ပရိတ်ကြီး (၁၁)သုတ်
ပရိတ်ကြီး (၁၁)သုတ်
ပရိတ်ကြီးနိဒါန်း
ပရိတ်ကြီးနိဒါန်း
၁။ သမန္တာ စက္ကဝါဠေသု၊ အတြာဂစ္ဆန္တု ဒေဝတာ။
သဒ္ဓမ္မံ မုနိရာဇဿ၊ သုဏန္တု သဂ္ဂမောက္ခဒံ။
၁။ လူတို့နေထိုင်လျက်ရှိသော ဤစကြဝဠာနှင့်အတူ တွဲဖက်တည်ရှိသော ပတ်ဝန်းကျင် စကြဝဠာတစ်သောင်းမှ သောင်းလောကဓာတ် နတ်မြတ်အပေါင်း တို့ ရဟန်းတို့၏မင်း ဖြစ်တော်မူသော မြတ်စွာဘုရား၏ နတ်ရွာနိဗ္ဗာန် ချမ်းသာ မှန်ကို ပေးစွမ်းနိုင်သော သူတော်ကောင်းတရားကို နားကြားအံ့သောငှာ ဤနေရာ ဤဒေသသို့ လာရောက်ကြပါကုန်လော့၊ လာရောက်၍ ရိုသေစွာ နာယူ ကြပါကုန်လော့။
၂။ ဓမ္မဿဝနကာလော အယံ ဘဒ္ဒန္တာ။
၂။ အို သောင်းလောကဓာတ် နတ်မြတ်အပေါင်းတို့ ယခုအခါသည်ကား မြတ်စွာ ဘုရား၏ တရားတော်ကို နာကြားရမည့် မင်္ဂလာအခါတော် ဖြစ်လေသည်။
၃။ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
၃။ ကျွန်ုပ်တို့သည် ပစ္စည်းလေးပါးအလှူကို ခံယူတော်မူထိုက်သော, လူသူလေးပါး မသိမမြင်နိုင်သည့် ဆိတ်ကွယ်ရာနေရာ၌ ဖြစ်စေကာမူ မကောင်းမှု ဒုစရိုက်ကို ပြုလုပ်ခြင်း အလျင်းမရှိသော, ဘဝသံသရာဘီး၏ အကန့် အထောက်သဖွယ် ဖြစ်စေတတ်သော အလုပ်ဟူသမျှကို ပြုလုပ်ခြင်းမရှိသော, ကိလေသာတို့ကို အပြီးသတ်ဖယ်ရှင်းပြီး မိမိအလိုလို ကိုယ်တော်တိုင် သစ္စာလေးရပ်တရားမြတ်ကို ထိုးထွင်း သိမြင်တော်မူပြီးသော ဘုန်းတော် အနန္တ ၏အရှင် ဘုရားသခင်အား ဦးညွတ်ရှိခိုး ကြပါကုန်၏။
၄။ ယေ သန္တာ သန္တစိတ္တာ၊ တိသရဏသရဏာ၊ ဧတ္ထလောကန္တရေ ဝါ၊ ဘုမ္မာ ဘုမ္မာ စ ဒေဝါ၊ ဂုဏ ဂဏ ဂဟဏ၊ ဗျာဝဋာ သဗ္ဗကာလံ။ ဧတေ အာယန္တု ဒေဝါ၊ ဝရ ကနကမယေ၊ မေရုရာဇေ ဝသန္တော၊ သန္တော သန္တောသဟေတုံ၊ မုနိဝရဝစနံ၊ သောတု မဂ္ဂံ သမဂ္ဂါ။
၄။ ဤစကြဝဠာ၌ လည်းကောင်း၊ ပြင်ပစကြဝဠာများ၌ လည်းကောင်း၊ နေထိုင်လျက်ရှိကြကုန်သော ကိုယ်ဣန္ဒြေလည်းငြိမ်သက်၊ စိတ်ဓာတ်လည်း ငြိမ်သက်လျက် ရှိကြကုန်သော ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်ပြီး လောကီကျေးဇူး လောကုတ္တရာ ကျေးဇူးတို့ကို ရရှိနိုင်ရန် အမြဲတမ်းလုံ့လ စိုက်လျက်ရှိသော ဘုမ္မစိုးနတ် (မြေမှီနတ်)၊ အာကာသစိုးနတ် (ကောင်းကင်နေသောနတ်) အပေါင်းနှင့်တကွ မြတ်သော ရွှေစိုင်အတိပြီးသော မြင်းမိုရ်တောင်မင်း၌ မှီတင်းနေထိုင်ကြသော နတ်သူတော်ကောင်း အပေါင်းတို့သည် သောကကင်းဝေးနေထိုင်ရေးအတွက် ရောင့်ရဲလွယ်ခြင်း၏ အကြောင်းဖြစ်သော ဘုရားစကားတော်မြတ်ကို နာယူပန်ဆင်ရန်အလို့ငှာ တညီတညွတ်တည်း စုဝေးရောက်လာကြပါကုန်လော့။
၅။ သဗ္ဗေသု စက္ကဝါဠေသု၊ ယက္ခာ ဒေဝါ စ ဗြဟ္မနော။
ယံ အမှေဟိ ကတံ ပုညံ၊ သဗ္ဗသမ္ပတ္တိသာဓကံ။
၆။ သဗ္ဗေ တံ အနုမောဒိတွာ၊ သမဂ္ဂါ သာသနေ ရတာ။
ပမာဒရဟိတာ ဟောန္တု၊ အာရက္ခာသု ဝိသေသတော။
၅-၆။ စကြဝဠာဟူသမျှ၌ ဘီလူးများ၊ နတ်များနှင့် ဗြဟ္မာများ ရှိကြကုန်သည်ပင် ဖြစ်၏၊ ကျွန်ုပ်တို့သည် စည်းစိမ်ချမ်းသာဟူသမျှကို ဖြစ်ပေါ်လာစေနိုင်သည့် ကောင်းမှုကုသိုလ်ကို ပြုလုပ်ခဲ့ကြပြီး ဖြစ်ပါသည်။ အသင် ဘီလူး နတ် ဗြဟ္မာတို့သည် ကျွန်ုပ်တို့ပြုလုပ်သော ကုသိုလ်ကောင်းမှုကို ဝမ်းမြောက်ကြည်နူးကြပါ။ ကျွန်ုပ်တို့နှင့် တစ်စိတ်တစ်ဝမ်းတည်းထားကာ မြတ်စွာဘုရား၏ အဆုံးအမ သာသနာတော်၌ မွေ့လျော် နှစ်ခြိုက်ကြပါ။ စောင့်ရှောက်ထိုက်သူများအား စောင့်ရှောက်ကြည့်ရှုရသည့် သင်တို့၏ လုပ်ငန်းတို့ကို မမေ့မလျော့ အထူး ဆောင်ရွက်တော်မူကြပါ။
၇။ သာသနဿ စ လောကဿ၊ ဝုဍ္ဎီ ဘဝတု သဗ္ဗဒါ။
သာသနမ္ပိ စ လောကဉ္စ၊ ဒေဝါ ရက္ခန္တု သဗ္ဗဒါ။
၇။ မြတ်စွာဘုရား၏ အဆုံးအမ သာသနာတော် မြတ်ကြီးသည် လည်းကောင်း၊ လူတို့၏ ကမ္ဘာလောကကြီးသည် လည်းကောင်း ထာဝရ တိုးတက်ကြီးမြင့်ပါစေ၊ သာသနာတော်နှင့် လူ့လောကကို နတ်အပေါင်းတို့က အမြဲမပြတ် ကြည့်ရှု စောင့်ရှောက်ကြပါစေ။
၈။ သဒ္ဓိံ ဟောန္တု သုခီ သဗ္ဗေ၊ ပရိဝါရေဟိ အတ္တနော။
အနီဃာ သုမနာ ဟောန္တု၊ သဟသဗ္ဗေဟိ ဉာတိဘိ။
၈။ မည်သူမဆို သူ၏အသိုင်းအဝိုင်းနှင့် အတူတကွ ချမ်းသာပါစေ၊ ဝမ်းမြောက်ရွှင်ပြုံး နှလုံးချမ်းမြေ့ ကြပါစေ။
၉။ ရာဇတော ဝါ စောရတော ဝါ
မနုဿတော ဝါ အမနုဿတော ဝါ
အဂ္ဂိတော ဝါ ဥဒကတော ဝါ
ပိသာစတော ဝါ ခါဏုကတော ဝါ
ကဏ္ဋကတော ဝါ နက္ခတ္တတော ဝါ
ဇနပဒရောဂတော ဝါ အသဒ္ဓမ္မတော ဝါ
အသန္ဒိဋ္ဌိတော ဝါ အသပ္ပုရိသတော ဝါ
စဏ္ဍ ဟတ္ထိ အဿ မိဂ ဂေါဏ ကုက္ကုရ
အဟိဝိစ္ဆိက မဏိသပ္ပ ဒီပိ
အစ္ဆ တရစ္ဆ သူကရ မဟိံသ ယက္ခ ရက္ခသာဒီဟိ
နာနာဘယတော ဝါ နာနာရောဂတော ဝါ
နာနာဥပဒ္ဒဝတော ဝါ အာရက္ခံ ဂဏှန္တု
၉။ မင်းဘေး၊ ခိုးသူဘေး၊ လူဘေး၊ ဘီလူးဘေး၊ မီးဘေး၊ ရေဘေး၊ မြေဘုတ် ဘီလူးဘေး၊ သစ်ငုတ်ဘေး၊ ဆူးငြောင့်ဘေး၊ မကောင်းသောနက္ခတ်ဘေး၊ ဇနပုဒ်ရောဂါဘေး၊ မမှန်ကန်သောတရားဘေး၊ မှားသောအယူဝါဒဘေး၊ လူယုတ်မာတို့၏ဘေး၊ ဤသို့သော ဘေးဆိုး အန္တရာယ်ဆိုးတို့မှ လည်းကောင်း၊ ဆင်ဆိုး၊ မြင်းဆိုး၊ သားကောင်ဆိုး၊ နွားဆိုး၊ ခွေးဆိုး၊ မြွေဆိုး၊ ကင်းဆိုး၊ မြွေစိမ်းဆိုး၊ သစ်ဆိုး၊ ဝံဆိုး၊ အောင်းဆိုး၊ ဝက်ဆိုး၊ ကျွဲဆိုး၊ ဘီလူးဆိုး၊ ရေစောင့်ဘီလူးဆိုး စသည်တို့ကြောင့် ဖြစ်တတ်သည့် ဘေးအမျိုးမျိုး၊ ရောဂါအမျိုးမျိုး၊ ဥပဒ်အမျိုးမျိုး တို့မှ လည်းကောင်း (လူတို့ကင်းဝေးအောင် မမြင်ရအောင် နတ်အပေါင်းတို့က) အစောင့်အရှောက် တာဝန်ယူကြပါကုန်။
ပရိတ်ကြီးနိဒါန်း မြန်မာပြန် ပြီး၏။
---
မင်္ဂလသုတ်
မင်္ဂလသုတ် ရွတ်ဖတ်ရခြင်းအကျိုး
မင်္ဂလသုတ်ကို မပြတ်ရွတ်ဖတ်သရဇ္ဈာယ်၍ လိုက်နာကျင့်ကြံလျှင် မည်သည့်နေရာမှာ နေသည်ဖြစ်စေ ဘေးအန္တရာယ်ကင်းသည်။ ရန်သူတို့က မိမိအား မအောင်မြင်နိုင်။ မိမိ၏ ဘဝအဆင့်အတန်းသည်လည်း တစ်နေ့ထက်တစ်နေ့ တိုးတက်ချမ်းသာလာမည်ဖြစ်ပေသည်။ အချုပ်အားဖြင့် ရန်ကင်းသည်၊ သူတစ်ပါး မကောင်းမကြံနိုင်၊ ဘဝအခြေအနေ ကြီးပွားတိုးတက်စေသည်။ မဂ်ဉာဏ် ဖိုလ်ဉာဏ်သည်ပင် မင်္ဂလာရှိသော မိမိ၏ စိတ်သန္တန်မှာ ပေါ်လာနိုင်ပေသည်။
၁။ ယံ မင်္ဂလံ ဒွါဒသဟိ၊ စိန္တယိံသု သဒေဝကာ။
သောတ္ထာနံ နာဓိဂစ္ဆန္တိ၊ အဋ္ဌတ္တံသဉ္စ မင်္ဂလံ။
၁။ နိဗ္ဗာန်ချမ်းသာကို လိုချင်တောင့်တ နှစ်သက်ကြကုန်သော နတ်လူအပေါင်း တို့သည် တစ်ဆယ့်နှစ်နှစ်တို့ ကာလပတ်လုံး သတ္တဝါအများ ကြီးပွားချမ်းသာ ကြောင်းဖြစ်သော မင်္ဂလာတရားတော်ကို ကြံစည်ကြလေကုန်၏၊ ထိုသို့ကြံစည် ကြလေကုန်သော်လည်း သုံးဆယ်ရှစ်ပါး အပြားရှိသော မင်္ဂလာတရားတော်ကို မသိနိုင်ကြကုန်။
၂။ ဒေသိတံ ဒေဝဒေဝေန၊ သဗ္ဗပါပဝိနာသနံ။
သဗ္ဗလောကဟိတတ္ထာယ၊ မင်္ဂလံ တံ ဘဏာမ ဟေ။
၂။ နတ်တကာတို့၏ ဥက္ကဌ် ဝိသုဒ္ဓိနတ် ဖြစ်တော်မူသောမြတ်စွာဘုရားသည် အလုံးစုံသော သတ္တလောက၏ အကျိုးစီးပွားအလို့ငှာ ထိုမင်္ဂလာတရားတော်ကို ဟောကြားတော်မူ၏၊ သတ္တဝါအများ ကြီးပွားချမ်းသာကြောင်းလည်းဖြစ်၏၊ ခပ်သိမ်းသော မကောင်းမှုတို့ကိုလည်း ဖျက်စီးပယ်ဖျောက်တတ်၏၊
အို- သူတော်ကောင်းအပေါင်းတို့- ထိုမင်္ဂလာတရားတော်ကို ငါတို့ရွတ်ဖတ်ကြပါကုန်စို့။
၃။ ဧဝံ မေ သုတံ-
ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ အထ ခေါ အညတရာ ဒေဝတာ အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တဝဏ္ဏာ ကေဝလကပ္ပံ ဇေတဝနံ ဩဘာသေတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ၊ ဘဂဝန္တံ အဘိဝါဒေတွာ၊ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတာ ခေါ သာ ဒေဝတာ ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ။
၃။ အရှင်ဘုရား မဟာကဿပ တပည့်တော် ရှင်တော်ဗုဒ္ဓထံမှ ဤသို့ ကြားနာ လိုက်ရပါ၏-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိမြို့အနီး အနာထပိဏ်သူဋ္ဌေး ဆောက်လုပ်လှူဒါန်းအပ်သော ဇေတဝန်ကျောင်းတိုက်ကြီး၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ အမျိုးအမည်အားဖြင့် မထင်မရှား အလွန်နှစ်လိုဖွယ် အဆင်းရှိသော နတ်သားတစ်ယောက်သည် ညဉ့်ဦးယံ လွန်ပြီးသော သန်းခေါင်ယံအခါ၌ အလုံးစုံသော ဇေတဝန်ကျောင်းတိုက်ကို ကိုယ်ရောင် ကိုယ်ဝါဖြင့် ထွန်းလင်းစေပြီးလျှင် မြတ်စွာဘုရား ရှိတော်မူရာသို့ ချဉ်းကပ်လေ၏၊ ချဉ်းကပ်ပြီးသောအခါ မြတ်စွာဘုရား ကို အလွန်ရိုသေစွာရှိခိုး၍ သင့်တင့် လျောက်ပတ်သော နေရာ၌ ရပ်လေ၏၊ ရပ်ပြီးလတ်သော် ထိုနတ်သားသည် မြတ်စွာဘုရားကို ဤသို့ လျှောက်ထားတောင်းပန်၏၊
၄။ ဗဟူ ဒေဝါ မနုဿာ စ၊ မင်္ဂလာနိ အစိန္တယုံ။
အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလ မုတ္တမံ။
၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား- နိဗ္ဗာန်ချမ်းသာကို လိုချင်တောင့်တ နှစ်သက်ကြကုန်သော နတ်လူအများတို့ သည် သတ္တဝါအများ ကြီးပွား ချမ်းသာကြောင်းဖြစ်သော မင်္ဂလာတရားတော်ကို ကြံစည်ကြလေကုန်ပြီ၊ ထိုသို့ကြံစည်ကြကုန်သော်လည်း မသိကြပါကုန်၊ ဘုန်းတော်ကြီးတော်မူသော ရှင်တော် မြတ်ဘုရားသည် ထိုထူးမြတ်လှသော မင်္ဂလာတရားတော်ကို ဟောကြားတော်မူပါအရှင်ဘုရား။
၅။ အသေဝနာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ။
ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ။
၅။ အို နတ်သား သူမိုက်တို့ကို မမှီဝဲမဆည်းကပ်ခြင်း၊ ပညာရှိတို့ကို မှီဝဲဆည်းကပ်ခြင်း၊ ပူဇော်ထိုက်သူတို့ကို ပူဇော်ခြင်း၊ ဤတရားသုံးပါးသည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။
၆။ ပတိရူပဒေသဝါသော စ၊ ပုဗ္ဗေ စ ကတပုညတာ။
အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလ မုတ္တမံ။
၆။ အို နတ်သား လျော်ကန် သင့်မြတ်သော အရပ်၌နေထိုင်ခြင်း၊ ရှေးရှေးဘဝက ပြုခဲ့ဘူးသော ကုသိုလ်ကောင်းမှု ရှိသူဖြစ်ခြင်း၊ အကျင့်တရား မပျက်ပြားအောင် မိမိကိုယ်စိတ်ကို ကောင်းစွာထိန်းသိမ်း စောင့်ရှောက်ခြင်း၊ ဤတရားသုံးပါးသည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။
၇။ ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ဝိနယော စ သုသိက္ခိတော။
သုဘာသိတာ စ ယာ ဝါစာ၊ ဧတံ မင်္ဂလ မုတ္တမံ။
၇။ အို နတ်သား အကြားအမြင်များသောသူဖြစ်ခြင်း၊ လက်မှုပညာအစရှိသော အတတ်တို့ကို တတ်မြောက်ခြင်း၊ ကောင်းစွာသင်ကြားပြီးသော ကိုယ်ကျင့် ဝိနည်းတရားရှိခြင်း၊ ကောင်းစွာပြောဆိုအပ်သော စကားရှိခြင်း ဤတရားလေးပါး သည် မြတ်သော မင်္ဂလာမည်၏ ဟူ၍ မှတ်လေလော့။
၈။ မာတာပိတု ဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော။
အနာကုလာ စ ကမ္မန္တာ၊ ဧတံ မင်္ဂလ မုတ္တမံ။
၈။ အို နတ်သား အမိအဘတို့ကို လုပ်ကျွေးမွေးမြူခြင်း၊ သားမယားတို့ကို ချီးမြှောက် ထောက်ပံ့ခြင်း၊ လယ်လုပ် ကုန်သွယ် ရောင်းဝယ်ခြင်းစသော အနှောက်အယှက်မရှိသော အမှုတို့ကို ပြုလုပ်ခြင်း၊ ဤတရားသုံးပါးသည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။
၉။ ဒါနဉ္စ ဓမ္မစရိယာ စ၊ ဉာတကာနဉ္စ သင်္ဂဟော။
အနဝဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင်္ဂလမုတ္တမံ။
၉။ အို နတ်သား ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်း၊ သုစရိုက်တရားဆယ်ပါးတို့ကို ကျင့်သုံးခြင်း၊ အဆွေအမျိုးတို့ကို ချီးမြှင့်ထောက်ပံ့ခြင်း၊ ဥပုသ်စောင့်ခြင်း ရေတွင်း, ရေကန် တူးခြင်းစသော အပြစ်မရှိသော အလုပ်တို့ကို ပြုလုပ်ခြင်း၊ ဤတရားလေးပါးသည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။
၁၀။ အာရတီ ဝိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော။
အပ္ပမာဒေါ စ ဓမ္မေသု၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၀။ အို နတ်သား မကောင်းမှုမှ စိတ်ဖြင့် ဝေးစွာ ရှောင်ကြဉ်ခြင်း၊ မကောင်းမှုမှ ကိုယ်နှုတ်တို့ဖြင့် အထူးရှောင်ကြဉ်ခြင်း၊ သေရည်သေရက် သောက်ခြင်းမှ ကောင်းစွာရှောင်ကြဉ်ခြင်း၊ ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ခြင်း၊ ဤတရား လေးပါးသည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။
၁၁။ ဂါရဝေါ စ နိဝါတော စ၊ သန္တုဋ္ဌိ စ ကတညုတာ။
ကာလေန ဓမ္မဿဝနံ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၁။ အို နတ်သား ရိုသေထိုက်သော သူတို့ကို ရိုသေခြင်း၊ မာန်မာနကို နှိမ့်ချခြင်း၊ ရသမျှနှင့် ရောင့်ရဲလွယ်ခြင်း၊ သူပြုဖူးသော ကျေးဇူးကိုသိခြင်း၊ သင့်လျော်သော အခါ၌ သူတော်ကောင်းတရားကို နာကြားခြင်း၊ ဤတရားငါးပါးသည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။
၁၂။ ခန္တီ စ သောဝစဿတာ၊ သမဏာနဉ္စ ဒဿနံ။
ကာလေန ဓမ္မသာကစ္ဆာ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၂။ အို နတ်သား သည်းခံခြင်း၊ သူတော်ကောင်းတို့ ဆုံးမအပ်သောစကားကို နာယူလွယ်ခြင်း၊ ရဟန်းသူမြတ်တို့ကို ဖူးမြင်ခြင်း၊ သင့်လျော်သောအခါ၌ တရားစကားကို ဆွေးနွေးမေးမြန်းခြင်း၊ ဤတရားလေးပါးသည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။
၁၃။ တပေါ စ ဗြဟ္မစရိယဉ္စ၊ အရိယသစ္စာန ဒဿနံ။
နိဗ္ဗာနသစ္ဆိကိရိယာ စ၊ ဧတံ မင်္ဂလမုတ္တမံ။
၁၃။ အို နတ်သား ခြိုးခြံစွာကျင့်ခြင်း၊ မြတ်သော အကျင့်ကိုကျင့်ခြင်း၊ အရိယာ သူတော်ကောင်းတို့၏ သစ္စာလေးပါးတရားကို သိမြင်ခြင်း၊ တဏှာမှထွက် မြောက်ရာ အရဟတ္တဖိုလ်တည်းဟူသော နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း၊ ဤတရားလေးပါးသည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။
၁၄။ ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ။
အသောကံ ဝိရဇံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၄။ အို နတ်သား လောကဓံတရားရှစ်ပါးတို့နှင့် တွေ့ကြုံသော ရဟန္တာ၏ စိတ်သည် မတုန်မလှုပ်၊ စိုးရိမ်ကြောင့်ကြခြင်းလည်းမရှိ၊ ကိလေသာရမ္မက် ဟူသော မြူလည်းမရှိ၊ ကြောက်ရွံ့ထိတ်လန့် ဘေးလည်းမရှိ၊ ဤတရားလေးပါးသည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။
၁၅။ ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထ မပရာဇိတာ။
သဗ္ဗတ္ထ သောတ္ထံ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလ မုတ္တမံ။
မင်္ဂလသုတ္တံ နိဋ္ဌိတံ။
၁၅။ အို နတ်သား နတ်နှင့်တကွသော လူတို့သည် ဤ သုံးဆယ့်ရှစ်ပါးအပြားရှိသော မင်္ဂလာတရားတော်တို့ကို သင်ယူ လိုက်နာ ကျင့်သုံး အားထုတ်ကုန်သည်ရှိသော် အလုံးစုံသော အရပ်တို့၌ ရန်သူတို့သည် မအောင်နိုင် ကြသဖြင့် ချမ်းသာခြင်းသို့ ရောက်ကြရကုန်၏၊
အို နတ်သား ထို သုံးဆယ့်ရှစ်ပါး မင်္ဂလာတရားတော်သည်သာလျှင် နတ်လူတို့၏ မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။
မင်္ဂလသုတ်တော် မြန်မာပြန် ပြီး၏။
ရတနသုတ်
ရတနသုတ် ရွတ်ဖတ်ရခြင်းအကျိုး
ကပ်ကြီးသုံးပါးကို ကျော်နင်းစေနိုင်သည်၊ စုန်း, တစ္ဆေ, ကဝေ ပယောဂဟူသမျှကို နိုင်သည်။ အကြောင်းအမျိုးမျိုးကြောင့် ဆင်းရဲဒုက္ခရောက်ရသောအခါ အချုပ်ထောင် နှောင်အိမ်စသည်တို့၌ ကျရောက်နေသောအခါ အမြန်လွတ်မြောက်စေနိုင်သည်။ နတ်ကောင်းနတ်မြတ်တို့၏ စောင်မကြည့်ရှုခြင်းကို ခံရမည်ဖြစ်ပေသည်။
၁။ ပဏိဓာနတော ပဋ္ဌာယ တထာဂတဿ ဒသ ပါရမိယော, ဒသ ဥပပါရမိ-ယော, ဒသ ပရမတ္ထပါရမိယောတိ သမတ္တိံသပါရမိယော, ပဉ္စ မဟာပရိစ္စာဂေ, လောကတ္ထစရိယံ ဉာတတ္ထစရိယံ ဗုဒ္ဓတ္ထစရိယန္တိ တိဿော စရိယာယော, ပစ္ဆိမဘဝေ ဂဗ္ဘဝေါက္ကန္တိံ, ဇာတိံ, အဘိနိက္ခမနံ, ပဓာနစရိယံ, ဗောဓိပလ္လင်္ကေ မာရဝိဇယံ, သဗ္ဗညုတညာဏပ္ပဋိဝေဓံ, ဓမ္မစက္ကပ္ပဝတ္တနံ, နဝ လောကုတ္တရဓမ္မေ-တိ သဗ္ဗေပိ, မေ ဗုဒ္ဓဂုဏေ အာဝဇ္ဇေတွာ ဝေသာလိယာ တီသု ပါကာရန္တရေသု တိယာမရတ္တိံ ပရိတ္တံ ကရောန္တော အာယသ္မာ အာနန္ဒတ္ထေရော ဝိယ ကာရုညစိတ္တံ ဥပဋ္ဌပေတွာ-
ရတနသုတ် မြန်မာပြန်
၁။ ဒီပင်္ကရာ မြတ်စွာဘုရား ခြေတော်ရင်း၌ နိယတဗျာဒိတ်ကို ခံယူတော်မူသည်မှစ၍ ဥစ္စာ, သား, မယား တိုင်းကားပြည်ရွာစသည်တို့ကို ပယ်ခွာစွန့်လှူ ဖြည့်ကျင့်တော်မူလျက် ရှေးဘုရားတို့နှင့် အလားတူစွာ ကြွလာတော်မူသော မြတ်စွာဘုရား၏ ဆယ်ပါးသောပါရမီတော်။
မျက်စိ, နား, နှာ, ခြေ, လက် စသော ကိုယ်အင်္ဂါတို့ကို ပယ်ခွာစွန့်လှူ ဖြည့်ကျင့်တော်မူသော ဆယ်ပါးသော ဥပပါရမီတော်။
ကိုယ်အသက်ကို မငဲ့ကွက် မညှာတာ ပယ်ခွာစွန့်လှူ ဖြည့်ကျင့်တော်မူသော ဆယ်ပါးသော ပရမတ္ထပါရမီတော်၊ ဤအမျှ သုံးဆယ်သော ပါရမီတော်တို့ကို လည်းကောင်း။
ဥစ္စာ, သား, မယား, ကိုယ်အင်္ဂါ, အသက်အားဖြင့် ငါးပါးသော စွန့်ခြင်းကြီးတို့ကို လည်းကောင်း။
အလုံးစုံသော သတ္တလောကကြီး၏ အကျိုးစီးပွား အလို့ငှာ ကျင့်တော်မူခြင်း၊ အမျိုးသားတို့၏ အကျိုးစီးပွား အလို့ငှာ ကျင့်တော်မူခြင်း၊ ဘုရားဖြစ်ခြင်း အလို့ငှာ ကျင့်တော်မူခြင်း၊ ဤသုံးပါးသော အကျင့်မြတ်တို့က်ို လည်းကောင်း။
အဆုံးစွန်သော ကိုယ်တော်၏ အဖြစ်၌ အမိဝမ်းတွင်းဝယ် ပဋိသန္ဓေနေတော်မူခြင်း၊ ဖွားမြင်တော်မူခြင်း၊ တောထွက်တော်မူခြင်း၊ ဒုက္ကရစရိယာ ကျင့်တော်မူခြင်း၊ ဗောဓိပလ္လင်၌ မာရ်ငါးပါးကို အောင်တော်မူခြင်း၊ သဗ္ဗညုတဉာဏ်ကို ရတော်မူခြင်း၊ ဓမ္မစကြာတရားတော်ကို ဟောတော်မူခြင်းတို့ကို လည်းကောင်း။
မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန်အားဖြင့် လောကုတ္တရာ တရားကိုးပါးတို့ကို လည်းကောင်း။
ဤအလုံးစုံသော ဘုရားဂုဏ်ကျေးဇူးတော်တို့ကို အောက်မေ့ဆင်ခြင်ပြီးလျှင် ဝေသာလီပြည် မြို့ရိုးသုံးထပ်တို့၏ အကြား၌ ညဉ့်သုံးယံပတ်လုံး ပရိတ်အရံအတားကို ပြုတော်မူသော အရှင်အာနန္ဒာမထေရ်ကဲ့သို့ သနားခြင်း ကရုဏာရှိသောစိတ်ကို ကိုယ်စီကိုယ်ငှ ထားကြကုန်လျက်-
၂။ ကောဋီသတသဟေဿသု၊ စက္ကဝါဠေသု ဒေဝတာ။
ယဿာ'ဏံ ပဋိဂ္ဂဏှန္တိ၊ ယဉ္စ ဝေသာလိယာ ပုရေ။
၃။ ရောဂါမနုဿဒုဗ္ဘိက္ခ၊ သမ္ဘူတံ တိဝိဓံ ဘယံ။
ခိပ္ပ'မန္တရဓာပေသိ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
၂-၃။ စကြဝဠာ ကုဋေတစ်သိန်း၌ နေထိုင်ကြကုန်သော နတ်အများတို့သည် ရတနသုတ် ပရိတ်တရားတော်၏ တန်ခိုးအာဏာစက်ကို နှစ်သက်ကြည်ဖြူ ခံယူကြလေကုန်၏၊ ဤရတနသုတ် ပရိတ်တော်သည်သာလျင် ဝေသာလီပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေး အနာရောဂါဘေး ဘီလူးဘေး ဤဘေးကြီးသုံးပါးတို့ကို လျင်မြန်စွာ ကွယ်ပျောက် ငြိမ်းအေးစေတော်မူ၏၊ အို- သူတော်ကောင်း အပေါင်းတို့ ထိုရတနသုတ် ပရိတ်တော်ကို ငါတို့ရွတ်ဖတ်ကြကုန်စို့။
၄။ ယာနီဓ ဘူတာနိ သမာဂတာနိ၊ ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ။
သဗ္ဗေဝ ဘူတာ သုမနာ ဘဝန္တု၊ အထောပိ သက္ကစ္စ သုဏန္တု ဘာသိတံ။
၄။ မြေ၌တည်ကုန်သော နတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌တည်ကုန်သော နတ်တို့သည်လည်းကောင်း၊ ဤအရပ်သို့ အညီအညွတ် လာကြကုန်၏၊ အလုံးစုံသာလျှင်ဖြစ်သော နတ်တို့သည် နှစ်သက်ရွှင်ပြ ဝမ်းမြောက်ကြစေကုန်သတည်း၊ ထိုမှတစ်ပါးလည်း (ငါဘုရား)ဟောအပ်သော ပရိတ်တရားတော်ကို ရိုသေစွာနာကြစေကုန်သတည်း။
၅။ တသ္မာ ဟိ ဘူတာ နိသာမေထ သဗ္ဗေ၊
မေတ္တံ ကရောထ မာနုသိယာ ပဇာယ။
ဒိဝါ စ ရတ္တော စ ဟရန္တိ ယေ ဗလိံ၊
တသ္မာ ဟိ နေ ရက္ခထ အပ္ပမတ္တာ။
၅။ နတ်များတို့ ထို့ကြောင့်သာလျှင် အသင်နတ်အားလုံးတို့သည် (ဟောတော်မူအပ်သော ပရိတ်တရားတော်ကို စိတ်၌)သိုမှီးသိမ်းဆည်းကြကုန်လော့၊ လူသတ္တဝါအပေါင်း၌ မေတ္တာကိုပြုကြကုန်လော့၊ အကြင်သူတို့သည် နေ့၌လည်းကောင်း၊ ညဉ့်၌လည်းကောင်း သင်တို့အား ပူဇော်ပသခြင်းကို ပြုကြကုန်၏၊ ထို့ကြောင့်သာလျှင် ထိုလူတို့ကို မမေ့မလျှော့ စောင့်ရှောက်ကြကုန်လော့။
၆။ ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
နနော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၆။ ဤလူ့ပြည်၌လည်းကောင်း၊ နဂါး, ဂဠုန်ပြည်တို့၌ လည်းကောင်း၊ နတ်ပြည်တို့၌လည်းကောင်း နှစ်သက်ခြင်းကို ဖြစ်စေတတ်သော မွန်မြတ်သော အလုံးစုံသော အကြင် ရတနာမျိုးသည်ရှိ၏၊ ထိုရတနာမျိုးတွင် မြတ်စွာဘုရားနှင့်တူသော ရတနာမျိုးသည်မရှိ၊ ဘုရားဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏၊ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
၇။ ခယံ ဝိရာဂံ အမတံ ပဏီတံ၊ ယဒဇ္စျဂါ သကျမုနီ သမာဟိတော။
န တေန ဓမ္မေန သမတ္ထိ ကိဉ္စိ၊ ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၇။ ကိလေသာကုန်ရာဖြစ်သော ရာဂ၏ကင်းရာဖြစ်သော သေခြင်းကင်းသော မြတ်သောအကြင်နိဗ္ဗာန်ကို တည်ကြည်သောစိတ်ရှိသော သာကီနွယ်ဖွား မြတ်ဘုရားသည် ရတော်မူ၏၊ ထို(နိဗ္ဗာန်) တရားနှင့်တူသော တစ်စုံတစ်ခုသော ရတနာမျိုးသည်မရှိ၊ နိဗ္ဗာန်တရားဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏၊ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
၈။ ယံ ဗုဒ္ဓသေဋ္ဌော ပရိဝဏ္ဏယီ သုစိံ၊ သမာဓိ' မာနန္တရိက'ည' မာဟု။
သမာဓိနာ တေန သမော န ဝိဇ္ဇတိ၊ ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၈။ မြတ်စွာဘုရားသည် အကြင်(အရဟတ္တမဂ်နှင့်ယှဉ်သော)သမာဓိကို စင်ကြယ်၏ဟု ချီးမွမ်းတော်မူ၏၊ အကြင် (အရဟတ္တမဂ်နှင့်ယှဉ်သော) သမာဓိကို မိမိအခြားမဲ့၌ အကျိုးပေး၏ဟု (ဘုရားရှင်တို့) ဟောဆိုကုန်၏၊ (အရဟတ္တမဂ်နှင့်ယှဉ်သော) သမာဓိနှင့်တူသော တရားမျိုးသည်မရှိ တရားတော်ဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏၊ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
၉။ ယေ ပုဂ္ဂလာ အဋ္ဌသတံ ပသတ္ထာ၊ စတ္တာရိ ဧတာနိ ယုဂါနိ ဟောန္တိ။
တေ ဒက္ခိဏေယျာ သုဂတဿ သာဝကာ၊ ဧတေသု ဒိန္နာနိ မဟပ္ဖလာနိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၉။ လေးယောက်အစုံဖြစ်ကုန်သော ထိုပုဂ္ဂိုလ်ရှစ်ယောက်တို့ကို သူတော်ကောင်းတို့သည် ချီးမွမ်းအပ်ကုန်ပြီ၊ မြတ်စွာဘုရား၏ တပည့်ဖြစ်ကုန်သော ထိုပုဂ္ဂိုလ်တို့သည် မြတ်သောအလှူကို ခံထိုက်ကုန်၏၊ ထိုပုဂ္ဂိုလ်တို့၌ လှူအပ်သော အလှူတို့သည် အကျိုးကြီးကုန်၏၊ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏၊ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာပါစေသတည်း။
၁၀။ ယေ သုပ္ပယုတ္တာ မနသာ ဒဠှေန၊ နိက္ကာမိနော ဂေါတမသာသနမှိ။
တေ ပတ္တိပတ္တာ အမတံ ဝိဂယှ၊ လဒ္ဓါ မုဓာ နိဗ္ဗုတိံ ဘုဉ္ဇမာနာ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၁၀။ ဂေါတမမြတ်စွာဘုရားသာသနာ၌ အကြင်(ရဟန္တာ)ပုဂ္ဂိုလ်တို့သည် ခိုင်မြဲစွာသောစိတ်ဖြင့် ကောင်းစွာအားထုတ်ကြကုန်၏၊ (ကိလေသာမှ)ထွက်မြောက်ကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် ရထိုက်သော အရဟတ္တဖိုလ်ကို ရကြကုန်သည်ဖြစ်၍ သေခြင်းကင်းသောနိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် ရကုန်လျက် မပျက်မစီး အရဟတ္တဖလသမာပတ်ကို ခံစားကုန်၏၊ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏၊ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
၁၁။ ယထိန္ဒခီလော ပထဝိဿိတော သိယာ၊ စတုဗ္ဘိ ဝါတေဟိ အသမ္ပကမ္ပိယော။
တထူပမံ သပ္ပုရိသံ ဝဒါမိ၊ ယော အရိယသစ္စာနိ အဝေစ္စ ပဿတိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၁၁။ မြေ၌စိုက်ထူအပ်သော တံခါးတိုင်သည် အရပ်လေးမျက်နှာတို့မှ လာသော လေတို့ကြောင့် မတုန်လှုပ်သကဲ့သို့ အရိယာသစ္စာတို့ကို ပညာဖြင့်သက်ဝင်၍မြင်သော သောတာပန်ပုဂ္ဂိုလ်ကို ထိုတံခါးတိုင်နှင့်တူ၏ဟု ငါဆို၏၊ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏၊ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
၁၂။ ယေ အရိယသစ္စာနိ ဝိဘာဝယန္တိ၊ ဂမ္ဘီရပညေန သုဒေသိတာနိ။
ကိဉ္စာပိ တေ ဟောန္တိ ဘုသံ ပမတ္တာ၊ န တေ ဘဝံ အဋ္ဌမ'မာဒိယန္တိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၁၂။ အကြင် (သောတာပန်) ပုဂ္ဂိုလ်တို့သည် နက်နဲသော ဉာဏ်ပညာရှိသော မြတ်စွာဘုရား ကောင်းစွာ ဟောကြားအပ်သော အရိယသစ္စာတို့ကို ထင်ရှားအောင်ပြုကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် ပြင်းထန်စွာ မေ့လျော့ကြစေကာမူ ရှစ်ကြိမ်မြောက်ဘဝကို မယူကုန်၊ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏၊ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
၁၃။ သဟာဝ'ဿ ဒဿနသမ္ပဒါယ၊ တယ'ဿု ဓမ္မာ ဇဟိတာ ဘဝန္တိ။
သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆိတဉ္စ၊ သီလဗ္ဗတံ ဝါပိ ယဒတ္ထိ ကိဉ္စိ။
၁၃။ ထိုပုဂ္ဂိုလ်သည် သောတာပတ္တိမဂ်ဉာဏ်ကို ရသည်နှင့် တစ်ပြိုင်နက်သာလျှင် သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသ ဤတရားသုံးပါးတို့ကို ပယ်စွန့်အပ်ကုန်၏၊ ကိလေသာစိုးစဉ်းမျှ ရှိစေကာမူ-
၁၄။ စတူဟပါယေဟိ စ ဝိပ္ပမုတ္တော၊ ဆစ္စာဘိဌာနာနိ အဘဗ္ဗ ကာတုံ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၁၄။ အပါယ်လေးပါးတို့မှလွတ်၏၊ (အနန္တရိယကံငါးပါးနှင့် နိယတမိစ္ဆာဒိဋ္ဌိဟူသော) ခြောက်ပါးသောတရားတို့ကို မပြုတော့ပြီ၊ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏၊ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
၁၅။ ကိဉ္စာပိ သော ကမ္မ ကရောတိ ပါပကံ၊ ကာယေန ဝါစာ ဥဒ စေတသာ ဝါ။
အဘဗ္ဗ သော တဿ ပဋိစ္ဆဒါယ၊ အဘဗ္ဗတာ ဒိဋ္ဌပဒဿ ဝုတ္တာ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၁၅။ ထို (သောတာပန်) ပုဂ္ဂိုလ်သည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း မကောင်းမှုကံကို ပြုစေကာမူ ထိုမိမိပြုသောကံကို မဖုံးလွှမ်းတော့ပြီ၊ နိဗ္ဗာန်ကို မြင်ပြီးသော (သောတာပန်) ပုဂ္ဂိုလ်၏ ဖုံးလွှမ်းခြင်းမပြုတော့သည့်အဖြစ်ကို (မြတ်စွာဘုရား)ဟောအပ်၏၊ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏၊ ဤသစ္စာစကားကြောင့် သတ္တဝါတို့ ချမ်းသာကြပါစေသတည်း။
၁၆။ ဝနပ္ပဂုမ္ဗေ ယထာ ဖုဿိတဂ္ဂေ၊ ဂိမှာန မာသေ ပဌမသ္မိံဂိမှေ။
တထူပမံ ဓမ္မဝရံ အဒေသယိ၊ နိဗ္ဗာနဂါမိံ ပရမံ ဟိတာယ။
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၁၆။ နွေဥတု၏အစဖြစ်သော တန်ခူးလ၏ ပင်လုံးကျွတ်ပွင့်သော တောအုပ်သည် ကျက်သရေရှိ၍ တင့်တယ်သကဲ့သို့ ထိုတောအုပ်လျှင် ဥပမာရှိသော နိဗ္ဗာန်သို့ ရောက်စေတတ်သော (ပရိယတ္တိ) တရားတော်မြတ်ကို (နိဗ္ဗာန်) အကျိုးငှာ ဟောတော်မူ၏၊ ဘုရားဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏၊ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
၁၇။ ဝရော ဝရညူ ဝရဒေါ ဝရာဟရော၊ အနုတ္တရော ဓမ္မဝရံ အဒေသယိ။
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၁၇။ မြင့်မြတ်သည်ဖြစ်၍ မြင့်မြတ်သော နိဗ္ဗာန်ကိုသိတော်မူသော မြင့်မြတ်သော တရားကို ပေးတတ်သော မြင့်မြတ်သောမဂ်ကို ဆောင်တတ်သော မိမိထက်သာသူ မရှိသော မြတ်စွာဘုရားသည် မြင့်မြတ်သောတရားတော်ကို ဟောကြားတော်မူပြီ၊ ဘုရားဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏၊ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
၁၈။ ခီဏံ ပုရာဏံ နဝ နတ္ထိ သမ္ဘဝံ၊ ဝိရတ္တစိတ္တာ' ယတိကေ ဘဝသ္မိံ။
တေ ခီဏဗီဇာ အဝိရူဠှိဆန္ဒာ၊ နိဗ္ဗန္တိ ဓီရာ ယထာယံ ပဒီပေါ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၁၈။ (အကြင်ရဟန္တာပုဂ္ဂိုလ်တို့အား) ကံဟောင်းကုန်ပြီ ကံသစ်မရှိတော့ပြီ၊ လာလတ္တံ့သောဘဝ၌ တပ်မက်ခြင်း ကင်းသော စိတ်ရှိကုန်သည် ပဋိသန္ဓေမျိုးစေ့ကုန်ပြီးသည်ဖြစ်၍ စည်ပင်ပြန့်ပွားသော ဆန္ဒမရှိကုန်၊ ဆီမီးသည်ငြိမ်းသကဲ့သို့ ပညာရှိသော ထိုရဟန္တာတို့သည် ခန္ဓာဇာတ်သိမ်းငြိမ်းကုန်ပြီ၊ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏၊ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
၁၉။ ယာနီဓ ဘူတာနိ သမာဂတာနိ၊ ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ။
တထာဂတံ ဒေဝမနုဿပူဇိတံ၊ ဗုဒ္ဓံ နမဿာမ သုဝတ္ထိ ဟောတု။
၁၉။ မြေ၌တည်ကုန်သော နတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌တည်ကုန်သော နတ်တို့သည်လည်းကောင်း၊ ဤအရပ်သို့ အညီအညွတ်လာကုန်၏ ထိုငါတို့သည် လာခြင်းကောင်းတော်မူသော နတ်လူတို့ပူဇော်အပ်သော မြတ်စွာဘုရားကို ရှိခိုးပါကုန်၏၊ (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
၂၀။ ယာနီဓ ဘူတာနိ သမာဂတာနိ၊ ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ။
တထာဂတံ ဒေဝမနုဿပူဇိတံ၊ ဓမ္မံ နမဿာမ သုဝတ္ထိ ဟောတု။
၂၀။ မြေ၌တည်ကုန်သော နတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌တည်ကုန်သော နတ်တို့သည်လည်းကောင်း၊ ဤအရပ်သို့ အညီအညွတ်လာကုန်၏ ထိုငါတို့သည် ကိလေသာတို့ကို ဖျက်ဆီးသောအားဖြင့်ဖြစ်သော နတ်လူတို့ ပူဇော်အပ်သော တရားတော်ကို ရှိခိုးပါကုန်၏၊ (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
၂၁။ ယာနီဓ ဘူတာနိ သမာဂတာနိ၊ ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ။
တထာဂတံ ဒေဝမနုဿပူဇိတံ၊ သံဃံ နမဿာမ သုဝတ္ထိ ဟောတု။
ရတနသုတ္တံ နိဋ္ဌိတံ။
---
မေတ္တာသုတ်
မေတ္တသုတ် ရွတ်ဖတ်ရခြင်း အကျိုး
မေတ္တသုတ်ကို အမြဲမပြတ် ရွတ်ဖတ်လေ့ရှိသူတို့မှာ အခြောက်အလှန့်မခံရခြင်း၊ အနာရောဂါကင်းခြင်း၊ အိပ်မက်ဆိုး နိမိတ်ဆိုး အတိတ်ဆိုးများ မတွေ့ကြုံရခြင်း၊ လူနတ်အများချစ်ခင်ခြင်း၊ အဆိပ် လက်နက် မစူးရှခြင်း၊ ရူးသွပ်သော ဝေဒနာ ကင်းခြင်းမှစ၍ ဗြဟ္မာ့ဘုံရောက်သည်အထိ အကျိုးပေးနိုင်စွမ်း ရှိလေသည်။
၁။ ယဿာနုဘာဝတော ယက္ခာ၊ နေဝ ဒေဿန္တိ ဘီသနံ။
ယဥှိ စေဝါနုယုဉ္ဇန္တော၊ ရတ္တ္တိန္ဒိဝ' မတန္ဒိတော။
မေတ္တာသုတ်တော် မြန်မာပြန်
၁။ မေတ္တာသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော်အာနုဘော်ကြောင့် ဘီလူးကြမ်းတို့သည် ကြောက်မက်ဖွယ်သော အဆင်း အသံ အစရှိသော အာရုံတို့ကို မပြဝံ့ မခြောက်ဝံ့ကြလေကုန်၊ မေတ္တာသုတ်ပရိတ်တော်ကို ညဉ့်အခါ၌ လည်းကောင်း၊ နေ့အခါ၌ လည်းကောင်း၊ မပျင်းမရိ လုံ့လပြု၍ ရွတ်ဖတ်သောသူသည်။
၂။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။
ဧဝမာဒိ ဂုဏူပေတံ၊ ပရိတ္တံ တံ ဘဏာမဟေ။
၂။ ချမ်းသာစွာအိပ်ရ၏၊ အိပ်သော်လည်း မကောင်းသော အိပ်မက်ကို တစိုးတစိမျှ မမြင်မက်၊ ဤသို့ အစရှိသော ဂုဏ်ကျေးဇူးအပေါင်းနှင့် ပြည့်စုံသော မေတ္တာသုတ် ပရိတ်တော်ကို အို- သူတော်ကောင်းတို့ ငါတို့ရွတ်ဖတ်ကြပါကုန်စို့။
၃။ ကရဏီယ' မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊ သူဝစော စဿ မုဒု အနတိမာနီ။
၃။ လောကီလောကုတ္တရာ အကျိုးစီးပွား၌ လိမ္မာသောသူသည် ငြိမ်သက်အေးချမ်းသော နိဗ္ဗာန်ကို အာရုံပြု၍ ဤဆိုလတ္တံ့သော သူတော်ကောင်းနည်းလမ်းကို ကျင့်ကြံ အားထုတ် ပြုလုပ်အပ်၏၊ ကိုယ်နှင့်အသက်တို့ကို မငဲ့ကွက် မညှာတာ ပြုလုပ်ခြင်းငှာ စွမ်းနိုင်ရာ၏၊ ကိုယ်နှုတ်နှစ်ပါး ရိုးသားဖြောင့်မတ်ရာ၏၊ စိတ်သဘောထား ကောင်းစွာ ဖြောင့်မတ်ရာ၏၊ ဆိုဆုံးမလွယ်ရာ၏၊ နူးညံ့သိမ်မွေ့ရာ၏၊ သူတစ်ပါးအပေါ် ထောင်လွှားသော မာန်မာနမရှိရာ။
၄။ သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။
သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွ' နနုဂိဒ္ဓေါ။
၄။ ရောင့်ရဲလွယ်ရာ၏၊ မွေးမြူလွယ်ရာ၏၊ နည်းပါးသော အမှုကိစ္စရှိရာ၏၊ ပေါ့ပါးသော အသက်မွေးခြင်း ရှိရာ၏၊ ငြိမ်သက်သော ဣန္ဒြေရှိရာ၏၊ အရာရာ၌ ခွဲခြမ်းစိတ်ဖြာ ရဲရင့်သော ဉာဏ်ပညာရှိရာ၏၊ ကိုယ်နှုတ်နှလုံး သုံးပါးလုံး ရုန့်ရင်း ကြမ်းတမ်းမှု မရှိရာ၊ ဒါယကာတို့၌ တွယ်တာမက်မောမှုမရှိရ။
၅။ န စ ခုဒ္ဒ' မာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပဝဒေယျုံ။
သုခိနော ဝ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
၅။ ပညာရှိတို့ ကဲ့ရဲ့ရှုတ်ချအပ်သော တစုံတစ်ခုသော မကောင်းမှုကို အနည်းငယ်မျှသော်လည်း မပြုမလုပ်ရာ၊ ခပ်သိမ်းသော သတ္တဝါတို့သည် ကိုယ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေကုန်သတည်း၊ စိတ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေကုန်သတည်း၊ ဘေးရန် ဥပဒ္ဒဝေါ မရှိကြပါစေကုန်သတည်း။
၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ဝါ ထာဝရာ ဝ' နဝသေသာ။
ဒီဃာ ဝါ ယေ ဝ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။
၆။ အကြွင်းမရှိ အလုံးစုံ ထွက်သက် ဝင်သက်ရှိသော သတ္တဝါ၊ ထင်ရှားရှိသော သတ္တဝါ၊ ထိတ်လန့်တတ်သော သတ္တဝါ၊ တည်ကြည်ငြိမ်သက်သော၊ သတ္တဝါ၊ ရှည်သော သတ္တဝါ၊ တိုသော သတ္တဝါ၊ ပုကွသော သတ္တဝါ၊ မတိုမရှည်သော သတ္တဝါ၊ ကြီးသော သတ္တဝါ၊ ငယ်သော သတ္တဝါ၊ မကြီးမငယ်သော သတ္တဝါ၊ ဆူသော သတ္တဝါ၊ ကြုံသော သတ္တဝါ၊ မဆူမကြုံသော သတ္တဝါ။
၇။ ဒိဋ္ဌာ ဝါ ယေ ဝ အဒိဋ္ဌာ၊ ယေ ဝ ဒူရေ ဝသန္တိ အဝိဒူရေ။
ဘူတာ ဝ သမ္ဘဝေသီ ဝ၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
၇။ မျက်စိဖြင့် မြင်ကောင်းသော သတ္တဝါ၊ မျက်စိဖြင့် မမြင်ကောင်းသော သတ္တဝါ၊ အဝေး၌နေသော သတ္တဝါ၊ အနီး၌နေသော သတ္တဝါ၊ ထင်ရှားဖြစ်ပေါ်ပြီးသော သတ္တဝါ၊ ဖြစ်ဆဲတည်နေသော သတ္တဝါ၊ ဤအလုံးစုံသော သတ္တဝါတို့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ရှိကြပါစေကုန်သတည်း။
၈။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ။
ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခမိစ္ဆေယျ။
၈။ တစ်ယောက်သောသူက တစ်ယောက်သောသူကို အမျက်မထွက်ပါစေလင့်၊ တစ်စုံတစ်ခုသော အမှုကိစ္စ၌ တစ်ယောက်သောသူက တစ်ယောက်သောသူကို ညှဉ်းဆဲချုပ်ချယ်သော ကာယကံ ဝစီကံဖြင့် လည်းကောင်း၊ ခိုက်ရန်မျက်ပွား အငြိုးထားသောစိတ်ဖြင့် လည်းကောင်း၊ အနည်းငယ်မျှသော်မှ မထီမဲ့မြင် မအောက်မေ့ပါစေလင့်၊ အချင်းချင်း၏ ဆင်းရဲဒုက္ခကို အလိုမရှိပါစေလင့်။
၉။ မာတာ ယထာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခေ။
ဧဝမ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။
၉။ အမိသည် မိမိရင်သွေးဖြစ်သော တစ်ယောက်တည်းသော သားငယ်ကို အသက်အတွက်ကြောင့် အဖန်တလဲလဲ စောင့်ရှောက်သကဲ့သို့ ဤနည်းအတူသာလျှင် ခပ်သိမ်းသော သတ္တဝါတို့၌ အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွားစေရာ၏၊
၁၀။ မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ အသမ္ဗာဓံ အဝေရ မသပတ္တံ။
၁၀။ ကာမဘဝတည်းဟူသော အောက်လောက၌ လည်းကောင်း၊ ရူပဘဝတည်းဟူသော အလယ်လောက၌ လည်းကောင်း၊ အရူပဘဝတည်းဟူသော အထက်လောက၌ လည်းကောင်း၊ ဤလောကသုံးပါးတို့၌ ပိုင်းခြားလွတ်ကင်း ကျဉ်းမြောင်းခြင်းလည်းမရှိ ကိုယ်တွင်းဘေးရန် လည်းမရှိ အပဘေးရန်လည်းမရှိ အတိုင်းမသိ ချစ်ခင်မြတ်နိုးသော မေတ္တာစိတ်ကိုလည်း ပွားစေရာ၏၊
၁၁။ တိဋ္ဌံ စရံ နိသိန္နော ဝ၊ သယာနော ယာဝတာ'ဿ ဝိတမိဒ္ဓေါ။
ဧတံ သတိံ အဓိဋ္ဌေယျ၊ ဗြဟ္မ'မေတံ ဝိဟာရ' မိဓ' မာဟု။
၁၁။ ရပ်နေစဉ်သော်လည်းကောင်း၊ သွားနေစဉ်သော် လည်းကောင်း၊ ထိုင်နေစဉ်သော် လည်းကောင်း၊ လဲလျောင်းနေစဉ်သော် လည်းကောင်း၊ မအိပ်မငိုက်သမျှ ကာလပတ်လုံး သာသနာတော်ကြီး၌ မေတ္တာစိတ်နှင့် ယှဉ်၍ နေထိုင်ခြင်းကို မြတ်သောနေထိုင်ခြင်း ဟူ၍ မြတ်စွာဘုရားတို့ ဟောတော်မူကုန်၏၊
၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ သီလဝါ ဒဿနေန သမ္ပန္နော။
ကာမေသု ဝိနေယျ ဂေဓံ၊ န ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုန ရေတိ။
၁၂။ မေတ္တာကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ် ပြုလုပ်သောသူသည် အမြင်ဖောက်ပြန် မိစ္ဆာဉာဏ်သို့ မကပ်မရောက်သောကြောင့် လောကုတ္တရာသီလ ရှိသည်ဖြစ်၍ မဂ်ဉာဏ်အမြင်နှင့် ပြည့်စုံပြီးလျှင် ဝတ္ထုကာမ ကိလေသာကာမတို့၌ တပ်မက်မောခြင်း ကင်းသောကြောင့် နောက်တဖန် အမိဝမ်းတွင်း ပဋိသန္ဓေနေခြင်း သို့ ဧကန်မရောက်တော့ပြီ။
မေတ္တသုတ္တံ နိဋ္ဌိတံ။
မေတ္တသုတ်တော် မြန်မာပြန်ပြီး၏
ခန္ဓသုတ်
ခန္ဓသုတ်ရွတ်ဖတ်ရခြင်းအကျိုး
မြွေဘေးကင်းနိုင်သည်၊ အခြားအဆိပ်ရှိသော သတ္တဝါတို့ဘေးမှလည်း လွတ်နိုင်သည်၊ မြွေကိုက်ကင်းကိုက်ခံရသော အခါမျိုး၌လည်း အကြိမ်ကြိမ်ရွတ်နိုင်သည်၊ ဘေးရန်ကို ကျော်လွန်နိုင်သည်။
၁။ သဗ္ဗာသီဝိသဇာတီနံ၊ ဒိဗ္ဗမန္တာဂဒံ ဝိယ။
ယံ နာသေတိ ဝိသံ ဃောရံ၊ သေသဉ္စာပိ ပရိဿယံ။
၂။ အာဏာခေတ္တမှိ သဗ္ဗတ္ထ၊ သဗ္ဗဒါ သဗ္ဗပါဏိနံ။
သဗ္ဗသောပိ နိဝါရေတိ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
၁၊ ၂။ နတ်ဆေးဝါး နတ်မန္တရားသည် အလုံးစုံသော မြွေမျိုးလေးပါးတို့၏ လျင်သောအဆိပ် ကြမ်းသောအဆိပ်ကို ပယ်ဖျောက် ငြိမ်းအေးစေသကဲ့သို့ ဤခန္ဓပရိတ်တော်သည် အာဏာခေတ် စကြဝဠာကုဋေ တစ်သိန်းလုံး၌ နေထိုင်ကြကုန်သော သတ္တဝါအနန္တတို့အား လျင်သောအဆိပ် ကြမ်းသောအဆိပ်ကို လည်းကောင်း၊ ထိုမှတပါး သစ်, ကျား အစရှိသော ဘေးရန်အပေါင်းကို လည်းကောင်း၊ အလုံးစုံသော အခြင်းအရာဖြင့် အခါခပ်သိမ်း ပယ်ဖျောက်တားမြစ်နိုင်၏၊
အို-သူတော်ကောင်းအပေါင်းတို့ ထို ခန္ဓသုတ်ပရိတ်တော်ကို ငါတို့ ရွတ်ဖတ်ကြကုန်စို့။
၃။ ဝိရူပက္ခေဟိ မေ မေတ္တံ၊ မေတ္တံ ဧရာပထေဟိ မေ။
ဆဗျာပုတ္တေဟိ မေ မေတ္တံ၊ မေတ္တံ ကဏှာဂေါတမကေဟိ စ။
၃။ ဝိရူပက္ခ နဂါးမင်းတို့နှင့်တကွ အမျိုးအဆွေ မြွေတို့၌ ငါ၏ချစ်မြတ်နိုးခြင်းသည် ပျံ့နှံ့စေသတည်း၊ ဧရာပထ နဂါးမင်းတို့နှင့်တကွ အမျိုးအဆွေ မြွေတို့၌ ငါ၏ ချစ်မြတ်နိုးခြင်းသည် ပျံ့နှံ့စေသတည်း၊ ဆဗျာပုတ္တ နဂါးမင်းတို့နှင့်တကွ အမျိုးအဆွေ မြွေတို့၌ ငါ၏ ချစ်မြတ်နိုးခြင်းသည် ပျံ့နှံ့စေသတည်း၊ ကဏှာဂေါတမ နဂါးမင်းတို့နှင့်တကွ အမျိုးအဆွေ မြွေတို့၌ ငါ၏ ချစ်မြတ်နိုးခြင်းသည် ပျံ့နှံ့စေသတည်း။
၄။ အပါဒကေဟိ မေ မေတ္တံ၊ မေတ္တံ ဒွိပါဒကေဟိမေ။
စတုပ္ပဒေဟိ မေ မေတ္တံ၊ မေတ္တံ ဗဟုပ္ပဒေဟိ မေ။
၄။ ခြေမရှိသော သတ္တဝါတို့၌ ငါ၏ချစ်မြတ်နိုးခြင်းသည် ပျံ့နှံ့စေသတည်း။ ခြေနှစ်ချောင်းရှိသော သတ္တဝါတို့၌ ငါ၏ချစ်မြတ်နိုးခြင်းသည် ပျံ့နှံ့စေသတည်း။ ခြေလေးချောင်းရှိသော သတ္တဝါတို့၌ ငါ၏ချစ်မြတ်နိုးခြင်းသည် ပျံ့နှံ့စေသတည်း။ များသောခြေရှိသော သတ္တဝါတို့၌ ငါ၏ချစ်မြတ်နိုးခြင်းသည် ပျံ့နှံ့စေသတည်း။
၅။ မာ မံ အပါဒကော ဟိံသိ၊ မာ မံ ဟိံသိ ဒွိပါဒကော။
မာ မံ စတုပ္ပဒေါ ဟိံသိ၊ မာ မံ ဟိံသိ ဗဟုပ္ပဒေါ။
၅။ ခြေမရှိသော သတ္တဝါသည် ငါ့ကို မညှဉ်းဆဲပါစေသတည်း၊ ခြေနှစ်ချောင်းရှိသော သတ္တဝါသည် ငါ့ကို မညှဉ်းဆဲပါစေသတည်း၊ ခြေလေးချောင်းရှိသော သတ္တဝါသည် ငါ့ကိုမညှဉ်းဆဲပါစေသတည်း၊ များသောခြေရှိသော သတ္တဝါသည် ငါ့ကို မညှဉ်းဆဲပါစေသတည်း၊
၆။ သဗ္ဗေ သတ္တာ သဗ္ဗေပါဏာ၊ သဗ္ဗေ ဘူတာ စ ကေဝလာ။
သဗ္ဗေ ဘဒြာနိ ပဿန္တု၊ မာ ကဉ္စိ ပါပ'မာဂမာ။
၆။ ခပ်သိမ်းသော သတ္တဝါအလုံးစုံ ထွက်သက်,ဝင်သက် ရှိသော သတ္တဝါအလုံးစုံ အတ္တဘောထင်ရှားရှိသော သတ္တဝါ ဤသတ္တဝါအားလုံးတို့သည် ကောင်းမြတ်သော အာရုံတို့ကို တွေ့မြင်ကြပါစေကုန်သတည်း၊ မကောင်းသော အာရုံသည် ထိုသတ္တဝါတို့၏ အထံသို့ မကပ်ရောက်ပါစေသတည်း။
၇။ အပ္ပမာဏော ဗုဒ္ဓေါ၊ အပ္ပမာဏော ဓမ္မော။
အပ္ပမာဏော သံဃော၊ ပမာဏဝန္တာနိ သရီသပါနိ။
အဟိ ဝိစ္ဆိကာ သတပဒီ၊ ဥဏ္ဏနာဘီ သရဗူ မူသိကာ။
၇။ မြတ်စွာဘုရားသည် နှိုင်းယှဉ်ခြင်းကို ပြုတတ်သော ကိလေသာမရှိ၊ တရားတော်သည် နှိုင်းယှဉ်ခြင်းကို ပြုတတ်သော ကိလေသာမရှိ၊ သံဃာတော်သည် နှိုင်းယှဉ်ခြင်းကို ပြုတတ်သော ကိလေသာမရှိ၊ ရင်ဖြင့် တွား၍ သွားတတ်ကုန်သော မြွေ၊ ကင်းမြီးကောက်, ကင်းခြေများ, ပင့်ကူ, တက်တူ, ကြွက်တို့သည် နှိုင်းယှဉ်ခြင်းကို ပြုတတ်သော ကိလေသာ ရှိကုန်၏၊
၈။ ကတာ မေ ရက္ခာ, ကတံ မေ ပရိတ္တံ၊ ပဋိက္ကမန္တု ဘူတာနိ။
သောဟံ နမော ဘဂဝတော၊ နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။
ခန္ဓသုတ္တံ နိဋ္ဌိတံ။
၈။ ငါသည် အစောင့်အရှောက်ကို ပြုလုပ်အပ်ပြီ၊ ငါသည် အရံအတားကို ပြုလုပ်အပ်ပြီ၊ အကျိုးမဲ့ကို အလိုရှိသော သတ္တဝါတို့သည် ဖဲခွါ ထွက်သွားကြလေကုန်လော့၊ ငါသည် ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားအား ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏၊ ဝိပဿီအစရှိသော ခုနှစ်ဆူကုန်သော ဘုရားရှင်တို့အားလည်း ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပူဇော်ပါ၏၊
ခန္ဓသုတ်တော် မြန်မာပြန် ပြီး၏၊
---
မောရသုတ်
မောရသုတ် ရွတ်ဖတ်ရခြင်း အကျိုး
ပီယဆေးခတ်ခြင်း၊ ပုဏ္ဏကတိုက်ခြင်း စသည်ဖြင့် သူတစ်ပါးတို့က မကောင်းမကြံနိုင်အောင် ကာကွယ်နိုင်သည်၊ အထူးသဖြင့် အပျိုရည် အပျို့သိက္ခာကို မြတ်နိုးသော မိန်းကလေးများအတွက် အကာအကွယ်ကောင်း ဖြစ်သည်။ အန္တရာယ်ပြုရန် တစ်စုံတစ်ယောက်က မိမိနောက်သို့ လိုက်နေသောအခါများတွင် ရွတ်နိုင်သည်၊ သူတစ်ပါးက မိမိ၏ရာထူးအခြေအနေ လျှောကြအောင် ကြံစည်နေလျှင်လည်း အကာအကွယ်ကောင်းတစ်ခု ဖြစ်ပေသည်။ လုပ်ကြံ သတ်ဖြတ်မှု မခံရအောင်လည်း စွမ်းပေသေးသည်။
၁။ ပူရေန္တံ ဗောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ မောရယောနိယံ။
ယေန သံဝိဟိတာရက္ခံ၊ မဟာသတ္တံ ဝနေစရာ။
၂။ စိရဿံ ဝါယမန္တာပိ၊ နေဝ သက္ခိံသု ဂဏှိတုံ။
ဗြဟ္မမန္တန္တိ အက္ခာတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
၁-၂။ သဗ္ဗညုတဉာဏ်တော်၏ အခြေခံအဆောက်အဦ ဖြစ်သော ပါရမီတို့ကို ဖြည့်ကျင့်တော်မူစဉ်အခါ ဥဒေါင်းမျိုး၌ ဖြစ်တော်မူခိုက် ဘုရားအလောင်း ဥဒေါင်းမင်းသည် ဤမောရပရိတ်ဖြင့် မိမိကိုယ်ကို ဘေးအန္တရာယ် ကင်းအောင် စီရင်ထားလေသည်။ မုဆိုးတို့သည် ဘုရားအလောင်းဥဒေါင်းမင်းကို ဖမ်းယူရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ကြသော်လည်း ဖမ်း၍ မရနိုင်ကြကုန်၊ ဤ မောရပရိတ်ကို မြတ်သော မန္တရားဟူ၍ပင် မြတ်စွာဘုရား ဟောကြားခဲ့၏၊
ယခုအခါ ဤမောရပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်း ရွတ်ဆိုကြကုန်စို့။
၃။ ဥဒေတ'ယံ စက္ခုမာ ဧကရာဇာ၊ ဟရိဿဝဏ္ဏော ပထဝိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထဝိပ္ပဘာသံ၊
တယာ'ဇ္ဇ ဂုတ္တာ ဝိဟရေမု ဒိဝသံ။
၃။ နေမင်းသည် လူတို့၏ မျက်စိသဖွယ်လည်းဖြစ်၏၊ ပြိုင်ဘက်ကင်းသော မင်းလည်းဖြစ်၏၊ ရွှေအဆင်းနှင့်တူသော အဆင်းလည်းရှိ၏၊ မြေပြင်တစ်ခုလုံးကို ထွန်းပသော အလင်းရောင်လည်းရှိ၏၊ ယခု ဤနေမင်းသည် တက်လတ်ပေ၏၊ ကျွန်ုပ်သည် ရွှေအဆင်းရှိသော မြေပြင်၌ ထွန်းလင်းတောက်ပသော ဤနေမင်းကို ရှိခိုးပါ၏၊ ရိုသေပါ၏၊ ယနေ့တစ်နေ့လုံး အသင်နေမင်း၏ အစောင့်အရှောက်ကို ခံယူပြီး ကျွန်ုပ်နေပါအံ့။
၄။ ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
တေ မေ နမော' တေ စ မံ ပါလယန္တု။
နမတ္ထု ဗုဒ္ဓါနံ' နမတ္ထု ဗောဓိယာ။
နမော ဝိမုတ္တာနံ, နမော ဝိမုတ္တိယာ။
ဣမံ သော ပရိတ္တံ ကတွာ၊ မောရော စရတိ ဧသနာ။
၄။ မြတ်စွာဘုရားတို့မည်သည်မှာ မကောင်းမှုဟူသမျှကို အပပြုကုန်ပြီးဖြစ်၏၊ တရားအားလုံးကို သိမြင်တော်မူကြပြီးဖြစ်၏၊ ထိုဘုရားရှင်တို့အား ကျွန်ုပ် ရှိခိုးပါ၏၊ ထို ဘုရားရှင်တို့ကလည်း ကျွန်ုပ်ကို စောင့်ရှောက်ကြပါစေကုန်သတည်း။ သစ္စာလေးပါးကို သိမြင်ပြီးသော ပုဂ္ဂိုလ်တို့အားလည်း ရှိခိုးပါ၏၊ အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတဉာဏ်တော်အားလည်း ရှိခိုးပါ၏၊ ကိလေသာမှ ကင်းလွတ်ကုန်ပြီးသော ပုဂ္ဂိုလ်တို့အားလည်း ရှိခိုးပါ၏၊ အရဟတ္တဖိုလ်တရားအားလည်း ရှိခိုးပါ၏၊ ဦးညွတ်ပါ၏၊
ဤသို့လျှင် ဘုရားလောင်း ဥဒေါင်းမင်းသည် ပရိတ် အရံအတားကို ပြုပြီးမှ အစာရှာထွက်လေ၏၊
၅။ အပေတ'ယံ စက္ခုမာ ဧကရာဇာ၊
ဟရိဿဝဏ္ဏော ပထဝိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထဝိပ္ပဘာသံ၊
တယာ'ဇ္ဇ ဂုတ္တာ ဝိဟရေမု ရတ္တိံ။
၅။ နေမင်းသည် လူတို့၏ မျက်စိနှင့်တူ၏၊ မြတ်သောမင်းလည်းဖြစ်၏၊ ရွှေ အဆင်းအရောင်လည်းရှိ၏၊ မြေပြင်၌လည်း ထွန်းလင်းတောက်ပ၏၊ ဤနေမင်းသည် ယခုဝင်လေ၏၊ ကျွန်ုပ်သည် ရွှေအဆင်းရှိသောမြေပြင်၌ တောက်ပသော အရောင်ရှိသော ရှင်နေမင်းကို ဦးညွတ်ရှိခိုးပါ၏၊ ယခုတစ်ညဉ့်လုံး အရှင်နေမင်း၏ အစောင့်အရှောက်ကို ခံယူ၍ ကျွန်ုပ်နေပါအံ့။
၆။ ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
တေ မေ နမော, တေ စ မံ ပါလယန္တု။
နမတ္ထု ဗုဒ္ဓါနံ, နမတ္ထု ဗောဓိယာ၊
နမော ဝိမုတ္တာနံ, နမော ဝိမုတ္တိယာ။
ဣမံ သော ပရိတ္တံ ကတွာ၊
မောရော ဝါသ' မကပ္ပယိ။
၆။ မကောင်းမှုဟူသမျှကို ဖယ်ရှားပြီး တရားအလုံးစုံကို သိတော်မူကုန်သော ဘုရားရှင်တို့အား ဦးညွတ်ရှိခိုးပါ၏၊ ထို ဘုရားရှင်တို့သည် ကျွန်ုပ်ကို စောင့်ရှောက်ပါစေသတည်း။ သစ္စာလေးပါးကို သိမြင်ပြီးသော အရိယာ ပုဂ္ဂိုလ်တို့အား လည်းကောင်း၊ အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတဉာဏ်တော်အား လည်းကောင်း၊ ကိလေသာ အနှောင်အဖွဲ့မှ လွတ်မြောက်ပြီးသော ပုဂ္ဂိုလ်တို့အား လည်းကောင်း၊ အရဟတ္တဖိုလ် တရားတော်အား လည်းကောင်း ကျွန်ုပ်ရှိခိုးပါ၏၊ ဦးညွတ်ပါ၏၊
ဤသို့လျှင် ဥဒေါင်းမင်းသည် ပရိတ်အရံအတားကိုပြု၍ ညဉ့်အခါ၌ နေလေ၏၊
မောရသုတ် မြန်မာပြန် ပြီး၏၊
---
ဝဋ္ဋသုတ်
ဝဋ္ဋသုတ် ရွတ်ဖတ်ရခြင်းအကျိုး
မီးဘေးလွတ်ကင်းစေနိုင်ပါသည်၊ မိမိကိုယ်တိုင် မီးဘေး မသင့်ရအောင် မိမိအိမ် မိမိရပ်ကွက် မီးဘေးကင်းအောင် သစ္စာပြုနိုင်သည်။
၁။ ပူရေန္တံ ဗောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ ဝဋ္ဋဇာတိယံ။
ယဿ တေဇေန ဒါဝဂ္ဂိ၊ မဟာသတ္တံ ဝိဝဇ္ဇယိ။
၁။ သဗ္ဗညုတဉာဏ်တော်ကို ရရှိခြင်း၏ အခြေခံဖြစ်သော ပါရမီတို့ကို ဖြည့်ကျင့်သော ဘုရားအလောင်းသည် နုစဉ်ဘဝက ငုံးငှက်မျိုး၌ ဖြစ်ရလေသည်။ ဘုရားအလောင်း ငုံးငယ်ကို ဤပရိတ်တော်၏ တန်ခိုးကြောင့် တောမီးကွင်းရလေ၏၊
၂။ ထေရဿ သာရိပုတ္တဿ၊ လောကနာထေန ဘာသိတံ။
ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
၂။ ဤပရိတ်တော်ကို အရှင်သာရိပုတ္တရာ မဟာထေရ်မြတ်အား မြတ်စွာဘုရား ဟောကြားတော်မူခဲ့၏၊ ဤပရိတ်တော်သည် ကမ္ဘာတည်လိမ့်မည်။ တန်ခိုးလွန်စွာကြီး၏၊ ယခုအခါ ထိုငုံးမင်းပရိတ်ကို ကျွန်ုပ်တို့ စုပေါင်းရွတ်ဆိုကြပါစို့။
၃။ အတ္ထိ လောကေ သီလဂုဏော၊ သစ္စံ သောစေယျ' နုဒ္ဒယာ။
တေန သစ္စေန ကာဟာမိ၊ သစ္စကိရိယ' မုတ္တမံ။
၃။ လောက၌ သီလ၏ဂုဏ်ကျေးဇူးသည် ရှိပေ၏၊ မှန်ကန်သော သစ္စာစကားသည် ရှိပေ၏၊ ကိုယ်ရေး, နှုတ်ရေး, စိတ်ရေး လုံးဝစင်ကြယ်ခြင်းသည် ရှိပေ၏၊ သတ္တဝါတို့အား ကြင်နာသနားခြင်းသည် ရှိပေ၏၊ ဤသို့သော သစ္စာစကားဖြင့် အတုမရှိသော သစ္စာပြုခြင်းကို ငါဘုရားနုစဉ်က ပြုခဲ့ဖူးလေပြီ။
၄။ အာဝဇ္ဇေတွာ ဓမ္မဗလံ၊ သရိတွာ ပုဗ္ဗကေ ဇိနေ။
သစ္စဗလ' မဝဿာယ၊ သစ္စကိရိယ' မကာသ'ဟံ။
၄။ သစ္စာတရား၏ စွမ်းပကားကို ဆင်ခြင်သုံးသပ်ပြီး ရှေးရှေး သောဘုရားရှင်တို့ကို အောက်မေ့သတိရပြီး သစ္စာ၏ အစွမ်းကို အမှီပြု၍ သစ္စာပြုခဲ့ဖူးလေပြီ။
၅။ သန္တိ ပက္ခာ အပတနာ၊ သန္တိ ပါဒါ အဝဉ္စနာ။
မာတာ ပိတာ စ နိက္ခန္တာ၊ ဇာတဝေဒ ပဋိက္ကမ။
၅။ အို တောမီး ငါ့မှာ အတောင်တို့ ရှိပါသော်လည်း မပျံနိုင်သေးပါ၊ ငါ့မှာ ခြေတို့ ရှိပါသော်လည်း မသွားတတ်သေးပါ၊ ငါ၏ မိဘတို့သည်လည်း (ငါ့ကိုထား၍) ထွက်သွားကြလေပြီ၊ အို တောမီး ငါ့ကို ဖဲကြဉ်ပါလော့။
၆။ သဟ သစ္စေ ကတေ မယှံ၊ မဟာပဇ္ဇလိတော သိခီ။
ဝဇ္ဇေသိ သောဠသကရီသာနိ၊ ဥဒကံ ပတွာ ယထာ သိခီ။
သစ္စေန မေ သမော နတ္ထိ၊ ဧသာ မေ သစ္စပါရမီ။
ဝဋ္ဋသုတ္တံ နိဋ္ဌိတံ။
၆။ ချစ်သားသာရိပုတ္တရာ ဤကဲ့သို့ ငါဘုရားလောင်း ငုံးငယ်က သစ္စာပြုလိုက်သောအခါ သစ္စာပြုပြီးသည်နှင့် တပြိုင်နက် တောမီးသည် ရေသို့ရောက်၍ ဖဲကြဉ်ရသကဲ့သို့ ငါ့ကို ဖဲကြဉ်လေ၏၊ အရှိန်အလျှံကြီးမားလှသော တောမီးသည် မင်းပယ် ၁၆-ပယ်စာခန့်မျှ ကွင်းလေ၏၊ ချစ်သားသာရိပုတ္တရာ ငါ၏သစ္စာစကားနှင့်တူသော တရားမည်သည် မရှိချေ၊ ဤပါရမီကား ငါဘုရား၏ သစ္စာပါရမီပင် ဖြစ်တော့သည်။
ဝဋ္ဋသုတ်တော် မြန်မာပြန် ပြီး၏၊
ဓဇဂ္ဂသုတ်
ဓဇဂ္ဂသုတ် ရွတ်ဖတ်ရခြင်း အကျိုးတရား
ဤသုတ်ကို ရွတ်ဖတ်ပွားများလျှင် ပိုမို၍ ဉာဏ်ကောင်းလာစေနိုင်သည်။ မည်သည့်နေရာသို့ဖြစ်စေ နေ့နေ့ညည တစ်ယောက်တည်းသွားရဲ၊ လာရဲ၊ နေရဲစေသည်။ စိတ်တန်ခိုးလည်းကြီးလာလိမ့်မည်၊ ပရိတ်သတ်အလယ်မှာ ပြောရဲ ဆိုရဲ ရှိလာနိုင်သည်။ မိမိ၏ ဘဝအခြေအနေ ခိုင်မြဲစေသည်၊ ရာထူးတည်မြဲရေး, စည်းစိမ်တည်မြဲရေးအတွက် အကျိုးပြုလိမ့်မည် ဖြစ်သည်။
၁။ ယဿာ' နုဿရဏေနာပိ၊ အန္တလိက္ခေပိ ပါဏိနော။
ပတိဋ္ဌ' မဓိဂစ္ဆန္တိ၊ ဘူမိယံ ဝိယ သဗ္ဗထာ။
ဓဇဂ္ဂသုတ်မြန်မာပြန်
၁။ ဤဓဇဂ္ဂသုတ်ပရိတ်တော်ကို အောက်မေ့ဆင်ခြင်ကာမျှဖြင့် ကောင်းကင်၌ပင် တည်ခိုက်ကြုံသော်လည်း မြေပြင်မှာလို ခိုင်ခိုင်မြဲမြဲ တည်ခွင့်ရလေသည်။
၂။ သဗ္ဗုပဒ္ဒဝဇာလမှာ၊ ယက္ခစောရာဒိသမ္ဘဝါ။
ဂဏနာ န စ မုတ္တာနံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
၂။ ဤဓဇဂ္ဂသုတ်ပရိတ်တော်ကြောင့် ဘီလူးဘေး၊ ခိုးသူဘေးစသော ဘေးအန္တရာယ်အသွယ်သွယ်မှ လွတ်မြောက်ကြရသောလူတို့ကို ရေတွက်၍ပင် မကုန်နိုင်ပါချေ။
ယခုအခါ ဤပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်းရွတ်ကြပါကုန်စို့။
၃။ ဧဝံ မေ သုတံ-
ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ
ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။
၃။ သံဃဥက္ကဋ္ဌ သံဃနာယကဖြစ်တော်မူသော မဟာကဿဖအရှင်ဘုရား၊ အကျွန်ုပ် အာနန္ဒာထေရ်သည် ဤဓဇဂ္ဂသုတ်ပရိတ်တော်ကို မြတ်စွာဘုရားထံမှ တိုက်ရိုက် ဤကဲ့သို့ ကြားနာမှတ်သားထားလိုက်ပါ၏၊
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သေဋ္ဌေးကြီး၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာရှိသော ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော် မူပါသည်။
၄။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ ဘိက္ခဝေါတိ။ဘဒန္တေတိ တေ ဘိက္ခူ ဘဂဝတော ပစ္စေဿာသုံ။
ဘဂဝါ ဧတဒဝေါစ-
ဘူတပုဗ္ဗံ ဘိက္ခဝေ ဒေဝါသုရသင်္ဂါမော သမုပဗျူဠှော အဟောသိ။ အထ ခေါ ဘိက္ခဝေ သက္ကော ဒေဝါနမိန္ဒော ဒေဝေ တာဝတိံသေ အာမန္တေသိ-
'သစေ မာရိသာ ဒေဝါနံ သင်္ဂါမဂတာနံ ဥပ္ပဇ္ဇေယျ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ၊ မမေဝ တသ္မိံ သမယေ ဓဇဂ္ဂံ ဥလ္လောကေယျာထ။ မမံ ဟိ ဝေါ ဓဇဂ္ဂံ ဥလ္လောကယတံ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ သော ပဟီယိဿတိ။
၄။ ထိုသို့နေတော်မူစဉ်အခါ မြတ်စွာဘုရားက ရဟန်းတို့ဟူ၍ ရဟန်းအများကို ခေါ်တော်မူပါသည်။ ရဟန်းတို့လည်း မြတ်စွာဘုရား စကားတော်ကို ခံယူရန် အသင့်ဖြစ်ကြပါသည်။ ထိုအခါ မြတ်စွာဘုရားက ဤသို့ မိန့်ကြားဟောမြွက် တော် မူပါသည်။
ချစ်သားတို့ ရှေးအခါက တာဝတိံသာနတ်နှင့် အသုရာနတ်စစ်သည်တို့ စစ်ခင်းခဲ့ကြဖူး၏၊ ထိုအခါ သိကြားမင်းသည် တာဝတိံသာနတ်စစ်သည်တို့ကို ခေါ်ယူပြီး ဤသို့ ပြောကြားခဲ့၏၊ အမောင်နတ်သားတို့ သင်တို့သည် စစ်မြေပြင်မှာ ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းများ ဖြစ်ခဲ့သည်ရှိသော် ငါသိကြားမင်း၏ တံခွန်ဖျားကို မော်၍ ကြည့်လိုက်ကြကုန်လော့၊ ဤသို့ ကြည့်လိုက်ပါလျှင် သင်တို့ အကြောက်ပြေကြလိမ့်မည်။ မတုန်မလှုပ် ရဲရင့်လာကြလိမ့်မည်၊ ကြက်သီးမွေးညင်းထခြင်းများလည်း ပြေပျောက်သွားကြလိမ့်မည်။
၅။ နော စေ မေ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊ အထ ပဇာပတိဿ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကေ ယျာထ။ ပဇာပတိဿ ဟိ ဝေါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိ တတ္တံ ဝါ လောမဟံသော ဝါ သော ပဟီယိဿတိ။
၅။ အကယ်၍ ငါ၏ တံခွန်ဖျားကို မော်၍ မကြည့်ဖြစ်လျှင် ပဇာပတိနတ်မင်း၏ တံခွန်ဖျားကို မော်၍ ကြည့်ကြ၊ ဤသို့ ပဇာပတိနတ်မင်း၏ တံခွန်ဖျားကို ကြည့်ကြလျှင်လည်း ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းများ ပျောက်ကင်းသွားလိမ့်မည်။
၆။ နော စေ ပဇာပတိဿ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊ အထ ဝရုဏဿ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကေယျာထ။ ဝရုဏဿ ဟိ ဝေါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ သော ပဟီယိဿတိ။
၆။ အကယ်၍ ပဇာပတိနတ်မင်း၏ တံခွန်ဖျားကို မော်၍ မကြည့်ဖြစ်လျှင် ဝရုဏနတ်မင်း၏ တံခွန်ဖျားကို မော်၍ကြည့်ကြ၊ ဤသို့ ဝရုဏနတ်မင်း၏ တံခွန်ဖျားကို ကြည့်ကြလျှင်လည်း ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီး မွေးညင်း ထခြင်းများ ကင်းပျောက်သွားလိမ့်မည်။
၇။ နော စေ ဝရုဏဿ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊ အထ ဤသာန-ဿ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကေယျာထ။ ဤသာနဿ ဟိ ဝေါ ဒေဝရာဇ-ဿ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံ-သော ဝါ သော ပဟီယိဿတီတိ။
၇။ အကယ်၍ ဝရုဏနတ်မင်း၏ တံခွန်ဖျားကို မော်၍ မကြည့်ဖြစ်လျှင် ဤသာနနတ်မင်း၏ တံခွန်ဖျားကို မော်၍ကြည့်ကြ၊ ဤသို့ ဤသာနနတ်မင်း၏ တံခွန်ဖျားကို ကြည့်ကြလျှင်လည်း ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေး ညင်း ထခြင်းများ ပြေပျောက်သွားလိမ့်မည်။
ဤသို့လျှင် သိကြားမင်းက တာဝတိံသာနတ်တို့ကို အသိပေးလေ၏၊
၈။ တံ ခေါ ပန ဘိက္ခဝေ သက္ကဿ ဝါ ဒေဝါန မိန္ဒဿ ဓဇဂ္ဂံ ဥလ္လောကယတံ ပဇာပတိဿ ဝါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ ဝရုဏဿ ဝါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ ဤသာနဿ ဝါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ ယံ ဘဝိဿ တိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ သော ပဟီယေထာပိ နောပိ ပဟီယေထ။
၈။ ချစ်သားရဟန်းတို့ နတ်တို့အရှင် သိကြားမင်း၏ တံခွန်ဖျားကို မော်၍ ကြည့်သောနတ်များ၊ သို့တည်း မဟုတ် ပဇာပတိနတ်မင်း၊ ဝရုဏနတ်မင်း၊ ဤသာနနတ်မင်းတို့၏ တံခွန်ဖျားကို မော်၍ကြည့်သော နတ်များအား ကြောက် လန့်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီး မွေးညင်းထခြင်းများ ပျောက်သော်လည်း ပျောက်မည်၊ မပျောက်ဘဲလည်း နေချင်နေလိမ့်မည်။
၉။ တံ ကိဿ ဟေတု?
သက္ကော ဟိ ဘိက္ခဝေ ဒေဝါနမိန္ဒော
အဝီတရာဂေါ အဝီတဒေါသော အဝီတမောဟော
ဘီရု ဆမ္ဘီ ဥတြာသီ ပလာယီတိ။
၉။ အကြောင်းမူကား နတ်တို့အရှင်သိကြားမင်းလည်း ရာဂကင်းသူမဟုတ်၊ ဒေါသကင်းသူမဟုတ်၊ မောဟကင်းသူမဟုတ်။ သူကိုယ်နှိုက်က ကြောက်တတ် ၏၊ တဆတ်ဆတ်တုန်တတ်၏၊ လန့်ဖျပ်တတ်၏၊ ထွက်ပြေးတတ်၏၊
၁၀။ အဟဉ္စ ခေါ ဘိက္ခဝေ ဧဝံ ဝဒါမိ-
သစေ တုမှာကံ ဘိက္ခဝေ
အရညဂတာနံ ဝါ ရုက္ခမူလဂတာနံ ဝါ
သုညာဂါရဂတာနံ ဝါ ဥပ္ပဇ္ဇေယျ ဘယံ ဝါ
ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ၊
မမေဝ တသ္မိံ သမယေ အနုဿရေယျာထ၊
၁၀။ ချစ်သားရဟန်းတို့ ငါဘုရားသည်ကား မလွဲ ဧကန် ဤသို့ ဟောပေအံ့၊ တောထဲ၌ တစ်ပါးတည်း နေသောအခါ၊ သစ်ပင်ရင်း၌နေသောအခါ၊ ဆိတ်ငြိမ် ရာတွင်နေသောအခါများ၌ ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်း ထခြင်း တစ်ခုခု ဖြစ်လာခဲ့လျှင် ဘုရားဂုဏ်တော်ကို ဤသို့အောက်မေ့ကြလော့။
၁၁။ ဣတိပိ သော ဘဂဝါ အရဟံ,
သမ္မာသမ္ဗုဒ္ဓေါ, ဝိဇ္ဇာစရဏသမ္ပန္နော, သုဂတော,
လောကဝိဒူ, အနုတ္တရော ပုရိသဒမ္မသာရထိ,
သတ္ထာ ဒေဝမနုဿာနံ, ဗုဒ္ဓေါ, ဘဂဝါတိ။
၁၁။ မြတ်စွာဘုရားသည် ကိလေသာတို့မှ ကင်းဝေးတော်မူ၏၊ ကိလေသာ ရန်သူတို့ကို ပယ်သတ်ပြီး ဖြစ်၏၊ သံသရာစက်ဝန်း၏ အကန့်အထောက်များကို ဖျက်ဆီးပြီးဖြစ်၏၊ ပစ္စည်းလေးပါး ပူဇော်အထူးကို ခံယူတော်မူထိုက်၏၊ ဆိတ်ကွယ်ရာအရပ်၌ပင်လျှင် မကောင်းမှုဒုစရိုက်ကို ရှောင်တော်မူ၏၊ သို့ဖြစ်၍ အရဟံ ဟူသော ဂုဏ်တော်နှင့် ပြည့်စုံပါပေသည်။
မြတ်စွာဘုရားသည် ကောင်းမွန်လှစွာ သယမ္ဘူဉာဏ်မြတ်မဟာဖြင့် မိမိအလိုလို သစ္စာလေးပါး တရားမြတ်ကို ထိုးထွင်း၍သိတော်မူ၏၊ သို့ဖြစ်၍ သမ္မာ သမ္ဗုဒ္ဓေါ ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏
မြတ်စွာဘုရားသည် ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏ တစ်ဆယ့်ငါးပါးတို့နှင့် လုံးဝဥဿုံပြည့်စုံတော်မူပေ၏ သို့ဖြစ်၍ ဝိဇ္ဇာစရဏသမ္ပန္နောဟူသော ဂုဏ် တော်နှင့် ပြည့်စုံတော်မူပါပေ၏၊
မြတ်စွာဘုရားသည် နိဗ္ဗာန်သို့သာလျှင် ဖြောင့်ဖြောင့် မတ်မတ် ကောင်းစွာ သွားတော်မူ၏၊ စကားဆိုရန် ခွင့်ခြောက်တန်တို့တွင် ဟုတ်မှန်ကျိုးကြောင်း စကားကောင်းကိုသာ ဆိုတော်မူတတ်၏၊ သို့ဖြစ်၍ သုဂတောဟူသော ဂုဏ် တော်နှင့် ပြည့်စုံတော်မူပါပေ၏၊
မြတ်စွာဘုရားသည် ကာမလောက၊ ရူပလောက၊ အရူပလောကဟူသော လောကသုံးပါး၊ တစ်နည်းအားဖြင့် သတ္တလောက၊ သင်္ခါရလောက၊ ဩကာသ လောကဟူသော လောကကြီးသုံးပါးတို့ကို မဖောက်မပြန် သယမ္ဘူဉာဏ်ဖြင့် အမှန်ထိုးထွင်း အလင်းထင်ပေါ် သိမြင်တော်မူ၏၊ သို့ဖြစ်၍ လောကဝိဒူ ဟူ သော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏၊
မြတ်စွာဘုရားသည် မိမိကိုယ်တိုင်လည်း အတုမရှိ၊ သူတစ်ပါးတို့အားလည်း အတုမရှိသော မိမိ၏တရားဖြင့် ဆုံးမတတ်၏၊ ဆုံးမထိုက်သော လူ၊ နတ်၊ ဘီလူး၊ တိရစ္ဆာန်ကြမ်းများကိုပင် သေဝပ်ငြိမ်သက်အောင် နိုင်နင်းစွာ ဆုံးမတော် မူနိုင်၏၊ သို့ဖြစ်၍ အနုတ္တရော ပုရိသဒမ္မသာရထိ ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏၊
မြတ်စွာဘုရားသည် လူအပေါင်း၊ နတ်အပေါင်းတို့အား ကောင်းစွာ သွန်သင် ဆုံးမတတ်သော လူနတ်တို့၏ ဆရာကောင်းဖြစ်တော်မူ၏၊ သို့ဖြစ်၍ သတ္ထာ ဒေဝမနုဿာနံဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော် မူပါပေ၏၊
မြတ်စွာဘုရားသည် တရားအားလုံးကို ကိုယ်တိုင်လည်း ထိုးထွင်းသိမြင်တော်မူ ၏၊ သူတစ်ပါးတို့အားလည်း သစ္စာလေးပါးတရားကို သိမြင်အောင် ဟောပြော ပြသနိုင်၏၊ သို့ဖြစ်၍ ဗုဒ္ဓေါဟူသောဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏၊
မြတ်စွာဘုရားသည် အစိုးရခြင်း၊ တရားရှိခြင်း၊ အခြံအရံများခြင်း၊ ကျက်သရေ ရှိခြင်း၊ အလိုအတိုင်းဖြစ်ခြင်း၊ လုံ့လစွမ်းအားအပြည့်ရှိခြင်းဟူသော ဘုန်းတော် ခြောက်ပါးနှင့်လည်း ပြည့်စုံတော်မူပေ၏၊ သို့ဖြစ်၍ ဘဂဝါဟူသော ဂုဏ်တော် နှင့် ပြည့်စုံတော်မူပါပေ၏
၁၂။ မမံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ
ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ
လောမဟံသော ဝါ သော ပဟီယိဿတိ။
၁၂။ ဤကဲ့သို့ ငါဘုရား၏ ဂုဏ်တော် ကျေးဇူးတော် တို့ကို ဆင်ခြင်အောက်မေ့ ကြလော့။ ဘုရားဂုဏ်ကို ဆင်ခြင် အောက်မေ့မိသည်ရှိသော် သင်တို့အား ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထ ခြင်းဟူသမျှ ပျောက်ကင်း သွားပေလိမ့်မည်။
၁၃။ နော စေ မံ အနုဿရေယျာထ၊
အထ ဓမ္မံ အနုဿရေယျာထ-
၁၃။ အကယ်၍ ဘုရားဂုဏ်ကို မဆင်ခြင်၊ မအောက် မေ့မိသည်ရှိသော် မြတ်စွာဘုရား ဟောကြားထားသော တရားတော်၏ ဂုဏ်တော်ကို ဤသို့ အောက်မေ့ သတိရကြ။
၁၄။ သွာက္ခာတော ဘဂဝတာ ဓမ္မော,
သန္ဒိဋ္ဌိကော, အကာလိကော,
ဧဟိပဿိကော, ဩပနေယျိကော,
ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟီတိ။
၁၄။ တရားတော်သည် မြတ်စွာဘုရားက ကောင်းစွာ ဟောကြားထားသော တရားတော် ဖြစ်သောကြောင့် သွာက္ခာတ ဟူသော ဂုဏ်နှင့် ပြည့်စုံပါပေ သည်။
တရားတော်သည် မျက်မှောက်၌ပင် ကောင်းကျိုးချမ်းသာကို ပေးတတ်သော ကြောင့် သန္ဒိဋ္ဌိက ဟူသော ဂုဏ်နှင့် ပြည့်စုံပါပေသည်။
တရားတော်သည် အခါမလင့် အကျိုးပေးတတ်သောကြောင့် အကာလိက ဟူသော ဂုဏ်နှင့် ပြည့်စုံပါ ပေသည်။
တရားတော်သည် လာပါ, ရှုပါ, ကျင့်ကြံပါဟူ၍ မပါပါအောင် ခေါ်ဆောင်တိုက် တွန်း ပြညွှန်းခြင်းငှာ ထိုက်သောကြောင့် ဧဟိပဿိက ဟူသော ဂုဏ်နှင့် ပြည့်စုံပါပေသည်။
တရားတော်သည် လူတို့အား နတ်ရွာနိဗ္ဗာန်သို့ ပို့ဆောင် ပေးတတ်သောကြောင့် ဩပနေယျိက ဟူသော ဂုဏ်နှင့် ပြည့်စုံပါပေသည်။
တရားတော်သည် ပညာရှိသူ ရှင်လူအပေါင်း သူတော်ကောင်းတို့ အနေဖြင့် အသီးသီး တစ်ဦးစီ တစ်ဦးစီ မိမိတို့၏စိတ်၌ ကပ်၍ ဆောင်ထားထိုက်သော ကြောင့် ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ ဟူသော ဂုဏ်နှင့် ပြည့်စုံပါပေသည်။
၁၅။ ဓမ္မံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ
ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ
လောမဟံသော ဝါ သော ပဟီယိဿတိ။
၁၅။ ဤသို့လျှင် တရားတော်၏ ဂုဏ်တော်ကို ဆင်ခြင်အောက်မေ့မိသောသူအား ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွှေးညင်း ထခြင်းဟူသမျှ လုံးဝ ပျောက်ကင်း သွားပေလိမ့်မည်။
၁၆။ နော စေ ဓမ္မံ အနုဿရေယာထ၊
အထ သံဃံ အနုဿရေယျာထ-
၁၆။ အကယ်၍များ ဘုရားဂုဏ်ကိုသော် လည်းကောင်း၊ တရားဂုဏ်ကိုသော် လည်းကောင်း၊ မဆင်ခြင် မအောက်မေ့ဖြစ်ပါက မြတ်စွာဘုရား၏ တပည့်သား သံဃာတော်၏ ဂုဏ်ကျေးဇူးကို အောက်မေ့ရာ၏၊
၁၇။ သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော,
ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော,
ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော,
သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော,
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ,ပုရိသပုဂ္ဂလာ,
ဧသ ဘဂဝတော သာဝကသံဃော
အာဟုနေယျော, ပါဟုနေယျော,
ဒက္ခိဏေယျော, အဉ္ဇလီကရဏီယော,
အနုတ္တရံ ပုညက္ခေတ္တံ လောကဿာတိ။
၁၇။ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် နိဗ္ဗာန်အကျိုးငှာ ကောင်းသော အကျင့်ကိုသာ ကျင့်တော်မူတတ်ပါပေ၏၊ သို့ဖြစ်၍ သုပ္ပဋိပန္နော ဟူသောဂုဏ်ရှိပေ၏၊
သံဃာတော်သည် နိဗ္ဗာန်မဂ်ဖိုလ်ရရှိရေးအတွက် ဖြောင့်မတ်စွာ လမ်းမှန်သော အကျင့်ကိုသာ ကျင့်တော်မူပါပေ၏၊ သို့ဖြစ်၍ ဥဇုပ္ပဋိပန္နော ဟူသော ဂုဏ် ရှိပေ၏၊
သံဃာတော်သည် နိဗ္ဗာန်ရရှိရေးနှင့် သင့်လျော် လျောက်ပတ်သောအကျင့်ကို သာ ကျင့်တော်မူပါပေ၏၊ သို့ဖြစ်၍ ဉာယပ္ပဋိပန္နော ဟူသော ဂုဏ်ရှိပေ၏၊
သံဃာတော်သည် အရိုအသေပြုခြင်းကို ခံယူထိုက်အောင် အကျင့်သီလကို ကောင်းစွာ ဖြည့်ကျင့်တော် မူပါပေ၏၊ သို့ဖြစ်၍ သာမီစိပ္ပဋိပန္နော ဟူသော ဂုဏ်ရှိပေ၏၊
ထိုဘုရားတပည့် အရိယာသံဃာသည် (အချုပ်အားဖြင့်) အရေအတွက်လေးစုံ ပုဂ္ဂိုလ်ရှစ်ယောက်ရှိပေ၏၊ ထိုသံဃာတော်သည် အဝေးမှ တကူးတကဆောင်ယူ ၍ ပူဇော်သမှုပြုခြင်းကိုလည်း ခံယူထိုက်၏၊ သို့ဖြစ်၍ အာဟုနေယျော ဟူသောဂုဏ်ရှိပေ၏၊
ဧည့်သည်တို့အားရည်စူး၍ အထူးပြုလုပ်ထားသော ပစ္စည်းဝတ္ထုတို့ကိုလည်း မိမိအားလှူလျှင် ကောင်းစွာ ခံယူထိုက်ပေ၏၊ သို့ဖြစ်၍ ပါဟုနေယျောဟူသော ဂုဏ်ရှိပေ၏၊
လောက၌ အမြတ်ဆုံး အကောင်းဆုံးဖြစ်သော အလှူကိုလည်း ထိုက်ထိုက် တန်တန် ခံယူနိုင်ပေ၏၊ သို့ဖြစ်၍ ဒက္ခိဏေယျော ဟူသော ဂုဏ်ရှိပေ၏၊
လူနတ်တို့၏ ရှိခိုးခြင်းကိုလည်း ခံထိုက်၏၊ သို့ဖြစ်၍ အဉ္ဇလီကရဏီယော ဟူသောဂုဏ်ရှိပေ၏၊
လူတို့က ကောင်းမှုတည်းဟူသော မျိုးစေ့ကိုစိုက်ပျိုးရာ ကြဲချရာ အတုမရှိ လယ်ယာမြေကောင်းသဖွယ်လည်း ဖြစ်၏၊ သို့ဖြစ်၍ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ ဟူသော ဂုဏ်နှင့် ပြည့်စုံပေ၏၊
၁၈။ သံဃံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ
ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ
လောမဟံသော ဝါ သော ပဟီယိဿတိ။
၁၈။ ဤသို့လျှင် သံဃာတော်၏ဂုဏ်တော် ကျေးဇူးတော်တို့ကို ဆင်ခြင်အောက် မေ့ ရာ၏၊ သံဃာ့ဂုဏ်သို့ စိတ်ညွတ်၍ အာရုံပြုမိသောသင်တို့အား ကြောက်လန့် ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်း ဟူသမျှ ကင်းပျောက်သွား လိမ့်မည်။
၁၉။ တံ ကိဿ ဟေတု?
တထာဂတော ဟိ ဘိက္ခဝေ
အရဟံ သမ္မာသမ္ဗုဒ္ဓေါ
ဝီတရာဂေါ ဝီတဒေါသော ဝီတမောဟော
အဘီရု အဆမ္ဘီ အနုတြာသီ အပလာယီတိ။
၁၉။ ထိုစကားမှန်ပေ၏၊ အကြောင်းမူကား ဝိပဿီ စသော ရှေးရှေးသော ဘုရားရှင်များနည်းတူ ကောင်းစွာပွင့်ထွန်းလာသော ငါဘုရားသည် လူသူ လေးပါးကင်းသည့် ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို မပြုမလုပ်၊ ကောင်းစွာ ကိုယ်တိုင် သစ္စာတရားမြတ်ကို ထိုးထွင်းသိမြင်ပြီးဖြစ်၏၊ တဏှာရာဂ လုံးဝကင်း၏၊ အမျက်ဒေါသ လုံးဝကင်း၏၊ မသိမောဟ လုံးဝ ကင်း၏၊ အကြောက်အလန့်မရှိ၊ ကြောက်၍တုန်လှုပ်သည်ဟူ၍ လုံးဝမရှိ၊ ကြောက်လန့်၍ ထွက်ပြေးသည်ဟူ၍လည်း ဘယ်ခါမျှမရှိ၊ သို့ကြောင့် ဤသို့သော ဘုရားဂုဏ် တရားဂုဏ် သံဃာဂုဏ်ကို အာရုံညွှတ်၍ ကြည်ညိုစိတ်ထား ပွားများသူမှာ ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းဟူသမျှ ကင်းပျောက်ရမြဲ ဖြစ်လေသည်။
၂၀။ ဣဒ မဝေါစ ဘဂဝါ၊ ဣဒံ ဝတွာန သုဂတော
အထာပရံ ဧတဒဝေါစ သတ္ထာ။
၂၀။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ထို့နောက် ဆက်လက်၍ ဤသို့တဖန် မိန့်ကြားတော်မူပြန်၏-
၂၁။ အရညေ ရုက္ခမူလေ ဝါ၊
သုညာဂါရေ ဝ ဘိက္ခဝေါ။
အနုဿရေထ သမ္ဗုဒ္ဓံ၊
ဘယံ တုမှာက နော သိယာ။
၂၁။ ချစ်သားရဟန်းတို့ သင်တို့သည် တော၌ဖြစ်စေ၊ သစ်ပင်ရင်း၌ ဖြစ်စေ၊ ဆိတ်ကွယ်ရာအရပ်၌ ဖြစ်စေ၊ ဘုရားဂုဏ်ကို သတိရကြ၊ သတိရလျှင် သင်တို့ မကြောက်မရွံ့ နေနိုင်ကြလတ္တံ့။
၂၂။ နော စေ ဗုဒ္ဓံ သရေယျာထ၊
လောကဇေဋ္ဌံ နရာသဘံ။
အထ ဓမ္မံ သရေယျာထ၊
နိယျာနိကံ သုဒေသိတံ။
၂၂။ လူနတ်တို့၏ အကြီးအမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား၏ ဂုဏ်တော် ကို မဆင်ခြင် မအောက်မေ့ဖြစ်ကြလျှင် သံသရာမှ ထွက်မြောက်ကြောင်း ကောင်းစွာ ဟောကြားထားသော တရားတော်၏ဂုဏ်ကို သတိရကြ။
၂၃။ နော စေ ဓမ္မံ သရေယျာထ၊
နိယျာနိကံ သုဒေသိတံ။
အထ သံဃံ သရေယျာထ၊
ပုညက္ခေတ္တံ အနုတ္တရံ။
၂၃။ တရားတော်၏ဂုဏ်ကို အမှတ်မရကြလျှင် ကောင်းမှုမျိုးစေ့စိုက်ပျိုးရာ အတုမရှိ လယ်မြေကောင်း နှင့်တူသော သံဃာတော်၏ ဂုဏ်တော်ကို ဆင်ခြင် ပွားများကြ။
၂၄။ ဧဝံ ဗုဒ္ဓံ သရန္တာနံ၊
ဓမ္မံ သံဃဉ္စ ဘိက္ခဝေါ။
ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊
လောမဟံသော န ဟေဿတိ။
ဓဇဂ္ဂသုတ္တံ နိဋ္ဌိတံ။
၂၄။ ဤကဲ့သို့ မြတ်စွာဘုရား၏ ကျေးဇူးတော် ဂုဏ်တော်ကိုဖြစ်စေ၊ တရားတော် မြတ်၏ ကျေးဇူးတော် ဂုဏ်တော်ကိုဖြစ်စေ၊ သံဃာတော်များ၏ ကျေးဇူးတော် ဂုဏ်တော်ကိုဖြစ်စေ ဆင်ခြင်အောက်မေ့သည်ရှိသော် ကြောက်လန့်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်း ထခြင်းဟူသမျှ လုံးဝ မဖြစ်ပေါ်လတ္တံ့။
ဓဇဂ္ဂသုတ်တော် မြန်မာပြန်ပြီး၏၊
---
အာဋာနာဋိယသုတ်
အာဋာနာဋိယသုတ် ရွတ်ဖတ်ရခြင်း အကျိုးတရား
ဤသုတ်ကို မပြတ်ရွတ်ပေးလျှင် နတ်တို့က လိုလားသည်၊ နတ်လိုက လူလို၊ လူလိုက ဂြိုဟ်မ၊ ကံဇာတာ ထလာစေနိုင်သည်၊ စုန်းပယောဂ၊ တစ္ဆေ၊ မြေဖုတ်ဘီလူး ပူးကပ်လျှင် ဤသုတ်ဖြင့် ထုတ်ပြစ်နိုင်သည်၊ ပယောဂ ခွာဆေးတစ်မျိုးဖြစ်ပေသည်။ ဤသုတ်ကို ရွတ်ပေးလျှင် လူနာကို အပမမှီနိုင်ပေ။
၁။ အပ္ပဿန္နေဟိ နာထဿ၊ သာသနေ သာဓုသမ္မတေ။
အမနုေဿဟိ စဏ္ဍေဟိ၊ သဒါ ကိဗ္ဗိသကာရိဘိ။
အာဋာနာဋိယသုတ်မြန်မာပြန်
၁။ သူတော်ကောင်းအပေါင်းက ကောင်းပါပေသည်ဟု လက္ခံ ချီးကျူးထားသော မြတ်စွာဘုရား၏ သာသနာတော်ကိုပင် မကြည်ညို မသက်ဝင်နိုင်ကြသော လူကြမ်း၊ ဘီလူးတို့သည် ရက်စက်တတ်ကြကုန်၏၊ မည်သည့်အခါမဆို နိုင်ထက်စီးနင်း နှိပ်စက်ကလူ ပြုတတ်ကြကုန်၏၊
၂။ ပရိသာနံ စတဿန္နံ၊ အဟိံသာယ စ ဂုတ္တိယာ။
ယံ ဒေသေသိ မဟာဝီရော၊ ပရိတ္တံ တံ ဘဏာမ ဟေ။
၂။ ထိုဘီလူးကြမ်းတို့က ပရိတ်သတ်ကို မညှဉ်းဆဲ မနှိပ်စက်နိုင်စေရန်နှင့် သူတို့ကပင် ကူညီစောင့်ရှောက်လာစေရန် ရည်ရွယ်ချက်ဖြင့် ကြီးမြတ်သော လုံ့လရှိတော်မူသော မြတ်စွာဘုရားက ဤအာဋာနာဋိယပရိတ် အရံအတားကို ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပေသည်။ ယခုအခါ၌ ဤပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်း၍ ရွတ်ဆိုကြပါကုန်စို့။
၃။ ဝိပဿိဿ စ နမတ္ထု၊ စက္ခုမန္တဿ သိရီမတော။
သိခိဿပိ စ နမတ္ထု၊ သဗ္ဗဘူတာနုကမ္ပိနော။
၃။ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော ဘုန်းကျက်သရေနှင့် ပြည့်စုံတော်မူသော ဝိပဿီမြတ်စွာဘုရားအား အကျွန်ုပ်၏ ဦးညွတ်ရှိခိုးခြင်း ဖြစ်ပါစေ၊ သတ္တဝါ အားလုံးအပေါ် ကြင်နာသနားမှုဖြင့် အစဉ်သနား စောင့်ရှောက်တော်မူသော သိခီမြတ်စွာဘုရားအားလည်း အကျွန်ုပ်၏ ဦးညွတ်ရှိခိုးမှုဖြစ်ပါစေ။
၄။ ဝေဿဘုဿ စ နမတ္ထု၊ နှာတကဿ တပဿိနော။
နမတ္ထု ကကုသန္ဓဿ၊ မာရသေနာပမဒ္ဒိနော။
၄။ မကောင်းမှု အညစ်အကြေးကို ဆေးကြောသန့်စင်ပြီး ဖြစ်သော၊ ခြိုးခြံသောအကျင့်ကိုလည်း ကျင့်တော်မူသော ဝေဿဘူမြတ်စွာဘုရားအား လည်း အကျွန်ုပ်ရှိခိုးပါ၏၊ မာရ်စစ်သည်အပေါင်းကို နှိမ်နင်းအောင်မြင်တော်မူ သော ကကုသန်မြတ်စွာဘုရားအားလည်း အကျွန်ုပ် ရှိခိုးပါ၏၊
၅။ ကောဏာဂမနဿ နမတ္ထု၊ ဗြဟ္မဏဿ ဝုသီမတော။
ကဿပဿ စ နမတ္ထု၊ ဝိပ္ပမုတ္တဿ သဗ္ဗဓိ။
၅။ မကောင်းမှုဟူသမျှ အပပြုပြီးသော ငါးပါးသောဝသီဘော်နှင့် ပြည့်စုံတော်မူ သော ကောဏာဂုံ မြတ်စွာဘုရားအားလည်း အကျွန်ုပ် ရှိခိုးပါ၏၊ ခပ်သိမ်းသော ကိလေသာတို့မှ လွတ်ကင်းတော်မူပြီးသော ကဿပမြတ်စွာဘုရားအားလည်း အကျွန်ုပ် ရှိခိုးပါ၏၊
၆။ အင်္ဂီရသဿ နမတ္ထု၊ သကျပုတ္တဿ သိရီမတော။
ယော ဣမံ ဓမ္မံ ဒေသေသိ၊ သဗ္ဗဒုက္ခာပနူဒနံ။
၆။ ဂေါတမဘုရားရှင်သည် လူတို့၏ ဆင်းရဲဒုက္ခဟူသမျှကို ပယ်ဖြောက်နိုင်စွမ်း ရှိသော တရားတော်မြတ်ကို ဟောကြားတော်မူပေ၏၊ ကိုယ်တော်မှလည်း အရောင်အဝါ ကွန့်မြူးဖြာယှက် ထွက်တော်မူ၏၊ ဘုန်းကျက်သရေနှင့်လည်း ပြည့်စုံတော်မူပေ၏၊ သကျသာကီဝင်မင်းသားလည်း ဖြစ်တော်မူ၏၊ ထိုဂေါတမ မြတ်စွာဘုရားအား အကျွန်ုပ်၏ ဦးညွတ်ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း။
၇။ ယေ စာပိ နိဗ္ဗုတာ လောကေ၊ ယထာဘူတံ ဝိပဿိသုံ။
တေ ဇနာ အပိသုဏာထ၊ မဟန္တာ ဝီတသာရဒါ။
၇။ လောက၌ ငြိမ်းအေးကုန်ပြီးသော ဘုရားရှင် အဆူဆူတို့သည် ယထာဘူတကျကျ သိကုန်၏၊ ချောပစ်ကုန်းတိုက်သော စကားမျိုးကို မည်သည့်အခါမျှ ဆိုမိန့်တော်မမူ၊ ကြီးလည်း ကြီးမြတ်ကုန်၏၊ ကြောက်ရွံ့ခြင်းလည်း ကင်းကုန်၏၊
၈။ ဟိတံ ဒေဝမနုဿာနံ၊ ယံ နမဿန္တိ ဂေါတမံ။
ဝိဇ္ဇာစရဏသမ္ပန္နံ၊ မဟန္တံ ဝီတသာရဒံ။
၈။ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူ၍ မြတ်လှစွာသော ရဲရင့်ခြင်းအတိရှိတော်မူသော နတ်လူတို့၏ အစီးအပွားကို ဆောင်တော်မူတတ်သော ဂေါတမနွယ်ဖွား ရှင်တော်မြတ်ဘုရားကို ရှိခိုးဦးညွတ် ကြပါ ကုန်၏၊
၉။ ဧတေ စညေ စ သမ္ဗုဒ္ဓါ၊ အနေကသတကောဋိယော။
သဗ္ဗေ ဗုဒ္ဓါ သမသမာ၊ သဗ္ဗေ ဗုဒ္ဓါ မဟိဒ္ဓိကာ။
၉။ ဝိပဿီ၊ သိခီ၊ ဝေဿဘူ၊ ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမဟူသော ဘုရားခုနှစ်ဆူတို့နှင့်တကွ အကုဋေမက များလှစွာသော ဘုရားရှင်အားလုံးတို့ သည် ပစ္စေကဗုဒ္ဓါ ရဟန္တာများနှင့် တူတော်မမူကုန်၊ ဆိုခဲ့ပါ သဗ္ဗညုဘုရားရှင်ချင်း သာ တူတော်မူကြကုန်၏၊ ဘုရားရှင် အားလုံးပင် တန်ခိုးဣဒ္ဓိ လွန်စွာကြီးမား ကြကုန်၏၊
၁၀။ သဗ္ဗေ ဒသဗလူပေတာ၊ ဝေသာရဇ္ဇေဟု' ပါဂတာ။
သဗ္ဗေ တေ ပဋိဇာနန္တိ၊ အာသဘံ ဌာန မုတ္တမံ။
၁၀။ ခပ်သိမ်းကုန်သော ဘုရားရှင်တို့သည် အားတော်ဆယ်ပါးနှင့် ပြည့်စုံတော် မူကြ၏၊ ရဲရင့်သော ဝေသာရဇ္ဇဉာဏ်နှင့် ပြည့်စုံတော်မူကြ၏၊ မြတ်သော ယောကျ်ား ဖြစ်တော်မူ၍ သဗ္ဗညုတဉာဏ်ကို ရရှိကြောင်းဝန်ခံကြကုန်၏၊
၁၁။ သီဟနာဒံ နဒန္တေ' တေ၊ ပရိသာသု ဝိသာရဒါ။
ဗြဟ္မစက္ကံ ပဝတ္တေန္တိ၊ လောကေ အပ္ပဋိဝတ္တိယံ။
၁၁။ ဘုရားရှင်တို့မည်သည် ပရိသတ်ဗိုလ်ပုံအလယ်၌ လွန်စွာရဲရင့်တော်မူကြ၏၊ ကေသရာဇာခြင်္သေ့မင်းကဲ့သို့ ရဲရဲ ရင့်ရင့်စကားဆိုကြ၏၊ မည်သူတစ်ဦး တစ်ယောက်မျှ မလည်မပတ်စေနိုင်သော ဓမ္မစကြာတရားတော်ကိုလည်း လည်ပတ် စေကုန်၏၊
၁၂။ ဥပေတာ ဗုဒ္ဓဓမ္မေဟိ၊ အဋ္ဌာရသဟိ နာယကာ။
ဗာတ္တိံသလက္ခဏူပေတာ၊ သီတာနုဗျဉ္ဇနာဓရာ။
၁၂။ ဘုရားရှင်တို့သည် လူသုံးပါးတို့၏ ခရီးလမ်းညွှန် ဖြစ်ကြ၏၊ ဘုရား၏ ကျေးဇူးတရား ဆယ့်ရှစ်ပါးနှင့် ပြည့်စုံကြကုန်၏၊ သုံးဆယ့်နှစ်ပါးသော ယောကျ်ားမြတ်တို့၏ လက္ခဏာတော်ကြီးတို့နှင့်လည်း ပြည့်စုံတော်မူကြ၏၊ လက္ခဏာတော်ငယ်ရှစ်ဆယ်နှင့်လည်း ပြည့်စုံတော်မူကြ၏၊
၁၃။ ဗျာမပ္ပဘာယ သုပ္ပဘာ၊ သဗ္ဗေ တေ မုနိကုဉ္ဇရာ။
ဗုဒ္ဓါ သဗ္ဗညုနော ဧတေ၊ သဗ္ဗေ ခီဏာသဝါ ဇိနာ။
၁၃။ ဘုရားရှင်ဟူသမျှ ကိုယ်တော်အလုံးမှ တလံမျှလောက် ရောင်ခြည်တော် အမြဲထွက်လျက်ရှိ၏၊ ရဟန်းဟူသမျှတို့ထက် ကြီးမြတ်၏၊ ခပ်သိမ်းသော တရားကိုလည်းသိ၏၊ ကိလေသာ အာသဝေါလည်း ကင်း၏၊ မာရ်ငါးပါးကိုလည်း အောင်ပြီးဖြစ်၏၊
၁၄။ မဟာပဘာ မဟာတေဇာ၊ မဟာပညာ မဟဗ္ဗလာ။
မဟာကာရုဏိကာ ဓီရာ၊ သဗ္ဗေသာနံ သုခါဝဟာ။
၁၄။ ဘုရားရှင်တို့သည် များမြတ်သော ရောင်ခြည်တော်၊ ကြီးသောတန်ခိုး၊ ထွတ်မြတ်သောပညာ၊ စွမ်းသန်သောခွန် အား၊ အတိုင်းမသိသောကရုဏာ၊ စွဲမြဲသောလုံ့လတို့ကို ပိုင်တော်မူကြ၏၊ သတ္တဝါအများ၏ ကောင်းကျိုးချမ်းသာကို လည်း ဆောင်တော်မူတတ်ကြကုန်၏၊
၁၅။ ဒီပါ နာထာ ပတိဋ္ဌာ စ၊ တာဏာ လေဏာ စ ပါဏိနံ။
ဂတီ ဗန္တူ မဟေဿာသာ၊ သရဏာ စ ဟိတေသိနော။
၁၅။ ဘုရားရှင်တို့သည် သတ္တဝါအပေါင်းတို့၏ မှီခိုရာကျွန်းလည်းဖြစ် ၏၊ ကိုးကွယ်ရာလည်းဖြစ်၏၊ တည်ရာလည်းဖြစ်၏၊ စောင့်ရှောက်ရာလည်း ဖြစ်၏၊ ဘေးအန္တရာယ်မှ ပုန်းကွယ်ရာလည်း ဖြစ်၏၊ လားရောက်ရာလည်း ဖြစ်၏၊ ဆွေမျိုးသဖွယ်လည်း ဖြစ်၏၊ အောက်မေ့ရာလည်း ဖြစ်၏၊ မြတ်စွာဘုရားရှင်တို့ သည် မြတ်သောမှီရာလည်း မည်ပေ၏၊ သတ္တဝါတို့၏ အစီးအပွါးကိုလည်း ရှာကြံလေ့ရှိကြကုန်၏၊
၁၆။ သဒေဝကဿ လောကဿ၊ သဗ္ဗေ ဧတေ ပရာယဏာ။
တေသာ'ဟံ သိရသာ ပါဒေ၊ ဝန္ဒာမိ ပုရိသုတ္တမေ။
၁၆။ ထိုဘုရားရှင်တိုင်းသည် နတ်တို့၏လဲလျောင်းရာ၊ လူတို့၏မှီခိုရာ ဖြစ်ကြ ကုန်၏၊ အကျွန်ုပ်သည် ယောကျ်ားဟူသမျှတို့ထက် သာလွန်မြင့်မြတ်တော်မူ သော ထိုဘုရားရှင်တို့၏ ခြေတော်တို့ကို ဦးနှိမ်ရိုကျိုး ရှိခိုးပါ၏၊
၁၇။ ဝစသာ မနသာ စေဝ၊ ဝန္ဒာမေ'တေ တထာဂတေ။
သယနေ အာသနေ ဌာနေ၊ ဂမနေ စာပိ သဗ္ဗဒါ။
၁၇။ အကျွန်ုပ်သည် အိပ်နေသောအခါ၌ ဖြစ်စေ၊ ထိုင်နေ သောအခါ၌ ဖြစ်စေ၊ ရပ်နေသောအခါ၌ ဖြစ်စေ၊ လမ်းသွားနေသောအခါ၌ ဖြစ်စေ၊ မည်သည့်အခါ၌ မဆို ထိုဘုရားရှင်တို့အား နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း အမြဲမပြတ် ရှိခိုးပါ၏၊
၁၈။ သဒါ သုခေန ရက္ခန္တု၊ ဗုဒ္ဓါ သန္တိကရာ တုဝံ။
တေဟိ တွံ ရက္ခိတော သန္တော၊ မုတ္တော သဗ္ဗဘယေဟိ စ။
၁၈။ ကိလေသာအပူအပေါင်းကို ငြိမ်းအေးအောင် ပြုတော် မူတတ်ကြကုန်သော ဘုရားရှင်တို့သည် သင့်ကို ချမ်းသာအောင် မပြတ်စောင့်ရှောက်ပါစေသတည်း။ ဘုရားရှင်တို့၏ အစောင့်အရှောက်ကို ခံယူရသော သင်သည် ငြိမ်သက် ချမ်းမြေ့ပါစေ၊ ဘေးအန္တရာယ်ခပ်သိမ်းမှ ကင်းလွတ်ပါစေ။
၁၉။ သဗ္ဗ ရောဂါ ဝိနီမုတ္တော၊ သဗ္ဗသန္တာပဝဇ္ဇိတော။
သဗ္ဗဝေရ' မတိက္ကန္တော၊ နိဗ္ဗုတော စ တုဝံ ဘဝ။
၁၉။ သင်သည် အနာမရှိ ပကတိကျန်းမာသူ၊ ပူပန်ခြင်း ကင်းသူ၊ ရန်သူဟူသမျှ ကို လွန်မြောက်နိုင်သူ၊ ငြိမ်းအေး ချမ်းမြေ့သူ ဖြစ်ပါစေသတည်း။
၂၀။ တေသံ သစ္စေန သီလေန၊ ခန္တီမေတ္တာဗလေန စ။
တေပိ အမှေ' နုရက္ခန္တု၊ အရောဂေန သုခေန စ။
၂၀။ ထိုဘုရားရှင်တို့သည် သီလ, သစ္စာ, ခန္တီ, မေတ္တာတို့၏ စွမ်းပကားဖြင့် ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်သနား စောင့်ရှောက်ကြပါ စေကုန်သတည်း။
၂၁။ ပုရတ္ထိမသ္မိံ ဒိသာဘာဂေ၊ သန္တိ ဘူတာ မဟိဒ္ဓိကာ။
တေပိ အမှေ' နုရက္ခန္တု၊ အရောဂေန သုခေန စ။
၂၂။ ဒက္ခိဏသ္မိံ ဒိသာဘာဂေ၊ သန္တိ ဒေဝါ မဟိဒ္ဓိကာ။
တေပိ အမှေ' နုရက္ခန္တု၊ အရောဂေန သုခေန စ။
၂၃။ ပစ္ဆိမသ္မိံ ဒိသာဘာဂေ၊ သန္တိ နာဂါ မဟိဒ္ဓိကာ။
တေပိ အမှေ' နုရက္ခန္တု၊ အရောဂေန သုခေန စ။
၂၄။ ဥတ္တရသ္မိံ ဒိသာဘာဂေ၊ သန္တိ ယက္ခာ မဟိဒ္ဓိကာ။
တေပိ အမှေ' နုရက္ခန္တု၊ အရောဂေန သုခေန စ။
၂၁၊ ၂၂၊ ၂၃၊ ၂၄။ အရှေ့မျက်နှာ အရပ်၌ တန်ခိုးကြီးသော ဂန္ဓဗ္ဗနတ်တို့ ရှိကြကုန်၏၊ တောင်ဘက်အရပ်မျက်နှာ၌ တန်ခိုးကြီးသော ကုမ္ဘဏ်နတ်တို့ ရှိကြကုန်၏၊ အနောက် အရပ်မျက်နှာ၌ တန်ခိုးကြီးသော နဂါးတို့ ရှိကြကုန်၏၊ မြောက်ဘက်အရပ်မျက်နှာ၌ တန်ခိုးကြီးသော ဘီလူးတို့ ရှိကြကုန်၏၊ ထိုနတ်, နဂါး, ဘီလူးတို့သည် ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်တစိုက် စောင့်ရှောက်ကြပါစေကုန်သတည်း။
၂၅။ ပုရတ္ထိမေန ဓတရဋ္ဌော၊ ဒက္ခိဏေန ဝိရူဠှကော။
ပစ္ဆိမေန ဝိရူပက္ခော၊ ကုဝေရော ဥတ္တရံ ဒိသံ။
၂၅။ အရှေ့အရပ်မျက်နှာ၌ ဂန္ဓဗ္ဗနတ်တို့ကို အစိုးရသော ဓတရဋ္ဌနတ်မင်း၊ တောင်အရပ်မျက်နှာ၌ ကုမ္ဘဏ်တို့ကို အစိုးရသော ဝိရူဠှကနတ်မင်း၊ အနောက်အရပ်မျက်နှာ၌ နဂါးတို့ကို အစိုးရသော ဝိရူပက္ခနတ်မင်း၊ မြောက်အရပ် မျက်နှာ၌ ဘီလူးတို့ကို အစိုးရသော ကုဝေရနတ်မင်း။
၂၆။ စတ္တာရော တေ မဟာရာဇာ၊ လောကပါလာ ယသဿိနော။
တေပိ အမှေ' နုရက္ခန္တု၊ အရောဂေန သုခေန စ။
၂၆။ ထိုနတ်မင်းကြီးလေးယောက်တို့သည် လူတို့ကို စောင့်ရှောက်တတ်ကြ ကုန်၏၊ အခြွေအရံလည်း များကုန်၏၊ ထိုနတ်မင်းကြီးတို့သည် ကျွန်ုပ်တို့ကို အနာမရှိ ပကတိ ချမ်းသာအောင် အစဉ်မပြတ် စောင့်ရှောက်ကြပါစေကုန် သတည်း။
၂၇။ အာကာသဋ္ဌာ စ ဘူမဋ္ဌာ၊ ဒေဝါ နာဂါ မဟိဒ္ဓိကာ။
တေပိ အမှေ' နုရက္ခန္တု၊ အရောဂေန သုခေန စ။
၂၇။ ကောင်းကင်၌တည်သော နတ်များ၊ မြေ၌တည်သော နတ်များ၊ နဂါးများ သည် တန်ခိုးအလွန်ကြီးကြသည်၊ ထိုတန်ခိုးကြီးနတ်နဂါးတို့သည် ကျွန်ုပ်တို့ကို အနာမရှိပကတိချမ်းသာအောင် အစဉ်မပြတ် စောင့်ရှောက်ကြစေကုန်သတည်း။
၂၈။ ဣဒ္ဓိမန္တော စ ယေ ဒေဝါ၊ ဝသန္တာ ဣဓ သာသနေ။
တေပိ အမှေ' နုရက္ခန္တု၊ အရောဂေန သုခေန စ။
၂၈။ တန်ခိုးကြီးသော နတ်တို့သည် ဤဘုရားသာသနာ၌ နေကြကုန်၏၊ ထိုသာသနာနတ်တို့သည်လည်း ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်မပြတ် စောင့်ရှောက် ကြပါစေကုန်သတည်း။
၂၉။ သဗ္ဗီတိယော ဝိဝဇ္ဇန္တု၊ သောကော ရောဂေါ ဝိနဿတု။
မာ တေ ဘဝန္တွာ'န္တရာယာ၊ သုခီ ဒီဃာယုကော ဘဝ။
၂၉။ ဘေးရန်ခပ်သိမ်း ကင်းစေကုန်သတည်း၊ စိုးရိမ်ကြောင့်ကြ ကင်းစေကုန် သတည်း၊ အနာရောဂါဟူသမျှ ပျောက်စေကုန်သတည်း၊ သင့်အား အန္တရာယ် တစ်စုံတစ်ရာ မဖြစ်စေသတည်း၊ ချမ်းချမ်းသာသာနှင့် အသက်ရှည်စွာ နေရပါစေ သတည်း။
၃၀။ အဘိဝါဒနသီလိဿ၊ နိစ္စံ ဝုဍ္ဎာပစာယိနော။
စတ္တာရော ဓမ္မာ ဝဍ္ဎန္တိ၊ အာယု ဝဏ္ဏော သုခံ ဗလံ။
အာဋာနာဋိယသုတ္တံ နိဋ္ဌိတံ။
၃၀။ ရတနာမြတ်သုံးပါးအား ရိုသေစွာ ရှိခိုးဆည်းကပ်လေ့ ရှိသောသူ၊ သီလ ရှိသူ, သမာဓိရှိသူ, ပညာရှိသူတို့ကို အမြဲမပြတ် ရိုသေလေးစားတတ်သူသည် အသက်ရှည်၏၊ အဆင်းလှ၏၊ ချမ်းသာကြီးပွား၏၊ ခွန်အားဗလ တိုးတက် လေ၏၊ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း ဟူသောတရားတို့သည် ထိုပုဂ္ဂိုလ်အဖို့ ထာဝစဉ် တိုးတက်လျက်သာ နေကြကုန် သတည်း။
အာဋာနာဋိယသုတ်တော် မြန်မာပြန်ပြီး၏၊
အင်္ဂုလိမာလသုတ်
အင်္ဂုလိမာလသုတ် ရွတ်ဖတ်ရခြင်း အကျိုးတရား
မီးအဖွားရခက်နေသော ကိုယ်ဝန်ဆောင် မိခင်လောင်းတို့အား သားဖွားရလွယ်ကူစေသည်။ ဤပရိတ်ရေကို တိုက်ပေးနိုင်သည်။ ဖွားခါနီးမှ ရွတ်ဖတ်သည်ထက် နေ့စေ့ လစေ့ ဖွားခါနီးလာလျှင် မပြတ် ရွတ်ဖတ်ပေးသင့်သည်။ တိရစ္ဆာန်မများ မွေးဖွားရလွယ်အောင်လည်း ဤပရိတ်ဖြင့်ပင် ကူညီနိုင်ပေသည်။
၁။ ပရိတ္တံ ယံ ဘဏန္တဿ၊ နိသိန္နဋ္ဌာနဓောဝနံ။
ဥဒကမ္ပိ ဝိနာသေတိ၊ သဗ္ဗမေဝ ပရိဿယံ။
၁။ ဤအင်္ဂုလိမာလ ပရိတ်တော်ကို ရွတ်ဖတ်သော မထေရ်မြတ်တို့၏ ထိုင်သည့် နေရာကို ဆေးကြောသည့်ရေသည်ပင်လျှင် ဘေးရန်ဟူသမျှကို ပျောက်ကင်းစေတတ်၏၊
၂။ သောတ္ထိနာ ဂဗ္ဘဝုဋ္ဌာနံ၊ ယဉ္စ သာဓေတိ တင်္ခဏေ။
ထေရဿ'င်္ဂုလိမာလဿ၊ လောကနာထေန ဘာသိတံ။
ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
၂။ အင်္ဂုလိမာလ ပရိတ်တော်သည် ကိုယ်ဝန်သားကို ချမ်းသာလွယ်ကူစွာ ချက်ချင်း ဖွားစေနိုင်သောအစွမ်းရှိ၏၊ အင်္ဂုလိမာလအမည်ရှိသော မထေရ် အတွက် မြတ်စွာဘုရား ဟောကြားတော်မူသော ပရိတ်တော်ဖြစ်၏၊ အာယုကပ် ပတ်လုံးတည်၏၊ တန်ခိုးလည်း အလွန်ကြီး၏၊ ထိုပရိတ်တော်ကို ယခုအခါ ကျွန်ုပ်တို့ စုပေါင်း ရွတ်ဆိုကြပါစို့။
၃။ ယတော'ဟံ ဘဂိနိ အရိယာယ ဇာတိယာ ဇာတော။
နာဘိဇာနာမိ သဉ္စိစ္စ ပါဏံ ဇီဝိတာ ဝေါရောပေတာ။
တေန သစ္စေန သောတ္ထိ တေ ဟောတု သောတ္ထိ ဂဗ္ဘဿ။
၃။ "အို-နှမ ငါသည် အရိယာဇာတ် ရဟန်းမြတ်ဖြစ်သောအခါမှစ၍ သေစေလိုသော စေတနာဖြင့် သတ္တဝါ တစ်ကောင်ကောင်ကို သတ်ဖူးသည်ဟုငါမသိပေ" ထိုသို့မှန်သော သစ္စာစကားကြောင့် သင့်အားချမ်းသာပါစေ၊ ကိုယ်ဝန်သားလည်း ချမ်းသာပါစေ။
အင်္ဂုလိမာလသုတ် မြန်မာပြန် ပြီး၏၊
---
ဗောဇ္ဈင်သုတ်
ဗောဇ္ဈင်သုတ် ရွတ်ဖတ်ရခြင်း အကျိုးတရား
ဗောဇ္ဈင်သုတ်တော်ကို ဆင်ခြင်ခြင်းအားဖြင့် ကိလေသာ ရောဂါဆိုးများကို သက်သာလာစေသည်၊ ရောဂါပျောက်ကင်းစေနိုင်သည်၊ ကိလေသာကုသော ဆေးရုံများတွင် အထူးအာရုံပြုသင့်သည်၊ ပင်ရင်း ဗောဇ္ဈင်သုတ်သုံးသုတ်ကို တွဲ၍ရွတ်လျှင် ပိုကောင်းသည်။
၁။ သံသာရေ သံသရန္တာနံ၊ သဗ္ဗဒုက္ခဝိနာသနေ။
သတ္တ ဓမ္မေ စ ဗောဇ္ဈင်္ဂေ၊ မာရသေနာပမဒ္ဒနေ။
၁။ ဗောဇ္ဈင်ခုနှစ်ပါး မြတ်တရားသည် သံသရာ၌ ကျင်လည်နေကြရသော သူတို့၏ ဆင်းရဲဒုက္ခကို သက်သာ ပျောက်ကင်းစေနိုင်၏၊ ထကြွ သောင်းကျန်းလာသော ကိလေသာတို့ကိုလည်း နှိပ်ကွပ်ဆုံးမနိုင်၏၊ အရဟတ္တမဂ်၏ အင်္ဂါ အစိတ်အပိုင်းလည်း ဖြစ်ပေ၏၊
၂။ ဗုဇ္ဈိတွာ ယေ စိမေ သတ္တာ၊ တိဘဝါ မုတ္တကုတ္တမာ။
အဇာတိ' မဇရာဗျာဓိံ၊ အမတံ နိဗ္ဘယံ ဂတာ။
၂။ သတ္တဝါတို့သည် ဗောဇ္ဈင်ခုနှစ်ပါး မြတ်တရားကို ဒိဋ္ဌသိမြင်ကြပါလျှင် ဘဝသုံးပါးမှ ကျွတ်လွတ်ကြရကုန်၏၊ မြတ်ရာသို့လည်းရောက်ကုန်၏၊ ပဋိသန္ဓေ နေရသည့်ဘေး၊ အိုရသည့်ဘေး၊ နာရသည့်ဘေး၊ သေရသည့်ဘေးတို့ ကင်းသော နိဗ္ဗာန်သို့လည်း ရောက်ကြရကုန်၏၊
၃။ ဧဝမာဒိဂုဏူပေတံ၊ အနေကဂုဏသင်္ဂဟံ။
ဩသဓဉ္စ ဣမံ မန္တံ၊ ဗောဇ္ဈင်္ဂဉ္စ ဘဏာမဟေ။
၃။ ဆိုခဲ့ပြီးသော ဂုဏ်ကျေးဇူးတို့နှင့်သာမက အခြားသော ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံသည့်အပြင် ဆေးလည်းဖြစ် မန္တရားလည်းဖြစ်သော ဤဗောဇ္ဈင်ပရိတ် တော်ကို ကျွန်ုပ်တို့ စုပေါင်းရွတ်ဆိုကြပါစို့။
၄။ ဗောဇ္ဈင်္ဂေါ သတိသင်္ခါတော၊ ဓမ္မာနံ ဝိစယော တထာ။
ဝီရိယံ ပီတိ ပဿဒ္ဓိ၊ ဗောဇ္ဈင်္ဂါ စ တထာပရေ။
၅။ သမာဓုပေက္ခာ ဗောဇ္ဈင်္ဂါ၊ သတ္တေတေ သဗ္ဗဒဿိနာ။
မုနိနာ သမ္မဒက္ခာတာ၊ ဘာဝိတာ ဗဟုလီကတာ။
၄-၅။ ဗောဓိဉာဏ်၏ အင်္ဂါအစိတ်အပိုင်းဖြစ်ကုန်သော သတိ၊ ပညာ (ဓမ္မဝိစယ)၊ ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ၊ သမာဓိ၊ ဥပေက္ခာ ဤတရားခုနှစ်ဖြာတို့ကို ဗောဇ္ဈင် တရားများ ဖြစ်ကြသည်ဟူ၍ တရားအားလုံးကို သိမြင်တော်မူသော မြတ်စွာ ဘုရားက ထုတ်ဖေါ်ဟောကြားပေ၏၊ ထိုဗောဇ္ဈင် ခုနှစ်ပါးကို ပွားများအပ်ကုန်၏၊ ထပ်၍ ထပ်၍ ပွားများ အပ်ကုန်၏၊
၆။ သံဝတ္တန္တိ အဘိညာယ၊ နိဗ္ဗာနာယ စ ဗောဓိယာ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
၆။ ဤဗောဇ္ဈင်ခုနှစ်ပါး မြတ်တရားကို ပွားများသည်ရှိသော် တရားထူး တရား မြတ်တို့ကိုလည်း တိုးတက် သိစေနိုင်သည့် အကျိုးရှိ၏၊ ကိလေသာ ငြိမ်းအေးခြင်း အကျိုးလည်းရှိ၏၊ အရဟတ္တမဂ်ကို ရရှိခြင်း အကျိုးလည်းရှိ၏၊
ဤသို့ မှန်သောစကားကို ဆိုသဖြင့် သင့်အား အခါခပ်သိမ်း စီးပွားချမ်းသာ ဖြစ်ပါစေ သတည်း။
၇။ ဧကသ္မိံ သမယေ နာထော၊ မောဂ္ဂလ္လာနဉ္စ ကဿပံ။
ဂိလာနေ ဒုက္ခိတေ ဒိသွာ၊ ဗောဇ္ဈင်္ဂေ သတ္တ ဒေသယိ။
၇။ အခါတပါး၌ မြတ်စွာဘုရားသည် မကျန်းမာသဖြင့် ဆင်းရဲဒုက္ခရောက်ရသော ရှင်မောဂ္ဂလာန်နှင့် ရှင်မဟာ ကဿပမထေရ် နှစ်ပါးတို့အား ဗောဇ္ဈင်ခုနှစ်ပါး မြတ်တရားကို ဟောကြားတော်မူခဲ့၏၊
၈။ တေ စ တံ အဘိနန္ဒိတွာ၊ ရောဂါ မုစ္စိံသု တင်္ခဏေ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
၈။ ထိုမထေရ်နှစ်ပါးသည် ဗောဇ္ဈင်တရားတော်ကို လွန်စွာ နှစ်သက်ကြသည့်အတွက် တရားနာဆဲ ခဏမှာပင် အနာရောဂါမှ သက်သာပျောက်ကင်း ခဲ့ရလေသည်။
ဤသို့ မှန်သောစကားကို ဆိုသဖြင့် သင့်အား အခါခပ်သိမ်း စီးပွားချမ်းသာ ဖြစ်ပါစေ သတည်း။
၉။ ဧကဒါ ဓမ္မရာဇာပိ၊ ဂေလညေနာ' ဘိပီဠိတော။
စုန္ဒတ္ထေရေန တံယေဝ၊ ဘဏာပေတွာန သာဒရံ။
၉။ အခါတပါး၌ မြတ်စွာဘုရားကိုယ်တိုင် အနာရောဂါ ဖိစီးနှိပ်စက်ခြင်းကို ခံတော်မူရ၏၊ ထိုအခါ စုန္ဒမထေရ်မြတ်ကို ရိုသေစွာ ဗောဇ္စျင်တရားဟောစေပြီး မြတ်စွာဘုရား နာကြားတော်မူသည်။
၁၀။ သမ္မောဒိတွာန အာဗာဓာ၊ တမှာ ဝုဋ္ဌာသိ ဌာနသော။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
၁၀။ ဗောဇ္စျင်တရားကို နှစ်လိုတော်မူ၍ ဟောသောခဏမှာပင် အနာရောဂါ ပျောက်ကင်းလေသည်။
၁၁။ ပဟီနာ တေ စ အာဗာဓာ၊ တိဏ္ဏန္နမ္ပိ မဟေသိနံ။
မဂ္ဂဟတာ ကိလေသာဝ၊ ပတ္တာ' နုပ္ပတ္တိဓမ္မတံ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
ဗောဇ္ဈင်္ဂသုတ္တံ နိဋ္ဌိတံ။
၁၁။ မဟာကဿပမထေရ်၊ မဟာမောဂ္ဂလာန်မထေရ်နှင့် ဘုရားရှင်တို့အား အနာရောဂါတို့ ကင်းပျောက်ကြကုန်၏၊ မဂ်ဖြင့်ပယ်အပ်သော ကိလေသာ တို့ကဲ့သို့ အနာရောဂါတို့သည် နောက်ထပ် မဖြစ်နိုင်ကြတော့ပေ။
ဤသို့ မှန်သောစကားကို ဆိုသဖြင့် သင့်အား ထာဝရချမ်းသာခြင်း ဖြစ်ပါစေ သတည်း။
ဗောဇ္ဈင်သုတ် မြန်မာပြန် ပြီး၏၊
---
ပုဗ္ဗဏှသုတ်
ပုဗ္ဗဏှသုတ် ရွတ်ဖတ်ရခြင်း အကျိုးတရား
ဂြိုလ်ဆိုး၊ နိမိတ်ဆိုး၊ အိပ်မက်ဆိုးတို့ကို ကင်းစေနိုင်သည်၊ ကံဇာတာနိမ့်နေခိုက် အထူးရွတ်ရန်သင့်သည်၊ လုပ်သမျှလုပ်ငန်း အထစ်ထစ် အငေါ့ငေါ့ဖြစ်နေလျှင် ဤသုတ်ကို အထူးရွတ်သင့်သည်၊ အရေးကြီးသော ကိစ္စတစ်ခုခုကို အောင်မြင်အောင် ဆောင်ရွက်လိုသောအခါ မလုပ်မီ ဤသုတ်ကို သရဇ္စျယ်ပါ၊ မုချအောင်ပါလိမ့်မည်။
၁။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာမနာပေါ သကုဏဿ သဒ္ဒေါ
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဗုဒ္ဓါနုဘာဝေန ဝိနာသ'မေန္တု။
၁။ မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ်သက်ဖွယ်ဖြစ်သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုလ်စီးဂြိုလ်နင်း၊ မနှစ်သက်စရာ အိပ်မက်ဆိုး စသည်တို့သည် မြတ်စွာဘုရား၏ ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက် ကင်းပျောက် ပါစေသတည်း။
၂။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာမနာပေါ သကုဏဿ သဒ္ဒေါ
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဓမ္မာနုဘာဝေန ဝိနာသ'မေန္တု။
၂။ မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ် သက်ဖွယ်ဖြစ်သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုလ်စီးဂြိုလ်နင်း၊ မနှစ်သက်စရာ အိပ်မက်ဆိုး စသည်တို့သည် တရားတော်၏ ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက် ကင်းပျောက် ပါစေသတည်း။
၃။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာမနာပေါ သကုဏဿ သဒ္ဒေါ
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ သံဃာနုဘာဝေန ဝိနာသ'မေန္တု။
၃။ မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ်သက်ဖွယ်ဖြစ်သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုလ်စီးဂြိုလ်နင်း၊ မနှစ်သက်စရာ အိပ်မက်ဆိုး စသည်တို့သည် သံဃာတော်၏ ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက် ကင်းပျောက် ပါစေသတည်း။
၄။ ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ၊ ဘယပ္ပတ္တာ စ နိဗ္ဘယာ။
သောကပ္ပတ္တာ စ နိေဿာကာ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော။
၄။ ဒုက္ခရောက်နေကြသူအားလုံး ဒုက္ခကင်းကြပါစေ၊ ဘေးတွေ့နေကြသူအားလုံး ထိုဘေးအန္တရာယ်မှ ကင်းလွတ်ကြပါစေ၊ စိုးရိမ်သောကဖြစ်နေကြသူအားလုံး စိုးရိမ်သောက ကင်းကြပါစေ။
၅။ ဧတ္တာဝတာ စ အမှေဟိ၊ သမ္ဘတံ ပုညသမ္ပဒံ။
သဗ္ဗေ ဒေဝါ'နုမောဒန္တု၊ သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ။
၅။ အထက်တွင် ဖော်ပြခဲ့ပြီးသော စကားစဉ်ဖြင့် ကျွန်ုပ်တို့သည် ကောင်းမှုကို ဆည်းပူးခဲ့ကြပါသည်။ ဤသည်ကို နတ်အပေါင်းတို့က ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကြပါကုန်။
၆။ ဒါနံ ဒဒန္တု သဒ္ဓါယ၊ သီလံ ရက္ခန္တု သဗ္ဗဒါ။
ဘာဝနာဘိရတာ ဟောန္တု၊ ဂစ္ဆန္တု ဒေဝတာ'ဂတာ။
၆။ အရာရာပြည့်စုံမှု ချမ်းသာမှုရှိလာအောင် ယုံယုံကြည်ကြည်ဖြင့် လှူဒါန်းကြပါ၊ အကျင့်သီလ စောင့်ထိန်းကြပါ၊ ကမ္မဋ္ဌာန်း ဘာဝနာ ပွားများကြပါ၊ ယခုအခါ၌ တရားနာ ရောက်နေကြသော နတ်အပေါင်းတို့ ပြန်သွားနိုင်ကြပါပြီ။
၇။ သဗ္ဗေ ဗုဒ္ဓါ ဗလပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယံ ဗလံ။
အရဟန္တာနဉ္စ တေဇေန၊ ရက္ခံ ဗန္ဓာမိ သဗ္ဗသော။
၇။ အားတော်ဆယ်ပါးနှင့် ပြည့်စုံတော်မူကြကုန်သော မြတ်စွာဘုရား၊ ပစ္စေက ဗုဒ္ဓါဘုရား၊ ရဟန္တာအရှင်သူမြတ်တို့၏ ဉာဏဗလစွမ်းရည် တန်ခိုးဖြင့် အရပ် ထက်ဝန်းကျင်မှ အစောင့်အရှောက်ကို ဖွဲ့ပါ၏၊
၈။ ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၈။ လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ရှိသော ရတနာတို့သည် ဘုရားတည်းဟူသော ရတနာနှင့်မတူချေ၊ ထိုရတနာတို့ထက် ဘုရားရတနာသည်သာလျှင် ပို၍မြတ်၏၊ ဤသစ္စာစကားကြောင့် သတ္တဝါအများ ချမ်းသာ ကြပါစေ သတည်း။
၉။ ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၉။ လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ရှိသော ရတနာတို့သည် တရားတည်းဟူသော ရတနာနှင့်မတူချေ၊ ထိုရတနာတို့ထက် တရားရတနာသည်သာလျှင် ပို၍မြတ်၏၊ ဤသစ္စာစကားကြောင့် သတ္တဝါအများ ချမ်းသာကြ ပါစေ သတည်း။
၁၀။ ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၁၀။ လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ရှိသော ရတနာတို့သည် သံဃာတည်းဟူသော ရတနာနှင့်မတူချေ၊ ထိုရတနာတို့ထက် သံဃာရတနာသည်သာလျှင် ပို၍မြတ်၏၊ ဤသစ္စာစကားကြောင့် သတ္တဝါအများ ချမ်းသာကြပါစေသတည်း။
၁၁။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗဗုဒ္ဓါနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။
၁၁။ သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ၊ နတ်တို့က သင့်ကို စောင့်ရှောက်ပါစေ၊ အားလုံးသော မြတ်စွာဘုရားတို့၏ တန်ခိုးတေဇော် အာနုဘော်တော်ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။
၁၂။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗဓမ္မာနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။
၁၂။ သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ၊ နတ်တို့က သင့်ကို စောင့်ရှောက်ပါစေ၊ အားလုံးသော တရားတော်တို့၏ တန်ခိုးတေဇော် အာနုဘော်တော်ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။
၁၃။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗသံဃာနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။
၁၃။ သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ၊ နတ်တို့က သင့်ကို စောင့်ရှောက်ပါစေ၊ ခပ်သိမ်းသော သံဃာတော်တို့၏ တန်ခိုးတေဇော် အာနုဘော်တော်ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။
၁၄။ မဟာကာရုဏိကော နာထော၊ ဟိတာယ သဗ္ဗပါဏိနံ။
ပူရေတွာ ပါရမီ သဗ္ဗာ၊ ပတ္တော သမ္ဗောဓိ'မုတ္တမံ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
၁၄။ မဟာကရုဏာရှင် မြတ်စွာဘုရားသည် ကမ္ဘာသူကမ္ဘာသား အပေါင်း၏ အကျိုးစီးပွားအလို့ငှာ ပါရမီတော်ကို ဖြည့်ကျင့်တော် မူခဲ့သဖြင့် မြတ်လှစွာသော အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ် သို့ ရောက်တော်မူခဲ့လေပြီ၊ ထိုသို့မှန်သော သစ္စာစကားကို ဆိုရသောကြောင့် သင့်အား စီးပွားချမ်းသာ တိုးတက်ဖြစ်ထွန်း ပါစေ သတည်း။
၁၅။ ဇယန္တော ဗောဓိယာ မူလေ၊ သကျာနံ နန္ဒိဝဍ္ဎုနော။
ဧဝမေဝ ဇယော ဟောတု၊ ဇယဿု ဇယမင်္ဂလေ။
၁၅။ သာကီဝင် မင်းအပေါင်းတို့၏ နှစ်သက်ဝမ်းမြောက်ခြင်းကို တိုးပွားစေသော မြတ်စွာဘုရားသည် ဗောဓိပင်ရင်း၌ မာရ်ငါးပါးကို အောင်မြင်တော်မူသကဲ့သို့ ထို့အတူ သင့်အား အောင်မြင်ခြင်းဖြစ်စေသတည်း၊ အောင်သင့်အောင်အပ်သော မင်္ဂလာဟူသမျှ သင့်အား အောင်မြင်ရရှိပါစေသတည်း။
၁၆။ အပ္ပရာဇိတပလ္လင်္ကေ၊ သီသေ ပုထုဝိပုက္ခလေ။
အဘိသေကေ သဗ္ဗဗုဒ္ဓါနံ၊ အဂ္ဂပ္ပတ္တော ပမောဒတိ။
၁၆။ သဗ္ဗညုဘုရားအဆူဆူတို့ ဗုဒ္ဓါဘိသေကမင်္ဂလာ ခံယူရာ လည်းဖြစ်သော ကမ္ဘာမြေအပြင်၌ အထူးတင့်တယ်၍ မြေတကာတို့၏ အဦးအထိပ်လည်း ဖြစ်သော အပရာဇိတပလ္လင်တော်၌ မြတ်စွာဘုရားသည် လူသုံးပါးတို့ထက် မြတ်သော ဘုရားအဖြစ်သို့ ရောက်သဖြင့် ဝမ်းမြောက်တော်မူခဲ့လေပြီ။
၁၇။ သုနက္ခတ္တံ သုမင်္ဂလံ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ။
သုခဏော သုမုဟုတ္တော စ၊ သုယိဋ္ဌံ ဗြဟ္မစာရိသု။
၁၇။ ဤနည်းအတူ သင့်အားလည်း နက္ခတ်ကောင်းကြုံပါစေ၊ မင်္ဂလာကောင်း ရှိပါစေ၊ ချမ်းမြေ့စွာ နံနက်မိုးသောက် အလင်းရောက်ပါစေ၊ ကောင်းစွာ တိုးတက်ပါစေ၊ စက္ကန့်တိုင်း မိနစ်တိုင်း နာရီတိုင်း ကောင်းကျိုးချမ်းသာ မင်္ဂလာနှင့် ပြည့်စုံပါစေ၊ အကျင့်မြတ်ကို မပြတ်ကျင့်ကြံနေသော သူတော် ကောင်းတို့အား ကောင်းစွာ ပူဇော်ခြင်း ဖြစ်ပါစေသတည်း။
၁၈။ ပဒက္ခိဏံ ကာယကမ္မံ၊ ဝါစာကမ္မံ ပဒက္ခိဏံ။
ပဒက္ခိဏံ မနောကမ္ပ္မံ၊ ပဏီဓိ တေ ပဒက္ခိဏေ။
၁၈။ မြတ်သောကိုယ်အမှု၊ မြတ်သောနှုတ်အမှု၊ မြတ်သောစိတ်အမှု ရှိပါစေ၊ ကောင်းမြတ်သော ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတို့၌ သင်၏စိတ်ကို ဆောက်တည်နိုင်ပါစေ သတည်း။
၁၉။ ပဒက္ခိဏာနိ ကတွာန၊ လဘန္တ'တ္ထေ ပဒက္ခိဏေ။
တေ အတ္ထလဒ္ဓါ သုခိတာ၊ ဝိရူဠှာ ဗုဒ္ဓသာသနေ။
အရောဂါ သုခိတာ ဟောထ၊ သဟ သဗ္ဗေဟိ ဉာတိဘိ။
ပုဗ္ဗဏှသုတ္တံ နိဋ္ဌိတံ။
၁၉။ လူခပ်သိမ်း၊ နတ်ခပ်သိမ်းတို့သည် မြတ်သော အမှုကိစ္စတို့ကို ဆောင်ရွက်ကြသည့်အတွက် မြတ်သောအကျိုးတရားတို့ကို ရကြကုန်၏၊ မြတ်သောအကျိုးတရားကို ရရှိသောသူတို့သည် ချမ်းချမ်းသာသာ ရှိကြကုန်၏၊ ထိုသူတို့သည် ဘုရားသာသနာ၌ ကြီးပွားတိုးတက် လာကြကုန်၏၊ ထိုသူတို့သည် မိမိတို့ အဆွေအမျိုးတို့နှင့်အတူ ကျမ်းမာချမ်းသာကြပါစေကုန်သော်။
ပုဗ္ဗဏှသုတ် မြန်မာပြန် ပြီး၏၊
ပရိတ်ကြီးမှ သိမှတ်စရာ
ပရိတ် ဟူသည် ပရိတ္တဟူသည့် ပါဠိမှဆင်းသက်လာခြင်းဖြစ်သည်။ အကာအကွယ်၊ အရံအတားဟုဆိုလိုကြောင်း သိထားကြပါတယ်။ ဘုရားရှင် ဟောကြားခဲ့သော သုတ်တော် ဒေသနာတော်များထဲမှာ ဆရာတော်များက ထုတ်နှုတ်ရွတ်ဖတ်ပူဇော်စေတာဖြစ်ပါတယ်။
ပရိတ်ကြီး(၁၁)သုတ်ကိုစီစစ်လျှင်
ပရိတ်ကြီး(၁၁)သုတ်၏ အရင်းအမြစ်ကို စီစစ်ရင် အောက်ပါအတိုင်း တွေ့ရပါမယ်။
၁။ မင်္ဂလသုတ် - ခုဒ္ဒကနိကာယ်၊ ခုဒ္ဒကပါဌပါဠိတော် နှင့် သုတ္တနိပါတ်ပါဠိတော်။
၂။ ရတနာသုတ် - ခုဒ္ဒကနိကာယ်၊ ခုဒ္ဒကပါဌပါဠိတော် နှင့် သုတ္တနိပါတ်ပါဠိတော်။
၃။ မေတ္တသုတ် - ခုဒ္ဒကနိကာယ်၊ ခုဒ္ဒကပါဌပါဠိတော် နှင့် သုတ္တနိပါတ်ပါဠိတော်။
၄။ ခန္ဓသုတ် - ဝိနယပိဋက စူဋ္ဌဝဂ္ဂပါဠိ၊ အင်္ဂုတ္တရနိကာယ၊ တိကနိပါတပါဠိ၊ တိကနိပါတ်။
၅။ မောရသုတ် - ခုဒ္ဒကနိကာယ၊ ဇာတကပဠိ၊ ဧကကနိပါတ်။
၆။ ဝဋ္ဋသုတ် - ခုဒ္ဒကနိကာယ၊ စရိယာပိဋကပါဠိ၊ ဇာတကပါဠိ၊ ဧကကနိပါတ်။
၇။ ဓဇဂ္ဂသုတ် - သံယုတ္တနိကာယ၊ သတ္တသံယုတ်။
၈။ အာဋာနာဋိယသုတ် - ဒီဃနိကာယ၊ ပါထိကဝဂ္ဂပါဠိ။
၉။ အင်္ဂုလိမာလသုတ် - မဇ္စျှမနိကာယ၊ မဇ္စျိမမဏ္ဏာသပါဠိ။
၁၀။ ဗောဇ္စျင်္ဂသုတ် - သံယုတ္တနိကာယ၊ ဗောဇ္စျင်္ဂသံယုတ်။
၁၁။ ပုဗ္ဗာဏှသုတ် - အင်္ဂုတ္တရနိကာယ၊ တိကနိပါတ်ပါဠိ တို့၌ အသီးသီး ပါဝင်နေကြောင်း တွေ့ရှိရပေသည်။
ဒါဆိုရင်တော့ ပရိတ်တော်တွေကို မူရင်းပိဋကတ်တော်တွေမှာ တိုက်ရိုက်လေ့လာလို့ရပါပြီ။
ပရိတ်ဟာ ဓမ္မလည်းဖြစ်ရမယ်။ အကာအကွယ်လည်းဖြစ်ရမယ်။ လောကီ၊ လောကုတ်ကိုလည်း အကျိုးပြုရမယ်… လို့ဆိုပါတယ်။
ပရိတ်ရွတ်ဖတ် ပူဇော်ခြင်းရဲ့ အကျိုးကျေးဇူးကို အာဋာနာဋိယသုတ်တော်ရဲ့ အဆုံးနားမှာ အချုပ်အားဖြင့် တွေ့ပါမယ်။
မြန်မာဆရာတော်တွေကတော့ နတ်တွေစောင့်ရှောက်မယ်၊ အနာရောပါကင်း၊ အဆင်းလှ၊ စိုးရိမ်မှုကင်း၊ ဘေးရန်ကင်း၊ အသက်ရှည်ခြင်းတွေ ဖြစ်မယ်လို့ ဆိုပါတယ်။ သီဟိုဠ်ကဆရာတော်တွေကတော့ အာဋာနာဋိယသုတ်တော်ရဲ့ အဆုံးနားမှာ နည်းနည်းမူခွဲပြီး ရွတ်ဆိုတယ်လို့ သိရပါတယ်။
ဒါတွေကတော့ ပရိတ်စာအုပ်တွေမှာပါနေကျ သတိပြုစရာတွေပါ။
ပရိတ်ရွတ်သူအင်္ဂါ(၃)ပါး
၁။ ပုဒ်၊ ပါဌ်၊ အက္ခရာ ပီသမှန်ကန်အောင်ရွတ်ဆိုခြင်း။
၂။ အနက်အဓိပ္ပာယ်ကို်သိရှိနားလည်ခြင်း။
၃။ ပရိတ်နာသူတို့ အပေါ်၌ သနားကရုဏာရှိခြင်း။
ပရိတ်နာသူအင်္ဂါ(၃)ပါး
၁။ ပဉ္စနန္တရိယ ကံကြီးငါးပါးမှ လွတ်ကင်းခြင်း။
၂။ ကံ၊ ကံ၏ အကျိုးကို ပစ်ပယ်သော (နိယတ) မိစ္ဆာဒိဋ္ဌိ အယူမရှိခြင်း။
၃။ ပရိတ်တော်ကို ယုံကြည်ခြင်း။
ပရိတ်ဒေသနာတော်များကို ရွတ်ဖတ်ကြမည့် ပုဂ္ဂိုလ်များသည် အောက်ပါတို့ကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။
၁။ ခန္ဓာကိုယ်ကို သန့်ရှင်းစင်ကြယ်စွာ ရေချိုးခြင်း။
၂။ လျှော်ဖွတ်ပြီး သန့်ရှင်းသော အဝတ်ကို ဝတ်ဆင်ခြင်း။
၃။ သင့်တင့်မျှတရုံသာ စားသောက်ထားခြင်း။
၄။ ပတ်ဝန်းကျင်ဆူညံမှုမဖြစ်ရန် စီမံထားခြင်းပြု၍ အာရုံပြုသင့်ပါတယ်။
ထို့အပြင် ပါဠိတော်များကို ပီသအောင် ရွတ်ဆို၍ ဋ္ဌာန်ကရိုဏ်းကျစေခြင်း၊ ယုံကြည်မှုရှိခြင်း၊ အနက်အဓိပ္ပါယ်ကို နားလည်ခြင်း၊ ပရိတ်နာသူတို့ အပေါ်ဝယ် မေတ္တာဂရုဏာတရားထား၍ လာဘ်လာဘကို မမျှော်ကိုးခြင်း စသည့်တို့ဖြင့်လည်း ပြည့်စုံရမယ် ဆိုပါတယ်။
ပရိတ်နာသူတို့၌ ရှိရမည့် အင်္ဂါရပ်သုံးပါးမှာ -
၁။ လေးစားကြည်ညိုစွာ နာကြားခြင်း။
၂။ အယူမှားသော မိစ္ဆာဒိဋ္ဌိ ဝါဒတို့မှ ကင်းလွတ်ခြင်း။
၃။ စူးစိုက်ယုံကြည် စွဲမြဲစွာ မှတ်သားခြင်း။
ထိုအင်္ဂါရပ်များနှင့် ပြည့်စုံမှသာ ပရိတ်တော် ဒေသနာ နာရကျိုးအပြည့်အဝ ရရှိနိုင်ပါမယ်။
ဒီတော့ ပရိတ်တော်တွေရဲ့ လိုရင်း ရည်ရွယ်ချက်နဲ့ ဖြစ်စဉ်ကို အရင်လေ့လာကြရအောင်။ ပြီးမှ အချို့ဆွေးနွေးလို့ကောင်းတဲ့ သုတ်တော်တစ်ခုခြင်းကို အကျယ်ပြောကြတာပေါ့။
(ပရိတ်တွေ ဖြစ်ပေါ်လာပုံ ဝတ္ထုတွေကတော့ တော်တော်များများသိပြီးသား ဖြစ်ပါလိမ့်မယ်။ အားလုံးကိုအကျယ်မရေးချင်တော့ပါ။ ပရိတ်ကြီး (၁၁)သုတ် စာအုပ်တွေမှာ ပါပါတယ်။ အချို့သုတ်တွေမှာတော့ ဗဟုသုတရစရာလေးတွေ ပါနေလို့ ဖြစ်စဉ်ကိုပါ ပြန်ရေးပါမယ်။)
၁။ မင်္ဂလသုတ် -
အ-မင်္ဂလာတွေ၊ ဒု-မင်္ဂလာ တွေကို ဘဝမှာ မဖြစ်စေဖို့ သု-မင်္ဂလာတွေပဲ ဖြစ်စေဖို့ မင်္ဂလသုတ်ကိုရွတ်ကြရတယ် လို့ဆိုပါတယ်။ မင်္ဂလသုတ်ဟာ ဘဝနေနည်းပါပဲ။ ကျွန်တော်သဘောကတော့ ရွတ်ဆိုခြင်းဟာ ဘုရားရှင် ရဲ့ နှုတ်တော်က ထွက်လာတဲ့ ဓမ္မခန္မာတွေကို ပူဇော်တာဖြစ်လို့ ကုသိုလ်ရတာကို လက်ခံပါတယ်။ ဒါပေမယ့် မင်္ဂလသုတ်ကိုရွတ်ဆိုခြင်းထက် လက်တွေ့လုပ်ဆောင်ခြင်းကို ပိုပြီးသဘောကျပါတယ်။
အသေဝနာစ ဗာလာနံ လို့ရွတ်နေပြီး၊ ရာဇဝတ်သားကို ပုခုံးဖက်ပေါင်းသင်းနေရင် သု-မင်္ဂလာထက် အ-မင်္ဂလာပဲဖြစ်ဖို့ သေချာပါတယ်။ ရွတ်ဆိုခြင်းက အကျိုးနည်းသွားပါမယ်။ ကျင့်ကြံနေထိုင်ခြင်း အရေးကြီးပါမယ်။
ဘုရားရှင်ဟောတော်မူခဲ့တဲ့ သုတ်တော်တွေမှာ ဦးတည်ချက် တစ်ခုကို အကျဉ်း၊ အကျယ် စသည်ချဉ်းကပ် ဟောပြောတာမျိုးများပါတယ်။ မင်္ဂလသုတ်ကတော့ အကြောင်းအရာများပြီး လောကီ နေနည်းမှသည် နိဗ္ဗာန်အထိ အကြောင်းအရာ စုံလှပါတယ်။ ပိဋကတ်(၃)ပုံ၏ အနှစ်ချုပ် လို့လည်း ဆိုကြပါတယ်။ လူမိုက်နဲ့ပေါင်းမိတာနဲ့ ပညာရှိကို ချဉ်းကပ်မှီဝဲခြင်း၊ ပူဇော်ထိုက်သူကို ပူုဇော်ခြင်း စတဲ့ နောက်ဆက်တွဲ အချက်တွေ ပါပျက်ဆီးသွားပြီး၊ နောက်ဆုံး နိဗ္ဗာန်၊ မဂ်၊ ဖိုလ်တွေ နဲ့ပါ ဝေးသွားတဲ့ အကြောင်းကို အစီအစဉ်ကျကျ ဟောပြောထားကြောင်းတွေ့ရပါမယ်။
မင်္ဂလသုတ်ဟာ အကျယ်ရေးလို့၊ ဆွေးနွေးလို့ သိပ်ကောင်းပါတယ်။
၂။ ရတနသုတ် -
ဝေသာလီမှာ ငတ်မွတ်ဆင်းရဲပြီး လူတွေသေကြတယ်။ ဒီတော့ သေသူတွေရဲ့ အပုပ်နံ့တွေကြောင့် ဘီလူးတွေ၊ သူရဲ သဘက်တွေ မြို့ထဲ ဝင်လာပြီး စားကြသောက်ကြနဲ့ လူတွေမှာ ဒုက္ခရောက်ရပြန်တယ်။ ဒါကြောင့် ဘုရားရှင်က ညီတော်အာနန္ဒာကို ရတနာသုတ် သင်ပေးပြီး ရွတ်စေပါတယ်။ ပရိတ်ရေ ဖြန်းစေပါတယ်။ ဘုရားရှင်ရဲ့ ဗျာဒိတ်ခံ ပါရမီဖြည့်ခဲ့ရသော ဖြစ်စဉ်များကို အောက်မေ့ ဆင်ခြင်ပြီးမှ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော် တွေကို ရွတ်ဆိုခြင်းသာဖြစ်ပါတယ်။ စကြာဝဠာ ကမ္ဘာတစ်သိန်းအထိ ဘုရားရှင်ရဲ့ အာဏာတော် ထိရောက်ဖော်ကျူးတယ်လို့လည်း ဆိုပါတယ်။ ရတနသုတ်ဟာလည်း အကျယ်ရေးလို့၊ ဆွေးနွေးလို့ သိပ်ကောင်းပါတယ်။
၃။ မေတ္တသုတ် -
ရွတ်ဆိုခြင်းထက် လက်တွေ့လုပ်ဆောင်ခြင်းကို ပိုပြီးဦးစားပေးတဲ့ သုတ်တော်လို့ထင်ပါတယ်။ ဒါပေမယ့် ဒီသုတ်တော်ကို ရွတ်ဆိုခြင်းကလဲ အကျိုးရှိကြောင်း ဘုရားရှင်က Recommend ပေးထားပါတယ်။
မေတ္တသုတ်ကို အသေးစိတ်လေ့လာရင် အရံအတားအဖြစ် ရွတ်ဆိုခြင်းထက်၊ မေတ္တာဘာဝနာကို ပွားများဖို့ ကျင့်စဉ်ဖြစ်နေပါတယ်။ လိုအပ်တဲ့ အချက် (၁၅)ချက်နဲ့ တကွ လိုက်နာကျင့်ကြံစရာတွေကို တိတိကျကျလမ်းညွှန်ထားတဲ့ သုတ်တော်ဖြစ်နေပါတယ်။ ရွတ်ဆိုအော်ဟစ်နေုခြင်းထက်၊ မေတ္တာဘာဝနာကို ပွားများပြီး မေတ္တာပို့နေခြင်းဟာ လိုရင်းဖြစ်ပါတယ်။ အကျယ်ရေးလို့၊ ဆွေးနွေးလို့ သိပ်ကောင်းတဲ့ သုတ်တော်ပါပဲ။ စာအုပ်တွေ၊ ဆရာတော်တွေ ဟောပြောတာတွေ အများကြီးကို ရှိပါတယ်။
၄။ ခန္ဓသုတ် -
မြွေနဲ့ အခြား အဆိပ်ရှိသတ္တဝါတွေကို သီးသန့် မိတ်ဆွေဖွဲ့၊ မေတ္တာပို့ တဲ့ သုတ်တော်ဖြစ်ပါတယ်။
၅။ မောရသုတ် -
လူတွေရဲ့ အန္တရာယ်ကို ကြောက်တဲပ ဥဒေါင်းမင်း ဟာ နေထွက်လာရင် ရှိခိုးခြင်းကြောင့် အန္တရာယ်မှ ကင်းလွတ်တဲ့ သုတ်တော်ဖြစ်ပါတယ်။ ဒီနေရာမှာ သက်မဲ့ နေမင်းကို ရှိခိုးတာ မဟုတ်ဘဲ၊ နေမင်းကို တို်င်တည်ပြီး လောကကို ဉာဏ်အလင်းပေးတဲ့ ဘုရားရှင်တွေကို ရှိခိုးတာဖြစ်ပါတယ်။
၆။ ဝဋ္ဋသုတ် -
မဖောက်မပြန်မှန်ကန် တဲ့ သစ္စာတရားကို ဖော်ကျူးတဲ့ သုတ်တော် ဖြစ်ပါတယ်။
၇။ ဓဇဂ္ဂသုတ် -
ကြောက်စိတ်ပေါ်နေတဲ့ အခါ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော် တွေကို အမှတ်ထား ရွတ်ဆို ပူဇော်ခြင်းဖြစ်ပါတယ်။ အရံအတားလဲ ဖြစ်၊ ကုသိုလ်လည်း ရစေတဲ့ သုတ်တော် ဖြစ်ပါတယ်။
၈။ အာဋာနာဋိယသုတ် -
မကောင်းသော နတ်ဆိုးများ၏ရန်မှ ရှောင်ရှားရန် ၄င်း၊ နတ်ကောင်းနတ်မြတ်တို့ စောင့်ရှောက်ရန်၄င်း ဘုရားရှိခိုးခြင်းကို ဖော်ကျူးသော သုတ်တော်ဖြစ်ပါတယ်။
၉။ အင်္ဂုလိမာလသုတ် -
အရိယာ ရဟန်းတစ်ပါးရဲ့ သစ္စာတရားကို ဖော်ကျူးတဲ့ သုတ်တော် ဖြစ်ပါတယ်။
၁၀။ ဗောဇ္စျင်္ဂသုတ် -
သတိ၊ ပညာ၊ ဝီရိယ၊ ပီတိ၊ ပဿဒ္မိ၊ သမာဓိ၊ ဥပေက္ခာ စသော ဗောဇ္စျင်တရား (၇)ပါး ကို တိုင်တည်ရွတ်ဆိုသော သစ္စာတရားကို ဖော်ကျူးတဲ့ သုတ်တော် ဖြစ်ပါတယ်။
၁၁။ ပုဗ္ဗာဏှသုတ် -
ကိုယ်၊ နှုတ်၊ စိတ် (၃)ပါးကို ကောင်းမွန်မြင့်မြတ်အောင် ကြိုးစားနေထိုင်လျှင် အချိန်တိုင်းဟာ ကောင်းသော နက္ခတ်၊ ကောင်းသော နိမိတ်များသာ ဖြစ်နေမည့် အကြောင်း ရတနာ (၃)ပါးကို အခြေခံ တိုင်တည် သစ္စာတရားကို ဖော်ကျူးတဲ့ သုတ်တော် ဖြစ်ပါတယ်။
ဒါဆိုရင် -
ပရိတ်ကြီး (၁၁) သုတ်ကို ပြန် သုံးသပ်တဲ့ အခါ
(၁) မင်္ဂလာ ကျင့်စဉ် (မှန်ကန်သော ဘဝ နေနည်း)
(၂) ရတနာ့ ဂုဏ်တော် များ
(၃) ဘုရားရှိခိုး
(၄) မေတ္တာ
(၅) သစ္စာ တွေပဲ ဖြစ်နေကြောင်း တွေ့ရပါတယ်။
ဒီတော့ ရွတ်ဆိုဖို့ထက် ကျင့်ကြံ ဖို့ကို ဦးစားပေးတဲ့ သုတ်တော်တွေကို ကျင့်ကြံဖို့နဲ့၊ ရွတ်ဆိုခြင်းဖြင့် ကုသိုလ်ရမယ့် သုတ်တော်တွေကို အမှားနည်းအောင် ပီပီပြင်ပြင် ရွတ်ဆိုရင်း အရံအတား ဖြစ်စေကြောင်း ရှေးဦးစွာ သတိပြုမိပါတယ်။
---
နောက်တစ်ခုကတော့ - ထေရဝါဒ ဗုဒ္မဘာသာဆိုတာ any time , any where, any person ဘယ်သူက ဘယ်အချိန်မှာပဲ ကျင့်ကျင့် အကျိုးထူးစေမယ့် သစ္စာဓမ္မတွေ ဖြစ်ပါတယ်။ ဥပမာ - ဘုရားဂုဏ်တော် တွေကို အရဟံ၊ သမ္မာသမ္ဗုဒေါ၊ ဝိဇ္ဖာစရဏ သမ္ပန္နော…………….လို့ လက်ရှိအစဉ်အတိုင်း မရွတ်ဆိုဘဲ၊ ကိုယ်ကြိုက်သလို ဘဂဝါ၊ လောကဝိဒူ၊ အရဟံ စသည် ရွတ်ဆို နှလုံးသွင်းရင်လည်း ဂုဏ်တော်ပွားများမှု အနုဿတိ ရဲ့ စွမ်းအားတွေ မလျော့ပါဘူး။
တနင်္လာသားမို့ အရဟံ ဂုဏ်တော်ကို တနင်္လာဂြိုလ်သက် အတိုင်း ရှစ်ကြိမ်ရွတ်ရမယ်။ (ဝါ) ပုတီး (၈) ပတ်ပဲ စိပ်ရမယ်၊ (ဝါ) တနင်္လာနေ့မှာဘဲ ရွတ်ရမယ် ဆိုတာမျိုးတွေ သတ်မှတ်လိုက်ရင်တော့ ထေရဝါဒ ဗုဒ္မဘာသာ မဟုတ်တော့ပါဘူး။ ဓမ္မစေတီ ဦးကောသလ္လ စကားနဲ့ ပြောရရင်တော့ ” This is no Theravada ” ပါပဲ။ ကြီး(၉)ကြီးကို အချိန်နဲ့ မီအောင် ပင်ပင်ပန်းပန်း လိုက် ကန်တော့ရတဲ့ အဓိဋ္ဌာန်တွေ၊ သာမညကို ဘယ်နှခေါက် သွားရင် ထူးခြားမယ်ဆိုတာတွေ ဟာ ထေရဝါဒကနေ သွေဖည်နေကြပါတယ်။
ဘုရားဟော တရားတော်တွေကို ဥုံ၊ ဩောင်း ဘာ၊ ညာတွေ ထည့်ပြီး မရွတ်ဆိုဖို့လည်း အရေးကြီးပါတယ်။ ဒါတွေ ထည့်လိုက်တာနဲ့ ထေရဝါဒမဟုတ်တော့ဘူး ဆိုတာ သတိရသင့်ပါတယ်။
ဒီလိုပါပဲ …. ပရိတ်တော်တွေကိုလည်း ဘယ်နေ့မှာ ဘာရွတ်ရမယ်လို့ ဝတ်ရွတ်အသင်းများ အချိန်အစဉ်ပြေအောင် စီမံရလျှင် ပြဿနာမဟုတ်သော်လည်း၊ ထိုနေ့တွင် ရွတ်ဖတ်မှ အကျိုးကျေးဇူးပိုရမည် ဆိုတာမျိုး တွေးခေါ်စီမံလိုက်လျှင် ” This is no Theravada ” ပါပဲ။ … ဗုဒ္ဓ၏ဒေသနာတော်များသည် ဘယ်နေ့ဘယ်အချိန်ရွတ်ရွတ် ရွတ်ဖတ်ကောင်းသည်သာဖြစ်ပါသည်။) ဒီစာကြောင်း အရေးကြီးပါတယ်။
ပရိတ်တော် ရွတ်နည်းစာအုပ်တွေမှာ ပါလေ့ပါထရှိတဲ့ သမန္တာ စက္ကဝါဠေသု ….. မှ စပြီး နာနာ ဥပဒဝတောဝါ အာရက္ခံ ဂဏှန္တု။ အထိ စကားရပ်များကတော့ ဘုရားဟော ပါဠိတော်များ မဟုတ်ပါ။ နတ်များကို ပင့်ဖိတ်ခြင်း သာ ဖြစ်ပါတယ်။ ဘုရားရှင် ပွင့်တော်မူစဉ်ကာလမှာ လူတွေထဲက ကျွတ်တမ်းဝင်သူတွေထက် နတ်၊ ဗြဟ္မာမှ ကျွတ်တမ်းဝင်သူ တွေဟာ မရေနိုင်အောင် များပါတယ်။ သူတော်ကောင်းနတ်၊ ဗြဟ္မာတွေဟာ ဘုရားရှင်ရဲ့ တရားတော်တွေကို လွန်စွာကြည်ညို လေးစားကြပါတယ်၊ နာယူရန်လည်း အစဉ်မျှော်လင့်နေတတ်ပါတယ်။ ဘုရားရှင်ပရိနိဗ္ဗာန်စံဝင်တာဟာ သူတို့အတွက် ရက်ပိုင်းမျှသာ ( ဥပမာ တာဝတိံသာ အတွက် ၂၅ ရက်ကျော်ရုံ ) ရှိသေးလို့ ဘုရားရှင်ရဲ့ အသံတော်တွေ၊ တရားတော်တွေကို သတိရတမ်းတနေကြတုန်းရှိပါလိမ့်မယ်။
ဒါကြောင့်မို့ နတ်တွေရဲ့ ကောင်းသော အလိုဆန္ဒကို ဖြည့်ဆည်းရင်း၊ ကိုယ်ကလည်း သူတို့၏ အစောင့်အရှောက်ကို ရယူနိုင်ရန် လေးလေးစားစားပင့်ဖိတ်ကြရပါတယ်။
သူတော်ကောင်းနတ်၊ ဗြဟ္မာတွေ ရောက်လာရင် သူတို့ထက် ဘုန်း၊ ကံနည်းပြီး လူတွေကိုဘေးဥပါဒ်ပေးတတ်တဲ့ နတ်ဆိုးတွေ၊ သူရဲ၊ သဘက် …စသည် တွေဟာ ပြေးရှောင်ကြရတယ်လို့ ဆိုပါတယ်။
ဒါကြောင့်လည်း လူသားတွေမှာ အနာရောဂါ၊ ဘေးအန္တရာယ်တွေကနေ လွတ်ကင်းကြရပါတယ်။ နတ်ပင့်ရာမှာ ထိရောက်မှန်ကန်ဖို့လည်း လိုပါတယ်။
၁။ ပင့်ဖိတ်သံကို နတ်များ သတိပြုမိရမယ်၊
၂။ ဘုရားဟော တရားတော်ကို မှန်မှန်ကန်ကန်ရွတ်ဖတ်တာလည်း ဖြစ်ရမယ်၊
၃။ ရွတ်ဖတ်သူကလည်း စည်းစနစ်တကျ ရွတ်ဖတ်တာ ဖြစ်မယ်……..ဆိုရင် သူတော်ကောင်းနတ်၊ ဗြဟ္မာတွေတရားနာဖို့ ကြွရောက်ကြမယ်လို့ ယုံကြည်နိုင်ပါတယ်။
---
METTA SUTTA
မေတ္တာသုတ်
၁။ ယဿာ′ နုဘာဝတော ယက္ခာ၊
နေဝ ဒေဿန္တိ ဘီသနေ။
ယမှိ စေဝါ′ နုယုဉ္ဇ္စန္တော၊
ရတ္တိ န္ဒိဝ မတန္ဒိတော။
၂။ သုခံ သုပတိ သုတ္တော စ၊
ပါပံ ကိဉ္စ န ပဿတိ။
ဧဝ′ မာဒိဂုဏူ′ ပေတံ၊
ပရိတ္တံ တံ ဘဏာမဟေ။
၁။ ဟေ၊ အို, သူတော်ကောင်းတို့။ ယဿ ပရိတ္တ ဿ၊ အကြင် မေတ္တာသုတ် ပရိတ်တော်၏၊ အာနုဘာဝတော၊ အစွမ်းရှိန်စော် အာနုဘော်ကြောင့်။ ယက္ခာ၊ နတ်အများတို့သည်။ ဘီသနံ၊ ကြောက်မက်ဖွယ် အာရုံမျိုးကို။ နေဝဒေဿန္တိ၊ မပြနိုင်ကြကုန်။ ယမှိ စေဝ၊ အကြင် မေတ္တသုတ် ပရိတ်တော်၌ သာလျှင်။ ရတ္တိ န္ဒိဝံ၊ နေ့ညမပြတ် အခါခပ်သိမ်း။ အတန္ဒိတော၊ ပျင်းရိခြင်းမရှိပဲ။ အနုယုဉ္စန္တော၊ ထပ်တလဲလဲ စွဲမြဲရွတ်ပွား အားထုတ်သူသည်။
၂။ သုခံ၊ ချမ်းချမ်းသာသာ။ သုပတိ၊ အိပ်စက်ရ၏၊ သုတ္တော၊ အိပ်ပျော်သည်ရှိသော်။ ကိဉ္စိ၊ တစုံတခုသော။ ပါပံ စ၊ အိမ်မက်ဆိုးကိုလည်း။ န ပဿတိ၊ မမြင်မက်ရ။ ဧဝမာဒိဂုဏာပေတံ၊ ဤသို့ အစရှိသောအကျိုးဂုဏ်အင် အာနိသင်နှင့် ပြည့်စုံသော။ တံ ပရိတ္တံ၊ ထိုမေတ္တာသုတ် ပရိတ်တော်ကို။ မယံ၊ ငါတို့သည်။ ဘဏာမ၊ ရွတ်ဆိုကြကုန်စို့။
စကားပြေ- အို၊ သူတော်ကောင်းတို့- မေတ္တာသုတ်ပရိတ်တော်၏ အာနုဘော်ကြောင့် နတ်အများတို့သည် ကြောက်မက်ဖွယ် အာရုံမျိုးကို မပြနိုင်ပဲ ရှိကြသည်။ ထိုမေတ္တသုတ် ပရိတ်တော်၌ နေ့ညမပြတ် ထပ်တလဲလဲ စွဲမြဲ ရွတ်ပွား ကြိုးစား အားထုတ်သူသည် ချမ်းချမ်းသာသာ အိပ်စက်ရ၏၊ အိပ်ပျော်သည်ရှိသော် မကောင်းသော အိပ်မက်မျိုးလည်း မမြင်မက်ရပေ။ ဤသို့စသော အကျိုး အာနိသင်နှင့် ပြည့်စုံသော မေတ္တ္တာသုတ် ပရိတ်တော်ကို ငါတို့ ရွတ်ကြကုန်စို့။
1. Yassā′nubhāvato yakkhā,
neva dassenti bhīsanaṃ,
yamhi cevā′nuyuñjanto,
rattiṃdiva′matandito.
2. Sukhaṃ supati su tto ca,
pāpaṃ kiñci na passati,
eva′mādi guṇū′petaṃ,
parittaṃ taṃ bhaṇāma he.
1. Due to the power of this discourse on Metta, Spirits dare not disclose the frightful sights. One who devotes to himself this discourse day and night diligently.
2. Sleep happily, and does not see any frightening dream when he sleep. Oh goodwill dear devotee (dear friends), Let us vhant this Sutta endowed with such and other glories and benefits.
၃။ ကရဏီယ မတ္တကုသလေန၊
ယန္တ သန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟူဇူ စ၊
သုဝစော စ ဿ မုဒု အနတိမာနီ။
၄။ သန္တုဿကော သုဘရော စ၊
အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။
သန္တိန္ဒြိယော စ နိပကော စ၊
အပ္ပဂဗ္ဘော ကုလေသွ နနုဂိဒ္ဓေါ။
၃။ သန္တံ၊ ငြိမ်သက် အေးချမ်းသော။ ပဒံ၊ နိဗ္ဗန်ကို။ အဘိသမေစ္စ၊ အာရုံယူဘိ ထွင်းဖောက် မြင်သိ၍ (ဝိဟာရိတုကာမေန၊ နေခြင်းငှာ အလိုရှိသော။) အတ္တကုသလေန၊ အကျင့်အမျိုးမျိုး အကျိုးစီးပွား၌ လိမ္မာသူသည်။ ယံ ကရဏီယံ၊ အကြင် ပြုကျင့်ရမည့် သိက္ခာသုံးရပ် အကျင့်မြတ်သည်။ အတ္တိ၊ ရှိ၏၊ တံ၊ ထိုသိက္ခာသုံးရပ် အကျင့်မြတ်ကို။ ကရဏီယံ၊ ပြုကျင့်ထိုက်ပေ၏၊ သက္ကော စ၊ စွမ်းနိုင်သူလည်း။ အဿ၊ ဖြစ်ရာ၏၊ ဥဇု စ၊ ဖြောင့်မတ်သူလည်း။ အဿ၊ ဖြစ်ရာ၏၊ သုဟုဇု စ၊ အလွန် ဖြောင့်မတ်သူလည်း။ အဿ၊ ဖြစ်ရာ၏၊ သုဝစော စ၊ ဆိုဆုံးမလွယ်သူလည်း။ အဿ၊ ဖြစ်ရာ၏၊ မုဒု စ၊ နူးညံ့ပျော့ပျောင်းသူလည်း။ အဿ၊ ဖြစ်ရာ၏၊ အနတိမာနီ စ၊ မာန်ထောင်လွှားခြင်း မရှိသူလည်း။ အဿ၊ ဖြစ်ရာ၏၊
၄။ သန္တုဿကော စ၊ တင်းတိမ်ရောင့်ရဲလွယ်သူလည်း။ အဿ၊ ဖြစ်ရာ၏၊ သုဘရော စ၊ အမွေးအမြူလွယ်သူလည်း။ အဿ၊ ဖြစ်ရာ၏၊ အပ္ပကိစ္စော စ၊ နည်းပါးသော ကိစ္စရှိသူလည်း။ အဿ၊ ဖြစ်ရာ၏၊ သလ္လဟုကဝုတ္တိ စ၊ ပေါ့ပါးသော အဖြစ်မျိုးရှိသူလည်း။ အဿ၊ ဖြစ်ရာ၏၊ သန္တိန္ဒြိယော စ၊ ငြိမ်သက်သော ဣန္ဒြေရှိသူလည်း။ အဿ၊ ဖြစ်ရာ၏၊ နိပကော စ၊ ရင့်ကျက်သော ပညာရှိသူလည်း။ အဿ၊ ဖြစ်ရာ၏၊ အပ္ပဂဗ္ဗော စ၊ ကြမ်းတမ်းရိုင်းပြခြင်း မရှိသူလည်း။ အဿ၊ ဖြစ်ရာ၏၊ ကုလေသု၊ အိမ်သား အိမ်သူ လူတို့၌။ အနနုဂိဒ္ဓေါ စ၊ တွယ်တာ မက်မောခြင်း မရှိသူလည်း။ အဿ၊ ဖြစ်ရာ၏၊
3. Karaṇīya′matthakusalena,
yanta santaṃ padaṃ abhisamecca,
sakko ujū ca suhujū ca,
suvaco ca′ssa mudu anatimānī.
4. Santussako ca subharo ca,
appakicco ca sallahukavutti,
santindriyo ca nipako ca,
appagabbho kulesva′nanugiddho.
3. He who is skilled in doing welfare, who wishes to attain the state of clam, should act thus: He should be capable, upright, perfectly upright, easy to speak to, gentle, and humble.
4. Contented, easy to support, having few responsible, simple in livelihood, serous in faculties, prudent, modest, not be greedily attached to families.
စကားပြေ- ငြိမ်သက် အေးချမ်းသော နိဗ္ဗန်ကို ထွင်းဖောက် သိမြင်၍ နေလိုသော အကျိုးစီးပွား၌ လိမ္မာသူသည် ပြုကျင့်ရမည့် သိက္ခာသုံးပါး အကျင့်များကို ပြုကျင့်ရမည်။ ထိုသူကား စွမ်းနိုင်ရမည်။ ဖြောင့်မတ်ရမည်။ အလွန် ဖြောင့်မတ်ရမည်။ ဆိုဆုံးမလွယ်ရမည်။ နူးညံ့ပျော့ပျောင်းရမည်။ မာနမကြီးရ။ တင်းတိမ်ရောင့်ရဲလွယ်ရမည်။ အမွေးအမြူလွယ်သူဖြစ်ရမည်။ ကိစ္စ နည်းပါးရမည်။ ပေါ့ပါးသော အဖြစ်မျိုးရှိရမည်။ ငြိမ်သက်သော ဣန္ဒြေရှိရမည်။ ရင့်ကျက်သော ပညာရှိရမည်။ မကြမ်းမတမ်း မရိုင်းပြ ယဉ်ကျေးသူ ဖြစ်ရမည်။ လူတို့၌ တွယ်တာ မက်မောခြင်း မရှိရ။
၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊
ယေန ဝိညူ ပရေ ဥပ ဝဒေယျူံ။
သုခီနောဝ ခေမိနော ဟောန္တု၊
သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
၅။ ယေန၊ အကြင် ဒုစရိုက်စု ယုတ်ညံ့သော အမှုကြောင့်။ ဝိညူ၊ ပညာရှိ ဖြစ်ကုန်သော။ ပရေ၊ သူတပါးတို့သည်။ ဥပဝဒေယျူံ၊ ကဲ့ရဲ့ပြစ်တင် ကုန်ရာ၏၊ ခုဒ္ဒံ၊ ယုတ်ညံ့သော။ တံ၊ ထိုဒုစရိုက်မျိုးကို။ ကိဉ္စိ၊ အနည်းငယ် အသေးအဖွဲမျှကိုပင်။ န အာစရေ၊ အပြုမကျင့်ရာ။ သဗ္ဗသတ္တာ၊ သတ္တဝါ မှန်သမျှ တို့သည်။ သုခိနော ဝါ၊ ကိုယ်၏ချမ်းသာခြင်း ရှိကုန်သည်၎င်း။ ခေမိနော ဝါ၊ ဘေးရန်ကင်းဝေး အေးချမ်းသာယာခြင်း ရှိကုန်သည်၎င်း။ ဟောန္တု၊ ဖြစ်ကြပါစေကုန်သတည်း။ သုခိသတ္တာဝါ၊ ချမ်းသာ ရွှင်ပျစိတ် ရှိကြကုန်သည်လည်း။ ဘဝန္တု၊ ဖြစ်ကြပါစေကုန်သတည်း။
5. Na ca khudda′mācare kiñci,
Yena vi ññūpare upavadeyuṃ,
sukhino va khemino hontu,
sabbasattā bhavantu sukhitattā.
5. He must not commit even the slightest sin for which other wise men might censure him.
He must contemplate thus: May all beings be happy, may all being be secure, may all beings be happy-minded.
စကားပြေ- ပညာရှိအများ သူတပါးတို့ ကဲ့ရဲ့ပြစ်တင်မည့် ဒုစရိုက်စု ယုတ်ညံ့သော အမှုမျိုးကို အသေးအဖွဲအနည်းငယ်မျှပင် ဖြစ်စေ မပြုကျင့်ပါလေနှင့်။ (ထို့နောက် မေတ္တာပွားရမည်မှာ) သတ္တဝါ မှန်သမျှ ကိုယ်ချမ်းသာကြပါစေ၊ ဘေးရန်ကင်းဝေး အေးချမ်း သာယာကြပါစေ၊ စိတ်လည်း ချမ်းသာကြပါစေ။
၆။ ယေ ကေစိ ပါဏဘူတတ္တိ၊
တသာ ဝါ ထာဝရာဝနဝသေသော။
ဒီဃော ဝါ ယေဝ မဟန္တာ၊
မဇ္ဈိမာ ရဿကာ အဏုက ထူလာ။
၇။ ဒိဋ္ဌာ ဝါ ယေဝ အဒိဋ္ဌာ၊
ယေဝ ဒူရေ ဝသန္တိ အဝိဒူရေ။
ဘူတာ ဝ သမ္ဘဝေသီဝ၊
သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
၆။ အနဝသေသာ၊ ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော။ ယေ တသာ ဝါ၊ အကြင် ထိတ်လန့်တတ်သော ပုထုဇဉ် သေက္ခတို့သည်၎င်း။ ယေ ထာဝရာ ဝါ၊ အကြင် မထိတ်မလန့် တည်တံ့ခိုင်မြဲသော ရဟန္တာတို့သည်၎င်း။ ယေ ဒီဃာဝါ၊ အကြင် ခန္ဓာကိုယ်ရှည်လျား သတ္တဝါများတို့သည်၎င်း။ ယေ မဟန္တာ ဝါ၊ အကြင် ခန္ဓာကိုယ်ကြီးမား သတ္တဝါများတို့သည်၎င်း။ ယေ မဇ္ဈိမာ ဝါ၊ အကြင် မတိုမရှည် မကြီးမငယ် အရွယ်အလတ်စား သတ္တဝါများတို့သည်၎င်း။ ယေ ရဿကာ ဝါ၊ အကြင် ပုကွနိမ့်တို ခန္ဓာကိုယ်ရှိသော သတ္တဝါများတို့သည်၎င်း။ ယေ အဏုကာဝါ၊ အကြင် သေးငယ်မှုံမွှား သတ္တဝါများတို့သည်၎င်း။ ယေ ထူလာ ဝါ၊ အကြင် ဝိုင်းစက်ဆူဖြိုး သတ္တဝါမျိုးတို့သည်၎င်း။ ယေ ဒိဋ္ဌာ ဝါ၊ အကြင် မြင်ဘူးသော သတ္တဝါတို့သည်၎င်း။ ယေ အဒိဋ္ဌာ ဝါ၊ အကြင် မမြင်ဘူးသော သတ္တဝါတို့သည်၎င်း။ ယေ ဒူရေ ဝသန္တိ၊ အကြင် အဝေးရပ်၌ နေကြသော သတ္တဝါတို့သည်၎င်း။ ယေ အဝိဒူရေ ဝသန္တိ၊ အကြင် အနီးအရပ်၌ နေကြသော သတ္တဝါတို့သည်၎င်း။ ယေ ဘူတာ ဝါ၊ အကြင် နောင်မဖြစ်ရ ဖြစ်ပြီးသားဖြစ်ကြသော ရဟန္တာတို့သည်၎င်း။ ယေ သမ္ဘဝေသီ ဝါ၊ နောင်ဖြစ်ရမည့် ဘဝကိုရှာ အကြင် ပုထုဇဉ် သေက္ခ သတ္တဝါတို့သည်၎င်း။ ယေ ကေစိ၊ အလုံးစုံကုန်သော။ ပါဏဘူတာ၊ သတ္တဝါတို့သည်။ အတ္တိ၊ ရှိကြကုန်၏၊ ဣမေပိ သဗ္ဗသတ္တာ၊ ဤအလုံးစု့သော သတ္တဝါတို့သည်လည်း။ သုခိတတ္တာ၊ ချမ်းသာအေးမြ ကိုယ်စိတ်နှစ်ပါး ရှိကြကုန်သည်။ ဘဝန္တု၊ ဖြစ်ကြပါစေကုန်သတည်း။
6. Ye keci pāṇabhūtatthi,
tasā vā thāv arāva navasesā.
dīgā vā yeva mahantā,
majjhimā rassakā aṇukathūlā.
7. diṭṭhā vā yeva aditthā,
yeva dūre vasanti avidūre,
bhūtāva sambhavesva
6. Whatever living beings there may be: feeble or strong; tall, medium or short; small, medium or large, thin, medium or stout, may all beings, without exception, be happy and secure; may all beings be happy minded.
7. Whatever living beings there may be: seen or unseen, those dwelling far or near, those who are already born or those who are to be born, without exception, may all beings be happy, secure and be happy minded.
စကားပြေ- အလုံးစုံကုန်သော ထိတ်လန့်တတ်သော ပုထုဇဉ် သေက္ခများ၊ မထိတ်မလန့် တည်တံ့ခိုင်မြဲသော ရဟန္တာပုဂ္ဂိုလများ၊ ခန္ဓာကိုယ်ရှည်လျား သတ္တဝါများ၊ ကိုယ်ခန္ဓာကြီးမား သတ္တဝါများ၊ ကိုယ်ခန္ဓာအလတ်စား သတ္တဝါများ၊ ပုကွနိမ့်တို ခန္ဓာကိုယ်ရှိသော သတ္တဝါများ၊ သေးငယ်မှုံမွှား သတ္တဝါများ၊ ဆူဖြိုးဝိုင်းဝန်းသော သတ္တဝါများ၊ မြင်ဘူးသော သတ္တဝါများ၊ မမြင်ဘူးသော သတ္တဝါများ၊ အဝေးရပ်၌ နေကြသော သတ္တဝါများ၊ အနီးအရပ်၌ နေကြသော သတ္တဝါများ၊ နောင်မဖြစ်ကြမည့် ဖြစ်ပြီးဖြစ်ရသော ရဟန္တာများ၊ နောင်ဘဝသစ်ရှာမှီးတတ်သော သေက္ခပုထုဇဉ်များ၊ လောကရှိ ဤသတ္တဝါအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
၈။ နာ ပရော ပရံ နိကုဗ္ဗေထ၊
နာတိမညေထ ကတ္ထစိ န ကဉ္စိ။
ဗျာရောသနာ ပဋိဃသည-
နာညမညဿ ဒုက္ခမိစ္ဆေယျ။
၈။ ပရော၊ တပါးသူတယောက်သည်။ ပရံ၊ သူတပါးဟူ အခြားတယောက်ကို။ န နိကုဗ္ဗေထ၊ စဉ်းလဲသမှု လှည့်ပတ်ခြင်း မပြုပါစေလင့်။ ကတ္ထစိ၊ တစုံတခုသော အရပ်၌ (ဘယ်အရပ်မှာ မဆို)။ ကဉ္စိ၊ တစုံတယောက်သော။ နံ ထိုသူတပါးကို။ နတိမညေထ၊ မာန်ထောင်သမှု မထီမဲ့မြင် မပြုပါစေလင့်။ ဗျာရောသနာယ၊ ကိုယ်နှုတ်တို့ဖြင့် စော်ကားထိပါးနှိပ်စက်ခြင်းဖြင့်၎င်း။ ပဋိဃသညာယ၊ ဒေါသစိတ်ဖြင့်၎င်း။ အညမညဿ၊ အချင်းချင်း (တယောက်သည် တယောက်)၏၊ ဒုက္ခံ၊ ဆင်းရဲခြင်းကို။ န ဣစ္ဆေယျ၊ အလိုမရှိပါစေလင့်။
8. Na paro paraṃ nikubbetha,
nā′timaññetha katthaci na ki ñci.
byārosanā patighasa ñña,
nāññamaññassa dukkha ′micheya.
8. Let none be angry with another in anyplace.
Let none be despised anyone in anyplace.
Let anyone not wishes another’s misery because of anger or ill will.
Let anyone not wishes another’s suffering by frustrated enmity.
Let anyone not wish another’s harm by means of physical and verbal actions, out of anger or ill will.
စကားပြေ- သူတယောက်သည် အခြားတယောက်ကို စဉ်းလဲလှည့်ပတ်မှု မပြုပါစေနှင့်။ ဘယ်အရပ်မှာ မဆို ဘယ်ပုဂ္ဂိုလ် တယောက်ယောက်ကိုမျှ မထီမဲ့မြင် မပြုပါစေလင့်။ ကိုယ်နှုတ်တို့ဖြင့် ထိပါးနှိပ်စက်ခြင်းဖြင့်၎င်း၊ ဒေါသစိတ်ဖြင့်၎င်း၊ အချင်းချင်း တယောက်သည် တယောက်၏ ဆင်းရဲမှုကို အလိုမရှိပါစေလင့်။