ပရိတ်ကြီးနိဿယသစ်
သပြေကန်
ပရိတ်ကြီးနိဿယသစ်
သပြေကန်ဆရာတော်ဘုရားကြီး
အရှင်ဝါသေဋ္ဌာဘိဝံသ
---
သပြေကန်ဆရာတော်ဘုရားကြီး၏ ဘဝဖြစ်တော်စဉ်
မွေးဖွားရာဇာတိ
၁၂၇၂-ခုနှစ်၊ နတ်တော်လဆန်း(၁၃)ရက်၊ ဗုဒ္ဓဟူး နေ့၊ ခရစ်နှစ် ၁၉၁၁-ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်နေ့တွင် ရွှေကျင်ကျောင်းတိုက်ဆရာတော် လောင်းလျာသည် ဦးဖိုးစိန် (ခေါ်) ဦးနာရာယနား၊ ဒေါ်အိမ်တို့မှ ဟံသာဝတီခရိုင်၊ သန်လျင်မြို့နယ်၊ ချောင်းဝကျေးရွာ ယခု (ကံသာမြင့်) ကျေးရွာ၊ (ပဲခူးမြစ်နှင့် ခရမ်းချောင်းထိပ်တွင် တည်ရှိခဲ့သော) ချောင်းဝရွာတွင် ဖွားမြင်ခဲ့ပါသည်။ မွေးချင်း(၇)ယောက် ရှိသည့်အနက် ဆရာတော်သည် ဒုတိယမြောက်သားရတနာ ဖြစ်သည်။
စာပေပရိယတ္တိများ သင်ကြားဆည်းပူးတော်မူခြင်း
၁၂၇၇-ခုနှစ် သက်တော် ၅-နှစ်အရွယ်တွင် ချောင်းဝရွာ၊ ကိုရင်ကြီးစာသင်ကျောင်း၌ သူငယ်တို့ သင်ဖွယ်ရာစာပေများ၊ သင်ပုန်းကြီးစာပေများကို သင်ကြား ခဲ့ရာ အများထက် ထူးချွန်သော ကျောင်းသားကလေးအဖြစ် ကျော်ကြားခဲ့သည်။ အသက် ၅-နှစ်အရွယ်ကပင် ရှင်ပြုခဲ့ရာသာသနာဘောင်မှ လူ့ဘဝသို့ မပြောင်းလိုသော်လည်း အသက်ငယ်ရွယ်သေးသည့်အတွက် လူထွက်ခိုင်းကြသဖြင့် လူထွက်ခဲ့ရသည်။ ထို့နောက် မိဘဖြစ်သူတို့ ချောင်းဝ ကျေးရွာမှ မင်္ဂလွန်းရွာသို့ ပြောင်းရွှေ့ခဲ့သည်။
၁၂၈၁-ခုနှစ် သက်တော် ၉-နှစ်အရွယ်တွင် သန်လျင်မြို့နယ်၊ မင်္ဂလွန်းကျေးရွာ ဘုန်းတော်ကြီး ဦးရေဝတ ကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်တော်မူသည်။ ဘွဲ့အမည်မှာ “ရှင်ဝိမလ”ဖြစ်သည်။ ဘုန်းတော်ကြီး ဦးရေဝတ ထံတွင် သဒ္ဒါ၊ ဗေဒင်များ သင်ကြားခဲ့သည်။ ဘုန်းတော်ကြီး ဦးရေဝတသည် ရန်ကုန်မြို့သို့ ကြွသွားပြီးနောက် ပြန်ရောက်မလာသဖြင့် သပြေကန်ရွာရှိ မဟာဓမ္မိကာရာမတိုက်သို့ ပြောင်းရွှေ့လာရသည်။ သုတ္တသင်္ဂဟ နိဿယသစ်၊ သပြေကန်သဒ္ဒါကြီးနိဿယသစ်ကျမ်းပြု အကျော် အဂ္ဂမဟာပဏ္ဍိတ ရွှေကျင်နိကာယ မဟာနာယကဟံသာဝတီခရိုင် သန်လျင်မြို့၊ ရုံးသပြေကန်ရွာ၊ မဟာဓမ္မိကာရာမတိုက်သစ်ဆရာတော်ဘုရားကြီးနှင့် စာချ ဆရာတော်များ ထံမှ စာပေသင်ကြားတော်မူခဲ့သည်။
၁၂၈၄-ခုနှစ် သက်တော် ၁၂-နှစ်အရွယ်ကပင် ပထမငယ်ကျမ်းစာများ အပြည့်အဝ သင်ယူပြီးဖြစ်၍ စာမေးပွဲဝင်ရန် စာရင်းသွင်းခဲ့ရာ အသက် ၁၅-နှစ်မပြည့်သေးသဖြင့် ဖြေခွင့်မရခဲ့ပေ။ ၁၅- နှစ်ပြည့်ရန် ဆိုင်းငံ့နေရသော သုံးနှစ်တာ ကာလအတွင်း ယမိုက်၊ အဘိဓာန်, အလင်္ကာ၊ ဆန်းများ ရပြီးဖြစ်သည့်အပြင် ဥဘတောဝိဘင်း ဝိနည်းပါဠိတော် ၂ ကျမ်းကိုလည်း ရပြီးဖြစ်သည်။
၁၂၈၇-ခုနှစ် သက်တော် ၁၅-နှစ်အပြည့်တွင် ပထမငယ်တန်းကို အောင်မြင်ခဲ့သည်။
၁၂၈၈-ခုနှစ် သက်တော် ၁၆- နှစ်တွင် ပထမလတ် တန်းကို အောင်မြင်ခဲ့သည်။
၁၂၈၉-ခုနှစ် သက်တော် ၁၇-နှစ်တွင် တစ်နိုင်ငံလုံး အောင်မြင်ခဲ့သော ပထမကြီးတို့တွင် အသက်အငယ်ဆုံး ပထမကြီးဘွဲ့ရခဲ့သူ ဖြစ်သည်။ ထို့ပြင် မဟာဓမ္မိကာရာမတိုက်၏ အာဒိကမ္မိက ပထမဆုံး အကြီးတန်းအောင် သာမဏေအဖြစ် စံတင်ခံခဲ့ရသည်။
၁၂၉၀ - ပြည့်နှစ်တွင် ပုဂံတောင် စာပြန်ပွဲကြီး ရန်ကုန်ကျောင်းတော်ရာ ရွှေကျင်တိုက် ဝိနည်းစာပြန်ပွဲတွင် ဝိနည်းပါဠိတော် ၂-ကျမ်း ပြန်ဆိုအောင်မြင်ခဲ့၍ “ဥဘတော ဝိဘင်္ဂဓရဘွဲ့”ရခဲ့သည်။
၁၂၉၁-ခုနှစ်တွင် ထိုသုံးခုသော စာပြန်ပွဲကြီးတို့၌ ဝိနည်းငါးကျမ်းပါဠိတော်ကို ဝတ္ထု နိဒါန်း ပဒဘာဇနီတို့ပါ မကျန် အကုန်ပြန်ဆိုအောင်မြင်ခဲ့သဖြင့် “ဝိနယဓရဘွဲ့”ကို ခံယူရရှိခဲ့သည်။ ထိုခေတ် ရဟန်းတော်များပင် ပါဠိတော် ပြန်ဆိုသူ အနည်းအကျဉ်းသာ ရှိခဲ့ရာ၊ သာမဏေဘဝနှင့် အောင်မြင်သူကား ဤအရှင်တစ်ပါးတည်း ဖြစ်ခဲ့သည်။
ရှင်ရဟန်းအဖြစ်သို့ ရောက်တော်မူခြင်း
၁၂၉၂-ခုနှစ် ဝါဆိုလဆန်း ၁၅-ရက် ကြာသ ပတေးနေ့ နေ့လယ် ၂-နာရီအချိန်၌ သပြေကန်ရွာ၊ မဟာဓမ္မိကာရာမဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြု၍ မဟာဓမ္မိကာရာမတိုက် ခဏ္ဍသိမ်တွင် ရတနဗိမာန်ကျောင်း အစ်မ ကြီး ဒေါ်မမကြီး၊ ဒေါ်ဒေါင်းတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။ ဆရာတော်ဘုရားကြီးက ပေးတော်မူသော ဘွဲ့အမည်မှာ “ရှင်ဝါသေဋ္ဌ”ဖြစ်သည်။
၁၂၉၃-ခုနှစ် ရဟန်းတစ်ဝါအရတွင် စေတိယင်္ဂဏ စာမေးပွဲ အာဂုံပြန်တန်း၌ သံယုတ်ငါးကျမ်း ပြန်ဆိုအောင်မြင်တော်မူ၍ “ဝါသေဋ္ဌာဘိသိရီပဝရသာသနဓဇ သံယုတ္တ ဘာဏကဘွဲ့” ရရှိခဲ့သည်။ ၁၂၉၄-ခုနှစ် ကျောင်းတော်ရာ ရွှေကျင်တိုက်=ဝိနည်းစာပြန်ပွဲတော်ကြီး၌ ယင်းသံယုတ်ငါးကျမ်းကိုပင် ထပ်မံ ပြန်ဆိုခဲ့၍ “သံယုတ္တဘာဏကဘွဲ့”ကို ၂-ကြိမ် မြောက် ရရှိခဲ့သည်။
ပခုက္ကူမြို့သို့ရောက်ရှိခြင်း
၁၂၉၄-ခုနှစ် ရဟန်းနှစ်ဝါအရတွင် ပခုက္ကူမြို့၊ မဟာဝိဇယာရာမအရှေ့တိုက်၊ အဘိဓဇမဟာရဋ္ဌဂုရု ဆရာတော်ဘုရားကြီးထံတွင် ဆရာတော်ဘုရားကြီး၏ အချီးမြှောက်ကို ခံယူကာ ပိဋကတ်ကျမ်းစာများကို သင်ယူခဲ့သည်။ ဆရာတော်ဘုရားကြီးက စာဆိုခွင့်ပေးသော်လည်း ကျန်းမာရေးမကောင်းသဖြင့် စာမဆို၊ စာမချနိုင်ခဲ့။ ကိုရင်ဘဝကတည်းက ဝိနည်းပါဠိတော်များ၊ သံယုတ်ပါဠိတော်များ ဖြေဆိုအောင်မြင်တော်မူခဲ့ခြင်းကို အားရကျေနပ်မိ၍ ဆွမ်းမခံစေဘဲ ဆွမ်းကျွေးထားကာ အထူးချီးမြှောက်တော်မူခဲ့သည်။
မန္တလေးမြို့သို့ ရောက်ရှိခြင်း
ဤအရှင်သည် ကျန်းမာရေးမကောင်းသဖြင့် သကျသီဟစာမေးပွဲဝင်ရောက်ဖြေဆိုရန် စိတ်မကူးခဲ့သော်လည်း၊ အများက တိုက်တွန်းသဖြင့် သကျသီဟစာမေးပွဲ ဝင်ရန် ရည်ရွယ်ချက်ဖြင့် ၁၂၉၅- ခုနှစ်တွင် မန္တလေးမြို့သို့ ရောက်ရှိခဲ့သည်။ မန္တလေး သကျသီဟစာမေးပွဲသည် မြန်မာနိုင်ငံတွင် နာမည်ကြီး၍ စာမေးပွဲကို စာသင်တန်း၊ စာချတန်းဟူ၍ အဆင့် ၂-ဆင့် ခွဲထားသည်။ စာသင်တန်း ဖြေမည့်သူသည် အသက် ၂၇-နှစ်အတွင်းရှိမှသာ ဝင်ရောက်ဖြေဆိုခွင့်ရှိသည်။ စာသင်တန်းတွင် နှုတ်ထောက်အာရုံကို (၁၈)ကြိမ် တိတိ မေးမြန်းစမ်းသပ်ပြီး၊ အနည်းဆုံး(၁၂)ကြိမ် ပြန်ဆို နိုင်မှသာ အအောင်ပေးသည်။
မန္တလေး မဟာဝိသုဒ္ဓါရုံတိုက်အုပ် ဆရာတော်ဘုရားက ဤအရှင်အား သာသနာ၌ အမြဲနေဖို့ရာအထိ တောင်းခံခဲ့သည့်အပြင်၊ အတ္ထုပ္ပတ္တိပါတောင်း၍ ရွှေကျင်နိကာယ မှတ်တမ်းတွင် မော်ကွန်းတင်စေခဲ့သည်။
အရှင်ဝါသေဋ္ဌအလှည့်တွင် အခြားသော စာသင် သားများထက် ပိုမေးပြီး မိနစ် ၆၀ (တစ်နာရီ)ကျော်အောင် ဓာတုကထာနောက်ပိုင်း နယကြီးများ၊ ပါဠိတော်အရကောက်များ၊ သစ္စယမိုက် ဝါရယှက်ကြီးများကို ပြန်ဆိုစေရာ ပြည့်ပြည့်စုံစုံနှင့် ရှင်းလင်းပြန်ဆိုပြနိုင်သဖြင့် “အဘိပါကဋ ဝိသေသပုဂ္ဂလ”အဖြစ် ထူးကဲသောဂုဏ်ကို ရယူနိုင်ခဲ့သည်။ သကျသီဟစာသင်တန်း အောင်မြင်သောအခါ “ဝါသေဋ္ဌာဘိဝံသ ပရိယတ္တိ သာသနဟိတ ဓမ္မာစရိယဘွဲ့”တံဆိပ် ရရှိခဲ့ပြီး၊ ဆရာတော်ဘုရားကြီးကလည်း ဆွမ်းမခံစေဘဲ ဆွမ်းစားချီးမြှောက်တော်မူသည်။
ထို့နောက် မန္တလေးမြို့၊ အနောက်တောင်မြို့နယ်၊ စိန်ပန်းရပ် အဘယာရာမဆရာတော်ဘုရားကြီး၏ အချီး အမြှောက်ကို ခံယူကာ မာဂဓကျမ်း၊ သက္ကတကျမ်းများကို သင်ယူခဲ့သည်။ တစ်ဖက်ကလည်း စာပေများကို တတ်စွမ်း သမျှ ပို့ချပေးခဲ့သည်။ ဆရာတော်ဘုရားကြီးကိုယ်တိုင် နှင်းအပ်သော “ဓမ္မာစရိယဘွဲ့”ကိုလည်း ရယူနိုင်ခဲ့သည်။ ထိုအခါက စာပေပို့ချနေသော်လည်း ဆရာတော်ဘုရားက စာချအဖြစ် မခန့်အပ်သေးပါ။ သက္ကတ၊ မာဂဓ၊ ဗျာကရုဏ်း ကျမ်းအဆူဆူတို့၌ အလွန်အကျွမ်းဝင်၊ အလွန်နှံ့စပ်ပြီး သတ္ထန္တရပါရဂူတစ်ဆူဟူ၍ တစ်သာသနာလုံးက အသိအမှတ်ပြု လေးစားအားထားခဲ့ရသော အဘယာရာမဆရာ တော်ကြီးသည် “သမ္ဗန္ဓစိန္တာစာကိုယ်ဋီကာနိဿယ”ကျမ်း ကို ရိုက်နှိပ်မည်ပြုရာတွင် အရှင်ဝါသေဋ္ဌအား နိဒါန်းရေးခိုင်း တော်မူရာ ကောင်းမွန်တော်မူလှသဖြင့် ကိုယ်တိုင် ဤအရှင် ၏ နိဒါန်းအောက်၌ “ဦးဝါသေဋ္ဌ(ဓမ္မာစရိယ)”ဟု ရေးသား ချီးမြှင့်တော်မူခဲ့သည်။ ဘွဲ့ရရှိခဲ့သည်မှာ ၁၂၉၈-ခုနှစ်သက်တော် ၂၆ - နှစ်အရွယ် ဖြစ်သည်။ ထိုစဉ်က သပြေကန် ဆရာတော်အပြင် အခြားတစ်ဦးတစ်ယောက်ကို ဓမ္မာစရိယဘွဲ့ ပေးခဲ့သေးသည်ဟူ၍ အမှတ်အသားမထင်ခဲ့ချေ။
ဤအရှင်သည် အေးမြသော ဆရာသခင်တို့၏ အရိပ်ကို အေးချမ်းစွာ ခိုလှုံခဲ့ရသည်။ ကျေးဇူးရှင် အဘယာ ရာမဆရာတော်ဘုရားကြီး၏ အရိပ်အာဝါသကို အမြဲခိုလှုံ လိုလှ၏။ ဆရာတော်ကြီးကလည်း သက္ကတစာပေများ သင်ယူရန် အိန္ဒိယသို့ လွှတ်ဖို့ ရည်ရွယ်ထားကြောင်း၊ ဝိဇ္ဇာလင်္ကာရ ဆရာတော်ကို မိန့်ကြားတော်မူခဲ့ဖူးကြောင်း၊ ဝိဇ္ဇာလင်္ကာရဆရာတော်ကြီးမှတစ်ဆင့် ပြန်ပြောခဲ့၍ သိရသည်။ သို့ရာတွင် လိုလားတောင့်တချက်များ မပြည့်ဝခဲ့ပေ။ ကျေးဇူးရှင် သပြေကန် မဟာဓမ္မိကာရာမဆရာတော်ဘုရားကြီး ပျံလွန်တော်မူသဖြင့်၊ မန္တလေး၊ ရွှေဂူတိုက်၊ အဘယာရာမ ဆရာတော်ဘုရားကြီးထံမှ ခွဲခွာကာ ၁၃၃၀-ပြည့်နှစ်တွင် နေရပ်ဖြစ်သော သပြေကန်ဓမ္မိကာရာမသို့ ပြန်လာခဲ့ရသည်။
သန်လျင်မြို့၊ သပြေကန်သို့ ပြန်လည်ရောက်ရှိခြင်း
သပြေကန် မဟာဓမ္မိကာရာမတိုက်သို့ ရောက်ပြီးနောက်၊ တွဲဖက်နာယကစာချအဖြစ် သာသနာ့တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ခဲ့သည်။ ဤသို့ ထမ်းဆောင် ရင်း ၁၃၀၈-ခုနှစ်တွင် ရန်ကုန်မြို့ အစိုးရဓမ္မာစရိယစာမေးပွဲ ကို ကျင်းပရာ ဝင်ရောက်ဖြေဆိုတော်မူရာ တစ်နှစ်တည်း ကိုးဘာသာလုံး အောင်မြင်ပြီးဆုံး၍ “သာသနဓဇသိရီပဝရ ဓမ္မာစရိယ သိရောမဏိဘွဲ့”ကို ပထမဆုံးခံယူရရှိခဲ့သည်။
ရန်ကုန်မြို့၊ ပုဇွန်တောင် ရွှေကျင်ကျောင်းတိုက်သို့ ရောက်ရှိလာခြင်း
ရန်ကုန်မြို့၊ ရွှေကျင်ကျောင်းတိုက်ဆရာတော် အရှင်ကောသလ္လဘီအေ၊(ရန်ကုန်)၊ ပျံလွန်တော်မူသောအခါ ဆရာတော်သည် သံဃာတော်များ ရွှေကျင်ဂိုဏ်းဆရာတော်များ၊ ဒါယကာများ၏ ဆန္ဒကို မလွန်ဆန်သာသဖြင့်၊ ၁၃၄၀-ပြည့်နှစ်၊ သက်တော် ၆၈ နှစ်တွင် ပဓာနနာယကဆရာတော် ဖြစ်လာသည်။ ဤတာဝန် ကို အသက်ထက်ဆုံး ပျံလွန်တော်မူသည့် ၁၃၅၆-ခုနှစ် (၁၉၉၅)အထိ ထမ်းဆောင်ခဲ့သည်။
၁၃၄၃-ခုနှစ်(၁၉၈၂)တွင် မြန်မာနိုင်ငံတော်အတွင်း အငြင်းပွားလျက်ရှိသော ကျောက်ပုံတောရဝါဒနှင့် ပတ်သက်၍ စိစစ်သုံးသပ်ဆုံးဖြတ်ချက်ပေးရန်၊ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ကြီးက ဖွဲ့စည်းပေးသည့် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်ဆရာတော်များသာ ပါဝင်သည့် “နိုင်ငံတော်သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၄)”တွင် ဥက္ကဋ္ဌဆရာတော်အဖြစ် ဆောင်ရွက်ခဲ့သည်။
ဆရာတော် ရေးသားပြုစုတော်မူခဲ့သော ကျမ်းများ
- ပရိတ်ကြီးနိဿယသစ်
- ဓမ္မနှင့်ဂုဏ်အဖွဲ့စုံကျမ်း
- ဥပါသကာဂုဏ်ရည်နှင့် သရဏဂုံတရားတော်
- ဆဆက္ကသုတ္တန်တရားတော်နှင့်သင်္ကြန် တရားတော်
- နိဗ္ဗာန်ချမ်းသာတရားတော်
- ဗောဇ္ဈင်ခုနစ်ပါးတရားမြတ်ရတနာ
- ထေရဂုဏ်ရည်
- သပြေကန်တရားပေါင်းချုပ် အမှတ်(၁)
- သပြေကန်တရားပေါင်းချုပ် အမှတ်(၂)
- စေတီနှင့်ရိုသေမှ
- ဓမ္မပဒပါဠိတော်နိဿယသစ်
- မရဏာနုဿတိဘာဝနာ
- သပြေကန်စာတိုပေစ
- သိင်္ဂါလောဝါဒ ပါဠိဂါထာ မြန်မာအနက် လက်ရေးမူစာတို
- ရွှေဂူကြီးဘုရားကျောက်စာ ဂါထာတစ်ရာ
သာသနာရေးဆောင်ရွက်ချက်များ
- မန္တလေး၊ အဘယာရာမရွှေဂူတိုက်သစ်တွင် ၁၉၃၄-ခုနှစ်မှ ၁၉၃၉-ခုနှစ်အထိ ၅-နှစ်ကြာမျှ စာပေပို့ချခဲ့သည်။
- သန်လျင် သပြေကန် မဟာဓမ္မိကာရာမတိုက် သစ်တွင် ၁၉၃၉-ခုနှစ်မှ ၁၉၇၈-ခုနှစ် အထိ ၃၉ - နှစ်ကြာအောင် အနုနာယက တွဲဖက်စာချအဖြစ် ဆောင်ရွက်ခဲ့သည်။
- ရန်ကုန် မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ ရွှေကျင်ကျောင်းတိုက်တွင် ၁၉၇၈-ခုနှစ်မှ ၁၉၉၅-ခုနှစ်အထိ ၁၇-နှစ်ကြာအောင် ပဓာန နာယကအဖြစ် တာဝန်ယူခဲ့သည်။
- ကျောက်ကုန်း မဟာဗောဓိကျောင်းတိုက် ဝိဝါဒါဓိကရုဏ်းမှု၌ ဝိနည်းဓိုရ်အဖြစ် ဆောင်ရွက်ခဲ့သည်။
- နိုင်ငံတော် သီးခြားဝိနိည်းဓိုရ်အဖွဲ့(၄)ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။
- နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ နိုင်ငံတော် ဩဝါဒါစရိယအဖြစ် ဆောင်ရွက်ခဲ့သည်။
- ရန်ကုန်တိုင်းလုံးဆိုင်ရာ ရွှေကျင်နိကာယ ဂိုဏ်းထောက်အဖြစ် ဆောင်ရွက်ခဲ့သည်။
- ရန်ကုန်တိုင်းလုံးဆိုင်ရာ ရွှေကျင်နိကာယ ဂိုဏ်းချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။
- နိုင်ငံလုံးဆိုင်ရာ ရွှေကျင်နိကာယ ဥက္ကဋ္ဌ မဟာ နာယက (တွဲဖက်သာသနာပိုင်)အဖြစ် ဆောင်ရွက်ခဲ့သည်။
- ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ ဩဝါဒါစရိယ အဖြစ် ဆောင်ရွက်ခဲ့သည်။
- တိပိဋကဩဝါဒါစရိယအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သည်။
- ပိဋကဘာသာပြန်အဖွဲ့ ဩဝါဒါစရိယအဖြစ် ဆောင်ရွက်ခဲ့သည်။
- မင်္ဂလာဗျူဟာ၊ ပိဋကဗျူဟာနိကာယ်ငါးရပ်၊ ဓမ္မသာကစ္စာအဖွဲ့၊ ပရိယတ္တိသာသနနုဂ္ဂဟ အသင်းတို့၏ ဩဝါဒါစရိယအဖြစ်လည်း ဆောင်ရွက်တော်မူခဲ့သည်။
- မြန်မာစာအဖွဲ့၏ ဩဝါဒါစရိယအဖြစ်လည်း ဆောင်ရွက်တော်မူခဲ့သည်။
- အခြားအသင်းအဖွဲ့များစွာတို့၏ ဩဝါဒါစရိယ အဖြစ်လည်း ဆောင်ရွက်တော်မူခဲ့သည်။
ကြည်ညိုဖွယ်ရာ ထူးခြားသော ဂုဏ်ရည်များ
ဆရာတော်သည် ဣန္ဒြေသိက္ခာ ကြီးမား၍ ဝိနည်း တော်ကို ရိုသေခြင်း၊ သည်းခံခြင်း၊ ခမာဂုဏ်တို့နှင့် ပြည့်စုံ ခြင်း၊ မေတ္တာဓာတ်အားကြီးခြင်း၊ စာပေကျမ်းဂန်နှံ့စပ် ကျော်ကြားရုံသာမက စာပေအရေးအသား ကောင်းမွန်ခြင်း တို့ကြောင့် ကျော်ကြားထင်ရှား၍ ရဟန်းရှင်လူ ပြည်သူတို့က လေးစားကြည်ညိုခြင်းကို ခံယူရရှိတော်မူသည်။
ထို့ပြင် ဆရာတော်သည် မိမိဆရာသမားဖြစ်ခဲ့ ဖူးသော ပုဂ္ဂိုလ်များ၏ ဘွဲ့ကိုမခေါ်လို၊ ဆရာသမားအပေါ် အလွန်လေးစားတော်မူ၏။ တွံတေးဆရာတော်ကြီး၏ ဘွဲ့ တော်မှာ အရှင်နာဂ ဖြစ်ရာ၊ ရဟန်းခံ၊ ကမ္မဝါဖတ်သော အခါပင် “နာဂ”ဟု မဖတ်စေဘဲ၊ တခြား “ဒတ္တ” စသော အမည်တစ်ပါးဖြင့် ဖတ်ခိုင်းလေ့ရှိသဖြင့် ဆရာသမားတို့ အပေါ် လေးစားပုံကို အတုယူသင့်လှသည်။
ဤသို့လျှင် ရဟန်းရှင်လူပြည်သူတို့၏ ကြည်ညိုသည့် အရေးထားခံရသည့် အားလျော်စွာ နိုင်ငံတော်အစိုးရ က ၁၉၈၄-ခုနှစ်၊ ဇန်နဝါရီလ ၄-ရက် လွတ်လပ်ရေးနေ့ တွင် မြင့်မြတ်သော ပညာရှိကြီးအဖြစ် “အဂ္ဂမဟာပဏ္ဍိတ” ဘွဲ့တံဆိပ်တော်ကို သက်တော် ၇၄-နှစ်၊ သိက္ခာတော် ၅၄-ဝါတွင် ဆက်ကပ်လှူဒါန်းခြင်း ခံခဲ့ရသည်။
ဗုဒ္ဓမြတ်စွာ သာသနာတော်၏ အကျိုးကို ထက် သန်သော လုံ့လဖြင့် သယ်ပိုးဆောင်ရွက်တော်မူသော အဂ္ဂမဟာပဏ္ဍိတ လဒ္ဓလဉ္စနဂုဏ်၊ ရတ္တညုမဟာနာယက ဂုဏ်၊ ဂန္ထန္တရဗာဟုသစ္စဂုဏ်၊ လောကဗဟုပကာရ ဂန္ထကာရက ဂုဏ် စသည်တို့နှင့် ကုံလုံ ပြည့်စုံတော်မူသည့် ဆရာတော် “ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ”သည် ၁၃၅၄-ခုနှစ်(၁၉၉၃)တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ဆက်ကပ် လှူဒါန်းသော အမြင့်မြတ်ဆုံး တစ်ပြည်လုံး၏ ဆရာအဖြစ် “အဘိဓဇမဟာရဋ္ဌ ဂုရု ဘွဲ့တံဆိပ်တော်မြတ်”ကို သက်တော် ၈၃-နှစ်၊ သိက္ခာ တော် ၆၃-ဝါတွင် အလှူခံရရှိတော်မူသည်။
ဘဝနတ်ထံ ပျံလွန်တော်မူခြင်း
၁၃၅၆-ခုနှစ် တပိုတွဲလဆန်း ၇-ရက်(၁၉၉၅ ခု၊ ဖေဖော်ဝါရီလ ၆-ရက်)တွင် သာသနာ့တံခွန် စံပြ ပုဂ္ဂိုလ်ထူးဖြစ်တော်မူသော အဘိဓဇမဟာရဋ္ဌဂုရု တွဲဖက် ရွှေကျင်သာသနာပိုင် သပြေကန်ဆရာတော်ဘုရားကြီးသည် ဘုရား၊ ရဟန္တာတို့သော်မှ မလွန်ဆန်နိုင်သောအဖြစ်ကြောင့် ကျန်းမာရေးချို့ယွင်းကာ သက်တော် ၈၄-နှစ် မှ ၈၅-နှစ် အရောက်(၈၄-နှစ် နှင့် ၂-လပြည့်ရန် ၆-ရက်အလို) ပျံလွန် တော်မူခဲ့သည်။
---
ပရိတ်ကြီးနိဿယသစ်
နိဒါန်း။
ပရိတ်
လူသုံးပါးတို့၏ ကိုးစားရာအစစ် ဖြစ်ကြီးဖြစ်တော်မူသော မြတ်စွာဘုရားသခင်သည် သဗ္ဗညုတဉာဏ်တော်ကို စိုးယူပိုင်သ လက်ကိုင်ရတော်မူပြီးသည့် အခါမှစ၍ ပရိနိဗ္ဗာန် စံဝင်တော်မူသည်အထိ ၄၅-ဝါ ပတ်လုံး ဗြဟ္မာ, နတ်, လူ, သုံးဘုံသူတို့အား တရားအမြိုက်ဆေးကို တိုက်ကျွေးတော်တော်မူခဲ့လေသည်။ ထိုသို့-၄၅-ဝါ ပတ်လုံး ဟောကြားအပ်သော တရားတော်တို့သည် ဓမ္မက္ခန္ဓာအားဖြင့် ရှစ်သောင်းလေး ထောင် မကအောင်ပင် များမြောင်လှကုန်၏၊ ထိုသို့ ဓမ္မက္ခန္ဓာအနေအားဖြင့် များမြောင်လှသော်လည်း ထိုတရားတော်တို့၏ ဦးတည်ချက်မှာကား ဝိမုတ္တိ (=ကိလေသာမှ လွတ်မြောက်ရေး) တခုတည်းသာ ဖြစ်လေသည်။
ယင်းသို့ ကိလေသာမှ လွတ်မြောက်ရေးကို ဦးတည်လျက် ဟောတော်မူအပ်သော တရားတော်တို့တွင် ယင်း လွတ်မြောက်ရေးကို ရရန် ကြိုးပမ်းအားထုတ်လျက် ရှိကြသော လူ, ရှင်, ရဟန်းတို့၏ ဘေးဘျမ်း ကင်းဝေးချမ်းသာရေးအတွက် အရံအတားအဖြစ် ဟောကြားအပ်သော တရားတော်တို့လည်း အပါအဝင် ဖြစ်လေသည်။ ထို တရားတော်တို့ကိုပင် ပါဠိလို “ပရိတ္တ” မြန်မာလို “ပရိတ်”ဟု ခေါ်ဝေါ်ရလေသည်။
မြတ်စွာဘုရားသခင် ကိုယ်တော်တိုင် နှုတ်တော် တွတ်တွတ် ရွတ်၍ ဟောကြားတာ်မူခဲ့သည့် ပရိတ်တို့မှာ နိကာယ်ငါးရပ် ပိဋကတ်သုံးပုံ ပါဠိတော်တို့ဝယ် ကြိုးကြားကြိုးကြား တကွဲတပြားစီ ဖြစ်လျက်ရှိရာ အရှည်ကို မြော်မြင်တော်မူကြသော ရှေးခေတ်သာသနာတော်စောင့် ဆရာတော်ကြီးတို့သည် ထို ပရိတ်တို့ကို တပေါင်းတည်း စုပေါင်း၍ သီးခြားကျမ်းတစ်စောင် တစ်ဖွဲ့အဖြစ် စီစဉ်တော်မူခဲ့ကြလေသည်။ ထိုသို့ ရှေးဆရာတော်ကြီးများ စုပေါင်း စီစဉ်ထားခဲ့သောပရိတ်ကျမ်းသည်ပင် ယခုအခါ မြန်မာနိုင်ငံ၌ “ပရိတ်ကြီး” ဟူသော အမည်ဖြင့် ထင်ရှားလေသည်။
စီစဥ်ပုံ
အဆိုပါ ပရိတ်ကြီးကို စုပေါင်းစီစဉ်ရာ၌ ရှေး ဆရာတော်ကြီးတို့သည် မိလိန္ဒပဉှာပါဠိတော်၌၎င်း, အရှင်မဟာဗုဒ္ဓဃောသ မထေရ်၏ အဋ္ဌကထာတို့၌၎င်း, တွေ့ရှိရသော ဟောကြားမိန့်ဆိုချက်တို့ကို မှီငြမ်းပြုလျက် စီစဉ်တော်မူခဲ့ကြဟန် တူပေသည်။ ထိုစကားကို ချဲ့ဦးအံ့။ မိလိန္ဒပဉှာပါဠိတော်, မေဏ္ဍကပဥှာအခန်း မစ္စုပါသမုတ္တိပဉှာ (မိလိန္ဒ၊၁၅၂)၌ မြတ်စွာဘုရားညွှန်းဆို ဟောကြားခဲ့သော ပရိတ်တို့ကို ပြထားရာဝယ် ရတနသုတ်, မေတ္တသုတ်, ခန္ဓပရိတ်, မောရပရိတ်, ဓဇဂ္ဂပရိတ်, အာဋာနာဋိယပရိတ်, အင်္ဂုလိမာလပရိတ်,တို့ကို တွေ့ ရသည်။ ထို့အတူပင် အရှင်မဟာဗုဒ္ဓဃောသ မထေရ်သည် ဇာတိခေတ်, အာဏာခေတ်, ဝိသယခေတ်,ဟူသော ခေတ်သုံးပါးတို့တွင် အာဏာခေတ်ကို ဖွင့်ပြရာ၌ စကြဝဠာ ကုဋေတစ်သိန်း ပမာဏရှိသော ယင်း အာဏာခေတ်၌ အရှိန်အဝါ ပျံ့နှံ့နိုင်သော ပရိတ်တို့ကို ထုတ်ပြလေ့ရှိ၏။ ထိုသို့ ထုတ်ပြရာတွင် ပါရာဇိကဏ် အဋ္ဌကထာ (ဝိ၊ဋ္ဌ၊၁၊၁၂၉) ဝိသုဒ္ဓိမဂ် အဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၄၄)တို့၌ ရတနသုတ်, ခန္ဓ, ဓဇဂ္ဂ, အာဋာနာဋိယ, မောရပရိတ်တို့ကို ထုတ်ပြ၍ ဒီဃနိကာယ် ပါထိကဝဂ္ဂ အဋ္ဌကထာ (ဒီ၊ဋ္ဌ၊၃၊၈၁) ဥပရိပဏ္ဏာသအဋ္ဌကထာ (မ၊ဋ္ဌ၊၄၊၉) အင်္ဂုတ္တရအဋ္ဌကထာ (အံ၊ဋ္ဌ၊၁၊၃၅၈) သမ္မောအဋ္ဌကထာ (အဘိ၊ဋ္ဌ၊၂၊၄၁၁)တို့၌ကား အာဋာနာဋိယ, မောရ, ဓဇဂ္ဂ, ရတန, ပရိတ်တို့ကိုသာပြ၍ အာဒိသဒ္ဒါကိုပါ ထည့်သွင်းကာ မိန့်ဆိုထားသည်ကို တွေ့ရလေသည်။ အင်္ဂုတ္တရအဋ္ဌကထာ (အံ၊ဋ္ဌ၊၂၊၂၁၀)နှင့် မဟာနိဒ္ဒေသ အဋ္ဌကထာ (မဟာနိ၊ဋ္ဌ၊၃၃၆)တို့၌မူ အာဋာနာဋိယပရိတ်, ဣသိဂိလိ, ဓဇဂ္ဂ, ဗောဇ္ဈင်္ဂ, ခန္ဓ, မောရ, မေတ္တာနှင့် ရတနပရိတ်တို့ကို ထုတ်ပြထားလေသည်။ ဆိုခဲ့ပြီးတို့ကို ပေါင်းလိုက်လျှင် မိလိန္ဒပဉှာ ပါဠိတော်နှင့် များစွာသော အဋ္ဌကထာတို့တွင် ပရိတ်အဖြစ်ဖြင့် ဖော်ပြအပ်သော သုတ်တို့မှာ ရတနသုတ်, မေတ္တ, ခန္ဓ, မောရ, ဓဇဂ္ဂ, အာဋာနာဋိယ, အင်္ဂုလိမာလ, ဗောဇ္ဈင်္ဂနှင့် ဣသိဂိလိသုတ်တို့ဖြစ်ကြောင်း တွေ့ရှိရလေသည်။ ပရိတ်ကြီးကို စီစဉ်သော ရှေးဆရာတော်ကြီးတို့သည် အထက်ပါ သုတ်တို့တွင် ဣသိဂိလိသုတ်မှတပါး အခြားသုတ် အားလုံးကိုပင် ယူ၍ မင်္ဂလသုတ်, ဝဋ္ဋသုတ်နှင့် ပုဗ္ဗဏှသုတ်တို့ကိုပါ ထည့်သွင်းလျက် စီစဉ်ထားသည်ကို တွေ့ရှိရလေသည်။
ထိုသို့ စီစဉ်သောအခါ ရွတ်လိုသော ထိုထို ပရိတ်မှန်သမျှ၏ ပုဗ္ဗကိစ္စအဖြစ် “သမန္တာ” မှစ၍ “အာရက္ခံ ဂဏှန္တု” တိုင်အောင်သော စကားရပ်ကို၎င်း, ထိုထို သုတ်တို့၏ အစတွင် ဆိုင်ရာ အမွှမ်းဂါထာများကို၎င်း ထည့်သွင်းလျက် စီစဉ်တော်မူခဲ့ကြသည်။ ထို့ ပြင် အာဋာနာဋိယသုတ် မူရင်းသည် အာဏာပြင်းသောသုတ်ဖြစ်၍ ဘီလူးစသည် ဖမ်းစားပူကပ်သော အခါမှသာ ရွတ်သင့်သောသုတ် ဖြစ်သောကြောင့် နေ့စဉ် ရွတ်ဖတ်မှုနှင့် သင့်လျော်အောင် ယင်းသုတ်မှ ဂါထာ အချို့ကိုသာ ယူလျက် ဘုရားဂုဏ်တော်များကို ထည့်သွင်း၍၎င်း, ဗောဇ္ဈင်သုတ် မူရင်းမှာ စုဏ္ဏိယ (စကားပြေ) ဖြစ်နေ၍ ရွတ်ဖတ်လွယ်ကူစေရန် ဂါထာသီကုံး၍၎င်း, ပုဗ္ဗဏှသုတ်ကိုလည်း အင်္ဂုတ္တရနိကာယ်မှ ဘုရားဟောဂါထာများကို ပါဝင်စေ၍ သင့်လျော်သလို ဖြည့်စွက်လျက်၎င်း စီစဉ်ခဲ့ကြလေသည်။ သို့ဖြစ်၍ ပရိတ်ကြီးပါ ယင်းသုံးသုတ်တို့၌ လာသော စကားရပ်တို့တွင် အချို့သာ ဘုရားဟောအစစ်ဖြစ်ပြီး အချို့မှာကား ဘုရားဟောနှင့် သင့်လျော်အောင် စီစဉ်သော ဆရာတော်ကြီးများ ထည့်သွင်း ထားခဲ့သော စကားရပ်များ ဖြစ်လေသည်။ အဋ္ဌကထာတို့၌ ပြဆိုထားသော်လည်း ဣသိဂိလိသုတ်ကိုကား ပရိတ်ကြီး၌ ထည့်သွင်းတော် မမူခဲ့ကြပေ။ ယင်းသုတ်သည် နတ်ဗြဟ္မာတို့၏ အမည်များကို ထုတ်ဖော်ပြသသော မဟာသမယသုတ်နှင့် အလားတူစွာ ပစ္စေကဗုဒ္ဓါတို့၏ အမည်တော်များကို ထုတ်ဖော်ကျူးရင့်သော သုတ်ဖြစ်၍ နေ့စဉ် ရွတ်ဖတ်မှုအတွက် အရေးမကြီးလှသောကြောင့် ချန်ထားတော်မူခဲ့ကြဟန် တူပေသည်။
ပရိတ်ကြီး ပရိတ်ငယ်
“ပရိတ်ကြီး” ဟု ဆိုသဖြင့် ပရိတ်ငယ်လည်း ရှိရဦးမည်ဟု အဓိပ္ပါယ်သက်ရောက်လျက်ရှိ၏။ သို့ ရှိသည့်အတိုင်းလည်း ဘိုးတော်ဘုရား လက်ထက်က ပရိတ်ကြီး, ပရိတ်ငယ်ဟု ခွဲခြား သတ်မှတ်မှုရှိသည်ကို တွေ့ရ၏။ ထို သတ်မှတ်ချက်တွင် အမွှမ်းဂါထာတို့၌ “ပရိတ္တံ တံ ဘဏာမ ဟေ” ပါသော ရတနပရိတ်, မေတ္တ, ခန္ဓ, မောရ, ဝဋ္ဋ, အာဋနာဋိယ, အင်္ဂုလိမာလ ပရိတ်တို့ကို ပရိတ်ကြီးဟု သတ်မှတ်၍ ‘‘မင်္ဂလံ တံ ဘဏာမ ဟေ, ဗောဇ္ဈင်္ဂံ တံ ဘဏာမ ဟေ” ဟုသာ ပါ၍ “ပရိတ္တံ”မပါသောမင်္ဂလသုတ်နှင့်ဗောဇ္ဈင်သုတ်တို့ကို ပရိတ်ငယ်ဟု သတ်မှတ်လေသည်။ (ဟံသာဝတီတိုက်ရိုက် စလင်းဆရာတော်ရေး ပရိတ်ကြီးနိဿယ၊ နှာ ၂၅၂-ကြည့်ပါ)
ပရိတ်ရွတ်မှု အစဉ်အလာ
ဘုရားရှင် မျက်မှောက်ခေတ်။ ။ပရိတ်ရွတ်ဖတ် နာယူမှုနှင့် ပတ်သက်၍ ယခုအခါ၌ အမျိုးမျိုး ယူဆပြောဆိုလျက် ရှိကြသည်ကို တွေ့ရ၏။ အချို့ကလည်း ပရိတ်ကို ဘုရားရှင် ခွင့်ပြုတော်မူခဲ့ကြောင်း ပါဠိတော် ထောက်အထား မရှိဟုပင် ပြောဆိုရေးသားလျက်ရှိကြသည်။ သို့သော် ပါဠိတော်တို့ကို ဉာဏ်မီသမျှ လေ့လာကြည့်သောအခါ ဘုရားရှင်ကိုယ်တော်တိုင်ပင် ပရိတ်ကို ခွင့်ပြုခဲ့ကြောင်း အထောက်အထားများ တွေ့ရှိရလေသည်။ ဒီဃနိကာယ် ပါထိကဝဂ် အာဋာနာဋိယသုတ် ပါဠိတော်၌ မြတ်စွာဘုရားသည် ရဟန်းတို့အား အောက်ပါအတိုင်း အာဋာနာဋိယ အရံအတားကို သင်ယူလေ့လာ ဆောင်ထားကြရန် တိုက်တွန်းတော်မူသည်ကို့ရသည်။
ရဟန်းတို့ “အာဋာနာဋိယမည်သောအရံအတားကို သင်ယူကြကုန်လော့၊ ရဟန်းတို့ အာဋာနာဋိယမည်သော အရံအတားကို အဖန်ဖန် လေ့လာကြကုန်လော့၊ ရဟန်းတို့ အာဋာနာဋိယမည်သော အရံအတားကို ဆောင်ကြကုန်လော့၊ ရဟန်းတို့ အာဋာနာဋိယမည်သော အရံအတားသည် အကျိုးစီးပွားနှင့်စပ်၏၊ အာဋာနာဋိယမည်သော အရံအတားသည် ရဟန်းယောက်ျား, ရဟန်းမိန်းမ ဥပါသကာယောက်ျား, ဥပါသိကာမိန်းမတို့၏ အကာအကွယ် အစောင့်အရှောက်ဖြစ်ခြင်းငှာ ချမ်းသာစွာ နေခြင်းငှာ ဖြစ်၏ ”(ပါထိကဝဂ် ပါဠိတော် မြန်မာပြန် နှာ-၁၉၄)
ထို့ပြင် ဝိနည်း ပိဋက ပါစိတ်ပါဠိတော် ဘိက္ခုနီ ဝိဘင်း တိရစ္ဆာနကထာသိက္ခာပုဒ် -၂-ခု၏ အနာပတ္တိဝါရ (ဝိ၊၂၊၄၀၂-၃) တို့၌လည်း “အနာပတ္တိ ဂုတ္တတ္ထာယ ပရိတ္တံ ပရိယာပုဏာတိ၊ အနာပတ္တိ ဂုတ္တတ္ထာယ ပရိတ္တံ ဝါစေတီ” ဟု ဘေးရန်မှ လုံခြုံရေးအတွက် ပရိတ်ကို သင်ယူချပို့သော ရဟန်းမိန်းမအား အာပတ်မှ ကင်းလွတ်ခွင့်ပေးတော်မူသော ပညတ်ချက်ကို တွေ့ရ၏။ ဤ-သိက္ခာပုဒ်၌ ခွင့်ပြုအပ်သော ပရိတ်ဟူသည် “ပရိတ္တန္တိ ယက္ခပရိတ္တနာဂမဏ္ဍလာဒိဘေဒံ သဗ္ဗမ္ပိ ဝတ္တတိ” ဟူသော အဋ္ဌကထာ (ဝိ၊ဋ္ဌ၊၃၊၂၁၅) နှင့်အညီ တစ္ဆေသရဲနိုင် မန္တန်, မြွေနိုင် မန္တန် စသည်တို့ဖြစ်၏။ ဘုရားဟော မဟုတ်သော ဤမန္တန်မျိုးကိုပင် သင်ယူခွင့် ပို့ချခွင့် ပြုတော်မူသည်ဆိုလျှင် ဘုရားဟောဖြစ်သည့် ပရိတ်တို့ကိုမူကား အထူးဆိုဖွယ်မရှိ ခွင့်ပြုပြီးပင် ဖြစ်တော့သည်။ ထို့ပြင် ရဟန်းမိန်းမတို့အား ခွင့်ပြုတော်မူသည်ဆိုသဖြင့် ရဟန်းယောက်ျားနှင့်တကွ လူဒကာ, ဒကာမတို့အားလည်း ခွင့်ပြုပြီးပင် ဖြစ်တော့သည်။
ခန္ဓသုတ်၏ ဝတ္ထုကြောင်းပါသော ဝိနည်းစူဠဝါ ပါဠိတော် (ဝိ၊၄၊၂၄၅) နှင့် အင်္ဂုတ္တိုရ်ပါဠိတော် (အံ၊၁၊၃၈၄) တို့၌လည်း မြတ်စွာဘုရားသည် ရဟန်းတို့အား မြွေမင်းလေးမျိုးတို့ကို မေတ္တာပို့ခြင်းငှာ ခွင့်ပြုတော်မူ၍ ခန္ဓသုတ်ကိုပင် မေတ္တာပို့နည်း အဖြစ်ဖြင့် ဟောတော်မူသည်ကို တွေ့ရသည်။
“ရဟန်းတို့ မိမိကိုယ်ကို လုံခြုံစေခြင်းငှာ၎င်း, မိမိကိုယ်ကို စောင့်ရှောက်စေခြင်းငှာ၎င်း, မိမိ အရံအတား “ပရိတ်”ကို ပြုခြင်းငှာ၎င်း ဤမြွေမင်းလေးမျိုးတို့ကို မေတ္တာစိတ်ဖြင့် ဖြန့်ခြင်းငှာ ခွင့်ပြုတော်မူ၏”။ (စူဠဝါ ပါဠိတော် မြန်မာပြန်၊နှာ-၂၄၃။ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပ၊ ၃၉၈)။
အဋ္ဌကထာတို့လည်း ယင်းအထောက်အထားများကို တွေ့ရသည်ပင် ဖြစ်၏။ မွေးဖွားပြီး-၇-ရက်မျှသာ အသက်ရှင်ရမည့် အာယုဝဍ္ဎနသတို့သားသည် မြတ်စွာဘုရား၏ ညွှန်ကြားတော်မူချက်အရ၊ ၇-ရက်၊ ၇-ညဉ့်တို့ပတ်လုံး ရဟန်းတို့ မပြတ် ပရိတ်ရွတ်ပေးသဖြင့်၎င်း, မြတ်စွာဘုရားကိုယ်တော်တိုင် တညဉ့်ပတ်လုံး ပရိတ်အရံအတားကို ပြုပေးသဖြင့်၎င်း, သေဘေးမှ လွတ်မြောက်ပြီး အသက်(၁၂၀)တိုင် နေသွားရပုံကို ဓမ္မပဒ အဋ္ဌကထာ (ဓမ္မ၊ဋ္ဌ၊၁၊၄၂၃၊ ၄) ၌ တွေ့ရှိရသည်။ ဤမှတပါး အခြားသော အထောက်အထားများတို့ကိုကား အဋ္ဌကထာဖွင့်များနှင့်အညီ ရေးသားထားသော ဤနိဿယသစ် ထိုထိုသုတ်တို့၏ အဋ္ဌုပ္ပတ် နိဒါန်းတို့၌ ကြည့်ရှုကြရာ၏။ ဤသို့လျှင် ပရိတ်ကို မြတ်စွာဘုရားကိုယ်တော်တိုင် ခွင့်ပြုတော်မူခဲ့သည်ကို၎င်း, ဘုရားရှင်လက်ထက်ကပင် ပရိတ်ရွတ်မှုအလေ့အထ ထင်ရှားရှိခဲ့ပုံကို၎င်း, ဆိုခဲ့ပြီးပါဠိတော် အဋ္ဌကထာများအရ ယုံကြည်စွာ မှတ်သားအပ်ပေသည်။
နှောင်းခေတ် (ဣန္ဒိယ, သီဟိုဠ်)။ ။မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက်၌လည်း ပရိတ်သည် အရေးကြီးသော ဘာသာရေး လုပ်ငန်းတရပ် ဖြစ်ခဲ့ပေသည်။ သာသနာနှစ် ၅၁၁-ခန့်၌ ပေါ်ထွန်းခဲ့သော မိလိန္ဒမင်းကြီးသည် ပရိတ်နှင့် ပတ်သက်သော ပြဿနာကို အရှင်နာဂသိန်အား လျှောက်ထား၍ အရှင်နာဂသိန်ကလည်း မိလိန္ဒမင်းကြီး သဘောကျ ကျေနပ်လောက်အောင် ဥပမာအမျိုးမျိုးဖြင့် ဖြေဆိုထားသည်ကို မိလိန္ဒပဉှာ ပါဠိတော် (မိလိန္ဒ၊၁၅၂-၁၅၅)၌ ပြဆိုထားလေရာ ထိုခေတ်၌လည်း ပရိတ်ရွတ်မှုအလေ့အထရှိသည်ကို သိနိုင်ကြပေသည်။
နိဒါန်းအစ၌ ပြခဲ့သော အဋ္ဌကထာအဆိုအရ အဋ္ဌကထာဆရာ အရှင်မဟာဗုဒ္ဓဃောသမထေရ် ပေါ်ထွန်းချိန်ဖြစ်သည့် သာသနာနှစ် ၉၀၀-ကျော် -၁၀၀၀-ခန့်၌လည်း ပရိတ်ရွတ်ဖတ်မှုကို ဘာသာဝင်တို့ လိုက်နာကျင့်သုံးခဲ့ကြောင်းကို သိရပေသည်။ ပါရာဇိကဏ်အဋ္ဌကထာ (ဝိ၊ဋ္ဌ၊၂၊၆၇)၌လည်း လူတို့အတွက် ပရိတ်ရွတ်ပေးမှုနှင့်ပတ်သက်၍ ရဟန်းတော်တို့ လိုက်နာစရာများကို ပြဆိုထားရာ ယင်းသည်လည်း ထိုအခါတွင် လူတို့သည် မိမိတို့ အရေးကိစ္စပေါ်သောအခါ ရဟန်းတော်တို့ကို ပင့်၍ ပရိတ်တရား နာယူလေ့ရှိပုံ၏ အထောက်အထား တရပ်ပင် ဖြစ်ပေသည်။ ထိုကျမ်း၌ပင် ပရိတ်ရေ, ပရိတ်ချည်အကြောင်းများကိုပါ တပါတည်း ပြဆိုထားပြန်ရာ ပရိတ်ရေ ပရိတ်ချည်တို့ကို ဘေးရန်တားဆီးရန်အတွက် ယုံကြည်စွာ အသုံးပြုခြင်းသည်လည်း ထိုအခါက အသားကျလျက်ရှိသော ဘာသာရေးလုပ်ငန်းတခုဖြစ်ကြောင်း သိနိုင်ပြန်သည်။ ထို့ပြင် မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာ (မ၊ဋ္ဌ၊၃၊၃၀၅)၌လည်း ရဟန်းတို့နှင့် လူဝတ်ကြောင်တို့၏ ဘာသာရေးကျင့်သုံးမှု ထူးခြားပုံကို ပြရာတွင် “ဂဟဋ္ဌော ရတနသုတ္တ မင်္ဂလသုတ္တမတ္တမ္ပိ ပေါတ္ထကေ လိခိတွာ ဌပေတိ၊ ပဗ္ဗဇ္ဇိတာ နိစ္စံ သဇ္ဈာယန္တိ” = လူဒါယကာသည် ရတနသုတ် မင်္ဂလသုတ်မျှကိုသော်လည်း (အလွတ်ရ မကျက်ပဲ) ပေ၌သာ ရေး၍ထားသည်၊ ရဟန်းတော်တို့သည်ကား ယင်းတို့ကို အမြဲရွတ်အံ သရဇ္ဈာယ်ကြသည်””ဟု ပြဆိုထားသည်ကို တွေ့ရှိနိုင်သည်။
သာသနာနှစ်-၉၁၂-ခုနှစ်တွင် သီဟိုဠ်ကျွန်း၌ နန်းတက်သော ဒုတိယဥပတိဿမင်း လက်ထက်၌ ဘုရားရှင်လက်ထက်က ဝေသာလီပြည်၌ ဖြစ်သကဲ့သို့ ဒုဗ္ဘိက္ခဘေး, ရောဂါဘေးတို့ ဖြစ်ပေါ်လေရာ ရဟန်းတော်တို့ ညဉ့်သုံးယံပတ်လုံး ရတနသုတ် ပရိတ်တော်ကို ရွတ်သဖြင့် ထိုဘေးတို့ ပပျောက်ခဲ့ဘူးလေပြီ။ (စူဠဝံသ၊ ၃၇၊ ပရိစ္ဆေဒ၊ ၁၁၉၊ ၁၉၈၊ ဂါထာများ)
မြန်မာနိုင်ငံ၌လည်း ပုဂံခေတ်ဦးပိုင်းကပင် ပရိတ်ရွတ်ဖတ်မှု ရှိခဲ့ကြောင်း ကျောက်စာ အထောက်အထားများအရ သိရှိရသည်။ ကျန်စစ်သားမင်းကြီးသည် နန်းတော်ဆောက်လုပ်သောအခါ အရှင်အရဟံအမှူးရှိသော ရဟန်းတော်၊ ၄၀၀၈၊ ပါးတို့ကို ပရိတ်မင်္ဂလာ ရွတ်စေခဲ့သည်။ (ကျန်စစ်သားမင်းတရားကြီး၏ နန်းတော် မွန်ကျောက်စာ မြန်မာပြန် နှာ၊ ၄၇၊ ၄၈)
သက္ကရာဇ် (၅၅၂) ခုနှစ်တွင်လည်း သိင်္ဃသူရ်မည်သော အမတ်ကြီးသည် ဂူဘုရားဌာပနသောအခါ သံဃာတော်များကိုပင့်၍ ပရိတ်ရွတ်စေခဲ့ကြောင်းကို တောင်ဂူနီဘုရား ကျောက်စာတွင် အောက်ပါအတိုင်း တွေ့ရှိရသည်။
ဂြီတြိဘာဝနာဒိတျပဝရဓမ္မရာဇမင်းကြီး အမတ် တျာကြီး သိင်္ဃာသူရ်မည်သော ဒါယကာသည် သ(င်္သာ)ရာ ဆိုဝ်ငြယ်ခပ် (က)ယ္အ်သောဟ်ကုန်ရာ ဖ္လစ်သော သဗ္ဗညုမည်သော ပုန္ဟာ အဖ္လစ်ကိုစ်လိုစ် သောဟ်ကြောင် အဧအ် သကရေစ် ၅၅၂- ခု တန်ဆောင်မှုန်လဆန်(၂၍ာက်) သုက္ကြနိယ္အ်-၃-ပဟိုရ်-၁-နဍီသောအာ။ ကူထာပနာသော ဟြစ်။ ပရိုတ် ရွတ်သောကာ သ္ခိင်မဟာပဏ္ဍိတ်။ သ္ခိင်အက်၊ သ္ခိင် ဓမ္မဂမ္ဘီရ်၊ သ္ခိင်ဓမ္မန (န္ဒီ)၊ သ္ခိင်နဂါ၊ ဤယ်သ္မိင်-၈-ယောက် ဟုတ္တာ။ (ပုဂံကျောက်စာ ညွန့်ပေါင်း နှာ-၁၉။ ပုဂံကျောက်စာ လက်ရွေးစင် နှာ-၁၃-၁၄)
ထို့အတူပင် သက္ကရာဇ်-၆၂၃-ခု၌လည်း အစစ်လတ် မင်းသမီးသည် ဂူဘုရား ဌာပနသောအခါ သံဃာတော်တို့ကို ပင့်၍ ပရိတ်ရွတ် စေခဲ့ကြောင်း ကျောက်စာ (စာရင်း-၃၀၃၊ ပုံ-ပုံ-၂၀၀၊ ပုဂံကျောက်စာ ညွန့်ပေါင်း၊ နှ-၉၁) အထောက်အထား တွေ့ရှိရပေသည်။
အင်းဝ, ကုန်းဘောင်ခေတ်။ ။ပုဂံခေတ်တွင် ကျန်းစစ်သားမင်းကြီးသည် နန်းတော်တည်ဆောက်ရာ၌ သံဃာတော်တို့ကို ရိတ်ရွတ်စေသကဲ့သို့ အင်းဝခေတ်, ကုန်းဘောင်ခေတ် ဘုရင်များလည်း အခါအားလျော်စွာ ပရိတ်ရွတ်စေမှု, နာယူမှုတို့ကို ပြုလုပ်ခဲ့ကြ၍ မင်းခမ်း မင်းနားတို့၌ပင် ပရိတ်ရွတ်မှု နာမှုတို့ကို ပြုလုပ်ခဲ့ကြသည်ကို တွေ့ရှိရသည်။
သာလွန်မင်းတရားကြီးသည် သားတော်ရှင်တရုပ်ကို အလိုတော်ပြည့်ပြီးနောက် လေးထပ်ကျောင်းဆရာတော်, စံကျောင်းဆရာတော်တို့နှင့် ဆရာတော်အပေါင်းကို နန်းတော်သို့ပင့်၍ ဆွမ်းလုပ်ကျွေးတော်မူပြီးလျှင် ပရိတ်တရားတော်ကိုလည်း နာယူတော်မူခဲ့သည် ။ နောင်တော်ဘုရားသားတော် သခင်ပုကို ညီတော်မင်းရဲကျော်စွာ သမီးတော် ခင်မလှစံဖြိုးနှင့် စုံဘက်တော်မူသည်တွင်လည်း လေးထပ်ကျောင်းဆရာတော်ကို သံဃာတော်တို့နှင့်တကွပင့်၍ ပရိတ်နာတော်မူခဲ့သည်။ (သာသနာလင်္ကာရစာတမ်း နှာ-၁၇၀-၁)
အိမ်ရှေ့မင်းတို့ အိမ်တော်တက် အခမ်းအနားကို ကျင်းပသောအခါ အိမ်ရှေ့မင်းသည် ပရိတ်တော်နာဆောင်သို့ ရောက်တော်မူလျှင် ပရိတ်တော်ကို နာတော်မူ၍ ပရိတ်တော်အိုး ပရိတ်တော်ပန်းတို့ကို ပြင်ရုံးသို့ထုတ်၍ မင်းသား မင်းမြေး မှူးတော်မတ်တော်တို့ကို ဝေပြီးမှ အိမ်သို့ ပြန်ကြရသည် ။ (လောကဗျူဟာ အင်ရုံစာတမ်း၊ နှာ−၁၇။)
ဘုရင်မင်းမြတ်များ၏ ထီးနန်း ဥကင်တော်ဖွင့် အစီအစဉ်၌လည်း မြို့ပြင်တွင် တဲနန်းဆောက်ရရာ ထိုတဲနန်းတွင် ပရိတ်တော်နာ တန်ဆောင်းကိုလည်း ဆောက်လုပ်ရကြောင်း, သင်္ကြန်တော်ရေခပ် အစီအစဉ်တွင် ပရိတ်တော်ပန်းဆက် ပုဏ္ဏားများ ရက်လည်အောင် ဥပုသ်စောင့်ကြရကြောင်း, သင်္ကြန်တော်ခေါ်ပြီးသောအခါ၌လည်း ဝတ်လဲဆောင်တွင် အဝတ်လဲတော်မူ၍ ပရိတ်တော်နာသောဆောင်တွင် ပရိတ်တော်နာတော်မူကြောင်း, မြို့သိမ်းထွက် အစီအစဉ်၌လည်း ‘ထွက်တော်မူသနေ့ နံနက်-၄-ချက်တီးကျော်၊ ၃-မောင်း၊ ၄ မောင်းကိုလည်း မြေနန်းတော် လွှတ်တော်ဝင်းရုံး--မျက်နှာ အရှေ့ရုံး, အနောက်ရုံး , မြို့ထိပ်-၈-ရပ်များတွင် တရပ်ကို သံဃာတော်-၈-ပါးစီ ဆွမ်းလုပ်ကျွေး၍ ပရိတ်ရေခံပြီးလျှင် ပရိတ်တော်ရေကို ဝန်းတော်ပတ်လည် မြို့တော်အတွင်းအပြင်ကို ပုဏ္ဏားတို့ကို သန္ဓေးဖျန်းပက်စေကြောင်းတို့ကို ယင်း လောကဗျူဟာ အင်ရုံ စာတမ်းမှာပင် ပြဆိုထားသည်ကို တွေ့ရသည် ။(၎င်းကျမ်း နှာ၊ ၆၈၊ ၆၉၊ ၈၃၊ ၁၅၀၊ တို့ကြည့်)
မန္တလေး ရတနာပုံ ပဉ္စမသံင်္ဂါယနာတင် မင်းတရားကြီး မုဒ္ဓါဘိသိက်ခံသည့် နည်းအတိုင်း ရေးသားအပ်သော မဟာသုတကာရီ မဃဒေဝလင်္ကာသစ်။ ပိုဒ်ရေ-၅၇-၌လည်း “နန်းကြီးထက်ပေါ်၊ တက်ပြီးသော်လျှင်၊ သူတော်မြတ်စစ်၊ တရာ့ရှစ်လည်း၊ အောင်မေတ္တာစိတ်၊ မွမ်းမွမ်းထိတ်မျှ၊ ပရိတ်ဂါထာ၊ ဟောရွတ်ကာနှင့်”ဟု ပြဆိုထားလေရာ ပရိတ်ရွတ်ဖတ် နာယူမှုသည် ဘုရင်မင်းမြတ်တို့ အဘိသိက်ခံရာ၌ပင် နေရာပေးထားရသော ဘာသာရေးကိစ္စ တရပ်ဖြစ်သည်ကို တွေ့ရှိနိုင်ပေသည်။ ထို့ပြင် မြို့သစ် နန်းသစ် တည်ဆောက်သောအခါ၌လည်း တရားနာခြင်း, ပရိတ်နာခြင်းစသော ဘာသာရေးကိစ္စတို့ကို ဆောင်ရွက်ရန် ဇေတဝန်ဆောင်, ပရိတ်တော်နာဆောင်, (ပရိတ်တော်ဆက်ဆောင်, ပရိတ်နာဆက်ဆောင်)ဟု သီးခြားအဆောင်များ ဆောက်လုပ်ရိုး ပြုကြသည်ဖြစ်ရာ ပရိတ်နာယူမှုကို ရှေးရှေး သာသနာပြု မင်းကောင်း မင်းမြတ်များ မည်မျှ အရေးထား၍ လေးစားခဲ့ကြသည်ကို သိရှိရန်ပင် ဖြစ်တော့သည် ။ (ရွှေဘုံနိဒါန်း၊ နှာ–၂၈-၉၊ မဃဒေဝ၊ ပိုဒ် ၄၃။ ရွှေကိုင်းသား၏ “မန္တလေး” စာအုပ်၊ နှာ-၈၀-၈၅-တို့ကြည့်ပါ။
အလွန်တွင်ကျယ်ခဲ့၍ အစဉ်ထိန်းရမည့် အမွေအနှစ်။ ။ဘုရင်မင်းမြတ်များကိုယ်တိုင် အလေးပြုခဲ့သော ဘာသာရေးကိစ္စဖြစ်၍ တိုင်းသူပြည်သားတို့လည်း ပရိတ်ရွတ်ဖတ် နာယူခြင်းကိစ္စကို အားတက်သရော ဆောင်ရွက်ခဲ့ကြလေသည်။ နိုင်ငံတော်တဝန်းလုံးရှိ မြို့အသီးသီးဝယ် ရပ်ကွက်အလိုက် ပရိတ်သင်းများဖွဲ့ကာ ပရိတ်တော်သံ မစဲအောင် ရွတ်ဖတ်ခဲ့ကြသည်မှာလည်း ထင်ရှားသော အထောက်အထားပင် ဖြစ်တော့သည်။ သာမှုနာမှု စသော ကိစ္စကြီးငယ်ရှိသောအခါ၌လည်း သံဃာတော်တို့ကို ပင့်၍ ပရိတ်နာယူရမှ နှစ်သိမ့်အားရခြင်း ရှိကြသည်ဖြစ်ရာ ပရိတ်ရွတ်ဖတ် နာယူမှုသည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့အဖို့ ပစ်ပယ်၍ မရစကောင်းသော အာဝေနိကဘာသာရေး လုပ်ငန်းကြီးအဖြစ်သို့ ရောက်ရှိနေသည်မှာ အလွန်ပင် ထင်ရှားလျက် ရှိလေသည်။ ထို့ကြောင့်လည်း ပရိတ် (ဝါ-ပရိတ်ကြီး) သည် မြန်မာနိုင်ငံတွင် လူသိအများဆုံးဖြစ်လျက် ဗုဒ္ဓဘာသာဝင်တို့အား ပါဠိဘာသာနှင့် နီးစပ်မှုရှိအောင် ပေါင်းကူးပေးသော ကျမ်းစာတစ်စောင်အဖြစ် ရပ်တည်လျက်ရှိခြင်းဖြစ်လေသည်။
ဤသို့လျှင် ပရိတ်သည် ဘာသာဝင်အပေါင်းတို့၏ ဘေးရန်ကင်းကွာ ချမ်းသာမှုကိုလည်း ရွက်ဆောင်ခဲ့၏။ ဘာသာဝင်တို့အား စိတ်နှလုံး ချမ်းမြေ့မှုကိုလည်း ပေးစွမ်းခဲ့၏။ ကိုယ့်ကိုကိုယ်ယုံကြည်မှုကို ရစေလျက် အရာရာမှာပင် ရဲရင့်ခြင်းကို ဖြစ်စေခဲ့၏။ ဤမျှ ကျေးဇူးပြုလျက်ရှိသည့် အဖိုးမဖြတ်နိုင်သော ဘာသာရေးအမွေ , ယဉ်ကျေးမှု အမွေကြီးတစ်ခုကို အဘယ်မည်သော အမျိုးကောင်းသား, အမျိုးကောင်းသမီးသည် စွန့်ပယ်သင့်ပါတော့မည်နည်း။
ပရိတ်အကျိုးရအောင် ဆောင်ရွက်နည်း။ ။ပရိတ်သည် အတန်တန်သော ဘေးရန်အန္တရာယ်တို့ကို ကာကွယ် တားဆီးနိုင်သည်ဆိုသော်လည်း ပရိတ်ရွတ်ဖတ်နာယူနည်း မကျပါက အကျိုးရမည်မဟုတ်ချေ။ ဆေးဝါးဟူသည် ရောဂါကို ပယ်ဖျောက်ရန် စီမံထားသော ပစ္စည်းဖြစ်၍ ဆိုင်ရာရောဂါကို ပျောက်စေနိုင်သည်မှန်သော်လည်း အညွှန်းအတိုင်း မလိုက်နာပဲ သုံးစွဲလျှင်ကား ဆေးအကျိုးကို ခံစားရမည်မဟုတ်ပေ။ ထို့အတူပင် ပရိတ်တော်တို့မှာ ရွတ်ဖတ် နာယူသူတို့၏ ဘေးရန်ကင်းကွာရေးအတွက် ဟောထားသော တရားများဖြစ်သော်လည်း ရွတ်ဖတ်နာယူရာ၌ ဆိုင်ရာညွှန်ကြားချက်တို့ကို မလိုက်နာလျှင်ကား လိုအပ်သော အကျိုးကို ရနိုင်မည်မဟုတ်ပေ။
ယင်းညွှန်ကြားချက်တို့ကား ပရိတ်ရွတ်သူတို့ ပြည့်စုံရမည့် အင်္ဂါသုံးပါးနှင့် ပရိတ်နာသူတို့ ပြည့်စုံရမည့်အင်္ဂါသုံးပါးတို့ပင် ဖြစ်လေသည်။ ထိုအင်္ဂါတို့ကို ဤပရိတ်နိဿယသစ် ရတနသုတ်အဖွင့် (နှာ၂၀၇-ဂ)၌ ကျမ်းဆရာကိုယ်တိုင် ပြဆိုထားသည်ဖြစ်၍၊ ဤနိဒါန်း၌ ရေးသားဖော်ပြရန် မလိုတော့ပေ။
ဤသို့လျှင် ရွတ်သူ နာသူတို့၏ လိုအပ်သည့် အင်္ဂါတို့နှင့် ပြည်စုံမှသာ ပရိတ်အကျိုးကို ခံစားကြရမည်ဖြစ်ရကား ပရိတ်ရွတ်သူ, နာသူတို့သည် ရှေးဦးစွာ ထိုအင်္ဂါတို့နှင့် ပြည်စုံအောင် ပြုလုပ်ခြင်းဖြင့် ညွှန်ကြားချက်ကို တိတိကျကျ လိုက်နာလျက် ပရိတ်အကျိုးကို ပြည့်ပြည့်ဝဝ ခံစားကြရန် အားထုတ်သင့်ကြပေသည်။
ပရိတ်ကြီးဋီကာ။ ။ပရိတ်ကြီး၌ပါဝင်သောသုတ်တို့သည်များသောအားဖြင့် ထိုထို ပါဠိတော်၌ ပါရှိပြီးသုတ်တို့ဖြစ်ကြ၏။ သို့ဖြစ်၍ ယင်းသုတ်တို့၏ အဖွင့်ကို ကြည့်လိုလျှင် ဆိုင်ရာအဋ္ဌကထာများမှာ ကြည့်ရှုရန်ပင် ဖြစ်တော့သည်။ ထို့ကြောင့်လည်း ပုဂံခေတ်စသော ရှေးအခါက ပရိတ်ဋီကာ မပေါ်ထွက်ခဲ့ခြင်းဖြစ်ပေသည်။
သက္ကရာဇ်-၉၆၇-ခုနှစ်တွင် နန်းတက်သော အနောက်ဖက်လွန်မင်းတရားလက်ထက်၌ကား စစ်ကိုင်းတောင် တိလောကဂုရု ဆရာတော်နှင့် ဂုဏာဓိစက္ကဆရာတော်တို့၏ တပည့် တပယင်းမြို့တောင်လက်ကန်ဖျား ရွာလျှင် ဖွားရာဇာတိရှိသော အရှင်တေဇောဒီပသည် ရဟန်းငါးဝါအရ သက္ကရာဇ်-၉၇၁-ခုနှစ်တွင် ပရိတ်ကြီးဋီကာကို စီရင်တော်မူခဲ့သည်။ ကျမ်းကိုလည်း “ပရိတ္တဝဏ္ဏနာ”ဟု မှည့်ခေါ်လေသည်။
ဤ အရှင်တေဇောဒီပကား ရခိုင်မှ အမေးရောက်သည်ကို၊ ၉၆၅-ခုနှစ် သာမဏေဘဝကပင် ဖြေရ၍ အဝ (အင်းဝ) သာမဏေကျော်ဟု တွင်လေသည်။ နောင်တွင် တိလောကာလင်္ကာရ ဘွဲ့တံဆိပ်နာမံတော်ကိုလည်း အလှူခံရသည်။ ၉၄၆-ခုနှစ်ဖွားဖြစ်သော ယင်းဆရာတော်သည်-၁၀၀၆-ခုနှစ် သက်တော်၊ ၆၀၊ ပြည့်တွင် ပျံလွန်တော်မူသည်။ ဆရာတော်၏ အလောင်းကို ကောင်းမှုတော် ဒါယကာ မင်းကြီးထွက်၍ သင်္ဂြိုဟ်တော်မူသည်။
ပရိတ်ကြီး ဋီကာဆို၍ ဤတစ်စောင်သာ ယခုအခါတွင် တွေ့ရသည်။ သို့သော် မုံရွေးဆရာတော် စီရင်အပ်သည့် သမန္တစက္ခုဒီပနီကျမ်း (ပ-သုဓမ္မဝတီရိုက်နှာ၊၂၈၅-၆ ) ၌ ဤဋီကာမှ စကားကို ထုတ်နှုတ်၍ ပရိတ်ကြီး ဋီကာသစ်ဟု အကိုးပြသည်ကို တွေ့ရသည်။ (ယင်းကျမ်း အခြားနေရာ (နှာ -၁၅၊ စသည် ) တို့၌ကား ဤဋီကာလာ စကားကိုပင် ပရိတ်ကြီးဋီကာဟု သာမန်ကိုးသည်ကို တွေ့ရသည်။) ယင်းသို့ ပရိတ်ကြီးဋီကာသစ်ဟု ကိုးကားမိန့်ဆိုသော စကားကို ထောက်လျှင် ဤဋီကာ မပေါ်မီ အခြား ပရိတ်ကြီး ဋီကာတစောင်လည်း ရှိခဲ့သေး၏ဟု ယူဆစရာ ရှိပေသည်။ သာသနာလင်္ကာရနှင့် ပိဋကတ်တော်သမိုင်းတို့၌ကား အရှင်တေဇောဒီပ၏ ဋီကာကိုသာ ပြဆိုလျက် ရှိကြသည်။ ဤဋီကာ၏ ဂန္ထာရမ္ဘစကားရပ်၌လည်း အခြားဋီကာ ရှိသေးသည်ဟူသော မိန့်ဆိုချက်ကို မတွေ့ရပေ။
ပရိတ်ကြီး ဋီကာနိဿယ။ ။ပရိတ်ကြီးဋီကာမှာ နိဿယမရှိဟု ပိဋကတ်တော်သမိုင်း၌ ပြဆိုထား၏။ သို့သော် ပရိတ်ကြီးဋီကာနှင့်တွဲ၍ ၁၂၆၃-ခုနှစ်က ရန်ကုန်မြို့၊ ကဝိန္ဒာသီရိစာပုံနှိပ်တိုက်က ရိုက်နှိပ်အပ်သော ပရိတ်ကြီးဋီကာ နိဿယကို့ မြင်အပ်ရကား ပရိတ်ကြီးဋီကာမှာ နိဿယရှိသည်ဟုပင် မှတ်အပ်ပေသည်။
ယင်းနိဿယ ပုံနှိပ်စာအုပ်၌ နိဿယဆရာ၏ ပဏာမ, နိဂုံးတို့ မပါသော်လည်း ရန်ကုန်မြို့ အမျိုးသား စာကြည့်တိုက်ရှိ ပေမူ (အမှတ်-၁၈၉၆)၌မူ နိဂုံးသဖွယ် ဂါထာများပါရှိသည်ကို တွေ့ရသည်။ ယင်းဂါထာများအရ ကျမ်းပြီးနှစ်ကို အတိအကျ မသိရသော်လည်း သက္ကရာဇ် ၁၀၀၀-နှင့်၊ ၁၀၆၆-အတွင်းမှာ ရေးသားခဲ့သည်ဟု ခန့်မှန်းနိုင်ပေသည်။ ကျမ်းပြုအမည်ကိုလည်း “ဂန္ထကာရော မဟာထေရော၊ ပိဋကနာထနာပကော” ဟု ပြသည်။
ပရိတ်ကြီးနိဿယများ။ ။ပိဋကတ်တော်သမိုင်း၌ ပရိတ်ကြီးနိဿယကို ပြဆိုထားခြင်း မရှိပေ။ ထိုသို့ မပြဆိုခြင်းမှာ ထိုသမိုင်းပြုစုစဉ်က ပရိတ်ကြီးနိဿယ မရှိသောကြောင့်ကား ဟုတ်မည်မထင်ပေ။ ထိုစဉ်က အလွယ်တကူ မတွေ့ရသောကြောင့် ဖြစ်စေ, ထည့်သွင်းရန် မေ့လျော့သောကြောင့်ဖြစ်စေ, တမင်္ဂလာပင် ချန်ထားခဲ့သောကြောင့်ဖြစ်စေ, ထိုသမိုင်း၌ မပါခဲ့ခြင်း ဖြစ်ဟန် ရှိပေသည်။
ယခုအခါမှာမူကား ပရိတ်ကြီးနိဿယတို့ကို အတော်များများ တွေ့ရပေသည်။ ၎င်းတို့ကား အောက်ပါအတိုင်းဖြစ်ကြသည်။
၁။ ကျမ်းပြုအမည် မသိမူ။ ။ဤနိဿယမှာ ကျောင်းသားငယ် ရှင်ငယ်တို့ အလွယ်တကူ သင်ယူကျက်မှတ်နိုင်ရန် ချနက်မျှကိုသာ ရေးသားထားသော နိဿယဖြစ်၏။ ပဏာမ, နိဂုံးတို့မပါ၍ မည်သည့်ခုနှစ်၌ မည်သည့်ပုဂ္ဂိုလ် ပြုစုကြောင်း မသိရသော်လည်း ဆယ်စောင်တွဲ စသည်တို့၌ ပါရှိနေသည်ကို ထောက်သော် အတော်ရှေးကြသည်ဟု ယူဆရန် ရှိပေသည်။
၂။ စလင်းဆရာတော်မူ။ ။ဤမူမှာ နိဿယသက်သက်မျှ မဟုတ်ပဲ ဝိဂြိုဟ်ဝစနတ်နှင့် အဓိပ္ပါယ် ရှင်းလင်းချက်တို့ပါ ပါရှိသောမူဖြစ်၏။ ကျမ်းပြုပုဂ္ဂိုလ်မှာ စလင်းဆရာတော်ဟု၎င်း, ပန်းလွှားဆရာတော်ဟု၎င်း ထင်ရှားသော ဆရာတော် ဦးဂုဏဝန္တ အရှင်မြတ်ဖြစ်လေသည်။ ယင်းဆရာတော်သည် ဤနိဿယကို ကုန်းဘောင် ပဉ္စမဆက်ဖြစ်သော ဘိုးတော်မင်းတရားလက်ထက် သက္ကရာဇ်-၁၁၇၄-ခုနှစ်တွင် အပြီးစီရင်ခဲ့သည်။ ယင်းနိဿယကို ၁၉၆၀-ခုနှစ်တွင် ရန်ကုန်မြို့ ဟံသာဝတီပုံနှိပ်တိုက်က ရိုက်နှိပ်ထုတ်ဝေသည်။
(ဤနိဿယကျမ်းပြုဆရာတော်၏ ဘွဲ့အမည်ကို ပိဋကတ်တော်သမိုင်း (ပိုဒ်မ၊ ၃၀၈၊ ၈၃၅)၌ ရှင်သီလာစာရဟု ပြ၍ ဟံသာဝတီပုံနှိပ်တိုက်ရိုက် ယင်းနိဿယနိဒါန်း၌ သီလဝန္တထေရ်ဟု ပြဆိုသည်ကိုတွေ့ရသည်။ ဤဆရာတော်သည် ဤပရိတ်ကြီးနိဿယအပြင် အဘိဓမ္မသင်္ဂဟဒီပနီနှင့် ၎င်းနိဿယ စသည်တိုကိုလည်း ပြုစုတော်မူသည်။ ကျမ်းနိဂုံးတို့၌ မိမိအမည်ပြ ဂါထာကို ပဟေဠိသဘောမျိုးဖြင့် ရေးသားခဲ့ရာ ယင်းဂါထာအရ ဆရာတော်၏ ဘွဲ့အမည်မှာ သီလစသည်ဟူသော အနက်ကို ဟောသောသဒ္ဒါ နောင် တဒ္ဓိတ်ပစ္စည်းသက်၍ပြီးသော ပုဒ်ဖြစ်ကြောင်းသိရ၏။ သီလစသည်ဟူသော အနက်ကို ဟောသော သဒ္ဒါမှာ “ဂုဏောပဋလရာသိသု-ပ-အပ္ပာနေစ သီလာ၊ သုက္ကဒိမှိ ဇိယာယစ” ဟူသော အဘိဓာနပ္ပဒီပိကာအရ ဂုဏသဒ္ဒပင်ဖြစ်၏ ယင်းနောင် ဝဟူသော တဒ္ဓိတ်ပစ္စည်းသက်လျှင် ဂုဏဝန္တသာဖြစ်လေသည်။ သီလာစာရ သီလဝန္တတို့ ဖြစ်နိုင်ဖွယ် မရှိပေ။ ထို့ပြင် ယင်းဆရာတော်၏ ရာဇဂုရုဘွဲ့တံဆိပ်မှာ “ဂုဏဝံသဓဇ မဟာဓမ္မရာဇဂုရု” ဖြစ်ရာ ဆရာတော်၏ ဘွဲ့မှာ ဦးဂုဏဝန္တသာဖြစ်ကြောင်း ယုံမှားမဲ့ မှတ်အပ်၏။ အဖေဂ္ဂုသာရဒီပနီပါဌ် နိဿယနိဒါန်းလည်း ကြည့်ပါ)။
၃။ တွံတေးဆရာတော်မူ။ ။ဤနိဿယကို လင်္ကာသွားအနက်တို့ဖြင့် ရေးသားထားသည်။ ပရိတ်ရွတ်နည်း ဂါထာဆန်းစစ်နည်းတို့ကိုပါ ထည့်သွင်းရေးသားသည်ကို တွေ့ရသည်။ ဤနိဿယကို တွံတေးဆရာတော် ဦးနာဂ အရှင်သူမြတ်သည်။ ၁၂၇၃-ခုနှစ်တွင် အပြီးစီရင်ခဲ့သည်။ ရန်ကုန်မြို့ ပြည်ကြီးမဏ္ဍိုင်ပုံနှိပ်တိုက်က ရိုက်နှိပ်ထုတ်ဝေသည်။ ၁၃၂၃ ခုနှစ်အထိ ၁၂-ကြိမ်တိုင်တိုင် ထုတ်ဝေပြီးဖြစ်သည်။
၄။ ဝိသုဒ္ဓါရုံမူ။ ။ဤမူလည်း အနက်ရိုးရိုးဖြင့် ချနက်သဘော ရေးသားအပ်သော မူဖြစ်၏ ရှစ်လုံးဖွဲ့ မဟုတ်သော ဂါထာတို့၏ ဂါထာအမည်များကိုလည်း ပြဆိုထားသည်ကို တွေ့ရ၏။ ဤမူကို မဟာဝိသုဒ္ဓါရုံဆရာတော်ကြီး မန္တလေးအရှေ့ပြင် မဟာဝိသုဒ္ဓါရုံတိုက်၌ သီတင်းသုံးတော်မူစဉ်က ရေးသားခဲ့သည်ဟု ဆိုသည်။ နိဿယအဆုံးဝယ် ပြဆိုအပ်သော ဂါထာ၌ကား သက္ကရာဇ် ၁၂၇၁ (ပထက္ခယေ) ခုနှစ်၌ သုတ်သင်အပ်ကြောင်း ပြဆိုထားသည်။ ဤနိဿယကို ရန်ကုန်မြို့ ပြည်ကြီးမဏ္ဍိုင်ပိဋကတ် ပုံနှိပ်တိုက်က ရိုက်နှိပ်ခဲ့ဘူးသည်။ ၁၃၂၂ ခုနှစ်၌ မန္တလေးမြို့ ဗဟိုရ်စည် သတင်းစာတိုက်တွင် နဝဗုဒ္ဓပူဇနကျမ်း, ဥပ္ပါတသန္တိကျမ်းတို့နှင့် တွဲဖက်၍ ဒုတိယအကြိမ် ရိုက်နှိပ်အပ်သည် ။
မြင်းခြံ ၉-ဆောင်မူ။ ။ဤ နိဿယသည် လင်္ကာသွားအနက်တို့ဖြင့် ရေးသားအပ်သောနိဿယ ဖြစ်၏။ အဓိပ္ပါယ်အမှာအထားတို့ကိုလည်း လိုအပ်သည့်နေရာတို့၌ ထည့်သွင်းပြဆိုထား၏။ ဤနိဿယကို မြင်းခြံမြို့ အဂ္ဂမဟာပဏ္ဍိတ ပဌမဂိုဏ်းချုပ်-၉-ဆောင်တိုက် ဝေဇယန္တာအုဌ်ကျောင်းဆရာတော် အရှင်ဝေပုလ္လာဘိဓဇ အရှင်သူမြတ်သည် ၁၂၇၉-ခုနှစ်တွင် ရေးသားစီရင်ခဲ့သည်။ ကျမ်းကိုလည်း “မြင်းခြံ−၉-ဆောင်မူ မဟာပရိတ်တော်ကြီး နိဿယသစ်” ဟု အမည်မှည့်သည်။ ရန်ကုန်မြို့−၁၂-လမ်း ဇေယျာသိန်း စာပုံနှိပ်တိုက်တွင် ရိုက်နှိပ်သည်။
၆။ အရှင်အာဒိစ္စဝံသမူ။ ။ဤနိဿယကား ရိုးရိုးအနက်တို့ဖြင့် သိမှတ်ဖွယ် အဓိပ္ပါယ်တို့နှင့်တကွ ရွတ်နည်း ဖတ်နည်းတို့ပါ စုံလင်စွာ ပြထားသော နိဿယဖြစ်၏။ ဤနိဿယကို မိလိန္ဒပဉှာပါဠိတော် နိဿယစသော ကျမ်းပေါင်းများစွာတို့ကို ပြုစုသော ရန်ကုန်မြို့ အရှင်အာဒိစ္စဝံသကျောင်းတိုက် နာယကဆရာတော် အရှင်အာဒိစ္စဝံသမဟာထေရ်သည် ၁၂၉၈-ခုနှစ်တွင် အပြီးသတ် ရေးသားစီရင်ခဲ့သည်။ ကျမ်းကို “ပရိတ္တသင်္ဂဟခေါ် ပရိတ်တော်ကြီး ပါဌ်နိဿယ“ဟု အမည်မှည့်သည်။ ရန်ကုန်မြို့ စက်ရုံလမ်း ဝဇီရာ ပုံနှိပ်တိုက်တွင် ရိုက်နှိပ်သည်။
အထက်ပါတို့မှာ ယနေ့တွေ့မြင်ရသော နိဿယတို့ ဖြစ်ကြသည်။ စလင်းဆရာတော်၏ နိဿယနိဂုံး၌ပင် “ရှေးမူဟောင်း ပရိတ်ကြီး နိဿယအကျယ်၌ အပျက်အမှား များလှသောကြောင့်” စသည်ဖြင့် မိန့်ဆိုထားသည်ကို ထောက်၍ စလင်းနိဿယ မပေါ်မီကလည်း နိဿယများ ရှိခဲ့သည်ကို မှန်းဆနိုင်လေသည်။
ထို့ပြင် ဝက်ခုတ်ဆရာတော် ဦးဗုဓ်, ဆရာတော် ဦးပခန်းစသော ဆရာတော်တို့ရေးသော နိဿယတို့လည်း ရှိကြကြောင်း သိရှိရ၏။ ဤနိဒါန်းရေးသူ မတွေ့ဘူး မကြားဘူးသော ပရိတ်ကြီးနိဿယတို့လည်း ရှိတန်ရာပေသည်။
ပရိတ်ကြီးဂဏ္ဌိ။ ။၎င်းဂဏ္ဌိကို အဘိဓမ္မတ္ထဒီပကကျမ်းပြု ဗိုလ်ကုန်းဆရာတော်ဘုရား စီရင်ရေးသားတော်မူခဲ့သည်။ ဂဏ္ဌိဆိုသည်နှင့်အညီ ပရိတ်ကြီး၌ ပါသော ပုဒ်တို့၏ ဝိဂြိုဟ် ဝစနတ် ဓာတ်ပစ္စည်း ခွဲဝေပုံများကို၎င်း, ပုဒ်ပါဌ် အဆုံးအဖြတ် အနက်အဆုံးအဖြတ်တို့ကို၎င်း, ထိုထို သုတ်တို့နှင့် စပ်လျဉ်း၍ သိမှတ်ဖွယ် ဝတ္ထုကြောင်း စသည်တို့ကို၎င်း ပြည့်စုံစွာ ပြဆိုထားသည်ကို တွေ့ရသည်။ ဤကျမ်းကို ဗိုလ်ကုန်းဆရာတော်သည် ၁၂၆၅ ခုနှစ်၌ ရေးသားစီရင်ခဲ့၍ ရန်ကုန်မြို့ ပြည်ကြီးမဏ္ဍိုင် ပုံနှိပ်တိုက်က ၁၂၆၇-ခုနှစ်တွင် ရိုက်နှိပ်ခဲ့သည်။
ပရိတ်ကြီးမြန်မာပြန်များ
၁။ ဦးစိုးဝင်းမူ။ ။ပရိတ်ကြီး၏ မြန်မာစကားပြေ သက်သက်ကိုသာ ဖတ်ရှုလိုသူတို့အဖို့ ရေးသားအပ်သော ကျမ်းဖြစ်၏။ ဤကျမ်းကို စေတိယင်္ဂဏနှင့် အစိုးရဓမ္မာစရိယဘွဲ့ရ ပိဋကတ်တော်မြန်မာပြန်ဌာန အယ်ဒီတာ ဦးစိုးဝင်းသည် ၁၃၁၇-ခုနှစ်က ရေးသားခဲ့သည်။ ယင်းကို သုဓမ္မဝတီ ပုံနှိပ်တိုက်က ၁၃၂၃-ခုနှစ်တွင် ရိုက်နှိပ်ထုတ်ဝေသည်။
၂။ ဦးတင်မြင့်မူ။ ။ဤကျမ်းကို မြန်မာစကားပြေ သက်သက်ဖြင့် ပင် ရေးသားထား၍ ရှင်းလင်းဖော်ပြသင့်သော ခက်ဆစ်တို့ကိုလည်း အောက်ခြေမှ ဖော်ပြထားသည်။ ဤကျမ်းကို ဝန်ကြီးချုပ် ဦးနု၏ တိုက်တွန်းချက်အရ ဓမ္မာစရိယဦးတင်မြင့်သည် ၁၃၂၂-ခုနှစ်တွင် ရေးသားခဲ့၍ စာပေဗိမာန်ပုံနှိပ်တိုက်တွင် ရိုက်နှိပ်သည်။
ဤနိဿယသစ်
ပြဆိုခဲ့ပြီးသည့်အတိုင်း ပရိတ်ကြီး၏ အခြံအရံဖြစ်သော ကျမ်းတို့ အများအပြားပင် ပေါ်ထွက်ပြီး ဖြစ်သော်လည်း ခေတ်အားလျော်သော ပုဂ္ဂိုလ်တိုင်း ဖတ်ရှုနားလည်နိုင်မည့် မြန်မာဘာသာရေး ပရိတ်ကြီး အဖွင့်ကျမ်းကား လိုအပ်လျက်ပင် ရှိခဲ့လေသည်။
ယခုအခါသည် သိပ္ပံပညာ လွန်စွာထွန်းကားသော အခါဖြစ်၏။ သိပ္ပံပညာ ထွန်းကားသည်နှင့်အမျှ ခေတ်ပညာတတ်သူတို့သည် ယင်းပညာကို အားတက်သရော လေ့လာ သင်ယူလျက် ရှိကြ၏။ ထိုသူတို့မှာ ခေတ်ဗဟုဿုတ သိပ္ပံပညာ ဗဟုသုတတို့ ပြည့်ဝလျက် ရှိကြသော်လည်း ဘာသာရေး ဗဟုဿုတကား ချို့တဲ့လျက် ရှိသည်ကို တွေ့ရလေသည်။ သို့ဖြစ်လေရာ ပရိတ်ကြီးကို အခြေခံပြု၍ ထိုသူတို့ နားလည် လက်ခံနိုင်လောက်သော အသုံးအနှုန်းတို့ဖြင့် ဘာသာရေး ဗဟုသုတကို ပေးသည့် ကျမ်းမျိုးကား ယခုအခါတွင် လွန်စွာပင် လိုအပ်လျက် ရှိလေသည်။
ယင်းသို့သော လိုအပ်ချက်ကို သိမြင်တော်မူသော ဆဋ္ဌသံဂါယနာဝန်ဆောင် သံဃာ့အဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ မန္တလေး ဝိဇ္ဇာလင်္ကာရ ဆရာတော် ဦးဝိသုဒ္ဓါဘိဝံသ အရှင်သူမြတ်သည် ဋီကာသံဂါယနာမပြီးမီ ၁၉၆၁-ခုနှစ်လောက်က ပရိတ်ကြီးနိဿယသစ်တစောင် ထွက်ပေါ်ရေးကို အလေးပြု စဉ်းစားတော်မူခဲ့၏။ မိမိ၏ ကောင်းမြတ်သော အကြံအစီကို ထိုစဉ်က နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့၏ အတွင်းရေးမှူးဖြစ်သော တရားဝန်ကြီးဟောင်း သတိုးမဟာသ ရေစည်သူ ဦးချန်ထွန်းအား အမိန့်ရှိရာ ၎င်းကလည်း နှစ်ထောင်းအားရ ဝမ်းပန်းတသာဖြင့် ထိုနိဿယမျိုး ပေါ်ထွက်အောင် ဆောင်ရွက်ပါရန် ဆရာတော်အား တိုက်တွန်းလျှောက် ထားခဲ့၏။ ဆရာတော်လည်း ပရိတ်ကြီးအဖွင့်တစ်စောင် ခေတ်နှင့်ကိုက်ညီအောင် ရေးသားနိုင်မည့် ပုဂ္ဂိုလ်ကို ရှာဖွေရာ ဟံသာဝတီခရိုင် သပြေကန်ရွာ မဟာဓမ္မိကာရာမတိုက် အရှင်ဝါသေဋ္ဌာဘိဝံသ စာချဆရာတော်ကို မြင်တော်မူ၍၊ ထိုမထေရ်ကိုပင် နိဿယသစ်ရေးသားပေးရန် တိုက်တွန်းခဲ့လေသည်။ အရှင်ဝါသေဋ္ဌာဘိဝံသ မထေရ်လည်း ဆရာတော်ဦးဝိသုဒ္ဓ၏ တိုက်တွန်းချက်ကို လေးနက်စွာ ခံယူလျက် နိဿယသစ်တစောင် ရေးသားရန် ဝန်ခံတော်မူလေသည်။
ထိုသို့ ဝန်ခံတော်မူပြီးနောက် အရှင်ဝါသေဋ္ဌာဘိဝံသ ဆရာတော်သည် တနှစ်ခန့် ပါဠိ အဋ္ဌကထာ ဋီကာတို့ကို ရှာဖွေကြည့်ရှုပြီးမှ ဤ နိဿယသစ်ကို ၁၃၂၄-ခုနှစ်တွင် ရေးသားတော်မူလေသည်။ ဤနိဿယသစ်ကို ဆရာတော် ရေးသားနေစဉ်မှာပင် တော်လှန်ရေးအစိုးရ တက်လာ၍ ဗုဒ္ဓသာသနာအဖွဲ့ အက်ဥပဒေကို ဖျက်သိမ်းပြီး စုံစမ်းစစ်ဆေးရေး ကော်မတီက ဆက်လက်အုပ်ချုပ်လေရာ ဆရာတော်ဦးဝိသုဒ္ဓ အရှင်မြတ်သည် ထိုကော်မတီဝင်ဖြစ်ကြသော သတိုးသီရိသုဓမ္မ ဥက္ကဋ္ဌကြီး ဦးလွန်းဘော် (ကွယ်လွန်သူ), အဖွဲ့ဝင် စည်သူ ဦးဘခင်, အတွင်းရေးမှူး ဦးလှမောင် (အမ်အေ), တို့အား ဤနိဿယသစ်အကြောင်းကို မိန့်တော်မူရာတွင် သာသနာတော်ကို ကြည်ညိုရင်းရှိကြသော ကော်မတီဝင်လူကြီးတို့ကလည်း ဝမ်းမြောက်ဝမ်းသာပင် ဆရာတော်၏ ဩဝါဒကို ခံယူလျက် နိဿယသစ် ရေးပြီးသောအခါ ဗုဒ္ဓသာသနာအဖွဲ့ ပုံနှိပ်တိုက်မှာပင် ရိုက်နှိပ်ပါမည့်အကြောင်း ဝန်ခံလျှောက်ထားကြလေသည်။
ကျမ်းပြုဆရာတော်
ဤနေရာ၌ ဤနိဿယသစ်ကျမ်းပြုဆရာတော်အကြောင်း အတ္ထုပ္ပတ္တိကိုလည်း အနည်းငယ် ပြဆို သင့်သည်ဟု ထင်မိပေသည်။ ပရိယတ္တိသာသနဟိတဓမ္မာစရိယနှင့်, သာသနဓဇ သိရီပဝရ ဓမ္မာစရိယ သိရောမဏိဘွဲ့ရ ဤနိဿယသစ် ကျမ်းပြုဆရာတော် အရှင်ဝါသေဋ္ဌာဘိဝံသကား ထူးခြားသော ပုဂ္ဂိုလ်ဖြစ်တော်မူ၏။ ပါဠိတော်များကို တစ်ခေါက် နှစ်ခေါက် ဖတ်ရုံမျှဖြင့် အာဂုံဆောင်နိုင်လောက်အောင် ထူးခြားသော ပါရမီရှင်တဦး ဖြစ်တော်မူ၏။ သာမဏေဘဝကပင် ဝိနည်း ၅-ကျမ်း ပါဠိတော်ကို အာဂုံပြန်ဆိုခဲ့သဖြင့် ရွှေကျင်ဂိုဏ်းတွင် မှတ်တမ်းတင်ရသော ပုဂ္ဂိုလ်လည်းဖြစ်တော်မူ၏။ သံယုတ် ပါဠိတော်-၅-ကျမ်းကိုလည်း ရဟန်း ၁-ဝါ အရမှာပင် အာဂုံပြန်ဆိုခဲ့သော ပုဂ္ဂိုလ်လည်း ဖြစ်တော်မူ၏။ ဂါထာသီကုံး နှုန်းဖွဲ့ရာတွင် ပြောင်မြောက်လှသဖြင့် ဓမ္မာစရိယဖြစ်တော်မူသော ရွှေကျင်နိကာယ ဓမ္မသေနာပတိ အဂ္ဂမဟာပဏ္ဍိတ အဘယာရာမဆရာတော်၏ ထုတ်ဖော်ချီးကျူးမှုကိုပင် ခံယူရသော ပုဂ္ဂိုလ်ဖြစ်တော်မူသည်။ အစိုးရစာချတန်း စာမေးပွဲ၌ တနှစ်တည်းဖြင့် ၉-ကျမ်းလုံးကို ဖြေဆို အောင်မြင်တော်မူသဖြင့် ဓမ္မာစရိယသိရောမဏိဘွဲ့ကို ရှေးဦးဆုံး ခံယူရရှိတော်မူသော ပုဂ္ဂိုလ်လည်းဖြစ်တော်မူ၏။ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၌ နှံ့စပ်၍ မာဂဓ, သက္ကတ ဗျာကရုဏ်းကျမ်း, ကောသကျမ်း, ကာဗျကျမ်း, စသည်တို့၌လည်း အထူးကျွမ်းကျင် တော်မူလေသည်။ ထိုသို့ မာဂဓ, သက္ကတ စွယ်စုံရ၍ အဖက်ဖက်မှ စိတ်ချရသောကြောင့်ပင် ဆရာတော်ဦးဝိသုဒ္ဓသည် ဤဆရာတော်ကို ပရိတ်ကြီးနိဿယသစ် ရေးသားရန် တိုက်တွန်းတော်မူခဲ့ခြင်း ဖြစ်လေသည်။
ပုံနှိပ်ခြင်း
ဆရာတော် အရှင်ဝါသေဋ္ဌာဘိဝံသသည် ဤ နိဿယသစ်ကို ရေးသားပြီးစီးသောအခါ လက်ရေးမူချောကို ဆရာတော်ဦးဝိသုဒ္ဓထံ ပို့ခဲ့လေသည်။ ဆရာတော်သဘောကျ သင့်လျော်သည် ထင်သလို ပြင်ဆင် နှုတ်ပယ် ဖြည့်စွက်ရန်လည်း လျှောက်ထားခဲ့သည်။ ဆရာတော် ဦးဝိသုဒ္ဓသည် နိဿယသစ်ကို မိမိကိုယ်တိုင် အချိန်ယူကာ ကြည့်ရှုသုံးသပ် စိစစ်လေသည်။ ဓဇဂ္ဂသုတ် ဂုဏ်တော်ဖွင့်အရာ၌ မူလရေးသားထားသည်မှာ ကျဉ်းလွန်းနေသဖြင့် ယင်းအခဏ်းကို စာဖတ်သူတို့၏ အကျိုးအတွက် အကျယ်ပြင်ဆင် ရေးသားရန် တိုက်တွန်းပြန်သည်။ အရှင်ဝါသေဋ္ဌာဘိဝံသလည်း တိုက်တွန်းသည့် အတိုင်းပင် ဂုဏ်တော်ဖွင့် အခဏ်းကို အကျယ်ရေးသား ပေးပြန်လေသည်။
ဆရာတော်ဦးဝိသုဒ္ဓသည် မိမိကြည့်ရှု သုံးသပ်ပြီးနောက် စစ်ကိုင်းတောင် အဂ္ဂမဟာပဏ္ဍိတ အနီးစခန်းဆရာတော်, ရန်ကုန်မြို့ အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်, ပုသိမ်မြို့ မောင်းထောင်ဆရာတော်, တို့နှင့် ဒု-စာပြင်မှူးချုပ် ဝဏ္ဏကျော်ထင် ဦးဘသန်းတို့ အထံသို့ ကြည့်ရှုစစ်ဆေးပေးပါရန် ပို့ပြန်လေသည်။ ထိုပုဂ္ဂိုလ်တို့သည် ကြည့်ရှုစစ်ဆေးပြီးနောက် “ရှေးက ဤပရိတ်ကြီးနိဿယသစ်မျိုး မထွက်ပေါ်ဘူးသေးသည့်ပြင် မှတ်သားဖွယ် အဓိပ္ပါယ်များ ပါရှိသဖြင့် အလွန်ပြည့်စုံ ကောင်းမွန်သော ကျမ်းဖြစ်၍ အလျင်အမြန် ပုံနှိပ်သင့်ကြောင်း” မှတ်ချက်ဖြင့် ပြန်လည်ပေးပို့တော်မူကြသည်။ ယင်းပုဂ္ဂိုလ်လေးဦး အကြိမ်ကြိမ် စစ်ဆေးပြီး မူကိုမှ ပုံနှိပ်ရန်အလို့ငှာ ဗုဒ္ဓသာသနာအဖွဲ့ ပုံနှိပ်တိုက်သို့ ပို့ခဲ့လေသည်။
ပုံနှိပ်တိုက်မှ စစ်ဆေးရန် ပို့ပေးသော ပုံနှိပ်မူကြမ်း (ပရု)ကိုလည်း ဆရာတော်ဦးဝိသုဒ္ဓသည် ပါဠိဝိသောဓကအဖွဲ့ဝင် ဆရာတော်တို့နှင့်အတူ တည်းဖြတ်ပြင်ဆင်တော်မူသည်။ အကိုး ကျမ်းညွှန်းများကိုလည်း ဝိသောဓက အဖွဲ့ဝင်များအား ရှာဖွေထည့်သွင်းစေလေသည်။
ထိုသို့ ပါဠိဝိသောဓက အဖွဲ့ဝင်ဆရာတော်တို့ ပြင်ဆင်ပြီးမူကိုပင် ထပ်မံတည်းဖြတ်ရန် တိပိဋကပါဠိမြန်မာအဘိဓာန်ဌာန နာယက အဂ္ဂမဟာပဏ္ဍိတ စစ်ကိုင်းတောင်ရိုး အောင်မြေဘုံစံဆရာတော် ဦးဉာနုတ္တရ အရှင်မြတ် အား အပ်နှင်းပြန်လေသည်။ ဆရာတော် ဦးဉာနုတ္တရလည်း မိမိ၏ ပင်ပန်းဆင်းရဲမှုကို ပမာဏမပြုဘဲ နိဿယသစ်ကျမ်းစာ ကောင်းမွန်သည်ထက် ကောင်းမွန်ရေးကိုသာ ရှေးရှုလျက် ပါဠိတော် အဋ္ဌကထာ ဋီကာတို့နှင့် ထပ်မံတိုက်ဆိုင်ကာ အပြီးသတ် တည်းဖြတ်သုတ်သင် ပြင်ဆင်တော်မူလေသည်။ ဆရာတော်တည်းဖြတ်ပြီးမူကိုမှ အချောရိုက်ရန် ပုံနှိပ်တိုက်သို့ ပြန်ပို့လေသည်။
ကျမ်းဂုဏ်ရည်
ဤနိဿယသစ်ကျမ်းသည် ကျမ်းဂန်နှံ့စပ်သော ဖတ်သူတို့ လိုလားသော ဘာသာရေး စာတတ်ဆရာတော်တပါး၏ လက်ရာဖြစ်၍ စာ, ဗဟုသုတ, အဖုံဖုံတို့ကို ပြည့်စုံစွာပေးမည့် ကျမ်းဖြစ်ပေသည်။ ဤကျမ်း၌ ပရိတ်ကြီးပါဠိတော်, ၎င်းနိဿယ, မြန်မာစကားပြေ အဓိပ္ပါယ်ဖွင့်ပြချက်ဟု အဆင့်လေးဆင့်ခွဲ၍ ရေးသားထားလေသည်။ ပရိတ်ကြီးပါဠိတော်မှာ အချို့ အနည်းငယ်သော နေရာတို့မှ လွဲ၍ ဗုဒ္ဓသာသနာအဖွဲ့မှ ရိုက်နှိပ်သော ဆဋ္ဌသံဂါယနာတင် မူပင်ဖြစ်လေသည်။ နိဿယ၌ကား လင်္ကာနက်များကို များစွာ အသုံးမပြုပဲ စကားချောမောရုံမျှသာ ကာရန်ယူ၍ ရေးသားထား၏။ ဓဇဂ္ဂသုတ်လာ ရတနာသုံးပါး ဂုဏ်တော်ပြ ပါဠိတို့၌မူကား ပါဠိရောအနက်ပါ ကျက်မှတ်၍ ရွတ်ဖတ်သရဇ္ဈာယ်နိုင်စေရန် ရည်သန်လျက် အဓိပ္ပါယ်များစွာ ပါဝင်သော လင်္ကာနက်တို့ကို ရေးသားထား၏။ အနက်ပေးရာ၌လည်း အဖွင့်အဋ္ဌကထာ ဋီကာများနှင့် ကိုက်ညီစေလျက် စနစ်တကျပေးထားလေသည်။ စကားပြေကိုလည်း အကျယ်မချဲ့တော့ပဲ ပါဌ်လျှောက်မျှသာ ရေးသားထားရာ ထိုစကားပြေတို့ကို စုပေါင်းလိုက်လျှင်ပင် ပရိတ်ကြီး မြန်မာပြန် ကျမ်းတကျမ်းဖြစ်တော့သည်။
အဓိပ္ပါယ်ဖွင့်ပြချက်ကား ဤကျမ်း၏ အသက်ပင် ဖြစ်သည်။ ဆရာတော်သည် ဤအခဏ်း၌ သဒ္ဒါပုဒ်ပါဌ် အဆုံးအဖြတ်, အနက်အဆုံး အဖြတ်တို့ကိုပါ ထည့်သွင်းရေးထားလေသည်။ မာဂဓ, သက္ကတ နှစ်ဌာနလုံး၌ ကျွမ်းကျင်သော ဆရာတော်၏ လက်ရာဖြစ်၍ ဤနိဿယသစ်၌ ပါဝင်သော သဒ္ဒါအနက် အဆုံးအဖြတ်များမှာ ထူးခြားလျက်ရှိကြ၏။ ထို့ပြင် အမွှမ်းဂါထာ စသည်တို့၌ ပါသော ပုဒ်ပါဌ်တို့ကို ဆုံးဖြတ်ရာတွင် ဆရာတော်သည် မူလရေးသားရင်းဖြစ်သော ပုဂ္ဂိုလ်၏အလိုကျ ဖြစ်နိုင်သမျှဖြစ်အောင် ဆုံးဖြတ်ထားသည်ဖြစ်ရာ ဆရာတော်၏ အဆုံးအဖြတ်များမှာ ထူးခြားလျက်ရှိလေသည်။ (သောတု မဂ္ဂံ သမဂ္ဂ အဆုံးအဖြတ် နှာ-၅၃၊ ဒွိဒသဟိ အဆုံးအဖြတ် နှာ-၆၂၊ ယမှီအဆုံးအဖြတ်၊ နှာ-၃၅၉၊ မဟဿာသာ အဆုံးအဖြတ်၊ နှာ-၅၉၃၊ စသည်ကြည့်ပါ) ထို့ပြင် ကျမ်းဂန်တို့၌အသုံးများသော ဝါ သဒ္ဒ၏ သမုစ္စည်းအနက်, ဝိကပ်အနက်တို့ကိုပင် အကျယ်ဖွင့်ဆို ရေးသားပြန်ရာ (နှာ-၂၃၄ ) စာရှုသူ ရှင်လူအများတို့မှာ ခရီးသွားရင်း အခန့်သင့် ရွှေအိုးကြီး တွေ့ရ သကဲ့သို့ ပရိတ်ကြီးနိဿယကို ဖတ်ယင်းပင် သဒ္ဒါဆိုင်ရာ ဗဟုဿုတများကို အားပါး တရ ဆည်းပူးခွင့် ရကြရမည် ဖြစ်ပေသည်။ (ပါဠိသဒ္ဒါ မတတ်သူတို့ကား ထိုသို့သော သဒ္ဒါဆိုင်ရာ ရှင်းလင်းရေးသာချက်များကို ကျော်၍ ကြည့်ရှုကြရန် ဖြစ်ပေသည်။
အဓိပ္ပါယ်ဖွင့်ရာတွင်လည်း ဆရာတော်သည် အတော်ကျယ်ဝန်းစွာ ရေးသားထားသည်ကို တွေ့ရှိနိုင်ပေသည်။ ပရိတ်ကြီးနှင့်စပ်၍ မှတ်သားဖွယ် အဓိပ္ပါယ် အချက်အလက်, ဝတ္ထု ဥဒါဟရုဏ်, ပုံသက်သေ အမျိုးမျိုးတို့ကို ပါဠိ အဋ္ဌကထာစသော ကျမ်းဂန်တို့မှ ထုတ်နုတ်၍ ဆိုင်ရာဆိုင်ရာ ထည့်သွင်း ရေးသားထားပေသည်။ ခေတ်ပုဂ္ဂိုလ်တို့အတွက် အချို့သော ပြဿနာများဝယ် အကျယ် ရှင်းလင်းဝေဖန်ရေးသားထား၏။ ( နတ်, နတ်ပြည်, ရှိ မရှိ, ပြဿနာ နှာ၊ ၃၄-စသည်များ) ထို့ပြင် နတ်ပူဇော်ပသမှုနှင့် ပတ်သက်၍ ညွှန်ကြားချက် (နှာ ၂၄၂ ) မျက်လုံးလှလိုသူတို့ လိုက်နာသင့်သော အကျင့် (နှာ-၁၉၈) သစ္စာစကားအကြောင်း ရှင်းလင်းချက် (နှာ-၂၅၃) မဂ်တရား၏ ကမ္ဘာပျက်မည်ကိုပင် ဟန့်တားနိုင်သော စွမ်းရည်အကြောင်း (နှာ၂၆၉)စသည် များစွာသော ဗဟုသုတတို့ကိုလည်း ပြဆိုထားရာ စာဖတ်သူတို့သည် ဤနိဿယသစ် တကျမ်းတည်း၌ပင် ဘာသာရေးဆိုင်ရာ ဗဟုသုတ အဖြာဖြာတို့ကို ဆည်းပူးခွင့် ရကြမည်ဖြစ်၏။ ဓဇဂ္ဂသုတ် အဖွင့်၌လည်း ဘုရားဂုဏ်တော်, တရားဂုဏ်တော်, သံဃာဂုဏ်တော်တို့ကို အကျယ်ဖွင့်ဆို ရေးသားထားရာ ယင်းရေးသားချက်ပင် ဂုဏ်တော်ဖွင့် ကျမ်းတစောင်သဖွယ် ဖြစ်တော့သည်။
သို့ဖြစ်လေရာ ဤနိဿယသစ်ကား နိဿယ မည်ကာမတ္တ မဟုတ်ပေ။ ပရိတ်ကြီးပါဠိတော်၏ အနက်များကို ရေးသားထားသဖြင့် “ပရိတ်ကြီးနိဿယ”လည်းဟုတ်၏။ ပရိတ်ကြီးပါဠိတော်၌ ပုဒ်, ပါဌ်, အနက်, အဓိပ္ပါယ် ဆိုင်ရာ အဆစ်အဖုတို့ကို ဖြေရှင်းထားသဖြင့် “ပရိတ်ကြီး ဂဏ္ဌိ”ဟုလည်း ဆိုသင့်၏။ ပရိတ်ကြီးကို မြန်မာဘာသာအားဖြင့် အကျယ်ဖွင့်ပြသော ကျမ်းဖြစ်၍ “ပရိတ်ကြီး မြန်မာဋီကာ”ဟုလည်း ခေါ်နိုင်သော ကျမ်းဖြစ်၏။ အချုပ်အားဖြင့် ဆိုရလျှင် ပရိတ်ကြီးနှင့်စပ်၍ သိမှတ်ဖွယ် ကုန်အောင် အစုံစုံတို့ကို စုပေါင်းရေးထားသော ကျမ်းဖြစ်၍ “ပရိတ်ကြီးစွယ်စုံကျမ်း” ဟုပင် အမည်ပေးသင့်သော ကျမ်းစာတစောင်ဖြစ်ပေသည်။
အာသီသ
ပရိတ်ရွတ်ခြင်း အလေ့သည် မြန်မာနိုင်ငံ၌သာ ရှိသည်မဟုတ်။ သီဟိုဠ်, ယိုးဒယား စသော အခြားဗုဒ္ဓဘာသာဝင် နိုင်ငံတို့၌လည်း ရှိသည်ပင်။ သီဟိုဠ်ကျွန်း၌ ယနေ့တိုင် ညဉ့်လုံးပေါက်ရွတ်သော ပရိတ်ပွဲများကို ကျင်းပလေ့ရှိကြ၏။ ဆိုခဲ့ပြီး နိုင်ငံတို့ဝယ် ပရိတ်ရွတ်ရာ၌ အသံနေ အသံထား အချီအချ ညီညီညွတ်ညွတ် ရွတ်ကြသဖြင့် သာယာနာပျော်ဖွယ် ကြည်ညိုဖွယ်ရှိလေသည်။ မြန်မာနိုင်ငံမှာကား များသောအားဖြင့် ပုဒ် ပါဌ် အက္ခရာ အဖြတ်အတောက် အချီအချ ညီညွတ်မှု မရှိပဲ၊ မိမိတို့ ငယ်စဉ်က သင်ခဲ့ရသည့်အတိုင်း ရွတ်လေ့ရှိကြရာ နာယူသူတို့အဖို့ ကြည်ညိုဖွယ်ရာ ဖြစ်သင့်သလောက် မဖြစ်ပဲ ရှိရလေသည်။
သို့ဖြစ်၍ ဤအဖြစ်ကို လိုလားတော် မမူကြသော အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ဦးဝိသုဒ္ဓအမှူးရှိသည့် ကမ္ဘာအေး ဇမ္ဗူဒီပကျောင်းဆောင်၌ သီတင်းသုံး နေထိုင်လျက်ရှိကြသော ဆဋ္ဌသံဂါယနာ ပဋိဝိသောဓက ဆရာတော်တို့သည် ရှေးဦးစွာ ဇမ္ဗူဒီပကျောင်းဆောင်၌ ညီညာစွာ ဖြတ်တောက်လျက် စမ်းသပ် ရွတ်ဆိုကြပြီးမှ ထိုရွတ်ဆိုသည့်အတိုင်း တစ်ကြောင်းလျှင် တကြိမ်ကျ ဖြတ်တောက်လျက် ပရိတ်ကြီးပါဠိတော်ကို ပြင်ဆင်တော်မူခဲ့ကြပြီး ဗုဒ္ဓသာသနာအဖွဲ့အား “ပရိတ္တပါဠိ”အမည်ဖြင့် ရိုက်နှိပ်ထုတ်ဝေစေတော်မူကြလေသည်။ တကြောင်းဆုံးလျှင် တခါရပ်နားရန် အစီအစဉ်ဖြင့် ပြင်ဆင်ရိုက်နှိပ်အပ်သည့် ယင်းပရိတ္တပါဠိအတိုင်းပင် ဇမ္ဗူဒီပကျောင်းဆောင်၌ ညဉ့်စဉ်ညဉ့်တိုင်း ရွတ်ဖတ်တော်မူကြလျက် ရှိကြလေသည်။ တနိုင်ငံလုံးရှိ လူရှင်ရဟန်းတို့လည်း အလားတူစွာပင် အဆိုပါ ပရိတ္တပါဠိစာအုပ်ကို လက်စွဲပြုလျက် ပရိတ်ကို ညီညီညာညာ သာယာနာပျော်ဖွယ်ဖြစ်အောင် ရွတ်ဆိုကြ လိမ့်မည်ဟု ဆရာတော်တို့ အာသီသထားကြလေသည်။
ဤသို့လျှင် ပရိတ်ကို ညီညာစွာ ကြည်ညိုဖွယ်ရှိအောင် ရွတ်ကြစေလိုသော အာသီသကြောင့် ပရိတ္တပါဠိ (ပရိတ်ကြီးပါဠိတော်) စာအုပ်ငယ်ပေါ်ထွက်ခဲ့ရ၏။ ပရိတ်ကြီး၏ အနက်အဓိပ္ပါယ်ကို ပြည့်ပြည့်ဝဝ ဖတ်ရှုနားလည်ကြစေလိုသောစေတနာကြောင့် ဤပရိတ်ကြီး နိဿယသစ်လည်း ပေါ်ထွက်လာခဲ့ရ၏။ ဤသို့ အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ဦးဝိသုဒ္ဓါဘိဝံသ အမှူးရှိသော ဆဋ္ဌသံဂါယနာ ပဋိဝိသောဓကဆရာတော်တို့၏ ကောင်းမြတ်သော သမ္မာဆန္ဒ အာသီသကြောင့် ပေါ်ထွက်လာသော ပရိတ္တပါဠိနှင့် ဤပရိတ်ကြီးနိဿယသစ်ကို တနိုင်ငံလုံးရှိ ဗုဒ္ဓဘာသာဝင် လူရှင်ရဟန်းတို့သည် နေ့ညဉ့်မပြတ် ဖတ်ရှုခြင်းဖြင့် လက်စွဲပြုကြလျက် ဤနိဿယသစ်၏ ညွန်ကြားချက်တို့ကို လိုက်နာကျင့်သုံးကြကာ အိုနာသေရေး ဘေးဒုက္ခတို့မှ ကင်းဝေးရာ အမတာကြငှန်း နိဗ္ဗာန်နန်းသို့ လျင်မြန်စွာ တက်လှမ်းနိုင် ကြပါစေဟု အာသီသပတ္ထနာမှု ပြုလိုက်ရပါသတည်း။
အရှင်သီလာနန္ဒာဘိဝံသ
ပရိယတ္တိသာသနဟိတ ဓမ္မာစရိယနှင့်
သာသနဓဇသိရီပဝရဓမ္မာစရိယ
ဇမ္ဗူဒီပကျောင်းဆောင်
သီရိမင်္ဂလာကုန်းမြေ
ကမ္ဘာအေး။
၁၃၂ရ-ခု၊ တပို့တွဲလဆန်း (၆)ရက်
၂၇-၁-၆၆
ပရိတ်ရွတ်ဖတ်နည်း အညွှန်း
ဤရွတ်ဖတ်နည်း အညွှန်း၌ မြန်မာနိုင်ငံဝယ် အသုံးများသော ပါဠိ အသံထွက်နည်းကိုသာ ပြထားသည်။ စာလုံးပေါင်း၍ ရွတ်ဖတ်လျှင် ဖြစ်နိုင်သော အလွန်လွယ်သော လုံးသင့် ရွတ်ဖတ်နည်းတို့ကို ချန်ထားသည်။ မူလပုဒ်ရင်းများကို သိရှိရန် ပုဒ်စဉ်ဂဏန်းဖြင့် ညွှန်းပြထားသည်။
က္က = က်က–စက္ကဝါဠေသု (၁)=စက်ကဝါဠေသု။
ဂဗ္ဘဝေါက္ကန္တိံ (၂၅)=ဂတ်ဘ ဝေါက်ကန်တိန်။
တ်က–အဘိက္ကန္တာယ (၁၂)=အဘိတ်ကန်တာယ။
(ပဋိက္ကမန္တ) (၆၅)=သဗ္ဗဝေရမတိက္ကန္တော (၁၂၀)
တို့၌ နည်းတူ။
က္ခ = က်ခ–ပုညက္ခေတ္တံ (၉၄)=ပုံညက်ခစ်တံ။
အာဏာခေတ္တမှိ(၅၉)=အာဏက်ခစ်တံမှိ။
သွာက္ခာတော (၉၁)=သွက်ခါတော။
တ်ခ–ဒုဗ္ဘိက္ခ (၂၇)=ဒုတ်ဘိတ်ခ။
ကျ = က်ကျ–(၃၁၊ ၁၀၇၊ ၁၆၀) = သက်ကျ။
ဂ္ဂ = က်ဂ–အဂ္ဂိတော (၉)=အက်ဂိတော။
ဒါဝဂ္ဂီ (၇၂)=ဒါဝက်ဂီ။
မောဂ္ဂလ္လာနဉ္စ (၁၄၁)=မောက်ဂလာနင်စ။
တ်ဂ–ဇာတုဂ္ဂဗ္ဘ (၅၇)=ဇာတုတ်ဂတ်ဘ။
စ္စ = စ်စ–ပစ္စသောသုံ (၈၁)=ပစ်စသောသုံ။
ပစ္စတ္တံ - (၉၁)=ပစ်စတ်တံ။
ပစ္စေကာ - (၁၅၁) ပစ်စေကာ။ (ဤပုံတို့၌ ပစ်ကို ပြစ်, ပျစ်ဟု အသံမထွက်ရ)
အဝေစ္စ (၃)=အဝစ်စ။
အဘိသမေစ္စ (၄၈)=အဘိသမစ်စ။
စ္ဆ = စ်ဆ–ဂစ္ဆန္တု (၁)=ဂစ်ဆန်တု။
တ်ဆ–ဝိစ္ဆိက (၉၊ ၆၄)=ဝိတ်ဆိက။
ဇ္ဇ = စ်ဇ–အနဝဇ္ဇာနိ (၁၈)=အနဝစ်ဇာနိ။
တယာဇ္ဇ (၆၈၊ ရဝ) = တယစ်ဇ။
တ်ဇ–ဝိဇ္ဇတိ (၃၂)=ဝိတ်ဇတိ။
ဇ္ဈ = စ်ဈ–အဇ္ဈဘာသိ (၁၂)=အစ်ဈဘာသိ။
တ်ဈ–ဗုဇ္ဈိတွာ (၁၃)=ဗုတ်ဇိက်တွာ။
ဗောဇ္ဈင်္ဂေ (၁၃၅)=ဗွတိဈင်ဂေ။
ဉ္စ = င်စ–လောကဉ္စ (၇)=လောကင်စ။
န်စ–ကိဉ္စိ (၃၀၊ ၃၁၊ ၃၇၊ ၅၀၊ ၅၃)=ကိန်စိ။
ဒိဋ္ဌိဉ္စ (၅၇) = ဒိတ်ဒိန်စ။
ဉ္ဇ = င်ဇ–ဗျဉ္ဇနာဓရာ (၁၁၃)=ဗျင်ဇနာဓရာ။
န်ဇ–ဘုဉ္ဇမာနာ (၃၄)=ဘုန်ဇမာနာ။
နုယုဉ္ဇန္တော (၄၆)=နုယုန်ဇန်တော။
ည = င်ည–အညတရာ (၁၂)=အင်ညတရာ။
သဗ္ဗညုတညာဏ (၂၅)=သတ်ဗင်ညုတင်ဉာဏ။
ဂမ္ဘီရပညေန (၃၆)=ဂံဘီရပင်ညေန။
နာတိမညေထ (၅၃)=နာတိမင်ညေထ။
နာညမညဿ (၅၃)=နင်ညမင်ညတ်သ။
န်ည–ဝိညူ (၅၀) ဝိန်ညူ။
အဘိညာယ (၁၄၈)=အဘိန်ညာယ။
ပုညံ (၅)=ပုန်ညံ။
ကာရုညစိတ္တံ (၂၅)=ကာရုန်ညစိတ်တံ။
သုညာဂါရ (၁၇)=သုန်ညာဂါရ၊
ဉှ = င်ညှ–ယဉှိ (၄၆)=ယင်ညှိ။ အချို့မူ။
ဋ္ဌ=(ဋ နှင့် ဌ ဆင့်ထားသော စာလုံးဆင့်)
တ်ထ–အဋ္ဌတိသဉ္စ (၁၀) =အတ်ထတ်တိန်သင်စ။
အဋ္ဌာသိ (၁၂)=အတ်ထာသိ။
ဥပဋ္ဌာနံ (၁၇)=ဥပတ်ထာနံ။
ပဋ္ဌာယ (၂၅) =ပတ်ထာယ။
ပတိဋ္ဌ (ရ၈)= ပတိတ်ထ။
အဓိဋ္ဌေယျ (၅၆)=အဓိတ်ထေယ။
သန္တုဋ္ဌိ (၂၀)=သန်တုတ်ထိ။
ဖုဋ္ဌဿ (၂၃)=ဖုတ်ထတ်သ။
စ်ထ–သေဋ္ဌော (၃၂) သစ်ထော။
လောကဇေဋ္ဌံ (၉၉)=လောကဇစ်ထံ။
ဍ္ဎ = တ်ဒ–ဝဍ္ဎန္တိ (၁၃၁)=ဝတ်ဒန်တိ။
ဝုဍ္ဎာပစာယိနော (၁၃၁)=ဝုတ်ဒါပစာယိနေ။
ဏ္ဏ = န်န–တိဏ္ဏမ္ပိ (၁၄၅) တိန်နံနံပိ။
ဥဏ္ဏနာဘီ (၆၄) အုံနနာဘီ။
ဏှ = နနှ–ဂဏှန္တု (၉)=ဂန်နှန်တု။
ကဏှာ (၆၀)=ကန်နှာ။
တ္တ = တ်တ–ဗာတ္တိံသ (၁၁၃)=ဗတ်တိန်သ။
စ်တ–မေတ္တ (၂၉၊ ၅၅၊ ၆၀၊ ၆၁၊ ၁၂၁)=မစ်တ။
ဧတ္တာဝတာ (၁၅၀)=အစ်တာဝတာ။
တ္ထ = တ်ထ–သဗ္ဗတ္ထ (၂၄)=သတ်ဗတ်ထ။
အွတ်ထ–သောတ္ထာနံ (၁၀)=သွတ်ထာနံ။
[ သောတ္ထိံ (၂၄), သောတ္ထိနာ (၁၃၃), သောတ္ထိ (၁၄၀)စသည်တို့၌လည်း နည်းတူ။)
တြ = တ်တရ–အတြ (၁)=အတ်တရ။
ဥတြာသီ (၈၆) အုတ်တရာသီ။
တွာ = တ်တွာ–ကတွာန (၂၄)=ကတ်တွာန။
အနုမောဒိတွာ (၆) = အနုမောဒိတ်တွာ။
စ်တွာ–ဩဘာသေတွာ (၁၂)=အောဘာသစ်တွာ။
ပူရေတွာ (၁၅၉)=ပူရစ်တွာ။
ဒြ = တ်ဒရ–ဘဒြာနိ (၆၃)=ဘတ်ဒရာနိ။
န္ဒြ = န်ဒရ–သန္တိန္တိယော (၄၉) = သန်တိန်ဒရိယော။
န္တ = တ–ဝသန္တိ (၅၂)= ဝသန်တိ။
ဂန္တု = (၁၊ ၁၅၁) = ဂစ်ဆန်တု။
င်တ–ပူရေန္တံ (၆၆၊၇၂) = ပူရင်တံ။
ဒဿေန္တိ(၄၆)=ဒတ်သင်တိ။
ဝိနာသ,မေန္တု (၁၄၆၊ ၈)=ဝိနာသမင်တု။
ဟွန်တ–ဟောန္တု (၆၊ ရ၊ ၅၀၊ ၁၅၁) ဟွန်တု။
ဗ္ဗ = တ်ဗ–ကိဗ္ဗိသ (၁၀၂)=ကိတ်ဗိသ။
တ်ဘ–ဂဗ္ဘ (၁၂)=ဂတ်ဘ။
စတုဗ္ဘိ (၃၅)=စတုတ်ဘိ။
ဗြဟ္မ = ဗြန်မ–ဗြဟ္မနော (၅)=ဗြန်မနော။
ဗြဟ္မမေတံ (၅၆)=ဗြန်မမေတံ။
ဗြာဟ္မဏ=ဗြန်မဏ–ဗြာဟ္မဏာ (၆၉၊၇၁)=ဗြန်မဏာ။
မ္မ = မ်မ–သဒ္ဓမ္မံ (၁)=သတ်ဓမံ။
အတ္တသမ္မာပဏိဓိ(၁၅)= အတ်တသမ်မာပဏိဓိ။
ဒမ္မသာရထိ (၈၁)=ဒမ်မသာရထိ။
မှ = ပ်မှ–အမှေဟိ (၅)=အမ်မှေဟိ။
သာသနမှိ (၃၄)=သာသနမ်မှိ။
ဂိမှာန (၄၀)=ဂိမ်မှာန။
တုမှာကံ (၈၇)=တုမ်မှာကံ။
ယျ = နယ–နိယျာနိကံ (၉၉)= နိန်ယာနိကံ။
ယ်–ဒက္ခိဏေယာ (၃၃)=ဒက်ခိဏေယာ
ဥပဝဒေယျုံ (၅၁)=ဥပဝဒေယျုံ။
[အဓိဋ္ဌေယျ (၅၆), ဂဗ္ဘသေယျ (၅၇), သောစေယျ (ရ၄), ဥပ္ပဇ္ဇေယျ (၈၀၊ ၈၇), ဥလ္လောကေယျာထ (၈၁၊ ၄), ဩပနေယျကော (၉၁), အာဟုနေယျော, ပါဟုနေယျော (၉၄), သရေယျာထ (၉၂), တို့၌လည်း နည်းတူ။
ယှ = ယ်ယှ–ဝိဂယှ (၃၄)=ဝိဂယ်ယှ။
မယှံ (၇၇)=မယ်ယှံ။
န်လ–ပလ္လင်္က (၂၅၊ ၁၆၁)=ပန်လင်က။
သလ္လဟုက (၄၀)=သန်လဟုက။
မောဂ္ဂလ္လာနဉ္စ (၁၄၁)=မောက်ဂန်လာနင်စ။
ဥလ္လောကေယျာထ (၈၁၊ ၄)=အုံလောကေယျာထ။
သ္မ = တ်သမာ–အာယသ္မာ (၂၅)=အာယတ်သမာ။
တသ္မာ (၂၉)=တတ်သမာ။
သွာ = တ်သွာ–ဒိသွာ (၁၄၁)=ဒိတ်သွာ။
ဿ=(သ-၂-လုံးဆင့် )
တ်သ–ဓမ္မဿဝန (၂) = ဓမ်မတ်သဝန။
တိဿော(၂၅) = တိတ်သော။
မနုဿတော ((၉) မနုတ်သတော။
ဝစ်သ–ဝေဿဘုဿ (၁၀၅)=ဝစ်သဘုတ်သ။
ဟေဿတိ (၁၀၁)=ဟစ်သတိ။
ဠှ = န်လှ–ဒဠှေန (၃၄)=ဒန်လှေန (ရှေးမူအရ)။
အဝိရူဠှိဆန္ဒာ (၄၂)=အဝိရုန်လှိဆန်ဒါ။
သမုပဗျူဠှော (၈၁)=သမုပဗျူလှော။
ဝိရူဠှကော (၁၂၆)=ဝိရုန်လှကော။
အထူးမှတ်ရန်။
ပါဠိဘာသာ၌ ပ-ကို ပ-ဟုသာ အသံထွက်ရသည်။ ပြ, ပျ ဟု မည်သည့်အခါမှ မထွက်ရ။
ပုံစ–ပစ္စတ္တံ (၉၁)=ပစ်စတ်တံ (ပြစ်–ပျစ်စတ်တံ ဟု မထွက်ရ )။
ပညေန (၃၆)=ပင်ညေန။
မဟာပဇ္ဇလိတော (၃၇)= မဟာပစ်ဇလိတော။
ဗ–ကို ဗြ, ဗျ သံ မည်သည့်အခါမှ မထွက်ရ။
သဗ္ဗညုတ (၂၅)=သတ်ဗင်သုတ။
မ–ကိုလည်း မြ, မျှ ဟု မည်သည့်အခါမှ မထွက်ရ။
နာတိမညေထ (၅၃)=နာတိမင်ညေထ။
နာညမညဿ (၅၃)=နင်ညမင်ညတ်သ။
ရ–ကို အင်္ဂလိပ်အက္ခရာနှင့်တူစွာ လျာထိပ်သံဖြင့် အမြဲဖတ်ရမည်။ ယ ဟု မည်သည့်အခါမှ မထွက်ရ။ ရတနံ (၃၀)ယတနံ ဟု မဖတ်ရ။
ပရိတ်ကြီးပါဠိတော်
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
၁။ သမန္တာ စက္က ဝါဠေသု၊ အတြာ’ ဂစ္ဆန္တု ဒေဝတာ။
သဒ္ဓမ္မံ မုနိရာဇဿ၊ သုဏန္တု သဂ္ဂမောက္ခဒံ။
၂။ ဓမ္မဿဝနကာလော အယံ ဘဒ္ဒန္တာ။
ဓမ္မဿဝနကာလော အယံ ဘဒ္ဒန္တာ။
ဓမ္မဿဝနကာလော အယံ ဘဒ္ဒန္တာ။
၃။ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
၄။ ယေ သန္တာ သန္တ စိတ္တာ, တိသရဏ သရဏာ,
ဧတ္ထ လောကန္တရေ ဝါ။
ဘုမ္မာ ဘုမ္မာ စ ဒေဝါ, ဂုဏ ဂဏ ဂဟဏ,
ဗျာဝဋာ သဗ္ဗကာလံ။
ဧတေ အာယန္တု ဒေဝါ, ဝရ ကနက မယေ,
မေရုရာဇေ ဝသန္တော။
သန္တော သန္တောသဟေတုံ, မုနိ ဝရ ဝစနံ,
သောတုမဂ္ဂံ သမဂ္ဂါ။
၅။ သဗ္ဗေသု စက္ကဝါဠေသု၊ ယက္ခာ ဒေဝါ စ ဗြဟ္မနော။
ယံ အမှေဟိ ကတံ ပုညံ၊ သဗ္ဗသမ္ပတ္တိ သာဓကံ။
၆။ သဗ္ဗေ တံ အနုမောဒိတွာ၊ သမဂ္ဂါ သာသနေ ရတာ။
ပမာဒရဟိတာ ဟောန္တု၊ အာရက္ခာသု ဝိသေသတော။
၇။ သာသနဿ စ လောကဿ၊ ဝုဍ္ဎီ ဘဝတု သဗ္ဗဒါ။
သာသနမ္ပိ စ လောကဉ္စ၊ ဒေဝါ ရက္ခန္တု သဗ္ဗဒါ။
၈။ သဒ္ဓိံ ဟောန္တု သုခီ သဗ္ဗေ၊ ပရိဝါရေဟိ အတ္တနော။
အနီဃာ သုမနာ ဟောန္တု၊ သဟ သဗ္ဗေဟိ ဉာတိဘိ။
၉။ ရာဇတော ဝါ စောရတော ဝါ
မနုဿတော ဝါ အမနုဿတော ဝါ
အဂ္ဂိတော ဝါ ဥဒကတော ဝါ
ပိသာစတော ဝါ ခါဏုကတော ဝါ
ကဏ္ဋကတော ဝါ နက္ခတ္တတော ဝါ
ဇနပဒရောဂတော ဝါ အသဒ္ဓမ္မတော ဝါ
အသန္ဒိဋ္ဌိတော ဝါ အသပ္ပုရိသ ဝါ
စဏ္ဍ ဟတ္ထိ အဿ မိဂ ဂေါဏ ကုက္ကုရ
အဟိ ဝိစ္ဆိက မဏိသပ္ပ ဒီပိ အစ္ဆ တရစ္ဆ
သူကရ မဟိံသ ယက္ခ ရက္ခသာဒီဟိ
နာနာဘယတော ဝါ နာနာရောဂတော ဝါ
နာနာဥပဒ္ဒဝတော ဝါ အာရက္ခံ ဂဏှန္တု။
---
ပရိတ်နိဒါန်းနိဿယ
၁။ သမန္တာ၊ ဤစကြဝဠာခွင် ပတ်ဝန်းကျင်မှ။ စက္ကဝါဠေသု၊ စကြဝဠာပေါင်း တိုက်တစ်သောင်းတို့၌။ ဒေဝတာ၊ နတ်ဗြဟ္မာတို့သည်။ အတြ၊ ဤပရိတ်တရား ဟောကြားရာဌာနသို့။ အာဂစ္ဆန္တု၊ လာရောက်ကြကုန်လော့။ မုနိရာဇဿ၊ မုနိတို့၏ဘုရင် ရှင်တော်မြတ်ဘုရား၏။ သဂ္ဂမောက္ခဒံ၊ နတ်ပြည်, နိဗ္ဗာန်အကျိုးကိုပေးတတ်သော။ သဒ္ဓမ္မံ၊ ပရိတ်တရားတော်ကို။ သုဏန္တု၊ နာလှည့်ကြကုန်လော့။
၂။ ဘဒန္တာ၊ အို နတ်အများတို့။ အယံ၊ ဤအချိန်ကား။ ဓမ္မဿဝနကာလော၊ တရားနာဖို့ အချိန်အခါပေတည်း။
၃။ အရဟတော၊ ဗြဟ္မာ, လူ, နတ် လေးမြတ်ကော်ရော် အလှူတော်မှန် အပူဇော်ခံတော်မူထိုက်သော။ သမ္မာသမ္ဗုဒ္ဓဿ၊ အမှန်တိုင်းသာ ဆရာမရှိ တရားစုံကို ကိုယ်တိုင်သိတော်မူထသော။ တဿ ဘဂဝတော၊ ထိုဘုန်းတော်ခြောက်စုံ ဂုဏ်များသခင် ရှင်တော်မြတ်ဘုရားအား။ နမော၊ ရိုသေမြတ်နိုး ရှိခိုးကန်တော့ခြင်းသည်။ (အတ္ထု၊ ဖြစ်ပါစေသတည်း။)
၄။ ဧတ္ထ ဝါ၊ ဤစကြဝဠာ၌လည်းကောင်း။ လောကန္တရေ ဝါ၊ စကြဝဠာတပါး၌လည်းကောင်း။ သန္တာ၊ သူတော်ကောင်းဖြစ်ကုန်သော။ သန္တစိတ္တာ၊ ငြိမ်သက်သော စိတ်နှလုံးရှိကြကုန်သော။ တိသရဏသရဏာ၊ ရတနာသုံးပါးသာ ကိုးကွယ်ရာရှိကြကုန်သော။ သဗ္ဗကာလံ၊ အခါခပ်သိမ်း။ ဂုဏ ဂဏ ဂဟဏ, ဗျာဝဋာ၊ ဂုဏ်အပေါင်းကို ရယူရေး၌ အားစိုက်ကြိုးပမ်းကြကုန်သော။ ဘုမ္မာ၊ မြေ၌ဖြစ်ကုန်သော။ ယေ ဒေဝါ၊ အကြင်နတ်တို့သည်လည်းကောင်း။ အဘုမ္မာ၊ မြေမှတပါး ကောင်းကင်တလွှား၌ ဖြစ်ကုန်သော။ ယေ ဒေဝါ စ၊ အကြင်နတ်ဗြဟ္မာတို့သည်လည်းကောင်း။ ဝရကနကမယေ၊ မြတ်သော ရွှေစင်ဖြင့်ပြီးသော။ မေရုရာဇေ၊ တောင်မင်းထွတ်ခေါင် မြင်းမိုရ်တောင်၌။ ဝသန္တော၊ နေသော။ သန္တော၊ သူတော်ကောင်းဖြစ်ကုန်သော။ ယော ဒေဝါ စ၊ အကြင်သိကြားနတ်မင်းသည်လည်းကောင်း။ (အတ္ထိ၊ ရှိကုန်၏။) ဧတေ ဒေဝါ၊ ထိုနတ်ဗြဟ္မာတို့သည်။ သန္တောသဟေတုံ၊ နှစ်သက် ဝမ်းမြောက်ခြင်း၏အကြောင်းဖြစ်သော။ အဂ္ဂံ၊ ကောင်းမြတ်သော။ မုနိဝရဝစနံ၊ ဘုရားမြတ်၏စကား တရားတော်ကို။ သောတုံ၊ နာယူခြင်းငှာ။ သမဂ္ဂံ၊ အညီအညွတ်။ အာယန္တု၊ လာကြကုန်လော့။
၅။ သဗ္ဗေသု၊ အလုံးစုံကုန်သော။ စက္ကဝါဠေသု၊ စကြဝဠာပေါင်း တိုက်တစ်သောင်းတို့၌။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ယက္ခာ စ၊ ဘီလူးတို့သည်လည်းကောင်း။ ဒေဝါ စ၊ နတ်တို့သည်လည်းကောင်း။ ဗြဟ္မနော စ၊ ဗြဟ္မာတို့သည်လည်းကောင်း။ အမှေဟိ၊ ငါတို့သည်။ သဗ္ဗသမ္ပတ္တိသာဓကံ၊ အလုံးစုံသော စည်းစိမ်ချမ်းသာတို့ကို ပြီးမြောက်စေတတ်သော။ ယံ ပုညံ၊ အကြင်ကောင်းမှုကို။ ကတံ၊ ပြုအပ်ပြီ။
၆။ တံ ပုညံ၊ ထိုကောင်းမှုကို။ အနုမောဒိတွာ၊ ဝမ်းမြောက်ကြကုန်၍။ သမဂ္ဂါ၊ ညီညွတ်ကြကုန်လျှက်။ သာသနေ၊ ဘုရားအဆုံးအမတော်၌။ ရတာ၊ မွေ့လျှော်ပျော်ပိုက် နှစ်ခြိုက်ကြကုန်သည်။ ဟောန္တု၊ ဖြစ်ကြပါကုန်လော့။ ဝိသေသတော၊ အထူးအားဖြင့်။ အာရက္ခာသု၊ လူသားတို့ဝယ် ကာကွယ်စောင့်ရှောက်မှုတို့၌။ ပမာဒရဟိတာ၊ မေ့လျာ့ခြင်းမှ ကင်းကြကုန်သည်။ ဟောန္တု၊ ဖြစ်ကြပါကုန်လော့။
၇။ သာသနဿ စ၊ မြတ်စွာဘုရား သာသနာတော်၏ လည်းကောင်း။ လောကဿ စ၊ သတ္တဝါအပေါင်း၏ လည်းကောင်း။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ ဝုဍ္ဎီ၊ တိုးတက်ကြီးပွားခြင်းသည်။ ဘဝတု၊ ဖြစ်ပါစေသတည်း။ သာသနမ္ပိ စ၊ သာသနာတော်ကို လည်းကောင်း။ လောကဉ္စ၊ သတ္တဝါအပေါင်းကို လည်းကောင်း။ ဒေဝါ၊ နတ်အများတို့သည်။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ ရက္ခန္တု၊ စောင့်ရှောက်ကြပါစေကုန်သတည်း။
၈။ သဗ္ဗေ၊ သတ္တဝါ အလုံးစုံတို့သည်။ အတ္တနော၊ မိမိ၏။ ပရိဝါရေဟိ၊ ခြွေရံသင်းပင်းတို့နှင့်။ သဒ္ဓိံ၊ အတူတကွ။ သုခီ၊ ချမ်းသာခြင်းရှိကြကုန်သည်။ ဟောန္တု၊ ဖြစ်ကြပါစေကုန်သတည်း။ သဗ္ဗေဟိ၊ အလုံးစုံကုန်သော။ ဉာတိဘိ၊ အဆွေအမျိုးတို့နှင့်။ သဟ၊ အတူတကွ။ အနီဃာ၊ ဆင်းရဲမရှိကုန်သည်။ သုမနာ၊ နှစ်သက်,ရွှင်လန်း စိတ်ချမ်းသာကြကုန်သည်။ ဟောန္တု၊ ဖြစ်ကြပါစေကုန်သတည်း။
၉။ ရာဇတော ဝါ၊ မင်းဆိုးတို့မှ လည်းကောင်း။ စောရတော ဝါ၊ ခိုးသူတို့မှ လည်းကောင်း။ မနုဿတော ဝါ၊ လူဆိုးတို့မှ လည်းကောင်း။ အမနုဿတော ဝါ၊ ဘီလူးနတ်ဆိုးတို့မှ လည်းကောင်း။ အဂ္ဂိတောဝါ၊ အဖျက်မီးတို့မှ လည်းကောင်း။ ဥဒကတော ဝါ၊ အဖျက်ရေတို့မှ လည်းကောင်း။ ပိသာစတော ဝါ၊ မြေဘုတ်ဘီလူးတို့မှ လည်းကောင်း။ ခါဏုကတော ဝါ၊ သစ်ငုတ်ခလုတ်တို့မှ လည်းကောင်း။ ကဏ္ဋကတော ဝါ၊ ဆူးငြှောင့်တို့မှ လည်းကောင်း။ နက္ခတ္တတော ဝါ၊ မကောင်းသောနက္ခတ်တို့မှ လည်းကောင်း။ ဇနပဒရောဂတော ဝါ၊ ဇနပုဒ်၌ဖြစ်သော ရောဂါဆိုးတို့မှ လည်းကောင်း။ အသဒ္ဓမ္မတော ဝါ၊ မသူတော်တို့၏ အကျင့်တရားတို့မှ လည်းကောင်း။ အသန္ဒိဋ္ဌိတော ဝါ၊ မှားသောအယူတို့မှ လည်းကောင်း။ အသပ္ပုရိသတော ဝါ၊ သူယုတ်မာတို့မှ လည်းကောင်း။ စဏ္ဍ ဟတ္ထိ အဿ မိဂ ဂေါဏ ကုက္ကုရ အဟိ ဝိစ္ဆိက မဏိသပ္ပ ဒီပိ အစ္ဆ တရစ္ဆ သူကရ မဟိံသ ယက္ခ ရက္ခသာဒိဟိ၊ ကြမ်းတမ်းသော ဆင်, မြင်း, သားရဲ, နွား, ခွေး, မြွေ, ကင်းမြှီးကောက်, မြွေစိမ်း, သစ်, ဝံ, အောင်း, ဝက်, ကျွဲ, ဘီလူး, ရက္ခိုသ်အစရှိသည်တို့မှ လည်းကောင်း။ နာနာဘယတော ဝါ၊ ဘေးအမျိုးမျိုးတို့မှ လည်းကောင်း။ နာနာရောဂတော ဝါ၊ ရောဂါအမျိုးမျိုးတို့မှ လည်းကောင်း။ နာနာဥပဒ္ဒဝတော ဝါ၊ အန္တရာယ်အမျိုးမျိုးတို့မှ လည်းကောင်း။ အာရက္ခံ၊ ကာကွယ်စောင့်ရှောက်မှုကို။ ဂဏှန္တု၊ ယူကြကုန်လော့။
---
၁-မင်္ဂလသုတ်ပါဠိ
၁၀။ ယံ မင်္ဂလံ ဒွါဒသဟိ၊ စိန္တယိံသု သဒေဝကာ။
သောတ္ထာနံ နာဓိဂစ္ဆန္တိ၊ အဋ္ဌတိံသဉ္စ မင်္ဂလံ။
၁၁။ ဒေသိတံ ဒေဝဒေဝေန၊ သဗ္ဗပါပဝိနာသနံ။
သဗ္ဗလောကဟိတတ္ထာယ၊ မင်္ဂလံ တံ ဘဏာမ ဟေ။
၁၂။ ဧဝံ မေ သုတံ —
ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ
ဇေတဝနေ အနာထ ပိဏ္ဍိကဿ အာရာမေ။
အထ ခေါ အညတရာ ဒေဝတာ
အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တဝဏ္ဏာ
ကေဝလကပ္ပံ ဇေတဝနံ ဩဘာသေတွာ
ယေန ဘဂဝါ, တေနုပသင်္ကာမိ။
ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ
ဧကမန္တံ အဋ္ဌာသိ။
ဧကမန္တံ ဌိတာ ခေါ သာ ဒေဝတာ
ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ။
၁၃။ ဗဟူဒေဝါ မနုဿာ စ မင်္ဂလာနိ အစိန္တယုံ။
အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလ မုတ္တမံ။
၁၄။ အသေဝနာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ ။
ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၅။ ပတိရူပ ဒေသဝါသော စ၊ ပုဗ္ဗေ စ ကတပုညတာ။
အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၆။ ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ဝိနယော စ သုသိက္ခိတော။
သုဘာသိတာ စ ယာ ဝါစာ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၇။ မာတာပိတု ဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော။
အနာကုလာ စ ကမ္မန္တာ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၈။ ဒါနဉ္စ ဓမ္မစရိယာ စ၊ ဉာတကာနဉ္စ သင်္ဂဟော။
အနဝဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၉။ အာရတီ ဝိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော။
အပ္ပမာဒေါ စ ဓမ္မေသု၊ ဧတံ မင်္ဂလ မုတ္တမံ။
၂၀။ ဂါရဝေါ စ နိဝါတော စ၊ သန္တုဋ္ဌိ စ ကတညုတာ။
ကာလေန ဓမ္မဿဝနံ၊ ဧတံ မင်္ဂလ မုတ္တမံ။
၂၁။ ခန္တီ စ သောဝစဿတာ၊ သမဏာနဉ္စ ဒဿနံ။
ကာလေန ဓမ္မသာကစ္ဆာ၊ ဧတံ မင်္ဂလ မုတ္တမံ။
၂၂။ တပေါ စ ဗြဟ္မစရိယဉ္စ၊ အရိယသစ္စာန ဒဿနံ။
နိဗ္ဗာန သစ္ဆိကိရိယာ စ၊ ဧတံ မင်္ဂလ မုတ္တမံ။
၂၃။ ဖုဋ္ဌဿ လောက ဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ။
အသောကံ ဝိရဇံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ။
၂၄။ ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထ မပရာဇိတာ။
သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလ မုတ္တမံ။
မင်္ဂလသုတ္တံ နိဋ္ဌိတံ
---
မင်္ဂလသုတ်နိဿယ
၁၀-၁၁။ ဟေ၊ အို ... သူတော်ကောင်းတို့။ သဒေဝကာ၊ နတ်နှင့်တကွသော လူတို့သည်။ ယံ မင်္ဂလံ၊ အကြင်မင်္ဂလာကို။ ဒွါဒသဟိ၊ တစ်ဆယ့်နှစ်နှစ်တို့တိုင်အောင်။ စိန္တယိံသု၊ ကြံတွေးကြကုန်ပြီ။ သောတ္ထာနံ၊ ချမ်းသာခြင်း၏အကြောင်း ကောင်းမြတ်သော။ တံမင်္ဂလံ၊ ထိုမင်္ဂလာကို၊ နာဓိဂစ္ဆန္တိ၊ မသိနိုင်ကြကုန်။ ဒေဝဒေဝေန၊ နတ်တို့ထက်နတ် အမြတ်ဆုံး ဘုရားရှင်သည်။ သဗ္ဗပါပဝိနာသနံ၊ အလုံးစုံသော မကောင်းမှုတို့ကို ပယ်ဖျောက်တတ်သော။ အဋ္ဌတ္တိံသဉ္စ၊ သုံးဆယ့်ရှစ်ပါးလည်းဖြစ်သော။ ယံ မင်္ဂလံ၊ အကြင်မင်္ဂလာ တရားတော်ကို။ သဗ္ဗလောကဟိတတ္ထာယ၊ အလုံးစုံသော သတ္တဝါအပေါင်း၏ အကျိုးစီးပွား အလို့ငှာ။ ဒေသိတံ၊ ဟောတော်မူအပ်ပြီ။ တံ မင်္ဂလံ၊ ထို သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော်ကို။ မယံ၊ ငါတို့သည်။ ဘဏာမ၊ ရွတ်ကြကုန်စို့။
၁၂။ ဘန္တေ ကဿပ၊ အရှင်မဟာကဿပ။ မေ၊ တပည့်တော်သည်။ ဧဝံ၊ ဤသို့။ သုတံ၊ နာခံမှတ်သား ကြားခဲ့ရပါ၏။ ဧကံ၊ တစ်ပါးသော။ သမယံ၊ အခါ၌။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ သာဝတ္ထိယံ၊ သာဝတ္ထိနေပြည်တော်၌။ အနာထပိဏ္ဍိကဿ၊ အနာထပိဏ်သူဌေး၏။ ဇေတဝနေ၊ ဇေတဝန်မည်သော။ အာရာမေ၊ ကျောင်းတိုက်၌။ ဝိဟရတိ၊ သီတင်းသုံးတော်မူပါ၏။ အထခေါ၊ ထိုသို့ သီတင်းသုံးစဉ် အခါ၌။ အညတရာ၊ အမျိုးအမည် မထင်ရှားသော။ ဒေဝတာ၊ နတ်သားသည်။ အဘိက္ကန္တာယ၊ ညဥ့်ဦးယာမ်ကုန်လွန်ခဲ့ပြီးသော။ ရတ္တိယာ၊ သန်းခေါင်ယာမ်အချိန်၌။ အဘိက္ကန္တဝဏ္ဏာ၊ အလွန်နှစ်သက်ဖွယ် အဆင်းရှိသည် ဖြစ်၍။ ကေဝလကပ္ပံ၊ ပတ်ဝန်းကျင်အကုန် အလုံးစုံသော။ ဇေတဝနံ၊ ဇေတဝန်ကျောင်းတိုက်ကို။ ဩဘာသေတွာ၊ ကိုယ်အရောင်ဖြင့် ထွန်းပြောင် ထိန်လင်းစေ၍။ ယေန၊ အကြင်အရပ်၌။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အတ္ထိ၊ ရှိ၏။ တေန၊ ထိုဘုရားရှင်ရှိရာ အရပ်သို့။ ဥပသင်္ဂမိ၊ ချဉ်းကပ်ခဲ့ပါပြီ။ ဥပသင်္ဂမိတွာ၊ ချဉ်းကပ်ပြီး၍။ ဘဂဝန္တံ၊ မြတ်စွာဘုရားကို။ အဘိဝါဒေတွာ၊ အလွန်ရိုသေစွာ ရှိခိုးပြီး၍။ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သော အရပ်၌။ အဋ္ဌာသိ၊ ရပ်နေပါပြီ။ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သော အရပ်၌။ ဌိတာ ခေါ၊ ရပ်နေသော။ သာ ဒေဝတာ၊ ထိုနတ်သားသည်။ ဘဂဝန္တံ၊ မြတ်စွာဘုရားကို။ ဂါထာယ၊ ဂါထာဖြင့်။ အဇ္ဈဘာသိ၊ လျောက်ထားခဲ့ပါပြီ။
၁၃။ ဘန္တေ၊ မြတ်စွာဘုရား။ သောတ္ထာနံ၊ ခုဘဝ နောင်အခါ ချမ်းသာသည်၏ အဖြစ်ကို။ အာကင်္ခမာနာ၊ လိုလားတောင့်တကြကုန်သော။ ဗဟူ၊ များစွာကုန်သော။ ဒေဝါ စ၊ နတ်ဗြဟ္မာတို့သည် လည်းကောင်း။ မနုဿာ စ၊ လူတို့သည် လည်းကောင်း။ မင်္ဂလာနိ၊ ကြီးပွါးချမ်းသာကြောင်း မင်္ဂလာတို့ကို။ အစိန္တယုံ၊ ကြံတွေးစဥ်းစားခဲ့ကြပါကုန်ပြီ။ (တွံ၊ ရှင်တော်မြတ်ဘုရားသည်)။ ဥတ္တမံ၊ ကောင်းမြတ်သော။ မင်္ဂလံ၊ မင်္ဂလာကို။ ဗြူဟိ၊ ဟောကြားတော်မူပါ။
၁၄။ ဒေဝပုတ္တ၊ နတ်သား။ ဗာလာနံ၊ လူမိုက်တို့ကို။ ယာ အသေဝနာ စ၊ အကြင်မပေါင်းသင်း မမှီဝဲခြင်းသည် လည်းကောင်း။ ပဏ္ဍိတာနံ၊ ပညာရှိသူတော်ကောင်းတို့ကို။ ယာ သေဝနာ စ၊ အကြင်ပေါင်းသင်း မှီဝဲခြင်းသည် လည်းကောင်း။ ပူဇနေယျာနံ၊ ပူဇော်ထိုက်သောသူတို့ကို။ ယာ ပူဇာ စ၊ အကြင်ပူဇော်ခြင်းသည် လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤ တရားသုံးပါးကား။ ဥတ္တမံ၊ ကောင်းမြတ်သော။ မင်္ဂလ၊ မင်္ဂလာပေတည်း။
၁၅။ ဒေဝပုတ္တ၊ နတ်သား။ ယော ပတိရူပဒေသဝါသော စ၊ အကြင်သင့်လျော် လျောက်ပတ်သောအရပ်၌ နေရခြင်းသည် လည်းကောင်း။ ပုဗ္ဗေ၊ ရှေးရှေးဘဝ၌။ ယာ ကတပုညတာ စ၊ အကြင်ပြုခဲ့ဘူးသည့် ကောင်းမှုရှိသောသူ၏ အဖြစ်သည် လည်းကောင်း။ ယော အတ္တသမ္မာပဏိဓိ စ၊ အကြင် ကိုယ်စိတ်နှစ်ပါးကို ကောင်းစွာထားခြင်းသည် လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤတရား သုံးပါးကား။ ဥတ္တမံ၊ ကောင်းမြတ်သော။ မင်္ဂလံ၊ မင်္ဂလာပေတည်း။
၁၆။ ဒေဝပုတ္တ၊ နတ်သား။ ဗာဟုသစ္စဉ္စ၊ အကြင်များသော အကြားအမြင်ရှိသူ၏ အဖြစ်သည်လည်းကောင်း။ ယံ သိပ္ပဉ္စ၊ အကြင်လက်မှုပညာ တတ်မြောက်ခြင်းသည် လည်းကောင်း။ သုသိက္ခိတော၊ ကောင်းစွာသင်အပ် ကျင့်အပ်သော၊ ယော ဝိနယော စ၊ အကြင် ကိုယ်ကျင့်ဝိနည်းတရားသည် လည်းကောင်း။ သုဘာသိတာ၊ ကောင်းစွာပြောဆိုအပ်သော။ ယာ ဝါစာ စ၊ အကြင်စကားသည် လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤတရားလေးပါးကား။ ဥတ္တမံ၊ ကောင်းမြတ်သော။ မင်္ဂလံ၊ မင်္ဂလာပေတည်း။
၁၇။ ဒေဝပုတ္တ၊ နတ်သား။ မာတာပိတု၊ အမိအဘကို။ ယံ ဥပဋ္ဌာနဉ္စ၊ အကြင်လုပ်ကျွေး ပြုစုခြင်းသည် လည်းကောင်း။ ပုတ္တဒါရဿ၊ သားမယားကို။ ယော သင်္ဂဟော စ၊ အကြင်ချီးမြှောက် ထောက်ပံ့ခြင်းသည် လည်းကောင်း။ အနာကုလာ၊ ရှုပ်ထွေးခြင်းကင်း သန့်ရှင်းကုန်သော။ ယေ ကမ္မန္တာ စ၊ အကြင် အမှုလုပ်တို့သည် လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤတရား လေးပါးကား။ ဥတ္တမံ၊ ကောင်းမြတ်သော။ မင်္ဂလံ၊ မင်္ဂလာပေတည်း။
၁၈။ ဒါနဉ္စ၊ အကြင်ပေးကမ်း လှူဒါန်းခြင်းသည်လည်းကောင်း။ ယာ ဓမ္မစရိယာ စ၊ အကြင် သုစရိုက်တရားကို ကျင့်ခြင်းသည် လည်းကောင်း။ ဉာတကာနံ၊ ဆွေမျိုးတို့ကို။ ယော သင်္ဂဟော စ၊ အကြင်ချီးမြှောက် ထောက်ပံ့ခြင်းသည် လည်းကောင်း။ အနဝဇ္ဇာနိ၊ အပြစ်မရှိကုန်သော။ ယာနိ ကမ္မာနိ စ၊ အကြင်အမှုတို့သည် လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤတရားလေးပါးကား။ ဥတ္တမံ၊ ကောင်းမြတ်သော။ မင်္ဂလံ၊ မင်္ဂလာပေတည်း။
၁၉။ ဒေဝပုတ္တ၊ နတ်သား။ ပါပါ၊ မကောင်းမှုမှ။ ယာ အာရတိ စ၊ အကြင်စိတ်ဖြင့် ရှောင်ကြဉ်ခြင်းသည် လည်းကောင်း။ ယာ ဝိရတိ စ၊ အကြင်ကိုယ်နှုတ်တို့ဖြင့် ရှောင်ကြဉ်ခြင်းသည် လည်းကောင်း။ မဇ္ဇပါနာ၊ သေရည်အရက် သောက်ခြင်းမှ။ ယော သံယမော စ၊ အကြင်စောင့်စည်းခြင်းသည် လည်းကောင်း။ ဓမ္မေသု၊ ကုသိုလ်တရားတို့၌။ ယော အပ္ပမာဒေါ စ၊ အကြင် မမေ့မလျော့ခြင်းသည် လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤတရား သုံးပါးကား။ ဥတ္တမံ၊ ကောင်းမြတ်သော။ မင်္ဂလံ၊ မင်္ဂလာပေတည်း။
၂၀။ ဒေဝပုတ္တ၊ နတ်သား။ ယော ဂါရဝေါ စ၊ အကြင်ရိုသေထိုက်သော သူတို့ကို ရိုသေခြင်းသည်လည်းကောင်း။ ယော နိဝါတော စ၊ အကြင်မိမိကိုယ်ကို နှိမ်ချခြင်းသည် လည်းကောင်း။ ယာ သန္တုဋ္ဌိ စ၊ အကြင် ရောင်ရဲလွယ်ခြင်းသည် လည်းကောင်း။ ယာ ကတညုတာ စ၊ အကြင်ပြုခဲ့ဘူးသည့် ကျေးဇူးကိုသိသူ၏ အဖြစ်သည်လည်းကောင်း။ ကာလေန၊ သင့်လျော်သောအခါ၌။ ယံ ဓမ္မဿဝနဉ္စ၊ အကြင်တရားနာခြင်းသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤတရား ငါးပါးကား။ ဥတ္တမံ၊ ကောင်းမြတ်သော။ မင်္ဂလံ၊ မင်္ဂလာပေတည်း။
၂၁။ ဒေဝပုတ္တ၊ နတ်သား။ ယာ ခန္တီ စ၊ အကြင်သည်းခံခြင်းသည်လည်းကောင်း။ ယာ သောဝစဿတာ စ၊ အကြင်ပြောဆိုဆုံးမလွယ်သူ၏ အဖြစ်သည်လည်းကောင်း။ သမဏာနံ၊ ရဟန်းတော်တို့ကို။ ယံ ဒဿနဉ္စ၊ အကြင်ဖူးမြင်ရခြင်းသည်လည်းကောင်း။ ကာလေန၊ သင့်လျော်သောအခါ၌။ ယာ ဓမ္မသာကစ္ဆာ စ၊ အကြင်တရားဆွေးနွေးခြင်းသည် လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤတရား လေးပါးကား။ ဥတ္တမံ၊ ကောင်းမြတ်သော။ မင်္ဂလံ၊ မင်္ဂလာပေတည်း။
၂၂။ ဒေဝပုတ္တ၊ နတ်သား။ ယော တပေါ စ၊ အကြင်တပခေါ် အကျင့်ကို ကျင့်ခြင်းသည်လည်းကောင်း။ ယံ ဗြဟ္မစရိယဉ္စ၊ အကြင်ဗြဟ္မစရိယခေါ် မြတ်သောအကျင့်ကို ကျင့်ခြင်းသည်လည်းကောင်း။ အရိယသစ္စာနံ၊ အရိယသစ္စာတို့ကို။ ယံ ဒဿနဉ္စ၊ အကြင် သိမြင်ခြင်းသည်လည်းကောင်း။ ယာ နိဗ္ဗာနသစ္ဆိကရိယာ စ၊ အကြင်နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤလေးကား။ ဥတ္တမံ၊ ကောင်းမြတ်သော။ မင်္ဂလံ၊ မင်္ဂလာပေတည်း။
၂၃။ ဒေဝပုတ္တ၊ နတ်သား။ လောကဓမ္မေဟိ၊ လောကဓံတရားတို့နှင့်။ ဖုဋ္ဌဿ၊ တွေ့ကြုံရသော။ ယဿ၊ အကြင်ပုဂ္ဂိုလ်၏။ စိတ္တံ၊ စိတ်သည်။ န ကမ္ပတိ၊ မတုန်လှုပ်။ အသောကံ၊ စိုးရိမ်ပူဆွေးခြင်းလည်းမရှိ။ ဝိရဇံ၊ ရာဂစသော မြူလည်းမရှိ။ ခေမံ၊ ဘေးလည်းမရှိ။ ဧတံ၊ ဤလေးပါးကား။ ဥတ္တမံ၊ ကောင်းမြတ်သော။ မင်္ဂလံ၊ မင်္ဂလာ ပေတည်း။
၂၄။ ဒေဝပုတ္တ၊ နတ်သား။ ဧတာဒိသာနိ၊ ဤ ဆိုခဲ့ပြီးသော သုံးဆယ့်ရှစ်ပါး မင်္ဂလာတရားတော်ကို။ ကတွာန၊ ပြုကျင့်ရကုန်၍။ သဗ္ဗတ္ထ၊ ခပ်သိမ်းသော ရန်သူတို့၌။ အပ္ပရာဇိတာ၊ အရှုံးမခံရ အောင်နိုင် ကြကုန်၍။ သဗ္ဗတ္ထ၊ နေရာခပ်သိမ်း၌။ သောတ္တိံ၊ ချမ်းသာခြင်းသို့။ ဂစ္ဆန္တိ၊ ရောက်ကြရကုန်၏။ တေသံ၊ ထိုမင်္ဂလာ ပြုကြသူတို့၏၊ တံ၊ ထို သုံးဆယ့်ရှစ်ဖြာ မင်္ဂလာသည်။ ဥတ္တမံ၊ ကောင်းမြတ်သော။ မင်္ဂလံ၊ မင်္ဂလာပေတည်း။
၂။ ရတနသုတ်ပါဠိတော်
၂၅။ ပဏိဓာနတော ပဋ္ဌာယ၊ တထာဂတဿ ဒသ ပါရမိယော၊
ဒသ ဥပပါရမိယော၊ ဒသ ပရမတ္တ ပါရမိယော တိ၊
သမတ္တိံသ ပါရမိယော၊ ပဉ္စ မဟာပရိစ္စာဂေ၊
လောကတ္ထစရိယံ ဉာတတ္ထစရိယံ၊ ဗုဒ္ဓတ္ထစရိယန္တိ
တိဿော စရိယာယော၊ ပစ္ဆိမဘဝေ ဂဗ္ဘဝေါက္ကန္တိံ၊
ဇာတိံ အဘိနိက္ခမနံ၊ ပဓာနစရိယံ ဗောဓိပလ္လင်္ကေ၊
မာရဝိဇယံ၊ သဗ္ဗညုတညာဏပ္ပဋိဝေဓံ၊
ဓမ္မစက္ကပ္ပဝတ္တနံ၊ နဝလောကုတ္တရဓမ္မေတိ၊
သဗ္ဗေပိမေ ဗုဒ္ဓဂုဏေ အာဝဇ္ဇေတွာ၊
ဝေသာလိယာ တီသု ပါကာရန္တရေသု၊
တိယာမရတ္တိံ ပရိတ္တံ ကရောန္တော၊
အာယသ္မာ အာနန္ဒတ္ထေရော ဝိယ၊
ကာရုညစိတ္တံ ဥပဋ္ဌပေတွာ---
၂၆။ ကောဋီ သတ သဟဿေသု၊ စက္ကဝါဠေသု ဒေဝတာ။
ယဿာဏံ ပဋိဂ္ဂဏှန္တိ၊ ယဉ္စ ဝေသာလိယာ ပုရေ။
၂၇။ ရောဂါမနုဿ ဒုဗ္ဘိက္ခ-သမ္ဘူတံ တိဝိဓံ ဘယံ။
ခိပ္ပမန္တရဓာပေသိ၊ ပရိတ္တံ တံ ဘဏာမဟေ။
၂၈။ ယာနီဓ ဘူတာနိ သမာဂတာနိ၊
ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ။
သဗ္ဗေဝဘူတာ သုမနာ ဘဝန္တု၊
အထောပိ သက္ကစ္စ သုဏန္တု ဘာသိတံ။
၂၉။ တသ္မာ ဟိ ဘူတာ နိသာမေထ သဗ္ဗေ၊
မေတ္တံ ကရောထ မာနုသိယာ ပဇာယ။
ဒိဝါ စ ရတ္တော စ ဟရန္တိ ယေ ဗလိံ၊
တသ္မာ ဟိ နေ ရက္ခထ အပ္ပမတ္တာ။
၃၀။ ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊
သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
နနော သမံ အတ္ထိ တထာဂတေန၊
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၃၁။ ခယံ ဝိရာဂံ အမတံ ပဏီတံ၊
ယဒဇ္ဈဂါ သကျမုနီ သမာဟိတော။
န တေန မ္မေန သမတ္ထိ ကိဉ္စိ၊
ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၃၂။ ယံ ဗုဒ္ဓသေဋ္ဌော ပရိဝဏ္ဏယီ သုစိံ၊
သမာဓိမာနန္တရိကည မာဟု။
သမာဓိနာ တေန သမော နဝိဇ္ဇတိ၊
ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၃၃။ ယေ ပုဂ္ဂလာ အဋ္ဌ သတံ ပသတ္ထာ၊
စတ္တာရိ ဧတာနိ ယုဂါနိ ဟောန္တိ။
တေ ဒက္ခိဏေယျာ သုဂတဿ သာဝကာ၊
ဧတေသု ဒိန္နာနိ မဟပ္ဖလာနိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၃၄။ ယေ သုပ္ပယုတ္တာ မနသာ ဒဠေန၊
နိက္ကာမိနော ဂေါတမသာသနမှိ။
တေ ပတ္တိပတ္တာ အမတံ ဝိဂယှ၊
လဒ္ဓါ မုဓာ နိဗ္ဗုတိံ ဘုဉ္ဇမာနာ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၃၅။ ယထိန္ဒခီလော ပထဝိဿိတော သိယာ၊
စတုဗ္ဘိ ဝါတေဟိ အသမ္ပကမ္ပိယော။
တထူပမံ သပ္ပုရိသံ ဝဒါမိ၊
ယော အရိယသစ္စာနိ အဝေစ္စ ပဿတိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၃၆။ ယေ အရိယသစ္စာနိ ဝိဘာဝယန္တိ၊
ဂမ္ဘီရပညေန သုဒေသိတာနိ။
ကိဉ္စာပိ တေ ဟောန္တိ ဘုသံ ပမတ္တာ၊
န တေ ဘဝံ အဋ္ဌမမာဒိယန္တိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၃၇။ သဟာဝဿ ဒဿနသမ္ပဒါယ၊
တယဿု ဓမ္မာ ဇဟိတာ ဘဝန္တိ။
သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆိတဉ္စ၊
သီလဗ္ဗတံ ဝါပိ ယဒတ္ထိ ကိဉ္စိ။
၃၈။ စတူဟပါယေဟိ စ ဝိပ္ပမုတ္တော၊
ဆ စာဘိဌာနာနိ အဘဗ္ဗ ကာတုံ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၃၉။ ကိဉ္စာပိ သော ကမ္မကရောတိ ပါပကံ၊
ကာယေန ဝါစာ ဥဒ စေတသာ ဝါ။
အဘဗ္ဗ သော တဿ ပဋိစ္ဆဒါယ၊
အဘဗ္ဗတာ ဒိဋ္ဌပဒဿ ဝုတ္တာ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၄၀။ ဝနပ္ပဂုမ္ဗေ ယထာ ဖုဿိတဂ္ဂေ၊
ဂိမှာန မာသေ ပဌမသ္မိံ ဂိမှေ။
တထူပမံ ဓမ္မဝရံ အဒေသယိ၊
နိဗ္ဗာနဂါမိံ ပရမံ ဟိတာယ။
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၄၁။ ဝရော ဝရညူ ဝရဒေါ ဝရာဟရော၊
အနုတ္တရော ဓမ္မရံ အဒေသယိ။
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၄၂။ ခီဏံ ပုရာဏံ နဝ နတ္ထိသမ္ဘဝံ၊
ဝိရတ္တစိတ္တာ ယတိကေ ဘဝသ္မိံ။
တေ ခီဏဗီဇာ အဝိရူဠှိဆန္ဒာ၊
နိဗ္ဗန္တိ ဓီရာ ယထာယံ ပဒီပေါ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၄၃။ ယာနီဓ ဘူတာနိ သမာဂတာနိ၊
ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ။
တထာဂတံ ဒေဝမနုဿပူဇိတံ၊
ဗုဒ္ဓံ နမဿာမ သုဝတ္ထိ ဟောတု။
၄၄။ ယာနီဓ ဘူတာနိ သမာဂတာနိ၊
ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ။
တထာဂတံ ဒေဝမနုဿပူဇိတံ၊
ဓမ္မံ နမဿာမ သုဝတ္ထိ ဟောတု။
၄၅။ ယာနီဓ ဘူတာနိ သမာဂတာနိ၊
ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ။
တထာဂတံ ဒေဝမနုဿပူဇိတံ၊
သံဃံ နမဿာမ သုဝတ္ထိ ဟောတု။
ရတနသုတ္တံ နိဋ္ဌိတံ။
ရတနသုတ်နိဿယ
၂၅။ ဟေ၊ အို သူတော်ကောင်းတို့။ ပဏိဓာနတော၊ ဒီပင်္ကရာဘုရားမြတ်ထံ ဘုရားဆုပန်သည်မှ။ ပဋ္ဌာယ၊ အစပြု၍။ တထာဂတဿ၊ မြတ်စွာဘုရား၏။ ဒသ ပါရမိယော၊ ဆယ်ပါးသော ပါရမီတို့ လည်းကောင်း။ ဒသ ဥပပါရမိယော၊ ဆယ်ပါးသော ဥပပါရမီတို့ လည်းကောင်း။ ဒသ ပရမတ္တ ပါရမိယော၊ ဆယ်ပါးသော ပရမတ္ထပါရမီတို့ လည်းကောင်း။ ဣတိ၊ ဤသို့။ သမတ္တိံသ ပါရမိယော၊ အမျှသုံးဆယ်သော ပါရမီတို့ကို လည်းကောင်း။ ပဉ္စ မဟာပရိစ္စာဂေ၊ ငါးပါးသော စွန့်ခြင်းကြီးတို့ကို လည်းကောင်း။ လောကတ္ထစရိယံ၊ သတ္တဝါများအကျိုးငှာ ကျင့်တော်မူခြင်း လည်းကောင်း။ ဉာတတ္ထစရိယံ၊ ဆွေမျိုးအများအကျိုးငှာ ကျင့်တော်မူခြင်း လည်းကောင်း။ ဗုဒ္ဓတ္ထစရိယံ၊ ဘုရားဖြစ်ရန် အကျိုးငှာ ကျင့်တော်မူခြင်း လည်းကောင်း။ ဣတိ၊ ဤသို့။ တိဿော၊ သုံးပါးကုန်သော။ စရိယာယော၊ အကျင့်တို့ကို လည်းကောင်း။ ပစ္ဆိမဘဝေ၊ ဘုရားဖြစ်မည့် နောက်ဆုံးဘဝ၌။ ဂဗ္ဘဝေါက္ကန္တိံ၊ မယ်တော်ဝမ်းတိုက် သက်ဆိုက်စံနေ သန္ဓေယူတော်မူခြင်းကို လည်းကောင်း။ ဇာတိံ၊ ဖွားမြင်တော်မူခြင်းကို လည်းကောင်း။ အဘိနိက္ခမနံ၊ မြတ်သော တောထွက်တော်မူခြင်းကို လည်းကောင်း။ ပဓာနစရိယံ၊ ဒုက္ကရစရိယာ ကျင့်တော်မူခြင်းကို လည်းကောင်း။ ဗောဓိပလ္လင်္ကေ၊ ဗောဓိပင်ခြေ ပလ္လင်ဗွေ၌။ မာရဝိဇယံ၊ မာရ်ငါးပါးအောင်မြင်တော်မူခြင်းကို လည်းကောင်း။ သဗ္ဗညုတညာဏပ္ပဋိဝေဓံ၊ သဗ္ဗညုတဉာဏ်တော်ကို ထိုးထွင်းသိမြင်တော် မူခြင်းကိုလည်းကောင်း။ ဓမ္မစက္ကပ္ပဝတ္တနံ၊ ဓမ္မစကြာတရား ဟောကြားတော်မူခြင်းကို လည်းကောင်း။ နဝ၊ ကိုးပါးကုန်သော။ လောကုတ္တရဓမ္မေတိ၊ လောကုတ္တရာ တရားတော်ကို လည်းကောင်း။ ဣတိ၊ ဤသို့။ သဗ္ဗေပိ၊ အလုံးစုံလည်း ဖြစ်ကုန်သော။ ဣမေ ဗုဒ္ဓဂုဏေ၊ ဤမြတ်စွာဘုရား၏ ဂုဏ်တော်တို့ကို။ အာဝဇ္ဇေတွာ၊ ဆင်ခြင်တော်မူ၍။ ဝေသာလိယာ၊ ဝေသာလီပြည်၏။ တီသု ပါကာရန္တရေသု၊ တံတိုင်းသုံးထပ် ကြားအရပ်တို့၌။ တိယာမရတ္တိံ၊ ညဉ့်သုံးယာမ်ပတ်လုံး။ ပရိတ္တံ၊ ရတနသုတ် ပရိတ်အရံအတားကို။ ကရောန္တော၊ ပြုတော်မူသော။ အာယသ္မာ အာနန္ဒတ္ထေရော ဝိယ၊ အရှင်အာနန္ဒာမထေရ်ကဲ့သို့။ ကာရုညစိတ္တံ၊ ကရုဏာစိတ်ကို။ ဥပဋ္ဌပေတွာ၊ ဖြစ်စေကုန်ကြ၍။ (ဘဏာမ၌-စပ်)
၂၆-၂၇။ ကောဋီသတသဟဿေသု၊ ကုဋေတစ်သိန်းကုန်သော။ စက္ကဝါဠေသု၊ စကြဝဠာတိုက်တို့၌။ ဒေဝတာ၊ နတ် ဗြဟ္မာတို့သည်။ ယဿ၊ အကြင် ရတနသုတ် ပရိတ်တော်၏။ အာဏံ၊ တန်ခိုးအာဏာ အရှိန်အဝါကို။ ပဋိဂ္ဂဏှန္တိ၊ ခံယူကြကုန်၏။ ယံ၊ အကြင်ရတနသုတ် ပရိတ်တော်သည်။ ဝေသာလိယာ၊ ဝေသာလီမည်သော။ ပုရေ၊ ပြည်၌။ ရောဂါမနုဿ ဒုဗ္ဘိက္ခ-သမ္ဘူတံ၊ ရောဂါထူးခြား ဘီလူးများနှင့် အစာရှားခြင်းကြောင့်ဖြစ်ပေါ်လာသော။ တိဝိဓံ၊ သုံးပါးအပြားရှိသော။ ဘယံ စ၊ ဘေးကိုလည်း။ ခိပ္ပံ၊ လျှင်မြန်စွာ။ အန္တရဓာပေသိ၊ ကွယ်ပျောက်စေခဲ့ပြီ။ တံ ပရိတ္တံ၊ ထိုရတနသုတ် ပရိတ်တော်ကို။ (မယံ၊ ငါတို့သည်။) ဘဏာမ၊ ရွတ်ကြကုန်စို့။
၂၈။ ဣဓ၊ ဤအရပ်၌။ ဘုမ္မာနိ၊ မြေ၌ဖြစ်ကုန်သော။ ယာနိ ဘူတာနိ ဝါ၊ အကြင်နတ်တို့သည် လည်းကောင်း။ အန္တလိက္ခေ၊ ကောင်းကင်၌။ ယာနိ ဘူတာနိ ဝါ၊ အကြင်နတ်တို့သည် လည်းကောင်း။ သမာဂတာနိ၊ စည်းဝေးရောက်လာကြကုန်၏။ သဗ္ဗေဝ၊ အလုံးစုံသာလျှင် ဖြစ်ကုန်သော။ တေ ဘူတာ၊ ထိုနတ်အများတို့သည်။ သုမနာ၊ နှစ်သက် ရွှင်လန်း ဝမ်းမြောက်ကုန်သည်။ ဘဝန္တု၊ ဖြစ်ကြကုန်လော့။ အထောပိ၊ ထိုမှတပါး။ ဘာသိတံ၊ ငါဘုရား တရားတော်ကို။ သက္ကစ္စ၊ အရိုအသေပြု၍။ သုဏန္တု၊ နာယူကြကုန်လော့။
၂၉။ ဘူတာ၊ နတ်အများတို့။ တသ္မာ ဟိ၊ ထိုသို့ တရားနာရန် ငါဘုရားတိုက်တွန်းတော်မူခဲ့သည့် အဖြစ်ကြောင့်သာလျှင်။ (တုမှေ၊ သင်တို့သည်။) နိသာမေထ၊ နားစိုက်ကြကုန်လော့။ သဗ္ဗေ၊ အလုံးစုံကုန်သော။ (တုမှေ၊ သင်တို့သည်။) မာနုသိယ ပဇာယ၊ လူသားများအပေါ်၌။ မေတ္တံ၊ ချစ်မြတ်နိုးခြင်းကို။ ကရောထ၊ ပြုကြကုန်လော့။ ယေ၊ အကြင်လူတို့သည်။ ဒိဝါ စ၊ နေ့၌လည်းကောင်း။ ရတ္တော စ၊ ညဉ့်၌လည်းကောင်း။ ဗလိံ၊ ပူဇော်ဘွယ်ရာကို။ ဟရန္တိ၊ ဆောင်ယူပူဇော်ကြကုန်၏။ တသ္မာဟိ၊ ထို့ကြောင့်ပင်လျှင်။ နေ၊ ထိုသူတို့ကို။ အပ္ပမတ္တာ၊ မမေ့မလျှော့ကြကုန်ဘဲ။ ရက္ခထ၊ စောင့်ရှောက်ကြကုန်လော့။
၃၀။ ဣဓ ဝါ၊ ဤလူ့ပြည်၌ လည်းကောင်း။ ဟုရံ ဝါ၊ နဂါးပြည် ဂဠုန်ပြည်၌ လည်းကောင်း။ ယံကိဉ္စိ၊ အလုံးစုံသော။ ဝိတ္တံ၊ ဥစ္စာရတနာသည်။ အတ္ထိ၊ ရှိ၏။ သဂ္ဂေသု ဝါ၊ နတ်ပြည် ဗြဟ္မာပြည်တို့၌ လည်းကောင်း။ ပဏီတံ၊ ကောင်းမြတ်သော။ ယံ ရတနံ၊ အကြင်ရတနာသည်။ အတ္ထိ၊ ရှိပေ၏။ (ဧတ္ထ၊ ဤရတနာတို့တွင်) တထာဂတေန၊ မြတ်စွာဘုရားနှင့်။ သမံ၊ တူညီသောရတနာကား။ န နော အတ္ထိ၊ မရှိသည်သာတည်း။ ဗုဒ္ဓေ၊ မြတ်စွာဘုရား၌။ ဣဒမ္ပိ ရတနံ၊ ဤရတနာ၏အဖြစ် နှစ်သက်ဖွယ် ဂုဏ်ရည်သည်လည်း။ ပဏီတံ၊ ထူးမြတ်လှပါပေ၏။ ဧတေန သစ္စေန၊ ဤသစ္စာစကားကြောင့်။ သုဝတ္ထိ ဟောတု၊ သတ္တဝါတွေ ချမ်းသာပါစေသတည်း။
၃၁။ သမာဟိတော၊ အရိယမဂ် သမာဓိဖြင့် တည်ကြည်သောစိတ်ရှိတော်မူသော။ သကျမုနီ၊ သာကီနွယ်ဖွား ဘုရားမြတ်သည်။ ခယံ၊ ကိလေသာစုံ ကုန်ပျောက်ရာဖြစ်သော။ ဝိရာဂံ၊ ရာဂအတွက် ပျောက်ပြယ်ကင်းရှင်းရာ ဖြစ်ပေထသော။ အမတံ၊ သေခြင်းမရှိသော။ ပဏီတံ၊ မရောင့်ရဲစေတတ် ကောင်းမြတ်လှသော။ ယံ၊ အကြင် နိဗ္ဗာနဓာတ် တရားမြတ်ကို။ အဇ္ဈဂါ၊ ရတော်မူခဲ့လေပြီ။ တေန ဓမ္မေန၊ ထို နိဗ္ဗာနဓာတ် တရားမြတ်နှင့်။ သမံ၊ တူသော။ ကိဉ္စိ၊ တစ်စုံတစ်ခုသော တရားမျိုးသည်။ န အတ္ထိ၊ မရှိတော့ပေ။ ဓမ္မေ၊ နိဗ္ဗာန်တရားတော်၌။ ဣဒမ္ပိ ရတနံ၊ ဤရတနာ၏ သိသာဖွယ်အကြောင်း ဂုဏ်အပေါင်းသည်လည်း။ ပဏီတံ၊ ထူးမြတ်လှပါပေ၏။ ဧတေန သစ္စေန၊ ဤသစ္စာစကားကြောင့်။ သုဝတ္ထိ ဟောတု၊ သတ္တဝါတွေ ချမ်းသာပါစေသတည်း။
၃၂။ ဗုဒ္ဓသေဋ္ဌော၊ ဘုရားမြတ်သည်။ သုစိံ၊ ကိလေသာကင်း အလွန်သန့်ရှင်းစင်ကြယ်သော။ ယံ သမာဓိံ၊ အကြင်အရိယာမဂ် သမာဓိကို။ ပရိဝဏ္ဏယီ၊ အနည်းနည်းထုတ်ဖော် ချီးကျူးတော်မူခဲ့လေပြီ။ ယံ သမာဓိံ၊ အကြင်အရိယာမဂ် သမာဓိကိုပင်။ အာနန္တရိကံ၊ မိမိ၏အခြားမဲ့၌ အကျိုးပေးတတ်သည့် အာနန္တရိကသမာဓိ ဟူ၍လည်း။ အာဟု၊ ဘုရားအဆူဆူ မိန့်တော်မူကုန်ပြီ။ တေန သမာဓိနာ၊ ထိုအရိယာမဂ် သမာဓိနှင့်။ သမော၊ တူညီသော သမာဓိမျိုးကား။ နဝိဇ္ဇတိ၊ မရှိတော့ပေ။ ဓမ္မေ၊ အရိယာမဂ် တရားတော်၌။ ဣဒမ္ပိ ရတနံ၊ ဤရတနာ၏အဖြစ် နှစ်သက်ဖွယ်ကောင်း ဂုဏ်အပေါင်းသည်လည်း။ ပဏီတံ၊ ထူးမြတ်လှပါပေ၏။ ဧတေန သစ္စေန၊ ဤသစ္စာစကားကြောင့်။ သုဝတ္ထိ ဟောတု၊ သတ္တဝါတွေ ချမ်းသာပါစေသတည်း။
၃၃။ သတံ၊ ဘုရားအစရှိသော သူတော်ကောင်းတို့သည်။ ပသတ္ထာ၊ ချီးမွန်းအပ်ကုန်သော။ ယေ ပုဂ္ဂလာ၊ အကြင်အရိယာ ပုဂ္ဂိုလ်တို့သည်။ အဋ္ဌ၊ ရှစ်ယောက်တို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဧတာနိ၊ ဤအရိယာပုဂ္ဂိုလ်တို့သည်။ စတ္တာရိ ယုဂါနိ၊ မဂ်ဖိုလ်နှစ်လီ အညီတွဲကုန် လေးစုံတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ သုဂတဿ၊ မြတ်စွာဘုရား၏။ သာဝကာ၊ တပည့်သာဝက ဖြစ်ကြကုန်သော။ တေ ပုဂ္ဂလာ၊ ထိုအရိယာပုဂ္ဂိုလ်တို့သည်။ ဒက္ခိဏေယျာ၊ ကံနှင့်အကျိုး မျှော်ကိုးရည်သန် အလှူကောင်း အလှူမှန်ကို ခံတော်မူထိုက်ကြပေကုန်၏။ ဧတေသု၊ ထိုအရိယာ ပုဂ္ဂိုလ်တို့၌။ ဒိန္နာနိ၊ လှူအပ်သမျှ အလှူဒါနတို့သည်။ မဟပ္ဖလာနိ၊ ကြီးကျယ်ဖွံ့ဖြိုးသည့် အကျိုးရှိကြကုန်၏။ သံဃေ၊ အရိယာသံဃာတော်၌။ ဣဒမ္ပိ ရတနံ၊ ဤရတနာ၏အဖြစ် နှစ်သက်ဖွယ် ဂုဏ်တော်သည်လည်း။ ပဏီတံ၊ ထူးမြတ်လှပါပေ၏။ ဧတေန သစ္စေန၊ ဤသစ္စာစကားကြောင့်။ သုဝတ္ထိ ဟောတု၊ သတ္တဝါတွေ ချမ်းသာပါစေသတည်း။
၃၄။ ယေ၊ အကြင်ရဟန္တာ အရှင်မြတ်တို့သည်။ ဒဠေန၊ မြဲမြံတည်တံ့သော။ မနသာ၊ သမာဓိနှင့်ယှဥ်သော စိတ်ဓာတ်ဖြင့်။ သုပ္ပယုတ္တာ၊ လွန်စွာကြိုးစား အားထုတ်ကြကုန်သည်ဖြစ်၍။ ဂေါတမသာသနမှိ၊ ဂေါတမဘုရားရှင်၏ သာသနာတော်၌။ နိက္ကာမိနော၊ ကိလေသာတို့မှ ကင်းကွာထွက်မြောက်တော် မူကြကုန်၏။ တေ၊ ထိုရဟန္တာအရှင်မြတ်တို့သည်။ အမတံ၊ နိဗ္ဗာနဓာတ်သို့။ ဝိဂယှ၊ အာရုံယူလျှက် သက်ရောက်ကြကုန်၍။ မုဓာ၊ တစ်ရွေးသားမျှ ပစ္စည်းမကုန်ကျရဘဲ။ လဒ္ဓါ၊ လိုရာခဏ အလွယ်ပင်ရတော်မူကြကုန်၍။ နိဗ္ဗုတိံ၊ ဖလသမာပတ် အငြိမ်းဓာတ်အရသာကို။ ဘုဉ္ဇမာနာ၊ ခံစားကြကုန်လျှက်။ ပတ္တိပတ္တာ၊ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကြကုန်၏။ သံဃေ၊ ရဟန္တာသံဃာတော်၌။ ဣဒမ္ပိ ရတနံ၊ ဤရတနာ၏အဖြစ် နှစ်သက်ဖွယ် ဂုဏ်ရည်သည်လည်း။ ပဏီတံ၊ ထူးမြတ်လှပါပေ၏။ ဧတေန သစ္စေန၊ ဤသစ္စာစကားကြောင့်။ သုဝတ္ထိ ဟောတု၊ သတ္တဝါတွေ ချမ်းသာပါစေသတည်း။
၃၅။ ပထဝိဿိတော၊ မြေ၌ဝင်မှီ တည်နေသော။ ဣန္ဒခီလော၊ လွန်စွာမြဲခိုင် တံခါးတိုင်သည်။ (ဝါ)၊ တံခါးတိုင်ကို။ စတုဗ္ဘိ၊ အရပ်လေးမျက်နှာတို့မှ။ ဝါတေဟိ၊ လေပြင်းမုန်တိုင်းတို့သည်။ အသမ္ပကမ္ပိယော၊ မလှုပ်ရှားစေနိုင်သည်။ သိယာ ယထာ၊ ဖြစ်ရာဘိသကဲသို့။ ယော သပ္ပုရိသော၊ အကြင်သောတာပန် ပုဂ္ဂိုလ်မြတ်သည်။ အရိယသစ္စာနိ၊ အရိယသစ္စာတို့ကို။ အဝေစ္စ၊ မဂ်ဉာဏ်ဖြင့် သက်ဝင်၍။ ပဿတိ၊ သိမြင်၏။ တံ သပ္ပုရိသံ၊ ထို သောတာပန် ပုဂ္ဂိုလ်မြတ်ကို။ တထူပမံ၊ ထိုတံခါးတိုင်ကြီးပမာ နှိုင်းခိုင်းစရာ ရှိသူဟူ၍။ (အဟံ၊ ငါဘုရားသည်)။ ဝဒါမိ၊ ဟောတော်မူ၏။ သံဃေ၊ သောတာပန် သံဃာတော်၌။ ဣဒမ္ပိ ရတနံ၊ ဤရတနာ၏အဖြစ် နှစ်သက်ဖွယ်ဂုဏ်ရည်သည်လည်း။ ပဏီတံ၊ ထူးမြတ်လှပါပေ၏။ ဧတေန သစ္စေန၊ ဤသစ္စာစကားကြောင့်။ သုဝတ္ထိဟောတု၊ သတ္တဝါတွေ ချမ်းသာပါစေသတည်း။
၃၆။ ယေ၊ အကြင် သတ္တက္ခတ္တုပရမ သောတာပန်ပုဂ္ဂိုလ်တို့သည်။ ဂမ္ဘီရပညေန၊ နက်နဲသော ဉာဏ်တော်ရှင် သဗ္ဗညု မြတ်စွာဘုရားသည်။ သုဒေသိတာနိ၊ ကောင်းစွာ ဟောကြားတော်မူအပ်ကုန်သော။ အရိယ သစ္စာနိ၊ အရိယသစ္စာတို့ကို။ ဝိဘာဝယန္တိ၊ ကိုယ့်သန္တာန်တွင် မဂ်ဉာဏ်ဖြစ်ပွား ထင်ရှားအောင် ပြုတော်မူကြကုန်၏။ တေ၊ ထို သတ္တက္ခတ္တုပရမ သောတာပန်ပုဂ္ဂိုလ်တို့သည်။ ဘုသံ၊ အလွန်အကဲ။ ပမတ္တာ၊ စည်းစိမ်ယစ်၍ မေ့လျော့ကြကုန်သည်။ ကိဉ္စာပိ ဟောန္တိ၊ အကယ်၍ကား ဖြစ်တတ်ကုန်သေး၏။ တထာပိ၊ ထိုသို့ပင် မေ့လျော့ကြကုန်သော်လည်း။ တေ၊ ထို သတ္တက္ခတ္တုပရမသောတာပန် ပုဂ္ဂိုလ်တို့သည်၊ အဋ္ဌမံ၊ ရှစ်ကြိမ်မြောက်သော။ ဘဝံ၊ ဘဝခန္ဓာကို။ န အာဒိယန္တိ၊ ယူရိုး မရှိကြကုန်။ သံဃေ၊ သောတာပန် သံဃာတော်၌။ ဣဒမ္ပိ ရတနံ၊ ရတနာဟု သိသာရတုံ ဤဂုဏ်ရည်သည်လည်း။ ပဏီတံ၊ ထူးမြတ်လှပါပေ၏။ ဧတေန သစ္စေန၊ ဤ သစ္စာစကားကြောင့်။ သုဝတ္ထိဟောတု၊ သတ္တဝါတွေ ချမ်းသာပါစေသတည်း။
၃၇။ အဿ၊ ထို သောတာပန် ပုဂ္ဂိုလ်မြတ်သည်။ ဒဿနသမ္ပဒါယ၊ သောတာပတ္တိမဂ်ဉာဏ်၏ ပြည့်စုံခြင်းနှင့်။ သဟာဝ၊ အတူမကွာ တစ်ပြိုင်နက်သာလျှင်။ သက္ကာယဒိဋ္ဌိ စ၊ သက္ကာယဒိဋ္ဌိလည်းကောင်း၊ ဝိစိကိစ္ဆိတဉ္စ၊ ဝိစိကိစ္ဆာလည်းကောင်း၊ သီလဗ္ဗတံ ဝါပိ၊ သီလဗ္ဗတ လည်းကောင်း။ ဣတိ၊ ဤသို့။ တယော၊ သုံးပါးကုန်သော။ ဓမ္မာ၊ တရားတို့သည်။ ဇဟိတာ။ အရှင်းအပြတ် ပယ်ရှားအပ်ကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ကိဉ္စိ၊ အချို့သော။ ယံ၊ အကြင် ကိလေသာသည်။ အတ္ထိ၊ ရှိ၏။ (တမ္ပိ၊ ထိုကိလေသာအချို့ကိုလည်း။ ဇဟိတံ၊ ပယ်အပ်ပေပြီ။)
၃၈။ သော၊ ထို သောတာပန် ပုဂ္ဂိုလ်မြတ်သည်။ စတူဟပါယေဟိ စ၊ အပါယ်လေးဘုံတို့မှလည်း။ ဝိပ္ပမုတ္တော၊ လွတ်မြောက်ရပေပြီ။ ဆ၊ ခြောက်ပါး ကုန်သော။ အဘိဌာနာနိ စ၊ ရုန့်ရင်းသော အကြောင်းစု အမှုအပြစ်တို့ကိုလည်း။ ကာတုံ၊ ပြုခြင်းငှာ။ အဘဗ္ဗော၊ မထိုက်တော့ပေ။ သံဃေ၊ သောတာပန် သံဃာတော်၌။ ဣဒမ္ပိရတနံ၊ ဤရတနာ၏အဖြစ် နှစ်သက်ဖွယ် ဂုဏ်ရည်သည်လည်း။ ပဏီတံ၊ ထူးမြတ်လှပါပေ၏။ ဧတေန သစ္စေန၊ ဤ သစ္စာစကားကြောင့်။ သုဝတ္ထိဟောတု၊ သတ္တဝါတွေ ချမ်းသာပါစေသတည်း။
၃၉။ သော၊ ထို သောတာပန် ပုဂ္ဂိုလ်မြတ်သည်။ ကာယေန ဝါ၊ ကိုယ်ဖြင့်သော်လည်းကောင်း။ ဝါစာယ ဝါ၊ နှုတ်ဖြင့်သော် လည်းကောင်း။ ဥဒ၊ ထို့ပြင်။ စေတသာ ဝါ၊ စိတ်ဖြင့်သော် လည်းကောင်း။ ပါပကံ ကမ္မံ၊ မကောင်းသော ပြစ်မှုကို။ ကိဉ္စာပိ ကရောတိ၊ မသိခဲ့၍ မေ့လျော့သမှု ပြုမိစေကာမူ။ သော၊ ထို သောတာပန် ပုဂ္ဂိုလ်မြတ်သည်။ တဿ၊ ထိုပြုမိသော ပြစ်မှုကို။ ပဋိစ္ဆာဒါယ၊ ဖုံးကွယ် ထိန်ဝှက်ခြင်းငှာ။ အဘဗ္ဗော၊ မထိုက်တော့ပေ။ ဒိဋ္ဌပဒဿ၊ မဂ်ဖြင့်မြင်သိ နိဗ္ဗာန်ရှိသော အရိယာ သောတာပန်ပုဂ္ဂိုလ်၏။ အဘဗ္ဗတာ၊ မကောင်းအမှု ပြုမိသောအခါ ကွယ်ကာဖုံးမှု မပြုထိုက်သူ၏အဖြစ်ကို။ ဝုတ္တာ၊ ရှင်တော်ဘုရား ဟောကြားတော်မူအပ်၏။ သံဃေ၊ သောတာပန် သံဃာတော်၌။ ဣဒမ္ပိရတနံ၊ ရတနာဟု သိသာရတုံ ဤဂုဏ်တော်သည်လည်း။ ပဏီတံ၊ ထူးမြတ်လှပါပေ၏။ ဧတေန သစ္စေန၊ ဤ သစ္စာစကားကြောင့်။ သုဝတ္ထိဟောတု၊ သတ္တဝါတွေ ချမ်းသာပါစေသတည်း။
၄၀။ ဂိမှာနံ၊ နွေလတို့တွင်။ ပဌမသ္မိံ ဂိမှေ၊ နွေဦးအစ ဖြစ်သော။ မာသေ၊ တန်ခူးလ၌။ ဖုဿိတဂ္ဂေ၊ ကောင်းစွာပွင့်သည့် ခက်ဖျားစုံရှိသော။ ဝနပ္ပဂုမ္ဗေ၊ တောအုပ်သည်။ (သသိရီကော ယထာ၊ အသရေ ရှိသကဲ့သို့၊) တထူပမံ၊ သဒ္ဒါအနက် နှစ်ချက်စုံကာ ထိုတောအုပ်လျှင် ပုံပမာရှိသော။ နိဗ္ဗာနဂါမိံ၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော။ ဓမ္မ ဝရံ၊ သုံးပုံပိဋကတ် တရားတောမြတ်ကို။ ပရမံ ဟိတာယ၊ နိဗ္ဗာနဓါတ် အမြတ်ဆုံး အကျိုးစီးပွားအလို့ငှာ။ အဒေသယိ၊ ဟောကြားတော် မူခဲ့လေပြီ။ ဗုဒ္ဓေ၊ မြတ်စွာဘုရား၌။ ဣဒမ္ပိရတနံ၊ ရတနာဟု သိသာရတုံ ဤဂုဏ်တော်သည်လည်း။ ပဏီတံ၊ ထူးမြတ်လှပါပေ၏။ ဧတေန သစ္စေန၊ ဤ သစ္စာစကားကြောင့်။ သုဝတ္ထိဟောတု၊ သတ္တဝါတွေ ချမ်းသာပါစေသတည်း။
၄၁။ ဝရော၊ စိတ်ထားမြတ်သူ လူနတ်အများ လိုလားတောင့်တအပ် မြတ်တော်မူထသော။ ဝရညူ၊ အမြတ်ဆုံးမှန် နိဗ္ဗာန်ကိုလည်း သိတော်မူထသော။ ဝရဒေါ၊ အမြတ်တရားကို ပေးသနားတော်မူတတ်ထသော။ ဝရဟရော၊ ကျင့်စဉ် အကောင်း ရှေးဟောင်းလမ်းမြတ်ကို ယူဆောင်တော်မူတတ်ထသော။ အနုတ္တရော၊ သာလွန်သူမထင် အမြတ်ဆုံး ဘုရားရှင်သည်။ ဓမ္မဝရံ၊ တရားတော်မြတ်ကို။ အဒေသယိ၊ ဟောကြားတော်မူပေပြီ။ ဗုဒ္ဓေ၊ မြတ်စွာဘုရား၌။ ဣဒမ္ပိရတနံ၊ ဤ ရတနာ၏အဖြစ် နှစ်သက်ဖွယ် ဂုဏ်ရည်သည်လည်း။ ပဏီတံ၊ ထူးမြတ်လှပါပေ၏။ ဧတေန သစ္စေန၊ ဤသစ္စာစကားကြောင့်။ သုဝတ္ထိ ဟောတု၊ သတ္တဝါတွေ ချမ်းသာပါစေသတည်း။
၄၂။ (ယေသံ ခီဏာသဝါနံ၊ အကြင် ရဟန္တာသခင် အရှင်သူမြတ်တို့အား။) ပုရာဏံ၊ ရှေးကံဟောင်းစု ကုသိုလ် အကုသိုလ်သည်။ ခီဏံ၊ သတ္တိကင်းချေ ကုန်ပျောက်ခဲ့ရပေပြီ။ နဝံ၊ အသစ်ဖြစ်သောကံသည်လည်း။ နတ္ထိသမ္ဘဝံ၊ ထင်ရှား ဖြစ်ပေါ်ခြင်း အလျင်းမရှိတော့ပေ။ အာယတိကေ ဘဝသ္မိံ၊ နောင်ဖြစ်ရမည့် ဘဝသစ်၌။ ဝိရတ္တစိတ္တာ၊ တွယ်တာမက်မောခြင်း ကင်းသောစိတ် ရှိတော်မူကြကုန်၏။ တေ ခီဏာသဝါ၊ ထို ရဟန္တာ အရှင်မြတ်တို့သည်။ ခီဏဗီဇာ၊ ကုန်ပြီးသော ပဋိသန္ဓေမျိုးစေ့ ရှိတော်မူကြကုန်၏။ အဝိရုဠှိဆန္ဒာ၊ ဘဝဆက်တည် စည်ပင်ရေးဝယ် တွယ်တာသောဆန္ဒ ရှိတော်မမူကြကုန်။ အယံ ပဒီပေါ၊ ဤ ဆီမီးသည်။ နိဗ္ဗာတိ ယထာ၊ ငြိမ်းလေဘိသကဲ့သို့။ ဓီရာ၊ ပညာရှိအစစ် ဖြစ်တော်မူကြကုန်သော။ တေ ခီဏာသဝါ၊ ထို ရဟန္တာ အရှင်မြတ်တို့သည်။ နိဗ္ဗန္တိ၊ သံသရာ စက်ရဟတ် အဆက်ပြတ်၍ ဇာတ်စုံရုပ်သိမ်း ချုပ်ငြိမ်းတော်မူကြလေကုန်၏။ သံဃေ၊ ရဟန္တာသံဃာတော်၌။ ဣဒမ္ပိ ရတနံ၊ ဤ ရတနာ၏အဖြစ် နှစ်သက်ဖွယ် ဂုဏ်ရည်သည်လည်း။ ပဏီတံ၊ ထူးမြတ်လှပါပေ၏။ ဧတေန သစ္စေန၊ ဤသစ္စာစကားကြောင့်။ သုဝတ္ထိ ဟောတု၊ သတ္တဝါတွေ ချမ်းသာပါစေသတည်း။
၄၃။ ဣဓ၊ ဤအရပ်၌။ ဘုမ္မာနိ၊ မြေ၌ဖြစ်ကုန်သော။ ယာနိ ဘူတာနိ ဝါ၊ အကြင်နတ်တို့သည် လည်းကောင်း။ အန္တလိက္ခေ၊ ကောင်းကင်၌။ ယာနိ ဘူတာနိ ဝါ၊ အကြင်နတ်တို့သည် လည်းကောင်း။ သမာဂတာနိ၊ စည်းဝေးရောက်လာကြကုန်၏။ (တေမယံ၊ ထို ငါတို့သည်။)၊ ဒေဝမနုဿပူဇိတံ၊ နတ်လူအများ လေးစား ပူဇော်အပ်သော။ တထာဂတံ၊ တထာဂတ မည်တော်မူသော။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ နမဿာမ၊ ရှိခိုးကြပါကုန်၏။ သုဝတ္ထိ ဟောတု၊ သတ္တဝါတွေ ချမ်းသာပါစေသတည်း။
၄၄။ ဣဓ၊ ဤအရပ်၌။ ဘုမ္မာနိ၊ မြေ၌ဖြစ်ကုန်သော။ ယာနိ ဘူတာနိ ဝါ၊ အကြင်နတ်တို့သည် လည်းကောင်း။ အန္တလိက္ခေ၊ ကောင်းကင်၌။ ယာနိ ဘူတာနိ ဝါ၊ အကြင်နတ်တို့သည် လည်းကောင်း။ သမာဂတာနိ၊ စည်းဝေးရောက်လာကြကုန်၏။ (တေမယံ၊ ထို ငါတို့သည်။)၊ ဒေဝမနုဿပူဇိတံ၊ နတ်လူအများ လေးစား ပူဇော်အပ်သော။ တထာဂတံ၊ တထာဂတ မည်တော်မူသော။ ဓမ္မံ၊ တရားတော်ကို။ နမဿာမ၊ ရှိခိုးကြပါကုန်၏။ သုဝတ္ထိ ဟောတု၊ သတ္တဝါတွေ ချမ်းသာပါစေသတည်း။
၄၅။ ဣဓ၊ ဤအရပ်၌။ ဘုမ္မာနိ၊ မြေ၌ဖြစ်ကုန်သော။ ယာနိ ဘူတာနိ ဝါ၊ အကြင်နတ်တို့သည် လည်းကောင်း။ အန္တလိက္ခေ၊ ကောင်းကင်၌။ ယာနိ ဘူတာနိ ဝါ၊ အကြင်နတ်တို့သည် လည်းကောင်း။ သမာဂတာနိ၊ စည်းဝေးရောက်လာကြကုန်၏။ (တေမယံ၊ ထို ငါတို့သည်။)၊ ဒေဝမနုဿပူဇိတံ၊ နတ်လူအများ လေးစား ပူဇော်အပ်သော။ တထာဂတံ၊ တထာဂတ မည်တော်မူသော။ သံဃံ၊ သံဃာတော်ကို။ နမဿာမ၊ ရှိခိုးကြပါကုန်၏။ သုဝတ္ထိ ဟောတု၊ သတ္တဝါတွေ ချမ်းသာပါစေသတည်း။
၃။ မေတ္တသုတ်ပါဠိတော်
၄၆။ ယဿာနုဘာဝတော ယက္ခာ၊ နေဝ ဒဿေန္တိ ဘီသနံ။
ယဉှိ စေဝါနုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ မတန္ဒိတော။
၄၇။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ၊
ဧဝမာဒိဂုဏူပေတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
၄၈။ ကရဏီယမတ္ထကုသလေန၊
ယန္တသန္တံ ပဒံ အဘိသမေစ္စ၊
သက္ကော ဥဇူ စ သုဟုဇူ စ၊
သုဝစော စဿ မုဒု အနတိမာနီ။
၄၉။ သန္တုဿကော စ သုဘရော စ၊
အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ၊
သန္တိန္ဒြိယော စ နိပကော စ၊
အပ္ပဂဗ္ဘော ကုလေသွနနုဂိဒ္ဓေါ။
၅၀။ န စ ခုဒ္ဒမာစရေ ကိဉ္စိ၊
ယေန ဝိညူ ပရေ ဥပဝဒေယျုံ၊
သုခိနောဝ ခေမိနော ဟောန္တု၊
သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
၅၁။ ယေ ကေစိ ပါဏဘူတတ္ထိ၊
တသာ ဝါ ထာဝရာ ဝနဝသေသာ၊
ဒီဃာ ဝါ ယေဝ မဟန္တာ၊
မဇ္ဈိမာ ရဿကာ အဏုကထူလာ။
၅၂။ ဒိဋ္ဌာ ဝါ ယေဝ အဒိဋ္ဌာ၊ ယေ ဝ
ဒူရေ ဝသန္တိ အဝိဒူရေ၊
ဘူတာ ဝ သမ္ဘဝေသီ ဝ၊
သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
၅၃။ န ပရော ပရံ နိကုဗ္ဗေထ၊
နာတိမညေထ ကတ္ထစိ န ကဉ္စိ၊
ဗျာရောသနာ ပဋိဃသညာ၊
နာညမညဿ ဒုက္ခမိစ္ဆေယျ။
၅၄။ မာတာ ယထာ နိယံ ပုတ္တ
မာယုသာ ဧကပုတ္တမနုရက္ခေ၊
ဧဝမ္ပိ သဗ္ဗဘူတေသု၊
မာနသံ ဘာဝယေ အပရိမာဏံ။
၅၅။ မေတ္တဉ္စ သဗ္ဗလောကသ္မိ၊
မာနသံ ဘာဝယေ အပရိမာဏံ၊
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊
အသမ္ဗာဓံ အဝေရမသပတ္တံ။
၅၆။ တိဋ္ဌံ စရံ နိသိန္နော ဝ၊
သယာနော ယာဝတာဿ ဝိတမိဒ္ဓေါ
ဧတံ သတိံ အဓိဋ္ဌေယျ၊
ဗြဟ္မမေတံ ဝိဟာရမိဓမာဟု။
၅၇။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊
သီလဝါ ဒဿနေန သမ္ပန္နော၊
ကာမေသု ဝိနယ ဂေဓံ၊
န ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုန ရေတီတိ။
မေတ္တသုတ္တံ နိဋ္ဌိတံ။
မေတ္တသုတ်နိဿယ
၄၆။ ဟေ၊ အို… သူတော်ကောင်းတို့။ ယဿ ပရိတ္တဿ၊ အကြင် မေတ္တာသုတ် ပရိတ်တော်၏။ အာနုဘာဝတော၊ တန်ခိုးရှိန်စော် အာနုဘော်ကြောင့်။ ယက္ခာ၊ နတ်အများတို့သည်။ ဘီသနံ၊ ကြောက်မယ်ဖွယ် အာရုံမျိုးကို။ နေဝ ဒဿေန္တိ၊ မပြနိုင်ကြကုန်။ ယမှိ စေဝ၊ အကြင် မေတ္တာသုတ် ပရိတ်တော်၌သာလျှင်။ ရတ္တိန္ဒိဝံ၊ နေ့ညမပြတ် အခါခပ်သိမ်း။ အတန္ဒိတော၊ ပျင်းရိခြင်းမရှိပဲ။ အနုယုဉ္ဇန္တော၊ ထပ်တလဲလဲ စွဲမြဲရွတ်ပွား အားထုတ်သောသူသည်။
၄၇။ သုခံ၊ ချမ်းချမ်းသာသာနှင့်။ သုပတိ၊ အိပ်စက်ရပေ၏။ သုတ္တော၊ အိပ်ပျော်သည် ရှိသော်။ ကိဉ္စိ၊ တစ်စုံတစ်ခုသော။ ပါပံ စ၊ အိပ်မက်ဆိုးကိုလည်း။ န ပဿတိ၊ မမြင်မက်ရ။ ဧဝမာဒိ ဂုဏူပေတံ၊ ဤသို့ အစရှိသော အကျိုးဂုဏ်အင် အာနိသင်နှင့်ပြည့်စုံသော။ တံ ပရိတ္တံ၊ ထိုမေတ္တသုတ် ပရိတ်တော်ကို။ မယံ၊ ငါတို့သည်။ ဘဏာမ၊ ရွတ်ကြကုန်စို့။
၄၈။ သန္တံ၊ ငြိမ်သက်အေးချမ်းသော။ ပဒံ၊ နိဗ္ဗာန်ကို။ အဘိသမေစ္စ၊ အာရုံယူဘိ ထွင်းဖောက်မြင်သိ၍။ (ဝိဟရိတုကာမေန၊ နေခြင်းငှာအလိုရှိသော။) အတ္ထကုသလေန၊ အကျင့်အမျိုးမျိုး အကျိုးစီးပွါး၌ လိမ္မာသူသည်။ ယံ ကရဏီယံ၊ အကြင် ပြုကျင့်ရမည့် သိက္ခာသုံးရပ် အကျင့်မြတ်သည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထို သိက္ခာသုံးရပ် အကျင့်မြတ်ကို။ ကရဏီယံ၊ ပြုကျင့်ထိုက်ပေ၏။ သုက္ကော စ၊ စွမ်းနိုင်သူလည်း။ အဿ၊ ဖြစ်ရာ၏။ ဥဇု စ၊ ဖြောင့်မတ်သူလည်း။ အဿ၊ ဖြစ်ရာ၏။ သုဝစော စ၊ ဆိုဆုံးမလွယ်သူလည်း။ အဿ၊ ဖြစ်ရာ၏။ မုဒု စ၊ နူးညံ့ပျော့ပျောင်း သူလည်း။ အဿ၊ ဖြစ်ရာ၏။ အနတိမာနီ စ၊ မာန်ထောင်လွှားခြင်း မရှိသူလည်း။ အဿ၊ ဖြစ်ရာ၏။
၄၉။ သန္တုဿကော စ၊ တင်းတိမ် ရောင့်ရဲလွယ်သူလည်း။ အဿ၊ ဖြစ်ရာ၏။ သုဘရော စ၊ အမွေးအမြူ လွယ်သူလည်း။ အဿ၊ ဖြစ်ရာ၏။ အပ္ပကိစ္စော စ၊ နည်းပါးသော ကိစ္စရှိသူလည်း။ အဿ၊ ဖြစ်ရာ၏။ သလ္လဟုကဝုတ္တိ စ၊ ပေါ့ပါးသော အဖြစ်မျိုးရှိသူလည်း။ အဿ၊ ဖြစ်ရာ၏။ သန္ဒိန္ဒြိယော စ၊ ငြိမ်သက်သော ဣန္ဒြေရှိသူသည်လည်း။ အဿ၊ ဖြစ်ရာ၏။ နိပကော စ၊ ရင့်ကျက်သော ပညာရှိသူလည်း။ အဿ၊ ဖြစ်ရာ၏။ အပ္ပဂဗ္ဘော စ၊ ကြမ်းတမ်းရိုင်းပျခြင်း မရှိသူလည်း။ အဿ၊ ဖြစ်ရာ၏။ ကုလေသု၊ အိမ်သားအိမ်သူ လူတို့၌။ အနနုဂိဒ္ဓေါ စ၊ တွယ်တာမက်မောခြင်း မရှိသူလည်း။ အဿ၊ ဖြစ်ရာ၏။
၅၀။ ယေန၊ အကြင်ဒုစရိုက်စု ယုတ်ညံ့သောအမှုကြောင့်။ ဝိညူ၊ ပညာရှိဖြစ်ကုန်သော။ ပရေ၊ သူတပါးတို့သည်။ ဥပဝဒေယျုံ၊ ကဲ့ရဲ့ပြစ်တင်ကုန်ရာ၏။ ခုဒ္ဒံ၊ ယုတ်ညံ့သော။ တံ၊ ထိုဒုစရိုက်မျိုးကို။ ကိဉ္စိ၊ အနည်းငယ်ကလေး အသေးအဖွဲမျှကိုပင်။ န အာစရေ၊ မပြုကျင့်ရာ။ သဗ္ဗသတ္တာ၊ သတ္တဝါ မှန်သမျှတို့သည်။ သုခိနော ဝါ၊ ကိုယ်၏ချမ်းသာခြင်း ရှိကုန်သည် လည်းကောင်း။ ခေမိနော ဝါ၊ ဘေးရန်ကင်းဝေး အေးချမ်းသာယာခြင်း ရှိကုန်သည်လည်းကောင်း။ ဟောန္တု၊ ဖြစ်ကြပါစေကုန်သတည်း။ သုခိ တတ္တာ ဝါ၊ ချမ်းသာရွှင်ပျ စိတ်ရှိကြကုန်သည်လည်း။ ဘဝန္တု၊ ဖြစ်ကြပါစေကုန် သတည်း။
၅၁။ အနဝသေသာ၊ ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော။ ယေ တသာ ဝါ၊ အကြင် ထိတ်လန့်တတ်သော ပုထုဇဥ် သေက္ခတို့သည် လည်းကောင်း။ ယေ ထာဝရာ ဝါ၊ အကြင် မထိတ်မလန့် တည်တံ့ခိုင်မြဲသော ရဟန္တာတို့သည် လည်းကောင်း။ ယေ ဒီဃာ ဝါ၊ အကြင်ခန္ဓာ ရှည်လျား သတ္တဝါများတို့သည် လည်းကောင်း။ ယေ မဟန္တာ ဝါ၊ အကြင် ခန္ဓာကိုယ်ကြီးမား သတ္တဝါများတို့သည် လည်းကောင်း။ ယေ မဇ္ဈိမာ ဝါ၊ အကြင် မတိုမရှည် မကြီး မငယ် အရွယ်အလတ်စား သတ္တဝါများတို့သည်လည်းကောင်း။ ယေ ရဿကာ ဝါ၊ အကြင်ပုကွ နိမ့်တို ခန္ဓာကိုယ်ရှိသော သတ္တဝါများတို့သည်လည်းကောင်း။ ယေ အဏုကာ ဝါ၊ အကြင် သေးငယ်မှုံမွှား သတ္တဝါများတို့သည် လည်းကောင်း။ ယေ ထူလာ ဝါ၊ အကြင် ဝိုင်းစက်ဆူဖြိုး သတ္တဝါမျိုးတို့သည် လည်းကောင်း။
၅၂။ ယေ ဒိဋ္ဌာ ဝါ၊ အကြင်မြင်ဘူးသော သတ္တဝါတို့သည် လည်းကောင်း။ ယေ အဒိဋ္ဌာ ဝါ၊ အကြင်မမြင်ဘူးသော သတ္တဝါတို့သည် လည်းကောင်း။ ယေ ဒူရေ ဝသန္တိ၊ အကြင် အဝေးအရပ်၌ နေကြသော သတ္တဝါတို့သည် လည်းကောင်း။ ယေ အဝိဒူရေ ဝသန္တိ၊၊ အကြင် အနီးအရပ်၌ နေကြသော သတ္တဝါတို့သည် လည်းကောင်း။ ယေ ဘူတာ ဝါ၊ အကြင် နောင်မဖြစ်ရ ဖြစ်ပြီးသား ဖြစ်ကြသော ရဟန္တာတို့သည် လည်းကောင်း။ ယေ သမ္ဘဝေသီ ဝါ၊ နောင်ဖြစ်ရမည့် ဘဝကိုရှာ အကြင် ပုထုဇဥ်သေက္ခ သတ္တဝါတို့သည် လည်းကောင်း။ ယေ ကေစိ၊ အလုံးစုံကုန်သော။ ပါဏဘူတာ၊ သတ္တဝါတို့သည်။ အတ္ထိ၊ ရှိကုန်၏။ ဣမေပိ သဗ္ဗသတ္တာ၊ ဤအလုံးစုံကုန်သော သတ္တဝါတို့သည်လည်းကောင်း။ သုခိတတ္တာ၊ ချမ်းသာ အေးမြ ကိုယ်စိတ်နှစ်ပါး ရှိကြကုန်သည်။ ဘဝန္တု၊ ဖြစ်ကြပါစေကုန် သတည်း။
၅၃။ ပရော၊ တစ်ပါးသူတစ်ယောက်သည်။ ပရံ၊ သူတစ်ပါးဟူ အခြားသူ တစ်ယောက်ကို။ န နိကုဗ္ဗေထ၊ စဥ်းလဲသမှု လှည့်ပတ်ခြင်း မပြုပါစေလင့်။ ကတ္ထစိ၊ တစ်စုံတစ်ခုသော အရပ်၌ (ဘယ်အရပ်မှာမဆို)။ ကိဉ္စိ၊ တစ်စုံတစ်ယောက်သော။ နံ၊ ထိုသူတစ်ပါးက။ နာတိမညေထ၊ မာန်ထောင်သမှု မထီမဲ့မြင် မပြုပါစေလင့်။ ဗျာရောသနာယ၊ ကိုယ်နှုတ်တို့ဖြင့် စော်ကားထိပါး နှိပ်စက်ခြင်းဖြင့် လည်းကောင်း။ ပဋိဃသညာယ၊ ဒေါသစိတ်ဖြင့် လည်းကောင်း။ အညမညဿ၊ အချင်းချင်း (တစ်ယောက်သည် တစ်ယောက်) ၏။ ဒုက္ခံ၊ ဆင်းရဲခြင်းကို။ န ဣစ္ဆေယျ၊ အလိုမရှိ ပါစေလင့်။
၅၄။ မာတာ၊ မွေးသည့်မိခင် ကျေးဇူးရှင်သည်။ နိယံပုတ္တံ၊ မိမိရင်နှစ် သားရင်းဖြစ်သော။ ဧကပုတ္တံ၊ တစ်ဦးတည်းသော သားကို။ အာယုသာ၊ မိမိအသက်ဖြင့်သော်ပင်။ အနုရက္ခေ ယထာ၊ အစဉ်မကွာ ကွယ်ကာ စောင့်ရှောက်ဘိသကဲ့သို့။ ဧဝမ္ပိ၊ ဤအတူလည်း။ သဗ္ဗဘူတေသု၊ အလုံးစုံသော သတ္တဝါတို့၌။ အပရိမာဏံ၊ အတိုင်းအတာ ပမာဏမရှိသော။ မာနသံ၊ မေတ္တာစိတ်ကို။ ဘာဝယေ၊ အကြိမ်ကြိမ် အခါခါ ပွါးများရာ၏။
၅၅။ ဥဒ္ဓံ၊ အထက်လောက အရူပဘဝ၌ လည်းကောင်း၊ အဓော၊ အောက်ပြည်လောက ကာမဘဝ၌ လည်းကောင်း။ တိရိယံ၊ အလယ်လောက ရူပဘဝ၌ လည်းကောင်း။ သဗ္ဗလောကသ္မိံ၊ အလုံးစုံသော လောက၌။ အပရိမာဏံ၊ အတိုင်းအတာ ပမာဏမရှိသော။ မေတ္တံ၊ မေတ္တာနှင့်ယှဥ်သော။ မာနသံ၊ စိတ်ကို။ အသမ္ဗာဓံ၊ အပိုင်းအခြားကင်း ကျဥ်းမြောင်းခြင်း မရှိသည်ကို။ အဝေရံ၊ ဒေါသဟူဘိ အတွင်းရန်လည်းမရှိသည်ကို။ အသပတ္တံ၊ နှိပ်စက် ရန်မူ အပရန်သူလည်း မရှိသည်ကို။ (ကတွာ၊ ပြု၍။) ဘာဝယေ၊ ပွါးများရာ၏။
၅၆။ တိဋ္ဌံ ဝါ၊ ရပ်လျက်သော် လည်းကောင်း။ စရံ ဝါ၊ သွားလျက်သော် လည်းကောင်း။ နိသိန္နော ဝါ၊ ထိုင်လျက်သော် လည်းကောင်း။ သယာနော ဝါ၊ အိပ်လျက်သော် လည်းကောင်း။ ယာဝတာ၊ အကြင်မျှလောက်။ ဝိတမိဒ္ဓေါ၊ ကင်းသော အိပ်ချင်ငိုက်မျဉ်းခြင်းရှိသည်။ အဿ၊ ဖြစ်ရာ၏။ အထ၊ ငိုက်မျဉ်းခြင်းကင်း ထိုအချိန်အတွင်း၌။ ဧတံ သတိံ၊ ထိုမေတ္တာယှဥ်ဘိ ဈာန်သတိကို။ အဓိဋ္ဌေယျ၊ စွဲမြဲမကွာ ဆောက်တည်ရာ၏။ ဣဓ၊ ဤဘုရား သာသနာတော်၌။ ဧတံ၊ ဤမေတ္တာမကင်း ဈာန်ဖြင့်နေခြင်းကို။ ဗြဟ္မံ၊ ထူးမြတ်သော။ ဝိဟာရံ၊ နေခြင်းမျိုးဟူ၍။ အာဟု၊ မြတ်ဘုရားတို့ ဟောကြားတော်မူကုန်ပြီ။
၅၇။ သော၊ ထိုမေတ္တာဈာန်ရပြီးသော ယောဂီပုဂ္ဂိုလ်သည်။ ဒိဋ္ဌဉ္စ၊ အတ္တဒိဋ္ဌိသို့လည်း။ အနုပဂမ္မ၊ မစွဲယူ မကပ်ရောက်မူ၍။ သီလဝါ၊ လောကုတ္တရာ သီလရှိသူသည်။ ဒဿနေန၊ သောတာပတ္တိမဂ်ဥာဏ်နှင့်။ သမ္ပန္နော၊ ပြည့်စုံသူသည်။ (သမာနော၊ ဖြစ်လျှက်) ကာမေသု၊ ဝတ္ထုအာရုံ ကာမဂုဏ်တို့၌။ ဂေဓံ၊ ကိလေသာဖြင့် တွယ်တာမက်မောခြင်းကို။ ဝိနေယျ၊ တစ်စမကြွင်း အရှင်းပယ်ရှားပြီးသော။ ဇာတု၊ စင်စစ်ဧကန် အမှန်ပင်။ ပုန၊ နောက်ထပ်တဖန်။ ဂဗ္ဘသေယျံ၊ ပဋိသန္ဓေတည် နေခြင်းသို့။ န ဧတိ၊ မရောက်ရတော့ပေ။
၄-ခန္ဓသုတ်ပါဠိ
၅၈။ သဗ္ဗာ သီဝိသ ဇာတီနံ၊ ဒိဗ္ဗမန္တာဂဒံ ဝိယ။
ယံ နာသေတိ ဝိသံ ဃောရံ၊ သေသဉ္စာပိ ပရိဿယံ။
၅၉။ အာဏာခေတ္တမှိ သဗ္ဗတ္ထ၊ သဗ္ဗဒါ သဗ္ဗပါဏိနံ။
သဗ္ဗသောပိ နိဝါရေတိ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
၆၀။ ဝိရူပက္ခေဟိ မေ မေတ္တံ၊
မေတ္တံ ဧရာပထေဟိ မေ။
ဆဗျာပုတ္တေဟိ မေ မေတ္တံ၊
မေတ္တံ ကဏှာ ဂေါတမကေဟိ စ။
၆၁။ အပါဒကေဟိ မေ မေတ္တံ၊ မေတ္တံ ဒွိပါဒကေဟိ မေ။
စတုပ္ပဒေဟိ မေ မေတ္တံ၊ မေတ္တံ ဗဟုပ္ပဒေဟိ မေ။
၆၂။ မာ မံ အပါဒကော ဟိံသိ၊
မာ မံ ဟိံသိ ဒွိပါဒကော။
မာ မံ စတုပ္ပဒေါ ဟိံသိ၊
မာ မံ ဟိံ သိ ဗဟုပ္ပဒေါ။
၆၃။ သဗ္ဗေ သတ္တာ သဗ္ဗ ပါ ဏာ၊
သဗ္ဗေ ဘူတာ စ ကေဝလာ။
သဗ္ဗေ ဘဒြာနိ ပသန္တု၊
မာ ကိဉ္စိ ပါပါ မာဂမာ။
၆၄။ အပ္ပမာဏော ဗုဒ္ဓေါ၊ အပ္ပမာဏော ဓမ္မော။
အပ္ပမာဏော သံဃော၊ ပမာဏဝန္တာနိ သရီသပါနိ။
အဟိဝိစ္ဆိကာ သတပဒီ၊ ဥဏ္ဏနာဘီ သရဗူမူသိကာ။
၆၅။ ကတာ မေ ရက္ခာ ကတံ မေ ပရိတ္တံ
ပဋိက္ကမန္တု ဘူတာနိ။
သောဟံ နမော ဘဂဝတော
နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။
ခန္ဓသုတ္တံ နိဋ္ဌိတံ။
---
ခန္ဓသုတ်နိဿယ
၅၈-၅၉။ ဟေ၊ အို သူတော်ကောင်တို့၊ ဒိဗ္ဗမန္တာဂဒံ၊ နတ်မန္တန် နတ်ဆေးဝါးသည်။ သဗ္ဗာသီဝိသဇာတီနံ၊ လျင်သောအဆိပ်ရှိသော မြွေမျိုးမှန်သမျှတို့၏။ ဃောရံ၊ ပြင်းထန်လှစွာသော၊ ဝိသံ၊ အဆိပ်ကို၊ နာသေတိ ဝိယ၊ အရှင်း ပျောက်ပြေ ပျက်စီးစေတတ်သကဲ့သို့။ တထာ။ ထို့အတူ။ ယံ ပရိတ္တံ၊ အကြင် ခန္ဓသုတ် ပရိတ်တော်သည်။ သဗ္ဗတ္ထ၊ အလုံးစုံသော။ အာဏာခေတ္တမှိ၊ အာဏာခေတ် အတွင်း၌။ သဗ္ဗပါဏိနံ၊ အလုံးစုံသော သတ္တဝါတို့၏။ ဃောရံ၊ ပြင်းထန်လှစွာသော။ ဝိသံ စ၊ အဆိပ်ကို လည်းကောင်း။ သေသံ၊ အဆိပ်မှ ကြွင်းသော။ ပရိဿယဉ္စာပိ၊ ဘေးရန် အမျိုးမျိုးကို လည်းကောင်း။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ သဗ္ဗသောပိ၊ အကြွင်းမထင် အကုန်ပင်။ နိဝါရေတိ၊ မြစ်တား ပယ်ရှားနိုင်ပေ၏။ တံ ပရိတ္တံ၊ ထို ခန္ဓသုတ်ပရိတ်တော်ကို။ မယံ၊ ငါတို့သည်။ ဘဏာမ၊ ရွတ်ကြကုန်စို့။
၆၀။ ဝိရူပက္ခေဟိ၊ ဝိရူပက္ခနဂါးမျိုးတို့နှင့်။ သဒ္ဓိံ၊ အတူတကွ။ မေ၊ ငါ၏။ မေတ္တံ၊ မိတ်ဆွေဖြစ်ကြောင်း ကောင်းမြတ်သော မေတ္တာသည်။ ဟောတု၊ ဖြစ်ပါစေ သတည်း။ ဧရာပထေဟိ၊ ဧရာပထနဂါးမျိုးတို့နှင့်။ သဒ္ဓိံ၊ အတူတကွ။ မေ၊ ငါ၏။ မေတ္တံ၊ မိတ်ဆွေဖြစ်ကြောင်း ကောင်းမြတ်သော မေတ္တာသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။ ဆဗျာပုတ္တေဟိ၊ ဆဗျာပုတ္တနဂါးမျိုးတို့နှင့်။ သဒ္ဓိံ၊ အတူတကွ။ မေ၊ ငါ၏။ မေတ္တံ၊ မိတ်ဆွေဖြစ်ကြောင်း ကောင်းမြတ်သော မေတ္တာသည်။ ဟောတု၊ ဖြစ်ပါစေ သတည်း။ ကဏှာဂေါတမကေဟိ စ၊ ကဏှာဂေါတမ နဂါးမျိုးတို့နှင့်လည်း။ သဒ္ဓိံ၊ အတူတကွ။ မေ၊ ငါ၏။ မေတ္တံ၊ မိတ်ဆွေဖြစ်ကြောင်း ကောင်းမြတ်သော မေတ္တာသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။
၆၁။ အပါဒကေဟိ၊ အခြေမရှိသော သတ္တဝါတို့နှင့်။ မေ၊ ငါ၏။ မေတ္တံ၊ မိတ်ဆွေအဖြစ် ချစ်မေတ္တာသည်။ ဟောတု၊ ဖြစ်ပါစေသတည်။ ဒွိပါဒကေဟိ၊ အခြေနှစ်ချောင်းရှိသော သတ္တဝါတို့နှင့်။ မေ၊ ငါ၏။ မေတ္တံ၊ မိတ်ဆွေအဖြစ် ချစ်မေတ္တာသည်။ ဟောတု၊ ဖြစ်ပါစေသတည်။ စတုပ္ပဒေဟိ၊ အခြေလေးချောင်း သတ္တဝါတို့နှင့်။ မေ၊ ငါ၏။ မေတ္တံ၊ မိတ်ဆွေအဖြစ် ချစ်မေတ္တာသည်။ ဟောတု၊ ဖြစ်ပါစေသတည်။ ဗဟုပ္ပဒေဟိ၊ များသော အခြေရှိသော သတ္တဝါတို့နှင့်။ မေ၊ ငါ၏။ မေတ္တံ၊ မိတ်ဆွေအဖြစ် ချစ်မေတ္တာသည်။ ဟောတု၊ ဖြစ်ပါစေသတည်။
၆၂။ အပါဒကော၊ အခြေမရှိသော သတ္တဝါမျိုးသည်။ မံ၊ ငါ့ကို။ မာ ဟိံသိ၊ မညှဉ်းဆဲပါစေလင့်။ ဒွိပါဒကော၊ အခြေနှစ်ချောင်းရှိသော သတ္တဝါမျိုးသည်။ မံ၊ ငါ့ကို။ မာ ဟိံသိ၊ မညှဉ်းဆဲပါစေလင့်။ စတုပ္ပဒေါ၊ အခြေလေးချောင်းရှိသော သတ္တဝါမျိုးသည်။ မံ၊ ငါ့ကို။ မာ ဟိံသိ၊ မညှဉ်းဆဲပါစေလင့်။ ဗဟုပ္ပဒေါ၊ များသောအခြေရှိသော သတ္တဝါမျိုးသည်။ မံ၊ ငါ့ကို။ မာ ဟိံသိ၊ မညှဉ်းဆဲပါစေလင့်။
၆၃။ သဗ္ဗေ၊ အလုံးစုံကုန်သော။ သတ္တာ၊ ငါးခန္ဓာဝယ် တွယ်တာတတ်စွာ သတ္တဝါတို့သည် လည်းကောင်း။ သဗ္ဗေ၊ အလုံးစုံကုန်သော။ ပါဏာ၊ အသက်ရှူတတ်သော သတ္တဝါတို့သည် လည်းကောင်း။ ကေဝလာ၊ အကြွင်းမရှိကုန်သော။ သဗ္ဗေ၊ အလုံးစုံကုန်သော။ ဘူတာ၊ ဖြစ်ပေါ်လာသော သတ္တဝါတို့သည် လည်းကောင်း။ သဗ္ဗေ၊ သတ္တဝါအကုန် အလုံးစုံတို့သည်။ ဘဒြာနိ၊ ကောင်းမြတ်သော ဣဋ္ဌာရုံတို့ကို။ ပဿန္တု၊ တွေ့ကြုံကြရပါစေကုန် သတည်း။ ကဉ္စိ၊ ဘယ်သူတစ်ဦးတစ်ယောက်သို့သော်မျှ။ ပါပံ၊ ဆင်းရဲဒုက္ခသည်။ မာ အဂမာ၊ မကျ မလာ မရောက်ပါစေလင့်။
၆၄။ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ အပ္ပမာဏော၊ ဂုဏ်တော်အားဖြင့် ချင့်နှိုင်းတိုင်းတာမရ ပမာဏ မရှိပါပေ။ ဓမ္မော၊ လောကုတ္တရာတရား ကိုးပါးသည်။ အပ္ပမာဏော၊ ဂုဏ်အရဖြင့် ဤမျှသာပြ တိုင်းတာမရ၍ ပမာဏ မရှိပါပေ။ သံဃော၊ အရိယာသံဃာတော်သည်။ အပ္ပမာဏော၊ လောကုတ္တရာတရား ကိုးပါးစုံညီ ဂုဏ်ရည်အရ တာမရ၍ ပမာဏ မရှိပါပေ။ အဟိ၊ မြွေလည်းကောင်း။ ဝိစ္ဆိကာ၊ ကင်းမြီးကောက် လည်းကောင်း။ သတပဒီ၊ ကင်းခြေများလည်းကောင်း။ ဥဏ္ဏနာဘီ၊ ပင့်ကူ လည်းကောင်း။ သရဗူ၊ အိမ်မြှောင်လည်းကောင်း။ မူသိကာ၊ ကြွက်လည်းကောင်း။ (ဣတိ ဣမာနိ ) သရီသပါနိ၊ ရင်ဖြင့်တွား၍ သွားတတ်သော ဤသတ္တဝါတို့ကား။ ပမာဏဝန္တာနိ၊ ကိလေသာဟု တိုင်းတာဖွယ်ရာ ပမာဏ ရှိကြပေကုန်၏။
၆၅။ မေ၊ ငါသည်။ ရက္ခာ၊ အကာအကွယ် အစောင့်အရှောက်ကို။ ကတာ၊ ပြုအပ်ပြီးပေပြီ။ မေ၊ ငါသည်။ ပရိတ္တံ၊ အရံအတားကို။ ကတံ၊ ပြုခဲ့ပြီးပေပြီ။ ဘူတာနိ၊ အန္တရာယ်ပြုတတ်သော သတ္တဝါတို့သည်။ ပဋိက္ကမန္တု၊ ဖဲခွါရှောင်ရှားကြကုန်လော့။ သောဟံ၊ ထိုငါသည်။ ဘဂဝတော၊ ပရိနိဗ္ဗာန် ဝင်စံခဲ့ကြ ရှေးဘုရားရှင် မှန်သမျှအား။ နမော၊ ရှိခိုးခြင်းကို။ (ကရောမ၊ ပြုလုပ်ပါ၏။) သတ္တန္နံ၊ ခုနစ်ဆူကုန်သော။ သမ္မာသမ္ဗုဒ္ဓါနံ၊ ဝိပဿီအစရှိသော ဘုရားရှင်တို့အား။ နမော၊ ရှိခိုးခြင်းကို။ (ကရောမိ၊ ပြုလုပ်ပါ၏။)
---
၅-မောရသုတ်ပါဠိ
၆၆။ ပူရေန္တံ ဗောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ မောရယောနိယံ။
ယေန သံဝိဟိတာ ရက္ခံ၊ မဟာသတ္တံ ဝနေစရာ။
၆၇။ စိရဿံ ဝါယမန္တာပိ၊ နေဝသက္ခိံသု ဂဏှိတုံ၊
“ဗြဟ္မမန္တ”န္တိ အက္ခာတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
၆၈။‘‘ဥဒေတယံ စက္ခုမာ ဧကရာဇာ,
ဟရိဿဝဏ္ဏော ပထဝိပ္ပဘာသော၊
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထဝိပ္ပဘာသံ,
တယာဇ္ဇ ဂုတ္တာ ဝိဟရေမု ဒိဝသံ။
၆၉။ ‘‘ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ,
တေ မေ နမော တေ စ မံ ပါလယန္တု၊
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ,
နမော ဝိမုတ္တာနံ နမော ဝိမုတ္တိယာ၊
ဣမံ သော ပရိတ္တံ ကတွာ,
မောရော စရတိ ဧသနာ’’။
၇၀။‘‘အပေတယံ စက္ခုမာ ဧကရာဇာ,
ဟရိဿဝဏ္ဏော ပထဝိပ္ပဘာသော၊
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထဝိပ္ပဘာသံ,
တယာဇ္ဇ ဂုတ္တာ ဝိဟရေမု ရတ္တိံ။
၇၁။ ‘‘ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ,
တေ မေ နမော တေ စ မံ ပါလယန္တု၊
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ,
နမော ဝိမုတ္တာနံ နမော ဝိမုတ္တိယာ၊
ဣမံ သော ပရိတ္တံ ကတွာ,
မောရော ဝါသ' မကပ္ပယိ’’။
မောရသုတ္တံ နိဋ္ဌိတံ။
---
မောရသုတ်နိဿယ
၆၆-၆၇။ ဟေ၊ အို ... သူတော်ကောင်းတို့။ ဗောဓိသမ္ဗာရေ၊ သဗ္ဗညုတဉာဏ် ရရန်ထောက်ကူ ပါရမီအဆောက်အဦတို့ကို။ ပူရေန္တံ၊ ဖြည့်ကျင့်ဆည်းပူး တော်မူသော။ မောရယောနိယံ၊ ဥဒေါင်းမျိုး၌။ နိဗ္ဗတ္တံ၊ ဖြစ်တော်မူသော။ ယေန ပရိတ္တေန၊ အကြင် မောရသုတ် ပရိတ်တော်ဖြင့်၊ သံဝိဟိတာရက္ခံ၊ ကောင်းစွာ ပြုစီရင်အပ်သည့် စောင့်ရှောက်ကာကွယ်မှုရှိသော။ မဟာသတ္တံ၊ ဘုရားအလောင်း ရွှေဥဒေါင်းမင်းကို။ ဝနေစရာ၊ ခုနှစ်ဆက်သောမုဆိုးတို့သည်။ စိရဿံ၊ နှစ်ပေါင်း ခုနှစ်ရာ ရှည်မြင့်ကြာအောင်။ ဝါယမန္တာပိ၊ ဖမ်းမိဖို့ရာ ကြိုးစားကြပါကုန်သော်လည်း။ ဂဏှိတုံ၊ လက်ရ ဖမ်းယူခြင်းငှာ။ နေဝ သက္ခိံသု၊ မတတ်နိုင်ကြကုန်သည် သာတည်း။ ဗြဟ္မမန္တန္တိ၊ ဗြဟ္မမန္တန် (= ထူးမြတ်သော မန္တန်တော်) ဟူ၍။ အက္ခာတံ၊ ရှင်တော်ဘုရား ချီးကျူးမြွက်ကြားတော်မူအပ်သော။ တံ ပရိတ္တံ၊ ထို မောရသုတ် ပရိတ်တော်ကို၊ မယံ၊ ငါတို့သည်။ ဘဏာမ၊ ရွတ်ကြပါကုန်စို့။
၆၈။ စက္ခုမာ၊ ကမ္ဘာသူ ကမ္ဘာသားတို့အား ပေးအပ်သောမျက်စိ ရှိပေထသော။ ဧကရာဇာ၊ အရောင်များတွင် ပြိုင်ယှဉ်ဖွယ်ကင်း တစ်ဦးတည်းသော မင်းဖြစ်ပေထသော။ ဟရိဿဝဏ္ဏော၊ ရွှေအဆင်းနှင့် တူသော အဆင်းရှိပေထသော။ ပထဝိပ္ပဘာသော၊ မြေပြင်၌ပြန့် အနှံ့ပင် ထွန်းလင်းတတ်ပေထသော။ အယံ၊ ဤနေမင်းသည်။ ဥဒေတိ၊ တက်ထွန်းပေါ်ထွက်လာပေ၏။ တံ တသ္မာ၊ ထို့ကြောင့်။ ဟရိဿဝဏ္ဏံ၊ ရွှေအဆင်းနှင့် တူသော အဆင်းရှိပေထသော။ ပထဝိပ္ပဘာသံ၊ မြေပြင်၌ပြန့် အနှံ့ပင် ထွန်းလင်းတတ်ပေထသော။ တံ၊ အရှင်နေမင်းကို။ နမဿာမိ၊ ရှိခိုးပါ၏။ တယာ၊ အရှင်နေမင်းသည်။ အဇ္ဇ၊ ယနေ့။ ဂုတ္တာ၊ စောင့်ရှောက်အပ်ကုန်သည်ဖြစ်၍။ မယံ၊ အကျွန်ုပ်တို့သည်။ ဒိဝသံ၊ တစ်နေ့တာပတ်လုံး။ ဝိဟရေမု၊ ချမ်းချမ်းသာသာ နေကြရပါကုန်အံ့။
၆၉။ ယေ ဗြဟ္မဏာ၊ ပယ်ရှားအပ်သည့် မကောင်းမှုရှိသော ဝိသုဒ္ဓိဗြဟ္မဏ အကြင်ဗုဒ္ဓ ရှင်တော်မြတ်တို့သည်။ သဗ္ဗဓမ္မေ၊ အလုံးစုံသော တရားတို့ကို။ ဝေဒဂူ၊ ဉာဏ်အမြင်အား ထင်ရှားပြုတုံ သိတော်မူကြကုန်၏။ တေ ဗြဟ္မဏာ၊ ထို ဗုဒ္ဓရှင်တော်မြတ်တို့သည်။ မေ၊ အကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းကို။ (ပဋိက္ကမန္တု၊ ခံယူတော် မူကြပါကုန်။) တေ၊ ထို ရှင်တော်မြတ်ဘုရားတို့သည်။ မံ စ၊ အကျွန်ုပ်ကိုလည်း။ ပါလယန္တု၊ စောင့်ရှောက်တော် မူကြပါကုန်။ ဗုဒ္ဓါနံ၊ ဘုရားရှင်တို့အား။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်ပါစေ။ ဗောဓိယာ၊ ဘုရားရှင်တို့၏ မဂ်ဉာဏ်ဖိုလ်ဉာဏ်အား။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်ပါစေ။ ဝိမုတ္တာနံ၊ အရဟတ္တဖိုလ် ဝိမုတ္တိဖြင့် ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဗုဒ္ဓအရှင်မြတ်တို့အား။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်ပါစေ။ ဝိမုတ္တိယာ၊ ရှင်တော်မြတ်တို့၏ ဝိမုတ္တိငါးပါးအား။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်ပါစေ။ (ဘိက္ခဝေ၊ ရဟန်းတို့။) သော မောရော၊ ထို ဥဒေါင်းမင်းသည်။ ဣမံ ပရိတ္တံ၊ ဤ ပရိတ်အရံအတားကို။ ကတွာ၊ ပြုလုပ်၍။ ဧသနာ ဧသနာယ၊ အစာရှာခြင်းငှာ။ စရတိ၊ လှည့်လည်၏။
၇၀။ စက္ခုမာ၊ ကမ္ဘာသူ ကမ္ဘာသားတို့အား ပေးအပ်သောမျက်စိ ရှိပေထသော။ ဧကရာဇာ၊ အရောင်များတွင် ပြိုင်ယှဉ်ဖွယ်ကင်း တစ်ဦးတည်းသောမင်း ဖြစ်ပေထသော။ ဟရိဿဝဏ္ဏော၊ ရွှေအဆင်းနှင့် တူသော အဆင်းရှိပေထသော။ ပထဝိပ္ပဘာသော၊ မြေပြင်၌ပြန့် အနှံ့ပင် ထွန်းလင်းတတ်ပေထသော။ အယံ၊ ဤနေမင်းသည်။ အပေတိ၊ အတ္တတောင်စွယ် ဝင်ပျောက်ကွယ်၏။ တံ တသ္မာ၊ ထို့ကြောင့်။ ဟရိဿဝဏ္ဏံ၊ ရွှေအဆင်းနှင့် တူသော အဆင်းရှိပေထသော။ ပထဝိပ္ပဘာသံ၊ မြေပြင်၌ပြန့် အနှံ့ပင် ထွန်းလင်းတတ်ပေထသော။ တံ၊ အရှင်နေမင်းကို။ နမဿာမိ၊ ရှိခိုးပါ၏။ တယာ၊ အရှင်နေမင်းသည်။ အဇ္ဇ၊ ယနေ့။ ဂုတ္တာ၊ စောင့်ရှောက်အပ်ကုန်သည်ဖြစ်၍။ မယံ၊ အကျွန်ုပ်တို့သည်။ ရတ္တိံ၊ တစ်ညတာပတ်လုံး။ ဝိဟရေမု၊ ချမ်းချမ်းသာသာ နေကြရပါကုန်အံ့။
၇၁။ ယေ ဗြဟ္မဏာ၊ ပယ်ရှားအပ်သည့် မကောင်းမှုရှိသော ဝိသုဒ္ဓိဗြဟ္မဏ အကြင်ဗုဒ္ဓ ရှင်တော်မြတ်တို့သည်။ သဗ္ဗဓမ္မေ၊ အလုံးစုံသော တရားတို့ကို။ ဝေဒဂူ၊ ဉာဏ်အမြင်အား ထင်ရှားပြုတုံ သိတော်မူကြကုန်၏။ တေ ဗြဟ္မဏာ၊ ထို ဗြဟ္မဏတို့သည်။ မေ၊ အကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းကို။ (ပဋိက္ကမန္တု၊ ခံယူတော် မူကြပါကုန်။) တေ၊ ထို ရှင်တော်မြတ်ဘုရားတိုသည်။ မံ စ၊ အကျွန်ုပ်ကိုလည်း။ ပါလယန္တု၊ စောင့်ရှောက်တော် မူကြပါကုန်။ ဗုဒ္ဓါနံ၊ ဘုရားရှင်တို့အား။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်ပါစေ။ ဗောဓိယာ၊ ဘုရားရှင်တို့၏ မဂ်ဉာဏ်ဖိုလ်ဉာဏ်အား။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်ပါစေ။ ဝိမုတ္တာနံ၊ အရဟတ္တဖိုလ် ဝိမုတ္တိဖြင့် ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဗုဒ္ဓအရှင်မြတ်တို့အား။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်ပါစေ။ ဝိမုတ္တိယာ၊ ရှင်တော်မြတ်တို့၏ ဝိမုတ္တိငါးပါးအား။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်ပါစေ။ (ဘိက္ခဝေ၊ ရဟန်းတို့။) သော မောရော၊ ထို ဥဒေါင်းမင်းသည်။ ဣမံ ပရိတ္တံ၊ ဤ ပရိတ်အရံအတားကို။ ကတွာ၊ ပြုလုပ်၍။ ဝါသံ၊ အိပ်တန်းတက်လေ ညအိပ်နေခြင်းကို။ အကပ္ပယိ၊ ပြုလေပြီ။
---
၆-ဝဋ္ဋသုတ်ပါဠိ
၇၂။ ပုရေန္တံ ဗောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ ဝဋ္ဋဇာတိယံ။
ယဿ တေဇေနေ ဒါဝဂ္ဂိ၊ မဟာသတ္တံ ဝိဝဇ္ဇယိ။
၇၃။ ထေရဿ သာရိပုတ္တဿ၊ လောကနာထေန ဘာသိတံ။
ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
၇၄။ အတ္ထိ လောကေ သီလဂုဏော၊
သစ္စံ သောစေယျ နုဒ္ဒယာ။
တေန သစ္စေန ကာဟာမိ၊
သစ္စကိရိယ' မုတ္တမံ။
၇၅။ အာဝဇ္ဇေတွာ ဓမ္မဗလံ၊ သရိတွာ ပုဗ္ဗကေ ဇိနေ။
သစ္စဗလ မဝဿာယ၊ သစ္စကိရိယ’ မကာသဟံ။
၇၆။ သန္တိ ပက္ခာ အပတနာ၊ သန္တိ ပါဒါ အဝဉ္စနာ။
မာတာ ပိတာ စ နိက္ခန္တာ၊ ဇာတဝေဒ ပဋိက္ကမ။
၇၇။ သဟ သစ္စေ ကတေ မယှံ၊
မဟာပဇ္ဇလိတော သိခီ။
ဝဇ္ဇေသိ သောဠသ ကရီသာနိ၊
ဥဒကံ ပတွာ ယထာ သိခီ။
သစ္စေန မေ သမော နတ္ထိ၊
ဧသာ မေ သစ္စပါရမီ။
ဝဋ္ဋသုတ္တံ နိဋ္ဌိတံ။
---
ဝဋ္ဋသုတ်နိဿယ
၇၂။ ဟေ၊ အို သူတော်ကောင်းတို့၊ ဗောဓိသမ္ဘာရေ၊ သဗ္ဗညုတဉာဏ် ရရန်ထောက်ကူ ပါရမီ အဆောက်အဦတို့ကို၊ ပူရေန္တံ၊ ဖြည့်ကျင့် ဆည်းပူးတော်မူသော။ ဝဋ္ဋဇာတိယံ၊ ငုံးမျိုး၌။ နိဗ္ဗတ္တံ၊ ဖြစ်တော်မူရသော။ မဟာသတ္တံ၊ ဘုရား အလောင်း ငုံးမင်းကို။ ယဿ ပရိတ္တဿ၊ အကြင် ဝဋ္ဋသုတ် ပရိတ်တော်၏။ တေဇေန၊ အစွမ်းအာနုဘော်ကြောင့်။ ဒါဝဂ္ဂိ၊ တောမီးသည်။ ဝိဝဇ္ဇယိ၊ ရှောင် ကွင်းလေပြီ။
၇၃။သာရိပုတ္တဿ၊ သာရိပုတ္တမည်သော။ ထေရဿ၊ မထေရ်အား။ လောကနာထေန၊ လောကသားတို့၏ အားထားကိုးကွယ်ရာ မြတ်စွာဘုရားသည်။ ဘာသိတံ၊ ဟောတော်မူအပ်သော။ ကပ္ပဋ္ဌာယိံ၊ တစ်ကမ္ဘာလုံးဆက် မပျက်အရှည် တည်သော သဘောရှိသော။ မဟာတေဇံ၊ ကြီးမားသော အစွမ်းအာနုဘော် ရှိသော။ တံ ပရိတ္တံ၊ ထို ဝဋ္ဋသုတ်ပရိတ်တော်ကို (မယံ၊ ငါတို့သည်။) ဘဏာမ၊ ရွတ်ကြကုန်စို့။
၇၄။ လောကေ၊ လောက၌။ သီလဂုဏော၊ သီလအကျင့်တရားသည် လည်းကောင်း။ သစ္စံ၊ သစ္စာတရားသည် လည်းကောင်း။ သောစေယျံ၊ စင်ကြယ်သည်၏ အဖြစ်သည် လည်းကောင်း။ အနုဒ္ဒယာ၊ မေတ္တာ ကရုဏာသည် လည်းကောင်း။ အတ္ထိ၊ ရှိ၏။ တေန သစ္စေန၊ ထို သစ္စာတရားဖြင့်။ ဥတ္တမံ၊ ထူးမြတ်သော။ သစ္စကိရိယံ၊ အမှန်ဖော်ကာ သစ္စာဆိုမှုကို။ ကာဟာမိ၊ ပြုပေတော့အံ့။
၇၅။ အဟံ၊ ငါသည်။ ဓမ္မဗလံ၊ တရားတော်၏ အစွမ်းအာနုဘော်ကို။ အာဝဇ္ဇေတွာ၊ ဆင်ခြင်၍။ ပုဗ္ဗကေ၊ ရှေးအခါက ပွင့်တော်မူကြကုန်သော။ ဇိနေ၊ ငါးမာရ်အောင်မြင် ရှင်တော်ဘုရားတို့ကို။ သရိတွာ၊ အောက်မေ့၍။ သစ္စဗလံ၊ သစ္စာ၏ အစွမ်းအာနဘော်ကို။ အဝဿာယ၊ အားကိုးတစ်ခု အမှီပြု၍။ သစ္စကိရိယံ၊ သစ္စာဆိုမှုကို။ အကာသိံ၊ ပြုခဲ့ပေပြီ။
၇၆။ မေ၊ ငါ့အား။ ပက္ခာ၊ အတောင်တို့သည်။ အတ္ထိ၊ ရှိကုန်၏။ အပတနာ၊ ပျံကား မပျံနိုင်ကုန်။ မေ၊ ငါအား။ ပါဒါ၊ ခြေတို့သည်။ သန္တိ၊ ရှိကုန်၏။ အဝဉ္စနာ၊ သွားကား မသွားနိုင်ကုန်။ မာတာပိတာ စ၊ ငါ့ကိုဆောင်မည့် အမိအဖတို့သည်လည်း။ နိက္ခန္တာ၊ အသက်ဘေးကြောင့် ရှောင်ပြေး ထွက်ခွါခဲ့ကုန်ပြီ။ ဇာတဝေဒ၊ အို တောမီး။ ပဋိက္ကမ၊ ပြန်၍ လှည့်သွား ရှောင်ရှားပါလေလော့။
၇၇။ မယံ၊ ငါဘုရားသည်။ သစ္စေ၊ သစ္စာဆိုမှုကို။ ကတေ၊ ပြုအပ်သည် ရှိသော်။ သဟ၊ သစ္စာဆိုသည်နှင့် တပြိုင်နက်။ သိခီ၊ မီးသည်။ ဥဒကံ၊ ရေသို့။ ပတွာ၊ ရောက်သည်ရှိသော်။ ဝဇ္ဇေတိ ယထာ၊ ငြိမ်းအေးပျောက်သေ ရှောင်လေဘိ သကဲ့သို့။ တထာ၊ ထို့အတူ။ မဟာပဇ္ဇလိတော၊ ကြီးမားသော အရှိန်အလျှံရှိသော။ သိခီ၊ တောမီးသည်။ သောဠသကရီသာနိ၊ တစ်ဆယ့်ခြောက်ပယ်စာ အကွာသို့ တိုင်အောင်။ ဝဇ္ဇေသိ၊ လုံးဝရုပ်သမ်း ငြိမ်းအေး ရှောင်ခွါလေပြီ။ မေ၊ ငါ၏။ သစ္စေန၊ သစ္စာတရားနှင့်။ သမော၊ တူသောတရားကား။ နတ္ထိ၊ မရှိတော့ပေ။ ဧသာ၊ ဤသစ္စာအမှုသည်။ မေ၊ ငါဘုရား၏။ သစ္စပါရမီ၊ ထွတ်ဖျားရောက်လာ သစ္စာပါရမီတော် ပေတည်း။
ဓဇဂ္ဂသုတ်ပါဠိ
၇၈။ ယဿာ နုဿရဏေနာပိ၊ အန္တလိက္ခေပိ ပါဏိနော။
ပတိဋ္ဌ မဓိဂစ္ဆန္တိ၊ ဘူမိယံ ဝိယ သဗ္ဗထာ၊
၇၉။ သဗ္ဗုပဒ္ဒဝဇာလမှာ၊ ယက္ခာစောရာဒိသမ္ဘဝါ။
ဂဏနာ န စ မုတ္တာနံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
၈၀။ ဧဝံ မေ သုတံ၊
ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ။
ဇေတဝနေ အနာထ ပိဏ္ဍိကဿ အာရာမေ။
၈၁။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ “ဘိက္ခဝေါ” တိ။
‘‘ဘဒန္တေ’’တိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။
ဘဂဝါ ဧတဒဝေါစ –
‘‘ဘူတပုဗ္ဗံ, ဘိက္ခဝေ,
ဒေဝါသုရသင်္ဂါမော သမုပဗျူဠှော အဟောသိ။
အထ ခေါ, ဘိက္ခဝေ, သက္ကော ဒေဝါနမိန္ဒော
ဒေဝေ တာဝတိံသေ အာမန္တေသိ –
‘သစေ, မာရိသာ, ဒေဝါနံ သင်္ဂါမဂတာနံ ဥပ္ပဇ္ဇေယျ
ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ,
မမေဝ တသ္မိံ သမယေ ဓဇဂ္ဂံ ဥလ္လောကေယျာထ။
မမဉှိ ဝေါ ဓဇဂ္ဂံ ဥလ္လောကယတံ
ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ
လောမဟံသော ဝါ, သော ပဟီယိဿတိ’။
၈၂။ ‘နော စေ မေ ဓဇဂ္ဂံ ဥလ္လောကေယျာထ,
အထ ပဇာပတိဿ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကေယျာထ။
ပဇာပတိဿ ဟိ ဝေါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ
ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ,
သော ပဟီယိဿတိ’။
၈၃။‘နော စေ ပဇာပတိဿ ဒေဝါရာဇဿ ဓဇဂ္ဂံ ဥလ္လောကေယျာထ,
အထ ဝရုဏဿ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကေယျာထ။
ဝရုဏဿ ဟိ ဝေါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ
ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ,
သော ပဟီယိဿတိ’။
၈၄။ ‘နော စေ ဝရုဏဿ ဒေဝါရာဇဿ ဓဇဂ္ဂံ ဥလ္လောကေယျာထ,
အထ ဤသာနဿ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကေယျာထ။
ဤသာနဿ ဟိ ဝေါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ
ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ,
သော ပဟီယိဿတိ’။
၈၅။‘‘တံ ခေါ ပန, ဘိက္ခဝေ,
သက္ကဿ ဝါ ဒေဝါနမိန္ဒဿ ဓဇဂ္ဂံ ဥလ္လောကယတံ,
ပဇာပတိဿ ဝါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ,
ဝရုဏဿ ဝါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ,
ဤသာနဿ ဝါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ
ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ,
သော ပဟီယေထာပိ နောပိ ပဟီယေထ။
၈၆။‘‘တံ ကိဿ ဟေတု?
သက္ကော ဟိ, ဘိက္ခဝေ, ဒေဝါနမိန္ဒော
အဝီတရာဂေါ အဝီတဒေါသော အဝီတမောဟော
ဘီရု ဆမ္ဘီ ဥတြာသီ ပလာယီတိ။
၈၇။‘‘အဟဉ္စ ခေါ, ဘိက္ခဝေ, ဧဝံ ဝဒါမိ –
‘သစေ တုမှာကံ, ဘိက္ခဝေ,
အရညဂတာနံ ဝါ ရုက္ခမူလဂတာနံ ဝါ သုညာဂါရဂတာနံ ဝါ
ဥပ္ပဇ္ဇေယျ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ,
မမေဝ တသ္မိံ သမယေ အနုဿရေယျာထ –
၈၈။"ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ
ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ
အနုတ္တရော ပုရိသဒမ္မသာရထိ သတ္ထာ ဒေဝမနုဿာနံ
ဗုဒ္ဓေါ ဘဂဝါ’တိ။
၈၉။ မမံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ
ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ၊
သော ပဟီယိဿတိ။
၉၀။ ‘နော စေ မံ အနုဿရေယျာထ,
အထ ဓမ္မံ အနုဿရေယျာထ –
၉၁။‘သွာက္ခာတော ဘဂဝတာ ဓမ္မော
သန္ဒိဋ္ဌိကော အကာလိကော
ဧဟိပဿိကော ဩပနေယျိကော
ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟီ’တိ။
၉၂။ ဓမ္မံ ဟိ ဝေါ, ဘိက္ခဝေ, အနုဿရတံ
ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ,
သော ပဟီယိဿတိ။
၉၃။‘‘နော စေ ဓမ္မံ အနုဿရေယျာထ,
အထ သံဃံ အနုဿရေယျာထ –
၉၄။‘သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော
ဥဇုပ္ပဋိပန္နော ဘဂဝတောသာဝကသံဃော
ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော
သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော,
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ၊
ဧသ ဘဂဝတော သာဝကသံဃော, အာဟုနေယျော၊
ပါဟုနေယျော ဒက္ခိဏေယျော အဉ္ဇလိကရဏီယော,
အနုတ္တရံ ပုညက္ခေတ္တံ လောကဿာ’တိ။
၉၅။ သံဃံ ဟိ ဝေါ, ဘိက္ခဝေ, အနုဿရတံ
ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ,
သော ပဟီယိဿတိ။
၉၆။‘‘တံ ကိဿ ဟေတု?
တထာဂတော ဟိ, ဘိက္ခဝေ, အရဟံ သမ္မာသမ္ဗုဒ္ဓေါ
ဝီတရာဂေါ ဝီတဒေါသော ဝီတမောဟော
အဘီရု အစ္ဆမ္ဘီ အနုတြာသီ အပလာယီ’’တိ။
၉၇။ ဣဒမဝေါစ ဘဂဝါ။ ဣဒံ ဝတွာန သုဂတော
အထာပရံ ဧတဒဝေါစ သတ္ထာ –
၉၈။‘‘အရညေ ရုက္ခမူလေ ဝါ, သုညာဂါရေဝ ဘိက္ခဝေါ၊
အနုဿရေထ သမ္ဗုဒ္ဓံ, ဘယံ တုမှာက နော သိယာ။
၉၉။‘နော စေ ဗုဒ္ဓံ သရေယျာထ, လောကဇေဋ္ဌံ နရာသဘံ၊
အထ ဓမ္မံ သရေယျာထ, နိယျာနိကံ သုဒေသိတံ။
၁၀၀။ ‘နော စေ ဓမ္မံ သရေယျာထ, နိယျာနိကံ သုဒေသိတံ၊
အထ သံဃံ သရေယျာထ, ပုညက္ခေတ္တံ အနုတ္တရံ။
၁၀၁။‘ဧဝံ ဗုဒ္ဓံ သရန္တာနံ, ဓမ္မံ သံဃဉ္စ ဘိက္ခဝေါ၊
ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ, လောမဟံသော န ဟေဿတီ’’တိ။
ဓဇဂ္ဂသုတ္တံ နိဋ္ဌိတံ။
ဓဇဂ္ဂသုတ်နိဿယ
၇၈-၇၉။ ဟေ၊ အို .. သူတော်ကောင်းတို့။ ယဿ ပရိတ္တဿ၊ အကြင် ဓဇဂ္ဂသုတ် ပရိတ်တော်ကို။ အနုဿရဏေနာပိ၊ အောက်မေ့ရုံမျှ ဖြင့်သော်လည်း။ ပါဏိနော၊ သတ္တဝါတို့သည်။ အန္တလိက္ခေ၊ ကောင်းကင်၌သော်ပင်။ ဘူမိယံ ဝိယ၊ မြေပေါ်၌ကဲ့သို့။ သဗ္ဗထာ၊ ခပ်သိမ်းသောအခြင်းအရာအားဖြင့်။ ပတိဋ္ဌံ၊ ထောက်တည်ရာကို။ အဓိဂစ္ဆန္တိ၊ ရရှိကြကုန်၏။ ယက္ခစောရာဒိသမ္ဘဝါ၊ ဘီလူး သူခိုးစသည်တို့ကြောင့် ဖြစ်ပေါ်လာသော။ သဗ္ဗုပဒ္ဒဝဇာလမှာ၊ ဘေးရန်ခပင်း ပိုက်ကွန်တွင်းမှ။ မုတ္တာနံ၊ လွတ်မြောက်ကြရသူတို့၏။ ဂဏနာ စ၊ အရေအတွကသည်းလည်း။ န၊ မရှိတော့ပါပေ။ တံ ပရိတ္တံ၊ ထို ဓဇဂ္ဂသုတ် ပရိတ်တော်ကို။ (မယံ၊ ငါတို့သည်။) ဘဏာမ၊ ရွတ်ကြကုန်စို့။
၈၀။ (ဘန္တေ၊ အရှင်ဘုရား။) မေ၊ တပည့်တော်သည်။ ဧဝံ၊ ဤသို့။ သုတံ၊ နာခံမှတ်သား ကြားခဲ့ရပါ၏။ ဧကံ၊ တပါးသော။ သမယံ၊ အခါ၌။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ သာဝတ္ထိယံ၊ သာဝတ္ထိနေပြည်တော်၌။ ဇေတဝနေ၊ ဇေတဝန် မည်သော။ အနာထပိဏ္ဍိကဿ၊ အနာထပိဏ်သူဌေး၏။ အာရာမေ၊ ကျောင်း တိုက်၌။ ဝိဟရတိ၊ သီတင်းသုံး တော်မူပါ၏။
၈၁။ တတြ ခေါ၊ ထိုဇေတဝန်ကျောင်းတော်၌ပင်။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဘိက္ခူ၊ ရဟန်းတို့ကို။ ဘိက္ခဝေါတိ၊ ရဟန်းတို့ဟူ၍။ အာမန္တေသိ၊ ခေါ်တောမူပြီ။ ဘဒန္တေ တိ၊ အရှင်ဘုရားဟူ၍။ တေ ဘိက္ခူ၊ ထိုရဟန်းတို့သည်။ ဘဂဝတော၊ မြတ်စွာဘုရား၏ မိန့်ခေါ်ခြင်းကို။ ပစ္စဿောသုံ၊ စကားတုံ့ပြန် ခံယူကြကုန်ပြီ။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဧတံ၊ ဤစကားကို။ အဝေါစ၊ မိန့်တော်မူပြီ။
ဘိက္ခဝေ၊ ရဟန်းတို့။ ဘူတပုဗ္ဗံ၊ ရှေး၌ဖြစ်ဘူးသည်ကား။ ဒေဝါသူရသင်္ဂါမော၊ နတ်တာဝတိံသာ အသူရာတို့၏ စစ်သည်။ သမုပဗျူဠော၊ ပြင်ဆင်ခြင်းပြု စုရုံးမှုသည်။ အဟောသိ၊ ဖြစ်ပြီ။ ဘိက္ခဝေ၊ ရဟန်းတို့။ အထခေါ၊ ထိုအခါ၌။ ဒေဝါနမိန္ဒော၊ နတ်တို့အရှင် ဘုရင်ဖြစ်သော။ သက္ကော၊ သိကြားမင်းသည်။ တာဝတိံသေ ဒေဝေ၊ တာဝတိံသာနတ်တို့ကို။ အာမန္တေသိ၊ မိန့်ဆိုပြီ။ မာရိသာ၊ ဆင်းရဲမဲ့ငြား မောင်နတ်သားတို့။ သင်္ဂါမဂတာနံ၊ စစ်မြေပြင်၌ ရောက်နေကြကုန်သော။ ဒေဝါနံ၊ အမောင်နတ်တို့အား။ ဘယံ ဝါ၊ ကြောက်လန့်ခြင်းသည် လည်းကောင်း။ ဆမ္ဘိတတ္ထံ ဝါ၊ နှလုံးသားခုန် ကိုယ်တုန်လှုပ်ခြင်းသည် လည်းကောင်း။ လောမဟံသော ဝါ၊ မွေးညှင်းရွှင်ပျ ကြက်သီးထခြင်းသည် လည်းကောင်း။ သစေ ဥပ္ပဇ္ဇေယျ၊ အကယ်၍ ဖြစ်ငြားအံ့။ တသ္မိံ သမယေ၊ ထိုအခါ၌။ မမေဝ၊ ငါ၏သာလျင်။ ဓဇဂ္ဂံ၊ အလံတော်ထိပ်ဖျားကို။ ဥလ္လောကေယျာထ၊ မော်ကြည့်ကြကုန်လော့။ ဟိ၊ မော်ကြည့်ဖို့ကောင်း အကြောင်းကို ဆိုရသော်။ မမံ၊ ငါ၏။ ဓဇဂ္ဂံ၊ အလံတော်ထိပ်ဖျားကို။ ဥလ္လောကယတံ၊ မော်ကြည့်ကြကုန်သော။ ဝေါ၊ သင်တို့အား။ ယံ ဘယံ ဝါ၊ အကြင် ကြောက်လန့်ခြင်းသည် လည်းကောင်း။ ယံ ဆမ္ဘိတတ္တံ ဝါ၊ အကြင် နှလုံးသားခုန် ကိုယ်တုန်လှုပ်ခြင်းသည် လည်းကောင်း။ ယော လောမဟံသော ဝါ၊ အကြင် မွေးညှင်းရွှင်ပျ ကြက်သီးထခြင်းသည် လည်းကောင်း။ ဘဝိဿတိ၊ ဖြစ်ပေလတ္တံ့။ သော၊ ထိုကြောက်လန့်ခြင်း တုန်လှုပ်ခြင်း ကြက်သီးထခြင်း မှန်သမျှကို။ ပဟီယိဿတိ၊ ပယ်ဖျောက်အပ်ပေလတ္တံ့။
၈၂။ မေ၊ ငါ၏။ ဓဇဂ္ဂံ၊ အလံတော်ထိပ်ဖျားကို။ နော စေ ဥလ္လောကေယျာထ၊ အကယ်၍ မကြည့်မိကုန်ငြားအံ့။ အထ၊ ထိုသို့ မကြည့်မိကုန်သည်ရှိသော်။ ပဇာပတိဿ၊ ပဇာပတိမည်သော။ ဒေဝရာဇဿ၊ နတ်မင်း၏။ ဓဇဂ္ဂံ၊ အလံတော် ထိပ်ဖျားကို။ ဥလ္လောကေယျာထ၊ မောကြည့်ကြကုန်လော့။ ဟိ၊ မော်ကြည့်ရခြင်း အကြောင်းကား။ ပဇာပတိဿ၊ ပဇာပတိမည်သော။ ဒေဝရာဇဿ၊ နတ်မင်း၏။ ဓဇဂ္ဂံ၊ အလံတော် ထိပ်ဖျားကို။ ဥလ္လောကယတံ၊ မော်ကြည့်ကြကုန်သော။ ဝေါ၊ သင်တို့အား။ ယံ ဘယံ ဝါ၊ အကြင် ကြောက်လန့်ခြင်းသည် လည်းကောင်း။ ယံ ဆမ္ဘိတတ္တံ ဝါ၊ အကြင် ကိုယ်တုန်လှုပ်ခြင်းသည် လည်းကောင်း။ ယော လောမဟံသော ဝါ၊ အကြင် ကြက်သီး ထခြင်းသည် လည်းကောင်း။ ဘဝိဿတိ၊ ဖြစ်ပေလတ္တံ့။ သော၊ ထို ကြောက်ခြင်းတုန်လှုပ်ခြင်း ကြက်သီးထခြင်းကို။ ပဟီယိဿတိ၊ ပယ်ဖျောက်ပေလတ္တံ့။
၈၃။ ပဇာပတိဿ၊ ပဇာပတိမည်သော။ ဒေဝရာဇဿ၊ နတ်မင်း၏။ ဓဇဂ္ဂံ၊ အလံတော်ထိပ်ဖျားကို။ နော စေ ဥလ္လောကေယျာထ၊ အကယ်၍ မကြည့်မိကုန်ငြားအံ့။ အထ၊ ထိုသို့ မကြည့်မိကုန်သည်ရှိသော်။ ဝရုဏဿ၊ ဝရုဏမည်သော။ ဒေဝရာဇဿ၊ နတ်မင်း၏။ ဓဇဂ္ဂံ၊ အလံတော် ထိပ်ဖျားကို။ ဥလောကေယျာထ၊ မောကြည့်ကြကုန်လော့။ ဟိ၊ မော်ကြည့်ရခြင်း အကြောင်းကား။ ဝရုဏဿ၊ ဝရုဏမည်သော။ ဒေဝရာဇဿ၊ နတ်မင်း၏။ ဓဇဂ္ဂံ၊ အလံတော် ထိပ်ဖျားကို။ ဥလ္လောကယတံ၊ မော်ကြည့်ကြကုန်သော။ ဝေါ၊ သင်တို့အား။ ယံ ဘယံ ဝါ၊ အကြင် ကြောက်လန့်ခြင်းသည် လည်းကောင်း။ ယံ ဆမ္ဘိတတ္တံ ဝါ၊ အကြင် ကိုယ်တုန်လှုပ်ခြင်းသည် လည်းကောင်း။ ယော လောမဟံသော ဝါ၊ အကြင် ကြက်သီး ထခြင်းသည် လည်းကောင်း။ ဘဝိဿတိ၊ ဖြစ်ပေလတ္တံ့။ သော၊ ထို ကြောက်ခြင်းတုန်လှုပ်ခြင်း ကြက်သီးထခြင်းကို။ ပဟီယိဿတိ၊ ပယ်ဖျောက်ပေလတ္တံ့။
၈၄။ ဝရုဏဿ၊ ဝရုဏမည်သော။ ဒေဝရာဇဿ၊ နတ်မင်း၏။ ဓဇဂ္ဂံ၊ အလံတော်ထိပ်ဖျားကို။ နော စေ ဥလ္လောကေယျာထ၊ အကယ်၍ မကြည့်မိကုန်ငြားအံ့။ အထ၊ ထိုသို့ မကြည့်မိကုန်သည်ရှိသော်။ ဤသာနဿ၊ ဤသာနမည်သော။ ဒေဝရာဇဿ၊ နတ်မင်း၏။ ဓဇဂ္ဂံ၊ အလံတော် ထိပ်ဖျားကို။ ဥလောကေယျာထ၊ မောကြည့်ကြကုန်လော့။ ဟိ၊ မော်ကြည့်ရခြင်း အကြောင်းကား။ ဤသာနဿ၊ ဤသာနမည်သော။ ဒေဝရာဇဿ၊ နတ်မင်း၏။ ဓဇဂ္ဂံ၊ အလံတော် ထိပ်ဖျားကို။ ဥလ္လောကယတံ၊ မော်ကြည့်ကြကုန်သော။ ဝေါ၊ သင်တို့အား။ ယံ ဘယံ ဝါ၊ အကြင် ကြောက်လန့်ခြင်းသည် လည်းကောင်း။ ယံ ဆမ္ဘိတတ္တံ ဝါ၊ အကြင် ကိုယ်တုန်လှုပ်ခြင်းသည် လည်းကောင်း။ ယော လောမဟံသော ဝါ၊ အကြင် ကြက်သီး ထခြင်းသည် လည်းကောင်း။ ဘဝိဿတိ၊ ဖြစ်ပေလတ္တံ့။ သော၊ ထို ကြောက်ခြင်းတုန်လှုပ်ခြင်း ကြက်သီးထခြင်းကို။ ပဟီယိဿတိ၊ ပယ်ဖျောက်ပေလတ္တံ့။
၈၅။ ဘိက္ခဝေ၊ ရဟန်းတို့။ ဒေဝါနမိန္ဒဿ၊ နတ်တို့၏အရှင် ဘုရင်ဖြစ်သော။ သက္ကဿ၊ သိကြားမင်း၏။ တံ ခေါ ပန ဓဇဂ္ဂံ၊ ထို အလံတော်ထိပ်ဖျားကို။ ဥလ္လောကယတံ ဝါ၊ မော်ကြည့်ကြသော နတ်တို့အား လည်းကောင်း။ ပဇာပတိဿ၊ ပဇာပတိ မည်သော။ ဒေဝရာဇဿ၊ နတ်မင်း၏။ တံ ခေါ ပန ဓဇဂ္ဂံ၊ ထို အလံတော် ထိပ်ဖျားကို။ ဥလ္လောကယတံ ဝါ၊ မော်ကြည့်ကြသော နတ်တို့အား လည်းကောင်း။ ဝရဏဿ၊ ဝရဏမည်သော။ ဒေဝရာဇဿ၊ နတ်မင်း၏။ တံ ခေါ ပန ဓဇဂ္ဂံ၊ ထို အလံတော် ထိပ်ဖျားကို။ ဥလ္လောကယတံ ဝါ၊ မော်ကြည့်ကြသော နတ်တို့အား လည်းကောင်း။ ဤသာနဿ၊ ဤသာန မည်သော။ ဒေဝရာဇဿ၊ နတ်မင်း၏။ တံ ခေါ ပန ဓဇဂ္ဂံ၊ ထို အလံတော် ထိပ်ဖျားကို။ ဥလ္လောကယတံ ဝါ၊ မော်ကြည့်ကြသော နတ်တို့အား လည်းကောင်း။ ယံ ဘယံ ဝါ၊ အကြင် ကြောက်လန့်ခြင်းသည် လည်းကောင်း။ ယံ ဆမ္ဘိတတ္တံ ဝါ၊ အကြင် ကိုယ်တုန်လှုပ်ခြင်းသည် လည်းကောင်း။ ယော လောမဟံသော ဝါ၊ အကြင် ကြက်သီးထခြင်းသည် လည်းကောင်း။ ဘဝိဿတိ၊ ဖြစ်ပေလတ္တံ့။ သော၊ ထိုကြောက်ခြင်း တုန်လှုပ်ခြင်း ကြက်သီးထခြင်းကို။ ပဟီယေထာပိ၊ ပယ်ဖျောက်အပ်သည်လည်း ရှိရာ၏။ နောပ ပဟီယေထ၊ မပယ်ဖျောက်အပ်သည်လည်း ရှိရာ၏။
၈၆။ တံ၊ ထို ကြောက်ခြင်းစသည် ပျောက် မပျောက် နှစ်မျိုးဖြစ်ရခြင်းသည်။ ကိဿ ဟေတု၊ အဘယ် အကြောင်းကြောင့်နည်း။ ဘိက္ခဝေ၊ ရဟန်းတို့။ ဟိ ယသ္မာ၊ အကြင်ကြောင့်။ ဒေဝါနမိန္ဒော၊ နတ်တို့၏အရှင် ဘုရင်ဖြစ်သော။ သက္ကော၊ သိကြားမင်းသည်။ အဝီတရာဂေါ၊ မကင်းသေးသော ရာဂရှိ၏။ အဝီတဒေါသော၊ မကင်းသေးသော ဒေါသရှိ၏။ အဝီတမောဟော၊ မကင်းသေးသော မောဟရှိ၏။ ဘီရု၊ ကြောက်တတ်၏။ ဆမ္ဘီ၊ ကိုယ်တုန်လှုပ် တတ်၏။ ဥတြာသီ၊ ထိတ်လန့်တတ်၏။ ပလာယီတိ၊ ထွက်ပြေးတတ်၏။ ဣတိ၊ ထို့ကြောင့်ပင်တည်း။
၈၇။ ဘိက္ခဝေ၊ ရဟန်းတို့။ အဟဉ္စ ခေါ၊ ငါဘုရားသည်ကား။ ဧဝံ၊ ဤသို့။ ဝဒါမိ၊ ဟောတော်မူ၏။ ဘိက္ခဝေ၊ ရဟန်းတို့။ အရညဂတာနံ ဝါ၊ တောအရပ်သို့ ကပ်ရောက်သည်မူလည်း ဖြစ်ကုန်သော။ ရုက္ခမူလဂတာနံ ဝါ၊ သစ်ပင်ရင်းသို့ ကပ်ရောက်သည်မူလည်း ဖြစ်ကုန်သော။ သုညာဂါရဂတာနံ ဝါ၊ ဆိတ်ငြိမ်ရာအရပ်သို့ ကပ်ရောက်သည်မူလည်း ဖြစ်ကုန်သော။ တုမှာကံ၊ သင်တို့အား။ ဘယံ ဝါ၊ ကြောက်လန့်ခြင်းသည်လည်းကောင်း။ ဆမ္ဘိတတ္ထံ ဝါ၊ ကိုယ်တုန်လှုပ်ခြင်း သည်လည်းကောင်း။ လောမဟံသော ဝါ၊ ကြက်သီးထခြင်းသည် လည်းကောင်း။ သစေ ဥပ္ပဇ္ဇေယျ၊ အကယ်၍ ဖြစ်ငြားအံ့။ တသ္မိံ သမယေ၊ ထိုအခါ၌။ မမေဝ၊ ငါဘုရားကိုသာလျှင်။ အနုဿရေယျာထ၊ အဖန်တလဲလဲ အောက်မေ့ကြကုန်လော့။
(၈၈) သော ဘဂဝါ၊ ဘုန်းတော်ခြောက်စုံ ဂုဏ်တော်ထင်ရှား ထို ရှင်တော် မြတ်ဘုရားသည်။ ဣတိပိ၊ အရဟတ္တ မဂ်အရဖြင့် ဗုဒ္ဓဂုဏ်အင် စုံလင်ခဲ့ရာ ဗြဟ္မာ, နတ်, လူ သုံးဘုံသူတို့၏ အလှူတော်အတန်တန် အပူဇော်မှန်သမျှ ခံတော်မူထိုက် နှစ်ခြိုက်ဖွယ်ကောင်း ဤအကြောင်းကြောင့်လည်း။ အရဟံ၊ အရဟဟု သုံးတန်ဘုံခွင် လွင်တလူလူ ကျော်ကြားတော်မူပါပေသတည်း။
သော ဘဂဝါ၊ ဘုန်းတော်ကြီးမား ထိုရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ အမှန်တိုင်းသာ ဆရာမပြ သဘာဝဖြင့် ဓမ္မဖုံဖုံ တရားစုံကို အကုန်သိတောင်း ဤအကြောင်းကြောင့်လည်း။ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓ ဘွဲ့တော်ရလျှက် လောကတစ်ခွင် ထင်ထင်ပေါ်ပေါ် ကျော်ကြားတော်မူပါပေသတည်း။
သော ဘဂဝါ၊ ဘုန်းတော်ကြီးမား ထိုရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဝိဇ္ဇာဉာဏ်နှင့် အကျင့်စရဏ ပြည့်ဝစုံလင် ဂုဏ်တင်ဖွယ်ကောင်း ဤအကြောင်းကြောင့်လည်း။ ဝိဇ္ဇာစရဏသမ္ပန္နော၊ ဝိဇ္ဇာစရဏသမ္မန္နဟု လောကတစ်ခွင် ထာဝစဉ် ထင်ပေါ် ကျော်ကြားတော်မူပါပေသတည်း။
သော ဘဂဝါ၊ ဘုန်းတော်, ကံတော်, ဉာဏ်တော်ကြီးမား ထိုရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ စကားကောင်းဆို နိဗ္ဗာန်ကိုကြွ ဗုဒ္ဓဖြစ်ထိ လွဲမရှိဘဲ သတိ, သမ္ပဇဉ် မြဲယှဉ်ကောင်းစွာ လာတော်မူတတ် သိမှတ်ဖွယ်ကောင်း ဤအကြောင်းကြောင့်လည်း။ သုဂတော၊ သုဂတဟု ဂုဏမြတ်မွန် တံခွန်ထူကာ ကျော်ကြားတော် မူပါပေသတည်း။
သော ဘဂဝါ၊ ဘုန်းတော်ခြောက်ပါးသခင် ထိုရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ သတ္တဝါအဖုံဖုံ ဘုံအနန္တ သင်္ခါရဟု လောကအစုံ အကုန်သိတတ် မြတ်, အရည်ကောင်း ဤအကြောင်းကြောင့်လည်း။ လောကဝိဒူ၊ လောကဝိဒူ တံခွန်ထူ လျက် ဝှန်ဆူဖြိုးမော် ကျော်ကြားတော်မူပါပေသတည်း။
သော ဘဂဝါ၊ နတ်လူလေးမြတ် ဆည်ကပ်အပ်သား ထိုရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ သီလစသည် ဂုဏ်အရည်ဖြင့် မီသူကင်းကွာ သာသူမထင် ဂုဏ်တင်ဖွယ်ကောင်း ဤအကြောင်း ကြောင့်လည်း အနုတ္တရော၊ အနုတ္တရ ဘွဲ့တော်ရလျှက် လောကလုံးတွင် ထင်ထင်ရှားရှား ကျော်ကြားတော် မူပါပေသတည်း။
သော ဘဂဝါ၊ ဘုန်းတော်ကြီးမား ထိုရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဆုံးမထိုက်သူ နတ်နှင့်လူကို ကျင့်မူလုံးဝ အသုံးကျအောင် ဆုံးမပဲ့ပြင် သွန်သင်ပေတတ် မြတ်အရည်ကောင်း ဤအကြောင်းကြောင့်လည်း။ ပုရိသဒမ္မသာရထိ၊ ပုရိသဒမ္မသာရထိ ဂုဏ်အရှိဖြင့် နှံ့သိကြေညာ ကျော်ကြားတော် မူပါပေသတည်း။
သော ဘဂဝါ၊ ဘုန်းခြောက်ပါးသခင် ထိုရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ကုန်သည်ကြီးမှူး ဦးစီပမာ သတ္တဝါတို့ကို သံသရာတစ်ဝှမ်း ခရီးကြမ်းမှ ရွှေနန်းနိဗ္ဗူ ထုတ်ကယ်ယူလျက် နတ်လူဗြဟ္မာ မြတ်ဆရာဟု မှတ်စရာအရည်ကောင်း ဤ အကြောင်းကြောင့်လည်း။ သတ္ထာဒေဝမနုဿာနံ၊ သတ္ထာဒေဝမနုဿာနံ ခေတ်လုံးလျှံအောင် ဆူညံခြိမ့်ဝေ ကျော်ကြားတော်မူပါပေသတည်း။
သော ဘဂဝါ၊ ဘုန်းတော်ကြီးမား ထိုရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ သစ္စာလေးတန် တရားမှန်ကို ရွှေဉာဏ်တော်ထူး မဂ်အမှူးဖြင့် မြင်သိတော်မူ နတ်လူတစ်တွေ မြင်သိစေတတ် လက်ဦးတွင်ဘိ ထူးမြတ်ဘိတောင်း ဤအကြောင်းကြောင်လည်း။ ဗုဒ္ဓေါ၊ ဗုဒ္ဓနာမံ ဘွဲ့တော်ခံလျှက် သုံးတန်ဘုံဘွေ ထင်ရှားတော်မူပါပေသတည်း။
သော ဘဂဝါ၊ လောကထွတ်တင် ထိုရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဣဿရိယ စသည်ခြောက်ဆင့် ဘုန်းပန်းပွင့်တွေ တင့်ဝေဘိတောင်း ဤအကြောင်းကြောင့်လည်း။ ဘဂဝါ၊ ဘဂဝါဟု သူငါပြောရ လောကတစ်ခွင် ထာဝစဉ်ထင်ပေါ် ကျော်ကြားတော်မူပါပေသတည်း။
ဣတိ၊ ဤသို့။ အနုဿရေယျာထ၊ အဖန်တလဲလဲ အောက်မေ့ကြကုန်လော့။
၈၉။ ဟိ၊ အောက်မေ့ရခြင်း အကြောင်းမှာ။ ဘိက္ခဝေ၊ ရဟန်းတို့။ မမ၊ ငါဘုရားကို။ အနုဿရတံ၊ အဖန်တလဲလဲ အောက်မေ့ကြကုန်သော။ ဝေါ၊ သင်တို့အား။ ယံ ဘယံ ဝါ၊ အကြင်ကြောက်လန့်ခြင်းသည် လည်းကောင်း။ ယံ ဆမ္ဘိတတ္တံ ဝါ၊ အကြင် ကိုယ်တုန်လှုပ်ခြင်းသည် လည်းကောင်း။ ယော လောမဟံသော ဝါ၊ အကြင် ကြက်သီးထခြင်း လည်းကောင်း။ ဘဝိဿတိ၊ ဖြစ်ပေလတ္တံ့။ သော၊ ထိုကြောက်ခြင်း တုန်လှုပ်ခြင်း ကြက်သီထခြင်းကို။ ပဟီယိဿတိ၊ ပယ်ဖျောက်ပေလတ္တံ့။
၉၀။ မံ၊ ငါဘုရားကို။ နော စေ အနုဿရေယျာထ၊ အကယ်၍ မအောက်မေ့ မိကုန်သည်ဖြစ်အံ့။ အထ၊ ထိုသို့ မအောက်မေ့မိကုန်သည်ရှိသော်။ ဓမ္မံ၊ တရားတော်ကို။ အနုဿရေယျာထ၊ အောက်မေကြကုန်လော့။
၉၁။ ဘဂဝတာ၊ သုံးလူထွတ်ထား ရှင်တော်မြတ်ဘုရားသည်။ ဓမ္မော၊ မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မက္ခန်, ပရိယတ် ဆယ်ပါးသော တရားတော်မြတ်ကို။ သွာက္ခာတော၊ ကောင်းခြင်းသုံးဖြာ စုံညီညာလျှက် အနက်သဒ္ဒါ ဝေဆာစုံလင် ဂုဏ်တင်ဖွယ်မှန် ကျင့်ရန်လျှောက်ပတ် ကောင်းစွာ ဟောကြားတော်မူအပ်ပါပေ၏။
ဘဂဝတာ၊ သုံးလူထွတ်ထား ရှင်တော်မြတ်ဘုရားသည်။ သွာက္ခာတော၊ နည်းစုံလောင်းကာ ကောင်းစွာသတ်မှတ် ဟောကြားတော်မူအပ်သော။ ဓမ္မော၊ မဂ်ဖိုလ်နိဗ္ဗာန် ကိုးတန်တရားတော်မြတ်သည်။ သန္ဒိဋ္ဌိကော၊ သူပြော, ငါပြော အဟော၌တည် မယုံကြည်ရ ဓမ္မကျင့်သူ နတ်လူမှန်က ဒိဋ္ဌကိုယ်တိုင် ပိုင်ပိုင်တိတိ သိအပ်မြင်အပ် တရားတော်မြတ်ပါပေတည်း။
ဓမ္မော၊ မဂ်လေးပါး တရားတော်သည်။ အကာလိကော၊ အခါအခွင့် ကြာမဖင့်ပဲ မလင့်မနှေး ချက်ခြင်းအကျိုးပေးတတ်သော တရားတော်မြတ်ပါပေတည်း။
ဓမ္မော၊ လောကုတ္တရာတရား ကိုးပါးသည်။ ဧဟိပဿိကော၊ လာလှည့်စမ်းပါ ရှုစမ်းပါဟူ သူငါနှိုးဆော် ဖိတ်ခေါ်ထိုက်သား လွန်ထူခြားလတ် တရားတော်မြတ်ပါပေတည်း။
ဓမ္မော၊ လောကုတ္တရာတရား ကိုးပါးသည်။ ဩပနေယျိကော၊ ပုဆိုးမီးလောင် ခေါင်းမီးလောင်လည်း ငြိမ်းအောင်ပြုရေး မပြုသေးပဲ အရေးကြီးစွာ ဘာဝနာဖြင့် စိတ်မှာစွဲအောင် အမြဲဆောင်ထိုက်ပါပေ၏။
ဓမ္မော၊ လောကုတ္တရာတရား ကိုးပါးကို။ ဝိညူဟိ၊ တရားသိမြင် ပညာရှင်တို့သည်။ ပစ္စတ္တံ၊ ကိုယ်စီအမှန် ကိုယ့်သန္တာန်၌။ ဝေဒိတဗ္ဗော၊ မဂ်ဖိုလ်နိဗ္ဗာန် ရပိုင်ဟန်ကို အမှန်တိုင်းရှိ သိမြင်အပ်ပေသတည်း။
ဣတိ၊ ဤသို့။ အနုဿရေယျာထ၊ အဖန်တလဲလဲ အောက်မေ့ကြကုန်လော့။
၉၂။ ဟိ၊ အောက်မေ့ရခြင်း အကြောင်းမှာ။ ဘိက္ခဝေ၊ ရဟန်းတို့။ ဓမ္မံ၊ တရားတော်ကို။ အနုဿရတံ၊ အဖန်တလဲလဲ အောက်မေ့ကြကုန်သော။ ဝေါ၊ သင်တို့အား။ ယံ ဘယံ ဝါ၊ အကြင်ကြောက်လန့်ခြင်းသည် လည်းကောင်း။ ယံ ဆမ္ဘိတတ္တံ ဝါ၊ အကြင် ကိုယ်တုန်လှုပ်ခြင်းသည် လည်းကောင်း။ ယော လောမဟံသော ဝါ၊ အကြင် ကြက်သီးထခြင်း လည်းကောင်း။ ဘဝိဿတိ၊ ဖြစ်ပေလတ္တံ့။ သော၊ ထိုကြောက်ခြင်း တုန်လှုပ်ခြင်း ကြက်သီထခြင်းကို။ ပဟီယိဿတိ၊ ပယ်ဖျောက်ပေလတ္တံ့။
၉၃။ ဓမ္မံ၊ တရားတော်ကို။ နော စေ အနုဿရေယျာထ၊ အကယ်၍ မအောက်မေ့ မိကုန်သည်ဖြစ်အံ့။ အထ၊ ထိုသို့ မအောက်မေ့မိကုန်သည်ရှိသော်။ သံဃံ၊ သံဃာတော်ကို။ အနုဿရေယျာထ၊ အောက်မေကြကုန်လော့။
၉၄။ ဘဂဝတော၊ မြတ်စွာဘုရား၏။ သာဝကသံဃော၊ တပည့်သား သံဃာတော်သည်။ သုပ္ပဋိပန္နော၊ ဘုရားအဆုံးအမ မလွန်ရအောင် ညွန်ပြတိုင်းသာ အကောင်းဆုံး ကျင့်တော်မူတတ်ပါပေ၏။
ဘဂဝတော၊ မြတ်စွာဘုရား၏။ သာဝကသံဃော၊ တပည့်သား သံဃာတော်သည်။ ဥဇုပ္ပဋိပန္နော၊ မဇ္ဈိမပဋိပဒါ လမ်းသာယာဖြင့် ကောင်းစွာလျှောက်၍ ကောက်ကွေ့ခြင်းကင်း ဖြောင့်စင်းတည့်မတ်စွာ ကျင့်တော်မူတတ်ပါပေ၏။
ဘဂဝတော၊ မြတ်စွာဘုရား၏။ သာဝကသံဃော၊ တပည့်သား သံဃာတော်သည်။ ဉာယပ္ပဋိပန္နော၊ ချမ်းသာစစ်မှန် နိဗ္ဗာန်ဆက်ရေး အလေးပေးကာ ကျင့်တော်မူတတ်ပါပေ၏။
ဘဂဝတော၊ မြတ်စွာဘုရား၏။ သာဝကသံဃော၊ တပည့်သား သံဃာတော်သည်။ သာမီစိပ္ပဋိပန္နော၊ နတ်လူ ကြည်ညို ရိုသေဖို့တန် ခံယူထိုက်ခွင့် ဂုဏ်ရည်မြင့်စရာ ကျင့်တော်မူတတ်ပါပေ၏။
ယဒိဒံ ယာနိ ဣမာနိ စတ္တာရိ ပုရိသယုဂါနိ၊ မဂ်ဖိုလ်နှစ်လီ အညီတွဲကုန် အကြင်ပုဂ္ဂိုလ်ပေါင်း လေးစုံတို့သည်။ အဋ္ဌ ပုရိသ ပုဂ္ဂလာ၊ ရှစ်ပါးသော ယောက်ျားမွန် ပုဂ္ဂိုလ်မြတ်တို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
ဘဂဝတော၊ မြတ်စွာဘုရား၏။ ဧသ သာဝကသံဃော၊ တပည့်သား သံဃာတော်သည်။
အာဟုနေယျော၊ အဝေးမှပင် ဆောင်ယူငင်လာ လှူစရာကို ရှင်သာထိုက်စေ ခံတော်မူထိုက်ပါပေ၏။
ပါဟုနေယျော၊ ချစ်ခင်မြတ်နိုး ဆွေမျိုးမိတ်ကလျာ အတွက်တာဟု ဖွယ်ရာမငြီး အသီးစီမံ အာဂန္တုက ဧည့်ဒါနကို မုချမသွေ ခံတော်မူထိုက်ပါပေ၏။
ဒက္ခိဏေယျော၊ ချမ်းသာအမျိုးမျိုး အကျိုးရည်သန် အလှူမှန်ကို ခံတော်မူထိုက်ပါပေ၏။
အဉ္ဇလိ ကရဏီယော၊ ကောင်းကျိုးကိုသော် ရည်မျှော်တလျှက် လက်နှစ်ဖက်ကို ဦးထက်မှာမိုး ရှိခိုးခြင်းအမှန် ခံတော်မူထိုက် ပါပေ၏။
လောကဿ၊ တစ်လောကလုံး၏ ကြီးကျယ်ဖွံ့ဖြိုး အကျိုးအရ နှိုင်းဆကင်းဘိ အတုမရှိသော။ ပုညခေတ္တံ၊ ကောင်းမှုမျိုးတို့ စိုက်ပျိုးဖွယ်ရာ လယ်ယာတစ်မျိုး အဖိုးထိုက်တန် မြေကောင်းမှန် ပါပေသတည်း။
ဣတိ၊ ဤသို့။ အနုဿရေယျာထ၊ အဖန်တလဲလဲ အောက်မေ့ကြကုန်လော့။
၉၅။ ဟိ၊ အောက်မေ့ရခြင်း အကြောင်းမှာ။ ဘိက္ခဝေ၊ ရဟန်းတို့။ သံဃံ၊ သံဃာတော်ကို။ အနုဿရတံ၊ အဖန်တလဲလဲ အောက်မေ့ကြကုန်သော။ ဝေါ၊ သင်တို့အား။ ယံ ဘယံ ဝါ၊ အကြင်ကြောက်လန့်ခြင်းသည် လည်းကောင်း။ ယံ ဆမ္ဘိတတ္တံ ဝါ၊ အကြင် ကိုယ်တုန်လှုပ်ခြင်းသည် လည်းကောင်း။ ယော လောမဟံသော ဝါ၊ အကြင် ကြက်သီးထခြင်း လည်းကောင်း။ ဘဝိဿတိ၊ ဖြစ်ပေလတ္တံ့။ သော၊ ထိုကြောက်ခြင်း တုန်လှုပ်ခြင်း ကြက်သီထခြင်းကို။ ပဟီယိဿတိ၊ ပယ်ဖျောက်ပေလတ္တံ့။
၉၆။ တံ၊ ထိုသို့ အကြောက်အလန့် စသည် ပျောက်ကင်းရခြင်းသည်။ ကိဿဟေတု၊ အဘယ်အကြောင်းကြောင့်နည်း။ ဘိက္ခဝေ၊ ရဟန်းတို့။ ဟိ ယသ္မာ၊ အကြင်ကြောင့်။ အရဟံ၊ ပူဇော်အထူးကို ခံတော်မူထိုက်သော။ သမ္မာသမ္ဗုဒ္ဓေါ၊ တရားစုံကို အကုန်လုံးဝ ညွန်ပြသူမရှိ အမှန်အတိုင်းသိတော်မူသော။ တထာဂတော၊ ငါဘုရားသည်။ ဝီတရာဂေါ၊ ကင်းပြီးသော ရာဂရှိတော်မူ၏။ ဝီတဒေါသော၊ ကင်းပြီးသော ဒေါသ ရှိတော်မူ၏။ ဝီတမောဟော၊ ကင်းပြီးသော မောဟ ရှိတော်မူ၏။ အဘီရု၊ ကြောက်လန့်ခြင်းရှိတော်မမူ။ အဆမ္ဘီ၊ ကိုယ်တုန်လှုပ်ခြင်း ရှိတော်မမူ။ အနုတြာသီ၊ ထိတ်လန့်လေ့မရှိ။ အပလာယီ၊ ပြေးလေ့ရှိတော်မမူ။ ဣတိ၊ ထို့ကြောင့်ပင်တည်း။
၉၇။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဣဒံ၊ ဤ “သစေ တုမှာကံ ဘိက္ခဝေ” အစရှိသော စုဏ္ဏိယစကားပြေ ဒေသနာတော်မြတ်ကို။ အဝေါစ၊ မိန့်တော်မူခဲ့ပေပြီ။ သုဂတော၊ ကောင်းသော စကားကို မိန့်ဆိုတတ်သား မြတ်ဘုရားသည်။ ဣဒံ၊ ဤ စုဏ္ဏိယစကားပြေ ဒေသနာတော်မြတ်ကို။ ဝတွာန၊ မိန့်တော်မူပြီးသော်။ အထ၊ ထို့နောက်။ သတ္ထာ၊ နတ်လူတို့ဆရာ ရှင်တော်မြတ်ဘုရားသည်။ အပရံ၊ တစ်ပါးသော။ ဧတံ၊ ဤ ဂါထာဗန္ဓ ဓမ္မဒေသနာကို။ အဝေါစ၊ မိန့်တော်မူ၏။
၉၈။ ဘိက္ခဝေါ၊ ရဟန်းတို့။ အရညေ ဝါ၊ တော၌သော် လည်းကောင်း။ ရုက္ခမူလေ ဝါ၊ သစ်ပင်ရင်း၌သော် လည်းကောင်း။ သုညာဂါရေ ဝါ၊ ဆိတ်ငြိမ်ဘိတောင်း တဲအိမ်ကျောင်း၌သော် လည်းကောင်း။ သမ္ဗုဒ္ဓံ၊ ငါဘုရားကို။ အနုဿရေထ၊ အဖန် တလဲလဲ အောက်မေ့ကြကုန်လော့။ ဧဝံ၊ ဤသို့ အောက်မေ့သည်ရှိသော်။ တုမှာကံ၊ သင်တို့အား။ ဘယံ၊ ကြောက်ခြင်းသည်။ နော သိယာ၊ ဖြစ်နိုင်ဖွယ်ရာ မရှိပေ။
၉၉။ လောကဇေဋ္ဌံ၊ လောကထွတ်ဖူး အကြီးအမှူး ဖြစ်တော်မူသော။ နရာသဘံ၊ မနှိုင်းယှဥ်အပ် ပုဂ္ဂိုလ်မြတ်ဖြစ်တော်မူပေသော။ ဗုဒ္ဓံ၊ ငါဘုရားကို။ နော စေ သရေယျာထ၊ အကယ်၍ မအောက်မေ့မိကုန်သည် ဖြစ်အံ။ အထ၊ ထိုသို့ မအောက်မေ့မိကုန်သည်ရှိသော်။ နိယျာနိကံ၊ သံသရာဝဋ်မှ ထွက်မြောက်တတ်သော။ သုဒေသိတံ၊ ကောင်းစွာ ဟောကြားတော်မူအပ်သော။ ဓမ္မံ၊ တရားတော်မြတ်ကို။ သရေယျာထ၊ အောက်မေ့ကြကုန်လော့။
၁၀၀။ နိယျာနိကံ၊ သံသရာဝဋ်မှ ထွက်မြောက်တတ်သော။ သုဒေသိတံ၊ ကောင်းစွာ ဟောကြားတော်မူအပ်သော။ ဓမ္မံ၊ တရားတော်မြတ်ကို။ နော စေ သရေယျာထ၊ အကယ်၍ မအောက်မေ့မိကုန်သည်ဖြစ်အံ့။ အထ၊ ထိုသို့ မအောက်မေ့မိကုန်သည်ရှိသော်။ အနုတ္တရံ၊ အတုမရှိသော။ ပုညခေတ္တံ၊ ကောင်းမှုမျိုးတို့ စိုက်ပျိုးခင်းသာ လယ်ယာကောင်းဖြစ်သော။ သံဃံ၊ သံဃာတော်ကို။ သရေယျာထ၊ အောက်မေ့ကြကုန်လော့။
၁၀၁။ ဘိက္ခဝေါ၊ ရဟန်းတို့၊ ဧဝံ၊ ဤ ငါဘုရား ညွှန်ကြားတော်မူသည့် အတိုင်း၊ ဗုဒ္ဓဉ္စ၊ ငါဘုရားကို လည်းကောင်း၊ ဓမ္မဉ္စ၊ တရားတော်မြတ်ကို လည်းကောင်း။ သံဃဉ္စ၊ သံဃာတော်မြတ်ကို လည်းကောင်း။ သရန္တာနံ၊ အမှတ်တရ အောက်မေ့ကြကုန်သော သင်တို့အား။ ဘယံ ဝါ၊ ကြောက်လန့်ခြင်းသည် လည်း ကောင်း။ ဆမ္ဘိတတ္ထံ ဝါ၊ ကိုယ်တုန်လှုပ်ခြင်းသည် လည်းကောင်း။ လောမဟံသော ဝါ၊ ကြက်သီးထခြင်းသည် လည်းကောင်း။ န ဟေဿတိ၊ ဖြစ်လိမ့်မည် မဟုတ်တော့ပေ။
ဓဇဂ္ဂသုတ္တံ နိဋ္ဌိတံ။
အာဋာနာဋိယသုတ်ပါဠိ
၁၀၂။ အပ္ပသန္နေဟိ နာထဿ၊ သာသနေ သာဓုသမ္မတေ။
အမနုဿေဟိ စဏ္ဍေဟိ၊ သဒါ ကိဗ္ဗိသ ကာရိဘိ။
၁၀၃။ ပရိသာနံ စတဿန္နံ၊ အဟိံ သာယ စ ဂုတ္တိယာ။
ယံ ဒေသေသိ မဟာဝီရော၊ ပရိတ္တံ တံ ဘဏာမ ဟေ။
၁၀၄။ ဝိပဿိဿ စ နမတ္ထု၊ စက္ခုမန္တဿ သိရီမတော။
သိခိဿပိ စ နမတ္ထု၊ သဗ္ဗဘူတာနုကမ္မိနော။
၁၀၅။ ဝေဿဘုဿ စ နမတ္ထု၊ နှာတကဿ တပဿိနော။
နမတ္ထုကကုသန္ဓဿ၊ မာရသေနာပမဒ္ဒိနော။
၁၀၆။ ကောဏာဂမနဿ နမတ္ထု၊ ဗြဟ္မဏဿ ဝုသီမတော။
ကဿပဿ စ နမတ္ထု၊ ဝိပ္ပမုတ္တဿ သဗ္ဗဓိ။
၁၀၇။ အင်္ဂီရသဿ နမတ္ထု၊ သကျပုတ္တဿ သိရီမတော။
ယော ဣမံ ဓမ္မံ ဒေသေသိ၊ သဗ္ဗဒုက္ခာပနူဒနံ။
၁၀၈။ ယေ စာပိ နိဗ္ဗုတာ လောကေ၊ ယထာဘူတံ ဝိပဿိသုံ။
တေ ဇနာ အပိသုဏာထ၊ မဟန္တာ ဝီတသာရဒါ။
၁၀၉။ ဟိတံ ဒေဝမနုဿာနံ၊ ယံ နမဿန္တိ ဂေါဟမံ။
ဝိဇ္ဇာစရဏသမ္ပန္နံ၊ မဟန္တံ ဝီတသာဒံ။
၁၁၀။ ဧတေ စညေ စ သမ္ဗုဒ္ဓါ၊ အနေကသတ ကောဋိယော။
သဗ္ဗေ ဗုဒ္ဓါ သမသမာ၊ သဗ္ဗေ ဗုဒ္ဓါ မဟိဒ္ဓိကာ။
၁၁၁။ သဗ္ဗေ ဒသ ဗလူပေတာ၊ ဝေသာရဇ္ဇေဟု ပါဂတာ။
သဗ္ဗေ တေ ပဋိဇာနန္တိ၊ အာသဘံ ဌာန' မုတ္တမံ။
၁၁၂။ သီဟနာဒံ နဒန္တေ'တေ၊ ပရိသာသု ဝိသာရဒါ။
ဗြဟ္မစက္ကံ ပဝတ္တေန္တိ၊ လောကေ အပ္ပဋိဝတ္တိယံ။
၁၁၃။ ဥပေတာ ဗုဒ္ဓဓမ္မေဟိ၊ အဋ္ဌာရသဟိ နာယကာ။
ဗာတ္တိံသ လက္ခဏူပေတာ၊ သီတာနုဗျဉ္ဇနာဓရာ။
၁၁၄။ ဗျာမပ္ပဘာယ သုပ္ပဘာ၊ သဗ္ဗေ တေ မုနိကုဉ္စရာ။
ဗုဒ္ဓါ သဗ္ဗညုနော ဧတေ၊ သဗ္ဗေ ခီဏာသဝါ ဇိနာ။
၁၁၅။ မဟာပဘာ မဟာတေဇာ၊ မဟာပညာ မဟဗ္ဗလာ။
မဟာကာရုဏိကာ ဓီရာ၊ သဗ္ဗေသာနံ သုခါဝဟာ။
၁၁၆။ ဒီပါ နာထာ ပတိဋ္ဌာ စ၊ တာဏာ လေဏာ စ ပါဏိနံ။
ဂတိ ဗန္ဓူ မဟဿာသာ၊ သရဏာ စ ဟိတေသိနော။
၁၁၇။ သဒေဝကဿ လောကဿ၊ သဗ္ဗေ ဧတေ ပရာယဏာ။
တေသာ ဟံ သိရသာ ပါဒေ၊ ဝန္ဒာမိ ပုရိသုတ္တမေ။
၁၁၈။ ဝစသာ မနသာ စေဝ၊ ဝန္ဒာမေ' တေ တထာဂတေ။
သယနေ အာသနေ ဌာနေ၊ ဂမနေ စာပိ သဗ္ဗဒါ။
၁၁၉။ သဒါ သုခေန ရက္ခန္တု၊ ဗုဒ္ဓ သန္တိကရာ တုဝံ။
တေဟိ တွံ ရက္ခိတော သန္တော၊ မုတ္တော သဗ္ဗဘယေဟိ စ။
၁၂၀။ သဗ္ဗရောဂါ ဝိနီမုတ္တော၊ သဗ္ဗသန္တာပ ဝဇ္ဇိတော။
သဗ္ဗဝေရ' ပတိက္ကန္တော၊ နိဗ္ဗုတော စ တုဝံ ဘဝ။
၁၂၁။ တေသံ သစ္စေန သီလေန၊ ခန္တီမေတ္တာဗလေန စ။
တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
၁၂၂။ ပုရတ္ထိမသ္မိံ ဒိသာဘာဂေ၊ သန္တိ ဘူတာ မဟိဒ္ဓိကာ။
တေပိ အမှေ' နုရက္ခန္တု၊ အရောဂေန သုခေန စ။
၁၂၃။ ဒက္ခိဏသ္မိံ ဒိသာဘာဂေ၊ သန္တိ ဒေဝါ မဟိဒ္ဓိကာ။
တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
၁၂၄။ ပစ္ဆိမသ္မိံ ဒိသာဘာဂေ၊ သန္တိ နာဂါ မဟိဒ္ဓိကာ။
တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
၁၂၅။ ဥတ္တရသ္မိံ ဒိသာဘာဂေ၊ သန္တိ ယက္ခာ မဟိဒ္ဓိကာ။
တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
၁၂၆။ ပုရတ္ထိမေန ဓတရဋ္ဌော၊ ဒက္ခိဏေန ဝိရူဠှကော။
ပစ္ဆိမေန ဝိရူပက္ခော၊ ကုဝေရော ဥတ္တရံ ဒိသံ။
၁၂၇။ စတ္တာရော တေ မဟာရာဇာ၊ လောကပါလာ ယသဿိနော။
တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
၁၂၈။ အာကာသဋ္ဌာစ ဘူမဋ္ဌာ၊ ဒေဝါ နာဂါ မဟိဒ္ဓိကာ။
တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
၁၂၉။ ဣဒ္ဓိမန္တောစ ယေ ဒေဝါ၊ ဝသန္တာ ဣဓ သာသနေ။
တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
၁၃၀။ သဗ္ဗီတိယော ဝိဝဇ္ဇန္တု၊ သောကော ရောဂေါ ဝိနဿတု။
မာ တေ ဘဝန္တွ' န္တရာယာ၊ သုခီ ဒီဃာယုကော ဘဝ။
၁၃၁။ အဘိဝါဒနသီလိဿ၊ နိစ္စံ ဝုဍ္ဎာပစာယိနော။
စတ္တာရော ဓမ္မာ ဝဍ္ဎန္တိ၊ အာယု ဝဏ္ဏော သုခံ ဗလံ။
အာဋာနာဋိယသုတ္တံ နိဋ္ဌိတံ။
အာဋာနာဋိယသုတ်နိဿယ
၁၀၂-၁၀၃။ ဟေ၊ အို … သူတော်ကောင်းတို့။ နာထဿ၊ မြတ်စွာဘုရား၏။ သာဓုသမ္မတေ၊ အကောင်းအမြတ်ဟု သမုတ်အပ်သော။ သာသနေ၊ ဘုရားရှင် သာသနာတော်၌။ အပ္ပသန္နေဟိ၊ မကြည်ညိုကြကုန်သော။ စဏ္ဍေဟိ၊ ကြမ်းတမ်းကုန်သော။ သဒါ၊ အခါခပ်သိမ်း။ ကိဗ္ဗိသကာရိဘိ၊ မကောင်းမှုကို ပြုလေ့ရှိကုန်သော။ အမနုဿေဟိ၊ ဘီလူးတို့သည်။ စတဿန္နံ၊ လေးပါး ကုန်သော။ ပရိသာနံ၊ ပရိသတ်တို့ကို။ အဟိံသာယ စ၊ မညှဉ်းဆဲခြင်းငှာ လည်းကောင်း။ ဂုတ္တိယာ စ၊ ကာကွယ်စောင့်ရှောက်ခြင်းငှာ လည်းကောင်း။ မဟာဝီရော၊ ဝီရိယကြီးမား မြတ်စွာဘုရားသည်။ ယံ ပရိတ္တံ၊ အကြင် အာဋာနာဋိယသုတ် ပရိတ်တော်ကို။ ဒေသေသိ၊ ဟောတော်မူပြီ။ တံ ပရိတ္တံ၊ ထို အာဋာနာဋိယသုတ် ပရိတ်တော်ကို။ (မယံ၊ ငါတို့သည်။) ဘဏာမ၊ ရွတ်ကြကုန်စို့။
၁၀၄။ စက္ခုမန္တဿ၊ စက္ခုငါးတန် ဉာဏ်အမြင်မျိုး ရှိတော်မူသော။ သိရီမတော၊ ဘုန်းကျက်သရေ ရှိတော်မူသော။ ဝိပဿိဿ စ၊ ဝိပဿီမည်တွင် ရှင်တော်မြတ်ဘုရားအားလည်း။ မေ၊ အကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု ဖြစ်ပါစေ။ သဗ္ဗဘူတာနုကမ္ပိနော၊ အလုံးစုံသော သတ္တဝါတို့ကို အစဉ်သနား စောင့်ရှောက်တော်မူတတ်သော။ သိခိဿပိ စ၊ သိခီ မည်တွင် ရှင်တော်မြတ်ဘုရားအားလည်း။ မေ၊ အကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်ပါစေ။
၁၀၅။ နှာတကဿ၊ မဂ်အရဟတ် ရေစင်မြတ်ဖြင့် ဆေးအပ်ပြီးသည့် ကိလေသာရှိတော်မူထသော။ တပဿိနော၊ ချီးမွမ်းထိုက်ဘိ အကျင့်မြတ် ရှိတော်မူထသော။ ဝေဿဘုဿ စ၊ ဝေဿဘူမည်တွင် ရှင်တော်မြတ်ဘုရား အားလည်း။ မေ၊ အကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု ဖြစ်ပါစေ။ မာရသေနာ ပမဒ္ဒိနော၊ မာရ်စစ်သည်တစ်သင်းကို နှိမ်နင်းဖျက်ဆီးတော်မူ တတ်သော။ ကကုသန္ဓဿ စ၊ ကကုသန္ဓမည်တွင် ရှင်တော်မြတ်ဘုရားအားလည်း။ မေ၊ အကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု ဖြစ်ပါစေ။
၁၀၆။ ဗြဟ္မဏဿ၊ မြစ်တား ပယ်ရှားအပ်သည့် မကောင်းမှုရှင်း၍ ဝိသုဒ္ဓိ ဗြဟ္မဏ ဖြစ်တော်မူထသော။ ဝုသီမတော၊ ကျင့်သုံးခဲ့ပြီးသည့် အရိယာမဂ် အကျင့်လည်း ရှိတော်မူထသော။ ကောဏာဂမနဿ စ၊ ကောဏာဂမန မည်တွင် ရှင်တော်မြတ်ဘုရားအားလည်း။ မေ၊ အကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု ဖြစ်ပါစေ။ သဗ္ဗဓိ၊ ကိလေသာ ခပ်သိမ်းတို့မှ ဝိပ္ပမုတ္တဿ၊ အရှင်းကျွတ်၍ ကင်းလွတ်တော်မူပြီး ဖြစ်တော်မူသော။ ကဿပဿ စ၊ ကဿပမည်တွင် ရှင်တော်မြတ်ဘုရားအားလည်း။ မေ၊ အကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု ဖြစ်ပါစေ။
၁၀၇။ ယော၊ အကြင် သာကီဝင်မင်းသား ဂေါတမ ရှင်တော်မြတ် ဘုရားသည်။ သဗ္ဗဒုက္ခာပနူဒနံ၊ ဒုက္ခခပ်သိမ်း ငြိမ်းစေဘိတောင်း ပယ်နုတ်ကြောင်း ဖြစ်သော။ ဣမံ ဓမ္မံ၊ ဤတရားမြတ် ဒေသနာတော်ကို။ ဒေသေသိ၊ ဟောတော်မူပြီ။ အင်္ဂီရသဿ၊ ကိုယ်အင်္ဂါမှ ဖြာဖြာရွှန်းလက် ထွက်သောရောင်ခြည် ရှိတော်မူသော။ သိရီမတော၊ ကျက်သရေရှင် ဖြစ်တော်မူသော။ တဿ သကျပုတ္တဿ၊ ထို သာကီဝင်မင်းသား ဂေါတမ ရှင်တော်မြတ်ဘုရားအား။ မေ၊ အကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု ဖြစ်ပါစေ။
၁၀၈။ လောကေ၊ လောက၌။ ယေ စာပိ ဇနာ၊ အကြင် ရဟန္တာ ပုဂ္ဂိုလ်တို့သည်လည်း။ နိဗ္ဗုတာ၊ ကိလေသာဟူ အပူငြိမ်းတော် မူကြကုန်သည်ဖြစ်၍။ ယထာဘူတံ၊ အဟုတ်အမှန်အတိုင်း။ ဝိပဿိသုံ၊ ထူးသောဉာဏ်အရ သိတော်မူကြကုန်ပြီ။ တေ ဇနာ၊ ထိုရဟန္တာ ပုဂ္ဂိုလ်တို့သည်။ အပိသုဏာ၊ ချောပစ် ကုန်းတိုက်ခြင်း မရှိကြကုန်။ အထ၊ ထို့ပြင်။ မဟန္တာ၊ သီလစသည် ဂုဏ်ရည်တွေစုံ မြတ်တော်မူကြကုန်၏။ ဝီတသာရဒါ၊ အရှင်းကင်းသည့် ကြောက်ရွံ့ခြင်း ရှိတော်မူကြကုန်၏။
၁၀၉။ တေ ဇနာ၊ ထိုရဟန္တာ ပုဂ္ဂိုလ်တို့သည်။ ဒေဝမနုဿာနံ၊ နတ်လူတို့၏။ ဟိတံ၊ အစီးအပွားကို ပြုတော်မူတတ်သော။ ဝိဇ္ဇာစရဏ သမ္ပန္နံ၊ ဝိဇ္ဇာဉာဏ်, အကျင့်စရဏနှင့် ပြည့်ဝကုံလုံတော်မူသော။ မဟန္တံ၊ ဂုဏ်ပေါင်းညွန့်လူ မြတ်တော်မူသော။ ဝီတသာရဒံ၊ အရှင်းကင်းသည့် ကြောက်ရွံ့ခြင်း ရှိတော်မူသော။ ဂေါတမံ၊ ဂေါတမ ရှင်တော်မြတ်ကို။ နမဿန္တိ၊ ရှိခိုးကြကုန်၏။ (တေသမ္ပိ၊ ထိုရဟန္တာ အရှင်သူမြတ်တို့အားလည်း။ မေ၊ အကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်ပါစေ။)
၁၁၀။ ဧတေ သမ္ဗုဒ္ဓါ စ၊ ထို ဝိပဿီ အစရှိသော ဘုရားမြတ်ခုနစ်ဆူတို့သည် လည်းကောင်း။ အညေ၊ ဘုရားခုနစ်ဆူတို့မှ တပါးကုန်သော။ အနေကသတ ကောဋိယော၊ ကဋေ ရာပေါင်း များစွာကုန်သော၊ သမ္ဗုဒ္ဓါ စ၊ ဘုရားမြတ်တို့သည် လည်းကောင်း၊ သဗ္ဗေ၊ အလုံးစုံကုန်သော။ ဗုဒ္ဓါ၊ ရှင်တော် မြတ်ဘုရားတို့သည်။ အသမသမာ၊ ယှဉ်ပြိုင်နိုင်သူ ရည်တူမရှိ ရှေးဘုရားတို့နှင့်သာ တူတော်မူကြကုန်၏။ သဗ္ဗေ၊ အလုံးစုံကုန်သော။ ဗုဒ္ဓါ၊ ရှင်တော်မြတ်ဘုရား တို့သည်။ မဟိဒ္ဓိကာ၊ ကြီးမြတ်သော တန်ခိုးရှိတော်မူကြ ကုန်၏။
၁၁၁။ သဗ္ဗေ၊ အလုံးစုံကုန်သော ဘုရားမြတ်တို့သည်။ ဒသဗလူပေတာ၊ ဉာဏ်တော်ဆယ်ပါး ဘုရားတို့စွမ်းအားနှင့် ပြည့်စုံတော်မူကြကုန်၏။ ဝေသာရဇ္ဇေဟိ၊ ဝေသာရဇ္ဇ ဉာဏ်တော်တို့နှင့်။ ဥပါဂတာ၊ ပြည့်စုံတော်မူကြကုန်၏။ သဗ္ဗေ၊ အလုံးစုံကုန်သော။ တေ၊ ထို ဘုရားမြတ်တို့သည်။ ဥတ္တမံ၊ မြတ်သော။ အာသဘံ ဌာနံ၊ မြင့်မြတ်ထူးခြား ဘုရားတို့ အရိုက်အရာအစစ် သဗ္ဗညုအဖြစ်ကို။ ပဋိဇာနန္တိ၊ ဝန်ခံတော် မူကြကုန်၏။
၁၁၂။ ဧတေ ဗုဒ္ဓါ၊ ထိုဘုရားရှင်တို့သည်။ ပရိသာသု၊ ပရိသတ် ရှစ်ပါးတို့၌။ ဝိသာရဒါ၊ ကြောက်ရွံ့ခြင်းကင်း ရဲတင်းတော်မူကြကုန်သည် ဖြစ်၍။ သီဟနာဒံ၊ ခြင်္သေ့မင်း၏ အသံအလား တရားအသံတော်ကို။ နဒန္တိ၊ ကျူးရင့်တော်မူကြကုန်၏။ လောကေ၊ လောက၌။ (ကေနစိ၊ ဗြဟ္မာ နတ် လူ ဘယ်သူ တစ်ယောက်မျှ။) အပ္ပဋိဝတ္တိယံ၊ မကန့်ကွက်အား မမြစ်တားနိုင်သော။ ဗြဟ္မစက္ကံ၊ မြတ်သော ဓမ္မစက်ကို။ ပဝတ္တေန္တိ၊ ဖြစ်စေတော် မူကြပေကုန်၏။
၁၁၃။ နာယကာ၊ လောက၏ အကြီးအမှုး ဦးစီးပဲ့ပြင် ရှင်တော်မြတ်ဘုရားတို့သည်။ အဋ္ဌာရသဟိ၊ တစ်ဆယ့်ရှစ်ပါးကုန်သော၊ ဗုဒ္ဓဓမ္မေဟိ၊ ဘုရားမြတ်တို့၏သာ ရရာ, ပိုင်ရာ ဂုဏ်တော်တို့နှင်။ ဥပေတာ၊ ပြည့်စုံတော်မူကြပါပေကုန်၏။ ဗာတ္တိံသ လက္ခဏူပေတာ၊ သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်တို့နှင့် ပြည့်စုံတော်မူကြပါပေကုန်၏။ အသီတာနုဗျဉ္ဇနာဓရာ၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့ကို ဆောင်တော်မူကြပါပေကုန်၏။
၁၁၄။ သဗ္ဗေ၊ အလုံးစုံကုန်သော။ တေ မုနိကုဉ္စရာ၊ မုနိထွတ်ဖျား ထို ဘုရားမြတ်တို့သည်။ ဗျာမပ္ပဘာယ၊ ဗျာမပ္ပဘာ လျှံဝါတင့်ရွှန်း ရောင်ခြည်ဝန်းဖြင့်။ သုပ္ပဘာ၊ တင့်တယ်ထွန်းညှိ ရောင်ခြည်တော် ရှိကြကုန်၏။ သဗ္ဗညုနော၊ တရားအလုံးစုံ အကုန်သိမြင် သဗ္ဗညူ ဖြစ်တော်မူကြကုန်သော။ သဗ္ဗေ၊ အလုံးစုံကုန်သော။ ဧတေ ဗုဒ္ဓါ၊ ထို ရှင်တော်မြတ်ဘုရားတို့သည်။ ခီဏာသဝါ၊ ကုန်ပြီးသော အာသဝေါ ရှိကြကုန်သော။ ဇိနာ၊ ငါးမာရ်အောင်မြင် ဇိနချည်းပင် ဖြစ်တော်မူကြပေကုန်၏။
၁၁၅။ ဧတေ ဗုဒ္ဓါ၊ ထိုရှင်တော်မြတ်ဘုရားတို့သည်။ မဟာပဘာ၊ ကိုယ်ရောင် ဉာဏ်ရောင် ပြောင်တဝင်းဝင်း ထူးမြတ်သောအရောင်အလင်း ရှိတော်မူကြကုန်၏။ မဟာတေဇာ၊ အစွမ်းအမျိုးမျိုး ကြီးမြတ်သော တန်ခိုး ရှိတော်မူကြကုန်၏။ မဟာပညာ၊ ချီးမွမ်းအပ်ဘိ ကြီးမြတ်သောပညာ ရှိတော်မူကြကုန်၏။ မဟဗ္ဗလာ၊ ကာယ ဉာဏ ဗလနှစ်ပါး ကြီးမားသော စွမ်းအား ရှိတော်မူကြကုန်၏။ မဟာကာရုဏိကာ၊ သတ္တဝါများ လွန်သနားသည့် မဟာကရုဏာ ရှိတော်မူကြကုန်၏။ ဓီရာ၊ မြဲခိုင်လှသည့်သမာဓိ ရှိတော်မူကြကုန်၏။ သဗ္ဗေသာနံ၊ သတ္တဝါ အလုံးစုံတို့၏။ သုခါဝဟာ၊ ချမ်းသာကို ဆောင်ရွက်တော် မူတတ်ကုန်၏။
၁၁၆။ ဧတေ ဗုဒ္ဓါ၊ ထိုရှင်တော်မြတ်တို့သည်။ ပါဏီနံ၊ သတ္တဝါတို့၏။ ဒီပါ စ၊ ကျွန်းကြီးပမာ မှီခိုရာလည်း ဖြစ်တော်မူကြကုန်၏။ နာထာ စ၊ ကိုးကွယ် အားထားရာလည်း ဖြစ်တော်မူကြပေကုန်၏။ ပတိဋ္ဌာ စ။ ထောက်တည်ရာလည်း ဖြစ်တော်မူကြကုန်၏။ တာဏာ စ၊ ဝဋ်ဒုက္ခမှ ကယ်တင်စောင့်ရှောက်တော်မူကြ ကုန်၏။ လေဏာ စ၊ ဘေးမရောက်အောင် တိမ်းရှောင် ပုန်းအောင်းရာလည်း ဖြစ်တော်မူကြကုန်၏။ ဂတီ စ၊ နတ်လူအများ အားထား ချဉ်းကပ်ရာလည်း ဖြစ်တော်မူကြကုန်၏။ ဗန္ဓူ စ၊ မိတ်ကောင်း ဆွေကောင်းလည်း ဖြစ်တော် မူကြကုန်၏။ မဟဿာသာ စ၊ ထူးမြတ်သော ထောက်တည်ရာ မှီခိုရာလည်း ဖြစ်တော်မူကြကုန်၏။ သရဏာ စ၊ ဆင်းရဲဒုက္ခကို ဖျက်ဆီးတော်မူကြကုန်၏။ ဟိတေသိနော၊ အကျိုး စီးပွားကိုသာ ရှာမှီးတော်မူလေ့ ရှိကြပေကုန်၏။ {မဟေဿာသာ(ရှေးမူ)}
၁၁၇။ သဗ္ဗေ၊ အလုံးစုံကုန်သော။ ဧတေ ဗုဒ္ဓါ၊ ထို ရှင်တော်မြတ်ဘုရား တို့သည်။ သဒေဝကဿ၊ နတ်နှင့်တကွသော။ လောကဿ။ သတ္တဝါအပေါင်း၏။ ပရာယဏာ၊ ထူးမြတ်သော မှီခိုဆည်းကပ်ရာ ဖြစ်တော်မူကြပါပေကုန်၏။ ပုရိသုတ္တမေ၊ ဂုဏ်တော်ကဲလွန် ယောကျ်ားမွန် ပုဂ္ဂိုလ်မြတ် ဖြစ်တော်မူကြပေကုန်သော။ (တေ၊ ထို ရှင်တော် မြတ်ဘုရားတို့ကိုလည်းကောင်း။) တေသံ၊ ထို ရှင်တော်မြတ်ဘုရားတို့၏။ ပါဒေ၊ ခြေတော်တို့ကို လည်းကောင်း။ အဟံ၊ အကျွန်ုပ်သည်။ သိရသာ၊ ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့်။ ဝန္ဒာမိ၊ ရှိခိုးကန်တော့ပါ၏။
၁၁၈။ အဟံ၊ အကျွန်ုပ်သည်။ ဧတေ တထာဂတေ၊ ထိုရှင်တော်မြတ်ဘုရားတို့ကို။ သယနေ စ၊ အိပ်သောအခါ၌ လည်းကောင်း။ အာသနေ စ၊ ထိုင်သောအခါ၌ လည်းကောင်း။ ဌာနေ စ၊ ရပ်သောအခါ၌ လည်းကောင်း။ ဂမနေ စာပိ၊ သွားသောအခါ၌ လည်းကောင်း။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ ဝစသာ စေဝ၊ နှုတ်ဖြင့် လည်းကောင်း။ မနသာ စ၊ စိတ်ဖြင့်လည်းကောင်း။ ဝန္ဒာမိ၊ ရှိခိုးပါ၏။
၁၁၉။ သန္တိကရာ၊ ဒုက္ခခပ်သိမ်း ငြိမ်းအေးမှုကို ပြုတော်မူတတ်ကုန်သော။ ဗုဒ္ဓါ၊ ရှင်တော်မြတ်ဘုရားတို့သည်။ တုဝံ၊ သင့်ကို။ သဒါ၊ အခါခပ်သိမ်း။ သုခေန၊ ချမ်းသာရေးဖြင့်။ ရက္ခန္တု၊ စောင့်ရှောက်တော်မူကြပါစေကုန်သတည်း။ တေဟိ၊ ထိုမြတ်စွာဘုရားတို့သည်။ ရက္ခိတော၊ စောင့်ရှောက်အပ်သည်။ သန္တော၊ ဖြစ်သော။ တွံ၊ သင်သည်။ သဗ္ဗဘယေဟိ၊ ဘေးခပ်သိမ်းတို့မှ။ မုတ္တော စ၊ ကင်းလွတ်ရသည်လည်း။ (ဘဝတု၊ ဖြစ်ပါစေ။)
၁၂၀။ တုဝံ၊ သင်သည်။ သဗ္ဗရောဂါ၊ ရောဂါမှန်သမျှမှ။ ဝိနီမုတ္တော စ၊ အထူးကင်းလွတ်ရသည်လည်းကောင်း။ သဗ္ဗသန္တာပဝဇ္ဇိတော စ၊ ပူပန်ခပင်း ရှောင်ကွင်းအပ်သည် လည်းကောင်း။ သဗ္ဗဝေရံ၊ ရန်မျိုးမှန်သမျှကို။ အတိက္ကန္တော စ၊ ကျော်လွှားလွန်မြောက်ရသည် လည်းကောင်း။ (ဟုတွာ၊ ဖြစ်၍။) နိဗ္ဗုတော စ၊ ငြိမ်းအေးသည်လည်း။ ဘဝ၊ ဖြစ်ပါစေ။
၁၂၁။ တေသံ၊ ထိုရှင်တော်မြတ်ဘုရားတို့၏။ သစ္စေန စ၊ သစ္စာတော်ဖြင့် လည်းကောင်း။ သီလေန စ၊ သီလတော်ဖြင့် လည်းကောင်း။ ခန္တီမေတ္တာဗလေန စ၊ ခန္တီမေတ္တာတရားတို့၏ စွမ်းပကားဖြင့် လည်းကောင်း။ တေပိ၊ ထိုဘုရားမြတ်တို့သည်လည်း။ အရောဂေန၊ ရောဂါကင်းရှင်းရေးအားဖြင့် လည်းကောင်း။ သုခေန စ၊ ချမ်းသာရေးအားဖြင့် လည်းကောင်း။ အမှေ၊ ငါတို့ကို။ အနုရက္ခန္တု၊ အစဉ်စောင့်ရှောက်တော် မူကြပါစေကုန်သတည်း။
၁၂၂။ ပုရတ္တိမသ္မိံ ဒိသာဘာဂေ၊ အရှေ့ဖက် အရပ်မျက်နှာ၌။ မဟိဒ္ဓိကာ၊ ကြီးသောတန်ခိုးရှိကြကုန်သော။ ဘူတာ၊ ဂန္ဓဗ္ဗနတ်တို့သည်။ သန္တိ၊ ရှိကုန်၏။ တေပိ၊ ထိုဂန္ဓဗ္ဗနတ်တို့သည်လည်း။ အရောဂေန၊ ရောဂါကင်းရှင်းရေးအားဖြင့် လည်းကောင်း။ သုခေန စ၊ ချမ်းသာရေးအားဖြင့် လည်းကောင်း။ အမှေ၊ ငါတို့ကို။ အနုရက္ခန္တု၊ အစဉ်စောင့်ရှောက်တော် မူကြပါစေကုန်သတည်း။
၁၂၃။ ဒက္ခိဏသ္မိံ ဒိသာဘာဂေ၊ တောင်ဖက် အရပ်မျက်နှာ၌။ မဟိဒ္ဓိကာ၊ ကြီးသော တန်ခိုးရှိကုန်သော။ ဒေဝါ၊ ကုမ္ဘဏ်နတ်တို့သည်။ သန္တိ၊ ရှိကုန်၏။ တေပိ၊ ထိုကုမ္ဘဏ်နတ်တို့သည်လည်း။ အရောဂေန၊ ရောဂါကင်းရှင်းရေးအားဖြင့် လည်းကောင်း။ သုခေန စ၊ ချမ်းသာရေးအားဖြင့် လည်းကောင်း။ အမှေ၊ ငါတို့ကို။ အနုရက္ခန္တု၊ အစဉ်စောင့်ရှောက်တော် မူကြပါစေကုန်သတည်း။
၁၂၄။ ပစ္ဆိမသ္မိံ ဒိသာဘာဂေ၊ အနောက်ဖက် အရပ်မျက်နှာ၌။ မဟိဒ္ဓိကာ၊ ကြီးသောတန်ခိုးရှိကုန်သော။ နာဂါ၊ နဂါးတို့သည်။ သန္တိ၊ ရှိကုန်၏။ တေပိ၊ ထိုနဂါးတို့သည်လည်း။ အရောဂေန၊ ရောဂါကင်းရှင်းရေးအားဖြင့် လည်းကောင်း။ သုခေန စ၊ ချမ်းသာရေးအားဖြင့် လည်းကောင်း။ အမှေ၊ ငါတို့ကို။ အနုရက္ခန္တု၊ အစဉ်စောင့်ရှောက်တော် မူကြပါစေကုန်သတည်း။
၁၂၅။ ဥတ္တရသ္မိံ ဒိသာဘာဂေ၊ မြောက်ဖက် အရပ်မျက်နှာ၌။ မဟိဒ္ဓိကာ၊ ကြီးသောတန်ခိုးရှိကုန်သော၊။ ယက္ခာ၊ ဘီလူးတို့သည်။ သန္တိ၊ ရှိကုန်၏။ တေပိ၊ ထိုဘီလူးတို့သည်လည်း။ အရောဂေန၊ ရောဂါကင်းရှင်းရေးအားဖြင့် လည်းကောင်း။ သုခေန စ၊ ချမ်းသာရေးအားဖြင့် လည်းကောင်း။ အမှေ၊ ငါတို့ကို။ အနုရက္ခန္တု၊ အစဉ်စောင့်ရှောက်တော် မူကြပါစေကုန်သတည်း။
၁၂၆။ ပုရတ္တိမေန၊ အရှေ့အရပ်၌။ ဓတရဋ္ဌော၊ ဓတရဋ္ဌ နတ်မင်းသည်။ အတ္ထိ၊ ရှိ၏။ ဒက္ခိဏေန၊ တောင်အရပ်၌။ ဝိရူဠှကော၊ ဝိရူဠှက နတ်မင်းသည်။ အတ္ထိ၊ ရှိ၏။ ပစ္ဆိမေန၊ အနောက်အရပ်၌။ ဝိရူပက္ခော၊ ဝိရူပက္ခ နတ်မင်းသည်။ အတ္ထိ၊ ရှိ၏။ ဥတ္တရံဒိသံ၊ မြောက်အရပ်၌။ ကုဝေရော၊ ကုဝေရ နတ်မင်းသည်။ အတ္ထိ၊ ရှိ၏။
၁၂၇။ စတ္တာရော၊ လေးယောက်ကုန်သော။ တေ မဟာရာဇာ၊ ထို နတ်မင်းကြီးတို့သည်။ လောကပါလာ၊ လောကကို စောင့်ရှောက်တတ်ကုန်၏။ ယသဿိနော၊ များသော အခြံအရံ ရှိကြကုန်၏။ တေပိ၊ ထိုနတ်မင်းကြီး လေးယောက်တို့သည်လည်း။ အရောဂေန၊ ရောဂါကင်းရှင်းရေးအားဖြင့် လည်းကောင်း။ သုခေန စ၊ ချမ်းသာရေးအားဖြင့် လည်းကောင်း။ အမှေ၊ ငါတို့ကို။ အနုရက္ခန္တု၊ အစဉ်စောင့်ရှောက်တော် မူကြပါစေကုန်သတည်း။
၁၂၈။ အာကာသဋ္ဌာ၊ ကောင်းကင်၌တည်ကုန်သော။ မဟိဒ္ဓိကာ၊ ကြီးသောတန်ခိုးရှိကုန်သော။ ဒေဝါ စ၊ နတ်တို့သည် လည်းကောင်း။ ဘူမဋ္ဌာ၊ မြေ၌ တည်ကုန်သော။ မဟိဒ္ဓိကာ၊ ကြီးသောတန်ခိုးရှိကုန်သော။ ဒေဝါ စ၊ နတ်တို့သည်လည်းကောင်း။ နာဂါ စ၊ နဂါးတို့သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။ တေပိ၊ ထို နတ် နဂါး တို့သည်လည်း။ အမှေ၊ ငါတို့ကို။ အရောဂေန၊ ရောဂါကင်းရှင်းရေးအားဖြင့် လည်းကောင်း။ သုခေန စ၊ ချမ်းသာရေးအားဖြင့် လည်းကောင်း။ အနုရက္ခန္တု၊ အစဉ်စောင့်ရှောက်တော် မူကြပါစေကုန်သတည်း။
၁၂၉။ ဣဓ သာသနေ၊ မြတ်စွာဘုရားသာသနာတော်၌။ ဝသန္တာ၊ နေကြကုန်သော။ ဣဒ္ဓိမန္တော၊ လွန်ကဲသော တန်ခိုးရှိကြကုန်သော၊ ယေ ဒေဝါ စ၊ အကြင်နတ်တို့သည်လည်း၊ သန္တိ၊ ရှိကုန်၏။ တေပိ၊ ထိုနတ်တို့သည်လည်း။ အမှေ၊ ငါတို့ကို။ အရောဂေန၊ ရောဂါကင်းရှင်းရေးအားဖြင့် လည်းကောင်း။ သုခေန စ၊ ချမ်းသာရေးအားဖြင့် လည်းကောင်း။ အနုရက္ခန္တု၊ အစဉ်စောင့်ရှောက်တော် မူကြပါစေကုန်သတည်း။
၁၃၀။ သဗ္ဗီတိယော၊ အလုံးစုံသော ဘေးရန်တို့သည်။ ဝိဝဇ္ဇန္တု၊ ကွင်းဖယ် ရှောင်ရှားကြပါစေကုန်သတည်း။ သောကော၊ စိုးရိမ်ပူပန်ခြင်းသည်လည်းကောင်း။ ရောဂေါ၊ အနာရောဂါအမျိုးမျိုးသည် လည်းကောင်း။ ဝိနဿတု၊ မကျမရောက် ကင်းပျောက်ပါစေသတည်း။ တေ၊ သင့်အား။ အန္တရာယာ၊ ဘေးရန်အန္တရာယ်တို့သည်။ မာ ဘဝန္တု၊ မဖြစ်ပါစေကုန်သတည်း။ တွံ၊ သင်သည်။ သုခီ၊ ကိုယ်-စိတ်နှစ်ဖြာချမ်းသာခြင်း ရှိသည်ဖြစ်၍။ ဒီဃာယုကော၊ ရှည်သောအသက် ရှိသည်။ ဘဝ၊ ဖြစ်ပါစေသား။
၁၃၁။ အဘိဝါဒနသီလိဿ၊ ရှိခိုးခြင်းအလေ့ရှိထသော။ နိစ္စံ၊ အမြဲမပြတ်။ ဝုဍ္ဎာပစာယိနော၊ အသက်သိက္ခာ သာသူ, ကြီးသူတို့ကို ရိုသေသမှု ပြုလေ့ရှိသူအား။ အာယု၊ အသက်တမ်းသည် လည်းကောင်း။ ဝဏ္ဏေ၊ ရုပ်ရည်အဆင်းသည် လည်းကောင်း။ သုခံ၊ ချမ်းသာခြင်းသည် လည်းကောင်း။ ဗလံ၊ ခွန်အားသည် လည်းကောင်း။ စတ္တာရော၊ လေးပါးကုန်သော။ ဓမ္မာ၊ တရားတို့သည်။ ဝဍ္ဎန္တိ၊ တိုးပွားကြလေကုန်၏။
၉-အင်္ဂုလိမာလသုတ်ပါဠိ
၁၃၂။ ပရိတ္တံ ယံ ဘဏန္တဿ၊ နိသိန္နဋ္ဌာန ဓောဝနံ။
ဥဒကမ္ပိ ဝိနာသေတိ၊ သဗ္ဗမေဝ ပရိဿယံ။
၁၃၃။ သောတ္ထိနာ ဂဗ္ဘဝုဋ္ဌာနံ၊ ယဉ္စ သာဓေတိ တင်္ခဏေ။
ထေရဿ'င်္ဂုလိမာလဿ၊ လောကနာထေန ဘာသိတံ။
ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
၁၃၄။ ယတော'ဟံ ဘဂိနိ အရိယာယ ဇာတိယာ ဇာတော၊
နာဘိဇာနာမိ သဉ္စိစ္စ ပါဏံ ဇီဝိတာ ဝေါရောပေတာ၊
တေန သစ္စေန သောတ္ထိ တေ ဟောတု သောတ္ထိ ဂဗ္ဘဿ။
အင်္ဂုလိမာလသုတ္တံ နိဋ္ဌိတံ။
အင်္ဂုလိမာလသုတ်နိဿယ
၁၃၂။ ဟေ၊ အို သူတော်ကောင်းတို့။ ယံ ပရိတ္တံ၊ အကြင် အင်္ဂုလိမာလ ပရိတ်တော်ကို။ ဘဏန္တဿ၊ ရွတ်ဆိုသော ပုဂ္ဂိုလ်၏။ နိသိန္နဋ္ဌာနဓောဝနံ၊ နေရာ ထိုင်ခုံကို ဆေးကြောင်းဖြစ်သော။ ဥဒကမ္ပိ၊ ရေသော်မှလည်း။ သဗ္ဗမေဝ၊ အလုံးစုံ သာလျှင်ဖြစ်သော။ ပရိဿယံ၊ ဘေးရန်ကို။ ဝိနာသေတိ၊ ကင်းပျောက် စေနိုင်ပေ၏။
၁၃၃။ ယံ ပရိတ္တံ၊ အကြင် အင်္ဂုလိမာလ ပရိတ်တော်သည်။ တင်္ခဏေ၊ ပရိတ်ရွတ်စဉ် ထိုအခိုက်၌ပင်။ သောတ္ထိနာ၊ ချမ်းချမ်းသာသာဖြင့်။ ဂဗ္ဘဝုဋ္ဌာနဉ္စ၊ ကိုယ်ဝန်မှထ မွေးဖွားရခြင်းကိုလည်း။ သာဓေတိ၊ ပြီးစေနိုင်ပေ၏။ အင်္ဂုလိမာလဿ၊ အင်္ဂုလိမာလမည်သော။ ထေရဿ၊ မထေရ်အား။ လောကနာထေန၊ မြတ်စွာဘုရားသည်။ ဘာသိတံ၊ ဟောတော်မူအပ်သော။ ကပ္ပဋ္ဌာယိံ၊ ကမ္ဘာဆုံးသည်ထိ တည်တတ်သော သဘာဝရှိသော။ မဟာတေဇံ၊ ကြီးမားသော အစွမ်းရှိသော။ တံ ပရိတ္တံ၊ ထို အင်္ဂုလိမာလသုတ်ပရိတ်တော်ကို။ မယံ၊ ငါတို့သည်။ ဘဏာမ၊ ရွတ်ကြကုန်စို့။
၁၃၄။ ဘဂိနိ၊ နှမ။ အဟံ၊ ငါသည်။ ယတော၊ အကြင်အခါမှစ၍၊ အရိယာယ ဇာတိယာ၊ အရိယာဇာတ်ဖြင့်။ ဇာတော၊ ဖြစ်ခဲ့၏။ တတော၊ ထို အခါမှစ၍။ သဉ္စိစ္စ၊ သေစေလိုသော စေတနာဖြင့် အားထုတ်၍။ ပါဏံ၊ သတ္တဝါကို။ ဇီဝိတာ၊ ဇီဝိတိန္ဒြေမှ။ ဝေါရောပေတာ၊ ချခဲ့ သတ်ခဲ့သည် ဟူ၍၊၊ နာဘိဇာနာမိ၊ မသိပေ။ တေန သစ္စေန၊ ထို သစ္စာစကားကြောင့်။ တေ၊ သင့်အား၊ သောတ္တိ၊ ချမ်းသာခြင်းသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။ ဂဗ္ဘဿ၊ သူငယ်၏။ သောတ္ထိ၊ ချမ်းသာခြင်းသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။
၁၀-ဗောဇ္ဈင်္ဂသုတ်ပါဠိ
၁၃၅။ သံသာရေ သံသရန္တာနံ၊ သဗ္ဗဒုက္ခဝိနာသနေ။
သတ္တ ဓမ္မေ စ ဗောဇ္ဈင်္ဂေ၊ မာရသေနာပမဒ္ဒနေ။
၁၃၆။ ဗုဇ္ဈိတွာ ယေ စိမေသတ္တာ၊ တိဘဝါ မုတ္တကုတ္တမာ။
အဇာတိ' မဇရာဗျာဓိံ၊ အမတံ နိဗ္ဘယံ ဂတာ။
၁၃၇။ ဧဝ မာဒိဂုဏူပေတံ၊ အနေကဂုဏသင်္ဂဟံ။
ဩသဓဉ္စ ဣမံ မန္တံ၊ ဗောဇ္ဈင်္ဂဉ္စ ဘဏာမ ဟေ။
၁၃၈။ ဗောဇ္ဈင်္ဂေါ သတိသင်္ခါတော၊ ဓမ္မာနံ ဝိစယော တထာ။
ဝီရိယံ ပီတိ ပဿဒ္ဓိ၊ ဗောဇ္ဈင်္ဂါ စ တထာပရေ။
၁၃၉။ သမာဓုပေက္ခာ ဗောဇ္ဈင်္ဂါ၊ သတ္တေ တေ သဗ္ဗဒဿိနာ။
မုနိနာ သမ္မဒက္ခာတာ၊ ဘာဝိတာ ဗဟုလီကတာ။
၁၄၀။ သံဝတ္တန္တိ အဘိညာယ၊ နိဗ္ဗာနာယ စ ဗောဓိယာ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
၁၄၁။ ဧကသ္မိံ သမယေ နာထော၊ မောဂ္ဂလ္လာနဉ္စ ကဿပံ။
ဂိလာနေ ဒုက္ခိတေ ဒိသွာ၊ ဗောဇ္ဈင်္ဂေ သတ္တ ဒေသယိ။
၁၄၂။ တေ စ တံ အဘိနန္ဒိတွာ၊ ရောဂါ မုစ္စိံသု တင်္ခဏေ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
၁၄၃။ ဧကဒါ ဓမ္မရာဇာပိ၊ ဂေလညေနာဘိ ပီဠိတော။
စုန္ဒတ္ထေရေန တံယေဝ ဘဏာပေတွာန သာဒရံ။
၁၄၄။ သမ္ဗောဒိတွာန အာဗာဓာ၊ တမှာ ဝုဋ္ဌာသိ ဌာနသော။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
၁၄၅။ ပဟီနာ တေ စ အာဗာဓာ၊ တိဏ္ဏန္နမ္ပိ မဟေသိနံ။
မဂ္ဂဟတာ ကိလေသာဝ၊ ပတ္တာ' နုပ္ပတ္တိ ဓမ္မတံ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
ဗောဇ္ဈင်္ဂသုတ္တ နိဋ္ဌိတံ။
ဗောဇ္ဈင်္ဂသုတ်နိဿယ
၁၃၅-၇။ ဟေ၊ အို သူတော်ကောင်းတို့။ သံသာရေ၊ သံသရာ၌။ သံသရန္တာနံ၊ ကျင်လည်ကြကုန်သော သတ္တဝါတို့၏။ သဗ္ဗဒုက္ခဝိနာသနေ၊ ဒုက္ခ ခပ်သိမ်းတို့ကို ပျောက်ငြိမ်းစေတတ်ကုန်သော။ မာရသေနာပမဒ္ဒနေ၊ မာရ်စစ်သည် အသင်းအပင်းတို့ကို နှိမ်နင်းဖျက်ဆီးတတ်ကုန်သော။ ဗောဇ္ဈင်္ဂေ၊ ဗောဇ္ဈင်မည် ကုန်သော။ သတ္တ၊ ခုနှစ်ပါးကုန်သော။ ယေ ဓမ္မေ၊ အကြင် တရားတို့ကို။ ဗုဇ္ဈိတွာ၊ သိကြကုန်သောကြောင့်။ ဥတ္တမာ၊ မြတ်ကုန်သော။ ဣမေ သတ္တာ၊ ဤ ပုဂ္ဂိုလ်တို့သည်။ တိဘဝါ၊ ဘဝသုံးပါးမှ။ မုတ္တကာ၊ လွတ်မြောက်ရ ကုန်သည်ဖြစ်၍။ အဇာတိံ၊ ပဋိသန္ဓေနေခြင်း မရှိသော။ အဇရံ၊ အိုခြင်း မရှိသော။ အဗျာဓိံ၊ နာခြင်း မရှိသော။ အမတံ၊ သေခြင်း မရှိသော။ နိဗ္ဘယံ၊ ဘေးမရှိသော။ နိဗ္ဗာနံ၊ နိဗ္ဗာန်သို့။ ဂတာ၊ ရောက်ကြရကုန်ပြီ။ ဧဝမာဒိဂုဏူပေတံ၊ ဤသို့ အစရှိသော အကျိုးဂုဏ်အင် အာနိသင်တို့နှင့် ပြည့်စုံသော။ အနေကဂုဏသင်္ဂဟံ၊ ဂုဏ်ပေါင်းများစွာ သိမ်းယူရာဖြစ်သော။ ဩသဓဉ္စ၊ ရောဂါပျောက်ရေးဝယ် ဆေးသဖွယ်လည်း ဖြစ်သော။ မန္တဉ္စ၊ အန္တရာယ်ကင်းရေးဝယ် မန္တန်သဖွယ်လည်း ဖြစ်သော။ ဣမံဗောဇ္ဈင်္ဂံ၊ ဤ ဗောဇ္ဈင်္ဂသုတ် ပရိတ်တော်ကို။ မယံ၊ ငါတို့သည်။ ဘဏာမ၊ ရွတ်ကြပါကုန်စို့။
၁၃၈-၄၀။ သတိသင်္ခါတော၊ သတိဟု ဆိုအပ်သော။ ဗောဇ္ဈင်္ဂေါ စ၊ ဗောဇ္ဈင် လည်းကောင်း။ ဓမ္မာနံ ဝိစယော စ၊ ဓမ္မဝိစယဗောဇ္ဈင် လည်းကောင်း။ တထာ၊ ထိုမှတစ်ပါး။ ဝီရိယံ စ၊ ဝီရိယဗောဇ္ဈင် လည်းကောင်း။ ပီတိ ပဿဒ္ဓိဗောဇ္ဈင်္ဂါ စ၊ ပီတိ ဗောဇ္ဈင်, ပဿဒ္ဓိဗောဇ္ဈင်တို့လည်းကောင်း။ တထာ၊ ထို့ပြင်။ အပရေ၊ တပါး ကုန်သော။ သမာဓုပေက္ခာ ဗောဇ္ဈင်္ဂါ စ၊ သမာဓိဗောဇ္ဈင်, ဥပေက္ခာဗောဇ္ဈင်တို့ လည်းကောင်း။ ဣတိ၊ ဤသို့။ သဗ္ဗဒဿိနာ၊ တရားအလုံးစုံ အကုန်သိတော်မူသော။ မုနိနာ၊ မြတ်စွာဘုရားသည်။ သမ္မဒက္ခာတာ၊ ကောင်းစွာ ဟောကြားတော်မူအပ်ကုန်သော။ သတ္တ၊ ခုနှစ်ပါးကုန်သော။ ဧတေ၊ ဤဗောဇ္ဈင်တရားတို့သည်။ ဘာဝိတာ၊ ပွားများအပ်ကုန်သည်ရှိသော်။ ဗဟုလီကတာ၊ ကြိမ်ဖန်များစွာ အလေ့အလာ ပြုအပ်ကုန်သည်ရှိသော်။ အဘိညာယ စ၊ သစ္စာလေးပါးကို သိခြင်းငှာ လည်းကောင်း။ နိဗ္ဗာနာယ စ၊ နိဗ္ဗာန်အလို့ငှာ လည်းကောင်း။ ဗောဓိယာ စ၊ မဂ်ဉာဏ်အလို့ငှာ လည်းကောင်း။ သံဝတ္တန္တိ၊ ဖြစ်ကုန်၏။ ဧတေန သစ္စဝဇ္ဇေန၊ ဤ သစ္စာစကားကြောင့်။ တေ၊ သင့်အား။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ သောတ္ထိ၊ ချမ်းသာခြင်းသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။
၁၄၁။ ဧကသ္မိံ သမယေ၊ အခါတစ်ပါး၌။ နာထော၊ မြတ်စွာဘုရားသည်။ မောဂ္ဂလာနဉ္စ၊ မောဂ္ဂလာန်မထေရ်ကို လည်းကောင်း။ ကဿပဉ္စ၊ ကဿပ မထေရ်ကို လည်းကောင်း။ ဂိလာနေ၊ မကျန်းမမာသည်တို့ကို။ ဒုက္ခိတေ၊ ဆင်းရဲခြင်းသို့ ရောက်သည်တို့ကို။ ဒိသွာ၊ မြင်တော်မူရ၍။ သတ္တ ဗောဇ္ဈင်္ဂေ၊ ဗောဇ္ဈင် ခုနှစ်ပါးတို့ကို။ ဒေသယိ၊ ဟောတော်မူပြီ။
၁၄၂။ တေ စ၊ ထိုမထေရ်မြတ်တို့သည်လည်း။ တံ၊ ထို ဗောဇ္ဈင်ခုနှစ်ပါး တရားတော်ကို။ အဘိနန္ဒိတွာ၊ နှစ်သက်အားရ ခံယူကြကုန်၍။ တင်္ခဏေ၊ ထိုခဏ၌။ ရောဂါ၊ ရောဂါမှ၊ မုစ္စိံသု၊ ပျောက်ကင်း လွတ်မြောက်ကြရကုန်ပြီ။ ဧတေန သစ္စဝဇ္ဇေန၊ ဤ သစ္စာစကားကြောင့်။ တေ၊ သင့်အား။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ သောတ္ထိ၊ ချမ်းသာခြင်းသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။
၁၄၃-၄။ ဧကဒါ၊ အခါတစ်ပါး၌။ ဓမ္မရာဇာပိ၊ တရားဘုရင် ဘုရားရှင်သည်လည်း။ ဂေလညေန၊ ရောဂါ ဝေဒနာသည်။ အဘိပီဠိတော၊ ပြင်းထန်စွာ နှိပ်စက်အပ်သည် ဖြစ်၍။ စုန္ဒတ္ထေရေန၊ စုန္ဒမထေရ်ကို။ တံ ယေဝ၊ ထို ဗောဇ္ဈင် တရားတော်ကိုပင်။ သာဒရံ၊ ရိုသေလေးစားစွာ။ ဘဏာပေတွာ၊ ရွတ်ဆိုစေ၍။ သမ္မောဒိတွာန၊ ဝမ်းမြောက်တော်မူသောကြောင့်။ ဌာနသော၊ တစ်ခဏခြင်း။ တမှာ အာဗာဓာ၊ ထိုရောဂါမှ။ ဝုဋ္ဌာသိ၊ ထမြောက် ပျောက်ကင်းတော်မူလေပြီ။ ဧတေန သစ္စဝဇ္ဇေန၊ ဤ သစ္စာစကားကြောင့်။ တေ၊ သင့်အား။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ သောတ္ထိ၊ ချမ်းသာခြင်းသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။
၁၄၅။ မဂ္ဂါဟတာ၊ အရိယမဂ်တရားတို့သည် ပယ်ရှား ဖျက်ဆီးအပ်ကုန်သော။ ကိလေသာ၊ ကိလေသာတို့သည်။ အနုပ္ပတ္တိဓမ္မတံ၊ တစ်ဖန်ထပ်ကာ မဖြစ် ပေါ်လာခြင်း သဘောရှိသည်၏ အဖြစ်သို့။ ပတ္တာဣဝ၊ ရောက်ရကုန်သကဲ့သို့။ တထာ၊ ထို့အတူ။ တိဏ္ဏန္နမ္ပိ၊ သုံးပါးလည်း ဖြစ်ကုန်သော။ မဟေသီနံ၊ သီလက္ခန္ဓ စသည်ဖွေရှာ မြတ်စွာဘုရား, နှစ်ပါးသော ထေရ်အရှင်တို့၏။ ပဟီနာ၊ ဗောဇ္ဈင်တရားဖြင့် ပယ်ရှားအပ်ပြီး ဖြစ်ကုန်သော။ တေ အာဗာဓာ စ၊ ထိုရောဂါတို့သည်လည်း။ အနုပ္ပတ္တိဓမ္မတံ၊ တဖန်ထပ်ကာ မဖြစ်လာခြင်းသဘော ရှိသည်၏ အဖြစ်သို့။ ပတ္တာ၊ ရောက်ကုန်ပြီ။
၁၁-ပုဗ္ဗဏှသုတ်ပါဠိ
၁၄၆။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊
ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊
ဗုဒ္ဓါနုဘာဝေန ဝိနာသ'မေန္တု။
၁၄၇။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊
ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊
ဓမ္မာနုဘာဝေန ဝိနာသ'မေန္တု။
၁၄၈။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊
ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊
သံဃာနုဘာဝေန ဝိနာသ'မေန္တု။
၁၄၉။ ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ၊ ဘယပ္ပတ္တာ စ နိဗ္ဗယာ။
သောကပ္ပတ္တာ စ နိဿောကာ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော။
၁၅၀။ ဧတ္တာဝတာ စ အမှေဟိ၊ သမ္ဘတံ ပုညသမ္ပဒံ။
သဗ္ဗေ ဒေဝါနုမောဒန္တု၊ သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ။
၁၅၁။ ဒါနံ ဒဒန္တု သဒ္ဓါယ၊ သီလံ ရက္ခန္တု သဗ္ဗဒါ။
ဘာဝနာဘိရတာ ဟောန္တု၊ ဂစ္ဆန္တု ဒေဝတာ ဂတာ။
၁၅၂။ သဗ္ဗေ ဗုဒ္ဓါ ဗလပ္ပတ္တာ၊
ပစ္စေကာနဉ္စ ယံ ဗလံ။
အရဟန္တာနဉ္စ တေဇေန၊
ရက္ခံ ဗန္ဓာမိ သဗ္ဗသော။
၁၅၃။ ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊
သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၁၅၄။ ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊
သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊
ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၁၅၅။ ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊
သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၁၅၆။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု၊ သဗ္ဗဒေဝတာ။
သဗ္ဗဗုဒ္ဓါနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။
၁၅၇။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု၊ သဗ္ဗဒေဝတာ။
သဗ္ဗဓမ္မာနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။
၁၅၈။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု၊ သဗ္ဗဒေဝတာ။
သဗ္ဗဗုဒ္ဓါနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။
၁၅၉။ မဟာကရုဏိကော နာထော၊ ဟိတာယ သဗ္ဗပါဏိနံ။
ပူရေတွာ ပါရမီ သဗ္ဗာ၊ ပတ္တော သမ္ဗောဓိမုတ္တမံ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
၁၆၀။ ဇယန္တော ဗောဓိယာ မူလေ၊ သကျာနံ နန္ဒိဝဍ္ဎနော။
ဧဝမေဝ ဇယော ဟောတု၊ ဇယဿု ဇယမင်္ဂလေ။
၁၆၁။ အပရာဇိတပလ္လင်္ကေ၊ သီသေ ပုထုဝိပုက္ခလေ။
အဘိသေကေ သဗ္ဗဗုဒ္ဓါနံ၊ အဂ္ဂပ္ပတ္တော ပမောဒတိ။
၁၆၂။ သုနက္ခတ္တံ သုမင်္ဂလံ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ။
သုခဏော သုမုဟုတ္တော စ၊ သုယိဋ္ဌံ ဗြဟ္မစာရိသု။
၁၆၃။ ပဒက္ခိဏံ ကာယကမ္မံ ဝါစာကမ္မံ ပဒက္ခိဏံ၊
ပဒက္ခိဏံ မနောကမ္မံ၊ ပဏီဓိ တေ ပဒက္ခိဏေ။
၁၆၄။ ပဒက္ခိဏာနိ ကတွာန၊ လဘန္တတ္ထေ ပဒက္ခိဏေ။
တေ အတ္ထလဒ္ဓါ သုခိတာ၊ ဝိရူဠှာ ဗုဒ္ဓသာသနေ။
အရောဂါ သုခိတာ ဟောထ၊ သဟ သဗ္ဗေဟိ ဉာတိဘိ။
၁၁-ပုဗ္ဗဏှသုတ္တံ နိဋ္ဌိတံ။
---
ပုဗ္ဗဏှသုတ်နိဿယ
၁၄၆။ ယံဒုန္နိမိတ္တဉ္စ၊ အကြင် မကောင်းသော နိမိတ်သည်လည်းကောင်း။ ယံ အဝမင်္ဂလဉ္စ၊ အကြင် အမင်္ဂလာသည် လည်းကောင်း။ သကုဏဿ၊ ငှက်ဆိုး၏။ အမနာပေါ၊ နှစ်သက်ဖွယ်မရှိသော။ ယော သဒ္ဒေါ စ၊ အကြင် အသံသည် လည်းကောင်း။ ယော ပါပဂ္ဂဟော စ၊ အကြင် ပါပဂြိုဟ်သည် လည်းကောင်း။ အကန္တံ၊ နှစ်လိုဖွယ်မရှိသော။ ယံ ဒုဿုပိနဉ္စ၊ အကြင် မကောင်းသော အိပ်မက်သည် လည်းကောင်း။ အတ္ထိ၊ ရှိကုန်၏။ ဧတေ ဒုန္နိမိတ္တံ၊ ထို မကောင်းသောနိမိတ် စသည်တို့သည်။ ဗုဒ္ဓါနုဘာဝေန၊ ဘုရားမြတ်တို့၏ အာနုဘော်ကြောင့်။ ဝိနာသံ၊ အလျှင်းမရောက် ကင်းပျောက်ခြင်းသို့။ ဧန္တု၊ ရောက်ပါစေကုန်သတည်း။
၁၄၇။ ယံဒုန္နိမိတ္တဉ္စ၊ အကြင် မကောင်းသော နိမိတ်သည်လည်းကောင်း။ ယံ အဝမင်္ဂလဉ္စ၊ အကြင် အမင်္ဂလာသည် လည်းကောင်း။ သကုဏဿ၊ ငှက်ဆိုး၏။ အမနာပေါ၊ နှစ်သက်ဖွယ်မရှိသော။ ယော သဒ္ဒေါ စ၊ အကြင် အသံသည် လည်းကောင်း။ ယော ပါပဂ္ဂဟော စ၊ အကြင် ပါပဂြိုဟ်သည် လည်းကောင်း။ အကန္တံ၊ နှစ်လိုဖွယ်မရှိသော။ ယံ ဒုဿုပိနဉ္စ၊ အကြင် မကောင်းသော အိပ်မက်သည် လည်းကောင်း။ အတ္ထိ၊ ရှိကုန်၏။ ဧတေ ဒုန္နိမိတ္တံ၊ ထို မကောင်းသောနိမိတ် စသည်တို့သည်။ ဓမ္မာနုဘာဝေန၊ တရားတော်တို့၏ အာနုဘော်ကြောင့်။ ဝိနာသံ၊ အလျှင်းမရောက် ကင်းပျောက်ခြင်းသို့။ ဧန္တု၊ ရောက်ပါစေကုန်သတည်း။
၁၄၈။ ယံဒုန္နိမိတ္တဉ္စ၊ အကြင် မကောင်းသော နိမိတ်သည်လည်းကောင်း။ ယံ အဝမင်္ဂလဉ္စ၊ အကြင် အမင်္ဂလာသည် လည်းကောင်း။ သကုဏဿ၊ ငှက်ဆိုး၏။ အမနာပေါ၊ နှစ်သက်ဖွယ်မရှိသော။ ယော သဒ္ဒေါ စ၊ အကြင် အသံသည် လည်းကောင်း။ ယော ပါပဂ္ဂဟော စ၊ အကြင် ပါပဂြိုဟ်သည် လည်းကောင်း။ အကန္တံ၊ နှစ်လိုဖွယ်မရှိသော။ ယံ ဒုဿုပိနဉ္စ၊ အကြင် မကောင်းသော အိပ်မက်သည် လည်းကောင်း။ အတ္ထိ၊ ရှိကုန်၏။ ဧတေ ဒုန္နိမိတ္တံ၊ ထို မကောင်းသောနိမိတ် စသည်တို့သည်။ သံဃာနုဘာဝေန၊ သံဃာတော်တို့၏ အာနုဘော်ကြောင့်။ ဝိနာသံ၊ အလျှင်းမရောက် ကင်းပျောက်ခြင်းသို့။ ဧန္တု၊ ရောက်ပါစေကုန်သတည်း။
၁၄၉။ ဒုက္ခပတ္တာ၊ ဆင်းရဲဒုက္ခ ဆိုက်ရောက်နေကြကုန်သော။ သဗ္ဗေပိ၊ အလုံးစုံလည်း ဖြစ်ကုန်သော။ ပါဏိနော၊ သတ္တဝါတို့သည်။ နိဒ္ဒုက္ခာ စ၊ ဆင်းရဲ မရှိကြကုန်သည်လည်း။ ဟောန္တု၊ ဖြစ်ကြပါစေကုန်သတည်း။ ဘယပတ္တာ၊ ဘေး အန္တရာယ် ဆိုက်ရောက်နေကြကုန်သော။ သဗ္ဗေပိ၊ အလုံးစုံလည်း ဖြစ်ကုန်သော။ ပါဏိနော၊ သတ္တဝါတို့သည်။ နိဗ္ဘယာ စ၊ ဘေးအန္တရာယ် မရှိကြကုန်သည်လည်း။ ဟောန္တု၊ ဖြစ်ကြပါစေကုန်သတည်း။ သောကပ္ပတ္တာ၊ စိုးရိမ်ပူဆွေးခြင်းသို့ ဆိုက်ရောက်၍ နေကြကုန်သော။ သဗ္ဗေပိ၊ အလုံးစုံလည်း ဖြစ်ကုန်သော။ ပါဏိနော၊ သတ္တဝါတို့သည်။ နိဿောကာ စ၊ စိုးရိမ်ပူဆွေးခြင်း မရှိကြကုန်သည်လည်း၊ ဟောန္တု၊ ဖြစ်ကြပါစေကုန်သတည်း။
၁၅၀။ စ၊ ပတ္တိဒါနစကား မြွက်ကြားလိုက်ပါဦးအံ့။ ဧတ္တာဝတာ၊ ဤမျှ အတိုင်းအရှည်ရှိသော တရားအလျဥ် စကားအစဉ်ဖြင့်။ အမှေဟိ၊ ငါတို့သည်။ သမ္ဘတံ၊ ကောင်းစွာ ဆည်းပူးအပ်သော။ ပုညသမ္ပဒံ၊ ကောင်းမှု၏ ပြည့်စုံခြင်းကို။ သဗ္ဗေ၊ အလုံးစုံကုန်သော။ ဒေဝါ၊ နတ်တို့သည်။ သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ၊ စည်းစိမ်များစွာ ချမ်းသာအကုန် ပြည့်စုံပြီးမြောက်ခြင်းငှာ။ အနုမောဒန္တု၊ သာဓု သာဓု အနုမောဒနာ ပြုကြပါကုန်လော့။
၁၅၁။ သဒ္ဓါယ၊ ရတနာသုံးတန် ကံ ကံ၏အကျိုး မြတ်နိုးယုံကြည်ကြကုန်၍။ ဒါနံ၊ အလှူဒါနကို။ ဒဒန္တု၊ လှူဒါန်းကြပါကုန်လော့။ သဗ္ဗဒါ၊ အခါမလပ်။ သီလံ၊ သီလကို။ ရက္ခန္တု၊ စောင့်ရှောက်ကြပါကုန်လော့။ ဘာဝနာဘိရတာ၊ သမထ ဝိပဿနာ ဘာဝနာ၌ နှစ်ခြိုက်ရွှင်ပျော် မွေ့လျော်ကြကုန်သည်။ ဟောန္တု၊ ဖြစ်ကြပါကုန်လော့။ အာဂတာ၊ ပရိတ်တရားတော် နာယူရန် ဆိုက်ရောက်လာကြကုန်သော။ ဒေဝတာ၊ နတ်တို့သည်။ ဂစ္ဆန္တု၊ ကိုယ့်ရပ်ဌာန ပြန်ကြပါကုန်လော့။
၁၅၂။ ဗလပ္ပတ္တာ၊ ကာယဗလ ဉာဏဗလ စွမ်းအားကို ရ ပိုင်တော်မူကြကုန်သော။ သဗ္ဗေ၊ အလုံးစုံကုန်သော။ ယေ ဗုဒ္ဓါ၊ အကြင် ဘုရားရှင်တို့သည်။ (သန္တိ၊ ရှိတော်မူကြကုန်၏။) တေ သဉ္စ၊ ထိုဘုရားရှင်တို့၏ လည်းကောင်း။ ပစ္စေကာနဉ္စ၊ ပစ္စေကဗုဒ္ဓါတို့၏ လည်းကောင်း။ ယံ ဗလံ၊ အကြင် စွမ်းအား ရှိန်စော် အာနုဘော်သည်။ အတ္ထိ၊ ရှိ၏။ တေန ဗလေန စ၊ ထို အစွမ်း အာနုဘော်ဖြင့် လည်းကောင်း။ အရဟန္တာနံ၊ ရဟန္တာတို့၏။ တေဇေန စ၊ တန်ခိုးအာနုဘော်ဖြင့် လည်းကောင်း။ သဗ္ဗသော၊ အခါခပ်သိမ်း။ ရက္ခံ၊ အကာ အကွယ် အစောင့်အရှောက်ကို။ အဟံ၊ ငါသည်။ ဗန္ဓာမိ၊ ဖွဲ့ပါ၏။
၁၅၃။ ဣဓ ဝါ၊ ဤလူ့ပြည်၌ လည်းကောင်း။ ဟုရံ ဝါ၊ နဂါးပြည် ဂဠုန်ပြည်၌ လည်းကောင်း။ ယံကိဉ္စိ၊ အလုံးစုံသော။ ဝိတ္တံ၊ ဥစ္စာရတနာသည်။ အတ္ထိ၊ ရှိ၏။ သဂ္ဂေသု ဝါ၊ နတ်ပြည် ဗြဟ္မာပြည်တို့၌ လည်းကောင်း။ ပဏီတံ၊ ကောင်းမြတ်သော။ ယံ ရတနံ၊ အကြင်ရတနာသည်။ အတ္ထိ၊ ရှိပေ၏။ (ဧတ္ထ၊ ဤရတနာတို့တွင်) တထာဂတေန၊ မြတ်စွာဘုရားနှင့်။ သမံ၊ တူညီသောရတနာကား။ န နော အတ္ထိ၊ မရှိသည်သာတည်း။ ဗုဒ္ဓေ၊ မြတ်စွာဘုရား၌။ ဣဒမ္ပိ ရတနံ၊ ဤရတနာ၏အဖြစ် နှစ်သက်ဖွယ် ဂုဏ်ရည်သည်လည်း။ ပဏီတံ၊ ထူးမြတ်လှပါပေ၏။ ဧတေန သစ္စေန၊ ဤသစ္စာစကားကြောင့်။ သုဝတ္ထိ ဟောတု၊ သတ္တဝါတွေ ချမ်းသာပါစေသတည်း။
၁၅၄။ ဣဓ ဝါ၊ ဤလူ့ပြည်၌ လည်းကောင်း။ ဟုရံ ဝါ၊ နဂါးပြည် ဂဠုန်ပြည်၌ လည်းကောင်း။ ယံကိဉ္စိ၊ အလုံးစုံသော။ ဝိတ္တံ၊ ဥစ္စာရတနာသည်။ အတ္ထိ၊ ရှိ၏။ သဂ္ဂေသု ဝါ၊ နတ်ပြည် ဗြဟ္မာပြည်တို့၌ လည်းကောင်း။ ပဏီတံ၊ ကောင်းမြတ်သော။ ယံ ရတနံ၊ အကြင်ရတနာသည်။ အတ္ထိ၊ ရှိပေ၏။ (ဧတ္ထ၊ ဤရတနာတို့တွင်) တထာဂတေန၊ တရားတော်နှင့်။ သမံ၊ တူညီသောရတနာကား။ န နော အတ္ထိ၊ မရှိသည်သာတည်း။ ဓမ္မေ၊ တရား၌။ ဣဒမ္ပိ ရတနံ၊ ဤရတနာ၏အဖြစ် နှစ်သက်ဖွယ် ဂုဏ်ရည်သည်လည်း။ ပဏီတံ၊ ထူးမြတ်လှပါပေ၏။ ဧတေန သစ္စေန၊ ဤသစ္စာစကားကြောင့်။ သုဝတ္ထိ ဟောတု၊ သတ္တဝါတွေ ချမ်းသာပါစေသတည်း။
၁၅၅။ ဣဓ ဝါ၊ ဤလူ့ပြည်၌ လည်းကောင်း။ ဟုရံ ဝါ၊ နဂါးပြည် ဂဠုန်ပြည်၌ လည်းကောင်း။ ယံကိဉ္စိ၊ အလုံးစုံသော။ ဝိတ္တံ၊ ဥစ္စာရတနာသည်။ အတ္ထိ၊ ရှိ၏။ သဂ္ဂေသု ဝါ၊ နတ်ပြည် ဗြဟ္မာပြည်တို့၌ လည်းကောင်း။ ပဏီတံ၊ ကောင်းမြတ်သော။ ယံ ရတနံ၊ အကြင်ရတနာသည်။ အတ္ထိ၊ ရှိပေ၏။ (ဧတ္ထ၊ ဤရတနာတို့တွင်) တထာဂတေန၊ သံဃာတော်နှင့်။ သမံ၊ တူညီသောရတနာကား။ န နော အတ္ထိ၊ မရှိသည်သာတည်း။ သံဃေ၊ သံဃာတော်၌။ ဣဒမ္ပိ ရတနံ၊ ဤရတနာ၏အဖြစ် နှစ်သက်ဖွယ် ဂုဏ်ရည်သည်လည်း။ ပဏီတံ၊ ထူးမြတ်လှပါပေ၏။ ဧတေန သစ္စေန၊ ဤသစ္စာစကားကြောင့်။ သုဝတ္ထိ ဟောတု၊ သတ္တဝါတွေ ချမ်းသာပါစေသတည်း။
၁၅၆။ သဗ္ဗမင်္ဂလံ၊ မင်္ဂလာအပေါင်း အကောင်းမှန်သမျှသည်။ ဘဝတု၊ ဖြစ်ပါစေသတည်း။ သဗ္ဗဒေဝတာ၊ အလုံးစုံသောနတ်တို့သည်။ ရက္ခန္တု၊ စောင့်ရှောက်ကြပါစေကုန်သတည်း။ သဗ္ဗဗုဒ္ဓါနုဘာဝေန၊ အလုံးစုံသော ဘုရားရှင်တို့၏ တန်ခိုးအာနုဘော်ကြောင့်။ တေ၊ ထိုသတ္တဝါတို့သည်။ သဒါ၊ အခါခပ်သိမ်း။ သုခီ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းရှိကုန်သည်။ ဘဝန္တု၊ ဖြစ်ကြပါစေကုန် သတည်း။
၁၅၇။ သဗ္ဗမင်္ဂလံ၊ မင်္ဂလာအပေါင်း အကောင်းမှန်သမျှသည်။ ဘဝတု၊ ဖြစ်ပါစေသတည်း။ သဗ္ဗဒေဝတာ၊ အလုံးစုံသောနတ်တို့သည်။ ရက္ခန္တု၊ စောင့်ရှောက်ကြပါစေကုန်သတည်း။ သဗ္ဗဓမ္မာနုဘာဝေန၊ အလုံးစုံသော တရားတော်တို့၏ အစွမ်းအာနုဘော်ကြောင့်။ တေ၊ ထိုသတ္တဝါတို့သည်။ သဒါ၊ အခါခပ်သိမ်း။ သုခီ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းရှိကုန်သည်။ ဘဝန္တု၊ ဖြစ်ကြပါစေကုန် သတည်း။
၁၅၈။ သဗ္ဗမင်္ဂလံ၊ မင်္ဂလာအပေါင်း အကောင်းမှန်သမျှသည်။ ဘဝတု၊ ဖြစ်ပါစေသတည်း။ သဗ္ဗဒေဝတာ၊ အလုံးစုံသောနတ်တို့သည်။ ရက္ခန္တု၊ စောင့်ရှောက်ကြပါစေကုန်သတည်း။ သဗ္ဗသံဃာနုဘာဝေန၊ အလုံးစုံသော သံဃာတော်တို့၏ အစွမ်းအာနုဘော်ကြောင့်။ တေ၊ ထိုသတ္တဝါတို့သည်။ သဒါ၊ အခါခပ်သိမ်း။ သုခီ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းရှိကုန်သည်။ ဘဝန္တု၊ ဖြစ်ကြပါစေကုန် သတည်း။
၁၅၉။ မဟာကာရုဏိကော၊ ကြီးမြတ်သော ကရုဏာ ရှိတော်မူသော။ နာထော၊ မြတ်စွာဘုရားသည်။ သဗ္ဗပါဏိနံ၊ အလုံးစုံသော သတ္တဝါတို့၏။ ဟိတာယ၊ အကျိုးစီးပွါးအလို့ငှါ၊ သဗ္ဗာ၊ အလုံးစုံကုန်သော။ ပါရမီ၊ ဒါနစသည် ပါရမီတော်တို့ကို။ ပူရေတွာ၊ ဖြည့်ကျင့်တော်မူ၍။ ဥတ္တမံ၊ ထူးမြတ်သော။ သမ္ဗောဓိံ၊ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တော်ကို။ ပတ္တော၊ ရတော်မူခဲ့လေပြီ။ ဧတေန သစ္စဝဇ္ဇေန၊ ဤသစ္စာစကားကြောင့်။ တေ၊ သင့်အား။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ သောတ္ထိ၊ ချမ်းသာခြင်းသည်။ ဟောတု၊ ဖြစ်ပါစေ သတည်း။
၁၆၀။ သကျာနံ၊ သာကီဝင်မင်းတို့၏။ နန္ဒိဝဍ္ဎနော၊ အားရနှစ်သက်ခြင်းကို တိုးပွါးစေတတ်သော မြတ်စွာဘုရားသည်။ ဗောဓိယာ၊ ဗောဓိပင်၏။ မူလေ၊ အနီးတခွင် အပရာဇိတပလ္လင်၌။ ဇယန္တော ယထာ၊ မာရ်ငါးပါးကို အောင်မြင်တော် မူသကဲ့သို့။ ဧဝမေဝ၊ ဤအတူသာလျင်။ (တေ၊ သင့်အား။) ဇယော၊ ဘေးရန်ခပင်း အောင်မြင်ခြင်းသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။ တွံ၊ သင်သည်။ ဇယမင်္ဂလေ၊ အောင်ရာအောင်ကြောင်း ကောင်းမြတ်သော မင်္ဂလာတရားတို့ကို။ ဇယဿု၊ ခရီးရောက်အောင် ပြီးမြောက်လျှင်လျှင် အောင်မြင်ပါစေသတည်း။
၁၆၁။ သဗ္ဗဗုဒ္ဓါနံ၊ အလုံးစုံသော မြတ်စွာဘုရားတို့၏။ အဘိသေကေ၊ ဗုဒ္ဓါဘိသေက ခံယူရာဌာနဖြစ်ပေသော။ သီသေ၊ မြေတို့၏အထွတ်အထိပ် ဖြစ်သော။ ပုထုဝိပုက္ခလေ၊ တင့်တယ်ထူးလွန် မြေမွန် မြေမြတ်ဖြစ်ပေသော။ အပရာဇိတ ပလ္လင်္ကေ၊ အပရာဇိတမည်တွင် ပလ္လင်တော်၌။ အဂ္ဂပ္ပတ္တော၊ ထွတ်ဖျား တိုင်မြောက် ဘုရားအဖြစ်သို့ ရောက်တော်မူသော ရှင်တော်မြတ်သည်။ ပမောဒတိ၊ အလွန်ရွှင်လန်း ဝမ်းမြောက်တော်မူရပေ၏။ (ဧဝမေဝ၊ ဤအတူပင်။ တွံ၊ သင်သည်။ အဂ္ဂပ္ပတ္တော၊ အထက်တန်းသို့ တက်လှမ်းပေါက်ရောက် သည်ဖြစ်၍။ ပမောဒဿု၊ ဝမ်းမြောက်ပါစေသတည်း။)
၁၆၂။ (ယသ္မိံ ဒိဝသေ၊ အကြင်နေ့၌။ တယော သုစရိတဓမ္မေ၊ သုစရိုက်တရား သုံးပါးတို့ကို။ ပရိပူရေန္တိ၊ ဖြည့်ကျင့်ကြကုန်၏။ သော ဒိဝသော၊ ထိုနေ့သည်။) သုနက္ခတ္တံ၊ နက္ခတ်အပေါင်း မကောင်းမရှိ အကောင်းအတိသာတည်း။ သုမင်္ဂလံ၊ အမင်္ဂလာ ဘယ်အခါမရှိ ကောင်းမြတ်သော မင်္ဂလာအတိသာတည်း။ သုပ္ပဘာတံ၊ အပြစ်ကင်းရှင်း ကောင်းသော မိုးလင်းရခြင်းပင်တည်း။ သုဟုဋ္ဌိတံ၊ သာယာ သန့်ရှင်း ကောင်းသော အိပ်ရာမှ ထရခြင်းပင်တည်း။ သုခဏော၊ ကြုံလာဆိုက်ရ ခဏတိုင်းမှာ ကောင်းသော ခဏချည်းသာတည်း။ သမုဟုတ္တော စ၊ မုဟုတ်တိုင်းမှာ အကောင်းချည်းသာတည်း။ (တသ္မိံ ဒိဝသေ၊ ထိုသုစရိုက်ကျင့်ရာ နေ့အခါ၌။) ဗြဟ္မစာရိသု၊ မြတ်သောအကျင့်ကို ကျင့်လေ့ရှိသူ ပုဂ္ဂိုလ်တို့၌။ ယိဋ္ဌံ၊ လှူအပ်, ပူဇော်အပ်သော အလှူသည်။ သုယိဋ္ဌံ၊ အပြစ်ကင်း၍ သန့်ရှင်းကောင်းမြတ်သော ပူဇော်ရခြင်းဖြစ်ပါပေ၏။
၁၆၃။ (တသ္မိံ ဒိဝသေ၊ ထိုသုစရိုက်ကျင့်ရာနေ့အခါ၌။) ကာယကမ္မံ၊ ထိုသူပြုသည့် ကာယကံမှု မှန်သမျှသည်။ ပဒက္ခိဏံ၊ တိုးတက်ကြီးပွါးကြောင်း အကောင်း အမြတ်ချည်းသာတည်း။ ဝစီကမ္မံ၊ ဝစီကံမှု မှန်သမျှသည်။ ပဒက္ခိဏံ၊ တိုးတက် ကြီးပွါးကြောင်း အကောင်းအမြတ်ချည်းသာတည်း။ မနောကမ္မံ၊ မနောကံ မှန်သမျှသည်လည်း။ ပဒက္ခိဏံ၊ တိုးတက်ကြီးပွါးကြောင်း အကောင်း အမြတ်ချည်းသာတည်း။ တေ၊ ထိုသုစရိုက်ကျင့်သူ၏ ကံသုံးပါးတို့ကား။ ပဒက္ခိဏေ၊ တိုးတက်ကြီးပွါးကြောင်း ကောင်းမှု၌၊ ပဏီဓိ၊ ထားခြင်းမည်ပေ၏။
၁၆၄။ ပဒက္ခိဏာနိ၊ တိုးတက်ကြီးပွါးကြောင်း ကောင်းမှုကံတို့ကို။ ကတွာန၊ ပြုကြကုန်၍။ ပဒက္ခိဏေ၊ တိုးတက်ကောင်းမြတ်ကုန်သော။ အတ္ထေ၊ အကျိုးတို့ကို။ လဘန္တိ၊ ရရှိကြကုန်၏။ တေ (တုမှေ)၊ ထိုသင်တို့သည်။ အတ္ထလဒ္ဓါ၊ ရအပ်သော ကောင်းကျိုးရှိကြကုန်သည်။ သုခိတာ၊ ချမ်းသာခြင်းသို့ ရောက်ကြကုန်သည်။ ဗုဒ္ဓသာသနေ၊ ဘုရားသာသနာတော်၌။ ဝိရူဠှာ၊ တိုးတက် စည်ကား ကြီးပွါးကြကုန်သည်။ (ဟုတွာ၊ ဖြစ်ကြကုန်၍။) သဗ္ဗေဟိ၊ အလုံးစုံကုန်သော။ ဉာတိဟိ၊ အဆွေအမျိုးတို့နှင့်။ သဟ၊ တကွ။ အရောဂါ၊ ရောဂါမရှိကြကုန်သည်။ သုခိတာ၊ ချမ်းသာခြင်းသို့ ရောက်ကြကုန်သည်။ ဟောထ၊ ဖြစ်ကြပါစေကုန်သတည်း။
---
ပရိတ်ကြီး နိဿယသစ်
နမော တဿ ဘဂဝတော အရဟတာ သမ္မာသမ္ဗုဒ္ဓဿ
နတ်ပင့်
(၁) သမန္တာ စက္က ဝါဠေသု၊ အတြာ’ ဂစ္ဆန္တု ဒေဝတာ။
သဒ္ဓမ္မံ မုနိရာဇဿ၊ သုဏန္တု သဂ္ဂမောက္ခဒံ။
(၁) သမန္တာ၊ ဤစကြဝဠာခွင် ပတ်ဝန်းကျင်မှ။ စက္ကဝါဠေသု၊ စကြဝဠာပေါင်း တိုက်တစ်သောင်းတို့၌။ ဒေဝတာ၊ နတ်ဗြဟ္မာတို့သည်။ အတြ၊ ဤပရိတ်တရား ဟောကြားရာဌာနသို့။ အာဂစ္ဆန္တု၊ လာရောက်ကြကုန်လော့။ မုနိရာဇဿ၊ မုနိတို့၏ဘုရင် ရှင်တော်မြတ်ဘုရား၏။ သဂ္ဂမောက္ခဒံ၊ နတ်ပြည်,နိဗ္ဗာန်အကျိုးကိုပေးတတ်သော။ သဒ္ဓမ္မံ၊ ပရိတ်တရားတော်ကို။ သုဏန္တု၊ နာလှည့်ကြကုန်လော့။
စကားပြေ-ဤစကြဝဠာ၏ ပတ်ဝန်းကျင် စကြဝဠာတစ်သောင်းရှိ နတ်ဗြဟ္မာတို့သည် ဤပရိတ်တရား ဟောကြားရာ ဌာနသို့ လာရောက်ကြကုန်လော့၊ မြတ်စွာဘုရား၏ နတ်ပြည်နိဗ္ဗာန်အကျိုးကို ပေးတတ်သော ပရိတ်တရားတော်ကို နာယူလှည့်ကြပါကုန်လော့။
နတ်တို့ကိုဖိတ်ခြင်း။ “သမန္တာ” စသည်ကား ပရိတ်မရွတ်မီ ရှေးဦးစွာ နတ်များကို ဖိတ်မန္တကပြုခြင်းတည်း။ ဘုရားရှင့် လက်ထက်တော်၌ ကျွတ်တမ်းဝင်ကြသူများတွင် လူသားကား အနည်းငယ်မျှသာ၊ နတ်ဗြဟ္မာများမှာ မရေမတွက်နိုင်လောက်အောင်ပင် ကျွတ်တမ်းဝင် ကြ၏။ မင်္ဂလသုတ် မဟာသမယသုတ်စသော သုတ္တန်များကို ဟောသောအခါ တစ်သောင်းသော စကြဝဠာမှ နတ်ဗြဟ္မာများ လာရောက်နာယူခဲ့ရာ တရားထူးရကြသော နတ်ဗြဟ္မာတို့မှာ မရေမတွက်သာအောင်ပင် များလှ၏။ ကျမ်းဂန်များအရဆိုလျှင် နတ်များမှာ ဘုရားတရားတော်ကို လွန်စွာလေးစား၍ နာကြားရန် ငံ့လင့်လျက်ရှိကြောင်း သိရ၏။ ထို့ကြောင့် နတ်များ၏ အကူအညီ အစောင့်အရှောက်ကို ရလိမ့်မည်ဟု ယုံကြည်ချက်ဖြင့် ဖိတ်ခြင်းဖြစ်သည်။ အချို့ ကပ်ရောဂါများ အန္တရာယ်များ၌ နတ်ဆိုးများ၏ ပယောဂများလည်း ပါတတ်ရာ နတ်ကောင်းများလာလျှင် နတ်ဆိုးများ ပြေးရှောင်တတ်၍ အန္တရာယ်ကင်းခြင်းစသော အကျိုးပြီးရေး၌ နတ်ကောင်းများ လာရောက်ရေးကို လိုလားအပ်သည်ဖြစ်ရာ နတ် ဗြဟ္မာတို့ကို အထူးတလည် ဖိတ်ကြားခြင်းအမှုမှာ အစဉ်အလာတစ်ခု ဖြစ်ရသည်။
စကြဝဠာ။ စက္ကံ ဝိယ ဝါဠတေ ဝေဌယတီတိ စက္ကဝါဠံ။ စက္ကံ ဝိယ၊ စက်ဝိုင်းကဲ့သို့။ ဝါဠတေ ဝေဌယတိ၊ ရစ်ပတ်တတ်၏။ ဣတိ၊ ထို့ကြောင်။ စက္ကဝါဠ၊ စက္ကဝါဠ မည်၏။ ကမ္ဘာလောကဓာတ်ကို တန်တိုင်းပမာ ရစ်ဝိုင်းကာလျက်ရှိသော စကြဝဠာ တောင်ပင်တည်း။ တနည်း-စက္ကသဒ္ဒါ ဒေသသမူဟ (အရပ်အပေါင်း) အနက်ယူ၍ စက္ကံ၊ အရပ်ဒေသအပေါင်းကို။ ဝလတိ အာဝရဏံ ကရောတိ၊ ဆီးတားမှုကို ပြုတတ်၏။ ဣတိ၊ ထို့ကြောင့်၊ စက္ကဝါဠိ၊ စက္ကဝါဠ မည်၏။ စက္ကဝါဠိမေတ္ထ အတ္ထိတိ စက္ကဝါဠ။ ဧတ္ထ၊ ဤလောကဓာတ်၌။ စက္ကဝါဠ၊ စကြဝဠာတောင်သည်။ အတ္ထိ၊ ရှိ၏။ ဣဘိ၊ ထို့ကြောင့်။ စက္ကဝါဠိ စက္ကဝါဠ မည်၏-ဟု အဿတ္ထိတဒ္ဓိတ်ပြု၍ လောကဓာတ် ခေါ် စကြဝဠာကို ရသည်။
ပိယာလ=လွန်၊ မလ္လိကာ=ကြက်ရုံး၊ ဥသီရ=ပန်းရင်းတို့ကား အပင်ဟောများတည်း။ ၎င်းတို့၏ အသီးအပွင့် အမြစ်တို့ကို ဟောစေလိုသောအခါ–"ပိယာလဿ ဖလာ နိပိယာလာနိ။ မလ္လိကာယ ပုပ္ပါနိ မလ္လိကာနိ။ ဥသီရဿ မူလံ ဥသီရံ" ပြုကာ တဒ္ဓိတ် အဖြစ် မောဂ္ဂလ္လာန် (၄၊ ၆၇) ၌ ကြံခဲ့၏။ ထို့ပြင် ထိုသို့ တဒ္ဓိက်မကြံတော့ပဲ အဘေဒေါ ပစာရ (မကွဲ မပြား တစ်သားတည်း တစ်ခုတည်းအဖြစ် တင်စားခြင်း) အားဖြင့် ပိယာလ စသည်ကပင် အသီးစသည်ကို ဟောနိုင်ကြောင်း တနည်း ကြံပြန်သည်။ ဤထုံးနည်းအရ စကြဝဠာတောင်ဟော စက္ကဝါဠကို- အဿတ္ထိကတဒ္ဓိတ်-မပြုတော့ပဲ ၎င်းကပင် အဘေဒေါပစာရအားဖြင့် စကြဝဠာတခုလုံးကိုလည်း ဟောနိုင်တော့သည်ဟု ကြံ။ သက္ကဋကိုမှီ၍ ကြံသည်။ ထို့ပြင် “စက္ကဝါဋ" ဟု ဆိုလိုလျက် ဋ-သည် ဠ, အာ-သည် ရဿဖြစ်၍ “စက္ကဝါဠ” ဟု ဆိုရသည်။ ရထားဘီးကဲ့သို့ အညီအမျှ ဝန်းဝိုင်းသောကြောင့် ၎င်း၊ ရေတွင်းကဲ့သို့ တွင်းသဏ္ဌာန် ပုံဟန်ရှိသောကြောင့်၎င်း "စက္ကဝါဠ" အမည်ရခဲ့ သည်။ (ဇိနာလင်္ကာရဋီကာနည်းတည်း)။
စကြဝဠာတောင်ဖြင့် ပိုင်းခြားအပ်သော ကျွန်းကြီး လေးကျွန်း မြင်းမိုရ်တစ်ခုဟု ဆိုအပ်သော ဌာနကို စကြဝဠာဆိုသည်။ ၎င်းကိုပင် လောကဓာတ်ဟုလည်း ခေါ်ရ၏။ သာသနာဝင် ကျမ်းဂန်များအလိုမှာ စကြဝဠာသည် အဝိုင်းသာ ဖြစ်၏။ ဤစကြဝဠာ၏ ပတ်ဝန်းကျင်၌ ထိုကဲ့သို့ စကြဝဠာမျိုးတွေ ဆက်ကာ ဆက်ကာ တည်နေရာ အဆုံးမရှိတော့ပေ။ လင်ပန်းသုံးချုပ် စပ်သောအခါ အလယ်၌ ကွက်လပ်ရှိသကဲ့သို့ စကြဝဠာသုံးခု ဆုံမိသောအခါတိုင်း၌ ကွက်လပ်ရှိခဲ့ရာ ထိုကွက်လပ်ကား လောကန္တရိက်ခေါ် ငရဲ၏ တည်ရာတည်း။
ခေတ်သုံးပါး။ ဤသို့ ဆက်စပ်တည်မနေသော စကြဝဠာတို့တွင် ဤစကြဝဠာ၏ပတ်လည်၌ တည်နေသော စကြဝဠာတစ်သောင်းကား ဇာတိခေတ်တည်း။ ဘုရားလောင်း ပဋိသန္ဓေတည်ရာ, ဖွားရာအခါ စသည်၌ အတူမြေလှုပ်ခြင်း, နတ်ဗြဟ္မာများ ဘုရား တရား အတူလာနာခြင်း စသည်ဖြင့် အဖြစ်တူကြသော တွဲဖက် လောကဓာတ်များတည်း။ စကြဝဠာ ကုဋေတသိန်းသည် အာဏာခေတ်မည်၏။ ဘုရားရှင်၏ ပရိတ်တရားတော် အာဏာနှံ့ရောက်ရာ နယ်တည်း။ ထိုမှပြင်ပ အဆုံးမရှိသော စကြဝဠာများကား ဝိသယခေတ်မည်၏။ ပရိတ်တော်၏အာဏာ စကြဝဠာ ကုဋေတစ်သိန်း နှံသည်ဆိုသောကြောင့် စကြဝဠာ ကုဋေတစ်သိန်းက နက်များ တရားလာနာသည်ကား မဟုတ်၊ ဘုရားတန်ခိုး အာနုဘော်ကြောင့် ပရိတ်တော်၏ အာဏာအစွမ်း အရှိန်အဝါသာ ရောက်ခြင်းဖြစ်၏။ တရားတော်ကိုကား စကြဝဠာ တစ်သောင်းက နတ်ဗြဟ္မာများသာ လာရောက်နာကြ၏။ မဟာသမယစသော သုတ္တန်များနှင့် အဘိဓမ္မာ ဒေသနာ ဟောရာ၌ တစ်သောင်းသော လောကဓာတ်က နတ်များသာ လာကြောင်း အဆိုရှိခဲ့၏။ ထို့ကြောင့် “သမန္တာ စက္ကဝါဠေသု”၌ သာမည ဖြစ်သော်လည်း စကြဝဠာတစ်သောင်းကိုသာ ယူရတော့သည်။
သဒ္ဓမ္မ။ သတံ ဓမ္မော၊ သူတော်ကောင်းတို့၏ တရား။ သန္တော ဓမ္မော၊ ချီးမွမ်းအပ် ကောင်းမြတ်သောတရား။ ဤအနက်များအရ သဒ္ဓမ္မ မည်၏။ ထိုသဒ္ဓမ္မမှာ ပရိယတ္တိသဒ္ဓမ္မ (=ပိဋကသုံးပုံ), ပဋိပတ္တိ သဒ္ဓမ္မ (=မဂ်ဖိုလ်ရကြောင်းအကျင့်များ), အဓိဂမသဒ္ဓမ္မ (=မဂ်ဖိုလ်နိဗ္ဗာန်) ဟု သုံးမျိုးတည်း။ ထိုသုံးမျိုးလုံးပင် သဒ္ဓမ္မမည်သောကြောင့် ထိုထိုပါဠိ၌ သဒ္ဓမ္မသဒ္ဒါသည် သုံးပါးလုံးကို၎င်း, နှစ်ပါးကို၎င်း, တစ်ပါးကို၎င်း တစ်ပါးထဲက အစိတ်စိတ် တရားကို၎င်း အရာအားလျော်စွာ ဟောသည်ကို တွေ့ရ၏။ ထို့ကြောင့် ဤ၌လည်း ပရိယတ္တိ၏ အစိတ်ဖြစ်သော ပရိတ် တရားတော်ကို ဟောလျက် ရှိပါသည်။ ထိုပရိတ်တရားတော် သဒ္ဓမ္မကို နှစ်သက် ခုံမင်အောင် ဂုဏ်တင်လိုပြန်၍ “သဂ္ဂမောက္ခဒံ=နတ်ပြည်နိဗ္ဗာန် အကျိုးကို ပေးဘတ်သော”ဟု ဆို၏။ ပရိတ်တော်အလုံးစုံကို မဆိုထားဘိ မင်္ဂလသုတ် တရားတော်အတိုင်းမျှ လိုက်နာ ကျင့်ကြံလျှင်ပင် နတ်ပြည် နိဗ္ဗာန်ရောက်ရမည်မှာ မလွဲနိုင်တော့ဟု ယုံကြည်ထိုက်ပေသည်။
နတ်, နတ်ပြည်ရှိသလော။ နတ်ပြည်, ဗြဟ္မာ့ပြည်များ ထင်ရှားရှိ၍ ထို နတ်ပြည်, ဗြဟ္မာ့ပြည်များသို့ ဘုရားရှင် ကြွတော်မူကြောင်းကို၎င်း, တန်ခိုးကြီး ရဟန္တာ အရှင်မြတ်တို့ ကြွရောက်တော်မူကြောင်းကို၎င်း, လက်ထက်တော်က ဘုရားမြတ်ထံ နတ်ဗြဟ္မာများ ရံခါ တစ်ဦးချင်း, ရံခါ အစုအဝေးဖြင့် အဖူးအမျှော် တရားနာ လာရောက်ကြကြောင်းကို၎င်း ပါဠိအဋ္ဌကထာများ၌ များစွာပင် တွေ့ ရ၏။ သဘာဝဓမ္မများ ဆန်းကြယ်ပုံကို၎င်း, ထိုသို့ ဆန်းကြယ်သည်နှင့် အမျှ သဘာဝဓမ္မများဖြင့် တည်ရှိနေသော သက်ရှိသက်မဲ့ သတ္တဝါ အရာဝတ္ထုတို့၏ ထူးခြားဆန်းပြားပုံကို၎င်း, ထိုတွင် အချို့ကို ပကတိမျက်စိဖြင့် မမြင်ရပဲ ဉာဏ်ထူးများဖြင့်သာတွေ့နိုင် မြင်နိုင်သည်ကို၎င်း မထောက်မထား မိမိတို့ မမြင်ရ၍ မရှိဟုဆိုသော သူများက နတ်ဗြဟ္မာနှင့် သူတို့၏ ဘုံဌာနများကို လက်မခံလို ငြင်းပယ်လိုကြ၏။ နတ်ဗြဟ္မာကို ငြင်းပယ်လိုကြသော ထိုသူများကား နတ်ဗြဟ္မာကိုသာမက အဆက်မပြတ် ဖြစ်ရသော သံသရာ သဘာဝကိုပင် ပစ်ပယ်လျက် တမလွန်ဘဝ မရှိဟုပင် ဆိုလျက်ရှိကြ၏။
တမလွန်ဘဝ။ သတ္တဝါတဦး၏ ရှေးဘဝကံအကြောင်းကို၎င်း ထိုကံက ပဋိသန္ဓေကို ဖြစ်စေပုံကို၎င်း ဘုရားရှင်နှင့် အဘိညာဉ် ဉာဏ်ထူးရှင် ပုဂ္ဂိုလ်များသာ အတိအကျ သိနိုင်မြင်နိုင်၏၊ ထိုဉာဏ်မရသူ တို့ကား ဘုရားကို ယုံကြည်သောအားဖြင့် ဘုရားဟောအရ သိကြရ၏။ ဘုရားဟောအရ သိကြရသည် ဆိုသော်လည်း ဇွတ်မှိတ် ယုံကြည်ရခြင်း မျိုးကား မဟုတ်၊ မှန်းဆထောက်ထားဖွယ် အကြောင်းများ ဓမ္မများအရ ယုံကြည်ယူဆရခြင်း ဖြစ်၏။
ဇာတ်နိပါတ်များ၌ ရှေးဘဝကို မြင်နိုင်သော ပုဂ္ဂိုလ်များရှိခဲ့ရာ (နာရဒဇာတ်စသည်) အချို့ တစ်ဘဝမြင်နိုင်၍ အချို့ ခုနစ်ဘဝ အချို့ထို့ထက် အလွန်ပင် မြင်နိုင်ကြ၏။ ထို့အတူ ယခုအခါလည်း လူဝင်စားများရှိတတ် ရာ သူတို့သည် လွန်ခဲ့သောဘဝက အဖြစ်အပျက်ကို ပြောနိုင်ကြ၍ ထိုဘဝက ဆွေမျိုး မိဘ မိတ်ဆွေစသည်နှင့် ပစ္စည်းဝတ္ထုများကို သိကြ အသေအချာပြောပြနိုင်ကြ၏။ အချို့ လူဘဝမှ အချို့မှာ ကျွဲ နွား မျောက်စသော တိရစ္ဆာန်ဘဝမှ ဖြစ်လာကြရသည်ကို ပြောပြနိုင်ကြ၏။ ဇာတိဿရဉာဏ် (=လွန်ခဲ့သော ဘဝကို အမှတ်ရသော ဉာဏ်)ခေါ် ထိုဉာဏ်မျိုးရသော ထူးခြားသောသူများကို တစ်ရံတစ်ခါ တွေ့ရ ကြားရခြင်းဖြင့် ဤဘဝမှ ဘဝတပါးပြောင်းကြရ ဖြစ်ကြရသည်ကို ယုံကြည်ကြရ၏။ ဤ၌ဤဘဝမှ ဘဝတပါးသို့ပြောင်းရွှေ့သွားသော ရုပ်နာမ်ဟု၎င်း သတ္တဝါဟု၎င်း မရှိ၊ ဘဝတပါး၌ ရုပ်နာမ်အသစ်, သတ္တဝါအသစ်ဖြစ်ခြင်းသာ၊ သို့သော် ထိုပုဂ္ဂိုလ်ပြုခဲ့သော ကံအရ ဖြစ်သည်ကို၎င်း တစ်စဉ်ထဲ တစ်စပ်ထဲ ဖြစ်နေသော ရုပ် နာမ် အစဉ်ကို၎င်း အစွဲပြု၍ ပုဂ္ဂိုလ်တဦးတည်း ကဲ့သို့ပြုကာ “ဘဝတပါး ပြောင်းသည်ဟု လောက အသုံးရှိခဲ့ရာ ထိုအသုံး အရ ပြောင်းသည်ဟု ဆိုခဲ့ခြင်းဖြစ်ကြောင်းကို သတိပြုသင့်ကြ၏။
ပဋိစ္စသမုပ္ပါဒ်အရ။ ထိုမျှမက ဗုဒ္ဓရှင်တော်မြတ်၏ ဓမ္မသဘာဝများကို လေ့လာခြင်း စဉ်းစားခြင်းဖြင့်လည်း ယုံကြည်နိုင်ကြ၏။ ပဋိစ္စသမုပ္ပါဒ်အရ ဖြစ်သမျှ ဓမ္မများသည် အကြောင်းကင်း၍ ဖြစ်သည်မရှိ။ အကြောင်းအကျိုး အဖြစ်ဖြင့် ဖြစ်လျက်ရှိသော တရားများမှာ နိဗ္ဗာန်မရသမျှ အဆက်ပြတ်သည်မရှိပဲ တစပ်တည်း ဖြစ်ပျက်လျက် ရှိနေသည်သာတည်း။ ပဋိသန္ဓေခေါ် ဘဝအစ ဝိညာဉ်ဖြစ်ရာ၌ ရှေးကောင်းမှု မကောင်းမှု သင်္ခါရသည် အကြောင်းဖြစ်၏။ အဝိဇ္ဇာကြောင့် သင်္ခါရ, သင်္ခါရကြောင့် ပဋိသန္ဓေ ဝိညာဉ်ဖြစ်ရ၏။ ထိုပဋိ သန္ဓေဝိညာဉ်ကြောင့် ရုပ်တရား နာမ်တရားများ ဖြစ်ပွါးခဲ့၍ တစ်ဘဝဟု ဖြစ်လာသောအခါ ထိုဘဝ၌ တဏှာ ဥပါဒါန်များဖြင့် ကံတို့ကို ပြုခဲ့ပြန်ရာ ထိုကံက ဇာတိခေါ် ဘဝအသစ်ကို ဖြစ်စေပြန်တော့သည်။ ဤသို့ အကြောင်းအကျိုး ဆက်သွယ်သောနည်းအရ ဘဝအစဖြစ်သော ပဋိသန္ဓေမှာ ကောင်းမှု မကောင်းမှုကံကြောင့် ဖြစ်ရ၏။ ထိုပြုပြုသမျှ ကောင်းမှု မကောင်းမှုမှာ ဓာတ်သတ္တိအဖြစ်ဖြင့် ကိန်းလျက်ရှိခဲ့ရာ အဝိဇ္ဇာ တဏှာစသော ကိလေသာမကင်းသေးလျှင် ထိုဓာတ် သတ္တိကား ပျောက်ဆုံးမသွားပဲ အခန့်သင့်သောအခါ ပဋိသန္ဓေကို ဖြစ်စေတော့သည်။ ဤသို့လျှင် တစ်ဘဝနှင့်တစ်ဘဝ အဆက်မပြတ် ဆက်သွယ်လျက်ရှိအောင် ဖန်တီးနေ့သည်မှာ ကိလေသာနှင့် ကံတရားများဖြစ်ကြောင်း သိနိုင်သည်။
အချို့ တမလွန်မရှိဟု ယူသူတို့က ပဋိစ္စသမုပ္ပါဒ် ဒေသနာကိုပင် အတိတ် အနာဂတ်မပါ ပစ္စုပ္ပန်အဖြစ်မျှကိုသာ ပြသော တရားအဖြစ် ယူဆကြ၏။ သူတို့အလိုအရဆိုလျှင် ပဋိလောမ ပဋိစ္စသမုပ္ပါဒ်ကိုပင် ဟောဖွယ်မရှိတော့။ သေလျှင် ပြတ်သည်၊ ဘာမျှ ဆက်မဖြစ်တော့ လျှင် အဝိဇ္ဇာစသည် ချုပ်ငြိမ်းကြောင်း အကျင့်လည်း ကျင့်ဖို့မရှိ၊ ချုပ်ငြိမ်းမှုလည်း မလိုတော့ပြီ။ အဝိဇ္ဇာ ချုပ်ခြင်းကြောင့် သင်္ခါရချုပ်သည်စသော ပဋိလောမပဋိစ္စသမုပ္ပါဒ်ကို ဟောထားသောကြောင့် ပဋိစ္စသမုပ္ပါဒ်မှာ အတိတ်နှင့်ပစ္စုပ္ပန်, ပစ္စုပ္ပန်နှင့်အနာဂတ် ဘဝသံသရာအဆက် မပြတ်ပုံကို ဟောသောဒေသနာအဖြစ်မှာ ထင်ရှားလှပေသည်။ အချို့က ဘဝသံသရာ အဆက်မပြတ်ဟုကား ယူဆကြ၏။ သို့သော် ကံကြောင့်ဖြစ်ရသည် မဟုတ်၊ တဏှာ ဥပါဒါန်ကြောင့် ဖြစ်ရသည်ဟုလည်း ဆိုကြပြန်၏။ ဓမ္မသဘာဝများ၌ ဆိုင်ရာသတ္တိများရှိခဲ့ရာ ပဋိသန္ဓေကို ဖြစ်စေနိုင်သောသတ္တိမှာ ကံ၌သာရှိ၍ တဏှာ ဥပါဒါန်များကား အကူအမ အထောက်အပံ့များသာ ဖြစ်ကြ၏။ သစ်ပင်ဖြစ်စေရာ၌ မြေစသည်တို့ကြောင့်-ဟု ဆိုနိုင်သော်လည်း ၎င်းတို့မှာ အကူအညီ အကြောင်းများသာဖြစ်၍ တကယ် သစ်ပင်ကို ဖြစ်စေသည်မှာ မျိုးစေ့သာ ဖြစ်သကဲ့သို့တည်း။
ဥတုကြောင့်ဖြစ်သော သစ်ပင်များ၌ အသီးများမှာ တူလျက်သာ ရှိကြ၏၊ ဥပမာ သရက်ပင်၏ အသီးများမှာ တစ်လုံးနှင့်တစ်လုံး အနံ့အရသာ မကွဲပြားကြ၊ သတ္တဝါများကး ထိုသို့မဟုတ်၊ မိဘတို့၏ ဥတုသွေးကြောင့် ဖြစ်ရခြင်းတူသော တမိပေါက် သားသမီးများမှာပင် အလွန် ခြားနားတတ်ကြ၏။ စိတ်နေသဘောထား, ဉာဏ်ထက် မထက် ရုပ်ရေ လှ မလှ ဓနရှိ မရှိ စသည်အားဖြင့် ကွဲပြားတတ်ကြ၏။ ထိုသို့ ကွဲပြားသည်ကို ထောက်လျှင် ယခုဘဝ မိဘအကြောင်းမှတပါး ရှေးအကြောင်း တမျိုး ရှိရာ၏။ ထိုအကြောင်းကား ကိုယ်ပြုခဲ့သည့် ကံသာ-ဟူသော အယူမှာ ဘယ်မျှ ကျေနပ်ဖွယ်ကောင်းပါသနည်း။
ထို့ပြင် “လူသေလျှင် ဘာမျှမဖြစ်တော့"ဟူသော အယူမှာ ကောင်းမှု ပြုစရာလည်း မလို၊ မကောင်းမှု ကြောက်စရာလည်း မရှိ၍ ယခုဘဝ လူကောင်းတစ်ယောက် ဖြစ်ဖို့ရာ ခဲယဉ်းသည်နှင့်အမျှ နောင်ဘဝရှိသည် ဆိုလျှင် ကောင်းရာမရောက် မကောင်းရာ ရောက်ရမည်ဖြစ်ရာ နှစ်ဖက်စလုံး ဘယ်မျှ ဆုံးရှုံးပါသနည်း။ဘဝတပါးရှိသည် ယူသူကား နောက်ဘဝမရှိ ထားဦးတော့ ယခုဘဝမှာ လူကောင်း လူမြတ် ဖြစ်ရခြင်းက တပန်းသာလျှက်ရှိရသည်။ နောက်ဘဝရှိလျှင်လည်း ၎င်းမှာ ကောင်းရာဘဝ၌ သုခစံရမည်မှာ သေချာ၍ နှစ်ဖက်စလုံး အမြတ်ထွက်လျက်ရှိသည်။
ဘဝဆက်ပုံ။ ဘဝသံသရာ၌ အဆက်မပြတ် ဖြစ်ရန် ကံက ဖန်တီးခဲ့သည်နှင့်အမျှ ၎င်းတို့၌လည်း သတ္တိစွမ်းရည်များပြည့်စုံလျက် ရှိရ၏။ အထူးသဖြင့် တမလွန်ဘဝဖြစ်စေရာ၌ နာမ်ဓာတ်၏ သတ္တိက ပဓာနဖြစ်၏။ သဘာဝတရားများကို လေ့လာဘူးသူသည် မိမိစိတ်ကို ဆင်ခြင်လျှင် အစဉ်မပြတ် ဖြစ်နေသည်ကို တွေ့ရမည်ဖြစ်၏။ အိပ်ပျော်ချိန်၌ပင် စိတ်ကား အဆက်မပြတ်၊ သို့သော် ဘဝင်စိတ်ခေါ် ထိုစိတ်ကိုကား သာမန် ဉာဏ်ဖြင့် မသိနိုင်။ အခြား မြင်စိတ်, ကြားစိတ်, တွေးစိတ်စသောစိတ်များ မပြတ်ဖြစ်နေပုံကိုကား သိသာ၏။ ထိုသို့ စိတ်တွေ အဆက်မပြတ် ဖြစ်နေ ခြင်းကို သိရခြင်းဖြင့် နောင်ဘဝကို မျက်မြင် မမြင်ရသော်လည်း သေခါနီး စိတ်များ၏ ကျေးဇူးပြုမှုကြောင့်၎င်း ကံစိတ်၏ အစွမ်းသတ္တိကြောင့်၎င်း စုတိနောက် ပဋိသန္ဓေစသော စိတ်များ အဆက်မပြတ် တစ်စပ်တည်းဖြစ်သွားပုံကို သဘောကျနိုင်တော့သည်။
အရိယာဖြစ်မှ။ သာမန်ဉာဏ်ဖြင့် စိတ်အစဉ် အဆက်မပြတ် ဖြစ်ပုံ၌ တွေဝေလျှင် တွေဝေမည်။ စိတ်တစ်ခုတည်းက မြင်လိုက် ကြားလိုက် စသည်ဖြစ်နေသည်ဟု ထင်သော် ထင်တတ်၏။ ဝိပဿနာ ဉာဏ်ဖြစ်မူကား တစ်ခုပြီးတစ်ခု ဖြစ်ပျက်ဖြစ်ပျက် အဆက်မပြတ် အစဉ်ဖြစ်နေသည်ကို ကွဲကွဲပြားပြား သိနားလည်ရတော့သည်၊ မဂ်ပေါက် ဖိုလ်ပေါက်၍ နိဗ္ဗာန်ကိုတွေ့ရသောအခါကား ပို၍ရှင်းလင်းတော့သည်။ ရှေး ဝိပဿနာအခိုက်၌ ရုပ်နာမ်တွေ အဆက်မပြတ် ဖြစ်နေသည်ကို တွေ့ရ၏။ ယခုနိဗ္ဗာန်ကို တွေ့ရသောအခိုက်၌ ရုပ်နာမ်တွေ ငြိမ်းစဲလျက် အဆက် ပြတ်နေသည်ကို တွေ့ရသည်။ နောင်တစ်ချိန်မှာ ရုပ်နာမ်တွေ လုံးဝအဆက် ပြတ်ရတော့မည်ကိုလည်း သိနားလည်တော့သည်။ ထိုသို့ ရုပ်နာမ်ငြိမ်းစဲ အဆက်ပြတ်နေသော နိဗ္ဗာန ဓာတ်ကို တွေ့ရခြင်း, နောင် ငြိမ်းရတော့ မည်ကို သိရခြင်းဖြင့် ဤရုပ်နာမ်များ ရှေးက မည်သည့်အခါမျှ ပြတ်စဲခဲ့သည် မရှိပဲ ဘဝများစွာ ဆက်ကာ ဆက်ကာ မပြတ် ဖြစ်လာသည်ကို ပိုင်နိုင်စွာ ဆုံးဖြက်နိုင်တော့သည်။ ထို့ကြောင့် သောတာပန်ဖြစ်လျှင် သံသရာ၏ ရှေ့အဖို့ နောက်အဖို့ ရှေ့နောက်အဖို့ နှစ်ပါးနှင့် ပဋိစ္စသမုပ္ပါဒ်များ၌ ယုံမှားမှု တွေဝေမှုကင်း၍ ရှင်းလင်းပြီဖြစ်သည်ဟု မိန့်တော်မူခဲ့ကြသည်။ ဘဝများစွာ ဆက်ကာ ဆက်ကာ ဖြစ်လာရသော သံသရာသဘောမှာ ဝိပဿနာဉာဏ်, မဂ်ဉာဏ်, ဖိုလ်ဉာဏ်များရသောအခါ ပိုင်နိုင်စွာ ဆုံးဖြတ်နိုင်မည် ဖြစ်ရာ ထိုဉာဏ်များ ရအောင် ကြိုးစားခြင်းဖြင့် ဘဝသံသယကို အရှင်း ပယ်ခွါနိုင်တော့သည်။
ဗြဟ္မာ့ပြည်။ တမလွန်ဘဝဆိုရာ၌ မျက်မြင် လူ တိရစ္ဆာန်ဘဝသာမက လူတို့မမြင်ကောင်းရာ ဘဝများစ္စာပင်ရှိနေသေး၏။ ထိုတွင် ဗြဟ္မာဘဝလည်း ပါရှိခဲ့ရာ ထိုဘဝကို ဘုရားအစရှိသော ဉာဏ်ထူးရှင်များကို ယုံကြည်ချက်အရ မှတ်သား လက်ခံကြရ၏။ သို့လက်ခံရာ၌ မှန်းဆထောက်ထားဖွယ်များ မရှိမဟုတ်၊ ရှိသည်သာတည်း၊ ကုသိုလ်များမှာ ကာမ, မဟဂ္ဂုတ်, လောကုတ္တရာဟု ရှိခဲ့ရာ နည်းမှန်လမ်းမှန် ဘုရားအဆုံး အာမခံ ကျင့်သူများ၌ လောကုတ္တရာကုသိုလ် မဂ်ကိုရသောအခါ ထိုမဂ်ဖြင့် နိဗ္ဗာနဓာတ် ထူးမြက်ဘော အာရုံ တွေ့ကြုံရခြင်း မဂ်၏အကျိုး ဖိုလ်ချမ်းသာ ခံစားရခြင်းဖြင့် လောကုတ္တရာ ကုသိုလ်၏အစွမ်း အာနုဘော်ကို သိကြရ၏။ ထိုကုသိုလ်ကား ဘဝမှ လွတ်မြောက်စေတတ်သော အစွမ်းသတ္တိရှိခဲ့ရာ ထိုမျှစွမ်းရည်ရှိသော ကုသိုလ်သို့ ပို့ဆောင်တတ်သော ဘာဝနာ၏ အစွမ်းကို နားလည်အံ့ဩကြရ၏။ ဘဝမှလွတ်မြောက်သည် အထိ စွမ်းဆောင်နိုင်သော ဘာဝနာအစွမ်းကို သိရသကဲ့သို့ ဘဝသို့ ပို့ဆောင်တတ်သော ကုသိုလ်များတွင်လည်း ဘာဝနာအစွမ်းဖြင့် ရအပ်သောကုသိုလ်များ ရှိခဲ့ရာ ထိုကုသိုလ်မှာ ထူးခြားသောဘဝသို့ ပိုတက်သော မဟဂ္ဂုတ်ကုသိုလ်များသာတည်း။ ထိုမဟဂ္ဂုတ်ခေါ် ဈာန်စိတ်များမှာ လွန်စွာအာနုဘော် ရှိကြ၏။ နီဝရဏတွေ ခွါနိုင်၍လည်း ကာမကုသိုလ်များထက် ထူးခြားသော စွမ်းရည်ရှိကြ၏။ အထူးဆက်ကြိုးစားလျှင် အမြင်အကြား အမျိုးမျိုး တန်ခိုးအဖုံဖုံ မြင်, ကြား, ဖန်ဆင်းနိုင်လောက်အောင် အံ့ဖွယ်အဖြစ် ကြုံကြရ၏။
ထိုဘာဝနာ အစွမ်းကြောင့်ရသော ဈာန်ကုသိုလ်များသည်လည်း နီဝရဏကင်းသောကြောင့် ထိုကုသိုလ်များ၏ အကျိုးပေးရာမှာ ကာမဘုံ ကား မဖြစ်နိုင်၊ နိဝရဏကင်းရာ ဘုံဘဝမျိုး၌ သတ္တဝါတစ်မျိုးသာ ဖြစ်ရမည်မှာ သေချာ၏။ ထိုဘုံကား ကာမချမ်းသာ ကင်းရှင်း၍ ဈာန်ချမ်းသာ၏တည်ရာ ဗြဟ္မာ့ဘုံသာတည်း။ ထိုတွင် ရုပ်သာရှိသော ဗြဟ္မာ (=အသညသတ်), နာမ်သာရှိသောဗြဟ္မာ (=အရူပ), ရုပ်နာမ်နှစ်ပါး အပြည့်အစုံရှိသော ဗြဟ္မာ (=ကြွင်းရူပ)ဟု ထူးခြားသော ဘာဝနာများ အစွမ်းအရ သုံးမျိုးရှိခဲ့ရာ နာမ်သာရှိသော ဗြဟ္မာကိုသိရန်ကား ဘုရားရှင်၏ သဗ္ဗညုတဉာဏ်မှတပါး အခြားဉာဏ်ထူးရှင်များ၏ အရာမဟုတ်ပေ။ အကယ်၍ ဗြဟ္မာမရှိဆိုလျှင် ထိုဈာန် ကုသိုလ်ထူးတို့၏ အကျိုးမှာ အချည်းနှီးဖြစ်ရာ၏။ ကုသိုလ်၏အကျိုးမှာ အချည်းနှီးမဖြစ်စကောင်းရာ၊ ထိုကုသိုလ်တို့၏ အကျိုးပေးရာ ဗြဟ္မာ၏အဖြစ်မှာ ထင်ရှားရှိရမည်သာတည်း။
ဗြဟ္မာများရုပ်ကို တန်ခိုးကြီးနတ်များပင် မမြင်ရ၊ သူတို့က ရုပ်တစ်မျိုး ပြုပြင်ဖန်ဆင်းပြမှ မြင်ကြရသည်ဆို၏။ သာမန်လူများမှာ ဘယ်မှာ မြင်ကြရပါအံ့နည်း။ ထိုမျှ သိမ်မွေ့သော ရုပ်ဖြစ်သောကြောင့်ပင် ပကတိ မျက်စိမျိုး သာမန်ကမ္မဇိဒ္ဓိ (=ကံကြောင့်ဖြစ်သော တန်ခိုး) ဉာဏ်မျိုး ဖြင့် မမြင်ရပဲ အဘိညာဉ် ဉာဏ်ထူးများဖြင့်သာ တွေ့ရမြင်ရ၏။ ထိုသို့ အဘိညာဉ်ဉာဏ်ဖြင့်သာ သိနိုင်သော ဗြဟ္မာကို မိမိတို့မမြင်ရ၍ မရှိဆိုလျှင် မှန်ဘီလူးဖြင့်ကြည့်မှ မြင်ရသောအရာကို ပကတိမျက်စိဖြင့် မတွေ့ရ၍ မရှိဟုဆိုသကဲ့သို့သာ ရှိတော့သည်။
နတ်ပြည်။ ဗြဟ္မာတို့ ရုပ်များလောက် မသိမ်မွေ့သော်လည်း လူတို့၏ ပကတိမျက်စိဖြင့် မမြင်ရ ပကတိအသွားဖြင့် မရောက်နိုင် တန်ခိုးအဘိညာဉ်ဖြင့်သာ မြင်နိုင်ရောက်နိုင်သော ဘုံဌာနနှင့် သတ္တာါမှာ နတ်ပြည်နှင့် နတ်များတည်း။ ၎င်းဘုံဌာနကား ဈာန်လောက်အရှိန်မကြီးသော ကာမကုသိုလ်၏ အကျိုးပေးရာပင်၊ ရှေးက ဘုရားရှင်များ တန်ခိုးရှင် ရဟန္တာများ သာသနာပ ရသေ့များ နတ်ပြည် ဗြဟ္မာ့ပြည်သို့ သွားရောက်ကြပုံများမှာ ကျမ်းဂန်၌ အထင်းရှားပင်။ အချို့က မမြင်ရ၍ နတ်လောကကို ဝိညာဉ်လောကဟု ဆိုကြ၏။ အမှန်မှာ ဝိညာဉ်သာမက ရုပ်နာမ်ကလာပ်စည်းများဖြင့် ဖွဲ့ထားသော ခန္ဓာများသာတည်း။ သိမ်မွေ့သော ရုပ်ဖြစ်သောကြောင့် မမြင်ရခြင်းပင်။ လောကတွင် လေ၌ ရှိသောရုပ်မှာ အထိအတွေ့ရှိသော်လည်း မမြင်ရ။ အသံအဆက်ဆက် ပြန့်လာသော အသံလှိုင်းရုပ်ဆိုလျှင် ထိတွေ့မှုပင် မထင်ရှား။ ထိုရုပ်များ ထက် သိမ်မွေ့သော ရုပ်ဖြစ်၍ နတ်ဗြဟ္မာများကို ပကတိမျက်စိဖြင့် မမြင်ရခြင်း ဖြစ်သည်။
အာဠဝီပြည်အနီး ညောင်ပင်ကြီး၌ အာဠဝကဘီလူး၏ ဗိမာန်ရှိ၏။ ထိုဗိမာန်သို့ ရှင်တော်မြတ်ကြွကာ အာဠဝကမရှိခိုက် ဝင်ရောက်သီတင်းသုံးလျက် အာဠဝက၏ဇနီး အခြွေအရံ နတ်သမီးများအား တရား ဟောတော်မူသည့်အကြောင်း အာဠဝက သံယုတ်အဋ္ဌကထာ၌ လာ၏။ ထိုအာဠဝကဗိမာန်မှာ လူတွေလည်း မမြင်ရ၊ သွားလာနေသူတို့ ထိခိုက်မိသည်ဟုလည်း မရှိ။ ဤခေတ်၌ အချို့နတ်ရဲသစ်ပင်စသည်မှာ နတ်သရဲ တစ္ဆေများရှိသော်လည်း မမြင်ရ၊ သူတို့နေရာ အသုံးအဆောင်များကိုလည်း မတွေ့ရ၊ သူတို့က ထင်ရှားပြသောအခါမှ မြင်ကြရ၏။ အချို့ နတ်ပူးသူ … သရဲပူးသူများကို တွေ့ကြုံရ၏။ လူကိုဝင်ပူးနေသော နတ် သရဲများကို မမြင်ရသော်လည်း သူတို့အပြောအရ နတ်ပူးမှန်း သိကြရ၏။ ထို့ကြောင့် ပကတိမျက်စိဖြင့် မမြင်နိုင်လောက်အောင် သိမ်မွေ့သော ရုပ်ဓာတ်ရှိ၍ ၎င်းတို့က ထင်ရှားပြမှ မြင်နိုင်ကြရသော ကမ္မဇိဒ္ဓိ တန်ခိုးရှိသော သတ္တဝါမျိုးတွေ ရှိနေသည်မှာ ထင်ရှားလှပါသည်။ ထိုသတ္တဝါများမှာ အချို့ပြိတ္တာမျိုး အပါအဝင်ဖြစ်၍ အချို့မှာ နတ်အညံ့စားများပင်ဖြစ်၏။ ထိုသို့သော သတ္တဝါမျိုးရှိသည်ဟု သိရသော သဲလွန်စမှာ နတ်ပြည်ရှိသည်ဆိုရာ၌ အထောက်အထားပင် ဖြစ်တော့သည်။
သိပ္ပံပညာ ထွန်းကားနေသော ယခုခေတ်၌ သိပ္ပံပညာဖြင့် စမ်းသပ်၍ မရက လက်မခံလိုကြ။ သိပ္ပံပညာ မမှီနိုင်အောင် သိမ်မွေ့ထူးဆန်းလှသော သဘာဝများ အများပင် ရှိနေသေးသည်ကို မမေ့အပ်။ နတ်ပြည်သိရေးမှာ ဒိဗ္ဗစက္ခု၏ အရာသာဖြစ်၍ သိပ္ပံပညာ၏အရာကား မဟုတ်ပါပေ။ နတ်ပြည်သို့ရောက်နိုင်ရေးမှာ ဣဒ္ဓိဝိဓတန်ခိုးအဘိညာဉ် အရာသာ။ ဘာဝနာ အစွမ်းဖြင့် ရနိုင်သော နိဗ္ဗာန်ကို ထိုဘာဝနာမှု မကြိုးစားဘဲလျက် နိဗ္ဗာန်ဆိုသည်မှာ အပြောသာ၊ အဟုတ်မရှိ”ဆိုလျှင် ထိုသူ၏ အပြစ်သာဖြစ်သကဲ့သို့ ဘာဝနာအစွမ်းကြောင့် ရနိုင်သော တန်ခိုးများဖြင့်သာ မြင်နိုင် ရောက်နိုင်သော နတ်ပြည် ဗြဟ္မာ့ပြည်များကို ထိုဘာဝနာမှုမပြု၍ ထိုတန်ခိုးမျိုး မရသောကြောင့် မမြင်ရသဖြင့် မရှိဟုဆိုလျှင် ထိုသူ၏အပြစ်သာတည်း။ ယခုခေတ်၌ အကြောင်းကြောင်းတို့ကြောင့် ထိုတန်ခိုးရသူကို မတွေ့ရသော်လည်း ထိုအဘိညာဉ် တန်ခိုးများမှာ တချိန်က အလွန်ထွန်းကားခဲ့သည်ဟု ဆိုနိုင်ပါ၏။ အကြောင်းမှာ ထိုတန်ခိုးများရကြောင်း ဘာဝနာအကျင့်များမှာ ထင်ရှားစွာရှိနေသောကြောင့်ပင်တည်း။
(၂) ဓမ္မဿဝနကာလော အယံ ဘဒ္ဒန္တာ
(၂) ဘဒ္ဒန္တာ၊ အိုနတ်အများတို့၊ အယံ၊ ဤအချိန်ကား။ ဓမ္မဿဝနကာလော၊ တရားနာဖို့ အချိန်အခါပေတည်း။
စကားပြေ-အိုနတ်အများတို့ ယခုအချိန်ကား တရားနာဖို့ရာ အချိန်အခါဖြစ်သည်။
နှိုးဆော်ချက်
“သမန္တာ” စသည်ဖြင့် နတ်များကို ပင့်ဖိတ်ပြီး၍ “ဓမ္မဿဝနကာလော” စသည်ဖြင့် မရောက်သေးသော နတ်များ ထပ်မံကြားသိရန်၎င်း ရောက်ပြီးသောနတ်များ တရား၌ သတိစိုက်စေဖို့ရာ၎င်း တရားနာရန် အခါကြား နှိုးဆော်ခြင်းဖြစ်သည်။
---
ဘဒန္တ ဘဒ္ဒန္တ
ဘဒန္တာ ဘဒ္ဒန္တာဟု ပါဌ်နှစ်ထွေရှိရာ ကာရီ ကာရိယအဖြစ်ဖြင့် နှစ်ပုဒ်လုံး အသင့်ပင်။ ဘဒ္ဒန္တမှ ဘဒန္တဖြစ်သည်ဟု၎င်း, ဘဒန္တမှ ဘဒ္ဒန္တဖြစ်သည် ဟု၎င်း အဆိုကွဲလျက်ရှိ၏။ “အင်္ဂါရိနော ဒါနိ ဒုမာ ဘဒန္တေ (ကာဠုဒါယိတ္ထေရဂါထာ) ၌ အဋ္ဌကထာက ဘဒန္တေတိ ဘဒ္ဒံ အန္တေ ဧတဿာတိ ဘဒန္တောတိ ဧကဿ ဒကာရလောပံ ကတွာ ဝုစ္စတိ (ထေရ၊ဋ္ဌ၊၂၊၁၆၉)ဟု ဒ အက္ခရာတစ်လုံးကျေ၍ ဘဒန္တ-ဖြစ် လာကြောင်းဖြင့် ဘဒ္ဒန္တပုဒ်ရင်း အဖြစ်ကို ဆို၏။ “ဘဒ္ဒန္တဿ ဝါ ဘဒန္တေ” ဂေသုတ်ဖြင့် ဘဒ္ဒန္တကို ဘဒန္တေ-ပြုသော သဒ္ဒနီတိ (၄၇၇-သုတ်) အလိုလည်း ဘဒ္ဒန္တပုဒ်ရင်းပင်။ ‘ဘဒန္တဿ ဘဒ္ဒန္တ-ဘန္တေ’ ဟူသော ရူပသိဒ္ဓိ (၁၁၁ သုတ်)အလိုသော် ဘဒန္တ-ကား ပုဒ်ရင်းတည်း။မောဂ္ဂလ္လာန် (၂၊ ၁၄၆-သုတ်) ၌လည်း ဘဒန္တ ပုဒ်ရင်းပင်၊ ဘဒ္ဒန္တ-မှာ ဒ-ဒွေးဘော်ဖြင့် ပြီးသည်ဆို၏။ သက္ကတ၌ကား ဘဒန္တသာရှိ၏။ မည်သို့ပင် အဆိုကွဲစေကာမူ ပါဠိ၌ နှစ်ပုဒ်လုံးရှိသည်ကို သိရသောကြောင့် နှစ်ပုဒ်လုံးပင် အသင့်ဟု မှတ်ယူ သင့်၏။
---
နတ်နှင့် ဘဒ္ဒန္တာ
"ဘဒန္တောတိ ဂုဏပိသေသယုတ္တာ” ထေရဂါထာအဋ္ဌကထာအရ ဆိုလျှင် ဂုဏ်အထူးနှင့် ယှဉ်သော ပုဂ္ဂိုလ်ကိုသာ ဘဒန္တ သုံးရကြောင်း သိရ၏။
“ဘဒန္တေတိ ဂါရဝဝစနံ” အဋ္ဌကထာများ အလိုအရလည်း "ဘဒန္တ"မှာ ဂါရဝပြုထိုက်သော ပုဂ္ဂိုလ်များ အတွက်သာဟု သိနိုင်၏။ သက္ကတ အဘိဓာန်များ၌ ဘဒန္တ၏ အနက်ကို မြတ်နိုးအပ်သူ ပူဇော်အပ်သူ အရိုအသေပြုအပ်သူ ဗုဒ္ဓ ကျမ်းဂန်ကိုဟောပြောပို့ချသူနှင့် ဗုဒ္ဓ-ဟူ၍ ငါးနက်တွေ့ရသည်။ ပါဠိကျမ်းဂန်များ၌ ဂုဏ်ငယ်သူက ဂုဏ်ကြီးသူကိုသာ ဘဒန္တ ဘဒ္ဒန္တ-ဟု သုံးရိုး ခေါ်ရိုးရှိခဲ့၏။ ထို့ကြောင့် ဤအရာ၌ လူများက နတ်များကို ဘဒ္ဒန္တ ဟု ခေါ်ခြင်း၌ ပြောဖွယ်မရှိသော်လည်း ရဟန်းများက နတ်များကို ဘဒ္ဒန္တ-ဟု ခေါ်ထိုက် မခေါ်ထိုက်မှာ စဉ်းစားဖွယ် တစ်ရပ် ဖြစ်ရတော့သည်။
သို့သော် တာလဝဏ္ဋ သတ္တ စသော အချို့သဒ္ဒါတို့သည် သဒ္ဒါအရနှင့် အနက် မတော်သောအခါ ရုဠှီသဒ္ဒါအဖြစ် ဆိုရသကဲ့သို့ ဤ၌လည်း ရဠှီအဖြစ်ဆိုသော် လုံးလုံး မသုံးသင့်ဟုကား မဆိုသာ။ ထိုကြောင့်ပင် အချို့အရာ၌ ပူဇော်အပ်သူကို အရှင်ဟု သုံးရိုးရှိသော ဘဒ္ဒန္တကို ဤ၌ “အရှင်” မသုံးပဲ “အို နတ်များတို့” ဟု သာမန် အနက်ကို ပြန်ရိုးပြုခဲ့ခြင်း ဖြစ်ပါသည်။
---
ဘုရားရှိခိုး
(၃) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
(၃) အရဟတော၊ ဗြဟ္မာ လူ နတ် လေးမြတ်ကော်ရော် အလှူတော်မှန် အပူဇော်ခံတော်မူထိုက်သော။ သမ္မာသမ္ဗုဒ္ဓဿ၊ အမှန်တိုင်းသာ ဆရာမရှိ တရားစုံကို ကိုယ်တိုင်သိတော်မူထသော။ တဿ ဘဂဝတော၊ ထိုဘုန်းတော်ခြောက်စုံ ဂုဏ်များသခင် ရှင်တော်မြတ်ဘုရားအား။ နမော၊ ရိုသေမြတ်နိုး ရှိခိုးကန်တော့ခြင်းသည်။ (အတ္ထု၊ ဖြစ်ပါစေသတည်း။)
စကားပြေ--ဗြဟ္မာ, နတ်, လူတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်၍ ဆရာမရှိ တရားအလုံးစုံကို အမှန်အတိုင်းသိတော်မူသော ဘုန်းခြောက်ပါးသခင် ရှင်တော်မြတ်ဘုရားအား ရှိခိုးကန်တော့ပါ၏။
---
ပဏာမ မင်္ဂလာ
"နမောတဿ" စသည်ကား ဗုဒ္ဓရှင်တော်မြတ်အား ရှိခိုးကန်တော့ခြင်းဖြင့် ကောင်းမြတ်သော မင်္ဂလာအမှု ပြုလုပ်ခြင်းဖြစ်သည်။
---
ပဏာမ အကျိုး
တရားနာရန် ဖိတ်မန်ချက် အခါကြား နှိုးဆော်ချက်များမှာ ရှေးဆရာတို့ စီရင်ထားခြင်းဖြစ်၏။ ထို့နောက် ပရိတ်မရွတ်မီ ပဏာမပြုရန် နမော တဿကို ထည့်သွင်းစီစဉ်ခဲ့ပြန်သည်။ ဤအစီအစဉ်မှာ ပရိတ်ရွတ်သူ နာကြားသူများ အကျိုးရရေးအတွက်ပင် ဖြစ်၏။ ပရိတ်ဟူသည်မှာ အန္တရာယ်ကင်းရေးအတွက်၎င်း, မင်္ဂလာဖြစ်ရေးအတွက်၎င်း ရွတ်ဆိုနာကြားရိုးဖြစ်ရာ ပဏာမစေတနာမှာ ထိုအကျိုး နှစ်မျိုးလုံးကို ပြီးမြောက်စေတတ်သည်။
ပဏာမစေတနာဖြစ်ရာ ခေတ်ကား အတုမရှိသော ဂုဏ်ထူးဝိသေသ ရှိသော ဗုဒ္ဓရှင်တော်မြတ်ဖြစ်၍ အလွန်ထူးခြား ကောင်းမြတ်သောခေတ်တည်း။ ထိုသို့ထူးမြတ်သော ဘုရားရှင်တို့၌ဖြစ်သော ရှိခိုးသူပုဂ္ဂိုလ်၏ ပဏာမစေတနာ သဒ္ဓါစသော အတွင်းဓာတ်ခံကလည်း အလွန် ကောင်းမြတ်သော ဓာတ်ခံ အဇ္ဈာသယဖြစ်ရ၏၊ ထိုသို့ခေတ် (ပဏာမ ဖြစ်ရာ)၏ ပြည့်စုံခြင်း, အဇ္ဈာသယ အတွင်းဓာတ်ခံ စိတ်ထား)၏ ပြည့်စုံခြင်း နှစ်မျိုးကြောင့်ပင် ထိုပဏာမ စေတနာက အန္တရာယ်ကို ကာကွယ်နိုင်ခြင်း ကောင်းကျိုးမင်္ဂလာကို ဖြစ်စေခြင်းအကျိုးများ ခံစား ရခြင်းဖြစ်ကြောင်း ကျမ်းဂန်များ၌ ဖွင့်ဆိုကြပါသည်။
---
ပဏာမ ဥဒါန်း
ဤ“နမောတဿ” ပဏာမသည် ဘာရဒ္ဓါဇ ပုဏ္ဏားကြီး၏ ဇနီး ဓနဉ္စာနီမည်သော သောတာပန် ပုဏ္ဏေးမသည် မိမိခင်ပွန်းအတွက် ထမင်းပေးလာစဉ် ချော်လဲ၍ ဘုရားကို သတိရကာ သုံးကြိမ်ကျူးရင့်ခဲ့သော ဥဒါန်းအဖြစ် သဂါထာဝဂ္ဂ ဗြာဟ္မဏသံယုတ် အရဟန္တဝဂ် (စာမျက်နှာ ၁၆၂)၌ လာရှိခဲ့သည်။ ဗြဟ္မာယုမည်သော ဗြာဟ္မဏပါမောက္ခ ဆရာကြီးသည် တပည့် ဥတ္တရလုလင်ထံမှ ဗုဒ္ဓရှင်တော်မြတ်၏ ဂုဏ်ကျေးဇူးများကို ကြားသိရသောအခါ လွန်စွာကြည်ညိုလှ၍ ဘုရားမြတ်ရှိရာသို့ ရှေ့ရှူလက်အုပ်ချီလျက် “နမော တဿ”ဖြင့်ပင် ဥဒါန်း ကျူးခဲ့ကြောင်း မဇ္ဈိမပဏ္ဏာသ ဗြဟ္မဏဝဂ် ဗြဟ္မာယုသုတ်၌ တွေ့ရပြန်သည်။
ထို့ပြင် ဒီဃနိကာယ် မဟာဝဂ္ဂ သက္ကပဉှသုတ်၌ သိကြားမင်း၏ ဥဒါန်းအဖြစ်၎င်း, ဒုကင်္ဂုတ္တရ သမစိတ္တဝဂ်၌ အာရာမဒဏ္ဍပုဏ္ဏား၏ ဥဒါန်းအဖြစ်၎င်း လာရှိပြန်သည်။
ဓမ္မပဒ သာရိပုတ္တတ္ထေရဝတ္ထု အသရေ သာရမတိနော စသော ဂါထာအဖွင့်၌ မဟိန္ဒမင်းကြီးသည် မိမိသားတော်များဖြစ်ကြသော ဖုဿ ဘုရားရှင်နှင့် ပဌမ အဂ္ဂသာဝက, ပုရောဟိတ်သားဖြစ်သော ဒုတိယ အဂ္ဂသာဝက သုံးပါးတို့ကိုကြည့်ကာ အားရဝမ်းမြောက်လှ၍ “နမော တဿ”ဖြင့်ပင် ဥဒါန်းကျူးခဲ့ကြောင်း မိန့်ဆိုခဲ့ပေသည်။
ဤသို့စသည်ဖြင့် ဥဒါနံ ဥဒါနေသိ=ဥဒါန်းကျူးသည်ဟူသော စကားနှင့် အမြဲယှဉ်တွဲလျက် တွေ့ရသော ဤ "နမော တဿ"ကို “ပေါရာဏ ပဏာမဥဒါန” ရှေးဟောင်း ဘုရားရှိခိုး ဥဒါန်းဟု ဆိုသင့်၏။ ဥဒါန်း ဟူသည်မှာ ပီတိအဟုန်သည် ဖြစ်စေအပ်သော စကားပင်ဖြစ်၏။ ချင်ခွက် မဆံ့၍ လျှံဖိတ်စီးယိုသော ဆီကဲ့သို့၎င်း ရေကန်မဆံ့၍ လျှံတက်စီးဆင်းလာသော ရေအယာဉ်ကဲ့သို့၎င်း ပီတိအရှိန်ကြောင့်ဖြစ်သော အတွင်းစိတ်အကြံသည် အတွင်းနှလုံးထဲမဆံ့ပဲ လျှံတက်ကာ ဝစီဒွါရဖြင့် စကားအဖြစ် အပြင်သို့ ထွက်ပေါ်လာရသော အသံစကားအထူးကို ဥဒါန်းဟု ဆိုရသည်။ ထိုကြောင့် ဘုရားဂုဏ်တော်ကို ကြည်ညိုခြင်းကြောင့်ဖြစ် သောပီတိအဟုန် ပြင်းထန်စွာ ဖြစ်လာသူတို့ရွတ်ဆိုအပ်သော ဤ "နမော တဿ" မှာ ဥဒါန (=ဥဒါန်း) အမည်ရခဲ့ခြင်းဖြစ်သည်။
---
အဆိုတမျိုး
သာတာဂိရိနတ်သည် “နမော”ဟု ဆို၍၎င်း အသုရိန်နတ်မင်းသည် “တဿ” ဟု ဆို၍၎င်း, စတုမဟာရာဇ်နတ်မင်းသည် “ဘဂဝတော” ဟု ဆို၍၎င်း, သိကြားမင်းသည် “အရဟတော” ဟု ဆို၍၎င်း, ဗြဟ္မာမင်းသည် “သမ္မာသမ္ဗုဒ္ဓဿ”ဟု ဆို၍၎င်း အသီးသီး ရှိခိုးကြသည်တို့ကို စုပေါင်း၍ နမော တဿ ဖြစ်လာရပုံကို ကျမ်းနက်ခေါ် သဒ္ဒါငယ်ကျမ်း၌—
သာတာဂိရိ နမော ယက္ခော၊ တဿ စ အသုရိန္ဒကော။
ဘဂဝတော မဟာရာဇာ၊ သက္ကော အရဟတော တဿ။
သမ္မာသမ္ဗုဒ္ဓဿ ဗြဟ္မာ၊ ဧတေ ပဉ္စ နမဿန္တိ —
ဟု ဆို၏။ ကစ္စာယနဘေဒဋီကာသစ်၌လည်း “တထာ ဟိ သာတာဂိရိ ယက္ခော “နမော နမော”တိ ဝန္ဒနံ ကရောတိ” စသည်ဖြင့် နတ်ငါးဦး ရှိခိုးကြောင်းပင်ဆို၏။ လက်ဝဲနော်ရထာဆို ယိုးဒယားနိုင် မော်ကွန်းတွင်လည်း တစ်ပုဒ်စီ ရှိခိုးကြောင်း အဆိုရှိခဲ့၏။
နတ်ဗြဟ္မာငါးဦး တစ်ပုဒ်စီရှိခိုးခဲ့ကြောင်း သံဂါယနာဝင် ကျမ်းဂန်များ၌ အဆိုမရှိသောကြောင့်၎င်း ပါဠိအဋ္ဌကထာများအရ ဥဒါနအဖြစ်ဖြင့် တပေါင်းတည်း ကျူးရင့်ခဲ့ကြသည်မှာ အထင်အရှားပင် ဖြစ်သောကြောင့်၎င်း ထိုသို့ နတ်ဗြဟ္မာငါးဦး တစ်ပုဒ်စီ ရှိခိုးခဲ့သည်ဟူသော အဆိုကို ပိဋကတ်ပညာရှင်တို့ အတည်ပြုလက္ခံခြင်း မရှိခဲ့ကြပေ။
---
(၄) ယေ သန္တာ သန္တ စိတ္တာ, တိသရဏ သရဏာ,
ဧတ္ထ လောကန္တရေ ဝါ။
ဘုမ္မာ ဘုမ္မာ စ ဒေဝါ, ဂုဏ ဂဏ ဂဟဏ,
ဗျာဝဋာ သဗ္ဗကာလံ။
ဧတေ အာယန္တု ဒေဝါ, ဝရ ကနက မယေ,
မေရုရာဇေ ဝသန္တော။
သန္တော သန္တောသဟေတုံ, မုနိ ဝရ ဝစနံ,
သောတုမဂ္ဂံ သမဂ္ဂါ။
(၄) ဧတ္ထ ဝါ၊ ဤစကြဝဠာ၌လည်းကောင်း။ လောကန္တရေ ဝါ၊ စကြဝဠာတပါး၌လည်းကောင်း။ သန္တာ၊ သူတော်ကောင်းဖြစ်ကုန်သော။ သန္တစိတ္တာ၊ ငြိမ်သက်သော စိတ်နှလုံးရှိကြကုန်သော။ တိသရဏသရဏာ၊ ရတနာသုံးပါးသာ ကိုးကွယ်ရာရှိကြကုန်သော။ သဗ္ဗကာလံ၊ အခါခပ်သိမ်း။ ဂုဏ ဂဏ ဂဟဏ, ဗျာဝဋာ၊ ဂုဏ်အပေါင်းကို ရယူရေး၌ အားစိုက်ကြိုးပမ်းကြကုန်သော။ ဘုမ္မာ၊ မြေ၌ဖြစ်ကုန်သော။ ယေ ဒေဝါ၊ အကြင်နတ်တို့သည်လည်းကောင်း။ အဘုမ္မာ၊ မြေမှတပါး ကောင်းကင်တလွှား၌ ဖြစ်ကုန်သော။ ယေ ဒေဝါ စ၊ အကြင်နတ်ဗြဟ္မာတို့သည်လည်းကောင်း။ ဝရကနကမယေ၊ မြတ်သော ရွှေစင်ဖြင့်ပြီးသော။ မေရုရာဇေ၊ တောင်မင်းထွတ်ခေါင် မြင်းမိုရ်တောင်၌။ ဝသန္တော၊ နေသော။ သန္တော၊ သူတော်ကောင်းဖြစ်ကုန်သော။ ယော ဒေဝါ စ၊ အကြင်သိကြားနတ်မင်းသည်လည်းကောင်း။ (အတ္ထိ၊ ရှိကုန်၏။) ဧတေ ဒေဝါ၊ ထိုနတ်ဗြဟ္မာတို့သည်။ သန္တောသဟေတုံ၊ နှစ်သက် ဝမ်းမြောက်ခြင်း၏အကြောင်းဖြစ်သော။ အဂ္ဂံ၊ ကောင်းမြတ်သော။ မုနိဝရဝစနံ၊ ဘုရားမြတ်၏စကား တရားတော်ကို။ သောတုံ၊ နာယူခြင်းငှာ။ သမဂ္ဂံ၊ အညီအညွတ်။ အာယန္တု၊ လာကြကုန်လော့။
စကားပြေ-သူတော်ကောင်းဖြစ်၍ ငြိမ်သက်သော စိတ်နှလုံး ရှိကြသော ရတနာသုံးပါးကို ကိုးကွယ်သူ, ဂုဏ်အပေါင်းကို ရယူရေး၌ အားစိုက်ကြိုးပမ်းသူ ဖြစ်ကြသော ဤစကြဝဠာနှင့် စကြဝဠာတပါးရှိ မြေ၌တည်သောနတ်, ကောင်းကင်၌တည်သော နတ်, ဗြဟ္မာတို့သည်၎င်း၊ ကောင်းမြတ်သော ရွှေစင်အတိပြီးသော မြင်းမိုရ်တောင်မင်း၌ နေသော သိကြားမင်းသူတော်ကောင်းသည်၎င်း၊ နှစ်သက် ဝမ်းမြောက်ရခြင်း၏အကြောင်း ကောင်းမြတ်သော ဘုရား တရားတော်ကို နာယူဖို့ရာ အညီအညွတ် လာရောက်ကြပါကုန်လော့။
---
ဖိတ်မန်ချက်တမျိုး
"ယေ သန္တာ” စသည်ဖြင့် နတ်များကို ဖိတ်ခေါ်ပြန်သည်။ ရှေးက “သမန္တာ” စသည်ဖြင့် နတ်များကို ဖိတ်ပြီးလျှင် “ဓမ္မဿာန ကာလော” ဖြင့် တရားနာရန် အချိန် ကျပြီဖြစ်ကြောင်း နှိုးဆော်ပြီးနောက် ယခုတဖန် နတ်များကို ဖိတ်ပြန်သည်မှာ ထပ်နေသကဲ့သို့ ဖြစ်၏။ စာအနေအားဖြင့် ကောင်းနိုးရာရာ ပါအောင် ထည့်ထားခြင်းဖြစ်၍ ရှုတ်သောအခါ သင့်သလို ပိုင်းဖြတ် ရွက်ရန်ဖြစ်သည်ဟု ယူဆဖွယ်ရှိ၏။ ပရိတ်ကြီးဋီကာ၌ သမန္တာစသော ဂါထာကိုမဖွင့်၊ ဓမ္မဿဝနကာလောမှ စ၍ဖွင့်သည်။ ထို့ကြောင့် ပရိတ်ကြီးဋီကာဆရာများ လက်ထက်က မြန်မာပရိတ်ကြီးမူများ၌ သမန္တာဂါထာ မရှိသေး၊ နောက်မှ ထည့်ထားသည်ဟု ဆိုရန်ရှိပြန်သည်။
"နမော တဿ"မှ တပါး “သမန္တာ စက္ကပါဠေသု” မှ “သောတုဂ္ဂံ သမဂ္ဂံ” အထိ ဂါထာများကို အရှင်မဟိန္ဒမထေရ် သီဟိုဠ်ကျွန်းရောက်စအခါ မဟိန္ဒ တောင်ပေါ်မှနေ၍ သုမနသာမဏေအား နတ်များတရားနာရန် ဖိတ်မန်စေသော ဂါထာများဖြစ်၍ ပရိတ်နိဒါန်းလာ ကျန်ဂါတာ စုဏ္ဏိယများမှာ သီဟိုဠ်ကျွန်း မဟာဝိဟာရဝါသီ ရဟန္တာမထေရ်တို့ သီကုံးခဲ့သော ပါဌ်များ ဖြစ်ကြောင်း ဆိုကြသေးသည်။
---
သဒ္ဓါအရ ရှင်းလင်းချက်
"ဂုဏဝဂဟဏဗျာဝဋာ"၌ ဂုဏဂဏဂဟဏဗျာဝဋာ-ဂုဏ်အပေါင်းကို ရယူခြင်း၌ အားထုတ်ကြသည်ဟု၎င်း၊ ဂုဏဂဏဂဟဏာယ ဗျာဝဋာ-ဂုဏ်အပေါင်းကို ရယူခြင်းငှါ အားထုတ်ကြသည်ဟု၎င်း နှစ်ချက်သင့်ဖြစ်သည်။ ဂုဏ-အရ သီလ, သမာဓိ, ပညာ စသောဂုဏ်ကိုယူ။ ဂုဏကို အာနိသံသအနက်ဟောကြ၍ သမ္ပတ္တိခေါ် အကျိုးဂုဏ်အင် အာနိသင်များကိုသော်လည်းယူ။ သမ္ပတ္တိဆိုရာ၌လည်း လောကသမ္ပတ္တိအဖို့မှာ ၎င်းတို့အတွက် ရရှိပြီးဖြစ်၍ ထိုသတ္တိမျိုးကို မဆိုလို၊ ဓမ္မကို လိုလားသော နတ်များဖြစ်၍ တရားကြောင့် ထူးအပ်သော မဂ်ဖိုလ်အဆင့်ဆင့် နိဗ္ဗာန်အထိ လောကုတ္တရာ သမ္ပတ္တိမျိုးကိုသာ ဆိုလိုကြောင်း သို့ပါလေ။
"ဝရကနကမယေ မေရုရာဇေ" ၌ အရှေ့ ငွေသား, တောင်ကား နီလာ, နောက်မှာ ဖလ်နေ, မြောက်ကား ရွှေ, လေးထွေ မြင်းမိုရ်သား” အရ မြင်းမိုရ်တောင်ကား အရပ်လေးမျက်နှာအလိုက် ငွေစသည် လေးမျိုးဖြင့်ပြီး၏။ သို့ပါလျက် ဝရကန ကမယေ ဆိုသည်မှာ ဥပလက္ခဏသာ။ ဥပလက္ခဏကား မိမိအနက်ကို မစွန့်ပဲ မိမိ၏ အနီးအပါး အခြားအပိုအနက်ကိုလည်း သိစေသော သဒ္ဒါကို ဆိုသည်။ “ကာကေဘိ ဒဓိ ရက္ခီယကံ" ကျီးတို့မှ နို့ဓမ်းကို စောင့်ရှောက်အပ်သော ဆိုလျှင် ကာကသဒ္ဒါသည် မိမိ၏ ကျီးအနက်သာ မက အခြားအနီးဖြစ်သော ခွေးစသော အနက်ကိုလည်း ပြသည်။ ဤတွင် “ကနကမယေ’ ၌ ကနကလည်း မိမိ၏ ရွှေအနက်အပြင် ငွေ, ဣန္ဒနီလာ, ဖလ် ဟူသော အခြားအနက်များကိုလည်း သိစေသည်။ သက္ကတအဆို။ နည်းလေးဆယ်၌ကား အစိတ်ကိုဆိုသဖြင့် အပေါင်းကိုလည်း ရသောနည်းကို ဥပလက္ခဏဟုဆို၏။ “ကာကေဘိ ဒမိ ရက္ခီယကံ” ပုံစံမျိုး၌ အနီးကိုဆိုသဖြင့် အဝေးကိုရသော ပစ္စာသန္နနည်းဆို၏။ နည်းနှစ်မျိုးလုံးပင် ဝရကနကမယေ၌ ဆိုအပ်တော့သည်။
"မေရုရာဇေ ဝသန္တော” တွင် မေရုရာဇေ၊ ၌။ ဝသန္တော၊ နေကုန်သော။ သန္တော၊ သူတော်ကောင်းဖြစ်ကုန်သော။ ယေ ဒေဝါ၊ အကြင် တာဝတိံသာ နတ်တို့သည်-ဟု ဗဟုဝုစ်ဖြင့်၎င်း, ဝသန္တော၊ နေသော။ သန္တော၊ သော။ ယော ဒေဝေါ စ၊ အကြင် သိကြားမင်းသည်၎င်း-ဟု ဧကဝုစ်ဖြင့်၎င်း နှစ်မျိုးပေးကြ၏။ တာဝတိံသာနတ်များ မှာ ဘုမ္မအရ နတ်များ၌ ပါဝင်နေပြီဖြစ်ရာ အထူးဆိုဖွယ်မလိုတော့ပါ၊ သိကြားမင်းမှာ သာသနာကို၎င်း လောကကို၎င်း တစ်ရံတစ်ခါ အကျိုးပြုခဲ့ စောင့်ရှောက်ခဲ့သည်များကို ကျမ်းဂန်အရ သိရသည်ဖြစ်ရာ ထိုအချက်များကို အကြောင်းပြု၍ သိကြားမင်းကို အထူးတလည် ဖော်ထုတ်ဖိတ်ခေါ်ခြင်း ဖြစ်ဖွယ်ရှိသည်ဟု ယူ၍ ဤ၌ သိကြားမင်းအတွက် အနက်ပေးခဲ့သည်။]
---
သန္တောသဟေတုံ
"သန္တောသဟေတုံ” ၌ သန္တောသကို သန္တုဋ္ဌိအနက် ယူ၍ ရောင့်ရဲခြင်း၏ အကြောင်းဖြစ်သော-ဟု ပေးရိုးရှိခဲ့၏။ ထိုအနက်အရဆိုသော် ဘုရားတရားကို နာရလျှင် အား ရသည်, တင်းတိမ် ကျေနပ်သည်-ဟု အဓိပ္ပါယ် ယူရမည်ဖြစ်၏။ မှန်၏၊ အရသာက ညံ့ဖျင်းလျှင်၎င်း မိမိမနှစ်သက်သော အစားအစာဖြစ်လျှင်၎င်း တင်းတိမ်ကျေနပ်မှုမရှိ အားမရ, မရောင့်ရဲ၊ နှစ်သက်သောအစာ ကောင်းမွန်သောအစာ စားရလျှင် အားရကျေနပ်၏၊ တင်းတိမ်ရောင့်ရဲ၏။ ထို့အတူ သဒ္ဒ အရသာ အတ္ထ အရသာ နှစ်ဆီဩဇာပြည့်စုံလှသော ဘုရားတရားတော်ကို နာရလျှင် မကျေနပ် အားမရဟု မရှိ၊ တင်းတိမ် အားရ ကျေနပ်သည်သာ။ ထို့ကြောင့် ဘုရားတရားတော်ကို “သန္တော သဟေတု-တင်းတိမ်ရောင့်ရဲခြင်း၏ အကြောင်းဖြစ်သည်” ဟု ဆိုရသည်။
ဘုရားတရားတော်မှာ နာလို့မဝ အားမရ တင်းမတိမ်ဟု အဆိုရှိခဲ့ရာ ဤ၌ တင်းတိမ်ရောင့်ရဲခြင်း၏ အကြောင်းဖြစ်သည် ဆိုသောစကားနှင့် ဆိုသော် မဆန့်ကျင်လော ဟု ဆိုရန်ရှိ၏။ ရှေးအခါက ဆရာအမျိုးမျိုးတို့၏ တရားအမျိုးမျိုးကို လိုလားတောင့်တသော်လည်း ဘုရားတရား နာရသောအခါ အခြားဘယ်တရားကိုမှ မလိုလားတော့ပြီ။ ထို့ကြောင့် ဘုရား တရားကို ထပ်တလဲလဲ နာလို ကြားလိုလှသော်လည်း ထိုသို့ နာကြားလိုခြင်းမှာ အခြားတရားတပါးကို မလိုလား ဤတရားကိုသာ လိုလားခြင်းဖြစ်ရာ ဤတရား၌ ကျေနပ်မှု ဤတရားဖြင့်သာ တင်းတိမ်မှုဖြစ်၍ ဘုရားတရား၌ ရောင့်ရဲခြင်းပင် ဖြစ်ပါသည်။ ကောင်းမြတ်သော အရသာဖြင့် ဝအီနေသော ယောက်ျားသည် အခြား ညံ့ဖျင်းသော အရသာကို မလိုလား မနှစ်သက်သကဲ့သို့ ဘုရားတရားတော်ကို နာရသူသည် အခြား များစွာသော သမဏ ဗြာဟ္မဏတို့၏ တရားကို မလိုလား မမြတ်နိုးတော့ပြီ ဆိုသော စကားကိုထောက်။ (ဝရော ဝရညူ ဂါထာ အဖွင့်မှ ကာရဏပါလီ ဝတ္ထုကို ရှုပါ။)
အချို့က ပစ္စည်းလေးပါး၌ ရောင့်ရဲခြင်းကို သန္တောသအဖြစ် အလိုရှိကြ၏။ ဘုရား တရားတော်ကြောင့် ပစ္စည်း၌ရောင့်ရဲလွယ်မှု သန္တောသ ဖြစ်ရသည် ဟူ၏။ “တရားတော်သည် ရာဂကင်းဖို့ရာတည်း, ရာဂဖြစ်ပွါးရန် မဟုတ်၊ ကိလေသာကို ဖျက်ဆီးရန်သာ, ကိလေသာပွါးရန်မဟုတ်၊ အလို နည်းဖို့ရာသာ, အလိုကြီးရန်မဟုတ်၊ ရောင့်ရဲလွယ်ခြင်းငှါသာ, မရောင့်ရဲ ရန်မဟုက်" စသောအဓိပ္ပါယ်ဖြင့် ဟောအပ်သော ဒေသနာများအရ ဆိုလျှင် ဤအနက်မှာလည်း မသင့်ဟု မဆိုသာ။ ဤကား သန္တောသ၏ ရောင့်ရဲခြင်းအနက်အရ ကြံအပ်သော အဓိပ္ပါယ်တည်း။
---
သန္တောသ၏အနက်တမျိုး
“တေ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ” စသော ထိုထိုဒေသနာအဆုံး နိဂုံးများအရ ဘုရားတရားတော်ကို ကြားနာရသော ရဟန်းများက အားရ နှစ်သက် ဝမ်းမြောက်စွာ လက်ခံကြကြောင်း သိရ၏။ ဘုရား တရားတော်ကို နာလျှင် အားရကြ၏၊ နှစ်သက်ဝမ်းမြောက်ကြ၏။ ထိုသို့ နှစ်သက် ဝမ်းမြောက်ခြင်းကို ဖြစ်စေတတ်သောကြောင့် တရားတော်ကို နှစ်သက် ဝမ်းမြောက်ခြင်းအကြောင်း သန္တောသဟေတု ဖြစ်သည်ဟု ဆိုရသည်။ သန္တောသ၏ အနက်ကို အာဟိလာဒ-ဝမ်းမြောက်ခြင်း, အာနန္ဒာ-နှစ်လို ဝမ်းသာခြင်း, ဟဿ-ရွှင်ပြုခြင်း, တိတ္တိ-တင်းတိမ်ရောင့်ရဲခြင်း, ပရိတော နှစ်သက်ခြင်းဟု ပကတိဗောဓ အဘိဓာန်ဆို၏။ ဤ၌ သံ-ကို အလွန် တောသ-ကို နှစ်သက် ဝမ်းမြောက်ခြင်းအနက် ယူကာ သန္တောသဟေတုံ-လွန်စွာ နှစ်သက် ဝမ်းမြောက်ခြင်း၏ အကြောင်းဖြစ်သောဟု ပေးခဲ့ခြင်း ဖြစ်သည်။
---
သမဂ္ဂံ သမဂ္ဂါ
သောတု မဂ္ဂံ သမဂ္ဂါ၌ သမဂ္ဂ-ဟု၎င်း သမဂ္ဂါ-ဟု၎င်း နှစ်မျိုး ကွဲလျက်ရှိ၏။ သမဂ္ဂ-မှာ ကြိယာဝိသေသနည်း။ ၎င်းသည် ကတ္တား ကြိယာတို့က ဗဟုဝုစ်ပင်ရှိစေကာ ဒုတိယာ ဧကဝုစ်ဖြင့်သာ နေမြဲတည်း။ သမဂ္ဂါလည်း ပဌမာဗဟုဝုစ်ဖြင့် ပြီးသော ကြိယာဝိသေသနပင်။ ပရိတ်ကြီးဋီကာ၌ သမဂ္ဂီ ရှိ၍ “ဝိသမံ စန္ဒီမသူရိယာ ပရိဝတ္တန္တိ” ကဲ့သို့ ဘာဝနပုံး ဖြစ်ကြောင်း ဆို၏၊ နှစ်ပုဒ်လုံး အသင့်ပင်။ သို့သော် ဂါထာဘာဏကဆရာ အလိုမှာ သမဂ္ဂ ဖြစ်ဖွယ်ရှိပါသည်။ “ဝသန္တော သန္တော သန္တောသတုံ” ဟု၎င်း “ဘုမ္မာ ဘုမ္မာ စ”.ဟု၎င်း ပုဒ်ထပ်ကလေးများကို အလိုရှိသော ဆရာသည် သမဂ္ဂ ကလည်း အနက်သင့်ပင်ဖြစ်၍ သောတုမဂ္ဂံ သမဂ္ဂ ပုဒ်ထပ်ကို အလိုရှိရာ၏ ဟု ကြံဖွယ်ရာ ဖြစ်တော့သည်။
( ၅) သဗ္ဗေသု စက္ကဝါဠေသု၊ ယက္ခာ ဒေဝါ စ ဗြဟ္မနော။
ယံ အမှေဟိ ကတံ ပုညံ၊ သဗ္ဗသမ္ပတ္တိ သာဓကံ။
(၆) သဗ္ဗေ တံ အနုမောဒိတွာ၊ သမဂ္ဂါ သာသနေ ရတာ။
ပမာဒရဟိတာ ဟောန္တု၊ အာရက္ခာသု ဝိသေသတော။
( ၅) သဗ္ဗေသု၊ အလုံးစုံကုန်သော။ စက္ကဝါဠေသု၊ စကြဝဠာပေါင်း တိုက်တစ်သောင်းတို့၌။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ယက္ခာ စ၊ ဘီလူးတို့သည်လည်းကောင်း။ ဒေဝါ စ၊ နတ်တို့သည်လည်းကောင်း။ ဗြဟ္မနော စ၊ ဗြဟ္မာတို့သည်လည်းကောင်း။ အမှေဟိ၊ ငါတို့သည်။ သဗ္ဗသမ္ပတ္တိသာဓကံ၊ အလုံးစုံသော စည်းစိမ်ချမ်းသာတို့ကို ပြီးမြောက်စေတတ်သော။ ယံ ပုညံ၊ အကြင်ကောင်းမှုကို။ ကတံ၊ ပြုအပ်ပြီ။
(၆) တံ ပုညံ၊ ထိုကောင်းမှုကို။ အနုမောဒိတွာ၊ ဝမ်းမြောက်ကြကုန်၍။ သမဂ္ဂါ၊ ညီညွတ်ကြကုန်လျှက်။ သာသနေ၊ ဘုရားအဆုံးအမတော်၌။ ရတာ၊ မွေ့လျှော်ပျော်ပိုက် နှစ်ခြိုက်ကြကုန်သည်။ ဟောန္တု၊ ဖြစ်ကြပါကုန်လော့။ ဝိသေသတော၊ အထူးအားဖြင့်။ အာရက္ခာသု၊ လူသားတို့ဝယ် ကာကွယ်စောင့်ရှောက်မှုတို့၌။ ပမာဒရဟိတာ၊ မေ့လျာ့ခြင်းမှ ကင်းကြကုန်သည်။ ဟောန္တု၊ ဖြစ်ကြပါကုန်လော့။
စကားပြေ-စကြဝဠာ တစ်သောင်းလုံးရှိ ဘီလူး, နတ်, ဗြဟ္မာ မှန်သမျှတို့သည် ငါတို့ပြုသည့် ကောင်းမှုကို ဝမ်းမြောက်ကြပြီးလျှင် ညီညာဖြဖြ ဘုရားအဆုံးအမတော်၌ နှစ်ခြိုက်မွေ့လျော်ကြပါကုန်လော့။ အထူးအားဖြင့် လူသားတို့အပေါ်ဝယ် ကာကွယ်စောင့်ရှောက်ရေးတို့၌ မမေ့လျော့ ကြပါလေနှင့်။
တိုက်တွန်းချက်
ဆိုခဲ့ပြီးဂါထာဖြင့် နတ်များလာရန် ဖိတ်ခေါ်ပြီးနောက် ဤသဗ္ဗေသု စသော ဂါထာဖြင့် နတ်တို့အား ရွှင်ပျ ဝမ်းမြောက်ရှိစေရန် မိမိတို့ကုသိုလ်ကို အမျှပေးဝေပြီးလျှင် ထိုသို့ ရွှင်ပျ ဝမ်းမြောက်စေအပ်ပြီးသော နတ်တို့အား လူသားတို့အပေါ်ဝယ် ကာကွယ်စောင့်ရှောက်ရေး၌ မမေ့မလျော့ကြဖို့ တိုက်တွန်းခြင်းဖြစ်သည်။
---
(၇) သာသနဿ စ လောကဿ၊ ဝုဍ္ဎီ ဘဝတု သဗ္ဗဒါ။
သာသနမ္ပိ စ လောကဉ္စ၊ ဒေဝါ ရက္ခန္တု သဗ္ဗဒါ။
(၇) သာသနဿ စ၊ မြတ်စွာဘုရား သာသနာတော်၏ လည်းကောင်း။ လောကဿ စ၊ သတ္တဝါအပေါင်း၏ လည်းကောင်း။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ ဝုဍ္ဎီ၊ တိုးတက်ကြီးပွားခြင်းသည်။ ဘဝတု၊ ဖြစ်ပါစေသတည်း။ သာသနမ္ပိ စ၊ သာသနာတော်ကို လည်းကောင်း။ လောကဉ္စ၊ သတ္တဝါအပေါင်းကို လည်းကောင်း။ ဒေဝါ၊ နတ်အများတို့သည်။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ ရက္ခန္တု၊ စောင့်ရှောက်ကြပါစေကုန်သတည်း။
စကားပြေ-သာသနာတော်သည်၎င်း, သတ္တဝါအပေါင်းသည် ၎င်း အမြဲ တိုးတက် ကြီးပွားပါစေ၊ သာသနာနှင့် လောကကို နတ်အများ အစဉ်စောင့်ရှောက်ကြပါစေ။
အာသီသ
လောက သာသနာကြီးပွါးရေးကို၎င်း ထိုသို့ ကြီးပွါးရေး၌ နတ်များ၏ ကူညီစောင့်ရှောက်မှု ရရေးကို၎င်း သာသနဿစ-စသည်ဖြင့် တောင့်တရပြန်သည်။ သမ္မုတိနတ်ပါ။ မဂ်ဖိုလ်နိဗ္ဗာန် ရောက်ကြောင်း ကောင်းမြတ်သော ပဋိပတ်များကို သင်ယူခြင်း ကျင့်ကြံခြင်းများလည်း သာသနာကို စောင့်ရှောက်ခြင်းပင်၊ သာသနာ့ဘေးရန်များ မပေါ် လာအောင် ပေါ်လာပြန်လည်း ကင်းပျောက်အောင် ကွယ်ကာတားဆီးခြင်း သည်လည်း သာသနာတော်ကို စောင့်ရှောက်ခြင်းပင် ဖြစ်၏။ ဤနှစ်မျိုးလုံးဖြင့် စောင့်ရှောက်ရန် တောင့်တခြင်းဖြစ်၏၊ ဤတွင် ဒေဝါ ရက္ခန္တု-၌ ဒေဝါ အရ ဥပပါတ်နတ်များသာမက သမ္မုတိနတ်ခေါ် မင်းများကိုလည်း ယူခဲ့လျှင် ပိုမိုပြည့်စုံရာ၏။
“ရာဇာ ရက္ခတု ဓမ္မေန အတ္တနောဝ ပဇံ ပဇံ=မင်းသည်သတ္တဝါများကို မိမိရင်ဝယ်သားကဲ့သို့ တရားသဖြင့် စောင့်ရှောက်ပါစေ”ဟု အရှင်ဗုဒ္ဓဃောသဆရာမြတ် ဆုတောင်းခဲ့၏။ အရှင်ဓမ္မပါလထေရ် စသော အဋ္ဌကထာ ကျမ်းပြုဆရာမြတ်တို့လည်း ထို့အတူပင် ဆုတောင်းခဲ့ကြ၏။ မင်းများ တရားမစောင့်လျှင်သော်၎င်း အုပ်ချုပ်ရေးမတတ်လျှင်သော်၎င်း တိုင်းသူ ပြည်သားလူအများ ဆင်းရဲဒုက္ခရောက်ကြရ၏။ တိုးတက်ကြီးပွါးမှု မရနိုင်။ သာသနာလည်း မင်းများ အကူအညီကိုရသော် ပို၍ ကြီးပွါးတိုးတက် နိုင်၏။ ထို့ကြောင့် လူ့ လောက သာသနာကြီးပွါးရေး၌ မင်းလည်း အရေးပါသဖြင့် ဒေဝအရ သမ္မုတိဒေဝခေါ် မင်းများပါ ယူသင့်သည်။
---
(၈) သဒ္ဓိံ ဟောန္တု သုခီ သဗ္ဗေ၊ ပရိဝါရေဟိ အတ္တနော။
အနီဃာ သုမနာ ဟောန္တု၊ သဟ သဗ္ဗေဟိ ဉာတိဘိ။
(၈) သဗ္ဗေ၊ သတ္တဝါ အလုံးစုံတို့သည်။ အတ္တနော၊ မိမိ၏။ ပရိဝါရေဟိ၊ ခြွေရံသင်းပင်းတို့နှင့်။ သဒ္ဓိံ၊ အတူတကွ။ သုခီ၊ ချမ်းသာခြင်းရှိကြကုန်သည်။ ဟောန္တု၊ ဖြစ်ကြပါစေကုန်သတည်း။ သဗ္ဗေဟိ၊ အလုံးစုံကုန်သော။ ဉာတိဘိ၊ အဆွေအမျိုးတို့နှင့်။ သဟ၊ အတူတကွ။ အနီဃာ၊ ဆင်းရဲမရှိကုန်သည်။ သုမနာ၊ နှစ်သက်,ရွှင်လန်း စိတ်ချမ်းသာကြကုန်သည်။ ဟောန္တု၊ ဖြစ်ကြပါစေကုန်သတည်း။
စကားပြေ-သတ္တဝါခပ်သိမ်းတို့သည် မိမိတို့ ခြွေရံသင်းပင်း များနှင့်အတူ ချမ်းသာကြပါစေ၊ အလုံးစုံသော ဆွေမျိုးတို့နှင့်အတူ ဆင်းရဲကင်းကာ စိတ်ချမ်းသာကြပါစေ။
မေတ္တာအာသီသ
အားလုံးချမ်းသာစေရန် တောင့်တသော မေတ္တာ အာသီအမှုကို သဒ္ဓိံဟောန္တု စသည်ဖြင့် ပြုခဲ့ပြန်သည်။ သဗ္ဗေဟု သမဆိုသော်လည်း အရာကိုတောက်သော် နတ်များကိုပင် ရည်ရွယ်ဟန့်ရှိပါသည်။ သို့သော် သတ္တဝါအလုံးစုံကို ရည်ရွယ်ခြင်းဖြင့် မေတ္တာ ပိုပျံ့နှံခြင်း အကျိုးရှိသည်ဖြစ်၍ သတ္တဝါအကုန်ပင် သိမ်းစွဲ အနက်ပေးလိုက်ရခြင်း ဖြစ်ပေသည်။
---
(၉) ရာဇတော ဝါ စောရတော ဝါ
မနုဿတော ဝါ အမနုဿတော ဝါ
အဂ္ဂိတော ဝါ ဥဒကတော ဝါ
ပိသာစတော ဝါ ခါဏုကတော ဝါ
ကဏ္ဋကတော ဝါ နက္ခတ္တတော ဝါ
ဇနပဒရောဂတော ဝါ အသဒ္ဓမ္မတော ဝါ
အသန္ဒိဋ္ဌိတော ဝါ အသပ္ပုရိသ ဝါ
စဏ္ဍ ဟတ္ထိ အဿ မိဂ ဂေါဏ ကုက္ကုရ
အဟိ ဝိစ္ဆိက မဏိသပ္ပ ဒီပိ အစ္ဆ တရစ္ဆ
သူကရ မဟိံသ ယက္ခ ရက္ခသာဒီဟိ
နာနာဘယတော ဝါ နာနာရောဂတော ဝါ
နာနာဥပဒ္ဒဝတော ဝါ အာရက္ခံ ဂဏှန္တု။
(၉) ရာဇတော ဝါ၊ မင်းဆိုးတို့မှ လည်းကောင်း။ စောရတော ဝါ၊ ခိုးသူတို့မှ လည်းကောင်း။ မနုဿတော ဝါ၊ လူဆိုးတို့မှ လည်းကောင်း။ အမနုဿတော ဝါ၊ ဘီလူးနတ်ဆိုးတို့မှ လည်းကောင်း။ အဂ္ဂိတောဝါ၊ အဖျက်မီးတို့မှ လည်းကောင်း။ ဥဒကတော ဝါ၊ အဖျက်ရေတို့မှ လည်းကောင်း။ ပိသာစတော ဝါ၊ မြေဘုတ်ဘီလူးတို့မှ လည်းကောင်း။ ခါဏုကတော ဝါ၊ သစ်ငုတ်ခလုတ်တို့မှ လည်းကောင်း။ ကဏ္ဋကတော ဝါ၊ ဆူးငြှောင့်တို့မှ လည်းကောင်း။ နက္ခတ္တတော ဝါ၊ မကောင်းသောနက္ခတ်တို့မှ လည်းကောင်း။ ဇနပဒရောဂတော ဝါ၊ ဇနပုဒ်၌ဖြစ်သော ရောဂါဆိုးတို့မှ လည်းကောင်း။ အသဒ္ဓမ္မတော ဝါ၊ မသူတော်တို့၏ အကျင့်တရားတို့မှ လည်းကောင်း။ အသန္ဒိဋ္ဌိတော ဝါ၊ မှားသောအယူတို့မှ လည်းကောင်း။ အသပ္ပုရိသတော ဝါ၊ သူယုတ်မာတို့မှ လည်းကောင်း။ စဏ္ဍ ဟတ္ထိ အဿ မိဂ ဂေါဏ ကုက္ကုရ အဟိ ဝိစ္ဆိက မဏိသပ္ပ ဒီပိ အစ္ဆ တရစ္ဆ သူကရ မဟိံသ ယက္ခ ရက္ခသာဒိဟိ၊ ကြမ်းတမ်းသော ဆင်, မြင်း, သားရဲ, နွား, ခွေး, မြွေ, ကင်းမြှီးကောက်, မြွေစိမ်း, သစ်, ဝံ, အောင်း, ဝက်, ကျွဲ, ဘီလူး, ရက္ခိုသ်အစရှိသည်တို့မှ လည်းကောင်း။ နာနာဘယတော ဝါ၊ ဘေးအမျိုးမျိုးတို့မှ လည်းကောင်း။ နာနာရောဂတော ဝါ၊ ရောဂါအမျိုးမျိုးတို့မှ လည်းကောင်း။ နာနာဥပဒ္ဒဝတော ဝါ၊ အန္တရာယ်အမျိုးမျိုးတို့မှ လည်းကောင်း။ အာရက္ခံ၊ ကာကွယ်စောင့်ရှောက်မှုကို။ ဂဏှန္တု၊ ယူကြကုန်လော့။
သဒ္ဒါအရ ရှင်းလင်းချက်
[မင်းကောင်း မင်းမြတ်များမှ ဘေးမဖြစ်တတ်၊ မကောင်းသော မင်းဆိုးများမှသာ ဘေးဖြစ်တတ်၍ အာရက္ခံ ဂဏှန္တု-မင်းမှ ကာကွယ်စောင့်ရှောက်ရမည်ဆိုသည်မှာ မင်းဆိုးမှ ကာကွယ် စောင့်ရှောက်ရမည့်အဖြစ် သိသာထင်ရှား၍ သာမည ရာဇ-ကို ဝိသေသ မင်းဆိုး အနက်ပြန်ရသည်။ မနုဿ-စသည်လည်း ထို့အတူပင် သိပါလေ။
မင်းဆိုးမှ စောင့်ရှောက်ပါ-ဆိုလျှင် မင်းမှ ဖြစ်သောဘေး မဖြစ်လာအောင် ကာကွယ်ရမည့် အဖြစ်မှာ ထင်ရှားပြီးဖြစ်၍ ဘေးဟူသော အနက်မပါသော်လည်း ပြီးနိုင်ပါသည်။ သို့သော် ပို၍ထင်ရှားအောင် မင်းဘေးမှ၎င်းဟု ပေးသည်မှာလည်း အသင့်ပင်ဖြစ်ပါသည်။ တော ပစ္စည်းသည် ကေဝုစ် ဗဟုဝုစ် နှစ်မျိုးဆိုင်၍ မင်းဆိုးမှ ၎င်း-ဟု ဧကဝုစ်လည်း ပေးနိုင်၏။ ဤ၌ ဘေးအများအပြားကိုရည်၍ ဗဟုဝုစ် အနက်များအဖြစ် ပြန်လိုက်သည်။
ဥပဒ္ဒဝ-ကို ဥပဒ္ဒဝေါဟု ပြန်ရိုးရှိ၏။ “ဥပဒ္ဒဝေါတိ အန္တရာယော” ဟူသော တိကင်္ဂုတ္တရဋီကာ (၇၅) အရ အန္တရာယ်ဟု ပြန်သည်။ ဘယ, ဥပဒ္ဒဝ, အန္တရာယတို့မှာ သဒ္ဒါကွဲပြားသော်လည်း သဘာဝမှာ ကွဲပြားချက်မရှိကြပါ။ မြန်မာ၌လည်း သုံးရန် အန္တရာယ်ဟု တွဲသုံးလေ့ရှိ၏။]
အယုတ်တရားနှင့် အယူမှား
မင်းဆိုးစသည်မှ နတ်များ စောင့်ရှောက်ရန် တိုက်တွန်းစေတော့၊ အသဒ္ဓမ္မ-မသူတော်တရား, အသန္ဒိဋ္ဌိ-မိစ္ဆာအယူများမှာ ကိုယ်တိုင် ရှောင်မှဖြစ်၍ နတ်များက ဘယ်ပုံ စောင့်ရှောက် နိုင်စွမ်းအံ့နည်း-ဟု မေးရန် ရှိခဲ့ပြန်သည်။ ကဿပဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ရဟန်းရှင်လူတို့ တရားပျက်နေကြသောအခါ သိကြားမင်းသည် မုဆိုးအသွင်ဖြင့် မာတလိ နတ်သားကို ခွေးနက်ကြီးယောင် ဖန်ဆင်းစေကာ လူ့ပြည် ဗာရာဏသီ သို့ လာရောက်၍ လူအများကို ခြိမ်းချောက် ထိတ်လန့်စေပြီးလျှင် တရားဟောခဲ့သဖြင့် လူရှင် ရဟန်းတွေ အကျင့်ကောင်းလာကြပြန်သည်-ဟု ဒွါဒသကနိပါတ် မဟာကဏှဇာတ်၌ လာရှိခဲ့သည်။ ဤသို့သောနတ်များ ကာကွယ်ခဲ့ဘူးသော ထုံးဟောင်းများကို ရည်၍ မသူတော်တို့၏ အကျင့်တရားဘေးမှ ကာကွယ်ကြပါ-ဟု တိုက်တွန်းခြင်း ဖြစ်သည်။
နာရဒဇာတ်၌ အင်္ဂတိမင်းကြီးတို့၏ မိစ္ဆာအယူကို နာရဒ ဗြဟ္မာမင်း လာရောက်ဆုံးမ၍ ပပျောက်စေခဲ့၏။ သာဝတ္ထိပြည် အရှင်ဗြဟ္မဒေဝ၏ မယ်တော် ပုဏ္ဏေးမကြီးသည် အရှင်ဗြဟ္မဒေဝအိမ်သို့ ဆွမ်းခံရောက်လာစဉ် အရှင်မြတ်ကို အရေးမထား ဗြဟ္မာအား ပူဇော်ဖွယ်တို့ဖြင့် ပူဇော်နေသည်ကို သဟမ္ပတိဗြဟ္မာမင်း လာရောက်ပြီး “ဤအစာမျိုးမှာ ဗြဟ္မာ့အစာမဟုတ်၊ သင်ကား ဗြဟ္မာဖြစ်ကြောင်း တရားမသိဘဲ တော်စွာလျော်စွာ မြည်တမ်းနေရသလော”ဟု အပြစ်တင်၍ အရှင်ဗြဟ္မဒေဝ၏ ဂုဏ်တော်များကို ဖော်ပြကာ အရှင်မြတ်ကိုသာ ပူဇော်ဖို့ တိုက်တွန်းလျက် ပုဏ္ဏေးမကြီး၏ မိစ္ဆာအစွဲကို ချွတ်ခဲ့လေသည်။ (သဂါထာဝဂ္ဂ ဗြဟ္မသံယုတ် ဗြဟ္မဒေဝသုတ် သံ၊၁၊၁၄၂။)
ဗာဟိယ ဒါရုစီရိယ-သည် လူအများ အထင်ကြီးရန် အံ့ဖွယ်အဖြစ် ဆောင်ကာ ရဟန္တာဟု မိမိကိုယ်ကို ထင်နေသောအခါ ကဿပဘုရား လက်ထက်က တရားအတူ အားထုတ်ဖက် ရဟန်းဖြစ်ခဲ့သော ဗြဟ္မာကြီးက လာရောက် သတိပေး ထိတ်လန့်စေကာ ဘုရားထံ သွားရောက်ဖို့ ညွှန်ကြားခဲ့သည်။ (ဥဒါန၊၈၄။ ဗာဟိယသုတ်)ဤသို့ စသော အချက်များကို ရည်မြော်လျက် မိစ္ဆာအယူမှ စောင့်ရှောက်ကြပါဟု ဆိုခဲ့ခြင်းဖြစ်ပေ သည်။
မင်္ဂလသုတ် နိဿယသစ်
(၁၀) ယံ မင်္ဂလံ ဒွါဒသဟိ၊ စိန္တယိံသု သဒေဝကာ။
သောတ္ထာနံ နာဓိဂစ္ဆန္တိ၊ အဋ္ဌတိံသဉ္စ မင်္ဂလံ။
(၁၁) ဒေသိတံ ဒေဝဒေဝေန၊ သဗ္ဗပါပဝိနာသနံ။
သဗ္ဗလောကဟိတတ္ထာယ၊ မင်္ဂလံ တံ ဘဏာမ ဟေ။
(၁၀-၁၁) ဟေ၊ အို … သူတော်ကောင်းတို့။ သဒေဝကာ၊ နတ်နှင့်တကွသော လူတို့သည်။ ယံ မင်္ဂလံ၊ အကြင် မင်္ဂလာကို။ ဒွါဒသဟိ၊ တစ်ဆယ့်နှစ်နှစ်တို့တိုင်အောင်။ စိန္တယိံသု၊ ကြံတွေးကြကုန်ပြီ။ သောတ္ထာနံ၊ ချမ်းသာခြင်း၏အကြောင်း ကောင်းမြတ်သော။ တံမင်္ဂလံ၊ ထိုမင်္ဂလာကို၊ နာဓိဂစ္ဆန္တိ၊ မသိနိုင်ကြကုန်။ ဒေဝဒေဝေန၊ နတ်တို့ထက်နတ် အမြတ်ဆုံး ဘုရားရှင်သည်။ သဗ္ဗပါပဝိနာသနံ၊ အလုံးစုံသော မကောင်းမှုတို့ကို ပယ်ဖျောက်တတ်သော။ အဋ္ဌတ္တိံသဉ္စ၊ သုံးဆယ့်ရှစ်ပါးလည်းဖြစ်သော။ ယံ မင်္ဂလံ၊ အကြင်မင်္ဂလာ တရားတော်ကို။ သဗ္ဗလောကဟိတတ္ထာယ၊ အလုံးစုံသော သတ္တဝါအပေါင်း၏ အကျိုးစီးပွား အလို့ငှာ။ ဒေသိတံ၊ ဟောတော်မူအပ်ပြီ။ တံ မင်္ဂလံ၊ ထို သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော် ကို။ မယံ၊ ငါတို့သည်။ ဘဏာမ၊ ရွတ်ကြကုန်စို့။
စကားပြေ-သူတော်ကောင်းတို့၊ နတ်လူတို့သည် အကြင် မင်္ဂလာကို တစ်ဆဲ့နှစ်နှစ်တိုင်အောင် ကြံဆခဲ့ကြ၏။ ချမ်းသာခြင်းအကြောင်း ကောင်းမြတ်သော ထိုမင်္ဂလာကို မသိနိုင်ပဲ ရှိကြ၏။ နတ်တို့ထက်နတ် ဘုရားမြတ်သည် မကောင်းမှု မှန်သမျှ ပယ်ဖျောက်တတ်သော သုံးဆဲ့ရှစ်ဖြာ မင်္ဂလာတရားတော်ကို တလောကလုံး၏ အကျိုးစီးပွါးအလို့ ငှါ ဟောတော်မူခဲ့၏။ ထိုသုံးဆဲ့ရှစ်ဖြာ မင်္ဂလာတရားတော်ကို ငါတို့ ရွတ်ဆိုကြကုန်စို့။
အချီးအမွှမ်း
တစ်စုံတစ်ခု အကြောင်းအရာကို ပြောဆိုရေးသားရာ၌ ရှေးဦးစွာ အစပျိုးသော စကားဦးကို အချီးဟု ဆိုကြ၏။ ဤ ယံ မင်္ဂလံ စသည်လည်း မင်္ဂလသုတ် မရွတ်ဆိုမီ မင်္ဂလသုတ် ဖြစ်လာရပုံနှင့် မင်္ဂလသုတ်အကျိုး အာနိသင်များကို ဂုဏ်တင်ပြောဆိုသော အချီးပင် ဖြစ်၏။ ပရိတ်ဖြစ်ပေါ်ကြောင်း အဋ္ဌုပ္ပတ်ဝတ္ထုများကို သာယာဖွယ်ဖြစ်အောင် ဖွဲ့နွဲ့ဆိုအပ်သော ပရိတ်နိဒါန်းများကို ပရိတ်ကို အမွှန်းတင်ကြောင်းဖြစ်၍ ရှေးက အမွှန်းဟုလည်း သုံးနှုန်းခေါ်ဆိုခဲ့ကြ၏။ ယံ မင်္ဂလံ-စသည်လည်း မင်္ဂလသုတ်ကို ဂုဏ်တင်ကြောင်းဖြစ်၍ အမွှန်းပင် ဆိုရပေသည်။ ဘုရားဟောကား မဟုတ်သေး၊ မင်္ဂလသုတ်ကို သင်ချင် ရွတ်ချင် နာကြားချင်အောင် ဆွဲဆောင်မှုတစ်ရပ် အဖြစ်ဖြင့် ရှေးဆရာမြတ်တို့ ရေးသားအပ်သော ပရိတ်ပျိုး အချီး အမွှန်းပင်တည်း။
သဒ္ဒါအရရှင်းလင်းချက်
ဒွါဒသဟိ-ကို တစ်ဆဲ့နှစ်နှစ်တို့ ပတ်လုံးဟု အစ္စန္တ သံယောဂ-အနက်ပေးကြ၏။ ဂါထာဘာဏက ဆရာအရှင်၏အလိုမှာ အပါဒါန်ကို အလိုရှိဟန်တူပါသည်။ ထို့ကြောင့် ကာလကို ကန့်သတ်ပိုင်းခြားသော အဝဓိ ၌ အပါဒါန်ဟု ယူကာ တစ်ဆဲ့ နှစ်နှစ်တို့တိုင်အောင် ဟု အနက်ပေးခဲ့သည်။
သောတ္ထာနံ-ကား ကထံကရော သောတ္ထာနေန ဂုတ္တော (ဒသမဟာမင်္ဂလဇာတ်ပါဠိ)၌ အဋ္ဌကထာက “သောတ္ထာနေနာတိ သောတ္ထိဘာဝါဝဟေန မင်္ဂလေန” ဟုဖွင့်သောကြောင့် မင်္ဂလာဟောတည်း။ သောတ္ထိ-ပုဒ် ဝဟတိ-အနက်၌ အာန ပစ္စည်းကြံ၍ “သောတ္ထိံ ဝဟတီတိ သောတ္ထာနံ” ပြု။
သောတ္ထိ၊ ချမ်းသာခြင်းကို။ ဝဟတိ၊ ရွက်ဆောင်တတ်၏။ ချမ်းသာကို ရွက်ဆောင်တတ်သော တရားမှာ ချမ်းသာကြောင်းပင်ဖြစ်၍ “သောတ္ထာနံ-ချမ်းသာခြင်းအကြောင်း ကောင်းမြတ်သော ဟု အနက်ပေးခဲ့သည်။ တနည်း "သုဌာန" ကြံ၍ "သုခံ ဌာတိ အနေနာတိ သောတ္ထာနံ” သော်လည်း လုပ်။
အနေန၊ ဤတရားဖြင့်။ သုခံ၊ချမ်းသာစွာ။ ဌာတိ၊ တည်နေနိုင်၏။ ဣတိ၊ ထို့ကြောင့် သောတ္ထာနံ၊ သောတ္ထာနမည်၏။ ချမ်းသာစွာ တည်နေနိုင်ကြောင်း ကောင်းသော တရားဟု အနက်ရခဲ့ရာ ထိုတရားမှာ မင်္ဂလာသာတည်း။
ဟေ-ဟူသော အာလုပ်ကို ဂါထာအဆုံး၌ တည်သောကြောင့် အပြီးသတ်ခါနီးမှ အနက်ပေးရိုးရှိခဲ့၏။ ဤ ယံ မင်္ဂလံ-စသော စကားမှာ ဟေ-အရ ပုဂ္ဂိုလ်တို့ကို ပြောနေသော စကားများဖြစ်သည်တကြောင်း ပါဠိ၌ အာလုပ်ပုဒ်သည် အစတစ်ပုဒ် နှစ်ပုဒ်တို့နောက်မှာ အရှိများသော်လည်း မြန်မာ၌ စကားတစ်ရပ်ပြောသောအခါ အစမှာသာထား၍ အပြောများသည်တစ်ကြောင်း ဤအကြောင်းများကြောင့် ဂါထာအစမှစ၍ အနက်ပေးခြင်းဖြစ်၏၊ ဟေ-ကို ပေးရိုးပေးစဉ်အတိုင်း သူတော်ကောင်းတို့ဟု ပေးလိုက်သော်လည်း အရာအားလျော်စွာ “အို.….အရှင်တို့၊ အို..…. မိတ်ဆွေတို့ စသည် ပေးနိုင်သည်သာ။
လောက၌ ကိုးကွယ် အားထားရာဟု မှီခိုကပ်ရောက်အပ်သော ပုဂ္ဂိုလ်များကို ဒေဝ-နတ်ဟု ဆိုအပ်၏။ ထိုကြောင့် ဥပပတ္တိနတ်ခေါ် နတ်ဗြဟ္မာသာမက လူများ အားထားကိုးစားရာ မင်းရဟန္တာများကိုပင် သမ္မုတိနတ် ဝိသုဒ္ဓိနတ်ဟု ခေါ်ရခြင်း ဖြစ်၏။ ဘုရားရှင်လည်း သတ္တဝါတို့၏ ကိုးကွယ်ရာအဖြစ် မှီခိုချဉ်းကပ်အပ်သောကြောင့် ဒေဝပင်။ သို့သော် သာမန်ဒေဝမျှမဟုတ် သမ္မုတိ ဝိသုဒ္ဓိ, ဥပပတ္တိနတ် မှန်သမျှတို့၏ အားထားကိုးကွယ်ရာဖြစ်၍ “နတ်မှန်သမျှတို့၏နတ်, နတ်တို့ထက် နတ် ဆိုရပေသည်။ (ဒေဝါနံ ဒေဝေါ ဒေဝဒေဝေါ။
ဒေဝါနံ၊ နတ်တို့၏။ ဝါ၊ ထက်။ ဒေဝေါ၊ နတ်တည်း။ ဒေဝဒေဝေါ၊ နတ်တို့၏၊ဝါ၊ ထက်နတ်။)
ဒိဋ္ဌမင်္ဂလာ စသော မင်္ဂလာများကား အသားမပါ၊ အစွဲအလမ်း အထင်အမြင်မျှသာ။ ဤမင်္ဂလာတရားကား ကောင်းသော အပြုအပြော အကြံများသာ ဖြစ်ရာ ကောင်းမှုကုသိုလ်များပင်။ ထိုကောင်းမှုများကား ဆန့်ကျင်ဖက် မကောင်းမှုတို့ကို ဖျက်ဆီးတတ်သော သဘောရှိရာ မင်္ဂလာတရားကို သဗ္ဗပါပဝိနာသနံ=အကုသိုလ် မှန်သမျှကို ဖျက်ဆီးတတ်သော” ဟု ဂုဏ်ပြုခြင်းဖြစ်၏။ အကုသိုလ်မှန်သမျှကို ဖျက်ဆီးကြောင်းတရား ဟုလည်း ဆိုနိုင်၏။ (ကတ္တုသာဓ် ကရဏသာဓ် နှစ်မျိုးရ။)
အကုသိုလ်စု မကောင်းမှုများကား ဆင်းရဲကြောင်း ဆုတ်ယုတ်ကြောင်းသာဖြစ်၍ ကောင်းသော အမှုများမှာ တိုးတက် ကြီးပွါးကြောင်း ချမ်းသာကြောင်း ဖြစ်၏။ မင်္ဂလာတရားတော်အတိုင်း ကျင့်သူမှာ တကယ်ချမ်းသာကြီးပွါးနိုင်၍ မင်္ဂလာတရား ဟောကြားခဲ့သော ဗုဒ္ဓအရှင်မြတ်၏ ထိုအများကြီးပွါးချမ်းသာရေး လိုလားတော်မူသော မဟာကရုဏာမေတ္တာတော်များကို သဗ္ဗလောက ဟိတတ္ထာယဖြင့် ဖော်ပြတော်မူခဲ့သည်။
မင်္ဂလသုတ် အဋ္ဌုပ္ပတ်
“မင်္ဂလာ တရားကို နတ်လူအများ တစ်ဆဲ့နှစ်နှစ်ကြာအောင် စဉ်းစားခဲ့ကြသော်လည်း မသိနိုင်ရှိကြ၍ ဘုရားဟောတော်မူရသည်” ဆိုသော စကားမှာ အဋ္ဌုပ္ပတ်အရပင် ဖြစ်၏။ ထိုအဋ္ဌုပ္ပတ်ကား ဤသို့တည်း။ မြတ်စွာဘုရား မင်္ဂလာတရား မဟောကြားမီ ရှေးအဖို့ကပင် လောက၌ မင်္ဂလာပြဿနာ ပေါ်ပေါက်လျက် ရှိ၏။ လောက၌ နှစ်သက်ဖွယ် အကောင်းဟု အသိအမှတ် ပြုထားသော အာရုံများရှိခဲ့ရာ အချို့က မျက်စိဖြင့် မြင်ရသော နှစ်သက်ဖွယ် အဆင်းအာရုံများကို မင်္ဂလာဟုဆို၏။ အချို့ကမူ နားဖြင့်ကြားရသော နှစ်သက်ဖွယ် အသံအာရုံများကို မင်္ဂလာဟုဆို၍ အချို့ကသော် နှာခေါင်း, လျှာ, ကိုယ်တို့ဖြင့် တွေ့ရသော နှစ်သက်ဖွယ် အနံ့ အရသာ, အတွေ့များကို မင်္ဂလာဟု ဆို၏။ တစ်ဦးအယူအဆကို တစ်ဦးက လက်မခံ။ တစ်ယောက်ကိုတစ်ယောက် နားလည်အောင် မပြောနိုင်ဘဲ ငြင်းခုံမစဲ ဖြစ်ကာ ပြဿနာမပြေဘဲ ရှိခဲ့ရ၏။ ထိုမင်္ဂလာ ပြဿနာမှာ လူ၌သာမက နတ်ဗြဟ္မာများသို့ပင် ဂယက်ရိုက်ကာ မင်္ဂလာကို စဉ်းစားကြရင်း နတ်ဗြဟ္မာများ၌လည်း သုံးမျိုးကွဲခဲ့ရပေသည်။ ထိုပြဿနာမှာ တစ်ဆဲ့နှစ် နှစ်ကြာအောင် မပြေလည်ခဲ့သော ပြဿနာအဖြစ် တည်ရှိခဲ့၏။
တစ်ဆဲ့နှစ်နှစ် လွန်မြောက်သောအခါမှ တာဝတိံသာ နတ်တို့က သိကြားမင်းထံ ထိုပြဿနာတင်၍ အဖြေပေးရန် တောင်းပန်ခဲ့ကြသည်။ သိကြားမင်းလည်း ဘုရားထံ လျှောက်ထားရန် … နတ်သား တစ်ဦးအား တာဝန်လွှဲအပ်ပြီးလျှင် မိမိနှင့်တကွ နတ်အများပါ မင်္ဂလာတရားနာရန် ဘုရားရှင်ထံ ရောက်လာကြ၏။ တာဝန်ပေးအပ်သော နတ်သား၏ လျှောက်ထားချက်အရ မင်္ဂလာတရားတော်ကို မြတ်စွာဘုရား ဟောကြား တော်မူခဲ့ပေသည်။
အမှာ
ဤမှနောက် စကားကျဉ်းစေရန် အဋ္ဌကထာ၌ဟု သာမန်ဆိုသော အရာတွေ့ရလျှင် သုတ္တနိပါတ်အဋ္ဌကထာနှင့် ခုဒ္ဓကပါဌအဋ္ဌကထာဟု မှတ်ယူရန် ဖြစ်ပါသည်။
---
(၁၂) ဧဝံ မေ သုတံ —
ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ
ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။
အထ ခေါ အညတရာ ဒေဝတာ
အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တဝဏ္ဏာ
ကေဝလကပ္ပံ ဇေတဝနံ ဩဘာသေတွာ
ယေန ဘဂဝါ, တေနုပသင်္ကာမိ။
ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ
ဧကမန္တံ အဋ္ဌာသိ။
ဧကမန္တံ ဌိတာ ခေါ သာ ဒေဝတာ
ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ။
(၁၂) ဘန္တေ ကဿပ၊ အရှင်မဟာကဿပ။ မေ၊ တပည့်တော်သည်။ ဧဝံ၊ ဤသို့။ သုတံ၊ နာခံမှတ်သား ကြားခဲ့ရပါ၏။ ဧကံ၊ တစ်ပါးသော။ သမယံ၊ အခါ၌။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ သာဝတ္ထိယံ၊ သာဝတ္ထိနေပြည်တော်၌။ အနာထပိဏ္ဍိကဿ၊ အနာထပိဏ်သူဌေး၏။ ဇေတဝနေ၊ ဇေတဝန်မည်သော။ အာရာမေ၊ ကျောင်းတိုက်၌။ ဝိဟရတိ၊ သီတင်းသုံးတော်မူပါ၏။ အထခေါ၊ ထိုသို့ သီတင်းသုံးစဥ် အခါ၌။ အညတရာ၊ အမျိုးအမည် မထင်ရှားသော။ ဒေဝတာ၊ နတ်သားသည်။ အဘိက္ကန္တာယ၊ ညဥ့်ဦးယာမ်ကုန်လွန်ခဲ့ပြီးသော။ ရတ္တိယာ၊ သန်းခေါင်ယာမ်အချိန်၌။ အဘိက္ကန္တဝဏ္ဏာ၊ အလွန်နှစ်သက်ဖွယ် အဆင်းရှိသည် ဖြစ်၍။ ကေဝလကပ္ပံ၊ ပတ်ဝန်းကျင်အကုန် အလုံးစုံသော။ ဇေတဝနံ၊ ဇေတဝန်ကျောင်းတိုက်ကို။ ဩဘာသေတွာ၊ ကိုယ်အရောင်ဖြင့် ထွန်းပြောင် ထိန်လင်းစေ၍။ ယေန၊ အကြင်အရပ်၌။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အတ္ထိ၊ ရှိ၏။ တေန၊ ထိုဘုရားရှင်ရှိရာ အရပ်သို့။ ဥပသင်္ဂမိ၊ ချဉ်းကပ်ခဲ့ပါပြီ။ ဥပသင်္ဂမိတွာ၊ ချဉ်းကပ်ပြီး၍။ ဘဂဝန္တံ၊ မြတ်စွာဘုရားကို။ အဘိဝါဒေတွာ၊ အလွန်ရိုသေစွာ ရှိခိုးပြီး၍။ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သော အရပ်၌။ အဋ္ဌာသိ၊ ရပ်နေပါပြီ။ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သော အရပ်၌။ ဌိတာ ခေါ၊ ရပ်နေသော။ သာ ဒေဝတာ၊ ထိုနတ်သားသည်။ ဘဂဝန္တံ၊ မြတ်စွာဘုရားကို။ ဂါထာယ၊ ဂါထာဖြင့်။ အဇ္ဈဘာသိ၊ လျောက်ထားခဲပါပြီ။
စကားပြေ-အရှင် မဟာကဿပ၊ တပည့်တော် ဤသို့ နာကြားခဲ့ရဘူးပါသည်။ အခါတပါး ဘုရားမြတ်စွာသည် သာဝတ္ထိ နေပြည်တော်ဝယ် အနာထပိဏ်သူဌေး၏ ဇေတဝန် ကျောင်းတိုက်၌ သီတင်းသုံးတော်မူပါသည်။ ထိုအခါ အမျိုး အမည် မထင်ရှားသော နတ်သားတစ်ယောက်သည် ညဉ့်ဦးယာမ် လွန်ပြီးသော သန်းခေါင် အချိန်၌ အလွန်နှစ်သက်ဖွယ် အဆင်း ရှိသည်ဖြစ်၍ ဇေတဝန်ကျောင်းတိုက် ပတ်ဝန်းကျင်တခွင်လုံးကို ထိန်လင်းစေလျက် ဘုရားရှင်ရှိရာသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် သင့်လျော်သောနေရာ၌ ရပ်နေပါသည်။ သင့်လျော်ရာအရပ်၌ ရပ်နေသော ထိုနတ်သားသည် ဘုရားရှင်ကို ဂါထာဖြင့် လျှောက် ထားခဲ့ပါသည်။
နိဒါန်း
ဘုရားရှင် ဟောတော်မူသော မင်္ဂလသုတ်မပြမီ ရှေးဦးစွာ ထိုသုတ္တန် ဖြစ်ပေါ်လာရခြင်း အကြောင်းနိဒါန်းကို ပြလို၍ “ဧဝံ မေ သုတံ” စသည်ဖြင့် မိန့်ရသည်။
နိဒါန်းဖြစ်လာပုံ
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက် သုံးလကျော်လောက် အကြာတွင် ဘုရားတရားတော်များ မပျောက်မပျက် တည်နေစေရန်၎င်း, အဓမ္မ ဝါဒများ ပေါ် လာသော် ဆုံးဖြတ်ပယ်ရှားရေးအတွက် ခုံအဖြစ်ရှိနေရန်၎င်း ရဟန္တာ ငါးရာတို့ စုပေါင်းရွတ်ဆိုကာ သံဂါယနာတင်ကြ၏။ ထိုအခါက ဘုရားဟော အမှန်ဖြစ်ကြောင်း သိနားလည် ယုံကြည်ကြစေရန် ဘုရားရှင် ဘယ်မြို့ ဘယ်ရွာဝယ် ဘယ်အခါက ဘယ်သူအား ဘယ်လိုအကြောင်းကြောင့် ဟောခဲ့ကြောင်းများကို … အရှင်မဟာကဿပ မထေရ်က မေးစိစစ်ခဲ့ရာ ဝိနည်းအတွက် အရှင်ဥပါလိက လျှောက်ထား၍ သုတ္တန်များအတွက် အရှင်အာနန္ဒာက လျှောက်ထားခဲ့၏။ မင်္ဂလသုတ် သံဂါယနာတင်မည် ရှိသောအခါ အရှင်မဟာကဿပ မေးချက်အရ အရှင်အာနန္ဒာ ဖြေကြား လျှောက်ထားခဲ့သည်ကို “ဧဝံ မေ သုတံ" စသည်ဖြင့် မှတ်တမ်းတင်ထားခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် “ဧဝံ မေ သုတံ" စသည်မှာ ဘုရားဟောမဟုတ်သေး၊ အရှင်အာနန္ဒာ၏ လျှောက်ထားချက်မျှသာ ဖြစ်သည်။ ထိုလျှောက်ထားချက်မှာ မင်္ဂလသုတ် ဖြစ်လာရခြင်း အကြောင်းဖြစ်၍ “နိဒါန” နိဒါန်း”ဟု ခေါ်ဆိုကြသည်။
အရှင်မဟာကဿပ
အရှင်သိဂ္ဂဝမထေရ်မြတ်က အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ်အလောင်း သာမဏေ မိမိတပည့်ကို အရှင်စဏ္ဍဝဇ္ဇီမထေရ်ထံ ပိဋကတ်သင်ရန် စေလွှတ်သောအခါ “ငါ့အမည် ဘယ်သူလဲ” ဟု စဏ္ဍဝဇ္ဇီမထေရ်က မိမိအမည်ကိုမေးလျှင် “အရှင်မြတ်၏ အမည်ကို တပည့်တော်၏ ဥပဇ္ဈာယ်ဆရာ သိပါ၏” ဟု လျှောက်ရန် မှာကြားဆုံးမလိုက်၏။ အလေးအမြတ် ပြုအပ်သော ဆရာတို့၏ အမည်ကို မခေါ်ထိုက်သောကြောင့်ဖြစ်၏။ ထိုအချက်ကို အထောက်အထားပြု၍ “ဘန္တေ ကဿပ” ဟု ခေါ်ရန် အရှင်အာနန္ဒာ၏ ဝန်လေးဖွယ်အဖြစ် ယူဆကာ “ဘန္တေ" ဟုသာ သာမည ခေါ်ဆိုလိုကြ၏။ “ပိပ္ပလ္လိ ဟူသော မထေရ်၏ငယ်မည်ကိုသာ ခေါ်ရန်ဝန်လေးဖွယ် ဖြစ်သော်လည်း “ကဿပ" ဟူသောအမည်မှာ အနွယ်အရခေါ်သော အမည်ဖြစ်၍ ထိုအမည်ကို ကား ခေါ်ရန် ဝန်မလေးကြပါ။ ဂေါတမဘုရားဟုပင် ဘုရားရှင်ကို အနွယ်အားဖြင့် ခေါ်လျက်ရှိ၏။ ဝိနယမဟာဝဂ္ဂ (ဝိ၊၃၊၁၂၉) ၌ အရှင်မဟာကဿပ မထေရ်က မိမိ၏ရဟန်းလောင်းအား ကမ္မဝါဖတ်ပေးရန် အရှင်အာနန္ဒာထံ တမန်လွှတ်သောအခါ အရှင်အာနန္ဒာလည်း အရှင်မဟာကဿပ မထေရ်မှာ မိမိအလေးပြုအပ်သော ဆရာဖြစ်၍ အရှင်သူမြတ်၏အမည်ကို မခေါ်ဝံ့ဖြစ်နေရာ ဘုရားရှင်က “အနုဇာနာမိ ဘိက္ခဝေ ဂေါတ္တေနပိ အနုဿဝေတုံ” ဟု အနွယ်ဖြင့်ဖတ်ရန် ခွင့်ပြုတော်မူခဲ့ရ၏။ ထိုသို့ အနွယ်အမည်မျိုးကို ခေါ်သင့်သောကြောင့်ပင် “အပိ မေ ဘန္တေ ကဿပ သိရသ္မိံ ပလိတာနိ ဇာတာနိ၊ အထစ ပန မယံ အဇ္ဇာသိ အာယသ္မတော မဟာကဿပဿ ကုမာရကဝါဒါန မုစ္စာမ” ဟု နိဒါနဝဂ္ဂ ကဿပသံယုတ် (သံ၊၁၊၄၁၈) ၌ “ဘန္တေ ကဿပ” ဟု အရှင်အာနန္ဒာခေါ်ဆိုခဲ့ပေသည်။
သာဝတ္ထိ
သဝတ္ထရသေ့၏ နေရာဌာနဖြစ်၍ သာဝတ္ထိဆို၏။ နေရာ ဌာနဆိုသော်လည်း နေရုံမျှကားမဟုတ်။ ထိုရသေ့က စတင် တည်ထောင်ခဲ့သော မြို့တည်း။ ကကန္ဒရသေ့ မကန္ဒရသေ့များ တည်ထောင်ခဲ့သော မြို့တို့သည် ကာကန္ဒီမာကန္ဒီဟု ဣတ္ထိလိင်ဖြင့် အမည်များ ရရှိသကဲ့သို့ သဝတ္ထရသေ့ တည်ထောင်သောမြို့ဖြစ်၍ “သာဝတ္ထိ”ဟု အမည်ရသည်။ ဤကား ဗျာကရုဏ်းဆရာတို့ အလိုတည်း။ (သဝတ္ထေန နိဗ္ဗတ္တာ သာဝတ္ထိ။
သဝတ္ထေန၊ သဝတ္ထရသေ့သည်။ နိဗ္ဗတ္တာ၊ ဖြစ်စေအပ် (တည်ထောင်အပ်) သော မြို့သည်။ သာဝတ္ထီ၊ သာဝတ္ထီမည်၏။)
အဋ္ဌကထာဆရာများအလိုမှာ လူလောက အသုံးအဆောင်မှန်သမျှ မရှိသောအရာဟု မထင် အကုန်ပင်ရှိသောကြောင့် “သဗ္ဗ အတ္ထိ=အကုန်ရှိသည် ဟူသောအနက်ကြောင့် သာဝတ္ထိမည်၏။ ကုန်သည်အပေါင်း ဆုံမိ၍ "ဘာကုန်ရှိသလဲ" မေးသောအခါ “သဗ္ဗံ အတ္ထိ=အကုန်ရှိသည်”ဟု ဆိုသော စကားကို အစွဲပြု၍ သာဝတ္ထိအမည်ရသည် ဟူ၏။ ဤအလို သဗ္ဗ-မှ သာဝ ဖြစ်လာသော နိရုတ္တိနည်းတည်း။
သာဝတ္ထိယံ-ဆိုသော်လည်း ဇေတဝန်ကျောင်းတိုက်မှာ သာဝတ္ထိမြို့ပေါ်၌မဟုတ်၊ မြို့၏အနီး မလှမ်းမကမ်း၌ ဖြစ်၏။ သို့သော် ဂင်္ဂါမြစ်အနီး ကမ်းပါးပေါ်၌ ကျက်စားနေသော နွားတို့ကို “ဂင်္ဂါယံ စရန္တိ=ဂင်္ဂါမြစ်၌ လှည့်လည်နေကြသည်”ဟု တင်စားပြောဆိုသကဲ့သို့ သာဝတ္ထိပြည်၏ အနီးအပါးမှာ နေသည်ကိုပင် သာဝတ္ထိပြည်၌ နေသည်ဟု တင်စာသုံးနှုန်းခြင်းတည်း။ ၎င်းကို သမီပျူပစာဟု ဆို၏။ အနီးကို အနီးရှိ ဝတ္ထုဖြင့် တင်စား သုံးနှုန်းခြင်းတည်း။ သာဝတ္ထိ၏အနီးသည် ဥပစာအရ သာဝတ္ထိ အမည်ရလျက်ရှိနေရာ “သာဝတ္ထိယံ=သာဝတ္ထိပြည်၌” ဟုလည်း ပေးနိုင်၏။ “သမီပတ္ထေ ဘုမ္မဝစနံ=သတ္တမီဝိဘတ် သမီပ (အနီး)၌ ဖြစ်သည်” ဟူသော အဋ္ဌကထာအရ သာဝတ္ထိပြည်၏ အနီး၌ဟုလည်း ပေးနိုင်သည်။
ဇေတဝန်နှင့် အနာထပိဏ်
ဇေတဝန်ကျောင်းတော်ရာကား မူလက ဇေတမင်းသား၏ ဥယျာဉ်ကြီးပင်၊ မူလပိုင်ရှင်၏ အမည်ကိုအစွဲပြု၍ (ဇေတဝနံ)ဟု အမည်တွင်နေခြင်းဖြစ်၏။ (ဇေတဿဝနံ ဇေတဝနံ။ ဇေတဿ၊ ဇေတမင်းသား၏။ ဝနံ၊ ဥယျာဉ်တည်း။ ဇေတဝနံ၊ ဇေတမင်းသား၏ဥယျာဉ်) နောင်အခါ အနာထပိဏ် သူဌေးကြီးက ဝယ်ယူကျောင်းဆောက်ခဲ့၍ ဒုတိယပိုင်ရှင်ကို အစွဲပြုကာ အနာထပိဏ်၏ ကျောင်းတိုက်-ဟုလည်း ဆိုရပြန်သည်။
သူဌေးကြီး၏ ငယ်နာမည်မှာ သုဒတ္တဖြစ်၏၊ ကိုးကွယ်အားထားရာ မဲ့သူတို့အား ထောက်ထားငဲ့ညှာ စေတနာအလွန်ကြီးသော သူဌေးကြီးဖြစ်၍ ရောက်လာသမျှ သူတောင်းစား စသည်တို့အား ထမင်းအစာ ပေးကမ်းတတ်သောကြောင့် နောင်အခါ “အနာထာနံ၊ ကိုးကွယ်ရာမဲ့သူတို့ အား။ ပိဏ္ဍ၊ ထမင်းအစာကို။ ဒဒါတိ၊ ပေးကမ်းတတ်၏”ဟူသော အနက်အရ အနာထပိဏ္ဍိက ဟု တွင်လာ၏။ လောက၌ ဘုရားတည်သူကို ဘုရားဒကာ ကျောင်းဆောက်လှူသူကို ကျောင်းဒကာ စသည်ဖြင့် မိမိက မဖော်ရဘဲ အများက ဂုဏ်တင် ခေါ်ဆိုသကဲ့သို့ သူဌေးကြီး၏ စေတနာကို အများက ဂုဏ်တင်ခဲ့ရာမှ ငယ်နာမည်ပျောက်ကာ နာမည်သစ် တွင်လာရခြင်းဖြစ်၏။ အမည်အရ ပေါ်လွင်ရသော သူဌေးကြီး၏ စေတနာကား ယခုတိုင် လူသိများလျက် ထင်ရှား နေသည်သာ။ ဤအချက်ကပင် အများကောင်းကျိုး ဆောင်သူများမှာ ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေသည်ကို ညွှန်လျက်ရှိနေပါသည်။
ဘုရားရှင် သီတင်းသုံးသောအခါ အနာထပိဏ်၏ ဥစ္စာမဟုတ်တော့၊ သံဃာပိုင်ကျောင်းတိုက်ဖြစ်နေ၏။ သို့သော် ရှေးက မြို့အုပ်ဖြစ်ဘူးသူသည် အရာပင် မရှိသော်လည်း မြို့အုပ်ဟု တွင်နေသကဲ့သို့ပင်။၎င်းကို “ဘူတပုဗ္ဗ ဂတိကနည်း’ဟု ဆို၏။ “ဧကတ္တနည်း" ဟုလည်း ဆိုရ၏၊ ပိုင်ရှင်တွေ ကွဲနေ သော်လည်း နေရာက တစ်ခုတည်းဖြစ်၍ ထိုတစ်ခုတည်းအဖြစ်ကို အစွဲပြု ဆိုသောနည်းတည်း။
ထိုနည်းအရပင် ဇေတဝန-ဟု၎င်း အနာထပိဏ္ဍိကဿ အာရာမ-ဟု၎င်း ဆိုနိုင်တော့သည်။ ကွဲပြားနေသော်လည်း မကွဲပြားသကဲ့သို့ ဆိုသောကြောင့် အဘေဒေါပစာရ( =ကွဲပြားနေသည်ကို မကွဲမပြား တစ်သားတည်း တစ်ခုတည်းကဲ့သို့ သုံးနှုန်းခြင်း) ဟုလည်း ဆိုရပြန်သည်။
အာရာမ
အပွင့်အသီး အရွက်အညွန့်တို့ဖြင့် ဝေဆာတင့်တယ်လှသောကြောင့်၎င်း ကျောင်းအင်္ဂါနှင့်ပြည့်စုံသောကြောင့်၎င်း ထိုထိုအရပ်မှ လူများ အထူးအားဖြင့် ရဟန်းတော်များ လာရောက်မွေ့လျော်ရာ ဖြစ်သောကြောင့် အာရာမဆိုသည်။ (အာရမန္တိ ဧတ္ထာတိ အာရာမော။ ဧတ္ထ၊ ဤကျောင်းတိုက်၌။ အာရမန္တိ၊ လာရောက် မွေ့လျော် ကြကုန်၏။ ဣတိ၊ ထိုသို့လာရောက် မွေ့လျော်ရာ ဖြစ်သောကြောင့်၊ အာရာမော၊ အာရာမ မည်၏။)
အာရာမကို အဘိဓာန်၌ မြို့နှင့်မနီးမဝေးဝယ် လူကုံထံများ စိုက်ပျိုးအပ်သော သစ်ပင်အပေါင်း (ဥယျာဉ်ခြံ)ကို ဆိုကြောင်း လာ၏။ ပုပ္ဖါရာမ ဖလာရာမစသည်ဖြင့် လာသောအရာ၌ အာရာမနှင့်အညီပင်၊ ဤမျှမက အိမ်ဝင်း ကျောင်းဝင်းစသော ဝင်းမှန်သမျှကိုလည်း အာရာမဟုပင် ဆိုရသည်။သံဃာရာမ ပုဗ္ဗာရာမ ရာဇကာရာမ တိတ္ထိယာရာမ, ပရိဗ္ဗာဇကာရာမ စသည်။ ယခုခေတ်၌ အိမ်ဝင်းကို ခြံဟုခေါ်၍ ကျောင်းအများတည်ရာ ဝင်းကို ကျောင်းတိုက်-ဟု ခေါ်ရိုးရှိ၏။ ထို အခေါ်အရ ဤ၌ ကျောင်းတိုက်ဟု ပြန်သည်။
အထခေါ
အထ-ကို အဝိစ္ဆေဒ (=မပြတ်စဲခြင်း) အနက်၌ နိပါတ်ဟု ၎င်း၊ ခေါ-ကို အဓိကာရန္တရ နိဒဿန (=အရာတပါးကို ပြခြင်း) အနက်၌ နိပါတ်ဟု၎င်း အဋ္ဌကထာ ခွဲဖွင့်၏။ မြတ်စွာဘုရား၏ နေခြင်းမပြတ်စဲမီ အညတရာ ဒေဝတာ-စသော အကြောင်းအရာတပါးဖြစ်ပေါ်လာသည်ဟု ဆိုလိုကြောင်းလည်း ဖွင့်၏။ မြန်မာ၌ကား ထိုအခါ ထိုသို့နေစဉ်အခါဆိုလျှင် နေခြင်း မပြတ်စဲသည်ကို၎င်း, ထိုအခါဟု ဆိုလိုက်လျှင် ရှေ့ဆက်ဆိုစရာ အကြောင်းရှိနေသည်ကို၎င်း သိနိုင်၍ ‘ထိုအခါ’ ဟူသော စကားဖြင့်ပင် အနက်နှစ်မျိုးလုံး ညွှန်ပြမှု ပြီးသည်ဟု ဆိုသင့်၏။
အညတရာ ဒေဝတာ
အညတရာတိ အနိယမိတနိဒ္ဒေသော=သတ်မှတ်ချက်မရှိသော အနက်ကို ညွှန်ပြကြောင်းသဒ္ဒါ” ဟု အဋ္ဌကထာ ဖွင့်၏။ နာမည်အမျိုးအနွယ် စသည် သတ်မှတ်ခြင်းမရှိသော သာမညအနက်တည်း။ သက္ကတ၌ နှစ်ယောက်ထဲက တစ်ယောက်ကို ထုတ်ဆိုသောအခါ အညတရဆို၍ အများထဲက တစ်ယောက်ကို ထုတ်ဆိုသောအခါ အညတမ ဆိုရကြောင်း လာ၏။ ပါဠိ၌ကား အညတမ မထင်၊ ထို့ကြောင့် အများထဲက ထုတ်ဆိုသည်ကိုလည်း အညတရပင် ဆို၏။ အညတရော စ ပနာယသ္မာ မာလုကျပုတ္တော အရဟတံ အဟောသိ။” (သံ၊၂၊၂၉၉) ဤ၌ အညတရောမှာ ရဟန္တာတို့တွင် တစ်ယောက်အပါအဝင်ဖြစ်ကြောင်း သာမန်ကိုသာဆို၍ ရဟန္တာများထဲမှ အထူးအဖြစ် ထုတ်ဖော်သတ်မှတ် မဆိုအပ်သောကြောင့် အနိယမပင်။
ဤ၌ကား ထိုကဲ့သို့ ထုတ်ဆိုသော အရာမဟုတ်၌ အညတရတစ်မျိုးပင်။ ထိုကြောင့် “အညတရာတိ နာမဂေါတ္တဝသေန အပါကဋာ” ဟု ဖွင့်၏။ ထိုအဖွင့်အရ အမျိုးအမည် မထင်ရှားသော-ဟုပေးရ၏။ လောက၌ နာမည်မသိသော အခါဖြစ်စေ သိဖူးသော်လည်း လူမကွဲသောအခါ ဖြစ်စေ လူတစ်ယောက်လာနေသည် စသော အသုံးဖြစ်၏။ လူတစ်ယောက် ဆိုသောအသုံးမှာ နာမည်မထင်ရှားသည်ကို ညွှန်ပြလျက်ရှိသောကြောင့် "အညတရာ ဒေဝတာ-နတ်သားတယောက်သည်” ဟုလည်း ပေးနိုင်သည်။
ဒေဝတာ-ဟု ဣတ္ထိလိင်ဖြင့် ဆိုသော်လည်း နတ်သမီးဟု မမှတ်အပ်။ ဤဒေဝတာကား နတ်သား နတ်သမီး နှစ်မျိုးလုံးနှင့်ဆိုင်သော သဒ္ဒါတည်း။ ဤ၌ကား နတ်သားကို ဟော၏၊ (ဒေဝေါယေဝ ဒေဝတာ။ ဒေဝေါယေဝ၊ နတ်သည်ပင်။ ဒေဝတာ၊ ဒေဝတာမည်၏။)
အဘိက္ကန္တ အနက်
အဘိက္ကန္တာယ ရတ္တိယာ၌ အဘိက္ကန္တ-ကား ခယ( ကုန်ခြင်း) အနက်ဟော၊ ကုန်လွန်ပြီးသော ညဉ့်ဆို ရာ၌ တစ်ညလုံး ကုန်သွားသည်ဟု ဆိုရမည်ကဲ့သို့ ရှိသော်လည်း ထိုကဲ့သို့ကား မမှတ်အပ်။ စူဠဝဂ္ဂ ပါတိမောက္ခဋ္ဌပနက္ခန္ဓက စသည်၌ “အဘိက္ကန္တာ ဘန္တေ ရတ္တိ” ဝယ် တစ်ညဉ့်လုံး ကုန်သည်ကို မယူစေလို၊ ညဉ့်ဦးယာမ် ကုန်သည်ကိုသာ ယူစေလို၍ “နိက္ခန္တော ပဌမော” ဟု ဆက်ဟောခဲ့၏။ ထိုပါဠိအရ အဘိက္ကန္တမှာ ပဌမယာမ် အလွန်ကိုသာ ဟောခဲ့ပြီးဖြစ်ရာ ဤ၌လည်း ပဌမယာမ်ကုန်သည်ကိုသာ ယူရသည့်အဖြစ်ကို သိနိုင်တော့သည်။ ညဉ့်ဦးယာမ်လွန်ပြီးသော ဟူသော ဝိသေသနကြောင့် ရတ္တိယာကလည်း တစ်ညလုံး မဟောရတော့ သန်းခေါင်ယာမ်ကိုသာ ဟောတော့သည်။ နတ်များသည် လူခြေတိတ်ဆိတ်ချိန်မှ ဘုရားထံ လာလေ့ရှိသည်ဖြစ်၍ ဤနတ်သားလည်း သန်းခေါင်ယာမ်အခါ၌ ရောက်လာခြင်းဖြစ်၏။
“အဘိက္ကန္တဝဏ္ဏာ” ၌ အဘိက္ကန္တ-ကား အဘိရူပ (=အလွန်လှပခြင်း) အနက်ဟော။ အလွန်နှစ်သက်ဖွယ် အဆင်းဟူသည် အလွန်လှပသော အဆင်းဖြစ်၍ “အဘိက္ကန္တဝဏ္ဏာ” ကို အလွန်နှစ်သက်ဖွယ် အဆင်းရှိသည် ဟု၎င်း, အလွန်လှပတင့်တယ်သော အဆင်းရှိသည်ဟု၎င်း ပေးနိုင်သည်။ ‘ဝဏ္ဏ’ အဆင်းဆိုသော်လည်း ရူပါရုံအဆင်းကို ဆိုသည်ကားမဟုတ်၊ ( “ဆဝိ" ခေါ် ကိုယ်အရေအသွေးအရောင်ကို ဆိုသည်ဟုမှတ်။
ကေဝလကပ္ပ
ကေဝလ’ ကား အနဝသေသ (= အကြွင်းမဲ့အလုံးစုံ) ဟော၊ 'ကပ္ပ’ ကား သမန္တဘာဝ (=ထက်ဝန်းကျင်၏ အဖြစ်) အနက်ဟော။ ဇေတဝန်ကျောင်းတိုက် ပတ်ဝန်းကျင် တပြင်လုံးဟု ဆိုလို၏။ ဤ၌ 'ကေဝလ' အကြွင်းမဲ့ဆိုလျှင်ပင် ကျန်သောအရပ်မရှိ တော့သည်မှာ ပြီးနိုင်ပါလျက် “ကပ္ပ”သဒ္ဒါ တွဲဆိုသည်မှာ အကြွင်းမဲ့ အကုန်ပြန့်အောင် စွမ်းနိုင်သော အရောင်ပင် တစ်စုံတစ်ခုသောအကြောင်းကြောင့် တစ်စိတ်တစ်ဒေသလောက်သာ ပြန့်ခြင်းလည်း ရှိတတ်သေး၏။ ဤနတ်ရောင်ကား ထိုသို့ တစ်စိတ်တစ်ဒေသမျှမဟုတ်ပဲ အကုန်ပင် ပြန့်နှံ့လျက်ရှိသည့် အဖြစ်ကို ပြခြင်းငှါ သမန္တအနက်ရှိသော ကပ္ပကိုပါ ဆိုခြင်းဖြစ်၏။
ဗျာကရုဏ်းဆရာတို့သည် ဤသံဥုန(= စဉ်းငယ် ယုတ်လျော့သော) အနက်၌ ကပ္ပစသော ပစ္စည်းတို့ကို အလိုရှိကြ၏။ ထိုအလိုအရ “ဤသံဥုနံ ကေဝလံ ကေဝလကပ္ပံ”ပြု။
ဤသံဥုနံ၊ စဉ်းငယ်လျော့သော၊ ကေဝလံ၊ အလုံးစုံတည်း။ ကေဝလကပ္ပံ၊ အလုံးစုံလောက်နီးပါး။ အချို့ တံခါးပိတ်ထားသော ကျောင်းတွင်းစသော အလင်းရောင် မရောက်ရာ အရပ်အနည်းငယ်ကျန်သည်ကို ရည်သည်။ ဤအနက်မျိုးကို အချို့ အလိုရှိကြသည်။ သို့သော် နတ်တို့၏ တန်ခိုးကြောင့်ဖြစ်သော အလင်းရောင် သည် ပကတိအရောင်နှင့် မတူနိုင်သောကြောင့်၎င်း, အကယ်၍ အလင်းရောင် မရောက်သောအရပ်ဟု ရှိစေကာ အလုံးစုံဟု ဆိုနိုင်ရန် ယေဘုယျ စသောနည်းများရှိနေသောကြောင့်၎င်း ‘ဤသံဥန’ အနက် ကြံဖွယ်မလို။ တစ်မျိုးဆိုရသော် ဘုရားရှင်၏အရောင်ကို ဘယ်အရောင်မျှ မလွှမ်းနိုင်၊ ထို့ကြောင့် ထိုနတ်အရောင်လည်း ဘုရားရှင်ရောင်ခြည်တော် မရောက်ရာ အရပ်ကိုသာ ထွန်းလင်းစေနိုင်၍ ‘ဤသံဥန’ ဆိုသည်ဟု ယူသော် သင့်ဖွယ်ရှိ၏။
ဧကမန္တံ
“ဧက+အန္တ”၊ အန္တ-သဒ္ဓါ ကောဋ္ဌာသ (=အဖို့) အနက်ဟော။ တစ်ဖက်တစ်နေရာဟု အနက်ရ၏။ တစ်ဖက်တစ်နေရာ ဟူသည်မှာ နေဖို့သင့်လျော်သော နေရာတည်း။ လောက၌ အလေးပြုအပ်သူများထံ ချဉ်းကပ်သောအခါ နေသင့်သောနေရာ, မနေသင့်သောနေရာဟုရှိရာ သိနားလည်သူတို့ကား နေသင့်သောနေရာကို ရွေးချယ်နေတတ်၏။ မနေသင့်သော နေရာများကား အလွန်နီးလွန်းသောနေရာ, အလွန်ဝေးလွန်းသောနေရာ, လေညာလေဆန်ကျသောနေရာ, မြင့်သောနေရာ, ရှေ့တည့်တည့်ကျလွန်းသောနေရာ, အလွန်နောက်ကျလွန်းသော နေရာဟု ခြောက်မျိုးလာ၏။
ဝေး နီး လွန်းရာ၊ မြင့် လေညာနှင့်၊ တည့်စွာ နောက်ကျ၊ ဤခြောက်ဝ၊ ဌာနအပြစ်များ။
ဤအပြစ်ခြောက်ပါးကား အခါခပ်သိမ်း မရှောင်မဖြစ်ဟု တထစ်ချကား မယူရ။ ပရိသတ်အများနှင့် တရားနာရာ စသည်၌ အလွန်ဝေးသော လေဆန်ကျသော အလွန်နောက်ကျသော အရပ်များကို ရှောင်၍မဖြစ်၊ ထိုအခါ မရှောင်ခြင်းကြောင့် အပြစ်မဆိုထိုက်။ ဧကမန္တဆိုလျှင် အပြစ်ခြောက်ပါးကင်းရာ အရပ်သာဟု တထစ်ချ မှတ်ရမည်ကားမဟုတ် အခြားအရာအလိုက် သင့်လျော်ရာ နေရာများလည်း ဧကမန္တပင်။ ကောသလ မဂဓတိုင်းသား ဗြာဟ္မဏတမန်များ ဝေသာလီပြည် မဟာဝုန်တော ကူဋာဂါရသာလာ ဘုရားထံအလာ အရှင်နာဂိတက "ဘုရားရှင်အား ဖူးမြင်ရန် အခါမဟုတ်သေးကြောင်း" အမိန့်ရှိ၍ သင့်လျော်သောနေရာ၌ ထိုင်ကြသည်ဟုလာရာ ထိုဧကမန္တကို ထိုနေရာမှ ဖဲခွါ၍ ထိုထို သစ်ပင်ရိပ်များ၌ နေကြောင်း ဖွင့်ပြဆိုခဲ့လေသည်။ (ဧကမန္တံ-သင့်တင့်လျောက်ပတ် စွာ၊ သင့်လျော်သောနေရာ၌ဟုလည်း ပေးနိုင်၏။)
နတ်သားရပ်နေခြင်း
နတ်တို့သည် လူနံ့ကို ရွံရှာစက်ဆုပ်ကြ၏။ ကိစ္စ တစ်ခုခုကြောင့် မလွှဲမရှောင်သာသဖြင့် လူ့ ပြည် သို့ လာရစေကာမူ မြန်မြန်ပြန်လိုသည်သာဖြစ်၍ ထိုနတ်သားသည် မထိုင်ပဲ ရပ်နေခြင်းဖြစ်၏။ ထိုင်ခြင်းမည်သည် အပန်းဖြေခြင်းပင်ဖြစ်၏။ ထိုကဲ့သို့ ပင်ပန်းမှုမျိုး နတ်တို့၌မရှိ၍ မထိုင်ဟူ၍လည်း အကြောင်းတစ်မျိုး ပြ၏။ ထို့ပြင် မြတ်စွာဘုရားကို ဝန်းရံလျက် မဟာသာဝကများ တည်နေကြ၏။ ထိုမဟာသာဝက အရှင်မြတ်များကို ကြည်ညိုမြတ်နိုးခြင်း ရှိနေသောကြောင့်လည်း မထိုင်ဟူ၏။ ရပ်ခြင်းမှာ အထူး အရိုအသေပေးခြင်းမျိုးဖြစ်၍ မြတ်စွာဘုရားအား ရိုသေသောအားဖြင့် မထိုင်။ ဤသို့ အဋ္ဌကထာ၌ နတ်သားရပ်နေခြင်းအကြောင်း လေးမျိုး ပြ၏။
(၁၃) ဗဟူဒေဝါ မနုဿာ စ မင်္ဂလာနိ အစိန္တယုံ။
အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလ မုတ္တမံ။
(၁၃) ဘန္တေ၊ မြတ်စွာဘုရား။ သောတ္ထာနံ၊ ခုဘဝ နောင်အခါ ချမ်းသာသည်၏ အဖြစ်ကို။ အာကင်္ခမာနာ၊ လိုလားတောင့်တကြကုန်သော။ ဗဟူ၊ များစွာကုန်သော။ ဒေဝါ စ၊ နတ်ဗြဟ္မာတို့သည် လည်းကောင်း။ မနုဿာ စ၊ လူတို့သည် လည်းကောင်း။ မင်္ဂလာနိ၊ ကြီးပွါးချမ်းသာကြောင်း မင်္ဂလာတို့ကို။ အစိန္တယုံ၊ ကြံတွေးစဥ်းစားခဲ့ကြပါကုန်ပြီ။ (တွံ၊ ရှင်တော်မြတ်ဘုရားသည်)။ ဥတ္တမံ၊ ကောင်းမြတ်သော။ မင်္ဂလံ၊ မင်္ဂလာကို။ ဗြူဟိ၊ ဟောကြားတော်မူပါ။
စကားပြေ
မြတ်စွာဘုရား ခုဘဝ နောင်အခါ ချမ်းသာရေးကို လိုလားတောင့်တကြသော လူနတ်ဗြဟ္မာ များစွာတို့သည် ကြီးပွါးချမ်းသာကြောင်း မင်္ဂလာတို့ကို ကြံတွေး စဉ်းစားခဲ့ကြပါသည်။ ရှင်တော်မြတ်ဘုရားသည် ကောင်းမြတ်သော မင်္ဂလာတရားကို ဟောကြားတော်မူပါ။
နတ်သားတောင်းပန်ပုံ
မြတ်စွာဘုရားအား မင်္ဂလာတရား ဟောရန် နတ်သားတောင်းပန်ပုံကို အရှင်အာနန္ဒာက “ဗဟူ ဒေဝါ” စသည်ဖြင့် လျှောက်ထားခဲ့သည်။
သဒ္ဒါအရ ရှင်းလင်းချက်
[မင်္ဂလန္တိ မဟန္တိ ဣမေဟိ သတ္တာတိ မင်္ဂလာနိ။
ဣမေဟိ၊ ဤတရားတို့ဖြင့်။ သတ္တာ၊ သတ္တဝါကိုသည်။ မင်္ဂလန္တိ မဟန္တိ၊ တိုးတက် ကြီးပွါးကြရကုန်၏။ ဣတိ၊ ထိုသို့ တိုးတက်ကြီးပွါးကြောင်း ဖြစ်သောကြောင့်။ မင်္ဂလာနိ၊ မင်္ဂလာတို့ မည်ကုန်၏။ အဋ္ဌကထာအလို “မင်္ဂလ" ဓာတ်ဟု ဆိုရန်ရှိ၏။ သဒ္ဒနီတိကား ‘မဂိ’ ဓာတ်ဆို၏။ ဣကာရန္တဓာတ်ဖြစ်၍ နိဂ္ဂဟိတ်လာသည်။ သက္ကတလည်း မဂိဓာတ်ပင်၊ အလ ပစ္စည်း။ ထိုအလို “မင်္ဂန္တိ ဝုဒ္ဓိံ ပါပုဏန္တိ ဣမေဟိ သတ္တာတိ မင်္ဂလာနိ” ပြု။ လူမိုက်ကို မပေါင်းသင်းခြင်း စသောအမှုများကား သတ္တဝါတို့ကို … တိုးတက်ကြီးပွါးစေ ချမ်းသာစေတတ်၏။ ထို့ကြောင့် ထိုအမှုများကို တိုးတက်ကြီးပွါး ချမ်းသာခြင်း၏ အကြောင်းဖြစ်၍ မင်္ဂလာဆိုရသည်။ ထို့ကြောင့်ပင် အဋ္ဌကထာက “မင်္ဂလန္တိ၊ မင်္ဂလာဟူသည်မှာ။ ဣဒ္ဓိကာရဏံ၊ တိုးတက်ပြီးမြောက်ခြင်း၏ အကြောင်းတည်း။ ဗုဒ္ဓိကာရဏံ၊ ကြီးပွါးခြင်း၏ အကြောင်းတည်း။ သဗ္ဗသမ္ပတ္တိ ကာရဏံ၊ အလုံးစုံသော စည်းစိမ်ချမ်းသာ၏ အကြောင်းတည်း ” ဟုဖွင့်သည်။
“သောတ္ထာနံ” ကား ယံ မင်္ဂလံစသော အမွှန်းဂါထာမှ သောတ္ထာနံနှင့်အနက်မတူ ထိုသောတ္ထာနံ-ကား ကြီးပွါးချမ်းသာခြင်းအကြောင်း မင်္ဂလာကို ဟော၏။ ဤသောတ္ထာနံ-ကား အကြောင်းမင်္ဂလာမှု ပြုခြင်းကြောင့် ခုဘဝ နောင်ဘဝ ချမ်းသာခြင်း အကျိုးကို ဟော၏။ ထို့ကြောင့် 'သောတ္ထာနန္တိ သောတ္ထိဘာဝံ'ဟု အဋ္ဌကထာဖွင့်၏။ ချမ်းသာခြင်းဟူသည်မှာ ကောင်းသော သမ္ပတ္တိအမျိုးမျိုး ရှိနေခြင်းပင်ဖြစ်၍ “သဗ္ဗေသံ၊ အလုံးစုံကုန်သော။ ဒိဋ္ဌဓမ္မိကသမ္ပရာယိကာနံ၊ ယခုဘဝ နောင်ဘဝ၌ ဖြစ်ကုန်သော။ သောဘနာနံ သုန္ဒရာနံ ကလျာဏာနံ ဓမ္မာနံ၊ တင့်တယ်ကောင်းမြတ်သော သဘာဝတို့၏။ အတ္ထိတံ၊ ရှိသည်၏ အဖြစ်ကို” ဟု သောတ္ထိဘာဝ၏ ဆိုလိုရင်းအနက်ကို အဋ္ဌကထာ ဆက်ဖွင့်ခဲ့သည်။ “သောတ္ထိနော ဘာဝေါ သောတ္ထာနံ၊ ဘာဝ၌ အာန ပစ္စည်းကြံ”။]
ကောင်းမြတ်သော မင်္ဂလာ
ဒိဋ္ဌမင်္ဂလာ စသည်မှာ အမှန်တရားကို မသိသူတို့၏ စိတ်ကူးအရဖြစ်သော ယူဆချက်များသာ၊ ထို ယူဆချက်များမှာ အသားမပါသည်ဖြစ်၍ပင် တစ်ဦး အယူကို တစ်ဦးက လက်မခံနိုင်ခဲ့ခြင်း ဗုဒ္ဓရှင်တော်မြတ် မင်္ဂလာတရား ဟောသောအခါမူ ထိုမင်္ဂလာများကို မဟုတ်မကောင်းဟု ငြင်းမည့်သူ ပယ်လှန်မည့်သူ တစ်ဦးတစ်ယောက်မျှ ပေါ်မလာ။ အားလုံး အကောင်းတရားအဖြစ် ဝန်ခံကြရ၏။ ယခုခေတ် ဗုဒ္ဓဘာသာဝင်မဟုတ်သူ ဘာသာခြားများပင် ဤမင်္ဂလာမှုကို အကောင်းအဖြစ် လက်ခံကြရမည်သာ။ ဤနတ်သားကား ထိုခေတ် လူနတ်တို့ ယူဆသော မင်္ဂလာများကို အတည်ပြုအပ် ကောင်းမြတ်သော မင်္ဂလာ မဟုတ်သည်ကို သိနားလည်ခဲ့၏။ ထို့ကြောင့်ပင် အများယူဆသော မင်္ဂလာမှတပါး ထူးခြား ကောင်းမြတ်သော မင်္ဂလာကို ဟောပါရန် “ဗြူဟိ မင်္ဂလမုတ္တမံ” ဟုလျှောက် ထားခဲ့လေသည်။
---
(၁၄) အသေဝနာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ ။
ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ။
(၁၄) ဒေဝပုတ္တ၊ နတ်သား။ ဗာလာနံ၊ လူမိုက်တို့ကို။ ယာ အသေဝနာ စ၊ အကြင်မပေါင်းသင်း မမှီဝဲခြင်းသည် လည်းကောင်း။ ပဏ္ဍိတာနံ၊ ပညာရှိ သူတော်ကောင်းတို့ကို။ ယာ သေဝနာ စ၊ အကြင်ပေါင်းသင်း မှီဝဲခြင်းသည် လည်းကောင်း။ ပူဇနေယျာနံ၊ ပူဇော်ထိုက်သောသူတို့ကို။ ယာ ပူဇာ စ၊ အကြင်ပူဇော်ခြင်းသည် လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤ တရားသုံးပါးကား။ ဥတ္တမံ၊ ကောင်းမြတ်သော။ မင်္ဂလ၊ မင်္ဂလာပေတည်း။
စကားပြေ
နတ်သား၊ လူမိုက်တို့ကို မပေါင်းမသင်း ရှောင်ခွါခြင်း, ပညာရှိ သူတော်ကောင်းတို့ကို ပေါင်းသင်း ဆည်းကပ်ခြင်း, ပူဇော်ထိုက်သူတို့ကို ပူဇော်ခြင်း၊ ဤသုံးပါးကား ကောင်းမြတ်သော မင်္ဂလာဖြစ်ပေသည်။
မင်္ဂလာသုံးပါး
ဤ 'အသေဝနာ စ' စသည်ကား ဘုရားဟောတည်း။ နတ်သား၏ လျှောက်ထားချက်အရ အကောင်းဆုံး မင်္ဂလာများကို ဟောကြားတော့မည် ဖြစ်ရာ ရှေးဦးစွာ “အသေဝနာစ” စသည်ဖြင့် မင်္ဂလာသုံးပါး ဟောကြားကော်မူသည်။
လူမိုက်
လူမိုက်ဟု သိနိုင်သော အမှတ်အသားများကား မကောင်းသော အကြံကို ကြံခြင်း, မကောင်းသော စကားကို ပြောခြင်း, မကောင်းသော အလုပ်ကို လုပ်ခြင်းတို့သည်း။ ဤလက္ခဏာသုံးပါးရှိသူကား အမျိုးမြတ်သူပင် ဖြစ်စေ ပစ္စည်းကြွယ်ဝသူပင် ဖြစ်စေ အစိုးရသူပင် ဖြစ်စေ မည်သူမဆို ဗာလ (=လူမိုက်) ပင်တည်း။ ထိုသို့သောသူများကား ဤလောက၌ ဘေးရန်အမျိုးမျိုး ကင်းရှင်းအေးချမ်းခြင်း ဂုဏ်သတင်း ကျော်စောခြင်း အများချစ်ခင် လေးစားခံရခြင်း ပရိသတ်၌ ရွှံ့စိုးခြင်းကင်း ရဲရင့်ခြင်းစသော ကောင်းကျိုးများ မရနိုင်။ ယခုဘဝ အထက်တန်းရောက်နေသူပင် ဖြစ်စေကာမူ တမလွန်ဘဝ၌ကား သုဂတိ ဘုံဘဝဝယ် ချမ်းသာခြင်း မခံစားရတော့ပေ။ ထို့ကြောင့် အကျိုးနှစ်မျိုးကို ဖြတ်တောက်တတ်သူဟု ဗာလ၏ အနက်ကို ဖွင့်ဆိုကြ၏။ (ဒွေ အတ္တေ လုနန္တီတိ ဗာလာ။
ဒွေ အတ္ထေ၊ အကျိုးနှစ်မျိုးလုံးတို့ကို။ လုနန္တိ၊ ဖြတ်တောက် တတ်ကုန်၏။ ဣတိ၊ ထို့ကြောင့်။ ဗာလာ၊ ဗာလမည်ကုန်၏။)
ဤအမှတ်အသားမျိုး ရှိသူကား ဤဘဝပင် အပြစ်ဒဏ်ခံရခြင်း, ဘေးရန်များခြင်း, ဂုဏ်သိရ်မဲ့ခြင်း, လူကဲ့ရဲ့ခံရခြင်း, စသော မကောင်းကျိုး အကျိုးမဲ့ကိုသာ ရတတ်၏။ တမလွန်ဘဝ၌ လူမိုက်တို့၏ သွားရာလမ်း အပါယ်သို့သာ တန်းရောက်ရတော့၏။ ထို့ကြောင့် အကျိုးမဲ့နှစ်မျိုးကို ရယူတတ်သူဟုလည်း အနက်ဖွင့်ကြပြန်၏။ (ဒ္ဓေ အနတ္ထေ လဝန္တီတိ ဗာလာ။
ဒွေ အနတ္ထေ၊ အကျိုးမဲ့နှစ်မျိုးတို့ကို။ လဝန္တိ၊ ယူတတ်ကြကုန်၏။ ဣတိ၊ ထို့ကြောင့်။ ဗာလာ၊ ဗာလမည်ကုန်၏။) ထိုသူမျိုးမှာ ပညာတွေဘယ်မျှ တတ်စေဦးတော့ ပညာအရ သိထားသော ကောင်းမကောင်းကို လိုက်နာရှောင်ကြဉ်ခြင်း မရှိ၊ တလွဲကျင့်သူဖြစ်၍ ပညာဖြင့် အသက်ရှင်နေသူမဟုတ်၊ အသက်ရှူရုံမျှဖြင့် အသက်ရှင်နေသူ ဟုလည်း ဖွင့်ဆိုရပြန်သည်။ (ဗလန္တီတိ ဗာလာ။
ဗလန္တိ၊ (ပညာမပါ) အသက်ရှူရုံမျှ အသက်ရှင်နေ ကြကုန်၏။ ဣတိ၊ ထို့ကြောင့်။ ဗာလာ၊ ဗာလမည်ကုန်၏။)
ပညာရှိ
ကောင်းသောအကြံကို ကြံခြင်း, ကောင်းသောစကားကို ပြောခြင်း, ကောင်းသောအလုပ်ကို လုပ်ခြင်း, ဤသုံးပါးကား ပညာရှိဟုသိရန် အမှတ်အသားများတည်း။ ဤလက္ခဏာ သုံးပါးထင်ရှား ရှိနေသူကား ဆိုခဲ့ပြီး အကျိုးနှစ်မျိုးကို ရနိုင်သည်ဖြစ်ရာ ဘုရားရှင်က ဤဘဝအကျိုး နောင်ဘဝအကျိုး နှစ်မျိုးလုံးကို ရခြင်းကြောင့် ပဏ္ဍိတ ပညာရှိဟု ဆိုရ ကြောင်း ဟောကြားဖွင့်ဆိုတော်မူခဲ့သည်။ စာပေနှင့် အခြားအတတ်အမျိုးမျိုးကို တတ်မြောက်သူကို တနည်းတလမ်းအရ ပဏ္ဍိတဟု ခေါ်ဆိုကြသော်လည်း ထိုသူမှာ ဆိုခဲ့ပြီး လက္ခဏာသုံးပါးမရှိလျှင် “ပဏ္ဍိတာနဉ္စ သေဝနာ”အရ ပဏ္ဍိတဟုကား မဆိုအပ်ပေ။ စာပေအတတ် ပညာထူးခြားစွာ မတတ်သော်လည်း၊ ကောင်း, မကောင်း, သိနားလည်၍ သိနားလည်သည့်အတိုင်း ကျင့်ကြံသော လူလိမ္မာ သူတော်ကောင်းကိုသာ ပဏ္ဍိတဟု ဆိုလိုသည်။ အကယ်၍ အတတ်ပညာနှင့်လည်း ပြည့်စုံမည် အကျင့်လည်း ကောင်းမည်ဆိုပါလျှင် ထိုသူကား ပဏ္ဍိတအရ အပြည့်ဝဆုံး အနက်ကို ဆောင်လျက်ရှိရာ တကယ်အားကိုးမှီခိုထိုက်သော ပုဂ္ဂိုလ်ဖြစ်ပေသည်။ ဆိုခဲ့ပြီး သဘာဝများအရ ပဏ္ဍိတကို မျက်မှောက်တမလွန် အကျိုးနှစ်ပါး၌ ဉာဏ်အသွားဖြင့် သွားနေတတ်သူဟု `အနက်ဖွင့်ဆိုကြသည်။ (ပဏ္ဍန္တီတိ ပဏ္ဍိတာ။
ပဏ္ဍန္တိ၊ အကျိုးနှစ်ပါး၌ ဉာဏ်အသွားဖြင့် သွားတတ်ရောက်တတ်ကုန်၏။ ဣတိ၊ထို့ကြောင့်။ ပဏ္ဍိတာ၊ ပဏ္ဍိတမည်ကုန်၏။)
အကျိုးနှစ်ပါး သိနားလည်သော ဉာဏ်အစဉ်ရှိနေသူဖြစ်ရာ ကောင်းစွာဖြစ်သော ဉာဏ်ရှိသူဟုလည်း ဖွင့်ကြပြန်သည်။ (သဉ္ဇာတာ ပဏ္ဍာ ဧတေသန္တိ ပဏ္ဍိတာ။
ဧတေသံ၊ ထိုပုဂ္ဂိုလ်အား၊ သဉ္ဇာတာ၊ ကောင်းစွာဖြစ်သော။ ပဏ္ဍာ၊ ပညာသည်။ အတ္ထိ၊ ရှို၏။ ဣတိ၊ ထို့ကြောင့်၊ ပဏ္ဍိတာ၊ ပဏ္ဍိတမည်ကုန်၏။)
ပေါင်းတိုက် မပေါင်းထိုက်
လောက၌ ဘေးရန် အန္တရာယ်များသည် လူမိုက်များကြောင့်သာ ဖြစ်ရ၏။ ပညာရှိထို့ကြောင့် ဖြစ်သည်ဟု မရှိကြောင်း ဘုရားရှင် ဟောတော်မူ၏။ ထို့ကြောင့် အများဆင်းရဲရေး ဘေးအန္တရာယ်ကို ဖန်တီးတတ်သူ လူမိုက်မှာ ကြောက်လန့်ဖွယ် ပုဂ္ဂိုလ်သာတည်း။ အများချမ်းသာ ကောင်းစားရေးကိုသာ ပြုတတ်သော သူတော်ကောင်းများမှာ ချစ်မြတ်နိုးဖွယ်ရာ ဖြစ်ရ၏။ နီတိ ဆရာကြီးများက “ပညာဖြင့် တန်ဆာဆင်ထားစေကာမူ လူယုတ်ကို ရှောင်ရမည်သာ။ ပတ္တမြားဆင်ထားသော မြွေသည် အန္တရာယ်မပြုတတ်ပဲ ရှိပါမည်လား” ဟု ဆိုကြ၏။ မီးလောင်သောအိမ်၌ မီးသည် အိမ်ကိုလည်းလောင်, အိမ်ကိုမှီနေသောလူများကိုလည်းလောင်တတ်သကဲ့သို့ ဗာလသည် မိမိ၏အယူမှား အပြုမှားတို့ဖြင့် မိမိကိုလည်း ဖျက်ဆီး၍ မိမိစကား လိုက်နာသူတို့ကိုလည်း ပျက်စီးဆုံးရှုံးစေတတ်၏။ ဘေးရန်ဖြစ်လာသော အခါ အကွယ်အကာ အစောင့်အရှောက်ကောင်း ကဲ့သို့၎င်း အမိုက် မှောင်၌ အမြင်ကို ရစေတတ်သော ဆီမီးကဲ့သို့၎င်း မှန်ကန်သင့်မြတ်သော အပြုအမူ အယူအဆရှိသူ ပညာရှိများကား မိမိကို၎င်း, မိမိအား မှီခိုသူများကို၎င်း … ဘေးအန္တရာယ်ကင်းစေ ချမ်းသာစေတတ်ပေသည်။ ထို့ကြောင့် “မိမိထက်သာသူနှင့် တန်းတူရည်တူ ပုဂ္ဂိုလ်များကို မရနိုင်လျှင် တစ်ယောက်တည်းသာ ကျင့်ရမည်။ ဘာ့ကြောင့်နည်း? သူမိုက်၌ သဟာယ ဖြစ်ကြောင်း ကောင်းသော ဂုဏ်ရည်များ မရှိသောကြောင့်ဖြစ်သည်”ဟု ဓမ္မပဒ ဗာလဝဂ်၌ ဟောတော်မူသည်။
ဓာတ်တူ ချင်းချင်း
သတ္တဝါများမှာ ဓာတ်တူချင်းချင်း နှီးနှော ညီညွတ်ကြရသည်ဟု ဓာတုသံယုတ်၌ ဘုရားရှင် ဟောတော်မူ၏။ သဒ္ဓါမရှိသူချင်းချင်း သဒ္ဓါရှိသူချင်းချင်း နှီးနှောညီညွတ်ကြ၏။ ထို့အတူ ပညာမဲ့သူ ပညာရှိသူ ပျင်းသူ လုံ့လရှိသူ အကုသိုလ်မှ ရှက်သူ မရှက်သူ လန့်သူ မလန့်သူများလည်း အချင်းချင်းသာ အပေါင်းအသင်းပြုမိ နှီးနှောညီညွတ်မိလျက် ရှိကြရ၏။
ဓာတု=ဓာတ်ဟူသည် အလိုအကြိုက် အတွင်းဓာတ်ခံ စိတ်ထားပင် ဖြစ်၏။ ထိုဓာတ်ကား ကူးစက်တတ်သော သဘောရှိ၍ တစ်ဦးနှင့်တစ်ဦး နှီးနှောမီရန် ဖန်တီးတတ်သော အခြေခံ သဘာဝတစ်မျိုးပင်ဖြစ်ရာ ၎င်းကို အဇ္ဈာသယဓာတု-ဟု ဆို၏။ အရှင်သာရိပုတ္တရာသည် ပညာကြီး၍ အရှင်၏ တပည့်များမှာ အားလုံး ပညာကြီးကြ၏။ တန်ခိုးကြီးသော အရှင်မောဂ္ဂလ္လာန်၏ တပည့်များကား အားလုံး တန်ခိုးအရာ နိုင်နင်းကြ၏။ ဓုတင် တေရသဆောင် အရှင်မဟာကဿပ၏ တပည့်များကား အားလုံး ဓုတင်ဆောင်ချည်း ဖြစ်ကြ၏။ ဤသို့ စသည်ဖြင့် အကောင်းဖက်၌ ဓာတ်တူချင်းချင်း ပေါင်း စပ်မိသကဲ့သို့ မကောင်းဖက်၌လည်း ရှင်ဒေဝဒတ်၏ တပည့်တို့သည် အားလုံး အလိုဆိုးရှိသူချည်း ဖြစ်ကြ၏။ မေတ္တိယဘူမဇကနှင့် အဿဇိ ပုနဗ္ဗသုကခေါ် ဆဗ္ဗဂ္ဂီဝင်တို့၏ အသင်းအပင်းများကား အားလုံး ဒုဿီလချည်းသာတည်း။ ဓာတ်တို့သည် ကူးစက်တတ် နှီးနှောမိတတ်သောကြောင့် သားသမီး တပည့်တပန်းတို့ လူတော်လူကောင်း ဖြစ်ဖို့အရေး၌ မိဘဆရာတို့ သူတော်ကောင်းဖြစ်ရန်၎င်း ပတ်ဝန်းကျင် အပေါင်းအသင်းတွေမှာ လူလိမ္မာဖြစ်ရန်၎င်း အရေးကြီးလှ၏။ မတတ်သာ၍ မိဘမိုက် ဆရာမိုက်တို့နှင့် ဆုံနေရသည်ဖြစ်စေ လူမိုက်တို့နှင့် ပေါင်းနေရသည်ဖြစ်စေ ဓာတ်မကူးအောင် အထူးသတိထားသင့်၏။ အကောင်းဓာတ်သည် အကူးအစက် နှေးတတ်သော်လည်း မကောင်းဓာတ်ဟူသည်မှာ အကူးအစက် မြန်တတ်သည်။ ဘုရားရှင်က “ယုတ်ညံ့သူကို ပေါင်းလျှင် မိမိမှာ ယုတ်ညံ့သူဖြစ်ရသည်။ တန်းတူသူကို ပေါင်းလျှင် မဆုတ်ယုတ်၊ အဆင့်အတန်းမြင့်သူကိုပေါင်းလျှင် လျင်မြန်စွာ တိုးတက်မြင့်မားသည်”ဟု ဟောတော်မူ၏။ (အင်္ဂုတ္တရ ။ပ။ သေဝိတဗ္ဗသုတ်- အံ၊၁၊၁၂၃)
အရှင်အာနန္ဒာက မိတ်ကောင်း ဆွေကောင်းသည် မဂ်ဟူသော ဗြဟ္မစရိယ၏ ထက်ဝက်ပင် ဆိုရလောက်အောင် အရေးပါကြောင်း လျှောက်ထားရာ “အာနန္ဒာ ဤသို့ မပြောလင့်”ဟု နှစ်ကြိမ်တိုင် တားမြစ်ပြီး မိတ်ဆွေကောင်းမည်သည်မှာ ဗြဟ္မစရိယ၏ တစ်ခုလုံး ဆိုရလောက်အောင် အရေးပါ အရာရောက်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ (ကောသလ သံယုတ် ကလျာဏမိတ္တသုတ်- သံ၁၊၈၈)
အကိတ္တိရသေ့ဆုတောင်း
အလောင်းတော် အကိတ္တိ ပညာရှိကို သိကြားမင်းက လိုရာ ဆုတောင်းရန် လျှောက်ထားသောအခါ “လူမိုက်ကို မမြင်ရ မပေါင်းရလိုကြောင်း လူမိုက်နှင့် စကားမပြောရလိုကြောင်း”ဆုတောင်း၏။ အဘယ့်ကြောင့် လူမိုက်ကို မမြင်လို မပေါင်းလိုပါသနည်းဟု မေးသောအခါ ရှင်ရသေ့မိန့်ပုံ မှာ “လူမိုက်သည် နည်းမမှန် လမ်းမကျသော အကျင့်များကို နည်းမှန်လမ်းမှန်ဟု ယူဆတတ် ကျင့်တတ်၏။ မပြုသင့်သည့်တာဝန်များ၌ တိုက်တွန်းတတ်၏၊ မကောင်းသောနည်းလမ်းများမှာ သူ့အဖို့ အကောင်းဖြစ်နေ၏၊ အကျိုးသင့် အကြောင်းသင့် ပြောသော် စိတ်ဆိုးတတ်၏၊ ကျင့်ဝတ်ဝိနည်းကို နားမလည်မကျင့်၊ ထိုလူမိုက်မျိုးကို မမြင်ရ မတွေ့ရခြင်းသာ ကောင်းပါ၏” ဤသို့တည်း။
တဖန် ဆုတောင်းပုံကား “ပညာရှိကို မြင်တွေ့ရ ပေါင်းသင်းရလို၏။ ပညာရှိနှင့် စကားပြောရလိုသည်” ဟူ၏။ အကြောင်းကို မေးပြန်သော် “ပညာရှိကား နည်းမှန်လမ်းမှန်ကို ကျင့်တတ်၏၊ မပြုသင့်သော တာဝန်များ၌ မတိုက်တွန်းတတ်၊ မှန်ကန်သောနည်းလမ်းသာ ပညာရှိအဖို့ အကောင်းအမြတ်ဖြစ်၏၊ အကျိုးသင့် အကြောင်းသင့် ပြောသော် စိတ်မဆိုးတတ်၊ စည်းကမ်းဝိနည်းကို နားလည်ကျင့်ကြံတတ်၏၊ ထိုပညာရှိမျိုးနှင့် ပေါင်းသင်းရခြင်းကား ကောင်းလှပေသည်”ဟု ဆို၏။ (ဇာတကပါဠိ ၊ပ၊ အကိတ္တိ-ဇာ၊၁၊၂၆၆)
သတ္တိဂုမ္ဗ
မိုက်သူ, လိမ္မာသူတို့နှင့် ပေါင်းရ၍ တိရစ္ဆာန်များပင် အမိုက်, အလိမ္မာကွဲရပုံကို ထင်ရှားစေရန် ဝီသတိနိပါတ် သတ္တိဂုမ္ဗဇာတ်ကို ထုတ်နုတ်ပြဦးအံ့။ ရှေးအခါက တောအုပ်ကြီးအတွင်း လက်ပံတောတခု၌ … ကျေးငှက်များနေခဲ့ရာ တစ်နေ့ လေပွေလေပြင်းတိုက်ခတ်၍ အတောင်ပေါက်စ ကျေးငှက်ညီနောင်တို့ တကွဲတပြား လွင့်ပါးခဲ့ကြရ၏၊ တစ်ကောင်က ရသေ့သင်္ခမ်းကျောင်း ပန်းများအကြား၌ ကျ၍ ပုပ္ဖက အမည်ပေးကာ ရသေ့များ မွေးထားခဲ့၏။ တစ်ကောင်မှာကား ခိုးသားရွာ လက်နက်များ အကြား၌ကျ၍ သူခိုးများက သတ္တိဂုမ္မဟု အမည်ပေး မွေးခဲ့ကြ၏။ ပဉ္စာလမင်းကြီးသည် တောကစားထွက်ခဲ့ရာ ခရီးလွန်၍ ခိုးသားရွာအနီး ချောက်ကြီးတစ်ခုသို့အရောက် ရထားထိန်းနှင့်အတူ ရထားမှဆင်းကာ ရေမိုးချိုးပြီး အပန်းဖြေ အိပ်စက်နေခဲ့၏။ ခိုးသားများလည်း ဘုရင်မှန်းသိ၍ တိမ်းရှောင်နေခဲ့ရာ ထိုရွာ၌ ကျေးသားနှင့် အစောင့်တစ်ယောက်သာ ကျန်ခဲ့၏။ သတ္တိဂုမ္မက အစောင့်အား ဘုရင်ကိုသတ်၍ အဝတ်တန်ဆာများ ချွတ်ယူပြီး သစ်ရွက်များဖြင့် ဖုံးအုပ်ထားရန် အကြံပေးရာ ဘုရင်ဖြစ်၍ မလုပ်သင့်ကြောင်း အစောင့်က ပြော၏။ သတ္တိဂုမ္ဗကား မကျေနပ်၊ “ခင်ဗျား ယခင်က မူးမူးရူးရူးနှင့် ကြုံးဝါးခဲ့ပြီး ကျွန်တော့်အမေ (ခိုးမူးကတော်) အဝတ်မရှိ သစ်ရွက်တွေ စပ်ဝတ်နေရမှ ခင်ဗျားသူခိုးအလုပ် စက်ဆုပ်နေရသလား”ဟု ကြိမ်း၏၊ မပျော် တစ်ချက် ပျော်တစ်ချက် ဖြစ်နေသောဘုရင်မှာ ထိုစကားများကို ကြားရသော် “ဤအရပ်ကား ဘေးရန် မကင်းပါတကား”ဟု ရထားထိန်းအား ရထားအမြန်တပ်စေ၍ မောင်းနှင်စေခဲ့၏။ သတ္တိဂုမ္မမှာ သစ်ပင်တစ်ပင်မှ တစ်ပင်ကူးလျက် “သူခိုးတွေ ဘယ်မှာလဲ၊ ပဉ္စာလမင်းကြီး သွားပြီ၊ လေး မြား မှိန်း တွေ စွဲကိုင်ကြလော့၊ ပဉ္စာလမင်းကြီးအသက် လွှတ်မပေးကြနှင့်” ဟု အဆက်မပြတ် ဟစ်အော်နှိုးဆော်လျက်ရှိ၏။ ဤသို့ဖြင့် မင်းကြီးလည်း ရသေ့ကျောင်းသို့ ရောက်ခဲ့ရာ မမျှော်လင့်သော ရှုခင်းတစ်ရပ်ကို ကြုံတွေ့ရ၏။
ပုပ္ဖကသုဝ
ရသေ့ကျောင်း၌ ကျသော ပုပ္ပကသုဝကား ဘုရင်ကို မြင်လျှင်ပင် ဖော်ရွှေချိုသာစွာ နှုတ်ခွန်းဆက် ကြိုဆိုခဲ့၏၊ အရှင်မင်းမြတ် ကောင်းသော ကြွလာခြင်း ဖြစ်ပါပေသည်၊ အလိုရှိရာ အမိန့်ရှိတော်မူပါ၊ ဤသစ်သီးတွေထဲမှ ကောင်းနိုးရာရာ သုံးဆောင်တော်မူပါ၊ ချောက်ကြားမှ ခပ်ယူခဲ့သော အလွန်အေးမြသော ဤရေကိုလည်း သုံးဆောင်တော်မူပါ၊ ရသေ့အရှင်များ သစ်သီးရှာ ထွက်သွားကြပါ၏။ ကျွန်တော်မျိုး၌လည်း လက်မရှိဖြစ်၍ ကိုယ်တော်တိုင် ယူငင်သုံးဆောင်တော်မူပါ”ဟု ကျေးသား၏ ခရီးဦးကြိုဆို နှုတ်ဆက်ပုံကို အလွန်ကြည်ညိုလှ၍ ဤကျေးသား၏ တရားပြည့်ဝ ယဉ်ကျေးလှပုံကို၎င်း ယခင် တွေ့ခဲ့ရသော ကျေးသား၏ ရက်စက်ကြမ်းကြုတ် ယုတ်မာလှပုံကို၎င်း ထုတ်ဖော်မြွက်ကြားခဲ့၏၊ ထိုအခါ ပုပ္ပကသုဝက “အရှင်မင်းကြီး ကျွန်တော်မျိုးတို့ နှစ်ဦးမှာ တစ်မိဝမ်းတွင်းမှ ဆင်းသက်လာသော ညီရင်း အစ်ကိုဖြစ်ကြပါသည်။ သတ္တိဂုမ္ဗက ခိုးသားများထံရောက်၍ ကျွန်တော်မျိုးက ရသေ့များထံ ရောက်ပါသည်။ သူယုတ်မာထံရောက်ခြင်း သူတော်ကောင်းထံ ရောက်ခြင်းများသည်ပင် ကျွန်တော်မျိုးတို့နှစ်ယောက် ကွဲပြားခြားနားရခြင်း အကြောင်းဖြစ်ပါသည်။ ခိုးသူတို့ထံမှဆိုလျှင် သတ်ခြင်း, တုပ်နှောင်ခြင်း, လှည့်ပတ်ခြင်း, အနိုင့်အထက် လုယက်ခြင်း ဟူသော မကောင်းမှုများကိုသာ သင်ရပါသည်။ ဤရသေ့ကျောင်းမှာ တော့ သစ္စာ, သုစရိုက်တရား, မေတ္တာ, သီလ, ဣန္ဒြေတို့ကို ဆုံးမခြင်းဟူသော ကောင်းမှုများသာ သင်ရပါသည်” ဟု ပြောပြီးလျှင် မင်းကြီးအား တရားဟောပြန်သည်။
ပုပ္ဖကသုဝတရား
“အရှင်မင်းကြီး သူတော်ကောင်း, သူယုတ်မာ သီလရှိသူ မရှိသူ အကြင်အကြင်သူကို မှီဝဲပေါင်းသင်းအံ့၊ ထိုသူ၏အလို အကြိုက်သာ လိုက်ပါမြဲဖြစ်ပါသည်။ အကြင်သို့သော သူကို မိတ်ဆွေပြု၏၊ ဆည်းကပ်ပေါင်းသင်း၏၊ ထိုသူလည်း သူ့လိုပင် ဖြစ်ပါတော့သည်။ အတူတကွ ပေါင်းသင်းခြင်းမည်သည်မှာ ထိုသို့သဘော ရှိပါသည်။ အဆိပ်လူးသောမြားသည် မြားတောင့် (မြားကျည်တောက်) ကို အဆိပ်လူးလဲ ပေကျံစေသကဲ့သို့ မမှီဝဲသင့်သောဆရာကို မှီဝဲသော တပည့်သည် မကောင်းမှုဖြင့် အလူးကျံခံရသည်ဖြစ်၍ ထိုလူးလဲလိမ်းကျံ ခံရမှုဘေးမှ ကြောက်သူသည် မကောင်းသော မိတ်ဆွေရှိသူ မဖြစ်သင့်ပါ။ ငါးပုပ်ကို သမန်းမြက်များဖြင့်ထုပ်လျှင် သမန်းမြက်တို့လည်း အပုပ်နံ့ လှိုင်သကဲ့သို့ သူမိုက်ကိုမှီဝဲခြင်းလည်း ဤနည်းအတူဖြစ်ပါသည်။ တောင်ဇလပ်ပန်းကို ပေါက်ဖက်ဖြင့်ထုပ်လျှင် ပေါက်ဖက်လည်း မွှေးရနံ့ကြိုင်သကဲ့သို့ ပညာရှိကို မှီဝဲခြင်းလည်း ဤနည်းပင် ဖြစ်ပါသည်။ ဤသို့ ဖက်ရွက်များပမာ မိမိမှာထုံလာမည့် ကောင်းမကောင်း အကျိုးကို သိလျက် သူယုတ်ကို ခါ၍ ပညာရှိကိုသာ ပေါင်းသင့်ပါသည်။ သူယုတ်တို့သည် ငရဲသို့ ရောက်တတ်၍ သူတော်ကောင်းများမှာ သုဂတိသို့ ရောက်တတ်ပါသည်။” (ဇာတကပါဠိ ၊ပ၊ သတ္တိဂုမ္မ- ဇာတက၊၁၊၃၂၀)
ဤ ပုပ္ပကသုဝတရားမှာ လူမိုက်ကို ပေါင်းခြင်းအပြစ် လူလိမ္မာကို ဆည်းကပ်ခြင်းအကျိုးကို အလွန်ပြည့်စုံစွာ ဖော်ပြခဲ့ရာ ကြည်ညိုဖွယ်ရာပင်၊ ထိုတရားကို လေးစားသောအားဖြင့် မိမိ၏ ကြီးပွါးချမ်းသာရေးကို လိုလားသူတိုင်း လူမိုက်ကိုခွါ၍ ပညာရှိကိုသာ ဆည်းကပ်သင့်ပေသည်။
မင်္ဂလာ
သူတပါးဆင်းရဲကြောင်း ဖန်တီးတတ်သူ လူမိုက် ဖြစ်ရခြင်း, ခုဘဝ နောင်ဘဝ အကျိုးမဲ့ ဖြစ်ရခြင်းတို့ကြောင့် လူမိုက်ကို ပေါင်းခြင်းမှာ အမင်္ဂလာသာဖြစ်ပြီးလျှင် ထိုလူမိုက်ကို ရှောင်ခွါခြင်းမှာ အကျိုးမဲ့အမျိုးမျိုးမှလွတ်ကာ ချမ်းသာခြင်း အကြောင်းဖြစ်၍ မင်္ဂလာ ဖြစ်ပေသည်။ သူတော်ကောင်းနှင့်ပေါင်းသူမှာ မိမိလည်းသူတော်ကောင်း ဖြစ်ရ၍ ခုဘဝ နောင်ဘဝ ဘေးကင်းရန်ကင်း ချမ်းသာခြင်းအကျိုး ခံစားရမည် ဖြစ်သောကြောင့် ပညာရှိကို ပေါင်းခြင်းမှာ ကောင်းခြင်း မင်္ဂလာ ဖြစ်ပေသည်။ လူမိုက်ကို ပေါင်းသူ ပညာရှိကို မပေါင်းသူတို့၌ ဆိုလတ္တံ့ မင်္ဂလများတွင် ဘယ်မင်္ဂလာမှ ပြည့်စုံမည်မဟုတ်၊ ဤမင်္ဂလာ နှစ်ပါးကား အားလုံးသော မင်္ဂလာများ၏ အခြေခံဖြစ်၍ ရှေးဦးစွာ ဟောတော်မူသည်။
ပူဇော်ထိုက်သူ
[ပူဇနံ အရဟန္တီတိ ပူဇနေယျာ။
ပူဇနံ၊ ပူဇော်ခြင်းကို။ အရဟန္တိ၊ ထိုက်ကုန်၏။ ဣတိ၊ ထို့ကြောင့်။ ပူဇနေယျာ၊ ပူဇနေယျမည်ကုန်၏။ 'ပူဇနာ’ ပုဒ်နောင် ‘အရဟတိ' အနက် ၌ “ဏေယျ” ပစ္စည်းသက်။ 'ပူဇနီယ’ဟုလည်း ရှိ၏။ 'အနီယ’ ပစ္စည်းဖြင့် ပြီးသည်။ 'အရဟ’ အနက်၌ သက်သော အနီယ ပစ္စည်းဖြစ်၍ ပူဇော်ထိုက်သူများဟူသော အနက်ပင် ရသည်။] ဒက္ခိဏေယျ=မြတ်သောအလှူကို ခံထိုက်သူဆိုလျှင် လှူသူ၌အကျိုး ကြီးမြတ်သည်။ လှူသူအကျိုးကြီးလောက်အောင် အလှူခံ၌ ဂုဏ်များရှိနေသည်ဟု အဓိပ္ပါယ်ရသကဲ့သို့ ပူဇော်ထိုက်သူ ဆိုရာ၌လည်း ပူဇော်သူ၌ အကျိုးခံစားရသည်၊ ပူဇော်သူများ အကျိုးခံစားရလောက်အောင် အပူဇော်ခံ ထိုပုဂ္ဂိုလ်များ၌ ဂုဏ်ရှိနေသည်ဟုပင် အဓိပ္ပါယ်ရပါသည်။ ထိုပူဇော် ထိုက်သူများကား ရတနာသုံးပါး, မိဘ, ဆရာ, အစ်ကို, အစ်မ, ဦးကြီး, ဦးလေး, အဒေါ် စသော အမျိုး၌ အသက်ကြီးသူများ, ယောက္ခ, လင်ယောက်ျား စသည်တို့ဖြစ်ကြ၏။ ရတနာသုံးပါး၌ ကိလေသာ ကင်းဝေးစင်ကြယ်ခြင်း စသော ပူဇော်ထိုက်သော ဂုဏ်များရှိသကဲ့သို့ မိဘဆရာ စသည်တို့၌လည်း အရွယ်ကြီးရင့်သောဂုဏ် ကျေးဇူးဂုဏ်များ ရှိကြ၏။ မိဘ၏ကျေးဇူးကား အထူးပြောဖွယ်မရှိ၊ ကြီးမားလှဘိ၏။ အခြား အစ်ကို အစ်မ စသည်တို့လည်း မိမိကို ယုယစောင့်ရှောက်ကြ ပေးကမ်း ကျွေးမွေးကြ သင်ပြဆုံးမကြသည့် ကျေးဇူးရှင်များပင် ဖြစ်ကြသည်။
ပူဇော်ခြင်းအကျိုး
ပူဇော်ထိုက်သူများကို ပူဇော်ခြင်းကြောင့် မျက်မှောက်ဘဝ၌ အသက်ရှည်ခြင်း စသောအကျိုး တမလွန်၌ သုဂတိဘဝရောက်ရခြင်း အကျိုးများကို ရနိုင်၏။ မှန်၏။ စက္ကဝတ္တိသုတ်၌ မိဘကို လုပ်ကျွေးသူ, အမျိုး၌ ကြီးသူတို့ကို ပူဇော်ရိုသေ လေးစားသူတို့အား အသက်, အဆင်း, ခွန်အား, သုခ, ပညာ ဤငါးပါး တိုးပွါးကြောင်း ဟောတော်မူ၏။ ပူဇော်ထိုက်သူတို့ကို ပူဇော်ရာ ခေတ်အခါ၌ လူငယ်တို့၏ စေတနာ, မေတ္တာ, လူကြီးတို့၏ မေတ္တာ, ကရုဏာဓာတ်များ အရှိန်တက်လျက်ရှိ၏။ ထိုဓာတ်များကား ဗဟိဒ္ဓကိုလည်းဓာတ်ခိုက်မြဲဖြစ်ရာ ရာသီဥတုညီမျှ မိုးလေဝသမှန်၍ အသီးအနှံကောင်းပြီး အစာအာဟာရတို့မှာ အဆီဩဇာပြည့်လျက်ရှိရ၏။ ထို့ကြောင့် ထိုခေတ်လူများ၌ ကျန်းမာခြင်းကြောင့် အသက်ရှည်ကြ၏၊ အဆင်းလှကြ၏၊ ကိုယ်စိတ်နှစ်ပါး ချမ်းသာကြ၏၊ ခွန်း အားဗလပြည့်စုံကြ၏၊ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာ အားရှိသောကြောင့် ပညာလည်း တိုးကြ၏။ ထို့ကြောင့် ပူဇော်ထိုက်သူကို ပူဇော်ခြင်းမှာ ကမ္ဘာသူ ကမ္ဘာသားတို့၏ တိုးတက်ကြီးပွါးကြောင်း ကောင်းမှုတစ်ရပ်ဖြစ်၍ မင်္ဂလာဆိုရသည်။
ပူဇာအရ
ပူဇ, အရ အာမိသပူဇာ (=ပစ္စည်းဝတ္ထုဖြင့် ပူဇော်ခြင်း) ပဋိပတ္တိပူဇာ (=အကျင့်ဖြင့် ပူဇော်ခြင်း) ဟု ပူဇော်ခြင်းနှစ်မျိုးရှိ၏။ ပဋိပတ္တိပူဇာကို 'ဓမ္မပူဇာ’ ဟုလည်း ဆိုရ၏။ ပူဇာတိ သက္ကာရ ဂရုကာရမာနနဝန္ဒနာ=ပူဇာဆိုသည်မှာ ကောင်းစွာပြုခြင်း အလေးအမြတ်ပြုခြင်း, မြတ်နိုးခြင်း, ရှိခိုးခြင်း, တည်း-ဟု အဋ္ဌကထာဖွင့်၏။ ဆွမ်း, ခဲဖွယ်, ပန်းရေချမ်း, ဆီမီး စသော အာမိသဖြင့် ပူဇော်ခြင်းသည်လည်း ကောင်းစွာပြုမှု အလေးအမြတ်ပြုမှု မြတ်နိုးမှုပင် ဖြစ်၏။ အကျင့်ပဋိပတ်ကို ကျင့်ခြင်းသည်လည်း မြတ်စွာဘုရားစသည်၌ ကောင်းစွာ ပြုခြင်း အလေးအမြတ်ပြုခြင်း မြတ်နိုးခြင်းများပင်။ ဆရာမိဘအဆုံးအမကို မလိုက်နာသူမှာ ဆရာမိဘကို မြတ်နိုးသူမဟုတ်၊ အဆုံးအမအတိုင်း လိုက်နာသူသာ ဆရာမိဘအပေါ် ကောင်းစွာ ပြုသူ အလေးအမြတ်ပြုသူ မြတ်နိုးသူဖြစ်၏။ ထို့အတူ ဘုရားအဆုံးအမ ပဋိပတ်ကို လိုက်နာကျင့်ကြံသူမှာ ဘုရားကို ကောင်းစွာ ပြုသူ အလေးအမြတ်ပြုသူ မြတ်နိုးသူဖြစ်၍ ပူဇော်ခြင်းပင်ဖြစ်၏။ ဤ၌ "ဝန္ဒနာ”ဟူသည် လက်အုပ်ချီမိုး ရှိခိုးခြင်း ရှိပါ၏ဟု နှုတ်မြွက်ဆိုခြင်း မျှသာမက 'ပဋိပတ္တိပူဇာ’ ကိုလည်း ‘ဝန္ဒနာ’ပင်ဆိုရ၏။ ‘ဝန္ဒနာ' ဟူသည် ဂုဏ နိန္နတာ(=ဂုဏ်၌ ညွတ်ကိုင်းခြင်းဖြစ်ရာ အကျင့် ကျင့်သူမှာ ဘုရားဂုဏ်၌ ညွှတ်၍သာ ဖြစ်၏။ ဂုဏ်၌မညွတ်သူသည် တရားကို ဘယ်မှာ ကျင့်ပါအံ့နည်း။ ထို့ကြောင့် တရားကျင့်သူမှာ ဘုရားရှိခိုးခြင်း တစ်မျိုးပင် ဆိုရ၏။
ဂေါတမီထေရီဂါထာ၌ “အမြဲကြိုးစား အားထုတ်ကြသော အယူသီလ တူမျှသည့် သာဝကဗုဒ္ဓတို့ကို တွေ့မြင်ရလျှင် ဤမြင်ခြင်းမှာ ဗုဒ္ဓတို့အား ရှိခိုးခြင်းတည်း” ဟု ဆိုရ၏။ သမ္မာသမ္ဗုဒ္ဓ, သာဝကဗုဒ္ဓတို့၏ လောကုတ္တရာဓမ္မတို့ကို ကိုယ်တွေ့သိရလျှင် ထိုဗုဒ္ဓတို့၏ ဓမ္မဂုဏ်၌ ညွတ်ကိုင်းခြင်းဖြစ်၍ ဝန္ဒနာမည်သည့်အဖြစ်ကို အဋ္ဌကထာအရ သိရ၏။ ဤအချက်ဖြင့် မဂ်ဖိုလ်ကိုရခြင်း နိဗ္ဗာန်ကို ကိုယ်တွေ့မြင်ရခြင်းသည် ရှိခိုးခြင်းတို့တွင် အကောင်းဆုံး အမြတ်ဆုံးဖြစ်သော ရှိခိုးခြင်းဟု သိနိုင်ပါသည်။
ကောင်းမြတ်သော ပူဇော်ခြင်း
ပရိနိဗ္ဗာန်စံရာ ညောင်စောင်းထက်၌ စံနေသော ဗုဒ္ဓရှင်တော်သည် ထိုအချိန် နတ် ဗြဟ္မာတို့၏ လွန်လွန်ကဲကဲ ပူဇော်ကြပုံတွေ မြင်ရသောအခါ အရှင်အာနန္ဒာအား “အာနန္ဒာ ငါဘုရားကို ဤမျှလောက် ပူဇော်ခြင်းဖြင့် ပူဇော်သည် မမည်သေး၊ လောကုတ္တရာတရား ကိုးပါးရကြောင်း တရားကောင်းကို ကျင့်ခြင်းဖြင့် ပူဇော်မှသာ အကောင်းဆုံး ပူဇော်ခြင်းမည်ကြောင်း” ဟောတော်မူခဲ့၏။ (ဒီ၊၂၊၁၁၄)
တစ်ရံတစ်ခါ မြတ်စွာဘုရားသည် ပန်းကလေးတစ်ပွင့် အလှူကိုပင် အကြီးအကျယ် ချီးမြှောက် ဟောကြားတော်မူခဲ့၏။ ယခုအကြီးအကျယ် ပူဇော်မှုကိုပင် နှိမ့်ချခဲ့သည်မှာ သာသနာနောင်ရေးအတွက်ဖြစ်၏။ ပစ္စည်းတွေ ကျောင်းကန်တွေ ဘယ်မျှပင်လှူလှူ ထိုအရာများက သာသနာ အရှည်တည်အောင် မစွမ်းနိုင်၊ ကျင့်ကြံ၍ မဂ်ဖိုလ်ရသူတွေ ဆက်ကာ ဆက်ကာ တိုးပွါးလာမှ သာသနာအရှည်ခံ့၍ တည်တံ့နိုင်သည်။ ထို့ကြောင့် နောင်သာသနာ အရှည်တည်ရေး ကြိုးပမ်းကြစေလို၍ ဓမ္မပူဇာကို ဤမျှ မြှောက်စား ဟောကြားတော်မူခဲ့သည်။
ဘုရားချီးမွမ်းခံရသူများ
မြတ်စွာဘုရား နောက်လေးလ အကြာတွင် ပရိနိဗ္ဗာန် စံတော့မည်ဟု သိရသောအခါ ရဟန်းတော်အများမှာ သောကပရိဒေဝ ဖြစ်ကြ၏။ ဘယ်သို့ ပြုရမည်နည်းဟု ကြံစည်ဆွေးနွေးကာ ဘုရားအနားမှ မခွါနိုင်ဖြစ်ကြရ၏။ အတ္တဒတ္ထ, တိဿ, ဓမ္မာရာမ-ရဟန်းတော်သုံးပါးမှာကား “ဘုရားရှင် ပရိနိဗ္ဗာန်စံတော့မည်၊ ငါတို့မှာလည်း အာသဝ မကုန်သေး၊ ဘုရားရှင် မကွယ်မီ အာသဝ ကုန်အောင် ကြိုးစားရတော့မည်” ဟု တစ်ပါးချင်းခွဲကာ တရားသာ အားထုတ်နေကြ၏။ ရဟန်းများက ထိုရဟန်းများ ဘုရားရှင်ကို အရေးမစိုက်ကြောင်း လျှောက်သောအခါ ဘုရားရှင် ခေါ် မေးတော်မူ၍ အကြောင်းသိရသဖြင့် ချီးကျူးတော်မူခဲ့၏။ “ငါဘုရားကို အာမိသပူဇာဖြင့် ပူဇော်ရုံမျှနှင့် ငါဘုရားအပေါ်မှာ ချစ်ရာမရောက်၊ ဓမ္မပူဇာဖြင့် ပူဇော်မှသာ ငါဘုရားအပေါ်မှာ ချစ်ရာရောက်သည်”ဟု မိန့်တော်မူကြောင်း ဓမ္မပဒအဋ္ဌကထာ၌ လာ၏၊ ထို့ကြောင့် မိမိသာသနာ အရှည်တည်ရေး, မိမိတပည့်သာဝကများ ကောင်းစား ချမ်းသာရေးအတွက် ဘုရားရှင်လိုလားတော်မူသော ဓမ္မပူဇာခေါ် အကောင်းဆုံး ပူဇော်ခြင်းဖြင့် ပူဇော်ကာ ဘုရားတပည့် ဗုဒ္ဓဘာသာ အစစ်များ ဖြစ်နိုင်ကြရန် ကြိုးစားကြပါလေ။ (ဓမ္မပဒ၊ဋ္ဌ၊၂၊၁၀၂၊ ၁၇၃၊ ၃၆၄)
(၁၅) ပတိရူပ ဒေသဝါသော စ၊ ပုဗ္ဗေ စ ကတပုညတာ။
အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလ မုတ္တမံ။
(၁၅) ဒေဝပုတ္တ၊ နတ်သား။ ယော ပတိရူပဒေသဝါသော စ၊ အကြင်သင့်လျော် လျောက်ပတ်သောအရပ်၌ နေရခြင်းသည် လည်းကောင်း။ ပုဗ္ဗေ၊ ရှေးရှေးဘဝ၌။ ယာ ကတပုညတာ စ၊ အကြင်ပြုခဲ့ဘူးသည့် ကောင်းမှုရှိသောသူ၏ အဖြစ်သည် လည်းကောင်း။ ယော အတ္တသမ္မာပဏိဓိ စ၊ အကြင် ကိုယ်စိတ်နှစ်ပါးကို ကောင်းစွာထားခြင်းသည် လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤတရား သုံးပါးကား။ ဥတ္တမံ၊ ကောင်းမြတ်သော။ မင်္ဂလံ၊ မင်္ဂလာပေတည်း။
စကားပြေ-နတ်သား၊ သင့်လျော်သော အရပ်၌နေရခြင်း၊ ရှေးရှေးဘဝက ပြုခဲ့ဘူးသော ကောင်းမှုရှိခြင်း၊ ကိုယ်စိတ်နှစ်ပါးကို ကောင်းစွာထားခြင်း၊ ဤသုံးပါးမှာ ကောင်းမြတ်သော မင်္ဂလာ ဖြစ်သည်။
သင့်လျော်သောအရပ်
မိမိအကျိုး ဆုတ်ယုတ်မည့်အရပ်, အကျိုးမဲ့ ဖြစ်စေတတ်သော အရပ်များသည် နေအပ်သော သင့်လျော်သော အရပ်မဟုတ်၊ အကျိုးစီးပွါး ဖြစ်ထွန်းမည့် အရပ်, တိုးတက်ကြီးပွါးနိုင်သော အရပ်သာ နေအပ်နေထိုက်သော သင့်လျော်သောအရပ် ဖြစ်သည်။ ဘုရားသာသနာ ထွန်းကားဆဲအခါ၌ လူတိုင်းအဖို့ အကောင်းဆုံး အကျိုးစီးပွါး အစစ်အမှန်မှာ မဂ်ဖိုလ်နိဗ္ဗာန်သာ ဖြစ်၏။ မဂ်ဖိုလ်နိဗ္ဗာန်မှ မရတတ်, မရသေးလျှင် ထိုမဂ်ဖိုလ်နိဗ္ဗာန် ရောက်ကြောင်း ကောင်းမှုများပင်တည်း။ ထို့ကြောင့် အကောင်းဆုံး အကျိုး ဖြစ်ထွန်းနိုင်သောအရပ်ကိုသာ ပတိရူပအဖြစ်ဖြင့် အဋ္ဌကထာ၌ သတ်မှတ်ပြခဲ့၏။ ထိုအရပ်များကား ပရိသတ်လေးပါး ထင်ရှားရှိရာအရပ်, ပုညကိရိယာဝတ္ထုကောင်းမှု ဖြစ်နိုင်သောအရပ်, သာသနာထွန်း ကားရာအရပ်နှင့် မဇ္ဈိမဒေသ စသည်တို့ဖြစ်သည်။
လောကရေးအတွက်
ဆိုခဲ့ပြီး အဋ္ဌကထာအရ ပတိရူပဒေသမှာ ဓမ္မအရေးကို အလေးပေး ဖွင့်ဆိုခဲ့ခြင်း ဖြစ်၏။ လောကရေးအတွက်လည်း ပတိရူပဖြစ်, မဖြစ် စိစစ်ရွေးချယ်ရပေမည်။ စီးပွါးရေး, ပညာရေး, ကျန်းမာရေး, အေးချမ်းသာယာရေး စသည်တို့၌ သင့်, မသင့် အရပ်များလည်းရှိ၍ အရေးအရာလိုက်ကာ နေအပ်, မနေအပ် အရပ်ဖြစ်ရသည်။ မိမိအလုပ်အကိုင်နှင့် မလျော်သောအရပ်မှာ စီးပွါးရေးအတွက် မသင့်လျော်သောအရပ်တည်း။ ကျောင်းမရှိ ဆရာ မရှိသောအရပ်ဆိုလျှင် ပညာရေးအတွက် မနေအပ်သော အရပ်ဖြစ်၏။ ရာသီဥတု ဆိုးဝါးခြင်း, ဆေးဆရာမရှိခြင်း စသည်ဖြင့် ကျန်းမာရေးအတွက် မနေအပ်သော အရပ်လည်း ရှိ၏။ လူဆိုးသူဆိုး ပေါများသော အရပ်မှာ အေးချမ်းသာယာမှု မရှိတတ်၍ မနေအပ်။ ထို့ကြောင့် သာသနာ ထွန်းကား၍ ပညာ, ဥစ္စာ, ကျန်းမာရေးစသည် မဆုတ်ယုတ် တိုးတက်ကြီးပွါး ထွန်းကားနိုင်သော အရပ်မှာ ပတိရူပဒေသ ဖြစ်လေသည်။
နီတိအဆို
နီတိဆရာများက “အကြင်အရပ်၌ မြတ်နိုးသူမရှိ အသက်မွေးဝမ်းကျောင်း အလုပ်မရှိ ဆွေမျိုးမိတ်ဆွေမရှိ ပညာရခြင်းမရှိ၊ ထိုအရပ်ကို ခွါရှောင်ရမည်”ဟု ဆိုကြ၏။ “ဥစ္စာရှိသူ, ဝေဒကျမ်းတတ်ဆရာ, မင်း, မြစ်, ဆေးဆရာ မရှိရာအရပ်၌ မနေရ”ဟုလည်း ဆိုကြ၏။ တဖန် “အသက်မွေးဝမ်းကျောင်းမှု ကြောက်တတ်ခြင်း, ရှက်တတ်ခြင်း, သိကြားလိမ္မာခြင်း, စွန့်ကြဲပေးကမ်းခြင်း ငါးပါးမရှိရာအရပ်၌ မနေရ”ဟု၎င်း၊ “ကြွေးပေးသူ, ဆေးဆရာ, ဝေဒ ကျမ်းတတ်, ရေရှိသောမြစ် ဤလေးပါးမရှိရာ၌ မနေအပ်” ဟု၎င်း ဆိုကြ၏။ အားလုံးခြုံကြည့်လျှင် ဆိုခဲ့ပြီး စီးပွါးရေး, ပညာရေး, ကျန်းမာရေး, ချမ်းသာရေး မရှိသောအရပ်၌ မနေရဟု ဆိုခြင်းပင်ဖြစ်၏။
မင်္ဂလာ ဖြစ်, မဖြစ်
သင့်လျော်သောအရပ်၌ နေရခြင်းမှာ လောကရေး ဓမ္မရေးနှစ်ဖက်လုံး၌ တိုးတက်ထွန်းကား ကြီးပွါး ရေးဖြစ်ရာ မင်္ဂလာဖြစ်လေသည်။ သို့သော် ပတိရူပဒေသ၌ နေရသော်လည်း ရထိုက်သောအကျိုးကို မရသူမှာ မင်္ဂလာဖြစ်သည်ဟု မဆိုရ။ လူတစ်ဦးသည် သာသနာလည်း ထွန်းလင်းခြင်းရှိ၍ လောကရေးဖက်ကလည်း အဆင်ပြေလှသော ဒေသ၌ နေရလျက် မိမိက ဆိုးမိုက်, ပေတေနေသဖြင့် လောကဖက်မှလည်း ဘာမျှအမြတ်မထွက်, ဓမ္မဖက်မှလည်း ဘာမျှ အသားမတက်လျှင် ထိုသူ့အဖို့ အမည်သာ ပတိရူပဒေသဝါသဖြစ်၍ မင်္ဂလာဖြစ်သည်ဟုကား မဆိုထိုက်။ မင်္ဂလာဟူသည် ကောင်းကျိုးရသော အမှုအဖြစ်များ၏ အမည်သာဖြစ်သည်။ အဋ္ဌင်္ဂုတ္တရ၌ မဂ်ရရာ အခွင့်အခါ မဟုတ်သော အက္ခဏရှစ်ပါးလာရာ ၎င်းတို့မှာ-ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသညသတ်, လူရိုင်းများ, မိစ္ဆာဒိဋ္ဌိ, ပညာမဲ့သူနှင့် ဘုရားမပွင့်ရာ အခါများ ဖြစ်ကြ၏။ ထိုတွင် မိစ္ဆာဒိဋ္ဌိ ပညာမဲ့သူများ၌ ပတိရူပဒေသ၌ပင် ဖြစ်ရစေကာ မဂ်မရဖြစ်ခဲ့ရာ ဒေသမျှသာမက ပုဂ္ဂိုလ်ကလည်း ထိုထို အကျိုးရရန် ပတိရူပ ဖြစ်, မဖြစ်ရှိရသေးသည်။
ငရဲ, တိရစ္ဆာန်၊ ပြိတ္တာတို့ခွင်၊ အသညသတ်၊ လူရိုင်းရပ်ဟူ၊ အယူ မှားဘိ၊ ဉာဏ်မရှိနှင့်၊ မုနိမပွင့်၊ မဂ်ရခွင့်၊ မသင့် ခါရှစ်မျိုး၊
အကျိုးရှိပါစေ
မြတ်စွာဘုရားသည် သာဝတ္ထိပြည် မြောက်တံခါးအနီး ရွာ၌ ဆွမ်းခံပြီးနောက် ကြွတော်မူခဲ့ရာ တံငါသည်တစ်ဦးနှင့် တွေ့၍ အမည်မေးသောအခါ အရိယမည်ကြောင်း လျှောက်၏။ ထိုအခါ သတ္တဝါတို့ကို ညှဉ်းဆဲတတ်သူမှာ အရိယမဖြစ်နိုင်ကြောင်း၊ သတ္တဝါတို့ကို မညှဉ်းဆဲ မသတ်ဖြတ် သနားကြင်နာတတ်သူကိုသာ အရိယဟုခေါ် ကြောင်း ဟောတော်မူရာ တံငါအရိယမှာ သောတာပန်ဖြစ်ခဲ့သည်ဟု ဓမ္မပဒအဋ္ဌကထာ၌ လာ၏။ ဤ၌ အရိယသည် တံငါဖြစ်လျက် ပတိရူပဒေသ၌ နေရခြင်းအကျိုးကို ထူးခြားစွာခံစားခဲ့ရ၏။ (ဓမ္မပဒ၊ဋ္ဌ၊၂၊၂၅၁)
ရှင်ဒေဝဒတ်နှင့် ဆဗ္ဗဂ္ဂီအချို့မှာ အထက်တန်း ရဟန်းတော်တွေ ဖြစ်နေရပါလျက် မဂ်ဖိုလ်မရ ဆုံးရှုံးခဲ့ရသည့်အပြင် တမလွန်အတွက်လည်း မသက်မသာ ဒုက္ခတွေ့ကြရ၍ ပတိရူပဒေသ၌ နေရခြင်းအကျိုးကို မခံစားကြရရှာ။ ဤအချက်များက ပတိရူပဒေသ၌ ဖြစ်လာရသော မိမိတို့အား ကြုံလာသော အခွင့်အခါနှင့် သင့်လျော်သူများဖြစ်အောင် ကြိုးစားကြဖို့ရာ သတိပေးလျက် ရှိပေသည်။
ပုဗ္ဗေကတပုညတာ
ယခုဘဝ၌ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာခြင်း, ပညာတတ်ခြင်း, ရုပ်အဆင်းလှပခြင်း, အစိုးရခြင်း, အခြွေအရံ ပေါများခြင်း စသော သမ္ပတ္တိ (-ပြည့်စုံမှု) မှန်သမျှမှာ ရှေးကောင်းမှုကြောင့် ဖြစ်ရ၏။ ထိုအချက်များမှ တစ်ချက်ဖြစ်စေ, ထို့ထက်အလွန် ဖြစ်စေ ပြည့်စုံနေသူကား ကောင်းမှုရှင်ပင်တည်း။ ဆင်းရဲမွဲတေခြင်း, ဉာဏ်ပညာကင်း ညံ့ဖျင်းခြင်း, အရုပ်ဆိုးခြင်း, သူ့အစေအပါး ဖြစ်ရခြင်း စသည်မှာ ကောင်းမှု မရှိခဲ့၍ ဖြစ်ရသော ကျက်သရေမဲ့မှုများပင်၊ ဆိုခဲ့ ပြီး သမ္ပတ္တိ (=ပြည့်စုံမှု) များမှာ တကယ့်ဂုဏ်ကျက်သရေများပင်ဖြစ်၍ ထိုသမ္ပတ္တိ လက်ရှိပုဂ္ဂိုလ်များကား ကျက်သရေရှိသူများ ဖြစ်ကြရသည်။ ဤအရာ၌ ကျက်သရေဆိုသည်မှာ ဘာကိုဆိုလိုသည်ဟု ဆိုခွင့် ရှိလာပြန်သည်။
သိရီ (ကျက်သရေ)
ကျက်သရေဟူသည်မှာ ပါဠိလို “သိရီ” ဖြစ်ရာ ထိုသိရီပုဒ်ကို “သိရီတိ ပညာ ပုညာနံ အဓိဝစနန္တိ ဝဒန္တိ=သိရီ ဟူသည်မှာ ပညာနှင့် ကောင်းမှုတို့၏ အမည်ဖြစ်ကြောင်း ဆရာတို့ ဆိုသည်” ဟု မူလဋီကာဖွင့်၏။ ကောင်းမှုဟူရာ၌ ရှေးကောင်းမှ ယခုဘဝကောင်းမှု နှစ်မျိုးလုံးပင် ယူနိုင်၏။ ယခုဘဝ၌ မကောင်းသော အပြော အပြု စိတ်ထား ရှိနေသူမှာ ကျက်သရေမဲ့သူသာတည်း။ ကောင်းသော ကိုယ်, နှုတ် စိတ်ထားရှိနေသော ကောင်းမှုရှင်မှာ ကျက်သရေရှိလျက်သာ။ ကျက်သရေမင်္ဂလာဟု တွဲသုံးလေ့လည်းရှိရာ ဤမင်္ဂလ သုတ်လာ မင်္ဂလာရှိသူများမှာ ကျက်သရေရှိသူများပင် ဖြစ်ပေသည်။
ကျက်သရေအနက်တမျိုး
ဆရာတို့အဆို၌ ကောင်းမှုဆိုသည်မှာ ကာရဏဝေါဟာရ(=အကြောင်းအသုံးအနှုန်းမျိုး) သာ, သိရီ ဟု မုချယူရန်မှာ ထိုကောင်းမှုကြောင့် ဖြစ်လာသော သမ္ပတ္တိများသာ ဖြစ်သည်ဟူသော အာဘော်ဖြင့် သိရီအနက်ကို တနည်း ဖွင့်ပြလိုပြန်၍ “အထဝါ ပုညနိဗ္ဗတ္တာ သရီရသောဘဂ္ဂါဒိသမ္ပတ္တိ ကတပုညေ နိဿယတိ, ကတပုညေဟိ ဝါ နိဿီယတီတိ သိရီတိ ဝုစ္စတိ”ဟု မူလဋီကာ ဖွင့်ခဲ့သည်။
အထဝါ၊ တနည်းကား။ ပုညနိဗ္ဗတ္တာ၊ ကောင်းမှုကြောင့် ဖြစ်လာရသော။ သရီရသောဘဂ္ဂါဒိသမ္ပတ္တိ၊ ခန္ဓာကိုယ်၏ တင့်တယ်ခြင်း စသော ပြည့်စုံမှုကို။ ကတပုညေ နိဿယတီတိ၊ ကောင်းမှုပြုခဲ့သူကို မှီတတ်သောကြောင့်၎င်း။ ကတပုညေဟိ ဝါ နိဿီယတီတိ၊ ကောင်းမှုပြုသူတို့က မှီအပ်သောကြောင့်၎င်း။ သိရီတိဝုစ္စတိ၊ သိရီဟု ဆိုအပ်၏။ (မူလဋီ၊၁၊၉) ဤအလို ရှေးကောင်းမှုကြောင့်ဖြစ်ရသော ကိုယ်လှပတင့်တယ်ခြင်း, အစိုးရခြင်း အခြွေအရံများခြင်း, ပစ္စည်းပေါခြင်း, ပညာကြီးခြင်း စသော သမ္ပတ္တိအမျိုးမျိုးကို “သိရီ”ဟု ဆိုရ၏။ လောကတွင် ပုဂ္ဂိုလ်၌ တရားရှိနေ၍ တရားက ပုဂ္ဂိုလ်ကို မှီသည်ဟု၎င်း, ပုဂ္ဂိုလ်က တရားကို အားကိုးတစ်ခု အမှီပြုရသောကြောင့် ပုဂ္ဂိုလ်က တရားကို မှီအပ်သည်ဟု၎င်း ဆိုရသကဲ့သို့ ဤ၌လည်း ကျက်သရေကို ပုဂ္ဂိုလ်၌ မှီတတ် ပုဂ္ဂိုလ်က မှီအပ်သော သဘောအဖြစ် နှစ်မျိုးဆိုခဲ့သည်။
သိရီ-ကို ယသ ဝိဘဝ=အကျော်အစောနှင့် စည်းစိမ်ဟု၎င်း, ပုည=ကောင်းမှုဟု၎င်း, ပရိဝါရသမ္ပတ္တိ=အခြွေအရံပြည့်စုံခြင်းဟု၎င်း, ဣရိယ=အစိုးရခြင်းဟု၎င်း, ပဘာ=အရောင်ဟု၎င်း, ဤသို့ စသည်ဖြင့် အရာအားလျော်စွာ အဋ္ဌကထာတို့၌ ဖွင့်ပြသည်ကို တွေ့ရ၏။ ထိုအဖွင့်များအရ သမ္ပတ္တိများသာ ဖြစ်ရာ မူလဋီကာ၏ သမ္ပတ္တိအမျိုးမျိုးဟူသော အနက်ကို ထောက်ခံလျက်ရှိသည်။ ထို့ကြောင့် သိရီ(=ကျက်သရေ) ကို ယခုဘဝကောင်းမှုမင်္ဂလာများနှင့် ရှေးကောင်းမှု ယခုဘဝဉာဏ်အား လုံ့လအားတို့ကြောင့် ရလာဖြစ်လာသော သမ္ပတ္တိအမျိုးမျိုး အကျိုးဂုဏ်များကို သိရီဟု ဆိုအပ်တော့သည်။ သက်မဲ အရာဝတ္ထုတို့၌လည်း ကျက်သရေ အသုံးရှိခဲ့၏။ ဥပမာ အလွန် လှပသော ပန်းကလေးတွေ တွေ့ရလျှင် ကျက်သရေရှိလိုက်တာ ဟု ဆိုကြ၏။ထို ကျက်သရေ ဆိုသည်မှာလည်း ထိုပန်းကလေးတွေ သမ္ပတ္တိဂုဏ်ပင် ဖြစ်တော့သည်၊ ထို့ကြောင့် သက်မဲ့ အရာဝတ္ထုတို့၌လည်း ဥတုဗီဇစသည်ကြောင့်၎င်း အခြားပြုပြင် စီမံဖန်တီးမှု အမျိုးမျိုးကြောင့်၎င်း ဖြစ်လာရသော သမ္ပတ္တိဂုဏ်အင် အမျိုးမျိုးကိုပင် ‘ကျက်သရေ’ဟု ဆိုရခြင်းဖြစ်ပါသည်။
ကျက်သရေ ပြောင်း
သမ္ပတ္တိအမျိုးမျိုးကို သိရီဆိုလျှင် ဒုကနိပါတ် သိရီဇာတ်အဖွင့်၌ ကျက်သရေ ပြောင်းသည်ဆိုသော စကားကို အဘယ်သို့ ဆိုမည်နည်းဟု ဆိုရန်ရှိပြန်၏။ အနာထပိဏ်သူဌေးကြီးထံ ကျက်သရေခိုးမည်ဟု ကျက်သရေ လက္ခဏာ နားလည်သော ပုဏ္ဏားတစ်ယောက် ရောက်လာ၏။ ကျက်သရေ ဘယ်မှာရှိသလဲဟု ကြည့်သော် သူဌေးကြီး၏ ကြက်ဖြူကြီး အမောက်၌ တည်နေသည်ကို တွေ့ရ၏။ ကြက်ဖြူကြီးကို တောင်းသော် သူဌေးကြီးက ယူတော့ဟု ဆိုလိုက်လျှင်ပင် ကျက်သရေသည် ပတ္တမြားရတနာ၌ ရောက်သွားတော့သည်၊ ပတ္တမြားကို တောင်းပြန်သော် တောင်ဝှေးသို့ ရောက်သွား၏၊ တောင်ဝှေးကို တောင်းပြန်သောအခါ ကျက်သရေမှာ ပုညလက္ခဏဒေဝီမည်သော သူဌေးကတော် ကြီးသို့ ပြောင်းသွားခဲ့၏။ ထိုသို့ သူဌေးကတော်ကြီးသို့ ရောက်သောအခါ ဤ ပစ္စည်းကား မတောင်းထိုက်သော အရာဖြစ်သည်ဟု လက်လျော့ကာ မိမိသည် ဤပစ္စည်းများကို လိုချင်၍ မဟုတ်, ကျက်သရေ ခိုးရန်လာခြင်း ဖြစ်၍ မိမိတောင်းသော ပစ္စည်းမှ ကျက်သရေမှာ ပြောင်းပြောင်းသွား ကြောင်း အမှန်အတိုင်းပြောကာ ပစ္စည်းများမယူပဲ ပြန်သွားလေ၏။
လက္ခဏာသာ
ဤ၌ ကျက်သရေဆိုသော်လည်း ကျက်သရေတိုးကြောင်း အမှတ်လက္ခဏာတစ်မျိုးကိုပင် ဆိုသည်ဟု ယူရန်ရှိ၏။ လောက၌ မည်သည့် တိရစ္ဆာန်ကို မွေးလျှင် စီးပွါးဖြစ်တတ်သည်ဟု ရှိ၏။ ဘယ်ကျောက်မျိုးကို ဆောင်လျှင် စည်းစိမ်တိုးသည်ဟုလည်း ရှိ၏။ ထိုတိရစ္ဆာန်များ ကျောက်များမှာ စီးပွါးတိုးကြောင်း လက္ခဏာရှိနေ၍ အဆောင်ကောင်းဖြစ်ရ၏။ ထို့အတူ ကျက်သရေတိုးကြောင်း အဆောင် ကောင်းများအဖြစ် လက္ခဏာများရှိနေသည်ကို ဆိုပါသည်။ ထိုလက္ခဏာ ပြောင်းသည် ဆိုသော်လည်း ကူးရွှေသွားသည်ဟု ဆိုလိုဟန်မရှိ၊ ဤမှ ကျက်သရေလက္ခဏာ ပျောက်ကွယ်၍ တခြား၌ လက္ခဏာအသစ် ဖြစ်ပေါ်သည်ဟု ဆိုလို၏။ ထိုအရာသည် အဆောင်ကောင်း အဖြစ်တည်နေရန် ထူးခြားသော အရောင်အသွေး စသော အမှတ်အသား ထင်ရှားလာသည်ဟု ဆိုဖွယ်ရှိ၏။ လူ၏လက်ဘဝါး၌ပင် လက္ခဏာများ ပျောက်ကွယ်မှ အသစ်ပေါ်လာမှုများ ဖြစ်တတ်သည်။ လောက၌ အချို့ သဘာဝများနှင့် ထိုသဘာဝကို နားလည်သော ပညာများကား ဆန်းကြယ်၏။ ထိုသဘာဝများကို သိသောအသိဉာဏ်မျိုးရှိသူကို ထိုဉာဏ် မိမိ၌မရှိ၍ မသိသောကြောင့် မဟုတ်နိုင်ဟုကား တထစ်ချ မဆိုထိုက်ပေ။
သိရီဇာတ်
ဆိုခဲ့ပြီး ပုဏ္ဏားအကြောင်းကို သူဌေးကြီးက ဘုရားရှင်အား လျှောက်ထားခဲ့ရာ ရှေးက ကျက်သရေပြောင်းခဲ့ဘူးပုံ သိရီဇာတ်ကို ဟောတော်မူ၏။ ထင်းခွေသမား တစ်ယောက်သည် တောထဲ၌ ထင်းခွေပြီး ပြန်လာရာ မြို့တံခါးပိတ်ပြီးမှ ရောက်လာ၍ မြို့ပြင် နတ်စင်၌ အိပ်ရ၏။ နတ်စင်အနီးသစ်ပင်၌ ဘေးမဲ့လွှတ်ထားသောကြက်များ အိပ်တန်းတက်ခဲ့ရာ အပေါ်ကြက်က အောက်ကြက်အပေါ် မစင်စွန့်ချ၍ ကြက်ချင်း ရန်ဖြစ်ကာ အစွမ်းပြိုင်ကြ၏။ အောက်ကြက်က “မိမိအသား မီးကျီးမှာ ကင်စားလျှင် တစ်မနက်အတွင်း ငွေတစ်ထောင် ရနိုင်သည်”ဟု ဆို၏။ အပေါ်ကြက်က ဤမျှဖြင့် မမောက်စမ်းပါနှင့်၊ ငါ့အတွင်းသား ဆူဆူဖြိုးဖြိုးတွေ စားရလျှင် ဘုရင်ဖြစ်နိုင်သည်၊ အပြင်သားစားရလျှင် ယောက်ျားမှာ စစ်သူကြီး မိန်းမမှာ မိဖုရားဖြစ်နိုင်သည်၊ အရိုးကပ်နေသော အသားကို စားလျှင် လူမှာဘဏ္ဍာစိုး ရဟန်းမှာ မင်းဆရာဖြစ်နိုင်သည်”ဟုဆို၏။ ထိုအသံကို ကြားရသော ထင်းခွေသမားသည် “ရှင်ဘုရင်ဖြစ်မှာဆိုလျှင် ငွေတစ်ထောင် ဘာလုပ်ရမလဲ”ဟု အပေါ် ကြက်ကို တက်ဖမ်းယူခဲ့၏။ အမွေးနုတ် ဝမ်းတွင်းရှင်းလင်းပြီးလျင် မယားအား ချက်ခိုင်း၏။ ပြီးစီးသောအခါ “ဤအသားသည် တန်ခိုးကြီးလှသည်၊ ရေမိုးချိုးပြီးမှ စားကြစို့ ”ဟု ထမင်းအုပ်ထဲထည့်ကာ မြစ်သို့သွားပြီးလျှင် ကမ်းဘေးချ ထားလျက် ရေချိုးကြ၏၊ ထိုအခိုက် လေပြင်းမုန်တိုင်းကျလာရာ ထမင်းအုပ်လည်း လှိုင်းရိုက်၍ မျောပါသွားခဲ့၏။ ထင်းခွေသည် လင်မယားလည်း ထွက်ပြေးခဲ့ကြရ၏။ ထိုထမင်းအုပ်မှာ မြစ်အောက်၌ ဆင်ရေချိုးပေးနေသော ဆင်ဆရာ့ထံ ရောက်သွား၍ ဖွင့်ကြည့်သော် ကြက်သားဟင်း ဖြစ်ကြောင်းသိ၍ တံဆိပ်နှိပ်လျက် မိမိလာမှဖွင့်ရန်မှာကာ အိမ်သို့ ပို့ခိုင်းလိုက်၏၊ ဆင်ဆရာ၏ ဆရာ ဒိဗ္ဗစက္ခု ရသေ့လည်း မိမိဒကာ၏ အခြေကို ကြည့်သော် ဆိုခဲ့ပြီး အဖြစ်အပျက်များကို မြင်ရ၍ အိမ်သို့ ကြိုတင်လာနေခဲ့၏။ ဆင်ဆရာလည်း အိမ်ပြန်ရောက်သောအခါ ထမင်းအုပ်ကို ရသေ့အား ကပ်စေ၏၊ ရသေ့က ဤဟင်းကို မိမိစီမံမည် ဆိုကာ အဆုတ်, အသည်းစသော အတွင်းသားတွေကို ဆင်ဆရာအတွက်၎င်း, အပြင်သားတွေကို ဆရာကတော် အတွက်၎င်း ခွဲဝေပေး၍ မိမိမှာ အရိုးကပ်နေသော အသားကို သုံးဆောင်၏။ ထိုနောက် “သုံးရက်မြောက်လျှင် ဘုရင်ဖြစ်လိမ့်မည်၊ မမေ့မလျော့နှင့် ဟုမှာကြားကာ ရသေ့လည်း ကြွသွား၏။ … သုံးရက်မြောက်သောအခါ တိုင်းတပါးက ဘုရင်တစ်ပါး လာရောက်စစ်တိုက်ရာ ရှင်ဘုရင်က မိမိအသွင်ကို ဆင်ဆရာအား ယူစေ၍ မိမိက စစ်သည်တွေအကြား မထင်ရှားသော အသွင်ဖြင့်တိုက်ရာ လက်နက်မှန်၍ ဘုရင်ကျဆုံးခဲ့၏၊ ဆင်ဆရာလည်း ဆက်တိုက်ရာ အောင်မြင်၍ ဘုရင်အဖြစ် ရောက်ခဲ့ရသည်။ (ဇာတက၊ဋ္ဌ၊၂၊၃၆၉)
အတ္တသမ္မာပဏိဓိ
အတ္တ၊ စိတ်ကို။ ဝါ၊ အလုံးစုံသော ကိုယ်အတ္တဘောကို။ သမ္မာ၊ ကောင်းစွာ။ ပဏိဓိ၊ ထားခြင်း။ စိတ်မကောင်းသူ၌ ကိုယ်လည်းမကောင်း နှုတ်လည်းမကောင်း၊ စိတ်ကောင်း ရှိနေလျှင် ကိုယ်အပြုအမူလည်း ကောင်း၍ နှုတ်အပြောလည်း ချောမောတော့သည်။ စိတ်သည် ပဓာနဖြစ်၍ “အတ္တာတိ ဝုစ္စတိ စိတ္တံ=စိတ်ကို အတ္တဟုဆိုအပ်၏ဟု အဋ္ဌကထာဖွင့်သည်။ ဤအလို အတ္တသမ္မာပဏိဓိ=စိတ်ကို ကောင်းစွာထားခြင်းဟု ဆိုသည်။ အတ္တသဒ္ဒါ အလုံးစုံသော ကိုယ် အတ္တဘောကိုလည်း ဟော၏။ အလုံးစုံသော ကိုယ်အတ္တဘောကို ကောင်းစွာထားသည်ဆိုလျှင် စိတ်လည်း ပါသွားသည်သာ။ ထို့ကြောင့် “သကလော ဝါ အတ္တဘာဝေါ=တကိုယ်လုံးကိုသော်လည်း အတ္တ”ဟု ဆိုအပ်ကြောင်း ဖွင့်၏။ ဤအနက်နှစ်မျိုးလုံးကို ယူ၍ ကိုယ်စိတ်ကို ကောင်းစွာထားခြင်းဟု ဆိုခဲ့၏။
ကောင်းစွာထားပုံ
အဋ္ဌကထာ၌ သဒ္ဓါမရှိလျှင် သဒ္ဓါရှိအောင်, သီလ မရှိသေးလျှင် သီလရှိအောင်, မစ္ဆရိယဖြစ်နေလျှင် စာဂ(=လှူဒါန်းခြင်း) ဖြစ်အောင် ပြုခြင်းကို အတ္တသမ္မာပဏိဓိ-ဟု ဆို၏၊ မကောင်းသောအကြံ အပြုအမူ အပြောအဆိုများ မဖြစ်အောင် ဖြစ်လာလျှင်လည်း ပယ်ရှား၍ စိတ်ထား အပြုအမူ အပြောအဆိုများကို ကောင်းအောင်ပြုမှုကို အတ္တသမ္မာပဏိဓိဟု ဆိုရ၏။ လောကရေးနှင့် ဆိုလျှင် မကျန်းမမာ မဖြစ်ရအောင် ကျန်းမာရေး လုံလောက်အောင် အစားအသောက် အနေအထိုင် ဆင်ခြင်ခြင်း စီးပွါးရေး ပညာရေး စသည်၌ ပျင်းရိခြင်း ဆုတ်နှစ်ခြင်း မဖြစ်စေပဲ ကြိုးစားအားထုတ်ခြင်း စသည်ဖြင့် မိမိကိုယ်စိတ်ကို ကောင်းစွာ ပြုပြင်ပေးခြင်း အားလုံးနှင့် ဆိုင်သည်။ ဤအတ္တသမ္မာပဏိဓိကား လွန်စွာအရေးပါလှ၏။ ဤမင်္ဂလာ ပြည့်စုံလျှင် မင်္ဂလာ အတော်များများ ပြည့်စုံလျက် ရှိတော့သည်။ ရှေးဘဝက ကုသိုလ်မရှိသူ ဖြစ်စေကာမူ ယခုဘဝ၌ အတ္တသမ္မာပဏိဓိရှိလျှင် တိုးတက်ချမ်းသာနိုင်၍ နောင်ဘဝ၌လည်း ကောင်းသွားပေတော့မည်။ ရှေးဘဝကလည်း ကုသိုလ်ပါ ယခုဘဝမှာလည်း ဤမင်္ဂလာ ရှိလျှင်ကား ဆိုဖွယ်ရာမရှိ၊ ရှေးကကောင်း၍ ယခုကောင်း၊ ယခုကောင်းတော့ နောင်လည်းကောင်း၊ အကောင်းချည်းသာဖြစ်ကာ စက်လည်သွားတော့မည် သာတည်း။
လူ့အဆင့်အတန်းမှီရေး
“မိစ္ဆာပဏိဟိတံ စိတ္တံ၊ ပါပိယော နံ တတော ကရေ=မကောင်းသောစိတ်ထားသည် ထိုစိတ်ရှိသူကို ယုတ်ညံ့ ဆိုးဝါးသူဖြစ်အောင် ပြုတတ်သည်”။ “သမ္မာပဏိဟိတံ စိတ္တံ၊ သေယျသော နံ တတော ကရေ=ကောင်းသော စိတ်ထားသည် ထိုသူကို အထက်တန်းကျသူဖြစ်အောင် ပြုသည်”၊ ဤဓမ္မပဒ၊၁၉) အရ အထက်တန်းကျသူ အောက်တန်းကျသူ အဖြစ်ကို အတ္တသမ္မာပဏိဓိ ရှိ, မရှိက သတ်မှတ်ပေးလျက်ရှိသည်။ အတ္တသမ္မာပဏိဓိရှိလျှင် လူ့အဆင့်အတန်း ရှိ၍ မရှိလျှင် လူဟု ခေါ်ရုံမျှသာဖြစ်လျက် လူ အဆင့်အတန်းမမှီ ဟုလည်း ဆိုရ၏။ မှန်၏၊ မနုဿ၏အနက်မှာ စိတ်ထား မြင့်မြတ်သူဟုဖြစ်ရာ အတ္တသမ္မာပဏိဓိ မရှိသူ၌ ထိုအနက် ဘယ်မှာ ရောက်နိုင်ပါမည်နည်း။ တိရစ္ဆာန်များ၌ မနာလိုခြင်း, ဝန်တိုခြင်း, လောဘ ဒေါသကြီးခြင်းများ လွန်ကဲ လျက်ရှိရာ ထိုစိတ်မျိုးတွေပါးအောင် နည်းအောင်ပြုခြင်းဖြင့် တိရစ္ဆာန်နှင့်မတူ လူ့ အဆင့်အတန်းမှီအောင် ကြိုးစားသင့်ပေ၏။ မေတ္တာကရုဏာကင်း အချင်းချင်းအပေါ် စိတ်ထားမကောင်းကြ၍ လူအချင်းချင်း တစ်ဦးနှင့်တစ်ဦး တစ်သင်းနှင့်တစ်သင်း, တစ်ဖွဲ့နှင့်တစ်ဖွဲ့ မတည့်မစပ် ကွဲပြားလျက်ရှိရာ အတ္တသမ္မာပဏိဓိ ရှိကြလျှင်ကား အချင်းချင်း လည်ဖက်နိုင် ကာ အေးချမ်းသာယာသော လူ့ လောက ဖန်တီးနိုင်မည်ဖြစ်၍ လောကသာယာရေး၌ ဤအတ္တသမ္မာပဏိဓိမှာ အရေးပါလှပေသည်။
မှန်ကြည့်သလို
ဤအတ္တသမ္မာပဏိဓိ ဖြစ်ဖို့အရေး၌ မဇ္ဈိမပဏ္ဏာသ-ရာဟုလောဝါဒသုတ်၌ အရှင်ရာဟုလာအား မြတ်စွာဘုရား ဆုံးမသော အဆုံးအမတော်ကို လိုက်နာသင့်၏။ “ကိမုတ္တိယော အာဒါသော=မှန်သည် ဘာအကျိုးရှိသနည်း” ဟု ဘုရားရှင် မေးတော်မူသော် “ပစ္စဝေက္ခဏတ္ထာ ဘန္တေ =ဆင်ခြင်ခြင်း အကျိုးရှိပါသည်” ဟု အရှင်ရာဟုလာ ဖြေ၏။ မှန်ကြည့်သည်မှာ မိမိဝတ်စုံဆင်ပုံ ဖီးလိမ်းထုံးဖွဲ့ပုံ အချိုးကျ မကျ ကောင်း မကောင်း မိမိမျက်နှာနှင့် ကိုယ်ပေါ်မှာ အစွန်းအပြစ်များ ရှိ, မရှိ-စသည်ကို သိရအောင်ဖြစ်သည်။ ထို့ကြောင့်ပင် ဆင်ခြင်ခြင်း အကျိုးရှိသည်ဟု လျှောက်ခြင်းဖြစ်၏။ ထို့နောက် မြတ်စွာဘုရားက ရာဟုလာ ထိုမှန်ကြည့်သကဲ့သို့ပင် ဆင်ခြင်၍ ကာယကံမှုပြုရမည်။ ဆင်ခြင်၍ ဝစီကံမှု ပြုရမည်။ ဆင်ခြင်၍ မနောကံမှုပြုရမည်”။ ဟုဆုံးမဟောကြားတော်မူ၏။ မိမိကိုယ်နှုတ် စိတ်ထားများကို ပညာမှန်ပြင်တွင် တင်ကာ တင်ကာ ကောင်း, မကောင်းကြည့်၍ မကောင်းလျှင် ကောင်းအောင် ပြင်ပေးရမည်ဟု မိန့်တော်မူလိုရင်းဖြစ်ပေသည်။ (မ၊၂၊၇၈ ရာဟုလောဝါဒသုတ်)
စက်လေးပါး
ဤမင်္ဂလာသုံးပါးတွင် သပ္ပုရိသူပနိဿယ (=သူတော်ကောင်းတို့ကို မှီခိုရခြင်း) ထည့်လျှင် စက်လေးပါး ဖြစ်တော့သည်။ ဤစက်လေးပါးနှင့် ပြည့်စုံသူမှာ စည်းစိမ်ဥစ္စာ တိုးတက်နိုင်ကြောင်း, အခြံအရံ အကျော်အစော ချမ်းသာသုခတို့ကို ရနိုင်ကြောင်း စတုကင်္ဂုတ္တရ စက္ကဝဂ် (အံ၊၁၊၃၄၁) ၌ ဟောတော်မူ၏။ သင့်လျော်သောအရပ်၌ နေရခြင်း, ရှေးကောင်းမှုရှိခြင်း, သူတော်ကောင်းကို အမှီရခြင်း, မိမိကိုယ်စိတ်ကို ကောင်းစွာထားခြင်း၊ ဤလေးပါးနှင့် ပြည့်စုံသောသူမှာ နောက်ဘဝ၌လည်း ပြည့်စုံတတ်၏။ ဤသို့ဖြင့် အဆက်မပြတ် လည်သွားတတ်၍ “စက္က=စက်"ဟု ဆိုရ၏။
ဤလေးပါးတွင် ပုဗ္ဗေကတပုညတာသည် ပမာဏလိုရင်းဖြစ်၏။ ဉာဏသမ္ပယုတ်စိတ်ဖြင့် ကုသိုလ်ပြုသောသူကို ထိုဉာဏသမ္ပယုတ်စိတ်က ပတိရူပအရပ်သို့ ပို့ပေး၏။ သူတော်ကောင်းအမှီရအောင် စီမံပေး၏။ မိမိ ကိုယ်စိတ်ကို ကောင်းစွာထားသူဖြစ်အောင် ပြုပေး၏။ဤသို့ စတုကင်္ဂုတ္တရနှင့် ဒီဃနိကာယ် သင်္ဂီတိသုတ် အဋ္ဌကထာများ၌ မိန့်၏။
စိတ်မချရသေး
ဆိုခဲ့ပြီးအချက်များမှာ တကယ်ပါရမီ ပြည့်စုံပြီးသော ပစ္ဆိမဘဝိကတို့ အတွက်သာ လုံလောက်ရာ၏၊ သာမန် ကောင်းမှုရှင်များ၌ကား စိတ်မချရသေး။ ရှင်ဒေဝဒတ်သည် ပတိရူပ၌လည်းဖြစ်ရ တကယ့်သပ္ပုရိသ ဘုရားရှင်ကိုလည်း မှီရ၏၊ ရှေးကောင်းမှုလည်း ရှိခဲ့သည်သာ။ သို့သော်အတ္တသမ္မာပဏိဓိပျက်ကာ အကျိုးမဲ့ ဆုံရှုံးခဲ့ရရှာ၏။ အဇာတသတ်လည်း ကောင်းမှုရှင် တစ်ဦးပင်။ ဘခင် သောတာ ပန် သူတော်ကောင်းကို မှီရပါလျက် ရှင်ဒေဝဒတ်နှင့် အပေါင်းမှားကာ အတ္တသမ္မာပဏိဓိပျက်ခဲ့၍ နစ်နာရရှာသည်။ ဤအချက်များကား ပုထုဇ္ဇနဂတိ၏ စိတ်မချရသည့်အဖြစ်ကို ဖော်ပြလျက်ရှိရာ ပုထုဇ္ဇနဂတိမှ စိတ်ချရသော အရိယဘူမိသို့ ရောက်ရေး အလေးပေးကာ ကြိုးစားသင့်ကြောင်း သတိပေးလျက်ရှိပေသည်။
---
(၁၆) ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ဝိနယော စ သုသိက္ခိတော။
သုဘာသိတာ စ ယာ ဝါစာ၊ ဧတံ မင်္ဂလ မုတ္တမံ။
(၁၆) ဒေဝပုတ္တ၊ နတ်သား။ ဗာဟုသစ္စဉ္စ၊ အကြင်များသော အကြားအမြင်ရှိသူ၏ အဖြစ်သည် လည်းကောင်း။ ယံ သိပ္ပဉ္စ၊ အကြင်လက်မှုပညာ တတ်မြောက်ခြင်းသည် လည်းကောင်း။ သုသိက္ခိတော၊ ကောင်းစွာသင်အပ် ကျင့်အပ်သော၊ ယော ဝိနယော စ၊ အကြင် ကိုယ်ကျင့်ဝိနည်းတရားသည် လည်းကောင်း။ သုဘာသိတာ၊ ကောင်းစွာပြောဆိုအပ်သော။ ယာ ဝါစာ စ၊ အကြင်စကားသည် လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤတရား လေးပါးကား။ ဥတ္တမံ၊ ကောင်းမြတ်သော။ မင်္ဂလံ၊ မင်္ဂလာပေတည်း။
မင်္ဂလာလေးပါးစကားပြေ-နတ်သား၊ အကြားအမြင်များခြင်း, လက်မှုပညာ တတ်မြောက်ခြင်း, ကိုယ်ကျင့်ဝိနည်းကိုသင်ခြင်း ကျင့်ခြင်း, စကားကို ကောင်းမွန်စွာ ပြောဆိုခြင်း၊ ဤလေးပါးမှာ ကောင်းမြတ်သော မင်္ဂလာဖြစ်သည်။
ဗာဟုသစ္စ
[ဗဟုဿုတဿ ဘာဝေါ ဗာဟုသစ္စံ။
ဗဟုဿုတ၊ များသော အကြားအမြင် ရှိသောသူ၏။ ဘာဝေါ၊ ဖြစ်ကြောင်းတည်း။ ဗာဟုသစ္စံ၊ များသော အကြားအမြင် ရှိသောသူ၏ ဖြစ်ကြောင်း။ ဗဟုဿုတပုဒ်, ဘာဝအနက်၌ ဏျပစ္စည်း၊ မောဂ္ဂလ္လာန်၌ ဒုတိယ ဥ-ကို အ-ပြု၍ သံယုဂ်အစ သ-ကို ချေ၍ ဗာဟုသစ္စဟု ပြီးစေ၏။ ရူပသိဒ္ဓိကား ဥ-ကိုသာ အ-ပြု၍ သ-ကိုကား မချေ၊ ရူပသိဒ္ဓိအလို ဗာဟုဿစ္စ-ဟု သ သံယုဂ်နှင့် ရှိရမည်။]
စာပေပညာ
အကြားအမြင် ဆိုသည်မှာ နာယူလေ့လာထားသော စာပေကျမ်းဂန်များပင်ဖြစ်ရာ ဗာဟုသစ္စအရ စာပေ ပညာတတ်မြောက်မူကိုယူ။ ရှေးက ဝိဇ္ဇာ, သိပ္ပဟု ပညာနှစ်မျိုး ခွဲရိုးရှိခဲ့ရာ ဝိဇ္ဇာကို နှုတ်မှုပညာဟု ဆိုခဲ့ကြ၏။ ဝေဒလေးပုံစသော တစ်ဆဲ့ရှစ်ရပ် အတတ်များပင်။ ထိုခေတ်အရဆိုလျှင် ဗာဟုသစ္စအရ ထိုဝိဇ္ဇာခေါ် ကျမ်းဂန်တတ်မြောက်မှုဟု ဆိုရမည်ဖြစ်၏။ သို့ရာတွင် ယခုအခါ မြန်မာနိုင်ငံ တက္ကသိုလ်များ၌ သတ်မှတ်ထားသော ဝိဇ္ဇာခေါ် အတတ်များမှာ ရှေးကထက် ပိုမိုများပြား၍ နက်နဲသော ပညာရပ်များလည်း ပါဝင်လေသည်။
အကန်းနှင့် မျက်မြင်
နီတိဆရာတို့က “ယုံမှား သံသယကို ပယ်ဖျောက်တတ် မျက်ကွယ်ဖြစ်သော အကျိုးစီးပွါးကို ပြတတ်သော ကျမ်းဂန်များမှာ လူခပ်သိမ်းတို့၏ မျက်စိဖြစ်ရာ ကျမ်းဂန်မျက်စိမရှိသူမှာ အကန်းသာတည်း”ဟု ဆိုကြ၏။ စာပေကျမ်းဂန်များမှ မျက်မှောက်အကျိုး တမလွန်အကျိုး အမျိုးမျိုးကို သိရသည်ဖြစ်ရာ စာပေတတ်ခြင်းဖြင့် လောကရေး ဓမ္မရေး၌ နည်းမှန် လမ်းမှန်သို့ လိုက်ကာ ဘေးကင်း ရန်ကင်း ချမ်းသာခြင်းသို့ ရောက်ကြရ၏။ စာမတတ်သူ ကား စမ်းတဝါးဝါး အရမ်းသွားရသလိုဖြစ်ရာ မှားတစ်လှဲ့ မှန်တစ်ခါဖြစ်ကာ နစ်နာတတ်၏။ အန္ဓ (=နှစ်ဖက်ကန်း) ဧကစက္ခု (=တဖက်မြင်), ဒွိစက္ခု (=နှစ်ဖက်မြင်)ဟု ပုဂ္ဂိုလ်သုံးမျိုးရှိခဲ့ရာ ဤလောကအကျိုး တမလွန်အကျိုး နှစ်မျိုးလုံး နားမလည်သူမှာ အန္ဓဖြစ်သည်။ ဤဘဝအကျိုး အတွက်သာ သိသူကား ဧကစက္ခုတည်း။ နှစ်မျိုးလုံးသိသော် ဒွိစက္ခု ဖြစ်၏။ မိမိ နှစ်ဖက်မြင် ဖြစ်ရေးအတွက် ဒွိစက္ခုကို မှီခိုရမည်။ ဤအချက်ကို တိကင်္ဂုတ္တရ၌ ဟောတော်မူ၏။ စာပေပညာတတ်သူမှာ ဒွိစက္ခုတည်း။ (အံ၊၁၊၁၂၆ အန္ဓသုတ်)
ရတနာ
“ပညာ နရာနံ ရတနံ=ပညာကား လူတို့၏ရတနာ ဖြစ်သည်” ဟု ဘုရားရှင် ဟောတော်မူ၏။ နီတိဆရာတို့ကလည်း “အလုံးစုံသော ဥစ္စာတို့တွင် ပညာတည်းဟူသော ဥစ္စာသာ အမြတ်ဆုံးဖြစ်၏။ အဘယ့်ကြောင့် ဆိုသော် လူလည်းမခိုးနိုင်၊ အဖိုးလည်း မဖြတ်နိုင်၊ ပေးလို့ သုံးလို့လည်း မကုန်နိုင်သောကြောင့်တည်း”ဟု ဆိုကြ၏။ ပညာသည် နှစ်သက်ဖွယ်ရတနာ ဖြစ်သောကြောင့်ပင် ပညာရတနာ အဆင်ရှိသူမှာ ပွဲလယ်ပြင်ပ ဘယ်နေရာ ဌာနမှာမဆို လူအများ ရှုချင်ဖွယ် တင့်တယ်သူ ဖြစ်ရ၏။ ပညာမတတ်သူများကား အများအလယ်တွင် မထင်ရှား မြုပ်ကွယ်လျက်ရှိရသည်မှာ ရတနာမဲ့၍ မတင့်တယ်သောကြောင့်တည်း။ နီတိဆရာတို့က “ရုပ်ဆင်းတင့်တယ် နုနယ်ပျိုမျစ် အမျိုးကောင်းသူဖြစ်စေ ပညာမတတ်မူ ရနံ့ကင်း၍ ညံ့ဖျင်းသော ပေါက်ပန်းသဖွယ် မတင့်တယ်” ဟု၎င်း, “ဆရာတို့ထံ နည်းမခံ ကျမ်းဂန်မသင်ကြား မတတ်မြောက်သူမှာ ဟင်္သာများအလယ် ဗျိုင်းသဖွယ်သို့ မတင့်တယ်”ဟု၎င်း ဆိုကြ၏။
ပညာရှိသူမှာ ရတနာဆင်ထားသူကဲ့သို့ ထင်ရှားတင့်တယ်ခြင်း အများမှီခိုရာ ဖြစ်ခြင်း, ကျော်စောခြင်း, အခြွေအရံများခြင်း, ဥစ္စာစည်းစိမ်ရခြင်း စသော လောကကျိုး ခံစားရသည့်အပြင် ပညာဖြင့် သိရသော လိုက်နာဖွယ်, ရှောင်ရှားဖွယ်များကို လိုက်နာ ရှောင်ရှားခြင်းဖြင့် သုဂတိဘဝ ရောက်ရခြင်း စသော တမလွန်အကျိုးလည်း ခံစားရ၏။ ထို့ကြောင့် ပညာဗဟုသုတ ရှိခြင်းမှာ မင်္ဂလာ ဖြစ်ပေသည်။
ကျင့်လည်းကျင့်မှ
ပညာဗဟုဿုတ ရှိနေရုံမျှဖြင့် တကယ့်မင်္ဂလာ မဖြစ်သေး။ သိသည့်အတိုင်း ကျင့်သူ၌သာ မင်္ဂလာ ဖြစ်သည်။ ကပိလရဟန်းသည် ပိဋကတ် သုံးပုံဆောင် စာချဆရာကြီး ဖြစ်၏။ မိမိ ပညာကြောင့် အခြွေအရံများခြင်း လာဘ်လာဘ ပေါများခြင်းကို အကြောင်းပြု၍ မာန်တက်ခဲ့ရာ တရားကို မတရား မတရားကို တရား အမှားမှားအယွင်းယွင်း ပြောဆို ပြုမှုခဲ့ခြင်းကြောင့် မိမိပညာ ဗဟုဿုတများမှာ ကောင်းကျိုးအတွက် မဖြစ်ဟော့ပဲ အဝီစိငရဲရောက်ဖို့ အတွက်သာ ဖြစ်ရတော့သည်။
“ကျမ်းဂန်အများအပြား သင်ထားပါလျက် လူမိုက်ဖြစ်တတ်၏။ ကျမ်းဂန်ဆိုတိုင်း ကျင့်သူသာ ပညာရှိ ဖြစ်သည်။ နှိုင်းချိန် စဉ်းစား ကောင်းစွာ ဖော်စပ်ထားသော ဆေးသာ လူနာတို့၏ ရောဂါကို ပျောက်အောင်ပြုနိုင်၏။ ဆေးအမည်ကလေးမျှဖြင့် ရောဂါပျောက်အောင် မပြုတတ်။” ဤနီတိကား မကျင့်သူ၌ ပညာဗဟုဿုတတို့ အကျိုးမများသည်ကို ပြ၏။ ဤသဘောကို စတုကင်္ဂုတ္တရ အပ္ပဿုတသုတ် (အံ၊၁၊၃၁၂)၌လည်း ဟောတော်မူ၏။ အကြားအမြင် နည်းလျက် သုတနှင့် မပြည့်စုံသူ အကြားအမြင် နည်းလျက် သုတနှင့် ပြည့်စုံသူ အကြားအမြင်များလျက် သုတနှင့် မပြည့်စုံသူ အကြားအမြင်လည်းများ သုတနှင့်လည်း ပြည့်စုံသူ ဟု ပုဂ္ဂိုလ်လေးမျိုး ဟောခဲ့၏။ အကြားအမြင် နည်းသော်လည်း မိမိ သိသလောက် ကျင့်သူမှာ သုတနှင့် ပြည့်စုံသူဖြစ်ရ၏။ အကြားအမြင် များသော်လည်း မကျင့်လျှင် သုတနှင့် မပြည့်စုံသူပင်။ “အလိမ္မာ စာမှာရှိက ထိုအလိမ္မာကို ကိုယ်မှာရှိအောင် ပြုသူကား ရှားပါးလှ၏၊ အလိမ္မာ ဂုဏ်သည် နှစ်သက်ဖွယ် ရတနာပင်ဖြစ်ရာ ထိုအလိမ္မာကို ကိုယ်မှာဆင်ပေးခြင်းဖြင့် အများနှင့်မတူ တမူထူးအောင် ကျင့်သင့်ပေသည်။
အားလုံးကောင်းပါစေ
တချို့က “စာအုပ်ထဲမှာ ရှိနေသားပဲ”ဟု ကျက်မှတ်ဆောင်ထား မှတ်သားမှုမပြုလို၊ ထိုသူများမှာ စာမတတ်သူနှင့် မထူးလှ။ “စာအုပ်ထဲမှာရှိသော ပညာ, သူတကာလက်ထဲမှာ ရှိနေသော ဥစ္စာတို့ကား ပညာလည်းမဟုတ်, ဥစ္စာလည်းမမည်”ဟု နီတိဆရာတို့ အဆိုရှိ၏။ မည်သည့်စာပေမဆို ကျေပွန်နိုင်နင်းအောင် လေ့လာသင့်၏။ ထိုသို့ မဟုတ်ပဲ တော်သလို လျော်သလို လေ့လာထားလျှင် အကျိုးမသက်ရောက်တတ်၊ ကျမ်းဂန်အဆို မရောက်တတ်ခြင်း လွန်သွားခြင်း စသော အကျိုးမဲ့ပင် ဖြစ်တတ်သေး၏။ ပညာဆည်းပူးရာ၌ ရည်ရွယ်ချက်လည်း ကောင်းရ၏။ သူတပါးကို တိုက်ခိုက် ဖို့ မော်ကြွားဖို့စသော မကောင်းသော စိတ်ထားဖြင့် သင်သောပညာမှာ မင်္ဂလာမဖြစ်တတ်။
အလောင်းတော်များသည် သတ္တဝါအများအပေါ်၌ အကျိုးစီးပွါး လိုလားသော စိတ်ထားရှိကြရာ ထိုစိတ်ထားကြောင့်ပင် အလောင်းတော်တို့ ပညာမှာ သတ္တဝါတို့အကျိုးအတွက် ဖြစ်ရသည်။ မိမိအမျိုးသားများ အတွက် ထို့ထက် တတ်နိုင်လျှင် တစ်ကမ္ဘာလုံး ကောင်းစားရေးအတွက် ရည်ရွယ်ချက်မျိုး ထား၍ ကြိုးစားလျှင် ပညာပါရမီမြောက်၏။
မူလပဏ္ဏာသ အလဂဒ္ဒူပမသုတ် (မ၊၁၊၁၈၆)၌ မြွေဖမ်းပုံ သင်ကြားနည်း ဟောတော်မူ၏။ မြွေကို ကိုယ်၌ဖြစ်စေ အမြီး၌ဖြစ်စေ မကောင်းသဖြင့် ဖမ်းလျှင် မြွေကိုက်သေနိုင်၏။ ဆိတ်ခွါသဏ္ဌာန် အခွရှိသော ဒုတ်ဖြင့် မိမိရရ ဖိနှိပ်ကာ ဖမ်းလျှင် မြွေကိုက်မခံရ။ ထို့အတူ ကောင်းစွာ သင်ယူအပ်သော တရားမှာ အကျိုးရှိ၍ စိတ်ကောင်းဖြင့် သင်ယူမထား ရည်ရွယ်ချက်မှားလျှင် အကျိုးယုတ်တတ်ကြောင်း ဟောတော်မူ၏။
ပညာသည် အကျိုးမယုတ်
အနည်းငယ်မျှသော ပညာပင်ဖြစ်စေ တချိန်မှာ အကျိုးပေးတတ်သည်သာ၊ ထို့ကြောင့် အယုတ်အလတ် အမြတ်မရွေး အားလုံးသင်သင့် သင်ထိုက်လှပေသည်။ ရှေးအခါက ဗာရာဏသီပြည်သား လုလင်တယောက်သည် တက္ကသိုလ်ပြည် ဒိသာပါမောက္ခဆရာကြီးထံ ပညာသင်ရန် ရောက်လာ၏။
ဝတ်တရား အလွန်ကျေပွန်သော တပည့်ဖြစ်၍ ဆရာကြီးက ကြိုးစားသင်ပေးသော်လည်း ဉာဏ်လေးလှ၍ သင်မရဖြစ်ခဲ့၏။ဆရာကြီးသည် သူ့ကို တောထဲခေါ်သွားပြီးလျှင် မန္တန်တစ်ခု သင်ပေး၏။ ထိုမန္တန်ကား“ဃဋ္ဋေသိ ဃဋ္ဋေသိ, ကိံ ကာရဏာ ဃဋ္ဋေသိ, အဟမ္မိ တံ ဇာနာမိ ဇာနာမိ”ဟု ဖြစ်၏။ မြန်မာလိုကား “မင်း တိုက်ခိုက်ဖို့ ကြိုးစားနေတယ် ကြိုးစားနေတယ် ဘာကြောင့် ကြိုးစားနေရသလဲ? ထိုအချက်ကို ငါသိတယ် ငါ သိတယ်ပင် ဖြစ်သည်၊ အခေါက် ရာပေါင်းများစွာဆိုစေပြီး ရလောက်သော် “မင်း ဤမန္တန်ကို မပြေးအောင် အမြဲရွတ်လေ။ ဤမန္တန်ကို အမှီပြု၍ အသက်မွေးနိုင်လိမ့်မည်”ဟုဆိုကာ လမ်းစရိတ်ပေး၍ လွှတ်လိုက်၏။
ထိုလုလင်သည် ဗာရာဏသီပြည် မိမိအိမ်သို့ ပြန်ရောက်ပြီးနောက် တစ်ညသောအခါ ဗာရာဏသီမင်းသည် မြို့ကို စုံစမ်းရန် ရုပ်ဖျောက် လှည့်လည်လျက်ရှိ၏။ ထိုအခိုက် သူခိုးတို့သည် အိမ်နှစ်အိမ်ကို တစ်ပြိုင်နက်ခိုးရန် အိမ်နှစ်ခုကြား ဥမင်တူးနေသည်ကိုတွေ့ရာ ဘုရင်လည်း အိမ်ရိပ်၌ ကွယ်၍ ရပ်နေ၏။ ဥမင်ပေါက်၍ အိမ်တွင်းသို့ ရောက်သောအခါ တက္ကသိုလ်ပြန် လုလင်သည် နိုး၍ “ဃဋ္ဋေသိ ဃဋ္ဋေသိ, စသော မန္တန်ကို ရွတ်၏။သူခိုးများ ကြောက်လန့်တကြား ခါးဝတ်ပင် ကျွတ်ကျကာ ထွက်ပြေးကြရ၏။ ဘုရင်သည် အိမ်ကိုမှတ်သား၍ ပြန်လာပြီးနောက် နံနက်လင်းသောအခါ ထိုလုလင်ကို ခေါ်ခိုင်း၏။ လုလင်ရောက်သောအခါ ထိုမန္တန်ကို သင်ပေးရန် အမိန့်ရှိသော် နေရာတူနေ၍ သင်ယူရန်လျှောက်၏။ ဘုရင်လည်း သူ့အလိုအတိုင်း သင်ယူပြီးနောက် ဆရာအဖြစ် ငွေတစ်ထောင် ပေးလိုက်၏။
ထိုအခါ စစ်သူကြီးသည် ဆတ္တာသည်အား ငွေတစ်ထောင် ပေးကာ “ဘုရင်၏ မုတ်ဆိတ်ကို ရိတ်သောအခါ သင်တုန်းဓားဖြင့် ဘုရင့်လည်ကို လှီးသတ်ပါ၊ ငါဘုရင်ဖြစ်လျှင် မင်း စစ်သူကြီး ဖြစ်ရမည်ဟု ဆိုသော် ဆတ္တာသည်လည်း ကတိပြုခဲ့၏။ ဘုရင်၏ မုတ်ဆိတ်ကို ရိတ်ရသောနေ့၌ မုတ်ဆိတ်ကို နံ့သာရေဖြင့် ဆွတ်ပြီးနောက် ဓားကို စမ်းကြည့်သော် အထက်လိုနေသေး၍ တစ်ချက်တည်း အပြတ်လှီးရန် သွေးဦးမှပဲဟု ဓားကို သွေးနေ၏။ ထိုအခိုက် ဘုရင်က မိမိသင်ယူထားသောမန္တန်ကို သတိရ၍ ရွတ်၏။ မန္တန်မှာ "မင်း တိုက်ခိုက်ဖို့ ကြိုးစားနေတယ်, ကြိုးစားနေတယ်၊ ဘာကြောင့် ကြိုးစားနေရသလဲ? ထိုအချက်ကို ငါသိတယ် ငါသိတယ်”ဟု ဖြစ်ရာ ဆတ္တာသည်မှာ ငါ့အကြောင်း ဘုရင်သိထားပြီဟု ဘုရင့်ခြေရင်း ဝပ်စင်းကာ ခွင့်လွှတ်ချမ်းသာပေးရန် တောင်းပန်တော့သည်။ ဘုရင် စစ်ဆေး၍ စစ်သူကြီးက ခိုင်းသည်ကို သိရသောအခါ စစ်သူကြီးအား တိုင်းပြည်မှ နှင်ထုတ်လိုက်သည်။ မိမိအား မန္တန်သင်ပေးသော ဆရာလုင်ကို ခေါ်ပြီးလျှင် ဆရာ့ကိုအမှီပြု၍ ငါအသက်ရှင်ရသည်ဟုဆိုကာ စစ်သူကြီးအရာ အပ်နှင်း ချီးမြှောက်ခဲ့လေသည်။ (ဓမ္မပဒ၊ဋ္ဌ၊၁၊၁၅၉)
သိပ္ပ
“သိပ္ပံ နာမ ယံကိဉ္စိ ဟတ္ထကောသလ္လံ=လက်ဖြင့်ပြုရသော တတ်မြောက်မှု မှန်သမျှသည် သိပ္ပမည်၏” ဟူသော အဋ္ဌကထာအရ လက်မှုပညာကို သိပ္ပဆိုရသည်၊ ယခုခေတ် စက်မှုပညာနှင့် သိပ္ပံပညာဆိုင်ရာများမှာ ဤသိပ္ပ၌ ပါဝင်၏။ ရှေးခေတ်က က ခြင်းအတတ် တီးမှုတ်ခြင်းအတတ် စသော ကလာခေါ် အတတ်များကို သိပ္ပဆိုခဲ့၏။ ထိုကလာခေါ် အတတ်များမှာ ၆၄ ပါးရှိခဲ့၏ ။ (အပြည့်အစုံကို အဘယာရာမမူ အဘိ ဓာန် နိဿယသစ် နှာ-၂၀၁ ၌ရှုပါလေ။) ရှေးက နှုတ်ဖြင့် သင်အံကျက်မှတ်ရသော ဝိဇ္ဇာပညာကိုသာ အထူးမြှောက်စားခဲ့၏။ သိပ္ပကိုကား စကားမပြီသသော လူအ-များပင် တတ်နိုင်သော ပညာဟု ဆိုခဲ့၏။ သို့ရာတွင် ယခုအခါ မြန်မာနိုင်ငံ တက္ကသိုလ်များ၌ သတ်မှတ်ထားသော သိပ္ပံခေါ် အတတ်ပညာများမှာ ရှေးကထက်ပိုမိုများပြား၍ နက်နဲသော ပညာများလည်း ပါဝင်လေသည်။ ယင်းအတတ်ပညာမှာ ဥစ္စာရကြောင်း, ချမ်းသာ ကြောင်း, တိုးတက်ကြီးပွါးကြောင်းဖြစ်၍ မင်္ဂလာ ဖြစ်ပေသည်။
စိတ်ကောင်းမှ
သို့သော် “ယံ ပရူပရောဓရဟိတံ အကုသလဝဇ္ဇိတံ=တပါးသူကို ညှဉ်းဆဲ နှိပ်စက်ခြင်းကင်း၍ အကုသိုလ်လွတ်သော အတတ်” ဟု အဋ္ဌကထာဆိုသောကြောင့် သူတကာကို ညှဉ်းဆဲကြောင်း, သတ်ဖြတ်ကြောင်း အကုသိုလ်မကင်းသော အတတ်မျိုးကား မင်္ဂလာမဖြစ် အမင်္ဂလာသာ။ မည်သည့်အတတ်ပညာပင် ရှိသည်ဖြစ်စေ စိတ်ထားကောင်းမှု မကောင်းမှုသည် အရေးကြီး၏။ စိတ်ထားကောင်းသူ၏ အတတ်ပညာမှာ မိမိသူတပါး နှစ်ဦးသားအတွက် အကျိုးရှိစေ၍ စိတ်ထားမကောင်းသူ၏ အတတ်ပညာမှာ ထိခိုက်စေ၊ ဆင်းရဲစေတတ်၏။ ဥပမာ ဆရာဝန်အတတ်မှာ မွန်မြတ်လှ၏။ သို့သော် ဆရာဝန်က စိတ်ထား မကောင်းလျင် သူနာအများ ဆင်းရဲသည်သာ၊ မိမိမှာလည်း အကျိုးပျက်ရတတ်သည်။
ပညာကျိုးခံစားရသူ
ဗာရာဏသီပြည်၌ ကျောက်စရစ်ပစ်အတက်၌ ကျွမ်းကျင်သော သူဆွံ့ တစ်ယောက်ရှိ၏။ ကလေး များက သူ့ကို ရထားပေါ်တင်ဆွဲလျက် မြို့ပြင် ညောင်ပင်ကြီးသို့ ခေါ် ဆောင်ကာ ညောင်ပင်ခွကြား၌ တင်ထားကြ၏။ “ဆင်ရုပ်ပြပါ မြင်းရုပ်ပြပါ” စသည်ဖြင့် လိုချင်ရာအရုပ်ကို လုပ်ခိုင်းသော် ကျောက်စရစ်ဖြင့် ပစ်ကာ ညောင်ရွက်များ၌ လိုရာအရုပ်ကို ပေါ်စေ၏။ ဗာရာဏသီပြည့်ရှင် ဘုရင်မင်း မြို့လှည့်လာ၍ ညောင်ပင်ကြီးအရောက်မှာ ကလေးများ ထွက်ပြေး သဖြင့် သူဆွံ့သာကျန်နေရစ်၏။ ညောင်ရွက်များ ကြိုးတိုးကျဲတဲဖြစ်နေ၍ အကြောင်းကို မေးမြန်းသော် အကြောင်းသိရသောအခါ မိမိမှာ စကားအလွန်များသော ပုရောဟိတ်ပုဏ္ဏားအတွက် စိတ်ပျက်နေရာ ထိုပုရောဟိတ်ကို ဆုံးမရန် နည်းလမ်းရပြီဟု ငဆွံ့ကို ခေါ်ကာ တိုးတိုးတိတ်တိတ် ပြောပြ၏။ ငဆွံ့ က ဆိတ်ချေးတစ်စလယ်ရလျှင် တတ်နိုင်ကြောင်း လျှောက်၏။ ငဆံ့ ကို ခေါ်သွားပြီးလျှင် ကန့်လန့်ကာအတွင်းကို နေစေလျက် ကန့်လန့်ကာကို အပေါက်ဖောက်စေ၍ ထိုအပေါက်တည့်တည့်မှာ ပုရောဟိတ်၏ နေရာခင်းထား၏။ ပုရောဟိတ်ရောက်လာ၍ ထိုနေရာ၌ထိုင်ကာ စကား ပြောတော့သည်။ အထဲက ငဆွံ့ လည်း ကန့်လန့်ကာပေါက်ဖြင့် စကားပြောနေသော ပုရောဟိတ် ပါးစပ်ထဲသို့ ဆိတ်ချေး တစ်လုံးပြီးတစ်လုံး ပစ်ထည့်နေ၏။ ဆိတ်ချေးတစ်စလယ်ကုန်သောအခါ ကန့်လန့်ကာကိုလှုပ်၍ အချက်ပေးသော် ဘုရင်က “ဆရာ တယ်စကားပြောနိုင်တာပဲ၊ ဆိတ်ချေး တစ်စလယ်ကုန်သည်အထိ စကားမပြတ်နိုင်၊ ကဲ အိမ်ပြန်ပြီး အန်ဆေးသောက်လိုက်ဦး" ဟုဆို၏။ ပုရောဟိတ်လည်း အရှက်ရကာ နောင်အခါ စကားမများတော့ပြီ။ ဘုရင်လည်း သူဆွံ့ ကြောင့် ငါနားချမ်းသာပေသည်ဟု သူဆွံ့အား ရွာကြီးလေးရွာ အပိုင်စား ပေးအပ် ချီးမြှောက်ခဲ့လေသည်။ (ဧကနိပါတ် သာလိတ္တဇာတ် ဇာ၊ဋ္ဌ၊၁၊၄၄၂)
အတတ်ဖြင့် အကျိုးမဲ့သူ
ထိုသူဆွံ့ ထံမှ ကျောက်စရစ်ပစ်အတတ်ကို လူတစ်ယောက် သင်ခဲ့၏၊ တတ်မြောက်သော် မိမိ အတတ်ကို စမ်းရန် မြို့ပြင်သို့ထွက်အလာ ဆွမ်းခံကြွလာသော သုနေတ္တ မည်သော ပစ္စေကဗုဒ္ဓါကို မြင်ရ၍ သူ့ကိုစမ်းမှဟု လက်ျာနားပေါက်ကိုချိန်၍ ပစ်လိုက်သော ကျောက်စရစ်ခဲစ-သည် လက်ဝဲနားပေါက်ဖောက်လျက် ထွက်သွား၏။ အရှင်မြတ်လည်း ဆွမ်းခံကြွတော် မမူနိုင်တော့ပဲ ကျောင်းသို့ပြန်ကြွကာ ပရိနိဗ္ဗာန်စံတော်မူရရှာ၏။ “တို့အရှင် ကြွမလာပါတကား” ဟု လူတွေလိုက်လာသော် ပရိနိဗ္ဗာန်စံနေသည်ကို တွေ့ရ၍ သည်းစွာငိုကြွေးကြ၏။ ထိုအခိုက် ကျောက်စရစ်ပစ်သမား ရောက်လာပြီးလျှင် မိမိအတတ် စမ်းလိုက်ကြောင်းပြောပြရာ “တို့အရှင်ကို သတ်သော သူယုတ်မာ” ဟု ဝိုင်းရိုက်သဖြင့် စုတေကာ အဝီစိငရဲ၌ကျတော့သည်။ ငရဲမှလွတ်သော် တဖန် ဂိဇ္ဈကုဋ်တောင်၌ သုံးဂါဝုတ်ရှိသော ပြိတ္တာဖြစ်ရပြန်သည်။ ထို ပြိတ္တာ၏ခေါင်းပေါ်သို့ တူအလုံးခြောက်သောင်းတို့က မပြတ်ထုနှက် ခေါင်းကို ရိုက်ခဲ့လျက် ရှိလေသည်။ လူမိုက်၏အတတ်မှာ အကျိုးမဲ့ဖို့ရာသာ ဖြစ်လေသည်၊ အတတ်ပညာကား အသုံးချတတ်လျှင် မြတ်၏၊ အသုံးမချတတ်လျှင် အရှုံးသာ အဖတ်တင်တတ်ကြောင်းပြသော သင်ခဏ်းစာပင်တည်း။ (ဓမ္မပဒ၊ဋ္ဌ၊၁၊၃၂၅)
သုသိက္ခိတဝိနယ
[ဝိနေတီတိ ဝိနယော။
ဝိနေတိ၊ ဆုံးမတတ် သင်ပြတတ်၏။ ဣတိ၊ ထို့ကြောင့်။ ဝိနယော၊ ဝိနယမည်၏။] ဝိနည်းကို နားလည်ထားသူ၌ ထိုဝိနည်းက ဘယ်သို့နေထိုင် သွားလာ စားသောက်ရမည်များကို ညွှန်ပြသကဲ့သို့ ဖြစ်သောကြောင့် သင်ပြတတ်သည် ဟုဆိုသည်။ အပြောအဆို အနေအထိုင်များ အချိုးကျအောင် ပဲ့ပြင်တတ်သော စည်းကမ်းများပင်တည်း။ သုသိက္ခိတ-အရ ကောင်းစွာသင်ခြင်း, ကျင့်ခြင်း ဟု အနက်နှစ်မျိုးဖြစ်ရာ ကျင့်ခြင်းသာ ပဓာန ဖြစ်၏။ ဝိနည်းတတ်၍ မကျင့်လျှင်လည်း မင်္ဂလာမဖြစ်။ ရဟန်းဝိနည်း, လူဝိနည်းဟု နှစ်မျိုးရှိခဲ့ရာ အာပတ်ခုနစ်ပုံသို့ မရောက်အောင် ကျင့်ခြင်း သို့မဟုတ် စတုပါရိသုဒ္ဓိသီလကို စောင့်ရှောက်ခြင်းမှာ ရဟန်းဝိနည်းဖြစ်၏။ ဤဝိနည်းကို အရဟတ္တဖိုလ် ပေါက်ရောက်အောင် ကျင့်ခြင်းဖြင့် လောကီ, လောကုတ္တရာ သုခရနိုင်သောကြောင့် မင်္ဂလာဖြစ်ရသည်။
လူ့ဝိနည်း
လူ ဝိနည်းကို အဋ္ဌကထာက “အဂါရိကဝိနယောနာမ ဒသ အကုသလကမ္မပထဝိရမဏံ= အကုသိုလ်ကမ္မပထတရားဆယ် ပါးမှရှောင်ခြင်းသည် လူ့ဝိနည်းမည် ၏”ဟု ဖွင့်၏။ အကုသိုလ် ကမ္မပထတရား ဆယ်ပါးမှ မရှောင်သူမှာ တခြား လူ့စည်းကမ်းများကိုလည်း ချိုးဖောက်မည်သာ၊ ထိုဆယ်ပါးမှ ရှောင်နိုင်လျှင် အခြားစည်းကမ်းများကိုလည်း လိုက်နာဖို့မခဲယဉ်း။ ထို့ကြောင့် အရင်းခံဖြစ်၍ အကုသလကမ္မပထတရား ဆယ်ပါးကိုသာ လူ့ဝိနည်းအဖြစ် ဖွင့်ခဲ့ခြင်း ဖြစ်ရာ၏၊ သိင်္ဂါလောဝါဒသုတ်ကို “ဝိနယသုတ္တန္တော နာမာယံ=ဤသုတ္တန်မှာ လူနည်းပြ သုတ္တန် ဖြစ်သည်”ဟု ပါထိကဝဂ္ဂဋ္ဌကထာ ဆို၏။ ထိုသုတ္တန်၌ လူများရှောင်ရမည့် အကျင့်များ လိုက်နာ ပြုကျင့်ရမည့် အကျင့်များကို ဟောထား၏။ မိဘနှင့် သားသမီးများ, ဆရာနှင့် တပည့်, လင်နှင့်မယား, အရှင်နှင့် ကျွန်, ဆရာနှင့် တကာ, ပြုကျင့်ရမည့် ဝတ်တရားများကို ထိုသုတ္တန်၌ တွေ့နိုင်၏။
ထိုကျင့်ဝတ်များကား ရှေးဆရာတို့ လင်္ကာများအရ ပျံ့နှံ့ ထင်ရှားလျက် ရှိနေသည်။ ယင်းကျင့်ဝတ်များမှာ မပြုမနေထိုက်သော လူ့ကျင့်ဝတ် ဝိနည်းများပင်၊ မှန်၏၊ လောက၌ မပြုသင့်သည်ကို ပြုခြင်းသည် အကုသိုလ်ဖြစ်သကဲ့သို့ ပြုသင့်ပြုရမည်ကို မပြုခြင်းသည်လည်း အကုသိုလ် ပင်။ ဤကျင့်ဝတ်များမှာ အချင်းချင်း ချစ်ခင်လေးမြတ်ရန် စည်းလုံးသင့်မြတ်ရန် ဆက်ပေးသော ဂဟေဆက်များဖြစ်ရာ ဤဝတ်တရား မကျေသော လူ့အဖွဲ့များ၌ ပြဿနာအမျိုးမျိုး ပေါ်လျက်ရှိရ၏။ ဝတ်တရား ကျေပွန်သော လူများကား အမြဲတန်း သာယာလျက် ရှိပေသည်။ မေတ္တာ, ကရုဏာ, မုဒိတာ တရားထွန်းကားနေသာ ခေတ်အခါမျိုး၌ဆိုလျှင် ဤဝတ်တရားများမှာ အလိုလိုပြည့်လျက်ရှိရာ စည်းကမ်းပင် သတ်မှတ်ဖွယ် မလိုတော့ပေ။ ထို့ပြင် နေပုံ ထိုင်ပုံ ပြောပုံ ဆိုပုံ စားပုံ သောက်ပုံ အချင်းချင်းဆက်ဆံပုံ စသည်၌ မရိုင်းအောင် ယဉ်ကျေးအောင် လူမျိုးအလိုက် သတ်မှတ်ထားသော စည်းကမ်းများရှိရာ ထိုစည်းကမ်းများလည်း ဝိနယပင်။ ပြည်သူ့ကျင့်ဝတ်ခေါ် တစ်တိုင်းပြည်လုံးနှင့် ဆိုင်သော အရာများ၌ ရှောင်ရ လိုက်နာရမည့် စည်းကမ်းများလည်း ရှိတတ်ရာ ထိုစည်းကမ်းများလည်း ဝိနည်းပင် ဆိုရ၏။
ပြင်ပေးလျှင် လက်ခံပါ။
စည်းကမ်းဝိနည်း နားလည်၍ လိုက်နာသူမှာ ပညာရှိ သူတော်ကောင်းတို့၏ အမြင်တွင် ယဉ်ကျေးလျက်ရှိနေရာ ဝတ်စားတန်းဆာ အချိုးကျ ဆင်ထား သကဲ့သို့ ရှုချင်ဖွယ်ဖြစ်ရ၏။ ဝိနည်းမတတ် တတ်သော်လည်း မကျင့် မလိုက်နာသူမှာ လွန်စွာရိုင်းလျက် ပညာရှိတို့အမြင်ဝယ် စက်ဆုတ်ဖွယ် ကဲ့ရဲ့ဖွယ်ရာ အမင်္ဂလာသာ ဖြစ်ရသည်။ မိမိက မတတ်၍ တစ်စုံတစ်ယောက်က ပြင်ပေးလာလျှင် ယဉ်မည့်လှမည့်တန်းဆာကို ပေးအပ်လာသကဲ့သို့ ဝမ်းသာစွာ လက်ခံထိုက်၏။ လူ သဘာဝမှာ မာနခံကလေးများ ရှိတတ်ရာ ထိုကဲ့သို့ ပြင်ပေးသည်ကို မခံခြင်ဖြစ်ကာ ပြန်လှန်ပြောဆို ဆန့်ကျင်ဘက် ပြုတတ်ကြ၏။ ထိုသူမျိုးမှာ မိမိရမည့် ကျက်သရေ မင်္ဂလာကို ဖျက်သည့် သူသာတည်း။
ဂန္ဓာရဇာတ်။
ဤအရာ၌ အလျဉ်းသင့်၍ ဂန္ဓာရဇာတ် အကျဉ်းချုပ်ကို ဆိုပေအံ့။ ရှေးက ဂန္ဓာရရသေ့နှင့် ဝေဒေဟ ရသေ့တို့ အတူနေရာ ဟိမဝန္တာတောမှ ခွါခဲ့ကြပြီးလျှင် အစွန်အဖျားရွာ တစ်ရွာသို့ ရောက်ခဲ့ကြ၏။ ရသေ့ နှစ်ပါးကား ဂန္ဓာရတိုင်း, ဝေဒေဟတိုင်း တို့ကို စွန့်ကာ ရသေ့ပြုလာသော ဘုရင်ပောင်းများ ဖြစ်ကြသည်။ ထိုရွာ၌ နေကြရာ တစ်နေ့ ဆွမ်းခံရာမှ ရလာ၍ ပိုနေသောဆားကို ဝေဒေဟ ရသေ့က ကျောင်းခေါင်မိုး၌ ထိုးထား၏။ နောက်နေ့ ဆားမရသောအခါ ထိုဆားကိုယူ၍ ဂန္ဓာရရသေ့အား ပေးသော် “ယနေ့ ဆားမရပါတကား ဤဆား ဘယ်ကရသနည်း”ဟု မေးရာ မနေ့ကပို၍ သိမ်းထားကြောင်း ပြောသော် တိုင်းပြည်ကိုပင် စွန့်လာပါလျက် ဆားကလေးကိုမှ မက်မက်မောမော သိမ်းထားရကောင်းလား”ဟု အပြစ်တင် ဆုံးမ၏။
ထိုအခါ ဝေဒေဟရသေ့က မခံချင်၊ “အရှင်ဘုရားသည် သူတပါးကို မဆုံးမလို မိမိကိုယ်ကို ဆုံးမရန် ထွက်လာပြီး ယခု သူတပါးကို ဆုံးမရသလား”ဟု ပြန်လှန်ပြောဆို၏။ “ဝေဒေဟ၊ ငါကား တရားသည်ကို ပြောခြင်းဖြစ်၏၊ မတရားသည်ကို ငါမကြိုက်၊ တရားသည်ကို ပြောသောငါ့မှာ မကောင်းမှု မဖြစ်”ဟု ဆိုသော် “ဘာကြောင့်ပဲ ဖြစ်စေ၊ သူတပါးကို ထိခိုက်လျှင် အကျိုးရှိသည်ကိုပင် မပြောသင့်”ဟု ဆိုပြန်၏။ “သူတပါး ထိလိုထိ ဖွဲပြာလိုပင် လွှင့်သွားစေတော့ တရားသည်ကို ပြောသော ငါ့မှာ အပြစ်မရောက်”ဟု ဆိုပြီးနောက် ဆက်လက်ဆုံးမပြန်သည်။ "ဝေဒေဟ..ကိုယ်ပိုင်ဉာဏ်လည်း မရှိ ဝိနည်းလည်း မသင်သော လူအများသည် တောထဲက ကျွဲကန်းကြီး မမြင်မစမ်း သွားနေဘိသကဲ့သို့သာ ရှိတော့သည်။ ဆရာသမားထံ သင်ကြားရ၍ ဆုံးမအပ်ပြီးသော ဝိနည်းရှိသူတို့သာ တည်ကြည်သော စိတ်ရှိ၍ သွားလာလှည့်လည်ကြရသူတို့ ဖြစ်တော့သည်" ဟူသော အဆုံးအမ ကြားရမှ မိမိအမှား ဝန်ချ တောင်းပန်ခဲ့၏။
ဤဝေဒေဟ ရသေ့ကား သတိတရားရ၍ တော်သေး၏၊ အကယ်၍ဝန်မခံပဲ လုံးလုံး ဆန့်ကျင်ခဲ့လျှင် အကျိုးနည်းရှာပေတော့မည်။ ယခုမူ ဂန္ဓာရရသေ့၏ အဆုံးအမကို ဆက်လက်နာခံခဲ့ရာ ဈာန်သမာပတ်တွေရကာ အကျိုးရှိခဲ့ ရသည်။ (ဇာ၊ဋ္ဌ၊၃၊၃၄ သတ္တကနိပါတ်၊ ဂန္ဓာရဇာတ်)
သုဘာသိတဝါစာ။
ဒုစရိုက်မဖြစ် အပြစ်ကင်းသော စကားကို သုဘာသိတဝါစာ (=ကောင်းစွာပြောအပ်သောစကား) ဆိုရ သည်။ ဤသုဘာသိတဝါစာ အရာ၌ “စကားအရာ အင်္ဂါ လေးတန်” ဟု ဆိုရိုးရှိခဲ့၏။ သဂါထာဝဂ္ဂ-ဂီသသံယုတ် သုဘာသိတသုတ်လာ စကား လေးမျိုးပင်။ ထိုစကားများကား -
(၁) သုဘာသိတ=ကောင်းသောစကား။
(၂) ဓမ္မ=တရားသောစကား။
(၃) ပိယ=ချစ်ဖွယ်စကား။
(၄) သစ္စ = အမှန်စကားတို့ ဖြစ်သည်။
ထိုတွင် သူအချင်းချင်း မတဲ့အောင် ရန်တိုက်ပေးသော ပိသုဏဝါစာကို မပြောဆိုဘဲ ကွဲပြားသူများ ညီညွတ်အောင်, ညီညွတ်နေသူများ ပိုမိုညီညွတ်အောင် ပြောဆိုသော စကားကို သုဘာသိတ-ဟု ဆိုသည်။ သမ္ဖပ္ပလာပ (-အနက်အဓိပ္ပါယ်ကင်းမဲ့သော စကားအဖျင်း) ကို မဆိုဘဲ ရှောင်ရှားလျက် အဖြစ်အပျက် အကြောင်းအရာမှန်, သဘာဝမှန်ကို ပြောဆိုခြင်းကား ဓမ္မဖြစ်သည်။ ဖရုသဝါစာ (=ဆဲရေးမောင်းမဲ ကျိန်ဆဲခြင်း စသော ကြမ်းတမ်းသောစကားကို မဆိုဘဲ သာယာပြေပြစ် နှစ်လိုဖွယ် ပြောဆိုသော စကားမှာ ပိယ (=ချစ်ဖွယ်စကား) ဖြစ်၏။ မုသာဝါဒ (=လိမ်ပြောသောစကား) ကို မဆိုဘဲ အမှန်အတိုင်း ပြောသောစကားမှာ သစ္စာပင်တည်း။
တမျိုးယူပုံ။
ဆိုခဲ့ပြီးစကားအရ သုဘာသိတမှာ ဝစီဒုစရိုက်လေးပါးမှ ရှောင်ခြင်းပင်ဖြစ်၏။ ထိုရှောင်ခြင်းမှာ “ဝိနယော စ သုသိက္ခိတော” ၌ ဝိနယအရတွင် ပါဝင်ခဲ့ရာ ထပ်မနေရအောင် သုဘာသိတ၌ ယူထားသော လေးပါးကိုချန်၍ ကျန်ကာယမနော ဒုစရိုက်များမှ ရှောင်ခြင်းကို ဝိနယအရယူရန် မှာပြီးနောက် ထိုသို့ ဝိနယနှင့် သုဘာသိတ အနုတ် အပယ်တွေ လုပ်ဖွယ်မလို အလုပ်မရှုပ်ရန် တနည်း ဖွင့်ပြ၏။ ထိုနည်းအရ သူတပါးအား တရားဟောခြင်း စသော စကားကို သုဘာသိတ ဆိုရသည်။
ဤစကားအရ တရားသာမက လောကရေး၌ အများအကျိုးရှိအောင် နည်းညွှန်နိုင်သော အပြောကောင်းအဆိုကောင်း ပုဂ္ဂိုလ်တို့၏ ဟောပြောချက် များကိုလည်း သုဘာသိတပင် ဆိုရတော့ သည်။ စကားပြောကောင်းခြင်းမှာ ခေါင်းဆောင် အကြီးအမှူး ဖြစ်နိုင်ခြင်း, သူတပါးကို လမ်းမှား လမ်းမှန် ဝေဖန်ပြနိုင်၍ အများအကျိုး ဆောင်သူ ဖြစ်ရခြင်း အများ၏ ချစ်ခင်ကြည်ညို ရိုသေလေးစားခြင်းကို ခံရခြင်း စသည်ဖြင့် အကျိုးများလှ၏။ ထိုသို့ စကားပြောကောင်းမှု၌ ပဋိသန္ဓေက ပါလာသော သဘာဝကောင်းမှု ပြုပြင်၍ ကောင်းမှုဟု နှစ်မျိုး ရှိတတ်သေးရာ ပဋိသန္ဓေပါ သဘာဝ အကောင်းရှိသူများမှာ အထူး မကြိုးစားရဘဲ သူတပါးကို ဆွဲဆောင်နိုင်လောက်အောင် ကောင်းကြ၏။ ပဋိသန္ဓေပါ ပင်ကိုကောင်း မဟုတ်သူများကား အထူးကြိုးစားပေးခြင်းဖြင့် စကားပြောကောင်း ဖြစ်နိုင်ကြ၏။ ထို့ကြောင့် ဗဟုသုတ စုဆောင်းခြင်း, ပြောနည်းဆိုနည်း လေ့လာခြင်း စသည်ဖြင့် စကားပြောကောင်း တစ်ယောက်ဖြစ်ကာ အထက်တန်းသို့ တက်လှမ်းနိုင်သည်။
လျှာဓားမ။
“မွေးလာသော ယောက်ျား၏ ပါးစပ်ထဲ၌ ဓားမကြီးရှိနေ၏။ ယင်းမားမကြီးဖြင့် လူမိုက်သည် မကောင်းပြော လျက် မိမိကိုယ်ကို ဖြတ်ပိုင်းတတ်၏”။ ဤစကားမှာ သဂါထာဝဂ္ဂ ဗြဟ္မသံယုတ် (သံ၊၁၊၁၅၁၊ ၁၅၄)၌ ဟောတော်မူချက်နည်း။ ဓားမကြီးကား လျှာကို တင်စားခြင်းဖြစ်၏။ လျှာကို အသုံးမချတတ်၍၊ ငရဲရောက်သူ ပြိတ္တာဖြစ်သူတွေမှာ ကျမ်းဂန်းအရ မနည်းဖြစ်ရာ ထိုသူတို့ကို လျှားမက ပိုင်းလိုက်ခြင်းပင် ဖြစ်တော့သည်။
သံသရာသာမက ယခုဘဝ၌ပင် လျှာသရမ်း၍ ဘေးသင့်ခြင်း, ကြီးပွါးမှု လက်လွတ်ရခြင်း စသည်ဖြင့် လျှာအပိုင်းခံရသူတွေလည်း မနည်းလှ၊ လူမိုက်တို့၏လျှာသည် ဆေးမဖြစ်သော် လည်း လူလိမ္မာတို့၏ လျှာကား သံကို ဆွဲဆောင်နိုင်သော သံလိုက်ဖူးပင် ဖြစ်၏။ ချိုသာသောစကားကို မိမိနှစ်သက်၏။ ကြမ်းတမ်းသောစကားကို မကြားလို၊ သူတပါးလည်း ထို့အတူပင်။ သို့ဖြစ်လျှင် သူတပါးကို မိမိလက်ခံလိုသော ချိုသာသောစကားကို မပေးဘဲ အဘယ့်ကြောင့် မိမိပင် လက်မခံချင်သော ကြမ်းတမ်းသောစကားကို ပြောရပါအံ့နည်း။
သုဇာတဇာတ်။
ရှေးအခါက ဘုရားအလောင်းသည် ဗာရာဏသီပြည်၌ ဘုရင်ဖြစ်ခဲ့၏။ ဘုရားလောင်း၏ မယ်တော်သည် ဒေါသကြီး၍ ကြမ်းတမ်း၏၊ ဆဲရေးတက်၏။ ဘုရားလောင်းလည်း မယ်တော်ကို ဆုံးမဖို့ရာ အကြောင်းဥပမာ ရှုနေခဲ့၏။ တနေ့ ဘုရားလောင်း ဥယျဉ်တော်သို့ထွက်သော် မယ်တော်လည်း အတူပါလာသည်။ လမ်း၌ တစ်တီတူးငှက်သံ ကြားရသောအခါ လူ့အများက “အို အသံဆိုးသော ငှက်ရယ်…မမြည်ပါနှင့်ဟယ်” ဟုဆိုကာ နားပိတ်ကြ၏။
ဥယဉ်တဲ လှည့်စဉ်အပွင့်တွေဝေနေသော အင်ကြင်းပင်ကြီးပေါ်မှ ဥဩငှက် တွန်မြည်သောအခါ “အို အသံသာလှသော ငှက်ရယ်….မြည်ပါဦးဟယ်။ မြည်ပါဦးဟယ်” ဟု ဆိုကာ လည်ဆန့် နားစိုက်ကြ၏။ ထိုအချက်ကို သက်သေတင်ကာ ဘုရားအလောင်းက “မယ်တော် တစ်တီတူးငှက်သံ ကြားတော့ လူတွေ နားပိတ်ကြသည်၊ ကြမ်းတမ်းသော အသံကို ဘယ်သူမျ မကြိုက်ကြ ”ဟု ပြောပြီးနောက် “မယ်တော် အဆင်းလှပလျက် နှစ်သက်ဖွယ် ဖြစ်စေကာ အသံဆိုးဝါးလျှင် ဤလောက နောင်လောက ဘယ် လောကမှာမှ မချစ်မနှစ်သက်ကြ၊ ဥဩငှက်မှာ မည်းနက်၍ အဆင်းမလှသော်လည်း နူးညံ့ချိုသာစွာ တွန်တတ်၍ လူတွေ ချစ်မြတ်နိုးကြသည် မဟုတ်ပါလော၊ သို့ဖြစ်၍ ပညာဖြင့် နှိုင်းချိန်၍ ချိုသာသောစကားကိုသာ ဆိုသင့်ပါသည်”ဟု ဆို၏။ ထိုအခါမှစ၍ မယ်တော်လည်း မိမိ အကျင့်ဆိုးတို့ကို ဖျောက်ကာ အကျင့်ကောင်းသူဖြစ်လာရပေသည်။ (ဇာတက၊ဋ္ဌ၊၂၊၃၁၅ သုဇာတဇာတ်)
(၁၇) မာတာပိတု ဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော။
အနာကုလာ စ ကမ္မန္တာ၊ ဧတံ မင်္ဂလ မုတ္တမံ။
(၁၇) ဒေဝပုတ္တ၊ နတ်သား။ မာတာပိတု၊ အမိအဘကို။ ယံ ဥပဋ္ဌာနဉ္စ၊ အကြင်လုပ်ကျွေး ပြုစုခြင်းသည် လည်းကောင်း။ ပုတ္တဒါရဿ၊ သားမယားကို။ ယော သင်္ဂဟော စ၊ အကြင်ချီးမြှောက် ထောက်ပံ့ခြင်းသည် လည်းကောင်း။ အနာကုလာ၊ ရှုပ်ထွေးခြင်းကင်း သန့်ရှင်းကုန်သော။ ယေ ကမ္မန္တာ စ၊ အကြင် အမှုလုပ်တို့သည် လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤတရား လေးပါးကား။ ဥတ္တမံ၊ ကောင်းမြတ်သော။ မင်္ဂလံ၊ မင်္ဂလာပေတည်း။
မင်္ဂလာလေးပါး စကားပြေ-နတ်သား၊ အမိကို လုပ်ကျွေးပြုစုခြင်း၊ အဘကို လုပ်ကျွေးပြုစုခြင်း၊ သား မယားကို ချီးမြှောက် ထောက်ပံ့ခြင်း၊ ရှုပ်ထွေးခြင်း ကင်းအောင် အလုပ်လုပ်ခြင်း၊ ဤလေးပါးမှာ ကောင်းမြတ်သော မင်္ဂလာ ဖြစ်သည်။
မာတာပိတုဥပဋ္ဌာန။
မိဘကို လုပ်ကျွေးပြုစုခြင်းသည် အလွန်မွန်မြတ်သော ကောင်းမှုဖြစ်၍ မင်္ဂလာဖြစ်ရသည်။ မိမိအပေါ်၌ တင်နေသော မိဘကျေးဇူးတွေ အလွန်များသောကြောင့်၎င်း ဂုဏ်ကြီးမားလှသော မိဘတို့ကို လုပ်ကျွေး ပြုစုခြင်းဖြင့် အလွန် အကျိုး ကြီးမြတ်သောကြောင့်၎င်း မိဘနှစ်ပါးမှာ တကယ်လုပ်ကျွေး ပြုစုထိုက်သော ကျေးဇူးရှင် ပုဂ္ဂိုလ်များပေတည်း။ ဂုဏ်ကြီးပုံ ကျေးဇူးကြီးပုံကို ပြဆိုဦးအံ့။
ဗြဟ္မာ။
ဗြဟ္မာများ မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ ဘာဝနာလေးပါး မကင်းမကွာ အမြဲရှိနေသကဲ့သို့ ထို့အတူ မိဘများမှာလည်း သားသမီးတို့၌ ထိုဘာဝနာလေးပါး မစွန့်ခွါပဲ အမြဲ ဖြစ်ပွါးလျက် ရှိနေ၏။ သားသမီးကလေး ကိုယ်ဝန်ဆောင်ထားလျက် ရှိနေစဉ်ပင် မိခင် ဘခင်တို့မှာ “တို့သားကလေး ဘယ်အခါ အင်္ဂါပြည့်စုံလှပစွာ ကျန်းကျန်းမာမာ မွေးဖွားလာပါမည်နည်းဟု မေတ္တာစိတ် ဖြစ်နေ၏။ ဖွားလာ၍ ကိုယ့်သားသမီးကလေးကို မြင်နေရသောအခါမှာကား ဆိုဖွယ် မရှိတော့ပြီ၊ ပက်လက် အိပ်တတ်ရုံ နုနယ်သောအရွယ်မှာ သန်းကြမ်းပိုး ကိုက်၍ ဖြစ်စေ အအိပ်အနေ ဆင်းရဲ၍ဖြစ်စေ ငိုကြွေးသော အသံကြားရလျှင် မိဘတို့မှာ သနားကရုဏာဖြစ်လာရသည်။ ပြေးနိုင်လွှားနိုင် ကစားနိုင်သောအခါ သားသမီးကို ကြည့်၍ မိဘတို့စိတ်ထဲမှာ ဝမ်းသာခြင်း မုဒိတာဖြစ်ရသည်။ အိမ်ထောင်ကျ၍ တသီးတခြား အိုးအိမ် ထူထောင်သောအခါ “ယခု တို့သားကလေး ကိုယ့်အလိုအလျောက် အသက်မွေးနိုင် ပေပြီ” ဟု လျစ်လျူရှုသော သဘော ပေါ်လာ၏၊ ထိုအခါ ဥပေက္ခာ ဖြစ်သည်။ ဤသို့ သူ့အခါလိုက် သားသမီးများအပေါ်၌ ဗြဟ္မဝိဟာရတရား လေးပါး ဖြစ်ပွါးလျက်ရှိသောကြောင့် “ဗြဟ္မာတိ မာတာပိတရော=မိဘတို့မှာ ဗြဟ္မာများပင်” ဟု ဘုရားရှင် ဟောတော်မူခဲ့ခြင်း ဖြစ်သည်။
ပုဗ္ဗာစရိယ (လက်ဦးဆရာ)။
မိဘတို့သည် အလွန်ငယ်သော အရွယ်က စ၍ “ဒါဘာခေါ်တယ်” စသည်ဖြင့် ပြောတတ်ဆိုတတ်အောင် သင်ပေးကြ၏။ နေတတ်ထိုင်တတ်, စားတတ် သောက်တတ်အောင် သင်ပြကြ၏။ ပြုသင့် မပြုသင့် ပေါင်းသင့် မပေါင်းသင့်သော အချက်များကို နားလည်အောင် သင်ပေးကြ၏။ နောက်မှ တခြားဆရာများက စာသင်္ချာ စသော အတတ်များကို သင်ပေးကြ၏။ ယင်းသို့ အခြားဆရာများထက် ရှေးဦးကျသော ဆရာများဖြစ်၍ မိဘများက လက်ဦးဆရာ ဖြစ်ကြရသည်။ ထို့ကြောင့် “ပုဗ္ဗာစရိယာတိ ဝုစ္စရေ=လက်ဦးဆရာ ခေါ်ဆိုထိုက်၏" ဟု ဘုရားဟောတော်မူသည်။
ကျေးဇူးအများ ပြုဘူးများ။
ထိုသို့ ဂုဏ်ပြုရသည်မှာ ကျေးဇူး အလွန်များသည်၏ အဖြစ်ကြောင့်ပင်၊ မိဘတို့သည် မိမိတို့သားသမီးများ အသက်ရှည်ရန် နည်းအမျိုးမျိုးဖြင့် ပြုစုစောင့်ရှောက်ကြ၏။ မိခင်သည် မိမိသွေးနို့ရည် တိုက်ကာ ကြီးပွါးအောင် စောင့်ရှောက် မွေးမြူခဲ့၏။ ဤ လောကကြီးကို သိကြရ မြင်ကြရအောင် ပြတတ်ကြကုန်၏။ ထိုမျှ ကျေးဇူးကြီးသောကြောင့်ပင် လောကီနည်းဖြင့် ဆပ်မည်ဆိုသော် ဘယ်နည်းနှင့်မျှ ဆပ်မကျေနိုင်ကြောင်း ဟောခဲ့ခြင်းဖြစ်သည်။ မိဘကျေးဇူး ပြေလည်အောင် ဆပ်မည်ဟု လက်ျာပခုံးပေါ် အမိကို တင် လက်ဝဲပခုံးပေါ် အဘကို တင်လျက် အသက်တစ်ရာရှည်သူသည် ထိုအနှစ်တစ်ရာပတ်လုံး ပြုစုလုပ်ကျွေးသော်လည်း မကျေနိုင်ကြောင်း သဒ္ဓါ သီလ စသော သူတော်ကောင်းတရား မရှိသေးသော မိဘတို့ကို သဒ္ဓါရှိအောင်, သီလရှိအောင်, ပညာရှိအောင် ပြုခြင်းဖြင့်သာ ကျေးဇူးပြေအောင် ဆပ်ရာရောက်ကြောင်း ဟောတော်မူသည်။ (အံ၊၁၊၆၃)
ထိုမျှ ကျေးဇူးကြီး ဂုဏ်ကြီးသောကြောင့် မိဘများကို ရှိခိုးရမည်။ ထမင်း အဖျော် အဝတ်အစား အိပ်ရာ နေရာပေးခြင်း ရေချိုးပေးခြင်း ခြေဆုတ်လက်နယ်ပြုခြင်း စသော ဝတ်တရား များဖြင့် ကောင်းစွာပြုစုရမည်။ ထိုသို့ ဝတ်တရား ကျေပွန်စွာပြုစုခြင်းဖြင့် ယခု ဘဝမှာပင် ပညာရှိသူများ ချီးမွမ်းခံရသည်။ နောင်ဘဝ နတ်ပြည်၌ ပျော်မွေ့ရသည်ဟု ဘုရားရှင် ဟောတော်မူသည်။ (အံ၊၁၊၁၃၀-၁)
နောင်တ မဖြစ်စေနှင့်။
မိဘများကို ပစ်ထားသော သားသမီးအချို့ ရှိတတ်၏။ ပြစ်မှားသော သားသမီး ထိုမျှမက ရှိတတ်၏။ ထိုသူတို့သည် နောင်တချိန်မှာ နောင်တရတတ်၏။ သို့သော် နောင်တရသော အချိန်တွင် မိဘများ မရှိတော့ပြီဖြစ်ရာ နောင်တသာ အဖတ်တင်၍ တသက်လုံး စိတ်မချမ်းသာခြင်းကို ရင်ဝယ်ပိုက်လျက် နေရတတ်သည်။ အဇာတသတ်မင်းသည် ဒေဝဒတ်နှင့် ပေါင်းမိ၍ ခမည်းတော် သူတော်ကောင်း … ကျောင်းဒကာ ဗိမ္ဗိသာရမင်းကြီးကို ထောင်သွင်း အကျဉ်းချထား၏။ ခြေဖဝါးကို ဓားနှင့်မွှမ်းခိုင်းသည်အထိ ရက်စက်ခဲ့ သည်။
နောင် မိမိသားတော်ကလေး မွေးလာသည်ကို ကြားရသောအခါ ရိုးတွင်းခြင်ဆီ စိမ့်ခိုက်သည်အထိ ပီတိဖြစ်ကာ ချစ်မေတ္တာ ပေါ်လာသောအခါမှ ငါ့ခမည်းတော်လည်း ငါ့ကို ဤသို့ ချစ်ရှာပေမှာပဲ”ဟု သတိရကာ မယ်တော်ကို မေးခဲ့သည်။ ထိုအခါ မယ်တော်က “ဘယ့်နှယ် ပြောပါလိမ့် သားတော်ရယ်၊ သားတော်ငယ်ငယ်က သားတော်ရဲ့ လက်ညှိုးမှာ ခူနာပေါက်ရာ မင်း ခမည်းတော်မှာ ခူနာပေါက်သည့် လက်ညှိုးကို ပါးစပ်ထဲ ငုံထားရှာတယ်။ ပါးစပ်ထဲမှာ ပြည်ပေါက်တော့ ထွေးလိုက်လျှင် သားတော်နာပြီး နိုးမှာစိုးလို့ မျိုချလိုက်ရှာတယ်။ ဤမျှ ချစ်ရှာတယ်”ဟု ပြောမှ နောင်တရကာ ခမည်းတော်ကို လွှတ်စေဟု အမိန့်ချ၏။ သို့သော် အခါနှောင်းခဲ့ပြီ။ ခမည်းတော်ကား နတ်ရွာစံခဲ့ရရှာပြီ။ ဤနောင်တကား အဇာတသတ်မှာ ထက်ကြပ်မကွာ တစ်သက်လုံးလိုက်ပါလျက် နှိပ်စက်နေ တော့၏။
ဂုဏ်ကို သိသူမှာ ဂုဏ်။
ဘုရားရှင်ကား မိဘတို့ဂုဏ်ကျေးဇူးကို အထူးမြှောက်စား ဟောကြားခဲ့၏။ မိဘတို့ကို လုပ်ကျွေး၍ ဘေးရန်ကင်းရပုံ အကျိုးခံစားရုံ ဟောကြားခဲ့သော ဇာတ်တော်များမှာလည်း အတော်များများ တွေ့နိုင်ပါသည်။ အခြားပညာရှင်များကလည်း မိဘဂုဏ်ကျေးဇူးကို အထူးမြှောက်စားခဲ့ကြ၏၊ မြင်းမိုရ်တောင်ဦး မကကျူးသား ဆိုသည်မှာ တကယ်ဂုဏ်ကို မြင်သူတို့၏ ချီးကျူးချက်တည်း။
ယခုခေတ်ကား ရတနာ သုံးပါးကိုပင် ပယ်ချင်သော ပုဂ္ဂိုလ်များ အတော်များနေခဲ့ရာ မိဘဂုဏ်ကျေးဇူးကိုမူ ဆိုဖွယ်မရှိ။ ရှုပ်ဝတ္ထုကို အလေးပေးသော ခေတ်၌ နာမ်ဓာတ်၏ သတ္တိအရှိန်အဝါ အာနုဘော်များကို အသိအမှတ် မပြုလိုကြ၊ သို့ဖြင့် မိဘဆရာသာမက ရတနာသုံးပါးအပေါ် ထားသော စေတနာများကိုပင် စေတနာမျှသာ ဘာမျှ အကျိုးမရှိသော အနေ ထင်မြင်ယူဆ ပြောဆိုတတ်ကြ။ ဤကား တဖက်စွန်းသို့ လွန်ကျွံသွားသူတို့၏ သဘာဝ အတိုင်းဖြစ်၏။ မည်သည့် အရာ၌မဆို နှစ်ဖက် မျှမျှတတ ဖြစ်အောင် အလယ်ကနေ ချိန်ကြည့်တတ်ဖို့ လို၏။ ထိုသို့ ကြည့်ရာ၌ သဒ္ဓါနှင့် ပညာ မျှမျှတတ တဖက်သို့ မလွန်ရအောင် ပဲ့ပြင်ပေးဖို့လည်း လိုလှ၏။ ထိုသို့ မဟုတ်ခဲ့မူ ဂုဏ်သည် အပြစ်ဖြစ်၍ အပြစ်သည် ဂုဏ်ဖြစ်နေတတ်သည်။ “မြစ်များသည် ချိုသော ရေရှိသည်ဖြစ်၍ စီးနေကြ၏။ သို့သော် သမုဒ္ဒရာရောက်က သောက်မရ ဖြစ်တော့သည်။ ဂုဏ်များသည် ဂုဏ်ကို နားလည်သူများ၌ တကယ်ပင် ဂုဏ်များဖြစ်ကြ၏။ ဂုဏ်မရှိသူ ဂုဏ်မသိသူများသို့ ရောက်ပါက အပြစ်သာ ဖြစ်ရတော့သည်”။ ဤနီတိဖြင့် လူမိုက်နှင့် လူလိမ္မာတို့အပေါ် ရောက်နေသော ကျေးဇူးဂုဏ်များ၌ အမြင်ချင်း အလှမ်းဝေးကွာလှပုံကို သိရတော့သည်။
ပုတ္တဒါရသင်္ဂဟ။
ပုတ္တ-ဒ္ဒါသည် အချို့အရာ၌ သားကိုသာ ဟောသော်လည်း သမီးကိုပါ ယူရသော အရာလည်းရှိ၏၊ ဤပုတ္တဒါရဿ သင်္ဂဟော၌ ပုတ္တအရ သမီးကိုပါယူရသည်၊ သားသမီးဇနီး တို့ကို ချီးမြှောက်ခြင်းမှာ မင်္ဂလာပင်တည်း။ ထိုတွင် သားသမီး ချီးမြှောက်ခြင်းဟူသည် မိအဝတ္တရားကို မပျက်စေခြင်းပင်။ မကောင်းမှုမှ မြစ်တားခြင်း ကောင်းရာကို ညွှန်ကြားခြင်း အတတ်ပညာသင်စေခြင်း သင့်တော်သောအခါ ဥစ္စာပေးကမ်းခြင်း အရွယ်ရောက်သောအခါ လက်ထပ်ပေးခြင်း။ ဤငါးပါးကား မိဘတို့ကျင့်ရမည့် ဝတ်တရားများဖြစ်၏။
ဤဝတ်များ၌ မကောင်းမှုမှမြစ်တား ကောင်းမှုကို ညွှန်ကြားခြင်း, ပညာသင်စေခြင်းများမှာ သားသမီးကောင်း ဖြစ်ရေး၌ အလွန် အရေးပါလှ၏။ ဤအရာ၌ မဟာဓန သူဌေးသားဝတ္ထုကို သတိပြုအပ်၏။ ထို သူဌေသား ဇနီးမောင်နှံ၏ မိဘများမှာ ကုဋေလေးဆယ်စီ ကြွယ်ဝကြ၏ “ငါတို့မှာ ပစ္စည်းတွေ အများကြီးပဲ၊ ငါတို့ သားသမီးများ အလုပ်လုပ်ဖွယ် မလို” ဟု အက အဆိုအတီး အမှုတ်ကိုသာ သင်ပေးခဲ့ကြသည်။ မိဘများ ကွယ်လွန်သွားသောအခါ အရက်သမားများနှင့် ပေါင်းမိ၍ ရှိသမျှ ဥစ္စာတွေ ဖြုန်းကုန်ကာ သူတကာ၏ အိမ်နံရံကို မှီလျက် ခွက်လက်စွဲ တောင်းစားရသော အခြေသို့ ရောက်ရှာသည်။ သူတို့ကား စီးပွါးရေးကို ကြိုးစားလျှင် ပဌမတန်း သူဌေးဖြစ်နိုင်၍ တရားရှာလျှင် မဂ်ဖိုလ်ရနိုင်လောက်အောင် အခြေခံကောင်းကြသူများ ဖြစ်လျက် လူဖြစ်ရှုံးရသည်မှာ နစ်နာလှပေသည်။ သူတို့မိဘများသည် သားသမီးအပေါ်၌ ဝတ်တရားကျေပြွန်၍ ဆုံးမပဲ့ပြင် ပညာသင်ပေးခဲ့လျှင် ထိုသူဌေးသားမောင်နှံမှာ ဤမျှ နစ်နာဆုံးရှုံးမှု မဖြစ်တန်ရာ၊ မိဘတို့ အချစ်မတတ်၍ အရှုံးကြီးရှုံးကြရရှာသည်။
အနာထပိဏ်သူဌေးသား ကာလ။
သားသမီးကို ချီးမြှောက်ရာ၌ အနာထပိဏ်သူဌေးကြီး၏ နမူနာယူသင့်၏။ ရတနာသုံးပါး အလွန်ကြည်ညိုသော သူဌေးကြီးသားဖြစ်ပါလျက် ကာလ သည် ဘုရားထံ မသွား တရားမနာ သံဃာ၏ဝေယျာဝစ္စမပြု၊ သူဌေးကြီးက ပြောသာ်လည်း မနာခံ၊ တစ်နေ့ သူဌေးကြီးအကြံရ၍ မင်း… ဥပုသ်စောင့်ပြီး ကျောင်းသွား တရားနာချေ၊ ငွေတစ်ရာပေးမည်” ဟု ပြော၏။ ငွေလိုချင်သော ကာလ-သည် ဥပုသ်စောင့်ပြီး ကျောင်းသွားကာ တရားမနာပဲ တော်ရာမှာ အိပ်လျက် စောစောပြန်လာ၏။ အိမ်ရောက်သော် ယာဂုထမင်း ကျွေးသော်လည်း မစားသေး၊ ငွေတစ်ရာလက်ထဲရပြီးမှ ထမင်းစား၏။ နောက်တစ်နေ့ "မင်း...ဘုရားထံမှ တရားတစ်ပုဒ် မှတ်မိအောင် နာခဲ့၊ ငွေတစ်ထောင်ပေးမည်” ဟုဆိုကာ လွှတ်လိုက်၏။ ကာလ-သည် ဘုရားထံ တရားနာရာ တစ်ပုဒ်ရလျှင် ပြေးမည်အကြံဖြင့် နာသော်လည်း နာရင်း နာရင်း တရား သဘောကျကာ သောတာပန် ဖြစ်သွားသည်။ သူဌေးကြီး၏ သားချီးမြှောက်ပုံမှာ အကောင်းဆုံးသော ချီးမြှောက်ခြင်းတည်း။ (ဓမ္မပဒ၊ဋ္ဌ၊၂၊၁၂၃)
အလိမ္မာအမွေပေး။
မိဘကောင်းတို့သည် သားသမီးကို ပစ္စည်းဥစ္စာထက် အလိမ္မာနှင့် ပညာပေးကာ ချီးမြှောက်လိုကြ ၏။ ပစ္စည်းဟူသည် ပျက်စီးတတ်၍ မပျက်မစီး ထာဝရတည်သော ကောင်းကျိုးကိုလည်း အရှည်ပေးတတ်သော ထိုချီးမြှောက်မှုမှာ မှန်ကန်သော ချီးမြောက်မှုပင် ဖြစ်၏။ ထိုကဲ့သို့ ချီးမြှောက်သော မိဘများမှာ သားသမီးကို တကယ်ချစ်သော၊ သားသမီး၏ မိတ်ဆွေစစ်များတည်း။ သားသမီးကို အလိုလိုက်တတ် မဆုံးမတတ်သော မိဘများမှာ ချစ်ရာမရောက် နှစ်ရာ ရောက်၍ ရန်သူများပင်ဖြစ်၏။
သားသမီးများကို တိုက်ရိုက်တမျိုး သွယ်ဝိုက်သော နည်းလမ်းဥပါယ်ဖြင့် တဖုံ အမျိုးမျိုးဆုံးမ ပဲ့ပြင်ပေးခြင်းဖြင့် သားသမီးကောင်းဖြစ်အောင် ပြုပြင်ခြင်းမှာ မိဘတို့၏ တာဝန်သာတည်း။ မိဘများ၏ အပြုအမူ အပြောအဆို အကျင့်အကြံများမှာ အတုမြင် အတတ်သင်မျိုးဖြစ်ရာ မိဘများက သားသမီးများ ကောင်းတုမြင်၍ ကောင်းတတ်သင်နိုင်အောင် စံနမူနာ အစဉ်ဖြစ်နေသင့်၏။ လောက ကြီးပွါးရေးသာမက အနာထပိဏ် သူဌေးကဲ့သို့ ဘာသာရေး၌ စိတ်ပါလည်အောင် သွေးဆောင်ပြုပြင်ရမည်သာ။ “ယံ နဝေ ဘောဇနေ လဂ္ဂေါ သင်္ခါရော နာညထာ ဘဝေ=အိုးအသစ်၌ ကပ်စွဲနေသော အပြုအပြင် အစီအမံသည် ပျက်ပြားပြောင်းလဲသည် မရှိ” ဟု နီတိအဆိုအတိုင်း လိုသလို ပုံသွင်းနိုင်သောအရွယ်၌ ပုံသွင်းထားသော စိတ်ထား “ပုံ” နေများမှာ စွဲသွားတတ်မြဲ ဖြစ်၏။
ဗုဒ္ဓသာသနာကို ဦးထိပ်တင်ထားသော သူတစ်ဦးမှာ ဗုဒ္ဓရှင်တော် အဆုံးအမအတိုင်း လိုက်နာလျှင် လောကရေး၌လည်း စိတ်ချမ်းသာ၏။ အကျင့်ကောင်း၏၊ တိုးတက်ကြီးပွါး၏၊ တကယ့်ငြိမ်းချမ်းရေး လိုသောအခါလည်း မှီခိုရာ တကယ့်အေးရိပ်သာ ဖြစ်၏။ သို့ဖြစ်လျှင် မိမိတို့ရရှိထားသော ထိုအမွေကို သားသမီးများ တစ်သက်လုံး ထိန်းသိမ်းထားနိုင်အောင် မအပ် နှင်းပဲ နေထိုက်ပါမည်လော။
သာလိကေဒါရဇာတ်။
မိဘကို လုပ်ကျွေးခြင်း သားသမီးကို ချီးမြှောက်ခြင်းမှာ လူတိုင်းမပြုမနေရ တာဝန်သာတည်း။ ထိုတာဝန်ကို ကျေပွန်စေသောသူသည် လူ့အဆင့်အတန်းမှီသူ လူဖြစ်ကျိုး နပ်သူဖြစ်၍ လောကအလယ် တင့်တယ်သူ တစ်ယောက်တည်း။ “ကြွေးဟောင်း ဆပ်ပေး, ကြွေးသစ်ချလေ ရွှေအိုးမြှုပ်နှံ” ဟု ဆိုရိုးအစဉ်အလာ ရှိသည်မှာ ထိုတာဝန်ကိုဖော်ပြ၏။ ထိုစကားမှာ ပကိဏ္ဏကနိပါတ် သာလိကေဒါရဇာတ် (ဇာ၊၁၊၂၇၆) အရဖြစ်၏။ ရာဇဂြိုဟ်ပြည်အနီး လာလိဒ္ဒိယပုဏ္ဏားရွာ၌ ကောသိယဂေါတ္တမည်သော ပုဏ္ဏားသည် မိမိပိုင် လယ်အများအပြားမှ အချို့ကို အခဖြင့် လူတစ်ယောက်အား လုပ်စေ၏။ ထိုလယ်သို့ ကျေးငှက်များ လာစားကြရာ ထိုကျေးငှက်များတွင် ဘုရားအလောင်းကျေးသားမှာ စားရုံသာမကပဲ သလေးများကို ချီယူသွားတတ်၏ လယ်လုပ်သမားမှာ မတားနိုင်ရှိသောအခါ ဤစပါးများအတွက် လျော်ကြေးပေးရမည့် အရေး တွေးတောစိုးရိမ်ကာ လယ်ရှင်ပုဏ္ဏားထံ သွားရောက်အကြောင်းကြား၏၊ လယ်ရှင်ကလည်း သလေးနှံများကို ချီယူသွားတတ်သော ကျေးသားကို ကျော့ကွင်းထောင်ဖမ်းရန်ပြောရာ လယ်သမားသည် ဘုရားလောင်းကို ဖမ်းယူခဲ့ပြီး ပုဏ္ဏားထံ ပို့၏။
ကောသိယဂေါတ္တပုဏ္ဏားလည်း ဘုရားလောင်းကို “အို…ကျေးသား သူများမှာလည်း ဝမ်းပိုက်ရှိသည်သာ မဟုတ်ပါလော၊ သင်က စပါးနှံတွေ သယ်သွားသည်မှာ ဝမ်းပိုက်ပိုကြီး ပါသလော၊ သင့်မှာ၊ ပါးကျီများ ရှိသလော၊ သို့မဟုတ် ကျွန်ုပ်နှင့် ရန်ဖက်ဖြစ်၍လော” ဟု ဆို၏ “အရှင် အကျွန်ုပ်မှာ ကျီလည်း မရှိပါ၊ အရှင့်ကို ရန်လို၍လည်း မဟုတ်ပါ၊ အကျွန်ုပ်မှာ ကြွေးဟောင်းဆပ်ပေး, ကြွေးသစ်ချနှင်း, ရွှေအိုးမြှုပ်ခြင်း ဖြစ်ပါသည်” ဟု ဘုရားလောင်းက ပြောသော် ပုဏ္ဏားကြီးက ကြွေး ဟောင်းဆပ်ခြင်း, ကြွေးသစ်ချခြင်း, ရွှေအိုးမြှုပ်ခြင်း အဓိပ္ပါယ်ကိုမေး၏။
“အရှင် အကျွန်ုပ်၏ အတောင်မပေါက်သေးသော သားငယ်ကလေးများကို ကျွေးခဲ့သည်မှာ သူတို့က နောင်ပြန်ကျွေးရမည်ဖြစ်၍ ကြွေးသစ်ချခြင်း မည်ပါသည်၊ အိုမင်းမစွမ်းသော မိဘတို့ကို ကျွေးမွေးရသည်မှာ သူတို့ကျွေးခဲ့ဘူးသော ကြွေးဟောင်းကို ဆပ်ခြင်းဖြစ်ပါသည်၊ အားနည်း၍ မပျံနိုင်ရှာကြသော ကျေးငှက်အိုတို့ကို ကုသိုလ်လို၍ ကျွေးရသည်မှာ ရွှေအိုးမြှုပ်ခြင်း ဖြစ်ပါသည်” ဟု ရှင်းပြ၏။
ပုဏ္ဏားလည်း “အလွန်တရားရှိသော ကျေးသားကောင်းပါတကား၊ အချို့လူများမှာပင် ဤတရားမရှိ” ဟု စဉ်းစားကာ အားရလှ၍ ကျေးသားအား အလိုရှိသလို စားသောက်ယူငင်ရန် လယ်ခင်းကိုအပ်နှံ၏။ ပယ်တစ်ထောင်မျှ လယ်ခင်းကို ကျေးသားအား အပ်နှင်းရာ ဘုရားလောင်း ကျေးသားက လယ်ရှစ်ပယ်ကိုသာ ယူ၏။ အလောင်းတော်သည် အလှူဒါနပြုရန် မိဘတို့အား လုပ်ကျွေးပြုစုရန် တရားဟောရာ ပုဏ္ဏားလည်း ထိုတရားအတိုင်း လိုက်နာလျက် တရားစောင့်သော ရဟန်းပုဏ္ဏားတို့အား အလှူဒါန အကြီးအကျယ် ပြုလေသည်။
ဒါရသင်္ဂဟ။
မယားကို ချီးမြှောက်ခြင်းဟူသည်မှာ လင့်ဝတ်တရား ကျေပွန်ခြင်းကို ဆို၏။ လင့်ဝတ်တရားများကား မြတ်နိုး ခြင်း, မထီမဲ့မြင် မပြုခြင်း, မိန်းမတပါး မလိုက်စားခြင်း, စည်းစိမ်အစိုးရမှု အပ်နှင်းခြင်း, ဝတ်စားတန်းဆာပေးခြင်းအားဖြင့် ငါးပါးတို့တည်း။
ထိုတွင် မြတ်နိုးခြင်းဟူသည် ချစ်ဖွယ်စကားဖြင့် မြှောက်စားပြောဆို ခြင်းတည်း။ မထီမဲ့မြင် ပြုခြင်းဟူသည်မှာ ကဲ့ရဲ့ ရှုတ်ချခြင်း မောင်းမဲခြင်းစသော အမှုမပြုခြင်းပင်။ စည်းစိမ်အစိုးရမှု အပ်နှင်းခြင်းမှာ စီမံရန် အိမ်တာဝန်အားလုံး လွှဲအပ်ခြင်းတည်း။ လယ်လုပ်ခြင်း ကုန်သွယ်ခြင်းစသော တာဝန်မှာ ယောက်ျား၏တာဝန်ဖြစ်၍ ထိုမှဖြစ်လာသော ပစ္စည်းကို လုံခြုံအောင် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် အိမ်၌စီမံရန် တာဝန်မှာ မိန်းမတာဝန်ဟု ရှေးက အစဉ်အလာရှိ၏။ ဝတ်စားတန်းဆာပေးခြင်းမှာ မိမိအခြေအနေအလိုက် ပေးကမ်းခြင်းကို ဆိုသည်။ ဝတ်တရားနှင့်အညီ မယားအား ချီးမြှောက်တတ်သော ယောက်ျားကောင်းတစ်ယောက် ရနေသောမယားကလည်း မိမိဝတ်တရားများ မလစ်ဟင်းစေခြင်းဖြင့် တုံ့ပြန်မှ မယားကောင်းတစ်ယောက် ဖြစ်နိုင်သည်။ မယားဝတ်များကား အိမ်တွင်းအလုပ်များကို ကောင်းစွာလုပ်ခြင်း, ဆွေမျိုးများအား ချီးမြှောက်ခြင်း, မိမိလင်ယောက်ျားမှတပါး အခြားယောက်ျားနှင့် မကျူးလွန်ခြင်း, ပစ္စည်းဥစ္စာကို ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်ခြင်း, ချက်ရေး ပြုတ်ရေးစသည်၌ ကျွမ်းကျင်၍ မပျင်းမရှိခြင်းအားဖြင့် ငါးပါးတည်း။
အတွဲလေးမျိုး။
ဇနီးမောင်နှံနှစ်ဦး ဝတ်တရားကျေပွန်၍ ကိုယ်ကျင့်သီလ ပြည့်စုံကြလျှင် သူတို့၏အိမ်မှာ အမြဲတန်းသာယာ၍ ကျက်သရေရှိသော “သိရီဂေဟာ” ဖြစ်လျက်ရှိတော့သည်။ ဤသို့သော ဇနီးမောင်နှံလည်း နတ်သားနှင့်နတ်သမီး စုံဖက်ထားသော အတွဲဟု ဆိုရသည်။ စတုကင်္ဂုတ္တရ ဒုတိယပဏ္ဏာသက ပုညာဘိသန္ဒဝဂ် (အံ၊၁၊၃၆၀) ၌ ဇနီး မောင်နှံ အတွဲလေးစုံကို ဟောတော်မူ၏။ ထိုအတွဲများကား -
(၁) သူသေယောက်ျားနှင့် သူသေမိန်းမ=လင်ကလည်းအကျင့် မကောင်း, မယားကလည်း အကျင့်မရှိသော အတွဲ။ ဂုဏ်မတိုးတက် သေလျက်ရှိသောကြောင့် သူသေဟု ဆိုရသည်။
(၂) သူ့သေယောက်ျားနှင့် မယား နတ်သမီး=လင်က သီလမရှိ မယားက သီလရှိသော အတွဲ။
(၃) နတ်ယောက်ျားနှင့် မယားသူသေ=လင်က သီလရှိ၍ မယားက သီလမရှိသော အတွဲ။
(၄) နတ်ယောက်ျားနှင့် မယားနတ်သမီး=နှစ်ဦးစလုံးသီလရှိကြသော အတွဲ။
သင်္ဂဟဝတ္ထုလေးပါး။
သင်္ဂဟဝတ္ထု (=ချီးမြှောက်ခြင်းအကြောင်း) လေးပါးကို စတုကင်္ဂုတ္တရ စက္ကဝဂ် (၃၄၁)၌ ဟောတော်မူ၏။ သင်္ဂဟတရား လေးပါးဟုလည်း ခေါ်ရိုးပြုကြ၏။ ထိုတရားများကား -
(၁) ဒါန=ပေးကမ်းခြင်း
(၂) ပေယျဝဇ္ဇ= ချစ်ဖွယ်စကား ပြောကြားခြင်း
(၃) အတ္ထစရိယာ=အကျိုးစီးပွါးကိုပြုကျင့်ခြင်း,
(၄) သမာနတ္တတာ… ကိုယ်တူပြုခြင်းတို့တည်း။
ဤသင်္ဂဟတရားလေးပါးတို့ဖြင့် ချီးမြှောက်ခြင်းကိုလည်း တနည်းအားဖြင့် ဒါရသင်္ဂဟ (=မယားအား ချီးမြှောက်ခြင်း)ဟု ယူနိုင်သောကြောင့် ဆိုခဲ့ပြီး ဝတ်တရားများ ပြည့်စုံပြီးပင် ဖြစ်တော့သည်။
ပေးကမ်းတစ်သွယ်၊ ချစ်ဖွယ်ဆိုရိုး၊ အကျိုးကိုကျင့်၊ ကိုယ်နှင့်တူထား၊ ဤလေးပါး၊ တရား သင်္ဂဟတည်း။
တရားနှင့်အညီ သားမယားကို လုပ်ကျွေးမွေးမြူသောသူတို့သည် သိကြားမင်း၏ ရှိခိုးခြင်းကိုပင် ခံယူရပုံ, လောက၌ မြတ်သူဖြစ်ပုံတို့ကို သက္ကသံယုတ်, ဂဟဋ္ဌဝန္ဒနာသုတ်တွင် ဟောကြားထားတော်မူသည်။ အကျယ်ကို သံယုတ်ပါဠိတော် မြန်မာပြန် ပဌမအုပ် ၂၁၉-၂၀တွင် ကြည့်ပါ။
အနာကုလကမ္မန္တ
အာကုလ-ကား နာနာဇနသမာကုလံ စသည်၌ အာကိဏ္ဏ+ရောပြွမ်းသည် ထူပြောပြည့်နှက်သည် ဟူသော အနက်ကို ဟော၏။ ထောမနိမိ၌ အာကုလကို ဗျာကုလ= ရောဂါစသည်ကြောင့် ဘာလုပ်ရမည်မသိသူ မှိုင်တွေသူဟု အနက်ကို ဆို၍ အနာကုလ၏ အနက်ကို အဗျဂ္ဂ၊ မပျံ့လွင့် မချောက်ခြားသည်။ ဧကဂ္ဂ၊ တည်ကြည်သည်။ ထိရ၊ ခိုင်မာသည်။ အဗျာကိဏ္ဏဝါကျ၊ မရှုပ်ထွေးသော စကားဝါကျဟု လေးနက်ပြ၏။ ဤ၌ ဝါကျမရှုပ်ထွေးသည်ကိုသာ ဆိုသော်လည်း မရှုပ်ထွေးခြင်း မှန်သမျှကိုပင် ယူရမည်သာ။ အနာကုလဝိနိစ္ဆယာ (ဥဒါနအဋ္ဌကထာ စသော ထိုထို အဋ္ဌကထာနိဂုံး), အနာကုလာနမတ္ထာနံ၊ သမ္ဘဝါ အဋ္ဌသာလိနီ (အဋ္ဌသာလိနီနိဂုံး) ယဿ ရညော ပဘာဝေန ဘာဝိတတ္ထံ သမာကုလံ အနာကုလံ ဒုလ္လဒ္ဓီဟိ ပါပဘိက္ခုဟိ သဗ္ဗသော (မောဂ္ဂလ္လာန်နိဂုံး) စသည်တို့ဖြင့် ထင်ရှား၏။ ဤအနာကုလ ကမ္မန္တ၌ အနာကုလ-လည်း မရှုပ်ထွေးခြင်း အနက်ကိုပင် ဟော၍ အာကုလ ဘာဝဝိရဟိတာ (=ရှုပ်ထွေးသည်၏အဖြစ်မှ ကင်းကုန်သော) ဟု အဋ္ဌကထာဖွင့်၏။
ရှေးအနက်မှာ အနာကုလ=အနှောင့်အယှက်မရှိကုန်သောဟု ဖြစ်၏။ အာကုလ၏ အနှောင့်အယှက် ဟူသော အနက်ကို မတွေ့ရ၊ အာကုလ က အနှောင့်အယှက် အနက်ဟောရှိလျှင် အလုပ်ရှုပ်ထွေးကြောင်းများမှာ အလုပ်၏အနှောင့်အယှက်များပင်ဖြစ်၍ တနည်းအားဖြင့် သင့်ဖွယ်ရှိ၏။ သို့သော် “န အာကုလာ အနာကုလာ” ဟု ပြုသော အဋ္ဌကထာနှင့်ကား မလျော်။ အချို့က ပျက်စီးခြင်းမရှိကုန်သောဟုလည်း ပေးကြသေး၏။
အနာကုလဖြစ်ပုံ
အဋ္ဌကထာ၌ အချိန်လွန်ခြင်း, မသင့်လျော်အောင်ပြုခြင်း, ပေါ့ပေါ့လျော့လျော့ လုပ်ခြင်း စသည်ကို အလုပ်ရှုပ်ထွေးကြောင်း အဖြစ်ပြ၍ အလုပ် မရှုပ်ထွေးကြောင်းများကို အချိန်သိ နားလည်ခြင်း, သင့်လျော်အောင် ပြုတတ်ခြင်း, မပျင်းရိခြင်း, လုံ့လရှိခြင်း, မပျက်စီးအောင် မပြုခြင်း-ဟု ငါးမျိုးပြ၏။
- ချိန်ခါသိလင့်၊ သင့်အောင်ပြုခြင်း၊ မပျင်းမရိ၊
- လုံ့လရှိလျက်၊ မပျက်စီးစေ၊ အလုပ်တွေ၊ ရှုပ်ပွေ မရှိရာ။
အချိန်သိခြင်း
အလုပ်တစ်ခုကို သူ့အချိန်နှင့်သူ မှန်မှန်လုပ်လျှင် ထိုအလုပ်မှာ ချောမောစွာ ပြီးမြောက်ရာ၏။ အလုပ်၌ ချို့တဲ့ချက် မရှိရာ၊ ထိုသို့မဟုတ်ပါပဲ အချိန်လွန်မှ စလုပ်လျှင် အလုပ်သေသပ်မှုမရှိနိုင်၊ အချိန်မီမပြီးပဲ တစ်ပိုင်းတစ်စနှင့်သော်လည်း သိမ်းလိုက်ရပေလိမ့်မည်။ ထို့ကြောင့် အချိန်လွန်ခြင်းသည် အလုပ်အစမသတ် မသေသပ်ခြင်းတို့ဖြင့် အလုပ်ရှုပ်ထွေးအောင် ပြုတတ်ရာ အချိန်မှန်ပြုလုပ်ခြင်းမှာ သေသပ်ချောမော မရှုပ်ထွေးသော အလုပ်ဖြစ်ကြောင်း တစ်ခုပင်။
သင့်လျော်အောင်ပြုခြင်း
ထို့ပြင် အလုပ်နှင့် သင့်လျှော်သော အရပ် ဒေသ အချိန်ကာလ စသည်တို့ကို ရွေးချယ်ပြု လုပ်ပါမှ အလုပ်ချောမော အောင်မြင်၏။ ထိုသို့မဟုတ်ပဲ မိုးလွန်မှထွန်ချ ဆိုသကဲ့သို့ အချိန်မသင့်ခြင်း သဲကန္တာရ၌ စပါးစိုက်သကဲ့သို့ အရပ်ဒေသ မသင့်ခြင်း ဖြစ်ပါက အလုပ်မပြီးမြောက်၊ ပြီးသော်လည်းမပြည့်စုံ၊ ဤသို့ မပြီးမပြည့်စုံခြင်းကိုပင် အလုပ်မချောမရှင်း, ရုပ်ထွေးခြင်းဟု ဆိုရသည်။
ပျင်းရိခြင်း
ပျင်းရိခြင်းသည်လည်း အလုပ်ရှုပ်ထွေးကြောင်းဖြစ်၏။ လူပျင်းအား ပူသည်, အေးသည်, မိုးချုပ်သည်, စောသည်, ဆာသည်, ဝမ်းပြည့်လွန်းသည်ဟု ဆင်ခြေအမျိုးမျိုးပေးကာ အလုပ်ကို ရှောင်တတ် ဖင့်နွှဲစေတတ်၏၊ အေးလွန်းသည်, ပူလွန်းသည်, မိုးချုပ်လွန်းသည် စသည်ဖြင့် အလုပ်ကို လက်လွှတ်ထားသူများကို စီးပွါးဥစ္စာတို့က ကျော်သွားတတ်ကြောင်း အအေးအပူကို မြက်မှိုက်လောက်မျှအမှုမထား ကြိုးစားအလုပ် လုပ်သူသာ ချမ်းသာနှင့် မကွာရကြောင်း သိင်္ဂါလသုတ်၌ ဘုရားဟောတော်မူ၏။ ထိုသို့ ဆင်ခြေအမျိုးမျိုး ပြလျက်၎င်း, အခြား အကြောင်းများဖြင့်၎င်း အလုပ်ကိုရှောင်သော လူပျင်းမှာ အလုပ်ကို မလုပ်ပဲသော်လည်း ရှိရာ၏။ လုပ်သော်လည်း တော်သလို တန်သလိုသာ လုပ် လိမ့်မည်။ လုံးဝမလုပ်ခြင်း တော်သလိုလုပ်ခြင်း အားလုံးပင် မပြီးပြတ် မသေသပ်၍ အလုပ်၍ အာကုလဘာဝ (=ရှုပ်ထွေးမှု) များပင် ဖြစ်ရာ မပျင်းသူ၏ အလုပ်သာ ချောမောသေသပ်သော အနာကုလအလုပ် ဖြစ်ပေသည်။
လုံ့လရှိခြင်း
မပျင်းလျှင် လုံ့လရှိခြင်းလည်း ပြီးသည်ဟု ဆိုရသော်လည်း ရံခါအလုပ်ကို မပျင်းတတ်သူဖြစ်စေကာ အလုပ်၌ စိတ်မဝင်စား အလုပ်မှတပါး အခြားအရေး၌ စိတ်ဝင်စားတတ်ခြင်း စသည်ဖြင့် ပေါ့လျော့မှု စာလုပ်လစ်ဟင်းမှု ဖြစ်တတ်သေးရာ ဝီရိယရှိခြင်းကိုလည်း သီးခြားပြရသည်။ ဝီရိယဆိုသော်လည်း နားလည်ကျွမ်းကျင်မှု ပါယူ၊ အလုပ်၌ နားမလည် မကျွမ်းကျင်ခြင်း တစ်စိတ်တစ်ဒေသသာ နားလည်ခြင်းလည်း အလုပ်ရှုပ်တွေးကြောင်းများဖြစ်ရာ ဝီရိယရှိသော်လည်း နားမလည် မကျွမ်းကျင်သူမှာ အလုပ်ရှုပ်ထွေးဖို့ရာသာဖြစ်၏။ နားလည်ကျွမ်းကျင်၍ ဝီရိယရှိသူ၏အလုပ်သာ ချောမောသေသပ်သဖြင့် အနာကုလ မရှုပ်ထွေးသော အလုပ်ဖြစ်ရ၏။
မပျက်စီးစေခြင်း
အလုပ်မလုပ်ခြင်း, ကောင်းစွာ မလုပ်ခြင်းသည် အလုပ်ကို ဖျက်ဆီးသည်မည်၏။ ထို့ကြောင့် ဣတ္ထိဓုတ္တ မိန်းမလိုက်ခြင်း, သုရာဓုတ္တ-သေသောက်ကြူးခြင်း, အက္ခဓုတ္တ-လောင်းကစားကြူးခြင်း စသော စီးပွါးပျက်ကြောင်း အလုပ်ပျက်ကြောင်းများလည်း အလုပ်ကို ထိခိုက်စေ၏။ သံယုတ္တနိကာယ် သဂါထာဝဂ္ဂ ဒေဝတာ သံယုတ်လာ ဥစ္စာ ယိုထွက်ကြောင်း အပေါက်ခြောက်ပါး ဖြစ်သော ပျင်းရိခြင်း, မေ့လျော့ခြင်း, လုံ့လမရှိခြင်း, မစောင့်စည်းခြင်း, အအိပ်ကြူးခြင်း, ကိုယ်တဆန့်ဆန့် ပျင်းကြောဆွဲခြင်းများလည်း အလုပ်ပျက်စီးကြောင်း များပင်တည်း။ ထိုသူမျိုးကား အလုပ်မလုပ်, လုပ်သော်လည်း ကောင်းစွာ မလုပ်၍ အလုပ်ဆို ဖျက်ဆီးသူများတည်း။ အလုပ်ဆိုသည်မှာ အလုပ် ကြီးကျယ်လာသည်နှင့်အမျှ ထူထောင်ဖို့ ရင်းနှီးဖို့ သုံးဖို့ဥစ္စာ လိုလျက်ရှိရာ ဥစ္စာဖျက်ဆီးသူမှာ အလုပ်ဖျက်ဆီးသူပင်ဖြစ်၍ အလုပ်ရှုပ်ထွေးအောင် လုပ်သူပင်တည်း။ ဥစ္စာတိုးတက်ရှိလာမှ အလုပ်များ တိုးတက်ကြီးပွါးလာမည်ဖြစ်ရာ ဥစ္စာတိုးတက်ကြောင်း သမ္ပဒါတရားလေးပါးနှင့်လည်း ပြည့်စုံအောင် ကြိုးစားအပ်၏။
ပျင်းရိမေ့ထ၊ လုံလလျော့နည်း၊ စောင့်စည်းခြင်းကင်း၊
အိပ်ခြင်းလည်းဆို၊ ကိုယ်တဆန့်ဆန့်၊ မခံခြောက်ဖြာ၊
အပေါက်သာ၊ ဥစ္စာယိုထွက်ကြောင်း။
ဥဋ္ဌာနသမ္ပဒါ
လုံ့လနှင့်ပြည့်စုံခြင်း၊ ဤ၌ လုံ့လဆိုသော်လည်းအလုပ် မကျွမ်းကျင်သူ၏လုံ့လမှာ အကျိုးမဖြစ်ထွန်း၍ အလုပ်ကျွမ်းကျင် နားလည်ခြင်းလည်းပါ၏၊ လယ်လုပ်ကုန်သွယ်စသော အလုပ်ဖြင့်ဖြစ်စေ တစ်စုံတစ်ခုသော အတတ်ပညာဖြင့် ဖြစ်စေ အသက်မွေးသူတို့မှာ ထိုလုပ်ငန်း၌ ကျွမ်းကျင်လိမ္မာ၍ မပျင်းမရိ ကြိုးစားခြင်းကို ဥဋ္ဌာနသမ္ပဒါ ဆိုသည်၊ ပစ္စည်းဖြစ်ရေး၌ ဤ ဥဋ္ဌာနသမ္ပဒါကး အရေးကြီး၏။ “ဥဋ္ဌာတာ ဝိန္ဒတေ ဓနံ”=ဝီရိယရှိသူ ဥစ္စာရ၏”ဟူသော သဂါထာဝဂ္ဂ ယက္ခ သံယုတ် (သံ၊၁၊၂၁၇) အရ ဓနသမ္ပတ္တိ ဂုဏ်ကျက်သရေမှာ လူပျင်းနှင့်မတန်မရာ လုံ့လရှိသူအဖို့သာ ဖြစ်၏။ သို့ ကြိုးစားရာ၌ မခိုမကပ် မနေမနား ကြိုးစားကြသော ပျားပိတုန်းများ ပန်းရည်စုသည်ကို အတုယူ ပြုမူရန်၎င်း ချများ တောင်ပို့သယ်ဖို့ ဆောက်ရွက်ပုံကို အတုယူရန်၎င်း သိင်္ဂါလသုတ်၌ ဟောတော်မူသည်။
အာရက္ခသမ္ပဒါ
ကွယ်ကာစောင့်ရှောက်မှု၏ ပြည့်စုံခြင်း။ စုဆောင်း ရရှိထားသော ပစ္စည်း ဥစ္စာကို ရေ မီး ခိုးသားဓားပြ စသည်တို့ မဖျက်ဆီး မလုယက်နိုင်အောင် ဘဏ်၌အပ်နှံခြင်း, အာမခံထားခြင်း စသည်ဖြင့် ကာကွယ်ခြင်းကို အာရက္ခသမ္ပဒါ ဆိုသည်။
ကလျာဏမိတ္တတာ
မိတ်ဆွေကောင်းရှိခြင်း၊ လောကရေး ဓမ္မရေး၌ တိုးတက်ကြီးပွါးကြောင်း နည်းကောင်းညွှန်ပြနိုင် သော အတုယူလောက်သည့် ဂုဏ်အင်္ဂါရှိသူ မိတ်ကောင်း ဆွေကောင်းများကို ဆွေးနွေးလက်ခံ ဆက်ဆံပေါင်းသင်း ဆည်းကပ်ခြင်းကို ကလျာဏမိတ္တတာ ဆိုရ၏။
သမဇီဝိတာ
ညီမျှသော အသက်မွေးမှုမျိုးဖြင့် အသက်မွေးခြင်း။ဥစ္စာအဝင်နည်း၍ အကုန်အကျများအောင် သုံးစွဲသူကို ညီမျှသော အသက်မွေးမှုမရှိသူ ဆိုရ၏။ အဝင်များ၍ အထွက်နည်းအောင် ချင့်ချိန် သုံးစွဲတတ်ခြင်းကို သမဇီဝိတာ ဆိုသည်။ ချွေတာသုံးစွဲခြင်း ဟု ဆိုလို၏။ မြတ်စွာဘုရားက သိင်္ဂါလသုတ်၌ ပစ္စည်းအသုံးချနည်းကို ဟောခဲ့ရာ ရလာသော ဥစ္စာကို လေးဖို့ခွဲဝေ၍ တစ်ဖို့ကို သုံးစား နှစ်ဖို့ကို အလုပ်လုပ် တစ်ဖို့ကို အရေးကြုံလာသောအခါ သုံးရန် သိမ်းထားဖို့ရန် နည်းညွှန်တော်မူခဲ့၏၊ လှူဒါန်းဖို့အတွက်မှာ စားသုံးဖို့ တစ်ပုံထဲမှာ ခွဲလှူဒါန်းရမည် ဖြစ်ကြောင်း ၎င်း အဋ္ဌကထာ ဆို၏။
လုံ့လအားသည်း၊ ပစ္စည်းကွယ်ကာ၊ ချွေတာသုံးလေ၊
မိတ်ဆွေကောင်းဖက်၊ ကောင်းဖိုတွက်၊ လေးချက်သမ္ပဒါ။
သုခလေးမျိုး
အနာကုလကမ္မန္တ-ဖြင့် ဥစ္စာရခြင်း ထိုဥစ္စာကို အမှီပြု၍ သုံးဆောင် ခံစားရခြင်း တမလွန်ဘဝ၌ သုခရရှိခြင်း စသော အကျိုးများရနိုင်၍ မင်္ဂလာဖြစ်ရသည်။ အထူးအားဖြင့် ဤအနာကုလကမ္မန္တဖြင့် အင်္ဂုတ္တရ စတုက္ကနိပါတ အာနဏျသုတ် (အံ၊၁၊၃၈၀)၌ ဟော တော်မူအပ်သော သုခလေးမျိုး ရရှိနိုင်၏။
ထိုသုခများကား—
- အတ္ထိသုခ-ငါ့မှာ ရှိသည်ဟု တွေးမိသောအခါ ဖြစ်သော ချမ်းသာ။ အလုပ် ကြိုးစားခြင်းဖြင့် ပစ္စည်းတွေရလာသောအခါ ငါ့မှာ ပစ္စည်းရှိသည်ဟု တွေးမိတိုင်း ဖြစ်သော စိတ်ချမ်းသာမှု ဝမ်းသာ အားရမှုတည်း။
- ဘောဂသုခ-သုံးဆောင်ခံစားခြင်းကြောင့်ဖြစ်သော ချမ်းသာ။ အလုပ်ကြိုးစားခြင်းဖြင့် ရလာသော ပစ္စည်းဥစ္စာတွေကို သုံးဆောင် ခံစားရသောအခါ ဖြစ်သော စိတ်ချမ်းသာမှု ဝမ်း မြောက်မှုတည်း။
- အာနကျသုခ-ကြွေးမရှိသောကြောင့် ဖြစ်သော ချမ်းသာ။ ကြွေးတင်နေသော သူမှာ ထိုကြွေးအတွက် အမြဲပူပန်ရခြင်း, ကြွေးမဆပ်နိုင်သောအခါ စိတ်ဆင်းရဲရခြင်း, ကြွေးရှင်တို့ အကြိမ်းအမောင်းခံရခြင်း, တရားစွဲခံခြင်းစသည်ဖြင့် ဒုက္ခများ လှ၏။ အလုပ်ကြိုးစား၍ ပစ္စည်းပြည့်စုံလာသူမှာ ထိုကြွေးဒုက္ခ မရှိ၍ မိမိ၏ကြွေးမြီ ကင်းရှင်းပြည့်စုံခြင်းကို တွေးမိတိုင်း ပီတိ သောမနဿ ဖြစ်ရသော စိတ်ချမ်းသာမှုပင်တည်း။
- အနဝဇ္ဇသုခ-အပြစ်မရှိခြင်းကြောင့် ဖြစ်သော ချမ်းသာ။ မိမိ၌ အပြစ်မရှိသော ကိုယ်နှုတ်စိတ်ထား သုံးပါးပြည့်စုံသည်ကို တွေးမိသောအခါ ဖြစ်သော စိတ်ချမ်းသာမှုတည်း။ အားလုံး ချမ်းသာများမှာ တရားသဖြင့် ရလာသော ပစ္စည်းများကြောင့် ဖြစ်ရသော ချမ်းသာများတည်း။ မတရား စီးပွါးရှာသူမှာ မိမိ၏ မတရားမှုကို အာရုံပြုမိသောအခါ စိတ်ဆင်းရဲတတ်ရာ အဘယ်မှာ စိတ်ချမ်းသာမှု အပြည့်အစုံ ရပါအံ့နည်း။
လေးလတွင်းဝယ် နှစ်သိန်းကြွယ်
အလုပ်မှာ ညံ့သည်ဖြစ်စေ ကောင်းသည်ဖြစ်စေ ပဓာနမဟုတ်၊ သူတပါးကို မထိခိုက်၍ အကုသိုလ် မဟုတ်သော အလုပ်ဖြစ်လျှင် အကောင်းချည်းပင်။ လူ၏ကြိုးစားခြင်း ကျွမ်းကျင်ခြင်းစသည် အရ ဂုဏ်ကျက်သရေတက်လျက် မင်္ဂလာ ဖြစ်ရသည်။ ထို့ကြောင့် ပညာရှိတို့၏ညွှန်ကြားချက်ကို ခံယူခြင်း, အလုပ်၌ ကျွမ်းကျင်အောင် ပြုခြင်း, ကြိုးစားခြင်းတို့ဖြင့် အနာကုလကမ္မန္တ မင်္ဂလာဖြစ်စေ၍ ချမ်းသာသုခ ရယူထိုက်လှသည်။
ဘုရားအလောင်းသည် ဗာရာဏသီပြည်၌ သူဌေးဖြစ်နေစဉ် တစ်နေ့ ဘုရင်မင်းမြတ်ထံ အခစားသွားရာ လမ်း၌ ကြွက်သေကို မြင်၍ နက္ခတ်ကြည့်ပြီးလျှင် ဤကြွက်သေကို အရင်းပြုသူမှာ လုပ်ငန်းအောင်မြင်၍ ကြွယ်ဝနိုင်သည် ဟု ဆို၏။ ထိုစကားကို ကြားရသော ဆင်းရဲသားတစ်ဦးသည် "ဤသူဌေးသည် ပညာရှိ၍ မသိပဲ မပြောရာ" ဟု .. ထိုကြွက်သေကို ကောက်ယူကာ ကြောင်စာအတွက် ရောင်းသော် တစ်ရွေးရခဲ့၏။ ထိုတစ်ရွေးမှ အစပြု၍ ပစ္စည်းရရေး မနေမနားကြိုးစားရာ လေးလအတွင်း ငွေနှစ်သိန်း ရလေသည်။ ထိုနှစ်သိန်းမှ တစ်သိန်းကို ဆရာစားအဖြစ် သူဌေးအား သွားရောက် ပေးအပ်ရာ သူဌေးလည်း သူ၏အရည်အချင်းကို သဘောကျ၍ သမီးနှင့် လက်ထပ်ထိမ်းမြားလျက် ချီးမြှောက်လေ၏။ ဤဆင်းရဲသားမှာ ပညာရှိစကားကို လေးစားခံယူခြင်း, ဥစ္စာရရန်အချက်အကွက်ကို မြင်တတ်ခြင်း မနေမနား ကြိုးစားခြင်းတို့ကြောင့် ဆင်းရဲသားဘဝမှ သူဌေးအဖြစ်သို့ ရောက်ခဲ့ရပေသည်။
မှတ်ချက်...ဤဂါထာ၌ မာတုဥပဋ္ဌာန, ပိတုဥပဋ္ဌာနဟု နှစ်မျိုးခွဲ၍ မင်္ဂလာလေးပါးဖြစ်သည်။ ထိုသို့ လေးပါးယူမှ အဋ္ဌကထာ အပေါင်းပြသော မင်္ဂလာ သုံးဆဲ့ရှစ်ပါး ပြည့်မည် ဖြစ်ပါသည်။ ထို့ပြင် မာတာပိတု ဥပဋ္ဌာနကို နှစ်မျိုးခွဲသကဲ့သို့ ပုတ္တဒါရသင်္ဂဟ ကိုလည်း ပုတ္တသင်္ဂဟ ဒါရသင်္ဂဟနှစ်မျိုးခွဲလျှင် မင်္ဂလာငါးပါး ဖြစ်ပြန်သည်။ ထိုသို့ နှစ်ပါးစီ မခွဲတော့ပဲ ပေါင်းယူပြန်က မင်္ဂလာသုံးပါး ဖြစ်ရတော့သည်။ ဤသို့ အဋ္ဌကထာက မင်္ဂလာရေတွက်ပုံ သုံးမျိုးပြခဲ့၏။ ဤအခွဲအရ သိရသည်မှာ သုံးဆဲ့ရှစ်ပါးဟူသော သင်္ချာမှာ နိယမ (=အတိအကျ ပုံသေ သတ်မှတ်ချက်) မဟုတ်၊ သုံးဆဲ့ရှစ်ပါးထက်လွန်၍ ဖြစ်စေယုတ်၍ ဖြစ်စေ ရေတွက်သော်လည်း အပြစ်မရှိဟူ၏။ မင်္ဂလာငါးပါးယူ၍ သုံးဆဲ့ကိုးပါး ဟု ရေတွက်ခြင်းကို၎င်း, သုံးပါးယူ၍ သုံးဆဲ့ခုနစ်ပါးဟု ရေတွက်ခြင်းကို၎င်း အဋ္ဌကထာက တားမြစ်ခြင်းမရှိ, ခွင့်ပြုပြီး ဖြစ်သည် ဟု ဆိုလိုပါသည်။
(၁၈) ဒါနဉ္စ ဓမ္မစရိယာ စ၊ ဉာတကာနဉ္စ သင်္ဂဟော။
အနဝဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင်္ဂလ မုတ္တမံ။
(၁၈) ဒေဝပုတ္တ၊ နတ်သား။ ယံ ဒါနဉ္စ၊ အကြင်ပေးကမ်း လှူဒါန်းခြင်းသည် လည်းကောင်း။ ယာ ဓမ္မစရိယာ စ၊ အကြင် သုစရိုက်တရားကို ကျင့်ခြင်းသည်လည်းကောင်း။ ဉာတကာနံ၊ ဆွေမျိုးတို့ကို။ ယော သင်္ဂဟော စ၊ အကြင်ချီးမြှောက် ထောက်ပံ့ခြင်းသည် လည်းကောင်း။ အနဝဇ္ဇာနိ၊ အပြစ်မရှိကုန်သော။ ယာနိ ကမ္မာနိ စ၊ အကြင်အမှုတို့သည် လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤတရား လေးပါးကား။ ဥတ္တမံ၊ ကောင်းမြတ်သော။ မင်္ဂလံ၊ မင်္ဂလာပေတည်း။
မင်္ဂလာလေးပါး စကားပြေ-နတ်သား၊ ပေးကမ်းလှူဒါန်းခြင်း, သုစရိုက်တရားကိုကျင့်ခြင်း, ဆွေမျိုးတို့ကို ချီးမြှောက်ထောက်ပံ့ခြင်း, အပြစ်မရှိသော အလုပ်တို့ကို ပြုလုပ်ခြင်း၊ ဤလေးပါးမှာ ကောင်းမြတ်သော မင်္ဂလာဖြစ်သည်။
---
ဒါန။
ဒါန-ဟူသည် ဒါနံ ဒေတိ-အလှူ လှူ၏ စသော အချို့အရာ၌ လှူဘွယ်ဝတ္ထုကို ဟော၏။ [ဒါတဗ္ဗန္တိ ဒါနံ။ ဒါတဗ္ဗံ၊ ပေးလှူအပ်၏။ ဣတိ, ထို့ကြောင့်။ ဒါနံ၊ ဒါနမည်၏။] စေတနာရှိမှ ပေးလှူ ဖြစ်၏။ စေတနာမရှိက အလှူမဖြစ်။ ထို့ကြောင့် ဒါနဖြစ်မြောက်ရေးမှာ စေတနာက အကြောင်းဖြစ်ရာ အလှူဖြစ်မြောက်ကြောင်း စေတနာကိုလည်း ဒါနဟုဆိုရ၏။ [ဒီယတိ ဣမိနာတိ ဒါနံ။ ဣမိနာ၊ ဤစေတနာဖြင့်။ ဒီယတိ၊ ပေးလှူအပ်၏။ ဣတိ, ထိုသို့ပေးလှူကြောင်းဖြစ်သောကြောင့်။ ဒါနံ၊ ဒါနမည်၏။]
ထို့ပြင် ပစ္စည်း၌ တွယ်တာသော လောဘရှိနေသူ၌ ဒါနမဖြစ်။ တွယ်တာမှုကင်းသော အလောဘ ရှိသူ၌သာ ဒါနဖြစ်၏။ ထို့ကြောင့် အလောဘလည်း ဒါနဖြစ်ကြောင်းဖြစ်၍ “တံ သမ္ပယုတ္တော ဝါ အလောဘော= ထိုစေတနာနှင့်ယှဉ်သော အလောဘကိုလည်း ဒါန”ဟု အဋ္ဌကထာဖွင့်၏။
ပေးပုံများ။
စေတနာဆိုရာ၌ “ဒါနံ နာမ၊ ဒါနမည်သည်မှာ။ ပရံ ဥဒ္ဒိဿ၊ တပါးသူကိုရည်၍။ သုဗုဒ္ဓိပုဗ္ဗိကာ၊ ဖြောင့်မှန်သော အသိဉာဏ်ရှေ့သွားရှိသော။ အန္နာဒိဒသဒါနဝတ္ထုပရိစ္စာဂစေတနာ၊ ထမင်းအစရှိသော ဆယ်မျိုးသော အလှူဝတ္ထုတို့ကို စွန့်လှူကြောင်း စေတနာပင်တည်း” ဟူသော အဋ္ဌကထာအရ ဉာဏ်ရှေ့သွားရှိသော လှူကြောင်းစေတနာကို ဒါနဟု သိရ၏။ ဉာဏ်ရှေ့သွားရှိသည်ဆိုရာ၌ ကံ ကံအကျိုးကို သိနားလည်သော “ကမ္မဿကတာ သမ္မာဒိဋ္ဌိ” ရှိရမည်ကို ဆို၏။ အလှူကြောင့် ကောင်းကျိုး ရလိမ့်မည်ဟု သိခြင်းတည်း။ ဉာဏ်ရှေ့သွားရှိရမည်ဆိုသောကြောင့် ဤဉာဏ်မရှိလျှင် ဒါနမဖြစ်ဟုကား မမှတ်အပ်။ အကောင်းဆုံး ဉာဏသမ္ပယုတ် ကုသိုလ်ဖြစ်ရန်သာ ဆိုခြင်းဖြစ်၏။ ထိုဉာဏ်ပင် မရှိစေဦးတော့ ပုဂ္ဂိုလ်ကိုကြည်ညိုခြင်းစသည်ဖြင့် ပေးကမ်းရာ၌ ဒါနဖြစ်သည်သာ၊ ဉာဏဝိပ္ပယုတ်ဒါနတည်း။ အချို့ ကလေးများ အချို့အရပ်က လူများမှာ အကျိုးပေးလိမ့်မည်ဟု မသိသော်လည်း ချစ်ခင်မြတ်နိုး၍ပေးခြင်း သနား၍ပေးခြင်း အကျိုးလိုလား၍ပေးခြင်း စသည် ရှိတတ်ရာ ထိုအပေးမျိုးမှာ ဒါနသာတည်း၊ ဒါနမဖြစ်သော အပေးမျိုးလည်း ရှိသေး၏။ ၎င်းတို့မှာ ကြောက်၍ပေးရခြင်း လာဘ်မြှော်ကိုး၍ပေးခြင်း ချစ်ကြိုက်၍ပေးခြင်း စသော အပေးမျိုးတည်း။
မတွယ်တာခြင်း။
မိမိပစ္စည်း၌ တွယ်တာတတ်သည်မှာ ဓမ္မတာပင် ဖြစ်၏။ သို့သော် ပုဂ္ဂိုလ်ကိုကြည်ညိုသော အခါဖြစ် စေ, မေတ္တာ ကရုဏာသက်ရောက်၍ သူ့အကျိုးလိုလားသောအခါဖြစ်စေ တွယ်တာမှုကို ဖြတ်တောက်နိုင်ကြ၏။ ပေးနိုင် ကမ်းနိုင်ကြ၏။ အလောင်းတော်များမှာ ပစ္စည်းဥစ္စာသာမက ကိုယ်အသက်ပါ စွန့်နိုင်အောင် ရက်ရောကြ၏။ ယင်း၏အကြောင်းကား မေတ္တာ, ကရုဏာပင်ဖြစ်၏။ ထို မေတ္တာ ကရုဏာကြောင့် ရက်ရောစွာ စွန့်လာခဲ့ရာမှ အလောဘဇ္ဈာသယ ရင့်သန်လာသောအခါ တွယ်တာမှုဟု မရှိတော့ပေ။ မေတ္တာ, ကရုဏာ မထားနိုင်ခြင်း, သဒ္ဓါနည်းပါးခြင်းကြောင့် အချို့သူတို့မှာ ပစ္စည်းတွယ်တာတတ်ခြင်း မတွယ်တာလှသော်လည်း မလှူလိုခြင်းဖြင့် ဒါနမဖြစ်တတ်သော်လည်း ကြည်ညိုတတ်ခြင်း သူ့အကျိုးလိုလားခြင်း ရှိသူတို့မှာမူ မိမိအလွန်နှစ်သက်သော ပစ္စည်းကိုပင် နှမြောရမှန်းမသိ ရက်ရောစွာ လှူဒါန်းနိုင်ကြသည်။ ဤအချက်၌ အင်္ဂုတ္တရ ဧတဒဂ္ဂဝဋ္ဌကထာ မဟာကစ္စာယနဝတ္ထုလာ အမျိုးသမီးတစ်ဦး အကြောင်းကိုပြဆိုပေအံ့။
အလှူရက်ရောသော အမျိုးသမီး။
စဏ္ဍပဇ္ဇောတ မင်းကြီးသည် ဘုရားရှင်ကိုပင့်ရန် ကစ္စာယနလုလင်ကို စေလွှတ်ခဲ့ရာနောက်ပါ ခုနစ်ယောက်နှင့်အတူ ဘုရားမြတ်ထံ ရောက်ခဲ့၏။ ဘုရား၏တရားနာရသောအခါ အားလုံးရဟန္တာ ဖြစ်ကြသည်။ ရဟန္တာဖြစ်ပြီးနောက် စဏ္ဍပဇ္ဇောတမင်းကြီး၏ ပင့်ချက်ကို လျှောက်သောအခါ “သင်သွားလျှင်လည်း မင်းကြီး ကြည်ညိုပါလိမ့်မည်”ဟု ကစ္စာယနမထေရ်ကိုသာ လွှတ်လိုက်၏။ မထေရ်လည်း နောက်ပါ ခုနစ်ပါးနှင့်အတူ ကြွခဲ့ရာ လမ်းခရီးအကြား၌ တေလပနာဠိ မည်သောနိဂုံးသို့ ဆိုက်ရောက်၏။ ထိုနိဂုံး၌ သူဌေးသမီး နှစ်ယောက်ရှိခဲ့ရာ တစ်ဦးမှာ ပစ္စည်းပျက်၍ ဆင်းရဲကာ အထိန်းသည်ကို မှီလျက် အသက်မွေးရရှာ၏။ သို့သော် ရုပ်အဆင်း လှပသည့်ပြင် ဆံပင်လည်း အလွန်ကောင်း၏။ တစ်ယောက်မှာ ပစ္စည်းရှိသော်လည်း ဆံပင်မရှိ၊ ဆံပင်ကောင်းသော သူဌေးသမီးထံ ဆံပင်ကို မိမိအားရောင်းရန် တစ်ရာကစ တစ်ထောင်အထိ တက်ပေးသော်လည်း မရောင်းခဲ့။ မထေရ်များလည်း ထိုနိဂုံး၌ ဆွမ်းခံလှည့်လည်ရာ ထိုဆံပင် ကောင်းသော သူဌေးသမီးမြင်ရသောအခါ “ဩော် အရှင်များ ဆွမ်းလည်း မရသေး ငါ့မှာလည်း လှူစရာမရှိ” ဟု စိတ်မကောင်းဖြစ်မိပြီး မိမိဆံပင်ကို သူငယ်ချင်းသူဌေးသမီး ဝယ်ဘူးသည်ကို အမှတ်ရလျက် မထေရ်များကို ပင့်ခိုင်း၍ အိမ်တွင်း၌ သီတင်းသုံးစေ၏။ ထိုနောက် အခန်းထဲဝင်ပြီးလျှင် ဆံပင်ကိုအထိန်းသည်အား ဖြတ်ခိုင်းတော့သည်။ သူဌေးသမီးမှာ စေတနာ အလွန်ထက်သန်၍ မိမိအလွန်နှမြော စုံမက်ခဲ့သောဆံပင်ဖြတ်ရသည်ကို မည်သို့မျှမဖြစ်သော်လည်း အထိန်းသည်ကြီးမှာ ဤမျှကောင်းသောဆံပင်ကို ဖြတ်လိုက်ရသည့်အတွက် နှမြောလွန်း ဝမ်းနည်းရှာလွန်း၍ ရင်ပတ် လက်နှင့်အုပ်ကာ မျက်ရည်မဆည်နိုင် ဖြစ်ရရှာသည်။ ထို့နောက် မထေရ်များ မမြင်အောင် ဆံပင်ကို ကွယ်အုပ်လျက် ထွက်ခွါလာကာ ဆံပင်ဝယ်လိုသူ သူဌေးသမီးထံ သွားရောက်ရောင်းချရာ ၎င်းသူဌေးသမီးလည်း ဈေးနှိမ့်၍ ရှစ်ကျပ်သာ ပေးလိုက်၏။ ရသမျှယူလာပြီးလျှင် တစ်ပါးတစ်ကျပ်တန် ဆွမ်းချက်၍ သပိတ်ထဲလောင်းလှူ၏။ ကစ္စာယနမထေရ်လည်း ဤအကြောင်းသိ၍ သူဌေးသမီးကိုမေးရာ သူဌေးသမီးလည်း မနေသာတော့ပဲ ထွက်လာပြီး မထေရ်များကို ဦးချ၏။ ဦးချသည်နှင့်တပြိုင်နက် ဆံပင်များမှာ နဂိုအတိုင်း ပြန်ပေါက်လာ၏။ ကုသိုလ်၏ ဒိဋ္ဌဓမ္မအကျိုးပေးပင်။ ထို့နောက် မထေရ်များလည်း ဆွမ်းကိုခံယူ၍ ကောင်းကင်ခရီးဖြင့် စဏ္ဍပဇ္ဇောတမင်းကြီး၏ ကဉ္စနဝနဥယျာဉ်တော်သို့ကြွကာ ဆွမ်းဘုဉ်းပေးတော် မူကြသည်။ ဥယျာဉ်စောင့်၏ လျှောက်ထားချက်အရ စဏ္ဍပဇ္ဇောတမင်းကြီး ရောက်လာ၏။ မထေရ်မြတ်ထံမှ ဘုရားမကြွကြောင်း သိရပြီးနောက် “ယနေ့ ဘယ်မှာ ဆွမ်းဘုဉ်းပေးပါသနည်း” ဟု လျှောက်ရာ ကစ္စာယန မထေရ်က သူဌေးသမီးကလေး၏ ပြုနိုင်ခဲသောအမှုပြုခဲ့ပုံများကို မိန့်ကြားခဲ့၏။ မင်းကြီးလည်း ထိုနေ့ပင် သူဌေးသမီးကိုဆောင်ကာ မိဖုရားကြီအရာ၌ တင်မြှောက်သတတ်။ (အံ၊ဋ္ဌ၊၁၊၁၆၂)
ဒါန၏လက်ငင်းအကျိုး။
ပဉ္စင်္ဂုတ္တရ (၃၃)၌သီဟစစ်သူကြီးက “ဒါန၏ မျက်မှောက်ဘဝ၌ပင် ရမည့်ကိုယ်တွေ့ အကျိုးကို ညွှန်ပြနိုင်ပါသလား” ဟုလျှောက်ရာ ညွှန်ပြနိုင်ကြောင်း မိန့်တော်မူ၍ အကျိုးငါးပါး ဟောကြားတော်မူခဲ့သည်။ ထိုအကျိုးများကား --
(၁) လူအများ ချစ်မြတ်နိုးခံရခြင်း။ တိရစ္ဆာန်များပင် ပေးသူကို ချစ်ခင်ကြ၏၊ လူများမှာ ဆိုဖွယ်ရာမရှိ။ ဤအကျိုးမှာ အကျိုးလိုလား မေတ္တာထားခြင်းဖြင့် ရအပ်သောအကျိုးပင်။
(၂) သူတော်ကောင်းများ အလှူရှင်ထံ ချဉ်းကပ်ရောက်လာခြင်း။ မလှူသူထံ မည်သူမျှမလာလိုကြ၊ သူတော်ကောင်းများ လာခြင်းလာလျှင် အလှူရှင်ထံသာ ရောက်လာမြဲတည်း။ သူတော်ကောင်းများ ရောက်လာခြင်းဖြင့် ကုသိုလ်ဖြစ်ခြင်း, အဖိုးတန် တရားလက်ဆောင်များရခြင်းဖြင့် အကျိုးများလှပေသည်။
(၃) ကောင်းသတင်း ကျော်စောခြင်း။ သူများကောင်းစားအောင် အကျိုးဆောင်သူမှာ မိမိက ဂုဏ်လုပ်ဖွယ် ပကာသနပြုဖွယ်မလိုပါ၊ အများကပင် ဖော်ထုတ်ဂုဏ်တင်လျက်ရှိကြ၍ အစဉ်သတင်း မွေးလျက်ရှိရသည်။
(၄) မည်သည့် ပရိသတ်ထဲသို့မဆို ရဲရဲဝံ့ဝံ့ ဝင်ရောက်နိုင်ခြင်း။ မကောင်းမှု ပြုထားသူမှာ မိမိအပြစ်တွေး၍ ရွှံ့တတ်လန့်တတ်သော်လည်း သူတပါး အချီးမွမ်း အချစ်အခင် ခံနေရသော ကောင်းမှုရှင်မှာ တွေး၍ရွံ့စရာ လန့်စရာ မမြင်သဖြင့် အစဉ်ရဲဝံ့ လျက် ရှိလေသည်။ ဤအကျိုးလေးပါးကား မျက်မှောက် အကျိုးများတည်း။
(၅) သေသော် နတ်ပြည်ရောက်ရခြင်းတို့တည်း။
အများချစ်အပ်၊ သူမြတ်တို့ချဉ်း၊ ကောင်းသတင်းကြွယ်၊
ပွဲလယ်ဝင်ရဲ၊ ခန္ဓာစဲသော်၊ ရောက်မြဲနတ်ထံ၊ ဤငါးတန်၊ ရရန်လှူကျိုးတွေ။
ဒါနသံသရာရှည်သလော။
အချို့က ဒါနကို သံသရာရှည်စေတတ်သောတရားဟု ကြောက်လန့်ဖွယ်အဖြစ် ဆိုကြ၏။ သံသရာဝဋ်မှ ကျွတ်လွတ်ရန် လိုလားကြသော အလောင်းတော် များ ဒါနကို လိုလိုလားလား ပြုခဲ့ကြသည်မှာ သံသရာမှ လွတ်ကြောင်း ဖြစ်သောကြောင့်သာ ဖြစ်သည်။ တဏှာသည်သာ သံသရာရှည်ကြောင်း ဖြစ်၏။ နည်းမှန် လမ်းမှန်ပြုသော ဒါနမှာ တဏှာကို ပယ်နိုင်ကြောင်း ဖြစ်၏။ အလောင်းတော်များမှာ ခုဘဝ နောင်ဘဝ သာယာရေးအတွက် မိမိဖုရာ ဘာတစ့ခုမှ မတောင့်တကြ၊ သတ္တဝါအများ ကောင်းစားစေလို, ချမ်းသာစေလိုသော စေတနာသာထား၍ ပေးကမ်းကြ၏။ ဤဒါနမျိုးကို ပါရမီမြောက် ဒါနဟုဆို၏။ အကယ်၍ တောင့်တလိုလျှင်လည်း သံသရာဝဋ်မှ လွတ်ရေးသာ တောင့်တသင့်၏။ သံသရာဝဋ်မှ လွတ်ရန် တောင့်တခြင်းမှာ တဏှာမဖြစ်ပေ။ ထိုဒါနမျိုးကို ဝိဝဋ္ဋနိဿိတ ဒါနဆို၏။ တဏှာဆန္ဒ မကင်းသော ဝဋ္ဋနိဿိတ ဒါနမျိုးမှာ သံသရာလည်ကြောင်း ဖြစ်သော်လည်း တဏှာမပါသော ဝိဝဋ္ဋနိဿိတမှာ သံသရာမှ မြန်စွာလွတ်ကြောင်းပင် ဖြစ်သည်။
မကြောက်ထိုက်။
ဒါနရှင်မှာပေးလှူခိုက် မေတ္တာ, ကရုဏာ, မုဒိတာများ ဖြစ်ပွါးလျက်ရှိရာ အလှူခံတို့ ခံယူသုံးဆောင်သည်ကို အားရကြည်နူး ရွှင်မြူးဝမ်းသာ စိတ်ချမ်းသာလျက် ရှိနေ၏။ နောင်အခါ တွေးမိတိုင်းလည်း ဝမ်းသာကြည်နူး ရွှင်မြူးလျက်ရှိ၏။ ဤသည်တို့မှာ လက်တွေ့ခံစားရသော ဒါနအကျိုးတရားများပင်။ သူတပါးအပေါ် မေတ္တာ, ကရုဏ, မုဒိတာ ပွါးလျက်ရှိသောကြောင့်လည်း မာနဒေါသ, လောဘ, ဣဿာ, မစ္ဆရိယစသော တရားဆိုးများ ကင်းရှင်းလျက်ရှိရာ ထိုတရားများ ပါးကြောင်းဖြစ်သော ဒါနကို မလိုက်နာ မပြုကျင့်ထိုက်ပဲ ရှိပါမည်လော။ ဒါနကို ကြောက်သူမှာ ဥသျှစ်သီးကြွေကျသည်ကို မြေပြိုပြီအထင်ဖြင့် ကြောက်ပြေးသော ယုန်မိုက်ပမာ မကြောက်ထိုက်သည်ကို ကြောက်ခြင်းသာ။
ဆုံးရှုံးမှု။
အချို မယုံ၍ မလှူ၊ မိမိမူကား သုံးစား၏၊ ထိုသူမျိုးကား ဘဝနောင်ရေးအတွက် ရှုံးသူဖြစ်သော်လည်း ဤဘဝမရှုံး၍ တော်သေး၏။ တချို့မူ လှူလည်း မလှူ၊ စားလည်း မစားရက်၊ ထိုသူမျိုးမှာ သာ၍ ဆုံးရှုံးသောသူတည်း။ ထိုသူမျိုးကို ပန်းထိမ်သမား တို့၏ ဖားဖိုကဲ့သို့ အသက်ရှူလျက် အသက်မရှင်သူ (သေသူ) ဟု ပညာရှိတို့ ဆိုကြသည်။ ကောသလသံယုတ် (သံ၊၁၊၉၀)၌ သူဌေးကြီးတစ်ဦးမှာ သားသမီးလည်းမရှိ၊ ချမ်းသာလိုက်သည်မှာလည်း အသပြာက သိန်းရှစ်ဆယ်၊ ရွှေငွေ စသည် ဖြင့် ပြီးသော ပစ္စည်းဘဏ္ဍာ အသုံးအဆောင်များမှာ ပြောမဆုံးအောင် မြားမြောင် ပေါကြွယ်လှ၏။ ဤမျှအထိ ကြွယ်ဝသူ ဖြစ်ပါလျက် ပုန်းရည်နှင့် ဆန်ကွဲစားပြီး ရထားအိုကလေး အမြဲစီးလျက် သစ်ရွက်ထီးသာ ဆောင်းတတ်၏။ သေသောအခါ ဥစ္စာအားလုံး မင်းဘဏ္ဍာ ဖြစ်ရသည်။ ဤအဖြစ်ကို အကြောင်းပြု၍ ဘုရားရှင်က “လူသူမရှိရာ တောထဲ၌ ဘယ်သူမျှ မသောက်သုံးရပဲ ခြောက်ခန်းသွားသော ရေကန်းကြီးပမာ လူညံ့များမှာ ဥစ္စာရသော် မိမိလည်း မစားရက် ပေးလည်းမပေးရက်ကြ၊ ပညာရှိကား ဥစ္စာရသော် မိမိလည်းသုံး အများကိစ္စလည်းဆောင်လျက် ဆွေမျိုးအပေါင်းကို ကျွေးမွေးကာ အကဲ့ရဲ့မခံရ၊ အချီးမွမ်းသာ ခံရ၍ နတ်ပြည်သို့ ရောက်ရသည်”ဟု ဟောတော်မူသည်၊ နီတိဆရာတို့က “စုဆောင်းထား အပ်သောဥစ္စာတို့ကို စွန့်လှူခြင်းသာ စောင့်ရှောက်ခြင်းမည်၏၊ ရေကန်၌ တည်သော ရေတို့ကို ထုတ်လွှတ်ရာ ရေပြွန်သည်သာ စောင့်ရှောက်ခြင်း မည်သကဲ့သို့တည်း” ဟု ဆိုခဲ့ကြသည်။
---
ဓမ္မစရိယာ။
သတ်ဖြတ်ခြင်း, ခိုးခြင်း, သူတပါးသားမယားပြစ်မှားခြင်း ဟူသော ကာယဒုစရိုက် သုံးပါး၊ လိမ်ပြောခြင်း, ရန်တိုက်ခြင်း, ကြမ်းတမ်းသော စကားပြောခြင်း, သိမ်ဖျင်း (=အနက်အဓိပ္ပါယ် မရှိ)သော စကားပြောခြင်းဟူသော ဝစီဒုစရိုက်လေးပါး၊ သူဥစ္စာကို ရရန်ကြံခြင်း, သူပျက်စီးရန်ကြံခြင်း, အယူမှားခြင်းဟူသော မနောဒုစရိုက် သုံးပါး၊ ဤဆယ်ပါးကို ဒုစရိုက်(=မကောင်းသော အကျင့်) ဟု၎င်း အကုသလကမ္မပထ (=အပါယ်သွားလမ်း မကောင်းမှုများ) ဟု၎င်း ဆို, ရ၏။ ထို အမှုများမှ ရှောင်ခြင်းကို သုစရိုက် (=ကောင်းသောအကျင့်) ဟု ၎င်း, ကုလကမ္မပထ (=သုဂဟိသွားလမ်း ကောင်းမှုများ)ဟု၎င်း ဆိုသည်။ ဤ ကုသိုလ်ကမ္မပထတရားဆယ်ပါးကို ကျင့်ခြင်းသည်ပင် ဓမ္မစရိယာမည်၏။ [ဓမ္မဿ စရိယာ ဓမ္မစရိယာ။ ဓမ္မဿ၊ တရားကို။ စရိယာ- ကျင့်ခြင်း။ ဓမ္မစရိယာ- တရားကိုကျင့်ခြင်း။]
ဓမ္မဟူသည်မှာ သူတော်ကောင်းများ ကျင့်ရိုးတရားဖြစ်၏။ သူ့အသက် သတ်မှုစသည်မှာ ထိုတရားမှ ကင်းကွာသော အပြုအကျင့်များတည်း။ သက်ဖြတ်မှုစသည်မှ ရှောင်ခြင်းမှာ တရားနှင့်မကွာသော အပြုအမူဖြစ်၏၊ ထို့ကြောင့် တရားနှင့်မကင်းကွာသော အကျင့်ဟုလည်း ဓမ္မစရိယာ၏ အနက်ကို ဆိုရ၏။ [ ဓမ္မတော အနပေတာ စရိယာ ဓမ္မစရိယာ။ ဓမ္မတော၊ တရားမှ။ အနပေတာ၊ မကင်းသော။ စရိယာ- အကျင့်တည်း။ ဓမ္မစရိယာ- တရားနှင့်မကင်းသောအကျင့်။]
ဒါနစသော ပုညကိရိယာများလည်း ဓမ္မပင်ဖြစ်သော်လည်း ထိုဓမ္မများမှာ ဒါနစသော ဆိုင်ရာမင်္ဂလာများ၌ ပါဝင်ပြီးဖြစ်သောကြောင့် ၎င်း “ဓမ္မစရိယာ သမစရိယာဟေတု ခေါ ဂဟပတယော” စသည်ဖြင့် ဟောတော်မူသော မူလပဏ္ဏာသ သာလေယျကသုတ် (မ၊၁၊၃၅၅)၌ ဓမ္မစရိယာ-အရ ကုသလကမ္မပထတရား ဆယ်ပါးကို ကျင့်ခြင်းကို ဟောတော်မူသောကြောင့်၎င်း, ဓမ္မစရိယာအရ ကုသိုလ်ကမ္မပထတရားဆယ်ပါး ကျင့်ခြင်းကိုသာ အဋ္ဌကထာ ဖွင့်ခဲ့သည်။
မင်္ဂလာဖြစ်ပုံ။
“တရားကျင့်မှုသည် နတ်ပြည်၌ ဖြစ်ရခြင်းအကြောင်းဖြစ်သောကြောင့် မင်္ဂလာာမည်သည်” ဟု အဋ္ဌကထာဖွင့်၏။ ယခင် သာလေယျကသုတ်၌ ဟောတော်မူချက်အရပင် ဖြစ်၏။ ထိုသို့ တမလွန်ကောင်းကျိုးသာ ပြသော်လည်း ဤဘဝ၌ပင် ကောင်းကျိုး အမျိုးမျိုးကို ရလျက်ရှိပါသည်။
မကောင်းမှု ပြုကျင့်သူမှာမူ ဘေးလေးမျိုးကြုံရတတ်၏။ ၎င်းတို့မှာ –
(၁) အတ္တာနုဝါဒဘေး=မိမိကိုယ်ကို စွပ်စွဲသောဘေး။ မကောင်းမှုပြုသူမှာ ငါ မကောင်းပါတကား”ဟု မိမိကိုယ်ကို အစဉ်အပြစ်တင်ကာ စိတ်မကောင်းဖြစ်နေရတတ်၏။
(၂) ပရာနုဝါဒဘေး=သူတပါး စွပ်စွဲသောဘေး။ “ဤသူ လူဆိုးပဲ” ဟု သူတပါးက အထူးသဖြင့် ပညာရှိသူတော်ကောင်းများက ကဲ့ရဲ့ပြစ်တင်ခံရသည့် ဘေးတည်း။
(၃) ဒဏ္ဍဘေး=မင်းပြစ် မင်းဒဏ်သင့်သောဘေး။
(၄) ဒုဂ္ဂတိဘေး=အပါယ်ထွက်ရသည့်ဘေး။ (အံ၊၁၊၄၃၆။)
ကိုယ့်ကိုစွပ်စွဲ၊ သူလဲပြစ်တင်၊ ဒဏ်ဝင်တွယ်ငြား၊
အပါယ်လား၊ လေးပါးဘေးကြီးရှောင်။
ရွှေသုံးပါးမှာ မျက်မှောက်ဘဝ၌ ခံရမည့်ဘေးများဖြစ်ရာ တရားကျင့်နေသူ၌ ထိုဘေးများကင်းကာ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိရ၏။ အများ၏ ချစ်ခင်လေးမြတ်မှုကို ခံရ၏၊ မေတ္တ, ကရုဏ, မုဒိတာများ ဖြစ်လျက် အလွန်စိတ်အေးချမ်းသာနေရသောသူမှာ အဆင်း, ခွန်အားတိုးကာ အသက်ရှည်စွာနေရတတ်၏။ သူတော်ကောင်းတရား ဆုတ်ယုတ်သော ခေတ်အခါ၌ ရောဂါများခြင်း, အသက်တိုခြင်းဖြစ်၍ သူတော် ကောင်းတရား ထွန်းကားသောခေတ်အခါ၌ ရောဂါကင်းလျက် အသက်ရှည်ကြခြင်းမှာ ဓမ္မစရိယာ၏ အကျိုးအာနိသင်ပင်။ “တယော ရောဂါ ပုရေ အာသုံ၊ ဣစ္ဆာ, အနသနံ, ဇရာ=ရှေးအခါက လိုချင်ခြင်း, အစာ ဆာလောင်ခြင်း, အိုချိန်ကျ၍ အိုခြင်းဟု ရောဂါသုံးမျိုးသာ ရှိခဲ့ကြောင်း” သုတ္တနိပါတ ဗြာဟ္မဏဓမ္မိကသုတ် (သုတ္တနိ၊၃၂၅)၌ ဟောတော်မူ၏။ နွားတို့ကို သတ်ဖြတ်ရာမှအစ ကိုးဆယ့်ရှစ်ပါး ရောဂါများ ဖြစ်လာရသည်ဟုလည်း ထိုသုတ်၌ပင် ဟောတော်မူ၏။
ဓမ္မပါလ။
ကာသိတိုင်း ဓမ္မပါလရွာမှ ဓမ္မပါလလုလင်သည် တက္ကသိုလ်ပြည် ဒိသာပါမောက္ခ ဆရာကြီးထံ သွားရောက် ပညာသင်ကြားရာ တပည့်ငါးရာတို့၏ အကြီးအမှူး တပည့်ကြီးအဖြစ် ရောက်လေ၏။ တစ်နေ့ဆရာကြီး၏ သားကြီးသေဆုံးသဖြင့် ထိုအရေးကို ဆွေးနွေး ပြောဆိုကြရာမှအစ ဓမ္မပါလထံမှ သူတို့အမျိုးမှာ ငယ်ငယ်အရွယ်၌ မသေကြောင်း ကြားရသောအခါ ဆရာကြီးအား ပြောပြကြ၏။ ဆရာကြီးလည်း … ဓမ္မပါလကို ခေါ်မေး၍ ဟုတ်မှန်ကြောင်း သိရသောအခါ လွန်စွာအံ့ဩလှသဖြင့် မိမိကိုယ်တိုင် သွားရောက် စုံစမ်းရန်ဆုံးဖြတ်လေ၏။ ထို့နောက် ဆိတ်ရိုးများကို လွယ်အိပ်ထဲ ထည့်ပြီးလျှင် တပည့်များအား စာပေချပို့ရန် ဓမ္မပါလကို မှာကြားလျက် ထွက်ခွါခဲ့ရာ ဓမ္မပါလရွာ ဓမ္မပါလဘို့အိမ်သို့ ဆိုက်ရောက်လေ၏။ဆရာကြီးအား အိမ်သားများက ဝတ္တုရား ကျေပွန်အောင် ပြုစုကြ၏။ ထမင်းသုံးဆောင်ပြီးနောက် အေးအေးသက်သာ နေသောအခါ ဆရာကြီးက ဓမ္မပါလ၏ ဘခင်ပုဏ္ဏားကြီးအား ဓမ္မပါလ ကွယ်လွန်ပြီဖြစ်ကြောင်း သင်္ခါရမှန်သမျှ အနိစ္စချည်းဖြစ်၍ မစိုးရိမ်ဖို့အကြောင်း ပြောပြ၏။ ပုဏ္ဏားကြီးလည်း လက်ခုပ်လက်ဝါးတီးလျက် ပြင်းစွာရယ်လေ၏။ “ဘာကြောင့် ရယ်သလဲ” ဟု မေးသော် “ကျွန်တော့သား မသေပါဘူးဆရာကြီး၊ တခြားသူ တယောက်ယောက် သေတာဖြစ်ပါလိမ့်မည်” ဟုဆို၏၊ “ယုံပါ ပုဏ္ဏား၊ ဟောဒါ သင့်သား အရိုးတွေပဲ” ဟု အရိုးများထုတ်ပြသော် “ဆရာကြီးပြသော အရိုးမှာ ဆိတ်ရိုး ခွေးရိုး ဖြစ်ပါလိမ့်မည်၊ ကျွန်တော့သား မသေပါဘူး၊ကျွန်တော်တို့ အမျိုးမှာ အမျိုးခုနစ်ဆက်တိုင်အောင် ငယ်ငယ်နှင့်သေဘူးသည် မရှိပါဆရာကြီး”ဟု ပုဏ္ဏားကြီးက ရဲဝံ့စွာငြင်းဆို၏။ ဆရာကြီးလည်း အလွန်အံ့ဩ၍ “သင်တို့အမျိုး၌ ထိုသို့ငယ်ငယ်ရွယ်ရွယ်နှင့် မသေသည်မှာ အဘယ့်ကြောင့်ပါနည်း” ဟုမေး၏။ ပုဏ္ဏားကြီးက အကျယ်တဝင့် ပြောပြ၏။ “ဆရာကြီး ကျွန်တော်များ တရားကျင့်ကြပါသည်၊ အရိယာတို့ကဲ့ဖွယ်မကောင်းမှု မပြုကြပါ။ မသူတော်တရား သူတော်ကောင်းတို့တရား နှစ်မျိုးလုံး နာကြပါသည်။ သူတို့နှင့် မဆန့်ကျင်အောင် နာကြသော်လည်း မသူတော်များ တရားကိုလက်မခံကြပါ၊ သူတော်ကောင်းများနှင့်သာ ပေါင်းသင်းကြပါသည်။ ကျွန်တော်များ မလှူမီလည်း ဝမ်းသာ, လှူဆဲလည်းဝမ်းသာ, လှူပြီးသောအခါလည်း နောင်တ မဖြစ်ကြ။ ရဟန်း ပုဏ္ဏား, ခရီးသည် သူကောင်းစား ဆင်းရဲသားတို့ကို ထမင်း အဖျော် ပေးကမ်းကြပါသည်။ ကျွန်တော်များ၏ ဇနီးများ အခြားယောက်ျားနှင့် မမှားကြသလို ကျွန်တော်များလည်း တခြားမိန်းမများနှင့် မမှားကြပါ၊ ဗြဟ္မစရိယအကျင့် ကျင့်ကြပါသည်။ ကျွန်တော်တို့သည် အသက်မသတ်ကြ မခိုးကြ လိမ်မပြောကြ အရက်မသောက်ကြပါ။ တရားရှိသော ကျွန်တော်တို့၏ ဇနီးများမှ ဝေဒကျမ်းတတ် ပညာရှိ သားကောင်း သားမြတ်များသာ မွေးဖွားပါသည်။ .. အမေ အဘ ညီအစ်ကို မောင်နှစ်မ သားမယား ကျေးကျွန်အစေခံ အမှုလုပ်အားလုံး နောင်ဘဝရေးအတွက် တနားကျင့်ကြသူချည်း ဖြစ်ပါသည်။ ဤအကျင့်များမှာ ကျွန်တော်များ ငယ်ငယ်နှင့် မသေရခြင်း အကြောင်းများ ဖြစ်ပါသည်” ဟုဆိုသော ဓမ္မပါလဘခင် ပုဏ္ဏား ကြီး၏ စကားကိုကြားသောအခါ ဆရာကြီးက မိမိစုံစမ်းလို၍ လာခဲ့ကြောင်း ဓမ္မပါလမှာ ကျန်းမာလျက်ရှိကြောင်းပြောကာ ထိုတရားများကို မိမိတို့ကျင့်ရန် ရေးကူးပြီး ပြန်ခဲ့လေသည်။ “ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိံ=တရားကျင့်သူကို တရားက တကယ်ပြန်စောင့်ရှောက်တတ်၏။”(ဇာတက၊ဋ္ဌ၊၄၊၅၈)
---
ဉာတိသင်္ဂဟ။
ဉာတိဆွေမျိုးဟူသည်မှာ မိဖက် ဘဖက် ဆွေခုနစ်ဆက်ကို ဆို၏၊ ဥစ္စာစည်းစိမ် ပျက်စီးသောကြောင့်ဖြစ်စေ ရောဂါ နှိပ်စက်သောကြောင့်ဖြစ်စေ အရပ်တပါးမှ မိမိထံ ရောက်လာသော ဆွေမျိုး မိမိအနီးအပါးမှ ဆွေမျိုးများကို အဝတ်, အစားအစာ, ဆေးဝါး စသည်ဖြင့် ကူညီထောက်ပံ့ခြင်းကို ဉာတိသင်္ဂဟဆို၏။ ဆိုခဲ့ပြီး သင်္ဂဟ ဝတ္ထုလေးပါးဖြင့် ဆွေမျိုးမှန်သမျှအား ထောက်ပံ့ခြင်းကိုလည်း သင်္ဂဟ ဆိုရ၏။ ဆွေမျိုးကို ထောက်ပံ့သူမှာ “တော်ပါပေတယ်” ဟုအများ၏ ချီး မွမ်းခြင်း ခံရ၏။ ဆွေမျိုးများ၏ လေးစားချစ်ခင်မှု တုံ့ပြန်စောင့်ရှောက်မှုကိုလည်း ခံရတတ်၏။ ချစ်ခင်ကြင်နာခြင်းဖြင့် ဖွဲ့ထားသော ညီညွတ်သင့်မြတ်သော ပတ်ဝန်းကျင်ဖြင့် အစဉ်ရွှင်လန်းသာယာလျက် ရှိနေ၏။ ဤသို့စသော ဒိဋ္ဌဓမ္မအကျိုးများကို၎င်း သုဂတိဘဝရောက်ရခြင်း တမလွန် အကျိုးကို၎င်း ရရာရကြောင်း ကောင်းသော အမှုဖြစ်ရာ ဉာတိသင်္ဂဟမှာ မင်္ဂလာ ဖြစ်ပေသည်။
ဘုရားလောင်းများအကျင့်။
အမျိုးကိုထောက်ပံ့ခြင်းမှာ ဘုရားအလောင်းတို့၏ ကျင့်ရိုးဖြစ်သည်။ အလောင်းတော် များသည် အမျိုးသားများ အကျိုးဆောင်ခြင်း ဘေးရန်ကာကွယ်စောင့် ရှောက်ခြင်း စသည်ဖြင့် အစဉ်အမျိုးသားတို့၏ အကျိုးများကို ပြုကျင့်ခဲ့ ရာ ဉာတတ္ထစရိယာ-ဟု စရိယာတစ်ရပ်အဖြစ် ထင်ရှားခဲ့၏။ တခါက ပုရောဟိတ် တစ်ဦး၏ခေါင်းပေါ် ကျီးတစ်ကောင်က မစင်စွန့်ချခဲ့ရာ ပုရောဟိတ် စိတ်ဆိုး၍ ကျီးတွေအပေါ် ရန်ငြိုးဖွဲ့ခဲ့သည်။ တနေ့ ဘုရင့်ဆင်တင်းကုပ် မီးလောင်၍ ဆင်တွေအနာရခဲ့ရာ ဆင်ဆရာတွေ ပျောက်အောင် မတတ်နိုင်ကြသဖြင့် ဘုရင်အားလျှောက်သော် ဘုရင်က ပုရောဟိတ်အား မေး၏။ ပုရောဟိတ်က အချက်ပေါ်ပြီဟု စဉ်းစားမိကာ “ကျီးဆီရလျှင် ပျောက်နိုင်ကြောင်း” လျှောက်၏။ ဘုရင်က “ကျီးတွေသတ်၍ ကျီးဆီထုတ်ရန်” အမိန့်ပေးတော့သည်။ ဘုရင့်အမိန့်အရ ကျီးတွေသတ်ပြီး အဆီ ထုတ်သော်လည်း အဆီမရပဲ ကျီးသေသာ နေရာအနှံ့စုပုံလျက်ရှိ၏။
ထိုအချိန်တွင် ဘုရားအလောင်း ကျီးမင်းသည် ကျီးရှစ်သောင်းနှင့်အတူ သုသာန်၌နေ၏။ ကျီးတို့၏ဘေးရန်ကို ကြားရ၍ “ငါမှတပါး ငါ့အမျိုးသားတို့ဘေးရန်ကို ကာကွယ်နိုင်မည့်သူမရှိ”ဟု စဉ်းစားမိသဖြင့် မိမိ၏ပါရမီတို့ကို ဆင်ခြင်ပြီးလျှင် မေတ္တာပါရမီ ရှေ့သွားပြုကာ တရှိန်ထိုး ပြူတင်းပေါက်မှဝင်လျက် ဘုရင်၏ပလ္လင်အောက်မှာ ဝပ်နေ၏။ အတန်ကြာ အပန်း ပြေမှ မေတ္တာပါရမီကို ဆင်ခြင်လျက် ပလ္လင်အောက်မှထွက်ကာ ဘုရင်ကို လျှောက်သည်မှာ “အရှင်မင်းကြီး ဘုရင်မည်သည်မှာ စဉ်းစားဆင်ခြင် ပြုသင့်ပါသည်၊ မိမိပြုလုပ်သည့် အလုပ်မှာ တကယ်အကျိုးရှိမှ လုပ်သင့်ပါ၏။ အကျိုးမရှိပဲ အများဆင်းရဲမည်ဆိုလျှင် မလုပ်ထိုက်ပါ၊ ကျွန်တော်တို့ ကျီးမည်သည်မှာ အဆီမရှိပါ၊ ပုရောဟိတ်သည် ရန်ငြိုးကြောင့် လိမ်ပြောခြင်းသာဖြစ်ပါသည်။” ဤသို့ဆိုသော ကျီး၏စကားကို ကြားရသော် ရှင်ဘုရင်လည်း အလွန်ကြည်ညို၍ ရွှေအင်းပျဉ်ပေါ်တွင် နေစေလျက် မင်းသုံး မင်းဆောင် အစားအစာတို့ကို ကျွေးမွေးပြီးလျှင် ကျီးများမှာ အဆီမရှိခြင်းအကြောင်းကို မေး၏။
“ကျွန်တော်တို့ကျီးများမှာ အမြဲထိတ်လန့်သော စိတ်နှလုံးရှိကြပါသည်၊ သတ္တဝါအများကို ညှဉ်းဆဲတတ်ကြသည်၊ထို့ကြောင့် ကျွန်တော်တို့ ကျီးတွေမှာ အဆီမရှိခြင်း ဖြစ်ပါသည်ဟု ကျီးမင်းလျှောက်သော် ဘုရင်လည်း အလွန်အားရ နှစ်သက်ကြည်ညိုလှ၍ ကျီးမင်းအား မင်းအဖြစ်ကိုပင် အပ်နှင်း၏။ ကျီးမင်းလည်း မင်းအဖြစ်ကို လက်မခံ ပြန်အပ်ခဲ့၍ သတ္တဝါတို့၏ ဘေးမဲ့ကိုတောင်းရာ တောင်းသည့်အတိုင်း ပေးသည့် အပြင် ကျီးတို့အတွက် အစာကိုအမြဲ ဒါနပြုလေသည်။ (ဇာတက၊ဋ္ဌ၊၁၊၅၁၀)
အမျိုးသားအားလုံးယူ။
အလောင်းတော်များ မိမိအမျိုးသားများအတွက် အနစ်နာခံခဲ့ပုံ ကူညီစောင့်ရှောက် ကာ ကွယ်ခဲ့ပုံများကို ဇာတကဋ္ဌကထာများ၌ အတော်ပင်တွေ့ရပါသည်။ ဉာတတ္ထစရိယာ၌ ဉာတိဆိုသည်မှာ သွေးသားတော်စပ်သော အမျိုးမျှသာ မဟုတ်ပဲဇာတ်တူ ကိုယ့်အမျိုးသားများကိုလည်း ဉာတိဆိုရ၏။ ဤ၌လည်း အားလုံး ကိုယ့်အမျိုးသားများကို ဉာတကဟု ယူသော် ပို၍ပြည့်စုံရာ၏။ ယူဖို့သာ အစဉ်ကြည့်တတ်သူမှာ စိတ်ထားသဘောထား သေးသိမ်သူ ကျဉ်းမြောင်းသူဖြစ်၏။ ထိုသူမျိုးမှာ မိမိဆွေမျိုးအပေါ်ကူညီရန် သတိမရတတ်၊ တမျိုးသားလုံးအပေါ်မှာ ဆိုဖွယ်ပင်မရှိ။ အများအကျိုး လိုလားသောသူမှာ စိတ်ထားသဘောထား ကြီမားသောသူတည်း။ ထိုသူမျိုးမှာ မိမိ ဆွေမျိုးသာမက တတ်နိုင်လျှင် တမျိုးသားလုံးကောင်းစားအောင်ပြုရန် အဆင်သင့်ဖြစ်နေတတ်၏။ မိမိဆွေမျိုး အမျိုးသားများအပေါ် ကောင်းဖို့ရာမှာ မေတ္တာ, ကရုဏာ အရင်းခံဖြစ်ရာ ထိုတရားများ ထွန်းကားသော ခေတ်အခါကဆိုလျှင် ဤဉာတိသင်္ဂဟမှာ သူတပါးက ဆုံးမဖွယ်မလို။ အရိုးစွဲနေသော အကျင့်ဖြစ်ကာ အချင်းချင်း ကူညီရိုင်းပင်းလျက် တသားတည်း ညီညွတ်လျက်ရှိရာ သာယာသောခေတ် ဖြစ်တော့သည်။ မေတ္တာ, ကရုဏာ ခေါင်းပါးသော ခေတ်အခါမှာမူ တမျိုးသားလုံး မဆိုထားဘိ ဆွေမျိုးချင်းပင် ကွဲပြားလျက် မသာမယာ ဖြစ်ရသည်။ ထို့ကြောင့် သာယာသောလောက ဖန်တီးဖို့ရာ ဤဉာတိသင်္ဂဟ မင်္ဂလာမှာ လွန်စွာ အရေးပါလှပေသည်။
အနမတဂ္ဂ။
“န သော ဘိက္ခဝေ သက္ကော သုလဘရူပေါ၊ ယော န မာတာဘူတ ပုဗ္ဗော” စသော အနမတဂ္ဂ ဒေသနာတော် အရဆိုလျှင် ဤမျှရှည်လျားစွာ ကျင်လည်ခဲ့ရသော သံသရာတခွင်၌ အမိ အဘ, ညီအစ်ကို မောင်နှစ်မ စသည် မဖြစ်ဘူး မတော်စပ်ဘူးသူ မရှိ၊ အားလုံး တော်စပ်ကြဘူးသည်ချည်းပင်။ (သံ၊၁၊၃၉၅) ဤဒေသနာ နှလုံးသွင်းမိလျှင် အားလုံးပင် ဆွေမျိုးချည်း ဖြစ်ကြသည် ဟူသော ရင်းနှီးချစ်ခင်ကြင်နာသည့်စိတ်ထား ထားနိုင်ကြ၍ ကြီးမားသော စိတ်ထားရှိသူများ ဖြစ်နိုင်ကြမည်ဖြစ်ရာ ကိုယ့်အမျိုးသားများ အပေါ်မှာ စိတ်ထားကြီးမား ကျယ်ပြန့်နိုင်သူများ ဖြစ်ကြပါစေ။
အယံ နိဇော ပရောဝါတိ၊ ဂဏနာ လဟုစေတိနံ။
ဥဒါရစရိတာနံ တု၊ ဝသုဓေဝ ကုဋုမ္ဗဏံ။ (ဟိတောပဒေသ)
အယံ၊ ဤသူကား။ နိဇော၊ ကိုယ်နှင့်ရင်းသူ အတွင်းလူဖြစ်၏။ အယံ၊ ဤသူကတော့။ ပရောဝ၊ အပဖြစ်သူ တစိမ်းလူသာတည်း။ ဣတိ၊ ဤသို့။ လဟုစေတိနံ၊ စိတ်ထားပေါ့ပျက် မလေးနက်မူ သေးသိမ်သူတို့၏။ ဂဏနာ၊ ကိုယ့်လူ သူ့လူ နှစ်မူထားလျက် တွက်ဆချက်သည်။ ဟောတိ၊ ဖြစ်တတ်ပါပေ၏။ ဥဒါရစရိကာနံ တု၊ စိတ်နေသဘောထား ကြီးမားမြင့်မြတ်သူတို့ အတွက်မှာ။ ပသုမာ၊ ကမ္ဘာ့ဗွေခွင် မြေတစ်ပြင်လုံးသည်။ ကုဋုမ္ဗကံ ဧဝ၊ အိမ်ထောင်တစ်ခုတည်း မိသားစုချည်းအနေ ဖြစ်ရပါပေသတည်း။
---
အနဝဇ္ဇကမ္မ။
သတ်ခြင်းခိုးခြင်းစသော အမှုများမှာ လောက၌ မင်းပြစ်မင်းဒဏ်လည်း ခံရတတ်၏။ သံသရာပြစ်ခေါ် အပါယ်ကျခြင်းလည်း ဖြစ်ရ၏။ ထို့ကြောင့် သာဝဇ္ဇကမ္မ (=အပြစ်နှင့်တကွဖြစ်သော အလုပ်များ)ဟု ဆိုရ၏။ ထိုကဲ့သို့ မင်းပြစ် မင်းဒဏ်လည်းမရှိ အကုသိုလ်လည်း မရှိသော အလုပ်များကို အနဝဇ္ဇကမ္မ (=အပြစ်မရှိသော အလုပ်) ဟု ဆိုအပ်၏။ ထိုအလုပ်များကား ဥပုသ်စောင့်ခြင်း ဝေယျာဝစ္စပြုခြင်း အများ အရိပ်ခိုနားရန် သစ်ပင်စိုက်ခြင်း, အများသုံးဖို့ ဥယျာဉ်တည်ခြင်း, တံတားဆောက်ခြင်း, လမ်းပြင်ခြင်း, ရေတွင်း ရေကန်တူးခြင်း စသည့် ကောင်းမှု ဖြစ်သော အလုပ်များတည်း။ မကောင်းသောအလုပ်များကြောင့် ပြင်ရသူ ခံရသူအားလုံး စိတ်မသက်သာ ဆင်းရဲကြရ၏၊ အမင်္ဂလာသာတည်း။ ဆိုခဲ့ပြီး ကောင်းမှုများကား အများတကာ ကိုယ် ချမ်းသာ စိတ်ချမ်းသာ သာယာပျော်ရွှင်မှုကို ဖြစ်စေတတ်၏၊ အများကောင်းကျိုး ပြုသူဖြစ်၍ အများ၏ ချစ်မြတ်နိုးခြင်း လေးစားခြင်း ချီးမွမ်းခြင်းကို ခံရ၏။ မိမိမှာ တွေးတိုင်း အာရုံပြုမိတိုင်း စိတ်ချမ်းသာရ၏။ သေခါနီး ထိုကုသိုလ် အာရုံများဖြင့် ကောင်းသောနိမိတ်များထင်ကာ သုဂတိဘုံ ရောက်မည်မှာ သေချာနေတော့၏။ ထို့ကြောင့် ဤအမှုများမှာ ကောင်းမြတ်သော မင်္ဂလာဖြစ်လေသည်။
မာဃလုလင်။
ဤအနဝဇ္ဇကမ္မ-အရာ၌ မာဃလုလင်မှာ နမူနာပင်ဖြစ်၏။ မစလရွာမှ မာဃလုလင်ကား ဒါနပြု၏။ သီလစောင့်ထိန်း၏။ ရပ်ရွာသာယာရေး ကောင်းမှု၌ စိတ်ဝင်စား၏။ ထိုရွာ၌ အိမ်သုံးဆဲ့သုံးအိမ်ရှိရာ မာဃလုလင်၏ သွန်သင်ဆွဲဆောင်ချက်အရ သုံးကျိပ်သုံးယောက်လုံး စိတ်တူကိုယ်မျှ ဒါနသီလကုသိုလ်မြဲကြသည့်ပြင် ရပ်ရွာ သာယာရေး ကောင်းမှုပြုကြ၏။ လမ်းများကို ညီညာအောင် ကျောက်တုံးဖြင့် လှိမ့်ပြင်ကြ၏။ လှည်း ရထားသွားလမ်းများ၌ ဝင်ရိုးမလွတ်သော သစ်ပင်များ လှဲရှင်းပစ်ကြ၏။ ယာဉ်လမ်းကို ညှိကြ၏။ တံတား ခင်းကြ၏။ ရေကန်တူးကြ စရပ်ဆောက်ကြ၏၊ လူတွေလည်း စိတ်ကောင်း ရပ်ရွာလည်း ရှုချင်ဖွယ်ဖြစ်၍ မစလရွာမှာ သာယာပျော်ရွှင်ဖွယ် ဖြစ်လာလေသည်။
ရှေးအခါက သူတို့ အရက်သောက် သားငါးသတ်ဖြတ်နေစဉ် သူတို့ထံမှ လာဘ်ရနေသော ရွာစားသည် ယခု ကောင်းမှုရှင် သူတော်ကောင်းတွေချည်း ဖြစ်နေသောအခါ လာဘ်မရတော့၍ ဤရွာသားတွေ သူခိုးဓားပြများ ဖြစ်ကြောင်း မင်းအား လျှောက်၏။ ရှင်ဘုရင်လည်း မစုံစမ်းမစစ်ဆေးပဲ … အားလုံး ဆင်နှင့် နင်းသတ်ရန် အမိန့်ပေးတော့သည်။ မင်းရင်ပြင်မှာ အားလုံးအိပ်စေ၍ နင်းမည့်ဆင်ကို ဆွဲလာ၏။ ထိုအခါ မာဃလုလင်က “မင်းတို့ ကိုယ့်သီလကိုယ် ဆင်ခြင်ကြ ကုန်းတိုက်သူ ရွာစား သတ်ခိုင်းသောဘုရင် သတ်မည့်ဆင်နှင့် မိမိကိုယ်ပါ အားလုံးအပေါ်မှာ ညီတူညီမျှ မေတ္တးပွားကြ”ဟု ဩဝါဒပေး၏။ မာဃလုလင် ဆိုတိုင်း လိုက်နာကြရာ နင်းခိုင်းသော ဆင်မှာမနင်းဝံ့ပဲ သည်းထန်စွာ အော်မြည်ထွက်ပြေး၏။ တစ်ကောင်ပြီး တစ်ကောင်လဲကာ ဆွဲလာပြီး နင်းစေသော်လည်း အားလုံး ပြေးကြသည်ချည်းပင်။ ထိုအခါ ဘုရင်က “သူတို့မှာ ဆေးရှိလိမ့်မည်ရှာကြ”ဟု ခိုင်းရာ ရှာသော်လည်း ဆေးမတွေ့ရ “မန္တန်ရွတ်ခြင်း ဖြစ်လိမ့်မည်၊ မေးကြစမ်း”ဟုခိုင်း၍ မေးသောအခါ မာဃ-က မန္တန်ရှိကြောင်း ပြော၏။ ရှင်ဘုရင်က အားလုံးခေါ်စေပြီး “သင်တို့မန္တန် ပြောကြစမ်း”ဟု ဆိုသော် မာဃလုလင်က “ကျွန်တော်တို့ မှာ တခြားမန္တန်တော့ မရှိပါ၊ ကျွန်တော်များအားလုံး သူ့အသက်မသတ်၊ သူ့ဥစ္စာမခိုး၊ သူ့သားမယား မပြစ်မှား၊ လိမ်မပြော၊ အရက် မသောက်၊ ဒါနပြု, မေတ္တာပွါးကာ လမ်းပြင် ရေကန်တူး, စရပ်ဆောက်ကြပါသည်။ ဤအမှုအားလုံးပင် မန္တန်လည်းဆိုရ ပရိတ်အရံအတားလည်း ဖြစ်ပါသည်”ဟု လျှောက်၏။ ရှင်ဘုရင်လည်း သူတို့အားလုံးကို ကြည်ညိုအားရ၍ ရွာစား၏ စည်းစိမ်နှင့်ရွာကိုပါ သူတို့အား အပိုင်စား ပေးလေ၏၊ အားလုံး ကုသိုလ်ကောင်းမှုတွေပြုကာ သေသောအခါ တာဝတိံသာ၌ သိကြားသုံးကျိပ်သုံးယောက်ဖြစ်ကြလေသည်။ (ဓမ္မပဒ၊ဋ္ဌ၊၁၊၁၆၉)
သောကကင်းဝေး အေးချမ်းရေး။
ကိုယ်ကျိုးသာ ကျင့်သူ, သူတပါးအကျိုးသာ ကျင့်သူ, ကိုယ်ကျိုး သူကျိုး နှစ်မျိုးလုံးကျင့်သူ, နှစ်မျိုးလုံးမကျင့်သူဟု ပုဂ္ဂိုလ်လေးမျိုးရှိရာ ကိုယ်ကျိုးသာကျင့်သူမှာ ဥစ္စာစသည် ပြည့်စုံချင် ပြည့်စုံမည် ဖြစ်သော်လည်း စိတ်ချမ်းသာ ပျော်ရွှင်မှုကား အပြည့်အဝ ရလိမ့်မည်မဟုတ်။ သူကျိုးသာကျင့်သူ၌ မိမိအကျိုးအတွက် သောကဖြစ်ရတတ်သေး၏။ နှစ်မျိုးလုံးကျင့်သူမှာ သောကကင်းဝေး အေးချမ်းသသူတည်း။နှစ်မျိုးလုံးမကျင့်သူမှာ လောက၌ ဆုံးရှုံးသောသူတယောက်ဖြစ်၏။ အများအကျိုး အစဉ်ဆောင်သူမှာ အများ၏ချစ်ခင်လေးစား အရေးထားခြင်း ခံရသည့်အပြင် မိမိ၏ ထိုကောင်းမှုများကို မြင်ရတွေ့ရတိုင်း စိတ်ကြည်နူး၍ ရွှင်မြူးချမ်းသာကာ ပျော်လျက်ရှိ၏။ ဘေးကင်း ရန်ကင်း စိတ်ချမ်းသာခြင်းဖြင့် အစဉ်အမြတ်ထွက်လျက်ရှိ၏။ တစ်ရပ်တစ်ရွာ တစ်မြို့လုံး ထိုလူမျိုးတွေများလျှင် ထို အရပ်မှာ အစဉ်သာယာ အေးချမ်း ရွှင်လန်း ပျော်မွေ့ဖွယ်ရာသာ ဖြစ်၏။ ထို အရပ်မျိုး၌ လူ-လူချင်း မေတ္တာဖြင့် ဖွဲ့လျက်ရှိရာ ကွဲပြားမှု မရှိ၊ တစ်သားတည်း ညီညွတ် စည်းလုံးလျက်သာ ရှိမည်ဖြစ်၍ အနဝဇ္ဇကမ္မမှာ ရပ်ရွာစည်ပင်သာယာရေး လူလူချင်း စည်းလုံးညီညွတ်ရေး, ကုသိုလ်အမြဲ ဖြစ်ရေး အတွက် လေးလေးနက်နက် လိုက်နာသင့်သော ကုသိုလ်မှု ဖြစ်ပေသည်။
(၁၉) အာရတီ ဝိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော။
အပ္ပမာဒေါ စ ဓမ္မေသု၊ ဧတံ မင်္ဂလ မုတ္တမံ။
(၁၉) ဒေဝပုတ္တ၊ နတ်သား။ ပါပါ၊ မကောင်းမှုမှ။ ယာ အာရတိ စ၊ အကြင် စိတ်ဖြင့်ရှောင်ကြဉ်ခြင်းသည် လည်းကောင်း။ ယာ ဝိရတိ စ၊ အကြင် ကိုယ်နှုတ်တို့ဖြင့် ရှောင်ကြဉ်ခြင်းသည် လည်းကောင်း။ မဇ္ဇပါနာ၊ သေရည်အရက် သောက်ခြင်းမှ။ ယော သံယမော စ၊ အကြင်စောင့်စည်းခြင်းသည် လည်းကောင်း။ ဓမ္မေသု၊ ကုသိုလ်တရားတို့၌။ ယော အပ္ပမာဒေါ စ၊ အကြင် မမေ့မလျော့ခြင်းသည် လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤတရား သုံးပါးကား။ ဥတ္တမံ၊ ကောင်းမြတ်သော။ မင်္ဂလံ၊ မင်္ဂလာပေတည်း။
မင်္ဂလာသုံးပါး စကားပြေ-နတ်သား၊ မကောင်းမှုမှ စိတ်ဖြင့် ရှောင်ကြဉ်ခြင်းနှင့် ကိုယ်နှုတ်ဖြင့် ရှောင်ကြဉ်ခြင်း, သေရည် အရက်သောက်ခြင်းမှ စောင့်စည်းခြင်း, ကုသိုလ်တရားတို့၌ မမေ့ခြင်း၊ ဤသုံးပါးမှာ ကောင်းမြတ်သော မင်္ဂလာဖြစ်သည်။
---
မှတ်ချက်
အချို့က ဤဂါထာအရ “ပါပအာရတိ, ပါပဝိရတိ”ဟု မင်္ဂလာနှစ်ပါးခွဲခြား၍ မင်္ဂလာလေးပါးယူကာ “မာတာ ပိတု ဥပဋ္ဌာန” ကို မင်္ဂလာတပါး ယူပြီးလျှင် သုံးဆဲ့ရှစ်ပါး ရေတွက်ပြကြသေး၏။ ဤ၌ကား “အာရတီ ဝိရတီ ပါပါ”အရ မကောင်းမှုမှ ရှောင်ခြင်းတူသောကြောင့် ပါပဝိရတိ တစ်ပါးသာ ယူလျက် မင်္ဂလာသုံးပါး ရေတွက်ပြသော အဋ္ဌကထာနှင့် အညီ သုံးပါးသာ ယူခဲ့ခြင်း ဖြစ်ပါသည်။
---
အာရတိ ဝိရတိ
ရမု-ဓာတ်၏ ရှောင်ခြင်းအနက်အားဖြင့် အာရတိနှင့် ဝိရတိ အတူပင်။ အာ နှင့် ဝိ ဥပသာရသာ ကွဲပြား၏။ သို့ကွဲပြားသော်လည်း ဥပသာရအတွက် အနက်မထူး၍ “အာရတီတိ အာရမဏံ၊ ဝိရတိတိ ဝိရမဏံ”ဟု ရှောင်ခြင်း သာမန်ပင် သဒ္ဒါနက်ဖွင့်၏။ အဋ္ဌသာလိနီ လောကုတ္တရာအဖွင့်၌ “အာရကာ ရမတီတိ အာရတိ=ဝေးစွာ ရှောင်တတ်သောကြောင့် အာရတိမည်၏၊ ဝိနာ တေဟိ ရမတီတိ ဝိရတိ=ထိုတရားများနှင့် ကင်းအောင် ရှောင်တတ်သောကြောင့် ဝိရတိ မည်၏”ဟု ဥပသာရနှစ်ခု အထူးဖွင့်၏။ ဤအခွင့်မျိုးကို နည်းမှီ၍ “အာရတိ=ဝေးစွာ ရှောင်ကြဉ်ခြင်း။ ဝိရတိ=အထူးသဖြင့် ရှောင်ကြဉ်ခြင်း”ဟုလည်း အနက်ဆိုကြ၏။
အဋ္ဌသာလိနီ၌ ဥပသာရအနက်ကို ဖွင့်သော်လည်း နှစ်ပုဒ်မှာ အနက်ထူးမရှိ၊ ရှောင်ကြဉ်ခြင်းမျှသာ ဖြစ်ကြောင်း ဆို၏။ ဤ၌ကား သဒ္ဒါနက် မထူးသော်လည်း အနက်အဓိပ္ပါယ် ကွဲပြားရမည်ဖြစ်ရာ အာရတိကား စိတ်ဖြင့် ရှောင်ကြဉ်ခြင်း ဝိရတိကား ကိုယ်နှုတ်ဖြင့် ရှောင်ကြဉ်ခြင်းဟု ရှောင်ကြဉ်ပုံ ကွဲပြားဟန် အဋ္ဌကထာ ဖွင့်၏။
ဤသို့ဖွင့်ခြင်းမှာ ထောက်ထားဖွယ် အရပင် ဖြစ်၏။ ဝိရတိကို အဘိဓမ္မာ၌ ကာယဒုစရိုက် ဝစီဒုစရိုက်နှစ်ပါးမှ ရှောင်ကြဉ်ခြင်းကိုသာ ပြရာ ဝိရတိအရ ကိုယ်နှုတ်နှစ်ပါးဖြင့် ရှောင်ကြဉ်ခြင်းရ၍ အာရတိအရ စိတ်ဖြင့် ရှောင်ကြဉ်ခြင်းသာ ယူရတော့သည်။ ဆိုလိုသည်မှာ အာရတိ ရှောင်ကြဉ်ခြင်းမှာ ကိုယ်, နှုတ်, စိတ် သုံးပါးလုံးဖြင့်ပင် ရှောင်ကြဉ်ခြင်း ဖြစ်၏။ သို့သော် ဝိရတိက ကိုယ်နှုတ် နှစ်ပါးဖြင့် ရှောင်ကြဉ်ခြင်းကို ဟောနေပြီဖြစ်၍ ပါရိသေသ (=အကြွင်းကို ယူရသော) နည်းအတိုင်း အာရတိအရ စိတ်ဖြင့် ရှောင်ကြဉ်ခြင်းသာ ယူရတော့သည်။ ပုညဉာဏသမ္ဘာရ, ဂေါဗလိဗဒ္ဒ နည်းလည်း ဆိုရ၏။
---
မှတ်ချက်
အာရတိ ဝိရတိမှာ ဂါထာ၌ ဆန်းအတွက် အာရတီ ဝိရတီ ဖြစ်နေသည်။ ဤ အာရတီ ဝိရတီပုဒ်ကဲ့သို့ပင် နောင်အခါ အနက်ပေးရာ၌ ပါဠိနှင့်မတူပဲ ကွဲလွဲနေသော အချို့ပုဒ်များကို တွေ့ရပါက ပါဠိ၌ ဆန်းအတွက် တမျိုးပြောင်းလွှဲနေသော ပုဒ်များဖြစ်ကြောင်း သိပါလေ။
---
စိတ်ဖြင့် ရှောင်ကြဉ်ပုံ
အကုသိုလ်၌ အပြစ်မြင်အောင်ရှူလျက် စိတ်ဖြင့် မပြုရန် ကြံတွေးခြင်း ဆင်ခြင်ဆုံးဖြတ်ခြင်းကို စိတ်ဖြင့်ရှောင်ကြဉ်ခြင်းဟု ဆိုအပ်၏။ ပါဏာတိပါတ-စသော မကောင်းမှုမှာ ငရဲ, တိရစ္ဆာန်, ပြိတ္တာတို့၌ ဖြစ်စေတတ်၏။ ထိုအမှုတို့၏ အပေါ့ဆုံး အပြစ်ကိုဆိုလျှင် အသက်သတ်သူမှာ အသက်တိုတတ်၏။ ခိုးသူမှာ ဥစ္စာပျက်စီးတတ်၏။ သူ့သားမယား ပြစ်မှားသူမှာ ရန်သူများတတ်၏။ လိမ်ပြောသူမှာ မတရားစွပ်စွဲ ခံရတတ်၏။ ဤသို့စသော အချက်များကို အဋ္ဌင်္ဂုတ္တရ သဗ္ဗလဟုသသုတ် (အံ၊၃၊၇၇၊ ဒုရိတဝိပါကသုတ်)၌ ဟောတော်မူ၏။ ဤအပြစ်များကို ဆင်ခြင်လျက် စိတ်ဖြင့် ရှောင်ကြဉ်ခြင်းဖြစ်၏။
ထို့ပြင် မူလပဏ္ဏာသ သလ္လေခသုတ် (မ၊၁၊၅၂) ၌ “စုန္ဒ" ကုသိုလ်တရားတို့၌ စိတ်ဖြစ်ရုံမျှပင် ကျေးဇူးများလှ၏ဟု ငါဘုရား ဟော၏။ ကိုယ်နှုတ်ဖြင့် ပြုအပ်သော် ဆိုဘွယ်မရှိတော့ပေ။ ထို့ကြောင့် သူတပါးတို့သည် ညှဉ်းဆဲတတ် သူများ ဖြစ်ကြလိမ့်မည်၊ ဤအရာ၌ပင် ငါတို့သည် မညှဉ်းဆဲသူများ ဖြစ်ကြမည်ဟု စိတ်ကိုဖြစ်စေရမည်။ သူတပါးတို့သည် အသက်ကို သတ်သူများဖြစ်ကြလိမ့်မည်၊ ဤအရာ၌ ငါတို့သည် အသက်သတ်မှုမှ ရှောင်ကြဉ်သူများ ဖြစ်ကြမည်ဟု စိတ်ကို ဖြစ်စေရမည်” စသည်ဖြင့် ဟောတော်မူ၏။ ဤအချက်လည်း စိတ်ဖြင့် ရှောင်ကြဉ်ပုံ တစ်မျိုးပင်ဖြစ်၏။
---
ကိုယ်နှုတ်ဖြင့် ရှောင်ကြဉ်ခြင်း
ဝိရတိ၌ သမ္ပတ္တဝိရတိ, သမာဒါနဝိရတိ, သမုစ္ဆေဒဝိရတိဟု ရှောင်ကြဉ်ပုံ သုံးမျိုး အဋ္ဌကထာ၌ပြ၏။ သမ္ပတ္တ=ကြုံကြိုက်လာ တိုက်ဆိုင်လာသော ဝတ္ထုမှ၊ ဝိရတိ=ရှောင်ကြဉ်ခြင်း။ သိက္ခာပုဒ် ဆောက်တည် ထားသည် မဟုတ်ပဲ မိမိ၏ ဇာတ်, အမျိုး, အရွယ်, ဗဟုဿုတစသော ဂုဏ်ကို ဆင်ခြင်ပြီးလျှင် “ငါလိုလူ ဤအမှုမျိုး မလုပ်ထိုက်”ဟု ရှောင်ကြဉ်ခြင်းမျိုးတည်း။ ဤအချက်ဝယ် အဋ္ဌသာလိနီ၌ စက္ကနဥပါသကာ ဝတ္ထုကိုပြ၏။ ထိုဥပါသကာ၏ မိခင် ရောဂါဖြစ်သောအခါ ဆရာက ယုန်သားအစိုလိုသည်ဟု ဆို၏။ အစ်ကို၏ စေခိုင်းချက်အရ လယ်ထဲ ယုန်ရှာထွက်ခဲ့ရာ စပါးအနုများကို စားနေသော ယုန်ကလေးသည် လူသံကြား၍ပြေးစဉ် နွယ်တခု၌ ငြိနေ၍ဖမ်းမိ၏။ ထို့နောက် ငါ့အမိ အသက်ရှင်ရေးအတွက် သူတပါးအသက်ကို သတ်ဖြတ်ရခြင်းမှာ မသင့်တော်ဟု ယုန်ကလေးကို လွှတ်ပစ်၏။ အိမ်ရောက်သောအခါ အစ်ကို၏ အကြိမ်းခံရ၏။ သူကား အမိထံသွားပြီး 'ကျွန်တော် တတ်သိသည့်အရွယ်ကစ၍ သိလျက် သူတပါးအသက်ကို မသတ်ခဲ့စဘူး’ ဟု သစ္စာဆိုလျက်ရပ်၏။ ထိုသစ္စာကြောင့် အမိ၏ရောဂါမှာ ချက်ချင်းပျောက်ကင်းလေသည်။ (အဘိ၊ဋ္ဌ၊၁၊၁၄၆)
---
သမာဒါန, သမုစ္ဆေဒ
သိက္ခာပုဒ် ဆောက်တည်လျက် ရှောင်ကြဉ်ခြင်းကား သမာဒါန ဝိရတိတည်း။ ထိုဝိရတိကို ဥတ္တရ ဝဍ္ဎမာန, မာနတောင်နေ ဥပါသကာဝတ္ထုဖြင့် ပြ၏။ ထိုဥပါသကာသည် ပိင်္ဂလဗုဒ္ဓရက္ခိတ မထေရ်ထံ သိက္ခာပုဒ်ယူပြီးလျှင် လယ်ထွန်နေ၏။ ထို့နောက် နွားပျောက်၍ တောင်ပေါ်တက်ရှာစဉ် စပါးကြီးမြွေက ရစ်ပတ်ဖမ်းယူ၏။ မိမိပါလာသော ပဲခွပ်ဖြင့် မြွေခေါင်းဖြတ်မည်ကြံ၏။ ““ငါလေးစားအပ်သော ဆရာထံ သီလခံယူ ဆောက်တည်ထားလျက် သီလဖျက်လျှင် မတော်ပါတကား”ဟု ကြံပြန်၏။ ဤသို့ သုံးကြိမ်တိုင် စဉ်းစားပြီးနောက် “ငါ့အသက်သာစွန့်မည်၊ သိက္ခာပုဒ်ကိုဖြင့် မစွန့်”ဟု ပဲခပ်ကို တောထဲသို့ လွှင့်ပစ်လိုက်၏။ ထိုအခိုက်၌ပင် စပါးကြီးမြွေမှာ သူ့ကိုလွှတ်၍ ထွက်သွားသည်။ (အဘိ၊ဋ္ဌ၊၁၊၁၄၆)
မဂ်နှင့်ယှဉ်သော ဝိရတိမှာ သမုစ္ဆေဒဝိရတိတည်း။ ထိုဝိရတိဖြစ်ပြီးသော အရိယာတို့မှာ သူ့အသက်သတ်မည်ဟု စိတ်မျှပင် မဖြစ်တော့ပေ။ ငါးပါးသီလပါ “ပါဏာတိပါတ”စသော ဘေးရန်ငါးမျိုး ငြိမ်းလေပြီ။
---
ပါပ အရ
ပါပဝိရတိဖြင့် ကာယဒုစရိုက်သုံးပါး, ဝစီဒုစရိုက် လေးပါးမှ ရှောင်ခြင်းကိုယူ၍ ပါပအာရတိမှာ မနောဒုစရိုက်သုံးပါးမှ ရှောင်ခြင်းကို ယူသော် ပါပအရ ဒုစရိုက်ဆယ်ပါးလုံးပင် ပါဝင်ရာ၏။ သို့သော် အဋ္ဌကထာက ငါးပါးသီလမှ မဇ္ဇပါနကို တိုက်ရိုက်ဆိုမည်ဖြစ်၍ ကျန်ပါဏာတိပါတ စသော လေးပါးကို ယူ၏။ ထိုသို့ယူခြင်းမှာ “အရိယ သာဝကအား ဘေးရန်ငါ့းပါး ငြိမ်းလေပြီ”ဟူသော ဒေသနာကို အာရုံပြု၍၎င်း, သိင်္ဂါလသုတ်၌ အရိယသာဝကအား သတ်မှု, ခိုးမှု, ကာမ၌ မှားယွင်းမှု, မုသားပြောမှုဟူသော ကမ္မကိလေသ (=ညစ်နွမ်းကြောင်း အမှု) လေးပါးကို ပယ်ပြီးဖြစ်ကြောင်း ဟောသောဒေသနာကို ထောက်ဆ၍၎င်း ပါပအရ ထိုလေးပါးကိုသာ ယူခြင်းဖြစ်၏။
အရိယသာဝက-ကား ပိသုဏဝါစာစသော ဒုစရိုက်များမှလည်း ရှောင်သည်မှာ ထိုထိုဒေသနာအရ ထင်ရှား၏။ သို့သော် “မုသာဝါဒ တရားတစ်ခုကို လွန်ကျူးနိုင်သော လူလိမ်အဖို့ မပြုနိုင်သော အကုသိုလ်ဟု မရှိ” ဟူသော ဓမ္မပဒ၊၃၉)အရ မုသာဝါဒရှောင်နိုင်သူဖြစ်လျှင် ပိသုဏဝါစာ စသည်ကိုလည်း ပြောဆိုမည် မဟုတ်တော့ပေ။ ငါးပါးသီလမှ ထိုမုသာဝါဒကို ရှောင်ခြင်းဖြင့်ပင် ဒုစရိုက်ရှောင်မှုပြီးစီး၍ ငါးပါးသီလကို အရိယလက်သုံး အရိယကန္တ သီလအဖြစ် သတ်မှတ်ခြင်းဖြစ်၏။ သို့ဖြစ်လျှင် ပါပအရ ဆိုခဲ့ပြီးလေးပါးယူသည်မှာ သင့်မြတ်လှပေ၏။
---
ဟိရီဩတ္တပ္ပ
ဟိရီ ဩတ္တပ္ပတရားထွန်းကားလျက် ရှက်တတ်ကြောက်တတ်သော ခေတ်အခါ၌ အကုသိုလ်မှုပြုရန် ဝန်လေးကြ၏။ အကုသိုလ်မှုကို ရှက်ရကြောက်ရမှန်း မသိသော ခေတ်အခါ၌ အကုသိုလ် ဓမ္မများ ထွန်းကား၏။ ဟိရီ, ဩတ္တပ္ပသည် ကုသိုလ်တရားတို့၏ အထူးသဖြင့် သီလ၏အခြေခံ အကြောင်းရင်းပင်တည်း။
မိမိအမျိုး ဘိုးဘွား မိဘ အဆက်ဆက်တို့မှာ ဗုဒ္ဓဘာသာဖြစ်၍ မကောင်းမှု မပြုကြသည်ကို တွေးမိသောအခါ အမျိုးဂုဏ်ကို အာရုံပြု၍ အကုသိုလ်မှုပြုရန် ရှက်လာတတ်၏။ မိမိအရွယ်, မိမိ၏ပညာ, ဗဟုသုတ, ဂုဏ် စသည်ကို တွေးမိသောအခါလည်း အကုသိုလ်ပြုရန် ရှက်တတ်၏။ ထို့ကြောင့် အမျိုးဇာတ်, အရွယ်, သုတဂုဏ်စသည်မှာ ဟိရီ (=ရှက်မှု) ဖြစ်ရန် အကြောင်းများဖြစ်၏။ ဗုဒ္ဓဘာသာဝင် တစ်ဦးအနေဖြင့် ဘုရားမကြိုက်သော အကုသိုလ်မှုပြုလျှင် သူတကာ ကဲ့ရဲ့လိမ့်မည်။ အထူးသဖြင့် ပညာရှိများ ကဲ့ရဲ့လိမ့်မည်။ အပါယ်သို့လည်း ကျရောက်လိမ့်မည်။ ဤအချက်များ တွေးမိသောသူအား ဩတ္တပ္ပ (=လန့်မှု) ဖြစ်လာ၏။ အကုသိုလ်မပြုဝံ့။
ထို့ကြောင့်ပင် ဟိရီ, ဩတ္တပ္ပတရားနှစ်ပါးကို လောကပါလ (=လောကသားတို့ကို အကုသိုလ်မှ ကွယ်ကာစောင့်ရှောက် တတ်သော တရား) ဟု၎င်း, ဒေဝဓမ္မ (ကုသိုလ်ဖြစ်ရန် သမ္မုတိ, ဥပပတ္တိ, ဝိသုဒ္ဓိ နတ်ဖြစ်ရန် အကြောင်းဖြစ်၍ ထိုနတ်တို့၏တရား) ဟု၎င်း ဟောခဲ့၏။ (ဇာ၊ဋ္ဌ၊၁၊၁၄၉) ထို့ကြောင့် ဟိရီဩတ္တပ္ပ ကင်းခြင်းသည် အကုသိုလ်ဖြစ်ကြောင်း ဘေးအမျိုးမျိုး ဆင်းရဲအမျိုးမျိုးဖြစ်ကြောင်း မကောင်းသော အမင်္ဂလာသာ။ အရှက်အကြောက်ရှိခြင်းမှာ ကုသိုလ်ဖြစ်ကြောင်း ချမ်း သာကြောင်း ကောင်းသောကျက်သရေ မင်္ဂလာဖြစ်ရာ ဟိရီဩတ္တပ္ပဖြင့် ပါပဝိရတိမင်္ဂလာကို အစဉ်မကွာ ထိန်းသိမ်းထိုက်ပေ၏။
---
မဇ္ဇပါနသံယမ
မဇ္ဇ=ယစ်မူးကြောင်း သေရည်အရက်အမျိုးမျိုး၊ မူးယစ်စေတတ်သော စိမ်၍ချက်၍ ပြုအပ်သော အရက်အမျိုးမျိုး၊ မစိမ်မချက်ပဲ အလျဉ်ဖြင့် ပြင်းလာသော ထန်းရည်, ဓနိရည် စသည်နှင့် မူးယစ်စေတတ်သော ဘိန်းစသော အရာအားလုံးကိုပင် မဇ္ဇဟု ဆိုသည်။
“သောက်စား သေစာ၊ အခါမဲ့လှည့်၊ ပွဲကြည့်လောင်းစား၊ ဆိုးဝါးမိတ်ဆက်၊ အပျင်းဖက်သော်၊ ယွင်းပျက်ဥစ္စာ၊
ကုန်ကြောင်းသာ၊ ခြောက်ဖြာဝေးဝေးရှောင်”
အရ အရက်သေစာသောက်စားခြင်း, ညအချိန်မဲ့ လျှောက်သွားခြင်း, ပွဲလမ်းသဘင်ကြည့်ရှုခြင်း, လောင်းကစားခြင်း, မိတ်ဆွေယုတ်နှင့်ပေါင်းခြင်း, ပျင်းရိခြင်း၊ ဤခြောက်ပါးမှာ ဥစ္စာပျက်စီးကြောင်းဟု သိင်္ဂါလသုတ် (ဒီ၊၃၊၁၄၈) ၌ ဟောတော်မူ၏။ ဤဒေသနာအရ အရက်သေစာ သောက်ခြင်းမှာ ဥစ္စာစီးပွါးပျက်ကြောင်းဟု သိရသည်။
---
အပြစ်ခြောက်ပါး
ထို့ပြင် အရက်သေစာ သောက်ခြင်းကြောင့် အပြစ်ခြောက်ပါး ဖြစ်နိုင်ကြောင်းလည်း ဟောတော်မူ၏။ ထိုအပြစ်ခြောက်ပါးကား ၁-ဥစ္စာကုန်ခန်းပျက်စီးခြင်း၊ ၂-ခိုက်ရန်ပွါးများခြင်း၊ ၃-ရောဂါအမျိုးမျိုးဖြစ်စေတတ်ခြင်း၊ ၄-ဂုဏ်အသရေမဲ့ ကျော်စောမဲ့ခြင်းကို ဖြစ်စေတတ်ခြင်း၊ ၅-လျှို့ ဝှက်ဖုံးကွယ်ထိုက်သော ကိုယ်အင်္ဂါ များကို လှစ်ပြတတ်ခြင်း၊ ၆-ပညာဉာဏ်ကို အားနည်းအောင် ပြုတတ်ခြင်းတို့တည်း။
*ဥစ္စာဆုံးပါး၊ ခိုက်ရန်ပွါးခဲ့၊ နာများခြင်းကြောင်း၊
မကောင်းသတင်း၊ တွင်းအင်္ဂါလှန်၊ ပညာဉာဏ်လည်း၊ အားနည်းအောင်ပြု၊ ဤခြောက်ခု၊ သောက်မှုသေရည်ပြစ်။
---
ဥစ္စာပျက်စီးခြင်း
မူးမေ့နေသော အရက်သမားမှာ မိမိပစ္စည်း ကာကွယ်စောင့်ရှောက်ရမှန်း မသိဖြစ်နေရာ ခိုးယူလုယက်ခံရခြင်း စသည်ဖြင့် ပစ္စည်းကုန်တတ်၏။ ပကတိစိတ်များမရှိပဲ ပြောင်းလဲ ဖောက်ပြန်နေသူဖြစ်ရာ ပင်ကိုက နှမြောတတ်သူ ဖြစ်စေကာမူ ထိုအခိုက် နှမြောရမှန်းမသိ အသုံးအဖြုန်း ခွဲခြားတတ်သူ ဖြစ်စေကာမူ အသုံးမပြု အဖြုန်းသာပြုတော့သည်။ အရက်သမား၌ အခြားအပျော်အပါး လောင်းကစား စသည်လည်း ဖက်တတ်ရာ အရက်ဖိုးကုန်ရုံသာမက အခြားကုန်ဖွယ်ရာတွေ များလာ၍ ဥစ္စာတွေ ကုန်ရတော့သည်။
ဆိုခဲ့ပြီး မဟာဓန သူဌေးသားကိုထောက်။ ရှေးက ဘုရားအလောင်း သူဌေးကြီးသည် ကုသိုလ်တွေ့ပြု၍ သိကြားအဖြစ် ရောက်ခဲ့၏။ ကျန်ရစ်သော သူဌေးကြီး၏ တစ်ဦးတည်းသော သားမှာ အရက်သမားဖြစ်ကာ ဥစ္စာတွေ အမျိုးမျိုးဖြုန်းရာ နောက်ဆုံးရှိသမျှ ကုဋေလေးဆယ်ကုန်၍ ခွက်လက်စွဲ တောင်းစားရသောဘဝ ရောက်ရ၏။ သိကြားမင်းက အလို ခပ်သိမ်း ပေးတက်သောအိုးကို ပေးအပ်ပြီး “ဤအိုး မကွဲသမျှ ပစ္စည်းမကုန်နိုင်၊ မင်း သတိထား”ဟု မှာကြား၍ ပြန်သွား၏။ ထိုအခါမှစ၍ အရက်ပြန်သောက်ပြီး ဖြုန်းတီးလေရာ တစ်နေ့သောအခါ အရက်မူးမူးနှင့် အိုးကလေးကို မြှောက် မြှောက် ဖမ်းနေရင်း လွှတ်ကျကာ အိုးကွဲလေတော့သည်။ ထိုအခါမှစ၍ ပြန်လည်တောင်းစားရသော ဘဝရောက်ကာ သူတကာ အိမ်နံရံမှီလျက် ကိုးကွယ်ရာမဲ့ သေဆုံးရရှာသည်။ (ဇာတက၊ဋ္ဌ၊၂၊၃၈၈)
---
ခိုက်ရန်ပွါးခြင်း
အရက်မူးကား အရူးတစ်မျိုးပင်၊ အရက်သောက်မှုမှာ ဒုစရိုက်အမျိုးမျိုးကို ဖြစ်စေတတ်သော ဆိုးဝါးသော အမှုဖြစ်ရာ အဋ္ဌင်္ဂုတ္တရ သဗ္ဗလဟုသသုတ် (အံ၊၃၊၄၇)၌ အရက်သောက်မှုကို ကြိမ်ဖန်များစွာ ထပ်တလဲလဲပြုသူသည် ငရဲ, တိရစ္ဆာန်, ပြိတ္တာဘဝ ရောက်ရကြောင်း၊ သုရာပါန၏ အပေါ့ဆုံးအပြစ်မှာ အရူးအနှမ်း ဖြစ်တတ်ကြောင်း ဟောတော်မူ၏။ အရူးမည်သည် သူတပါးအား ဆဲရေးတတ် ရိုက်ပုတ်တတ်သကဲ့သို့ အမှုးသမားလည်း ပင်ကိုက ယဉ်ကျေးဖွယ်ရာသူ ဖြစ်စေကာမူ ထိုအခါ၌ ကိုယ်နှုတ်နှစ်ပါးဖြင့် ရမ်းကားတတ်သူ ဖြစ်တော့သည်။ ထို့ကြောင့် ပြန်အရိုက်အဆဲခံရခြင်း စသည်ဖြင့် ရန်များလှသည့်ပြင် မင်းပြစ်မင်းဒဏ်လည်း ခံရတတ်၍ အပြစ်များလှပေသည်။
---
ရောဂါဖြစ်ကြောင်း
အရက်သောက်များလျှင် ရောဂါအမျိုးမျိုး ဖြစ်တတ်ကြောင်း ယခုခေတ် ဆေးဖက်ဆိုင်ရာ ပညာရှင်များက လက်ခံလျက် ရှိကြ၏။ အချို့က တော်ရုံသောက်လျှင် ဆေးဖြစ်သည်ဟု ဆင်ခြေပေးကြ၏။ သို့သော် တော်ရုံဖြင့် အားရသူ ရှားလှ၏။ “န ကိရတ္ထိ ရသေဟိ ပါပိယော=ရသတဏှာအောက် ဆိုးဝါးယုတ်ညံ့သော အရာမရှိ”ဟု ဧကနိပါတ်-ဝါတမိဂ ဇာတက (၄)၌ ဟောတော်မူသည့်အတိုင်း ဘေးမမြင်ရအောင် စွဲသည့်အခါ အားရတင်းတိမ်သည်ဟု မရှိပဲ အလွန်အကျွံ ဖြစ်လာမြဲတည်း။ တိကအင်္ဂုတ္တရ (၂၆၃)၌ “တိဏ္ဏံ ဘိက္ခဝေ ပဋိသေဝနာယ နတ္ထိ တိတ္ထိ” စသည်ဖြင့် အိပ်မှု အရက် သောက်မှု မေထုန်မှုများကို မရောင့်ရဲ တင်းမတိမ်နိုင်သော အချက်များအဖြစ် ဟောတော်မူ၏။ အချို့ ရောဂါအခြေမလှ၍ ဆေးဆရာက ဖြတ်ရန် ပြောသော်လည်း မဖြတ်နိုင်ပဲ အသက်နှင့်လဲ၍ သေသည်အထိ စွဲသွားသည်မှာ ရသတဏှာ၏ ဆိုးဝါးပုံပင် ဖြစ်၏။
ရှေးက ဗာရာဏသီပြည်၌ ငါးပါးသီလ စောင့်ထိန်းသော သောတ္ထိယ အမျိုးဟုရှိရာ ထိုအမျိုး၌ တစ်ဦးတည်းသောသားသည် ဗေဒင်သုံးပုံ တဖက်ကမ်းခတ် တတ်မြောက်သော ပညာရှိသူတဦး ဖြစ်၏။ သူကား အရက်သမားများ၏ ပရိယာယ်ဖြင့် လှည့်ပတ်ဖြားယောင်းချက်အရ အရက်စွဲသွားရာ ဖခင်က အမျိုးပျက်မည့်အရေး စီးပွါးပျက်မည့်အရေး ပြ၍ တားမြစ်သော်လည်း မရ။ မဖြတ်လျင် နှင်ထုတ်မည်ပြောသော်လည်း မရ။ ပြောမရသည့်အဆုံး ဖခင်က ရုံးခေါ်သွားကာ သားအဖြစ်မှ ပလပ်လျက် နှင်ထုတ်လိုက်သည်။ နောင်အခါ တောင်းစားရသော ဘဝရောက်ကာ ကိုးကွယ်ရာမဲ့ သေသွားရရှာသည်။ (အကျယ်ကို အသီတိ မဟာသုတသောမဇာတ် အဋ္ဌကထာမှာကြည့်)
---
အကျော်အစောမဲ့ခြင်း
အရက်မူးသမား မပြုနိုင်သော မပြုရက်သော အရာဟု မရှိ။ အရက်သောက်မှုကား အားလုံး ဒုစရိုက်စု အမှုအပြစ်တို့၏ဖြစ်ကြောင်း အခြေခံမကောင်းမှု ဖြစ်၏။ ထို့ကြောင့် ကျေးဇူးကြီးလှသော မိဘ ဆရာတို့ကိုပင် ရိုက်နိုင်သတ်နိုင်၏။ အလွန်ချစ်လှစွာသော ဇနီး သားသမီးတို့ကိုပင် ရိုက်နှက်နိုင် သတ်နိုင်၏။ အရက်သမားက မကောင်းသော အပြုအပြောမှန်သမျှ ပြုနိုင်ပြောနိုင် သည်ချည်းပင်။
ရှေးက အသားမပါလျှင် မစားတတ်သော အရက်သမား ဘုရင်တစ်ဦးမှာ မူးနေစဉ် အသားမရကြောင်း လျှောက်သော စားတော်ချက်အား မိမိရင်ခွင်၌ရှိသော သားတော်လေးကို လည်လိမ်သတ်ကာ ချက်ရန် ပစ်ပေးလိုက်၏။ နောက်တနေ့ အမူးပြေ၍ သိရသောအခါမှ နောင်တ အကြီးအကျယ်ရကာ ယူကြုံးမရဖြစ်ရ၏။ (ဇာတက၊ဋ္ဌ၊၂၊၂၇၇၊) ထို့ကြောင့် အရက်သမားမည်သည် လူကဲ့ရဲ့ခံရခြင်း, မင်းဒဏ်သင့်ရခြင်း စသည်ဖြင့် မကောင်းသတင်းသာ ထွက်ရတော့သည်။
---
ဖုံးသင့်သောအင်္ဂါမျာယ လှစ်ပြတတ်ခြင်း
ဂုဏ်သရေရှိလူများမှာ လူရှေ့သူရှေ့၌ အင်္ကျီ ပုဆိုးစသည်ဖြင့် ဖုံးသင့်သော ကိုယ်အင်္ဂါကို ဖုံးလျက် သွားလာ နေထိုင်တတ်ကြ၏။ အရက် သမားကား လှစ်မပြဝံ့သော အင်္ဂါမရှိ။ မကောင်းမှုများ၏ အကာအကွယ်မှာ အရှက်အကြောက်ဖြစ်ရာ မူးနေသူ၌ အရှက်အကြောက်မှာ ဗလာဖြစ်နေ၍ ၎င်း၌ ရှက်ဖွယ်အမှုဟု မရှိတော့ချေ။
သာမာန်ပုဂ္ဂိုလ် မဆိုထားနှင့် အရှင်သာဂတလို ပုထုဇဉ် ဈာန်အဘိညာဉ်ရ တန်ခိုးကြီး အရှင်ကိုပင် အရက်က အရှက်အကြောက်မရှိအောင် ပြုနိုင်၏။ တန်ခိုးကြီးသော နဂါးကြီးကို တန်ခိုးဖြင့် နှိမ်နင်းနိုင်၍ လူတွေက ကြည်ညို သောကြောင့် အိမ်တိုင်းအိမ်တိုင်းက အရက်ကပ်ကြရာ ထိုအရက်တွေကို သောက်လာသော အရှင်သာဂတသည် မြို့တံခါးအရောက် လဲတော့သည်၊ ဘုရားရှင်က မြင်၍ ရဟန်းတွေကို ဆောင်ယူခဲ့ကြရန် အမိန့်ပေးတော်မူ၏။ ကျောင်းရောက်၍ ဘုရားရှေ့မှာ ဘုရားဖက် ခေါင်းထားရာ အရှင်က လှည့်၍ ဘုရားဖက် ခြေပြု၏။ ရှေးက ဘုရားကို အလွန်ရိုသေလျက် အရှက်အကြောက်ကြီးသော အရှင်သာဂတ၏ ရိုသေရမှန်း ရှက်ကြောက်ရမှန်း မသိနိုင်အောင် ဖြစ်ရသည်မှာ ဆိုးဝါးလှသော အရက်တန်ခိုးကြောင့်သာတည်း။ (ဝိ၊၂၊၁၄၅)
---
ပညာအားနည်းအောင်ပြုတတ်ခြင်း
ပညာဟူ-သည် သတိ, သညာတို့နှင့် တွဲလျက်ရှိရာ သညာကင်းနေသော အမူးသမား၌ သတိကောင်းကောင်းမရှိရာ ပညာလည်း အားနည်းရတော့၏။ အရှင်သာဂတ အသိဉာဏ်ကင်းမဲ့လျက် မရှက်မကြောက် မရိုမသေ ဖြစ်ရသည်ကိုပင် ထောက်ထားအပ်သည်။ ထို့ကြောင့် ရှေးခေတ် ယခုခေတ် ဘယ်ခေတ်ဘယ်အခါမှ ပညာရှိ သူတော်ကောင်းများ မလိုလား, ရှောင်ရှားခဲ့, စက်ဆုပ်ခဲ့သော အရက်သေစာကို အခါခပ်သိမ်း ရှောင်ထိုက်ပေသည်။
---
ဓမ္မအပ္ပမာဒ
အပ္ပမာဒ=မမေ့ မလျော့ခြင်း ဟူသည် သတိပင်တည်း။ လောက၌ ကိုယ့်အလုပ်တွင် စိတ်မဝင်စား အခြား အပျော်အပါး အကစားစသည်၌သာ လိုက်နေသူ အလုပ်၌ပျင်းသူ လုံ့လမရှိသူကား မေ့လျော့သူများတည်း။ ကိုယ့်အလုပ်တွင် စိတ်ဝင်စားလျက် ကြိုးစားနေသူများမှာ မမေ့မလျော့သူ သတိရှိသူများဖြစ်ကြ၏။
ပညာရေး ကျန်းမာရေး စီးပွါးရေးစသော လောကအရေး မှန်သမျှမှာ အပ္ပမာဒအရေး ပါလှ၏။ လောက၌ ကြီးပွါးတိုးတက်နေသူများသည် သတိရှိသူ သတိမလစ်သူများ ဖြစ်ကြ၏။ ဆုတ်ယုတ်ပျက်စီး နေသူများကို ကြည့်လျှင် မေ့လျော့နေသူများ ဖြစ်သည်ကို တွေ့နိုင်၏။ ထိုသို့ တိုးတက်မှု မတိုးတက်မှုကို အစွဲပြု၍ပင် “မမေ့သူမှာ မသေ၊ ရှင်နေသူဖြစ်၍ မေ့သူမှာ လူသေနှင့်မခြား"ဟု ဘုရားရှင် ဓမ္မပဒ၊၁၆၌ ဟောတော်မူ၏။
ထို့ပြင် အားသန်၍ အပြေးမြန်သော မြင်းကောင်းသည် အားမရှိချိနဲ့သော မြင်းပိန်ကို ချန်ထားခဲ့၍ ရှေ့သို့ တက်သွားသကဲ့သို့ မေ့သူ အိပ်ပျော်သူ လူများစုတွင် မမေ့သူ နိုးကြားသူ ပညာရှိက သူတို့ကို ချန်ထား၍ ရွှေသို့ တက်သွားကြောင်း ဓမ္မပဒ၊၁၇)၌ပင် ဟောတော်မူ၏။
တရားဖက်၌ကား ဤသတိမှာ ပို၍လိုအပ်၏။ အရေးကြီးသောကြောင့်ပင် ရှင်တော်မြတ်ဘုရားသည် နေ့စဉ် ဆွမ်းခံအပြန် ခြေဆေးခုံတွင် ရပ်ကာ - “အပ္ပမာဒေန သမ္ပာဒေထ”စသည်ဖြင့် ဒုလ္လဘတရားငါးပါးကို အမြဲတန်း ဟောတော်မူ၏။ နောက်ဆုံး ပရိနိဗ္ဗာန်စံခါနီးတွင် ဤ“အပ္ပမာဒေန သမ္ပာဒေထ” ကို နိဂုံးချုပ် နောက်ဆုံး တရားလက်ဆောင် အဖြစ်ပေးကာ ပရိနိဗ္ဗာန်စံတော်မူသည်။
---
သတိလွန်သည်မရှိ
သဒ္ဓါနှင့် ပညာ, သမာဓိနှင့်ဝီရိယ ဤတရားများမှာ တစ်ခုနှင့်တစ်ခု မညီမျှပဲ တစ်ခုကနဲ တစ်ခုက လွန်နေလျှင် အကျိုးမပြီး အပြစ်ပင် ဖြစ်တတ်သေး၏။ သတိမူကား လွန်သည်ဟု မရှိ၊ ကိစ္စတိုင်းမှာ အားကြီးသော သတိကို လိုအပ်သည်သာ။ ထို့ကြောင့် “သတိံ စ ခွာဟံ ဘိက္ခဝေ သဗ္ဗတ္ထိကံ ဝဒါမိ= သတိကို အရာခပ်သိမ်းမှာ လိုလားအပ်သော တရားအဖြစ် ဟောတော်မူ၏” ဟု မဟာဝဂ္ဂ ဗောဇ္ဈင်္ဂသံယုတ် (သံ၊၃၊၁၀၀)၌ လာ၏။ သတိမပါမပြီး အရေးကြီးသောကြောင့်ပင် ဘုရားရှင်က ကုန်းသတ္တဝါတို့၏ ခြေရာမှန်သမျှတွင် ဆင်ခြေရာကကြီး၌ ဆင်ခြေရာ၌ ဝင်ရသကဲ့သို့ ကုသိုလ်တရား မှန်သမျှ အပ္ပမာဒအရင်းခံဖြစ်၍ အပ္ပမာဒ၌ ပါဝင်ရကြောင်း မဟာဝဂ္ဂ ဗောဇ္ဈင်္ဂသံယုတ်၌ ဟောတော်မူ၏။
ထို့ပြင် ယခုဘဝ အကျိုး, နောင်ဘဝအကျိုး အကျိုးနှစ်မျိုးလုံးကို ရယူတတ်သော တရားမှာ အပ္ပမာဒဖြစ်ကြောင်း သဂါထာဝဂ္ဂ ကောသလသံယုတ် (သံ၊၁၊၈၇)၌ ဟောတော်မူ၏။ မေ့မေ့လျော့လျော့ နေတတ်သူ၌ ကုသိုလ်တရား ဖြစ်ခွင့်မရှိရာ အပ္ပမာဒမှာ ကုသိုလ်တရား ဖြစ်ပွါးရန် အလွန်ကြီးမားသော အထောက်အကူ ဖြစ်၏။ ထို့ကြောင့် အလွန်ကျေးဇူးများသော တရားတစ်မျိုးမှာ အပ္ပမာဒဖြစ်ကြောင်း ပါထိက ဒသုတ္တရသုတ် (ဒီ၊၃၊၂၂၇)၌ ဟောတော်မူ၏။
---
တရားလက်ကိုင်ထား
ဓမ္မေသု-အရ မမေ့ရမည့်တရား၌ ကုသိုလ်တရား အားလုံး ပါဝင်လျက်ရှိရာ ဒါန သီလသာမက ရတနာသုံးပါးဂုဏ် အာရုံပြုခြင်း, မေတ္တာပို့ခြင်း, သေခြင်းတရား အောက်မေ့ခြင်း, သတိပဋ္ဌာန်ဘာဝနာ ပွါးများခြင်းစသော နှလုံးသွင်းဖွယ်တရားများ လက်ကိုင်ထားရမည်သာ။
တရားဆိုသည်မှာ နောက်ဘဝအထိ ဆိုင်းနေသည် မဟုတ်။ တရားရှင်ကို ယခုဘဝပင် စိတ်ချမ်းသာစေခြင်း, စိတ်ဓာတ် ခိုင်မာစေခြင်း, လောကဓံကို ခံနိုင်ရည်ရှိစေခြင်း, မိမိက အထူးကြိုးစားလျှင် မဂ်ဖိုလ်အထိ ရနိုင်စေခြင်းစသည်ဖြင့် စောင့်ရှောက်တတ်သည်။ ထို့ပြင် ဘာဝနာတစ်ခုခု လက်ကိုင်ပြုထား ပွါးများသူ၌ တရားနှင့်စပ်၍ အမှတ်အသား ကောင်းလာရခြင်း, အတွေးအခေါ် အယူအဆ မြင့်မားကြွယ်ဝလာခြင်း, အသိဉာဏ် ရင့်သန်လာခြင်း စသည်ဖြင့် အကျိုးများလှ၏။
---
ရက်ကန်းသည်မကလေး
မြတ်စွာဘုရား အာဠဝီပြည်သို့ ကြွတော်မူလာရာ အာဠဝီပြည်သူပြည်သားတို့က ဆွမ်း ဆက်ကပ်ကြ၏။ ဘုရား ကြွတော်မူလာသည် ကြားရလျှင်ပင် ရက်ကန်းသည်မကလေးသည် တရားနာလို ဘုရားဖူးလိုသော်လည်း ဖခင်ခိုင်းထားသော အလုပ်ရှိနေ၍ ရက်ဖောက်တွေ ရက်ကန်းရုံပို့ပြီးမှ တရားနာမည်ဟု အလုပ်လုပ်နေရ၏။ ပြီးသော် ရက်ဖောက်တောင်း သယ်ကာ ရက်ကန်းရုံအလာ တရားနာရန် စုဝေးနေသော ပရိသတ်အစွန်မှ ရပ်ကြည့်နေမိ၏။ ဘုရားရှင်က မျှော်ကြည့်သော် ငါ့ကို ဘုရား လာစေလိုသည်ဟု သိ၍ ပရိသတ်ထဲ ဝင်သွား၏။ ဘုရားရှင်က မေးခွန်းလေးခွန်း မေးတော်မူသည်။ “မိန်းကလေး ဘယ်က လာသလဲ” မေးသော် “မသိပါ ဘုရား”ဟုပင် ဖြေ၏။ “ဘယ်သွားမလဲ” မေးပြန်သော် “မသိပါဘုရား” ဖြေ၏။ “မသိဘူးလား”ဟု မေးပြန်သော် “သိပါသည် ဘုရား”ဟု လျှောက်၏။ “သိသလား”ဟု မေးပြန်ရာ “မသိပါ ဘုရား”ဟု ဖြေ၏။ ပရိသတ်က မကျေနပ်၊ ဘုရားရှင်ကို ပြောင်ချော်ချော် လျှောက်နေသည် ထင်လျက် ကဲ့ရဲ့ကြ၏။
ထိုအခါ ဘုရားရှင်က “ဘယ်က လာသလဲဟု ငါမေးသည်ကို အဘယ့်ကြောင့် မသိပါဘုရား ဖြေသလဲ”ဟု မေးတော်မူ၏။ “တပည့်တော် ရက်ကန်းသည် အိမ်က လာသည်ကို ရှင်တော်ဘုရား သိပြီးဖြစ်ရာ ဤအချက်ကို မေးလိမ့်မည်မဟုတ်၊ ဘယ်ဘဝက လာသလဲဟု မေးတော်မူခြင်းဟု နားလည်ပါသည်။ မိမိလာခဲ့ရာဘဝကို မသိသောကြောင့် မသိပါ ဘုရား”ဟု ဖြေကြောင်း လျှောက်၏။ “သာဓု သာဓု မိန်းကလေး၊ ငါ မေးသည်ကိုသာ သင်ဖြေသည်”ဟု ကောင်းချီးပေးပြီးနောက် “ဘယ်သွား မလဲ အမေးကို မသိပါဟု ဖြေခြင်းအကြောင်းကို” မေးတော်မူပြန်၏။ “တပည့်တော် ရက်ဖောက်တောင်း ယူသည်ကို အမြင်သားမို့ ရက်ကန်းရုံ သွားမည်ကို သိပြီးဖြစ်ရာ ဤအချက်ကို မမေးတန်ရာ၊ ဤဘဝမှ စုတေသော် ဘယ်ဘဝ သွားမလဲဟု မေးခြင်းဖြစ်သည်ဟု နားလည်သဖြင့် မိမိသွားရမည့်ဘဝကို မသိ၍ မသိပါဟု လျှောက်ခြင်းဖြစ်ကြောင်း” လျှောက်ရာ သာဓု ခေါ်တော်မူပြန်၏။
ထို့နောက် “မသိဘူးလား မေးသည်ကို သိပါသည် ဘုရားဟု ဘာကြောင့် ဖြေရသနည်း” မေးတော်မူသော် “ဤအမေးမှာ သေ ခြင်းကို မေးသည်ဟု နားလည်ပါသည်၊ တစ်နေ့ သေရမည်ကို သိ၍ သိပါသည်ဟု ဖြေကြောင်း” လျှောက်သော် သာဓုခေါ်တော်မူပြန်၏။ “သိသလားဟူသော အမေးကို မသိပါဘုရားဟု ဖြေခြင်း အကြောင်းကို မေးတော်မူပြန်ရာ “သေရမည်ကို သိတော့ သိပါသည်၊ ဘယ်နေ့ ဘယ်လ, ဘယ်အချိန်ကာလမှာ သေရမည်မသိ၍ မသိဟု ဖြေကြောင်း” လျောက်၏။
ရှင်တော်ဘုရားလည်း သာဓုခေါ်ပြီးနောက် အန္ဓီဘူတော-စသော ဒေသနာဖြင့် ဤလောကကား အကန်းချည်းဖြစ်ခဲ့၏။ ဤအကန်းတွေထဲမှ တစ်ယောက်တစ်လေသာ အမြင်ရှိသူ ဖြစ်တတ်၏။ မုဆိုးပိုက်ကွန်ထဲမှု လွတ်မြောက်ရသော ငှက်မှာ ရှားပါးသကဲ့သို့ အနည်းအကျဉ်းသာ နတ်ရွာနိဗ္ဗာန်သို့ ရောက်ရ၏ဟု ပရိသတ်အား ဟောကြားခဲ့ရာ ရက်ကန်းသည်မကလေး သောတာပန် ဖြစ်သွားသည်။ (ဓမ္မပဒ၊ဋ္ဌ၊၂၊၁၁၁)
---
မှတ်ချက်
ဤ ရက်ကန်းသည်မကလေးမှာ တရားနှင့်စပ်၍ အတွေးအခေါ် အယူအဆ အသိဉာဏ်များ အတော်ရင့်သန်လျက် ရှိ၏။ အများနားမလည်သော ဘုရားအာဘော်ကို ရဲဝံ့ပြတ်သားစွာ ဖော်ထုတ်ပြနိုင်ခြင်းဖြင့် အများအံ့ဩဖွယ် ဖြစ်ရ၏။ ဤသို့ အများနှင့် မတူသည်မှာ သူ၏ ထူးခြားသော ကြိုးစားမှုကြောင့်ပင်ဖြစ်၏။ လွန်ခဲ့သော သုံးနှစ်ကျော်လောက်က ဘုရားရှင် အာဠဝီပြည်တစ်ခေါက် ကြွရောက်တော်မူ၏။ ထိုအခါက ပရိသတ်များအား မရဏဿတိတရားကို ဟောကြားတော်မူ၏။ သူတပါးတို့မှာ ပြီးပြီးပျောက်ပျောက် အမှတ်မထားသော်လည်း ရက်ကန်းသည်မကလေးကား ထိုအခါမှစ၍ နေ့ရောညပါ အခါရတိုင်း မရဏဿတိကို ပွါးခဲ့၏။ ထိုဘာဝနာအစွမ်းကြောင့်ပင် အသိဉာဏ်တိုး, အမြင်တိုးကာ အများထက်သာရပေသည်။
(၂၀) ဂါရဝေါ စ နိဝါတော စ၊ သန္တုဋ္ဌိ စ ကတညုတာ။ ကာလေန ဓမ္မဿဝနံ၊ ဧတံ မင်္ဂလ မုတ္တမံ။
(၂၀) ဒေဝပုတ္တ၊ နတ်သား။ ယော ဂါရေဝါ စ၊ အကြင်ရိုသေထိုက်သော သူတို့ကို ရိုသေခြင်းသည် လည်းကောင်း။ ယော နိဝါတော စ၊ အကြင်မိမိကိုယ်ကို နှိမ်ချခြင်းသည် လည်းကောင်း။ ယာ သန္တုဋ္ဌိ စ၊ အကြင် ရောင်ရဲလွယ်ခြင်းသည် လည်းကောင်း။ ယာ ကတညုတာ စ၊ အကြင်ပြုခဲ့ဘူးသည့် ကျေးဇူးကိုသိသူ၏ အဖြစ်သည်လည်းကောင်း။ ကာလေန၊ သင့်လျော်သောအခါ၌။ ယံ ဓမ္မဿဝနဉ္စ၊ အကြင်တရားနာခြင်းသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤတရား ငါးပါးကား။ ဥတ္တမံ၊ ကောင်းမြတ်သော။ မင်္ဂလံ၊ မင်္ဂလာပေတည်း။
မင်္ဂလာငါးပါး စကားပြေ-နတ်သား၊ ရိုသေထိုက်သူကို ရိုသေခြင်း, မိမိကိုယ်ကို နှိမ့်ချခြင်း, ရောင့်ရဲတင်းတိမ်ခြင်း, ကျေးဇူးသိခြင်း, သင့်လျော်သောအခါ တရားနာခြင်း၊ ဤငါးပါးမှာ ကောင်းမြတ်သော မင်္ဂလာတည်း။
ဂါရဝ
ဂရုနံ ဘာဝေါ ဂါရဝေါ။ ဂရုနံ၊ အလေးပြုအပ်သူတို့၏။ ဘာဝေါ၊ ဖြစ်ကြောင်းတည်း။ ဂါရဝေါ၊ အလေးပြုအပ်သူ ဖြစ်ကြောင်း။ အလေးပြုအပ်သူမှာ ရတနာသုံးပါး ဆရာမိဘစသော ဂုဏ်ကြီးသူ, အသက်ကြီးသူများတည်း။ ရဟန်းများ၌ အသက်မလိုက်ပဲ သိက္ခာဝါကြီးသူက ဂရု (=အလေးအမြတ်ပြုအပ်သူ) ဖြစ်ရသည်။ ဤသူ အလေးအမြတ် ပြုအပ်သူဖြစ်ကြောင်း သိရသည်မှာ ရိုသေခြင်း အလေးပြုခြင်းဖြင့် သိရသည်ဖြစ်ရာ ရိုသေခြင်းကို ဂါရဝ (=အလေးပြုအပ်သူဖြစ်ကြောင်း) ဟု ဆိုရ၏။ ရိုသေလေးစားသော အခြင်းအရာဖြင့်ဖြစ်သော ကုသိုလ်စိတ်ပင်။
မင်္ဂလာဖြစ်ပုံ
ရိုသေထိုက်သူများကို ရိုသေသမှု အလေးမပြုသူကို သူတော်ကောင်းများမလိုလား။ တယ်ရိုင်းစိုင်းတဲ့သူဟု ကဲ့ရဲ့ကြ၏။ ရိုသေတတ် အလေးပြုတတ်သူကိုကား လိုလားနှစ်သက်ကြ၏။ တယ်လိမ်မာတဲ့သူပဲဟု ချီးမွမ်းကြ၏။ ဤအချက်ဖြင့်ပင် အဂါရဝ၏ အမင်္ဂလာအဖြစ် ဂါရဝ၏ မင်္ဂလာအဖြစ်မှာ ထင်ရှားနေပါသည်။ မြတ်စွာဘုရားက ကြီးသူအား ရိုသေသူများသည် ယခုဘဝလည်း အချီးအမွမ်းခံရကြောင်း, နောင်ဘဝလည်း သုဂတိဘဝ ရောက်ရကြောင်း ဧကနိပါတ် တိတ္တိရဇာတ် (ဇာတက၊၁၊၉) ၌ ဟောတော်မူ၏။ ထို့ပြင် အသက်ကြီးသူ ဂုဏ်ကြီးသူတို့ကို ရှိခိုးလေ့ရှိသူ အရိုအသေပြုသူတို့အား အသက်ရှည်ခြင်း, အဆင်းလှခြင်း, ချမ်းသာခြင်း, ခွန်အားရှိခြင်းဟူသော အကျိုးလေးပါး တိုးပွါးနိုင်ကြောင်း ဓမ္မပဒ၊၂၉) ၌ ဟောတော်မူ၏။
ဆိုခဲ့ပြီး စက္ကဝတ္တိသုတ် အရ၌လည်း သိနိုင်သည်။ ထို့ပြင် လူကြီးတို့၏ ချစ်မြတ်နိုးမှု, လေးစားမှု, ကူညီစောင့်ရှောက်မှု ခံရခြင်းစသည်ဖြင့် ရသည့်အကျိုးများကား များလှ၏။ အရင်းမစိုက်ရပဲ ကိုယ်ကိုညွတ်ကိုင်း အသုံးချရုံမျှဖြင့် အမြတ်အလွန်ထွက်သော ဤဂါရဝ မင်္ဂလာကို မဆောင်ထိုက်ပဲ ရှိပါသလော။
အမျိုးမြတ်ကြောင်း
ဥပရိပဏ္ဏာသ စူဠကမ္မဝိဘင်္ဂသုတ် (မ၊၃၊၂၇၇ ) ၌ “လုလင်..ဤလောက၌ အချို့သော ယောက်ျား မိန်းမသည် ခက်ထန် မာန်ကြီးသည်ဖြစ်၍ ရှိခိုးထိုက်သူကို ရှိမခိုး၊ ခရီးဦးကြိုဆိုထိုက်သူကို မကြိုဆို၊ နေရာပေးထိုက်သူကို နေရာမပေး၊ လမ်းဖယ်ပေးထိုက်သူကို လမ်းဖယ်မပေး၊ ကောင်းစွာပြုထိုက်သူကို မပြုစု၊ အလေးပြုထိုက်သူကို အလေးမပြု၊ မြတ်နိုးထိုက်သူကို မမြတ်နိုး၊ ပူဇော်ထိုက်သူကို မပူဇော်၊ ထိုသူကား သူစွဲယူထားသော ကံအရ စုတေသော် ငရဲရောက်ရ၏။ ငရဲမရောက်ပဲ လူဖြစ်စေကာမူ ဖြစ်ရာဖြစ်ရာ၌ နိမ့်ကျသိမ်ငယ်သော အမျိုး၌ဖြစ်ရ၏။ လုလင် ဤရှိမခိုးခြင်းစသော မရိုသေမှုမှာ နိမ့်ကျသောအမျိုး၌ ဖြစ်တတ်သော အကျင့်ဖြစ်သည်” ဟု ဟောတော်မူပြီးနောက်၊ ဤမှပြန်သောအားဖြင့် ရိုသေထိုက်သူကို ရိုသေခြင်းစသည်ကို ပြုသူမှာ နတ်ပြည်ရောက်ရခြင်း နတ်ပြည်မရောက်စေကာ ဖြစ်ရာ ဖြစ်ရာ၌ မြင့်မြတ်သော အထက်တန်းမျိုး၌ ဖြစ်ရကြောင်းများကို ဆက်လက်ဟောကြားတော်မူသည်။
ဤဒေသနာဖြင့် မာန်ထောင်သူများ နောင်ရေးမှာ ဝန်လေးဖွယ်ရာပင်။ ထို့ကြောင့် နောင်ဘဝရေး တွေးလျက်လည်း ရိုသေထိုက်သူကို ရိုသေရမည်သာ။ အချို့က အရိုအသေပြုရမည်ကို ရှက်တတ်ကြ၏။ မရှက်သင့်သည်ကို ရှက်ခြင်းသာ၊ အမှန်မှာ အဂါရဝ=မရိုသေခြင်းကိုသာ ရှက်ရမည်ဖြစ်၏။ ထိုသူကို ပညာရှိ သူတော်ကောင်းများက ကဲ့ရဲ့ရှုတ်ချမည်ဖြစ်ရာ ထိုကဲ့ရဲ့မည်ကိုသာ တွေးရှက်သင့်၏။
ဗြဟ္မဝိဟာရတိုးပွါးပုံ
ရိုသေခြင်း အလေးပြုခြင်းတို့မှာ ထိုပုဂ္ဂိုလ်ကို ချစ်မြတ်နိုးခြင်းကြောင့် ဖြစ်၏။ အရိုအသေခံရသော ပုဂ္ဂိုလ်ကလည်း ချစ်ခင်လေးမြတ်တော့သည်သာ။ ထိုသို့ မေတ္တာရှိနေကြလျှင် အချင်းချင်း ဒုက္ခရောက်နေသောအခါ ကရုဏာလည်း ဖြစ်နိုင်တော့၏။ မေတ္တာရှိနေကြသူ အချင်းချင်း တစ်ဦးတိုးတက်သောအခါ တစ်ဦးက မုဒိတာဖြစ်ကာ ဝမ်းသာရသည်။ အမှားအယွင်း အနည်းငယ်ရှိသောအခါလည်း ဥပေက္ခာပြုနိုင်၏။ ဤသို့လျှင် ဂါရဝမှုမှာ ဗြဟ္မဝိဟာရတရားတွေ စည်ပင်ကြောင်း, ဣဿ, မစ္ဆရိယ, မာန, ဒေါသစသည် ကင်းဝေးကြောင်း အလွန်ကောင်းသော ယဉ်ကျေးမှု တစ်ရပ်ဖြစ်ရာ ထိုယဉ်ကျေးမှုဖြစ်သူ၌ အသက်ရှည်ခြင်းစသည် ဖြစ်နိုင်သည်ဆိုသော ဆိုခဲ့ပြီးသော အကျိုးများမှာ သဘာဝကျပေသည်။ လောကသာယာရေး အတွက်လည်း အရေးပါသော ယဉ်ကျေးမှုတစ်ရပ်ပင် ဖြစ်သည်။
တရားသိလေ ရိုသေလေ
တရားမသိသူ၌ ဂါရဝမှုကို အောက်ကျသည်ဟု အထင်အမြင် မှားနေသော်လည်း ဂါရဝသည် အလွန်မွန်မြတ်သော တရားတစ်ခုဖြစ်ရာ တရားပိုသိလေလေ ဂါရဝတရား ပိုရှိလေလေ ဖြစ်သည်။ အရှင်သာရိပုတ္တရာသည် အရှင်အဿဇိ၏ တရားဖြင့် သောတာပန် ဖြစ်ရသည့်အခါကစ၍ အရှင်အဿဇိ ရှိရာအရပ်သို့ ရည်မှန်းကာ လက်အုပ်ချီလျက် ထိုအရှင်မြတ်ရှိရာသို့ ဦးခေါင်းထားကာ အိပ်လေ့ရှိ၏။ မသိသော ရဟန်းများက အရှင်သာရိပုတ္တရာ ယနေ့တိုင် အယူမှားနေသေး၏။ အရပ်မျက်နှာတွေ ရှိခိုးနေသည်ဟု ဘုရားရှင်အား လျှောက်ရာ ဘုရားရှင်က “သာရိပုတ္တရာ အရပ်တွေ ရှိခိုးခြင်းမဟုတ်၊ မိမိဆရာ အဿဇိကို ရှိခိုးခြင်းဖြစ်ကြောင်း မိန့်၍ မိမိတရားသိအောင် ပြသောပုဂ္ဂိုလ်ကို “မီးပူဇော်သောပုဏ္ဏား မီးကို ရှိခိုးသကဲ့သို့ ရှိခိုးရမည်”ဟု (ဓမ္မပဒ၊ဋ္ဌ၊၂၊၄၀၁) ဗြာဟ္မဏဝဂ်၌ ဟောတော်မူသည်။
နိဝါတ
နိ=နိမ့်ကျသောအားဖြင့်။ ဝါတ=ဖြစ်ခြင်း။ နိဝါတကို ‘နီစမနတာ နိဝါတ ဝုတ္တိတာ’ဟု အဋ္ဌကထာဖွင့်၏။ နီစမနတာ =နိမ့်သောစိတ် ရှိသူ၏ အဖြစ်။ ကိုယ်ကို နှိမ့်ချခြင်းမှာ စိတ်နှိမ့်ချပြီးမှ ဖြစ်နိုင်၏။ မာနရှိသော စိတ်မှာ မြင့်ထောင်တက်နေရာ မာနကို နှိမ်ထားခြင်းကိုပင် နီစမနတာဆိုသည်။ စိတ်ကို နှိမ့်ချထားလျှင် ကိုယ်ရောနှုတ်ပါ အားလုံး နှိမ်ပြီးသား ဖြစ်နေ၍ နိဝါတဝုတ္တိတာ=နှိမ့်ချသော ဖြစ်ပုံမျိုးရှိသည်၏ အဖြစ်ဟုဆိုသည်။
နိဝါတရှိသူ၏ ဆန့်ကျင်ဖက်မှာ ထဒ္ဓ= တောင့်တင်းမာကျောသူ။ အတိမာန=အလွန် ထောင်လွှားသူများဖြစ်ရာ ထိုသူများကား အပြောအဆိုလည်း မောက်မာတတ်၏၊ မိမိကိုယ်ကိုမြောက် သူတပါးကို နှိမ်တတ်၏။ အမျိုး, ပညာ, ဥစ္စာ စသော ဂုဏ်များဖြင့် သူတပါးကို မထီမဲ့မြင် ပြုတတ်၏။ ကိုယ်အမူအရာလည်း ဘယ်သူ့မှ အရေးမစိုက်သကဲ့သို့ ထောင်ထောင် ကြွားကြွားပင်၊ ထိုအမူအရာ အားလုံးမှာ အများမုန်းဖွယ်ရာဖြစ်၍ အမင်္ဂလာသာ၊ နိဝါတရှိသူကား ကိုယ်အမူအရာလည်း သိမ်မွေ့နူးညံ့စွာ ရှိနေသည့်ပြင် အပြောမှာလည်း သူတကာ နားချမ်းသာ စိတ်ချမ်းသာဖွယ် ပြေပြစ်လျက်ရှိသည်။ ထိုသူမျိုးမှာ အများ ချစ်မြတ်နိုးဖွယ်ရာ မင်္ဂလာဖြစ်ရသည်။
ဂါရဝ နှင့် နိဝါတ
ဂါရဝနှင့်နိဝါတ တွဲဟောသည်မှာ မကင်းကောင်းသော တရားများဖြစ်သောကြောင့်တည်း။ နိဝါတ ရှိသူ၌သာ ဂါရဝဖြစ်နိုင်သည်။ မာနထောင်လွှားနေသူကား “ငါသာ ငါ့ပြင် ဘာမထင်” ဖြစ်နေရာ ဘယ်မှာ သူတပါးကို ဂါရဝ ပြုနိုင်ပါအံ့နည်း။ အမျိုးဥစ္စာ အနွယ်အားဖြင့် ခက်ထန်သူမှာ မိမိဆွေမျိုး သားချင်းများကိုပင် မထီမဲ့မြင် ပြုတတ်ရာ ထိုအမှုမှာ ပျက်စီးခြင်းအကြောင်း ဖြစ်သည်ဟု သုတ္တနိပါတ် ပရာဘဝသုတ် (သုတ္တနိ၊၂၉၆)၌ ဟောတော်မူ၏။ မိမိဆွေမျိုးများက မိမိကို အရေးမစိုက် ပစ်ပယ်ကြသည့်ပြင် မိမိပျက်စီးအောင်ပင် ပြုတတ်၍ ပျက်စီးခြင်းအကြောင်းဟု ဟောသည်။ ဤခက်ထန်သူကို လေပြည့်သော သားရေအိတ်ဖြင့် ပမာပေးလေ့ရှိ၏။ သားရေအိတ်ကြီးသည် လေမပြည့်မီ ပျော့ပျောင်းနေသော်လည်း လေပြည့်သောအခါ တင်းမောက်လာသည်မှာ မာနကြီးသူ၏ လက္ခဏာနှင့်တူလှသည်။ ဘယ်အထိ နှိမ့်ချရမည်ကို “ခြေသုတ်ပုဆိုး ဦးချိုကျိုးသော နွားလားအနေ အစွယ် ကျိုးသော မြွေကဲ့သို့”ဟု ဆို၏။ တကယ် တရားရှိသူတို့မှာ ထိုမျှ နှိမ့်ချနိုင်ကြ၏။ မာန်ကြီးသူ ပျက်စီးကြောင်း ဖြစ်သော်လည်း နိဝါတရှိသူမှာ တိုးတက်ကြီးပွါးကြောင်း ဖြစ်သည်။ “နိဝါတဝုတ္တိ အတ္ထဒ္ဓေါ၊ တာဒိသော လဘတေ ယသံ=နှိမ့်ချသော အဖြစ်မျိုးရှိလျက် ခက်ထန်ခြင်းမရှိသော ပုဂ္ဂိုလ်မျိုးမှာ အခြွေအရံ အကျော်အစောကို ရနိုင်သည်”ဟု သိင်္ဂါလသုတ် (ဒီ၊၃၊၁၅၆)၌ ဟောတော်မူသည်။
အရှင်သာရိပုတ္တရာ၏ နိဝါတ
တစ်နေ့သောအခါ အရှင်သာရိပုတ္တရာ၏ သင်္ကန်းဝတ်ပုံ မညီမညွတ် ဖြစ်နေသည်ကို မြင်ရသော ခုနစ်နှစ်အရွယ် သာမဏေငယ်က “အရှင်ဘုရား သင်္ကန်းဝတ်ပုံ မညီပါတကား”ဟု လျှောက်၏။ အရှင်သာရိပုတ္တရာသည် “ကိုရင်ကလေးက ငါ့ ပြောရကောင်းလား” သဘောတားတော်မမူပဲ တစ်နေရာသွားကာ ကောင်းစွာ ပြင်ဝတ်ပြီးလျှင် ကိုရင့်ထံ ပြန်လာ၍ ရပ်လျက် လက်အုပ်ချီကာ “သည်လောက်ဆိုလျှင် သင့်တော်ပါပြီလား ဆရာ”ဟု မိန့်ကြားပြီးနောက် “ထိုနေ့ဖြစ်သော ခုနစ်နှစ်အရွယ် သာမဏေ ငယ်ကလေးကပင် ဆုံးမလာလျှင် တို့အဆုံးအမကို ဦးခေါင်းထက်မှာ ခံယူပါသည်”ဟု ကျူးရင့်တော်မူခဲ့သည်။ တရားကို လေးစားသူတိုင်း အရှင်မြတ်ကြီး၏ ဤနိဝါတဂုဏ်ကို အမြဲအားကျ အတုယူခဲ့ကြရပါသည်။ ယူဖွယ်လည်း ကောင်းလှပေသည်။ (မိလိန္ဒ၊၃၈၊ သံ၊ဋ္ဌ၊၁၊၁၁၄)
အရှင်ရာဟုလာ၏ နိဝါတ
အရှင်ရာဟုလာကား သာကီဝင် မင်းမျိုးဖြစ်၍ စကြာမင်းဖြစ်ရန် ဘုန်းကံလက္ခဏာ ပါသူ ပုဂ္ဂိုလ်ထူးတည်း၊ ဘုရားသားတော်လည်းဖြစ်၍ မာနထောင်မည် ဆိုလျှင် သူတကာထက် ပို၍ မာနထောင်နိုင်လောက်အောင် အဖက်ဖက်က အထက်တန်းကျနေသော်လည်း အရှင်၏ နှိမ့်ချခဲ့ပုံမှာ ဥဒါန်းတွင်ရစ်ခဲ့ပါ၏။ ရဟန်းတော်များက ရှင်ရာဟုလာကို စမ်းလို၍ ရှင်ရာဟုလာ အဝေးမှလာသည်ကို မြင်လျှင် တံမြက်စီးနှင့် အမှိုက်တောင်းများကို အပြင်မှာ ပစ်ထားကြ၏။ ‘ဒါ ဘယ်သူပစ်ထားကာလဲ’ဟု အချို့ရဟန်းက မေးသော် ‘သည်နေရာမှာ ရာဟုလာ သွားလာနေတာပဲ၊ ရာဟုလာများ ပစ်ထားသလော’ဟု တစ်ပါးရဟန်းများက ပြောကြ၏။ ရှင်ရာဟုလာသည် “တပည့်တော် လုပ်တာမဟုတ်ပါ”ဟု ဘယ်အခါမှ မပြောပဲ ကောင်းစွာ သိမ်းဆည်းပြီး ရဟန်းများကိုပင် တောင်းပန် ကန်တော့၍ သွားတတ်၏။
တခါက ဘုရားမြတ်စွာသည် “ရဟန်းတို့အား လူသာမဏေများနှင့် တစ်မိုးတစ်ရာမ်တည်းသော ကျောင်း၌ အတူမအိပ်ရ”ဟု သိက္ခာပုဒ် ပညတ်ထား၏၊ ရဟန်းများက “ရာဟုလာ ဘုရားမြတ်စွာ သိက္ခာပုဒ် ပညတ် ထား၍ အိပ်ဖို့နေရာ ရှာပါ”ဟု ဆိုကြ၏။ အမှန်မှာ ဘုရားအပေါ်၌ လေးစား၍၎င်း, ရှင်ရာဟုလာ၏ အကျင့်သိက္ခာဂုဏ်အရ၎င်း ၎င်းကို ရဟန်းများ အရေးပေးခဲ့မြဲ ဖြစ်၏။ သိက္ခာပုဒ် ပညတ်ချက်အရ ဤသို့ ပြောကြခြင်း ဖြစ်၏။ ရှင်ရာဟုလာလည်း ဘယ်သို့မှ ပြန်မပြော။ အရှင်သာရိပုတ္တရာ, အရှင်မောဂ္ဂလ္လာန်, အရှင်အာနန္ဒာစသော မထေရ်တို့ကိုလည်း အပူမရှာပဲ ဘုရားရှင်၏ ဝစ္စကုဋိ၌ သွားအိပ်နေ၏၊ နံနက်အခါ ဘုရားရှင် ဝစ္စကုဋိ အကြွတွင် ရှင်ရာဟုလာ ဝစ္စကုဋိ၌ အိပ်ရကြောင်း သိတော်မူ၍ လူသာမဏေများနှင့် သုံးညအတူ အိပ်ဖို့ ခွင့်ပြုကာ သိက္ခာပုဒ်ကို ထပ်မံ ပြင်ဆင်ပညတ်တော်မူသည်။ ရှင်ရာဟုလာကား တရားကို ကြိုးစားအားထုတ်နေရာ ထိုတရားများက အရှင်၏ မာနကို ချပေးလျက် ရှိနေပါသည်။ တရားကို မလေးစားသူတို့အဖို့ မာနကိုအပြစ်မမြင် အကောင်းထင်လျက် မာန်တက်ကြသော်လည်း တရားကို လေးစားသူတို့မှာ မိမိတို့ မာနကို တမင်္ဂလာပင် ကျအောင် ကြိုးစားကြ၏။ ဘဒ္ဒိယ, အနုရုဒ္ဓါ, အာနန္ဒာ, ဘဂု, ကိမိလ, ဒေဝဒတ် ဤသာကီဝင် မင်းသားများသည် ဥပါလိဆတ္တာသည်နှင့်အတူ ရဟန်းပြုရန် ဘုရားထံ ရောက်လာကြပြီးလျှင် သူတို့ ဘုရားရှင်အား လျှောက်ထားသည်မှာ “မြတ်စွာဘုရား တပည့်တော်တို့ သာကီဝင်များမှာ မာန ကြီးကြပါသည်၊ ဥပါလိဆတ္တာသည်မှာ တပည့်တော်များ အစေအပါးအဖြစ် ကာလရှည်ကြာ အမှုထမ်းခဲ့သူ ဖြစ်ပါသည်။ သူ့ကို ရှေးဦးစွာ ရဟန်းပြုပေးတော်မူပါ၊ သူ့ကို တပည့်တော်များ ရှိခိုးမှု ကြိုဆိုမှု လက်အုပ်ချီမှု အရိုအသေပြုမှု ပြုကြပါမည်။ ဤသို့ဖြင့် တပည့်တော်များ သာကီဝင်တို့၏ မာနသည် ကျဆင်းပါလိမ့်မည်”ဟု လျှောက်ထားသည့် အတိုင်း ဘုရားရှင်က ဥပါလိကို ရှေးဦးစွာ ရှင်ရဟန်းပြုပေးလေသည်။
သန္တုဋ္ဌိ
သ=မိမိ ဥစ္စာဖြင့်။ ဝါ၊ ရှိနေသော ဥစ္စာဖြင့်။ တုဋ္ဌိ= ကျေနပ် နှစ်သက်ခြင်း။ ရှိသမျှ ရသမျှနှင့် တင်းတိမ် ကျေနပ်ခြင်းကို သန္တုဋ္ဌိ ဆိုရသည်။ ဤ သန္တုဋ္ဌိ မရှိသူ၌ မကောင်းသော အစားအဝတ် စသည်သုံးရလျှင် စိတ်မချမ်းသာ ဖြစ်ရ၏။ ကောင်းနိုးရာရာ ဝယ်ယူသုံးစွဲရခြင်းဖြင့် ပစ္စည်းဖြုန်းသူ ဖြစ်တတ်၏။ စီးပွါးရှာဖွေသူ၌ သန္တုဋ္ဌိမရှိလျှင် ဥစ္စာ မစုဆောင်းနိုင်၊ ထို့ကြောင့် သန္တုဋ္ဌိသည် လောကရေး၌ အလွန်လိုအပ်၏။ ဓမ္မသက်သက် အားထုတ်သူများ၌ကား သာ၍ပင် လိုအပ်လှသည်။မှန်၏၊ သန္တုဋ္ဌိ၏ ဆန့်ကျင်ဘက်မှာ လောဘကြီးမှု အလိုကြီးမှုဖြစ်ရာ တရားရရေး၌ ကြီးမားသော အနှောင့်အယှက် အတားအဆီးများဖြစ်၏။ ထို့ကြောင့် ဘုရားရှင်က ထို မဟိစ္စ (=အလိုကြီးမှု)ကို ရှုတ်ချခဲ့သည်နှင့်အမျှ သန္တုဋ္ဌိကိုလည်း လွန်စွာ မြှောက်စားတော်မူခဲ့သည်။
အမြတ်ဆုံးဥစ္စာ
“သန္တုဋ္ဌိ ပရမံ ဓနံ=အမြတ်ဆုံး ဥစ္စာကား ရောင့်ရဲ ခြင်းတည်း” ဟု ဓမ္မပဒ၊၄၃)၌ ဟောတော်မူ၏။ နီတိ ဆရာဘို့ကလည်း “သန္တောသတုလျံ ဓနမတ္တိနညံ=သန္တောသနှင့် တန်းတူ ရည်တူ ဖြစ်သော တခြားဥစ္စာ မရှိ”ဟု ဆိုခဲ့၏။ လောက၌ ဥစ္စာရှိလျှင် ဘာမဆို ပြည့်စုံနိုင်သကဲ့သို့ ရောင့်ရဲတတ်သူ၌ အကုန်ပြည့်စုံလျက်ရှိရာ ဥစ္စာအဖြစ် တင်စားခဲ့ခြင်း ဖြစ်၏။ သို့သော် ဥစ္စာဖြင့် မဖြည့်နိုင်သော ပြည့်စုံခြင်းမျိုးမှာ သန္တောသ ရှိသူ၌ရှိရာ သန္တောသကို အမြတ်ဆုံးဥစ္စာအဖြစ် မြှောက်တင်ခဲ့ရ၏။ “အကြင်သူ၏ စိတ်သည် တင်းတိမ်ရောင့်ရဲလျက် ရှိ၏။ ထိုသူမှာ အားလုံး ပြည့်စုံလျက်သာ၊ ဖိနပ်ဖြင့် ဖုံးလွှမ်းထားအပ်သော ခြေရှိသူအဖို့ မြေတစ်ပြင်လုံး သားရေ ဖုံးထား သကဲ့သို့သာ အမှန်ဖြစ်သည်”။ ဤ ဟိတောပဒေသ အဆိုအတိုင်း သန္တုဋ္ဌိမရှိသော စည်းစိမ်ရှင်အချို့ပင် မရနိုင်သော သမ္ပတ္တိမျိုးသည် သန္တုဋ္ဌိရှင် လူဆင်းရဲများ၌ပင် ရှိနိုင်ကြောင်း သိရသည်။
မတင်းတိမ်သင့်သောအရာ
တင်းတိမ်လျှင် မြိန်ရှက် ဆိုသကဲ့သို့ တင်းတိမ်သူ၌ အမြဲ စိတ်ချမ်းသာလျက်ရှိရာ လောကီဆရာတို့က “သန္တောသမူလံ ဟိ သုခံ=ချမ်းသာမည်သည်မှာ သန္တောသလျှင် အကြောင်းရှိ၏”ဟု ဆိုကြ၏။ သို့သော် ပညာရေး၌ အချို့က “အို…ဒီလောက်ဆို တော်လောက်ပါပြီ”ဟု၎င်း, စီးပွါးရေး၌ “သည်လောက်ရှိ တော်ရောပေါ့”ဟု၎င်း လျော့တတ်ကြ၏။ ဤသို့ လျှော့ခြင်းမှာ သန္တုဋ္ဌိမဟုတ် ဆုတ်နစ်ခြင်းသာ၊ ဓမ္မရေးနှင့် လောကရေး၌ အတူ မသုံးသပ်ထိုက်၊ တရားသက်သက် အားထုတ်သော ရဟန်းတော်များအတွက်မူ ပစ္စည်းနှင့်စပ်လျှင် အလိုနည်းလေ ကောင်းလေဖြစ်၏။ လောက လူသားများအဖို့ကား ထိုသို့မဟုတ်။ ဓမ္မရေး၌ပင် စာပေတတ်ရုံနှင့် တင်းတိမ်နေလျှင် ပေါ့လျော့မှု ဆုတ်နစ်မှုသာဖြစ်၏။ မဂ်ဖိုလ်ရသည်အထိ မရမနေ ကြိုးစားရမည်သာ၊ ထို့အတူ လောကသားအဖို့ တာဝန်တွေရှိနေ၏။ မိသားစုတာဝန် အမျိုးတာဝန် တိုင်းပြည်တာဝန်ဟု ရှိနေရာ ထိုတာဝန်တွေအတွက် ပစ္စည်းရှာရမည်သာ၊ မတတ်သာ၍ ဖြစ်သလို ကျေနပ်ရမည်ဖြစ်သော်လည်း တတ်နိုင်လျက် တိုးတက်မှု ရပ်သွားအောင် သန္တုဋ္ဌိပြုလိုက်သည်မှာ သန္တုဋ္ဌိအစစ်မဖြစ်ပဲ ပေါ့လျော့ ဆုတ်နစ်မှု အဖြစ်သို့သာ ရောက်ရတော့သည်။
မတရားလျှင်ပျက်
တရားသဖြင့် ပစ္စည်းရှာသူအား သန္တုဋ္ဌိ မပျက်တတ်သော်လည်း လောဘ အလွန်ကြီးလာ၍ မတရားစီးပွါး ရှာသူကား သန္တုဋ္ဌိပျက်တော့သည်။ ပစ္စည်းတွေပေါလာ သည့်အခါ သန္တုဋ္ဌိပျက်သူမှာ ဖြုန်းချင်တိုင်း ဖြုန်းသော်လည်း သန္တုဋ္ဌိ ရှိသူမှာ ကုသိုလ်ဖြစ်သော အမျိုးအတွက် တိုင်းပြည်အတွက် အကျိုးရှိရာ ရှိကြောင်း ကောင်းမှုများ၌သာ အလေးပေး သုံးတတ်ပေသည်။ အလိုကြီး၍ သန္တုဋ္ဌိ ပျက်လာသောအခါ တစ်နေ့တွင် ဆုဘ်ယုတ် ပျက်စီးမှုနှင့် ကြုံလာရမြဲဖြစ်၏။ ရှေးက ပုဏ္ဏားတစ်ယောက်၌ ဇနီးနှင့် သမီးသုံးယောက် ရှိ၏။ သူသေသောအခါ ရွှေဟင်္သာဖြစ်နေရာ မကြာမကြာလာ၍ ရွှေဖြင့်ပြီးသော အတောင်တစ်တောင်ပေးလာသဖြင့် ဇနီးနှင့် သမီးတို့မှာ ဆင်းရဲနေရာမှ အတော်ချောင်လည်လာကြ၏။ သို့သော် ဤမျှနှင့် မကျေနပ်ကြ၍ တိုင်ပင်ကာ တစ်နေ့ ရွှေဟင်္သာလာသောအခါ ဖမ်းပြီး အတောင်အကုန် နုတ်ကြ၏။ သို့သော် နုတ်သမျှ ရွှေမဟုတ်တော့ပဲ အကုန်ဗျိုင်းတောင်သဖွယ် ဖြစ်၏။ နောက် အိုးထဲထည့်မွေးထားရာ ပေါက်လာသောအတောင်တို့သည် အဖြူချည်းသာဖြစ်ကုန်လျက် ယင်းတို့ ပြည့်စုံသောအခါ မိမိနေရာ ပြန်သွားတော့သည်။ “ယံ လဒ္ဓံ တေန တုဋ္ဌဗ္ဗံ၊ အတိလောဘော ဟိ ပါပကော=ရသမျှနှင့် ရောင့်ရဲကျေနပ်ရမည်၊ လောဘကြီးသူမှာ လူယုတ်မာတည်း”။ (ဧကနိပါတ်၊ သုဝဏ္ဏဟံသဇာတ်-၃၂)
ကတညုတာ
သူပြုခဲ့ဘူးသော ကျေးဇူးကို သိခြင်းသည် ကတညုတာ မည်၏၊ ကျေးဇူးမှာ ဥစ္စာပေးခြင်း, အတတ်သင်ပေးခြင်း, ဆုံးမခြင်း, ဘေးရန်ကာကွယ်ပေးခြင်း စသည်ဖြင့် မိမိအပေါ် ပြုအပ်သော သူတပါး၏ ကောင်းမှုပင်၊ ထိုကျေးဇူးကို နည်းသည်ဖြစ်စေ များသည်ဖြစ်စေ အောက်မေ့သည်၏ အစွမ်းဖြင့် သိခြင်းကို ကတညုတာ ဆို၏။ သိခြင်းဆိုသောကြောင့် သိရုံသိသူကို ကတညူဆိုသည်ဟု မမှတ်အပ်၊ သိ၍ ကျေးဇူးတုံ့ပြန် ပြုသူကိုသာ ကတညု (=ကျေးဇူးသိသူ) ဆိုသည်။ တချို့ မိမိအပေါ် ကျေးဇူးပြုထားသူတစ်ဦး အကူအညီ လိုနေသောအခါ စွမ်းနိုင်ပါလျက် ပါးစပ်သာ ကောင်း၍ လက်မပါပဲ ရှိတတ်၏။ ဤသူများကား အကတညူ (=ကျေးဇူးမသိတတ်သူ) များတည်း။ အချို ဤသို့ မသိရုံသာမက ကျေးဇူးရှင်ကိုပင် အကျိုးမဲ့ ပြုတတ်သေး၏၊ ကျေးဇူးရှင်ကို ကျေးစွပ်သော လူမိုက်သာတည်း။ ထိုလူမိုက်မျိုးကို တိံသ နိပါတ် မဟာကပိဇာတ် (ဇာတက၊၁၊၃၈၀)၌ တွေ့ရ၏၊ ထိုဇာတ်၌ ပုဏ္ဏားမိုက်သည် မိမိအသက်ကို ကယ်တင်ခဲ့သော အလောင်းတော် မျောက်မင်း၏ခေါင်းကို ကျောက်တုံးနှင့် ထုခဲ့လေသည်၊ သူတော်ကောင်းများကား ကျေးဇူးသိတတ်ကြ၏။ ကျေးဇူးမသိသူမှာ လူမိုက်သာဖြစ်ရာ ထိုသူရမည့် ရလဒ်ကား နောင်ဘဝ ငရဲရောက်ခြင်း ယခုဘဝ အကဲ့ရဲ့ခံရခြင်း ကျေးဇူးပြုမည့်သူများ ရှောင်လွှဲ၍ ဆင်းရဲရခြင်းစသော မကောင်းကျိုးများသာ တည်း။
ရခဲသူ နှစ်ယောက်
(၁) ပုဗ္ဗကာရီ=ရှေးဦးစွာ ကျေးဇူးပြုတတ်သူ။
(၂) ကတညုတကတဝေဒီ=သူပြုဘူးသည့် ကျေးဇူးကို သိတတ်ထုတ်ဖော်တတ်သူ။
ဤပုဂ္ဂိုလ်နှစ်မျိုးမှာ ရခဲသော ပုဂ္ဂိုလ်များဖြစ်ကြောင်း ဒုကင်္ဂုတ္တရ တတိယပဏ္ဏာသက ပဌမသုတ် (အံ၊၁၊၈၆)၌ ဟောတော်မူ၏။ ထိုတွင် လက်ဦးပြသူမှာ ကြွေးပေးအံ့ဟူသော အမှတ်ကိုပြုသည်။ နောက်ပြုသူသည် ကြွေးဆပ်အံ့ဟူသော အမှတ်ကို ပြုသည်ဟု ၎င်းအဋ္ဌကထာ ဖွင့်၏။ တစ်စုံတစ်ယောက်က ကြွေးပေးလျှင် ကြွေးယူသူမှာ ကြွေးတင်သည်ဟု ဆို၏။ ထို့အတူ တစ်စုံတစ်ယောက်ကကျေးဇူးပြုလျှင် အပြုခံရသူမှာ ကျေးဇူးတင်သည်ဟု ဆိုရ၏။ ကြွေးတင်လျှင် ပြန်ပေးသည်ကို ကြွေးဆပ်သည် ဆိုသကဲ့သို့ ပြန်ကျေးဇူးပြုသည်ကို ကျေးဇူးဆပ်သည်ဟု ဆိုသည်။ ဤ၌ ကျေးဇူးပြုသူက ပြန်ရလိုမှုဖြင့် ပြုသည်မဟုတ်သော်လည်း တာဝန်သိသူများက ပြန်ကျေးဇူးပြုမည်ဖြစ်၍ ကြွေးပေး ကြွေးဆပ်နှင့် တူသောကြောင့် ကြွေးပေးအံ့ဟု အမှတ်ပြုသကဲ့သို့ ဖြစ်သည်ကို အမှတ်ပြုသည်ဟု အဋ္ဌကထာဆရာ ဆိုခြင်းဖြစ်၏။ သူတော်ကောင်းတို့၏ ကျေးဇူးမြင်တတ်ခြင်း သူယုတ်မာတို့၏ ကျေးဇူးမမြင်တတ်ခြင်းမှာ သူတော်ကောင်းတို့က ဓမ္မမြင်၍သူယုတ်မာတို့က ဓမ္မမမြင် အဓမ္မတွေ ဝင်လာသောကြောင့်တည်း။ (အံ၊၁၊၈၆။ အံ၊ဋ္ဌ၊၂၊၅၇)
သူတော်ကောင်းမှသိ
ရာဓပုဏ္ဏားကြီး ရဟန်းပြုလိုလျက် ရဟန်းမပြုရ ဖြစ်နေရာ ဘုရားရှင်က ဤပဏ္ဏား၏ကျေးဇူးကို ဘယ်သူအမှတ်ရသလဲဟု မေးတော်မူသော် “တပည့်တော် အမှတ်ရပါကြောင်း အရှင်သာရိပုတ္တရာ လျှောက်၏၊ “ဘယ်လို ကျေးဇူးလဲ"ဟု မေးတော်မူပြန်ရာ ရာဇဂြိုဟ်ပြည်တွင် ဆွမ်းခံစဉ် ဆွမ်းတစ်ဇွန်း လောင်းဖူးကြောင်း လျှောက်၏။ သာဓု သာဓု သာရိပုတ္တရာ၊ သူတော်ကောင်းများမှာ သူ့ကျေးဇူးကို သိတတ် ထုတ်ဖော်တတ်ပေသည်ဟု ကောင်းချီးပေးတော်မူ၏။ ပစ္စည်းဥစ္စာ ပေးသည်ထက် အသိအလိမ္မာ ဉာဏ်ပညာပေးသော ဆရာသမား စသည်မှာ ပိုကျေးဇူးပြုတတ်သူများ ဖြစ်၏။ အထူးသဖြင့် တရားဖြင့် ကျေးဇူးပြုသူများ၏ ကျေးဇူးမှာ ပြေလည်အောင် ပြန်အဆပ်ခက်လောက်အောင်ပင် ကြီးမားလှကြောင်း ဟောတော်မူ၏။ ထို့ကြောင့် တကယ်ကျေးဇူးကြီးလှသော မိဘဆရာနှင့် မိမိအား စောင်မသူမှန်သမျှ၏ ကျေးဇူးကို မတတ်သာလျှင် အစဉ်အောက်မေ့၍ တတ်နိုင်သလောက် တုံ့ပြန်မှ သူတော်ကောင်း ဖြစ်ကြပေမည်။ (ဝိ၊၃၊၇၀)
အင်္ကုရနှင့် ပုဏ္ဏား
အင်္ကုရမင်းသားသည် လှည်သားငါးရာဖြင့် ကုန်သွယ်ခဲ့ရာ လှည်းငါးရာဖြင့်ပင် ကုန်သွယ်သော ပုဏ္ဏားတစ်ဦးလည်း အတူပါ၏။ လမ်းမှား၍ အစာရေစာတွေ ကုန်ခဲ့ရာ ညောင်ပင်ကြီးတစ်ပင် တွေ့၍ခိုနားကြ၏။ ထိုညောင်ပင်မှ တန်ခိုးကြီးမားသော နတ်ကြီးသည် သူတို့အားသနား၍ လက်ျာလက်ကို ဆန့်တန်းကာ ပဌမ ရေ၊ ထို့နောက် လိုရာလိုရာ အကုန်ပေး၍ သူတို့အား ချမ်းသာစေခဲ့၏။ ထိုအခြင်းအရာကို မြင်ရသောပုဏ္ဏားက မိမိတို့ ပစ္စည်းလို၍ ကုန်ရောင်းခြင်းဖြစ်ရာ “အလိုခပ်သိမ်း ပေးနိုင်သော ဤနတ်ကြီးကို အတင်း ဆောင်ကြဉ်းသွားကြစို့”ဟု အင်္ကုရအား တိုင်ပင်၏။
ထိုအခါ အင်္ကုရမင်းသားက “သစ်တစ်ပင်မှာ အိပ်ရထိုင်ရ နားနေရလျှင် ထိုအပင်၏ အခက်ကိုပင် မချိုးရ၊ မိတ်ဆွေ ပြစ်မှားသူမှာ သူယုတ်မာဖြစ်သည်" ဟု သူတော်ကောင်း တရားပြ ပြောဆို၏။ “သစ်ပင်အရိပ်မှာ ထိုင်ရအိပ်ရကာ အကျိုးရှိမည်ဆိုလျှင် ပင်စည်ကိုပင် ဖြတ်နိုင်ကြောင်း" နီတိနည်းပြလျက် ပုဏ္ဏားကချေပ၏။ ထိုအခါ မိမိအရိပ်ခိုရာ သစ်ပင်ကို အရွက်ပင် မဖျက်ဆီးရ၊ မိတ်ဆွေပြစ်မှားသူမှာ လူယုတ်မာဖြစ်ကြောင်း ထပ်မံဆိုပြန်သော် ပုဏ္ဏားက “အကျိုးရှိလျှင် အမြစ်ပါနုတ်ယူရကြောင်း’ ဆိုပြန်၏။ ထိုအခါအင်္ကုရက “နီတိမှာ ကိုယ်ကျိုးသာကြည့်၍ မမှန်ကြောင်း တရားသဘောသာ အမှန်ဖြစ်ကြောင်း” သိစေလို၍ ဤသို့ဆိုပြန်၏။ “ပုဏ္ဏား သူ့အိမ်မှာ တစ်ညအိပ်ရ သူ့ထံမှ ထမင်းအဖျော် ရသည်ဆိုလျှင် ထိုသူကို စိတ်ဖြင့်ပင် မကောင်းမကြံထိုက်၊ ကျေးဇူးသိသူကို သူတော်ကောင်းများ ချီးမွမ်းအပ်၏။ မိမိအား အိပ်ရာပေး အစားအစာပေးသော, မညှဉ်းဆဲတတ် စောင့်စည်းတတ်သော လက်ရှိသောမိတ်ဆွေသည် မိတ်ဆွေပြစ်မှားသူကို လောင်ကျွမ်းတတ်သည်၊ ရှေးဦးကျေးဇူးပြုသူကို နောက်အခါ ညှဉ်းဆဲ နှိပ်စက်သူမှာ စိုသောလက်ရှိသော မိတ်ဆွေ၏ အဖျက်အဆီးခံရသည် ဖြစ်၍ ကောင်းသော အာရုံများကို မတွေ့ကြုံရတတ်။” ဤသို့ တရားပြ ပြောသောအခါမှ ပုဏ္ဏားလည်း တိတ်သွားတော့၏။
မှတ်ချက်-ဤ၌ ကျေးဇူးကန်းသူ ခံရသောအပြစ်မှာ ကျေးဇူး ပြုသူက လုပ်ရသည် မဟုတ်သော်လည်း သူ့ကိုပြစ်မှား၍ ခံရသောကြောင့် သူကပင် လောင်သကဲ့သို့၎င်း, ဖျက်ဆီးသကဲ့သို့၎င်း တင်စားဆိုခြင်း ဖြစ်၏။ ဤ၌ ကျေးဇူးပြုသူကို “အလ္လပါဏိ= စိုသောလက်ရှိသူ” ဟု ဆို၏။ ထို့ကြောင့် “စိုသောလက်ကို မခြောက်စေနှင့်”ဟု ဆိုရိုးရှိခဲ့သည်။ (ပေတဝတ္ထုအဋ္ဌကထာ အင်္ကုရပေတဝတ္ထု ပေတ၊၁၀၆။)
ကာလေန ဓမ္မဿဝန
စိတ်ပျံ့လွင့်လျက်ရှိသောအခါ ကာမဝိတက် စသော ဝိတက်တစ်ပါးပါး လွှမ်းမိုးခံနေရသော အခါများမှာ တရားနာရန် သင့်လျော်သော ကာလဖြစ်ကြောင်း အဋ္ဌကထာဆို၏၊ ထို့ပြင် ငါးရက်တစ်ကြိမ် တရားနာခြင်းကို “ကာလေန ဓမ္မဿဝန”ဟု အပရေဆရာတို့ ဆိုကြောင်းဖွင့်၏။ မူလပဏ္ဏာသ ဂေါသိင်္ဂသုတ် (မ၊၁၊၂၆၈)၌ အရှင်အနုရုဒ္ဓါက “မြတ်စွာဘုရား တပည့်တော်များ ငါးရက်တစ်ကြိမ် ညလုံးပေါက် တရားစကား ပြောကြားစည်းဝေးကြကြောင်း" လျှောက်ထားသောစကားအရ ဆိုခြင်းတည်း။ တိကင်္ဂုတ္တရ ပဌမပဏ္ဏာသက ဂိလာနသုတ် အဋ္ဌကထာ (အံ၊ဋ္ဌ၊၂၊၈၉)၌ “မာသဿ အဋ္ဌဝါရေ ဓမ္မကထာ အနုညာတာ=တစ်လရှစ်ကြိမ် တရားဟောမှု ခွင့်ပြုတော်မူအပ်၏”ဟု ဆို၏၊ ရှစ်ကြိမ်မှာ လဆန်းလဆုတ် ငါး, ရှစ်, ဆယ့်လေး, ဆယ့်ငါး ရက်များတည်း။
ထို့ပြင် အဋ္ဌကထာ၌ အကြင်အခါဝယ် ကလျာဏမိတ်ဆွေများသို့ ချဉ်းကပ်၍ မိမိယုံမှားကို ပယ်ဖျောက်တတ်သော တရားစကားကို နာကြားခြင်းငှါ တတ်နိုင်၏၊ ထိုအခါ တရားနာခြင်းလည်း “ကာလေန ဓမ္မဿဝန”ပင်ဟု ဆို၏။ ဤစကားဖြင့် ရက်သတ်မှတ်ချက်မှာ လိုရင်းမဟုတ်၊ တရားနာရန် မသင့်လျော်သော ရက်အခါဟု မရှိ၊ တရားဟောပုဂ္ဂိုလ် အခန့်သင့်ရှိ၍ မိမိက အခွင့်သာသောအခါသည် တရားနာရန် လျော်ကန်သင့်မြတ်သောအခါဟု သိရတော့သည်။
တရားနာကျိုး
ပဉ္စကင်္ဂုတ္တရ ပဉ္စမပဏ္ဏာသက ကိမိလဝဂ် ဓမ္မဿဝနသုတ် (အံ၊၂၊၂၁၆)၌ တရားနာခြင်းအကျိုး ငါးပါးလာ၏။
ထိုအကျိုး ငါးပါးက -
(၁) မကြားဘူးသည်ကို ကြားနာရခြင်း။
(၂) ကြားဘူးပြီးသည်ကို စင်ကြယ်စေခြင်း။
(၃) ယုံမှားကို လွန်မြောက်ရခြင်း။
(၄) အယူကို ဖြောင့်မှန်အောင် ပြုတတ်ခြင်း။
(၅) စိတ်ကြည်လင်ခြင်း တို့တည်း။
မကြားဘူး ကြား၊ ကြားဘူးစင်တုံ၊ ယုံမှား ဖျောက်တတ်၊
ယူဖြောင့်မတ်လျက်၊ စိတ်ဓာတ်ကြည်လင်၊ ကျိုးငါးအင်၊ ထိုလျှင် တရားနာ။
ဤအကျိုးငါးပါးတွင် စိတ်ကြည်လင်ရခြင်းအကျိုးမှာ လွန်စွာအရေး ပါလှ၏။ စီးပွါးရေး ပညာရေး ကျန်းမာရေး ဆွေရေး မျိုးရေးစသည်ကြောင့် စိတ်မချမ်းသာ သောကရောက်နေသောအခါကား တရားနာရန် အလွန်သင့်လျော်သော အခါတည်း။ ဓမ္မကထိက စွမ်းအားရှိလျှင် ဖြစ်သမျှ သောကသည် တစ်ခဏချင်း ပျောက်ကင်းနိုင်ပေသည်။
မုဏ္ဍမင်း သောက
အရှင်နာရဒသည် ပါဋလိပုတ်ပြည်၌ သီတင်းသုံးစဉ် မုဏ္ဍမင်း၏ ချစ်မြတ်နိုးအပ်သော မိဖုရား ဘဒ္ဒါ စုတေခဲ့၏။ မုဏ္ဍမင်းသည် ရေမချိုးမဖီးမလိမ်း အစာမစား အလုပ်မလုပ် နေ့ရော ညပါ ဘဒ္ဒါ၏ကိုယ်၌သာ နစ်မျောနေခဲ့၏။ ဘဒ္ဒါ၏ကိုယ်ကို ကြာမြင့်စွာ မြင်ရအောင် သံဖြင့်ပြီးသော ဆီစကျင်း၌ ထည့်သွင်းကာ အပေါ်က သံစကျင်းဖြင့် အုပ်ထားရန် ဘဏ္ဍာစိုး ပိယကအား အမိန့်ပေးရာ ထိုအတိုင်း ပြုလုပ်ပေး၏။ ထို့နောက် မင်းကြီးသောက ပျောက်ဖို့ အရှင်နာရဒထံ ဆည်းကပ်ရန် အကြံပေးလျှောက်ထားရာ မင်းကြီးလည်း သဘောထူကာ အရှင်နာရဒထံ ရောက်လာ၏။
အရှင်နာရဒက “မင်းကြီး လောက၌ ရဟန်း, ပုဏ္ဏား, နတ်, မာရ်, ဗြဟ္မာ ဘယ်သူမှ မရကောင်းသော အရာဌာန ငါးမျိုးရှိသည်။ “အိုခြင်းသဘောရှိသော အရာကို မအိုပါနှင့်" ဟု ဘယ်သူမှ မရကောင်းသော အရာဖြစ်၏။ နာခြင်းသဘောရှိသော အရာ, သေခြင်းသဘော ရှိသောအရာ, ကုန်တတ် ပျက်တတ်သော သဘောရှိသော အရာတို့ကို မနာ, မသေ, မကုန်, မပျက်ပါနှင့်ဟု ဘယ်သူမှ မရကောင်း”ဟု ဟောတော်မူပြီးနောက် ပုထုဇဉ်နှင့် အရိယာတို့ ထိုသဘောမျိုး ကြုံရသောအခါ ကွဲပြားပုံကို ဆက်လက်ဟောတော်မူ၏၊ အချုပ်မှာ ပုထုဇဉ်သည် မိမိနှင့်ပတ်သက်သော အရာဝတ္ထုတို့ အိုခြင်း, နာခြင်း, သေခြင်း, ကုန်ခြင်း, ပျက်ခြင်းတို့နှင့် ကြုံရသောအခါ ဤအိုခြင်း စသည်မှာ ငါတစ်ယောက်သာ ကြုံရသည်မဟုတ် အားလုံးကြုံရသည်ချည်း ဖြစ်၏။ ငါက စိုးရိမ်ပူပန် ငိုကြွေးမြည်တမ်းနေလျှင် အစားပျက် အလုပ်ပျက် ရုပ်ဆင်းပျက်ရုံသာ၊ ရန်သူတွေ ဝမ်းသာအားရ၊ မိတ်ဆွေတွေ ဝမ်းနည်း စိတ်မကောင်း ဖြစ်ကြလိမ့်မည်ဟု မစဉ်းစားတတ်၍ စိုးရိမ်ပူဆွေး ငိုကြွေးကြရ၏။ ငိုကြွေးရခြင်းဖြင့် အဆိပ်လူးထားသော သောကငြောင့်ကြီး အပူးခံရ၏။ အရိယာသာဝကကား စဉ်းစားတတ်၍ မငို, မဆွေး, မပူ, သောကငြောင့်ကြီးကို နုတ်နိုင်၏။ သောကငြောင့်ကြီးစူး၍ ပုထုဇဉ်မှာပူရ၏။ သောကငြောင့်ကင်း၍ အရိယာမှာငြိမ်းအေးရသည်။ ဤတရား ကြားနာရသောအခါ “ဒါ ဘာတရားပါလဲ”ဟု မေးလျှောက်၏။ “သောကငြောင့်နုတ်တရား”ဟု မိန့်သော်–တကယ်ပဲ သောကငြောင့်နုတ် တရားပါဘုရား။ ဤတရားကြားနာရ၍ တပည့်တော်၏ သောကငြောင့်ကြီးနုတ်ပယ်ပြီးဖြစ်ပါပြီ” ဟု လျောက်ပြီးနောက် ပိယကအား အမိန့်ပေးသည်မှာ “ဘဒ္ဒါ၏အလောင်းကို မီးသင်္ဂြိုဟ်တော့။ ငါ ယနေ့ကစ၍ ရေချိုး နံ့သာလိမ်း ပွဲတော်သုံး၍ အလုပ်လုပ်တော့မည်”ဟူ၏။ (ပဉ္စကင်္ဂုတ္တရ၊ ပဌမပဏ္ဏာသက၊ မုဏ္ဍရာဇဝဂ်၊ နာရဒသုတ် (အံ၊၂၊၅၁)၌ အကျယ်ကို ကြည့်ပါ)
(၂၁) ခန္တီ စ သောဝစဿတာ၊ သမဏာနဉ္စ ဒဿနံ။
ကာလေန ဓမ္မသာကစ္ဆာ၊ ဧတံ မင်္ဂလ မုတ္တမံ။
(၂၁) ဒေဝပုတ္တ၊ နတ်သား။ ယာ ခန္တီ စ၊ အကြင်သည်းခံခြင်းသည် လည်းကောင်း။ ယာ သောဝစဿတာ စ၊ အကြင်ပြောဆိုဆုံးမလွယ်သူ၏ အဖြစ်သည် လည်းကောင်း။ သမဏာနံ၊ ရဟန်းတော်တို့ကို။ ယံ ဒဿနဉ္စ၊ အကြင်ဖူးမြင်ရခြင်းသည်လည်းကောင်း။ ကာလေန၊ သင့်လျော်သောအခါ၌။ ယာ ဓမ္မသာကစ္ဆာ စ၊ အကြင်တရားဆွေးနွေးခြင်းသည် လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤတရား လေးပါးကား။ ဥတ္တမံ၊ ကောင်းမြတ်သော။ မင်္ဂလံ၊ မင်္ဂလာပေတည်း။
စကားပြေ—နတ်သား၊ သည်းခံခြင်း, ဆိုဆုံးမ လွယ်ခြင်း, ရဟန်းတော်တို့ကို ဖူးမြင်ခြင်း, တရားဆွေးနွေးခြင်း ဤလေးပါးမှာ မင်္ဂလာ ပင်တည်း။
ခန္တီ
သူတကာဆဲရေးရိုက်ပုတ်မှုစသည် ပြုလာသော် တုံ့ပြန်မှုကင်း ဖောက်ပြန်ခြင်းမရှိ ကျေနပ်စွာ လက်ခံခြင်းကို သည်းခံသည်ဟု ဆိုသည်။ ခန္တီအရ အဓိဝါသနခန္တီကို ရယူမည်ဟု အဋ္ဌကထာဖွင့်၏။ အချို့အရာ၌ အလိုအကြိုက် နှစ်သက်ခြင်းကို ခန္တီက ဟော၏။ ဒိဋ္ဌိ နိဇ္ဈာနက္ခန္တိခေါ် ဉာဏ်ပညာဖြင့် ဆင်ခြင်လျက် ကျေနပ်ဆုံးဖြတ်ခြင်း ခန္တီလည်းရှိ၏။ ထိုခန္တီမျိုးမဟုတ် သည်းခံခြင်း ခန္တီသာ ဤ၌ယူရန် အဓိဝါသနက္ခန္တိဟု ဖွင့်ခြင်းဖြစ်၏။ အဓိ-မိမိအပေါ်၌။ ဝါသန=နေစေခြင်း။ သူတကာ ဆဲရေးမူစသည်ကြောင့် ပြန်လှန်ဆဲရေး ရိုက်ပုတ်လျှင် ထိုအမှု များကို မိမိအပေါ်မှာ လက်မခံ ပယ်လှန်ပစ်သည်မည်၏၊ ထိုသို့မဟုတ်ပဲ ပြန်လှန်ဆန့်ကျင်ဖက်မပြု သည်းခံနေလျှင် ထိုဆဲရေးမှု စသည်ကို မိမိအပေါ်မှာ နေစေသည် ထားသည်မည်၏။ ထို့ကြောင့် အဓိဝါသနမှာ သည်းခံခြင်းပင်။ အအေး, အပူ, မှက်, ခြင်စသည်ကို သည်းခံခြင်းလည်း အဓိဝါသနခန္တိပင်။ ထိုအရာများကြောင့် စိတ်ဆိုးခြင်း စိတ်ချမ်းသာခြင်း စသည် ဖြစ်နိုင်သောကြောင့် ထိုအချက်များ ကြုံရသောအခါလည်း သည်းခံရမည်သာတည်း။
ခဲယဉ်းသောအကျင့်
ဤခန္တီကား အလွန်ဖြည့်နိုင်ခဲသော အကျင့်ဖြစ်၏၊ ခန္တီဖြင့် အောင်နိုင်ခြင်းကို တကယ့်အောင်နိုင်ခြင်းဟု အသိအမှတ်ပြုကြ၏။ သည်းညဉ်းခံ နိဗ္ဗာန်ရောက်ဟု အဆိုရှိ၏။ တကယ်နိဗ္ဗာန်ရောက်ကြောင်း အကျင့်ပါပေ၊ သီလ သမာဓိ ပညာများမှာ သည်းမခံသူ၌ ရကောင်းသော အကျင့်များမဟုတ်၊ ထို့ကြောင့် ခန္တီသည် သီလ, သမာဓိ, ပညာ၏ အခြေခံ အကြောင်းရင်း ဖြစ်သည်၊ ကုသိုလ်မှန်သမျှ ခန္တီရှိသူ၌သာ ဖြစ်ရ၍ ကုသိုလ်တိုင်းနှင့် ဆက်သွယ်လျက်ရှိသော တရားပေတည်း။ အဒေါသ (မေတ္တာ) ပြဋ္ဌာန်းသော ကုသိုလ်တရားစု၏ အမည်ဖြစ်ရာ အားလုံး ခန္တီတရား လက်ကိုင်ထား နိုင်လျှင် အချင်းချင်း ရန်ဖြစ်ခြင်း ကွဲပြားခြင်းမရှိပဲ သင့်တင့်ညီညွှတ်ကာ လောကကြီး သာယာလျက်သာ ရှိရပေမည်။ သာယာသော ခေတ်တိုင်းမှာ ခန္တီတရား ထွန်းကားလျက်ရှိမြဲတည်း။
သိကြားမင်း ခန္တီတရား
တစ်ခါက တာဝတိံသာ အသုရာစစ်ပွဲ၌ တာဝတိံသာနတ်တို့က နိုင်ရာ ဖမ်းမိလာသော ဝေပစိတ္တိ အသုရိန်ကို သုဓမ္မာသဘင်၌ တုတ်နှောင်ထား၏။ ဝေပစိတ္တိသည် သိကြားမင်း သုဓမ္မာသဘင် ဝင်တိုင်းထွက်တိုင်း အမျိုးမျိုး ဆဲရေး၏။ သိကြားမင်းကလည်း သည်းခံ၏။ ဤအဖြစ်ကိုမြင်ရသော မာတလိက ဝေပစိတ္တိ၏ ကြမ်းတမ်းသောစကားကို မျက်မှောက် ကြားနေရပါလျက် သည်းခံနေသည်မှာကြောက်သောကြောင့်လော” “အားနည်းသောကြောင့်လော”ဟု မေး၏။ “ငါသည်းခံသည်မှာ ကြောက်သောကြောင့်လည်း မဟုတ်, အားနည်းသောကြောင့်လည်း မဟုတ်၊ ငါကဲ့သို့သော ပညာရှိသည် လူမိုက်နှင့် ဘယ်မှာ ဖက်ပြိုင်ပါအံ့နည်း" ဟု ဆို၏။ လူမိုက် မည်သည်မှာ သူ့ကိုမတားမနှိပ်လျှင် သာ၍ပင် ကဲလာမည် ဖြစ်သောကြောင့် ပညာရှိသည် သူမိုက်ကို ပြင်းထန်သောဒဏ်ဖြင့် နှိပ်ကွပ် မြစ်တားသင့်ကြောင်း မာတလိက ဆိုပြန်သော် “သူတပါး အမျက်ထွက်သည်ကိုသိ၍ အမျက်ငြိမ်းနေသူ၏ ထိုငြိမ်းခြင်းသည်ပင် လူမိုကံကို မြစ်တားခြင်းမည်ကြောင်း” သိကြားမင်း ဆို၏။ “ဤသို့ သည်းခံခြင်း၌ အပြစ်ကို တွေ့ရပါသည်၊ သိကြားမင်း...လူမိုက်သည် ငါ့ကိုကြောက်၍ သည်းခံသည်ဟု ထင်သောအခါ ပြေးနေသောနွားကို နွားများဖိလိုက်သကဲ့သို့ မိမိကို ဖိတတ်ပါသည်" ဟု မာတလိ လျှောက်၏။ ထိုအခါ သိကြားမင်းက အကျယ်တဝင့် တရားပြသည်မှာ ငါကြောက်၍ သည်းခံသည်ဟု ထင်လိုထင် မထင်လိုနေ၊ ခန္တီထက် သာလွန်သော အကောင်းဆုံး ကိုယ်ကျိုးကို ငါမမြင်။ အားနည်းသူမှာ အမြဲသည်းခံတတ်ရာ အားရှိသူဖြစ်လျက် အားမဲ့သူအား သည်းခံသောသူ၏ သည်းခံခြင်းမျိုးကို အမြတ်ဆုံးဟု ပညာရှိတို့ ဆိုကြသည်။ လူမိုက်အားမျိုး ရှိနေသူ ဖြစ်လျှင် ထိုအားမှာ အားမဟုတ်သည်ကို အားဟုဆိုခြင်းပင်၊ တရားစောင့်သူ၏အားကို ထိုသို့ ပြောနိုင်သူ လှုပ်ရှားစေနိုင်သူ မရှိ။ “ကိုယ့်အား အမျက်ထွက်သူကို ပြန်စိတ်ဆိုးသူမှာ ထိုသူအောက် ယုတ်ညံ့သူသာဖြစ်သည်။ စိတ်ဆိုးသူကို ပြန်စိတ်မဆိုးသူမှာ အောင်နိုင်ခဲ သော စစ်ပွဲကို အောင်သူ ဖြစ်တော့သည်။ သူတပါး စိတ်ဆိုးသည်ကို သိလျက် သည်းခံပြေငြိမ်းသူသည် မိမိ သူတပါး နှစ်ဦးသားလုံး၏ အကျိုးကို ကျင့်သူပင်၊ ထိုမိမိ သူတပါး အကျိုးကို ပြီးစေသူကို တရားမသိသူ လူမိုက်တို့က ဗာလဟု ထင်မှတ်ကြသည်။ ဤ သိကြားမင်း၏ စကားမှာ သည်းခံသူ ဂုဏ်ရည်ဖွဲ့ပင် ဖြစ်ရာ လောကရေး ဓမ္မရေး နှစ်ဖက်၌ပင် တိုးတက်လိုသူတိုင်း မှတ်သားလိုက်နာအပ်ပေသည်။
အကျိုးအပြစ်
သည်းမခံသူ၌ အပြစ်ငါးပါး။ သည်းခံသူ၌ အကျိုး ငါးပါး ပဉ္စင်္ဂုတ္တရ ပဉ္စမပဏ္ဏာသက အက္ကောသဝဂ် (အံ၊၂၊၂၂၂)၌ ဟောတော်မူ၏။ ထိုတွင် သည်းမခံနိုင်သူ အပြစ်များကား ၁-လူအများမချစ် (အမုန်းခံရ) ခြင်း။ ၂-ရန်များခြင်း။ ၃-အပြစ်များခြင်း။ ၄-တွေတွေဝေဝေ သေရခြင်း။ ၅-သေသော် အပါယ်ရောက်ရခြင်းတို့ဖြစ်သည်။ ထိုမှ ပြန်သောအားဖြင့် သည်းခံသူ၌ ၁-လူအများ ချစ်ခင်ခြင်း။ ၂-ရန်မများခြင်း။ ၃-အပြစ်မများခြင်း။ ၄-မတွေမဝေသေရခြင်း။ ၅-သေသော် နတ်ပြည်ရောက်ရခြင်း အကျိုး ငါးပါးတည်း။
"သည်းမခံသူ၊ ဖြစ်ပါမူကား၊ သူမချစ်ခင်၊
ရန်လျှင်တိုးပွါး၊ အပြစ်များခဲ့၊ သေကား တွေဝေ၊
သေလျှင် အပါယ်၊ လား စဖွယ်တည်း၊ ငါသွယ်အပြန်၊
ရမြဲမှန်သည်၊ သည်းခံသူဖို့ တည်း။
တရားနှင့်ယှဉ်မှ
ဘုရားရှင်က မူလပဏ္ဏာသ ကကစူပမသုတ် (မ၊၁၊၁၀၁)၌ နှစ်ဘက်လွှရိုး ရှိသောလွှဖြင့် ခိုးသူများက အင်္ဂါ ကြီးငယ်ကို ဖြတ်စေကာမူ ထိုခိုးသူတို့၌ စိတ်ဆိုးလျှင် ငါဘုရားစကား လိုက်နာသူမဟုတ်ဟု ထိုမျှသည်းခံရန် အလိုရှိတော်မူခဲ့၏။ ဆဲသံ ကဲ့ရဲ့သံ စသောစကားများ မရောက်လာမီ သည်းခံနိုင်သည်မှာ တကယ့်သည်းခံသူ မဟုတ်သေး၊ ထိုသို့သောစကားများ ရောက်လာ ကြုံတွေ့လာသောအခါမှ သည်းခံနိုင်သူအဖြစ် ထင်ရှား၏။ ဒေါသအပြစ်, သည်းခံခြင်း၏အကျိုးကို မြင်၍ သည်းခံသောသူ၏ သည်းခံခြင်းသာ တည်မြဲ၏။ ဘာဝနာ အလုပ်အစွမ်းဖြင့် ရလာသော သည်းခံခြင်းက ပိုစိတ်ချရ၏။ သို့မဟုတ်လျှင် ပတ်ဝန်းကျင်က ကောင်းနေ၍ သည်းခံသူထင်ရသော်လည်း တစ်နေ့ အတိုက်အခိုက်ခံရလျှင် မိမိ သည်းခံခြင်းဂုဏ်ကလေးများ မျောသွားရတော့သည်။
ဝေဒေဟိကာ
ရှေးက သာဝတ္ထိပြည်၌ ဝေဒေဟိကာမည်သောအိမ်ရှင်မ တစ်ဦးရှိ၏၊ အကျင့်ကောင်းသူ နှိမ့်ချတတ်သူ တည်ငြိမ် အေးဆေးသူအဖြစ် ဂုဏ်သတင်းမှာ ပြန့်လျက်ရှိ၏။ ထိုအိမ်ရှင်မ၌ အလုပ်ကျွမ်းကျင်၍ မပျင်းမရိ ဝတ်တရားကျေပွန်သော ကာဋီမည်သော ကျွန်မ တယောက်ရှိ၏။ ကာဋီက “ငါ့အရှင်မ ကောင်းသတင်းမှာ အပြောများ လျက်ရှိ၏။ ငါ့အရှင်မမှာ တကယ်ပဲ ဒေါသမရှိသလား ငါက ကောင်းနေလို့ သူကောင်းခြင်းဖြစ်လာသလား” ဟု စုံစမ်းရန်အကြံဖြစ်၏။ နောက်တစ်နေ့ နေမြင့်မှ အိပ်ရာက ထ၏။ “ဟဲ့ … ကျွန်မကာဋီ ဘာ့ကြောင့် အိပ်ရာထ နေမြင့်နေရသလဲ”ဟု မေးသော် “ဘာမျှ မဖြစ်ပါ သခင်မ” ဟုပြော ၏။ ဝေဒေဟိကာ စိတ်ဆိုး၍ မျက်မှောင်ကြုတ်၏။ ထိုအခါ ကာဋီက “ငါ့ သခင်မှ စိတ်ဆိုးတတ်ပါတယ်၊ ငါကောင်းလို့ သူကောင်းနေတာပါ” ဟု အမှတ်ပြု၏။ နောက်တနေ့ ထပ်မံစုံစမ်းလို၍ ထို့ထက် နေမြင့်အောင် အိပ်ပြန်၏။ ထိုအခါ မျက်မှောင် ကြုတ်ရုံတင်မကတော့ပဲ ပါးစပ်ကရေရွတ် ကြိမ်းမောင်းသည်အထိ စိတ်ဆိုး၏။ နောက်တစ်နေ့ ထို့ထက် ပိုနေမြင့်အောင် အိပ်ပြန်ရာ ထိုအခါ ပါးစပ်သာမက လက်ပင် ပါလာတော့သည်။ တံခါးမင်းတုပ်နှင့် ခေါင်းကိုရိုက်ရာ ကာဋီခေါင်းကွဲရှာသည်။ ကာဋီလည်း သွေးတွေယိုနေသော ခေါင်းကွဲဖြင့် အိမ်နီးချင်းတွေထံ လျှောက်ကာကြည့်ကြစမ်းပါ အကျင့် ကောင်းလှသည်ဆိုတဲ့ ကျွန်မသခင်မရဲ့လုပ်ပုံ၊ တစ်ယောက်တည်းသော ကျွန်မကို အိပ်ရာထ နေမြင့်ရကောင်း လားဟု တံခါးမင်းတုပ်နှင့် ခေါင်းရိုက်ခဲ့ရက်တယ်” ဟု ကဲ့ရဲ့အောင် ပြော၏။ ထိုအခါမှစ၍ ဝေဒေဟိကာ ကြမ်းတမ်းသည် မာန်ကြီးသည် ဆူပူတတ်သည်ဟု မကောင်းသတင်း ထွက်လာရပြန်သည်။ ဓမ္မနှင့်ယှဉ်သော ခန္တီမဟုတ်လျှင် ဤသို့ပင် ဖြစ်တတ်ကြောင်းပြသော သာဓကပင်တည်း။ (မ၊၁၊၁၇၆-၇)
ဥပကာရိသု ယော သာဓု၊ သာဓုတ္ထေ တဿ ကော ဂုဏော။
အပကာရိသု ယော သာဓု၊ သော သာဓု သဗ္ဘိ ဥစ္စတေ။
(ပဉ္စတန္ဒြ)
ယော၊ အကြင်သူသည်။ ဥပကာရိသု၊ ကျေးဇူးပြုတတ်သူတို့အပေါ်၌။ သာဓု၊ ကောင်း၏။ တဿ၊ ထိုကျေးဇူးပြုတတ်သူတို့အပေါ် ကောင်းသူ၏။ သာဓုတ္တေ၊ ကောင်းသည်၏အဖြစ်၌။ ဂုဏော၊ ဂုဏ်သည်။ ကော၊ ဘယ်မှာဖြစ်ပါအံ့နည်း။ ယော၊ အကြင်သူကား။ အပကာရိသု၊ အကျိုးမဲ့ ပြုသူတို့အပေါ်၌။ သာဓု၊ ကောင်းပေ၏။ သော၊ ထိုအကျိုးမဲ့ပြုသူတို့ အပေါ်ကောင်းသူကိုသာ။ သာဓု၊ တကယ်ကောင်းသူဟု။ သဗ္ဘိ၊ သူတော်ကောင်းတို့သည်။ ဥစ္စတေ၊ ဆိုအပ်ပေ၏။
သောဝစဿတာ
သုဝစ=လွယ်ကူသောစကားရှိသူ။ ပြောဆိုဆုံးမသည်ကို လွယ်ကူစွာလိုက်နာသူတည်း။ သုခံ ဝစော ဧတသ္မိံတိ သုဝစော။ ဧတသ္မိံ၊ ထိုသူ၌။ သုခံ၊ လွယ်ကူသော။ ဝစော၊ စကားသည်။ အတ္ထိ၊ ရှိ၏။ ဣတိ, ထို့ကြောင့်။ သုဝစော၊ သုဝစမည်၏။ ဒုဗ္ဗစ၊ (=အပြောအဆိုခက်သူ)မှာ ပုဂ္ဂိုလ်ကို မလေးစား, တရားကိုမရိုသေ ဆန့်ကျင်ဖက်ပြုရန်လိုလားသော အဆုံးအမခက်သူတည်း။ ထိုသို့မဟုတ်ပဲ ပုဂ္ဂိုလ်ကိုလေးစားလျက် တရားကိုရိုသေစွာ လိုက်နာတတ်သူကို သုဝစဆို သည်။ သော ဝစဿံ၊ ပြောဆိုဆုံးမလွယ်သူ၏အမှု။ ဆုံးမသူ၏အဆုံးအမကို လေးစားခြင်း ရိုသေစွာ လိုက်နာခြင်းကိုပင် ဆုံးမလွယ်သူ၏ အမှုဆို၏။ (သုဝစဿ ကမ္မံ သောဝစဿံ၊ သုဝစဿ၊ ဆိုဆုံးမလွယ်သူ၏။ ကမ္မံ၊ အမှုတည်း။ သောဝစဿံ၊ ဆိုဆုံးမလွယ်သူ၏အမှု။)
သောဝစဿဿ ဘာဝေါ သောဝစဿတာ။ သောဝစဿဿ၊ ဆိုဆုံးမ လွယ်သူ၏ အမူ၏။ ဘာဝေါ၊ ဖြစ်ကြောင်းတည်း။ သောဝစဿတာ၊ ဆိုဆုံးမလွယ်သူ၏ အမှုဖြစ်ကြောင်း။ ဆုံးမလွယ်သူအမှု၏ ဖြစ်ကြောင်းဆိုသည်မှာ ပြောဆိုဆုံးမ လွယ်ကူမှုကို ဖြစ်စေတတ်သော စေတနာစု ကုသိုလ်တရားပင်တည်း။ ဤသောဝစဿတာမှာ နိဝါတနှင့်ဆက်သွယ်လျက်ရှိ၏။ နိဝါတ မရှိလျှင် သောဝစဿတာမဖြစ်နိုင်။ မနှိမ့်ချတတ်သူသည် သူတပါး အဆုံးအမကို ခံယူဖို့မဖြစ်နိုင်။ ထို့ကြောင့် နိဝါတအရာ၌ပြသော အရှင်သာရိပုတ္တရာ အရှင်ရာဟုလာတို့၏ အကြောင်းကို ဤ၌လည်း ဆိုအပ်၏။ ဤသောဝစသာတာဖြင့် ဆရာမိဘစသည်တို့မှ အဆုံးအမရခြင်း, ထိုအဆုံးအမကို ကျင့်ကြံလိုက်နာ၍ အပြစ်ကင်းခြင်း ဂုဏ်အမျိုးမျိုး အကျိုးအရပ်ရပ် ရခြင်းအကြောင်းဖြစ်၍ မင်္ဂလာဖြစ်ရသည်။
သုဝစအစစ်
မူလပဏ္ဏာသ ကကစူပမသုတ် (မ၊၁၊၁၇၇)၌ မိန့်တော်မူ သည်မှာ “သင်္ကန်း, ဆွမ်း, ကျောင်း, ဆေး ပစ္စည်းလေး ပါး ရလိုမှုကြောင့် ပြောဆိုလွှယ်သူကို သုဝစဟု ငါမဆို၊ ဘာကြောင့်နည်း ထိုသူကား သင်္ကန်းစသည် မရလျှင် ဆိုဆုံးမ လွယ်သူဖြစ်တော့မည် မဟုတ်သောကြောင့်တည်း။ တရားကို အရိုအသေပြုလျက်, တရားကို အလေးပြုလျက်, တရားကို ပူဇော်လျက် ဆိုလွယ်သူကိုသာ သုဝစအမှန်ဖြစ်သူဟု ငါဘုရားဟောတော်မူသည်။” ဤဒေသနာဖြင့် အဆုံးအမသည် မိမိအတွက် အလွန်အကျိုးရှိသည်ဟု မြင်သူမှသာ အစဉ်သုဝစ ဖြစ်နိုင်၏။ ဓမ္မပဒ၊၂၄)၌ “အပြစ်ပြဆိုဆုံးမ လာသူကို ရွှေအိုးကြီး ဖော်ထုတ်ညွှန်ပြသကဲ့သို့ မြင်ရမည်။ နှိမ်ပြောလေ့ရှိသူ ပညာရှိမျိုးကို ဆည်းကပ်ရမည်။ ထိုပညာရှိ မျိုးကို ဆည်းကပ်သူမှာ ယုတ်ညံ့သူမဖြစ်နိုင် မြင့်မြတ်သူသာဖြစ်ရသည်”ဟု ဟောတော်မူ၏။
နီတိဆရာတို့ အဆိုမှာလည်း “ချစ်ဖွယ်စကား ပြောကြားတတ်သူများကို အမြဲရလွယ်၏။ မနှစ်သက်ဖွယ် အကျိုးရှိသောစကားကို ပြောတတ်သူ နားထောင်တတ်သူကား ရခဲလှသည်။ လောက၌ မနှစ်သက်ဖွယ် ဖြစ်သော်လည်း အကျိုးဖြစ်စေသည့်စကားကို ပြောကြားတတ်သူများကား မိတ်ဆွေစစ်ဖြစ်ကြ၏။ တခြားသူများမှာ မိတ်ဆွေ အမည်ခံရုံမျှသာ” ဟူ၏။
အရှင်ရာဟုလာသည် သဲကိုလက်ဖြင့်ဆုပ်၍ “ဤသဲလုံးနှင့်အမျှ ငါ့ကို ဆုံးမမည့်သူ ရလျှင် ကောင်းလေစွ”ဟု တောင့်တသတဲ့။ အရှင်မြတ်ကား အဆုံးအမ၏ တန်ဖိုးကို နားလည်သောကြောင့်ဖြစ်၏။ အဆုံးအမတန်ဖိုးကို သိနားလည်သူတိုင်း အဆုံးအမကို လိုလားတောင့်တတတ်စမြဲပင်။
အဆုံးအမ လိုလားသူ
ရဟန်းတစ်ပါး ဆွမ်းခံအပြန် ရေကန်ထဲဆင်း ရေချိုးနေစဉ် ကြာပန်းရနံ့ကို ခံနေ၏။ နတ်တစ်ဦးက “အရှင်….သူများမပေးပဲ ကြာပန်းကို နမ်းနေသည်မှာ ခိုးခြင်း တစ်မျိုးဖြစ်သော အနံ့သူခိုး ဆိုရကြောင်း" အပြစ်တင်၏။ "ကြာစွယ်တွေတူး, ကြာပန်းတွေ ချိုးနေသူကို ထိုသို့မပြောပဲ မချိုးမဖဲ့ အဝေးမှနေ အနံ့ခံရုံသာ ခံနေသော ငါ့ကို ဘာ့ကြောင့် အနံ့သူခိုးဟု ဆိုရသနည်း" ဟု ရဟန်းက မေး၏။ ကြေးညှော်ပေနေသော အထိန်းသည်၏ လက်နှီးကဲ့သို့ အပြစ်တွေ များနေသောသူကို ပြောဖို့မလို။ အရှင့်ကိုသာ ပြောထိုက်ပါသည်။ အရှင်ကား အပြစ်ကင်းသူ စင်ကြယ်ခြင်းကိုလိုလားသူ သားမြီး ဖျားလောက် အပြစ်ကို တိမ်တိုက်ကြီးလောက် ထင်နေသူဖြစ်ပါသည်”ဟု နတ်က ဆိုသော် “သင်ကား ငါ့ကို ကြင်နာသူဖြစ်၍ နောက်သည်လို အပြစ်မျိုးမြင်လျှင် ပြောပါ”ဟု ရဟန်းကဖိတ်၏။ နတ်ကလည်း "ငါ့ ပြောမည့်သူ ရှိနေသားပဲ" ဟု ကြောင့်ကြမဲ့ ဖြစ်မည်စိုး၍ ငြင်းပယ်ခဲ့၏။ “တပည့်တော် အရှင့်ကိုမှီ၍ အသက်မွေးသူလည်း မဟုတ်၊ သုဂတိရောက် ကြောင်း တရားကို အရှင်သာ သိအောင် ကြိုးစားပါ”ဟု ဆိုလျက် ကွယ်ခဲ့ လေသည်။ ဤအရှင်ကား ဘာမဟုတ်သော အပြစ်ကလေးကို အကြီးအကျယ် လုပ်ပြောနေသော နတ်ကို အကျိုးလိုလားသူအဖြစ်ထားကာ လိုက်နာသည်မှာ အားကျဖွယ်သာတည်း။ (သဂါထာဝဂ္ဂ ဝနသံယုတ် ဂန္ဓတ္တေနသုတ်- သံ၊၁၊၂၀၆)
အဆုံးအမ မလိုလားသူ
သူတော်ကောင်းများသည် အဆုံးအမကို လိုလား၍ ဆုံးမသူကို အကျိုးပြုတတ်သော် လည်း လူမိုက်များကား အဆုံးအမကို အကောင်းမထင် ဆုံးမသူကိုပင် ရန်ပြုတတ်သေး၏။ ရှေးက မိုးလေကြောင့် တုန်တုန်ခိုက်ခိုက် ဖြစ်နေသော မျောက်ကို ဘုရားအလောင်း သိင်္ဂီလ ငှက်က “သင်ကား လူလိုပင် လက်, ခြေ, ခေါင်း ရှိနေလျက် အိမ်မရှိသည်မှာ ဘာ့ကြောင့်ပါနည်း”ဟု မေး၏။ “လူလို လက်, ခြေ ,ခေါင်း ရှိသော်လည်း ငါ့မှာ လူလိုပညာမရှိ”ဟု ဆို၏။ ထိုအခါ ဘုရားလောင်းက “စိတ်မတည် ပေါ့လျော့သူ, မိတ်ဆွေပြစ်မှားသူ, သီလမရှိသူကား မချမ်းသာနိုင်၊ မိမိအကျင့်ဖြင့် အစွမ်းထုတ်ကာ အအေးဒဏ် လေဒဏ် ကာကွယ်နိုင်သောအိမ်ကို ဆောက်ပါဟု ကောင်းရာကောင်းကြောင်းပြော၏။ မျောက်ကား အကောင်းမဝင် “ငါ့ကို ပြောရကောင်းလား”ဟု သစ်ပင်အထက် တက်ကာ အသိုက်ကို ဖျက်ဆီးပစ်၍ ဘုရားလောင်းလည်း ထွက်ပြေးရသည်။ (ဇာတက ပဌမ စတုတ္ထကုဋိဒူသကဇာတ်၊ ဇာ၊၁၊၁၀၃)
အဝါရိယပိတာ
ရှေးက အဝါရိယပိတာ မည်သော လှေသမားတစ်ယောက် ရှိ၏။ သူကား ဒေါသကြီး၏။ လှေ တစ်ဖက်ကမ်းရောက်မှ အခတောင်းလေ့ရှိရာ လူတွေနှင့် အမြဲရန်ဖြစ်ရ၏။ တစ်နေ့ ဘုရားလောင်းရသေ့ သူ့လှေဖြင့် ကူးခဲ့ရာ တစ်ဖက်ကမ်းရောက်သော် လှေခတောင်း၏။ ထိုအခါ ဘုရားလောင်းက “မကူးမီ သည်ဖက်ကမ်းထဲက လှေခ တောင်းဖို့အကြောင်း, လူမည်သည် မကူးမီ စိတ်တစ်မျိုး ကူးပြီးနောက် တစ်ဖက်ကမ်းရောက်တော့ စိတ်တစ်မျိုးဖြစ်ကြောင်း, လောကရေးအတွက် နည်းပြဆုံးမပြီးနောက် ရွာမှာဖြစ်စေ, တောမှာဖြစ်စေ, ကုန်းမှာဖြစ်စေ, ရေမှာဖြစ်စေ ဘယ်နေရာမှာမဆို ဒေါသမထွက်ဖို့ စိတ်မဆိုးဖို့ ဓမ္မရေးအတွက် ဆုံးမ၏။ “ဒါ လှေခလား”ဟု မေးသော် “ငါ့မှာ လှေခ မပါ၊ ငါပေးနိုင်တာ သည်တရားပဲ”ဟု အမိန့်ရှိသော် “လှေခမပါပဲ လှေစီးရကောင်းလား”ဟု ဘုရားလောင်းကို တွန်းလှဲ၍ စီးပြီး မျက်နှာကို ထိုးတော့သည်။ ထမင်းပို့လာသော သူ၏ မိန်းမက မြင်၍ “ဘုရင်းဆရာ ဖြစ်သဖြင့် ဤသို့ မပြုထိုက်ကြောင်း” ပြောသော် “မိန်းမကိုပင် ပြောရကောင်းလား”ဟု ရိုက်နှက်ရာ ထမင်းခွက်လည်း ကွဲ မယားလည်း ကိုယ်ဝန်ပျက်ရ၏၊ လူမိုက်လည်း မင်းပြစ် မင်းဒဏ် သင့်ရသည်။ (ဇာတက၊၁၊၁၃၇။ ဆက္က၊ အဝါရိယဇာတ်)
ဤအမျက်ဖြေတရားမှာ ဘုရင့်ကိုဟောစဉ်က အခွန်တစ်သိန်းထွက်သော ရွာကြီး ပေးအပ်ချီးမြှောက် ခံရသော်လည်း လူမိုက်ကို ဟောသောအခါ လက်သီးဒဏ် ခံရ၏။ “မြွေတို့အား နို့တိုက်ခြင်းမှာ အဆိပ်ပွါးရုံသာ၊ လူမိုက်တို့အတွက် ညွှန်ကြားဆုံးမချက်မှာ စိတ်ဆိုးဖို့ရာသာ၊ ငြိမ်းဖို့ရာ မဖြစ်နိုင်။” (နီတိ)
သမဏဒဿန
သမဏ=ကိလေသာတို့ကို ငြိမ်းစေတတ်သူ။ ကိလေသာ လုံးဝ ငြိမ်းပြီးသော ရဟန္တာများနှင့် ကိလေသာ ငြိမ်းအောင် ကြိုးစားနေကြသော ရဟန်းတော်များ အားလုံးကိုပင် သမဏ ဆိုရသည်။ ကောင်းစွာ ကျင့်ကြံအားထုတ်နေသော ပုထုဇဉ် ရဟန်းတော်များမှာ ကိလေသာ ငြိမ်းအောင် ပြုနေသူများဖြစ်၍ သမဏပင်၊ သဒ္ဓါတရားရှိသူမှာ အကျင့်ကောင်း၍ သိက္ခာဣန္ဒြေရှိသော ရဟန်းတော်တို့ကို ဖူးမြင်ရလျှင် စိတ်ကြည်လင် ကုသိုလ်တိုး၍ မင်္ဂလာ ဖြစ်ရသည်။ ဤ၌ ဒဿနဟူသည် အောက်ထစ်အားဖြင့် ဟောသောဒေသနာ ဖြစ်ရာ ဖူးမြင်ခြင်းသာမက ဆည်းကပ်ခြင်း, လုပ်ကျွေးခြင်း, အောက်မေ့ခြင်း, ကြားရခြင်းများပါ ဒဿနဖြင့် သိမ်းယူရန် အဋ္ဌကထာ ဖွင့်၏။
မင်္ဂလာဖြစ်ပုံ
ဆည်းကပ်ရခြင်းဖြင့် တာဝန်သိသော ရဟန်းတော်ဖြစ်လျှင် လောက ဓမ္မ နှစ်ဌာန ကြီးပွါးကြောင်း တရားကောင်းများ ဟောကြား ညွှန်ပြမည်ဖြစ်ရာ ရတနာရသကဲ့သို့ အကျိုးရှိသောကြောင့် မင်္ဂလာ ဖြစ်ရသည်။ လုပ်ကျွေးရခြင်းမှာ ဆွမ်း ဘောဇဉ်ဖြင့် ပြုစုရခြင်း, ဝတ္တရားဖြင့် ပြုစုရခြင်း နှစ်မျိုးပင်ဖြစ်ရာ ကုသိုလ်ဖြစ်၍ မင်္ဂလာဖြစ်သည်။ မိမိကြည်ညိုသော ရဟန်း၏ ဣန္ဒြေသိက္ခာရှိပုံ အကျင့်ကောင်းပုံများကို တွေးတော စဉ်းစားမိသောအခါ လွန်စွာ ကြည်နူးလျက် ပီတိဖြစ်ရသည်မှာ အကျိုးရှိလှသည်ဖြစ်ရာ အောက်မေ့ရခြင်းမှာလည်း မင်္ဂလာပင်တည်း။ ဘယ်ပုဂ္ဂိုလ် ဘယ်လောက် အကျင့်သိက္ခာ ရှိသည်ဟု ကြားရလျှင် အကြားဖြင့်ပင် ကြည်ညိုမိတတ်၏။ ထိုပုဂ္ဂိုလ်အား ဖူးမြော်ဖို့ရာ တောင့်တတတ်၏။ သီလဝန္တပုဂ္ဂိုလ်မှာ အကြားဖြင့်ပင် စိတ်ကြည်လင်စေတတ်၍ သူ့သတင်းကို ကြားရသည်မှာလည်း မင်္ဂလာပင် ဖြစ်ပါသည်။
မျက်စိကောင်းခြင်း
ရဟန်းတော်များအား လှူခွင့် ရှိခိုးခွင့် မသာလျှင် ချစ်မြတ်နိုးသော မျက်လုံးများဖြင့် ကြည့်ရုံမျှပင် ဘဝများစွာ မျက်လုံး၌ အပြစ်အနာအဆာကင်း သန့်ရှင်းလျက် ကြည်လင်တောက်ပ အချိုးကျ၍ လှပတင့်တယ်ခြင်း အကျိုးရကြောင်း အဋ္ဌကထာ ဆို၏။
မြတ်စွာဘုရား၏ အဘိနီလနေတ္တ (=ညိုသင့်သောနေရာ၌ အလွန်ညိုမှောင် တင့်တယ်သော မျက်လုံးရှိသော) လက္ခဏာ, ဂေါပခုမ (=မွေးခါစ နွားကလေး၏ မျက်လုံးအိမ်သဖွယ် တင့်တယ်သော မျက်လုံးအိမ် ရှိသော)လက္ခဏာတော်များမှာ သတ္တဝါတို့ကို ချစ်စဖွယ် မျက်လုံးများဖြင့် ရှုစားခဲ့သောကြောင့် ရရှိကြောင်း ပါထိကဝဂ် လက္ခဏသုတ် (ဒီ၊၃၊၁၃၆)၌ ဟောတော်မူ၏။ ထို့ကြောင့် အဋ္ဌကထာ၏ မျက်လုံးလှပခြင်း, အပြစ် ကင်းခြင်း အကျိုးပြသည်မှာ ထိုပါဠိတော်နှင့်အညီပင် ဖြစ်၏။
ဉာဏ်အမြင်မှန်
ရဟန်းကို ဖူးမြင်ရခြင်း၌ မျက်စိအမြင် ဉာဏ်အမြင် နှစ်မျိုးရှိရာ ဉာဏ်အမြင်ဖြင့် ရဟန်းကို မြင်သူသာ အမှန်မြင်ရ၏။ မျက်စိအမြင်သက်သက်မှာ မကောင်းကို အကောင်းထင်တတ်၏။ အဿဇိ, ပုနဗ္ဗသုက ရဟန်းတို့သည် ကီဋာဂိရိဇနပုဒ်၌ ရဟန်းနှင့် မလျော်သော အလုပ်မှန်သမျှ အကုန်လုပ်ကြ၏။ သို့သော် ထိုရွာသူရွာသား အများမှာ ထိုရဟန်းဆိုးများကိုမှ ကြည်ညိုကြ၏။ အကျင့်သိက္ခာရှိသော ရဟန်းတစ်ပါး တခြားက ရောက်လာလျက် ဆွမ်းခံဝင်သောအခါ ဘယ်သူကမှ ဆွမ်းမလောင်းကြ၊ ဒကာတစ်ဦးက ပင့်၍ ဆွမ်းကပ်မှ ထိုကိုယ်တော် ဆွမ်းဘုဉ်းပေးရ၏။ ဉာဏ်အမြင်ရှိသော ဒကာရှိသေး၍သာ ထိုရဟန်း ဆွမ်းမငတ်ခဲ့ခြင်း ဖြစ်၏။ မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် တရားမြင်ခဲ့လျှင် ထိုသူကား ဘုရားကို အကောင်းဆုံးမြင် ရဟန်းကို အကောင်းဆုံးမြင်သူတည်း။ ထိုအမြင်မျိုးရလျှင် ဘုရားမပြောင်း ရဟန်းမပြောင်းတော့ပြီ။ တကယ် ဘုရားမြင်သူ ရဟန်းမြင်သူဖြစ်ကြပါဟု ဆိုလိုသည်။
ပဿတိ ပဿော ပဿန္တံ၊ အပဿန္တဉ္စ ပဿတိ။
အပဿန္တော အပဿန္တံ၊ ပဿန္တဉ္စ န ပဿတိ။
(ဝပ္ပတ္ထရဂါထာ)
ပဿော၊ အမှန်တရားကို မြင်ရသောသူသည်။ ပဿန္တဉ္စ၊ တရား မြင်သူကိုလည်း ပဿတိ၊ မြင်နိုင်၏။ အပဿန္တဉ္စ၊ တရားမမြင်သူကိုလည်း။ ပဿတိ၊ မြင်နိုင်၏။ အပဿန္တော၊ အမှန်တရားကို မမြင်ရသူမှာ။ အပဿန္တဉ္စ၊ တရားမမြင်သူကို၎င်း။ ပဿန္တဉ္စ၊ တရားမြင်သူကို၎င်း။ န ပဿတိ၊ မမြင်ရ မမြင်နိုင်။ (ပုထုဇဉ်မှာ ဘာမှ သေသေချာချာ မမြင်ရ၊ အရိယာဖြစ်မှ အားလုံး သေသေချာချာ မြင်ရသည်ဟု ဆိုလို၏။)
ဓမ္မသာကစ္ဆာ
[သဟ ကထနံ သာကစ္ဆာ။ သဟ၊ အတူတကွ ကထနံ၊ ပြောဆိုခြင်း။ သာကစ္ဆာ၊ အတူတကွ ပြောဆိုခြင်း။ ဓမ္မဿ သာကစ္ဆာ ဓမ္မသာကစ္ဆာ။ ဓမ္မဿ၊ တရားကို။ သာကစ္ဆာ၊ အတူတကွ ပြောဆိုခြင်းတည်း။ ဓမ္မသာကစ္ဆာ၊ တရားကို အတူတကွ ပြောဆိုခြင်း။] အတူတကွ ပြောဆိုခြင်းကို ဆွေးနွေးခြင်းဟု ဆို၏။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် မေးဖြေခြင်း အပြန်အလှန် ပြောဆိုခြင်းကို ဆွေးနွေးသည်ဟု ဆို၏။ တရားဆွေးနွေးခြင်းမှာ အကျိုးများ လှ၏။ တရားနာခြင်း အကျိုး၌ ပြအပ်သော အကျိုးများကို တရား ဆွေးနွေးခြင်းဖြင့် ရနိုင်၏။
မင်္ဂလာသဘင်
တရား ဆွေးနွေးခြင်းကို လူကြီးများသာ ဆွေးနွေးလေ့ရှိရာ ယခုခေတ် လူငယ်များ မဆွေးနွေးကောင်း သလို ဖြစ်နေ၏။ အမှန်က တရားမည်သည် စိတ်ကောင်းထားတတ်ခြင်း မတရားကို ရှောင်၍ တရားကို လေးစားတတ်ခြင်း ဝီရိယ, သတိ, သမာဓိ, လောကကြီးပွါးရေး ပညာစသော တရားများ တိုးပွါးစေခြင်းဖြင့် လောကဓမ္မ ကြီးပွါးရေး နှစ်ဖက်လုံး အားပေးတတ်ရာ အဘယ်မှာ လူငယ်များ မသိထိုက်ပဲ ရှိပါအံ့နည်း။ ထို့ကြောင့် တရားဆွေးနွေးသော အစည်းအဝေး (ဓမ္မသာကစ္ဆာသဘင်) ကလေးများ မကြာမကြာ ကျင်းပ၍ ပြောသူက ပြော နားထောင်သူက နားထောင်လျှင် အလွန်အကျိုးရှိမည်သာ။ ထို သဘင်မျိုးမှာ မင်္ဂလာရှိသော သဘင်မျိုးတည်း။ “နေသာ သဘာ ယတ္ထ န သန္တိ သန္တော၊ သန္တော နတေ ယေ န ဝဒန္တိ ဓမ္မံ=သူတော်ကောင်းမရှိရာ သဘင်မှာ သဘင်မဟုတ်၊ တရားမပြောသော သူမှာ သူတော်ကောင်း မဟုတ်” သဂါထာဝဂ္ဂ ဗြာဟ္မဏသံယုတ် (သံ၊၁၊၁၈၆) အရ တရားသော သူတော်ကောင်းများရှိရာ ထိုသဘင်မှာ အစဉ်ရှိထိုက်ပါသည်။ သို့သော် သန္တ-ဆိုသည်မှာ မိမိက အမှန်သိလို ကြားလိုခြင်း, အမှန်ကို ထောက်ပြလျှင် ကျေးဇူးတင်တတ်ခြင်း, သူတပါးကို သိစေလို တတ်စေလိုသော စေတနာ မေတ္တာရှိသူ ဖြစ်ခြင်းတို့ဖြင့် စိတ်ကောင်းသူများဖြစ်ရာ ထိုသို့မဟုတ်) မိမိ တတ်ကြောင်းပြလိုခြင်း သူ့ကိုနှိပ်လိုခြင်း, အမှားထောက်ပြသောအခါ မခံချင် စိတ်ဆိုးခြင်း စသည်ဖြင့် သန္တ-သဘောကင်းခဲ့လျှင် ထိုသဘင်မှာ မင်္ဂလာမဖြစ်ပဲ အမင်္ဂလာ ဖြစ်တတ်သည်။
ကာလ
တရားဆွေးနွေးသင့်သောအခါကို ညဦးနှင့် နံနက်စောစောဟု အဋ္ဌကထာပြပြီးနောက် စိတ်ဆုတ်နစ်သောအခါ ပျံ့ လွင့်သောအခါ ယုံမှားသံသယဖြစ်သောအခါ ထိုစိတ်များ ပယ်ဖျောက်ပို့ရာ ဘယ်အခါမဆို တရားဆွေးနွေးခြင်းသည် ကာလေန ဓမ္မသာကစ္ဆာ-ဖြစ်ကြောင်း ဆို၏။ ထို့ကြောင့် မိမိက အလုပ်အားလပ်သောအခါ တရား ဆွေးနွေးဖက်လည်း အခန့်သင့်ရှိနေသောအခါများမှာ တရားဆွေးနွေးဖို့ရာ သင့်လျော်သောအခါပေတည်း။
(၂၂) တပေါ စ ဗြဟ္မစရိယဉ္စ၊ အရိယသစ္စာန ဒဿနံ။
နိဗ္ဗာန သစ္ဆိကိရိယာ စ၊ ဧတံ မင်္ဂလ မုတ္တမံ။
မင်္ဂလာ အနက်အဓိပ္ပာယ်
ဒေဝပုတ္တ၊ နတ်သား။ ယော တပေါ စ၊ အကြင်တပခေါ် အကျင့်ကို ကျင့်ခြင်းသည်လည်းကောင်း။ ယံ ဗြဟ္မစရိယဉ္စ၊ အကြင် ဗြဟ္မစရိယခေါ် မြတ်သောအကျင့်ကို ကျင့်ခြင်း သည်လည်းကောင်း။ အရိယသစ္စာနံ၊ အရိယသစ္စာတို့ကို။ ယံ ဒဿနဉ္စ၊ အကြင် သိမြင်ခြင်းသည် လည်းကောင်း။ ယာ နိဗ္ဗာနသစ္ဆိကရိယာ စ၊ အကြင်နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤလေးပါးကား။ ဥတ္တမံ၊ ကောင်းမြတ်သော။ မင်္ဂလံ၊ မင်္ဂလာပေတည်း။
မင်္ဂလာလေးပါး စကားပြေ-နတ်သား၊ တပ ခေါ် အကျင့်ကို ကျင့်ခြင်း၊ ဗြဟ္မစရိယအကျင့်ကို ကျင့်ခြင်း၊ အရိယသစ္စာတို့ကို သိမြင်ခြင်း၊ နိဗ္ဗာန်ကို မျက်မှောက် ပြုခြင်း၊ ဤလေးပါးကား ကောင်းမြတ်သော မင်္ဂလာတည်း။
---
တပ အကျင့်
အကျင့်အမျိုးမျိုးကိုပင် တပဟု ဆိုနိုင်၏။ အချို့အရာ၌ သည်းခံခြင်း ခန္တီကို တပ-ဆို၏။ “ခန္တီ ပရမံ တပေါ တိတိက္ခာ" (ဓမ္မပဒ၊၄၁)။ ဓုတင်အကျင့်ကို တပ ဆိုသော အရာလည်း ရှိ၏။ နာညတြ ဗောဇ္ဈာ တပသာ (သဂါထာ ဒေဝပုတ္တသံယုတ်- သံ၊၁၊၅၂)။ ပရိယတ်သင်ခြင်း၊ ဓုတင်ဆောင်ခြင်း၊ ရဟန်းတရား အားထုတ်ခြင်းတို့ကို တပအဖြစ် တွေ့ရပြန်၏။ "သမဂ္ဂါနံ တပေါ သုခေါ" (ဓမ္မပဒ၊၄၂) တပေါ စ ဗြဟ္မစရိယဉ္စ၊ တံ သိနာနမနောဒကံ သဂါထာ ဒေဝတာသံယုတ် (သံ၊၁၊၃၅)၌ ဣန္ဒိယသံဝရ၊ ဓုတင်၊ ဝီရိယ၊ ဒုက္ကရစရိယာ အကျင့်များကို တပ ဆိုရကြောင်း ၎င်းအဋ္ဌကထာဖွင့်၏။ ထိုသို့ အကျင့်အမျိုးမျိုး ဟောနိုင် သော်လည်း ဤ၌ ဒုက္ကရစရိယာ အကျင့်ကို ထား၍ ကိလေသာကို ငြိမ်းစေတတ်သော အကျင့်အားလုံးကို တပအဖြစ် ယူရမည်ဟု အဋ္ဌကထာဖွင့်သည်။ စက္ခုစသော ဒွါရခြောက်ပါးမှ အဘိဇ္ဈာ ဒေါမနဿ မဖြစ်ရအောင် သတိဖြင့် ကာကွယ်တားဆီးခြင်းကို ဣန္ဒြိယသံဝရ (=ဣန္ဒြေတို့ကို စောင့်စည်းခြင်း)ဟု ဆိုရ၏။ ဝီရိယကား အလွန်အမင်း ကြိုးစား အားထုတ်ခြင်းတည်း။
---
ဗြဟ္မစရိယ အကျင့်
ဗြဟ္မ=မြတ်သော။ စရိယ=အကျင့်။ မြတ်သော အကျင့်။ ဗြဟ္မစရိယဆိုသည်မှာလည်း အရာလိုက်၍ အကျင့်အမျိုးမျိုးပင်။ ဤ၌အဋ္ဌကထာက မေထုန်မှ ရှောင်ခြင်း၊ ရဟန်းတရား၊ သာသနာ၊ မဂ်တို့၏ အမည်ဖြစ်ကြောင်း ဖွင့်၏။ ထိုတွင် အရိယသစ္စ ဒဿနဖြင့် မဂ်ကိုယူပြီးဖြစ်ရာ အကြွင်းသုံးပါးကို ဗြဟ္မစရိယအရ ယူရန်မှာ၏။ သီလက္ခန္ဓဋ္ဌကထာစသည်၌ ဤမျှမက အနက်အများပင် လာသေး၏။ “တပသာတိ ဗြဟ္မစရိယေန”ဟု ပေတဝတ္ထုဋ္ဌကထာ၌ အလဲအလှယ်ဖွင့်သည်ကို ထောက်၍၎င်း၊ ဗြဟ္မစရိယ အကျင့်များ တပ၌ ပါသည်ကို ထောက်၍၎င်း တပနှင့် ဗြဟ္မစရိယမှာ မကွာခြားလှ။ ထိုနှစ်ပုဒ် ခြားနားအောင် အဓိပ္ပါယ် ယူရသော် အဋ္ဌကထာပြသော တပဖြင့် သီလဝိသုဒ္ဓိ ဗြဟ္မစရိယဖြင့် စိတ္တဝိသုဒ္ဓိစသော ဝိသုဒ္ဓိငါးပါး ဖြစ်သည်ဆိုသော စကားအရ ယူသော် ရှင်း၏။ တပဖြင့် သီလ အကျင့် ယူ၍ ဗြဟ္မစရိယဖြင့် သမထ ဝိပဿနာကိုယူ။ တပ, ဗြဟ္မစရိယနှစ်ခုမှာ အရိယသစ္စ ဒဿနအတွက် ဖြစ်ရာ အရိယသစ္စာ မြင်ရေး၌ ဆိုခဲ့ပြီး သီလ၊ သမာဓိ၊ ပညာမှတပါး တခြားမရှိတော့ပြီ။
---
အရိယသစ္စ
အရိယ=မချွတ်မယွင်းသော၊ မှန်ကန်သော။ သစ္စ= သစ္စာ။ အရိယ-သဒ္ဒါကား မချွတ်မယွင်း မှန်ကန်သော အနက်ကို ဟောရာ မှန်ကန်သော မမှားသော သစ္စာဟု အနက်ရသည်။ မျက်လှည့်သမားတို့သည် ခဲကို ရွှေလုပ်ပြ၏။ မသိသူတို့က အဟုတ် ရွှေမှတ်ရ၏။ သမ္မုတိ ပညတ်များကား ထိုမျက်လှည့်ကဲ့သို့ပင် တကယ် မဟုတ် မရှိပဲ အဟုတ်အရှိဟု မသိသူတို့ ထင်ရသော အထင်များသာတည်း။ သစ္စာတရားတို့ကား ပညာမျက်စိဖြင့် ကြည့်သော် တကယ်ရှိသော တရားများအဖြစ် တွေ့ရ၍ မျက်လှည့်ကဲ့သို့ အမှားမဟုတ်၊ အမှန်သဘောများသာ ဖြစ်ကြ၏။ တံလျှပ်သည် မသိသူတို့အဖို့ ရေထင်မှတ်ရသော် လည်း သွားကြည့်သောအခါ ထင်တိုင်းမဟုတ်၊ ဘာမျှမတွေ့ရ၊ တိတ္ထိတို့ ကြံဆအပ်သော အာဏာရှင် အတ္တသည် ဉာဏ်ဖြင့်ကြည့်က တံလျှပ်ပမာ … ဘာမျှမဟုတ်သောအရာဖြစ်၏။ ဒုက္ခသစ္စာ (=ဆင်းရဲအမှန် ရုပ်နာမ်) သည်၎င်း၊ သမုဒယသစ္စာ (=ဆင်းရဲဖြစ်ကြောင်းအမှန် တဏှာ) သည်၎င်း ဝိပဿနာဉာဏ်ဖြင့် အမှန်တွေ့ရသော ဓာတ်သားရှိသော တရားများဖြစ်၏။ နိရောဓသစ္စာ(=ချုပ်ငြိမ်းခြင်းအမှန် နိဗ္ဗာန်) မှာ မဂ်ဉာဏ်ရလျှင် ကိုယ်တွေ့မြင်ရ၍ တကယ်အမှန်ရှိသော တရားတစ်ခုပင်။ မဂ္ဂသစ္စာ (=နိဗ္ဗာန်ရောက်ကြောင်းအမှန် မဂ္ဂင်ရှစ်ပါးတရား)မှာ မိမိသန္တာန်၌ အထင်အရှားဖြစ်လာသော တရားဖြစ်ရာ အမှန်ရှိသော တရားအဖြစ်မှာ ဆိုဖွယ်ရာ မရှိတော့ပေ။ ထို့ကြောင့် အရိယသစ္စ=မှန်ကန်သော သစ္စာများ ဟု ဆိုရ၏။
အခြားအနက်များ
တနည်းအားဖြင့် အနိယ-သဒ္ဒါ ပရိသုဒ္ဓ (=စင်ကြယ်သော) အနက်ကိုဟောရာ စင်ကြယ်သော ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ သာဝကတို့ကို အရိယဟု ဆိုရ၏။ သစ္စာလေးပါးသိမှ ထိုအရိယံအဖြစ်မျိုး ရမြဲဖြစ်ရာ အရိယာတို့ သိအပ်သော သစ္စာဟုလည်း အနက်ဖွင့်ပြန်၏။ ( - အရိယပဋိဝိဒ္ဓသစ္စ ဟု ဆိုလိုလျက် ပဋိဝိဒ္ဓပုဒ်ကျေသည်။)
လောက၌ မြတ်စွာဘုရားသည် အရိယမည်ကြောင်း ဟောသောပါဠိအရ ဘုရားရှင်သည် အရိယအမည်ရခဲ့ရာ အရိယဖြစ်သော ဘုရားရှင်၏ သစ္စာဟုလည်း အနက်ဆိုရပြန်သည်။ မြတ်စွာဘုရားသည် ဆရာမရှိ မိမိဘာသာ ထိုးထွင်းသိပြီးနောက် ဝေနေယျတို့အား ဟောပြ၏။ ဘုရားဟောပြ၍ သာဝကများ သိကြရ၏။ ထို့ကြောင့် ဘုရား၏သစ္စာဟု ဆိုရ၏။ ဤသစ္စာများသိမှ အရိယာဖြစ်ရသည်ဖြစ်ရာ အရိယာအဖြစ်ကို ပြီးစေတတ်သော သစ္စာဟုလည်း ဆိုနိုင်၏၊ (အရိယသာဓက=အရိယအဖြစ်ကို ပြီးစေတတ်သော။ သစ္စ၊ သစ္စာ ဟု ဆိုလိုလျက် သာဓကပုဒ်ကျေသည်။)
အသိနှစ်မျိုး
သစ္စာကိုသိရာ၌ အနုဗောဓသိ ပဋိဝေဓသိဟု နှစ်မျိုးရှိ၏။ ဆရာများထံမှဖြစ်စေ ကျမ်းဂန်မှဖြစ်စေ တဆင့်ကြားသိရခြင်း၊ တဆင့်ကြားကို အမှီပြုကာ ကြံတွေးစဉ်းစားခြင်းဖြင့်သိခြင်း၊ ကြံတွေးမိသော အချက်ကို မိမိဉာဏ်ဖြင့် နှစ်သက်ဆုံးဖြတ်ခြင်းများကို အနုဗောဓသိဟု ဆို၏။ အနု=ထပ်တလဲလဲ။ ဗောဓ=သိခြင်း။ သိမှုမပြီးသေး၍ ထပ်ကာ ထပ်ကာ သိနေရခြင်းဟု ဆိုလိုသည်။
ထိုသို့ သိမှုမပြီးသေး၍ ထပ်တလဲလဲ သိရခြင်းမဟုတ်ပဲ တစ်ကြိမ်ထဲနှင့် ထွင်းဖောက်သိခြင်းကို ပဋိဝေဓသိ ဆိုသည်။ မဂ်ဉာဏ်၏သိခြင်းတည်း။ မဂ်ဉာဏ်သည် ကိစ္စအားဖြင့် သစ္စာလေးပါးကို တပြိုင်နက်သိ၏။ ဒုက္ခကို ပိုင်းခြားခြင်း၊ သမုဒယကို ပယ်ခြင်း၊ နိရောဓကို မျက်မှောက်ပြုခြင်း၊ မဂ္ဂကို ပွားခြင်းဟု ကိစ္စလေးပါးရှိရာ ထိုကိစ္စလေးပါးကို တစ်ပြိုင်နက်ပြုခြင်းဖြင့် မဂ်ဉာဏ်အား သစ္စာလေးပါး ထင်ရှားလာရသည်။ သင်္ခါရတို့ကို မလွှတ်နိုင်သေးသော ဉာဏ်များမှာ ဤကိစ္စလေးချက်ကို တစ်ပြိုင်နက် မပြုနိုင်သေး။ မဂ်ဉာဏ်ကမူ သင်္ခါရတွေကိုလွှတ်ကာ သင်္ခါရတို့ကင်းရာကို အာရုံပြုနိုင်၍ ကိစ္စလေးချက်ကို တစ်ခါထဲ ပြုနိုင်ခြင်းဖြစ်၏။ မှန်၏။ မဂ်ဉာဏ်ဖြစ်ဖို့ ပုဗ္ဗဘာဂ ဝိပဿနာမဂ်ကို ပါးရသည်ဖြစ်ရာ ထိုပုဗ္ဗဘာဂမဂ်သည် ဒုက္ခကိုသိလျက် သမုဒယကို ပယ်လျက်ရှိ၏။ သို့သော် မိမိ မဂ္ဂဘာဝနာလည်း မပြည့်စုံ အပြီးမသတ်သေး၍ နိဗ္ဗာန်ကို မမြင်ရသေး။ ဒုက္ခသိမှု သမုဒယ ပယ်မှုကလည်း အပြီးမသတ်သေး၍ ကိစ္စမပြီးသေး။ မဂ်ရောက်မှ အားလုံးကိစ္စပြီးရာ မဂ်က သိမှုကိစ္စပြီးသောအားဖြင့် အားလုံးကို တစ်ပြိုင်နက် မတွေဝေရှင်းလင်းပြီးအနေ သိနိုင်တော့သည်။ ဤ၌ ဒဿနဟူသည် အနုဗောဓအသိမဟုတ်၊ ပဋိဝေဓအသိဖြစ်သော မဂ်၏ ဖောက်ထွင်းမြင်ခြင်းကိုယူ၊ သစ္စလေးပါးမြင်ရခြင်းထက် ထူးခြားသော ကောင်းမှုဟုမရှိနိုင်ရာ လွန်စွာအကျိုးကြီးမြတ်လှသော သစ္စာသိရခြင်းမှာ အကောင်းဆုံးမင်္ဂလာ ဖြစ်ရတော့သည်။
---
နိဗ္ဗာနသစ္ဆိကိရိယာ
နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းဆိုသော်လည်း အရိယသစ္စဒဿန၌ နိရောဓသစ္စာခေါ် အသင်္ခတနိဗ္ဗာန်မှာ ပါဝင်ခဲ့ပြီးဖြစ်ရာ ဤနိဗ္ဗာနသစ္ဆိကိရိယာ၌ နိဗ္ဗာန်အရ ထိုအသင်္ခတ နိဗ္ဗာန်ကိုမယူရတော့ပဲ အရဟတ္တဖိုလ်ကိုယူရန် အဋ္ဌကထာဖွင့်၏။ အသင်္ခတ နိဗ္ဗာန်ကို ဝါနခေါ် တဏှာမှ ထွက်မြောက်တတ်သောကြောင့် နိဗ္ဗာနခေါ်ရသလို အရဟတ္တဖိုလ်၌လည်း တဏှာမရှိတော့၍ တဏှာ ဝါနမှထွက်မြောက်တတ်သော အနက်အရ နိဗ္ဗာနပင်ဆိုရတော့သည်၊ ထိုနိဗ္ဗာန်အမည်အရ အရဟတ္တဖိုလ်ကိုရခြင်း၊ ပစ္စဝေက္ခဏာဉာဏ်ဖြင့် ဆင်ခြင်ခြင်းများကို နိဗ္ဗာနသစ္ဆိကိရိယာဟု ဆိုသည်ဟု အဋ္ဌကထာဖွင့်၏။
တနည်းအားဖြင့် နိဗ္ဗာနသစ္ဆိကိရိယာ၌ နိဗ္ဗာနကို အသင်္ခတ နိဗ္ဗာန်ကိုပင်ယူ၍ အရိယသစ္စဒဿန၌ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းမှာ မဂ်၏မျက်မှောက်ပြုခြင်းဖြစ်၍ နိဗ္ဗာနသစ္ဆိကိရိယာအရ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းမှာ ဖိုလ်ပစ္စဝေက္ခဏာတို့၏ မျက်မှောက်ပြုခြင်းဟု ယူသော်သင့်၏။ ဤသို့ယူသော် အရိယသစ္စဒဿန၌ မဂ်လေးပါးလုံး၏ သစ္ဆိကိရိယာကိစ္စ ရသကဲ့သို့ နိဗ္ဗာနသစ္ဆိကိရိယာ၌လည်း ဖိုလ်လေးပါးလုံးနှင့် ပစ္စဝေက္ခဏာ တို့၏ သစ္ဆိကိရိယာကိစ္စ အကုန်ရခဲ့ရာ ပို၍ပင် အဓိပ္ပါယ်ပြည့်စုံသည်ဟုလည်း ဆိုနိုင်သည်။ သစ္ဆိကိရိယာဟူသည် အတ္တပစ္စက္ခ ကိုယ်တွေ့သိဖြစ်ရာ လောကီဈာန်ဉာဏ်များ၌ပင် သစ္ဆိကိရိယအသိ အသုံးရှိခဲ့ရာ ဖိုလ်၏သစ္ဆိကိရိယာ ကိစ္စမှာ ယုံမှားဖွယ် မရှိနိုင်တော့ပေ။
---
(၂၃) ဖုဋ္ဌဿ လောက ဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ။
အသောကံ ဝိရဇံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ။
မင်္ဂလာ အနက်အဓိပ္ပာယ်
၂၃။ ဒေဝပုတ္တ၊ နတ်သား။ လောကဓမ္မေဟိ၊ လောကဓံတရားတို့နှင့်။ ဖုဋ္ဌဿ၊ တွေ့ကြုံရသော။ ယဿ၊ အကြင်ပုဂ္ဂိုလ်၏။ စိတ္တံ၊ စိတ်သည်။ န ကမ္ပတိ၊ မတုန်လှုပ်။ အသောကံ၊ စိုးရိမ်ပူဆွေးခြင်းလည်းမရှိ။ ဝိရဇံ၊ ရာဂစသော မြူလည်း မရှိ။ ခေမံ၊ ဘေးလည်းမရှိ။ ဧတံ၊ ဤလေးပါးကား။ ဥတ္တမံ၊ ကောင်းမြတ်သော။ မင်္ဂလံ၊ မင်္ဂလာပေတည်း။
မင်္ဂလာလေးပါး စကားပြေ-နတ်သား လောကဓံတရားတို့နှင့် တွေ့ကြုံရသော ပုဂ္ဂိုလ်၏ စိတ်မတုန်လှုပ်ခြင်း၊ စိုးရိမ်ပူဆွေးမှု မရှိခြင်း၊ ရာဂစသော မြူမရှိခြင်း၊ ဘေးရန်ကင်းခြင်း၊ ဤလေးပါးမှာ ကောင်းမြတ်သော မင်္ဂလာပင်။
---
အနက်ပေးပုံ
နိယမကို မငဲ့သော အနိယမ “ယ” သဒ္ဒါလည်း ရှိ၍ ယဿ-ကို နိယမ “တံ"စသည် မထည့်ပဲ ရှိရင်းအတိုင်း အနက်ပေးခဲ့သည်။ သို့ပင် နိယမကို မစွဲလိုက မစွဲပဲ နေနိုင်သော်လည်း ထည့်စွဲလိုကလည်း စွဲနိုင်သည်သာ။ ထို့ကြောင့် ခေမံ-ဘေးလည်းမရှိ ဆိုပြီးနောက် “တဿ၊ ထိုပုဂ္ဂိုလ်၏။ တံ၊ ဤမတုန်လှုပ်သောစိတ်၊ မစိုးရိမ်သောစိတ်၊ ရာဂစသည် မရှိသောစိတ်၊ ဘေးမရှိသောစိတ်သည်။ ဥတ္တမံ၊ ကောင်းမြတ်သော။ မင်္ဂလံ၊ မင်္ဂလာတည်း ”ဟုပေး။
ပရိတ်ဋီကာ၌ “ဖုဋ္ဌဿ-ကို ဖုဋ္ဌော အဿဟု၎င်း၊ ယဿ-ကို ယော အဿဟု၎င်း ပုဒ်ဖြတ်၍ “ယော၊ အကြင်ပုဂ္ဂိုလ်သည်။ လောကဓမ္မေဟိ၊ လောကဓံတရားတို့နှင့်၊ ဖုဋ္ဌော၊ တွေ့ကြုံသည်။ အဿာ၊ ဖြစ်ရာ၏။ အဿ၊ ထိုပုဂ္ဂိုလ်၏။ အသောကံ၊ စိုးရိမ် ခြင်းမရှိသော။ ဝိရဇံ၊ ရာဂစသည်မြူမရှိသော။ ခေမံ၊ ဘေးမရှိသော။ စိတ္တံ၊ စိတ်သည်။ န ကမ္ပတိ၊ မတုန်လှုပ်ဟုပေး၏။ ဆရာမြတ်တို့ကား ဤအတိုင်းပုဒ်ဖြတ်သော်လည်း ဋီကာအနက် မရှင်းတတ်၍ တစ်မျိုးပေးကြ၏။ “ယော၊ သည်။ လောကဓမ္မေဟိ၊ တို့နှင့်။ ဖုဋ္ဌော၊ သည်။ အဿ၊ ဖြစ်၏။ အဿာ၊ ၏။ စိတ္တံသည်။ န ကမ္ပတိ၊ လှုပ်။ အသောကံ၊ မရှိ”စသည်။ ပရိတ်ဋီကာ၌ ယ-ကို ယံ-အဿဟု တစ်နည်းဖြတ်ပြန်၍ “လောကဓမ္မေ ဟိ၊ တို့ဖြင့်။ ဖုဋ္ဌဿ၊ တွေ့ရသောပုဂ္ဂိုလ်တို့၏။ အသောကံ၊ သော။ ဝိရဇံ၊ သော။ ခေမံ၊ သော။ ယံ စိတ္တံ၊သည်။ အဿ၊ ဖြစ်ရာ၏။ တံ စိတ္တံသည်။ န ကမ္ပတိ၊ မတုန်လှုပ်”။ အချို့ကမူ သည်အတိုင်းပုဒ်ဖြတ်၍ “လောကဓမ္မေဟိ၊ တို့ဖြင့်။ ဖုဋ္ဌဿ၊ ၏။ ယံ စိတ္တံ၊သည်။ န ကမ္ပတိ၊ လှုပ်။ ယဉ္စ စိတ္တံ၊ သည်လည်း။ ဝိရဇံ၊ မရှိ။ ယဉ္စ စိတ္တံ၊ လည်း။ ခေမံ၊ မရှိ။ ဧတံ စိတ္တံ၊ သည်။ ဥတ္တမံ၊ သော။ မင်္ဂလံ၊ တည်း”ဟုလည်း ပေးကြ၏။ ဂါထာ၌ ပါဠိဂတိ အနေအထားကို ထောက်ဆလျှင် ဒေသကဘုရားရှင် အာဘော်မှာ “ယဿာတိ နဝဿ ဝါ ထေရ မဇ္ဈိမဿ ဝါ" အဋ္ဌကထာဖွင့်အတိုင်း ဖြစ်ဖွယ်ရှိသည်။
---
လောကဓံတရား
(၁) လာဘ=လာဘ်ရခြင်း။ (၂) အလာဘ =လာဘ်မရခြင်း၊ (၃) ယသ=အခြွေအရံ ပေါများခြင်း။ (၄)အယသ=အခြွေအရံမရှိခြင်း။ (၅)နိန္ဒာ=ကဲ့ရဲ့ခံရခြင်း။ (၆) ပသံသာ=ချီးမွမ်းခံရခြင်း။ (၇) သုခ=ချမ်းသာခြင်း။ (၈) ဒုက္ခ= ဆင်းရဲခြင်းတို့ကား လောကဓံများတည်း။
ဤတရားရှစ်ပါးမှာ တစ်လှည့်စီ လှည့်ဖြစ်လေ့ ရှိ၏။ လောက၌ နေရသူ မှန်လျှင် အမှန်ပင် တွေ့ကြုံရမည့် သဘောများဖြစ်၍ လောကဓံဆို၏။ ဘုရားသော်မှ မလွတ်ကင်း။ ဘုရားရှင်မှာ တစ်ရံတစ်ခါ မကုန်နိုင် မခန်းနိုင် အတိုင်းမသိအောင် ပစ္စည်းလေးပါး ပေါများလှသော်လည်း တစ်ရံတစ်ခါမူ ရှားရှားပါးပါးအဖြစ်နှင့် ကြုံရ၏။ ဝေရဉ္စာပြည်၌ ဝါကပ်စဉ်မုယော ဆွမ်းကြမ်းကို ဘုဉ်းပေးရ၏။
တစ်ခါက ဧကနာဠပုဏ္ဏားရွာ၌ ဆွမ်းခံစဉ် လူတွေအား မာရ်နတ် လှည့်ဖြားထားမှုကြောင့် ဆွမ်းလောင်းရန် အမှတ်မရဖြစ်ရာ သပိတ်ချည်း သက်သက်ဖြင့် ထွက်ခွါတော်မူခဲ့ရ၏။
နတ်၊ လူ၊ ဗြဟ္မာတို့၏ အတုမဲ့ ချီးမွမ်းသံကို ခံယူရသော်လည်း စိဉ္စမာဏဝိကာ စွပ်စွဲခြင်း၊ သုန္ဒရီပရိဗိုဇ်မစွပ်စွဲခြင်းစသည်ကို အကြောင်းပြု၍ မလိုလားသူများ ကဲ့ရဲ့မှုကိုလည်း ခံတော်မူရ၏။
ဖလသမာပတ် ချမ်းသာ နိရောဓသမာပတ်ချမ်းသာဟူသော ချမ်းသာအတိနှင့် ကြုံရသော ရှင်တော်မြတ်မှာ တစ်ရံတစ်ခါ ခါးတော်နာခြင်း၊ ဝမ်းတော်လားခြင်းစသော ဒုက္ခနှင့် ကြုံတော်မူရ၏။
ဘုရားသော်မှ တွေ့ကြုံရသော ထိုသဘောများမှာ ဘယ်သူမဆို ကြုံရမည်သာဖြစ်သောကြောင့် “လောကဿ ဓမ္မာ လောကဓမ္မာ” လောက၏ တရား၊ လောကရှိနေသမျှ ဆုတ်ဖယ် ရှောင်သွားခြင်းမရှိ ဖြစ်နေမည့် တရားများဟု ဆိုရသည်။
ရဟန္တာ၏စိတ်
ဤ၌ လောကဓံကြောင့် မတုန်လှုပ်ခြင်းကို ရဟန္တာ၏ စိတ်သာ၊ တခြားသူ၏ စိတ်မဟုတ်ဟု အဋ္ဌကထာဖွင့်၏။ အကောင်းဆုံး အပြည့်စုံဆုံး မတုန်လှုပ်မှုကို ယူလို၍ ဥက္ကဋ္ဌနိဒ္ဒေသ နည်းအရ ဖွင့်ခြင်းဖြစ်သည်။ ရဟန္တာ အရှင်မြတ်တို့မှာ ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံ ကြုံတွေ့ သောအခါ ဣဋ္ဌကို အနိဋ္ဌအဖြစ်၊ အနိဋ္ဌကို ဣဋ္ဌအဖြစ် မိမိလိုသလို ပြောင်းလွှဲရှုနိုင်အောင် စိတ်ကို အစိုးရသည့် တာဒိဂုဏ်နှင့် ပြည့်စုံကြသည် ဖြစ်ရာ ကျောက်တောင်ကြီးသည် လေတို့ကြောင့် မလှုပ်ရှားသကဲ့သို့ ထို့ အတူ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းတို့ကြောင့် လှုပ်ရှားခြင်းမရှိသော ပညာရှိများအဖြစ် ဘုရားရှင်၏ ချီးကျူးခံခဲ့ရ၏။
အခြားပုဂ္ဂိုလ်များ
ရဟန္တာမှတပါး အခြားအရိယာ ပုထုဇဉ်များ၌လည်း ဒုတိယ ထိုက်သင့်သလောက် ရနိုင်သည်သာ ဖြစ်၏။ အဋ္ဌင်္ဂုတ္တရ ပဌမပဏ္ဏာသက ပဌမဝဂ် လောကသုတ် (အံ၊၃၊၇)၌ ပုထုဇဉ်နှင့် အရိယာသာဝက လောကဓံကြုံကြရာ၌ ကွဲပြားခြားနားပုံကို ဟောတော်မူ၏။ ပုထုဇဉ်ကား ဖြစ်လာသော လောကဓံ၏ အမြဲမရှိသည်၏အဖြစ်၊ ဆင်းရဲသည်အဖြစ်၊ ဖောက်ပြန်ပျက်စီးတတ်သော သဘောရှိသည် ၏အဖြစ်ကို မဆင်ခြင်တတ်၊ ထို့ကြောင့် သူ့စိတ်မှာ လောကဓံတို့၏ သိမ်းကျုံးလွှမ်းမိုးမှုကို ခံရ၏။ အကောင်းလောကဓံနှင့် ကြုံရသောအခါ ထိုလောကဓံအလိုက် လိုက်ပျော်တတ်ကြ၏။ အဆိုးလောကဓံနှင့် ကြုံရသောအခါ စိတ်ဆင်းရဲရ၏။ အရိယာ သာဝကကား လောကဓံ၏ အနိစ္စ=ပျက်စီးတတ်သော သဘော၊ ဒုက္ခ=ဆင်းရဲတတ်သော သဘောများကို စဉ်းစားဆင်ခြင်တတ်၏။ ထိုသို့ ဆင်ခြင်တတ်သောကြောင့် လောကဓံက သူ၏စိတ်ကို မလွှမ်းမိုးနိုင် အကောင်းနှင့်ကြုံလည်း အကောင်းအလိုက် ပျော်လွန်းမှုမရှိ။ အဆိုးနှင့် ကြုံရသော်လည်း အဆိုးကို ဆန့်ကျင်၍ စိတ်ဆိုးစိတ်ဆင်းရဲမှုမရှိ။ ဤ၌ အရိယာသာဝကကိုသာ လောကဓံ မတုန်လှုပ်သူအဖြစ် ဟောခဲ့၏။ ပုထုဇဉ်ကိုကား တုန်လှုပ်သူအဖြစ် ဟော၏။ သို့သော် လုံးဝ မစဉ်းစားတတ်သော ပုထုဇဉ်ကိုသာ ဆိုခြင်းဖြစ်ရာ အရိယာကို မမီစေကာမူ အချို့ ပုထုဇဉ်များ၌ တရားသဘော ဆင်ခြင်စဉ်းစားမှု ရှိတတ်၍ အထိုက်အလျောက် လောကဓံကို ခံနိုင်ရည် ရှိသူများကို လည်း တွေ့နိုင်သည်။
စဉ်းစားတတ်သူများ
ဘုရားဟော “ကမ္မဿကာ” သဘောကား လောကဓံကြောင့် မတုန်လှုပ်ရန် ဖြေဆေးသဖွယ် ဖြစ်၏။ ဗုဒ္ဓဘာသာများ၌ အဆိုးလောကဓံနှင့် ကြုံရသောအခါ “ကမ္မဿကာပေါ့ ကံအတိုင်းပဲ ကံကို ဘယ်သူလွန်နိုင်ကာမှတ်လို့” စသော အတွေးများဖြင့် အချို့သူတို့ စိတ်ကို နှိမ်လေ့ရှိကြ၏။ ကြာသော် စိတ်ဓာတ်များ ရင့်ကျက်လာရ၏၊ အဆိုးလောကဓံနှင့်တွေ့သော် မတုန်လှုပ်သကဲ့သို့ အကောင်းလောကဓံများနှင့်ကြုံရသောအခါ၌လည်း “ကံရှိတုန်းသာ ကံမရှိလျှင် ပျက်မှာပဲ” ဟူသော အတွေးကြောင့် မော်ခြင်း၊ ပျော်ခြင်းမရှိတတ်။
ဆိုခဲ့ပြီးအရိယာတို့ အနိစ္စသဘော ပျက်တတ်သော သဘောကို တွေးတတ်သကဲ့သို့ အချို့မှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘော တွေးတော စဉ်းစားခြင်းဖြင့်လည်း ဖြေလေ့ရှိကြ၏။ “အားလုံး အနိစ္စပဲ ဘယ်မှာ မြဲပါ့မလဲ၊ ကိုယ်အစိုးရတာမှ မဟုတ်ပဲ သူ့သဘောအတိုင်း ဖြစ်ကြတာပဲ” စသော အတွေးများဖြင့် စိတ်ကို နှိမ်လေ့ရှိကြ၏။ နှိမ်ဖန်များ၍ ကြာသော် ပိုခံနိုင်ရည် ရှိလာ၏။ အကောင်းတွေ့၍လည်း ပျော်မဆုံး မော်မဆုံး မရှိလှ၊ အဆိုးတွေ့ရလည်း စိတ်သက်သာရာ ရ၍ တုန်လှုပ်မှုမရှိကြ။
“ဘုရားသော်မှ မလွတ်နိုင်ပဲ တို့တတွေမှာ ဘာပြောစရာ ရှိမလဲ ဟူသော အတွေးမျိုးဖြင့်လည်း အချို့ ဖြေကြ၏။ ဤသို့ စသည်ဖြင့် ဖြေစရာ တရားသဘော တွေးတောခြင်းဖြင့် လောကဓံ၏ဒဏ်ကို ခံနိုင်ရည် ရှိလာ၏။ထိုသို့ တရားသဘောဖြင့် ဖြေနိုင်၍ ပကတိအခြေ ဣန္ဒြေမပျက်ခြင်းမှာ မင်္ဂလာပင်ဖြစ်၏။ အကောင်းလောကဓံနှင့် တွေ့ရသော် တကြွကြွ တမော်မော် ပျော်မဆုံးဖြစ်ခြင်းမှာ ဣန္ဒြေပျက်ခြင်း ဖောက်ပြန်ခြင်း ဖြစ်၍ တုန်လှုပ်ခြင်းပင်၊ ထို့ကြောင့် မင်္ဂလာမဖြစ်။ အဆိုးနှင့်ကြုံရ၍ စိတ်ဆင်းရဲခြင်း ဝမ်းနည်း ညှိုးငယ်နေခြင်းတို့မှာ ဆိုဖွယ်ရာမ အမင်္ဂလာသာ။
ကဲ့ရဲ့ချီးမွမ်းခြင်း
အချို့ လာဘ်မရခြင်း စသောလောကဓံကို အတော် အတန်ခံနိုင်ရည်ရှိသူပင် ကဲ့ရဲ့ခြင်း ချီးမွမ်းခြင်းကြောင့်ကား မတုန်မလှုပ်ပဲ မနေနိုင်ဖြစ်ရ၏။ အချို့ သူတပါးအကဲ့၌ ခံရသောအခါ “အို..ချီးမွမ်းကဲ့ရဲ့ ခုနစ်ရက်ပေါ့ ဘာအရေးစိုက်စရာရှိသလဲ”ဟု ဂရုမထား ပဲနေနိုင်ကြ၏။ ဤစကားမှာ ဘုရားဟော အရပင်ဖြစ်၏။ မြတ်စွာဘုရား ရာဇဂြိုဟ်ပြည်၌ သီတင်းသုံးတော်မူစဉ် အရှင်သာရိပုတ္တရာစသော ပုဂ္ဂိုလ် အများအပြား ရဟန်းပြုခဲ့၏။ ထိုအခါ လူအများက ကဲ့ရဲ့ကြ၏။ ထိုအကြောင်း ရဟန်းများ လျှောက်ထားသောအခါ ဘုရားရှင်က ရဟန်းတို့ ….ထိုအသံမှာ ကြာရှည်စွာ ဖြစ်နေလိမ့်မည် မဟုတ်၊ ခုနစ်ရက်သာ ရှိနေလိမ့်မည်ဟု မိန့်တော်မူ၏။ (ဝိနယ မဟာဝဂ္ဂ ဝိ၊၃၊၅၅)
အတုလဥပါသကာ
အတုလဥပါသကာ-က ဘုရားရှင်အား မိမိ တရားနာလာကြောင်း လျှောက်၏။ “တရားနာပြီးပြီ လော” ဟု မေးတော်မူသော် မြတ်စွာဘုရား အရှင်ရေဝတထံ သွားရာအရှင်ရေဝတ-က စကားမပြော၊ အရှင်သာရိပုတ္တရာကား အဘိဓမ္မာတရားတွေ အများကြီးဟောသည်၊ အရှင်အာနန္ဒာထံ ရောက်ပြန်တော့ တရားနဲနဲ့လေး ဟောလိုက်သည်။ ထို့ကြောင့် ထိုအရှင်တွေကို စိတ်ဆိုးပြီး ဘုရားထံရောက်လာရကြောင်း" လျှောက်၏။ ထိုအခါ ဘုရားရှင်က “အတုလ… လောက၌ ဘုရင်ကိုလည်း အချို့ ကဲ့ရဲ့ကြ အချို့ ချီးမွမ်းကြ၏။ နေ၊ လ၊ မြေတို့ကိုလည်း အချို့ ကဲ့ရဲ့ကြ ချီးမွမ်းကြ၏။ ငါဘုရားကိုပင် ကဲ့ရဲ့သူ ကဲ့ရဲ့ကြ ချီးမွမ်းသူ ချီးမွမ်းကြ၏။ လူမိုက်တို့ ကဲ့ရဲ့သည်မှာ လိုရင်းမဟုတ်၊ပညာရှိများ မကဲ့ရဲ့အောင် ချီးမွှမ်းခံရအောင် ဂရုစိုက်ရမည်၊ ဤကဲ့ရဲ့ခြင်းမှာ ယခုခေတ်ပေါ် တရားသဘောမဟုတ်။ ရှေးလက်ဟောင်း သဘောတရား ဖြစ်၏။ ဆိတ်ဆိတ်နေသူကိုလည်း ကဲ့ရဲ့ကြ၏။ စကားများသူကိုလည်း ကဲ့ရဲ့ ကြ၏။ နှိုင်းချိန်ပြောတတ်သူကိုလည်း ကဲ့ရဲ့ကြ၏။ လောက၌ အကဲ့ရဲ့ မခံရသူမရှိ။ တကယ်အကဲ့ရဲ့ ခံရသူ တကယ်အချီးအမွှမ်း ခံရသူဟု ရှေးကလည်း မရှိဘူး၊ နောင်လည်း ရှိမည်မဟုတ်၊ ယခုလည်း မရှိ” ဟုဟောတော်မူ၏။ ဤတရားမှာ အကဲ့ရဲ့ဖြေဆေးတလက်ပင်ဖြစ်သည်။ (ဓမ္မပဒ၊ဋ္ဌ၊၂၊၂၀၉)
ခံနိုင်ရည်ရှိသောရဟန်း
ရှေးက ရဟန်းတစ်ပါး အိမ်တစ်အိမ်၌ ဆွမ်းခံရင်း ထိုအိမ်နှင့် အကျွမ်းတဝင် ဖြစ်နေ၏။ နောက် အခါ တရားအားထုတ်၍ ရဟန္တာဖြစ်၏။ ထိုအိမ်၌ ထိုအရှင် အကျွမ်းတဝင် ဝင်ထွက်သွားလာသည်ကို မြင်ရသောနတ်တစ်ဦးက ထိုရဟန်း ပျက်စီးမှု မလိုလား အကျိုးကို လိုလားသည်ဖြစ်၍ ထိုအိမ်က အိမ်ရှင်မ ယောင်ဆောင်ကာ ရဟန်းထံသွား၍ “အရှင်ဘုရား… မြစ်ဆိပ် မြို့ လမ်းမသဘင် နေရာတိုင်းတွင်ပင် အရှင်နှင့်တပည့်တော်မအကြောင်း ဘာလိုလို ပြောဆိုနေကြပါသည်” ဟု လျှောက်၏။ ရဟန်းက ပြန်အမိန့်ရှိသည်မှာ “ဆန့်ကျင်ဖက် ပဲ့တင်ခတ်လာသော အသံတို့ကား အများအပြားပင်။ ရဟန်းမည်သည်မှာ ထိုအသံကို ခံနိုင်ရည်ရှိရသည်။ ထိုအသံကြောင့် ညစ်နွမ်းခြင်း မဖြစ်နိုင်၊ တောထဲ၌ လေတိုက်တိုင်း လန့်သောသမင်ပမာ အသံကိုလန့်နေရသော ရဟန်းကို စိတ်ပေါ့သူဟု ဆိုကြကုန်၏။ ထိုရဟန်းမျိုးအား အကျင့်မပြည့်စုံနိုင်” ဟုမိန့်တော်မူ၏။
ဤရဟန်း၏တရားမှာ ကဲ့ရဲ့ခံရ၍ ကိုယ့်မှာဘာမျှမဖြစ်၊ ကဲ့ရဲ့သံ လန့်နေလျှင် အလုပ်ပျက်ရုံသာဟု စဉ်းစားရန်ဖြစ်၏၊ အကဲ့ရဲ့ ပြီးဆေးတစ်ပုဒ် ပင်။ (သဂါထာဝဂ္ဂ၊ ဝနသံယုတ်၊ ကုလယရဏီသုတ်-သံ၊၁၊၂၀၃)
သောကမရှိ
သောကဟူသည် မိဘဆွေမျိုး ပျက်စီးခြင်း ဥစ္စာပျက်စီးခြင်းနှင့်ဖြစ်စေ၊ ဆင်းရဲဒုက္ခ တစ်မျိုးမျိုးနှင့်ဖြစ်စေ ကြုံတွေ့ရသောသူ၏ စိတ်ပူဆွေးခြင်း ဝမ်းနည်းခြင်းတည်း။ ထိုသောကနှင့် ကြုံတွေ့ရသောအခါ အဖြေမရှိသူတို့မှာ အတောမသတ်အောင် ပူကြရ၏။ တရားသဘော စဉ်းစားခြင်းဖြင့်သာ ဖြေဖျောက်နိုင်၏။ သောက ပရိဒေဝ ပျောက်ငြိမ်းကြောင်းအဖြစ် ဘုရားရှင် အာမခံထားသော သတိပဋ္ဌာန်တရား စသည်ဖြင့် သောက လုံးဝပျောက်ငြိမ်းနိုင်သည်။
မလ္လိကာ
ဗန္ဓုလစစ်သူကြီးကတော် မလ္လိကာသည် တစ်နေ့၌ သံဃာတော်များအား ဆွမ်းဆက်ကပ်နေ၏။ ထိုအခါ ချီမလာသော ထောပတ်အိုးကြီး ကျကွဲသွားသည်။ အရှင်သာရိပုတ္တရာ မထေရ်မြတ်က “ကွဲပျက်တတ်သောအရာမှာ ကွဲပျက်ရသည်သာ။ တွေးပူနဲ့ မလ္လိကာ' ဟု မိန့်တော်မူ၏။ ထိုအခါမလ္လိကာ-က မိမိခါးပိုက်ထဲမှ စာကိုထုတ်ပြပြီး “အရှင်ဘုရား တပည့်တော် ခင်ပွန်းနှင့်တကွ သားသုံးကျိပ် သုံးယောက်လုံး အသတ်ခံရကြောင်း စာရပါလျက် ဣန္ဒြေမပျက် မပူပန်ပဲ ဤထောပတ်အိုးကလေးများ အတွက်တာ ဘယ်မှာစိုးရိမ် ပူပန်ပါ့မလဲ”ဟု လျှောက်၏။ ဤမလ္လိကာ မစိုးရိမ်ခြင်းမှာ တရားသဘောတွေ့ မြင်နေရခြင်းကြောင့် ရရှိသော အစွမ်းသတ္တိပင်။ (ဝိဋဋူဘဝတ္ထု ဓမ္မပဒ၊ဋ္ဌ၊၁၊၂၂၄)
ဥရဂဇာတ်
ရှေးက ပုဏ္ဏားတစ်ဦးမှာ သားသေဆုံး၍ အိမ်သားများနှင့် အတူ မီးသင်္ဂြိုဟ်နေ၏။ အားလုံးမှာ သောကပရိဒေဝမရှိ တည်ငြိမ်လျက် ရှိနေကြ၏။ ထိုအခိုက် သိကြားမင်းသည် ခရီးသွားယောင် ဆောင်ကာ ရောက်လာပြီးလျှင် သူတို့ မငိုခြင်းအကြောင်းကို တစ်ဦးစီ မေးခဲ့၏။ ပုဏ္ဏားကြီးက “မြွေသည် အရေဟောင်းကို စွန့်သွားသကဲ့သို့ သူလည်း ကိုယ်အဟောင်းကို စွန့်သွားခြင်းဖြစ်သည်။ သေ၍ အသုံးမဝင်တော့ပြီဖြစ်သော ဤကိုယ်မှာ မီးရှို့ခံရသည်ကိုလည်း မသိ၊ ဆွေမျိုးတွေ ငိုနေသည်ကိုလည်း မသိ၊ သူ့ဂတိအတိုင်း သွားပြီဖြစ်ရာ ငါမပူမဆွေး” ဟု ဆို၏။ မိခင်က “သူကား ငါတို့မခေါ်ပဲ တခြားက ရောက်လာ၏။ ယခုငါတို့မလွှတ်ပဲ သွားသည်၊ သူ့သဘောအတိုင်း လာခဲ့သလို သူ့သဘောအတိုင်း သွားပြီဖြစ်ရာ ငိုနေသဖြင့် ဘာအကျိုးရှိမှာလဲ”ဟု ဆို၏။ နှစ်မဖြစ်သူက “ကျွန်မ ငိုနေလျှင် ကိုယ်ပိန်ချုံးရုံသာပေါ့၊ ဘာမျှ အကျိုးရှိမှာ မဟုတ်၊ ဆွေမျိုးမိတ်ဆွေ ချစ်ကျွမ်းဝင်သူတွေ ပိုပြီး စိတ်မချမ်းမသာ ဖြစ်ဖွယ်ရှိပါသည်”ဟု ပြော၏။ မယားကမူ “ကလေးငယ်သည် သွားနေသော လမင်းကို ရဖို့အရေး တ-ငိုကြွေးနေသကဲ့သို့ သေသူကို တ-ပြီး ဆွေးနေသူမှာ မရနိုင်သည်ကို တ-နေသော ကလေးသဖွယ်သာ ဖြစ်ပါသည်”ဟု ဆို၏။ ကျွန်မ က “ကွဲပြီးသောအိုးကို ပြန်ဆက်ဖို့ မဖြစ်နိုင်သလို သေသူကို တ-ပြီး ဆွေးနေခြင်းမှာ ထိုအိုးကွဲပမာ အကျိုးမမြင်ပါ”ဟု ဆို၏။ (ပဉ္စက နိပါတ်-ဥရဂဇာတ်-၁၂၂)
မှတ်ချက်-သူတို့ အတွေးအခေါ်များမှာ အတော်အဆင့် အတန်းမြင့်လှ၏၊ ထိုအတွေးအခေါ်များကား သူတို့၏ အသိဉာဏ် ရင့်ကျက်နေသော စိတ်ဓာတ်ကြောင့်ပင်၊ ထိုကဲ့သို့ ခံနိုင်ရည်ရှိသော စိတ်ဓာတ်ကို ရနေကြခြင်းမှာ ကာလ အတော် ကြာအောင် အစဉ်မပြတ် လေ့လာခဲ့သော မရဏဿတိ ဘာဝနာ ကြောင့်ပင်ဟု သိရ၏။ ထို့ကြောင့် မရဏဿတိစသော ဘာဝနာများ ပွါးများခြင်းမှာ သောကငြိမ်းဆေးပင် ဖြစ်တော့သည်။
ဝိရဇ
ဤ၌ ရဇ (မြူ)ဟူသည် ရာဂ၊ ဒေါသ၊ မောဟတို့ပင်။ ပကတိမြူသည် ကိုယ်ပေါ်ကျလျှင် ညစ်ပေစေသကဲ့သို့ ထိုတရားများလည်း သတ္တဝါတို့ကို ညစ်နွမ်းစေတတ်သောကြောင့် “ရဇော ဝိယာတိ ရဇော”အရ မြူနှင့်တူသောကြောင့် ရဇ အမည်ရကြသည်။ ရာဂ စသည်မှာ ညစ်ပေစေတတ်ရာ ထိုတရားများကင်း၍ သန့်ရှင်းသောစိတ်မှာ မင်္ဂလာ ဖြစ်ရသည်။ ဆိုင်ရာ မဂ်များဖြင့် မပယ်ရှားရသေးသမျှ လုံးဝကား မကင်းနိုင်သေး၊ သို့သော် သူတော်ကောင်းများကား ထိုတရားများကို အပြစ်မြင်၍ ကင်းရှင်းအောင် ကြိုးစားလေ့ရှိ၏။ အကောင်းဆုံးမှာ ဘာဝနာအလုပ် အားထုတ်ခြင်းတည်း။ ထို့ကြောင့် ရာဂစသည်ကို ဘာဝနာအလုပ်ဖြင့် အတွင်မှုတ်ကာ နှင်ထုတ်ရာသတည်း။
ခေမ
ခေမ-ကား ဘေးရန်မရှိခြင်း အေးချမ်းခြင်းတည်း။ အဋ္ဌကထာ၌ … ယောဂလေးပါးတို့မှ ဘေးမရှိကြောင်း ဖွင့်၏။ ယောဂမှာ ကာမ၊ ဘဝ၊ ဒိဋ္ဌိ၊ အဝိဇ္ဇာဖြစ်ရာ တရားကိုယ်မှာ လောဘ၊ ဒိဋ္ဌိ မောဟတို့ပင်။ ထိုတရားတို့မှာ ကိလေသာဖြစ်ရာ စိတ်ကိုညစ်စေတတ်၊ ပူစေတတ်သည်ဖြစ်၍ ထိုတရားမကင်းသော စိတ်မှာ ဘေးမကင်း အေးချမ်းခြင်းမဖြစ်၊ ထိုတရားများ လုံးဝကင်းရှင်းနေသော ရဟန္တာစိတ်မှာ အစဉ်အေးချမ်း သာယာလျက်ရှိရာ မင်္ဂလာ ဖြစ်ရသည်။ ဤမင်္ဂလာသည် ရဟန္တာနှင့်သာ ဆိုင်သော်လည်း သာမန် ပုဂ္ဂိုလ်များ၌လည်း ထိုက်သလောက် ရနိုင်သည်သာ၊ ဘာဝနာအလုပ်ဖြင့် အကုသိုလ်တို့ကို နှင်ထုတ်လျက်ရှိသော ပုဂ္ဂိုလ်၏စိတ်မှာ ထိုအခိုက်တွင် ထိုတရားများ ကင်းရှင်းလျက်ရှိရာ မင်္ဂလာပင်ဖြစ်သည်။ မေ့လျော့ပေါ့တန်သူ၏ စိတ်မှာ ဤမင်္ဂလာဖြစ်ရေး မြှော်လင့်ဘွယ်မရှိ။ ထို့ကြောင့် ဘာဝနာမှု တစ်ခုခု ဖြင့် မိမိစိတ်မှာ အေးချမ်းသော မင်္ဂလာဖြစ်အောင် အစဉ်မကွာ ကြိုးစား အားထုတ်ရမည်သာ။
(၂၄) ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထ မပရာဇိတာ။
သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလ မုတ္တမံ။
(၂၄) ဒေဝပုတ္တ၊ နတ်သား။ ဧတာဒိသာနိ၊ ဤ ဆိုခဲ့ပြီးသော သုံးဆယ့်ရှစ်ပါး မင်္ဂလာတရားတော်ကို။ ကတွာန၊ ပြုကျင့်ရကုန်၍။ သဗ္ဗတ္ထ၊ ခပ်သိမ်းသော ရန်သူတို့၌။ အပ္ပရာဇိတာ၊ အရှုံးမခံရ အောင်နိုင်ကြကုန်၍။ သဗ္ဗတ္ထ၊ နေရာခပ်သိမ်း၌။ သောတ္တိံ၊ ချမ်းသာခြင်းသို့။ ဂစ္ဆန္တိ၊ ရောက်ကြရကုန်၏။ တေသံ၊ ထိုမင်္ဂလာ ပြုကြသူတို့၏၊ တံ၊ ထို သုံးဆယ့်ရှစ်ဖြာ မင်္ဂလာသည်။ ဥတ္တမံ၊ ကောင်းမြတ်သော။ မင်္ဂလံ၊ မင်္ဂလာပေတည်း။
စကားပြေ-နတ်သား၊ ဤဆိုခဲ့ပြီးသော မင်္ဂလာတို့ကို ပြုကြလျှင် ရန်သူမှန်သမျှ အောင်နိုင်ကြ၍ ဘယ်အရပ်မှာမဆို ချမ်းသာခြင်းသို့ ရောက်ရ၏။ ၃၈-ဖြာ မင်္ဂလာသည် ထိုမင်္ဂလာမှု ပြုကြသူတို့၏ ကောင်းမြတ်သော မင်္ဂလာပေတည်း။
နိဂုံးချုပ် ချီးကျူးချက်
ဆိုခဲ့ပြီး ၃၈-ဖြာ မင်္ဂလာတို့ကို နိဂုံးချုပ်အနေအားဖြင့် အကျိုးပြ ချီးကျူးတော်မူလို၍ “ဧတာဒိသာနိ ကတာန” စသည် မိန့်တော်မူသည်။
သဗ္ဗတ္ထ အပရာဇိတာ
“ပါရာဇိကော ဟောတီတိ ပရာဇိတော ဟောတိ၊ ပရာဇယ မာပန္နောတိ ဝုတ္တံ” ကင်္ခါအဋ္ဌကထာအရ အပရာဇိတာ=မရှုံးခြင်း (အောင်ခြင်း)သို့ ရောက်သည်ဟူသောအနက် ရနိုင်ရာ ထိုအနက်အရ သဗ္ဗတ္တသည် အာဓာရဖြစ်နိုင်သောကြောင့် အာဓာရအနက် ပေးခဲ့သည်။ “သဗ္ဗတ္ထ၊ ခပ်သိမ်းသော ရန်သူတို့၌။ အပရာဇိတာ၊ မရှုံးခြင်း (အောင်ခြင်း) သို့ ရောက်ကြကုန်သည်ဖြစ်၍” ပေး။
အဋ္ဌကထာ၌ “သဗ္ဗတ္ထ မပရာဇိတာဘိ သဗ္ဗတ္ထ ခန္ဓ ကိလေသာ, ဘိသင်္ခါရ ဒေဝပုတ္တမာရပ္ပဘေဒေသု စတူသု ပစ္စတ္ထိကေသု ဧကေနာသိ အပရာဇိတာ ဟုတွာ သယမေဝ တေ စတ္တာရော မာရေ ပရာဇေတာတိ ဝုတ္တံ ဟောတိ”ဟု ဆို၏။ အဋ္ဌကထာအလို "အပရာဇိတာ" ကာရိုက်ကမ္မရုပ်ဖြစ်၍ မရှုံးစေအပ်သည် ဖြစ်၍ဟု ပေးရမည်ဖြစ်၏။ “စတူသုတ္ထိတေသု ဧကေနာပိ အပရာဇိတာ”ဖြင့် သဗ္ဗတ္ထ၏ နိဒ္ဓါရဏအဖြစ်ကို၎င်း အပရာဇိတာ၏ ကာရိုက်ကမ္မရုပ် အဖြစ်ကို၎င်း သိစေ၏။ ထို့ကြောင့် “သဗ္ဗတ္ထ အလုံးစုံသော ဒေဝပုတ္တ, ခန္ဓ ကိလေသာဘိသင်္ခါရမာရ် ရန်သူ လေးမျိုးတို့တွင်။ ဧကေနာပိ၊ တစ်ဦးသော ရန်သူပင်လည်း။ အပရာဇိတာ၊ မရှုံးစေအပ်သည်ဖြစ်၍” ဟုပေး။ သို့မဟုတ် “ဧကေနာ”” မထည့်ပဲ “သတ္ထ၊ အလုံးစုံသော ရန်သူတို့တွင်။ အပရာဇိတာ၊ ဘယ်ရန်သူမျှ အနိုင်မခံရကုန်သည်ဖြစ်၍”ဟု သော်လည်းပေး။ သဗ္ဗတ္ထ အရ ဒေဝပုတ္တ, ခန္ဓ, ကိလေသာ, အဘိသင်္ခါရမာရ် လေးပါးရန်သူများကို ယူရ၍။ ထိုတွင် ခန္ဓ ကိလေသ အဘိသင်္ခါရတို့မှာ အတွင်းရန်သူဖြစ်၍ အပရန်သူမှာ ဒေဝပုတ္တမာရ်နတ်တစ်ဦးသာ။ ဤမင်္ဂလာတို့ကို ပြုကျင့်သူ၌ မာရ်နတ်သာမက အခြားအပ ရန်သူများကိုလည်း အောင်နိုင်မည်ပင်ဖြစ်၍ “သဗ္ဗတ္ထ၊ ခပ်သိမ်းသော ရန်သူတို့၌”ဟု သာမန်ပေးခဲ့သည်။
သောတ္ထိ
အဋ္ဌကထာအလို သောတ္ထိသည် ပဌမန္တဖြစ်၍ “သောတ္ထိ”၊ ချမ်းသာ ကြကုန်သည်။ ဂစ္ဆန္တိ၊ ဖြစ်ကုန်၏”ဟု ပေးရမည် ဖြစ်၏။ “အနုနာသိကော စေတ္ထ ဂါထာဗန္ဓသုခတ္ထ ဝုတ္တောတိ ဝေဒိတဗ္ဗော”ဖြင့် "သောတ္ထိ"၏ နိဂ္ဂဟိတ်မှာ ဂါထာဗန္ဓ၏ လွယ်ကူခြင်းအကျိုးငှါ ဟောတော်မူကြောင်းလည်း ဆို၏။ ဂါထာဗန္ဓသုခ ဆိုသော်လည်း ဆန်းအတွက် ဆိုသည်ကား မဟုတ်ရာ၊ သောတ္ထိဟု ဆိုလျှင် ယဂိုဏ်းဖြစ်၍ ဂိုဏ်းအသင့်ပင်။ ဂါထာ၌ “သောတ္ထိ ဂစ္ဆန္တိ” ဆိုလျှင် ရွတ်ရ မချော၍ "သောတ္ထိံ ဂစ္ဆန္တိ”ဟု ရွတ်ရချောမော လွယ်ကူစေ၍ သုခုစ္စာရဏဖြစ်ခြင်းကိုပင် ဂါထာဗန္ဓသုခဟု ဆိုခြင်းဖြစ်၏။
“သောတ္ထိံ ပဘာမိ ပါဏိနံ” (သဂါထာ၊ ဒေဝပုတ္တ) "သောတ္ထိနာမှိ သမုဋ္ဌိသော (သုဝဏ္ဏသာမဇာတက)တို့၌ သောတ္ထိံ သောတ္ထိနာဟု ဒုတိယာ တတိယာဝိဘတ် တို့ဖြင့် တွေ့ရရာ သောတ္ထိကို နာမ်ပုဒ်ဟု ဆိုရမည်ကဲ့သို့ရှိ၏။ သို့သော် ကြွင်းဝိဘတ်များဖြင့် ရုပ်ပျက်ခြင်း မရှိသောကြောင့် အဗျယပင်ဖြစ်ရာ နိပါတ်တို့၌သာ သွင်းလေဟူသော နီတိအဆိုအရ နိပါတ်ဟု ဆိုရတော့၏။ သောတ္ထိံ ဟု ဒုတိယန္တရှိသောကြောင့် ဤ၌ အဋ္ဌကထာပေးသော ပဌမန္တထက် ဒုတိယန္တက ပိုချောသည်ဟု သဘောရ၍ ဂါထာ၌ ဒုတိယန္တပင် ပေးခဲ့သည်။
နိဂုံး
ဤမင်္ဂလသုတ်ကို ထိုနတ်သားအား မြတ်စွာဘုရားဟောကြားပြီး နောက်တစ်နေ့ အရှင်အာနန္ဒာအား သင်ပေး၍ ရဟန်းများကို ပို့ချပေးရန် မိန့်တော်မူ၏။ အမိန့်တော်အတိုင်း မိမိသင်ယူထားသော မင်္ဂလသုတ်ကို ရဟန်းတို့အား သင်ပေးခဲ့၏။ ဤသို့ဖြင့် ဆရာအဆက်ဆက် သင်ကြား မှတ်သားခဲ့သော မင်္ဂလသုတ် ဒေသနာတော်မှာ ယနေ့တိုင် ကမ္ဘာတစ်ဝှမ်းလုံး၌ အထင်အရှား တည်ရှိရပေသည်။ ထို ၃၈-ဖြာ မင်္ဂလာတရားသည် တစ်နေ့ထက်တစ်နေ့ တိုးတက်ထွန်းကားပါစေသတည်း။
မှတ်သားဖွယ် အဓိပ္ပါယ်နှင့်တကွ
မင်္ဂလသုတ် နိဿယသစ်
ပြီးပြီ