ပရမတ္ထသရူပဘေဒနီကျမ်း-ပတွဲ-ဒု
စိတ်သည် ဘုံ၌ဖြစ်
(ဘူမိစိတ္တနည်း)
ဒိဋ္ဌိ ဝိစိကိစ္ဆာသမ္ပယုတ်စိတ် ငါးခုတို့သည် သုဒ္ဓါဝါသကြဉ်သော ပဉ္စဝေါကာရ ၂၁-ဘုံ စတူဝေါကာရ ၄-ဘုံ ပေါင်း ၂၅-ဘုံ၌ ဖြစ်ကုန်၏။
ဒိဋ္ဌိဂတဝိပ္ပယုတ် ဥဒ္ဓစ္စ မနောဒွါရာဝဇ္ဇန်း မဟာကုသိုလ်၊ ဤတဆယ့် လေးခုတို့သည် အသညသတ် ကြဉ်သော ဘုံပေါင်း သုံးဆယ်၌ ဖြစ်ကုန်၏။
ဒေါသမူဒွေ ဃာနာဒိဆက္က၊ ဤရှစ်ခုတို့သည် ကာမတဆယ့်တဘုံ၌ ဖြစ်ကုန်၏။
ဟသိတုပ္ပါဒ်သည် အပါယ်ကြဉ်သော ပဉ္စဝေါကာရ နှစ်ဆယ့်နှစ်ဘုံ၌ ဖြစ်၏။
ကြွင်းသော အဟိတ်စိတ် ဆယ်ခုတို့သည် ပဉ္စဝေါကာရ နှစ်ဆယ့်ခြောက်ဘုံ၌ ဖြစ်ကုန်၏။
မဟာဝိပါက်ရှစ်ခုတို့သည် ကာမသုဂတိ ခုနစ်ဘုံ၌ ဖြစ်ကုန်၏။
မဟာကြိယာ ရှစ်ခုတို့သည် အပါယ်ကြဉ်သော ပဉ္စဝေါကာရ စတုဝေါကာရ နှစ်ဆယ့်ခြောက်ဘုံ၌ ဖြစ်ကုန်၏။
ရူပကုသိုလ် ကြိယာ ဆယ်ခုတို့သည် ဟသိတုပ္ပါဒ်နှင့် နည်းတူ နှစ်ဆယ့်တဘုံ၌ ဖြစ်ကုန်၏ ။
ပထမဈာန်ဝိပါက်သည် ပထမဈာန်သုံးဘုံ၌ ဖြစ်၏။
ဒုတိယ တတိယဈာန်ဝိပါက်နှစ်ခုတို့သည် ဒုတိယဈာန် သုံးဘုံ၌ ဖြစ်ကုန်၏ ။
စတုတ္ထဈာန်ဝိပါက်သည် တတိယဈာန်သုံးဘုံ၌ ဖြစ်၏။
ရူပပဉ္စမဈာန် ဝိပါက်သည် အသညသတ်ကြဉ်သော စတုတ္ထဈာန် ခြောက်ဘုံ၌ ဖြစ်၏။
အာကာသကုသိုလ် ကြိယာတို့သည် အပါယ်ကြဉ်သော ပဉ္စဝေါကာရ အာကာသ၊ ဤ နှစ်ဆယ့်သုံးဘုံ တို့၌ ဖြစ်ကုန်၏။
အထက် အရူပကုသိုလ် ကြိယာတို့သည်လည်း အထက်သုံးဘုံတို့ကို ထည့်၍ အစဉ် အတိုင်း နှစ်ဆယ့်လေးဘုံ နှစ်ဆယ့်ငါးဘုံ နှစ်ဆယ့်ခြောက်ဘုံတို့၌ ဖြစ်ကုန်၏။
အရူပ ဝိပါက်လေးခုတို့သည် အသီးအသီး မိမိတို့ဘုံ၌ ဖြစ်ကုန်၏။
ပထမမဂ်သည် ကာမသုဂတိ ၇-ဘုံ၊ ဝေဟပ္ဖိုလ်တိုင်အောင် ရူပ ၁၀-ဘုံ၊ ဤ တဆယ့်ခုနစ်ဘုံ၌ ဖြစ်၏။
အလယ် လောကုတ္တရာစိတ် လေးခုတို့သည် ၎င်း ၁၇-ဘုံ၌ အရူပဘုံကို ထည့်၍ နှစ်ဆယ့်တဘုံ၌ ဖြစ်ကုန်၏။
အထက် လောကုတ္တရာစိတ် သုံးခုတို့သည် ၎င်း ၁၇-ဘုံ၌ အရူပဘုံကို ထည့်၍ နှစ်ဆယ့်တဘုံ၌ ဖြစ်ကုန်၏။
အထက် လောကုတ္တရာစိတ် သုံးခုတို့သည် ၎င်း ၂၁-ဘုံ၌ သုဒ္ဓါဝါသဘုံကို ထည့်ပြန်၍ နှစ်ဆယ့်ခြောက်ဘုံ၌ ဖြစ်ကုန်၏။
ထိုတွင် --
တဘုံ၌သာဖြစ်သောစိတ် အရူပဝိပါက်လေးခု။
သုံးဘုံ၌ဖြစ်သောစိတ် ရူပဝိပါက် အောက်လေးခု။
ခြောက်ဘုံ၌ ပဉ္စမဈာန်ဝိပါက်တခု။
ခုနစ်ဘုံ၌ မဟာဝိပါက် ရှစ်ခု။
တဆယ့်တဘုံ၌ ဒေါသမူ ဃာနာဒိဆက္က ရှစ်ခု။
တဆယ့်ခုနစ်ဘုံ၌ ပထမမဂ် တခု။
နှစ်ဆယ့်တဘုံ၌ အလယ် လောကုတ္တရာစိတ် လေးခု။
နှစ်ဆယ့်နှစ်ဘုံ၌ ရူပကုသိုလ် ရူပကြိယာ ဟသိတုပ္ပါဒ် တဆယ့်တခု။
နှစ်ဆယ့်သုံးဘုံ၌ အာကာသကုသိုလ် ကြိယာနှစ်ခု။
နှစ်ဆယ့်လေးဘုံ၌ ဝိညာဏဉ္စာကုသိုလ် ကြိယာ နှစ်ခု။
နှစ်ဆယ့်ငါးဘုံ၌ ဒိဋ္ဌိသမ္ပယုတ် ဝိစိကိစ္ဆာ အာကိဉ္စညာကုသိုလ် ကြိယာ ခုနစ်ခု။
နှစ်ဆယ့်ခြောက်ဘုံ၌ စက္ခု သောတဝိညာဏ် လေး၊ မနောဓာတ် သုံး၊ သန္တီရဏ သုံး၊ မဟာကြိယာ၊ နေဝသညာကုသိုလ် ကြိယာ၊ အထက် လောကုတ္တရာစိတ် သုံးခု အားဖြင့် နှစ်ဆယ့်သုံးခု။
ဘုံပေါင်း သုံးဆယ်၌ဖြစ်သောစိတ် ဒိဋ္ဌိဝိပ္ပယုတ် ဥဒ္ဓစ္စ မနောဒွါရာဝဇ္ဇန်း မဟာကုသိုလ် အားဖြင့် တဆယ့်လေးပါး ရှိ၏ ။
ပေါင်း စိတ်တခုယုတ် ကိုးဆယ် ဖြစ်၏။
ဤအရာဝယ် စာသင်ငယ်တို့ မှတ်လွယ်စေဘို့ ကဗျာပျို့ကား --
တဘုံ လေးသာ သုံးမှာလည်း လေး၊
ခြောက် ဧကေးဖြစ်၊ ခွန်မှာ ရှစ်တည်း၊
ဆယ့်တစ်လည်း ရှစ်၊ ဆယ့်ခုနှစ် ဧ၊
လေး ဧကဝီ၊ ဗာဝီ ဧက်ဒ၊
တေဝီသ ဒွေး၊ နှစ်ဆယ့်လေး ဒွီ၊
ပဉ္စဝီ သတ္တ၊ ဆဗ္ဗီသဝယ်၊
နှစ်ဆယ်နှင့်သုံး၊ ဘုံသုံးဆယ်မူ၊
ဆယ့်လေးဟူ၏။
ဧကူန နဝုတိစိတ် ပေါင်းတည်း။
စိတ်သည် ဘုံ၌ဖြစ် ပြီး၏။
ဣတိ ဘူမိစိတ္တနယော နဝမော။
၁၀-ပုဂ္ဂိုလ်၌ စိတ်ဖြစ်
(ပုဂ္ဂလစိတ္တနည်း)
ဣဒါနိ ပုဂ္ဂလစိတ္တနယော ပုစ္စတေ။
ကာမပုဂ္ဂိုလ်တို့၌ ရသော စိတ်များ
ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်သည် အပါယ်ဘုံ၌ရသော စိတ် သုံးဆယ့်ခုနစ်ခု တို့ကို ရအပ်ကုန်၏။ (အကုသိုလ်စိဟ်-၁၂၊ ဟသိတုပ္ပါဒ်ကြဉ်သော အဟိတ်စိတ်-၁၇၊ မဟာကုသိုလ်စိတ်-၈)။
သုဂတိအဟိတ် ဒွိဟိတ် နှစ်ယောက်တို့သည် ၎င်းစိတ် ၃၇-၌ မဟာဝိပါက် ဉာဏဝိပ္ပယုတ်ကိုထည့်၍ လေးဆယ့်တခုတို့ကို ရအပ်ကုန်၏။
တိဟိတ်ပုထုဇန်သည် ၎င်းစိတ် ၄၁-ခု၌ မဟာဝိပါက် ဉာဏသမ္ပယုတ်ကို ထည့်ပြန်၍ လေးဆယ့်ငါးခု တို့ကို ရအပ်ကုန်၏။
အောက် ဖလဋ္ဌံနှစ်ယောက်တို့သည် ၎င်းစိတ် ၄၅-ခု၌ ဒိဋ္ဌိသမ္ပယုတ် ဝိစိကိစ္ဆာ တို့ကို နုတ်၍ မိမိတို့ဖိုလ်ကို အသီးအသီး ထည့်၍ လေးဆယ့်တခုစီ ရအပ်ကုန်၏။
အနာဂါမိဖလဋ္ဌံသည် ဒေါသမူကိုလည်း နုတ်ပြန်၍ ဖိုလ်ချင်းလည်း လဲ၍ သုံးဆယ့်ကိုးခု တို့ကို ရအပ်ကုန်၏။
ရဟန္တာပုဂ္ဂိုလ်သည် ကာမဝိပါက် တေဝီသ ကာမကြိယာ ဧကာဒသ အရဟတ္တဖိုလ်၊ ဤ သုံးဆယ့်ငါးခု တို့ကို ရအပ်ကုန်၏။ ဤကား ဈာန်မရသော သုက္ခဝိပဿကပုဂ္ဂိုလ် စိတ်ရတည်း။
ဈာန်ရမူကား ရှေးစိတ်ရသင်္ချာတွင် တိဟိတ်ပုထုဇန်၊ အောက်ဖလဋ္ဌံတို့၌ မဟဂ္ဂုတ် ကုသိုလ် ကိုးခုကို။ ရဟန္တာ၌ မဟဂ္ဂုတ် ကြိယာကိုးခုကို ထည့်၍ အစဉ်အတိုင်း ငါးဆယ့်လေးခု, ငါးဆယ်, လေးဆယ့်ရှစ်ခု, လေးဆယ့်လေးခုသော စိတ်တို့ကို ရအပ်ကုန်၏။
မဂ္ဂဋ္ဌံ ပုဂ္ဂိုလ် လေးယောက် တို့သည်ကား မိမိတို့ မဂ်စိတ် တခုစီသာ ရကြကုန်၏။ ဤကား ကာမပုဂ္ဂိုလ် စိတ်ရတည်း။
ရူပဗြဟ္မာတို့၌
ရအပ်သောစိတ်များ
ရူပဘုံ၌ကား အဟိတ် ဒွိဟိတ် ပုဂ္ဂိုလ်ဟူ၍ မရှိ။ ဈာန်မရသည်လည်း မရှိ။ ထို့ကြောင့် ဈာန်ရသော ကာမပုဂ္ဂိုလ်၏ စိတ်အစဉ်၌ ဘုံအားဖြင့် ကြဉ်သော ဒေါသမူ, ဃာနာဒိဆက္က, မဟာဝိပါက်၊ ဤ တဆယ့်ခြောက်ခုတို့ကို နုတ်၍ ရူပ ဝိပါက်ငါးခုတို့ကို ထည့်၍ တိဟိတ်ပုထုဇန်၌ အကုသိုလ်တဆယ်၊ ဟသိတုပ္ပါဒ်မှလည်း တပါးသော အဟိတ်စိတ် တဆယ့်တခု၊ မဟာကုသိုလ်၊ မဟဂ္ဂုတ်ကုသိုလ်၊ ရူပဝိပါက် အားဖြင့် လေးဆယ့်သုံးခုသော စိက်တို့ကို ရအပ်ကုန်၏။
အောက်ဖလဋ္ဌံ သုံးယောက်၌ ဒိဋ္ဌိ ဝိစိကိစ္ဆာကို နုတ်ပြန်၍ မိမိတို့ဖိုလ်ကို အသီးအသီး ထည့်၍ သုံးဆယ့်ကိုးခုတို့ကို ရအပ်ကုန်၏။
ရဟန္တာပုဂ္ဂိုလ်၌ အဟိတ်စိတ် တဆယ့်နှစ်ခု၊ မဟာကြိယာ၊ ရူပဝိပါက်၊ မဟဂ္ဂုတ် ကြိယာ၊ အရဟတ္တဖိုလ်အားဖြင့် သုံးဆယ့်ငါးခု တို့ကို ရအပ်ကုန်၏။
ဤကား ရူပပုဂ္ဂိုလ်စိတ်ရတည်း။
အရူပပုဂ္ဂိုလ်တို့၌
ရအပ်သော စိတ်များ
ထိုနည်းတူ အရူပ၌လည်း ဘုံအားဖြင့်ကြဉ်သော စက္ခု, သောတဝိညာဏ်၊ မနောဓာတ်၊ သန္တီရဏ၊ ရူပစိတ်၊ (ပထမမဂ်)၊ ဤစိတ် ၂၀-တို့ကိုလည်း ထပ်မံ နုတ်ပြန်၍ [၁] အရူပဝိပါက်ကိုထည့်၍ တိဟိတ်ပုထုဇန်၌ အကုသိုလ်တဆယ်၊ မနောဒွါရာဝဇ္ဇန်း၊ မဟာကုသိုလ်၊ အရူပကုသိုလ် ဝိပါက်၊ ဤ နှစ်ဆယ့်ခုနှစ်ခု တို့ကို ရအပ်ကုန်၏။
[၁။ ရူပတိဟိတ် ပုထုဇန် ရအပ်သောစိတ် ၄၃-ပါးမှ နုတ်ရမည်။]
အောက် ဖလဋ္ဌံသုံးယောက်၌ ဒိဋ္ဌိဂတသမ္ပယုတ် ၄-ခု၊ ဝိစိကိစ္ဆာတခု။ ပေါင်း ငါးခုကို နုတ်ပြန်၍ မိမိတို့ဖိုလ်ကို အသီးအသီး ထည့်၍ နှစ်ဆယ့်သုံးခုတို့ကို ရအပ်ကုန်၏။
ရဟန္တာပုဂ္ဂိုလ်၌ မနောဒွါရာဝဇ္ဇန်း၊ မဟာကြိယာ၊ အရူပဝိပါက် ကြိယာ၊ အရဟတ္တဖိုလ်၊ ဤ တဆယ့်ရှစ်ခုတို့ကို ရအပ်ကုန်၏။
(ဤကား အရူပပုဂ္ဂိုလ် စိတ်ရတည်း)
ဗကဗြဟ္မာကဲ့သို့ မေ့လျော့သည် ကြာသောကြောင့်၎င်း၊ ကာမဘုံ၌ နိကန္တိ ရှိသော ကြောင့်၎င်း၊ ရူပ အရူပဘုံတို့၌လည်း တိဟိတ်ပုထုဇန် ပုဂ္ဂိုလ်များကား ဈာန်ကွယ်ပ၍ မရသည်လည်း ရှိသေး၏ဟု ဆိုကြကုန်၏။
ဤအရာဝယ် စာသင်ငယ်တို့ မှတ်လွယ်စေဘို့ ကဗျာပျို့ကား ဤသို့ တည်း --
ဈာန်မရသည်၊ ကာမသတွာ၊
စိတ်သင်္ချာကား၊ ဆ-လာ-က-ဝံ၊
မ-ဃံ-ယု-ဝါ၊ ဈ-လာ-မ-လံ၊
ဈာန်ဟုန်လျှံမူ၊ ဝါ-မံ-ဩ-မေ၊
ဟ-ဝေ-ဘ-ဝါ၊ ရူပမှာကား၊
ဂ-ဝါ-ဈ-လ၊ မ-လ-မှတ်လေ၊
အရူပေမှာ၊ ဆ-ခေ-လ-ခ၊
ဟ-နှင့် က-သည်။ ရွေးမျှဆိတ်စာ မလွဲတည်း။
(ပိဋကသင်္ချာ)
စိတ် တဆယ့်ရှစ်၊ ဖြစ်ရာဇီ၀၊
တယောက်ရ၏၊ တေဝီသနှင့်၊
သတ္တ ဝီသာ၊ သတ္တာတိံသီ၊
တေတာလီဟု၊ ပည်းတာလီသာ၊
ဋ္ဌတာလီသ၊ ပညာသဟု၊
စတုပညာ၊ စိတ်ဖြစ်ရာလည်း၊
ဧက်စီသာရ၊ ပဉ္စတိံသာ၊
နဝါတိံသ၊ ကေတာလီ၊
နှစ်ယောက်စီသည်။
ပါဏီ ဆယ့်ခြောက် အပေါင်းတည်း။
ပုဂ္ဂိုလ်၌ စိတ်ဖြစ် ပြီး၏။
စိတ်သည် ပုဂ္ဂိုလ်၌ဖြစ်
(ပုဂ္ဂလစိတ္တနည်း)
ဒိဋ္ဌိ ဝိစိကိစ္ဆာ သမ္ပယုတ် ငါးခုတို့သည် ပုထုဇန် လေးယောက်တို့၌ ဖြစ်ကုန်၏။
ဒိဋ္ဌိဂတဝိပ္ပယုတ်၊ ဥဒ္ဓစ္စ, မဟာကုသိုလ်၊ ဤစိတ် တဆယ့်သုံးခုတို့သည် ရဟန္တာ ကြဉ်သော အောက်ဖလဋ္ဌံ သုံးယောက်နှင့် ပုထုဇန် လေးယောက်ပေါင်း ခုနစ်ယောက် တို့၌ ဖြစ်ကုန်၏။
ဒေါသမူဒွေသည် အနာဂါမ် (မဂ်ပုဂ္ဂိုလ်လေးယောက်), ရဟန္တာကြဉ်သော ခြောက်ယောက်တို့၌ ဖြစ်ကုန်၏။
ဟသိတုပ္ပါဒ်ကြဉ်သော အဟိတ်စိတ် တဆယ့်ခုနစ်ခုတို့သည် (ပုထုဇန်လေးယောက်၊ ဖလဋ္ဌံ လေးယောက်) ရှစ်ယောက်လုံး၌ ဖြစ်ကုန်၏။
ကြိယာဇော တဆယ့်ရှစ်ခုတို့သည် ရဟန္တာပုဂ္ဂိုလ်၌ ဖြစ်ကုန်၏။
မဟာဝိပါက် ဉာဏဝိပ္ပယုတ် လေးခုတို့သည် ဒုဂ္ဂတိအဟိတ် ကြဉ်သော ခုနစ်ယောက် တို့၌ ဖြစ်ကုန်၏။
ကြွင်းမဟာဝိပါက် မဟဂ္ဂုတ်ဝိပါက်၊ ဤတဆယ့်သုံးခုတို့သည် တိဟိတ်ပုဂ္ဂိုလ် ငါးယောက်တို့၌ ဖြစ်ကုန်၏။
မဟဂ္ဂုတ်ကုသိုလ် ကိုးခုတို့သည် ရဟန္တာကြဉ်သော တိဟိတ်ပုဂ္ဂိုလ် လေးယောက်တို့၌ ဖြစ်ကုန်၏။
လောကုတ္တရာစိတ် ရှစ်ခုတို့သည် အသီးအသီး အရိယာပုဂ္ဂိုလ် ရှစ်ယောက်တို့၌ ဖြစ်ကုန်၏။
ပုဂ္ဂိုလ်တယောက်၊ နှစ်ဆယ့်ခြောက်တည်း ၊
လေးယောက် စုဒ္ဒ၊ ပဉ္စ တေရစ်၊
ခြောက်မှာ နှစ်တည်း၊ ခုနှစ် ရှစ်မှာ၊
သတ္တာဒသ၊ ကိုယ်စီရသည်။
ပေါင်းထ ဧက်ယုတ် ကိုးဆယ်တည်း။
စိတ်သည် ပုဂ္ဂိုလ်၌ဖြစ် ပြီး၏။
ဣတိ ပုဂ္ဂလစိတ္တနယော ဒသမော။
ဤသုံးနည်း ခြောက်ချက်တို့ကို ရောစပ်လျက် ဘုံ ပုဂ္ဂိုလ်၌ စိတ်ဖြစ်သောနည်း၊ စိတ်သည် ဘုံ ပုဂ္ဂိုလ်၌ဖြစ်သောနည်းဟု - တနည်း နှစ်ချက် ထွက်သင့်သေး၏။
ဘုံပေါင်း သုံးဆယ်တို့၌ အသီး အသီးဖြစ်သော ပုဂ္ဂိုလ် ဟူသမျှတို့၌ ရသင့်ရထိုက်သော စိတ်တို့ကို အသီးအသီး ရေတွက်လေ။ ရှေးသုံးနည်း ခြောက်ချက် ကျေပွန်လျှင် မခက်ပြီ။
စတုဘုမ္မိကကျင့်စဉ်
[ဇယား-၂၆]
[ဇယား-၂၇]
[ဇယား-၂၈]
[ဇယား-၂၉]
ကမ္မစတုက္က အကျဉ်း
ဤဘုံခန်း၌ ကမ္မစတုက္က ဝိနိစ္ဆယကို ပြဦးမည်။
ကိစ္စအားဖြင့် ကိစ္စစတုက္ကကံ ၄-ပါး
ကံသည် “ဇနက မု’ပတ္ထမ္ဘက, မု’ပပီဠက, မု’ပဃာတက, ဉ္စေတိ ကိစ္စဝသေန” ဟူသည်နှင့်အညီ အမူအရာ ကိစ္စအားဖြင့် (ဇနကကံ, ဥပတ္ထမ္ဘကကံ, ဥပပီဠကကံ ဥပဃာတကကံ) လေးပါး။
အကျိုးပေးအလှည့်အစဉ်ဖြင့် ပါကဒါနပရိယာယစတုက္ကကံ ၄-ပါး
“ဂရုက,မာ’ သန္န, မာ, စိဏ္ဏံ, ကဋတ္တာ ကမ္မဉ္စေတိ ပါကဒါန ပရိယာယေန” ဟူသည်နှင့် အညီ အကျိုးပေးသော အစဉ် အလှည့်အားဖြင့် (ဂရုကံ, အာသန္နကံ, အာစိဏ္ဏကံ, ကဋတ္တာကံ) လေးပါး။
အကျိုးပေးရာ ကာလအားဖြင့် ပါကကာလစကုက္ကကံ ၄-ပါး
“ဒိဋ္ဌဓမ္မဝေဒနီယံ, ဥပပဇ္ဇဝေဒနီယံ, အပရာပရိယာယဝေဒနီယံ, အဟောသိကမ္မဉ္စေတိ ပါကကာလဝသေနေတိ စတ္တာရိ ကမ္မာနိ နာမ” ဟူသည်နှင့်အညီ အကျိုးပေးသော ကာလအားဖြင့် လေးပါး။
အကျိုးပေးရာဘုံအားဖြင့် ပါကဌာနစတုက္ကကံ ၄-ပါး
“တထာ အကုသလံ, ကာမာဝစရကုသလံ, ရူပါဝစရကုသလံ, အရူပါဝစရ ကုသလဉ္စေ တိ ပါကဌာနဝသေန” ဟူသည်နှင့်အညီ အကျိုးပေးရာ ဘုံဌာနအားဖြင့် လေးပါး အပြားရှိ၏။ ဤသို့ ကမ္မစတုက္က ကို လေးမျိုးယူရမည်။
စတုက္က အဆုံးအဖြတ်
(ဂဏ္ဌိဆရာတော်ကား ဤလေးပါးလုံး ပေါင်းမှ ကမ္မစတုက္က ဟူ၏။ (သင်္ဂြိုဟ်) အဋ္ဌကထာ၌ “စတ္တာရိ ကမ္မာနိနာမ” ဟု သင်္ချာပဓာနပုဒ်ထားပုံ “ဣဒါနိ ကမ္မစတုက္ကံ စတူဟာကာရေဟိ ဒဿေတုံ ဇနကန္တိ အာဒိ အာရဒ္ဓံ) ဟူသော ဋီကာ (၁၆၉) အနုသန္ဓေ တက်ပုံတို့နှင့် မညီလေ)။
ဣဒါနိ၊ ယခုအခါ၌။
ကမ္မစတုက္ကံ ၊ ကမ္မစတုက္ကကို။
စတူဟာကာရေဟိ၊ လေးပါးသော အခြင်းအရာတို့ဖြင့်။
ဒဿေတုံ၊ ပြခြင်းငှါ။
ဇနကန္တိအာဒိ၊ ဤသို့ ဇနကကံအစ ရှိသော စကားရပ်ကို။
အာရဒ္ဓံ၊ အားထုတ်အပ်၏။
“ပဋိသန္ဓိဇနကဝသေန ဟိ ဂရုကာဒိကမ္မစတုက္ကံ ဝုတ္တံ” ဟု ဝိသုဒ္ဓိမဂ် ဋီကာ (ဒု၊ ၃၇၇) ၌လည်း ပရိယာယစတုက္က တခုကည်းကိုပင် စတုက္ကတခု အဖြစ်ဖြင့် မိန့်၏။
ဟိ၊ မှန်၏။
ပဋိသန္ဓိဇနကဝသေန၊ ပဋ္ဋိသန္ဓေကို ဖြစ်စေသည်၏ အစွမ်းဖြင့်၊
ဂရု ကာဒိကမ္မစတုက္ကံ၊ ဂရုကကံအစရှိသော ကမ္မစတုက္ကကို။
ဝုတ္တံ၊ ဆိုအပ်၏။
ကမ္မစတုက္က အကျယ်
ကိစ္စစတုက္ကကံ အဓိပ္ပါယ်များ
ဇနကကံ
ထိုတွင် ပဋိသန္ဓေ ပဝတ္တိတို့၌ ကိုယ်တိုင် ဝိပါက် ကဋတ္တာရုပ်တို့ကို ဖြစ်စေနိုင်သော ကုသိုလ် အကုသိုလ် စေတနာသည် ဇနကကံ မည်၏။
ဥပတ္ထမ္ဘကကံ
ထိုဇနကကံ မြဲမြံ ရှည်ဝေး အကျိုးပေးအောင် ပဋိသန္ဓေ ပဝတ္တိတို့၌ လိုက်၍ ထောက်ပံ့တတ်သော ကုသိုလ် အကုသိုလ် ကံသည် ဥပတ္ထမ္ဘကကံ မည်၏။
ဥပပီဠကကံ
ထို ဇနကကံ၏ အကျိုးကို မသန်မထက်အောင် နှိပ်စက်တတ်သော ကံသည် ဥပပီဠကကံ မည်၏။
ဥပဃာတကကံ
ဒုဗ္ဗလကံ၏ ဇနကသာမတ္ထိယကို သတ်ဖြတ်လျက် ထိုကံ၏ ဝိပါက်ကို တားမြစ်၍ မိမိအကျိုးပေးသော ကံသည် ဥပဃာတကကံ မည်၏။
ဇနကနှင့် ဥပဃာတက ထူးခြားပုံ
ဇနကံ ကမ္မန္တရဿ ဝိပါကံ အန္တရာ အနုပစ္ဆိန္ဒိတွာဝ ဝိပါကံ ဇနေတိ၊ ဥပဃာတကံ ဥပစ္ဆေဒနက ပုဗ္ဗကန္တိ အယံ ဝိသေသော။ (အဋ္ဌကထာသန္နိဋ္ဌာန)။
ဇနကံ၊ ဇနကကံသည်။
ကမ္မန္တရဿ၊ ကံတပါး၏။
ဝိပါကံ၊ အကျိုးဝိပါက်ကို။
အန္တရာ၊ မဆုံးမီအကြား၌။
အနုပစ္ဆိန္ဒိတွာဝ၊ မဖြတ်မူ၍သာလျှင်။
ဝိပါကံ၊ မိမိအကျိုးကို။
ဇနေတိ၊ ကံတပါး၏ အကျိုး ပြီးဆုံးသောအခါမှ ဖြစ်စေ၏။
ဥပဃာတကံ၊ ဥပဃာတကကံသည်။
ဥပစ္ဆေဒနကပုဗ္ဗကံ၊ ဖြတ်ခြင်းရှေးရှိ၏။
ဣတိ အယံ၊ ဤသည်ကား။
ဝိသေသော၊ အထူးတည်း။
ဥပဃာတကံ ကမ္မန္တရဿ ဝိပါကံ သဗ္ဗသော ဥပစ္ဆိန္ဒိတွာ အညတြ ဩကာသံ ဒေတိ။ န ပန သယံ ဝိပါကနိဗ္ဗတ္တကံ (အပရေဝါဒ)
ဥပဃာတကံ၊ ဥပဃာတကကံသည်။
ကမ္မန္တရဿ၊ ကံတပါး၏။
ဝိပါကံ၊ အကျိုးကို။
သဗ္ဗသော၊ အလုံးစုံ။
ဥပစ္ဆိန္ဒိတွာ၊ ဖြတ်၍။
အညဿ၊ အခြား တပါးကံအား။
ဩကာသံ၊ အကျိုးပေးခွင့်ကို။
ဒေတိ၊ ပေး၏။
သယံ ပန၊ မိမိသည်မူကား။
န ဝိပါကနိဗ္ဗတ္တကံ၊ အကျိုးကို မဖြစ်စေတတ်။
ဗတွာ’ ဗာဓတာဒိပစ္စယူပနိပါတေန ဝိပါကဿ ဝိဗာဓကံ ဥပပီဠကံ။ တထာ ဝိပါကဿေဝ ဥပစ္ဆေဒကံ ဥပဃာတကံ၊ ကမ္မံ ဥပဃာတေတွာ အတ္တနော ဝိပါကဿ ဩကာသကရဏေန ဝိပစ္စနေ သတိ ဇနကမေဝ သိယာ။ ဇနကာဒိဘာဝေါ နာမ ဝိပါကံ ပတိ ဣစ္ဆိတဗ္ဗော။ န ကမ္မံ ပတီတိ ဝိပါကဿေဝ ဥပဃာတကတာ ယုတ္တာ ပိယ ဒိဿတိ။ (ဝိသုဒ္ဓိမဂ် ဋီကာ၊ ဒု၊ ၃၇၉)
ဗတွာဗာဓတာဒိ ပစ္စယူပ နိပါတေန၊ အနာများခြင်း စသည်တို့၏ အကြောင်းကို ပေါင်းစုကျရောက် စေသဖြင့်။
ဝိပါကဿ၊ အကျိုးဝိပါက်ကို။
ဝိဗာဓကံ၊ တားမြစ်နှိပ်စက်တတ်သော ကံသည်။
ဥပပီဠကံ၊ ဥပပီဠကကံ မည်၏။
တထာ၊ ထို့အတူ။
ဝိပါကဿေဝ၊ အကျိုးဝိပါက်ကိုသာလျှင်။
ဥပစ္ဆေဒကံ၊ ဖြတ်တတ်သော ကံသည်။
ဥပဃာတကံ၊ ဥပဃာတကကံ မည်၏။
ကမ္မံ၊ ကံကို။
ဥပဃာတေတွာ၊ သတ်၍။
အတ္တနော၊ မိမိ၏။
ဝိပါကဿ၊ အကျိုး၏။
ဩကာသ ကရဏေန၊ အခွင့်ကို ပြုသဖြင့်။
ဝိပစ္စနေ၊ အကျိုးပေးခြင်းသည်။
သတိ၊ ရှိသော်။
ဇနကမေဝ၊ ဇနကကံသည်သာလျှင်။
သိယာ၊ ဖြစ်ခဲ့ရာ၏။
ဇနကာဒိဘာဝေါ နာမ၊ ဇနကအစရှိသည်၏ အဖြစ်မည်သည်ကို။
ဝိပါကံ၊ အကျိုးကို။
ပတိ၊ စွဲ၍။
ဣစ္ဆိတဗ္ဗော၊ လိုအပ်၏။
ကမ္မံ၊ ကံကို။
ပတိ၊ စွဲ၍။
န ဣစ္ဆိတဗ္ဗော၊ မလိုအပ်။
ဣတိတသ္မာ၊ ထို့ကြောင့်။
ဝိပါကဿေဝ၊ အကျိုး ဝိပါက်ကိုသာလျှင်။
ဥပဃာတကာ၊ သတ်ဖြတ်တတ်သည်၏ အဖြစ်သည်။
ယုက္ကာဝိယ၊ သင့်အံ့သကဲ့သို့။
ဒိဿတိ၊ ထင်၏။
အရှင်မောဂ္ဂလာန် စသော ရဟန္တာပုဂ္ဂိုလ်တို့မှာ ဥပစ္ဆေဒကကံ သက်သက်သာ၊ ဗိမ္ဗိသာရမင်း သာမာဝတီ စသည်တို့မှာ ဥပစ္ဆေဒကကံဖြင့် စုတိသည်၏ အခြားမဲ့၌ တပါးကုသိုလ်ကံ အကျိုး ပေးသည်။ ဒေဝဒတ်, ကလာဗုမင်း စသည်တို့မှာ ထိုကံကပင် သေအောင်လည်း ဖြတ်သည်။ အခြားမဲ့၌လည်း အကျိုးကိုပေးသည်။ ထို့ကြောင့် နှစ်ဝါဒလုံးပင် အသင့်ချည်းဖြစ်၍ နှစ်ပါဒလုံးပင် မမြဲလေ။
သုဂတိဘုံအတွက် ကိစ္စစတုက္က ရှင်းလင်းချက်
ဤကိစ္စစတုက္က၌ သုဂတိဘုံမှာ ကုသလဝိပါက် ဣဋ္ဌကမ္မဇရုပ်တို့ကို ဖြစ်စေတတ်သော ကုသိုလ်ကံသည် ဇနကကံ မည်၏။
ထိုကံ၏ အကျိုးကို ရှည်ကြာအောင် ထောက်ပံ့တတ်သော ကုသိုလ်ကံသည် ဥပတ္ထမ္ဘကကံ မည်၏။
ထိုဇနကကံ၏ အကျိုးကို ညှိုးမှိန်သိမ်ငယ်ရုံသာ နှိပ်စက်တတ်သော အကုသိုလ်ကံ သည် ဥပပီဠကကံ မည်၏။ ထိုဥပပီဠကကံကိုပင် အားရှိအောင် ထောက်ပံ့ပြန်သော အကုသိုလ်ကံသည် ဥပတ္ထမ္ဘကကံ မည်၏။
ယခင်ဇနကကံ၏ အကျိုးကို ညှိုးမှိန်သိမ်ဖျင်းရုံမက သုခအစဉ်ကို ဖြတ်တတ်သော အကုသိုလ်ကံသည်၎င်း၊ ဖြတ်ပြီးလျှင် ရံခါ ရံခါ ညှပ်၍ အနိဋ္ဌဝိပါက် ကမ္မဇရုပ်တို့ကို ဖြစ်စေတတ်သော အကုသိုလ်ကံသည်၎င်း သေအောင် သတ်ဖြတ်၍ ဒုဂ္ဂတိဘ၀သို့ ဆောင်တတ်သော အကုသိုလ်ကံသည်၎င်း ဥပဃာတကကံ မည်၏။
ထိုဥပဃာတကကံကို ဖွံ့ဖြိုးအားရှိအောင် ထောက်ပံ့သော အကုသိုလ်ကံသည် ဥပတ္ထမ္ဘကကံ မည်၏။ ညှိုးမှိန်နုန့်နှေးရုံ နှိပ်စက်တတ်သော ကုသိုလ်ကံ သည်ကား ဥပပီဠကကံ မည်၏။
ကုသိုလ်ဇနကကို ထောက်ဆမူကား ဥပတ္ထမ္ဘက မည်၏။
ထိုဥပဃာတကကံကို ညှိုးမှိန်ရုံသာမက ဒုက္ခအစဉ်ကို ဖြတ်တတ်သော ကုသိုလ်ကံ သည်၎င်း၊ ဖြတ်ပြီးလျှင် ညှပ်၍ညှပ်၍ ကုသလဝိပါက် ဣဋ္ဌကမ္မဇရုပ်တို့ကို ဖြစ်စေ တတ်သော ကုသိုလ်ကံသည်၎င်း၊ သေအောင်ဖြတ်၍ ထို့ထက် မြတ်သော သုဂတိ ဘဝသို့ ဆောင်တတ်သော ကုသိုလ်ကံ သည်၎င်း ဥပဃာတကကံ မည်၏။
ထိုဥပဃာတကကံကို ဖွံ့ဖြိုးအားရှိအောင် ထောက်ပံ့တတ်သော ကုသိုလ်ကံသည် ဥပတ္ထမ္ဘက ကံမည်၏ ဟူ၍ မှတ်လေ။ အလွန် ပွေလိမ်ရှုပ်ထွေး မြှေးရှက်သော ခက်ဆစ်။
ဤကား သုဂတိဘုံ၌ ခွဲပုံတည်း။
ဒုဂ္ဂတိဘုံအတွက် ကိစ္စစတုက္က ရှင်းလင်းချက်
ဒုဂ္ဂတိဘုံ၌လည်း ထို့အတူ အကုသလဝိပါက် အနိဋ္ဌကမ္မဇရုပ်တို့ကို ဖြစ်စေတတ်သော အကုသိုလ်ကံသည် ဇနက ကံမည်၏။
ထိုဇနကကံ၏ အကျိုးကို ဖွံ့ဖြိုးရှည်ကြာအောင် ထောက်ပံ့သော အကုသိုလ်ကံသည် ဥပတ္ထမ္ဘကကံ မည်၏။ ထိုအကျိုးကို ညှိုးမှိန်သိမ်ဖျင်းရုံသာ နှိပ်စက်တတ်သော ကုသိုလ်ကံသည် ဥပပီဠက ကံမည်၏။ ထိုဥပပီဠကကံကိုပင် အားရှိအောင် ထောက်ပံ့ ပြန်သော ကုသိုလ်ကံသည် ဥပတ္ထမ္ဘက ကံမည်၏။
ထိုအကျိုးကို ညှိုးမှိန်သိမ်ဖျင်းရုံမက ဒုက္ခအစဉ်ကို ဖြတ်တတ်သော ကုသိုလ်ကံ သည်၎င်း၊ ဖြတ်ပြီးလျှင် ရံခါ ရံခါ ညှပ်၍ ဣဋ္ဌဝိပါက် ကမ္မဇရုပ်တို့ကို ဖြစ်စေတတ်သော ကုသိုလ်ကံသည်၎င်း၊ သေအောင်ပင်ဖြတ်၍ သုဂတိဘုံသို့ ဆောင်တတ်သော ကုသိုလ်ကံသည်၎င်း ဥပဃာတက ကံမည်၏။ ဤသို့စသည်ဖြင့် ပြန်၍ ပြန်၍ ပဋိပက္ခ ချည်း ဆိုလေ။ ပွေရှုပ်ရစ်ပတ်သော ခက်ဆစ် ခက်ရပ်၊
ဤကား ဒုဂ္ဂတိဘုံ၌ ခွဲပုံတည်း။
ဤသို့သော အကွဲအပြားကို မရှု သတိမပြုက မနုဿဝိဂ္ဂဟ သိက္ခာပုဒ်၏ ဝိနီတဝတ္ထု၌ ခိုးသူကို သတ်မည်ဟု ကြာရှည်ထိုးဆွ ညှဉ်းဆဲနေသည်ကို မြင်၍ သနားကြင်နာသဖြင့် ဆင်းရဲ တာတိုပါစိမ့်ငှါ တချက်တည်းဖြင့်သာ လျင်စွာ သတ်ကြပါဟု သူသတ်တို့ကို စေခိုင်းသောရဟန်း၊
မိဘမျိုးဆွေတို့ မသေမရှင် တဆန့်ငင်ငင် နေသောအခါ သနား ကြင်နာ ဆင်းရဲတာ ရှည်သည်ကို မမြင်လို၍ အိမ်အမိုးကို ဖောက်ခြင်း စသည်ကို ပြုသော သားသမီး။
ခရု ယောက်သွား ရေပိုး ရေငါးတို့ကို သနားလှသဖြင့် တသီတင်း တွင် နှစ်တင်း သုံးတင်းပြုတ်၍ ချွတ်သော ကသည်းမတို့၏ မေတ္တာ ကရုဏာကဲ့သို့ လူ့ပြည်မှ စုတေ သေရှာလေ၍ တစ္ဆေပြိတ္တာဖြစ်သော ဆွေမျိုး သား သမီး မြေး မြစ် တို့ကို ထိုအဖြစ်မှ လျင်စွာစုတိ၍ သုဂတိဘဝတို့၌ ဖြစ်လာအောင် ဒါန ပလစသော ကောင်းမှုကို ပြုကြ၍ အမျှပေးဝေသည်ကား ထုံးဥပဒေ မလာချေ။
“အဝေရာ ဟောန္တု, ဒုက္ခာ မုစ္စန္တု”ဟု မေတ္တာ ကရုဏာ ပို့ရပါမည်ကို မပို့ပဲ “မတာ ဘဝန္တု မေ မိတ္တာ, တတော ခိပ္ပံ စဝန္တု တေ”ဟု ဗျာပါဒ ပို့ရာကျခဲ့သည်။ ထိုပြိတ္တာ အဖြစ်ဖြင့် အဝတ်အစား အိပ်ရာ နေရာတို့ကို ရ၍ ချမ်းသာရုံမျှသာ ဗိမ္ဗိသာရမင်း စသည်တို့ လှူဒါန်းခြင်းစသည်ကိုပြု၍ ကုသိုလ် အဘို့ကို အမျှပေးဝေသော ထုံးဥပဒေ ရှိချေသည်။ ထိုပြိတ္တာတို့ကို သေအောင် အမျှပေးဝေသည် မဟုတ်ချေ။
လူ့အသွင် ဖန်ဆင်း၍ ရဟန်းပြုလာသော နဂါးမင်းကို တိရစ္ဆာန်အဖြစ်မှ လွတ်တည့် လွယ်အောင် ပဉ္စင်္ဂ အဋ္ဌင်္ဂသီလကို စောင့်ရှောက်ခြင်း၌ တိုက်တွန်းတော်မူသောအရာ၊ တတိယပါရာဇိက အတ္ထုပ္ပတ္တိ (နှာ-၈၆)၌ သားမုဆိုး ဖြစ်ဘူးသော ရဟန်းတို့အား အသုဘကမ္မဋ္ဌာန်းကို ဟောတော်မူသော အရာများကား ရှိ၏။ ဘုရားပေတည်း။
“နော မရဏဝဏ္ဏ သံဝဏ္ဏနာပိပ္ပါယေန”ဟူ၍ အဋ္ဌကထာရှင်လည်း ပသင်္ဂကို ဗျတိရေက ဧ၀ဖလတ္တ အညတ္ထာပေါဟန အဖြစ်ဖြင့် တားမြစ် ဖယ်ဟန့် ကန့်တော် မူခဲ့သည်။
ထို့ကြောင့် ကိလေသာ မကုန်သေးသောသူတို့မှာ ရောဂါဝေဒနာ ရှည်ကြာ အားကြီး သေခါနီးလျှင် သူနာပြုပင် အလွန်ခဲယဉ်းသည်။ ဖြောင့်စင်းစွာ ကရုဏာကို ရှေ့ထား အသက်ရှည်အောင်သာ စိတ်ပါး၍ တရားပြသ ဆေးဝါး ကုသရမည်။
မြတ်ဘုရားရှင်သည်ပင် ပရိနိဗ္ဗာန် ပြုပါရစေဟု ရဟန္တာတို့ လာ၍ ခွင့်တောင်းပန် သောအခါ ကောင်းပြီဟု ဝန်ခံတော်မမူလိုက်ဘဲ “နာဘိကင်္ခါမိ မရဏံ၊ နာဘိနန္ဒာမိ ဇီဝိတံ” ဟူသော အကြံတော်ဖြင့် အသံတော် မဟ၊ ဓမ္မသံဝေဂစိတ်ဖြင့် ဆိတ်ဆိတ် သာ နေတော်မူလေသည်။ အလွန် ခဲခက်သော အရာပေတည်း။
ပါဠိ အဋ္ဌကထာ ဋီကာ အနု မဓု လက်သန်း ဂဏ္ဌိကျမ်းတို့ကို စုံစမ်း မွှေနှောက်လေ၊ ဆရာသမားထံပါး ချဉ်းကပ် ဤခဲရပ်ကို ထပ်ထပ် မေးလျှောက်လေ၊ ဉာဏ်ခြင်္သေ့ဖြူ ဓမ္မဂူမှာ ဆူအောင် ဟောက်ကြစေ။
ကိစ္စစတုက္က ပြီး၏။
ပါကဒါန ပရိယာယစတုက္က ကံလေးပါး
ဂရုကကံ။ ။“မိ ဘ ရဟံ၊ လောဟိတံ၊ ဘေဒံ နန္တရိ” ဟူသော ပဉ္စာနန္တရိယကံ ငါးပါး။ နတ္တိက အဟေတုက အကိရိယဟူသော နိယတမိစ္ဆာဒိဋ္ဌိကံ သုံးပါး၊ မဟဂ္ဂုတ်ကံ ကိုးပါး၊ ဤကံများသည် ဂရုကကံ မည်၏။
အာသန္နကံ။ ။ မရဏာသန္နဇောသို့ မရောက်မီ သေခါနီးကာလ၌ အောက်မေ့အပ် ပြုအပ်သော ကံသည် အာသန္နကံ မည်၏။ (မရဏာသန္နဇောကား ပဋိသန္ဓေကျိုးကို မပေးနိုင်၊ သေသောသူ ဟူသမျှလည်း မရဏာသန္နဇောဖြင့် ကံ ကမ္မနိမိတ် ဂတိနိမိတ် သုံးပါးတို့တွင် တပါးပါးကို အောက်မေ့မြဲ ဖြစ်သည်။ ထို့ကြောင့် မရဏာသန္နဇောဖြင့် အောက်မေ့သည်ကို မယူသင့်)။
အာစိဏ္ဏကံ။ ။ အမြဲမပြတ် ပြုအပ်သောကံ၊ တကြိမ်ပြုပြီး၍လည်း အဖန်ဖန် အထပ်ထပ် အောက်မေ့အပ်သော ကံတို့သည် အာစိဏ္ဏကံ မည်၏။
ကဋတ္တာကံ။ ။ ထိုကံသုံးပါးမှ တပါးသော ပဋိသန္ဓေကျိုးကို ပေးစွမ်းနိုင်သော ကံသည် ကဋတ္တာကံ မည်၏။
ထိုလေးပါးတို့တွင် ရှေးကံသုံးပါးတို့သည် ပစ္စုပ္ပန်ဘဝ၌သာ ဖြစ်ကုန်၏။ အနမတဂ္ဂ အတိတ်ဘဝ၌ ပြုပြုသမျှကံစုကို ကဋတ္တာကံချည်းဟု မှတ်အပ်၏။
ထိုကံလေးပါးတို့တွင် အစဉ်အတိုင်း ရှေးရှေးကံသည် အားကြီး၏။ ထို့ကြောင့် ကံ နှစ်ပါးမှ သုံးပါး လေးပါးစုံ အပြိုင်ရှိမူ ရှေးရှေးကံ အကျိုးပေးသည်။ နောက်နောက် ကံကား အကျိုးပေးရာ ဘုံတူလျှင် ထောက်ပံ့နိုင်သေး၏။
ဝိသုဒ္ဓိမဂ်၊ ဒု၊ နှာ-၂၃၆ ... စသည်တို့၌ကား အာသန္နကံ၏ ရှေး၌ အာစိဏ္ဏကံကို ဆို၏။ ၎င်း ဝိသုဒ္ဓိမဂ်ဋီကာ ဒု၊ နှာ-၃၇၇ ၌လည်း --
တတ္ထ ဂရုကံ သဗ္ဗပဌမံ ဝိပစ္စတိ။ တထာ ဟိ တံ ဂရုကန္တိ ဝုတ္တံ။ ဂရုကေ အသတိ ဗဟုလီကတံ။ တသ္မိံ အသတိ အာသန္နံ။ တသ္မိမ္ပိ အသတိ “ကဋတ္တာ ဝါ ပနာ” တိ ဝုတ္တံ ပုရိမဇာတီသု ကတကမ္မံ ဝိပစ္စတိ။
ဟုအစဉ်ကို ပြပြီးလျှင် နောက်ကံသုံးပါးတို့၌ အစဉ်မမြဲသည့် အဖြစ်ကို “တတြာနန္ဒ ယွာယံ ပုဂ္ဂလော ဣဓ ပါဏာတိပါတီ” စသော ပါဠိသာဓကဖြင့် ပြ၍ --
ကိံ ဗဟုနာ ယံ တံ တထာဂတဿ မဟာကမ္မ ဝိဘင်္ဂဉာဏံ၊ တဿေဝါယံ ဝိသယော၊ ယဒိဒံ တဿ တဿ ကမ္မဿ တေန တေန ကာရဏေန ပုဗ္ဗာပရဝိပါကတာ သာမတ္ထိယံ။
ဟု မိန့်၏။
တတ္ထ၊ ထိုကံလေးပါးတို့တွင်။
ဂရုကံ၊ ဂရုကံသည်။
သဗ္ဗပဌမံ၊ ကံခပ်သိမ်းတို့ထက် ပြဓာန်းသည်ဖြစ်၍ ရှေးဦးစွာ။
ဝိပစ္စတိ၊ အကျိုးပေး၏။
တထာ ဟိ၊ ထို့ကြောင့်သာလျှင်။
တံ၊ ထိုကံကို။
ဂရုကန္တိ၊ ဂရုကံဟူ၍။
ဝုတ္တံ၊ ဆိုအပ်၏။
ဂရုကေ၊ ဂရုကံသည်။
အသတိ၊ မရှိသော်။
ဗဟုလီကတံ၊ များစွာပြုအပ် အောက်မေ့အပ်သော အာစိဏ္ဏကံသည်။
ဝိပစ္စတိ၊ အကျိုးပေး၏။
တသ္မိံ ၊ ထိုဗဟုလီကတကံသည် (အာစိဏ္ဏကံသည်)။
အသတိ၊ မရှိသော်။
အာသန္နံ၊ အာသန္နကံသည်၊
ဝိပစ္စတိ၊ အကျိုးပေး၏။
တသ္မိမ္ပိ ၊ ထိုအာသန္နကံသည်လည်း။
အသတိ၊ မရှိသော်။
“ကဋတ္တာ ဝါ ပနာ” တိ၊ ကဋတ္တာ ဝါ ပန” ဟူ၍။
ဝုတ္တံ၊ ဆိုအပ်သော။
ပုရိမဇာတီသု၊ ရှေးဘဝတို့၌။
ကတကမ္မံ၊ ပြုအပ်ခဲ့ပြီးသောကံသည်။
ဝိပစ္စတိ၊ အကျိုးပေး၏။
ဗဟုနာ၊ များစွာ ဆိုသဖြင့်။
ကိံ ၊ အဘယ်အကျိုး ရှိတော့အံ့နည်း။
တဿ တဿ ကမ္မဿ၊ ထိုထိုကံ၏။
တေန တေန ကာရဏေန၊ ထိုထိုသို့သော အကြောင်းကြောင့်။
ယံ ဣဒံ ပုဗ္ဗာပရ ဝိပါကတာ သာမတ္ထိယံ၊ အကြင် ရှေ့နောက် အကျိုး ပေးနိုင်ခြင်း အစွမ်းသတ္တိသည်။
အတ္ထိ၊ ရှိ၏။
အယံ၊ ဤအစွမ်းသတ္တိသည်။
တထာဂတဿ၊ ဘုရားမြတ်၏။
ယံ တံ မဟာကမ္မဝိဘင်္ဂဉာဏံ၊ ကံကိုဝေဖန်နိုင်သော အကြင်ဉာဏ်တော်မြတ်သည်။
အတ္ထိ၊ ရှိ၏၊
တဿေဝ၊ ထိုမဟာကမ္မ ဝိဘင်္ဂအသာဓာရဏ ဉာဏ်တော်၏သာလျှင်။
ဝိသယော၊ အရာတည်း၊
(ဤဋီကာ၌ နောက်ကံသုံးပါး၏သာ အစဉ်မမြဲကြောင်းကို ဆို၏)။
ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ။
ဘိက္ခဝေ၊ ရဟန်းတို့။
သီလဝတော၊ သီလရှိသောသူ၏။
စေတောပဏိဓိ၊ စိတ်တောင့်တခြင်းသည်။
ဝိသုဒ္ဓတ္တာ၊ အထူးစင်ကြယ်ခြင်းကြောင့်။
ဣတိ၊ တောင့်တတိုင်း ပြည့်စုံ၏။
ဤသို့ ဟောတော်မူသည်နှင့် ညီစွာ ကာမဘုံ၌ ဖြစ်လိုသည် ဟု တောင့်တခြင်း စေတောပဏိဓိ ရှိမူ မဟဂ္ဂုတ်ဂရုကံလည်း မမြဲ ဟု မှတ်ရမည်။ အနန္တရိယကံ မိစ္ဆာဒိဋ္ဌိတို့ကား ကုစားရန် ဆေးမရှိ၊ သမ္မတ္တနိယာမမဂ် [၁] ကဲ့သို့ မိစ္ဆတ္တနိယတ [၂] ဖြစ်၍ စင်စစ် မြဲသည်။
[၁။ မဖောက်ပြန်သော သဘောရှိ၍ မိမိ၏အခြားမဲ့၌ အကျိုးပေးမြဲသောသဘော။
[၂။ ဖောက်ပြန်သော သဘောရှိ၍ သေသည်၏ အခြားမဲ့၌ (အပါယ်ငရဲ၌) အကျိုး ပေးမြဲသောသဘော။]
ပရိယာယစတုက္က ပြီး၏။
ကာလစတုက္က ကံလေးပါး
ဒိဋ္ဌဓမ္မဝေဒနီယကံ။ ။ ဆန့်ကျင်ဖက်လည်း မနှိပ်စက်ပါမှ ခေတ္တ, အဇ္ဈာသယ စသော အကြောင်းထူးလည်း ရှိပါမှ အားကြီးသန်စွမ်း လှသော အာသေဝနပစ္စည်းကို မရသောကြောင့်လည်း အကျိုးပေး တာတိုလှ၍ ဤပစ္စုပ္ပန် ဘဝတွင်သာလျှင် အဟိတ် ဝိပါက် ကမ္မဇရုပ်တို့ကို ဖြစ်စေ နိုင်သော ပထမဇော စေတနာသည် ဒိဋ္ဌဓမ္မဝေဒနီယကံ မည်၏။
ဣဓေဝ ပုပ္ဖမတ္တံ ဝိယ ပဝတ္တိဝိပါကမတ္တံ အဟေတုကမတ္တံ အဟေတုကဖလံ ဒေတိ။ (ဋီကာကျော် နှာ-၁၇၁)
ဣဓေဝ၊ ဤဘဝ၌သာလျှင်။
ပုပ္ဖမတ္တံဝိယ၊ အသီးမဆင့် လေကြောင့်ပွင့်သော လေပွင့်ကိုကဲ့သို့။
ပဝတ္တိဝိပါကမတ္တံ၊ ပဝတ္တိကျိုးမျှဖြစ်သော။
အဟေတုကဖလံ၊ အဟိတ်အကျိုးကို။
ဒေတိ၊ ပေး၏။
ထိုကံသည် ကာက၀လိယသေဌေး ကလာဗုမင်း စသည်တို့၏ ကံကဲ့သို့ ခုနှစ်ရက် အတွင်း၌ အကျိုးပေးမူ ပရိပက္က ဒိဋ္ဌဓမ္မဝေဒနီယကံ မည်၏။ ခုနစ်ရက် လွန်မှ အကျိုး ပေးမူ ဒိဋ္ဌဓမ္မဝေဒနီယမတ္တ မည်၏။
ဥပပဇ္ဇဝေဒနီယကံ။ ။ အခြားမဲ့ဘဝ၌ ပဋိသန္ဓေကျိုးကို ပေးစွမ်းနိုင်သော အတ္ထသာဓိက သန္နိဋ္ဌာပကသတ္တမဇောစေတနာ သည် ဥပပဇ္ဇဝေဒနီယကံမည်၏၊
သာ စ ပဋိသန္ဓိံ ဒတွာ ပဝတ္တိဝိပါကံ ဒေတိ။ ပဋိသန္ဓိယာ ပန အဒိန္နာယ ပဝတ္တိဝိပါကံ ဒေတီတိ နတ္ထိ။ စုတိအနန္တရဉှိ ဥပပဇ္ဇဝေဒနီယဿ ဩကာသော။ ပဋိသန္ဓိယာ ပန ဒိန္နာယ ဇာတိ သတေပိ ဇာတိသဟဿေပိ ပဝတ္တိဝိပါကံ စေတီတိ အာစရိယာ။ (ဋီကာကျော် နှာ-၁၇၁)
သာ စ၊ ထိုသတ္တမဇော စေတနာသည်လည်း။
ပဋိသန္ဓိံ၊ အခြားမဲ့ဘဝ၌ ပဋိသန္ဓေကို။
ဒတွာ၊ ပေး၍။
ပဝတ္တိဝိပါကံ၊ ပဝတ္တိအကျိုးကို။
ဒေတိ၊ ပေး၏။
ပဋိသန္ဓိယာ၊ ပဋိသန္ဓေ အကျိုးကို။
အဒိန္နာယ ပန၊ မပေးရမူကား။
ပဝတ္တိဝိပါကံ၊ ပဝတ္တိကျိုးသက်သက်ကို။
ဒေတီတိ၊ ပေး၏ ဟူသည်။
နတ္ထိ၊ မရှိ၊
(ဟိ၊ အကြင်ကြောင့်။
စုတိအနန္တရံ၊ ပစ္စုပ္ပန်စုတိ၏ အခြားမဲ့ ပဋိသန္ဓေ အခါသည်။
ဥပပဇ္ဇဝေဒနီယဿ၊ သတ္တမဇော စေတနာ၏။
ဝါ-ဥပပဇ္ဇဝေဒနီယကံ၏၊
ဩကာသော၊ အကျိုးပေးရာ အခွင့်အခါ (ဖြစ်သောကြောင့်) ပေတည်း)။
ပဋိသန္ဓိယာ၊ အခြားမဲ့ဘဝ၌ ပဋိသန္ဓေကို။
ဒိန္နာယ ပန၊ ပေးရမူကား။
ဇာတိသတေပိ၊ ဘဝအရာ၌ သော်၎င်း။
တိသဟဿေပိ၊ ဘ၀အထောင်၌သော်၎င်း။
ပဝတ္တိဝိပါကံ၊ ပဝတ္တိ အကျိုးကို။
ဒေတိ၊ ပေး၏။
ဣတိ၊ ဤသို့။
အာစရိယာ၊ ဆရာတို့သည်။
၀ဒန္တိ၊ ဆိုကြကုန်၏။
အပရာပရိယဝေဒနီယကံ။ ။ အပရာပရိယာယေတိ ဒိဋ္ဌဓမ္မာနန္တရာနာဂတတော အညသ္မိံ အတ္တဘာဝပရိယာယေ အတ္တဘာ၀ပရိဝတ္တေ၊
အပရာပရိယာယေတိ၊ ဟူသည်ကား။
ဒိဋ္ဌဓမ္မာနန္တရာနာဂတတော၊ မျက်မှောက် ဘဝနှင့် အခြားမဲ့ လာလတ္တံ့သော (ဒုတိယ) ဘဝတို့မှ။
အညသ္မိံ ၊ တပါးသော။
အတ္တဘာဝပရိယာယေ အတ္တဘာ၀ ပရိဝတ္တေ၊ အတ္တဘော အစဉ်၌။
ဟူသော ဝိသုဒ္ဓိမဂ်ဋီကာ (နှာ-၃၇၀) နှင့်အညီ တတိယ ဘဝမှစ၍ နိဗ္ဗာန် ရသည့် ဘဝ တိုင်အောင် အခွင့်ရသည်ရှိသော် ပဋိသန္ဓေ ပဝတ္တိတို့၌ အကျိုးပေးသော အလယ် ဇောငါးချက် စေတနာသည် အပရာပရိယာယ ဝေဒနီယကံ မည်၏။
ဋီကာကျော် (နှာ-၁၇၀) ၌ကား --
အပရေ အပရေ ဒိဋ္ဌဓမ္မတော အညသ္မိံ ယတ္ထ ကတ္ထစိ အတ္တဘာဝေ ဝေဒိတဗ္ဗံ ကမ္မံ အပရာပရိယဝေဒနီယံ။
အပရေ အပရေ၊ တပါး တပါးသော။
ဒိဋ္ဌဓမ္မတော၊ မျက်မှောက်ဘဝမှ။
အညသ္မိံ ၊ တပါးသော။
ယတ္ထ ကတ္ထစိ၊ အမှတ်မထား တပါးပါးသော။
အတ္တဘာဝေ၊ ကိုယ်ခန္ဓာ အတ္တဘော၌။
ဝေဒိတဗ္ဗံ၊ ရအပ် ခံစားအပ်သော။
ကမ္မံ၊ ကံသည်။
အပရာပရိယဝေဒနီယံ၊ အပရာပရိယဝေဒနီယကံ မည်၏။
ဟူ၍ “အညသ္မိံ” ၏ အပါဒါန်ကို “ဒိဋ္ဌဓမ္မတော” ဟု ခံသောကြောင့် အလယ်ဇော ငါးချက်သည် အခြားမဲ့ ဒုတိယဘဝမှစ၍ ပဝတ္တိကျိုး၊ တတိယ ဘဝမှစ၍ ပဋိသန္ဓေ ပဝတ္တိကျိုးတို့ကို ပေးသည် ယူရမည်ဟု ဂဏ္ဌိဆရာတော် (နှာ ၂၀၇-၌) ဆုံးဖြတ်၏။
အာဟောသိကံ။ ။ ဆိုခဲ့ပြီးအပ် ဇောခုနစ်ရပ် စေတနာ အပေါင်းသည် အကျိုး မပေးလတ္တံ့ စင်စစ်ဖြစ်လျှင် အဟောသိကံ မည်၏။ ဤ၌ “သက သက ကာလာတီတံ ပန” စသော ဋီကာကျော် (နှာ-၁၇၁)ကို မြင်သောကြောင့် စင်စစ် အကျိုးမပေးလတ္တံ့ ဖြစ်သော်လည်း မိမိတို့ ကာလကို လွန်မှ အဟောသိကံ ဖြစ်သည်ဟု အထင်အမှတ် မှားကြသည် များပြားစွာ၏။ မလွန်ခင်လည်း မည်သည့် ကံဟု နေရာတကျ မဆုံးဖြတ် တတ်ကြလေ။ ကာလလွန်သည် ဖြစ်စေ မလွန်သည် ဖြစ်စေ၊ ဧကန် စင်စစ် အကျိုး မပေးလတ္တံ့ မှန်က အားထုတ်ဆဲ ခဏကပင် အတ္ထသာဓိက စေတနာကဲ့သို့ အဟောသိကံ မည်သည်ဟု မှတ်ရမည်။
“အဟောသိ ဧဝ ကမ္မံ၊ န တဿ ဝိပါကော အဟောသိ, အတ္ထိ, ဘဝိဿတိ စာတိ ဧဝံ ဝတ္တဗ္ဗံ ကမ္မံ အဟောသိ ကမ္မံ” ဟူသော (ဋီကာကျော် နှာ-၁၇၁) လက္ခဏာပြ စကား ကိုထောက်။
ကမ္မံ ဧဝ၊ ကံသည်သာလျှင်။
အဟောသိ၊ ဖြစ်ပြီ။
တဿ၊ ထိုကံ၏။
ဝိပါကော၊ အကျိုးသည်။
န အဟောသိ စ၊ ရှေး၌လည်း မဖြစ်ဘူးသေး။
န အတ္ထိ စ၊ ယခုလည်း ဖြစ်ဆဲမဟုတ်။
န ဘဝိဿတိ စ၊ နောင်လည်း မဖြစ်လတ္တံ့။
ဣတိ ဧဝံ၊ ဤသုံးပါးသော အခြင်းအရာဖြင့်။
ဝတ္တဗ္ဗံ၊ ဆိုအပ်သေ၁။
ကမ္မံ၊ ကံသည်။
အဟောသိ ကမ္မံ၊ အဟောသိကံ မည်၏။
ကာမစတုက္က ပြီး၏။
ကာမကုသိုလ်ကံ အကုသိုလ်ကံ
ကာယဒွါရ။ ။ တတ္ထ အကုသလံ ကာယ ကမ္မံ ဝစီကမ္မံ မနောကမ္မဉ္စေတိ ကမ္မဒွါရဝသေန တိဝိဓံ ဟောတိ။ ကထံ ။ပ။ စိတ္တုပ္ပါဒဝသေန ပနေတံ အကုသလံ သဗ္ဗထာပိ ဒွါဒသဝိဓံ ဟောတိ။
ဟူသော သင်္ဂြိုဟ်နှင့်အညီ ပါဏာတိပါတ စသည်ကိုပြုသောအခါ သန္နိဋ္ဌာပကဇော စိတ္တုပ္ပါဒ်ကြောင့် ဖြစ်သော စောပနကာယ ဟူသော ဝိညတ်သည် ကာယကံ ပြီးကြောင်း ကာယကံဟု ခေါ်ဝေါ် ရကြောင်း ဖြစ်၍ ကာယဒွါရမည်၏။
ကာယကံ ၃-ပါး။ ။ ထိုကာယဒွါရ၌ များစွာဖြစ်သော ပါဏာတိပါတ အဒိန္နာဒါန် ကာမေသု မိစ္ဆာစာရဟူသော စေတနာသုံးပါးသည် ကာယကံ မည်၏။
ဝစီကံ ၄-ပါး။ ။ ထို့အတူ စောပနဝါစာ ဟူသော ဝစီဝိညတ္တိဒွါရ၌ များစွာ ဖြစ်သော မုသာဝါဒ ပိသုဏဝါစာ ဖရုသဝါစာ သမ္ဖပ္ပလာပ ဟူသော စေတနာလေးပါးသည် ၀စီကံမည်၏။
မနောကံ ၃-ပါး။ ။“သဗ္ဗောပိ မနော မနောဒွါရံ”ဟူသည်နှင့် အညီ အလုံးစုံသော စိတ်တခု ယုတ် ကိုးဆယ်သည်ပင် အနန္တရာဒိ ပစ္စည်း တပ်လျက် နောက်နောက်သော မန၏ ဖြစ်ကြောင်း မနဖြစ်၍ မနောဒွါရ မည်သည်ချည်းတည်း။ ဤ အကုသလကမ္မဒွါရအရာ၌ကား လောဘမူ ဒေါသမူစိတ် ဆယ်ခုသည် မနောဒွါရ မည်၏။ ဝိညတ်ကို ကြဉ်၍သော်လည်း ထိုမနောဒွါရ၌ များစွာဖြစ်သော အဘိဇ္ဈာ၊ ဗျာပါဒ မိစ္ဆာဒိဋ္ဌိ စေတသိက် သုံးခုသည် မနောကံ မည်၏။
ဒွါရဖြင့် ကံ, ကံဖြင့် ဒွါရကိုမှတ်ခြင်း
ဤသို့ ယေဘုယျဖြစ်ရာ ဒွါရဖြင့်လည်း ကံကို မှတ်အပ် ပိုင်းခြားအပ်၏။ ကံဖြင့်လည်း ဒွါရကို အမည်ပေးအပ် ပိုင်းခြားအပ်၏။ ထို့ကြောင့် --
ဒွါရေ စရန္တိ ကမ္မာနိ၊
န ဒွါရာ ဒွါရစာရိနော။
တသ္မာ ဒွါရေဟိ ကမ္မာနိ၊
ကမ္မေဟိ စ ဒွါရာ၊
အညမညံ ဝဝတ္ထိတာ။
ဒွါရေ၊ ဒွါရ၌။
ကမ္မာနိ၊ ကံအမှုတို့သည်။
စရန္တိ၊ ဖြစ်ကုန်၏၊
ဒွါရာ၊ ဒွါရတို့သည်။
န ဒွါရစာရိနော၊ ဒွါရ၌ မကျင်လည်ကုန်။
တံသ္မာ၊ ထို့ကြောင့်။
ဒွါရေဟိ၊ ဒွါရတို့ဖြင့်။
ကမ္မာနိ၊ ကံအမှုတို့ကို။
ကမ္မေဟိ စ၊ ကံအမှုတို့ဖြင့်လည်း။
ဒွါရာ၊ ဒွါရတို့ကို။
အညမညံ၊ အချင်းချင်း။
ဝဝတ္ထိတာ၊ ပိုင်းခြားသတ်မှတ် အမည်တပ်အပ်ကုန်၏။
သူစိယာ စေ ကတံ ကမ္မံ၊
သူစိကမ္မန္တိ ဝုစ္စတိ။
သူစိ စ သူစိကမ္မဉ္စ၊
အညမညံ ဝဝတ္ထိတာ။
သူစိယာ၊ အပ်ဖြင့်။
စေ၊ အကယ်၍။
ကမ္မံ၊ ချုပ်မှုကို။
ကတံ၊ ပြုအပ်သည် ဖြစ်အံ့။
သူစိကမ္မန္တိ၊ အပ်ချုပ်မှုဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
သူစိ စ၊ အပ်ကို၎င်း၊
သူစိကမ္မဉ္စ၊ အပ်ချုပ်မှုကို၎င်း။
အညမညံ၊ အချင်းချင်း။
ဝဝတ္ထိတာ၊ ပိုင်းခြား သတ်မှတ် အမည်တပ်အပ်ကုန်၏။
ဝါသိယာ စေ ကတံ ကမ္မံ၊
ဝါသိကမ္မန္တိ ဝုစ္စတိ။
ဝါသိ စ ဝါသိကမ္မဉ္စ၊
အညမညံ ဝဝတ္ထိတာ။
ဝါသိယာ၊ ပဲခွပ်ဖြင့်။
စေ၊ အကယ်၍။
ကမ္မံ၊ ရွေမှုကို။
ကတံ၊ ပြုအပ်သည် ဖြစ်အံ့။
ဝါသိကမ္မန္တိ၊ ပဲခွပ်အမှုဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ဝါသိ စ၊ ပဲခွပ်ကို၎င်း။
ဝါသိကမ္မဉ္စ၊ ပဲခွပ်အမှုကို၎င်း။
အညမညံ၊ အချင်းချင်း။
ဝဝတ္ထိတာ၊ ပိုင်းခြား သတ်မှတ် အမည်တပ်အပ်ကုန်၏။
ပုရိသေန စေ ကတံ ကမ္မံ၊
ပုရိသကမ္မန္တိ ဝုစ္စတိ။
ပုရိသော စ ပုရိသကမ္မဉ္စ၊
အညမညံ ဝဝတ္ထိတာ။
ပုရိသေန၊ ယောက်ျားသည်။
စေ၊ အကယ်၍။
ကမ္မံ၊ ကံအမှုကို။
ကတံ၊ ပြုအပ်သည်ဖြစ်အံ့။
ပုရိသကမ္မန္တိ၊ ယောက်ျားအမှု (ယောက်ျားသည် ပြုလုပ်အပ်သောအမှု) ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ပုရိသော စ၊ ယောက်ျားကို၎င်း။
ပုရိသကမ္မဉ္စ၊ ယောက်ျားသည် ပြုအပ်သောအမှုကို၎င်း။
အညမညံ၊ အချင်းချင်း။
၀ဝတ္တိကာ၊ ပိုင်းခြားသတ်မှတ် အမည်တပ်အပ်ကုန်၏။
ဧ၀မေဝံ --
ကာယေန စေ ကတံ ကမ္မံ၊
ကာယကမ္မန္တိ ဝုစ္စတိ။
ကာယော စ ကာယကမ္မဉ္စ၊
အညမညံ ဝဝတ္ထိတာ။
ဧ၀မေဝံ၊ ဤနည်းအတူသာလျှင်။
ကာယေန၊ စောပနကာယဖြင့်။
စေ၊ အကယ်၍။
ကမ္မံ၊ အမှုကံကို။
ကတံ၊ ပြုအပ်သည်ဖြစ်အံ့။
ကာယကမ္မန္တိ၊ ကိုယ်ဖြင့် ပြုအပ်သော ကာယကံအမှုဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ကာယော စ၊ ကာယဒွါရကို၎င်း။
ကာယကမ္မဉ္စ၊ ကာယကံကို၎င်း။
အညမညံ၊ အချင်းချင်း။
ဝဝတ္ထိတာ၊ ပိုင်းခြားသတ်မှတ် အမည်တပ်အပ်ကုန်၏။
ဝါစာယ စေ ကတံ ကမ္မံ၊
ဝါစာကမ္မန္တိ ဝုစ္စတိ။
ဝါစာ စ ဝါစာကမ္မဉ္စ၊
အညမညံ ဝဝတ္ထိတာ။
ဝါစာယ၊ ဝစီဝိညတ်ဖြင့်။
စေ၊ အကယ်၍။
ကမ္မံ၊ အမှုကံကို။
ကတံ၊ ပြုအပ်သည်ဖြစ်အံ့။
ဝါစာကမ္မန္တိ၊ နှုတ်မြွက်မှု ဝစီကံဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ဝါစာ စ၊ ၀စီဒွါရကို၎င်း။
ဝါစာကမ္မဉ္စ၊ နှုတ်မြွက်မှု ဝစီကံကို၎င်း။
အညမညံ၊ အချင်းချင်း။
၀ဝတ္ထိတာ၊ ပိုင်းခြားသတ်မှတ် အမည်တပ်အပ်ကုန်၏။
မနသာ စေ ကတံ ကမ္မံ၊
မနောကမ္မန္တိ ဝုစ္စတိ။
မနော စ မနောကမ္မဉ္စ၊
အညမညံ ဝဝတ္ထိတာ။
မနသာ၊ မနောဒွါရဖြင့်။
စေ၊ အကယ်၍။
ကမ္မံ၊ ကံကို။
ကတံ၊ ပြုအပ်သည် ဖြစ်အံ့။
မနောကမ္မန္တိ၊ မနောကံဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
မနော စ၊ မနောဒွါရကို၎င်း။
မနောကမ္မဉ္စ၊ မနောကံကို၎င်း။
အညမညံ၊ အချင်းချင်း။
၀ဝတ္ထိတာ၊ ပိုင်းခြားသတ်မှတ် အမည်တပ်အပ်ကုန်၏။
ဤသို့ အဋ္ဌကထာ လာသည်နှင့်အညီ ကမ္မပထမြောက်သော အရာ၌ ကာယကံသည် ကာယဒွါရ၊ ၀စီဒွါရ နှစ်ပါး၌ပင် ဖြစ်၏။ ဝစီကံလည်း ထိုနှစ်ပါး၌ပင် ဖြစ်၏။ မနောကံကား ဒွါရသုံးပါးလုံး၌ ဖြစ်၏။
သို့သော်လည်း ဖြစ်တိုင်းသော ဒွါရသို့ မလိုက်မူ၍ ယေဘုယျ ဖြစ်နေကျ ဒွါရဖြင့် သာလျှင် “ဝန စရကော” (=တော၌ ကျက်စားလေ့ရှိသော သူ = မုဆိုး ) ဟူသကဲ့သို့ ကာယကံ ၀စီကံ မနောကံ ဟူသောအမည်ကို ရသည်။ ဒွါရလည်း “ဗြာဟ္မဏ ဂါမော” (=ပုဏ္ဏားရွာ) ဟူသကဲ့သို့ ကာယကမ္မဒွါရ စသော အမည်ကို ရသည်။
ဤသင်္ဂြိုဟ်ကျမ်း၌ကား ‘ကမ္မ’ သဒ္ဒါ မပါသောကြောင့် “ကာယောယေဝ ဒွါရံ” စသည်ဖြင့် ဝစနတ္ထပြု။
ကာယောယေဝ၊ စောပနကာယ သည်သာလျှင်။
ဒွါရံ၊ ကာယကံ၏ ယေဘုယျ ဖြစ်ရာ ဒွါရတည်း။
ဝါ၊ ကံသုံးပါးတို့၏ ယေဘုယျ, အပ္ပကဖြစ်ရာ ဒွါရတည်း။
ကာယဒွါရံ၊ ကာယဒွါရဟု အနက်ပေး။
ကမ္မပထ မမြောက်သော အရာ၌ကား ဖြစ်သမျှ ဒွါရသို့ လိုက်၍ ကာယဒုစ္စရိုက် စသော အမည်ကို ရသည်။ ထို့ကြောင့် ကိုယ်တိုင် ခိုးသူ၏ လက်ခြေကိုဖြတ်ရာ နွား ခွေး စသည်တို့ကို သင်းကွပ်ဆုံးမရာ လူငယ်ရှင်ငယ်တို့ကို ရိုက်နှက်ပုတ်ခတ်ရာ စသည်တို့၌ ကာယဒုစ္စရိုက်သာ ဖြစ်သည်။ သူတပါးကို စေခိုင်းရာ၌ ဝစီဒုစ္စရိုက်သာ ဖြစ်သည်။ စိတ်ဖြင့်သာ ကြံမှု မနောဒုစ္စရိုက် ဖြစ်သည်။
မိမိသို့ မညွတ်မူ၍ သူ့ဥစ္စာကို လိုချင်လျှင် မနောဒုစ္စရိုက်၊ ချီးမွမ်းနှုတ်မြွက်မူ ဝစီဒုစ္စရိုက်၊ ကိုင်၍ ကြည့်ရှုမူ ကာယဒုစ္စရိုက် ဖြစ်သည်။ အရည်စစ်သော် ကမ္မပထ မမြောက်သော အကုသိုလ်စိတ်ဖြစ်လာလျှင် ဖြစ်ရာဒွါရသို့ လိုက်၍ ကာယဒုစ္စရိုက် စသော အမည်ကို ရသည်ချည်းသာ။ မရသော အကုသိုလ် အနည်းငယ်မျှ မရှိ မှတ်ရမည်။ ဤအနက်ကို --
ကာယ, ၀စီဒွါရေသု ဟိ စောပနံ ပတွာ ကမ္မပထံ အပ္ပတ္တံ အတ္ထိ။ မနောဒွါရေ စ သမုဒါစာရံ ပတွာ ကမ္မပထံ အပ္ပတ္တံ အတ္ထိ။ တံ ဂဟေတွာ တံ တံ ဒွါရပက္ခိကမေဝ အကံသု။
ဟူ၍ ဒွါရသံသန္ဒနာ၌လာသော အဋ္ဌသာလိနီ အဋ္ဌကထာပါဌ် (နှာ-၁၃၂) ဖြင့် မှတ်အပ်၏။
ဟိသစ္စံ၊ မှန်၏။
ကာယ ၀စီဒွါရေသု၊ ကာယဒွါရ, ၀စီဒွါရတို့၌။
စောပနံ၊ လှုပ်ရှားခြင်းသို့။
ပတွာ၊ ရောက်တပြီးလျက်။
ကမ္မပထံ၊ အပါယ်လားကြောင်း မကောင်းမှုရင့်အရာသို့။
အပ္ပတ္တံ၊ မရောက်သော ကံနုသည်။
အတ္ထိ၊ ရှိ၏။
မနောဒွါရေ စ၊ မနောဒွါရ၌လည်း။
သမုဒါစာရံ၊ ဖြစ်ခြင်းသို့။
ပတွာ၊ ရောက်၍။
ကမ္မပထံ၊ ကမ္မပထသို့။
အပ္ပတ္တံ၊ မရောက်သော ကံနုသည်။
အတ္ထိ၊ ရှိ၏။
တံ၊ ထိုကမ္မပထ မမြောက်သော အကုသိုလ်ကို။
ဂဟေတွာ၊ ယူ၍။
တံ တံဒွါရပက္ခိကမေဝ၊ ထိုထိုဒွါရ အသင်းအပင်း၌ ထည့်သွင်းအပ်သည်ကိုသာလျှင်။
အကံသု၊ ကြေညာထင်ပေါ် ဆရာကျော်တို့ ပြုတော်မူကြကုန်ပြီ။
ကုသိုလ်အရာ၌ကား ကမ္မပထ မမြောက်သော ကုသိုလ်မည်သည် မရှိ။ တပါး တပါး သော ကံသည်လည်း သုံးပါး သုံးပါးသော ဒွါရတို့၌ ဖြစ်၏။
“ကမ္မမေဝ သုဂတိ, ဒုဂ္ဂတီနံ ပထောတိ ကမ္မပထော”ဟူသော ဋီကာစကား ဖြင့်ကား ပဋိသန္ဓေ အကျိုးကို မပေးနိုင်ဟူ၍ အဋ္ဌကထာ၌ မိန့်ဆိုသော ပဉ္စဒွါရိကကုသိုလ် မရဏာသန္နကုသိုလ်, သုပိနန္တကုသိုလ် စသည်ကို ကမ္မပထ မမြောက်ဟု ဆိုသင့်၏။
“ပါဏာတိပါတာ ဝေရမဏိ”စသော အကိရိယသမုဋ္ဌာန် ကုသိုလ်ကံများကိုလည်း ပါဏာတိပါတ စသည်ကဲ့သို့ပင် ဖြစ်ရာဒွါရကို အပြန်အားဖြင့် ဆုံးဖြတ်သင့်၏။
ကိရိယသမုဋ္ဌာန်ကုသိုလ်ကံ တို့ကိုကား ဖြစ်ရာဒွါရသို့ လိုက်၍ ကာယကံစသည် ခေါ်ဝေါ် သင့်၏။
သံဝရဒွါရ ရှစ်ပါးတို့တွင် ဆိုခဲ့ပြီးသော ဒွါရသုံးပါးမှ ကြွင်းသော စက္ခု သောတ ဃာန ဇိဝှါ ပသာဒကာယ ဟူသော ပဉ္စဒွါရ၌ကား ဝိညတ်ကိုမဖြစ် စေနိုင်ခြင်းကြောင့် မနောကံ တပါးသာ ဖြစ်၏။ စက္ခုသံဝရ သောတသံဝရ ဃာနသံဝရ ဇိဝှါသံဝရ ပသာဒကာယသံဝရ စောပနကာယသံဝရ ဝါစာသံဝရ မနောသံဝရ အားဖြင့် ရှစ်ပါး တရားကိုယ်အားဖြင့် --
သီလ သတိ၊ ဉာ ခန္တိ၊ ဝီရိသံဝရာ။
ဟု ငါးပါးကုန်သော သံဝရတို့သည်၎င်း၊ ထိုမှပြန်သော အသံဝရ တို့သည်၎င်း ပဉ္စဒွါရ၌ တိုင်အောင်သော စိတ်တို့မှာ မရှိ၊ ဇော၌သာ ရှိကုန်၏။
အကုသလ ကမ္မပထ ၁၀-ပါးတို့၏ အင်္ဂါ, ပယောဂ စသည်
ဤ အကုသလကမ္မပထတရား ဆယ်ပါးတို့၏ အင်္ဂါ, ပယောဂ စသည်တို့ကို ဤသို့ မှတ်အပ်ကုန်၏။
ပါဏာတိပါတ အင်္ဂါ ၅-ပါးနှင့် ပယောဂ ၆-ပါး
ပါဏော စ ပါဏသညီတာ၊
ဃာတစိတ္တဉ္ဇု”ပက္ကမော။
တေနေဝ မရဏဉ္ဇာတိ၊
ပဉ္ဇိမာ ဝဓဟေတုယော။
သာဟတ္ထိကော အာဏတ္တိကော၊
နိဿဂ္ဂိယော စ ထာဝရော။
ဝိဇ္ဇာမယော, ဣဒ္ဓိမယော၊
ပယောဂါ ဆယိမေ မတာ။
(၁) ပါဏော စ၊ သတ်အပ်သော သတ္တဝါ၎င်း။
(၂) ပါဏ သညီတာ၊ သတ္တဝါဟု မှတ်ခြင်း၎င်း။
(၃) ဃာတစိတ္တံ၊ သတ်ကြောင်းစိတ် (သတ်လိုသော စိတ်ရှိခြင်း) ၎င်း။
(၄) ဥပက္ကမော၊ သတ်ခြင်းလုံ့လ၎င်း။
(၅) တေနေဝ၊ ထိုလုံ့လကြောင့်သာလျှင်။
မရဏံ၊ သေခြင်း၎င်း။
ဣတိ ဣမာ ပဉ္စ၊ ဤငါးပါး တို့သည်။
၀ဓဟေတုယော၊ ပါဏာတိပါတကံ၏ အကြောင်း အင်္ဂါတို့တည်း။
(၁) သာဟတ္ထိကော၊ ကိုယ်တိုင် သတ်ခြင်း။
(၂) အာဏတ္တိကော၊ စေခိုင်းခြင်း။
(၃) နိဿဂ္ဂိယော၊ လက်လွှတ် ပစ်ခတ်ခြင်း။
(၄) ထာဝရော၊ မြဲသော ထား လှံ စသည်ပြုလုပ်ခြင်း။
(၅) ဝိဇ္ဇာမယော၊ အင်း အိုင် ရိပ်ဖမ်း သံဖမ်း ရုပ်ထား နံထား မန္တန် ဒဏ်ပြန်အတတ် စသည်ဖြင့် သတ်ခြင်း။
(၆) ဣဒ္ဓိမယော၊ အစွယ် ခေါက်ခြင်း၊ မျက်စောင်း ထိုးခြင်းစသော ကမ္မဝိပါကဇ တန်းခိုးဖြင့် သတ်ခြင်း။
ဆ၊ ခြောက်ပါးကုန်သော။
ဣမေ ပယောဂါ၊ ဤလုံ့လ တို့ကို။
မတာ၊ သိအပ်ကုန်၏။
အဒိန္နာဒါန် အင်္ဂါ ၅-ပါး
ပရဿ သံ တထာသညီ၊
ထေယျစိတ္တဉ္ဇု ပက္ကမော။
တေန ဟာရောတိ ပဉ္စင်္ဂါ၊
ထေယျဿ ယတနာ သမာ။
(၁) ပရဿ၊ သူတပါး၏။
သံ၊ သိမ်းဆည်းအပ်သောဥစ္စာ။
(၂) တထာ သညီ၊ ထိုကဲ့သို့မှတ်ခြင်း။
(၃) ထေယျစိတ္တံ၊ ခိုးကြောင်းစိတ် (ခိုးလိုသောစိတ်)။
(၄) ဥပက္ကမော၊ ခိုးခြင်းလုံ့လ။
(၅) တေန၊ ထိုလုံ့လဖြင့်။
ဟာရော၊ ဆောင်ဖြစ်ခြင်း (ဆောင်ယူခြင်း)။
ဣတိ ဣမေ ပဉ္စ၊ ဤငါးပါးတို့သည်။
ထေယျဿ၊ အဒိန္နာဒါန်၏။
အင်္ဂါ၊ အကြောင်းတည်း။
ယတနာ၊ လုံ့လခြောက်ပါးတို့သည်။
သမာ၊ ရှေး ပါဏာတိပါတနှင့် တူကုန်၏။
ဤ၌ “အနာပတ္တိ ဘိက္ခဝေ တိရစ္ဆာနပရိဂ္ဂဟေ”ဟု ဝိနည်းပါဠိတော် ရှိ၏။ တိရစ္ဆာန် သိမ်းဆည်းသော ဥစ္စာ၌ ဝိနည်းပညတ် အာပတ်သာ မသင့်သည်။ အဒိန္နာဒါန်ကံကား ထိုက်၏ဟု ယူရမည်။ ထို့ကြောင့် ဤအဘိဓမ္မာအဋ္ဌသာလိနီ အဋ္ဌကထာ(နှာ-၁၄၀)၌ “ပရပရိဂ္ဂဟိတံ”ဟူ၍ သာမံသာ လာ၏။
ကာမေသုမိစ္ဆာစာရ အင်္ဂါ ၄-ပါး
ဝတ္ထုံ အဂမနီယဉ္စ၊
တသ္မိံ သေ၀နစိတ္တတာ။
ပယောဂေါ မဂ္ဂေန မဂ္ဂ-
ပဋိပတျာဓိဝါသနံ။
ဣတိ ကာမဿ စတ္တာရော၊
ပယောဂေကော သဟတ္ထိကော။
(၁) အဂမနီယ၀တ္ထု၊ မသွားလာအပ်သောဒြပ်အထည်။
(၂) တသ္မိံ ၊ ထိုဒြပ်အထည်၌။
သေ၀နစိတ္တတာ၊ မှီဝဲကြောင်းစိတ်ရှိခြင်း။
(၃) ပယောဂေါ၊ လုံ့လပြုခြင်း၊
(၄) မဂ္ဂေန၊ မိမိမဂ်ဖြင့်။
ဝါ ၊ သူ့ မဂ်၀ဖြင့်။
မဂ္ဂပဋိပတ္တိအဓိဝါသနံ၊ သူ့မဂ်တွင်းသို့ ရောက်သည်ကို သာယာခြင်း၊
ဣတိ ဣမေ စတ္တာရော၊ ဤလေးပါးတို့သည်။
ကာမဿ၊ ကာမေသုမိစ္ဆာစာရ၏။
အင်္ဂါ၊ အကြောင်းတို့တည်း။
ပယောဂေါ၊ လုံ့လပယောဂသည်။
ဧကော သာဟတ္ထိကော၊ သာဟတ္ထိက တပါးသာတည်း။
အဂမနီယ၀တ္ထု ၂၀-ပါး
ဤ၌ အဂမနီယ၀တ္ထုဟူသည်ကား - ယောက်ျားတို့မှာ မိမိမယားမှ တပါး မသွားမလာ ကောင်းသော -
စောင့်ရှောက်အပ်သော မိန်းမတကျိပ်။
(၁) မာတုရက္ခိတာ၊
(၂) ပိတုရက္ခိတာ
(၃) မာတာ ပိတုရက္ခိတာ၊
(၄) ဘဂိနီရက္ခိတာ၊
(၅) ဘာတုရက္ခိတာ၊
(၆) ဉာတိရက္ခိတာ၊
(၇) ဂေါတ္တရက္ခိတာ၊
(ဂ) ဓမ္မရက္ခိတာ၊
(၉) သပရိဒဏ္ဍာ၊
(၁၀) သာရက္ခာ -
ဟူသော မိန်းမတကျိပ်။
မယားတကျိပ်။
(၁) ဓနက္ကီတာ၊
(၂) ဆန္ဒဝါသိနီ၊
(၃) ဘောဂဝါသိနီ၊
(၄) ပဋဝါသိနီ၊
(၅) သြဒပတ္တကိနီ၊
(၆) သြဘတစုမ္ဗတာ၊
(၇) ဓဇာဟတာ၊
(ဂ) ကမ္မကာရီဘရိယာ၊
(၉) ဒါသီဘရိယာ၊
(၁၀) မုဟုတ္တိကာ -
ဟူသော မယားတကျိပ် - ပေါင်းနှစ်ကျိပ်သည် ယောက်ျားတို့၏ အဂမနီယ၀တ္ထု မည်၏။
သင်္ဂဟကဗျာ
မာ-ပိ-မာပိ၊ ဘနှင့်ဘာ၊ ဉာ-ဂေါ-ဓမ်-သ-သာ။
ဓ-ဆန်-ဘော-ပ၊ ဩ-ဩ-ဓ၊ ကမ္မ- ဒါ-မုဟာ။
မိန်းမတို့မှာ -
သ-သာ နှစ်တန်၊ ဓ-ဆန်-ဘော-ပ၊ ဩ-ဩ-ဓ၊ ကမ္မ-ဒါ-မုဟာ။
ဟူသော တကျိပ်နှစ်ယောက် တို့မှာသာလျှင် မိမိတို့လင်မှ တပါးသော ယောက်ျား တို့နှင့် သွားလာ ပေါင်းဖော်ရာ၌ ကာမေသုမိစ္ဆာစာရကံ ထိုက်သည်။ ရှေး ရှစ်ယောက် တို့မှာကား မိမိတို့ အတွေ့ကို အစိုးရသသူ မရှိ၊ မိမိတို့သာ ပိုင်သောကြောင့် မိစ္ဆာစာရ မဖြစ်။ ယခင် မိန်းမ တကျိပ်နှစ်ယောက် တို့သည် တိရစ္ဆာန်ထီးတို့နှင့် သံဝါသကျင့်ရာ မိစ္ဆာစာရဖြစ်မည်လော မဖြစ်မည်လော ဟူမူ - မိန်းမတို့မှာ ဆိုဖွယ်ရာ မရှိ၊ ဖြစ်တော့ သည်သာ။ တိရစ္ဆာန်တို့မှာကား -
ဘဂဝါ နာဂရာဇာနံ တီသု သရဏေသု ပဉ္စသု စ သီလေသု ပတိဋ္ဌာပေသိ --
ဘဂဝါ၊ မြတ်စွာဘုရားသည်။
နာဂရာဇာနံ၊ နဂါးမင်းကို။
တီသု သရဏေသု စ၊ သရဏဂုံသုံးပါးတို့၌၎င်း။
ပဉ္စသု သီလေသု စ၊ ငါးပါးသီလတို့၌၎င်း။
ပတိဋ္ဌာ ပေသိ၊ တည်စေတော်မူပြီ။
စသည်ဖြင့် များစွာ လာသောကြောင့် တိရစ္ဆာန်တို့အား ငါးပါး ရှစ်ပါး, ဆယ်ပါးသီလ ရှိသည်။ ရှိလျှင်လည်း ဖောက်ပြန်၍ ကျင့်က သီလပျက်ရမည်။ ထို့ကြောင့် မာတုရုက္ခိတ စသည် ရှိစကောင်းသော နဂါး ဂဠုန်စသော တိရစ္ဆာန်မျိုးတို့ ချင်းချင်း မိစ္ဆာစာရ ဖြစ်သင့်သည်။ ထို့ထက်မြတ်သူ လူမ၌ ကျင့်မူကား ယုံမှားဖွယ် မရှိပြီ။
ထို့အတူ ညဉ့်မိုက်၌ သူ့မယားကို မိမိမယားဟု အမှတ်လွဲ၍ မှီဝဲမိသော ယောက်ျား။ မိမိလင် ထင်မိ၍ သည်းခံချိသောမိန်းမ တို့အားလည်း ကံထိုက်သင့်သည်။ ဝိနည်းဂဏ္ဌိ ဆရာတော်ကား အဂမနီယ၀တ္ထုမှန်းသိမှ မိစ္ဆာစာရဖြစ်သည် ဟူ၏။ သာဓကကို ပြတော်မမူခဲ့။ “အဂမနီယ၀တ္ထု သညိတာ”ဟူ၍ မပါ၊ အင်္ဂါလေးပါးသာ ဖြစ်သော ကြောင့် ဆင်ခြင်သင့်သည်။
အမိစသည် မစောင့်ရှောက် ပေါက်လွတ် လှည့်ပတ်လိုရာ ချာချာရူးသော အရူးမ၊ ခွေး ဝက် ကြက် ငှက်မတို့သည်ကား အဂမနီယ၀တ္ထု မဟုတ်ကုန်၊ ငါ၏ တိုင်း ခရိုင် နိုင်ငံ နယ်ပယ်အတွင်းရှိ ခွေးမ ဝက်မ အရူးမ စသည်၌ သွားလာသောသူကို ဒဏ်ထား မည်ဟု အစိုးရမင်းတို့က ဆင့်ဆိုလျက်ရှိမူ ရာဇရက္ခိတ သပရိဒဏ္ဍ ဖြစ်သင့်သေး၏။
ဆိုခဲ့ပြီးသော မိန်းမနှစ်ကျိပ်တို့မှာလည်း ပဿာဝမဂ်၌သာ ကံထိုက်သည် မဟုတ်သေး၊ “မဂ္ဂေန မဂ္ဂပဋိပတ္တိ အဓိဝါသနံ”ဟူ၍ သာမံရှိသောကြောင့် ဝစ္စမဂ် မုခမဂ် တို့၌လည်း ထိုက်သည်ဟု မှတ်ရမည်။ ၀စ္စ မုခချင်း တူလျှင်လည်း ထိုသူတို့၏ ဝစ္စ မုခတို့၌သာ ထိုက်သည်။ ယောကျ်ားတို့၏ ဝစ္စ မုခမဂ် တို့၌ကား ကံမထိုက်ဟူ၍ ယူရန်မရှိချေ။ ကျမ်းဂန်တို့၌ကား သွားလာရိုးဖြစ်၍ မိန်းမနှစ်ကျိပ် ကိုသာ ပြဟန်ရှိချေသည်။ (ဤ အရာသည် ယှက်ထွေး၏။ သဘောဉာဏ် အထင်ကိုသာ ရေးလိုက်သည်။ ဆွေးနွေး မေးမြန်း ကြလေဦး)။
သေရည်သောက်ခြင်း၏ အပြစ် အဆုံးအဖြတ်
သုရာပါနမ္ပိ ဧတ္ထေ၀ သင်္ဂယှတီတိ ၀ဒန္တိ ရသသင်္ခါတေသု ကာမေသု မိစ္ဆာစာရဘာဝတော။(ဋီကာကျော် နှာ-၁၇၂)
သုရာပါနမ္ပိ၊ သုရာသောက်ခြင်းကိုလည်း။
ဧတ္ထေ၀၊ ဤမိစ္ဆာစာရ ကမ္မပထ၌ ပင်လျှင်။
သင်္ဂယှတိ၊ သိမ်းယူသင့်၏။
ဣတိ၊ ဤသို့။
၀ဒန္တိ၊ ဆိုကြကုန်၏။
ကသ္မာ၊ အဘယ့်ကြောင့် ဆိုကြကုန်သနည်း။
ရသ သင်္ခါတေသု၊ ရသာရုံဟုဆိုအပ်ကုန်သော။
ကာမေသု၊ ဝတ္ထုကာမဂုဏ်တို့၌။
မိစ္ဆာစာရဘာဝတော၊ မှားသော အကျင့်၏ အဖြစ်ကြောင့်တည်း။
တနည်းလည်း သုရာပါနကို ပြုတုံအံ့၊ အလုံးစုံသော ကမ္မပထကိုပင် ပြုဝံ့ ရဲတင်း သောကြောင့် ဆယ်ပါးလုံး၌ပင် သွင်းအပ်၏။ (၀ဒန္တိ)
ဤကိုထောက်၍ သေရည်ကိုသောက်လျက် သူ့သက်သတ်ခြင်း စသည်ကိုပြုမှသာ မကောင်းမှု ဖြစ်သည်။ ဆေးဝါးအထူး မယစ်မူးလောက် အနည်းငယ်မျှ သောက်ပြီး၍ ဝမ်းမြောက်ကျန်းမာ ကြည်သာရွှင်ပြုံး တရားကျင့်သုံး နှလုံးသွင်းဘိမူ အပြစ်မရှိဟု သူအချို့ ဆိုကြ၏။ မသင့်။
သုရာမေရယပါနေ ပါစိတ္တိယံ။ (ပါစိတ်ပါဠိတော်၊ နှာ-၁၄၆။)
အစိတ္တကံ လောကဝဇ္ဇံ အကုသလစိတ္တံ (ပါစိတျာဒိ၊ ဋ္ဌ၊ နှာ-၁၂၇)။
မဇ္ဇပါနံ သာမဏေရာနံ သစိတ္တကံ ပါရာဇိကဝတ္ထု (ဝိနည်းမဟာဝါ အဋ္ဌကထာ၊ နှာ-၂၉၆)။
သုရာမေရယပါနေ၊ သေရည်အရက်ကို သောက်ခြင်းကြောင့်။
ပါစိတ္တိယံ၊ ပါစိတ်အာပတ်သင့်၏။
ဣဒံ၊ ဤ သုရာပါနအာပတ်သည်။
အစိတ္တကံ၊ ဝတ္ထုဝိဇာနနဝီတိက္ကမစိတ် မရှိဘဲသော်လည်း သင့်၏။
လောကဝဇ္ဇံ၊ လောကပြစ်ရှိ၏။
အကုသလစိတ္တံ၊ အကုသိုလ်စိတ်နှင့်မကင်းနိုင်။
သာမဏေရာနံ၊ သာမဏေတို့၏။
မဇ္ဇပါနံ၊ ယစ်မျိုးကို သောက်ခြင်းသည်။
သစိတ္တကံ၊ ဝတ္ထုဝိဇာနန ဝီတိက္ကမစိတ်ရှိပါမှ။
ပါရာဇိကဝတ္ထု၊ လိင်ကျကြောင်းတည်း။
ဤသို့ကျမ်းဂန် လာသောကြောင့် ရဟန်းတို့မှာ သေအရက်ဟု သိသည်ဖြစ်စေ မသိ သည်ဖြစ်စေ သိက္ခာပုဒ် ပျက်၏။ လူသာမဏေ တို့မှာကား သိမှ သီလ ပျက်သည်။ မသိလျှင် မပျက်။ အကုသိုလ်စိတ်ကား ဖြစ်တော့သည်သာ မှတ်ရမည်။
“အနာပတ္တိ သူပသမ္ပာကေ”ဟု လာရကား အနံ့ထုံရုံမျှ ဟင်းလျာ၌ ထည့်ခပ်လျှင် အာပတ်မသင့်၊ သီလမပျက်၊ အကုသိုလ်စိတ်ဖြစ် မဖြစ်ကိုကား ထောက်ချင့် ဆင်ခြင် သင့်၏။
မုသာဝါဒ အင်္ဂါ ၄-ပါး
မုသာယ အတထံ ဝတ္ထု၊
ဝိသံဝါဒနစိတ္တတာ။
တဇ္ဇော ဝါယာမော ပရဿ၊
တဒတ္ထဇာနနံ ဣတိ။
သမ္ဘာရာ စတုရော ဟောန္တိ၊
ပယောဂေကော သဟတ္ထိကော။
အာဏတ္တိကနိဿဂ္ဂိယ -
ထာဝရာပိ စ ယုဇ္ဇရေ။
မုသာယ၊ မုသာဝါဒစေတနာ၏။
သမ္ဘာရာ၊ အင်္ဂါတို့ကား -
(၁) အတထံ ဝတ္ထု၊ ဝတ္ထုမမှန်ခြင်း။
(၂) ဝိသံဝါဒန စိတ္တတာ၊ လှည့်စားလိုသောစိတ်ရှိခြင်း။
(၃) တဇ္ဇော ဝါယာမော၊ ထိုအားလျော်သောလုံ့လ၊
(၄) ပရဿ၊ သူတပါး၏။
တဒတ္ထ ဇာနနံ၊ ထိုအဓိပ္ပါယ်ကိုနားလည်ခြင်း။
ဣတိ၊ ဤသို့။
စတုရော၊ လေးပါးတို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ပယောဂေါ၊ လုံ့လသည်ကား။
ဧကော သာဟတ္ထိကော၊ သာဟတ္ထိက တပါးသာ အဋ္ဌကထာဟောင်း၌ လာ၏။
စ၊ ယင်းသို့လာသော်လည်း။
အာဏတ္တိကနိဿဂ္ဂိယ ထာဝရာပိ၊ အာဏတ္တိက နိဿဂ္ဂိယ ထာဝရ သုံးပါးတို့ သည်လည်း။
ယုဇ္ဇရေ၊ သင့်လျော်ကုန်သေး၏ -
ဟု အဋ္ဌကထာသစ်ဆရာ မိန့်မှာတော်မူ၏။
၎င်း မုသာဝါဒကို တိရစ္ဆာန်တို့၌လည်း ရထိုက်သောကြောင့် ကျောက် တုတ် အုတ်ခဲ မပါ၊ လက်ချည်းသာ ကျီး ခွေးစသည်တို့ကို ပစ်ဟန်ပြုက မုသာဝါဒ မလွတ်သင့်။
သော အတ္တဘေဒကရော၀ ကမ္မပထော၊ ဣတရော ကမ္မမေ၀။
သော၊ ထိုမုသာဝါဒသည်။
အတ္တဘေဒ ကရောဝ၊ သူတပါးအကျိုး ပျက်ခြင်းကိုပြုမှ။
ကမ္မပထော၊ အပါယ်လားကြောင်း မကောင်းမှုဖြစ်၏၊
ဣတရော၊ သူ့အကျိုးပျက်ခြင်းကို မပြုသော မုသာဝါဒသည်။
ကမ္မမေ၀၊ ကံ မည်ရုံသာတည်း။ ။
ရဟန်းတို့့မှာ --
ဝိသံဝါဒန ပုရေက္ခာရတာ၊ ယမတ္ထံ ဝတ္တုကာမော တဿ ပုဂ္ဂလဿ ဝိညာပနပ္ပယောဂေါ စာတိ ဣမာနေတ္ထ ဒွေ အင်္ဂါနိ။
(၁) ဝိသံဝါဒန ပုရေက္ခာရတာ စ၊ ချွတ်ယွင်းခြင်းကို ရှေ့ပြု၍၎င်း။
ယံ အတ္ထံ၊ အကြင်အနက်ကို။
၀တ္တုကာမော၊ ဆိုလို၏။
(၂) တဿ၊ ထိုအနက်ကို။
ပုဂ္ဂလဿ၊ ဆိုသူ၏။
ဝါ၊ နာသူအား။
ဝိညာပနပ္ပယောဂေါ စ၊ သိစေခြင်း ကိုယ်နှုတ်လုံ့လ၎င်း။
ဣတိ ဣမာနိ ဒွေ၊ ဤနှစ်ပါးတို့သည်။
ဧတ္ထ၊ ဤသိက္ခာပုဒ်၌။
ဝါ၊ ဤ သိက္ခာပုဒ်၏။
အင်္ဂါနိ၊ အကြောင်းတို့တည်း။
ဤသို့သာ လာသောကြောင့် အင်္ဂါနှစ်ပါး ပြည့်စုံလျှင် သီလပျက်တော့သည်။
လူတို့မှာကား ကမ္မပထမြောက်မှ သီလပျက်သည်။ မင်းလည်း စိတ်ချမ်းသာလေအောင် သူတကာလည်း ရာဇဝတ် လွတ်လေအောင် မိမိလည်း မျက်နှာရလေအောင် ကြံဆောင်လှည့်ဖြား မင်းခယောကျ်ားတို့ တင်လျှောက်ထားသော မုသာဝါဒ စကား သည် ငါးပါးသီလ မပျက်။ (၀ဒန္တိ)
ပိသုဏဝါစာ စသည် တို့၏ အင်္ဂါများ
ပိသုဏာယ ဘိန္ဒိတဗ္ဗော၊
တပ္ပုရ ပိယကမျတာ။
ဝါယာမော ဇာနနံ စတု၊
ဘိန္နေ ကမ္မပထော ဘဝေ။
ဖရုသာယက္ကောသိတဗ္ဗော၊
ကောပေါ အက္ကောသနာ တယော။
သမ္ဖဿ နိရတ္ထကထာ -
ပုရတာ ကထနံ ဒုဝေ။
ပရေန ဂဟိတေယေဝ၊
ဟောတိ ကမ္မပထော န နော။
ဒွေ ဘိဇ္ဈာယ ပရဘဏ္ဍံ၊
အတ္တနော ပရိဏာမနံ။
ဗျာပါဒဿ ပရသတ္တော၊
တဿ ဝိနာသ စိန္တနံ။
ဒိဋ္ဌိယာ ဒုဝေ သမ္ဘာရာ၊
ဝတ္ထုနော ဝိပရီတတာ။
တထဘာဝေနုပဋ္ဌာနံ၊ ကမ္မပထော တီဟေဝ စ။
ပိသုဏဝါစာ အင်္ဂါ ၄-ပါး
ပိသုဏာယ၊ ပိသုဏဝါစာ၏။
သမ္ဘာရော၊ အင်္ဂါကား။
(၁) ဘိန္ဒိတဗ္ဗော၊ ခွဲအပ်သသူ။
(၂) တပ္ပုရပိယကမျတာ၊ ထိုကွဲခြင်းသို့ရှေးရှု မိမိကိုမူလည်း ချစ်စေလိုခြင်း။
(၃) ဝါယာမော၊ အားထုတ်ခြင်း။
(၄) ဇာနနံ၊ ထိုသူနားလည်ခြင်း။
ဣတိ၊ ဤသို့။
စတု၊ လေးပါးတည်း။
ဘိန္နေ၊ သူနှစ်ဦးသား ကွဲပြားသော်မှ။
ကမ္မပထော၊ ကမ္မပထသည်။
ဘဝေ၊ ဖြစ်၏။
ဖရုသဝါစာ အင်္ဂါ ၃-ပါး
ဖရုသာယ၊ ဖရုသဝါစာ၏။
သမ္ဘာရာ၊ အင်္ဂါအဆောက်အဦတို့သည်။
(၁) အက္ကောသိတဗ္ဗော၊ ဆဲရေးအပ်သသူ (ဆဲရေးခံရသူ)။
(၂) ကောပေါ၊ အမျက်ထွက်ခြင်း။
(၃) အက္ကောသနာ၊ ဆဲရေးခြင်း။
ဣတိ၊ ဤသို့။
တယော၊ သုံးပါးတို့တည်း။
သမ္ဖပ္ပလာပဝါစာ အင်္ဂါ ၂-ပါး
သမ္ဖဿ၊ သမ္ဖပ္ပလာပ၏။
သမ္ဘာရာ၊ အင်္ဂါအဆောက်အဦတို့သည်။
(၁) နိရတ္ထ ကထာပုရတာ၊ သီတာမင်းသမီးကို ဆောင်ခြင်း မင်းညီနောင်တို့ စစ်ထိုး ခြင်း စသော အနက်မရှိသော (အကျိုးမရှိသော) စကားသို့ ရှေးရှုခြင်း။
(၂) ကထနံ၊ ပြောဆိုခြင်း။
ဣတိ၊ ဤသို့။
ဒုဝေ၊ နှစ်ပါးတို့တည်း။
ပရေန၊ သူတပါးသည်။
ဂဟိတေယေဝ၊ ယုံကြည်လေးမူ မှတ်ယူသော်မှ။
ကမ္မပထော၊ ကမ္မပထသည်။
ဟောတိ၊ ဖြစ်၏။
နော ဂဟိတေ၊ မယူလတ်သော်။
န ကမ္မပထော၊ ကမ္မပထ မမြောက်။
အဘိဇ္ဈာအင်္ဂါ ၂-ပါး
အဘိဇ္ဈာယ၊ အဘိဇ္ဈာ၏။
သမ္ဘာရာ၊ အင်္ဂါအဆောက်အဦတို့သည်။
(၁) ပရဘဏ္ဍံ၊ သူ့ဘဏ္ဍာ၎င်း။
(၂) အတ္တနော၊ မိမိသို့။
ပရိဏာမနံ၊ ငါ့ဟာဖြစ်သော် တော်လေစွဟု- ညွှတ်စေခြင်း၎င်း။
ဣတိ၊ ဤသို့။
ဒွေ ၊ နှစ်ပါးတို့တည်း။
ဗျာပါဒအင်္ဂါ ၂-ပါး
ဗျာပါဒဿ၊ ဗျာပါဒ၏လည်း။
သမ္ဘာရာ၊ အင်္ဂါအဆောက်အဦတို့သည်။
(၁) ပရသတ္တော၊ ရန်သူ၎င်း (တပါးသော သတ္တဝါ၎င်း)။
(၂) တဿ၊ ထိုရန်သူ၏။
ဝိနာသ စိန္တနံ၊ ပျက်စီးခြင်းကို ကြံခြင်း၎င်း။
ဣတိ၊ ဤသို့။
ဒွေ ၊ နှစ်ပါးတို့တည်း။
မိစ္ဆာဒိဋ္ဌိ အင်္ဂါ ၂-ပါး
ဒိဋ္ဌိယာ၊ မိစ္ဆာဒိဋ္ဌိ၏။
သမ္ဘာရာ၊ အင်္ဂါအဆောက်အဦတို့သည်။
(၁) ဝတ္ထုနော၊ ယူအပ်သော အနက် ဒြပ်၏။
ဝိပရီတတာ၊ ဖောက်ပြန်ခြင်း၊
(၂) တထ ဘာဝေန၊ အမှန်အဖြစ်ဖြင့်။
ဥပဋ္ဌာနံ၊ ထင်ခြင်း။
ဣတိ၊ ဤသို့။
ဒွေ ၊ နှစ်ပါးတို့တည်း။
တီဟေဝ စ၊ နိယတမိစ္ဆာဒိဋ္ဌိ သုံးပါးတို့ဖြင့် သာလျှင်လည်း။
ကမ္မပထော၊ ကမ္မပထသည်။
ဟောတိ၊ ဖြစ်၏။
အကုသလကမ္မပထ ၁၀-ပါးကို ဓမ္မတရားကိုယ် စသော အားဖြင့် ဆုံးဖြတ်ခြင်း
ဤ အကုသလကမ္မပထ ဆယ်ပါးတို့၌ ---
ဓမ္မတော စေဝ ကောဋ္ဌာသာ၊
အာလမ္ဗနာ စ ဝေဒနာ။
မူလတော ပဉ္စကာရေဟိ၊
ဝေဒိတဗ္ဗော ဝိနိစ္ဆယော။
ဓမ္မတော စေဝ၊ တရားကိုယ်အားဖြင့်၎င်း။
ကောဋ္ဌာသာ၊ အဘို့အစုအားဖြင့်၎င်း။
အာလမ္ဗနာ စ၊ အာရုံအားဖြင့်၎င်း။
ဝေဒနာ စ၊ ဝေဒန၁အားဖြင့်၎င်း။
မူလတော၊ မူလအားဖြင့်၎င်း။
ပဉ္စ အာကာရေဟိ၊ ငါးပါးသော အခြင်းအရာတို့ဖြင့်။
ဝိနိစ္ဆယော၊ အဆုံးအဖြတ်ကို။
ဝေဒိတဗ္ဗော၊ သိအပ်၏။
ထိုငါးပါးတို့တွင် ဓမ္မအားဖြင့် - (ကာယကံသုံးပါး ဝစီကံလေးပါး) ရှေး ခုနှစ်ပါးတို့သည် စေတနာဓမ္မ။ နောက် (မနောကံ) သုံးပါးတို့သည် စေတနာ သမ္ပယုတ္တ စေတသိကဓမ္မတည်း၊
ကောဋ္ဌာသအားဖြင့် - အဘိဇ္ဈာ ဗျာပါဒ နှစ်ပါးတို့သည် ကမ္မပထလည်း မည်ကုန်၏။ မူလလည်း မည်ကုန်၏။ ကြွင်းရှစ်ပါးတို့ကား ကမ္မပထသာ မည်ကုန်၏။
အာရုံအားဖြင့် -
ဖရုသ် ဗျာပါ၊ သတ္တဝါကို၊
ပါဏာ ကာမ၊ ဒိဋ္ဌိကကား၊
သင်္ခါရကို၊ ကြွင်းထကံငါး၊
ယင်းနှစ်ပါးကို၊ ပြုငြား အာရုံအမှန်တည်း။
(မိစ္ဆာစာရော သတ္တာရမ္မဏောတိပိ ဧကေ)။
ဝေဒနာအားဖြင့် -
ပါဏာ ဖရုသ၊ ဗျာပါဒသည်၊
ဒုက္ခနှင့်ယှဉ်၊ ကာမဘိဇ္ဈာ၊
ဒိဋ္ဌိမှာကား၊ သုခါမဇ္ဈ၊
ကြွင်းလေးဝ၊
တိကဝေဒနာ ယှဉ်သတည်း။
မူလအားဖြင့် -
ဘိဇ္ဈာ ဗျာပါ၊ မောဟ သာရှိ၊
ကာမာ ဒိဋ္ဌိ၊ လော မော ဒွိတည်း၊
ပါဏာတိပ၊ ဖရုသကား၊
နှစ်ပါး ဒေါ မော၊ ကြွင်းသော လေး၀၊
လောဘ မောဟာ၊ ဒေါ မောဟာဟု၊
မူနှစ်ခု၊ ရှိမှု အမှန်တည်း။
ဤသင်္ဂြိုဟ်ကျမ်း၌ကား မဆက်ဆံသော အသာဓာရဏ မူလဝိသေသကိုသာ ပြုခြင်းငှါ “တတ္ထ ပါဏာတိ ပါတော, ဖရုသဝါစာ, ဗျာပါဒေါ စ ဒေါသမူလေန ဇာယန္တိ” စသည် ကို မိန့်သည် မှတ်ရမည်။
အကုသိုလ်ကံ ပြီး၏။
ကုသလကမ္မပထ တရား ၁၀-ပါး
ကာမာဝစရကုသလမ္ပိ ကာယဒွါရေ ပဝတ္တံ ကာယကမ္မံ ။ပ။ တံ ပနေတံ ဝီသတိဝိဓမ္ပိ ကာမာဝစရကမ္မမိစ္စေ၀ သင်္ခံ ဂစ္ဆတိ။
ဟူ၍ သင်္ဂြိုဟ်၌ ဆိုသည်နှင့်အညီ ပါဏာတိပါတာ ဝိရတိ ။ပ။ သမ္ဖပ္ပလာပါ ဝိရတိ, အနဘိဇ္ဈာ, အဗျာပါဒ, သမ္မာဒိဋ္ဌိအားဖြင့် ကုသလကမ္မပထ တရားလည်း ဆယ်ပါး အပြား ရှိ၏။
(သမ္ပတ္တဝိရတိ သမာဒါနဝိရတိ သမုစ္ဆေဒဝိရတိ သုံးပါးတို့တွင် သမုစ္ဆေဒဝိရတိကို ဤ၌ မလိုအပ်)။
ဤကုသလကမ္မပထတရား ဆယ်ပါးတို့၌လည်း ရှေးနည်းတူ“ဓမ္မတော စေဝ ကောဋ္ဌာသာ” စသော ဝိနိစ္ဆယ ငါးပါးတို့ကို မှတ်သားအပ်ကုန်၏။
ထိုတွင် ဓမ္မ အားဖြင့် ... ရှေးခုနှစ်ပါးမှာ စေတနာလည်း သင့်၏။ ဝိရတိလည်း သင့်၏။ နောက်သုံးပါး၌ စေတနာသမ္ပယုတ္တဓမ္မတည်း။
ကောဋ္ဌာသ လွယ်၏။ [၁]
အာရုံ အားဖြင့် - ပါဏာတိပါတာဒီနံ အာရမ္မဏာနေ၀ ဧတေသံ အာရမ္မဏာနိ ဝီတိက္ကမိတဗ္ဗတောယေဝ ဟိ ဝေရမဏိနာမ ဟောတိ။ (အဋ္ဌသာလိနီ အဋ္ဌကထာ - ကုသလကမ္မပထကထာ၊ နှာ-၁၄၇)။
ပါဏာတိပါတာဒီနံ၊ ပါဏာတိပါတ စသည်တို့၏။
အာရမ္မဏာနိဧ၀၊ အာရုံတို့သည်သာလျှင်။
ဧတေသံ၊ ဤကုသလကမ္မပထတို့၏။
အာရမ္မဏာနိ၊ အာရုံတို့တည်း။
ဟိသစ္စံ၊ ထိုစကားမှန်၏။
ဝီတိက္ကမိတဗ္ဗတောယေ၀၊ လွန်ကျူးအပ်သော အာရုံမှသာလျှင်။
ဝေရမဏိနာမ၊ ကြဉ်ရှောင်ခြင်း မည်သည်။
ဟောတိ၊ ဖြစ်၏။
ဝေဒနာ အားဖြင့် -- အလုံးစုံပင် သုခနှင့်သော်၎င်း ဥပေက္ခာနှင့်သော်၎င်း ယှဉ်၏။
မူလ လွယ်၏။ [၂]
> [၁။ ရှေးခုနစ်ပါးတို့သည် ကမ္မပထ မည်ကုန်၏၊ နောက် မနောကံ ၃-ပါးတို့သည် ကမ္မပထလည်း မည်ကုန်၏၊ မူလလည်း မည်ကုန်၏။
> ၂။ အစဉ်အတိုင်း ရှေးကမ္မပထ ၇-ပါးတို့သည် မိမိတို့ ဒုစ္စရိုက်မှ ဉာဏ်ယှဉ်၍ ရှောင်ကြဉ်သောအခါ အလောဘ အဒေါသ အမောဟအားဖြင့် မူလ ၃-ပါးရှိကုန်၏၊ ဉာဏ်မယှဉ်ပဲ ရှောင်ကြဉ်သောအခါ အလောဘ အဒေါသအားဖြင့် မူလ ၂-ပါး ရှိကုန်၏။
> အနဘိဇ္ဈာသည် ဉာဏ်ယှဉ်၍ ရှောင်ကြဉ်သောအခါ အဒေါသ၊ အမောဟ မူလ ၂-ပါး ရှိ၏၊ ဉာဏ်မယှဉ်ပဲ ရှောင်ကြဉ်သောအခါ အဒေါသ မူလတပါးသာ ရှိ၏။
> အဗျာပါဒသည် ဉာဏ်ယှဉ်၍ ရှောင်ကြဉ်သောအခါ အလောဘ အမောဟ မူလ ၂-ပါး ရှိ၏။ ဉာဏ်မယှဉ်ပဲ ရှောင်ကြဉ်သောအခါ အလောဘ မူလတပါးသာ ရှိ၏။
> သမ္မာဒိဋ္ဌိသည် အလောဘ အဒေါသအားဖြင့် မူလ ၂-ပါးရှိ၏။]
ကုသလကမ္မပထ ၁၀-ပါးကို ဒါန သီလ ဘာဝနာ အားဖြင့် ဝေဖန်ပြပုံ
ဤ ကုသလကမ္မပထတရား ဆယ်ပါးတို့သည် ဒါန သီလ ဘာဝနာ ဟူသော နိယမ သုံးပါး တို့ဖြင့် ဖြစ်ကုန်၏။ ထိုတွင် ဒါနမယသည် ကိုယ်တိုင် လှူသောအခါ ကာယကံ၊ သူ့ကို လှူချေ စေခိုင်းသောအခါ ဝစီကံ၊ မိမိအား ထင်ရှားရှိသော ဝတ္ထုကို အာရုံပြု၍ “ဒဿာမိ ကရိဿာမိ”(လှူမည် ပြုမည်) ကြံစည်မှု မနောကံမည်၏။
ထို့အတူ ဆွေမျိုးစဉ်ဆက် အလေ့အကျက်ဖြင့် လှူမှု စေခိုင်းမှု ကြံစည်မှု သီလမယ မည်၏။ လှူပြီးလျှင် စင်္ကြံသွား၍ နှုတ်မြွက်၍ ဝိညတ်ကို မဖြစ်စေမူ၍ “အယံ ဒေယျဓမ္မော ခယံ ဂမိဿတိ, ဝယံ ဂမိဿတိ” ဟု ဆင်ခြင်မူ ဘာဝနာမယ မည်၏။
အယံ ဒေယျဓမ္မာ၊ ဤလှူဖွယ်ဝတ္ထုသည်။
ခယံ၊ ကုန်ဆုံးခြင်းသို့။
ဂမိဿတိ၊ ရောက်လတ္တံ့။
ဝယံ၊ ပျက်စီးခြင်းသို့။
ဂမိဿတိ၊ ရောက်လတ္တံ့။
ပုညကြိယာဝတ္ထု ၁၀-ပါး
တနည်းလည်း -- ဒါန, သီလ, ဘာဝနာ , အပစာယန ။ပ။ ဒိဋ္ဌိဇုကမ္မ အားဖြင့် ကုသလကမ္မပထ ပုညကြိယာဝတ္ထုတရား ဆယ်ပါးတည်း။
ဒါန။
ထိုတွင် ပူဇာနုဂ္ဂဟအားဖြင့် ပေးကမ်း စွန့်ကြဲကြောင်း စေတနာသည် ဒါနမည်၏။
ပုဗ္ဗ ပစ္ဆာဘာဂစေတနာ ဧတ္ထေဝ သမောဓာနံ ဂစ္ဆန္တိ။ ဧဝံ သေသေသုပိ ယထာရဟံ ဒဋ္ဌဗ္ဗံ။ (ဋီကာကျော် နှာ-၁၇၆)
ပုဗ္ဗ ပစ္ဆဘာဂစေတနာ၊ ရှေ့နောက်အဘို့၌ ဖြစ်ကုန်သော စေတနာတို့သည်။
ဧတ္ထေဝ၊ ဤဒါန၌သာလျှင်။
သမောဓာနံ၊ ပေါင်းခြင်းသို့။
ဂစ္ဆန္တိ၊ ရောက်ကုန်၏။
ဧဝံ၊ ဤနည်းကို။
သေသေသုပိ၊ ကြွင်းကိုးပါးတို့၌လည်း။
ယထာရဟံ၊ ထိုက်လျောက်စွာ။
ဒဋ္ဌဗ္ဗံ၊ မှတ်အပ်၏။
သီလ။
ပဉ္စသီလစသည်ကို ဆောက်တည်ကျင့်သုံးခြင်း စေတနာသည် သီလမည်၏။
ဘာဝနာ။
အပ္ပနာသို့ မရောက်သော ဂေါတြဘူ အဆုံးရှိသော သမထ ဝိပဿနာ စေတနာသည် ဘာဝနာမည်၏။
နိရ၀ဇ္ဇဝိဇ္ဇာဒိ ပရိယာပုဏန စေတနာပိ ဧတ္ထေဝ သမောဓာနံ ဂစ္ဆတိ။ (ဋီကာကျော် နှာ-၁၇၆)
နိရ၀ဇ္ဇဝိဇ္ဇာဒိ ပရိယာပုဏန စေတနာပိ၊ အပြစ်ကင်းသော ဝိဇ္ဇာဌာန သိပ္ပါယတန ကမ္မာယတန တို့ကို သင်ကြားမှတ်ယူခြင်း စေတနာသည်လည်း။
ဧတ္ထေဝ၊ ဤဘာဝနာ၌သာလျှင်။
သမောဓာနံ၊ ပေါင်းခြင်းသို့။
ဂစ္ဆတိ၊ ရောက်၏။
အပစာယန။
သင်္ကန်းစသော လာဘ်လာဘကို မတောင့်တပဲ ဝယောဝုဍ္ဎ ဂုဏဝုဍ္ဎ ပုဂ္ဂိုလ်တို့အား အရိုအသေ နေရာခင်းခြင်း စသော စေတနာသည် အပစာယနမည်၏။
ဝေယျာဝစ္စ။
ထိုကဲ့သို့ပင် စင်ကြယ်သော အဇ္ဈာသယဖြင့် သင်္ကန်းဖွပ်လျော်ခြင်း စသော ကိစ္စကို ပြုကြောင်း စေတနာသည် ဝေယျာဝစ္စ မည်၏။
ပတ္တိဒါန။
မိမိပြုသော ကောင်းမှုကို သူတပါးတို့အား အမျှပေးဝေကြောင်း စေတနာ သည် ပတ္တိဒါန မည်၏။
ပတ္တာနုမောဒနာ။
သူ့ကောင်းမှုကို သာဓုနုမော် ခေါ်ကြောင်း စေတနာသည် ပတ္တာနုမောဒန မည်၏။
ဓမ္မဿဝန။
မိမိ သူတပါး နှစ်ဦးသားတို့၏ လောကီ လောကုတ္တရာ ချမ်းသာ စီးပွါးငှါ တရားနာကြောင်း စေတနာသည် ဓမ္မဿဝန မည်၏။
နိရ၀ဇ္ဇဝိဇ္ဇာဒိ သဝန စေတနာပိ ဧတ္ထေ၀ သင်္ဂယှတိ။ (ဋီကာကျော် နှာ -၁၇၇)
နိရ၀ဇ္ဇဝိဇ္ဇာဒိ သဝန စေတနာပိ၊ အပြစ်မရှိသော စာရေးအတတ် ဂဏန်း အတတ် စသည်ကို နာခံခြင်း ကုသိုလ် စေတနာကိုလည်း။
ဧတ္ထေ၀၊ ဤဓမ္မဿဝန၌သာလျှင်။
သင်္ဂယှတိ၊ သိမ်းယူအပ်၏။
ဓမ္မဒေသနာ။
လာဘ သက္ကာရ စသည်၌ ငဲ့ကွက်ခြင်းမရှိပဲ အကျိုးစီးပွါးကို ညွှန်ပြ ဟောပြောကြောင်း စေတနာသည် ဓမ္မဒေသနာ မည်၏။
နိရ၀ဇ္ဇဝိဇ္ဇာဒိ ဥပဒိသန စေတနာပိ ဧတ္ထေ၀ သင်္ဂဟံ ဂစ္ဆတိ။ (ဋီကာကျော် နှာ-၁၇၇)
နိရ၀ဇ္ဇဝိဇ္ဇာဒိ ဥပဒိသန စေတနာပိ၊ အပြစ်ကင်းသော အတတ် စသည်ကို ညွှန်ပြ ဟောပြောကြောင်း စေတနာသည်လည်း။
ဧတ္ထေ၀၊ ဤဓမ္မဒေသနာ ကုသိုလ်၌သာလျှင်။
သင်္ဂဟံ၊ ရေတွက်ခြင်းသို့။
ဂစ္ဆတိ၊ ရောက်၏။
ယခု ဆုတ်ကပ်ကာလ၌ကား စာပေပို့ချ တရားပင် ဟောကြသော်လည်း ဟိတူပဒေသ မရှိ ယောနိသောမနသိကာရ ရှားပါးသဖြင့် ဓမ္မဒေသနာကုသိုလ် မရပဲ ပကာသနအစု မကောင်းမှုသာ များတတ်သည်ကို လွန်စွာ သတိထားအပ်သည်။ ဒါနစသည်၌လည်း နည်းတူ သတိမူသင့်သည်။
ဒိဋ္ဌိဇုကမ္မ။
“အတ္ထိ ဒိန္နံ, အတ္ထိ ယိဋ္ဌံ, အတ္ထိ ဟုတံ, အတ္ထိ သုကတ ဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော”စသော သမ္မာဒဿနဖြင့် အယူကို ဖြောင့်မတ်စွာပြုခြင်းသည် ဒိဋ္ဌိဇုကမ္မ မည်၏။ ဥဇုကရဏ အခိုက်၌ ဉာဏသမ္ပယုတ် သာတည်း။ ဝိပ္ပယုတ်ကိုကား ပုဗ္ဗာ ဖရတို့၌သာ ရထိုက်၏။
ပုညကြိယာဝတ္ထုတို့ကို ဒါန သီလ ဘာဝနာ၌ သွင်းယူပုံ
ထို ဆယ်ပါးတို့တွင် ပတ္တိဒါန ပတ္တာနုမောဒနာ နှစ်ပါးသည် ဒါန၌ ဝင်၏။ အဘယ့် ကြောင့်နည်းဟူမူ “ဣဿာ မစ္ဆရိယာနံ ပဋိပက္ခတာယ သမာန လက္ခဏတ္တာ”
(ဣဿာ မစ္ဆရိယာနံ၊ ဣဿာ မစ္ဆရိယတို့၏။
ပဋိပက္ခတာယ၊ ဆန့်ကျင်ဘက်၏ အဖြစ်ဖြင့်။
သမာန လက္ခဏတ္တာ၊ တူသောလက္ခဏာ ရှိသည်၏ အဖြစ်ကြောင့်တည်း။)
(ဋီကာကျော် နှာ-၁၇၇)
အပစာယန ဝေယျာဝစ္စ နှစ်ပါးသည် သီလ၌ ဝင်၏။ အဘယ့်ကြောင့်နည်း ဟူမူ --“စာရိတ္တသီလဘာဝတော”၊ (စာရိတ္တသီလဘာဝတော၊ အပစာယန ဝေယျာဝစ္စ ၂-ပါး တို့၏ စာရိတ္တသီလ ဖြစ်ခြင်းကြောင့်တည်း။) (ဋီကာကျော်၊ နှာ-၁၇၇)
နောက်သုံးပါးသည် ဘာဝနာ၌ ဝင်၏။ အဘယ်ကြောင့်နည်း ဟူမူ -- “ကုသလဓမ္မာ သေဝနဘာဝတော”၊(ကုသလဓမ္မာသေဝနဘာဝတော၊ ဓမ္မဿဝန ဓမ္မဒေသနာ ဒိဋ္ဌိဇုကမ္မ ၃-ပါး တို့၏ ကုသိုလ်တရားကို အဖန်ဖန် မှီဝဲသည်၏ အဖြစ်ကြောင့်တည်း။) (ဋီကာကျော် နှာ-၁၇၇)
ဟောန္တိ စေ,တ္ထ --
ဒါန သီလာ၊ ဘာဝနာ၊ သုံးဖြာ စဉ်၍ခင်း။
စနှစ် လယ်မှာ၊ လယ်စမှာ၊ နောက်မှာ နောက်သုံး သွင်း။ ဣတိ၊
ဤကား ဓမ္မပါလထေရဝါဒတည်း။
ဒေသနာသည် ဒါန၌ အကျုံးဝင်၏၊ ဒိဋ္ဌိဇုကမ္မသည် အလုံးစုံ၌ ဝင်၍ ဟူ၍လည်း ဆိုသင့်သေး၏။ (ဋီကာကျော် နှာ-၁၇၈)
ဤသို့သွင်း၍ အကျဉ်းအားဖြင့် ကုသလကမ္မပထ ပုညကြိယာဝတ္ထု တရားသုံးပါး သာတည်း။ စိတ္တုပ္ပါဒ်အားဖြင့်ကား အကုသိုလ်နှင့်ပေါင်း၍ ကာမာဝစရကံ နှစ်ဆယ် ပြီး၏။
ရူပါ ရူပကုသိုလ်ကံ နှစ်ပါးကား ထင်ရှား သိသာပြီ။
ဥဒ္ဓစ္စ စေတနာဆိုင်ရာ အကျိုးပေးပုံ အဆုံးအဖြတ်
ဧတ္ထာ ကုသလကမ္မ, မုဒ္ဓစ္စရဟိတံ ။ပ။ ယထာရဟံ ဝိပစ္စတိ - (သင်္ဂဟ နှာ-၈၅) ဟူသည်နှင့်အညီ ဥဒ္ဓစ္စစေတနာသည် အဓိမောက္ခနှင့် ယှဉ်ရသော်လည်း ပျံ့လွင့်ရုံမျှဖြစ်၍ အဓိမောက္ခ ကင်းသော ဝိစိကိစ္ဆာစိတ်အောက် သတ္တိညံ့ဖျင်း ပဋိသန္ဓေကျိုးကို ပေးခြင်းသဘော ကင်းသောကြောင့် ကြွင်းအကုသိုလ်စေတနာ တဆယ့်တခုတို့သည်သာ ပဋိသန္ဓေအခါ အပါယ်ဘုံ၌ အကုသလဝိပါက် အနိဋ္ဌကမ္မဇရုပ်တို့ကို ဖြစ်စေကုန်သည်။ ပဝတ္တိအခါ၌ကား အကုသိုလ်စိတ် တဆယ့်နှစ်ပါးလုံး၌ ရှိသော စေတနာသည်ပင် ကာမဘုံ ရူပဘုံတို့၌ အကုသလဝိပါက် အနိဋ္ဌကမ္မဇရုပ်တို့ကို ဖြစ်စေ၏။
သူအချို့ကား ဥဒ္ဓစ္စစေတနာသည် နှစ်ဖြာသော အကျိုးကိုပင် မပေးနိုင် ဟူကုန်၏။ အရှင်ဗုဒ္ဓဒတ် ဆရာကား ပုထုဇဉ်တို့၏ ဥဒ္ဓစ္စစေတနာသည် နှစ်ဖြာသော ဝိပါက်ကို ပေး၏။ သေက္ခပုဂ္ဂိုလ်တို့၏ ဥဒ္ဓစ္စစေတနာကား တစုံတရာ အကျိုးကို မပေးနိုင် ဟူ၏။ ထိုဆရာတို့၏ ဝါဒ မသင့်ကြောင်းကို ဋီကာကျော် (နှာ-၁၇၈-၁၈၁) စသည်မှ ယူ။ အာစယဂါမိတိက်၌ကား ဥပတ္ထမ္ဘက ကိုရည်၍ ပဋိသန္ဓေကျိုး ပေးသည်ကို ကောက်သည်။
တနည်းလည်း -- ဥဒ္ဓစ္စမှာ ဂတိ (=ပဝတ္တိအကျိုး) ကို အကြွင်းမှာ စုတိ ပဋိသန္ဓိ ဂတိ သုံးပါးလုံးကို ရည်၍ ယထာရဟ ကောက်သည် မှတ်ရမည်။
“ကာမာဝစရကုသလမွိ ။ပ။ ယထာသမ္ဘ၀’ မုဒ္ဒိသေ”ဟူရာ၌ --
ယံ ဟိ ကမ္မံ အတ္တနော ပဝတ္တိကာလေ ပုရိမ, ပစ္ဆာဘာဂပ္ပဝတ္တေဟိ ကုသလကမ္မေဟိ ပရိဝါရိတံ၊ ပစ္ဆာ ဝါ အာသေဝနလာဘေန သမုဒါစိတ္တံ၊ တံ ဥက္ကဋ္ဌံ။ ယံ ပန ကရဏကာလေ အကုသလကမ္မေဟိ ပရိဝါရိတံ၊ ပစ္ဆာ ဝါ “ဒုက္ကဋမေ တံ မယာ”တိ ဝိပ္ပဋိသာရုပ္ပါဒနေန ပရိဘာဝိတံ၊ တံ သြမကန္တိ ဒဋ္ဌဗ္ဗံ။ (ဋီကာကျော်၊ နှာ-၁၈၂)
ဥက္ကဋ္ဌ ကုသိုလ်ကံ
ဟိ၊ ချဲ့ဦးအံ့။
ယံ ကမ္မံ၊ အကြင် ကုသိုလ်ကံကို။
အတ္တနော၊ မိမိ၏။
ပဝတ္တိကာလေ၊ ဖြစ်ဆဲကာလ၌။
ပုရိမပစ္ဆာဘာဂပ္ပဝတ္တေဟိ၊ ရှေ့ နောက်အဘို့၌ ဖြစ်ကုန်သော။
ကုသလကမ္မေဟိ၊ ကုသိုလ်ကံတို့ဖြင့်။
ပရိဝါရိတံ၊ ခြံရံအပ်၏။
ပစ္ဆာ ဝါ၊ နောက်၌မူလည်း။
အာသေဝနလာဘေန၊ အထုံကိုရသဖြင့်။
သမုဒါစိဏ္ဏံ၊ ကောင်းစွာ အဖန်ဖန် လေ့ကျက်အပ်၏။
တံ၊ ထိုကုသိုလ်ကံသည်။
ဥက္ကဋ္ဌံ၊ မြတ်သောကံ မည်၏။
ဩမက ကုသိုလ်ကံ
ယံ ပန၊ အကြင်ကုသိုလ်ကံကိုကား။
ကရဏကာလေ၊ ပြုဆဲအခါ၌။
အကုသလကမ္မေဟိ၊ အကုသိုလ်ကံတို့သည်။
ပရိဝါရိတံ၊ ခြံရံအပ်၏။
ပစ္ဆာ ဝါ၊ နောက်အဘို့၌မူလည်း။
မယာ၊ ငါသည်။
ဧတံ၊ ဤကုသိုလ်ကို။
ဒုက္ကဋံ၊ ပြုမှားမိချေပြီ။
ဣတိ၊ ဤသို့။
ဝိပ္ပဋိသာရုပ္ပါဒနေန၊ နှလုံးမသာခြင်းကို ဖြစ်စေခြင်းဖြင့်။
ပရိဘာဝိတံ၊ အဖန်ဖန် ထုံမွှန်းအပ်၏။
တံ၊ ထိုကုသိုလ်ကံသည်။
ဩမကံ၊ ယုတ်ညံ့သောကံ မည်၏။
ဣတိ ဒဋ္ဌဗ္ဗံ၊ ဤသို့ မှတ်အပ်၏။
ကုသိုလ်ကံ အကျိုးပေးရာ၌
ပါဝင်သော ဟိတ်များ
ဤသို့ ဋီကာကျော် (နှာ-၁၈၂) လာတိုင်း ဥက္ကဋ္ဌ ဩမကကုသိုလ်ကံ အထူးကို မှတ်ပြီးလျှင် တိဟိတ်ဥက္ကဋ္ဌ ကုသိုလ်ကံ အကျိုးပေးရာ၌ ပဋိသန္ဓေအခါ ဇနကဟိတ် သုံးပါး၊ ဘဝသို့ ညွတ်စေတတ်သော နိကန္တိတဏှာ၌ ပရိဏာမနဟိတ် (လောဘ မောဟ) နှစ်ပါး၊ ပဋိသန္ဓေနှင့် ယှဉ်သော သမ္ပယုတ်ဟိတ် သုံးပါး၊ ပေါင်း ဟိတ်ရှစ်ပါး ရှိ၏။ ၎င်း တိဟိတ်ဩမကကံ အကျိုးပေးရာ၌ ပဋိသန္ဓေအခါ ဟိတ်ခုနှစ်ပါး ရှိ၏၊ (နောက်ဆက်တွဲကြည့်)
ဒွိဟိတ်ဥက္ကဋ္ဌကံ ပေးရာ၌ ခြောက်ပါး၊ ၎င်းဩမကကံ ပေးရာ၌ လေးပါးရှိ၏ဟု သိအပ်၏။
ပဝတ္တိအခါ၌လည်း ဟိတ်ကား နည်းတူ။ (နောက်ဆက်တွဲကြည့်)
တိပိဋကစူဠနာဂထေရဝါဒအားဖြင့် သောဠသဝိပါက် ဒွါဒသကမဂ် အဟေတုကဋ္ဌက တို့ကို ဆိုသည်။ ။ မောရဝါပီဝါသီ မဟာဓမ္မရက္ခိတ ထေရဝါဒအားဖြင့် --
အသင်္ခါရံ သသင်္ခါရ-ဝိပါကာနိ န ပစ္စတိ။
သသင်္ခါရ မသင်္ခါရ-ဝိပါကာနီတိ ကေစန။
ဟူသော ဒွါဒသကဝိပါက် ဒသကမဂ် အဟေတုကဋ္ဌက တို့ကို ဆိုသည်ဟုမှတ်။
ဈာန်အကျိုးပေး,
အမြတ် အလတ် အညံ့ ကွဲပြားပုံ
ရူပါဝစရ ကုသလံ ပန ပရိတ္တံ ဘာဝေတွာ - စသည်၌ ---
ပဋိလဒ္ဓမတ္တ’ မနာသေဝိတံ ပရိတ္တံ။ နာတိသုဘာဝိတံ အပရိပုဏ္ဏဝသီဘာဝံ မဇ္ဈိမံ။ အတိဝိယ သုဘာဝိတံ ပန သဗ္ဗသော ပရိပုဏ္ဏ ဝသီဘာဝံ ပဏီတံ။ ။ ဟီနာဟိ ဆန္ဒ စိတ္တ ဝီရိယ ဝီမံသာဟိ နိဗ္ဗတ္တိတံ ဝါ ပရိတ္တံ။ မဇ္ဈိမေဟိ ဆန္ဒာဒီဟိ မဇ္ဈိမံ။ ပဏီတေဟိ ပဏီတန္တိ အလမတိပ္ပပဉ္စေန။
ပရိတ္တာဈာန်
ပဋိလဒ္ဓမတ္တံ၊ ရအပ်ကာမျှသော။
အနာသေဝိတံ၊ အဖန်တလဲလဲ မမှီဝဲအပ်သောဈာန်သည်။
ပရိတ္တံ၊ နည်းသော အာနုဘော် ရှိ၏။
မစ္ဆိမဈာန်
နာတိသုဘာဝိတံ၊ အလွန်မပွါးအပ်သော။
အပရိပုဏ္ဏ ဝသီဘာဝံ၊ မပြည့်စုံသော ဝသီဘော်ရှိသောဈာန်သည်။
မဇ္ဈိမံ၊ အလယ်အလတ်သော အာနုဘော်ရှိ၏။
ပဏီတဈာန်
အတိဝိယ၊ အလွန်လျှင်။
သုဘာဝိတံ၊ ကောင်းစွာပွါးအပ်သော။
သဗ္ဗသော၊ အချင်းခပ်သိမ်း။
ပရိပုဏ္ဏ ဝသီဘာဝံ ပန၊ ပြည့်စုံသော ဝသီဘော်ရှိသော ဈာန်သည်ကား။
ပဏီတံ၊ မြတ်သော အာနုဘော် ရှိ၏။
ဝါ၊ တနည်းလည်း။
ဟီနာဟိ၊ ယုတ်ညံ့ကုန်သော။
ဆန္ဒ စိတ္တ ဝီရိယ ဝီမံသာဟိ၊ အလို စိတ် လုံ့လ ပညာတို့ဖြင့်။
နိဗ္ဗတ္တိတံ၊ ဖြစ်စေအပ်သော ဈာန်သည်။
ပရိတ္တံ၊ ပရိတ္တဈာန်မည်၏။
မဇ္ဈိမေဟိ၊ အလယ်အလတ်ဖြစ်ကုန်သော။
ဆန္ဒာဒီဟိ၊ ဆန္ဒစသည်တို့ဖြင့်။
နိဗ္ဗတ္တိတံ၊ ဖြစ်စေအပ်သော ဈာန်သည်။
မဇ္ဈိမံ၊ မဇ္ဈိမဈာန် မည်၏။
ပဏီတေဟိ၊ မြတ်သောဆန္ဒ စသည်တို့ဖြင့်။
နိဗ္ဗတ္တိတံ၊ ဖြစ်စေအပ်သော ဈာန်သည်။
ပဏီတံ၊ ပဏီတဈာန် မည်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
အတိပ္ပပဉ္စေန၊ အလွန်ချဲ့သဖြင့်။
အလံ၊ မသင့်လှပြီ။
ဤသို့ ဋီကာကျော်(နှာ-၁၈၅) ၌လာတိုင်း ပရိတ္တ မဇ္ဈိမ ပဏီတ သုံးပါး အထူးကို မှတ်အပ်၏။
ဤသင်္ဂြိုဟ်ဆရာ အနုရုဒ္ဓထေရ်ကား ပရိတ္တဈာန်လည်း စဉ်းငယ် အာသေဝန ကိုရမှ အကျိုးပေးသည် ဟု နှလုံးမူ၍ နာမရူပပရိစ္ဆေဒကျမ်း (၄၇၃-ခု မြောက် ဂါထာ)၌ --
သမာနာသေဝနေ လဒ္ဓေ၊
ဝိဇ္ဇမာနေ မဟဗ္ဗလေ။
အလဒ္ဓါ တာဒိသံ ဟေတုံ၊
အဘိညာ န ဝိပစ္စတိ။
ဟု မိန့်၏။
သမာနာသေဝနေ၊ သဘောတူသောစိတ်မှ အာသေဝနပစ္စည်းကို။
လဒ္ဓေ၊ ရအပ်သော်မှ။
မဟဗ္ဗလေ၊ အားကြီးသော အဖြစ်သည်။
ဝိဇ္ဇမာနေ၊ ရှိပါမှ။
ဝိပါကံ၊ အကျိုးကို။
ဒေတိ၊ ပေး၏။
အဘိညာ၊ အဘိညာဉ် ကုသိုလ်သည်ကား။
တာဒိသံ ဟေတုံ၊ ထိုသို့သောအကြောင်းကို။
အလဒ္ဓါ၊ မရ၍။
န ဝိပစ္စတိ၊ အကျိုးမပေးနိုင်။
အဘိညာဉ်သည်
ပဋိသန္ဓေအကျိုး မပေးခြင်း
အဘိညာ အကျိုးမပေးခြင်း၏ အကြောင်းကို ဆိုသော ထိုစကားကို --
ကေစိ ပန “သမာနဘူမိကတော အာသေဝနလာဘေန ဗလဝန္တာနိ ဈာနာနီတိ တာနိ ဝိပါကံ ဒေန္တိ သမာပတ္တိဘာဝတော။ အဘိညာ ပန သတိပိ ဈာနဘာဝေ တဒဘာဝတော တသ္မိံ တသ္မိံ အာရမ္မဏေ အာဂန္တုကာ ဝါတိ ဒုဗ္ဗလာ။ တသ္မာ ဝိပါကံ န ဒေတီ” တိ ၀ဒန္တိ။ တံ အကာရဏံ ပုနပ္ပုနံ ပရိကမ္မဝသေန အဘိညာယပိ ဝသီဘာဝ သဗ္ဘာဝတော။
ပန၊ ကေစိဝါဒကိုဆိုအံ့။
ကေစိ၊ အချို့သောဆရာတို့သည်။
သမာနဘူမိကတော၊ တူသော ဖြစ်ရာဘုံရှိသော တရားမှ။
အာသေဝနလာဘေန၊ အာသေဝနပစ္စည်းကို ရသဖြင့်။
ဈာနာနိ၊ ဈာန်တို့သည်။
ဗလဝန္တာနိ၊ အားရှိကုန်၏၊
ဣတိ တသ္မာ၊ ထို့ကြောင့်။
တာနိ၊ ထိုဈာန်တို့သည်။
သမာပတ္တိဘာဝတော၊ သမာပတ် ရှိသည်၏အဖြစ်ကြောင့်။
ဝိပါကံ၊ ပဋိသန္ဓေအကျိုးကို။
ဒေန္တိ၊ ပေးကုန်၏။
အဘိညာ ပန၊ အဘိညာဉ်သည်ကား။
ဈာနဘာဝေ၊ ဈာန်၏အဖြစ်သည်။
သတိပိ၊ ရှိသော်လည်း။
တဒဘာဝတော၊ ထိုအာသေဝနပစ္စည်းကို မရမရှိခြင်းကြောင့်။
တသ္မိံ တသ္မိံ အာရမ္မဏေ၊ ထိုထိုအာရုံ၌။
အာဂန္တုကာဝ၊ ဧည့်သည် အာဂန္တုက မျှသာတည်း။
ဣတိ တသ္မာ၊ ထို့ကြောင့်။
ဒုဗ္ဗလာ၊ အားနည်းကုန်၏။
တသ္မာ၊ ထိုသို့အားနည်းသောကြောင့်။
ဝိပါကံ၊ ပဋိသန္ဓေအကျိုးကို။
န ဒေတိ၊ မပေး။
ဣတိ၊ ဤသို့။
၀ဒန္တိ၊ ဆိုကုန်၏။
တံ၊ ထိုအကြောင်းသည်။
အကာရဏံ၊ သင့်သောအကြောင်း မဟုတ်။
(ကသ္မာ၊ အဘယ့်ကြောင့်နည်း ဟူမူကား။)
ပုနပ္ပုနံ၊ အဖန်ဖန်အထပ်ထပ်။
ပရိကမ္မဝသေန၊ ပရိကမ်၏ အစွမ်းဖြင့်။
အဘိညာယပိ၊ အဘိညာဉ်၏လည်း။
ဝသီဘာဝသဗ္ဘာဝတော၊ ဝသီဘော်ရှိသည်၏ အဖြစ်ကြောင့်တည်း။
(ကေစိဆရာတို့ အကြောင်းပြချက်ကိုသာ အနုဋီကာက ပယ်ခြင်းဖြစ်သည်။ အဘိညာဉ် မှာ ပဋိသန္ဓေ အကျိုးကို မပေးနိုင်ဟူသော အချက်ကိုမူ မပယ်ချေ)။
ဟု - ပဋိစ္စသမုပ္ပါဒ် အဖွင့် အနုဋီကာ (နှာ-၁၀၁-၌) ပယ်၏။ မိမိနှင့်သဘောတူသော ပါဒက ဈာန်ဝင် (၍ ပဋိသန္ဓေအကျိုးကို ပေးခဲ့ပြီးဖြစ်) သောကြောင့် အဘိညာဉ် အကျိုးပေးခွင့် မရဟု ဆိုသော ဝါဒကိုလည်း --
တမ္ပိ အကာရဏံ အဝိပါကဘာဝတော တာသံ --
ဟု ၎င်းအနုဋီကာ (နှာ-၁၀၁-၌ပင်) ပယ်၏။ အဘိညာစေတနာသည် ကာမတရား စသည်ကို အာရုံပြု၏။ စတုတ္ထဈာန် သမာဓိ၏ အာနိသင်တည်း။ ထို့ကြောင့် န ဝတ္တဗ္ဗာရမ္မဏဝိပါက်ကို အကျိုးမပေး စသည်ဖြင့် အဘိညာ အကျိုး မပေးသည်ကို မူလဋီကာ အနုဋီကာတို့၌ များစွာဆို၏။
“ပဉ္စမံ ဈာနံ ဘာဝေတွာ”ဟူသော သင်္ဂြိုဟ် (နှာ-၃၆) ၌ အဘိညာဉ်ကို ကြဉ်ရမည်။
အသညသတ်ဘုံ၌ ဖြစ်ပုံ
“အသညသတ္တေသု ဥပ္ပဇ္ဇန္တိ ကမ္မကိရိယဝါဒိနော တိတ္ထိယာ ဧဝ" ဋီကာကျော် (နှာ-၁၈၅) ၌ ပြသည်နှင့်အညီ ကံ ကံ၏အကျိုး ရှိ၏-ဟု ယူသော ပုထုဇဉ်တို့ သည်သာလျှင် “သညာ ရောဂေါ, သညာ ဂဏ္ဍော, ဓီ စိတ္တံ, ဓီ နာမံ”- ဟု နာမ်၌ အပြစ်ကို ရှု၍ ဝါယောကသိုဏ်း၌ (ကေသဉ္ဇိမတိအားဖြင့် ပရိစ္ဆိန္နာကာသ ကသိုဏ်း၌) ပဉ္စမဈာန်ကို ပွါးလျက် အသညသတ်ဘုံ၌ ဖြစ်ကုန်၏ ဟုမှတ်။
တေ ပန ယေန ဣရိယာပထေန ဣဓ မရန္တိ၊ တေနေဝ တတ္ထ နိဗ္ဗတ္တန္တီတိ ဒဋ္ဌဗ္ဗံ။ (ဋီကာကျော်၊ နှာ-၁၈၆။)
တေ ပန၊ ထိုအသညသတ္တဝါတို့သည်ကား။
ယေန ဣရိယာပထေန၊ အကြင် ဣရိယာပုထ်ဖြင့်။
ဣဓ၊ ဤလူ့ပြည်၌။
မရန္တိ၊ စုတိကုန်၏။
တေနေ၀၊ ထို ဣရိယာပုထ်ဖြင့်သာလျှင်။
တတ္ထ၊ ထိုအသညသတ်ဘုံ၌။
နိဗ္ဗတ္တန္တိ၊ ဖြစ်ရကုန်၏။
ဣတိ ဒဋ္ဌဗ္ဗံ၊ ဤသို့မှတ်။
(သင်္ဂြိုဟ် နှာ-၃၆-၌ ‘အနာဂါမိနော’ ပုဒ်နောင် ဧ၀သဒ္ဒါ၊ ‘သုဒ္ဓါဝါသေသု’ ပုဒ်နောင် စ သဒ္ဒါ ကျေသည်)။
ပဉ္စမဈာန်ကုသိုလ် တပါးတည်း ဖြစ်လျက် သဒ္ဓါစသော ဣန္ဒြေတို့၏ ဝေမတ္တအားဖြင့် သုဒ္ဓါဝါသငါးဘုံ၌ အသီးအသီး ဖြစ်ကြသည်။
သဗ္ဗမ္ပိ စေတံ တဿ တဿေဝ ဈာနဿ အာဝေဏိကဘူမိ၀သေန ဝုတ္တံ၊ နိကန္တိယာ ပန သတိ ပုထုဇ္ဇနာဒယော ယထာလဒ္ဓဿ ဈာနဿ ဘူမိဘူတေ သုဒ္ဓါဝါသဝိ၀ဇ္ဇိတေ ယတ္ထ ကတ္ထစိ နိဗ္ဗတ္တန္တိ။ တထာ ကာမဘဝေပိ ကာမာဝစရကမ္မဗလေန၊ “ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ”တိ ဟိ ဝုတ္တံ။
ဣတ္ထိယောပိ ပန အရိယာ ဝါ အနရိယာ ဝါ အပိ အဋ္ဌသမာပတ္တိလာဘိနိယော ဗြဟ္မပါရိသဇ္ဇေသုယေဝ နိဗ္ဗတ္တန္တီတိ အဋ္ဌကထာယံ ဝုတ္တံ။
(ဋီကာကျော်၊ နှာ-၁၈၆။)
ဈာန်ရ ပုထုဇဉ် စသည်တို့
မိမိတို့ ဖြစ်လိုရာဘုံ၌ ဖြစ်နိုင်ခြင်း
သဗ္ဗမ္ပိ စ ဧတံ၊“ရူပါဝစရကုသလံ ပန ပရိတ္တံ ဘာဝေတွာ”စသော ဤအလုံးစုံ ကိုလည်း။
တဿ တဿေဝ ဈာနဿ၊ ထိုထိုဈာန်၏သာလျှင်။
အာဝေဏိကဘူမိဝသေန၊ အသီးသောဘုံ၏ အစွမ်းဖြင့်။
ဝုတ္တံ၊ ဆိုအပ်၏။
နိကန္တိယာ ပန၊ တောင့်တခြင်းသည်ကား။
သတိ၊ ရှိသော်။
ပုထုဇ္ဇနာဒယော၊ ပုထုဇဉ် စသည်တို့သည်။
ယထာလဒ္ဓဿ ဈာနဿ၊ ရတိုင်းသောဈာန်၏။
ဘူမိဘူတေ၊ အကျိုးပေးရာ ဘုံဖြစ်၍ဖြစ်သော။
သုဒ္ဓါဝါသဝိ၀ဇ္ဇိတေ၊ သုဒ္ဓါဝါသမှ တပါးသော။
ယတ္ထ ကတ္ထစိ၊ အမှတ်မဲ့သောဘုံ၌။
နိဗ္ဗတ္တန္တိ၊ ဖြစ်ကုန်၏။
တထာ၊ ထို့အတူ။
ကာမဘဝေပိ၊ ကာမဘုံ၌လည်း။
ကာမာဝစရကမ္မဗလေန၊ ကာမာဝစရ ကံစွမ်းဖြင့်။
နိဗ္ဗတ္တန္တိ၊ ဖြစ်ကုန်၏။
ဟိသစ္စံ၊ မှန်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
သီလဝတော၊ သီလရှိသောပုဂ္ဂိုလ်၏။
စေတောပဏိဓိ၊ စိတ်၏ တောင့်တခြင်းသည်။
ဝိသုဒ္ဓတ္တာ၊ စင်ကြယ်သည်၏ အဖြစ်ကြောင့်။
ဣဇ္ဈတိ၊ ပြည့်စုံ၏။
ဣတိ၊ ဤသို့။
ဝုတ္တံ၊ ဟောတော်မူအပ်၏။
ဈာန်ရမိန်းမတို့မှာ မိမိတို့လားရာ
ပထမဈာန်ဘုံ စသည်တို့တွင်
အနိမ့်ဆုံးဘုံ၌သာ ဖြစ်ရခြင်း
ပန၊ အထူးကား။
ဣတ္ထိယောပိ၊ မိန်းမတို့သည်လည်း။
အရိယာ ဝါ၊ အရိယာဖြစ်ကုန်သော်၎င်း။
အနရိယာ ဝါ၊ ပုထုဇန်ဖြစ်ကုန်သော်၎င်း။
အဋ္ဌသမာပတ္တိလာဘိနိယော အပိ၊ သမာပတ်ရှစ်ပါးတို့ကို ရကုန်စေကာမူလည်း။
ဗြဟ္မပါရိသဇ္ဇေသုယေဝ၊ အလုပ်အကျွေး ဗြဟ္မာငယ်မျိုးတို့၌သာလျှင်။
နိဗ္ဗတ္တန္တိ၊ ဖြစ်ကုန်၏။
ဣတိ၊ ဤသို့။
အဋ္ဌကထာယံ၊ သမ္မောဟဝိနောဒနီ အဋ္ဌကထာ(နှာ-၄၁၉)၌
ဝုတ္တံ၊ ဆိုအပ်၏။
“ဗြဟ္မပါရိသဇ္ဇေသုယေဝ” ဆိုသော်လည်း ပထမဈာန်ဘုံတွင် ရွေ့သာ မယူသင့်၊ ရသောဈာန် အကျိုးပေးရာ ဘုံတို့၌ အလုပ်အကျွေး ဗြဟ္မာငယ်မျိုး၌ ဖြစ်သည်ဟု ယူသင့်သည်။ သို့မှလည်း အထက် မဟဂ္ဂုတ်ကံတို့၏ ဂရုကံအဖြစ် သင့်နိုင်မည်။ “အထခေါ သော ဗြဟ္မာ အညတရံ ဗြဟ္မပါရိသဇ္ဇံ အာမန္တေသိ” အစရှိသော ပါဠိတော် ကိုလည်း ထောက်။
ပါကဌာနစတုက္က ပြီး၏။
ကမ္မစတုက္ကလေးရပ်
ရောစပ်ပုံများနှင့် စက်လှည့်ပုံ
ဤ ကမ္မစတုက္က လေးရပ်ကို ရောစပ်သည်ရှိသော် ပထမ ကိစ္စစတုက္ကသည် ဒုတိယ ပရိယာယ စတုက္ကလည်း ဖြစ်သင့်၏။ တတိယ ကာလ စတုက္က၌ ရှေ့သုံးပါးလည်း ဖြစ်သင့်၏။ စတုတ္ထဌာန စတုက္ကလည်း ဖြစ်သင့်၏။
ဒုတိယပရိယာယစတုက္က၌ ဂရုကံသည် ပရိယာယ်အားဖြင့် တတိယကာလ စတုက္က၌ ရှေးသုံးပါးလည်း ဖြစ်သင့်၏။ စတုတ္ထဌာန စကုက္က၌ အကုသလ ရူပါ ရူပ သုံးပါးလည်း ဖြစ်သင့်၏။
၎င်း ဒုကိယပရိယာယစတုက္က၌ နောက်သုံးပါးသည် တတိယကာလစတုက္က၌ ပရိယာယ်အားဖြင့် အလယ်နှစ်ပါးလည်း ဖြစ်သင့်၏။ စတုတ္ထဌာနစတုက္က၌ ရှေးနှစ်ပါးလည်း ဖြစ်သင့်၏။
တတိယကာလစတုက္က၌ ပထမ တတိယသည် စတုတ္ထဌာနစတုက္က၌ ရှေ့နှစ်ပါးလည်း ဖြစ်သင့်၏။ ၎င်း တတိယကာလစတုက္က၌ ဒုတိယ, စတုတ္ထသည် စတုတ္ထဌာန စတုက္ကလည်း ဖြစ်သင့်၏။
ဤဆိုအပ်ခဲ့ပြီးသည်ကို မှတ်လျက် ပထမ စတုက္က၌သာ ပါ၍ ဒုတိယစတုက္က၌ မပါသော ကံ စသည်ဖြင့် စက်လှည့်၍ ခွဲရမည်။
ဤသို့ ရောဟန်ကို ကျမ်းဂန်၌ မပြ၊ သဘောကျကိုသာ ရေးလိုက်သည်။ သင့် မသင့်ကို ထောက်ချင့် ဆွေးနွေး မေးမြန်း ကြံဆကြလေဦး။
ဥပစ္ဆေဒက
မရဏအဆုံးအဖြတ်
မရဏုပ္ပတ္တိလေးပါးတို့တွင် ဥပစ္ဆေဒကမရဏကို ငရဲစသည်၌ မရအပ်ဟု “ဣဒံ ပန နေရယိကာနံ ဥတ္တရကုရုဝါသီနံ ကေသဉ္စိ ဒေဝါနဉ္စ န ဟောတိ”ဟု ဋီကာကျော်(နှာ-၁၈၇)၌ ဆို၏။
ဣဒံ ပန၊ ဤ ဥပစ္ဆေဒကမရဏသည်ကား။
နေရယိကာနံ၊ ငရဲသူတို့အား၎င်း။
ဥတ္တရကုရုဝါသီနံ၊ မြောက်ကျွန်းသူတို့အား၎င်း။
ကေသဉ္စိ ဒေဝါနဉ္စ၊ အချို့နတ်တို့အား၎င်း။
န ဟောတိ၊ မဖြစ်။
ဤ၌ ငရဲပြည်မှာ ဒေဝဒူတ ငါးပါးတို့ဖြင့် ယမမင်း စစ်ဆေး မေးမြန်းသည့်အခါ ကောင်းမှုကို သတိရ၍ ထိုခဏ လူ့ပြည် နတ်ပြည်သို့ စုတေပြန်လည်ခဲ့သောသူ။ ငရဲမီး လျှံကို မြင်၍ ငရဲမီးသံကို ကြား၍ ကောင်းမှုကို အမှတ်ရသဖြင့် ထိုခဏ စုတေ ပြန်လည်ခဲ့သူ။ အဝီစိငရဲ၌ လူ့ အရေအတွက်ဖြင့် ခုနစ်ရက်သာခံ၍ စုတေပြီး နတ်ပြည်သို့ သွားသော မလ္လိကာမိဖုရား စသည်တို့၏ ကောင်းမှုကံကို ဥပစ္ဆေဒကကံဟု ဆိုသင့် ရကား “နေရယိကာနံ”ဟူသော ဋီကာ စကားကို စဉ်းစား ဆင်ခြင်သင့်၏။
မြေမျို၍ အဝီစိသို့ကျသော ဝသဝတ္တီ ဒုဿီမာရ်နတ်။ တာဝတိံသာ အဓမ္မနတ်။ သုဗြဟ္မနတ်၏ မိဖုယားများဖြစ်သည့် ပန်းပင်ထက်က စုတေ၍ အဝီစိသို့ကျသော နတ်သ္မီးငါးရာ၊ စတုမဟာရာဇ် တာဝတိံသာတို့၌ အချင်းချင်း စိတ်ဆိုး၍ သေသော မနောပဒေါသိကနတ်။ နတ်ပြည်ခြောက်ထပ်လုံး၌ အပျော်အပါးအားကြီး၍ စားချိန်ကို လွန်သောကြောင့် သေသော ခိဍ္ဍာပဒေါသိကနတ်။ ဘေးမဲ့ အလှူခံလာသော ရသေ့ငါးရာတို့ကို ပြစ်မှားသည်နှင့် ရောဂါစွဲကပ်၍ မကြာမီသေသော ဝေပစိတ္တိ အသူရိန်နတ်မင်း စသည်တို့၏ သေရခြင်းသည် အကုသိုလ် ဥပစ္ဆေဒကကံကြောင့် ဖြစ်ရကား တာဝတိံသာ အဝင်အပါ အသုရာပြည် နှင့်တကွ နတ်ပြည်ခြောက်ထပ်လုံး၌ “ကေသဉ္စိ ဒေဝါနဉ္စ” ဟု ဋီကာ ဆိုစရာ မရှိ။
သိကြားမင်းစသော တန်းခိုးကြီးသော နတ်များကို ယူလျှင် လူ့ပြည်၌လည်း ခုနစ်ကြိမ် တိုင်တိုင် သေကြောင်းကြံ၍ မရသော ဃောသကသူဌေး၊ ဘုန်းကံကြီးလှသော ဇောတိက ဇဋိလ မေဏ္ဍကသူဌေး။ စကြဝတေး, မန္ဓာတ်မင်း စသည်တို့ကိုယူ၍ “ကေသဉ္စိ မနုဿနဉ္စ” ဟူ၍လည်း ဆိုရလိမ့်မည်။ ထို့ကြောင့် ဗြဟ္မာတို့ကိုရည်၍ “ကေသဉ္စိ ဒေဝါနဉ္စ” ဟု ဆိုသည်ဟူ၍ ယူသော် သင့်လျှော်ရန် ရှိ၏။
ဤအန္တရကပ်၌ပင် ငါတို့ ဘုရားအလောင်းတော်သည် အခါခါ အခေါက်ခေါက် ဗြဟ္မာ့ပြည်သို့ ရောက်၍ ကံမကုန်မီ အသက်တမ်းမစေ့မီ အဓိမုတ္တိကာလံ ကိရိယာကို ပြု၍ လူ့ပြည်သို့ စုတေ ပြန်လည်လာသည် မဟုတ်လော၊ ဤမှ နောက်ကို ဝိပါက်နာမက္ခန္ဓာ ကဋတ္တာရုပ်ကို မဖြစ်စေကုန် သတည်းဟု ဆောက်တည်၍ သေခဲ့သော ထိုအမိမုတ္တိကာလံကိရိယာကို အာယုက္ခယ ကမ္မက္ခယ ဥဘယက္ခယ - သုံးပါးမှ လွတ်သောကြောင့် ဥပစ္ဆေဒကမရဏ၌ သွင်းသင့်သည် မဟုတ်လောဟု မေးရန် ရှိပေ၏။
ဘုရားအလောင်းတို့သာ ကြီးမားသော ကုသိုလ် ပါရမီရှိန်စော် အာနုဘော်ကြောင့် အဓိမုတ္တိ ကာလံကိရိယာကို ပြု၍ ပါရမီဖြည့်ခြင်းငှါ လူ့ပြည်သို့ လာနိုင်သည်၊ သူတပါးတို့ ထိုကဲ့သို့ မစုတေနိုင်၊ ထို့ကြောင့် တရာတမ်း တသိန်းတမ်း အတွင်း၌ ပွင့်တော်မူကုန်သော မြတ်စွာဘုရားရှင်တို့သည် လူတို့ အသက်တမ်းကို ငါးပုံ ပုံ၍ တပုံကို ပယ်တော်မူမြဲ ဓမ္မတာအတိုင်း လေးအသင်္ချေနှင့် ကမ္ဘာတသိန်း ကာလပတ်လုံး ဖြည့်ဆည်းပူးတော်မူခဲ့သော ပါရမီတော်အလုံး စုရုံး၍ ထောက်ပံ့အကျိုးပေးကြသော ကုသိုလ်ကံတော်အတိုင်း နေရလျှင် သက်တော် အသင်္ချေ နေရလောက်သော ကံတော် ရှိလျက်နှင့် တရာတမ်းမှာ ပွင့်တော်မူသော ငါတို့မြတ်စွာဘုရားသည် “ကာလဝသေန ပရိဏမတိ”ဟူသော အဋ္ဌသာလိနီ အဋ္ဌကထာ (နှာ-၃၀၇) နှင့်အညီ သက်တော်တရာပင် မနေရသော်လည်း သက်တော် ရှစ်ဆယ်ကို ဘုရားရှင်တို့၏ အာဝေဏိက သက်တမ်းတော် အသီး ယူ၍ သက်တမ်း စေ့သဖြင့် အာယုက္ခယမရဏ ဖြင့်သာ ပရိနိဗ္ဗာန် စံယူတော်မူသည် ဟု ဆိုရသကဲ့သို့ ဝေဟပ္ဖိုလ် တိုင်အောင် ဆယ်ဘုံသော ရူပါဝစရ ဗြဟ္မာပြည်သို့ ရောက်ကုန်သော ဘုရားအလောင်း တို့လည်း သက်တမ်း စေ့အောင် ကြာရှည်နေမြဲ ဓမ္မတာမဟုတ်၍ အနည်းငယ်မျှသာ နေခဲ့၍ အာဝေဏိကသက်တမ်း စေ့သဖြင့် အာယုက္ခယ မရဏအားဖြင့်ပင် စုတေခဲ့သည်ဟု ကြံစည်တွေးဆ ဖြေဆိုရန် အကြောင်း ရနိုင်ရာ၏။ ဤသို့လျှင် “ကေသဉ္စိ ဒေဝါနဉ္စ” ဟူသောဋီကာ၌ ဗြဟ္မာကို ယူရလျှင် သင့်လျော်ရန် ရှိပေ၏။
တနည်းလည်း -- ကြီးမားသော ပါရမီရှိန်စော် အာနုဘော်သည် မြောက်ကော် ချီးမြှင့် အပ်သော အဓိမုတ္တိ ကုသိုလ်စိတ်တော်သည် အကျိုးပေးဆဲဖြစ်သော ရူပါဝစရဂရုကံကို ဖြတ်၍ ဥပစ္ဆေဒက ကံဖြင့် စုတေခဲ့သည်ဟု ဆိုလျှင်လည်း ကျန် ဗြဟ္မာဆယ်ဘုံကို “ကေသဉ္စိ ဒေဝါနံ” အရ၌ ယူသော် သင့်လျော်ရန် ရှိ၏။
အဓိမုတ္တိကာလံကိရိယာကို အာယုက္ခယမရဏ၌၊ တနည်း -- ဥပစ္ဆေဒက မရဏ၌ သွင်း၍ ယူသော် ယူတန်စေ။
သဠာယတနဝဂ္ဂ ဝေဒနာသံယုတ် (နှာ-၄၂၈) အင်္ဂုတ္တရအဋ္ဌကနိပါတ် ပါဠိတော်တို့၌ ဝေဒနာရောဂါ ဖြစ်ကြောင်း ရှစ်ပါး၊ မိလိန္ဒပဉှာ (နှာ-၂၉၁) ၌ သေခြင်း ရှစ်ပါး ဟူ၍ လာသော ဝါတသမုဋ္ဌာန, ပိတ္တသမုဋ္ဌာန, သေမှသမုဋ္ဌာန, သန္နိပါတိက, ဥတုဝိပရိဏာမဇ, ဝိသမပရိဟာရဇ, ဩပက္ကမိက, ကမ္မဝိပါကဇ ရှစ်ပါးတို့တွင် ကမ္မဝိပါကဇဟူသော ဥပစ္ဆေဒကမရဏမှ ကြွင်းသော သေခြင်း ခုနှစ်ပါးတို့ကို ဤ မရဏုပ္ပတ္တိလေးပါးဝယ် အဘယ် မရဏုပ္ပတ္တိ၌ သွင်းမည်နည်း ဟူမူ --
“ဂဗ္ဗော ဟိ ဝါတေန ပါဏကေဟိ ကမ္မုနာ စာတိ တီဟိ ကာရဏေဟိ ဝိနဿတိ”ဟူ၍ သီလက္ခန်အဋ္ဌကထာ (နှာ -၉၁) ၌ လာသော (လေ ပိုး ကမ္မ၊ တိဝိဓ၊ ဂဗ္ဘ ပျက်ကြောင်းတည်း) ဟူသော ကိုယ်ဝန် ပဋိသန္ဓေ ပျက်ကြောင်း သုံးပါးတို့တွင် လေ ပိုး နှစ်ပါးကြောင့် ပျက်ရာ၌လည်း --
ဝိနယဋ္ဌကထာယံ ပန ဝါတေန ပါဏကေဟိ ဝါ ဂဗ္ဘော ဝိနဿန္တော ကမ္မံ ဝိနာ န ဝိနဿတီတိ အဓိပ္ပါယေန တမညတြ ဒွီဟာကာရေဟီတိ ဝုတ္တံ။
ဟု-၎င်း သီလက္ခန် ဋီကာသစ် (နှာ-၃၇၅) စသည် လာတိုင်း ကံမကင်းနိုင်။ ကံနှင့် ပေါင်းဖက်၍ လေ ပိုးတို့ ဖျက်သည်ကို အသာဓာရဏနည်းဖြင့် “ဘေရီသဒ္ဒေါ ယဝင်္ကုရော”ဟူသကဲ့သို့ “ဝါတေန ပါဏကေဟိ” ဆိုသည်ဟု ယူရသည့်ပမာ မိလိန္ဒပဉှာ အကာလ မရဏပဉ္စ (နှာ-၂၉၁၊ ၂၉၂)၌လည်း --
ဇိဃစ္ဆာယ ပိပါသာယ၊
အဟိဒဋ္ဌော ဝိသေန စ။
အဂ္ဂိ ဥဒက သတ္တီဟိ၊
အကာလေ တတ္ထ မီယတိ။
ဟူသော အကာလမရဏ ခုနစ်ပါး။
ဝါတပိတ္တေဟိ သေမှေန၊ သန္နိပါတဥတူဟိ စ။
ဝိသမောပက္ကမ ကမ္မေဟိ၊ အကာလေ တတ္ထ မီယတိ။
ဟူသော တနည်း အကာလမရဏ ရှစ်ပါးတို့ကို ကံမကင်း၍ ဥပစ္ဆေဒက မရဏုပ္ပတ္တိ၌ပင် သွင်းရသည်၏ အဖြစ်ကို --
ဣဓ မဟာရာဇ ယော ပုဗ္ဗေ ပရေ ဇိဃစ္ဆာယ မာရေတိ။ သော ဗဟူနိ ဝဿသတသဟဿာနိ ဇိဃစ္ဆာယ ပရိပီဠိတော ဆာတော ။ပ။ ဇိဃစ္ဆာယယေဝ မရတိ ဒဟရောပိ မဇ္ဈိမောပိ မဟလ္လကောပိ။ ဣဒမ္ပိ တဿ အသာမယိကမရဏံ။
စသည်ဖြင့် တိုက်ရိုက်ပင် ရှေ့ခုနစ်ပါး၌ မိန့်ဆိုလျက်ရှိသည်။ နောက်ရှစ်ပါး ၌လည်း နည်းယူ၍ သိသင့်၏။ ထို့ကြောင့် သင်္ဂြိုဟ်ကျမ်း၌လာသော မရဏုပ္ပတ္တိ လေးပါးမှ လွတ်သော သေခြင်းမည်သည် တစုံတခုမျှ မရှိဟူ၍ မှတ်အပ်၏။
ကိုယ်ဝန်ပျက်ခြင်း ၃-ပါး
ဟိသစ္စံ၊ မှန်၏။
ဂဗ္ဘော၊ သူငယ်ကိုယ်ဝန် ပဋိသန္ဓေသည်။
ဝါတေန၊ ဖောက်ပြန်သော လေကြောင့်၎င်း။
ပါဏကေဟိ၊ ပိုးတို့ကြောင့်၎င်း။
ကမ္မုနာ စ၊ ဥပစ္ဆေဒက ကံကြောင့်၎င်း။
ဣတိ၊ ဤသို့။
တီဟိ၊ သုံးပါးကုန်သော။
ကာရဏေဟိ၊ အကြောင်းတို့ကြောင့်။
ဝိနဿတိ၊ ပျက်၏။
သေချိန်ကာလ မဟုတ်ပဲ
သေခြင်း ၇-ပါး၊ ၈-ပါး
ဇိဃစ္ဆာယ၊ ဆာလောင်ခြင်းကြောင့်၎င်း။
ပိပါသာယ၊ ရေမွတ်သိပ်ခြင်းကြောင့်၎င်း။
အဟိဒဋ္ဌော၊ မြွေကိုက်အပ်သည်ဖြစ်၍၎င်း။
ဝိသေန စ၊ အဆိပ်ကြောင့်၎င်း။
အဂ္ဂိ ဥဒက သတ္တီဟိ၊ မီး ရေ လှန် လက်နက်တို့ကြောင့်၎င်း။
တတ္ထ တာဒိသေ၊ ထိုသို့သဘောရှိသော။
အကာလေ၊ အာယု ကမ္မ ဥဘယခိဏ် သေချိန်ကာလ မဟုတ်သည်၌။
မီယတိ၊ သေပျက်ရ၏ ၊
ဝါတ ပိတ္တေဟိ၊ လေ သည်းခြေတို့ကြောင့်၎င်း။
သေမှေန၊ သလိပ်ကြောင့်၎င်း။
သန္နိပါတဥတူဟိ စ၊ (လေ သည်းခြေ သလိပ်) သုံးပါးပေါင်းစု အချမ်း အပူ ဥတု ကြောင့်၎င်း။
ဝိသမောပက္ကမ ကမ္မေဟိ၊ ကိုယ့်အားနှင့် မမျှအောင် ပြုခြင်း, မိမိ သူတပါးတို့၏ လုံ့လ, ဥပစ္ဆေဒကကံ တို့ကြောင့်၎င်း။
တတ္ထ၊ ထိုသို့ သဘောရှိသော။
အကာလေ၊ သေချိန်ကာလ မဟုတ်သည်၌။
မီယတိ၊ သေပျက်ရ၏။
မရဏာသန္နဝီထိနှင့်
ပဋိသန္ဓေစိတ်
“ဝီထိစိတ္တာ၀သာနေ”ဟူရာ၌ --“ကာမဘဝတော စဝိတွာ တတ္ထေ၀ ဥပ္ပဇ္ဇမာနာနံ တဒါရမ္မဏပရိယောသာနာနိ, သေသာနံ ဇဝနပရိယောသာနာနီတိ ဓမ္မာနုသာရဏီယံ ဝုတ္တံ”- ဟု ဋီကာကျော် (နှာ-၁၈၉)၌ ဆို၏။
ဇဝန တဒါရမ္မဏ နှစ်ဝါရပင် ရ၏ဟု “သင်္ခါရပစ္စယာ ဝိညာဏံ” အဖွင့် သမ္မောဟ- ဝိနောဒနီ အဋ္ဌကထာ (နှာ-၁၄၉၊ ၁၅ဝ)တို့၌ လာတိုင်း မှတ်။
“အဝိဇ္ဇာနုသယ ပရိက္ခိတ္တေန”စသည်၌ --
အဝိဇ္ဇာ တဏှာ သင်္ခါရ၊
သဟဇေဟိ အပါယိနံ။
ဝိသယာဒီနဝစ္ဆာဒံ၊
နာမနံ ခိပ နမ္ပိ စ။
အပ္ပဟီနေဟိ သေသာနံ၊
ဆာဒနံ နာမနမ္ပိ စ။
ခိပကာ ပန သင်္ခါရာ၊
ကုသလာဝ ဘဝန္တိဟ။
ဋီကာကျော် (နှာ-၁၈၉-၁၉၀) လာတိုင်းမှတ်။ (အနက် ရှေး ၁၀၃-နှာ၌ သမ္ဗန်ခဲ့ပြီ။)
သင်္ခါရ အရကိုလည်း “သင်္ခါရေနာ’တိ ကုသလာ ကုသလကမ္မေန ကမ္မသဟဇာတ ဖဿာဒိ ဓမ္မသမုဒါယေန စုတိအာသန္န ဧဝနသဟဇာတေန ဝါ- ဟု ဋီကာကျော် (နှာ-၁၈၉-၌)ဖွင့်တိုင်း မှတ်။
သင်္ခါရေနာတိ၊ သင်္ခါရေန ဟူသည်ကား။
ကမ္မသဟဇာတ ဖဿာဒိ ဓမ္မသမုဒါယေန၊ ကံနှင့်တကွဖြစ်သော ဖဿစသော တရား အပေါင်းရှိသော။
ဝါ၊ တနည်းကား။
စုတိအာသန္န ဇဝန သဟဇာတေန၊ စုတိ၏အနီး ဖြစ်သော ဇောနှင့်တကွဖြစ်သော။
ကုသလာ ကုသလကမ္မေန၊ ကုသိုလ် အကုသိုလ်ကံသည်။
(သင်္ခါရအရ ကုသိုလ်ကံ အကုသိုလ်ကံကိုယူ)
“ဥပ္ပဇ္ဇမာနမေဝ ပတိဋ္ဌာတိ” ၌ ပဲ့တင်သံ ဆီမီးလျှံ တံဆိပ်ရေးတို့ကဲ့သို့ မှတ်။
မရဏာသန္နဝီထိ၏အာရုံ
‘ပစ္စုပ္ပန္နာရမ္မဏေသု’ ၌ --
မနောဒွါရေ ဂတိနိမိတ္တဝသေန ပဉ္စဒွါရေ ကမ္မနိမိတ္တဝသေန။
“ပဋိသန္ဓိဘဝင်္ဂါနမ္ပိ ပစ္စုပ္ပန္နာရမ္မဏတာ လဗ္ဘတီတိ မနောဒွါရေ တာ၀ ပဋိသန္ဓိယာ စတုန္နဉ္စ ဘဝင်္ဂါနံ။ ပဉ္စဒွါရေ ပန ပဋိသန္ဓိယာဝ ပစ္စုပ္ပန္နာရမ္မဏဘာဝေါ လဗ္ဘတိ (ဋီကာကျော် နှာ-၁၉၀)
ပဋိသန္ဓိဘဝင်္ဂါနမ္ပိ ပစ္စုပ္ပန္နာရမ္မဏတာ လဗ္ဘတီတိ၊ ပဋိသန္ဓိဘဝင်္ဂါနမ္ပိ ပစ္စုပ္ပန္နာ- ရမ္မဏတာ လဗ္ဘတိ ဟူသည်ကား။
မနောဒွါရေ၊ မနောဒွါရ၌၊
တာဝ၊ ရှေးဦးစွာ။
ပဋိသန္ဓိယာ စ၊ ပဋိသန္ဓေစိတ်၏၎င်း။
စတုန္နံ၊ ၄-ပါးကုန်သော။
ဘဝင်္ဂါ နဉ္စ၊ ပဋိသန္ဓေနောင် ဆက်၍ ဖြစ်သော ဘဝင်စိတ်တို့၏၎င်း။
(ပစ္စုပ္ပန္နာရမ္မဏဘာဝေါ၊ ပစ္စုပ္ပန်အာရုံ၏အဖြစ်ကို။
လဗ္ဘတိ၊ ရအပ်၏။)
ပဉ္စဒွါရေ ပန၊ ပဉ္စဒွါရ၌ကား။
ပဋိသန္ဓိယာဝ၊ ပဋိသန္ဓေစိတ်၏သာလျှင်။
ပစ္စုပ္ပန္နာရမ္မဏဘာဝေါ၊ ပစ္စုပ္ပန်အာရုံ၏အဖြစ်ကို။
လဗ္ဘတိ၊ ရအပ်၏။
ဓမ္မာနုသာရဏီကျမ်း၌ ဆိုတိုင်း တဒါရုံ အဆုံးရှိသော ဝီထိကိုသာ ချ၍ အလွန်ဆုံး ဘဝင် လေးချက်တွင် ရှေ့ ပစ္စုပ္ပန်အာရုံ ရသည်။ သမ္မောဟဝိနောဒနီ၊ ဋ္ဌ၊ နှာ-၁၅၀-၁၊ ဝိသုဒ္ဓိမဂ် ဒု၊ နှာ-၁၈၁ လာတိုင်း ဇောအဆုံးရှိသော ဝီထိကို ချမူကား မနောဒွါရ၌ ဘဝင် ခြောက်ချက် ပစ္စုပ္ပန်အာရုံ ရ၏။
“ဆဒွါရဂ္ဂဟိတံ” ၌ —
ကမ္မနိမိတ္တံ ဆဒွါရဂ္ဂဟိတံ။ ဂတိနိမိတ္တံ ဆဋ္ဌဒွါရဂ္ဂဟိတန္တိ ယထာသမ္ဘဝံ ယောဇေတဗ္ဗံ။ (ဋီကာကျော် နှာ-၁၉၁)
ကမ္မနိမိတ္တံ၊ ကမ္မနိမိတ်ကို။
ဆဒွါရဂ္ဂဟိတံ၊ ခြောက်ဒွါရဖြင့် ယူအပ်၏။
ဂတိနိမိတ္တံ၊ ဂတိနိမိတ်ကို။
ဆဋ္ဌဒွါရဂ္ဂဟိတံ၊ ခြောက်ခုမြောက်သော မနောဒွါရဖြင့် ယူအပ်၏။
ဣတိ၊ ဤသို့။
ယထာသမ္ဘဝံ၊ ဖြစ်ထိုက်သည်အားလျော်စွာ။
ယောဇေတဗ္ဗံ၊ ယှဉ်အပ်၏။
“ဆဒွါရဉ္စ ဆဋ္ဌဒွါရဉ္စ ဆဒွါရာနိ” ဟု ဝိရူပေကသိသ် ပြုစေလိုသည်။ ဤ အရာဝယ် ကာယဒွါရ ဝစီဒွါရဟူသော ဝိညတ် နှစ်ပါးဖြစ်ရာ၌ ဝီထိကျပုံကို သရုပ်သင်္ချာ နှင့်တကွ အသေအချာ သိစေခြင်းငှါ ဝဇီရာရာမဆရာတော်မေးရာ ဆရာ ဖြေဆိုဆုံးဖြတ် အပ်သော “သသင်္ကဝိနိစ္ဆယ” ကို သွင်း၍ ပြဦးအံ့။
“အသင်္ကဝိနိစ္ဆယ”
ဝိညတ္တိဂ္ဂဟဏဝီထိ သဘောအကျယ်
အထ ပန နာလမ္ဗိတာပိ ဝိညတ္တိ ကာယိက ကရဏဂ္ဂဟဏဿ စ ပစ္စယော ပုရိမသိဒ္ဓ- သမ္ဗန္ဓဂ္ဂဟဏောပနိဿယဝသေန သာဓိပ္ပါယဝိကာရဘူတဝဏ္ဏဂ္ဂဟဏာနန္တရံ ပဝတ္တမာနဿ အဓိပ္ပါယဂ္ဂတဏဿ အဓိပ္ပါယသဟဘူဝိကာရာဘာဝေ အဘာဝတော။ ဧဝံ သတိ ဝဏ္ဏဂ္ဂဟဏာနန္တရေန ဥဒကာဒိဂ္ဂဟဏေနေဝ တာလပဏ္ဏာဒိသညာ- ဏာကာရော ဝိယ ဝဏ္ဏဂ္ဂဟဏာနန္တရေန အဓိပ္ပါယဂ္ဂဟဏေနေဝ ဝိညတ္တိ ပါကဋာ ဟောတီတီ “ဣဒဉ္စိဒဉ္စ ဧသ ကာရေတိ မညေ”တိ အဓိပ္ပါယဝိဇာနနေနေဝ ဝိညတ္တိယာ ဝိညာတတာ ဝုတ္တာ။
။ဓမ္မသင်္ဂဏီ - မူလဋီကာပါဌ် (နှာ-၇၃)
ကာယဝိညတ်ဖြစ်ပုံ ဝီထိ ၃-ဆင့်
ပန၊ တနည်းမူကား။
နာလမ္ဗိတာပိ၊ အာရုံပင် ထင်ရှားတပ်တပ် မပြုအပ်သော်လည်း။
ဝိညတ္တိ၊ ဝါယောဓာတွာဓိက စိတ္တဇဘုတ်တို့၏ လှုပ်ရှားခြင်း ဝိကာရသဘာဝ ကာယ ဝိညတ်သည်။
ကာယိက ကရဏဂ္ဂဟဏဿ စ၊ “ကာယဒွါရိကစိတ္တကြိယာ”ဟူသော အလိုကို မှတ်ယူခြင်း၏လည်း။
ပစ္စယော၊ အကြောင်း ဖြစ်နိုင်သည်။
အထ ဟောတိ၊ အကယ်၍ ဖြစ်ငြားအံ့။
ကသ္မာ၊ အဘယ့်ကြောင့် ဖြစ်ငြားအံ့ဟု ဆိုသနည်း ဟူမူ။
ပုရိမသိဒ္ဓ သမ္ဗန္ဓဂ္ဂဟဏောပနိဿယ ဝသေန၊ ရှေးကာလတပါးက ထင်ရှားပြီးပြေ ခဲ့သော သင်္ကေတ ပညတ်အစပ်ကို ယူမှတ်ခြင်း အကြောင်းရင်း ဥပနိဿယ၏ အစွမ်းဖြင့်။
သာဓိပ္ပါယ ဝိကာရဘူတဝဏ္ဏဂ္ဂဟဏာနန္တရံ၊ အလိုဆန္ဒ ဝိကာရ နှစ်ပါးနှင့်တကွ ဖြစ်၍ ဖြစ်သော အဆင်းကို ယူသော စက္ခုဝိညာဏဝီထိ တဒနုဝတ္တိကဝီထိ နှစ်ဝီထိ၏ အခြားမဲ့၌။
ပဝတ္တမာနဿ၊ ဖြစ်သော။
အဓိပ္ပါယဂ္ဂတဏဿ၊ အလိုကို ယူသော သုဒ္ဓမနောဒွါရိက တတိယ ဝီထိစိတ်၏။
အဓိပ္ပါယသဟဘူဝိကာရာ ဘာဝေ၊ အလိုနှင့်တကွ ဖြစ်လေ့ရှိသော လှုပ်ရှားဖောက်ပြန် ခြင်း အကြောင်းရင်း မရှိလတ်သော်၊
အဘာဝတော၊ မဖြစ်နိုင်ကောင်းသောကြောင့်တည်း။
ဧဝံ သတိ၊ ဤသို့ အာရုံမပြုအပ်သော ဝိညတ်သည်ပင် ကိုယ်ဖြင့် ပြအပ်သော အလို ဆန္ဒကို သိခြင်း၏ အကြောင်း ဖြစ်နိုင်ခဲ့သည်ရှိသော်။
ဝဏ္ဏဂ္ဂဟဏာနန္တရေန၊ ထန်းရွက်စသည်တို့၏ အဆင်းကို ယူသော စက္ခုဝိညာဏဝီထိ, တဒနုဝတ္တိက မနောဒွါရိကဝီထိ နှစ်ဝီထိ၏ အခြားမဲ့၌ ဖြစ်သော။
ဥဒကာဒိဂ္ဂဟဏေနေဝ၊ ရေစသည်ကို ယူသော သုဒ္ဓမနောဒွါရိက တတိယဝီထိဖြင့် သာလျှင်။
တာလပဏ္ဏာဒိသညာဏာကာရော၊ ထန်းရွက်စသည်နှင့် စပ်သော အမှတ်သင်္ကေတ အခြင်းအရာသည်။
ပါကဋောဝိယ၊ တမင် အာရုံမပြုပဲ သူ့အလိုလို အသိဉာဏ်တွင် ထင်ရှားလာသကဲ့သို့။
ဝဏ္ဏဂ္ဂဟဏာနန္တရေန၊ လက်စသည်၏ အဆင်းကိုယူသော နှစ်ဝီထိ၏အခြားမဲ့၌ ဖြစ်သော။
အဓိပ္ပါယဂ္ဂဟဏေနေဝ၊ အလိုကိုယူသော သုဒ္ဓမနောဒွါရိက တတိယဝီထိဖြင့်သာလျှင်။
ဝိညတ္တိ၊ ဝိညတ်သည်။
ပါကဋာ၊ ထင်ရှား၍လာသည်။
ဟောတိ၊ ဖြစ်၏။
ဣတိ၊ ထို့ကြောင့်။
“ဣဒဉ္စိဒဉ္စ ဧသ ကာရေတိ မညေ”တိ၊ ဟူသောပါဌ်ဖြင့်။
အဓိပ္ပါယဝိဇာနနေနေဝ၊ အလိုကို သိခြင်းဖြင့်သာလျှင်။
ဝိညတ္တိယာ၊ ဝိညတ်၏။
ဝိညာတတာ၊ သိအပ်သည်၏အဖြစ်ကို၊
ဝုတ္တာ၊ အဋ္ဌကထာဆရာမြတ် မိန့်ဆိုအပ်၏။
ဤ၌ “နာလမ္ဗိတာပိ” ဆိုသော်လည်း “အထ ပနာတိ အာဒိနာ ဝိညတ္တိယာ အနုမာနေန ဂဟေတဗ္ဗတံ ဒဿေတိ”။
အထ ပနာတိအာဒိနာ၊ အထ ပန စသော စကားဖြင့်။
ဝိညတ္တိယာ၊ ဝိညတ်၏။
အနုမာနေန၊ ဆသောအားဖြင့်။
ဂဟေ တဗ္ဗတံ၊ ယူအပ်သည်၏အဖြစ်ကို။
ဒဿေတိ၊ ပြ၏-ဟု
အနုဋီကာ (နှာ-၇၉) ၌ လာရှိရကား အထင်အရှား မသိ၊ မထင်မရှား သိသည် အာရုံပြုသည်ကို ယူအပ်၏။
ထိုသို့ ဝိညတ်ကို သိပါမှသာလျှင် ဝိညတ္တိသမုဋ္ဌာပက စိတ်ဟူသော အလို အဓိပ္ပါယကို သိကြနိုင်သည်။ ထိုသို့ ဝိညတ်ကို အာရုံပြုအပ်ပါလျက် “နာလမ္ဗိတာပိ ဝိညတ္တိ”ဟု မူလဋီကာ ဆိုသည်ကား နွားဒြပ်ကို မြင်လျှင် နွားဇာတ်နှင့် နွားဒြပ်တို့၏ အစပ် သမ္ဗန်သည် မသိသာ မထင်ရှားရကား ပဝတ္တနိမိတ်သို့ သွင်း၍ မရေတွက်အပ်သကဲ့သို့ မနောဒွါရဝီထိ၏ အာရုံဖြစ်သော ဝိညတ်သည်လည်း အကူးအစပ်မျှ ဖြစ်၍ မပြဓာန်း မသိသာ။
နောက် အဓိပ္ပါယဂ္ဂဟဏ ဝီထိစိတ် ဖြစ်သည်ကို ထောက်ဆမှ ရှေး၌ ဝိညတ္တိဂ္ဂဟဏ စိတ် ဖြစ်ဟန်ရှိ၏ ဟု အနုမာန အားဖြင့်သာ သိရသောကြောင့် အဗ္ဗောဟာရိက[၁] အရာသို့ ချ၍ “နာလမ္ဗိတာပိ ဝိညတ္တိ”ဟု ဆိုသည်။
[၁။ အဗ္ဗောဟာရိက = ( အ + ဝေါဟာရ + ဣက ) = မပြောပလောက်ခြင်း၊ အရေး မထားလောက် မမှုလောက်။]
ထို့ကြောင့်ပင် ဝစီဘေဒသဒ္ဒါ ဝီထိစိတ်အစဉ်ကို ပြရာ၌ ဝိညတ္တိဂ္ဂဟဏဝီထိကို မပြမူ၍ “သဒ္ဒံ ပထမစိတ္တေန”စသည်ဖြင့် မိန့်ကြလေကုန်သည်။ “ဝစီဃောသာနုသာရေန” စသော ဂါထာ အဖွင့်များ၌လည်း ဝိညတ္တိဂ္ဂဟဏဝီထိစိတ်ကို အမြွက်မျှ မဆိုကြကုန်။
သို့သော်လည်း ဝိညတ္တိဂ္ဂဟဏဝီထိစိတ်ကား ဖြစ်၏ဟု ယူမှ “ဝိညာပနတ္တာ ပနေသာ ဝိညတ္တီတိ ဝုစ္စတိ”၊ “ဝိညေယျတောပိ ပန ဝိညတ္တိယေဝနာမ” ဟူသော အဋ္ဌသာလိနီ အဋ္ဌကထာ (နှာ-၁၂၅-၁၂၆။) “ဉာပကော စ ဟေတု ဉာပေတဗ္ဗမတ္ထံ သယံ ဉာတောယေဝ ဉာပေတိ”။ ဟူသော ဓမ္မသင်္ဂဏီ-အနုဋီကာ (နှာ-၇၉) တို့နှင့် ညီအံ့သည်။
ဝိညတ်အဓိပ္ပါယ်
အနက်ကား -
ဝိညာပနတ္တာ ပန၊ သိစေတတ်သောကြောင့်ကား။
ဧသာ၊ ဤကိုယ်အမူအရာကို။
ဝိညတ္တီတိ၊ ဝိညတ်ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ပန၊ စင်စစ်ကား။
ဝိညေယျတောပိ၊ သိအပ်သောကြောင့်လည်း။
ဝိညတ္တိယေဝ နာမ၊ ဝိညတ် မည်သည်သာတည်း။ ။
ဉာပကော စ ဟေတု၊ ဉာပကဟိတ် မည်သည်လည်း။
သယံ၊ မိမိကို။
ဉာတောယေဝ၊ သိအပ်သော်သာလျှင်။
ဉာပေတဗ္ဗံ၊ သိစေအပ်သော။
အတ္ထံ၊ အကျိုးကို။
ဉာပေတိ၊ သိစေတတ်၏။
ကာယဝိညတ်ဝီထိများ ဖြစ်ပုံ
လက်ယပ်၍ ခေါ်ငင်ကြရာ ထိုကာယဝိညတ် ဖြစ်ရာ၌ --
သဒ္ဒံ ပထမစိတ္တေနာ၊
တီတံ ဒုတိယစေတသာ။
နာမံ တတိယစိတ္တေန၊
အတ္ထံ စတုတ္ထစေတသာ။
ဟူသော မဏိသာရ မဉ္ဇူသာ (ဆဋ္ဌမူ ဒု၊ နှာ-၄၇၂၊) နည်းပြဂါထာနှင့်အညီ
- ဖန္ဒမာန ပစ္စုပ္ပန် ဝဏ္ဏာယတနကို အာရုံပြု၍ စက္ခုဝိညာဏဝီထိတခု။
- ထို အတိတ် ဝဏ္ဏာယတနကို အာရုံပြု၍ တဒနုဝတ္တိကမနောဒွါရဝီထိတခု။
- ထို အတိတ် ဝဏ္ဏာယတနကိုပင် ဆုံးဖြတ်သောအားဖြင့် ထပ်၍ သိပြန်သော ဒုတိယ တဒနုဝတ္တိက ဝိနိစ္ဆယမနောဒွါရဝီထိတခု။
ဤနောက် ဝီထိ (တတိယဝီထိ)ကား မဏိမဉ္ဇူ (ဒု၊ နှာ-၁၄၂, ၄၇၂)၌ ဆို၏။ စိတ်၏ လဟုပရိဝတ္တိ ဖြစ်ရကား ဆိုတိုင်းပင် ဖြစ်သင့်ရာ၏။ နည်းပြဂါထာ၌ကား တီတံ ဒုတိယစေတသာ-တွင် သွင်းအပ်၏။
ထို့နောင် အောက်သို့ စဉ်းငယ်ရွေ့၍ ဥပါဒ်သော ဖန္ဒမာန ပစ္စုပ္ပန် ဝဏ္ဏာယတန အတိတ် ဝဏ္ဏာယတနတို့ကို အာရုံပြု၍ ထို့အတူ သုံးဝီထိ။ ထိုနည်းတူ အောက် အောက်ဌာနသို့ စဉ်းငယ် စဉ်းငယ် ရွှေ့ပြောင်း၍ ဥပါဒ်သော ဖန္ဒမာန ဝဏ္ဏာယတန တို့ကို အာရုံပြု၍ သုံးဝီထိ အလှည့်စီ၊ လက်ယပ်သည့်အခါ မျက်စိ တမှိတ်ခန့်ကြာလျှင် ကုဋေတသိန်းခန့် နှစ်မှိတ်ခန့်ကြာလျှင် ကုဋေ နှစ်သိန်းခန့် စိတ္တက္ခဏတို့ဖြင့် ဖြစ်သည်ကို သဘောတူ ပေါင်းစု၍ သုံးဝီထိ ဟု ဆိုအပ်၏။
ထိုတွင် ပဉ္စဒွါရဝီထိချင်း ဆက်၍ မကျကောင်း ဟု အဋ္ဌကထာ ရှိရကား စက္ခုဒွါရဝီထိမှာ တလှည့်ကို တကြိမ်သာ။ တဒနုဝတ္တိကမနောဒွါရဝီထိတို့ကား ဇာတ်တူဝီထိ အများပင် ဖြစ်သင့်ရာ၏။
စတုတ္ထမနောဒွါရဝီထိ
ဤသို့လျှင် စက္ခုဝိညာဏဝီထိ တဒနုဝတ္ထိကဝီထိ ဝိနိစ္ဆယဝီထိ သုံးခုတို့၏ အကြိမ်ကြိမ် ဖြစ်၍ အထက် အရပ်မှ အောက်တမိုက်ခန့် တထွာခန့် တတောင်ခန့် အရပ်တိုင်အောင် လှုပ်ရှားသော လက်၌ တည်သော ဝဏ္ဏာယတနတို့၏ အပေါင်းအစု ဟူသော သမူဟာကာရ ပညတ်ကို အာရုံပြု၍ စတုတ္တ သုဒ္ဓမနောဒွါရဝီထိ ဖြစ်၏။ ဤဝီထိကား ... ဒွက္ခရ တျက္ခရသဒ္ဒါ တို့၌လာသော သာရတ္ထဒီပနီ, အဘိဓမ္မာဝတာရ ဋီကာ (ဒု၊ နှာ-၃၀၃) နည်းတည်း။
မဏိမဉ္ဇူ၌ မဆိုသော်လည်း ယပ်သောလက်၏ အထက်မှာ မြင်တဲ့ချေ, အောက်မှာ မြင်တဲ့ချေ ဖြစ်သော ဖန္ဒမာနဝဏ္ဏာယတနတို့ကို ပေါင်းစု ထောက်ဆမှ ဝိကာရ အခြင်း အရာဝိညတ်ကို သိနိုင်မည်ဖြစ်၍ ဝစီဝိညတ်အရာ ဒွတ္တိအက္ခရသဒ္ဒါ တို့၌ သာရတ္ထဒီပနီ အဘိဓမ္မာဝတာရ ဋီကာလာ သမူဟာကာရ ပညတ္တာရမ္မဏ သုဒ္ဓမနောဒွါရဝီထိကို ဤ ကာယဝိညတ္တိ အရာ၌လည်း နည်းယူသင့်သည်ပင်။
ပဉ္စမ မနောဒွါရဝီထိ
ထို့နောင် ဝါယောဓာတွာဓိက စိတ္တဇဘုတ်တို့၏ လှုပ်ရှားသော အခြင်းအရာ အာကာရပညတ် ကာယဝိညတ်ကို အာရုံပြု၍ ပဉ္စမသုဒ္ဓမနောဒွါရဝီထိ ဖြစ်၏။ ၎င်း ဝီထိကို စတုတ္ထဟု မဏိမဉ္ဇူ (ဒု၊ နှာ-၁၄၂, ၄၇၂) ဆို၏။
ဤ၌ တဒနုဝတ္တိကဝီထိတို့ကို စက္ခုဝိညာဏဝီထိ၌ သင်္ဂြိုဟ်၍ သမူဟာကာရ ပညတ္တာရမ္မဏဝီထိကိုလည်း အဗ္ဗောဟာရိကပြု၍ --
စိတ္တဿ ပန လဟုပရိဝတ္တိတာယ စက္ခုဝိညာဏဝီထိယာ အနန္တရံ မနောဝိညာဏေန ဝိညာတမ္ပိ စလနံ စက္ခုနာ ဒိဋ္ဌံ ဝိယ မညန္တိ အဝိသေသဝိဒုနော --
ဟု ဓမ္မသင်္ဂဏီ-မူလဋီကာ (နှာ-၇၂)၌ မိန့်သည်။
စိတ္တဿ ပန၊ စိတ်၏ကား။
လဟုပရိဝတ္တိတာယ၊ လျင်မြန်သော အပြန်ရှိသည်၏ အဖြစ်ကြောင့်။
စက္ခုဝိညာဏဝီထိယာ၊ စက္ခုဝိညာဏဝီထိ၏။
အနန္တရံ၊ အခြားမဲ့၌။
မနောဝိညာဏေန၊ မနောဝိညာဉ်ဖြင့်။
ဝိညာတမ္ပိ၊ သိအပ်သည်လည်း ဖြစ်သော။
စလနံ၊ လှုပ်ခြင်းကို။
စက္ခုနာ၊ မျက်စိဖြင့်။
ဒိဋ္ဌံ ဝိယ၊ မြင်အပ်သကဲ့သို့။
အဝိသေသ ဝိဒုနော၊ ရှေ့နောက်စိတ်တို့ အထူးကို မသိတတ်ကုန်သော အန္ဓဗာလ တို့သည်။
မညန္တိ၊ မှတ်ထင်မှောက်မှား ကြကုန်၏။
ကာယဝိညတ်ကို ၅-ဝီထိအားဖြင့် သိခြင်း
ဤသို့လျှင် ကာယဝိညတ်ကို သိသော ဝီထိတိုင်အောင် --
- စက္ခုဝိညာဏဝီထိ
- တဒနုဝတ္တိကဝီထိ
- ဝိနိစ္ဆယဝီထိ
- သမူဟာကာရဂ္ဂဟဏဝီထိ
- ဝိညတ္တိဂ္ဂဟဏဝီထိ -
အားဖြင့် ငါးဝီထိ ဖြစ်သတည်း။
ဤ စကားလည်း အကြမ်းသာတည်း။ အနုစိတ်လိုမူကား --
တဇ္ဇောပါဒါသမူဟဉ္စ၊
သန္တတိံ အတ္ထသင်္ကေတံ။
သဒ္ဒပညတ္တိမာလမ္ဗ၊
၀ဒန္တေ ဝတ္တတေ စိတ္တံ။
ဟူသော ဂါထာကို နည်းမှီ၍ “ဝစီဃောသာနုသာရေန” စသော ဂါထာအဖွင့် အထက် ပစ္စည်းပိုင်း အဆုံးတွင် ဆိုသည့် ဝီထိများကို သွင်းလျက် အကျယ်တဝင့် အနုစိတ်၍ သိအပ်၏။
ကာယဝိညတ်ဖြစ်ပုံကို သိသော ဝီထိ ၃-မျိုး
ထို့နောင် လက်ကို အောက်သို့ လှုပ်လျှင် ခေါ်သည် ဟု …
- ရှေး၌မှတ်ဘူးသော သင်္ကေတပညတ်ကို အာရုံပြု၍ မနောဒွါရ သင်္ကေတဝီထိ ၁-ခု၊
- ထို သင်္ကေတပညတ်နှင့် ယခုလှုပ်သည်ကို(ဆက်စပ်) ရောစပ်သောအားဖြင့် အစပ် သမ္ဗန်ကို အာရုံပြုသော မနောဒွါရ သမ္ဗန္ဓဝီထိ ၁-ခု။
- ဤ လက်ကို အောက်သို့ လှုပ်သည်ဟု ဆုံးဖြတ်သော မနောဒွါရ ဝိနိစ္ဆယဝီထိ ၁-ခု။
ဤဝီထိသုံးမျိုးရှိသည် ဖြစ်ကုန်၏။ ဤသုံးဝီထိဖြစ်သင့်သည်ကို --
“ပုရိမသိဒ္ဓသမ္ဗန္ဓဂ္ဂဟဏောပ ́နိဿယဝသေန”
ဟူသော ဓမ္မသင်္ဂဏီ - မူလဋီကာ (နှာ-၇၃။)
သောတာလမ္ဗနမာပန္နော၊
သင်္ကေတေန ၀ဝတ္ထိတော။
အတ္ထဿ ဉာပကော သဒ္ဒေါ၊
နာသန္တေ ကရဏဒွယေ။
ဟူသော ဘေဒစိန္တာ နည်းပြဂါထာ (ဂါထာအမှတ် ၁၁) ကို မှီ၍ ဖွဲ့စီအပ်သော
စက္ခာလမ္ဗနမာပန္နော၊
သင်္ကေတေန ဝဝတ္ထိတော၊
ဆန္ဒဿ ဉာပကော ဝဏ္ဏော၊
နာသန္တေ ကာရဏဒွယေ။
ဟူသော ရစနာဂါထာ။
ဇနယိတွာန သမ္ဗန္ဓံ၊
ကြိယာ ကာစိ နိဝတ္တတေ။
သုယျမာနေ ကြိယာသဒ္ဒေ၊
သမ္ဗန္ဓော ဇာယတေ ကွစိ။
ဟူသော ဘေဒစိန္တာဋီကာ၊ လူနှစ်ယောက် ဒြပ်ကို မြင်လျှင် ပေးခြင်း ယူခြင်း စသော ကြိယာကို ကြံ၍ သမ္ဗန်ကို သိပြီးမှ သား, အဘဒြပ်ဟု ဆုံးဖြတ်ဉာဏ် ဖြစ်သည်များကို ထောက်၍ ယုံကြည်အပ်၏။
သောတာလမ္ဗနံ၊ သောတဝိညာဏ်၏ အာရုံအဖြစ်သို့။
အာပန္နော၊ ရောက်သော။
သင်္ကေတေန၊ လောကအမှတ်ဖြင့်။
ဝဝတ္ထိတော၊ ပိုင်းခြားမှတ်သားအပ်ဘူးသော။
သဒ္ဒေါ၊ သဒ္ဒါသည်။
အတ္ထဿ၊ အနက်ကို။
ဉာပကော၊ သိစေတတ်၏။
ကာရဏဒွယေ၊ အကြောင်းနှစ်ပါးသည်။
အသန္တေ၊ မရှိလတ်သော်။
န ဉာပကော၊ မသိစေတတ်။
(နောက်ဂါထာ နည်းတူ။)
စက္ခာလမ္ဗနံ၊ စက္ခုဝိညာဏ်၏ အာရုံအဖြစ်သို့။
ဆန္ဒဿ၊ အလိုဆန္ဒကို။
ဝဏ္ဏော၊ အဆင်းသည်။
-ဟုအနက်ပေး။
ကာစိ ကြိယာ၊ အချို့ ကြိယာသည်။
သမ္ဗန္ဓံ၊ မူလသမ္ဗန်ကို။
ဇနယိတွာန၊ ဖြစ်စေပြီး၍။
နိဝတ္တတေ၊ နစ်လေ၏။
ကွစိ၊ အချို့သောအရာ၌။
ကြိယာသဒ္ဒေ၊ ကြိယာသဒ္ဒါကို၊
သုယျမာနေ၊ ကြားအပ်သည်ရှိသော်။
သမ္ဗန္ဓော၊ ပဝတ္တိသမ္ဗန်သည်။
ဇာယတေ၊ ဖြစ်၏။
ဤသုံးဝီထိ ကျပြီးမှ “ဤသူ ငါ့ကို ခေါ်သည်, လာစေလိုသည်”ဟု အလိုကို သိသော အဓိပ္ပါယဂ္ဂဟဏ စတုတ္ထဝီထိ ဖြစ်၏။ ယခင် ငါးဝီထိနှင့် ပေါင်းလျှင် နဝမဝီထိဟု ဆိုအပ်၏။
မဏိမဉ္ဇူ၌ကား တဒနုဝတ္တိက မနောဒွါရ နှစ်ဝီထိကို စက္ခုဝိညာဏဝီထိ၌ သွင်း၍ သမူဟကဝီထိ, သင်္ကေတဝီထိ, သမ္ဗန္ဓဝီထိ, ဝိနိစ္ဆယဝီထိ တို့ကိုလည်း အဗ္ဗောဟာရိက ပြု၍ --
“အဓိပ္ပါယော ပန ဝိညတ္တိဝိဇာနနာနန္တရံ ပဉ္စမ မနောဒွါရိကဇဝနေဟိ ဝိညာယတိ”—
ဟု ဆို၏။ (မဏိသာရမဉ္ဇူ၊ ဒု၊ နှာ-၁၄၂)
အဓိပ္ပါယော ပန၊ အလိုကိုကား။
ဝိညတ္တိဝိဇာနနာနန္တရံ၊ ဝိညတ်ကိုသိသည်၏ အခြားမဲ့၌။
ပဉ္စမ မနောဒွါရိက ဇဝနေဟိ၊ ငါးခုမြောက်သော မနောဒွါရိက ဝီထိစိတ်တို့ဖြင့်။
ဝိညာယတိ၊ သိအပ်၏။
ဓမ္မသင်္ဂဏီ မူလဋီကာ (နှာ-၇၃) ၌ကား အကြား ခုနစ်ဝီထိလုံးကိုပင် အဗ္ဗောဟာရိက ပြု၍ --
“သာဓိပ္ပါယဝိကာရ ဘူတဝဏ္ဏဂ္ဂဟဏာနန္တရံ ပဝတ္တမာနဿ အဓိပ္ပါယဂ္ဂဟဏဿ အဓိပ္ပါယသဟဘူဝိကာရာဘာဝေ အဘာဝတော”
ဟု မိန့်၏။
သင်္ဂဟဂါထာ
စက္ခုဝိညာဏံ တဒနု-
ဝိနိစ္ဆယံ သမူဟကံ။
ဝိညတ္တိညု စ သင်္ကေတံ၊
သမ္ဗန္ဓံ ပုန နိစ္ဆယံ။
အဓိပ္ပါယညူတိ န၀၊
စိတ္တာနိ ဇာယရေ ကမာ။
ကာယဝိညတ်၏ အဓိပ္ပါယ်ကို သိစေသော ဝီထိ ၉-ပါး
စက္ခုဝိညာဏံ၊ စက္ခုဝိညာဏဝီထိ၎င်း။
တဒနု၊ တဒနု၀တ္တိက မနောဒွါရဝီထိ၎င်း။
ဝိနိစ္ဆယံ၊ ဝိနိစ္ဆယတဒနုဝတ္တိက မနောဒွါရဝီထိ၎င်း။
သမှုဟကံ၊ သမူဟက သုဒ္ဓမနောဒွါရဝီထိ၎င်း။
ဝိညတ္တိညူ စ၊ ဝိညတ္တိဝိဇာနနဝီထိ၎င်း။
သင်္ကေတံ၊ သင်္ကေတဝိဇာနနဝီထိ၎င်း။
သမ္ဗန္ဓံ၊ သမ္ဗန္ဓ ဝီထိ၎င်း။
ပုန၊ တဖန်။
နိစ္ဆယံ၊ နိစ္ဆယဝီထိ၎င်း။
အဓိပ္ပါယညူ၊ အဓိပ္ပါယဂ္ဂဟဏ ဝီထိ၎င်း။
ဣတိ၊ ဤသို့။
န၀၊ ကိုးပါးကုန်သော။
စိတ္တာနိ၊ ဝီထိစိတ်တို့သည်။
ကမာ၊ အစဉ်အတိုင်း။
ဇာယရေ၊ ဖြစ်ကုန်၏။ -
အဘိဓမ္မတ္ထသင်္ဂဟဒီပနီ၌ကား -
“တဉ္စ ဇာနနံ ဟတ္ထစလနာဒီသု ဝိပ္ဖန္ဒမာနကာယေန အဓိပ္ပါယဂ္ဂဟဏ- တတိယမနောဒွါရိက ဇဝနာနန္တရံ သာမညဝိဒူဟိ အဝိညာယမာနန္တရေဟိ စတုတ္ထ- မနောဒွါရိကဇ၀နေဟိ ဂယှမာနံ ဟုတွာ ဇာနာတီတိ ဝေဒိတဗ္ဗံ”
တဉ္စ ဇာနနံ၊ ထိုအဓိပ္ပါယ်ကို သိခြင်းကိုလည်း။
ဟတ္ထစလနာဒီသု၊ လက်လှုပ်ခြင်း အစရှိသည်တို့၌။
ဝိပ္ဖန္ဒမာနကာယေန၊ လှုပ်ရှားသောစောပနကာယ ကာယဝိညတ်ဖြင့်။
အဓိပ္ပါယဂ္ဂဟဏ တတိယမနောဒွါရိက ဇဝနာနန္တရံ၊ အဓိပ္ပါယ်ကိုယူသော သိသော တတိယ မနောဒွါရိကဇော၏ အခြားမဲ့၌။
သာမညဝိဒူဟိ၊ သာမညကို သိကုန်သော။
အဝိညာယ မာနန္တရေဟိ၊ အနက်ထူးကို မသိကုန်သောသူတို့သည်။
စတုတ္ထမနောဒွါရိကဇ၀နေဟိ၊ စတုတ္ထ မနောဒွါရိက ဇောတို့ဖြင့်။
ဂယှမာနံ၊ ယူအပ် သိအပ်သည်။
ဟုတွာ၊ ဖြစ်၍။
ဇာနာတိ၊ သိ၏၊
ဣတိ၊ ဤသို့။
ဝေဒိတဗ္ဗံ၊ သိအပ်၏။
ဟု ဆို၏။ အဓိပ္ပါယ်ကို သိပြီးမှ ဝိညတ်ကို တဖန် သိပြန်သော အနုမာနဝီထိကို ရည်၍ ဆိုမူ သင့်ရာ၏။ သို့မဟုတ်က “ဉာပကော စ ဟေတု ဉာပေတဗ္ဗမတ္တံ သယံ ဉာတောယေဝ ဉာပေတိ”ဟူသော ဓမ္မသင်္ဂဏီ အနုဋီကာ(နှာ-၇၉) စသည်နှင့် မညီ။
ကာယဝိညတ် ပြီး၏။
၀စီဝိညတ် ဝီထိများ
ဝစီဝိညတ်၌လည်း “ဃဋ” ဟူသောသဒ္ဒါကို ရွတ်ဆိုရာ ---
ဧကမတ္တော ဘဝေ ရဿော၊
ဒွိမတ္တော ဒီဃ ဥစ္စတေ။
တိမတ္တော တု ပ္လုတော ဉေယျော၊
ဗျဉ္ဇနဉ္စ'ဒ္ဓမတ္တကံ။
အသံ တို-ရှည်
ဧကမတ္တော၊ တမတြာကာလသည်။
ရဿော၊ ရဿမည်သည်။
ဘဝေ၊ ဖြစ်၏။
ဒွိမတ္တော၊ နှစ်မတြာခန့်ရှိသော ကာလကို။
ဒီဃ= ဒီဃော၊ ဒီဃဟူ၍။
ဥစ္စတေ၊ ဆိုအပ်၏။
တိမတ္တော တု၊ သုံးမတြာရှိမူကား၊
ပ္လုတော၊ ပလုတ်ဟူ၍။
ဉေယျော၊ သိအပ်၏။
ဗျဉ္ဇနဉ္စ၊ ဗျည်းသက်သက် သည်လည်း။
အဒ္ဓမတ္တကံ၊ မတြာခွဲကာလ ရှိ၏။
ဟူသော သက္ကတသဒ္ဒါကျမ်းများလာ ဂါထာ --
“သဒ္ဒံ ပထမစိတ္တေန”စသော နည်းပြဂါထာ --
ဧကစ္ဆရာကာလ၌ ကုဋေတသိန်းခန့်မျှ စိတ်ဖြစ်၏ဟု “ဧကစ္ဆရက္ခဏေ ကောဋိသတ- သဟဿာနိ ဥပ္ပဇ္ဇန္တိ”။
ဧကစ္ဆရက္ခဏေ၊ လက်ဖျစ်တစွက် စွက်သောခဏ၌။
ကောဋိသတသဟဿာနိ၊ ကုဋေတသိန်းမျှလောက်သော စိတ်တို့သည်။
ဥပ္ပဇ္ဇန္တိ၊ ဖြစ်ပေါ်ကြကုန်၏။
ဟူ၍လာသော နိဒါနဝဂ္ဂသံယုတ် စသော အဋ္ဌကထာ ---
အခြေခံ ဝီထိ ၃-ခုတို့ များစွာဖြစ်ခြင်း
အပုံ အစု အလုံး အခဲ ရကောင်းလျှင် ဝါဟ (လှည်း)ပေါင်း အရာ မကသော စပါးပုံ ထက်ပင် ကြီးမား များမြင့်ရာ၏ဟု လာသော မိလိန္ဒပဉှာ တို့နှင့်အညီ ဝီထိတို့၏ အကြားအကြား၌ ကျသော ဘဝင်အတွက်ကို နုတ်၍ ၀ဒန္တပုဂ္ဂိုလ် (ပြောသူ)၏ ကုဋေ အရာ အထောင် မကသော မနောဒွါရိက ဇောဝီထိ စိတ္တုပ္ပါဒ်တို့သည် ဖြစ်စေအပ်သော ကုဋေ အရာ, အထောင် မကသော သဘာဂ သဒ္ဒတို့ နဘေထပ် ပေါင်းစပ်၍ဖြစ်သော “ဃ”ဟူသော တခုသော ရဿအက္ခရာ ပစ္စုပ္ပန် အတိတ် သဒ္ဒါ အစိတ်အစိတ်ကို အာရုံပြု၍ သောတဒွါရဝီထိ, တဒနုဝတ္တိက မနောဒွါရဝီထိ, တဒနုဝတ္တိကဝိနိစ္ဆယ ဝီထိ သုံးခုတို့သည် အလှည့်စီ ကုဋေ ထောင် ရာ မက ဖြစ်ကုန်၏။
စတုတ္ထ ဝီထိ
ထို့နောင်“ပထဝီဓာတွာဓိကစိတ္တဇဘုတ်တို့၏ ကမ္မဇဘုတ်တို့နှင့် ထိခတ်ခြင်း ထိခတ် ကြောင်း အခြင်းအရာ ဃဋ္ဋနာကာရပ္ပဝတ္တဘူတဝိကာရ ဟူသော အာကာရပညတ် ဝစီဝိညတ်ကို အာရုံပြု၍ သုဒ္ဓမနောဒွါရ စတုတ္ထဝီထိ ဖြစ်၏”ဟု မဏိမဉ္ဇူဆို၏။
“ယင်း စတုတ္ထဝီထိ၏ အာရုံဖြစ်သော ဝိညတ်ကို စေတောပရိယာယအဘိညာ ဥဒယဗ္ဗယ ဝိပဿနာဉာဏ် တို့ကို မရ၍ ပုဗ္ဗာပရ စိတ္တဘေဒကို မသိနိုင်ကြသော အဝိသေသဝိဒူ ပုဂ္ဂိုလ်တို့ကား သောတဝိညာဏ်ဖြင့်ပင် ကြားရသည် မှတ်ထင်ကြ ကုန်၏”ဟု မူလဋီကာ စသည် ဆို၏။
ကာယဝိညတ်၌ ပြခဲ့သော သမူဟကဝီထိကိုကား ဤ ဝစီဝိညတ်အရာ အက္ခရာ တလုံး တည်း၌ မရနိုင်ကောင်းသေး မှတ်၊ ယင်း စတုတ္ထဝီထိဖြင့် သိအပ်သောကြောင့် “ ဝိညေယျတောပိ ပန ဝိညတ္တိယေဝ နာမ”ဟု အဋ္ဌသာလိနီ (နှာ-၁၂၆) ၌ မိန့်၏။
မူလဋီကာ(နှာ-၇၂) ၌လည်း --
ကာရေတိ မညေတိ ဧတေန သဒ္ဒဂ္ဂဟဏာနုသာရေန ဂဟိတာယ ဝိညတ္တိယာ ယံ ကရဏံ ဝိညာတဗ္ဗံ။ တဿ ဝိဇာနနေန ဝိညတ္တိယာ ဝိညာတတ္တံ ဒဿေတိ”
ဟု မိန့်၏။
ကာရေတိ မညေတိ ဧတေန၊ “ကာရေတိ မညေ” ဟူသော ဤပါဌ်ဖြင့်။
သဒ္ဒဂ္ဂဟဏာနုသာရေန၊ အသံကိုယူခြင်းကို အစဉ်လျှောက်သဖြင့်။
ဂဟိတာယ၊ ယူအပ်သော။
ဝိညတ္တိယာ၊ ဝိညတ်ဖြင့်။
ယံ ကရဏံ၊ အကြင် ဝစီဒွါရိကစိတ်၏ အမူအရာဟူသော အလိုကို။
ဝိညာတဗ္ဗံ၊ သိအပ်၏။
တဿ၊ ထိုအလိုကို။
ဝိဇာနနေန၊ သိသဖြင့်။
ဝိညတ္တိယာ၊ ဝိညတ်ကို။
ဝိညာတတ္တံ၊ သိအပ်ပြီးသည်၏ အဖြစ်ကို။
ဒဿေတိ၊ ပြ၏။
ယင်းသို့ မိမိကို သိအပ်ပါမှသာ နောင် အဓိပ္ပါယဂ္ဂဟဏဝီထိစိတ် ဖြစ်နိုင်ရကား “ဝိညာပနတ္တာ ပနေ’သာ ဝိညတ္တီတိ ဝုစ္စတိ”ဟု အဋ္ဌသာလိနီ (ဋ္ဌ၊ ၁၂၅)၌ မိန့်၏။ ယင်း အနုဋီကာ (နှာ-၇၉) ၌လည်း “ဉာပကော စ ဟေတု ဉာပတေဗ္ဗမတ္ထံ သယံ ဉာတောယေဝ ဉာပေတိ”ဟု မိန့်၏။ ထို့ကြောင့် “နာလမ္ဗိတာပိ ဝိညတ္တိ”ဟူသော မူလဋီကာကို မိမိ၏ ရှေ့နောက်စကား အဋ္ဌကထာ အနုဋီကာ စကားများနှင့် မဆန့်ကျင်အောင် ယညတ်၌ ဆိုခဲ့ပြီးသော နည်းဖြင့် ယူသင့်သည်။
သမူဟာကာရပညတ် ဝီထိနှင့် နာမပညတ် ဝီထိ
ဤသို့ ဃ-အက္ခရာ၌ လေးဝီထိ ဖြစ်သကဲ့သို့ ဋ-အက္ခရာ၌လည်း လေးဝီထိဖြစ်၏။ ထို့နောင် ဃ-နှင့် ဋ-ကို ပေါင်းစု သိမ်းယူသောအားဖြင့် သာရတ္ထဒီပနီ အဘိဓမ္မာဝတာရ ဋီကာလာ သမူဟာကာရပညတ်ကို အာရုံပြု၍ သမူဟကာရက နဝမ မနောဒွါရဝီထိ၊ ထို့နောင် ပေါင်းစုအပ်ပြီးသော ဃဋ-ဟူသော နိစ္စသဒ္ဒါ နာမပညတ်ကို အာရုံပြု၍ ဒသမ မနောဒွါရဝီထိဖြစ်၏။
အက္ခရာတလုံးအတွက် နာမဝိထိဖြစ်ပုံ
ဂေါ- စသော ဧကက္ခရသဒ္ဒါကို ကြားရာ၌ကား ၎င်းနာမဝီထိသည် ပဉ္စမဝိထိ ဖြစ်၏။ သင်္ဂြိုဟ်၌ကား အကြားဝီထိတို့ကို အဗ္ဗောဟာရိကပြု၍ “ဝစီဃောသာနုသာရေန၊ သောတဝိညာဏဝီထိယာ” စသည်ဖြင့် ဆို၏။
ဝေါဟာရနာမပညတ်နှင့် ဒြပ်ကို အာရုံပြုသော အတ္ထဝီထိ ၂- မျိုး
ထို ဒသမဝီထိ နောင် “ဝေါဟာရတ္ထောဝ သဒ္ဒတ္ထော၊ ဘာဝတ္ထော တေန ဒီပိတော” ဟူသော ဘေဒစိန္တာဂါထာ (၃၉၄) နှင့်အညီ အိုးဟူသော ဝေါဟာရတ္ထကို အာရုံပြု၍ မနောဒွါရ ဝီထိ တမျိုး၊ အိုး ဒြပ် တည်းဟူသော ဘာဝတ္ထကို အာရုံပြု၍ မနောဒွါရဝီထိ တမျိုး ဖြစ်၏။
ဝီထိအစဉ် ၄-ဆင့် ၅-ဆင့်ယူပုံ
ထိုနည်းတူ ဧကဝါကျန္တောဂတ ပဒတိုင်း ပဒတိုင်း ဝီထိကျ၍ တဝါကျလုံး သိမ်းကျုံး မိသည့်အခါ ကာယဝိညတ်၌ ဆိုအပ်ပြီးသော နည်းအတူ သင်္ကေတဝီထိ သမ္ဗန္ဓဝီထိ နိစ္ဆယဝီထိ သုံးခု ကျပြီး၍ “ဣဒမေ’သ ကာရေတိ မညေ”ဟု သိသော အဓိပ္ပါယဂ္ဂဟဏဝီထိဖြစ်၏။ ဤဝီထိကို ပဉ္စမဝီထိဟု မဏိမဉ္ဇူ (ဒု၊ နှာ-၁၄၂) ဆို၏။ အက္ခရာတလုံးနှင့် ပြီးသောအရာကို ယူအပ်၏။
အဘိဓမ္မတ္ထသင်္ဂဟဒီပနီ - ဆရာကား သောတဝိညာဏဝီထိ တဒနုဝတ္တိကမနောဒွါရ ဝီထိ နှစ်ခု နောက်၌ အဓိပ္ပါယဂ္ဂဟဏဝီထိကို တတိယ, ဝိညတ္တိဇာနန ဝီထိကို စတုတ္ထဟု ရှေ့နောက် ပြောင်းပြန်ဆို၏၊ ယုတ္တိ မရှိ။
ဝီထိအစဉ် ၁၀-ဆင့်ဖြင့် အသံတခု၏ အဓိပ္ပါယ်ကို သိရခြင်း
ဤသို့လျှင် ဧကက္ခရ သဒ္ဒါကို ကြားရာ၌ ဝီထိစိတ် အစဉ်ကား ...
သင်္ဂဟဂါထာ
သောတဝိညာဏံ တဒနု၊
ဝိနိစ္ဆယ ဝိဉတ္တိကံ။
နာမံ အတ္ထဉ္စ သင်္ကေတံ၊
သမ္ဗန္ဓံ ပုန နိစ္ဆယံ။
အဓိပ္ပါယညူတိ ဒသ၊
စိတ္တာနိ ဇာယရေ ကမာ။
သောတဝိညာဏံ၊ သောတဝိညာဏ ဝီထိစိတ်၎င်း။
တဒနု၊ တဒနုဝတ္တက မနောဒွါရဝီထိစိတ်၎င်း။
ဝိနိစ္ဆယံ၊ ဝိနိစ္ဆယ တဒနုဝတ္ထိက မနောဒွါရဝီထိစိတ်၎င်း။
ဝိဉတ္တိကံ၊ ဝိညတ်ကို သိသော သုဒ္ဓမနောဒွါရ ဝီထိ၎င်း။
နာမံ၊ နာမပညတ္တိ ဝီထိ၎င်း။
အတ္ထဉ္စ၊ ဝေါဟာရ ဒြပ်နက်ကိုသိသော အတ္ထဝီထိ၎င်း။
သင်္ကေတံ၊ သင်္ကေတပညတ္တိဝီထိ၎င်း။
သမ္ဗန္ဓံ၊ သမ္ဗန္ဓ ဝီထိ၎င်း။
ပုန၊ တဖန်။
နိစ္ဆယံ၊ နိစ္ဆယ ဝီထိ၎င်း။
အဓိပ္ပါယညူ၊ အလိုကိုသိသော ဝီထိစိတ်၎င်း။
ဣတိ၊ ဤသို့။
ဒသ၊ ဆယ်ပါးကုန်သော။
စိတ္တာနိ၊ ဝီထိစိတ်တို့သည်။
ကမာ၊ အစဉ်အတိုင်း။
ဇာယရေ၊ ဖြစ်ကုန်၏။ -
ဒွက္ခရ တျက္ခရ စသည်ကို ကြားရာ၌ကား --- ရှေး လေးဝီထိကို သဘောတူ အမည်တူ ပေါင်း၍ ဝိညတ္တိဂ္ဂဟဏ နာမဂ္ဂဟဏ နှစ်ဝီထိ အကြား၌ သမူဟာကာရဂ္ဂဟဏဝီထိကို သွင်း၍ တဆဲ့တဝီထိ စသည်ဖြင့် ဆိုအပ်၏။
ဤ စကားလည်း အကြမ်း သာတည်း၊ အနုစိတ်လိုမူကား အထက်၌ “ဝစီဃောသာနု-သာရေန” စသော ဂါထာအဖွင့်တွင် ပြအပ်သော ဝီထိများကို လျော်ရာ သွင်းလျက် ကျယ်ဝန်းစွာ အနုစိတ်၍ သိအပ်၏။
မဟာနေရုသမံ မူလ-
ဋီကာဒိံ သုဋ္ဌု ပီဠိယ။
မေဒိနီမသိယာ လိချံ၊ ပဿေ သသင်္ကနိစ္ဆယံ။
မဟာနေရုသမံ၊ နေရုမည်သီး ရွှေတောင်ကြီးနှင့် အလားတူသော။
မူလ ဋီကာဒိံ ၊ မူလဋီကာ အစရှိသော ကျမ်းကို။
သုဋ္ဌု၊ ကောင်းစွာ။
ပီဠိယ၊ ညှစ်ယူ၍။
မေဒိနီမသိယာ၊ တောင်ဆီမင်ဆေးဖြင့်။
လိချံ၊ ရေးသားစီရင်အပ်သော။
သသင်္ကနိစ္ဆယံ၊ လဝန်းရိပ် သိကြားနှိပ်သည့် ယုန်ရေးတံဆိပ်နှင့် တူသော အဆုံး အဖြတ်ကို။
ပဿေ၊ ရှုရာ၏။
သသင်္ကဝိနိစ္ဆယ ပြီး၏။
ဤတွင် ဘုံခန်း နိဋ္ဌိတံ။
၆ - ရုပ်ပိုင်း
▬▬▬▬
၁၁-ရူပသရူပဝိဘာဂနည်း
ဣဒါနိ ရူပသရူပဝိဘာဂနယော ဥစ္စတေ။
ရုပ်မည်ပုံ
ရုပ္ပတီတိ ရူပံ။ သီတုဏှာဒိ ဝိရောဓိ ပစ္စယေဟိ ဝိကာရံ အာပဇ္ဇတိ၊ အာပါဒီယတီတိ ဝါ အတ္ထော။
ရုပ္ပတိ၊ ဖောက်ပြန်တတ် ဖောက်ပြန်စေအပ်၏။
ဣတိ ဣမသ္မာ ကာရဏာ၊ ဤသတ္တိ နှစ်ပါးကြောင့်။
ရူပံ၊ ရုပ်မည်၏။
သီတုဏှာဒိ ဝိရောဓိ ပစ္စယေဟိ၊ အဧ, အပူစသော ဆန့်ကျင်ဘက် အကြောင်းတို့ဖြင့်။
ဝါ၊ အကြောင်းတို့သည်။
ဝိကာရံ၊ ဖောက်ပြန်ခြင်းသို့။
အာပဇ္ဇတိ၊ ရောက်တတ်၏။
ဝါ၊ တနည်းကား။
အာပါဒီယတိ၊ ရောက်စေအပ်၏။
ဣတိ အယံ၊ ဤသဒ္ဒါနှစ်ပါးသည်။
ရုပ္ပတီတိ ဝစနတ္ထဿ၊ ရူပံ ဟူသော နိပ္ဖန္နဝစန၏ ပဌမအနက်ဖြစ်သော ရုပ္ပတိသဒ္ဒါ၏။
အတ္ထော၊ ဒုတိယဖြစ်သော အနက်တည်း။
ဤသို့ ဋီကာကျော် (နှာ-၇၅) ၌ပြသော ဝစနတ္ထနှင့်အညီ --
သီတ,
ဥဏှ,
ဇိဃစ္ဆာ (=ဆာလောင်ခြင်း),
ပိပါသ (=မွတ်သိပ်ခြင်း),
ဒဏ္ဍပ္ပဟာရ (=တုတ်နှင့် ရိုက်နှက် ပုတ်ခတ်ခြင်း),
သတ္ထပ္ပဟာရ (=လက်နက်ဖြင့် ထိုးခုတ်ခြင်း) -
စသော ဆန့်ကျင်ဘက် အကြောင်းတို့ဖြင့် အပေါင်းပညတ် ဒြပ် ရုပ်လုံး ရုပ်ခဲ၏ ပြိုကွဲ ပဲ့ရွဲ့ ပိန်တဲ့ချေ ဝတဲ့ချေ ဖြူချေတခါ ဝါချေတလဲ မဲချေတတန် စသောအားဖြင့် ဖောက်ပြန် ပျက်စီး တတ်သောကြောင့် ရုပ်မည်၏။
ရုပ်-ပရမတ်ဖြစ်ပုံ
“ပရမော ဥတ္တမော အဝိပရီတော အတ္ထော ပရမတ္ထော”
ဟူရာ၌ကား ပထဝီဓာတ်၏ ဥပါဒ်၌လည်း ကက္ခဠသဘော ဌီ၌လည်း ကက္ခဠသဘော ဘင်၌လည်း ကက္ခဠသဘော မြဲ၍ လက္ခဏာသဘော အားဖြင့် မဖောက်မပြန်သော ကြောင့် ပရမတ်ဆိုသည် မှတ်။
ရူပသမုဒ္ဒေသ
▬▬▬▬▬
ရုပ်အပြား။ ။ ထိုရုပ်ကို ဝေဖန်ရာ “သမုဒ္ဒေသာ ဝိဘာဂါ စ”အစရှိသော ရူပသင်္ဂဟ ငါးပါးတို့တွင် သမုဒ္ဒေသအားဖြင့် သရုပ်ခွဲဟန်ကား --
ရုပ်သည် ဆိုခဲ့ပြီးသော ရုပ္ပနလက္ခဏာအားဖြင့် တပါးသာ။
ဘူတရုပ် ဥပါဒါရုပ် အားဖြင့်၎င်း နိပ္ဖန္နရုပ် အနိပ္ဖန္နရုပ်အားဖြင့်၎င်း နှစ်ပါး ပြား၏။
ရုပ်အမျိုး ဇာတ် ၁၁-ပါး
ဇာတ်တူအားဖြင့် “ဧကာဒသဝိဓေန သင်္ဂဟံ ဂစ္ဆတိ” ဟူသည်နှင့် အညီ ဘူတရုပ် ပသာဒရုပ် ဂေါစရရုပ် ဘာဝရုပ် ဟဒယရုပ် ဇီဝိတရုပ် အာဟာရရုပ် ပရိစ္ဆေဒရုပ် ဝိညတ်ရုပ် ဝိကာရရုပ် လက္ခဏရုပ် အားဖြင့် တဆယ့်တပါး အပြား ရှိ၏။
ပဋိလုံအားဖြင့်လည်း လက္ခဏရုပ် ဝိကာရရုပ် ။ပ။ ပသာဒရုပ် ဘူတရုပ် အားဖြင့် တဆယ့်တပါး အပြားရှိ၏။ ဤအဖန်ဖန် ရေတွက်လေ။
ကျေပွန်သောအခါ ဆရာက “ပဉ္စမရုပ်ကား အဘယ်နည်း? နဝမရုပ်ကား အဘယ်နည်း?” စသည်ဖြင့် အနုလုံ ပဋိလုံအတိုင်း ဆစ်ပိုင်း၍ မေးမြန်း စုံစမ်းရမည်။
ရုပ် ၂၈-ပါး
သရုပ်အားဖြင့်ကား -- “အဋ္ဌဝီသတိဝိဓံ ဟောတိ သရူပဝသေန။ ကထံ” စသည်နှင့် အညီ ပထဝီ အာပေါ တေဇော ဝါယော စက္ခု သောတ ဃာန ဇိဝှါ ကာယ ရူပ သဒ္ဒ ဂန္ဓ ရသ ဣတ္ထိန္ဒြေ ပုရိသိန္ဒြေ ဟဒယ ဇီဝိတ အာဟာရ ပရိစ္ဆေဒ ကာယဝိညတ် ဝစီဝိညတ် လဟုတာ မုဒုတာ ကမ္မညတာ ဥပစယ သန္တတိ ဇရတာ အနိစ္စတာအားဖြင့် နှစ်ဆယ့် ရှစ်ပါး အပြားရှိ၏။
ပဋိလောမအားဖြင့်လည်း အနိစ္စတာ ဇရတာ သန္တတိ ။ပ။ အာပေါ ပထဝီ အားဖြင့် နှစ်ဆယ့်ရှစ်ပါး အပြားရှိ၏။ ဤသို့ အပြန်ပြန် အလှန်လှန် ရေတွက်လေ။
ကျေပွန်သောအခါ ဆရာက ဒသမရုပ်ကား အဘယ်နည်း? ဝီသတိမ ရုပ်ကား အဘယ်နည်း? စသည်ဖြင့် အနုလုံ ပဋိလုံ အစဉ်အတိုင်း ဆစ်ပိုင်း မေးမြန်းလျက် ရေတွက်စေရမည်။
ဘာဝရုပ် ၂-ခုနှင့် ဣန္ဒြိယပစ္စည်း
ထိုနှစ်ဆယ့်ရှစ်ပါးတို့တွင် ဣတ္ထိ, ပုရိသ ဣန္ဒြိယရုပ် နှစ်ခုတို့သည် လိင်္ဂ နိမိတ္တ ကုတ္တ အာကပ္ပတို့ကို ပြုတတ်သော်လည်း ပဋိသန္ဓေနေစ အခါ၌ ဘာဝရုပ် ရှိလျက်နှင့် လိင်္ဂ စသည် မထင်၊ ဗြဟ္မာတို့အား ဘာဝရုပ် မရှိပဲလျက် ပုရိသလိင်္ဂ စသည် ထင်သည်။
အချို့မိန်းမသည် ယောက်ျားကဲ့သို့ ကြီးကြမ်းသည်။ အချို့ယောကျ်ားသည် မိန်းမ ပုံဟန် သဏ္ဌာန် အသွင်အမူ တူသည်။ ဤသို့ အမြဲ နိယတ မဟုတ်သောကြောင့် ဣန္ဒြိယပစ္စည်း မတပ်ကုန်။
ဣန္ဒြိယပစ္စည်း တတ်နိုင်သော အင်္ဂါများ
တနည်းလည်း -- ဇနက ဥပတ္ထမ္ဘက အနုပါလန - ကိစ္စသုံး ပါးတို့ဖြင့် ထိုက်သည် အားလျော်စွာ ကျေးဇူးပြုနိုင်ပါမှ နှစ်ဆယ့်လေး ပစ္စည်းတွင် ပါဝင်နိုင်သည်။
ဤဘာဝရုပ် နှစ်ခုတို့ကား ပြည့်ရှင်မင်းသည် ငါ့တိုင်း ငါ့နိုင်ငံအတွင်း အိမ် ကျောင်း စသော အလုပ်အကိုင်ကို လုပ်ကိုင်သောသူသည် ဤပုံစံနှင့် တူအောင်သာ လုပ်ကိုင် ရမည်၊ မတူ ထူးချွန်မှု ရာဇဒဏ်တပ်မည်ဟု အမိန့်တော် ထုတ်ပြန် ပုံစံ ပေးထား သောကြောင့် ပုံစံတော်နှင့် တူအောင်သာ တနိုင်ငံလုံး လုပ်ကိုင်ရ သကဲ့သို့ မင်းနှင့် တူသော ဘာဝရုပ် နှစ်ပါး စိုးပိုင်သော ဣတ္ထိ ပုရိသသဏ္ဌာန် တည်းဟူသော နှစ်နိုင်ငံ၌ ကံ စိတ် ဥတု အာဟာရ တည်းဟူသော နှစ်နိုင်ငံသား တို့သည် မိန်းမပုံစံ ယောက်ျားပုံစံ ကျအောင် လိင်္ဂ နိမိတ္တ ကုတ္တ အာကပ္ပ တည်းဟူသော ပစ္စယုပ္ပန် သင်္ခတတရားတို့ကို ပြုပြင်လုပ်ကိုင် ရသည်ဖြစ်၍ လိင်္ဂ နိမိတ္တ ကုတ္တ အာကပ္ပတို့ကို အစိုးရရုံသာ၊ ဇနက, ဥပတ္ထမ္ဘက, အနုပါလန- ကိစ္စ မတပ်သောကြောင့် ဘာဝရုပ် နှစ်ပါးတို့သည် ဣန္ဒြိယ ပစ္စည်း မတပ်ကုန်။
ဣန္ဒြိယရုပ်ဖြစ်သော်လည်း ဣန္ဒြိယပစ္စည်း မရနိုင်ပုံ
တနည်းလည်း -- လိင်္ဂ နိမိတ္တ ကုတ္တ အာကပ္ပတို့သည် ပစ္စယုပ္ပန် ဖြစ်ထိုက်သော ပရမတ္ထသင်္ခတ အစစ်ကြီး မဟုတ်ကြ၊ ပညတ္တိ ဝိသေသ တို့သာတည်း၊ ထို့ကြောင့် လိင်္ဂ စသည်ကို အစိုးရသော်လည်း ဘာဝရုပ် နှစ်ပါးတို့သည် ဣန္ဒြိယပစ္စည်းတွင် မပါဝင် ကြကုန်။
လိင်္ဂ နိမိတ္တ ကုတ္တ အာကပ္ပတို့၏ အထူး
လိင်္ဂံ ဟတ္ထာဒိသဏ္ဌာနံ၊
နိမိတ္တံ မိဟိတာဒိကံ။
ကုတ္တံ သုပ္ပါဒိနာ ကီဠာ၊
အာကပ္ပေါ ဂမနာဒိကံ။
ဟူ၍ ဋီကာကျော် (နှာ-၁၉၇)၌ ပြ၏။
ဟတ္ထာဒိသဏ္ဌာနံ၊ လက်စသည်တို့၏ အကြီးအငယ် သဏ္ဌာန်သည်။
လိင်္ဂံ၊ အသွင်မည်၏။
မိဟိတာဒိကံ၊ ပြုံးရယ်ခြင်း စသည်သည်။
နိမိတ္တံ၊ သိကြောင်း မည်၏။
သုပ္ပါဒိနာ၊ မန်း ဆန်ကော စသည်ဖြင့်။
ကီဠာ၊ ကစားခြင်းသည်။
ကုတ္တံ၊ အပြုအမှုမည်၏။
ဂမနာဒိကံ၊ သွားခြင်းစသည်သည်။
အာကပ္ပေါ၊ အသွင်အပြင်မည်၏။
ဟဒယဝတ္ထု
ဓမ္မသင်္ဂဏီ ပါဠိတော်မှာ ဟဒယဝတ္ထုမပါ၊ ရုပ်နှစ်ဆဲ့ခုနစ်ခုသာ မဟုတ်လော ဟူမူ --
နိပ္ဖန္နဘူတိကာဓာရာ၊
ဒွေ ဓာတူ ကာမရူပိနံ။
ရူပါ နုဗန္ဓဝုတ္တိတ္တာ၊
စက္ခုဝိညာဏာဒယော ယထာ။
စက္ခာဒိံ နိဿိတာ နေတာ၊
တဿ ညာဓာရဘာဝတော။
နာပိ ရူပါဒိကေ တေသံ၊
ဗဟိဒ္ဓါပိ ပဝတ္တိတော။
န စာပိ ဇီဝိတံ တဿ၊
ကိစ္စန္တရနိယုတ္တိတော။
န စ ဘာဝဒွယံ တသ္မိံ၊
အသန္တေပိ ပဝတ္တိတော။
တသ္မာ တဒညံ ဝတ္ထု တံ၊
ဘူတိကန္တိ ဝိဇာနိယံ။
ဝတ္ထာလမ္ဗဒုကာနန္တု၊
ဒေသနာဘေဒတော ဣဒံ။
ဓမ္မသင်္ဂဏီပါဌသ္မိံ ၊
န အက္ခာတံ မဟေသိနာ။
ဟူ၍ ဋီကာကျော် (နှာ-၁၉၈)၌ ဖြေ၏။
ကာမရူပိနံ၊ ကာမရူပ သတ္တဝါတို့၏။
ဒွေ ဓာတူ၊ မနောဓာတ် မနောဝိညာဏဓာတ် နှစ်ပါးတို့သည်။
စက္ခုဝိညာဏာဒယော ယထာ၊ စက္ခုဝိညာဉ်စသည်တို့ကဲ့သို့။
ရူပါနုဗန္ဓဝုတ္တိတ္တာ၊ ရုပ်သို့အစဉ်လိုက်၍ ဖြစ်ခြင်းရှိသောကြောင့်။
နိပ္ဖန္နဘူတိကာဓာရာ၊ နိပ္ဖန္နဥပါဒါရုပ်ကို မှီကုန်၏။
ဧတာ၊ ထိုဓာတ်နှစ်ပါးတို့သည်။
စက္ခာဒိံ၊ စက္ခုစသည်ကို။
န နိဿိတာ၊ မမှီကုန်။
ကသ္မာ၊ အဘယ့်ကြောင့်နည်းဟူမူ။
တဿ၊ ထိုစက္ခုစသည်၏။
အညာဓာရဘာဝတော၊ တပါးသော ပဉ္စဝိညာဏ်တို့၏ မှီရာ ဖြစ်သောကြောင့်တည်း။
ရူပါဒိကေ အပိ၊ ရူပါရုံ စသည်တို့ကိုလည်း။
န နိဿိတာ၊ မမှီကုန်။
ကသ္မာ၊ အဘယ့်ကြောင့်နည်းဟူမူ။
တေသံ၊ ထိုရူပါရုံ စသည်တို့၏။
ဗဟိဒ္ဓါပိ၊ အပ သက်မဲ့၌လည်း။
ပဝတ္တိတော၊ ဖြစ်ခြင်းကြောင့်တည်း။
ဇီဝိတံ စာပိ၊ ဇီဝိတရုပ်ကိုလည်း။
န နိဿိတာ၊ မမှီကုန်။
ကသ္မာ၊ အဘယ့်ကြောင့်နည်းဟူမူ။
တဿ၊ ထိုဇီဝိတရုပ်၏။
ကိစ္စန္တရ နိယုတ္တိတော၊ သဟဇာတာနုပါလန ကိစ္စတပါး၌ အမြဲယှဉ်ခြင်းကြောင့် တည်း။
ဘာဝဒွယံ စ၊ ဘာဝရုပ် နှစ်ပါး အပေါင်းကိုလည်း။
န နိဿိတာ၊ မမှီကုန်။
ကသ္မာ၊ အဘယ့်ကြောင့်နည်းဟူမူ။
တသ္မိံ ဘာဝဒွယေ၊ ထိုဘာဝရုပ်နှစ်ပါးအပေါင်းသည်။
အသန္တေပိ၊ မရှိသော်လည်း။
ပဝတ္တိတော၊ (နပုန်းပဏ္ဍုက်သန္တာန်၌လည်း) ဖြစ်နိုင်ခြင်းကြောင့်တည်း။
တသ္မာ၊ ထို့ကြောင့်။
ဝတ္ထု၊ ဓာတ်နှစ်ပါးတို့၏ မှီရာဝတ္ထုရုပ်သည်။
တဒညံ၊ ထိုဆိုခဲ့ပြီးသော ရုပ်တို့မှတပါးတည်း။
တံ၊ ထိုတပါးသောဝတ္ထုကို။
ဘူတိကန္တိ၊ ဥပါဒါရုပ်ဟူ၍၊
ဝိဇာနိယံ၊ သိအပ်၏။
တု ၊ ယင်းသို့ သိအပ်သော်လည်း၊
ဝတ္ထာလမ္ဗဒုကာနံ၊ ဝတ္ထုဒုက် အာရမ္မဏဒုက်တို့၏။
ဒေသနာ ဘေဒတော၊ ခြောက်ဒုက် ငါးဒုက်ဟူ၍ ဒေသနာကွဲပြား မည်ကြောင့်။
မဟေသိနာ၊ မြတ်စွာဘုရားသည်။
ဓမ္မသင်္ဂဏီပါဌသ္မိံ ၊ ဓမ္မသင်္ဂဏီ (ရူပကဏ္ဍ) ပါဠိတော်၌။
န အက္ခာတံ၊ ဟောတော် မမူအပ်သတည်း။
ရူပသမုဒ္ဒေသ ပြီး၏။
ရူပဝိဘာဂ
▬▬▬▬
အလုံးစုံသော ရုပ် အဋ္ဌဝီသ တို့သည် --
ရုပ်ကို ပိုင်းခြားပုံ ဧကက နည်းအားဖြင့် ၄၃-ပါး
ရူပ, နဟေတု, အဟေတုက, ဟေတုဝိပ္ပယုတ္တ, သပ္ပစ္စယ, သင်္ခတ, လောကိယ, သာသဝ, သံယောဇနိယ, ဂန္ထနိယ။ (၁၀)
ဩဃနိယ, ယောဂနိယ, နီဝရဏိယ, ပရာမဋ္ဌ, ဥပါဒါနိယ, သံကိလေသိက, အဗျာကတ, အနာရမ္မဏ, အစေတသိက, စိတ္တဝိပ္ပယုတ္တ၊ (၂၀)
နေဝဝိပါက နဝိပါကဓမ္မဓမ္မ, အသံကိလိဋ္ဌ သံကိလေသိက, န သဝိတက္က သဝိစာရ, န အဝိတက္က ဝိစာရမတ္တ, အဝိတက္က အဝိစာရ, န ပီတိသဟဂတ, နသုခသဟဂတ, န ဥပေက္ခာသဟဂတ, နေဝဒဿနေန နဘာဝနာယပဟာတဗ္ဗ, နေဝဒဿနေန န ဘာဝနာယ ပဟာတဗ္ဗ ဟေတုက။ (၃ဝ)
နေဝါစယ နာပစယဂါမိ, နေဝသေက္ခ နာသေက္ခ, ပရိတ္တ, ကာမာဝစရ, န ရူပါဝစရ, န အရူပါဝစရ, ပရိယာပန္န, နောအပရိယာပန္န, အနိယတ, အနိယျာနိက (၄၀)
ဥပ္ပန္နံ ဆဟိ ဝိညာဏေဟိ ဝိညေယျံ, အနိစ္စ, ဇရာဘိဘူတ တို့ချည်းသာတည်း။ ဤကား ပါဠိတော်လာ ဧကက လေးဆယ့်သုံးမည်။
ပကိဏ္ဏကဒုက်-၁၄
ဥပါဒါ, နောဥပါဒါ၊
ဥပါဒိန္န, အနုပါဒိန္န၊
ဥပါဒိန္နုပါဒါနိယ, အနုပါဒိန္နုပါဒါနိယ၊
သနိဒဿန, အနိဒဿန၊
သပ္ပဋိဃ, အပ္ပဋိဃ၊
ဣန္ဒြိယ, အနိန္ဒြိယ၊
မဟာဘူတ, နမဟာဘူတ၊
ဝိညတ္တိ, န ဝိညတ္တိ၊
စိတ္တသမုဋ္ဌာန, နော စိတ္တသမ္မဌာန၊
စိတ္တသဟဘူ, န စိတ္တသဟဘူ၊
စိတ္တာနုပရိဝတ္တိ, န စိတ္တာနုပရိဝတ္တိ၊
အဇ္ဈတ္တိက, ဗာဟိရ၊
သြဠာရိက, သုခုမ၊
ဒူရေ, သန္တိကေ ရုပ် --
ဟူ၍ နှစ်ပါး နှစ်ပါးဖြစ်၏။
ဤကား ပကိဏ္ဏကဒုက် တဆယ့်လေးပါးတည်း။
စက္ခုသမ္ဖဿဿဝတ္ထု, စက္ခုသမ္ဖဿဿ န ဝတ္ထု၊
စက္ခုသမ္ဖဿဇာဝေဒနာယ, သညာယ, စေတနာယဝတ္ထု, န ဝတ္ထု၊
စက္ခုဝိညာဏဿဝတ္ထု, န ဝတ္ထု၊
သောတ, ဃာန, ဇိဝှါ, ကာယ နည်းတူ။
(ဤကား ၀တ္ထုဒုက် နှစ်ဆယ့်ငါးပါးတည်း။)
စက္ခုသမ္ဖဿဿအာရမ္မဏ, န အာရမ္မဏ စသည် နည်းတူ။
(အာရမ္မဏဒုက် နှစ်ဆယ့်ငါးပါး။)
စက္ခာယတန န စက္ခာယယတန စသည် အာယတနဒုက် ဆယ်ပါး။
ထို့အတူ ဓာတုဒုက် ဆယ်ပါး ။
စက္ခုန္ဒြိယ န စက္ခုန္ဒြိယ စသည် ဣန္ဒြိယဒုက် ရှစ်ပါး။
ကာယဝိညတ္တိ, န ကာယဝိညတ္တိ၊ ၀စီဝိညတ္တိ, အာကာသဓာတု, အာပေါဓာတု, ရူပဿလဟုတာ, မုဒုတာ, ကမ္မညတာ, ဥပစယ, သန္တတိ, ဇရတာ, အနိစ္စတာ၊ ကဗဠီကာရအာဟာရရုပ်, န ကဗဠီကာရ- အာဟာရရုပ် ဟူ၍ နှစ်ပါး နှစ်ပါး ဖြစ်၏။ ဤကား သုခုမရူပဒုက် တဆယ့်နှစ်ပါးတည်း၊
ပေါင်း တရာ့လေးဒုက်။
အဇ္ဈတ္တဥပါဒါ၊ ဗာဟိရဥပါဒါ၊ ဗာဟိရ နော ဥပါဒါဟု သုံးပါး အပြားရှိ၏။
ဤနည်းတူ အဇ္ဈတ္တိကဒုက်ကို မူတည်၍ ဥပါဒိန္နဒုက်စသော တရာ့နှစ်ဒုက်တို့ကို မူလီသွတ်၍ လျော်စွာ တိက် ဖွဲ့အပ်၏။
ပေါင်း တရာ့သုံးတိက်။
ဥပါဒါဥပါဒိန္န, ဥပါဒါ နုပါဒိန္န, နုပါဒါ ဥပါဒိန္န, နုပါဒါနုပါဒိန္န, ရုပ်အားဖြင့် လေးပါး အပြားရှိ၏။
ဤနည်းတူ ဥပါဒိန္နုပါဒါနိယ, သပ္ပဋိဃ, သြဠာရိက, ဒူရေ ဒုက်တို့ကို ထည့်၍ ဥပါဒါဒုကမူ၌ စတုက္က ငါးပါး။
ဥပါဒိန္နဒုက်ကိုမူတည်၍ သနိဒဿန, သပ္ပဋိဃ, မဟာဘူတ, သြဠာရိက, ဒူရေဒုက် တို့ကို ထည့်၍ စတုက္က ငါးပါး။
ဥပါဒိန္နုပါဒါနိယဒုကမူ၌လည်း ထို့အတူ စတုက္က ငါးပါး။
သပ္ပဋိဃသုက်၌ ဣန္ဒြိယ, မဟာဘူတဒုက်တို့ကို ထည့်၍ စတုက္က နှစ်ပါး။
ဣန္ဒြိယဒုက်၌ သြဠာရိက, သန္တိကေဒုက်တို့ကို ထည့်၍ စတုက္က နှစ်ပါး။
မဟာဘူတ ဒုက်၌လည်း နည်းတူ စတုက္က နှစ်ပါး။
ဒိဋ္ဌရုပ်, သတရုပ်, မုတရုပ်, ဝိညာတရုပ် ဟူ၍ စတုက္ကတပါး။
စတုက္က ပေါင်းနှစ်ဆယ့်နှစ်ပါး။
ပထဝီ အာပေါ တေဇော ဝါယော ဥပါဒါရုပ် အားဖြင့် ငါးပါး အပြားရှိ၏။
စက္ခုဝိညေယျရုပ် ။ပ။ မနောဝိညေယျရုပ်အားဖြင့် ခြောက်ပါးပြား၏။
စက္ခုဝိညေရုပ် ။ပ။ မနောဓာတု ဝိညေယျရုပ် မနောဝိညာဏဓာတု ဝိညေယျရုပ် အားဖြင့် ခုနှစ်ပါးပြား၏။
စက္ခုဝိညေယျ ။ပ။ သုခသမ္ဖဿကာယဝိညေယျ, ဒုက္ခသမ္ဖဿကာယ ဝိညေယျ မနောဓာတုဝိညေယျ, မနောဝိညာဏဓာတုဝိညေယျရုပ် အားဖြင့် ရှစ်ပါးပြား၏။
စက္ခုန္ဒြိယရုပ် ။ပ။ ဇီဝိတိန္ဒြိယရုပ် န ဣန္ဒြိယရုပ်အားဖြင့် ကိုးပါးပြား၏။
စက္ခုန္ဒြိယ ။ပ။ ဇီဝိတိန္ဒြိယ, န ဣန္ဒြိယ, သပ္ပဋိဃ, န ဣန္ဒြိယ အပ္ပဋိဃရုပ်အားဖြင့် ဆယ်ပါးအပြား ရှိ၏။
စက္ခာယတနရုပ် ။ပ။ ဓမ္မာယတနရုပ်အားဖြင့် တဆယ့်တပါး အပြားရှိ၏။
သရုပ်ခွဲပုံ (စက်လှည့်ပုံ)
ဤသို့ပါဠိတော်၌ ပြအပ်သော ဧကက, ဒုက ။ပ။ ဧကာဒသက အားဖြင့် တဆယ့် တပါးသော ရူပဝိဘာဂတို့တွင် အသုံးဝင်များသော ရူပဝိဘာဂ တစိတ်ကိုသာ ဤ သင်္ဂြိုဟ်ကျမ်း၌ “သဗ္ဗဉ္စ ပနေ’တံ ရူပံ”စသည်ဖြင့် သရုပ်ဖော်၍ ပြသည်။ အကြွင်းကို “ဣစ္စေဝံ”၌ ပကာရ အနက်ရှိသော “ဣတိ” သဒ္ဒါဖြင့် သိမ်းရုံးတော်မူသည်။ သင်္ဂြိုဟ်ကျမ်း၌ ပြသမျှ တွင်၍ သရုပ်ခွဲပုံကို ဆိုမည်။
သရုပ်ခွဲပုံကား - အဇ္ဈတ္တိကဒုက် စသည်ကို မူတည်၍ ဝတ္ထုဒုက် ဒွါရဒုက် ဣန္ဒြိယဒုက် စသည်ကို မူလီသွတ်လျက် အဇ္ဈတ္တိကသာမည်၍ ဝတ္ထုမမည်သောရုပ် မရှိ၊ ဟဒယရုပ် သည် ဝတ္ထုသာမည်၍ အဇ္ဈတ္တိက မမည်။ ပသာဒရုပ်သည် နှစ်ပါးလုံး မည်၏။ ကြွင်းရုပ် နှစ်ဆယ့်နှစ်ခုတို့သည် နှစ်ပါးလုံး မမည်ကုန်။ ဗာဟိရအဝတ္ထုရုပ်သာ မည်ကုန်သည် ။ပ။
ပသာဒရုပ်သည် အဇ္ဈတ္တိကသာ မည်၍ အဝိနိဗ္ဘောဂ မမည်။ ဝဏ္ဏ ဂန္ဓ ရသ ဩဇာ ဓာတ်လေးဖြာ တို့သည် အဝိနိဗ္ဘောဂသာ မည်၍ အဇ္ဈတ္တိက မမည်။ နှစ်ပါးမည် မရှိ။ ကြွင်းရုပ် တဆယ့်ငါးခုတို့သည် နှစ်ပါးလုံး မမည်ကုန်။ ဗာဟိရ ဝိနိဗ္ဘောဂသာ မည်ကုန် တော့သည်။
ဤကား ခဏ္ဍစက်တည်း။ ဝတ္ထုရုပ် စသည်ကို မူတည်၍လည်း နည်းတူ ဗဒ္ဓစက် လှည့်လေဦး။
(“ဗာဟိယော ဒါရုစီရိယော” ´ဟု ဥဒါနပါဠိတော် (နှာ-၈၄) စသော ပါဠိတော် အများ ရှိသောကြောင့်၎င်း “ဗဟိနဂရေ ဇာတော ဗာဟိယော”ဟု အဋ္ဌကထာ ဖွင့်သော ကြောင့်၎င်း၊ “ဗဟိ ဘဝံ ဗာဟျံ” ဟု လောကီကျမ်း၌ ရှိသောကြောင့်၎င်း ထိုထိုအရာ၌ “ဗာဟိယ”ဟု ယ-ငယ်နှင့် ရှိသင့်သည်။
သရနှောင်း၍ သန္ဓိစပ်ရာ၌သာ ရကောက်လာ၍ ဗဟိရင်္ဂဝိဓိ စသည်ဖြင့် ရှိသင့်သည်။ သည်အရာမှတပါး ခပ်သိမ်းသော ပါဠိ အဋ္ဌကထာ ဋီကာကျမ်းဂန် တို့၌ကား“ဗာဟိရာ ဓမ္မာ” စသည်ဖြင့် ရကြီးနှင့်သာ ပါဌ်ရှိကြ၏။ အဘိဓာန် ဋီကာ၌လည်း ရ-ကြီး နှင့်ပင်“ဗဟိ ဇာတံ ဗာဟိရံ၊ ဣရော”ဟု-ရုပ်စီရင်၏။ ဝုဒ္ဓိ ရောက်သည်နှင့် မညီ။ ဣရဏ် ပစ္စည်းသော်လည်း ဖြစ်ရာ၏။ ဆင်ခြင်။)
စက္ခုနှင့် သောတ အသမ္ပတ္တဖြစ်ပုံ
ဤ၌ စက္ခု သောတ နှစ်ပါးကို အဘယ့်ကြောင့် အသမ္ပတ္တဂေါစရဂ္ဂါဟရုပ် ဟူ၍ ဆိုသနည်းဟူမူ --
စက္ခုသောတံ ပနေ’တေသု၊
ဟောတာ သမ္ပတ္တဂါဟကံ။
ဝိညာဏုပ္ပတ္တိဟေတုတ္တာ၊
သန္တရာဓိကဂေါစရေ။
ဂန္တွာ ဝိသယဒေသံ တံ၊
ဖရိတွာ ဂဏှာတီတိ စေ။
အဓိဋ္ဌာနဝိဓာနေန၊
တဿ သော ဂေါစရော သိယာ။
ဘူတပ္ပဗန္ဓတော သော စေ၊
ယာတိ ဣန္ဒြိယသန္နိဓိံ။
ကမ္မစိတ္တောဇသမ္ဘူတော၊
ဝဏ္ဏော သဒ္ဒေါ စ စိတ္တဇော။
န တေသံ ဂေါစရာ ဟောန္တိ၊
န ဟိ သမ္ဘောန္တိ တေ ဗဟိ။
ဝုတ္တာ စ အဝိသေသေန၊
ပါဌေ တံ ဝိသယာဝ တေ။
ယဒိ စေ’ တံ ဒွယံ အတ္တ- သမီပံယေဝ ဂဏှတိ။
အက္ခိဝဏ္ဏံ တထာ မူလံ၊
ပဿေယျ ဘမုကဿ စ။
ဒိသာဒေသဝဝတ္ထာနံ၊
သဒ္ဒဿ န ဘဝေယျ စ။
သိယာ သဒ္ဒဝေဓိဿ၊
သကဏ္ဏေ သရပါတနံ။
ဟူ၍ ဋီကာကျော် (နှာ-၂၁၅)၌ ဖြေ၏။
ဧတေသု၊ ထို ဂေါစရဂ္ဂါဟကရုပ် ငါးခုတို့တွင်။
စက္ခုသောတံ ပန၊ စက္ခုနှင့် သောတသည်ကား။
အသမ္ပတ္တဂါဟကံ၊ မိမိထံမှောက် မလာမရောက်သော အာရုံကို ယူတတ်၏။
ကသ္မာ၊ အဘယ်ကြောင့် သိရသနည်းဟူမူ။
သန္တရာဓိကဂေါစရေ = သအန္တရာဓိကဂေါစရေ၊ ဖလ် မှန် ဝမ်းရေစသည် အခြားရှိသော ရူပ သဒ္ဒ ဆင် ခေါင်းလောင်း စသည်တို့၏ ကြီးစွာသော အဆင်း အသံအာရုံ၌။
ဝိညာဏုပ္ပတ္တိဟေတုတ္တာ၊ စက္ခု သောတဝိညာဏ်ဖြစ်ခြင်း၏ အကြောင်းဖြစ်သော ကြောင့် သိရ၏။
တံ၊ ထိုစက္ခု သောတ နှစ်ပါးသည်။
ဝိသယဒေသံ၊ အာရုံရှိရာ အရပ်သို့။
ဂန္တွာ၊ သွား၍။
တံ၊ ထိုအာရုံကို။
ဖရိတွာ၊ နှံ့ ၍။
ဂဏှတိ၊ ယူ၏။
ဣတိ စေ၊ ဤသို့ ဆိုငြားအံ့။
အဓိဋ္ဌာနဝိဓာနေန၊ ဆောက်တည်ခြင်း အစီအရင်ဖြင့်။
သော၊ ထိုဝေးလံ ခြားကွယ်သော ရူပ သဒ္ဒသည်။
တဿ၊ ထိုစက္ခု သောတ၏။
ဂေါစရော၊ အာရုံသည်။
သိယာ၊ မဖြစ်တန်သာ ဖြစ်ခဲ့ရာ၏။
သော၊ ထိုရူပ သဒ္ဒသည်။
ဘူတပ္ပဗန္ဓတော၊ မဟာဘုတ် အဖွဲ့အစုမှ။
ဣန္ဒြိယသန္နိဓိံ၊ စက္ခိန်, သောတိန် တည်ရာအရပ်သို့။
စေ ယာတိ၊ အကယ်၍သွားသည် ဖြစ်အံ့။
ကမ္မစိတ္တောဇ သမ္ဘူတော၊ ကံ စိတ် အာဟာရကြောင့်ဖြစ်သော။
ဝဏ္ဏော စ၊ ရူပါရုံသည်၎င်း။
စိတ္တဇော၊ စိတ်ကြောင့်ဖြစ်သော။
သဒ္ဒေါ စ၊ အသံသည်၎င်း။
တေသံ၊ ထိုစက္ခု, သောတတို့၏။
ဂေါစရာ၊ အာရုံတို့သည်။
န ဟောန္တိ၊ ဖြစ်သင့်ပါလျက် မဖြစ်ခဲ့ကုန်ရာ။
ဟိ သစ္စံ၊ မှန်၏။
တေ၊ ထိုကမ္မ စိတ္တဇရူပ စိတ္တဇသဒ္ဒ တို့သည်။
ဗဟိ၊ အပသက်မဲ့၌။
န သမ္ဘောန္တိ၊ မဖြစ်ကုန်။
တေ၊ ထိုရူပ သဒ္ဒတို့ကို။
ပါဌေ၊ ပါဠိတော်၌။
အဝိသေသေန၊ ဥတုဇဟု အထူးမမ သာမည အားဖြင့်သာလျှင်။
တံ ဝိသယာဝ၊ ထိုစက္ခု သောတတို့၏ အာရုံတို့ ဟူ၍သာလျှင်။
ဝုတ္တာ စ၊ ဟောလည်း ဟောတော်မူအပ်ကုန်ခဲ့။
(“ယဒိ စေတံ” စသော နှစ်ဂါထာကို အောက်၌ အနက် သမ္ဗန်ခဲ့ပြီ။)
ရူပဝိဘာဂ ပြီး၏။
ရူပသမုဋ္ဌာန
ရုပ်ကိုဖြစ်စေသည့် အကြောင်းတရား ၄-ပါး
“ကမ္မံ စိတ္တံ ဥတု အာဟာရော စေတိ စတ္တာရိ ရူပသမုဋ္ဌာနာနိ နာမ” ဟူသည်နှင့် အညီ ရုပ်ကို ဖြစ်စေတတ်သော အကြောင်း သမုဋ္ဌာန်သည် နာမ်နှစ်ပါး ရုပ်နှစ်ပါး အားဖြင့် လေးပါး အပြားရှိ၏။
ရုပ်ကိုဖြစ်စေသည့် ကံစေတနာများ
ထိုတွင် “ကာမာဝစရံ ရူပါဝစရဉ္စေတိ ။ပ။ ခဏေ ခဏေ သမုဋ္ဌာပေတိ” ဟူသည် နှင့်အညီ ကာမ ရူပ နာနာက္ခဏိက စေတနာကံ နှစ်ဆယ့်ငါးပါးသည် ပဋိသန္ဓေ ဥပါဒ်မှစ၍ စုတိ ကျသည်တိုင်အောင် စိတ်တို့၏ ဥပါဒ်တိုင်း ဌီတိုင်း ဘင်တိုင်း ကမ္မဇရုပ်ကို ဖြစ်စေ၏။
ရုပ်တို့ကို ဖြစ်စေသည့် စိတ်များ
“အာရုပ္ပဝိပါကဒွိပဉ္စဝိညာဏဝဇ္ဇိတံ ။ပ။ ဟသနမ္ပိ ဇနေန္တိ” ဟူသည်နှင့် အညီ အရူပဝိပါက် လေး၊ ဒွေပဉ္စဝိညာဏ် တဆယ်၊ ခပ်သိမ်းသော ပဋိသန္ဓေစိတ်၊ အဋ္ဌကထာ နည်းအားဖြင့် ရဟန္တာတို့၏ စုတိစိတ်၊ ဋီကာနည်းအားဖြင့် အလုံးစုံသော စုတိစိတ် တို့သည် ကြဉ်အပ်သော ခုနစ်ဆယ့်ငါးပါးသော စိတ်သည် ပဉ္စဝေါကာရဘုံ၌ ဖြစ်သော အခါ ပဋိသန္ဓေနောင် ပထမဘဝင်မှစ၍ ဥပါဒ်တိုင်း ဥပါဒ်တိုင်း စိတ္တဇရုပ်ကို ဖြစ်စေ၏။
ရယ်ရွှင်ရုပ် စသည်တို့ကို ဖြစ်စေသည့် စိတ်များ
မနောဓာတုံ၊ တဒါရုံက၊
ရူပဝိပါက်၊ ဆယ့်ကိုးချက်မှာ၊
ရုပ်ကိုသာတည်း၊ ပ္ပနာဇဝန၊
ဆဗ္ဗီသကား၊ ယာပထ လည်း၊
ဖွဲ့တည်းခိုင်စေ၊ တထွေဝုဋ္ဌော၊
ကာဇောဘိညာ၊ ဒွတ္တိံသာကား၊
နှစ်ဖြာဝိညတ်၊ ကိုလည်း တပ်၏၊
သောမနသ်ဟု၊ ဆဲ့သုံးခုကား၊
ရယ်မှု ရွှင်ခြင်း၊ လည်းပြုလျှင်း၏၊
ကြွင်းအာရုပ္ပ၊ ဝိပါကနှင့်၊
ပဉ္စဝိညာ၊ ဆဲ့လေးဖြာသည်။
ဘယ်ဟာ ဖြစ်စေနိုင်ဘူးတည်း။
ပုထုဇ္ဇနာ ဟသန္တေတ္ထ၊
စိတ္တေဟိ ပန အဋ္ဌဟိ။
ဆဟိ သေက္ခာ အသေက္ခာ တု၊
စိတ္တေဟိ ပန ပဉ္စဟိ။
ဟူသော ( အဘိဓမ္မာဝတာရ၊ နှာ-၁၇ ဂါထာ-၅၇) ဂါထာ။
ဧတ္ထ၊ ဤ ကာမသောမနဿ တဆယ့်သုံးပါးတို့တွင်။
ပုထုဇ္ဇနာ၊ ပုထုဇဉ်တို့သည်။
အဋ္ဌဟိ၊ လောဘမူ သောမနဿ ၄-ပါး မဟာကုသိုလ် သောမနဿ ၄-ပါးအားဖြင့် ရှစ်ပါး ကုန်သော။
စိတ္တေဟိ၊ စိတ်တို့ဖြင့်။
ဟသန္တိ၊ ရယ်ရွှင်ကြကုန်၏။
သေက္ခာ၊ သေက္ခပုဂ္ဂိုလ်တို့သည်။
ဆဟိ၊ လောဘမူ ဒိဋ္ဌိဂတဝိပ္ပယုတ် သောမနဿ ၂-ပါး, မဟာကုသိုလ် သောမနဿ ၄-ပါး အားဖြင့် ၆-ပါးသော စိတ်တို့ဖြင့်။
ဟသန္တိ၊ ရယ်ရွှင်ကြကုန်၏။
အသေက္ခာ တု၊ ရဟန္တာပုဂ္ဂိုလ်တို့သည်ကား။
ပဉ္စဟိ၊ ဟသိတုပ္ပါဒ်, မဟာကြိယာ သောမနဿ ၄-ပါး အားဖြင့် ငါးပါးကုန်သော။
စိတ္တေဟိ၊ စိတ်တို့ဖြင့်။
ဟသန္တိ ၊ ရယ်ရွှင်ကြကုန်၏။
ရှစ် ပုထုဇန်၊ ခြောက် သေက္ခန်၊ ငါးတန် ရဟန္တာ။
ဟာသ အကြောင်း၊ ထူးပြား ရှောင်း၊ စိတ်ပေါင်း တေရသာ။
ဟူသော လင်္ကာနှင့်အညီ --
ပုထုဇဉ်တို့သည် လောဘမူ မဟာကုသိုလ် သောမနဿ ရှစ်ခုတို့ဖြင့် ပြုံးရယ် ကြကုန်၏။
သေက္ခပုဂ္ဂိုလ်တို့သည် ဒိဋ္ဌိဂတဝိပ္ပယုတ် လောဘမူ မဟာကုသိုလ် သောမနဿ ခြောက်ခု တို့ဖြင့် ပြုံးရယ်ကြကုန်၏။
ရဟန္တာပုဂ္ဂိုလ်တို့သည် ဟသိတုပ္ပါဒ် မဟာကြိယာ သောမနဿ ငါးခုတို့ဖြင့် ရယ်ရွှင် ကြကုန်၏။
စက်လှည့်၍ သရုပ်ခွဲခြင်း
ဤရုပ် ဣရိယာပုထ် ဝိညတ် ရွှင်ခြင်း လေးခုတို့ကို မူလီမူလာပြုလျက် --
ရုပ်ကိုသာ ဖြစ်စေနိုင်၍ ဣရိယာပုထ်ကို မဖြစ်စေနိုင်သောစိတ် တဆဲ့ကိုးခု၊
ဣရိယာပုထ်ကိုသာ ဖြစ်စေနိုင်၍ ရုပ်ကို မဖြစ်စေနိုင်သောစိတ် မရှိ၊
နှစ်ပါးစုံကို ဖြစ်စေနိုင်သောစိတ် ငါးဆဲ့ရှစ်၊
နှစ်ပါးစုံကို မဖြစ်စေနိုင်သောစိတ် တဆဲ့လေးခု၊
ပေါင်း စိတ်ကိုးဆဲ့တပါး ဖြစ်၏။
အဘိညာဒွေကြောင့် စိတ်သရုပ် ပိုသည်။ ဤသို့စသည်ဖြင့် ခွဲလေ၊ မခဲပြီ။
တေဇောသည် ဌီသို့ရောက်မှ ဥတုဇရုပ်ကို ဖြစ်စေခြင်း
“သီတုဏှောတုသမညာတာ ။ပ။ သမုဋ္ဌာပေတိ”ဟူသည်နှင့် အညီ အဧ, အပူ ဟူသော ဥတုသည် ပဋိသန္ဓေစိတ်၏ ဌီဟူသော မိမိ၏ ဌီကာလသို့ ရောက်၍ ပစ္ဆာဇာတ စသော ပစ္စည်းကို ရသဖြင့် ဥတုဇရုပ်ကို ဖြစ်စေသည်း
အာဟာရ၏ အာဟာရဇရုပ်ကို ဖြစ်စေသည့်အချိန်
“ဩဇာသင်္ခါတော ။ပ။ သမုဋ္ဌာပေတိ”ဟူသည် နှင့်အညီ အလုတ်အခဲ ဟူသော ဝတ္ထု၌ တည်သော မျိုသောအခါ အင်္ဂါကြီးငယ်သို့ လျှောက်၍ နှံ့တတ်သော၊ ရသာရုံ ကိုလည်း ဆောင်တတ်သော အစေးသည် ပဋိသန္ဓေ တည်နေသည့်နောက် တသတ္တာဟ နှစ်သတ္တာဟ မြောက်သည်မှ စ၍ အာမာသယ (=အစာသစ်အိမ်) ၌ တည်လျက် “ဧကဒိဝသံ ဘုတ္တဟာရဿ သတ္တာဟမေဝ ယာပနတော” ဟူရကား ခုနစ်ရက်ပတ်လုံး မိမိ၏ဌီသို့ ရောက်သောအခါ၌ အဇ္ဈတ္တ စတုဇ ဩဇာနှင့် ပေါင်းဆုံ မိကြ၍ အာဟာရဇရုပ်ကို ဖြစ်စေ၏။
“အဇ္ဈောဟရဏကာလေ”ဟူသည်ကို ယေဘုယျ မှတ်ရမည်။ ကိုယ်မှာ အစာ ထိလျှင် ပင် အာဟာရဇရုပ် ဖြစ်ခြင်းကို အဋ္ဌကထာ၌ မိန့်ဆိုသည်။ ပဋိသန္ဓေ နေသော သူငယ် ကိုလည်း ထောက်။
ဧကဇရုပ်စသည်ဖြင့် ခွဲဝေခြင်း
“ဟဒယ ဣန္ဒြိယရူပါနိ ။ပ။ န ကုတောစိ ဇာယန္တိ”ဟူသည်နှင့် အညီ --
ဧကဇရုပ် တဆဲ့တခု၊
ဒွိဇရုပ် တခု၊
တိဇရုပ် သုံးခု၊
စတုဇရုပ် ကိုးခု၊
နကုတောစိသမုဋ္ဌာနရုပ် လေးခု -
အားဖြင့် ပေါင်း ရုပ် အဋ္ဌဝီသ ဖြစ်၏။
စတုဇရုပ် ၁၁-ပါး ယူပုံ။ ။တနည်းလည်း --
တမ္ပိ ရူပဇနကပစ္စယာနံ ရူပုပ္ပါဒနံ ပဋိစ္စ အနုပရတဗျာပါရာနံ ပစ္စယဘာဝူပ ဂမနက္ခဏေ ဇာယမာနဓမ္မဝိကာရဘာဝေန ဥပလဗ္ဘမာနတံ သန္ဓာယာတိ ဒဋ္ဌဗ္ဗံ။
တမ္ပိ၊ ထိုဇာတိရုပ်၏ “ကုတောစိဇာတ” အဖြစ်ကိုလည်း။
ရူပုပ္ပါဒနံ၊ ရုပ်ကို ဖြစ်စေခြင်းကို။
ပဋိစ္စ၊ စွဲ၍။
အနုပရတ ဗျာပါရာနံ၊ မငြိမ်းစဲသေးသော လုံ့လ ပယောဂ ရှိကုန်သော။
ရူပဇနကပစ္စယာနံ၊ ရုပ်ကိုဖြစ်စေတတ်သော အကြောင်း လေးပါးတို့၏။
ပစ္စယ ဘာဝူပ ဂမနက္ခဏေ၊ အကြောင်း၏အဖြစ်သို့ ရောက်ဆဲသော ဥပါဒ်ခဏ၌။
ဇာယမာနဓမ္မဝိကာရဘာဝေန၊ ဖြစ်ဆဲသော စတုဇရုပ် တရားတို့၏ ဖောက်ပြန်ခြင်း အမူအရာ၏ အဖြစ်ဖြင့်။
ဥပလဗ္ဘမာနတံ၊ ရအပ်သည်၏အဖြစ်ကို။
သန္ဓာယ၊ ရည်၍။
အနုညာတံ၊ ခွင့်ပြုတော်မူအပ်၏။
ဣတိ၊ ဤသို့။
ဒဋ္ဌဗ္ဗံ၊ မှတ်အပ်၏။
ဤသို့ ဋီကာကျော်(နှာ-၂၁၁) ၌လာသည်နှင့်အညီ ပစ္စည်းတို့၏ သတ္တိမငြိမ်းစဲခင် ထင်ရှားသော ဥပါဒ်အခိုက်၌ ရထိုက်သောကြောင့် ဥပစယ သန္တတိ နှစ်ပါး ကို စတုဇ၌ သွင်းမူ စတုဇရုပ် တဆဲ့တပါး ဖြစ်၏။
စတုဇရုပ် ၁၃-ပါးယူပုံ။ ။တနည်းလည်း---
တတ္ထာပိ ပဋိစ္စသမုပ္ပန္နာနံ လက္ခဏဘာဝတောတိ အယမဘိသန္ဓိ။
တတ္ထာပိ၊ ထို ဇရာ မရဏံ သင်္ခတံ ပဋိစ္စသမုပ္ပန္နံ စသော စကားတော်၌လည်း။
ပဋိစ္စသမုပ္ပန္နာနံ၊ ပဋိစ္စသမုပ္ပန္နဓမ္မတို့ကို။
လက္ခဏဘာဝတော၊ မှတ်ကြောင်း ဖြစ်သောကြောင့်။
သင်္ခတံ၊ သင်္ခတဖြစ်သင့်၏။
ပဋိစ္စသမုပ္ပန္နံ၊ ပဋိစ္စသမုပ္ပန္နဖြစ်သင့်၏။
ဣတိ အယံ၊ ဤသည်ကား။
အဘိသန္ဓိ၊ ဘုရားအလိုတော်တည်း။
ဤသို့ ဋီကာကျော်(နှာ-၂၁၁) ၌ ပြသည်နှင့် အညီ စတုဇရုပ်တို့ကို မှတ်ကြောင်း မကင်းသော လက္ခဏာ ဖြစ်၍ ဇရတာ, အနိစ္စတာ နှစ်ပါးကိုလည်း စတုဇရုပ်၌ သွင်းပြန်မူ စတုဇရုပ် တဆဲ့သုံးပါး ဖြစ်၏။
လက္ခဏရုပ်လေးပါးသည် နကုတောစိ သမုဋ္ဌာန မုချသာ
ဤသို့ သွင်းခြင်းသည် ပရိယာယ် သာတည်း။ မုချအားဖြင့်ကား နကုတောစိသမုဋ္ဌာန ပင်တည်း။ ထို့ကြောင့် --
ပါဌေ ကုတောစိ ဇာတတ္တံ၊
ဇာတိယာ ပရိယာယတော။
သင်္ခတာနံ သဘာဝတ္တာ၊
တီသု သင်္ခတတေရိတာ။
ဟု မိန့်အပ်၏။
ပါဌေ၊ ပါဠိတော်၌။
ဇာတိယာ၊ ဥပစယ သန္တတိ ရုပ်နှစ်ခု၏။
ကုတောစိဇာတတ္တံ၊ တစုံတခုသော အကြောင်းကြောင့် ဖြစ်ခြင်းကို။
ပရိယာယတော၊ ဝေဝုစ်အားဖြင့်။
ဤရိတံ၊ ဟောတော်မူအပ်၏။
သင်္ခတာနံ၊ သင်္ခတဓမ္မတို့၏။
သဘာဝတ္တာ၊ သဘော၏အဖြစ်ကြောင့်။
တီသု၊ ဇာတိ ဇရာ မရဏ သုံးပါးလုံးတို့၌။
သင်္ခတတာ၊ သင်္ခတအဖြစ်ကို။
ဤရိတာ၊ ဟောတော်မူအပ်၏။
စက်လှည့်၍ သရုပ်ခွဲပုံ
‘အဋ္ဌာရသ ပန္နရသ’ စသော ဂါထာ၌ လာသော လေးချက်ကို စက်ဖွဲ့မူကား --
ကံကြောင့် သာဖြစ်၍ စိတ်ကြောင့် မဖြစ်သောရုပ် ကိုးခု၊
စိတ်ကြောင့်သာဖြစ်၍ ကံကြောင့် မဖြစ်သော ရုပ် ခြောက်ခု၊
နှစ်ပါးစုံနှင့် ဖြစ်သော ရုပ်ကိုးခု၊
နှစ်ပါးစုံကြောင့် မဖြစ်သော ရုပ် လေးခု၊
ပေါင်း ရုပ် အဋ္ဌဝီသ ဖြစ်၏။
ဤနည်းကို မှီး၍ ပြီးဆုံးအောင် စက်လှည့်လေ။
ရူပသမုဋ္ဌာန် ပြီး၏။
ရူပကလာပ
ရုပ်ကလာပ် လက္ခဏာ ၄-ပါး
“ဧကုပ္ပါဒ ဧကနိရောဓာ” စသော ကလာပ် လက္ခဏာ လေးပါးကို ဝိညတ်ဒွေမှာ စိတ္တသဟဘူ စိတ္တာနုပရိဝတ္တိ ဖြစ်၍ ဧကနိရောဓ မရသောကြောင့်၎င်း၊ မဟာဘုတ် တို့မှာ ဥပါဒါရုပ်တို့ကဲ့သို့ နိဿယလေးပါး မရမူ၍ သုံးပါးစီသာ ရသောကြောင့်၎င်း ယေဘုယျအားဖြင့် ဆိုသည် မှတ်။
ရူပသမုဋ္ဌာန်၌ ပြခဲ့ပြီးသော ဧကဇ ဒွိဇ တိဇရုပ်တို့ကို စတုဇရုပ်နှင့် လျော်ရာ စပ်ဟပ်၍ ကလာပ် ဖွဲ့စည်းရမည်။ သို့မှ သန့်ရှင်း သိလွယ်သည်။ ကလာပ ယောဇနာ နည်းတွင်ရွေ့သာ ကြံက အသိဉာဏ် ရှုပ်ထွေးသည်။
ကလာပ်အားဖြင့် စက်လှည့်၍ သရုပ်ခွဲပုံ
"ဤ နှစ်ဆယ့်တစည်းသော ကလာပ်တို့ကို ရှေ့, နောက် ရောစပ်လျက် စက်လှည့် အပ်၏။ လှည့်ဟန်ကား -
စက္ခုဒသက၌သာ ပါ၍ သောတဒသက၌ မပါသောရုပ် တခု၊
သောတဒသက၌သာ ပါ၍ စက္ခုဒသက၌ မပါသောရုပ် တခု၊
နှစ်ပါးစုံ၌ပါသောရုပ် ကိုးခု၊
မပါ တဆယ့်ခုနစ်ခု၊
ပေါင်း ရုပ် အဋ္ဌဝီသဖြစ်၏။
ဤနည်းကို စံမှီး၍ ပြီးဆုံးအောင် စက်လှည့်လေ။
ရူပကလာပ ပြီး၏။
ရူပ ပဝတ္တိက္ကမ
ကာမဘုံ၌ ရုပ်ဖြစ်စဉ်
“သဗ္ဗာနိ ပနေတာနိ ။ပ။ ဥပလဗ္ဘန္တိ”ဟူသည်နှင့်အညီ ကာမဘုံ၌ ပဝတ္တိအခါ ပြည့်စုံသော အာယတနရှိသော သတ္တဝါအား ရုပ်အဋ္ဌဝီသကို ယထာရဟ ရကောင်းသည် ချည်းတည်း။
ကာမသံသေဒဇ, ဥပပါတ် ပုဂ္ဂိုလ်များ
“ပဋိသန္ဓိယံ ပန ။ပ။ ကလာပဟာနိ ဝေဒိတဗ္ဗာ” ဟူသည်နှင့် အညီ ပဋိသန္ဓေစိတ် ဥပါဒ်၌ ပရိပုဏ္ဏာယတန သံသေဒဇ၊ ဥပပါတ် သတ္တဝါတို့အား ဇာတ်အားဖြင့် (စက္ခု သောတ ဃာန ဇိဝှါ ကာယ ဘာဝ ဟဒယ) ကမ္မဇ ကလာပ်ခုနစ်စည်း၊ ရုပ်ပေါင်း ခုနစ်ဆယ်၊ အာယတန တဆယ့်တပါး ရအပ်၏။
အပါယ် သံသေဒဇပုဂ္ဂိုလ်
ပါပကံ နှိပ်စက်၍ အာယတန ချို့ပျက်သော သတ္တဝါတို့တွင် အပါယ်သံသေဒဇအား -
စက္ခုချို့၍ ခြောက်စည်း၊ သောတချို့၍ ခြောက်စည်း၊ ဃာနချို့၍ ခြောက်စည်း၊ ဘာဝချို့၍ ခြောက်စည်း - လေးလီ။
စက္ခု သောတချို့၍၊ စက္ခု ဃာနချို့၍၊ စက္ခု ဘာဝချို့၍၊ သောတ ဃာနချို့၍၊ သောတ ဘာဝချို့၍၊ ဃာန ဘာဝချို့၍၊ ငါးစည်းစီ ခြောက်လီ။
စက္ခု သောတ ဃာနချို့၍၊ သောတ ဃာန ဘာဝချို့၍၊ ဃာန ဘာဝ စက္ခု ချို့၍၊ ဘာဝ စက္ခု သောတ ချို့၍ - လေးစည်းစီ လေးလီ။
စက္ခု သောတ ဃာန ဘာဝ လေးပါးလုံး ချို့၍ သုံးစည်း ရအပ်၏။
အပါယ်ဥပပါတ် သတ္တဝါအားကား - “ကာမဓာတုယံ အဃာနကော သြပပါတိကော နာမ နတ္ထိ”ဟု အာယတနယမိုက် အဋ္ဌကထာ (နှာ-၃ဝ၉) ၌ အဆိုရှိသည် နှင့်အညီ ဃာန မချို့ကောင်းသောကြောင့် ဧကက သုံးပါး၊ ဒုက သုံးပါး၊ တိက တပါးသာ ရအပ်၏။
သုဂတိယံ မဟာနုဘာဝေန ကမ္မုနာ နိဗ္ဗတ္တမာနာနံ သြပပါတိကာနံ ဣန္ဒြိယဝေကလ္လာယောဂတော စက္ခု သောတ ဃာနာလာဘော သံသေဒဇာနံ။ ဘာဝါလာဘော ပထမကပ္ပိကသြပပါတိကာနံ ဝသေနာပိ၊ ဒုဂ္ဂတိယံ ပန စက္ခု သောတ ဘာဝါလာဘော ဒွိန္နမ္ပိ ဝသေန၊ ဃာနာလာဘော သံသေဒဇာနမေဝ ဝသေန၊ န သြပပါတိကသေနာတိ ဒဋ္ဌဗ္ဗံ။
သုဂတိဥပပါတ်ပုဂ္ဂိုလ်၌ ဣန္ဒြေမချို့တဲ့စကောင်း
သုဂတိယံ၊ သုဂတိဘုံ၌။
မဟာနုဘာဝေန၊ ကြီးသော အာနုဘော်ရှိသော။
ကမ္မုနာ၊ ကံကြောင့်။
နိဗ္ဗတ္တမာနာနံ၊ ဖြစ်ကုန်သော။
သြပပါတိကာနံ၊ ဥပပါတ် သတ္တဝါတို့အား။
ဣန္ဒြိယဝေကလ္လာယောဂတော၊ ဣန္ဒြေ ချို့တဲ့ခြင်း၏ မသင့်သောကြောင့်။
သုဂတိ သံသေဒဇပုဂ္ဂိုလ်၌ စက္ခု, သောတ ဃာန ချို့တဲ့နိုင်ခြင်း
စက္ခု သောတ ဃာနာလာဘော၊ စက္ခု သောတ ဃာနတို့ကို မရခြင်းသည်။
သံသေဒဇာနံ၊ သံသေဒဇ သတ္တဝါတို့၏။
၀သေန၊ အစွမ်းဖြင့်။
ဟောတိ၊ ဖြစ်၏။
ဘာဝါလာဘော၊ ဘ၀ချို့ခြင်းသည်။
ပထမကပ္ပိက သြပပါတိကာနံ၊ ကပ်ဦးဥပပါတ်တို့၏။
၀သေနာပိ၊ အစွမ်းဖြင့်လည်း။
ဟောတိ၊ ဖြစ်၏။
ဒုဂ္ဂတိယံ ပန၊ ဒုဂ္ဂတိဘုံ၌ကား။
စက္ခု သောတ ဘာဝါလာဘော၊ စက္ခု သောတ ဘ၀ချို့ခြင်းသည်။
ဒွိန္နမ္ပိ၊ ဥပပါတ်သတ္တဝါ သံသေဒဇသတ္တဝါ နှစ်ယောက်လုံးတို့၏လည်း။
ဝသေန၊ အစွမ်းဖြင့်။
ဟောတိ၊ ဖြစ်၏။
ဃာနာလာဘော၊ ဃာနချို့ခြင်းသည်။
သံသေဒဇာန မေ၀၊ သံသေဒဇ သတ္တဝါတို့၏သာလျှင်။
ဝသေန၊ အစွမ်းဖြင့်။
ဟောတိ၊ ဖြစ်၏။
သြပပါတိကဝသေန၊ ဥပပါတ်သတ္တဝါတို့၏အစွမ်းဖြင့်။
န ဟောတိ၊ မဖြစ်။
ဣတိ ဒဋ္ဌဗ္ဗံ၊ ဤသို့ မှတ်အပ်၏။
ဤသို့ ဋီကာကျော် (နှာ-၂၁၂) ၌ လာသည်နှင့်အညီ သုဂတိဘုံ၌ကား ဥပပါတ်မှာ ကပ်ဦးအခါ၌သာ ဘာဝဒသက တစည်းသာ ချို့ကောင်း၏။
သုဂတိအဟိတ် သံသေဒဇအားကား ဒုဂ္ဂတိအဟိတ် သံသေဒဇနှင့်အတူချို့၏။
ကလာပ် သုံးစည်း ရသည့် သတ္တဝါ
“ဂဗ္ဘသေယျကသတ္တာနံ ပန ။ပ။ ပါတုဘဝန္တိ”ဟူသည်နှင့်အညီ သုဂတိ ဒုဂ္ဂတိ အဟိတ် အဏ္ဍဇ ဇလာဗုဇဖြစ်သော ဂဗ္ဘသေယျက ပုဂ္ဂိုလ်တို့အား ပဋိသန္ဓေ ဥပါဒ်၌ ဇာတ်အားဖြင့် ကာယ ဘာဝ ဝတ္ထုဒသက ကလာပ်သုံးစည်းတို့ကို ရအပ်ကုန်၏။
နပုန်းပဏ္ဍုက်တို့အား ဘာဝချို့၍ နှစ်စည်းသာ ရအပ်၏။
အမိဝမ်း၌ ဂဗ္ဘသေယျက သတ္တဝါတို့၏ ရုပ်ဖြစ်စဉ်
ပဌမံ ကလလံ ဟောတိ၊
ကလလာ ဟောတိ အဗ္ဗုဒံ။
အဗ္ဗုဒါ ဇာယတေ ပေသိ၊
ပေသိ နိဗ္ဗတ္တတီ ဃနော။
ဃနာ ပသာခါ ဇာယန္တိ၊
ကေသာ လောမာ နခါပိ စ။
(သဂါထာဝဂ္ဂ) ယက္ခသံယုတ်ပါဠိတော်၊ နှာ-၂၀၈။
သတ္တာဟံ ကလလံ ဟောတိ၊
ပရိပက္ကံ သမူဟကံ၊
ဝိ၀ဋ္ဋမာနံ တဗ္ဘာဝံ၊
အဗ္ဗုဒံ နာမ ဇာယတိ။
သတ္တာဟံ အဗ္ဗုဒံ ဟောတိ ။ပ။
ပေသိ နာမ ပဇာယတိ။
သတ္တာဟံ ပေသိ ဘဝတိ ။ပ။
ဃနော နာမ ပဇာယတိ။
ဃနာ ပသာခါ ဇာယန္တီတိ၊ ဟူသည်ကား။
ပဉ္စမေ၊ ငါးခုမြောက်သော။
သတ္တာဟေ၊ သတ္တာဟ၌။
ဒွိန္နံ၊ နှစ်ချောင်းစီကုန်သော။
ဟတ္ထပါဒါနံ စ၊ လက်ခြေတို့၏၎င်း။
သီသဿ စ၊ ဦးခေါင်း၏၎င်း။
အတ္ထာယ၊ အကျိုးငှါ။
ပဉ္စ၊ ငါးခုကုန်သာ။
ပီဠကာ၊ အဖုတို့သည်။
ဇာယန္တိ၊ ဖြစ်ပေါ်ကုန်၏။
ယံ၊ ယင်းသို့ အဖုငါးခု ပေါ်လာသည်ကို။
သန္ဓာယ၊ ရည်၍။
“ပဉ္စမေ ။ပ။ ကမ္မတောတိ၊ - ဟူသော။
ဧတံ၊ ဤစကားကို။
ဝုတ္တံ၊ မိန့်တော်မူအပ်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
ပဉ္စမေ၊ ငါးခုမြောက်ဖြစ်သော။
သတ္တာဟေ၊ သတ္တာဟ၌။
ပဉ္စ ပီဠကာ၊ အလုံးအဖု ခက်မငါးခုတို့သည်။
ကမ္မတော၊ ကံကြောင့်။
သဏ္ဌဟန္တိ၊ ကောင်းစွာတည်ရောက် ပေါ်ပေါက်လာကုန်၏။
ဣတော၊ ဤပဉ္စမ သတ္တာဟမှ။
ပရံ၊ နောက်၌။
ဆဋ္ဌသတ္တမာဒီနိ၊ ဆဋ္ဌ သတ္တမ အစရှိကုန်သော။
သတ္တာဟာနိ၊ သတ္တာဟတို့ကို။
အတိက္ကမ္မ၊ ခုန်လွန်၍။
ဒေသနံ၊ ဒေသနာကို။
သံခိပိတွာ၊ ချုံ့၍။
ဒွါစတ္တာလီသေ သတ္တာဟေ၊ (လေးဆယ့်နှစ် သတ္တာဟ အတွင်း၌) လေးဆယ့်နှစ် သတ္တာဟမြောက်၌။
ပရိဏဘကာလံ၊ ရင့်သောကာလကို။
ဂဟေတွာ၊ ယူ၍။
ဒဿေန္တော၊ ပြတော်မှုလိုသော မြတ်စွာဘုရားသည်။
ကေသာတိအာဒိံ၊ ‘ကေသာ’ စသောစကားကို။
အာဟု၊ မိန့်တော်မူပြီ။
တတ္ထ၊ ထို“အာဟ” ၏ ကံ “ကေသာ”အစရှိသော စကား၌။
ကေသာ, လောမာ နခါပီ စာတိ၊ ဟူသည်ကား။
ဒွါစတ္တာလီသေ သတ္တာဟေ၊ လေးဆယ့်နှစ်သတ္တာဟ၌။
ဧတာနိ၊ ထို ဆံ အမွေး ခြေသည်း လက်သည်းတို့သည်။
ဇာယန္တိ၊ ဖြစ်ကုန်၏။
(၎င်းသံယုတ်အဋ္ဌကထာ၊ နှာ-၂၇၅။)
နဝမာသိကော ဟိ ဂဗ္ဘော ပရိပုဏ္ဏော နာမ ဟောတိ ကေသ လောမာဒိ နိဗ္ဗတ္တိတော။
(၎င်းဋီကာ၊ နှာ-၃၀၇။)
ပဌမံ၊ ရှေးဦးစွာ။
ကလလံ၊ ရေကြည်သည်။
ဟောတိ၊ ဖြစ်၏။
ကလလာ၊ ရေကြည်သတ္တာဟမှ။
ပရံ၊ နောက် ဒုတိယသတ္တာဟ၌။
အဗ္ဗုဒံ၊ အမြှုပ်သည်။
ဟောတိ၊ ဖြစ်၏။
အဗ္ဗုဒါ၊ အမြှုပ်သတ္တာဟမှ။
ပရံ၊ နောက် တတိယသတ္တာဟ၌။
ပေသိ၊ သားတစ်သည်။
ဇာယတေ၊ ဖြစ်၏။
ပေသိ-ပေသိတော၊ သားတစ်သတ္တာဟမှ။
ပရံ၊ နောက် စတုတ္ထသတ္တာဟ၌။
ဃနော၊ မာမာခက်ခက် တခဲနက်သည်။
နိဗ္ဗတ္တတိ၊ ဖြစ်၏။
ဃနာ၊ အခဲသတ္တာဟမှ။
ပရံ၊ နောက် ပဉ္စမသတ္တာဟ၌။
ပသာခါ၊ ဦးခေါင်း ခြေလက် ခက်မငါးဖြာတို့သည်။
ဇာယန္တိ၊ ဖြစ်ကုန်၏။
တတောပရံ၊ ထိုမှနောင် (လေးဆယ့်နှစ် သတ္တာဟ အတွင်း၌) လေးဆယ့်နှစ် သတ္တာဟ မြောက်၌။
ကေသာ စ၊ ဆံမျှင်တို့သည်၎င်း။
လောမာ စ၊ အမွေးတို့သည်၎င်း။
နခါပိ စ၊ လက်သည်း ခြေသည်းတို့သည်၎င်း။
ဇာယန္တိ၊ ပေါက်လာကုန်၏။
သတ္တာဟံ၊ ခုနစ်ရက်ပတ်လုံး။
ကလလံ၊ ရေကြည်သည်။
ဟောတိ၊ ဖြစ်၏။
ပရိပက္ကံ၊ ရင့်ကျက်သည်ဖြစ်၍။
သမူဟကံ၊ ရုပ်ကလာပ်ပေါင်းစုလျက်။
တဗ္ဘာဝံ၊ ထိုရေကြည်အဖြစ်ကို။
ဝိ၀ဋ္ဋမာနံ၊ ဖောက်ပြန်စေလျက်။
အဗ္ဗုဒံ နာမ၊ အမြှုပ် မည်သည်။
ဇာယတိ၊ ဖြစ်၏။
သတ္တာဟံ၊ ခုနစ်ရက်ပတ်လုံး။
အဗ္ဗုဒံ၊ အမြှုပ်သည်။
ဟောတိ၊ ဖြစ်၏။
ပရိပက္ကံ၊ ရင့်ကျက်သည်ဖြစ်၍။
သမူဟကံ၊ ရုပ်ကလာပ် ပေါင်းစုလျက်။
တဗ္ဘာဝံ၊ ထိုအမြှုပ် အဖြစ်ကို။
ဝိ၀ဋ္ဋမာနံ၊ လည်စေလျက်။
ပေသိ နာမ၊ သားတစ် မည်သည်။
ပဇာယတိ၊ ဖြစ်၏။
သတ္တာဟံ၊ ခုနစ်ရက်ပတ်လုံး။
ပေသိ၊ သားတစ်သည်။
ဘဝတိ၊ ဖြစ်၏။
ပရိပက္ကံ၊ ရင့်ကျက်သည်ဖြစ်၍။
သမူဟကံ၊ ရုပ်ကလာပ် ပေါင်းစုလျက်။
တဗ္ဘာဝံ၊ ထိုသားတစ်အဖြစ်ကို။
ဝိ၀ဋ္ဋမာနံ၊ ဖောက်ပြန်စေလျက်။
ဃနော နာမ၊ အခဲ မည်သည်။
ပဇာယတိ၊ ဖြစ်၏။
ဃနာ ပသာခါ ဇာယန္တီတိ၊ ဟူသည်ကား။
ပဉ္စမေ၊ ငါးခုမြောက်သော။
သတ္တာဟေ၊ သတ္တာဟ၌။
ဒွိန္နံ၊ နှစ်ချောင်းစီကုန်သော။
ဟတ္ထပါဒါနံ စ၊ လက်ခြေတို့၏၎င်း။
သီသဿ စ၊ ဦးခေါင်း၏၎င်း။
အတ္ထာယ၊ အကျိုးငှါ။
ပဉ္စ၊ ငါးခုကုန်သာ။
ပီဠကာ၊ အဖုတို့သည်။
ဇာယန္တိ၊ ဖြစ်ပေါ်ကုန်၏။
ယံ၊ ယင်းသို့ အဖုငါးခု ပေါ်လာသည်ကို။
သန္ဓာယ၊ ရည်၍။
“ပဉ္စမေ ။ပ။ ကမ္မတောတိ၊ - ဟူသော။
ဧတံ၊ ဤစကားကို။
ဝုတ္တံ၊ မိန့်တော်မူအပ်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
ပဉ္စမေ၊ ငါးခုမြောက်ဖြစ်သော။
သတ္တာဟေ၊ သတ္တာဟ၌။
ပဉ္စ ပီဠကာ၊ အလုံးအဖု ခက်မငါးခုတို့သည်။
ကမ္မတော၊ ကံကြောင့်။
သဏ္ဌဟန္တိ၊ ကောင်းစွာတည်ရောက် ပေါ်ပေါက်လာကုန်၏။
ဣတော၊ ဤပဉ္စမ သတ္တာဟမှ။
ပရံ၊ နောက်၌။
ဆဋ္ဌသတ္တမာဒီနိ၊ ဆဋ္ဌ သတ္တမ အစရှိကုန်သော။
သတ္တာဟာနိ၊ သတ္တာဟတို့ကို။
အတိက္ကမ္မ၊ ခုန်လွန်၍။
ဒေသနံ၊ ဒေသနာကို။
သံခိပိတွာ၊ ချုံ့၍။
ဒွါစတ္တာလီသေ သတ္တာဟေ၊ (လေးဆယ့်နှစ် သတ္တာဟ အတွင်း၌) လေးဆယ့်နှစ် သတ္တာဟမြောက်၌။
ပရိဏဘကာလံ၊ ရင့်သောကာလကို။
ဂဟေတွာ၊ ယူ၍။
ဒဿေန္တော၊ ပြတော်မှုလိုသော မြတ်စွာဘုရားသည်။
ကေသာတိအာဒိံ၊ ‘ကေသာ’ စသောစကားကို။
အာဟု၊ မိန့်တော်မူပြီ။
တတ္ထ၊ ထို“အာဟ” ၏ ကံ “ကေသာ”အစရှိသော စကား၌။
ကေသာ, လောမာ နခါပီ စာတိ၊ ဟူသည်ကား။
ဒွါစတ္တာလီသေ သတ္တာဟေ၊ လေးဆယ့်နှစ်သတ္တာဟ၌။
ဧတာနိ၊ ထို ဆံ အမွေး ခြေသည်း လက်သည်းတို့သည်။
ဇာယန္တိ၊ ဖြစ်ကုန်၏။
ဟိသစ္စံ၊ မှန်၏။
နဝမာသိကော၊ ကိုးလသား အရွယ်ရှိသော။
ဂဗ္ဘော၊ သူငယ် ကိုယ်ဝန်ပဋိသန္ဓေသည်။
ကေသလောမာဒိ နိဗ္ဗတ္တိတော၊ ဆံပင်အမွေး စသည်တို့၏ ဖြစ်ခြင်းကြောင့်။
ပရိပုဏ္ဏောနာမ၊ ပြည့်စုံသည် မည်သည်။
ဟောတိ၊ ဖြစ်၏။
ပသာဒရုပ်တို့ ၁၁-သတ္တာဟ သို့ရောက်မှ ပေါ်လာခြင်း
ဤသို့ ကျမ်းဂန်လာသည်အတိုင်း ကလလ အဗ္ဗုဒ ပေသိ ဃန ပဉ္စပ္ပသာခတို့သည် တသတ္တာဟစီသာ ဖြစ်ကြကုန်၏။ ထိုတွင် ပထမသတ္တာဟ စသည်၌ ကလလရုပ် စသည်တို့ နုလှသေးခြင်းကြောင့် ပဉ္စပ္ပသာခ မပေါက်လာသေးသကဲ့သို့ ဆဋ္ဌ သတ္တမ သတ္တာဟ စသည်၌လည်း ပဉ္စပ္ပသခ အပါ သီသပ္ပီဠက နုလှသေးသောကြောင့် ဧကာဒသမ သတ္တာဟသို့ ရောက်မှ သီသပ္ပသာခ ရင့်ရကား စက္ခု သောတ ဃာန ဇိဝှါ ပသာဒရုပ် ကလာပ်လေးခုတို့ တပြိုင်နက် ဥပါဒ်ကြောင်းကို --
ဂဗ္ဘသေယျကာနံ အဇ္ဈတ္တိကာယတနေသု မနာယတန ကာယာယတနာနေဝ ပဋိသန္ဓိက္ခဏေ ဥပ္ပဇ္ဇန္တိ။ သေသာနိ စတ္တာရိ သတ္တ သတ္တတိ ရတ္တိမှိ --
ဟု ကထာဝတ္ထု အဋ္ဌကထာ သဠာယတနုပ္ပတ္တိကထာအဖွင့် (နှာ-၂၄ဝ)၌ မိန့်ဆိုသည်။
ဂဗ္ဘသေယျကာနံ၊ အမိဝမ်းခေါင်း ကိန်းအောင်းကုန်သော အဏ္ဍဇ ဇလာဗုဇ ဟူသော ဂဗ္ဘသေယျက သတ္တဝါတို့အား။
အဇ္ဈတ္တိကာယတနေသု၊ အဇ္ဈတ္တိကာယတန ခြောက်ပါးတို့တွင်။
မနာယတန ကာယာယတနာနေ၀၊ မနာယတနနှင့် ကာယာယတနတို့သည်သာလျှင်။
ပဋိသန္ဓိက္ခဏေ၊ ပဋိသန္ဓေခဏ၌။
ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏။
သေသာနိ၊ ကြွင်းကုန်သော။
စတ္တာရိ၊ စက္ခု သောတ ဃာန ဇိဝှါ အဇ္ဈတ္တိကာယတန လေးပါးတို့သည်။
သတ္တသတ္တတိရတ္တိမှိ၊ ခုနှစ်ဆဲ့ခုနစ်ရက် ဟူသော တဆဲ့တသတ္တာဟမြောက်၌။
ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏။
ဤ၌ “သတ္တ စ သတ္တတိ စ, သတ္တဟိ ဝါ အဓိကာ သတ္တဟိ သတ္တသတ္တတိ။ သတ္တသတ္တတိ စ သာ ရတ္တိယော စာတိ သတ္တသတ္တတိရတ္တိ”ဟု ဒွန် တပ္ပုရိသ် ကမ္မဓာရည်း ဒိဂုသမာသ်ဝစနတ္ထပြု။ နပုန်းဧကတ် ငဲ့။
ဤ အဋ္ဌကထာ အထွက် ခုနစ်ဆဲ့ခုနစ်ရက်သော် တဆဲ့တစ်သတ္တာဟ ရသောကြောင့် ၎င်း၊ သေသာနိ စတ္တာရိဟု တလုံးတည်း ဆိုခြင်းကြောင့်၎င်း၊ စက္ခု သောတ ဃာန ဇိဝှါယတန လေးပါးတို့သည် ဧကာဒသမသတ္တာဟ၌ တပြိုင်နက် ဖြစ်ကြကုန်၏ဟု အဓိပ္ပါယ်ကျရကား အနာဂတပုဂ္ဂလဝါရပစ္စနိက် စက္ခုမူ ရူပမူလီ ပဋိလောမအဖွင့်၌ --
အထ ကသ္မာ “ယဿ ဝါ ပန ရူပါယတနံ နုပ္ပဇ္ဇိဿတိ။ တဿ စက္ခာယတနံ နုပ္ပဇ္ဇိဿတီတိ အာမန္တာ”တိ ပဋိညာတံ၊ နနုစ ဂဗ္ဘသေယျကဿ ပစ္ဆိမဘဝိကဿ ဥပပဇ္ဇန္တဿ ဧကာဒသမသတ္တာဟာ ဩရတော ဌိတဿ ရူပါယတနံ နုပ္ပဇ္ဇိဿတိ။ နော စ စက္ခာယတနံ နုပ္ပဇ္ဇိဿတီတိ။န။ တသ္မိံ ဘဝေ ဘဝိဿန္တဿ ဥပ္ပါဒဿ အနာဂတဘာဝေန အဝစနတော --
ဟူ၍၎င်း။
ပစ္စုပ္ပန္နာတီတ ပုဂ္ဂလောကာသဝါရ အနုလုံ ဃာနမူ ရူပမူလီ ပဋိလောမ အဖွင့်၌လည်း --
ယံ ပန “ယဿ ဝါ ပန ယတ္ထ ရူပါယတနံ ဥပ္ပဇ္ဇိတ္ထ။ တဿ တတ္ထ ဃာနာယတနံ ဥပ္ပဇ္ဇတီတိ ကာမာဝစရာ စဝန္တာနံ အဃာနကာနံ ကာမာဝစရံ ဥပပဇ္ဇန္တာနံ ရူပါဝစရာနံ တေသံ တတ္ထ ရူပါယတနံ ဥပ္ပဇ္ဇိတ္ထ။ နော စ တေသံ တတ္ထ ဃာနာယတနံ ဥပ္ပဇ္ဇတီ တိ ဧတ္ထ “အဃာနကာနံ ကာမာဝစနံ ဥပပဇ္ဇန္တာန”န္တိ ဝုတ္တံ၊ တံ ယေ ဧကာဒသမသတ္တာဟာ ဩရတော ကာလံ ကရိဿန္တိ။ တေသံ ဃာနာယတနာ- နိဗ္ဗတ္တကကမ္မေန ဂဟိတပ္ပဋိသန္ဓိကာနဉ္စ ဝသေန ဝုတ္တန္တိ ဝေဒိတဗ္ဗံ --
ဟူ၍၎င်း မူလ ဋီကာရှင်၌ (နှာ-၁၃ဝ၊ ၁၃၁-တို့၌) မိန့်ဆိုသည်။
အထ၊ ထိုသို့ဖြစ်လျက်။
ကသ္မာ၊ အဘယ့်ကြောင့်။
‘ယဿ ဝါ ပန ။ပ။ နုပ္ပဇ္ဇိဿတီတိပဉ္စေ’၊ ဟူသော အမေး၌။
အာမန္တာတိ၊ အာမန္တာ ဟူ၍။
ပဋိညာတံ၊ ဝန်ခံအပ်သနည်း။
နနုစ၊ စောဒနာဦးအံ့။
ပစ္ဆိမဘဝိကဿ၊ ဘဝဆုံး၌ယှဉ်သော။
ဥပပဇ္ဇန္တဿ၊ ပဋိသန္ဓေနေဆဲဖြစ်သော။
ဧကာဒသမသတ္တာဟာ၊ တဆဲ့တခု မြောက်သော သတ္တာဟမှ။
ဩရတော၊ အတွင်း၌ (ဝါ-ရှေ့၌)၊
ဌိတဿ၊ တည်သော။
ဂဗ္ဘသေယျကဿ၊ ဂမ္ဘသေယျက ပုဂ္ဂိုလ်အား။
ရူပါယတနံ၊ ရူပါယတနသည်။
နုပ္ပဇ္ဇိဿတိ၊ မဖြစ်လတ္တံ့ မဟုတ်လော။
စက္ခာယတနံ၊ စက္ခာယတနသည်။
နော စ နုပ္ပဇ္ဇိဿတိ၊ မဖြစ်လတ္တံ့မဟုတ်သည် မဟုတ်လော။
ဝါ၊ ဖြစ်လတ္တံ့သည် မဟုတ်လော။
ဣတိ၊ ဤကား စောဒနာ။
န ၊ မစောဒနာသင့်။
ကသ္မာ၊ အဘယ့်ကြောင့်နည်း ဟူမူကား။
တသ္မိံ ဘဝေ၊ ထိုဘဝ၌။
ဘဝိဿန္တဿ၊ ဖြစ်လတ္တံ့သော။
ဥပ္ပါဒဿ၊ ဥပါဒ်၏ (ဝါ- ဥပါဒ်ကို)။
အနာဂတဘာဝေန၊ အနာဂတ်အဖြစ်ဖြင့်။
အဝစနတော၊ ဟောတော်မမူခြင်းကြောင့်တည်း။
“ယဿ ဝါ ပန ယတ္ထ ရူပါယတနံ ဥပ္ပဇ္ဇိတ္ထ။ တဿ တတ္ထ ဃာနာယတနံ ဥပ္ပဇ္ဇတီ”တိ ပဉှဿ၊ ဟူသော ပုစ္ဆာ၏။
“ကာမာဝစရာ စဝန္တာနံ။ပ။ ဥပ္ပဇ္ဇတီ’ တိ ဧတ္ထ၊ ဟူသော အဖြေ၌။
“အဃာနကာနံ ကာမာဝစရံ ဥပပဇ္ဇန္တာန” န္တိ၊ ဟူ၍။
ယံ ပန ဝစနံ၊ အကြင်စကားကိုကား။
ဝုတ္တံ၊ ဟောတော်မူအပ်၏။
တံ ဝစနံ၊ ထိုစကားကို။
ယေ၊ အကြင်သတ္တဝါတို့သည်။
ဧကာဒသမသတ္တာဟာ၊ တဆဲ့တခုမြောက် သတ္တာဟမှ။
ဩရတော၊ အတွင်း၌။
ကာလံကရိဿန္တိ၊ သေကုန်လတ္တံ့။
တေသဉ္စ၊ ထိုသတ္တဝါတို့၏၎င်း။
ဃာနာယတနာနိဗ္ဗတ္တကကမ္မေန၊ ဃာနာယတနကို မဖြစ်စေနိုင်သော ကံကြောင့်။
ဂဟိတပ္ပဋိသန္ဓိကာနဉ္စ၊ ယူအပ်သော ပဋိသန္ဓေရှိကုန်သော သတ္တဝါတို့၏၎င်း။
၀သေန၊ အစွမ်းဖြင့်။
ဝုတ္တံ၊ ဟောတော်မူအပ်၏။
ဣတိ၊ ဤသို့။
ဝေဒိတဗ္ဗံ၊ သိအပ်၏။
အဋ္ဌကထာနှင့် ဋီကာဝါဒ မညီကြလျှင် ပယ်သင့်သည်ကိုပယ် တည်သင့်သည်ကို တည်စေ၍ အနုဋီကာဆရာ ခုံကောက် ဖြတ်တောက်မြဲဖြစ်လျက် “သတ္တသတ္တတိ- ရတ္တိမှိ”ဟူသော ဤပုဒ်မှာ မည်သို့မှ မဖွင့်ပြသောကြောင့် အနုဋီကာလည်း သဘော တူပင်။ အဋ္ဌကထာနှင့် ဋီကာလည်း မကွဲ မပြားဟု ယူရန်ရှိသည်။
ကမ္မေနနှင့် ကမေန အဆုံးအဖြတ်
သေသာနိ စတ္တာရိ သတ္တ သတ္တတိရတ္တိမှိ။ တာနိ စ ခေါ ယေန ကမ္မုနာ ပဋိသန္ဓိ ဂဟိတာ။ တဿေဝ အညဿ ဝါ ကတတ္တာတိ အယံ သက သမယေ ဝါဒေါ --
ဟူသော ကထာဝတ္ထု အဋ္ဌကထာ (နှာ-၂၄၀) ကိုထောက်၍ သင်္ဂြိုဟ်ကျမ်း၌လည်း ကံနှစ်ပါးလုံး သိမ်းမိအောင် “တတော ပရံ ပဝတ္တိကာလေ ကမ္မေန “စက္ခုဒသကာဒီနိ စ ပါတုဘဝန္တိ” ဟုဆိုရကား “ကမ္မေန”ဟု ဒွေဘော်နှင့် ရှိသင့်သည်။ “ပထမံ ကလလံ ဟောတိ”စသော သံယုတ်ပါဠိတော် (နှာ- ၂၀၈)
တတော ပရံ ပဝတ္တိမှိ၊
ဝဍ္ဎမာနဿ၊ ဇန္တုနော။
စက္ခုဒ္ဒသကာဒယော စ၊
စတ္တာရော ဟောန္တိ သမ္ဘဝါ။
တတော၊ ထိုပဋိသန္ဓေအခါမှ။
ပရံ၊ နောက်၌။
ပဝတ္တိမှိ၊ ပဝတ္တိအခါ၌။
ဝဍ္ဎမာနဿ၊ အစဉ်အတိုင်း ကြီးပွါးလာသော။
ဇန္တုနော၊ သတ္တဝါအား။
သမ္ဘဝါ၊ ဖြစ်ထိုက်သည် အားလျော်စွာ။
ဝါ၊ ဖြစ်ထိုက်ကုန်သော။
စက္ခုဒသကာဒယော၊ စက္ခုဒသက အစရှိကုန်သော။
ဝါ၊ စက္ခုဒသက သောတာဒသက ဃာနာဒသက ဇိဝှါဒသက ဟူကုန်သော။
စတ္တာရော၊ လေးပါးသော ကလာပ်တို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဟူသော ပရမတ္ထဝိနိစ္ဆယ (နှာ-၇၁) တို့ကို မှီ၍ ပဋိသန္ဓေနောက် ပဝတ္တိအခါ ကလလ အဗ္ဗုဒ ပေသိ ဃန ပဉ္စပ္ပသာခ အစဉ်အတိုင်း ကြီးပွါး၍ ဧကာဒသမသတ္တာဟ ဖြစ်ချိန်ကျသည့်အခါ စက္ခု သောတ ဃာန ဇိဝှါဒသကကလာပ်တို့ တပြိုင်နက် ထင်ရှား ဖြစ်ပေါ်လာကြကုန်၏ ဟူသော အနက်ကို ပြသည်ဟုဆိုလျှင် “ကမေန “ ဟု သံယုတ်မဲ့ ပါဌ်လည်း သင့်အံ့ကဲ့သို့ ရှိ၏။ သို့သော်လည်း --
ဝတ္ထု ကာယဒသကာနိ၊
သဘာဝဒသကာနိ ဝါ။
ဂဗ္ဘသေယျကသတ္တာနံ၊
တတော သေသာနိ သမ္ဘဝါ။
ဂဗ္ဘသေယျကသတ္တာနံ၊ ဂမ္ဘသေယျက သတ္တဝါ တို့အား။
ဝတ္ထုကာယဒသကာနိ ဝါ၊ ဝတ္ထုဒသကကလာပ် ကာယဒသကကလာပ်တို့သည်၎င်း၊
သဘာဝဒသကာနိ ဝါ၊ဘာဝရုပ်နှင့် တကွသော ဘာဝဒသက ကလာပ်တို့သည်၎င်း။
(ပါတုဘဝန္တိ၊ ပဋိသန္ဓေအခါ ထင်ရှား ဖြစ်ကုန်၏။)
တတော၊ ထိုပဋိသန္ဓေအခါမှ နောက်ဖြစ်သော ပဝတ္တိအခါ၌။
သမ္ဘဝါ၊ ဖြစ်ထိုက်သည် အားလျော်စွာ။
ဝါ၊ ဖြစ်ထိုက်ကုန်သော။
တတော၊ ထိုဆိုအပ်ခဲ့ပြီးသော ကလာပ်မှ။
သေသသာနိ၊ ကြွင်းကုန်သော စက္ခုဒသက အစရှိကုန်သော ကလာပ်တို့သည်။
(ပါတုဘဝန္တိ၊ ထင်ရှားဖြစ်ကုန်၏။)
ဟူသော နာမရူပပရိစ္ဆေဒ (နှာ-၅၂) ၌ အစဉ်ပြ ပါဌ် မပါ။ အဋ္ဌကထာ ဋီကာ အနုတို့၌လည်း အစဉ်ကို မပြ။
“ပဉ္စမေ ဘိက္ခဝေ သတ္တာဟ ပဉ္စပီဠကာ သဏ္ဌဟန္တိ ကမ္မတော -- ဟူသော ပါဠိ -
“တာနိ စ ခေါ ယေန ကမ္မုနာ ပဋိသန္ဓိ ဂဟိတာ။ တဿေဝ အညဿ ဝါ ကတတ္တာ”—
ဟူသော ကထာဝတ္ထု အဋ္ဌကထာ (နှာ-၂၄၀) တို့၌ ကံကြောင့်ဖြစ်သည်ကို မိန့်ဆိုရကား “ကမ္မေန” ဟူသော မ သံယုတ်ရှိ ပါဌ်သည် သာလွန်၍ ကောင်းမြတ် သင့်လျော်၏။ ဤသို့လျှင် သင်္ဂြိုဟ် ပရမတ္ထဝိနိစ္ဆယ နာမရူပပရိစ္ဆေဒ ကျမ်းတို့လည်း အဋ္ဌကထာ ဋီကာကြီးတို့နှင့် ဝါဒ မကွဲမပြားကြပေ။
ဋီကာကျော်ဆရာ၏ အယူ အဖွင့် မှားပုံ
ပဋ္ဌာန်း ပဉှာဝါရ ပစ္စနိက် အစ ပစ္စယုဒ္ဓါရဝါရကိုမှ သတိမရ၍ “အာရမ္မဏူပနိဿယ ကမ္မတ္ထိ ပစ္စယေသု စ သဗ္ဗေပိ ပစ္စယာ သမာဓာနံ ဂစ္ဆန္တိ” ဟူသော သင်္ဂြိုဟ်၌ ပစ္စည်း သွင်းဟန်ကို ကယောက်ကယက် ဖွင့်ဆိုသော ဋီကာကျော်ဆရာသာ “သတ္တသတ္တတိ- ရတ္တိမှိ ၌ ‘တိ’ အက္ခရာ ကျပျောက်သော အဋ္ဌကထာ (နှာ-၂၄၀)ပါဌ်ပျက်၊ “ကမေန” ဟု သံယုတ်မဲ့သော သင်္ဂြိုဟ်ပါဌ်ပျက်တို့ကို မြင်၍သော်၎င်း၊ ပဋိစ္စသမုပ္ပါဒ်၌ အဝိဇ္ဇာမူလက ပုဗ္ဗန္တဘဝစက် တဏှာမူလကအပရန္တ ဘဝစက် နှစ်ပါးတို့၏ အထူးကို ဖွင့်ဆိုသော- -
ဂဗ္ဘသေယျကဝသေန ဝါ ပုရိမံ အနုပုဗ္ဗပ္ပဝတ္တိဒီပနတော၊ သြပပါတိက၀သေန ပစ္ဆိမံ သဟုပ္ပတ္တိဒီပနတော --
ဝါ၊ တနည်းကား။
ပုရိမံ၊ ရှေးဖြစ်သော အဝိဇ္ဇာကို။
ဂမ္ဘသေယျက၀သေန၊ ဂမ္ဘသေယျကပုဂ္ဂိုလ်၏ အစွမ်းအားဖြင့်။
အနုပုဗ္ဗပ္ပဝတ္တိဒီပနတော၊ အစဉ်အတိုင်း ဖြစ်ခြင်းကို ပြခြင်းကြောင့်။
(ဝုတ္တံ၊ ဆိုအပ်၏။)
[“အနုပုဗ္ဗပ္ပဝတ္တိကို ဋီကာကျော်ဆရာ အယူချော် သွားဟန်ရှိသည်။]
ပစ္ဆိမံ၊ နောက်ဖြစ်သော တဏှာကို။
သြပပါတိက၀သေန၊ ဥပပါတ်ပုဂ္ဂိုလ်၏ အစွမ်းအားဖြင့်။
သဟုပ္ပတ္တိဒီပနတော၊ တကွဖြစ်ခြင်းကိုပြခြင်းကြောင့်။
(ဝုတ္တံ၊ ဆိုအပ်၏။)
ဟူသော သမ္မောဟဝိနောဒနီ အဋ္ဌကထာ (နှာ-၁၈၁), ဝိသုဒ္ဓိမဂ် အဋ္ဌကထာ (ဒု၊ နှာ-၂၁၃) တို့၌ အယူအဆ လွဲချော်၍သော်၎င်း, “သတ္တသတ္တရတ္တိ” ၌ ဂုဏိတ သင်္ချာ ကြံ၍ သတ္တ သတ္တာ နဝါစာလီသ = ၄၉-ရက် ဖြစ်က ခုနစ်သတ္တာဟသာ ရသည်။ အဋ္ဌကထာနှင့် ဋီကာဝါဒ မညီ ကွဲပြားကြသည်-ဟု ထင်မှတ်၍ --
ပဝတ္တိကာလေတိ သတ္တမေ သတ္တာဟေ။ ဋီကာကာရမတေန ဧကာဒသမေ သတ္တာဟေ ဝါ။ ကမေနာတိ စက္ခုဒသကပါတုဘာဝတော သတ္တာဟာတိက္ကမေန သောတဒသကံ၊ တတော သတ္တာဟာတိက္ကမေန ဃာနဒသကံ။ တတော သတ္တာဟာတိက္ကမေန ဇိဝှါဒသကန္တိ ဧဝံ အနုက္ကမေန။
(ဋီကာကျော်၊ နှာ-၂၁၄) ဟု ဖွင့်ဆိုမိဟန် ရှိချေသည်။
ပဝတ္တိကာလေတိ၊ ပဝတ္တိကာလေ ဟူသည်ကား။
သတ္တမေ၊ ခုနစ်ခုမြောက်သော။
သတ္တာဟေ၊ သတ္တာဟ၌။
ဝါ၊ တနည်းကား။
ဋီကာကာရမတေန၊ မူလဋီကာဆရာ၏ အလိုဖြင့်။
ဧကာဒသမေ၊ တဆယ့်တခုမြောက်သော။
သတ္တာဟေ၊ သတ္တာဟ၌။
ကမေနာတိ၊ ကမေန ဟူသည်ကား။
စက္ခုဒသကပါတုဘာဝတော၊ စက္ခုဒသကကလာပ် ထင်ရှားဖြစ်သည်။
သတ္တာဟာတိက္ကမေန၊ ခုနစ်ရက်လွန်သဖြင့်။
ဝါ၊ ခုနစ်ရက်လွန်သော အခါ၌။
သောတဒသကံ၊ သောတဒသက ကလာပ်သည်။
(ပါတုဘဝတိ၊ ထင်ရှားဖြစ်၏။)
တတော၊ ထိုသောတဒသက ကလာပ် ထင်ရှားဖြစ်သည်မှ။
သတ္တာဟာတိက္ကမေန၊ ခုနစ်ရက် လွန်သောအခါ၌။
ဃာနဒသကံ၊ ဃာနဒသက ကလာပ်သည်။
(ပါတုဘဝဟိ၊ ထင်ရှား ဖြစ်၏။)
တတော၊ ထိုဃာနဒသက ကလာပ် ထင်ရှားဖြစ်သည်။
သတ္တာဟာတိက္ကမေန၊ ခုနစ်ရက် လွန်သောအခါ၌။
ဇိဝှါဒသကံ၊ ဇိဝှါဒသက ကလာပ်သည်။
(ပါတုဘဝတိ၊ ထင်ရှားဖြစ်၏။)
ဣတိ ဧဝံ၊ ဤသို့။
အနုက္ကမေန၊ အစဉ်အတိုင်း။
(ပါတုဘဝတိ၊ စက္ခုဒသက ကလာပ်စသည်တို့ ထင်ရှားဖြစ်ကုန်၏။)
[ဤကား ဋီကာကျော်ဆရာ၏ အယူလွဲချော်ပုံကည်။]
တတြာယမာဒိ ဘဝတိ၊
ဣဓ ပညဿ ဘိက္ခုနော။
ဣန္ဒြိယဂုတ္တိ သန္တုဋ္ဌိ၊
ပါတိမောက္ခ စ သံဝရော။
ဣဓ၊ ဤသာသနာတော်၌။
ပညဿ၊ ပညာရှိသော။
ဘိက္ခုနော၊ ရဟန်းအား။
ဣန္ဒြိယဂုတ္တိ၊ ဣန္ဒြေ၌ လုံခြုံမှုသည်၎င်း။
သန္တုဋ္ဌိ၊ အာဇီ၀ ပစ္စယ၌ ရောင့်ရဲလွယ်မှုသည်၎င်း။
ပါတိမောက္ခ၊ ပါတိမောက္ခသီလ၌၊
သံဝရော စ၊ စောင့်စည်းမှုသည်၎င်း။
(အတ္ထိ၊ ရှိ၏။)
အယံ၊ ဤ ဣန္ဒြေ၌ လုံခြုံမှု စသည်သည်။
တတြ၊ ထိုနိဗ္ဗာန်ရောက်ကြောင်း အကျင့်၌။
အာဒိ၊ အစသည်။
ဘဝတိ၊ ဖြစ်၏၊
ဟူသော သူတော်အများ သုံးကြသည့် ဓမ္မပဒပါဠိတော် (ဘိက္ခုဝဂ်၊ ဂါထာ ၃၇၅) ကိုမှ မတွေ့မိ၍ “တတြာယမာဒိ”ဟူသော သန္ဓိပြယုဂ်ကိုပင် အလွဲလွဲ အချော်ချော် အနက် သမ္ဗန်ခြင်း စသည်ဖြင့် ချွတ်ယွင်းတိမ်းပါး များသော သုတ္တနိဒ္ဒေသကျမ်း, သူငယ်အများ ဆောင်ရွက် ဟောရွတ်ရိုး ဓာတုကထာ ဝဝတ္ထာန်ကိုမျှ မရမမိ သတိမထင်သောကြောင့် “သောကောတိ ဒေါသော” စသည်ဖြင့် ဖွင့်မှားမိသော သင်္ခေပဝဏ္ဏနာကျမ်း တို့ကို ပြုစီရင်သော သင်္ခေပဝဏ္ဏနာဆရာလည်း ဋီကာကျော် စကားမျှကို မှီ၍ မူလဋီကာဝါဒ ဧကာဒသမ သတ္တာဟဖြစ်လျှင် ရှေ့ဆယ်သတ္တာဟကို ကလလ အဗ္ဗုဒ ပေသိ ဃန ပသာဒ ငါးပါးနှင့် ခွဲစိတ် ကြိတ်နယ် ဝေမျှသင့်၏ဟု ရမ်းဆလျက် “ကလလံ ဒွေ သတ္တာဟံ၊ အဗ္ဗုဒံ ဒွေ သတ္တာဟံ”စသည်ဖြင့် ဆိုမိဟန် ရှိချေသည်။
(ယင်းဋီကာကျော် သင်္ခေပဝဏ္ဏနာများ အဆိုကို မှီခိုယုံကြည်မိမှား၍ သံဝေဂ ဝတ္ထုကို ပြုစီရင်သော ဂန္ထန္တရဗဟုဿုတ ဒက္ခိဏာရာမ ဆရာတော်လည်း မူလ ဋီကာဝါဒကို ပြရာ၌ ကလလ အဗ္ဗုဒ ပေသိ ဃန ပသာခ စက္ခု သောတ ဃာန ဇိဝှါ၊ ကိုးပါးတို့ကို နှစ်သတ္တာဟစီ ဝေဖန်၍ ပြဆိုမိဟန် ရှိချေသည်။
သမာနဝါဒ
ထို့ကြောင့် ယခင်ပြဆိုခဲ့ပြီးသော ပါဠိ အဋ္ဌကထာ ဋီကာကြီး လက်သန်းအဋ္ဌကထာ ငယ်များ လာသည့်အတိုင်း --
ကလလ အဗ္ဗုဒ ပေသိ ဃန ပဉ္စပ္ပသာခတို့သည် တသတ္တာဟစီ။
စက္ခု သောတ ဃာန ဇိဝှါ ပသာဒရုပ် လေးခုတို့သည် ဧကာဒသမ သတ္တာဟ၌ တပြိုင်နက်။
ဆံ အမွေး လက်သည်း ခြေသည်းတို့သည် လေးဆယ့်နှစ် သတ္တာဟမြောက် အတွင်း၌ ဖြစ်ကုန်၏ ဟူ၍ မှတ်အပ်၏။
ဇစ္စန္ဓ ဇစ္စဗဓိရ ဇစ္စဃာနက ပုဂ္ဂိုလ်များ
ထိုတွင် စက္ခု သောတ ဃာန သုံးပါးတို့သည် မိမိတို့ ဖြစ်ထိုက်ရာ ဧကာဒသမ သတ္တာဟ၌ မဖြစ်လျှင် ပဋိသန္ဓေအခါ၌ပင် ချို့သည်မည်ရကား ဇစ္စန္ဓ ဇစ္စဗဓိရ ဇစ္စဃာနက ဟူ၍ပင် ဆိုရသည်။
[မွေးရာပါ မျက်စေ့ကန်းလာသူ(ဇစ္စန္ဓ)၊
မွေးရာပါ နားမကြားသူ(ဇစ္စဗဓိရ)၊
မွေးရာပါ အနံ့ရှူမှု ချို့ယွင်းလာသူ(ဇစ္စဃာန)]
ဤအရာဝယ် ကဗျာအချုပ်ကား -
စက္ခု သောတ၊ ဃာန ဘာဝါ၊
ချို့ကောင်းရာသား၊ နှစ်ဖြာဂဗ္ဘ၊
သံသေဒမှတ်၊ ဥပပါတ် မှာ၊
ပါယ်၌သာလျှင်၊ စက္ခာ သောတ၊
ဘာဝ ချို့ဘိ၊ သုဂတိကား၊
ကပ်ဦးသား၊ ချို့ငြား ဘောတခု။
အဏ္ဍဇ ဇလာဗုဇ သံသေဒဇ ဥပပါတ် - ဤ ယောနိလေးရပ်ကို ဂတိငါးပါး နှင့် စပ်သော်ကား --
ဘုမ္မစိုးဖြတ်၊ ကြွင်းနတ် နိဇ္ဈာ၊
ငရဲရွာ၊ တစ်သာ ဥပပါတ်။
အကြွင်းဂတိ၊ လေး ယောနိ၊
ရဘိပုံသေမှတ်။
ဤဆိုပြီးသည်ကို ရည်၍ --
ကာမဓာတုယာ ဥပပတ္တိက္ခဏေ ကဿစိ ဧကာဒသာယတနာနိ ပါတုဘဝန္တိ၊ ကဿစိ ဒသာယတနာနိ ပါတုဘဝန္တိ၊ ကဿစိ အပရာနိပိ ဒသာယတနာနိ ပါတုဘဝန္တိ၊ ကဿစိ နဝါယတနာနိ ပါတုဘဝန္တိ၊ ကဿစိ သတ္တာယတနာနိ ပါတုဘ၀န္တိ --
ဟူ၍ ဝိဘင်းပါဠိတော် (နှာ -၄၂၆-၇) ၌ ဟောတော်မူအပ်၏။
ကာမဓာတုယာ၊ ကာမဘုံ၌။
ဥပပတ္တိက္ခဏေ၊ ပဋိသန္ဓေခဏ၌။
ကဿစိ၊ အချို့သော ဥပပါတ်အား။
ဧကာဒသာယတနာနိ၊ သဒ္ဒကြဉ်သော အာယတန တဆယ့်တပါးတို့သည်။
ပါတုဘဝန္တိ၊ ထင်ရှားဖြစ်ကုန်၏။
ကဿစိ၊ အချို့သော ဥပပါတ်အား။
ဒသာယတနာနိ၊ စက္ခု, သဒ္ဒကြဉ်သော အာယတန ဆယ်ပါးတို့သည်။
ပါတုဘဝန္တိ၊ ထင်ရှားဖြစ်ကုန်၏။
ကဿစိ၊ အချို့သော ဥပပါတ်အား။
အပရာနိပိ၊ ထိုမှတပါးလည်း ဖြစ်ကုန်သော။
ဒဿာယတနာနိ၊ သောတ, သဒ္ဒ ကြဉ်သော အာယတန ဆယ်ပါးတို့သည်။
ပါတုဘဝန္တိ၊ ထင်ရှား ဖြစ်ကုန်၏။
ကဿစိ၊ အချို့သော ဥပပါတ်အား။
နဝါယတနာနိ၊ စက္ခု, သောတ, သဒ္ဒ ကြဉ်သော အာယတန ကိုးပါးတို့သည်။
ပါတုဘဝန္တိ၊ ထင်ရှားဖြစ်ကုန်၏။
ကဿစိ၊ အချို့သော ဂဗ္ဘသေယျကအား။
သတ္တာယတနာနိ၊ စက္ခု, သောတ, ဃာန, ဇိဝှါ, သဒ္ဒ ကြဉ်သော အာယတန ခုနှစ်ပါး တို့သည်။
ပါတုဘဝန္တိ၊ ထင်ရှား ဖြစ်ကုန်၏။
ဂဗ္ဘသေယျက၌ ဇိဝှါယတန မချို့စကောင်း
ဤ၌ “သတ္တ”ဟု လာသောကြောင့် ဇိဝှါယတန ချို့ကောင်းသည်ဟု မှတ်ထင် တတ်၏။ ဂဗ္ဘသေယျက သတ္တဝါအား ပဋိသန္ဓေဥပါဒ်၌ ရသော အာယတနကိုသာ ယူ၍ “သတ္တ”ဟု ဟောတော်မူသည်။ နောက် ပဝတ္တိ အခါ၌ ရထိုက်သမျှကို မဟော။ ဇိဝှါယတန ချို့သည်ဟု မရှိ မှတ်လေ။
ရုပ်လေးပါးတို့ အသီးအသီး စတင်ဖြစ်ပေါ်လာပုံအစဉ်
“ဣစ္စေဝံ ပဋိသန္ဓိမုပါဒါယ ကမ္မသမုဋ္ဌာနာ။ပ။ ယာဝတာယုကမဗ္ဗောစ္ဆိန္နံ ပဝတ္တတိ”
ဟူရာ၌ စတုဇရုပ်တို့၏ အဆက်ဆက် ဖြစ်ပုံကား -- ပဋိသန္ဓေစိတ် ဥပါဒ်နှင့်အတူ ဥပါဒ်သော ကံ၏ သားဖြစ်သော ကမ္မဇကလာပ်တို့၌ ပါသော တေဇောဓာတ်သည် ပဋိသန္ဓေစိတ်၏ ဌီအခါဟူသော မိမိတို့ ဌီသို့အရောက်တွင် ဥတုဇအဋ္ဌကလာပ် တို့ကို ဖြစ်စေ၏။ (ဤကား ကံ၏မြေးတည်း။)
ထိုမြေး တို့၌ပါသော တေဇောဓာတ်သည် ပဋိသန္ဓေစိတ်၏ ဘင်ဟူသော မိမိဌီသို့ အရောက်တွင် ဥတုဇကလာပ် တို့ကို ဖြစ်စေ၏။ (ဤကား ကံ၏မြစ်တည်း။)
ထို့အတူ တီ မြှော့ ကျွတ် တိုင်အောင် လေးဆက် ငါးဆက် ဖြစ်စေ၏။ စုတိသည် တိုင်အောင် ဤနည်းချည်း သွား၏။
ပထမဘ၀င်၏ ဌီမှစ၍ စိတ္တဇတေဇော ဓာတ်မှလည်း မြေး မြစ် တီ ရောက်အောင် နှစ်ဆက် သုံးဆက် ဖြစ်စေ၏။ ဗဟိဒ္ဓ သီတု’ဏှနှင့် တွေ့သောအခါဖြစ်သော ဥတုဇ တေဇောဓာတ်မှလည်း နည်းတူ အဆက်ဆက် အဓွန့်ရှည်စွာ မရေတွက်နိုင်အောင် သွား၏။
ဂဗ္ဘသေယျက သတ္တဝါတို့အား တသတ္တာဟ နှစ်သတ္တာဟ ရောက်သဖြင့် ဩဇာပြန့် သောအခါမှစ၍ သံသေဒဇနှင့် ဥပပါတ်တို့အား မိမိတံထွေးကို မျိုသော အခါမှစ၍ ဖြစ်သော အာဟာရဇ တေဇောဓာတ်မှလည်း နည်းတူ ဆယ်ဆက် ဆယ့်နှစ်ဆက် သွား၏။
ဤသို့လျှင် ပဋိသန္ဓေမှစ၍ ဖြစ်ကြကုန်သော ရုပ်တရားတို့သည် ကုလားတို့၏ ဥက္ကာ (မီးပန်း), သစ်ပင်တို့၏ ခွမွှာခြင်းကဲ့သို့ များပြားလှစွာကုန်၏။ စုတိသည် တိုင်အောင် ရေယဉ် မီးလျှံကဲ့သို့ တရံမလပ် ဆက်စပ်ဖြစ်ပွါးကုန်၏။ (အထက် ဝိပဿနာ သမ္မသန ဉာဏ်အရာ၌ ဤမှာထက်ပင် ကျယ်ဝန်း ထင်ရှားလတ္တံ့။)
ပဋိသန္ဓေဝီထိကို ချလျက် အကွက်အကွက် စီရင် အမျှင်အမျှင်သား၍ ထင်ရှားအောင် ရှုလေ။
ဥပါဒ်ခဏ၌ စိတ်က အားကောင်း၍ ဌီခဏ၌ ရုပ်အားရှိပုံ
ဤ၌ စိတ်သည် အနန္တရာဒိပစ္စည်းကို ရ၍ ဥပါဒ်ခဏ၌ အားရှိသည်။ ဥတု အာဟာရ ဟူသော ရုပ်သည် ပစ္ဆာဇာတ စသော ပစ္စည်းကိုရ၍ ဌီခဏ၌ အားရှိသည်။
ရုပ်က ရုပ်ကို ဖြစ်စေနိုင်သော ဌီခဏ
စိတ္တံ ဌာနက္ခဏေ ဘင်္ဂက္ခဏေ စ ဒုဗ္ဗလံ ဥပ္ပါဒက္ခဏေ ဗလဝန္တိ ဥပ္ပါဒက္ခဏေ ရူပံ သမုဋ္ဌာပေတိ။ ရူပံ ဥပ္ပါဒက္ခဏေ ဘင်္ဂက္ခဏေ စ ဒုဗ္ဗလံ ဌိတိက္ခဏေ ဗလဝန္တိ ဌိတိက္ခဏေ ရူပံ သမုဋ္ဌာပေတိ။
(သမ္မာဟဝိနောဒနီ၊ နှာ-၂၄၊ အနက် လွယ်၏။)
စိတ္တံ၊ စိတ်သည်။
ဌာနက္ခဏေ စ၊ ဌီခဏ၌၎င်း။
ဘင်္ဂက္ခဏေ စ၊ ဘင်ခဏ၌၎င်း။
ဒုဗ္ဗလံ၊ အားနည်း၏၊
ဥပ္ပါဒက္ခဏေ၊ ဥပါဒ်ခဏ၌။
ဗလဝံ၊ အားရှိ၏။
ဣတိ၊ ထို့ ကြောင့်။
ဥပ္ပါဒက္ခဏေ၊ ဥပါဒ်ခဏ၌။
ရူပံ၊ စိတ္တဇရုပ်ကို။
သမုဋ္ဌာပေတိ၊ ဖြစ်စေ၏။
ရူပံ၊ ရုပ်သည်။
ဥပ္ပါဒက္ခဏေ စ၊ ဥပါဒ်ခဏ၌၎င်း။
ဘင်္ဂက္ခဏေ စ၊ ဘင်ခဏ၌၎င်း။
ဒုဗ္ဗလံ၊ အားနည်း၏။
ဌိတိက္ခဏေ၊ ဌီခဏ၌။
ဗလဝံ၊ အားရှိ၏။
ဣတိ၊ ထို့ကြောင့်။
ဌိတိက္ခဏေ၊ ဌီခဏ၌။
ရူပံ၊ ဥတုဇရုပ် အာဟာရဇရုပ်ကို။
သမုဋ္ဌာပေတိ၊ ဖြစ်စေ၏။
ရုပ်၏ဌီသည်လည်း စိတ္တက္ခဏငယ် လေးဆယ့်ကိုးချက်ခန့် ကြာသော်လည်း လေးဆယ့်ကိုးခါ ရုပ်ကိုဖြစ်စေသည် မမှတ်လင့်။ ဌီသို့ ရောက်စအခါ ကလာပ် တစည်း ကိုသာ ဖြစ်စေသည်။
ဌိတိကာလန္တိ ပဋိသန္ဓိစိတ္တဿ ဌိတိကာလံ။ ပဋိသန္ဓိစိတ္တသဟဇာတာ ဟိ ဥတု ဌာနပ္ပတ္တာ တဿ ဌိတိက္ခဏေ သုဒ္ဓဋ္ဌကံ သမုဋ္ဌာပေတိ၊ တဒါ ဥပ္ပန္နာ ဘင်္ဂက္ခဏေတိ အာဒိနာ အနုက္ကမေန ဥတု ရူပံ ဇနေတိ။ (ဋီကာကျော် နှာ-၂၁၄။)
ဌိတိကာလန္တိ၊ ဋ္ဌိတိကာလံ ဟူသည်ကား။
ပဋိသန္ဓိစိတ္တဿ၊ ပဋိသန္ဓေစိတ်၏။
ဌိတိကာလံ၊ ဌီကာလကို။
ဟိ၊ ချဲ့ဦးအံ့။
ပဋိသန္ဓိစိတ္တသဟဇာတာ၊ ပဋိသန္ဓေစိတ် နှင့်တကွဖြစ်သော။
ဥတု၊ ကမ္မဇတေဇောဓာတ်သည်။
ဌာနပ္ပတ္တာ၊ မိမိဌီသို့ ရောက်သည်ဖြစ်၍။
တဿ၊ ထိုပဋိသန္ဓေစိတ်၏။
ဌိတိက္ခဏေ၊ ဌီခဏ၌။
သုဒ္ဓဋ္ဌကံ၊ အဋ္ဌကလာပ်သက်သက်ကို။
သမုဋ္ဌာပေတိ၊ ဖြစ်စေ၏။
တဒါ၊ ထိုပဋိသန္ဓေစိတ် ဌီကာလ၌။
ဥပ္ပန္နာ၊ ဖြစ်သော ကမ္မဇတေဇောသည်။
ဘင်္ဂက္ခဏေ၊ ပဋိသန္ဓေစိတ်၏ ဘင်ခဏ၌။
သုဒ္ဓဋ္ဌကံ၊ အဋ္ဌကလာပ် သက်သက်ကို။
သမုဋ္ဌာပေတိ၊ ဖြစ်စေ၏။
ဣတိအာဒိနာ အနုက္ကမေန၊ ဤသို့စသောအစဉ်ဖြင့်။
ဥတု၊ စတုဇဥတုသည်။
ရူပံ၊ ကံ စိတ် ဥတု အာဟာရတို့၏ သား မြေး မြစ် တီ မြှော့ ကျွတ် ဆတ် စသော ယထာရဟရုပ်ကို။
ဇနေတိ၊ ဖြစ်စေ၏။
ရုပ်လေးပါးတို့ နောက်ဆုံး ချုပ်ပုံ အစဉ်
“မရဏကာလေ ပန” စသည်၌ ကမ္မဇရုပ် ဟူသမျှသည် --
အာယု ဥသ္မာ စ ဝိညာဏံ၊
ယဒါ ကာယံ ဇဟန္တိမံ။
အပဝိဒ္ဓေါ တဒါ သေတိ၊
နိရတ္ထံဝ ကလိင်္ဂရံ။
အာယု စ၊ ဇီဝိတိန္ဒြေ သည်၎င်း။
ဥသ္မာ စ၊ ကမ္မဇတေဇော ကိုယ်ငွေ့သည်၎င်း။
ဝိညာဏံ၊ စိတ် စေတသိက်သည်၎င်း။
ယဒါ၊ အာယုက္ခယ စသည်မရွေ့ သေနေ့စေ့ရာ အကြင်အခါ၌။
ဣမံ ကာယံ၊ ဤကိုယ်ကို။
ဇဟန္တိ၊ စွန့်ခွါပယ်ရှင်း ချုပ်ကင်းကုန်၏။
တဒါ၊ ထိုအခါ၌။
နိရတ္တံ၊ အသုံးမဝင်သော။
ကလိင်္ဂရံ၊ ထင်းနုပ်ထင်းဖွဲသည်။
အပဝိဒ္ဓံ ဆဋ္ဋိတံ၊ လူမလိုချင် တောတွင်စွန့်ပစ်ခဲ့အပ်သည်ဖြစ်၍။
သေတိ ဣ၀၊ မြေမှာစင်း၍ ဆွေးခြင်းသို့ ရောက်ရသလို။
အယံ ကာယော၊ ဤကိုယ်ခန္ဓာသည်။
အပဝိဒ္ဓေါ ဆဋ္ဋိတော၊ သုသာန်တောရပ် စွန့်ပစ်အပ်သည်ဖြစ်၍။
သုသာနဘူမိယံ၊ တစလွင်ထီး သင်းချိုင်းမြေကြီး၌။
သေတိ၊ အိပ်ရချေ၏။
ဤသို့ ပါဠိ လာရှိသည်နှင့်ညီ အဝိညာဏက ဗဟိဒ္ဓသန္တာန်၌ မရှိကောင်းသောကြောင့် စုတိစိတ်၏ ဘင်ခဏတွင် လက်စသတ်၍ ပြတ်လေ၏။
စိတ္တဇရုပ်ကား အဋ္ဌကထာနည်း အားဖြင့် ပုထုဇဉ်သေက္ခတို့၏ စုတိစိတ်သည် ရုပ်ကို ဖြစ်စေနိုင်သောကြောင့် စုတိနောက် စိတ္တက္ခဏ တဆယ့်ခြောက်ချက်ခန့် တည်ရစ် သေး၏။
အာဟာရဇရုပ်လည်း ဝိညာဏ် အထောက်အပံ့ကို ရသဖြင့် စုတိစိတ်၏ ဘင်ခဏ တိုင်အောင် ဖြစ်သေးရကား ခဏငယ် ငါးဆယ်ခန့် ကြွင်းရစ်သေး၏။
ဥတုဇရုပ်ကား ကမ္ဘာပျက်သည် တိုင်အောင် အဆက်ဆက် သွားလေသည်။ “ယာဝ မတ ကဠေဝရသင်္ခါတာ” ဆိုသည်ကား သတ္တဝါဟု ခေါ်ရသေးသော ကာလတွင်ရွေ့ ပြသည်။
ရုပ်၏ ဘဝသံသရာလည်ပုံ
ထိုစုတိစိတ် ချုပ်သည်နောက် ပဋိသန္ဓေဥပါဒ်မှ စ၍ စတုဇရုပ်ကလာပ်တို့သည် ရှေး ဆိုအပ်ပြီးသော နည်းအတိုင်း ဖြစ်ကုန်၏၊ ဤနည်းတူစွာ သမုဒယသစ္စာ တဏှာအစွမ်း မပြတ်၍ သံသရာနခမ်း မသတ်သေးသမျှ စတည့်ရင်း - ဆုံးတည့်ရင်း - ဖြစ်တည့်ရင်း ပျက်တည့်ရင်း ကျင်လည်ကြရသည်ကား အစလည်း မထင် အဆုံးလည်း မမြင်လေ။
အနုသာသနီဂါထာ
ဧဝံ မေ အဓုဝါ နိစ္စာ၊
သင်္ခါရာ ဗာလလာပနာ။
န ကဿစိ ဝသော တတ္ထ၊
ဣဒ္ဓိမဿာပိ ဝတ္တတိ။
ဧတံ ဉာတွာ ယထာဘူတံ၊
နိဗ္ဗိန္ဒေ္ဓေ သဗ္ဗသင်္ခတံ။
အနက် အောက်ဘုံပိုင်းမှာ သမ္ဗန်ခဲ့ပြီ။
ဤကား ကာမဘုံ၌ ပဝတ္တိက္ကမတည်း။
ရူပဘုံ၌ ရုပ်ဖြစ်စဉ်
“ရူပလောကေ ပန ဃာန ဇိဝှါ ။ပ။ စိတ္တောတု သမုဋ္ဌာနာ စ လဗ္ဘန္တိ”ဟူသည်နှင့်အညီ ရူပဘုံ၌ ဘာဝနာ၏ အစွမ်းအားဖြင့် ဃာန ဇိဝှါ ကာယကို မရအပ်ချေ။ ကာမရာဂ ဟူသော မှီရာမရှိ၍ ဘာဝကို မရအပ်ချေ။ အစာကို မမှီဝဲရကား အာဟာရဇရုပ်ကို မအပ်ချေ။ ဤသို့ --
ဃာနာဒိတျ၊ ဟာရဇ၊ ဘာဝ ရုပ်ငါးခု။
ကံက ငါးရပ်၊ ဟာ နှစ်ရပ်၊ ကလာပ် ခုနှစ်ခု။
တို့ကို မရသောကြောင့် ပဋိသန္ဓေအခါ စက္ခု သောတ ဝတ္ထု ဇီဝိတကလာပ် လေးစည်း တို့ကို ရအပ်ကုန်၏။ ပဝတ္တိအခါ၌ကား စိတ္တဇ, ဥတုဇ ကလာပ်တို့ကိုလည်း ရအပ် ကုန်၏။ ပေါင်းသော် ကလာပ် တဆယ့်လေးစည်း၊ ရုပ် နှစ်ဆယ့်သုံးခု ရ၏။
အသညသတ်ဘုံ၌ ရအပ်သောရုပ်များ
“အသညသတ္တာနံ ပန ။ပ။ အတိရိစ္ဆတိ” ဟူသည်နှင့်အညီ အသညသတ်ဘုံ၌ စက္ခု သောတ ဝတ္ထု သဒ္ဒ စိတ္တဇရုပ်ခြောက်ခု၊ ကလာပ်အားဖြင့် တဆဲ့တစည်းတို့ကိုလည်း မရပြန်သောကြောင့် ပဋိသန္ဓေအခါ၌ ဇီဝိတနဝက ကလာပ် တစည်းသာ ရ၏။ ပဝတ္တိ အခါ၌ ဥတုဇကလာပ် နှစ်စည်းကိုလည်း ရ၏။
ပေါင်းသော် ကလာပ် သုံးစည်း၊ ရုပ် တဆယ့်ခုနစ်ခု ရ၏။
ကာမဘုံ၌ ပဋိသန္ဓေအခါ ဇီဝိတနဝက ကလာပ် သီးခြား မရခြင်းအကြ၁င်း
ကာမဘုံ၌ ပဋိသန္ဓေအခါ၌ ဇီဝိတနဝက ကလာပ်ကို မရပဲလျက် ရူပအသညသတ် တို့၌ အဘယ့်ကြောင့် ရအပ်သနည်းဟူမူ -- ဗြဟ္မာတို့မှာ ကာယ ဘာဝ ဟူသော သဗ္ဗတ္ထဝုတ္တိကလာပ် မရှိ၊ စက္ခုဒသက- စသော ပဒေသဝုတ္တိကလာပ်သာ ရှိသော ကြောင့် ဇီဝိတနဝကကို မရလျှင် ဗြဟ္မာဟူ၍ပင် ခေါ်ဝေါ်စရာ သတ္တဝါ အကောင် အထည် မရှိခဲ့ရာပြီ။ ထို့ကြောင့် ကာယဒသကအစား ဇီဝိတနဝက ကလာပ်ကို ရအပ်သည်ဟု ဖြေ။
စက်လှည့်သရုပ်ခွဲပုံ
ကာမဘုံ၌သာရ၍ ရူပဘုံ၌မရသောရုပ် စသည်ဖြင့်၎င်း၊
ပဋိသန္ဓေအခါ၌သာ ရ၍ ပဝတ္တိအခါ၌ မရသောရုပ် စသည်ဖြင့်၎င်း -
လေးချက်လှည့်၍ စက်ဖွဲ့လေဦး။
နိဗ္ဗာန်ကား အထက်၌ ထင်ရှားလတ္တံ့။
ဣတိ ရူပသရူပဝိဘာဂနယော ဧကာဒသမော။
ရုပ်ပိုင်း သရုပ်ခွဲနည်း
[ဇယား - ၃၀]
[ဇယား - ၃၁]
[ဇယား - ၃၂]
[ဇယား - ၃၃]
၇ - သမုစ္စည်းပိုင်း
၁၂ - သမုစ္စယသင်္ဂဟနည်း
ဣဒါနိ သမုစ္စယသင်္ဂဟနယော ဥစ္စတေ။
သဘာဝဓမ္မ ၇၂-ပါး
ဒွါသတ္တတိသရုပ်ကား -- နာမ်တေပညန်၊ ရုပ်နိပ္ဖါန်၊ နိဗ္ဗာန် ဒွါသတ္တိ။
သမုစ္စယသင်္ဂဟ ၄-ပါး
“ပါပ မိဿက၊ ဗောဇ် သဗ္ဗ၊ လေးဝ သမုစ္စည်း” ဟူ၍ သမုစ္စယသင်္ဂဟ လေးပါး ရှိသည်။
အကုသလ သင်္ဂဟ ၉-မျိုး
(အာသ၀, ဩဃ, ယောဂ, ဂန္ထ, ဥပါဒါန်, နီဝရဏ, အနုသယ, သံယောဇဉ်, ကိလေသာ။)
၁-အာသဝ
ထို သမုစ္စယသင်္ဂဟ ၄ပါးတို့တွင် အကုသလသင်္ဂဟ၌ လောဘ ဒိဋ္ဌိ မောဟ သုံးပါး တို့သည် --
စီရပါရိဝါသိယာ’၀၊
ဝိဿန္ဒာ ဝါ ဝဏာ ဝိယ။
အာဂေါတြဘုံ ဘဝဂ္ဂံ ဝါ၊
ယေ သဝန္တီတိ အာသဝါ။
ဟူသော ဝစနတ္ထကြောင့် အာသဝ မည်ကုန်၏။
အာသဝ အဓိပ္ပါယ်
ယေ ဓမ္မာ၊ အကြင်တရားတို့သည်။
စိရပါရိဝါသိယာ ဣဝ၊ ရှည်မြင့်စွာ ထုံအပ်သော အရက်နှင့် တူကုန်၏။
ဝါ၊ တနည်းကား။
ဝဏာ၊ အိုင်းအနာ။
ဝိဿန္ဒာ ဝိယ၊ ယိုစီးသော မန်းရည် ပြည်စေးတို့ကဲ့သို့။
ဝိဿန္ဒာ၊ စက္ခုစသည်မှ ရူပစသော အာရုံ၌ စီးတတ်ကုန်၏။
ဝါ၊ တနည်းကား။
အာဂေါတြဘုံ၊ ဓမ္မအားဖြင့် ဂေါတြဘူ တိုင်အောင်။
အာဘဝဂ္ဂံ၊ ဘုံအားဖြင့် ဘဝဂ်တိုင်အောင်။
သဝန္တိ ပဝတ္တန္တိ၊ ဖြစ်တတ်ကုန်၏။
ဣတိ ဣမသ္မာ၊ ဤအကြောင်းကြောင့်။
တေ ဓမ္မာ၊ ထိုတရားတို့သည်။
အာသဝါ၊ အာသဝ မည်ကုန်၏။
ဂေါတြဘူဘဝဂ် တိုင်အောင် ဖြစ်တတ်သော မာနစသည် ရှိသော်လည်း အာသဝဟူ၍ မဆိုရ၊ လောဘ ဒိဋ္ဌိ မောဟ သုံးပါးတို့၌သာ ထင်ရှားသော ရုဠှီ အမည်ဟူ၍ မှတ်။
အတ္တတ္တနိယဂ္ဂဟဏဝသေန အဘိဗျာပနတော မဒကရဏဋ္ဌေန အာသဝသဒိသတာယ ဧတေယေဝ အာသဝဘာဝေန နိရုဠှာတိ ဒဋ္ဌဗ္ဗံ။ (ဋီကာကျော် နှာ-၂၁၈)
အတ္တတ္တနိယဂ္ဂဟဏဝသေန၊ ကိုယ်တည်း ကိုယ်၏ဥစ္စာတည်းဟု ယူသည်၏ အစ္စမ်းဖြင့်။
အဘိဗျာပနတော၊ နှံ့ခြင်းကြောင့်။
မဒကရဏဋ္ဌေန၊ ယစ်ခြင်းကို ပြုတတ်သောအနက်ဖြင့်။
အာသဝ သဒိသတာယ၊ သေရည်သေရက်နှင့် တူသည်၏ အဖြစ်ကြောင့်။
ဧတေယေဝ၊ ထိုလောဘ ဒိဋ္ဌိ မောဟ တို့သည်သာလျှင်။
အာသဝဘာဝေန၊ အာသဝေါအမည်ဖြင့်။
နိရုဠှာ၊ ထင်ရှားကုန်၏။
ဣတိ ဒဋ္ဌဗ္ဗံ၊ ဤသို့ မှတ်အပ်၏။
(နောက် ဩဃ စသည်တို့၌လည်း နည်းတူ။)
အာသဝအမျိုးမျိုး
ထိုအာသဝသည် ဆိုခဲ့ပြီးသော စိရပါရိဝါသိယဋ္ဌ စသော အနက်သာမညအားဖြင့် တပါးသာ။
ဝိသေသလက္ခဏာကို စွဲ၍ ခွဲသည်ရှိသော်ကား --
ဒိဋ္ဌဓမ္မိကအာသဝ သမ္ပရာယိကအာသဝအားဖြင့် နှစ်ပါး။
ကာမ ဘဝ အဝိဇ္ဇာ အားဖြင့် သုံးပါး။
ကာမ ဘဝ ဒိဋ္ဌိ အဝိဇ္ဇာ အားဖြင့် လေးပါး။
နိရယဂမနီယ တိရစ္ဆာနယောနိ ပေတ္တိဝိသယ မနုဿလောက ဒေဝလောက ဂမနီယ အားဖြင့် ငါးပါး။
သံဝရပဟာတဗ္ဗ ပဋိသေ၀နပဟာတဗ္ဗ အဓိဝါသနပဟာတဗ္ဗ ပရိဝဇ္ဇနပဟာတဗ္ဗ ဝိနောဒနပဟာတဗ္ဗ ဘာဝနာပဟာတဗ္ဗ အားဖြင့် ခြောက်ပါး။
ဒဿနပဟာတဗ္ဗနှင့်တကွ ခုနစ်ပါး အပြားရှိ၏။
ဤသင်္ဂြိုဟ်ကျမ်း၌ လေးပါးသာ လာ၏။ ထိုတွင် -
(၁) ကာမာသ၀
ကာမဘုံ၌ တပ်တတ်သော ပဉ္စကာမဂုဏိကရာဂသည် ကာမာသဝ မည်၏။
(၂) ဘဝါသဝ
ရူပါရူပဟူသော ဥပပတ္တိဘ၀ ဈာန်ဟူသော ကမ္မဘဝတို့့၌ တပ်တတ်သော ရာဂ၊ သဿတဒိဋ္ဌိဟူသော ဘ၀ဒိဋ္ဌိနှင့် တကွဖြစ်သော ရာဂတို့သည် ဘဝါသဝ မည်ကုန်၏။
(၃) ဒိဋ္ဌာသဝ
ခြောက်ဆဲ့နှစ်ပါးသော ဒိဋ္ဌိသည် ဒိဋ္ဌာသဝ မည်၏။
(၄) အဝိဇ္ဇာသ၀
သစ္စာလေးတန်၊ ပုဗ္ဗန် ပရန္တ၊ ဥဘယနှင့်၊ ပဋိစ္စသမုပ္ပါဒ်၊ ဤရှစ်ရပ်သော ဌာနကို ဖုံးလွှမ်းတတ်သော မောဟသည် အဝိဇ္ဇာသဝမည်။ ဤ၌ --
“ဒိဋ္ဌိသဟဇာတော ပန ရာဂေါ ကာမာသဝေါ ဟောတိ န ဟောတီတိ။ န ဟောတိ။ ဒိဋ္ဌိရာဂေါ နာမ ဟောတိ”ဟူသော အဋ္ဌသာလိနီ အဋ္ဌကထာ (နှာ-၄၀၃) သည် “ကာမာသဝေါ အဋ္ဌသု လောဘသဟဂတေသု စိတ္တုပ္ပါဒေသု ဥပ္ပဇ္ဇတိ”ဟူသော ဓမ္မသင်္ဂဏီပါဠိတော် (နှာ-၂၇၈) နှင့် ဆန့်ကျင်သကဲ့သို့ ရှိ၏။
ဒိဋ္ဌိသဟဇာတော၊ ဒိဋ္ဌိနှင့်တကွဖြစ်သော။
ရာဂေါ ပန၊ ရာဂသည်ကား။
ကာမာသဝေါ၊ ကာမာသဝ မည်သည်။
ဟောတိ၊ ဖြစ်မည်လော။
န ဟောတိ၊ မဖြစ်မည်လော။
ဣတိ ပုစ္ဆာ၊ ဤကား အမေးတည်း။
န ဟောတိ၊ မဖြစ်။
ဒိဋ္ဌိရာဂေါ နာမ၊ ဒိဋ္ဌိရာဂ မည်သည်။
ဟောတိ၊ ဖြစ်၏။
(ပါဠိတော်၏အနက် လွယ်၏။)
အာသဝကို စီစဉ် ဟောကြားပုံ
ထိုလေးပါးတို့တွင် သိလွယ်ထင်ရှား ဖြစ်ခြင်းများသောကြောင့် ကာမာသဝကို ရှေးဦးစွာ ထားတော်မူသည်။ ယင်းနောက် တရားကိုယ် တူသောကြောင့် ဘဝါသဝကို ဟောတော်မူသည်။ ယင်းနောက် ကာမဘဝကို ရအောင် ကောတုဟလမင်္ဂလာ စသည်ကို ပြုသောကြောင့် ဒိဋ္ဌာသဝကို ဟောတော်မူသည်။ ယင်းနောက် ထိုသုံးပါး တို့၏ အခြံအရံဖြစ် သောကြောင့် အဝိဇ္ဇာသဝကို အစဉ်အတိုင်း ထားသည်။
သာသ၀
ထိုအာသ၀လေးပါးတို့၏ အာရုံဖြစ်သော လောကီစိတ် စေတသိက် ရုပ် ပညတ်တရား တို့သည် သာသဝ မည်ကုန်၏။
အာသဝသမ္ပယုတ္တ
ထိုအာသဝတို့နှင့် ယှဉ်သော အကုသိုလ်စိတ် ဒွါဒသ၊ ဒေါသမူ မောဟမူစိတ်၌ မောဟ ကြဉ်သော စေတသိက် သတ္တဝီသ (=၂၇) တို့သည် အာသဝသမ္ပယုတ္တ မည်ကုန်၏။
စက်လှည့်၍ သရုပ်ခွဲပုံ
ဤသို့ အသေအချာ မှတ်ပြီးလျှင် အာသဝ သာမည်၍ သာသ၀ မမည်သောတရား မရှိ။ အာသဝ ကြဉ်သော လောကီတရားသည် သာသဝ သာမည်၍ အာသဝ မမည်။ အာသဝ တရားကိုယ် သုံးပါးသည် နှစ်ပါးစုံ မည်၏။ လောကုတ္တရာတရား ကိုးပါးတို့သည် နှစ်ပါးစုံ မမည်ကုန်။ ဟူ၍၎င်း--
ဒေါသမူ မောဟမူစိတ်တို့၌ မောဟသည် အာသဝ သာမည်၍ အာသဝသမ္ပယုတ် မမည်။ အာသဝကြဉ်သော အကုသိုလ်စိတ္တုပ္ပါဒ်သည် အာသဝသမ္ပယုတ်သာ မည်၍ အာသဝ မမည်။ လောဘမူစိတ်၌ အာသဝတရားကိုယ် သုံးပါးသည် နှစ်ပါးစုံ မည်၏။ ကုသိုလ် ဝိပါက် ကြိယာ စိတ္တုပ္ပါဒ် ရုပ် နိဗ္ဗာန်တို့သည် နှစ်ပါးစုံ မမည်ကုန်။ ဟူ၍၎င်း --
ဒေါသမူ မောဟမူစိတ်တို့၌ မောဟ၊ လောကီကုသိုလ် ဝိပါက် ကြိယာ စိတ္တုပ္ပါဒ် ရုပ် တရားတို့သည် သာသ၀သာမည်၍ အာသဝသမ္ပယုတ် မမည်ကုန်။ အာသဝသမ္ပယုတ် သာ မည်၍ သာသဝ မမည်သောတရား မရှိ။ .
ဒေါသမူ မောဟမူစိတ်တို့၌ မောဟကြဉ်သော အကုသိုလ်ဒွါဒသ စိတ္တုပ္ပါဒ်တို့သည် နှစ်ပါးလုံး မည်ကုန်၏။
လောကုတ္တရာတရား ကိုးပါးတို့သည် နှစ်ပါးလုံး မမည်ကုန်၏။ ဟူ၍၎င်း -- လေးချက်လှည့်၍ စက်ဖွဲ့အပ်၏။
(ပညတ်ကိုကား ဓမ္မသင်္ဂဏီ၌ မလာသောကြောင့် စက်တွင်းသို့ မသွင်း မထည့် လိုက်သည်။ နောက် ဩဃစသည်တို့၌လည်း ဤနည်းတူ စက်လှည့်၊ ဤ စက် ကျေပွန်မှ ညဉ့်ဝါ၌ လွယ်သည်။
ဤ အာသဝ လေးပါးတို့၏ ဘုံဖြစ် ပုဂ္ဂိုလ်ဖြစ် မဂ်ပယ်ဟန်တို့ကို ဝေဖန်ခွဲခြမ်းလေဦး၊ မခဲလှပြီ)။
၂-ဩဃ ၃-ယောဂ
သြဃ ယောဂ
ထို အာသဝတရားကိုယ် သုံးပါးတို့သည်သာလျှင် --
ဩတ္တရိတွာန မာရေန္တိ၊
ဩသီဒေန္တီတိ ဝါ ဩဃာ။
ဝဋ္ဋမှိ ဘဝယန္တေ ဝါ၊
သတ္တေ ပါကေန ကမ္မံ ဝါ။
သတ္တေ ဘဝန္တရာဒီဟိ၊
ဒုက္ခေန ဝါပိ ယောဇရေ။
တသ္မာ ယောဂါတိ ဝုစ္စန္တိ၊
အနွတ္ထေနာပိ ရုဠှိယာ။
ဟူသော ၀စနတ္ထကြောင့် ဩဃ ယောဂတို့လည်း မည်ကုန်၏။
ဩဃအဓိပ္ပါယ်
ယေ ဓမ္မာ၊ အကြင်တရားတို့သည်။
သတ္တေ၊ သတ္တဝါတို့ကို။
ဩတ္ထရိတွာန၊ လွှမ်းဘိကုန်၍။
မာရေန္တိ၊ သေစေတတ် သတ်တတ်ကုန်၏။
ဝါ၊ တနည်းကား။
ဩသီဒေန္တိ၊ နစ်စေတတ် နှစ်တတ်ကုန်၏။
ဣတိ၊ ထို့ကြောင့်။
တေ ဓမ္မာ၊ ထိုတရားတို့သည်။
ဩဃာ၊ ဩဃမည်ကုန်၏။
ယောဂအဓိပ္ပါယ်
ယေ ဓမ္မာ၊ အကြင်တရားတို့သည်။
သတ္တေ၊ သတ္တဝါတို့ကို။
ဝဋ္ဋမှိ၊ ဝင့်သုံးပါး၌။
ဝါ၊ တနည်းကား။
ဘယန္တေ၊ ဘဝ သုံးပါး စက်ယန္တရား၌။
ယောဇရေ၊ ယှဉ်စေတတ်ကုန်၏။
ဝါ၊ တနည်းကား။
ကမ္မံ၊ အကြောင်းကံကို။
ပါကေန၊ အကျိုးနှင့်။
ဝါ၊ တနည်းကား။
သတ္တေ၊ သတ္တဝါတို့ကို။
ဘဝန္တရာဒီဟိ၊ ဘဝတပါး စသည်တို့နှင့်။
ဝါပိ၊ တနည်းလည်း။
ဒုက္ခန၊ ဒုက္ခနှင့်။
ယောဇရေ၊ ယှဉ်စေတတ်ကုန်၏။
တသ္မာ၊ ထို့ကြောင့်။
တေ ဓမ္မာ၊ ထိုတရားတို့ကို။
အနွတ္ထေနာပိ၊ မုချအားဖြင့်၎င်း။
ရုဠှိယာ၊ အတွင် အတင် အထင်အားဖြင့်၎င်း။
ယောဂါတိ၊ ယောဂတို့ဟူ၍။
ဝုစ္ဆန္တိ၊ ဆိုအပ်ကုန်၏။
၄-ဂန္ထ ၄-ပါး
ဂန္ထဝစနတ္ထ
လောဘ ဒေါသ ဒိဋ္ဌိ သုံးပါးတို့သည် --
နာမကာယေန ရူပံ ဝါ၊
ပစ္စုပ္ပန္နေန နာဂတံ။
ဒုပ္ပမုဉ္စံ ပဝေဌေန္တိ၊
စုတိ သန္ဓိဝသေန ဝါ။
သတ္တေ ဝဋ္ဋေ ဃဋေန္တီတိ၊
ကာယဂန္ထာတိ ဝုစ္စရေ။
ဟူသော ၀စနတ္ထကြောင့် ကာယဂန္တ မည်ကုန်၏။
ကာယဂန္ထမည်ပုံ
နာမကာယေန၊ နာမ်အပေါင်းနှင့်။
ရူပကာယံ၊ ရုပ်အပေါင်းကို။
ဝါ၊ တနည်းကား။
ပစ္စုပ္ပန္နေန၊ ယခုဘ၀ ကိုယ်နှင့်။
အနာဂတံ၊ နောက်ဘဝကိုယ်ကို။
ဒုပ္ပမုဉ္စံ၊ ဖြေနိုင်ခက်အောင်။
ပဝေဌေန္တိ၊ ရစ်ပတ်တတ်ကုန်၏ ။
ဝါ၊ တနည်းကား။
သတ္တေ၊ သတ္တဝါတို့ကို။
စုတိ သန္ဓိဝသေန၊ စုတိ ပဋိသန္ဓေ၏ အစွမ်းဖြင့်။
ဝဋ္ဋေ၊ ဝဋ်ဆင်းရဲ၌။
ဃဋေန္တိ၊ စပ်တတ်ကုန်၏။
ဣတိ၊ ထို့ကြောင့်။
ကာယဂန္ထာတိ၊ ကာယဂန္ထတို့ ဟူ၍။
ဝုစ္စရေ၊ ဆိုအပ်ကုန်၏။
အဘိဇ္ဈာကာယဂန္ထ
ထိုတွင် ကာမာသဝ ဘဝါသဝ နှစ်ပါးသည် အဘိဇ္ဈာကာယဂန္ထ မည်၏။
ဗျာပါဒ ကာယဂန္ထ
“အနတ္ထံမေ အစရီ စရတိ စရိဿတီတိ အာဃာတော ဇာယတိ။ ပိယဿ မေ အနတ္တံ, အပိယဿ မေ အတ္ထံ အစရီ စရတိ စရိဿတီတိ အာဃာတော ဇာယတိ” ဟူ၍လာသော အာဃာတ ဝတ္ထုကိုးပါး၊
“အတ္ထံ မေ နာစရီ န စရတိ န စရိဿတိ”စသည်ဖြင့် ထိုမှပြန်သော အာဃာတဝတ္ထု ကိုးပါး [၁]။
“အဌာနေ ဝါ ပန အာဃာတော ဇာယတိ” [၂] ဟူသော အဌာနကောပနှင့်တကွ တဆဲ့ကိုးပါးသော ဒေါသ [၃] သည် ဗျာပါဒ ကာယဂန္ထ မည်၏။
[၁။ အဘိ ၁၊ စာပိုဒ် ၁၁၄၁။ အဘိ ၂၊ ၄ဝ၃-၄။
မေ၊ ငါ၏။
အနတ္ထံ၊ စီးပွါးမရှိ အကျိုးမဲ့သည်ကို။
အစရိ၊ ပြုကျင့်ခဲ့ပြီ။
စရတိ၊ ပြုကျင့်နေဆဲ။
စရိဿတိ၊ ပြုကျင့်လတ္တံ့။
ဣတိ၊ ဤသို့။
အာဃာတော၊ ရန်ငြိုးဖွဲ့ခြင်းသည်။
ဇာယတိ၊ ဖြစ်၏။
မေ၊ ငါ၏။
ပိယဿ၊ ချစ်နှစ်သက်အပ်သော သူ၏။
အနတ္ထံ၊ စီးပွါးမရှိ အကျိုးမဲ့သည်ကို။
အစရိ၊ ပြုကျင့်ခဲ့ပြီ။
စရတိ၊ ပြုကျင့်နေဆဲ။
စရိဿတိ၊ ပြုကျင့်လတ္တံ့ ။ပ။
မေ၊ ငါ၏။
အပိယဿ၊ မချစ်မုန်းတီးအပ်သောသူ၏။
အတ္ထံ၊ စီးပွါးရှိသည် အကျိုးရှိသည်ကို။
အစရိ၊ ပြုကျင့်ခဲ့ပြီ။
စရတိ၊ ပြုကျင့်နေဆဲ။
စရိဿတိ၊ ပြုကျင့်လတ္တံ့။
ဣတိ၊ ဤသို့။
အာဃာတော၊ ရန်ငြိုးဖွဲ့ခြင်းသည်။
ဇာယတိ၊ ဖြစ်၏၊
(ရန်ငြိုး ၉-ပါး။ ဝါ- ဒေါသ ၉-ပါး။)
မေ၊ ငါ၏၊
အတ္ထံ၊ အကျိုးစီးပွါးကို။
န အစရိ၊ မပြုကျင့်ခဲ့။
န စရတိ၊ ပြုကျင့်နေဆဲ မဟုတ်။
န စရိဿတိ၊ မပြုကျင့်လတ္တံ့။
ဣတိ၊ ဤသို့။
အာဃာတော၊ ရန်ငြိုးဖွဲ့ခြင်းသည်။
ဇာယတိ၊ ဖြစ်၏။
မေ၊ ငါ၏။
ပိယဿ၊ ချစ်နှစ်သက်အပ်သောသူ၏။
အတ္ထံ၊ အကျိုးစီးပွါးကို။
န အစရိ၊ မပြုကျင့်ခဲ့။
န စရတိ၊ ပြုကျင့်နေဆဲ မဟုတ်။
န စရိဿတိ၊ မပြုကျင့်လတ္တံ့ ။ပ။
မေ၊ ငါ၏။
အပိယဿ၊ မချစ်မုန်းတီးအပ်သောသူ၏။
အနတ္ထံ၊ စီးပွါးမရှိ အကျိုးမဲ့သည်ကို။
န အစရိ၊ မပြုကျင့်ခဲ့။
န စရတိ၊ ပြုကျင့်နေဆဲမဟုတ်။
န စရိဿတိ၊ မပြုကျင့်လတ္တံ့။
ဣတိ၊ ဤသို့။
အာဃာတော၊ ရန်ငြိုးဖွဲ့ခြင်းသည်။
ဇာယတိ၊ ဖြစ်၏။
(တနည်း၊ ရန်ငြိုး ၉-ပါး၊ - ဒေါသ ၉-ပါး။)
၂။ အဘိ ၁၊ နှာ-၂၁၆။ အဘိ ၂၊ နှာ-၄၀၅။ အဘိ၊ ဋ္ဌ၊ ၁၊ နှာ -၃၉၉၊၊
ဝါ ပန၊ ထိုမှတပါး။
အဌာနေ၊ မိုးတွင်းခါ မိုးအလွန်ရွာလျှင် မိုးကလဲ ရွာလိုက်တာ စသည်ဖြင့် အကြောင်း မဟုတ်သည်၌။
အာဃာတော၊ အမျက်ထွက်မှုသည်။
ဇာယတိ၊ ဖြစ်၏။
(အကြောင်းမဟုတ်သည်၌ ဒေါသ တပါး)
၃။ ဒေါသ ၁၉-ပါး သရုပ်များ အထက်၌ ဖော်ပြခဲ့သည့် ဒေါသ ၁၉-ပါးပင် ဖြစ်သည်။]
သီလဗ္ဗတပရာမာသ ကာယဂန္ထ
“ဣဒမေဝ သစ္စံ မောဃမညံ”ဟု မယူပဲ “ဂစ္ဆန္တော ဘက္ခတိ၊ တိဋ္ဌန္တော မုတ္တေတိ” စသော နွား ကျွဲ စသည်တို့၏ အလေ့အကျင့်ဖြင့်ပင် ကိလေသာ စင်ကြယ်၏။ နိဗ္ဗာန်ကို ရ၏ဟု မှားသောအားဖြင့် သုံးသပ်ခြင်း ဒိဋ္ဌိစေတသိက်သည် သီလဗ္ဗတပရာမာသ ကာယဂန္ထ မည်၏။
ဣဒံ သစ္စာဘိနိဝေသ ကာယဂန္ထ
သီလဗ္ဗတပရာမာသ ကာယဂန္ထကို ချန်ထား၍ ကြွင်းသမျှ ဒိဋ္ဌိသည် ဣဒံ သစ္စာဘိနိဝေသ ကာယဂန္ထ မည်၏။
ဟောပုံ အစီအစဉ်
ထိုလေးပါးတို့တွင် ဖြစ်ခြင်းများသောကြောင့် အဘိဇ္ဈာ ကာယဂန္ထကို ဟောတော် မူသည်။ ရုန့်ရင်းသောကြောင့် ဗျာပါဒကို ဟောတော်မူသည်။ ဒိဋ္ဌိနှစ်ပါးတွင်လည်း ရုန့်ကြမ်းသောကြောင့် သီလဗ္ဗတကို ဟောတော်မူသည်။ သိမ်မွေ့သောကြောင့် ဣဒံသစ္စာဘိနိဝေသကို အစဉ်အတိုင်း ဟောတော်မူသည်။
စက်လှည့်သရုပ်ခွဲပုံ
ထိုဂန္ထတရားတို့၏ အာရုံဖြစ်သော လောကီတရားသည် ဂန္ထနိယ မည်၏။ လောဘမူ ဒေါသမူစိတ် ဆယ်ခု၊ ဝိပ္ပယုတ်၌ လောဘ၊ ဒေါသ ကြဉ်သော စေတသိက် ပဉ္စဝီသသည် ဂန္ထသမ္ပယုတ္တ မည်၏ဟု မှတ်လျက် ရှေး နည်းတူ စက်လှည့်လေ။
ဘုံဖြစ် ပုဂ္ဂိုလ်ဖြစ် မဂ်ပယ်ဟန် တို့ကိုလည်း ဝေဖန်လေ။
၅-ဥပါဒါန် လေးပါး
ဥပါဒါန် မည်ပုံ
တဏှာ, ဒိဋ္ဌိနှစ်ပါးတို့သည် --
ဥပါဒါနာနိ ဝုစ္စန္တိ၊
တဏှာဒိဋ္ဌိဝသာ ဒုဝေ။
ဘုသာရမ္မဏမာဒိန္နာ၊
မဏ္ဍူကံ ပန္နဂေါ ယထာ။
ဟူသော ဝစနတ္ထကြောင့် ဥပါဒါန် မည်ကုန်၏။
ပန္နဂေါ၊ မြွေသည်။
မဏ္ဍူကံ၊ ဖားကို။
ဘုသံ၊ ပြင်းပြစွာ။
အာဒိန္နော ယထာ၊ စွဲလမ်းဖမ်းယူသကဲ့သို့။
တဏှာ ဒိဋ္ဌိ၀သာ၊ တဏှာဒိဋ္ဌိအစွမ်းဖြင့်။
ဒုဝေ၊ နှစ်ပါးကုန်သော။
ယေ ဓမ္မာ၊ အကြင် တရားတို့သည်။
ဘုသံ၊ ပြင်းစွာ။
အာရမ္မဏံ၊ အာရုံကို။
အာဒိန္နာ၊ စွဲလမ်းကပ်ယူတတ်ကုန်၏။
တသ္မာ၊ ထို့ကြောင့်။
တေဓမ္မာ၊ ထိုတရားတို့ကို။
ဥပါဒါနာနိ၊ ဥပါဒါန်တို့ဟူ၍။
ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။
ကာမုပါဒါန်
ထိုတွင် လောဘသည် ကာမုပါဒါန် မည်၏။
ဒိဋ္ဌုပါဒါန်
သိလဗ္ဗတ အတ္တဝါဒ နှစ်ပါးကို ချန်ထား၍ --
နတ္ထိ ဒိန္နံ၊ နတ္ထိ ယိဋ္ဌံ၊ နတ္ထိ ဟုတံ၊ နတ္ထိ သုကတ ဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော။ နတ္ထိ အယံ လောကော၊ နတ္ထိ ပရော လောကော၊ နတ္တိ မာတာ၊ နတ္ထိ ပိတာ၊ နတ္ထိ သတ္တာ သြပပါတိကာ၊ နတ္ထိ လောကေ သမဏ, ဗြဟ္မဏာ သမ္မဂ္ဂတာ သမ္မာပဋိပန္နာ။ ယေ ဣမဉ္စ လောကံ ပရဉ္စ လောကံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒန္တိ။
ဟူသော ဝတ္ထုဆယ်ပါးရှိသော ဒိဋ္ဌိ ဟူသမျှသည် ဒိဋ္ဌုပါဒါန် မည်၏။
ဒိန္နံ၊ လှူအပ်သော အကျိုးသည်။
နတ္ထိ၊ မရှိ။
ယိဋ္ဌံ၊ ယဇ်ငယ်ပူဇော်ခြင်း အကျိုးသည်။
နတ္ထိ၊ မရှိ။
ဟုတံ၊ ယဇ်ကြီးပူဇော်ကျိုးသည်။
နတ္ထိ၊ မရှိ။
သုကတဒုက္ကဋာနံ၊ ကောင်းစွာပြုအပ် မကောင်းသဖြင့် ပြုအပ်ကုန်သော။
ကမ္မာနံ၊ ကုသိုလ် အကုသိုလ်ကံတို့၏။
ဖလံ၊ အကျိုးဆက်သည်။
ဝိပါကော၊ အကျိုးရင်းသည်။
နတ္ထိ၊ မရှိ။
အယံ လောကော၊ ဤပစ္စုပ္ပန်လောကသည်။
နတ္ထိ၊ မရှိ။
ပရော လောကော၊ တမလွန်လောကသည်။
နတ္ထိ၊ မရှိ။
မာတာ၊ အမိ၌ ပြုသောအကျိုးအပြစ်သည်။
နတ္ထိ၊ မရှိ။
ပိတာ၊ အဖ၌ပြုအပ်သော အကျိုးအပြစ်သည်။
နတ္ထိ၊ မရှိ။
သြပပါတိကာ၊ ကိုယ်ထင်ရှားဖြစ်ကုန်သော။
သတ္တာ၊ သတ္တဝါတို့သည်။
နတ္ထိ၊ မရှိကုန်။
လောကေ၊ လောက၌။
ယေ သမဏဗြာဟ္မဏာ၊ အကြင် ရဟန်းပုဏ္ဏားတို့သည်။
ဣမဉ္ဇ လောကံ၊ ဤပစ္စုပ္ပန်လောကကို၎င်း။
ပရဉ္ဇ လောကံ၊ တမလွန်လောကကို၎င်း။
သယံ၊ ကိုယ်တိုင်။
အဘိညာ-အဘိညာယ၊ ထူးသောဉာဏ်ဖြင့် သိကုန်၍။
သစ္ဆိကတွာ၊ မျက်မှောက်ပြုကုန်၍။
ပဝေဒေန္တိ၊ ပြောဟောနိုင်ကုန်၏။
သမ္မဂ္ဂတာ၊ ငြိမ်သက်ခြင်းသို့ ရောက်ကုန်သော။
သမ္မာပဋိပန္နာ၊ မဖောက်မပြန် လမ်းမှန် ကျင့်တတ်ကုန်သော။
တေ သမဏဗြာဟ္မဏာ၊ ထိုရဟန်းပုဏ္ဏားတို့သည်။
နတ္ထိ၊ မရှိကုန်။
သီလဗ္ဗတုပါဒါန်
သီလဗ္ဗတပရာမာသ ကာယဂန္တသည် သီလဗ္ဗတုပါဒါန် မည်၏။
အတ္တဝါဒုပါဒါန်
ရူပံ အတ္တာ၊ ရူပဝါ အတ္တာ၊ အတ္တနိ ရူပံ၊ ရူပသ္မိံ အတ္တာ။
ဝေဒနာ အတ္တာ၊ ဝေဒနဝါ အတ္တာ၊ အတ္တနိ ဝေဒနာ၊ ဝေဒနာယ အတ္တာ။
သညာ အတ္တာ၊ သညဝါ အတ္တာ၊ အတ္တနိ သညာ၊ သညာယ အတ္တာ။
သင်္ခါရာ အတ္တာ၊ သင်္ခါရဝါ အတ္တာ၊ အတ္တနိ သင်္ခါရာ၊ သင်္ခါရေသု အတ္တာ။
ဝိညာဏံ အတ္တာ၊ ဝိညာဏဝါ အတ္တာ၊ အတ္တနိ ဝိညာဏံ၊ ဝိညာဏသ္မိံ အတ္တာ။
ရူပံ၊ ရုပ်သည်။
အတ္တာ၊ အစိုးရသော ကိုယ်ကောင်တည်း။
အတ္တာ၊ ကိုယ်ကောင်သည်။
ရူပဝါ၊ ရုပ်ရှိ၏။
အတ္တနိ၊ ကိုယ်ကောင်၌။
ရူပံ၊ ရုပ်တည်၏။
ရူပသ္မိံ ၊ ရုပ်၌။
အတ္တာ၊ ကိုယ်ကောင် တည်၏။
(နောက်ကို နည်းတူ။)
ဤသို့ နှစ်ဆယ်သော ဝတ္ထုရှိသော အစဉ်အတိုင်း အစ္စိနှင့် ဝဏ္ဏ ဆာယာနှင့် ရုက္ခ ပုပ္ဖနှင့်ဂန္ဓ ကရဏ္ဍကနှင့် မဏိတို့ကဲ့သို့ [၁] ရှုမြင်ထင်မှတ်သော သက္ကာယ ဒိဋ္ဌိသည် အတ္တဝါဒုပါဒါန်မည်၏။
[၁။ အစ္စိ= (ဆီ)မီးလျှံ၊ ဝဏ္ဏ = (ဆီမီးလျှံ)အရောင်၊ ဆာယာ=အရိပ်၊ ရုက္ခ= သစ်ပင်၊ ပုပ္ဖ= ပန်းပွင့်၊ ဂန္ဓ=(ပန်း)နံ့၊ ကရဏ္ဍက=ကြုတ်၊ မဏိ= ပတ္တမြား၊ (ဤဥပမာတို့၏ အကျယ် ကို အဋ္ဌသာလိနီအဋ္ဌကထာ၊ နှာ-၃၇ ၌ ရှုပါ။)]
သက္ကာယဒိဋ္ဌိသည် မဂ်ကိုသာ တားခြင်း
အစတစ်မှာ၊ ရုပ်ကိုသာကိုယ်၊
ဟူ၍ဆို၏၊ နာမ်ကို ခုနစ်၊
တဆယ့်နှစ်မှာ၊ မိဿကာ တည်း၊
ပေါင်းကာ နှစ်ဆယ်၊ ခန်ငါးသွယ်၌၊
စ, ဝယ် ငါးထွေ၊ ဥစ္ဆေ, ဝိဘဝ၊
နောက်မှ ဆယ့်ငါး၊ ယူမှား သဿတ၊
ဘဝမည်ရှိ၊ ဤဒိဋ္ဌိကား၊
မဂ်ကို တားသည်။
မတားနတ်ပြည် လမ်းကြောင်းတည်း။
ဟောပုံအစဉ်
ထိုဥပါဒါန်လေးပါးတို့့တွင် ရာကျယ်ထင်ရှားသောကြောင့် ကာမုပါဒါန်ကို ရှေးဦးစွာ ဟောတော်မူသည်။ ကာမရမှု ကောတုဟလ မင်္ဂလာ စသည်ကို ပြုသောကြောင့် ဒိဋ္ဌပါဒါန်ကို ဟောတော်မူသည်၊ ဒိဋ္ဌိဘေဒနှစ်ပါးတွင် ရုန့်ရင်းသိလွယ်သောကြောင့် သီလဗ္ဗတကို ဟောတော်မူသည်၊ ထိုထက် သိခက်သောကြောင့် အတ္တဝါဒကို အစဉ် အတိုင်း ဟောတော်မူသည်။
စက်လှည့်သရုပ်ခွဲပုံ
လောကီတရားသည် ဥပါဒါနိယ မည်၏။ လောဘမူစိတ် ရှစ်ခု ဝိပ္ပယုတ်၌ လောဘ ကြဉ်သော စေတသိက် ဗာဝီသသည် ဥပါဒါနသမ္ပယုတ် မည်၏ဟု မှတ်လျက် ရှေး နည်းတူ စက်လှည့်လေ။
ကာမုပါဒါန်ကို မဂ်လေးပါး ပယ်သည်။ ကြွင်းသုံးပါးကို သောတာပတ္တိမဂ် ပယ်သည်။
၆ - နီဝရဏ ခြောက်ပါး (တရားကိုယ် ၈-ပါး)
လောဘော ဒေါသော ထိနံ မိဒ္ဓံ၊
ဥဒ္ဓစ္စံ ကုက္ကုစံ တထာ။
ဝိစိကိစ္ဆာ အဝိဇ္ဇာတိ၊
အဋ္ဌ နီဝရဏတာ မတာ။
လောဘော၊ လောဘ၎င်း။
ဒေါသော၊ ဒေါသ၎င်း။
ထိနံ၊ ထိန၎င်း။
မိဒ္ဓံ၊ မိဒ္ဓ၎င်း။
ဥဒ္ဓစ္စံ၊ ဥဒ္ဓစ္စ၎င်း။
တထာ၊ ထိုမှတပါး၊
ကုက္ကုစ္စံ၊ ကုက္ကုစ္စ၎င်း။
ဝိစိကိစ္ဆာ၊ ဝိစိကိစ္ဆ၎င်း။
အဝိဇ္ဇာ၊ အဝိဇ္ဇာ၎င်း၊
ဣတိ ဣမေ အဋ္ဌ၊ ဤရှစ်ပါးတို့ကို။
နီဝရဏာ၊ နီဝရဏတို့ဟူ၍။
မတာ၊ သိအပ်ကုန်၏။
ဟူသော ရှစ်ပါးတို့သည်—
ဈာနာဒိကံ နိသေဓေန္တိ၊
န တံ ဒေန္တိ ပဝတ္တိတုံ။
စက္ခုံ ဝါ အာဝရန္တီတိ၊
ဝုတ္တာ နီဝရဏာနိတိ။
ဟူသော ဝစနတ္ထကြောင့် နီဝရဏမည်ကုန်၏။
နီဝရဏအဓိပ္ပါယ်
ဈာနာဒိကံ၊ ဈာန်စသည်အစွမ်းဖြင့် ဖြစ်သော ကုသိုလ်စိတ်ကို။
နိသေဓေန္တိ၊ တားမြစ်တတ်ကုန်၏။
တံ၊ ထို ကုသိုလ်စိတ်ကို။
ပဝတ္တိတုံ၊ ဖြစ်ခြင်းငှါ။
န ဒေန္တိ၊ မပေးတတ်ကုန်။
ဝါ၊ တနည်းလည်း။
စက္ခုံ၊ ပညာမျက်စိကို။
အာဝရန္တိ၊ ပိတ်ဆို့တတ်ကုန်၏။
ဣတိ၊ ထို့ကြောင့်။
နီဝရဏာနီတိ၊ နီဝရဏတို့ဟူ၍။
ဝုတ္တာ၊ ဆိုအပ်ကုန်၏။
ကာမစ္ဆန္ဒနီဝရဏ
ထိုတွင် ပဉ္စကာမဂုဏိက အဓိမတ္တရာဂသည် ကာမစ္ဆန္ဒနီဝရဏ မည်၏။
ဝိစိကိစ္ဆာနီဝရဏ
“သတ္တရိ ကင်္ခတိ၊ ဓမ္မ ကင်္ခတိ၊ သံဃေ၊ သိက္ခာယ၊ ပုဗ္ဗန္တေ၊ အပရန္တေ၊ တဒုဘယေ၊ ဣဒပ္ပစ္စယတာ ပဋိစ္စသမုပ္ပန္နေသု ဓမ္မေသု ကင်္ခတိ ဝိစိကိစ္ဆတိ”ဟူသော ကင်္ခါရှစ်ပါး သည် ဝိစိကိစ္ဆာနီဝရဏ မည်၏။
ထိနနှင့်မိဒ္ဓ၊ ဥဒ္ဓစ္စနှင့်ကုက္ကုစ္စ တို့ကို နီဝရဏ တခုတည်းပေါင်း၍ ဆိုရာ၌
“ကိစ္စာဟာရပဋိပက္ခာနံ သမာနဘာဝတော”။
ဋီကာ (ကျော် ၂၂၀-လာ) ဟိတ်။
ကိစ္စာဟာရပဋိပက္ခာနံ၊ စိတ္တုပ္ပါဒ်ကို တွန့်တိုစေခြင်း ကိစ္စမငြိမ်သက်အောင် ပြုခြင်း ကိစ္စ, ပျင်းရိဆန့်ငင်ခြင်း ဟူသော အကြောင်း, ဉာတိဗျသနစသည်ကို ကြံစည်ခြင်း ဟူသောအကြောင်း, ဝီရိယဟူသော ဆန့်ကျင်ဘက်, သမထဟူသော ဆန့်ကျင်ဘက်ရှိ၏။
သမာနဘာဝတော၊ တူကြသည်၏ အဖြစ်ကြောင့်။
ဧက နီဝရဏဘာဝေန၊ တခုတည်းသော နီဝရဏ အဖြစ်ဖြင့်။
ပုတ္တာ၊ ဟောတော် မူအပ်ကုန်၏။
ကိစ္စာဟာရ ဝိပက္ခာနံ၊
ဧကတ္တာ ဧကမေတ္ထ ဟိ။
ကတမုဒ္ဓစ္စကုက္ကုစ္စံ၊
ထိနမိဒ္ဓဉ္စ တာဒိနာ။
ဟု ရှေးဆရာတို့အမိန့် (ဋီကာကျော် ၂၂၀-၌ လာသည်။) အနက် ရှေးကို မှီ။
ဟိ၊ မှန်၏၊
ဧတ္ထ၊ ဤနီဝရဏအရာ၌။
ကိစ္စာဟာရ ဝိပက္ခာနံ၊ ကိစ္စ အကြောင်း ဆန့်ကျင်ဘက်တရားတို့၏။
ဧကတ္တာ၊ တူသည်၏အဖြစ်ကြောင့်။
ဥဒ္ဓစ္စကုက္ကုစ္စံ စ၊ ဥဒ္ဓစ္စ ကုက္ကုစ္စ ၂-ပါးကို၎င်း။
ထိနမိဒ္ဓဉ္စ၊ ထိနမိဒ္ဓ ၂-ပါးကို၎င်း။
ဧကံ ဧကေန၊ နီဝရဏတပါးတည်း အဖြစ်ဖြင့်။
တာဒိနာ၊ တာဒိဂုဏ်နှင့်ပြည့်စုံတော်မူသော မြတ်ာဘုရားသည်။
ကတံ၊ ပြုတော်မူအပ်၏။
လောကီတရားသည် နီဝရဏိယမည်၏။ အကုသိုလ် စိတ္တုပ္ပါဒ်သည် နီဝရဏ သမ္ပယုတ် မည်၏ ဟူ၍ မှတ်လျက် စက်လှည့် ဝေဖန်လေ။
ကုက္ကုစ္စကို သောတာပတ္တိမဂ် ပယ်သည်။ အကြွင်း လွယ်၏။
၇-အနုသယ ၇-ပါး (တရားကိုယ် ၆-ပါး)
လောဘော ဒေါသော မာနော ဒိဋ္ဌိ၊
ဝိစိကိစ္ဆာ အဝိဇ္ဇကာ။
သန္တာနမှိ အနု အနု၊
သေန္တီတျနုသယာ မတာ။
လဒ္ဓါ အနုရူပံ ဟေတုံ၊
ဥပ္ပဇ္ဇန္တီတိ အတ္ထတာ။
အနုသယမည်ပုံ
လောဘော၊ လောဘကို၎င်း ။ပ။
အဝိဇ္ဇကာ၊ အဝိဇ္ဇာကို၎င်း။
သန္တာနမှိ၊ သန္တန်အစဉ်၌။
အနု အနု၊ အဖန် တလဲလဲ။
သေန္တိ၊ ဖြစ်တတ်ကုန်၏။
ဣတိ၊ ထို့ကြောင့်။
အနုသယာ၊ အနုသယ တို့ဟူ၍။
မတာ၊ သိအပ်ကုန်၏။
အနုရူပံ၊ လျောက်ပတ်သော။
ဟေတုံ၊ အကြောင်းကို။
လဒ္ဓါ၊ ရသည်ရှိသော်။
ဥပ္ပဇ္ဇန္တိ၊ ဖြစ်ထိုက်ကုန်၏။
ဣတိအယံ၊ ဤသည်ကား။
အတ္ထတာ-အတ္ထော၊ အနက်တည်း။
ဤသို့သော ဝစနတ္ထနှင့်အညီ ဤခြောက်ပါးသော တရားတို့သည် အပ္ပဟီနဋ္ဌကြောင့် ကာမဂတဖြစ်ရကား အနုသယမည်ကုန်၏။
တေ ပန နိပ္ပရိယာယတော အနာဂတာ ကိလေသာ၊
အတီတပစ္စုပ္ပန္နာပိ တံသဘာဝတ္တာ တထာ ဝုစ္စန္တိ။
န ဟိ ကာလဘေဒေန ဓမ္မာနံ သဘာဝဘေဒေါ အတ္ထိ၊
ဋီကာကျော်(နှာ-၂၂၀)
တေ ပန၊ ထိုအနုသယသည်ကား။
နိပ္ပရိယာယတော၊ မုချအားဖြင့်။
အနာဂတာ ကိလေသာ၊ အနာဂတ် ကိလေသာတို့တည်း။
အတီတပစ္စုပ္ပန္နာပိ၊ အတိတ် ပစ္စုပ္ပန်ကိလေသာတို့ကိုလည်း။
တံသဘာဝတ္တာ၊ ထိုသဘောရှိခြင်းကြောင့်။
တထာ၊ ထိုအတိုင်း။
ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။
ဟိ၊ ဆိုသင့်စွ။
ကာလ ဘေဒေန၊ ကာလပြားသဖြင့်။
ဓမ္မာနံ၊ ပရမတ္ထတရားတို့၏။
သဘာဝဘေဒေါ၊ သဘောထူးပြားခြင်းသည်။
န အတ္ထိ၊ မရှိ။
“ယဿ ကာမရာဂါနုသယော အနုဿတိ”စသည်ဖြင့် အနုသယယမိုက် ပါဠိတော် (ဒု၊နှာ-၅၆)၌ ပစ္စုပ္ပန်ကြိယာဖြင့် ဟောတော်မူသောကြောင့်၎င်း၊ ဥပ္ပန္နလေးပါးတို့တွင် ဘူမိလဒ္ဓုပ္ပန္နဟူ၍ အဋ္ဌကထာ ဆိုသောကြောင့်၎င်း၊ ထို အနုသယတို့ကို ပစ္စုပ္ပန် ဟူ၍သာ ဆိုသင့်၏၊ အနာဂတ်ဟုဆိုသော ဋီကာကို ဆင်ခြင်။ သဒ္ဒါကျမ်းတို့၌လည်း --
နိစ္စပ္ပဝတ္တိ သမီပေါ၊
ပဝတ္တုပရတော တထာ။
ပဝတ္တာဝိရတော စေတိ၊
ဝတ္တမာနော စတုဗ္ဗိဓော။
ဟု ဝတ္တမာန်ဆိုသည်။
ပဝတ္တာဝိရတ ဝတ္တမာန်ကို ဤ၌ အနုသယဆိုသည်၊ ဝတ္တမာန်နှင့် ပစ္စုပ္ပန်ကား ပရိယာယ်။
စက်လှည့်သရုပ်ခွဲပုံ
လောကီတရားသည် အနုသယိတ မည်၏။ ဥဒ္ဓစ္စသဟဂုတ် စိတ်၌ မောဟကြဉ်သော အကုသိုလ်စိတ္တုပ္ပါဒ်သည် အနုသယသမ္ပယုတ် မည်၏ဟု မှတ်လျက် စက်လှည့် ဝေဖန်လေ။
၈-သံယောဇဉ် ၁၀-ပါး (တရားကိုယ် ၉-ပါး)
လောဘော ဒေါသော မာနော ဒိဋ္ဌိ၊
ဝိစိကိစ္ဆာ စ ဥဒ္ဓစ္စံ။
မောဟော ဣဿာ မစ္ဆေရန္တိ၊
သံယောဇနာနိ တေ ပန။
သံယောဇေန္တိ ဗန္ဓန္တီတိ၊
သံယောဇနာနိ ဝုစ္စရေ။
သံယောဇဉ်မည်ပုံ
လောဘော၊ လောဘ၎င်း ။ပ။
မစ္ဆေရံ၊ မစ္ဆေရ၎င်း၊
ဣတိ ဣမေ၊ ဤကိုးပါးတို့သည်။
သံယောဇနာနိ၊ သံယောဇဉ် မည်ကုန်၏။
တေ ပန၊ ထိုသံယောဇဉ်တို့ကိုကား။
သံယောဇေန္တိ ဗန္ဓန္တိ၊ ဝဋ် ဂယက်မှ မထွက်နိုင်အောင် ဖွဲ့နှောင်တတ်ကုန်၏။
ဣတိ၊ ထို့ကြောင့်။
သံယောဇနာနိ၊ သံယောဇဉ်တို့ဟူ၍။
ဝုစ္စရေ၊ ဆိုအပ်ကုန်၏။
မာန်ကိုးပါး
ထိုကိုးပါးတို့တွင် သေယျ သဒိသ ဟီနပုဂ္ဂိုလ် သုံးယောက်တို့၌ သုံးပါး သုံးပါးစီ ဖြစ်သော --
“သေယျောဟမသ္မီတိ မာနော။
သဒိသောဟမသ္မီတိ မာနော။
ဟီနောဟမသ္မီတိ မာနော” [၁]
ဟူသော မာန်ကိုးပါးသည် မာန မည်၏။ ထိုတွင် ယာထာဝမာန်ကား သုံးပါး၊ အယာတာဝမာန်ကား ခြောက်ပါးတည်း။
[၁။ ဟီန ပုဂ္ဂိုလ်၏ ဟီနမာန် ပေါင်း ၃-ပါးသည် မိမိ မိမိတို့၏ ဟုတ်မှန်တိုင်းသော မာန်ဖြစ်၍ ယာထာဝမာန်မည်၏။
သေယျပုဂ္ဂိုလ်၏ သဒိသမာန် ဟီနမာန် ၂-ပါး၊
သဒိသပုဂ္ဂိုလ်၏ သေယျမာန် ဟီနမာန် ၂-ပါး၊
ဟီနပုဂ္ဂိုလ်၏ သေယျမာန် သဒိသမာန် ၂-ပါး -
ပေါင်း ၆-ပါးသည် မိမိ မိမိတို့၏ သန္တာန်၌ မဟုတ်မမှန် ဖြစ်ပေါ်သော မာန်ဖြစ်၍ အယာထာဝ မာန်မည်၏။]
မစ္ဆေရငါးပါး
အာဝါသော စ, ကုလံ လာဘော၊ ဝဏ္ဏော ဓမ္မောတိ မစ္ဆရာ။
ဟူသော ဝန်တိုခြင်း ငါးပါးသည် မစ္ဆေရမည်၏။ ထိုတွင် သရီရဝဏ္ဏ ဂုဏဝဏ္ဏကို ဝန်တိုခြင်းသည် ဝဏ္ဏမစ္ဆေရမည်၏။ ပရိယတ္တိဓမ္မကို မသိစေလိုခြင်းသည် ဓမ္မမစ္ဆေရ မည်၏။
ဂေါ ပန ပုဂ္ဂလံ ဥပပရိက္ခိတွာ ဓမ္မာနုဂ္ဂဟေန ဓမ္မံ ဝါ ဥပပရိက္ခိတွာ ပုဂ္ဂလာနုဂ္ဂဟေန န ဒေတိ၊ အယံ ဓမ္မမစ္ဆရီ နာမ န ဟာတိ။
အဋ္ဌသာလိနီ အဋ္ဌကထာ(နှာ-၄၀၆)။
ယော ပန၊ အကြင်သူသည်ကား။
ပုဂ္ဂလံ၊ အဓမ္မဝါဒီ အလဇ္ဇီပုဂ္ဂိုလ်ကို။
ဥပပရိက္ခိတွာ၊ စုံစမ်း၍။
ဓမ္မာနုဂ္ဂဟေန၊ တရားကိုချီးမြှောက်သဖြင့်။
န ဒေတိ၊ မပေး မချ။
ဓမ္မံ ဝါ၊ သိမ်မွေ့သောတရားကိုမူလည်း။
ဥပပရိက္ခိတွာ၊ စုံစမ်း၍။
ပုဂ္ဂလာနုဂ္ဂဟေန၊ လျှပ်ပေါ်လော်မာ လူဝါကို ချီးမြှောက်သောအားဖြင့်။
န ဒေတိ၊ မပေး မပို့။
အယံ၊ ဤသူသည်။
ဓမ္မမစ္ဆရီ နာမ၊တရားကို ဝန်တိုသောသူ မည်သည်။
န ဟောတိ၊ မဖြစ်။
မစ္ဆေရငါးပါးတို့ အကျိုးပေးပုံ
ယင်းမစ္ဆေရငါးပါးတို့၏ ဒိဋ္ဌဓမ္မိက သမ္ပရာယိက အကျိုးထူးကား --
အာဝါသေန ယက္ခော ပေတော၊
သင်္ကာရံ ဂယှ သီရသာ။
ကုလေန ဝိရေစတိ သော၊
အန္တမ္ပိ ခဏ္ဍခဏ္ဍိကံ။
လာဘေန ယက္ခော ပေတော ဝါ၊
ဟောတီ အဇဂရောပိ ဝါ။
ဝဏ္ဏေန ဒုဗ္ဗဏ္ဏော ဟောတိ၊
ဧဠမူဂေါ စ ဓမ္မတော။
အပိ စ ---
အာဝါသေန လောဟဂေဟေ၊
ကုလေန ဂူထနိရယေ။
လာဘေန အပ္ပလာဘောဝ၊
ဝဏ္ဏန တု အဝဏ္ဏကော။
ဓမ္မာ ကုက္ကုဠနိရယေ၊
ပစ္စတေ ပါပမာနသော။
အဋ္ဌသာလိနီအဋ္ဌကထာ (နှာ-၄၀၆, ၄၀၇-လာ စကားကို မှီသည့် သင်္ဂဟဂါထာ များ)။
အာဝါသေန၊ အာဝါသမစ္ဆေရကြောင်း။
သင်္ကာရံ၊ တံမြက်ချေးစုကို။
သိရသာ၊ ဦးခေါင်းဖြင့်။
ဂယှ၊ ရွက်၍။
ယက္ခော၊ ဘီလူးသည်၎င်း။
ပေတော၊ ပြိတ္တာသည်၎င်း၊
ဟောတိ၊ ဖြစ်တတ်ချေ၏။
ကုလေန၊ ကုလမစ္ဆေရကြောင့်။
သော၊ ထိုဝန်တိုသောပုဂ္ဂိုလ်သည်။
ဝိရေစတိ၊ သွေးပူပွက်ပွက် အံထွက်တတ်ချေ၏။
အန္တမ္ပိ၊ အူသိမ် အူမသည်လည်း။
ခဏ္ဍခဏ္ဍိကံ၊ အပိုင်းအပိုင်း ပြတ်တတ်ချေ၏။
လာဘေန၊ လာဘမစ္ဆေရကြောင့်။
ယက္ခော ဝါ၊ ဘီလူးသည်၎င်း။
ပေတော ဝါ၊ ပြိတ္တာသည်၎င်း။
အဇဂရောပိ ဝါ၊ မြွေ စပါးကြီးသည်သော်၎င်း။
ဟောတိ၊ ဖြစ်တတ်ချေ၏။
ဝဏ္ဏေန၊ ဝဏ္ဏမစ္ဆေရကြောင့်။
ဒုဗ္ဗဏ္ဏော၊ ကိုယ်အဆင်း ဂုဏ်အဆင်း မလှသည်။
ဟောတိ၊ ဖြစ်တတ်၏။
ဓမ္မတော၊ ဓမ္မမစ္ဆေရကြောင့်။
ဧဠမူဂေါ၊ မပီမသ ဆွံ့အသည်။
ဟောတိ၊ ဖြစ်၏။
အပိ စ၊ အကျိုးတနည်းလည်း။
ပါပမာနသော၊ ယုတ်မာဝန်တို မနာလိုသောစိတ်ရှိသော သတ္တဝါသည်။
အာဝါသေန၊ အာဝါသမစ္ဆေရကြောင့်။
လောဟဂေဟေ၊ သံပူငရဲ၌။
ပစ္စတေ၊ ကျက်ရတတ်ချေ၏။
ကုလေန၊ ကုလမစ္ဆေရကြောင့်။
ဂူထနိရယေ၊ ဘင်ပုပ်ငရဲ၌။
ပစ္စတေ၊ ကျက်ရတတ်ချေ၏။
လာဘေန၊ လာဘမစ္ဆေရကြောင့်။
အပ္ပလာဘောဝ၊ လာဘ်သပ်ပကာ လွန်စွာရှားပါးသည်။
ဟောတိ၊ ဖြစ်၏။
ဝဏ္ဏေန တု၊ ဝဏ္ဏမစ္ဆေရကြောင့်ကား။
အဝဏ္ဏကော၊ ညှိုးမှိန်သိမ်ဖျင်း ဂုဏ်အဆင်းမရှိသည်။
ဟောတိ၊ ဖြစ်၏။
ဓမ္မာ၊ ဓမ္မမစ္ဆေရကြောင့်။
ကုက္ကုဠနိရယေ၊ ပြာပူငရဲ၌။
ပစ္စတေ၊ ကျက်ရ တတ်ချေ၏။
သက္ကပဉှသုတ် ( ဒီ၊ဋ္ဌ-၂၊နှာ-၃၁၁) အဋ္ဌကထာ, အဋ္ဌသာလိနီ (နှာ-၄၀၇) တို့၌ကား ---
ကုလမစ္ဆရိယေန အပ္ပလာဘော ဟောတိ၊
လာဘမစ္ဆရိယေန ဂူထနိရယေ နိဗ္ဗတ္တတိ။
ဟု-ပြန်လျက်လာ၏။
ဥဒ္ဓစ္စသည် သုတ္တန်နည်း၌သာ ပါ၍ အဘိဓမ္မာနည်း၌ မပါ။ ဣဿာ မစ္ဆေရ နှစ်ပါး သည် အဘိဓမ္မာနည်း၌သာ ပါ၍ သုတ္တန်နည်း၌ မပါ။ လောဘ ဒေါသ မာန ဒိဋ္ဌိ ဝိစိကိစ္ဆာ မောဟ ခြောက်ပါးတို့သည် နည်းနှစ်ပါးလုံး၌ ပါကုန်၏။ ကြွင်း စိတ္တုပ္ပါဒ် ရုပ် နိဗ္ဗာန်တို့သည် နည်း နှစ်ပါးလုံး၌ မပါကုန်။
လောကီတရားသည် သံယောဇနိယမည်၏။
အကုသိုလ် စိတ္တုပ္ပါဒ်သည် သံယောဇနသမ္ပယုတ် မည်၏ -
ဟု မှတ်လျက် စက်လှည့်ရမည်။
ဣဿာ, မစ္ဆေရကို သောတာပတ္တိမဂ် ပယ်သည်။
၉-ကိလေသာ ၁၀-ပါး
ကိလေသေန္တျူ' ပတာပေန္တိ၊
ဗာဓန္တီတိ ဝါ ကိလေသကာ။
လောဘော ဒေါသော မောဟော မာနော၊
ဒိဋ္ဌိ ဝိစိကိစ္ဆာ ထိနံ။
ဥဒ္ဓစ္စံ အဟိရီကဉ္စ၊
အနောတ္တပ္ပန္တိ တေ ဒသ။
ကိလေသာ မည်ပုံ
စိတ္တံ၊ စိတ်ကို။
ကိလေသေန္တိ ဥပတာပေန္တိ၊ ပူပန်စေတတ်ကုန်၏။
ဝါ၊ တနည်းကား–
ကိလေသေန္တိ ဗာဓန္တိ၊ နှိပ်စက်တတ်ကုန်၏။
ဣတိ၊ ထို့ကြောင့်။
ကိလေသကာ၊ ကိလေသာ မည်ကုန်၏။
တေ၊ ထိုကိလေသာတို့သည်။
လောဘော၊ လောဘ၎င်း ။ပ။
အနောတ္တပ္ပံ၊ အနောတ္တပ္ပ၎င်း။
ဣတိ၊ ဤသို့။
ဒသ၊ ဆယ်ပါးတို့တည်း။
စက်လှည့်သရုပ်ခွဲပုံ
လောကီတရားသည် သံကိလေသိကမည်၏။ အကုသိုလ် စိတ္တုပ္ပါဒ်သည် သံကိလိဋ္ဌ မည်၏။ ကိလေသသမ္ပယုတ္တလည်း မည်၏ဟု မှတ်လျက် စက်လှည့်ဝေဖန်ရမည်။
ကာမနှင့် ဘဝတို့၏ တရားကိုယ်ကို တဏှာဟုယူပုံ
“ကာမဘဝနာမေန တဗ္ဗတ္ထုကာ တဏှာ အဓိပ္ပေတာ” ဟူရာဝယ် အဓိပ္ပါယ်ကား ဌာနအာရုံ၏အမည်ကို ဌာနီအာရမ္မဏိက တဏှာ၌ တင်စား၍ ဌာနူပစာရ အားဖြင့် ကာမာသဝေါ ဘဝါသဝေါစသည်ဖြင့် ဆိုသည်ဟူလို။
“ကာမော ဧဝ အာသဝေါ၊ ဘဝေါ ဧဝ အာသဝေါ်” ဟု-တုလျာဓိကရဏ ဝိဂြိုဟ်ပြု ဆိုလိုသည်။ ထိုတွင် ကာမအမည်ကား - “ကာမေတီတိ ကာမော”ဟု ကတ္တုသာဓ်ပြုက မုချလည်း ရသင့်သေး၏။ ဘဝဟူသောအမည်ကား မုချ မရနိုင်ချေ။
(နိသျ၌ အနက်ပေး ချွတ်သည်၊ ဋီကာနှင့်လည်း မညီ၊ ယုတ္တိလည်း မရှိလေ)။
“နဝဓာ ပါပသင်္ဂဟော”ပုဒ်၏ အရဖြစ်သော --
အာ ဩ ယော ဂန်၊ ဥ နီ မှန်၊ နု သံ ကိ ကိုးပါး။
ဤအမည်ကိုးပါးတို့ကို ရှေ့နောက် ရောစပ်လျက်မူလီ မူလာဖက်၍ အကုသိုလ် စေတသိက် တဆယ့်လေးချက်တွင် ရွေ့ စက်လှည့်ရမည်။ လှည့်ဟန်ကား...
စက်လှည့် သရုပ်ခွဲပုံ
အာသဝသာမည်၍ ဩဃမမည်သောတရား မရှိ။ ဩဃသာမည်၍ အာသဝမမည်သော တရားလည်း မရှိ။ လောဘ ဒိဋ္ဌိ မောဟသုံးပါးတို့သည် နှစ်ပါးစုံ မည်ကုန်၏။ ကြွင်း တဆယ့် တပါးတို့သည် နှစ်ပါးစုံမမည်ကုန် ။ပ။ အာသဝမည်၍ ကိလေသာ မမည်သော တရား မရှိ။ ဒေါသ မာန ဝိစိကိစ္ဆာ ထိန ဥဒ္ဓစ္စ အဟိရိက အနောတ္တပ္ပ၊ ဤခုနစ်ပါးတို့သည် ကိလေသာ သာ မည်၍ အာသဝမ မည်ကုန်။ လောဘ ဒိဋ္ဌိ မောဟ သုံးပါးတို့သည် နှစ်ပါးစုံ မည်ကုန်၏။ ဣဿာ မစ္ဆေရ ကုက္ကုစ္စ မိဒ္ဓ၊ လေးပါးတို့သည် နှစ်ပါးစုံ မမည်ကုန်။
(ဤနည်းတူ ဩဃစသည်ကို မူတည်၍လည်း လေးချက် လေးချက် လှည့်၍ စက်ဖွဲ့ရမည်)။
အာသဝနှင့်သာယှဉ်၍ ဩဃနှင့် မယှဉ်သောစိတ် စေတသိက် မရှိ စသည်ဖြင့် စိတ် စေတသိက်တို့ကိုလည်း စက်ဖွဲ့လေဦး။ သမ္ပယောဂ သင်္ဂဟ တဒုဘယမိဿက ပကိဏ္ဏကသင်္ဂဟနည်းတို့ကို မှီး၍ ဉာဏ်ကြီးသင့်ပြီ။
သင်္ဂဟကဗျာ
လော ကိုးမည်ရှိ၊ ဒိဋ္ဌိ-ရှစ်မည်၊
ခုနစ်မည် မောဟ၊ ငါးဝ ဒေါသာ၊
ကင်္ခါ လေးထုတ်၊ မာနု’ဒ္ဓစ္စ၊
သုံးမည်ရ၏၊ ထိန နှစ်မည်၊
ကြွင်းသည် ခြောက်ဝ၊ တမည်ရ၊
ပေါင်းက စုဒ္ဒသာ။
အကုသလသင်္ဂဟ ပြီး၏။
မိဿကသင်္ဂဟ ၇-မျိုး
၁-ဟိတ်
ဟိတ် ၆-ပါး
တရားကိုယ်ရသော ကုသလာဒိဓမ္မေ’ကဒေသကို ပြရာ မိဿက သင်္ဂဟ၌ လောဘ စသော ခြောက်ပါးသော တရားတို့သည် —
“ဟိနောတိ ဝတ္တတိ ဖလံ၊
ဧတေဟိ ဣတိ ဟေတဝေါ။
လဒ္ဓဟေတူဟိ တေ ထိရာ၊
ရူဠှမူလာဝ ပါဒပါ။
ဟူသော ဝစနတ္ထကြောင့် “ဟိတ်”မည်ကုန်၏။
ဟိတ်မည်ပုံ
ဧတေဟိ၊ ထိုတရားတို့ဖြင့် ထိုတရားတို့ကြောင့်။
ဖလံ၊ အကျိုးသည်။
ဟိနောတိ ဝတ္တတိ၊ ဖြစ်၏။
ဣတိ၊ ထို့ကြောင့်။
တေ ဓမ္မာ၊ ထိုတရားတို့သည်။
ဟေတဝေါ၊ ဟေတုမည်ကုန်၏။
ဟိသစ္စံ၊ ဆိုသင့်စွ။
လဒ္ဓဟေတူ၊ ဟေတုပစ္စည်းကို ရကုန်သော။
တေ ဓမ္မာ၊ ထိုပစ္စယုပ္ပန်တရားတို့သည်။
ရူဠှမူလာ၊ စည်ပင်သော အမြစ်ရှိကုန်သော။
ပါဒပါဣဝ၊ သစ်ပင်တို့ကဲ့သို့။
ထိရာ၊ ခိုင်ခံ့ကုန်၏။
စက်လှည့်သရုပ်ခွဲပုံ
သဟိတ်စိတ် ဧကသတ္တတိ မောဟမူဒွေ၌ မောဟကြဉ်သော စေတသိက် ဒွေပညာသ တို့သည် သဟေတုက မည်ကုန်၏။ ဟေတုသမ္ပယုတ္တလည်း မည်ကုန်၏ဟု မှတ်လျက် ဟိတ်သာမည်၍ သဟေတုက မမည် စသည်ဖြင့် စက်လှည့်။
၂-ဈာန် ၇-ပါး
ဈာန်, ဈာနင်
ဒွိပဉ္စဝိညာဏ်ကြဉ်သော စိတ်၌ယှဉ်သော ဝိတက် ဝိစာရ ပီတိ ဝေဒနာ ဧကဂ္ဂတာ ဟူသော ငါးပါး လေးပါး သုံးပါး နှစ်ပါး နှစ်ပါး အပေါင်းသည်---
အာလမ္ဗမုပနိဇ္ဈေန္တိ၊
ဣတိ ဈာနာနိ ဝုစ္စရေ။
ဈာပေန္တိ ဝါ ပစ္စနီကေ၊
ဣတီပိ ဈာနသညိတာ။
ဟူသော ဝစနတ္ထရာ ဈာန်မည်ကုန်၏။
ဈာန်အဓိပ္ပါယ်
ယေ ဓမ္မာ၊ အကြင်တရားတို့သည်။
အာလမ္ဗံ၊ ကသိုဏ်း စသော အာရုံကို။
ဥပနိဇ္ဈေန္တိ၊ ကပ်၍ ရှုတတ်ကုန်၏။
ဣတိ၊ ထို့ကြောင့်။
တေ ဓမ္မာ၊ ထိုတရားတို့ကို။
ဈာနာနိ၊ ဈာန်တို့ဟူ၍။
ဝုစ္စရေ၊ ဆိုအပ်ကုန်၏။
ဝါ၊ တနည်းလည်း။
ပစ္စနီကေ၊ ဆန့်ကျင်ဘက်ဖြစ်ကုန်သော နီဝရဏ ဝိတက် ဝိစာရစသည်တို့ကို။
ဈာပေန္တိ၊ ဖုတ်ကြည်း ရှို့ မြှိုက်တတ်ကုန်၏။
ဣတိပိ၊ ထို့ကြောင့်လည်း၊
ဈာနသညိတာ၊ ဈာန်ဟု သမုတ်အပ်ကုန်၏။
ဈာနင်္ဂ
အစိတ် အစိတ်ကား သေနင်္ဂ ရထင်္ဂစသည်တို့ကဲ့သို့ ဈာနင်္ဂမည်၏။
စက်လှည့်သရုပ်ခွဲပုံ
ဈာန်သာမည်၍ ဈာန်နှင့်မယှဉ်၊ ဈာန်နှင့်သာယှဉ်၍ ဈာန်မမည် စသည်ဖြင့် စက်လှည့်။
သဝိတက္က သုခသဟဂုတ်စိတ် နှစ်ဆဲ့ကိုးခုတို့သည် ပဉ္စင်္ဂိကဈာနိက မည်ကုန်၏။ သဝိတက္ကဒုက္ခော' ပေက္ခာသဟဂုတ်စိတ် နှစ်ဆဲ့ခြောက်ခု၊ ဒုတိယဈာန်စိတ် ဧကာဒသ၊ ဤသုံးဆဲ့ခုနစ်ပါးတို့သည် စတုရင်္ဂိက ဈာနိက မည်ကုန်၏။ တတိယ ဈာန်စိတ် တဆဲ့တခုတို့သည် တိဝင်္ဂိကဈာနိက မည်ကုန်၏။ စတုတ္ထဈာန် ပဉ္စမ ဈာန်စိတ် စတုတ္တိံသတို့သည် ဒု၀င်္ဂိက ဈာနိက မည်ကုန်၏။ ဒွေပဉ္စဝိညာဏ် တဆယ်တို့သည် အဈာနိကစိတ် မည်ကုန်၏။
ပေါင်း စိတ်တရာ့နှစ်ဆယ် တစ် ဖြစ်၏။
သင်္ဂဟကဗျာ
ပဉ္စင်္ဂိက၊ ဧကူနတိံ၊
သတ္တိံ စတုက၊ ဧက်ဒတိဝင်၊
ဒုဝင်စောကြိ၊ အဈာနိမူ၊
မှတ်သိဆယ်ဝ၊ စိတ်ပေါင်းပြသည်။
တရာ့နှစ်ဆယ် တစ်စွန်းတည်း။
၃-မဂ္ဂင် ၁၂-ပါး (တရားကိုယ် ၉-ပါး)
ဝိစိကိစ္ဆာသဟဂုတ်စိတ်၌ ဧကဂ္ဂတာကြဉ်သော သဟိတ်စိတ် ဧကသတ္တတိ၌ ရှိသော ပညာ ဝိတက် ဝိရတိ ဝီရိယ သတိ ဧကဂ္ဂတာ ဒိဋ္ဌိ၊ ဤတရားကိုးပါး အစိတ်အစိတ် တို့သည် --
သုဂတျာ စ ဒုဂ္ဂတျာ စ၊
နိဗ္ဗာနဿ စ ပါပနာ။
တေသဉ္စ ပထဘူတတ္တာ၊
မဂ္ဂင်္ဂါနီတိ ဝုစ္စရေ။
မဂ္ဂဿ ဝါ အင်္ဂါနီတိ၊
မဂ္ဂင်္ဂါနီတိ သမ္မတာ။
ဤဂါထာနှင့်အညီ မဂ္ဂင်မည်ကုန်၏။ အပေါင်းကား သေနာ ရထ စသည်ကဲ့သို့ မဂ်မည်၏။
မဂ္ဂင်မည်ခြင်း
သုဂတျာ စ၊ သုဂတိဘုံသို့၎င်း။
ဒုဂ္ဂတျာ စ၊ ဒုဂ္ဂတိဘုံသို့၎င်း။
နိဗ္ဗာနဿ စ၊ နိဗ္ဗာန်သို့၎င်း။
ပါပနာ၊ ရောက်စေတတ်ခြင်းကြောင့်။
တေသဉ္စ၊ ထိုသုဂတိ ဒုဂ္ဂတိ နိဗ္ဗာန်တို့၏လည်း။
ပထဘူတတ္တာ၊ အကြောင်းဖြစ်၍ ဖြစ်ခြင်းကြောင့်။
မဂ္ဂင်္ဂါနီတိ၊ မဂ္ဂင်တို့ဟူ၍။
ဝုစ္စရေ၊ ဆိုအပ်ကုန်၏။
ဝါ၊ တနည်းကား။
မဂ္ဂဿ၊ မဂ်၏။
အင်္ဂါနိ၊ အစိတ်တို့တည်း။
ဣတိ၊ ထို့ကြောင့်။
မဂ္ဂင်္ဂါနီတိ၊ မဂ္ဂင်တို့ဟူ၍။
သမ္မတာ၊ သမုတ်အပ်ကုန်၏။
စက်လှည့်သရုပ်ခွဲပုံ
မဂ်သာမည်၍ မဂ်နှင့်မယှဉ်၊ မဂ်နှင့်သာယှဉ်၍ မဂ်မမည် စသည်ဖြင့် လေးချက်လှည့်။
လောကုတ္တရာစိတ်ရှစ်ခုရှိသည် အဋ္ဌကမဂ်နှင့် ယှဉ်ကုန်၏။
ဝိရတိယှဉ်သော မဟာကုသိုလ် သမ္ပယုတ်လေးခုတို့သည် ဆဠင်္ဂိကမဂ်နှင့် ယှဉ်ကုန်၏။
ဝိရတိကင်းသော ယင်းသမ္ပယုတ်လေးခု၊
ဝိရတိယှဉ်သော ဝိပ္ပယုတ်လေးခု၊
မဟာ ဝိပါက် ကြိယာသမ္ပယုတ်ရှစ်ခု၊
ရူပပဌမဈာန် သုံးခု၊
ဤတဆယ့်ကိုးခုတို့သည် ပဉ္စင်္ဂိကမဂ်နှင့် ယှဉ်ကုန်၏။
ဒိဋ္ဌိဂတသမ္ပယုတ်လေးခု၊
ဝိရတိကင်းသော မဟာကုသိုလ် ဝိပ္ပယုတ်လေးခု၊
မဟာဝိပါက်ကြိယာဝိပ္ပယုတ် ရှစ်ခု၊
ကြွင်းမဟဂ္ဂုတ် နှစ်ဆယ့်လေးခု၊
ဤ လေးဆယ်သောစိတ်တို့သည် စတုရင်္ဂိကမဂ်နှင့် ယှဉ်ကုန်၏။
ဒိဋ္ဌိ ဝိစိကိစ္ဆာသမ္ပယုတ်စိတ်ကြဉ်သော အကုသိုလ်စိတ် ခုနစ်ခုတို့သည် တိ၀င်္ဂိကမဂ်နှင့် ယှဉ်ကုန်၏။
ဝိစိကိစ္ဆာသဟဂုတ်စိတ် တခုသည် ဒု၀င်္ဂိကမဂ်နှင့် ယှဉ်၏။
အဟိတ်စိတ် တဆယ့်ရှစ်ခုတို့သည် ယှဉ်သောမဂ် မရှိသောကြောင့် အမဂ္ဂိကစိတ် မည်ကုန်၏။
ပေါင်း စိတ်တခုယုတ်ကိုးဆယ် ဖြစ်၏။
သင်္ဂဟကဗျာ
အဋ္ဌင်္ဂိက၊ ရှစ်ပါးရ၏၊
လေးဝ ဆဠင်၊ ပဉ္စင် ဆယ့်ကိုး၊
လေးမျိုး လေးဆယ်၊ သုံးဝယ် သတ္တ၊
ဒုက တစ်ရှိ၊ အမဂ္ဂိ၊
မှတ်သိ တဆယ့်ရှစ်။
၄-ဣန္ဒြေ ၂၂-ပါး (တရားကိုယ် ၁၆-ပါး)
စက္ခု သောတ ဃာန ဇိဝှါ ကာယ ဣတ္ထိဘော ပုမ္ဘော ရုပ်ဇီဝိတ နာမ်ဇီဝိတ စိတ် ဝေဒနာ သဒ္ဓါ ဝီရိယ သတိ ဧကဂ္ဂတာ, ပညာ၊ ဤတဆယ့်ခြောက်ပါး တို့သည် --
ကမ္မံ လိင်္ဂေန္တိ သိဒ္ဓါ ဝါ၊
ဗုဒ္ဓဒိဋ္ဌာ ဝ ဒေသိတာ။
ဇုဋ္ဌာနိ ဝါပိ ဣန္ဒန္တိ၊
တသ္မေန္ဒြိယာနိ ဝုစ္စရေ။
ဟူသော ဝစနတ္ထကြောင့် ဣန္ဒြေမည်ကုန်၏။
ဣန္ဒြေမည်ခြင်း
ကမ္မံ၊ ဝိပါက်ကဋတ္တာရုပ်ကို အစိုးရသောကြောင့် ဣန္ဒ မည်သောကံကို။
လိင်္ဂေန္တိ၊ ပြတတ်ကုန်၏။
ဝါ၊ တနည်းကား။
ကမ္မေန၊ ကံကြောင့်။
သိဒ္ဓါ၊ ပြီးကုန်၏။
ဝါ၊ တနည်းကား။
ဗုဒ္ဓဒိဋ္ဌာ၊ ဘုံသုံးဝကို အစိုးရသောကြောင့် ဣန္ဒမည်တော်မူသော ဘုရားရှင်သည် မြင်အပ်ကုန်၏။
ဝါ၊ တနည်းကား။
ဗုဒ္ဓဒေသိတာ၊ ဘုရားသည် ဟောကြားအပ်ကုန်၏။
ဝါ၊ တနည်းကား။
ဗုဒ္ဓဇုဋ္ဌာနိ၊ ဘုရားသည် ဂေါစရာသေဝနာ ဘာဝနာသေဝနာအားဖြင့် ပူဇော်အပ်ကုန်၏။ အပိ၊ တနည်းလည်း။
ဣန္ဒန္တိ၊ မိမိတို့နိုင်ငံ ပစ္စယုပ္ပန်ကို ဝေဖန်ပိုင်သ အစိုးရကုန်၏။
တသ္မာ၊ ထို့ကြောင့်။
ဣန္ဒြိယာနိ၊ ဣန္ဒြေတို့ဟူ၍။
ဝုစ္စရေ၊ ဆိုအပ်ကုန်၏။
ဣန္ဒြေတရားကိုယ်များ
သမာဓိ
ထိုတွင် ဝိစိကိစ္ဆာသဟဂုတ် ပဉ္စဝိညာဏ် မနောဓာတ် သန္တီရဏ၊ ဤတဆယ့်ခုနစ်ပါး ကြဉ်သော စိတ် ခုနစ်ဆယ့်နှစ်ပါး၌ရှိသော ဧကဂ္ဂတာသည် သမာဓိမည်၏။
ပညိန္ဒြေ ၄-မျိုး
ဉာဏသမ္ပယုတ်စိတ် လေးဆယ့်ခုနစ်ခု၌ ရှိသော ပညာသည် ပညိန္ဒြေမည်၏။
ထိုတွင် သောတာပတ္တိမဂ်ဉာဏ်သည် အနညာတညဿာမီတိန္ဒြေ မည်၏။
အထက်မဂ် အောက်ဖိုလ်ဉာဏ်ခြောက်ခုသည် အညိန္ဒြေ မည်၏။
အရဟတ္တဖိုလ်ဉာဏ်သည် အညာတာဝိန္ဒြေလည်း မည်၏။
ပညိန္ဒြေကို လောကီသာ မှတ်တတ်သည်။
နဝိန္ဒြိယာ သိယာ ဥပါဒိန္ဒုပါဒါနိယာ သိယာ အနုပါဒိန္နုပါဒါနိယာ သိယာ အနုပါဒိန္နအနုပါဒါနိယာ။ ။တီဏိန္ဒြိယာ သိယာ အသံကိလိဋ္ဌသံကိလေသိကာ သိယာ အသံကိလိဋ္ဌအသံကိလေသိကာ ---
ဟူသော ဣန္ဒြိယဝိဘင်းပါဠိတော်(နှာ-၁၃၂)
သိယာ၊ အချို့ကုန်သော။
နဝိန္ဒြိယာ၊ မနိန္ဒြေ ဇီဝိတိန္ဒြေ သောမနဿိန္ဒြေ ဥပေက္ခိန္ဒြေ သဒ္ဓိန္ဒြေ ဝီရိယိန္ဒြေ သတိန္ဒြေ သမာဓိန္ဒြေ ပညိန္ဒြေ ဟူသော ဣန္ဒြေ ၉-ပါးတို့သည်။
ဥပါဒိန္ဒုပါဒါနိယာ၊ အာရုံပြုသောအားဖြင့် တဏှာဒိဋ္ဌိတို့ ကပ်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့်လည်း ယူအပ်ကုန်၍ ဥပါဒါန်၏အာရုံလည်း ဖြစ်ကုန်၏။
သိယာ၊ အချို့ကုန်သော မနိန္ဒြေ ။ပ။ ပညိန္ဒြေ ဟူသော ဣန္ဒြေ ၉-ပါးတို့သည်။
အနုပါဒိန္ဒုပါဒါနိယာ၊ အာရုံပြုသောအားဖြင့် တဏှာဒိဋ္ဌိတို့ ကပ်အပ်သောကံသည် အကျိုး၏ အဖြစ်ဖြင့် မယူအပ်ကုန်မူ၍ ဥပါဒါန်၏အာရုံသာ ဖြစ်ကုန်၏။
သိယာ၊ အချို့ ကုန်သော မနိန္ဒြေ ။ပ။ ပညိန္ဒြေ ဟူသော ဣန္ဒြေ ၉-ပါးတို့သည်။
အနုပါဒိန္နအနုပါဒါနိယာ၊ အာရုံပြုသောအားဖြင့် တဏှာဒိဋ္ဌိတို့ ကပ်အပ်သောကံသည် အကျိုး၏အဖြစ်ဖြင့်လည်း မယူအပ်ကုန်မူ၍ ဥပါဒါန်၏အာရုံလည်း မဖြစ်ကုန်။
သိယာ၊ အချိုကုန်သော။
တီဏိန္ဒြိယာ၊ မနိန္ဒြေ သောမနဿိန္ဒြေ ဥပေက္ခိန္ဒြေ ဟူသော ၃-ပါးသော ဣန္ဒြေ တို့သည်။
အသံကိလိဋ္ဌသံကိလေသိကာ၊ ကိလေသာတို့သည် ပူပန်စေအပ်သည် မဟုတ်ကုန်မူ၍ ကိလေသာ၏ အာရုံဖြစ်ကုန်၏။
သိယာ၊ အချို့ ကုန်သော မနိန္ဒြေ သောမနဿိန္ဒြေ ဥပေက္ခိန္ဒြေ ၃-ပါးတို့သည်။
အသံကိလိဋ္ဌ အသံကိလေသိကာ၊ ကိလေသာတို့သည် ပူပန်စေအပ်သည်လည်း မဟုတ် ကုန်မူ၍ ကိလေသာ၏ အာရုံလည်းမဟုတ်ကုန်။
“မနိန္ဒြိယ ဇီဝိတိန္ဒြိယ ဥပေက္ခိန္ဒြိယာနိ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညိန္ဒြိယာနိ စ စတုဘူမိ ပရိယာပန္နာနိ”
ဟူသော ၎င်းသမ္မောဟဝိနောဒနီအဋ္ဌကထာ (နှာ-၁၂၀) တို့ကို ကြပ်ကြပ်သတိပြု။
မနိန္ဒြိယ ဇီဝိတိန္ဒြိယ ဥပေက္ခိန္ဒြိယာနိ စ၊ မနိန္ဒြေ ဇီဝိတိန္ဒြေ ဥပေက္ခိန္ဒြေ တို့သည်၎င်း။
သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညိန္ဒြိယာနိ စ၊ သဒ္ဓိန္ဒြေ ဝီရိယိန္ဒြေ သတိန္ဒြေ သမာဓိန္ဒြေ ပညိန္ဒြေ တို့သည်၎င်း။
စတုဘူမိပရိယာပန္နာနိ၊ ဘုံလေးပါး၌ အကျုံးဝင်ကုန်၏။
ဣန္ဒြေအဆုံးအဖြတ်ငါးပါး
ထိုဣန္ဒြေတို့၌—
ဣန္ဒြိယေသု ဘေဒါ'ဘေဒါ၊
ကမာ ကိစ္စာ စ ဘူမိတော။
တာဝတွတောစ ဝိညေယျော၊
ပစ္စပ္ပကာရနိစ္ဆယော။
ဟူသော အဆုံးအဖြတ်ငါးပါးကို သိအပ်၏။
ဣန္ဒြိယေသု၊ ဣန္ဒြေတို့၌။
(၁) ဘေဒါဘေဒေါ၊ ပြား မပြားအားဖြင့်၎င်း။
(၂) ကမာ၊ အစဉ်အားဖြင့်၎င်း။
(၃) ကိစ္စာ စ၊ ကိစ္စအားဖြင့်၎င်း။
(၄) ဘူမိတော၊ ဘုံအားဖြင့်၎င်း။
(၅) တာဝတွတော စ၊ ထိုနှစ်ဆယ့်နှစ်ပါး၏ အဖြစ်ဟူသော အပိုင်းအခြား အားဖြင့်၎င်း။
ပဉ္စပ္ပကာရနိစ္ဆယော၊ ငါးပါးအပြား ရှိသော အဆုံးအဖြတ်ကို။
ဝိညေယျော၊ သိအပ်၏။
ဘေဒါဘေဒ
ထိုငါးပါးတို့တွင် ဘေဒါဘေဒ၌ ဇီဝိတိန္ဒြေ တခုသာ ရုပ် နာမ် နှစ်ပါး ကွဲပြားသည်။ အကြွင်း မပြား မှတ်။
အစီအစဉ် “ကမ”
ကမ၌ - အဇ္ဈတ္တတရားကို ပိုင်းခြား၍သိမှ အရိယာ အဖြစ်သို့ ရောက်သောကြောင့် အတ္တဘာဝပရိယာပန္န ဖြစ်သော စက္ခု စသည်ကို ရှေးဦးစွာ မိန့်သည်။
ထို့နောင် အတ္တဘော ထူးပြားကြောင်းဖြစ်၍ ဣတ္ထိ ပုရိသကို မိန့်သည်။
ထို့နောင် အတ္တဘော ကြာမြင့်စွာ တည်ကြောင်း ဇီဝိတကို မိန့်သည်။
ထို့နောင် တည်နေသမျှပတ်လုံး ခံစားသော ညစ်ညူးကြောင်း သုခစသည်ကို မိန့်သည်။
ထို့နောင် ထိုတရားတို့ ချုပ်ပျောက်အောင် ပွါးဘို့ရာ သဒ္ဓါစသည်ကို မိန့်သည်။
ထို့နောင် ဤပဋိပတ်ကြောင့် ရအပ်သော အနညာတညဿာမီတိန္ဒြေကို မိန့်သည်။
ထို့နောင် အကျိုးလည်းဖြစ် အခြားမဲ့၌လည်း ပွါးအပ်သော အညိန္ဒြေကို မိန့်သည်။
ထို့နောင် အဆုံးစွန် ဘာဝနာဖလဖြစ်သော အညာတာဝိန္ဒြေကို မိန့်သည်။
ဤသင်္ဂြိုဟ်၌ကား နာမ်ချင်းပေါင်းလို၍ မနိန္ဒြေ ကို နောက်ထားသည်။
ကိစ္စ၌
စက္ခာဒီနံ ဝိညာဏဿ၊
အတ္တာကာရာနုဂါမနံ။
မနသော သဟဇာတာနံ၊
အတ္တနော ဝသဂါမနံ။
ဘာဝါနံ လိင်္ဂနိမိတ္တ-
ကုတ္တာ ကပ္ပဝိဓာနနံ။
အနုပါလနံ ဇီဝဿ၊
သုခါဒိ ထုလ္လပါပနံ။
ဥပေက္ခံ သန္တပဏီတ-
မဇ္ဈတ္တာကာရပါပနံ။
သဒ္ဓါဒီနံ ဘိဘဝနံ၊
ပသာဒါဒိဉ္စ ပါပနံ။
တျန္တေသု အာဒိနော ဟာနံ၊
သဇာနံ တံမုခီကရံ။
မဇ္ဈဿ တနုကရဏံ၊
သဇာနံ ဝသဂါမနံ။
အန္တဿ သဗ္ဗကိစ္စေသု၊
ဥဿုက္ကဇဟနံ တထာ။
ကိစ္စံ အမတာဘိမုခ-
ဘာဝပ္ပစ္စယတာပိ စ။
( အဋ္ဌကထာ သင်္ဂဟပါဌ် )
စက္ခုန္ဒြေ စသည် ငါးပါး
ဝိညာဏဿ၊ စက္ခုဝိညာဏ် စသော ငါးပါးကို။
အတ္တာကာရာနုဂါမနံ၊ မိမိ၏ ဗလဝ ဒုဗ္ဗလ အခြင်းအရာသို့ လိုက်စေခြင်းသည်။
စက္ခာဒီနံ၊ စက္ခုန္ဒြေစသော ငါးပါးတို့၏။
ကိစ္စံ၊ ကိစ္စတည်း။
မနိန္ဒြေ
သဟဇာတာနံ၊ သဟဇာတ်တရားတို့ကို။
အတ္တနော၊ မိမိ၏။
ဝသဂါမနံ၊ အလိုသို့ လိုက်စေခြင်းသည်။
မနသော၊ မနိန္ဒြေ၏။
ကိစ္စံ၊ ကိစ္စတည်း။
ဘာဝ ၂-ပါး
လိင်္ဂ နိမိတ္တ ကုတ္တာ ကပ္ပဝိဓာနနံ၊ သဏ္ဌာန် သိကြောင်း အမူ သွင်ပြင်တို့ကို စီရင်ခြင်း သည်။
ဘာဝါနံ၊ ဘောရှိ၏။
ကိစ္စံ၊ ကိစ္စတည်း။
ဇီဝိတိန္ဒြေ
အနုပါလနံ၊ သဟဇာတ်တို့ကို စောင့်ရှောက်ခြင်းသည်။
ဇီဝဿ၊ ဇီဝိတိန္ဒြေ ၏။
ကိစ္စံ၊ ကိစ္စတည်း။
သုခိန္ဒြေ
ထုလ္လပါပနံ၊ ရုန့်ရင်း ကြမ်းတမ်းခြင်းသို့ ရောက်စေခြင်းသည်။
သုခါဒိ၊ သုခစသော ဣန္ဒြေလေးပါးတို့၏ ကိစ္စတည်း။
ဥပေက္ခိန္ဒြေ
သန္တပဏီတမဇ္ဈတ္တာကာရပါပနံ၊ သိမ်မွေ့ မွန်မြတ် အလယ်အလတ် အခြင်းအရာသို့ ရောက်စေခြင်းသည်။
ဥပေက္ခံ၊ ဥပေက္ခာ၏ကိစ္စတည်း။
သဒ္ဓါစသည် ၅-ပါး
အဘိဘဝနံ၊ အသဒ္ဓိယစသည်ကို လွှမ်းမိုးခြင်းသည်၎င်း။
ပသာဒါဒိံ၊ ကြည်လင်ခြင်း အစရှိသည်သို့။
ပါပနံ၊ ရောက်စေခြင်းသည်၎င်း။
သဒ္ဓါဒီနံ၊ သဒ္ဓါစသည်တို့၏။
ကိစ္စံ၊ ကိစ္စတည်း။
အနညာတညဿာမီတိန္ဒြေ
တျန္တေသု၊ အဆုံးသုံးပါးတို့တွင်။
အာဒိနော၊ အနညာတညဿာမီတိန္ဒြေ၏။
ဟာနံ၊ သံယောဇဉ်သုံးပါးကို ပယ်ခြင်းသည်၎င်း။
သဇာနံ၊ သမ္ပယုတ်တရားတို့ကို။
တံမုခီကရံ၊ ထိုပယ်ခြင်းသို့ ရှေးရှုပြုခြင်းသည်၎င်း။
ကိစ္စံ၊ ကိစ္စတည်း။
အညိန္ဒြေ
မဇ္ဈဿ၊ အညိန္ဒြေ၏။
တနုကရဏံ၊ ကာမရာဂစသည်ကို ခေါင်းပါးအောင် ပြုခြင်းသည်၎င်း။
သဇာနံ၊ သဟဇာတ်တို့ကို။
ဝသဂါမနံ၊ မိမိအလိုသို့ လိုက်စေခြင်းသည်၎င်း။
ကိစ္စံ၊ ကိစ္စတည်း၊
အညာတာဝိန္ဒြေ
အန္တဿ၊ အညာတာဝိန္ဒြေ၏။
သဗ္ဗကိစ္စေသု၊ ကိစ္စအားလုံးတို့၌။
ဥဿုက္ကဇဟနံ၊ အားထုတ်ခြင်းကို ပယ်စွန့်ခြင်းသည်၎င်း။
အမတာဘိမုခဘာဝပ္ပစ္စယာပိ စ၊ သမ္ပယုတ်တရားတို့၏ နိဗ္ဗာန်သို့ ရှေးရှုခြင်း၏ အကြောင်း၏ အဖြစ်သည်၎င်း။
ကိစ္စံ၊ ကိစ္စတည်း။
ဘူမိ၌
ဆယ်ပါးကာမ၊ သုံးဝနုတ္တရာ၊ တစ်သုံးမှာ၊ ရှစ်ဖြာလေးဘုံဖြစ်။
တာဝတွ၌
မိမိတို့၏ ကိစ္စအကျိုးတို့၌ အထူးအားဖြင့် အစိုးရကြခြင်း သဘောကြောင့် ဤ နှစ်ဆယ့်နှစ်ပါးကိုသာ ဟော၏။
တနည်းလည်း -- သတ္တပညတ်၏ မှီရာဖြစ်၍ အဇ္ဈတ္တဣန္ဒြေ ခြောက်ပါးကို ရှေးဦး ထားသည်။
ထို့နောင် ထိုသတ္တဝါ အမည် သညာ ကွဲပြားကြောင်းဖြစ်၍ ဘာဝနှစ်ပါးကို ထားသည်။
ထို့နောင် ကြာရှည်တည်ကြောင်းဖြစ်၍ ဇီဝိတကို ထားသည်။
ထို့နောင် ထိုသတ္တဝါဟူသော “ဓမ္မပုဉ္စ၏ ညစ်ညူးကြောင်းဖြစ်၍ ဝေဒနာ ပဉ္စကကို ထားသည်။
ထို့နောင် ဖြူစင်ကြောင်းဖြစ်၍ သဒ္ဓါဒိပဉ္စကကို ထားသည်။
ထို့နောင် ဖြူစင်သော အဆုံးဖြစ်၍ နောက်သုံးပါးကို အစဉ်အတိုင်း ထားသည်။
တနည်းလည်း -- အစခြောက်ပါးသည် သံသာရပ္ပဝတ္တိ၏မှီရာနိဿယတည်း။
ဘာဝနှစ်ပါးသည် ဖြစ်ကြောင်း သမုပ္ပါဒတည်း။
ဇီဝိတသည် တည်ကြောင်း ဌိတိတည်း။
ဝေဒနာပဉ္စကသည် အသုံးအဆောင် ဥပဘောဂတည်း။
ထိုအတူ သဒ္ဓါဒိပဉ္စကသည် သံသာရနိဝတ္တိ၏ မူလနိဿယတည်း။
နောက်သုံးပါးတို့သည် အစဉ်အတိုင်း ဥပ္ပါဒ, ဌိတိ, ဥပဘောဂမည်ကုန်၏။
ဤသို့ ပဝတ္တိ နိဝတ္တိနှစ်ပါး၏ နိဿယ ဥပ္ပါဒ ဌိတိ ဥပဘောဂတို့ကို ပြခြင်းကိစ္စ ပြီးရကား ဤနှစ်ဆယ့်နှစ်ပါးကို ဟောသည်။
ဧဝံ ဟိ ဇာနန္တော --
သံဝေဂဗဟုလော ဘိက္ခု၊
ဌိတော ဣန္ဒြိယသံဝရေ။
ဣန္ဒြေယာနိ ပရိညာယ၊
ဒုက္ခဿန္တံ ကရိဿတိ။
ဟိ၊ အကျိုးကား။
ဧဝံ၊ ဤဆိုခဲ့ပြီးသောအပြားဖြင့်။
ဇာနန္တော၊ သိသည် ဖြစ်၍
သံဝေဂဗဟုလော၊ ကြောက်ရွံ့တုန်လှုပ်ခြင်းများသော။
ဘိက္ခု၊ ဘေးကို ရှုလေ့ရှိသော အမျိုးကောင်းသားသည်။
ဣန္ဒြိယသံဝရေ၊ ဣန္ဒြိယသံဝရသီလ၌။
ဌိတာ၊ တည်လျက်။
ဣန္ဒြိယာနိ၊ ဣန္ဒြေတို့ကို။
ပရိညာယ၊ ပိုင်းခြားတိတိ ဝေဖန်သိ၍။
ဝါ၊ ဝေဖန်၍ သိခြင်းကြောင့်။
ဒုက္ခဿန္တိ၊ ဆင်းရဲ၏အဆုံးကို။
ကရိဿတိ၊ ပြုရလတ္တံ့။
၅-ဗိုလ် ၉-ပါး
ဝိစိကိစ္ဆာသဟဂုတ်စိတ်၌ရှိသည့် ဧကဂ္ဂတာကြဉ်၍ ဝီရိယယှဉ်သည့် စိတ် ခုနစ်ဆဲ့သုံးခု ၌ရှိသော သဒ္ဓါ ဝီရိယ သတိ ဧကဂ္ဂတာ ပညာ ဟိရီ ဩတ္တပ္ပ အဟိရိက အနောတ္တပ္ပ၊ ဤတရားကိုးပါးတို့သည် --
အသဒ္ဓိယာဒိဝိပက္ခ-
ဓမ္မေဟိ ယေ န ကမ္ပရေ။
တေ ဗလာနီတိ ဝုစ္စန္တိ၊
ယုတ္တေသု ထိရတာယ စ။
ဟူသော သဘာဝတ္ထကြောင့် ဗလမည်ကုန်၏။
ဗိုလ်မည်ပုံ
ယေ ဓမ္မာ၊ အကြင်တရားတိုသည်။
အသဒ္ဓိယာဒိဝိပက္ခဓမ္မေဟိ၊ မယုံကြည်ခြင်းစသော ဆန့်ကျင်ဘက် တရားတို့ကြောင့်။
န ကမ္မရေ၊ မတုန်လှုပ်ကုန်။
ဣတိ၊ ထို့ကြောင့်။
တေ ဓမ္မာ၊ ထိုတရားတို့ကို။
ဗလာနီတိ၊ ဗိုလ်တို့ဟူ၍။
ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။
စ၊ တနည်းလည်း။
ယုတ္တေသု၊ သမ္ပယုတ်တရားတို့၌။
ဝါ၊ သမ္ပယုတ်တရားတို့တွင်။
ထိရတာယ၊ မြဲမြံခိုင်ခံ့သည်၏ အဖြစ်ကြောင့်။
ဗလာနီတိ၊ ဗိုလ်တို့ ဟူ၍။
ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။
အဟိရိကာ’နောတ္တပ္ပဒွယံ ပန သမ္ပယုတ္တဓမ္မေသု ထိရဘာဝေနေ၀။
ဋီကာကျော်(နှာ-၂၂၃။)
အဟိရိကာနောတ္တပ္ပဒွယံ ပန၊ အဟိရိက အနောတ္တပ္ပ နှစ်ပါးအပေါင်းသည်ကား။
သမ္ပယုတ္တဓမ္မေသု၊ သမ္ပယုတ်တရားတို့၌။
ထိရဘာဝေနေဝ၊ မြဲမြံခိုင်ခံ့သည်၏ အဖြစ်ကြောင့်သာ။
ဗလံ၊ ဗိုလ်မည်၏။
စက်လှည့်ပုံ
ဗိုလ်သာမည်၍ ဗိုလ်နှင့်မယှဉ်၊ ဗိုလ်နှင့်သာ ယှဉ်၍ ဗိုလ်မမည်။ စသည်ဖြင့် စက်လှည့်။
သင်္ဂဟကဗျာ
နှစ်ဗိုလ်စိတ် နှစ်၊ သုံးဗိုလ် တစ်တည်း၊
လေးဖြစ် ဧက်ဒသ်၊ ခြောက် ဒွါဒသ်မှတ်၊
ခွန်သတ်စတ္တာ၊ အဗလာကား၊
ဆဲ့ခြောက်ပါး၊ ပေါင်းငြား ရှစ်ဆဲ့ကိုးခုတည်း။
၆-အမိပတိ ၄-ပါး
ဒွိဟိတ် တိဟိတ်ဇော ငါးဆဲ့နှစ်ခု၊ ထိုဇောစုတို့၌ရှိသော ဆန္ဒ ဝီရိယ (စိတ္တ) ပညာ၊ ဤလေးပါးတို့သည်—
ယေ အတ္တာဓီနဝုတ္တီနံ၊
ပတီတျာဓိပတီ မတာ။
ဆန္ဒဝန္တဿ ကိန္နာမ၊
န သိဇ္ဈတီတိအာဒိနာ။
ဟူသော ဝစနတ္ထကြောင့် အဓိပတိမည်ကုန်၏။
အဓိပတိမည်ပုံ
ယေ ဓမ္မာ၊ အကြင်တရားတို့သည်။
ဆန္ဒဝန္တဿ၊ ဆန္ဒရှိသောသူအား။
ကိန္နာမ န သိဇ္ဈတိ၊ အဘယ်ဟာ မပြီးပဲ ရှိတုံရာအံ့နည်း။
ဣတိ အာဒိနာ၊ ဤသို့ အစရှိသော ပုဗ္ဗာဘိသင်္ခါရကြောင့်။
အတ္တာဓီနဝုတ္တီနံ၊ မိမိနှင့်စပ်ကုန်သော သဟဇာတ်တရားတို့ကို။
ပတီ၊ အစိုးရကုန်၏။
ဝါ အတ္တာဓီနဝုတ္တီနံ၊ မိမိနှင့်စပ်ကုန်သော သဟဇာတ်တရားတို့၏။
ပတီ၊ အရှင်တို့တည်း။
ဣတိ၊ ထို့ကြောင့်။
တေ ဓမ္မာ၊ ထိုတရားတို့ကို။
အဓိပတီ၊ အဓိပတိတို့ဟူ၍။
မတာ၊ သိအပ်ကုန်၏။
အဓိပတိနှင့်ယှဉ်ခိုက် သာဓိပတိဇော ငါးဆဲ့နှစ်ခု၊ ဝိစိကိစ္ဆာနှင့် အဓိပတိတရားကိုယ် ကြဉ်သော စေတသိက် ဧကပညာသတို့သည် “သာဓိပတိ” မည်ကုန်၏။
သာဓိပတိစိတ္တဇရုပ်ကို သာဓိပတိဟု မှတ်မှားတတ်သည်၊ “သဟိတ်စိတ္တဇရုပ်” ဟူသကဲ့သို့ မှတ်ရမည်။
အညသံ အဓိပတိဓမ္မာနံ အဓိပတိဘာဝနိဝါရဏဝသေန ဣဿရိယံ အဓိပတိတာ။ သန္တေသုပိ ဣန္ဒြိယန္တရေသု ကေဝလံ ဒဿနာဒီသု စက္ခုဝိညာဏာဒီဟိ အနုဝတ္တာပနမတ္တံ ဣန္ဒြိယတာတိ အဓိပတိ, န္ဒြိ္ဒိယာနံ ဝိသေသော။
အဓိပတိနှင့် ဣန္ဒြေအထူး
အညေသံ၊ တပါးကုန်သော။
အဓိပတိဓမ္မာနံ၊ အဓိပတိတရားတို့၏။
အဓိပတိဘာဝနိဝါရဏဝသေန၊ အကြီးအကဲအဖြစ်ကို တားမြစ်သည်၏ အစွမ်းဖြင့်။
ဣဿရိယံ၊ အစိုးရခြင်းသည်။
အဓိပတိတာ၊ အဓိပတိသဘောတည်း။
ဣန္ဒြိယန္တရေသု၊ တပါးသောဣန္ဒြေတို့သည်။
သန္တေသုပိ၊ ရှိကုန်ငြားသော်လည်း။
ဒဿနာဒီသု၊ ဒဿနကိစ္စ စသည်တို့၌။
စက္ခုဝိညာဏဒီဟိ၊ စက္ခုဝိညာဏ် စသည်တို့ကို။
ကေဝလံ အနုဝတ္တာပနမတ္တံ၊ မိမိသို့ အစဉ်လိုက်စေခြင်းမျှ သက်သက်သည်။
ဣန္ဒြိယတာ၊ ဣန္ဒြေတို့သဘောတည်း။
ဣတိ အယံ၊ ဤသည်ကား။
အဓိပတိ ဣန္ဒြိယာနံ၊ အဓိပတိနှင့် ဣန္ဒြေတို့၏။
ဝိသေသော၊ အထူးတည်း။
ဤ ဋီကာကျော် (နှာ-၂၂၄-၌) လာသည်နှင့်အညီ တခုတည်းသော စိတ္တုပ္ပါဒ်၌ တရား တခု အဓိပတိတပ်လျှင် အခြားတရား မတပ်နိုင်ပြီ၊ ဣန္ဒြေချင်း ချင်းကား တခုတည်း သော စိတ္တုပ္ပါဒ် ရုပ်ကလာပ်တို့၌ အပြိုင် ရကောင်း၏။
သရုပ်ခွဲ စက်လှည့်ပုံ
အပ္ပနာဇောဆဗ္ဗီသစိတ္တုပ္ပါဒ်တို့သည် အဓိပတိကို အမြဲရကုန်၏။
လောဘမူ ဒေါသမူ မဟာကုသိုလ် မဟာကြိယာ စိတ္တုပ္ပါဒ် နှစ်ဆဲ့ခြောက်ခု တို့သည် ရံခါသာ ရကုန်၏။
မောဟမူ အဟိတ် မဟာဝိပါက် မဟဂ္ဂုတ်ဝိပါက် စိတ္တုပ္ပါဒ် သုံးဆဲ့ခုနစ်ခု တို့သည် အလျင်း မရကုန် - ဟူ၍ အသေအချာ မှတ်ပြီးလျှင် အဓိပတိတပ်ခိုက် အဓိပတိ တရားကိုယ် လေးပါးတို့သည် အဓိပတိသာ မည်၍ သာဓိပတိ မမည်ကုန်။
သဟဇာတာဓိပတိ ပစ္စည်းကို ရခိုက် ရနေ အဓိပတိတရားကိုယ် ကြဉ်သော သာဓိပတိဇော စိတ္တုပ္ပါဒ်တို့သည် သာဓိပတိသာ မည်၍ အဓိပတိ မမည်ကုန်။ နှစ်ပါးစုံ မည် မရှိ။
သဟဇာတာဓိပတိပစ္စည်းကို မရခိုက် လောဘမူ ဒေါသမူ မဟာကုသိုလ် မဟာကြိယာ စိတ္တုပ္ပါဒ်၊ မရနေ မောဟမူ အဟိတ် မဟာဝိပါက် မဟဂ္ဂုတ်ဝိပါက် စိတ္တုပ္ပါဒ် ရုပ် နိဗ္ဗာန်၊ ဤတရားတို့သည် နှစ်ပါးစုံ မမည်ကုန်ဟု လေးချက်လှည့်၍ စက်ဖွဲ့။ ဤစက် ကျေပွန်မူ ပဋ္ဌာန်း၌ ကျေးဇူးရှိလတ္တံ့။
၇-အာဟာရ ၄-ပါး
အာဟာရ၀စနတ္ထ
ဩဇာ ဖဿ စေတနာ ဝိညာဏ် လေးပါးတို့သည် --
ဩဇဋ္ဌမကရူပံ ယေ၊
ဝေဒနံ ပဋိသန္ဓိကံ။
နာမရူပံ အာဟရန္တိ၊
တသ္မာ ဟာရာတိ ဝုစ္စရေ။
ဟူသော ဝစနတ္ထကြောင့် အာဟာရ မည်ကုန်၏။
အာဟာရမည်ပုံ
ယေ ဓမ္မာ၊ အကြင်တရားတို့သည်။
ဩဇဋ္ဌမကရူပံ၊ ဩဇာလျှင် ရှစ်ခုမြောက်ရှိသော အာဟာရဇ အဋ္ဌကလာပ်ကို။
ဝေဒနံ၊ ဝေဒနာကို။
ပဋိသန္ဓိကံ၊ ပဋိသန္ဓေဝိညာဏ်ကို။
နာမရူပံ၊ နာမ်ရုပ်ကို။
အာဟရန္တိ၊ အသီးအသီး ဆောင်ကြကုန်၏။
တသ္မာ၊ ထို့ကြောင့်။
တေ ဓမ္မာ၊ ထိုတရားတို့ကို။
အာဟာရာတိ၊ အာဟာရတို့ဟူ၍၊
ဝုစ္စရေ၊ ဆိုအပ်ကုန်၏။
ကိဉ္စာပိ သကသကပစ္စယုပ္ပန္နေ အာဟရန္တာ အညေပိ အတ္ထိ၊ အဇ္ဈတ္တိကသန္တတိယာ ပန ဝိသေသပစ္စယတ္တာ ဣမေယေဝ စတ္တာရော အာဟာရာတိ ဝုတ္တာ။
သကသကပစ္စယုပ္ပန္နေ၊ မိမိ မိမိတို့၏ ပစ္စယုပ္ပန်တရားတို့ကို။
အာဟရန္တာ၊ ဆောင်တတ်ကုန်သော။
အညေပိ၊ တပါးသော တရားတို့သည်လည်း။
ကိဉ္စာပိ အတ္ထိ၊ အကယ်၍ကား ရှိကုန်၏။
ပန တထာပိ၊ ထိုသို့ တခြားရှိကုန်ငြားသော်လည်း။
အဇ္ဈတ္တိက သန္တတိယာ၊ အဇ္ဈတ္တိကသန္တာန်၏။
ဝိသေသပစ္စယတ္တာ၊ ထူးသော အကြောင်း၏ အဖြစ်ကြောင့်။
ဣမေယေဝ၊ ဤတရားလေးပါးတို့ကို သာလျှင်။
စတ္တာရော အာဟာရာတိ၊ လေးပါးသော အာဟာရတို့ဟူ၍။
ဝုတ္တာ၊ မိန့်အပ်ကုန်၏။
ဤသို့ ဋီကာကျော်(နှာ-၂၂၄-၌) လာသည်နှင့်အညီ ဤမှတပါးသော တရားတို့ကား အာဟာရ မမည်ကုန်။
ဖဿာဒီနံ ဒုတိယာဒိဘာဝေါ ဒေသနာက္ကမတော န ဥပ္ပတ္တိက္ကမတော။
(ဋီကာကျော် နှာ-၂၂၄။)
ဖဿာဒီနံ၊ ဖဿစသည်တို့၏။
ဒုတိယာဒိဘာဝေါ၊ ဒုတိယစသော အဖြစ်သည်။
ဒေသနာက္ကမတော၊ ဒေသနာအစဉ်အားဖြင့်သာတည်း။
န ဥပ္ပတ္တိက္ကမတော၊ ဖြစ်စဉ်အားဖြင့် မဟုတ်။
“ဈာန်ကိစ္စတပ်နိုင်သည့် အင်္ဂါနှင့် ဈာန်ကိစ္စမတပ်နိုင်သော တရားများ”
“ပဉ္စဝိညာဏေသု ဈာနင်္ဂါနိ ။ပ။ မဂ္ဂိ'န္ဒြိယ, ဗလဘာဝံ န ဂစ္ဆတိ” ဟူရာဝယ် အဓိပ္ပါယ် ကား ဒွေပဉ္စဝိညာဏ်၌ ဝေဒနာ ဧကဂ္ဂတာတို့သည် ဝိတက်ကင်းသောကြောင့် အာရုံ၌ ရှေးရှုကျကာမျှ အဘိနိပါတမတ္တဖြစ်ရကား ဈာနင်ကိစ္စ မတပ်နိုင်ကုန်။
“ဗိုလ်ကိစ္စတပ်နိုင်သော အင်္ဂါနှင့် ဗိုလ်ကိစ္စမတပ်နိုင်သော တရားများ”
ဒွေ ပဉ္စဝိညာဏ်, မနောဓာတ်, သန္တီရဏ၊ ဤ တဆဲ့ခြောက်ခုတို့၌ ဧကဂ္ဂတာသည် ဝီရိယကင်းသောကြောင့် အားနည်းရကား ဗိုလ်ကိစ္စ မတပ်နိုင်။
“မဂ်ကိစ္စတပ်နိုင်သော အင်္ဂါနှင့် မဂ်ကိစ္စမတပ်နိုင်သော တရားများ”
အဟိတ်စိတ်တို့၌ ဝိတက် ဝီရိယ ဧကဂ္ဂတာတို့သည် ဟိတ်ကင်းသောကြောင့် ဒုဗ္ဗလ ဖြစ်ရကား မဂ္ဂင်ကိစ္စ မတပ်နိုင်ကုန်။ ဝိစိကိစ္ဆာသဟဂုတ်စိတ်၌ ဧကဂ္ဂတာသည် အဓိမောက္ခကင်းသဖြင့် ဆုံးဖြတ်ခြင်း မရှိသောကြောင့် မိစ္ဆာမဂ္ဂင် ဣန္ဒြေ ဗိုလ်ကိစ္စ မတပ်နိုင်။
ဝိတက္ကပစ္ဆိမကံ ဈာနင်္ဂံ။
ဝီရိယပစ္ဆိမကံ ဗလံ။
ဟေတုပစ္ဆိမကံ မဂ္ဂင်္ဂံ။
ဋီကာကျော် (နှာ-၂၂၅)။
ဈာနင်္ဂံ၊ ဈာနင်သည်။
ဝိတက္ကပစ္ဆိမကံ၊ ဝိတက်လျှင် အယုတ်ဆုံးရှိ၏။
ဗလံ၊ ဗိုလ်သည်။
ဝီရိယပစ္ဆိမကံ၊ ဝီရိယလျှင် အောက်ထစ်ရှိ၏။
မဂ္ဂင်္ဂံ၊ မဂ္ဂင်သည်။
ဟေတုပစ္ဆိမကံ၊ ဟိတ်လျှင် နောက်ပိတ်ရှိ၏။
ဓမ္မသင်္ဂဏီပါဠိတော်မှာ မနောဒွါရာဝဇ္ဇန်း ဟသိတုပ္ပါဒ်စိတ် နှစ်ခု၌သာ “ပဉ္စိန္ဒြိယာနိ ဟောန္တိ”ဟု လာသည်၊ ကြွင်း အဟိတ်စိတ် တဆဲ့ခြောက်ခု တို့၌ကား “တီဏိန္ဒြိယာနိ ဟောန္တိ”ဟူ၍ လာသည်။ ထို့ကြောင့် “တထာ ဝိစိကိစိတ္တေ ဧကဂ္ဂတာ မဂ္ဂိ'န္ဒြိယ ဗလဘာဝံ န ဂစ္ဆတိ”ဟူသော စကားသည် မပြည့်စုံသေး၊ “တထာ အဝီရိယေသု ဧကဂ္ဂတာ ဣန္ဒြိယ, ဗလဘာဝံ န ဂစ္ဆတိ။ ဝိစိကိစ္ဆာစိတ္တေ ပန မဂ္ဂဘာဝမ္ပိ”ဆိုမှ ပြည့်စုံအံ့ ထင်သည်။ ဆင်ခြင်။
ပဋ္ဌာန်းပါဠိတော်၌ကား တပါးဣန္ဒြေတို့နှင့် တွဲယှဉ်လျက်ဖြစ်၍ သာမညသာ လာသည်။ ဓမ္မသင်္ဂဏီသာ အရင်းမှတ်။
ဟေ ဈာ မဂ္ဂ၊ ဣန် ဗလ၊ ဓိ ဟ ခုနစ်မည်။
သင်္ဂဟကဗျာ
ပညာ ငါးမည်၊ လေးမည် ဝီရိ၊
သမာဓိတည်း၊ သတိ စိတ္တ၊
မည်ရ သုံးဖြာ၊ ဝေဒနာနှင့်၊
သဒ္ဓါ ဝိတက်၊ နှစ်ချက်မည်ရ၊
ဝိစာရက၊ စသည် ကြွင်းရစ်၊
နှစ်ဆဲ့ရှစ်မှာ၊ တမည်သာတည်း၊
ပေါင်းခါ မုချ၊ ရုပ်က ကိုးတန်၊
နာမ် နှစ်ဆဲ့ခွန်၊ ဆတ္တိံ မှန်၏၊
ပိုလွန် ကြွင်းထ၊ ဆဗ္ဗီသစေ၊
ရူပေ ဆဲ့ကိုး၊ တမျိုး နိဗ္ဗာန်၊
အမှန် လေးဆယ်၊ ခြောက်ခုကယ်မှာ၊
ခေါ်ဖွယ်နာမ၊ မည်မရသည်။
ရွေးမျှဆံချည် မတိမ်းတည်း။
စိတ်ကို တခုတည်းယူ၊ ဇီဝိတကို နှစ်ပါးယူ။
စက်လှည့် သရုပ်ခွဲပုံ
ဤသို့ သေချာစွာမှတ်ပြီးလျှင် ဟိတ်သာမည်၍ ဈာန် မမည်၊ ဈာန်သာမည်၍ ဟိတ် မမည်-စသည်ဖြင့် အမည် ခုနစ်ချက်ကို မူလီ မူလာဖက်၍ သွက်သွက်ခါ ချာချာလည် ကြံစည်ခွဲဝေ စက်လှည့်လေ။
မိဿကသင်္ဂဟ ပြီး၏။
ဗောဓိပက္ခိယသင်္ဂဟ ၇-မျိုး
ဗောဓိပက္ခိယမည်ပုံ
သစ္စာဘိ သမ္ဗောဓသင်္ခါတဿ အရိယမဂ္ဂဿ ပက္ခေ ဘဝါနံ ဗောဓိပက္ခိယာနံ ဓမ္မာနံ သတိပဋ္ဌာနာဒိဘေဒါနံ သဘာဂတ္တဝသေန သင်္ဂဟော ဗောဓိပက္ခိယသင်္ဂဟော။
သစ္စာဘိ သမ္ဗောဓသင်္ခါတဿ၊ သစ္စာလေးပါးကို သိခြင်း သိတတ်သည်ဟု ဆိုအပ်သော။
အရိယမဂ္ဂဿ၊ အရိယမဂ်၏။
ပက္ခေ၊ အသင်းအပင်း၌။
ဘဝါနံ၊ ဖြစ်ကုန်ရကား။
ဗောဓိပက္ခိယာနံ၊ ဗောဓိပက္ခိယ မည်ကုန်သော။
သတိပဋ္ဌာနာဒိဘေဒါနံ၊ သတိပဋ္ဌာန်စသည် အပြားရှိကုန်သော။
ဓမ္မာနံ၊ တရားတို့ကို။
သဘာဂတ္တဝသေန၊ သဘောတူသည့်အဖြစ်၏အစွမ်းဖြင့်။
သင်္ဂဟော၊ သိမ်းယူရာ သိမ်းယူကြောင်း သိမ်းယူတတ်သော သဒ္ဒပဗန္ဓသည်။
ဗောဓိပက္ခိယသင်္ဂဟော၊ ဗောဓိပက္ခိယသင်္ဂဟ မည်၏။
၁-သတိပဋ္ဌာန် ၄-ပါး
သတိပဋ္ဌာန်ဝစနတ္ထ
ဤသို့ ဋီကာကျော် (နှာ ၂၁၇-၌) လာသည်နှင့် အညီ လောကုတ္တရမဂ္ဂသမ္ပယုတ် ဖြစ်၍၎င်း, ပုဗ္ဗဘာဂပ္ပဋိပဒါ ဖြစ်၍၎င်း အရိယမဂ်၏ အသင်းအပင်း၌ ဖြစ်ကုန်သော သတိပဋ္ဌာန်စသည်တို့ကို သင်္ဂြိုဟ်ရာ ဗောဓိပက္ခိယသင်္ဂဟ၌ မဟာကုသိုလ်, မဟာကြိယာ, အပ္ပနာဇော၊ ဤလေးဆဲ့နှစ်ခုတို့၌ရှိသော သတိစေတသိက်သည် --
သတိယေဝ ပဝိသိတွာ၊
ဂဟဏာ အသုဘာဒိနံ။
ဌာတိ ကာယာဒိအာလမ္ဗေ၊
သတိပဌာန'မုစ္စတေ။
ဟူသော ဝစနတ္ထကြောင့် “သတိပဋ္ဌာန” မည်၏။
သတိ လေးပါးဖြစ်ပုံ
သတိစေတသိက် တပါးတည်းဖြစ်လျက် အာရုံဖြစ်သော ကာယ, ဝေဒနာ, စိတ္တ ဓမ္မတို့၌ အသုဘ ဒုက္ခ အနိစ္စ အနတ္တ အခြင်းအရာကိုယူ၍ သုဘ သုခ နိစ္စ အတ္တ ဝိပလ္လာသကို ပယ်သောအားဖြင့် လေးပါးပြားသည်။
သတိယေဝ၊ သတိသည်သာလျှင်။
အသုဘာဒီနံ၊ အသုဘ စသည်တို့ကို။
ဂဟဏာ၊ ယူလျက်-ယူသဖြင့်။
ပဝိသိတွာ၊ ဝင်၍။
ကာယာဒိအာလမ္ဗေ၊ ကေသကာယ လောမကာယ စသော အာရုံ၌။
ဌာတိ၊ တည်တတ်၏။
တသ္မာ၊ ထို့ကြောင့်။
သတိပဋ္ဌာနံ၊ သတိပဋ္ဌာန်ဟူ၍။
ဥစ္စတေ၊ ဆိုအပ်၏။
၂-သမ္မပ္ပဓာန် ၄-ပါး
သမ္မပ္ပဓာန် ၄-ပါး
ထိုစိတ်လေးဆဲ့နှစ်ခု တို့၌ရှိသော ဝီရိယစေတသိက်သည် --
အသုဘာဒိမနက္ကာရ-
ကမ္မဋ္ဌာနာနုယုဉ္ဇနာ။
သမ္မာ ပဒဟန္တျေတေန၊
သမ္မပ္ပဓာန'မုစ္စတေ။
ဟူသော ဝစနတ္ထုကြောင့် သမ္မပ္ပဓာန် မည်၏။
ဝီရိယလေးပါးဖြစ်ပုံ
ဝီရိယစေတသိက် တပါးတည်းဖြစ်လျက် ဤဘဝ ရှေးကာလ၌ဖြစ်ဘူးသော ဥပ္ပန္နပါပ နှင့်တူသော အနာဂတ် အကုသိုလ်ကို ပယ်ခြင်းစသော ကိစ္စအားဖြင့် လေးပါး ပြားသည်။
ဧတေန၊ ဤဝီရိယဖြင့်။
အသုဘာဒိမနက္ကာရကမ္မဋ္ဌာနာနုယုဉ္ဇနာ၊ အသုဘ စသည်ကို နှလုံးပြုခြင်း ဟူသော ကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်ခြင်းအားဖြင့်။
သမ္မာ၊ မဖောက်မပြန် ဖြောင့်မှန်စွာ။
ပဒဟန္တိ၊ အားထုတ်ကုန်၏။
ဣတိ၊ ထို့ကြောင့်။
သမ္မပ္ပဓာနံ၊ သမ္မပ္ပဓာန်ဟူ၍။
ဥစ္စတေ၊ ဆိုအပ်၏။
၃-ဣဒ္ဓိပါဒ် ၄-ပါးနှင့် အဓိပ္ပါယ်
ယင်းစိတ်လေးဆဲ့နှစ်ခု တို့၌ပင်ရှိသော ဆန္ဒ ဝီရိယ စိတ္တ ပညာ လေးပါး တို့သည် --
သယံ ဣဇ္ဈတိ သတ္တာ ဝါ၊
ဣဇ္ဈန္တေ' တာယ ဣဒ္ဓိ သာ။
သာဝ တဿာ ဝါ ပါဒေါတိ၊
ဣဒ္ဓိပါဒေါတိ ဝုစ္စတိ။
သယံ၊ မိမိသည်။
ဣဇ္ဈတိ၊ ပြီးပြည့်စုံ၏။
ဝါ၊ တနည်းလည်း။
ဧတာယ ဓမ္မဇာတိယာ၊ ဤတရားသဘောဖြင့်။
သတ္တာ၊ သတ္တဝါတို့သည်။
ဣဇ္ဈန္တိ၊ ပြည့်စုံ ပွါးမြောက် မြင့်မြတ်ခြင်းသို့ ရောက်ကုန်၏။
သာ ဓမ္မဇာတိ၊ ထိုတရားသဘောသည်။
ဣဒ္ဓိ၊ ဣဒ္ဓိမည်၏။
သာဝ၊ ထိုပြီးပြည့်စုံတတ် ပြည့်စုံကြောင်းတရား သည်သာလျှင်။
ပါဒေါ၊ အဘို့အစုတည်း။
ဝါ၊ တနည်းလည်း။
တဿာ၊ ထိုပြည့်စုံတတ် ပြည့်စုံကြောင်းတရား၏။
ပါဒေါ၊ အခြေမူလ တည်ရာဌာနတည်း။
ဣတိ၊ ဤနှစ်ပါးသော သတ္တိကြောင့်။
ဣဒ္ဓိပါဒေါတိ၊ ဣဒ္ဓိပါဒဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ဣဒ္ဓိနှင့် ဣဒ္ဓိပါဒ်
ဤသို့သော ဝစနတ္ထနှင့်အညီ ဣဒ္ဓိ မည်၏။ ထိုဣဒ္ဓိ၏ အဓိဋ္ဌာနပါဒကဖြစ်သော သမ္ပယုတ် နာမ်ခန္ဓာလေးပါး တရားအစုသည် ဣဒ္ဓိပါဒမည်၏။
တနည်းလည်း -- ဈာန် မဂ် ဖိုလ် အပ္ပနာစိတ္တုပ္ပါဒ်သည် ဣဒ္ဓိမည်၏။ ရှေးအဘို့ ဖြစ်သော ဥပစာဝိပဿနာစိတ္တုပ္ပါဒ်သည် ဣဒ္ဓိပါဒ မည်၏။
တနည်းလည်း --
ပထမဈာန်သည် ဣဒ္ဓိပါဒ မည်၏။
ဒုတိယဈာန်သည် ဣဒ္ဓိ မည်၏။ပ။
နေဝသညာနာသညာယတနဈာန်သည် ဣဒ္ဓိပါဒ မည်၏။
သောတာပတ္တိမဂ်သည် ဣဒ္ဓိ မည်၏။ပ။
အနာဂါမိမဂ်သည် ဣဒ္ဓိပါဒ မည်၏။
အရဟတ္တမဂ်သည် ဣဒ္ဓိ မည်၏။
တနည်းလည်း -- ဥတ္တရစူဠဘာဇနီ၌ အဓိပတိတပ်သော ဆန္ဒ ဝီရိယ စိတ္တ ဝီမံသ လေးပါးတရားသည် ဣဒ္ဓိလည်း မည်၏၊ ဣဒ္ဓိပါဒလည်း မည်၏ဟု ဟောတော်မူ၏။
လောကီအဘိညာ ဣဒ္ဓိပါဒ် အရာ၌ကား
ဣဇ္ဈတေ အဓိဋ္ဌာနာဒိ၊
ဧတာယိ'ဒ္ဓိဝိဓာယ'တိ။
ဣဒ္ဓိ ဣဒ္ဓိယာ ပါဒေါတိ၊
ဣဒ္ဓိပါဒေါတိ ဝုစ္စတိ။
ဟူသော ဝစနတ္ထကြောင့် ဣဒ္ဓိပါဒ်မည်ကုန်၏။
ဧတာယ ဣဒ္ဓိဝိဓာယ၊ ဤဣဒ္ဓိဝိဓ အဘိညာပညာဖြင့်။
အဓိဋ္ဌာနာဒိ၊ ဆောက်တည်အပ်သော နိမ္မိတ စသည်သည်။
ဣဇ္ဈတေ၊ ပြည့်စုံ၏။
ဣတိ၊ ထို့ကြောင့်။
ဣဒ္ဓိ၊ ဣဒ္ဓိမည်၏။
ဣဒ္ဓိယာ၊ ပြည့်စုံကြောင်း ပညာ၏။
ပါဒေါ၊ အခြေမူလတည်း။
ဣတိ၊ ထို့ကြောင့်။
ဣဒ္ဓိပါဒေါတိ၊ ဣဒ္ဓိပါဒဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ဤဣဒ္ဓိပါဒ်အဆုံးအဖြတ်အကျယ်ကား သမထခန်း၌ လာလတ္တံ့။
၄-၅။ ဣန္ဒြေဗိုလ် လွယ်ပြီ။
၆-ဗောဇ္ဈင် ၇-ပါး
ဗောဇ္ဈင် ၇-ပါး
ယခင်စိတ်တို့၌ရှိသော သတိ ပညာ ဝီရိယ ပီတိ ပဿဒ္ဓိ သမာဓိ တတြမဇ္ဈတ္တုပေက္ခာ ခုနစ်ပါးတို့သည် --
အာရဒ္ဓဝိပဿကတော၊
ယောဂီ ပဋ္ဌာယ ဗုဇ္ဈနာ။
ဗောဓိ ဓမ္မသာမဂ္ဂီပိ၊
ယာယ သစ္စာနိ ဗုဇ္ဈတိ။
ဝုဋ္ဌာတိ ဝါ က္လေသနိဒ္ဒါယ၊
တထာ ဝိကသတီတိ ဝါ။
တဿ တဿာ ဝါ အင်္ဂါတိ၊
ဗောဇ္ဈင်္ဂါ တေန တေ မတာ။
ဟူသော ဝစနတ္ထကြောင့် ဗောဇ္ဈင်မည်ကုန်၏။
ဗောဓိအဓိပ္ပါယ်
အာရဒ္ဓဝိပဿကတော၊ ဥဒယဗ္ဗယဉာဏ်ကို ရသည်မှ။
ပဋ္ဌာယ၊ စ၍။
ဗုဇ္ဈနာ၊ သိခြင်းကြောင့်။
ယောဂီ၊ ယောဂီပုဂ္ဂိုလ်သည်။
ဗောဓိ၊ ဗောဓိမည်၏။
ဓမ္မသာမဂ္ဂီပိ၊ ညီညွတ်သော တရားအပေါင်းသည်လည်း။
ယာယသစ္စာနိ။ပ။ ဝိကသတီတိ ဝါတိ ၀စနတ္ထေန၊ ...ဝါ ဟူသော ဝစနတ္ထကြောင့်။
ဗောဓိ၊ ဗောဓိ မည်၏။
ယာယ ဓမ္မသာမဂ္ဂိယာ၊ အကြင်ညီညွတ်သော တရားအပေါင်းဖြင့်။
ယောဂီ၊ ယောဂီပုဂ္ဂိုလ်သည်။
သစ္စာနိ၊ သစ္စာလေးပါးတို့ကို။
ဗုဇ္ဈတိ၊ သိ၏။
ဝါ၊ တနည်းကား။
က္လေသနိဒ္ဒါယ၊ ကိလေသာငွေ အိပ်မွေ့ခြင်းမှ။
ဝုဋ္ဌာတိ၊ ထ၏-နိုး၏။
ဝါ၊ တနည်းကား။
တထာ၊ ထိုနည်းတူပြီ သာမဂ္ဂီဖြင့် ယောဂီပုဂ္ဂိုလ်သည်။
ဝိကသတိ၊ ကိလေသာယို မတွန့်တိုပဲ မဂ်ဖိုလ်ယူလှမ်း ပွင့်လန်းတတ်၏။
ဣတိတသ္မာ၊ ထိုသို့ သိကြောင်း နိုးကြောင်း ပွင့်လန်းကြောင်း သတ္တိကြောင့်။
သာ ဓမ္မသာမဂ္ဂီပိ၊ ထိုအညီအညွတ်ဖြစ်သော တရားအပေါင်းသည်လည်း။
ဗောဓိ၊ ဗောဓိ မည်၏။
ဗောဇ္ဈင်္ဂမည်ပုံ
တဿ၊ ထိုပုဂ္ဂိုလ်ဗောဓိ၏။
အင်္ဂါ၊ အကြောင်းတို့တည်း။
ဝါ၊ တနည်းကား။
တဿာ၊ ထိုဗောဓိသညီ သာမဂ္ဂီ၏။
အင်္ဂါ၊ အကြောင်းတို့တည်း။
ဝါ၊ အစိတ်တို့တည်း။
တေန၊ ထို့ကြောင့်။
တေ ဓမ္မာ၊ ထိုတရားတို့ကို။
ဗောဇ္ဈင်္ဂါ၊ ဗောဇ္ဈင်တိုဟူ၍။
မတာ၊ သိအပ်ကုန်၏။
၇-မဂ္ဂင် လွယ်ပြီ။
ဤဗောဓိပက္ခိယတရားတို့သည် --
တရားကိုယ်များ
“သတိ-သမ္မ၊ ဣဒ်-ဣန်-ဗ၊ ဗောဇ္ဈ-မဂ်-ခုနစ်”ဟူ၍ သဘာဝ သင်္ဂဟအားဖြင့် ခုနစ်ပါးတည်း။
တရားကိုယ်အားဖြင့်ကား --“ဆန္ဒော စိတ္တမုပေက္ခာ စ။ပ။ စုဒ္ဒသေ’ တေ သဘာဝတော” ဟူသည်နှင့်အညီ ဝိဝဋ္ဋနိဿိတဖြစ်သော မဟာကုသိုလ် မဟာကြိယာ အပ္ပနာဇာ၊ ဤ လေးဆယ့်နှစ်ခု ဟူသော စိတ်တခု၊ ဧကဂ္ဂတာ ပကိဏ်း စေတသိက်လေးခု (ဝိတက် ဝီရိယ ပီတိ ဆန္ဒ) ကာယစိတ္တပဿဒ္ဓိ နှစ်ပါးကို တခုတည်းပြု၍ သောဘဏစေတသိက် ရှစ်ခု [သဒ္ဓါ သတိ တတြမဇ္ဈတ္တုပေက္ခာ ပဿဒ္ဓိ ဝိရတိ-၃-ပါး အမောဟ]၊ ပေါင်း တဆယ့်လေးခုတည်း။
အစိတ်စိတ် အပြားအားဖြင့်ကား “သတ္တတိံ သပ္ပဘေဒေန”ဟူသည်နှင့်အညီ သတိပဋ္ဌာန်လေးပါး။ပ။ မဂ္ဂင်ရှစ်ပါးတို့ကို ပေါင်း၍ သုံးဆယ့်ခုနစ်ပါးဖြစ်၏။
ဝိဝဋ္ဋနိဿိတမှတပါးသော လောကီစိတ်၊ စေတသိက် ဒွေပညာသ၊ ရုပ် အဋ္ဌဝီသ၊ နိဗ္ဗာန် တို့ကား ဗောဓိပက္ခိယအဖြစ်မှ လွတ်ကုန်၏။
ဌာနဖြင့် ဝေဖန်ခြင်း
“သင်္ကပ္ပ ပဿဒ္ဓိ စ ပီတု’ပေက္ခာ”စသော ဂါထာ၌ ကဗျာအကျဉ်းကား --
ကိုးမည် ဝီရိ၊ ရှစ် သတိနှင့်၊
မှတ်သိ ဉာဏ်ငါး၊ လေးပါး ကဂ္ဂတာ၊
ဒွေ သဒ္ဓါတည်း၊ ပေက္ခာ သင်္ကပ်၊
ပဿဒ် ပီတိ၊ ဝိရတိ ဆန္ဒ၊
စိတ္တကိုးပါး၊ တမည်ငြားသည်။
ဌာန်ပြား သုံးဆယ့်ခုနစ်တည်း။
ဤသို့ ကိုးမည် ရှစ်မည် ငါးမည် လေးမည် နှစ်မည် တမည် - ဟူ၍ ခြောက်စုသာ ရှိသောကြောင့် “သတ္တဓာ တတ္ထ သင်္ဂဟော”တိ ဝတွာ ပုန တံ ဒဿေတုံ “သင်္ကပ္ပ ပဿဒ္ဓိ စာ”တိ အာဒိ ပုတ္တံ”ဟူသော ဋီကာကျော်(နှာ-၂၂၈) အနုသန္ဓေ စကားကို မှားသည်ဟု ဆိုကြ၏။
“သတ္တတိံ သပ္ပဘေဒေနာ”တိ ဝတွာ တံ ဌာနဝသေန ဒဿေတုံ “သင်္ကပ္ပ ပဿဒ္ဓိ စာ”တိ အာဒိ ဝုတ္တံ” ဟု အနုသန္ဓေတက်မှ သင့်အံ့သည်။
“သတ္တဓာ”၏ သရုပ်လည်း ယခင်ဆိုခဲ့ပြီးသော “သတိ သမ္မ၊ ဣဒ် ဣန် ဗ၊ ဗောဇ္ဈ မဂ် ခုနစ်”ဟူသော သဘာဝသင်္ဂဟ ခုနစ်ပါးပင်တည်း။
ဆဗ္ဗိသုဒ္ဓိသရုပ်ကား သီလဝိသုဒ္ဓိ စိတ္တဝိသုဒ္ဓိ ဒိဋ္ဌိဝိသုဒ္ဓိ ကင်္ခါဝိတရဏဝိသုဒ္ဓိ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ အားဖြင့် လောကီဝိသုဒ္ဓိ ခြောက်ပါးတည်း။
စက်လှည့်ပုံ
သတိပဋ္ဌာန်သာ မည်၍ သမ္မပ္ပဓာန် မမည်၊ သမ္မပ္ပဓာန်သာ မည်၍ သတိပဋ္ဌာန် မမည် -စသည်ဖြင့်လည်း အမည်ခုနစ်ချက်ကို စက်လှည့်၍ ခွဲ။
ဗောဓိပက္ခိယသင်္ဂဟ ပြီး၏။
သဗ္ဗသင်္ဂဟ ၅-မျိုး
၁-ခန္ဓာငါးပါး။
၂-ဥပါဒါနက္ခန္ဓာငါးပါး
ခန္ဓာငါးပါး
ခပ်သိမ်းဥဿုံ အလုံးစုံသော ပရမတ္ထတရား လေးပါးတို့ကို ပြဆိုသိမ်းယူရာ သဗ္ဗသင်္ဂဟ ၌ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် ငါးပါးတို့သည် --
အတီတာနာဂတပစ္စုပ္ပန္နာဒိဘေဒဘိန္နကာ။
ဧကဇ္ဈံ ရာသိအတ္ထေန၊ ပဉ္စက္ခန္ဓာတိ ဘာသိတာ။
ဟူသော ပဒတ္ထနှင့် ခန္ဓာ မည်ကုန်၏။
ခန္ဓာမည်ပုံ
အတီတာ။ပ။ ဘိန္နကာ၊ အတိတ် အနာဂတ် ပစ္စုပ္ပန် စသော တဆယ့်တပါး အပြား အားဖြင့် ပြားကုန်သော တရားတို့ကို။
ဧကဇ္ဈံ၊ တပေါင်းတရုံး တလုံးတစုတည်း။
ရာသိအတ္တေန၊ အပေါင်းအစုဟူသော အနက်ကြောင့်။
ပဉ္စက္ခန္ဓာတိ၊ ခန္ဓာငါးပါးတို့ဟူ၍။
ဘာသိတာ၊ ဆိုအပ်ကုန်၏။
ထိုငါးပါးတို့တွင် တပါးတပါး၌ ခန္ဓပညတ်ကိုကား —
ဝေဒနာဒီသု'ကသ္မိံ၊
ခန္ဓသဒ္ဒေါ တု ရုဠှိယာ။
သမုဒ္ဒါဒေကဒေသေသု၊
သမုဒ္ဒါဒိရဝေါ ယထာ။
ဝေဒနာဒီသု၊ ဝေဒနာအစရှိသည်တို့တွင်။
ဧကသ္မိမ္ပိ၊ (အတိတ်စသည် မကွဲပြား) တပါးတည်း၌လည်း။
ခန္ဓသဒ္ဒေါ၊ ခန္ဓ-သဒ္ဒါသည်။
ရုဠှိယာ၊ ( အတင်) ရုဠှီအားဖြင့်။
ဟောတိ၊ ဖြစ်၏။
သမုဒ္ဒါဒေကဒေသေသု၊ သမုဒြာစသည်တို့၏ အစိတ်အပိုင်းတို့၌။
သမုဒ္ဒါဒိရဝေါ ယထာ၊ သမုဒ္ဒ-စသော သဒ္ဒါမျိုးဖြစ်နိုင်သကဲ့သို့ပေတည်း။
(သမုဒ္ဒရာကိုမြင်၏ဟု ဆိုရာ၌ သမုဒ္ဒရာတခုလုံးကို မမြင်ရချ၊ တစိတ်တဒေသကိုသာ မြင်ရကာမျှနှင့် သမုဒ္ဒရာကို မြင်သည်ဟု-ပြောဆိုရိုးရှိသကဲ့သို့တည်း။)
သစ္စသံခိပ် (ဂါထာအမှတ် ၆-၌) လာသည့်အတိုင်း ရုဠှီဟု မှတ်အပ်၏။
တနည်းလည်း --
ခန္ဓာမည်ပုံ
ခဇ္ဇန္တိ နေကဒုက္ခေဟိ၊
တေဟိ ခညန္တိ ဝါ တထာ။
သုညာကာရံ ဝါ ဓာရေန္တိ၊
ဣတိ ခန္ဓာတိ ဝုစ္စရေ။
၂။ နေကဒုက္ခဟိ၊ ဇာတိဇရာစသော တပါးမက များလှစွာသော ဒုက္ခတို့သည်။
(တတိယကတ္တား) ခဇ္ဇန္တိ၊ ခဲစားအပ်ကုန်၏။
ဝါ၊ တနည်းကား။
တေဟိ၊ ထိုဇာတိ ဇရာ စသော ဒုက္ခတို့သည်။
ခညန္တိ၊ တူးဖြိုးအပ်ကုန်၏။
ဝါ၊ တနည်းကား။
သညာကာရံ၊ ဆိတ်သုဉ်းသည့် အခြင်းအရာကို။
ဓာရေန္တိ၊ ဆောင်တတ်ကုန်၏။
ဣတိ၊ ထို့ကြောင့်။
ခန္ဓာတိ၊ ခန္ဓာတို့ဟူ၍။
ဝုစ္စရေ၊ ဆိုအပ်ကုန်၏။
ဟူသောဝစနတ္ထကြောင့် ခန္ဓာမည်ကုန်၏။ (အနက် လွယ်ပြီ) တတိယ ဝိကပ်၌ ခံ-သဒ္ဒါ တုစ္ဆတ္ထဝါစက မှတ်။
ဤခန္ဓာငါးပါးတို့၌ --
အတီတာနာဂတံ ပစ္စုပ္ပန္နဇ္ဈတ္တံ ဗဟိဒ္ဓုဠာ။
ရိကံဝါ သုခုမံ ဟီနံ၊ ပဏီတံ ဒူရသန္တိကံ။
ဟူသော တဆယ့်တပါးအပြားကို ပိုင်းခြားဝေဖန်ရမည်။
တဆယ့်တပါး ကွဲပြားပုံ
အတီတံ၊ ချုပ်ပြီး။
အနာဂတံ၊ မဥပါဒ်သေး။
ပစ္စုပ္ပန္နံ၊ အကြောင်းကိုစွဲ၍ ဖြစ်တုန်းဖြစ်ဆဲ။
အဇ္ဈတ္တံ၊ အတွင်း။
ဗဟိဒ္ဓါ၊ အပ။
သြဠာရိကံ၊ ရုန့်ရင်းကြမ်းတမ်း။
သုခုမံ၊ သိမ်မွေ့နူးညံ့။
ဟီနံ၊ အယုတ်။
ပဏီတံ၊ အမြတ်။
ဒူရ၊ အဝေး။
သန္တိကံ၊ အနီး။
ဣတိအယံ ပဘေဒေါ၊ ဤတဆယ့်တပါး အပြားကို။
ဝိဘာဝိနာ၊ ပညာရှိသည်။
ဝေဒိတဗ္ဗော၊ သိသင့် သိထိုက် သိကောင်း၏၊ သိရမည် သိလေ။
ကာလအားဖြင့်ခွဲပုံ
ထိုတဆယ့်တပါးတို့တွင် ရုပ်၌ ပစ္စုပ္ပန် အတိတ် အနာဂတ် အပြားကို အဒ္ဓါ သန္တတိ သမယ ခဏ - လေးပါး တို့ဖြင့် ခွဲအပ်၏။
ခွဲဟန်ကား --
ဤဘဝအဓွန့်၊ သဘာဂ ဥတု အာဟာရ ဧကဝီထိ ဧကဇဝန ဧကသမာပတ္တိ တို့ကြောင့် ဖြစ်သော ရုပ်အစဉ်၊ ဧကမုဟုတ္တ ပုဗ္ဗဏှ သာယနှ ရတ္တိ ဒိဝ စသော သမယတခု၌ဖြစ်သော ရုပ်အစဉ်၊ ဥပါဒ် ဌီ ဘင် ခဏအားဖြင့် ဖြစ်တုန်းဖြစ်ဆဲ ရုပ်တို့သည် ပစ္စုပ္ပန်မည်၏။ ထိုမှ ရှေးဖြစ်ပြီးရုပ်တို့သည် အတိတ်မည်ကုန်၏။ နောက် မဖြစ်သေးသော ရုပ်တို့သည် အနာဂတ် မည်ကုန်၏။
တနည်းလည်း -- ဟေတုကိစ္စသာ ပြီး၍ ပစ္စယကိစ္စ မပြီးသေးသော ရုပ်သည် ပစ္စုပ္ပန်၊ ကိစ္စနှစ်ပါးလုံးပြီးမူ အတိတ်၊ နှစ်ပါးစုံသို့ မရောက်သေးမူ အနာဂတ် မည်၏။
တနည်းလည်း -- ကက္ခဠ အာဗန္ဓန စသော မိမိကိစ္စဖြစ်ဆဲခဏ၌ ပစ္စုပ္ပန်၊ ထိုမှ ရှေးကာလ၌ အနာဂတ်၊ နောက်ကာလ၌ အတိတ် ဖြစ်၏။
ထိုတွင် ခဏာဒိကထာသည်သာလျှင် မုချတည်း၊ အဒ္ဓါ သန္တတိ သမယတို့ကား ပရိယာယ်တည်း။
အဇ္ဈတ္တ ဗဟိဒ္ဓ စသည် လွယ်ပြီ။
နာမ် ခန္ဓာလေးပါးတို့၌ကား သန္တတိ ခဏကိစ္စတို့ဖြင့် ခွဲအပ်၏။ ထိုတွင် ဧကဝီထိ ဧကဇဝန ဧကသမာပတ္တိပရိယာပန္န နာမ်တရားတို့သည်၎င်း၊ တခုသော အာရုံ၌ ဖြစ်ကုန်သော နာမ်တရားတို့သည်၎င်း သန္တတိပစ္စုပ္ပန် မည်ကုန်၏။ ခဏကိစ္စတို့ကား ရုပ်နှင့် တူကုန်ပြီ။
သြဠာရိက သုခုမ ဟီန ပဏီတတို့ကား --
နာမဿော ဠာရိကာဒီနိ၊
ဇာတိဿဘာဝပုဂ္ဂလာ။
လောကီယ လောကုတ္တရတော၊
ဇာနေယျ စတုဓာ ဓိမာ။
ဤဂါထာအတိုင်း ခွဲအပ်၏။
နာမဿ၊ နာမ်ခန္ဓာလေးပါး၏။
သြဠာရိကာဒီနိ၊ သြဠာရိကအဖြစ် စသည်တို့ကို။
ဇာတိဿဘာဝပုဂ္ဂလာ၊ ဇာတ် သဘော ပုဂ္ဂိုလ်အားဖြင့်၎င်း။
လောကိယ လောကုတ္တရတော၊ လောကီ လောကုတ်အားဖြင့်၎င်း။
စတုဓာ၊ လေးပါးအားဖြင့်။
ဓီမာ၊ ပညာရှိသည်။
ဇာနေယျ၊ သိရာ၏။
ကုသိုလ် အကုသိုလ် အဗျာကတဇာတ်၊ သုခ ဒုက္ခ ဥပေက္ခာသဘော၊ သမာပန္န, အသမာပန္နပုဂ္ဂိုလ်၊ သာသဝ အနာသဝ လေးပါးတို့ဖြင့် ခွဲရမည် ဟူလို။
“တတ္ထ ဇာတိအာဒိဝသေန သမ္ဘောဒေါ ပရိဟရိတဗ္ဗော”၊
ဝိသုဒ္ဓိမဂ် အဋ္ဌကထာ(ဒု-နှာ-၁ဝ၅)။
တတ္ထ၊ ထိုသို့ခွဲရာ၌။
ဇာတိအာဒိဝသေန၊ ဇာတ်စသည်တို့၏ အစွမ်းအားဖြင့်။
သမ္ဘေဒေါ၊ ရောနှောယှက်တည်ခြင်းကို။
ပရိဟရိတဗ္ဗော၊ ရှောင်လွှဲအပ်၏။
(ရောနှောသည်ရှိသော် မဂ်စိတ္တုပ္ပါဒ်သည် ကုသိုလ်ဖြစ်၍ သြဠာရိက ဟီန၊ ပဉ္စဝိညာဏ် သည် အဗျာကတဖြစ်၍ သုခုမ ပဏီတ ဖြစ်ခဲ့ရာ၏။ ဤသို့စသည်ဖြင့် မသင့်နိုင် သောကြောင့် မိမိတို့ ဇာတ်ချင်းချင်း သဘောချင်းချင်း ပုဂ္ဂိုလ်ချင်းချင်း သာသဝါ’ နာသဝချင်းချင်းသာ ခွဲရမည် ဟူလိုသည်။)
အဇ္ဈတ္တ ဗဟိဒ္ဓ ဒူရ သန္တိက တို့ကား ထင်ရှားသိသာလှပြီ။
ခန္ဓာငါးပါးတို့ကို နည်းခြောက်ပါးဖြင့် ဆုံးဖြတ်ပုံ
ထိုမှတပါးလည်း --
ခန္ဓေသု ဉာဏဘေဒတ္ထံ၊
ကမတော စ ဝိသေသတော။
အနူနာဓိကာ ဩပမ္မာ၊
ဒဋ္ဌဗ္ဗတော ဒွိဓာပိ စ။
အတ္ထသိဒ္ဓိတော စ ဉေယျော၊
ဝိနိစ္ဆယနယော ဆဓာ။
ခန္ဓေသု၊ ခန္ဓာငါးပါးတို့၌။
ဉာဏဘေဒတ္ထံ၊ ဉာဏ်အထူး၏ ကွန့်မြူးစည်ကား ဖြစ်ပွါးခြင်းအကျိုးငှါ ....
ကမတော စ၊ အစဉ်အားဖြင့်၎င်း။
ဝိသေသတော စ၊ အထူးအားဖြင့်၎င်း။
အနူနာဓိကာ၊ ငါးပါးအောက် ထက် မယုတ်မလွန်သောအားဖြင့်၎င်း။
ဩပမ္မာ၊ နှိုင်းယှဉ်ကြောင်း ဥပမာအားဖြင့်၎င်း။
ဒွိဓာ၊ နည်းနှစ်ပါးဖြင့်။
ဒဋ္ဌဗ္ဗတောပိစ၊ ရှုဆင်ခြင်အပ်သောအားဖြင့်၎င်း။
အတ္ထသိဒ္ဓိတောစ၊ ရှုဆင်ခြင်၍ မြင်က အကျိုးစီးပွါး ပြီးသောအားဖြင့်၎င်း။
ဆဓာ၊ ခြောက်ပါးအပြားအားဖြင့်။
ဝိနိစ္ဆယနယော၊ အဆုံးအဖြတ်နည်းကို။
ဉေယျော၊ သိအပ်၏။
ထိုခြောက်ပါးတို့တွင် ကမအားဖြင့် ဆုံးဖြတ်ပုံကား --
ပဟာနံ ဘူမိ ဥပ္ပတ္တိ၊
ပဋိပတ္တိ စ ဒေသနာ။
ပဉ္စဝိဓော ကမော တတ္ထ၊
ပစ္ဆိမောဝိ'ဓ ယုဇ္ဇတိ။
အစီအစဉ် 'ကမ’ ငါးမျိုး
ပဟာနံ၊ ပဟာနက္ကမ၎င်း။
ဘူမိ၊ ဘူမိက္ကမ၎င်း။
ဥပ္ပတ္တိ၊ ဥပ္ပတ္တိက္ကမ၎င်း။
ပဋိပတ္တိ စ၊ ပဋိပတ္တိက္ကမ၎င်း။
ဒေသနာ၊ ဒေသနာက္ကမ၎င်း။
ဣတိ၊ ဤသို့။
ကမော၊ အစဉ်သည်။
ပဉ္စဝိဓော၊ ငါးပါးအပြားရှိ၏။
တတ္ထ၊ ထိုငါးပါးတို့တွင်။
ပစ္ဆိမောဝ၊ နောက်ဆုံး ဒေသနာက္ကမ သည်သာလျှင်။
ဣဓ၊ ဤခန္ဓာငါးပါး၌။
ယုဇ္ဇတိ၊ သင့်၏။
အဓိပ္ပါယ်ကား ခန္ဓာငါးပါး၌ တလုံးတခဲထဲ မကွဲမပြား “ကိုယ်”ဟူ၍ ယူမှားသော ဝေနေယျ သတ္တဝါအပေါင်းအား သမူဟဃနကို ခွဲပြားသဖြင့် အသင့်ယူလွယ် မှတ်လွယ် စေခြင်းငှါ မျက်စိစသည်တို့၏ပင်လျှင် အာရုံဖြစ်၍ ရုန့်ရင်း ထင်ရှား အများသိသာသော ရူပက္ခန္ဓာကို ရှေးဦးစွာ ဟောတော်မူသည်။
ထို့နောင် ဣဋ္ဌာ နိဋ္ဌဖြစ်သော ရုပ်ကို ခံစားတတ်သော ဝေဒနာကို ဟောတော်မူသည်။
ထို့နောင် အာရုံ၏အခြင်းအရာကို ယူတတ် မှတ်တတ်သော ဝေဒနာပရိဝါရက ဖြစ်သော သညာကို ဟောတော်မူသည်။
ထို့နောင် သညာ၏အစွမ်းဖြင့် ပြုပြင်စီရင်တတ်သော စေတနာပမုခ သင်္ခါရကို ဟောတော်မူသည်။
ထို့နောင် ထိုနာမ်ခန္ဓာ သုံးပါးတို့၏ အဓိပတိ နိဿယ ပုဗ္ဗင်္ဂမ သေဋ္ဌ ပဓာန ဖြစ်သော ဝိညာဏက္ခန္ဓာကို ဟောတော်မူသည် ဟူလို။
ဝိသေသအားဖြင့် အဆုံးအဖြတ်
ခန္ဓာနှင့် ဥပါဒါနက္ခန္ဓာ
ခန္ဓာ ဥပါဒါနက္ခန္ဓာ အထူးကို ဝိသေသဆိုသည်။
ထိုတွင် --
ခန္ဓု’ပါဒါနခန္ဓာနံ၊
ဝိသေသော တွ ဝိသေသတော။
ခန္ဓာ ဝုတ္တာ ဝိသေသေတွာ၊
ဣတရေ သာသဝါဒိနာ။
ဟူသော ဂါထာနှင့် အညီ သဗ္ဗသင်္ခတ သဘာဂဓမ္မကို ပြခြင်းငှါ ခန္ဓာငါးပါးကို သာမန် အားဖြင့် ဟောတော်မူသည်။
ဝိပဿနာဉာဏ်၏ အာရုံဖြစ်ရာ ဘုံကို ပြခြင်းငှါ သာသဝ အစရှိသည်ဖြင့် အထူးပြု၍ ဥပါဒါနက္ခန္ဓာငါးပါးကို ဟောတော်မူသည်။
အနူနာဓိကအားဖြင့်ကား --
သဘာဂေကသင်္ဂဟတော၊
အတ္တာဒိဂ္ဂါဟဝတ္ထုနော။
ဧတပ္ပရမတော’ညေသံ၊
တတ္ထ ́ဝရောဓတောပိ စ။
အနူနာဓိကာ ပဉ္စေဝ၊
ခန္ဓာ ဗုဒ္ဓေန ဒေသိတာ။
သဘာဂေကသင်္ဂဟတော၊ သဘောတူသမျှကို တလုံးတဝတည်း သိမ်းရုံးနိုင်သော ကြောင့်၎င်း။
အတ္တာဒိဂ္ဂါဟဝတ္ထုနော၊ “ကိုယ်” စသောအားဖြင့် ယူမှားခြင်း၏ တည်ရာ အကြောင်း၏။
ဧတပ္ပရမတော၊ ဤငါးပါးသာ အလွန်အပိုင်း အတိုင်းအရှည်ရှိသော ကြောင့်၎င်း၊
အညေသံ၊ တပါးကုန်သော သီလက္ခန္ဓ, သမာဓိက္ခန္ဓ စသည်တို့၏။
တတ္ထ၊ ထိုခန္ဓာငါးပါးတို့၌။
အဝရောဓတောပိ စ၊ မဆန့်မကျင် လျော်ရာ ဝင်သောကြောင့်၎င်း။
အနူနာဓိကာ၊ မယုတ် မလွန်ကုန်သော။
ပဉ္စေဝ၊ ငါးပါးသာလျှင်ဖြစ်ကုန်သော။
ခန္ဓာ၊ ခန္ဓာတို့ကို။
ဗုဒ္ဓေန၊ မြတ်စွာဘုရားသည်။
ဒေသိတာ၊ ဟောတော်မူအပ်ကုန်၏။
နှိုင်းယှဉ်ကြောင်း ဥပမာနှင့် ခန္ဓာငါးပါး
ဩပမ္မာအားဖြင့်ကား --
သာလာ ရောဂ သမုဋ္ဌာန-
အသပ္ပါယ အကလ္လကာ။
စာရကာရဏာ ပရာဓ-
ကာရက အပရာဓိကာ။
ဘာဇနဘောဇ္ဇ ဗျဉ္ဇန-
ပရိဝေသက ဘုဉ္ဇကာ။
ယထာက္ကမံ တိဓာ ဝုတ္တာ၊
ပဉ္စက္ခန္ဓာနမူပမာ။
သာလာ ရောဂ သမုဋ္ဌာန အသပ္ပါယ အကလ္လကာ၊ စရပ်အို အနာ သလိပ် စသော အကြောင်းနီး မသင့်သောအစာ စသော အကြောင်းဝေး အနာရှိသသူ၎င်း။
စာရ ကာရဏာ ပရာဓ ကာရက အပရာဓိကာ၊ နှောင်အိမ် သင်္ခမုဏ္ဍ စသော ညှဉ်းဆဲခြင်း ခိုးမှု စသော မင်းပြစ် သူသတ် ခိုးသူတို့၎င်း။
ဘာဇနဘောဇ္ဇ ဗျဉ္ဇန ပရိဝေသက ဘုဉ္ဇကာ၊ စားခွက် ထမင်း ဟင်းလျာ လုပ်ကျွေးသသူ စားသသူတို့၎င်း။
ဣတိ၊ ဤသို့။
တိဓာ၊ သုံးပါးအပြားအားဖြင့်။
ပဉ္စက္ခန္ဓာနံ၊ ခန္ဓာငါးပါးတို့၏။
ယထာက္ကမံ၊ အစဉ်အတိုင်း။
ဥပမာ၊ နှိုင်းယှဉ်ကြောင်း ဥပမာတို့ကို။
ဝုတ္တာ၊ ဟောတော်မူအပ်ကုန်၏။
ခန္ဓာငါးထပ်၊ စရပ် ရောဂါ၊
နီးစွာအကြောင်း၊ ဝေးသောကြောင်းဟူ၊
နာသူတကြိမ်။
နှောင်အိမ် ထိုးပစ်၊
မှုပြစ် ထောင်စား၊
ခိုးသူ ငါးတည်း။
စားခွက် ထမင်း၊
ဟင်း လုပ်ကျွေးသူ၊
စားသည်လူ၊ တူ၏မြဲမြဲမှတ်။
ဒဋ္ဌဗ္ဗတော ဒွိဓာ ၌ --
သင်္ခေပေန ပစ္စတ္ထိက-
ဘာရေဟိ ခါဒကာပိ စ။
အနိစ္စဒုက္ခာနတ္တတော၊
ဒဋ္ဌဗ္ဗာ ဝဓ သင်္ခတာ။
ဝိတ္ထာရတော ပန --
ဖေဏပိဏ္ဍာ'ပမံ ရူပံ၊
ဝေဒနာ ပုဗ္ဗုဠော'ပမာ။
မရီစိကူ'ပမာ သညာ၊
သင်္ခါရာ ကဒလူ'ပမာ။
မာယူပမာနံ ဝိညာဏံ၊
ဒဋ္ဌဗ္ဗံ သာရဒဿိနာ။
ဣမေ ခန္ဓာ၊ ဤခန္ဓာတို့ကို။
သင်္ခေပေန၊ ငါးပါးလုံးကို ပေါင်းရုံး ချုံးချဉ်း အကျဉ်းအားဖြင့်။
ပစ္စတ္တိကဘာရေဟိ၊ ရန်သူ လေးလံသော ဝန်တို့အားဖြင့် ၎င်း။
ခါဒကာပိစ ၊ ထိုးဆွပ်ကိုက်ခဲတတ်သော အားဖြင့်၎င်း။
အနိစ္စ ဒုက္ခာနတ္တတော ၊ အတည်မမြဲ ဆင်းရဲစွာလှ အစိုးမရသော အားဖြင့်၎င်း။
ဝဓသင်္ခတာ၊ သူသတ် အကြောင်းတို့ ပြုအပ်သောအားဖြင့်၎င်း။
ဒဋ္ဌဗ္ဗာ၊ ဝိပဿနာ ပညာစက္ခု ရှေးရှုပြု၍ ရှုအပ်ကုန်၏။
ရုပ်-ရေမြှုပ်
ဝိတ္ထာရတော ပန၊ အကျယ်အားဖြင့်ကား။
ရူပံ၊ ဘူတရုပ် လေးခု၊ စတုဝီသာ၊ ဥပါဒါ ဟု၊ အဋ္ဌာဝီသ၊ ရုပ်စု မျှလျက်၊ ဂါဟစွဲငုပ်၊ ဤကိုယ်ပုပ်သည်။
ဖေဏပိဏ္ဍာပမံ၊ ပထဝီထင်းချောင်း၊ ပျောင်းအိ အာပေါ၊ တေဇော ချမ်းပူ၊ လူလူ လွင့်ထ၊ ဝါယောမှသည်၊ စ၍ များမြောင်၊ တောင်မျှ တရှိ၊ ကြီးဘိ တမူ၊ သုံးယူ မဖြစ်၊ အနှစ် မရှိ၊ အကာတိ သာ၊ ပစ်စရာသည်၊ ပမာ ရေမြှုပ်နှင့် တူ၏။
ဝေဒနာ-ရေပွက်
ဝေဒနာ၊ မျက်စိအာရုံ၊ နားအာရုံနှင့်၊ အာရုံရသာ၊ ခံစားပါလည်း၊ အရာ မရောက်၊ ခါခါ ပျောက်သည့်၊ ခြောက်ပါးသော ဝေဒနာအစုသည်။
ပုဗ္ဗုဠောပမာ၊ ဆင်းရဲ ချမ်းသာ၊ ရံခါ လျစ်လျူ၊ ဆူလည်း ရုတ်ရက်၊ လျင်စွာပျက်၍၊ သုံးကွက် သုံးရာ၊ မထင်လာသည်၊ ပမာရေပွက်နှင့် တူ၏။
သညာ-တံလျှပ်
သညာ၊ ဣတ္ထိ ပုရိသ၊ သတ္တဇီဝါ၊ ထင်မှတ်ပါလည်း၊ မှတ်ရာမမြဲ၊ အထင်လွဲသော သညာအစုသည်။
မရီစိကူပမာ၊ ရေဟု ထင်မှတ်၊ ကြိုးပမ်း လတ်၍၊ တမတ်မားမား၊ လိုက်လေငြားလည်း၊ တောသားသမင်၊ မောဟိုက်သွင်သို့၊ ဝိညာဉ်ဇီဝ၊ သတ္တဆိုတ်ညံ၊ ပဉ္စကံကို၊ အဟံမမ၊ ထင်မှားရအောင်၊ များလူဘောင်ကို၊ ရုပ်ဆောင်လှည့်ပတ်၊ အတွေး ကပ်သည်၊ တံလျှပ်နှင့် ပမာတူ၏။
သင်္ခါရ-ငှက်ပျောတုံး
သင်္ခါရာ၊ ဝိတက် ဝိစာရ၊ ဖဿမှသည်၊ စ၍ရေတွက်၊ နှစ် မဘက်သည့်၊ သင်္ခါရက္ခန္ဓာ အပေါင်းတို့သည်။
ကဒလူပမာ၊ အနှစ်တွေ့နိုး၊ အားအန်ကြိုး၍၊ အကျိုးတလျှောက်၊ ထက် အောက် တွင်း ပြင်၊ ရှာသော်လျှင်လည်း၊ တပင်လုံးသာ၊ ကုန်လေပါသည်၊ အကာ လုံးလုံး၊ အနှစ် သုဉ်းသည့်၊ ငှက်ပျောတုံးနှင့် ပမာတူကုန်၏။
ဝိညာဏ-မျက်လှည့်
ဝိညာဏံ၊ စက္ခု သောတ၊ ဃာန ဇိဝှါ၊ ကာယာနှလုံး၊ လက်ကသုံး၌၊ မှီအုံးခိုနေ၊ လူကိုမွှေသည့်၊ ခြောက်ထွေ သော ဝိညာဏ်အစုသည်။
မာယူပမာနံ၊ ကျောက်အုဌ်ခဲကို၊ ဖောက်လှဲ ပြုပြင်၊ ရွှေစင်မြသား၊ ပတ္တမြားအယောင်၊ ဟန်ဆောင် ပြုလုပ်အပ်သည့် မျက်လှည့် ရုပ်နှင့် ပမာတူ၏။
ဣတိ၊ ဤသို့။
သာရဒဿိနာ၊ အနှစ်ကို မြင်သိသောပညာရှိသည်။
ဒဋ္ဌဗ္ဗံ၊ ရှုအပ်ရှုသင့်ရှုထိုက်၏။
အသုဘရုပ်၊ ဒုက္ခဝေဒနာ၊ သညာ သင်္ခါရ၊ အနတ္တတည်း။
အနိစ္စဝိညာဏ်၊ ခွဲဝေပြန်၊ ဖန်ဖန်ရှုကုန်ကြ။
အတ္တသိဒ္ဓိအားဖြင့်ကား --
သင်္ခေပေနေဝ ပဿန္တော၊
ခန္ဓေဟိ န ဝိဟညတိ။
ဝိတ္ထာရတော တု ပဿန္တော၊
နာ'သာရေ သာရဒဿိကော။
သင်္ခေပေနေဝ၊ အကျဉ်းအားဖြင့်သာလျှင်။
ပဿန္တော၊ ကြည့်ရှုဆင်ခြင် မြင်သောယောဂီကို။
ခန္ဓေဟိ၊ ခန္ဓာငါးပါးတို့သည်။
န ဝိဟညတိ၊ မနှိပ်စက် အပ်နိုင်။
ဝါ ပဿန္တော၊ ကြည့်ရှုဆင်ခြင် မြင်သောယောဂီသည်။
ခန္ဓေဟိ၊ ခန္ဓာငါးပါးတို့ကြောင့်။
န ဝိဟညတိ၊ မပင်ပန်း။
ဝိတ္ထာရတော တု၊ အကျယ်အားဖြင့်ကား။
ပဿန္တော၊ ကြည့်ရှုဆင်ခြင် မြင်သောယောဂီသည်။
အသာရေ၊ အနှစ်မဲ့သော ခန္ဓာငါးပါး၌။
သာရဒဿိကော၊ အနှစ်ကို ရှုမြင်လေ့ရှိသည်။
န ဟောတိ၊ မဖြစ်။
အသုဘာနှင့်၊ ဒုက္ခာ နတ္တ၊
အနိစ္စဟု၊ ရှုသောသူအား၊
ပိုင်းခြားဟာရ၊ စွန့်ထ ဝိပလ်၊
လွန်ရန် ဩဃ၊ ယောဂ မယှဉ်၊
ကင်းကြဉ် အာသဝ၊ ထာက္ကမတည်း၊
ဘိဇ္ဈ ဗျာပါ၊ သစ္စာ သီလဗ်၊
လေးရပ် ဂန္ထ၊ ဖျက်ဆီးရ၏၊
ကာမ သီလဗ်၊ အတ္တဒိဋ္ဌု၊
စတုပါဒါန်း၊ မစွဲလမ်းသည်။
တင်းကျမ်းပြည့်စုံ အကျိုးတည်း။
အဓိပ္ပါယ်ကား ... ခန္ဓာငါးပါးတို့ကို ထိုက်သည်အားလျော်စွာ အသုဘ ဒုက္ခ အနတ္တ အနိစ္စဟု ရှုသော ယောဂီအား ကာယာနုပဿနာ ဝေဒနာနုပဿနာ ဓမ္မာနုပဿနာ စိတ္တာနုပဿနာဟူသော သတိပဋ္ဌာန်လေးပါး ဖြစ်၏။ ယင်း သတိပဋ္ဌာန်လေးပါး တို့သည် အာရုံဖြစ်သော ခန္ဓာငါးပါးတို့၌ ဝိပလ္လာသတရား လေးပါးကို ပယ်နိုင်ရကား အကြောင်းအာဟာရလေးပါး၌ တပ်ခြင်းကို စွန့်၏။ ယင်း အာဟာရလေးပါးကို သိမ်းဆည်း၏။ ယင်း အာဟာရလေးပါး၏ ဖြစ်ခြင်း၊ ပျက်ခြင်းကို ရှု၏။ ဤသည်လျှင် ပဟာနပရိညာ ဉာတပရိညာ တီရဏပရိညာ သုံးပါးတည်း။
ပရိညာသုံးပါးပြီးက ဝိပလ္လာသစသော အကုသိုလ်တရားတို့သည် ပယ်ရှား ပျောက်လွင့် ကုန်တော့သည် ဟူလို။
၀ဓကာဒိဝသေနေ’ဝံ၊
ဒဿနံ ယံ မဟပ္ဖလံ။
တသ္မာ ပဿ ဓီရော ခန္ဓေ၊
ဝဓကာဒိဝသေနိ’ဓ။
ဣဓ၊ ဤသာသနာတော်၌။
၀ဓကာဒိဝသေန၊ သူသတ်ယောက်ျားနှင့် တူပေသည်တကား စသောအစွမ်းအားဖြင့်။
ဧဝံဒဿနံ၊ ဤသို့ရှုခြင်းသည်။
ယံ ယသ္မာ၊ အကြင်ကြောင့်။
ဧဝံမဟပ္ဖလံ၊ ဤသို့စင် အကျိုးများ၏။
တသ္မာ၊ ထို့ကြောင့်။
မီရော၊ ပညာရှိသည်။
ခန္ဓေ၊ ခန္ဓာငါးပါးတို့ကို။
၀ဓကာဒိဝသေန၊ သူသတ်ယောက်ျားပမာ ရှုခြင်းစသောအစွမ်းအားဖြင့်။
ပဿေ၊ ရှုရာ၏။
ခန္ဓာ ပြီး၏။
၃-အာယတန ၁၂-ပါး
စက္ခု ရူပါရုံစသော တဆယ့်နှစ်ပါးတို့သည် --
ဧတ္ထာ’ယတန္တိ အာယေ ဝါ၊
တနောန္တိ အာယတမ္ပိ ဝါ။
နေန္တီတိ ဝစနတ္ထေန၊
ဝုတ္တာ အာယတနာနိ’မေ။
အပိစေ’တေ နိဝါသတ္တာ၊
အာကရတ္တာ သမောသရာ။
သဉ္ဇာတိဒေသအတ္ထေန၊
ကာရဏတ္တာ စ ဝုစ္စရေ။
ဟူသော ဝစနတ္ထကြောင့် အာယတနမည်ကုန်၏။
အာယတနမည်ပုံ
ဧတ္ထ၊ ဤ စက္ခု, ရူပစသည်တို့၌။
အာယတန္တိ၊ စိတ် စေတသိက်တို့သည် မိမိတို့ကိစ္စဖြင့် အားထုတ်ကြကုန်၏။
ဝါ၊ တနည်းကား။
အာယေ၊ ခွန်တုတ်မသွေ လာဖြစ်လေကုန်သော စိတ် စေတသိက်တို့ကို။
တနောန္တိ၊ ချဲ့ထွင်တတ်ကုန်၏။
ဝါ၊ တနည်းကား။
အာယတံ၊ ရှည်ကြာမြင့်မြဲ သံသရာဆင်းရဲကို။
နေန္တိ၊ ဆောင်တတ် ဖြစ်စေတတ်ကုန်၏။
ဣတိ ၀စနတ္ထေန၊ ဤသို့သော ဝစနတ္ထကြောင့်။
ဣမေ ဓမ္မာ၊ ဤတရားတို့ကို။
အာယတနာနိ၊ အာယတနတို့ဟူ၍၊
ဝုတ္တာ၊ ဆိုအပ်ကုန်၏။
အပိစ၊ ဝစနတ္ထမှတပါး ပဒတ္ထတနည်းကား။
ဧတေ၊ ဤစက္ခု, ရူပ စသည်တို့ကို။
နိဝါသတ္တာ၊ စိတ် စေတသိက်တို့၏ နေရာဖြစ်သောကြောင့်၎င်း။
အာကရတ္တာ၊ ရောပြွမ်းမှီလှုံ အာရုံပြုအပ်သည်၏ အဖြစ်ကြောင့်၎င်း။
သမာသရာ၊ ပေါင်းဆုံစုဝေးရာ အဖြစ်ကြောင့်၎င်း။
သဉ္ဇာတိဒေသအတ္ထေန၊ ကောင်းစွာ ဖြစ်ပွါးရာ အရပ်ဟူသော အနက်ကြောင့်၎င်း။
ကာရဏတ္တာ စ၊ စိတ္တုပ္ပါဒ်တို့၏ အကြောင်း၏ အဖြစ်ကြောင့်၎င်း။
အာယတနာနိ၊ အာယတနတို့ဟူ၍။
ဝုစ္စရေ၊ ဆိုအပ်ကုန်၏။
ဆုံးဖြတ်နည်း ငါးမျိုး
တတ္ထ တာဝတွတော စေဝ၊
ကမ သင်္ခေပ ဝိတ္ထာရာ။
ဒဋ္ဌဗ္ဗတော စ ဝိညေယျော၊
ပဉ္စဓာ နိစ္ဆယော ဧသော။
တတ္ထ၊ ထိုအာယတနတို့၌။
တာဝတွတော စေဝ၊ ထိုမျှ တဆဲ့နှစ်ပါး အပိုင်း အခြား၏ အဖြစ်ဖြင့်၎င်း။
ကမ သင်္ခေပ ဝိတ္ထာရာ၊ အစဉ် အကျဉ်း အကျယ် အားဖြင့်၎င်း၊
ဒဋ္ဌဗ္ဗတော စ၊ ရှုအပ်သော အားဖြင့်၎င်း။
ပဉ္စဓာ၊ ငါးပါးအပြားရှိသော။
ဧသော နိစ္ဆယော၊ ဤအဆုံးအဖြတ်ကို။
ဝိညေယျော၊ သိအပ်၏။
မယုတ်မလွန် ပိုင်းခြားခြင်း “တာဝတွ” အားဖြင့် ဟောကြားပုံ
ထိုငါးပါးတို့တွင် တာဝတွ အားဖြင့် ဆုံးဖြတ်ဟန်ကား - ဓမ္မာယတန ဟူ၍ချည်းသာ မဆိုမူ၍ ဆဝိညာဏ ကာယတို့၏ ဒွါရ အာရုံကို ပိုင်းခြားသောအားဖြင့် တဆဲ့နှစ်ပါး မယုတ်မလွန် ဟောသည်၊ အနူနာမိကကိုပင် “တာဝတွ”ဆိုသည်။
အစီအစဉ် “ကမ” ´အားဖြင့် ဟောကြားပုံ
ကမ အားဖြင့်ကား -- အဇ္ဈတ္တိကာယတနခြောက်ပါးတို့တွင် ထင်ရှားယူလွယ်သည်ကို ရှေးဦး ထားသည်၊ တနည်းလည်း ဒဿနာနုတ္တရိယ, သဝနာနုတ္တရိယ တို့၏ အကြောင်းဖြစ်၍ ကျေးဇူးများသောကြောင့် စက္ခု သောတ နှစ်ပါးကို ရှေးဦး ဟောသည်။
> ဒဿနအနုတ္တရိယ၊ မြင်ခြင်း၌ မိမိထက် အလွန်အကဲမရှိ မိမိသာ အမြင့်မြတ်ဆုံး ဖြစ်ခြင်း။
> သဝနအနုတ္တရိယ၊ ကြားခြင်း၌ မိမိထက် အလွန်အကဲမရှိ မိမိသာ အမြင့်မြတ်ဆုံး ဖြစ်ခြင်း။
တနည်းလည်း၊ မဟာဘုတ်ကို အာရုံပြုသော တရား နည်းပါးသောကြောင့် ကာယကို နောက်ထားသည်။
ငါးပါးလုံး၏ အာရုံကို ယူနိုင်သောကြောင့် မနကို နောက်ဆုံးထားသည်။
စက္ခုစသည်တို့၏ အာရုံဖြစ်သောကြောင့် ရူပစသည်ကို အခြားမဲ့ စပ်ကြား စပ်ကြား၌ ညှပ်၍ ထားသည်။
တနည်းလည်း၊ “စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ။ပ။ မနော ဝိညာဏံ” ဟူသည်အတိုင်း ဝိညာဏုပ္ပတ္တိကာရဏကို ပိုင်းခြားသောအားဖြင့် ဤအစဉ်ကို ထားသည်။
စက္ခုစ၊ စက္ခုပသာဒ စက္ခုဝတ္ထု ကို၎င်း။
ရူပေ စ၊ ရူပါရုံတို့ကို၎င်း။
ပဋိစ္စ၊ စွဲ၍။
စက္ခုဝိညာဏံ၊ စက္ခုဝိညာဏ်စိတ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏ ။ပ။
မနောဝိညာဏံ၊ မနောဝိညာဏ်စိတ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
ဤသဂြိုဟ်ကျမ်း၌ကား အဇ္ဈတ္တိကာယတန ဗာဟိရာယတန နှစ်ပါးကို ပိုင်းခြင်းငှါ အသီး အခြား ထားသည်။
သင်္ခေပ အားဖြင့် -- အာယတန တဆဲ့နှစ်ပါးတို့သည် နာမ်ရုပ် နှစ်ပါးမျှသာတည်း။
ဝိတ္ထာရအားဖြင့် --
ပစ္စယာ ဂတိ နိကာယ၊
ဝတ္ထုပ္ပဋိပဒါဟိ စ။
သရူပတော သမုဋ္ဌာနာ၊
ဝိသဘာဂါ သဘာဝတော။
ဘူမိ စက္ကဝါဠာ ဒီပါ၊
အာလမ္ဗနာ စ ပုဂ္ဂလာ။
ဣစ္စာဒီနံ ပဘေဒေန၊
အနန္တယတနာနိမေ။
ပစ္စယာ၊ စက္ခုစသည်တို့၏ သဟဇာတစသော ပစ္စည်းအားဖြင့်၎င်း။
ဂတိနိကာယ၊ ဒေဝစသောဂတိ ခတ္တိယ စသော အပေါင်းအားဖြင့်၎င်း။
ဝတ္ထုပ္ပဋိပဒါဟိ စ၊ မနာယတန၏မှီရာဝတ္ထု သုခစသော ပဋိပဒါတို့ဖြင့်၎င်း။
သရူပတော၊ သရုပ်အားဖြင့်၎င်း။
သမုဋ္ဌာနာ၊ ရူပါယတန စသည်တို့၏ သမုဋ္ဌာန်အားဖြင့်၎င်း။
ဝိသဘာဂါ၊ မတူသော အဘို့အားဖြင့်၎င်း။
သဘာဝတော၊ ဓမ္မာယတန၏ အထူးထူးသော သဘောအားဖြင့်၎င်း။
ဘူမိ စက္ကဝါဠာ၊ အလုံးစုံတို့၏ဘုံ စကြာဝဠာ အားဖြင့်၎င်း။
ဒီပါ၊ ကျွန်းအားဖြင့်၎င်း။
အာလမ္ဗနာ စ၊ အာရုံအားဖြင့်၎င်း။
ပုဂ္ဂလာ စ၊ ပုဂ္ဂိုလ်အားဖြင့်၎င်း။
ဣစ္စာဒီနံ၊ ဤသို့စသည်တို့၏။
ပဘေဒေန၊ အပြားအားဖြင့်။
ဣမေ ဣမာနိ အာယတနာနိ၊ ဤ အာယတနတို့သည်။
အနန္တ၊ အဆုံး မရှိကုန်။
ဒဋ္ဌဗ္ဗအားဖြင့်ကား --
သဗ္ဗာနိ အနာဂမနာ၊
အနိဂ္ဂမာ နိရီဟတော။
အဗျာပါရာ စ ဒဋ္ဌဗ္ဗာ၊
အဇ္ဈတ္တံ ဝါ ဆပါဏကာ။
တထေဝ သုညဂါမောတိ၊
ဗာဟိရာ ဂေါစရာ စုရာ။
သဗ္ဗာနိ၊ အလုံးစုံသော အာယတနတို့ကို။
အနာဂမနာ၊ အရပ်တပါးက မလာသော အားဖြင့်၎င်း။
အနိဂ္ဂမာ၊ အရပ်တပါး မသွား ချုပ်ပျောက်သော အားဖြင့်၎င်း။
နိရီဟတော၊ ဝိညာဏ် ဖြစ်အောင် အားမထုတ်တတ်သော အားဖြင့်၎င်း။
အဗျာပါရာ စ၊ မကြောင့်ကြတတ်သော အားဖြင့်၎င်း။
ဒဋ္ဌဗ္ဗာ၊ မှတ်အပ်ကုန်၏။
ဝါ၊ အပေါင်းမှတပါး အစိတ်တနည်းကား။
အဇ္ဈတ္တံ၊ အဇ္ဈတ္တိကာယတန ခြောက်ပါးကို။
ဆပါဏကာဝိယ၊ “အဟိ သံသုမာရော ပက္ခီ သောန သိင်္ဂါလ မက္ကဋာ” ဟူသော မြွေ မိကျောင်းနှင့် ငှက်ပေါင်း အိမ်ခွေး တောခွေး မျောက်လှောင်ပိုး ခြောက်ကောင်တို့ကို ကဲ့သို့။
ဒဋ္ဌဗ္ဗံ၊ အစဉ် အတိုင်း ရှုအပ်၏။
(ဆပါဏက = သတ္တဝါခြောက်ကောင် - မြွေ မိကျောင်း ငှက် အိမ်ခွေး တောခွေး မျောက်။)
တထေဝ၊ ထို့အတူသာလျှင်။
သုညဂါမောတိ၊ မရှိနေလူ ဥစ္စာဖြူသည့် ရွာပျက်ဟူ၍။
ဒဋ္ဌဗ္ဗံ၊ ရှုအပ်၏။
ဗာဟိရာ၊ ဗာဟိရာယတန ခြောက်ပါးတို့ကို။
ဂေါစရာ၊ ပိုးကောင်ခြောက်တို့ ရောက်ပေါက်မြဲနေ အမှိုက် ရေသွင် ကောင်းကင် ရွာတွင်း သင်းချိုင်း တောနက် စားကျက်နှင့်တူကုန်၏ ဟူ၍၎င်း။
စုရာ စောရာ၊ ရွာကိုဖျက်သည့် လူပျက် သူခိုးတို့ ဟူ၍၎င်း။
ဒဋ္ဌဗ္ဗာ၊ ရှုအပ်ကုန်၏။
အာယတန ပြီး၏။
၄-ဓာတ် ၁၈-ပါး
ဓာတ်မည်ပုံ
စက္ခု ရူပါရုံ စက္ခုဝိညာဏ်။ပ။ မနော ဓမ္မ မနောဝိညာဏ် အားဖြင့် တဆဲ့ရှစ်ပါးတို့သည် --
ဝိဒဟန္တိ ဝိဓာနံ ဝါ၊
ဧတာဟိ ဝါ ဝိဓီယတိ။
ဓာရီယန္တိ ထပီယတိ၊
ဧတာသု ဝါတိ ဓာတုယော။
ဓာရေန္တိ ဓာတူ ဝိယ ဝါ၊
သရီရာဝယဝါပိ ဝါ။
နိဇ္ဇီဝမတ္တဋ္ဌေနာပိ၊
ဓာတုယောဣတိ ဘာသိတာ။
ဟူသော အနက်ကြောင့် ဓာတ်မည်ကုန်၏။
ယာ ဓမ္မဇာတိယော၊ အကြင်တရားသဘောတို့သည်။
ဝိဒဟန္တိ၊ ရွှေကို ပြုတတ် ရွှေကျောက်ဓာတ်သို့ ရပ်ရပ်များဖြင့် ဆင်းရဲအင်ကို စီရင် တတ်ကုန်၏။
ဝါ၊ တနည်းကား။
ဝိဓာနံ၊ ဆင်းရဲကို စီရင်ခြင်းမျှသာတည်း။
ဝါ၊ တနည်းကား။
ဧတာဟိ၊ ထိုစက္ခုစသည်တို့ဖြင့်။
ဝိဓီယတိ၊ သတ္တဝါတို့သည် သံသရာ ဆင်းရဲကို စီရင်အပ်၏။
ဝါ၊ တနည်းကား။
ဓာရီယန္တိ၊ သတ္တဝါတို့သည် ဆောင်အပ်ကုန်၏။
ဝါ၊ တနည်း။
ဧတာသု၊ ထိုစက္ခုစသည်တို့၌။
ထပီယတိ၊ သံသာရဒုက္ခကို ထားအပ်၏။
ဣတိ၊ ဤသတ္တိငါးပါးကြောင့်။
တာ ဓမ္မဇာတိယော၊ ထိုတရားသဘောတို့သည်။
ဓာတုယော၊ ဓာတ်မည်ကုန်၏။
ဝါ၊ တနည်းကား။
ဓာရေန္တိ၊ မိမိသဘောကို ဆောင်တတ်ကုန်၏။
ဝါ၊ တနည်းကား။
ဓာတူဝိယ၊ “ဉေယျာဝယဝ”ဖြစ်၍ “သေလာဝယ၀” ဆေးဒါန်း မြင်းသီလာ စသော ကျောက်ဓာတ်တို့ အလားတည်း။
ဝါ၊ တနည်းကား။
သရီရာဝယဝါ၊ ကိုယ်အတ္တဘော၏ အစိတ်ဓာတ်တို့တည်း။
ဣတိ၊ ထို့ကြောင့်။
ဓာတုယောဣတိ၊ ဓာတ်တို့ဟူ၍။
ဘာသိတာ၊ မိန့်ဆိုအပ်ကုန်၏။
နိဇ္ဇီဝမတ္တဋ္ဌေနာပိ၊ အသေမျှသာဖြစ်သော အနက်ကြောင့်လည်း။
ဓာတုယောဣတိ၊ ဓာတ်တို့ဟူ၍။
ဘာသိတာ၊ မိန့်ဆိုအပ်ကုန်၏။
ဆုံးဖြတ်ခြင်းငါးပါး
ဓာတူသု ကမ,တာဝတွာ၊
သင်္ချာတောပိ စ ပစ္စယာ။
ဒဋ္ဌဗ္ဗတော စ ဝိညေယျော၊
ပဉ္စပ္ပကာရနိစ္ဆယော။
ဓာတူသု၊ ဓာတ်တို့၌။
ကမ,တာဝတွာ၊ ရှေ့နောက် အစဉ် တဆဲ့ရှစ်ပါး အပိုင်းအခြားအားဖြင့်၎င်း။
သင်္ချာတောပိ စ၊ အရေအတွက်အားဖြင့်၎င်း။
ပစ္စယာ၊ ပစ္စည်းအားဖြင့်၎င်း။
ဒဋ္ဌဗ္ဗတော စ၊ ရှုအပ်သောအားဖြင့်၎င်း။
ပဉ္စပ္ပကာရနိစ္ဆယော၊ ငါးပါးအပြားရှိသော အဆုံးအဖြတ်ကို။
ဝိညေယျော၊ သိအပ်၏။
အစီအစဉ် “ကမ”
ထို ငါးပါးတို့တွင် ကမအားဖြင့် -- စက္ခု ရူပ (အဆင်း) သည် အကြောင်း၊ စက္ခုဝိညာဏ်သည် အကျိုး၊ ဤသို့ စသည် ဟေတု ဖလ အစဉ်အတိုင်း ပိုင်းခြား၍ ဒေသနာက္ကမအားဖြင့် ထားတော်မူသည်။ ဤသဂြိုဟ်ကျမ်း၌ကား အဇ္ဈတ္တ ဗဟိဒ္ဓ၊ အာရုံ အာရမ္မဏိက၊ နိဿယ နိဿိတတို့ကို ပိုင်းခြားခွဲပြား၍ အစဉ်ထားသည်။
တာဝတွအားဖြင့် --
အာဘာဓာတ်၊ သုဘဓာတ်၊ အာကာသာနဉ္စာယတနဓာတ် ။ပ။ နေဝသညာ- နာသညာယတနဓာတ်၊ သညာဝေဒယိတနိရောဓဓာတ်၊ ကာမ, ဗျာပါဒ, ဝိဟိံသာ နေက္ခမ္မ အဗျာပါဒ အဝိဟိံသာ၊ သုခ ဒုက္ခ သောမနဿ ဒေါမနဿ ဥပေက္ခာ၊ အဝိဇ္ဇာ၊ အာရမ္ဘ နိက္ကမ ပရက္ကမ၊ ဟီန မဇ္ဈိမ ပဏီတ၊ ပထဝီ အာပေါ တေဇော ဝါယော၊ အာကာသ ဝိညာဏ၊ သင်္ခတဓာတ် အသင်္ခတဓာတ်၊ အနေကဓာတ် နာနာဓာတ် အစရှိသော ဓာတ်အများ ရှိသေးသော်လည်း ပရမတ္ထဓာတ်တို့သည် ဤဓာတ် တဆဲ့ရှစ်ပါးတို့၌ ထိုက်သည် အားလျော်စွာ ဝင်လေပြီဖြစ်၍ တဆဲ့ရှစ်ပါးသာ ဟောသည်။
ဤစကားသည် မှန်၏။
အာဘာဓာတ်ဟူသည် ရူပဓာတ် (အဆင်းအရောင်) ပင်။ သုဘဓာတ်ဟူသည် သုဘ နိမိတ်ဖြစ်၍ ရူပါရုံ စသည်နှင့် စပ်၏။ တနည်းလည်း - ကုသလဝိပါက်၏ အာရုံဖြစ်၍ ရူပဓာတ် စသည်ပင်ဖြစ်၏။
သညာဝေဒယိတနိရောဓဓာတ်ကား ပရမတ္ထသဘော အားဖြင့် မရှိ။
ကာမပဋိသံယုတ္တဝိတက်သည်၊ ဝါ-ကာမဘူမိက အဋ္ဌာရသဓာတ်သည် ကာမဓာတ် မည်၏။
“နေက္ခမ္မဓာတု ဓမ္မဓာတု ဧဝ၊ မနောဝိညာဏဓာတုပိ ဝါ။ အကုသိုလ်သည် ဟိန၊ ကြွင်းလောကီသည် မဇ္ဈိမ၊ လောကုတ္တရာသည် ပဏီတဓာတ် မည်၏။
ဝါ၊ အယုတ် အလတ် အမြတ် ဖြစ်သော အဋ္ဌာရသဓာတ်သည် ဟီန မဇ္ဈိမ ပဏီတဓာတ် မည်၏။
အဋ္ဌာရသဓာတုပဘေဒသည် အနေကဓာတု နာနာဓာတုလောက မည်၏။
ဤသို့ ဝင်သတည်း။
တနည်းလည်း --
ဝိညာဏေ ဇီဝသညီနံ၊
နေကတံ ဟေတုဝုတ္တိတံ။
ဒဿေတွာ တံ သမူဟန္တုံ၊
အဋ္ဌာရသေဝ ဒေသိတာ။
ဝိညာဏေ၊ ဝိညာဏ်၌။
ဇီဝသညီနံ၊ အသက်ဟု ထင်မှားကုန်သော ဝေနေယျတို့အား။
နေကတံ၊ ဝိညာဏဓာတ် ခုနစ်ပါးဖြစ်၍ ဝိညာဏ်များသည့် အဖြစ်ကို၎င်း။
ဟေတု ဝုတ္တိတံ၊ စက္ခု ရူပစသော အကြောင်းကြောင့်ဖြစ်၍ ဝိညာဏ် မမြဲသည့် အဖြစ်ကို၎င်း။
ဒဿေတွာ၊ ပြ၍။
တံ၊ ထိုဇီဝသညာကို။
သမူဟန္တုံ၊ ပယ်နုတ် ခွါလှစ် စွန့်ပစ်ခြင်းငှါ။
အဋ္ဌာရသေဝ၊ ၁၈-ပါးတို့ကိုသာလျှင်။
ဒေသိတာ၊ ဟောတော်မူအပ်ကုန်၏။
[ဓမ္မဓာတုဝေ၊ ဓမ္မဓာတ်သည်သာလျှင်။
နေက္ခမ္မဓာတု၊ နေက္ခမ္မဓာတ်မည်၏။
ဝါ၊ တနည်းကား။
မနောဝိညာဏဓာတုပိ၊ ကုသိုလ်မနောဝိညာဏဓာတ်သည်လည်း။
နေက္ခမ္မဓာတု၊ နေက္ခမ္မဓာတ်မည်၏။]
တနည်းလည်း -- ဝေနေယျဇ္ဈာသယအားဖြင့် တဆဲ့ရှစ်ပါး မယုတ်မလွန် တော်တော်မူသည်။
ယထာ ယထာ ဟိ ဝေနေယျ-
ဟဒယေ ဝိဂတော တမော။
တာ တထေဝ သဒ္ဓမ္မံ၊
ဘာသိ သင်္ခေပ ဝိတ္ထတော။
ဟိသစ္စံ၊ မှန်၏။
ယထာ ယထာ၊ အကြင်အကြင် အခြင်းအရာဖြင့်။
သဒ္ဓမ္မေ၊ သူတော်ကောင်း တရားကို။
ဘာသိတေ၊ ဟောတော်မူအပ်သည်ရှိသော်။
ဝေနေယျ ဟဒယေ၊ ဗောဓနေယျ သတ္တဝါ၏ နှလုံး၌။
တမော၊ အဝိဇ္ဇာအမိုက်သည်။
ဝိဂတော၊ ကင်းပျောက်၏။
တထာ တထာဧဝ၊ ထိုထိုအခြင်းအရာဖြင့်သာလျှင်။
သင်္ခေပ ဝိတ္ထတော၊ အကျဉ်းအကျယ်အားဖြင့်။
သဒ္ဓမ္မံ၊ သူတော်ကောင်းတရားကို။
အဘာသိ၊ ဟောတော်မူပြီ။
(အဋ္ဌကထာ သံခိပ်။)
သင်္ချာအားဖြင့်ကား --
စက္ခု သောတ ရူပ သဒ္ဒ-စသည်သည် ဇာတ်ကားဖြင့် တပါးစီတည်း။
စက္ခုဝိညာဏ်-စသည်သည် နှစ်ပါးစီတည်း။
ဖောဋ္ဌဗ္ဗဓာတ် မနောဓာတ်တို့သည် သုံးပါးစီတည်း။
ဓမ္မဓာတ်သည် နှစ်ဆယ်တည်း။
မနောဝိညာဏဓာတ်သည် ခုနစ်ဆဲ့ခြောက်ပါးတည်း။
ပစ္စယအားဖြင့်ကား --
စက္ခုဓာတ်သည် စက္ခုဝိညာဏ်အား နိဿယ ပုရေဇာတ ဣန္ဒြိယ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတ ပစ္စယသတ္တိ ခြောက်ပါးဖြင့်ကျေးဇူးပြု၏။
အချို့သော ဓမ္မဓာတ် မနောဝိညာဏဓာတ်တို့အား အာရမ္မဏပစ္စယသတ္တိ စသည်ဖြင့် လည်း ကျေးဇူးပြုသေး၏။
ဤသို့ စသည်ဖြင့် ရသမျှ ပစ္စယသတ္တိကို ရှာလေ၊ ပဋ္ဌာန်းကျေလျှင် မခဲ။
ဤမှတပါးလည်း စက္ခု ရူပ အာလောက မနသိကာရ လေးပါးသည် စက္ခုဝိညာဏ်အား ကျေးဇူးပြုသေး၏။
သောတ သဒ္ဒ ဝိဝရ မနသိကာရ လေးပါးသည် သောတဝိညာဏ်အား ကျေးဇူးပြု သေး၏။
ထိုအတူ ဝါယုထည့်၍ လေးပါးသည် ဃာနဝိညာဏ်အား ကျေးဇူးပြုသေး၏။
အာပ ထည့်၍ လေးပါးသည် ဇိဝှါဝိညာဏ်အား ကျေးဇူးပြုသေး၏။
ပထဝီ ထည့်၍ လေးပါးသည် ကာယဝိညာဏ်အား ကျေးဇူးပြုသေး၏။
ဘဝင်စိတ် ဓမ္မာရုံ မနသိကာရ သုံးပါးသည် 'မနောဝိညာဏ်အား သင့်လျော်သော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုသေး၏။
ဒဋ္ဌဗ္ဗအားဖြင့်ကား --
ဒဋ္ဌဗ္ဗာ သင်္ခတာ ပုဗ္ဗာ-
ပရန္တေသု ဝိဝိတ္တတော။
သုဘ,ဒ္ဓု၀ သုခတ္တတ္တ-
သုညတော ဟေတုဝုတ္တိတော။
စက္ခာဒီ ဘေရီ, အာဒါသ-
တိလာ'ဓရာရဏီ ယထာ။
ဒဏ္ဍာဒီ ဝိယ ရူပါဒီ၊
စိတ္တံ သဒ္ဒါဒယော ယထာ။
သင်္ခတဓာတ်တို့ကို သာမညအားဖြင့် ရှုပုံ
သင်္ခတာ၊ သင်္ခတဓာတ်တို့ကို။
ပုဗ္ဗာ’ပရန္တေသု၊ ဥပါဒ်မှရှေ့ ဘင်မှနောက် အစွန်းနှစ်ဘက်တို့၌။
ဝိဝိတ္တတော၊ ကင်းဆိတ် ကွယ်ဘိ မရှိ လုံးလုံး သုဉ်းသောအားဖြင့်၎င်း။
သုဘဒ္ဓု၀ သုခတ္တတ္တ သုညတော၊ တင့်တယ် မြဲစွာ ချမ်းသာ စိုးရသောအဖြစ် ဆိတ်သောအားဖြင့်၎င်း။
ဟေတုဝုတ္တိတော၊ အကြောင်းရှိမှ ဖြစ်ရသောအားဖြင့်၎င်း။
ဒဋ္ဌဗ္ဗာ၊ ရှုအပ်ကုန်၏။
သင်္ခတဓာတ်တို့ကို ဝိသေသအားဖြင့် ရှုပုံ
စက္ခာဒီ၊ စက္ခုဓာတ်စသည်တို့ကို။
ဘေရီ အာဒါသ တိလ အဓရာရဏီယထာ၊ စည်ကြီး, မှန်ပြင် နှမ်းသွင် ပွတ်ခုံ တို့ကိုကဲ့သို့။
ဒဋ္ဌဗ္ဗာ၊ ရှုအပ်ကုန်၏။
စက္ခာဒီ၊ ရူပဓာတ် (အဆင်း) စသည်တို့ကို။
ဒဏ္ဍာဒီဝိယ၊ စည်လက်ခတ် မျက်နှာ ကျည်ပွေ့ ပွတ်ကျေတို့ကိုကဲ့သို့။
ဒဋ္ဌဗ္ဗာ၊ ရှုအပ်ကုန်၏။
စိတ္တံ၊ ပဉ္စဝိညာဏဓာတ်ငါးပါးကို။
သဒ္ဒါဒယော ယထာ၊ စည်သံ မျက်နှာရိပ် ဆီမီးတို့ကိုကဲ့သို့။
ဒဋ္ဌဗ္ဗ၊ ရှုအပ်၏။
(ကြံဥပမာလည်း နှမ်းနှင့် နည်းတူ)။
သင်္ဂဟကဗျာ
မနောဓာတ်စသည်၌ ရှုပုံ
မနောဓာတ်ကား၊ ယင်း ငါးပါး၏။
ရှေ့သွား နောက်လိုက်၊ ဓမ္မ၌မှာ၊
ဝေဒနာကား၊ မြားငြောင့် တံကျင်၊
သညာ သင်္ခါရ၊ အာတုရ [၁] တည်း။
တနည်းမှတ်ရှင်၊ ပုထုဇဉ်တို့၊
သညာဟူက၊ ရိတ္တမုဋ္ဌိ [၂]၊
မိဂအသွင် [၃]၊ သင်္ခါရမူ၊
မီးကျီးပူ၌၊ ပစ်သူမယွင်း၊
မင်းချင်းလိုက်ထ၊ စောရတူလွေ့၊
ဆိပ်စေ့ပမာ၊ ရုပ်မှာထက်မြက်၊
သင်တုန်းစက်တည်း၊ ငြိမ်သက်ခေမ၊
အမတမှန်၊ နိဗ္ဗာန်ကိုရှု၊
ဝိညာဏ်မနော၊ တောမျောက် မြင်းညစ်၊
မြှောက်ပစ်တုတ်နှယ်၊
ကခြေသယ်သို့။
ဉာဏ် ဝယ်ထင်အောင် ရှုရမည် ။
ဓာတ် ပြီး၏။
[၁။ နာကျင်ခြင်း (ရောဂါနှိပ်စက်ခံရသူ)
၂။ ရိတ္တမုဋ္ဌိ = ရိတ္တ=အချည်းနှီးသော + မုဋ္ဌိ=လက်ဆုပ်။
၃။ မိဂ = ဝနမိဂ = တောသမင်။]
၅-သစ္စာ ၄-ပါး
အရိယသစ္စာမည်ပုံ
ဒုက္ခ သမုဒယ နိရောဓ မဂ္ဂ - လေးပါးတို့သည် --
ဒုက္ခံ ကုစ္ဆိတ တုစ္ဆတ္တာ၊
သံယောဂေ ဒုက္ခဝုတ္တိယာ။
သမူဒယော ကာရဏတ္တာ၊
နိရောဓော နေ'တ္ထ အာရကော။
နိရုဇ္ဈတိ ဝါ ဧတေန၊
မဂ္ဂါ မာရဏဂန္တုတာ။
အရိယာနံ ဗုဒ္ဓဿ ဝါ၊
သစ္စာနိ အရိယဟေတု ဝါ။
တထာနိ ဝါ သစ္စာနီတိ၊
အရိယသစ္စာနိ ဝုစ္စရေ။
ဟူသော ဝစနတ္ထကြောင့် အရိယသစ္စာ မည်ကုန်၏။
ဒုက္ခ
ကုစ္ဆိတ တုစ္ဆတ္တာ၊ စက်ဆုပ်ဖွယ်ကြီး အချည်းနှီး အဖြစ်ကြောင့်။
ဒုက္ခံ၊ ဒုက္ခမည်၏။
သမုဒယ
သံယောဂေ၊ အဝိဇ္ဇာစသော တပါးအကြောင်းနှင့် ပေါင်းယှဉ်မိလတ်သော်။
ဒုက္ခဝုတ္တိယာ၊ ဒုက္ခသစ္စာဖြစ်ခြင်း၏။
ကာရဏတ္တာ၊ အကြောင်းဖြစ်သောကြောင့်။
သမုဒယော၊ သမုဒယ မည်၏။
နိရောဓ
ဧတ္ထ၊ ဤနိဗ္ဗာန်၌။
ဝါ၊ ဤနိဗ္ဗာန်ကို။
သမဓိဂတေ၊ ကောင်းစွာရအပ် ရောက်အပ်သည်ရှိသော်။
စာရကော၊ သံသရာ၌ဖြစ်တတ်သော ဒုက္ခဟူသော ရောဓသည်။
န၊ မရှိ။
ဣတိ၊ ထို့ကြောင့်။
နိရောဓော၊ နိရောဓ မည်၏။
ဝါ၊ တနည်းကား။
ဧတေန၊ ဤနိဗ္ဗာန်ဖြင့်။
ဝါ၊ ဤနိဗ္ဗာန်ကြောင့်။
နိရုဇ္ဈတိ၊ ဒုက္ခချုပ်၏။
ဣတိ၊ ထို့ကြောင့်။
နိရောဓော၊ နိရောဓ မည်၏။
မဂ္ဂ
မာရဏဂန္တုတာ မာရဏဂန္တုတာယ၊ ကိလေသာကို ဖြူခါသတ်လျက် နိဗ္ဗာန်သို့ သွားတတ်သည့်အဖြစ်ကြောင့်။
မဂ္ဂါ၊ မဂ္ဂ မည်၏။
အရိယာနံ၊ အရိယာတို့၏။
သစ္စာနိ၊ သိအပ်သောသစ္စာတို့တည်း။
ဝါ၊ တနည်းကား။
ဗုဒ္ဓဿ၊ ဘုရားရှင်၏။
သစ္စာနိ၊ ဟောအပ်သော သစ္စာတို့တည်း။
ဝါ၊ တနည်းကား။
အရိယဟေတူ၊ အရိယာဖြစ်ခြင်း၏ အကြောင်းဖြစ်ကုန်သော။
သစ္စာနိ၊ သစ္စာတို့တည်း။
ဝါ၊ တနည်းကား။
တထာနိ၊ မှန်ကန်ကုန်သော။
သစ္စာနိ၊ မချွတ်မယွင်းသော တရားတို့တည်း။
ဣတိ၊ ထို့ကြောင့်။
အရိယသစ္စာနိ၊ အရိယသစ္စာတို့ဟူ၍။
ဝုစ္စရေ၊ ဆိုအပ်ကုန်၏။
ဆုံးဖြတ်ခြင်း ၁၄-ချက်
ထိုသစ္စာလေးပါးတို့ကို --
ဝိဘာဂါ လက္ခဏာဒီဟိ၊
အတ္ထ'တ္ထုဒ္ဓါရတောပိ စ။
တာဝတွတော စ ကမတော၊
ဇာတျာဒိနိစ္ဆယာပိ စ။
ဉာဏကိစ္စာ'န္တောဘေဒေါ'ပ-
မာတော စတုက္က,သုညတော။
ဧကဓာဒီဟိ သဘာဂ၊
ဝိသဘာဂါ စ နိစ္ဆယော။
ဤတဆယ့်လေးပါးသော အခြင်းအရာတို့ဖြင့် ဆုံးဖြတ်အပ်ကုန်၏။
ဝိဘာဂါ၊ သစ္စာအနက် ဆယ့်ခြောက်ချက်ကို ပြက်ပြက်ထင်လင်း ဝေဖန်ခြင်းဖြင့်၎င်း။
လက္ခဏာဒီဟိ၊ လက္ခဏာ စသည်တို့ဖြင့်၎င်း။
အတ္ထ'တ္ထုဒ္ဓါရတောပိ စ၊ အတ္ထ အတ္ထုဒွါရအားဖြင့်၎င်း၊
တာဝတွာ စ၊ တာဝတွအားဖြင့်၎င်း၊
ကမတော စ၊ အစဉ်အားဖြင့်၎င်း။
ဇာတျာဒိနိစ္ဆယာပိ စ၊ ဇာတိစသည်တို့ကို ဆုံးဖြတ်သောအားဖြင့်၎င်း။
ဉာဏကိစ္စာ၊ သစ္စာဉာဏ်၏ကိစ္စအားဖြင့်၎င်း။
အန္တောဘေဒါ၊ အန္တောဂတဘေဒအားဖြင့်၎င်း၊
ဥပမာတော၊ ဥပမာအားဖြင့်၎င်း။
စတုက္က သုညတော၊ စတုက္က သုညအားဖြင့်၎င်း။
ဧကဓာဒီဟိ၊ ဧကဝိဓ စသည်တို့ဖြင့်၎င်း။
သဘာဂ ဝိသဘာဂါ စ၊ သဘောတူ-မတူ အားဖြင့်၎င်း။
နိစ္ဆယော၊ တဆယ့် လေးပါးသော အဆုံးအဖြတ်ကို။
ဉာတဗ္ဗော၊ သိအပ်၏။
သစ္စာအနက်-၁၆
ထိုတဆယ့်လေးပါးတို့တွင် ဝိဘာဂအားဖြင့် --
ဒုက္ခသစ္စာ၏ ပီဠနဋ္ဌ သင်္ခတဋ္ဌ သန္တာပဋ္ဌ ဝိပရိဏာမဋ္ဌ လေးနက်။
သမုဒယသစ္စာ၏ အာယူဟနဋ္ဌ နိဒါနဋ္ဌ သံဃောဂဋ္ဌ ပလိဗောဓဋ္ဌ လေးနက်။
နိရောဓသစ္စာ၏ နိဿရဏဋ္ဌ ဝိဝေကဋ္ဌ အသင်္ခတဋ္ဌ အမတဋ္ဌ လေးနက်။
မဂ္ဂသစ္စာ၏ နိယျာနဋ္ဌ ဟေတုဋ္ဌ ဒဿနဋ္ဌ အာဓိပတေယျ လေးနက်။ ဤသည်လျှင် သစ္စာအနက် ဆယ့်ခြောက်ချက်တည်း။
အာဝိဘဝနာကာရဖြစ်ပုံများ
ဧတ္ထ စ ဒုက္ခဿ ပီဠနဋ္ဌော သရသေန အာဝိဘဝနာကာရော၊ ဣတရေ ယထာက္ကမံ သမုဒယ မဂ္ဂ နိရောဓ ဒဿနေန။ သမုဒယာဒီနံ အာယူဟနဋ္ဌော သရသေန၊ ဣတရေ ဒုက္ခ နိရောဓ မဂ္ဂဒဿနေန။ နိဿရဏဋ္ဌော သဘာဝေန၊ ဣတရေ သမုဒယ မဂ္ဂ ဒုက္ခဒဿနေန။ နိယျာနဋ္ဌော သဘာဝေန၊ ဣတရေ သမုဒယ နိရောဓ ဒုက္ခဒဿနေန အာဝိဘဝနာကာရာ။
မူလဋီကာ၊ (နှာ၊ ၅၀)။
ဒုက္ခသစ္စာ
စ၊ ဆက်ဦးအံ့။
ဧတ္ထ၊ ဤလေးနက် လေးနက်တို့တွင်။
ဒုက္ခဿ၊ ဒုက္ခသစ္စာ၏။
ပီဠနဋ္ဌော၊ နှိပ်စက်တတ်သည့်အဖြစ်သည်။
သရသေန၊ မထောက်မဆ တိုက်ရိုက်ရသော မိမိသဘောအားဖြင့်။
အာဝိဘဝနာကာရော၊ ထင်ရှားဖြစ်သော အခြင်းအရာတည်း။
ဣတရေ၊ ပြုပြင်အပ် ပူပန်စေတတ် ဖောက်ပြန်တတ်သည့်အဖြစ် သုံးပါးတို့သည်။
ယထာက္ကမံ၊ အစဉ်အတိုင်း။
သမုဒယ မဂ္ဂ နိရောဓဒဿနေန၊ သမုဒယ နိရောဓ မဂ္ဂ သစ္စာသုံးပါးကို မြော်မြင် ထောက်ဆသဖြင့်။
အာဝိဘဝနာကာရာ၊ ထင်စွာဖြစ်လာသော အခြင်းအရာတို့တည်း။
သမုဒယသစ္စာ
သမုဒယာဒီနံ၊ သမုဒယသစ္စာ စသော သုံးပါးတို့၏။
အာယူဟနဋ္ဌော၊ အားထုတ်သဲ့ယူခြင်းသဘောသည်။
သရသေန၊ မိမိ သဘောအားဖြင့်။
အာဝိဘဝနာကာရော၊ ထင်ရှားဖြစ်သော အခြင်းအရာတည်း။
ဣတရေ၊ အကြောင်း ယှဉ်စေတတ် နှောင့်ရှက်တတ်သည့်အဖြစ် သုံးပါးတို့သည်။
ဒုက္ခ နိရောဓ မဂ္ဂဒဿနေန၊ ဒုက္ခ နိရောဓ မဂ္ဂသစ္စာ သုံးပါးတို့ကို မြော်မြင် ထောက်ဆ သဖြင့်။
အာဝိဘဝနာကာရာ၊ ထင်ရှားဖြစ်သော အခြင်းအရာတို့တည်း။
နိရောဓသစ္စာ
နိဿရဏဋ္ဌော၊ ထွက်မြောက်ခြင်း သဘောသည်။
သဘာဝေန၊ မိမိသဘောဖြင့်။
အာဝိဘဝနာကာရော၊ ထင်ရှားဖြစ်သော အခြင်းအရာတည်း။
ဣတရေ၊ ဆိတ်ငြိမ် မပြုပြင်အပ် မသေတတ် သည်၏အဖြစ် သုံးပါးတို့သည်။
သမုဒယ မဂ္ဂ ဒုက္ခဒဿနေန၊ သမုဒယ မဂ္ဂ ဒုက္ခသစ္စာတို့ကို မြော်မြင်ထောက်ဆ သဖြင့်။
အာဝိဘဝနာကာရာ၊ ထင်ရှားဖြစ်သော အခြင်းအရာတို့တည်း။
မဂ္ဂသစ္စာ
နိယျာနဋ္ဌော၊ ထုတ်ဆောင်ခြင်း သဘောသည်။
သဘာဝေန၊ မိမိသဘောဖြင့်။
အာဝိဘဝနာကာရော၊ ထင်ရှားဖြစ်သော အခြင်းအရာတည်း။
ဣတရေ၊ အကြောင်း, မြင်ခြင်း, ကြီးစိုးခြင်းသဘော သုံးပါးတို့သည်။
သမုဒယ နိရောဓ ဒုက္ခဒဿနေန၊ သမုဒယ နိရောဓ ဒုက္ခသစ္စာ တို့ကို မြော်မြင် ထောက်ဆသဖြင့်။
အာဝိဘဝနာကာရာ၊ ထင်ရှားဖြစ်သော အခြင်းအရာတို့တည်း။
သစ္စာလေးပါးတို့၏
လက္ခဏ ရသ ပစ္စုပဋ္ဌာန်
လက္ခဏာဒိ အားဖြင့်ကား --
ဗာဓနံ ပဘဝေါ သန္တိ၊
နိယျာနံ လက္ခဏံ ထပါ။
ပဝတ္တိ ပဝတ္တကဉ္စ၊
နိဝတ္တိ စ နိဝတ္တကံ။
အထ ဝါ သင်္ခတံ တဏှာ၊
အသင်္ခတဉ္စ ဒဿနံ။
ရသော တာပါ'နုစ္ဆေဒကာ'-
စ္စုတိ က္လေသပ္ပဟာယနံ။
ပစ္စုပဋ္ဌာနံ ပဝတ္တိ၊
ပလိဗောဓာနိမိတ္တကံ။
ဝုဋ္ဌာနမီတိ သစ္စာနံ၊
စတုန္နမ္ပိ ယထာက္ကမံ။
လက္ခဏာ
ဗာဓနံ၊ နှိပ်စက်ခြင်းသည်၎င်း။
ပဘဝေါ၊ ဖြစ်ကြောင်းအမွန်သည်၎င်း။
သန္တိ၊ ငြိမ်သက်ခြင်းသည်၎င်း။
နိယျာနံ၊ ထုတ်ဆောင်ခြင်းသည်၎င်း။
စတုန္နမ္ပိ သစ္စာနံ၊ လေးပါးလည်း ဖြစ်ကုန်သော သစ္စာတို့၏။
ယထာက္ကမံ၊ အစဉ်အတိုင်း။
လက္ခဏံ၊ မှတ်ကြောင်းလက္ခဏာပေတည်း။
အထဝါ၊ တနည်းကား။
ပဝတ္တိ၊ ဖြစ်ခြင်းသည်၎င်း။
ပဝတ္တကဉ္စ၊ ဖြစ်စေခြင်းသည်၎င်း။
နိဝတ္တိ စ၊ ဆုတ်နစ်ခြင်းသည်၎င်း။
နိဝတ္တကံ၊ ဆုတ်နစ်စေခြင်း သည်၎င်း။
စတုန္နမ္ပိ သစ္စာနံ၊ လေးပါးလည်း ဖြစ်ကုန်သော သစ္စာတို့၏။
ယထာက္ကမံ၊ အစဉ်အတိုင်း။
လက္ခဏံ၊ မှတ်ကြောင်းလက္ခဏာပေတည်း။
အထဝါ၊ တနည်းကား။
သင်္ခတံ၊ ပြုပြင်အပ်ခြင်းသည်၎င်း။
တဏှာ၊ ပူပန် တပ်မက်ခြင်းသည်၎င်း။
အသင်္ခတဉ္စ၊ မပြုမပြင်အပ်ခြင်းသည်၎င်း။
ဒဿနံ၊ နိဗ္ဗာန်ကို မြင်ခြင်းသည်၎င်း။
စတုန္နမ္ပိ သစ္စာနံ၊ လေးပါးလည်း ဖြစ်ကုန်သော သစ္စာတို့၏။
ယထာက္ကမံ၊ အစဉ်အတိုင်း။
လက္ခဏံ၊ မှတ်ကြောင်းလက္ခဏာ ပေတည်း။
ရသ = ကိစ္စ
တာပေါ = သန္တာပနံ၊ ပြင်းထန်စွာ ပူပန်စေခြင်းသည်၎င်း။
အနုစ္ဆေဒကော၊ ဒုက္ခအစဉ်ကို မပြတ်စေတတ်ခြင်းသည်၎င်း။
အစ္စုတိ၊ မလျောမရွှေ မစုတေ့ခြင်းသည်၎င်း။
က္လေသပ္ပဟာယနံ၊ ကိလေသာကို ပယ်ခြင်းသည်၎င်း။
စတုန္နမ္ပိ သစ္စာနံ၊ လေးပါးလည်း ဖြစ်ကုန်သော သစ္စာတို့၏။
ယထာက္ကမံ၊ အစဉ်အတိုင်း။
ရသော၊ ကိစ္စမည်၏။
ပစ္စုပဋ္ဌာန်
ပဝတ္တိ၊ ဖြစ်ခြင်းသည်၎င်း။
ပလိဗောဓော၊ နှောင့်ရှက်ခြင်းသည်၎င်း။
အနိမိတ္တကံ၊ လုံးလုံးလျောင်းလျောင်း ပေါင်း၍ တည်ဟန် သဏ္ဌာန် အကောင်အထည် ဟူသော သင်္ခါရနိမိတ် ကင်းဆိတ်ခြင်းသည်၎င်း။
ဝုဋ္ဌာနံ၊ ဗာဟိရ’ဇ္ဈတ္တဖြစ်သော နိမိတ္တ ပဝတ္တနှစ်ပါးမှ ထမြောက်ခြင်း သည်၎င်း။
ဣတိဣဒံ၊ ဤသည်ကား။
စတုန္နမ္ပိ သစ္စာနံ၊ လေးပါးလည်း ဖြစ်ကုန်သော သစ္စာတို့၏။
ယထာက္ကမံ၊ အစဉ်အတိုင်း။
ပစ္စုပဋ္ဌာနံ၊ ယောဂီပုဂ္ဂိုလ်တို့ ဉာဏ်အား ထင်ရှားသော အခြင်းအရာမည်၏။
အတ္ထ အားဖြင့်ကား --
မီး၏ ဥဏှတ္တလက္ခဏာ ကဲ့သို့၎င်း၊ လောက၏ ဇရာ မရဏ စသော ပကတိသဘော ကဲ့သို့၎င်း မဖောက်မပြန် ဟုတ်မှန်မြဲစွာ အရိယာတို့၏ ကျက်စားရာ ဗာဓန ပဘဝ သန္တိ နိယျာန အခြင်းအရာအားဖြင့် ပညာစက္ခုဖြင့် ရှုအပ်သော သဘောသည် “သစ္စဋ္ဌ” မည်၏။
တနည်းလည်း --
နာဗာဓကံ ယတော ဒုက္ခံ၊
ဒုက္ခာ အညံ န ဗာဓကံ။
ဗာဓကတ္တနိယာမေန၊
တတော သစ္စ'မိဒံ မတံ။
တံ ဝိနာ နာ'ညတော ဒုက္ခံ၊
န ဟောတိ န စ တံ တတော။
ဒုက္ခဟေတုနိယာမေန၊
ဣတိ သစ္စံ ဝိသတ္တိကာ။
နာ'ညာ နိဗ္ဗာနတော သန္တိ၊
သန္တံ န စ န တံ ယတော။
သန္တဘာဝနိယာမေန၊
တတော သစ္စမိဒံ မတံ။
မဂ္ဂါ အညံ န နိယျာနံ၊
အနိယျာနော န စာပိ သော။
တစ္ဆနိယျာနဘာဝတ္တာ၊
ဣတိ သော သစ္စသမ္မတော။
ဣတိ တဝိပလ္လာသ၊
ဘူတဘာဝံ စတူသွပိ။
ဒုက္ခာဒီသွဝိသေသေန၊
“သစ္စဋ္ဌံ” အာဟု ပဏ္ဍိတာ။
(သမ္မောဟဝိနောဒနီ၊ ဋ္ဌ၊ နှာ-၈၀။ ဝိသုဒ္ဓိမဂ်၊ ဌ၊ ဒု၊ နှာ-၁၂၇။)
ဒုက္ခသစ္စာ
ယတော၊ အကြင်ကြောင့်။
ဒုက္ခံ၊ ဒုက္ခသည်။
န အဗာဓကံ၊ မနှိပ်စက်တတ်သည်မဟုတ်။
ဒုက္ခာ၊ ဒုက္ခမှ။
အညံ၊ တပါးသော တရားသည်။
န ဗာဓကံ၊ နှိပ်စက်တတ်သည် မရှိ။
တတော၊ ထို့ကြောင့်။
ဗာဓကတ္တနိယာမေန၊ ဒုက္ခသည်သာလျှင် နှိပ်စက်တတ်သည် သာလျှင်ဟု- နှစ်ပါး သော အခြင်းအရာဖြင့် နှိပ်စက်တတ်သောအဖြစ်၏ မြဲခြင်းကြောင့်။
ဣဒံ၊ ဤ ဒုက္ခကို။
သစ္စံ၊ သစ္စာဟူ၍။
မတံ၊ သိအပ်၏။
သမုဒယသစ္စာ
တံ၊ ထိုတဏှာကို။
ဝိနာ၊ ကြဉ်၍။
အညတော၊ တပါးသောတရားကြောင့်။
ဒုက္ခံ၊ ဒုက္ခသည်။
န ဟောတိ၊ မဖြစ်။
တံ၊ ထိုဒုက္ခသည်။
တတော၊ ထိုတဏှာကြောင့်။
န စ န ဟောတိ၊ မဖြစ်သည်လည်း မဟုတ်။
ဣတိ၊ ဤသို့။
ဒုက္ခဟေတုနိယာမေန၊ ဒုက္ခ၏ အကြောင်း မြဲသောကြောင့်။
ဝိသတ္တိကာ၊ အထူးထူးသောအာရုံ၌ ငြိကပ်တတ်သော တဏှာသည်။
သစ္စာ၊ သစ္စာမည်၏။
နိရောဓသစ္စာ
ယတော၊ အကြင့်ကြောင့်။
နိဗ္ဗာနတော၊ နိဗ္ဗာန်မှ။
အညာ၊ တပါးသော။
သန္တိ၊ ငြိမ်သက်ခြင်းသည်။
န၊ မရှိ။
တံနိဗ္ဗာနံ၊ ထိုနိဗ္ဗာန်သည်။
န စ န သန္တံ၊ မငြိမ်သက်သည်လည်း မဟုတ်။
တတော၊ ထို့ကြောင့်။
သန္တဘာဝ နိယာမေန၊ ငြိမ်သက်သောအဖြစ်၏ မြဲခြင်းကြောင့်။
ဣဒံ၊ ဤနိဗ္ဗာန်ကို။
သစ္စံ၊ သစ္စာဟူ၍။
မတံ၊ သိအပ်၏။
မဂ္ဂသစ္စာ
မဂ္ဂါ၊ မဂ်မှ။
အညံ၊ တပါးသော။
နိယျာနံ၊ ထုတ်ဆောင်တတ်သော တရားသည်။
န၊ မရှိ။
သော၊ ထိုမဂ်သည်။
န စာပိ အနိယျာနော၊ မထုတ်ဆောင်တတ် သည်လည်း မဟုတ် ထုတ်ဆောင်တတ် သည်သာတည်း။
ဣတိ၊ ဤသို့။
တစ္ဆနိယျာနဘာဝတ္တာ၊ မှန်သော ထုတ်ဆောင်ခြင်းသဘော ရှိသည်၏ အဖြစ်ကြောင့်။
သော၊ ထိုမဂ်ကို။
သစ္စသမ္မတော၊ သစ္စာဟု သမုတ်အပ်၏။
ဣတိဧဝံ၊ ဤဆိုခဲ့တိုင်း။
ဒုက္ခာဒီသု၊ ဒုက္ခအစရှိကုန်သော။
စတူသုပိ၊ လေးပါးလုံးတို့၌လည်း။
အဝိသေသေန၊ သာမန်အားဖြင့်။
တစ္ဆ အဝိပလ္လာသ ဘူတဘာဝံ၊ မြဲစွဲမှန်ကန် မဖောက်ပြန်ငြား ထင်ရှားရှိသောအဖြစ်ကို။
သစ္စဋ္ဌံ၊ “သစ္စ အနက်”ဟူ၍။
ပဏ္ဍိတာ၊ ပညာရှိတို့သည်။
အာဟု၊ ဆိုမိန့်ကုန်ပြီ။
အတ္ထုဒွါရအားဖြင့်ကား --
သစ္စသဒ္ဒေါ ဝစီသစ္စေ၊
ဝိရမာယဉ္စ ဒိဋ္ဌိယံ။
နိဗ္ဗာနေ စေဝ မဂ္ဂ စာ’–
ရိယသစ္စာ'ဓ ပစ္ဆိမေ။
သစ္စသဒ္ဒေါ၊ သစ္စသဒ္ဒါသည်။
ဝစီသစ္စေ၊ “သစ္စံ ဘဏေ န ကုဇ္ဈေယျ [၁] စသော ဝစီသစ္စာ၌၎င်း။
ဝိရမာယဉ္စ၊ “သစ္စေ ဌိတာ သမဏဗြာဟ္မဏာ [၂] စသော ဝိရတိ သစ္စာ၌၎င်း။
ဒိဋ္ဌိယံ၊ “ကသ္မာ နု သစ္စာနိ ၀ဒန္တိ” [၃] စသော ဒိဋ္ဌိသစ္စာ၌၎င်း။
နိဗ္ဗာနေ စေဝ မဂ္ဂေ စ၊ ဧကံ ဟိ သစ္စံ န ဒုတိယမတ္ထိ” [၄] စသော ပရမတ္ထသစ္စာ ဟူသော နိဗ္ဗာန် မဂ်၌၎င်း။
အရိယသစ္စေ၊ “စတုန္နံ အရိယသစ္စာနံ ကတိ ကုသလာ” [၅] စသော အရိယသစ္စာ ၌၎င်း။
ဘဝေ၊ ဖြစ်၏။
ဣဓ၊ ဤသစ္စနိဒ္ဒေသ၌ကား။
ပစ္ဆိမေ၊ နောက်ဆုံးဖြစ်သော အရိယသစ္စာ၌။
ဘဝေ၊ ဖြစ်၏။
မယုတ်မလွန် ပိုင်းခြား၍ ဟောခြင်း ‘တာ၀တွ’
တာဝတွအားဖြင့်ကား---
ဤလေးပါးတွင် ပယ်ထားစရာလည်း မရှိ၊ ဤမှတပါးလည်း သစ္စာမရှိသောကြောင့် လေးပါးသာ ဟောသည်။
တနည်းလည်း -- ပဝတ္တိ နိဝတ္တိ တဒုဘယဟေတု [၆] တို့သည် ဤမျှသာ ဖြစ် ခြင်းကြောင့်။
ဝါ၊ ပရိညေယျ ပဟာတဗ္ဗ သစ္ဆိကာတဗ္ဗ ဘာဝေတဗ္ဗ [၇] တို့၏ အစွမ်းဖြင့်။
ဝါ၊ တဏှာဝတ္ထုတဏှာ တဏှာနိရောဓ တဏှာနိရောဓူပါယ [၈] တို့၏ အစွမ်းဖြင့်။
ဝါ အာလယ အာလယာရာမ အာလယသမုဂ္ဃါတ အာလယသမုဂ္ဃါတက တို့၏ အစွမ်း အားဖြင့် လေးပါးသာ မယုတ်မလွန် ဟောသည် [၉]။
(သမ္မာ၊ဋ္ဌ၊နှာ-၀၁ စသည်၌ ရှုပါ။)
[၁။ ဓမ္မပဒ၊ မောဂ္ဂလာနပဉ္စဝတ္ထု၊ နှာ-၄၆၊ (ဓမ္မပဒ၊၄၆။)
(သစ္စံ၊ မှန်သောစကားကို။
ဘဏေ၊ ပြောဆိုရာ၏။
န ကုဇ္ဈေယျ၊ အမျက်မထွက်ရာ။)
၂။ အသီတိနိပါတ်၊ မဟာသုတသောမဇာတ်၊ နှာ-၁၄၀။ (ဇာ၊ ၂၊၁၄၀။)
(သမဏဗြာဟ္မဏာ၊ ရဟန်းပုဏ္ဏားတို့သည်။
သစ္စေ၊ မုသာဝါဒမှ ကြဉ်ရှောင်ခြင်း ဝိရတိသစ္စာ၌။
ဌိတာ၊ တည်ကုန်၏။)
၃-၄။ သုတ္တနိပါတ်၊ စူဠဗျူဟသုတ်၊ နှာ-၄၁၆။ (သုတ္တနိပါတ်၊ ၄၁၆။)
(ကသာ၊ အဘယ့်ကြောင့်။
သစ္စာနိ၊ အယူဝါဒဟူသော ဒိဋ္ဌိသစ္စာတို့ကို။
၀ဒန္တိနု၊ ဆိုကုန်ဘိသနည်း။)
(ဟိ၊ မှန်၏။
သစ္စံ၊ သဘောတရားကိုယ် ထင်ရှားရှိသော ပရမတ္ထသစ္စာသည်။
ဧကံ၊ တပါးသာတည်း။
ဒုတိယံ၊ နှစ်ခုမြောက်သော ပရမတ္ထသစ္စာသည်။
န အတ္ထိ၊ မရှိ။)
၅။ ဝိဘင်း၊ သစ္စဝိဘင်္ဂ၊ နှာ-၁၁၈။ (အဘိ၊ ၂၊ ၁၁၈။)
(စတုန္နံ၊ လေးပါးကုန်သော။
အရိယသစ္စာနံ၊ မြတ်သော မဖောက်မပြန် ဟုတ်မှန်သော အရိယသစ္စာတို့တွင်။
ကုသလာ၊ ကုသိုလ်တို့သည်။
ကတိ၊ အဘယ်မျှ ရှိကုန်သနည်း။)
၆။ ပ၀တ္တိ၊ မပြတ်မစဲ တလဲလဲဖြစ်သော သံသရာဝဋ်။
နိဝတ္တိ၊ သံသရာဝဋ်မှ ဆုတ်နစ်သော နိရောဓ။
တဒုဘယဟေတု၊ ထိုသံသရာဝဋ် နိရောဓနှစ်ပါးတို့၏ အကြောင်း။
၇။ ပရိညေယျ၊ ပိုင်းခြား၍သိအပ်သောတရား။
ပဟာတဗ္ဗ၊ ပယ်အပ်သောတရား။
သစ္ဆိကာတဗ္ဗ၊ မျက်မှောက်ပြုအပ်သော တရား။
ဘာဝေတဗ္ဗ၊ ပွါးအပ်သောတရား။
၈။ တဏှာဝတ္ထု၊ တဏှာ၏တည်ရာ။
တဏှာ၊ တပ်မက်ခြင်းသဘော။
တဏှာနိရောဓ၊ တဏှာ၏ချုပ်ရာ။
တဏှာနိရောဓူပါယ၊ တဏှာ၏ချုပ်ရာ နိရောဓသို့ ရောက်ကြောင်း။
၉။ အာလယ၊ ကပ်ငြိစွဲလမ်းအပ်သော ဥပါဒါနက္ခန္ဓာ။
အာလယာရာမ၊ အာလယ၌ မွေ့လျော်တတ်သောတဏှာ။
အာလယသမုဂ္ဃါတ၊ အာလယကို အကြွင်းမဲ့ နုတ်ဖျက်ခွါလှစ်ရာ။
အာလယသမုဂ္ဃါတက (ဆဋ္ဌမူ၌ အာလယသမုဂ္ဃါတုပါယ)၊ အာလယကို အကြွင်းမဲ့ နုတ်ဖျက်ခါလှစ်ခြင်း၏ အကြောင်း၊]
အစီအစဉ် ‘ကမ’
ကမအားဖြင့် -- ရုန့်ရင်း ထင်ရှား အများနှင့် ဆက်ဆံသောကြောင့် ဒုက္ခသစ္စာကို ရှေးဦးစွာ ဟောတော်မူသည်။ ဒုက္ခ၏ အကြောင်းဖြစ်၍ သမုဒယကို ဟောတော် မူသည်။ “ဟေတုနိရောဓာ ဖလနိရောဓော” (အကြောင်း ချုပ်ခြင်းကြောင့် အကျိုး ချုပ်၏) ဟု ပြခြင်းငှါ နိရောဓကို ဟောတော်မူသည်။ ထိုနိရောဓကို ရကြောင်း ရောက်ကြောင်းဖြစ်၍ မဂ္ဂကို အစဉ်အတိုင်း ဟောတော်မူသည်။
တနည်းလည်း -- ဘဝသုခကို သာယာကြသော ဝေနေယျတို့အား သံဝေဂ ဖြစ်စေခြင်းငှါ ဒုက္ခကို ရှေးဦးစွာ ဟောတော်မူသည်။ ယင်း၏အကြောင်းကို ပြခြင်းငှါ သမုဒယကို ဟောတော်မူသည်။ ယင်း၏ ထွက်မြောက် ကျွတ်လွတ်ရာကို ပြခြင်းငှါ နိရောဓကို ဟောတော်မူသည်။ နိရောဓသို့ ရောက်စေခြင်းငှါ မဂ္ဂကို ဟောတော် မူသည်။ (သမ္မာ၊ဋ္ဌ၊ နှာ-၈၁-ရှုပါ။)
ဇာတျာဒိနိစ္ဆယအားဖြင့် --
ဇာတိဒုက္ခ ဇရာဒုက္ခ မရဏ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသ အပ္ပိယေဟိ သမ္ပယောဂ ပိယေဟိ ဝိပ္ပယောဂ ဣစ္ဆိတာလာဘဒုက္ခ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓဒုက္ခ ဟူ၍ ဒုက္ခ တဆဲ့နှစ်ပါး။
ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာဟူသော သမုဒယသုံးပါး။
“တဿာယေဝ တဏှာယ အသေသ ဝိရာဂ နိရောဓ စာဂ ပဋိနိဿဂ္ဂ မုတ္တိ အနာလယ”အမည်ရသော တရားကိုယ်အားဖြင့် နိရောဓတပါး။
သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ။ပ။ သမ္မာသမာဓိဟူ၍ မဂ္ဂင်ရှစ်ပါး။ ဤနှစ်ဆဲ့လေးပါးတို့ကို ပိုင်းခြားဝေဖန်၍ အကျန်အကြွင်း ချန်မချင်းပဲ ကျင်းတွင်းကုန်စင် သိမြင်အပ်၏။
ဒုက္ခသစ္စာ ၁၂-ပါး
ထိုနှစ်ဆဲ့လေးပါးတို့တွင် ဒုက္ခသစ္စာတဆဲ့နှစ်ပါး၌---
ဇာတိအနက် ၉-ပါး
ဇာတိ သာမည နိကာယ-
ပသုတီသု ကုလေ ဘဝေ။
ဝိသေသေ သုမနာယဉ္စ၊
သန္ဓျံ သင်္ခတလက္ခဏေ[၁]။
ဟူသော အနက်ကိုးပါးတို့တွင် ဂဗ္ဘသေယျက သတ္တဝါတို့အား ဖွားသည်တိုင်အောင် ဥပပါတ်နှင့် သံသေဒဇတို့မှာ ဖြစ်စ-ခန္ဓာငါးပါးဟူသော ပဋိသန္ဓေသည် ဇာတိ မည်၏။ မုချကား ခန္ဓာတို့၏ ပဌမပါတုဘာဝတည်း။
ဇာတိ၏လက္ခဏာစသည်
ထိုဇာတိသည် ပဌမာဘိနိဗ္ဗတ္တိလက္ခဏာ [၂] နိယျာတနရသ [၃], ဥမ္မုဇ္ဇန ပစ္စုပဋ္ဌာန် [၄] ရှိ၏။ ဝါ= ဒုက္ခဝိစိတ္တတာ ပစ္စုပဋ္ဌာန် [၅]ရှိ၏။
ဒုက္ခဒုက္ခံ ဝိပရိဏာမံ၊
သင်္ခါရံ ပဋိဆန္နကံ။
အပ္ပဋိစ္ဆန္နဉ္စ ပရိ-
ယာယံ နိပ္ပရိယာယကံ [၆]။
ဂဗ္ဘောက္ကန္တိမူလကဉ္စ၊
ဂဗ္ဘဟာရော ဝိပတ္တိ စ။
ဝိဇာယနံ နိက္ခမနံ၊
အတ္တပ္ပရဥပက္ကမံ။
အာပါယိကန္တိ ဒုက္ခာနံ၊
မူလံ ဇာတိ တတော ဒုခါ။
ဤ ဒုက္ခဟူသမျှတို့၏ တည်ရာအကြောင်း ဖြစ်သောကြောင့် ဒုက္ခမည်၏။
[၁။ သမ္မောဟဝိနောဒနီ၊ ဋ္ဌ၊ နှာ-၈၉-စသည်၌ လာသောစကားကို ဂါထာစီထားသည်။
၂။ ပဌမာဘိနိဗ္ဗတ္တိလက္ခဏာ၊ ခန္ဓာအစဉ်၏ ရှေးဦးစွာ (လက်မွန်အသစ်) ဖြစ်ခြင်း လက္ခဏာ။
၃။ နိယျာတန ရသ၊ ခန္ဓာအစဉ်ကို သတ္တဝါအား ယူလှည့်ဟုပေးအပ် ဆောင်နှင်းသကဲ့သို့ ဖြစ်ခြင်းကိစ္စ။
၄။ ဥမ္မုဇ္ဇန ပစ္စုပဋ္ဌာန်၊ အနန္တရအတိတ်ဘဝမှ ဤပစ္စုပ္ပန်ဘဝ၌ ခန္ဓာအစဉ်၏ပေါ်လာ ခြင်းလျှင် ဉာဏ်အား ရှေးရှုထင်ခြင်း။
၅။ ဒုက္ခဝိစိတ္တတာ ပစ္စုပဋ္ဌာန်၊ ဒုက္ခအပေါင်း၏ဆန်းကြယ်သော အဖြစ်တည်းဟူသော ဒုက္ခထူး ဒုက္ခအစိတ်ဟူ၍ ဉာဏ်အား ရှေးရှုထင်ခြင်း။
၆။ သမ္မောဟဝိနောဒနီ၊ ဋ္ဌ၊ နှာ-၈၈ စသည်၌လာသော စကားကို ဂါထာစီထားသည်။]
ဇာတိ၏ဒုက္ခဖြစ်ပုံ
ဒုက္ခဒုက္ခံ၊ ဒုက္ခဝေဒနာသုံးပါး၎င်း။
ဝိပရိဏာမံ၊ သုခဝေဒနာ၎င်း။
သင်္ခါရံ၊ ဥဒယဗ္ဗယ ပဋိပီဠိတ တေဘူမိကသင်္ခါရဒုက္ခ၎င်း။
ပဋိဆန္နကံ၊ နားကိုက်ခြင်း သွားကိုက်ခြင်း ရာဂဇ ဒေါသဇ ပူအိုက်ခြင်း စသော အပါကဋ္ဌဒုက္ခ၎င်း။
အပ္ပဋိစ္ဆန္နဉ္စ၊ ပါကဋဒုက္ခ၎င်း [၁]။
ပရိယာယံ၊ ဒုက္ခဒုက္ခမှအခြား တဆဲ့တပါးသော ပရိယာယ်ဒုက္ခ၎င်း။
နိပ္ပရိယာယကံ၊ ဒုက္ခဒုက္ခဟူသော မုချဒုက္ခ၎င်း။
ဂဗ္ဘောက္ကန္တိမူလကဉ္စ၊ အမိဝမ်းသို့သက်ခြင်း အရင်းရှိသော ဒုက္ခ၎င်း။
ဂဗ္ဘဟာရော၊ ကိုယ်ဝန်ကိုဆောင်ခြင်းအရင်းရှိသော ဂဗ္ဘပရိဟာရမူလက ဒုက္ခ၎င်း။
ဝိပတ္တိ စ၊ ကိုယ်ဝန်ပျက်ခြင်း အရင်းရှိသော ဂဗ္ဘဝိပတ္တိမူလကဒုက္ခ၎င်း။
ဝိဇာယနံ၊ ဖွားခြင်း အရင်းရှိသော ဝိဇာယနမူလကဒုက္ခ၎င်း။
နိက္ခမနံ၊ ထွက်ခြင်း အရင်းရှိသော ဒုက္ခ၎င်း။
အတ္တပ္ပရဥပက္ကမံ၊ အတ္တူပက္ကမ ပရူပက္ကမမူလက ဒုက္ခ၎င်း [၂]။
အာပါယိကံ၊ အပါယ်ဘုံ၌ဖြစ်သော ဆင်းရဲ၎င်း။
ဇာတိ၊ ဇာတိသည်။
ဣတိ ဣမေသံ ဒုက္ခာနံ၊ ဤဒုက္ခတို့၏။
မူလံ၊ အကြောင်းရင်းတည်း။
တတော၊ ထို့ကြောင့်။
ဒုခါ၊ ဒုက္ခမည်၏။
[၁။ ပဋိစ္ဆန္န၊ ဖုံးလွှမ်းသော (မေးမှ သိနိုင်သော)။
အပ္ပဋိစ္ဆန္န၊ မဖုံးလွှမ်းသော (မမေးမြန်းပဲ အလွယ်တကူ သိမြင်နိုင်သော)။
ပါကဋ၊ ထင်ရှားသော (သိလွယ်သော)။
အပါကဋ၊ မထင်ရှားသော (မေးမှသာ သိနိုင်သော)။
၂။ အတ္တပ္ပရဥပက္ကမ = (အတ္တ+ ပရ+ ဥပက္ကမ) = မိမိ + သူတပါး + လုံလပယောဂ။
အတ္တူပက္ကမ မူလကဒုက္ခ = မိမိ၏ လုံ့လပယောဂလျှင် အကြောင်းရင်းရှိသောဆင်းရဲ။
ပရူပက္ကမ မူလကဒုက္ခ = သူတပါး၏ လုံ့လပယောဂလျှင် အကြောင်းရင်း ရှိသော ဆင်းရဲ။]
ထိုတွင် ဂဗ္ဘောက္ကန္တိမူလကဒုက္ခ စသည်ကို ဤသို့ ဆင်ခြင်ရမည်။
စာသစ် စာကျက်၊ အောက် ထက် ဝန်းရံ၊
ပုပ်နံ ညှီလှောင်း၊ ကျဉ်းမြောင်းမဲမိုက်၊
မိဝမ်းတိုက်ဝယ်၊ ဘင်၌ လောက်လို၊
ကျောက်ကိုဝမ်းပြု၊ ဒူးနှစ်ခုကြား၊
ဦးခေါင်းထားလျက်၊ မေးကြားလက်ဆုပ်၊
သစ်ငုတ်တိုမှာ၊ မျောက်အိုကုပ်သည့်နှယ်၊
မလှုပ်မယှက်၊ သေသောက်လက်ဝယ်၊
ဆိတ်သူငယ်လို၊ အလမ္ပာယ်မိ၊
မြွေငယ်ချိသို့၊ အမိ စပ် ခါး၊
ပူ ဧစားလည်း၊ ကိုယ်သားဆတ်ဆတ်၊
သက်ပြတ်တစေ၊ ဆယ်လနေ၍၊
လေ ကမ္မဇ၊ ဦးဆောက်ချသား၊
မဂ်ဝသို့ရောက်၊ သံကောက်ပေါက်မှ၊
ဆွဲမြောက် ဆင်ပြောင်၊ သံတောင် ကြိတ်ချေ၊
ပုံနေရယိက၊ ပြင်သို့ ကျလည်း၊
အပ်ဆွဲသည့်ဟန်၊ ကြီးပြန်ဒုက္ခ၊
များပြားလှသည်။
လက်စ ဇာတိ မူရင်းတည်း ။
အာပါယိကဒုက္ခ (အပါယ်ဘုံ၌ဖြစ်သော ဆင်းရဲ) ကို ဤသို့ ဆင်ခြင် --
နိရယေ စ တိရစ္ဆာနေ၊
ယံ ပေတေ လောကအန္တရေ။
အဂ္ဂိဒဍ္ဎာဒိ အသယှံ၊
သဗ္ဗံ တံ တတ္ထ ဇာတိယာ။
နိရယေ စ၊ ငရဲဘုံ၌၎င်း။
တိရစ္ဆာနေ၊ တိရစ္ဆာန်ဘုံ၌၎င်း။
ပေတေ၊ ပြိတ္တာဘုံ အသူရကာယ်ဘုံ၌၎င်း။
လောကအန္တရေ၊ လောကန္တရိက်ငရဲ၌၎င်း။
အဂ္ဂိဒဍ္ဎာဒိ၊ ယူဇနာလောက် မျက်လုံးပေါက်အောင် ဆိပ်တောက်ထန်ပြင်း မီးလောင်ခြင်း၊ တုတ်တပြာဖြင့် ကျင်နာခါးစပ် ပုတ်ခတ်ခြင်း၊ စာရေတပေါက် မစား သောက်ရ ဟိုက်ဟောက် ထန်ပြင်း ဆာမွတ်ခြင်း၊ မိုက်မဲစွာလှ ပျက်ကျမှုအောင် ဧမြ စိမ့်ကျင်ခြင်း အစရှိသော။
အသယှံ၊ နိုင်ထက်ဘိလွှမ်း မခံစွမ်းနိုင်သော။
ယံဒုက္ခံ၊ အကြင်ဒုက္ခသည်။
ဇာယတိ၊ ဖြစ်၏။
သဗ္ဗံ၊ အလုံးစုံသော။
တံဒုက္ခံ၊ ထိုဒုက္ခသည်။
တတ္ထ၊ ထိုငရဲပြည်စသည်၌။
ဇာတိယာ၊ ပဋိသန္ဓေနေခြင်းကြောင့်။
ဇာယတိ၊ ဖြစ်၏။
ကိံ ဗဟုံ ပဘာသိတေန၊
လောကေ ယံကိဉ္စိ ဒုက္ခိတံ။
နတ္ထိ တံ ဇာတိဝိရဟေ၊
တေနာဟ သဗ္ဗပဌမံ။
ဗဟုံ၊ များစွာ။
ပဘာသိတေန၊ ပရမ်းပတာဆိုသဖြင့်။
ကိံ၊ အဘယ်အကျိုး ရှိတော့အံ့နည်း။
လောကေ၊ လူ့ရွာ၌။
ယံကိဉ္စိ၊ အလုံးစုံသော။
ဒုက္ခိတံ၊ ဆင်းရဲခြင်းသည်။
အတ္ထိ၊ ဖြစ်၏။
တံ၊ ထိုဆင်းရဲခြင်းဟူသမျှသည်။
ဇာတိဝိရဟေ၊ ပဋိသန္ဓေနေခြင်း ကင်းသည်ရှိသော်။
နတ္ထိ၊ မဖြစ်နိုင်ပြီ။
တေန၊ ထို့ကြောင့်။
သဗ္ဗပဌမံ၊ ဒုက္ခခပ်သိမ်းတို့၏ ရှေးဦးစွာ။
အာဟ၊ ဇာတိဒုက္ခကို ဟောတော်မူပြီ။
ဧရာ၏ဒုက္ခ မည်ပုံ
ဇရာဒုက္ခ၌ -- သင်္ခတလက္ခဏဇရာ သန္တတိဇရာ နှစ်ပါးတို့တွင် ဧကဘဝပရိယာပန္န ဖြစ်သော ခန္ဓာ၏ ရင့်မာ အိုမင်း ဟောင်းမြင်းခြင်း ဟူသော ပါကဋ ပဋိစ္ဆန္တ သဝီစိဖြစ်သော သန္တတိ ဧရာသည် ဤ၌ ဧရာမည်၏။
ဧရာ၏လက္ခဏာ စသည်
ထိုဧရာသည် ခန္ဓပရိပါကလက္ခဏာ[၁] မရဏူပနယနကိစ္စ[၂] ယောဗ္ဗနဝိနာသ ပစ္စုပဋ္ဌာန် [၃] ရှိ၏။ သင်္ခါရဒုက္ခ ဒုက္ခဝတ္ထုဖြစ်သောကြောင့် ဒုက္ခမည်၏။
[၁။ ခန္ဓပရိပါက လက္ခဏာ၊ ခန္ဓာတို့၏ ရင့်ရော်ဟောင်းမြင်းခြင်းလက္ခဏာ။
၂။ မရဏူပနယန ကိစ္စ၊ သေခြင်းအနီးသို့ဆောင်ခြင်းကိစ္စ။
၃။ ယောဗ္ဗနဝိနာသ ပစ္စုပဋ္ဌာန်၊ အဆင်းအရွယ် ကောင်းသည်၏အဖြစ်ကို ဖျက်ဆီး တတ်သော သဘောဟူ၍ ဉာဏ်အား ရှေးရှုထင်ခြင်း။]
ဒုက္ခဝတ္ထုဖြစ်ပုံကား --
အင်္ဂါနံ သိထိလီဘာဝါ၊
ဣန္ဒြိယာနံ ဝိကာရတော။
ယောဗ္ဗနဿ ဝိနာသေန၊
ဗလဿ ဥပဃာတတော။
ဝိပ္ပဝါသာ သတာဒီနံ၊
ပုတ္တဒါရေဟိ အတ္တနော။
အပသာဒနီယတော စေဝ၊
ဘိယျော ဗာလတ္တပတ္တိယာ။
ပပ္ပေါတိ ဒုက္ခံ ယံ မစ္စော၊
ကာယိကံ မာနသံ တထာ။
သဗ္ဗမေ'တံ ဇရာဟေတု၊
ယသ္မာ တသ္မာ ဇရာ ဒုခါ။
အင်္ဂါနံ၊ ခြေလက် စသည်တို့၏။
သိထိလီဘာဝါ၊ မသန်မမာ လျော့လျည်းစွာ ဖြစ်ခြင်းကြောင့်၎င်း။
ဣန္ဒြိယာနံ၊ နား မျက်စိစသည်တို့၏။
ဝိကာရတော၊ ထိုင်းသီရွေချန် ဖောက်ပြန်ခြင်းကြောင့်၎င်း။
ယောဗ္ဗနဿ၊ ပျိုမျစ်တောင့်တင်းသော အရွယ်၏။
ဝိနာသေန၊ ပျက်စီးခြင်းကြောင့်၎င်း။
ဗလဿ၊ ခွန်အား၏။
ဥပဃာတတော၊ ပျက်စီး ယိုယွင်းခြင်းကြောင့်၎င်း။
သတာဒီနံ၊ သတိ ပညာတို့၏။
ဝိပ္ပဝါသာ၊ ပျောက်ကင်းခြင်းကြောင့်၎င်း။
အတ္တနော ပုတ္တဒါရေဟိ၊ မိမိ သားမယားတို့သည်။
အပသာဒနီယတော စေဝ၊ မကြည်မညို ရန်လိုဟိန်းဟဲ မောင်းမဲအပ်ခြင်းကြောင့်၎င်း။
ဘိယျော ဗာလတ္တပတ္တိယာ၊ လွန်စွာ တွေဝေ မိုက်မဲခြင်းသို့ ရောက်ခြင်းကြောင့်၎င်း။
ကာယိကံ၊ ကိုယ်၌ဖြစ်သော။
တထာ၊ ထို့အတူ။
မာနသံ၊ စိတ်၌ ဖြစ်သော။
ယံ ဒုက္ခံ၊ အကြင်ဒုက္ခသို့။
မစ္စော၊ လူအိုသည်။
ပပ္ပေါတိ၊ ရောက်ရ၏။
ယသ္မာ၊ အကြင်ကြောင့်။
ဧတံ သဗ္ဗံ၊ ဤ အလုံးစုံသောဆင်းရဲသို့။
ဧရာဟေတု၊ ဇရာဟူသော အကြောင်းကြောင့်သာ။
ပပ္ပေါတိ၊ ရောက်ရ၏။
တသ္မာ၊ ထို့ကြောင့်။
ဧရာ၊ ဧရာသည်။
ဒုခါ၊ ဒုက္ခမည်၏။
မရဏနှင့်အမျိုးအစား
မရဏဒုက္ခ၌ -- ခဏိကမရဏ [၁], ဇီဝိတိန္ဒြိယုပစ္ဆေဒမရဏ[၂] နှစ်ပါးတို့တွင် ဇာတိပစ္စယ မရဏ, ဥပက္ကမမရဏ, သရသ မရဏ, အာယုက္ခယ မရဏ, ပုညက္ခယ မရဏ, သမ္မုတိ မရဏဟူ၍ ဆိုအပ်သော ဇီဝိတိန္ဒြိယုပစ္ဆေဒ မရဏသည် ဤ၌ မရဏ မည်၏ [၃]။
မရဏ၏ လက္ခဏာစသည်
ထိုမရဏသည် စုတိလက္ခဏာ [၄] , ဝိယောဂကိစ္စ [၅], ဂတိဝိပ္ပဝါသ ပစ္စုပဋ္ဌာန် [၆]ရှိ၏။ ဒုက္ခ၏ဝတ္ထုဖြစ်၍ ဒုက္ခမည်၏။
[၁။ ခဏိက မရဏ = ရုပ်နာမ်တရားတို့၏ ပျက်ခြင်း ဘင်။
၂။ ဇီဝိတိန္ဒြိယုပစ္ဆေဒ မရဏ = ဇီဝိတိန္ဒြေ၏ (အစဉ်) ပြတ်၍ သေခြင်း။
၃။ သမ္မောဟဝိနောဒနီ၊ ဋ္ဌ၊ နှာ-၉၅-နှင့် ဝိသုဒ္ဓိမဂ်၊ ဌ၊ ဒု၊ နှာ-၁၃၃-ကို မှီ၍ ရေးသည်။
ဇာတိပစ္စယ မရဏ = ဇာတိဟူသောအကြောင်းကြောင့်ဖြစ်သော သေခြင်း။
ဥပက္ကမ မရဏ = လုံ့လပယောဂဖြင့် သေခြင်း။
သရသ မရဏ = မိမိသဘောအားဖြင့် သေခြင်း။
အာယုက္ခယ မရဏ = အသက်ကုန်၍ သေခြင်း။
ပုညက္ခယမရဏ = ဘုန်းကံကုန်၍ သေခြင်း။
သမ္မုတိ မရဏ = တိဿ သေပြီ စသည်ဖြင့် လောက၌ ခေါ်ဝေါ် သမုတ်ထားသော သေခြင်း။
၄။ စုတိ လက္ခဏာ = ခန္ဓာအစဉ်၏ ရွေ့လျားခြင်းလက္ခဏာ။
၅။ ဝိယောဂ ကိစ္စ = ပြည့်စုံသော ဘဝခန္ဓာတို့မှ ကင်းစေခြင်းကိစ္စ။
၆။ ဂတိဝိပ္ပဝါသ ပစ္စုပဋ္ဌာန် = ရောက်ဆဲ ဂတိမှ ကင်းကွာစေသည်၏ အစွမ်းအားဖြင့် ဉာဏ်အား ရှေးရှုဆင်ခြင်း။]
ဖြစ်ပုံကား...
ပါပဿ ပါပကမ္မာဒိ-
နိမိတ္တမနုပဿတော။
ဘဒ္ဒဿာပသဟန္တဿ၊
ဝိယောဂံ ပိယဝတ္ထုကံ။
မီယမာနဿ ယံ ဒုက္ခံ၊
မာနသံ အဝိသေသတော။
သဗ္ဗေသဉ္စာပိ ယံ သန္ဓိ-
ဗန္ဓနစ္ဆေဒနာဒိကံ။
ဝိတုဇ္ဇမာနမမ္မာနံ၊
ဟောတိ ဒုက္ခံ သရီရဇံ။
အသယှမပ္ပဋိကာရံ၊
ဒုက္ခဿေတဿိဒံ ယတော။
မရဏံ ဝတ္ထု တေနေ’တံ၊
ဒုက္ခမိစ္စေဝ ဘာသိတံ ။
မီယမာနဿ၊ သေလုဆဲဆဲဖြစ်၍။
ပါပကမ္မာဒိနိမိတ္တံ၊ မကောင်းသော ကမ္မစသော နိမိတ်ကို။
အနုပဿတော၊ အဖန်တလဲလဲ မြင်ရသော။
ပါပဿ၊ သူယုတ်အား၎င်း။
ပိယဝတ္ထု ကံ၊ ချစ်ခင်အပ်သော သက်ရှိ သက်မဲ့လျှင် အကြောင်း ရှိသော။
ဝိယောဂံ၊ ကွေကွင်းခြင်းကို။
အပ သဟန္တဿ၊ သည်းမခံနိုင်သော။
ဘဒ္ဒဿ၊ သူကောင်းအား၎င်း။
မာနသံ၊ စိတ်၌ဖြစ်သော။
ယံ ဒုက္ခံ၊ အကြင် ဒုက္ခသည်။
ဟောတိ၊ ဖြစ်၏။
အဝိသေသတော၊ သူယုတ် သူကောင်း အပေါင်း သာမန်အားဖြင့်။
ဝိတုဇ္ဇမာနမမ္မာနံ၊ လေထိုးကျင့်၍ နာကျင်ထန်ပြင်းသော အဆစ်အရင်း ရှိကုန်သော (ထိုးကျင့်ခံရလျှင် သေစေနိုင်သည့် ကိုယ်အင်္ဂါအစိတ် အပိုင်းတို့၌ နာကျင်နေသော)။
သဗ္ဗေသဉ္စာပိ၊ အရဟံလည်း မကျန်မကြွင်း ခပင်း ဥဿုံ လူမျိုးစုံတို့အားလည်း။
သန္ဓိဗန္ဓနစ္ဆေဒနာဒိကံ၊ အစပ်အဖွဲ့ပြတ်ခြင်း အစရှိသော။
သရီရဇံ၊ ကိုယ်၌ဖြစ်သော။
အသယှံ၊ မအောင့်အည်းနိုင်သော။
အပ္ပဋိကာရံ၊ ဆေးကုမရ လက်မှိုင်ချရသော။
ယံ ဒုက္ခံ၊ အကြင်ဆင်းရဲသည်။
ဟောတိ၊ ဖြစ်၏။
ဣဒံ မရဏံ၊ ဤမရဏဓမ္မသည်။
ဧတဿ ဒုက္ခဿ၊ ဤအလုံးစုံသော ဆင်းရဲ၏။
ဝတ္ထု၊ တည်ရာအကြောင်းသည်။
ယတော၊ အကြင်ကြောင့်။
ဟောတိ၊ ဖြစ်၏။
တေန၊ ထို့ကြောင့်။
ဧတံ၊ ဤမရဏကို။
ဒုက္ခံ ဣတိ ဧဝ၊ ဒုက္ခဟူ၍သာလျှင်။
ဘာသိတံ၊ ဟောတော်မူအပ်၏။
ဤဇာတိ ဇရာ မရဏ သုံးပါးတို့သည် တောအုပ်သို့ ဆောင်တတ် အားနည်းအောင် ပုတ်ခတ်တတ် ဦးခေါင်းကိုဖြတ်တတ်သော သတ်ခွင့်ကို ရှာကြံ ရန်သူ သုံးယောက်နှင့် တူကုန်၏။ တနည်းလည်း -- ခရီးခဲသို့ ဝင်ခြင်း၊ အစာကင်း၍ အားနည်းခြင်း၊ မသွားနိုင်၍ ဘီလူး သားရဲတို့ ကိုက်ခဲ စားဝါးခြင်းတို့နှင့် တူကုန်၏။
သောက၏ လက္ခဏာစသည်
သောကဒုက္ခ၌ -- အန္တောနိဇ္ဈာနလက္ခဏာ [၁]၊ စေတောပရိနိဇ္ဈာယန ကိစ္စ [၂]၊ အနုသောစနပစ္စုပဋ္ဌာန် [၃] ရှိသော ဒေါမနဿဝေဒနာသည် ဒုက္ခဒုက္ခ ဒုက္ခဝတ္ထု ဖြစ်သောကြောင့် သောကဒုက္ခမည်၏။
[၁။ အန္တောနိဇ္ဈာနလက္ခဏာ = အတွင်း၌သာလျှင် စိတ်ပူပန်ခြင်း လက္ခဏာ။
၂။ စေတောပရိနိဇ္ဈာယန ကိစ္စ = စိတ်ကို ထက်ဝန်းကျင်မှ လောင်ခြင်းကိစ္စ။
၃။ အနုသောစန ပစ္စုပဋ္ဌာန် = အဖန်တလဲလဲ စိုးရိမ်ခြင်းဟူ၍ ဉာဏ်အား ရှေးရှု ထင်ခြင်း။]
ဒုက္ခဝတ္ထု ဖြစ်ဟန်ကား ---
သတ္တာနံ ဟဒယံ သောကော၊
ဝိသ သလ္လံဝ တုဇ္ဇတိ။
အဂ္ဂိတတ္တောဝ နာရာစော၊
ဘုသံဝ ဒဟတေ ပုန။
သမာဝဟတိ စ ဗျာဓိ-
ဇရာမရဏဘေဒနံ။
ဒုက္ခမ္ပိ ဝိဝိဓံ ယသ္မာ၊
တသ္မာ ဒုက္ခောတိ ဝုစ္စတိ။
ယသ္မာ ၊ အကြင်ကြောင့်။
သောကော၊ စိုးရိမ်ခြင်းသည်။
သတ္တာနံ၊ သတ္တဝါတို့၏။
ဟဒယံ၊ နှလုံးကို။
ဝိသ သလ္လံဣဝ၊ ဆိပ်လူး မြှားကဲ့သို့။
တုဇ္ဇတိ၊ ထိုးကျင် နှိပ်စက်တတ်ချေ၏။
အဂ္ဂိတတ္တော၊ မီးရဲရဲ လောင်သော။
နာရာစောဝ၊ သံမြားကဲ့သို့။
ပုန၊ အဖန်ဖန်။
ဘုသံ၊ ပြင်းပြစွာ။
အာဒဟတေ၊ ဝင်၍ လောင်တတ်ချေ၏။
ဗျာဓိ ဇရာ မရဏဘေဒနံ၊ နာခြင်း အိုခြင်း သေခြင်း အပြားရှိသော။
ဝိဝိဓမ္ပိ စ ဒုက္ခံ၊ အထူးထူး အပြားပြားသော ဆင်းရဲကိုလည်း။
သမာဝဟတိ၊ ကောင်းစွာ ဆောင်တတ်ချေ၏။
တသ္မာ၊ ထို့ကြောင့်။
ဒုက္ခောတိ၊ ဒုက္ခဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
---
ပရိဒေဝ၏ လက္ခဏာစသည်
ပရိဒေဝဒုက္ခ၌ -- လာလပ္ပနလက္ခဏာ [၂]၊ ဂုဏဒေါသကိတ္တနကိစ္စ [၃]၊ သမ္ဘမ ပစ္စုပဋ္ဌာန် [၄] ရှိသော ဝိပလ္လာသ စိတ္တဇသဒ္ဒသည် သင်္ခါရဒုက္ခ, ဒုက္ခဝတ္ထု ဖြစ်သော ကြောင့် ပရိဒေ၀ဒုက္ခ မည်၏။
[၂။ လာလပ္ပနလက္ခဏာ = တောင်တောင် မြောက်မြောက် ဖောက်ဖောက် ပြန်ပြန် အဖန်ဖန် မြည်တမ်းခြင်း လက္ခဏာ။
၃။ ဂုဏ ဒေါသ ကိတ္တနကိစ္စ = ဂုဏ်ကျေးဇူးကို၎င်း အပြစ်ကို၎င်း ပြောကြား၍ မြည်တမ်းခြင်းကိစ္စ။
၄။ သမ္ဘမ ပစ္စုပဋ္ဌာန် = အကျိုးရှိသည် မရှိသည်ကို၎င်း ရှက်ကြောက်သင့်သော ပုဂ္ဂိုလ် တို့ကို၎င်း မစိစစ်နိုင်မူ၍ မထိန်းချုပ်နိုင်ပဲ မရပ်မတည် ချာချာလည်သော အဖြစ်ဟူ၍ ဉာဏ်အား ရှေးရှုထင်ခြင်း။]
ဒုက္ခဝတ္ထု ဖြစ်ပုံကား ---
သောကသလ္လေန ရောဒန္တော၊
ကဏ္ဌော'ဋ္ဌတာလုသောသဇံ။
အသယှံ လဘတေ ဒုက္ခံ၊
ဒုက္ခော သော တေန ဝုစ္စတိ။
သောက သလ္လေန၊ သောက ငြောင့်သည်။
ဝိဒ္ဓေါ၊ စူးဝင်အပ်ရကား။
ရောဒန္တော၊ ငိုကြွေးသောသူသည်။
ကဏ္ဌော'ဋ္ဌတာလုသောသဇံ၊ လည် နှုတ် အာစပ် ခြောက်တပ်ခြင်းကြောင့် ဖြစ်သော။
အသယှံ ဒုက္ခံ၊ မဝံ့ရဲတင်း ဆင်းရဲခြင်းကို။
လဘတေ၊ ရချေ၏။
တေန၊ ထို့ကြောင့်။
သော၊ ထိုပရိဒေဝကို။
ဒုက္ခော၊ ဒုက္ခဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ဒုက္ခ ဒေါမနဿ လွယ်ပြီ။
---
ဥပါယာသ၏ လက္ခဏာစသည်
စိတ္တပရိဒဟနလက္ခဏာ [၁]၊ နိတ္ထုနန ရသ [၂]၊ ဝိသာဒ ပစ္စုပဋ္ဌာန် [၃] ရှိသော ဒေါသ သည် သင်္ခါရဒုက္ခ စိတ္တပရိဒဟန ကြောင့် ဥပါယာသ ဒုက္ခမည်၏။
(၁။ စိတ္တပရိဒဟန လက္ခဏာ = စိတ်ကို ထက်ဝန်းကျင်မှ လောင်မြိုက်ခြင်းလက္ခဏာ။
၂။ နိတ္ထုနန ရသ = ရှိုက်ကြီး ငင်ကြီး ညည်းတွားခြင်းကို ပြုခြင်းကိစ္စ။
၃။ ဝိသာဒ ပစ္စုပဋ္ဌာန် = ကိုယ်စိတ်၏ ပင်ပန်းခြင်းကို ဖြစ်စေတတ်သော တရားဟူ၍ ဉာဏ်အားရှေးရှုထင်ခြင်း။)
စိတ္တဿ ပရိဒဟနာ၊
ကာယဿ စ ဝိသာဒနာ။
ဇနေတိ ဝိဝိဓံ ဒုက္ခံ၊
တတော ယံ ဒုက္ခသမ္မတော။
အယံ၊ ဤဥပါယာသသည်။
စိတ္တဿ၊ စိတ်ကို။
ပရိဒဟနာ၊ ထက်ဝန်းကျင် ပူလောင်ခြင်းဖြင့်၎င်း။
ကာယဿ၊ ကိုယ်ကို။
ဝိသာဒနာ စ၊ ညှိုးမှိန်ပိန်ချုံး စေခြင်းဖြင့်၎င်း။
ဝိဝိဓံ ဒုက္ခံ၊ အထူးထူး အပြားပြားသော ဒုက္ခကို။
ဇနေတိ၊ ဖြစ်စေ၏။
တတော၊ ထို့ကြောင့်။
အယံ၊ ဤဥပါယာသကို။
ဒုက္ခသမ္မတော၊ ဒုက္ခဟု သမုတ်အပ်၏။
---
သောက ပရိဒေ၀ ဥပါယာသ သုံးပါးတို့ အထူးကား
ဘာဇနန္တော တေလပါကော၊
ဥတ္တရိတွာ စ နိက္ခမော။
သေသဿ ခယပါကောတိ၊
ဣမေဟေ’တေ တယော သမာ။
ဘာဇနန္တော၊ ဆီအိုးအတွင်း၌။
တေလပါကော၊ ဆီ၏ဆူပွက် ကျက်ခြင်း၎င်း။
ဥတ္တရိတွာ၊ လျှံဝေ၍။
နိက္ခမော၊ ထွက်ခြင်း၎င်း။
သေသဿ၊ မဝေလောက်ပြီ ကြွင်းကျန်ဆီ၏။
ခယပါကော၊ ခန်းခြောက်အောင် ကျက်ခြင်း၎င်း။
ဣတိ ဣမေဟိ၊ ဤသုံးပါးတို့နှင့်။
ဧတေ တယော၊ ထိုသောက ပရိဒေဝ ဥပါယာသ သုံးပါးတို့သည်။
သမာ၊ တူကုန်၏။
---
အပ္ပိယသမ္ပယောဂဒုက္ခ၏ လက္ခဏာစသည်
အနိဋ္ဌသမောဓာန လက္ခဏာ[၁] စိတ္တဝိဃာတက ရသ[၂] အနတ္ထဘာဝ ပစ္စုပဋ္ဌာန်[၃] ရှိသော အနိဋ္ဌသတ္တဝါ သင်္ခါရတို့နှင့်တကွ နီးကပ်ယှဉ်စပ် တွေ့ကြုံ စုဆုံ ရောယှက် ပေါင်းဖက်ရခြင်းသည် ဒုက္ခဝတ္ထု ဖြစ်၍ အပ္ပိယ သမ္ပယောဂ ဒုက္ခ မည်၏။
ဒိသွာ အပ္ပိယေ ဒုက္ခံ၊
ပဌမံ ဟောတိ စေတသိ။
အထ ကာယေပိ တဇ္ဇာတံ၊
တတော’ယံ ဒုက္ခသမ္မတော [၄]။
အပ္ပိယေ၊ မချစ်အပ်သသူတို့ကို။
ဒိသွာန၊ မြင်၍။
ပဌမံ၊ ရှေးဦးစွာ။
စေတသိ၊ စိတ်၌။
ဒုက္ခ၊ ဆင်းရဲသည်။
ဟောတိ၊ ဖြစ်၏။
အထ၊ ထိုမှနောက်၌။
ကာယေပိ၊ ကိုယ်၌လည်း။
တဇ္ဇာတံ၊ ထိုရန်သူကြောင့် ဖြစ်သော။
ဒုက္ခ၊ ဆင်းရဲသည်။
ဟောတိ၊ ဖြစ်၏။
တတော၊ ထို့ကြောင့်။
အယံ၊ ဤအပ္ပိယသမ္ပယောဂကို။
ဒုက္ခသမ္မတော၊ ဒုက္ခဟု သမုတ်အပ်၏။
---
ပိယဝိပ္ပယောဂဒုက္ခ၏ လက္ခဏာစသည်
ဣဋ္ဌဝတ္ထုဝိယောဂ လက္ခဏာ[၅]၊ သောကုပ္ပါဒန ရသ [၆]၊ ဗျသန ပစ္စုပဋ္ဌာန် [၇] ရှိသော ဣဋ္ဌသတ္တဝါ သင်္ခါရတို့နှင့် ပျောက်ပ ပယ်ရှင်း ကွေကွင်း ကင်းကွာ မလာ မပေါက် မရောက် မကြုံမဆုံ မယှဉ်ပဲ ကြဉ်ဖဲ လွဲချော် မပေါင်းဖော်ရခြင်းသည် ဒုက္ခဝတ္ထု ဖြစ်၍ ပိယဝိပ္ပယောဂဒုက္ခ မည်၏။
[၁။ အနိဋ္ဌသမောဓာန လက္ခဏာ = အနိဋ္ဌာရုံ နှင့် တွေ့ကြုံပေါင်းဆုံခြင်း လက္ခဏာ။
၂။ စိတ္တဝိဃာတက ရသ = စိတ်၏ ပင်ပန်းဆင်းရဲခြင်းကို ပြုခြင်းကိစ္စ။
(ဝိသုဒ္ဓိမဂ်၊ ဒု၊ ဆဋ္ဌမူ၊ နှာ-၁၃၅-၌ စိတ္တဝိဃာတ ကရဏ ရသ-ဟု ရှိ၏။)
၃။ အနတ္တဘာဝ ပစ္စုပဋ္ဌာန် = ကိုယ်၏ဆင်းရဲခြင်း စိတ်၏ပင်ပန်းခြင်း အစရှိသော အကျိုးမဲ့တို့၏ ထင်ရှားရှိသည်၏ အဖြစ်လျှင် ဉာဏ်အား ရှေးရှုထင်ခြင်း။
၄။ သမ္မောဟဝိနောဒနီ ၊ဋ္ဌ၊ နှာ-၁၀၁ နှင့် ဝိသုဒ္ဓိမဂ် ၊ဋ္ဌ၊ ဒု၊ နှာ-၁၃၆ လာ ဂါထာတို့ကို တမျိုးပြင်၍ စီထားသည်။
၅။ ဣဋ္ဌဝတ္ထု ဝိယောဂ လက္ခဏာ = ဣဋ္ဌဖြစ်သော ဝတ္ထုအာရုံ နှင့် ကွေကွင်းခြင်း လက္ခဏာ။
၆။ သောကုပ္ပါဒန ရသ = စိုးရိမ်ခြင်းကို ဖြစ်စေခြင်းကိစ္စ။
၇။ ဗျသန ပစ္စုပဋ္ဌာန် = ဆွေမျိုးတို့၏ ပျက်စီးခြင်း စသည်ဖြင့် ဉာဏ်အား ရှေးရှု ထင်ခြင်း။]
ဉာတိဒ္ဓနာဒိဝိယောဂါ၊
သောကဿရသမပ္ပိတာ။
ဝိတုဇ္ဇန္တိ ယတော ဗာလာ၊
တတော’ယံ ဒုက္ခသမ္မတော။
ဉာတိဒ္ဓနာဒိဝိယောဂါ၊ ချစ်မြတ်နိုးသည့်ဆွေမျိုး ဥစ္စာစသည်တို့နှင့် ကင်းကွာ ခြင်းကြောင့်။
သောကဿရသမပ္ပိတာ၊ သောက မြှားသည် ဆီးတား မတင် စူးဝင်အပ်ကုန်ရကား။
ဗာလာ၊ လူမလိမ္မာတို့သည်။
ယတော၊ အကြင့်ကြောင့်။
ဝိတုဇ္ဇန္တိ၊ နာကျင်ကုန်၏။
တတော၊ ထို့ကြောင့်။
အယံ၊ ဤပိယဝိပ္ပယောဂကို။
ဒုက္ခသမ္မတော၊ ဒုက္ခ ဟု သမုတ်အပ်၏။
---
ဣစ္ဆိတာလာဘဒုက္ခ
ဣစ္ဆိတာလာဘဒုက္ခ၌ - အလဗ္ဘနေယျဝတ္ထုဣစ္ဆန လက္ခဏာ[၁]၊ တပ္ပရိယေသနရသ[၂]၊ အပ္ပတ္တိ ပစ္စုပဋ္ဌာန်[၃] ရှိသော တဏှာသည် ဒုက္ခဝတ္ထုဖြစ်၍ ဣစ္ဆိတာလာဘ ဒုက္ခ မည်၏။
[၁။ အလဗ္ဘနေယျဝတ္ထုဣစ္ဆန လက္ခဏာ = မရအပ်သောဝတ္ထု ကိုတောင့်တခြင်း လက္ခဏာ။
၂။ တပ္ပရိယေသန ရသ = ထိုမရအပ်သော ဝတ္ထုကို ရှာဖွေခြင်းကိစ္စ။
၃။ အပ္ပတ္တိ ပစ္စုပဋ္ဌာန် = (ထိုတောင့်တအပ်သော ဝတ္ထုသို့) မရောက်ခြင်း မရခြင်းလျှင် ဉာဏ်အား ရှေးရှုထင်ခြင်း။]
ယာယ ဣစ္ဆံ န လဘတိ၊
တံ ဒုက္ခဒွယကာရဏံ။
ယသ္မာ တသ္မာ ဇိနော ဒုက္ခံ၊
ဣစ္ဆိတာ'လာဘ'မဗြဝီ။
ယာယ ပတ္ထနာယ၊ အကြင်တောင့်တခြင်း တဏှာဖြင့်။
ဣစ္ဆံ ဣစ္ဆန္တော၊ လိုချင်တောင့်တသောသူသည်။
ဣစ္ဆံ ဣစ္ဆိတံ၊ လိုအပ်သည်ကို။
န လဘတိ၊ မရ။
တံ ပတ္ထနာဇာတံ၊ ထိုမရနိုင်သည်ကို တောင့်တခြင်း သဘောသည်။
ဒုက္ခဒွယကာရဏံ၊ ကာယိက စေတသိကဒုက္ခနှစ်ပါး၏ အကြောင်းသည်။
ယသ္မာဟောတိ၊ အကြင့်ကြောင့်ဖြစ်၏။
တသ္မာ၊ ထို့ကြောင့်။
ဣစ္ဆိတာလာဘံ၊ မရနိုင်သည်ကို တောင့်တခြင်းတဏှာကို။
ဒုက္ခံ၊ ဒုက္ခဟူ၍။
ဇိနော၊ ငါးမာရ်အောင်မြင် ဘုရားရှင်သည်။
အဗြဝီ၊ ဟောတော်မူ၏။
---
ဥပါဒါနက္ခန္ဓဒုက္ခ
ဥပါဒါနက္ခန္ဓဒုက္ခ၌ --
သဗ္ဗံ ဇာတျာဒိကံ ဒုက္ခံ၊
ခန္ဓေ ဝိနာ န ဝိဇ္ဇတိ။
ယသ္မာ တသ္မာ ဣမေ ဒုက္ခာ၊
ဝုတ္တာ ဒုက္ခန္တဒဿိနာ။
ဂါဝံ ဝိယ ဟိ ဍံသာ တေ၊
ဗာဓန္တာ ဇာတိအာဒယော။
ဘူမိယံဝ တိဏာဒီနိ၊
နိဗ္ဗတ္တာ ခန္ဓနိဿိတာ။
သဗ္ဗံ၊ အလုံးစုံသော။
ဇာတျာဒိကံ၊ ဇာတိအစရှိသော။
ဒုက္ခံ၊ ဆင်းရဲသည်။
ခန္ဓေ၊ ခန္ဓာတို့ကို။
ဝိနာ၊ ကြဉ်၍။
ယသ္မာ န ဝိဇ္ဇတိ၊ အကြင့်ကြောင့် မရှိနိုင်။
တသ္မာ၊ ထို့ကြောင့်။
ဒုက္ခန္တဒဿိနာ၊ ဆင်းရဲပျက်စင် နိဗ္ဗာန်လွင်ကို မြင်တော်မူတတ်သော ဘုရားသည်။
ဣမေ ခန္ဓာ၊ ဤခန္ဓာတို့ကို။
ဒုက္ခာ၊ ဒုက္ခတို့ဟူ၍။
ဝုတ္တာ၊ ဟောတော်မူအပ်ကုန်၏။
ဟိသစ္စံ၊ ထိုစကားမှန်၏။
ဍံသာ၊ ခြင်မှက်တို့သည်။
ဂါဝံ ဝိယ၊ နွားကို (နှိပ်စက်ကုန်သ)ကဲ့သို့။
တေ ဇာတိ အာဒယော၊ ထိုဇာတိစသော တရားတို့သည်။
တေ ခန္ဓေ၊ ထိုခန္ဓာတို့ကို။
ဗာဓန္တာ၊ နှိပ်စက်ကုန်လျက်။
ဘူမိယံ၊ မြေ၌။
တိဏာဒီနိ ဝိယ၊ မြက်စသည်တို့ (သည်မှီကုန်သ)ကဲ့သို့။
ခန္ဓနိဿိတာ၊ ခန္ဓာကို မှီကုန်လျက်။
နိဗ္ဗတ္တာ၊ ဖြစ်ကြကုန်၏။
(ဒုက္ခ တဆဲ့နှစ်ပါး ပြီး၏)။
---
သမုဒယသုံးပါး၌
ဒုက္ခဟေတုဝိသေသတ္တာ၊
တိဿော တဏှာ သမုဒယော။
အဝိဇ္ဇာဒိဓမ္မာ ပန၊
ပဋိစ္ဆာဒါဒိမတ္တကာ။
---
တဏှာသည်သာ သမုဒယဖြစ်ပုံ
ဒုက္ခဟေတုဝိသေသတ္တာ၊ ဒုက္ခသစ္စာ၏ အကြောင်းထူး ဖြစ်သောကြောင့်။
တိဿော တဏှာ၊ (ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ) တဏှာသုံးပါး တို့သည် သာလျှင်။
သမုဒယော၊ သမုဒယသစ္စာ မည်၏။
အဝိဇ္ဇာဒိဓမ္မာ ပန၊ အဝိဇ္ဇာစသော တရားတို့သည်ကား။
ပဋိစ္ဆာဒါဒိမတ္တကာ၊ ဖုံးလွှမ်းခြင်း စသည်တို့သာလျှင်တည်း။
ဤဂါထာနှင့်အညီ အဝိဇ္ဇာသည် ဘဝစသည်တို့၏ အပြစ်ကို ဖုံးလွှမ်းရုံသာ။
ဒိဋ္ဌိစသည်သည် တဏှာပွါးကြောင်းမျှသာ။
ဒေါသစသည်သည် ကံ၏ အကြောင်းမျှသာ။
တဏှာသည်သာလျှင် ထိုထိုဘဝ ယောနိ ဂတိ စသည်တို့၏ ဆန်းကြယ်ခြင်းကို တောင့်တစီမံတတ်သည်၊ ဆန်းကြယ်သော ကံ၏ မှီရာနိဿယ၊ ကံ၏ အဖော်သဟာယ ဖြစ်သည်၊ ဘဝါဒိဝိစိတ္တကို မှတ်တတ် ပိုင်းခြားတတ်သည်။ ထို့ကြောင့် တဏှာသည် သာလျှင် ဒုက္ခ၏ ဝိသေသအကြောင်း ဖြစ်၍ သမုဒယသစ္စာ မည်၏။
---
နိရောဓသစ္စာမည်ပုံ
နိရောဓသစ္စာ၌ — ထို ဆိုခဲ့ပြီးသော ဒုက္ခတို့ကို ရွံ့ကြောက်သော သူသည် ထို ဆိုခဲ့ပြီးသော အကြောင်း လောဘ သမုဒယကို ခြိုးခြံပယ်ဖျောက်ပါမှ အကျိုး ဒုက္ခပျောက်၍ နိဗ္ဗာန်ရောက်ချေသည်။ ထမင်းဟင်းလျာ ချက်ပြုတ်ရာ၌ အောက်က ထင်းထိုးအားကြီး၍ မီးတောက်လေလေ အထက်မှာ ဆူဝေလျှံဖိတ်လေလေ ဖြစ်သကဲ့သို့ ဝတ္ထု ကာမဂုဏ် အာရုံထင်းထိုးချက် များချေ၍ လောဘတဏှာ သမုဒယ သစ္စာမီး အားကြီးလေလေ အကျိုးဒုက္ခ သစ္စာပွါးလေလေ ဖြစ်ချေသည်။
ရူပ သဒ္ဒ စသည်အာရုံ ကာမဂုဏ်ထင်းထိုးကို ရပ်၍ လောဘတဏှာ သမုဒယ သစ္စာမီးကို သတ်ပါမှ အကျိုးဒုက္ခ အစပြတ်၍ အသင်္ခတဓာတ် နိဗ္ဗာန်သို့ ကပ်နိုင် ရောက်နိုင်ချေသည်။ ထိုနိဗ္ဗာန်သည် ယခင် ဆိုအပ်ခဲ့ပြီးသော ဒုက္ခတဆဲ့နှစ်ပါးတို့၏ ချုပ်ပျောက်ပျက်စီးရာ ဧကန်ငြိမ်သက်သောသဘော မှန်သောကြောင့် “နိရောဓသစ္စာ” မည်၏။
---
နိရောဓ၏ လက္ခဏာ ရသ စသည်
ထိုနိရောဓသစ္စာသည် --
(၁) လေဆိတ်ငြိမ်ရာ၌ ရောက်သော ဆီမီးတောက်ပမာ တည်ကြည် ငြိမ်သက်ခြင်း သန္တိလက္ခဏာ ရှိ၏။
(၂) ကောင်းကင်ပညတ်တို့ကဲ့သို့ မပျက်စီး မစုတေခြင်း အဇ္ဈတိ ရသ၊ ဝါ၊ သတ်ဖြတ်မည်ကြံ ရန်သူဖမ်းဆီး၍ ချွေးကြီးတဖြာ ကြောက်မူလန့်စွာ ပြေးလာသော သူကို ဆီးယူ ကြိုဆိုသကဲ့သို့ ယင်းဒုက္ခ တဆဲ့နှစ်ပါးကိုမြင်၍ သံသရာတွင် အလွန်လျှင် ငြီးငွေ့ မပျော်မွေ့သော ယောဂီအပေါင်း သူတော်ကောင်းတို့ကို သက်သာချမ်းဧအောင် ပြုခြင်း အဿာသ ကရ ရသရှိ၏။
(၃) အရိယာပုဂ္ဂိုလ်တို့၏ဉာဏ်တွင် လုံးလုံး လျောင်းလျောင်း ပေါင်း၍ တည်ဟန် သဏ္ဌာန် အကောင်အထည် မရှိခြင်းလျှင် ထင်သော အခြင်းအရာ အနိမိတ္တပစ္စုပဋ္ဌာန်။ ဝါ၊ ခန္ဓာ အာယတန ဓာတ်တို့၏ အစဉ်မပြတ်ဖြစ်ခြင်းဟု ဆိုအပ်သော သံသရာ အစဉ်ကို ချဲ့ထွင်တတ်သော တဏှာ မာန ဒိဋ္ဌိ ဟူသော ပပဉ္စတရားသုံးပါးတို့၏ ရှောင်ရှားလွင့်ပြယ် ပျောက်ကွယ် ချုပ်ကင်း မရှိခြင်း နိပ္ပပဉ္စပစ္စုပဋ္ဌာန် ရှိ၏။
မြတ်စွာဘုရားကား --
ပုန ရူဟတိ ဆိန္နောပိ၊
ယထာ မူလေ’နုပဒ္ဒဝေ။
တဏှာယေဝ’မစ္ဆိန္နာယ၊
ဒုက္ခံ ဇာတံ ပုနပ္ပုနံ။
ဟု ပြခြင်းငှါ “ယော တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓော” စသည်ဖြင့် ဟောတော်မူသည်။
သီဟသမာနဝုတ္တိနော ဟိ တထာဂတာ ။ပ။ သုဝါနဝုတ္တိနော ပန အညတိတ္ထိယာ။
မူလေ၊ အမြစ်သည်။
အနုပဒ္ဒဝေ၊ အနာ အဆာ ကင်းသည်ရှိသော်။
ဆိန္နောပိ၊ ပင်စည်ခက်ရွက် ပြတ်ပြီးသော်လည်း။
ရုက္ခော၊ သစ်ပင်သည်။
ပုန ရူဟတိ ယထာ၊ ပေါက်ရောက်တဖန် စည်ကားပြန်သကဲ့သို့။
ဧဝံ၊ ဤအတူ။
တဏှာယ၊ တဏှာသည်။
အစ္ဆိန္နာယ၊ မပြတ်သည်ရှိသော်။
ဒုက္ခံ၊ ဒုက္ခသည်။
ပုနပ္ပုနံ၊ အဖန်တလဲလဲ။
ဇာတံ၊ ဖြစ်၍နေ၏။
---
နိဗ္ဗာန်ထင်ရှားရှိကြောင်း
တောမီးဧရာ၊ လောင်၍လာသော်၊ လောင်စာကို မရ၊ မြစ်ရေသို့ရောက်က၊ အေးမြ ငြိမ်းလေသကဲ့သို့ အနမတဂ္ဂ က လောင်၍လာသော ခန္ဓာမီး၏ လောင်စာကို ထပ်ထည့် တတ်သော သမုဒယသစ္စာကို ဒါန သီလစသော မဂ္ဂသစ္စာဖြင့်သတ်၍ ဘဝဇာတ် ခန္ဓာ မီးငြိမ်း၍သေရာ မြစ်ရေနှင့်တူသော နိဗ္ဗာန် သန္တိတရားသည် ထင်ရှား ရှိ၏ ဟု မှတ်။
---
နိဗ္ဗာန်ထင်ရှားရှိသော်လည်း
မြင်နိုင်ရန် ခဲယဉ်းပုံ
“ယုန်ချို လိပ်မွှေး ပုဇွန်သွေး”ဟူသကဲ့သို့ နိဗ္ဗာန် ဟူသည် တစုံတခုမျှ မရှိဟု ပညာမျက်စိ မမြင်သော ပုထုဇဉ်တို့က ဆိုငြားအံ့။ ဗာလပုထုဇဉ်တို့ မမြင်မသိပင်လျှင် မရှိဟူ၍ မဆိုသာ၊ ဥပမာကား အမိဝမ်းတွင်း ကပင် မျက်စိနှစ်ဖက် ကန်းသောသူသည် အဖြူ အနီ အကြောင် အကျား စသော အဆင်းကို မမြင်ဘူးသောကြောင့် သူတထူး ပြောသည်ကို မယုံကြည် မနာယူ၊ ဖြူ နီ ကြောင် ကျား မရှိဟု ဆိုငြားအံ့၊ ထိုသူကန်းစကား လွဲသည်။ ထိုကဲ့သို့ အဝိဇ္ဇာ မောဟ ဖိသဖြင့် မမြင်မသိသောကြောင့် နိဗ္ဗာန် မရှိဟူ၍ ဆိုသော ထိုဗာလ ပုထုဇဉ် စကားသာလျှင် ချွတ်လွဲ တိမ်းပါး မှားလေသည်။
ဤလောက၌ သေးသိမ်လှာသော ပရမာဏုမြူကို လူတို့မျက်စိဖြင့် မမြင်ရ။
ပရမာဏုမြူ သုံးဆဲ့ခြောက်ခု ခန့်ရှိသော အဏုမြူကိုမှ သူငယ်တို့ မျက်စိဖြင့် မြင်ရသည်။
ယင်းသုံးဆဲ့ခြောက်ခုရှိသော“တဇ္ဇာရိမြူ”ကိုမှ လူပျိုတို့ မြင်ရသည်။
တဇ္ဇာရီ သုံးဆဲ့ခြောက်ခုခန့်ရှိသော “ရထရေဏုမြူ”ကိုမှ အတန်အိုသော သူအိုတို့ မြင်ရသည်။
အလွန်အိုသောသူတို့ကား ထိုထက်ကြီးသော လိက္ခာမြူ သန်းခေါင်း စပါးလုံးလောက် ရှိမှ မြင်ရတော့သည် ။
မျက်စိကန်းသူကား တစုံတခု ကိုမျှ မမြင်ရချေ။
ဤသို့ ပသာဒစက္ခုမှာ အနု အရင့် အဆင့်ဆင့် ရှိသကဲ့သို့ ပညာမျက်စိတွင် လည်း နှုတ်မှု လက်မှု စက်မှုအတတ်စသည်တို့၌ ဗုံးလုံးနားမထွင်း အချင်း ခပ်သိမ်း မတတ်သသူလည်း ရှိသည်။ ထိုထက် အတန်ငယ် နားလည်တတ်သိသသူ။ ထိုထက် ထိုထက် အတန် အတန် တတ်သိသသူ အပြီးတိုင် ကမ်းခပ်အောင် အလွန်အကျူး အထူး တတ်သိ လိမ္မာသသူလည်း ရှိသည်။ ဤသို့ အဆင့် အဆင့် ပညာ အနု အရင့် အနိမ့် အမြင့် ရှိသည်ကို ထောက်၍ အလုံးစုံကို အကုန်မကြွင်း သိမြင်ခြင်းငှါ တတ်စွမ်းနိုင်သသူလည်း ရှိရာသည်။ ထိုသူကိုပင် သဗ္ဗညုဘုရားဟူ၍ ဆိုအပ်သည်။
သူငယ်တို့မျက်စိဖြင့်သာ မြင်ရသည့် အဏုမြူကို လူအို လူကန်းတို့ မမြင်နိုင်သကဲ့သို့ သဗ္ဗညုဘုရားရှင်တို့သာ မုချဆက်ဆတ် မြင်စအပ်သော နိဗ္ဗာန်ကို ဉာဏ်မျက်စိ မယှဉ်သော အန္ဓဗာလ ပုထုဇဉ်တို့ မမြင်နိုင် မသိနိုင်ကာမျှဖြင့် မရှိဟူ၍ မဆိုသင့်။
---
ပုထုဇဉ်တို့သည်
စိတ် စေတသိက်တို့ကိုပင် မသိနိုင်
မျက်စိ မမြင် ဉာဏ်မယှဉ်သည့် ပုထုဇဉ် ဗာလ အန္ဓေစက္ခုတို့မည်သည် နိဗ္ဗာန်ကို မဆိုထားဘိ၊ အထင်အရှား အများ သတ္တဝါတို့ သန္တာန်တွင် အစဉ်မပြတ် ဖြစ်၍နေသော စိတ် စေတသိက်ကိုမှ ဤကား ဝိညာဏ် ဤကား ဖဿ ဤကား ဝေဒနာ, ဤကား သညာ စသည်ဖြင့် ပိုင်းခြား၍ မသိနိုင်ချေ။ သဗ္ဗညုဘုရားတို့မှာ ခွဲခြား၍ သိနိုင်ချေသည်။ ထို့ကြောင့် နာဂသိန်အမည်ရှိသော ရဟန္တာမထေရ်မြတ်သည် …
ဒုက္ကရံ မဟာရာဇ ဘဂဝတာ ကတံ။
အစရှိသည်ဖြင့် မိလိန္ဒမင်းအား ဟောကြားတော်မူသည်။
မဟာရာဇ၊ မိလိန္ဒမင်းမြတ်။
ဘဂဝတာ၊ သဗ္ဗညုဘုရားမြတ်သည်။
ဒုက္ကရံ။ စိတ် စေတသိက်တို့ အထူးအပြား ပိုင်းခြား ဝေခွဲပြုနိုင်ခဲသောအမှုကို။
ကတံ၊ ပြုတော်မူအပ်၏။
---
ပုထုဇဉ်တို့သည်
ရုပ်လက္ခဏာကိုပင် မသိမြင်နိုင်
စိတ် စေတသိက် နာမ်ကိုလည်း မဆိုထားဘိဦး၊ ရူပက္ခန္ဓာတရား ကိုမှသော်လည်း -
ဤကား ကက္ခဠသဘောရှိသော ပထဝီဓာတ်၊
ဤကား အာဗန္ဓနလက္ခဏာရှိသော အာပေါဓာတ်၊
ဤကား ဥဏှတ္တ, ဝိတ္ထမ္ဘန လက္ခဏာရှိသော တေဇောဓာတ်, ဝါယောဓာတ်
စသည်ဖြင့် ပိုင်းခြား ခွဲပြား၍ သိရမည့်အရာ အလွန်ခဲယဉ်းသည်။
---
ဘုရားရှင်၏ ဉာဏ်တော်ကို
ခန့်မှန်းကြည်ညိုနိုင်ပုံ
ထို့ကြောင့် ဆန်းကြယ် သိမ်မွေ့လှသော နာရီစက် စသည်ကို မြင်သဖြင့် ၎င်းစက်ကို စီရင်ပြုလုပ်သော “အတတ်သည်ဆရာ” ၏ ပညာဉာဏ်စွမ်းကို တမ်းမှန်းတွေးဆ သိရသကဲ့သို့ ဆန်းကြယ်ခက်ခဲ နက်နဲသိမ်မွေ့လှစွာသော အဘိဓမ္မာပဋ္ဌာန်း ဒေသနာတော် စသည်များကို စဉ်းစားဆင်ခြင်၍ ဒေသနာရှင် ဖြစ်တော်မူသော သဗ္ဗညုဘုရား၏ ဉာဏ်တော်စွမ်းကို တမ်းမှန်း ယုံကြည်၍ သဗ္ဗညုဘုရားရှင်သည် ဟောတော်မူအပ်သော …
ယော တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။ ဣဒံ ဝုစ္စတိ ဒုက္ခနိရောဓံ အရိယသစ္စံ။
(မဟာဝဂ္ဂ၊ သစ္စသံယုတ်၊ ဓမ္မစက္ကပ္ပဝတ္တနသုတ်၊ ခန္ဒသုတ်၊ အဇ္ဈတ္တိကာယတနသုတ်၊ နှာ-၃၆၉-၃၇၄။ ဝိဘင်း၊ သစ္စဝိဘင်း၊ နှာ-၁၀၈-၁၁၀။)
တဿာယေဝ တဏှာယ၊ ထိုတဏှာ၏သာလျှင်။
ယော အသေသဝိရာဂနိရောဓော၊ အကြွင်းမဲ့ကင်းရာ ချုပ်ရာ ဖြစ်သော အကြင် နိဗ္ဗာန် သည်၎င်း။
ယော စာဂေါ၊ စွန့်အပ်ပြီးသော တဏှာရှိသော အကြင် နိဗ္ဗာန်သည်၎င်း။
ယော ပဋိနိဿဂ္ဂေါ၊ ဝေးစွာ စွန့်ပစ်အပ်ပြီးသော တဏှာရှိသော အကြင် နိဗ္ဗာန် သည်၎င်း။
ယာ မုတ္တိ၊ တဏှာမှ လွတ်ရာဖြစ်သော အကြင်နိဗ္ဗာန်သည်၎င်း။
ယော အနာလယော၊ ကပ်ငြိခြင်းကင်းရာ ဖြစ်သော အကြင် နိဗ္ဗာန်သည်၎င်း။
အတ္ထိ၊ ရှိ၏။
ဣဒံ၊ ဤနိဗ္ဗာနကို။
ဒုက္ခနိရောဓံ၊ ဒုက္ခ၏ချုပ်ရာဖြစ်သော။
အရိယသစ္စံ၊ အရိယာတို့၏အမြင်မှန် အရိယသစ္စာဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ဟူသော ဒေသနာတော် လာသည့်အတိုင်း ယခင် ဒုက္ခသစ္စာ တဆယ့်နှစ်ပါး၏ အကြောင်းဖြစ်သော သမုဒယသစ္စာ တဏှာသုံးပါးကို သီလ သမာဓိ ပညာ ဟူသော အကျင့်ပဋိပတ် တရားဖြင့် ဖယ်ရှားချိုးဖျက်သည်ရှိသော် အကြောင်းသမုဒယ ပြတ်ရကား အကျိုးဒုက္ခ လက်စသတ်၍ အသင်္ခတ ဓာတ်သို့ ရောက်နိုင်သည်။
---
မဂ္ဂသစ္စာမည်ခြင်း
ယင်း သီလ သမာဓိ ပညာ ဟူသော အကျင့်ပဋိပတ် စိတ္တုပ္ပါဒ်၌ပါသော သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိဟူသော မဂ္ဂင်တရားရှစ်ပါးသည် တရွေ့ရွေ့ ရင့်သဖြင့် မဂ်စိတ္တုပ္ပါဒ် နှင့်ယှဉ်သည့်အခါ နိဗ္ဗာန်သို့ရောက်ကြောင်း စင်စစ် မှန်သောကြောင့် မဂ္ဂသစ္စာ မည်၏။
ဤလောက၌ အသီးအနှံကို လို၍ လယ်ယာဥယျာဉ် တီထွင်စိုက်ပျိုးခြင်းကို ပြုက ပြီးလျှင် အသီးအနှံဟူသော အကျိုး ရသည်။ အမြတ်အစွန်းကို လို၍ ဉာဏ်ဖြင့် ဖယ်လှယ် ရောင်းဝယ် ဖောက်ကား ကုန်သွားကူးသန်းက ဆုံးကမ်းတိုင်မြောက်လျှင် လိုတိုင်းသော အကျိုးရောက်လာသည်၊ အပြီးမရောက်က လိုတိုင်း အကျိုး မရ။ ထို့ကြောင့် -
နိပ္ဖန္နသောဘနော အတ္ထော။
- ဟူ၍ ဟောတော်မူသည်။
အတ္ထော၊ လိုအပ်သောကိစ္စသည်။
နိပ္ဖန္နသောဘနော၊ ပြီးစီးအောင်မြင်မှ တင့်တယ်၏။
အနိပ္ဖန္နော၊ မပြီးမူ။
န သောဘနော၊ မတင့်တယ်။
ထိုနည်းတူသာလျှင် ဒေသနာတော်လာတိုင်း အခြံအရံနှင့် တကွသော လောဘတဏှာ သမုဒယ သစ္စာတရားကို မပွါးများစေရ၊ ကိုယ်နှုတ်နှလုံးကို စောင့်သုံး ဖိယိ၍ သီလ သမာဓိ ပညာ ကျင့်ဝတ် တရားတို့ကို သက်တစွန့်ကြိုးစားလျက် ပွါးများကျင့်ကြံလျှင် ဧကန်မယိမ်း မတိမ်းမစောင်း ရောက်စကောင်း သောကြောင့် နိဗ္ဗာန် ဧကန်မုချရှိ၏ဟု မှတ်ရမည်။
---
မရှိခြင်း “အဘာဝ” ́ကို နိဗ္ဗာန်ဟု မဆိုနိုင်ပုံ
မီးလောင်ကျွမ်း၍ ကုန်ခန်း ခြောက်တပ်သော ဆီထောပတ်တို့ကဲ့သို့ ခန္ဓာငါးရပ်တို့၏ ချုပ်ပျက်ကွယ်ကင်း မရှိခြင်း “အဘာဝ”မျှကို နိဗ္ဗာန် ဆိုငြားအံ့၊ ချုပ်ပျက်ပြီးသော အတိတ်ခန္ဓာ မဖြစ်သေးသော အနာဂတ်ခန္ဓာ တို့၏ မရှိခြင်းသည် နိဗ္ဗာန်မည်ခဲ့ရာ၏။ အရိယမဂ်ဖြစ်ဆဲ ပစ္စုပ္ပန်အခါ မဂ်၏ မှီရာ ရုပ်နာမ်ခန္ဓာ ထင်လင်းရှိ၍ သောပါဒိသေသနိဗ္ဗာန် မည်သည် မရှိခဲ့ရာ၊ ထိုအခါ ကိလေသာ တည်းဟူသော ခန္ဓာတချို့ မရှိသောကြောင့် သောပါဒိသေသ နိဗ္ဗာန်ရှိ၏ ဟု ဆိုပြန်လျှင်လည်း ရှေးအဘို့ကပင် ကိလေသာ မရှိရကား မဂ် ဖြစ်ကျိုးမနပ်ခဲ့ရာ။
---
ဘင်္ဂက္ခဏသည် နိဗ္ဗာန်မဟုတ်
“ယောခေါအာဝုသော ရာဂက္ခယော ဒေါသက္ခယော မောဟက္ခယော။ ဣဒံ ဝုစ္စတိ နိဗ္ဗာနံ”
“အို-ငါ့ရှင်။
အကြင်ရာဂကုန်ခြင်းသည်၎င်း,
အကြင်ဒေါသကုန်ခြင်းသည်၎င်း,
အကြင် မောဟကုန်ခြင်းသည်၎င်း ရှိပေ၏။
ယင်းကို နိဗ္ဗာန်ဟု ဆိုအပ်ပေ၏။”
(သဠယတနဝဂ္ဂသံယုတ်ပါဠိတော်၊ နိဗ္ဗာနပဉှာသုတ်၊ နှာ-၄၄၇။)
ဟူ၍ ကျမ်းဂန်လာသောကြောင့် ရာဂစသည်တို့၏ ခယ ဝယ ဘင်္ဂက္ခဏမျှကို နိဗ္ဗာန် ဆိုငြားအံ့၊ အရဟတ္တဖိုလ်ကိုလည်း ရာဂက္ခယော စသည်ဖြင့် ဟောသောကြောင့် အရဟတ္တဖိုလ်လည်း နိဗ္ဗာန် မည်ခဲ့ရာ၏။ နိဗ္ဗာန်သည် တိုသောကာလ ရှိရာ၏၊ သင်္ခတလက္ခဏာ ဖြစ်ရာ၏။ အားမထုတ်ပဲ အလိုလိုပင် ရောက်ခဲ့ရာ၏၊ ရာဂဂ္ဂိစသည် တို့ဖြင့် တညီးညီး တပြောင်ပြောင် လောင်သည်ဖြစ်၍ ဆင်းရဲဒုက္ခ ဖြစ်ရာ၏။
ရာဂ၏ကုန်ခြင်းတခု ဒေါသ၏ကုန်ခြင်းတခု မောဟ၏ကုန်ခြင်းတခု ဥပါဒါန်လေးပါး, နီဝရဏငါးပါး, တဏှာကာယခြောက်ပါး အနုသယခုနစ်ပါး မိစ္ဆတ္တရှစ်ပါး တဏှာမူလကကိုးပါး, သံယောဇဉ်ဆယ်ပါး တထောင့်ငါးရာ ကိလေသာတို့၏ ကုန်ခြင်း တည်းဟူသော နိဗ္ဗာန် ထောင့်ငါးရာ စသည်ဖြင့် နိဗ္ဗာန် လွန်စွာ များခဲ့ရာ၏။
“မေထုနသံဝါသ”စသည် အဆုံး၌ အန္ဓဗာလ သောန သိင်္ဂါလ ဒီပိ မက္ကဋ [၁] တို့ပင် သိလွယ်လှသည်ဖြစ်၍ နိဗ္ဗာန် ရုန့်ရင်း ကြမ်းတမ်းလှစွာ၏။ ဂေါတြဘူအခိုက် မဂ်အခိုက်တို့၌ ကိလေသက္ခယ မရှိသောကြောင့် ဂေါတြဘူဉာဏ် မဂ်ဉာဏ်တို့ပင် နိဗ္ဗာန်ကို အာရုံမပြုနိုင်ခဲ့ရာ။
---
အဆုံးစွန်သော ကိလေသက္ခယသည် နိဗ္ဗာန်မဟုတ်
အဆုံးစွန်သော ကိလေသက္ခယကို နိဗ္ဗာန်ဆိုငြားအံ့၊ မဂ်ဖိုလ်၏ အာရုံဖြစ်သော ထိုကဲ့သို့သော ခယ မရှိခဲ့၊ ရှိရာ ရှေးအဘို့ [၂] မှာ ယူလျှင်လည်း မဂ်ဖိုလ်မရမီကပင် ထိုသူတို့ နိဗ္ဗာန်သို့ ရောက်ခဲ့ရာ၏။ ဣတ္တရကာလ[၃] သင်္ခတ [၄] စသော ဆိုခဲ့ပြီးသော အပြစ်ဒေါသမှ မလွတ်ခဲ့ရာ။
သရက် ပိန္နဲစသော သစ်ပင်တို့၏ ရေသောက်မြစ်ကို တူးဆွနှိပ်စက် ဖျက်ဆီး သည်ရှိသော် နှစ်တိုင်းပွင့်သုံးနေကြ အပွင့်အသီးတို့သည် မပွင့်မသီးနိုင်ပဲ ပျက်စီး သကဲ့သို့ မဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ဖြင့် နိဗ္ဗာန်ကို အာရုံပြုရသည်ရှိသော် မဖြစ်သေးသော ကိလေသာတို့၏ မဖြစ်မပေါ်လာခြင်း “အနုပ္ပါဒနိရောဓ သည် ချုပ်လေပြီးသော အတိတ်ကိလေသာတို့နှင့် ကုန်ခြင်း ပျက်ခြင်း မရှိခြင်း တူရကား သဒိသူပစာရ အားဖြင့် “ခယ”ဟူ၍ ဆိုအပ်၏။ ယင်း ခယလည်း နိဗ္ဗာန်မဟုတ်သေး။
[၁။ သောန = ခွေး (အိမ်ခွေး)။
သိင်္ဂါလ = မြေခွေး။
ဒီပိ = သစ်။
မက္ကဋ = မျောက်။
၂။ ရှိရာ ရှေးအဘို့ = မဂ်ဖိုလ် မရမီ ရှေးယခင်ကာလက ရှိခဲ့သော လောဘ ဒေါသ စသည့် ကိလေသာတို့ ချုပ်ပျက်ဆဲ ဘင်္ဂက္ခဏ (ကိလေသက္ခယ အခိုက်အတန့်) ကို ဆိုလိုသည်။
၃။ ဣတ္တရကာလ = တိုသောကာလ (နည်းသော တခဏကလေးသာ ဖြစ်သောကာလ) ။
၄။ သင်္ခတ = သင်္ခတလက္ခဏာ။ ပြုပြင်စီမံအပ်သော သင်္ခတတရားတို့၏ လက္ခဏာ။ (ပြုပြင် စီမံမှု မကင်းသောလက္ခဏာ။)]
---
ခယ၏အကြောင်းသာ နိဗ္ဗာန်မည်ပုံ
ယင်းခယ၏ အကြောင်း ဥပနိဿယ ဖြစ်သော တရားသည်သာလျှင် နိဗ္ဗာန်တည်း။ ထိုနိဗ္ဗာန်ကို အလွန်သိမ်မွေ့နက်နဲ သိနိုင် မြင်နိုင်ခဲရကား သရုပ်သကောင် အားဖြင့် မထုတ်ဆောင် မဖော်ပြမူ၍ ဖလူပစာရအားဖြင့် ဟောထားတော်မူအပ်၏။ အလွန် သိမ်မွေ့လှသောကြောင့်ပင် အရိယာပုဂ္ဂိုလ်တို့၏ ပညာစက္ခုဖြင့်သာ ရှုနိုင် မြင်နိုင်၏။ အန္ဓဗာလပုထုဇဉ်တို့ မသိနိုင် မမြင်နိုင်ချေ။ ထို့ကြောင့်ပင် ဘုရားဖြစ်တော်မူစက—
ကိစ္ဆေန မေ အဓိဂတံ၊
ဟလံ ဒါနိ ပကာသိတုံ။
ရာဂဒေါသ ပရေတေဟိ၊
နာ’ယံ ဓမ္မာ သုသမ္ဗုဓော။
ပဋိဿောတဂါမိံ နိပုဏံ၊
ဂမ္ဘီရံ ဒုဒ္ဒသံ အဏုံ။
ရာဂရတ္တာ န ဒက္ခန္တိ၊
တမောခန္ဓေန အာဝုဋာ။
ဟူ၍ ဘုရားသဗ္ဗညု ညည်းညူမှိုင်တွေ တရားမဟော နေတော်မူလေသည်။
မေ မယာ၊ ငါသည်။
ကိစ္ဆေန၊ သင်္ချေလေးထပ် တသိန်းကပ်စင် ငြိုငြင်စွာ ရှာဖွေဆည်းပူးပါမှ။
အဓိဂတံ၊ ရအပ်သော။
ဓမ္မံ၊ နိဗ္ဗာန်တရားကို။
ဒါနိ၊ ယခု။
ပကာသိတုံ၊ သုံးဘုံသူတို့အား ဟောထားပြသခြင်းငှါ။
ဟလံ၊ မသင့်လှပြီ။
ရာဂ ဒေါသ ပရေတေဟိ၊ ရာဂ ဒေါသ နှိပ်စက်အပ်ကုန်သော သတ္တဝါတို့သည်။
အယံ ဓမ္မာ၊ ဤတရားကို။
န သုသမ္ဗုဓော၊ အလွယ်တကူ မသိနိုင်ရာ။
ပဋိဿောတဂါမိံ၊ ကိလေသာလျှံ ရေညာဆန်သော။
နိပုဏံ၊ သိမ်မွေ့စွာသော။
ဂမ္ဘီရံ၊ နက်နဲစွာသော။
ဒုဒ္ဒသံ၊ မြင်နိုင်ခဲသော။
အဏုံ၊ ပရမာဏုမြူ အလား နိဗ္ဗာန်တရားကို။
ရာဂရတ္တာ၊ ရာဂဖြင့် တပ်ကုန်သော သတ္တဝါတို့သည်။
တမောခန္ဓန၊ အဝိဇ္ဇာလုံး အမိုက်တုံးသည်။
အာဝုဋာ၊ ပိတ်ဖုံးအပ်ကုန်သည် ဖြစ်၍။
န ဒက္ခန္တိ၊ မမြင်နိုင်ကုန်လတ္တံ့။
ထိုနိဗ္ဗာန်သည် သတ္တဝါသန္တာန်နှင့် ဆက်ဆံ၍ ဆတ်ဆတ်မုချ ပရမတ္ထအားဖြင့် ရှိသော်လည်း မဂ္ဂသမင်္ဂီပုဂ္ဂိုလ်တိုသာ ရောက်အပ် စကောင်းသောကြောင့် ပုထုဇဉ် တို့နှင့် မဆက်ဆံရကား လမ်းလေးခွတွင် သဘင်ပွဲကြီးပမာ သရုပ်သကောင် အားဖြင့် ထင်ရှားစွာပြခြင်းငှါ မတက်ကောင်း၊
“ဤမည်သောဘုရား လက်ထက်ကဖြစ်သည်”ဟု ဇာတိဟူသော အစ ပဘဝလည်း မရှိ၊ အစမရှိသောကြောင့် အလယ် အဆုံးဟူသော ဇရာ မရဏလည်း မရှိ၊ ဇာတိ ဇရာ မရဏ မရှိသောကြောင့် အမြဲနိစ္စတည်း။
ဖောက်ပြန် ထိပါးခြင်း ကလာပ်အစုအားဖြင့် ဖြစ်ခြင်း အရပ်ဒေသနှင့် စပ်ခြင်းဟူသော ရုပ်သဘောကို လွန်သောကြောင့် အရူပ မည်၏။ “ဘယ်အရပ်မှာ”ဟု ညွှန်ပြအပ်စရာ နေရာအရပ် မရှိ၊ မလျော့မပေါ့သော လုံ့လဝီရိယနှင့်ယှဉ်သော ဉာဏ်ပညာ အထူးဖြင့် ရောက်အပ် စကောင်းသောကြောင့်၎င်း၊
အတ္ထိ ဘိက္ခဝေ အဇာတံ အဘူတံ အကတံ အသင်္ခတံ [၁]။
ဟု သဗ္ဗညုဘုရား ဟောကြားတော်မူသောကြောင့်၎င်း၊ နိဗ္ဗာန်ဟူသည် ဧကန် ဆတ်ဆတ် ပရမတ်အားဖြင့် ထင်ရှားရှိ၏ ဟူ၍ မှတ်ရမည်။
အကျယ်လိုလျှင် ဝိသုဒ္ဓိမဂ် [၂] စသည်ကို ရှု။
မဂ္ဂသစ္စာကား လွယ်ပြီ။
ဤကား ဇာတျာဒိနိစ္ဆယတည်း။
[၁။ ဘိက္ခဝေ၊ ရဟန်းတို့။
အဇာတံ၊ ဖြစ်ပေါ်မှုမရှိသော။
အဘူတံ၊ ထင်ရှားဖြစ်နေမှု မရှိသော။
အကတံ၊ ပြုလုပ်ထားမှု မရှိသော။
အသင်္ခတံ၊ စီရင်ထားမှုမရှိသော နိဗ္ဗာန်သည်။
အတ္ထိ၊ ရှိ၏။
(ဥဒါန်းပါဠိတော်၊ နှာ-၁၇၈ စသည်။)
၂။ ဝိသုဒ္ဓိမဂ်၊ ဋ္ဌ၊ ဒု-နှာ-၁၃၉-စသည် ရှုပါ။]
---
ဉာဏကိစ္စ၌
အနုဗောဓဉာဏ် [၃] ပဋိဝေဓဉာဏ် [၄] အားဖြင့် သစ္စာဉာဏ် နှစ်ပါးရှိသည်။
---
အနုဗောဓဉာဏ်
ထို ၂-ပါးတို့တွင် အနုဗောဓမည်သော လောကီဉာဏ်သည် ဒုက္ခသစ္စာ သမုဒယသစ္စာ နှစ်ပါးကို အာရုံပြုသောအားဖြင့် သိ၏။ နိရောဓ မဂ္ဂသစ္စာနှစ်ပါးကိုကား အနုဿဝ [၅], အာကာရပရိဝိတက္က [၆] ဒိဋ္ဌိနိဇ္ဈာနခန္တိ [၇] စသောအားဖြင့် သိ၏။ ထိုအနုဗောဓဉာဏ် လေးပါး [၈] တို့သည် အစဉ်အတိုင်း သက္ကာယဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ သဿတဒိဋ္ဌိ အကိရိယဒိဋ္ဌိ တို့ကို ပယ်ကုန်၏။
တနည်းလည်း ဒုက္ခဉာဏ်သည် အကျိုးခန္ဓာတို့၌ ဓုဝသညာ, သုဘသညာ, သုခသညာ, အတ္တဘာဝသညာ ဟူသော ဝိပ္ပဋိပတ္တိ [၉] ကို ပယ်သည်။
[၃။ အနုဗောဓဉာဏ် = အဖန်တလဲလဲသိသောဉာဏ်၊ ဝါ= အနုဿဝ (တဆင့်ကြားစကား) စသည်သို့ အစဉ် လျှောက်၍ သိသောဉာဏ်။
၄။ ပဋိဝေဓဉာဏ် = ထိုးထွင်း၍သိသောဉာဏ်။
၅။ အနုဿဝ = တဆင့်ကြားရခြင်း။
၆။ အာကာရပရိဝိတက္က = အကြောင်းကို ကြံဆခြင်း။
၇။ ဒိဋ္ဌိနိဇ္ဈာနခန္တိ = ကြံစည်နှစ်သက်၍ ယူထားသောအယူ။ (စင်္ကီသုတ်၊မ၊၂၊၃၇၅)
၈။ အနုဗောဓဉာဏ် ၄-ပါး
(၁) ဒုက္ခဉာဏ် = ပဋိသန္ဓေနေရခြင်းသည်လည်း ဆင်းရဲ၏ စသည်ဖြင့် တဆင့်စကား ကြားရသော (သဝန) အခါ၊ အနိစ္စ စသည်ဖြင့် သုံးသပ်သော (သမ္မသန) အခါ၊ ဆင်ခြင်သော (ပစ္စဝေက္ခဏ) အခါတို့၌ ဒုက္ခ၌ဖြစ်သော ဒုက္ခသစ္စာကို သိသောဉာဏ်။
(၂) ဒုက္ခသမုဒယဉာဏ် = သဝန ပစ္စဝေက္ခဏ အခါတို့၌ ဒုက္ခဖြစ်ကြောင်း၌ ဖြစ်သော ဉာဏ်၊ ဒုက္ခဖြစ်ကြောင်းကို သိသောဉာဏ်။
(၃) ဒုက္ခနိရောဓဉာဏ် = သဝန, ပစ္စဝေက္ခဏ အခါတို့၌ ဒုက္ခချုပ်ရာ၌ဖြစ်သော ဒုက္ခချုပ်ရာကို သိသောဉာဏ်။
(၄) ဒုက္ခနိရောဓ ဂါမိနီ ပဋိပဒါဉာဏ်၊ ဝါ၊ မဂ္ဂဉာဏ် = သဝန ပစ္စဝေက္ခဏ အခါတို့၌ ဒုက္ခချုပ်ရာသို့ ရောက်ကြောင်း အကျင့်၌ဖြစ်သော ဒုက္ခချုပ်ရာသို့ ရောက်ကြောင်း အကျင့်ကို သိသောဉာဏ်။ (အဋ္ဌသာလိနီ၊ ဋ္ဌ၊ နှာ-၃၉၅)။
၉။ ဝိပ္ပဋိပတ္တိ = ဖောက်ပြန်မှားယွင်းသောအကျင့်။]
သမုဒယဉာဏ်သည် ဣဿရ [၁], ပဓာန [၂], ကာလ [၃], သဘာဝ [၄], နိယတိ [၅], ယဒိစ္ဆဝါဒီ[၆] တိတ္ထိတို့ ကြံဆအပ်သော လောက၏အကြောင်း မဟုတ်သည်၌ အကြောင်းဟု ထင်မှတ်သော ဝိပ္ပဋိပတ္တိကို ပယ်သည်။
[၁။ ဣဿရ = အစိုးရသူ၊ (လောကကို ပရမီသွာ, ဗြဟ္မာစသော အစိုးရ သူက ဖန်ဆင်း တည်ထောင်သည်၊ ပရမီသွာ, ဗြဟ္မာစသော ဣဿရကြောင့် လောကကြီးဖြစ်သည် ဟု ဣဿရဝါဒီတို့က ယူကြသည်။) (ဒီဃနိကာယ်၊ သီလက္ခန္ဓဝဂ်၊ ဗြဟ္မဇာလသုတ်)
၂။ ပဓာန = တည်ရာ၊ ဝါ= ပကတိ၊ (ပကတိနှင့် ပဓာန အတူတူပင်၊ သုခ ဒုက္ခ မောဟ၊ တနည်း ရာဂ ဒေါသ မောဟ ဟူသော သတွ ရဇ တမ ဂုဏ်တို၏ ညီမျှသည်၏အဖြစ် အခိုက်အတန့်ကို ပကတိ ခေါ်သည်။ ၎င်းပကတိကိုပင် အလုံးစုံတို့၏ တည်ရာဖြစ်၍ ပဓာနဟုလည်း ခေါ်သည်၊ ၎င်းပကတိမှ ဝါ- ပဓာနမှ သက်ရှိ သက်မဲ့ တလောကလုံး ဖြစ်ပွါးသည်ဟု ပကတိဝါဒီ ပဓာနဝါဒီတို့က ယူကြသည်၊ ၎င်းပကတိကိုပင် အဗျတ္တ ဟု ခေါ်ကြသေးသည်။)
၃။ ကာလ = အချိန်အခါကာလ၊ (ကာလသည်သာ သတ္တဝါ ကိုပြုသည်၊ ဆောင်သည်၊ နှိုးသည်၊ လောကသည် ကာလကို မလွန်ဆန်နိုင်ချေ၊ ကာလကြောင့် လောကကြီး ဖြစ်လာရသည်-ဟု ကာလဝါဒီ တိတ္ထိတို့က ယူကြသည်။)
၄။ သဘာဝ = သဘော၊ (ဆူး၏ချွန်ထက်မှု သီးသီး စသည်တို့၏ လုံးဝန်းမှုစသည် တို့သည် မည်သူကမှ မပြုလုပ်ပဲ (လက်သည် မရှိပဲ) သဘာဝ အလျောက် ဖြစ်ကြ သကဲ့သို့၊ လောကသည်လည်း သဘာဝအတိုင်းသာ ဖြစ်သည်ဟု သဘာဝဝါဒီတို့က ယူကြသည်။)
၅။ နိယတိ = မြဲ၏၊ (လောကကြီးသည် မပြတ်နိုင် မဖြတ်နိုင်သည့် ချည်ဖြင့် သီထားသော မကွဲနိုင်သည့် ပတ္တမြားလုံးပမာ အမြဲတည်၏။ ဤသို့ လောကကြီး အမြဲတည်ရာ၌ မည်သူကမှ စီမံထားခြင်းမရှိ-ဟု နိယတိ ဝါဒီတို့က ယူကြသည်။)
၆။ယဒိစ္ဆာ = အလိုအလျောက်၊ (သတ္တဝါအပေါင်းသည် အလိုအလျောက်အားဖြင့် ဖြစ်သည်၊ သတ္တဝါအပေါင်းအား အလိုအလျောက်အားဖြင့် ဖြစ်မှု ဆုတ်နစ်မှု ချမ်းသာမှု ဆင်းရဲမှု ဖြစ်သည်ဟု ယဒိစ္ဆာဝါဒီတို့က ယူကြသည်။ ၎င်းတို့ကို အဓိစ္စသမုပ္ပတ္တိဝါဒီ ဟုလည်း ခေါ်ကြသေးသည်။ ၎င်းဝါဒသည် သဘာဝဝါဒ၌ အကျုံးဝင်၏။)]
နိရောဓဉာဏ်သည် အရူပဘုံစသည်၌ နိဗ္ဗာန်ဟု ထင်မှားသော ဝိပ္ပဋိပတ္တိကို ပယ်သည်။
မဂ္ဂဉာဏ်သည် မဇ္ဈိမပဋိပဒ်မှတပါးသော ကာမသုခလ္လိကာနုယောဂ အတ္တကိလမထာ- နုယောဂ အကျင့်တို့ကို “ဝိသုဒ္ဓိမဂ္ဂ”ဟု ယူသော ဥပါယေဝိပ္ပဋိပတ္တိကို ပယ်သည်။
လောကေ စ ပဘဝေ တဿ၊
အတ္ထင်္ဂမေ စု’ပါယကေ။
သံမုယှတိ နရော တာဝ၊
ယာဝ သစ္စာ န နာယရေ။
ယာဝ၊ အကြင်မျှလောက် ကာလပတ်လုံး။
သစ္စာ၊ သစ္စာတို့ကို။
န နာယရေ၊ မသိအပ်ကုန်သေး။
တာဝ၊ ထိုမျှလောက်သော ကာလပတ်လုံး။
နရော၊ သတ္တဝါသည်။
လောကေ စ၊ လောက၌၎င်း။
တဿ၊ ထိုလောက၏။
ပဘဝေ စ၊ ဖြစ်ကြောင်း၌၎င်း။
အတ္ထင်္ဂမေ စ၊ လောက၏ ချုပ်ရာနိဗ္ဗာန်၌၎င်း။
ဥပါယကေ၊ ချုပ်ကြောင်း၌၎င်း။
သံမုယှတိ၊ တွေဝေ၏။
ပဋိဝေဓဉာဏ် သစ္စာ ၄-ပါးကို တပြိုင်နက်သိပုံ
ပဋိဝေဓ မည်သော လောကုတ္တရာဉာဏ်သည် နိမိတ္တ ပဝတ္တနှစ်ပါးမှ ထသောကြောင့် ဒုက္ခသစ္စာကို ပိုင်းခြားခြင်း၊ ဒုက္ခဂတတဏှာကို ပယ်ခြင်း၊ နိရောဓကို မျက်မှောက် ပြုခြင်း၊ နေသည် အရောင်နှင့်တကွ တက်ပွါးသကဲ့သို့ သင်္ကပ္ပစသည်နှင့် တကွသော မဂ္ဂသစ္စာကို ပွါးစေခြင်းအားဖြင့် ကိစ္စလေးပါးကို ဆီမီးကဲ့သို့ တပြိုင်နက် ပြီးစေလျက် နိဗ္ဗာန်ကို (=နိရောဓသစ္စာကို) အာရုံပြုသောအားဖြင့် သိ၏။ ကြွင်းသစ္စာသုံးပါးကို အသမ္မောဟအားဖြင့် သိ၏။
(နိမိတ္တ = သင်္ခါရနိမိတ်။
ပဝတ္တ = မပြတ်ဖြစ်သော ဥပါဒိန္နကက္ခန္ဓာ၊ ဥပါဒိန္နကက္ခန္ဓာတို့၏ မပြတ်ဖြစ်ခြင်း။)
အန္တောဘေဒ၌ -
“အန္တောဂတဘေဒ” [၁] ဆိုလိုသည်၊ တဏှာနှင့် အာသဝေါတို့၏ အာရုံမဟုတ်သော လောကုတ္တရာတရားတို့မှ ကြွင်းသော လောကီဓမ္မသည် ဒုက္ခ၌ ဝင်၏။
အာယတန တဆဲ့နှစ်ပါးကို ကာမ ဘဝ ဝိဘဝ - တဏှာသုံးပါးနှင့် မြှောက်၍ သုံးဆဲ့ခြောက်ပါး၊ ၎င်းကို ကာလသုံးပါးနှင့် မြှောက်ပြန်၍ တရာ့ရှစ်ဖြာ တဏှာဝိစရိတ်သည် သမုဒယသစ္စာ၌ ဝင်၏။ [၂]
နိရောဓကား တပါးတည်းသာ။
သမ္မာဒိဋ္ဌိ၌ ဝီမံသိဒ္ဓိပါဒ် ပညိန္ဒြေ ပညာဗိုလ် ဓမ္မဝိစယသမ္ဗောဇ္ဈင် ဝင်၏။ သမ္မာသင်္ကပ္ပ စသည်၌လည်း နည်းတူ စပ်ရာ လျော်ရာ ဝင်၏။ သမ္မာအာဇီဝ၌ အပ္ပိစ္ဆတာ [၃] သန္တုဋ္ဌိတာ [၄] ဝင်၏။ တနည်းလည်း - ဝိရတိသုံးပါး၌ သဒ္ဓိန္ဒြေ သဒ္ဓါဗိုလ် ဆန္ဒဒ္ဓိပါဒ် တို့လည်း ဝင်ကုန်သေး၏။ သမ္မာသမာဓိ၌ စိတ္တိဒ္ဓိပါဒ် သမာဓိန္ဒြေ သမာဓိဗိုလ် ပီတိ ပဿဒ္ဓိ သမာဓိ ဥပေက္ခာသမ္ဗောဇ္ဈင်တို့ ဝင်ကုန်၏။
[၁။ အန္တောဂတဘေဒ = အတွင်းဝင် (အကျုံးဝင်) သောတရားတို့၏အပြား။
၂။ ဝိဘင်း၊ နှာ-၄၁၄။ ဝိသုဒ္ဓိမဂ် ဋီ၊ ဒု၊ နှာ-၂၀၉။ တဏှာဝိစရိတ် = တဏှာဖြစ်ခြင်း။
၃။ အပ္ပိစ္ဆတာ = နည်းသော အလိုရှိသည်၏အဖြစ် (အလိုနည်းသည့် အဖြစ်)။
၄။ သန္တုဋ္ဌိတာ = ရောင့်ရဲလွယ်သည့်အဖြစ်။
(ကျန်ဝေါဟာရတို့၏ အနက်အဓိပ္ပါယ်များ ဤကျမ်း၌ပင် ဆိုင်ရာ ဆိုင်ရာ နေရာများ၌ အကျယ် ပါပြီး ပါလတ္တံ့ ဖြစ်သည်။)]
သစ္စာလေးပါးကို ဥပမာအားဖြင့် ပြုခြင်း
ဥပမာအားဖြင့် -- သစ္စာလေးပါးတို့သည် အစဉ်အတိုင်း ဘာရ, ဘာရာဒါန, ဘာရနိက္ခေပန, ဘာရနိက္ခေပနုပါယ။
ဘာရ = ဝန်၊ ဝန်ထုပ်ဝန်ပိုး။
ဘာရာဒါန = ဝန်ကိုဆောင်ယူခြင်း(ဝန်ကို ထမ်းဆောင်ခြင်း)။
ဘာရနိက္ခေပန = ဝန်ကို ပစ်ချလိုက်ခြင်း။
ဘာရနိက္ခေပနုပါယ = ဝန်ကိုပစ်ချခြင်း၏ အကြောင်းပယောဂ။
[သစ္စာလေးပါးနှင့် အစဉ်အတိုင်းဟပ်၍ ယူပါ။]
ရောဂ, ရောဂနိဒါန, ရောဂဝူပသမ, ဘေသဇ္ဇ။
ရောဂ = အနာရောဂါ။
ရောဂနိဒါန = အနာရောဂါ၏ အကြောင်းရင်း၊
ရောဂဂူပသမ = အနာရောဂါ၏ငြိမ်းပျောက်ခြင်း၊
ဘေသဇ္ဇ = (ရောဂါပျောက်ကြောင်း) ဆေး။
ဒုဗ္ဘိက္ခ ဒုဗ္ဗုဋ္ဌိ သုဘိက္ခ သုဝုဋ္ဌိ။
ဒုဗ္ဘိက္ခ = ရခဲသော ထမင်းအစာ (အစာ ငတ်မွတ် ရှားပါးခြင်း)။
ဒုဗ္ဗုဋ္ဌိ = မကောင်းသောမိုး (မိုးခေါင်သောအခါ၊ မိုးအားကြီးလွန်းသောအခါ)။
သုဘိက္ခ = ရလွယ်သော ထမင်းအစာ ( အစားအစာ ဝပြောသော ကာလ)။
သုဝုဋ္ဌိ = ကောင်းသောမိုး (အလုပ်အကိုင်နှင့်လျော်ညီအောင် ရွာသောမိုး)။
ဩရိမတီရ မဟောဃ ပါရိမတီရ တံသမ္ပာပကဝါယာမ။
ဩရိမတီရ = ဤမှာဘက်ကမ်း။
မဟောဃ = ကြီးစွာသော ရေအယဉ်။
ပါရိမတီရ = ထိုမှာဘက်ကမ်း၊
တံသမ္ပာပကဝါယာမ = ထိုမှာဘက်ကမ်းသို့ ရောက်စေတတ်သော လုံ့လ။
ဝေရီ ဝေရမူလဖြစ်သော ဗျာပါဒ, ဝေရသမုဂ္ဃါတ ဖြစ်သောမေတ္တာ, ဝေရသမုဂ္ဃါတူပါယ ဖြစ်သော သင်္ဂဟဝတ္ထု တို့နှင့် တူကုန်၏။
[ဝေရီ = ရန်ရှိသူ။
ဝေရမူလ = ရန်၏ အမြစ်အရင်းဖြစ်သော (ဗျာပါဒ)။
ဝေရသမုဂ္ဃါတ = ရန်ကိုအကြွင်းမဲ့သတ်ရာ(ပယ်နုတ်ရာဖြစ်သော မေတ္တာ)။
ဝေရသမုဂ္ဃါတူပါယ = ရန်ကို အကြွင်းမဲ့သတ်ကြောင်း (ဖြစ်သော သင်္ဂဟဝတ္ထု)။
ဤပြဆိုခဲ့သော ဥပမာများကို ဝိသုဒ္ဓိမဂ်၊ ဋ္ဌ၊ ဒု၊နှာ-၁၄၃ နှင့် သမ္မော၊ ဋ္ဌ၊ နှာ-၈၃ တို့၌ ကြည့်ပါ။]
စတုက္ကအားဖြင့် -
မဂ္ဂသမ္ပယုတ် ဖိုလ်စိတ္တုပ္ပါဒ်တို့သည် သင်္ခါရဒုက္ခဖြစ်၍ ဒုက္ခသာ မည်ကုန်၏။ သစ္စာ မမည်ကုန်။ နိဗ္ဗာန်သည် သစ္စာမည်၏၊ ဒုက္ခ မမည်။ တဏှာကြဉ်သော ဥပါဒါနက္ခန္ဓပဉ္စကသည် ဒုက္ခလည်း မည်၏၊ သစ္စာလည်းမည်၏။ မဂ္ဂသမ္ပယုတ် ဖိုလ်စိတ္တုပ္ပါဒ်တို့သည် မုချအားဖြင့် ဒုက္ခလည်း မမည်၊ သစ္စာလည်း မမည်ကုန်။ သမုဒယ မဂ္ဂ နှစ်ပါးတို့ကား ပရိယာယ်အားဖြင့် အလယ်နှစ်ချက်၌ ဝင်ကုန်၏။
ထို့အတူ တဏှာကြဉ်သော ကိလေသာ စသည်တို့သည် သမုဒယသာမည်၍ သစ္စာ မမည်ကုန်။ ဒုတိယအချက် ရှေးနည်းတူ၊ တဏှာသည် နှစ်ပါးမည်၏။ စတုတ္ထချက် ရှေးနည်းတူ။ ဒုက္ခ မဂ္ဂ နှစ်ပါးတို့ကား အလယ်နှစ်ချက်၌ ဝင်ကုန်၏။
သင်္ခါရနိရောဓ နိရောဓသမာပတ်တို့သည် နိရောဓသာ မည်၍ သစ္စာ မမည်ကုန်။ တဏှာသည် သစ္စာသာ မည်၍ နိရောဓ မမည်။ နိဗ္ဗာန်သည် နှစ်ပါး မည်၏၊ စတုတ္ထချက် ရှေးနည်းတူ။ ဒုက္ခ မဂ္ဂ နှစ်ပါးတို့ကား အလယ်နှစ်ချက်၌ ဝင်ကုန်၏။
အရိယမဂ်မှ တပါးသော မဂ္ဂင်တို့သည် မဂ္ဂသာ မည်၍ သစ္စာ မမည်ကုန်။ နိဗ္ဗာန်သည် သစ္စာသာ မည်၍ မဂ္ဂ မမည်။ နိရောဓဂါမိနီပဋိပဒါမဂ်သည် နှစ်ပါး မည်၏။ စတုတ္ထချက် ရှေးနည်းတူ။ ဒုက္ခ သမုဒယ နှစ်ပါးတို့ကား အလယ် နှစ်ချက်၌ ဝင်ကုန်၏။
ဋီကာသင်္ဂဟဂါထာ
သစ္စသဒ္ဒပရာ သဒ္ဒါ၊
ဝဒန္တိ ဒုက္ခအာဒယော။
ပရိညေယျာဒိဘာဝတ္ထံ၊
တေနေ'ကော ဒှီသု ဂယှတိ။
သစ္စသဒ္ဒပရာ၊ သစ္စသဒ္ဒါနှောင်းကုန်သော။
ဒုက္ခာအာဒယော သဒ္ဒါ၊ ဒုက္ခ စသော သဒ္ဒါတို့သည်။
ပရိညေယျာဒိဘာဝတ္ထံ၊ ပရိညေယျ ပဟာတဗ္ဗ သစ္ဆိကာတဗ္ဗ ဘာဝေတဗ္ဗ အဖြစ်တည်း ဟူသော အနက်ကို။
၀ဒန္တိ၊ ဟောတတ်ကုန်၏။
တေန၊ ထို့ကြောင့်။
ဧကော၊ မဂ္ဂသမ္ပယုတ် ဖိုလ်စိတ္တုပ္ပါဒ်စသော တရားတခုတခုကို။
ဒွီသု၊ ဒုတိယ စတုတ္ထအချက်စသော နှစ်ဌာန နှစ်ဌာနတို့၌။
ဂယှတိ၊ ယူအပ်၏။
သုညအားဖြင့်ကား --
ဒုက္ခမေဝ'တ္ထိ နော ဒုက္ခီ၊
ကိရိယာဝ န ကာရကော။
နိဗ္ဗုတီ ဝ နိဗ္ဗုတော န၊
မဂ္ဂေါ,ဝ ဂမကော နိ'ဓ။
အတ္တသုညံ ပဒံ မဂ္ဂေါ၊
ဓုဝ သူခ'တ္တသုညတော။
ပုရိမာ တု ဒုဝေ သစ္စာ၊
သုဘတောပိ စ သုညတာ။
နိရောဓော သေသသုညော ဝါ၊
သေသာ နိရောဓသုညတာ။
ဖလသုညာ ဒုဝေ ဟေတူ၊
ဟေတုသုညံ ဖလဒွယံ ။
ဣဓ၊ ဤသာသနာတော်အလို၌။
ဒုက္ခမေဝ၊ ဒုက္ခသည်သာလျှင်။
အတ္ထိ၊ ရှိ၏။
ဒုက္ခီ၊ ဆင်းရဲခံရသော ပုဂ္ဂိုလ် သတ္တဝါသည်။
နော အတ္ထိ၊ မရှိ။
ကိရိယာ၀၊ ဆင်းရဲကို ပြုခြင်းအမူအရာ သမုဒယ တဏှာသည်သာလျှင်။
အတ္ထိ၊ ရှိ၏။
ကာရကော၊ ပြုတတ်သော ပုဂ္ဂိုလ် သတ္တဝါ ငါ သူတပါး ယောက်ျား မိန်းမသည်။
န အတ္ထိ၊ မရှိ။
နိဗ္ဗုတိဧဝ၊ ငြိမ်းခြင်းနိဗ္ဗာန်သည်သာလျှင်။
အတ္ထိ၊ ရှိ၏။
နိဗ္ဗုတော၊ ငြိမ်းတတ်သော ပုဂ္ဂိုလ် သတ္တဝါ ငါ သူတပါး ယောက်ျား မိန်းမသည်။
န အတ္ထိ၊ မရှိ။
မဂ္ဂေါဝ၊ လမ်းသည်သာလျှင်။
အတ္ထိ၊ ရှိ၏။
ဂမကော၊ သွားသသူသည်။
န အတ္ထိ၊ မရှိ။
ပဒံ၊ နိဗ္ဗာန်သည်။
အတ္တသုညံ၊ ကိုယ် ဟူသည်မှ ဆိတ်၏။
မဂ္ဂေါ၊ မဂ်သည်။
ဓုဝ သုခတ္တ သုညတော၊ မြဲမြံ ချမ်းမြ အစိုးရခြင်းမှ ဆိတ်၏။
ပုရိမာ တု ဒုဝေ သစ္စာ၊ ဒုက္ခသမုဒယ သစ္စာနှစ်ပါးတို့သည်ကား။
သုဘတောပိ စ၊ တင့်တယ်ခြင်းမှလည်း။
သုညတာ၊ ဆိတ်ကုန်၏ [၁]။
ဝါ၊ တနည်းကား။
နိရောဓော၊ နိရောဓသစ္စာသည်။
သေသသုညော၊ ကြွင်းသစ္စာသုံးပါးမှ ဆိတ်၏။
သေသာ၊ ဒုက္ခ သမုဒယ မဂ္ဂဟူသော အကြွင်း သုံးပါးတို့သည်။
နိရောဓသုညတာ၊ နိရောဓသစ္စာမှ ဆိတ်ကုန်၏။
ဒုဝေ ဟေတူ၊ သမုဒယ မဂ္ဂနှစ်ပါးတို့သည်။
ဖလသုညာ၊ ဒုက္ခ နိရောဓဟူသော အကျိုးမှ ဆိတ်ကုန်၏။
ဖလဒွယံ၊ ဒုက္ခ နိရောဓဟူသော အကျိုး ၂-ပါးသည်။
ဟေတုသုညံ၊ အကြောင်း ၂-ပါးဖြစ်သော သမုဒယ မဂ္ဂမှ ဆိတ်၏။
ဧကဝိဓာဒိအားဖြင့်ကား --
ဒုက္ခသစ္စာသည် --
ပဝတ္တိ [၂] အားဖြင့် တပါး၊
နာမ် ရုပ်အားဖြင့် နှစ်ပါး၊
ကာမ ရူပါ ရူပဟူသော ဥပပတ္တိအပြားအားဖြင့် သုံးပါး၊
အာဟာရအားဖြင့် လေးပါး [၃]၊
ဥပါဒါနက္ခန္ဓာအားဖြင့် ငါးပါးတည်း။
သမုဒယသစ္စာသည် --
ပဝတ္တက [၄] အားဖြင့် တပါး၊
သမ္ပယုတ် ဝိပ္ပယုတ်အားဖြင့် နှစ်ပါး၊
ကာမ ဘဝ ဝိဘဝတဏှာအားဖြင့် သုံးပါး၊
စတုမဂ္ဂပ္ပဟေယျ [၅]အားဖြင့် လေးပါး၊
ရူပတဏှာ သဒ္ဒတဏှာစသည်ဖြင့် ငါးပါး၊
ဆတဏှာကာယအားဖြင့် ခြောက်ပါးတည်း။
[၁။ သစ္စာလေးပါးကို ဓုဝ သုဘ သုခ အတ္တ အားဖြင့် ဝေဖန်ထားသည်။
၂။ ပဝတ္တိ = ပဝတ္တိဘာဝ၊ မပြတ်ဖြစ်ခြင်းသဘော။ (ဤ၌ ဘာဝသဒ္ဒါ-သဘောဟော)
၃။ ကဗဠီကာရာဟာရ ဖဿာဟာရ မနောသဉ္စေတနာဟာရ ဝိညာဏာဟာရ ဟူသော အာဟာရလေးပါးတို့ကို ဤကျမ်း မိဿကသင်္ဂဟ၌လည်း ပြခဲ့ပြီ။ ပစ္စည်းပိုင်း ပစ္စယုဒ္ဒေသနိဿယ စသည်၌လည်း ပြဆိုလတ္တံ့။ (မူလပဏ္ဏာသပါဠိတော် အဋ္ဌကထာ၊ သမ္မာဒိဋ္ဌိသုတ် စသည်တို့၌ အကျယ်ရှုပါ။)
၄။ ပဝတ္တက = ပဝတ္တကဘာဝ၊ ဒုက္ခသစ္စာကို ဖြစ်စေတတ်သော သဘော။
၅။ စတုမဂ္ဂပ္ပဟေယျ = လေးပါးသော မဂ်တို့ဖြင့်ပယ်အပ်သည့် အဖြစ်။]
နိရောဓသစ္စာသည် --
အသင်္ခတအားဖြင့် တပါး၊
သောပါဒိသေသ[၁] နောပါဒိသေသ [၂] အားဖြင့် နှစ်ပါး။
ဘဝတ္တယူပသမ [၃] အားဖြင့် သုံးပါး၊
စတုမဂ္ဂါဓိဂမနီယ [၄] အားဖြင့်လေးပါး၊< br> ပဉ္စာဘိနန္ဒနဝူပသမ [၅] အားဖြင့် ငါးပါး၊
ဆတဏှာကာယက္ခယ [၆] အားဖြင့် ခြောက်ပါးတည်း။
မဂ္ဂသစ္စာသည် --
ဘာဝေတဗ္ဗအားဖြင့် တပါး၊
ဒိဋ္ဌိ သင်္ကပ္ပဟူသော ဝိပဿနာဝိဇ္ဇာ [၇], ကြွင်းမဂ္ဂင် ခြောက်ပါးဟူသော သမထစရဏ [၈] အားဖြင့် (နှစ်ပါး)၊
ဝါ - သမထယာဉ်ဖြင့်ရသော သမထမဂ်, ဝိပဿနာယာဉ်ဖြင့်ရသော ဝိပဿနာမဂ် အားဖြင့်၎င်း (နှစ်ပါး)၊
ဒဿန ဘာဝနာအားဖြင့်၎င်း နှစ်ပါး [၉]၊
ဝိရတိ ဟူသော သီလက္ခန္ဓ အဓိသီလသိက္ခာ, ပန်းဆွတ်သူ အဖော် သုံးယောက် [၁၀]နှင့် တူသော ဝါယာမ, သတိ, သမာဓိဟူသော သမာဓိက္ခန္ဓ အဓိစိတ္တသိက္ခာ, ဒိဋ္ဌိ သင်္ကပ္ပ ဟူသော ပညာက္ခန္ဓ အဓိပညာသိက္ခာအားဖြင့် သုံးပါး၊
သောတာပတ္တိမဂ် စသောအားဖြင့် လေးပါးတည်း။
[၁။ သောပါဒိသေသ = သဥပါဒိသေသ၊ (ကိလေသာတို့ အကြွင်းမရှိမူ၍) ဥပါဒါနက္ခန္ဓာ အကြွင်းရှိသော ဥပါဒါနက္ခန္ဓာနှင့်တကွဖြစ်သော နိဗ္ဗာနဓာတ်။
၂။ နောပါဒိသေသ = န ဥပါဒိသေသ (=အနုပါဒိသေသ)၊ ကိလေသာတို့နှင့် ဥပါဒါနက္ခန္ဓာ အားလုံး အကြွင်းမရှိသော နိဗ္ဗာနဓာတ်။
၃။ ဘဝတ္တယူပသမ = (ဘဝ+တယ+ဥပသမ) ဘ၀သုံးပါးအပေါင်း၏ ငြိမ်းရာ။
၄။ စတုမဂ္ဂါဓိဂမနီယ =လေးပါးသော မဂ်တို့က သိအပ်သည်၊ မဂ်လေးပါးတို့က အာရုံပြု၍ ရောက်အပ်သည်။
၅။ ပဉ္စာဘိနန္ဒနဝူပသမ = (ပဉ္စ + အဘိနန္ဒန + ဝူပသမ) ရူပါရုံစသော အာရုံငါးပါးတို့၌ တပ်မက်နှစ်သက်ခြင်းတို့၏ ငြိမ်းရာ။
၆။ ဆတဏှာကာယက္ခယ = အာရုံခြောက်ပါး၌ တပ်မက်ခြင်း တည်းဟူသော တဏှာကာယတို့၏ ကုန်ရာ။
၇-၈။ မြင်နိုင်စွမ်းသည့် မျက်စိ သွားနိုင်စွမ်းသည့် ခြေတို့နှင့် ပြည့်စုံသော ခရီးသည် ကဲ့သို့ အရိယမဂ်နှင့်ပြည့်စုံသူသည် မျက်စိနှင့်တူသော ဝိပဿနာ (ဝိဇ္ဇာ), ခြေနှင့် တူသော သမထ (စရဏ) တို့နှင့် ပြည့်စုံသည် ဟူလို။
၉။ ဒဿန = သောတာပတ္တိမဂ်။ ဘာဝနာ = အထက်မဂ်သုံးပါး
(ဝိသုဒ္ဓိမဂ်၊ ဋ္ဌ၊ ဒု၊ နှာ၊၁၄၅) (သမ္မောဟဝိနောဒနီ၊ ဋ္ဌ၊ နှာ၊ ၄၊ ၈၅)။
၁၀။ သမ္မောဟဝိနောဒနီ၊ဋ္ဌ၊နှာ-၈၅။ ဝိသုဒ္ဓိမဂ်၊ဋ္ဌ၊ဒု၊နှာ-၁၄၅-၆။
(ဝါယာမ = အောက်က ကျောကုန်းနေသူ၊ သမာဓိ = ကျောပေါ်တက်ပြီး ပန်းဆွတ်သူ။ သတိ = ကျောပေါ် တက်သူယိမ်းယိုင်မသွားအောင် ပခုံးအကိုင်ခံသူ။)]
တနည်းလည်း -- သစ္စာလေးပါးလုံးသည် -
တထ [၁] အဝိတထ [၂] အနညထ [၃] အဘိညေယျ [၄] အားဖြင့် တပါး၊
လောကီ လောကုတ္တရာအားဖြင့်၎င်း၊ သင်္ခတာ’ သင်္ခတအားဖြင့်၎င်း နှစ်ပါး၊
ဒဿနေန ပဟာတဗ္ဗ၊ ဘာဝနာယ ပဟာတဗ္ဗ၊ နေဝဒဿနေန နဘာဝနာယ ပဟာတဗ္ဗ အားဖြင့် သုံးပါး၊
ပရိညေယျ ပဟာတဗ္ဗ သစ္ဆိကာတဗ္ဗ ဘာဝေတဗ္ဗအားဖြင့် လေးပါးတည်း။
[၁။ တထ = အမှန်။ မှန်ကန်သည်။ (သံယုတ်၊ ၃၊ နှာ၊ ၃၇၇)
၂။ အဝိတထ = မဖောက်မပြန်မှန်သည်။ (မမှန်သည်-မဟုတ်။) မချွတ်မယွင်း။
၃။ အနညထ= တခြားအခြင်းအရာဖြင့် မဖြစ်။မဖောက်မပြန် မှန်သောသဘောရှိသည်။
၄။ အဘိညေယျ = ရှေးရှုမျက်မှောက်ပြုအပ်သည်၊ ထူးသောဉာဏ်ဖြင့် သိအပ်သည်။]
သဘာဂ, ဝိသဘာဂအားဖြင့်ကား --
သစ္စာလေးပါးလုံးသည် တထ အဝိတထ အနညထ အဘိညေယျ အနတ္တ အားဖြင့်၎င်း၊ အစိတ်တရာ စိတ်အပ်သော သားမြီးကို မြှားသွား၌ တပ်လျက် တကောသအရပ်၌ ထားသော သားမြီးဖျားကို မှန်အောင် ပစ်နိုင်သည်ထက် သိခက် ခဲယဉ်း ထိုးထွင်း အပ်သော ဒုက္ကရပဋိဝေဓအားဖြင့်၎င်း သဘောတူ၏။ ဗာဓက ပဘဝ သန္တိ နိယျာန အားဖြင့်ကား သဘော မတူ။
ဒုက္ခ သမုဒယနှစ်ပါးသည် ယူခက်၍ နက်သောအားဖြင့်၎င်း လောကိယ သာသဝ အားဖြင့်၎င်း သဘောတူ၏၊ ဖလ ဟေတု ပရိညေယျ ပဟာတဗ္ဗ အားဖြင့် မတူ။
နိရောဓ မဂ္ဂနှစ်ပါးသည် နက်နဲ၍ ယူနိုင်ခဲသောအားဖြင့်၎င်း လောကုတ္တရ, အနာသဝ အားဖြင့်၎င်း တူ၏၊ အာရုံ အာရမ္မဏိက, သစ္ဆိကာတဗ္ဗ ဘာဝေတဗ္ဗ အားဖြင့် မတူ။
ပထမ တတိယသစ္စာသည် ဖလချင်း တူ၏၊ သင်္ခတာ ́သင်္ခတ မတူ။ ဒုတိယ စတုတ္ထသစ္စာသည် ဟေတုချင်း တူ၏၊ အကုသိုလ် ကုသိုလ် မတူ။
ပထမ စတုတ္ထသစ္စာသည် သင်္ခတချင်း တူ၏၊ လောကီ လောကုတ် မတူ။ ဒုတိယ တတိယသစ္စာသည် နေဝသေက္ခ နာသေက္ခအားဖြင့် တူ၏၊ သာရမ္မဏာ နာရမ္မဏ အားဖြင့် သဘော မတူ။
သစ္စာ ပြီး၏။
ဝေဒနာ သညာတို့ကို ခန္ဓာသီးခြားဖွဲ့ရပုံ
“ရူပဉ္စ ဝေဒနာ သညာ”ဟူရာ၌ ဝေဒနာ သညာနှစ်ပါးကို စေတသိက်ချင်း တူပါလျက် အဘယ့်ကြောင့် ခန္ဓာသီး ပြုသနည်းဟူမူ --
ဝဋ္ဋဓမ္မေသု အဿာဒံ၊
တဒဿာဒုပသေဝနံ။
ဝိနိဘုဇ္ဇ နိဒဿေတုံ၊
ခန္ဓဒွယမုဒါဟဋံ။
နာမရူပပရိစ္ဆေဒ နှာ-၅၆ (ဂါထာ-၆၄၉) ၊
ဝဋ္ဋဓမ္မေသု၊ ဝဋ်တရားတို့၌။
အဿာဒံ၊ သာယာခြင်းကို၎င်း။
တဒဿာဒုပသေဝနံ၊ ထိုသာယာခြင်း ဝေဒနာ၏ အဆောက်အဦကို၎င်း။
ဝိနိဘုဇ္ဇ၊ အသီးအခြား ခွဲပြား၍။
နိဒဿတုံ၊ ပြခြင်းငှါ။
ခန္ဓဒွယံ၊ ဝေဒနာ သညာခန္ဓာနှစ်ခုကို။
ဥဒါဟဋံ၊ အသီးထုတ်အပ်၏။
ဤဂါထာနှင့်အညီ သံသရာ၏ ပဓာနအကြောင်းဖြစ်၍ ခန္ဓာသီးပြုသည်။
ဘေဒါဘာဝေန၊ ပစ္စုပ္ပန် အတိတ် အနာဂတ် အဇ္ဈတ္တ ဗဟိဒ္ဓ သြဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက အပြား တဆယ့်တပါး မရသဖြင့် ရာသဋ္ဌမရှိခြင်းကြောင့်။ အနက်ပေး။
သစ္စာဝိမုတ် စိစစ်ပြခြင်း
“မဂ္ဂယုတ္တာ ဖလာ စေဝ၊ စတုသစ္စ ဝိနိဿဋာ” ဟူရာ၌ မုချအားဖြင့်သာ (မဂ္ဂင်ရှစ်ပါး ကြဉ်သော မဂ်စိတ္တုပ္ပါဒ်နှင့် ဖိုလ်စိတ္တုပ္ပါဒ်တို့သည်) သစ္စာမှ လွတ်သည်။ အညာတာ- ဝိန္ဒြိယနိဒ္ဒေသ၌ (ဝိဘင်း၊ နှာ-၁၃၁) ပင် “မဂင်္ဂံ မဂ္ဂပရိယာပန္နံ"ဟူ၍ ဟောတော်မူသော ပရိယာယ်အားဖြင့်ကား သမ္မာဒိဋ္ဌိ စသော ဖလင်္ဂရှစ်ပါးသည် မဂ္ဂသစ္စာမည်၏။ ကြွင်းသော မဂ္ဂ ဖလစိတ္တုပ္ပါဒ်တို့သည် သင်္ခါရဒုက္ခဖြစ်၍ ဒုက္ခသစ္စာ မည်ကုန်၏။ သို့မှ “စတုသစ္စဝိနိမုတ္တော ဉေယျောနာမ နတ္ထိ” ဟူသော အဋ္ဌကထာ စကား သင့်မည်။
သဗ္ဗသင်္ဂဟ ပြီး၏။
ဤသမုစ္စယသင်္ဂဟလေးပါးကို ပေါင်းစု၍ တခုတခုသော တရားကို အာသဝ ဩဃ ။ပ။ ခန္ဓာ အာယတန ဓာတ် သစ္စာဖွဲ့ရမည်၊ မရလျှင် မရ၊ ရလျှင် ရ၏ဟု ခွဲလေ။
အလွန်ကျယ်ဝန်းသည်၊ မခဲယဉ်းပြီ။
အကုသလသင်္ဂဟ၌သာပါ၍ မိဿကသင်္ဂဟ၌ မပါသောတရား မည်မျှ စသည်ဖြင့် လည်း လေးချက်လှည့်၍ ခွဲလေဦး။
ဣတိ သမုစ္စယသင်္ဂဟနယော ဒွါဒသမော။
သမုစ္စည်း သရုပ်ခွဲနည်း
[ဇယား-၃၄]
[ဇယား-၃၅]
[ဇယား-၃၆]
[ဇယား-၃၇]
၈ - ပစ္စည်းပိုင်း
၁၃-ပစ္စယသင်္ဂဟနည်း
ဣဒါနိ ပစ္စယသင်္ဂဟနယော ဝုစ္စတေ။
ပဋိစ္စသမုပ္ပါဒ်နည်း
ယေသံ သင်္ခတဓမ္မာနံ၊ အကြင် သင်္ခါရစသော ပစ္စယုပ္ပန် ဟေတု သဟဇာတ် စသော ပစ္စယုပ္ပန်တရားတို့အား။
ယေ ဓမ္မာ၊ အကြင် အဝိဇ္ဇာစသော ဟိတ် ခြောက်ပါးစသော ပစ္စည်းတရားတို့သည်။
ယထာ ယေန ပကာရေန၊ အကြင် “တဗ္ဘာဝဘာဝီဘာဝါကာရ”[၁] အခြင်းအရာ၊ “အာဟစ္စပစ္စယဌိတာကာရ” [၂] အခြင်းအရာဖြင့်။
ပစ္စယာ၊ တည်ခြင်း ဖြစ်ခြင်းငှါ ကျေးဇူးပြုကုန်၏။
တံ ဝိဘာဂံ၊ ထိုပစ္စယုပ္ပန် ထိုပစ္စည်း ထိုပစ္စယာကာရတို့၏ အပြားကို။
(ဤသို့ အနက်သမ္ဗန်မှ သင့်မည်။)
[၁။ (တဗ္ဘာဝ+ ဘာဝီ+ ဘာ၀+ အာကာရ) ထို အဝိဇ္ဇာစသော အကြောင်းတရားတို့ ဖြစ်ခြင်းကြောင့် + ဖြစ်ပေါ်လေ့ရှိကုန်သော သင်္ခါရစသော အကျိုးတရားတို့၏ + ဖြစ်ပုံ + အခြင်းအရာ (=ပဋိစ္စသမုပ္ပါဒ်နည်း)။
၂။ (အာဟစ္စ + ပစ္စယ + ဌိတိ + အာကာရ) အထူးပြု၍ ဖြစ်သော + ပစ္စည်းတရား ဟူသော + တည်တံ့မှု အခြင်းအရာ (=ပဋ္ဌာန်းနည်း)။]
ပဋိစ္စသမုပ္ပါဒ်ပစ္စည်းနှင့် ပဋ္ဌာန်းပစ္စည်းအထူး
ထိုပစ္စည်းသည် ပဋိစ္စသမုပ္ပါဒ်ပစ္စည်း ပဋ္ဌာန်းပစ္စည်း အားဖြင့် နှစ်ပါးအပြားရှိ၏။ ထိုတွင် 'တဗ္ဘာဝဘာဝီဘာဝါကာရ။ပ။ ပဝုစ္စတိ' ဟူသည် နှင့်အညီ ဝိသေသကို မငဲ့ပဲ အကြောင်း သာမညကိုသာ ငဲ့၍ ခေါ်ဆိုအပ်သော အပေါင်း ပစ္စည်းသည် “ပဋိစ္စသမုပ္ပါဒ်ပစ္စည်း” မည်၏။ အကြောင်းဝိသေသကို ငဲ့၍ အသေအချာ ဆိုအပ်သော အစိတ်ပစ္စည်းသည် “ပဋ္ဌာန်းပစ္စည်း” မည်၏။
ထိုတွင် ရှေ့နည်းသည် နောက်နည်း၌ နောက်နည်းသည်လည်း ရှေ့နည်း၌ အကျဉ်း, အကျယ်ဖြစ်သောကြောင့် ဝင်၏။ ထို့ကြောင့် အဋ္ဌကထာကြီးတို့၌ ပဋ္ဌာန်းနည်းကို ပဋိစ္စသမုပ္ပါဒ်တွင်းသို့ သွင်း၍ ဖွင့်တော်မူကြသည်။ အကျယ် အစိတ်ကိုသိလျှင် အကျဉ်း အပေါင်း၌ သွင်းနိုင်လောက်ရကား အသီးအခြား ငါဆိုမည်ဟု ပြခြင်းငှါ “ဥဘယံ ပန ဝေါမိဿိတွာ ပပဉ္စေန္တိ အာစရိယာ” ဟု (အဘိဓမ္မတ္ထသင်္ဂဟ နှာ ၁၃၀-၌) မိန့်သည်။
“ပဋိစ္စသမုပ္ပါဒ” မည်ပုံ ဝစနတ္ထလေးချက်
ထိုနည်း နှစ်ပါးတို့တွင် ပဋိစ္စသမုပ္ပါဒ်နည်း၌ ပစ္စယလက္ခဏာ[၁] ဒုက္ခာနုဗန္ဓနရသ[၂] ကုမ္မဂ္ဂပစ္စုပဋ္ဌာန်[၃] ရှိသော အဝိဇ္ဇာအစ ဇာတိအဆုံးရှိသော တဆယ့်တပါးသော တရားတို့သည်---
[၁။ အကျိုးတရားတို့အား ကျေးဇူးပြုတတ်သည့်အဖြစ် ဟူသော သဘောလက္ခဏာ။
၂။ မပြတ်မစဲ ဖြစ်ခြင်းဟူသော ပဝတ္တိဒုက္ခသို့ အစဉ် လိုက်စေခြင်းကိစ္စ (ဝဋ်ဆင်းရဲ၌ အစဉ်အမြဲ ဖွဲ့နှောင်ခြင်းကိစ္စ)။
၃။ စက်ဆုပ်အပ်သော သံသရာခရီးဟူ၍ ဉာဏ်အား ရှေးရှုထင်ခြင်း။]
ပစ္စေတဗ္ဗော စ သော သဟ န ဧကေကတော သမ္မာ စ နာဟေတုတော ဥပ္ပဇ္ဇတိ စာတိ ပဋိစ္စသမုပ္ပါဒေါ။ ပစ္စယသာမဂ္ဂိံ ဝါ ပဋိစ္စ သဟ သမ္မာ စ ဥပ္ပဇ္ဇတီတိ ပဋိစ္စသမုပ္ပါဒေါ။
ပစ္စေတဗ္ဗော စ၊ ယုံကြည်ထိုက်သည်လည်း ဟုတ်၏။
သော၊ ထိုယုံကြည်ထိုက်သော ဟူသည်။
သဟ၊ တပေါင်းတည်း။
န ဧကေကတော၊ တခုတခုစီ မဟုတ်သောအားဖြင့်။
စ၊ တနည်းလည်း။
သမ္မာဟေတုတော၊ မဖောက်မပြန် သင့်တန်သော အကြောင်းကြောင့်။
နာဟေတုတော၊ အကြောင်းမရှိသည် မဟုတ်ပဲ။
ဥပ္ပဇ္ဇတိ စ၊ ဖြစ်လည်း ဖြစ်တတ်၏။
ဣတိ၊ ထို့ကြောင့်။
ပဋိစ္စသမုပ္ပါဒေါ၊ ပဋိစ္စသမုပ္ပါဒ် မည်၏။
ဝါ၊ တနည်းကား။
ပစ္စယသာမဂ္ဂိံ၊ အကြောင်း၏ ညီညွတ်ခြင်းကို။
ပဋိစ္စ၊ စွဲ၍။
သဟ စ၊ တကွ၎င်း။
သမ္မာ စ၊ မဖောက်မပြန်၎င်း။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
ဣတိ၊ ထို့ကြောင့်။
ပဋိစ္စသမုပ္ပါဒေါ၊ ပဋိစ္စသမုပ္ပဒ်မည်၏။ သင်္ခါရစသော အကျိုးရ၏။
ဤသို့သော ဝစနတ္ထနှင့်အညီ အကျိုး၏ အမည်ကို အကြောင်း၌ တင်စားသော ဖလူပစာအားဖြင့်၎င်း။
အညမညံ ပဋိမုခံ ဣစ္စော ဂတော စ သော သဟိတေ အဝိနိဗ္ဘုတ္တဓမ္မေ ဥပ္ပါဒေတိ စာတိ ပဋိစ္စသမုပ္ပါဒေါ။ အညမညံ ဝါ ပဋိစ္စ သမံ သဟ စ ဖလဓမ္မေ ဥပ္ပါဒေတီတိ ပဋိစ္စသမုပ္ပါဒေါ။
အညမညံ၊ အကြောင်းချင်းချင်း။
ပဋိမုခံ၊ ရှေးရှု (ငဲ့၍)။
ဣစ္စော ဂတော စ၊ ဖြစ်လည်း ဖြစ်တတ်၏။
သဟိတေ၊ တကွဖြစ်ကုန်သော။
အဝိနိဗ္ဘုတ္တဓမ္မေ၊ မကွဲမပြားဖြစ်သော ပစ္စယုပ္ပန်တရားတို့ကို။
ဥပ္ပါဒေတိ စ၊ ဖြစ်လည်း ဖြစ်စေတတ်၏။
ဣတိ၊ ထို့ကြောင့်။
ပဋိစ္စသမုပ္ပါဒေါ၊ ပဋိစ္စသမုပ္ပါဒ်မည်၏။
ဝါ၊ တနည်းကား။
အညမညံ၊ တပါးသည် တပါးကို။
ပဋိစ္စ၊ စွဲ၍။
သမံ၊ ညီညွတ်ပေါင်းဖက်၍၎င်း။
သဟ စ၊ တကွနက် မရှေးမနှောင်း၎င်း။
ဖလဓမ္မေ၊ အကျိုးတရားတို့ကို။
ဥပ္ပါဒေတိ၊ ဖြစ်စေတတ်၏။
ဣတိ၊ ထို့ကြောင့်။
ပဋိစ္စသမုပ္ပါဒေါ၊ ပဋိစ္စသမုပ္ပါဒ်မည်၏။
ဤသို့သော ၀စနတ္ထနှင့်အညီ မုချ အနွတ္ထ အားဖြင့်၎င်း ပဋိစ္စသမုပ္ပါဒ်မည်၏။
ပဋိစ္စသဒ္ဒါနှင့် သမုပ္ပါဒသဒ္ဒါတို့ ဖြင့် ပယ်သော ဝါဒများ
ဤ၌ “ပဋိစ္စ” သဒ္ဒါဖြင့် သဿတ[၁] အဟေတုက[၂] ဝိသမဟေတုက[၃] ဝသဝတ္တိဝါဒ[၄] တို့ကို ပယ်သည်။ “သမုပ္ပါဒ”သဒ္ဒါဖြင့် ဥစ္ဆေဒ[၅], နတ္ထိက[၆] အကိရိယဝါဒ[၇] တို့ကို ပယ်သည်။
[၁။ သဿတ = မြဲ၏၊ လောကသည် မြဲ၏ ဟု ယူသော အယူမှားမှု။
၂။ အဟေတုက = အကြောင်းမရှိ၊ ယခုဘဝကောင်းကျိုး မကောင်းကျိုးများသည် ဘာ့ကြောင့်မှဖြစ်သည် မဟုတ် အကြောင်းမရှိပဲဖြစ်သည် ဟူသောအယူမှား (အကြောင်းကို ပယ်သော ဝါဒ) ။
၃။ ဝိသမဟေတုက = မသင့် မမှန်သောအကြောင်း၊ လောကသည် သဘာဝအားဖြင့် ဖြစ်လာသည်ဟု စသည်ဖြင့် မသင့် မမှန်သော အကြောင်းတို့ဖြင့် စွဲယူသောဝါဒ။
၄။ ဝသဝတ္တိဝါဒ = အလိုသို့ လိုက်စေသောဝါဒ၊ လောကသည် တန်းခိုးရှင်၏ အလို အတိုင်း ဖြစ်ရသည်ဟု ယူသော ဣသရနိမ္မာန ဝါဒ။
၅။ ဥစ္ဆေဒ = ပြတ်၏၊ ဘဝပြတ်၏ဟု ယူသောဝါဒ။
၆။ နတ္ထိက = အကျိုးမရှိ၊ ပေးလှူအပ်သော အလှူ၏အကျိုးမရှိ စသည်ဖြင့် ယူသော ဝါဒ (အကျိုးကို ပယ်သောဝါဒ)။
၇။ အကိရိယ = ပြုသည်မမည်၊ သတ္တဝါတို့ ကောင်းမှု မကောင်းမှု ပြုသော်လည်း ဘာ အကျိုးမျှမဖြစ် ပြုသည်မမည်ဟု ယူသောဝါဒ (အကြောင်း အကျိုး ၂-ပါးလုံးကို ပယ်သောဝါဒ)။]
ကာ ဟိ ပစ္စယသာမဂ္ဂီ၊
သဿတာ' ဟေတုအာဒိနံ။
ပုနပ္ပုနဉ္စု'ပ္ပန္နေသု၊
ကုတော ဥစ္ဆေဒအာဒိကာ။
ဟိ သစ္စံ၊ မိစ္ဆာဝါဒတို့ကို ပယ်သည်ဆိုသောစကား မှန်၏။
သဿတာဟေတုအာဒီနံ၊ သဿတ အဟေတုက စသော ဒိဋ္ဌိတို့အား။
ပစ္စယသာမဂ္ဂီ၊ အကြောင်းညီညွတ်ခြင်းသည်။
ကာ၊ အဘယ်အကျိုး ရှိတော့အံ့နည်း။
ပုနပ္ပုနံ၊ ကြောင်းကျိုးစပ်တွဲ၍ အဖန်တလဲလဲ။
ဥပ္ပန္နေသု စ၊ ဖြစ်သော တရားတို့၌လည်း။
ဥစ္ဆေဒအာဒိကာ၊ ဥစ္ဆေဒ စသော ဒိဋ္ဌိသည်။
ကုတော၊ အတီမှာ ဖြစ်နိုင်တော့အံ့နည်း။
နှစ်ပုဒ်လုံးဖြင့်ကား “သော ကရောတိ သော ပဋိသံဝေဒေတိ၊ အညော ကရောတိ အညော ပဋိသံဝေဒေတိ [၁]” ဟူသော ဝါဒကို ပယ်၍ ဣတ္ထီ ပုရိသ စသော ဇနပဒနိရုတ္တိ [၂] နာမပညတ္တိ၌ “အနဘိနိဝေသ”ဟူသော “လွန်စွာနှလုံး မသွင်းခြင်း၊ သတ္တ ဇီဝစသော အတ္တပညတ်၌ “အနတိဓာဝန”ဟူသော “လွန်၍ မပြေးခြင်း”၊ “မဇ္ဈိမပဋိပဒ်”ဟူသော သင့်မြတ်သော “ဉာယ” [၃]တို့ကို ပြသည်။
[၁။ ထိုသူသည် ပြု၏၊ ထိုသူသည် ခံစား၏၊ တပါးသောသူသည် ပြု၏၊ တပါးသော သူသည် ခံစား၏။]
၂။ ဇနပဒနိရုတ္တိ = မိန်းမ ယောက်ျား စသော ဇနပုဒ်သူတို့၏ ဝေါဟာရပညတ်။
၃။ ဉာယ = နိဗ္ဗာန်သို့ သွားကြောင်းဖြစ်သော အရိယာမဂ်ခရီး။]
ပဋိစ္စသမုပ္ပန္နမည်ပုံ
“သင်္ခါရ” အစ “ဇရာ မရဏ”အဆုံးရှိသော တဆဲ့တပါးသော တရားတို့သည် ယခင် ဝစနတ္ထ လေးချက်တို့တွင် ရှေ့နှစ်ချက်ကြောင့် “ပဋိစ္စသမုပ္ပန္န” မည်ကုန်၏ (နှာ-၃၃၀-ရှု)။
မြင်နိုင်ခဲ ဟောနိုင်ခဲသည့် တရား လေးပါး
သစ္စံ သတ္တော ပဋိသန္ဓိ၊
ပစ္စယာကာရမေဝ စ။
ဒုဒ္ဒသာ စတုရော ဓမ္မာ၊
ဒေသေတုံ စ သုဒုက္ကရာ။
သစ္စံ၊ သစ္စာလေးပါး၎င်း။
သတ္တော၊ သတ္တသုညသင်္ခါရတို့၌ သတ္တဟု ခေါ်ဝေါ်ခြင်း, သတ္တကိစ္စ၏ ပြီးခြင်း၎င်း။
ပဋိသန္ဓိ စ၊ ပဋိသန္ဓေ၎င်း။
ပစ္စယာကာရော ဧဝ စ၊ ပစ္စည်းတရားတို့၏ ကျေးဇူးပြုသော အဖြစ်၎င်း။
စတုရော ဓမ္မာ၊လေးပါးသော တရားတို့ကို။
ဒုဒ္ဒသာ၊ မြင်နိုင်ခဲ့ကုန်၏။
ဒေသေတုံ စ၊ ဟောခြင်းငှါကား။
သုဒုက္ကရာ၊ သာလွန်၍ ခဲယဉ်းကုန်၏။
ဤသို့ ခဲယဉ်းစွာသော ဣဒပ္ပစ္စယတာ ပဋိစ္စသမုပ္ပန္န နှစ်ပါးတို့၌ --
[ဣဒပ္ပစ္စယတာ = ဤသင်္ခါရစသော အကျိုးတရားတို့၏ အဝိဇ္ဇာစသော အကြောင်း တရား။
ပဋိစ္စသမုပ္ပန္န = ပစ္စည်းဖြစ်ထိုက်သော အဝိဇ္ဇာစသော အကြောင်းတရားတို့ကို စွဲမှီ၍ တကွသာလျှင် ဖြစ်သော သင်္ခါရစသော အကျိုးတရား။]
ဝေဖန်ဆုံးဖြတ်နည်း ငါးမျိုး
ဒေသနာဘေဒတော ဧက- ဝိဓာဒိတော စ အင်္ဂတော။
ဓမ္မာနံ ပစ္စယာနဉ္စ၊
သရူပတော ဝိနိစ္ဆယော။
ဒေသနာဘေဒတော၊ ဒေသနာလေးပါး အပြားအားဖြင့်၎င်း။
ဧကဝိဓာဒိတော စ၊ ဧကဝိဓ (တပါး အပြားရှိခြင်း) စသောအားဖြင့်၎င်း။
အင်္ဂတော၊ အင်္ဂါအားဖြင့်၎င်း။
ဓမ္မာနံ၊ တရားကိုယ်တို၏။
သရူပတော စ၊ သရုပ်အားဖြင့်၎င်း။
ပစ္စယာနံ၊ ပဋိစ္စသမုပ္ပါဒ်ပစ္စည်း ပဋ္ဌာန်းပစ္စည်းတို့၏။
သရူပတော စ၊ သရုပ် အားဖြင့်၎င်း။
ဝိနိစ္ဆယော၊ ငါးပါး အပြားအားဖြင့် ဆုံးဖြတ်အပ်၏။
ဒေသနာဘေဒ
ထိုငါးပါးတို့တွင် ဒေသနာဘေဒအားဖြင့် ဆုံးဖြတ်ဟန်ကား -- နွယ်နုတ်သော ယောက်ျား လေးယောက်ကဲ့သို့ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ ။ပ။ ဇာတိပစ္စယာ ဇရာမရဏံ”ဟူ၍၎င်း။
“တဿ တံ ဝေဒနံ အဘိနန္ဒတော ဥပ္ပဇ္ဇတိ နန္ဒီ။ ယာ ဝေဒနာသု နန္ဒီ၊ တဒုပါဒါနံ။ တဿုပါဒါနပစ္စယာ ဘဝေါ၊ ဘ၀ပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ”ဟူ၍၎င်း။
တံ ဝေဒနံ၊ ထိုဝေဒနာကို။
အဘိနန္ဒတော၊ အလွန်နှစ်သက်သော။
အဘိဝဒတော၊ ငါငါ့ဥစ္စာ စသည်ဖြင့် အလွန်မြည်တမ်းပြောဆိုသော။
အဇ္ဈောသာယ၊ မျိုသွင်းသိမ်းပိုက်၍။
တိဋ္ဌတော၊ တည်သော။
တဿ၊ ထိုသူအား။
နန္ဒီ၊ (ဥပါဒါန်အဆင့်ရောက်) နှစ်သက်ခြင်းသည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
ဝေဒနာသု၊ ဝေဒနာတို့၌။
ယာနန္ဒီ၊ အကြင်နှစ်သက်ခြင်း (နန္ဒီရာဂ) သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
တံ၊ ထိုနှစ်သက်ခြင်း (ဗလဝနန္ဒီရာဂ) သည်။
ဥပါဒါနံ၊ ဥပါဒါန်မည်၏။
တဿ၊ ထိုသူအား။
ဥပါဒါနပစ္စယာ၊ ဥပါဒါန်ဟူသော အကြောင်းကြောင့်။
ဘဝေါ၊ ကမ္မဘဝ ဥပပတ္တိဘဝသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဘဝပစ္စယာ၊ ဘဝဟူသော အကြောင်းကြောင့်။
ဇာတိ၊ ပဋိသန္ဓေနေခြင်းဇာတိသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဇာတိပစ္စယာ၊ ဇာတိဟူသောအကြောင်းကြောင့်။
ဇရာမရဏံ၊ ဇရာမရဏသည်။
သမ္ဘဝတိ၊ ဖြစ်၏။
(အကျယ်ကို မူလပဏ္ဏာသ၊ မဟာတဏှာသင်္ခယသုတ်၊ နှာ-၃၃၃-နှင့်၊ ခန္ဓဝဂ္ဂသံယုတ်၊ သမာဓိသုတ်၊ နှာ ၁၃-၌ ရှုပါ) ။
“ဇာတိပစ္စယာ ဇရာမရဏံ။ ဘဝပစ္စယာ ။ပ။ အဝိဇ္ဇာပစ္စယာ သင်္ခါရာ” ဟူ၍၎င်း။
ဇာတိပစ္စယာ၊ ဇာတိဟူသောအကြောင်းကြောင့်။
ဇရာမရဏံ၊ ဇရာ မရဏသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဘဝပစ္စယာ၊ ဘဝဟူသောအကြောင်းကြောင့် ။ပ။
အဝိဇ္ဇာပစ္စယာ၊ အဝိဇ္ဇာဟူသောအကြောင်းကြောင့်။
သင်္ခါရာ၊ သင်္ခါရတို့သည်။
သမ္ဘ၀န္တိ၊ ဖြစ်ကုန်၏။
(အကျယ်ကို မူလပဏ္ဏာသ၊ မဟာတဏှာသင်္ခယသုတ်၊ နှာ-၃၂၈-၉-၌ ရှုပါ)
“ဣမေ စတ္တာရော အာဟာရာ တဏှာနိဒါနာ ။ပ။ တဏှာ ဝေဒနာနိဒါနာ ။ပ။ သင်္ခါရာ အဝိဇ္ဇာနိဒါနာ” ဟူ၍၎င်း။
စတ္တာရော၊ ၄-ပါးကုန်သော။
ဣမေ အာဟာရာ၊ ဤအာဟာရတို့သည်။
တဏှာနိဒါနာ၊ တဏှာလျှင်အကြောင်းရှိကုန်၏ (တဏှာကြောင့် ဖြစ်ကုန်၏) ။ပ။
တဏှာ၊ တဏှာသည်။
ဝေဒနာနိဒါနာ၊ ဝေဒနာလျှင် အကြောင်းရှိ၏ (ဝေဒနာကြောင့် ဖြစ်၏)။ ပ။
သင်္ခါရာ၊ သင်္ခါရတို့သည်။
အဝိဇ္ဇာနိဒါနာ၊ အဝိဇ္ဇာလျှင် အကြောင်းရှိကုန်၏ (အဝိဇ္ဇာကြောင့် ဖြစ်ကုန်၏)။
(အကျယ်ကို မူလပဏ္ဏာသ၊ မဟာတဏှာသင်္ခယသုတ်၊ နှာ-၃၂၇-၈ နှင့် နိဒါနဝဂ္ဂ သံယုတ်၊ အာဟာရသုတ်၊ နှာ-၂၅၃-၌ ရှုပါ)
(၁) ပဋိစ္စသမုပ္ပါဒ်၏ သမန္တဘဒ္ဒက [၁], ကိုယ်တော်မြတ်၏ ဒေသနာဝိလာသပ္ပတ္တ[၂] ဖြစ်သောကြောင့် ဝေနေယျဇ္ဈာသယအားဖြင့် ယထာသက ကာရဏ[၃] တို့ကြောင့် ဖြစ်သည်ကိုပြခြင်း ဥပ္ပတ္တိက္ကမ[၄] ကို ပြခြင်းငှါအစမှ အဆုံးတိုင်အောင် -
(၂) ပစ္စုပ္ပန်အကြောင်းမှစ၍ အနာဂတ်အဓွန့်ကို ပြခြင်းငှါ အလယ်မှစ၍ အဆုံး တိုင်အောင် --
(၃) ကိစ္ဆာပန္နလောက[၅] ၏ ဒုက္ခုပ္ပတ္တိကာရဏ[၆]ကို ပြခြင်းငှါ အဆုံးမှ အစ တိုင်အောင်—
(၄) အာဟာရနိဒါနဝဝတ္ထာန[၇]ကို အစဉ် လျှောက်သဖြင့် အတိတ်အဓွန့်သို့ ဆောင်၍ တဖန် အတိတ်အဓွန့်မှစ၍ ဟေတု ဖလအစဉ်ကိုပြခြင်းငှါ အလယ်မှ အစတိုင်အောင် -
ဤသို့ လေးပါးသော အပြားအားဖြင့် ဟောတော်မူသည်။
[၁။ သမန္တဘဒ္ဒက = ထက်ဝန်းကျင် အလုံးစုံကောင်းခြင်း။
၂။ ဒေသနာဝိလာသပ္ပတ္တ = ဒေသနာတော်ကို တင့်တယ်စေတတ် တန်းဆာဆင်တတ် သည့် ဉာဏ်အထူးသို့ရောက်ခြင်း။ ။
၃။ ယထာသက ကာရဏ = (ယထာ = လျော်စွာ၊ သက = မိမိဥစ္စာ၊ ကာရဏ = အကြောင်း)။ မိမိအကျိုးနှင့်လျော်သောအကြောင်း။
၄။ ဥပ္ပတ္တိက္ကမ = ဖြစ်စဉ်။
၅။ ကိစ္ဆာပန္နလောက = .(ကိစ္ဆ = ဆင်းရဲငြိုငြင် ပင်ပန်းခြင်းသို့ + အာပန္န = ရောက်သော + လောက = သတ္တဝါ) ဆင်းရဲ ငြိုငြင် ပင်ပန်းခြင်းသို့ရောက်သော သတ္တဝါ။
၆။ ဒုက္ခုပ္ပတ္တိ ကာရဏ = ဒုက္ခဖြစ်ခြင်း၏ အကြောင်း။
၇။ အာဟာရနိဒါနဝတ္ထာန = အာဟာရ တည်းဟူသော အကြောင်းကို ပိုင်းခြား မှတ်သားခြင်း။]
အဝိဇ္ဇာကို အစထားပုံ
ထိုလေးပါးတို့တွင် အနုလောမဒေသနာကို ဤ သင်္ဂြိုဟ်ကျမ်း၌ ထားသတည်း။ ထို အနုလောမဒေသနာ၌ အဝိဇ္ဇာကို အစထားသည်ကား “ပကတိဝါဒီ” စသည်တို့၏ “ပကတိ[၈]” စသည်ကဲ့သို့ အကြောင်း မရှိ။ အဝိဇ္ဇာသည် လောက၏မူလကာရဏ အကြောင်းလောဟူမူ “အာသဝသမုဒယာ အဝိဇ္ဇာသမုဒယော”[၉] ဟူသည်နှင့် အညီ အကြောင်း ရှိ၏။ သို့သော်လည်း ဝဋ္ဋကထာ၌ ပဓာနဖြစ်၍ အစထားသည်။ အဝိဇ္ဇာ သည် ဒုဂ္ဂတိဂါမိကံ၏ အကြောင်းတည်း။ တဏှာသည် သုဂတိဂါမိကံ၏ အကြောင်း တည်း။ ဝဋ်စကား၌ ဦးခေါင်းအလား ဤသီသတရားနှစ်ပါးတို့တွင် အဝိဇ္ဇာသည် တဏှာ၏လည်း အကြောင်းဖြစ်သေးရကား သာလွန်၍ ပဓာနဖြစ်သည် မှတ်ရမည်။
[၈။ ပကတိဝါဒအကြောင်းကို ဤကျမ်း၊ နှာ ၃၁၅-နှင့် နောက်ဆက်တွဲကြည့်ပါ။
၉။ အာသဝသမုဒယာ = အာသဝဖြစ်ခြင်းကြောင့်။ အဝိဇ္ဇာသမုဒယော = အဝိဇ္ဇာဖြစ်၏။ (မူဏပဏ္ဏာသ၊ သမ္မာဒိဋ္ဌိသုတ်၊ နှာ ၆၇။)]
ဧကဝိဓာဒိအားဖြင့်ကား -
အဝိဇ္ဇာသည် --
အညာဏ အဒဿန စသောအားဖြင့် တပါး၊
အပ္ပဋိပတ္တိ မိစ္ဆာပဋိပတ္တိ [၁] ။ ဝါ၊ သသင်္ခါရ, အသင်္ခါရအားဖြင့် နှစ်ပါး၊
ဝေဒနာအားဖြင့် သုံးပါး၊
သစ္စစ္ဆာဒန [၂] အားဖြင့် လေးပါး၊
ဂတိငါးပါး၏ အပြစ်ကို ဖုံးလွှမ်းခြင်း အားဖြင့် ငါးပါး၊
ဒွါရ အာရုံအားဖြင့် ခြောက်ပါး၊
ဤသို့ စသည်ဖြင့် ပဋိစ္စသမုပ္ပါဒ် တရားတို့၏ ရသင့်တိုင်းသော အပြားကို ခွဲခြား ဝေဖန် ရမည်၊ ကျယ်ဝန်း များပြားသည်၊ ထင်ရှားသဖြင့် မခဲပြီ။
[၁။ အပ္ပဋိပတ္တိ = သစ္စာလေးပါးတို့၌မသိခြင်း (မှန်သောအကျင့် ကင်းမဲ့ခြင်း)။ မိစ္ဆာပဋိပတ္တိ - အသုဘ စသည်၌ သုဘဝိပလ္လာသ စသည်အားဖြင့် ထင်မှားခြင်း (မှားယွင်းသော အကျင့်) (ဝိသုဒ္ဓိမဂ်၊ ဋီ၊ဒု၊နှာ-၂၅၄)
၂။ သစ္စစ္ဆာဒန = သစ္စာလေးပါးတရားကို ဖုံးလွှမ်းခြင်း။]
အင်္ဂါ ၁၂-ပါးဖြစ်ပုံ
ရူပဘုံ စသည်၌ မရှိသောကြောင့်လည်း [၁] ဇာတိ၏ အကျိုးရင်း စင်စစ် မဟုတ်၊ အကျိုးဖျားဖြစ်၍ အကျိုးရင်းဖြစ်သော ဇရာ မရဏနှင့် တပေါင်းတည်း တအင်္ဂါတည်း ပြုလျက် အကြောင်းဆယ့်တခု၊ အကျိုးဆယ့်တခုကို ပေါင်းစုသောအားဖြင့် အင်္ဂါ တဆယ့်နှစ်ပါး ဖြစ်၏။
[၁။ ရူပဘုံ အရူပဘုံတို့၌ သောက ပရိဒေဝ ကာယိကဒုက္ခ ဒေါမနဿ ဥပါယာသတို့ မရှိကြ၊ ထို့ကြောင့် ဤတရားငါးပါးတို့သည် ဇာတိ၏ အကျိုးရင်းမဟုတ် အကျိုးဖျား ဖြစ်သည်။]
တနည်းလည်း -- ဧရာ, မရဏကြောင့် သောကာဒိဖြစ်၏။ ဤသို့ဖြစ်လျှင် အကြောင်းအင်္ဂါ တဆယ့်နှစ်ပါး အကျိုးအင်္ဂါတဆယ့်နှစ်ပါး ဖြစ်၏။ သို့သော်လည်း ဇရာ မရဏ ဒုက္ခကြောင့်သာ သောကစသည် ဖြစ်သည်မဟုတ်၊ တပါးသော ဒုက္ခကြောင့်လည်း သောကစသည် ဖြစ်သေးရကား မမြဲသောကြောင့် “ဇရာမရဏပစ္စယာ သောကာဒယော သမ္ဘဝန္တိ”ဟု မဟောမူ၍ “ဇာတိပစ္စယာ ဇရာမရဏံ သောကာဒယော စ သမ္ဘဝန္တိ”ဟူ၍ ဟောတော်မူသည်။
တနည်းလည်း -- ဇရာ မရဏကို ယူသဖြင့် ဂုဏေဌာနဥပါဒိန္နန္ဓာဟူသော ဥပပတ္တိဘဝ ကိုယူ၍ “ဘဝပစ္စယာ ဇာတိ”ဖြစ်လျှင် “ဇရာမရဏပစ္စယာ ဇာတိ” ဟူ၍လည်း ဖြစ်တော့သည်။ ဖြစ်လျှင်လည်း အကြောင်းအင်္ဂါ တဆယ့်နှစ်ပါး အကျိုးအင်္ဂါ တဆယ့်နှစ်ပါး ဖြစ်၏။
တနည်းလည်း -- တခုတည်းသော စိတ္တုပ္ပါဒ်၌လာသော “အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာပိ အဝိဇ္ဇာ ။ပ။ အဝိဇ္ဇာပစ္စယာ ဇရာမရဏံ။ ဇရာမရဏ ပစ္စယာပိ အဝိဇ္ဇာ”အစရှိသော ဝိဘင်းနည်းဖြင့် ဒွါဒသအင်္ဂါ ဖြစ်သင့်၏။ ကျယ်ဝန်းသည်၊ ဝိဘင်း ပါဠိတော်၊ ပဋိစ္စသမုပ္ပါဒဝိဘင်း နှာ ၁၄၈-ကို။
ဓမ္မသရုပ် ပစ္စယသရုပ်အားဖြင့်ကား
အဝိဇ္ဇာ
ရှေးဦးစွာသော “အဝိဇ္ဇာပစ္စယာ သင်္ခါရ”ပဒ-၌ သစ္စာလေးတန် ပုဗ္ဗန္တ အပရန္တ ပုဗ္ဗန္တပရန္တ ဣဒပ္ပစ္စယတာ ပဋိစ္စသမုပ္ပန္နဓမ္မ၊ ဤ ရှစ်ဌာနတို့၌ မသိခြင်းသည် “အဝိဇ္ဇာ'မည်၏။
(အာရုံပြုပါလျက်နှင့် တပ်မက်၍ ပြစ်မှား၍ ယုံမှားပျံလွင့်၍ မမှီနိုင်၍ ဟုတ်မှန် တိုင်းသော သဘောကို မသိသည်ကိုသာ ယူရမည်။ အိပ်ပျော်သောအခါ အာရုံမပြု သောအခါ စသည်ကို မယူသင့်။)
သင်္ခါရအပြားနှင့် သင်္ခါရမည်ပုံ
ဒါန, သီလ, ဘာဝနာမယ ကာယ, ဝစီ, မနောသင်္ခါရ ကာမာဝစရကုသိုလ် စေတနာ ရှစ်ခု၊ ဘာဝနာမယ မနောသင်္ခါရ ရူပကုသိုလ်စေတနာ ငါးခု၊ ဤစေတနာ တဆယ့်သုံးခု ဟူသော ပုညာဘိသင်္ခါရ၊
ပါဏာတိပါတာဒိမယ ကာယ, ၀စီ, မနောသင်္ခါရ ဒွါဒသာ’ကုသလစေတနာ ဟူသော အပုညာဘိသင်္ခါရ၊
ဘာဝနာမယမနောသင်္ခါရ အရူပကုသိုလ်စေတနာ လေးခုဟူသော အာနေဉ္ဇာဘိသင်္ခါရ၊
ဤအဘိသင်္ခါရဏက သင်္ခါရသုံးပါးသည် သင်္ခါရ မည်၏။
မယူအပ်သော သင်္ခါရများ
‘အနိစ္စာ ဝတ သင်္ခါရာ’ ဟူသော သင်္ခတသင်္ခါရ၊ ဝိပါက် ကဋတ္တာရုပ် ဟူသော အဘိသင်္ခတ သင်္ခါရ၊ ကာယိက စေတသိက ဝီရိယဟူသော ပယောဂါဘိသင်္ခါရ၊ ယမိုက်ပါဠိ၌ လာသော အဿာသ ပဿာသ ဟူသော ကာယသင်္ခါရ၊ ဝိတက် ဝိစာရ ဟူသော ဝစီသင်္ခါရ၊ သေသစေတသိကဟူသော စိတ္တသင်္ခါရ၊ ဤသင်္ခါရတို့ကို ဤ၌ မယူအပ်။ ဤကား ဓမ္မသရုပ်တည်း။
ပဋိစ္စသမုပ္ပါဒ်ပစ္စယသရုပ်
ဒုက္ခာဒီသု အညာဏေန၊
အာရဘေ ဒုက္ခဟေတဝေါ။
နိရောဓာဒိအညာဏေန၊
ယညာ’မရတပါဒိကေ။
အပိစ --
မရုပ္ပပါတံ ဒီပ'စ္စိံ၊
မဓုလိတ္တဿ လေဟနံ။
ဂူထကီဠံ ဝိသံခါဒံ၊
ပိသာစနဂရံ ယထာ။
ဗာလော ကရောတိ သင်္ခါရေ၊
တိဝိဓေ ဒုက္ခဟေတဝေါ။
တသ္မာ သတိ အဝိဇ္ဇာယ၊
ဘာဝတော ပစ္စယော မတော။
အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ရခြင်းအကြောင်း
ဒုက္ခာဒီသု၊ ဒုက္ခ သမုဒယ နှစ်ပါးတို့၌။ အညာဏေန၊ မသိခြင်းကြောင့်။ ဒုက္ခဟေတဝေါ၊ ဒုက္ခ၏အကြောင်းဇနက သင်္ခါရသုံးပါးတို့ကို။ အာရဘေ၊ အားထုတ်၏။
နိရောဓာဒိအညာဏေန၊ နိရောဓ မဂ္ဂနှစ်ပါးတို့ကို မသိခြင်းကြောင့်။ ယညာမရ တပါဒီကေ၊ နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းဟုမှတ် များစွာသတ်၍ ယဇ်နတ်ပူဇော်ခြင်း, မသေဘို့ငှါ ခဲစွာကျင့်ခြင်း။ ဝါ၊ မသေတတ်သည့် နတ်ဖြစ်အောင်ကြံ ခြိုးခြံစွာကျင့်ခြင်း၊ ဝါ၊ သေလုပါးနီး အကြီးတကျယ် ကျင့်ခြင်း စသည်တို့ကို။ အာရဘေ၊ အားထုတ်၏။
အပိစ၊ တနည်းလည်း---
မရုပ္ပပါတံ၊ နတ်သ္မီးကို လို၍ ချောက်ကမ်းသို့ ခုန်ချခြင်းကို။ ဒီပစ္စိံ၊ ဆီမီးလျှံသို့ ပိုးပရံဝင်ခြင်းကို။ မဓုလိတ္တဿ လေဟနံ၊ ပျားရည်လူးထား သန်လျက်သွားကို လျင်လျားစုံမက် လျှာဖြင့် လျက်ခြင်းကို။ အာရဘတိယထာ၊ အားထုတ်သကဲ့သို့၎င်း။ ဂူထကီဠံ၊ သူငယ်ဉာဏ်မော့ မစင်ပြော့ကို ကိုင်ဆော့ကစားခြင်းကို။ ဝိသံ ခါဒံ၊ စိတ်ပျက်ငြင်ငြို သေချင်လို၍ အဆိပ်ကို စားခြင်းကို။ ပိသာစနဂရံ၊ မျက်စိလှည့်ရှုပ် ဖန်ဆင်းလုပ်သည့် မြေဘုတ်မြို့လမ်းသို့ သွားခြင်းကို။ အာရဘတိ ယထာ၊ အားထုတ်သကဲ့သို့၎င်း။ ဗာလော၊ မိုက်မည်းသည်းထန် ပုထုဇန်သည်။ ဒုက္ခဟေတဝေါ၊ ဒုက္ခ၏အကြောင်းဖြစ်ကုန်သော။ တိဝိ၊ သုံးပါး အပြားရှိကုန်သော။ သင်္ခါရေ၊ သင်္ခါရတို့ကို။ ကရောတိ၊ အားထုတ်ပြုပြင်၏။ တသ္မာ၊ ထို့ကြောင့်။ အဝိဇ္ဇာယ၊ အဝိဇ္ဇာသည်။ သတိ၊ လေးမဂ်ဉာဏ်ဖြင့် မလှန်မပယ် သန္တာန်ဝယ် ရှိသေးလတ်သော်။ ဘာဝတော၊ သင်္ခါရသုံးပါး ဖြစ်ပွါးခြင်းကြောင့်။ ပစ္စယော၊ ကျေးဇူးပြု၏ ဟူ၍။ မတော၊ သိအပ်၏။
ဤကား ပဋိစ္စသမုပ္ပါဒ်ပစ္စည်း သရုပ်တည်း။
အဝိဇ္ဇာပစ္စယာ သင်္ခါရ၌ ရနိုင်သည့် ပစ္စည်းများ
အဝိဇ္ဇာသည် ပုညာဘိသင်္ခါရအား အာရမ္မဏ ပကတူပနိဿယ သတ္တိနှစ်ပါးတို့ဖြင့် ကျေးဇူးပြု၏။ အပုညာဘိသင်္ခါရအား ပုရေဇာတ ပစ္ဆာဇာတ ကမ္မ ဝိပါက အာဟာရ ဣန္ဒြိယ ဈာန မဂ္ဂ ဝိပ္ပယုတ္တ သတ္တိကိုးပါးတို့ကို ကြဉ်၍ ကြွင်းသော ပစ္စယသတ္တိ တဆယ့်ငါးပါးတို့ဖြင့် ကျေးဇူးပြု၏။ အာနေဉ္ဇာဘိသင်္ခါရအား ပကတူပနိဿယ သတ္တိတပါးဖြင့် ကျေးဇူးပြု၏။
သင်္ဂဟဂါထာ
အဝိဇ္ဇာ ဒုဝိဓာ ပဏ္ဏ-
ရသဓာ ဧကဓာပိ စ။
ပစ္စယော ဟောတိ တိဏ္ဏန္နံ၊
သင်္ခါရာနံ ယထာက္ကမံ။
အဝိဇ္ဇာ၊ အဝိဇ္ဇာသည်။ ဒုဝိဓာ စ၊ နှစ်ပါးသောအပြားအားဖြင့်၎င်း။ ပန္နရသဓာ စ၊ တဆယ့်ငါးပါးသော အပြားအားဖြင့်၎င်း။ ဧကဓာ စ၊ တပါးသော အပြားအားဖြင့်၎င်း။ တိဏ္ဏန္နံ၊ သုံးပါးကုန်သော။ သင်္ခါရာနံ၊ သင်္ခါရတို့အား။ ယထာက္ကမံ၊ အစဉ်အတိုင်း။ ပစ္စယော၊ ကျေးဇူးပြုသည်။ ဟောတိ၊ ဖြစ်၏။
အကြောင်းအများကြောင့် အကျိုးအများသာဖြစ်ပုံ
ဤ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” ဟူရာ၌ အဝိဇ္ဇာမှတပါး အကြောင်းမရှိသောကြောင့် အဝိဇ္ဇာ တခုတည်းကိုသာ ဟောသလောဟူမူ အကြောင်းတပါးကြောင့် အကျိုးတပါး ဖြစ်ခြင်း၊ အကျိုးအများ ဖြစ်ခြင်း၊ အကြောင်းအများကြောင့် အကျိုးတပါးဖြစ်ခြင်းမရှိ၊ အကြောင်း အများကြောင့် အကျိုးအများ ဖြစ်ခြင်းသာ ရှိသည်။ သို့သော်လည်း ပဓာန- ပါကဋ္ဌ အသာဓာရဏ ဖြစ်သောကြောင့် ဒေသနာဝိလာသ ဝေနေယျဇ္ဈာသယ အားဖြင့် ထိုထိုအရာ၌ အကြောင်းတပါး အကျိုးတပါးကိုသာ ပြတော်မူသည်။
ထိုတွင် “ဖဿပစ္စယာ ဝေဒနာ”ကား ပဓာနအကြောင်းတည်း။
“သေမှသမုဋ္ဌာနာ အာဗာဓာ”ကား [၁] ပါကဋအကြောင်းတည်း။
ယေကေစိ ဘိက္ခဝေ အကုသလာ ဓမ္မာ၊ သဗ္ဗေ တေ အယောနိသောမနသိကာရ မူလကာ” [၂] ကား အသာဓာရဏအကြောင်းတည်း။
[၁။ သလိပ်ကြောင့်ဖြစ်ကုန်သော အနာတို့သည်။ (မဟာနိဒ္ဒေသ၊ နှာ-၁ဝ။ အင်္ဂုတ္တိုရ်၊ တတိယ၊ နှာ-၃၄၃။)
၂။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ယေကေစိ၊ အလုံးစုံကုန်သော။ အကုသလာ၊ အကုသိုလ်ဖြစ်ကုန်သော။ ဓမ္မာ၊ တရားတို့သည်။ သန္တိ၊ ရှိကုန်၏။ သဗ္ဗေ၊ အလုံးစုံကုန်သော။ တေ၊ ထိုတရားတို့သည်။ အယောနိသောမနသိကာရ မူလကာ၊ မသင့်သောအားဖြင့် နှလုံးသွင်းခြင်းလျှင် အကြောင်းရင်းရှိကုန်၏။
အသာဓာရဏ = မဆက်ဆံသော။ (ဤအရာနှင့်သာ ဆက်စပ်သက်ဆိုင်၍ အခြား တပါးသော အရာတို့နှင့် မဆက်ဆံ မသက်ဆိုင်သော)]
ဤ၌လည်း သင်္ခါရဟေတုတဏှာ စသည်တို့၏လည်း အကြောင်းဖြစ်သောကြောင့်၎င်း၊ အဝိဇ္ဇာရှိသောသူသည်သာ သင်္ခါရတို့ကို ပြုသောကြောင့်၎င်း၊ အဝိဇ္ဇာမကင်းသော ပုဂ္ဂိုလ်သန္တာန်၌သာ သင်္ခါရဖြစ်၍ ဝတ္ထုအာရုံစသည်တို့ ကဲ့သို့ မဆက်ဆံသော ကြောင့်၎င်း အဝိဇ္ဇာသည် သင်္ခါရတို့၏ ပဓာန ပါကဋ အသာဓာရဏ အကြောင်းတည်း။
အဝိဇ္ဇာက ကုသိုလ်ကို ကျေးဇူးပြုပုံ
ထိုသို့ပင် ဖြစ်စေကာ ဧကန္တာ'နိဋ္ဌဖလ သာဝဇ္ဇ သံကိလိဋ္ဌဖြစ်သော အဝိဇ္ဇာ၏ ပုညာနေဉ္ဇာဘိသင်္ခါရတို့အား ကျေးဇူးပြုသည်၏အဖြစ်သည် မသင့်ဟူငြားအံ့ -
ဝိရုဒ္ဓေါ စာ'ဝိရုဒ္ဓေါ စ၊
သဒိသာ' သဒိသော စိ'ဓ။
ဓမ္မာနံ ပစ္စယော သိဒ္ဓေါ၊
ဝိပါကာ ဧဝ တေ စ န။
ဟူ၍ ဖြေအပ်၏။
ဣဓ လောကေ၊ ဤလောက၌။ ဝိရုဒ္ဓေါ စ၊ ဆန့်ကျင်သည်လည်းဖြစ်သော။ အဝိရုဒ္ဓေါ စ၊ မဆန့်ကျင်သည်လည်းဖြစ်သော။ သဒိသော စ၊ တူသည်လည်း ဖြစ်သော။ အသဒိသော စ၊ မတူသည်လည်းဖြစ်သော။ ဓမ္မာနံ၊ အကျိုး တရားတို့၏။ ပစ္စယော၊ အကြောင်းပစ္စည်းသည်။ သိဒ္ဓေါ၊ ပြီး၏-ထင်ရှား၏။ တေ စ၊ ထိုအကျိုးတို့သည်လည်း။ န ဝိပါကာ ဧဝ၊ အကျိုးရင်းတို့ချည်းသာ မဟုတ်ကုန်။
ဌာနဝိရုဒ္ဓ စသည် ဖြစ်ပုံ
ထိုတွင် ရှေ့စိတ် ရှေ့သိပ္ပါဒိသိက္ခာတို့သည် နောက်စိတ် နောက်သိပ္ပါဒိ ကိရိယာတို့၏ ဌာနဝိရုဒ္ဓ အကြောင်း။
ဌာနဝိရုဒ္ဓါတိ အတ္ထိတာဝိရုဒ္ဓေါ [၁] ။ (ဝိဘင်း မူလဋီကာ နှာ-၁၀၀။)
ဌာနန္တိ ဓရမာနတာ အဓိပ္ပေတာ [၂]။ (ယင်းအနုဋီကာ၊ နှာ-၁၁၀။)
[၁။ ဌာနဝိရုဒ္ဓါတိ၊ ဌာနဝိရုဒ္ဓေါ ဟူသည်ကား။ အတ္ထိဘာ ဝိရုဒ္ဓေါ၊ ထင်ရှားရှိနေခြင်းအားဖြင့် ဆန့်ကျင်ဘက်တည်း။
၂။ ဌာနန္တိ၊ ဌာနံ ဟူသည်ကား။ ဓရမာနတာ၊ ထင်ရှားရှိသည်၏အဖြစ်ကို။ အဓိပ္ပေတာ၊ အလိုရှိအပ်၏။]
သဘာဝ ဝိရုဒ္ဓ
ကမ္မ(နာမ်), ခီရ(နို့ရည်) စသည်တို့သည် ရုပ် နို့ဓမ်း စသည်တို့၏ သဘာဝဝိရုဒ္ဓ အကြောင်း။
ကိစ္စ ဝိရုဒ္ဓ
အာလောက ဂုဠ (ထန်းလျက်) စသည်တို့သည် စက္ခုဝိညာဏ်, အရက် စသည်တို့၏ ကိစ္စ ဝိရုဒ္ဓ အကြောင်းတည်း။
အဝိရုဒ္ဓအကြောင်း ဖြစ်ပုံ
စက္ခုရူပါဒိသည် စက္ခုဝိညာဏ် စသည်တို့၏ ဌာနအဝိရုဒ္ဓ အကြောင်း။
ရှေ့ဇော စသည်တို့သည် နောက်ဇောစသည်တို့၏ သဘာဝ ကိစ္စအဝိရုဒ္ဓ အကြောင်း တည်း။
သဒိသအကြောင်း ဖြစ်ပုံများ
ဥတု အာဟာရတို့သည် ရုပ်၏ သာလိဗီဇာဒိ (သလေးစပါးမျိုးစေ့ စသည်တို့) သည် သာလိဖလ (သလေးစပါး) စသည်တို့၏ သဒိသအကြောင်း။
အသဒိသအကြောင်း ဖြစ်ပုံ
ရုပ်သည် နာမ်၏, နာမ်သည် ရုပ်၏, နွားမွေးတို့သည် “ဒုဗ္ဗာ”မည်သော နေဇာမြက်၏, သားချိုသည် အသံ၏, နို့ဓမ်း နှမ်းညက် တင်လဲတို့သည် ဘူတိဏကမည်သော မြက်နံ့သာ၏, မှော်သည် ဟင်းဆန်ခွဲပင်၏, “ခရဝဠဝ”ဟူသော မြည်းမသည် အဿတိုရ်မြင်း၏ အသဒိသအကြောင်းတို့တည်း။
ဤသို့ လောက၌ ဝိရုဒ္ဓ အဝိရုဒ္ဓ၊ သဒိသ အသဒိသ အကြောင်းရှိသည်နှင့် သင့်၏ ဟူလိုသည်။
တနည်းလည်း --
စုတူပပါတေ သံသာရေ၊
သင်္ခါရာနဉ္စ လက္ခဏေ။
ယော ပဋိစ္စသမုပ္ပန္န-
ဓမ္မေသု စ ဝိမုယှတိ။
အဘိသင်္ခရောတိ သော ဧတေ၊
သင်္ခါရေ တိဝိဓေ ယတော။
အဝိဇ္ဇာ ပစ္စယော တေသံ၊
တိဝိဓာနံ အယံ တတော။
စုတူ’ပပါတေ၊ စုတိ ပဋိသန္ဓေ နှစ်ပါး၌၎င်း။ သံသာရေ၊ သံသရာ၌၎င်း။ သင်္ခါရာနံ၊ သင်္ခတတရားတို့၏။ လက္ခဏေ စ၊ လက္ခဏာ၌၎င်း။ ပဋိစ္စသမုပ္ပန္နဓမ္မေသု စ၊ ပစ္စည်း ပစ္စယုပ္ပန် တရားတို့၌၎င်း --
ယော၊ အကြင်စက္ခုမသန် ပုထုဇန်သည်။ ဝိမှယုတိ၊ အထူးထူး အပြားပြား တွေဝေ၏။ သော၊ ထိုစက္ခုမသန် ပုထုဇန်သည်။ ယတော၊ အကြင်ကြောင့်။ တိဝိဓေ၊ သုံးပါးအပြား ရှိကုန်သော။ ဧတေ သင်္ခါရေ၊ ယင်းသင်္ခါရတို့ကို။ အဘိသင်္ခရောတိ၊ ပြုပြင်စီမံ၏။ တတော၊ ထို့ကြောင့်။ အယံ အဝိဇ္ဇာ၊ ဤအဝိဇ္ဇာသည်။ တိဝိဓာနံ၊ သုံးပါးအပြားရှိကုန်သော။ တေသံ သင်္ခါရာနံ၊ ထိုသင်္ခါရတို့၏။ ပစ္စယော၊ အကြောင်းဖြစ်၏။
ဤသို့ အဋ္ဌကထာ လာသည်နှင့် အညီ ဤစုတိစသော ငါးပါးတို့၌ တွေဝေသော အဝိဇ္ဇာကြောင့် --
ခန္ဓဘေဒေါဝ မရဏံ၊
ဇာတိ တပ္ပါတုဘာဝတာ။
ခန္ဓာနဉ္စ ပဋိပါဋိ၊
ဓာတု အာယတနာန စ။
အဗ္ဗောစ္ဆိန္နံ ဝတ္တမာနာ၊
သံသာရောတိ ပဝုစ္စတိ။
သာမညံ ဝါ သဘာဝေါ ဝါ၊
ဣဒံ သင်္ခါရလက္ခဏံ။
သင်္ခါရာဒယော ဝတ္တန္တိ၊
အဝိဇ္ဇာဒီဟိ ဟေတုဘိ။
စုတိ ပဋိသန္ဓေ
ခန္ဓဘေဒေါဝ၊ ခန္ဓာတို့၏ အဆုံးစွန် ချုပ်ပျက်ခြင်း သည်သာလျှင်။ မရဏံ၊ သေခြင်းမည်၏။ တပ္ပါတုဘာဝတာ၊ ထိုခန္ဓာတို့၏ အစစွာ ထင်ရှားဖြစ်ပေါ်လာခြင်းသည်သာလျှင်။ ဇာတိ၊ ပဋိသန္ဓေ နေခြင်းမည်၏။
သံသရာ
ခန္ဓာနဉ္စ၊ ခန္ဓာတို့၏၎င်း။ ဓာတုအာယတနာနံစ၊ ဓာတ် အာယတနတို့၏၎င်း။ အဗ္ဗောစ္ဆိန္နံ၊ မပြတ်။ ဝတ္တမာနာ၊ ဖြစ်၍ နေသော။ ပဋိပါဋိ၊ အစဉ်ကို။ သံသာရောတိ၊ သံသရာဟူ၍။ ပဝုစ္စတိ၊ ဆိုအပ်၏။
သင်္ခါရလက္ခဏာ
သာမညံ ဝါ၊ အနိစ္စ နမန ရုပ္ပနစသော ဆက်ဆံသော သဘောသည်၎င်း။ သဘာဝေါ ဝါ၊ နမန ရုပ္ပန ဖုသန, ကက္ခဠစသော မိမိ၏သဘောသည်၎င်း။ ဣဒံ၊ ဤသာမည ဝိသေသ သဘောသည်။ သင်္ခါရလက္ခဏံ၊ သင်္ခတ တရားတို့၏ လက္ခဏာတည်း။
ပဋိစ္စသမုပ္ပါဒ်
အဝိဇ္ဇာဒီဟိ၊ အဝိဇ္ဇာအစရှိကုန်သော။ ဟေတုဘိ၊ အကြောင်းတို့ကြောင့်။ သင်္ခါရာဒယော၊ သင်္ခါရစသော အကျိုးတို့သည်။ ဝတ္တန္တိ၊ ဖြစ်ကုန်၏။
မိစ္ဆာအယူဝါဒများ
ဤသို့ ဟုတ်မှန်တိုင်းသာ ယူရပါမည်ကို မယူမူ၍ --
သတ္တာ မရတိ ဇာယတိ၊
သော ဂစ္ဆတိ ပရာ'ပရံ။
အတ္တာ အတ္တနိယော ဓုဝေါ၊
ဝိကပ္ပေတိ သုဘော သုခေါ။
သာမီ နိဝါသီ ကာရကော၊
အတ္တာ ဇာနာတိ နောတိ ဝါ။
သောဝ ကရောတိ ကာရေတိ၊
သန္ဓိယံ ဥပပဇ္ဇတိ။
ကလလာဒိဘာဝေန ́ဿ၊
အဏု,ဣဿရအာဒယော။
ဣန္ဒြိယာနိ သမ္ပာဒေန္တိ၊
သရီရံ သဏ္ဌပေန္တကာ။
သော ဖုဿတိ ဝေဒယတိ၊
တဏှီယတျူ'ပဒီယတိ။
ပုနဗ္ဘဝန္တရေ ဘောတိ၊
ဣတိဝါ'ယံ ဝိမညတိ။
သဗ္ဗေ နိယတိ သင်္ဂတိ၊
ဘဝပ္ပရိဏတာ ဇနာ။
ဣတိဝါယံ ဝိကပ္ပေတိ၊
အန္ဓီကတော အဝိဇ္ဇာယ။
(၁) သတ္တော၊ သာမီနိဝါသီ ကာရက ဝေဒက [၁] ဟူ၍ ဆိုလိုအပ်သော ကိုယ်ကောင် သတ္တဝါသည်။ မရတိ၊ သေ၏။
[၁။ ဝိသုဒ္ဓိမဂ် မဟာဋီကာ၊ ဒု၊ နှာ-၂၉၃။ (ဤအယူဝါဒမှာ ဘုရားမပွင့်မီက ကပိလ ရသေ့ စသည်တို့ တီထွင်ခဲ့သည့် သင်္ချာ ဒဿနိကကျမ်း - Sankhya System; နျာယဒဿနိကကျမ်း - Nyaya System, သက္ကတကျမ်းတို့၌ လာသော ဝါဒများ ဖြစ်သည်။) (အဘယာရာမ ဆရာတော်၏ အဘိဓာန် နိဿယသစ်၊ ဂါထာနံပါတ်-၉၂၊ နှာ-၃၆၊ မှတ်ချက်များကိုလည်း ကြည့်ပါ။)]
(၂) ဇာယတိ၊ ပဋိသန္ဓေနေ၏။
(၃) သော သတ္တော၊ ထို သတ္တဝါကောင်သည်။ ပရာပရံ၊ ဘဝအဆင့်ဆင့်သို့။ ဂစ္ဆတိ၊ စွန့်ပစ်အိမ်ဟောင်း အိမ်သစ်ပေါင်း၍ ပြောင်းသွား၏။
(၄) အတ္တာ၊ အစိုးရသောကိုယ်ကောင်တည်း။ အတ္တနိယော၊ ကိုယ်ကောင်၏ဥစ္စာတည်း။ ဓုဝေါ၊ မြဲ၏။ သုဘော၊ တင့်တယ်၏။ သုခေါ၊ ချမ်းသာ၏။ ဣတိ၊ ဤသို့။ ဝိကပ္ပတိ၊ မဟုတ်ပဲနှင့် အလွဲကြံဆ၏။
(၅) သာမီ၊ အရှင်ဖြစ်သော။ နိဝါသီ၊ အလိုအတိုင်းနေနိုင်သော။ ကာရကော-ကာရက ဝေဒကော၊ အကြောင်းကိုပြုတတ် အကျိုးကိုခံစားတတ်သော။ အတ္တာ၊ ပြားပြားလုံးလုံး လေးမြှောင့် ရှစ်မြှောင့် တဆဲ့ခြောက်မြှောင့် စသောအားဖြင့် များသောသဏ္ဌာန်ရှိသော ကိုယ်ကောင်သည်။ ဇာနာတိ၊ ကိုယ်တိုင် သိစွမ်းနိုင်၏။ ဣတိ ဝါ၊ ဤသို့၎င်း။ နော ဇာနာတိ၊ ကိုယ်တိုင်မသိ ဗုဒ္ဓိဂုဏ်နှင့် ပေါင်းဆုံမိမှ သိနိုင်၏။ ဣတိ ဝါ၊ ဤသို့၎င်း။
သောဧဝ၊ ထိုအကျိုးကို ခံစားမည့် ကိုယ်သည်သာလျှင်။ ကရောတိ၊ အကြောင်း ကောင်းမှု မကောင်းမှုကို ပြု၏။ ကာရေတိ၊ ပြုစေ၏။ သန္ဓိယံ၊ ပဋိသန္ဓေ၌။ ဥပပဇ္ဇတိ၊ ကပ်၍ဖြစ်၏။
အဏုဣဿရ အာဒယော၊ အဏု ဣဿရ စသည်တို့သည်။ အဿ၊ ထိုကိုယ်ကောင်၏။ ကလလာဒိဘာဝေန၊ ရေကြည်စသည်တို့၏အဖြစ်ဖြင့်။ သရီရံ၊ ခန္ဓာအိမ်ကို။ သဏ္ဌပေန္တကာ၊ ဒွိအဏုက တိအဏုကစသည် ဖြစ်စေခြင်း, ဖန်ဆင်းလိုခြင်းတို့၏ အစွမ်းဖြင့် ကောင်းစွာ ပြင်ဆင်ကုန်လျက်။ ဣန္ဒြိယာနိ၊ စက္ခု စသော ဣန္ဒြေတို့ကို။ သမ္မာဒေန္တိ၊ ပြည့်စုံစေကုန်၏။
သော၊ ထိုဣန္ဒြေပြည့်စုံပြီးသော ကိုယ်ကောင်သည်။ ဖုသတိ၊ တွေ့ထိ၏။ ဝေဒယတိ၊ ခံစား၏။ တဏှိယတိ၊ တပ်မက်၏။ ဥပါဒိယတိ၊ ပြင်းစွာစွဲလမ်း၏။ ပုန၊ တဖန်။ ဘဝန္တရေ၊ ဘဝတပါး၌။ ဘောတိ၊ ဖြစ်ပြန်၏။ ဣတိ ဝါ၊ ဤသို့လည်း။ အယံ၊ ဤစက္ခုမသန် ပုထုဇန်သည်။ ဝိမညတိ၊ မဟုတ်ပဲနှင့် အလွဲ မှတ်ထင်၏။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ဇနာ၊ သတ္တဝါတို့သည်။ နိယတိ သင်္ဂတိ ဘဝပ္ပရိဏတာ၊ ကြိုးဖြင့်သီကုံး ရွဲလုံး၏ပုံ နိယတုံ ဂတိ ပေါင်းဆုံခြင်း ရှိကြ၍ ဘဝတို့၌ လူနတ်စသော အဖြစ်သို့ ရောက်ကြကုန်၏။ ဣတိ ဝါ၊ ဤသို့လည်း။ အယံ၊ ဤ စက္ခုမမြင် ပုထုဇဉ်သည်။ အဝိဇ္ဇာယ၊ အဝိဇ္ဇာသည်။ အန္ဓီကတော၊ ကန်းအောင် ပြုအပ်သည်ဖြစ်၍။ ဝိကပ္ပေတိ၊ ကြံဆ၏။
သံသရာတွင် သူကန်း ခရီးသွားသကဲ့သို့ ကျင်လည်ရပုံ
ဤသို့ မဟုတ်မလျား ကြံဆမှား၍ သူကန်း ခရီးသွားသကဲ့သို့ သင်္ခါရသုံးပါးတို့ကို ပြုမိလေသည်။ ထို့ကြောင့် --
ယထာပိ နာမ ဇစ္စန္ဓော၊
နရော အပရိဏာယကော။
ဧကဒါ ယာတိ မဂ္ဂေန၊
ကုမဂ္ဂေပိနာပိ ဧကဒါ။
သံသာရေ သံသရံ ဗာလော၊
တထာ အပရိဏာယကော။
ကရောတိ ဧကဒါ ပုညံ၊
အပုညမပိ ဧကဒါ။
ယဒါ စ ဉတွာ သော ဓမ္မံ၊
သစ္စာနိ အဘိသမေဿတိ။
တဒါ အဝိဇ္ဇူပသမာ၊
ဥပသန္တော စရိဿတိ။
ဟူ၍ မိန့်အပ်ပြီ။
ယထာပိ နာမ၊ ဥပမာမည်သည်ကား။ အပရိဏာယကော၊ ရှေ့ဆောင် တုတ်ဆွဲ ကင်းသော။ ဇစ္စန္ဓော နရော၊ ဝမ်းတွင်းကန်းသသူသည်။ ဧကဒါ၊ တရံတခါ။ မဂ္ဂေန၊ လမ်းကောင်းဖြင့်။ ယာတိ၊ သွားမိ၏။ ဧကဒါ၊ တရံတခါ။ ကုမဂ္ဂေနာပိ၊ လမ်းခရောင်းဖြင့်လည်း။ ယာတိ၊ သွားမိ၏။
တထာ၊ ထို့ အတူ။ သံသာရေ၊ သံသရာ၌။ သံသရံ၊ ကျင်လည်ရသော။ အပရိဏာယကော၊ အရဟတ္တမဂ်ကို ပြီးစေနိုင်သော ဆွေခင်ပွန်းကောင်း ကင်းသော။ ဝါ၊ အရဟတ္တမဂ်ဉာဏ်တိုင်အောင် ရှေ့ဆောင်ဉာဏ် ကင်းသော။ ဗာလော၊ ပုထုဇဉ် သေက္ခ လူဗာလသည်။ ဧကဒါ၊ ရံခါ။ ပုညံ၊ ကောင်းမှုကို။ ကရောတိ၊ ပြုမိ၏။ ဧကဒါ၊ ရံခါ။ အပုညံအပိ၊ မကောင်းမှုကိုလည်း။ ကရောတိ၊ ပြုမိ၏။
ယဒါ စ၊ အကြင်အခါ၌ကား။ သော၊ ထိုအမိုက်ကင်းဘိ ပညာရှိသည်။ ဓမ္မံ၊ သစ္စာလေးရပ် ထင်စွာပြတတ်သော ပါဠိတရားကို။ ဉတွာ၊ နာခံဆောင်ရွက် လေ့ကျက်ကြံသိ၍။ ဝါဓမ္မံ၊ အထွဋ်အဖျား နိဗ္ဗာန်တရားကို။ ဉတွာ၊ မဂ်ဉာဏ်ဖြင့်သိ၍။ သစ္စာနိ၊ သစ္စာလေးပါးတို့ကို။ ဝါ၊ (ဒုက္ခ သမုဒယ မဂ္ဂသစ္စာ) သုံးပါးတို့ကို။ အဘိသမေဿတိ၊ ထူးသော ဉာဏ်ဖြင့် သိရလတ္တံ့။ တဒါ၊ ထိုအခါ၌။ အဝိဇ္ဇူပသမာ၊ မကျန်မကြွင်း အဝိဇ္ဇာ ငြိမ်းခြင်းကြောင့်။ ဥပသန္တော၊ သု’ပါဒိသေသ နိဗ္ဗာန်၌ တည်ရသဖြင့် ဧးမြ ငြိမ်းချမ်းသည်ဖြစ်၍။ စရိဿတိ၊ အနုပါဒိ နိဗ္ဗာန်ထိသား သူ့စီးပွါးကို များစွာဖြစ်စေ နေရလတ္တံ့။
အဝိဇ္ဇာပစ္စယာ သင်္ခါရ ပဒ ပြီး၏။
သင်္ခါရပစ္စယာ ဝိညာဏ ပဒ၌
သင်္ခါရအရကောက်
မဂ်ပယ်အပ်သော အကုသိုလ်ကံ အဟောသိကံ ကုသိုလ်အဘိညာ ပဋိသန္ဓေအခါ၌ ဥဒ္ဓစ္စသဟဂုတ်[၁] ကြဉ်သော ယခင် စေတနာ နှစ်ဆဲ့ကိုးပါးတို့သည် “သင်္ခါရ” မည်ကုန်၏။
[၁။ ဥဒ္ဓစ္စသဟဂုတ် စေတနာသည် ပဋိသန္ဓေ အကျိုးကို မပေးနိုင်။ ပဝတ္တိအကျိုးကိုသာ ပေးသည်။ ထို့ကြောင့် ပဋိသန္ဓေ အခါ၌သာ ဥဒ္ဓစ္စသဟဂုတ် စေတနာကြဉ်သည် ဟု ဆိုထားခြင်းဖြစ်သည်။]
ဝိညာဏ်အရကောက်
သုတ္တန်နည်းအားဖြင့် ပဝတ္တိ ပဋိသန္ဓေ ဖြစ်သော လောကီဝိပါက် ဗာတ္တိံသသည် (ဝါ၊ ဓာတုကထာ၌ လာသော အဘိဓမ္မာဘာဇနီယ နည်းအားဖြင့် စိတ်တခုယုတ် ကိုးဆယ် သည်) ဝိညာဏ် မည်၏။
ဝိဘင်းအဋ္ဌကထာ(နှာ-၂၀၃)၌ကား --
ကိရိယဓမ္မာနံ ပန ယသ္မာ နေဝ အဝိဇ္ဇာ န ကုသလာ' ကုသလမူလာနိ ဥပနိဿယပစ္စယတ္တံ လဘန္တိ၊ တသ္မာ ကိရိယဝသေန ပစ္စယာကာရော န ဝုတ္တော။
အဝိဇ္ဇာ၊ အဝိဇ္ဇာသည်။ ကိရိယဓမ္မာနံ၊ ကြိယာတရားတို့၏။ ဥပနိဿယပစ္စယတံ၊ ဥပနိဿယပစ္စည်း၏အဖြစ်ကို။ နေဝ လဘန္တိ၊ မရကုန်။ ကုသလာကုသလမူလာနိ၊ ကုသိုလ်မူလ အကုသိုလ်မူလတို့သည်။ ကိရိယဓမ္မာနံ၊ ကြိယာတရားတို့၏။ ဥပနိဿယပစ္စယတံ၊ ဥပနိဿယပစ္စည်း၏အဖြစ်ကို။ န လဘန္တိ၊ မရကုန်။ တသ္မာ၊ ထိုသို့ အဝိဇ္ဇာနှင့် ကုသိုလ်မူလ အကုသိုလ်မူလတို့၏ ကြိယာစိတ်၏ ဥပနိဿယ ပစ္စည်းအဖြစ်ကို မရသည်၏ အဖြစ်ကြောင့်။ ဝါ၊ အဝိဇ္ဇာနှင့် ကုသိုလ်မူလ အကုသိုလ်မူလတို့သည် ကြိယာစိတ်အား ဥပနိဿယ ပစ္စယသတ္တိဖြင့် ကျေးဇူးမပြုကြသောကြောင့်။ ကိရိယဝသေန၊ ကြိယာ၏အစွမ်းဖြင့်။ ပစ္စယာကာရော၊ ပဋိစ္စသမုပ္ပါဒ်နည်းကို။ န ဝုတ္တော၊ ဘုရားရှင် ဟောတော်မမူအပ်။
ဟု ကိရိယာစိတ်စုကို ကြဉ်၏။
ဓာတုကထာ(နှာ-၉ဝ)၌လည်း ဆင်ခြင်ရန် ရှိ၏။ ကြိယာစိတ်လည်း ပဋိစ္စသမုပ္ပန္န တရား ဖြစ်သောကြောင့်၎င်း၊ မဂ်စိတ် ဖိုလ်စိတ်များ ပါလျက်ပင်ရှိသောကြောင့်၎င်း မကြဉ်သော်လည်း အမှား မဆိုသင့်။ နောက်၌လည်း နည်းတူ။
ဝိသုဒ္ဓိမဂ် (ဋ္ဌ၊ ဒု၊ နှာ-၁၇၇) ၌ကား သုတ္တန္တဘာဇနီယနည်းသာ လာ၏။
ဥပစီတ ကမ္မာ'ဘာဝေ၊
ဝိပါကဿ အဘာဝတော။
ကမ္မနူ' ပနိဿယေန၊
ပဝတ္တတ္တာ စ ပစ္စယော။
ဥပစိတ ကမ္မာဘာဝေ၊ ဆည်းပူးအပ်သောကံ မရှိလတ်သော်။ ဝိပါကဿ၊ အကျိုးဝိပါက်၏။ အဘာဝတော၊ မရှိခြင်းကြောင့်။ ပစ္စယော၊ ပဋိစ္စသမုပ္ပါဒ် နည်းဖြင့် ကျေးဇူးပြု၏။ ကမ္မေန၊ နာနာက္ခဏိက ကမ္မသတ္တိကြောင့်။ ဥပနိဿယေန၊ ပကတူပနိဿယသတ္တိကြောင့်။ ပဝတ္တတ္တာ စ၊ ဖြစ်ခြင်းကြောင့်လည်း။ ပစ္စယော၊ ပဋ္ဌာန်းနည်းဖြင့် ကျေးဇူးပြု၏။
ပဋိသန္ဓေ ဝိညာဏ်အပြား
ထိုပဋိသန္ဓေ ပဝတ္တိဝိညာဏ် နှစ်ပါးတို့တွင် ပဋိသန္ဓေ ဝိညာဏ်သည် --
ရူပမိဿ အမိဿ အားဖြင့် နှစ်ပါး၊
ကာမ ရူပ အရူပဘဝအားဖြင့် သုံးပါး၊
အဏ္ဍဇ ဇလာဗုဇ သံသေဒဇ သြပပါတိကယောနိအားဖြင့် လေးပါး၊
ဒေဝ မနုဿ နိရယ ပေတ တိရစ္ဆာန ဂတိအားဖြင့် ငါးပါး၊
ဧကတ္တကာယ နာနတ္တသညီ - စသော ဝိညာဏဋ္ဌိတိ အားဖြင့် ခုနစ်ပါး၊
သတ္တဝါသအားဖြင့် ရှစ်ပါး အပြား ရှိ၏။
ရူပမိဿပဋိသန္ဓေဝိညာဏ်
ထိုတွင် ရူပမိဿသည် သဘာဝက အဘာဝက အားဖြင့် နှစ်ပါးတည်း။
ထိုတွင် သာဝကသည် ဣတ္ထိဘာဝသဟိတ, ပုမ္ဘာဝသဟိတအားဖြင့် နှစ်ပါးတည်း။
ရူပမိဿဝိညာဏ်နှင့်တကွ ဥပါဒ်သော ရုပ်ကလာပ်ကား အယုတ်အားဖြင့် ကာယဒသက ဝတ္ထုဒသက နှစ်စည်း၊ ဘာဝဒသကထည့်လျှင် သုံးစည်းဖြစ်၏။ ဤ ကလာပ် နှစ်စည်း သုံးစည်းဟူသည်ကို ဂဗ္ဘသေယျကတို့၏အစွမ်းဖြင့် ဆိုအပ်၏။ သံသေဒဇ, ဥပပါတ်ယောနိတို့၌ကား ကလာပ်များစွာ ဖြစ်ကြောင်းကို --
အညတ္ထ ပန အနေကေ ကလာပါ သဟ ဥပ္ပဇ္ဇန္တိ။ ဗြဟ္မတ္တဘာဝေပိ ဟိ အနေက ဂါဝုတပ္ပမာဏေ အနေကေ ကလာပါ သဟ ဥပ္ပဇ္ဇန္တီတိ တိံသတော အဓိကာနေဝ ရူပါနိ ဟောန္တိ။
ဟု ဝိသုဒ္ဓိမဂ်ဋီကာ(ဒု၊ နှာ-၃ဝ၃၊ ဝိဘင်း-မူလဋီကာ၊ နှာ-၁ဝ၈-တို့၌) မိန့်၏။
အညတ္ထ ပန၊ သံသေဒဇ, ဥပပါတ်သတ္တဝါတို့၌ကား။ အနေကေ ကလာပါ၊ တပါးမက များလှသော ကလာပ်တို့သည်။ သဟ ဥပ္ပဇ္ဇန္တိ၊ အတူတကွဖြစ်ကုန်၏။ ဟိ သစ္စံ၊ မှန်၏။ အနေက ဂါဝုတပ္ပမာဏေ၊ ဂါဝုတ်များစွာ ပမာဏရှိသော။ ဗြဟ္မတ္တဘာဝေပိ၊ ဗြဟ္မကိုယ်၌လည်း။ အနေကေ ကလာပါ၊ တပါးမက များလှသော ကလာပ်တို့သည်။ သဟ ဥပ္ပဇ္ဇန္တိ၊ တပြိုင်နက် အတူတကွ ဖြစ်ကုန်၏။ ဣတိ တသ္မာ၊ ထို့ကြောင့်။ ရူပါနိ၊ ရူပမိဿဝိညာဏ်နှင့်တကွဖြစ်သော ပဋိသန္ဓေ ကမ္မဇရုပ်တို့သည်။ တိံသတော၊ သုံးဆယ်ထက်။ အဓိကာနိ ဧဝ၊ လွန်ကုန်သည်သာလျှင်။ ဟောန္တိ၊ ဖြစ်ကုန်၏။
ကလလရေကြည် ပမာဏ
ဤဋီကာတို့ အလိုအားဖြင့် ဆင် မြင်းတို့ ပဋိသန္ဓေနှင့် မြေလှေး ကမျင်းနီ စသည်တို့ ပဋိသန္ဓေ ကလလရေကြည်သည် ပမာဏ အတူတူပင် ဆိုလိုသည်။ ယင်းကလာပ်အစု သည် ထို အဏ္ဍဇ, ဇလာဗုဇဟူသော ဂဗ္ဘသေယျကယောနိ နှစ်ပါးတို့၌ “ဇာတိဥဏ္ဏ” တမျှင်ဖြင့် တို့၍ ဆယ်တင်အပ်သော ထောပတ်ကြည်ပေါက် ပမာဏ ရှိ၏။
ဋီကာသင်္ဂဟ
တဒဟုဇ္ဇာတေ'ဠကဿ၊
ဟေမိဉ္စ ဇာတိမန္တိနော။
ဂဗ္ဘေ'ဠကဿ စ လောမံ၊
ဇာတျူဏ္ဏာ ကေစိအာဒယော။
ဇာတိဥဏ္ဏအဓိပ္ပါယ်
တဒဟုဇ္ဇာတဧဠကဿ၊ ထိုနေ့ မွေးစ သိုးငယ်၏။ လောမံ၊ အမွေးကို၎င်း။ ဟေမိံ၊ ဆီးနှင်း ဝေမှောင် ဟေဝန်တောင်၌။ ဇာတိမန္တိနော၊ သိုးမြတ်မျိုး၏။ လောမံ စ၊ အမွေးကို၎င်း။ ဂဗ္ဘေဠကဿ၊ အမိဝမ်းထဲမှ ခွဲယူအပ်သော သိုးငယ်၏။ လောမံ စ၊ အမွေးကို၎င်း။ ဇာတျူဏ္ဏာ၊ “ဇာတိဥစ္စာ́ဟူ၍။ ကေစိအာဒယော၊ ကေစိ အပရေ အညဆရာတို့သည်။ ၀ဒန္တိ၊ ဆိုကုန်၏။
ယောနိလေးပါးနှင့် ဂတိငါးပါး စပ်ဟပ်ယူပုံ
ယင်းယောနိလေးရပ်ကို ဂတိ ငါးပါးနှင့်စပ်သော်ကား --
ဘုမ္မ ပယ်ဖြတ်၊ ကြွင်းနတ် နိဇ္ဈာ၊
ငရဲရွာ၊ တစ်သာဥပပတ်။
အကြွင်းဂတိ၊ လေး ယောနိ၊
ရဘိပုံသေမှတ်။
[ဤအနက်ကို အောက် ရူပပဝတ္တိက္ကမ (နှာ-၂၂၇-၂၂၈) ၌လည်း အကျယ်ပြခဲ့ပြီ]။
ဤအရာ၌ --
ရူပီဗြဟ္မေသု တိံသ, နဝ စ ပဋိသန္ဓိဝိညာဏေန သဟ ရူပါနိ ဥပ္ပဇ္ဇန္တိ။ ရူပီဗြဟ္မေ ပန ဌပေတွာ အညေသု သံသေဒဇ သြပပါတိကေသု ဥက္ကံသတော စက္ခု, သောတ, ဃာန, ဇိဝှါ ကာယ, ဝတ္ထု ဘာဝဒသကာနံ ဝသေန သတ္တတိ။ တာနိ စ နိစ္စံ ဒေဝေသု။ အဝကံသတော ပန ဇစ္စန္ဓ ဗဓိရ အဃာနက နပုံသကဿ ဇိဝှါ ကာယ ဝတ္ထုဒသကာနံ ဝသေန တိံသ ရူပါနိ ဥပ္ပဇ္ဇန္တိ။
ဟူသော ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၊ ဒု၊ နှာ-၁၈၅ တွင် “အဃာနက” ဟူသော စကားကို--
တံ ပနေတံ ပါဠိယာ န သမေတိ။ န ဟိ ပါဠိယံ ကာမာဝစရာနံ သံသေဒဇော’ ပပါတိကာနံ အဃာနကာနံ ဥပပတ္တိ ဝုတ္တာ။
ဟု-ဋီကာရှင် ပယ်တော်မူ၏။
ရူပီဗြဟ္မေသု၊ ရူပဗြဟ္မာတို့၌။ တိံသ နဝ စ ရူပါနိ၊ သုံးဆယ့်ကိုးပါးသော ရုပ်သည်။ ပဋိသန္ဓိဝိညာဏေန၊ ပဋိသန္ဓေဝိညာဏ်နှင့်။ သဟ၊ တကွ။ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏။ ရူပီဗြဟ္မေ၊ ရူပဗြဟ္မာတို့ကို။ ဌပေတွာ ပန၊ ထား၍ကား။ အညေသု၊ တပါးကုန်သော။ သံသေဒဇဇောပပါတိကေသု၊ သံသေဒဇနှင့် ဥပပါတ်တို့၌။ ဥက္ကံသတော၊ အလွန်အားဖြင့်။ စက္ခု။ပ။ ဒသကာနံ၊ (စက္ခု သောတ ဃာန ဇိဝှါ ကာယ ဝတ္ထု ဘာဝဒသက) တို့၏။ ဝသေန၊ အစွမ်းဖြင့်။ သတ္တတိ၊ ခုနစ်ဆယ်သော။ ရူပါနိ၊ ရုပ်တို့သည်။ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏။ တာနိ စ၊ ထို ခုနစ်ဆယ်သော ရုပ်တို့သည်လည်း။ ဒေဝေသု၊ ဘုမ္မစိုးလှပ် ပြည်ကြီးခြောက်ထပ် နတ်တို့၌။ နိစ္စံ၊ အမြဲ။ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏။ အဝကံသတော ပန၊ အယုတ်အားဖြင့်ကား။ ဇစ္စန္ဓ ဗဓိရ အဃာနက နပုံသကဿ၊ ဝမ်းတွင်းပါ မျက်စိ, နား, နှာ ချို့သော နပုန်းပဏ္ဍုက်အား။ ဇိဝှါကာယဝတ္ထုဒသကာနံ၊ ဇိဝှါ ကာယ ဝတ္ထုဒသကတို့၏။ ဝသေန၊ အစွမ်းဖြင့်။ တိံသ ရူပါနံ၊ သုံးဆယ်သော ရုပ်တို့ သည်။ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏။
တံ ပနေတံ၊ ထို “အဝကံသတော ပန” စသော အဋ္ဌကထာ စကားသည်ကား။ ပါဠိယာ၊ ပါဠိတော်နှင့်။ န သမေတိ၊ မညီ။ ဟိ၊ သင့်စွ။ ပါဠိယံ၊ ဓမ္မဟဒယ ဝိဘင်းပါဠိတော် (နှာ-၄၂၆-၄၂၇)၌။ ကာမာဝစရာနံ၊ ကာမဘုံ၌ဖြစ်ကုန်သော။ အဃာနကာနံ၊ ဃာနချို့ကုန်သော။ သံသေဒဇောပပါတိကာနံ၊ သံသေဒဇနှင့် ဥပပါတ်သတ္တဝါတို့၏။ ဥပပတ္တိ၊ ပဋိသန္ဓေကို။ န ဝုတ္တာ၊ မဟောအပ်။
ဤ အဘိဓမ္မတ္ထသင်္ဂဟအဋ္ဌကထာ၌လည်း --
ဩမကဝသေန ပန စက္ခု သောတ ဃာန ဘာဝ ဒသာနိ ကဒါစိပိ န လဗ္ဘန္တိ။ တသ္မာ တေသံ ဝသေန ကလာပ ဟာနိ ဝေဒိတဗ္ဗာ။
ဟု မိန့်၏။
ယင်း အဋ္ဌကထာကြီး အဋ္ဌကထာငယ် စကားသင့်ကြောင်း “အဃာနကော သြပပါတိကော နတ္ထိ” ဟု ယမိုက်အဋ္ဌကထာ (နှာ-၃၀၉) လာတိုင်း ယင်း ဝိဘင်း ပါဠိ၏ သဠာယဘာသိတ ဖြစ်ကြောင်းများကို --
“သံသေဒဇာနံ ပန ဃာနာဘာဝေါ န သက္ကာ နိဝါရေတုံ”စသည်ဖြင့် ဋီကာကျော် အရှင် (နှာ-၂၁၃-၌) ဆုံးဖြတ်တော်မူ၏၊ အောက် ရူပပဝတ္တိက္ကမ၌ (နှာ-၂၁၇-၂၁၈) လည်း အာယတန ချို့ဟန် မချို့ဟန်ကို ဝေဖန်ဆုံးဖြတ်ခဲ့ပြီ။
စုတိနောင် ပဋိသန္ဓေဖြစ်ပုံ
အတီတာနန္တရစုတိနှင့် ယင်း ပဋိသန္ဓိကို ပူးယှဉ်၍ ခန္ဓာ အာရုံ ဘုံ ဟိတ် ဝေဒနာ ပီတိ ဝိတက် ဝိစာရတို့ဖြင့် ထူး မထူးသော အပြားကို ပိုင်းခြားဝေဖန်ရမည်။ ဝေဖန်ဟန်ကား - စတုခန္ဓစုတိနောင် စတုခန္ဓပဋိသန္ဓေ ပဉ္စခန္ဓပဋိသန္ဓေ ဖြစ်၏။ ဤသို့ စသည်ဖြင့် ဝေဖန်လေ။ ဆိုခဲ့ပြီးသော မရဏာသန္နဝီထိ ကျေလျှင် မခဲယဉ်းပြီ၊ ကျယ်ဝန်းသည်။ ဤ စုတိနောင် ပဋိသန္ဓေဖြစ်ရာ၌ ဤသို့ မှတ်ရမည်။
လဒ္ဓဟေတု ဓမ္မမတ္တံ၊
ဘဝန္တရမု' ပေတိတိ။
တတော န တဿ သင်္ကန္တိ၊
န စ ဟေတုံ ဝိနာ တတော။
ယထာ ဒီပ ပဋိဃောသ -
ဆာယာ မုဒ္ဒါဒယော အထ။
သန္တာနဗန္ဓတော နတ္ထိ၊
ဧကတာ နာပိ နာနတာ။
ယဇ္ဇေဝံ အညဟေတူဟိ၊
အညဿေဝ ဖလံ သိယာ။
ဘုဉ္ဇကေ စာ 'သန္တေ ကဿ၊
ဖလံ သိယာ'တိ စောဒနာ။
သန္တာနေ ယံ ဖလံ ဧတံ၊
နာညဿ န စ အညတော။
ဗီဇာနာမ'ဘိသင်္ခါရော၊
ဝိဇ္ဇာသိပ္ပေါ' သမာဒိဝ၊
ဖလဿုပ္ပတ္တိယာ ဧဝ၊
သိဒ္ဓါ ဘုဉ္ဇကသမ္မုတိ။
ဖလုပ္ပါဒေန ရုက္ခဿ၊
ယထာ ဖလတိ သမ္မုတိ။
ယဒီ သန္တာ တံခဏေဝ၊
ယဒျသန္တာ သဒါ သိယာ။
ကတတ္တာယေဝ ဝိညာဏံ၊
ပါဋိဘောဂါဒိကံ ယထာ။
လဒ္ဓဟေတု၊ အဝိဇ္ဇာစသည် ခြံရံ ကံဟူသော အကြောင်းကိုရသော။
ဓမ္မမတ္တံ၊ ရုပ်နာမ်တရားမျှကို။
ဘဝန္တရံ ဥပေတိ ဣတိ၊ ဘဝတဆွေ့ပြောင်းရွေ့၏ ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
တဿ၊ ထိုပဋိသန္ဓေနာမ်ရုပ်၏။
တတော၊ ထိုရှေးဘဝမှ။
သင်္ကန္တိ၊ ဤဘဝသို့ ပြောင်းရွှေ့ခြင်းသည်။
န၊ မဖြစ်။
တတော၊ ထိုရှေးဘဝမှ။
ဟေတုံ၊ ကံ သင်္ခါရ တဏှာ အာရုံစသော အကြောင်းကို။
ဝိနာ၊ ကြဉ်၍။
န စ၊ ဖြစ်သည်လည်းမဟုတ်။
ယထာ၊ ဥပမာကား။
ဒီပ ပဋိဃောသ ဆာယာ မုဒ္ဒါဒယော ယထာ၊ ဆီမီးလျှံ ပဲ့တင်သံ မျက်နှာရိပ် တံဆိပ်ရေး စသည်တို့ကဲ့သို့တည်း။
အထ၊ ဤ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ရာ၌။
သန္တာနဗန္ဓတော၊ အစဉ် မျှသာစပ်သောကြောင့်။
ဧကတာ၊ စင်စစ်တခုတည်း အဖြစ်သည်။
နတ္ထိ၊ မရှိ။
သန္တာနဗန္ဓတော၊ အစဉ်တစပ်တည်း ဖြစ်သောကြောင့်။
နာနတာပိ၊ စင်စစ်ကွဲပြား တခြား၏ အဖြစ်သည်လည်း။
န၊ မရှိ။
ယဇ္ဇေဝံ ယဒိဧဝံ၊ ယင်းသို့ ရှေးဟောင်း မပြောင်း အသစ် ဖြစ်လတ်သည် ရှိသော်။
အညဟေတူဟိ၊ တပါးအကြောင်းတို့ကြောင့်။
အညဿေဝ၊ တပါးသူအားသာလျှင်။
ဖလံ၊ အကျိုးသည်။
သိယာ၊ ဖြစ်ရာ၏။
ဘုဉ္ဇကေ စ၊ လဒ္ဓပစ္စယဓမ္မမတ္တ [၁] ဖြစ်ရကား ခံစားသုံးဆောင်တတ်သူသည်လည်း။
အသန္တေ၊ မရှိခဲ့သော်။
ကဿ၊ အဘယ်သူအား။
ဖလံ၊ အကျိုးသည်။
သိယာ၊ ဖြစ်တော့အံ့နည်း။
ဣတိစောဒနာ၊ ဤကား အပြစ်တင်ခြင်းတည်း။
[၁။ လဒ္ဓ + ပစ္စယ + ဓမ္မ + မတ္တ=(ရအပ်သော + အဝိဇ္ဇာ, ကံစသော အကြောင်းရှိသော + ရုပ်နာမ်တရား + မျှ) (အဝိဇ္ဇာ, ကံ စသော အကြောင်းတရားရှိသည့် ရုပ် နာမ်တရား မျှသာ။)]
သန္တာနေ၊ အကြောင်းဖြစ်ရာ ဓမ္မပုဉ္ဇသန္တာန၌။
ယံ ဖလံ၊ အကြင်အကျိုးသည်။
အတ္ထိ၊ ရှိ၏။
ဧတံ၊ ဤအကျိုးသည်။
အညဿ၊ တပါးသော ဓမ္မပုဉ္ဇ၏။
န ဖလံ၊ အကျိုးမဟုတ်။
အညတော စ၊ တပါးသူပြုသော အကြောင်းကြောင့်လည်း။
န၊ ဖြစ်သည်မဟုတ်။
ကော ဝိယ၊ အဘယ်ကဲ့သို့နည်းဟူမူ။
ဗီဇာနံ၊ သရက်စေ့ သလဲစေ့ စသည်တို့ကို။
အဘိသင်္ခါရော ဣဝ၊ ပျားရည်စိမ်ခြင်း ချိပ်ရည်သုတ်ခြင်း စသည်ဖြင့် ပြုပြင်ခြင်း ကဲ့သို့၎င်း။
ဝိဇ္ဇာသိပ္ပေါသဓာဒိ ဣဝ၊ သူငယ်ကိုယ်တွင် ယှဉ်စေအပ်သောပညာ အတတ် ဆေး စသည် ကဲ့သို့၎င်းတည်း။
(ဤ၌ ဗီဇနှင့်သတ္တဝါ အဘိသင်္ခါရနှင့်ကံ အင်္ကုရာဒိပဗန္ဓနှင့် ပဋိသန္ဓိ ဝိညာဏာဒိပဗန္ဓ၊ ထိုအဘိသင်္ခါရကြောင့် ထိုအသီး ဝတ်ဆံတို့၏သာ ချိုမြိန် နီရဲခြင်းနှင့် ထိုကံကြောင့်သာ ထိုသတ္တဝါအားသာ အကျိုးဖြစ်ခြင်းတို့ကို စပ်၍ ယူ။ နောက်ဥပမာ သုံးခုလည်း နည်းတူ။)
ဖလုပ္ပါဒေန၊ အသီးဖြစ်လာသဖြင့်။
ရုက္ခဿ၊ သစ်ပင်၏။
ဖလတိ သမ္မုတိ ယထာ၊ သီးတတ်၏ဟု ခေါ်ဝေါ်ပညတ်ခြင်းကဲ့သို့။
ဖလဿ၊ သုခဒုက္ခတည်းဟူသော အကျိုး၏။
ဥပ္ပတ္တိယာ ဧဝ၊ သန္တာန်မှာ ဖြစ်လာခြင်းကြောင့်သာလျှင်။
ဘုဉ္ဇကသမ္မုတိ၊ ခံစားတတ်သော သတ္တဝါဟူသော သမ္မုတိပညတ်သည်။
သိဒ္ဓါ၊ ပြီး၏။
သန္တာ၊ ကံထင်ရှားရှိစဉ် အကျိုးပေးကုန်သည်။
ယဒိသိယုံ၊ အကယ်၍ဖြစ်ကုန်အံ့။
တံခဏေဧဝ၊ ထိုကံဖြစ်ဆဲခဏ၌သာလျှင်။
ဝိပါကော၊ အကျိုးသည်။
သိယာ၊ ဖြစ်သင့်၏။
အသန္တာ၊ ကံထင်ရှားမရှိပဲ အကျိုးပေးကုန်သည်။
ယဒိ သိယုံ၊ အကယ်၍ ဖြစ်ကုန်ငြားအံ့။
သဒါ၊ ရှေ့ရော နောက်ပါ အခါခပ်သိမ်း။
ဝိပါကော၊ အကျိုးသည်။
သိယာ၊ ဖြစ်ရာ၏။
ဣတိ၊ ဤကား စောဒနာတည်း။
ကတတ္တာယေဝ၊ သင်္ခါရတို့ကို ပြုအပ်ပြီးသည်၏ အဖြစ်ကြောင့်သာလျှင်။
ဝိညာဏံ၊ အကျိုးဝိညာဏ်သည်။
ဥပ္ပန္နံ၊ ဖြစ်လာ၏။
ကိမိဝ၊ အဘယ်ကဲ့သို့နည်း ဟူမူ။
ပါဋိဘောဂါဒိကံ ယထာ၊ အဘိုးအစား ပြန်ပါးအံ့ငှါ, ဥစ္စာဝယ်ယူ ချေးငှါးခြင်း ကဲ့သို့တည်း။
မည်သည့် သင်္ခါရကြောင့် မည်သည့် ဝိပါက်ဝိညာဏ်သည် ဥပပတ္တိ ပဋိသန္ဓေ အားဖြင့် မည်သည့် ဘဝ, ယောနိ, ဂတိ, ဝိညာဏ ဌိတိ, သတ္တဝါသတို့၌ ဖြစ်သည် ဟူ၍လည်း ခွဲလေဦး၊ မခဲလှပြီ။
သင်္ခါရပစ္စယာ ဝိညာဏ ပဒ ပြီး၏။
---
ဝိညာဏပစ္စယာ နာမရူပ ပဒ၌ --
ဝိညာဏ် အရကောက်
လောကီကုသိုလ် အကုသိုလ်စိတ်ဟူသော ကမ္မဝိညာဏ် လောကီဝိပါက်စိတ် ဟူသော သဟဇာတ ဝိညာဏ်တို့သည် ဝိညာဏ်မည်၏။
(သဟဇာတ ဝိညာဏ် = နာမ်ရုပ်နှင့်အတူဖြစ်သော ဝိညာဏ်။)
နာမ် အရကောက်
အရူပဘုံ၌ ဝိပါက်နှင့်ယှဉ်သောစေတသိက်၊ ပဉ္စဝေါကာရ ပဝတ္တိအခါ ပဉ္စဝိညာဏ်နှင့် ယှဉ်သော စေတသိက်။
ရုပ် အရကောက်
အသညသတ်ဘုံ၌ ကမ္မဇရုပ်၊ ပဉ္စဝေါကာရ ပဝတ္တိအခါ ဝိပါက်ဖြစ်ခိုက် ထိုဝိပါက်ကို ဖြစ်စေတတ်သော ကံမှ တပါးသော ကံကြောင့်ဖြစ်သော ကမ္မဇရုပ်၊ ဝိပါက် မဖြစ်သောအခါ အလုံးစုံသော ကမ္မဇရုပ်။
နာမ်, ရုပ် အရကောက်
ယင်း ပဉ္စဝေါကာရဘုံ၌ တခုတည်းသော ကံကြောင့် ဖြစ်သော ဝိပါက်စေတသိက် ကမ္မဇရုပ်၊ ဤ နာမ် ရုပ် နာမ်ရုပ် သုံးပါးတို့သည် “နာမဉ္စ ရူပဉ္စ နာမရူပဉ္စ နာမရူပံ”ဟူသော ဧကဒေသ သရူပေကသေသ ဝစနတ္ထကြောင့် နာမ်ရုပ်မည်၏။
(ဧကဒေသ + သရူပ + ဧက + သေသ) = တစိတ်တူ ပုဒ်တခုကို ချန်ထားခြင်း။
တနည်းလည်း -- စိတ်တခုယုတ် ကိုးဆယ်သည် ဝိညာဏ်မည်၏။ စေတသိက်နာမ် စတုသမုဋ္ဌာန်ရုပ်သည် နာမ်ရုပ်မည်၏။ ထိုနာမ် ရုပ်တို့၏ ယောနိ ဂတိ ဌိတိ နိဝါသတို့၌ ထိုက်သည်အားလျော်စွာ ပဝတ္တိ ပဋိသန္ဓေအားဖြင့် ဖြစ်ဟန်ကို ဝေဖန်ခွဲစစ်လေဦး။ မခဲလှလွန်း ကျယ်ဝန်းသည်။
ဝိပါက်ဝိညာဏ်က နာမ်ရုပ်အား ကျေးဇူးပြုသည့် ပစ္စည်းများ
ဝိပါက်ဝိညာဏ်သည် ယှဉ်ဘက် စေတသိက်အား သဟဇာတ အညမည နိဿယ ဝိပါက အာဟာရ ဣန္ဒြိယ သမ္ပယုတ္တ အတ္ထိ အဝိဂတ ကိုးပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု၏။ ပဋိသန္ဓေအခါ ဟဒယဝတ္ထုအား သမ္ပယုတ္တ နုတ်၊ ဝိပ္ပယုတ္တ ထည့်၍ ကိုးပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု၏။ ယင်းပဋိသန္ဓေ အခါ ကြွင်း ကမ္မဇရုပ်အား အညမညနုတ်၍ ရှစ်ပစ္စယ သတ္တိတို့ဖြင့် ကျေးဇူးပြု၏။
ကမ္မဝိညာဏ်က နာမ်ရုပ်တို့အား ကျေးဇူးပြုသည့်ပစ္စည်းများ
ကမ္မဝိညာဏ်သည် ကမ္မဇရုပ်အား သုတ္တန် နည်းအားဖြင့် ပကတူပနိဿယ သတ္တိတပါးဖြင့် ကျေးဇူးပြု၏။
ဤမှတပါး ပထမဘဝင်စသော ဝိညာဏ်တို့၏ နာမ်ရုပ်အား ကျေးဇူးပြုဟန် များသည် သုံးချက်စု ဝီထိလက်ဆန်း ကျေကျေပွန်ပွန် ကွဲလျှင် မခဲယဉ်းလှပြီ၊ ကျယ်ဝန်းသည်။
သင်္ဂဟဂါထာ
နာမဿ ဝတ္ထုရူပဿ၊
နဝဓာ ပါကမာနသံ။
အဋ္ဌဓာ သေသရူပဿ၊
ရူပဿ ကမ္မမေကဓာ။
တဒညံ ပန ဝိညာဏံ၊
တဿ တဿ ယထာရဟံ။
ပါကမာနသံ၊ ဝိပါက်ဝိညာဏ်သည်။
နာမဿ၊ ယှဉ်ဘက်စေတသိက် နာမ်အား၎င်း။
ဝတ္ထုရူပဿ၊ ပဋိသန္ဓေဟဒယဝတ္ထုရုပ်အား၎င်း။
နဝဓာ၊ ကိုးပစ္စယသတ္တိဖြင့်။
ပစ္စယော၊ ကျေးဇူးပြု၏။
သေသရူပဿ၊ ကြွင်းကမ္မဇရုပ်အား။
အဋ္ဌဓာ၊ ရှစ်ပစ္စယသတ္တိဖြင့်။
ပစ္စယော၊ ကျေးဇူးပြု၏။
ကမ္မံ၊ ကမ္မ ဝိညာဏ်သည်။
ရူပဿ၊ ကမ္မဇရုပ်အား။
ဧကဓာ၊ ပကတူပနိဿယသတ္တိတပါးဖြင့်။
ပစ္စယော၊ ကျေးဇူးပြု၏။
တဒညံ ပန ဝိညာဏံ၊ ထိုမှတပါး ပထမဘဝင် စသော ဝိညာဏ်သည်ကား။
တဿ တဿ၊ ထို ထို နာမ်ရုပ်အား။
ယထာရဟံ၊ ထိုက်သည့်အားလျော်စွာ။
ပစ္စယော၊ ကျေးဇူးပြု၏။
ဝိညာဏပစ္စယာ နာမရူပ ပဒ ပြီး၏။
---
နာမရူပပစ္စယာ သဠာယတန ပဒ၌ --
နာမ် ရုပ် အရကောက်
စေတသိက်ခန္ဓာ မဟာဘုတ် ဆဝတ္ထုရုပ် ဇီဝိတရုပ် အာဟာရရုပ်တို့သည် “နာမဉ္စ ရူပဉ္စ နာမရူပဉ္စ နာမရူပံ”ဟူသော ယခင်နည်းတူ ဧကဒေသ သရူပေကသေသ ဝစနတ္ထကြောင့် နာမ်ရုပ်မည်၏။ ရူပါရုံစသည်ကား တပြိုင်နက်လည်း မရ၊ သကသန္တတိ ပရိယာပန္နချည်းလည်း မဟုတ်သောကြောင့် ရုပ်ဟူ၍ မယူအပ်။
သဠာယတန အရကောက်
အဇ္ဈတ္တိကာယတန ခြောက်ပါးသည် “ဆဋ္ဌာယတနဉ္စ သဠာယတနဉ္စ သဠာယတနံ” ဟူသော အတ္ထေကဒေသသရူပေကသေသ ဝစနတ္ထကြောင့် သဠာယတန မည်၏။
(အတ္ထ + ဧကဒေသ + သရူပ + ဧက + သေသ) = အနက်တစိတ်တူ ပုဒ်တခုကို ချန်ထားခြင်း။
နာမ်သည် သဠာယတနအား ကျေးဇူးပြုသည့် ပစ္စည်းများ
ထိုတွင် နာမ်သည် မနာယတနအား သဟဇာတ အညမည နိဿယ သမ္ပယုတ္တ အတ္ထိ အဝိဂတ ခြောက်ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ ဟေတု အဓိပတိ ဝိပါကာဟာရ စသည်တို့ကား အချို့၌သာ ရ၏။ ၎င်းနာမ်သည် ပဉ္စဝေါကာရ ပဝတ္တိအခါ ပသာဒရုပ် ငါးခုအား ပစ္ဆာဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတ လေးပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
ရုပ်သည် သဠာယတနအား ကျေးဇူးပြုသည့်ပစ္စည်းများ
ပဉ္စဝေါကာရပဋိသန္ဓေအခါ ဟဒယဝတ္ထုရုပ်သည် မနာယတနအား သဟဇာတ အညမည နိဿယ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတ ခြောက်ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ ပဝတ္တိအခါ နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတ ငါးပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု၏။ ပဉ္စဝတ္ထုရုပ်သည် ဣန္ဒြိယထည့်၍ ခြောက် ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု၏။ အာဟာရသည် ပဉ္စာယတနအား အာဟာရ အတ္ထိ အဝိဂတ သုံးပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု၏။ ဇီဝိတသည် ပဋိသန္ဓေ ပဝတ္တိတို့၌ ဣန္ဒြိယ အတ္ထိ အဝိဂတ သုံးပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု၏။ မဟာဘုတ်လေးပါး တို့သည် သဟဇာတ နိဿယ အတ္ထိ အဝိဂတ လေးပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု၏။
နာမ်ရုပ်က မနာယတနအား ကျေးဇူးပြုပုံ
ပဉ္စဝေါကာရ ပဋိသန္ဓေ အခါ နာမ် ဝတ္ထုရုပ် နှစ်ပါးစုံတို့သည် မနာယတနအား သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ စသည်တို့ဖြင့် ကျေးဇူးပြု၏။ ပဝတ္တိ၌လည်း ခွဲလေ၊ မခဲပြီ။
ရူပအရ၌ ရူပါရုံစသည်ကိုလည်း ယူ၍ အလုံးစုံသော နာမ်ရုပ်တို့သည် မနာယတနအား အာရမ္မဏသတ္တိ စသည်တို့ဖြင့်လည်း ကျေးဇူးပြုသေး၏။
နာမရူပပစ္စယာ သဠာယတန ပဒ ပြီး၏။
---
သဠာယတနပစ္စယာ ဖဿ ပဒ၌ --
သဠာယတန အရကောက်
မနာယတန အဇ္ဈတ္တိကာယတန ဗာဟိရာယတနတို့သည် “ဆဋ္ဌာယတနဉ္စ သဠာယတနဉ္စ သဠာယတန”ဟူသော အတ္ထေကဒေသ သရူပေကသေသ၊ “သဠာယတနဉ္စ သဠာယတနဉ္စ သဠာယတနံ”ဟူသော သဒ္ဒသရူပေကသေသ ဝစနတ္ထကြောင့် သဠာယတနမည်၏။
သဒ္ဒသရူပေကသေသ (သဒ္ဒ + သရူပ + ဧက + သေသ) = သဒ္ဒါတူတပုဒ်ကို ချန်ထားခြင်း။
ဖဿ အရကောက်
လောကီဝိပါက် ဗာတ္တိံသ၌ ရှိသော ဖဿသည် ဖဿ မည်၏။
စက္ခုစသော ရုပ်အာယတနတို့က နာမ် ဖဿအား ကျေးဇူးပြုသော ပစ္စည်းများ
ထိုတွင် စက္ခုစသော ပဉ္စာယတနသည် စက္ခုသမ္ဖဿ စသော ဖဿ ငါးပါးအား နိဿယ ပုရေဇာတ ဣန္ဒြိယ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတ ခြောက် ပစ္စယ သတ္တိတို့ဖြင့် ကျေးဇူးပြု၏။
နာမ်အာယတနက ဖဿအား ကျေးဇူးပြုသော ပစ္စည်းများ
ဝိပါက်မနာယတန သည် ဝိပါက်မနောသမ္ဖဿအား သဟဇာတ အညမည နိဿယ ဝိပါက အာဟာရ ဣန္ဒြိယ သမ္ပယုတ္တ အတ္ထိ အဝိဂတ ကိုးပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု၏။
ရူပါယတန စသော (အာရုံ) ငါးပါးသည် စက္ခုသမ္ဖဿ စသော ငါးပါးအား အာရမ္မဏ ပုရေဇာတ အတ္ထိ အဝိဂတ လေးပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု၏။ ဗာဟိရာယတန ခြောက်ပါးတို့သည် မနာယတန အာရမ္မဏသတ္တိချည်း ဖြင့်လည်း ကျေးဇူးပြု၏။
သဠာယတနပစ္စယာ ဖဿ ပဒ ပြီး၏။
---
ဖဿပစ္စယာ ဝေဒနာ ပဒ၌ --
ဖဿ ဝေဒနာအရကောက်
လောကီဝိပါက်နှင့်ယှဉ်သော ဖဿ ဝေဒနာကို ယူအပ်၏။
ဖဿသည် ဝေဒနာအား ကျေးဇူးပြုသည့် ပစ္စည်းများ
ထိုတွင် ဖဿသည် သဟဇာတ် ဝေဒနာ အား သဟဇာတ အညမည နိဿယ ဝိပါက အာဟာရ သမ္ပယုတ္တ အတ္ထိ အဝိဂတ ရှစ်ပစ္စယသတ္တိ၊ နောက်နောက် ဝေဒနာအား အနန္တရ ပကတူပနိဿယ သတ္တိတို့ဖြင့် ကျေးဇူးပြု၏။
အနုပါဒိန္နကိုလည်း ပစ္စည်းယူမူ အာဝဇ္ဇနသမ္ပယုတ္တ ဖဿစသော စိတ်တခု ယုတ် ကိုးဆယ်၌ရှိသော ဖဿကိုပင် ယူသင့်၏။
အဋ္ဌဓာ တတ္ထ ပဉ္စန္နံ၊
ပဉ္စဒွါရမှီ ပစ္စယော။
သေသာနံ ဧကဓာ ဖဿော၊
မနောဒွါရေပိ သော တထာ။
(သမ္မောဟဝိနောဒနီအဋ္ဌကထာ နှာ-၁၇ဝ)
တတ္ထ၊ ထိုဖဿ ဝေဒနာတို့တွင်။
ပဉ္စဒွါရမှီ ဖဿော၊ ပဉ္စဒွါရ၌ ဖဿသည်။
ပဉ္စန္နံ၊ ပဉ္စဝိညာဏ်ဝေဒနာငါးပါးတို့အား။
အဋ္ဌဓာ၊ ရှစ်ပစ္စယသတ္တိဖြင့်။
ပစ္စယော၊ ကျေးဇူးပြု၏။
သေသာနံ၊ သမ္ပဋိစ္ဆိုင်း စသည်နှင့်ယှဉ်သော ဝေဒနာတို့အား။
ဧကဓာ၊ အနန္တရ ပကတူပနိဿယသတ္တိတပါးဖြင့်။
ပစ္စယော၊ ကျေးဇူးပြု၏။
မနောဒွါရေပိ၊ မနောဒွါရ၌လည်း။
သော၊ ထိုဖဿသည်။
တထာ၊ ထိုပဉ္စဒွါရ နည်းအတိုင်းပင်တည်း။
ဖဿပစ္စယာ ဝေဒနာ ပဒ ပြီး၏။
---
ဝေဒနာပစ္စယာ တဏှာ ပဒ၌ --
ဝေဒနာအရကောက်
ယခင် ဝေဒနာဗာတ္တိံသသည်။
ဝါ၊ လောကီဝေဒနာ ဧကာသီတိသည် ဝေဒနာမည်၏။
တဏှာ ၁၀၈-ပါး
ရူပတဏှာစသော ခြောက်ပါးကို ကာမ ဘဝ ဝိဘဝ အခြင်းအရာ သုံးပါးနှင့် မြှောက်၊ တဆယ့်ရှစ်ပါး ဖြစ်၏။ ယင်း တဆယ့်ရှစ်ပါးကို သန္တာန်နှစ်ပါးနှင့် မြှောက်ပြန်၊ သုံးဆယ့်ခြောက်ပါး ဖြစ်၏။ ၎င်းကို ကာလသုံးပါးနှင့် မြှောက်ပြန်၍ တရာ့ရှစ်ပါးသော ရာဂသည် တဏှာ မည်၏။
သင်္ဂဟသံပေါက်
တဏှာခြောက်တန်၊ တည်ထားမှန်၊ အာ ကာ သန်နှင့် မြှောက်။
ဒုက္ခီ သုခံ ပတ္ထယတိ၊
သုခီ ဘိယျောပိ ဣစ္ဆတိ။
ဥပေက္ခာ ပန သန္တတ္တာ၊
သုခမိစ္စေဝ ဘာသိတာ။
တဏှာယ ပစ္စယာ တသ္မာ၊
တိဿောပိ ဥပနိဿယာ။
ဝေဒနာ ပစ္စယာ စာပိ၊
ယသ္မာ နာနုသယံ ဝိနာ။
ဟောတိ တသ္မာ န သာ ဟောတိ၊
ဗြာဟ္မဏဿ ဝုသီမတော။
ဒုက္ခီ၊ ဆင်းရဲသသူသည်။
သုခံ၊ ချမ်းသာကို။
ပတ္ထယတိ၊ တောင့်တ၏။
သုခီ၊ ချမ်းသာသသူသည်။
ဘိယျောပိ၊ အလွန်လည်း။
ဣစ္ဆတိ၊ လိုချင်ပြန်၏။
ဥပေက္ခာ ပန၊ ဥပေက္ခာဝေဒနာကိုကား။
သန္တတ္တာ၊ ငြိမ်သက်ခြင်းကြောင့်။
သုခံဣစ္ဆေဝ၊ သုခဟူ၍သာလျှင်။
ဘာသိတာ၊ ဟောအပ်၏။
တသ္မာ၊ ထို့ကြောင့်။
တိဿောပိ၊ ဝေဒနာသုံးပါးလုံးတို့သည်လည်း။
ဥပနိဿယာ၊ ပကတူပနိဿယ သတ္တိတပါးဖြင့်။
တဏှာယ၊ တဏှာအား။
ပစ္စယာ၊ ကျေးဇူးပြုကုန်၏။
ဝေဒနာပစ္စယာ စာပိ၊ ဝေဒနာကြောင့် တဏှာဖြစ်သော်လည်း။
ယသ္မာ၊ အကြင်ကြောင့်။
အနုသယံ၊ အနုသယကို။
ဝိနာ၊ ကြဉ်၍။
န ဟောတိ၊ မဖြစ်။
တသ္မာ၊ ထို့ကြောင့်။
သာ၊ ထိုတဏှာသည်။
ဝုသီမတော၊ ကျင့်သုံးနေပြီးသော မဂ်တည်းဟူသော အကျင့်ရှိသော။
ဗြဟ္မဏဿ၊ ရဟန္တာပုဂ္ဂိုလ်အား။
န ဟောတိ၊ မဖြစ်ပြီ။
ဝေဒနာပစ္စယာ တဏှာ ပဒ ပြီး၏။
---
တဏှာပစ္စယာ ဥပါဒါန ပဒ၌ --
တဏှာနှင့် ကာမုပါဒါန်အထူး
ရှေးနည်းတူ အားနည်းသော တဏှာ တရာ့ရှစ်ပါးသည် တဏှာမည်၏။ အကျဉ်းအား ဖြင့် တဏှာ ဒိဋ္ဌိနှစ်ပါးသည် ဥပါဒါန်မည်၏။ အကျယ်အားဖြင့်ကား အားကြီးသော ယခင် တဏှာ တရာ့ရှစ်ပါးသည် ကာမုပါဒါန် မည်၏။
ကေ စာ 'ဟု တဏှု'ပါဒါနာ၊
အပ္ပတ္တပတ္တပတ္ထနာ။
အပ္ပိစ္ဆာတုဋ္ဌီဝိပက္ခာ၊
ဧသနာရက္ခမူလကာ။
တဏှုပါဒါနာ၊ တဏှာ ကာမုပါဒါန်တို့ အထူးကား။
အပ္ပတ္တပတ္တပတ္ထနာ၊ မရောက်သေး ရောက်ပြီး အာရုံကို တောင့်တခြင်းတို့သည်၎င်း။
အပ္ပိစ္ဆာတုဋ္ဌီဝိပက္ခာ၊ အပ္ပိစ္ဆာဂုဏ် သန္တုဋ္ဌိဂုဏ်တို့၏ ဆန့်ကျင်ဘက်တို့သည်၎င်း။
ဧသနာရက္ခမူလကာ၊ ရှာရခြင်း စောင့်ရှောက်ရခြင်း ဆင်းရဲ၏ အကြောင်းတို့သည် ၎င်း။
တဏှုပါဒါနာ၊ တဏှာ ကာမုပါဒါန် မည်ကုန်၏။
ဣတိ၊ ဤသို့။
ကေစိ၊ အချို့ဆရာတို့သည်။
အာဟု၊ ဆိုကုန်၏ဟု ဋီကာမိန့်၏။
ဥပါဒါန်မည်ပုံနှင့် အရကောက်
“နတ္ထိ ဒိန္နံ၊ နတ္ထိ ယိဋ္ဌံ”စသော ဝတ္ထု ဆယ်ပါးရှိသော ဒိဋ္ဌိ သည် ဒိဋ္ဌုပါဒါန် မည်၏။
“ဂစ္ဆန္တော ဘက္ခတိ၊ တိဋ္ဌန္တော မုတ္တေတိ” (သွားနေစဉ် အစားအစာကို စား၏၊ ရပ်လျက် ကျင်ကြီး ကျင်ငယ် စွန့်၏) စသောအကျင့်ဖြင့် စင်ကြယ်၏ဟု စွဲလမ်းခြင်း ဒိဋ္ဌိသည် သီလဗ္ဗတုပါဒါန် မည်၏။
‘ရူပံ အတ္တာ၊ ရူပ ဝါ အတ္တာ’ စသော နှစ်ဆယ်သော ဝတ္ထုရှိသော သက္ကာယဒိဋ္ဌိသည် “အတ္တာတိ ၀ဒန္တိ ဥပါဒိယန္တိ စ ဧတေန၊ အတ္တာတိ ဝဒနမတ္တမေဝ ဝါ ဥပါဒိယန္တိ ဧတေနာတိ အတ္တဝါဒုပါဒါနံ” ဟူသော ဝစနတ္ထကြောင့် အတ္တဝါဒုပါဒါန် မည်၏။
ဧတေန၊ ဤတရားဖြင့်။
ဝါ၊ ဤမိစ္ဆာအယူဖြင့်။
အတ္တာတိ၊ ပုဂ္ဂိုလ် သတ္တဝါ ငါ-ဟူသော အတ္တဟူ၍။
၀ဒန္တိ စ၊ သတ္တဝါတို့ စွပ်စွဲ၍ ပြောဆိုလည်း ပြောဆိုကြကုန်၏။
ဥပါဒိယန္တိ စ၊ သတ္တဝါတို့ မြဲစွဲလမ်း၍ ယူလည်း ယူကြကုန်၏။
ဣတိ၊ ထို့ကြောင့်။
အတ္တဝါဒုပါဒါနံ၊ အတ္တဝါဒုပါဒါန်မည်၏။
ဝါ၊ တနည်းကား။
ဧတေန၊ ဤတရားဖြင့်။
ဝါ၊ ဤမိစ္ဆာအယူဖြင့်။
ဝဒနမတ္တမေဝ၊ အတ္တဟူသော စကားမျှကိုသာလျှင်။
အတ္တာတိ၊ ပုဂ္ဂိုလ် သတ္တဝါ ငါ-ဟူသော အတ္တဟူ၍။
ဥပါဒိယန္တိ၊ သတ္တဝါတို့ မြဲစွာစွဲယူကြကုန်၏။
ဣတိ၊ ထို့ကြောင့်။
အတ္တဝါဒုပါဒါနံ၊ အတ္တဝါဒုပါဒါန်မည်၏။
တဏှာသည် ဥပါဒါန် ကျေးဇူးပြုသည့် ပစ္စည်းများ
တဏှာ စ ပုရိမဿေ 'တ္ထ၊
ဧကဓာ ဟောတိ ပစ္စယော။
သတ္တဓာ အဋ္ဌဓာ ဝါပိ၊
ဟောတိ သေသတ္တယဿ သာ။
စ၊ ကျေးဇူးပြုဟန်ကို ဆိုဦးအံ့။
ဧတ္ထ၊ ဤဥပါဒါန်လေးပါးတို့တွင်။
တဏှာ၊ ကာမတဏှာသည်။
ပုရိမဿ၊ ကာမုပါဒါန်အား။
ဧကဓာ၊ ဥပနိဿယသတ္တိတပါးဖြင့်။
ပစ္စယော၊ ကျေးဇူးပြုသည်။
ဟောတိ၊ ဖြစ်၏။
(သဘောတူ သွင်းမူကား အာရမ္မဏ အဓိပတိ အနန္တရ သမနန္တရ အာသေဝန နတ္ထိ ဝိဂတ ခုနစ်ပစ္စယ သတ္တိလည်း ဝင်သေး၏။)
သာ၊ ထိုတဏှာသည်။
သေသတ္တယဿ၊ ကြွင်း ဥပါဒါန်သုံးပါးအား။
သတ္တဓာ ဝါ၊ ဟေတု သဟဇာတ အညမည နိဿယ သမ္ပယုတ္တ အတ္ထိ အဝိဂတ ခုနစ်ပစ္စယသတ္တိဖြင့်၎င်း။
အဋ္ဌဓာဝါပိ၊ သဟဇာတ် မဟုတ်မူ ဥပနိဿယသတ္တိသာ ရ၍ ယင်း ဥပနိဿယ သတ္တိနှင့်တကွ ရှစ်ပစ္စယသတ္တိဖြင့်၎င်း။
ပစ္စယော၊ ကျေးဇူးပြုသည်။
ဟောတိ၊ ဖြစ်၏။
တဏှာပစ္စယာ ဥပါဒါန ပဒ ပြီး၏။
[တဏှာ = အပ္ပတ္တ ပတ္ထနာ အပ္ပိစ္ဆာ ဝိပက္ခာ ဧသနမူလက (မရောက်သေးသော အာရုံကို တောင့်တခြင်း၊ အလိုနည်းခြင်းသဘော၏ ဆန့်ကျင်ဘက်၊ ရှာရခြင်း ဆင်းရဲ၏ အကြောင်း)။
ဥပါဒါန် = ပတ္တ ပတ္ထနာ သန္တုဋ္ဌီ ဝိပက္ခာ အာရက္ခ မူလက (ရောက်ပြီးအာရုံကို တောင့်တ ခြင်း၊ ရောင့်ရဲခြင်းသဘော၏ ဆန့်ကျင်ဘက်၊ စောင့်ရှောက်ရခြင်း ဆင်းရဲ၏ အကြောင်း)။]
---
ဥပါဒါနပစ္စယာ ဘဝေါ ပဒ၌ --
ဘဝအရကောက်
စေတနာ အဘိဇ္ဈာစသော ကမ္မဘဝ၊ ဝိပါက် ကမ္မဇရုပ်ဟု ဆိုအပ်သော ကာမ ရူပ အရူပ သညီ အသညီ နေဝသညီနာသညီ ဧကဝေါကာရ စတုဝေါကာရ ပဉ္စဝေါကာရအားဖြင့် ကိုးပါးသော ဥပပတ္တိဘဝ၊ ဤကမ္မဘဝ, ဥပပတ္တိဘဝနှစ်ပါးသည် ဘ၀မည်၏။
သင်္ခါရနှင့် ကမ္မဘဝ အထူးကား --
အတိတ်စေတနာသည် “သင်္ခါရ”၊ ပစ္စုပ္ပန်စေတနာသည် “ဘဝ”။
တနည်းလည်း -- စေတနာသက်သက်သည် “သင်္ခါရ”၊ စေတနာ စေတနာသမ္ပယုတ္တ ဘဝဂါမိက ဟူသမျှသည် “ဘဝ”။
တနည်းလည်း -- ဝိညာဏ်၏ သာ အကြောင်းသည် “သင်္ခါရ”၊ အသညာ ဘဝ၏လည်း အကြောင်းသည် “ဘဝ”။
တနည်းလည်း -- ကုသိုလ် အကုသိုလ်သည် “သင်္ခါရ”၊ ကုသိုလ် အကုသိုလ် အဗျာကတသည် “ဘဝ”သာမည မည်၏။
သင်္ဂဟသံပေါက်
ပစ္စုပ်တီတ၊ ယုတ္တစေတနာ၊ ရုပ်ဝိညာ အကြောင်း။
ဗျာကတာဗျာကတ၊ ထူးပြားကြ၊ ဘဝသင်္ခါရာ။
ဘဝအပြား
အကျိုးဖြစ်သော ဥပပတ္တိဘဝ ကိုးပါးဖြစ်၍ အကြောင်း ကမ္မဘဝလည်း ကိုးပါး၊ ပေါင်း တဆဲ့ရှစ်ပါးဖြစ်၏။ ဥပါဒါန် တရားလေးပါးတွင် တပါးတပါးကြောင့် တဆယ့်ရှစ်ပါးစီ ဖြစ်ရကား ဘဝပေါင်း ခုနစ်ဆယ့်နှစ်ပါး ဖြစ်၏။
ဥပါဒါန်က ဘဝအား ကျေးဇူးပြုသည့်ပစ္စည်းများ
ကာမုပါဒါန်သည် သမ္ပယုတ်ဖြစ်သော ကမ္မဘဝအား ဟေတု သဟဇာတ အညမည နိဿယ သမ္ပယုတ္တ အတ္ထိ အဝိဂတ ခုနစ်ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏၊ ကြွင်း ဥပါဒါန် သုံးပါးတို့သည်လည်း သမ္ပယုတ်ကမ္မဘဝအား ဟေတုနုတ် မဂ္ဂထည့် ခုနစ်ပစ္စယ သတ္တိဖြင့် ကျေးဇူးပြု၏၊ ဥပါဒါန်လေးပါးလုံးသည် သမ္ပယုတ် မဟုတ်သော ကမ္မဘဝ ဥပပတ္တိဘဝအား ဥပနိဿယသတ္တိ တပါးဖြင့် ကျေးဇူးပြု၏။ အာရမ္မဏ အနန္တရစသည် ဥပနိဿယ၌ ဝင်လေပြီ။
ဥပါဒါနပစ္စယာ ဘဝေါ ပဒ ပြီး၏။
---
ဘဝပစ္စယာ ဇာတိ ပဒ၌ --
ဘဝအရကောက်
ကမ္မဘဝတပါးကိုသာ ဘဝဟု ယူအပ်၏။ တနည်းလည်း - ဇာတိစသည်သည် ဥပပတ္တိ ခန္ဓာတို့၏ ဂုဏ် ဖြစ်၍ ယင်း ဥပပတ္တိခန္ဓာတို့သည် ဇာတိစသည်တို့၏ ပဒဋ္ဌာန် ဖြစ်ရကား ဥပပတ္တိဘဝကိုလည်း ယူသင့်၏။ ဝိဘင်းမူလဋီကာ၊ နှာ-၁၂၄။
(ဇာတိစသည်တို့၏ သရူပကို သစ္စနိဒ္ဒေသ နှာ-၂၉၆-၃ဝ၃ ၌ ပြခဲ့ပြီ။)
ဘဝသည်ဇာတိအား ကျေးဇူးပြုသောပစ္စည်း
ဘဝသည် ဇာတိအား ကမ္မ ပကတူပနိဿယသတ္တိ နှစ်ပါး ဖြင့် ကျေးဇူးပြု၏။
ဇာတိသည် ဘဝကြောင့် ဖြစ်၏ဟု အဘယ့်ကြောင့် သိရသနည်းဟူမူ --
တုလျေပိ ဗဟိ ဟေတုမှိ၊
ယမကာနံပျ 'တုလျတာ။
န စာ'ညော ကမ္မတော တသ္မာ၊
ဉေယျာ သော ဇာတိပစ္စယော။
ဗဟိ၊ အပ၌။
ဟေတုမှိ၊ မိဘသုက်သွေး အာဟာရစသော အကြောင်းသည်။
တုလျေပိ၊ တူပါလျက်လည်း။
ယမကာနံပိ၊ အမွှာမွေးတို့၏ သော်လည်း။
အတုလျတာ၊ မတူကွဲပြား ထူးခြားသောအဖြစ်သည်။
ဒိဿတိ၊ ထင်၏။
ကမ္မတော၊ ကံမှ။
နစ အညော၊ တပါးအကြောင်းလည်း မရှိခဲ့။
တသ္မာ၊ ထို့ကြောင့်။
သော၊ ထိုဘဝကို။
ဇာတိပစ္စယော၊ ဇာတိ၏အကြောင်းဟူ၍။
ဉေယျော၊ သိအပ်၏။
ဇာတိသည် ဇရာ မရဏစသည်တို့အား ကျေးဇူးပြုပုံ
ဇာတိသည် ဇရာ မရဏ စသည်တို့အား သုတ္တန် နည်းအားဖြင့် ပကတူပနိဿယ သတ္တိတပါးဖြင့် ကျေးဇူးပြု၏။
ဇာတျာ သတိ ဇရာ မစ္စု၊
တဒါယတ္တာ စ နာယတ္တာ။
ယသ္မာ သောကာဒယော ဟောန္တိ၊
တေသံ သာ ပစ္စယော တသ္မာ။
ဇာတျာ၊ ဇာတိသည်။
သတိ၊ ရှိသော်။
ဇရာစ၊ အိုခြင်းသည်၎င်း။
မစ္စု စ၊ သေခြင်းသည်၎င်း။
တဒါယတ္တာ၊ ထိုဇရာ မရဏနှင့် စပ်ကုန်သော။
အနာယတ္တာ စ၊ မစပ်သည်လည်း ဖြစ်ကုန်သော။
သောကာဒယော၊ သောကစသည်တို့သည်၎င်း။
ယသ္မာ၊ အကြင်ကြောင့်။
ဟောန္တိ၊ ဖြစ်ကုန်၏။
တသ္မာ၊ ထို့ကြောင့်။
သာ၊ ထိုဇာတိသည်။
တေသံ၊ ထိုဇရာ မရဏ သောက ပရိဒေဝ စသည်တို့အား။
ပစ္စယော၊ ကျေးဇူးပြု၏။
ရှေး ဆိုခဲ့ပြီးသော နည်းဖြင့် သောကစသည် ဖြစ်လျှင် အဝိဇ္ဇာလည်း ပြီးရကား ယင်း ဇာတိသည် အဝိဇ္ဇာ၏လည်း အကြောင်း ဖြစ်၏။
တနည်းလည်း--
တဿ စေ ကာမယာနဿ၊
ဆန္ဒဇာတဿ ဇန္တုနော။
တေ ကာမာ ပရိဟာယန္တိ၊
သလ္လဝိဒ္ဓေါဝ ရုပ္ပတိ။
ကာမတော ဇာယတေ သောကော၊
ကာမတော ဇာယတေ ဘယံ။
ကာမတော ဝိပ္ပမုတ္တဿ၊
နတ္ထိ သောကော ကုတော ဘယံ။
အဟံ မမာတိ ရူပံသ၊
ပရိယုဋ္ဌာနဌာယိနော။
ရူပဝီပရိဏာမေန၊
ဝတ္တန္တိ သောကအာဒယော။
ယေပိ ဒီဃာယုကာ ဒေဝါ၊
သုတွာ တေ သတ္ထု ဒေသနံ။
ဒိဋ္ဌပုဗ္ဗနိမိတ္တာဝ၊
ဘာယန္တိ သန္တသန္တိ စ။
သ ခေါ သော ဘိက္ခဝေ ဗာလော ဒိဋ္ဌေဝ ဓမ္မေ တိဝိဓံ ဒုက္ခံ ဒေါမနဿံ ပဋိသံဝေဒေတိ။
ကာမယာနဿ၊ ဝတ္ထုကာမုံ အာရုံမပြီး ယာဉ်ပျံစီးသော။
ဆန္ဒဇာတဿ၊ ဖြစ်သော ကိလေသ ကာမရာဂရှိသော။
တဿ ဇန္တုနော၊ ထိုသတ္တဝါအား။
တေ ကာမာ၊ ထိုကာမဂုဏ်ငါးပါးတို့သည်။
စေ ပရိဟာယန္တိ၊ အကယ်မမြဲ ပြိုကွဲ ဆုတ်ယုတ်ခဲ့ကုန်အံ့။
သလ္လဝိဒ္ဓေါဝ၊ မြှားငြောင့်စူးဝင် တောသမင်ကဲ့သို့။
ရုပ္ပတိ၊ ဆွေဆွေ့ခုန် တုန်လှုပ်၏။
ကာမတော၊ ကိလေသာကာမကြောင့်။
သောကော၊ သောကသည်။
ဇာယတေ၊ ဖြစ်၏။
ကာမတော၊ ကိလေသာ ကာမကြောင့်။
ဘယံ၊ ဘေးသည်။
ဇာယတေ၊ ဖြစ်၏။
ကာမတော၊ ကိလေသာကာမမှ။
ဝိပ္ပမုတ္တဿ၊ လေးမဂ် ဉာဏ်ဖြင့် ပယ်လှန်လွတ်မြောက်ပြီးသော ရဟန္တာပုဂ္ဂိုလ်အား။
သောကော၊ သောကသည်။
နတ္ထိ၊ မရှိပြီ။
ဘယံ၊ ဘေးသည်။
ကုတော၊ အတီမှာရှိတော့မည်နည်း။
ရူပံ၊ ရုပ်သည်။
အဟံ၊ ငါတည်း။
မမ၊ ငါ၏ဥစ္စာတည်း။
ဣတိ၊ ဤသို့။
ပရိယုဋ္ဌာနဌာယိနော၊ ထိုးကျင်သည်၏အဖြစ်ဖြင့် တည်လေ့ရှိသော။
အဿ၊ ထိုဒိဋ္ဌာသဝရှိသော ပုထုဇန်အား။
ရူပဝိပရိဏာမေန၊ ရုပ်၏ဖောက်ပြန် ယိုယွင်း ပျက်စီးခြင်းကြောင့်။
သောက အာဒယော၊ သောက စသည်တို့သည်။
ဝတ္တန္တိ၊ ဖြစ်ကုန်၏။
ဒီဃာယုကာ၊ အသက်ရှည်ကုန်သော။
ယေပိ ဒေဝါ၊ ဆင်းရောင်လှစွာ ချမ်းသာများလင့် နန်းဘုံမြင့်၌ စံတင့်ပျော်ပါး ဘဝါသဝများကုန်သော အကြင်နတ်တို့သည်။
သန္တိ၊ ရှိကုန်၏။
တေပိ၊ ထိုနတ်တို့သည်လည်း။
သတ္ထု၊ ဘုရားမြတ်စွာ၏။
ဒေသနံ၊ အနိစ္စနှင့်စပ်သော တရားဒေသနာတော်ကို။
သုတွာ၊ ကြားနာရသောကြောင့်။
ဒိဋ္ဌပုဗ္ဗနိမိတ္တာဝ၊ ဆင်နားပန်းညှိုး၊ ပုဆိုးနွမ်းပါး၊ ကျိုင်းကြား ချွေးထွက်၊ ကိုယ်ရောင် ပျက်သား၊ နန်းထက်မမွေ့၊ စုတေ့ကြောင်းဟိတ်၊ ငါးနိမိတ်မြင်၊ နတ်တို့သွင်သို့၊ ဘာယန္တိ၊ ကြောက်လည်း ကြောက်ကုန်၏။
သန္တသန္တိ စ၊ ထိတ်လည်း ထိတ်လန့်ကုန်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
သ ခေါ သော ဗာလော၊ မောဟဆူလှိုက် ထိုသူမိုက်သည်။
ဒိဋ္ဌေဝဓမ္မေ၊ မျက်မှောက်၌ပင်လျှင်။
တိဝိဓံ၊ သောက ပရိဒေ၀ ဒုက္ခ အားဖြင့် သုံးပါးသော။
ဒုက္ခံ၊ ဆင်းရဲခြင်းကို၎င်း။
ဒေါမနဿ၊ စိတ်နှလုံး မသာယာခြင်းကို၎င်း။
ပဋိသံဝေဒေတိ၊ ခံစားရ၏။
သောကစသည်ကို အသုံးထား၍ ဟောကြောင်း
ဤသို့ သင်္ဂဟဂါထာ ပါဠိလာ ရှိသည်နှင့် အညီ အာသဝ လေးပါးကြောင့် သောက စသည် ဖြစ်ရကား အကျိုး သောကစသည် ဖြစ်လျှင် မကင်းကောင်း၍ အကြောင်း အာသဝလေးပါး ပြီးတော့သည်။ ယင်း အာသဝပြီးလျှင် “အာသဝသမုဒယာ အဝိဇ္ဇာသမုဒယော” ဟူသည်နှင့်အညီ အဝိဇ္ဇာဖြစ်တော့သည်။ ယင်း အဝိဇ္ဇာဖြစ်က သင်္ခါရစသည်အကျိုး အကြောင်း ဆက်၍ ဘဝစက် မပြတ်ပြီ။ ဤအနက်ကို ပြလို၍ သောကစသည်ကို အဆုံး၌ ဟောတော်မူသည်။
အပေါင်းအားဖြင့် ခွဲဝေပုံ ခြောက်မျိုး
ဤပစ္စယာကာရ တဆယ့်နှစ်ပါး၌ အပေါင်းအားဖြင့် မှတ်ဖွယ်ကား --
အနာဒိဒံ ဘဝစက္ကံ၊
ဝီတကာရက ဝေဒကံ။
သုဘ နိစ္စ သုခတ္တေဟိ၊
သုညံ ကိလိဋ္ဌတာဒိတော။
တိယဒ္ဓါ ဝီသတာကာရာ၊
တိသန္ဓီ စတုသင်္ဂဟာ။
တီဏိ ဝဋ္ဋာနိ ဒွေ မူလာ၊
ဉေယျာ ဆာဿ သရူပတော[၁]။
ဣဒံ ဘဝစက္ကံ၊ ဤပဋိစ္စသမုပ္ပါဒ် စက်ရဟတ်သည်။
အနာဒိ၊ အစမရှိ။
ဝီတကာရကဝေဒကံ၊ ပြုပြင် ဖန်ဆင်းတတ်သော ခံစားတတ်သော ကိုယ်ကောင် ဟူသည်မှ ကင်း၏။
ကိလိဋ္ဌတာဒိတာ၊ ညစ်ညူးသည်၏အဖြစ် အစရှိသော အကြောင်းကြောင့်။
ဝါ၊ သံကိလိဋ္ဌ သံကိလေသိက [၂]၊ ဥဒယဗ္ဗယဓမ္မက [၃]၊ ဥဒယဗ္ဗယ ပဋိပီဠိတ [၄]၊ ပစ္စယာယတ္တဝုတ္တိ [၅]တို့၏ အဖြစ်ကြောင့်။
သုဘ နိစ္စ သုခတ္တေဟိ၊ တင့်တယ် မြဲစွာ, ချမ်းသာ စိုးရခြင်းတို့မှ။
သုညံ၊ ဆိတ်၏။
အဿ၊ ထိုပဋိစ္စသမုပ္ပါဒ် စက်ရဟတ်၏။
တိယဒ္ဓါ၊ အဓွန့်ကာလသုံးပါးတို့ကို၎င်း။
ဝီသတာကာရာ၊ အခြင်းအရာနှစ်ဆယ်တို့ကို၎င်း။
တိသန္ဓီ၊ အစပ်သုံးပါး တို့ကို၎င်း။
စတုသင်္ဂဟာ၊ အလွှာလေးထပ်တို့ကို၎င်း။
တီဏိ ဝဋ္ဋာနိ၊ ဝဋ်သုံးပါး တို့ကို၎င်း။
ဒွေ မူလာ၊ အမြစ်နှစ်ပါးတို့ကို၎င်း။
ဆ၊ ဤခြောက်ပါးတို့ကို။
သရူပတော၊ သရုပ်အားဖြင့်။
ဉေယျာ၊ သိအပ်ကုန်၏။
[၁။ သမ္မောဟဝိနောဒနီ၊ ဋ္ဌ၊ နှာ-၁၇၈ လာ ဂါထာ၊ ၁၈၂ လာ ဂါထာများနှင့် ၁၈၁-လာ စကားပြေများကိုမှီ၍ ဂါထာစီထားသည်။
၂။ သံကိလိဋ္ဌ = ပူပန်စေအပ် နှိပ်စက်အပ် ညစ်နွမ်းစေအပ်သော အဝိဇ္ဇာစသောတရား။ သံကိလေသိက = ကိလေသာကို ရခြင်းငှါ ထိုက်သော ကိလေသာ၏ အာရုံဖြစ်သော အဝိဇ္ဇာ စသောတရား။ ။ (အဝိဇ္ဇာစသောတရားသည် ပူပန်စေအပ်သည်၏ အဖြစ်ကြောင့်၎င်း ကိလေသာ၏ အာရုံဖြစ်ခြင်းကြောင့်၎င်း တင့်တယ်ခြင်းမရှိ၊ မတင့်တယ်)။
၃။ ဥဒယဗ္ဗယဓမ္မက = ဖြစ်ခြင်းပျက်ခြင်း သဘောရှိသော အဝိဇ္ဇာစသောတရား။ (အဝိဇ္ဇာစသော ဘဝစက်သည် ဖြစ်ခြင်းပျက်ခြင်း သဘောရှိသောကြောင့် မမြဲ)။
၄။ ဥဒယဗ္ဗယ ပဋိပီဠိတ = ဖြစ်ခြင်းပျက်ခြင်းသည် အဖန်ဖန်နှိပ်စက်အပ်သော အဝိဇ္ဇာ စသောတရား။ ။ (အဝိဇ္ဇာစသော ဘဝစက်သည် ဖြစ်ခြင်း ပျက်ခြင်းသည် အဖန်ဖန် နှိပ်စက်အပ်သည်၏ အဖြစ်ကြောင့် ဆင်းရဲ၏)။
၅။ ပစ္စယာယတ္တဝုတ္တိ = မိမိ၏အကြောင်းနှင့် စပ်၍ ဖြစ်ခြင်းရှိသော အဝိဇ္ဇာစသော တရား။ (အဝိဇ္ဇာစသော ဘဝစက်သည် အကြောင်းနှင့်စပ်၍ ဖြစ်ခြင်းကြောင့် အလိုအတိုင်း မဖြစ်၊ အစိုးမရ)။]
အဓွန့် ၃-ပါး
ထိုခြောက်ပါးတို့တွင် “တိယဒ္ဓါ”ဟူသည်ကား - အဝိဇ္ဇာ သင်္ခါရ နှစ်ပါးတို့သည် အတိတ်ကာလမည်၏။ ဇာတိ ဇရာ မရဏ နှစ်ပါးသည် အနာဂတ်အဓွန့်မည်၏။ အလယ်ရှစ်ပါးတို့သည် ပစ္စုပ္ပန်ကာလ မည်၏။
ခြင်းရာ ၂၀
“ဝီသတာကာရ” ဟူသည်ကား -
အတီတေ ဟေတဝေါ ပဉ္စ၊
ဣဒါနိ ဖလပဉ္စကံ။
ဣဒါနိ ဟေတဝေါ ပဉ္စ၊
အာယတိံ ဖလပဉ္စကံ။
ဟူသည်နှင့်အညီ --
အတိတ်အကြောင်း ၅-ပါး
အတိတ်အဓွန့်၌ ရှိရင်း အဝိဇ္ဇာ သင်္ခါရနှစ်ပါး။ “အဝိဒွါ ပရိတဿတိ၊ သော ဥပါဒိယတိ၊ တဿုပါဒါနပစ္စယာ ဘဝေါ” ဟူရကား -
အဝိဒွါ၊ ဝိပဿနာဉာဏ်ကင်း၍ ဝတ္ထုကာမအပြစ်ကို မသိမမြင်သော ပုထုဇဉ်သည်။
ပရိတဿတိ၊ ထိုထိုဝတ္ထု ကာမကို သိမ်းဆည်းခြင်းကို ပြုသောအားဖြင့် တပ်မက်၏။
သော၊ ထိုပုဂ္ဂိုလ်သည်။
ပရိတဿိတော၊ တပ်မက်သည်ဖြစ်၍။
ဥပါဒိယတိ၊ မြဲစွာစွဲလမ်း၏။
တဿ၊ ထိုပုထုဇဉ်အား။
ဥပါဒါနပစ္စယာ၊ ဥပါဒါန်ဟူသော အကြောင်းကြောင့်။
ဘဝေါ၊ ဘဝသည်။
ဇာယတိ၊ ဖြစ်၏။
တနည်းလည်း -- ဋီကာအလိုအားဖြင့် ကိလေသာချင်း ကံချင်း တူရကား သင်္ဂြိုဟ် သိမ်းယူအပ်သော တဏှာ ဥပါဒါန် ကမ္မဘဝ သုံးပါး၊ ဤ ငါးပါးတို့သည် ပစ္စုပ္ပန်အကျိုး ငါးပါးတို့၏ အကြောင်း မည်ကုန်၏။
ဤ၌ သင်္ခါရနှင့် ကမ္မဘဝ အထူးကား --
သင်္ခါရာ ပုရစေတနာ၊
ဘဝေါ တု မုဉ္စသတ္တမာ။
သဗ္ဗာ ဝါ စေတနာဘဝေါ၊
သင်္ခါရာ သမ္ပယုတ္တကာ။
ပုရစေတနာ၊ ရှေ့ဇောစေတနာတို့သည်။
သင်္ခါရာ၊ သင်္ခါရမည်ကုန်၏။
မုဉ္စသတ္တမာ၊ ပြုဆဲအခါဖြစ်သော စေတနာ, သတ္တမဇော စေတနာတို့သည်။
ဘဝေါ၊ ဘ၀မည်၏။
(ဝါ၊ တနည်းလည်း။
သဗ္ဗာ စေတနာ၊ စေတနာအားလုံးတို့သည်။
ဘဝေါ၊ ဘဝမည်၏။
သမ္ပယုတ္တကာ၊ စေတနာနှင့် ယှဉ်ဘက်တရားတို့သည်။
သင်္ခါရာ၊ သင်္ခါရမည်ကုန်၏။
အောက်၌လည်း သင်္ခါရ ဘဝတို အထူးကို ဆိုခဲ့ပြီ၊
အတိတ်အကြောင်း ၅-ပါး၏ ပစ္စုပ္ပန်အကျိုး ၅-ပါး
ပစ္စုပ္ပန်အဓွန့်၌ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ၊ ဤငါးပါးတို့သည် အတိတ်အကြောင်း ငါးပါး၏ အကျိုး မည်ကုန်၏။
ပစ္စုပ္ပန်အကြောင်း ၅-ပါး
၎င်းပစ္စုပ္ပန်အဓွန့်၌ ရှိရင်း တဏှာ ဥပါဒါန် ကမ္မ ဘဝသုံးပါး၊ ထိုသုံးပါးနှင့် သမ္ပယုတ် ဖြစ်၍၎င်း၊ ပုဗ္ဗဘာဂဖြစ်၍၎င်း သိမ်းယူအပ်သော။ တနည်းလည်း -- ဋီကာ အလိုအားဖြင့် ကိလေသာချင်း ကံချင်း တူသောကြောင့် သိမ်းယူအပ်သော အဝိဇ္ဇာ, သင်္ခါရ နှစ်ပါး၊ ဤငါးပါးသည် အနာဂတ်အကျိုး ငါးပါး၏ အကြောင်းမည်၏။
အနာဂတ်အကျိုး ၅-ပါး
အနာဂတ်အဓွန့်၌ ဂုဏ်ဌာနီဖြစ်သော ဇာတိကို။ ဝါ၊ ဇာတိ ဇရာ မရဏကို ယူသဖြင့် ဂုဏေဌာနဖြစ်၍ သိမ်းယူရာပါသော ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ၊ ဤငါးပါးသည် ပစ္စုပ္ပန်အကြောင်းငါးပါး၏ အကျိုးမည်၏။ ဤသည်လျှင် အခြင်းအရာ နှစ်ဆယ်တည်း။
အစပ် ၃-ပါး
“တိသန္ဓိ” ဟူသည်ကား ...
- သင်္ခါရနှင့် ဝိညာဏ်၏အကြား ဟေတု-ဖလတစပ်၊
- ဝေဒနာနှင့်တဏှာ၏အကြား ဖလ-ဟေတုတစပ်၊
- ဘဝနှင့်ဇာတိ၏အကြား ဟေတု-ဖလတစပ်၊
ဤသည်လျှင် အစပ် သုံးပါးတည်း။
အလွှာ ၄-ရပ်
တိသန္ဓိ၏ အာဒိ ပရိယောသာန လေးပါးတို့သည် အလွှာ အကျဉ်းအဖို့ သင်္ခေပ လေးထပ် မည်ကုန်၏။
ဝဋ် ၃-ပါး
အဝိဇ္ဇာ တဏှာ ဥပါဒါန်သုံးပါးသည် ကိလေသဝဋ် မည်၏။
သင်္ခါရ ကမ္မဘဝနှစ်ပါးသည် ကမ္မဝဋ်မည်၏။
ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဥပပတ္တိဘဝ ခြောက်ပါးတို့သည် ဝိပါကဝဋ် မည်၏။
ဤသည်လျှင် ဝဋ်သုံးပါးတည်း။
အကြောင်း မျိုးစေ့ချင်း တူသောကြောင့် ကိလေသဝဋ်ကို ကမ္မဝဋ်၌ သွင်းမူ “အတီတေ ဟေတဝေါ ပဉ္စ၊ ဣဒါနိ ဟေတဝေါ ပဉ္စ”၏အရ အကြောင်းဆယ်ပါး [၁] တို့သည် ကမ္မဝဋ် ကမ္မပဝတ္တ ကမ္မသင်္ခေပ ကမ္မဘဝ ကမ္မသန္တတိ ကိရိယာ မည်၏။ အကျိုးဆယ်ပါး [၂] တို့သည် ဝိပါကဝဋ် ဝိပါကပဝတ္တ ဝိပါကသင်္ခေပ ဝိပါကဘဝ ဝိပါကသန္တတိ ကိရိယာဖလ မည်၏။
[၁။ အတိတ်အကြောင်း ၅-ပါးနှင့် ပစ္စုပ္ပန်အကြောင်း ၅-ပါး။
၂။ ပစ္စုပ္ပန်အကျိုး ၅-ပါးနှင့် အနာဂတ်အကျိုး ၅-ပါး။]
ဧဝံ သမုပ္ပန္နမိဒံ သဟေတုကံ၊
ဒုက္ခံ အနိစ္စ စလမိတ္တရဒ္ဓုဝံ။
ဓမ္မေဟိ ဓမ္မာ ပဘဝန္တိ ဟေတုသော၊
န ဟေတ္ထ အတ္တာ စ ပရော စ ဝိဇ္ဇတိ။
ဓမ္မာ ဓမ္မေ သဉ္ဇနေန္တိ၊
ဟေတုသမ္ဘာရပစ္စယော။
ဟေတူနဉ္စ နိရောဓာယ၊
ဓမ္မော ဗုဒ္ဓေန ဒေသိတာ။
ဟေတူသု ဥပရုဒ္ဓေသု၊
ဆိန္နံ ဝဋ္ဋံ န ဝဋ္ဋတိ။
ဧဝံ ဒုက္ခန္တကိရိယာယ၊
ဗြဟ္မစရိယီဓ ဝိဇ္ဇတိ။
သတ္တေ စ နုပလဗ္ဘန္တေ၊
နေဝုစ္ဆေဒေါ န သဿတံ။
(ဝိသုဒ္ဓိမဂ်မဟာဋီ၊ ဒု၊ နှာ-၃၉၉။ သမ္မောဟဝိနောဒနီ၊ ဋ္ဌ၊ နှာ-၁၈၄။)
ဧဝံ သမုပ္ပန္နံ၊ ဤသို့သော အခြင်းအရာဖြင့်ဖြစ်သော။
သဟေတုကံ၊ အကြောင်းနှင့်တကွသော။
ဣဒံ၊ ဤဘဝစက်သည်။
ဒုက္ခံ၊ ဆင်းရဲချေ၏။
အနိစ္စံ၊ ဥပါဒ် ပြီးလျှင်ပင် ပျက်စီးချုပ်စဲ မမြဲချေ။
စလံ၊ တုန်လှုပ်ဖောက်ပြန်ချေ၏။
ဣတ္တရံ၊ ကာလအရှည် မတည်တိုလျ နည်းပါးလှချေ၏။
အဒ္ဓုဝံ၊ အနှစ်မဲ့ကင်း ခိုင်ခံ့ခြင်း မရှိချေ။
ဟေတုသော၊ အကြောင်းဖြစ်ကုန်သော။
ဓမ္မေဟိ၊ အဝိဇ္ဇာစသော တရားတို့ကြောင့်။ ဝါ၊ တရားတို့မှ။
ဓမ္မာ၊ သင်္ခါရ စသော အကျိုးတရားတို့သည်။
ပဘဝန္တိ၊ ဖြစ်ကုန်၏။
ဟိသစ္စံ၊ မှန်၏။
ဧတ္ထ၊ ဤဘဝစက်၌။
အတ္တာ စ၊ ဖြစ်စေတတ် ဖြစ်တတ်သော မိမိသည်၎င်း။
ပရော စ၊ ဖြစ်စေတတ် ဖြစ်တတ်သော သူတပါးသည်၎င်း။
န ဝိဇ္ဇတိ၊ မရှိ။
ဟေတုသမ္ဘာရပစ္စယာ၊ ဟေတုဟူသော အဆောက်အဦ အကြောင်းဖြစ်ကုန်သော။ ဝါ၊ အသာဓာရဏ သာဓာရဏပစ္စည်း ဖြစ်ကုန်သော။
ဓမ္မာ၊ အဝိဇ္ဇာ စသော တရားတို့သည်။
ဓမ္မေ၊ သင်္ခါရ စသော အကျိုးတရားတို့ကို။
သဉ္စနေန္တိ၊ ကောင်းစွာဖြစ်စေကုန်၏။
ဟေတူနဉ္စ၊ ဒုက္ခ၏ အကြောင်းတို့၏လည်း။
နိရောဓာယ၊ ချုပ်ခြင်းငှါ။
ဗုဒ္ဓေန၊ မြတ်စွာဘုရားသည်။
ဓမ္မော၊ တရားတော်ကို။
ဒေသိတော၊ ဟောတော်မူအပ်၏။
ဟေတူသု၊ အကြောင်းတို့သည်။
ဥပရုဒ္ဓေသု၊ ချုပ်ကုန်လတ်သော်။
ဝဋ္ဋံ၊ ဝဋ်တရားသည်။
ဆိန္နံ၊ ပြတ်သည်ဖြစ်၍။
န ဝဋ္ဋတိ၊ မလည်မပတ် ရပ်တော့သည်သာတည်း။
ဧဝံ၊ ဤသို့ ဓမ္မမတ္တသမ္ဘ၀ ဓမ္မဒေသနာ ဝဋ္ဋစ္ဆေဒ အခြင်းအရာ သုံးပါးရှိလတ်သော်။
ဣဓ၊ ဤသာသနာတော်၌။
ဒုက္ခကိရိယာယ၊ ဆင်းရဲ၏ အဆုံးကို ပြုခြင်းငှါ။
ဗြဟ္မစရိယံ၊ မဂ်တည်းဟူသော မြတ်သော အကျင့်သည်။
ဝိဇ္ဇတိ၊ ရှိ၏။
သတ္တေ စ၊ ပုဂ္ဂိုလ် သတ္တဝါကိုလည်း။
နုပလဗ္ဘန္တေ၊ မရအပ်သည်ရှိသော်။
ဥစ္ဆေဒေါ၊ ဥစ္ဆေဒဒိဋ္ဌိသည်။
နေဝ ဟောတိ၊ ဖြစ်ဖွယ်ရာ မရှိပြီ။
သဿတံ၊ သဿတ ဒိဋ္ဌိသည်လည်း။
န ဟောတိ၊ မဖြစ်နိုင်ပြီ။
မူလ ၂-ပါး
“ဒွေ မူလာ”ဟူသည်ကား -- မြွေ၏ ဦးခေါင်းကို ကိုင်သောသူ၏ လက်မောင်းကို မြွေ၏ကိုယ်က ရစ်ပတ်သကဲ့သို့ အဝိဇ္ဇာ တဏှာ မကင်းသေးသော သတ္တဝါအား ဝဋ်သုံးရပ် ဆက်စပ်၍ မပြတ်နိုင်သောကြောင့် ယင်း အဝိဇ္ဇာ, တဏှာနှစ်ပါးသည် ဝဋ်သုံးပါး၏ ပဓာနအကြောင်း ဖြစ်ရကား မူလမည်၏။
အဝိဇ္ဇာသည် ပုဗ္ဗန္တမူလ မည်ပုံ
ထိုနှစ်ပါးတို့တွင် အဝိဇ္ဇာသည် ရှေးအဘို့မှ ပစ္စုပ္ပန်ဝိပါက်ကို ဆောင်တတ်သောပုဗ္ဗန္တာ- ဟရဏသတ္တိကြောင့် ပုဗ္ဗန္တမူလ မည်၏။ ထိုအဝိဇ္ဇာအမြစ်ရှိရကား ဝေဒနာတွင် ရွေ့ စက္ကေကဒေသ [၁] ဖြစ်သောကြောင့်။ ဝါ၊ ဝေဒနာသည် တဏှာ အဖော်သဟဲ ရှိသော အဝိဇ္ဇာ၏ အကြောင်းဖြစ်၍ “ဝေဒနာပစ္စယာ အဝိဇ္ဇာ”ဟု လှည့်၍ ခွေပတ်သင့် သောကြောင့်။ ဝါ၊ အဝိဇ္ဇာ၌ တဏှာ ဥပါဒါန်၊ သင်္ခါရ၌ ဘဝ၊ ဝိညာဏ်စသည်၌ ဇာတိစသည် ဝင်လေပြီ ဖြစ်သောကြောင့် အဝိဇ္ဇာမူလက ပုဗ္ဗန္တ ဘဝစက် တခု မည်၏။
[၁။ စက္ကေကဒေသ= (စက္က + ဧကဒေသ) ပဋိစ္စသမုပ္ပါဒ်စက်၏ တစိတ်တပိုင်း။]
တဏှာသည် အပရန္တ မူလမည်ပုံ
တဏှာသည် နောက် အနာဂတ် ဝိပါက်ကို စပ်ဆက် ချဲ့ထွင် တတ်သော အပရန္တ သန္တာန သတ္တိကြောင့် အပရန္တမူလမည်၏။ ထိုတဏှာအမြစ် ရှိရကား တဏှာမှ စ၍ ဧရာရမဏတွင်ရွေ့ ရှေးနည်းတူ တဏှာမူလက အပရန္တ ဘဝစက် တခု မည်၏။
ဤသို့လျှင် သတ္တဝါတို့သည် ဘီးနှစ်ခုတတ်သော ရထားကဲ့သို့ မရပ်မနား မတံ့စားပဲ ဘဝစက် နှစ်ပါးဖြင့် တသွားတည်း သွားကြရသည်။ ဆုံး စ ပိုင်းခြား ကမ်းကလနား မရှိကြလေကုန်။
မူလနှစ်ပါးကို ဟောရခြင်း အကျိုး
မူလနှစ်ပါးကို ဟောရခြင်း၏ အကျိုးထူးကား --
ဒိဋ္ဌိစ္စရိတဝသေန၊
ဂဗ္ဘသေယျဝသေန ဝါ။
ဥစ္ဆေဒံ ဝါ ဝိဃာတာယ၊
မောဟံ မူလန္တိ ဘာသတိ။
တဏှာစရိတ ဝသေန၊
သြပပါတိဝသေန ဝါ။
သဿတံ ဝါ ဝိဃာတာယ၊
တဏှံ မူလန္တိ ဘာသတိ။
ဒိဋ္ဌိစရိတ ဝသေန၊ ဒိဋ္ဌိထူပြောသသူတို့ အစွမ်းဖြင့်။ ဝါ၊ တနည်းကား။
ဂဗ္ဘသေယျဝသေန၊ ကလလရေကြည် စသည် အစဉ်အတိုင်း ဖြစ်ကုန်သော ဂဗ္ဘသေယျ သတ္တဝါတို့ အစွမ်းဖြင့်။ ဝါ၊ တနည်းကား။
ဥစ္ဆေဒံ၊ ဥစ္ဆေဒဒိဋ္ဌိကို။
ဝိဃာတာယ၊ ပယ်ခွါ တွန်းဖြတ် သတ်ခြင်းငှါ။
မောဟံ၊ အဝိဇ္ဇာကို။
မူလန္တိ၊ အမြစ်ဟူ၍။
ဘာသတိ၊ ဟောတော်မူ၏။
တဏှာစရိတဝသေန၊ တဏှာ စရိုက်၏ အစွမ်းဖြင့်။ ဝါ၊ တနည်းကား။
သြပပါတိဝသေန၊ အာယတနတို့ တပြိုင်နက်ဖြစ်သော ဥပပါတ် သတ္တဝါတို့ အစွမ်း ဖြင့်။ ဝါ၊ တနည်းကား။
သဿတံ၊ သဿတဒိဋ္ဌိကို။
ဝိဃာတာယ၊ ပယ်ခွါတွန်းဖြတ် သတ်ခြင်းငှါ။
တဏှံ၊ တဏှာကို။
မူလန္တိ၊ အမြစ်ဟူ၍။
ဘာသတိ၊ ဟောတော်မှု၏။
(ဤကား ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်၏ “တိယဒ္ဓါ” စသော ခြောက်ပါး သရုပ်တည်း။)
ပဋိစ္စသမုပ္ပါဒ်ကို ဝေဖန်နည်း ၆-မျိုး
တနည်းလည်း”
သစ္စပ္ပဘဝတော ကိစ္စာ၊
ဝါရဏာ ဥပမာဟိ စ။
ဂမ္ဘီရနယဘေဒါ စ၊
ဝိညာတဗ္ဗမိဒံ ဆဓာ။
သစ္စပ္ပဘဝတော၊ သစ္စာအမွန် ရှိခြင်းအားဖြင့်၎င်း။
ကိစ္စာ၊ ကိစ္စဖြင့်၎င်း။
ဝါရဏာ၊ မိစ္ဆာဒဿနကို မြစ်ပယ်သောအားဖြင့်၎င်း။
ဥပမာဟိ စ၊ ဥပမာတိုဖြင့်၎င်း။
ဂမ္ဘီရနယ ဘေဒါ စ၊ ဂမ္ဘီရလေးပါး, နယလေးပါး အပြားအားဖြင့်၎င်း။
ဆဓာ၊ ဤခြောက်ပါးအပြားဖြင့်။
ဣဒံ၊ ဤဘဝစက်ကို၊
ဝိညာတံ၊ သိအပ်၏။
သစ္စပ္ပဘဝအားဖြင့် ဝေဖန်နည်း
ထိုခြောက်ပါးတို့တွင် သစ္စပ္ပဘဝအားဖြင့် လောကီကုသိုလ် အကုသိုလ်စိတ္တုပ္ပါဒ်သည် သာမညအားဖြင့် သမုဒယသစ္စာ မည်၏။ ကြွင်းလောကီသည် ဒုက္ခသစ္စာ မည်၏ဟု မှတ်ပြီးလျှင် “အဝိဇ္ဇာပစ္စယသင်္ခါရ”သည် သမုဒယသစ္စာအမွန်ရှိသော သမုဒယသစ္စာ မည်၏ စသည်ဖြင့် ခွဲလေ၊ မခဲ။
ကိစ္စအားဖြင့် -
သမ္မောဟေတိ သင်္ခရောန္တိ၊
ဇာနာတိ ဥပထမ္ဘတိ။
ပဝတ္တတိ သဝိသယေ၊
ဖုသေ ဝေဒေတိ ရဇ္ဇတိ။
ဥပါဒိယတိ ခိပ္ပတိ၊
ခန္ဓေ ဇနေတိ ဘိန္ဒတိ။
ယထာသကံ ဖလဿ စ၊
ပါတုဘာဝါယ ပစ္စယာ။
အဝိဇ္ဇာဒယော၊ အဝိဇ္ဇာစသည်တို့သည်။
ယထာသကံ၊ မိမိကိစ္စအားလျော်စွာ။
သမ္မောဟေတိ၊ အဝိဇ္ဇာသည် သတ္တဝါတို့ကို အာရုံ၌ တွေဝေစေတတ်၏။
သင်္ခရောန္တိ၊ သင်္ခါရတို့သည် သင်္ခတကို ပြုပြင်တတ်ကုန်၏။
ဇာနာတိ၊ ဝိညာဏ်သည် အာရုံကို သိတတ်၏။
ဥပထမ္ဘတိ၊ (နာမ် ရုပ်တို့သည်) အချင်းချင်း ထောက်ပံ့တတ်၏။
သဝိသယေ၊ (၆-ပါးသော သဠာယတနသည်) မိမိတို့၏အာရုံ၌။
ပဝတ္တတိ၊ ဖြစ်၏။
ဖုသေ ဖုသတိ၊ (ဖဿသည်) အာရုံကို ထောက်ပံ့တတ်၏။
ဝေဒေတိ၊ (ဝေဒနာသည်) အာရုံ၏ အရသာကို ခံစားတတ်၏။
ရဇ္ဇတိ၊ (တဏှာသည်) တပ်တတ်၏။
ဥပါဒိယတိ၊ (ဥပါဒါန်သည်) စွဲလမ်းတတ်၏။
ခိပ္ပတိ၊ (ကမ္မဘဝသည်) အထူးထူးသော ဂတိတို့၌ ပစ်ချတတ်၏။
ခန္ဓေ၊ ခန္ဓာငါးပါးတို့ကို။
ဇနေတိ၊ ဇာတိသည် ဖြစ်စေတတ်၏။
ဘိန္ဒတိ၊ ဇရာ မရဏသည် အိုခြင်း သေခြင်းဖြင့် ဖျက်ဆီးတတ်၏။
အကြောင်းကိစ္စလည်း ဖြစ်ခြင်း
ယထာသကံ၊ မိမိ မိမိဥစ္စာ ဖြစ်သော။
ဖလဿ၊ သင်္ခါရအစ ဇရာ မရဏ ဘဝန္တရ အဆုံးရှိသော အကျိုး၏။
ပါတုဘာဝါယ၊ ထင်ရှားဖြစ်ပေါ်ခြင်း၏။
ပစ္စယာ စ၊ အကြောင်းတို့သည်လည်း။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဤဂါထာနှင့်အညီ နှစ်ကိစ္စစီ ရှိကြကုန်၏။
မိစ္ဆာအယူကို တားမြစ်ခြင်း “ဝါရဏ”
ဝါရဏအားဖြင့်- “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” ဟူသော ဤပုဒ်သည် ကာရကဒဿန ကို ပယ်မြစ်တတ်၏။
(ကာရကဒဿန = ပြုလုပ်ဖန်ဆင်းတတ်သူရှိသည်ဟူသော အမြင်မှား။)
ထို့အတူ “သင်္ခါရပစ္စယာ ဝိညာဏံ”စသော ပုဒ်တို့သည် အတ္တသင်္ကန္တိ ဒဿန[၁], ဃနသညာ, အတ္တာ ပဿတိ ။ပ။ ဝိဇာနာတိ ဖုသတိ ဝေဒယတိ တဏှိယတိ ဥပါဒိယတိ ဘဝတိ ဇာယတိ ဇီယတိ မီယတိ သောစတိ ပရိဒေဝတိ ဒုက္ခိတော ဒုမ္မနော ဥပါယာသိတော [၂] ဟူသော မိစ္ဆာဒဿနတို့ကို မြစ်ပယ်တတ်ကုန်၏။
[၁။ အတ္တသင်္ကန္တိဒဿန = အတ္တသည် တဘဝမှ တဘဝသို့ ပြောင်းသွားသည် ဟူသော အမြင်မှား။
၂။ ဝိညာဏပစ္စယာ နာမ ရူပံ - ဟူသောပုဒ်သည် ဃနသညာ - ဟူသော မိစ္ဆာဒဿနကို ပယ်မြစ်၏။
နာမရူပပစ္စယာ သဠာယတနံ - ဟူသောပုဒ်သည် အတ္တာ ပဿတိ, အတ္တာ သုဏာတိ, အတ္တာ ဃာယတိ, အတ္တာ သာယတိ, အတ္တာ ဖုသတိ, အတ္တာ ဝိဇာနာတိ - ဟူသော မိစ္ဆာ ဒဿနကို ပယ်မြစ်၏။ ၊
သဠာယတနပစ္စယာ ဖဿော - ဟူသော ပုဒ်သည် အတ္တာ ဖုသတိ-ဟူသော မိစ္ဆာဒဿနကို ပယ်မြစ်၏။
ဖဿပစ္စယာ ဝေဒနာ - ဟူသောပုဒ်သည် အတ္တာ ဝေဒယတိ - ဟူသော မိစ္ဆာဒဿနကို ပယ်မြစ်၏။
ဝေဒနာပစ္စယာ တဏှာ - ဟူသောပုဒ်သည် အတ္တာ တဏှိယတိ - ဟူသော မိစ္ဆာဒဿန ကို ပယ်မြစ်၏။
တဏှာပစ္စယာ ဥပါဒါနံ - ဟူသောပုဒ်သည် အတ္တာ ဥပါဒိယတိ - ဟူသော မိစ္ဆာဒဿန ကို ပယ်မြစ်၏။
ဥပါဒါနပစ္စယာ ဘဝေါ - ဟူသောပုဒ်သည် အတ္တာ ဘဝတိ- ဟူသော မိစ္ဆာဒသနကို ပယ်မြစ်၏။
ဘဝပစ္စယာ ဇာတိ - ဟူသောပုဒ်သည် အတ္တာ ဇာယတိ - ဟူသော မိစ္ဆာဒဿနကို ပယ်မြစ်၏။
ဇာတိပစ္စယာ ဇရာ - ဟူသောပုဒ်သည် အတ္တာ ဇီယတိ- ဟူသော မိစ္ဆာဒဿနကို ပယ် မြစ်၏။
ဇာတိပစ္စယာ မရဏံ - ဟူသောပုဒ်သည် အတ္တာ မီယတိ - ဟူသော မိစ္ဆာဒဿနကို ပယ်မြစ်၏။
ဇာတိပစ္စယာ သောကော - ဟူသောပုဒ်သည် အတ္တာ သောစတိ - ဟူသော မိစ္ဆာဒဿနကို ပယ်မြစ်၏။
ဇာတိပစ္စယာ ပရိဒေဝေါ - ဟူသောပုဒ်သည် အတ္တာ ပရိဒေဝတိ - ဟူသော မိစ္ဆာဒဿန ကို ပယ်မြစ်၏။
ဇာတိပစ္စယာ ဒုက္ခံ - ဟူသောပုဒ်သည် အတ္တာ ဒုက္ခိတော - ဟူသော မိစ္ဆာဒဿနကို ပယ်မြစ်၏။
ဇာတိပစ္စယာ ဒေါမနဿံ - ဟူသောပုဒ်သည် အတ္တာ ဒုမ္မနော - ဟူသော မိစ္ဆာဒသနကို ပယ်မြစ်၏။
ဇာတိပစ္စယာ ဥပါယာသော - ဟူသောပုဒ်သည် အတ္တာ ဥပါယာသိတော - ဟူသော မိစ္ဆာဒဿနကို ပယ်မြစ်၏။
[အထက်၌ပြဆိုသည့်အတိုင်း ပဋိစ္စသမုပ္ပါဒ်ဒေသနာသည် သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ သက္ကာယဒိဋ္ဌိ တို့ကို ပယ်သည်။]
နှိုင်းယှဉ်ခြင်း ဥပမာအားဖြင့် ဝေဖန်ပြခြင်း
ဥပမာအားဖြင့် -- အဝိဇ္ဇာ စသည်တို့သည် သူကန်း, ချော်ခြင်း, လဲခြင်း, အလုံးအဖူးရောင်ထခြင်း, ပြည်၀ အလုံးငယ်ပေါ်လာခြင်း, အနာကိုခိုက်မိခြင်း, နာကျင်ခြင်း, ဆေးဝါးကုသလိုခြင်း, မသင့်သော ဆေးကိုယူခြင်း, လိမ်းသုတ်ခြင်း, အနာတိုး၍ပူခြင်း, ပြည်မှည့်ပေါက်ပြဲခြင်းတို့နှင့် အစဉ်အတိုင်း တူကုန်၏။
တနည်းလည်း -- မျက်စိကို တိမ်သူလာလွှမ်းခြင်း, ပိုးကောင်ကို အအိမ် ရစ်ပတ်ခြင်း, သားကြီး စောင့်ထိန်းအပ်သော မင်းသားငယ်, မျက်လှည့်ရုပ်, မြေကောင်း၌ စိုက်အပ်သော တောခြုံသစ်ပင်, ပွတ်၍ရသောမီး, မီးလောင်၍ ပူပန်ခြင်း, ဆားငန်ရေ ကိုသောက်၍ ရေငတ်ခြင်း, ရေငတ်၍ ရေကို တောင့်တခြင်း, ငါးမျှားချိတ်ကို မျိုမိခြင်း, မျိုးစေ့မှ အညွန့်အညှောက် ပေါက်ခြင်း, ပေါက်ပွါး ပြီးသော သစ်ပင်၏ လဲပြို ပျက်စီးခြင်းတို့နှင့် အစဉ်အတိုင်း တူကုန်၏။ ရှေးကား ဧကာဓိဋ္ဌာန၊ ဤကား နာနာဓိဌာန ဥပမာတည်း။
ဂမ္ဘီရဘေဒအားဖြင့် --
နာ'ဝိဇ္ဇာတော န သင်္ခါရာ၊
နာ'ညတော စာပိ ဟောန္တိ တေ။
တဿ ဒုရနုဗောဓတ္တာ၊
ဂမ္ဘီရံ တာဝ အတ္ထတော။
ယေနာ'ကာရာ ယဒဝတ္ထာ၊
အဝိဇ္ဇာပစ္စယော ဘဝေ။
တဿ ဒုရနုဗောဓတ္တာ၊
ဂမ္ဘီရံ ဓမ္မတောပိ'ဒံ။
တေန တေန ဝိနေယျာနံ၊
ဗောဓာနုရူပတော တထာ။
ပဝတ္တေတဗ္ဗတော ဧတံ၊
ဂမ္ဘီရံ ဒေသနာယပိ။
ယော အဝိဇ္ဇာဒီနံ ယေန၊
သဘာဝေါ ပဋိဝေဓယော။
တဿ ဒုပ္ပရိယောဂါဟာ၊
ဂမ္ဘီရံ ပဋိဝေဓတော။
ဤသို့ ဂမ္ဘီရလေးပါး အပြားကို သိအပ်၏။
အတ္ထဂမ္ဘီရ
အဝိဇ္ဇာတော၊ အဝိဇ္ဇာကြောင့်။
သင်္ခါရာ၊ သင်္ခါရတို့သည်။
န န ဟောန္တိ၊ မဖြစ်သည် မဟုတ်ကုန်။
ဟောန္တိ ဧဝ၊ ဖြစ်ကုန်သည်သာတည်း။
အညတော စာပိ၊ အဝိဇ္ဇာနှင့် သဟကာရီကာရဏအကြောင်း [၁] မှ တပါးသော အဝိဇ္ဇာ၏ ပဋိယောဂီအကြောင်း [၂] ကြောင့်လည်း။
တေ၊ ထိုသင်္ခါရတို့သည်။
န ဟောန္တိ၊ မဖြစ်ကုန်။
တဿ၊ ထိုအဝိဇ္ဇာပစ္စယ သမ္ဘူတ သမုဒါဂတတ္ထ၏။ ဝါ၊ အဝိဇ္ဇာဟူသော အကြောင်းကြောင့်ဖြစ်၍ အကြောင်းအားလျော်စွာ သင်္ခါရ ဟူသော အကျိုးတရား၏ အဆင့်ဆင့်အထက်၌လာခြင်း၏။ ဝါ၊ “နာဝိဇ္ဇာတော န သင်္ခါရာ။ နာညတော စာပိ ဟောန္တိ တေ” ဟူသော အဝိဇ္ဇာ ပစ္စယသမ္ဘူတ [၃] အဝိတထ [၄] အနညထ [၅] အနက်၊ အဝိဇ္ဇာ၏ ကျေးဇူးပြုခြင်း အားလျော်စွာ သင်္ခါရတို့၏ ဖြစ်ပေါ်လာခြင်းဟူသော တထ [၆] အနက်၏။
ဒုရနုဗောဓတ္တာ၊ ဝါလဝေဓီအတတ်ထက် သိနိုင်ခက်သည်၏အဖြစ်ကြောင့်။
တာဝ၊ ရှေးဦးစွာ။
ဣဒံ ဘဝစက္ကံ၊ ဤဘဝစက်သည်။
အတ္ထတော၊ အကျိုးအားဖြင့်။
ဂမ္ဘီရံ၊ သမုဒ် ပင်လယ် ယုန်သဖွယ်သို့ ဉာဏ်ငယ်သိမ်ဖွဲ ထောက်နိုင်ခဲသည်ဖြစ်၍ နက်နဲစွာ၏။
(ဝိညာဏ် နာမ် ရုပ် စသည်လည်း ဤနည်းတူ)။
[၁။ သဟကာရီကာရဏ = ဖြစ်ဆဲဖြစ်ဖက်အကြောင်း (အပုညာဘိသင်္ခါရ)။
၂။ ပဋိယောဂီကရဏ = ဆန့်ကျင်ဘက်အကြောင်း (ပဋိ=ဆန့်ကျင်ဘက် + ယောဂ= ယှဉ်ခြင်း + ကာရဏ=အကြောင်း)။
၃။ အဝိဇ္ဇာ + ပစ္စယ + သမ္ဘူတ = အဝိဇ္ဇာဟူသော + အကြောင်းကြောင့် + ဖြစ်ခြင်း။
၄။ အဝိတထ = မချွတ်မယွင်း၊ အကြောင်းတရား ညီညွတ်လျှင် ထိုအကြောင်းတရား ကြောင့် အကျိုးတရား မချွတ်မယွင်း အမှန်တကယ်ဖြစ်ခြင်းသဘော၊ (မချွတ်မယွင်း မှန်ကန်သော အကျိုးဖြစ်ခြင်းသဘော)။ ဤ၌ အဝိဇ္ဇာဟူသောအကြောင်းကြောင့် သင်္ခါရ ဟူသော အကျိုး မချွတ်မယွင်းဖြစ်ခြင်းသည် အဝိတထ။
၅။ အနညထ = တပါးသော အကြောင်းကြောင့် မဖြစ်၊ အကြောင်းက တခြား အကျိုး က တခြားမဟုတ်ပဲ ဖြစ်ပေါ်လာသော အကျို၏အကြောင်းမှာ တပါးသော အကြောင်း မဖြစ်မူ၍ ယင်း အကျိုး၏ စစ်မှန်သော အကြောင်းဖြစ်ခြင်းသဘော (အကျိုး၏ စစ်မှန်သော အကြောင်း ဖြစ်ခြင်းသဘော)။ ဤ၌ အဝိဇ္ဇာကိုကြဉ်၍ အဝိဇ္ဇာမှ တပါးသောအကြောင်းကြောင့် သင်္ခါရတို့ မဖြစ်ခြင်းသည် အနညထ။
၆။ တထ = မှန်ကန်ခြင်း၊ မှန်ကန်သော အကြောင်းတရားကြောင့် မှန်ကန်သော အကျိုးတရား ဖြစ်ခြင်းသဘော (အကြောင်းအားလျော်စွာ အကျိုးဖြစ်မှု မှန်ခြင်း သဘော)။ ]
ဓမ္မဂမ္ဘီရ
ယေနာကာရာ၊ အကြင်ဖြစ်ဟန် အခြင်းအရာဖြင့်။
ယဒဝတ္ထာ၊ အကြင် အခိုက်အတန့်အားဖြင့် တည်သည်ရှိသော်။
အဝိဇ္ဇာ၊ အဝိဇ္ဇာသည်။
ပစ္စယော၊ ကျေးဇူးပြုစွမ်းနိုင်၏။
တဿ၊ ထိုအခြင်းအရာ ထိုအခိုက်အတန့်၏။
ဒုရနုဗောဓတ္တာ၊ သိနိုင်ခက်သည်၏ အဖြစ်ကြောင့်။
ဓမ္မတောပိ၊ အကြောင်းအားဖြင့်လည်း။
ဂမ္ဘီရံ၊ နက်နဲစွာ၏။
ဒေသနာဂမ္ဘီရ
ဝိနေယျာနံ၊ ဝေနေယျသတ္တဝါတို့၏။
တေန တေန ဗောဓာနုရူပတော၊ ထိုထို သိခြင်း အားလျော်သော အကြောင်းကြောင့်။
တထာ၊ ထိုထို အနုလုံ ပဋိလုံစသော အခြင်းအရာဖြင့်။
ပဝတ္တေတဗ္ဗတော၊ ဟောအပ်သည်၏ အဖြစ်ကြောင့်။
ဧတံ၊ ဤဘဝစက်သည်။
ဒေသနာယပိ၊ ဒေသနာအားဖြင့်လည်း။
ဂမ္ဘီရံ၊ နက်နဲစွာ၏။
ပဋိဝေဓဂမ္ဘီရ
အဝိဇ္ဇာဒီနံ၊ အဝိဇ္ဇာစသည်တို့၏။
ယော သဘာဝေါ၊ အကြင် အညာဏ အဒဿန သစ္စ အသမ္ပဋိဝေဓ စသော သဘောကို။
ယေန ဉာဏေန၊ အကြင်ဉာဏ်ဖြင့်။
ပဋိဝေဓိယော၊ ထိုးထွင်း၍ သိအပ်၏။
တဿ၊ ထိုပဋိဝိတ္ထိတဗ္ဗ ပဋိဝိဇ္ဇနဟူသော အာရုံ အာရမ္မဏိက ပဋိဝေဓနှစ်ပါး၏။
ဒုပ္ပရိယောဂါဟာ၊ သမုဒ်ရေတွင် ယုန်ငယ်သွင်သို့ သက်ဝင်နိုင်ခဲသည်၏အဖြစ်ကြောင့်။
ပဋိဝေဓတော၊ ပဋိဝေဓအားဖြင့်လည်း။
ဂမ္ဘီရံ၊ နက်နဲစွာ၏။
နယဘေဒအားဖြင့်ကား --
ဧကတ္တနည်း နာနတ္တနည်း အဗျာပါရနည်း ဧဝံဓမ္မတာ နည်းဟူသော အတ္ထနယ လေးပါး။
ဧကတ္ထနည်း
ထိုလေးပါးတို့တွင် မျိုးစေ့၏ အညွန့်စသည် ဖြစ်၍ သစ်ပင်အဖြစ်သို့ ရောက်ခြင်းကဲ့သို့ အဝိဇ္ဇာ စသော အကြောင်းတရားတို့၏ သင်္ခါရစသော အကျိုးတရားတို့နှင့် အစဉ် မပြတ် စပ်ခြင်းသည် “ဧကတ္တနည်း” မည်၏။ ဤနည်းကို ဟုတ်မှန်တိုင်းသိက ဥစ္ဆေဒဒိဋ္ဌိ ပျောက်၏။ အသိချော်လျှင် သဿတဒိဋ္ဌိ ဖြစ်၏။
နာနတ္တနည်း
အဝိဇ္ဇာ စသည်တို့၏သဘော အသီးအခြားသည် “နာနတ္တနည်း” မည်၏။ ဤနည်းကို ဟုတ်တိုင်းသိမူ သဿတဒိဋ္ဌိကို စွန့်၏။ အမှားသိမူ ဥစ္ဆေဒဒိဋ္ဌိကို စွဲလမ်း၏။
အဗျာပါရနည်း
သင်္ခါရ စသည်ကို ငါသည် ဖြစ်စေအပ် ဖြစ်စေသင့်၏ဟု အဝိဇ္ဇာ စသည်တို့၏ ပယောဂဗျာပါရ မရှိခြင်းသည် “အဗျာပါရနည်း” မည်၏။ ဤနည်းကို အမှန်သိလျှင် အတ္တဒိဋ္ဌိကို စွန့်၏။ အသိချွတ်မူ အကိရိယဒိဋ္ဌိ ဖြစ်၏။
ဧဝံဓမ္မတာနည်း
နို့ရည်စသည်မှ နို့ဓမ်းစသည်သာ ဖြစ်သကဲ့သို့ အဝိဇ္ဇာ စသည်ကြောင့် သင်္ခါရ စသည်သာ ဖြစ်ခြင်းသည် “ဧဝံဓမ္မတာနည်း” မည်၏။ ဤနည်းကို ဟုတ်တိုင်းမှန်စွာ သိလျှင် အဟေတုကဒိဋ္ဌိ အကိရိယဒိဋ္ဌိကို စွန့်၏။ အမှားသိမူ အဟေတုကဒိဋ္ဌိ နိယတိဝါဒကို စွဲလမ်း၏။
ဤသည်လျှင် သစ္စပ္ပဘဝ စသော ခြောက်ပါးတည်း။
အဋ္ဌကထာဆရာ ညည်းညူပုံ
ဤသို့လျှင် ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်သည် အလွန် ခဲမြတ်စွာ၏။ ထို့ကြောင့် အဋ္ဌကထာ ဆရာပင် --
ဝတ္တုကာမော အဟံ အဇ္ဇ၊
ပစ္စယာကာရဝဏ္ဏနံ။
ပတိဋ္ဌံ နာဓိဂစ္ဆာမိ၊
အဇ္ဈောဂါဠှေဝ သာဂရံ။
ဟူ၍ ပဋိစ္စသမုပ္ပါဒ်ကို ဖွင့်ခါနီးတွင် ညည်းညူတော်မူရသည်။
အဟံ၊ ငါသည်။
အဇ္ဇ၊ ယခု။
ပစ္စယာကာရဝဏ္ဏနံ၊ ပဋိစ္စသမုပ္ပါဒ်အဖွင့် သံဝဏ္ဏနာ အဋ္ဌကထာကို။
ဝတ္တုကာမော၊ ဖွင့်ဆိုလိုပါလျက်။
သာဂရံ၊ ရှစ်သောင်းလေးထောင် နက်ဝှမ်းဆောင်သည့် တောင်ခွေပတ်ချုပ် ရေသမုဒ် သို့။
အဇ္ဈောဂါဠှောဣဝ၊ ကူးဆင်းသက်ဝင် ယုန်ငယ်သွင်သို့။
ပတိဋ္ဌံ၊ ထောက်တည် မှီရာ သံဝဏ္ဏနာနည်းကို။
နာဓိဂစ္ဆာမိ၊ မရနိုင်ပါတကား။
ဣဒမ္ပိ စာပဒါလေတွာ၊
နတ္ထိ ကောစိ ဘယာတိတော။
အသနိံ ဝ နိမ္မထနံ၊
အပိ သူပိနမန္တရေ။
ဣဒံ၊ ဤလွန်စွာခဲခက် ဘဝစက်ကို။
အပဒါလေတွာပိ စ၊ မဖောက်မခွဲမူ၍လည်း။
အသနိံ ဣဝ၊ မိုးကြိုးစက်ကဲ့သို့။
နိမ္မထနံ၊ ယူရာမရ သုံးမကျအောင် မွမွကြေပျောက် မွှေနှောက်ဘိစီး ဖျက်ဆီး နှိပ်စက်တတ်သော။
ဘယံ၊ သံသရာ ဘေးကို။
အတီတော၊ စားစားသောက်သောက် လွန်မြောက်နိုင်သော။
ကောစိ၊ တစုံတယောက်သောသူသည်။
သုပိနအန္တရေအပိ၊ အိပ်မက်တွင်း၌သော်လည်း။
နတ္ထိ၊ မရှိချေ။
ပဋိစ္စသမုပ္ပါဒ်၏ နက်နဲပုံ
ထို့ကြောင့် --
ဂမ္ဘီရော စာယံ အာနန္ဒ ပဋိစ္စသမုပ္ပါဒေါ ဂမ္ဘီရာဝဘာသော စ၊ ဧတဿ စာ ́နန္ဒ ဓမ္မဿ အညာဏာ အနနုဗောဓာ ဧဝမယံ ပဇာ တန္တာကုလကဇာတာ ဂုဏီ ဂုဏ္ဌိကဇာတာ မုဉ္ဇပဗ္ဗဇဘူတာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ သံသာရံ နာတိဝတ္တတိ။
ဟူ၍ ဟောတော်မူသည်။
အာနန္ဒ၊ ချစ်သားအာနန္ဒာ။
အယံ ပဋိစ္စသမုပ္ပါဒေါ၊ ဤပဋိစ္စသမုပ္ပါဒ်သည်။
ဂမ္ဘီရော စ၊ နက်လည်း နက်၏။
ဂမ္ဘီရာဝဘာသော စ၊ နက်ရောင်လည်း ထင်၏။
(မဏိဂင်္ဂါရေကဲ့သို့ နက်သာ နက်၍ တိမ်ရောင်ထင်သည်လည်း မဟုတ်၊ သစ်ရွက် ပုပ်ရည်ကဲ့သို့ နက်ရောင်သာ ထင်၍ တိမ်သည်လည်း မဟုတ်၊ အိုးခွက်၌ ရေကဲ့သို့ တိမ်လည်း တိမ်၊ တိမ်ရောင်လည်း ထင်သည် မဟုတ်၊ မဟာသမုဒြာရေကဲ့သို့ နက်လည်း နက်၏၊ နက်ရောင်လည်း ထင်၏ ဟူလိုသည်)
အာနန္ဒ၊ ချစ်သားအာနန္ဒာ။
ဧတဿ စ ဓမ္မဿ၊ ယင်း ပဋိစ္စသမုပ္ပါဒ်တရားကိုလည်း။
အညာဏာ၊ မသိခြင်းကြောင့်။
အနနုဗောဓာ၊ လျော်စွာ မမြင်ခြင်းကြောင့်။
ဧဝံ၊ ဤသို့သော အခြင်းအရာဖြင့်။
အယံ ပဇာ၊ ဤ သတ္တဝါအပေါင်းသည်။
တန္တာကုလက ဇာတာ၊ မြိတ်ဆာ ချည်ထွေးကဲ့သို့ ဖြစ်၍။
ဂုဏီဂုဏ္ဌိကဇာတာ၊ ဂုဏီမည်သော ငှက်မ၏ အသိုက်သဖွယ် ဖြစ်၍။
မုဉ္ဇပဗ္ဗဇဘူတာ၊ ဖြူဆန်မြက် ပြိတ်မြက်ကဲ့သို့ ဖြစ်၍။
အပါယံ၊ ပွါးစီးခြင်းလည်း မရှိသော။
ဒုဂ္ဂတိံ၊ ဒုက္ခ၏ ဖြစ်ရာလည်း ဖြစ်သော။
ဝိနိပါတံ၊ ချမ်းသာ အပေါင်းမှလည်း ဖရိုဖရဲကျသော အပါယ်လေးပါးကို၎င်း။
သံသာရံ၊ ခန္ဓာ အာယတန ဓာတ်တို့၏ အစဉ်မပြတ်ဖြစ်ခြင်းဟု ဆိုအပ်သော သံသရာကို၎င်း။ ဝါ၊ ဝိနိပါတံ၊ ချမ်းသာအပေါင်းမှ ဖရိုဖရဲကျသော။
သံသာရံ၊ သံသရာကို။
နာတိဝတ္တတိ၊ မလွန်မြောက်နိုင်ကြချေ။
တိုက်တွန်းသတိပေးလင်္ကာ
သို့စင်နက်နဲ၊ နည်းကွဲ ကွဲဖြင့်၊
ခက်ခဲ နှိုင်းချိန်၊ စက်မဟိန်ကို၊
ဝရဇိန်မဂ်၊ ဉာဏ်သန်လျက်ဖြင့်၊
ခွဲဖျက်မနိုင်၊ မထွက်ပိုင်ခဲ့၊
ခုတိုင်နန္တ၊ လောင်မီး ကျသို့၊
သံသာရဘေး၊ ဧရထေးမှာ၊
ရစ်မြှေးချုပ်ခြာ၊ လွတ်တည့်ရာဘို့၊
ဗာဟီကိစ္စ၊ ပယ်ပစ်ချ၍၊
ဘဝစက်ကပ်၊ သမုပ္ပါဒ်၌၊
ထောက်ရပ်တည်ရာ၊ ရပိမ့်ငှါဟု၊
အာသာထန်သဲ၊ အံကြိတ်ခဲ၍၊
လွန်ကဲအားသစ်ကြစေကုန်သတည်း။
ပဋိစ္စသမုပ္ပါဒ်ပစ္စည်း ပြီး၏။
ပဋ္ဌာန်းနည်း
ပဋ္ဌာန်းခေါ်တွင်ပုံ
နာနပ္ပကာရာ ပစ္စယာ၊
နာနာဝိဘဇနာနိ ဝါ။
နာနာဂမနာ ဝါ ဧတ္ထ၊
ပဋ္ဌာနံ တေန ဝုစ္စတိ။
ဧတ္ထ၊ ဤနှစ်ဆယ့်လေးနည်း ပစ္စည်းသမူဟ အနန္တနယ သမန္တပဋ္ဌာန်းကျမ်းကြီး၌။
နာနပ္ပကာရာ၊ ဟေတုစသား များပြားကုန်သော။
ပစ္စယာ၊ အကြောင်းတရားတို့သည်။
သန္တိ၊ ရှိကုန်၏။
ဝါ၊ တနည်းကား။
ဧတ္ထ၊ ဤ ပဋ္ဌာန်းကျမ်း၌။
နာနာဝိဘဇနာနိ၊ ကုသိုလ်စသော တရားတို့ကို ဟေတုစသောအားဖြင့် အထူးထူး အပြားပြား ဝေဖန်တတ်ကုန်သော ပစ္စည်းတို့သည်။
သန္တိ၊ ရှိကုန်၏။
ဝါ၊ တနည်းကား။
ဧတ္ထ၊ ဤပဋ္ဌာန်းကျမ်း၌။
နာနာဂမနာ၊ ထူးလည်ထွေလာ လိုလွန့်စွာလျှင် အနာဝရဏ ဉာဏဂေါစရာ ကျက်စားရာ ပစ္စည်းတို့သည်။
သန္တိ၊ ရှိကုန်၏။
တေန၊ ထို့ကြောင့်။
တံပကရဏံ၊ ထိုနှစ်ဆယ့်လေးနည်း ပစ္စည်းသမူဟ အနန္တနယ သမန္တပဋ္ဌာန်းကျမ်း ကြီးကို။
ပဋ္ဌာနံ၊ ပဋ္ဌာန်း ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ပစ္စယုဒ္ဒေသအနက်
ဤ အဋ္ဌကထာသင်္ဂဟ ဝိဂြိုဟ်ပြဂါထာနှင့်ညီစွာ ပဋ္ဌာန်းကျမ်းကြီး၌လာသော ပဋ္ဌာန်းပစ္စည်း၌ ရှေးဦးစွာ ဥပမာ ပစ္စယုပ္ပန် သဘာဂသင်္ချာ ပစ္စယသတ္တိ ပစ္စည်းသရုပ်တို့နှင့် ပြည့်စုံသော ပစ္စယုဒ္ဒေသ အနက်ကို နှုတ်ရလေ့ကျက် ဆောင်ရွက်မှတ်သား စဉ်းစား ကြံစည်ရမည်။
(၁) ဟေတုပစ္စယော၊ ရေသောက်မြစ်လျှင်၊ ယင်းသစ်ပင်ကို၊ စိမ်းရွှင် ညွန့်ဝေ၊ စည်ပင်စေထ၊ ထောက်ပံ့မသို့။ သဟဇာတံ၊ ရုပ်နှင့်နာမ်ကို၊ သန္ဓေ ပဝတ်၊ မလွတ်စေရ။ သဘာဂတာ၊ ဆယ်နှစ်ဖြာတွင်။ ကောင်းစွာခိုင်ကျည်၊ တည်သည်၏အဖြစ်ကို ပြီးစေ တတ်သော ဟေတုသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော ဟိတ်ခြောက်ပါး ပစ္စည်းတရား၎င်း။
(၂) အာရမ္မဏပစ္စယော၊ တောင်ဝှေးကြိုးတန်း၊ သူမစွမ်းကို၊ မပမ်းရလေ၊ ထိုင်ထစေသို့။ စိတ် စေ လေးတန်၊ နာမက္ခန်ကို။ ဖြစ်ဟန်တူစွာ၊ ရှစ်သဘာတွင်။ ဆွဲငင်ထောက်ရာ အာရုံ၏ အဖြစ်တည်းဟူသော အာရမ္မဏ သတ္တိထူးဖြင့် ကျေးဇူးပြုခြင်းလက္ခဏာ ရှိသော အာရုံခြောက်ပါး ပစ္စည်းတရား၎င်း။
(၃) အဓိပတိပစ္စယော၊ စကြာဘုန်းငူ၊ များဗိုလ်လူကို၊ ပြိုင်သူမရှိ၊ စိုးအုပ်ဘိသို့။ ဟသိ မောဟ၊ ကြဉ်ပသည့်ဇော၊ လောဘမူလ၊ အဋ္ဌပုညာ၊ ကြိယာ သမ္ပယုတ်၊ လောကုတ်ရှစ်အား၊ ဆယ့်ခြောက်ပါးတွင်။ ကြီးမားလွှမ်းမိုး၊ အစိုးရခြင်းဟူသော အဓိပတိသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော ဆန္ဒ ဝီရိယ စိတ္တ ဝီမံသ ဟူသော သဟဇာတာဓိပတိ လေးပါး၊ ဒုက္ခသဟ၊ မောဟကြဉ်စိတ်၊ ဣဋ္ဌနိပ္ဖန်၊ နိဗ္ဗာန် ဟူသော အာရမ္မဏာဓိပတိ ခြောက်ပါး ပစ္စည်းတရား၎င်း။
(၄) အနန္တရပစ္စယော၊ ပျော်စံနတ်ရွာ၊ စကြာမင်းဖျား၊ သားကြီးအားသို့။ အခြားမဲ့နေ၊ စိတ်နှင့်စေကို။ မကွေတူစွာ၊ ခုနစ်ဖြာတွင်၊ သမာနဇာတ်။ ခြားမပြတ်ပဲ၊ ဖြစ်စေတတ် သော အနန္တရ သတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော ရှေးရှေးသော နာမ်ခန္ဓာ လေးပါး အနန္တရပစ္စည်းတရား၎င်း။
(၅) သမနန္တရပစ္စယော၊ စည်းစိမ်မမက်၊ တောကြီးထွက်သည့်၊ စက္ကဝတ် မင်းဖျား၊ သားကြီးအားသို့။ အခြားမဲ့နေ၊ စိတ်နှင့်စေကို။ မကွေပြိုင်ဘက်၊ ခုနစ်ချက်တွင်။ အောက်ထက်ယာဝဲ၊ ဝေခွဲမရှိ၊ မိမိတမူ၊ တူသည့်အဖြစ်၊ ဆောင်လစ်ပမာ၊ ကောင်းမွန် စွာလျှင်၊ သမာနဇာတ်၊ ခြားမပြတ်ပဲ၊ ဖြစ်စေတတ်သော သမနန္တရ သတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော ရှေးရှေးသော နာမ်ခန္ဓာလေးပါး သမနန္တရပစ္စည်း တရား၎င်း။
(ဤနှစ်ပစ္စည်းတို့၌ ဥပမာကား ကျမ်းဂန်မလာ၊ ဆရာကြီးတို့ ဆောင်ကြသောပုံတည်း။ ယင်းပုံ လည်း ရှေ့ နောက်ပြန်ရလျှင် သာလွန်၍ သင့်အံ့သည်)။
(၆) သဟဇာတပစ္စယော၊ အလင်းဖြစ်မှု၊ ဆီမီးပြုသည်၊ တန္တုပမာ။ သဟဇာတ၊ နာမနှင့်ရုပ်၊ ဘူတုပ္ပါဒါ၊ သန္ဓေခါလည်း၊ ဝိပါဝတ္ထု၊ ယင်းခြောက်ခုအား။ တူငြားအဋ္ဌ၊ သဘာဂတွင်။ တကွမကွေ ဖြစ်စေခြင်းဟူသော သဟဇာတ သတ္တိထူးဖြင့် ကျေးဇူး ပြုခြင်း လက္ခဏာရှိသော နာမ် မဟာဘု၊ ဝတ္ထု ပါက၊ သဟဇာတခြောက်ပါး ပစ္စည်း တရား၎င်း။
(၇) အညမညပစ္စယာ၊ သစ်သားသုံးခွ၊ ချင်းချင်းမသို့။ ဥပကာရာ၊ ထောက်ပံ့လာသော၊ နာမ် မဟာဘု၊ ဝတ္ထု နာမ်အား။ တူရှစ်ပါးတွင်။ ထောက်ထားလှန်ပင်း၊ အချင်းချင်း ဟူသော အညမည သတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော နာမ် မဟာဘု၊ ဝတ္ထု ပါက၊ အညမညသုံးပါး ပစ္စည်းတရား၎င်း။
(၈) နိဿယပစ္စယာ၊ သစ်ပင်အားမြေ၊ ထောက်ပံ့ပေသို့၊ နှစ်ထွေ ရုပ် နာမ်၊ သဟဇံ အား၎င်း၊ စိတ္တကမ္မ၊ ပဋပုံဟန်၊ သတ်ဝိညာဏ်အား၎င်း။ တူမှန်သဘာ၊ ဆဲ့သုံးဖြာတွင် တည်ရာမှီရာဟူသော အဓိဋ္ဌာနာကာရ နိဿယာကာရ သတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော နာမ် မဟာဘု၊ ဝတ္ထု, ပါကဟူသော သဟဇာတနိဿယခြောက်ပါး၊ ပဝတ္တိစု၊ ဆဝတ္ထုဟူသော ပုရေဇာတနိဿယခြောက်ပါး ပစ္စည်းတရား၎င်း။
(၉) ဥပနိဿယပစ္စယော၊ မိုးနှင့်မကင်း၊ စုံခပင်းကို၊ မိုးတွင်းခြိမ့်အုန်း၊ ထစ်ချုန်း မြည်ကျိုး၊ ရွာသည့်မိုးသို့၊ သုံးမျိုးပြားလတ်၊ စိတ္တုပ္ပါဒ်အား။ ဆဲ့လေးပါးတွင် အားကြီး သော မှီရာအကြောင်း၏ အဖြစ်တည်းဟူသော ဥပနိဿယ သတ္တိထူးဖြင့် ကျေးဇူး ပြုခြင်း လက္ခဏာရှိသော ဒုက္ခသဟ၊ မောဟကြဉ်စိတ်၊ ဣဋ္ဌနိပ္ဖန်၊ နိဗ္ဗာန်ဟူသော အာရမ္မဏူပနိဿယ၊ ရှေးရှေးသော နာမက္ခန်ဟူသော အနန္တရူပနိဿယ၊ ဗလဝရုပ် စိတ္တုပ်ပညတ်ဟူသော ပကတူပနိဿယသုံးပါး ပစ္စည်းတရား၎င်း၊
(ဤဥပမာလည်း အဋ္ဌကထာမရှိ)
(၁၀) ပုရေဇာတပစ္စယော၊ အလင်းမှီနေ၊ များဗိုလ်ခြေကို၊ ကပ္ပေ စစွာ၊ ပေါ်လာထွန်းပ၊ နေနှင့်လသို့။ နောက်မှဖြစ်လေ၊ စိတ်နှင့်စေ အား။ တူကိုးပါးတွင်။ ရှေးဖျားဖြစ်၍၊ ပစ္စုပ္ပန္နေ၊ ပုရေဇာတ သတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော ဆဝတ္ထုဟူသော ဝတ္ထုပုရေဇာတ၊ နိပ္ဖန္နရုပ်ဟူသော အာရမ္မဏ ပုရေဇာတ နှစ်ပါး ပစ္စည်းတရား၎င်း။
(ဤလည်း အဋ္ဌကထာမလာ)
(၁၁) ပစ္ဆာဇာတပစ္စယော၊ ဂိဇ္ဈပေါတက၊ သရီရအား၊ အာဟာရဝယ်၊ တာတွယ်အာသာ၊ စေတနာသို့။ ပုရာဇာတ၊ ရုပ်ဓမ္မအား။ မျိုးလေးပါးတွင်။ နောက်ပါး၌ဖြစ်သဖြင့်၊ ထောက်ပံ့ခိုင်မာ၊ ပစ္ဆာဇာတ သတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော နောက် နောက် ပဉ္စဝေါကာ နာမ်ခန္ဓာလေးပါး ပစ္စည်းတရား၎င်း။
(၁၂) အာသေဝနပစ္စယော၊ နောက်နောက်မွန်လေး၊ သာလွန်မွှေးအောင်၊ ရှေးရှေး ထုံထား၊ နံ့သာလားသို့။ မခြားမပြတ်၊ မျိုးဇာတ်တူစွာ၊ ကုသလာ ကုသလ၊ ကြိယသဘော၊ နောက်နောက်ဇောအား။ တူခြောက်ပါးတွင်။ ခွန်အားဟုန်ပြင်း၊ ယူစေ လျှင်း၍၊ ထုံခြင်းဟူသော အာသေဝနသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော ရှေးရှေးသော လောကီဇောသတ္တ စတ္တာလီသ၊ အာသေဝနသုံးပါး၊ ပစ္စည်းတရား၎င်း။
(၁၃) ကမ္မပစ္စယော၊ သစ်ပင်တို့အား၊ မျိုးစေ့လားသို့။ ကြွင်းငြား တူလတ်၊ သဟ ဇာတ်နှင့်၊ ကဋတ္တာဝိပါက်၊ ဤနှစ်ချက်အား။ တဆဲ့ငါးတွင်။ အားပါးထုတ်ထ၊ လုံ့လသည်းစွာ၊ အမူအရာဟူသော ကမ္မသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော သဟဇာတ်စေတနာဟူသော သဟဇာတကမ္မ၊ အတိတ်ကုသိုလ် အကုသိုလ် စေတနာ ဟူသော နာနာက္ခဏိကကမ္မ နှစ်ပါး ပစ္စည်းတရား၎င်း။
(၁၄) ဝိပါကပစ္စယော၊ ချမ်းရိပ်နားနေ၊ သွန်းလေပြေသို့။ မကွေ ဖြစ်လတ်၊ သဟဇာတ် အား။ မျိုးရှစ်ပါးတွင် အင်အားချည့်ပမ်း၊ ငြိမ်းချမ်းစေလျက်၊ ငြိမ်သက်ခြင်း ဟူသော ဝိပါကသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော ဝိပါက်နာမက္ခန္ဓာ ဟူသော ဝိပါကပစ္စည်းတရား၎င်း။
(၁၅) အာဟာရပစ္စယော၊ မယိမ်းမယိုင်၊ ခိုင်စေသောအား၊ ထောက်သည့်ကျားသို့။ နှစ်ပါးသဟဇံ ရုပ်နှင့်နာမ်အား၎င်း၊ လေးတန်သန္တတိ သမုဋ္ဌာနိကရုပ်အား၎င်း။ ယထာက္ကမ၊ ဒွါဒသမျိုးတူတွင်၊ ဆောင်ယူထောက်ပံ့ခြင်း ဟူသော အာဟာရ သတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော ဖဿ စေတနာ ဝိညာဏ်ဟူသော နာမ်အာဟာရသုံးပါး၊ အဇ္ဈတ်ဗဟိ၊ စတုသမုဋ္ဌာနိကဩဇာ ဟူသော ရုပ်အာဟာရ ပစ္စည်းတရား၎င်း။
(၁၆) ဣန္ဒြိယပစ္စယော၊ တပြည်တွင်း၌၊ ချင်းချင်းမဟန့်၊ သီးမသန့်ပဲ၊ ခွဲခန့်ပိုင်စား၊ မင်းအများသို့။ သုံးပါးပြားလတ်၊ သဟဇာတ်နှင့်၊ ဓာတ်ပဉ္စဝိညာဏ၊ ကမ္မဇရုပ်အား။ တူဆဲ့ငါးတွင်။ အခြားမသွေ၊ မိမိသို့လိုက်စေခြင်း ဟူသော ဣန္ဒြိယ သတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော နာမ်ဣန္ဒြေ တရားကိုယ်ရှစ်ပါး ဟူသော သဟဇာတိန္ဒြိယ ၊ မဇ္ဈိမာယုက၊ ပသာဒရုပ်ငါးခု ဟူသော ပုရေဇာတိန္ဒြိယ၊ ဇီဝိတရုပ် ဟူသော ရူပဇီဝိတိန္ဒြိယ သုံးပါး ပစ္စည်းတရား၎င်း။
(၁၇) ဈာနပစ္စယော၊ သစ်ပင်တောင်ငူ၊ တက်သသူသည်၊ အောက်လူတို့အား ပြောသည့်လားသို့။ နှစ်ပါးရုပ်နာမ်၊ သဟဇံအား။ ဆဲ့တပါးတွင်။ ထင်ရှားတပ်တပ်၊ ကပ်၍ ရှုခြင်းဟူသော အာရမ္မဏူပနိဇ္ဈာန လက္ခဏူပနိဇ္ဈာန သတ္တိထူးဖြင့် ကျေးဇူး ပြုခြင်း လက္ခဏာရှိသော ပဉ္စဝိည်ကြဉ် စိတ်မှာယှဉ်သည့် ဈာနင်ခုနစ်ပါး ပစ္စည်း တရား၎င်း။
(၁၈) မဂ္ဂပစ္စယော၊ ထို ဤမှာသို့၊ ဆောင်ယူပို့သည့်၊ ကူးတို့မသွေ။ သဟေတုကတ်၊ သဟဇာတ်အား။ ဆဲ့သုံးပါးတွင်။ ဖြူစင်မည်းညစ်၊ ဤအဖြစ်မှ၊ ပြန်လစ်ဆူလှယ်၊ ထုတ်ဆယ်ဆောင်ယူ၊ ထွက်မြောက်ကြောင်းဟူသော မဂ္ဂသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော သဟိတ်မှာယှဉ် မဂ္ဂင်ဆဲ့နှစ်ပါး ပစ္စည်းတရား၎င်း။
(၁၉) သမ္ပယုတ္တပစ္စယော၊ စတုမဓူ၊ ရောသည့်တူသို့။ လေးဆူနာမ်အား။ ခုနစ်ပါးတွင်။ လေးပါးအင်္ဂါ၊ မကွာချင်းချင်း၊ ယှဉ်ကြခြင်းဟူသော၊ သမ္ပယုတ္တသတ္တိထူးဖြင့် ကျေးဇူး ပြုခြင်း လက္ခဏာရှိသော နာမ်ခန္ဓာလေးပါး သမ္ပယုတ္တ ပစ္စည်းတရား၎င်း။
(၂၀) ဝိပ္ပယုတ္တပစ္စယော၊ ခြောက်ထွေရသာ၊ ပေါင်းရောပါသို့။ သဟဇာရုပ်၊ ဝတ္ထုပ် သန္ဓေ၊ အစထွေသား၊ သုံးမျိုးအားကို။ တူငြားသဘာ၊ ဆဲ့သုံးဖြာတွင်။ နာနာဘာဝ၊ မယှဉ်ကြခြင်း ဟူသော၊ ဝိပ္ပယုတ္တသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော၊ ပဉ္စဝေါကာရ၊ ရူပသမုဋ္ဌာနိက စိတ်စေ၊ သန္ဓေ ဟဒယ စသော သဟဇာတဝိပ္ပယုတ် ပုရေဇာတဝိပ္ပယုတ် ပစ္ဆာဇာတဝိပ္ပယုတ်သုံးပါး ပစ္စည်းတရား၎င်း။
(အာဒိသဒ္ဒါနှစ်ခုဖြင့် အစဉ်အတိုင်း ဝတ္ထုပုရေဇာတနိဿယ, ပစ္ဆာဇာတ နှစ်ပါးတို့၏ ပစ္စယုပ္ပန်နှင့် ပစ္စည်းကို ညွှန်းသည်)
(၂၁) အတ္ထိပစ္စယော၊ မြေမြင်းမိုရ်သည်၊ ထိုထိုစိမ်းရွှင်၊ မြက်သစ်ပင်အား၊ ထင်ရှားရှိနေ၊ ထောက်ပံ့ပေသို့။ တွက်ရေကုံထံ၊ ရုပ်နှင့်နာမ်အား။ ဆဲ့ငါးပါးတွင်။ ထင်ရှားရှိခိုက်၊ အထိုက်လျော်ထ၊ ဥပတ္ထမ္ဘကသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော ထိုထို ရုပ်နာမ်ဟူသော သဟဇာတတ္ထိ ပုရေဇာတတ္ထိ ပစ္ဆာဇာတတ္ထိ အာဟာရတ္ထိ ဣန္ဒြိယတ္ထိ-ငါးပါး ပစ္စည်းတရား၎င်း။
(ဤ အတ္ထိငါးပါးသည် အစဉ်အတိုင်း သဟဇာတ ပုရေဇာတ ပစ္ဆာဇာတ ရုပ်အာဟာရ ရူပဇီဝိတိန္ဒြိယ ငါးပါးတို့နှင့်တူ၏။ ထို့ကြောင့် အကျဉ်းမျှသာ အနက်သမ္ဗန်လိုက်သည်။)
(၂၂) နတ္ထိပစ္စယော၊ မိုက်မှောင်ဖြစ်စေ၊ ငြိမ်းသေလေပြီး၊ ဆီမီးပုံသွေး၊ ဖြစ်ခွင့်ပေး၍၊ ကျေးဇူးပြုခြင်း လက္ခဏာရှိသော နတ္ထိပစ္စည်းတရား၎င်း။ (အနန္တရ နည်းတူ)
(၂၃) ဝိဂတပစ္စယော၊ နေရောင်ပျောက်ကင်း၊ လရောင်လင်းသို့၊ ချုပ်ကင်းသော အဖြစ်ဖြင့်၊ ကျေးဇူးပြုခြင်း လက္ခဏာရှိသော ဝိဂတပစ္စည်းတရား၎င်း။ (အနန္တရ နည်းတူ)
(၂၄) အဝိဂတပစ္စယော၊ ငါးတို့ပျော်ရာ၊ မဟာသမုဒ်၊ ရေအစုတ်သို့၊ မချုပ်တင်းလင်း၊ မကင်းသောအဖြစ်ဖြင့်၊ ကျေးဇူးပြုခြင်း လက္ခဏာရှိသော အဝိဂတပစ္စည်းတရား၎င်း။ (အတ္ထိ နည်းတူ)
(ကမ္မပစ္စည်းမှ စ၍ ဥပမာစုလည်း အဋ္ဌကထာမရှိ)။
ဣတိ၊ ဤသို့။
စတုဝီသတိပစ္စယာ၊ နှစ်ဆယ့်လေးပါး အကြောင်းတရားတို့သည်။
မဟာပကရဏေ၊ အနန္တနယ သမန္တပဋ္ဌာန်းကျမ်းကြီး၌။
ဌိတာ၊ တည်ကုန်၏။
ဣမိနာနန္တဌာနမှိ၊
ဆေကော ဘဝေမိ သဗ္ဗဓိ၊
သိတ္တာ နာဝါ၀ နိဗ္ဗာနံ၊
လောကေ ကုဟိဉ္စိနာလယံ။
အဟံ၊ ငါသည်။
ဣမိနာ ပုညကမ္မေန၊ ဤပစ္စယုဒ္ဒေသ နိဿယကို ရွရွနှုတ်တက် ဆောင်ရွက်ကျက်မှတ် ရွတ်ဘတ်ဖွေနည် ကြံစည်မြဲမြဲ ကုသိုလ်ကံကြောင့်။
သဗ္ဗဓိဘဝေ၊ ဘဝတိုင်း၌။
သဗ္ဗဓိအနန္တဌာနမှီ၊ ကြွင်းမဲ့ကုန်စင် မထင်ဆုံးကမ်း ပဋ္ဌာန်းကျမ်း၌။
ဆေကော၊ တတ်ပွန်သိမြင် ကျွမ်းကျင်လိမ္မာသည်။
ဧမိ၊ ဖြစ်ရလို၏။
သိတ္တာ၊ လေးသည့်ရေဝန် ပက်သွန်ပြီးသော။
နာဝါ၊ လှေသည်။
တိတ္ထံ၊ လိုရာဆိပ်ကမ်းသို့။
ဧတိဣဝ၊ မတွယ်မတာ လျင်စွာ ထုတ်လျောက် ရောက်သကဲ့သို့။
ကုဟိဉ္စိ လောကေ၊ ရူပ သဒ္ဒ စသည့်အာရုံ တစုံတခုသော လောက၌။
အနာလယံ၊ မတွယ်မတာ ဆိတ်စာမထောင့်သည်ဖြစ်၍။
နိဗ္ဗာနံ၊ အမတမွန် ငြိမ်းရာမှန်သည် နိဗ္ဗာပြည်နန်းသို့။
ဧမိ၊ လျင်စွာထုတ်ချောက် ရောက်ရလို၏။
ပစ္စယုဒ္ဒေသအနက် ပြီး၏။
သုံးချက်စုအကျဉ်း
(၁) ဟေတုပစ္စယော ဟူသော ပစ္စယုဒ္ဒေသ၌ သရုပ်တို့သည် ... ပစ္စည်း ပစ္စယုပ္ပန် ပစ္စနိက်အားဖြင့် သုံးပါးအပြားရှိကုန်၏။
ပစ္စည်း။ ။ ထိုသုံးပါးတို့တွင် ဟိတ်ခြောက်ပါး၊ ဤတရားတို့သည် ဟေတုပစ္စည်း တပ်သော တရား မည်ကုန်၏။
ပစ္စယုပ္ပန်။ ။ မောဟမူဒွေ၌ မောဟကြဉ်သော သဟိတ်စိတ္တုပ္ပါဒ်၊ သဟိတ် စိတ္တဇရုပ်၊ သဟိတ်ပဋိသန္ဓေ ကမ္မဇရုပ်၊ ဤတရားတို့သည် ဟေတုပစ္စည်း၏ အကျိုးပစ္စယုပ္ပန် ဖြစ်သော တရား မည်ကုန်၏။
ပစ္စနိက်။ ။ အဟိတ်စိတ္တုပ္ပါဒ်၊ မောဟမူဒွေ၌ မောဟ၊ အဟိတ်စိတ္တဇရုပ်၊ အဟိတ် ပဋိသန္ဓေကမ္မဇရုပ်၊ ဗာဟိရရုပ်၊ အာဟာရဇရုပ်၊ ဥတုဇရုပ်၊ အသညသတ်ကမ္မဇရုပ်၊ ပဝတ္တိကမ္မဇရုပ်၊ ဤတရားတို့သည် ဟေတုပစ္စည်း၏ အကျိုးမဟုတ် ဆန့်ကျင်ဘက် ပစ္စနိက်ဖြစ်သော တရားမည်ကုန်၏။
(နောက်နောက် ပစ္စည်းတို့၌လည်း ဤနည်းချည်းဆို။)
(၂) အာရမ္မဏပစ္စယော ဟူသော ပစ္စယုဒ္ဒေသ၌ သရုပ်တို့သည် ။ပ။ အလုံးစုံသော စိတ္တုပ္ပါဒ် ရုပ် နိဗ္ဗာန် ပညတ်တို့သည် ပစ္စည်း။ ။
စိတ္တုပ္ပါဒ်တို့သည် ပစ္စယုပ္ပန်။ ။
စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်၊ ဗာဟိရရုပ်၊ အာဟာရဇရုပ်၊ ဥတုဇရုပ်၊ အသညသတ် ကမ္မဇရုပ်၊ ပဝတ္တိကမ္မဇရုပ်တို့သည် ပစ္စနိက်။
(၃) အဓိပတိပစ္စယာဟူသော ပစ္စယုဒ္ဒေသ၌ အဓိပတိသည် အာရမ္မဏာဓိပတိ သဟဇာတာဓိပတိ အားဖြင့် နှစ်ပါး အပြားရှိ၏။
ထို နှစ်ပါးတို့တွင် အာရမ္မဏာဓိပတိ၌ သရုပ်တို့သည် ။ပ။ ဒေါသမူ မောဟမူ ဒုက္ခသဟဂုတ်ကာယဝိညာဏ် ကြဉ်သော လေးမြတ်အပ်သော စိတ်ရှစ်ဆဲ့လေးခု၊ စေတသိက် လေးဆဲ့ခုနစ်ခု [၁]၊ ဣဋ္ဌနိပ္ဖန္နရုပ် အဋ္ဌာရသ၊ နိဗ္ဗာန်တို့သည် ပစ္စည်း။ ။
လေးမြတ်တတ်သော လောဘမူ၊ မဟာကုသိုလ်၊ မဟာကြိယာသမ္ပယုတ်၊ လောကုတ္တရာစိတ်၊ စေတသိက်လေးဆဲ့ငါးခု [၂] တို့သည် ပစ္စယုပ္ပန်။ ။
အလေးအမြတ် မပြုတတ်ခိုက် မပြုတတ်နေ လောကီစိတ္တုပ္ပါဒ်၊ စိတ္တဇရုပ် ။ပ။ ပဝတ္တိကမ္မဇရုပ်တို့သည် ပစ္စနိက်။
[၁။ ဒေါသ ဣဿာ မစ္ဆရိယ ကုက္ကုစ္စ ဝိစိကိစ္ဆာ ကြဉ်သော စေတသိက် ၄၇-ပါး။
၂။ ဒေါသ ဣဿာ မစ္ဆရိယ ကုက္ကုစ္စ ဝိစိကိစ္ဆာ အပ္ပမညာဒွေကြဉ်သော စေတသိက် ၄၅-ပါး။]
သဟဇာတာဓိပတိ၌ သရုပ်တို့သည် ။ပ။ အဓိပတိတရားကိုယ် သုံးပါး လေးပါးတို့တွင် တပါးပါးသည် ပစ္စည်း။ ။
အဓိပတိပစ္စည်းကို ရခိုက် ရနေ၊ အဓိပတိ တရားကိုယ်ကြဉ်သော သာဓိပတိ ငါးဆဲ့နှစ်ခု၊ စေတသိက် ဧကပညာသ၊ သာဓိပတိစိတ္တဇရုပ်တို့သည် ပစ္စယုပ္ပန်။ ။
အဓိပတိ ပစ္စည်းကို မရခိုက် မရနေ ကာမစိတ် မဟဂ္ဂုတ် ဝိပါက် စိတ္တုပ္ပါဒ်၊ အဓိပတိ တပ်ခိုက် အဓိပတိ တရားကိုယ်သုံးပါး လေးပါးတို့တွင် တပါးပါး၊ နိရာဓိပတိစိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ် ။ပ။ ပဝတ္တိကမ္မဇရုပ်တို့သည် ပစ္စနိက်။
(၄) အနန္တရပစ္စယော ဟူသော ပစ္စယုဒ္ဒေသ၌ သရုပ်တို့သည် ။ပ။ ရဟန္တာတို့၏ စုတိကြဉ်သော ရှေးရှေးသော စိတ္တုပ္ပဒ်တို့သည် ပစ္စည်း။ ။
နောက်နောက် စိတ္တုပ္ပါဒ်တို့သည် ပစ္စယုပ္ပန်။ ။
ရုပ်သည် ပစ္စနိက်။ ။
(၅) သမနန္တရသည် အနန္တရနည်းတူ။
(၆) သဟဇာတ ပစ္စယော ဟူသော ပစ္စယုဒ္ဒေသ၌ သရုပ်တို့သည် ပစ္စည်း ပစ္စယုပ္ပန် အားဖြင့် နှစ်ပါး အပြားရှိကုန်၏။ ထိုနှစ်ပါးတို့တွင် အချင်းချင်းအား၎င်း၊ အချင်းချင်း နာမက္ခန္ဓာ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်အား၎င်း တပ်သော စိတ္တုပ္ပါဒ်၊ အချင်းချင်း အားတပ်သော ပဉ္စဝေါကာရပဋိသန္ဓေ နာမက္ခန္ဓာ ဟဒယဝတ္ထု၊ အချင်းချင်းအား၎င်း, ဥပါဒါရုပ်အား၎င်း တပ်သော စိတ္တဇ ။ပ။ ပဝတ္တိကမ္မဇ မဟာဘုတ်တို့သည် ပစ္စည်း။ ။
စိတ္တုပ္ပါဒ်၊ ပဉ္စဝေါကာရပဋိသန္ဓေနာမက္ခန္ဓာ ဟဒယဝတ္ထု၊ ဥပါဒါရုပ်နှင့် တကွသော မဟာဘုတ်တို့သည် ပစ္စယုပ္ပန်။ ။
ပစ္စနိုက် မရှိ။ ။
(၇) အညမညပစ္စယော ဟူသော ပစ္စယုဒ္ဒေသ၌ သရုပ်တို့သည် ။ပ။ အချင်းချင်း တပ်သော စိတ္တုပ္ပါဒ်၊ ပဉ္စဝေါကာရပဋိသန္ဓေ နာမက္ခန္ဓာ ဟဒယဝတ္ထု၊ စိတ္တဇ ။ပ။ ပဝတ္တိကမ္မဇ မဟာဘုတ်တို့သည် ပစ္စည်း။ ။
အချင်းချင်းမှ ထောက်အပ်သော ၎င်းတရားတို့သည် ပစ္စယုပ္ပန်။ ။
နာမက္ခန္ဓာမှ ထောက်အပ်သော ဟဒယဝတ္ထုမှလည်း တပါးသော စိတ္တဇ ပဋိသန္ဓေ ကမ္မဇရုပ်၊ မဟာဘုတ်မှ ထောက်အပ်သော စိတ္တဇ ဥပါဒါ ။ပ။ ပဝတ္တိကမ္မဇဥပါဒါရုပ် တို့သည် ပစ္စနိက်။
(၈) နိဿယသည် သဟဇာတနိဿယ ပုရေဇာတနိဿယ နှစ်ပါးတည်း။
ထိုတွင် သဟဇာတနိဿယသည် သဟဇာတနှင့် တူ၏။
ပုရေဇာတနိဿယသည် ဝတ္ထုပုရေဇာတနိဿယ ဝတ္ထာရမ္မဏ ပုရေဇာတနိဿယ နှစ်ပါးတည်း။
ထိုတွင် ဝတ္ထုပုရေဇာတနိဿယ၌ သရုပ်တို့သည် ။ပ။ ပဝတ္တိအခါ ဆဝတ္ထု၊ ဝါ၊ မဇ္ဈိမာယုက ပဉ္စပသာဒဝတ္ထု၊ ရှေးရှေး စိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထု၊ နိရောဓ သမာပတ်မှ ထသောအခါ ရှေးဖြစ်သော ဟဒယဝတ္ထု၊ မရဏာသန္နအခါ စုတိစိတ္တော ပရိသတ္တရသမ[၁] စိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုတို့သည် ပစ္စည်း။ ။
ပဉ္စဝေါကာရဘုံ၌ ဖြစ်ခိုက်ဖြစ်နေ အရူပ ဝိပါက်ကြဉ်သော ပဝတ္တိအခါ သတ္တဝိညာဏ ဓာတ် စိတ္တုပ္ပါဒ်တို့သည် ပစ္စယုပ္ပန်။ ။
အရူပဘုံ၌ ဖြစ်ခိုက် ဖြစ်နေ စိတ် လေးဆဲ့ခြောက်ခု၊ စေတသိက် လေးဆဲ့ခြောက်ခု၊ ပဉ္စဝေါကာရ ပဋိသန္ဓေ စိတ္တုပ္ပါဒ်၊ စိတ္တဇရုပ် ။ပ။ ပဝတ္တိကမ္မဇရုပ်တို့သည် ပစ္စနိက်။
[၁။ စုတိစိတ္တ ဥပရိ = စုတိစိတ်မှအထက်ပြန်၍ ရေတွက်သည်ရှိသော်။
သတ္တရသမ = ၁၇-ချက်မြောက် ဖြစ်သော (စိတ်)။]
ဝရမ္မဏပုရေဇာတ နိဿယ၌ သရုပ်တို့သည် ။ပ။ မရဏာသန္နအခါ “စုတိစိတ္တော ပရိသတ္တရသမ’စိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုတို့သည် ပစ္စည်း။ ။
မနောဒွါရာဝဇ္ဇန်း၊ ကာမဇော၊ တဒါရုံ စိတ္တုပ္ပါဒ်တို့သည် ပစ္စယုပ္ပန်။ ။
၎င်း ပစ္စယုပ္ပန် မဖြစ်ခိုက် မဖြစ်နေ စိတ္တုပ္ပါဒ်၊ ရုပ်တို့သည် ပစ္စနိက်။
(၉) ဥပနိဿယသည် အာရမ္မဏူပနိဿယ အနန္တရူပနိဿယ ပကတူပနိဿယ သုံးပါးတည်း။
ထိုသုံးပါးတို့တွင် အာရမ္မဏူပနိဿယသည် အာရမ္မဏာဓိပတိနှင့် တူ၏။
အနန္တရူပနိဿယသည် အနန္တရနှင့်တူ၏။
ပကတူပနိဿယ၌ သရုပ်တို့သည် ။ပ။ ဗလဝဖြစ်သော စိတ္တုပ္ပါဒ်၊ ရုပ်၊ ထိုပစ္စည်း ထိုက်သော အချို့သော ပညတ်တို့သည် ပစ္စည်း။ ။
စိတ္တုပ္ပါဒ်တို့သည် ပစ္စယုပ္ပန်။ ။
ရုပ်သည် ပစ္စနိက်။ ။
(၁၀) ပုရေဇာတသည် ဝတ္ထုပုရေဇာတ အာရမ္မဏပုရေဇာတ နှစ်ပါးတည်း။
ထိုတွင် ဝတ္ထုပုရေဇာတသည် ပုရေဇာတနိဿယနှင့် တူ၏။
အာရမ္မဏပုရေဇာတ၌ သရုပ်တို့သည် ။ပ။ ပစ္စုပ္ပန်နိပ္ဖန္နရုပ်တို့သည် ပစ္စည်း။ ။
ကာမအဘိညာစိတ္တုပ္ပါဒ်တို့သည် ပစ္စယုပ္ပန်။ ။
၎င်း ပစ္စယုပ္ပန် မဖြစ်ခိုက်, မဖြစ်နေ ပဉ္စဝိညာဏ် မနောဓာတ်ကြဉ်သော စိတ္တုပ္ပါဒ်၊ ရုပ်တို့သည် ပစ္စနိက်။
(၁၁) ပစ္ဆာဇာတပစ္စယောဟူသော ပစ္စယုဒ္ဒေသ၌ သရုပ်တို့သည် ။ပ။ ပဉ္စဝေါကာရ ဘုံ၌ ဖြစ်ခိုက် ဖြစ်နေ နောက်နောက်သော စိတ္တုပ္ပါဒ်တို့သည် ပစ္စည်း။ ။
ရှေးရှေးသော စိတ်နှင့်အတူ ဥပါဒ်၍ ရုပ်၏ဌီသို့ရောက်သော ဧကဇ ဒွိဇ တိဇ စတုဇကာယတို့သည် ပစ္စယုပ္ပန်။ ။
စိတ္တုပ္ပါဒ်၊ နောက်နောက်သော စိတ်နှင့်အတူ ဥပါဒ်သော ရုပ်တို့သည် ပစ္စနိက်။
(၁၂) အာသေဝနပစ္စယာဟူသော ပစ္စယုဒ္ဒေသ၌ သရုပ်တို့သည် ။ပ။ ရှေးရှေးသော လောကီဇော စိတ္တုပ္ပါဒ်တို့သည် ပစ္စည်း။ ။
ဖိုလ်ဇောကြဉ်သော နောက်နောက်သော ဇောစိတ္တုပ္ပါဒ်တို့သည် ပစ္စယုပ္ပန်။ ။
ကာမပထမဇော, အာဝဇ္ဇန်း, ဝိပါက် စိတ္တုပ္ပါဒ်၊ ရုပ်တို့သည် ပစ္စနိက်။ ။
(၁၃) ကမ္မသည် သဟဇာတကမ္မ နာနာက္ခဏိကကမ္မ နှစ်ပါးတည်း။
ထိုနှစ်ပါးတို့တွင် --
သဟဇာတကမ္မ၌ သရုပ်တို့သည် ။ပ။ စေတနာတခု ယုတ် ကိုးဆယ်သည် ပစ္စည်း။ ။
စေတနာကြဉ်သော စိတ္တုပ္ပါဒ်၊စိတ္တဇရုပ်၊ ပဋိသန္ဓေ ကမ္မဇရုပ်တို့သည် ပစ္စယုပ္ပန်။ ။
စေတနာ၊ ဗာဟိရရုပ် ။ပ။ ပဝတ္တိကမ္မဇရုပ် သည် ပစ္စနိက်။ ။
နာနာက္ခဏိကကမ္မ၌ သရုပ်တို့သည် ။ပ။ အတိတ်ကုသိုလ် အကုသိုလ် စေတနာသည် ပစ္စည်း။ ။
ဝိပါက် ကဋတ္တာရုပ်သည် ပစ္စယုပ္ပန်။ ။
ဝိပါက်မှ ကြွင်းသော စိတ္တုပ္ပါဒ်၊ စိတ္တဇရုပ်၊ ဗာဟိရရုပ်၊ အာဟာရဇရုပ်၊ ဥတုဇရုပ်တို့ သည် ပစ္စနိက်။ ။
(၁၄) ဝိပါကပစ္စယောဟူသော ပစ္စယုဒ္ဒေသ၌ သရုပ်တို့သည် ။ပ။ ဝိပါက် စိတ္တုပ္ပါဒ်သည် ပစ္စည်း။ ။
ဝိပါက်စိတ္တုပ္ပါဒ်၊ ဝိပါက်စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ် တို့သည် ပစ္စယုပ္ပန်။ ။
ကြွင်းစိတ္တုပ္ပါဒ်၊ ၎င်းတို့ပြုအပ်သော စိတ္တဇရုပ်၊ ဗာဟိရရုပ် ။ပ။ ပဝတ္တိကမ္မဇရုပ်တို့သည် ပစ္စနိက်။ ။
(၁၅) အာဟာရသည် နာမ်အာဟာရ ရုပ်အာဟာရ နှစ်ပါးတည်း။
ထိုနှစ်ပါးတို့တွင် --
နာမ်အာဟာရ၌ သရုပ်တို့သည် ။ပ။ ဖဿ စေတနာ ဝိညာဏ်သုံးပါးတို့သည် ပစ္စည်း။ ။
စိတ္တုပ္ပါဒ်၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်တို့သည် ပစ္စယုပ္ပန်။ ။
ဗာဟိရရုပ် ။ပ။ ပဝတ္တိကမ္မဇရုပ်တို့သည် ပစ္စနိက်။ ။
ရုပ်အာဟာရ၌ သရုပ်တို့သည် ။ပ။ ဗဟိဒ္ဓဩဇာသည် ပစ္စည်း။ ။
အာဟာရဇရုပ်သည် ပစ္စယုပ္ပန်။ ။
စိတ္တုပ္ပါဒ်၊ အာဟာရဇမှကြွင်းသော ရုပ်သည် ပစ္စနိက်။ ။
တနည်းလည်း --
အဇ္ဈတ္တ စတုသမုဋ္ဌာနိကဩဇာသည် ပစ္စည်း။ ။
ကလာပ်တူ ဩဇာကြဉ်သော စတုသမုဋ္ဌာနိကရုပ်သည် ပစ္စယုပ္ပန်။ ။
စိတ္တုပ္ပါဒ်သည် ပစ္စနိက်။ ။
(၁၆) ဣန္ဒြိယသည် သဟဇာတိန္ဒြိယ, ပုရေဇာတိန္ဒြိယ ရူပဇီဝိတိန္ဒြိယ သုံးပါးတည်း။
ထိုသုံးပါးတို့တွင် သဟဇာတိန္ဒြိယ၌ သရုပ်တို့သည် ။ပ။ ဇီဝိတ စိတ် ဝေဒနာ သဒ္ဓါ ဝီရိယ သတိ ဧကဂ္ဂတာ ပညာ ရှစ်ပါးတို့သည် ပစ္စည်း။ ။
စိတ္တုပ္ပါဒ်၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်တို့သည် ပစ္စယုပ္ပန်။ ။
ဗာဟိရရုပ် ။ပ။ ပဝတ္တိ ကမ္မဇရုပ်တို့သည် ပစ္စနိက်။
ပုရေဇာတိန္ဒြိယ၌ သရုပ်တို့သည် ။ပ။ မဇ္ဈိမာယုက ပဉ္စဝတ္ထုတို့သည် ပစ္စည်း။ ။
ပဉ္စဝိညာဏ်စိတ္တုပ္ပါဒ်သည် ပစ္စယုပ္ပန်။ ။
ကြွင်းစိတ္တုပ္ပါဒ်၊ ရုပ်တို့သည် ပစ္စနိက်။
ရူပဇီဝိတိန္ဒြိယ၌ သရုပ်တို့သည် ။ပ။ ရုပ်ဇီဝိတိန္ဒြေသည် ပစ္စည်း။ ။
ကြွင်းသော ပဋိသန္ဓေကမ္မဇရုပ်၊ အသညသတ်ကမ္မဇရုပ်၊ ပဝတ္တိကမ္မဇရုပ်တို့သည် ပစ္စယုပ္ပန်။ ။
စိတ္တုပ္ပါဒ်၊ စိတ္တဇရုပ်၊ ဗာဟိရရုပ်၊ အာဟာရဇရုပ်၊ ဥတုဇရုပ်၊ ကမ္မဇကလာပ်သုံးစည်း ၌ရှိသော ရုပ်ဇီဝိတိန္ဒြေသည် ပစ္စနိက်။
(၁၇) ဈာနပစ္စယာဟူသော ပစ္စယုဒ္ဒေသ၌ သရုပ်တို့သည် ။ပ။ ပဉ္စဝိညာဏ် ကြဉ်သော စိတ်၌ရှိသော ဈာနင်တရားကိုယ်ငါးပါးသည် ပစ္စည်း။ ။
ဈာနသဟဇာတ် နာမ်ရုပ်သည် ပစ္စယုပ္ပန်။ ။
ပဉ္စဝိညာဏ်စိတ္တုပ္ပါဒ်၊ ဗာဟိရရုပ် ။ပ။ ပဝတ္တိကမ္မဇရုပ်တို့သည် ပစ္စနိက်။ ။
(၁၈) မဂ္ဂပစ္စယောဟူသော ပစ္စယုဒ္ဒေသ၌ သရုပ်တို့သည် ။ပ။ သဟိတ်စိတ်၌ရှိသော မဂ္ဂင်တရားကိုယ်ကိုးပါးသည် ပစ္စည်း။ ။
မဂ္ဂသဟဇာတ် နာမ်ရုပ်သည် ပစ္စယုပ္ပန်။ ။
အဟိတ်စိတ္တုပ္ပါဒ်၊ အဟိတ်စိတ္တဇရုပ်၊ အဟိတ်ပဋိသန္ဓေ ကမ္မဇရုပ်၊ ဗာဟိရရုပ် ။ပ။ ပဝတ္တိကမ္မဇရုပ်တို့သည် ပစ္စနိက်။ ။
(၁၉) သမ္ပယုတ္တပစ္စယောဟူသော ပစ္စယုဒ္ဒေသ၌ သရုပ်တို့သည် ။ပ။ စိတ္တုပ္ပါဒ်တို့သည် ပစ္စည်း။ ။
၎င်း စိတ္တုပ္ပါဒ်တို့သည် ပစ္စယုပ္ပန်။ ။
ရုပ်သည် ပစ္စနိက်။ ။
(၂၀) ဝိပ္ပယုတ္တသည် သဟဇာတဝိပ္ပယုတ် ပုရေဇာတဝိပ္ပယုတ် ပစ္ဆာဇာတဝိပ္ပယုတ် သုံးပါးတည်း။
ထိုသုံးပါးတို့တွင် --
သဟဇာတဝိပ္ပယုတ်၌ သရုပ်တို့သည် ။ပ။ ပဉ္စဝေါကာရဘုံ၌ ဖြစ်ခိုက် ဖြစ်နေ ရူပသမုဋ္ဌာနိကစိတ္တုပ္ပါဒ်၊ ပဉ္စဝေါကာရပဋိသန္ဓေ နာမက္ခန္ဓာဟဒယဝတ္ထုတို့သည် ပစ္စည်း။ ။
စိတ္တဇရုပ်၊ ပဋိသန္ဓေ ကမ္မဇရုပ်၊ ပဉ္စဝေါကာရပဋိသန္ဓေ နာမက္ခန္ဓာဟဒယဝတ္ထု တို့သည် ပစ္စယုပ္ပန်။ ။
ပဉ္စဝေါကာရ ပဝတ္တိ စိတ္တုပ္ပါဒ်၊ အရူပဘုံ၌ ပဋိသန္ဓေ ပဝတ္တိစိတ္တုပ္ပါဒ်၊ ဗာဟိရ-ရုပ် ။ပ။ ပဝတ္တိကမ္မဇရုပ်တို့သည် ပစ္စနိက်။
ပုရေဇာတဝိပ္ပယုတ်သည် ဝတ္ထုပုရေဇာတနှင့် တူ၏။
ပစ္ဆာဇာတဝိပ္ပယုတ်သည် ပစ္ဆာဇာတနှင့် တူ၏။
(၂၁) အတ္ထိသည် သဟဇာတတ္ထိ ပုရေဇာတတ္ထိ ပစ္ဆာဇာတတ္တိ ရုပ်အာဟာရတ္တိ ရူပဇီဝိတိန္ဒြိယတ္ထိ ငါးပါးတည်း။ ထိုအတ္ထိငါးပါးတို့သည် အစဉ် အတိုင်း သဟဇာတ ပုရေဇာတ ပစ္ဆာဇာတ ရုပ်အာဟာရ ရူပဇီဝိတိန္ဒြိယတို့နှင့် တူကုန်၏။
(၂၂) နတ္ထိ
(၂၃) ဝိဂတ တို့သည် အနန္တရနှင့် တူကုန်၏။
(၂၄) အဝိဂတသည် အတ္ထိနှင့် တူ၏။
သုံးချက်စု ကျဉ်း ပြီး၏။
လေးချက်စု သရုပ်ခွဲ
လေးချက်စု စက်လှည့်ပုံ
ဤသုံးချက်စု ကျေပွန်ခြင်း အကျိုးငှါ မောဟမူဒွေ၌ မောဟသည် ဟေတုပစ္စည်း သာဖြစ်၍ ဟေတု ပစ္စယုပ္ပန်မဖြစ်။ ။
ဟိတ်ခြောက်ပါးကြဉ်သော သဟိတ်စိတ္တုပ္ပါဒ် သဟိတ်စိတ္တဇရုပ် သဟိတ်ပဋိသန္ဓေ ကမ္မဇရုပ်တို့သည် ဟေတုပစ္စယုပ္ပန်သာဖြစ်၍ ဟေတုပစ္စည်း မဖြစ်ကုန်။ ။
မောဟမူဒွေ၌ မောဟကြဉ်သော ဟိတ်ခြောက်ပါးတို့သည် ဟေတုပစ္စည်းလည်းဖြစ် ဟေတုပစ္စယုပ္ပန်လည်း ဖြစ်ကုန်၏။ ။
အဟိတ်စိတ္တုပ္ပါဒ် အဟိတ်စိတ္တဇရုပ် အဟိတ်ပဋိသန္ဓေကမ္မဇရုပ် ဗာဟိရရုပ် အာဟာရဇရုပ် ဥတုဇရုပ် အသညသတ်ကမ္မဇရုပ် ပဝတ္တိကမ္မဇရုပ်တို့သည် ဟေတုပစ္စည်းလည်း မဖြစ်၊ ဟေတုပစ္စယုပ္ပန်လည်း မဖြစ်ကုန်။
ဤသို့ စသည်ဖြင့် အဝိဂတပစ္စည်း တိုင်အောင် လေးချက်စုကို ကြံစည် ခွဲစိတ်ရမည်။
သုံးချက်စု ကျေပွန်လျှင် ပဋ္ဌာန်းပါဠိတော်မှာ အလွန် ကျေးဇူးများသည်။ သို့မှလည်း “အနန္တရနိရုဒ္ဓါ စိတ္တစေတသိကာ ဓမ္မာ” အစရှိသော ဤသင်္ဂြိုဟ် နိဒ္ဒေသ၌ နားကျနိုင် ချေမည်။ သို့မှလည်း သဒ္ဒအရာ နေရာတကျ ဓာတ်ရ ပစ္စည်းရ အကြောင်း အကျိုး ဉာသ်ကောက်မျိုးတို့ကို ထိုးထွင်း၍ သိမြင်နိုင်ချေမည်။
၂၄-ပစ္စည်းကို ပစ္စည်းကြီး ၄-မျိုး ပစ္စည်းကြီး၈-မျိုးတို့၌ သွင်းယူပြပုံ
(ဋီကာကျော်ဆရာနည်း-ပစ္စည်းကြီး ၄-မျိုး၌ သွင်းယူပုံ)
ပစ္စည်းကြီး လေးမျိုး၌ အကျုံးဝင်ပုံ
“အာရမ္မဏူပနိဿယ, ကမ္မတ္ထိပစ္စယေသု စ သဗ္ဗေပိ ပစ္စယာ သမောဓာနံ ဂစ္ဆန္တိ” ဟူရာဝယ် အဓိပ္ပါယ်ကား -- ခပ်သိမ်းသော ပရမတ် ပညတ်တရား ဟူသမျှသည် စိတ် စေတသိက်တို့၏ အာရုံချည်းတည်း။
သကသကပစ္စယုပ္ပန်၏ မှီရာ ဥပနိဿယ သဘောချည်းတည်း။
ကံသာလျှင် အကြောင်းရင်း ရှိကြသောကြောင့် အကြောင်းကံ၏အမည်ကို အကျိုး၌ တင်စား၍ ကာရဏုပစာအားဖြင့် ကမ္မသဘောချည်းတည်း။
ပရမတ္ထ သမ္မုတိ အစွမ်းအားဖြင့် ထင်ရှားရှိသောကြောင့် အတ္ထိသဘော ချည်းတည်း။
ထို့ကြောင့် အလုံးစုံသောပစ္စည်းတို့သည် အာရမ္မဏ ဥပနိဿယ ကမ္မ အတ္ထိ ပစ္စည်းလေးပါးတို့၌ ဝင်ကုန်၏ဟူလို။
(ဋီကာကျော်၊ နှာ ၂၅၂-အဆို။)
ရှေးဆရာကြီးများနည်း - ပစ္စည်းကြီး ၈-အမျိုး၌ သွင်းယူပုံ
(၁) အာရမ္မဏမျိုး ၈-ပါး
ရှေး ဆရာကြီးတို့ကား -
၁။ အာရမ္မဏာဓိပတိ
၂။ ဝတ္ထာရမ္မဏပုရေဇာတနိဿယ
၃။ အာရမ္မဏူပနိဿယ
၄။ အာရမ္မဏပုရေဇာတ
၅။ ဝတ္ထာရမ္မဏပုရေဇာတဝိပ္ပယုတ်
၆။ အာရမ္မဏပုရေဇာတတ္ထိ
၇။ အာရမ္မဏပုရေဇာတအဝိဂတ၊
ဤ ခုနစ်ပစ္စည်းတို့သည် အာရမ္မဏ ပစ္စည်း၌ ဝင်ကုန်၏။ ဤကား အာရမ္မဏမျိုး ရှစ်ပါးတည်း။
(၂) ဥပနိဿယမျိုး ၇-ပါး
၁။ အနန္တရ
၂။ သမနန္တရ
၃။ အာသေဝန
၄။ မဂ္ဂါနန္တရ ဖိုလ်လေးခုအားတပ်သော နာနာက္ခဏိကကမ္မ
၅။ နတ္ထိ
၆။ ဝိဂတ -
ဤခြောက်ပစ္စည်းတို့သည် အနန္တရူပနိဿယ၌ ဝင်ကုန်၏။ ဝိပါက်ဆတ္တိံသ အားတပ်သော ဗလဝနာနာက္ခဏိကကမ္မသည် ပကတူပနိဿယ၌ ဝင်ကုန်၏၊ ဤကား ဥပနိဿယမျိုး ခုနစ်ပါးတည်း။
(၃) နာနာက္ခဏိက ကမ္မမျိုး ၁-ပါး
ကာမဝိပါက်အားတပ်သော ဒုဗ္ဗလကမ္မ၊ ကဋတ္တာရုပ် အားတပ်သော ဗလဝကမ္မ ဒုဗ္ဗလကမ္မ၊ ဤကား နာနာက္ခဏိက ကမ္မမျိုး တပါးတည်း။
(၄) သဟဇာတတ္ထိမျိုး ၁၅-ပါး
၁။ ဟေတု,
၂။ သဟဇာတာဓိပတိ,
၃။ သဟဇာတ,
၄။ အညမည,
၅။ သဟဇာတနိဿယ,
၆။ သဟဇာတကမ္မ,
၇။ ဝိပါက,
၈။ နာမ်အာဟာရ,
၉။ သဟဇာတိန္ဒြိယ,
၁၀။ ဈာန,
၁၁။ မဂ္ဂ,
၁၂။ သမ္ပယုတ္တ,
၁၃။ သဟဇာတဝိပ္ပယုတ္တ,
၁၄။ သဟဇာတ အဝိဂတ -
ဤတဆဲ့လေးပစ္စည်းတို့သည် သဟဇာတတ္ထိ၌ ဝင်ကုန်၏။ ဤကား သဟဇာတတ္ထိမျိုး တဆဲ့ငါးပါး တည်း။
(၅) ဝတ္ထုပုရေဇာတတ္ထိမျိုး ၆-ပါး
၁။ ဝတ္ထုပုရေဇာတနိဿယ
၂။ ဝတ္ထုပုရေဇာတ
၃။ ပုရေဇာတိန္ဒြိယ
၄။ ပုရေဇာတ ဝိပ္ပယုတ်
၅။ ပုရေဇာတအဝိဂတ၊
ဤ ငါးပစ္စည်းတို့သည် ဝတ္ထုပုရေဇာတတ္ထိ၌ ဝင်ကုန်၏။ ဤကား ဝတ္ထုပုရေဇာတတ္ထိ မျိုးခြောက်ပါးတည်း။
(၆) ပစ္ဆာဇာတတ္ထိမျိုး ၄-ပါး
၁။ ပစ္ဆာဇာတ
၂။ ပစ္ဆာဇာတဝိပ္ပယုတ်
၃။ ပစ္ဆာဇာတအဝိဂတ၊
ဤ သုံးပစ္စည်းတို့သည် ပစ္ဆာဇာတတ္ထိ၌ ဝင်ကုန်၏။ ဤကား ပစ္ဆာဇာတတ္ထိမျိုး လေးပါးတည်း။
(၇) ရုပ်အာဟာရတ္ထိမျိုး ၃-ပါး
၁။ ရုပ်အာဟာရ
၂။ ရူပါဟာရအဝိဂတ၊
ဤ နှစ်ပစ္စည်းတို့သည် ရုပ်အာဟာရတ္ထိ၌ ဝင်ကုန်၏။ ဤကား ရုပ်အာဟာရတ္ထိမျိုး သုံးပါးတည်း။
(၈) ရူပဇီဝိန္ဒြိယတ္တိမျိုး ၃-ပါး
၁။ ရုပ်ဇီဝိတိန္ဒြေ
၂။ ရူပဇီဝိတိန္ဒြိယအဝိဂတ၊
ဤ နှစ်ပစ္စည်းတို့သည် ရူပဇီဝိတိန္ဒြိယတ္ထိ၌ ဝင်ကုန်၏။ ဤကား ရူပဇီဝိတိန္ဒြိယတ္ထိမျိုး သုံးပါးတည်း။
ဤသို့လျှင် အကျယ်အားဖြင့် နှစ်ဆဲ့လေးပါးသော ပစ္စည်းတို့သည် မကျဉ်း မကျယ် အားဖြင့် ရှစ်ပါး၊ အကျဉ်းအားဖြင့် လေးပါးဖြစ်ကုန်၏။ ဤသို့ ပြောဆိုရိုး ပြုကြကုန်၏။ ယင်းစကားသည် “ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော, သဟဇာတပစ္စယေန ပစ္စယော, ဥပနိဿယပစ္စယေန ပစ္စယော” အစရှိသော ပဋ္ဌာန်း ပစ္စယုဒ္ဓါရပါဠိ အဋ္ဌကထာတို့နှင့် သင့်တင့်ညီလျော်လှပေသည်။
ရှေးဆရာကြီးတို့ ဉာဏ်ကြီးပေစွ၊ ဋီကာကျော် စင်လျက် လမ်းယောင် လမ်းမှား ဖွင့်ပြ ထားသည်ကို မမှားမစောင်း သတိကောင်းသဖြင့် လမ်းကောင်း လမ်းမှန်ကို သိတတ် ပေစွ၊ ဆရာမြတ်တို့၏ ကျေးဇူးပုံသည် သိနေရုံအလားသို့ ကြီးမားပေစွ။
အာဒိံ ကတွာနု'ပဇ္ဈာယံ၊
မေရုဿမဂုဏာကရံ။
သိရသာ'ဟံ နမဿာမိ၊
ပုဗ္ဗာ'စေရပရံပရံ။
အဟံ၊ ငါသည်။
မေရုဿမဂုဏာကရံ၊ မြင်းမိုရ်တောင်နှင့်တူသော ဂုဏ်ကျေးဇူး၏ တည်ရာဖြစ်သော။
ဥပဇ္ဈာယံ၊ ထက်ကြပ်မကွာ ကြည့်ရှုသည့်ဆရာကို။
အာဒိံ ကတွာန၊ အစပြု၍။
ပုဗ္ဗာစေရပရံပရံ၊ ရှေးဆရာအဆက်ဆက်ကို။
သိရသာ၊ ဦးခေါင်းဖြင့်။
နမဿာမိ၊ ရှိခိုးပါ၏။
ပစ္စည်းသွင်းပုံကား အဋ္ဌကထာကြီးနှင့် စဉ်းငယ် ထူး၏။ ဝတ္ထာရမ္မဏ ပစ္စည်းဟူ၍ လည်း အဋ္ဌကထာကြီး၌ မလာ။ ဤဋီကာကျော်ရှင်ကား ပစ္စယုဒ္ဓါရဝါရကို သတိရတော် မူဟန် မရှိ။ မဏိမဉ္ဇူလည်း အမြွက်မျှ မဖွင့်ခဲ့။
တနည်းလည်း သုံးချက်စု ကျေပွန်အောင် အဋ္ဌကထာနည်းဖြင့် ပစ္စည်းတို့ကို သရုပ် ခွဲရမည်၊ ခွဲဟန်ကား --
ဓမ္မာတော ပစ္စယုပ္ပန္နာ၊
ပစ္စနီကဝသေန စ။
ကာလတော နာနပ္ပကာရာ၊
ပဉ္စဓာ နိစ္ဆယော မတော။
တတ္ထ ကာလတောတိ --
ပစ္စုပ္ပန္နာဝ တိပဉ္စ၊
အတီတာ ပဉ္စ တေသွိကော။
တတော တေကာလိကာ ကာလ၊
မုတ္တာ စာတိ စတုဗ္ဗိဓာ။
နာနပ္ပကာရာတိ --
ဧကနေ'ကာ စ နေ'ကေကာ၊
ဧကပစ္စယနေကတော။
သဘာဂါ'သဘာဂါ ယုဂါ၊
ဇနကာ သဗ္ဗဌာနိကာ။
နာမံ နာမဿ ဣစ္ဆာဒိ၊
ဝိကပ္ပါ ဘဝအာဒိတော။
ဣစ္စေဝံ ဒသဓာ ဉေယျော၊
နာနပ္ပကာရနိစ္ဆယော။
ဧတ္ထ စ သဘာဂါတိ --
ဂေါစရံ သဟဇံ ဥပံ၊
ဝတ္ထုပူရေဇပစ္ဆိမံ။
နာနာက္ခဏံ ရူပါဟာရံ၊
ရူပဇီဝိတမဋ္ဌဓာ။
ယုဂါတိ ယုဂဠာ အတ္ထ၊
သဒ္ဒသာရိက္ခတာယ စ။
ကာလ ́ညောညပဋိပက္ခာ၊
ဟေတုပ္ဖလေန ပဉ္စဓာ။
ဇနကာ သတ္တဓာ ဟောန္တိ၊
ဧကောဝ ဥပထမ္ဘကော။
သေသာ ဋ္ဌာရသ ဝိညေယျာ၊
ဇနကာစု ́ပထမ္ဘကာ။
သဗ္ဗဌာနိကာ စတုရော၊
သေသာ အသဗ္ဗဌာနိကာ။
နာမံ နာမဿ ဣစ္ဆာဒိဝိကပ္ပါတိ --
ဆဓာ နာမန္တု နာမဿ၊
ပဉ္စဓာ နာမရူပိနံ။
ဧကဓာ ပုန ရူပဿ၊
ရူပံ နာမဿ စေကဓာ။
ပညတ္တိနာမရူပါနိ၊
နာမဿ ဒုဝိဓာ ဒွယံ။
ဒွယဿ နဝဓာ စေတိ၊
ဆဗ္ဗိဓာ ပစ္စယာ မတာ။
(ကိုးဂါထာပါဌ်။)
အဆုံးအဖြတ် ၅-မျိုး
ဓမ္မတော၊ ပစ္စည်းတရားကိုယ်အားဖြင့်၎င်း။
ပစ္စယုပ္ပန္နာ၊ ပစ္စည်း၏ အကျိုးအားဖြင့်၎င်း။
ပစ္စနီကဝသေန စ၊ ပစ္စည်း၏ ဆန့်ကျင်ဘက်အားဖြင့်၎င်း။
ကာလတော၊ ကာလအားဖြင့်၎င်း။
နာနပ္ပကာရာ၊ ထူးလည်ထွေပြား များသော အဆုံးအဖြတ်အားဖြင့်၎င်း။
ဣတိ၊ ဤသို့။
ပဉ္စ၊ ငါးပါးအပြားအားဖြင့်။
နိစ္ဆယော၊ အဆုံးအဖြတ်ကို။
မတော၊ သိအပ်၏။
(ဓမ္မ ပစ္စယုပ္ပန္တ ပစ္စနီက - သုံးပါးတို့သည် အောက်သုံးချက် စုကျဉ်း၌ ပါလေပြီ)။
ကာလအားဖြင့် ဝေဖန်ဆုံးဖြတ်ခြင်း
တတ္ထ၊ ထိုငါးပါးတို့တွင်။
ကာလတောတိ၊ ကာလအားဖြင့် ဟူသည်ကား -
ဧကကာလိက
တိပဉ္စ၊ ဟေတုစသား တဆယ့်ငါးပစ္စည်းတို့သည်။
ပစ္စုပ္ပန္နာဝ၊ ပစ္စုပ္ပန်ကာလနှင့် ယှဉ်ကုန်၏။
ပဉ္စ၊ အနန္တရ သမနန္တရ အာသေဝန နတ္ထိ ဝိဂတ ငါးပစ္စည်းတို့သည်။
အတီတာ၊ အတိတ်ကာလနှင့်သာ ယှဉ်ကုန်၏။
ဒွိကာလိက
ဧကော၊ ကမ္မပစ္စည်း တပါးသည်။
တေသု၊ ထိုပစ္စုပ် တီတ ကာလနှစ်ပါးတို့၌။
ဘဝေ၊ ဖြစ်၏။
တိကာလိကနှင့် ကာလဝိမုတ်
တယော၊ အာရမ္မဏ အဓိပတိ ဥပနိဿယ သုံးပါးတို့သည်။
တေကာလိကာ စ၊ သင်္ခတ ဖြစ်၍ အချို့ ကာလသုံးပါးနှင့် ယှဉ်ကုန်၏။
ကာလမုတ္တာ စ၊ နိဗ္ဗာန် ပညတ် ဟူသော အသင်္ခတဖြစ်၍ အချို့လည်း ကာလသုံးပါးမှ လွတ်ကုန်၏။
ဣတိ၊ ဤသို့။
ပစ္စယာ၊ ပစ္စည်းတို့သည်။
စတုဗ္ဗိဓာ၊ ကာလအားဖြင့် လေးပါးအပြား ရှိကုန်၏။
နာနပ္ပာရအားဖြင့် ဝေဖန် ဆုံးဖြတ်ခြင်း
နာနပ္ပကာရာတိ၊ ထူးလည် ထွေပြား များသော အဆုံးအဖြတ်အားဖြင့် ဟူသည်ကား —
ဧကနေကာ စ၊ လောဘ စသော တရားတခု၏ ဟေတု အာရမ္မဏ စသော ပစ္စည်း အများဖြစ်သောအားဖြင့်၎င်း။
နေကေကာ၊ ဟိတ်ခြောက်ပါး စသော တရားအများ၏ ဟေတု စသော တစ်ပစ္စည်း ဖြစ်သောအားဖြင့်၎င်း။
ဧကပစ္စယနေကတော၊ ဟိတ်ခြောက်ပါးစသော ပစ္စည်းတခု၏ ဟေတုသတ္တိစသော မိမိ သဘောကို မစွန့်မူ၍ အဓိပတိ သဟဇာတ အညမည နိဿယ စသော ပစ္စည်း အများ ဖြစ်သောအားဖြင့်၎င်း။
သဘာဂါ၊ သဘောတူပစ္စည်းအားဖြင့်၎င်း၊
အသဘာဂါ၊ ပုရေဇာတနှင့် ပစ္ဆဇာတ သမ္ပယုတ္တနှင့်ဝိပ္ပယုတ္တ အတ္ထိနှင့်နတ္ထိ ဝိဂတနှင့် အဝိဂတ ဟူသော ပစ္စယဝိသဘာဂအားဖြင့်၎င်း။
ယုဂါ၊ အစုံအားဖြင့်၎င်း။
ဇနကာ၊ ဇနက ဥပတ္ထမ္ဘက ဇနကောပတ္ထမ္ဘက အားဖြင့်၎င်း။
သဗ္ဗဌာနိကာ၊ သဗ္ဗဌာနိက အသဗ္ဗဌာနိကအားဖြင့်၎င်း။
နာမံ၊ နာမ်သည်။
နာမဿ၊ နာမ်ချင်းချင်းအား။
ပစ္စယော၊ ကျေးဇူးပြု၏။
ဣစ္ဆာဒိဝိကပ္ပါ၊ ဤသို့စသည် ခြောက်မည်ဝေဖန် အထူးကြံသောအားဖြင့်၎င်း။
ဘဝအာဒိတော၊ ဧကဝေါကာရ စတုဝေါကာရ ပဉ္စဝေါကာရ ဘဝ စသော အားဖြင့်၎င်း၊
ဝါ၊ ကာမ ရူပ အရူပ လောကုတ္တရာဘူမိဝိမုတ် စသော အားဖြင့်၎င်း။
(အာဒိသဒ္ဒါဖြင့် ကုသိုလ် အကုသိုလ် ဝိပါက် ကြိယာ ရုပ် နိဗ္ဗာန် ပညတ် ဟူသော ဇာတိဘေဒခုနစ်ပါး၊ ရူပါရုံ ။ပ။ ဓမ္မာရုံဟူသော ကောဋ္ဌာသဘေဒ ခြောက်ပါးတို့ကို ယူ။)
ဣစ္စေဝံ၊ ဤသို့။
ဒသဓာ၊ ဆယ်ပါးအပြားအားဖြင့်။
နာနပ္ပကာရနိစ္ဆယော၊ ထူးလည်ထွေပြား များသော အဆုံးအဖြတ်ကို။
ဉေယျော၊ သိအပ်၏။
စ၊ တဆင့်တက်၍ ဆက်ဦးအံ့။
ဧတ္ထ၊ ဤဆယ်ပါးတို့တွင် --
သဘာဂပစ္စည်းအစု ၈-ခု
သဘာဂါတိ၊ သဘောတူပစ္စည်းအားဖြင့် ဟူသည်ကား--
ဂေါစရံ၊ အာရမ္မဏမျိုး ရှစ်ပါး၎င်း။
သဟဇံ၊ သဟဇာတမျိုး တဆယ့်ငါးပါး၎င်း။
ဥပံ၊ အနန္တရူ, ပကတူဟူသော ဥပနိဿယမျိုး ခုနစ်ပါး၎င်း။
ဝတ္ထုပုရေဇံ၊ ဝတ္ထုပုရေဇာတမျိုး ခြောက်ပါး၎င်း။
ပစ္ဆိမံ၊ ပစ္ဆာဇာတမျိုး လေးပါး၎င်း။
နာနာက္ခဏံ၊ နာနာက္ခဏိကကမ္မမျိုး တပါး၎င်း။
ရူပါဟာရံ၊ ရုပ်အာဟာရမျိုး သုံးပါး၎င်း။
ရူပဇီဝိတံ၊ ရူပဇီဝိတိန္ဒြိယမျိုး သုံးပါး၎င်း။
ဣတိ၊ ဤသို့။
ပစ္စယာတံ၊ ဇာတ်သဘောတူ ပစ္စည်းမျိုးသည်။
အဋ္ဌဓာ၊ မကျဉ်းမကျယ်အားဖြင့် ရှစ်ပါးအပြား ရှိ၏။
အဋ္ဌကထာ၌ကား “အနန္တရ သမနန္တရ အနန္တရူပနိဿယ အာသေဝန နတ္ထိ ဝိဂတာ သဘာဂါ။ တထာ အာရမ္မဏ အာရမ္မဏာဓိပတိ အာရမ္မဏူပနိဿယာတိ ဣမိနာ ဥပါယေနေ’တ္ထ ပစ္စယသဘာဂတောပိ ဝိညာတဗ္ဗော ဝိနိစ္ဆယော”ဟူ၍ အမြွက်မျှသာ လာ၏။ အနက် လွယ်၏။
အစုံအစုံ ‘ယုဂ’ ငါးမျိုး
ယုဂါတိ ဧတ္ထ၊ ယုဂါဟူသော ဤပုဒ်၌။
ယုဂဠာ၊ အစုံတို့သည်။
အတ္ထသဒ္ဒသရိက္ခတာယ စ၊ အနန္တရ သမနန္တရ ဟူသော အနက်တူအစုံ၊ နိဿယ ဥပနိဿယဟူသော သဒ္ဒါတူ အစုံအားဖြင့်၎င်း။
ကာလညောညပဋိပက္ခာ၊ ပုရေဇာတ ပစ္ဆာဇာတဟူသော ကာလ ဆန့်ကျင်ဘက်အစုံ၊ သမ္ပယုတ္တ နှင့် ဝိပ္ပယုတ္တ, အတ္ထိ နှင့် နတ္ထိ, ဝိဂတ နှင့် အဝိဂတဟူသော အညမည ဆန့်ကျင်ဘက် အစုံအားဖြင့်၎င်း။
ဟေတုဖလေန၊ ကမ္မ ဝိပါကဟူသော အကြောင်းအကျိုး အစုံအားဖြင့်၎င်း။
ပဉ္စဓာ၊ ငါးပါး အပြားရှိကုန်၏။
ဇနကပစ္စည်း ၇-မျိုး
ဇနကာ၊ ဇနကပစ္စည်းတို့သည်။
သတ္တဓာ၊ အနန္တရ, သမနန္တရ, အနန္တရူ ပကတူ ဟူသော ဥပနိဿယ, အာသေဝန, နာနာက္ခဏိကကမ္မ, နတ္ထိ, ဝိဂတ အားဖြင့် ခုနစ်ပါးအပြားရှိကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဥပတ္ထမ္ဘကပစ္စည်း ၁-မျိုး
ဥပတ္ထမ္ဘကော၊ ဥပတ္ထမ္ဘကပစ္စည်းသည်။
ဧကောဝ၊ ပစ္ဆာဇာတ တပါးသာတည်း။
ဇနက ဥပတ္ထမ္ဘက နှစ်မျိုးရပစ္စည်း ၁၈
သေသာဋ္ဌာရသ၊ ကြွင်းတဆယ်ရှစ် ပစ္စည်းတို့ကို။
ဇနကာ စ၊ ဇနကတို့ ဟူ၍၎င်း၊
ဥပတ္ထမ္ဘကာ စ၊ ဥပတ္ထမ္ဘကတို့ဟူ၍၎င်း။
ဝိညေယျာ၊ သိအပ်ကုန်၏။
သဗ္ဗဌာနိကပစ္စည်း ၄-မျိုး
သဗ္ဗဌာနိကာ၊ အလုံးစုံသော သင်္ခတတရားတို့၏ အကြောင်း ဖြစ်ကုန်သောပစ္စည်း တို့သည်။
စတုရော၊ သဟဇာတ နိဿယ အတ္ထိ အဝိဂတ အားဖြင့် လေးပါးတို့တည်း။
အသဗ္ဗဌာနိကပစ္စည်းမျိုး ၂၀
သေသာ၊ ကြွင်းနှစ်ဆယ်တို့သည်။
အသဗ္ဗဌာနိကာ၊ သဗ္ဗသင်္ခတဓမ္မတို့၏ ဌာနမဟုတ်ကုန်။
ဝါ၊ တစိတ်သော သင်္ခတတရားတို့၏သာ အကြောင်းဖြစ်ကုန်၏။
ဝိကပ္ပနည်း ၆-မျိုး
နာမံ နာမဿ ဣစ္စာဒိဝိကပ္ပါတိ။ ...ဟူသည်ကား --
နာမ်သည် နာမ်, နာမ်ရုပ်, ရုပ်တို့အား ကျေးဇူးပြုပုံ
နာမံ၊ နာမ်သည်။
နာမဿ၊ နာမ်အား။
ဆဓာ၊ အနန္တရ သမနန္တရ အာသေဝန သမ္ပယုတ္တ နတ္ထိ ဝိဂတ ခြောက်ပစ္စယ သတ္တိအပြားဖြင့်။
ပစ္စယော၊ ကျေးဇူးပြု၏။
နာမရူပီနံ၊ နာမ်ရုပ်တို့အား။
ပဉ္စဓာ၊ ဟေတု ကမ္မ ဝိပါက ဈာန မဂ္ဂ - ငါးပစ္စယ သတ္တိဖြင့်။
ပစ္စယော၊ ကျေးဇူးပြု၏။
ပုန၊ တဖန်။
ရူပဿ၊ ရုပ်အား။
ဧကဓာ၊ ပစ္ဆာဇာတ တပါးဖြင့်။
ပစ္စယော၊ ကျေးဇူးပြု၏။
ရုပ်သည် နာမ်အား ကျေးဇူးပြုပုံ
စ၊ နာမ်ပစ္စည်း တပ်သည်မှတပါး ရုပ်ပစ္စည်း တပ်သည်ကို ဆိုအံ့။
ရူပံ၊ ရုပ်သည်။
နာမဿ၊ နာမ်အား။
ဧကဓာ၊ ပုရေဇာတ တပါးဖြင့်။
ပစ္စယော၊ ကျေးဇူးပြု၏။
ပညတ် နာမ် ရုပ်တို့က နာမ်အား ကျေးဇူးပြုပုံ
ပညတ္တိနာမရူပါနိ၊ ပညတ် နာမ် ရုပ်တို့သည်။
နာမဿ၊ နာမ်အား။
ဒုဝိဓာ၊ အာရမ္မဏ, ဥပနိဿယ နှစ်ပါးဖြင့်။
ပစ္စယာ၊ ကျေးဇူးပြုကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
နာမ်ရုပ်နှစ်ပါးသည် နာမ် ရုပ် ၂-ပါးကို ကျေးဇူးပြုပုံ
ဒွယံ၊ နာမ်ရုပ် နှစ်ပါးသည်။
ဒွယဿ၊ နာမ်ရုပ် နှစ်ပါးအား။
နဝဓာ၊ အဓိပတိ သဟဇာတ အညမည နိဿယ အာဟာရ ဣန္ဒြိယ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတ သတ္တိကိုးပါးဖြင့်။
ပစ္စယော၊ ကျေးဇူးပြု၏။
ဣတိ၊ ဤသို့။
ပစ္စယာ၊ ပစ္စည်းတို့ကို။
ဆဗ္ဗိဓာ၊ ၆-ပါးအပြားရှိကုန်၏ဟူ၍။
မတာ၊ သိအပ်ကုန်၏။
သုံးချက်စု သရုပ်ခွဲ ပြီး၏။
ပစ္စည်းပြိုင် (အကျဉ်း)
တနည်းလည်း -- ပါဠိတော်နည်းဖြင့် ပစ္စည်းတို့၏ သတ္တိပြိုင်ဟန်ကို ဝေဖန် ပေါင်းစုရမည်။ ပေါင်းစုဟန်ကား --
ဆယ့်တစ်ဟေ,ဟာ၊ ခွန်အာ သဟ၊
အည ဝိပါက်၊ မှတ်ချက်တခြား၊
ဆယ့်ငါး ဓိပတိ၊ ခြောက်ရှိ နန်,နန်၊
ဧကန်စွဲမှတ်၊ သမ် နတ် ဝိဖြစ်၊
ဆယ့်နှစ် နိ,မဂ်၊ ဝိပ္ပ စွက်ဖုံး၊
ဆဲ့သုံး ဥယူ၊ ရှစ်ပူ သုံးပ၊
ပဉ္စ အာသေး၊ ဆဲ့လေး ဣန္ဒြိ၊
ကမ် အတ္ထိတည်း၊ အဝိစွက်ပါ၊
ဈာန်မှာ တဆယ်၊ မှတ်ဘို့ ခြယ်သည်။
ပြိုင်ဖွယ်ပစ္စယ သဘာဂ။
ရှေးဦးစွာ ဤကဗျာကို နှုတ်မှာရွရွ ရစေ၍ ဃဋနာသဘာဂ ပစ္စည်းတို့ကို ကျေကျေမွမွ သဘောကျအောင် ကြံစည်ရမည်။
(ဃနာ = အစုအပေါင်း။ သဘာဂ = တူခြင်း။)
ဟေတုဃဋနာ ၂၄-ချက်
ထိုတွင် “ဆဲ့တစ် ဟေဟာ” [၁] အရ အဓိပတိ သဟဇာတ အညမည နိဿယ ဝိပါက ဣန္ဒြိယ မဂ္ဂ သမ္ပယုတ္တ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတ၊ ဤဟေတုသဘာဂ တဆဲ့တပါးတို့ကို စဉ်းစားတိုက်ဆိုင်၍ ဟေတုပစ္စည်းပြိုင်ကို ကြံရမည်၊ သို့မှ သဘောကျနိုင်မည်။
[၁။ ဟေတုပစ္စည်း အဟာရပစ္စည်းတို့နှင့် မျိုးတူ သဘောတူသော ပစ္စည်း ၁၁-ပါး (သဟဇာတမျိုး)။]
အဝိပါကဟေတု ဃဋနာ ၄-ချက်
ဤဟေတုပစ္စည်းအတိုင်း ဖြစ်အံ့ သဟ နိဿယ အတ္ထိ အဝိဂတ၊ ဤလေးပစ္စယ သတ္တိတို့သည် ဟေတုသတ္တိနှင့် ပြိုင်ကုန်၏။ ဤနည်းချည်းဆို။
နာမက္ခန္ဓာ ဟဒယဝတ္ထုအား တပ်သော ဟိတ်ဖြစ်အံ့ အညမညထည့်၍ ငါး။
နာမက္ခန္ဓာအားသာ တပ်သော ဟိတ်ဖြစ်အံ့ အည, သမ္ပ-ထည့်၍ ခြောက်။
ရုပ်အားသာ တပ်သော ဟိတ်ဖြစ်အံ့ ဝိပ္ပ ထည့်၍ ငါး။
ဤကား အဝိပါက လေးချက်။
သဝိပါကဟေတု ဃဋနာ ၅-ချက်
ဟေတုအတိုင်းဝိပါက်ဟိတ် ဖြစ်အံ့ ဝိပါက ထည့်၍ ငါး။
နောက်သုံးချက် အဝိပါကနှင့် နည်းတူ။
ဟဒယဝတ္ထုအား တပ်သော ဟိတ်ဖြစ်အံ့ အည ဝိပ္ပ ထည့်၍ ခုနစ်။
ဤကား သဝိပါက ငါးချက်။
ပေါင်း သာမညဃဋနာ ကိုးချက်။
ဟေတုအတိုင်း အမောဟဖြစ်အံ့ ဣန္ဒြိယ မဂ္ဂ ထည့်၍ ခြောက်။
အဝိပါက လေး၊ သဝိပါက ငါး။
ရှေးနည်းကို မှီ၍ဆို။
ဤကား သဣန္ဒြိယ မဂ္ဂဃဋနာ ကိုးချက်။
ဟေတုအတိုင်း ဝီမံသာဓိပတိ ဖြစ်အံ့ အဓိပတိ ဣန္ဒြိယ မဂ္ဂ ထည့်၍ ခုနစ်။
နောက် နှစ်ချက် ဝတ္ထု မပါ။
ရှေး အဝိပါကနည်းဆို။
သဝိပါက သုံးချက်လည်း ဖိုလ်လေးခုကို ဆို။
ဤကား သာဓိပတိန္ဒြိယမဂ္ဂဃဋနာ ခြောက်ချက်။
ပေါင်း ဟေတုဃဋနာ နှစ်ဆဲ့လေးချက် ပြီး၏။
အာရမ္မဏဃဋနာ ၅-ချက်
“ခွန် အာ သဟ၊ အည ဝိပါက်” အရ အာရမ္မဏာဓိပတိ စသော အာရမ္မဏသဘာဂ ခုနစ်ပါးတို့ကို စဉ်းစားတိုက်ဆိုင်၍ အာရမ္မဏပစ္စည်းပြိုင်ကို ကြံရမည်။
[အာရမ္မဏ သဟဇာတ အညမည ဝိပါက ပစ္စည်းတို့နှင့် မျိုးတူ သဘောတူ ပစ္စည်း ၇-ပါး (အာရမ္မဏမျိုး)။]
အာရမ္မဏာဓိပတိအတိုင်း ဖြစ်အံ့ အဓိပတိ ဥပနိဿယ နှစ်။
အာရမ္မဏ ပုရေဇာတအတိုင်း ဖြစ်အံ့ ပုရေဇာတ အတ္ထိ အဝိဂတ သုံး။
ဝတ္ထာရမ္မဏ ပုရေဇာတနိဿယအတိုင်း ဖြစ်အံ့ နိဿယ ဝိပ္ပ ထည့်၍-ငါး။
အဓိပတိတပ်သော အာရမ္မဏပုရေဇာတ ဖြစ်အံ့ အဓိပတိ, ဥပနိဿယ ထည့်၍ ငါး။
အဓိပတိတပ်သော ဝတ္ထာရမ္မဏပုရေဇာတနိဿယ ဖြစ်အံ့ အဓိပတိ နိဿယ ဥပ ဝိပ္ပ ထည့်၍-ခုနစ်။
ပေါင်း အာရမ္မဏဃဋနာ ငါးချက် ပြီး၏။
အဓိပတိဃဋနာ ၃၀-ချက်
“ဆဲ့ငါး အဓိပတိ”အရ ဟေတု အာရမ္မဏ သဟ အည နိဿယ ဥပ ပုရေ ဝိပါက အာဟာရ ဣန္ဒြိယ မဂ္ဂ သမ္မ ဝိပ္ပ အတ္ထိ အပိ၊ ဤ အဓိပတိသဘာဂ တဆဲ့ငါးတို့ကို စဉ်းစားတိုက်ဆိုင်၍ အဓိပတိပစ္စည်းပြိုင်ကို ကြံရမည်။
(အဓိပတိနှင့် မျိုးတူ သဘောတူ ပစ္စည်း ၁၅-ပါး(အာရမ္မဏမျိုး၊ သဟဇာတမျိုး)။)
သဟဇာတာဓိပတိ၊ နိပ္ဖန္နာရမ္မဏာဓိပတိ ဖြစ်အံ့ အတ္ထိ အဝိ၊ နှစ်။
သဟဇာတာဓိပတိ ဝတ္ထာရမ္မဏာဓိပတိ ဖြစ်အံ့ နိဿယ ထည့်၍-သုံး။
ရုပ်အားတပ်သော သဟဇာတာဓိပတိ ဝတ္ထာရမ္မဏာဓိပတိ ဖြစ်အံ့ နိဿယ, ဝိပ္ပ ထည့်၍-လေး။
ဤကား မိဿကသုံးချက်။
အာရမ္မဏာဓိပတိအတိုင်း ဖြစ်အံ့ အာရမ္မဏ ဥပနိဿယ နှစ်။
နိပ္ဖန္နာရမ္မဏာဓိပတိ ဖြစ်အံ့ ပုရေ အတ္ထိ အဝိ ထည့်၍-ငါး။
ဝတ္ထာရမ္မဏာဓိပတိ ဖြစ်အံ့ နိဿယ ပုရေ ဝိပ္ပ အတ္ထိ အဝိ ထည့်၍-ခုနစ်။
ဤကား ပကိဏ်း သုံးချက်။
ဆန္ဒာဓိပတိအတိုင်း ဖြစ်အံ့ သဟ နိဿယ အတ္ထိ အဝိ၊ လေး။
နာမ်အားတပ်သော ဆန္ဒာဓိပတိ ဖြစ်အံ့ အည သမ္ပ ထည့်၍-ခြောက်။
ရုပ်အားတပ်သော ဆန္ဒာဓိပတိ ဖြစ်အံ့ ဝိပ္ပ ထည့်၍-ငါး။
ဤကား အဝိပါက သုံးချက်။
သဝိပါကသုံးချက်လည်း ဖိုလ်၌ရှိသောဆန္ဒကို ဆို။
ဤကား ဆန္ဒာဓိပတိဃဋနာ ခြောက်ချက်။
ဝီရိယာဓိပတိအတိုင်း ဖြစ်အံ့ သဟ နိဿယ ဣန္ဒြိယ မဂ္ဂ အတ္ထိ အဝိ၊ ခြောက်။
အကြွင်း ဆန္ဒနည်းတူ။
ဝီရိယာဓိပတိဃဋနာ ခြောက်ချက်။
စိတ္တာဓိပတိအတိုင်း ဖြစ်အံ့ သဟ နိဿယ အာဟာရ ဣန္ဒြိယ အတ္ထိ အဝိ၊ ခြောက်။
အကြွင်း ဆန္ဒနည်းတူ။
စိတ္တာဓိပတိဃဋနာ ခြောက်ချက်။
ဝီမံသာဓိပတိအတိုင်း ဖြစ်အံ့ ဟေတု သဟ နိဿယ ဣန္ဒြိယ မဂ္ဂ အတ္ထိ အဝိ၊ ခုနစ်။
အကြွင်း ဆန္ဒနည်းတူ။
ဝီမံသာဓိပတိဃဋနာ ခြောက်ချက်။
ပေါင်း အဓိပတိဃဋနာ သုံးဆယ် ပြီး၏။
အနန္တရနှင့် သမနန္တရဃဋနာ ၃-ချက်စီ
“ခြောက်ရှိ နန်, နန်၊ ဧကန်စွဲမှတ်၊ သမ် နတ် ဝိဖြစ် [၁] အရ သမနန္တရ ဥပ အာသေဝန ကမ္မ နတ္ထိ ဝိဂတ၊ ဤအနန္တရသဘာဂ ခြောက်ပါးတို့ကို စဉ်းစားတိုက်ဆိုင်၍ အနန္တရပစ္စည်းပြိုင် သမနန္တရပစ္စည်းပြိုင်တို့ကို ကြံရမည်။
ဤအနန္တရအတိုင်း ဖြစ်အံ့ သမနန္တရ ဥပ နတ္ထိ ဝိဂတ၊ လေး။
အာသေ၀နအတိုင်း ဖြစ်အံ့ အာသေဝန ထည့်၍-ငါး။
မဂ္ဂါနန္တရဖိုလ်အား တပ်သော မဂ်စေတနာ ဖြစ်အံ့ ကမ္မ ထည့်၍-ငါး။
အနန္တရဃဋနာသုံးချက် ပြီး၏။
သမနန္တရလည်း နည်းတူ။
သဟဇာတဃဋနာ ၁၀-ချက်
“ခွန် အာ, သဟ၊ အည ဝိပါက်” [၂] အရ အည နိဿယ ဝိပါက သမ္ပ ဝိပ္ပ အတ္ထိ အဝိ၊ ဤ သဟဇာတ သဘာဂ ခုနစ်ပါးတို့ကို စဉ်းစားတိုက်ဆိုင်၍ သဟဇာတ ပစ္စည်းပြိုင် ကို ကြံရမည်။
ဤသဟဇာတအတိုင်း ဖြစ်အံ့ နိဿယ အတ္ထိ အဝိ၊ သုံး။
အညမညအတိုင်း ဖြစ်အံ့ အည ထည့်၍-လေး။
သမ္ပယုတ္တ အတိုင်း ဖြစ်အံ့ အည သမ္ပ ထည့်၍-ငါး။
သဟဇာတ-ဝိပ္ပယုတ်အတိုင်း ဖြစ်အံ့ ဝိပ္ပ ထည့်၍ - လေး။
ပဋိသန္ဓေနာမက္ခန္ဓာ ဟဒယဝတ္ထု ဖြစ်အံ့ အည, ဝိပ္ပ ထည့်၍-ငါး။
ဤကား အဝိပါက ငါးချက်။
[၁။ အနန္တရ သမနန္တရ သမ္ပယုတ္တ နတ္ထိ ဝိဂတတို့နှင့် မျိုးတူ သဘောတူ ပစ္စည်း ၆-ပါး (အနန္တရမျိုး။]
[၂။ အာရမ္မဏ, သဟဇာတ အညမည ဝိပါကတို့နှင့် မျိုးတူ သဘောတူ ပစ္စည်း ၇-ပါး (သဟဇာတမျိုး)။]
သဝိပါကငါးချက်လည်း နည်းတူ။ ဝိပါက်ရအောင် ဆို။
သဟဇာတဃဋနာ ဆယ်ချက် ပြီး၏။
အညမညဃဋနာ ၆-ချက်
အညမညသဘာဂကား သဟဇာတနှင့် တူ၏။
ဤ အညမညအတိုင်း ဖြစ်အံ့ သဟ နိဿယ အတ္ထိ အဝိ၊ လေး။
သမ္ပယုတ္တအတိုင်း ဖြစ်အံ့ သမ္ပထည့်၍-ငါး။
ပဋိသန္ဓေနာမက္ခန္ဓာနှင့် ဟဒယ ဝတ္ထု ဖြစ်အံ့ ဝိပ္ပ ထည့်၍-ငါး။
ဤကား အဝိပါက သုံးချက်။
သဝိပါကသုံးချက်ကိုလည်း နည်းမှီ၍ ဆို။
အညမညဃဋနာ ခြောက်ချက် ပြီး၏။
နိဿယဃဋနာ ၂၀-ချက်
“ဆယ့်နှစ် နိ မဂ်” [၁] အရ အာရမ္မဏ အဓိ သဟ အည ဥပ ပုရေ ဝိပါက ဣန္ဒြိယ သမ္ပ ဝိပ္ပ အတ္ထိ အဝိ၊ ဤနိဿယသဘာဂ တဆယ့်နှစ်ပါးတို့ကို စဉ်းစားတိုက်ဆိုင်၍ နိဿယပစ္စည်းပြိုင်ကို ကြံရမည်။
[၁။ နိဿယ မဂ္ဂတို့နှင့် မျိုးတူ သဘောတူ ပစ္စည်း ၁၂-မျိုး။]
ဤနိဿယအတိုင်း ဖြစ်အံ့ အတ္ထိ အဝိ၊ နှစ်။
သဟဇာတ၀တ္ထာရမ္မဏာဓိပတိ ဖြစ်အံ့ အဓိ ထည့်၍-သုံး။
သဟဇာတိန္ဒြိယ၊ ပုရေဇာတိန္ဒြိယအတိုင်း ဖြစ်အံ့ ဣန္ဒြိယ ထည့်၍-သုံး။
သဟဇာတဝိပ္ပယုတ်၊ ပုရေဇာတဝိပ္ပယုတ်အတိုင်း ဖြစ်အံ့ ဝိပ္ပ ထည့်၍-သုံး။
ဝိပ္ပယုတ်ရသော ဒုတိယအချက် (သဟဇာတ ဝတ္ထာရမ္မဏာဓိပတိ) ဖြစ်အံ့ အဓိ ဝိပ္ပ ထည့်၍-လေး။
၎င်းရသော တတိယအချက် (သဟဇာတိန္ဒြိယ ပုရေဇာတိန္ဒြိယ) ဖြစ်အံ့ ဣန္ဒြိယ ဝိပ္ပ ထည့်၍-လေး။
ဤကား မိဿက ခြောက်ချက်။
ပုရေဇာတနိဿယအတိုင်း ဖြစ်အံ့ ပုရေ ဝိပ္ပ အတ္ထိ အဝိ၊ လေး။
ဝတ္ထာရမ္မဏ ဖြစ်အံ့ အာရမ္မဏ ထည့်၍-ငါး။
ဝတ္ထာရမ္မဏာဓိပတိ ဖြစ်အံ့ အာရမ္မဏ အဓိ ဥပ ထည့်၍-ခုနစ်။
ပုရေဇာတိန္ဒြိယအတိုင်း ဖြစ်အံ့ ဣန္ဒြိယ ထည့်၍-ငါး။
ဤကား ပကိဏ်း လေးချက်။
သဟာတနိဿယ ဆယ်ချက်မှာ သဟဇာတ နည်းတူ။
နိဿယဃဋနာ နှစ်ဆယ် ပြီး၏။
ဥပနိဿယ ဃဋနာ-၇ချက်
“ဆယ့်သုံး ဥယူ” [၂] အရ အာရမ္မဏ အဓိ အနန္တရ သမနန္တရ နိဿယ ပုရေ အာသေဝန ကမ္မ ဝိပ္ပ အတ္ထိ နတ္ထိ ဝိဂတ အဝိ၊ ဤဥပနိဿယ သဘာဂ တဆယ့်သုံးပါး တို့ကို စဉ်းစား တိုက်ဆိုင်၍ ဥပနိဿယပစ္စည်းပြိုင်ကို ကြံရမည်။
[၂။ ဥပနိဿယနှင့် မျိုးတူ သဘောတူ ၁၃-ပါး။]
အာရမ္မဏာဓိပတိ နည်းတူ သုံးချက်။
အနန္တရ နည်းတူ သုံးချက်။
ဝိပါက်အားတပ်သော ဗလဝနာနာက္ခဏိက ကမ္မ ဖြစ်အံ့ ကမ္မသတ္တိတပါးသာ ပြိုင်သော ပကတူပနိဿယ ဃဋနာ တချက်။
ပေါင်း ဥပနိဿယဃဋနာ ခုနစ်ချက် ပြီး၏။
ပုရေဇာတဃဋနာ ၇-ချက်
“ရှစ် ပူ” [၁] အရ အာရမ္မဏ အဓိ နိဿယ ဥပ ဣန္ဒြိယ ဝိပ္ပ အတ္ထိ အဝိ၊ ဤပုရေဇာတသဘာဂ ရှစ်ပါးတို့ကို စဉ်းစားတိုက်ဆိုင်၍ ပုရေဇာတပစ္စည်းပြိုင်ကို ကြံရမည်။
[၁။ ပုရေဇာတနှင့် မျိုးတူ သဘောတူ ပစ္စည်း ၈-ပါး။]
ဤပုရေဇာတအတိုင်း ဖြစ်အံ့ အတ္ထိ အဝိ-နှစ်။
ဝတ္ထုပုရေဇာတ အတိုင်း ဖြစ်အံ့ နိဿယ ဝိပ္ပ ထည့်၍-လေး။
အာရမ္မဏပုရေဇာတအတိုင်း ဖြစ်အံ့ အာရမ္မဏ ထည့်၍-သုံး။
ဝတ္ထာရမ္မဏ ဖြစ်အံ့ သုံးပါးလုံး ထည့်၍-ငါး။
နိပ္ဖန္နာရမ္မဏာဓိပတိ ဖြစ်အံ့ အာရမ္မဏ အဓိ ဥပ ထည့်၍-ငါး။
ဝတ္ထာရမ္မဏာဓိပတိ ဖြစ်အံ့ ငါးပါးလုံး ထည့်၍-ခုနစ်။
ပုရေဇာတိန်အတိုင်းဖြစ်အံ့ နိဿယ ဣန္ဒြိယ ဝိပ္ပ ထည့်၍-ငါး။
ပုရေဇာတဃဋနာ ခုနစ်ချက် ပြီး၏။
ပစ္ဆာဇာတ ဃဋနာ ၁-ချက်
“သုံး ပ” [၂] အရ ဤပစ္ဆာဇာတအတိုင်း ဖြစ်၍ ဝိပ္ပ အတ္ထိ အဝိ၊ သတ္တိသုံးပါး ပြိုင်သော ဃဋနာ တချက်သာ။
[၂။ ပစ္ဆာဇာတနှင့် မျိုးတူ သဘောတူ ပစ္စည်း ၃-ပါး။]
အာသေဝန ဃဋနာ ၁-ချက်
“ပဉ္စ အာသေး”အရ ဤ အာသေ၀နအတိုင်း ဖြစ်၍ အနန္တရ သမနန္တရ ဥပ နတ္ထိ ဝိဂတ၊ သတ္တိငါးပါးပြိုင်သော ဃဋနာ တချက်သာ။
ကမ္မ ဃဋနာ ၁၁-ချက်
“ဆယ့်လေး ဣန္ဒြိ၊ ကမ် အတ္ထိတည်း” အရ အနန် သမနန် သဟ အည နိဿယ ဥပ ဝိပါက အာဟာရ သမ္ပ ဝိပ္ပ အတ္ထိ နတ္ထိ ဝိဂတ အဝိဂတ၊ ဤ ကမ္မ သဘာဂ တဆယ့် လေးပါးတို့ကို စဉ်းစား တိုက်ဆိုင်၍ ကမ္မပစ္စည်းပြိုင်ကို ကြံရမည်။
ဝိပါက်အားတပ်သော ဗလဝနာနာက္ခဏိကကမ္မ ဖြစ်အံ့ ဥပနိဿယတပါး။
မဂ္ဂါနန္တရဖိုလ်အား တပ်သော မဂ်စေတနာ ဖြစ်အံ့ အနန် သမနန် ဥပ နတ္ထိ ဝိဂတ၊ ငါး။
ဤကား ပကိဏ်းနှစ်ချက်။
သဟဇာတကမ္မအတိုင်း ဖြစ်အံ့ သဟ နိဿယ အာဟာရ, အတ္ထိ အဝိ၊ ငါး။
ဟေတုကို နည်းမှီ၍ဆို။
အဝိပါက-လေး၊ သဝိပါက-ငါး။
ကမ္မဃဋနာ တဆယ့်တချက် ပြီး၏။
[၁။ ပုရေဇာတနှင့် မျိုးတူ သဘောတူ ပစ္စည်း ၈-ပါး။]
[၂။ ပစ္ဆာဇာတနှင့် မျိုးတူ သဘောတူ ပစ္စည်း ၃-ပါး။]
ဝိပါကသဘာဂ ဃဋနာတို့ကား သဟဇာတ သဝိပါက ငါးချက်အတိုင်းတည်း။
အာဟာရ ဃဋနာ ၃၄-ချက်
“ဆယ့်တစ် ဟေ ဟာ” [၁] အရ အဓိ သဟ အည နိဿယ ကမ္မ ဝိပါက ဣန္ဒြိယ သမ္ပ ဝိပ္ပ အတ္ထိ အဝိ၊ ဤ အာဟာရသဘာဂ တဆယ့်တပါးတို့ကို စဉ်းစားတိုက်ဆိုင်၍ အာဟာရပစ္စည်းပြိုင်ကို ကြံရမည်။
[၁။ ဟေတု အာဟာရတို့နှင့် မျိုးတူသဘောတူ ပစ္စည်း ၁၁-ပါး။]
ဤ အာဟာရအတိုင်း ဖြစ်အံ့ အတ္ထိ အဝိ၊ နှစ်။
ဤကား မိဿက တချက်။
နာမ်အာဟာရ အဝိပါက -လေး။
သဝိပါက-ငါး တို့ကို ဟေတုနည်း ဆို။
ဤကား သာမညဃဋနာ ကိုးချက်။
ထိုအတူ စေတနာဟာရ၌ ကမ္မ ထည့်၍ သကမ္မဃဋနာ ကိုးချက်။
ဝိညာဏာဟာရ၌လည်း ဣန္ဒြိယ ထည့်၍ သဣန္ဒြိယဃဋနာ ကိုးချက်။
စိတ္တာဓိပတိတပ်မူ အဝိပါက-သုံး၊ သဝိပါက-သုံး၊
ပေါင်း သာဓိပတိန္ဒြိယ ဃဋနာ ခြောက်။
အာဟာရဃဋနာ သုံးဆယ့်လေးချက် ပြီး၏။
ဣန္ဒြိယ ဃဋနာ ၇၆-ချက်
“ဆယ့်လေး ဣန္ဒြိ” [၂] အရ ဟေတု အဓိ သဟ အည နိဿယ ပုရေ ဝိပါက အာဟာရ ဈာန မဂ္ဂ သမ္ပ ဝိပ္ပ အတ္ထိ အဝိ၊ ဤ ဣန္ဒြိယ သဘာဂ တဆယ့်လေးပါးတို့ကို စဉ်းစား တိုက်ဆိုင်၍ ဣန္ဒြိယပစ္စည်းပြိုင်ကို ကြံရမည်။
[၂။ ဣန္ဒြိယနှင့် မျိုးတူသဘောတူ ပစ္စည်း ၁၄-ပါး။]
ဤ ဣန္ဒြိယသုံးပါးလုံးအတိုင်း ဖြစ်အံ့ အတ္ထိ အဝိ၊ နှစ်။
သဟဇာတိန်၊ ပုရေဇာတိန်အတိုင်း ဖြစ်အံ့ နိဿယ ထည့်၍-သုံး။
ရုပ်အားတပ်သော သဟဇာတိန်၊ ပုရေဇာတိန်အတိုင်း ဖြစ်အံ့ နိဿယ ဝိပ္ပ ထည့်၍-လေး။
ဤကား မိဿက သုံးချက်။
ပုရေဇာတိန်အတိုင်း ဖြစ်အံ့ နိဿယ ပုရေ ဝိပ္ပ အတ္ထိ အဝိ၊ ငါး။
ဤကား ပကိဏ်းတချက်။
သဟဇာတိန် ရှစ်ပါးလုံး ဖြစ်အံ့ သာမညဃဋနာ ကိုးချက်။
ဝီရိယ သတိ ဧကဂ္ဂတာ ပညာ ဖြစ်အံ့ သမဂ္ဂဃဋနာ ကိုးချက်။
ဝေဒနာ, ဧကဂ္ဂတာ ဖြစ်အံ့ သဈာန ကိုးချက်။
ကဂ္ဂတာ ဖြစ်အံ့ သဈာနမဂ္ဂ ကိုးချက်။
စိတ် ဖြစ်အံ့ သဟာရ ကိုးချက်။
စိတ္တာဓိပတိ ဖြစ်အံ့ သာဓိပတျာဟာရ ခြောက်ချက်။
ဝီရိယာဓိပတိ ဝီမံသာဓိပတိ ဖြစ်အံ့ သာဓိပတိ မဂ္ဂ ခြောက်ချက်။
ပညာ ဖြစ်အံ့ သဟေတုမဂ္ဂ ကိုးချက်။
ဝီမံသာဓိပတိ ဖြစ်အံ့ သဟေတွာဓိပတိ မဂ္ဂဃဋနာ ခြောက်ချက်။
(ဟေတုပစ္စည်းကို နည်းမှီ၍ ချည်းဆို။)
ဣန္ဒြိယဃဋနာ ခုနစ်ဆယ့်ခြောက်ချက် ပြီး၏။
ဈာန ဃဋနာ ၃၆-ချက်
“ဈာန်မှာ တဆယ်” [၁] အရ သဟ အည နိဿယ ဝိပါက ဣန္ဒြိယ မဂ္ဂ သမ္ပ ဝိပ္ပ အတ္ထိ အဝိ၊ ဤ ဈာနသဘာဂ ဆယ်ပါးတို့ကို စဉ်းစား တိုက်ဆိုင်၍ ဈာနပစ္စည်းပြိုင်ကို ကြံရမည်။
[၁။ ဈာနနှင့်မျိုးတူ သဘောတူပစ္စည်း ၁၀-ပါး။]
ဈာနင်ငါးပါးလုံး ဖြစ်အံ့ --
သာမညဃဋနာ ကိုးချက်။
သဣန္ဒြိယဃဋနာ ကိုးချက်။
သမဂ္ဂဃဋနာ ကိုးချက်။
သဣန္ဒြိယမဂ္ဂဃဋနာ ကိုးချက်။
ပေါင်း ဈာနဃဋနာ သုံးဆယ့်ခြောက်ချက် ပြီး၏။
မဂ္ဂ ဃဋနာ ၅၇-ချက်
“ဆယ့်နှစ် နိမဂ်” [၂] အရ ဟေတု အဓိ သဟ အည နိဿယ ဝိပါက ဣန္ဒြိယ ဈာန သမ္ပ ဝိပ္ပ အတ္ထိ အဝိ၊ ဤ မဂ္ဂသဘာဂ တဆယ့်နှစ်ပါး တို့ကို စဉ်းစားတိုက်ဆိုင်၍ မဂ္ဂပစ္စည်းပြိုင်ကို ကြံရမည်။
[၂။ နိဿယ မဂ္ဂတို့နှင့် မျိုးတူ သဘောတူ ပစ္စည်း ၁၂-ပါး။]
သာမညဃဋနှာ ကိုး။
သန္ဒြိယဃဋနာ ကိုး။
သဈာန ကိုး။
သိန္ဒြိယဈာန ကိုး။
သာဓိပတိန္ဒြိယ ခြောက်။
သဟေတိန္ဒြိယ ကိုး။
သဟေတာဓိပတိန္ဒြိယ ခြောက်။
ပေါင်း မဂ္ဂဃဋနာ ငါးဆယ့်ခုနစ်ချက် ပြီး၏။
သမ္ပယုတ္တ ဃဋနာ ၂-ချက်
“ခြောက်ရှိ နန်,နန်၊ ဧကန်စွဲမှတ်၊ သမ် နတ် ဝိဖြစ်” [၃] အရ သဟ အည နိဿယ ဝိပါက အတ္ထိ အဝိ၊ ဤ သမ္ပယုတ္တသဘာဂ ခြောက်ပါးတို့ကို စဉ်းစားတိုက်ဆိုင်၍ သမ္ပယုတ္တ ပစ္စည်းပြိုင်ကို ကြံရမည်။
[၃။ အနန္တရ သမနန္တရ သမ္ပယုတ္တ နတ္ထိ ဝိဂတ အသီးသီးတို့နှင့် မျိုးတူ သဘောတူ ၆-ပါး။]
အဝိပါက တချက်။
သဝိပါက တချက်။
ပေါင်း သမ္ပယုတ္တဃဋနာ နှစ်ချက်။
ဝိပ္ပယုတ္တ ဃဋနာ ၁၃-ချက်
“ဆယ့်နှစ် နိမဂ်၊ ဝိပ္ပ စွက်ဖုံး” [၄] အရ အာရမ္မဏ အဓိ သဟ အည နိဿယ ဥပ ပုရေ ပစ္ဆာ ဝိပါက ဣန္ဒြိယ အတ္ထိ အဝိ၊ ဤဝိပ္ပယုတ္တသဘာဂ တဆယ့်နှစ်ပါးတို့ကို စဉ်းစား တိုက်ဆိုင်၍ ဝိပ္ပယုတ္တပစ္စည်းပြိုင်ကို ကြံရမည်။
[၄။ နိဿယ မဂ္ဂ ဝိပ္ပယုတ္တတို့နှင့် မျိုးတူ သဘောတူ ပစ္စည်း ၁၂-ပါး။]
ဤဝိပ္ပယုတ်သုံးပါး [၁] အတိုင်း ဖြစ်အံ့ အတ္ထိ အဝိ၊ နှစ်။
ရှေ့ဝိပ္ပယုတ် နှစ်ပါးအတိုင်း ဖြစ်အံ့ နိဿယ ထည့်၍-သုံး။
ရုပ်အားတပ်သော သဟဇာတာဓိပတိ၊ ဝတ္ထာရမ္မဏာဓိပတိ ဖြစ်အံ့ အ နိဿယ ထည့်၍ လေး။
ရုပ်အားတပ်သော သဟဇာတိန်, ပုရေဇာတိန် ဖြစ်အံ့ နိဿယ, ဣန္ဒြိယ ထည့်၍-လေး။
ဤကား မိဿက-လေးချက်။
[၁။ သယံဇာတဝိပ္ပယုတ်၊ ပုရေဇာတဝိပ္ပယုတ်၊ ပစ္ဆာဇာတဝိပ္ပယုတ်။]
ပစ္ဆာဇာတဝိပ္ပယုတ် ဖြစ်အံ့ ပစ္ဆာ ထည့်၍-သုံး။
ပုရေဇာတဝိပ္ပယုတ် ဖြစ်အံ့ နိဿယ ပုရေ ထည့်၍-လေး။
ဝတ္ထာရမ္မဏ ဖြစ်အံ့ အာရမ္မဏ နိဿယ ပုရေ ထည့်၍-ငါး။
ဝတ္ထာရမ္မဏာ ဓိပတိ ဖြစ်အံ့ အဓိ ဥပ ထည့် ပြန်၍-ခုနစ်။
ပုရေဇာတိန်အတိုင်း ဖြစ်အံ့ နိဿယ ပုရေ ဣန္ဒြိယထည့်၍ ငါး။
ဤကား ပကိဏ်း ငါးချက်။
သဟဇာတဝိပ္ပယုတ် ဖြစ်အံ့ အဝိပါက နှစ်ချက်။
သဝိပါက နှစ်ချက်။
သဟဇာတ ဆယ်ချက်တွင် စတုတ္ထ ပဉ္စမ နဝမ ဒသမပင်တည်း။
ဝိပ္ပယုတ္တ ဃဋနာ တဆယ့်သုံးချက် ပြီး၏။
အတ္ထိ ဃဋနာ ၂၉-ချက်
“ဆယ့်လေး ဣန္ဒြိ၊ ကမ် အတ္ထိတည်း” [၂] အရ အာရမ္မဏ အဓိ သဟ အည နိဿယ ဥပ ပုရေ ပစ္ဆာ ဝိပါက အာဟာရ ဣန္ဒြိယ သမ္ပ ဝိပ္ပ အဝိ၊ ဤအတ္ထိသဘာဂ တဆယ့် လေးပါးတို့ကို စဉ်းစားတိုက်ဆိုင်၍ အတ္ထိပစ္စည်းပြိုင်ကို ကြံရမည်။
[၂။ ဣန္ဒြိယ ကမ္မ အတ္ထိတို့နှင့် မျိုးတူ သဘောတူ ပစ္စည်း ၁၄-ပါး။]
ဤ အတ္ထိငါးပါးအတိုင်း ဖြစ်အံ့ အဝိဂတ တပါး။
သဟဇာတတ္ထိ၊ ဝတ္ထုပုရေဇာတတ္တိ ဖြစ်အံ့ နိဿယထည့်၍-နှစ်။
အဓိပတိ ပထမ ဒုတိယ။
အာဟာရမိဿက။
ဣန္ဒြိယ ပထမ ဒုတိယ။
ဝိပ္ပယုတ္တ မိဿက-လေး။
ဤကိုးချက်ကိုလည်း အစဉ်အတိုင်း ဆို။
ဤကား မိဿကဃဋနာ တဆယ့်တချက်။
ပုရေဇာတတ္ထိမှာ ပုရေဇာတအတိုင်း ခုနစ်ချက်။
ပစ္ဆာဇာတတ္ထိမှာ ပစ္ဆာဇာတအတိုင်း တချက်။
ဤကား ပကိဏ္ဏကဃဋနာ ရှစ်ချက်။
သဟဇာတတ္ထိမှာ သဟဇာတအတိုင်း ဆယ်ချက်။
ပေါင်း အတ္ထိဃဋနာ နှစ်ဆယ့်ကိုးချက် ပြီး၏။
နတ္ထိ ဝိဂတမှာ အနန္တရနည်းတူ။
အဝိဂတမှာ အတ္ထိနည်းတူ။
[၁။ သယံဇာတဝိပ္ပယုတ်၊ ပုရေဇာတဝိပ္ပယုတ်၊ ပစ္ဆာဇာတဝိပ္ပယုတ်။
၂။ ဣန္ဒြိယ ကမ္မ အတ္ထိတို့နှင့် မျိုးတူ သဘောတူ ပစ္စည်း ၁၄-ပါး။]
နည်းတူဟူ၍ မှာသမျှ၌ ပစ္စည်းချင်း လဲလှယ်၍ လဲလှယ်၍ ပြိုင်လေ။
အားလုံးပေါင်းသော် ဃဋနာပေါင်း လေးရာ့တဆယ့်ငါး ဖြစ်၏။
သင်္ဂဟဂါထာ
ဃဋနာနိ ကမာ တေသု၊
ဝရံ မံ စ အလံ လံ လံ။
နကံ တံ စ နခံ သံ သံ၊
ကံ ကံ ပါပံ စ မံ ဝလံ။
တသံ တလံ သမံ ခံ စ၊
လ္ကံ ဈခံ လံ စ လံ ဈခံ။
ဧဝံ စတုဿတံ ပဉ္စ၊
ဒသာဓိကံ ပဘေဒတော။
တေသု၊ ထိုနှစ်ဆယ့်လေး ပစ္စည်းတို့၌။
ဝါ၊ နှစ်ဆယ့်လေး ပစ္စည်းတို့တွင်။
ဃဋနာ နိ၊ အစိတ်အစိတ် ဓမ္မတို့၌ ပေါင်းဆုံစုပြိုင်ကြသော သဘာဂပစ္စယသတ္တိ အပေါင်းတို့သည်။
ကမာ၊ ဟေတုစသား အစဉ်အားဖြင့်။
ဝရံ၊ ဟေတုပစ္စည်း၌ နှစ်ဆယ့်လေးစု။
မံ၊ အာရမ္မဏပစ္စည်း၌ ငါးစု။
အလံ၊ အဓိပတိပစ္စည်း၌ သုံးဆယ်။
လံ၊ အနန္တရပစ္စည်း၌ သုံးစု။
လံ၊ သမနန္တရပစ္စည်း၌ သုံးစု။
နကံ၊ သဟဇာတပစ္စည်း၌ တဆယ်။
တံ၊ အညမညပစ္စည်း၌ ခြောက်စု။
နခံ၊ နိဿယ ပစ္စည်း၌ နှစ်ဆယ်။
သံ၊ ဥပနိဿယ၌ ခုနစ်စု။
သံ၊ ပုရေဇာတပစ္စည်း၌ ခုနစ်စု။
ကံ၊ ပစ္ဆာဇာတပစ္စည်း၌ တစု။
ကံ၊ အာသေဝနပစ္စည်း၌ တစု။
ပါပံ၊ ကမ္မပစ္စည်း၌ တဆဲ့တစု။
မံ၊ ဝိပါကပစ္စည်း၌ ငါးစု။
ဝလံ၊ အာဟာရပစ္စည်း၌ သုံးဆဲ့လေးစု။
တသံ၊ ဣန္ဒြိယပစ္စည်း၌ ခုနစ်ဆဲ့ခြောက်စု။
တလံ၊ ဈာနပစ္စည်း၌ သုံးဆဲ့ခြောက်စု။
သမံ၊ မဂ္ဂပစ္စည်း၌ ငါးဆဲ့ခုနစ်စု။
ခံ၊ သမ္ပယုတ္တပစ္စည်း၌ နှစ်စု။
လ္ကံ၊ ဝိပ္ပယုတ္တပစ္စည်း၌ တဆဲ့သုံးစု။
ဈခံ၊ အတ္ထိပစ္စည်း၌ နှစ်ဆဲ့ကိုးစု။
လံ၊ နတ္ထိပစ္စည်း၌ သုံးစု။
လံ၊ ဝိဂတပစ္စည်း၌ သုံးစု။
ဈခံ၊ အဝိဂတပစ္စည်း၌ နှစ်ဆဲ့ကိုးစု။
ဧဝံ၊ ဤသို့။
ပဘေဒတော၊ အပြားအားဖြင့်။
ပဉ္စဒသာဓိကံ၊ တဆဲ့ငါးစု အလွန် ရှိသော။
စတုဿတံ၊ အစု လေးရာသည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ပစ္စည်းပြိုင် အကျဉ်း ပြီး၏။
ပညတ် အပြား
ပညတ္တိနာမရူပါနံ၊
ဝသေန တိဝိဓာ ဌိတာ။
ပစ္စယာ နာမ ပဋ္ဌာနေ၊
စတုဝီသတိ သဗ္ဗထာ။
ဂါထာနှင့်အညီ နှစ်ဆဲ့လေးနည်း ပဋ္ဌာန်းပစ္စည်းသည် အကျဉ်းအားဖြင့် ပညတ် နာမ် ရုပ် ဟူ၍ သုံးပါးတည်း။ ထိုတွင် ပညတ်သည် --
ပညတ် ၂-မျိုး
တတော အဝသေသာ ပညတ္တိ ပန ပညာပိယတ္တာ ပညတ္တိ ပညာပနတော ပညတ္တီတိ စ ဒုဝိဓာ ဟောတိ။ ကထံ --
အစရှိသော ပါဌ်နှင့် အညီ အတ္ထပညတ် သဒ္ဒပညတ် ဟူ၍ နှစ်ပါးတည်း။
အတ္ထပညတ်
ထိုတွင် ဘူမိ ပဗ္ဗတ ရုက္ခစသော သန္တာနပညတ်။
ဂေဟ ရထ သကဋ ဂါမ ဃဋ ပဋစသော သမူဟပညတ်။
ပုရိသ ပုဂ္ဂလစသော သတ္တပညတ်။
ပုရတ္ထိမ ပုဗ္ဗဏှ ဝိသာခမာသ (ကဆုန်လ) စသော ဒိသာပညတ်, ကာလပညတ်, မာသာဒိပညတ်။
ကူပ ဂုဟာ ဆိဒ္ဒ စသော အာကာသပညတ်။
ကသိုဏ်း အသုဘ စသော နိမိတ္တပညတ်။
ကသိဏုဂ္ဃါဋိမာကာသပညတ်။
နိရောဓကသိဏ ပညတ် အစရှိသော, ဒြဗ်အကောင်အထည် အားဖြင့် ထင်ရှား ရှိ မရှိသော သဘောဆတ်ဆတ် ပရမတ်ကို စွဲမြှောင်၍ အရိပ်အရောင်မျှဖြင့် ခေါ်ဝေါ် သမုတ်ရသော ရူပါဒိဓမ္မတို့၏ သမူဟသန္တာနာဒိအဝတ္ထာ ဝိသေသ အစရှိသည်ဖြင့် ပြားသော သမုတိသစ္စာ ဥပါဒါပညတ်ဟု ဆိုအပ်သော အနက်သည် --
“နာမပညတ္တိယာ ပညာပိယတီတိ ပညတ္တိ”ဟူသော ဝစနတ္ထကြောင့် အတ္ထပညတ် မည်၏။
သဒ္ဒပညတ်
နာမ နာမကမ္မ နာမဓေယျ နာမနိရုတ္တိ နာမဗျဉ္ဇန နာမာဘိလာပ အမည်ခြောက်ဝ တို့ဖြင့် ပြအပ်သော အနွတ္ထ ရူဠှီ အားဖြင့် နှစ်ပါး။
ဧကက္ခရ အနေကက္ခရ အနေကပဒအားဖြင့် သုံးပါး။
သာမည ဂုဏ ကိရိယာ ယဒိစ္ဆာ[၁]စသောအားဖြင့် လေးပါး။
[၁။ သာမည = တူသည်၏အဖြစ် “ဇာတ်” အားဖြင့် ခေါ်သော အမည် (ဥပမာ - နွား မြင်း စသည်)။
ဂုဏ = ဂုဏ်ကိုစွဲ၍ ခေါ်သော အမည် (ဥပမာ - ကျောင်းဆရာ ခရိုင်ဝန် ပါမောက္ခ စသည်)။
ကိရိယာ = အလုပ်အကိုင်ကို စွဲ၍ ခေါ်သောအမည် (ဥပမာ - လက်သမား လယ်သမား ထမင်းချက် စသည်)။]
ဒဗ္ဗ ဂုဏ ကြိယာ နာမ ဇာတိအားဖြင့် ငါးပါး။
ဝိဇ္ဇမာန အဝိဇ္ဇမာန စသောအားဖြင့် ခြောက်ပါး။
ဥပါဒါ ဥပနိဓာ စသောအားဖြင့် တနည်း ခြောက်ပါး။
ကိစ္စ သဏ္ဌာန လိင်္ဂ ဘူမိ ပစ္စတ္တ အသင်္ခတအားဖြင့် တနည်း ခြောက်ပါး။
လူမျိုးအားဖြင့် တရာ့တပါး ပြားသော နာမည်ဝေါဟာရ သဒ္ဒဂတ အက္ခရသန္နိဝေသ အစဉ်သည် “ပညာပေတိ ပညာယတိ ဝါ အတ္ထော ဧတာယာတိ ပညတ္တိ”ဟူသော ဝစနတ္ထကြောင့် သဒ္ဓပညတ်မည်၏။
ပြောဆိုသည့် ၀ဒန္တပုဂ္ဂိုလ်၌ ကျသောဝီထိ ၃-မျိုး
“ဝစီဃောသာနုသာရေန” အစရှိသော နှစ်ဂါထာဝယ် အဓိပ္ပါယ်ကား -- အကြင်အခါ ၀ဒန္တပုဂ္ဂိုလ်သည် တစုံတခုသော အခြင်းအရာဖြင့် ရှေးဦးစွာ နွားဒြဗ်ကို အာရုံပြုမိ၏။
ထိုအခါ အတ္ထပညတ် ဒြဗ် အနက်ကို အာရုံပြု၍ မနောဒွါရိကဝီထိစိတ် ဖြစ်၏။ (ပထမဝီထိ)
ထိုနောက် ဒြဗ်မှ အစဉ်လျှောက်၍ ဝါစကသဒ္ဒါ နာမပညတ်ကို အောက်မေ့ ဆင်ခြင် သည်ရှိသော် “သင်္ကေတေန ဝဝတ္ထိတ” အင်္ဂါတပါးရှိသဖြင့် “သဒ္ဓသန္တတိယံ သဒ္ဒေါ၊ ကာသာဒိဝမကာရိယော” ဟု လာသော “ဂေါ” ဟူသော နိစ္စသဒ္ဒါ နာမညတ်ကို သိသော မနောဒွါရဝီထိစိတ် ဖြစ်၏။ (ဒုတိယဝီထိ)
မနောဒွါရ၏သာ အာရုံဖြစ်သော ဝစီဘေဒအဖြစ်သို့ မရောက်နိုင်သော ထိုဂေါသဒ္ဒါ နာမပညတ်ဖြင့် ထိုနွားဒြဗ် တည်းဟူသော အနက်ကို သုဏန္တ ပုဂ္ဂိုလ်အား ပြောဆိုလို သိစေလိုသည် ဖြစ်အံ့၊ ဝစီဘေဒ ဥဒါဟာရ သဒ္ဒါ၏ အကြောင်းဖြစ်သော ဂေါသဒ္ဒါ နာမပညတ်နှင့် မတိမ်းမစောင်း မလွဲမလည်း တထပ်တည်း ကျသောကြောင့် အကုပ္ပဌာနာရဟ ကာရဏာရဟ ဟူ၍ ဆိုအပ်သော ဂေါ-ဟူသော ဥဒါဟာရ ဝစီဘေဒစိတ္တဇပရမတ္ထသဒ္ဒါကို ရွတ်ဆို၏။
ထိုအခါ ထိုသဒ္ဒါကို ဖြစ်စေတတ်သော မနောဒွါရိက ဝီထိစိတ် ဖြစ်၏။ (တတိယဝီထိ)
ဤကား ၀ဒန္တပုဂ္ဂိုလ်၌ ကျသော ဝီထိသုံးမျိုးတည်း။
ပညတ် ၇-မျိုးနှင့် ၀ဒန္တ ပုဂ္ဂိုလ်၌ဖြစ်သော ဝီထိ ၇-ပါး
ဤစကားသည် စာသင်ငယ်တို့ မှတ်လွယ်စသာ အကြမ်းသာတည်း၊ ဉာဏ်ကြီး ပေသော ပညာရှင်တို့ကား --
တဇ္ဇော'ပါဒါ သမူဟဉ္စ၊
သန္တတိံ အတ္ထသင်္ကေတံ။
သဒ္ဒပညတ္တိမာလမ္ဗ၊
ဝဒန္တေ ဝတ္တတေ စိတ္တံ။
တဇ္ဇောပါဒါသမူဟဉ္စ၊ ရုပ္ပန နမနလက္ခဏာဟူသော တဇ္ဇောပညတ်။ (၁)
ယင်းလက္ခဏာကို စွဲ၍ ရူပ နာမဟူ၍ သမုတ်အပ်သော ဥပါဒါပညတ်။ (၂)
ထိုရုပ်နာမ်ခန္ဓာငါးပါး အပေါင်းတည်းဟူသော သမူဟပညတ်ကို၎င်း။ (၃)
သန္တတိံ၊ ထို ရုပ်နာမ်ခန္ဓာတို့၏ အစီအစဉ်တည်းဟူသော သန္တတိပညတ်ကို၎င်း။ (၄)
အတ္ထသင်္ကေတံ၊ ထိုသန္တတိ ပညတ်သည်ပင်လျှင် သဒ္ဒါ၏ အနက်ဖြစ်သော အတ္ထပညတ်။ (၅)
ထို အတ္ထပညတ်ကို မှတ်သားကြောင်း ဖြစ်သော လောကသမုတိ ဟူသော သင်္ကေတ ပညတ်ကို၎င်း။ (၆)
သဒ္ဒပညတ္တိံ၊ ယင်း သင်္ကေတကို ပြတတ်သော သုဏန္တတို့၏ ဉာဏ်အား အတ္ထဝါစက တပ်ရာ၌ ပကတူပနိဿယ သတ္တိဖြင့် ကျေးဇူးပြုတတ်သော မနသာဝဝတ္ထာပိတ သဒ္ဒပညတ်ကို၎င်း။ (၇)
အာလမ္ဗ၊ ဤ ပညတ်ခုနစ်ပါးကို အာရုံပြု၍။
ဝဒန္တေ၊ ရွတ်ဆိုတတ်သော ဝဒန္တပုဂ္ဂိုလ်၌။
စိတ္တံ၊ ဝီထိစိတ်သည်။
ဝတ္တတေ၊ မရွတ်ဆိုမီ အစဉ်အတိုင်း ဖြစ်၏။
ဤသို့“စက္ကိန္ဒာဘိ” အမည်ရှိသော အုဌ်ကျောင်းဆရာတော် [၁] မိန့်မှာတော် မူသည့် အတိုင်း အနုစိတ်ဖြာ၍ ကြံစည်ကြပါလေကုန်။
အနက်၌ ညွတ်ပုံ သဘော
ယင်း ၀ဒန္တပုဂ္ဂိုလ်၌ကျသော ဝီထိစိတ်အစဉ်ကိုလည်း “အတ္ထေ နမတီတိ နာမံ” ဟူသော ဝစနတ္ထအရ နာမပညတ်၌ ရအပ်၏။ အဘယ်သို့ ရအပ်သနည်း ဟူမူ -- “ဝဒန္တ ပုဂ္ဂိုလ်သည် ဒိဋ္ဌသမ္ဗန္ဓ သုတသမ္ဗန္ဓ အာကာရပရိဝိတက္က ဒိဋ္ဌိနိဇ္ဈာနခန္တိ [၂] စသော တစုံတခုသော အခြင်းအရာဖြင့် မနောဒွါရတွင် နွားဒြဗ် တည်းဟူသော အနက် ထင်လာ၍ အစဉ်အတိုင်းလျှောက်၍ အောက်မေ့သောအခါ ဝါစကသဒ္ဒါ နာမပညတ် သည် ထိုနွားဒြဗ်ကို ဟောခြင်းငှါ ၀ဒန္တဉာဏ်တွင် ထင်လာ ပေါ်လာ ညွှတ်၍ လာ၏။
ထို့ကြောင့် ထိုနာမပညတ်ကို “အတ္ထေ နမတီတိ နာမံ” ဟု ဝိဂြိုဟ် ပြုအပ်၏။
ယံ ပဒံ၊ အကြင် ပုဒ်သည်။
အတ္ထေ၊ အနက်၌။
ဝါ၊ အနက်တို့သို့။
နမတိ၊ ညွတ်လာတတ်၏။
ဣတိ၊ ဤ သုဒ္ဓကတ္တုသတ်ကြောင့်။
တံ ပဒံ၊ ထို ပုဒ်သည်။
နာမံ၊ နာမ်မည်၏။
အုဋ်ကျောင်းဆရာတော် ဘုရားကား ၀ဒန္တ၏ နာမပညတ်ကို “ အတ္တနိ အတ္ထေ နာမေတီတိ နာမံ” ဟု ဟေတုကတ္တုသာဓ် ပြုတော်မူ၏။ ပြောဆိုရိုးလည်း မကျ သဘောယုတ္တိလည်း မရလေ။
[၁။ အုတ်ကျောင်း ဆရာတော် ဦးဗုဓ်ရေးသော ဝီထိစိတ္တပကာသနီကျမ်း၌ ပါမည်ဟု ယူဆရသည်။
၂။ ဒိဋ္ဌသမ္ဗန္ဓ = မြင်ဘူးသည်နှင့် စပ်လျဉ်း ဆက်သွယ်သော အကြောင်း အခြင်းအရာ။
သုတသမ္ဗန္ဓ = ကြားဘူးသည်နှင့် စပ်လျဉ်းဆက်သွယ်သော အကြောင်းအရာ။
အာကာရပရိဝိတက္က = မိမိစိတ်၌ တွေးတော ကြံစည်ဘူးသော အကြောင်းအရာ။
ဒိဋ္ဌိနိဇ္ဈာနခန္တိ = မိမိကြံစည် နှစ်သက်၍ ယူထားသည့် အယူ။]
ကြားသူ သုဏန္တ၌ ကျသော ဝီထိ-၄
ထိုသို့ ၀ဒန္တပုဂ္ဂိုလ် ရွတ်ဆိုသောအခါ သုဏန္တပုဂ္ဂိုလ်အား --
သဒ္ဒံ ပထမစိတ္တေန၊
တီတံ ဒုတိယစေတသာ။
နာမံ တတိယစိတ္တေန၊
အတ္ထံ စတုတ္ထစေတသာ။
သဒ္ဒံ၊ ရွတ်ဆဲ ပစ္စုပ္ပန်သဒ္ဒ (အသံ) ကို။
ပထမစိတ္တေန၊ ရှေးဦးစွာသော သောတဒွါရိက ဝီထိစိတ်ဖြင့်။
ဇာနာတိ၊ သိ၏။ (၁။ သောတဒွါရဝီထိ)
အတီတံ၊ ချုပ်လေပြီးသော အသံကို။
ဒုတိယစေတသာ၊ နှစ်ဆင့်မြောက် တဒနုဝတ္တက မနောဒွါရိက ဝီထိစိတ်ဖြင့်။
ဇာနာတိ၊ သိ၏။ (၂။ တဒနုဝတ္တက မနောဒွါရဝီထိ)
နာမံ၊ အစစ်သဒ္ဒါ နာမပညတ်ကို။
တတိယစိတ္တေန၊ သုံးဆင့်မြောက် သုဒ္ဓမနောဒွါရိက ဝီထိစိတ်ဖြင့်။
ဇာနာတိ၊ သိ၏။ (၃။ သုဒ္ဓမနောဒွါရဝီထိ)
အတ္ထံ၊ ဘာဝတ္ထကို။
ဝါ၊ ဝေါဟာရတ္ထကို။
စတုတ္ထစေတသာ၊ လေးဆင့်မြောက် သုဒ္ဓမနောဒွါရိက ဝီထိစိတ်ဖြင့်။
ဇာနာတိ၊ သိ၏။ (၄။ သုဒ္ဓမနောဒွါရဝီထိ)
(၁) ဤဂါထာနှင့်ညီစွာ ရွတ်ဆဲပစ္စုပ္ပန် “ဂေါ” သဒ္ဒါ (အသံ) ကို အာရုံပြု၍ သောတဒွါရဝီထိ ဖြစ်၏။
(၂) ထို့နောင် အတိတ် “ဂေါ” သဒ္ဒါ (အသံ) ကို အာရုံပြု၍ တဒနုဝတ္တက မနောဒွါရဝီထိ ဖြစ်၏။
(၃) ထို့နောင် ထိုပရမတ္ထသဒ္ဒကို လွှတ်၍ ဝဒန္တ၏ ဒုတိယဝီထိ၏ အာရုံဖြစ်သော အစစ် “ဂေါ” သဒ္ဒါ နာမပညတ်ကို အာရုံပြု၍ သုဒ္ဓမနောဒွါရ ဝီထိ ဖြစ်၏။
(၄) ထိုနာမပညတ်မှ အစဉ်လျောက်၍ အနက်ကို အောက်မေ့ ဆင်ခြင်သည်ရှိသော် သောတာလမ္ဗဏမာပန္န သင်္ကေတေန ဝဝတ္ထိတ အင်္ဂါနှစ်ပါး ပြည့်စုံသဖြင့် နွားဒြဗ် တည်းဟူသော ဘာဝတ္ထကို အာရုံပြု၍ သုဒ္ဓမနောဒွါရဝီထိ ဖြစ်၏။ ဤသို့ လေးဝီထိ ကျမှ ဒြဗ်အနက်ကို သိရသည်။
ဤကား သုဏန္တ၌ ကျသော ဝီထိလေးမျိုးတည်း။ ဝီထိသရုပ်ကား များစွာ၏။
အက္ခရာနှစ်လုံးရှိသော ဒွက္ခရ သဒ္ဒါ၌ ခုနစ်ဝီထိကျမှ ဘာဝတ္ထကို သိပုံ
ထိုအတူ ဃဋ ပဋစသော ဒွက္ခရသဒ္ဒါတို့၌လည်း --
- “ဃ” ၌ နှစ်ဝီထိ၊
- “ဋ”၌ နှစ်ဝီထိ၊
- ပေါင်းစုဟန် သမူဟာကာရ ပညတ်၌ တဝီထိ၊
- နာမပညတ်၌ တဝီထိ၊
- ဒြဗ်အနက်ကို အာရုံပြု၍ တဝီထိ၊
ဤသို့ ခုနစ်ဝီထိ ကျမှ အနက်ကို သိရသည်။
တျက္ခရ စတွက္ခရသဒ္ဒါ စသည်၌ ဝီထိကျပုံများ
"ပုရိသ" စသော တျက္ခရသဒ္ဒါ "အင်္ဂီရသ" စသော စတွက္ခရသဒ္ဒါ "ဒွိပဒုတ္တမ" စသော ပဉ္စက္ခရသဒ္ဒါတို့၌လည်း ထို့အတူ နှစ်ဝီထိ နှစ်ဝီထိ တိုး၍ ကိုးဝီထိ၊ တဆဲ့တဝီထိ၊ တဆဲ့သုံးဝီထိ ကျမှ ဘာဝတ္ထကို သိရသည်။ ဤဋီကာကျော်၌ကား သမူဟာကာရ- ပညတ်ကို အာရုံပြု၍ ကျသော မနောဒွါရဝီထိ မလာ၊ သာရတ္ထဒီပနီဋီကာကျမ်း၌ လာသည်။ ။ဤစကားလည်း အကြမ်းသာတည်း။
အနုစိတ် ဖြာမူကား --
တဇ္ဇောပါဒါသမူဟဉ္စ၊
သန္တတိံ အတ္ထသင်္ကေတံ။
နာမပညတ္တိမာလမ္ဗ၊
သုဏန္တေ ပဋိလောမတော။
ဟူသော ရစနာဂါထာနှင့် အညီ ယခင် ၀ဒန္တ၌ ပြခဲ့သော အစဉ်အတိုင်း သုဏန္တ၌ ပဋိလုံပြန်၍ ဝီထိချရမည် ဟု အုဌ်ကျောင်း ဆရာတော် မိန့်မှာ၏။
သုဏန္တပုဂ္ဂိုလ်အတွက် ဒွက္ခရသဒ္ဒါ၏ ဘာဝတ္ထကို သိအောင် ၇-ဝီထိကျပုံ
တဇ္ဇောပါဒါသမူဟဉ္စ၊ ရုပ္ပန နမနလက္ခဏာ ဟူသော တဇ္ဇောပညတ်၊ ယင်း လက္ခဏာ ကို စွဲ၍ ရူပ နာမဟူ၍ သမုတ်အပ်သော ဥပါဒါပညတ်၊ ထိုရုပ်နာမ် ခန္ဓာငါးပါးတည်း ဟူသော သမူဟပညတ်ကို၎င်း၊
သန္တတိံ၊ ထိုရုပ်နာမ် ခန္ဓာတို့၏ အစီအစဉ်တည်းဟူသော သန္တတိပညတ်ကို၎င်း။
အတ္ထသင်္ကေတံ၊ ထို သန္တတိပညတ်သည်ပင်လျှင် သဒ္ဒါ၏အနက် ဖြစ်သော အတ္ထ ပညတ်၊ ထိုအတ္ထပညတ်ကို မှတ်သားကြောင်း ဖြစ်သော လောကသမုတိ ဟူသော သင်္ကေတပညတ်ကို၎င်း။
နာမပညတ္တိံ၊ သောတဒွါရတွင် အစဉ်အတိုင်း ကြားလာသော နာမပညတ်ကို၎င်း။
အာလမ္ဗ၊ ဤပညတ် ခုနစ်ပါးကို အာရုံပြု၍။
သုဏန္တေ၊ ကြားတတ်သော သုဏန္တပုဂ္ဂိုလ်၌။
စိတ္တံ၊ ဝီထိစိတ်သည်။
ပဋိလောမတော၊ နောက်ဆုတ်ပြန်သော ပဋိလုံအားဖြင့်။
ဝတ္တတေ၊ အစဉ်အတိုင်းဖြစ်၏။
ယင်း သုဏန္တ၌ ကျသော ဝီထိစိတ်အစဉ်ကိုလည်း “အတ္တနိ အတ္ထေ နာမေတီတိ နာမံ” ဟူသော ဟေတု ကတ္တုသာဓ် ဝစနတ်အရ နာမပညတ်၌ ရအပ်၏။ ရပုံကား - “ဂေါ” သဒ္ဒါကို ကြားသောအခါ နိစ္စသဒ္ဒါ နာမပညတ်၌ ဉာဏ်သက်၍ အနက် ဒြဗ် ဉာဏ်တွင် ထင်လာ ပေါ်လာ၏။ ထိုအနက်ကို နာမပညတ်ပင် ညွှတ်စေသည် မည်၏။ ထို့ကြောင့် --
“အတ္ထာ ယဿာ” နုသာရေန၊ ဝိညာယန္တိ တတော ပရံ။
ဟု သင်္ဂြိုဟ်၌ မိန့်အပ်၏။
အုဋ်ကျောင်း ဆရာတော်ကား “အတ္ထေ နမတီတိ နာမံ” ဟု သုဒ္ဓကတ္တုရုပ် လုပ်တော်မူ၏။
ဘာသန္တရ ဝေါဟာရကို ကြားရာ၌ သိပုံအစဉ်
ဤအလုံးစုံကို မာဂဓစကားကို မာဂဓ လူမျိုးတို့ ကြားသည်ကို ရည်၍ ဆိုသည်။ မာဂဓစကားကို မြန်မာလူမျိုးတို့ ကြားရာ၌ကား “နာမံ တတိယ စိတ္တေန” ဟူသော ပါဒ၏ အရ နာမ ပညတ်ကို အာရုံပြုသော တတိယ ဆဋ္ဌ အဋ္ဌမစသော သုဒ္ဓမနောဒွါရ ဝီထိတို့၏ အခြားမဲ့၌ “နွား” ဟူသော၊ “ပ”ဟူသော “ဆိုး” ဟူသော “ပဆိုး” ဟူသော၊ “ယောက်”ဟူသော “ကျား” ဟူသော “ယောက်ျား” ဟူသော မြန်မာ ဝေါဟာရတ္ထ နာမပညတ် အနက်ကို သိပြီးမှ ဘာဝတ္ထ ပိဏ္ဍဒြဗ်အနက်ကို သိရသည်။
တရုပ် ကုလား ယိုးဒယား စသော လူမျိုးကို ကြားရာ၌လည်း နည်းတူပင်။ မြန်မာ ဘာသာ စသည်ကို မာဂဓ လူမျိုး စသည်တို့ ကြားရာ၌လည်း နည်းတူ။
မလေ့လာသော ကိုယ်ဘာသာ ဝေါဟာရကို ကြားရာ၌ သိပုံ အစဉ်
မာဂဓ စကားကို မာဂဓ လူမျိုးတို့ ကြားရာ၌လည်း သင်္ကေတပညတ်ကို မှတ်ဘူးရုံမျှ ဖြစ်၍ မလေ့လာသော သဒ္ဒကို ကြားရာ၌ ထိုနည်းတူ ဝေါဟာရတ္ထ ဘာဝတ္ထ နှစ်ပါး ရသင့်သေး၏။ ရပုံကား - ဟယ လုလာယ ကောတ္ထု ဗဗ္ဗု [၁] အစရှိသော သဒ္ဒါတို့ကို ကြားသောအခါ လေ့လာနေကျ ဖြစ်သော အဿ မဟိံသ သိင်္ဂါလ ဗိဠာရ စသော ပရိယာယ် သဒ္ဒါ ဝေါဟာရတ္ထသို့ ဉာဏ်သက်ပြီးမှ မြင်းဒြဗ် ကျွဲဒြဗ် ခွေးဒြဗ် ကြောင်ဒြဗ် စသော ဘာဝတ္ထကို သိရသည်။
[၁။ ဟယ = အဿ = မြင်း၊
လုလာယ = မဟိံသ = ကျွဲ၊
ကောတ္ထု = သိင်္ဂါလ = မြေခွေး။
ဗဗ္ဗု = ဗိဠာရ = ကြောင်။]
ထို့ကြောင့် --
ဝေါဟာရတ္ထော၀ သဒ္ဒတ္ထော၊ ဘာဝတ္ထော တေန ဒီပိတော။
ဟု သဒ္ဒါငယ် တို့၌ မိန့်သည်။
ဝေါဟာရတ္ထော ဧဝ၊ ဝေဝုစ်ပရိယာယ် သဒ္ဒါ ဘာသာတရာ့တပါး စကားမျိုးသည် သာလျှင်။
သဒ္ဒတ္ထော၊ မာဂဓသဒ္ဒါ၏ အနက်တည်း။
ဝါ၊ သံဝဏ္ဏေတဗ္ဗ တရာ့တပါး စကားမျိုး ဝေါဟာရ ဘာသာသဒ္ဒ၏ အနက်တည်း။
ဘာဝတ္ထော၊ ဒြဗ်ဖြစ်သော အနက်ကိုကား။
တေန၊ ထိုဝေါဟာရတ္ထဖြင့်။
ဒီပိတော၊ ဆင့်၍ တဖန် ဖွင့်ပြန်အပ်၏။
အတ္ထပညတ် ပျက်စီးတတ်၍ နာမပညတ်သာ မြဲပုံ အစဉ်
“လောကသင်္ကေတနိမ္မိတာ” ဟူ၍ ဆိုသော်လည်း နိစ္စသဒ္ဒါ နာမပညတ်ကို ပြုပြင်၍ ဖြစ်သည်ဟု မမှတ်အပ်။ ကမ္ဘာအဆက်ဆက် အနမတဂ္ဂမှ အစဉ်မပျက် ဆင်းသက်၍ လာခဲ့သော နိစ္စသဒ္ဒါ နာမပညတ်ကို အနက်ဒြဗ်၌ တင်၍ ထင်ရှားရုံမျှသာ ကမ္ဘာဦးသူ လူပညာရှိတို့ ဗျုပ္ပတ္တိနှင့် နှိုင်းညှိဖော်ထုတ် သမုတ် ပညတ်အပ်သည်၊ ပန်းသီချည် ပန်းသီတံ၌ ပန်းပွင့်ညှိုးနွမ်း ခြောက်သွေ့ ပြန်ရင်း ပန်းဟောင်းကို ချွတ်ပစ်၍ ပန်းသစ် သီကုံးပြန်ရင်းကဲ့သို့ တိဿ ဒတ္တ ရေဝတ ဂေါ မဟိံသ စသော နာမပညတ်ကို ဒြဗ်တခု သေပျောက် ပျက်စီးပြန်ရင်း ဒြဗ်တခုမှာ တပ်၍ ပညတ်သစ်ကဲ့သို့ တင်လျက် ထင် ရှားအောင် သမုတ်ပြန်ရင်း ဖြစ်၍ အတ္ထပညတ် ဒြဗ်သာ ပျက်စီး ပြိုကွဲ၍ သဒ္ဒဝေါဟာ နာမပညတ်ကား မြဲ၏ ဟု မှတ်ရမည်။
ထို့ကြောင့် “ကိံ ဇီရတိ, ကိံ န ဇီရတိ” ဟု နတ်သား မေးလျှောက်ရာတွင် “ရူပံ ဇီရတိ မစ္စာနံ၊ နာမဂေါတ္တံ န ဇီရတိ” ဟု ဘုရား သဗ္ဗညု ဟောတော်မူသည်။
မစ္စာနံ၊ သတ္တဝါတို့၏။
ရူပံ၊ ရုပ်ကောင် ဒြဗ်သည်။
ဇီရတိ၊ ဆွေးမြည့် အိုမင်း ယိုယွင်း ပျက်စီး၏။
နာမဂေါတ္တံ၊ အမည်အနွယ်သည်ကား။
န ဇီရတိ၊ မအိုမမင်း မယိုယွင်းနိုင်။
ဣတိ ပစ္စယသင်္ဂဟနမော တေရသမော။
နောက်ဆက်တွဲ
(သိမှတ်ဖွယ်ရာ ခက်ဆစ် ရှင်းချက်များ)
“ပဉ္စဝီ ကာမ” အစချီသော လင်္ကာ၏ အဖြေ (နှာ-၃၅)
ဧကန်အာရုံပြုသောစိတ်များ
ပဉ္စဝီ ကာမ = ကောမတရားကိုသာ ဧကန်အာရုံပြုသောစိတ် ၂၅-ပါး။
ကာမဝိပါက် ၂၃၊ ပဉ္စဒွါရာဝဇ္ဇန်း၊ ဟသိတုပ္ပါဒ်၊ ဤစိတ် ၂၅-ပါးတို့သည် ကာမစိတ် ၅၄၊ စေတသိက် ၅၂၊ ရုပ် ၂၈-ပါးဟူသော ကာမတရားကိုသာ ဧကန်အမြဲ အာရုံပြုကုန်၏။
ဆ မဟဂ္ဂါ = မဟဂ္ဂုတ်တရားကိုသာ ဧကန်အာရုံပြုသောစိတ် ၆-ပါး။
ဝိညာဏဉ္စာယတနစိတ် ၃-ပါးသည် အာကာသာနဉ္စာယတနကုသိုလ် ကြိယာ ဟူသော မဟဂ္ဂုတ်တရားကို ဧကန်အမြဲ အာရုံပြု၏။
နေဝသညာနာသညာယတနစိတ် ၃-ပါးသည် အာကိဉ္စညာယတနကုသိုလ် ကြိယာ ဟူသော မဟဂ္ဂုတ်တရားကို ဧကန်အမြဲ အာရုံပြု၏။
ဤစိတ် ၆-ပါးသည် မဟဂ္ဂုတ်တရားကို ဧကန် အမြဲ အာရုံပြု၏။ (နှာ-၃၁-ကြည့်)
ရှစ်ဖြာ နိဗ္ဗာန် = နိဗ္ဗာန်ကိုသာ ဧကန်အမြဲ အာရုံပြုသောစိတ် ၈-ပါး။
လောကုတ္တရာစိတ် ၈-ပါးသည် နိဗ္ဗာန်ကို ဧကန်အမြဲ အာရုံပြု၏။
နာမ်တဆယ့်လေး = နာမ်တရားကိုသာဧကန် အာရုံပြုသောစိတ် ၁၄-ပါး။
ဝိညာဏဉ္စာယတနစိတ် ၃-ပါးသည် အာကာသာနဉ္စာယတန ကုသိုလ် ကြိယာ ဟူသော နာမ်တရားကို ဧကန်အမြဲအာရုံပြု၏။
နေဝသညာနာသညာယတန စိတ် ၃-ပါးသည် အာကိဉ္စညာယတန ကုသိုလ် ကြိယာ ဟူသော နာမ်တရားကို ဧကန် အမြဲ အာရုံပြု၏။
လောကုတ္တရာစိတ် ၈-ပါးသည် နိဗ္ဗာန် ဟူသော နာမ် တရားကို ဧကန်အမြဲ အာရုံပြု၏။
ဤစိတ် ၁၄-ပါးတို့သည် မဟဂ္ဂုတ် နိဗ္ဗာန် ဟူသော နာမ်တရားကို ဧကန်အမြဲ အာရုံပြု ကြသည်။
တေရသ ရုပ် = ရုပ်ကိုသာ ဧကန်အာရုံပြုသောစိတ် ၁၃-ပါး။
ဒွေပဉ္စဝိညာဏ် ၁၀-သည် ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံဟူသော ရုပ်တရားကို အသီး အသီး ဧကန်အမြဲ အာရုံပြု၏။
မနောဓာတ် ၃-ပါးသည် ပစ္စုပ္ပန် ပဉ္စာရုံ ဟူသော ရုပ်တရားကို ဧကန်အမြဲ အာရုံပြု၏။
ဤစိတ် ၁၃-ပါးတို့သည် ရုပ်တရားကိုသာ အာရုံပြုကြသည်။
ပစ္စုပ် ထို့တူ = ပစ္စုပ္ပန် တရားကိုသာ ဧကန် အာရုံပြုသောစိတ် ၁၃-ပါး။
ရုပ်ကို ဧကန် အာရုံပြုသောစိတ် ၁၃-ပါးတို့သည်ပင် ပစ္စုပ္ပန်တရားကို ဧကန်အမြဲ အာရုံပြုကြသည်။
တိတ်မူ ဆမှတ် = အတိတ်တရားကိုသာ ဧကန် အာရုံပြုသောစိတ် ၆-ပါး။
ဝိညာဏဉ္စာယတနစိတ် ၃-ပါးတို့သည် အတိတ်ဖြစ်သော အာကာသာနဉ္စာယတန စိတ်ကိုသာ အာရုံပြုကြသည်။
နေဝသညာနာသညာယတနစိတ် ၃-ပါးတို့သည် အတိတ်ဖြစ်သော အာကိဉ္စညာယတန စိတ်ကိုသာ အာရုံပြုကြသည်။
ဤစိတ် ၆-ပါးတို့သည် အတိတ်တရားကိုသာ ဧကန် အမြဲ အာရုံပြုကုန်၏။ (နှာ-၃၁ကြည့်)
နာဂတ် မရှိ = အနာဂတ်တရားကို အမြဲအာရုံပြုသောစိတ် မရှိ။
ဝိမုတ် နှစ်ဆယ့်ကိုး = ပညတ် နိဗ္ဗာန် တည်းဟူသော ကာလဝိမုတ် တရားကိုသာ ဧကန် အာရုံပြုသောစိတ် ၂၉-ပါး။
ရူပါဝစရစိတ် ၁၅-ပါးသည် ကသိုဏ်း ၁၀-ပါး, အသုဘ ၁ဝ-ပါး, ကာယဂတာသတိ၏ အာရုံဖြစ်သော ဆံ အစရှိသော ကောဋ္ဌာသပညတ်, အာနာပါနဿတိ၏ အာရုံဖြစ်သော ထွက်သက် ဝင်သက် ပညတ်, ဗြဟ္မဝိဟာရတရား ၄-ပါး၏ အာရုံဖြစ်သော အတိုင်းမသိသော သတ္တဝါ ပညတ် ၄-ပါး၊ ဤ ၂၆-ပါးသော ပညတ် ဟူသော ကာလဝိမုတ်တရားကို ဧကန် အမြဲ အာရုံပြု၏။
အာကာသာနဉ္စာယတနစိတ် ၃-ပါးသည် ကောင်းကင် ပညတ်ဟူသော ကာလဝိမုတ် တရားကို ဧကန်အမြဲ အာရုံပြု၏။
အာကိဉ္စညာယတနစိတ် ၃-ပါးသည် နတ္ထိဘောပညတ် ဟူသော ကာလဝိမုတ်တရားကို ဧကန်အမြဲ အာရုံပြု၏။
လောကုတ္တရာစိတ် ဂ-ပါးသည် နိဗ္ဗာန်ဟူသော ကာလဝိမုတ်တရားကို ဧကန်အမြဲ အာရုံပြု၏။
ဤ ၂၉-ပါးသော စိတ်တို့သည် ပညတ်နိဗ္ဗာန်ဟူသော ကာလဝိမုတ်တရားကို ဧကန်အမြဲ အာရုံပြုကြသည်။
ဧကဝီ ပညတ် = ပညတ်ကိုသာ ဧကန်အာရုံပြုသောစိတ် ၂၁-ပါး။
ရူပါဝစရ စိတ် ၁၅-ပါး၊ အာကာသာနဉ္စယတနစိတ် ၃-ပါး၊ အာကိဉ္စညာယတနစိတ် ၃-ပါး၊ ဤ ၂၁-ပါးသော စိတ်တို့သည် ပညတ်တရားကို ဧကန် အမြဲ အာရုံပြုကုန်၏။
(“ဝိမုတ် နှစ်ဆယ့်ကိုး”- ကို ကြည့်ပါ။)
ပရမတ္ထ နဝတိံသာ = ပရမတ္ထ တရားကိုသာ ဧကန် အာရုံပြုသော စိတ် ၃၉-ပါး။
ကာမဝိပါက် ၂၃၊ ပဉ္စဒွါရာဝဇ္ဇန်း၊ ဟသိတုပ္ပါဒ်၊ ဤ ၂၅-ပါးသော စိတ်တို့သည် ကာမစိတ် ၅၄၊ စေတသိက် ၅၂၊ ရုပ် ၂၈-ပါး ဟူသော ပရမတ္ထ တရားကို ဧကန်အမြဲ အာရုံပြုကြသည်။
ဝိညာဏဉ္စာယတနစိတ် ၃-ပါးတို့သည် အာကာသာနဉ္စာယတန ကုသိုလ် ကြိယာ ဟူသော ပရမတ္ထတရားကို ဧကန် အမြဲ အာရုံပြုကြသည်။
နေဝသညာနာသညာ ယတနစိတ် ၃-ပါးသည် အာကိဉ္စညာယတန ကုသိုလ် ကြိယာ ဟူသော ပရမတ္ထတရားကို ဧကန် အမြဲ အာရုံပြုကြသည်။
လောကုတ္တရာစိတ် ၈-ပါးသည် နိဗ္ဗာန်ဟူသော ပရမတ္ထတရားကို ဧကန် အမြဲ အာရုံပြုကြသည်။
ဤ စိတ် ၃၉-ပါးတို့သည် ပရမတ္ထ တရားကို ဧကန်အာရုံ ပြုကြသည်။
ဆဓာ အဇ္ဈတ် = အဇ္ဈတ္တတရားကို ဧကန် အာရုံပြုသော စိတ် ၆-ပါး။
ဝိညာဏဉ္စာယတန စိတ် ၃-ပါး၊ နေဝသညာ နာသညာယတန စိတ် ၃-ပါး၊ ဤ ၆-ပါးသော စိတ်တို့သည် အာကာသာနဉ္စာယတန ကုသိုလ် ကြိယာ၊ ဝိညာ ဏဉ္စာယတန ကုသိုလ် ကြိယာ ဟူသော အဇ္ဈတ္တတရားကို အသီး အသီး ဧကန် အမြဲ အာရုံပြုကြသည်။
ဗာဟျတ် ဆဗ္ဗီ = ပညတ် နိဗ္ဗာန်ဟူသော ဗာဟိရတရားကို ဧကန်အာရုံပြုသော စိတ်၂၆-ပါး။
ရူပစိတ် ၁၅-ပါးသည် ကသိုဏ်း ၁၀-ပါး၊ အသုဘ ၁၀-ပါး၊ ကာယဂတာသတိ၏ အာရုံဖြစ်သော ဆံအစရှိသော ကောဋ္ဌာသပညတ်၊ အာနာပါနဿတိ၏ အာရုံဖြစ်သော ထွက်သက် ဝင်သက် ပညတ်၊ ဗြဟ္မဝိဟာရတရား ၄-ပါး အသီးသီးတို့၏ အာရုံဖြစ်သော အတိုင်းမသိသော သတ္တဝါပညတ်၄-ပါး၊ ဤ၂၆-ပါးသော ပညတ်ဟူသော ဗဟိဒ္ဓတရားကို ဧကန်အမြဲ အာရုံပြု၏။
အာကာသာနဉ္စာယတနစိတ် ၃-ပါးသည် ကောင်းကင်ပညတ် ဟူသော ဗဟိဒ္ဓ တရားကို ဧကန်အမြဲအာရုံပြု၏။
လောကုတ္တရာစိတ် ဂ-ပါးသည် နိဗ္ဗာန်ဟူသော ဗဟိဒ္ဓ တရားကို ဧကန် အမြဲ အာရုံပြု၏။
ဤစိတ် ၂၆-ပါးတို့သည် ပညတ် နိဗ္ဗာန်ဟူသော ဗဟိဒ္ဓ တရားကို ဧကန် အမြဲ အာရုံပြုကြသည်။
နှစ်စီ ပဉ္စ = အာရုံငါးပါးကိုသာ ဧကန် အာရုံပြုသောစိတ် ၁၀-ပါး (၂ x ၅)
စက္ခုဝိညာဏ် ဒွေသည် ရူပါရုံကို ဧကန် အမြဲ အာရုံပြု၏။
သောတဝိညာဏ် ဒွေသည် သဒ္ဒါရုံကို ဧကန် အမြဲ အာရုံပြု၏။
ဃာနဝိညာဏ် ဒွေသည် ဂန္ဓာရုံကို ဧကန်အမြဲ အာရုံပြု၏။
ဇိဝှါဝိညာဏ် ဒွေသည် ရသာရုံကို ဧကန်အမြဲ အာရုံပြု၏။
ကာယဝိညာဏ် ဒွေသည် ဖောဋ္ဌဗ္ဗာရုံကို ဧကန်အမြဲ အာရုံပြု၏။
ဓမ္မ သုံးဆယ့်ငါး = ဓမ္မာရုံကို ဧကန် အမြဲ အာရုံပြုသောစိတ် ၃၅-ပါး။
မဟဂ္ဂုတ်စိတ် ၂၇-ပါးတို့သည် ထိုက်သင့်သည်အားလျော်စွာ ပညတ်နှင့် စိတ်တို့ကို အာရုံပြုကြသည်။
လောကုတ္တရာစိတ် ၈-ပါးတို့သည် နိဗ္ဗာန်ကို အာရုံပြုကြသည်။
ဤ စိတ် ၃၅-ပါးတို့သည် ပညတ် စိတ် နိဗ္ဗာန် ဟူသော ဓမ္မာရုံကို ဧကန် အမြဲ အာရုံပြုကုန်၏။
စိတ်အသီးသီးတို့က ယူနိုင်သည့် အာရုံများ
တပါး ဋ္ဌဝီ = အာရုံ တခုကိုသာ ဧကန်အာရုံပြုသော စိတ် ၂၈-ပါး။
ဒွေပဉ္စဝိညာဏ် ၁၀၊ အာကာသာနဉ္စာယတနစိတ် ၃-ပါး၊ အာကိဉ္စညာ- ယတနစိတ် ၃-ပါး၊ ဝိညာဏဉ္စာယတန ကုသိုလ် ဝိပါက်၊ နေဝသညာ နာသညာယတန ကုသိုလ် ဝိပါက်၊ လောကုတ္တရာစိတ် ၈-ပါး၊ ဤ ၂၈-ပါးသော စိတ်တို့သည် မိမိတို့ ဆိုင်ရာ အသီး အသီး အာရုံ ၁-ပါးတည်းကိုသာ ဧကန် အမြဲ အာရုံပြုကုန်၏။
ဒွေ နှစ်လီတည်း = အာရုံ နှစ်ပါးကိုသာ အာရုံပြုသောစိတ် ၂-ခု။
ဝိညာဏဉ္စာယတန ကြိယာသည် အာကာသာနဉ္စာယတန ကုသိုလ် ကြိယာ ဟူသော တရား ၂-ပါးကိုသာ ဧကန်အမြဲ အာရုံပြု၏။
နေဝသညာနာသညာယတန ကြိယာသည် အာကိဉ္စညာယတန ကုသိုလ် ကြိယာ ဟူသော တရားနှစ်ပါးကိုသာ ဧကန်အမြဲ အာရုံပြု၏။
ငါးလီမှာ သုံး = အာရုံ ငါးပါးကို အာရုံပြုသော စိတ် ၃-ခု။
မနောဓာတ် ၃-ပါးသည် ပဉ္စာရုံကို ဧကန်အမြဲ အာရုံပြု၏။
ဆယ့်နှစ် သုံးပင် = အာရုံ ၁၂-ပါးကို အာရုံပြုသော စိတ် ၃-ခု။
ရူပပဉ္စမဈာန် စိတ် ၃-ပါးသည် ကသိုဏ်း ၁၀-ပါး, အာနာပါနဿတိ၏ အာရုံ ဖြစ်သော ထွက်သက် ဝင်သက် ပညတ် ၁-ပါး, ဥပေက္ခာ၏ အာရုံဖြစ်သော အတိုင်းမသိသော သတ္တဝါပညတ် ၁-ပါး၊ ဤ ၁၂-ပါးသော တရားကို ဧကန်အမြဲ အာရုံပြု၏။
ဆယ့်လေး ကိုးလီ = အာရုံ ၁၄-ပါးကို အာရုံပြုသော စိတ် ၉-ခု။
ရူပဒုတိယဈာန် ၃-ပါး, တတိယဈာန် ၃-ပါး စတုတ္ထဈာန် ၃-ပါး၊ ဤ ၉-ပါးသော စိတ်တို့သည် ကသိုဏ်း ၁၀-ပါး, အာနာပါနဿတိ၏ အာရုံဖြစ်သော ထွက်သက် ဝင်သက် ပညတ် ၁-ပါး, မေတ္တာ ကရုဏာ မုဒိတာ အသီးသီးတို့၏ အာရုံဖြစ်သော အတိုင်းမသိသော သတ္တဝါပညတ် ၃-ပါး၊ ဤ ၁၄-ပါးသော တရားကို ဧကန် အမြဲ အာရုံပြုကုန်၏။
ပဉ္စဝီ သုံးတန် = အာရုံ ၂၅-ပါးကို အာရုံပြုသော စိတ် ၃-ခု။
ရူပ ပထမဈာန် ၃-ပါးသည် ကသိုဏ်း ၁၀-ပါး၊ အသုဘ ၁ဝ-ပါး၊ ကာယဂတာသတိ၏ အာရုံဖြစ်သော ဆံပင် စသော ကောဋ္ဌာသ ပညတ် ၁-ပါး၊ အာနာပါနဿတိ၏ အာရုံ ဖြစ်သော ထွက်သက် ဝင်သက် ပညတ် ၁-ပါး၊ မေတ္တာ ကရုဏာ မုဒိတာ အသီးသီး တို့၏ အာရုံဖြစ်သော အတိုင်းမသိသော သတ္တဝါ ပညတ် ၃-ပါး၊ ဤ ၂၅-ပါးသော တရားတို့ကို ဧကန်အမြဲ အာရုံပြု၏။
“မခဲစေရန်” အစချီသော “အနေကန်အာရုံပြု” လင်္ကာ၏ အဖြေ (နှာ ၃၆)
ကာမ မဟဂ္ဂုတ်၊ ဝိမုတ် ပညတ်၊ ပရမတ်ဟု၊ ငါးရပ်တူလစ်၊ သုံးဆယ့်တစ်စီ = ဟသိတုပ္ပါဒ်ကြဉ်သော ကာမဇော ၂၈-ပါး, မနောဒွါရာဝဇ္ဇန်း အဘိညာဏ်ဒွေ၊ ဤ ၃၁-ပါးသော စိတ်တို့သည် ကာမ မဟဂ္ဂုတ် ကာလဝိမုတ် ပညတ် ပရမတ် တရားတို့ကို အနေကန် ရံခါ အာရုံပြုကြ၏။
အကျယ်ရှင်းလင်းချက်များကိုမူ အပိုဒ်ရှည်များဖြစ်သည့်အတွက် ဤနေရာတွင်
များဖြင့်သာ ခြားနားဖော်ပြထားပါသည်။
ပစ္စုပ်တီတ၊ နာဂတနှင့်၊ ဓမ္မ ရုပ် နာမ်၊ ခြောက်တန်ပေါင်းရုံး၊ လေးဆယ့်သုံးစီ = တဒါရုံ ၁၁-ပါး၊ ကာမဇော ၂၉-ပါး၊ မနောဒွါရာဝဇ္ဇန်း၊ အဘိညာဏ်ဒွေ၊ ဤ ၄၃-ပါးသော စိတ်တို့သည် ပစ္စုပ္ပန် အတိတ် အနာဂတ် ဓမ္မာရုံ ရုပ် နာမ်တရားတို့ကို အနေကန် ရံခါအာရုံပြုကြ၏။
အကျယ်ရှင်းလင်းချက်များကိုမူ အပိုဒ်ရှည်များဖြစ်သည့်အတွက် ဤနေရာတွင်
များဖြင့်သာ ခြားနားဖော်ပြထားပါသည်။
သုံးလီအဇ္ဈတ်၊ စွဲလတ်မှီရောက်၊ ငါးဆယ့်ခြောက်မှန် = ကာမစိတ် ၅၄-ပါး၊ အဘိညာဏ်ဒွေ၊ ဤ ၅၆-ပါးသောစိတ်တို့သည် အဇ္ဈတ္တ, ဗဟိဒ္ဓ, အဇ္ဈတ္တ ဗဟိဒ္ဓ တရားတို့ကို အနေကန် ရံခါ အာရုံပြုကြ၏။
မိမိသန္တာန်၌ဖြစ်သော စိတ် စေတသိက် ဣန္ဒြိယဗဒ္ဓရုပ်သည် အဇ္ဈတ္တတရား မည်၏။ သူတပါးသန္တာန်၌ဖြစ်သော စိတ် စေတသိက် ဣန္ဒြိယဗဒ္ဓရုပ် အနိန္ဒြိယ ဗဒ္ဓရုပ် နိဗ္ဗာန် ပညတ်သည် ဗဟိဒ္ဓတရား မည်၏။ မိမိသန္တာန် သူတပါး သန္တာန်၌ဖြစ်သော စိတ် စေတသိက် ဣန္ဒြိယဗဒ္ဓရုပ်သည် အဇ္ဈတ္တ ဗဟိဒ္ဓ တရား မည်၏။
နိဗ္ဗာန်ကို အနေကန် အာရုံပြုသော စိတ်များ
နိဗ္ဗာန် ဧက်ဒသ = မဟာကုသိုလ်ဉာဏသမ္ပယုတ်စိတ် ၄-ပါး၊ မဟာကြိယာ ဉာဏသမ္ပယုတ်စိတ် ၄-ပါး၊ မနောဒွါရာဝဇ္ဇန်း၊ အဘိညာဏ်ဒွေ၊ ဤ ၁၁-ပါးသော စိတ်တို့သည် နိဗ္ဗာန်ကို အနေကန် ရံခါ အာရုံပြုကြ၏။
အကျယ်ရှင်းလင်းချက်များကိုမူ အပိုဒ်ရှည်များဖြစ်သည့်အတွက် ဤနေရာတွင်
များဖြင့်သာ ခြားနားဖော်ပြထားပါသည်။
ပဉ္စာရုံကို အနေကန် အာရုံပြုသော စိတ်များ
ပဉ္စ၌ဝယ်၊ လေးဆယ်နှင့်ခြောက် = မနောဓာတ် ၃-ပါး၊ တဒါရုံ ၁၁-ပါး၊ ကာမဇော ၂၉-ပါး၊ မနောဒွါရာဝဇ္ဇန်း၊ အဘိညာဏ်ဒွေ၊ ဤ ၄၆-ပါးသော စိတ်တို့သည် ပဉ္စာရုံကို အနေကန် ရံခါ အာရုံပြုကြ၏။
အကျယ်ရှင်းလင်းချက်များကိုမူ အပိုဒ်ရှည်များဖြစ်သည့်အတွက် ဤနေရာတွင်
များဖြင့်သာ ခြားနားဖော်ပြထားပါသည်။
စေတသိက်ယှဉ်၊ ဆင်ခြင်ဖွယ်ရာ”အစချီသော လင်္ကာ၏ အဖြေ (နှာ-၃၆)
ဣဿ ပမဉ်၊ ပယ်ကြဉ် အဇ္ဈတ် = ဣဿာ, အပ္ပမညာစေတသိက်တို့သည် အဇ္ဈတ္တကို အာရုံမပြုကြကုန်၊ ဗဟိဒ္ဓဖြစ်သော သူတပါး၏ စည်းစိမ် သုခိတ ဒုက္ခိတသတ္တဝါ ပညတ်တို့ကိုသာ အသီးသီး အာရုံပြုကုန်၏။
ဗာဟျတ် မစ္ဆေ၊ မပြုလေဘူး = မစ္ဆရိယစေတသိက်သည် ဗဟိဒ္ဓကို အာရုံ မပြု၊ အဇ္ဈတ္တဖြစ်သော မိမိစည်းစိမ်ကိုသာ အာရုံပြု၏။
သုံးထွေဝိရတိ၊ ဝိရမိတဗ္ဗ ။ပ။ စွဲမှီကပ်၏ = ဝိရတီစေတသိက် ၃-ပါးတို့သည် ရှောင်ကြဉ်အပ်သည့် ဝိရမိတဗ္ဗဝတ္ထု ဖြစ်သော ကာမ နာမ် ရုပ် ပစ္စုပ္ပန် အနာဂတ် တရားတို့ကို အာရုံပြုကုန်၏။
ပညတ်ပမညာ၊ ဝိမုတ္တာလည်း = အပ္ပမညာစေတသိက်သည် ကာလဝိမုတ် ဖြစ်သော ပညတ်ကို အာရုံပြု၏။ ကရုဏာ စေတသိက်သည် ဒုက္ခိတသတ္တဝါ ပညတ်ကို အာရုံ ပြုသည်။ မုဒိတာစေတသိက်သည် သုခိတသတ္တဝါပညတ်ကို အာရုံပြုသည်။
စိတ်တို့ကို ဝေဒနာ ဟိတ် ကိစ္စ ဒွါရ အာရုံ ဝတ္ထုအားဖြင့် ခွဲဝေပုံ ပကိဏ္ဏကသင်္ဂဟမိဿကနည်း (နှာ-၃၉)
လောဘမူစိတ် ၈-ပါးသည် သောမနဿ ဥပေက္ခာ ဝေဒနာ ၂-ပါးနှင့် ယှဉ်၏၊ လောဘ မောဟ ဟိတ် ၂-ပါးရှိ၏၊ ဇောကိစ္စတပ်၏၊ ခြောက်ခွါရ၌ ဖြစ်၏၊ လောကီတရားကို အာရုံပြု၏၊ ပဉ္စဝေါကာရဘုံ၌ဖြစ်သောအခါ ဟဒယ ဝတ္ထုကို မှီ၏။ စတုဝေါကာရဘုံ (အရူပဘုံ) ၌ဖြစ်သောအခါ မှီရာ ဝတ္ထုရုပ် မရှိ။
ဒေါသမူဒွေသည် ဒေါမနဿဝေဒနာနှင့် ယှဉ်၏၊ ဒေါသ မောဟ ဟိတ် ၂-ပါး ရှိ၏၊ ဇောကိစ္စတပ်၏၊ ခြောက်ဒွါရ၌ဖြစ်၏။ လောကီတရားကို အာရုံပြု၏။ ဟဒယဝတ္ထုရုပ် ကို မှီ၏၊ (ကာမဘုံ၌သာ ဖြစ်၏။)
မောဟမူဒွေသည် ဥပေက္ခာဝေဒနာနှင့် ယှဉ်၏၊ မောဟ ဟိတ် ၁-ပါးသာ ရှိ၏၊ ဇောကိစ္စတပ်၏၊ ခြောက်ဒွါရ၌ဖြစ်၏၊ လောကီတရားကို အာရုံပြု၏။ ပဉ္စဝေါကာရဘုံ၌ ဖြစ်ခိုက် ဟဒယဝတ္ထုကို မှီ၏။ စတုဝေါကာရဘုံ (အရူပဘုံ)၌ ဖြစ်ခိုက် မှီရာဝတ္ထုရုပ် မရှိ။
စက္ခုဝိညာဏ်ဒွေသည် ဥပေက္ခာဝေဒနာနှင့် ယှဉ်၏။ ဟိတ် မရှိ၊ ဒဿနကိစ္စ တပ်၏၊ စက္ခုဒွါရ၌ဖြစ်၏၊ ပစ္စုပ္ပန်ရူပါရုံကို အာရုံပြု၏၊ စက္ခုဝတ္ထုကို မှီ၏။
သောတဝိညာဏ်ဒွေသည် ဥပေက္ခာဝေဒနာနှင့် ယှဉ်၏၊ ဟိတ် မရှိ၊ သဝန ကိစ္စတပ်၏၊ သောတဒွါရ၌ ဖြစ်၏၊ ပစ္စုပ္ပန်သဒ္ဒါရုံကို အာရုံပြု၏၊ သောတဝတ္ထုကို မှီ၏။
ဃာနဝိညာဏ်ဒွေသည် ဥပေက္ခာဝေဒနာနှင့် ယှဉ်၏၊ ဟိတ် မရှိ၊ ဃာယန ကိစ္စတပ်၏၊ ဃာနဒွါရ၌ဖြစ်၏၊ ပစ္စုပ္ပန်ဂန္ဓာရုံကို အာရုံပြု၏၊ ဃာနဝတ္ထုကို မှီ၏။
ဇိဝှါဝိညာဏ်ဒွေသည် ဥပေက္ခာဝေဒနာနှင့် ယှဉ်၏၊ ဟိတ် မရှိ၊ သာယန ကိစ္စ တပ်၏၊ ဇိဝှါဒွါရ၌ဖြစ်၏၊ ပစ္စုပ္ပန်ရသာရုံကို အာရုံပြု၏၊ ဇိဝှါဝတ္ထုကို မှီ၏။
ကာယဝိညာဏ်ဒွေသည် သုခဝေဒနာ၊ ဒုက္ခဝေဒနာနှင့်ယှဉ်၏၊ ဟိတ် မရှိ၊ ဖုသနကိစ္စ တပ်၏၊ ကာယဒွါရ၌ဖြစ်၏၊ ပစ္စုပ္ပန်ဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၏၊ ကာယဝတ္ထုကို မှီ၏။
သမ္ပဋိစ္ဆိန်းဒွေသည် ဥပေက္ခာဝေဒနာနှင့် ယှဉ်၏။ ဟိတ် မရှိ၊ သမ္ပဋိစ္ဆိန်း ကိစ္စတပ်၏။ ပဉ္စဒွါရ၌ဖြစ်၏၊ ပစ္စုပ္ပန်ပဉ္စာရုံကို အာရုံပြု၏၊ ဟဒယဝတ္ထုကို မှီ၏။
သောမနဿ သန္တီရဏသည် သောမနဿဝေဒနာနှင့် ယှဉ်၏၊ ဟိတ် မရှိ၊ သန္တီရဏ တဒါရုံအားဖြင့် ၂-ကိစ္စတပ်၏၊ သန္တီရဏကိစ္စတပ်ခိုက် ငါးဒွါရ၌ ဖြစ်၏၊ တဒါရုံကိစ္စ တပ်ခိုက် ခြောက်ဒွါရ၌ ဖြစ်၏၊ ကာမတရားကို အာရုံပြု၏။ ဟဒယဝတ္ထုရုပ်ကို မှီ၏။
ဥပေက္ခာသန္တီရဏ ၂-ပါးသည် ဥပေက္ခာဝေဒနာနှင့် ယှဉ်၏၊ ဟိတ် မရှိ၊ ပဋိသန္ဓေ ဘဝင် စုတိ သန္တီရဏ တဒါရုံအားဖြင့် ၅-ကိစ္စတပ်၏၊ ပဋိသန္ဓေ ဘဝင် စုတိကိစ္စ တပ်ခိုက် ခြောက်ဒွါရမှ လွတ်၏၊ သန္တီရဏ ကိစ္စတပ်ခိုက် ငါးဒွါရ၌ဖြစ်၏။ တဒါရုံကိစ္စတပ်ခိုက် ခြောက်ဒွါရ၌ဖြစ်၏၊ ကာမတရားကို အာရုံပြု၏၊ ဟဒယဝတ္ထုရုပ်ကို မှီ၏။
ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် ဥပေက္ခာဝေဒနာနှင့် ယှဉ်၏၊ ဟိတ် မရှိ၊ အာဝဇ္ဇန်း ကိစ္စ တပ်၏၊ ပဉ္စဒွါရ၌ဖြစ်၏၊ ပစ္စုပ္ပန်ပဉ္စာရုံကို အာရုံပြု၏၊ ဟဒယဝတ္ထုရုပ်ကိုမှီ၏။
မနောဒွါရာဝဇ္ဇန်း စိတ်သည် ဥပေက္ခာဝေဒနာနှင့် ယှဉ်၏၊ ဟိတ် မရှိ၊ အာဝဇ္ဇန်း ဝုဋ္ဌောအားဖြင့် ၂-ကိစ္စ တပ်၏၊ ဝုဋ္ဌောကိစ္စတပ်သောအခါ ငါးဒွါရ၌ ဖြစ်၏၊ အာဝဇ္ဇန်း ကိစ္စတပ်သောအခါ မနောဒွါရ၌ ဖြစ်၏။ ပေါင်း ခြောက်ဒွါရ၌ ဖြစ်၏၊ အလုံးစုံသော တရားကို အာရုံပြု၏။ ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ ဟဒယဝတ္ထုရုပ်ကို မှီ၏၊ စတုဝေါကာရဘုံ (အရူပဘုံ)၌ ဖြစ်သောအခါ မှီရာဝတ္ထုရုပ် မရှိ။
ဟသိတုပ္ပါဒ်စိတ်သည် သောမနဿဝေဒနာနှင့် ယှဉ်၏၊ ဟိတ် မရှိ၊ ဇောကိစ္စ တပ်၏၊ ခြောက်ဒွါရ၌ဖြစ်၏၊ ကာမတရားကို အာရုံပြု၏၊ ဟဒယဝတ္ထုရုပ်ကို မှီ၏။
မဟာကုသိုလ်ဉာဏဝိပ္ပယုတ်စိတ် ၄-ပါးသည် သောမနဿ, ဥပေက္ခာဝေဒနာ ၂-ပါးနှင့် ယှဉ်၏။ အလောဘ အဒေါသ ဟိတ် ၂-ပါးရှိ၏၊ ဇောကိစ္စတပ်၏။ ခြောက်ဒွါရ၌ဖြစ်၏၊ လောကီတရားကို အာရုံပြု၏၊ ပဉ္စဝေါကာရဘုံ၌ဖြစ်သော အခါ ဟဒယဝတ္ထုကို မှီ၏၊ စတုဝေါကာရဘုံ (အရူပဘုံ) ၌ဖြစ်သောအခါ မှီရာ ဝတ္ထုရုပ် မရှိ။
မဟာကုသိုလ် ဉာဏသမ္ပယုတ် စိတ်၄-ပါးသည် သောမနဿ ဥပေက္ခာဝေဒနာ ၂-ပါး နှင့်ယှဉ်၏၊ အလောဘ အဒေါသ အမောဟ ဟိတ် ၃-ပါးရှိ၏၊ ဇောကိစ္စ တပ်၏၊ ခြောက်ဒွါရ၌ဖြစ်၏၊ အရဟတ္တမဂ် အရဟတ္တဖိုလ်ကြဉ်သော အလုံးစုံသော တရားကို အာရုံပြု၏။ ပဉ္စဝေါကာရဘုံ၌ဖြစ်သောအခါ ဟဒယဝတ္ထုရုပ်ကို မှီ၏။ စတုဝေါကာရဘုံ (အရူပဘုံ) ၌ဖြစ်သောအခါ မှီရာဝတ္ထုရုပ် မရှိ။
မဟာဝိပါက်ဉာဏဝိပ္ပယုတ် စိတ် ၄-ပါးသည် သာမနဿ, ဥပေက္ခာဝေဒနာ ၂-ပါး နှင့်ယှဉ်၏၊ အလောဘ အဒေါသ ဟိတ် ၂-ပါးရှိ၏၊ ပဋိသန္ဓေ ဘဝင် စုတိ တဒါရုံ အားဖြင့် ၄-ကိစ္စတပ်၏၊ ပဋိသန္ဓေ ဘဝင် စုတိကိစ္စတပ်ခိုက် ခြောက်ခွါရမှ လွတ်၏။ တဒါရုံကိစ္စတပ်ခိုက် ခြောက်ဒွါရ၌ဖြစ်၏၊ ကာမတရားကို အာရုံပြု၏။ ဟဒယ ဝတ္ထုရုပ်ကို မှီ၏။
မဟာဝိပါက် ဉာဏသမ္ပယုတ် စိတ် ၄-ပါးသည် သောမနဿ ဥပေက္ခာဝေဒနာ ၂-ပါးနှင့် ယှဉ်၏၊ အလောဘ အဒေါသ အမောဟ ဟိတ် ၃-ပါးရှိ၏။ ပဋိသန္ဓေ ဘဝင် စုတိ တဒါရုံ အားဖြင့် ၄-ကိစ္စတပ်၏၊ ပဋိသန္ဓေ ဘဝင် စုတိကိစ္စတပ်ခိုက် ခြောက်ဒွါရမှ လွတ်၏၊ တဒါရုံကိစ္စတပ်ခိုက် ခြောက်ဒွါရ၌ဖြစ်၏၊ ကာမတရားကို အာရုံပြု၏၊ ဟဒယ ဝတ္ထုရုပ်ကို မှီ၏။
မဟာကြိယာဉာဏဝိပ္ပယုတ်စိတ် ၄-ပါးသည် သောမနဿ ဥပေက္ခာ ဝေဒနာ ၂-ပါးနှင့် ယှဉ်၏၊ အလောဘ အဒေါသ ဟိတ် ၂-ပါးရှိ၏၊ ဇောကိစ္စတပ်၏။ ခြောက်ဒွါရ၌ ဖြစ်၏၊ လောကီတရားကို အာရုံပြု၏၊ ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ ဟဒယဝတ္ထုရုပ်ကို မှီ၏၊ စတုဝေါကာရဘုံ၌ ဖြစ်သောအခါ မှီရာဝတ္ထုရုပ် မရှိ။
မဟာကြိယာဉာဏသမ္ပယုတ်စိတ် ၄-ပါးသည် သောမနဿ ဥပေက္ခာ ဝေဒနာ ၂-ပါးနှင့် ယှဉ်၏။ အလောဘ အဒေါသ အမောဟ ဟိတ် ၃-ပါးရှိ၏။ ဇောကိစ္စ တပ်၏။ ခြောက်ဒွါရ၌ ဖြစ်၏၊ အလုံးစုံသော အာရုံကို အာရုံပြု၏၊ ပဉ္စဝေါကာရ ဘုံ၌ ဖြစ်သော အခါ ဟဒယဝတ္ထုရုပ်ကို မှီ၏။ စတုဝေါကာရဘုံ၌ ဖြစ်သောအခါ မှီရာဝတ္ထုရုပ် မရှိ။
ရူပကုသိုလ်စိတ် ၅-ပါးသည် သောမနဿ ဥပေက္ခာဝေဒနာ ၂-ပါးနှင့် ယှဉ်၏၊ အလောဘ အဒေါသ အမောဟ ဟိတ် ၃-ပါး ရှိ၏၊ ဇောကိစ္စတပ်၏၊ မနောဒွါရ၌ ဖြစ်၏၊ ပညတ်တရားကို အာရုံပြု၏၊ ဟဒယဝတ္ထုရုပ်ကို မှီ၏။
ရူပပဉ္စမဈာန်ကုသိုလ်အဘိညာဉ်သည် ဥပေက္ခာဝေဒနာနှင့် ယှဉ်၏၊ အလောဘ အဒေါသ အမောဟ ဟိတ် ၃-ပါး ရှိ၏။ ဇောကိစ္စတပ်၏။ မနောဒွါရ၌ ဖြစ်၏။ အရဟတ္တမဂ် အရဟတ္တဖိုလ်ကြဉ်သော အလုံးစုံသော တရားကို အာရုံပြု၏။ ဟဒယ ဝတ္ထုရုပ်ကို မှီ၏။
ရူပဝိပါက်စိတ် ၅-ပါးသည် သောမနဿ ဥပေက္ခာဝေဒနာ ၂-ပါးနှင့် ယှဉ်၏။ အလောဘ အဒေါသ အမောဟ ဟိတ် ၃-ပါး ရှိ၏၊ ပဋိသန္ဓေဘဝင် စုတိအား ဖြင့် ၃-ကိစ္စတပ်၏၊ ခြောက်ဒွါရမှ လွတ်၏၊ ပညတ်တရားကို အာရုံပြု၏၊ ဟဒယ ဝတ္ထုရုပ်ကို မှီ၏။
ရူပကြိယာစိတ် ၅-ပါးသည် သောမနဿ ဥပေက္ခာဝေဒနာ ၂-ပါးနှင့် ယှဉ်၏။ အလောဘ အဒေါသ အမောဟ ဟိတ် ၃-ပါး ရှိ၏၊ ဇောကိစ္စတပ်၏။ မနောဒွါရ၌ ဖြစ်၏၊ ပညတ်တရားကို အာရုံပြု၏၊ ဟဒယဝတ္ထုရုပ်ကို မှီ၏။
ရူပပဉ္စမဈာန်ကြိယာအဘိညာဏ်သည် ဥပေက္ခာဝေဒနာနှင့် ယှဉ်၏။အလော ဘ အဒေါသ အမောဟ ဟိတ် ၃-ပါး ရှိ၏၊ ဇောကိစ္စတပ်၏။ မနောဒွါရ၌ ဖြစ်၏၊ အလုံးစုံသော တရားကို အာရုံပြု၏၊ ဟဒယဝတ္ထုရုပ်ကို မှီ၏။
အရူပကုသိုလ်စိတ် ၄-ပါးသည် ဥပေက္ခာဝေဒနာနှင့် ယှဉ်၏၊ အလောဘ အဒေါသ အမောဟ ဟိတ် ၃-ပါး ရှိ၏၊ ဇောကိစ္စတပ်၏၊ မနောဒွါရ၌ ဖြစ်၏။ မဟဂ္ဂုတ် ပညတ်တရားကို အာရုံပြု၏၊ ပဉ္စဝေါကာရဘုံ၌ဖြစ်သောအခါ ဟဒယ ဝတ္ထုရုပ်ကို မှီ၏။ စတုဝေါကာရဘုံ (အရူပဘုံ) ၌ဖြစ်သောအခါ မှီရာဝတ္ထုရုပ်မရှိ။
အရူပဝိပါက်စိတ် ၄-ပါးသည် ဥပေက္ခာဝေဒနာနှင့် ယှဉ်၏၊ အလောဘ အဒေါသ အမောဟ ဟိတ် ၃-ပါးရှိ၏။ ပဋိသန္ဓေ ဘဝင် စုတိအားဖြင့် ၃-ကိစ္စ တပ်၏၊ ခြောက်ဒွါရမှ လွတ်၏၊ မဟဂ္ဂုတ် ပညတ်တရားကို အာရုံပြု၏၊ မှီရာ ဝတ္ထုရုပ် မရှိ။
အရူပကြိယာစိတ် ၄-ပါးသည် အရူပကုသိုလ်စိတ်နှင့် တူ၏။
သောတာပတ္တိမဂ်စိတ်သည် သောမနဿ ဥပေက္ခာဝေဒနာ ၂-ပါးနှင့် ယှဉ်၏၊ အလောဘ အဒေါသ အမောဟ ဟိတ် ၃-ပါး ရှိ၏၊ ဇောကိစ္စတပ်၏။ မနောဒွါရ၌ ဖြစ်၏၊ နိဗ္ဗာန်ကို အာရုံပြု၏၊ ယဒယဝတ္ထုရုပ်ကို မှီ၏။
အထက်မဂ်စိတ် ၃-ပါး ဖိုလ်စိတ် ၄-ပါးတို့သည် သောမနဿ ဥပေက္ခာဝေဒနာ ၂-ပါး နှင့် ယှဉ်၏။ အလောဘ အဒေါသ အမောဟ ဟိတ် ၃-ပါး ရှိ၏။ ဇောကိစ္စတပ်၏၊ မနောဒွါရ၌ ဖြစ်၏၊ နိဗ္ဗာန်ကို အာရုံပြု၏၊ ပဉ္စဝေါကာရဘုံ၌ ဖြစ်ခိုက် ဟဒယဝတ္ထု ရုပ်ကို မှီ၏၊ စတုဝေါကာရဘုံ၌ ဖြစ်ခိုက် မှီရာဝတ္ထုရုပ် မရှိ။
စေတသိက်တို့ကို ဝေဒနာ ဟိတ် ကိစ္စ ဒွါရ အာရုံဝတ္ထုအားဖြင့် ခွဲဝေပုံ (စာမျက်နှာ ၄၀)
သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇)ပါးကို ဝေဒနာစသည်အားဖြင့် ခွဲဝေပုံ
ဖဿသည် ဝေဒနာ ၅-ပါးလုံးနှင့် ယှဉ်၏၊ အဟိတ်စိတ်၌ ယှဉ်ခိုက် ဟိတ် မရှိ၊ သဟိတ်စိတ်၌ယှဉ်ခိုက် ဟိတ် ၆-ပါးရှိ၏။ ၁၄-ကိစ္စတပ်၏၊ ပဋိသန္ဓေဘဝင် စုတိကိစ္စ တပ်ခိုက် ခြောက်ဒွါရမှ လွတ်၏၊ ကျန်ကိစ္စ ၁၁-ပါးတပ်ခိုက် ခြောက်ဒွါရ၌ ထိုက်သင့် သည်အားလျော်စွာ ဖြစ်၏၊ အလုံးစုံသောတရားကို အာရုံပြု၏။ ပဉ္စဝေါကာရ ဘုံ၌ဖြစ်ခိုက် ဆဝတ္ထုကို မှီ၏။ စတုဝေါကာရဘုံ၌ဖြစ်ခိုက် မှီရာဝတ္ထု ရုပ် မရှိ။
ဝေဒနာသည် မည်သည့်ဝေဒနာနှင့်မှ မယှဉ်၊ ဟိတ်စသည် ဖဿနှင့်တူ၏။
သညာ စေတနာ ဧကဂ္ဂတာ ဇီဝိတိန္ဒြေ မနသိကာရ စေတသိက်တို့သည် ဖဿနှင့် အလုံးစုံ တူကုန်၏။
ပကိဏ်းစေတသိက်တို့ကို ဝေဒနာစသည်အားဖြင့် ခွဲဝေပုံ
ဝိတက်သည် သောမနဿ, ဒေါမနဿ, ဥပေက္ခာ ဝေဒနာ ၃-ပါးနှင့် ယှဉ်၏။ အဟိတ် စိတ်၌ယှဉ်ခိုက် ဟိတ်မရှိ၊ သဟိတ်စိတ်၌ယှဉ်ခိုက် ဟိတ် ၆-ပါးရှိ၏။ ပဋိသန္ဓေ ဘဝင် စုတိ အာဝဇ္ဇန်း သမ္ပဋိစ္ဆိန်း သန္တီရဏ ဝုဋ္ဌော ဇော တဒါရုံ အားဖြင့် ၉-ကိစ္စတပ်၏၊ ပဋိသန္ဓေ ဘဝင် စုတိကိစ္စတပ်ခိုက် ခြောက်ဒွါရမှ လွတ်၏။ ကျန်ကိစ္စ ၆-ပါးတပ်ခိုက် ခြောက်ဒွါရ၌ ထိုက်သည်အားလျော်စွာ ဖြစ်၏၊ အလုံးစုံသောတရားကို အာရုံပြု၏၊ ပဉ္စဝေါကာရဘုံ၌ဖြစ်ခိုက် ဟဒယဝတ္ထုရုပ်ကို မှီ၏၊ စတုဝေါကာရဘုံ၌ဖြစ်ခိုက် မှီရာ ဝတ္ထုရုပ် မရှိ။
ဝိစာရ အဓိမောက္ခသည် ဝိတက်နှင့် တူကုန်၏။
ဝီရိယသည် သောမနဿ ဒေါမနဿ ဥပေက္ခာ ဝေဒနာ ၃-ပါးနှင့်ယှဉ်၏။ အဟိတ် စိတ်၌ယှဉ်ခိုက် ဟိတ်မရှိ၊ သဟိတ်စိတ်၌ယှဉ်ခိုက် ဟိတ် ၆-ပါးရှိ၏၊ ပဋိသန္ဓေ ဘဝင် စုတိ အာဝဇွန်း ဝုဋ္ဌော ဇော တဒါရုံအားဖြင့် ၇-ကိစ္စတပ်၏။ ပဋိသန္ဓေ ဘဝင် စုတိ ကိစ္စ တပ်ခိုက် ခိုက်ဒွါရမှ လွတ်၏၊ ကျန် ၄ ကိစ္စတပ်ခိုက် ခြောက်ဒွါရ၌ ထိုက်သည် အားလျော်စွာ ဖြစ်၏။ အလုံးစုံသော တရားကို အာရုံ ပြု၏၊ ပဉ္စဝေါကာရဘုံ၌ဖြစ်ခိုက် ဟဒယဝတ္ထုရုပ်ကို မှီ၏။ စတုဝေါကာရဘုံ၌ ဖြစ်ခိုက် မှီရာဝတ္ထုရုပ် မရှိ။
ပီတိသည် သောမနဿဝေဒနာနှင့် ယှဉ်၏၊ ဒေါသကြဉ်သော ဟိတ် ၅-ပါး နှင့် ယှဉ်၏။ ပဋိသန္ဓေ ဘဝင် စုတိ သန္တီရဏ ဇော တဒါရုံအားဖြင့် ၆-ကိစ္စ တပ်၏။ ပဋိသန္ဓေ ဘဝင် စုတိကိစ္စတပ်ခိုက် ၆-ဒွါရမှ လွတ်၏၊ ကျန် ၃-ကိစ္စ တပ်ခိုက် ၆-ဒွါရ၌ ထိုက်သည် အားလျော်စွာ ဖြစ်၏၊ အလုံးစုံသောတရားကို အာရုံ ပြု၏။ ပဉ္စဝေါကာရဘုံ၌ဖြစ်ခိုက် ဟဒယဝတ္ထုရုပ်ကို မှီ၏၊ စတုဝေါကာရဘုံ၌ဖြစ် ခိုက် မှီရာ ဝတ္ထုရုပ် မရှိ။
ဆန္ဒသည် သောမနဿ ဒေါမနဿ ဥပေက္ခာ ဝေဒနာ ၃-ပါးနှင့် ယှဉ်၏။ ဟိတ် ၆-ပါး ရှိ၏၊ ပဋိသန္ဓေ ဘဝင် စုတိ ဇော တဒါရုံအားဖြင့် ၅-ကိစ္စ တပ်၏။ ပဋိသန္ဓေ ဘဝင် စုတိ ကိစ္စတပ်ခိုက် ၆-ဒွါရမှလွတ်၏၊ ဇော တဒါရုံကိစ္စတပ်ခိုက် ၆-ဒါရ၌ ထိုက်သည် အားလျော်စွာ ဖြစ်၏။ အလုံးစုံသောတရားကို အာရုံပြု၏။ ပဉ္စဝေါကာရဘုံ၌ဖြစ်ခိုက် ဟဒယဝတ္ထုရုပ်ကို မှီ၏။ စတုဝေါကာရဘုံ၌ဖြစ်ခိုက် မှီရာဝတ္ထုရုပ် မရှိ။
အကုသိုလ်စေတသိက်တို့ကို ဝေဒနာ စသည်အားဖြင့် ခွဲဝေပုံ
မောဟ အဟိရိက အနောတ္တပ္ပ ဥဒ္ဓစ္စစေတသိက်တို့သည် သောမနဿ ဒေါမနဿ ဥပေက္ခာ ဝေဒနာ ၃-ပါးနှင့် ယှဉ်ကုန်၏၊ မောဟသည် လောဘ ဒေါသ ဟိတ် ၂-ပါး ရှိ၏၊ ကြွင်း ၃-ပါးတို့သည် အကုသိုလ်ဟိတ် ၃-ပါး ရှိကုန်၏။ ဇောကိစ္စ တပ်ကုန်၏၊ ခြောက်ဒွါရ၌ ဖြစ်ကုန်၏၊ လောကီတရားကို အာရုံ ပြုကုန်၏၊ ပဉ္စဝေါကာရဘုံ၌ ဖြစ်ခိုက် ဟဒယဝတ္ထုရုပ်ကို မှီကုန်၏၊ စတုဝေါကာရဘုံ၌ဖြစ်ခိုက် မှီရာဝတ္ထုရုပ် မရှိကုန်။
လောဘ ဒိဋ္ဌိ မာန စေတသိက်တို့သည် သောမနဿ ဥပေက္ခာ ဝေဒနာ ၂-ပါးနှင့် ယှဉ်ကုန်၏၊ လောဘသည် မောဟဟိတ် ၁-ပါးသာ ရှိ၏၊ ကြွင်း ၂-ပါးသည် လောဘ မောဟ ဟိတ် ၂-ပါး ရှိကုန်၏၊ ဇောကိစ္စ တပ်ကုန်၏။ ခြောက်ဒွါရ၌ ဖြစ်ကုန်၏၊ လောကီတရားကို အာရုံပြုကုန်၏၊ ပဉ္စဝေါကာရဘုံ၌ ဖြစ်ခိုက် ဟဒယဝတ္ထုရုပ်ကို မှီကုန်၏၊ စတုဝေါကာရဘုံ၌ဖြစ်ခိုက် မှီရာဝတ္ထုရုပ် မရှိကုန်။
ဒေါသ ဣဿာ မစ္ဆရိယ ကုက္ကုစ္စ စေတသိက်တို့သည် ဒေါမနဿဝေဒနာ နှင့် ယှဉ်ကုန်၏၊ ဒေါသသည် မောဟဟိတ် ၁-ပါးသာ ရှိ၏၊ ကြွင်း ၃-ပါးတို့သည် ဒေါသ မောဟ ဟိတ် ၂-ပါး ရှိကုန်၏၊ ဇောကိစ္စ တပ်ကုန်၏၊ ခြောက်ဒွါရ၌ ဖြစ်ကုန်၏၊ လောကီတရားကို အာရုံပြုကုန်၏၊ ကာမဘုံ၌သာ ဖြစ်၏၊ ဟဒယ ဝတ္ထုရုပ်ကို မှီကုန်၏။
ထိန မိဒ္ဓ စေတသိက်တို့သည် သောမနဿ ဒေါမနဿ ဥပေက္ခာ ဝေဒနာ ၃-ပါးနှင့် ယှဉ်ကုန်၏၊ အကုသိုလ် ဟိတ် ၃-ပါး ရှိကုန်၏၊ ဇောကိစ္စ တပ်ကုန်၏။ ခြောက်ဒွါရ၌ ဖြစ်ကုန်၏၊ လောကီတရားကို အာရုံပြုကုန်၏၊ ပဉ္စဝေါကာရဘုံ၌ ဖြစ်ခိုက် ဟဒယ ဝတ္ထုရုပ်ကို မှီကုန်၏၊ စတုဝေါကာရဘုံ၌ဖြစ်ခိုက် မှီရာဝတ္ထုရုပ် မရှိကုန်။
ဝိစိကိစ္ဆာစေတသိက်သည် ဥပေက္ခာဝေဒနာနှင့် ယှဉ်၏၊ မောဟ ဟိတ် ရှိ၏၊ ဇောကိစ္စ တပ်၏၊ ခြောက်ဒွါရ၌ ဖြစ်၏၊ လောကီတရားကို အာရုံပြု၏။ ပဉ္စဝေါကာရဘုံ၌ဖြစ်ခိုက် ဟဒယဝတ္ထုရုပ်ကို မှီ၏၊ စတုဝေါကာရဘုံ၌ဖြစ်ခိုက် မှီရာဝတ္ထုရုပ် မရှိ။
သောဘနစေတသိက်တို့ကို ဝေဒနာစသည်အားဖြင့် ခွဲဝေပုံ
သဒ္ဓါ-စသော သောဘနသာဓာရဏစေတသိက် ၁၉-ပါးတို့သည်သောမနဿ ဥပေက္ခာ ဝေဒနာ ၂-ပါးနှင့် ယှဉ်ကုန်၏၊ ထိုတွင် အလောဘသည် အဒေါသ အမောဟ ဟိတ် ၂-ပါး ရှိ၏၊ အဒေါသသည် အလောဘ အမောဟ ဟိတ် ၂-ပါး ရှိ၏။ ကြွင်း ၁၇-ပါးသည် အလောဘ အဒေါသ အမောဟ ဟိတ် ၃-ပါး ရှိကုန်၏၊ ပဋိသန္ဓေ ဘဝင် စုတိ ဇော တဒါရုံအားဖြင့် ၅-ကိစ္စတပ်ကုန်၏၊ ပဋိသန္ဓေ ဘဝင် စုတိကိစ္စတပ်ခိုက် ခြောက်ဒွါရမှ လွတ်ကုန်၏၊ တဒါရုံကိစ္စတပ်ခိုက် ခြောက်ဒွါရ၌ ဖြစ်ကုန်၏၊ အလုံးစုံသောတရားကို အာရုံပြုကုန်၏၊ ပဉ္စဝေါကာရ ဘုံ၌ဖြစ်ခိုက် ဟဒယဝတ္ထုရုပ်ကို မှီကုန်၏၊ စတုဝေါကာရဘုံ၌ဖြစ်ခိုက် မှီရာဝတ္ထုရုပ် မရှိ။
ဝိရတီစေတသိက် ၃-ပါးတို့သည် သောမနဿ ဥပေက္ခာဝေဒနာ ၂-ပါးနှင့် ယှဉ်ကုန်၏၊ ကုသိုလ် ဟိတ် ၃-ပါးရှိကုန်၏၊ ဇောကိစ္စတပ်ကုန်၏၊ ခြောက်ဒွါရ၌ ဖြစ်ကုန်၏၊ ဝိရမိတဗ္ဗဝတ္ထုဖြစ်သော ကာမ နာမ် ရုပ် ပစ္စုပ္ပန် အနာဂတ်တရား တို့ကို အာရုံပြု ကုန်၏၊ လောကုတ္တရာစိတ်နှင့်ယှဉ်ခိုက် ဝိရတီစေတသိက်သည် နိဗ္ဗာန်ကို အာရုံပြု၏၊ ပဉ္စဝေါကာရဘုံ၌ဖြစ်ခိုက် ဟဒယဝတ္ထုရုပ်ကို မှီကုန်၏။ စတုဝေါကာရဘုံ၌ဖြစ်ခိုက် မှီရာဝတ္ထုရုပ် မရှိ။
ကရုဏာ မုဒိတာ တည်းဟူသော အပ္ပမညာစေတသိက်တို့သည် သောမနဿ ဥပေက္ခာ ဝေဒနာ ၂-ပါးနှင့်ယှဉ်ကုန်၏၊ ကုသိုလ် ဟိတ် ၃-ပါးရှိကုန်၏၊ ပဋိသန္ဓေ ဘဝင် စုတိ ဇောကိစ္စ တပ်ကုန်၏။ ပဋိသန္ဓေ ဘဝင် စုတိ ကိစ္စတပ်ခိုက် ခြောက်ဒွါရမှ လွတ်ကုန်၏၊ ဇောကိစ္စတပ်ခိုက် ခြောက်ဒွါရ၌ ဖြစ်ကုန်၏၊ သတ္တဝါဟူသော ပညတ်တရားကို အာရုံပြုကုန်၏၊ ပဉ္စဝေါကာရဘုံ၌ဖြစ်ခိုက် ဟဒယဝတ္ထုကို မှီကုန်၏၊ စတုဝေါကာရ ဘုံ၌ဖြစ်ခိုက် မှီရာဝတ္ထု ရုပ် မရှိကုန်။
ပညာစေတသိက်သည် သောမနဿ, ဥပေက္ခာဝေဒနာ ၂-ပါးနှင့် ယှဉ်၏။ အလောဘ အဒေါသ ကုသိုလ် ဟိတ် ၂-ပါးရှိ၏။ ပဋိသန္ဓေ ဘဝင် စုတိ ဇော အားဖြင့် ၄-ကိစ္စ တပ်၏။ ပဋိသန္ဓေ ဘဝင် စုတိ ကိစ္စတပ်ခိုက် ခြောက်ဒွါရမှ လွတ်၏၊ ဇောကိစ္စတပ်ခိုက် ခြောက်ခွါရ၌ဖြစ်၏၊ အလုံးစုံသောတရားကို အာရုံပြု၏။ ပဉ္စဝေါကာရဘုံ၌ဖြစ်ခိုက် ဟဒယဝတ္ထုရုပ်ကိုမှီ၏။ စတုဝေါကာရဘုံ၌ဖြစ်ခိုက် မှီရာ ဝတ္ထုရုပ် မရှိ။
ဝီထိစိတ်ဖြစ်ပုံ ဥပမာ ၄-မျိုး(စာမျက်နှာ-၅၇)
၁-ကြံကြိတ် ကြံချက်သမား ဥပမာ
၁၁-ယောက်သော ကြံချက်သမားတို့သည် ကြံခင်းပိုင်ရှင် ထံသို့သွား၍ ငါတို့သည် ကြံချက်သမား တို့ပေတည်းဟု ပြောကြလေရာ ကြံခင်းပိုင်ရှင်သည် ကြံချက်သမား ၁၁-ယောက်တို့ကို ခေါ်၍ ကြံချက်စက်ရုံသို့ သွား၏။ ကြံခင်းပိုင်ရှင်နှင့် ကြံချက်သမား ၁၁-ယောက်တို့သည် ကြံကြိတ်ခြင်းစသော ပြုဖွယ် ကိစ္စတို့ကို ပြုကြပြီးနောက် ကြံချက်သမား ၁၁-ယောက်တို့သည် ကြံချက်စက်ရုံကို ကြံခင်းပိုင်ရှင်ဖြစ်သော စက်ရုံ ပိုင်ရှင်အား ပြန်အပ်၍ ရသင့်ရထိုက်သော အဘို့အစု အသီးသီးတို့ကို ယူကြပြီးလျှင် ပြန်သွားကြသည်။
ထိုစကားရပ်၌ စက္ခုဒွါရဝီထိတွင် စက္ခုပသာဒသည် ကြံချက်စက်ရုံနှင့် တူ၏။
ရူပါရုံသည် ကြံခင်းနှင့်တူ၏။
ကုသလဝိပါက်သမ္ပဋိစ္ဆိန်း သန္တီရဏဒွေ မဟာဝိပါက် ၈-ပါး၊ ပေါင်း ၁၁ ပါးသော ဝိပါက် စိတ်တို့သည် ကြံချက်သမား ၁၁-ယောက်တို့နှင့် တူကုန်၏။
စက္ခုဝိညာဏ်သည် ကြံချက်စက်ရုံပိုင်ရှင်နှင့် တူ၏။
စက္ခုပသာဒ စက္ခုဒွါရ၌ စက္ခုဝိညာဏ်နှင့် အတူတကွ ၁၁-ပါးသော ဝိပါက်စိတ်တို့၏ ရူပါရုံကိုမြင်ခြင်း လက်ခံခြင်း စုံစမ်းခြင်းစသော အသီးသီးသော မိမိတို၏ကိစ္စကို ပြုခြင်းသည် ကြံချက်စက်ရုံပိုင်ရှင်နှင့် အတူတကွ ကြံချက်သမား ၁၁-ယောက်တို့ ပြုဖွယ်ကိစ္စတို့ကို ပြုခြင်းနှင့် တူ၏။
ထို့နောက် ကြံချက်သမား ၁၁-ယောက်တို့သည် မိမိတို့၏ အဖို့အစု အသီးသီး တို့ကို ယူ၍ ပြန်သွားကြခြင်းသည် ဝိပါက်စိတ် ၁၁-ပါးတို့ စက္ခုပသာဒ၌ အတည်အမြဲ မမှီမူ၍ ရံခါ ကြုံကြိုက်သည့်အခါ၌သာ မှီပြီးလျှင် တခြားဒွါရသို့ အခါအားလျော်စွာ ပြောင်းသွားသည်နှင့် တူသည်။
စက္ခုဒွါရမှ တပါးသော ဒွါရသို့ စက္ခုဝိညာဏ်၏ မပြောင်းရွှေ့ခြင်းသည် ကြံချက်သမား ၁၁-ယောက်တို့ ပြန်အပ်နှံသော ကြံချက်စက်ရုံကို ကြံချက်စက်ရုံ ပိုင်ရှင်၏ ပြန်လည် လက်ခံခြင်းနှင့် တူသည်။
ဤဥပမာ၌ ဆိုလိုရင်းမှာ -- စက္ခုဝိညာဏ်သည် စက္ခုဒွါရကိုသာ အမြဲဧကန် မှီ၍ ရူပါရုံကိုသာ ဧကန်အမြဲ အာရုံပြုသည်။ စက္ခုဒွါရမှတပါး တခြားသော ဒွါရသို့ ပြောင်းရွှေ့သွားခြင်းမရှိ၊ ထိုနည်းတူ သောတဝိညာဏ်တို့ကိုလည်း သိရာသည်။
သမ္ပဋိစ္ဆိန်းစသော ဝိပါက်စိတ် ၁၁-ပါးတို့မှာ စက္ခုဒွါရစသည်တို့ကို အမြဲ မမှီမူ၍ အခါ အားလျော်စွာသာ ထိုဒွါရတို့ကို မှီပြီးလျှင် သက်ဆိုင်ရာ ပဉ္စာရုံတို့ကို အာရုံပြုကြခြင်း ဖြစ်သည်။ ထိုဝိပါက်စိတ် ၁၁-ပါးတို့မှာ ဒွါရတခုတည်းကိုသာ စွဲမှီ၍ တည်မနေ ကြောင်း၊ အခါအားလျော်စွာ ဒွါရတခုမှ တခုသို့ ပြောင်းရွှေ့၍ ဖြစ်ပေါ်ကြောင်းကို ပြလိုခြင်းဖြစ်သည်။
(အဋ္ဌသာလိနီအဋ္ဌကထာ၊ စိတ္တုပ္ပါဒကဏ္ဍ၊ နှာ ၃၁၄-၅)
၂-တံခါးစောင့် ဥပမာ - ဝီထိစိတ်ဖြစ်ပုံ
မင်းတပါးသည် သလွန်ညောင်စောင်း၌ အိပ်စက်နေ၏။ အလုပ်အကျွေး ငယ်ကျွန် သည် မင်း၏ခြေရင်း၌ နေ၏၊ နားလေးသော တံခါးစောင့်သည် တံခါးနား၌ ရပ်တည်နေ၏။ မင်း၏ အစောင့်အရှောက် ကိုယ်ရံတော် ၃-ယောက် တို့သည် အစဉ် အတိုင်း ရပ်တည်နေကြသည်။
ထိုအခါ ရွာစွန်ရွာဖျား၌နေသော လူတယောက်သည် လက်ဆောင်ပဏ္ဏာ ယူလာပြီးလျှင် နန်းတော်တံခါးကို ခေါက်၏၊ တံခါးခေါက်သံကို အလုပ်အကျွေး ငယ်ကျွန်ကြား၍ နားလေးသော တံခါးစောင့်အား အချက်ပြကာ အသိပေး၏။ ထို အချက်ပြဖြင့် နားလေးသော တံခါးစောင့်သည် တံခါးကိုဖွင့်ကြည့်၏၊ ရွာစွန် ရွာဖျား၌ နေသောသူ ပေးသော လက်ဆောင်ပဏ္ဏာကို မင်း၏ ပဌမ အစောင့်အရှောက် ကိုယ်ရံတော်က ယူ၍ ဒုတိယအစောင့်အရှောက် ကိုယ်ရံတော်အား ပေး၏၊ ဒုတိယ အစောင့်အရှောက် ကိုယ်ရံတော်က တတိယ အစောင့်အရှောက် ကိုယ်ရံတော်အား ပေး၏။ တတိယ အစောင့်အရှောက် ကိုယ်ရံတော်က မင်းအား လက်ဆောင်ပဏ္ဏာကို ဆက်သ၏၊ မင်းသည် ထိုလက်ဆောင်ပဏ္ဏာကို သုံးဆောင်၏။
ထိုစကားရပ်၌ စက္ခုပသာဒရုပ်၌ ရူပါရုံ၏ ထိခိုက်ခြင်းသည် လက်ဆောင်ပဏ္ဏာ ယူလာသော ရွာစွန်ရွာဖျား၌နေသော သူ၏ တံခါးခေါက်ခြင်းနှင့် တူ၏။
ဘဝင်ပြတ်ပြီးနောက် အာဝဇ္ဇန်းက စိတ်အစဉ်ကို ပဝတ္တိဘဝ ပစ္စုပ္ပန်အာရုံသို့ ဦးလှည့်၍ ဆင်ခြင်စေခြင်းသည် မင်း၏ အလုပ်အကျွေး ငယ်ကျွန်က နားလေးသော တံခါးစောင့် အား အချက်ပြ အသိပေးခြင်းနှင့် တူ၏။
ရူပါရုံကို စက္ခုဝိညာဏ်၏ မြင်ခြင်းသည် နားလေးသော တံခါးစောင့်၏ တံခါး ဖွင့်ကြည့်ခြင်းနှင့် တူ၏။
သမ္ပဋိစ္ဆိန်းက အာရုံကို ခံယူခြင်းသည် မင်း၏ ပဌမ အစောင့်အရှောက် ကိုယ်ရံတော်က ရွာစွန်ရွာဖျား၌နေသောသူ ပေးသော လက်ဆောင်ပဏ္ဏာကို လှမ်းယူခြင်းနှင့် တူ၏။
သန္တီရဏက အာရုံကို စုံစမ်း စစ်ဆေးခြင်းသည် ပဌမအစောင့်အရှောက် ကိုယ်ရံတော်က ဒုတိယအစောင့်အရှောက် ကိုယ်ရံတော်အား လက်ဆောင် ပဏ္ဏာကို တဆင့်ပေးလိုက်သည့်အခါ ဒုတိယကိုယ်ရံတော်က စစ်ဆေးခြင်းနှင့်တူ၏။
ဝုဋ္ဌောက အာရုံကိုပိုင်းခြား မှတ်သားခြင်းသည် ဒုတိယ အစောင့်အရှောက် ကိုယ်ရံတော်က တတိယ အစောင့်အရှောက် ကိုယ်ရံတော်အား လက်ဆောင် ပဏ္ဏာကို ထပ်ဆင့် ပေးကမ်းလိုက်သည့်အခါ တတိယ ကိုယ်ရံတော်က ပိုင်းခြား မှတ်သား ခြင်းနှင့်တူ၏။
အာရုံကို ဇောထံသို့ ဝုဋ္ဌောက ပို့ခြင်းသည် တတိယ အစောင့်အရှောက် ကိုယ်ရံတော်က မင်းအား လက်ဆောင်ပဏ္ဏာ ဆက်သခြင်းနှင့်တူ၏။
အာရုံ၏အရသာကို ဇောက ခံစားခြင်းသည် လက်ဆောင်ပဏ္ဏာကို မင်းသုံးဆောင်ခြင်း နှင့် တူ၏။
ဤဥပမာ၌ ဆိုလိုရင်း အချက်မှာ -- ပဉ္စဒွါရာဝဇ္ဇန်း ပဉ္စဝိညာဉ် သမ္ပဋိစ္ဆိန်း သန္တီရဏ ဝုဋ္ဌောတို့သည် အာရုံ၏အရသာကို မခံစားနိုင်ကြ၊ ဇောကသာ အာရုံ၏အရသာကို ခံစားနိုင်ကြောင်းကို ပြခြင်းဖြစ်သည်။
(အဋ္ဌသာလိနီအဋ္ဌကထာ၊ စိတ္တုပ္ပါဒကဏ္ဍ၊ နှာ-၃၁၉)
၃-ပင့်ကူဥပမာ-ဝီထိစိတ်ဖြစ်ပုံ
ပိုးကောင်စသော သတ္တဝါကို လမ်း၌စောင့်ဖမ်း၍ စားသောက်သော ပင့်ကူ တကောင် သည် တခုသောအရပ်၌ ပင့်ကူချည်ကိုဖြန့်၍ ပင့်ကူအိမ် ကွန်ရက်ပြုလုပ် ပြီးလျှင် ပင့်ကူအိမ် ကွန်ရက်အလယ်၌ အိပ်နေလေ၏။
ထိုအခါ ဖြန့်ထားအပ်သော ပင့်ကူချည်ကို ပိုး နှံ ယင်ကောင်တို့ တိုးမိ ထိမိ တိုက်မိ လေသော် ပင့်ကူသည် အိပ်နေရာမှ လှုပ်လှုပ်ရွရွ ထွက်လာကာ ပင့်ကူချည်သို့ အစဉ်လျှောက်သွားပြီးလျှင် ပိုး နှံ ယင်ကောင်တို့ကို ဖမ်းယူစားပြီးနောက် မိမိနေရာ ပင့်ကူအိမ် ကွန်ရက်အလယ်သို့ ပြန်အိပ်လေ၏။
ထိုစကားရပ်၌ --
စက္ခုပသာဒသည် တခုသောအရပ်၌ ဖြန့်ထားအပ်သော ပင့်ကူအိမ်နှင့်တူ၏။
စက္ခုဝိညာဏ်သည် ပင့်ကူအိမ်ကွန်ရက် အလယ်၌ အိပ်သော ပင့်ကူနှင့်တူ၏။
အာရုံနှင့် ပသာဒရုပ်တို့ ထိခိုက်ခြင်းသည် ပိုး နှံ ယင်ကောင်တို့ ပင့်ကူချည်ကို ထိမိ တိုးမိ တိုက်မိခြင်းနှင့် တူ၏။
ဘဝင်စိတ် အစဉ်၏ (အတိတ်ဘဝ မရဏာသန္နဇော၏ အာရုံကို ယူနေရာမှ) ပြတ်ခြင်း သည် ပင့်ကူ၏ အိပ်ပျော်ရာမှ နိုးခြင်းနှင့် တူ၏။
ဘဝင်စိတ်အစဉ်ပြတ်ပြီးနောက် ထိုစိတ်အစဉ်ကို ယခုပဝတ္တိဘဝ ပစ္စုပ္ပန်အာရုံသို့ ရှေးရှု လည်စေသော အာဝဇ္ဇန်းစိတ်ဖြစ်ပေါ်လာခြင်းသည် ပင့်ကူအိမ် အလယ်၌ အိပ်နေသော ပင့်ကူ၏ လှုပ်ရှားခြင်းနှင့် တူသည်။
အာဝဇ္ဇန်းစသော ဝီထိစိတ်တို့ဖြစ်ခြင်းသည် ပင့်ကူ၏ ပင့်ကူချည်သို့ အစဉ်အတိုင်း လျှောက်သွားခြင်းနှင့် တူ၏။
အာရုံ၏ အရသာကို ဇောက ခံစားခြင်းသည် ပင့်ကူ၏ ပိုး နှံ ယင်ကောင်ကို ဖမ်းယူ စားခြင်းနှင့် တူ၏။
တဖန် ဘဝင်စိတ်ဖြစ်ခြင်းသည် ပင့်ကူအိမ်ကွန်ရက် အလယ်သို့ ပင့်ကူ ပြန်အိပ်ခြင်းနှင့် တူ၏။
ဤဥပမာ၌ ဆိုလိုရင်း အချက်နှစ်ခုမှာ -- အာရုံနှင့် ပသာဒရုပ်တို့ ထိခိုက်သဖြင့် ဖြစ်ပေါ်လာသော ဝီထိစိတ်အစဉ်တွင် ပသာဒရုပ်ပေါ်၌ မှီ၍ဖြစ်ပေါ်လာသည့် ပဉ္စဝိညာဉ်စိတ် မဖြစ်ပေါ်လာမီ ဟဒယဝတ္ထုရုပ်၌ မှီ၍ ဖြစ်ပေါ်လာသော (ပဉ္စဒွါရာ ဝဇ္ဇန်း) စိတ်က ရှေးဦးစွာ ဖြစ်ပေါ်လာကြောင်းကို ပြခြင်းဖြစ်သည်။ ထို့ပြင် တခုတခုသော အာရုံသည် ပသာဒရုပ်ပေါ်၌ ထင်လာလျှင် ဟဒယဝတ္ထုရုပ်ပေါ်၌လည်း ထင်လာကြောင်းကို ပြသည်။ တခုတခုသော ပဉ္စာရုံသည် နှစ်ခုသောဝတ္ထုရုပ်ပေါ်၌ ထင်လာကြောင်းကို ပြဆိုခြင်းဖြစ်သည်။
(အဋ္ဌသာလိနီအဋ္ဌကထာ၊ စိတ္တုပ္ပါဒကဏ္ဍ၊ နှာ-၃၁၈-၉)
၄-သရက်သီးဥပမာ - ဝီထိစိတ်ဖြစ်ပုံ
ယောက်ျားတယောက်သည် အသီး သီးသော သရက်ပင်အရင်း၌ ဦးခေါင်း ခြုံလျက် အိပ်နေ၏။ ထိုအခါ သရက်သီးအမှည့် တလုံးသည် ထိုယောက်ျား အနီး၌ ကြွေကျ လာ၏၊ ထိုယောက်ျားသည် သရက်သီးကြွေကျသော အသံဖြင့် အိပ်ပျော်ရာမှ လန့်နိုး၍ မျက်စိဖွင့်ပြီး ကြည့်ရှုလေရာ သရက်သီးကို မြင်ရသဖြင့် ကောက်ယူပြီးသော် မှည့် မမှည့် လက်ဖြင့် နှိပ်စမ်းနမ်းပြီးနောက် မှည့်မှန်းသိ၍ ထိုသရက်သီးကို သုံးဆောင်၏။ ထိုနောက် သရက်ပင်အရင်း၌ပင် ပြန်အိပ်လေ၏။
ထိုစကားရပ်၌ --
ဘဝင်ကျနေခြင်းသည် သရက်ပင်ရင်း၌ ထိုယောက်ျား၏ အိပ်ပျော်ခြင်းနှင့် တူ၏။
ပသာဒရုပ်၌ အာရုံ၏ ထိခိုက်ခြင်းသည် သရက်သီး ကြွေကျခြင်းနှင့်တူ၏။
ဘဝင်လှုပ်ခြင်းသည် သရက်သီး ကြွေကျသံကြောင့် အိပ်ပျော်ရာမှ လန့်နိုးခြင်းနှင့် တူ၏။
ရူပါရုံကို စက္ခုဝိညာဏ်၏ မြင်ခြင်းသည် မျက်စိဖွင့်၍ ကြည့်ရှုခြင်းနှင့်တူ၏။
အာရုံကို သမ္ပဋိစ္ဆိန်း ခံယူခြင်းသည် သရက်သီးကို ကောက်ယူခြင်းနှင့်တူ၏။
အာရုံကို သန္တီရဏစိတ်က စုံစမ်းခြင်းသည် သရက်သီး မှည့် မမှည့် လက်ဖြင့် နှိပ်၍ စုံစမ်းခြင်းနှင့် တူ၏။
အာရုံကို ဝုဋ္ဌောက ပိုင်းခြားမှတ်သားခြင်းသည် သရက်သီးကို နမ်းရှူခြင်းနှင့် တူ၏။
အာရုံဟူသော အရသာကို ဇော၏ခံစားခြင်းသည် သရက်သီးကို သုံးဆောင် စားမျိုခြင်း နှင့် တူ၏။
တဖန်ဘဝင်ကျခြင်းသည် သရက်ပင်အရင်း၌ ပြန်အိပ်ခြင်းနှင့် တူ၏။
(အဋ္ဌသာလိနီ အဋ္ဌကထာ၊ စိတ္တုပ္ပါဒကဏ္ဍ၊ နှာ-၃၁၁)
“သတ်မနောဒွါ ... ဒွိဟလွတ်ကင်း ရှင်းလေတည်း”ဟူသော လင်္ကာ(နှာ-၅၈)
ကာမဇောဝီထိ ၉-ဝီထိ [၁] အနက် စိတ္တက္ခဏ အသက် ၁၇-ချက် အသက်ပြည့်သော (ဝိညတ်ဒွေ လက္ခဏရုပ် ၄-ခုကြဉ်သည့်) ရုပ် ၂၂-ပါးကို အာရုံပြုသော ဝိဘူတာရုံ ၅-ဝီထိ, အဝိဘူတာရုံ ၂-ဝီထိတို့ကို သတ္တရသာယုကာရမ္မဏဝီထိ ဟု ခေါ်သည်။ ဤ ၇-ဝီထိတို့၌ဖြစ်သော ဝီထိစိတ်တို့သည် သရုပ်အားဖြင့် ဒွေပဉ္စဝိညာဏ် ၁၀၊ မနောဓာတ် ၃-ပါးကြဉ်သော ကာမစိတ် ၄၁-ပါးတို့ဖြစ်ကြသည်။
[၁။ ကာမာဝီထိ၌ ဝိဘူတာရုံဝီထိ အဝိဘူတာရုံဝီထိဟု ခွဲခြားထားခြင်းမှာ ဝိဘူတာရုံ ဝီထိ၌ တဒါရုံကျ၍ အဝိဘူတာတရုံ ဝိထိ၌ တဒါရုံမကျခြင်းကြောင့်တည်း။]
အာရုံအားဖြင့် ရှေ့နောက်ဘဝင်စိတ်တို့သည် မိမိ၏ ပဋိသန္ဓေစိတ်နှင့် ဘူမိ ဇာတိ သမ္ပယုတ္တဓမ္မ သင်္ခါရ အာရုံတူ၏၊ အတီတာနန္တရဘဝ၌ ဆဒွါရိက မရဏာသန္နဇောသည် ယူအပ်သော ကံ ကမ္မနိမိတ် ဂတိနိမိတ် ၃-ပါးတို့တွင် တပါးပါးကို အာရုံပြုကုန်၏။
ဘဝင်စိတ်မှကြွင်းသော ဆိုအပ်ခဲ့ပြီးသော ၄၁-ပါးသော ကာမစိတ်တို့သည် စိတ္တက္ခဏ အသက် ၁၇-ချက်ပြည့်သော (ဝိညတ်ဒွေ လက္ခဏရုပ် ၄-ခုကြဉ်သော) ပစ္စုပ္ပန်ရုပ် ၂၂-ပါးကို အာရုံပြုကြသည်။
မှီရာအားဖြင့် ဤ ၇-ဝီထိ၌ အလုံးစုံသော ဘဝင်စိတ် ဝီထိစိတ်တို့သည် ပဉ္စဝေါကာရ ဘုံ၌ဖြစ်ခိုက် မိမိတို့၏ ရှေးရှေးသော အနန္တရ (အခြားမဲ့) စိတ်နှင့် အတူ ဥပါဒ်ပြိုင်သော ဟဒယဝတ္ထုကိုချည်း မှီကုန်၏၊ အဝိဘူတာရုံ ၂-ဝီထိ၌ ဖြစ်သော စိတ်တို့သည် စတုဝေါကာရဘုံ၌ဖြစ်ခိုက် မှီရာဝတ္ထုရုပ် မရှိကုန် ဟူလို။
“လွတ်ကင်းဒွိဟ... ဝီထိဖြစ်သည်”ဟူသော လင်္ကာ၏ အဓိပ္ပါယ်ကား --
ဘုံအားဖြင့် ဤ သတ္တရသာယုကာရမ္မဏ ၇-ဝီထိတို့တွင် ဝိဘူတာရုံ ၅-ဝီထိတို့သည် တဒါရမ္မဏဝါရဖြစ်၍ ကာမ ၁၁-ဘုံ၌သာ ဖြစ်ကြသည်။ အဝိဘူတာရုံ ၂-ဝီထိတို့သည် အသညသတ်ကြဉ်သော ဘုံ ၃၀-၌ ဖြစ်ကုန်၏။
ပုဂ္ဂိုလ်အားဖြင့် ထို ၇-ဝီထိတို့သည် ပုထုဇဉ်ပုဂ္ဂိုလ် ၄-ယောက် ဖလဋ္ဌာန် ပုဂ္ဂိုလ် ၄-ယောက် ဤပုဂ္ဂိုလ် ၈-ယောက်တို့၌ ဖြစ်ကုန်၏ဟူလို။
“စိစစ်ဘဝင် သွင်းလေတည်း” ဟူသည်၌ကား --
ကာမဘုံ၌ဖြစ်သော ဝီထိဖြစ်လျှင် ကာမဘဝင် ၁၀-ကို ချအပ်၏၊ ထို ၁၀-ပါးသော ကာမဘဝင်စိတ်တို့တွင် ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်၌ဖြစ်သော ဝီထိဖြစ်လျှင် အကုသလ- ဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏဘဝင်စိတ်ကို ချအပ်၏၊ သုဂတိ အဟိတ်ပုဂ္ဂိုလ် ၌ဖြစ်သော ဝီထိဖြစ်လျှင် ကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏဘဝင်စိတ်ကို ချအပ်၏၊ ဒွိဟိတ်ပုဂ္ဂိုလ်၌ဖြစ်သော ဝီထိဖြစ်လျှင် မဟာဝိပါက်ဉာဏဝိပ္ပယုတ် ဘဝင်စိတ် ၄-ပါးကို ချအပ်၏၊ တိဟိတ်ပုဂ္ဂိုလ် ဖလဋ္ဌာန် ပုဂ္ဂိုလ်တို့၌ဖြစ်သော ဝီထိ ဖြစ်လျှင် မဟာဝိပါက် ဉာဏသမ္ပယုတ်ဘဝင်စိတ် ၄ ပါးကို ချအပ်၏။
အသညသတ်ကြဉ်သော ရူပဘုံဝယ် တိဟိတ်ပုထုဇဉ်, ဖလဋ္ဌာန်ပုဂ္ဂိုလ် ၄ ယောက်တို့၏ သန္တာန်၌ဖြစ်သော ဝီထိဖြစ်လျှင် ရူပဝိပါက်ဘဝင်စိတ် ၅-ပါးကို ချအပ်၏။
အရူပဘုံဝယ် တိဟိတ်ပုထုဇဉ် ဖလဋ္ဌာန်ပုဂ္ဂိုလ် ၄-ယောက်တို့၏ သန္တာန်၌ ဖြစ်သော ဝီထိဖြစ်လျှင် အရူပဝိပါက်ဘဝင်စိတ် ၄-ပါးကို ချအပ်၏ဟူလို။
“ဒွိမနောဒွါ ... ဒွိဟလွတ်ကင်း ရှင်းလေတည်း”ဟူသောလင်္ကာ (နှာ-၅၉)
ကာမဇောဝီထိ ၉-ဝီထိတို့တွင် စိတ္တက္ခဏ ၁၇-ချက်အောက် အသက်ရှိသည့် အာရုံ “ဦနသတ္တရသာယုကာရမ္မဏ ကို အာရုံပြုသော ဝိဘူတာရုံတဝီထိ အဝိဘူတာရုံတဝီထိ၊ ဤ ၂-ဝီထိ တို့၌ဖြစ်သော ဝီထိစိတ်တို့သည် သရုပ်အားဖြင့် ဒွေပဉ္စဝိညာဏ် ၁ဝ, မနောဓာတ် ၃-ပါးကြဉ်သော ကာမစိတ် ၄၁-ပါးတို့ဖြစ်ကြသည်။
ရှေ့နောက်ဘဝင်စိတ်တို့သည် အာရုံအားဖြင့် မိမိ၏ ပဋိသန္ဓေစိတ်နှင့် ဘူမိ ဇာတိ သမ္ပယုတ္တဓမ္မ သင်္ခါရ အာရုံတူသည်၊ အတီတာနန္တရဘဝ၌ မရဏာသန္နဇောသည် ယူအပ်သော ကံ ကမ္မနိမိတ် ဂတိနိမိတ် ၃-ပါးတို့တွင် တပါးပါးကို အာရုံ ပြုကြသည်။
ဘဝင်စိတ်မှကြွင်းသော ဆိုအပ်ခဲ့ပြီးသော ၄၁-ပါးသော ကာမစိတ်တို့သည် ဝိဘူတာရုံ ဝီထိဖြစ်လျှင် ကာလ ၃-ပါးဖြစ်သော ကာမစိတ်-၅၄, စေတသိက်-၅၂, ဝိညတ် လက္ခဏရုပ် ၄-ပါး, အတိတ် အနာဂတ်ဖြစ်သော ကြွင်းရုပ် ၂၂-ပါးကို အာရုံပြုကြသည် ။
အဝိဘူတာရုံဝီထိဖြစ်လျှင် ကာလ ၃-ပါးဖြစ်သော စိတ်-ဂ၉, စေတသိက်-၅၂, ဝိညတ်ဒွေ လက္ခဏရုပ် ၄-ပါး အတိတ် အနာဂတ်ဖြစ်သော ကြွင်းရုပ် ၂၂-ပါး ကာလ ဝိမုတ်ဖြစ်သော နိဗ္ဗာန် ပညတ်တို့ကို အာရုံပြုကြသည်။
မှီရာအားဖြင့် ဤ ၂ ဝီထိ၌ အလုံးစုံသော ဘဝင်စိတ် ဝီထိစိတ်တို့သည် ပဉ္စဝေါကာရ ဘုံ၌ဖြစ်ခိုက် မိမိတို့၏ ရှေးရှေးသော အနန္တရ (အခြားမဲ့) စိတ်နှင့် အတူ ဥပါဒ်ပြိုင်သော ဟဒယဝတ္ထုကိုချည်း မှီကုန်၏၊ စတုဝေါကာရဘုံ၌ဖြစ်ခိုက် မှီရာဝတ္ထုရုပ် မရှိကုန် ဟူလို။
“လွတ်ကင်းဒွိဟ ... စိစစ်ဘဝင်သွင်းလေတည်း” ဟူသောလင်္ကာ (နှာ-၅၉)
ဦနသတ္တရသာယုကာရမ္မဏဖြစ်သော ဝိဘူတာရုံဝီထိသည် တဒါရမ္မဏဝီထိမျိုး ဖြစ်၍ ဘုံအားဖြင့် ကာမ ၁၁-ဘုံ၌သာဖြစ်၏၊ ပုဂ္ဂိုလ်အားဖြင့် ပုထုဇဉ် ၄-ယောက် ဖလဋ္ဌာန် ၄-ယောက်တို့၌ ဖြစ်၏။
ထိုတွင် ဒုဂ္ဂတိအဟိတ် ပုဂ္ဂိုလ်တို့၌ဖြစ်သော ဝီထိဖြစ်လျှင် အကုသလဝိပါက် ဥပေက္ခာ- သဟဂုတ် သန္တီရဏဘဝင်စိတ်ကို ချအပ်၏၊ သုဂတိအဟိတ်ပုဂ္ဂိုလ်၌ ဖြစ်သော ဝီထိဖြစ်လျှင် ကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏဘဝင်စိတ်ကို ချအပ်၏၊ ဒွိဟိတ်ပုဂ္ဂိုလ်၌ဖြစ်သော ဝီထိဖြစ်လျှင် မဟာဝိပါက်ဉာဏဝိပ္ပယုတ် ဘဝင်စိတ် ၄-ပါး ကို ချအပ်၏၊ တိဟိတ်ပုထုဇဉ် ဖလဋ္ဌာန်ပုဂ္ဂိုလ် ၄-ယောက်တို့၌ ဖြစ်သော ဝီထိဖြစ်လျှင် မဟာဝိပါက်ဉာဏသမ္ပယုတ် ဘဝင်စိတ် ၄-ပါးကို ချအပ်၏။
အဝိဘူတာရုံဝီထိသည် ဘုံအားဖြင့် အသညသတ်ကြဉ်သော ဘုံ ၃၀-၌ဖြစ်၏။ ပုဂ္ဂိုလ် အားဖြင့် ပုထုဇဉ် ၄-ယောက် ဖလဋ္ဌာန် ၄-ယောက်တို့၌ ဖြစ်၏။
ထိုတွင် ကာမဘုံ၌ဖြစ်လျှင် ကာမဘဝင် ၁၀-ပါးကို ချအပ်၏၊ ထို ၁၀-ပါး သော ကာမ ဘဝင်စိတ်တို့တွင် ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်၌ဖြစ်သော ဝီထိဖြစ်လျှင် အကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏဘဝင်စိတ်ကို ချအပ်၏၊ သုဂတိအဟိတ်ပုဂ္ဂိုလ်၌ ဖြစ်သော ဝီထိဖြစ်လျှင် ကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏဘဝင်စိတ်ကို ချအပ်၏။
ဒွိဟိတ်ပုဂ္ဂိုလ်၌ဖြစ်သော ဝီထိဖြစ်လျှင် မဟာဝိပါက်ဉာဏဝိပ္ပယုတ်ဘဝင်စိတ် ၄-ပါးကို ချအပ်၏၊ တိဟိတ်ပုထုဇဉ် ဖလဋ္ဌာန်ပုဂ္ဂိုလ် ၄-ယောက်တို့၌ဖြစ်သော ဝီထိဖြစ်လျှင် မဟာဝိပါက်ဉာဏသမ္ပယုတ် ဘဝင်စိတ် ၄-ပါးကို ချအပ်၏။
ရူပဘုံဝယ် တိဟိတ်ပုထုဇဉ် ဖလဋ္ဌာန်ပုဂ္ဂိုလ် ၄-ယောက်တို့၌ဖြစ်သော ဝီထိဖြစ်လျှင် ရူပဝိပါက် ဘဝင်စိတ် ၅-ပါးကို ချအပ်၏။
အရူပဘုံဝယ် တိဟိတ်ပုထုဇဉ်, ဖလဋ္ဌာန် ပုဂ္ဂိုလ် ၄-ယောက်တို့၌ဖြစ်သော ဝီထိ ဖြစ်လျှင် အရူပဝိပါက် ဘဝင် စိတ် ၄-ပါးကို ချအပ်၏ဟူလို။
ပဉ္စင်္ဂိကပထမဈာန်မဂ် ပါဒကဈာန် သမ္မသိတဈာန် ပုဂ္ဂလဇ္ဈာသယဈာန်များ (စာမျက်နှာ ၉၁၊ ၉၂)
ဝုဋ္ဌာနဂါမိနီဝိပဿနာ = ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိအပိုင်းတွင် အကျုံးဝင်သော သင်္ခါရုပေက္ခာဉာဏ် အနုလောမဉာဏ် ဂေါတြဘူဉာဏ်တို့သည် မဂ်သို့ စင်စစ် ရောက်စေနိုင်သည်ဖြစ်၍ ဝုဋ္ဌာနဂါမိနီဝိပဿနာဉာဏ်ဟု ခေါ်တွင်သည်။
ဝုဋ္ဌာန = ကိလေသာတို့မှ ထရာ ထွက်မြောက်ရာ၊ ကိလေသာတို့မှ ထွက်မြောက် လွတ်မြောက်သည့် မဂ်တရား။
ဂါမိနီ = ရောက်ခြင်း၊ ရောက်စေခြင်း။
ဝုဋ္ဌာန + ဂါမိနီ+ ဝိပဿနာ = မဂ်သို့ + ရောက်ကြောင်း ဖြစ်သော + ဝိပဿနာ။ မဂ်၏ရှေး ဂေါတြဘူတိုင်အောင်ဖြစ်သော ဇောစိတ်တို့သည် မဂ်သို့ ရောက်ကြောင်း ကာမဘုံမှ ထွက်မြောက်ကြောင်း ဖြစ်သောကြောင့် ဝုဋ္ဌာနဂါမိနီဝိပဿနာ မည်၏။
ဝုဋ္ဌာနဂါမိနီဝိပဿနာ + နိယမ = ဝုဋ္ဌာနဂါမိနီ ဝိပဿနာ + မှတ်အပ်သောနည်း။
လောကီဈာန်တို့၌ ဝိတက်ကို စက်ဆုတ်သဖြင့် ပွါးများအပ်သော “ဝိတက္ကဝိရာဂ- ဘာဝနာ” ဖြစ်သည့် ဥပစာရဘာဝနာ၏ သတ္တိအစွမ်းအား ဖြင့် ဝိတက်မှ ကင်းသော ဒုတိယဈာန် ဖြစ်ရသည်၊ ဝိစာရကို စက်ဆုတ်သဖြင့် ပွါးများအပ်သော “ဝိစာရ ဝိရာဂဘာဝနာ”ဖြစ်သည့် ဥပစာရဘာဝနာ၏ အစွမ်းအားဖြင့် ဝိစာရမှကင်းသော တတိယဈာန် ဖြစ်ရသည်၊ စတုတ္ထ ပဉ္စမဈာန်တို့ကိုလည်း ဤနည်းအတိုင်း သိပါလေ။
ထို့အတူ လောကုတ္တရာဈာန်၌လည်း မဂ်၏ ဥပစာဖြစ်သော ဝုဋ္ဌာနဂါမိနီဝိပဿနာ သည် အချို့ကား “ဝိတက္က ဝိရာဂ ဝုဋ္ဌာနဂါမိနီဝိပဿနာ ဖြစ်၏၊ အချို့ကား “ဝိစာရ ဝိရာဂဝုဋ္ဌာနဂါမိနီဝိပဿနာ”စသည် ဖြစ်၏။
ထို ဝုဋ္ဌာနဂါမိနီဝိပဿနာ၏ သတ္တိအမျိုးမျိုး အတွက်ကြောင့် ထို ဝုဋ္ဌာနဂါမိနီဝိပဿနာ နောက်မှ ဖြစ်ပေါ်လာရသော မဂ်သည်လည်း ဝုဋ္ဌာနဂါမိနီဝိပဿနာက အမှတ်ပေး သည့်အတိုင်း (ဝုဋ္ဌာနဂါမိနီဝိပဿနာ နိယမနည်းအတိုင်း) ဒုတိယဈာန်စသော ဈာန် အမျိုးမျိုးနှင့် ယှဉ်ရသည်၊ ဒုတိယဈာန်မဂ်စသည် ဖြစ်ရသည်။
၎င်းနည်းကို ဝုဋ္ဌာနဂါမိနီဝိပဿနာနည်းဟု ခေါ်သည်။
မဂ်လေးတန် အစချီသော လင်္ကာ (နှာ-၉၁)
ပဉ္စင်္ဂိကပထမဈာန်မဂ် ၄-မျိုး
(ဝုဋ္ဌာနဂါမိနီဝိပဿနာနည်းအားဖြင့် ရသော ပထမဈာန်မဂ်များ)
၁-သုက္ခဝိပဿကပုဂ္ဂိုလ်၏ မဂ် ဖိုလ်ရပုံ
ဈာန်မရသော ဈာန်အစေးခြောက်သော သုက္ခဝိပဿကပုဂ္ဂိုလ်သည် တေဘူမကသင်္ခါရ တရားတို့ကို လက္ခဏာရေး သုံးပါးတင်၍ သုံးသပ်သောအခါ သင်္ခါရုပေက္ခာဉာဏ် အနုလောမဉာဏ်ဟု ဆိုအပ်သော ဝုဋ္ဌာနဂါမိနီဝိပဿနာဉာဏ် ရင့်သန်လာပြီးလျှင် ဉာဏဒဿနဝိသုဒ္ဓိဟု ခေါ်သော မဂ်ကို ရသည်။ ထိုမဂ်သည် ဝုဋ္ဌာနဂါမိနီဝိပဿနာ နည်းအားဖြင့် ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါ ငါးပါးနှင့်တူသည့် အင်္ဂါငါးပါးတို့ ပါဝင်သဖြင့် ပဉ္စင်္ဂိကပထမဈာန်မဂ်ဟု ခေါ်သည်၊ ဖိုလ်ကိုလည်း ပဉ္စင်္ဂိကပထမဈာန် ဖိုလ်ဟု ခေါ် သည်။
၂-ဈာနလာဘီပုဂ္ဂိုလ်သည် ဈာန်မဝင်စား၊ ရပြီးဈာန်ကိုလည်း မသုံးသပ်ပဲ ရသော ပထမဈာန်မဂ် ဖိုလ်
ဈာန်ရသော ဈာနလာဘီပုဂ္ဂိုလ်သည် ဈာန်ကို ဝင်လည်း မဝင်စား သုံးလည်း မသုံးသပ် ပဲ တခြား ရုပ်နာမ်ဓမ္မသင်္ခါရကိုသာ သုံးသပ်၍ မဂ်ရသည်။ ဈာန်ရသော်လည်း တခြား သင်္ခါရကို သုံးသပ်၍ရသော မဂ်ဖြစ်သောကြောင့် ထိုမဂ်ကို ဝုဋ္ဌာနဂါမိနီဝိပဿနာ နိယမအားဖြင့် ပထမဈာန်၌ရှိသည့် အင်္ဂါငါးပါးနှင့် တူစွာသော အင်္ဂါငါးပါးရှိသဖြင့် ပဉ္စင်္ဂိကပထမဈာန်မဂ်ဟု ခေါ်သည်။
၃-ဝင်စားသော ဈာန်ကို မသုံးသပ်ပဲ တခြားတေဘုမ္မကသင်္ခါရ တရားကိုသုံးသပ်၍ ရသော ပထမဈာန်မဂ် ဖိုလ်
ဈာန်ရသော ဈာနလာဘီပုဂ္ဂိုလ်သည် ပထမဈာန်ကို ဝင်စား၍ ဈာန်မှထပြီးနောက် ထို ဝင်စားသောဈာန်ကို မသုံးသပ်ပဲ အခြားသင်္ခါရတရားကို သုံးသပ်၍ မဂ်ရသည်။ ထိုသို့ အခြားသင်္ခါရတရားကို သုံးသပ်၍ ရသည့်မဂ်ဖြစ်သောကြောင့် ထိုမဂ်ကို ဝုဋ္ဌာနဂါမိနီ- ဝိပဿနာ နိယမအားဖြင့် ပထမဈာန်နှင့်တူစွာသော အင်္ဂါငါးပါးရှိသဖြင့် ပဉ္စင်္ဂိကပထမ ဈာန်မဂ်ဟုခေါ်သည်။ (အဘိ၊ ဋ္ဌ။ ၁။ ၂၇၂)
၄-ဝင်စားသောဈာန်ကိုသုံးသပ်၍ ရသောပဉ္စင်္ဂိက ပထမဈာန်မဂ် ဖိုလ်
ဈာန်ရသော ဈာနလာဘီပုဂ္ဂိုလ်သည် ပထမဈာန်ကိုဝင်စား၍ ဈာန်မှထပြီးနောက် ထို ဝင်စားသောဈာန်ကို သုံးသပ်၍ မဂ်ရသည်။ ထိုသို့ဝင်စားသည့် ပထမဈာန်ကို သုံးသပ်၍ ရသည့်မဂ် ဖြစ်သောကြောင့် ထိုမဂ်ကို ဝုဋ္ဌာနဂါမိနီဝိပသာနာ နိယမ အားဖြင့် ပထမဈာန်နှင့်တူသော အင်္ဂါငါးပါးရှိသဖြင့် ပဉ္စင်္ဂိက ပထမဈာန်မဂ် ဟု ခေါ်သည်။ (မူလဋီကာ၊နှာ - ၁၁၆)
ဝုဋ္ဌာနဂါမိနီ ဝိပဿနာနည်းဖြင့် ရသောမဂ် ဖိုလ်များ
ဈာန် ၉-ပါးလုံးကိုရသော ဈာနလာဘီပုဂ္ဂိုလ်သည် အကြင်ဈာန်ကိုဝင်စား၍ ဈာန်မှ ထပြီးနောက် ထို၀င်စားသောဈာန်ကို သုံးသပ်၍ မဂ်ရသည်၊ ထို ဈာန်ကို သုံးသပ်၍ ရသောမဂ်သည် ဝုဋ္ဌာနဂါမိနီ ဝိပဿနာ နိယမအားဖြင့် ထိုဈာန်နှင့်တူစွာသော အင်္ဂါ ရှိသည့် မဂ်သာဖြစ်ရမည်။ ဒုတိယဈာန်ကိုဝင်စားပြီး ထိုဈာန်ကိုသုံးသပ်လျှင် ဒုတိယ ဈာန်မဂ်ဖြစ်ရသည်၊ တတိယဈာန်စသည် တို့ကိုလည်း ဤနည်းအတိုင်းပင် ယူပါလေ။
ပါဒကဈာန် စသည် ၃-မျိုး
ပါဒကဈာန်
ရူပါဝစရ ကုသိုလ်ဈာန် ၅-ပါး, အရူပါဝစရ ကုသိုလ်ဈာန် ၄-ပါးအားဖြင့် လောကီဈာန် ကိုးပါးကို အကုန်ရပြီးသော ဈာနလာဘီ ယောဂီပုဂ္ဂိုလ်သည် လောကုတ္တရာ အပ္ပနာဘုံ သို့ ဆိုက်ရောက်ရန် ရရှိရန် ပထမဈာန် စသောဈာန်တို့တွင် အကြင် အကြင်ဈာန်ကို ၀င်စား၍ ထိုထိုဈာန်မှ ထပြီးနောက် သင်္ခါရတရားကို သုံးသပ်သော ထိုယောဂီ ပုဂ္ဂိုလ်အား ဝုဋ္ဌာနဂါမိနီ ဝိပဿနာသည် ဖြစ်၏။ ထိုဈာန်သည် ဝုဋ္ဌာနဂါမိနီ ဝိပဿနာ ၏ နီးစွာသောအခြေခံ အကြောင်းဖြစ်၍ ပါဒကဈာန်မည်၏။
သမ္မသိတဈာန်
အကြင်အကြင် ပဌမဈာန်စသည်ကို ဝင်စားသည် ဖြစ်စေ မဝင်စားသည်ဖြစ်စေ ထို ဈာန်ကို သုံးသပ်သော ပုဂ္ဂိုလ်အား ဝုဋ္ဌာနဂါမိနီဝိပဿနာသည် ဖြစ်၏။ ထိုသုံးသပ် အပ်သော ဈာန်သည် ဝုဋ္ဌာနဂါမိနီ ဝိပသနာဖြစ်ကြောင်းဖြစ်၍ သမ္မသိတဈာန် မည်၏။ (သံ + မသ + ဣ = အာဂုံ + တပစ္စည်း။ ကောင်းစွာ သုံးသပ်အပ်သော)
ပုဂ္ဂလဇ္ဈာသယ
ငါ့အား ပထမဈာန်နှင့်တူသော အင်္ဂါ ၅-ပါးရှိသော ပဉ္စင်္ဂိက မဂ်ဖြစ်လျှင် ကောင်းလေစွ ဟူ၍၎င်း၊ ဒုတိယဈာန် တတိယဈာန် စသည်တို့တွင် တပါးပါးနှင့်တူသော ဈာန်အင်္ဂါ ၄-ပါးရှိသော စတုရင်္ဂိကမဂ် ဈာန်အင်္ဂါ ၃-ပါးရှိသော တိဝင်္ဂိကမဂ် စသည် ဖြစ်ပါမူကား ကောင်းလေစွ ဟူ၍၎င်း ယောဂီပုဂ္ဂိုလ်အား ဖြစ်သော အလိုဆန္ဒသည် ပုဂ္ဂလဇ္ဈာသယ မည်၏။
ပုဂ္ဂလဇ္ဈာသယ မရှိလျှင် အထက်ဈာန်နှင့်တူသော မဂ်ဖြစ်ရခြင်း
အောက်ရောက်သောဈာန်ကို ပါဒကပြု ဝင်စားပြီးနောက် အထက်အထက် ဖြစ်သော ဈာန်ကို သုံးသပ်သောအခါ ယောဂီပုဂ္ဂိုလ်က ငါ့အား အဘယ်ဈာန်နှင့်တူသော မဂ် ဖြစ်ပါစေဟူသော အလိုဆန္ဒ ပုဂ္ဂလဇ္ဈာသယ မရှိခဲ့လျှင် သုံးသပ်အပ်သော အထက် ဖြစ်သော ဈာန်နှင့်တူသည့် မဂ်ဖြစ်ပေါ်လာ၏။
အထက်ဖြစ်သောဈာန်ကို ပါဒကပြုဝင်စား၍ ဈာန်မှထပြီးနောက် အောက် အောက် သောဈာန်ကို သုံးသပ်သောအခါ ယောဂီပုဂ္ဂိုလ်က ငါ့အား အဘယ်ဈာန်နှင့် တူသော မဂ်ဖြစ်ပါစေဟု အလိုဆန္ဒ ပုဂ္ဂလဇ္ဈာသယ မရှိလျှင် ဝင်စားသော အထက်အထက် ဖြစ်သော ဈာန်နှင့်တူသည့်မဂ် ဖြစ်ပေါ်လာ၏။
အကြောင်းကား အထက်အထက် ဖြစ်သောဈာန်သည် အောက် အောက်သော ဈာန် ထက် အားကြီးသောကြောင့်တည်း။ (ဋီကာကျော် ၁၀၁၊၁၀၂)
ပါဒကဈာန်နှင့်တူသော မဂ်ဖြစ်ပုံ
ပထမဈာန် စသည်တို့တွင် တပါးပါးသောဈာန်ကို ၀င်စား၍ ထိုဈာန်မှ ထပြီးနောက် တခြား သင်္ခါရတရားကို သုံးသပ်၍ ဖြစ်ပေါ်လာသောမဂ်သည် ဝင်စားသော ပါဒက ဈာန်နှင့်တူစွာဖြစ်ရကား ပါဒကဇ္ဈာနသဒိသမဂ် မည်၏။
သမ္မသိတဈာန်နှင့်တူသော မဂ်ဖြစ်ပုံ
ဈာန်ကိုမဝင်စားပဲ တပါးပါးသောဈာန်ကို သုံးသပ်၍ ဖြစ်ပေါ်လာသော မဂ်သည် သုံးသပ်အပ်သော ဈာန်နှင့်တူစွာ ဖြစ်ပေါ်လာလျှင် သမ္မသိတဇ္ဈာနသဒိသမဂ် မည်၏၊ အကယ်၍ သုံးသပ်အပ်သောဈာန်သည် ပထမဈာန်ဖြစ်လျှင် ထိုဈာန်နှင့်တူသည့် အင်္ဂါ ၅-ပါးရှိသော ပထမဈာန် သမ္မသိတပထမဈာနသဒိသမဂ် ဖြစ်ပေါ်လာ၏၊ ဤနည်း နှင်နှင် သိပါလေ။
ပုဂ္ဂလဇ္ဈာသယ အတိုင်း မဂ်ဖြစ်ရခြင်း
အကြင်ဈာန်ကိုဝင်စား၍ ထို၀င်စားသော ဈာန်မှထပြီးနောက် ဝင်စားသောဈာန်ကို မသုံးသပ်ပဲ တခြားဈာန် စသည်ကို သုံးသပ်၍ ယောဂီပုဂ္ဂိုလ် အလိုဆန္ဒရှိပါမူ ယောဂီ ပုဂ္ဂိုလ် လိုလား တောင့်တသော ဈာန်နှင့်တူသည့်မဂ် ဖြစ်ပေါ်လာရ၏၊ ထိုမဂ်ကို ပုဂ္ဂလဇ္ဈာသယမဂ်ဟု ခေါ်၏။ (ယောဂီပုဂ္ဂိုလ်က မိမိဝင်စားသော ပါဒကဈာန်ကို အလို ရှိလျှင် ပါဒကဈာန်နှင့် တူသည့်မဂ် ဖြစ်ပေါ်လာ၏၊ ယောဂီပုဂ္ဂိုလ်က မိမိသုံးသပ်သော ဈာန်ကို အလိုရှိလျှင် ထိုသုံးသပ်အပ်သော သမ္မသိတဈာန်နှင့် တူသည့်မဂ် ဖြစ်ပေါ် လာ၏)။
စာမျက်နှာ ၉၃-ရှိ သင်္ဂဟ ကဗျာအဖြေ
ဂေါတြဘူ၊ နောက်မူစံထုံး၊ နှစ်ဆယ် သုံးမှန် = ဈာနဝီထိ၌ ဂေါတြဘူ နောင် မဟဂ္ဂုတ် ကုသိုလ် ၉-ပါး၊ မဟဂ္ဂုတ်ကြိယာ ၉-ပါး၊ ဤ ၁၈-ပါးသောအပ္ပနာဇောတို့ ဖြစ်ကုန်၏၊ မဂ္ဂဝီထိ၌ ဂေါတြဘူနောင် အကျယ်နည်း အားဖြင့် သောတာပတ္တိမဂ်စိတ် ၅-ပါး ဟူသော အပ္ပနာဇော ဖြစ်၏။ ထို့ကြောင့် ဂေါတြဘူနောင် ၂၃-ပါးသော အပ္ပနာဇောတို့ ဖြစ်ကုန် စောကုန်၏။
ဝေါဒါန်နောက်ပါး၊ ဆယ်ငါးကြိုက်ကြုံ = မဂ္ဂဝီထိ၌ ဝေါဒါန်နောင် အကျယ်နည်း အားဖြင့် သကဒါဂါမိမဂ်စိတ် ၅-ပါး၊ အနာဂါမိမဂ်စိတ် ၅-ပါး၊ အရဟတ္တမဂ်စိတ် ၅-ပါး၊ ဤ ၁၅-ပါးသော အပ္ပနာဇောတို့ ဖြစ်ကုန်၏။
အနုလုံနောက်၊ ရောက်သည်နှစ်ဆယ် = ဖလသမာပတ္တိဝီထိ၌ အနုလုံနောင် အကျယ် နည်းအားဖြင့် ဖိုလ်စိတ် ၂ဝ-ဟူသော အပ္ပနာဇောတို့ ဖြစ်ကုန်၏။
အကျယ်ရွေးစစ်၊ ငါးဆယ့်ရှစ်လီ၊ ဆဗ္ဗီခေပါ၊ အပ္ပနာသည်၊ သင်္ချာပေါင်းစု အခွဲတည်း = ၂၆-ပါးသော အပ္ပနာဇောတို့သည် အကျယ်နည်းအားဖြင့် -
- ဂေါတြဘူ နောင် ၂၃-ပါး၊
- ဝေါဒါန် နောင် ၁၅-ပါး
- အနုလုံ နောင် ၂၀-ပါး အားဖြင့် ၅၈-ပါး ဖြစ်၏။
စာမျက်နှာ ၉၄-ရှိ သင်္ဂဟကဗျာ အဖြေ
ဒုဝေသတ၊ တာလီသ၊ လောကဥတ္တရာ = သောတာပတ္တိမဂ္ဂဝီထိသည် ပထမဈာန် စသော ဈာန် ၅-ပါးနှင့်မြှောက်သော် ၅-ပါးဖြစ်၏၊ ၎င်းကို တိက္ခ မန္ဒ ပုဂ္ဂိုလ် ၂-ပါးနှင့် မြှောက်ပြန်သော် ၁၀-ပါး ဖြစ်၏။ ၎င်းကို ပါဒကဈာန် သမ္မသိတဈာန် ပုဂ္ဂလဇ္ဈာသယ ဈာန် ၃-ပါးနှင့်မြှောက်ပြန်သော် သောတာပတ္တိမဂ္ဂဝီထိ ၃၀-ဖြစ်၏၊ ထို့အတူ သကဒါဂါမိမဂ္ဂဝီထိ ၃ဝ၊ အနာဂါမိမဂ္ဂဝီထိ ၃ဝ၊ အရဟတ္တမဂ္ဂဝီထိ ၃၀-အားဖြင့် မဂ္ဂဝီထိပေါင်း ၁၂ဝ-ဖြစ်၏။
မဂ္ဂဝီထိနည်းတူ ဖလသမာပတ္တိဝီထိပေါင်း ၁၂၀-ဖြစ်၏။
ဤသို့အားဖြင့် မဂ္ဂဝီထိ ၁၂ဝ-နှင့် ဖလသမာပတ္တိဝီထိ ၁၂၀-ပေါင်းသော် လောကုတ္တရာ ဝီထိပေါင်း ၂၄၀-ဖြစ်၏။ (ဒုဝေသတ =၂၀၀။ တာလီသ = ၄၀)။
တြိသတ၊ ဒွါဒသ၊ ပေါင်းက အပ္ပနာ = လောကုတ္တရာဝီထိ ၂၄၀ နှင့် ဈာနဝီထိ ၇၂၊ ပေါင်းသော် အပ္ပနာဝီထိပေါင်း ၃၁၂-ဝီထိ ဖြစ်၏။ (တြိသတ = ၃၀၀။ ဒွါဒသ = ၁၂)
စတုသတ၊ တိဦန၊ ရောထ သဗ္ဗကာ = အပ္ပနာဝီထိ ၃၁၂-နှင့် ကာမဝီထိ ၇၅၊ ပေါင်းသော် ဝီထိပေါင်း ၃၉၇-ဝီထိ ဖြစ်၏။ (စတုသတ = ၄၀၀။ တိဦန = ၃-ခုလျော့)
(စာမျက်နှာ ၉၈)
တကြိမ်ဖြစ်သော စိတ် ၅၈-ပါး
- ဒွေပဉ္စဝိညာဏ် ၁၀-ပါး(ပဉ္စဝိညာဏ်ကိစ္စတပ်ခိုက်)
- မနောဓာတ် ၃-ပါး(အာဝဇ္ဇန်းကိစ္စ သမ္ပဋိစ္ဆိန်းကိစ္စတပ်ခိုက်)
- သောမနဿသန္တီရဏ ၁-ပါး(သန္တီရဏကိစ္စတပ်ခိုက်)
- မနောဒွါရာဝဇ္ဇန်း ၁-ပါး(အာဝဇ္ဇန်းကိစ္စတပ်ခိုက်)
- ကာမပဋိသန္ဓေ ၁၀-ပါး(ပဋိသန္ဓေ စုတိကိစ္စတပ်ခိုက်)
- မဟဂ္ဂုတ်စိတ် ၂၇-ပါး(အာဒိကမ္မိကဝီထိ၌ ဈာန်ကိစ္စတပ်ခိုက်)
- မဂ်စိတ် ၄-ပါး(မဂ္ဂဝီထိ၌ မဂ်ကိစ္စတပ်ခိုက်)
- အနာဂါမိဖိုလ် ၁-ပါး (နိရောဓသမာပတ်မှထခိုက်)
- အရဟတ္တဖိုလ် ၁-ပါး (နိရောဓသမာပတ်မှထခိုက်)
ဤ ၅၈-ပါးသော စိတ်တို့သည် တကြိမ်ဖြစ်ကုန်၏။
၂-ကြိမ်ဖြစ်သော စိတ် ၁၈-ပါး
- သောမနဿသန္တီရဏ ၁-ပါး(တဒါရုံကိစ္စတပ်ခိုက်)
- မနောဒွါရာဝဇ္ဇန်း ၁-ပါး (ပရိတ္တာရုံဝီထိ၌ ဝုဋ္ဌောကိစ္စတပ်ခိုက်)
- ကာမပဋိသန္ဓေ ၁ဝ-ပါး (တဒါရုံကိစ္စတပ်ခိုက်)
- နေဝသညာနာသညာယတန ကုသိုလ်နှင့် ကြိယာ ၂-ပါး (နိရောဓသမာပတ် ဝင်စား သည့်အခါ)
- ဖိုလ်စိတ် ၄-ပါး (မန္ဒပုဂ္ဂိုလ်၏ မဂ္ဂဝီထိဖြစ်သောအခါ)
ဤ ၁၈-ပါးသော စိတ်တို့သည် ၂-ကြိမ် ဖြစ်ကုန်၏။
၃-ကြိမ်ဖြစ်သော စိတ် ၁၃-ပါး
- မနောဒွါရာဝဇ္ဇန်း ၁-ပါး(ပရိတ္တာရုံဝီထိ၌ ဝုဋ္ဌောကိစ္စတပ်ခိုက်)
- မဟာကုသိုလ်ကြိယာဉာဏသမ္ပယုတ် ၈-ပါး (တိက္ခပုဂ္ဂိုလ်၏ အပ္ပနာဝီထိ ဖြစ်သော အခါ ဥပစာ အနုလုံ ဂေါတြဘူဇောအဖြစ်)
- ဖိုလ်စိတ် ၄-ပါး (တိက္ခပုဂ္ဂိုလ်၏ မဂ္ဂဝီထိဖြစ်သောအခါ)
ဤ ၁၃-ပါးသော စိတ်တို့သည် ၃-ကြိမ် ဖြစ်ကုန်၏။
၄-ကြိမ်ဖြစ်သော စိတ် ၈-ပါး
မဟာကုသိုလ် ကြိယာဉာဏသမ္ပယုတ်စိတ် ၈-ပါးသည် မန္ဒပုဂ္ဂိုလ်၏ အပ္ပနာဝီထိ ဖြစ်သောအခါ ပရိကံ ဥပစာ အနုလုံ ဂေါတြဘူဇော အဖြစ်ဖြင့် ၄-ကြိမ်ဖြစ်၏။ မဟာကြိယာ ဉာဏသမ္ပယုတ်စိတ် ၄-ပါးသည် မြတ်စွာဘုရား ယမိုက်ပြာဋိဟာကို ပြသောအခါ ၄-ကြိမ်ဖြစ်၏။
၅-၆-၇-ကြိမ်ဖြစ်သော စိတ် ၂၉-ပါး
အကုသိုလ်စိတ် ၁၂-ပါး၊ ဟသိတုပ္ပါဒ်၊ မဟာကုသိုလ် ၈-ပါး၊ မဟာကြိယာ ၈-ပါး၊ ဤ ၂၉-ပါးသောစိတ်တို့သည် (ပစ္စဝေက္ခဏာဝီထိ မရဏာသန္နဝီထိတို့၌ ဇောကိစ္စ တပ်ခိုက်) ၅-ကြိမ်၊ (ပကတိအခါ ဇောကိစ္စတပ်ခိုက်) ၆-ကြိမ် ၇-ကြိမ် ဖြစ်ကုန်၏။
အကြိမ်များစွာဖြစ်နိုင်သော စိတ် ၄၁-ပါး
- ကာမပဋိသန္ဓေ ၁ဝ-ပါး (ဘဝင်ကိစ္စတပ်ခိုက်)
- မဟဂ္ဂုတ်စိတ် ၂၇-ပါး (ဘဝင်ကိစ္စနှင့် သမာပဇ္ဇနဝီထိဖြစ်ခိုက်)
- ဖိုလ်စိတ် ၄-ပါး(ဖလသမာပတ္တိဝီထိဖြစ်ခိုက်)
ဤ ၄၁-ပါးသောစိတ်တို့သည် အကြိမ်များစွာ ဖြစ်ကုန်၏။
(စာမျက်နှာ ၉ ၉)
ဘုံအားဖြင့် အကုသိုလ်ဇောနောင် ဖြစ်နိုင်သော စိတ်များ
- ကာမ ရူပ အရူပဘုံ၌ အကုသိုလ်ဇောနောင် အကုသိုလ်စိတ်သည် ကာမဝီထိ မရဏာသန္နဝီထိတို့၌ ဒုတိယ တတိယစသည့် ဇောအဖြစ်ဖြင့် ဖြစ်၏။
- ကာမဘုံ၌ အကုသိုလ်ဇောနောင် ကာမဝိပါက်စိတ်သည် ကာမဝီထိ မရဏာသန္န ဝီထိတို့၌ တဒါရုံ ဘဝင် စုတိအဖြစ်ဖြင့် ဖြစ်၏။
- ရူပဘုံ၌ ပဝတ္တိအခါ အကုသိုလ်ဇောနောင် ရူပဝိပါက်စိတ်သည် စက္ခုဒွါရဝီထိ သောတဒွါရဝီထိ မနောဒွါရဝီထိ၌ ဘဝင်အဖြစ်ဖြင့် ဖြစ်၏။ ပဋိသန္ဓေအခါ ဘဝနိကန္တိကလောဘဇော(အကုသိုလ်ဇော)နောင် ရူပဝိပါက်စိတ်သည် ပဋိသန္ဓိ ဝီထိ၌ ဘဝင် အဖြစ်ဖြင့် ဖြစ်၏။
- အရူပဘုံ၌ အကုသိုလ်နောင် အရူပဝိပါက်စိတ်သည် မနောဒွါရ ပဋိသန္ဓေဝီထိတို့၌ ဘဝင်အဖြစ်ဖြင့် ဖြစ်၏။
ဤသို့လျှင် အကုသိုလ်ဇောနောင် ၄-မျိုးသောစိတ် ဖြစ်၏။
ကာမကုသိုလ်ဇောနောင် ဖြစ်နိုင်သော စိတ်များ
- ကာမ ရူပ အရူပဘုံ၌သာ ကာမကုသိုလ်ဇောနောင် ကာမကုသိုလ်စိတ်သည် ကာမဝီထိ အပ္ပနာဝီထိတို့၌ ဇောအဖြစ်ဖြင့် ဖြစ်၏။
- ကာမ ရူပဘုံ၌ ကာမကုသိုလ်ဇောနောင် ရူပကုသိုလ်စိတ်သည် ရူပဈာနဝီထိ၌ ဈာန်ဇောအဖြစ်ဖြင့် ဖြစ်၏။
- ကာမ ရူပ အရူပဘုံ၌ ကာမကုသိုလ်ဇောနောင် အရူပကုသိုလ်စိတ်သည် အရူပဈာနဝီထိ၌ ဈာန်ဇောအဖြစ်ဖြင့် ဖြစ်၏။
- အဝတ္ထာဘုံ၌ ကာမကုသိုလ်ဇောနောင် လောကုတ္တရာ ကုသိုလ်စိတ် (မဂ်စိတ်)သည် မဂ္ဂဝီထိ၌ မဂ်ဇောအဖြစ်ဖြင့် ဖြစ်၏။
- ကာမဘုံ၌ ကာမကုသိုလ်ဇောနောင် ကာမဝိပါက်စိတ်သည် ကာမဝီထိ မရဏာသန္န ဝီထိစသည်တို့၌ တဒါရုံ ဘဝင် စုတိအဖြစ်ဖြင့် ဖြစ်၏။
- ရူပဘုံ၌ ကာမကုသိုလ်ဇောနောင် ရူပဝိပါက်စိတ်သည် ပစ္စဝေက္ခဏာဝီထိ မရဏာသန္နဝီထိတို့၌ ဘဝင် စုတိအဖြစ်ဖြင့် ဖြစ်၏။
- အရူပဘုံ၌ ကာမကုသိုလ်ဇောနောင် အရူပဝိပါက်စိတ်သည် ပစ္စဝေက္ခဏာဝီထိ မရဏာသန္နဝီထိတို့၌ ဘဝင် စုတိအဖြစ်ဖြင့် ဖြစ်၏။
- အဝတ္ထာဘုံ၌ ကာမကုသိုလ်ဇောနောင် လောကုတ္တရာဝိပါက် (ဖိုလ်) စိတ်သည် ဖလသမာပတ္တိဝီထိ၌ ဖိုလ်အမည်ဖြင့် ဖြစ်၏။
ဤသို့လျှင် ကာမကုသိုလ်ဇောနောင် ၈-မျိုးသောစိတ် ဖြစ်၏။
ကာမဝိပါက်နောင် ဖြစ်နိုင်သောစိတ်များ
- ကာမဘုံ၌ ကာမဝိပါက်စိတ်၂၃-ခုနောင် ဒွေပဉ္စဝိညာဉ် တဆယ်ကြဉ်သော ကာမဝိပါက်စိတ် ၁၃-ပါးတို့သည် ကာမဝီထိ မရဏာသန္နဝီထိ ပဋိသန္ဓေဝီထိတို့၌ သမ္ပဋိစ္ဆိန်း သန္တီရဏ တဒါရုံ ဘဝင် စုတိ ပဋိသန္ဓေ အဖြစ်ဖြင့် ထိုက်သည်အားလျော်စွာ ဖြစ်၏။
ရူပဘုံ၌ ကာမဝိပါက်စိတ်နောင် စက္ခုဒွါရဝီထိ သောတဒွါရဝီထိတို့၌ ကာမဝိပါက်စိတ် ဖြစ်သော သမ္ပဋိစ္ဆိန်းဒွေနှင့် သန္တီရဏသုံးခုတို့ ဖြစ်ကုန်သည်။ - ရူပဘုံ၌ ကာမဝိပါက်စိတ်နောင် ရူပဝိပါက်စိတ်သည် ကာမဘုံမှ စုတေပြီး ရူပဘုံသို့ သွားသူအား ပဋိသန္ဓေဝီထိ၌ ပဋိသန္ဓေအဖြစ်ဖြင့် ဖြစ်၏။
- အရူပဘုံ၌ ကာမဝိပါက်စိတ်နောင် အရူပဝိပါက်စိတ်သည် ကာမဘုံမှ စုတေပြီး အရူပဘုံသို့ သွားသူအား ပဋိသန္ဓေဝီထိ၌ ပဋိသန္ဓေအဖြစ်ဖြင့် ဖြစ်၏။
- ကာမဝိပါက်စိတ်နောင် ကာမကြိယာဟူသော ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် ပဉ္စဒွါရဝီထိ ၌ အာဝဇ္ဇန်းအဖြစ်ဖြင့်၎င်း, မနောဒွါရာဝဇ္ဇန်းစိတ်သည် ပဉ္စဒွါရဝီထိ၌ ဝုဋ္ဌောအဖြစ်ဖြင့် ၎င်း, မနောဒွါရဝီထိ၌ အာဝဇ္ဇန်းအဖြစ်ဖြင့်၎င်း ဖြစ်၏။
ဤသို့လျှင် ကာမဝိပါက်နောင် ၄-မျိုးသောစိတ် ဖြစ်၏။
ကာမကြိယာနောင် ဖြစ်နိုင်သောစိတ်များ
- ကာမကြိယာဟူသော မနောဒွါရာဝဇ္ဇန်းနောင် အကုသိုလ်စိတ်သည် ကာမဝီထိ မရဏာသန္နဝီထိ၌ ဇောအဖြစ်ဖြင့် ဖြစ်၏။
- ကာမကြိယာဟူသော မနောဒွါရာဝဇ္ဇန်းနောင် မဟာကုသိုလ်စိတ်သည် ကာမဝီထိ အပ္ပနာဝီထိ ပစ္စဝေက္ခာဝီထိ မရဏာသန္နဝီထိတို့၌ ဇောအဖြစ် ဖြင့် ဖြစ်၏။
- ကာမကြိယာနောင် ကာမဝိပါက်စိတ်သည် ကာမဝီထိ ပစ္စဝေက္ခဏာဝီထိ မရဏာသန္နဝီထိတို့၌ ပဉ္စဝိညာဏ် တဒါရုံ ဘဝင် စုတိ အဖြစ်ဖြင့် ထိုက်သည် အားလျော်စွာ ဖြစ်၏။
- (ကာမကြိယာဟူသော ပဉ္စဒွါရာဝဇ္ဇန်းနောင် ကာမဝိပါက်စိတ်သည် ကာမဝီထိ မရဏာသန္နဝီထိတို့၌ ပဉ္စဝိညာဏ်အဖြစ်ဖြင့် ဖြစ်၏။
- ကာမကြိယာ ဟူသော မနောဒွါရာဝဇ္ဇန်းနောင် ကာမဝိပါက်စိတ်သည် ကာမပရိတ္တာရုံ- ဝီထိ၌ ဘဝင်အဖြစ်ဖြင့် ဖြစ်၏။
- မဟာကြိယာဇောနှင့် ဟသိတုပ္ပါဒ်ဇောနောင် ကာမဝိပါက်စိတ်သည် ကာမဝီထိ ပစ္စဝေက္ခဏာဝီထိ မရဏာသန္နဝီထိတို့၌ တဒါရုံ ဘဝင် စုတိအဖြစ်ဖြင့် ဖြစ်၏။)
- မဟာကြိယာဇော နောင် ရူပဝိပါက်စိတ်သည် ရူပရဟန္တာ၏ ကာမဝီထိ ပစ္စဝေက္ခဏာဝီထိ တေဘူမကသင်္ခါရကို အာရုံပြုသော မရဏာသန္နဇောဝီထိတို့၌ ဘဝင် စုတိအဖြစ်ဖြင့် ဖြစ်၏။
- မဟာကြိယာဇောနောင် အရူပဝိပါက်စိတ်သည် အရူပရဟန္တာ၏ မနောဒွါရဝီထိ ပစ္စဝေက္ခဏာဝီထိ တေဘူမကသင်္ခါရကို အာရုံပြုသော မရဏာသန္နဇောဝီထိတို့၌ ဘဝင် စုတိအဖြစ်ဖြင့် ဖြစ်၏။
- မဟာကြိယာဇောနောင် လောကုတ္တရာဝိပါက်စိတ်သည် ရဟန္တာ၏ ဖလသမာပတ္တိ-ဝီထိ၌ ဖိုလ်ဇောအဖြစ်ဖြင့် ဖြစ်၏။
- ကာမကြိယာဖြစ်သော မနောဒွါရာဝဇ္ဇန်းနောင် မနောဒွါရာဝဇ္ဇန်းသည် ပရိတ္တာရုံ ဝီထိ၌ ဝုဋ္ဌောအဖြစ်ဖြင့်၎င်း, ပဉ္စဒွါရာဝဇ္ဇန်းကြဉ်သော ကာမကြိယာနောင် မဟာကြိယာ ၈-ပါးတို့သည် ရဟန္တာ၏ အတိမဟန္တာရုံ မဟန္တာရုံ အပ္ပနာ ပစ္စဝေက္ခဏာ မရဏာသန္န မနောဒွါရဝီထိတို့၌ ဇောအဖြစ်ဖြင့်၎င်း ဖြစ်၏။
- ကာမ ရူပဘုံ၌ မဟာကြိယာဇောနောင် ရူပကြိယာစိတ်သည် ရူပဈာနဝီထိ၌ ဈာန်အဖြစ်ဖြင့် ဖြစ်၏။
- ကာမ ရူပ အရူပဘုံ၌ မဟာကြိယာဇောနောင် အရူပကြိယာစိတ်သည် အရူပဈာန ဝီထိ၌ ဈာန်ဇောအဖြစ်ဖြင့် ဖြစ်၏။
ဤသို့လျှင် ကာမကြိယာဇောနောင် ၉-မျိုးသောစိတ် ဖြစ်၏။
ရူပကုသိုလ်နောင် ဖြစ်နိုင်သောစိတ်များ
- ရူပကုသိုလ်ဇောနောင် ရူပကုသိုလ်သည် သမာပဇ္ဇနဝီထိ၌ ဇောအဖြစ်ဖြင့် ဖြစ်၏။
- ရူပကုသိုလ်ဇောနောင် ကာမဝိပါက်စိတ်သည် ကာမဘုံသား၏ ဈာနဝီထိ၌ ဘဝင် အဖြစ်ဖြင့် ဖြစ်၏။
- ရူပကုသိုလ်ဇောနောင် ရူပဝိပါက်စိတ်သည် ရူပပုဂ္ဂိုလ်၏ ဈာနဝီထိ၌ ဘဝင် အဖြစ်ဖြင့် ဖြစ်၏။
ဤသို့လျှင် ရူပကုသိုလ်နောင် ၃-မျိုးသော စိတ်ဖြစ်၏။
ရူပဝိပါက် နောင် ဖြစ်နိုင်သောစိတ်များ
- ရူပဝိပါက် နောင် ကာမဝိပါက်စိတ်သည် ရူပဘဝင်ကျ၍ ရူပဘုံမှ စုတေခဲ့ပြီးလျှင် ကာမဘုံသို့လားသူ၏ ပဋိသန္ဓေဝီထိ၌ ပဋိသန္ဓေစိတ် အဖြစ်ဖြင့် ဖြစ်၏။
- ရူပဝိပါက် နောင် ရူပဝိပါက်စိတ်သည် အပ္ပနာ ပစ္စဝေက္ခဏာ မရဏာသန္န၊ ပဋိသန္ဓေဝီထိ၌ ပဋိသန္ဓေ ဘဝင် စုတိစိတ် အဖြစ်ဖြင့် ဖြစ်၏။
- ရူပဝိပါက် နောင် အရူပဝိပါက်စိတ်သည် ရူပဘုံမှ အရူပဘုံသို့ လားသူအား ပဋိသန္ဓေဝီထိ၌ ပဋိသန္ဓေစိတ် အဖြစ်ဖြင့် ဖြစ်၏။
- ရူပဝိပါက် နောင် အဟိတ်ကာမကြိယာစိတ် ၂-ပါးသည် ရူပဗြဟ္မာတို့၏ စက္ခုဒွါရ- ဝီထိ သောတဒွါရဝီထိ မနောဒွါရဝီထိတို့၌ အာဝဇ္ဇန်းကိစ္စအဖြစ်ဖြင့် ဖြစ်၏။
ဤသို့လျှင် ရူပဝိပါက် နောင် ၄-မျိုးသော စိတ်ဖြစ်၏။
ရူပကြိယာနောင် ဖြစ်နိုင်သော စိတ်များ
- ရူပကြိယာ နောင် ရူပကြိယာစိတ်သည် ရူပဘုံသား ရဟန္တာ၏ သမာပဇ္ဇနဝီထိ၌ ဇောအဖြစ်ဖြင့် ကြိမ်ဖန်များစွာ ဖြစ်၏။
- ရူပကြိယာနောင် ကာမဝိပါက်စိတ်သည် ကာမဘုံသား ရဟန္တာ၏ ဈာနဝီထိ၌ ဘဝင်အဖြစ်ဖြင့်၎င်း, မရဏာသန္နဝီထိ၌ စုတိအဖြစ်ဖြင့်၎င်း ဖြစ်၏။ (ဒီ၊မဟာဝဂ္ဂ၊ ဋ္ဌ၊ နှာ-၁၈၆) (ဥဒါန၊ဋ္ဌ၊နှာ-၃၈၉)
- ရူပကြိယာ နောင် ရူပဝိပါက်စိတ်သည် ရူပဘုံသား ရဟန္တာ၏ဈာန “ဝီထိ၌ ဘဝင် အဖြစ်ဖြင့် ဖြစ်၏။
ဤသို့လျှင် ရူပကြိယာနောင် ၃-မျိုးသောစိတ် ဖြစ်၏။
အရူပကုသိုလ်နောင် ဖြစ်နိုင်သော စိတ်များ
- အရူပကုသိုလ် နောင် အရူပကုသိုလ်စိတ်သည် အရူပဈာနသမာပဇ္ဇန ဝီထိ၌ ဇောအဖြစ်ဖြင့် ကြိမ်ဖန်များစွာ ဖြစ်၏။
- အရူပကုသိုလ် နောင် ကာမဝိပါက်စိတ်သည် ကာမဘုံသား၏ အရူပဈာနဝီထိ၌ ဘဝင်အဖြစ်ဖြင့် ဖြစ်၏။
- အရူပကုသိုလ် နောင် ရူပဝိပါက်စိတ်သည် ရူပဘုံသား၏ အရူပဈာနဝီထိ၌ ဘဝင်အဖြစ်ဖြင့် ဖြစ်၏။
- အရူပကုသိုလ် နောင် အရူပဝိပါက်စိတ်သည် အရူပဘုံသား၏ ဈာနဝီထိ၌ ဘဝင် အဖြစ်ဖြင့် ဖြစ်၏။
- နေဝသညာ နာသညာယတန အရူပကုသိုလ်နောင် လောကုတ္တရာ ဝိပါက်ဟူသော အနာဂါမိဖိုလ်စိတ်သည် နိရောဓသမာပတ်မှ ထသောအခါ နိရောဓဝီထိ၌ ဖိုလ် အဖြစ်ဖြင့် ဖြစ်၏။
ဤသို့လျှင် အရူပကုသိုလ် နောင် ၅-မျိုးသော စိတ်ဖြစ်၏။
အရူပဝိပါက် နောင် ဖြစ်နိုင်သော စိတ်များ
- အရူပဝိပါက် နောင် ကာမဝိပါက်စိတ်သည် အရူပဘုံမှ စုတေခဲ့၍ ကာမဘုံသို့ လားသူအား ပဋိသန္ဓေဝီထိ၌ ပဋိသန္ဓေစိတ်အဖြစ်ဖြင့် ဖြစ်၏။
- အရူပဘုံ၌ အရူပဝိပါက်စိတ် နောင် အရူပဝိပါက်စိတ်သည် အပ္ပနာ ပစ္စဝေက္ခဏာ မရဏာသန္န ပဋိသန္ဓေဝီထိတို့၌ ပဋိသန္ဓေ ဘဝင် စုတိစိတ် အဖြစ်ဖြင့် ဖြစ်၏။
- အရူပဘုံ၌ အရူပဝိပါက် နောင် ကာမကြိယာဖြစ်သော မနောဒွါရာဝဇ္ဇန်းစိတ်သည် မနောဒွါရဝီထိ၌ အာဝဇ္ဇန်းကိစ္စအဖြစ်ဖြင့် ဖြစ်၏။
ဤသို့လျှင် အရူပဝိပါက် နောင် ၃-မျိုးသော စိတ်ဖြစ်၏။
အရူပကြိယာ နောင် ဖြစ်နိုင်သော စိတ်များ
- အရူပကြိယာ နောင် ကာမဝိပါက်စိတ်သည် ကာမဘုံသား ဈာနလာဘီ ရဟန္တာ၏ ဈာနဝီထိ၌ ဘဝင်အဖြစ်ဖြင့် ဖြစ်၏။
- အရူပကြိယာ နောင် ရူပဝိပါက်စိတ်သည် ရူပဘုံသား ရဟန္တာ၏ ဈာနဝီထိ၌ ဘဝင်အဖြစ်ဖြင့် ဖြစ်၏။
- အရူပကြိယာ နောင် အရူပဝိပါက်စိတ်သည် အရူပဘုံသား ရဟန္တာ၏ ဈာနဝီထိ၌ ဘဝင်အဖြစ်ဖြင့် ဖြစ်၏။
- နေဝသညာ နာသညာယတန အရူပကြိယာနောင် လောကုတ္တရာဝိပါက် ဟူသော အရဟတ္တဖိုလ်စိတ်သည် နိရောဓသမာပတ်မှ ထသောအခါ နိရောဓဝီထိ၌ ဖိုလ် အမည်ဖြင့် ဖြစ်၏။
- အရူပကြိယာနောင် အရူပကြိယာစိတ်သည် ရဟန္တာ၏ အရူပသမာပဇ္ဇနဝီထိ၌ ဇောအဖြစ်ဖြင့် ဈာန်စိတ်များစွာဖြစ်၏။
ဤသို့လျှင် အရူပကြိယာ နောင် ၅-မျိုးသော စိတ်ဖြစ်၏။
လောကုတ္တရာကုသိုလ် နောင် ဖြစ်နိုင်သော စိတ်များ
- လောကုတ္တရာကုသိုလ် နောင် လောကုတ္တရာဝိပါက်စိတ်သည် မဂ္ဂဝီထိ၌ ဖိုလ် အဖြစ်ဖြင့် ဖြစ်၏။
ဤသို့လျှင် လောကုတ္တရာကုသိုလ် နောင် ၁-မျိုးသောစိတ် ဖြစ်၏။
လောကုတ္တရာဝိပါက် နောင် ဖြစ်နိုင်သော စိတ်များ
- လောကုတ္တရာဝိပါက် (ဖိုလ်စိတ်) နောင် ကာမဝိပါက်စိတ်သည် ကာမ ဘုံသား၏ မဂ္ဂဝီထိ ဖလသမာပတ္တိဝီထိ နိရောဓသမာပတ္တိဝီထိ၌ ဘဝင်အဖြစ်ဖြင့် ဖြစ်၏။
- လောကုတ္တရာဝိပါက် နောင် ရူပဝိပါက်စိတ်သည် ရူပဘုံသား၏ မဂ္ဂဝီထိ ဖလသမာပတ္တိဝီထိ နိရောဓသမာပတ္တိဝီထိ၌ ဘဝင်အဖြစ်ဖြင့် ဖြစ်၏။
- လောကုတ္တရာဝိပါက် နောင် အရူပဝိပါက်စိတ်သည် အရူပဘုံသား၏ မဂ္ဂဝီထိ ဖလသမာပတ္တိဝီထိ၌ ဘဝင်အဖြစ်ဖြင့် ဖြစ်၏။
- လောကုတ္တရာဝိပါက် နောင် လောကုတ္တရာဝိပါက်စိတ်သည် မဂ္ဂဝီထိ၌ တကြိမ် နှစ်ကြိမ်၎င်း၊ ဖလသမာပတ္တိဝီထိ၌ ကြိမ်ဖန်များစွာ၎င်း ဖိုလ်အဖြစ်ဖြင့် ဖြစ်၏။
ဤသို့လျှင် လောကုတ္တရာဝိပါက် နောင် ၄-မျိုးသော စိတ်ဖြစ်၏။
စာမျက်နှာ ၁၀၀ နောက်ဆက်တွဲ
လောဘမူစိတ်နောင် ဖြစ်နိုင်သော စိတ်များ
- လောဘမူစိတ် ၈-ခုနောင် လောဘမူစိတ် ၈-ခုသည် ကာမဝီထိ မရဏာသန္နဝီထိတို့၌ ဇောကိစ္စအဖြစ်ဖြင့် ဖြစ်၏။
- လောဘမူစိတ် ၈-ခုနောင် သန္တီရဏစိတ် ၃-ခုသည် ကာမဝီထိ မရဏာသန္နဝီထိတို့၌ တဒါရုံ ဘဝင် စုတိကိစ္စအဖြစ်ဖြင့် ဖြစ်၏။
- လောဘမူစိတ် ၈-ခုနောင် မဟာဝိပါက်စိတ် ၈-ခုသည် ကာမဝီထိ မရဏာသန္နဝီထိ တို့၌ တဒါရုံ ဘဝင် စုတိကိစ္စအဖြစ်ဖြင့် ဖြစ်၏။
- လောဘမူစိတ် ၈-ခုနောင် မဟဂ္ဂုတ်ဝိပါက်စိတ် ၉-ခုသည် ရူပ အရူပဘုံသား ဗြဟ္မာ တို့အား ပဋိသန္ဓေဝီထိ (ဘဝနိကန္တိကဇောနောင်)၌ ဘဝင် အဖြစ်ဖြင့် ဖြစ်၏၊ ပဝတ္တိကာလ၌လည်း တပ်မက်သည့်အခါ ကာမဇောဝီထိ၌ ဘဝင် အဖြစ်ဖြင့် ဖြစ်၏။
ဤသို့လျှင် လောဘမူစိတ်နောင် ၂၈-ခုသောစိတ် ဖြစ်၏။
ဒေါသမူစိတ်နောင် ဖြစ်နိုင်သော စိတ်များ
- ဒေါသမူစိတ် နောင် ဒေါသမူစိတ် ၂-ခုသည် ကာမဝီထိ မရဏာသန္နဝီထိတို့၌ ဇောကိစ္စ အဖြစ်ဖြင့် ဖြစ်၏။
- ဒေါသမူစိတ် နောင် ဥပေက္ခာသန္တီရဏစိတ် ၂-ခုသည် ကာမဝီထိ မရဏာသန္နဝီထိတို့၌ တဒါရုံ ဘဝင် စုတိကိစ္စအဖြစ်ဖြင့် ဖြစ်၏။
- ဒေါသမူစိတ် နောင် မဟာဝိပါက် ဥပေက္ခာသဟဂုတ်စိတ် ၄-ခုသည် ကာမဝီထိ မရဏာသန္နဝီထိတို့၌ တဒါရုံ ဘဝင် စုတိကိစ္စအဖြစ်ဖြင့် ဖြစ်၏။
ဤသို့လျှင် ဒေါသမူစိတ်နောင် ၈-ခုသောစိတ် ဖြစ်၏။
မောဟမူစိတ်နောင် ဖြစ်နိုင်သောစိတ်များ
- မောဟမူစိတ် နောင် မောဟမူစိတ် ၂-ခုသည် ကာမဝီထိ မရဏာသန္နဝီထိ တို့၌ ဇောကိစ္စအဖြစ်ဖြင့် ဖြစ်၏။
- မောဟမူစိတ်နောင် သန္တီရဏစိတ် ၃-ခု မဟာဝိပါက်စိတ် ၈-ခုတို့သည် ကာမဝီထိ မရဏာသန္နဝီထိတို့၌ တဒါရုံ ဘဝင် စုတိကိစ္စအဖြစ်ဖြင့် ဖြစ်၏။
- မောဟမူစိတ် နောင် မဟဂ္ဂုတ်ဝိပါက်စိတ် ၉-ခုသည် ရူပဗြဟ္မာ အရူပဗြဟ္မာတို့ သန္တာန်၌ဖြစ်သော ကာမဝီထိ၌ ဘဝင်အဖြစ်ဖြင့် ဖြစ်၏။
ဤသို့လျှင် မောဟမူစိတ်နောင် ၂၂-ခုသောစိတ် ဖြစ်၏။
ကာမကုသိုလ် (မဟာကုသိုလ်) နောင် ဖြစ်နိုင်သောစိတ်များ
- ကာမကုသိုလ် နောင် သန္တီရဏစိတ် ၃-ခုသည် ကာမဝီထိ မရဏာသန္နဝီထိ တို့၌ ထိုက်သည်အားလျော်စွာ တဒါရုံ ဘဝင် စုတိကိစ္စအဖြစ်ဖြင့် ဖြစ်၏။
- ကာမကုသိုလ်နောင် မဟာကုသိုလ်စိတ် ၈-ခုသည် ကာမဝီထိ အပ္ပနာဝီထိ မရဏာသန္နဝီထိတို့၌ ဇော ဥပစာ အနုလုံ ဂေါတြဘူ ဝေါဒါန်ကိစ္စ အဖြစ်ဖြင့် ဖြစ်၏။
- ကာမကုသိုလ်နောင် မဟာဝိပါက်စိတ် ၈-ခုသည် ကာမဝီထိ ပစ္စဝေက္ခဏာဝီထိ မရဏာသန္နဝီထိတို့၌ ထိုက်သည်အားလျော်စွာ တဒါရုံ ဘဝင် စုတိကိစ္စ အဖြစ်ဖြင့် ဖြစ်၏။
- ကာမကုသိုလ်နောင် ရူပ အရူပ မဟဂ္ဂုတ်ကုသိုလ်စိတ် ၉-ခုသည် ဈာနဝီထိ၌ ဈာန် အဖြစ်ဖြင့် ဖြစ်၏။
- ကာမကုသိုလ်နောင် ရူပ အရူပ မဟဂ္ဂုတ်ဝိပါက်စိတ် ၉-ခုသည် ရူပဘုံသား, အရူပဘုံသားတို့၏ ကာမဝီထိ ပစ္စဝေက္ခဏာဝီထိ မရဏာသန္နဝီထိတို့၌ ထိုက်သည် အားလျော်စွာ ဘဝင် စုတိအဖြစ်ဖြင့် ဖြစ်၏။
- ကာမကုသိုလ်နောင် မဂ်စိတ် ၂၀-သည် မဂ္ဂဝီထိ၌ ဇောအဖြစ်ဖြင့် ဖြစ်၏။
- ကာမကုသိုလ်နောင် အောက်ဖိုလ် ၁၅-ခုသည် ဖလသမာပတ္တိဝီထိ၌ ဇော (ဖိုလ်) အဖြစ်ဖြင့် ဖြစ်၏။
ဤသို့လျှင် ကာမကုသိုလ်နောင် ၇၂-ခုသောစိတ် ဖြစ်၏။
ကာမဝိပါက်နောင် ဖြစ်နိုင်သောစိတ်များ
- ကာမဝိပါက်စိတ်နောင် အာဝဇ္ဇန်းဒွေသည် ပဉ္စဒွါရဝီထိတို့၌ အာဝဇ္ဇန်းကိစ္စ ဝုဋ္ဌောကိစ္စ အဖြစ်ဖြင့် အသီးသီးဖြစ်၏၊ မနောဒွါရဝီထိ၌ မနောဒွါရာဝဇ္ဇန်းသည် အာဝဇ္ဇန်းကိစ္စ အဖြစ်ဖြင့် ဖြစ်၏။
- ကာမဝိပါက်စိတ်နောင် ဒွေပဉ္စဝိညာဏ် ၁၀-ကြဉ်သော ကာမဝိပါက်စိတ် ၁၃-ခုသည် ကာမဝီထိ မရဏာသန္နဝီထိ ပဋိသန္ဓေဝီထိတို့၌ သမ္ပဋိစ္ဆိန်း သန္တီရဏ တဒါရုံ ဘဝင် စုတိ ပဋိသန္ဓေကိစ္စအဖြစ်ဖြင့် ဖြစ်၏။
- မဟာဝိပါက်ဉာဏသမ္ပယုတ်စိတ် ၄-ခုနောင် မဟဂ္ဂုတ်ဝိပါက်စိတ် ၉-ခုတို့သည် ကာမ ဘုံမှ စုတေခဲ့၍ ရူပဘုံ အရူပဘုံသို့ လားသော ဗြဟ္မာတို့၏ မဟဂ္ဂုတ်ပဋိသန္ဓေ ဝီထိ၌ ပဋိသန္ဓေအဖြစ်ဖြင့် ဖြစ်၏။
ဤသို့လျှင် ကာမဝိပါက်စိတ် နောင် ၂၄-ခုသောစိတ် ဖြစ်၏။
ကာမကြိယာ နောင် ဖြစ်နိုင်သောစိတ်များ
- ကာမကြိယာ ဟူသော မနောဒွါရာဝဇ္ဇန်းနောင် အကုသိုလ်စိတ် ၁၂-ခုသည် ပဉ္စဒွါရဝီထိ မနောဒွါရဝီထိတို့၌ ဇောကိစ္စအဖြစ်ဖြင့် ဖြစ်၏။
- ကာမကြိယာ ဟူသော မနောဒွါရာဝဇ္ဇန်းနောင် မဟာကုသိုလ်စိတ် ၈-ခုသည် ပဉ္စဒွါရဝီထိ မနောဒွါရဝီထိတို့၌ ဇောကိစ္စအဖြစ်ဖြင့် ဖြစ်၏။
- ကာမကြိယာ ဟူသော ပဉ္စဒွါရာဝဇ္ဇန်း နောင် ဒွေပဉ္စဝိညာဏ် ၁၀-သည် ပဉ္စဒွါရဝီထိ၌ ပဉ္စဝိညာဏ်ကိစ္စအဖြစ်ဖြင့် ဖြစ်၏။
- ကာမကြိယာ ဟူသော မနောဒွါရာဝဇ္ဇန်း (ဝုဋ္ဌော) နောင် မဟာဝိပါက် ၈-ပါးနှင့် ဥပေက္ခာသန္တီရဏဒွေ တည်းဟူသော ကာမဝိပါက်စိတ် ၁၀-ပါးသည် ပရိတ္တာရုံဝီထိ၌ ဘဝင်ကိစ္စအဖြစ်ဖြင့် ဖြစ်၏။
- ကာမကြိယာဇောနောင် တဒါရုံ ၁၁-ခုဟူသော ကာမဝိပါက်သည် အတိမဟန္တာရုံဝီထိ ကာမဝိဘူတာရုံဝီထိတို့၌ တဒါရုံကိစ္စအဖြစ်ဖြင့် ဖြစ်၏။ (စိတ်တူပေါင်းလျှင် ကာမကြိယာ နောင် သမ္ပဋိစ္ဆိန်းဒွေကြဉ်သော ကာမဝိပါက် ၂၁-ခု ဖြစ်၏)။
- ကာမကြိယာဇော (မဟာကြိယာဇောနှင့် ဟသိတုပ္ပါဒ်) ဟူသော ကာမကြိယာ နောင် ရူပ အရူပ မဟဂ္ဂုတ်ဝိပါက် ၉-ခုသည် ရူပ အရူပ ရဟန္တာ၏ ကာမဝီထိ ပစ္စဝေက္ခဏာ- ဝီထိတို့၌ ဘဝင်ကိစ္စအဖြစ်ဖြင့်ထိုက်သည်အားလျော်စွာ ဖြစ်၏။
- ကာမကြိယာ ဟူသော မနောဒွါရာဝဇ္ဇန်း (ဝုဋ္ဌော) နောင် မနောဒွါရာဝဇ္ဇန်း သည် ပရိတ္တာရုံဝီထိ၌ ဝုဋ္ဌောအဖြစ်ဖြင့်၎င်း ဟသိတုပ္ပါဒ် မဟာကြိယာဟူသော ကာမကြိယာ စိတ် ၉-ခုသည် ရဟန္တာ၏ မနောဒွါရဝီထိ၌ ဇောကိစ္စအဖြစ်ဖြင့်၎င်း ဖြစ်၏။
- မဟာကြိယာဇောဟူသော ကာမကြိယာဇောနောင် ရူပ အရူပ မဟဂ္ဂုတ် ကြိယာစိတ် ၉-ခုသည် ရဟန္တာပုဂ္ဂိုလ်၏ ဈာနဝီထိ၌ ဈာန်ဇောအဖြစ်ဖြင့် ဖြစ်၏။
- မဟာကြိယာဇောဟူသော ကာမကြိယာ နောင် အရဟတ္တဖိုလ် ၅-ခုသည် ရဟန္တာ၏ ဖလသမာပတ္တိဝီထိ၌ (ဖိုလ်) ကိစ္စအဖြစ်ဖြင့် ဖြစ်၏။
ဤသို့လျှင် ကာမကြိယာ နောင် ၇၄-ခုသောစိတ် ဖြစ်၏။
ရူပကုသိုလ် နောင် ဖြစ်နိုင်သောစိတ်များ
ရူပကုသိုလ်စိတ် နောင် ရူပကုသိုလ်စိတ် ၅-ခုသည် သမာပဇ္ဇနဝီထိ၌ ဇောကိစ္စ အဖြစ်ဖြင့် ဖြစ်၏။
ရူပကုသိုလ်နောင် တိဟိတ် ကာမဝိပါက်စိတ် ၄-ခုသည် ကာမဘုံသား၏ ဈာနဝီထိ၌ ဘဝင်ကိစ္စအဖြစ်ဖြင့် ဖြစ်၏။
ရူပကုသိုလ် နောင် ရူပဝိပါက်စိတ် ၅-ခုသည် ရူပပုဂ္ဂိုလ်၏ ဈာနဝီထိ၌ ဘဝင်ကိစ္စ အဖြစ်ဖြင့် ဖြစ်၏။
ဤသို့လျှင် ရူပကုသိုလ် နောင် ၁၄-ခုသောစိတ် ဖြစ်၏။
ရူပဝိပါက် နောင် ဖြစ်နိုင်သောစိတ်များ
ရူပဝိပါက် နောင် အာဝဇ္ဇန်းဒွေသည် ပဉ္စဒွါရဝီထိ မနောဒွါရဝီထိတို့၌ အာဝဇ္ဇန်းကိစ္စ အဖြစ်ဖြင့် ဖြစ်၏။
ရူပဝိပါက် နောင် မဟာဝိပါက်စိတ် ၈-ခုသည် ရူပဘုံမှ စုတေခဲ့ပြီးနောက် ကာမဘုံသို့ လားသူအား ကာမပဋိသန္ဓေဝီထိ၌ ပဋိသန္ဓေစိတ်အဖြစ်ဖြင့် ဖြစ်၏။
ရူပဝိပါက် နောင် ရူပဝိပါက်စိတ် ၅-ခုသည် ရူပဈာနဝီထိ မရဏာသန္နဝီထိ ပဋိသန္ဓေဝီထိတို့၌ ပဋိသန္ဓေ ဘဝင် စုတိကိစ္စအဖြစ်ဖြင့် ဖြစ်၏။
ရူပဝိပါက် နောင် အရူပဝိပါက်စိတ် ၄-ခုသည် ရူပဘုံမှ အရူပဘုံသို့ လားသူအား ပဋိသန္ဓေဝီထိ၌ ပဋိသန္ဓေအဖြစ်ဖြင့် ဖြစ်၏။
ဤသို့လျှင် ရူပဝိပါက် နောင် ၁၉-ခုသောစိတ် ဖြစ်၏။
ရူပကြိယာ နောင် ဖြစ်နိုင်သောစိတ်များ
ရူပကြိယာ နောင် ရူပကြိယာစိတ် ၅-ခုသည် ရဟန္တာ၏ သမာပဇ္ဇနဝီထိ၌ ဇောကိစ္စ အဖြစ်ဖြင့် ဖြစ်၏။
ရူပကြိယာနောင် တိဟိတ် ကာမဝိပါက်စိတ် ၄-ခုသည် ကာမဘုံသား ရဟန္တာ၏ ဈာနဝီထိ၌ ဘဝင်ကိစ္စအဖြစ်ဖြင့် ဖြစ်၏။
ရူပကြိယာ နောင် ရူပဝိပါက် ၅-ခုသည် ရူပရဟန္တာပုဂ္ဂိုလ်၏ ဈာနဝီထိ၌ ဘဝင်ကိစ္စ အဖြစ်ဖြင့် ဖြစ်၏။
ဤသို့လျှင် ရူပကြိယာ နောင် ၁၄-ခုသောစိတ် ဖြစ်၏။
အရူပကုသိုလ်နောင် ဖြစ်နိုင်သောစိတ်များ
အရူပကုသိုလ်နောင် အရူပကုသိုလ်စိတ် ၄-ခုသည် သမာပဇ္ဇနဝီထိ၌ ဇောကိစ္စ အဖြစ်ဖြင့် ဖြစ်၏။
အရူပကုသိုလ်နောင် တိဟိတ်ကာမ ဘဝင် ၄-ခုသည် ကာမဘုံသား၏ အရူပ ဈာနဝီထိ ၌ ဘဝင်ကိစ္စ အဖြစ်ဖြင့် ဖြစ်၏။
အရူပကုသိုလ်နောင် ရူပဘဝင် ၅-ခုသည် ရူပဘုံသား၏ အရူပဈာနဝီထိ၌ ဘဝင်ကိစ္စ အဖြစ်ဖြင့် ဖြစ်၏။
အရူပကုသိုလ်နောင် အရူပဝိပါက်စိတ် ၄-ခုသည် အရူပပုဂ္ဂိုလ်၏ ဈာနဝီထိ၌ ဘဝင်ကိစ္စအဖြစ်ဖြင့် ဖြစ်၏။
နေဝသညာ နာသညာယတန အရူပကုသိုလ်နောင် အနာဂါမိဖိုလ်စိတ်သည် နိရောဓ သမာပတ်မှ ထသောအခါ ဇော (ဖိုလ်) ကိစ္စအဖြစ်ဖြင့် ဖြစ်၏။
ဤသို့လျှင် အရူပကုသိုလ်နောင် ၁၈-ခုသောစိတ် ဖြစ်၏။
အရူပဝိပါက်အောင် ဖြစ်နိုင်သောစိတ်များ
အရူပဝိပါက် (ဘဝင်) နောင် မနောဒွါရာဝဇ္ဇန်းစိတ်သည် မနောဒွါရဝီထိ၌ အာဝဇ္ဇန်း ကိစ္စအဖြစ်ဖြင့် ဖြစ်၏။
အရူပဝိပါက်နောင် မဟာဝိပါက် ဉာဏသမ္ပယုတ်စိတ် ၄-ခုသည် အရူပဘုံမှ စုတေ၍ ကာမဘုံသို့ လားသူအား ကာမပဋိသန္ဓေဝီထိ၌ ပဋိသန္ဓေစိတ် အဖြစ်ဖြင့် ဖြစ်၏။
အရူပဝိပါက်နောင် အရူပဝိပါက်စိတ် ၄-ခုသည် မရဏာသန္နဝီထိ ပဋိသန္ဓေဝီထိတို့၌ ပဋိသန္ဓေဘဝင် စုတိကိစ္စအဖြစ်ဖြင့် ဖြစ်၏။
ဤသို့လျှင် အရူပဝိပါက်နောင် ၉-ခုသောစိတ်တို့ ဖြစ်ကုန်၏။
အရူပကြိယာနောင် ဖြစ်နိုင်သောစိတ်များ
အရူပကြိယာနောင် အရူပကြိယာ ၄-ခုသည် ကာမ ရူပ အရူပဘုံသား ရဟန္တာ၏ သမာပဇ္ဇနဝီထိ၌ ဇောကိစ္စ အဖြစ်ဖြင့် ဖြစ်၏။
အရူပကြိယာနောင် ကာမတိဟိတ် ဘဝင်စိတ် ၄-ခုသည် ကာမဘုံသား ရဟန္တာ၏ အရူပဈာနဝီထိ၌ ဘဝင်ကိစ္စအဖြစ်ဖြင့် ဖြစ်၏။
အရူပကြိယာနောင် ရူပဘဝင် ၅-ခုသည် ရူပဘုံသား ရဟန္တာ၏ အရူပဈာနဝီထိ၌ ဘဝင်ကိစ္စအဖြစ်ဖြင့် ဖြစ်၏။
အရူပကြိယာနောင် အရူပဘဝင် ၄-ခုသည် အရူပဘုံသား ရဟန္တာ၏ ဈာနဝီထိ၌ ဘဝင်ကိစ္စအဖြစ်ဖြင့် ဖြစ်၏။
နေ၀သညာ နာသညာယတန အရူပကြိယာနောင် အရဟတ္တဖိုလ်စိတ်သည် နိရောဓ သမာပတ်မှ ထသောအခါ ဇော (ဖိုလ်) ကိစ္စအဖြစ်ဖြင့် ဖြစ်၏။
ဤသို့လျှင် အရူပကြိယာနောင် ၈-ခုသောစိတ်တို့သည် ဖြစ်ကုန်၏။
မဂ်စိတ်နောင် ဖြစ်နိုင်သောစိတ်များ
မဂ်စိတ် ၄-ခုနောင် ဖိုလ်စိတ် ၄-ခုသည် မဂ္ဂဝီထိ၌ ဇော (ဖိုလ်) ကိစ္စအဖြစ် ဖြင့် ဖြစ်၏။
ဖိုလ်စိတ်နောင် ဖြစ်နိုင်သောစိတ်များ
ဖိုလ်စိတ် ၄-ခုနောင် ဖိုလ်စိတ် ၄-ခုသည် မဂ္ဂဝီထိ ဖလသမာပတ္တိဝီထိ၌ ဖိုလ် အမည်ဖြင့် ဖြစ်၏။
ဖိုလ်စိတ်နောင် တိဟိတ်ကာမဘဝင် ၄-ခုသည် ကာမဘုံသား၏ မဂ္ဂဝီထိ ဖလသမာပတ္တိဝီထိတို့၌ ဘဝင်ကိစ္စအဖြစ်ဖြင့် ဖြစ်၏။
ဖိုလ်စိတ်နောင် ရူပဘဝင် ၅-ခု၊ အရူပဘဝင် ၄-ခုသည် ရူပဘုံသား အရူပ ဘုံသားတို့၏ မဂ္ဂဝီထိ ဖလသမာပတ္တိဝီထိ အသီးသီးတို့၌ ဘဝင်ကိစ္စအဖြစ်ဖြင့် ဖြစ်၏။
နိရောဓသမာပတ္တိဝီထိမှ ထသည့်အခါ ဖြစ်ပေါ်လာသော အနာဂါမိဖိုလ် အရဟတ္တဖိုလ် တို့နောင် တိဟိတ်ကာမဝိပါက် ၄-ပါးနှင့် ရူပဝိပါက် ၅-ပါးတို့သည် ဘဝင်ကိစ္စ အဖြစ်ဖြင့် ဖြစ်၏။
ဤသို့လျှင် ဖိုလ်စိတ်နောင် ၁၇-ခုသော စိတ်တို့ ဖြစ်ကုန်၏။
တိဟိတ်ဥက္ကဋ္ဌကံက အကျိုးပေးရာ၌ ပါဝင်သောဟိတ် ၈-ပါး
ဇနကဟိတ် ၃-ပါး
တိဟိတ်ဥက္ကဋ္ဌကံသည်သာလျှင် တိဟိတ်ပဋိသန္ဓေအကျိုးကို ပေးသည်၊ တိဟိတ် ပဋိသန္ဓေကို ဖြစ်စေသော အတိတ်ဘဝက ပြုလုပ်ခဲ့သည့် တိဟိတ်ဥက္ကဋ္ဌကံနှင့် သမ္ပယုတ်ဖြစ်သော အလောဘ၊ အဒေါသ အမောဟ ဟူသော ကုသိုလ်ဟိတ် ၃-ပါး သည် ပဋိသန္ဓေအကျိုးကို ဖြစ်စေတတ်သောကြောင့် ဇနကဟိတ်ဟု ခေါ်သည်။
ပရိဏာမနဟိတ် ၂-ပါး
မရဏာသန္နအခါ၌ ဘဝသို့ ညွတ်စေတတ်သော နိကန္တိတဏှာကို ပရိဏာမနတဏှာ ဟု ခေါ်သည်၊ ဤ နိကန္တိကတဏှာဇော၌ရှိသော လောဘ၊ မောဟ ဟူသော အကုသိုလ်ဟိတ် ၂-ပါးကို ပရိဏာမနဟိတ်ဟု ခေါ်သည်။
(ပရိဏမန = ညွတ်ခြင်း၊ ပရိဏာမန = ညွတ်စေခြင်း) (ပဋိသမ္ဘိဒါမဂ်၊ ဋ္ဌ၊ ဒု နှာ ၁၇၁)
သမ္ပယုတ်ဟိတ် ၃-ပါး
ပဋိသန္ဓေအခါ၌ တိဟိတ်ပဋိသန္ဓေစိတ်နှင့်ယှဉ်သော အလောဘ အဒေါသ အမောဟ ဟူသော သမ္ပယုတ်ဟိတ် ၃-ပါး ပေါင်း ဟိတ် ၈-ပါးရှိ၏။ ပဝတ္တိအခါ၌လည်း ဟိတ် ၈-ပါးရှိ၏။
တိဟိတ်ဩမကကံ အကျိုးပေးရာ၌ ပါဝင်သောဟိတ် ၇-ပါး
ဇနကဟိတ် ၃-ပါး
တိဟိတ်ဩမကကံသည် ဒွိဟိတ်ပဋိသန္ဓေအကျိုးကိုသာ ပေးသည်၊ ဒွိဟိတ်ပဋိသန္ဓေ ကို ဖြစ်စေသော အတိတ်ဘဝက ပြုလုပ်ခဲ့သည့် တိဟိတ်ဩမကကံနှင့် သမ္ပယုတ် ဖြစ်သော အလောဘ အဒေါသ အမောဟဟိတ် ၃-ပါးတို့ကို ကုသိုလ်ဇနကဟိတ် ၃-ပါး ဟု ခေါ်သည်။
ပရိဏာမနဟိတ် ၂-ပါး
မရဏာသန္နအခါ၌ ဘဝသို့ ညွတ်စေတတ်သော နိကန္တိတဏှာ၌ လောဘ မောဟ ဟူသော အကုသိုလ်ပရိဏာမနဟိတ် ၂-ပါးရှိသည်။
သမ္ပယုတ်ဟိတ် ၂-ပါး
ပဋိသန္ဓေအခါ၌ ဒွိဟိတ်ပဋိသန္ဓေနှင့် ယှဉ်သော အလောဘ အဒေါသ ဟူသော သမ္ပယုတ်ဟိတ် ၂-ပါးရှိသည်။ ပေါင်း ဟိတ် ၇-ပါးရှိ၏။
ပဝတ္တိအခါ၌လည်း ဟိတ် ၇-ပါးရ၏။
ဒွိဟိတ်ဥက္ကဋ္ဌကံ အကျိုးပေးရာ၌ ပါဝင်သောဟိတ် ၆-ပါး
ဇနကဟိတ် ၂-ပါး
ဒွိဟိတ်ဥက္ကဋ္ဌကံသည် ဒွိဟိတ်ပဋိသန္ဓေအကျိုးကို ပေးသည်၊ ဒွိဟိတ်ပဋိသန္ဓေကို ဖြစ်စေသော အတိတ်ဘဝက ပြုလုပ်ခဲ့သည့် ဒွိဟိတ်ဥက္ကဋ္ဌကံ၌ အလောဘ အဒေါသ ဟူသော ကုသိုလ်ဇနကဟိတ် ၂-ပါးရှိ၏။
ပရိဏာမနဟိတ် ၂-ပါး
မရဏာသန္နအခါ၌ ဘဝသို့ ညွတ်စေတတ်သော နိကန္တိတဏှာ၌ လောဘ မောဟ ဟူသော အကုသိုလ်ပရိဏာမနဟိတ် ၂-ပါးရှိသည်။
သမ္ပယုတ်ဟိတ် ၂-ပါး
ပဋိသန္ဓေအခါ၌ ဒွိဟိတ်ပဋိသန္ဓေနှင့် ယှဉ်သော အလောဘ အဒေါသ ဟူသော သမ္ပယုတ်ဟိတ် ၂-ပါးရှိသည်။ ပေါင်း ဟိတ် ၆-ပါးရှိ၏။
ပဝတ္တိအခါ၌လည်း ဟိတ် ၆-ပါးရ၏။
ဒွိဟိတ်ဩမကကံ အကျိုးပေးရာ၌ ပါဝင်သောဟိတ် ၄-ပါး
ဇနကဟိတ် ၂-ပါး
ဒွိဟိတ်ဩမကကံသည် အဟိတ်ပဋိသန္ဓေအကျိုးကိုသာ ပေးသည်။ အဟိတ်ပဋိသန္ဓေ ကို ဖြစ်စေသော အတိတ်ဘဝက ပြုလုပ်ခဲ့သည့် ဒွိဟိတ်ဩမကကံ၌ အလောဘ, အဒေါသ ဟူသော ကုသိုလ် ဇနကဟိတ် ၂-ပါးရှိသည်။
ပရိဏာမနဟိတ် ၂-ပါး
မရဏာသန္နအခါ၌ ဘဝသို့ ညွတ်စေတတ်သော နိကန္တိတဏှာ၌ လောဘ မောဟ ဟူသော အကုသိုလ်ပရိဏာမနဟိတ် ၂-ပါးရှိသည်။
ပေါင်း ဟိတ် ၄-ပါးရှိ၏။
သမ္ပယောဂဟိတ်
ပဋိသန္ဓေစိတ်မှာ အဟိတ်ဖြစ်သောကြောင့် သမ္ပယုတ် ဟိတ် မရှိ။
ပဝတ္တိအခါ၌လည်း ဟိတ် ၄-ပါးရ၏။
(ပဋိသမ္ဘိဒါမဂ်၊ နှာ-၂၆၆-၂၇၀၊ ၎င်း ဋ္ဌ၊ ဒု၊ နှာ-၁၆၉-၁၇၄။ ဋီကာကျော် ၊ နှာ- ၁၈၃-၄။ မဏိသာရမဉ္ဇူသာ၊ ဒု၊ နှာ-၆၉-၇၁။)
“အစတစ်မှာ၊ ရုပ်ကိုသာ ကိုယ်” အစချီသော လင်္ကာ(နှာ-၂၄၄, ၂၄၅)
ရုပ်ကို အတ္တဟု စွဲယူရာ တဌာန
၁။ အကြားအမြင် ကင်းမဲ့၍ အရိယာတရား၌ မထင်မမြင်သော ပုထုဇဉ်သည် “ရူပံ အတ္တတော သမနုပဿတိ” ရုပ်ကို အတ္တဟု ရှုမြင်ဆင်ခြင်သောအခါ ရုပ်ကို အတ္တဟု စွဲယူသည်မည်၏၊ ဝါ-ရုပ်သည် အတ္တဖြစ်၏ဟု စွဲယူသည်မည်၏။
နာမ်ကို အတ္တဟု စွဲယူရာ ၇-ဌာန
၁။ အကြားအမြင်ကင်းမဲ့၍ အရိယာတရား၌ မထင်မမြင်သော ပုထုဇဉ် သည် “ရူပဝန္တံ အတ္တာနံ သမနုပဿတိ” အတ္တကို ရုပ်ရှိ၏ဟု ရှုမြင်ဆင်ခြင်သော အခါ --
၂။ “အတ္တနိ ရူပံ သမနုပဿတိ” အတ္တ၌ ရုပ်တည်ရှိ၏ ဟု ရှုမြင်ဆင်ခြင် သောအခါ -
၃။ “ရူပသ္မိံ အတ္တာနံ သမနုပဿတိ” ရုပ်၌ အတ္တတည်ရှိ၏ ဟု ရှုမြင်ဆင်ခြင် သောအခါ -
၄။ “ဝေဒနံ အတ္တတော သမနုပဿတိ” ဝေဒနာကို အတ္တ ဟု ရှုမြင်ဆင်ခြင်သောအခါ -
၅။ “သညံ အတ္တတော သမနုပဿတိ” သညာကို အတ္တ ဟု ရှုမြင်ဆင်ခြင် သောအခါ -
၆။ “သင်္ခါရေ အတ္တတော သမနုပဿတိ” သင်္ခါရတို့ကို အတ္တ ဟု ရှုမြင် ဆင်ခြင် သောအခါ -
၇။ “ဝိညာဏံ အတ္တတော သမနုပဿတိ” ဝိညာဏ်ကို အတ္တ ဟု ရှုမြင် ဆင်ခြင်သော အခါ နာမ်သည် အတ္တဖြစ်၏ဟု စွဲယူသည်မည်၏။
(မှတ်ချက်။ ။ဤနေရာ၌ နာမ်ခန္ဓာ လေးပါးကို အတ္တ ဟု စွဲယူထားခြင်း ဖြစ်သည်)
ရုပ်နာမ်တို့ကို အတ္တဟု စွဲယူရာ ၁၂-ဌာန
ဝေဒနာ၌ ၃-ပါး
၁။ အကြားအမြင် ကင်းမဲ့၍ အရိယာတရား၌ မထင်မမြင်သော ပုထုဇဉ်သည် “ဝေဒနာ၀န္တံ အတ္တာနံ သမနုပဿတိ” အတ္တကို ဝေဒနာရှိ၏ ဟု ရှုမြင်ဆင်ခြင်သော အခါ -
၂။ “အတ္တနိ ဝေဒနံ သမနုပဿတိ” အတ္တ၌ ဝေဒနာ တည်ရှိ၏ ဟု ရှုမြင်ဆင်ခြင် သောအခါ --
၃။ ‘ဝေဒနာယ အတ္တာနံ သမနုပဿတိ” ဝေဒနာ၌ အတ္တ တည်ရှိ၏ ဟု ရှုမြင် ဆင်ခြင်သောအခါ ရုပ် နာမ် ၂-ပါးသည် အတ္တဖြစ်၏ဟုစွဲယူသည် မည်၏။
သညာ၌ ၃-ပါး
၄။ အကြားအမြင် ကင်းမဲ့၍ အရိယာတရား၌ မထင်မမြင်သော ပုထုဇဉ်သည် “သညာဝန္တံ အတ္တာနံ သမနုပဿတိ” အတ္တကို သညာရှိ၏ ဟု ရှုမြင်ဆင်ခြင် သောအခါ --
၅။ “အတ္တနိ သညံ သမနုပဿတိ” အတ္တ၌ သညာတည်ရှိ၏ ဟု ရှုမြင်ဆင်ခြင် သောအခါ--
၆။ “သညာယ အတ္တာနံ သမနုပဿတိ” သညာ၌ အတ္တ တည်ရှိ၏ ဟု ရှုမြင် ဆင်ခြင်သောအခါ ရုပ် နာမ် ၂-ပါးသည် အတ္တဖြစ်၏ ဟု စွဲယူသည်မည်၏။
သင်္ခါရ၌ ၃-ပါး
၇။ အကြားအမြင် ကင်းမဲ့၍ အရိယာတရား၌ မထင်မမြင်သော ပုထုဇဉ်သည် “သင်္ခါရဝန္တံ အတ္တာနံ သမနုပဿတိ” အတ္တကို သင်္ခါရရှိ၏ဟု ရှုမြင်ဆင်ခြင်သော အခါ --
၈။ “အတ္တနိ သင်္ခါရေ သမနုပဿတိ” အတ္တ၌ သင်္ခါရတည်ရှိကုန်၏ ဟု ရှုမြင် ဆင်ခြင်သောအခါ --
၉။ “သင်္ခါရေသု အတ္တာနံ သမနုပဿတိ” သင်္ခါရတို့၌ အတ္တတည်ရှိ၏ ဟု ရှုမြင် ဆင်ခြင်သောအခါ ရုပ် နာမ် ၂-ပါးသည် အတ္တဖြစ်၏ ဟု စွဲယူသည်မည်၏။
ဝိညာဏ်၌ ၃-ပါး
၁၀။ အကြားအမြင် ကင်းမဲ့၍ အရိယာတရား၌ မထင်မမြင် ပုထုဇဉ်သည် “ဝိညာဏဝန္တံ အတ္တာနံ သမနုပဿတိ” အတ္တကို ဝိညာဏ်ရှိ၏ဟု ရှုမြင်ဆင်ခြင်သောအခါ -
၁၁။ “အတ္တနိ ဝိညာဏံ သမနုပဿတိ” အတ္တ၌ ဝိညာဏ် တည်ရှိ၏ ဟု ရှုမြင် ဆင်ခြင်သောအခါ --
၁၂။ “ဝိညာဏသ္မိံ အတ္တာနံ သမနုပဿတိ” ဝိညာဏ်၌ အတ္တတည်ရှိ၏ ဟု ရှုမြင် ဆင်ခြင်သောအခါ ရုပ်နာမ် ၂-ပါးသည် အတ္တဖြစ်၏ဟု စွဲယူသည်မည်၏။
ဥစ္ဆေဒဒိဋ္ဌိနှင့် ဝိဘဝဒိဋ္ဌိ ၅-ပါး
၁။ ရုပ်ကို အတ္တဟု ရှုမြင်ဆင်ခြင်ခြင်းသည်၎င်း။
၂။ ဝေဒနာကို အတ္တဟု ရှုမြင်ဆင်ခြင်ခြင်းသည်၎င်း။
၃။ သညာကို အတ္တဟု ရှုမြင်ဆင်ခြင်ခြင်းသည်၎င်း။
၄။ သင်္ခါရတို့ကို အတ္တဟု ရှုမြင်ဆင်ခြင်ခြင်းသည်၎င်း။
၅။ ဝိညာဏ်ကို အတ္တဟု ရှုမြင်ဆင်ခြင်ခြင်းသည်၎င်း။
ဘဝပြတ်၏ ဟု အယူရှိမှု “ဥစ္ဆေဒဒိဋ္ဌိ” နှင့် ဘဝကင်း၏ ဟု အယူရှိမှု “ဝိဘဝဒိဋ္ဌိ” မည်၏။
သဿတဒိဋ္ဌိနှင့် ဘဝဒိဋ္ဌိမည်ပုံ
၁။ အတ္တကို ရုပ်ရှိ၏ဟု ရှုမြင်ဆင်ခြင်ခြင်းသည်၎င်း။
၂။ အတ္တ၌ ရုပ်တည်ရှိ၏ဟု ရှုမြင်ဆင်ခြင်ခြင်းသည်၎င်း။
၃။ ရုပ်၌ အတ္တတည်ရှိ၏ဟု ရှုမြင်ဆင်ခြင်ခြင်းသည်၎င်း။
(ရုပ်၌ ၃-ပါး)
၄။ အတ္တကို ဝေဒနာရှိ၏ဟု ရှုမြင်ခြင်းသည်၎င်း။
၅။ အတ္တ၌ ဝေဒနာတည်ရှိ၏ဟု ရှုမြင်ဆင်ခြင်ခြင်းသည်၎င်း။
၆။ ဝေဒနာ၌ အတ္တတည်ရှိ၏ဟု ရှုမြင်ဆင်ခြင်ခြင်းသည်၎င်း။
(ဝေဒနာ၌ ၃-ပါး)
၇။ အတ္တကို သညာရှိ၏ဟု ရှုမြင်ဆင်ခြင်ခြင်းသည်၎င်း။
၈။ အတ္တ၌ သညာတည်ရှိ၏ဟု ရှုမြင်ဆင်ခြင်ခြင်းသည်၎င်း။
၉။ သညာ၌ အတ္တတည်ရှိ၏ဟု ရှုမြင်ဆင်ခြင်ခြင်းသည်၎င်း။
(သညာ၌ ၃-ပါး)
၁၀။ အတ္တကို သင်္ခါရရှိကုန်၏ဟု ရှုမြင်ဆင်ခြင်ခြင်းသည်၎င်း။
၁၁။ အတ္တ၌ သင်္ခါရတည်ရှိကုန်၏ဟု ရှုမြင်ဆင်ခြင်ခြင်းသည်၎င်း။
၁၂။ သင်္ခါရတို့၌ အတ္တတည်ရှိ၏ဟု ရှုမြင်ဆင်ခြင်ခြင်းသည်၎င်း။
(သင်္ခါရ၌ ၃-ပါး)
၁၃။ အတ္တကို ဝိညာဏ်ရှိ၏ဟု ရှုမြင်ဆင်ခြင်ခြင်းသည်၎င်း။
၁၄။ အတ္တ၌ ဝိညာဏ်တည်ရှိ၏ဟု ရှုမြင်ဆင်ခြင်ခြင်းသည်၎င်း။
၁၅။ ဝိညာဏ်၌ အတ္တတည်ရှိ၏ဟု ရှုမြင်ဆင်ခြင်ခြင်းသည်၎င်း။
(ဝိညာဏ်၌ ၃-ပါး)
အတ္တ လောက ဘဝမြဲ၏ဟု အယူရှိမှု “သဿတဒိဋ္ဌိ”နှင့် ဘဝရှိ၏ဟု အယူရှိမှု “ဘဝဒိဋ္ဌိ” မည်၏။
သက္ကာယဒိဋ္ဌိ ၂၀-သည် နတ်ပြည် ဗြဟ္မပြည်စသည့် သုဂတိဘုံသို့ လားခြင်းကို မတားနိုင်
ဆိုခဲ့ပြီးသော သဿတဒိဋ္ဌိ = ဘဝဒိဋ္ဌိ ၁၅-ပါးနှင့် ဥစ္ဆေဒဒိဋ္ဌိ = ဝိဘဝဒိဋ္ဌိ ၅-ပါး၊ ပေါင်း ၂၀-သော သက္ကာယဒိဋ္ဌိသည် နတ်ပြည် ဗြဟ္မာ့ပြည် မရောက်ရန် မတားမြစ်နိုင်၊ မဂ် ဖိုလ် နိဗ္ဗာန်ကိုသာ တားမြစ်နိုင်၏။
ဓမ္မသင်္ဂဏီ၊ နှာ-၂၀၈။ (အဘိ၊ ၁၊ ၂၀၈။)။ အဋ္ဌသာလိနီအဋ္ဌကထာ၊ နိက္ခေပကဏ္ဍ၊ နှာ-၃၈၈။ (အဘိ၊ ဋ္ဌ၊ ၁၊၃၈၈။)
စာမျက်နှာ-၂၅၉ ဘူမိအဆုံးအဖြတ် လင်္ကာ
ကာမဘုံ၌ဖြစ်သော ဣန္ဒြေ ၁၀-ပါး
၁။ စက္ခုန္ဒြေ
၂။ သောတိန္ဒြေ
၃။ ဃာနိန္ဒြေ
၄။ ဇိဝှိန္ဒြေ
၅။ ကာယိန္ဒြေ
၆။ ဣတ္ထိန္ဒြေ
၇။ ပုရိသိန္ဒြေ
ဂ။ သုခိန္ဒြေ
၉။ ဒုက္ခိန္ဒြေ
၁၀။ ဒေါမနဿိန္ဒြေ
ဟူသော ဣန္ဒြေ ၁ဝ-ပါးတို့သည် ကာမဘုံ၌သာ(ကာမာဝစရတရားသာ) ဖြစ်ကုန်၏။
လောကုတ္တရာ (အဝတ္ထာဘုံ) ၌ဖြစ်သော ဣန္ဒြေ ၃-ပါး
၁။ အနညာတညဿာမီတိန္ဒြေ (=သောတာပတ္တိမဂ်နှင့်ယှဉ်သော ပညာ)။
၂။ ပညိန္ဒြေ (=လောကုတ္တရာ အလယ်စိတ် ၆-ပါး၌ရှိသော ပညာ)။
၃။ အညာတာဝိန္ဒြေ (=အရဟတ္တဖိုလ်၌ရှိသော ပညာ)။
ဟူသော ဣန္ဒြေ ၃-ပါးတို့သည် လောကုတ္တရာ၌သာ ဖြစ်ကုန်၏။
ဘုံ ၃-ပါး၌ဖြစ်သော ဣန္ဒြေ ၁-ပါး
၁။ သောမနဿိန္ဒြေသည် ကာမ ရူပ လောကုတ္တရာဟူသော ဘုံ ၃-ပါး၌ ဖြစ်၏။
ဘုံ ၄-ပါး၌ဖြစ်သော ဣန္ဒြေ ၈-ပါး
၁။ မနိန္ဒြေ
၂။ ဇီဝိတိန္ဒြေ
၃။ ဥပေက္ခိန္ဒြေ
၄။ သဒ္ဓိန္ဒြေ
၅။ ဝီရိယိန္ဒြေ
၆။ သတိန္ဒြေ
၇။ သမာဓိန္ဒြေ
၈။ ပညိန္ဒြေ
ဟူသော ဣန္ဒြေ ၈-ပါးတို့သည် ကာမ ရူပ အရူပ လောကုတ္တရာ ဟူသော ဘုံ ၄-ပါး၌ ဖြစ်ကုန်၏။
(သမ္မောဟဝိနောဒနီ၊ ဋ္ဌ၊ နှာ-၁၂ဝ။ ဝိသုဒ္ဓိမဂ်၊ ဋ္ဌ၊ ဒု၊ နှာ-၁၂၄)။
စာမျက်နှာ ၂၆၁-ရှိ သင်္ဂဟကဗျာ
နှစ်ဗိုလ်စိတ်နှစ် = မနောဒွါရာဝဇ္ဇန်း ဟသိတုပ္ပါဒ်စိတ်တို့သည် ဝီရိယဗိုလ် သမာဓိဗိုလ် ၂-ပါးတို့နှင့် ယှဉ်ကုန်၏။
သုံးဗိုလ်တစ်တည်း = ဝိစိကိစ္ဆာသဟဂုတ်စိတ်သည် ဝီရိယ အဟိရိက အနောတ္တပ္ပ ဗိုလ်ဟူသော ဗိုလ် ၃-ပါးနှင့် ယှဉ်၏။
လေးဖြစ်ဧက်ဒသ် = ဝိစိကိစ္ဆာသဟဂုတ်စိတ်ကြဉ်သော အကုသိုလ်စိတ် ၁၁-ပါး တို့သည် ဝီရိယ သမာဓိ အဟိရိက အနောတ္တပ္ပဗိုလ် ဟူသော ဗိုလ် ၄-ပါး တို့နှင့် ယှဉ်ကုန်၏။
ခြောက်ဒွါဒသ်မှတ် = မဟာကုသိုလ် မဟာဝိပါက် မဟာကြိယာဉာဏဝိပ္ပယုတ် စိတ် ၁၂-ပါးတို့သည် ပညာဗိုလ်ကြဉ်သော ဗိုလ် ၆-ပါးတို့နှင့် ယှဉ်ကုန်၏။
ခွန်သတ်စတ္တာ = မဟာကုသိုလ် မဟာဝိပါက် မဟာကြိယာဉာဏသမ္ပယုတ် ၁၂-ပါး မဟဂ္ဂုတ်စိတ် ၂၇-ပါး, လောကုတ္တရာစိတ် ၈-ပါး၊ ပေါင်း ၄၇ ပါးသော စိတ်တို့သည် ဝီရိယ သမာဓိ ဟိရီ ဩတ္တပ္ပ သဒ္ဓါ သတိ ပညာဗိုလ် ၇ ပါးတို့နှင့် ယှဉ်ကုန်၏။
အဗလာကား၊ ဆယ့်ခြောက်ပါး = ဒွေပဉ္စဝိညာဏ် ၁၀ မနောဓာတ် ၃-ခု သန္တီရဏ ၃-ခု ပေါင်း ၁၆-ပါးသော စိတ်တို့သည် မည်သည့်ဗိုလ်နှင့် မယှဉ်ကုန်။
ပေါင်းငြား ရှစ်ဆယ့်ကိုးခုတည်း = ဗိုလ်ယှဉ်သောစိတ် ၇၃-ပါးနှင့် ဗိုလ်မယှဉ်သောစိတ် ၁၆-ပါးပေါင်းသော် စိတ် ၈၉-ပါး ဖြစ်၏။
(မှတ်ချက်။ ။ သမာဓိစသော တရားတို့သည် ဝီရိယနှင့် ယှဉ်မှသာ ဗိုလ်ကိစ္စ တပ်နိုင်ကြသည်။ အားရှိသည်။ ထို့ကြောင့် ဒွေပဉ္စဝိညာဉ် ၁ဝ မနောဓာတ် ၃-ပါး သန္တီရဏ ၃-ပါး တို့၌ရှိသော ဧကဂ္ဂတာ သမာဓိသည် ဝီရိယနှင့် မယှဉ်သဖြင့် ဗိုလ်ကိစ္စ မတပ်နိုင်)။
မိစ္ဆာဝါဒများ (နှာ-၃၄၂-၃၄၃)
မိစ္ဆာအယူကိုပြရာတွင် ဦးစွာပထမ စုတိ ပဋိသန္ဓေ သံသရာ သင်္ခတ လက္ခဏာ ပဋိစ္စသမုပ္ပါဒ် ဤငါးပါးတို့၏ အဓိပ္ပါယ်သဘာဝကို ရှေးဦးစွာ ရှင်းလင်း ဖော်ပြရမည် ဖြစ်ပါသည်။
စုတိ = တခုသောဘဝ၌ဖြစ်သော ခန္ဓာတို့၏ အဆုံးစွန် ပျက်စီးခြင်းသဘော
ပဋိသန္ဓေ = တခုသောဘဝ၌ ခန္ဓာတို့၏ ရှေးဦးစွာ ထင်ရှားဖြစ်ပေါ်လာခြင်းသဘော
သံသရာ = ခန္ဓာ အာယတန ဓာတ် တို့၏ အဆက်မပြတ် အစဉ်မပြတ် ဒလစပ် ဖြစ်ခြင်း သဘော
သင်္ခတလက္ခဏာ =
(၁) နာမ်တရား၏ ညွတ်ခြင်း ညွတ်စေခြင်းသဘော ရုပ်တရား၏ ဖောက်ပြန်ခြင်းသဘော, နာမ်ရုပ်တရားတို့၏ မမြဲခြင်း စသောသဘော (သာမည လက္ခဏာ)
(၂) စိတ်၏အာရုံကို သိခြင်းသဘော ဖဿ၏ တွေ့ထိခြင်းသဘော ပထဝီ၏ ကြမ်းတမ်း ခက်မာခြင်းသဘော စသည် (ဝိသေသလက္ခဏာ)
ပဋိစ္စသမုပ္ပါဒ် = အဝိဇ္ဇာ စသော အကြောင်းကြောင့် သင်္ခါရ စသော အကျိုး တရားတို့၏ ဖြစ်ပေါ်ခြင်း သဘော ( အကြောင်းတရားတို့ ညီညွတ်မှ အကျိုးတရားများ ဖြစ်ပေါ်ခြင်း သဘော)
ဤငါးပါးတို့၏ သဘောသဘာဝကို ပိုင်ပိုင်နိုင်နိုင် သိထားရပေမည်။
မိစ္ဆာအယူဝါဒ
၁။ မိစ္ဆာဝါဒီများက “ထိုထိုဘဝ စသည်တို့ဝယ် တခုသောဘဝ၌ ခန္ဓာတို့၏ အဆုံးစွန် ပျက်စီးခြင်းသည် “စုတိ” ဟု ကောင်းစွာမသိ မှန်မှန်ကန်ကန် မသိသည် ဖြစ်၍” အတ္တသည် သေ၏၊ ပျက်စီး၏၊ ထင်ရှားသော အတ္တသည် တပါးသော ကိုယ်သို့ ပြောင်းရွှေ့သွားသည် ဟု ဖောက်လွဲဖောက်ပြန် ယူကြသည်။
၂။ “ထိုထိုဘဝ စသည်တို့ဝယ် တခုသောဘဝ၌ ခန္ဓာတို့၏ ရှေးဦးစွာ ထင်ရှား ဖြစ်ပေါ်လာခြင်းကို “ပဋိသန္ဓေ”ဟု ကောင်းစွာမသိ မှန်မှန်ကန်ကန် မသိသည် ဖြစ်၍” အတ္တသည် ပဋိသန္ဓေနေ၏၊ အတ္တအား ခန္ဓာကိုယ်အသစ် ထင်ရှား ဖြစ်လာ သည် ဟု ဖောက်လွဲဖောက်ပြန်ယူကြသည်။
၃။ “ခန္ဓာ အာယတန ဓာတ်တို့၏ အစဉ်မပြတ် အဆက်မပြတ် ဒလစပ် ဖြစ်ခြင်းကို ‘သံသရာ’ ဟု ကောင်းစွာမသိ မှန်မှန်ကန်ကန် မသိသည်ဖြစ်၍” ထင်ရှားသော အတ္တ သည် ဤဘဝမှ ထိုဘဝသို့ပြောင်းသွားသည်။ ထိုဘဝမှ ဤဘဝသို့ လာသည်ဟု ဖောက်လွဲဖောက်ပြန်ယူကြသည်။
၄။ သင်္ခတတရားတို့၏ ညွတ်ခြင်း ညွတ်စေခြင်း (နမန), ဖောက်ပြန်ခြင်း (ရုပ္ပန), မမြဲခြင်း (အနိစ္စ) စသော သဘောတည်းဟူသော သာမညလက္ခဏာ။ စိတ်၏အာရုံကို သိခြင်း ဖဿ၏အာရုံကို တွေ့ထိခြင်း ပထဝီ၏ကြမ်းတမ်းခက်မာခြင်း စသော သဘော တည်းဟူသော ဝိသေသလက္ခဏာတို့ကို ကောင်းစွာမသိ မှန်မှန်ကန်ကန် မသိသည် ဖြစ်၍ “သင်္ခတတရားတို့ကိုပင် ငါ ငါ့ဥစ္စာ ဟူ၍၎င်း ငါမြဲ၏၊ ငါချမ်းသာ၏၊ ငါတင့်တယ်၏။ ငါတွေ့ထိ၏ ဟူ၍၎င်း ဖောက်လွဲဖောက်ပြန် ယူကြသည်။
၅။ အဝိဇ္ဇာ စသော အကြောင်းတရားကြောင့် သင်္ခါရ စသော အကျိုးတရား ဖြစ်ပေါ် လာခြင်း ပဋိစ္စသမုပ္ပါဒ်ကို ကောင်းစွာမသိ မှန်မှန်ကန်ကန်မသိသည် ဖြစ်၍ --
၁။ “အတ္တသည် အကြောင်းအကျိုးကို ကိုယ်တိုင်သိသည်။ (သင်္ချာဒဿန ကျမ်းဆရာ ကပိလရသေ့ စသည်တို့၏ဝါဒ)
၂။ အတ္တသည် အကြောင်းအကျိုးကို သူ့ ဘာသာမသိ ဗုဒ္ဓိဟူသော ပညာဂုဏ်နှင့် ပေါင်းဆုံမှသိသည်။ (ဝိသေသိကဒဿနကျမ်းဆရာ ကဏာဒ ရသေ့ စသည်တို့၏ ဝါဒ) (ဝိသုဒ္ဓိမဂ်မဟာဋီကာ၊ ဒု၊ နှာ-၂၉၃)
၃။ အခြားသောဘ၀၌ ချမ်းသာဆင်းရဲကို ခံစားသော အတ္တသည်ပင် ကောင်းမှု မကောင်းမှုကို ကိုယ်တိုင်ပြုသည်၊ သူတပါးကိုလည်း ပြုစေသည်၊ ထိုအတ္တသည် ပဋိသန္ဓေအခါ၌ ဖြစ်၏၊ ထိုအတ္တသည် အဏုမြူမှ ဖြစ်ပေါ်လာသည်၊ ပရမေသွာ ဗြဟ္မာ စသော ဣဿရတို့က ဖန်ဆင်း ပြုလုပ်၍ ဖြစ်ပေါ်လာသည်၊ ထိုအတ္တသည် စက္ခုသောတ စသော ဣန္ဒြေတို့နှင့် ပြည့်စုံလာကြပေသည်။ ထို စက္ခု သောတ စသော ဣန္ဒြေတို့နှင့် ပြည့်စုံသော အတ္တသည် တွေ့ထိ၏၊ ခံစား၏၊ တပ်မက်၏၊ စွဲလမ်း၏။ စေ့ဆော်၏၊ ထိုအတ္တသည်ပင် တဖန်ဘဝသစ် ဘဝတပါး၌ ဖြစ်ပြန်၏။
၄။ အတ္တသည် မပြတ်သော ခိုင်ခံ့သော ကြိုးဖြင့်သီထားအပ်သည့် ရွဲလုံး ပုတီးလုံးပမာ ရှေ့နောက်ပိုင်း မှတ်သားခြင်း ရှေ့နောက်ဖြစ်ခြင်း စုရုံးပေါင်းယှဉ်ခြင်းအားဖြင့် လူ နတ် ငှက် စသော ဘဝအထူးသို့ ရောက်ရသည်” –
ဟု ဖောက်လွဲဖောက်ပြန်ယူကြသည်။ ။
(ဝိသုဒ္ဓိမဂ်၊ ဋ္ဌ၊ ဒု၊ နှာ-၁၇၆။ ဝိသုဒ္ဓိမဂ် မဟာဋီကာ၊ ဒု၊ နှာ-၂၉၃-၄)
အတ္တအဓိပ္ပါယ်နှင့် ပမာဏ
အတ္တသည် ပရမတ္ထအားဖြင့် တစုံတရာ ဘာမျှမရှိချေ၊ မိစ္ဆာဝါဒီ တိတ္ထိတို့က “အတ္တသည် သတ္တဝါတို့၏ ခန္ဓာကိုယ်ကို၎င်း တလောကလုံးကို၎င်း အစိုးရလျက် မပျက်မစီး အမြဲတည်နေသော အနှစ်သာရ အမာခံသဘောတရား” ဟု ကြံဆသည့် အရာမျှသာတည်း။
အတ္တပရိယာယ် (မိစ္ဆဝါဒများ)
ထိုအတ္တကိုပင် လောကီကျမ်းဆရာတို့က သာမီ နိဝါသီ ကာရက ဝေဒက သယံဝသီ အဓိဋ္ဌာယက စသည်ဖြင့် အမျိုးမျိုး အဖုံဖုံ ခေါ်ကြသေးသည်။
သာမီ = (ဣဿရ) သရီရ ဣန္ဒြိယ စသည်တို့ကို အစိုးရသူ ခန္ဓာအိမ်အရှင်
(ဝိသေသိကဒဿန နျာယဒဿနကျမ်းဆရာတို့အလို)။
နိဝါသီ = ခန္ဓာအိမ်ပျက်စီးသော်လည်း ဘယ်တော့မှ မပျက်စီးပဲ အမြဲ တည်နေသော အကောင် (ကျမ်းဆရာအားလုံး)။
ကာရက = ခန္ဓာအိမ်၌တည်၍ မြင်ခြင်း ကြားခြင်း စသော ထိုထိုကိစ္စကို ပြုတတ် ပြီးစေတတ်သော အကောင် (မီမံသာကျမ်းဆရာတို့ အလို)။
ဝေဒက = ခန္ဓာအိမ်၌တည်၍ ချမ်းသာ ဆင်းရဲကို ခံစားတတ်သောသူ အကောင် (မီမံသာ, သင်္ချာကျမ်းဆရာတို့အလို)။
သယံဝသီ = စက္ခုစသော အင်္ဂါကြီးငယ်တို့ကို မိမိအလိုသို့ လိုက်စေ၍ မိမိကမူ တစုံတခု၏ အလိုသို့မလိုက်သော အကောင် (ကျမ်းဆရာအားလုံး)။
အဓိဋ္ဌာယက = ခန္ဓာအိမ်၏ အကြီးအကဲ ခန္ဓာအိမ်ကို စီမံခန့်ခွဲတတ်သူဟု အမျိုးမျိုး ဆိုကြသည် (ကျမ်းဆရာအားလုံး)။
အတ္တ ၂-မျိုး
သာမီ နိဝါသီ စသည်ဖြင့် အမျိုးမျိုးအဖုံဖုံခေါ်ဆိုအပ်သော ထိုအတ္တသည် --
၁။ ဇီဝအတ္တ
၂။ ပရမအတ္တ
ဟူ၍ နှစ်မျိုးရှိသည်ဟု ဝိသေသဒဿနိက ကျမ်းပြုဆရာ ကဏာဒရသေ့ကဆိုခဲ့သည်။
ထိုတွင် ဇီဝအတ္တဆိုသည်မှာ မိစ္ဆာဝါဒီတို့ အလိုအားဖြင့် ခန္ဓာအိမ်တိုင်း၌ အသီးသီး တည်ရှိသော အကောင် အတ္တတည်း၊ သေလျှင် ထွက်သွားသည်ဟု ထင်မှတ် ပြောဆိုအပ်သော အသက် ဝိညာဏ် လိပ်ပြာ အကောင်ဟု ဆိုလိုသည်။
ပရမအတ္တဆိုသည်မှာ ကပ်ကမ္ဘာ လောကကြီးနှင့်တကွ သတ္တဝါတွေကို ဖန်ဆင်းစီမံနိုင် ပြုပြင်နိုင် အစိုးရနိုင် အရာခပ်သိမ်းကို သိမြင်နိုင်၍ မအိုမသေ အမြဲတည်နေသည်။ ပြိုင်ဘက်ကင်းဖြစ်၏။ သတ္တဝါတို့ ခံစားရစမြဲ ဖြစ်သော ချမ်းသာ ဆင်းရဲမှ လွတ်၏။ ဗြဟ္မာကြီး တန်းခိုးကြီးသောနတ်ကြီး ထာဝရ ဘုရားသခင်ကြီး စသည်ဖြစ်သည်ဟု ဆိုလိုသည်။
၎င်း ပရမအတ္တကို သက္ကတဘာသာ ဟိန္ဒီဘာသာအားဖြင့် ဤရွှရ ပရမေ ရွှရ ပရမာတ္မာ ဟူ၍ ခေါ်ဆိုသည်၊ ပါဠိဘာသာအားဖြင့် ဣဿရ ပရမိဿရ ပရမတ္တာ ဟူ၍ ခေါ်ဆိုသည်။
ထိုအတ္တနှစ်ပါးသည် အလုံးစုံကို နှံ့၍တည်၏၊ အစိုးရ၏၊ ဇီဝအတ္တသည် သတ္တဝါ အားလုံးကို နှံ့၍ တည်၏၊ မိမိတည်ရာ သရီရ ဣန္ဒြိယတို့ကို အစိုးရ၏။
ပရမအတ္တသည် တလောကလုံးကို နှံ့၍တည်၏၊ အလုံးစုံသော လောကကို အစိုးရ၏၊ မအိုမသေ အမြဲတည်နေ၏ ဟု ဖောက်ဖောက်ပြန်ပြန် ယူဆကြသည်။
တိတ္ထိတို့၏ အတ္တဝါဒကား များပြားလှသည်၊ စုတိ ပဋိသန္ဓေ သံသရာ သင်္ခတလက္ခဏာ ပဋိစ္စသမုပ္ပါဒ်တရားတို့နှင့် ပရမတ္ထတရားတို့ကို အတိအကျ မသိကြသဖြင့် မှန်းဆသော အတွေးအခေါ်သာ ဖြစ်သဖြင့် “အတ္တဝါဒ” ဟူ၍ ဖောက်ဖောက်ပြန်ပြန် ယုံမှားရှာကြ ပေသည်၊ အတ္တဝါဒ၏ မူမမှန်ပုံကို အချုပ်အားဖြင့် ဒီဃနိကာယ် သီလက္ခန္ဓဝဂ်ကိုလည်း ကြည့်ရှုလေ့လာကြပါလေ။
ပရမတ္ထသရူပဘေဒနီကျမ်း (ပထမတွဲ) ပြီး၏။