ့ခုနစ်ပါး ဗောဓိပက္ခိယ တရားတို့သည်။
အရိယမဂ္ဂဿ၊ အရိယာမဂ်၏။
သမ္ဘဝေ၊ ဖြစ်ပေါ်လာခြင်းသည်။
သတိ၊ ရှိသော်။
သမ္ဘဝန္တိ၊ ပြည့်စုံစွာ ဖြစ်ပေါ်လာကုန်၏။
နဝ၊ ပေက္ခာ သင်္ကပ် ပဿာဒ် ပီတိ ဝိရတိ ဆန္ဒ စိတ္တ - ကိုးပါး တို့သည်။
ဧကဝိဓာ၊ တပါးသော အဘို့ ရှိကုန်သည်။
ဘဝန္တိ၊ ဖြစ်ကုန်၏။
ဧကော၊ သဒ္ဓါတပါးသည်။
ဒွေ၊ နှစ်ပါးသောအဘို့ရှိ၏။
အထ၊ ထိုမှတပါး။
ဧကော၊ ဧကဂ္ဂတာတပါး ပညာတပါး သတိတပါး ဝီရိယတပါးသည်။
စတုပဉ္စဓာ၊ အစဉ် အတိုင်း လေးပါး ငါးပါး အဘို့ ရှိသည်၎င်း။
အဋ္ဌဓာ၊ ရှစ်ပါး အဘို့ ရှိသည်၎င်း။
နဝဓာ စေဝ၊ ကိုးပါးအဘို့ ရှိသည်၎င်း။
ဘဝတိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။
တေ၊ ထိုဗောဓိပက္ခိယ တရားတို့သည်။
ဆဓာ၊ ခြောက်ပါးသော အပြားဖြင့်။
ဘဝန္တိ၊ ဖြစ်ကုန်၏။
ဤကား အနက်။
ဤအလုံးစုံကို အောက် ဗောဓိပက္ခိယ သင်္ဂဟ (ဤကျမ်း၊ပတွဲ၊နှာ-၂၆၆) ၌ ပြခဲ့ပြီ။
ဗောဓိပက္ခိယ၌ ဈာန်တရား မပါဝင်ခြင်း အကြောင်း
ဤဗောဓိပက္ခိယတရားတို့၌ ဈာနကောဋ္ဌာသကို အဘယ့်ကြောင့် မယူသနည်းဟူမူ ---
လက္ခဏူပနိဇ္ဈာနလက္ခဏဿ ဈာနဿ မဂ္ဂဂ္ဂဟဏေနေဝ ဂဟိတတ္တာ။ တံ ဟိ သန္ဓာယ “ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတီ”တိ အာဒိ ဝုတ္တံ။ အာရမ္မဏူပနိဇ္ဈာနလက္ခဏဿ ပနေတ္ထ သမ္ဘဝေါ ဧဝ နတ္ထိ။
ဟု-ဋီကာ (မဟာ၊ဒု၊နှာ-၄၉၃) ဖြေ၏။
တနည်းလည်း -- ဈာနင် ငါးပါးတို့တွင် ဝိစာရကို ဝိစိကိစ္ဆာ ပဋိပက္ခ ပညာဓိမောက္ခတို့နှင့် တူသည်၏ အဖြစ်ကြောင့် ပီတိကိုလည်း ဗျာပါဒပဋိပက္ခ အဒေါသ နှင့် ယှဉ်ခြင်းကြောင့်၊ ဝေဒနာကိုလည်း ဥဒ္ဓစ္စကုက္ကုစ္စ ပဋိပက္ခ သမာဓိ၏ အကြောင်းဖြစ်သောကြောင့် နီဝရဏပဋိပက္ခဟူ၍ နေတ္တိကျမ်း၌ ပရိယာယ် အားဖြင့် ဆိုအပ်ကုန်၏၊ မုချ မဟုတ်ကုန်။ ဝိတက် သမာဓိ နှစ်ပါးတို့သည်သာ လျှင် ထိန မိဒ္ဓ ကာမစ္ဆန္ဒဟူသော ဥဇုပဋိပက္ခတို့ကို ဖျက်ဆီးခြင်းငှါ စွမ်းနိုင်ကုန်၏။ ဤသို့ ပဋိပက္ခဝိဒ္ဓံသနသမတ္ထဈာနကောဋ္ဌာသကို အပြည့်အစုံ မရခြင်းကြောင့် ဗောဓိပက္ခိယ၌ မထည့်မသွင်း အပ်သတည်း။
“မဂ် ဖိုလ်စိတ္တုပ္ပါဒ်၌ရသော ဗောဓိပက္ခိယ တရားများ”
ဝိတက္က သမာဓယော ဧဝ ပန ဈာနဓမ္မေသု ဥဇုကံ ပဋိပက္ခဝိဒ္ဓံသနသမတ္ထာတိ ပဋိပက္ခဝိဒ္ဓံသန- သမတ္ထဿ ပရိပုဏ္ဏဿ ဈာနကောဋ္ဌာသဿ အဘာဝတော န စဿ ဗောဓိပက္ခိယေသု သင်္ဂဟော ကတော။ ယသ္မာ ပန သမ္မာသင်္ကပ္ပေါ သမ္မာသမာဓိ စ မဂ္ဂပရိယာပန္နာ ဈာနဓမ္မာ၊ တသ္မာ တေ သန္ဓာယ တံ သမ္ပယုတ္တတာယ ဝါ ဣတရေပိ ဂဟေတွာ ပရိယာယေန ဝုတ္တံ ပါဠိယံ ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကန္တိ အာဒိ။ ဋီကာ (မဟာ၊ဒု၊နှာ-၄၉၄)
ဤသို့လျှင် အလုံးစုံသော ဗောဓိပက္ခိယ တရား တို့သည် မဂ်စိတ္တုပ္ပါဒ်၌ အတွင်း ဝင်ကုန်၏။ ဖိုလ်စိတ္တုပ္ပါဒ်၌ကား ပရိယာယ်သာ။ ထိုတွင်လည်း သာတိ သယ သမ္မပ္ပဓာန ဗျာပါရကို မဂ်ခဏ၌သာ ရထိုက်သောကြောင့် ဖိုလ်ခဏ၌ သမ္မပ္ပဓာန် လေးပါးကို ပယ်၍ သုံးဆဲ့သုံးပါးတို့ကိုသာ ရအပ်ကုန်၏။
ဖလက္ခဏေ ဌပေတွာ စတ္တာရော သမ္မပ္ပဓာနေ အဝသေသာ တေတ္တိံ သ လဗ္ဘန္တိ။
အဋ္ဌကထာ (ဝိသုဒ္ဓိ၊ဒု၊နှာ-၃၂၀)
ကာမံ သဗ္ဗေပိ ဗောဓိပက္ခိယဓမ္မာ မဂ္ဂစိတ္တုပ္ပါဒပရိယာပန္နာဝ၊ တထာပိ သာတိသယော သမ္မပ္ပဓာနဗျာပါရော မဂ္ဂက္ခဏေတိ ဝုတ္တံ “ဖလက္ခဏေ ဌပေတွာ စတ္တာရော သမ္မပ္ပဓာနေ”တိ။ အဝသေသာ တေတ္တိံ သ လဗ္ဘန္တိ၊ တေ စ ခေါ ပရိယာယတော၊ န နိပ္ပရိယာယတောတိ အဓိပ္ပါယော။
ဋီကာ (မဟာ၊ဒု၊နှာ-၄၉၂)
မဂ်၏ ဝုဋ္ဌာန အမည်ရပုံ
ဝုဋ္ဌာနံ-ဟူရာ၌
နိမိတ္တာ စ ပဝတ္တာ စ၊
န ဝုဋ္ဌာတိ ဝိပဿနာ။
နိမိတ္တာရမ္မဏတ္တာ စ၊
ဟေတုနော စ အဆေဒတော။
ဂေါတြဘူ တု နိမိတ္တာဝ၊
မဂ္ဂေါ တု ဒုဘတောပိ စ။
သင်္ဂဟ ဂါထာ
ဝိပဿနာ၊ ဝိပဿနာ ပညာသည်။
နိမိတ္တာရမ္မဏတ္တာ စ၊ သင်္ခါရနိမိတ်လျှင် အာရုံရှိသည်၏ အဖြစ်ကြောင့်၎င်း။
ဟေတုနော၊ ပဝတ္တ၏ အကြောင်းဖြစ်သော သမုဒယသစ္စာကို။
အဆေဒတော စ၊ မပယ်မဖြတ်ခြင်းကြောင့်၎င်း။
နိမိတ္တာ စ၊ သင်္ခါရနိမိတ်မှ၎င်း။
ပဝတ္တာ စ၊ ဥပါဒိန္နခန္ဓပ္ပဝတ္တမှ၎င်း။
န ဝုဋ္ဌာတိ၊ မထမြောက်။
ဂေါတြဘူ တု၊ ဂေါတြဘူသည်ကား။
နိမိတ္တာဝ၊ အာရုံဖြစ်သော သင်္ခါရနိမိတ်မှ သာလျှင်။
ဝုဋ္ဌာတိ၊ ထမြောက်၏။
မဂ္ဂေါ တု၊ မဂ်သည်ကား။
ဒုဘတောပိ စ၊ နိမိတ္တ ပဝတ္တ နှစ်ပါးစုံမှလည်း။
ဝုဋ္ဌာတိ၊ ထမြောက်၏။
ဒုဘတောတိ ဥဘတော၊ ဒကာရာဂမံ ကတွာ ဧဝံ ဝုတ္တံ။ ဒုဘာတိ ဝါ ပဒန္တရမေဝေတံ ဥဘယသဒ္ဒေန သမာနတ္ထံ။ ဋီကာ (မဟာ၊ဒု၊နှာ-၄၉၄)
ဗလ ၂-ပါး
ဗလယုတ္တတံ ဟူရာ၌ --
လောကိသမာပတ် ရှစ်ပါးမှာ သမထ အားစွမ်းလွန်သည်။
အနိစ္စာနုပဿနာ စသည်မှာ ဝိပဿနာ ဗလ လွန်ကဲသည်။
မဂ်ခဏ၌ကား ဗလနှစ်ပါး တူမျှ၏။ ထို့ကြောင့် --
ဝုဋ္ဌာနဋ္ဌေန သမထဝိပဿနံ ယုဂနန္ဓံ ဘာဝေတိ။
ဟု (ပဋိသမ္ဘိဒါမဂ် ပါဠိတော်၊နှာ-၂၈၉ ၌) ဟောတော်မူအပ်၏။
ဝုဋ္ဌာနဋ္ဌေန၊ နိမိတ္တ ပဝတ္တ နှစ်ပါးမှ ထတတ်သည်၏ အဖြစ်ဖြင့်။
သမထ ဝိပဿနံ၊ သမာဓိ ပညာ နှစ်ပါးကို။
ယုဂနန္ဓံ၊ ထမ်းပိုး၌ ယှဉ်ပြိုင် အားတူသော နွားကို ကဲ့သို့။
ဘာဝေတိ၊ ပွါးစေ၏။
ဤကား အနက်။
မဂ်လေးပါးနှင့် ပယ်အပ်သော တရားများ
ပဟာတဗ္ဗေ ဟူရာ၌ မဂ်ဉာဏ် လေးပါးတို့သည် သံယောဇဉ် ဆယ်ပါး၊ ကိလေသာဆယ်ပါး၊ မိစ္ဆာဒိဋ္ဌိစသော မိစ္ဆတ္တရှစ်ပါး၊ ဝါ၊ အသညသတ် နေဝသညာ ဟူသော လောကထုပိကာ စသည်တို့၌ သင်္ခါရမှ လွတ်၏ ဟု ဖောက်ပြန်သော နှလုံးသွင်းခြင်း ဟူသော မိစ္ဆာဝိမုတ္တိ မောဟ ဟူသော မိစ္ဆာဉာဏ နှစ်ပါးနှင့်တကွ မိစ္ဆတ္တဆယ်ပါး၊ လောကဓံရှစ်ပါး၊ အာဝါသ ကုလ လာဘ ဓမ္မ ဝဏ္ဏ မစ္ဆရိယ ငါးပါး၊ သညာ စိတ္တ ဒိဋ္ဌိ ဝိပလ္လာသသုံးပါး- တဆဲ့နှစ်ပါး။ အာသဝ သြဃ ယောဂ ဂန္ထ ဥပါဒါန် အဂတိ- လေးပါးစီ၊ နီဝရဏ ငါးပါး၊ ပရာမာသ တပါး၊ အနုသယ ခုနစ်ပါး၊ မလ သုံးပါး၊ အကုသလ ကမ္မပထ ဆယ်ပါး၊ အကုသိုလ် စိတ္တုပ္ပါဒ် တဆဲ့နှစ်ပါး၊ ဤအလုံးစုံသော သံကိလေသ တရားတို့ကို ထိုက်သည့်အားလျော်စွာ ပယ်တတ်ကုန်၏။
ထိုတွင် ဒိဋ္ဌိ မုသာဝါဒ ကမ္မန္တာဇီဝဟူသော မိစ္ဆတ္တလေးပါးကို ပထမမဂ် ပယ်သည်။
သင်္ကပ္ပ ပိသုဏဝါစာ ဖရုသဝါစာ သုံးပါးကို တတိယမဂ် ပယ်သည်။
သမ္ဖပ္ပလာပ မိစ္ဆာဝါယာမ မိစ္ဆာသတိ မိစ္ဆာသမာဓိ မိစ္ဆာဝိမုတ္တိ မိစ္ဆာဉာဏ် ခြောက်ပါးတို့ကို စတုတ္ထမဂ် ပယ်သည်။
မစ္ဆေရ အဂတိတို့ကို ပထမမဂ် ပယ်သည်။
အသုဘေ သုဘသညာ စိတ္တဝိပလ္လာသကို တတိယမဂ် ပယ်သည်။
ဒုက္ခေ သုခသညာ စိတ္တဝိပလ္လာသကို စတုတ္ထမဂ် ပယ်သည်။ ကြွင်းဝိပလ္လာသ ရှစ်ပါးကို ပထမမဂ် ပယ်သည်။
နီဝရဏတို့တွင် ကုက္ကုစ္စကို တတိယမဂ် ပယ်သည်။
ယံ ပန ကုက္ကုစ္စပကတကာယ အာပတ္တိမာပဇ္ဇတီတိ ဝုတ္တံ ကုက္ကုစ္စံ၊ တံ သန္ဓာယ ကုက္ကုစ္စဝိစိကိစ္ဆာ သောတာပတ္တိမဂ္ဂေန ပဟီယန္တီတိ အဋ္ဌသာလိနိယံ ဝုတ္တံ။ သြဠာရိကာနဝသေသပ္ပဟာနံ ဝါ သန္ဓာယ ကုက္ကုစ္စဿ ပထမ တတိယဉာဏဝဇ္ဈတာ ဝုတ္တာတိ ဝေဒိတဗ္ဗံ။
ဋီကာ (မဟာ၊ဒု၊နှာ-၄၉၈)
ကမ္မပထတို့တွင် ပိသုဏဝါစာ ဖရုသဝါစာ ဗျာပါဒ သုံးပါးကို တတိယမဂ် ပယ်သည်။ သမ္ဖပ္ပလာပါ ဘိဇ္ဈာ နှစ်ပါးကို စတုတ္ထမဂ် ပယ်သည်။ ကြွင်းငါးပါးကို ပထမမဂ် ပယ်သည်။ ကြွင်းသမျှ လွယ်လှပြီ။
မဂ်က ကိလေသာကိုပယ်ပုံ
“ပယ်သည်”ဟူရာ၌ --
မူလေ ဆိန္နေ ဖလံ ပုပ္ဖံ၊
အဇာတံ၀ န ဇာယတိ။
ဧဝံ စတ္တာရိ ဉာဏာနိ၊
ဘူမိလဒ္ဓေ ဇဟန္တိ တေ။
သင်္ဂဟဂါထာ
မူလေ၊ အမြစ်ကို။
ဆိန္နေ၊ ဖြတ်အပ်သည်ရှိသော်။
ဖလံ ပုပ္ဖံ၊ အသီးအပွင့်သည်။
အဇာတံ ဧ၀၊ မဖြစ်သေးပဲသာလျှင်။
န ဇာယတိ၊ မဖြစ်ပေါ်လာ။
ဧဝံတထာ၊ ယင်းသို့အတူ။
တေ = တာနိ စတ္တာရိ ဉာဏာနိ၊ ထိုမဂ်ဉာဏ် လေးပါးတို့သည်။
ဘူမိလဒ္ဓေ၊ ဥပါဒါနက္ခန္ဓဟူသော ဝိပဿနာ၏အာရုံ ဖြစ်ရာဘုံကို ရကုန်သော ကိလေသာ တို့ကို။
ဇဟန္တိ၊ စွန့်ပယ်ကုန်၏။
ဥပ္ပန္န ၄-ပါးနှင့် မဂ်ဖြင့် ပယ်အပ်သောဥပ္ပန္န
ဤဂါထာနှင့်အညီ --
(၁) သမုဒါစာရ ခဏတ္တယ သမင်္ဂီ ဖြစ်သော ဝတ္တမာနုပ္ပန္န၊
(၂) ဝိကပ္ပဂါဟ၏ အစွမ်းဖြင့် အာရုံ၏အရသာကို ခံစားပြီး၍ ချုပ်ကင်း လေသော ကုသိုလ် အကုသိုလ်။ ခဏတ္တယသို့ ရောက်ပြီး၍ ချုပ်လေသော သင်္ခတတရားဟူသော ဘူတာပဂတုပ္ပန္န။
(၃) ကုသိုလ် အကုသိုလ် ဝိပါက်ဟူသော ဩကာသကတုပ္ပန္န။
(၄) ဝိပဿနာ၏အာရုံ ဥပါဒါနက္ခန္ဓာ ဟူသော ဌာနဘုံတို့၌ ဖြစ်ထိုက်သော မဂ်ဖြင့် မပယ်ရသေးသော အနုသယိတကိလေသာ ဟူသော ဘူမိလဒ္ဓုပ္ပန္န။
ဤ ဥပ္ပန္နလးပါးတို့တွင် ပစ္စုပ္ပန် အတိတ် အနာဂတ် ဟူ၍ မဆိုအပ်သော ဘူမိလဒ္ဓုပ္ပန္နကို ပယ်သည်ဟူ၍ မှတ်အပ်၏။ ပထဝီရသ အာပေါရသကိုမှီလျက် မျိုးစေ့ အဆက်ဆက်ဖြင့် ကမ္ဘာဆုံးသည်တိုင်အောင် ကြီးပွါးမည့် အဆိပ်ပင်ကြီးဝယ် ငါးမန်းစွယ် လိပ်ကျောက်ဆူးဟူသော အဆိပ်ဆူးကို လေးမျက်နှာအရပ်မှ နှက်သဖြင့် ဖျက်ဆီးသတ်ဖြတ် သကဲ့သို့တည်း။
(၁) အာရမ္မဏာဓိဂ္ဂဟိတုပ္ပန္န
(၂) အဝိက္ခမ္ဘိတုပ္ပန္န
(၃) အသမူဟတုပ္ပန္န
သုံးပါးတို့သည်လည်း ဤ ဘူမိလဒ္ဓုပ္ပန္န၌ ဝင်လေကုန်ပြီ။
ပယ်အပ် မပယ်အပ်သော ဥပ္ပန္န
ဤသို့လျှင် ဝတ္တမာန ဘူတာပဂတ ဩကာသကတ သမုဒါစာရဟူသော ဥပ္ပန္နလေးပါးကို တစုံတခုသော မဂ်ဖြင့် မပယ်အပ်။ ဘူမိလဒ္ဓ အာရမ္မဏာဓိဂ္ဂဟိတ အဝိက္ခမ္ဘိတ အသမူဟတ-ဟူသော ဥပ္ပန္နလေးပါးကို မဂ်ဉာဏ်သည် ပယ်အပ်၏။
ဆီမီး နေ လှေ ဥပမာနှင့် မဂ်ကိစ္စ ၄-ပါး
ပရိညာဒိကိစ္စာနိ ဟူရာ၌ ---
ဆီမီးသည်—
(၁) မီးစာကို ကုန်ကျွမ်းစေခြင်း။
(၂) မိုက်မှောင်ကို ဖျက်ဆီးခြင်း။
(၃) အလင်းကို ပြခြင်း။
(၄) ဆီကို ခန်းခြောက်စေခြင်း -
ဟူသော ကိစ္စလေးပါးကို တပြိုင်နက် ပြုသကဲ့သို့၎င်း။
နေသည် --
(၁) အဆင်းကို ထွန်းပြခြင်း။
(၂) မိုက်မှောင်ကို ဖျောက်ဖျက်ခြင်း။
(၃) အလင်းကို ပြခြင်း။
(၄) အချမ်းကို ငြိမ်းပျောက်စေခြင်း --
ဟူသော ကိစ္စလေးပါးကို တပြိုင်နက် ပြုသကဲ့သို့၎င်း။
လှေသည်--
(၁) ဤမှာဘက်ကမ်းကို စွန့်ခြင်း။
(၂) ရေယဉ်ကို ဖြတ်ခြင်း။
(၃) ဝန်ကိုဆောင်ခြင်း။
(၄) ထိုမှာဘက်ကမ်းသို့ လှမ်းရောက်ခြင်း
ဟူသော ကိစ္စလေးပါးကို တပြိုင်နက် ပြုသကဲ့သို၎င်း၊
မဂ်ဉာဏ်သည် နိဗ္ဗာန်ကို အာရုံပြုလျက် ---
(၁) ဒုက္ခသစ္စာကို ပိုင်းခြား၍သိခြင်း။
(၂) သမုဒယသစ္စာကို ပယ်ခြင်း။
(၃) မဂ္ဂသစ္စာကို ပွါးစေခြင်း။
(၄) နိရောဓသစ္စာကို မျက်မှောက်ပြုခြင်း
ဟူသော ကိစ္စလေးပါးကို တပြိုင်နက် ပြီးစေသည်။
ဥပမာ ဥပမေယျ လေးကိစ္စကို ယထာက္ကမ ဟပ်လေ။
မဂ်ဉာဏ်က မဂ္ဂသစ္စာကိုပွါးစေပုံ
ထိုတွင် မဂ္ဂသစ္စာကို ပွါးစေခြင်းဟူရာ၌ မဂ်ဉာဏ်သည် သဟဇာတ ဧကက္ခဏိက မဂ္ဂ သစ္စာကို အဘယ်သို့ ပွါးစေသနည်း။
မဂ္ဂံ ဘာဝနာဘိသမယေနာတိ မဂ္ဂဉာဏံ သမ္မာသင်္ကပ္ပါဒိသေသမဂ္ဂံ သဟဇာတာဒိပစ္စယ-တာဝသေန ဘာဝနာဘိသမယေန။ ... အဘိသမေတိ ပုဗ္ဗဘာဂဘာဝနာ သမ္ဘူတေန အရိယမဂ္ဂဘာဝနာသင်္ခါတေန ပဋိဝိဇ္ဈနေန အဘိသမေတိ အဋ္ဌင်္ဂိကံ မဂ္ဂံ အသမ္မောဟတော ပဋိဝိဇ္ဈတိ။ မဂ္ဂဉာဏံ ဟိ သမ္ပယုတ္တဓမ္မေသု သမ္မောဟံ ဝိဒ္ဓံသေန္တံ အတ္တနိပိ သမ္မာဟံ ဝိဒ္ဓံသေတိ ယေဝ။
ဟူသော ဋီကာ (မဟာ၊ဒု၊နှာ-၅၀၃) နှင့် အညီ မဂ်ဉာဏ်သည် ရှေး ဝိပသာနာ အဆက်ဆက် တက်ခဲ့လာသော အဟုန်အားဖြင့် ကြွင်း မဂ္ဂင်ခုနှစ်ပါးတို့ကို သဟဇာတ စသော ပစ္စယသတ္တိ အစွမ်းဖြင့် ပွါးစေသည်။ မဂ္ဂင်ရှစ်ပါးလုံးကိုပင် မတွေဝေသော အားဖြင့် သိသည်ဟူ၍ မှတ်။
သစ္စာ ၄-ပါးကို ၁၆-ပါးသော အခြင်းအရာဖြင့် သိပုံ
ဤသို့လျှင် မဂ်ဉာဏ်သည် သစ္စာလေးပါးကို ပီဠနဋ္ဌ စသော တဆဲ့ခြောက်ပါးသော အခြင်းအရာတို့ဖြင့် တပြိုင်နက် တချက်တည်း သိသည်။ ထို့ကြောင့် --
ယေ ဘိက္ခဝေ ဒုက္ခံ ပဿတိ၊ ဒုက္ခသမုဒယမ္ပိ သော ပဿတိ။ ဒုက္ခနိရောဓမ္ပိ ပဿတိ။ ဒုက္ခနိရောဓ ဂါမိနိပဋိပဒမ္ပိ ပဿတိ [၁] စသည်ဖြင့်၎င်း။
[၁။ မဟာဝဂ္ဂသံယုတ် ပါဠိတော်၊ ဂဝမ္ပတိသုတ်၊နှာ-၃၈၂။
ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။
ယော၊ အကြင်ရဟန်းသည်။
ဒုက္ခံ၊ ဒုက္ခသစ္စာကို။
ပဿတိ၊ ဝိပဿနာဉာဏ်ဖြင့် ရှုမြင်၏။
သော၊ ထိုဒုက္ခသစ္စာကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်သော ရဟန်းသည်။
ဒုက္ခသမုဒယမ္ပိ၊ ဒုက္ခ၏ဖြစ်ကြောင်း သမုဒယသစ္စာကိုလည်း။
ပဿတိ၊ ရှုမြင်၏။
ဒုက္ခနိရောဓမ္ပိ၊ ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်ဟူသော နိရောဓသစ္စာကိုလည်း။
ပဿတိ၊ ရှုမြင်၏။
ဒုက္ခနိရောဓဂါမိနိပဋိပဒမ္ပိ၊ ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော မဂ္ဂသစ္စာကိုလည်း။
ပဿတိ၊ ဝိပဿနာဉာဏ်ဖြင့် ရှုမြင်၏။]
မဂ္ဂသမင်္ဂိဿ ဉာဏံ၊ ဒုက္ခေပေတံ ဉာဏံ။ ဒုက္ခသမုဒယေပေတံ ဉာဏံ။ ဒုက္ခနိရောဓေပေတံ ဉာဏံ။ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါယပေတံ ဉာဏံ -- ဟူ၍၎င်း၊
မဂ္ဂသမင်္ဂိဿ၊ အရိယမဂ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်၏။
ယံဉာဏံ၊ အကြင်ဉာဏ်သည်။
အတ္ထိ၊ ရှိ၏။
တံဉာဏံ၊ ထိုဉာဏ်သည်။
ဒုက္ခေပိ၊ ဒုက္ခသစ္စ၌လည်း။
ဟောတိ၊ ဖြစ်၏။
ဧတံဉာဏံ၊ ထိုဉာဏ်သည်။
ဒုက္ခသမုဒယေပိ၊ ဒုက္ခ၏ဖြစ်ကြောင်း သမုဒယသ်၌လည်း
ဟောတိ၊ ဖြစ်၏။
ဧတံဉာဏံ၊ ထိုဉာဏ်သည်။
ဒုက္ခနိရောဓေပိ၊ ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်ဟူသော နိရောဓသစ္စာ၌လည်း။
ဟောတိ၊ ဖြစ်၏။
တံဉာဏံ၊ ထိုဉာဏ်သည်။
ဒုက္ခနိရောဓဂါမိနိ ပဋိပဒါယပိ၊ ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ဖြစ်သော မဂ္ဂသစ္စာ၌လည်း။
ဟောတိ၊ ဖြစ်၏။
(ဝိဘင်းပါဠိတော်နှာ-၃၄၁)
ဒုက္ခဿ ပီဠနဋ္ဌော သင်္ခတဋ္ဌော သန္တာပဋ္ဌော ဝိပရိဏာမဋ္ဌော တထဋ္ဌော။
သမုဒယဿ အာယူဟနဋ္ဌော နိဒါနဋ္ဌော သံယောဂဋ္ဌော ပလိဗောဓဋ္ဌော တထဋ္ဌော။
နိရောဓဿ နိဿရဏဋ္ဌော ဝိဝေကဋ္ဌော အသင်္ခတဋ္ဌော အမတဋ္ဌော တထဋ္ဌော။
မဂ္ဂဿ နိယျာနဋ္ဌော ဟေတုဋ္ဌော ဒဿနဋ္ဌော အဓိပတေယျဋ္ဌော တထဋ္ဌော။
ဣမေဟိ သောဠသဟိ အာကာရေဟိ တထဋ္ဌေန စတ္တာရိ သစ္စာနိ ဧကသင်္ဂဟိတာနိ။ ယံ ဧကသင်္ဂဟိတံ၊ တံ ဧကတ္တံ။ ယံ ဧကတ္တံ၊ တံ ဧကေန ဉာဏေန ပဋိဝိဇ္ဈတီတိ စတ္တာရိ သစ္စာနိ ဧကပ္ပဋိဝေဓာနိဟူ၍၎င်း။
ဟောတော်မူအပ်၏။
ပီဠနဋ္ဌော၊ နှိပ်စက်ခြင်း သဘောသည်။
သင်္ခတဋ္ဌော၊ အကြောင်းတရားတို့သည် အညီအညွတ် ပြုပြင်အပ်သည်၏ အဖြစ်ဟူသော သဘောသည်။
သန္တာပဋ္ဌော၊ ပူပန်စေခြင်း သဘောသည်။
ဝိပရိဏာမဋ္ဌော၊ ဇရာ မရဏတို့သည် ဖောက်ပြန်စေအပ်သည်၏ အဖြစ်ဟူသော သဘော သည်။
ဒုက္ခဿ၊ ဒုက္ခသစ္စာ၏။
တထဋ္ဌော၊ မဖောက်မပြန် မှန်ကန်သော သဘော မည်၏။
အာယူဟနဋ္ဌော၊ အားထုတ်တတ် ပေါင်းစည်းတတ်သည်၏ အဖြစ်ဟူသော သဘော သည်။
နိဒါနဋ္ဌော၊ ဝဋ်၏အကြောင်း၏ အဖြစ်ဟူသော သဘောသည်။
ဝါ၊ ဝဋ်ဆင်းရဲကိုပေးတတ် နှင်းတတ်သည်၏ အဖြစ်ဟူသော သဘောသည်။
သံယောဂဋ္ဌော၊ ဝဋ်၌ယှဉ်စေခြင်း သဘောသည်။
ပလိဗောဓဋ္ဌော၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို တားမြစ် တတ်သည်၏ အဖြစ် ဟူသော သဘောသည်။
သမုဒယဿ၊ သမုဒယသစ္စာ၏။
တထဋ္ဌော၊ မဖောက်မပြန် မှန်ကန်သော သဘော မည်၏။
နိဿရဏဋ္ဌော၊ ထွက်မြောက်ရာ၏ အဖြစ်ဟူသော သဘောသည်။
ဝိဝေကဋ္ဌော၊ ကိလေသာ သင်္ခါရတို့မှ ဆိတ်သည်၏အဖြစ်ဟူသော သဘောသည်။
အသင်္ခတဋ္ဌော၊ အကြောင်းတရားတို့သည် မပြုပြင်အပ်သည်၏ အဖြစ်ဟူသော သဘောသည်။
အမတဋ္ဌော၊ သေခြင်း ပျက်ခြင်း ကင်းသည်၏ အဖြစ်ဟူသော သဘောသည်။
နိရောဓဿ၊ နိရောဓသစ္စာ၏။
တထဋ္ဌော၊ မဖောက်မပြန် မှန်ကန်သော သဘော မည်၏။
နိယျာနဋ္ဌော၊ ဝဋ်မှထွက်မြောက်တတ် ထွက်မြောက်ကြောင်း၏ အဖြစ်ဟူသော သဘော သည်။
ဟေတုဋ္ဌော၊ နိဗ္ဗာန်သို့ ရောက်ကြောင်း၏ အဖြစ် ဟူသော သဘောသည်။
ဒဿနဋ္ဌော၊ သစ္စာတရား ၄-ပါးကို မြင်တတ်သည်၏ အဖြစ်ဟူသော သဘောသည်။
အဓိပတေယျဋ္ဌော၊ သစ္စာ ၄-ပါးကို မြင်ခြင်းကိစ္စ၌ သမ္ပယုတ် တရားတို့၏ အကြီးအမှူး၏ အဖြစ် ဟူသော သဘောသည်။
မဂ္ဂဿ၊ မဂ္ဂသစ္စာ၏။
တထဋ္ဌော၊ မဖောက်မပြန် မှန်ကန်သော သဘော မည်၏။
ဣမေဟိ သောဠသဟိ အာကာရေဟိ၊ ဤ ၁၆-ပါးသော အခြင်းအရာတို့ဖြင့်။
တထဋ္ဌေန၊ မဖောက်မပြန် မှန်ကန်သော သဘောအားဖြင့်။
စတ္တာရိ သစ္စာနိ၊ သစ္စာ ၄-ပါးတို့ကို။
ဧကသင်္ဂဟိဟာနိ၊ တခုတည်းသော သဘော အားဖြင့်သာလျှင် ပေါင်း၍ ယူအပ်ကုန်၏။
ယံ၊ အကြင် ပီဠန သင်္ခတ စသော ၁၆-ပါးသော သဘောသည်။
ဧကသင်္ဂဟိတံ၊ တခုသော မဖောက်မပြန် မှန်ကန်သည်၏ အဖြစ်ဟူသော သဘော အားဖြင့် ပေါင်း၍ယူအပ်၏။
တံ၊ ထိုပေါင်း၍ ယူအပ်သော သင်္ခတစသော ၁၆-ပါးသော သဘောသည်။
ဧကတ္တံ၊ သစ္စာ ၄-ပါးတို့၏ တူသည်၏ အဖြစ် ဟူသော သဘောမည်၏။
ယံဧကတ္တံ၊ အကြင်တူသည်၏ အဖြစ်တည်းဟူသော ၁၆-ပါးသော သဘောသည်။
အတ္ထိ၊ ရှိ၏။
တံ၊ ထို တူသည်၏ အဖြစ် တည်းဟူသော ၁၆-ပါးသောသဘောကို။
ဧကေန ဉာဏေန၊ တခုသောမဂ်ဉာဏ်ဖြင့်။
ပဋိဝိဇ္ဈတိ၊ ထိုးထွင်း၍သိ၏။
ဣတိ၊ ထို့ကြောင့်။
စတ္တာရိ သစ္စာနိ၊ သစ္စာ ၄-ပါးတို့သည်။
ဧကပ္ပဋိဝေဓာနိ၊ တပေါင်းတည်း ထိုးထွင်း၍ သိအပ်သော အခြင်းအရာ ရှိကုန်၏။
ထို သစ္စာလေးပါးတို့တွင် နိရောဓသစ္စာ၌ အာရမ္မဏပ္ပဋိဝေဓ အသမ္မောဟပ္ပဋိဝေဓ နှစ်ပါး ရ၏။ ကြွင်း သုံးပါး၌ကား အသမ္မောဟပ္ပဋိဝေဓ သာ ရ၏။
မဂ်ကိစ္စ ၄-ပါး အကျယ် ဆုံးဖြတ်ချက်
ဤဆိုခဲ့ပြီးသော ပရိညာ ပဟာန သစ္ဆိကရဏ ဘာဝနာ ဟူသော ကိစ္စ လေးပါးတို့တွင် --
တိဝိဓာ ဟောတိ ပရိညာ၊
တထာ ပဟာနမ္ပိ သစ္ဆိကိရိယာမိ။
ဒွေ ဘာဝနာ အဘိမတာ၊
ဝိနိစ္ဆယာ တတ္ထ ဉာတဗ္ဗော။
သစ္စာ ၄-ပါး၏ ကိစ္စ အသီးသီး
ပရိညာ၊ ပရိညာသည်။
တိဝိဓာ၊ သုံးပါး အပြားရှိသည်။
ဟောတိ၊ ဖြစ်၏။
ပဟာနမ္ပိ၊ ပဟာန်သည်၎င်း။
သစ္ဆိကိရိယာပိ၊ သစ္ဆိကိရိယာသည်၎င်း။
တထာ၊ ထိုအတူ။
တိဝိဓာ၊ ၃-ပါး အပြားရှိ၏။
ဘာဝနာ၊ ဘာဝနာကို။
ဒွေ၊ နှစ်ပါးတို့ဟူ၍။
အဘိမတာ၊ သိအပ်၏။
ဝါ၊ လိုအပ်၏။
တတ္ထ၊ ထို ကိစ္စ လေးပါးတို့၌။
ဝိနိစ္ဆယော၊ အဆုံးအဖြတ်ကို။
ဉာတဗ္ဗော၊ သိအပ်၏။
ပရိညာကိစ္စ ၃-ပါး
ဤ အဋ္ဌကထာ (ဒု၊နှာ-၃၃၄) နှင့် အညီ ပရိညာသည် ဉာတ တီရဏ ပဟာန အားဖြင့် သုံးပါးတည်း။
ဉာတပရိညာ
ထိုတွင် နာမရူပ ပရိစ္ဆေဒဉာဏ်၊ ပစ္စယပရိဂ္ဂဟဉာဏ် နှစ်ပါးသည် ဉာတပရိညာ၏ ဘုံသီးတည်း။
တီရဏပရိညာ
ကလာပ သမ္မသနဉာဏ်မှစ၍ အနုလောမဉာဏ်တိုင်အောင် ဝိပဿနာဉာဏ်ဆယ်ပါး သည် တိရဏပရိညာ၏ ဘုံသီးတည်း
ပဟာနပရိညာ
ဘင်္ဂါနုပဿနာမှစ၍ အနုလောမတိုင်အောင် ဉာဏ်ရှစ်ပါးသည် ပဟာနပရိညာ၏ ပရိယာယ်ဘုံတည်း။
မဂ်ဉာဏ်သာလျှင် မုချဘုံတည်း။ ထို့ကြောင့် ဤ၌ ပဟာနပရိညာကို လိုအပ်၏။
တနည်းလည်း -- ဉာတ တီရဏ နှစ်ပါးသည် ပဟာနအကျိုးငှါသာ ဖြစ်၏။ ပယ်အပ်သော တရားသည်လည်း ပိုင်းခြား၍ သိအပ် ဆုံးဖြတ်အပ်သည်သာတည်း။ ထို့ကြောင့် ပရိညာ သုံးပါးလုံးသည်လည်း ပရိယာယ်အားဖြင့် မဂ်ဉာဏ်၏ ကိစ္စပင်တည်း-ဟု အဋ္ဌကထာ (ဒု၊နှာ-၃၃၅) မိန့်၏။
အောက် ကင်္ခါဝိတရဏ ဝိသုဒ္ဓိ၌ကား ကလာပသမ္မသနဉာဏ် ဥဒယဗ္ဗယဉာဏ် နှစ်ပါး ကိုသာ တီရဏပရိညာ၏ဘုံ-ဟု ဘင်္ဂါနုပဿနာမှ အထက်ကို ပဟာနပရိညာ၏ဘုံ-ဟု အဋ္ဌကထာ မိန့်၏။ ပရိယာယ်စကားချည်းသာ မှတ်ရာ၏။ ဤ၌ ဆိုအပ်သော စကားကိုသာ မုချ မှတ်အပ်၏။ ထိုကြောင့် --
အနုလောမဉာဏမ္ပိ အနိစ္စာဒိဝသေနေ၀ သင်္ခါရေ အာရဗ္ဘ ပဝတ္တတိ။ ပဂေ၀ ပဋိသင်္ခါနုပဿနာယယောတိ အာဟ “ယာဝ အနုလောမာ အာဝေနိကာ ဘူမိ”တိ။ ကာမေဉ္စတ္ထ တီရဏပရိညာဘူမိယံ ဉာတ ပဟာန ပရိညာယောပိ လဒ္ဓါဝသရာ။ တတ္ထ ပန ယထာ တီရဏပရိညာ သာတိသယံ ကိစ္စကာရိနီ။ န တထာ ဣတရာတိ အာဝေနိကဂ္ဂဟနံ။ ...နိပ္ပရိယာယေန ပဟာနပရိညာ နာမ မဂ္ဂဉာဏန္တိ “ယာဝ မဂ္ဂဉာဏဘူမီ”တိ ဝုတ္တံ - ဟု ဋီကာ (မဟာ၊ဒု၊နှာ-၅ဝ၇) မိန့်သည်။
ပဟာန် ၃-ပါး
ပဟာန်သည်လည်း ဝိက္ခမ္ဘန တဒင်္ဂ သမုစ္ဆေဒ သုံးပါးတည်း။
ဝိက္ခမ္ဘနပဟာန်
ထိုတွင် အိုးဖြင့်မှော်ကို ပယ်ခြင်းကဲ့သို့ လောကီသမာဓိဖြင့် နီဝရဏ စသည်ကို ပယ်ခြင်း သည် ဝိက္ခမ္ဘနပဟာန် မည်၏။
တဒင်္ဂပဟာန်
ဆီမီးဖြင့် မိုက်မှောင်ကို ပယ်ခြင်းကဲ့သို့ ထိုထို ဝိပဿနာဝယဝ ဉာဏင်္ဂဖြင့် ထိုထို ပဋိပက္ခဖြစ်သော ပဟာတဗ္ဗဓမ္မကို ပယ်ခြင်းသည် တဒင်္ဂပဟာန် မည်၏။
သမုစ္ဆေဒပဟာန်
မိုးကြိုးစက်ကျသော သစ်ပင်၏သို့ သံယောဇဉ် စသည်တို့၏ နောင်တဖန် မဖြစ်ခြင်းကို ပြုလျက် အရိယမဂ်ဖြင့် ပယ်ခြင်းသည် သမုစ္ဆေဒပဟာန် မည်၏။
ဤအရာ၌ သမုစ္ဆေဒပဟာန်ကို လိုအပ်၏။ ရှေ့ပဟာန်နှစ်ပါးသည် သမုစ္ဆေဒ အကျိုးငှါ သာလျှင် ဖြစ်ခြင်းဟူသော ပရိယာယ် အားဖြင့်ကား ပဟာန် သုံးပါးလုံးသည်ပင် မဂ်ဉာဏ် ၏ကိစ္စ မည်ကောင်း၏။
သစ္ဆိကိရိယာ ၃-ပါး
သစ္ဆိကိရိယာသည်လည်း လောကိယ ဒဿန ဘာဝနာ အားဖြင့် သုံးပါးတည်း။
ထိုတွင် လောကီဈာန်ကို ရပြီး၍ “ဣဒံ မယာ အဓိဂတံ” ဟု ပစ္စဝေက္ခဏာဉာဏ်ဖြင့် မျက်မှောက် ထင်ထင် သိမြင်တွေ့ထိခြင်းသည် လောကိယသစ္ဆိကိရိယာ မည်၏။
တနည်လည်း -- သစ္ဆိကာတဗ္ဗဓမ္မတို့ကို ဖုံးလွှမ်းတတ်သော သံမောဟကို မဂ်ဖိုလ်ဖြင့် ဖျက်ဆီးပြီးနောက် “အပရပ္ပစ္စယဉာဏ်”ဖြင့် စက္ခု ရူပ စသော သစ္ဆိကာတဗ္ဗဓမ္မတို့ကို ကိုယ်တိုင် သိမြင်ခြင်းသည် လောကိယသစ္ဆိကိရိယာ မည်၏။
[အပရပ္ပစ္စယဉာဏ် = (အ= မရှိ၊ ကင်းမဲ့။ ပရ = သူတပါး။ ပစ္စယ = ယုံကြည်ခြင်း) သူတပါး ပြောကြား၍ ယုံကြည်ရခြင်း သိရခြင်းမဟုတ်။ မိမိကိုယ်တိုင် မျက်မှောက် ပြုပြီးဖြစ် သဖြင့် သက်ဝင်ယုံကြည်၍ သိသောဉာဏ်။]
သောတာပတ္တိမဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မြင်ခြင်းသည် ဒဿနသစ္ဆိကိရိယာ မည်၏။
အထက်မဂ်တို့ဖြင့် နိဗ္ဗာန်ကိုမြင်ခြင်းသည် ဘာဝနာသစ္ဆိကိရိယာ မည်၏။
နောက်နှစ်ပါးကို ဤ၌ လိုအပ်၏။
ဘာဝနာကား လောကီ လောကုတ္တရာအားဖြင့် နှစ်ပါးသာတည်း။
ထိုတွင် လောကိ သီလ သမာဓိ ပညာကို ဖြစ်စေခြင်း။ မိမိသန္တာန်ကို ထိုထို သီလ သမာဓိ ပညာတို့ဖြင့် ထုံခြင်းသည် လောကိယဘာဝနာ မည်၏။
ယဒဂ္ဂေန ဟိ လောကိယာ ကုသလာဒယော ဥပ္ပါဒိတာ ဝဍ္ဎိတာ စ။ တဒဂ္ဂေနဿ သီလ ဘာဝနာ ကာယဘာဝနာ စိတ္တဘာဝနာ ပညာဘာဝနာ စ လောကိယာ နိပ္ဖါဒိတာ ဟောတိ။ တာယ စ သန္တာနောပိ ပရိဘာဝိတောတိ၊ ဋီကာ (မဟာ၊ဒု၊နှာ-၅၁၁)
လောကုတ္တရ သီလ သမာဓိ ပညာကို ဖြစ်စေခြင်း၊ ထိုဖြင့် ကိုယ်သန္တာန်ကို ထုံခြင်းသည် လောကုတ္တရဘာဝနာ မည်၏။ ဤ လောကုတ္တရဘာဝနာကိုသာ ဤဉာဏဒဿနဝိသုဒ္ဓိ အရာ၌ လိုအပ်၏။
ဉာဏဒဿနဝိသုဒ္ဓိ ပြီး၏။
“စိတ္တံ ပညဉ္စ ဘာဝယံ”၏အရ ပညာဘာဝနာ ပြီး၏။
ပညာဘာဝနာနိသံသ
▬▬▬▬▬▬▬
ဤပညာဘာဝနာ၏ အကျိုးအာနိသင်ကား --
သင်္ခေပေနာရိယဖလ-
ရသာနုဘဝနံ တထာ။
နိရောဓသမာပဇ္ဇနံ၊
နာနာကိလေသဓံသနံ။
အာဟုနေယျတာဒိသိဒ္ဓိ၊
ဣစ္စဿာ အာနိသံသကော။
ဝိတ္ထာရာ တံ ပကာသေတုံ၊
န သက္ကာ ဒီဃအဒ္ဓုနာ။
သင်္ဂဟဂါထာ
သင်္ခေပေန၊ အကျဉ်းအားဖြင့်။
အရိယဖလရသာနုဘဝနံ၊ သာမညဖလ အရိယဖိုလ်ချမ်းသာ အရသာကို ခံစားရခြင်း၎င်း။
တထာ၊ ထိုမှတပါး။
နိရောဓသမာပဇ္ဇနံ၊ နိရောဓသမာပတ်ကို ၀င်စားနိုင်ခြင်း၎င်း။
နာနာကိလေသဓံသနံ၊ သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ စသောအားဖြင့် အထူးထူး အပြားပြား များစွာသော ကိလေသာတို့ကို တဒင်္ဂပဟာန် စသည်တို့၏ အစွမ်းဖြင့် ဖျက်ဆီးရခြင်း၎င်း။
အာဟုနေယျတာဒိသိဒ္ဓိ၊ အာဟုနေယျ အဖြစ် စသည်၏ ပြီးခြင်း၎င်း။
ဣတိအယံ၊ ဤသည်ကား။
အဿာ၊ ထိုပညာဘာဝနာ၏။
အာနိသံသကော၊ အကျိုးတည်း။
ဝိတ္တာရာ၊ အကျယ်အားဖြင့်ကား။
တံ၊ ထိုအာနိသင်ကို။
ဒီဃအဒ္ဓုနာ၊ နေ့ရက်-လ-နှစ် သက္ကရာဇ် ရှည်ကြာ အခါကာလဖြင့်လည်း။
ပကာသေတုံ၊ ထုတ်ဖော်ညွှန်းပြခြင်းငှါ။
န သက္ကာ၊ မတတ်နိုင်ကောင်း။
ဖိုလ်ဝင်စားပုံ
▬▬▬▬▬
ထိုတွင် “အရိယဖလရသာနုဘဝနံ”ဟူရာ၌ မဂ္ဂါနန္တရဖိုလ်ကို အောက် (ဤကျမ်း(ဒု-တွဲ၊နှာ-၆၂၀)၌ဆိုခဲ့ပြီး။
သမာပတ္တိဖိုလ် ဖြစ်ဟန်ကား - ရာဇသည် ရဇ္ဇသုခကို ဒေဝသည် ဒိဗ္ဗသုခကို ခံစားသကဲ့သို့ ဖလဋ္ဌံအရိယာ ပုဂ္ဂိုလ်သည် ဖိုလ်ချမ်းသာ ဖလသမာပတ္တိအရသာ ကို ခံစားလိုလတ်သော် ဥဒယဗ္ဗယဉာဏ်စသော ဝိပဿနာဉာဏ်ကိုးပါး အစဉ်ဖြင့် သင်္ခါရတို့ကိုရှု၍ သင်္ခါရုပေက္ခာ ဉာဏ်၏ အဆုံး၌ ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ သင်္ခါရကိုအာရုံပြုလျက် မနောဒွါရာဝဇ္ဇန်း အနုလုံ အနုလုံ သုံးကြိမ် လေးကြိမ် နိဗ္ဗာန်ကို အာရုံပြု၍ မိမိမဂ်နှင့် ဈာနင် ဗောဇ္ဈင် မဂ္ဂင် တူသော ဖိုလ် ဖိုလ် အကြိမ်များ စ္စာဖြစ်၍ ဘဝင် ကျ၏။
ဖလသမာပတ္တတ္ထိကေန ဟိ အရိယသာဝကေန ရဟောဂတေန ပဋိသလ္လီနေန ဥဒယဗ္ဗယာဒိဝသေန သင်္ခါရာ ပဿိတဗ္ဗာ။ တဿ ပဝတ္တာ နပုဗ္ဗဝိပဿနဿ သင်္ခါရာရမ္မဏေ ဂေါတြဘူဉာဏာနန္တရံ ဖလသမာပတ္တိဝသေန နိရောဓေ စိတ္တံ အပ္ပေတိ။ ဖလသမာပတ္တိနိန္နတာယ စေတ္ထ သေက္ခဿာပိ ဖလမေ၀ ဥပ္ပဇ္ဇတိ န မဂ္ဂေါ။ အဋ္ဌကထာ (ဝိသုဒ္ဓိ၊ဒု၊နှာ-၃၄၂)။
သင်္ခါရာရမ္မဏဂေါတြဘူဉာဏနန္တရန္တိ သင်္ခါရာရမ္မဏဿ။ ဝေါဒါန န္တိ လဒ္ဓနာမဿ ဂေါတြဘူဉာဏဿ အနန္တရံ။ ကသ္မာ ပနေတ္ထ ဂေါတြဘူဉာဏံ မဂ္ဂဉာဏပုရေစာရိကံ ဝိယ နိဗ္ဗာနာရမ္မဏံ န ဟောတီတိ။ ဖလဓမ္မာနံ အနိယျာနိကဘာဝတော။ ... ဝုတ္တံ ဟေတံ ကတမေ ဓမ္မာ နိယျာနိကာ၊ စတ္တာရော မဂ္ဂါ အပရိယာပန္နာတိ။ ဋီကာ (မဟာ၊ဒု၊နှာ-၅၁၈။)
ဖလံ ပန အတ္ထိ မဂ္ဂါနန္တရံ၊ အတ္ထိ ဖလာနန္တရံ၊ အတ္ထိ ဂေါတြဘူအနန္တရံ။ အတ္ထိ နေဝသညာ နာသညာနန္တရံ။ တတ္ထ မဂ္ဂဝီထိယံ မဂ္ဂါနန္တရံ၊ ပုရိမဿ ပုရိမဿ ပစ္ဆိမံ ပစ္ဆိမံ ဖလာနန္တရံ၊ ဖလသမာပတ္တီသု ပုရိမံ ပုရိမံ ဂေါတြဘူအနန္တရံ၊ ဂေါတြဘူတိ စေတ္ထ အနုလောမံ ဝေဒိတဗ္ဗံ။ ဝုတ္တံ ဟေတံ ပဋ္ဌာနေ “အရဟတော အနုလောမံ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော၊ သေက္ခာနံ အနုလောမံ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော”တိ။
ဤသို့ အဋ္ဌကထာ (ဝိသုဒ္ဓိဒု၊နှာ-၃၄၃) လာသည်နှင့် အညီ အနုလုံသုံးချက် လေးချက်တို့တွင် နောက်ဆုံး အနုလုံတချက်ကို “ဂေါတြဘူ” ဟူ၍၎င်း “ဝေါဒါန်” ဟူ၍၎င်း ဆိုသင့်၏ မှတ်။
ဖိုလ်ချမ်းသာ
▬▬▬▬
ပဋိပဿဒ္ဓဒရထံ၊
အမတာရမ္မဏံ သုဘံ။
ဝန္တလောကာမိသံ သန္တံ၊
သာမညဖလမုတ္တမံ။
ဩဇဝန္တေန သုစိနာ၊
သုခေန အဘိသန္ဒိတံ။
ယေန သာတာတိသာတေန၊
အမတေန မဓုံ ဝိယ။
တံ သုခံ တဿ အရိယဿ၊
ရသဘူတမနုတ္တရံ။
ဖလဿ ပညံ ဘာဝေတွာ၊
ယသ္မာ ဝိန္ဒတိ ပဏ္ဍိတော။
တသ္မာ အရိယဖလဿေတံ၊
ရသာနုဘဝနံ ဣဓ။
ဝိပဿနာဘာဝနာယ၊
အာနိသံသောတိ ဝုစ္စတိ။
အဋ္ဌကထာ (ဒု၊နှာ-၃၄၃-၄။)
ပဋိပဿဒ္ဓဒရထံ၊ အချင်းခပ်သိမ်း ငြိမ်းပြီးသော ကိလေသာဟူ ပူပန်ခြင်း ရှိသော။
အမတာရမ္မဏံ၊ အမြိုက်နိဗ္ဗာန်လျှင် အာရုံရှိသော။
သုဘံ၊ တင့်တယ်စွာသော။
ဝန္တလောကာမိသံ၊ ထွေးအန်အပ်ပြီးသော တဏှာဟူသော လောကာမိသ ရှိသော။
သန္တံ၊ ငြိမ်သက်စွာသော။
ဥတ္တမံ၊ မြတ်သော။
သာမညဖလံ၊ သမဏ မည်ကြောင်း ဖြစ်သော အရိယမဂ်၏ အကျိုးဖြစ်သော ဖိုလ်သည်။
ဝါ၊ ဖိုလ်ကို။
ယေန ဓမ္မေန ယောဂတော သမဏော နာမ ဟောတိ။ တဿ အရိယမဂ္ဂသင်္ခါတဿ သာမညဿ ဖလန္တိ သာမညဖလံ။ ဋီကာ (မဟာ၊ဒု၊နှာ-၅၂၀)
အမတေန၊ အမြိုက်ဆေးနှင့်။
သံမောဒိတံ၊ ရောနှောအပ်သော။
မဓုဝိယ၊ ပျားကဲ့သို့။
ဩဇဝန္တေန၊ ဩဇာရှိသော။
သုစိနာ၊ စင်ကြယ်သော။
သာတာတိသာတေန၊ မဟဂ္ဂတ မဂ်သာတ တို့ထက် လွန်ထက်မြိန်မြတ်သော။
ယေန သုခေနေ၊ အကြင် ဖိုလ်ချမ်းသာဖြင့်။
အဘိသန္ဒိတံ၊ အချင်းခပ်သိမ်း မခြောက်မတပ် စိုစွတ်တတ်၏။
ဝါ၊ စွတ်စေအပ်၏။
တဿ အရိယဿ ဖလဿ၊ ထိုအရိယဖိုလ်၏။
ရသဘူတံ၊ ရသာအနှစ် အဆီ ဖြစ်၍ ဖြစ်သော။
အနုတ္တရံ၊ မိမိထက် လွန်မြတ်သော အရသာမရှိသော။
တံ သုခံ၊ ထိုဖိုလ်ချမ်းသာကို။
ယသ္မာ၊ အကြင်ကြောင့်။
ပဏ္ဍိတော၊ ပညာရှိသည်။
ပညံ၊ ဝိပဿနာပညာကို။
ဘာဝေတွာ၊ ပွါးစေ၍။
ဝိန္ဒတိ၊ ရ၏။
တသ္မာ၊ ထို့ကြောင့်။
အရိယဖလဿ၊ အရိယဖိုလ်၏၊
ဧတံ ရသာနုဘဝနံ၊ ဤအရသာကို ခံစားခြင်းကို။
ဣဓ၊ ဤသာသနာ ဤအရာ၌။
ဝိပဿနာဘာဝနာယ၊ ဝိပဿနာ ဘာဝနာ၏။
အာနိသံသောတိ၊ အကျိုးဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
နိရောဓသမာပတ် ဖြစ်ကြောင်း ၅-ပါး
▬▬▬▬▬▬▬
နိရောဓ သမာပဇ္ဇနံ ဟူရာ၌ ---
တိသင်္ခါရဿ ပဿဒ္ဓိ၊
ဗလေဟိ ဒွီဟိ သမ္ပဒါ။
သောဠသဉာဏစရိယာ၊
သမာဓိစရိယာ နဝ၊
ဝသီတာတိ ပဉ္စ ဓမ္မာ၊
ဟောန္တိ နိရောဓကာရဏာ။
တိသင်္ခါရဿ ပဿဒ္ဓိ၊ ဝစီ ကာယ, စိတ္တ သင်္ခါရ သုံးပါး၏ ငြိမ်းခြင်း၎င်း။
ဒွီဟိ ဗလေဟိ၊ သမထ ဝိပဿနာ နှစ်ဖြာသော အစွမ်းတို့နှင့်။
သမ္ပဒါ၊ ပြည်စုံခြင်း၎င်း။
သောဠသဉာဏစရိယာ၊ အနိစ္စ ဒုက္ခ အနတ္တ နိဗ္ဗိဒါ ဝိရာဂါ နိရောဓာ ပဋိနိဿဂ္ဂါ ဝိဝဋ္ဋနုပဿနာ ရှစ်ပါး လောကုတ္တရာ ရှစ်ပါး အားဖြင့် တဆဲ့ ခြောက်ပါးသော ဉာဏ်၏ ဖြစ်ခြင်းတို့၎င်း။
ဝါ၊ ဉာဏ်သည် ဟေတွာ'ဓိပတိ'န္ဒြိယ မဂ္ဂ စသော ပစ္စယသတ္တိဖြင့် ဖြစ်စေအပ်သော သမ္ပယုတ် တရားတို့၎င်း။
နဝ၊ သမာပတ် ရှစ်ပါး သမာပတ်၏ ဥပစာ တပါး အားဖြင့် ကိုးပါး ကုန်သော။
သမာဓိစရိယာ၊ သမာဓိ၏ ဖြစ်ခြင်း သမာဓိသည် ဖြစ်စေအပ်သော တရားတို့၎င်း။
အဋ္ဌ သမာပတ္တိယော အဋ္ဌ သမာဓိစရိယာ တာသံ ဥပစာရသမာဓိ ဥပစာရသမာဓိဘာဝသမညေန ဧကာ သမာဓိစရိယာ။
ဋီကာ (မဟာ၊ဒု၊နှာ-၅၂၄။)
ဝသီတာ၊ သမာပတ်ရှစ်ပါးတို့ကို ဝသီဘော် ငါးပါးတို့ဖြင့် လေ့လာခြင်း၎င်း၊
ဣတိ၊ ဤသို့။
ပဉ္စဓမ္မာ၊ ဗလသမ္ပဒါ သင်္ခါရပဿဒ္ဓိ ဉာဏစရိယာ သမာဓိစရိယာ ဝသီတာအားဖြင့် ငါးပါးကုန်သော တရားတို့သည်။
နိရောဓကာရဏာ၊ နိရောဓသမာပတ်၏ အကြောင်း တို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
နိရောဓသမာပတ် ဝင်စားပုံ
▬▬▬▬▬▬▬▬▬▬
ဤ သင်္ဂဟဂါထာနှင့် ညီစွာ “ဘာရာ ဟဝေ ပဉ္စက္ခန္ဓာ” လေးလံစွာသော ခန္ဓာဝန်ကို ရွက်ဆောင် ရခြင်း၌ လွန်စွာ ငြီးငွေ့လှ၍ ဒိဋ္ဌဓမ္မနိဗ္ဗာန် ချမ်းသာကို ခံစားလိုသော အဋ္ဌသမာပတ္တိလာဘီ ကာမရူပ အနာဂါမ် ရဟန္တာပုဂ္ဂိုလ် သည် ဆွမ်းစားပြီး၍ ကောင်းစွာ ဆေးကြောပြီးသော လက် ခြေ ရှိသည်ဖြစ်၍ ဆိပ်ငြိမ်ရာဌာန သုပညတ္တာသန၌ တင်ပျဉ်ဖွဲ့ခွေ ထိုင်နေလျက် --
ပထမဈာန်ကို ဝင်စားပြီး ထပြီး၍ ထိုဈာန်၌ရှိသော သင်္ခါရတို့ကို အနုလောမဉာဏ် တိုင်အောင် အနိစ္စ ဒုက္ခ အနတ္တာဟု မညံ့လွန်း မထက်လွန်းသော ဝိပဿနာဉာဏ်ဖြင့် ရှု၏။
ဝိပဿနာ ပနေ'သာ တိဝိဓာ ဟောတိ သင်္ခါရပရိဂ္ဂဏှနကဝိပဿနာ ဖလသမာပတ္တိဝိပဿနာ နိရောဓသမာပတ္တိဝိပဿနာတိ။ တတ္ထ သင်္ခါရပရိဂ္ဂ- ဏှနကဝိပဿနာ မန္ဒာ ဝါ ဟောတု တိက္ခာ ဝါ၊ မဂ္ဂဿ ပဒဋ္ဌာနံ ဟောတိယေဝ။ ဖလသမာပတ္တိဝိပဿနာ တိက္ခာ၀ ဝဋ္ဋတိ မဂ္ဂဘာဝနာသဒိသာ။ နိရောဓသမာပတ္တိ ဝိပဿနာ ပန နာတိမန္ဒာ နာတိတိက္ခာ ဝဋ္ဋတိ။
အဋ္ဌကထာ (ဝိသုဒ္ဓိ၊ဒု၊နှာ-၃၄၇)
မန္ဒာ စေ ဝိပဿနာ ဒန္ဓာဘိညံ မဂ္ဂံ သာဓေတိ။ တိက္ခာ စေ ခိပ္ပါဘိညန္တိ အယံ မန္ဒ တိက္ခတာယ ဝိသေသော။
ဋီကာ (မဟာ၊ဒု၊နှာ-၅၂၆)
ထို့အတူ အာကိဉ္စညာယတနဈာန် တိုင်အောင် ဝင်စားပြီး၍ ထိုအာကိဉ္စညာယတန ဈာန်၏အဆုံး၌ ဝိပဿနာ မရှုပဲ နာနာဗဒ္ဓအဝိကောပန သံဃပ္ပဋိမာနန သတ္ထု ပက္ကောသန အဒ္ဓါနပရိစ္ဆေဒဟူသော ပုဗ္ဗကိစ္စလေးပါးကို ပြုလျက် နေဝသညာနာသညာယတနဈာန်ကို ဝင်စား၏။ ဈာန်နှစ်ကြိမ်အဆုံး၌ ကာမဘုံမှာ အလွန် ခုနစ်ရက်၊ ရူပဘုံမှာ အလိုရှိသမျှ စိတ် စေတသိက် စိတ္တဇရုပ်
ချုပ်၏။
> [ပုဗ္ဗကိစ္စလေးပါး
> (၁) နာနာ =အမျိုးမျိုး (သော အသုံးအဆောင်ပစ္စည်း ပရိက္ခရာ)။ အဗဒ္ဓ = (အ+ဗဒ္ဓ) မဖွဲ့မစပ်သော (ကင်းကွာနေသော)။ အဝိ ကောပန = (အ +ကော ပန) မပျက်စီးစေခြင်း၊
> (၂) သံဃပ္ပဋိမာနန =သံဃာများက အလိုရှိခြင်း။
> (၃) သတ္ထုပက္ကောသန = ဘုရား ခေါ်တော်မူခြင်း၊
> (၄) (အဒ္ဓါန=အချိန်ကာလ။ ပရိစ္ဆေဒ = အပိုင်းအခြား) အပိုင်းအခြားကိုဆင်ခြင်ခြင်း။]
ဤသို့ သင်္ခါရ သုံးပါးကို အနုပုဗ္ဗနိရောဓ အားဖြင့် ချုပ်၍ စိတ္တုပ္ပါဒ်တို့၏ မဖြစ်ခြင်းသည် နိရောဓသမာပတ် မည်၏။
ပိုင်းခြားတိုင်းသော ကာလလွန်လျှင် အနာဂါမ်အား အနာဂါမိဖိုလ် ရဟန္တာအား အရဟတ္တဖိုလ် တကြိမ်ဖြစ်၍ ဘဝင်ကျ၏။
ဋီကာရှင်ကား-“နိရောဓာ ဝုဋ္ဌဟန္တဿ ဒွိက္ခတ္တုံ ဥပ္ပဇ္ဇတိ”ဟု-ဖိုလ်နှစ်ကြိမ် ဖြစ်ကြောင်းကို ဆို၏။
ကထဉ္စဿ သမာပဇ္ဇနံ ဟောတီတိ သမထ ဝိပဿနာဝသေန ဥဿက္ကိတွာ ကတပုဗ္ဗကိစ္စဿ နေဝသညာနာသညာယတနံ နိရောဓယတော၊ ဧဝမဿ သမာပဇ္ဇနံ ဟောတိ။
အဋ္ဌကထာ (ဝိသုဒ္ဓိ၊ဒု၊နှာ-၃၄၇)
ဥဿက္ကိတွာတိ ဥက္ကံသံ ပတွာ ယာဝ နေဝသညာနာသညာယတနာ ယာဝ စ အနုလောမဉာဏာ အာယူဟိတွာ။
ဋီကာ (မဟာ၊ဒု၊နှာ-၅၂၆)
ယော ဟိ သမထဝသေနေဝ ဥဿက္ကတိ၊ သော နေဝသညာနာသညာ- ယတနသမာပတ္တိံ ပတွာ တိဋ္ဌတိ။ ယော ပန ဝိပဿနာဝသေနေဝ ဥဿက္ကတိ၊ သော ဖလသမာပတ္တိံ ပတွာ တိဋ္ဌတိ။
အဋ္ဌကထာ (ဝိသုဒ္ဓိ၊ဒု၊နှာ-၃၄၇)
နေဝသညာနာသညာယတနံ ပတွာ တိဋ္ဌတိ တဒုဒ္ဓံ သုဒ္ဓသမထဝိပဿနာယ အဘာဝတော။ ယော ဝိပဿနာဝသေနေ၀ ဥဿက္ကတိ သစေ အရိယော ဖလသမာပတ္တတ္ထိကော၊ သော အတ္တနော ဖလသမာပတ္တိံ ပတွာ တိဋ္ဌတိ။ အထ ပုထုဇ္ဇနော သေက္ခော ဝါ မဂ္ဂတ္ထိကော တာယ စေ ဝိပဿနာယ မဂ္ဂံ ပတွာ ဖလေ ဌိတော၊ သောပိ ဖလသမာပတ္တိံ ပတွာ တိဋ္ဌတိစ္စေဝ ဝုစ္စတိ။
ဋီကာ (မဟာ၊ဒု၊နှာ-၅၂၆။)
“အာကိဉ္စညာယတနနောက်၌ ဝိပဿနာ ရှုသေး၏”ဟူသော ကေစိဝါဒ မသင့်ကြောင်းကို --
တံ တေသံ မတိမတ္တံ။ ဝိပဿနာစာရတော ဟိ သမာဓိစာရော။ တသ္မာ သမာပတ္တိတော ဝုဋ္ဌာယ ပုဗ္ဗကိစ္စံ ကာတဗ္ဗံ ဟု-ဋီကာ (မဟာဒု၊ နှာ-၅၂၇) ၌ မိန့်၏။
နိရောဓသမာပတ်၏ ပုဗ္ဗကိစ္စ ၄-ပါး
▬▬▬▬▬
နာနာဗဒ္ဓအဝိကောပန [၁]
▬▬▬▬▬▬▬▬
[၁။ မိမိနှင့်ကင်းကွာနေသည့် ပရိက္ခရာအသုံးအဆောင် ကျောင်း သင်္ကန်း စသည်တို့ မပျက်စီးပါစေသတည်းဟု ဆင်ခြင်ခြင်း။]
ယင်း ပုဗ္ဗကိစ္စကို ပြုဟန်ကား “ဣမေ ပရိက္ခာရာ ဣမသ္မိံ သတ္တာဟဗ္ဘန္တရေ အဂျာဒီဟိ မာ ဝိနဿန္တု” ဟု ဆောက်တည်အပ်၏။
အဓိဋ္ဌာတဗ္ဗန္တိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။ တထာ စိတ္တုပ္ပါဒနမေဝ ဟေတ္ထ အဓိဋ္ဌာနံ။ စိတ္တဇရူပါဒီနံ အနုပ္ပဇ္ဇနတော ပစ္ဆာဇာတပစ္စယာဒိဥပတ္ထမ္ဘာ- ဘာဝတော စ သတ္တာဟမေ၀ တထာ သရီရံ ပဝတ္တတိ။ တတော ပရံ ကိလမတီတိ သတ္တာဟမေ၀ ပရိစ္ဆိန္ဒိတွာ နိရောဓံ သမာပဇ္ဇန္တီတိ ဝဒန္တိ။
ဋီကာ (မဟာ၊ဒု၊နှာ-၅၂၇။)
ထိုကဲ့သို့ မဆောက်တည်မူ အမိရွာ အာသနသာလာ၌ နိရောဓဝင်စဉ် ဆွမ်းစားကျောင်းကို မီးလောင်ကျွမ်းက လူများသိကြ၍ ပိယင်္ဂုဒီပသို့ ပျံကြွ ရသော မဟာနာဂမထေရ်ကဲ့သို့ ဖြစ်တတ်သည်။ ဧကာဗဒ္ဓဖြစ်သော ပရိက္ခရာ ကိုကား ဆောက်တည်ဘွယ်ရာ မရှိ။
သမာပတ္တိဝသေနေဝ နံ ရက္ခတိ။ အာယသ္မာတော သဉ္ဇီဝဿ ဝိယ။
အဋ္ဌကထာ (ဝိသုဒ္ဓိ၊ဒု၊နှာ-၃၄၈။)
သံဃပ္ပဋိမာနန
▬▬▬▬▬
သံဃပ္ပဋိမာနနာဝဇ္ဇန ကို သံဃပ္ပဋိမာနန ဆိုသည်။
“သစေ မယိ သတ္တာဟံ နိရောဓံ သမာပဇ္ဇိတွာ နိသိန္နေ သံဃော ဉတ္တိကမ္မာဒီသု ကိဉ္စိဒေဝ ကမ္မံ ကတ္တုကာမော ဟောတိ။ ယာဝ မံ ကောစိ ဘိက္ခု အာဂန္တွာ န ပက္ကောသတိ၊ တာဝဒေ၀ ဝုဋ္ဌဟိဿာမိ” – ဟု--ဆင်ခြင်အပ်၏။
ဧဝံ ကတွာ သမာပန္နော ဟိ တသ္မိံ သမယေ ဝုဋ္ဌာတိယေဝ။
အဋ္ဌကထာ (ဝိသုဒ္ဓိ၊ဒု ၊ နှာ-၃၄၉)
တသ္မိံ သမယေတိ တသ္မိံ တဿ ဘိက္ခုနော ဥပသင်္ကမနသမယေ ဝုဋ္ဌာတိယေဝ။ ကာလပရိစ္ဆေဒသဒိသံ ဟေတံ။
ဋီကာ (မဟာဒု၊နှာ-၅၂၈)
သတ္ထုပက္ကောသန
▬▬▬▬▬▬
သတ္ထုပက္ကောသနလည်း နည်းတူပင်။
“သစေ မယိ သတ္တာဟံ နိရောဓံ သမာပဇ္ဇိတွာ နိသိန္နေ သတ္ထာ သြတိဏ္ဏဝတ္ထုသ္မိံ သိက္ခာပဒံ ဝါ ပညာပေတိ၊ တထာ ရူပါယ ဝါ အတ္ထုပ္ပတ္တိယာ ဓမ္မံ ဒေသေတိ၊ ယာဝ မံ ကောစိ အာဂန္တွာ န ပက္ကောသတိ၊ တာဝဒေ၀ ဝုဋ္ဌဟိဿာမိ” –
ဟု-ဆင်ခြင်အပ်၏။ ထိုနှစ်ပါးကို မဆင်ခြင်ပဲ ဝင်စားမူကား သဝနူပစာ၌ တည်၍ “သံဃော တံ အာဝုသော ပဋိမာနေတိ”။ “သတ္တာ အာယသ္မန္တံ အာမန္တေတိ”ဟု-ဆိုလျှင်ပင် သံဃအာဏာ ဘုရားအာဏာ လွန်စွာဝန်လေး လှသည်။ မိုးကြိုးလောင်မီးပင် ကျသော်လည်း မထစေနိုင်ကောင်းသော သမာပတ်မှ ထရသည်။
တသ္မာ အတ္တနော ဟိတသုခံ အာကင်္ခန္တေန ဇီဝိတဟေတုပိ သံဃဿ အာဏာ န အတိက္ကမိတဗ္ဗာတိ အဓိပ္ပါယော၊
ဋီကာ (မဟာ၊ဒု၊နှာ-၅၂၈။)
အဒ္ဓါနပရိစ္ဆေဒ
▬▬▬▬▬
အဒ္ဓါနပရိစ္ဆေဒ ဟူသည်ကား ခုနစ်ရက်တိုင်အောင် ရှည်လတ္တံ့လောဟု မိမိအာယုသင်္ခါရ အပိုင်းအခြားကို ဆင်ခြင်ခြင်းတည်း။
အာယု ဧဝ သင်္ခါရာ အာယုသင်္ခါရာ။ “အာယု ဥသ္မာ ဝိဉာဏာနီ”တိ စ ဝဒန္တိ။ တေ စ တဿ ပကတိစိတ္တဿေဝ အာရမ္မဏံ ဟောန္တိ။
ဋီကာ (မဟာ၊ဒု-နှာ-၅၂၈။)
အဘိညာမဟုတ် ဆိုလိုသည်။
(ပုဗ္ဗကိစ္စကို ပကတိစိတ်ဖြင့်သာ ဆင်ခြင်သည်။ အဘိညာဏ်စိတ်ဖြင့် ဆင်ခြင်ခြင်း မဟုတ်။)
အဒ္ဓါန ပရိစ္ဆေဒ မဆင်ခြင်ခြင်း၏အပြစ်
▬▬▬▬▬▬▬▬
မဆင်ခြင်သော် အဘယ်အပြစ် ရှိသနည်းဟူမူ --
သစေ ဟိ သတ္တာဟဗ္ဘန္တရေ နိရုဇ္ဈနကေ အာယုသင်္ခါရေ အနာဝဇ္ဇိတွာဝ သမာပဇ္ဇတိ။ နာဿ နိရောဓသမာပတ္တိ မရဏံ ပဋိဗာဟိတုံ သက္ကောတိ။ အန္တောနိရောဓေ မရဏဿ နတ္ထိတာယ အန္တရာ၀ သမာပတ္တိတော ဝုဋ္ဌာတိ၊ တသ္မာ ဧတံ အာဝဇ္ဇိတွာဝ သမာပဇ္ဇိတဗ္ဗံ။ အဝသေသဉှိ အနာဝဇ္ဇိတုမ္ပိ ဝဋ္ဋတိ။ ဣဒံ ပန အာဝဇ္ဇိတဗ္ဗမေဝါတိ ဝုတ္တံ။
အဋ္ဌကထာ (ဒု၊နှာ-၃၅၀ )
> [နိရောဓ သမာပတ်သည် ကာလမရဏသေခြင်းကို မတားဆီးနိုင်၊ နိရောဓ သမာပတ် ဝင်စားစဉ် အခါ၌လည်း မည်သူ တဦးတယောက်ကမျှ သေအောင်လုပ်ရန် မစွမ်းနိုင်၊ သေချိန်ကျရောက်လျှင် သမာပတ်မှ ထရသည်။ သမာပတ်မှ ထလျှင်ထခြင်း စုတိရသဖြင့် မသေမီ အခိုက်အတန့်ကာလ၌ ဗုဒ္ဓသာသနာ အကျိုးအတွက် တစုံတရာမျှ မပြုလုပ်နိုင် ခဲ့ချေ။ ဤကား အဒ္ဓါန ပရိစ္ဆေဒ ပုဗ္ဗကိစ္စ မဆင်ခြင်ခြင်း၏အပြစ်တည်း။]
အာဝဇ္ဈိတွာ သမာပိတဗ္ဗ “သဟသာ မရဏံ မာ အဟောသီ”တိ။ သဟသာ ဟိ မရဏေ အညာဗျာကရဏဘိက္ခုသြဝါဒဒါန သာသနာနု၁၀ ဒီပနာနံ အနိဿရော သိယာ၊ အနာဂါမိနော ဝါ အဂ္ဂမဂ္ဂါနမော သိယာ။ ဝုတ္တံ အဋ္ဌကထာယံ။
ဋီကာ (မဟားဒု၊နှာ-၅၂၈။)
နေဝသညာနာသညာယတနဈာန် နှစ်ကြိမ် ဟူရာ၌ --
“နိရောဓသမာပတ္တိကာလေ ဒွိက္ခတ္တုံ စတုတ္ထာရုပ္ပဝနံ ဧဝတိ၊ တတော ပရံ နိရောဓံ ဖုသတိ-”
ဟု- သင်္ဂြိုဟ်လာ၏။
သော ဧဝံ အာကိဉ္စညာယတနံ သမာပဇ္ဇိတွာ ဝုဋ္ဌာယ ဣမံ ပုဗ္ဗကိစ္စံ ကတွာ နေဝသညာနာသညာယတနံ သမာပဇ္ဇတိ။ အထေကံ ဝါ ဒွေ ဝါ စိတ္တဝါရေ အတိက္ကမိတွာ အစိတ္တကော ဟောတိ၊ နိရောဓံ ဖုသတိ။ ကသ္မာ ပနဿ ဒွိန္နံ စိတ္တာနံ ဥပရိ စိတ္တာနိ န ပဝတ္တန္တီတိ။ နိရောဓဿ ပယောဂတ္တာ။
အဋ္ဌကထာ (ဝိသုဒ္ဓိ၊ဒု၊နှာ-၃၅၀။)
ကိဉ္စာပိ ဧကံ ဝါ ဒွေ ဝါတိ အနိယမေတွာ ဝိယ ဝုတ္တံ။ ဒွေ ဝါရေ ဧဝ ပန နိယမတော ဝဒန္တိ။ အနုပုဗ္ဗနိရောဓဿ ပယောဂေါတိ ပထမဇ္ဈာနာဒီနံ တဒနုပဿနာနဉ္စ အနုပုဗ္ဗတော နိရောဓဿာယံ ပယောဂေါ။
ဋီကာ (မဟာ၊ဒု၊နှာ-၅၂၈) မိန့်၏။
ပုဗ္ဗကိစ္စ ၄-ပါး မပြုခြင်း၏အပြစ်
▬▬▬▬▬▬
ပုဗ္ဗကိစ္စလေးပါးလုံးကို အချင်းခပ်သိမ်း မပြုရာ၌ အဋ္ဌကထာ ဤသို့ အပြစ် ဆို၏။
ယော ပန ဘိက္ခု အာကိဉ္စညာယတနတော ဝုဋ္ဌာယ ဣဒံ ပုဗ္ဗကိစ္စံ အကတွာ နေဝသညာနာသညာယတနံ သမာပဇ္ဇတိ၊ သော ပရတော အစိတ္တကော ဘဝိတုံ န သက္ကောတိ။ ပဋိနိဝတ္တိတွာ ပုန အာကိဉ္စညာယ- တနေယေဝ ပတိဋ္ဌာတိ။ မဂ္ဂံ အဂတပုဗ္ဗပုရိသူပမာ စေတ္တ ဝတ္တဗ္ဗာ[၁] ။
အဋ္ဌကထာ (ဝိသုဒ္ဓိ၊ဒု၊နှာ-၃၅၀။)
[၁။ ယောဂီသည် အာကိဉ္စညာယတနဈာန်မှ ထပြီးနောက် ပုဗ္ဗကိစ္စ ၄-ပါးကို မပြုလျှင် နိရောဓသမာပတ် မဖြစ်နိုင် (အဋ္ဌကထာဝါဒ)။]
ယင်း အဋ္ဌကထာဝယ် အဓိပ္ပါယ် အယူခက်၏။ ဋီကာရှင် ဤသို့ ဖွင့်တော်မူ၏။
ပရတော အစိတ္တကော ဘဝိတုံ န သက္ကောတီတိ သကလံ ယထာပရိစ္ဆိန္နကာလံ အစိတ္တတော ဘဝိတုံ န သက္ကောဟိ။ တဉ္စ ခေါ သံဃပ္ပဋိမာနန, သတ္ထုပက္ကောသန, အဒ္ဓါနပရိစ္ဆေဒါဝဇ္ဇနာနံ အကရဏေန။ န နာနာဗဒ္ဓအဝိကောပနဿ။ တဿ ဟိ အကရဏေန ကဒါစိ ကေဝလံ တာဒိသဿ ပရိက္ခာရဿ အဝိနာသော န သိယာ၊ န နိရောဓသမာပတ္တိဝိဗန္ဓော။ အယဉ္စ အတ္ထော မဟာနာဂတ္ထေရဝတ္ထုနာ ဝိဘာဝိတော ဧဝ။ ဧဝံ သန္တေ တီဟိ အာကာရေဟိ နိရောဓသမာပတ္တိယာ ဝုဋ္ဌာနံ ဟောတီတိ အာပဇ္ဇတိ။ တသ္မာ တံ န သာရတော ပစ္စေတဗ္ဗံ။ ပဋိနိဝတ္တိတွာ ပုန အာကိဉ္စညာယ- တနေယေဝ ပတိဋ္ဌာတီတိ ဣမိနာ သမာပတ္တိယာ ဝိဗန္ဓေ ဇာတေ ဧဝံ ဟောတီတိ ဒဿေတိ။အဝိဗန္ဓေနေဝ ပန ယထာပရိစ္ဆန္နကာလဝီတိက္ကမနေ ဖလစိတ္တုပ္ပတ္တိယာ ဝုဋ္ဌာနံ ဟောတိ။ ဧဝဉ္စ ကတွာ ဂမ္ဘီရကန္နရောရုဠှတတ္တ- ပါသာဏက္ကန္တပုရိသနိဒဿနမ္ပိ သမတ္ထိတံ ဟောတီတိ ကေစိ ဝဒန္တိ [၁]။
[၁။ သံဃာ၏ အလိုရှိခြင်း ဘုရားရှင်ခေါ်တော်မူခြင်း အသက်ကာလ အပိုင်းအခြားကို ဆင်ခြင်ခြင်း တည်းဟူသော ပုဗ္ဗကိစ္စ ၃-ပါးကို မပြုခြင်းသည် နိရောဓသမာပတ်၏ ဘေးရန်ဖြစ်သည်။ ယင်းပုဗ္ဗကိစ္စ ၃-ပါးမပြုလျှင် သမာပတ် ဘေးရန်ရှိသဖြင့် စိတ် စေတသိက် စိတ္တဇရုပ်တို့ မချုပ်နိုင်၊ နိရောဓသမာပတ်မဖြစ်နိုင် (ကေစီဝါဒ)၊
အပရေ ပန ပုဗ္ဗကိစ္စဿ အကတတ္တာ နေဝသညာနာသညာယတနံ သမာပန္နမတ္တော၀ ပဋိနိဝတ္တေတွာ အာကိဉ္စညာယတနေ ပတိဋ္ဌာတီတိ ဝုတ္တတ္တာ သံဃပ္ပဋိမာနနာဒိ ဧကစ္စပုဗ္ဗကိစ္စာကရဏေ အင်္ဂဝေကလ္လတော နိရောဓသမာပတ္တိသမာပဇ္ဇနံ န ဣဇ္ဈတေဝါတိ ဝဒန္တိ ။ ဝတ္တသဒိသံ ဟေတံ နိရောဓသမာပတ္တိယာ၊ ယဒိဒံ ပုဗ္ဗကိစ္စကရဏံ။ တသ္မာ တတ္ထ ယံ ဂရုတရံ၊ တဿ အကရဏံ သမာပဇ္ဇနံ ဝိဗန္ဓတီတိ အပရေ။ ဝီမံသိတွာ ဂဟေတဗ္ဗံ။ အာကိဉ္စညာယတနေ ပတိဋ္ဌာတီတိ စ ဣဒံ ပုန အာကိဉ္စညာယတနဿ သမာပဇ္ဇိတဗ္ဗတ္တာ ဝုတ္တံ။ သမာပဇ္ဇိတွာ ဟိ ဝုဋ္ဌာယ ပုဗ္ဗကိစ္စဿ ကတ္တဗ္ဗတ္တာ [၂]။
ဋီကာ (မဟာ၊ဒု၊နှာ-၅၂၉) ကြံရန်။
[၂။ အပရေ ဆရာတို့ကမူ ပုဗ္ဗကိစ္စသည် နိရောဓသမာပတ်၏ ကျင့်ဝတ်နှင့် တူသည်ဖြစ်၍ သံဃပ္ပဋိမာနန စသည်ကိုမပြုခဲ့သော် နိရောဓသမာပတ်၏ ကျင့်ဝတ်အင်္ဂါ ချွတ်ယွင်း သဖြင့် နိရောဓသမာပတ် ဝင်စားခြင်း မပြုနိုင်၊ အလေးအမြတ်ပြုအပ်သော ပုဗ္ဗကိစ္စကို မပြုခြင်းသည် သမာပတ်ကို တားမြစ်ရာကျသည် သမာပတ်၏ ဘေးရန်ဖြစ်သည်ဟု မိန့်ဆိုကြသည်(အပရေဝါဒ)။]
သင်္ခါရ ၃-ပါး
တိသင်္ခါရဿ ပဿဒ္ဓိ စသောဂါထာ၌ တိသင်္ခါ ဟူသည်ကား - သင်္ခါရယမိုက်၌လာသော ၀စီ, ကာယ, စိတ္တ သင်္ခါရ သုံးပါးတည်း။
ဗလနှစ်ပါး
ဗလနှစ်ပါး ဟူသည်ကား - ပဋိပက္ခတရားတို့ကြောင့် မတုန်လှုပ်နိုင်သော ပထမဈာန် စသော သမထဗလ၊ ထိုထိုဈာန် နောက်ရှုသော ဝိပဿနာဗလ နှစ်ပါးတည်း။
ဉာဏစရိယာ ၁၆-ပါး
▬▬▬▬▬▬▬
သောဠသဉာဏစရိယာ ဟူသည်ကား -- အနိစ္စာ- နုပဿနာ ဒုက္ခာ အနတ္တာ နိဗ္ဗိဒါ ဝိရာဂါ နိရောဓာ ပဋိနိဿဂ္ဂါ ဝိဝဋ္ဋာနုပဿနာ - အနုပဿနာရှစ်ပါး၊ မဂ်လေးပါး ဖိုလ်လေးပါး၊ ဤ တဆဲ့ခြောက်ပါးသော ဉာဏ်၏ ဖြစ်ခြင်းတည်း။ ထိုတွင် နောက် ဉာဏစရိယာ ရှစ်ပါးတို့သည် နိရောဓကို ဝင်စားသောအခါ မဖြစ်ကုန်။
ကာမံ မဂ္ဂဖလဉာဏစရိယာ လောကိယဉာဏစရိယာ ဝိယ သရူပေန န ဝိနိယုဇ္ဇန္တိ တဒါ အပ္ပဝတ္တနတော၊ တဿ တဿ ပန ပဋိပက္ခဿ သမုစ္ဆိန္ဒနေန ဗလစရိယာနံ ဝိသေသပစ္စယတာယ နိရောဓသမာပတ္တိယာ အဓိဋ္ဌာနံ ဟောတိ။
ဋီကာ (မဟာ၊ဒု၊နှာ-၅၂၅)
သမာဓိစရိယာ ကိုးပါး
သမာဓိစရိယာကိုးပါး ဟူသည်ကား နာနာဝဇ္ဇနုပစာနှင့် တကွသော သမာပတ် ရှစ်ပါးတည်း။
[နာနာဝဇ္ဇနုပစာ = (နာနာ = အထူးထူးသော အာရုံ။ အာဝဇ္ဇန= ဆင်ခြင်ခြင်း။ ဥပစာ = ဥပစာရ = အနီး၌ဖြစ်သော) အပ္ပနာသမာဓိ၏ ရှေ့အနီး၌ဖြစ်သော ဥပစာရသမာဓိ။]
ဝသီဘာဝ ၅-ပါး
ဝသီဘာဝ ဟူသည်ကား လောကိယသမထ ဝိပဿနာ တို့၌ လေ့လာကျေပွန်သော အာဝဇ္ဇန သမာပဇ္ဇန အဓိဋ္ဌာန ဝုဋ္ဌာန ပစ္စဝေက္ခဏာသီဘော် ငါးပါးတည်း၊
လောကုတ္တရ ဉာဏစရိယာနံ ဝသီဘာဝါပါဒနကိစ္စံ နာမ နတ္ထိ။ ပဋိပက္ခဿ သုဝိဟတတ္တာ သဘာဝသိဒ္ဓေါ တတ္ထ ဝသီဘာဝေါ။
ဋီကာ (မဟာ၊ဒု၊နှာ-၅၂၄)
“နိရောဓ သမာပတ်၏ တည်ပုံ ထပုံ စိတ်ညွှတ်ပုံ”
ဤ နိရောဓ သမာပတ်သည် ကာလပရိစ္ဆေဒ အာယုက္ခယာဘာဝ သံဃပ္ပဋိမာနနနာဘာဝ
သတ္ထုပက္ကောသနာဘာဝ ဟူသော လေးပါးသော အခြင်းအရာဖြင့် တည်၏။ အထက် ဖိုလ်နှစ်ပါး ဖြစ်လာခြင်း ဟူသော နှစ်ပါးသော အခြင်းအရာဖြင့် ထ၏။ ထသောအခါ နိဗ္ဗာန်သို့သာ ညွတ်ကိုင်းသောစိတ် ဖြစ်၏။
ဝိဝေကနိန္နန္တိ နိဿရဏ ဝိဝေကနိန္နံ၊ ပဂေ၀ သင်္ခါရ ဝိမုခတာယ ဖလစိတ္တုပ္ပတ္တိယာ စာတိ ဝေဒိတဗ္ဗံ။
ဋီကာ (မဟာဒု၊နှာ-၅၂၉)
နိရောဓသမာပတ်သည် နိပ္ဖန္နသာ
ပရမတ္ထသဘောအားဖြင့် ထင်ရှားမရှိသောကြောင့် သင်္ခတာ'သင်္ခတ လောကိယ လောကုတ္တရဟူ၍ မဆိုအပ်။ ဝင်စားသဖြင့် ပြီးသောကြောင့် နိပ္ဖန္နဟူ၍ကား ဆိုအပ်၏။ အနိပ္ဖန္နဟူ၍ မဆိုအပ်။
သင်္ခတာတိပိ အသင်္ခတာတိပိ လောကိယာတိပိ လောကုတ္တရာတိပိ န ဝတ္တဗ္ဗာ။ ကသ္မာ သဘာဝတော နတ္ထိတာယ။ ယသ္မာ ပန သာ သမာပဇ္ဇန္တဿ ဝသေန သမာပန္နာ နာမ ဟောတိ၊ တသ္မာ နိပ္ဖန္နာတိ ဝတ္တုံ ဝဋ္ဋတိ၊ နော အနိပ္ဖန္နာတိ။
အဋ္ဌကထာ (ဝိသုဒ္ဓိ၊ဋ္ဌ၊ဒု၊နှာ-၃၅၁)
သဘာဝတောတိ သဘာဝဓမ္မတော၊ ပရမတ္ထတောတိ အတ္ထော။ ပရမတ္ထတော ဟိ ဝိဇ္ဇမာနံ သင်္ခတာဒိဘာဝေန ဝတ္တဗ္ဗတံ လဘတိ၊ န အဝိဇ္ဇမာနံ။
ဋီကာ (မဟာ၊ဒု၊နှာ-၅၃ဝ)
ဣတိ သန္တံ သမာပတ္တိံ၊
ဣမံ အရိယနိသေဝိတံ။
ဒိဋ္ဌေဝ ဓမ္မေ နိဗ္ဗာန-
မိတိသင်္ခံ ဥပါဂတံ။
ဘာဝေတွာ အရိယံ ပညံ၊
သမာပဇ္ဇန္တိ ပဏ္ဍိတာ။
ယသ္မာ တသ္မာ ဣမိဿာပိ၊
သမာပတ္တိ သမတ္ထတာ။
အရိယမဂ္ဂေသု ပညာယ၊
အာနိသံသောတိ ဝုစ္စတိ။
အဋ္ဌကထာ (ဝိသုဒ္ဓိ၊ဒု၊နှာ-၃၅၁)
နိရောဓသမာပတ်ကို ဒိဋ္ဌဓမ္မနိဗ္ဗာန်ဟု ဆိုရခြင်း
▬▬▬▬▬▬▬▬▬
ဣတိ ဣမိနာ နယေန၊ ဤ ဆိုအပ်ပြီးသော နည်းဖြင့်။
သန္တံ၊ ငြိမ်သက်စွာသော။
အရိယနိသေဝိတံ၊ အရိယာသူမြတ် တို့သည်သာလျှင် မှီဝဲအပ်သော။
ဒိဋ္ဌေဝ ဓမ္မေ၊ မျက်မှောက်သော ကိုယ်၏ အဖြစ်၌သာလျှင်။
နိဗ္ဗာနမိတိ သင်္ခံ၊ ဒုက္ခသုံးတန် ငြိမ်းရာမှန်၍ နိဗ္ဗာန်ဟူသော အရေအတွက်သို့။
ဥပါဂတံ၊ ရောက်သော။
ဣမံ သမာပတ္တိံ၊ ဤ သမာပတ်ကို။
ပဏ္ဍိတာ၊ ပညာရှိတို့သည်။
အရိယံ ပညံ၊ စင်ကြယ်လှစွာသော မဂ်ဖိုလ် ပညာကို။
ဘာဝေတွာ၊ ပွါးစေ၍။
ယသ္မာ၊ အကြင်ကြောင့်။
သမာပဇ္ဇန္တိ၊ ဝင်စားကုန်၏။
တသ္မာ၊ ထို့ကြောင့်။
ဣမိဿာပိ၊ ဤ နိရောဓ သမာပတ် ကိုလည်း။
သမာပတ္တိသမတ္ထတာ၊ ဝင်စားခြင်းငှါစွမ်းနိုင်သည်၏ အဖြစ်ကို။
အရိယမဂ္ဂေသု၊ အရိယမဂ် တို့၌။
ပညာယ၊ ယှဉ်သောပညာ၏။
အာနိသံသောတိ၊ အကျိုးဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ကိလေသာတို့ကို အဆင့်ဆင့်ပယ်ပုံ
▬▬▬▬▬▬
“နာနာကိလေသဓံသနံ”ဟူရာ၌ --
ဝိပဿနာဟိ မဂ္ဂေန၊
သက္ကာယ ဒိဋ္ဌိအာဒယော။
သံယောဇနာဒယော နာနာ၊
သံကိလေသာ ပဓံသိတာ။
သင်္ဂဟဂါထာ
ဘီမဝေဂါနုပတိတာ၊
အသနီ၀ သိလုစ္စယေ။
ဝါယုဝေဂသမုဋ္ဌိတော၊
အရညမိဝ ပါဝကော။
အန္ဓကာရံ ဝိယ ရဝိ၊
သတေဇုဇ္ဇလ မဏ္ဍလော။
ဒီဃရတ္တာနုပတိတံ၊
သဗ္ဗာနတ္ထဝိဓာယကံ။
ကိလေသဇာလံ ပညာဟိ၊
ဝိဒ္ဓံသယတိ ဘာဝိတာ။
သန္ဒိဋ္ဌိကမတော ဇညာ၊
အာနိသံသမိမံ ဣဓ။
အဋ္ဌကထာ (ဝိသုဒ္ဓိ၊ဒု၊နှာ-၃၄၀)
ဝိပဿနာဟိ၊ ဝိပဿနာဉာဏ် တဆဲ့နှစ်ပါးတို့သည်။
သက္ကာယဒိဋ္ဌိ အာဒယော၊ သက္ကာယဒိဋ္ဌိ အစရှိကုန်သော။
နာနာသံကိလေသာ၊ အထူးထူးသော ကိလေသာတို့ကို။
ပဓံသိတာ၊ တဒင်္ဂ ဝိက္ခမ္ဘနပဟာန် အစွမ်းဖြင့် ပရမ်းပတာ ဖျက်ဆီးအပ်ကုန်၏။
မဂ္ဂေန၊ မဂ်သည်။
သံယောဇနာဒယော၊ သံယောဇဉ် အစရှိကုန်သော။
နာနာ သံကိလေသာ၊ အထူးထူးသော ကိလေသာ တို့ကို။
ပဓံသိတာ၊ သမုစ္ဆေဒပဟာန် အစွမ်းဖြင့် ပရမ်းပတာ ဖျက်ဆီးအပ်ကုန်၏။
ဘိမဝေဂါနုပတိတာ၊ အလုံးစုံသော သတ္တဝါ အပေါင်း၏ ဦးခေါင်းကို ခွဲအံ့သကဲ့သို့ ကြောက်ဖွယ် သရဲသော အဟုန်ဖြင့် လျင်စွာကျသော။
အသနိ၊ မိုးကြိုးသည်။
သိလုစ္စယေ၊ ကျောက်တောင်ကြီးတို့ကို။
ဝိဒ္ဓံသယတိ ဣဝ၊ ဖျက်ဆီး၏သို့၎င်း။
ဝါယုဝေဂသမုဋ္ဌိတော၊ လေဟုန်ဖြင့်ထသော။
ပါဝကော၊ တောမီးသည်။
အရညံ၊ တောကို။
ဝိဒ္ဓံသယတိ ဣဝ၊ ဖျက်ဆီး၏သို့၎င်း။
သတေဇုဇ္ဇလ မဏ္ဍလော၊ သရဒအခါ မိမိအရောင်ဖြင့် တောက်လောင် မှည့်ရွဲ ရှုမရဲသော အဝန်းရှိသော။
ရဝိ၊ နေမင်းသည်။
အန္ဓကာရံ၊ မှောင်အမိုက်ကို။
ဝိဒ္ဓံသယတိ ဝိယ၊ ဖျက်ဆီး၏သို့၎င်း။
ဧဝံ၊ ဤအတူ။
ဒီဃရတ္တာနုပတိတံ၊ ကာလရှည်ကြာ ခန္ဓာအစဉ်၌ ကျရောက်သော။
သဗ္ဗာနတ္ထဝိဓာယကံ၊ သတ်ခြင်း နှောင်ခြင်း စသော အလုံးစုံသော အကျိုးမဲ့ကို စီရင် တတ်သော။
ကိလေသဇာလံ၊ ကိလေသာဟူသော ပိုက်ကွန်ကို။
ဘာဝိတာ၊ ကမ္မဋ္ဌာန်းကို စီးဖြန်း ပွါးတတ်သော ယောဂီမြတ်သည်။
ပညာဟိ၊ လောကီ လောကုတ္တရာ ပညာတို့ဖြင့်။
ဝိဒ္ဓံသယတိ၊ ဖျက်ဆီး၏။
တနည်းလည်း --
ဘာဝိတာ၊ ပွါးစေအပ်သော။
ပညာ၊ ပညာသည်။
ဟိ ယသ္မာ၊ အကြင်ကြောင့်။
ဝိဒ္ဓံသယတိ၊ ဖျက်ဆီး၏။
အတော၊ ထို့ကြောင့်။
ဣဓ၊ ဤပညာဘာဝနာ၌။
ဝါ၊ ပညာဘာဝနာ၏။
သန္ဒိဋ္ဌိကံ၊ မျက်မှောက်ထင်ထင် မြင်ရသော။
ဣမံ အာနိသံသံ၊ ဤအကျိုးကို။
ဇညာ = ဇာနေယျ၊ သိရာ၏။
“အာဟုနေယျတာဒိသိဒ္ဓိ” ဟူရာ၌ မဂ်ရပြီးသော ပုဂ္ဂိုလ်သည် ဗိုလ်လူအများတို့၏ အာဟုနေယျ ပါဟုနေယျ ဒက္ခိဏေယျ အဉ္စလိကရဏီယ အနုတ္တရပုညက္ခေတ္တ အဖြစ်သို့ ရောက်၏။
သတ္တက္ခတ္တုပရမသောတာပန်
အထူးအားဖြင့်ကား နုန့်နှေး ညံ့စိသော ဝိပဿနာဖြင့် ပထမမဂ်ကို ရသော မုဒိန္ဒြိယ ပုဂ္ဂိုလ်သည်--
“သတ္တက္ခတ္တု ပရမာ ဘဝူပပတ္တိ အတ္တဘာဝဂ္ဂဟဏံ အဿ တတော ပရံ အဋ္ဌမံ ဘဝံ နာဒိယတီတိ သတ္တက္ခတ္တုပရမော" —
ဟူသော ဋီကာ(မဟာ၊ဒု၊နှာ-၅၃ဝ) နှင့်အညီ သတ္တက္ခတ္တုပရမ သောတာပန် မည်၏။
၇-ဘဝယူပုံ အဆုံးအဖြတ်
အယံ ကာလေန ဒေဝလောကဿ ကာလေန မနုဿလောကာတိ မိဿကဿ ဘဝဿ ဝသေန သတ္တ သုဂတိဘဝေ သံသရိတွာတိ ဝုတ္တော။
ဋီကာ (မဟာ၊ဒု၊နှာ-၅၃၁)
ဤပါဌ်ဖြင့် နတ်ဘုံမှ လူ့ဘုံသို့၊ လူ့ဘုံမှ နတ်ဘုံသို့ မပြောင်းပဲ လူ့ဘုံတွင်သာ နတ်ဘုံတွင်သာ ထပ်ကာ ထပ်ကာ ဖြစ်မူကား ဘဝအရာ အထောင်ပင် ကြာသော်လည်း တကြိမ်ဟူ၍သာ ယူရမည် - ဟု ပြ၏။
ခုနှစ်ဘဝ ဟူသည်ကိုလည်း ကာမဘုံ၌သာ သောတာပန် အဖြစ်ဖြင့်သာ ခုနစ်ဘဝ-ဟု ယူအပ်၏။ သကဒါဂါမ် အနာဂါမ်ဖြစ်မူ ရူပါ' ရူပဘုံသို့ ရောက်မူ ဘဝများစွာပင် ဖြစ်ရသေး၏။ ဘုံစဉ်စံသောသူတို့ကို ထောက်။ နောက်ကိုလည်း ဤနည်းချည်းမှတ်။
ကောလံကောလ သောတာပန်
“မဇ္ဈိမာယ ဝိပဿနာယ အာဂတော မဇ္ဈိမိန္ဒြိယော ကောလံကောလော နာမ ဟောတိ” ဟူသော အဋ္ဌကထာ (ဒု၊နှာ-၃၅၂)
“ကုလတော ကုလံ ဂစ္ဆတီတိ ကောလံကောလော။ သောတာပတ္တိ- ဖလသစ္ဆိကိရိယတော ပဋ္ဌာယ ဟိ နီစကုလေ ဥပ္ပတ္တိ နာမ နတ္ထိ၊ မဟာဘောဂကုလေသုယေဝ နိဗ္ဗတ္တတီတိ အတ္ထော ---
ဟူသော ဋီကာ (မဟာ၊ဒု၊နှာ-၅၃၁) တို့နှင့်အညီ ဝိပဿနာ အလယ်အလတ်ဖြင့် ပထမမဂ် ကိုရသော မဇ္ဈိမိန္ဒြိယပုဂ္ဂိုလ်သည် ကောလံကောလ သောတာပန် မည်၏။
အယမ္ပိ မိဿကဘဝေနေဝ ကထိတော။
ဋီကာ (မဟာ၊ဒု၊နှာ-၅၃၁)
ဧကဗီဇီသောတာပန်
ဝိပဿနာထက်သန်သော တိက္ခိန္ဒြိယပုဂ္ဂိုလ်သည် -
“အတ္တဘာဝဂ္ဂဟဏသင်္ခါတံ ဧကံယေဝ ခန္ဓဗီဇံ ဧတဿ အတ္ထီတိ ဧကဗီဇီ” ဟူသော ဋီကာ (မဟာ၊ဒု၊နှာ-၅၃၁) နှင့်အညီ ကာမဘုံ၌ တဘဝသာ ပဋိသန္ဓေ နေသောကြောင့် ဧကဗီဇီ သောတာပန် မည်၏။
သောတာပန် ၃-မျိုးဖြစ်ကြောင်း
ဤ သောတာပန် သုံးပါး အပြားကို အဘယ်တရား ပြုသနည်း။ အထက် မဂ်သုံးပါးတို့၏ ဝိပဿနာ ပြုသတည်း။
ကော ပနေတေသံ ဣမံ ပဘေဒံ နိယမေတီတိ။ တိဏ္ဏံ မဂ္ဂါနံ ဝိပဿနာ။
ဋီကာ (မဟာ၊ဒု၊ နှာ-၅၃၁)
သောတာပန်အပြား
ဤ သောတာပန် သုံးယောက်ကို ပဋိပဒါလေးပါးနှင့် မြှောက်၊ တကျိပ်နှစ်ယောက်ဖြစ်၏။ ၎င်းကို သဒ္ဓါဓုရ ပညာဓုရနှစ်ပါးနှင့် မြှောက်ပြန်၊ သောတာပန် နှစ်ကျိပ်လေးယောက် ဖြစ်၏။
သကဒါဂါမ် ၅-မျိုး
ဒုတိယမဂ်ကို ပွါးပြီး၍ သကဒါဂါမ်အဖြစ်သို့ရောက်သော
ဣဓ ပတွာ ဣဓ ပရိနိဗ္ဗာယီ၊
ဣဓ ပတွာ တတ္ထ ပရိနိဗ္ဗာယီ၊
တတ္ထ ပတွာ တတ္ထ ပရိနိဗ္ဗာယီ၊
တတ္ထ ပတွာ ဣဓ ပရိနိဗ္ဗာယီ၊
ဣဓ ပတွာ တတ္ထ နိဗ္ဗတ္တိတွာ ဣဓ ပရိနိဗ္ဗာယီ--
သကဒါဂါမ် ငါးယောက်တို့တွင် “ပဋိသန္ဓိဝသေန သကိံ အာဂစ္ဆတီတိ သကဒါဂါမီ" ဟူသော ဝစနတ္ထနှင့် ပဉ္စမပုဂ္ဂိုလ်သည်သာ မုချအားဖြင့် သကဒါဂါမ် မည်၏။
သကိဒေဝ ဣမံ လောကံ အာဂန္တွာ ဒုက္ခဿန္တံ ကရောတိ။
အဋ္ဌကထာ (ဝိသုဒ္ဓိ၊ဒု၊နှာ-၃၅၂)
ဣမံ လောကံ အာဂန္တွာတိ ဣမိနာ ပဉ္စသု သကဒါဂါမီသု စတ္တာရော ဝဇ္ဇေတွာ ဧကော၀ ဂဟိတော။
ဋီကာ (မဟာ၊ဒု၊နှာ-၅၃၁။)
သကဒါဂါမ်အပြား
ယင်း ပဉ္စမသကဒါဂါမ် တယောက်ကို ဝိမောက္ခသုံးပါးနှင့် မြှောက်၊ သုံးယောက်ဖြစ်၏။ ၎င်းသုံးယောက်ကို ပဋိပဒါ လေးပါးနှင့် မြောက်ပြန်၊ သကဒါဂါမ် တကျိပ်နှစ်ယောက် ဖြစ်၏။ သကဒါဂါမ် ငါးယောက်လုံးကို မြှောက်မူကား ခြောက်ကျိပ် ဖြစ်သင့်၏။
အနာဂါမ် ၅-ယောက်
တတိယမဂ်ကို ပွါးပြီး၍ “ပဋိသန္ဓိဝသေန ဣဓ အနာဂမနတော အနာဂါမီ" ဟူသော အနာဂါမ် အဖြစ်သို့ ရောက်သောပုဂ္ဂိုလ်သည် အရဟတ္တဖိုလ်ကို ရင့်စေတတ်သော ဝိမုတ္တိပရိပါစက သဒ္ဓါစသော ဣန္ဒြေ တို့၏ ထူးပြားခြင်း ဝေမတ္တအားဖြင့် --
“အန္တရာပရိနိဗ္ဗာယီတိ ယတ္ထ ကတ္ထစိ သုဒ္ဓါဝါသဘဝေ ဥပပဇ္ဇိတွာ အာယုဝေမဇ္ဈံ အပ္ပတွာဝ ပရိနိဗ္ဗာယတိ” --
ဟူသော အဋ္ဌကထာ (ပိသုဒ္ဓိ၊ဒု၊နှာ-၃၅၂။)
“အာယုဝေမဇ္ဈဿ အန္တရာယေဝ ကိလေသပရိနိဗ္ဗာနေန ပရိနိဗ္ဗာယနတော အန္တရာပရိနိဗ္ဗာယီ ....”
ဟူသော ဋီကာ (မဟာ၊ ဒု၊ နှာ-၅၃၁) တို့နှင့် အညီ အန္တရာပရိနိဗ္ဗာယီ တယောက်။
“ဥပဟစ္စ ပရိနိဗ္ဗာယီ အာယုဝေမဇ္ဈံ အတိက္ကမိတွာ ပရိနိဗ္ဗာယတိ” -- ဟူသော အဋ္ဌကထာ (ဝိသုဒ္ဓိ၊ဒု၊နှာ-၃၅၂။)
“ဥပဟစ္စာတိ ဝါ ဥပဂန္တွာ ကာလကိရိယံ" --
ဟူသော ဋီကာ ( မဟာ၊ဒု၊နှာ-၅၃၂ ) တို့နှင့် အညီ ဥပဟစ္စပရိနိဗ္ဗာယီ တယောက်။
“အသင်္ခါရပရိနိဗ္ဗာယီ အသင်္ခါရေန အပ္ပယောဂေန ဥပရိမဂ္ဂံ နိဗ္ဗတ္တေတိ” ဟူသော အဋ္ဌကထာ (ဝိသုဒ္ဓိ၊ဒု၊နှာ-၃၅၂။)
“အပ္ပယောဂေနာတိ အဓိမတ္တပ္ပယောဂေန ဝိနာ အပ္ပကသိရေနေဝ တိက္ခိန္ဒြိယတာယ သုခေနေဝ” --
ဟူသော ဋီကာ (မဟာ၊ဒု၊နှာ-၅၃၂) တို့နှင့် အညီ အသင်္ခါရပရိနိဗ္ဗာယီ တယောက်။
“သသင်္ခါရပရိနိဗ္ဗာယီ သသင်္ခါရေန သပ္ပယောဂေန ဥပရိမဂ္ဂံ နိဗ္ဗတ္တေတိ” ဟူသော အဋ္ဌကထာ (ဝိသုဒ္ဓိ၊ဒု၊နှာ-၃၅၂) နှင့် အညီ သသင်္ခါရပရိနိဗ္ဗာယီ တယောက်။
ဥဒ္ဓံသောတော အကနိဋ္ဌဂါမီတိ ယတ္ထုပပန္နော၊ တတော ဥဒ္ဓံ ယာဝအကနိဋ္ဌဘဝါ အာရုယှ တတ္ထ ပရိနိဗ္ဗာယတိ” ---
ဟူသော အဋ္ဌကထာ (ဝိသုဒ္ဓိ၊ဒု၊နှာ-၃၅၂။)
“ဥဒ္ဓံ ဝါဟိဘာဝေန ဥဒ္ဓမဿ တဏှာသောတံ ဝဋ္ဋသောတံ ဝါတိ ဥဒ္ဓံသောတော။ ဥဒ္ဓံ ဝါ ဂန္တွာ ပဋိလဘိတဗ္ဗတော ဥဒ္ဓမဿ မဂ္ဂသောတန္တိ ဥဒ္ဓံသောတော။ ပဋိသန္ဓိဝသေန အကနိဋ္ဌံ ဂစ္ဆတီတိ အကနိဋ္ဌဂါမီ။ “ယတ္ထုပပန္နော”တိ အဝိဟာဒီသု ယတ္ထ ယတ္ထ ဥပပန္နော”
ဟူသော ဋီကာ (မဟာ၊ဒု၊နှာ-၅၃၂) တို့နှင့် အညီ ဥဒ္ဓံသောတအကနိဋ္ဌဂါမီ တယောက်။
ဤသို့ အနာဂါမ် ငါးယောက်ဖြစ်၏။
ဥဒ္ဓံသောတအကနိဋ္ဌဂါမီ
အနာဂါမ် ၄-မျိုး
ဤ အနာဂါမ်တို့၏ အပြားကို သိခြင်းငှါ ဥဒ္ဓံသောတအကနိဋ္ဌဂါမီ စတုက္ကကို သိအပ်၏။
* အဝိဟာဘုံမှစ၍ အစဉ်အတိုင်း အကနိဋ္ဌတိုင်အောင် သွား၍ ပရိနိဗ္ဗာန် ပြုသော အနာဂါမ်သည် ဥဒ္ဓံသောတအကနိဋ္ဌဂါမီ မည်၏။
* သုဒဿီတိုင်ရုံ သွား၍ ပရိနိဗ္ဗာန်ပြုမူကား ဥဒ္ဓံသောတ န အကနိဋ္ဌဂါမိ မည်၏။
* ဤကာမဘုံမှ အကနိဋ္ဌဘုံသို့ သွား၍ ပရိနိဗ္ဗာန်ပြုသော အနာဂါမ်သည် န ဥဒ္ဓံသောတအကနိဋ္ဌဂါမီ မည်၏။
* ဤကာမဘုံမှ သုဒ္ဓါဝါသအောက် လေးဘုံသို့ သွား၍ ဖြစ်ရာဘုံ၌ပင် ကိလေသာ ကုန်ခန်း ရဟန္တာဖြစ်သော အနာဂါမ်သည် နဥဒ္ဓံသောတ န အကနိဋ္ဌဂါမီ မည်၏။
အနာဂါမ်အပြား
ထိုပုဂ္ဂိုလ်တို့သည် အဝိဟာဘုံ၌ ပဋိသန္ဓေဖြစ်၍ မကြာခင်၎င်း၊ အာယုဝေမဇ္ဈသို့ မရောက်ခင်၎င်း၊ ရောက်၍၎င်း ပရိနိဗ္ဗာန်ပြုသည်၏အစွမ်းဖြင့် အန္တရာပရိနိဗ္ဗာယီ သုံးယောက်၊ ဥပဟစ္စပရိနိဗ္ဗာယီ တယောက်၊ ဥဒ္ဓံသောတ တယောက်အားဖြင့် ငါးယောက်ဖြစ်၏။ ၎င်း ငါးယောက်ကို အသင်္ခါရပရိနိဗ္ဗာယီ၊ သသင်္ခါရပူရိနိဗ္ဗာယီ နှစ်ပါးစီ ခွဲ၍ တကျိပ် ဖြစ်၏။
ထို့အတူ အတပ္ပါ သုဒဿာ သုဒသီဘုံတို့၌လည်း တကျိပ်စီဖြစ်၏။
အကနိဋ္ဌဘုံ၌ကား ဥဒ္ဓံသောတ မရှိသောကြောင့် လေးယောက်ကို အသင်္ခါရ သသင်္ခါရပရိနိဗ္ဗာယီ နှစ်ပါး ခွဲ၍ ရှစ်ယောက်ဖြစ်၏။ ပေါင်း အနာဂါမ် လေးကျိပ် ရှစ်ယောက် ဖြစ်၏။
ရဟန္တာ ၅-ပါး
စတုတ္ထ မဂ်ပညာကို ပွါးပြီး၍ အရဟတ္တဖိုလ်သို့ ရောက်သော ရဟန္တာ ပုဂ္ဂိုလ်သည် --
* ပညာဝိမုတ္တ
* ဥဘတောဘာဂဝိမုတ္တ
* တေဝိဇ္ဇ
* ဆဠာဘိည
* ပဋိသမ္ဘိဒပ္ပတ္တ အားဖြင့် ငါးယောက်ဖြစ်၏။
ရဟန္တာအပြား
ထိုငါးယောက်ကို သကဒါဂါမ်ကိုကဲ့သို့ ဝိမောက္ခ သုံးပါး၊ ပဋိပဒါလေးပါးတို့နှင့် မြှောက်၍ ရဟန္တာ ခြောက်ကျိပ် ဖြစ်၏။
လောကိယဝိဇ္ဇာဘိညာဟိ ဝိနာပိ ဥဘတောဘာဂဝိမုတ္တတာ ဟောတီတိ ဥဘတောဘာဂဝိမုတ္တော ဝိသုံ ဂဟိတော။
ဋီကာ (မဟာ၊ဒု၊နှာ-၅၃၃။)
ဤဆိုခဲ့ပြီးသော အလုံးစုံကို ပေါင်းသည်ရှိသော် ဘုရား ပစ္စေကဗုဒ္ဓါတို့နှင့် တကွ အရိယာပုဂ္ဂိုလ် တရာ့လေးကျိပ်ခြောက်ယောက် ဖြစ်၏။
ဧဝမေတေ သဒ္ဓိံ ပစ္စေကသမ္ဗုဒ္ဓ သမ္မာသမ္ဗုဒွေဟိ ဆ စတ္တာလီသာဓိကသတံ အရိယာ။
ဋီကာ (မဟာ၊ ဒု၊နှာ-၅၃၃။)
သကဒါဂါမ် ငါးယောက်လုံးကို မြှောက်သောနည်းဖြင့်ကား တရာ့ကိုးကျိပ် လေးယောက် ဖြစ်၏။
အရိယာပုဂ္ဂိုလ်
အကျယ်ပြ သင်္ဂဟလင်္ကာ
သောတာပန္နံ၊ စဗ္ဗီသံနှင့်၊
ဒါဂါမ် သဋ္ဌိ၊ ဋ္ဌတာလိ နာ၊
သဋ္ဌိန္တာ တည်း၊သမ္မာသမ္ဗုဒ္ဓ၊
ပစ္စေကဟု။
တရာ့ကိုးဆဲ့လေးယောက်တည်း။
သင်္ဂဟ
သတိပေး ဆုံးမစကား
ဧဝံ အနေကာနိသံသာ၊
အရိယပညာယ ဘာဝနာ။
ယသ္မာ တသ္မာ ကရေယျာထ၊
ရတိံ တတ္ထ ဝိစက္ခဏော။
အဋ္ဌကထာနုသာသနီ (ဒု၊နှာ-၃၅၃)
* ဧဝံ၊ ဤသို့ ဆိုခဲ့ပြီးသည့် အတိုင်း။
* အရိယပညာယ၊ အရိယပညာဖြင့်။
* ဘာဝိတာ၊ ပွါးအပ်ကုန်သော။
* ဘာဝနာ၊ ဝိပဿနာဘာဝနာတို့သည်။
* ယသ္မာ၊ အကြင့်ကြောင့်။
* အနေကာနိသံသာ၊ များသော အကျိုးရှိကုန်၏။
* တသ္မာ၊ ထို့ကြောင့်။
* တတ္ထ၊ ထိုဝိပဿနာဘာဝနာ၌။
* ဝိစက္ခဏော၊ ပညာရှိသည်။
* ရတိံ၊ မွေ့လျော် ပျော်ပိုက်ခြင်းကို။
* ကရေယျာထ၊ ပြုရာ၏။
ဣတိ ပရမတ္ထသရူပဘေဒနိယံ ဝိပဿနာနယော နာမ ပန္နရသော ပရိစ္ဆေဒေါ။
(၁၅-ခုမြောက်ကဏ္ဍဖြစ်သော ဝိပဿနာနည်း ပြီး၏)
ဥယျောဇဉ်
ရန်သူပိုင်းထား၊ ထိုယောက်ျားကား၊
ပြေးသွားဘို့ရာ၊ လမ်းပေါက် သာလျက်၊
ပြေးမထွက်၊ လမ်းတွက် မဟုတ်ချေ။
မစင်လူးလျှင်၊ ဧကြည်လင်သည့်၊
ရေစင်ရှိလျက်၊ မဆေးရက်၊
ကန်တွက် မရှိလေ။
အနပ္ပကန်း၊ ဘေးဘျမ်းများစွာ၊
သံသရာမှ၊ ထွက်ရာလမ်းမ၊
သမထ ဝိပဿနာ၊ ကိလေသာဘင်၊
သန့်စင်လျှော်ဆေး၊ ရေအေး လေးမဂ်၊
ရှိပါလျက်နှင့်၊ မထွက်ပြေးလို၊
မဆေးလို၊ မင်းပျို ကိုယ်တွက်ပေ။
လျှော်ရန်ရေအေး၊ ထွက်ပြေးဘို့လမ်း၊
ပြညွှန်တမ်းလျက်၊ ဤကျမ်း စာစောင်၊
နှစ်ငါးထောင်၊ ကုန်အောင် တည်ရစ်စေ။
ကုလပုတ္တ၊ အာစာရ၊
နိစ္စရှုကျင့်လေ။
တကဲ့သမုဒ်၊ ဝဲစလုတ်၊
အဟုတ် သင်္ဘောလှေ။
တကဲ့မုန်တိုင်း၊ တကဲ့လှိုင်း၊
ခံ့ကျိုင်း တက် ရွက် ဖွေ။
ဧရာ့ ရေလဲ၊ ဧရာ့ ဝဲ၊
အံခဲကုတ်၍ပေ။
တကဲ့စခန်း၊ တကဲ့လမ်း၊
ယူထမ်းရိက္ခာရေ။
ကြောက်ဘွယ့်စစ်မက်၊
ကြောက်ဘွယ့်ချက်၊
လက်နက် ကောင်းကြစေ။
(ဥယျောဇဉ် ပြီး၏)
နိဂုံး ဆုတောင်း
ဝိသုဒ္ဓသီလာဒိဂုဏမာကရော၊
ကရောတိ ယော သာသနကိစ္စ'မုတ္တမံ။
တမံ ပဟာနတ္ထ 'မရညနိဿိတော၊
သိတောဒမေတ္တာဒိသကိစ္စဘာဝနံ။
ဥဒဓိံ ဒုတ္တရံ တရံ၊
ဒါဌိကံ ဒုလ္လဘံ လဘံ။
ဇောတေသိ ပဒီပံ ဒီပံ၊
သာမဂ္ဂိံ ဒုက္ကရံ ကရံ။
သန္တော သန္တောသာဒိဝဏ္ဏီ၊
ဒန္တော ဒန္တော၀ ဒါနကော။
လဇ္ဇီ လဇ္ဇီန မဝသျော၊
ယုတ္တော ယုတ္တောဿဟာဒိနာ။
ဣစ္စာဒိဂုဏထောမျဿ၊
ရစိတာနေက ဂန္တိနော။
ရွှေကျင်ဣတိ ဝိဿုတဿ၊
တဿ သဒ္ဓိဝိဟာရိနာ။
ယာစိတော ဓမ္မရာဇေန၊
ရတနာသီခမဏ္ဍလံ။
ဓမ္မရံသီဟိ ဇောတေသိ၊
ယော ရညဝါသိကော သဒါ။
မဟာဗိုလ်တိ ဝိဿုတဿ၊
သုစိသလ္လေခဝုတ္တိနော။
ထေရဿ ထိရဂုဏဿ၊
တဿာပိ အန္တဝါသိနာ။
သဒ္ဓါ သီလေန သမ္ပန္နာ၊
ဓိတိမန္တီ မဟာယသာ။
မဟာဝိသုဒ္ဓါရာမာဒိ၊
နေကပုညာနိ ယာ ကရာ။
ရတနာပုဉ်မာပကဿ၊
မာနိတာယ'ဂ္ဂဒေဝိယာ။
သူရစန္ဒောသဓီနံဝ၊
ဓီတူနံ တိဏ္ဏမာတရာ။
မဟာဝိသုဒ္ဓါရာမသ္မိံ၊
ကာရိတေ ဝသတာ မယာ။
သောတူနံ ပရမတ္တေသု၊
ဆေကတ္ထာယာဘိသင်္ခတာ။
ခဏ္ဍေဟိ ပဉ္စဒသဟိ၊
မဏ္ဍိတာ နယသမ္ပဒါ။
ပရမတ္တာနံ သရူပ-
ဘေဒနီ နာမ ဝဏ္ဏနာ။
ပဉ္စစတ္တာလီသာဓိကေ၊
ဒွိသတသ္မိံ သဟဿကေ။
ဝဿေ ကတ္တိကမာသမှိ၊
ကာလပက္ခေ သုနိဋ္ဌိတာ။
အန္တရာယံ ဝိနာဝါယံ၊
ယထာ သရူပဘေဒနီ။
ဧဝံ ကလျာဏသင်္ကပ္ပါ၊
သီဃံ သိဇ္ဈန္တု ပါဏိနံ။
ဣမိနာ စ ဘဝေမမှိ၊
သစ္ဆိကရေ အနာသဝံ။
နော စေ ဧတ္ထေ၀ နေစေ စ၊
မေတ္တေယျ ဗုဒ္ဓသာသနေ။
ဒွိပဒေနေကဂါထာယ၊
မေဓံ ကိလေသပဗ္ဗတံ။
ဝိဇ္ဇာဘိညာဒျလင်္ကာရော၊
ဟုတွာ ဥဂ္ဃဋိတညုကော။
န စ ယာဝ ဘဝေ ခေဠ-
ပိဏ္ဏံ၀ ကာမိတေ စဇံ။
ဣဋ္ဌာနိဋ္ဌေ ဘူရိသမော၊
ဘဝေယျံ ဓမ္မမာမကော။
ပက္ကမန္တု တဒါ နိဋ္ဌာ၊
ပဋ္ဌာယ ဇာတကာလတော။
သုဒ္ဓသီလော သတော သဒ္ဓေါ၊
ပညဝါ သုသမာဟိတော။
ဟိရီဩတ္တပ္ပသမ္ပန္နော၊
သဒ္ဓမ္မေ အနိဝတ္တိကော။
အဝေရော ဝဝတ္ထာနာဒိံ၊
ဘာဝေယျံ ပိယဘာဝနံ။
ယေနီရိယာပထေနာဟံ၊
အာရဘိဿာမိ ဘာဝနံ။
တေနေဝ သုခိတော ဟောမိ၊
ကလ္လကာယော ဝိသေသဓော။
နိဂ္ဂယှ နိဂ္ဂဟေတဗ္ဗေ၊
ပဂ္ဂဏှေယျေ စ ပဂ္ဂဟံ။
သုသုခေနေဝ ဇောတေယျံ၊
သမ္မာသမ္ဗုဒ္ဓသာသနံ။
ဣမာ စ ပတ္ထနာဂါထာ၊
သယံ ဝါစာယ ဥဂ္ဂတာ။
ဣမာဟိယေဝ ဂါထာဟိ၊
ပတ္တောယျာဟံ ဘဝေ ဘဝေတိ။
ဝီသတိဂါထာ
ဝိသုဒ္ဓသီလာဒိဂုဏာနံ၊ အထူးအချွန် အလွန်ကဲသော စင်ကြယ်စွာကုန်သော သီလ သမာ ပညာကျေးဇူး ဂုဏ်အထူးတို့၏။
အာကရော၊ တည်ရာအစစ် ဖြစ်တော်မူသော။
ယော ထေရော၊ အောက်စမ်းညာခွင် ကြည်းပြင်မြို့မ ဒေသဟူဟူ ဇမ္ဗူထိုထို သီဟိုဠ်တိုင်တိုင် ရခိုင်မလပ် ပဲ့တင်ထပ်မျှ နှံ့စပ်ပေါ်ထင် ရွာမည်တွင်သော ရွှေကျင်ထေရ်ကျော် အကြင်ဆရာတော် ဘုရားကြီးသည်။
တမံ ပဟာနတ္ထံ၊ ဗိုလ်လူများမြောင် မြှေးသည့်မှောင်ကို တန်ဆောင်ပဝင်း ပယ်လွှင့်ခြင်း အကျိုးငှါ။
ဥတ္တမံ၊ လူနတ်ဗြဟ္မာ ဈာန်ချမ်းသာထက် သာလွန် ထူးမြတ်သော။
သာသနကိစ္စံ၊ ရှင်တော်ဘုရား ဟောမြွက်ကြားသည့် သုံးပါး သင်္ချာ သာသနာတော်မြတ် အရေးကို။
ကရောတိ၊ ခု တိတ် နောင်လဲ ပြတ်မစဲအောင် အမြဲနိစ္စ ဆုံးမသမှု ပြုစုတော်မူပေ၏။
တမံ ပဟာနတ္ထံ၊ ကိုယ်တွင်း ဖွဲ့နှောင် မြှေးသည့်မှောင်ကို ဉာဏ်ရောင်ပဝင်း ပယ်လွှင့်ခြင်း အကျိုးငှါ။
အရညနိဿိတော၊ သူတော်စင်စစ် ပျော်ရာဖြစ်၍ ရှင်ချစ်မွေတော် ရှင်တော်သံလေး ကောင်းချီး ပေးသည့် ကုလလေးတာ ငါးရာပြည့်ညီ တောကိုမှီလျက်။
သီတောဒမေတ္တာဒိ သကိစ္စဘာဝနံ၊ ဧစိမ့်ကြည်စွာ ရေသီဒါထက် ထောင်ရာမက လွန်အေးမြသည့် မေတ္တာဘာဝနာ စသော မိမိကိစ္စကိုလည်း။
ကရောတိ၊ ခု တိတ် နောင်လဲ ပြတ်မစုံအောင် မြင့်မြဲရှည်လျား ပွါးများသမှု ပြုတော်မူ၏။
“မက္ကဋိယာ မေထုနံ ဓမ္မံ ပဋိသေဝတိ" ကဲ့သို့ “ကရောတိ”ကား ပစုရ ဝတ္တမာန်တည်း။ “တမံ ပဟာနတ္ထံ" ပုဒ်လည်း ကာကောလောကန နည်းတည်း။ “ပဟာန" ပုဒ် ဘာဝရုပ်ဖြစ်၍ "ဘာဝသာဓနသံယုတ္တေ၊ ဆဋ္ဌီ ဘဝတိ ကမ္မနိ” ဟူသည်နှင့်အညီ “တမဿ ပဟာနံ တမပ္ပဟာနံ”ဟု သမာသ် သင့်ရကား “တမံ" ၌ မြင်းဆက်ခွအလို့ငှါ နိဂ္ဂဟိတ် လာ။ တနည်းလည်း -- “ခြင်းရာနှစ်ပါး ဘောမြင်ငြားက၊ ကတ္တာကား တ၊ ဒုကံဆ၊ မုချယှဉ်မြဲ၊ မှန်မလွဲ”ဟူရကား အံဝိဘတ်သက်၍ ဝါကျလည်း သင့်၏။ “သိတောဒ ”၌လည်း ဆန္ဒာနုရက္ခဏ မြင်းဆက်ခွအလို့ငှါ ဣ ရဿနှင့် ရွတ်။ “ဝဒန္တိ ဝံသဋ္ဌမိဒံ ဇတာ ဇရာ ဆန်းကျမ်း လာသည်အတိုင်း ဝံသဋ္ဌဂါထာတည်း။
ဒုတ္တရံ၊ မိကျောင်း ငါးမန်း ဘေးစုံပြွမ်း၍ ကူးသန်းမလွယ် နက်ပြော ကျယ်သော။
ဥဒဓိံ၊ ပင်လယ်သမုဒ် ရေအစုတ်ကို။
တရံ တရန္တော၊ မျက်နှာ မတွန့် နောက်မဆွန့်ပဲ လွန့်လွန့် ငွါးငွါး ကူးသွား သက်ဝင်တော်မူ၍။
ဒုလ္လဘံ၊ ကမ္ဘာသင်္ချေ လွန်မြောက်လေလည်း ရှိစေဒဿန အသံမျှကိုပင် ကြားရခြင်းငှါ ရခဲစွာသော။
ဒါဌိကံ၊ ခုနှစ်ပြည်ထောင် မင်းများဘောင်ဝယ် ရှေ့ဆောင် ဒေါဏ ပုဏ္ဏားသ၍ ကလိင်္ဂ-ရောက်-မိစ္ဆာနှောက်သည်တွင် နန်းညှောက် ဩရသ ဟေမမာလာ ကညာတွင်ခေါ် သမီးတော်သည် ပူဇော်ရလို ကျွန်းသီဟိုဠ်သို့ ကြည်ညိုဆောင်သွား သီဟိုဠ်သားတို့ ပျက်ပြားမဲ့ရန် မြို့သင်္ခန်တွင် ကောင်းမွန်သေချာ ဌာပနာလတ် စွယ်တော်ဓာတ်အား လေးမြတ်နှစ်သက် သဒ္ဓါတက်၍ ခုလက်ထက်ပွါး သီဟိုဠ်သားတို့ အံ့အားချီးကျူး မမြင်ဘူးအောင် ဆန်းထူး ကြီးကျယ်စွာသော ပူဇော်ခြင်းကို။
လဘံ = လဘန္တော၊ ရှေးဘုန်း ပြည့်ကြွယ် သမ္ဘာခြယ်သဖြင့် အလွယ်တကူ ရတော်မူလျက်။
ဒုက္ကရံ၊ ပုဂ္ဂိုလ် မည်ဆန် လူသာမန်တို့ မသန်ရဲတင်း လွန်ခဲယဉ်းသော။
သာမဂ္ဂိံ၊ ဇမ္ဗူပတ်ချာ ရံငါးရာတွင် ကဲသာတောက်ထွန်း သီဟိုဠ်ကျွန်းထက် နှစ်ဖြာစက်ဖြင့် ပရက္ကမ ရာဇဗာဟု သုံးဂိုဏ်းစု၍ ညှိပြုပြင်ဆင် သုတ်သင်ပြီးနောက် ကျင့်မူဖောက် သဖြင့် တောင်မြောက်ကွဲပြား ခြောက်ဂိုဏ်းသား တို့ကို တရားရေစင် စက်ယန်း ဆင်လျက် သွန်သင်သိုင်းဝိုင်း အချို့ဂိုဏ်းတို့၏ ကိုင်းရှိုင်းပေါင်းသင်း ညီညွှတ် ခြင်းကို။
ကရံ = ကရောန္တော၊ ကိုယ်တွင်းရောဂါ ဝေဒနာကို မညှာအောင့်အည်း ဒယာသည်း၍ မညည်းမညူပြုတော်မူလျက်။
ဒီပံ၊ ထိန်ပြောင်လျှံညီး မှောင်ကို ဆီးသည့် ဆီးမီးသဖွယ်ဖြစ်သော။
ဝါ၊ အလှိုင်းအလှိုင်း ဟုတ်မှန်တိုင်းကို ဆုတ်ဆိုင်းမသွေ ပြတတ်ပေသော။
ပဒီပံ၊ ဘုရားသာသနာ ရောင်ဝါလျှံညီး တန်ဆောင်မီးကို။
ဇောတေသိ၊ ပြောင်တဝင်းဝင်း မိုက်မှောင် ကင်းစေဘို့ ထွန်းလင်း တောက်ပစေတော်မူပြီ။
သန္တော၊ လေဆိတ်ရာရောက် ဆီမီးတောက်ကဲ့သို့ လှုပ်ချောက် ပေါက်ပျက် မလောက်လက်ပဲ ငြိမ်သက် တည်ကြည်တော်မူ၏။
သန္တောသာဒိဝဏ္ဏီ၊ လေးပစ္စယ ဧကေကတွင် ယထာလာဘ စသည်သုံးပါး ချီးမြှောက်ပွါး၍ ပြားဆဲ့နှစ်ဖုံ ရောင်ရဲခြင်းစသော ဂုဏ်ရှိတော်မူ၏။
ဝါ၊ ပြားဆယ့်နှစ်ဦး ရောင့်ရဲခြင်းစသော ကျေးဇူးကို အထူးချီးမွှမ်းလေ့ ရှိတော်မူ၏။
ဒန္တော၊ စက္ခုဒွါရ စသည် ခြောက်ထွေ ဣန္ဒြေကို စောင့်နေသတိ ဘယ်မငြိအောင် မိမိ ယဉ်ကျေးသည် ဖြစ်၍။
ဒန္တော၀ဒါနကော၊ ယဉ်ကျေးစေငှါ သူတကာကို ပြစ်ရှာနှိပ်နင်း ဆုံးမခြင်းအလေ့ ရှိတော်မူ၏။
လဇ္ဇီ၊ ပရမာ-ဟု မြူအဏုကို မေရုပုံသွင် နှိုင်းစံတင်၍ ဆင်ခြင်မှတ်ရှု မကောင်းမှုကို ၀ဓုပမည်း ဝေသီနည်းဖြင့် ရှက်လည်း ရှက်ကြောက်တော်မူ၏။
လဇ္ဇီံနံ၊ ပရမာ-ဟု မြူအဏုကို မေရုဟန်သွင် နှိုင်းစံယှဉ်၍ ဆင်ခြင်မှတ်ရှု မကောင်းမှုကို ၀ဓု ဝေသီ ပမာညီသည့် လဇ္ဇီအပေါင်း သူတော်ကောင်းတို့၏။
အဝသျော၊ မြစ်သမုဒ်လယ် ကျွန်းသဖွယ်သို့ ကိုးကွယ်မှီလျောင်း ခိုအောင်းရာ ဖြစ်တော်မူ၏။
“အဝေသျော" ကို“အဝဿယော”ပုဒ်ဖြတ်၍ ယဗျည်းနှောင်းရာ၌ အသရကို ချေ။ သဘောတူသော အစ သ ဗျည်းကိုလည်း ချေ၍ ပြီးစေ။ “ဩပုပ္ဖါနိ ပဒ္မါနိ။ ပဋိသန္ဓာရဝုတျဿ” စသည်ကဲ့သို့ မှတ်။
ယုတ္တဥဿဟာဒိနာ၊ ဓမ္မာနုဓမ္မ လမ်းမှန်ကျ၍ ကာရဏဖလ စသည်စုံပေါင်း မစောင်း တည့်မတ် သင့်မြတ်ကြိုးကုတ် ကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်ခြင်း စသည်နှင့်။
ယုတ္တော၊ ဖော်လှော်မမှီး ဆင်ပြောင်ကြီးကဲ့သို့ မနီးသင်္ဃာ ဆိတ်ငြိမ်ရာ၌ ဧကစာလေ့ တရားမွေ့လျက် ညဉ့်နေ့လနှစ် သက္ကရာဇ်ကြာရှည် ပတ်ပတ်လည်လည်း တည်ကြည် ရွက်ထပ် ကွက်မလပ်အောင် ယှဉ်စပ်တော်မူ၏။
ဣစ္စာဒိဂုဏထောမျဿ၊ သီလဖြူစွာ တည်သမာလျက် သာသနာရေး ကိုယ်ရေးမလစ် စွယ်တော်စစ်ကို သစ်သစ်ကြည်ညို သီဟိုဠ်ရောက်ကပ် အရပ်ရပ်ကို စေ့စပ်အောင်ခဲ ရောင့်ရဲလွယ်ဘိ အစရှိသည် များချိပေါစွာ ဂုဏ်ရောင်ဝါဖြင့် ဣဿာမဝင် မစ္ဆေစင်သည့် သိမြင်ကျိုးကြောင်း သူတော်ကောင်းတို့သည် ကောင်းစွာ ချီးမွမ်းအပ်ထသော။
ရစိတာနေက ဂန္တိနော၊ ဒသ သီမာ ပဒေသာ တိ ယွာရူပဋ္ဌိ နေတ္တိ ဗောဇ္ဈင် နိသျင်နှင့် ဝဉ္စနာ သီလ သီဟဠ ဓမ္မော ဝိနယော ကေဝဋ် စာစပ် နာမ်ဂိုဏ်း ဆစ်ပိုင်းသမာသ် အဦးတပ်သည့် ကျမ်းဂန် အရပ်ရပ် ကို စီရင်တော် မူပြီးထသော။
ဝါ၊ စီရင် ရေးသားအပ်ပြီးသော များစွာသော ကျမ်းဂန် ရှိတော်မူထသော။
ဒသဓမ္မာလင်္ကာရ၊ သီမာလင်္ကာရဝိနိစ္ဆယ၊ ဥပဒေသကထာ၊ ယွာဋီကာ၊ ရူပဘေဒဝိဘာဝနီ၊ အဋ္ဌိက ကမ္မဋ္ဌာန်း၊ နေတ္တိ ဟာရတ္ထ ဝိဘာဝနီ၊ ဗောဇ္ဈင်္ဂ ဒီပနီ၊ နိသျင်္ဂဝိနိစ္ဆယ၊ ဝဉ္စနာဒီပနီ၊ သီလဝိသောဓနီ၊ သီဟဠောဝါဒ၊ ဓမ္မောသဓ ဒီပနီ၊ ဝိနယဂရု၊ ကေဝဋ္ဋေဝါဒ၊ စာစပ်၊ နာမ်ဂိုဏ်း၊ သမာသ်ဂဏ္ဍိ၊ လင်္ကာသာသနသုဒ္ဓိကထာ အစရှိသော များစွာသော ကျမ်းဂန်တို့ကို ပြုတော်မူသည် ဟူလို။
ရွှေကျင်ဣတိ ဝိဿုတဿ၊ ဌာနအမည် ဌာနီမှာတင် ရွာမည်တွင်လျက် ရွှေကျင် ဆရာတော်ဟူ၍ ကြော်ငြာထင်ရှားသော။
တဿ ထေရဿ၊ ထိုမထေရ်မြတ်၏။
သဒ္ဓိဝိဟာရီနာ၊ လက်ရုံးတဆူ နှလုံးမူအပ်သည့် အတူနေ တပည့်ကြီး ဖြစ်သော။
(မယာ၌စပ်။)
သဒါ၊ နေ့ရက်လနှစ် သက္ကရာဇ်ရှည်ကြာ အခါခပ်သိမ်း။
အရညဝါသိကော၊ လူသူမပြွမ်း နိဗ္ဗူကမ်းဟု ဆိတ်ချမ်းစိမ့်စုံ တောရိပ်မြုံ၌ ခိုလှုံကပ်မှီး ဆင်ပြောင်ကြီးကဲ့သို့ ကိုယ်ထီးပျော်မေ အဓလေ့ရှိတော်မူသော။
ေယော ထရော၊ သီလ သမာ ပညာခိုင်ဖြီး အကြင် မထေရ်ကြီးသည်။
ဓမ္မရာဇေန၊ ရတနာပုဉ် ရန်မျိုး လုံသည့် နန်းဘုံတည်ထောင် မင်းခေါင်သင်းကျစ် ဓမ္မရာဇ်ဥက္ကဋ္ဌ ပဉ္စမ သင်္ဂါ ယနာတင် ဘုရင် သမုတိနတ်သည်။
ယာစိတော၊ သာသနာညစ်ကြေး မြူအလှေးကို လျှော်ဆေးတီထွင် သုတ်သင်စေရန် တောင်းပန် လွှဲအပ်သည် ဖြစ်၍။
ရတနာသီခ မဏ္ဍလံ၊ ရွှေဘို ကုန်းဘောင် ရန်ကြီးအောင်ဟု မင်းခေါင် ဇေယျ တည်ထောင် စသည့် နန်းမဝန်းလျာ ရတနာသီခ မြိုနယ်ဝိုင်း မြင်းမြေဂိုဏ်းကို။
ဓမ္မရံသီဟိ၊ အဓမ္မဝါဒီ အလဇ္ဇိတို့ မချီဦးကင်း ဖိနှိပ်နင်း၍ သတင်း တည်ကြား တရားဟူသော ရောင်ခြည်တို့ဖြင့်။
ဇောတေသိ၊ ပြောင်တဝင်းဝင်း မိုက်မှောင် ကင်းအောင် ထွန်းလင်းတောက်ပစေတော်မူပြီ။
မဟာဗိုလ်တိ ဝိဿုတဿ၊ တောရပ်အလို မဟာဗိုလ်ဟု ထိုထိုပေါက်ပြ သတင်း ရှသော။
သုစိသလ္လေခဝုတ္တိနော၊ သရဒတွင် တိမ်ကြေးစင်သည့် ကောင်းကင် အလယ် လသဖွယ်သို့ စင်ကြယ်ရိုးသား ခေါင်းပါးသော အသက်မွေးခြင်း ရှိတော်မူထသော။
ထိရဂုဏဿ၊ ကျောက်တိုင်အလား သူတပါးတို့ လှုပ်ရှားမယိုင် ကြံ့ခိုင်သော သီလ သမာဓိ ပညာ အစရှိသော ကျေးဇူးဂုဏ်နှင့် ပြည့်စုံတော်မူ ထသော။
တဿာပိ ထေရဿ၊ ထိုမထေရ်မြတ်၏လည်း။
အန္တဝါသိနာ၊ လက်ရုံး မယွင်း နှလုံးသွင်းအပ်သည့် အတွင်းနေတပည့်ကြီးဖြစ်သော။
(မယာ၌ပင်စပ်။)
မဟာဝိသုဒ္ဓါရာမာဒိနေကပုညာနိ၊ အုဌ်ရံ ရေရံ ခြယ်စီမံလျက် မဟာရံနှစ် ပတ်ရစ်သိုင်းခြုံ ပျော်ဘွယ်စုံသည့် မဟာဝိသုဒ္ဓါရုံကျောင်းတိုက်ကြီး အစရှိသော များစွာသော ကောင်းမှု ကုသိုလ်တော်တို့ကို။
ကရာ၊ သတိသမ္ပဇဉ် သဒ္ဓါယှဉ်၍ ရေယဉ်မြစ်ကြီး တွေတွေစီးသကဲ့သို့ မငြီးမငွေ့ မေ့မလျော့ မပေါ့မပြတ် ပြုပေတတ်သော။
ယာ အဂ္ဂဒေဝီ၊ အကြင်မိဖုရားခေါင်ကြီးသည်။
သဒ္ဓါ၊ ရတနာ သုံးတန် ကံ ကံ၏အကျိုးကို ကြည်ညို ယုံကြာ်ခြင်း သဒ္ဓါတရားလည်း ရှိ၏။
သီလေန၊ သုံးပါးသုခ လိုတိုင်းရသော ဂဟဋ္ဌသီလ နှင့်လည်း။
သမ္ပန္နာ၊ ပြည့်စုံ၏။
ဓိတိမန္တီ၊ မကိုင်းမဝံ့ မြင်တိုင်းရွံ့ရအောင် ကြီးဖွံ့လွန်မင်း တည်ကြည်ခြင် သမာဓိလည်း ရှိ၏။
မဟာယသာ၊ များသော အခြွေအရံ အကျော်အစောလည်း ရှိ၏။
ရတနာပုဉ်မာပကဿ၊ လောကီ လောကုတ္တရာ ရတနာပေါင်းစုံ ရန်မျိုးလုံသည် ရတနာပုဉ်ခေါ် နေပြည်တော်ကို မိုးပေါ် သိကြား စီမံထားသို့ ဉာဏ်သွား မြင့်ခေါင် သိုက်တပေါင်ဖြင့် တည်ထောင်ဖန်ဆင်း ဉာဏ်ကျယ်ဝန်းသည့် မင်းမင်း ဥက္ကဌ် အတုလွတ် မဟာဓမ္မရာဇ် တရားမင်းမြတ်၏။
ဝါ၊ တရားမင်းမြတ်သည်။
ဝါ၊ တရားမင်းမြတ်ကို။
မာနိတာယ၊ အသက်တမျှ မြတ်နိုးလှသော။
သူရစန္ဒောသဓီနံ ဣဝ၊ နေရောင် လရောင် သောက်ရူးရောင်ကဲ့သို့ တောက်လောင် ထွန်းပ ကြည်လင် ဖြူစင်ပွင့်လင်း ဂုဏ်သတင်းရှိကုန်သော။
တိဏ္ဏံ ဓီတူနံ၊ ဒုတိယနန်းစံ ဘုန်းမီးလျှံသည့် နိုင်ငံသခင် ဘုရင်မင်းခေါင် တောင်ညာဒေဝီ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး အစရှိကုန်သော သမီးတော်သုံးပါးတို့၏။
မာတရာ၊ မြင့်မိုရ်တောင်ဦး ဂုဏ်နေထူးသည့် ကျေးဇူးထင်ပေါ် မွေးမယ်တော်ဖြစ်သော။
တာယ အဂ္ဂဒေဝိယာ၊ ထိုသိရီပဝရ တိလောကမဟာ ရာဇိန္ဒာဓိပတိ ပဒုမာရတနာ ဒေဝီ မိဖုရားခေါင်ကြီးသည်။
ကာရိတေ၊ သိန်းသန်းတွက်ရေ ငွေအသပြာ ရတနာကို အာသာမတွန့် သဒ္ဓါကွန့်၍ ပေးစွန့်ကြည်ဖြူ ဆောက်လှူအပ်သော။
မဟာဝိသုဒ္ဓါရာမသ္မိံ၊ လဇ္ဇီသူမွန် သီလဝန်အမော် ထေရ်ကျော်နှစ်ပါး တို့၏ တပည့်သား ဖြစ်၍ ခေတ်အားအလျော် စင်ကြယ်တော်မူကြကုန်သော သင်္ဃာတော်အများ စာသင်သား တို့၏ တရားမကွာ အသားပါသဖြင့် မွေ့လျော်ရာဖြစ်သော မဟာဝိသုဒ္ဓါရုံ ကျောင်းတိုက်ကြီး၌။
ဝသတာ ဝသန္တေန၊ ယာပိုက်လေးထွေ မျှတနေသော --
မယာ၊ ဝိသုဒ္ဓါစာရ ကဝိဓဇ မဟာဓမ္မရာဇဂုရု, ဝိသုဒ္ဓါစာရ ကဝိဓဇဓိပတိ သိရိပဝရ မဟာဓမ္မရာဇာဓိရာဇဂုရု ငါသည် --
သောတူနံ၊ ဉာဏ်ခြေနုနယ် စာသင်ငယ်တို့၏။
တနည်းလည်း --
သောတူနံ၊ မဂ်ဖိုလ်နိဗ္ဗူ ရောက်ဘို့ဟူ၍ မှတ်ယူနာခံ ကျင့်ကြံအားထုတ်ကြလိုကုန်သော အရညဝါသီ ယောဂီပုဂ္ဂိုလ်တို့၏။
ပရမတ္ထေသု၊ ပရမတ်တရား လေးပါးတို့၌။
ပရမတ္ထေသု၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်တိုင်ငြား မွန်မြတ်သော အကျိုးစီးပွါးတို့၌။
ဆေကတ္ထာယ၊ လိမ္မာကျွမ်းကျင် သိမြင်တည့်မတ် ကျင့်ကြံတတ်စေခြင်း အကျိုးငှါ။
အဘိသင်္ခတာ၊ ကရုဏာဖက် မေတ္တာသက်၍ အတက်ရောဂါ ကိုယ်တွင်းနာကို မညှာအောင့်အည်း အနိုင်ကြည်းလျက် သည်းခံပြုပြင် စီရင် ရေးသားအပ်သော (ဝဏ္ဏ၌စပ်)။
ပဉ္စဒသဟိ၊ ၁၅-ပါးကုန်သော။
ခဏ္ဍေဟိ၊ အပိုင်းအစိတ်တို့ဖြင့်။
မဏ္ဍိတာ၊ တန်ဆာ ဆင်ယင်အပ်သော။
နယသမ္ပဒါ၊ အထူးထူး အလယ်လယ် ဆန်းကြယ်သော နည်းတို့နှင့် ပြည့်စုံသော။
ကျမ်းအမည်
ပရမတ္ထာနံ သရူပဘေဒနီ နာမ၊ အဘိဓမ္မတ္ထသင်္ဂဟကျမ်း၌ ပြသော ပရမတ္ထတရားလေးပါး တို့၏ သရုပ်ကို ခွဲထုတ်ဝေဖန်ရာ သကတ်ကြောင့် ပရမတ္ထသရူပဘေဒနီ နာမည်တံဆိပ် ခတ်နှိပ်အပ်သော။
ဝဏ္ဏနာ၊ မြန်မာ့ဘာသာ သံဝဏ္ဏနာကျမ်းသည်။
ကျမ်းပြီးသက္ကရာဇ်
ပဉ္စစတ္တာလီသာဓိကေ၊ လေးဆဲ့ငါးခု အလွန်ရှိသော။
ဒွိသတသ္မိံ သဟဿကေ၊ တထောင့်နှစ်ရာ အတိုင်း အရှည် ရှိသော။
ဝဿေ၊ နှစ်၌။
ဝါ၊ ပဉ္စစာလီသာဓိကေ ဒွိသတသ္မိံ သဟဿကေ ဝဿေ၊ ၁၂၄၅-ခုနှစ်၌။
ကတ္တိ ကမာသမှိ၊ ပစ္ဆိမကတ္တိက တန်ဆောင်မုန်းလ၌။
ကာလပက္ခေ၊ လပြည့်ကျော်ထွက် သုံးရက်အစေ့ စနေနေ့ နေသက် သုံးချက် ဆော်ဟီး ပဟိုရ်တီးချိန်၌။
သုနိဋ္ဌိတာ၊ ကောင်းစွာပြီးဆုံး နိဂုံးကမ္ပတ် သတ်သတည်း။
အယံ သရူပဘေဒနီ၊ ဤ ပရမတ္ထသရူပဘေဒနီကျမ်းသည်။
အန္တရာယံ၊ ကျမ်းပြီးခြင်း၏ အန္တရာယ်ကို။
ဝိနာ ဧဝ၊ ကြဉ်ဖယ်၍သာလျှင်။
သုနိဋ္ဌိတာ ယထာ၊ ကောင်းစွာပြီးဆုံး နိဂုံးကမ္ပတ် သတ်သကဲ့သို့။
ဧဝံ တထာ၊ ထိုအတူ။
ပါဏိနံ၊ သတ္တဝါအပေါင်းတို့၏။
ကလျာဏသင်္ကပ္ပါ၊ ချမ်းသာသုံးတန် ရောက်ရန် အကြောင်း ကောင်းသော အကြံအစည် တို့သည်။
သီဃံ၊ အသော့လျင်စွာ မကြာစေရ ခဏချက်ဖြုတ် တမဟုတ်လျှင်။
သိဇ္ဈန္တု၊ ပြီးစီးအောင်မြင်စေကုန်သတည်း။
အဟံ၊ ငါသည်။
ဣမိနာ၊ ဤသို့ယခု ကျန်းဂန်ပြုသည့် ကောင်းမှုထွတ်မြတ် တိဟိတ်ဥက္ကဌ ကုသိုလ် ကြောင့်၎င်း။
စ၊ ဤမှတပါး များပြားစွာလှ ကပ်ကာလတို့၌ ဆည်းပူး ဖြည့်ကျင့်ရသော ကောင်းမှု ဟူသမျှကြောင့်၎င်း။
ဣမမှိ ဘဝေ၊ ဤ ပစ္စက္ခ ခုဘဝ၌။
အနာသဝံ၊ အာသဝေါလေးတန် ကင်းဆိတ်ညံသည့် နိဗ္ဗာန် တရားကို။
သစ္ဆိကရေ သစ္ဆိကရေယျံ၊ အောက်မဂ် အောက်ဖိုလ် မှီငြမ်းခိုလျက် မငြိုမငြင် ဆောလျင်ကူးမြောက် အသော့ ရောက်၍ မျက်မှောက်ပြုကြောင်း တရားပေါင်းကို တိမ်းစောင်းမယုတ် အားထုတ်နိုင်ရလို၏။
ဣမမှိ ဘဝေ၊ ဤ ပစ္စက္ခ ခုဘဝ၌။
အနာသဝံ၊ အာသဝေါလေးတန် ကုန်ဆိတ်ညံသော နိဗ္ဗာန်တရားကို။
နော စေ သစ္ဆိကရေ၊ အကယ်ဆက်ဆက် သမ္ဘာတွက်ကြောင့် အောက်မဂ် အောက်ဖိုလ် မှီငြမ်းခိုလျက် မငြိုမငြင် ဆောလျင်ကူးမြောက် မျက်မှောက်ပြုကြောင်း တရားပေါင်းကို တိမ်းစောင်းမယုတ် အားမထုတ်နိုင်သေး သည်ဖြစ်အံ့။
ဧဝံ သတိ၊ ဤသို့ ဖြစ်သည်ရှိသော်။
ဧတ္ထေဝ၊ ဤဂေါတမ နွယ်ဘွား ရှင်တော်ဘုရား လက်ထက် အာဏာစက်၌ပင်လျှင်။
အနာသဝံ၊ အာသဝေါ လေးတန် ကုန်မကျန်သော နိဗ္ဗာန်တရားကို။
သစ္ဆိကရေ သစ္ဆိကရေယျံ၊ မငြိုမငြင် ဆောလျင်ကူးမြောက် အသော့ရောက်၍ မျက်မှောက်ပြုရလို၏။
ဧ ဧတ္ထေဝ၊ ဤဂေါတမနွယ်ဘွား ရှင်တော်ဘုရား လက်ထက် အာဏာစက်၌ ပင်လျှင်။
အနာသဝံ၊ အာသဝေါလေးတန် ကုန်မကျန်သော နိဗ္ဗာန်တရားကို။
နော စေ သစ္ဆိကရေ၊ မငြိုမငြင် ဆောလျင် ကူးမြောက် အသော့ရောက်၍ အကယ်၍ မျက်မှောက် မပြုရသေးသည် ဖြစ်အံ့။
ဧဝံ သတိ၊ ဤသို့ဖြစ်သည် ရှိသော်။
မေတ္တေယျဗုဒ္ဓသာသနေ၊ ကံ့ကော်အောင်မြေ ပလ္လင်ဗွေထက် လေးထွေသစ္စာ ခိုင်ရွှေကြာကို အသာဆွတ်ချူ ပန်တော်မူမည့် တေဘူမိသခင် ရှင်တော် စောမြ မေတ္တေယျဟု လောကထွတ်ဖျား ဘုရားပွင့်ရာ သာသနာတော်မြတ်၌။
ဧကဂါထာယ၊ တဂါထာ၌။
ဝါ၊ တဂါထာ၏။
ဒွိပဒေန၊ နှစ်ပုဒ်တည်းဖြင့်။
ကိလေသပဗ္ဗတံ၊ တောင်နှယ်တပဲ ထူထဲလှစွာ ကိလေသာအပေါင်းကို။
မေဓံ မေဓန္တော၊ မိုးကြိုးလောင်မီး တချက်တည်းဖြင့် ဖျက်ဆီးသည့်ဟန် လေးမဂ် ဉာဏ်ဖြင့် တွန်းလှန်ပယ်ရှဲ သတ်ညှဉ်းဆဲလျက်၊ ဝိဇ္ဇာဘိညာဒိအလင်္ကာရော၊ သုံးပါးရှစ်ပါး ပြားထဝိဇ္ဇာ ဘိညာခြောက်တန် ပဋိသမ်လေးရပ် သမာပတ် ရှစ်ဦး ဂုဏ်ကျေးဇူးဟု ဆန်းထူးရောင်ဝါ တန်ဆာဗလာရှိသော။
ဥဂ္ဃဋိတညူကော၊ နည်းဥဒ္ဒေသ လှစ်ပြကာသာ ဒေသနာဖြင့် လျင်စွာသိသူ ဥဂ္ဃဋိတညူပုဂ္ဂိုလ်သည်။
ဟုတွာ၊ ဖြစ်၍။
အနာသဝံ၊ အာသဝေါလေးတန် ကုန်ဆိတ်ညံသော နိဗ္ဗာန် တရားကို။
သစ္ဆိကရေ သစ္ဆိကရေယျံ၊ မငြိုမငြင် ဆောလျင် ကူးမြောက် အသော့ရောက်၍ မျက်မှောက်ပြုရလို၏။
ယာဝ စ၊ အကြင်မျှလောက်သော ကာလပတ်လုံးလည်း။
အနာသဝံ၊ အာသဝေါ လေးတန် ကုန်ဆိတ်ညံသော နိဗ္ဗာန်တရားကို။
န သစ္ဆိကရေယျံ၊ မျက်မှောက် မပြုရပါသေး။
တာဝ၊ ထိုမျှလောက်သော ကာလပတ်လုံး။
ဘဝေ၊ ဖြစ်လေရာရာ သံသရာ ဒီလှိုင်း ဘဝတိုင်း၌။
ကာမိတေ၊ ပုထုဇဉ်တို့ လွန်မင်စုံမက် နှစ်သက် တောင့်တအပ်ကုန်သော ရူပ သဒ္ဒ စသည်အာရုံ ကာမဂုဏ်တို့ကို။
ခေဠပိဏ္ဍံဣဝ၊ နံစော်ညှီဟောက် တံထွေးပေါက်ကို ကဲ့သို့။
စဇံ စဇန္တော၊ မတွယ်မတာ ပစ်ခွါ စွန့်လွှတ်နိုင်သည်။
ဘဝေယျံ၊ ဖြစ်ရလို၏။
ဣဋ္ဌာနိဋ္ဌေ၊ ဣဋ္ဌာရုံ အနိဋ္ဌာရုံနှစ်ပါး၌။
ဘူရိသမော၊ မြေကြီးမယွင်း သည်းခံခြင်းစသော ကျေးဇူးနှင့် ပြည့်စုံသည်။
ဘဝေယျံ၊ ဖြစ်ရလို၏။
ဓမ္မ မာမကော၊ နှစ်ပေါင်းတရာ ရှည်ညောင်းကြာမှ တခါပွင့်လန်း ကသစ်ပန်းကို ဆွတ်လှမ်းပန်ခြယ် မပြယ်အာသာ ဝတိံသာသူ မိုးနတ်တူသို့ စင်ဖြူကော်ရော် သူတော်တရားကို လွန်စွာလိုလားသည်။
ဘဝေယျံ၊ ဖြစ်ရလို၏။
တဒါ၊ ထိုရောကာလ ဖြစ်သမျှ၌။
အနိဋ္ဌာ၊ အလိုမရှိအပ်ကုန်သော အနိဋ္ဌာရုံတို့သည်။
ပက္ကမန္တု၊ ဝေးစွာကြဉ်ဖဲ ရှောင်လွှဲ စေကုန်သတည်း။
ဇာတကာလတော၊ ဘွားစကာလမှ။
ပဋ္ဌာယ၊ စ၍။
သုဒ္ဓသီလော၊ သူငယ်တို့ထုံး အမြင်တုံး၍ ခြပုန်းပိုးရွ သတ်ခြင်းစသည်မှ ရှေးကထုံပါ ဝါသနာကြောင့် ဝေးစွာဖဲကြဉ် ရွှေစင်သိင်္ဂီ နာရနီအဆင်း ခရုသင်းပွတ်သစ် ပုလဲနှစ်အသွင် ဖြူစင်သောသီလရှိသည်။
ဘဝေယျံ၊ ဖြစ်ရလို၏။
သတော၊ ကျောက်ဖျာအပြင် ရေးမှတ်တင်သည့် သွင်ခရာတု ကောင်းမှုမမေ့ လျော်သရွှေ့ကို အောက်မေ့ ကုန်စင် ထင်မြင်နိုင်သော သမ္မာသတိနှင့် ပြည့်စုံသည်။
ဘဝေယျံ၊ ဖြစ်ရလို၏။
သဒ္ဓါ၊ ရတနာသုံးတန် ကံကံ၏အကျိုးကို ကြည်ညို ယုံကြည်ခြင်း သဒ္ဓါ တရားနှင့်ပြည့်စုံသည်။
ဘဝေယျံ၊ ဖြစ်ရလို၏။
ပညဝါ၊ တောင်ကိုဖောက်သည့် စိန်ကျောက်တူမျိုး ကြောင်းကျိုးဟုတ်သည် မဟုတ်သည်ကို ကြံစည်နုန့်နှေး ဆတွေးမရှိ သိစွမ်းနိုင်သော တင်္ခဏုပ္ပတ္တိဉာဏ် လျင်မြန် ထက်မြက် နဲနက်ထွန်းပ ဇာတိဿရ ဝိပဿနာ အဘိညာဉာဏ်တို့နှင့် ပြည့်စုံသည်။
ဘဝေယျံ၊ ဖြစ်ရလို၏။
သုသမာဟိတော၊ လှုပ်ရှားမယိုင် ကျောက်မဏ္ဍိုင် ကဲ့သို့ ကောင်းစွာကြံ့ခိုင် တည်ကြည်သည်။
ဘဝေယျံ၊ ဖြစ်ရလို၏။
ဟိရီဩတ္တပ္ပသမ္ပန္နော၊ ဝစီ ကာယ နှစ်ဒွါရဖြင့် ပါပညစ်ကျု မကောင်းမှုကို ပြုဝံ့မည်ကြဉ် စိတ်မျှပင် မဥပါဒ်ဝံ့ ရှက်ရွံ့ ကြောက်လန့်ခြင်း ဟိရီဩတ္တပ္ပတရားနှင့် ပြည့်စုံသည်။
ဘဝေယျံ၊ ဖြစ်ရလို၏။
သဒ္ဓမ္မေ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်၏ အဆောက်အဦ စင်ဖြူ ကောင်းမြတ်သော သမ္မာပဋိပတ္တိ အပြစ်မရှိသော သူတော်ကောင်းတရား၌။
အနိဝတ္တိကော၊ ကောင်းကင်မိုးရပ် ကြယ်နက္ခတ်ကို လှမ်းဆွတ်အံ့နှယ် ညှိုးငယ်ထိုင်းပျစ် ဆုတ်နစ်တွန့်တိုခြင်း မရှိသော ဝီရိယနှင့် ပြည်စုံသည်။
ဘဝေယျံ၊ ဖြစ်ရလို၏။
အဝေရော၊ ရာဂ ဒေါသ မောဟ မာန ထိနမိဒ္ဓ စိတ္တုတြာသ စသော အဇ္ဈတ္တဘေးရန် ဖြုတ် ခြင် ယင် မှက် သဘက် စုန်း ဘုတ် ဆိုးယုတ်မာလှ သစ် ကျား စသော ဗဟိဒ္ဓရန် အန္တရာယ်မရှိသည် ဖြစ်၍။
ဝဝတ္ထာနာဒိံ၊ သတ္တဝါ ယူမိစ္ဆာကို လျှင်စွာခွဲထု ဓာတ်ဟုရှုသည့် စတုဓာတုဝဝတ္ထာန် ကမ္မဋ္ဌာန်း အစရှိသော။
ပိယဘာဝနံ၊ စိတ်နှစ်သက်ရာ သမထ ဝိပဿနာ ဘာဝနာ နှစ်ပါးကို။
ဘာဝေယျ၊ ပွါးများအားထုတ်ရလို၏။
အဟံ၊ ငါသည်။
ယေန ဣရိယာပထေန၊ အကြင်ဣရိယာပုထ်ဖြင့်။
ဘာဝနံ၊ စိတ်နှစ်သက်ရာ သမထ ဝိပဿနာ ဘာဝနာနှစ်ပါးကို။
အာရဘိဿာမိ၊ ပွါးများ အားထုတ်လအံ့။
တေနေဝ၊ ထိုဣရိယာပုထ်ဖြင့်ပင်လျှင်။
ကလ္လကာယော၊ ညောင်းညာထုံကျင် ကင်းစင်ပယ်ရှဲ သံတိုင်ခဲကဲ့သို့ မလဲမတိမ်း မယိမ်းမယိုင် မြဲခိုင်သန်စွမ်း ခံ့ကျန်းကိုယ်ရှိသည်ဖြစ်၍။
ဝိသေသဓော၊ နှစ် လ နေ့ရက် နံနက်ထက်ည တခဏထက်တခဏ ရှေ့ဝီထိမှ နောက်ဝီထိ သမာဓိ ဝိပဿနာ အထူးကို ဆောင်သည်ဖြစ်၍၊
သုခိတာ၊ ကိုယ်ရောစိတ်ပါ ချမ်းသာနေသည်။
ဟောမိ၊ ဖြစ်ရလို၏။
နိဂ္ဂဟေတဗ္ဗေ၊ နှိပ်သင့်နှိပ်ထိုက်ကုန်သော အဓမ္မဝါဒီ အလဇ္ဇီပုဂ္ဂိုလ်တို့ကို။
နိဂ္ဂယှ၊ ကရုဏာသက် ကျင့်မူပျက်မှ ပယ်ဖျက်နှိပ်နင်း၍။
ပဂ္ဂဏှေယျေ စ၊ ချီးမြှောက်သင့် ချီးမြှောက် ထိုက်ကုန်သော ဓမ္မဝါဒီ လဇ္ဇီသူမွန် သီလဝန် ဂုဏဝန် ပညာဝန် ပုဂ္ဂိုလ်တို့ကိုလည်း။
ပဂ္ဂဟံ ပဂ္ဂဟန္တော၊ ပစ္စယ ဓမ္မ အနုဂ္ဂဟနှစ်ပါးဖြင့် မြှောက်စားချီးမြှင့်လျက်။
သုသုခေနေဝ၊ ဘေးရန်မမူ ဒဏ်မပူပဲ လွယ်ကူချမ်းသာ သဖြင့်သာလျှင်။
သမ္မာသမ္ဗုဒ္ဓသာသနံ၊ ရှင်တော်ဘုရား ဟောမြွက်ထားသော သုံးပါးပြားလတ် သာသနာတော်မြတ်ကို။
ဇောတေယျံ၊ ထောင်သောင်း နေရောင် ထွန်းတောက်လောင်သို့ ပြောင်တဝင်းဝင်း မိုက်မှောင်ကင်းအောင် ထွန်းလင်းတောက်ပ စေနိုင်လို၏။
ဣမာ စ ပတ္ထနာဂါထာ၊ ဤဆုတောင်းပတ္ထနာ ခုနစ်ဂါထာ တို့သည်လည်း။
ဘဝေ ဘဝေ၊ ဖြစ်လေရာရာ သံသရာမီလှိုင်း ဘဝတိုင်း၌။
သယံ ဝါစာယ ဥဂ္ဂတာ၊ ရှေးဝါသနာ အထုံပါလျက် ဘာသာနကိုယ် အလိုလိုလျှင် သံချိုလေးနက် နှုတ်၌ တက်သည်ဖြစ်၍။
ဘဝေ ဘဝေ၊ ဖြစ်လေရာရာ သံသရာဓီလှိုင်း ဘဝတိုင်း၌။
ဣမာဟိယေဝ ဂါထာဟိ၊ ဤဂါထာတို့ဖြင့်သာလျှင်။
ပတ္တေယျံ၊ ဆုယူပန်ညောင်း တောင်းရလို၏။
ဣတိ၊ ဤတွင် အပြီးသတ်သတည်း။
သဗ္ဗာကာရေနာယံ ပရမတ္တသရူပဘေဒနီ နိဋ္ဌိတာ။
ပရမတ္ထသရူပဘေဒနီကျမ်း အလုံးစုံ ပြီး၏။
နောက်ဆက်တွဲ
(သိမှတ်ဖွယ်ရာ ခက်ဆစ် ရှင်းချက်များ)
ပိဏ္ဍပါတ် ဓုတင်၏ အကျိုးများ (နှာ-၁၃၂)
မိဿက ဘတ္တ = (မိဿက = ရောနှောသော။ ဘတ္တ = ထမင်း)
= တအိမ်တည်းမှ သီးသန့် လောင်းလိုက်သည့် ဆွမ်းမဟုတ်၊ အိမ် အသီးသီးတို့က လှူလိုက်သည့် သလေးဆွမ်း မယင်းဆန်ဆွမ်း ပြောင်းဆံဆွမ်း သားပြွမ်းဆွမ်း ထောပတ်ဆွမ်း စသည်တို့ ရောပြွမ်းနေသည့်ဆွမ်းမျိုး။
အန္တ ဇီဝိက = (အန္တ = ယုတ်ညံ့သော။ အောက်တန်းကျသော၊ ဇီဝိက = အသက်မွေးခြင်း)
= အိမ်ပေါင်းစုံတို့က ပေးကမ်း လှူဒါန်းလိုက်သည့် အရောရော အနှောနှော ဆွမ်းကို စားရခြင်းမှာ မိမိစိတ်ကြိုက် မဟုတ်နိုင်သဖြင့် ယုတ်ညံ့သော အသက်မွေးမှုဟု ခေါ်ခြင်းဖြစ်သည်။ တနည်းဆိုသော် - သူတပါးထံ တောင်းခံ၍ ရသော ဆွမ်းကိုသာ စားရခြင်းဖြစ်၍ ယုတ်ညံ့သော အသက်မွေးမှုဟု ခေါ်ခြင်း ဖြစ်သည်။
ပိဏ္ဍ ပါတ = (ပိဏ္ဍ = အစုအပေါင်း စုပေါင်းရောနှောသော ဆွမ်း။ ပါတ= ကျခြင်း သပိတ်ထဲသို့ကျခြင်း)
= ဆွမ်းခံ၍ရသောဆွမ်း (အိမ်အသီးသီးမှ လောင်းလှူသော ဆွမ်းအားလုံး စုပေါင်း၍ သပိတ်ထဲသို့ ကျရောက်သဖြင့် ပိဏ္ဍပါတ ဟု ခေါ်ခြင်း ဖြစ်သည်။)
ဓုတင် = ဓုတင်္ဂ = (က = ခါတွက်သည်။ ပယ်ခွါသည်။ အင်္ဂ = အကြောင်း)
= ကိလေသာကို ခါတွက်ခြင်းအကြောင်း။ ကိလေသာကို ပယ်ခွါခြင်းအကြောင်း။
ပိဏ္ဍပါတ်ဓုတင်
ရည်ညွှန်းလှူဒါန်းသော “ဥဒ္ဒသဘတ်”စသော ၁၄-ပါးသော ဘတ် “ထမင်း”ကို လက်မခံ၍ အစဉ် အမြဲမပြတ် ဆွမ်းခံလှည့်လည်၍ ဘုဉ်းပေး သုံးဆောင်ခြင်းသည် ပိဏ္ဍပါတိကဓုတင်မည်သည်။
(ပိဏ္ဍပါတိက = ဆွမ်းအလို့ငှါ သွားခြင်း အကျင့် ရှိသောပုဂ္ဂိုလ် = ဆွမ်းခံစားသော ပုဂ္ဂိုလ်) (ဘတ္တ = ဘတ် = ထမင်း)
ရသတဏှာကို ပယ်ခွါနိုင်ခြင်းအကျိုး
ပိဏ္ဍပါတ် ဓုတင်ဆောင် ပုဂ္ဂိုလ်သည် ဆွမ်းခံ၍ သပိတ်ထဲ၌ ပါလာသမျှသော အရောရော အနှောနှောသော ဆွမ်းကို ဘုဉ်းပေး သုံးဆောင်ရသည်။ ယင်းသို့ ဘုဉ်းပေး သုံးဆောင် ခြင်းအားဖြင့် မည်သည့်ဆွမ်းမျိုးကိုမှ စားချင်သည် ဟူသော အရာ၌ တွယ်တာ ကပ်ငြိသည့် ရသတဏှာကို ပယ်ခွါခြင်း ဖြစ်သည်။
ထို့ကြောင့် ပိဏ္ဍပါတ်ဓုတင်ဆောင် ပုဂ္ဂိုလ်သည် အမျိုးစုံ ရောနှောသော ဆွမ်းကို ဘုဉ်းပေး ရခြင်းအားဖြင့် ရသတဏှာကို ပယ်ခွါနိုင်ခြင်း ဟူသော အကျိုးကို ရရှိပေသည်။
မာနကို ပယ်နိုင်ခြင်းအကျိုး
ပိဏ္ဍပါတ် ဓုတင်ဆောင်သော ပုဂ္ဂိုလ်ဟူသည် ဆွမ်းခံ၍ အသက်မွေးရ၏၊ အသက် မွေးခြင်းတို့တွင် ဆွမ်းခံ၍ အသက်မွေးခြင်းသည် ယုတ်ညံ့၍ အောက်အကျဆုံး အသက် မွေးခြင်းဖြစ်သည်။ ယုတ်ညံ့ဆုံး အောက်အကျဆုံးဖြစ်သော အသက်မွေးခြင်းဖြင့် “ငါ” ဟူသော မာန တရားကို ပယ်ခွါသည်။
ထို့ကြောင့် ပိဏ္ဍပါတ် ဓုတင်ဆောင် ပုဂ္ဂိုလ်အား ယုတ်ညံ့၍ အောက်ကျဆုံး ဖြစ်သော အသက်မွေးခြင်းဖြင့် ငါ ဟူသော မာနတရားကို ပယ်ခွါနိုင်ခြင်း ဟူသော အကျိုး ကိုလည်း ရရှိလေသည်။
-
ပိဏ္ဍပါတ် ဓုတင်ဆောင်ပုဂ္ဂိုလ်သည် ဂဏဘောဇနဝိနည်း သိက္ခာပုဒ်ဖြင့် အာပတ် မသင့်၊ အပြစ်မဖြစ်နိုင်။
ဂဏဘောဇနသိက္ခာပုဒ် ဟူသည်ကား --
ဂဏ = အစုအပေါင်း
= ဤ သိက္ခာပုဒ်၌ ရဟန်း ၄-ပါးနှင့် ၄-ပါးအထက်ကို “ဂဏ”ဟု ပညတ်ထားသည်။ဘောဇန = စားဘွယ်
ဤ သိက္ခာပုဒ်၌ “ဘောဇန” ပုဒ်အရ စားဘွယ် ၅-မျိုးကို ဆိုလိုသည်။
ဘောဇဉ် ၅-မျိုးမှာ---
- သြဒန = ဆန်ကိုချက်သောထမင်း
- သတ္တု = ဆန်ဖြင့် ပြုလုပ်သော မုံ့
- ကုမ္မာသော = ဂျုံဖြင့် ပြုလုပ်သော မုံ့
- မစ္ဆော = ငါး စသော ရေသတ္တဝါတို့ အသားဖြင့် ချက်ပြုတ်အပ်သော စားဘွယ်များ
- မံသ = အသား ကုန်းသတ္တဝါ အသားဖြင့် ချက်ပြုတ်အပ်သော စားဘွယ်များ။
ရဟန်းတော်တို့ကို မအပ်သောနည်းဖြင့် ပင့်ဖိတ်ပုံ
ရဟန်းတို့ကိုးပင့်ဖိတ်ရာ၌ လူအချင်းချင်း ပြောဆို ပင့်ဖိတ်သည့် ဝေါဟာရဖြင့် ပင့်ဖိတ်လျှင် မအပ်သော ပင့်ဖိတ်ခြင်း ဖြစ်သည်။ “ထမင်းစားလာခဲ့ပါ၊ အမဲသားဟင်း စားရအောင် ကြွခဲ့ပါ။ ထမင်း သုံးဆောင်ရန် ကြွပါ”ဟူသော လူတို့ ဝေါဟာရ အသုံးအနှုန်းဖြင့် ပင့်ဖိတ်လျှင် မအပ်သော ပင့်ဖိတ်ခြင်းဖြစ်သည်။ “ထမင်း စားပါ လာခဲ့ပါ” ဟူသော အသုံးအနှုန်းဖြင့် ရဟန်းတော်တို့ကို မပင့်ဖိတ်အပ်။ “ဆွမ်း ဘုဉ်းပေးပါ ကြွပါ”ဟူသော ဝေါဟာရ တို့သည်သာ အပ်ပေသည်။
ရဟန်းတော်တို့ကို အပ်သော နည်းဖြင့် ပင့်ဖိတ်ပုံ
အရှင်ဘုရား -- ဆွမ်းဘုဉ်းပေး ကြွတော်မူပါဟု ပင့်ဖိတ်လျှင်သာ ရဟန်းတို့နှင့် အပ်သော ဝေါဟာရစကား အသုံးအနှုန်းများ ဖြစ်သည်။
ဂဏဘောဇန
ရဟန်း ၄-ပါးနှင့် ၄-ပါးအထက် ရဟန်းအစုကို မအပ်သော နည်းဖြင့် ပင့်ဖိတ်၍ ကျွေးသော အစားအစာကို “ဂဏဘောဇန”ဟု ခေါ်သည်။
ဂဏဘောဇနသိက္ခာပုဒ်
ရဟန်း ၂-ပါး ၃-ပါးအစုကို မအပ်သောနည်းဖြင့် ဆွမ်းစား ပင့်ဖိတ်လျှင် ထိုအစာကို ခံယူသုံးဆောင် ကောင်းသည်။ အပြစ်မရှိချေ။ (ဤ ဂဏဘောဇန သိက္ခာပုဒ်အရ အပြစ် မရှိငြားသော်လည်း “အကပ္ပိယ ဒုက္ကဋ် အာပတ်” သင့်သည်။) ရဟန်း ၄-ပါးနှင့် ၄-ပါး အထက် ပိုသော ရဟန်းအစုကို မအပ်သောနည်းဖြင့် ပင့်ဖိတ်လျှင် ယင်း အစားအစာကို လက်မခံရဟု မြတ်စွာဘုရားသခင်က ပညတ်တော် မူသည်။ ၄-ပါး တစုတည်းပေါင်း၍ ခံယူလျှင် အပြစ်ဖြစ်သည်ဟု “ဂဏဘောဇန” သိက္ခာပုဒ်ကို ပညတ်တော်မူသည်။ (အထူး အခွင့် ပေးထားသည့်အခါ အတွက်သာ “ဂဏ ဘောဇန” ကို လက်ခံ စားသုံးနိုင်သည်။ ထို ကာလများမှတပါး သာမည ကာလ၌ လက်မခံရ။)
“ပိဏ္ဍပါတ်ဓုတင်ဆောင်ပုဂ္ဂိုလ်၌ ဂဏဘောဇန သိက္ခာပုဒ်အတွက် အပြစ် မရှိနိုင်ခြင်း”
ပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်းအား ဆွမ်းခံလှည့်လည်၍သာ သုံးဆောင်သဖြင့် ပင့်ဖိတ်မှုကို လက်ခံခြင်း မရှိသောကြောင့်၎င်း ကိုယ်တိုင် မအပ်သော တောင်းခြင်းဖြင့် တောင်းခြင်း မရှိသောကြောင့်၎င်း ဤ ဂဏဘောဇနသိက္ခာပုဒ်ဖြင့် အာပတ်မသင့်နိုင်ခြင်း ဟူသော အကျိုးကိုရရှိသည်။
(ဝိ၊၂၊နှာ-၉၇-၁၀၂။ ဝိ၊ဋ္ဌ၊၃၊နှာ-၇၈-၈၃။)
-
ပိဏ္ဍပါတ် ဓုတင်ဆောင် ရဟန်းသည် ပရမ္ပရာဇနသိက္ခာပုဒ်ဖြင့် အာပတ် မသင့်နိုင်။ အပြစ် မဖြစ်နိုင်။
ပရမ္ပရဘောဇနသိက္ခာပုဒ် ဟူသည်ကား---
ပရမ္မရ = (ပရ = နောက်။ ပရ = နောက်)
ဘောဇန = စားဘွယ်။ ဆွမ်း ဘောဇဉ်။
ပရမ္ပရဘောဇန = ဒါယကာ တဦးက အရင်လာ၍ ပင့်ဖိတ်ပြီးနောက်မှ အခြား ဒါယကာ တို့က လာရောက်၍ ပင့်ဖိတ် လှူဒါန်းသောဘောဇဉ်။
သိက္ခာ = အကျင့်
ပဒ = စကား
သိက္ခာပဒ = ရဟန်းတို့ ကျင့်ရမည်ဟု ပညတ်အပ်သောစကား။
ပရမ္ပရဘောဇနသိက္ခာပုဒ်
အပ်သော ပင့်ဖိတ်နည်းဖြင့် ဒါယကာတဦးက ပင့်ဖိတ်ပြီးနောက် အခြားဒါယကာတို့ ကလည်း မအပ်သောနည်းဖြင့် လာရောက် ပင့်ဖိတ်ပါလျှင် နောက် ဒါယကာ၏ ဆွမ်းကို ရှေးဦးစွာ လက်ခံသုံးဆောင်ခြင်း မပြုရ။ လက်ခံ သုံးဆောင်လျှင် အာပတ် သင့်သည် အပြစ် ဖြစ်သည်-ဟု “ပရမ္ပရဘောဇနသိက္ခာပုဒ်”ကို ဘုရားရှင် ပညတ်တော်မူသည်။
(နောက် ဒါယကာက အပ်သောနည်းဖြင့် ပင့်ဖိတ်ပါမူကား သုံးဆောင်ကောင်း၏၊ ပရမ္ပရဘောဇနသိက္ခာပုဒ်အရ အပြစ်မရှိချေ။ သို့ရာတွင် ရှေ့ပင့်ထားသူ ဒါယကာအိမ်သို့ “ကြွခဲ့မည်”ဟု ဝန်ခံထားလျှင်တော့ ယင်းအိမ်သို့ သွားရမည်။ မသွားလျှင် ဒုက္ကဋ် အာပတ်သင့်သည်။)
“ပိဏ္ဍပါတ်ဓုတင်ဆောင်ရဟန်း၌ ပရမ္ပရဘောဇနသိက္ခာပုဒ်အရ အပြစ်မရှိနိုင်ခြင်း”
ဆွမ်းခံလှည့်လည်၍ သုံးဆောင်ခြင်း “ပိဏ္ဍပါတ်ဓုတင်” ဆောက်တည်နေ သောရဟန်း မှာမူပင့်ဖိတ်မှုကို လက်ခံခြင်း မရှိသောကြောင့် ဤပရမ္ပရဘောဇန သိက္ခာပုဒ်ဖြင့် အာပတ် မသင့်နိုင်ခြင်းဟူသော အကျိုးကို ရရှိပေသည်။
(ဝိ၊ ၂၊နှာ-၁ဝ၂-၁၀၆။ ဝိ၊ဋ္ဌ၊၃၊နှာ-၈၃-၈၆။)
-
ပိဏ္ဍပါတ်ဓုတင်ဆောင်ပုဂ္ဂိုလ်သည် စာရိတ္တသိက္ခာပုဒ်ဖြင့် အာပတ် မသင့် အပြစ် မဖြစ်နိုင်။
စာရိတ္တ = (စရ = လှည့်လည်သွားလာခြင်း။ စာရီ = လှည့်လည်သွားလာသူ။ တ္တ= အဖြစ်) လှည့်လည်သွားခြင်း ရှိသူ၏အဖြစ်။ လှည့်လည် သွားလာခြင်း။
စာရိတ္တသိက္ခာပုဒ်
ဒါယကာတဦး၏ မအပ်သောနည်းဖြင့် “ထမင်းစား လာပါ” စသည်ဖြင့် ပင့်ဖိတ်မှုကို လက်ခံထားပြီးဖြစ်မူ အနီးအနားရှိ ရဟန်းတပါးပါးကို မပန်ကြား မပြောဆိုမူ၍ ပင့်ထားသော ဒါယကာအိမ်သို့ မကြွပဲ တခြားအိမ်သို့ လှည့်လည် သွားလာနေခဲ့လျှင် စာရိတ္တ သိက္ခာပုဒ်ဖြင့် အပြစ်ရှိသည်။
အထူး အခွင့်အရေး ပေးထားသည့်အခါ၌သာ ဤ စာရိတ္တသိက္ခာပုဒ်အရ အပြစ်မရှိပေ-ဟု ဘုရားရှင် ပညတ်တော်မူသည်။
ချွင်းချက်
ဘောဇဉ် ၅-မျိုးမှတပါး အခြားစားဘွယ် ခဲဘွယ်ဖြစ်လျှင်မူကား မည်သည့်နည်းဖြင့် ပင့်ဖိတ်စေကာမူ အိမ်လျှောက်လည် နေသော်လည်း ဤ စာရိတ္တသိက္ခာပုဒ်ဖြင့် အပြစ် မဖြစ်ပေ။
ထို့ပြင် အပ်သောနည်းဖြင့် ပင့်ဖိတ်လျှင် အချိန်နောက်ကျသော်လည်း ဤစာရိတ္တ သိက္ခာပုဒ်ဖြင့် အပြစ်မဖြစ်။ (ထိုမအပ်သော ပင့်ဖိတ်နည်းဖြင့် ပင့်ဖိတ်ထားသော ဘတ် = ထမင်းကို ရဟန်း ၄-ပါး ၄-ပါး ထက်အလွန် တပေါင်းတည်း တစုတည်း ခံယူသော် ဂဏဘောဇနသိက္ခာပုဒ်အရ အပြစ်ရှိသည်။)
“ပိဏ္ဍပါတ်ဓုတင်ဆောင်ပုဂ္ဂိုလ်၌ စာရိတ္တသိက္ခာပုဒ်အရ အပြစ်မရှိနိုင်ခြင်း”
ဆွမ်းခံလှည့်လည်၍ သုံးဆောင်ခြင်း တည်းဟူသော “ပိဏ္ဍပါတ်ဓုတင်” ဆောက်တည် နေသော ရဟန်းအတွက်မှာမူ ပင့်ဖိတ်မှုကို လက်ခံခြင်း မရှိသောကြောင့် ဤစာရိတ္တ သိက္ခာပုဒ်ဖြင့် အာပတ်မသင့်နိုင်ခြင်း ဟူသော အကျိုးကို ရရှိပေသည်။
(ဝိ၊ ၂၊နှာ-၁၃၁-၁၃၅။ ဋ္ဌ၊ ၃၊ နှာ-၁၂၃-၁၂၄။)
“စရိုက် ၆-ပါးကို အကျယ် ၆၃-ပါးဖြင့် ဝေဖန်ပြခြင်း(နှာ-၁၆၇)”
စရိယာ=စရိတ=စရိုက်
ပင်ကိုယ် ဖြစ်ရိုးဖြစ်စဉ် ဖြစ်နေကျထက် လွန်ကဲ ပိုမို၍ အဖြစ်များခြင်းကို “စရိယာ” (=စရိုက်) ဟု ခေါ်သည်။
ထိုစရိုက်သည် အကြမ်းအားဖြင့် ရာဂ စရိုက်၊ ဒေါသ စရိုက်၊ မောဟ စရိုက်၊ သဒ္ဓါ စရိုက်၊ ဗုဒ္ဓိ စရိုက်၊ ဝိတက္က စရိုက်ဟူ၍ ၆-မျိုး ရှိသည်။
ရာဂ စရိုက် ရှိသူသည် ဒေါသ မောဟ ဖြစ်လောက်သည့် အာရုံမျိုး၌ ဒေါသ မောဟ မဖြစ်အောင် ချုပ်တည်း အောင့်အည်း သိမ်းဆည်းနိုင်သော်လည်း ရာဂဖြစ်လောက်သည့် အာရုံ၌ကား မချုပ်တည်း မအောင့်အည်း မသိမ်းဆည်းနိုင်ပဲ ရှိ၏။ အခြား ဒေါသစရိုက် စသည်ရှိသူများလည်း ဤနည်းနှင်နှင်ပင်။
စရိုက်အပြား ၆၃-ပါး
ဤ စရိုက်တို့သည် သတ္တဝါတဦးလျှင် တမျိုးကျစီသာ ရှိရမည်ဟု လှေနံ ဓားထစ် မဟုတ်ချေ၊ မည်သည့်ပုဂ္ဂိုလ်၌ မည်သည့်စရိုက်သာ ရှိသည်ဟု အတိအကျ မဆိုနိုင်။ အချို့မှာ ၂-မျိုး ၃-မျိုး စသည်ဖြင့် အရောရော အနှောနှောပင် ရှိတတ်၏။ ထို့ကြောင့် ပုဂ္ဂိုလ် အမျိုးမျိုးအလိုက် စရိုက် အမျိုးမျိုး ပြားရသည် ဖြစ်၍ စရိုက်အပြား ၆၃-ပါး ဖြစ်ရလေသည်။
ထိုတွင် --
ရာဂါဒိတိက်စရိုက် ၇-ပါး,
သဒ္ဓါဒိတိက် စရိုက် ၇-ပါး,
မိဿက စရိုက် ၄၉-ပါး ဟူ၍ ရှိလေတော့သည်။
ရာဂါဒိတိက်စရိုက် ၇-ပါး
ရာဂ ဒေါသ မောဟ ၃-ပါး၌ တပါးစီအားဖြင့်၎င်း၊ ထိုက်သလို ရောနှော၍၎င်း အောက်ပါ အတိုင်း ဖြစ်သည်။
- ရာဂ စရိုက်။
- ဒေါသ စရိုက်။
- မောဟ စရိုက်။
- ရာဂ-ဒေါသ စရိုက်။
- ရာဂ- မောဟ စရိုက်။
- ဒေါသ- မောဟ စရိုက်။
- ရာဂ-ဒေါသ-မောဟ စရိုက် -
အားဖြင့် စရိုက် ၇-ပါး ပြားသည်။ (ဤ၌ စရိုက် ၁-မျိုးရှိသူ ၂-မျိုးရှိသူ ၃-မျိုးရှိသူအားဖြင့် ရာဂ ဒေါသ မောဟ နှင့်စပ်၍ ပုဂ္ဂိုလ် ၇မျိုးအလိုက် စရိုက် ၇-မျိုးပြားလေသည်။)
သဒ္ဓါဒိတိက်စရိုက် ၇-ပါး
သဒ္ဓါ, ဗုဒ္ဓိ ဝိတက္က ၃-ပါး၌ တပါးစီအားဖြင့်၎င်း၊ ထိုက်သလို ရောနှော၍၎င်း အောက်ပါ အတိုင်း ပြားပြန်သည်။
- သဒ္ဓါ စရိုက်။
- ဗုဒ္ဓိ စရိုက်။
- ဝိတက္က စရိုက်။
- သဒ္ဓါ-ဗုဒ္ဓိ စရိုက်။
- သဒ္ဓါ-ဝိတက္က စရိုက်။
- ဗုဒ္ဓိ-ဝိတက္က စရိုက်။
- သဒ္ဓါ- ဗုဒ္ဓိ-ဝိတက္က စရိုက် --
အားဖြင့် စရိုက် ၇-ပါး ပြားသည်။ (ဤ၌ စရိုက် ၁-မျိုးရှိသူ၊ ၂-မျိုးရှိသူ၊ ၃-မျိုးရှိသူအားဖြင့် သဒ္ဓါ ဗုဒ္ဓိ ဝိတက္ကနှင့် စပ်၍ ပုဂ္ဂိုလ် ၇-မျိုးအလိုက် စရိုက် ၇-မျိုး ပြားရခြင်း ဖြစ်သည်။)
ရာဂါဒိတိက်စရိုက် ၇-ပါးနှင့် သဒ္ဓါဒိတိက်စရိုက် ၇-ပါးကိုပေါင်း ၁၄-ပါး ဖြစ်သည်။
မိဿက စရိုက် ၄၉-ပါး
မိဿကစရိုက်သည် --
ဧကမူ၌ ၂၁-ပါး,
ဒွိမူ၌ ၂၁-ပါး,
တိမူ၌ ၇-ပါး အားဖြင့် ၄၉-ပါး ရှိသည်။
ဧကမူ၌ စရိုက် ၂၁-ပါး
ရာဂကိုမူတည်၍ သဒ္ဓါစသည်ကို မူလီသွတ်လျှင် --
- ရာဂ- သဒ္ဓါ စရိုက်။
- ရာဂ-ဗုဒ္ဓိ စရိုက်။
- ရာဂ-ဝိတက္ကစရိုက်။
- ရာဂ- သဒ္ဓါ- ဗုဒ္ဓိ စရိုက်။
- ရာဂ- သဒ္ဓါ - ဝိတက္က စရိုက်။
- ရာဂ- ဗုဒ္ဓိ - ဝိတက္က စရိုက်။
- ရာဂ- သဒ္ဓါ-ဗုဒ္ဓိ - ဝိတက္က စရိုက်အားဖြင့် ၇-မျိုးပြားသည်။
ထို့အတူ ဒေါသကို မူတည်၍ သဒ္ဓါ စသည်ကို မူလီသွတ်လျှင် ဒေါသ-သဒ္ဓါ စရိုက် စသည်ဖြင့် ၇-မျိုးပြားသည်။
မောဟကို မူတည်၍ သဒ္ဓါ စသည်ကို မူလီသွတ်လျှင်လည်း မောဟ-သဒ္ဓါ စရိုက် စသည်ဖြင့် ၇-မျိုးပင် ပြားသည်။
ဤလျှင် ဧကမူ၌ ၇x၃-လီ ၂၁-ပါး ရ၏။
ဒွိမူ၌ စရိုက် ၂၁-ပါး
ရာဂ ဒေါသကို မူတည်၍ သဒ္ဓါ စသည်ကို မူလီ သွတ်လျှင်...
- ရာဂ-ဒေါသ-သဒ္ဓါ စရိုက်။
- ရာဂ-ဒေါသ-ဗုဒ္ဓိ စရိုက်။
- ရာဂ- ဒေါသ-ဝိတက္က စရိုက်။
- ရာဂ- ဒေါသ- သဒ္ဓါ -ဗုဒ္ဓိ စရိုက်၊
- ရာဂ-ဒေါသ- သဒ္ဓါ-ဝိတက္က စရိုက်။
- ရာဂ-ဒေါသ ဗုဒ္ဓိ-ဝိတက္က စရိုက်။
- ရာဂ - ဒေါသ-သဒ္ဓါ-ဗုဒ္ဓိ-ဝိတက္က စရိုက် အားဖြင့် ၇မျိုး ပြားသည်။
ထိုအတူ ရာဂ-မောဟကို မူတည် သဒ္ဓါ စသည်ကို မူလီသွတ်၍ ရာဂ-မောဟ- သဒ္ဓါ စရိုက် စသည်ဖြင့် ၇-မျိုးသည်။
ဒေါသ-မောဟကို မူတည် သဒ္ဓါ စသည်ကို မူလိသွတ်၍လည်း ဒေါသ- မောဟ-သဒ္ဓါ စရိုက် စသည်ဖြင့် ၇-မျိုးပြားသည်။
ဤသို့လျှင် ဒွိမူ၌လည်း ၇x၃-လီ ၂၁-ပါးပင် ရ၏။
တိမူ၌ စရိုက် ၇-ပါး
ရာဂ ဒေါသ မောဟ ၃-ပါးကို မူတည်၍ သဒ္ဓါစသည်ကို မူလီသွတ်ရန်ကား--
- ရာဂ ဒေါသ မောဟ-သဒ္ဓါ စရိုက်။
- ရာဂ ဒေါသ မောဟ-ဗုဒ္ဓိ စရိုက်။
- ရာဂ ဒေါသ မောဟ-ဝိတက္က စရိုက်။
- ရာဂ ဒေါသ မောဟ-သဒ္ဓါ-ဗုဒ္ဓိ စရိုက်။
- ရာဂ ဒေါသ မောဟ-သဒ္ဓါ-ဝိတက္က စရိုက်။
- ရာဂ ဒေါသ မောဟ-ဗုဒ္ဓိ- ဝိတက္က စရိုက်။
- ရာဂ ဒေါသ မောဟ-သဒ္ဓါ-- ဗုဒ္ဓိ-ဝိတက္က စရိုက်
ဟူ၍ တိမူ၌ စရိုက် ၇-မျိုး ပြားသည်။
ဤသို့လျှင် ဧကမူ၌ ၂၁-ပါး။
ဒွိမူ၌ ၂၁-ပါး။
တိမူ၌ ၇-ပါး။
ပေါင်းသော် မိဿက စရိုက် ၄၉-ပါး ဖြစ်သည်။
ရာဂါဒိတိက်စရိုက် ၇-ပါး,
သဒ္ဓါဒိတိက် စရိုက် ၇-ပါးတို့နှင့်
မိဿက စရိုက် ၄၉-ပါးကို ပေါင်းသော်
စရိုက်အပြား ၆၃-ပါး ဖြစ်သည်။
(ဋီကာကျော် ၊နှာ-၂၅၆-၇။ မဏိသာရ မဉ္ဇူ၊ဒု၊နှာ-၄၇၄-၄၇၅။)
“ပဋိဘာဂနိမိတ် ရကောင်းသော ကမ္မဋ္ဌာန်း ၂၂-ပါး (နှာ-၁၇၁)”
ပဋိဘာဂနိမိတ် ရကောင်းသော အာရုံများမှာ --
- ကသိုဏ်း . . . . . ၁၀-ပါး
- အသုဘ . . . . . . ၁၀-ပါး
- ကာယဂတာသတိ . . ၁-ပါး
- အာနာပါနဿတိ . . . ၁-ပါး
ဤ ၂၂-ပါးသော ကမ္မဋ္ဌာန်းအာရုံ၌ ပဋိဘာဂနိမိတ် ရသည်။
“ပဋိဘာဂနိမိတ် မရကောင်းသော အာရုံများ”
ဗုဒ္ဓါနုဿတိ ဓမ္မာနုဿတိ သံဃာနုဿတိ သီလာနုဿတိ စာဂါနုသာတိ ဒေဝတာဿတိ ဥပသမာနုဿတိ မရဏာနုဿတိ ဟူသော --
- အနုဿတိ . . . . . . ၈-ပါး
- အပ္ပမညာ . . . . . . . ၄-ပါး
- အာဟာရေပဋိကူလသညာ . ၁-ပါး
- စတုဓာတု၀၀တ္ထာန် . . . ၁-ပါး
- အာရုပ္ပ . . . . . . . . ၄-ပါး
ဤ ၁၈-ပါးသော ကမ္မဋ္ဌာန်းအာရုံ၌ ပဋိဘာဂနိမိတ်ကို မရပေ။
ပရိကမ္မနိမိတ်
ဘာဝနာ စတင် ပွါးများသူ ယောဂီ၏ ရှေးဦးအစဆုံး ပြုရသော အာရုံသည် ပရိကမ္မနိမိတ် ဖြစ်သည်။ ကမ္မဋ္ဌာန်း စ၍ စီးဖြန်းသည့်အခါ အာရုံပြုအပ်သော ပထဝီကသိုဏ်းဝန်း စသည်ကိုပင် ပရိကမ္မနိမိတ် ဟု ခေါ်သည်။
(ပရိကမ္မ = ပရိကမ္မဘာဝနာ။ နိမိတ္တ = အကြောင်းအာရုံ။ ပရိ = ရှေးဦးစွာ။ ကမ္မ = ပြုခြင်း။ ပရိကမ္မ = ရှေးဦးစွာပြု စီမံခြင်း)။
ဥဂ္ဂဟနိမိတ်
ကမ္မဋ္ဌာန်း စီးဖြန်း၍ စိတ်ထဲ၌ အတော်စွဲလမ်းသည့် အခါ၌ ယင်း ကမ္မဋ္ဌာန်းကို မျက်စိဖြင့် တိုက်ရိုက် မကြည့်တော့ပဲ စိတ်၌ တန်းတန်းမတ်မတ် ထင်ထင်ရှားရှား ယူနိုင်လာသည်။ ထို အာရုံသည်ပင် ဥဂ္ဂဟ နိမိတ်မည်သည်။ (ဥဂ္ဂဟ = စိတ်၌ ယူအပ်ခြင်း)။
ပဋိဘာဂနိမိတ်
မူလစီစဉ်ထားသော ကသိုဏ်း စသည်နှင့် တူစွာ အစွန်းအထင်း မရှိ စင်စင်ကြယ်ကြယ် ပြိုးပြိုးပြက်ပြက် အရောင်အလင်းဖြင့် တောက်ပစွာ စိတ်၌ ထင်ပေါ်လာသော အာရုံသည် ပဋိဘာဂနိမိတ် မည်၏။ (ပဋိဘာဂ- အတူ၊ အတု)။
အထူးသတိပြုရန်အချက်
ပဋိဘာဂ နိမိတ်သည် ဥဂ္ဂဟနိမိတ်၏ မြင့်မြတ် ထူးခြား စင်ကြယ်သော အဆင့်ပင် ဖြစ်သည်။ ဥဂ္ဂဟနိမိတ်မရှိပါက ပဋိဘာဂနိမိတ် မဖြစ်ပေါ်နိုင်ပေ။ ပဋိဘာဂနိမိတ်ဖြစ်ပေါ် ခြင်း၌ ဥဂ္ဂဟနိမိတ်အစစ် အခြေခံသည်။
ကမ္မဋ္ဌာန်း၌ နိမိတ် ၃-ပါး ရပုံ
▬▬▬▬▬▬▬▬▬▬
“ပရိကမ္မနိမိတ်နှင့် ဥဂ္ဂဟနိမိတ် ရကောင်းသော ကမ္မဋ္ဌာန်းများ”
ထို နိမိတ် ၃-ပါးတွင် ပရိကမ္မနိမိတ်နှင့် ဥဂ္ဂဟ နိမိတ်များကို ကမ္မဋ္ဌာန်း ၄၀-လုံး၌ပင် ရကောင်းသည်။ သို့သော်ငြားလည်း တချို့ ကမ္မဋ္ဌာန်း၌ ပရိကမ္မနိမိတ်ဖြစ်သည့် အခိုက် အတန့်နှင့် ဥဂ္ဂဟနိမိတ်ဖြစ်ပေါ်သည့် အခိုက်အတန့် တို့ကို အတိအကျကန့်သတ်၍ မုချအားဖြင့် ခွဲခြားရကောင်းသည်။ တချို့ ကမ္မဋ္ဌာန်း၌မူကား ပရိယာယ် အားဖြင့်သာ ခွဲခြား၍ ရကောင်းသည်။ တင်ရှားစေအံ့ --
.
ပရိကမ္မနိမိတ်
▬▬▬▬▬
ပထဝီကသိုဏ်းဝန်းကို စီမံပြီးလျှင် “ပထဝီ ပထဝီ” ဟု နှုတ်ဖြင့် ရွတ်၍၎င်း မျက်စိဖြင့် စူးစိုက်ကြည့်ရှု၍၎င်း ပွါးများနေဆဲ အခါ၌ ယင်း ပထဝီကသိုဏ်းဝန်းကို ပရိကမ္မနိမိတ်-ဟု ခေါ်သည်။
ထို့နောက် ပထဝီကသိုဏ်းဝန်း အနားမှ ခွါခဲ့၍ အခြားသင့်လျော်ရာအရပ်၌ ထို ပထဝီကသိုဏ်းဝန်းကို ဆင်ခြင်ပြီးလျှင် စီးဖြန်းသည့်အခါ ပကတိမျက်စိဖြင့် ကြည့်မြင် နေရဘိသကဲ့သို့ စိတ်၌ ထင်ထင်ရှားရှား ယူနိုင်လေသည်။ ထိုသို့ စိတ်၌ ယူအပ်သော ပထဝီကသိုဏ်းဝန်းသည် ဥဂ္ဂဟနိမိတ် အစစ်တည်း။
ပဋိဘာဂနိမိတ် ရကောင်းသော ကမ္မဋ္ဌာန်း ၂၂-ပါးတို့၌ မုချအားဖြင့် ပရိကမ္မနိမိတ်, ဥဂ္ဂဟနိမိတ် ၂-ပါး ရကောင်းသည်။
.
ပဋိဘာဂနိမိတ် မရခြင်း အကြောင်း
▬▬▬▬▬▬▬▬▬▬▬▬
ပဋိဘာဂ နိမိတ် မရကောင်းသော ဗုဒ္ဓါနုသာတိ စသည်၌ကား မှုလစ၍ စီးဖြန်းစဉ် အခါကပင် စိတ်ဖြင့်မှန်း၍ စီးဖြန်းရခြင်း ဖြစ်သည်။ ပကတိမျက်စိဖြင့် ကြည့်မြင်ရသကဲ့သို့ မမြင်စကောင်းပေ။ ထို့ကြောင့် မည်သည့် အခိုက်အတန့်ကို ပရိကမ္မနိမိတ် မည်သည့် အခိုက်အတန့်ကို ဥဂ္ဂဟနိမိတ်-ဟု အတိအကျ မုချ အားဖြင့် မခွဲခြားနိုင်။ ဂုဏ်တော် စသော အာရုံများ စိတ်ထဲ၌ ကောင်းစွာ မထင်ရှားသေးခင် အာရုံပြုအပ်သော အာရုံကို ပရိကမ္မနိမိတ်၊ စိတ်ထဲ၌ ကောင်းစွာ ထင်ရှားလာသည့်အခါ ပြုအပ်သော အာရုံကို ဥဂ္ဂဟနိမိတ် - ဟူ၍ ပရိယာယ်အားဖြင့်သာ ခွဲခြား၍ ရကောင်းခြင်း ဖြစ်သည်။ မုချအားဖြင့်မရနိုင်။
ထို့ကြောင့် ဗုဒ္ဓါနုဿတိ စသော ကမ္မဋ္ဌာန်း ၁၀-ပါးတို့၌ မုချ ဥဂ္ဂဟနိမိတ် အခြေခံရှိသည့် ပဋိဘာဂနိမိတ် မရနိုင်ခြင်း ဖြစ်သည်။
.
“ပဋိဘာဂနိမိတ်ရခြင်း မရခြင်းအကြောင်း တနည်း”
ဗုဒ္ဓါနုဿတိ စသော ကမ္မဋ္ဌာန်းများ၌ စီးဖြန်းခါစ၌လည်း ဘုရားဂုဏ်ကိုသာ အာရုံပြု ရသည်။ အသားကျသည့် အခါ၌လည်း ဘုရားဂုဏ်ပင်ဖြစ်၍ တမျိုးတဖုံ အာရုံအတု ထင်လာဖွယ် မရှိတော့ချေ။ ပကတိ ဘုရားဂုဏ် စသော အာရုံများသာလျှင် ထင်ရှားစွာ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ထို့ကြောင့် --
ဗုဒ္ဓါနုဿတိ စသော အနုဿတိ ၈-ပါး,
အာဟာရေ ပဋိကူလ သညာ,
စတုဓာတုဝဝတ္ထာန်,
ဗြဟ္မဝိဟာရ ၄-ပါး,
အာရုပ္ပ ၄-ပါး၊
ဤ ၁၈-ပါးသော ကမ္မဋ္ဌာန်းတို့၌ ပဋိဘာဂနိမိတ် မရနိုင်။
ကသိုဏ်း ၁၀-ပါး,
အသုဘ ၁၀-ပါး,
ကာယဂတာသတိ,
အာနာပါနဿတိ-
ဟူသော ကမ္မဋ္ဌာန်း ၂၂-ပါး၌သာ ပဋိဘာဂနိမိတ်များရကောင်းသည်။
.
“ပရမတ်နိမိတ်နှင့် ပညတ်နိမိတ် အစုံရသည့် ကမ္မဋ္ဌာန်း၌သာ ပဋိဘာဂနိမိတ် ရနိုင်ခြင်း”
အဘယ်ကြောင့် ကသိုဏ်း စသော ၂၂-ပါးသော ကမ္မဋ္ဌာန်း၌ ပဋိဘာဂ နိမိတ်ကို ရအပ်သနည်း ဟူမူ --
ကသိုဏ်းစသော ၂၂-ပါးသော ကမ္မဋ္ဌာန်းတို့၌ ရှေ့အဘို့မှာ ပရမတ်နိမိတ်ဖြစ်၍ နောက်အဘို့မှာ အလားတူ ပညတ်နိမိတ် ဟူသော နိမိတ် ၂-ပါးတို့ကို ရအပ်သောကြောင့် ကသိုဏ်း စသော ၂၂-ပါးသော ကမ္မဋ္ဌာန်းတို့၌ ပဋိဘာဂနိမိတ်ကို ရအပ်သည်။
အဘယ်ကြောင့် ဗုဒ္ဓါနုဿတိ စသော ၁၈-ပါးသော ကမ္မဋ္ဌာန်းတို့၌ ပဋိဘာဂနိမိတ်ကို မရအပ်သနည်း --
ဤ ဗုဒ္ဓါနုဿတိ စသော ၁၈-ပါးသော ကမ္မဋ္ဌာန်းတွင် ဗြဟ္မဝိဟာရ ၄-ပါး ပထမရုပ္ပ တတိယာရုပ္ပ ဟူသော ကမ္မဋ္ဌာန်း ၆-ပါးတို့၌ ပညတ်နိမိတ်ကိုသာ ရနိုင်သည်။
ဗုဒ္ဓါနုဿတိ စသော- အနုသတိ ၈-ပါး ဧကသညာ ဧက၀၀တ္ထာန် ဒုတိယာရုပ္ပ စတုတ္ထာရုပ္ပ ဟူသော ကမ္မဋ္ဌာန်း ၁၂-ပါးတို့၌ ရှေ့-နောက် အလုံးစုံသော အဘို့တို့မှာ ပရမတ်နိမိတ် ကိုသာ ရသည်။
နိမိတ်တူ သီးခြား မရနိုင် မဖြစ်ပေါ်လာနိုင်သောကြောင့် ဗုဒ္ဓါနုဿတိ စသော ကမ္မဋ္ဌာန်း ၁၈-ပါးတို့၌ ပဋိဘာဂနိမိတ်ကို မရအပ်။
ဋီကာကျော်၊ နှာ-၂၆၂။ မဏိသာရမဉ္ဇူ၊ ဒု၊နှာ-၄၉၈။
.
ကသိုဏ်းနိမိတ်ကိုချဲ့၍ ပွါးများပုံ (နှာ-၂၀၇)
▬▬▬▬▬▬▬▬▬▬▬▬
ပရိကမ္မနိမိတ်
▬▬▬▬▬
ကမ္မဋ္ဌာန်းစ၍ စီးဖြန်းသည့်အခါ အာရုံပြုအပ်သော ပထဝီ ကသိုဏ်းဝန်း စသော အာရုံ များသည် ပရိကမ္မနိမိတ် မည်၏။ ယင်းအာရုံများမှာ မျက်စိဖြင့် တိုက်ရိုက် မြင်သိ နေရသည့် နိမိတ်များ ဖြစ်သည်။
.
ဥဂ္ဂဟနိမိတ်
▬▬▬▬
မျက်စိဖြင့် တိုက်ရိုက်မကြည့်တော့ပဲ ယင်း ပရိကမ္မအာရုံကို စိတ်ဖြင့် ဆင်ခြင်သောအခါ မျက်စိဖြင့် ကြည့်၍ မြင်ရသကဲ့သို့ပင် စိတ်ထဲမှာ တန်းတန်းမတ်မတ် ထင်ထင်ရှားရှား ပေါ်လာသည့် ပထဝီကသိုဏ်းဝန်း စသော အာရုံသည် ဥဂ္ဂဟ နိမိတ်ဖြစ်သည်။ မနောဒွါရဖြင့် ယူအပ်သောကြောင့် ဥဂ္ဂဟနိမိတ် မည်သည်။ (ဥဂ္ဂဟ = ယူအပ်ခြင်း၊ နိမိတ္တ = အာရုံ။)
.
ပဋိဘာဂနိမိတ်
▬▬▬▬▬
(ပဋိဘာဂ = အတူ၊ အတု) မူလမျက်စိဖြင့် မြင်ရသည့် ပရိကမ္မနိမိတ် ဟူသော မူလ ကသိုဏ်းဝန်း အခြေခံပြီး မနောဒွါရ၌ ယူအပ်သည့် ဥဂ္ဂဟနိမိတ်နှင့် အလားတူစွာ ယင်း ဥဂ္ဂဟနိမိတ်ထက် အဆပေါင်း မြောက်များစွာ ပြတ်ပြတ်သားသား ထင်ထင်ရှားရှား အစွန်း အထင်း မရှိ စင်စင်ကြယ်ကြယ် ပြိုးပြိုးပြက်ပြက် စိတ်ထဲမှာ ပေါ်လာသော အာရုံသည် ပဋိဘာဂနိမိတ်ဖြစ်သည်။ မျက်စိဖြင့် မြင်အပ်သော ပရိကမ္မနိမိတ် အရင်း ခံသည့် ဥဂ္ဂဟနိမိတ်နှင့် အလားတူသောကြောင့် ပဋိဘာဂနိမိတ်မည်သည်။
.
ပဋိဘာဂနိမိတ်ကို ချဲ့ပွါးရခြင်း
▬▬▬▬▬▬▬▬▬▬▬
ထို ပဋိဘာဂနိမိတ်ကို ရသည်နှင့် တပြိုင်နက် ဥပစာရသမာဓိသို့ ရောက်သည်။ ယင်း ပဋိဘာဂနိမိတ် ခိုင်မြဲတည်တံ့၍ ဥပစာရသမာဓိ တဆင့်ထက် တဆင့် ရင့်သန်လာအောင် အားထုတ်ပွါးများရသည်။ ယင်း ဥပစာရသမာဓိနှင့် ပဋိဘာဂ နိမိတ်ကို ရဘို့ရန် လွန်စွာပင် ခဲယဉ်းသည်ဖြစ်၍ ယောဂီသည် စိတ်ထက်သန် အားကောင်းအောင် သမာဓိ ဘာဝနာ ပြန့်ပြော များပြားအောင် ရပြီးသော ပဋိဘာဂ နိမိတ်ကို တဖြေးဖြေး ချဲ့ကာချဲ့ကာ ပွါးရသည်။
.
ချဲ့ပွါးရမည့်အခါ-၂-ပါး
▬▬▬▬▬▬▬▬
ချဲ့ကာချဲ့ကာ ပွါးရမည့် အခါမှာ အပ္ပနာသို့ရောက်၍ ဈာန်ကိုရပြီးသော အခါနှင့် ဈာန် မရခင် ပဋိဘာဂနိမိတ်ကို ရသည့် ဥပစာရသို့ ရောက်သောအခါဖြစ်သည်။
ထိုအခါ-၂-ပါး၌ မချွတ်ဧကန် ချဲ့ကာချဲ့ကာ ပွါးရသည်။
.
ဥဂ္ဂဟနိမိတ်ကို
ချဲ့၍မပွါးစကောင်း
▬▬▬▬▬▬▬
ပဋိဘာဂနိမိတ်ကို မရခင် ဥဂ္ဂဟနိမိတ်အခါ၌ ချဲ့၍မပွါးရ၊ ဥဂ္ဂဟနိမိတ်အခါ၌ ချဲ့ပွါးလျှင် ဥဂ္ဂဟနိမိတ်သည် ကြီး၍ ပွါး၍ လိုက်လာသည်။ သမာဓိအား မကောင်းသေးသောကြောင့် စိတ်နိုင်အောင် မထိန်းနိုင် မရှုနိုင်သဖြင့် နိမိတ် ပြန့်ကြဲကာ ကွဲ၍ ပျက်စီး၍ သွားတတ်သည်။ ထို့ကြောင့် ဥဂ္ဂဟနိမိတ်ကို ကြီးပွါးအောင် နှလုံးမသွင်းအပ်၊ ချဲ့၍ မပွါးအပ်၊ ပဋိဘာဂနိမိက် ရပြီးမှသော်၎င်း၊ ဈာန်ရပြီးမှသော်၎င်း ပဋိဘာဂနိမိတ်ကို တဖြေးဖြေး ချဲ့ကာချဲ့ကာ ပွါးရမည်။
.
ချဲ့ပွါးပုံ
▬▬▬
ချဲ့၍ ပွါးပုံမှာ -- စိတ်က “ကြီး ကြီး - ကြီး ကြီး”ဟု နှလုံးသွင်းလျှင် စိတ်ထင်တိုင်း အောက်မေ့တိုင်း ပဋိဘာဂနိမိတ် ကသိုဏ်းဝန်းသည် ကြီး၍ လိုက်လာသည်။ ကြီးလာသည့် အခါ၌လည်း တခါတည်း မကြီးထွားစေရ၊ တဖြေးဖြေး လက် ၁-သစ် ၂-သစ် ၃-သစ် ၄-သစ် ၈-သစ်, ၁-တောင် ၁-လံ ၁၀-လံ စသည်ဖြင့် စကြဝဠာနှင့် အပြည့် တိုင်အောင်သော်၎င်း၊ ထိုထက် အလွန်သော်၎င်း တစတစ ချဲ့ကာချဲ့ကာ ကြီးပွါး စေရသည်။ အလိုရှိသလောက် စိတ်ထက်သန်သလောက် ပဋိဘာဂနိမိတ်သည် ကြီး၍ ကြီး၍ လိုက်လာသည်။
.
မချဲ့အပ်သောနည်း
▬▬▬▬▬▬▬
ချွဲပွါးအပ်သောအခါ -- အပိုင်းအခြား အကန့်အသတ် မရှိသော -
ပတ္တဝဍ္ဎန = သပိတ် အိုးခွက် စသည်တို့ကို ပွါးစေသောနည်း။
ပူဝ ဝဍ္ဎန = မုံ့ကို ပွါးစေသောနည်း။
ဘတ္တဝဍ္ဎန = ထမင်းကို ပွါးစေသောနည်း။
လတာ ဝဍ္ဎန = နွယ်ကို ပွါးစောနည်း။
ဒုဿဝဍ္ဎန = ပုဆိုးကို ပွါးစေသောနည်း
တို့ဖြင့် အပိုင်းအခြား အကန့်အသတ်မရှိပဲ ချဲ့ကာချဲ့ကာ မပွါးစေအပ်။
.
ချဲ့အပ်သောနည်း
▬▬▬▬▬▬
အပိုင်းအခြား အကန့်အသတ်ရှိသော --
ကဿကဝဍ္ဎန = လယ်ကို ပွါးစေသောနည်း, လယ်ထွန်သောနည်း။
သီမာဗန္ဓန = သိမ်သမုတ်သောနည်းတို့ဖြင့် ပိုင်းခြားကန့်သတ်၍ လက် ၁-သစ် ၂-သစ် စသည်ဖြင့် ချဲ့ကာချဲ့ကာ ပွါးစေရမည်။
.
ပတ္တဝဍ္ဎန
▬▬▬
ထိုတွင် ပတ္တဝဍ္ဎန ဟူသည်ကား - အိုးထိန်းသည်သည် မြေညက်ဖြင့် သပိတ် အိုးခွက် စသည်တို့ကို ပြုလုပ်သည့်အခါ ရှေးဦးစွာ မည်သည့်အရွယ်အစား ပြုလုပ်မည်ဟု အပိုင်းအခြား အကန့်အသတ်မထားပဲ သပိတ် အိုး ခွက်တို့ကို ပြုလုပ်ခြင်းမျိုး ဖြစ်သည်။ (ပတ္တ = သပိတ် ခွက်)
.
ပူဝ ဝဍ္ဎန
▬▬▬
ပူဝဝဍ္ဎန ဟူသည်ကား မုံ့လုပ်သူသည် မုံများကို ဤရွေ့ ဤမျှ အရွယ်အစား ရှိရမည်ဟု ရှေးဦးစွာ ပိုင်းခြားကန့်သတ်ထား ခြင်း မရှိပဲ အိုးကင်း၌ မုံ့ကို ပြုလုပ်ခြင်းမျိုးတည်း။
.
ဘတ္တဝဍ္ဎန
▬▬▬▬
ဘတ္တဝဍ္ဎနဟူသည် - ထမင်းခူးသူသည် ရှေးဦးစွာ လူဦးရေ မည်မျှအတွက် ထမင်းမည်မျှ ခူးရမည်ဟု ပိုင်းခြားကန့်သတ် ချက်မရှိပဲ ထမင်းခွက်၌ ထမင်းကို ထည့်ခြင်း ခူးခြင်း မျိုးတည်း။
.
လတာဝဍ္ဎန
▬▬▬▬
လတာ ဝဍ္ဎန ဟူသည်ကား - သစ်ပင်ခြုံနွယ်ကို ရှည်အောင် ကျယ်ပြန့်အောင် တိုးပွါးအောင် ပြုလုပ်သူသည် ရှေးဦးစွာ နွယ်ကို မည်ရွေ့မည်မျှ ရှည်ပြန့်စေရမည်ဟု ပိုင်းခြား သတ်မှတ်ချက် မရှိပဲ နွယ်ကို ရှည်ချင်သလောက် ရှည်အောင် ကျယ်ပြန့်နိုင် သလောက် ကျယ်ပြန့်အောင် ပြုလုပ်ခြင်းမျိုးကို ဆိုလိုသည်။
.
ဒုဿဝဍ္ဎန
▬▬▬
ဒုဿဝဍ္ဎန ဟူသည်ကား -- ယက္ကန်းသည်သည် ယက္ကန်းရှည်ရာ၌ ပုဆိုးကို ဤရွေ့ဤမျှ ရှည်အောင်သာ ရက်လုပ်မည်ဟု ပိုင်းခြားကန့်သတ်ချက် မရှိပဲ ရှည်နိုင်သမျှရှည်အောင် ရက်လုပ်ခြင်းမျိုး ဖြစ်သည်။
ထိုနည်းတို့တူစွာ ပိုင်းခြားကန့်သတ် သတ်မှတ်ချက် မရှိပဲ ပဋိဘာဂနိမိတ်ကို ချဲ့၍ ချဲ့၍ မပွါးစေရ။
.
ကဿက ဝဍ္ဎန
▬▬▬▬▬
လယ်ထွန်ယောက်ျားသည် ထွန်အပ်သောအရပ်ကို ပိုင်းခြားသတ်မှတ်၍ ပိုင်းခြား သတ်မှတ်ထားသော အရပ် အတွင်း၌ လယ်ကို ထွန်ခြင်းသည် ကဿကဝဍ္ဎန မည်၏။ (ကဿက = လယ်သမား)
.
သီမာ ဗန္ဓန
▬▬▬
သိမ်သမုတ်သော ရဟန်းတို့သည် ရှေးဦးစွာ ကျောက်တိုင် စသည့် သိမ်နိမိတ်တို့ကို ပိုင်းခြား သတ်မှတ်ပြီးနောက်မှ သိမ်သမုတ်ခြင်း ဖြစ်သည်၊ ဤသို့ပြုခြင်းမှာ သီမာဗန္ဓန မည်သည်။
ထိုနည်းတူ ရှေးဦးစွာ ကသိုဏ်းဝန်းစသည့် နိမိတ်ကို စိတ်ဖြင့် ပိုင်းခြား ကန့်သတ် ထားပြီးမှ ပိုင်းခြား ကန့်သတ်ထားသည် အားလျော်စွာ ပဋိဘာဂနိမိတ် ကို တဆင့်တဆင့် တစတစ ချဲ့ကာချဲ့ကာ ပွါးရမည် ဖြစ်သည်။
(ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊နှာ-၁၄၇-၁၄၈။ မဟာဋီကာ၊ပ၊နှာ-၁၇၇)
….
“ဗြဟ္မဝိဟာရ ၄-ပါးတို့၏ ကွဲပြားထူးခြားခြားပုံများ (နှာ -၃၇၁)”
“ဝိမောက္ခ”ဟူသော ပုဒ်ကို ရှေးဦးစွာ ရှင်းပြပါအံ့။
ဝိမောက္ခ = လွတ်မြောက်ခြင်း။ = ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်မှု ဟူသမျှကို “ဝိမောက္ခ”ဟု ခေါ်သည်။ (ပဋိသမ္ဘိဒါမဂ် ဝိမောက္ခ ကထာ၊ အခန်း-၅၊ နှာ ၂၃၀-၂၆၆။)
ဥပမာဆိုသော် --
(၁) ပထမဈာန်သည် ဆန့်ကျင်ဘက်ဖြစ်သော အဇ္ဈတ္တတရား နီဂရဏ ၅-ပါးတို့မှ လွတ်မြောက်သဖြင့် အဇ္ဈတ္တ ဝုဋ္ဌာန ဝိမောက္ခ-ဟု ခေါ်သည်။
(၂) ထို့နည်းတူစွာပင် ဈာန်တရား, မဂ်တရားတို့သည် အသီးအသီး မိမိနှင့် ဆိုင်ရာ ဆန့်ကျင်ဘက် တရားတို့မှ လွတ်မြောက်သဖြင့် ဝိမောက္ခ ဟူသော အမည်ကို ရကြသည်။ (ပဋိသမ္ဘိဒါမဂ်၊ ဝိမောက္ခကထာ၌ အကျယ်ရှုပါ။)
(၃) ဤ ခန္ဓာငါးပါးကို ငါဟူသော အတ္တဟူ၍၎င်း ငါ၏ ဥစ္စာဟူသော အတ္တနိယဟူ၍၎င်း၊ ဤသို့ ခန္ဓာငါးပါး၌ အတ္တ-ဟု မှားသော နှလုံးသွင်းခြင်းမှ လွတ်မြောက်သဖြင့် သုညတ ဝိမောက္ခ-ဟု ခေါ်သည်။ (ခန္ဓာငါးပါးကို အတ္တမှ ဆိတ်သုဉ်း၏ ဟူ၍၎င်း ငါ၏ ဥစ္စာ ဟူသော အတ္တနိယမှ ဆိတ်သုဉ်း၏ဟူ၍၎င်း ဆင်ခြင်ခြင်း ပင်တည်း။)
(၄) ခန္ဓာငါးပါး၌ နိစ္စ နိမိတ်ဟု ရှုဆင်ခြင်ခြင်းမှ လွတ်မြောက်သဖြင့် အနိမိတ္တ ဝိမောက္ခ ဟု ခေါ်သည်။
(၅) ခန္ဓာငါးပါးကို “ငါဟူသော အတ္တ ဟူ၍၎င်း, ငါ၏ ဥစ္စာဟူသော အတ္တနိယ ဟူ၍၎င်း”ဤသို့ ခန္ဓာငါးပါး၌ တောင့်တခြင်း “ပဏိဟိတ”မှ လွတ်မြောက်သဖြင့် အပ္ပဏိဟိတ ဝိမောက္ခဟု ခေါ်သည်။
မေတ္တာ ကရုဏာ မုဒိတာ ကမ္မဋ္ဌာန်းတို့သည် ရူပ ပထမဈာန် ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန်တို့ကိုသာ ဖြစ်စေသည်။ ဥပေက္ခာ ကမ္မဋ္ဌာန်းသည် ရူပ ပဉ္စမဈာန်ကိုသာ ဖြစ်စေသည်။ ဤသို့ပင် ဖြစ်သော်လည်း ယင်း မေတ္တာစသော ၄-ပါးတို့၏ တန်းခိုး အာနုဘော်တို့ အချင်းချင်း မည်သို့ ကွဲပြား ထူးခြားပုံကို ပြပါဦးအံ့ --
(၁) မေတ္တာသည် သုဘ ပိမောက္ခ-ဟု ခေါ်ဆိုအပ်သည့် ရူပဈာန်၏ အားကြီးသော မှီရာသာ ဖြစ်သည်။ အခြားသော အာကာသာနဉ္စာယတန ဝိမောက္ခ - စသည်တို့၏ မှီရာ မဟုတ်ချေ။ ထို့ကြောင့် မေတ္တာသည် သုဘ ဝိမောက္ခလျှင် အလွန်အမြတ် အထွတ် ရှိသည်ဟု ဆိုပေသည်။
သုဘ ဝိမောက္ခ = (သုဘ = တင့်တယ်ခြင်း။ ဝိမောက္ခ = လွတ်မြောက်ခြင်း။) = စက်ဆုပ်ဖွယ် ဆန့်ကျင်ဘက် တရားတို့မှ လွတ်မြောက်သဖြင့် တင့်တယ်ခြင်း။ ရှင်းပြပါဦးအံ့ --
မေတ္တာဖြင့် နေလေ့ ရှိသူသည် “သတ္တဝါတို့သည် ရွံရှာ မုန်းတီးဘွယ် မဟုတ်ကုန်”ဟု ဆင်ခြင်ပွါးများမြဲ ဖြစ်သည်။ ရွံရှာမုန်းတီးမှုသည် မေတ္တာ၏ ဆန့်ကျင်ဘက် ဖြစ်သည်။ ယင်း ဆန့်ကျင်ဘက်တရားမှ လွတ်မြောက်သော မေတ္တာသည် ရွံရှာမုန်းတီးဘွယ် မဟုတ်သည့် တင့်တယ်သော သုဘအာရုံ၌သာ အလေ့အကျက် များသည်၊ မွေ့လျော်သည်။
ရူပဈာန်ကို “သုဘ ဗိမောက္ခ ́ဟု ခေါ်တွင်သည်။ ရူပဈာန်တို့သည် ရွံရှာဘွယ် အညစ် အကြေး အပြစ်ကင်းစင်ပြီး ပြိုးပြိုးပြက်ပြက် တောက်ပသည့် “ပဋိဘာဂ နိမိတ်”ကိုသာ အာရုံပြုသည်။ ပဋိဘာဂနိမိတ်သည် ဆန့်ကျင်ဘက် အညစ်အကြေးမှ ထွက်မြောက် သဖြင့် ပြိုးပြိုးပြက်ပြက် စင်စင်ကြယ်ကြယ် အလွန် တင့်တယ်သည်။ ပဋိဘာဂနိမိတ်ပေါ် သည်နှင့် တပြိုင်နက် ဈာန်၏ ဆန့်ကျင်ဘက် အညစ်အကြေး နီဝရဏ ၅-ပါးတို့မှ ထွက်မြောက်သဖြင့် ရူပဈာန်တို့သည် တင့်တယ်ပေသည်။ ထို့ကြောင့် ရူပဈာန်ကို သုဘ ဝိမောက္ခ-ဟု ခေါ်သည်။
ရွံရှာဘွယ်မဟုတ် တင့်တယ်သော သုဘအာရုံ၌သာ မွေ့လျော်သော မေတ္တာသည် တင့်တယ်သော လွတ်မြောက်မှု = သုဘ ဝိမောက္ခဖြစ်သော ရူပဈာန် တို့ကို ရရန် အကြောင်း ဖြစ်သည်။ ထို့ကြောင့်ပင် မေတ္တာသည် ရူပဈာန်သာလျှင် အလွန် အမွန် အမြတ် ဖြစ်သည်-ဟု ဟောတော်မူသည်။
(၂) ကရုဏာသည် အာကာသာနဉ္စာယတန ဝိမောက္ခ၏ အားကြီးသော မှီရာသာ ဖြစ်သည်။ အခြားသော ဝိညာဏဉ္စာယတန ဝိမောက္ခတို့၏ မှီရာမဟုတ်ချေ။ စင်စစ် အားဖြင့် ကရုဏာသည် အာကာသာနဉ္စာယတန ဝိမောက္ခလျှင် အလွန် အမြတ်အထွတ် ရှိသည်ဟု ဟောကြားပေသည်။
ရှင်းပြပါဦးအံ့ --
“ရုပ်သည် ဆင်းရဲခြင်း အမျိုးမျိုးနှင့် ဆက်ဆံသည်။ ၉၆-ပါးသော ရောဂါများ, ရန်သူမျိုး ငါးပါး စသည်တို့နှင့် ဆက်ဆံသည်။ အလွန် ရုန့်ရင်းသော ကိလေသာတို့၏ အာရုံဖြစ်သည်။ ထိန်းသိမ်း မွေးမြူရသော ပရိကံမှုများလည်း အလွန်တရာ ကြီးကျယ် များပြားသည်။ အတွင်းဘေး, အပဘေး တို့နှင့် အမြဲ ဆက်ဆံနေသည်။ အနှစ်အမာ မရှိ။ အရှည်အကြာမခိုင် ယိုယွင်းလွယ်သည်။ အပါယ်ဘေးနှင့် နီးလှသည်။ ရုပ်၌ သာယာ နေသော နိကန္တိတဏှာ တည်းဟူသော သံကြိုးဖြင့် အနှောင်အဖွဲ့ ခံနေရရှာသော သတ္တဝါ တို့မှာ အလွန် သနားဘွယ် ကောင်းလေစွ”ဟု ရုပ်ရှိသည့် သတ္တဝါတို့အပေါ်၌ သနား ကြင်နာ ကရုဏာ ဖြစ်ပြီးလျှင် ရုပ်၌ အပြစ် မြင်လာသည်။
ထိုအခါ သနားစဖွယ်ဖြစ်သော ရုပ်ရှိသူသတ္တဝါ၏ရုပ်၌ အပြစ်မြင်သောကြောင့် (အာကာသကသိုဏ်း ကြဉ်အပ်သော) ပထဝီစသည့် ကသိုဏ်း ၉-ပါး တို့တွင် တပါးပါးကိုခွါ၍ ရအပ်သော ကောင်းကင်ပညတ်ကို အာရုံပြုပြီးလျှင် “ကောင်းကင်သည် အဆုံးအပိုင်း အခြား မရှိ”ဟု ဆင်ခြင် စီးဖြန်းလတ်သော် အာကာသာနဉ္စာယတန ဈာန်သို့ ရောက်လေသည်။
အာကာသာနဉ္စာယတနသည် ဆင်းရဲခြင်း အမျိုးမျိုးနှင့် ဆက်ဆံသည့် ရုပ်တရားမှ ထွက်မြောက်ရာဖြစ်သောကြောင့် ဝိမောက္ခ-ဟု ခေါ်တွင်သည်။
ထို့ကြောင့် ကရုဏာသည် အာကာသာနဉ္စာယတနဝိမောက္ခ၏ အားကြီးသော မှီရာ အကြောင်းသာဖြစ်သည်။ အခြားတစုံတခုသော ဝိမောက္ခ၏ မှီရာ အကြောင်း မဟုတ်ချေ-ဟု ဟောကြားပေသည်။ မဂ် ဖိုလ် မဖြစ်သေးသော ပုဂ္ဂိုလ်၏ ကရုဏာသည် အာကာသာနဉ္စာယတနဝိမောက္ခလျှင် အလွန် အထွတ်အမြတ် ရှိပေသည်။
(၃) မုဒိတာသည် ဝိညာဏဉ္စာယတနဝိမောက္ခ၏ အားကြီးသော မှီရာသာ ဖြစ်သည်။ အခြားသော အာကိဉ္စညာယတနဝိမောက္ခ စသည်တို့ မှီရာ မဟုတ်ချေ။ စင်စစ်အားဖြင့် မုဒိတာသည် ဝိညာဏဉ္စာယတန ဝိမောက္ခလျှင် အလွန် အမြတ်အထွတ် ရှိသည်ဟု ဟောကြားပေသည်။
ရှင်းပါဦးအံ့ --
မုဒိတာသည် သုခိတသတ္တဝါပညတ်ကို အာရုံပြုသည်။ စည်းစိမ်ချမ်းသာ ပြီးပြည့်စုံကြ၍ စိတ်နှလုံးရွှင်လန်း ချမ်းမြေ့ကြသော သတ္တဝါတို့ကို အာရုံပြုကာ ဝမ်းမြောက် ဝမ်းသာ ဖြစ်သော သဘောသည် မုဒိတာဖြစ်သည်။ ဤသို့ သုခိတသတ္တဝါကို အာရုံပြုဖန် များလက်သော် မုဒိတာသည် ယင်းသတ္တဝါ ရွှင်လန်းချမ်းမြေ့သော စိတ်ကို အလေ့အကျက် များလာသည်။ ယင်းသုခိတ သတ္တဝါ၏စိတ်ကိုပင် အာရုံပြုသကဲ့သို့ပင် ထင်ရသည်။
အာကာသာနဉ္စာယတနဝိမောက္ခကို ရပြီးသည့် ပုဂ္ဂိုလ်သည် ဆင်းရဲဟူသမျှ ဘေးဒုက္ခနှင့် ဆက်ဆံသည့်ရုပ်မှ လွတ်မြောက်ခဲ့ပြီ။ ယင်း အာကာသာနဉ္စာယတန ဝိမောက္ခရသည့် ပုဂ္ဂိုလ်၏ စိတ်သည် အကယ်စင်စစ် ချမ်းမြေ့ပေသည်-ဟု မုဒိတာ၌ အလေ့အကျင့် ရှိသူသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်လေသည်။
အာကာသာနဉ္စာယတနဝိညာဉ်ကို အာရုံပြုပြီးလျှင် “ဤစိတ်ကား အဆုံးမရှိပေ ဤ စိတ်ကား - အဆုံးမရှိပေ”ဟု အဖန်ဖန် ပွါးများသော ပုဂ္ဂိုလ်၌ ဝိညာဏဉ္စာယတနဈာန် ဖြစ်ပေါ်လေသည်။
ထိုသို့ ဘာဝနာအစဉ်ဖြင့် ရရှိသည့် အာကာသာနဉ္စာယတနဈာန်ကို လွန်မြောက်၍ ရသည်ဖြစ်သောကြောင့် ဝိညာဏဉ္စာယတနဈာန်ကို ပိမောက္ခ-ဟု ခေါ်ဆိုရသည်။
မုဒိတာ၌ အလေ့အကျင့် များသူသည်လည်း အာကာသာနဉ္စာယတန ဈာန်စိတ်ရသူကို အာရုံသည်။ ဝိညာဏဉ္စာယတနစိတ်ကလည်း အာကာသာနဉ္စာယတနစိတ်ကို အာရုံပြု သည်။ မုဒိတာနှင့် ဝိညာဏဉ္စာယတနစိတ်တို့သည် ဤသို့ အသီးသီးဖြင့် အာကာသာ-နဉ္စာယတနစိတ်ကို အရင်းခံပြီး ဖြစ်ပေါ်ကြသည်။
ထို့ကြောင့် မုဒိတာသည် ဝိညာဏဉ္စာယတနဝိမောက္ခ၏ အားကြီးသော မှီရာ အကြောင်းသာ ဖြစ်သည်။ အခြားတစုံတခုသော ဝိမောက္ခ၏ မှီရာအကြောင်း မဟုတ်ပေ-ဟု ဟောကြားပေသည်။ မဂ် ဖိုလ် မဖြစ်သေးသော ပုဂ္ဂိုလ်၏ မုဒိတာသည် ဝိညာဏဉ္စာယတနဝိမောက္ခလျှင် အလွန်အထွတ်အမြတ် ရှိပေသည်။
(၄) မေတ္တာဘာဝနာသည် သတ္တဝါတို့၏ ချမ်းသာမှုကို လိုလား တောင့်တသည်။ ကရုဏာသည် သတ္တဝါတို့၏ ဆင်းရဲမှ လွတ်မြောက်မှုကို လိုလား တောင့်တသည်။ မုဒိတာသည် သတ္တဝါတို့၏ ပြည့်စုံပြီး သမ္ပတ္တိစည်းစိမ် ချမ်းသာမှ မပျောက်ပျက်စေမှုကို လိုလား တောင့်တသည်။ သို့ဖြစ်၍ မေတ္တာ စသော ဘာဝနာသည် သုခ ဒုက္ခ ဝေဒနာ တည်းဟူသော ပရမတ္ထကို အရင်းခံပြုပြီးလျှင် သတ္တဝါပညတ်ကို အာရုံပြုသည်။
ဥပေက္ခာ ဘာဝနာကား သတ္တဝါတို့၏ ချမ်းသာမှု စသည်ကို လိုလား တောင့်တ သောအားဖြင့် မဖြစ်မူ၍ လျစ်လျူရှုခြင်း သက်သက်ဖြင့် သတ္တဝါပညတ်ကို အာရုံပြုသည်။ သို့ဖြစ်သဖြင့် ဥပေက္ခာဖြင့် နေလေ့ရှိသောသူသည် “သတ္တဝါတို့ ချမ်းသာကြပါစေ ဆင်းရဲမှလွတ်ကင်းကြပါစေ, ပြည့်စုံပြီး ရပြီး စည်းစိမ်မှ မပျောက်ပျက် မလျောကြပါစေ ကုန်လင့်”ဟု နှလုံးသွင်းမှု မရှိသဖြင့် သုခ ဒုက္ခ စသော ပရမတ္တကို နှလုံးသွင်းမှု မရှိ၊ လျစ်လျူရှုခြင်းဖြင့် သတ္တဝါ ပညတ်သက်သက်ကိုသာ နှလုံးသွင်းမှု၌ လေ့ကျက်ခြင်း များသည်။ သို့ဖြစ်၍ ဥပေက္ခာဖြင့် နေလေ့ရှိသော ပုဂ္ဂိုလ်သည် ဘာဝနာအစဉ်အားဖြင့် ရအပ်သော ဝိညာဏဉ္စာယတနဈာန်ကို လွန်မြောက်ကျော်လွန်၍ ပရမတ္ထဖြစ်သော ပထမာရုပ္ပဝိညာဏ်၏ မရှိခြင်းဟူသော သဘာဝအားဖြင့် ထင်ရှားမရှိသည့် နတ္ထိဘော ပညတ်၌ တစုံတခု ဘာမျှမရှိဟု စီးဖြန်း ဆင်ခြင်လတ် အာကိဉ္စညာယတန ဈာန်ကိုရ၏၊ ဖြစ်စေ၏။
စင်စစ်အားဖြင့် အာကိဉ္စညာယတနဈာန်သို့ ရောက်မည့်ပုဂ္ဂိုလ်သည် ဆင်းရဲခပ်သိမ်း ဟူသမျှနှင့် ဆက်ဆံသောရုပ်မှ လွတ်မြောက်ခဲ့သည့် အာကိဉ္စညာယတန ဈာန်၌လည်း လျစ်လျူရှုသည်။ ဝိညာဏဉ္စာယတနဈာန်ရသည့် ပုဂ္ဂိုလ်ကဲ့သို့ ဝမ်းမြောက်ဝမ်းသာခြင်း အားဖြင့် မပွါးများပေ။
ထို့ကြောင့် ဥပေက္ခာသည် အာကိဉ္စညာယတနဝိမောက္ခ၏ မှီရာအကြောင်း ဖြစ်၍ တခြားတစုံတခုသော ဝိမောက္ခ၏ မှီရာအကြောင်းမဟုတ်၊ သို့ဖြစ်သဖြင့် မဂ် ဖိုလ် မရသော ပုဂ္ဂိုလ်၏ ဥပေက္ခာသည် အာကိဉ္စညာယတနဝိမောက္ခလျှင် အလွန် အမြတ် အထွတ်ရှိသည်။
သံ၊ ၃၊ နှာ-၁၀၃-၁၁၅။
သံ၊ ဋ္ဌ၊ ၃၊ နှာ-၂၀၇-၂၀၉။
သံ၊ ဋီ ၂၊ နှာ-၄၄၅-၇။
ဝိသုဒ္ဓိ၊ ပ၊ နှာ-၃၁၇-၃၁၈။
မဟာဋီကာ၊ ပ၊ နှာ -၃၈၈-၃၈၉။
…
“အာဟာရေပဋိကူလသညာပွားနည်း (နှာ-၃၇၁)”
ပုတ္တမံသူပမာ
▬▬▬▬▬
ဇနီးမောင်နှံစုံသည် ချစ်လှစွာသော တဦးတည်းသော သားငယ်ကို ခေါ်၍ အနည်းငယ် သော စားနပ်ရိက္ခာဖြင့် ယူဇနာတရာရှိသော ကန္တာရခရီးခဲကို သွားကြရာ ယူဇနာငါးဆယ် ခရီးသို့ ရောက်သောအခါ စားနပ်ရိက္ခာ ကုန်ပြတ်သွားလေသည်။
ထိုအခါ ယောက်ျားဖြစ်သူက “ယောက်ျားတို့ ပြုလုပ်ရမည့် လယ်ထွန်ခြင်း စသည့် အလုပ်ကို ပြုလုပ်ရန် ငါမစွမ်းနိုင်တော့ချေ။ ထို့ကြောင့် ငါ့ကိုသတ်၍ ငါ၏အသားကို လမ်းခရီးအတွက် စားနပ်ရိက္ခာ ပြုလုပ်ပြီးလျှင် ရှင်မတို့ သားအမိ ၂-ယောက် ဤခရီးခဲကို လွန်မြောက်အောင် သွားကြပါလေ”ဟု ပြောဆိုလေသည်။
ထိုအခါ မယားဖြစ်သူက “ယခုအခါ ကျွန်တော်မမှာ မိန်းမသားတို့ ပြုလုပ်ရမည့် ချည်ငင်ခြင်း ယက္ကန်း ရက်ခြင်း စသည့်အမှုကို ပြုလုပ်ရန် မတတ်နိုင်တော့ပါ။ ထို့ကြောင့် ကျွန်မကိုသတ်၍ အသားကို ရိက္ခာပြုလုပ်ပြီး ရှင်တို့ သားအဖ ၂-ယောက် ခရီးခဲကို လွန်မြောက်အောင် ဆက်လက်သွားကြပါ”ဟု ပြောဆိုလေလျှင် --
ယောက်ျားဖြစ်သူက “မိခင်သေဆုံးသွားလျှင် မိခင်ကိုမှီနေရသော ကလေးပါ အသက် ရှင်နိုင်မည်မဟုတ်။ မိခင်ရော ကလေးပါ ၂-ယောက်စလုံး ဆုံးရှုံး ပျက်စီးလိမ့်မည်။ ငါတို့ အသက်ရှင်နေသေးလျှင် နောင်အခါ သားကို ရနိုင်ပါသေးသည်။ သားကိုသတ်၍ သား၏ အသားကိုစားကာ ရိက္ခာပြုလုပ်ပြီး ကန္တာရ ခရီးခဲကို လွန်မြောက်သော် ငါတို့ ၃-ယောက်စလုံး အသက်ဆုံးရှုံးမှု မရှိနိုင်တော့”ဟု ပြောဆိုတိုင်ပင်လေသည်။
မိဘ ၂-ပါးသည် မည်သူကမျှ မိမိကိုယ်တိုင် သားလေးကို မသတ်ရက်နိုင်သဖြင့် သားလေးကို သတ်ရန် မိခင်က ဖခင်ထံ လွှတ်လိုက် ဖခင်က မိခင်ထံ လွှတ်လိုက် ပြုလုပ်နေစဉ် မိဘ ၂-ပါး၏ အကြား၌ လူးလာ တုံ့ပြန်သွားရင်း မှာပင် သားလေးသည် မောပန်းသဖြင့် သေဆုံးသွားရရှာလေသည်။
ထိုဇနီးမောင်နှံသည် သေဆုံးသွားသော သား၏အသား ညှင်း အသားတုံးကို တချို့စား, တချို့ ရိက္ခာပြုလုပ်ပြီးလျှင် ကျန်နေသေးသော ခရီးခဲကို ဆက်လက် သွားကြလေသည်။
ထို ဇနီးမောင်နှံသည် သားငယ်ရင်သွေးကလေး၏ အသားကို စားရာ၌ အစာ၌ အရသာ တဏှာကပ်ငြိမှုကြောင့် စားရသည် မဟုတ်ပဲ မိမိတို့ စားသောက်ဆဲ၌ပင် အသား၌ စက်ဆုပ်ဖွယ် အကြောင်း အမျိုးမျိုးကို ဆင်ခြင် အောက်မေ့လျက်ပင် အခြေအနေအရ မစားလျှင် မဖြစ်နိုင်သော အကြောင်းကြောင့်သာ စားကြရှာခြင်း ဖြစ်သည်။
သားကလေး၏ အသားမှာ - ဇာတ်တူသား ဖြစ်ခြင်း၊ ဆွေမျိုးသား ဖြစ်ခြင်း၊ ဆွေမျိုး တွင်လည်း အဖျားမဟုတ် သားရင်း၏အသား ဖြစ်ခြင်း၊ ချစ်လှစွာသော သား၏အသား ဖြစ်ခြင်း၊ နုသောအသား ဖြစ်ခြင်း၊ အသားစိမ်း ဖြစ်ခြင်း၊ မသုံးဆောင်ထိုက်သော အသား ဖြစ်ခြင်း၊ ဆားမပါ မလူးသော အသား ဖြစ်ခြင်း၊ အမွှေးအကြိုင် အနံ့ကင်းသော အသား ဖြစ်ခြင်း၊ ဤ ၉-ပါးသော အကြောင်းများကြောင့် စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည့် အသားကို စားကုန်လျက် “ငါတို့၏ တဦးတည်းသော သားကလေး အဘယ်မှာနည်း”ဟု ဝမ်းနည်း ရှိုက်ဖို ငိုယိုမြည်တမ်းကာ ကန္တာရခရီးခဲကို လွန်မြောက်ခဲ့ကြကုန်သည်။
ထို ဇနီးမောင်နှံသည် ချစ်လှစွာသော သားငယ်ကလေး၏ အသားကို ရသ တဏှာ၌ တပ်မက်ခြင်းကြောင့်လည်း စားကြသည်မဟုတ်၊ မြူးထူးပျော်ပါး အသားအရေ စိုပြည့်ဖြိုး စေရန် စသည့်အတွက်ကြောင့်လည်း စားသောက်ကြ ကုန်သည်မဟုတ်၊ ကန္တာရခရီးခဲကို ကူးမြောက်နိုင်ရုံ ငှါသာလျှင် စားရှာကြရခြင်း ဖြစ်ပေသည်။
ထိုနည်းတူစွာပင် ယောဂီတို့သည် မိမိတို့ သုံးဆောင်သည့် အစားအစာ၌ ဆင်ခြင်ရမည်။ ယောဂီသည် နေ့စဉ်စားသောက်မှီဝဲ သုံးဆောင်အပ်သော ဆွမ်းခံ သွားရခြင်းစသော ၉-ပါးသော အကြောင်းဖြင့် စက်ဆုပ် ရွံရှာဖွယ်ဖြစ်သည့် ကဗဠိကာရာဟာရကို မြူးထူးခြင်း ပျော်ပါးခြင်း တန်းဆာဆင်ယင်ခြင်း အသားအရေ စိုပြေပြည့်ဖြိုး လှပတင့်တယ်စေခြင်း ရသတဏှာ ခံစားခြင်း စသည့် အလို့ငှါ မှီဝဲသုံးဆောင်သည်မဟုတ်၊ ဣရိယာပထ မျှတ၍ သံသရာဝဋ်ဆင်းရဲ ဟူသော ခရီးခဲကို ကူးမြောက်နိုင်ကြောင်းဖြစ်သည့် ဝိပဿနာ ဘာဝနာ တရား ပွါးနိုင်ရုံငါသာလျှင် မှီဝဲသုံးဆောင်သည်ဟု ဆင်ခြင်ကြရပေမည်။
ဤ ကဗဠိကာရာဟာရသည် သြဇဋ္ဌမကအာဟာရဇရုပ်ကို ဖြစ်စေ၏။ ဤ ကဗဠိကာရာဟာရ၌ တွယ်တာ နှစ်သက်တတ်သည့် တဏှာနိကန္တိဘေးရန် ရှိသည်။ ထို ဘေးမှလွတ်အောင် သားငယ်၏ အသားပမာ စက်ဆုပ်ဖွယ် ထင်မှတ်အောင် ကဗဠိကာရာဟာရကို ရှုမှတ်ရမည်။
ဤကဗဠီကာရာဟာရကို ပိုင်းခြားသိသည်ရှိသော် ကာမဂုဏ် ၅-ပါး၌ တပ်မက်မှု ကာမရာဂကို ပိုင်းခြား သိနိုင်သည်။ ယင်းကို သိသော် ကာမဂုဏ်၌ နှောင်ဖွဲ့မှု သံယောဇဉ် မရှိတော့ချေ။
ဤ၌ ချစ်လှစွာသော သားငယ်၏အသားနှင့် ကဗဠီကာရာဟာရ တူသည်။ ဇနီးမောင်နှံနှင့် ယောဂီတူသည်။ သားငယ်အသား၏ ဇာတ်တူသားဖြစ်ခြင်း စသော အကြောင်း ၉-ပါးကြောင့် စက်ဆုပ်ဖွယ်ဖြစ်ခြင်းနှင့် ကဗဠီကာရာဟာရ၏ စက်ဆုပ် ရွံရှာဖွယ်ဖြစ်ခြင်း တူသည်။
.
နိစ္စမ္မဂါဝူပမာ
▬▬▬▬▬
အပေါ် သားရေခွံ ခွါထားသဖြင့် သွေးသံရဲရဲ အသား ပေါ်နေသည့် နွားမသည် နံရံကိုမှီနေလျှင် နံရံမှာရှိသော ပင့်ကူ အိမ်မြှောင် တောက်တဲ့ ကြွက် စသည်တို့က ထိုနွားမကို ထိုးဆွကိုက်ခဲကြသည်။ သစ်ပင်မှာမှီနေလျှင် သစ်ပင်မှာရှိသည့် ပိုးတို့က ထိုနွားမကို ထိုးဆွ ကိုက်ခဲကြသည်။ ရေထဲမှာနေလျှင် ရေထဲမှာရှိကြသည့် ငါး မိကျောင်း လိပ် စသည်တို့က ထိုနွားမကို ထိုးဆွ ကိုက်ခဲကြသည်။ လဟာပြင် ကွင်းပြင်မှာနေလျှင် ခြင် မှက် ယင် စွန်ငှက် စသည်တို့က ထိုနွားမကို ထိုးဆွကိုက်ခဲကြသည်။ မည်သည့် နေရာကို မှီနေငြားလည်း မှီရာအရပ်ရှိ ပိုးလောက် စသည်တို့က ထိုနွားမကို ထိုးဆွ ကိုက်ခဲကြသည်။
ယင်းသို့ ပိုးအမျိုးမျိုးတို့၏ ကိုက်ခဲခြင်းဒုက္ခကို ခံစားရခြင်းသည် ထိုနွားမ၌ အရေမရှိသော ကိုယ်ကောင် ဟူသော အကြောင်းကြောင့်သာ ဖြစ်၏။ အရေ မရှိသော ကိုယ်ကောင်မှ တပါး အခြားအကြောင်း မရှိချေ။
ထို့အတူ ယောဂီသည် ဖဿာဟာရကို ရှုမှတ်ရမည်။
ဖဿာဟာရသည် ခံစားမှု “ဝေဒနာ”ကို ဖြစ်စေတတ်၏။ ဖဿသည် အာရုံ၏ အရသာကို ထိတွေ့ ညှစ်ထုတ်ပေးရာ ယင်းအရသာကို ဝေဒနာက ခံစားလေသည်။ ထို့ကြောင့် ယင်း ဖဿာဟာရ၌ အာရုံသို့ ချဉ်းကပ်ခြင်း တည်းဟူသော “ဥပဂမန” ဘေးရန်ရှိသည်။ ထိုဘေးရန်မှ လွတ်အောင် အရေမရှိသော နွားမပမာ“အာရုံနှင့် တိုးဝင် တွေ့ထိလျှင် ဝေဒနာဖြစ်စေသည့် ဖဿတည်း”ဟု ဖဿာဟာရကို ရှုမှတ်အပ်၏။
ဝေဒနာ ၃-ပါးကို ဆောင်သော အာရုံနှင့် တိုးဝင် တွေ့ထိသော ဖဿသာ ရှိနေလျှင် ကိလေသာပိုးတို့၏ ကိုက်ခဲထိုးဆွမှုကို ခံရမည်ဖြစ်သည်။ ထို့ကြောင့် ယောဂီသည် ဖဿကို ပိုင်းခြားသိအောင် ကျင့်ဆောင် အားထုတ်ရမည်။ အာရုံ၌ တွေ့ထိမှု “ဖဿ”ကြောင့် ခံစားမှုဝေဒနာ ဖြစ်ရသည်။ တွေ့ထိမှု “ဖဿချုပ်လျှင် ခံစားမှုဝေဒနာ ချုပ်လေသည်။ ဝေဒနာချုပ်လျှင် တဏှာစသည် ချုပ်သဖြင့် ဝဋ်မြစ် ပြတ်လေသည်။ သို့ဖြစ်၍ ဖဿကို ပိုင်းခြားသိလျှင် ဝေဒနာကိုပိုင်းခြား သိသည်။ ယင်းကို ပိုင်းခြားသိသော် အထက်၌ ပြုဘွယ်ကိစ္စ မရှိ၍ ရဟန္တာ ဖြစ်လေသည်။
ဤ၌ ယောဂီသည် အရေမရှိသော နွားမနှင့်တူ၏။ တေဘူမက အာရုံ၌ တွေ့ထိမှု “ဖဿ”သည် နွားမ၏ အရေမရှိသော ကိုယ်ကောင်နှင့် တူ၏။ ခံစားမှု ဝေဒနာသည် ပိုး စသည်တို့ ကိုက်ခဲ ထိုးဆွမှုကို ခံရခြင်းနှင့် တူ၏။
.
အင်္ဂါရကာသူပမာ
▬▬▬▬▬▬▬
(အင်္ဂါရ = မီးကျီး။ ကာသု = တွင်း၊ အစု) အသက်ရှည်၍ ချမ်းသာလိုသည့် ယောက်ျား တဦးကို အားခွန် ဗလနှင့် ပြည့်စုံသော ယောက်ျား ၂-ဦးက လက်မောင်း ကိုကိုင်၍ လက်ခုပ် တဖောင်ကျော်မျှ နက်သော မီးကျီးတွင်းထဲသို့ အတင်း အဓမ္မ ဆွဲငင် တွန်းချ ကြသည်။
ထိုအခါ မီးကျီးတွင်းထဲသို့ ဆွဲချခံရသည့် ယောက်ျားအား မီးကျီးတွင်းထဲ ကျရောက်လျှင် သေမည် ဖြစ်သောကြောင့်၎င်း, သေလောက်နီးပါး ဆင်းရဲ ဝေဒနာကို ခံစားရမည် ဖြစ်သောကြောင့်၎င်း မီးကျီးတွင်းမှ လွတ်လိုဝေးလိုသည့် စေတနာဖြစ်ပေါ် လာသည်။
ထို့အတူ မနောသဉ္စေတနာဟာရကို ရှုမှတ်အပ်၏။
စေတနာ ဟူသော မနောသဉ္စေတနာဟာရသည် ဘုံသုံးပါး၌ ပဋိသန္ဓေကို ဖြစ်စေတတ်၏၊ ပဋိသန္ဓေနှင့် သေခြင်းဆင်းရဲ မရဏဒုက္ခသည် အမြဲယှဉ်၍ ပါလေသည်။ ယင်း စေတနာ၌ ထိုထို ဘဝ၌ ပဋိသန္ဓေဖြစ်ရအောင် ပစ်ချခြင်း ဘေးရှိ၏။ ထိုဘေးမှ လွတ်အောင် မီးကျီးတွင်းပမာ “သက်ဆင်းဝံ့စရာ မကောင်း သောဘဝသို့ ရောက်စေတတ်သည့် စေတနာတည်း” ဟု မနောသဉ္စေတနာဟာရကို ရှုမှတ်အပ်၏။
မနောသဉ္စေတနာဟာရကို ပိုင်းခြားသိသော် ယင်း စေတနာမှာ တဏှာ သာလျှင် အကြောင်းရင်း ရှိသေးကြောင့် တဏှာကို ပိုင်းခြား၍ သိလာသည်။ ယင်း တဏှာကို ပိုင်းခြား၍သိသော် အထက်၌ ပြုဖွယ်ကိစ္စမရှိပြီ။ အရဟတ္တဖိုလ်သို့ ဆိုက်လေတော့သည်။
ဤ၌ မီးကျီးတွင်းသည် တေဘူမက ဝဋ်ဆင်းရဲ ပြောထူသည့် ဘဝသံသရာနှင့် တူ၏။ မီးကျီးတွင်းသို့ ဆွဲချခံရသူသည် ဝဋ်ကိုမှီသော ဗာလပုထုဇဉ်နှင့် တူ၏။ အားခွန်ဗလနှင့် ပြည့်စုံသူ ၂-ဦးသည် ကုသိုလ် အကုသိုလ်ကံနှင့် တူသည်။ အားခွန်ဗလနှင့် ပြည့်စုံသူ ၂-ဦးက မီးကျီးတွင်းထဲ ဆွဲချခြင်းသည် ကုသိုလ် အကုသိုလ်ကံများကို ပုထုဇဉ်တို့က အားထုတ်ပြုလုပ်နေခြင်းနှင့် တူသည်။ မီးကျီးတွင်းလျှင် အကြောင်းရင်းရှိသော ဆင်းရဲသည် ကံလျှင် အကြောင်းရင်းရှိသော ဝဋ်ဆင်းရဲနှင့် တူသည်။
သတ္တိသူလူပမာ
(သတ္တိ= လှံမ၊ သူလ = တံကျင်) မင်းချင်း ယောက်ျားတို့သည် သူခိုးကို ဖမ်း၍ မင်းကြီး ရှေ့တော် မှောက်သို့ ပို့ဆောင်လေသည်။ မင်းကြီးသည် အမှုစိစစ်ပြီးသော် သူခိုးကို နံနက် နေ့လည် ညအခါတို့၌ လှံတရာစီတို့ဖြင့် ထိုးသတ်ရန် မင်းချင်းတို့အား အမိန့် ပေး လေသည်။
မင်းချင်းယောက်ျားတို့သည် သူခိုးကို နံနက် နေ့လည် ညအခါတို့၌ တကြိမ် တကြိမ်လျှင် လှံပေါင်းတရာဖြင့် ညှဉ်းဆဲ ထိုးသတ်ကြသည်။
ထိုသို့ ထိုးသတ်ရာတွင် သူသည် တချောင်းသော လှံဖြင့် ထိုးသတ်ခြင်း ကြောင့်ပင် ဆင်းရဲခြင်း နှလုံးမသာယာခြင်း ဒုက္ခဝေဒနာကို ခံစားရသည်။ လှံပေါင်းတရာတို့ဖြင့် ထိုးသတ် ညှဉ်းဆဲခြင်း ခံရမှု အဘယ်ဆိုဘွယ်ရာ ရှိတော့အံ့နည်း။ များစွာသော ဆင်းရဲ ဝေဒနာကို ခံစားရမည်သာတည်း။
ထို့အတူ ဝိညာဏာဟာရကို ရှုမှတ်အပ်၏။
ဝိညာဏာဟာရသည် နာမ် ရုပ်ကို ဖြစ်စေတတ်၏။ တနည်းဆိုသော် ဝိညာဏာဟာရသည် ပဋိသန္ဓေကို ဖြစ်စေလေသည်။ ပဋိသန္ဓေ နေရခြင်းသည် ဆင်းရဲ၏။ ပဋိသန္ဓေဖြစ်လျှင် စုတိဖြစ်မြဲတည်း ထို့ကြောင့် ဝိညာဏာဟာရ၌ ပဋိသန္ဓေဘေး ရှိသည်၊ ထိုဘေးမှ လွတ်အောင် လှံမ တံကျင်ပမာ “ဖန်ဖန် ကြောက်ဖွယ် ဝိညာဏ်တည်း” ဟု ဝိညာဏာဟာရကို ရှုမှတ်အပ်၏။
ဝိညာဏ်ကို ပိုင်းခြားသိသော် ဝိညာဏ်လျှင် အကြောင်းရင်းရှိသော ဝိညာဏ်နှင့် အတူတကွဖြစ်သော နာမ်ရုပ်ကို ပိုင်းခြားသိသည်။ ယင်းကို ပိုင်းခြားသိလျှင် အထက်၌ ပြုဘွယ်ကိစ္စမရှိပြီ၊ ရဟန္တာ ဖြစ်လေတော့သည်။
ဤ၌ မင်းသည် ကံနှင့်တူ၏။ သူခိုးသည် ဝဋ်ကိုမှီသော ဗာလပုထုဇဉ်နှင့် တူ၏။ လှံမ သုံးရာသည် ပဋိသန္ဓေဝိညာဏ်နှင့်တူ၏။ သူခိုးကို သတ်ကြလော့ဟု အမိန့်ချအပ်သော အခါသည် ကံသည် ဗာလပုထုဇဉ်ကို ပဋိသန္ဓေသို့ ပစ်ချသော အခါနှင့်တူ၏။ ဝါ၊ ကံသည် ဗာလပုထုဇဉ်ကို ပဋိသန္ဓေ ရစေခြင်းနှင့်တူ၏။ လှံဖြင့် ထိုးသတ်ခြင်းကြောင့် ရရှိသည့် နာကျင်မှုဒဏ်ရာ အကြောင်းရင်းရှိသော ဆင်းရဲသည် ပဋိသန္ဓေရရှိမှုကြောင့် ပဝတ္တိအခါ၌ ဖြစ်သော ဆင်းရဲနှင့် တူ၏။
သံ၊၁၊နှာ-၃၂၂-၃၄၂။
သံ၊ဋ္ဌ၊၁-၉၆-၁၀၅။
သံယုတ်မြန်၊ပတွဲ၊နှာ-၃၀၉။
ကောဋ္ဌာသ ၄၂-ပါးကို ကလာပ်ဖွဲ့ပုံ (နှာ-၃၉ဝ)
ပထဝီကောဋ္ဌာသ ၂၀-ပါး
အာပေါကောဋ္ဌာသ ၁၂-ပါး
တေဇောကောဋ္ဌာသ ၄-ပါး
ဝါယောကောဋ္ဌာသ ၆-ပါး
ပေါင်း ၄၂-ပါး ရှိသည်။
(ကောဋ္ဌာသ အသီးသီး သရုပ်ကို ဤကျမ်း ဒုတွဲ၊နှာ-၃၀၇၊၃၀၈-တွင်ရှုပါ။)
ယင်း ၄၂-ပါးသော ကောဋ္ဌာသတွင် ကံ စိတ် ဥတု အာဟာရ ဟူသော အကြေခင်း ၄-ပါးအနက် --
အကြောင်း ၁-ပါးကြောင့်ဖြစ်သော ဧကဇကောဋ္ဌာသ ၆-ပါး
အကြောင်း ၂-ပါးကြောင့်ဖြစ်သော ဒွိဇကောဋ္ဌာသ ၄-ပါး
အကြောင်း ၄-ပါးကြောင့်ဖြစ်သော စတုဇကောဋ္ဌာသ ၃၂-ပါး ရှိသည်။
(ဧကဇကောဋ္ဌာသ ၆-ပါး စသည်၏ သရုပ်ကို ဤကျမ်း ဒုတွဲ၊နှာ-၃ဝ၈-၃ဝ၉ တွင် ရှုပါ။)
အာယတနပြည့်စုံသည့် ခန္ဓာကိုယ်၌ ရအပ်သော ကလာပ်စည်းနှင့် ရုပ်ပေါင်း
ဧကဇကောဋ္ဌာသ၌ ရသော ကလာပ်ပေါင်း
ဧကဇကောဋ္ဌာသ ၆-ပါးတို့ကား အစာသစ် ကျင်ကြီး ပြည် ကျင်ငယ် ပါစကတေဇောနှင့် ထွက်လေ ဝင်လေတို့ဖြစ်သည်။
ယင်း ကောဋ္ဌာသ ၆-ပါးတို့တွင် အစာသစ် ကျင်ကြီး (ပထဝီ)၊ ပြည် ကျင်ငယ် (အာပေါ)၊ ဤ ကောဋ္ဌာသ ၄-ပါးသည် ဥတုကြောင့်ဖြစ်၍ ယင်း ကောဋ္ဌာသ ၄-ခု အသီးသီး၌ ဥတုဇအဋ္ဌက ကလာပ် တစည်းစီ ဖြစ်သည်။ ထို့ကြောင့် ယင်း ဧကဇကောဋ္ဌာသ ၄-ခု၌ ဥတုဇအဋ္ဌက ကလာပ် ၄-စည်း ရုပ်ပေါင်း ၃၂-ပါး ဖြစ်သည်။
ဝမ်းမီးဟူသော ပါစကတေဇောသည် ကံကြောင့်ဖြစ်၍ ယင်း ဝမ်းမီးဟူသော ပါစကတေဇောကောဋ္ဌာသ၌ ကံကြောင့်ဖြစ်သော ဇီဝိတနဝက ကလာပ် ၁-စည်း ရုပ်ပေါင်း ၉-ခုဖြစ်သည်။
ထွက်သက် ဝင်သက် လေဟူသော အဿာသ ပဿာသ ဝါယော တည်းဟူသော ဧကဇကောဋ္ဌာသသည် စိတ်ကြောင့်ဖြစ်၍ ယင်း ကောဋ္ဌာသ၌ စိတ္တဇ အဋ္ဌက ကလာပ် ၁-စည်း ရုပ်ပေါင်း ဂ၈-ခု ဖြစ်သည်။
ထို့ကြောင့် ဧကဇကောဋ္ဌာသ၌ အဋ္ဌက ကလာပ် ၅-စည်း၊ ဇီဝိတ နဝက ကလာပ် ၁-စည်း၊ ဤကလာပ် ၆-စည်း ရုပ်ပေါင်း ၄၉-ပါးဖြစ်သည်။
ဒွိဇကောဋ္ဌာသ၌ ရသော ကလာပ်ပေါင်း
ချွေး မျက်ရည် တံထွေး နှပ် ဟူသော အာပေါဓာတ်သည် ဒွိဇကောဋ္ဌာသဖြစ်သည်။ ဤ ၄-ပါးသည် စိတ် ဥတု တည်းဟူသော အကြောင်း ၂-ပါးကြောင့်ဖြစ်သည်။ ထို့ကြောင့် ယင်း ဒွိဇကောဋ္ဌာသ ၄-ပါး အသီးသီးတို့၌ စိတ္တဇ ဥတုဇ အဋ္ဌကကလာပ် ၂-စည်းစီဖြစ်သည်။ ထို့ကြောင့် ယင်း ဒွိဇကောဋ္ဌာသ၌ အဋ္ဌက ကလာပ် ၈-စည်း၊ ရုပ်ပေါင်း ၆၄-ခု ဖြစ်သည်။
စတုဇကောဋ္ဌာသ၌ ရသော ကလာပ်ပေါင်း
ကျန် ၃၂-ပါး တို့သည် အကြောင်း ၄-ပါးကြောင့် ဖြစ်သဖြင့် စတုဇကောဋ္ဌာသ ဟု ခေါ်သည်။ ယင်း စတုဇကောဋ္ဌာသ ၃၂-ပါး သည် အသီးသီးတို့၌ ထိုက်သည် အားလျော်စွာ စိတ္တဇ ဥတုဇ အာဟာရဇ အဋ္ဌက ကလာပ် ၃-စည်းစီနှင့် ကမ္မဇဇီဝိတနဝက ကလာပ်, ကမ္မဇကာယဒသက ကလာပ်, ကမ္မဇဘာဝဒသက ကလာပ် ၃-စည်းစီ ဖြစ်သည်။
ထို ကမ္မဇကလာပ် ၃-စည်းတွင် ကမ္မဇဇီဝိတ နဝက ကလာပ်သည် သန္တပ္ပနတေဇော ဒဟနတေဇော ဇိရဏတေဇော ဟူသော တေဇော ကောဋ္ဌာသ ၃ ပါးနှင့် (အဿာသ ပဿာသမှတပါး) အခြားသော ဝါယာ ကောဋ္ဌာသမှာ ၅-ပါး ဤ ၈-ပါးသော စတုဇကောဋ္ဌာသ၌သာ ကမ္မဇဇီဝိတ နဝက ကလပ် ဖြစ်သည်။
ကျန် ကမ္မဇ ကာယဒသက၊ ဘာဝဒသက ကလပ် ၂-စည်းသည် ကျန် ၂၄-ပါး သော စတုဇကောဋ္ဌာသ ၌သာ ဖြစ်သည်။
ထို့ကြောင့် စတုဇကောဋ္ဌာသ ၃၂-ပါး၌ --
- စိတ္တဇ ဥတုဇ အာဟာရဇအဋ္ဌက ကလာပ် ၉၆-စည်း၊
- ကမ္မဇဇီဝိတနဝက ကလာပ် ၈-စည်း၊
- ကမ္မဇ ကာယဒသက ကလာပ် ၂၄-စည်း၊
- ကမ္မဇဘာဝဒသက ကလာပ် ၂၄-စည်း၊
ဤကလာပ် ၁၅၂ စည်း၊ ရုပ်ပေါင်း ၁၃၂၀-ဖြစ်သည်။
ဧကဇကောဋ္ဌာသ၌ ကလာပ် ၆-စည်း၊ ရုပ်ပေါင်း ၄၉-ပါး၊
ဒွိဇကောဋ္ဌာသ၌ ကလာပ် ၈-စည်း၊ ရုပ်ပေါင်း ၆၄-ပါးနှင့်
စတုဇကောဋ္ဌာသ၌ ကလာပ် ၁၅၂-စည်း၊ ရုပ်ပေါင်း ၁၃၂ဝ-ပါး
တို့ ပေါင်းသော် ကောဋ္ဌာသ ၄၂-ပါး၌ ကလာပ်ပေါင်း ၁၆၆-စည်း၊ ရုပ်ပေါင်း ၁၄၃၃-ပါးဖြစ်သည်။
မံသကောဋ္ဌာသ၌ ရသောရုပ်ကလာပ်
မျက်စိ နား နှာခေါင်း လျှာ ဟဒယဝတ္ထု စသည်ကို မံသကောဋ္ဌာသ ဟု ခေါ်ဆိုသည်။ ယင်း မံသကောဋ္ဌာသ၌ မျက်စိ စသည့် တစိတ်တဒေသ၌ ဖြစ်သောကြောင့် “ပဒေသဝုတ္တိက” ဟု ခေါ်ဆိုအပ်သည့် စက္ခုဒသက သောတဒသက ဃာနဒသက ဇိဝှါဒသက ဟဒယဝတ္ထု ဒသက ကလာပ် ၅-စည်း၊ စိတ္တဇ သဒ္ဒနဝက ဥတုဇသဒ္ဒနဝကကလပ် ၂-စည်း၊ ဤကလာပ် ၇-စည်းဖြစ်သည်။
သို့ဖြစ်၍ မံသကောဋ္ဌာသ၌ ဒသက ကလာပ် ၅-စည်း၊ နဝက ကလာပ် ၂-စည်းဟူသော ပဒေသဝုတ္တိက ကလာပ် ၇-စည်း၊ ရုပ်ပေါင်း ၆၈-ပါး ဖြစ်သည်။
တကိုယ်လုံး၌ ရသော ကလာပ်ပေါင်း
ဆံပင်စသော ကောဋ္ဌာသ ၄၂-ပါး၌ ဖြစ်သော ကလာပ်စည်း ၁၆၆ စည်း၊ ရုပ်ပေါင်း ၁၄၃၃-ပါးနှင့် မျက်စိ စသော မံသကောဋ္ဌာသ၌ ဖြစ်သော ကလာပ်စည်း ၇-စည်း၊ ရုပ်ပေါင်း ၆၈-ပါးကို ပေါင်းသော် အာယတန ပြည့်စုံသည့် ကိုယ်ကာယ၌ ကလာပ်ပေါင်း ၁၇၃-စည်း, ရုပ်ပေါင်း ၁၅၀၁-ပါး ဖြစ်သည်။
ထိုတွင်-
- အဋ္ဌက ကလာပ် ၁ဝ၉-စည်း ရုပ် ၈၇၂-ပါး၊
- နဝက ကလာပ် ၁၁-စည်း ရုပ် ၉၉-ပါး၊
- ဒသက ကလာပ် ၅၃-စည်း ရုပ် ၅၃၀-ပါး ရှိသည်။
ဤကား နိပ္ဖန္နရုပ်ကို ဓာတ်ခွဲ၍ ဝေဖန် ခွဲခြမ်းခြင်းတည်း။ ဝိညတ်စသော အနိပ္ဖန္နရုပ်ကို ဓာတ်ခွဲ၍ယူပါက ကလာပ်ပေါင်း ရုပ်ပေါင်း အလွန် များပြားရာ၏။ ဆံပင်တပင်စီ ဓာတ်ခွဲ၍ ကြည့်လျှင်မူ ကလာပ်ပေါင်း ရုပ်ပေါင်း အသင်္ချေယျ အပ္ပမေယျ ရှိရာ၏။
မဟာဋီကာ၊ ပ၊နှာ-၄၄၅-၄၄၆။
အသင်္ချေယျကပ် ၄-ကပ် (နှာ-၄၃၈)
၁။ သံဝဋ္ဋကပ်
(သံဝဋ္ဋ= ပျက်ဆဲ + ကပ်= ကမ္ဘာ) ကမ္ဘာဖျက်မိုး ရွာသည်မှ စ၍ အကြွင်းမရှိ ဟင်းလင်းဖြစ်သည် တိုင်အောင် ပျက်ဆဲ ကပ်သည် သံဝဋ္ဋအသင်္ချေယျကပ် မည်၏။
၂။ သံဝဋ္ဋဋ္ဌာယီကပ်
(သံဝဋ္ဋ = ပျက်ခြင်း, ပျက်သည့်အတိုင်း + ဋ္ဌာယီ = တည်နေသော + ကပ် = ကမ္ဘာ) ဟင်းလင်းဖြစ်သည် မှစ၍ ကမ္ဘာပြုမိုး ရွာသည် တိုင်အောင် အပျက်တည်ဆဲကပ်သည် သံဝဋ္ဋဋ္ဌာယီ အသင်္ချေယျကပ် မည်၏။
၃။ ဝိဝဋ္ဋကပ်
(ဝိဝဋ္ဋ= ဖြစ်နေဆဲ + ကပ် = ကမ္ဘာ) ကမ္ဘာပြုမိုး ရွာစမှစ၍ တပေါင်းလပြည့်နေ့ နေလ နက္ခတ် ပေါ်သည် တိုင်အောင် ဖြစ်ဆဲကပ်သည် ဝိဝဋ္ဋအသင်္ချေယျကပ် မည်သည်။
၄။ ဝိဝဋ္ဋဋ္ဌာယီကပ်
(ဝိဝဋ္ဋ = ဖြစ်ခြင်း၊ ဖြစ်ပြီးအတိုင်း + ဋ္ဌာယီ = တည်နေသော + ကပ် = ကမ္ဘ) နေ လ နက္ခတ် ပေါ်သည်မှ စ၍ ကမ္ဘာဖျက်မိုး ရွာစတိုင်အောင် ဖြစ်ပြီး၍ တည်ဆဲဖြစ်သော အန္တရကပ် ၆၄-ကပ်သည် ဝိဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ် မည်သည်။
အန္တရကပ်
(အန္တရ = အပိုင်းအခြား) ၁၀-နှစ်တမ်းမှ အသင်္ချေယျတမ်း အထိ တက်ကပ်နှင့် အသင်္ချေယျတမ်းမှ ၁၀-နှစ်တမ်းအထိ ဆုတ်ကပ်၊ ဤတက်ကပ် ဆုတ်ကပ် ၂-ခုအစုံသည် အန္တရကပ် တကပ်မည်သည်။
အသင်္ချေယျကပ်
အန္တရကပ် ၆၄-ကပ်သည် အသင်္ချေယျကပ် တကပ် မည်၏။
မဟာကပ်
အသင်္ချေယျကပ် ၄-ကပ်သည် မဟာကပ် ၁-ကပ်ဖြစ်သည်။
သံဝဋ္ဋ ၃-မျိုး
အသင်္ချေယျကပ် ၄-ကပ်တွင် သံဝဋ္ဋသည် မီးဖျက် တေဇော သံဝဋ္ဋ, ရေဖျက် အာပေါသံဝဋ္ဋ, လေဖျက် ဝါယောသံဝဋ္ဋ ဟူ၍ ၃-မျိုးရှိသည်။
(၁) မီးဖျက်သောအခါ ပဌမဈာန် ၃-ဘုံ ပါသွားသည်။
(ကာမ ၁၁-ဘုံနှင့် အောက် ရူပဗြဟ္မာ ၃-ဘုံပျက်သည်)
(၂) ရေဖျက်သောအခါ ဒုတိယဈာန် ၃-ဘုံ ပါသွားသည်။
(ကာမ ၁၁-ဘုံနှင့် အောက်ရူပဗြဟ္မာ ၆-ဘုံ ပျက်သည်)
(၃) လေဖျက်သောအခါ တတိယဈာန်သုံးဘုံ ပါသွားသည်။
(ကာမ ၁၁-ဘုံနှင့် အောက် ရူပဗြဟ္မာ ၉-ဘုံ ပျက်သည်)
ကမ္ဘာပျက်သည့်အခါ သတ္တဝါအားလုံး ဗြဟ္မာ့ပြည်၌ ဖြစ်ရခြင်းအကြောင်း
စကြဝဠာကုဋေတသိန်း၌ တပြိုင်နက် ကမ္ဘာဖျက်မိုး ရွာသွန်းသောအခါ လူတို့သည် ရွှင်လန်း ဝမ်းမြောက်စွာဖြင့် စားပင်သီးပင်များ စိုက်ပျိုးကြလေရာ စားပင် သီးပင်များ စားနိုင်လောက်သော အရွယ်သို့ရောက်လေလျှင် မိုးတပေါက်မျှ မရွာပဲ မိုးလုံးလုံးပြတ် သွားလေသည်။
ထိုအခါ မိုးကိုမှီ၍ အသက်မွေးကြသော သတ္တဝါနှင့် အပွင့်အသီးကို မှီ၍ အသက် မွေးကြသော နတ်တို့သည် သေလွန်၍ ဗြဟ္မပြည်၌ ဖြစ်ကြကုန်သည်။
ကာလရှည်ကြာသော် ရေခန်းခြောက်သဖြင့် ငါးလိပ်တို့သည်လည်း သေကြ၍ ဗြဟ္မာပြည်၌ ဖြစ်ကြကုန်သည်။ ငရဲသူ ငရဲသားတို့သည်လည်း သေလွန်၍ ဗြဟ္မာပြည်၌ ဖြစ်ကြကုန်သည်။ (ငရဲသားတို့သည် ခုနစ်ခုမြောက် နေပေါ်လာမှ သေကြသည်ဟု တချို့ ဆရာတို့က ဆိုကြသည်။)
ဗြဟ္မာပြည်သို့ ဈာန်ရမှသာ ရောက်နိုင် ဖြစ်နိုင်သည်၊ ဈာန်မရပဲနှင့် ဗြဟ္မာပြည်၌ မဖြစ်နိုင်သည် မဟုတ်လော။ သတ္တဝါတို့တွင် အချို့ သတ္တဝါများမှာ ငတ်မွတ် ခေါင်းပါး ကြသည်။ အချို့ သတ္တဝါများမှာမူ ဈာန်ရခွင့်ရထိုက် မရှိကုန်။ ထိုငတ်မွတ် ခေါင်းပါးသော သတ္တဝါနှင့် ဈာန်ရထိုက်ခွင့် မရှိသော ငရဲသား စသော သတ္တဝါတို့မှာ အဘယ်မှာလျှင် ဗြဟ္မာပြည်၌ ဖြစ်နိုင်မည်နည်းဆိုသော် --
ကမ္ဘာမပျက်ခင် အနှစ်တသိန်း အထက်၌ လောကဗျူဟာခေါ် နှိုးဆော် သတိပေးသော ကာမာဝစရနတ်တို့က “အချင်းတို့ ဤနှစ်မှနောက် အနှစ် တသိန်းထက်မှာ ကမ္ဘာကြီး ပျက်စီးလိမ့်မည်။ သမုဒ္ဒရာ ခန်းခြောက်လိမ့်မည်။ ဗြဟ္မာပြည်တိုင်အောင် ပျက်စီး လိမ့်မည်။ ဗြဟ္မစိုရ်တရား ၄-ပါး ပွါးများကြလော။ မိဘလုပ်ကျွေးကြလော။ ကြီးသူတို့ကို ရိုသေလေးစား ဆည်းကပ်ကြလော”ဟု အခါမလပ် မပြတ် တိုက်တွန်း နှိုးဆော်ကြကုန်သည်။
ထိုလောကဗျူဟာနတ်တို့ နှိုးဆော်သံကြားရ၍ လူနှင့်ဘုမ္မစိုးနတ်တို့သည် သံဝေဂဖြစ်ပြီး စိတ်နူးညံ့စွာဖြင့် မေတ္တာပွါးများခြင်းစသော ကုသိုလ် ကောင်းမှုပြုကြသဖြင့် သေလွန် သောကာလ နတ်ပြည်၌ ဖြစ်ကြကုန်သည်၊ နတ်ပြည်၌ ဝါယောကသိုဏ်းကို ပရိကမ်ပြု အားထုတ်ပြန်သဖြင့် ဈာန်ရကြကုန်သည်။
သံသရာ၌ ကျင်လည်ရသော သတ္တဝါမှန်သမျှ အပရာပရိယဝေဒယနိယကံနှင့် ကင်း၌ မဖြစ်နိုင်သောကြောင့် အပါယ်သတ္တဝါတို့ကား အပရာပရိယဝေဒနိယ ကံ၏အစွမ်းဖြင့် နတ်ပြည်၌ ဖြစ်ရလေသည်။ နတ်ပြည်၌ ဝါယောကသိုဏ်းကို ပရိကမ်ပြုအားထုတ်၍ ဈာန်ရကြလေသည်။
သို့ဖြစ်၍ သတ္တဝါအားလုံးတို့သည် နတ်ပြည်၌ ရအပ်သော ဈာန်၏အစွမ်းဖြင့် ဗြဟ္မာပြည်၌ ဖြစ်ရလေသည်။
(ဝိသုဒ္ဓိ၊ ဋ္ဌ၊ ဒု၊ နှာ-၄၅။ မဟာဋီကာ၊ ဒု၊ နှာ-၅၀၊၅၁)
ပုဗ္ဗေနိဝါသ သိမြင်ပုံ (နှာ-၄၄၄)
ပုဗ္ဗေနိဝါသ
(ပုဗ္ဗ = ရှေး၊ နိဝါသ = မှီဝဲ သုံးဆောင်ဘူးခြင်း၊ နေခဲ့ဘူး ဖြစ်ခဲ့ဘူး တွေ့ကြုံဘူး, အာရုံ ပြုခဲ့ဘူးခြင်း)
လွန်ခဲ့ပြီးသော ရှေးရှေးဘဝတို့၌ မိမိစိတ်ဖြင့် တွေ့ဘူး ကြုံဘူး အာရုံပြုခဲ့ဘူးသော မိမိ၏ ခန္ဓာငါးပါး၊ သူတပါး၏ ခန္ဓာငါးပါး၊ ထိုခန္ဓာငါးပါးနှင့် ဆက်သွယ်လျက်ရှိသော အမည် အမျိုးစသော ပညတ် သူတပါးတို့ ပရိနိဗ္ဗာန် စံပြီးဖြစ်လျှင် ထိုပုဂ္ဂိုလ်တို့၏ နိဗ္ဗာန်၊ ဤ အလုံးစုံတို့သည် စိတ်ဖြင့် စွဲမှီအပ် ကိုယ်တိုင် တွေ့အပ် အာရုံပြုအပ်ဘူးသောကြောင့် ပုဗ္ဗေနိဝါသ မည်သည်။
ပုဗ္ဗေနိဝါသ သိမြင်သူ ၆-ဦး
ယင်း ပုဗ္ဗေနိဝါသကို တိတ္ထိ ပကတိသာဝက အသီတိမဟာ၀က အဂ္ဂသာဝက ပစ္စေကဗုဒ္ဓါ သမ္မာသမ္ဗုဒ္ဓဘုရားရှင်၊ ဤ ၆-ဦးတို့ သိမြင်အောက်မေ့နိုင်ကြသည်။
၁။ တိတ္ထိ သိမြင်ပုံ
ယင်း ၆-ဦးအနက် သာသနာပအခါ ဈာန်အဘိညာဉ် ရသော တိတ္ထိသည် နာမ်ရုပ်ကို ပိုင်းခြားနိုင်သော ဝိပဿနာဉာဏ် ကင်းသဖြင့် ပညာအားနည်းရကား ကမ္ဘာ ၄၀ -အထိသာ သိမြင် အောက်မေ့နိုင်သည်။
ဤသို့ သိမြင်ရာ၌လည်း တောင်ဝှေးဖြင့် စမ်း၍ စမ်း၍ လမ်းစဉ်အတိုင်းသာ လျှောက်သော သူကန်းပမာ ခန္ဓာအစဉ်အတိုင်း လျှောက်၍သာ သိမြင်နိုင်သည်။ တဘဝပြီးမှ တဘဝသို့ တိုး၍ တိုး၍ ဘဝ ၄၀-အထိ သိမြင်နိုင်သည်။
ယင်းသို့ တဘဝစီ တိုး၍ ဒုတိယဘဝကို ရှေးဦးစွာ သိပြီးမှ နောက်တဆင့် တက်၍ တတိယဘဝကို သိအောင် အဘိညာဉ်ဝင်စားရသည်။ မိမိသိလိုရာ ဘဝကို တိုက်ရိုက် ခုန်ကျော်၍ သိမြင်နိုင်စွမ်း မရှိချေ။
တိတ္ထိတို့၏ ဉာဏ်အမြင်သည် ပိုးစုန်းကြူးရောင်နှင့် တူသည်။
၂။ ပကတိသာဝက သိမြင်ပုံ
ပကတိသာဝကသည် ဉာဏ်ပညာ ကြီးသောကြောင့် တုံးငယ်တံတားပေါ် လျှောက်သူပမာ မိမိသိလိုရာ ဘဝကို ကမ္ဘာရာထောင်အထိ ခန္ဓာအစဉ် လျှောက်၍၎င်း စုတိ ပဋိသန္ဓေ ပြောင်းရွေ့၍၎င်း သိမြင်နိုင်သည်။
ချောင်းကူးရန် တုံးငယ် ခင်းထားသော တံတားပေါ် လျှောက်သူသည် ခင်းထားသော တုံးငယ်ကလေးများကို အစဉ်အတိုင်း နင်း၍၎င်း တုံးငယ် ၂-ခု ၃-ခုကို ကျော်၍၎င်း လျှောက်သွားသကဲ့သို့ ပကတိသာဝကသည် မိမိ သိလိုရာဘဝကို ခန္ဓာစဉ်အတိုင်း လျှောက်၍၎င်း စုတိပဋိသန္ဓေ ပြောင်းရွေ့ခြင်းဖြင့် ခုန်ကျော်၍၎င်း ကမ္ဘာရာထောင်အထိ သိမြင်နိုင်သည်။
စုတိပဋိသန္ဓေ ပြောင်းရွှေ့ကြည့်ပုံ
ရှေးဦးစွာ မိမိသိလိုသော ဘဝ၏ စုတိကို မြင်အောင် ကြည့်သည်။ စုတိကို မြင်ပြီးနောက် စုတိ ပဋိသန္ဓေတို့၏ အကြား၌ရှိသော ပဝတ္တိအဖြစ်ကို မသုံးသပ်ပဲ ပဋိသန္ဓေကို မြင်အောင် ကြည့်သည်။ တဖန် မိမိသိလိုသော တပါးသော ဘဝ၏ စုတိကို မြင်အောင်ကြည့်သည်။ စုတိ၏ နာမ်ရုပ်ကို မြင်ပြီးနောက် ပဋိသန္ဓေကို ကြည့်ပြန်သည်။ ဤကဲ့သို့ စုတိ ပဋိသန္ဓေ ပြောင်းရွှေ့ခြင်းဖြင့် ဘဝကို သိမြင်နိုင်သည်
ဥပမာ -- ဒုတိယဘဝကို သိလိုလျှင် ဒုတိယဘဝ၏ စုတိနှင့် ပဋိသန္ဓေကို မြင်အောင်ကြည့်သည်။ ယင်းကို မြင်လျှင် ဒုတိယဘဝ၌ ငါသည် ဤမည်သော အမည် အနွယ် အဆင်းသဏ္ဌာန် အစာအာဟာရ ချမ်းသာ ဆင်းရဲ ရှိသည်။ ဤမျှလောက်သော အသက် အပိုင်းအခြား ရှိသည်။ ဤမည်သောဘဝမှ ဤဘဝသို့ လာခဲ့သည် စသည်ဖြင့် ဖြစ်ခဲ့ပုံ အလုံးစုံကို သိမြင်သည်။
တဖန် တတိယဘဝကို ကျော်လွန်၍ စတုတ္ထဘဝကို သိလိုလျှင် တတိယဘဝကို အစဉ်အတိုင်း ကြည့်နေရန် မလို။ စတုတ္ထဘဝ၏ စုတိကိုမြင်အောင် ကြည့်ပြီးနောက် ပဋိသန္ဓေ နာမ်ရုပ်ကို မြင်အောင်ကြည့်သည်။ ယင်းတို့ကိုမြင်လျှင် စတုတ္ထဘဝ၏ ဖြစ်ပုံ အလုံးစုံကို သိမြင်တော့သည်။
ပကတိသာဝက၏ ဉာဏ်အမြင်သည် ဆီမီးအရောင်နှင့် တူပေသည်။
၃။ အသီတိ မဟာသာဝက သိမြင်ပုံ
အသီတိ မဟာသာဝကသည် ခြေကြောင်းခရီးသာ သွားလာသော ပျဉ်ခင်း တံတားပေါ် လျှောက်သူပမာ မိမိသိလိုရာဘဝကို ခန္ဓာစဉ် လျှောက်၍၎င်း, စုတိ ပဋိသန္ဓေ ပြောင်းရွှေ့ ခြင်းဖြင့် ခုန်ကျော်၍၎င်း, ပါရမီ ဖြည့်ခဲ့သလောက် ကမ္ဘာတသိန်း အထိ သိမြင်နိုင်သည်။
လူ ၄-၅-ယောက် သွားလာနိုင်သော ပျဉ်ခင်းတံတားပေါ် လျှောက်သူသည် ခင်းထားသော ပျဉ်ချပ်ကို အစဉ်အတိုင်း နင်း၍၎င်း, ခုန်ကျော်၍၎င်း လျှောက်သွားသကဲ့သို့ အသီတိ မဟာသာဝကသည် သိလိုရာဘပကို ကမ္ဘာ တသိန်းအထိ ခန္ဓာစဉ်လျှောက်၍၎င်း, စုတိ ပဋိသန္ဓေ ပြောင်းရွှေ့ခြင်းဖြင့် ခုန်ကျော်၍၎င်း သိမြင်နိုင်သည်။
အသီတိမဟာသာဝက၏ ဉာဏ်အမြင်သည် မီးရှူးရောင်နှင့် တူပေသည်။
၄။ အဂ္ဂသာဝက သိမြင်ပုံ
အဂ္ဂသာဝကသည် လှည်းသွားလာနိုင်သော ပျဉ်ခင်းတံတားပေါ် လျှောက်သူပမာ မိမိ သိလိုရာ ဘဝကို ပါရမီဖြည့်ခဲ့သလောက် တသင်္ချေနှင့် ကမ္ဘာတသိန်းအထိ စုတိ ပဋိသန္ဓေ ပြောင်းရုံမျှဖြင့် သိမြင်နိုင်သည်၊ ခန္ဓာစဉ်အတိုင်း လျှောက်ဖွယ် မလိုပေ။
လှည်းသွားလာနိုင်သော ပျဉ်ခင်းတံတားပေါ် လျှောက်သူသည် ခင်းထားသော ပျဉ်ချပ်ကို အစဉ်အတိုင်း နင်း၍၎င်း ၂-ချပ် ၃-ချပ်ကျော်၍ဖြစ်စေ ၄-၅-ချပ်ကျော်၍ ဖြစ်စေ ခုန်ကျော်၍ လျှောက်သွားသကဲ့သို့ အဂ္ဂသာဝကသည် မိမိသိလိုရာ ဘဝကို ခန္ဓာစဉ်အတိုင်း မလျှောက်ပဲ အာရုံမပြုပဲ “ စုတိ ပဋိသန္ဓေ ပြောင်းရွှေရုံမျှဖြင့် ခုန်ကျော်၍ တသင်္ချေနှင့် ကမ္ဘာတသိန်းအထိ သိမြင်နိုင် သည်။
အဂ္ဂသာဝက၏ ဉာဏ်အမြင်သည် သောက်ရှူးကြယ်ရောင်နှင့် တူပေသည်။
၅။ ပစ္စေကဗုဒ္ဓါ သိမြင်ပုံ
ပစ္စေကဗုဒ္ဓါသည် လူများစွာ တပေါင်းတည်း သွားလာနိုင်သော မြေပြင် ခြေကြောင်း လမ်းမပေါ် လျှောက်သူပမာ မိမိသိလိုရာဘဝကို ပါရမီဖြည့်ခဲ့သလောက် နှစ်သင်္ချေနှင့် ကမ္ဘာ တသိန်းအထိ စုတိပဋိသန္ဓေ ပြောင်းရွှေ့ရုံမျှဖြင့် သိမြင်နိုင်သည်။ ခန္ဓာစဉ် အတိုင်း လျှောက်ဖွယ် အာရုံပြုဖွယ် မလိုပေ။
လူများစွာ တပေါင်းတည်း သွားလာနိုင်သော ခြေကြောင်းလမ်းမပေါ် လျှောက်သူသည် သွားလိုရာကို အစဉ်အတိုင်း မဟုတ်ပဲ ဖြတ်သန်း ခုန်ကျော်၍ လျှောက်သွားသကဲ့သို့ ပစ္စေကဗုဒ္ဓါသည် သိလိုရာဘဝကို ခန္ဓာစဉ်အတိုင်း မဟုတ်ပဲ စုတိပဋိသန္ဓေ ပြောင်းခြင်းဖြင့် ဘဝများစွာကို ဖြတ်သန်း ခုန်ကျော်၍ နှစ်သင်္ချေနှင့် ကမ္ဘာတသိန်းအထိ သိမြင်နိုင်သည်။
ပစ္စကဗုဒ္ဓါ၏ ပုဗ္ဗေနိဝါသဉာဏ်အမြင်သည် လရောင်နှင့် တူပေသည်။
၆။ ဘုရားရှင် သိမြင်ပုံ
သဗ္ဗညုဘုရားရှင်သည် လှည်းအစီးပေါင်း မြောက်များစွာ တပေါင်းတည်း တစုတည်း သွားလာနိုင်သော မြေပြင်လှည်းကြောင်း လမ်းမပေါ် လျှောက်သူပမာ မိမိသိလိုရာ ဘဝကို ကမ္ဘာအပိုင်းအခြား မရှိ ပေယျာလမြှုပ်၍ ခန္ဓာစဉ်လျှောက်ခြင်း၊ စုတိပဋိသန္ဓေ ပြောင်းရွှေ့ခြင်း မပြုပဲနှင့် မိမိဆန္ဒအတိုင်း သိမြင်တော်မူနိုင်သည်။
လှည်းအစီးပေါင်း မြောက်မြားစွာ တပေါင်းတည်း တစုတည်း သွားလာ နိုင်သော လှည်းကြောင်းလမ်းမပေါ် လျှောက်သူသည် သွားလိုရာခရီးကို မိမိ ဆန္ဒအတိုင်း ကြိုက်နှစ်သက်သည့် နေရာမှ သွားချင်သလို သွားနိုင်သကဲ့သို့ ဘုရားရှင်သည် ကမ္ဘာ များစွာတွင် သိလိုရာဘဝကို မိမိဆန္ဒအတိုင်း ကမ္ဘာ အပိုင်းအခြားမရှိ သိမြင်တော် မူနိုင်သည်၊ ခန္ဓာစဉ်လျှောက်ခြင်း စုတိပဋိသန္ဓေ ပြောင်းရွေ့ခြင်း ပြုဖွယ် မလိုပေ။
သားမြီးဖျားကို မှန်အောင် ပစ်နိုင်သော ဝါလဝေမိလေးသမား၏ မြားသည် လမ်းခုလပ် အကြား၌ ငြိကပ်ခြင်းမရှိပဲ လိုရာအရပ်ကို ဖောက်ထွင်းထိမှန် သကဲ့သို့၎င်း၊ ကေသရာ ခြင်္သေ့မင်းသည် ခုန်လွှားသောအခါ လိုရာ အရပ်သို့ ကျနိုင်သကဲ့သို့၎င်း ဘုရားရှင်သည် ကမ္ဘာအပိုင်းအခြားမရှိ အလိုရှိရာ ဘဝကို သိမြင် အောက်မေ့တော်မူနိုင်သည်။
ဘုရားရှင်၏ ပုဗ္ဗေနိဝါသဉာဏ်အမြင်သည် နေရောင်နှင့် တူပေသည်။
ဝိသုဒ္ဓိ၊ဋ္ဌ၊ ဒု၊ နှာ-၄၀၊ ၄၂။
မဟာဋီကာ၊ ဒု၊ နှာ-၄၅၊ ၄၇။
ဝီရိယဖြစ်ကြောင်း ဝတ္ထု ၈-ပါး (နှာ-၄၈၅)
(ဝီရိယဖြစ်ပေါ်ရန် အကြောင်းဖြစ်၍ “ဝီရိယာရမ္ဘဝတ္ထု” ဟု ခေါ်သည်။)
၁။ ပြုလတ္တံ့သော အမှုကိစ္စ
“အကယ်၍ ငါ့မှာ ကိစ္စအသစ်တခု ပေါ်လာလိမ့်မည်။ ထိုအခါ အားထုတ်ပြုလုပ်မြဲ ကိစ္စကို အားမထုတ်ရပဲ မပြုလုပ်ရပဲ ရှိတော့မည်။ ယခုကပင် ပြုလုပ်ဆဲကိစ္စကို ပြီးစီးအောင် ဆောင်ရွက်ထားမှ တော်မည်”ဟု ဖြစ်ပေါ်လာမည့် ကိစ္စကို ဆင်ခြင်ကာ လွန်စွာ အားထုတ်လေသည်။
၂။ ပြုခဲ့ပြီးသော အမှုကိစ္စ
“ငါ့မှာ ပေါ်ပေါက်လာသော ကိစ္စ အသစ် တခုကို ဆောင်ရွက်လို့တော့ ပြီးခဲ့လေပြီ။ ထိုကိစ္စကို ဆောင်ရွက်စဉ်က ပြုလုပ်မြဲပြုနေကျ ဖြစ်သော ကိစ္စများ လစ်ဟင်းခဲ့သည်။ ယခုအခါ ထိုပြုလုပ်မြဲ ကိစ္စကို ကြိုးစား ဆောင်ရွက်ဦးမှ တော်မည်”ဟု ပြုခဲ့ပြီးသော ကိစ္စကို ဆင်ခြင်ကာ လွန်စွာ အားထုတ်ပြန်လေသည်။
ဤသို့လျှင် အမှုကိစ္စကို စွဲ၍ ဝီရိယ ၂-မျိုး ဖြစ်ပေါ်လာသည်။
၃။ သွားရလတ္တံ့သော လမ်းခရီး
“ငါ့မှာ ခရီးသွားရန် ရှိသေးသည်။ ခရီးသွား ရလိမ့်ဦးမည်။ ခရီးသွားနေစဉ် အားထုတ် ပြုလုပ်မြဲကိစ္စကို အားမထုတ် မပြုလုပ်ရပဲ ရှိတော့မည်။ ယခုကပင် ကြိုးစား ပြုလုပ်ထားမှ တော်မည်”ဟု သွားရမည့် လမ်းခရီးကို ဆင်ခြင်ကာ လွန်စွာ အားထုတ် လေသည်။
၄။ သွားခဲ့ပြီးသော လမ်းခရီး
“ငါ့မှာ ခရီးထွက်ခဲ့ သွားခဲ့ပြီးပြီ။ ထို ခရီးထွက်သွားစဉ် အခါက ပြုလုပ်မြဲ ပြုလုပ်နေကျ ဖြစ်သော ကိစ္စများ လစ်ဟင်းခဲ့သည်။ ယခုအခါ ထိုပြုလုပ်မြဲ ပြုနေကျကိစ္စကို ကြိုးစား ပြုလုပ်ဦးမှ တော်မည်” ဟု သွားခဲ့ပြီးသော ခရီးကို ဆင်ခြင်ကာ လွန်စွာ အားထုတ် ပြန်လေသည်။
ဤသို့လျှင် လမ်းခရီးကို စွဲ၍ ဝီရိယ- ၂-မျိုး ဖြစ်ပေါ်လာသည်။
၅။ အနည်းငယ်သော အနာရောဂါ (အနာရောဂါ ဖြစ်ခါစ)
“ငါ့မှာ ယခု အနာရောဂါ ဖြစ်ခါစ ဖြစ်သည်။ မကျန်းမာစ ဖြစ်လာပြီ။ သည့်ထက် ပိုဆိုး ပိုတိုးလာလျှင် အားမထုတ်နိုင်ပဲ ရှိတော့မည်။ ယခုကပင် ကြိုးစား ဆောင်ရွက်ထားမှ တော်မည်”ဟု ဖြစ်ပေါ်ခါစ အနာရောဂါကို ဆင်ခြင်က လွန်စွာ အားထုတ်လေသည်။
၆။ အနာရောဂါမှ ပျောက်ကင်း ကျန်းမာခါစ
“ငါ့မှာ ယခုအခါ အနာရောဂါမှ ပျောက်ကင်း ကျန်းမာလာပြီ။ အနာရောဂါဖြစ်နေ၍ မကျန်းမာနေစဉ်အခါက ပြုလုပ်မြဲ ပြုလုပ်နေကျ ဖြစ်သောကိစ္စများ လစ်ဟင်းခဲ့သည်။ ယခုအခါ ထိုလစ်ဟင်းခဲ့သော ပြုလုပ်မြဲ ပြုလုပ်နေကျ ကိစ္စကို ကြိုးစားဆောင်ရွက်မှ တော်မည်”ဟု ပျောက်ကင်းသော အနာရောဂါကို ဆင်ခြင်ကာ လွန်စွာ အားထုတ်ပြန် လေသည်။
ဤသို့လျှင် မကျန်းမာမှု အနာရောဂါကိုစွဲ၍ ဝီရိယ ၂-မျိုး ဖြစ်ပေါ်လာလေသည်။
၇။ ဆွမ်းဘောဇဉ် ပြည့်ပြည့်စုံစုံရခြင်း
“ငါ့မှာ ယခု ဆွမ်းဘောဇဉ်များ ပြည့်စုံလုံလောက်စွာ ရ၏။ ယခုလို ဆွမ်းဘောဇဉ်နှင့် ပြည့်စုံလျောက်ပတ်သည့် ဘောဇနသပ္ပါယ ဖြစ်သည့်အခါ ကြိုးစားမှ တော်မည်”ဟု ပြည့်စုံ လုံလောက်သော ဆွမ်းဘောဇဉ်ကို ဆင်ခြင်ကာ လွန်စွာ အားထုတ်လေသည်။
၈။ ဆွမ်းဘောဇဉ် ပြည့်ပြည့်စုံစုံ မရခြင်း
“ငါ့မှာ ယခု ဆွမ်းဘောဇဉ် လုံလောက်စွာ မရ၊ သို့သော် မျှတသဖြင့် ခန္ဓာကိုယ် ပေါ့ပါး၍ ထိုထိုအမှု၌ ခံ့ညား လျောက်ပတ်၏။ အားထုတ် လိုက်မှတော်မည်”ဟု မပြည့်စုံ မလုံလောက်သော ဆွမ်းဘောဇဉ်ကို ဆင်ခြင်ကာ လွန်စွာ အားထုတ်ပြန်လေသည်။
ဤသို့လျှင် ဆွမ်းဘောဇဉ်ကိုစွဲ၍ ဝီရိယ ၂-မျိုး ဖြစ်ပေါ်လာပေသည်။
သုတ်ပါထေယျ၊ သင်္ဂီတိသုတ်၊ နှာ-၂၁၂-၄။ (ဒီ၊၃၊ နှာ-၂၁၂-၄။)
ကုသီတ၀တ္ထု ၈-ပါး
ငါ့မှာ မည်သည့် ကိစ္စတခုကို ပြုရလိမ့်မည်၊ ယင်း ကိစ္စကိုပြုလျှင် ငါတော့ ပင်ပန်း လိမ့်မည်။ ငါ ယခု အိပ်နေတော့မည်”စသည်ဖြင့် မသင့်သော နှလုံးသွင်းမှုရှိ၍ ပျင်းရိခြင်း အားကြီး၌ ဤ ၈-ပါးသည်ပင် ပျင်းရိခြင်းဖြစ်ကြောင်း “ကုသီတဝတ္ထု” များ ဖြစ်ရပြန်တယ်။
သုဘ်ပါထေယျ၊ သင်္ဂီတိသုတ်၊ နှာ-၂၁၁-၂။ (ဒီ၊၃၊နှာ-၂၁၁-၂။)
နာမ်ထင်ရှားသည့်တိုင်အောင် ရုပ်ကိုသိမ်းဆည်းအပ်ခြင်း (နှာ-၅၀၅)
ကြေးမုံကြည့်သူဥပမာ
ယောက်ျားတဦးသည် မစင်ကြယ် မကြည်လင်သော ကြေးမုံမှန်ပြင်၌ ကြည့်သောအခါ မျက်နှာရိပ် မထင်လတ်သော် ကြေးမုံမှန်ကို မစွန့်ပစ်ပဲ ကြေးမုံမှန်ကို ခဏခဏ ထပ်ကာ ထပ်ကာ ပွတ်သပ်တိုက်လေရာ ကြည်လင်လာ၍ ကြေးမုံမှန်ပြင်၌ မျက်နှာရိပ်ထင်လာ သကဲ့သို့ ယောဂီသည် ရူပပရိဂ္ဂဟဉာဏ်ဖြင့် ဓာတ် ၄-ပါးကို ပိုင်းခြားခြင်းစသည့် နည်းဖြင့် ရုပ်သိမ်းဆည်းပြီး၍ နာမ်ကို သိမ်းဆည်းသောအခါ နာမ်မှာ သိမ်မွေ့သောကြောင့် ရုပ်တရက် နာမ်မထင်လာသေးလျှင် အားမလျှော့ပဲ ရုပ်ကိုသာ ပြန်လည်၍ အဖန်တလဲလဲ ဆင်ခြင်သုံးသပ် သိမ်းဆည်းအပ်၏။
ရုပ်ကိုသိမ်းဆည်းဖန်များ၍ ရူပပရိဂ္ဂဟဉာဏ် ထက်သန် အားရှိသည်ရှိသော် နာမပရိဂ္ဂဟ- ဉာဏ်၏ အခြေခံဖြစ်လာသည်။ ဆက်လက်၍ အားထုတ်သောအခါ ရုပ်ဓာတ်ကို သုံးသပ်သိမ်းဆည်းစဉ်ပင်လျှင် ရုပ်ကို အာရုံပြု၍ ဖြစ်ကုန်သောနာမ် တရား တို့သည် အာရုံကို တွေ့ထိမှု ဖုသန၊ အာရုံကိုခံစားခြင်း ဝေဒိယန၊ အာရုံကို သိခြင်း ဝိဇာနန - တည်းဟူသော နာမ်တရား အခြင်းအရာ ၃-ပါးတို့အနက် တပါးပါးဖြင့် အလိုလိုပင် ထင်ရှားလာသည်။
ဤ၌ ကြေးမုံပြင်နှင့် ရုပ်တရား၊ ကြေးမုံမှန်ပြင်ကို ထပ်ကာ ထပ်ကာ ပွတ်သပ် တိုက်ပေးခြင်းနှင့် ရုပ်တရားကို အဖန်တလဲလဲ ပြန်လည် သုံးသပ် သိမ်းဆည်းခြင်း၊ မျက်နှာရိပ် ထင်လာခြင်းနှင့် နာမ်တရား ထင်ရှားလာခြင်းတို့ကို ဥပမာစပ်၍ ယူပါလေ။
ဤနည်းတူ ကျန်ဥပမာများ၌ ဥပမာ ဥပမေယျ ဟပ်၍ယူပါလေ။
ဆီပွတ်ယောကျ်ားဥပမာ
ဆီပွတ်ဆီကြိတ်ယောက်ျားသည် နှမ်းမှုန့်ကိုဆီပွတ်ခုံ ဆီကြိတ်ဆုံ၌ လောင်းထည့်၍ ရေနွေးဖျန်းဆွတ်ပြီး ၁-ကြိမ် ၂-ကြိမ် ညှစ်ရုံမျှဖြင့် နှမ်းဆီမထွက်လတ်သော် နှမ်းမှုန့်ကို မစွန့်ပစ်ပဲ ယင်း နှမ်းမှုန့်ကို ရေနွေးနှင့်ဖျန်းဆွတ်ကာ ထပ်ဖန်တလဲလဲ နယ်၍ နယ်၍ ကြိတ်ညှစ်လျှင် ကြည်လင်သန့်ရှင်းသော နှမ်းဆီ ထွက်လာသကဲ့သို့ ယောဂီသည် ရူပပရိဂ္ဂဟဉာဏ်ဖြင့် ရုပ်ကိုသိမ်းဆည်းပြီးနောက် နာမ်ကို သိမ်းဆည်းသောအခါ နာမ်သည် သိမ်မွေ့သောကြောင့် ရုတ်တရက် မထင်လာသေးလျှင် အားမလျှော့ပဲ ရုပ်ကိုသာပြန်လည်၍ အဖန်တလဲလဲ ဆင်ခြင်သုံးသပ် သိမ်းဆည်းအပ်၏။ ရုပ်ကို သိမ်းဆည်းဖန်များ၍ နာမပရိဂ္ဂဟဉာဏ်၏ အခြေခံဖြစ်သော ရူပပရိဂ္ဂဟဉာဏ် ထက်သန် အားရှိသည်ရှိသော် ရုပ်ကို အာရုံပြု၍ ဖြစ်ကုန်သော နာမ်တရားတို့ သည် ဖုသန ဝေဒိယ ပိဇာနန တည်းဟူသော အခြင်းအရာ ၃-ပါးတို့တွင် တပါးပါးဖြင့် အလိုလိုပင် ထင်ရှား လာကုန်သည်။
ရေကြည်စေလိုသူ ဥပမာ
ရေနောက်ကို ကြည်စေလိုသည့် ယောက်ျားသည် ခပေါင်း ရေကြည်စေ့ကို ရေအိုး အတွင်း၌ တခါ နှစ်ခါ သွေးရုံမျှဖြင့် ရေမကြည်သေးလျှင် ခပေါင်း ရေကြည်စေ့ကို လွှင့်မပစ်ပဲ ထပ်ကာထပ်ကာ သွေးသော် အနယ်အနှစ်များ အောက်ထိုင်ပြီး ရေကြည် လာသကဲ့သို့ ယောဂီသည်။ ပ။ အလိုလိုပင် ထင်ရှားလာကုန်သည်။
ကြံညှစ်သမား ဥပမာ
ကြံရည်အလိုရှိသော ယောက်ျားသည် ကြံကြိတ် ကြံညှစ်စက်၌ ကြံတို့ကို ၁-ကြိမ် ၂-ကြိမ် ကြိတ်ညှစ်ရုံမျှဖြင့် ကြံရည်မထွက်သေးလျှင် ကြံတို့ကို လွှင့်မပစ်ပဲ ထပ်တလဲလဲ ကြိတ်ညှစ်ခြင်းဖြင့် ကြံရည်ထွက်လာသကဲ့သို့ ယောဂီသည်။ ပ။ ထင်ရှားလာကုန်သည်။
နွားကြမ်းကို ဆုံးမသူဥပမာ
နွားကြမ်းကိုဆုံးမသော နွားထမ်းပိုး ကျင့်သည့် ယောက်ျားသည် နွားကြမ်းကို လှည်းထမ်းပိုး၌ တပ်၍ ၁-ကြိမ် ၂-ကြိမ် မောင်းနှင်ရုံမျှဖြင့် နွားကြမ်း မရုန်းတတ် မသွားတတ်သောအခါ ထပ်ကာ ထပ်ကာ မောင်းနှင် လေ့ကျင့်ပေးရသည်။ ထိုသို့ အဖန်ဖန် မောင်းနှင် လေ့ကျင့်ပေးလျှင် နွားကြမ်းသည် ထမ်းပိုးနပ်ကာ လှည်းကို ရုန်းတတ် သွားတတ်သကဲ့သို့ ယောဂီသည်။ ပ။ ထင်ရှားလာကုန်သည်။
သူခိုးကိုစစ်ဆေးသောမင်း ဥပမာ
အမှုမှန်ကို သိလို၍ ခိုးသူကို စစ်ကြောသော မင်းသည် ၁-ကြိမ် ၂-ကြိမ် စစ်ဆေးရုံမျှဖြင့် အမှုမှန် မပေါ်သောအခါ ခိုးသူကို မလွှတ်သေးပဲ ထပ်တလဲလဲ စစ်ဆေးလျှင် အမှုမှန် ပေါ်လာသကဲ့သို့ ယောဂီသည်။ ပ။ ထင်ရှားလာကုန်သည်။
ဆီဥ ထောပတ်လိုသူ ဥပမာ
ဆီဥ ထောပတ်ကို အလိုရှိသော ယောက်ျားသည် နို့ဓမ်းအိုး၌ နို့ဓမ်းကိုထည့်၍ မွှေတံနှင့် ၁-ကြိမ် ၂-ကြိမ် မွှေရုံမျှဖြင့် ဆီဥ ထောပတ် မဖြစ်လာသေးလျှင် နို့ဓမ်းကို မစွန့်ပစ်ပဲ ခဏ ခဏ ထပ်ကာထပ်ကာ မွှေပေးခြင်းဖြင့် ဆီဥ ထောပတ် ဖြစ်လာသကဲ့သို့ ယောဂီသည်။ ပ။ ထင်ရှားလာကုန်သည်။
ဟင်းချက်သူ ဥပမာ
ငါးဟင်းစားလို၍ ငါးကိုချက်သော ယောက်ျားသည် ငါးဟင်းအိုးကို ၁-ကြိမ် ၂-ကြိမ် မီးထိုးပေးရုံမျှဖြင့် ငါးမကျက်နိုင်သောအခါ ထိုငါးကို မစွန့်ပစ်ပဲ ခဏ ခဏ မီးထိုးပေးလျှင် ငါးကျက်၍ စားရသကဲ့သို့ ယောဂီသည်
ရူပပရိဂ္ဂဟဉာဏ်ဖြင့် ရုပ်ကို သိမ်းဆည်း ပြီး၍ နာမ်ကို သိမ်းဆည်းသောအခါ နာမ်မှာ သိမ်မွေ့သောကြောင့် ရုပ်တရက် မထင်လာ သေးလျှင် အားမလျှော့ပဲ ရုပ်ကိုသာ ပြန်လည်၍ အဖန် တလဲလဲ ဆင်ခြင်သုံးသပ် သိမ်းဆည်းအပ်၏။ ရုပ်ကို သိမ်းဆည်းဖန်များသော် နာမပရိဂ္ဂဟဉာဏ်၏ အခြေခံ ဖြစ်သော ရူပပရိဂ္ဂဟဉာဏ် ထက်သန် အားရှိလာသည်။ ထိုအခါ ရုပ်ကို အာရုံပြု၍ ဖြစ်ကုန်သော နာမ်တရားတို့သည် ဖုသန ဝေဒိယန ဝိဇာနန တည်းဟူသော နာမ် အခြင်းအရာ ၃-ပါးတို့အနက် တပါးပါးအားဖြင့် အလိုလိုပင် ထင်ရှားလာကုန်သည်။
ဤ၌ ငါးနှင့် ရုပ်တရား၊ ငါးကို ခဏ ခဏ မီးထိုးပေးခြင်းနှင့် ရုပ်ကို အဖန် တလဲလဲ သုံးသပ်ခြင်း၊ ငါးဟင်းကျက်၍ စားရခြင်းနှင့် နာမ်တရား ထင်ရှားလာခြင်းတို့ကို ဥပမာ ဟပ်၍ ယူပါလေ။
အဓွန့် ၃-ပါး၌ ယုံမှားခြင်း
ယုံမှားခြင်း ၁၆-မျိုး (နှာ-၅၁၁)
အတိတ်အဓွန့်၌ ယုံမှားခြင်း ၅-ပါး
(၁) အဟောသိံ နုခေါ အဟံ အတီတမဒ္ဓါနံ = ငါသည် ရှေးအတိတ် ကာလ၌ ဖြစ်ဘူးပြီလား။
(၂) န နုခေါ အဟောသိံ အတီတမဒ္ဓါနံ = ငါသည် ရှေးအတိတ် ကာလ၌ မဖြစ်ဘူးပြီလော။
(၃) ကိံ နုခေါ အဟောသိံ အတီတမဒ္ဓါနံ =ငါသည် ရှေးအတိတ် ကာလ၌ အဘယ်ဇာတ် အဘယ် အမျိုး၌ အဘယ်သို့သောသူ ဖြစ်ဘူးလေသနည်း။
(၄) ကထံ နုခေါ အဟောသိံ အတီတမဒ္ဓါနံ = ငါသည် ရှေးအတိတ် ကာလ၌ အဘယ်ပုံ သဏ္ဌာန် ဖြစ်ခဲ့လေသနည်း။
(၅) ကိံ ဟုတွာ ကိံ အဟောသိံ နုခေါ အဟံ အတီတမဒ္ဓါနံ = ငါသည် ရှေးအတိတ်ကာလ၌ အဘယ်ဇာတ် အဘယ်အမျိုး၌ အဘယ်သူ ဖြစ်ပြီးနောက် တဖန် အဘယ်ဇာတ် အဘယ် အမျိုး၌ အဘယ်သူ ဖြစ်ခဲ့ပါသနည်းဟု ယုံမှား၏။
အဝိဇ္ဇာ စသော အကြောင်းတို့ကြောင့် အတိတ် ရုပ် နာမ်ဖြစ်ခဲ့ပြီး ထို ရုပ် နာမ်မှတပါး “ငါမရှိ”ဟု သိလျှင် အတိတ်၌ ယုံမှားခြင်းငါးပါး မဖြစ်တော့ပေ။
အနာဂတ်အဓွန့်၌ ယုံမှားခြင်း ၅-ပါး
(၁) ဘဝိဿာမိ နုခေါ အဟံ အနာဂတ မဒ္ဓါနံ = ငါသည် နောင် အနာဂတ် ဘဝ၌ ဖြစ်လိမ့် ဦးမည်လော။
(၂) န နုခေါ ဘဝိဿာမိ အနာဂတမဒ္ဓါနံ = ငါသည် နောင် အနာဂတ် ဘဝ၌ မဖြစ်တော့ ဘူးလော။
(၃) ကိံ နုခေါ ဘဝိဿာမိ အနာဂတမဒ္ဓါနံ = ငါသည် နောင် အနာဂတ် ဘဝ၌ အဘယ် ဇာတ် အဘယ်အမျိုး၌ အဘယ်သူ ဖြစ်လိမ့်မည်နည်း။
(၄) ကထံ နုခေါ ဘဝိဿာမိ အနာဂတမဒ္ဓါနံ = ငါသည် နောင် အနာဂတ် ဘဝ၌ အဘယ် ပုံသဏ္ဌာန်ဖြင့် ဖြစ်ပါလိမ့်မည်နည်း။
(၅) ကိံ ဟုတွာ ကိံ ဘဝိဿာမိ နုခေါ အဟံ အနာဂတမဒ္ဓါနံ = ငါသည် နောင် အနာဂတ် ဘဝ၌ အဘယ်ဇာတ် အဘယ်အမျိုး၌ အဘယ်သူဖြစ်ပြီး နောက် တဖန် အဘယ်ဇာတ် အဘယ်အမျိုး၌ အဘယ်သူ ဖြစ်လိမ့်ဦးမည်နည်းဟု ယုံမှား၏။
အဝိဇ္ဇာ စသော အကြောင်းတို့ကြောင့် အနာဂတ်၌ ရုပ် နာမ် ဖြစ်လတ္တံ့၊ ထိုရုပ် နာမ်မှတပါး “ငါမရှိ”ဟု သိလျှင် အနာဂတ်၌ ယုံမှားခြင်း မဖြစ်တော့ပေ။
ပစ္စုပ္ပန်အဓွန့်၌ ယုံမှားခြင်း ၆-ပါး
(၁) အဟံ နုခေါသ္မိ = ငါမှ ဟုတ်ပါ၏လော။
(၂) နော နုခေါသ္မိ = ငါမဟုတ်ပဲများ ဖြစ်ပါသလား။
(၃) ကိံ နုခေါသ္မိ =ငါ ယခု အဘယ်ဇာတ် အဘယ်အမျိုး၌ အဘယ်သူ ဖြစ်နေပါသနည်း။
(၄) ကထံ နုခေါသ္မိ =ငါ ယခု ဘယ်ပုံ ဘယ်သဏ္ဌာန် ဖြစ်နေသနည်း။
(၅) အဟံ နုခေါ သတ္တော ကုတော အာဂတော = ငါသည် ဘယ်ဘဝက လာခဲ့ပါသနည်း။
( ၆) သော အဟံ ကုဟိံ ဂါမီ ဘဝိဿာမိ = ထို ငါသည် အဘယ် ဘဝသို့ သွားရအံ့နည်းဟု ပစ္စုပ္ပန်၌ ယုံမှား၏။
အဝိဇ္ဇာ စသော အကြောင်းတို့ကြောင့် ရုပ် နာမ် ဖြစ်သည်၊ ထို ရုပ် နာမ်မှ တပါး “ငါမရှိ”ဟု သိလျှင် ပစ္စုပ္ပန်၌ ယုံမှားခြင်း ၆-ပါး မဖြစ်တော့ပေ။
(ဤကျမ်း၊ဒုတွဲ၊နှာ-၅၁၃၊၅၁၄ လည်း ရှုပါ။)
တနည်း ယုံမှားခြင်း ၈-မျိုး
၁။ ဗုဒ္ဓေ ကင်္ခတိ = ဘုရား၌ ယုံမှားခြင်း။
ဘုရားရှင်၌ ၃၂-ပါးသော လက္ခဏာတော်ကြီး, ၈၀-သော လက္ခဏာတော်ငယ်တို့ဖြင့် တင့်တယ်သော ကိုယ်တော်ရှိသည်မှာ ဟုတ်မှ ဟုတ်ပါ့မလားဟု ယုံမှားသံသယ ဖြစ်ခြင်း။
ဘုရားရှင်၌ အတိတ် အနာဂတ် ပစ္စုပ္ပန် အလုံးစုံကို သိတော်မူသော သဗ္ဗညုတဉာဏ် ရှိသည်မှာ ဟုတ်မှ ဟုတ်ပါ့မလားဟု ယုံမှား သံသယ ဖြစ်ခြင်း။
ဘုရားရှင်သည် ၃၂-ပါးသော လက္ခဏာတော်ကြီး၊ ၈၀-သော လက္ခဏာတော်ငယ်တို့နှင့် ပြည့်စုံ၍ အတိတ် အနာဂတ် ပစ္စုပ္ပန် အလုံးစုံကို သိသော သဗ္ဗညုတ ဉာဏ်တော် ရှိသည်မှာ ဟုတ်မှ ဟုတ်ပါ့မလားဟု ယုံမှား သံသယ ဖြစ်ခြင်းသည် ဘုရားရှင်၌ ယုံမှားခြင်း မည်၏။
၂။ ဓမ္မေ ကင်္ခတိ=တရားတော်၌ ယုံမှားခြင်း။
ကိလေသာကို ပယ်သတ် ဖျက်ဆီးနိုင်သော မဂ် ၄-ပါး, ကိလေသာကို ငြိမ်းအေး စေတတ်သော ဖိုလ် ၄-ပါး, ၎င်း မဂ် ဖိုလ် တို့၏ အာရုံဖြစ်သော နိဗ္ဗာန် ရှိသည်မှာ ဟုတ်မှ ဟုတ်ပါ့မလားဟု ယုံမှားသံသယ ဖြစ်ခြင်း။
ဤတရားတော်သည် သံသရာမှ ထွက်မြောက် စေနိုင်သော နိယျာနိကဓမ္မ ဟုတ်မှ ဟုတ်ပါ့မလား-ဟု ယုံမှား သံသယဖြစ်ခြင်းသည် တရားတော်၌ ယုံမှားခြင်း မည်၏။
၃။ သံဃေ ကင်္ခတိ = သံဃာတော်၌ ယုံမှားခြင်း။
သံဃာတော်သည် မဂ္ဂဋ္ဌံ ၄-ယောက် ဖလဋ္ဌံ ၄-ယောက် ရှိသည်မှာ ဟုတ်မှ ဟုတ်ပါ့မလား-ဟု ယုံမှားသံသယဖြစ်ခြင်း။
သံဃာတော်သည် ကောင်းသော အကျင့်ရှိသူ “သုပ္ပဋိပန္န" ဟုတ်မှ ဟုတ်ပါ မလား-ဟု ယုံမှားသံသယဖြစ်ခြင်း၊
သံဃာတော်အား ပေးလှူလျှင် အကျိုးကျေးဇူးရှိမှ ရှိပါ့မလားဟု ယုံမှား သံသယဖြစ်ခြင်းသည် သံဃာတော်၌ ယုံမှားခြင်း မည်၏။
၄။ သိက္ခာယ ကင်္ခတိ = သိက္ခာ ၃-ပါး၌ ယုံမှားခြင်း။
အဓိသီလ အဓိစိတ္တ အဓိပညာသိက္ခာ ဟူသည် ရှိမှ ရှိပါ့မလား-ဟု ယုံမှား သံသယဖြစ်ခြင်း။
သိက္ခာ ၃-ပါးကို ကျင့်ကြံအားထုတ်လျှင် အကျိုး အာနိသင် ရှိမှ ရှိပါ့မလား-ဟု ယုံမှားသံသယ ဖြစ်ခြင်းသည် သိက္ခာ ၃-ပါး၌ ယုံမှားခြင်း မည်၏။
၅။ ပုဗ္ဗန္တေ ကင်္ခတိ = (ပုဗ္ဗ= ရှေး၊ အန္တ = အဝန်း၊ ပုဗ္ဗန္တ = ရှေးအစွန်း အတိတ်၊ ကင်္ခတိ = ယုံမှားခြင်း။) ရှေးအစွန်းဖြစ်သော အတိတ်၌ ယုံမှားခြင်း။
လွန်ပြီးသော အတိတ် ခန္ဓာ အာယတနဓာတ်တို့ ရှိသည်မှာ၊ ဝါ၊ ရှေးဘဝ ရှိသည်ဟူသည် ဟုဘ်မှ ဟုတ်ပါ့မလား-ဟု ယုံမှားသံသယ ဖြစ်ခြင်းသည် ရှေး အစွန်း အတိတ်၌ ယုံမှားခြင်း မည်၏။
၆။ အပရန္တေ ကင်္ခတိ= (အပရ =နောက်၊ အန္တ = အစွန်း၊ အပရန္တ = နောက်အစွန်း အနာဂတ်၊) နောက် အစွန်း အနာဂတ်၌ ယုံမှားခြင်း။
ဖြစ်လတ္တံ့ အနာဂတ် ခန္ဓာအာယတန ဓာတ်တို့ ရှိသည်မှာ၊ ဝါ၊ နောင်ဘဝ ရှိသည်မှာ ဟုတ်မှ ဟုတ်ပါ့မလား-ဟု ယုံမှားသံသယဖြစ်ခြင်းသည် နောက် အစွန်း အနာဂတ်၌ ယုံမှားခြင်း မည်၏။
၇။ ပုဗ္ဗန္တာ ပရန္တေ ကင်္ခတိ = အတိတ် အနာဂတ်၌ ယုံမှားခြင်း။
အတိတ် ခန္ဓာ အာယတန ဓာတ်နှင့် အနာဂတ် ခန္ဓာ အာယတန ဓာတ် ရှိသည်မှာ ဟုတ်မှ ဟုတ်ပါ့မလား - ဟု ယုံမှားသံသယဖြစ်ခြင်းသည် အတိတ် အနာဂတ်၌ ယုံမှားခြင်း မည်၏။
၈။ ဣဒပ္ပစ္စယတာ ပဋိစ္စသမုပ္ပန္နေသု ဓမ္မေသု ကင်္ခတိ = (ဣဒ=ဤအကျိုး၊ ပစ္စယ=အကြောင်း၊ တာ=အဖြစ်၊ ပဋိစ္စ=စွဲ၍၊ သမုပ္ပန္ဒ= ဖြစ်ခြင်း၊ ဓမ္မ = တရား၊ ဣဒပ္ပစ္စယတာ = အဝိဇ္ဇာ စသော အကြောင်းတရား၊ ပဋိစ္စသမုပ္ပန္န = သင်္ခါရ စသော အကျိုး တရား) အဝိဇ္ဇာ သင်္ခါရ စသော ပဋိစ္စသမုပ္ပါဒ်၌ ယုံမှားခြင်း။
အဝိဇ္ဇာ စသော အကြောင်းတရား ရှိသည်မှာ ဟုတ်မှ ဟုတ်ပါ့မလား၊ သင်္ခါရ စသော အကျိုးတရားရှိသည်မှာ ဟုတ်မှ ဟုတ်ပါ့မလား အဝိဇ္ဇာ စသော အကြောင်းကြောင့် သင်္ခါရ စသော အကျိုးဖြစ်သည်မှာ ဟုတ်မှ ဟုတ်ပါ့ မလား-ဟု ယုံမှားသံသယဖြစ်ခြင်းသည် ပဋိစ္စသမုပ္ပါဒ်၌ ယုံမှားခြင်း မည်၏။
နာမ်ရုပ်ကို အကြောင်းနှင့်တကွ သိမြင်လျှင် ယုံမှားခြင်း ၈-ပါး ကင်းပျောက်၏။
အဘိ၊၁၊နှာ-၂၀၈။ ပိုဒ်၊၁၀၀၈။
အဘိ၊ဋ္ဌ၊၁၊နှာ-၃၈၈-၃၈၉။
ရဟန္တာဟု မိမိကိုယ်ကိုထင်မှတ်နေသည့် မဟာနာဂမထေရ်ကြီး (နှာ-၅၆၈)
တလင်္ဂရ၌ သီတင်းသုံးနေသော ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဓမ္မဒိန္န အရှင်မြတ်သည် သူ၏ဆရာ ဖြစ်သည့် ဥစ္စဝါလိကအရပ်၌ သီတင်းသုံးနေသော မဟာနာဂမထေရ်ကို ရဟန်းကိစ္စ ပြီး မပြီး၊ ရဟန္တာ ဖြစ် မဖြစ် ဆင်ခြင်လတ်သော် မိမိသတိမပေးလျှင် ဆရာမှာ ပုထုဇဉ်အဖြစ်ဖြင့် ပျံလွန်တော်မူမည့် အကြောင်းကို သိမြင်သဖြင့် ဆရာ ရဟန်းရှိရာသို့ တန်းခိုးဖြင့် ကြွခဲ့သည်။
ဆရာဖြစ်သော မဟာနာဂမထေရ်က အချိန် မဟုတ်ပဲ မည်သည့်ကိစ္စ မည်သည့် အကြောင်းကြောင့် လာရကြောင်းကို မေးမြန်းလေရာ ပုစ္ဆာပြသာနာ မေးမြန်းလို၍ လာရကြောင်းကို တပည့် ဓမ္မဒိန္နရဟန္တာ အရှင်မြတ်က လျှောက်ထားလေသည်။
တပည့် ဓမ္မဒိန္နရဟန္တာအရှင်မြတ် မေးတိုင်း မေးတိုင်းကို မဆိုင်းမတွပင် ဆရာမဟာနာဂ မထေရ်က ဖြေဆိုလေရာ “ဆရာတို့၏ ဉာဏ်သည် အလွန်တရာ ထက်မြက်လှပါပေသည်။ ဤ အရိယမဂ်မှလာသော ပဋိသမ္ဘိဒါတရားကို အဘယ် အခါ၌ ဆရာတို့ ရခဲ့ သိခဲ့ပါသနည်း”ဟု ဓမ္မဒိန္ဒ မထေရ်က လျှောက်ထား မေးမြန်းလေလျှင် “ဤနေ့မှ လွန်ခဲ့သော နှစ် ၆၀-အချိန်အခါကပင် ရခဲ့ သိခဲ့သည်”ဟု ဆရာမဟာနာဂမထေရ်က မိန့်ကြားလေသည်။
ထိုနောက် တပည့် ဓမ္မဒိန္နရဟန္တာ အရှင်မြတ်က ဆက်လက်၍ အရှင်ဘုရား အဘိညာဉ် သမာဓိကို သုံးဆောင်နိုင်ပါသလောဟု မေးမြန်းရာတွင် “ငါ့ရှင် ဓမ္မဒိန္န - အဘိညာဉ် သမာဓိကို သုံးဆောင် ဘို့ရာ ဝန်မလေး မခဲယဉ်း”ဟု ကြားလေသည်။
ထိုအခါ ဓမ္မဒိန္နအရှင်မြတ်က “အရှင်ဘုရား ဝန်မမလေး မခဲယဉ်းပါလျှင် နားရွက်နှင့် အမြီးကို ထောင်ထားပြီး နှာမောင်းကို ခံတွင်း၌ ထည့်သွင်းကာ ကြောက်မက်ဖွယ်သော အသံကို အော်မြည်လျက် အဟုန်ဖြင့် အရှင်ဘုရားထံ ရှေး လာသော ကြောက်မက်ဖွယ် ရှိသည့် ဆင်ဖြူ တကောင်ကို ဖန်ဆင်းပြပါ”ဟု လျှောက်ထားလေသည်။
ဆရာမဟာနာဂမထေရ်သည် တပည့် ဓမ္မဒိန္န ပြောဆို လျှောက်ထားသည့် အတိုင်း ဖန်ဆင်းလိုက်ရာ ကြောက်မက်ဖွယ် အမူအရာ ရှိသော ဆင်ဖြူကြီး မိမိထံ ပြေးလာ သည်ကို မြင်သဖြင့် ထပြေးရန် အားထုတ်လေသည်။
ထိုအခါ တပည့် ဓမ္မဒိန္ဒမထေရ်သည် ဆရာရဟန်း၏ သင်္ကန်းစွန်းကို ကိုင်ဆွဲ၍ “အရှင်ဘုရား ရဟန္တာတို့မည်သည် ကြောက်ရွံ့ ထိတ်လန့်ခြင်း မရှိပါ” ဟု လျှောက်ထားသော အခါမှ ဆရာရဟန်းသည် မိမိမှာ ပုထုဇဉ်သာ ဖြစ်နေသေးကြောင်းကို သိ၍ တပည့်ဓမ္မဒိန္နထံမှ ကမ္မဋ္ဌာန်းနည်းယူပြီး အားထုတ်လေရာ စင်္ကြံ သွားရင်းပင် သုံးကြိမ်မြောက် ခြေလှမ်း၌ ရဟန္တာဖြစ်လေသည်။
(ဝိသုဒ္ဓိ၊ဋ္ဌ၊ဒု၊နှာ ၂၇ဝ-၂။)
ပုဂ္ဂိုလ် ၈-ယောက်၊ ၁၆-ယောက်၊ ၉-ယောက်တို့ကို ပြခြင်း (နှာ-၆၀၇၊ ၆၀၈)
ယောဂီသည် အတ္တခန္ဓာ စသည်ကို ရှေးဦးစွာ နှလုံးသွင်း အခြေပြု၍ ဝုဋ္ဌာနဂါမိနီဝိပဿနာသို့ ရောက်သောအခါ အဇ္ဈတ္တသက်သက် ဗဟိဒ္ဓသက်သက် ရုပ် နာမ် အနိစ္စ ဒုက္ခ အနတ္တ သက်သက်ချည်း အသီး အခြား ရှု၍ သုံးသပ်၍ မဂ်ဖိုလ် မရနိုင်၊ ထိုက်သည်အားလျော်စွာ အလှည့်စီ ရှုရမည်၊ ရံခါ အတ္တကို၊ ရံခါ ဗဟိဒ္ဓကို ရံခါ ရုပ်- နာမ်- အနိစ္စ- ဒုက္ခ- အနတ္တကို ရှုရ သုံးသပ်ရသည်။ သို့မှသာ မဂ် ဖိုလ် ရနိုင်သည်။
(ဝုဋ္ဌာန = ထွက်မြောက်ခြင်း၊ ကိလေသာမှ ထွက်မြောက်ခြင်း = မဂ်။
ဂါမိနီ= ရောက်ကြောင်း။
ဝိပဿနာ=ထိုးထွင်းရှုခြင်း)
အရိယာပုဂ္ဂိုလ် ၈-ယောက် ပြားပုံ
၁။ သို့ဖြစ်၍ အဇ္ဈတ္တခန္ဓာကို ရှေးဦးစွာ နှလုံးသွင်း အခြေပြု၍ ဝုဋ္ဌာနဂါမိနီဝိပဿနာသို့ ရောက်သောအခါ အလှည့်စီ သုံးသပ်ရာမှ အဇ္ဈတ္တခန္ဓာကို သုံးသပ်စဉ် မဂ်ရအံ့၊ ထိုယောဂီသည် “အဇ္ဈတ္တံ အဘိနိဝိသိတွာ အဇ္ဈတ္တာ ဝုဋ္ဌာတိ”ပုဂ္ဂိုလ် မည်၏။( အဇ္ဈတ္တံ =အဇ္ဈတ္တကို။ အဘိနိသိတွာ = နှလုံးသွင်း၍။ အဇ္ဈတ္တာ=အဇ္ဈတ္တမှ။ ဝုဋ္ဌာတိ = ထ၏၊ ထွက်မြောက်၏။)
၂။ ထို့အတူ အဇ္ဈတ္တခန္ဓာကို ဦးစွာ နှလုံးသွင်း အခြေပြု၍ ဝုဋ္ဌာနဂါမိနီ ဝိပဿနာသို့ ရောက်သောအခါ အလှည့်စီ သုံးသပ်ရာမှ ဗဟိဒ္ဓခန္ဓာကို သုံးသပ်စဉ် မဂ်ရလျှင် “အဇ္ဈတ္တံ အဘိနိဝိသိတွာ ဗဟိဒ္ဓါ ဝုဋ္ဌာတိ”ပုဂ္ဂိုလ် မည်၏။
၃။ ဗဟိဒ္ဓခန္ဓာကို ဦးစွာ နှလုံးသွင်း အခြေပြု၍ ဝုဋ္ဌာနဂါမိနီဝိပဿနာသို့ ရောက်သောအခါ အလှည့်စီ သုံးသပ်ရာမှ ဗဟိဒ္ဓခန္ဓာကို သုံးသပ်စဉ် မဂ်ရလျှင် “ဗဟိဒ္ဓါ အဘိနိဝိသိတွာ ဗဟိဒ္ဓါ ဝုဋ္ဌာတိ”ပုဂ္ဂိုလ် မည်၏။
၄။ ဗဟိဒ္ဓခန္ဓာကို ဦးစွာနှလုံးသွင်း အခြေပြု၍ ဝုဋ္ဌာနဂါမိနီဝိပဿနာသို့ ရောက်သောအခါ အဇ္ဈတ္တခန္ဓာကို သုံးသပ်စဉ် မဂ်ရလျှင် “ဗဟိဒ္ဓါ အဘိနိဝိသိတွာ အဇ္ဈတ္တာ ဝုဋ္ဌာတိ”ပုဂ္ဂိုလ် မည်၏။ "
ဤသို့ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်ကို စွဲ၍ ပုဂ္ဂိုလ်လေးယောက် ဖြစ်၏။
ဤနည်းကို မှီ၍ --
၁။ ရုပ်ကို ဦးစွာ နှလုံးသွင်း အခြေပြု၍ ရုပ်ကို သုံးသပ်စဉ် မဂ်ရလျှင် “ရူပေ အဘိနိဝိသိတွာ ရူပါ ဝုဋ္ဌာတိ”ပုဂ္ဂိုလ်။
၂။ ရုပ်ကို ဦးစွာ နှလုံးသွင်း အခြေပြု၍ နာမ်ကို သုံးသပ်စဉ် မဂ်ရလျှင် “ရူပေ အဘိနိဝိသိတွာ အရူပါ ဝုဋ္ဌာတိ”ပုဂ္ဂိုလ်။
၃။ နာမ်ကို ဦးစွာ နှလုံးသွင်း အခြေပြု၍ နာမ်ကို သုံးသပ်စဉ် မဂ်ရလျှင် “အရူပေ အဘိနိဝိသိတွာ အရူပါ ဝုဋ္ဌာတိ”ပုဂ္ဂိုလ်။
၄။ နှာမ်ကို ဦးစွာ နှလုံးသွင်းအခြေပြု၍ ရုပ်ကို သုံးသပ်စဉ် မဂ်ရလျှင် “အရူပေ အဘိနိဝိသိတွာ ရူပါ ဝုဋ္ဌာတိ”ပုဂ္ဂိုလ်မည်၏။
ဤသို့ ရုပ်နာမ်ကို စွဲ၍ ပုဂ္ဂိုလ် ၄-ယောက်ဖြစ်၏။
အရိယာပုဂ္ဂိုလ် ၁၆-ယောက်ပြားပုံ
၁။ အဇ္ဈတ္တသန္တာန်၌ ရုပ်ကို ရှေးဦးစွာ နှလုံးသွင်း အခြေပြု၍ ဝုဋ္ဌာနဂါမိနီ ဝိပဿနာသို့ ရောက်သောအခါ အလှည့်စီ သုံးသပ်ရာမှ အဇ္ဈတ္တသန္တာန်၌ ရုပ်ကို သုံးသပ်စဉ် မဂ်ရအံ့၊ ထိုယောဂီသည် “အဇ္ဈတ္တံ ရူပေ အဘိနိဝိသိတွာ အဇ္ဈတ္တံ ရူပါ ဝုဋ္ဌာတိ”ပုဂ္ဂိုလ်မည်၏။
၂။ ထို့အတူ အဇ္ဈတ္တရုပ်ကို နှလုံးသွင်းအခြေပြု၍ အဇ္ဈတ္တနာမ်ကို သုံးသပ်စဉ် မဂ်ရလျှင်“အဇ္ဈတ္တံ ရူပေ အဘိနိဝိသိတွာ အဇ္ဈတ္တံ အရူပါ ဝုဋ္ဌာတိ” ပုဂ္ဂိုလ်။
၃။ အဇ္ဈတ္တနာမ်ကို နှလုံးသွင်းအခြေပြု၍ အဇ္ဈတ္တနာမ်ကို သုံးသပ်စဉ် မဂ်ရလျှင် “အဇ္ဈတ္တံ အရူပေ အဘိနိဝိသိတွာ အဇ္ဈတ္တံ အရူပါ ဝုဋ္ဌာတိ” ပုဂ္ဂိုလ်။
၄။ အဇ္ဈတ္တနာမ်ကို နှလုံးသွင်း အခြေပြု၍ အဇ္ဈတ္တရုပ်ကို သုံးသပ်စဉ် မဂ်ရလျှင် “အဇ္ဈတ္တံ အရူပေ အဘိနိဝိသိတွာ အဇ္ဈတ္တံ ရူပါ ဝုဋ္ဌာတိ” ပုဂ္ဂိုလ်။
၅။ အဇ္ဈတ္တရုပ်ကို နှလုံးသွင်းအခြေပြု၍ ဗဟိဒ္ဓရုပ်ကို သုံးသပ်စဉ် မဂ်ရလျှင် “အဇ္ဈတ္တံ ရူပေ အဘိနိဝိသိတွာ ဗဟိဒ္ဓါ ရူပါ ဝုဋ္ဌာတိ” ပုဂ္ဂိုလ်။
၆။ အဇ္ဈတ္တရုပ်ကို နှလုံးသွင်းအခြေပြု၍ ဗဟိဒ္ဓနာမ်ကို သုံးသပ်စဉ် မဂ် ရလျှင် “အဇ္ဈတ္တံ ရူပေ အဘိနိဝိသိတွာ ဗဟိဒ္ဓါ အရူပါ ဝုဋ္ဌာတိ” ပုဂ္ဂိုလ်။
၇။ အဇ္ဈတ္တနာမ်ကို သုံးသွင်းအခြေပြု၍ ဗဟိဒ္ဓနာမ်ကို သုံးသပ်စဉ် မဂ် ရလျှင် “အဇ္ဈတ္တံ အရူပေ အဘိနိဝိသိတွာ ဗဟိဒ္ဓါ အရူပါ ဝုဋ္ဌာတိ” ပုဂ္ဂိုလ်။
၈။ အဇ္ဈတ္တနာမ်ကို နှလုံးသွင်း အခြေပြု၍ ဗဟိဒ္ဓရုပ်ကို သုံးသပ်စဉ် မဂ် ရလျှင် “အဇ္ဈတ္တံ အရူပေ အဘိနိဝိသိတွာ ဗဟိဒ္ဓါ ရူပါ ဝုဋ္ဌာတိ” ပုဂ္ဂိုလ်မည်၏။
၉-၁၆။ ဤနည်းအတိုင်း ဗဟိဒ္ဓရုပ် ဗဟိဒ္ဓနာမ်ကို နှလုံးသွင်း အခြေပြု၍ “ဗဟိဒ္ဓါ ရူပေ အဘိနိဝိသိတွာ ဗဟိဒ္ဓါ ရူပါ ဝုဋ္ဌာတိ” ပုဂ္ဂိုလ် စသည်ဖြင့် ၈-ယောက် ဖြစ်သည်။
ဤသို့ သန္တာန် ၂-ပါး, ရုပ် နာမ်တို့ကို စွဲ၍ အရိယာပုဂ္ဂိုလ် ၁၆-ယောက် ဖြစ်သည်။
အရိယာပုဂ္ဂိုလ် ၉-ယောက် ပြားပုံ
၁။ သင်္ခါရတရားကို အနိစ္စဟူ၍ ရှေးဦးစွာ နှလုံးသွင်းအခြေပြု၍ ဝုဋ္ဌာနဂါမိနီဝိပဿနာသို့ ရောက်သည့်အခါ အလှည့်စီသုံးသပ်ရာမှ အနိစ္စဟူ၍ သုံးသပ်စဉ် မဂ်ရအံ့၊ ထို ယောဂီသည်“အနိစ္စတော အဘိနိဝိသိတွာ အနိစ္စတော ဝုဋ္ဌာတိ” ပုဂ္ဂိုလ်မည်၏။
၂။ ထို့အတူ အနိစ္စဟူ၍ နှလုံးသွင်းအခြေပြု၍ ဒုက္ခဟူ၍ သုံးသပ်စဉ် မဂ် ရလျှင် “အနိစ္စတော အဘိနိဝိသိတွာ ဒုက္ခတော ဝုဋ္ဌာတိ”ပုဂ္ဂိုလ်မည်၏။
၃။ အနိစ္စဟူ၍ နှလုံးသွင်းအခြေပြု၍ အနတ္တဟူ၍ သုံးသပ်စဉ် မဂ်ရလျှင် “အနိစ္စတော အဘိနိဝိသိတွာ အနတ္တတော ဝုဋ္ဌာတိ” ပုဂ္ဂိုလ် မည်၏။
၄-၉။ ဤနည်းအတိုင်း ဒုက္ခကိုအခြေပြု၍ ၃-ယောက်၊ အနတ္တကို အခြေ ပြု၍ ၃-ယောက် ဖြစ်သည်။
ဤသို့ လက္ခဏာရေးအားဖြင့် ပုဂ္ဂိုလ် ၉-ယောက်ဖြစ်သည်။
(ဝိသုဒ္ဓိ၊ ဋ္ဌ၊ ဒု၊ နှာ-၂၉၉-၃၀၁။)
ဥပ္ပန္န ၄-ပါး (နှာ-၆၂၇)
၁။ ဝတ္တမာနုပ္ပန္န = (ဝတ္တမာန = ဖြစ်ဆဲ၊ ဥပ္ပန္န = ဖြစ်ခြင်း ဖြစ်ဆဲ။ သမုဒါစာရ = ဖြစ်ခြင်း၊ ခဏတ္တယ သမင်္ဂီ = ခဏ ၃-ပါးနှင့် ပြည့်စုံမှုရှိခြင်း။ ဤပုဒ် ၄-ပါးသည် သဒ္ဒါ အနေ အထား ကွဲပြားသော်လည်း အနက်အဓိပ္ပါယ်အရကောက် အတူတူပင်ဖြစ်သည်)
= ဖြစ်ဆဲ ပစ္စုပ္ပန် သင်္ခတတရားချည်းဖြစ်သည်။
၂။ ဘူတာပဂတုပ္ပန္န = (ဘူတ = ခံစားခြင်း ရောက်ခြင်း၊ အပဂတ = ကင်းခြင်း ချုပ်ခြင်း၊ ဥပ္ပန္န = ဖြစ်ပြီး)
= အာရုံ၏ အရသာကို ခံစားပြီး၍ ချုပ်ကင်း လေပြီးသော ကုသိုလ် အကုသိုလ်။ ခဏတ္တယသို့ ရောက်ပြီး၍ ချုပ်လေပြီးသော သင်္ခတ တရား။
၃။ ဩကာသ ကတုပ္ပန္န = (ဩကာသ = အခွင့်။ကတ = ပြုအပ် ပေးအပ်။ ဥပ္ပန္န = ဖြစ်ပြီး ဖြစ်လတ္တံ့) အကျိုးဖြစ်ပေါ်ရန် အခွင့်ပေးသော ကုသိုလ် အကုသိုလ်နှင့် အကျိုးဖြစ်ပေါ်ရန် အခွင့် ရရှိသော ဝိပါက်။
၄။ ဘူမိလဒ္ဓုပ္ပန္န = (ဘူမိ = အာရုံ ဖြစ်ရာဌာန။ လဒ္ဓ = ရအပ်ခြင်း။ ဥပ္ပန္န = ဖြစ်ပေါ်ခြင်း) ဝိပဿနာ၏ အာရုံ ဖြစ်၍ ကိလေသာ၏ ဖြစ်ရာ ဌာနုလည်း ဖြစ်သော ဥပါဒါနက္ခန္ဓာ၊ ယင်း ဥပါဒါနက္ခန္ဓာ တို့၌ ဖြစ်ပေါ် လာနိုင်ပြီး မဂ်ဖြင့်လည်း မပယ်ရသေးသည့် အနုသယ ကိလေသာကို ဆိုလိုသည်။
ဥပ္ပန္ဒ ၄-ပါး အဓိပ္ပါယ်အကျယ်
၁။ ဝတ္တမာနုပ္ပန္န
(ဝတ္တမာန = ဖြစ်ဆဲ။ ဥပ္ပန္န = ဖြစ်ခြင်း ဖြစ်ဆဲ။) ဥပါဒ် ဌီ ဘင် ဟူသော ခဏ ၃-ပါးနှင့် ပြည့်စုံသော ဖြစ်ဆဲ ပစ္စုပ္ပန် သင်္ခတတရားသည် ဝတ္တမာနုပ္ပန္န မည်၏။
၂။ ဘူတာပဂတုပ္ပန္န
(ဘူတ =ခံစားခြင်း ရောက်ခြင်း၊ အပဂတ= ချုပ်ခြင်း ကင်းခြင်း။ ဥပ္ပန္န = ဖြစ်ပြီး) အာရုံ၏ အရသာကို ခံစားပြီး၍ ချုပ်ပြီး ကင်းပြီးသော ကုသိုလ် အကုသိုလ်သည် ဘူတာပဂတုပ္ပန္န မည်၏။
ကြံဆ၍“ဝိကပ္ပဂါဟ”အားဖြင့် အကုသိုလ်သည် ရာဂစသည်တို့ဖြင့် အာရုံ၏ အရသာကို ခံစား၏။ ကုသိုလ်သည် အလာဘ စသည်တို့ဖြင့် အာရုံ၏ အရသာကို ခံစား၏။
ဝိပါက်သည် ကံအဟုန်က ပစ်ချအပ်သောကြောင့် အာရုံ၏အရသာကို မခံစားနိုင်၊ အဟိတ်ကြိယာသည် အလွန် အားနည်း သောကြောင့်၎င်း, သဟိတ် ကြိယာသည် ရဟန္တာ၏သန္တန်၌ဖြစ်၍ အလွန်သိမ်မွေ့ သောကြောင့်၎င်း အာရုံကို မခံစားနိုင်။
ထိုသို့ အာရုံ၏အရသာကို ခံစားနိုင်သော ကုသိုလ် အကုသိုလ် စိတ္တုပ္ပါဒ်သည် အာရုံ၏ အရသာကို ခံစားပြီး၍ ချုပ်ပြီး ကင်းပြီး ဖြစ်သောကြောင့် ဘူတာပဂတုပ္ပန္န မည်၏။(ဤအလိုသော် ဝိပါက်ကြိယာနှင့် ရုပ်တရားများကျန်နေသည်။ ဘူတသဒ္ဒါ ခံစားခြင်းအနက်ကို ဟောသည်။)
တနည်း--- ဖြစ်ပြီး အတိတ်ဖြစ်သော ကုသိုလ် အကုသိုလ် ဝိပါက် ကြိယာ စိတ္တုပ္ပါဒ်နှင့် ရုပ်ဟူသော သင်္ခတ တရားသည် ဥပါဒ်စသော ခဏ ၃-ပါးသို့ ရောက် ပြီး၍ ချုပ်ပြီး ကင်းပြီး ဖြစ်သောကြောင့် ဘူတာပဂတုပ္ပန္န မည်၏။ (ဤအလိုသော် ဘူတသဒ္ဒါ ရောက်ခြင်း အနက်ကိုဟောသည်။)
သို့ဖြစ်၍ ၂-နည်းလုံးကို ပေါင်း၍ကြည့်သော် ဖြစ်ပြီး အတိတ် သင်္ခတ တရားသည် ဘူတာပဂတုပ္ပန္န မည်၏ ဟု မှတ်ရာ၏။
၃။ ဩကာသ ကတုပ္ပန္န
(ဩကာသ = အခွင့်။ ကတ = ပြုအပ် ပေးအပ်။ ဥပ္ပန္န = ဖြစ်ပြီး ဖြစ်လတ္တံ့ ) မရဏာသန္န အခါ သတ္တဝါတို့၏ သန္တာန်၌ ထင်လာသော အကျိုးပေးခွင့် ရသော အတိတ် ကုသိုလ် အကုသိုလ်ကံသည် အခြားကံတို့၏ အကျိုးပေးခွင့်ကို တားမြစ်၍ မိမိ အကျိုးပေးတို့ကိုသာ အခွင့်ပေးသည် ဖြစ်သောကြောင့် ဩကာသ ကတုပ္ပန္ဒ မည်၏။ (ဤအလို ဥပ္ပန္ဒသဒ္ဒါ ဖြစ်ပြီး အနက်ကို ဟောသည်။)
တနည်း – ကုသိုလ်ကံ အကုသိုလ်ကံကြောင့် ဖြစ်ခွင့်ရသော အနာဂတ်၌ ဧကန်ဖြစ်လတ္တံ့သော အကျိုးဝိပါက်သည် ထင်ရှားမဖြစ်ပေါ်သေး သော်လည်း ဩကာသ ကတုပ္ပန္န မည်၏။ (ဤအလိုသော် ဥပ္ပန္နသဒ္ဒါ ဖြစ်လတ္တံ့ အနက်ကို ဟောသည်။)
သို့ဖြစ်၍ အတိတ်ကံနှင့် အနာဂတ် အကျိုး ဝိပါက်သည် ဩကာသ ကတုပ္ပန္န မည်၏ ဟု မှတ်ရာ၏။
၄။ ဘူမိလဒ္ဓုပ္ပန္န
(ဘူမိ = ဖြစ်ရာဌာန အာရုံ။ လဒ္ဓ = ရအပ်ခြင်း၊ ဥပ္ပန္န = ဖြစ်ပေါ် လာခြင်း) ဝိပဿနာ၏ အာရုံဖြစ်သည့်ပြင် ကိလေသာ၏ ဖြစ်ရာဌာန ဖြစ်သောကြောင့် တေဘူမကဥပါဒါနက္ခန္ဓာသည် ဘူမိ မည်သည်။
ဥပါဒါနက္ခန္ဓာတို့၌ ဖြစ်ပေါ်လာနိုင်၍ မဂ်ဖြင့် မပယ်ရသေးသည့် ကိလေသာသည် ဘူမိလဒ္ဓ မည်သည်။
ယင်းကိလေသာသည်ပင် မဂ်ဖြင့် မပယ်ရသေး သဖြင့် မဂ်သတ်ဖို့ရန် ရှိနေသောကြောင့်၊ တနည်း ~ ကိလေသာဖြစ်လောက်သည့် အာရုံနှင့်ကြုံလျှင် အချိန် မရွေး ဖြစ်နိုင်သောကြောင့် ဥပ္ပန္န မည်သည်။
သို့ဖြစ်၍ ဥပါဒါနက္ခန္ဓာတို့၌ အကြောင်းတိုက်ဆိုင် ညီညွတ်လျှင် အချိန်မရွေး ဖြစ်ပေါ်လာနိုင်သည့် ကိလေသာသည် ဘူမိလဒ္ဓုပ္ပန္န မည်သည်။
ထို ဘူမိလဒ္ဓဟူသော ကိလေသာသည် ပစ္စုပ္ပန်လည်း မဟုတ်၊ အတိတ်လည်း မဟုတ်၊ အနာဂတ်လည်း မဟုတ်၊ ဘာမျှ မရှိသော အဘာဝပညတ်လည်း မဟုတ်၊ မဂ်ဖြင့် မပယ်ရသေးသော ကိလေသာမျိုးသာ ဖြစ်သည်။
ထိုဥပ္ပန္န ၄-ပါး၌ လိုရင်းကား --
ဝတ္တမာနုပ္ပန္န = ဖြစ်ဆဲ ပစ္စုပ္ပန်သင်္ခတတရား
ဘူတာပဂတုပ္ပန္န = ဖြစ်ပြီး အတိတ်သင်္ခတတရား
ဩကာသကတုပ္ပန္န= အတိတ်ကံနှင့် အနာဂတ်အကျိုးဝိပါက်တရား
ဘူမိလဒ္ဓုပ္ပန္န = ဥပါဒါနက္ခန္ဓာတို့၌ ဖြစ်ပေါ်နိုင်သည့် ကိလေသာတို့တည်း။
မဂ်ပယ်ဥပ္ပန္န
ယင်းဥပ္ပန္န ၄-ပါးတို့တွင် ပစ္စုပ္ပန် အတိတ် အနာဂတ် ဟူ၍လည်း မဆိုအပ် အဘာဝပညတ် လည်း မဟုတ်သော ဘူမိလဒ္ဓုပ္ပန္နကိုသာ မဂ်က ပယ်သည်။ ကြွင်းဥပ္ပန္န ၃-ပါးကို မပယ်။
အတိတ်ကိလေသာသည် အလိုအလျောက် ချုပ်ပျောက်လွန်ပြီးဖြစ်၍ အတိတ် ကိလေသာ ကို ပယ်ဖွယ်မလို။ မဖြစ်သေးသော အနာဂတ် ကိလေသာကို ပယ်ရမည်မှာလည်း အနာမရှိခင် ဆေးတင်သော သမားကဲ့သို့ ဖြစ်ချေသည်။
ပစ္စုပ္ပန်ကိလေသာ ဖြစ်ပေါ်နေတုန်းမှာလည်း မဂ်စိတ် မဥပါဒ် မဖြစ်ပေါ်နိုင်သောကြောင့် ပစ္စုပ္ပန်ကိလေသာကိုလည်း မဂ်က မပယ်ချေ။ (တချိန်တည်း၌ စိတ် ၂-ခု တပြိုင်နက် မဖြစ်စကောင်းပေ။)
စင်စစ်မှာ ဘူမိလဒ္ဓုပ္ပန္န ခေါ်သော ဖြစ်ပေါ်လာနိုင်သည့် အနုသယကိလေသာကိုသာ မဂ်က ပယ်သတ်လေသည်။
ဤ၌ ပယ်သတ်ခြင်း ဆိုသည်မှာ မဖြစ်ပေါ် လာသေးသော ကိလေသာများ မဖြစ်အောင် တားမြစ်ခြင်းကို မဂ်က ပယ်သတ်သည်ဟု ဆိုလိုသည်။ တနည်းဆိုသော် -- ဖြစ်ပေါ်လာနိုင်သည့် ကိလေသာများ ဖြစ်ခွင့်မရခြင်းကို မဂ်က ပယ်သတ်သည်ဟု ဆိုလိုသည်။
တနည်း ဥပ္ပန္န ၄-ပါး
၁။ သမုဒါစာရုပ္ပန္န
(သမုဒါစာရ = ဖြစ်ဆဲ ဖြစ်ခြင်း။) ခဏ ၃-ပါးနှင့် ပြည့်စုံသော ဖြစ်ဆဲပစ္စုပ္ပန် သင်္ခတ တရားသည် သမုဒါစာရုပ္ပန္န မည်၏။
ဝတ္တမာန = သမုဒါစာရ = ဥပ္ပန္န = ဖြစ်ခြင်း ဖြစ်ဆဲ။ ခဏတ္တယသမင်္ဂီ = ခဏ ၃-ပါးနှင့် ပြည့်စုံခြင်း၊ ဝတ္တမာန သမုဒါစာရ ဥပ္ပန္န ခဏတ္တယသမင်္ဂီ၊ ဤပုဒ် ၄-ခုတို့သည် သဒ္ဒါအနေသာ ကွဲပြားသည်။ အနက် အဓိပ္ပါယ်အရကောက် အတူတူပင် ဖြစ်သည်။ ဖြစ်ဆဲပစ္စုပ္ပန်သင်္ခတတရားချည်းပင် ဖြစ်သည်။
၂။ အာရမ္မဏာဓိဂ္ဂဟိတုပ္ပန္န
(အာရမ္မဏ = အာရုံ။ အဓိ = စွဲစွဲမြဲမြဲ။ ဂဟိတ = ယူခြင်း။) ပစ္စုပ္ပန်အခိုက်၌ မဖြစ်ပေါ် လာ သေးသော်လည်း အယောနိသောမနသိကာရဖြင့် ထင်လာသည့် အာရုံကို စွဲစွဲမြဲမြဲ ယူထားပြီး ဖြစ်သောကြောင့် နောင်အခါ ဖြစ်ပေါ်လာမည့် ကိလေသာသည် အာရမ္မဏာဓိဂ္ဂဟိတုပ္ပန္န မည်၏။
ကလျာဏီရွာ၌ ဆွမ်းခံကြွသော မဟာတိဿ မထေရ်အား ဝိသဘာဂ မာတုဂါမအဆင်းကို မြင်သောအခါ ဖြစ်ပေါ် လာသော ကိလေသာမျိုးကဲ့သို့ မှတ်ရာ၏။
တနည်း – တကြိမ် စွဲမြဲစွာ ယူထားပြီးသော အာရုံကို အောက်မေ့မိတိုင်း အာရုံပြုမိတိုင်း ဖြစ်ပေါ်လာလတ္တံ့သော ကိလေသာသည် အာရမ္မဏာဓိဂ္ဂဟိတုပ္ပန္န မည်၏။
၃၊ အဝိက္ခမ္ဘိတုပ္ပန္န
(အ = မ၊ ဝိက္ခမ္ဘိတ = ခွါခြင်း၊ ဥပ္ပန္န = ဖြစ်ပေါ်ခြင်း) သမထဘာဝနာ ဝိပဿနာ ဘာဝနာဖြင့် ဝိက္ခမ္ဘနပဟာန်အားဖြင့် မခွါအပ်သေးသော ကိလေသာမျိုးသည် ပစ္စုပ္ပန် စိတ်အစဉ်သို့ မတက်မရောက်သေးသော်လည်း ဖြစ်ခြင်းကို မြစ်တတ်သော အကြောင်းမရှိ သောကြောင့်၊ ဝါ၊ အကြောင်းညီညွတ်လျှင် ဖြစ်ပေါ်လာနိုင်သောကြောင့် အဝိက္ခမ္ဘိတုပ္ပန္န မည်၏။
၄။ အသမူဟတုပ္ပန္န
(အ = မ၊ သမူဟတ = ပယ်သတ်ခြင်း။ ဥပ္ပန္န = ဖြစ်ပေါ်ခြင်း။) သမထ ဝိပသာနာ ဘာဝနာဖြင့် ခွါပြီး၍ မဂ်ဖြင့် မပယ်သတ်အပ်သေးသော ကိလေသာသည် မဂ်ဖြင့် မပယ်သတ်ရသေးသဖြင့် တဖန်ဖြစ်ပေါ်လာနိုင်သောကြောင့် အသမူဟတုပ္ပန္န မည်၏။
ဥပမာ -- သမာပတ် ၈-ပါးရ မထေရ်တပါးသည် ကောင်းကင်၌ ဈာန်ဖြင့် ကြွသွားစဉ် ပန်းဥယျာဉ်၌ ပန်းခူးရင်း သီချင်းသီဆိုနေသည့် မာတုဂါမ၏ သီချင်းသံကို ကြားသော အခါ ဖြစ်ပေါ်လာသော ကိလေသာမျိုးကဲ့သို့တည်း။
ထိုဥပ္ပန္န ၄-မျိုး၌ လိုရင်းကား--
၁။ သမုဒါစာရုပ္ပန္န = ဖြစ်ဆဲပစ္စုပ္ပန်သင်္ခတတရား
၂။ အာရမ္မဏာဓိဂ္ဂဟိတုပ္ပန္န = အမှတ်ရတိုင်း ပေါ် လာနိုင်သည့် ကိလေသာမျိုး
၃။ အဝိက္ခမ္ဘိတုပ္ပန္န = ဝိက္ခမ္ဘနပဟာန်အားဖြင့် မပယ်ရသေးသည့် ကိလေသာမျိုး
၄။ အသမူဟတုပ္ပန္န = သမုစ္ဆေဒ ပဟာန်အားဖြင့် မပယ်ရသေးသည့် ကိလေသာမျိုးတည်း။
မဂ်ပယ်ဥပ္ပန္န
ထိုဥပ္ပန္န ၄-ပါးတွင် ၁-မှ တပါး ကျန် ၃-ပါးသော ဥပ္ပန္နကို မဂ်က ပယ်သတ်လေသည်။
၂-၃-၄-ဥပ္ပန္နသည် အကြောင်းညီညွတ်က ဖြစ်ပေါ်လာနိုင်သောကြောင့် ဘူမိလဒ္ဓုပ္ပန္နနှင့် အတူတူပင်ဖြစ်၍ ဘူမိလဒ္ဓုပ္ပန္န၌ ပေါင်း၍ သွင်းယူအပ်၏။
ထိုဥပ္ပန္န ၂-နည်းစလုံးကို မရောနှောပဲ သီးခြား ခွဲလိုက်လျှင် မဂ်သည် ဝတ္တမာနုပ္ပန္န ဘူတာပဂတုပ္ပန္န ဩကာသကတုပ္ပန္န သမုဒါစာရုပ္ပန္န တို့ကို မပယ်သတ်ချေ။ ဘူမိလဒ္ဓုပ္ပန္န အာရမ္မဏာဓိဂ္ဂဟိတုပ္ပန္န အဝိက္ခမ္ဘိတုပ္ပန္န အသမူဟတုပ္ပန္န တို့ကိုသာ ပယ်သတ်လေသည်။
အဘိ၊ဋ္ဌ၊၁၊ နှာ-၁၀၈၊ ၁၀၉။
အဘိ၊ဋ္ဌ၊၂။ နှာ-၂၈၅။
ပဋိသံ၊ဋ္ဌ၊၁၊ နှာ ၁၅၈။
ဝိသုဒ္ဓိ၊ ဋ္ဌ၊ ဒု၊ နှာ-၃၂၈-၃၃၀။
မူလဋီ၊ ၁၊ နှာ-၆၇။
မဟာဋီကာ၊ ဒု၊နှာ-၄၉၉-၅၀၃။