ပါတိမောက် ဘာသာဋီကာ
ပါတိမောက် ဘာသာဋီကာ
အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်)
[ဒွေမာတိကာကို နိဿယ အဓိပ္ပာယ် စုံလင်စွာ တန်ဆာဆင်ထားပါသည်။]
အရှင်ဇနကာဘိဝံသ၏
ဘဝသံသရာဖြစ်စဉ်အကျဉ်း
၁။ အရှင်ဇနကာဘိဝံသ ဆရာတော်လောင်း သူငယ်ကို စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ်၊ သရိုင်ရွာ ဦးဇောတိ - ဒေါ်အုန်းလှိုင်တို့မှ ၁၂၆၁-ခုနှစ် တပို့တွဲ လပြည့်ကျော် (၁၄)ရက် (၁၉၀၀-ပြည့်၊ ဖေဖော်ဝါရီ ၂၇-ရက်) အင်္ဂါနေ့တွင် ဖွားမြင်သည်။
၂။ ၁၂၆၆-ခုနှစ်၌ ပဌမအကြိမ် ရှင်သာမဏေ ပြုတော်မူသည်။
၃။ ၁၂၇၅-ခုနှစ်၌ ဒုတိယအကြိမ် ရှင်သာမဏေပြုတော်မူသည်။
၄။ ၁၂၇၉-ခုနှစ်၊ သက်တော် ၁၈-နှစ် အရွယ်တွင် ပဌမကြီးတန်း စာမေးပွဲကို အောင်တော်မူသည်။
၅။ ၁၂၈၀-ပြည့်နှစ် တပေါင်း လပြည့်နေ့၌ ပဌမအကြိမ် ရဟန်းအဖြစ် ခံယူတော် မူသည်။
၆။ ၁၂၈၁-ခုနှစ်၊ နယုန်လပြည့်နေ့၌ ဒုတိယအကြိမ်၊ ၁၂၈၁-ခုနှစ်၊ တပေါင်းလပြည့် နေ့၌ တတိယအကြိမ် ရဟန်းအဖြစ် ခံယူတော်မူသည်။
၇။ ၁၂၈၇-ခုနှစ်၌ “ပဌမကျော်” အောင်မြင်တော်မူသည်။
၈။ ၁၂၈၉-ခုနှစ်၌ “သကျသီဟ စာမေးပွဲ “ခေါ်” ပရိယတ္တိသာသနဟိတ ဓမ္မာစရိယ” ဘွဲ့ ရရှိအောင်မြင်တော်မူသည်။
၉။ ၁၃၀၃-ခု၊ ဝါဆိုဦး (၁၉၄၁-၄၂) ဂျပန်စစ်တပ်များ မြန်မာပြည်သို့ ဝင်ရောက် သိမ်းပိုက်မည့်နှစ်တွင် ယခုလက်ရှိ အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက်နေရာသို့ ပြောင်းရွှေ့ သီတင်းသုံးတော်မူသည်။ ပြောင်းရွှေ့ လာခဲ့စဉ်က သံဃာတော် ငါးပါး မျှသာရှိ၍ ပျံလွန်တော်မူချိန်တွင် သံဃာတော် ငါးရာကျော်မျှ သီတင်းသုံးလျက် ရှိသည်။
၁၀။ (လွတ်လပ်ရေးရရှိပြီးနောက်) ၁၃၁၂-ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ၏ (ရှေးဦးစွာ) “အဂ္ဂမဟာပဏ္ဍိတ” ဘွဲ့တံဆိပ် ဆက်ကပ်ခြင်းကို ခံယူ ရသည်။
၁၁။ ၎င်းနှစ်မှာပင် နိုင်ငံတော်စာသင်ကျောင်းများ၌ သင်ကြားရန် မူလတန်း ဗုဒ္ဓ ဘာသာ လက်စွဲခေါ် သင်ခန်းစာများကို ရေးသားခဲ့သည်။
၁၂။ ၁၃၁၅-ခုနှစ်၌
(က) ဆဋ္ဌသံဂီတိ သြဝါဒါစရိယ သံဃနာယက၊
(ခ) ဆဋ္ဌသံဂီတိ ဘာရနိတ္ထာရက၊
(ဂ) ဆဋ္ဌသံဂီတိ ပါဠိပဋိဝိသောဓက။
(ဃ) ဆဋ္ဌသံဂီတိ သြသာနသောဓေယျပတ္တပါဌက အဖြစ် တင်မြှောက်တော်မူခြင်းကို ခံယူရသည်။
၁၃။ ၁၃၃၇-ခုနှစ်၊ ပဲခူးမြို့၌ ကျင်းပအပ်သော ဂိုဏ်းလုံးကျွတ် အစည်းအဝေးကြီးက ရွှေကျင်ဂိုဏ်းကြီး၏ ဥပဥက္ကဋ္ဌ (ဒုတိယသာသနာပိုင်)အဖြစ် တင်မြှောက်ခြင်းကို ခံယူတော်မူသည်။
၁၄။ ၁၂၉၁ ခု၊ သက်တော် (၃၀)မှစ၍ ကျမ်းစာများကို စတင် ပြုစုတော်မူခဲ့ရာ ၁၂၉၃ ခုနှစ်တွင် ပထမဦးဆုံး ကျမ်းစာကို ရေးသားပြီးစီးတော်မူ၍ ၁၃၃၈ ခု၊ တန်ဆောင်မုန်းလတွင် “နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ” ကျမ်းစာကို ရေးသားပြီးလျှင် “တဘဝသံသရာ” အမည်ဖြင့် ထေရုပ္ပတ္တိကို ကိုယ်တိုင် ရေးတော်မူခဲ့သည်။
၁၅။ ၁၃၃၉ ခုနှစ်၊ သက်တော် (၇၈) နှစ်အရောက် နတ်တော်လပြည့်ကျော် ၂ ရက် (၁၉၇၇ ခု၊ ဒီဇင်ဘာလ ၂၇ ရက်) အင်္ဂါနေ့ညနေ(၄)နာရီ မိနစ် (၃၀)တွင် တဘဝအတွက် ငြိမ်းတော်မူပါသည်။
ခေါင်းစဉ် မာတိကာ
ဥပုသ်ပြု ပရိကမ် အခန်း
- ဥပုသ်ပြုခြင်း ပရိကမ်
- ပုဗ္ဗကရဏ ၄ ပါး
- ပုဗ္ဗကိစ္စ ၅ ပါး
- ဆန္ဒပါရိသုဒ္ဓိအက္ခာန
- ဆန္ဒပါရိသုဒ္ဓိပေးပုံ
- ဆန္ဒချည်း ပေးသင့်ရာ
- ဥတုအက္ခာနနှင့် ဘိက္ခု ဂဏနာ
- ကရဏနှင့် ကိစ္စအထူး
- ပတ္တကလ္လအင်္ဂါ ၄ ပါး
- ဥပေါသထော
- ပကတတ်ရဟန်း
- သဘာဂ အာပတ် မရှိပုံ
- ဝဇ္ဇနီယ ပုဂ္ဂိုလ် ၂၁ ယောက်
- ပဏ္ဍုက် ၅ မျိုး
- ထေယျသံဝါသက ပုဂ္ဂိုလ်
- လိင်္ဂထေနက
- သာမဏေများ သတိထားဘွယ်
- သံဝါသထေနက
- ဥဘယထေနက
- တိတ္ထိယ ပက္ကန္တက
- ပါတိမောက္ခုဒ္ဒေသက ရဟန်း၏ ပဋိညာဉ်စကား
- ပဋိညာဉ်စကားအတွက် စဉ်းစားဘွယ်
- သမာပေတွာပုဒ် အဆုံးအဖြတ်
- သာမဂ္ဂီ ၂ မျိုး
နိဒါနအခန်း
- ဉတ်ခေါ်ရပုံနှင့် ဉတ်မြန်မာပြန်
- စာတုဒ္ဒသီနှင့် သာမဂ္ဂီဉတ်
- ပါတိမောက်ပြမှုကို ဥပုသ်ပြု ခေါ်ရပုံ
- ဥဒ္ဒိသိဿာမိ ဆိုထိုက်ပုံ
- သာဓုကံ သုဏောမနှင့် မနသိကရောမ
- အာပတ်သင့်-မသင့် အလိုက် တိုက်တွန်းချက်
- အာပတ်သင့်ခြင်းအကြောင်း ၆ ပါး
- အလဇ္ဇီ လက္ခဏာ
- အသားကြီး ၁ဝ မျိုး
- အာပတ် ၇ ဖုံ
- မမေးသော်လည်း ဖြေသင့်ပုံ
- ထင်စွာ မပြုလျှင် အာပတ်သင့်ပုံ
- မုသာဝါဒ ဒုက္ကဋ်
- အပြစ်နှင့် အကျိုး
- အကြောင်းအကျိုးဆက်ပုံ
- ပိဏ္ဍတ္ထ ပဉ္စက ၅ ပါးအစွဲ
ပါရာဇိက အခန်း
- ပထမ ပါရာဇိက သိက္ခာပုဒ်
- သိက္ခာနှင့် သာဇီဝခေါ်ပုံ
- သီလ ၂ မျိုးနှင့် အရကောက်
- ဝါရိတ္တနှင့် စာရိတ္တ သီလ
- ဖြည့်ကျင့်မှုနှင့် မကျူးလွန်မှု ထူးပုံ
- သိက္ခာချနည်း
- သိက္ခာကျကြောင်း အင်္ဂါ ၆ ပါး
- ဒုဗ္ဗလျာ ဝိကမ္မ ၂ မျိုး
- မဂ် ၃ မျိုး
- ပါရာဇိကလောက်သော အငယ်ဆုံး တိရစ္ဆာန်များ
- သိက္ခာပုဒ်နှင့် အာပတ်
- ရဟန်းကောင်းတို့ ပေါင်းသင်းနေထိုင်ရာ ၃ ဌာန
- ဒုတိယ ပါရာဇိက သိက္ခာပုဒ်
- အဒိန္နခေါ်ပုံ
- ပါရာဇိကအတွက် အရေးကြီးသော ငွေတမတ်
- နီလက ဟာပဏ လုပ်နည်း
- တန်ဘိုးအလိုက် အာပတ်ကွဲပြားပုံ
- အယမ္ပိ ပါရာဇိကော၌ ပိသဒ္ဒါအတွက် မှတ်ချက်
- တတိယ ပါရာဇိက သိက္ခာပုဒ်
- ဇီဝိတ၂ မျိုး
- ပရိယာယ်ဖြင့် အပြစ်သင့်
- တတိယပါရာဇိက သိက္ခာပုဒ်၌ သတ်နည်း ၄ မျိုး
- စတုတ္ထပါရာဇိက သိက္ခာပုဒ်
- ဥတ္တရိ မနုဿဓမ္မ အဓိပ္ပာယ်
- သမနုဂ္ဂါဟီယမာနောအရ မေးမြန်းနည်း ၆ မျိုး
- တုစ္ဆံနှင့် မုသာအထူး
- အဓိမာန ခေါ်ပုံ
- ပါရာဇိက ၂၄ ပါး
- ယာဝတတိယာနုဿာဝနအကျိုး
သံဃာဒိသေသ အခန်း
- သုက္ကဝိသဋ္ဌိသိက္ခာပုဒ်
- ကာယသံသဂ္ဂသိက္ခာပုဒ်
- ဩတိဏ္ဏပုဒ်၏ အနက် ၂ မျိုး
- ဤသိက္ခာပုဒ်၌ ယူရမည့် မာတုဂါမ
- ကာယသံသဂ္ဂ အဓိပ္ပာယ်
- သံဃာဒိသေသောပုဒ်၏ ဝစနတ္ထနှင့် အရကောက်
- ဒုဋ္ဌုလ္လဝါစာ သိက္ခာပုဒ်
- ဤသိက္ခာပုဒ်၌ ယူရမည့် မာတုဂါမ
- အတ္တကာမ ပါရိစရိယ သိက္ခာပုဒ်
- ဤသိက္ခာပုဒ်၌ ယူရမည့် မာတုဂါမ
- သဉ္စရိတ္တ သိက္ခာပုဒ်
- အောင်သွယ်မှု မပြုထိုက်သော အောက်ထစ်ဆုံးပုဂ္ဂိုလ်
- ကုဋိကာရ သိက္ခာပုဒ်
- သံဃာစိတ ကုဋိ
- ကုဋိတိုင်းတာမှုအတွက် စဉ်းစားဘွယ်
- အနာရမ္ဘနှင့် သပရိက္ကမန
- ဝိဟာရကာရ သိက္ခာပုဒ်
- မဟလ္လကဝိဟာရ
- ဒုဋ္ဌဒေါသ သိက္ခာပုဒ်
- အမူလက ပါရာဇိကဖြစ်ပုံ
- ဒုတိယ ဒုဋ္ဌဒေါသ သိက္ခာပုဒ်
- အညဘာဂိယဖြစ်ပုံ
- ဒေသ ၁ဝ ပါးနှင့် လေသ ၁၀ ပါး
- ကာလအပိုင်းအခြား တူညီမှုများ
- သံဃဘေဒ သိက္ခာပုဒ်
- ဘေဒါနုဝတ္တကသိက္ခာပုဒ်
- ဧကောဝါ-ဒွေဝါ-တယောဝါ ဆိုရပုံ
- ကံ ၂ မျိုး
- ဒုဗ္ဗစ သိက္ခာပုဒ်
- သဟဓမ္မိကံဝုစ္စမာနော
- ကုလဒူသက သိက္ခာပုဒ်
- ကုလဒူသနဝတ္ထု ၈ ပါး
- ကုလဒူသနမှုအတွက် ခြွင်းချက်နှင့် ကုလဒူသနအပြစ်
- အနေသန မိစ္ဆာဇီဝ
- ဖုံးထားမှုအတွက် အင်္ဂါ ၁၀ ချက်
- သံဃာဒိသေသ်အာပတ် ကုစားနည်း အစီအစဉ်
အနိယတ အခန်း
- ပထမ အနိယတ သိက္ခာပုဒ်
- ရဟော ပဋိစ္ဆန္နေ၌ ယူရမည့် ရဟ
- ဤသိက္ခာပုဒ်အရ သင့်ခွင့်ရှိသောအာပတ်နှင့် ယူရမည့် မာတုဂါမ
- ဒုတိယအနိယတ သိက္ခာပုဒ်
- အနိယတ ပညတ် ၇ မျိုး
နိသဂ္ဂိယပါစိတ် အခန်း
- ပထမကထိန သိက္ခာပုဒ်
- ကထိန်အကျိုး ၅ ပါး
- သင်္ကန်း ၆ မျိုး
- အဓိဋ္ဌာန် ဝိကပ္ပနာလောက်သော သင်္ကန်းပမာဏ
- အဓိဋ္ဌာန် ၂ မျိုး
- ပစ္စုဒ္ဓိုရ် အဓိပ္ပာယ်
- သင်္ကန်း ၉ ထည်
- အဓိဋ္ဌာန်ကျကြောင်း အင်္ဂါနှင့် နိသဂ္ဂိ စွန့်ပုံ စွန့်နည်း
- ဒုတိယကထိန သိက္ခာပုဒ်
- သင်္ကန်းထားရာ ဌာနများ
- နိသဂ္ဂိ မထိုက်စေနည်း
- တတိယကထိန သိက္ခာပုဒ်
- စီဝရကာလနှင့် စီဝရအကာလ
- နိသဂ္ဂိအဝတ်ကို စွန့်ပုံ
- ပုရာဏစီဝရ သိက္ခာပုဒ်
- ဉာတိများ
- ဆွေမျိုးဆက်ပုံ
- ပုရာဏစီဝရ အဓိပ္ပာယ်
- စီဝရပတိဂ္ဂဟဏ သိက္ခာပုဒ်
- အညာတကဝိညတ္တိ သိက္ခာပုဒ်
- တတုတ္တရိ သိက္ခာပုဒ်
- သန္တရုတ္တရပရမံ
- ပထမ ဥပက္ခဋသိက္ခာပုဒ်
- ဒုတိယ ဥပက္ခဋသိက္ခာပုဒ်
- ရာဇ သိက္ခာပုဒ်
- ကောင်းမှုနှင့်စပ်၍ မှတ်ရမည့်အချက်
- အကပ္ပိယ ဝတ္ထုများ
- ကပ္ပိယ တကျိပ်
- မေဏ္ဍက သိက္ခာပုဒ်
- ကောသိယ သိက္ခာပုဒ်
- အခင်းလုပ်ပုံ
- သုဒ္ဓကာဠကနှင့် ဒွေဘာဂ သိက္ခာပုဒ်
- ဆဗ္ဗဿ သိက္ခာပုဒ်
- နိသီဒန သန္ထတ သိက္ခာပုဒ်
- ဧဠကလောမ သိက္ခာပုဒ်
- ဧဠကလောမ ဓောဝါပန သိက္ခာပုဒ်
- ရူပိယ သိက္ခာပုဒ်
- အယူခိုင်းပြစ်
- အလှူခံမှုနှင့် စပ်၍ ခေတ်အလိုက်ကျင့်ဘွယ်
- ရွှေ ငွေ စွန့်နည်းနှင့် စွန့်ရကျိုး
- ရွှေ ငွေ အလှူခံသူ၏ အပြစ်
- ရွှေ ငွေနှင့် စပ်၍ သတိပေး တိုက်တွန်းချက်
- ရူပိယ သံဝေါဟာရ သိက္ခာပုဒ်
- စောဒနာဘွယ်
- လဲလှယ်မှုနှင့် စပ်၍ သတိပြုရမည့် ပတ္တစတုက္က
- ကယဝိက္ကယ အဓိပ္ပာယ်
- မအပ်သောလဲနည်းနှင့် အပ်သောလဲနည်း
- ခိုင်းစေရာ၌ အပ်-မအပ်
- ပတ္တ သိက္ခာပုဒ်
- သပိတ် ၉ လုံးနှင့် အရွယ် အစားစား
- ကွမ်းစား ၃ မျိုးနှင့် မှတ်ချက်
- သပိတ် အမျိုးအစားနှင့် အဆင်းအရောင်
- သပိတ် အဓိဋ္ဌာန်တင်ပုံနှင့် ပစ္စုဒ္ဓိုရ်ပြုပုံ
- သပိတ် အဓိဋ္ဌာန်ကျကြောင်း အင်္ဂါ ၉ ပါး
- နိသဂ္ဂိ သပိတ် စွန့်နည်း
- ဥုန ပဉ္စ ဗန္ဓန သိက္ခာပုဒ်
- ဖွဲ့တုပ်ပုံ ဖွဲ့တုပ်နည်း
- ခုဒ္ဒ သိက္ခလာ သပိတ်နှင့် စပ်၍ မှတ်ဘွယ်များ
- သပိတ်နှင့် စပ်၍ မှတ်သားထိုက်သော အပ်-မအပ် စားခွက်များ
- ဘေသဇ္ဇ သိက္ခာပုဒ်
- သပ္ပိ န၀ နီတ စသည် အဓိပ္ပာယ်
- ဝဿိက သာဋိက သိက္ခာပုဒ်
- ခေတ် ၄ ပါးနှင့် အချုပ် မှတ်ဘွယ်
- ပိဋ္ဌိ သမယ၊ ကုစ္ဆိ သမယ အစွဲနှင့် အင်္ဂါ ၂ မျိုး
- စီဝရ အစ္ဆိန္ဒန သိက္ခာပုဒ်
- သုတ္တ ဝိညတ္တိ သိက္ခာပုဒ်
- မဟာပေသကာရ သိက္ခာပုဒ်
- အစ္စေက စီဝရ သိက္ခာပုဒ်
- အစ္စေက သင်္ကန်း
- စီဝရကာလ သမယ
- သာသင်္က သိက္ခာပုဒ်
- တောရကျောင်း၏ အကွာအဝေး
- သင်္ကန်းထားခွင့် အင်္ဂါ
- ပရိဏတ သိက္ခာပုဒ်
- လာဘ်လာဘ ညွတ်စေမှုနှင့် အာပတ် အမျိုးမျိုး
သုဒ္ဓပါစိတ် အခန်း
- မုသာဝါဒ သိက္ခာပုဒ်
- မုသာဝါဒကြောင့် သင့်နိုင်သော အာပတ်များ
- ဩသမဝါဒ သိက္ခာပုဒ်
- ဆဲရေးကြောင်း အက္ကောသ ဝတ္ထု ၁ဝ ပါး
- ဆဲပုံနှင့် အာပတ် အမျိုးမျိုး
- ဒုက္ကဋနှင့် ဒုဗ္ဗာသိတ ခေါ်ပုံ
- ပေသုည သိက္ခာပုဒ်
- ပဒသောဓမ္မ သိက္ခာပုဒ်
- ပဒ ၄ မျိုးနှင့် အဓိပ္ပာယ်
- ပထမ သဟသေယျ သိက္ခာပုဒ်
- ရှေ့သိက္ခာပုဒ် အနုပသမ္ပန္နနှင့် ဤသိက္ခာပုဒ် အနုပသမ္ပန္နအထူး
- သဟသေယျံပုဒ် အဓိပ္ပာယ်
- တမိုးတရံတည်းသောကျောင်း
- ၃ ညဉ့် အတူအိပ်ပုံ
- သဟသေယျ ဖြတ်နည်း
- ဒုတိယ သဟသေယျ သိက္ခာပုဒ်နှင့် အစိတ္တကအာပတ်
- လူသိနည်းသော ဒိဝါသေယျ သိက္ခာပုဒ်
- ဓမ္မဒေသနာ သိက္ခာပုဒ်
- ၅ ခွန်းနှင့် ၆ ခွန်း
- ဘူတာရောစန သိက္ခာပုဒ်
- ဒုဋ္ဌုလ္လာရောစန သိက္ခာပုဒ်
- အာရောစေယျ အဓိပ္ပာယ်နှင့် မှတ်ချက်
- ပထဝီဏေန သိက္ခာပုဒ်
- ပထဝီအမျိုးမျိုး
- တူးဖောက် ခွဲဖျက်ခြင်းကြောင့် အာပတ် သင့်-မသင့် စိစစ်ချက်
- အပ်သောခိုင်းနည်း
- ဘူတဂါမ သိက္ခာပုဒ်
- ဗီဇဂါမ်နှင့် ဘူတဂါမ်
- မအပ်သောခိုင်းနည်းနှင့် အပ်သောခိုင်းနည်း
- ကပ္ပိနည်း အမျိုးမျိုး
- ကပ္ပိယံကရောဟိ အဓိပ္ပာယ်
- အညဝါဒက သိက္ခာပုဒ်
- ပါစိတ် ဒုက္ကဋ် ခွဲခြားချက်
- ဥဇ္ဈာပနက သိက္ခာပုဒ်
- ပထမသေနာသန သိက္ခာပုဒ်
- မဉ္စ ပီဌ စသည်
- ဒုတိယ သေနာသန သိက္ခာပုဒ်
- သေယျာ ၁၁ မျိုး
- အနုပဇ္ဇေ သိက္ခာပုဒ်
- နေရာမှ မထစေထိုက်သူ ၃ ယောက်
- နိကဍ္ဎန သိက္ခာပုဒ်
- ဝေဟာသကုဋိ သိက္ခာပုဒ်
- မဟလ္လကဝိဟာရ သိက္ခာပုဒ်
- သပါဏက သိက္ခာပုဒ်
- ဩဝါဒ သိက္ခာပုဒ်
- ဘိက္ခုနောဝါဒက အင်္ဂါ
- အတ္ထင်္ဂတနှင့် ဘိက္ခုနုပဿယ သိက္ခာပုဒ်
- အာမိသ သိက္ခာပုဒ်
- စီဝရဒါနနှင့် စီဝရသိဗ္ဗန သိက္ခာပုဒ်
- သံဝိဓာန သိက္ခာပုဒ်နှင့် အဒ္ဓါနမဂ္ဂ၏ အတိုင်းအရှည်
- နာဝါဘိရူဟန သိက္ခာပုဒ်
- ပရိပါစိတ သိက္ခာပုဒ်
- ရဟောနိသဇ္ဇ သိက္ခာပုဒ်
- အာဝါသထပိဏ္ဍ သိက္ခာပုဒ်
- ဂဏဘောဇန သိက္ခာပုဒ်နှင့် ဂဏဘောဇဉ်ခေါ်ပုံ
- မအပ်သောပင့်ဖိတ်နည်းနှင့် မအပ်သောတောင်းနည်း
- ခံယူပုံနှင့် ပင့်ဖိတ်ရာ၌ သတိပြုဘွယ်
- သမယ ၇ ပါးနှင့် အဓိပ္ပာယ်
- ပရမ္ပရဘောဇန သိက္ခာပုဒ်
- ဝိကပ္ပနာပြုပုံ
- ကာဏမာတာ သိက္ခာပုဒ်
- ပူပနှင့် မန္ထ
- ပထမ ပဝါရဏာ သိက္ခာပုဒ်နှင့် ဘောဇဉ် ၅ ပါး
- အင်္ဂါ ၅ ပါးစုံမှ ပဝါရိတ်သင့်
- အတိရိတ်ဝိနည်းကံ ပြုပုံ
- ဒုတိယ ပဝါရဏာ သိက္ခာပုဒ်
- ဝိကာလဘောဇန သိက္ခာပုဒ်
- ကာလိက ၄ ပါးနှင့် ဖျော်ရည် ၈ မျိုး
- အနုလောမအဖျော်နှင့် ဖျော်ရည်အကပ်ခံ သတိပြု
- ယခုခေတ် ချင်းသုပ်
- သန္နိဓိကာရက သိက္ခာပုဒ်
- ဒုဒ္ဓေါတ ပတ္တနှင့် စွန့်လျှင် သန္နိဓိ မဖြစ်ပုံ
- ကာလိက ရောပုံ
- ပဏီတဘောဇန သိက္ခာပုဒ်
- ဒန္တပေါဏ သိက္ခာပုဒ်နှင့် အကပ်မြောက်အင်္ဂါ ၅ ပါး
- ဟတ္ထပါသ် တိုင်းနည်း
- ဒုရူပစိဏ္ဏနှင့် ဥဂ္ဂဟိတကဒုက္ကဋ်
- အကပ်ပျက်ကြောင်း အင်္ဂါ ၆ ပါး
- အစေလက သိက္ခာပုဒ်နှင့် အစေလက-ပရိဗ္ဗာဇက ခြားနားပုံ
- ဥယျောဇန သိက္ခာပုဒ်
- သဘောဇန, ရဟောပဋိစ္ဆန္နနှင့် ရဟောနိသဇ္ဇ သိက္ခာပုဒ်
- စာရိတ္တ သိက္ခာပုဒ်
- မဟာနမ သိက္ခာပုဒ်
- ဥယျုတ္တသေနာ သိက္ခာပုဒ်
- သေနာဝါသ သိက္ခာပုဒ်
- ဥယျောဓိက သိက္ခာပုဒ်
- သုရာပါန, အင်္ဂုလိပတောဒက သိက္ခာပုဒ် နှင့် သေရည် ၅ မျိုး၊ အရက် ၅ မျိုးသရုပ်
- သဟဓမ္မနှင့် အနာဒရိယ သိက္ခာပုဒ်
- ဘီသာပန သိက္ခာပုဒ်
- ဇောတိနှင့် နှာန သိက္ခာပုဒ်
- ဒုဗ္ဗဏ္ဏ ကရဏ သိက္ခာပုဒ်
- တိဏ္ဏံအရ ယူဆပုံနှင့် ကပ္ပဗိန္ဒု အဆင်းအရောင်
- ကပ္ပဗိန္ဒု၏ ပမာဏနှင့် ကပ္ပဗိန္ဒု ထိုးရကျိုး
- ဝိကပ္ပနာ သိက္ခာပုဒ်
- ဝိကပ္ပနာ၏ အဓိပ္ပာယ်နှင့် အကျိုးရ
- ဝိကပ္ပနာ ၂ မျိုး
- ပစ္စုဒ္ဓိုရ်ပြုပုံနှင့် အဝေးနေသူအား သမ္မုခ ဝိကပ္ပနာပြုပုံ
- ပရမ္မုခ ဝိကပ္ပနာပြုပုံ
- စီဝရာ ပနိဓာန သိက္ခာပုဒ်
- သဉ္စိစ္စပါဏ သပါဏက သိက္ခာပုဒ်နှင့် ပါဏချင်း ထူးခြားပုံ
- ဥက္ကောဋန သိက္ခာပုဒ်
- ဒုဋ္ဌုလ္လ သိက္ခာပုဒ်
- ဥုနဝီသတိဝဿ သိက္ခာပုဒ်နှင့် အသက် ၂၀ တွက်ပုံ
- ပေါရာဏထေရဝါဒနှင့် ယခုခေတ်ဝါဒ
- ရဟန်းစစ်ဖြစ်ရန် အင်္ဂါ ၅ တန်
- ရဟန်းမဖြစ်သော်လည်း အကျိုးမယုတ်ပုံ
- ရဟန်းခေါ်ပုံနှင့် ဦးပဉ္စင်းခေါ်ပုံ
- ထေယျသတ္တ သိက္ခာပုဒ်
- သံဝိဓာနနှင့် အရိဋ္ဌ သိက္ခာပုဒ်
- ဤသိက္ခာပုဒ်ဝယ် မာတုဂါမေန၌ သွင်းယူရမည့်သူက ဘေးရန်ရှိသော်လည်း မာတုဂါမနှင့်ကား အတူ မသွားကောင်း
- ဥက္ခိတ္တ သမ္ဘောဂ သိက္ခာပုဒ်
- ကဏ္ဋက သိက္ခာပုဒ်
- သဟဓမ္မိက သိက္ခာပုဒ်
- ဝိလေခန သိက္ခာပုဒ်
- ခုဒ္ဒါနု ခုဒ္ဒက သိက္ခာပုဒ်များ
- မောဟန သိက္ခာပုဒ်
- ပဟာရ သိက္ခာပုဒ်
- တလသတ္တိကနှင့် အမူလက သိက္ခာပုဒ်
- သဉ္စိစ္စ သိက္ခာပုဒ်
- ဥပဿုတိ သိက္ခာပုဒ်
- ကမ္မပတိဗာဟန သိက္ခာပုဒ်နှင့် ကံ ၄ ပါး
- ဆန္ဒံ အဒတွာ မဂန သိက္ခာပုဒ်
- ဒုဗ္ဗလ သိက္ခာပုဒ်
- ပရိဏာမန သိက္ခာပုဒ်
- အန္တေပုရ သိက္ခာပုဒ်
- ရတန သိက္ခာပုဒ်
- ဝိကာလေ ဂါမပ္ပဝေသန သိက္ခာပုဒ်
- သူစိဃရနှင့် မဉ္စ သိက္ခာပုဒ်
- တူလောနဒ္ဓ သိက္ခာပုဒ်
- လဲ ၃ မျိုးနှင့် ခေါင်းအုံး ပမာဏ
- နိသီဒန သိက္ခာပုဒ်နှင့် နိသီဒိုန် အသုံးချနည်း
- ကဏ္ဍု ပဋိစ္ဆာဒိ သိက္ခာပုဒ်
- ဝဿိက သာဋိကနှင့် နန္ဒတ္ထေရ သိက္ခာပုဒ်
- မိုးရေခံ သင်္ကန်းခေါ်ပုံ
- တိစီဝရိတ် သင်္ကန်း၏ ပမာဏနှင့် စဉ်းစားဘွယ်
ပါဋိဒေသနီယ အခန်း
- ပထမ ပါဋိဒေသနီယ သိက္ခာပုဒ်
- ပါဋိဒေသနီယ ခေါ်ပုံ
- ဒုတိယ ပါဋိဒေသနီယ သိက္ခာပုဒ်
- အညီအမျှ စီမံရာ၌ ခံယူသော်လည်း အနာပတ္တိဖြစ်ပုံ
- တတိယ ပါဋိဒေသနီယ သိက္ခာပုဒ်
- စတုတ္ထ ပါဋိဒေသနီယ သိက္ခာပုဒ်
- သိစေနှင့် ရကျိုး
သေခိယ အခန်း
- သေခိယ သိက္ခာပုဒ်များ၌ ဂဏန်းမထားခြင်း အကြောင်း
- ပရိမဏ္ဍလဝဂ်
- သေခိယ သိက္ခာပုဒ် ကျူးလွန်လျှင် ဒုက္ကဋ်ချည်း
- သိက္ခာပုဒ်၌ အာပတ်နာမည် တိုက်ရိုက် မပါပုံ
- သိက္ခာပုဒ်တိုင်း အင်္ဂါ ၃ ပါးအတွက် မှတ်ချက်
- ဥဇ္ဈဂ္ဃိကဝဂ်
- ခမ္ဘကဘဝဂ်
- သာရုပ္ပ သိက္ခာပုဒ်ပေါင်း
- သက္ကစ္စဝဂ်
- ကဗဠဝဂ်
- သုရု သုရုဝဂ်
- သက္ကစ္စ ဘုဉ္ဇန ပဋိသံယုတ္တ သိက္ခာပုဒ်ပေါင်း
- ပါဒုကဝဂ်
အဓိကရဏ သမထ အခန်း
- အဓိကရုဏ်း ၄ ပါး
- သိက္ခာပုဒ် ၂၂၇ ပါး ရှိသော်လည်း အာပတ်အားဖြင့် ၂၂၀ သာ
- သမထ ၇ ပါး
- သမ္မုခါ ဝိနယ သမထ၌ သမ္မုခ ၄ ပါး
- သမ္ပဇာနမုသာဝါဒဒုက္ကဋ် အာပတ်သင့်ချိန်
- မဟာနိဂုံးနှင့် ဥဒ္ဒေသ ၅ ပါး
- နိဒါနုဒ္ဒေသော မပါသင့်ပုံ
- သုတသဒ္ဒါဖြင့် သိမ်းပုံ
- နောက်နောက်ဝါကျများ၌ “ခေါပနာ ယသ္မန္တေဟိ” မပါသင့်ပုံ
- သုတသဒ္ဒါ၏ အဓိပ္ပာယ်
ဘိက္ခုနီ ပါရာဇိက အခန်း
- ပထမ ပါရာဇိသိ သိက္ခာပုဒ်
- ပဉ္စမ, ဆဋ္ဌ ပါရာဇိက သိက္ခာပုဒ်
- သတ္တမ ပါရာဇိက သိက္ခာပုဒ်
- အဋ္ဌမ ပါရာဇိက သိက္ခာပုဒ်
သံဃာဒိသေသ အခန်း
- ပထမ သိက္ခာပုဒ်
- အစောင့်အရှောက်တောင်းနည်း
- ဒုတိယ သိက္ခာပုဒ်
- တတိယ သိက္ခာပုဒ်
- စတုတ္ထနှင့် ပဉ္စမ သိက္ခာပုဒ်
- ဧကာဒသမ သိက္ခာပုဒ်
- ဆဋ္ဌနှင့် ဒသမ သိက္ခာပုဒ်
- ဒွါဒသမ သိက္ခာပုဒ်
- တေရသမ သိက္ခာပုဒ်
နိသဂ္ဂိယပါစိတ် အခန်း
- ပတ္တဝဂ်
- ပထမသိက္ခာပုဒ်နှင့် စွန့်ခြင်းဝိနည်းကံရှိသော ပါစိတ်
- ဒုတိယသိက္ခာပုဒ်
- တတိယသိက္ခာပုဒ်နှင့် ယခုခေတ် ကထိန်သင်္ကန်း
- စတုတ္ထသိက္ခာပုဒ်
- ပဉ္စမနှင့် ဆဋ္ဌ နိသဂ္ဂိယသိက္ခာပုဒ်
- သတ္တမ, အဋ္ဌမ, နဝမနှင့် ဒသမသိက္ခာပုဒ်
- စီဝရဝဂ်ပထမ၊ ဒုတိယသိက္ခာပုဒ်
သုဒ္ဓပါစိတ် အခန်း
- လသုနဝဂ် ပထမနှင့် ဒုတိယသိက္ခာပုဒ်
- တတိယ, စတုတ္ထနှင့် ပဉ္စမသိက္ခာပုဒ်
- ဆဋ္ဌနှင့် သတ္တမသိက္ခာပုဒ်
- အဋ္ဌမ သိက္ခာပုဒ်
- ကျောင်းပေါ်မှ အမှိုက် စသည်ကို ပစ်ချရာ၌ မှတ်ချက်
- နဝမနှင့် ဒသမ သိက္ခာပုဒ်
- ဘုရားပွဲ ကျောင်းပွဲ ဘုန်းကြီးပျံကိစ္စများအတွက် ပွဲလက်ခံမှု သတိပြု
- ရတ္တန္ဓကာရ ဝဂ် ပထမ, ဒုတိယနှင့် တတိယ သိက္ခာပုဒ်
- စတုတ္ထနှင့် ပဉ္စမ သိက္ခာပုဒ်
- ဆဋ္ဌ သိက္ခာပုဒ်
- သတ္တမနှင့် အဋ္ဌမ သိက္ခာပုဒ်
- နဝမနှင့် ဒသမ သိက္ခာပုဒ်
- နဂ္ဂဝဂ် ပထမနှင့် ဒုတိယ သိက္ခာပုဒ်
- ဖုံးကွယ်ခြင်း ၃ မျိုး
- တတိယနှင့် စတုတ္ထ သိက္ခာပုဒ်
- ပဉ္စမ, ဆဋ္ဌမနှင့် သတ္တမ သိက္ခာပုဒ်
- အဋ္ဌမနှင့် နဝမ သိက္ခာပုဒ်
- ဒသမ သိက္ခာပုဒ်
- ကထိန်နှုတ်ခွင့်နှင့် နှုတ်ရကျိုး
- တုဝဋ္ဋဝဂ် ပထမနှင့် ဒုတိယ သိက္ခာပုဒ်
- တတိယ သိက္ခာပုဒ်
- စာအံ မီးထွန်း စသည်အတွက် ခွင့်ပြုမှ အနာပတ္တိဖြစ်ပုံ
- စတုတ္ထ, ပဉ္စမနှင့် ဆဋ္ဌ သိက္ခာပုဒ်
- သတ္တမနှင့် အဋ္ဌမ သိက္ခာပုဒ်
- နဝမနှင့် ဒသမ သိက္ခာပုဒ်
- စိတ္တာဂါရဝဂ် ပထမနှင့် ဒုတိယသိက္ခာပုဒ်
- ပန်းခြံနှင့် ကန်တော်ကြီးများသို့ အကြည့်အရှု သွားသော ရဟန်း သာမဏေတို့ သတိထားဘွယ်
- တတိယ, စတုတ္ထနှင့် ပဉ္စမ သိက္ခာပုဒ်
- ဆဋ္ဌနှင့် သတ္တမ သိက္ခာပုဒ်
- အဋ္ဌမ, နဝမနှင့် ဒသမ သိက္ခာပုဒ်
- တိရစ္ဆာန ပိဇ္ဇာများ
- အာရာမဝဂ် ပထမ, ဒုတိယနှင့် တတိယ သိက္ခာပုဒ်
- စတုတ္ထ, ပဉ္စမနှင့် ဆဋ္ဌ သိက္ခာပုဒ်
- သတ္တမ သိက္ခာပုဒ်
- ဘိက္ခု အချင်းချင်း ဖိတ်မန် (ပဝါရဏာပြု)ပုံ
- အဋ္ဌမနှင့် နဝမ သိက္ခာပုဒ်
- ဂဗ္ဘိနီဝဂ် ပထမ ဒုတိယနှင့် တတိယ သိက္ခာပုဒ်
- သိက္ခမာန် ခေါ်ပုံ
- စတုတ္ထနှင့် ပဉ္စမ သိက္ခာပုဒ်
- ဆဋ္ဌ သတ္တမနှင့် အဋ္ဌမ သိက္ခာပုဒ်
- နဝမနှင့် ဒသမ သိက္ခာပုဒ်
- ကုမာရိဘူတဝဂ် ပထမ, ဒုတိယနှင့် တတိယ သိက္ခာပုဒ်
- သိက္ခမာန် ၃ မျိုး
- စတုတ္ထနှင့် ပဉ္စမ သိက္ခာပုဒ်
- ဆဋ္ဌနှင့် သတ္တမ သိက္ခာပုဒ်
- အဋ္ဌမနှင့် နဝမ သိက္ခာပုဒ်
- ဒသမနှင့် ဧကာဒသမ သိက္ခာပုဒ်
- ဒွါဒသမနှင့် တေရသမ သိက္ခာပုဒ်
- ဆတ္တုပါဟနဝဂ် ပထမနှင့် ဒုတိယသိက္ခာပုဒ်
- ထီး ဖိနပ် အပ်သောအချက်
- တတိယ, စတုတ္ထနှင့် ပဉ္စမ သိက္ခာပုဒ်
- ဆဋ္ဌ သတ္တမနှင့် အဋ္ဌမ စသည်
ပါဋိဒေသနီယ အခန်း
- ပထမနှင့် ဒုတိယ သိက္ခာပုဒ် စသည်
- နောက်ဆက်တွဲ မှတ်ဘွယ်များ
- ဥပုသ် ၉ မျိုး
- အကျဉ်းနှင့်အကျယ် သိရမည့် အဓိပ္ပာယ်
- အန္တရာယ် ၁၀ ပါး
- ၃ ပါးနှင့် ၂ ပါးပြုပုံ
- ပါရိသုဒ္ဓိပြုရာ ဌာနများ
- ဒေသနာပြော ဒေသနာခံ
- ရှေးခေတ် ဒေသနာပြောနည်းနှင့် ယခုခေတ် ဒေသနာပြောနည်း
နောက်ဆက်တွဲ မှတ်ဘွယ်များ
- သီတင်းငယ်က သီတင်းကြီးထံ ပြောပုံ
- သီတင်းကြီးက သီတင်းငယ်ထံ ပြောပုံ
- သီဘင်းငယ်က ထပ်၍ပြောပုံ
- ဘာသာဋီကာ နိဂုံး
အချီနိဒါန်း
အာဏာရဟော ဒယာညာဏော, ဝေနေယျာနံ ဝိနာယကော၊
ပဏေတု ဟဒယေ အာဏံ, အညာဏဉ္စ ဝိနာသယံ။
ဒယာညာဏော - သတ္တဝါနုစွာ, မတုသာအောင်, ကရုဏာဓာတ်, ဉာဏ်တော်မြတ်လည်း ရှိပေထသော၊
(ဒယာညာဏတ္တာ - သတ္တဝါနုစွာ, မတုသာအောင်, ကရုဏာဓာတ်, ဉာဏ်တော်မြတ် ရှိသည့်အဖြစ်ကြောင့်၊)
အာဏာ ရဟော - မတိမ်းမစောင်း ကောင်းထက် ကောင်းသည့်, ငြိမ့်ငြောင်းသာလွင် အာဏာရှင်လည်း ဖြစ်ပေထသော၊
ဝေနေယျာနံ - အာဏာတော်ရင် ဘုရားရှင်မှ သွန်သင်ထိုက်စွာ, ဝေနေယျာတို့၏၊
ဝိနာယကော - ရှေ့သွား ခေါင်းဆောင်, အခေါင်ထွဋ်ထား ရှင်တော် မြတ်ဘုရားသည်၊
ဟဒယေ - ဘုရား အာရုံ ကောင်းစွာထုံလျက် တလုံလဲလဲ မှီဝဲစွဲသုံး, စိတ်နှလုံး၌၊
အညာဏဉ္စ - မသိမိုက်မှောင်, သိဟန်ဆောင်၍ ဉာဏ်ရောင်ကင်းလျက်, ချွတ်ယွင်းချက်ကိုလည်း၊
ဝိနာသယံ - အာဏာတော်နှင့်, လျော်ကန်သင့်အောင်, နှိုင်းချင့် လွယ်ကူ ပယ်ဖျောက်တော်မူလျက်၊
အာဏံ - ကရုဏာဉာဏ်, အရင်းခံ၍ အမှန်ငြိမ့်ငြောင်း, အမိန့်ကောင်းကို၊
ပဏေတု - အမြဲချဉ်းကပ်, မပြတ်သွင်း၍ အပ်နှင်းတော်မူပါ့ ဘုရား။
အာဏာ့ရှင်
ကရုဏာနှင့် ပညာ ၂ ပါးလုံး ပြည့်စုံသော ပုဂ္ဂိုလ်မှသာ အာဏာ့ရှင် ဖြစ်ထိုက်ပေသည်။
ချဲ့ဦးအံ့ ---
အာဏာ့ရှင်ဟူသည် မိမိ၏အာဏာ စက်ရိပ်တွင် ပါဝင်သူများကို နည်းလမ်းညွှန်ပြ စေခိုင်းရမည့် ပုဂ္ဂိုလ်မျိုး ဖြစ်၏။ ထိုသို့ စေခိုင်းရာဝယ် ပညာရှိမှသာ အလုပ်ကိစ္စတခု၏ အကျိုးအပြစ်ကို အစအဆုံး မြင်နိုင်ပေမည်။ ဉာဏ်ပညာသာရှိ၍ ကရုဏာ မရှိပြန်လျှင်လည်း အပြစ် ဖြစ်လောက်သော ကိစ္စကိုပင် ကိုယ်ရေးအတွက် လက်အောက်ငယ်သားများကို စေခိုင်းမိတတ်၏။ သို့ဖြစ်၍ ကရုဏာလည်း ရှိမှသာ အပြစ် ဖြစ်လောက်သည့် ကိစ္စ၌ မစေခိုင်းဘဲ အကျိုးရလောက်သော ကိစ္စ၌သာ စေခိုင်းပေလိမ့်မည်။ ထို့ကြောင့် အာဏာ့ရှင်အစစ် ဖြစ်ထိုက်သောပုဂ္ဂိုလ်မှန်လျှင် ကရုဏာ ပညာ ၂ ပါးလုံး ပြည့်စုံသူ ချည်းသာ ဖြစ်သင့်ပေသည်။
အာဏာဒေသနာ
ငါတို့ဘုရားရှင်ကား သဗ္ဗညုတ ဉာဏ်တော်ဖြင့် ကြွင်းမဲ့ဥဿုံ အလုံးစုံကို အကုန်အစင် သိမြင်တော်မူ သည့်ပြင် မဟာကရုဏာတော်ဖြင့်လည်း သတ္တဝါများကို ရင်ဝယ်သားကဲ့သို့ သနားညှာတာတော်မူ၏။ မိခင်သည် မိမိသားငယ်၏ ဆင်းရဲရမည့်အရေးကို တွေးကာ တွေးကာ လွန်စွာ ကရုဏာသက်သဖြင့် ကစားနေစဉ် လည်မျိုသို့ မတော်တဆ အလုံးကလေး ဝင်သွားခဲ့သော် ပါးစပ်ကို အတင်းဟ၍ လည်ပင်း ကျအောင် နှိုက်ယူ ထုတ်ပစ်သကဲ့သို့ ထို့အတူ ဘုရားရှင်လည်း သားတော် ရဟန်းသာမဏေတို့၏ နောင် ဆင်းရဲမည့်အရေးကို တွေးတော်မူကာ လတ်တလော ဒုက္ခကလေးကို မငဲ့သာတော့ဘဲ “မည်သည့် အမှုပြုလျှင် မည်သည့်အာပတ် သင့်စေ”ဟု အမိန့်တော် အာဏာပြလျက် “ဝိနယပိဋက”ခေါ် အာဏာ ဒေသနာတော်ကို ထုတ်ဖော် ပညတ်တော်မူရပေသည်။
အာဏာတည်ပုံ
လောက၌ မိဘ၏ အာဏာသည် သားကောင်း သမီးကောင်းတို့၏ အပေါ်၌သာ တည်သကဲ့သို့ ထို့အတူ ဘုရားရှင်၏အာဏာ သိက္ခာပုဒ်အဖြာဖြာလည်း သားကောင်းရတနာဝင် လဇ္ဇီ သူတော်စင်တို့၌သာ တည်ပေသည်။
ထို့ကြောင့်ပင် ဘုရားလက်ထက်မှစ၍ ယခုအချိန်ကျအောင် ဘုရာ့သားကောင်း လဇ္ဇီအပေါင်းတို့ တိမ်းစောင်း သွေဖယ်ခြင်း မရှိကြဘဲ ဝိနယ အမိန့်တော်ကို ပျော်ပျော်ကြီး လိုက်နာကြရုံသာမက နောက်နောက် ညီတော် အပေါင်းလည်း တကြောင်းတည်း လိုက်နာရစ်စေလိုကြသဖြင့် အောက်ပါ ဩဝါဒကို မိန့်တော်မူခဲ့ကြ ပေသည်။
ပါတိမောက္ခံ ဝိသောဓေန္တော, အပွေဝ ဇီဝိတံ ဇဟေ၊
ပညတ္တံ လောကနာထေန, န ဘိန္ဒေ သီလသံဝရံ။
ပါတိမောက္ခံ - ဝိနည်းပိဋကတ်, အရပ်ရပ်၌, ပညတ်ထုတ်ဘော်, သိက္ခာပုဒ် သီလကော်ကို၊
ဝိသောဓေန္တော - မကျိုးမပေါက် မညှိုးပျောက်ဘဲ တိုးတောက်စေချင်, သုဓ်သင်သူသည်၊
ဇီဝိတံ - လွန်စွာစုံမက်, ကိုယ့်အသက်ကို၊
အပွေဝ ဇဟေ - မဝံ့ တဝံ့, ရွံ့တရွံ့ဖြင့်, တွန့်ကာလွန့်ကာ, စွန့်လိုက်ရစေကာမူ၊
လောက နာထေန - ဗြဟ္မာ လူနတ် မြတ်ထက်မြတ်သည့် နတ်နတ်ထိပ်ထား ဘဘုရားသည်၊
ပညတ္တံ - အာဏာတော်မြတ်, မိန့်တော်မှတ်၍ ပညတ် ထုတ်ဘော် ဟောပြတော်မူအပ်သော၊
သီလသံဝရံ - ကိုယ် နှုတ် နှစ်ထွေ ချုပ်တည်းစေဘို့ ကုဋေကိုးထောင် ကျော်ခေါင်မြင့်ဟီး, သီလတော်ကြီးကို၊
န ဘိန္ဒေ - အမိန့်တော်ချက် ဦးထိပ်ရွက်၍ မဖျက်မိစေ, စောင့်စည်းသင့်ပေသတည်း။
ပါတိမောက် ၂ မျိုး
“ပါတိမောက္ခံ ဝိသောဓေန္တော”နှင့် စပ်၍ ပါတိမောက္ခပုဒ်နက်နှင့် အရကိုလည်း မှတ်သားသင့်၏။
ပါတိမောက္ခပုဒ်ကို “ပ+အတိ+မောက္ခ”ဟု ပထမ ပုဒ်ခွဲ၍ အတိနှင့် ပကို ရှေ့နောက် လဲပြီးသော် “အတိ + ပ + မောက္ခ = အလွန်မြတ်” ဟု အနက်ရ၏။
ထို အလွန်မြတ်သော ပါတိမောက္ခဟူသည် ဩဝါဒပါတိမောက်၊ အာဏာပါတိမောက် ဟု ၂ မျိုး ရှိ၏။ ထိုတွင် “ဩဝါဒပါတိမောက်”ဟူသည် အဆုံးအမကို ပြသော “ခန္တီ ပရမံ တပေါ တိတိက္ခာ”စသော ၃ ဂါထာပင်တည်း။ အာဏာ ပါတိမောက်ကား ယခုလက်ရှိ အမိန့်အာဏာ ပညတ်တော်ကို ပြသော သိက္ခာပုဒ်တော် များပင်တည်း။
ဩဝါဒပါတိမောက်၏ ဂုဏ်
ထို ဩဝါဒ ဂါထာတော်များသည် လွန်စွာ အနက်အဓိပ္ပာယ် ကောင်းလှပေရကား ဩဝါဒတော်အတိုင်း လိုက်နာပါမူ ၃ ဂါထာလုံးကို မဆိုထားဘိ အောက်ပါ တဂါထာမျှဖြင့် ပင်ကိုယ်က ယဉ်ကျေးပြီးသူတို့မှာ တရားထူး ရလောက်ပါပေသည်။
[အောက်ပါဂါတာကို စဉ်းစဉ်းစားစားရှုလျက် နှုတ်တက်ဆောင်ထားပါ။]
သဗ္ဗပါပဿ အကရဏံ, ကုသလဿုပသမ္ပဒါ၊
သစိတ္တ ပရိယောဒါပနံ ဧတံ ဗုဒ္ဓါန သာသနံ။
သဗ္ဗပါပဿ - ယုတ်မာသော့သွမ်း, ဟော့ရမ်းသမျှ အကုသိုလ် အစုစုကို၊
အကရဏံ - လုံးဝ ပြောင်စင်အောင် ရှောင်ကြဉ်သမျှ မပြု မလုပ်ခြင်း၎င်း၊
ကုသလဿ – ကာမ မဟဂ္ဂုတ်, လောကုတ်အထိ, ရှိရှိသမျှ ကုသလကို၊
သမ္ပဒါ - တဆင့်ထက် တဆင့် ရင့်ထက် ရင့်၍ မလင့်ပုံသေ, ပြည့်စုံစေခြင်း၎င်း၊
သစိတ္တ ပရိယောဒါပနံ – မိမိစိတ်ရင်း, ပွတ်သစ်ဝင်းသည့် ခရုသင်းအနေ ဖြူစင်စေခြင်း၎င်း၊
ဧတံ - အကုသိုလ်ကင်း, ကုသိုလ်သွင်း၍ စိတ်ရင်း စင်ရိုး ဤ ၃ မျိုးသည်၊
ဗုဒ္ဓါနံ - ဂင်္ဂါသဲတူ ပွင့်တော်မူသည့်, ဆူဆူထွဋ်ထား မြတ်ဘုရားတို့၏၊
သာသနံ - လိုရင်းနှုန်းပြ လုံးအရဖြင့် သုံးကြပစေ ဆုံးမတော် မူချက်ပါပေတည်း။
ဩဝါဒပါတိမောက် ပြခဲ့ရာအခါ
တဂါထာမျှ ထုတ်ပြအပ်သော ဤ သြဝါဒပါတိမောက်ဖြင့်ပင် ယဉ်ကျေးပြီးသော ရဟန်းသာမဏေတို့ အတွက် ဆုံးမဘွယ်အားလုံး ကုန်စင်ပြီဟု ဆိုထိုက်ပေသည်။
ဥပမာ-
လိမ်မာပြီးသော သားသမီးတို့မှာ နှိပ်ကွပ် ဆုံးမမှု မလိုဘဲ ကောင်းသည်ထက် ကောင်းလာဘို့ရာ ဩဝါဒမျှသာ ပေးရတော့သကဲ့သို့တည်း။ ထို့ကြောင့် ငါတို့ ဘုရားရှင်လည်း ရဟန်းကောင်း သူတော်စင် များချည်း ပေါ်ထွန်းရာ ဝါတော် ၂ဝ အတွင်းမှာ လောကပြစ်ပါသော သိက္ခာပုဒ်များကို ပညတ်တော် မမူရဘဲ ဥပုသ်ပြုရာနေ့များ၌ ဘုရားရှင်ကိုယ်တော်တိုင် ဤ ဩဝါဒပါတိမောက် ၃ ဂါထာကို ရွတ်ပြတော်မူခြင်းဖြင့် ဥပုသ်ပြုကိစ္စကို ပြီးစေတော်မူသည်။
အာဏာပါတိမောက် စခဲ့ရာ
ဘုရားရှင် ဝါတော် ၂၀ ကျော်သည့်အခါ၌မူ ဘုရား သာသနာတော်တွင် မသန့်စင်မှုများ တစတစ တိုးပွား သဖြင့် “မည်သည့်အမှုပြုလျှင် မည်သည့်အပြစ် (မည်သည့်အာပတ်)”ဟု အမိန့်တော် အာဏာပြ၍ အာဏာ ပါတိမောက်ခေါ် သိက္ခာပုဒ်များကို ပညတ်တော်မူရပေသည်။ ထိုအချိန်မှစ၍ ဘုရားရှင် ကိုယ်တော်တိုင် ဩဝါဒပါတိမောက် ပြမှုကို ရုပ်သိမ်းလျက် ယခုခေတ်၌ကဲ့သို့ အာဏာပါတိမောက်များကိုသာ ရဟန်းတော်များ ရွတ်ပြ၍ ဥပုသ်ကို ရွက်ဆောင်ကြရတော့သည်။
ယဉ်ကျေးမှု
ဤ အာဏာပါတိမောက်ဖြင့် ကိုယ်နှုတ် ၂ ပါး၏ ယဉ်ကျေးမှုကို အထူး ဆုံးမတော်မူ၏၊
ချဲ့ဦးအံ့ -
“မနောဒွါရေ အာပတ္တိနာမ နတ္ထိ” နှင့် အညီ မနောဒွါရအတွက် စိတ်သက်သက်၌ အာပတ် သင့်ရမည်ဟု အာဏာထားတော် မမူရကား အားသုံးသော သိက္ခာပုဒ်များသည် စိတ်ကို ဆုံးမသော အာဏာတော်များ မဟုတ်ကြ။ ကိုယ် နှုတ် ၂ ပါးကိုသာ ယဉ်ကျေးအောင် ဆုံးမသော အာဏာတော်များ ဖြစ်ကြပါသည်။
ထို့ကြောင့် ဤ သိက္ခာပုဒ် အဏာတော်များကို တသွေမတိမ်း လိုက်နာ၍ ပြောဆိုနေထိုင်ပါလျှင် ကမ္ဘာ ပေါ်တွင် အယဉ်ကျေးဆုံး အဆင့်အတန်း၌ ရဟန်းတော်အားလုံး တည်နိုင်ကြပေလိမ့်မည်။
[ပြအပ်လတ်သော သိက္ခာပုဒ်တော်များကို စဉ်းစားကြည့်ပါ။]
အချက်ပိုင်သော အာဏာတော်
ဤ အာဏာပါတိမောက်ဖြင့် အမိန့်အာဏာပြု၍ ကိုယ်နှုတ် ၂ ပါးကို ဆုံးမတော်မူခဲ့ပုံမှာ အလွန် အချက် ပိုင်ပါပေသည်။
ထင်ရှားစေအံ့ ----
သာသနာ့ဝန်ထမ်း ရဟန်းတော်များကို အင်မတန့် လူကြီး လူကောင်း ဆိုသူတို့ကပင် ဦးတင်ရှိခိုး မြတ်နိုး ပူဇော်ကြရ၏။ သို့ဖြစ်လျှင် ရဟန်းတော်များမှာ ထို လူကြီး လူကောင်းတို့ထက် ဝတ်ပုံ စားပုံနှင့် တကွ ကိုယ်အနေ ငြိမ်သက်၍ နှုတ်မြွက်သည့် အခါမှာလည်း နည်းယူရလောက်အောင် ဣန္ဒြေသိက္ခာကို ဆောင်ကြရပေလိမ့်မည်။ လူကြီး လူကောင်းတို့ထက် သာလွန်၍ ကိုယ် နှုတ် ဣန္ဒြေ မရကြပါလျှင် (မိရိုးဖလာ မလွှဲသာသော ရိုသေမှုမှတပါး) အဘယ်မှာ လေးစားသော ရိုသေမှုကို ပြုနိုင်ကြပါတော့မည်နည်း။
သို့ဖြစ်၍ လူကြီး လူကောင်းတို့၏ စိတ်ပါလက်ပါ ရိုသေနိုင်လောက်အောင်၎င်း၊ သီသွင်းသုံးဘော် အချင်းချင်း လည်း ရိုသေ လေးစားနိုင်လောက်အောင်၎င်း ကိုယ် နှုတ် ၂ ပါးကို အာဏာပါတိမောက်ဖြင့် ဆုံးမတော် မူခဲ့ပါပေသည်။
အာဏာပါတိမောက် မရှိခဲ့သော်
အာဏာပါတိမောက် မရှိခဲ့သော်, ရှိစေကာမူ အမိန့်အာဏာကို မလိုက်နာခဲ့သော် ရဟန်း သံဃာတော် များ၏ ကိုယ်နေ နှုတ်ထားသည် အများတို့ လေးစားကြည်ညိုခြင်းကို ခံနိုင်ဘို့ မလွယ်ကူတော့ချေ။ မခံနိုင် ခံနိုင် ခံရပြန်လျှင်လည်း နောင် သံသရာကို ထားဘိဦး၊ ဒုတိယဘဝ အကူးမှာပင် ဆူးငြှောင့် ခလုတ်တွေ များစွာ တွေ့ရပေတော့မည်။
ထိုထိုစကား မှန်၏၊ လူသာမန်တို့ မနေနိုင်သော ကျောင်းကြီး အပေါ်၌လည်း စက်တော်ခေါ်ရပြန် ရှိခိုးဦးချနှင့် ဘုရား အထူးကိုလည်း ခံရပြန်၊ စားဦးစားဖျားကိုလည်း စားနေရပြန်၊ ဤကဲ့သို့ အတန်တန် အထက်တန်းကျ၍ ကိုယ် နှုတ် စိတ်ထားမှာ ဖြစ်ချင်တိုင်း ဖြစ်ပြီးနောက် သေသည့်အခါ နတ်ပြည် ကိုပင် ရောက်နိုင်သေးသည်ဟု ဆိုပါလျှင် သည့်ထက် ကောင်းသော လူပေါ် လူဇော် လုပ်နည်းကား အဘယ်မှာ ရှိတော့မည်နည်း။
ထို့ကြောင့် ဘုရားရှင်သည် လူ အပေါင်းတို့၏ ပြုစုသမျှကို ခံထိုက်၍ သုဂတိ ဆိုက်လောက်အောင် “အာဏာ ပါတိမောက်”ခေါ် သိက္ခာပုဒ် သီလတော်များကို ပညတ်တော်မူခဲ့ပေရာ ထို ပညတ်တော် အတိုင်း လိုက်နာ ပါလျှင် စိတ်နေစိတ်ထားလည်း အလိုလို အချိုး အစားကျပြီး ဖြစ်ပါလိမ့်မည်။
သီလ-ဂန္ထ ပါတိမောက်
ထို သိက္ခာပုဒ် သီလတော်များကို “သီလ ပါတိမောက်”ဟု ခေါ်၍ ထို သီလတော်ကိုပြသော သိက္ခာပုဒ် ပါဠိတော်များကိုကား “ဂန္ထ ပါတိမောက်” ဟု ခေါ်သည်။ သီလပါတိမောက်ကို အတ္ထ ပါတိမောက်၊ ဂန္တပါတိမောက်ကို သဒ္ဒပါတိမောက်ဟု ခွဲလိုက ခွဲနိုင်သေး၏။
ဥပမာ-
ပါဏာတိပါတမှုမှ ရှောင်ကြဉ်ခြင်းသည် သီလ မည်၍ ထိုသီလကို ပြသော “ပါဏာတိပါတာ ဝေရမဏိ” စသော သဒ္ဒါအစဉ်မှာ သိက္ခာပုဒ်ပါဠိ မည်သကဲ့သို့တည်း။
ဒွေမာတိကာနှင့် ဝိနယပိဋက
ဤ သီလ ဂန္ထ ၂ မျိုးလုံးအတွက် “ဒွေမာတိကာ”ဟု ခေါ်သော မာတိကာ သိက္ခာပုဒ်များကိုသာ ပါတိမောက် ခေါ်သည်ဟု နားလည်နေကြသည်။
အမှန်မှာ-
ဝိနည်းပိဋက အားလုံးကို၎င်း၊ ထိုဝိနည်းပိဋကလာ ကုဋေ ကိုးထောင့် တရာ့ရှစ်ဆယ် ငါးသန်း သုံးသောင်း ခြောက်ထောင်သော သိက္ခာပုဒ် သီလကို၎င်း “အတိ+ပ+မောက္ခ = အလွန်မြတ်”ဟူသော အနက်အရ “ပါတိမောက္ခ” ခေါ်နိူင်သည်သာ။
[သာဓကကို သိက္ခာသာဇီဝ သမာပန္နော၏ အဖွင့်၌ တွေ့ရလတံ့။]
သို့ရာတွင် “ဥဘယာနိ ခေါပနဿ ပါတိမောက္ခာနိ ဝိတ္ထာရေန သွာဂတာနိ” အစရှိသော ပါဠိ၌ကား အများ နားလည်သော ဒွေမာတိကာကိုပင် “ပါတိမောက္ခ” ဟု ဆိုလိုသည်။
အချုပ်မှာ -
ဝိနည်းပိဋက အားလုံးကို၎င်း၊ ဒွေမာတိကာကိုသာ၎င်း၊ ထို ဒွေမာတိကာဖြင့် ပြအပ်သော သီလကို၎င်း၊ အရာ အားလျော်စွာ “ပါတိမောက္ခ” ခေါ်နိူင်သည်ဟု ဆိုလိုသည်။
[ဆောင်]
ကိုးထောင့် တရာ ရှစ်ဆယ်သာ၊ သင်္ချာ ကုဋေထုတ်။
ငါးသန်း သုံးသောင်း ခြောက်ထောင်ဆောင်း၊ များတောင်း သိက္ခာပုဒ်။
ကုဋေ ၉ ထောင်ကျော် တွက်နည်း
အာပတ်တို့ကို ခွဲခြား ဝေဘန်၍ ပြရာ ဝိဘင်္ဂပါဠိတော်၌ ဒုတိယပါရာဇိက တပါးတည်းကိုပင် -
၁။ မြေ၌ တည်သော ဘဏ္ဍာကို ခိုးမည်ဟု ကြံ၍ ခိုးလိုသောစိတ်ဖြင့် -
(က) အဖော်ကို ရှာအံ့၊ ဒုက္ကဋ်အာပတ်။
(ခ) ပေါက်တူးကိုရှာအံ့၊ ဒုက္ကဋ်။
(ဂ) တောင်းကို ရှာအံ့၊ ဒုက္ကဋ်။
(ဃ) ဘဏ္ဍာရှိရာသို့ သွားအံ့၊ ဒုက္ကဋ်။
၂။ (က) အိုးပေါ်၌ပေါက်နေသော သစ်ပင်၊ သို့မဟုတ် နွယ်ကိုဖြတ်အံ့၊ ဒုက္ကဋ်။
(ခ) မြေကိုတူးအံ့၊ ဒုက္ကဋ်။
(ဂ) မြေကိုယက်အံ့၊ ဒုက္ကဋ်။
(ဃ) မြေကို ထုတ်ပစ်အံ့၊ ဒုက္ကဋ်။
(င) အိုးကို သုံးသပ် (ကိုင်)အံ့၊ ဒုက္ကဋ်။
(စ) အိုးကို လှုပ်စေအံ့၊ ထုလ္လစ္စဉ်း။
(ဆ) အိုးကို ရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏။
ဤသို့ ခိုးမှု အထမမြောက်မီ ရှေ့၌ အာပတ်များစွာ ပညတ်တော်မူ၏။
ထိုသို့သော အာပတ်များမှ စောင့်စည်းကြောင်း သိက္ခာပုဒ်တို့ကို ပေါင်းစု၍ “ကုဋေ ၉ ထောင်ကျော်”ဟု ရေတွက်ကြရသည်။
ဒွေမာတိကာနှင့် ဥဘတောဝိဘင်း
“ယော ပန ဘိက္ခု၊ ဘိက္ခူနံ” ပသော သိက္ခာပုဒ်များသည် အကျဉ်းချုပ် ခေါင်းစဉ်မျှသာ ဖြစ်သောကြောင့် မာတိကာမည်၏။
ထို သိက္ခာပုဒ် မာတိကာနှင့်ဆက်၍ “ယော ပနာတိ ယော ယာဒိသော” စသည်ဖြင့် ပုဒ်ကိုလည်း ဖွင့်ပြ၊ ထို သိက္ခာပုဒ်နှင့်စပ်၍ သင့်နိုင်သမျှသော အာပတ်တို့ကိုလည်း ဝေဘန်ပြသော အကျယ်စကားကို “ပဒ ဘာဇနီယ” ဟု၎င်း၊ “ဝိဘင်္ဂ = ဝိဘင်း” ဟု၎င်း ခေါ်၏။
[ပဒ = ပုဒ်ကို + ဘာဇနီယ = အကျယ် ဝေဘန်ကြောင်း ပါဠိ၊ ဝိဘင်္ဂ = အကျယ် ဝေဘန်ကြောင်း စကား။]
ဘိက္ခု ဘိက္ခုနီအားဖြင့် ၂ ပါးသော မာတိကာကို “ဒွေမာတိကာ” ဟု၎င်း၊
ထို မာတိကာ ၂ ပါး၏ အကျယ် ပဒဘာဇနီကို “ဥဘတောဝိဘင်း” ဟု၎င်း ခေါ်သည်။
ဘာသာဋီကာ
ဤ ဒွေမာတိကာခေါ် ပါတိမောက် သိက္ခာပုဒ်တော် များကိုပင် မိမိတို့ တိုင်းရင်းဘာသာဖြင့် (အဋ္ဌကထာဖွင့်ထက် တဆင့်တက်၍) ဋီကာဖွင့်သကဲ့သို့ ဖွင့်ပြပါတော့မည်။
ထိုသို့ ဖွင့်ပြရာ၌ သိက္ခာပုဒ်ပါဠိဟူသော ဂန္ထပါတိမောက်ကို ဖွင့်လိုက်လျှင် “မည်သည့်အမှုကို ကျင့်က မည်သည့် သီလ ပျက်၏” စသည်ဖြင့် သီလ အပြားကိုလည်း ခွဲခြား သိနိုင်မည် ဖြစ်ရကား ဤ ဘာသာ ဋီကာသည် သီလ ပါတိမောက်ကိုလည်း တပါတည်း ဖွင့်ပြရာ ရောက်သဖြင့် ဝိနယာနုဂ္ဂဟ (ဝိနည်းကို ချီးမြှောက်သော) ကျမ်းစာတို့တွင် ပါဝင်နိုင်သော ကျမ်းစာတစောင် ဖြစ်ပါလိမ့်မည်။
ဖွင့်ပြပုံ အကျဉ်းချုပ်
ဤ ဘာသာဋီကာ၌ နိဿယ၊ အဓိပ္ပာယ်၊ လင်္ကာ ဆောင်ပုဒ်နှင့် နိသဂ္ဂိယ (ပါစိတ်ကုန်အောင်) လေ့ကျင့်ခန်းများ ပါရှိ၏။ အခြေပြုသင်္ဂြိုဟ်နှင့် သင်္ဂြိုဟ်ဘာသာဋီကာ ခွဲသကဲ့သို့ နိဿယနှင့် လွယ်ကူသော အဓိပ္ပာယ်များကို တသန့်ခွဲကာ စီစဉ်သင့်သော်လည်း နိသဂ္ဂိယမှ နောက် သိက္ခာပုဒ် များ၌ ထိုကဲ့သို့ ခွဲခြား လောက်အောင် အဓိပ္ပာယ် မများ၊ ထူးလည်း မထူးခြားသောကြောင့် နိဿယနှင့်တကွ အဓိပ္ပာယ် အားလုံးကိုပင် ဤဘာသာဋီကာ၌ သွင်းလိုက်ရတော့သည်။
[သို့ရာတွင် မူလပညတ် အနုပညတ် ခွဲခြား၍ ဝတ္ထုကြောင်းနှင့်တကွ အောက်ခြေက စပြီးလျှင် “ဘုရား ဥပဒေတော်ကြီး”ခေါ် ကျမ်းစာတစောင်လည်း ရိုက်နှိပ်ပြီးဖြစ်၍ အခြေခံဝတ္ထုများကိုလည်း ထိုကျမ်း၌ ရှုကြပါလေ။]
အာဏာတော်တည်ပါစေ
ဤသို့လျှင် ဩဝါဒပါတိမောက်၊ အာဏာ ပါတိမောက်အားဖြင့် ရှေးဦးစွာ ကွဲပြားပြီးနောက် အာဏာ ပါတိမောက်မှ ဂန္ထ-သီလအားဖြင့် ၂ ပါး၊ ဘိက္ခု - ဘိက္ခုနီအားဖြင့် ၂ ပါး၊ အသီးအသီး ဖြာ၍ ထွက်ရ သောကြောင့် အရင်းမူလ ပဘဝဖြစ်သော ဗုဒ္ဓရှင်တော်မြတ်၏ အာဏာတော်သည် ဤ ပါတိမောက် များကို ဖွင့်ပြသော တပည့်တော်၏ စိတ် နှလုံး ဟဒယ၌ ပထမ တည်တော်မူပြီးလျှင် အစဉ်အတိုင်း ပြန့်နှံ့တော်မူကာ ဤကျမ်းစာ ရှုကြသူတိုင်း၏ စိတ်နှလုံးအတွင်း ရောက်အောင် ထွင်းဖောက် တည်ရှိပါစေ ခလို။
ဝိနယောနာမ သာသနဿ အာယု - ဝိနည်းသည် သာသနာတော်၏ အသက်၊
အနာဂတေ သာသနံ လဇ္ဇီ ရက္ခိဿတိ (၃ ကြိမ်) –
အနာဂတ်ကာလ၌ သာသနာတော်ကို လဇ္ဇီပုဂ္ဂိုလ် စောင့်ရှောက်ရစ်လိမ့်မည်။
ယဒိဥတ္တံ အယုတ္တေတ္ထ, ပမာဒေန ဘမေနဝါ၊
ဝစော မယာ ဒယာဝန္တော, သန္တော သံသောဓယန္တုတံ။
တ္ထေ - ဤဘာသာဋီကာ, အမည်သာသည့်, မှီရာသိပ်သည်း, နိဿယည်း၌၊
ပမာဒေန - သတိကင်းပေါ့ မေ့လျော့ခြင်းကြောင့်သော်၎င်း၊
ဘမေနဝါ - စိတ်စက်ခြောက်ခြား, လွင့်ပါးခြင်းကြောင့်သော်၎င်း၊
အယုတ္တံ - ဖောက်ပြန် ချွတ်ယွင်း, ယုတ္တိကင်းသော၊
ယံ ဝစော - အကြင် စကားကို၊
မယာ - ငါသည်၊
ယဒိ ဥတ္တံ - အကယ် ရေးသား, ဆိုမှားအပ်မိအံ့၊
တံ ဝစော - ထိုသို့ မှားအပ် စကားရပ်ကို၊
ဒယာဝန္တော - ကရုဏာမှု မေတ္တာပြု၍, ရှုလေ့ရှုထ, ရှိတော်မူကြကုန်သော၊
သန္တော - အဘိဇ္ဈာကင်း, ဣဿာရှင်း၍ ဝမ်းတွင်းစိတ်ကောင်း သူတော်အပေါင်းတို့သည်၊
သံသောဓယန္တု - မိမိစီရင်, ကျမ်းအသွင်သို့ ပြင်ဆင်ပြုကာ ရှုနိုင်ကြပါစေသတည်း။
အရှင် ဇနကာဘိဝံသ
၁၃၀၂ တပေါင်းလ
ပါတိမောက် ဘာသာဋီကာ
▬▬▬ஜ۩۞۩ஜ▬▬▬
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ဥပုသ်ပြု ပရိကမ်
၁။ ပုဗ္ဗကရဏ ၄ ပါး
သမ္မဇ္ဇနီ ပဒီပေါ စ၊ ဥဒကံ အာသနေန စ။
ဥပေါသထဿ ဧတာနိ၊ “ပုဗ္ဗကရဏ”န္တိ ဝုစ္စတိ။
သမ္မဇ္ဇနီ - ဥပုသ် ကျောင်းဆောင်၌ တံမြက်လှည်းရခြင်း၎င်း၊
ပဒီပေါစ - မီးထွန်းရခြင်း၎င်း၊
အာသနေန - နေရာ ခင်းခြင်းနှင့်တကွ၊
ဥဒကံစ - သောက်ရေ သုံးရေ တည်ထားရခြင်း၎င်း၊
(ဣတိ - ဤသို့၊)
ဧတာနိ - ဤ လေးပါးသော ပြုဘွယ်တို့ကို၊
ဥပေါသထဿ - ဥပုသ်ကံ၏၊
ပုဗ္ဗကရဏန္တိ - ပုဗ္ဗကရဏ ဟူ၍၊
ဝုစ္စတိ - ဆိုအပ်၏။
[ရှေးနိဿယ၌ “ဧတာနိ” ဟူသော ဗဟုဝုစ်ကို ငဲ့၍ “ဝုစ္စတိ ဝုစ္စန္တေ - ဆိုအပ်ကုန်၏” ဟု အနက်ပေး၏၊ ဤ၌ကား “ပုဗ္ဗကရဏန္တိ” ဟူသော အာဏာရကို ငဲ့၍ ပါဌ်ရှိအတိုင်း ပေးသည်။]
ဥပုသ်ပြုခြင်း၏ ပရိကမ်
ဤ “သမ္မဇ္ဇနီ ပဒီပေါစ” ဂါထာမှ စ၍ “အာရာဓနံ ကရောမ”တိုင်အောင် စကားစုကား ပါတိမောက် မဟုတ်သေးရုံသာမက ပါတိမောက်၏ အခြေခံ နိဒါန်းမျှပင် မဟုတ်သေး။ ဥပုသ်ပြုခါနီးဝယ် ပြုဘွယ် အမှုများနှင့် ပြည့်စုံဘွယ် အင်္ဂါများကို ပြသော ဥပုသ်ပြုခြင်း၊ ပါတိမောက်ပြခြင်း၏ အခြေခံ စကားစုသာ ဖြစ်သည်။
[ပရိကမ္မဘာဝနာ ဟူရာ၌ကဲ့သို့ ရှေးဦးစွာပြုရသော အလုပ်ကို “ပရိကမ်” ဟု ခေါ်၏။]
ပုဗ္ဗကရဏ ၄ ပါး (အကျယ်)
ထို ပရိကမ် စကားစုတွင် [“သမ္မဇ္ဇနီ” စသော ဂါထာသည် ပုဗ္ဗကရဏ ၄ ပါးကို ပြသော ဂါထာတည်း။] တံမြက်လှည်းခြင်း အစရှိသော ၄ ပါးကို သံဃာ မစည်းဝေးမီ ရှေ့အဘို့၌ ပြုအပ်သောကြောင့် “ပုဗ္ဗကရဏ” ဟု ခေါ်၏။ [ပုဗ္ဗ=သံဃာ မစည်းဝေးမီ ရှေ့အဘို့၌ + ကရဏ= ပြုအပ်သော အမှု၊] ဤ ပုဗ္ဗကရဏ ၄ ပါးကို ဂါထာကြည့်၍-
၁။ ဥပုသ်ပြုရာ ကျောင်းဆောင်၌ တံမြက်လှည်းရခြင်း၊
၂။ ဥပုသ်ကျောင်းဆောင်အတွင်း၌ နေရောင်မရှိလျှင် မီးထွန်းရခြင်း၊
၃။ ဥပုသ် ကျောင်းဆောင်၏ သင့်တော်ရာ အနီးအပါး၌ သောက်ရေနှင့် (ခြေဆေးဘို့ရာ) သုံးရေများကို တည်ထားရခြင်း၊
၄။ ဥပုသ် ကျောင်းဆောင်အတွင်း၌ နေရာခင်းရခြင်း ဟု ရေတွက်ပါ။
ချဲ့ဦးအံ့ —
ဘုရားလက်ထက်တော်ဝယ် ဥပုသ်ကျောင်းဆောင်၌ တံမြက်မလှည်းသဖြင့် အမှိုက်ရှုပ်နေခြင်း၊ အမှောင်ထဲ၌ တပါးနှင့် တပါး တိုက်မိ နင်းမိကြခြင်း၊ နေရာ ခင်းမထားသဖြင့် သံဃာများ၏ ကိုယ်နှင့် သင်္ကန်းတို့၌ ဖုံလူးခြင်း၊ မဟာသိမ်ဖြစ်၍ ခရီးဝေးသော ကျောင်းတိုက်များမှ ဥပုသ်ပြုရန် လာကြ လေရာ သောက်ရေ သုံးရေ မရှိသဖြင့် အာဂန္တုရဟန်းတို့ ကဲ့ရဲ့ကြခြင်း၊ ဤ အကြောင်းများကြောင့် တံမြက်လှည်းမှု စသော ၄ ပါးကို “သံဃာ မစည်းဝေးခင် ကြိုတင်၍ ပြုလုပ်ရမည်” ဟု ဘုရားရှင် ပညတ်တော်မူသည်။ ထို အမှုများကို နာယကထေရ်က ကြောင့်ကြစိုက်၍ သင့်တော်သူကို ခိုင်းရမည်။
၂။ ပုဗ္ဗကိစ္စ ၅ ပါး
ဆန္ဒ ပါရိသုဒ္ဓိ ဥတုက္ခာနံ၊ ဘိက္ခုဂဏနာ စ သြဝါဒေါ။
ဥပေါသထဿ ဧတာနိ၊ “ပုဗ္ဗကိစ္စ”န္တိ ဝုစ္စတိ။
ဆန္ဒပါရိသုဒ္ဓိ ဥတုက္ခာနံ - ဆန္ဒကို လျှောက်ခြင်း, ပါရိသုဒ္ဓိကိုလျှောက်ခြင်း, ဥတုကို လျှောက်ခြင်း၎င်း၊
ဘိက္ခု ဂဏနာစ - ရဟန်း အပေါင်းကို ရေတွက်ခြင်း၎င်း၊
သြဝါဒေါ - ဘိက္ခုနီတို့၏ ဩဝါဒ ခံလိုပါကြောင်း ခွင့်တောင်းမှုကို လျှောက်ခြင်း၎င်း၊
(ဣတိ - သို့၊)
ဧတာနိ - ဤ ငါးပါးသော ပြုဘွယ်တို့ကို၊
ဥပေါသထဿ - ဥပုသ်ကံ၏၊
ပုဗ္ဗကိစ္စန္တိ - ပုဗ္ဗကိစ္စဟူ၍၊
ဝုစ္စတိ - ဆိုအပ်၏။
ပုဗ္ဗကိစ္စ ၅ ပါး (အကျယ်)
“ဆန္ဒ ပါရိသုဒ္ဓိ”စသော ဤဂါထာသည် ပုဗ္ဗကိစ္စ ၅ ပါးကို ပြသော ဂါထာတည်း။ ဆန္ဒလျှောက်ခြင်း စသော ၅ ပါးကို သံဃာ စည်းဝေးပြီးနောက် ပါတိမောက်မရွတ်မီ ရှေ့အဘို့၌ ပြုအပ်သောကြောင့် “ပုဗ္ဗကိစ္စ” ဟု ခေါ်၏။ [ပုဗ္ဗ=ပါတိမောက် မရွတ်မီ ရှေ့အဘို့၌ + ကိစ္စ=ပြုသင့်သော အမှု၊] ဤ ပုဗ္ဗကိစ္စ ၅ ပါးကိုလည်း ဂါထာကြည့်၍-
၁။ ဆန္ဒကို လျှောက်ခြင်း၊
၂။ ပါရိသုဒ္ဓိကို လျှောက်ခြင်း၊
၃။ ရောက်ဆဲဥတု ရောက်ဆဲပက္ခကို လျှောက်ခြင်း၊
၄။ ဥပုသ်ပြုရာဝယ် ပါဝင်သောသံဃာကို ရေတွက်၍ လျှောက်ခြင်း၊
၅။ ဘိက္ခုနီတို့က အဆုံးအမ ခံလိုပါကြောင်း ခွင့်တောင်းလိုက်သော စကားကို ဆောင်ယူလာသော ရဟန်းက ပါတိမောက်ပြသော ရဟန်းအား လျှောက်ခြင်း ဟု ရေတွက်ပါ။
ဆန္ဒပါရိသုဒ္ဓိ ဥတုက္ခာနံ
ဆန္ဒ ပါရိသုဒ္ဓိ ဥတုပုဒ်တို့ကား ဒွန်ပုဒ်တည်း။ “ဆန္ဒောဝ ပါရိသုဒ္ဓိစ ဥတုစ ဆန္ဒပါရိသုဒ္ဓိ ဥတုယော” ဟု ဒွန်သမာသ်ဝစနတ် ပြု။ ဥတုက္ခာနံကို “ဥတု+အက္ခာနံ”ဟု ပုဒ်ဖြတ်။
[ဤ အက္ခာနပုဒ်သည် နားဖြင့် ကြားခြင်းအနက်မျိုးကို မဟော၊ နှုတ်ဖြင့် လျှောက်ထားခြင်းအနက်ကို ဟော၏။ ထို့ကြောင့် “ဆန္ဒလျှောက်ခြင်း” စသည်ဖြင့် ဆိုသည်။]
ဆက်ဦးအံ့ -
ဤ အက္ခာနပုဒ်သည် ဒွန်၏နောက်၌ရှိသော ပုဒ်တည်း။ ထို ပုဒ်မျိုးကို အနက်သဘောအားဖြင့် ရှေးရှေး ပုဒ်များသို့လည်း လိုက်စေရသည်။ ထို့ကြောင့် “ဆန္ဒ+အက္ခာန = ဆန္ဒကို လျှောက်ခြင်း၊ ပါရိသုဒ္ဓိ + အက္ခာန = ပါရိသုဒ္ဓိကို လျှောက်ခြင်း၊ ဥတု+အက္ခာန = ဥတုကို လျှောက်ခြင်း” ဟု မှတ်ပါ။
[ဆောင်] ဒွန်၏ နောက်၌, ရှိသောပိုဒ်, ယှဉ်လိုက် ပုဒ်တိုင်းသာ။
ဆန္ဒပါရိသုဒ္ဓိ အက္ခာန
ဥပုသ်ပြုရာ သိမ်တွင်း၌ နေသော ဂီလာန- သို့မဟုတ် အလုပ်ကိစ္စများနေသော ရဟန်းသည် ဥပုသ်ပြုရာ ဌာနသို့ ကိုယ်တိုင် မလိုက်နိုင်လျှင် ဆန္ဒပါရိသုဒ္ဓိ ၂ မျိုးလုံးကို ရဟန်းတပါးထံ ပေးလိုက်ရသည်။ ထိုတွင် ဆန္ဒပေးခြင်းသည် “ဥပုသ်ကံမှ တပါး အခြားကံများ ပြုဘွယ်ရှိက သဘော တူပါသည်”ဟု မိမိအလိုကို ဖော်ပြသဖြင့် ထိုထို အခြား သံဃာ့ကံကို ထမြောက်စေ၏။ ပါရိသုဒ္ဓိပေးခြင်းကား “မိမိမှာ အာပတ်မှ စင်ကြယ်ပါသည်” ဟု ဖော်ပြခြင်းဖြစ်သည်။
ထို့ကြောင့် အာပတ်ရှိလျှင် ဒေသနာပြောပြီးမှ ပါရိသုဒ္ဓိ ပေးရသည်။ ထို ပါရိသုဒ္ဓိ ပေးခြင်းဖြင့် မိမိ၏ ဥပုသ်ပြုခြင်း ကိစ္စကိုလည်း ပြီးစေ၊ သံဃာ၏ ဥပုသ်ပြုခြင်း ကိစ္စကိုလည်း (ဝဂ်ဖြစ်မှု ဟူသော) အနှောင့် အယှက် မရှိဘဲ ပြီးစေသည်။ ထိုကဲ့သို့ ပေးလိုက်အပ်သော ဆန္ဒ ပါရိသုဒ္ဓိကို ဆောင်ယူလာသော ရဟန်းက သံဃာ့အထံ၌ လျှောက်ခြင်းကို “ဆန္ဒ လျှောက်ခြင်း၊ ပါရိသုဒ္ဓိ လျှောက်ခြင်း” ဟု ခေါ်သည်။
ဆန္ဒ ပါရိသုဒ္ဓိ ပေးပုံ
မိမိနေရာ သိမ်ထဲ၌ ဥပုသ်ပြုမည့် အရပ်သို့ မလိုက်နိူင်သော ရဟန်းသည် ရဟန်းတပါးအထံ (အာပတ်ရှိလျှင် ဒေသနာ ပြောပြီးနောက်) … “ဆန္ဒပါရိသုဒ္ဓိံ ဒမ္မိ, ဆန္ဒပါရိသုဒ္ဓိံ မေ ဟရ, ဆန္ဒပါရိသုဒ္ဓိံ မေ အာရောစေဟိ”ဟု ဆို၍ ပေးလိုက်ရသည်။
[မြန်မာလို — ဆန္ဒပါရိသုဒ္ဓိကို ပေးပါ၏၊ တပည့်တော်၏ ဆန္ဒပါရိသုဒ္ဓိကို ဆောင်ပါလေ၊ တပည့်တော်၏ ဆန္ဒပါရိသုဒ္ဓိကို သံဃာအား လျှောက်ပါလေ။]
ဆောင်ယူ၍ လျှောက်ပုံ
ထို ပေးလိုက်သော ဆန္ဒပါရိသုဒ္ဓိကို လက်ခံခဲ့သော ရဟန်းက သံဃာ၏ ဟတ္ထပါသ်ရောက်လျှင် ပေးလိုက်သော ဆန္ဒပါရိသုဒ္ဓိလည်း ရောက်ပြီးဖြစ်တော့၏။ သို့သော် ဆောင်ယူခဲ့သော ရဟန်းက သံဃာအား မလျှောက်လျှင် ဒုက္ကဋ်အာပတ် သင့်သောကြောင့် သံဃာအား လျှောက်ရဦးမည်။ ထို့ကြောင့် (ထိုရဟန်း၏ ဘွဲ့ကို ဖော်ပြ၍ ... “တိဿေန ဘိက္ခုနာ ဆန္ဒပါရိသုဒ္ဓိ ဒိန္နာ, တမဟံ သံဃဿ အာရောစေမိ”ဟု လျှောက်ရသည်။
ယခုကာလ၌ ၃ ကြိမ် ဆိုကြ၏။ တကြိမ်တည်းလည်း ပြီးသည်ပင်။
“တိဿေန” ၌ “ဟိဿနာမေန = တိဿဝှယေန”ဟု အမျိုးမျိုး ဆိုနိုင်သည်။
ပေးသူက မိမိထက်ကြီးလျှင်”အာယသ္မတာ တိဿေန”ဟု ဆိုပါ။
[တိဿေန ဘိက္ခုနာ - တိဿရဟန်းသည်၊
ဆန္ဒပါရိသုဒ္ဓိ - ကို၊
ဒိန္နာ - ပေးအပ်ပါပြီ၊
တံ - ထိုဆန္ဒပါရိသုဒ္ဓိကို၊
အဟံ - သည်၊
သံဃဿ - အား၊
အာရောစေမိ - လျှောက်ပါ၏။]
ဆန္ဒချည်း ပေးသင့်ရာ
ဥပုသ်ကံမှတပါး အခြားကံများ၌၎င်း၊ ဥပုသ်ကံပင် ဖြစ်သော်လည်း မိမိက အခြားသိမ်တခု၌ ဥပုသ်ပြုခဲ့ပြီး ဖြစ်လျှင်၎င်း ပါရိသုဒ္ဓိ ပေးဘွယ်မလို၊ ဆန္ဒကိုသာ ပေးရမည်။
ပေးပုံကား— “ဆန္ဒံ ဒမ္မိ, ဆန္ဒံ မေ ဟရ, ဆန္ဒံ မေ အာရောစေဟိ” တည်း။
ထိုဆန္ဒကို ဆောင်ယူသွားသော ရဟန်းကလည်း သံဃာ့အထံ၌ လျှောက်ရမည်မှာ ... “တိဿေန ဘိက္ခုနာ ဆန္ဒော ဒိန္နော, တမဟံ သံဃဿ အာရောစေမိ” ဟူသတည်း။
[ဤဆန္ဒပါရိ သုဒ္ဓိများကို မိမိတို့နားလည်သော ဘာသာဖြင့် ပေးနိုင် လျှောက်နိုင်သည်။]
ဥတုအက္ခာန, ဘိက္ခုဂဏနာ -
ဘုရားလက်ထက်တော်၌ အချို့ ရဟန်းတို့ “ယနေ့ ဘယ်နှစ်ရက်မြောက်နေ့၊ လဆန်း ၁ ရက်နေ့၊ ၂ ရက်နေ့” စသည်ကိုမျှ မသိကြ၍ လူတို့ ကဲ့ရဲ့ခံရဘူးသည်။ အချို့မှာလည်း ကျောင်းတိုက် အတွင်း၌ သံဃာ အရေအတွက်ကိုမျှ မသိကြ၍ အကဲ့ရဲ့ခံကြရသည်။
ထို့ကြောင့် ရောက်ရှိသော ဥတုတွင် “ပက္ခပေါင်း မည်မျှ လွန်ပြီ၊ မည်မျှ ကြွင်းသေး၏”ဟု ဥပုသ်ပြုသည့် အခါ ပြောရမည်ဟု၎င်း၊ သိမ်တွင်း၌ ဥပုသ်ပြုသံဃာ မည်မျှရှိသည်ကို ရေတွက်ရမည်ဟု၎င်း ပညတ်တော်မူသည်။ ဤ ဥတုရေတွက်မှု၊ သံဃာရေတွက်မှုကို တပါးပါးကပြု၍ သံဃာအား လျှောက်လျှင် ပြီး၏။ ယခုကာလ၌ ဥပုသ် အဖြေလုပ်သူက လျှောက်လေ့ရှိသည်။
မှတ်ချက် (ဥတုအက္ခာန)
ဥတုကို “ဤမျှ လွန်ပြီ၊ ဤမျှ ကြွင်းသေး၏”ဟု လျှောက်လျှင် ပက္ခကို ရေတွက်ရာ ရောက်၏။ ထို့ကြောင့် ပက္ခအက္ခာနကို မပြတော့ဘဲ “ဥတု အက္ခာန”ဟုသာ ဆိုထားသည်။ ဥပေါသထက္ခန္ဓက ပါဠိတော်၌မူ “အနုဇာနာမိ ဘိက္ခဝေ ပက္ခဂဏနံ (တပက္ခ တပက္ခ၌ ရောက်ဆဲ ရက်ကိုပါ ရေတွက်ခြင်းကို ဥဂ္ဂဟေတုံ” ဟု မိန့်တော်မူသည်။
ဩဝါဒ
ဘိက္ခုနီတို့သည် ဥပုသ်နေ့၌ ဥပုသ်ပြုချိန်မရောက်မီ ဘိက္ခုနီ တယောက်ယောက်ကို အဖော်နှင့်တကွ ရဟန်း တပါးပါးထံ စေလွှတ်ရသည်။ ထိုစေလွှတ်အပ်သော ဘိက္ခုနီက “အရှင်ဘုရား...၊ ဘိက္ခုနီသံဃာသည် ဘိက္ခု သံဃာ၏ ခြေတော်တို့ကို ရှိခိုးလိုက်ပါသည်။ သြဝါဒခံဘို့ရာ ချဉ်းကပ်ခွင့်ကိုလည်း တောင်းလိုက်ပါသည်။ ဘိက္ခုနီသံဃာသည် ဩဝါဒခံဘို့ရန် ချဉ်းကပ်ခွင့်ကို ရလိုပါသတဲ့ဘုရား”ဟု ခွင့်တောင်း လျှောက်ထား ရသည်။ ထိုရဟန်းက ထိုဘိက္ခုနီ ခွင့်တောင်း ချက်ကို ယူဆောင်၍ ဥပုသ်ပြုခါနီး၌ ပါတိမောက်ရွတ်မည့် ရဟန်းအား တဆင့် လျှောက်ထားမှုကို ဂါထာ၌ “ဩဝါဒေါ”ဟု ဆိုသည်။
ဆက်ဦးအံ့ -
ထိုကဲ့သို့ လျှောက်ထားသည့်အခါ ပါတိမောက်ရွတ်ဆိုမည့် ရဟန်းက “ဘိက္ခုနောဝါဒက သမ္မုတိ” ရသော မဟာထေရ်ရှိလျှင် “ဘိက္ခုနီတို့သည် ထိုမဟာထေရ်အထံ အဆုံးအမ ခံကြလေ” ဟု မှာရသည်။ သမ္မုတိ ရသော မဟာထေရ် မရှိလျှင် “ပါသာဒိကေန ဘိက္ခုနီသံဃော သမ္ပာဒေတု (ဘိက္ခုနီသံဃာသည် ကြည်ညိုခြင်းကို ဆောင်သော ကိုယ် နှုတ် စိတ် အမှုဖြင့် သိက္ခာ ၃ ပါးကို ပြည့်စုံစေ)” ဟု မှာရသည်။
ဩဝါဒခံဘို့ရန် ခွင့်တောင်းသည်ကို ဆောင်ခဲ့သော ပထမရဟန်းက နောက်တရက်နံနက်၌ ဘိက္ခုနီတို့အား ထို မှာလိုက်သည့်အတိုင်း ပြောရသည်။ ဘိက္ခုနီတို့ကလည်း ဩဝါဒပေးမည့် ထေရ်ရှိလျှင် ထို တရက်နေ့မှာပင် ဩဝါဒ ခံယူဘို့ရန် သွားရသည်။
ကရဏနှင့် ကိစ္စအထူး
ရှေ့ဂါထာ၌ ကရဏဟုဆို၍ ဤဂါထာ၌ ကိစ္စဟု ဆိုရာဝယ် မပြုမနေရ ဧကန်ပြုရမည့်အလုပ်ကို “ကရဏ”ဟု ခေါ်၏။ တပါး တည်းနေ၍ အဓိဋ္ဌာန်ဥပုသ်ပြုသော ရဟန်းသော်မှ (အာဂန္တုက ရဟန်းများ ရုတ်တရက် လာလျှင် အဆင်သင့်ဖြစ်ဘို့ရာ) တံမြက်လှည်းမှု စသော ၄ ပါးကို ပြုထား ရသည်။ ပြုသင့်မှ ပြုရမည့်အလုပ်ကို “ကိစ္စ”ဟု ခေါ်၏။
ဆန္ဒ စသည်ကို ပေးသူရှိမှ လျှောက်ရမည်။
တပါးတည်းရှိရာ၌ ဥတုအက္ခာနလည်း မလို။
၂ ပါး ၃ ပါး စသည် အနည်းငယ်သာရှိရာ၌ ဘိက္ခု ဂဏနာလည်း မလိုတော့ပါ။
[ဆောင်]
မပြုမနေ ပြုရချေ ခေါ်လေ ကရဏ၊
ပြုခွင့်ကြုံလျှင်, ပြုဘို့ပင် ခေါ်တွင်မှုကိစ္စ။
မှတ်ချက် (ပုဗ္ဗကရဏနှင့် ပုဗ္ဗကိစ္စ အထူး)
ကရဏနှင့် ကိစ္စအထူးဟု မမေးဘဲ “ပုဗ္ဗကရဏနှင့် ပုဗ္ဗကိစ္စ အထူး”ဟု မေးရာ၌ကား “သံဃာမစည်းဝေးခင် ကြိုတင်၍ ပြုအပ်သော အလုပ်သည် ပုဗ္ဗကရဏမည်၏၊ သံဃာ စည်းဝေးပြီးနောက် ပါတိမောက်မရွတ်မီ ပြုအပ်သော အလုပ်သည် ပုဗ္ဗကိစ္စမည်၏”ဟု ဖြေပါ။
၃။ ပတ္တကလ္လအင်္ဂါ ၄ ပါး
ဥပေါသထော ယာဝတိကာ စ ဘိက္ခူ ကမ္မပ္ပတ္တာ၊
သဘာဂါပတ္တိယော စ န ဝိဇ္ဇန္တိ။
ဝဇ္ဇနီယာ စ ပုဂ္ဂလာ တသ္မိံ န ဟောန္တိ၊
“ပတ္တကလ္လ”န္တိ ဝုစ္စတိ။
ဥပေါသထော - ဥပုသ်နေ့သည်၊
(ဟောတိ - ဖြစ်အံ့၊)
ယာဝတိကာ - အကြင်မျှ အတိုင်း အရှည်ရှိကုန်သော၊
ဘိက္ခူ - ပကတတ်ရဟန်းတို့သည်၊
ကမ္မပတ္တာ - ကံအား လျောက်ပတ်ကုန်၏၊
(တာဝတိကာ - ထိုမျှ အတိုင်းအရှည် ရှိကုန်သော၊
ဘိက္ခူ စ - ပကတတ်ရဟန်းတို့သည်လည်း၊
ဟတ္ထပါသံ - ဟတ္ထပါသ်ကို၊
အဝိဇဟိတွာ - မစွန့်မူ၍။
ဧကသီမာယံ - တသိမ်တည်း၌၊
ဌိတာ - တည်နေကုန်အံ့၊)
သဘာဂါပတ္တိယောစ - သဘာဂ အာပတ်တို့သည်လည်း၊
နဝိဇ္ဇန္တိ - မရှိကုန်အံ့၊
ဝဇ္ဇနီယာ - ဟတ္ထပါသ်မှ ကြဉ်ဖယ်အပ်ကုန်သော၊
ပုဂ္ဂလာစ - လူ အစရှိသော နှစ်ကျိပ် တယောက်သော ပုဂ္ဂိုလ်တို့သည်လည်း၊
တသ္မိံ - ထိုသံဃာ၏ ဟတ္ထပါသ်၌၊
န ဟောန္တိ - မရှိကုန်အံ့၊
ပတ္တကလ္လန္တိ - ပတ္တကလ္လဟူ၍၊
ဝါ - လျောက်ပတ်သော အခါရှိသော ကံဟူ၍၊
ဝုစ္စတိ - ဆိုအပ်၏။
ပတ္တကလ္လအင်္ဂါ ၄ ပါး (အကျယ်)
“ဥပေါသထော ၊ပေ၊ ဝုစ္စတိ” ဂါထာကား ပတ္တကလ္လအင်္ဂါ ၄ ပါးကိုပြသောဂါထာတည်း။
ဥပုသ်ပြုဘို့ရန် သင့်လျော်သော အချိန်အခါရှိသောကံ (ဥပုသ်ပြုရန်အချိန်တန်သောကံ)ကို “ပတ္တကလ္လ” ဟု ခေါ်၏။ ပတ္တကလ္လအင်္ဂါ ၄ ပါးကို ဂါထာကြည့်၍-
၁။ စာတုဒ္ဒသီ-ပန္နရသီ-သာမဂ္ဂီဟု ဥပုသ်နေ့ ၃ မျိုးတွင် တနေ့နေ့ဖြစ်ခြင်း၊
၂။ ပကတတ်ရဟန်း ၄ ပါးဖြစ်စေ၊ ထို့ထက်အလွန်ဖြစ်စေ တသိမ်တည်း၌ ဟတ္ထပါသ်စပ်လျက် တည်ရှိခြင်း၊
၃။ သဘာဂအာပတ် မရှိခြင်း၊
၄။ လူ အစရှိသော နှစ်ကျိပ်တယောက်သော ဝဇ္ဇနီယပုဂ္ဂိုလ်များ သံဃာ၏ ဟတ္ထပါသ်အတွင်း၌ မရှိခြင်း ဟု ရေတွက်ပါ။
ဥပေါသထော (ဥပုသ်နေ့ ၃ မျိုး)
ဥပုသ်နေ့ဖြစ်မှလည်း ဥပုသ်ပြုကောင်း၏။ ထို့ကြောင့် ဥပုသ်နေ့ဖြစ်ခြင်းကို ပတ္တကလ္လအင်္ဂါ ၁ ပါး ဟု ဆိုသည်။ ထိုဥပုသ်နေ့ကား တာကူး လကွယ်နေ့ကဲ့သို့ ၁၄ ရက်မြောက်နေ့ ဟူသော စာတုဒ္ဒသီ ဥပုသ်နေ့ တာကူးလပြည့် စသည်တို့ကဲ့သို့ ၁၅ ရက်မြောက်နေ့ ဟူသော ပန္နရသီ ဥပုသ်နေ့၊ ကျောင်းတိုက်တခုဝယ် အကြီးအကျယ် သံဃာ ကွဲပြားနေသဖြင့် ဥပုသ်ပြုခွင့် မရဘဲ နေခဲ့ရပြီးနောက် “သံဃာ ညီညွတ်ကြသောအခါ” ဟူသော သာမဂ္ဂီ ဥပုသ်နေ့ ဟု ၃ မျိုးရှိသည်။
[တနှစ်လျှင် စာတုဒ္ဒသီ ဥပုသ်နေ့ပေါင်း ၆ နေ့၊ ပန္နရသီ ဥပုသ်နေ့ပေါင်း ၁၈ နေ့ ရှိ၏။ တွက်ကြည့်ပါ။ သံဃာညီညွတ်ရာနေ့သည် ရိုးရိုးဥပုသ်နေ့ မဟုတ်ဘဲ လဆန်း ၁ ရက်၊၂ ရက် စသည် ဖြစ်စေကာမူ ထိုနေ့ သည်ပင် ဥပုသ်ပြုကောင်းသော သာမဂ္ဂီဥပုသ်နေ့ ဖြစ်တော့၏။ သံဃ-ဂဏ-ပုဂ္ဂလ ဥပုသ်ပြုပုံများကို ဤ ကျမ်းအဆုံး နောက်ဆက်တွဲ၌ ပြထားသည်။]
ယာဝတိကာစ ဘိက္ခူကမ္မပတ္တာ
သံဃ ဥပုသ်ကံ၌ အနည်းဆုံး ရဟန်း ၄ ပါးရှိမှ ထိုကံအား လျောက်ပတ်သည်၊ ထိုကံနှင့် သင့်လျော်သည် ဟူလို။ ထိုရဟန်းများလည်း အချင်းချင်း ဟတ္ထပါသ် စပ်လျက် နီးကပ်စွာ တည်သော ပကတတ်ရဟန်း များချည်း ဖြစ်စေရသည်။ ထိုကဲ့သို့ နီးနီးကပ်ကပ် မနေဘဲ ၂ တောင့်ထွာထက် ဝေးကွာနေလျှင် ဆိုင်ရာကံကို မထောက်ခံလိုဘဲ ကန့်ကွက်ရာ ရောက်သည်။ ထို့ကြောင့် ဟတ္ထပါသ် အတွင်း၌ အချင်းချင်း နီးကပ်စွာ နေရခြင်းသည် သံဃကံ အားလုံး၏ ထုံးစံပင်တည်း။
[ယာဝတာ ဧတေသံတိ ယာဝတိကာ၊
ဧတေသံ - ဤရဟန်းတို့၏၊
ယာဝတာ - အကြင် မျှလောက် အတိုင်းအရှည်သည်၊
အတ္ထိ - ရှိ၏ ဟု ပေး။
မောဂ္ဂလ္လာန်ဏာဒိ ၄၂ နိဿယ၌ တမျိုးစီရင်၏။]
“ဟတ္ထဿ - လက်၏၊
ပါသော - အနီးအရပ်သည်၊
ဟတ္ထပါသော - ဟတ္ထပါသ်မည်၏”ဟု ပါစိတ်ယောဇနာ ဝိဂြိုဟ်ပြုသည်။
ပကတတ်
[ပကတ= ပင်ကိုယ်အတိုင်း + အတ္တ = သဘောရှိသူ၊]
ပါရာဇိကကျ၍ သီလပျက်သူလည်း မဟုတ်ရ။ (အရိဋ္ဌသိက္ခာပုဒ်၌ လာလတံ့အတိုင်း) မိစ္ဆာအယူကို ယူမိ၍ နှင်ထုတ်ခံရသူ၊ အာပတ်သင့်လျက် ထိုအာပတ်ကို မရှုခြင်းကြောင့် နှင်ထုတ်ခံရသူ၊ ထိုအာပတ်ကို မကုခြင်းကြောင့် နှင်ထုတ် ခံရသူ၊ ဤ ဥက္ခိတ္တက (နှင်ထုတ်ခံရသူ) ၃မျိုးလည်း မဟုတ်ရ။ ပင်ကိုယ်သဘော ရှိသူ (အခြေအနေမပျက် သီလရှိသူ)ကို “ပကတတ္တ = ပကတတ်ရဟန်း” ဟု ခေါ်သည်။
အတိုချုပ်မှာ - ပါရာဇိကကျသူနှင့် ဥက္ခိတ္တက ၃ မျိုးမှ တပါးသော ရဟန်းများကို ပကတတ်ရဟန်းဟု မှတ်။
[ယာဝတိကာစ ဘိက္ခူ ကမ္မပတ္တာ၌ ဘိက္ခုအရ “ပကတတ်ရဟန်း”ဟု တိုက်ရိုက် မပြသော်လည်း ဝဇ္ဇနီယ ၂၁ တွင် ပါရာဇိက ဥက္ခိတ္တကတို့ကို ကြဉ်ဖယ်လတံ့ ဖြစ်သောကြောင့် ဘိက္ခူ အရ ပကတတ်ရဟန်းသာ ဖြစ်သင့်သည်ဟု ကောက်ချက်ချရသည်။]
နိယမ, အနိယမ
“ယ, တ” နှစ်မျိုးရှိရာ၌ ယ သဒ္ဒါ၏ အနက်သည် အနိယမအနက် (မမှတ်သားအပ်သောအနက်) တည်း။ တသဒ္ဒါ၏ အနက်ကား နိယမအနက် (သတ်မှတ်အပ်သောအနက်)တည်း။
ဥပမာ-
“ယော အာဂစ္ဆတိ တံ ဂဏှ = အကြင်သူ + လာ၏၊ ထိုသူ့ကို + ဖမ်းခဲ့” ဟူရာ၌ “အကြင်သူ” ဟူရာဝယ် “မည်သူမည်ဝါ”ဟု မသတ်မှတ်ရသေး။ “ထိုသူ”ဟူရာ၌ကား “လာတဲ့သူ”ဟု သတ်မှတ်အပ်ပြီး ဖြစ်သည်။
ဤသို့ အနိယမဝါစက ယသဒ္ဒါ ရှိရာဝယ် နိယမဝါစက တ-ဣမသဒ္ဒါတို့လည်း ရှိမြဲ၊ မရှိလျှင်လည်း ထည့်မြဲဖြစ် သောကြောင့် “ယာဝတိကာစ ဘိက္ခူ ကမ္မပတ္တာ”နှင့် ရှေ့နောက်လိုက်အောင် “တာဝတိကာ ဘိက္ခူ ဧကသီမာယံ”စသည်ဖြင့် ရှေးဆရာတို့ ထည့်ကြသည်။
“ယောပန ဘိက္ခု”စသည့် လာရာဝယ် “အယမ္ပိ=တဿ”စသည်ဖြင့် ထည့်ရာ၌လည်း ဤနည်းပင်။
အဋ္ဌကထာ (သာသနယုတ္တိ)
“ယတ္ထယတ္ထ ဟိ ယသ္မာတိ အဝတွာ တသ္မာတိ ဝုစ္စတိ, တတ္ထတတ္ထ ယသ္မာတိ အာနေတွာ ယောဇေတဗ္ဗံ၊ အယံ သာသနယုတ္တိ၊ ဧသနယော သဗ္ဗတ္ထ”- မူလပရိယာယသုတ်။
[ဆောင်]
၁။ ရှေ့ အနိယ, ရှိတုံက, နိယ နောက်နေစေ။
၂။ အကယ်တိတိ မရှိဘိ ထည့်ရမည့် ပုံသေ။
သဘာဂအာပတ် မရှိခြင်း
အာပတ်သင့်ခြင်း၏ အကြောင်းဝတ္ထုချင်း သဘောတူသော အာပတ်ကို (ဤနေရာ၌) “သဘာဂအာပတ်”ဟု ခေါ်၏။
ဥပမာ-
ညစာ ထမင်းစားခြင်းကြောင့် တတိုက်လုံး ဝိကာလဘောဇန ပါစိတ်အာပတ် သင့်ကြလျှင် ထို အာပတ်များသည် အာပတ်သင့်ခြင်း၏ အကြောင်း ဝတ္ထုက ညစာစားမှုချင်း တူသောကြောင့် “သဘာဂ အာပတ်” မည်၏။
ထိုကဲ့သို့ သဘာဂအာပတ် ရှိနေလျှင် အချင်းချင်း ဒေသနာ မပြောကောင်း။ ဒေသနာ မပြောဘဲ အာပတ် တန်းလန်းနှင့်လည်း ဥပုသ်မပြုကောင်းချေ။ ထိုသို့ မပြုကောင်းလျှင် ဥပုသ်ကံ မဖြစ်နိူင်သောကြောင့် သဘာဂ အာပတ် မရှိခြင်းကို ပတ္တကလ္လအင်္ဂါ ၁ ပါးဟု ဆိုရသည်။
ဒေသနာ မပြောကောင်းဘဲ မတတ်သာ၍ ပြောကြလျှင် ပြောသည့်အတွက် ဒုက္ကဋ်အာပတ် ထပ်၍ သင့်၏။ ဒေသနာခံသူမှာလည်း ခံယူသည့်အတွက် ဒုက္ကဋ်အာပတ် ထပ်၍ သင့်၏။
[ထိုအာပတ် ဖြေပုံကို ဤကျမ်း၏ နောက်ဆက်တွဲမှာ ပြထားသည်။]
ဝဇ္ဇနီယာစ ၊ပေ၊ န ဟောန္တိ
ဥပုသ်ပြုရာ၌ သံဃာ၏ ဟတ္ထပါသ် အတွင်းဝယ် လူ အစရှိသော ၂၁ မျိုးသောပုဂ္ဂိုလ်များ ရှိမှန်းသိလျက် ကံပြုလျှင် ကံမပျက်သော်လည်း အာပတ်သင့်၏။ ဥက္ခိတ္တက ၃ ယောက်ရှိလျက် ကံပြုလျှင် ပါစိတ်၊ ကျန်ပုဂ္ဂိုလ်များ ရှိလျက် ကံပြုလျှင် ဒုက္ကဋ်။ ထို့ကြောင့် ထို လူ စသည် တို့၏ မရှိခြင်းကိုလည်း ပတ္တကလ္လအင်္ဂါ ၁ ပါးဟု ဆိုရသည်။
ထိုစကား သင့်၏။ ကိစ္စတခုကို ပြုလုပ်ရာ၌ သက်ဆိုင်သူတို့ချည်းသာ ပါဝင်သင့်၏။ မဆိုင်သူတို့ ပါဝင်နေလျှင် ကိစ္စကိုပင် အနှောင့်အယှက် ပြုတတ်သေး၏။ ထို့ကြောင့် သံဃကိစ္စဖြစ်သော ဥပုသ်ကံကို ပြုရာ၌ မဆိုင်သော ပုဂ္ဂိုလ်တို့ကို ဖယ်ထားမှသာ ပတ္တကလ္လ ဖြစ်သည်။
ဝဇ္ဇနီယ ၂၁
[ဝဇ္ဇနီယ - သံဃာ၏ ဟတ္ထပါသ်မှ ကြဉ်ဖယ်အပ်သူများ။]
ထို ဝဇ္ဇနီယပုဂ္ဂိုလ်သည် “
၁။ လူ၊
၂။ ဘိက္ခုနီ၊
၃။ သိက္ခမာန်၊
၄။ သာမဏေ၊
၅။ သာမဏေမ၊
၆။ သိက္ခာချသူ၊
၇။ ပါရာဇိကကျသူ၊
၈-၁၀။ ဥက္ခိတ္တကပုဂ္ဂိုလ် ၃ မျိုး၊
၁၁။ ပဏ္ဍုက်၊
၁၂။ ထေယျ သံဝါသက၊
၁၃။ တိတ္ထိယပက္ကန္တက၊
၁၄။ တိရစ္ဆာန်၊
၁၅-၁၉။ အာနန္တရိယကံ ထိုက်သူ ၅ မျိုး၊
၂၀။ ဘိက္ခုနီဒူသက၊
၂၁။ ဥဘတောဗျည်း”
အားဖြင့် နှစ်ကျိပ် တယောက် ရှိ၏။
[ဆောင်]
၁။ လူ-နီ-သိက်-သာ, သာ-သိက္ခာ, ပါရာ-ဥက္ခိတ်တည်း။
၂။ ပဏ်-ထေ-ပက်-ဆာန်, ပဉ္စာနန်-ဒူသံ-ဥဘောဗျည်း။
၃။ ဟတ္ထပါသ်မှ ကြဉ်ဖယ်ရ, ဧကဝီသတည်း။
၄။ မစွန့်-မရှု မကုတုံငြား သရုပ်ကြား ၃ ပါး ဥက္ခိတ်တည်း။
ချဲ့ဦးအံ့ -
လူမှစ၍ သာမဏေတိုင်အောင် ထင်ရှားပြီ။ “သိက္ခာချသူ” ဟူသည် ပါရာဇိက မကျဘဲ သက်သက် သိက္ခာချသူတည်း။ . သိက္ခာချပုံမှာ နောက်၌ ထင်ရှားလတံ့။ ပါရာဇိကကျသူကား တစုံတခု ပါရာဇိကမှုကို ပြုကျင့်သူတည်း။
[“ဥက္ခိတ္တက”၌”နှင်ထုတ်” ဟူသည် သံဃာ့ကံတွင် မပါဝင်ရအောင် ဉတ်ကမ္မဝါစာဖြင့် ကံပြုထားခြင်း တည်း။ ထို့ကြောင့် ဤ ဥက္ခိတ္တကတို့ သံဃာ့ကံတွင် မပါဝင်ထိုက်သော ဝဇ္ဇနီယပုဂ္ဂိုလ်များ ဖြစ်ကြရသည်။ ဥက္ခိတ္တက ၃ ယောက်ကို ရှေ့၌ ပြခဲ့ပြီ။
(မစွန့်) မိစ္ဆာ အယူကို မစွန့်သူ၊
(မရှု) အာပတ်သင့်လျက် ထိုအာပတ်ကို အာပတ်ဟု မရှုသူ၊
(မကု) အာပတ်ဟု ရှုသော်လည်း ဒေသနာပြောခြင်း၊ ပရိဝါသ်နေခြင်းတို့ဖြင့် မကုစားသူတည်း။]
ပဏ္ဍုက်
အာသိတ္တက-ဥဿူယ-ဩပက္ကမိက-ပက္ခ-နပုံး ဟု ပဏ္ဍုက် ၅ မျိုး ရှိ၏။
(ထိုပဏ္ဍုက်များ၏ ဖြစ်ပုံကို ထိုထို ကျမ်းဂန်တို့၌၎င်း၊ သင်္ဂြိုဟ်ဘာသာဋီကာ ဝီထိမုတ်ပိုင်း ပဋိသန္ဓေ စတုက္က၌၎င်း ရှုပါ။)
ပဏ္ဍုက် ၅ မျိုးတွင် အာသိတ္တကနှင့် ဥဿူယ ပဏ္ဍုက်တို့မှာ ရဟန်းပင် ပြုကောင်းသေးရကား ထို ၂ မျိုးကို ဝဇ္ဇနီယအဖြစ်၌ မယူအပ်။ ပက္ခပဏ္ဍုက်လည်း ကိလေသာ မပူလောင်သော ပက္ခ၌ ရဟန်းပြုကောင်း၏။ ကျန် ၂ မျိုးကား ရဟန်း မပြုကောင်း။ ဤ ရဟန်းမပြုကောင်းသော ၂ မျိုးသည် အမြဲ ဝဇ္ဇနီယတည်း။ ရဟန်း ပြုကောင်းသော ၃မျိုးမှာ ရဟန်းပြုနေခိုက် ဝဇ္ဇနီယ မဟုတ်၊ ရဟန်း မပြုလျှင်ကား သာမန် လူမျိုးတွင် ပါဝင်လေပြီ။
ထေယျသံဝါသက
ခိုးသောအားဖြင့် ပေါင်းသင်း နေထိုင်သူကို ထေယျသံဝါသက ဟု ခေါ်၏။
[ထေယျ - ခိုးသူ၏ အဖြစ်ဖြင့်၊
သံဝါသက - ပေါင်းသင်း နေထိုင်သူ၊]
ထို ထေယျသံဝါသကသည် လိင်္ဂထေနက၊ သံဝါသ ထေနက၊ ဥဘယထေနက အားဖြင့် ၃ မျိုး ပြား၏။ ထိုတွင် ရဟန်းအသွင်ကိုသာ ခိုးသူသည် လိင်္ဂထေနကမည်၏။ အသွင်ကို မခိုးဘဲ ရဟန်းဝါကို ရေတွက်ခြင်း၊ ရဟန်းတို့နှင့် ပေါင်းသင်း ဆက်ဆံခြင်းကိုသာ ခိုးသူသည် သံဝါသ ထေနက မည်၏။ ၂ မျိုးလုံးကို ခိုးယူသူသည် ဥဘယထေနက မည်၏။ ချဲ့ဦးအံ့။
လိင်္ဂထေနက
ဆရာဥပဇ္ဈာယ် မရှိဘဲ မိမိဘာသာ သင်္ကန်းဝတ်လာသူသည် ရဟန်းအသွင်ကို ခိုးယူရာ ရောက်သောကြောင့် လိင်္ဂထေနက မည်၏။ ထို လိင်္ဂထေနက ပုဂ္ဂိုလ်သည် သိက္ခာ မည်မျှရပြီဟု ရဟန်းဝါကိုလည်း မရေတွက်၊ ရဟန်း သာမဏေတို့၏ ရှိခိုးခြင်းကိုလည်း မသာယာ၊ ကံကြီး ကံငယ် ပြုရာ၌လည်း မပါဝင်လျှင် သံဝါသထနက မဟုတ်။
[မင်းဘေး၊ ခိုးသူဘေး စသော အန္တရာယ်ကြောင့် မိမိဘာသာ သင်္ကန်းဝတ်၍ ရဟန်းယောင်ဆောင် လာသော်လည်း ရဟန်းဝါ ရေတွက်ခြင်းစသော သံဝါသအမှုကိုမပြုလျှင် လိင်္ဂထေနကပင် မဟုတ်။]
သာမဏေများ သတိထားဘွယ်
သာမဏေစစ်စစ် ဖြစ်ပြီးသူသည် ပြန်ဝတ်ဦးမည်ဟု သင်္ကန်း၌ ငဲ့ကွက်ခြင်းမရှိဘဲ သင်္ကန်းကို ချွတ်ပယ်ကာ အခြားအဝတ်ကို ဝတ်၍ ဖြစ်စေ၊ မဝတ်ဘဲ ဖြစ်စေ၊ မေထုန် မှီဝဲပြီးနောက် သင်္ကန်းကို မိမိဘာသာ ပြန်၍ဝတ်အံ့၊ ထိုသူမှာ လိင်္ဂထေနက ဖြစ်၏။
ထို့ပြင် လူထွက်လို၍ သင်္ကန်းကို ခါးတောင်းကျိုက်ကာ သို့မဟုတ် အခြားသော လူဝတ်နည်း တမျိုးမျိုးကို ဝတ်ကာ “ငါ၏ လူ့အသွင်သည် တင့်တယ်လေသလား၊ မတင့်တယ်လေသလား” ဟု စုံစမ်းရုံတွင် စုံစမ်းအံ့၊ လိင်္ဂထေနက မဖြစ်သေး။ စုံစမ်းရုံတွင် မကဘဲ “ငါ၏ လူ့အသွင်သည် တင့်တယ်၏” ဟု သဘောကျကာ လူ့အဖြစ်ကို လက်ခံကျေနပ်ပြီးမှ တဖန် ပြန်၍ သာမဏေဝတ် နည်းအတိုင်း ဝတ်လျှင် လိင်္ဂထေနက ဖြစ်၏။
သင်္ကန်းမှတပါး အခြားအဝတ်ကို ဝတ်၍ စုံစမ်းရာ၌လည်း စုံစမ်းရုံတွင် စုံစမ်း၍ သင်္ကန်းပြန်ဝတ်လျှင် သင်္ကန်း၌ ငဲ့ကွက်ခြင်း ရှိသေးသောကြောင့် လိင်္ဂထေနက မဖြစ်သေး။ စုံစမ်းရုံတွင်မကဘဲ “တင့်တယ်၏”ဟု သဘောကျပြီး လက်ခံပြီးမှ သင်္ကန်းကို ပြန်ငတ်လျှင် လိင်္ဂထေနက ဖြစ်၏။
ဤသို့လျှင် သာမဏေတို့၌ လိင်္ဂထေနကဖြစ်ဘွယ် အပြစ်များကို နားလည်သင့်ပေသည်။
ပါရာဇိက ကျပြီးရဟန်းသည် သာမဏေအဖြစ်၌ နေခွင့် ရသေး၏။
လိင်္ဂထေနက ဖြစ်ပြီးသူကား သာမဏေအဖြစ်၌မျှ နေခွင့်မရတော့။
သံဝါသထေနက
ဆရာဥပဇ္ဈာယ်က သင်္ကန်းဝတ်ပေးသဖြင့် သာမဏေ ဖြစ်ပြီးသူသည် အရပ်တပါးသို့ သွားပြီးနောက် သူ့ကိုယ်သူ ရဟန်းဟု ဝန်ခံကာ ရဟန်းဝါကို လိမ်ပြောခြင်း၊ ထို ပြောအပ်သော ဝါအောက် ငယ်သော ရဟန်း များနှင့် သာမဏေများ၏ ရှိခိုးမှုကို သာယာခြင်း၊ ဥပုသ်ကံ စသည်တို့၌ ပါဝင်ခြင်း စသော ရဟန်းတို့၏ အမူအရာကို ပြအံ့၊ ထိုသာမဏေသည် သံဝါသကို ခိုးသောကြောင့် သံဝါသထေနက မည်၏။
[ရဟန်းဝါကို ရေတွက်ခြင်း အပြုအမူများကိုပင် ဤနေရာ၌ သံဝါသဟု ခေါ်သည်။]
ဥဘယထေနက
လူတယောက်ကား မိမိဘာသာ သင်္ကန်းဝတ်ပြီးလျှင် ရဟန်းဟု ဝန်ခံကာ ရဟန်းဝါ ရေတွက်ခြင်း စသော အမူအရာကိုလည်း ပြု၏၊ ထိုသူကား အသွင်နှင့် သံဝါသ ၂ မျိုးလုံးကို ခိုးရာ ရောက်သော ကြောင့် ဥဘယထေနက မည်၏။
[ဤ ထေယျသံဝါသကနှင့်စပ်၍ အကျယ် မှတ်ဘွယ်များကို မဟာဝဂ္ဂအဋ္ဌကထာ မဟာခန္ဓက ပုရာဏကုလပုတ္တဝတ္ထု၌ ရှုပါ။]
တိတ္ထိယ ပက္ကန္တက
သာသနာ့ဝန်ထမ်း ရဟန်းဖြစ်ပါလျက် တိတ္ထိတို့ အယူကို နှစ်သက်၍ တိတ္ထိဘောင် (တိတ္ထိအဖြစ်) သို့ ပြောင်းရွှေ့ကာ တိတ္ထိတို့ အဝတ်ကို ဝတ်နေသူ၊ အဝတ်မဝတ်ဘဲ နေသူကို တိတ္ထိယပက္ကန္တက ဟု ခေါ်၏။ [ပက္ကန္တက - ပြောင်းရွှေ့သူ၊] ဤ တိတ္ထိယပက္ကန္တကသည် ရဟန်းများ၌သာ ဖြစ်နိူင်၏။ ပြအပ်ခဲ့သော ထေယျသံဝါသကား လူနှင့် သာမဏေများ၌သာ ဖြစ်ခွင့်ရှိ၏။ ထို့ကြောင့် ရဟန်း များသည် ရရှိသောဝါထက် ပို၍ ပြောသော်လည်း မုသာဝါဒ အပြစ်လောက်သာ။ သို့သော် ဝါပိုပြော၍ ဝါကြီးသူတို့သာ ရထိုက်သော ပစ္စည်းကို ခံယူလျှင် ဘဏ္ဍာ၏ တန်ဘိုးလိုက်၍ စီရင်ရလိမ့်မည်။
တိရစ္ဆာန်
ဤ တိရစ္ဆာန်အရ ရဟန်းမခံဘို့ရန် ပယ်ရှားထားသော လူယောင်ဆောင်တတ်သော နဂါး၊ ဂဠုန်နှင့် နတ်များကိုသာ ယူရမည်ဟု ကင်္ခါဋီကာ၌ ဖွင့်၏။ ထိုနဂါး စသည်တို့ကိုလည်း လူယောင်ဆောင် နေခိုက်သာ ယူသင့်သည်။ တန်ခိုးဣဒ္ဓိပါဒ်ဖြင့် အနီးအပါးမှာ မမြင်သာအောင် နေခိုက်ကို မယူထိုက်။
ဤစကားသင့်၏။ လူ၊ ဘိက္ခူနီ စသော အခြား ဝဇ္ဇနီယ နှစ်ကျိပ်သည် လူသား စင်စစ်တို့သာ ဖြစ်ကြသကဲ့သို့ ဤ တိရစ္ဆာန်လည်း လူယောင်ဆောင်နိုင်သော၊ လူယောင်ဆောင်နေခိုက်လည်း ဖြစ်သော နဂါး စသည်သာ ဖြစ်သင့်သည်။ ခွေး, နွား စသော တိရစ္ဆာန်တို့ကား ဟတ္ထပါသ်အတွင်းသို့ ရောက်နေကြသော်လည်း သံဃာ့ကံကို မနှောင့်ယှက်နိုင်သောကြောင့် ဝဇ္ဇနီယ မဖြစ်။
တိရစ္ဆာနဂတောတိ ဧတ္ထ အန္တမသော သက္ကံ ဒေဝရာဇာနံ ဥပါဒါယ သော ကောစိ နာဂမာဏဝ-ကာဒိကော အမနုဿ ဇာတိကော ဝေဒိတဗ္ဗော၊ န အဿဂေါဏာဒယော။ -ကင်္ခါဋီကာ။
ဘိက္ခုနီဒူသက စသည်
ဘိက္ခုနီ၌ မေထုန်ကျူးလွန်သူကို ဘိက္ခုနီ ဒူသက (ဘိက္ခုနီဖျက်ဆီးသူ) ဟု ခေါ်ရ၏။
အာနန္တရိယ ကံထိုက်သူ ၅ မျိုးနှင့် ဥဘတောဗျည်း အကြောင်းကို ထိုထို ကျမ်းဂန်များ၌၎င်း၊ ဝီထိမုတ်ပိုင်း သင်္ဂြိုဟ် ဘာသာဋီကာ ကမ္မစတုက္ကနှင့် ပဋိသန္ဓေစတုက္က၌၎င်း ရှုပါ။
ပဋိညာဉ်
ပုဗ္ဗကရဏ ပုဗ္ဗကိစ္စာနိ - ပုဗ္ဗကရဏ ပုဗ္ဗကိစ္စတို့ကို၊
သမာပေတွာ - ပြီးစေပြီး၍၊
(သမာဒါပေတွာ ရှိလျှင် “ဆောက်တည်စေ၍”ဟု ပေး၊)
ဒေသိတာပတ္တိကဿ - ဒေသနာ ပြောအပ်ပြီးသော အာပတ်ရှိသော၊
သမဂ္ဂဿ - ညီညွတ်သော၊
ဘိက္ခုသံဃဿ - ရဟန်းအပေါင်း၏၊
အနုမတိယာ - ခွင့်ပြုချက်ဖြင့်၊
ပါတိမောက္ခံ - ပါတိမောက်ကို၊
ဥဒ္ဒိသိတုံ - ရွတ်ပြခြင်းငှာ၊
အာရာဓနံ - နှစ်သက်စေခြင်းကို၊
ကရောမ - ပြုပါကုန်တော့အံ့။
ပဋိညာဉ်
“ပုဗ္ဗကရဏ ၊ပေ၊ အာရာဓနံ ကရောမ” ကား ပါတိမောက် ပြမည့် ရဟန်း၏ ပါတိမောက်ပြဘို့ရန် ပဋိညာဉ် အချီစကားတည်း။
“ပုဗ္ဗကရဏ ၄ ပါး၊ ပုဗ္ဗကိစ္စ ၅ ပါးကို ပြီးစေပြီး၍ အာပတ်ရှိလျှင် ဒေသနာ ပြောပြီးသော (အာပတ်မရှိလျှင် ဒေသနာပြောဘွယ်မလိုသော) သမဂ္ဂသံဃာ၏ ခွင့်ပြုချက်ဖြင့် ပါတိမောက် ပြကုန်တော့မည်” ဟူလို။
စဉ်းစားဘွယ်
ဤ “ပုဗ္ဗကရဏ ၊ပေ၊ ကရောမ” ဟူသော ပါဠိသည် ဝိနည်းပါဠိတော် အဋ္ဌကထာကြီးတို့၌ မပါ။ ကင်္ခါအဋ္ဌကထာလည်း မဖွင့်၊ ထို့ကြောင့် ဤပါဠိသည် အရှင်မဟာဗုဒ္ဓဃောသတို့ လက်ထက် လောက်က ရှိနေသော ပါဠိမဟုတ်။ မူလသိက္ခာနှင့် ယခုလက်ထက် ပါတိမောက်များ၌သာ တွေ့ရ သောကြောင့် နောက်ဆရာတို့ ထည့်အပ်သော ပါဠိဖြစ်ကြောင်း သိသာသည်။ ထို့ကြောင့် ပါဠိ၌ တမူနှင့်တမူ မတူကြသည်မှာ အံ့အားသင့်ဘွယ်ရာ မဟုတ်တော့ချေ။
[“သမ္မဇ္ဇနီ ပဒီပေါစ” စသော ရှေ့ ၃ ဂါထာကား ပါဠိတော်၌လာသော စကားစုကို အကျဉ်းချုပ်၍ အဋ္ဌကထာ၌ ပြထားသော ဂါထာများ ဖြစ်သည်။]
ပုဗ္ဗကရဏ ပုဗ္ဗကိစ္စာနိ သမာပေတွာ
“သမာဒါပေတွာ” ဟု၎င်း၊ အာကို ရဿပြု၍ “သမာဒပေတွာ” ဟု၎င်း တချို့ စာရှိ၏။ “ကောင်းစွာ ပြီးစေ၍”ဟုလည်း အနက်ပေးကြသည်။ သို့သော် “သံ+အာပုဗ္ဗ - ဒါဓာတ်, ဏာပေ ပစ္စည်း, တွာပစ္စည်း”ဖြစ်၍ ထိုအနက်မှာ ထိုပါဌ်နှင့် မသင့်လျော်ချေ။ ထိုပါဌ်၏ အနက်မှာ “ကောင်းစွာ ယူစေ၍ = ဆောက်တည်စေ၍” ဟုသာ ထွက်သည်။
ဤအနက်အလို ပုဗ္ဗကရဏ ပုဗ္ဗကိစ္စတို့ကို သီလဆောက်တည်သလို စိတ်ထဲ၌ ဆောက်တည်ထားရ မည်ကဲ့သို့ ဖြစ်သောကြောင့် ထိုအနက်လည်း ဤနေရာနှင့် မသင့်သေးချေ။ ထို့ကြောင့် သမာဒါပေတွာ ဟူသော ပါဌ်အတွက် သင့်မြတ်ဘွယ် အနက်ကို ပညာရှိတို့ ရှာကြပါကုန်။
သမာပေတွာ
ဆရာတို့ကား “သမာပေတွာ” ဟု ပို့ချတော်မူကြ၏။ “ဣတိ (သမတ္တော) - ပြီးပြီ” ဟူရာ၌ “သံပုဗ္ဗ + အပဓာတ်” ဖြစ်သကဲ့သို့ ဤ၌လည်း “သံပုဗ္ဗ+အပဓာတ်, ဏေပစ္စည်း, တွာပစ္စည်း”ဟု ကြံတော်မူပြီးလျှင် “သမာပေတွာ - ပြီးစေပြီး၍” ဟု အနက်ပေးစေတော်မူကြသည်။
[ဝိနယာ လင်္ကာရ၌မူ “သမ္မာ+နိဋ္ဌာပေတွာ = ကောင်းစွာပြီးဆုံးစေ၍” ဟု ပါဌ်တမျိုးကို တွေ့ရ၏။]
သမဂ္ဂဿ
သမံ ဂယှတေတိ သမဂ္ဂေါ၊
သမံ - အလုံးစုံ အကုန်အစင်၊
ဂယှတေ - ယူအပ်၏၊
ဣတိ - ထို့ကြောင့်၊
သမဂ္ဂေါ - မည်၏။
ဤဝိဂြိုဟ်အရ အလုံးစုံ အကုန်အစင် ယူအပ်သော (အကုန်အစင် ပါဝင်သော) သံဃာသည် သမဂ္ဂ မည်၏။ ဤသို့ အကုန်အစင် ပါဝင်ကြသော သံဃာကိုပင် ယခုအခါ၌ ညီညွတ်သောသံဃာ ဟု ခေါ်ကြသည်။
[သမဂ္ဂ၌ “သမံ သဒ္ဒူပဒ + ဂဟဓာတ်” ဟု ထောမနိဓီ သက္ကတ အဘိဓာန် ကြံသည်။ ဘတ္တဂ္ဂ၌ ဘတ္တ + ဂဟ, ကွိ ပစ္စည်းဖြင့် ပြီးသကဲ့သို့တည်း။]
သာမဂ္ဂီ ၂ မျိုး
သမဂ္ဂဿဟူသော ပါဌ်နှင့်စပ်၍ ကာယသာမဂ္ဂီ၊ စိတ္တသာမဂ္ဂီဟု သာမဂ္ဂီ ၂ မျိုးကို မှတ်အပ်၏။
ထိုတွင် အချင်းချင်း ၂ တောင့်ထွာ ဟတ္ထပါသ်အတွင်း၌ တည်ရှိခြင်းသည် ကာယသာမဂ္ဂီမည်၏။ ပြုအပ်သော ကံကို မတားမြစ်ဘဲ စိတ်အားဖြင့် သဘောတူခြင်းသည် စိတ္တသာမဂ္ဂီ မည်၏။ ဆန္ဒ ပေးလိုက်သော ရဟန်းများ၏ ဆန္ဒလည်း သံဃာ့အထံသို့ ရောက်သည့်အခါ သာမဂ္ဂီဖြစ်ပြီ။
[သမဂ္ဂဿ - အကုန်အစင်ပါဝင်သော သံဃာ၏၊
ဝါ - ညီညွတ်သော သံဃာ၏၊
ဘာဝေါ - ဖြစ်ကြောင်းဖြစ်ရာ အကုန်အစင်ပါခြင်းသည်၊
ဝါ - ဖြစ်ကြောင်းဖြစ်ရာ ညီညွတ်ခြင်းသည်၊
သာမဂ္ဂီ - မည်၏။]
အနုမတိယာ
ထောမနိဓိအဘိဓာန်၌ အနုမတိကို အနုညာဟု ဖွင့်၏။ ထို့ကြောင့် “အနုမတိယာ - ခွင့်ပြုချက်ဖြင့်”ဟု အနက်ဆိုသည်။ “သံဃော ဘန္တေ အာယသ္မန္တံ ပါတိမောက္ခုဒ္ဒေသံ အဇ္ဈေသတိ” စသည်ဖြင့် သံဃာက ပါတိမောက်ပြဘို့ရန် တိုက်တွန်းခဲ့သောကြောင့် ထို တိုက်တွန်းချက်၊ ခွင့်ပြုချက်အရ ပါတိမောက် ပြကုန်အံ့ ဟု ဆိုလိုသည်။
[ရှေးနိဿယများ၌ “အနုမတိယာ - အလိုအားဖြင့်” ဟု၎င်း၊ “အလိုအားလျော်သဖြင့်” ဟု၎င်း အနက်ပေး ကြ၏။ ထိုအနက်ကို စဉ်းစားပါလေ။]
အာရာဓနံ ကရောမ
“နှစ်သက်စေခြင်းကိုပြုကုန်အံ့”ဟူသော စကားသည် ကျမ်းစာသဘောအားဖြင့် ယဉ်ကျေးအောင် သုံးအပ်သော စကားတည်း။ သံဃာတော်အားလုံးက ပါတိမောက်ပြခြင်းကို လိုလားနေကြ၏။ ထို့ကြောင့် ပါတိမောက်ပြခြင်းသည် ထိုသိမ်အတွင်းရှိ သံဃာအားလုံးကို နှစ်သက်စေရာ ရောက်၏။ သို့ဖြစ်၍ “အာရာဓနံ ကရောမ - သံဃာတော်အားလုံး နှစ်သက်စေခြင်းကို ပြုကုန်အံ့” ဟူသော စကားကို အဖြောင့်ပြောရလျှင် “ပါတိမောက် ပြကုန်တော့အံ့၊ ပါတိမောက်ပြသောအားဖြင့် ဤ သံဃာတော်ကို နှစ်သက်အောင် ပြုပါအံ့” ဟု ဆိုလိုရင်းပင် ဖြစ်ပါသည်။
မှတ်ချက်
အာရာဓနကို ထောမနိဓိ၌ “သာဓန (ပြီးစေခြင်း) တောသန (နှစ်သက်စေခြင်း)” စသည်ဖြင့် ဖွင့်၏။ ထို့ကြောင့် “အာရာဓနံ - နှစ်သက်စေခြင်းကို” ဟု အနက်ပေးသည်။ “အာရာဓနံ - အားထုတ်ခြင်းကို ဟု ပေးသော ရှေးအနက်ကား “အာရဒ္ဓေါ - အားထုတ်အပ်၏” စသည်ကို နည်းမှီဟန် တူသည်။ သို့သော် အာရာဓန၌ အာ ရှေးရှိသော ရာဓဓာတ်၊ အာရဒ္ဓေါ၌ အာ ရှေးရှိသော ရဘဓာတ်ဖြစ်၍ ဓာတ်ချင်း မတူရကား အနက်ချင်းလည်း မတူနိုင်။ ထို့ကြောင့် ထို ရှေးနိဿယနက်ကို (အဓိပ္ပာယ်ရသော်လည်း သဒ္ဒါနည်းအရ) စဉ်းစားကြပါကုန်။
လေ့ကျင့်ခန်း မေးခွန်းများ
က။ “သမ္မဇ္ဇနီ ပဒီပေါ” မှ စ၍ “အာရာဓနံ ကရောမ” တိုင်အောင် စကားများသည် ဘာကိုပြသော စကားတို့ပါနည်း။
ခ။ မည်သည့်စကားရပ်မှစ၍ မည်သည့် စကားရပ် တိုင်အောင်ကို “ဥပုသ် ပြုခြင်း၏ ပရိကမ်”ဟု ခေါ်သနည်း။
ဂ။ ဘာ့ကြောင့် “ပုဗ္ဗကရဏ”ဟု ခေါ်သနည်း။ ထို ၄ ပါးကို ရေတွက်ပြပါ။
ဃ။ ဘာ့ကြောင့် “ပုဗ္ဗကိစ္စ”ဟု ခေါ်သနည်း။ ထို ၅ ပါးကို ရေတွက်ပြပါ။
င။ ကရဏနှင့် ကိစ္စအထူးကို ပြပါ။
စ။ ပုဗ္ဗကရဏနှင့် ပုဗ္ဗကိစ္စ အထူးကို ပြပါ။
ဆ။ ဆန္ဒပါရိသုဒ္ဓိ ၂ မျိုးလုံးပေးကြရာ၌ ပါရိသုဒ္ဓိပေးခြင်းသည် ဘယ်အကျိုးကို ပြီးစေ၍ ဆန္ဒပေးခြင်းက ဘယ်အကျိုးကို ပြီးစေသနည်း။
ဇ။ ဆန္ဒပါရိသုဒ္ဓိပေးပုံ၊ ဆောင်လာသောရဟန်း၏ လျှောက်ပုံကို ပြပါ။
ဈ။ ဆန္ဒသက်သက် ပေးပုံ၊ ပါရိသုဒ္ဓိသက်သက် ပေးပုံကို ပြပါ။
ဉ။ ဥတုက္ခာနံအရ ဥတု ၃ မျိုးကို ဖော်ပြပါ။ ဥတုက္ခာနံအရ ဥတုကိုချည်း လျှောက်ရမည်လော၊ သို့မဟုတ် မည်သည့် အရာကို ထည့်၍ လျှောက်ရဦးမည်နည်း။
ဋ။ ဩဝါဒေါအရ ဘိက္ခုနီတို့က ရဟန်းတပါးပါးထံ လာ၍ လျှောက်ပုံကို ပြပြီးလျှင် ထိုရဟန်းက ထိုစကားကို မည်သူ့အား တဆင့် လျှောက်ရမည်ကိုလည်း ပြပါ။
ဌ။ ဘယ်ကံကို “ပတ္တကလ္လ”ခေါ်သနည်း။ ထိုအင်္ဂါ ၄ ပါးကို ရေတွက်ပါ။
ဍ။ ဥပုသ် ၃ မျိုးကို ဖော်ပြ၍ တနှစ်၌ စာတုဒ္ဒသီပေါင်း၊ ပန္နရသီပေါင်း မည်မျှစီ ရှိကြောင်းကိုလည်း ပြပါ။
ဎ။ ဘာ့ကြောင့် “ပကတတ်”ဟု ခေါ်သနည်း။ ဤ ပကတတ်ရဟန်းတို့ကား အဘယ်ရဟန်းမျိုး ပါနည်း။
ဏ။ “ယာဝတိကာစ ဘိက္ခု”-ဟူသော ပါဠိ၌ ပကတတ်ရဟန်း ဟု မဆိုဘဲ အဘယ့်ကြောင့် ပကတတ်ရဟန်းကို ယူကြရသနည်း။
တ။ သံဃဥပုသ်၌ ပကတတ်ရဟန်း မည်မျှရှိမှ ကမ္မပ္ပတ္တဖြစ်သနည်း။
ထ။ အဘယ် အာပတ်မျိုးကို သဘာဂအာပတ်ဟု ခေါ်သနည်း။ ထင်ရှားအောင် ပြပါ။
ဒ။ သဘာဂအာပတ် မရှိခြင်းကို အဘယ့်ကြောင့် ပတ္တကလ္လအင်္ဂါ ၁ ပါးဟု ဆိုရသနည်း။
ဓ။ အဘယ်ကို “ဝဇ္ဇနီယ” ဟု ခေါ်သနည်း။ ဤ ၂၁ ကိုရေတွက်၍ “တိရစ္ဆာန”အရ ယူရမည့် တိရစ္ဆာန်ကိုလည်း ပြပါ။
န။ သမဂ္ဂဿနှင့်စပ်၍ ကာယသာမဂ္ဂီ၊ စိတ္တသာမဂ္ဂီ ၂ မျိုးကို ပြပါ။
မှာထားချက်
စာသင်သားတို့သည် ဆရာကပြောသမျှ အဓိပ္ပာယ်ကို နားမလည်ကြပါ။ မေးခွန်းထုတ်လိုက်သော အခါကျမှ ဖြေရမည့် အချက်ကို သဘောကျ၍ ကျမ်းရင်းအဓိပ္ပာယ်ကို နားလည်ကြပါသည်။ ယခုအခါ ခေတ် အားလျော်စွာ ပြုပြင် သင်ပြလေ့ရှိသော တိုက်တို့၌ ပြောအပ်ပြီး အဓိပ္ပာယ်ကို ပြန်၍မေးခြင်း၊ အားလပ်သော သီတင်းနေ့ စသည်၌ အစမ်း မေးခွန်းထုတ်၍ ဖြေဆိုစေခြင်း စသည်ဖြင့် လေ့လာနေစေကြပါပြီ။ ထိုနည်းသည် အမှန် အကျိုးရှိသောနည်း ဖြစ်ပါသည်။ သို့ဖြစ်၍ ဤညွှန်ပြအပ်သည်ထက် ပိုမိုသော လေ့ကျင့်ခန်းများ ကိုလည်း ထုတ်ပြ၍ လေ့လာစေကြပါကုန်။
ဥပုသ်ပြုပရိကမ် ပြီးပြီ။
ဉတ်
သုဏာတု မေ ဘန္တေ သံဃော၊ အဇ္ဇုပေါသထော ပန္နရသော၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ သံဃော ဥပေါသထံ ကရေယျ၊ ပါတိမောက္ခံ ဥဒ္ဒိသေယျ။
ဘန္တေ - အရှင်ဘုရားတို့၊
သံယော - သံဃာတော်သည်၊
မေ - တပည့်တော်၏၊
(ဝစနံ - စကားကို၊)
သုဏာတု - နားစိုက်တော်မူပါ၊
အဇ္ဇ - ယနေ့၊
ပန္နရသော - တဆယ့်ငါးရက်မြောက်သော၊
ဥပေါသထော - ဥပုသ်နေ့ပါတည်း၊
သံဃဿ - သံဃာတော်၏၊
(ကမ္မံ- ကံသည်၊)
ပတ္တကလ္လံ - လျောက်ပတ်သောအခါရှိသည်၊
ယဒိ (သိယာ) - အကယ်၍ ဖြစ်အံ့၊
(ဧဝံသတိ - ဤသို့ ဖြစ်လသော်၊)
သံဃော - သံဃာတော်သည်၊
ဥပေါသထံ - ဥပုသ်ကို၊
ကရေယျ - ပြုရာပါ၏၊
ဝါ - ပြုချိန်တန်ပါပြီ၊
ပါတိမောက္ခံ - ပါတိမောက်ကို၊
ဥဒ္ဒိသေယျ - ရွတ်ပြရာပါ၏၊
ဝါ - ရွတ်ပြချိန် တန်ပါပြီ။
နိဒါနအခန်း
“သုဏာတု မေ ဘန္တေ သံဃော” စသည်တို့ကား ပါတိမောက် ပါဠိတော်တည်း။ အချီနိဒါန်း၌ ပြခဲ့သော အာဏာပါတိမောက်၊ ဩဝါဒ ပါတိမောက် ၂ မျိုးတို့တွင် အာဏာ ပါတိမောက်တည်း။
ထိုတွင် “သုဏာတု မေ”မှ စ၍ “တတ္ထ သဗ္ဗေဟေဝ ၊ပေ၊ သိက္ခိတဗ္ဗံ” တိုင်အောင် အခန်းများကို “ဘိက္ခုပါတိမောက် = ရဟန်းယောက်ျားများ၏ ပါတိမောက်” ဟု ခေါ်၏။
ထိုအခန်းတို့တွင် “သုဏာတု မေ”မှ စ၍ “ဥဒ္ဒိဋ္ဌံ ခေါ အာယသ္မန္တော ၊ပေ၊ ဧဝမေတံ ဓာရယာမီတိ” တိုင်အောင် စကားရပ်ကား နိဒါန အခန်းတည်း။
ဉတ်
“သုဏာတု မေ ၊ပေ၊ ဥဒ္ဒိသေယျ”ဟူသော ဝါကျကို “ဉတ်”ဟု ခေါ်၏။
ပါဠိလို “ဉတ္တိ”၊ မြန်မာလို “ဉတ်”။
အဓိပ္ပာယ်မှာ “သံဃာကို သိစေကြောင်းစကား” ဟု ဆိုလိုသည်။
[ဉတ္တိ၌ ဉာဓာတ်, ဏေပစ္စည်း, တိ ပစ္စည်းတည်း။ ကာရိတ် ဏေပစ္စည်းကြေ၍ “ဉတ္တိ” ဟု ဖြစ်နေသည်။]
“သိစေ”ဟူသည်မှာလည်း ယခုပြုလုပ်မည့် ကိစ္စကို၎င်း၊ ထိုကိစ္စ၏ အချိန်တန်ကြောင်းကို၎င်း သံဃာအား ပြောပြခြင်းပင်တည်း။ သိစေပုံ ထင်ရှားအောင် ထိုဉတ်ပါဠိကို အောက်ပါအတိုင်း မြန်မာပြန်ကြည့်ပါ။
“အရှင်ဘုရားတို့ … သံဃာတော်သည် တပည့်တော်၏စကားကို နားဆင်တော်မူပါ။ ယနေ့ ပန္နရသီဥပုသ်နေ့ ဖြစ်ပါသည်။ သံဃာတော်၏ ဥပုသ်ကံသည် သင့်လျော်သောအခါ ရှိပါလျှင် သံဃာတော်သည် ဥပုသ်ပြုချိန် တန်ပါပြီ၊ ပါတိမောက် ပြချိန်တန်ပါပြီ”
စာတုဒ္ဒသီ သာမဂ္ဂီဉတ်
စာတုဒ္ဒသီ၊ ပန္နရသီ၊ သာမဂ္ဂီအားဖြင့် ဥပုသ်နေ့ ၃ မျိုးရှိကြောင်း ပြခဲ့ပြီ။
ပါတိမောက်၌ တိုက်ရိုက်လာသော ဉတ်သည် ပန္နရသီဥပုသ်နေ့အတွက် ဉတ်တည်း။ စာတုဒ္ဒသီ ဥပုသ်နေ့ဖြစ်မူ “အဇ္ဇုပေါသထော ပန္နရသော” အစား “အဇ္ဇုပေါသထော စာတုဒ္ဒသော” ဟု ဆိုပါ။ သာမဂ္ဂီဥပုသ်နေ့ဖြစ်မူ “အဇ္ဇုပေါသထော သာမဂ္ဂီ”ဟု ဆို။
[“အဇ္ဇ - ယနေ့၊
စာတုဒ္ဒသော - တဆယ့်လေးရက်မြောက်သော၊
ဥပေါသထော - ဥပုသ်နေ့ပါတည်း။
သာမဂ္ဂီဥပေါသထော - သာမဂ္ဂီဥပုသ်နေ့ပါတည်း” ဟု ဆိုပါ။]
ဉတ်ပါဠိ အနက်ပေးပုံ
“ယဒိ သံဃဿ”၌ သဒ္ဒစည်းမျဉ်းကို၎င်း၊ ဝိမတိဋီကာ (ဥပသမ္ပဒဉတ်) အဖွင့်ကို၎င်း ကြည့်၍ “သံဃဿ-၏၊ ကမ္မံ – သည်”ဟု အနက်ပေးလိုက်သည်။ ထို့ပြင် “ကရေယျ ဥဒ္ဒိသေယျ” တို့၌ ဧယျ ဝိဘတ်များ၏ အနက်ကို ဝိဓိ (စီမံခြင်း)အနက်ဟု ဝိမတိဖွင့်၏။ မောဂ္ဂလ္လာန်၌ကား ဝိဓိသဘောသက်သော “ပတ္တကလ္လ” အနက်ဟု ဆို၏။ ထို့ကြောင့် “ကရေယျ - ပြုချိန်တန်ပါပြီ” ဟု တနည်း ပေးလိုက်သည်။
[ပါတိမောက်၌ လာသော ဉတ်သည် သီတင်းငယ်၏ ဉတ်တည်း။
ပါတိမောက် ပြသူက အကြီးဆုံးဖြစ်လျှင် “ဘန္တေ” အစား “အာဝုသော”ဟု လဲ၍ဆိုပါ။]
ပါတိမောက်ပြမှုကို ဥပုသ်ပြုခေါ်ပုံ
“ဥပေါသထံ ကရေယျ” အရ “ဥပုသ်ပြုခြင်း”ဟူသည် “ပါတိမောက် ရွတ်ပြခြင်းပင်တည်း”ဟု သိစေတော် မူလိုသောကြောင့် “ပါတိမောက္ခံ ဥဒ္ဒိသေယျ”ဟု ထပ်၍ မိန့်တော်မူသည်။ ဤ “ဥပေါသထံ ကရေယျ, ပါတိမောက္ခံ ဥဒ္ဒိသေယျ” တို့ကိုထောက်၍ ပါတိမောက် ရွတ်ပြမှုကိုပင် (သံဃာ့ဥပုသ်အရာ၌) “ဥပုသ်ပြုခြင်း” ဟု သိသာပြီ။ သို့ရာတွင် ပါတိမောက်ရွတ်မှုကို အဘယ့်ကြောင့် ဥပုသ်ပြုခေါ်သနည်းဟု မေးဘွယ်ရှိ၏။
အဖြေကား -
ဥပေါသထ၌ “ဥပ+ဝသထ”ဟု ပုဒ်ခွဲ။ ဥပသဒ္ဒါသည် “ပြည့်စုံခြင်း” အနက် ရှိ၍ ဝသဓာတ်က “ကျင့်သုံးခြင်း” အနက် ရှိ၏။ ထို့ကြောင့်
“ဥပေတေဟိ - စင်ကြယ်သော သီလနှင့် ပြည့်စုံသော သီတင်းသုံးဘော်တို့သည်၊
ဝသီယတိ - ရွတ်ပြခြင်း၊ ကြားနာခြင်းအားဖြင့် ကျင့်သုံးအပ်၏”
ဟူသော ဝစနတ်အရ စင်ကြယ်သောသီလနှင့် ပြည့်စုံသော သီတင်းသုံးဘော်တို့ ရွတ်ဆိုခြင်း၊ ကြားနာခြင်း အားဖြင့် ကျင့်သုံးအပ်သောကြောင့် ပါတိမောက် ရွတ်ပြမှုကိုပင် ဥပုသ်ပြုဟု ခေါ်ရသည်။
[စင်ကြယ်သောသီလနှင့် ပြည့်စုံရပုံမှာလည်း အာပတ်ရှိလျှင် ဒေသနာ ပြောရခြင်းဖြင့် ထင်ရှား၏။]
[ဆောင်]
ဖြူစင်သီလ, ပြည့်စုံကြသည့် သမဂ္ဂ အားလုံး ထေရ်ရှင်ဘုန်းတို့ ကျင့်သုံးအပ်ဘိ ဗျုပ္ပတ္တိကြောင့်, ပါတိမောက်စု ရွတ်ပြမှုလျှင် ဥပုသ်ပင်, မြတ်ရှင် မိန့်တော်မူ။
ပုဗ္ဗကိစ္စ ၉ ပါးကို မေးခြင်း
ကိံ သံဃဿ ပုဗ္ဗကိစ္စံ?
သံဃဿ - သံဃာတော်၏၊
ဝါ - သံဃာတော်သည်၊
ပုဗ္ဗကိစ္စံ - ပုဗ္ဗကိစ္စ ၉ ပါးကို၊
(ကတံ) ကိံ - ပြုအပ်ပါပြီလော။
အာပတ်စင်ကြယ်အောင် တိုက်တွန်းခြင်း
ပါရိသုဒ္ဓိံ အာယသ္မန္တော အာရောစေထ၊ ပါတိမောက္ခံ ဥဒ္ဒိသိဿာမိ။
အာယသ္မန္တော - အရှင်တို့၊
(တုမှေ - အရှင်တို့သည်၊)
ပါရိသုဒ္ဓိံ - အာပတ်မှ စင်ကြယ်သူ၏ အဖြစ်ကို၊
အာရောစေထ - ပြောဆိုကြပါကုန်၊
ပါတိမောက္ခံ - ပါတိမောက်ကို၊
ဥဒ္ဒိသိဿာမိ - ရွတ်ဆိုပါတော့မည်၊
ဝါ - ပြပါတော့မည်။
ပုဗ္ဗကိစ္စကို မေးခြင်း
“ကိံ သံဃဿ ပုဗ္ဗကိစ္စံ”ကား ပုဗ္ဗကရဏ ၄ ပါး၊ ပုဗ္ဗကိစ္စ ၅ ပါးကို “ပြုပြီးပါပြီလား”ဟု ပါတိမောက်ပြမည့် ရဟန်းက ဆိုင်ရာပုဂ္ဂိုလ်များကို မေးသော စကားတည်း။ ဤအမေးအရ ယခု ကာလ၌ ပါတိမောက် အမေး-အဖြေ ဖြစ်ပေါ်လာရသည်။
ယခုကာလကဲ့သို့ အကျယ် မမေး မဖြေဘဲ “ကိံ သံဃဿ ပုဗ္ဗကိစ္စံ”ဟု မေးလိုက်သည်နှင့် တပြိုင်နက် ပါတိမောက်ဖြေမည့် ပုဂ္ဂိုလ်က ဖြစ်စေ၊ ဆိုင်ရာတပါးပါးကဖြစ်စေ “ပြီးပါပြီ” ဟု တိုတို ဖြေလျှင်လည်း တာဝန်ကျေသည်သာ။
အာပတ်စင်ကြယ်ရန် တိုက်တွန်းခြင်း
“ပါရိသုဒ္ဓိံ အာယသ္မန္တော အာရောစေထ” လည်း “အာပတ်မှ စင်ကြယ်ကြောင်းကို ပြောကြပါ” ဟု ပါတိမောက်ပြမည့် ရဟန်း၏ တိုက်တွန်းသော စကားတည်း။
[နောက်၌လည်း နိဒါန်းစကားတို့ကို ပါတိမောက်ပြသော ရဟန်း၏ စကားဟုချည်း မှတ်ပါ။]
ဆက်ဦးအံ့ ---
“ပါရိသုဒ္ဓိ” အရ “အာပတ်မှ စင်ကြယ်သူ၏ အဖြစ်” ဟူသည် မိမိမှာ အာပတ်သင့်သည်ကို ဖုံးကွယ်၍ မထားဘဲ ပြောပြခြင်းပင်တည်း။ ထို့ကြောင့် အာပတ်သင့်နေလျှင် ထိုအာပတ်ကို ဒေသနာသော်လည်း ပြောကြပါ၊ ပါတိမောက် ပြနေခိုက်ဖြစ်၍ ဒေသနာ မပြောသာလျှင်လည်း အနီးအပါး ရဟန်းတို့အား “အာပတ် သင့်ကြောင်း” တိုးတိုးတိတ်တိတ် ပြောကြပါဟု ဆိုလိုသည်။
[ဤအဓိပ္ပာယ်ကိုပင် “ယဿ သိယာ အာပတ္တိ, သော အာဝီကရေယျ”ဟု ပြလိမ့်ဦးမည်။ ဒေသနာ ပြောပြပုံကို ဤကျမ်း၏ နောက်ဆက်တွဲ၌ အဓိပ္ပာယ်နှင့်တကွ ပြထားသည်။]
ပါတိမောက္ခံ ဥဒ္ဒိသိဿာမိ -
[ဥပေါသထက္ခန္ဓက၌ ဥဒ္ဒိသိဿာမိကို “အာစိက္ခိဿာမိ, ပကာသေဿာမိ” ဟု ဖွင့်ပြသောကြောင့် “ရွတ်ဆိုပါ တော့မည်၊ ပြပါတော့မည်”ဟု အနက်ပေးသည်။]
ဤစကား၌ “ပါတိမောက် ပြတော့မည်”ဟု ပဋိညာဉ်ပေးမှုက အရေးမကြီး၊ “ပါရိသုဒ္ဓိံ အာယသ္မန္တော အာရောစေထ”ဟု တိုက်တွန်းရခြင်း၏ အကြောင်းကို ပြမှုကသာ အရေးကြီးသည်။
ချဲ့ဦးအံ့ -
ဥပုသ်ပြုရာ၌ ပါတိမောက်နာသော ရဟန်းသည် အာပတ် တန်းလန်းနှင့် နာလျှင် “န ဘိက္ခဝေ သာပတ္တိကေန ပါတိမောက္ခံ သောတဗ္ဗံ, ယော သုဏေယျ, အာပတ္တိ ဒုက္ကဋဿ”ဟူသော (ပါတိမောက္ခထပနက္ခန္ဓက) နှင့် အညီ ဒုက္ကဋ်အာပတ် သင့်၏။ ထိုသို့မသင့်အောင် “ပါရိသုဒ္ဓိံ အာယသ္မန္တော အာရောစေထ” ဟု တိုက်တွန်းသည်။ “ပါတိမောက် ပြတော့မည်ဖြစ်သောကြောင့် မိမိ၏ အာပတ်မှ စင်ကြယ်သူဖြစ်ကြောင်းကို ပြောကြပါ” ဟူလို။
ဥဒ္ဒိသိဿာမိ ဆိုထိုက်ပုံ
ဉတ်ပါဠိ၌ “သံဃော ၊ပေ၊ ပါတိမောက္ခံ ဥဒ္ဒိသေယျ = သံဃာသည် ပါတိမောက် ရွတ်ပြရာ၏”ဟု ဆိုခဲ့ပြီးနောက် ယခု “ပါတိမောက္ခံ ဥဒ္ဒိသိဿာမိ = တပည့်တော် ပါတိမောက် ရွတ်ပြပါတော့မည်” ဟု ဆိုပြန်ရာ ရှေ့နောက် မဆက်မစပ်သည် မဟုတ်ပါလော ဟု မေးဘွယ်ရှိ၏။
အဖြေကား-
သဒ္ဒါ အနေအားဖြင့် ရှေ့နောက် မညီသကဲ့သို့ ထင်ရသော်လည်း လက္ခဏာအားဖြင့် ရှေ့နောက် ညီညွတ်လျက် ရှိသည်။ [လက္ခဏာဟူသည် လိုရင်းအနက်၊ သဘာဝ ခေါ် အမှန်အနက်တည်း။]
ချဲ့ဦးအံ့ -
“သံဃဿ သာမဂ္ဂိယာ ဂဏဿ သာမဂ္ဂိယာ ပုဂ္ဂလဿ ဥဒ္ဒေသာ သံဃဿ ဥဒ္ဒိဋ္ဌံ ဟောတိ ပါတိမောက္ခံ” ဟူသော ပါဠိတော်နှင့်အညီ ၅ ပါးစသော သံဃာရှိရာ၌ ထိုသံဃာအများ၏ သာမဂ္ဂီဖြစ်ခြင်း၊ ၄ ပါးသာ ရှိရာ၌ ၃ ပါးဂိုဏ်း၏ သာမဂ္ဂီဖြစ်ခြင်း၊ ရဟန်းတပါးက ရွတ်ဆိုခြင်းကြောင့် သံဃာအားလုံးပင် ပါတိမောက်ကို ရွတ်ဆိုရာ (ပြရာ) ရောက်၏။ “သာမဂ္ဂီ ဖြစ်”ဟူသည် တပါးပါးက ရွတ်ဆိုနေသည်ကို ကန့်ကွက်ခြင်းမရှိဘဲ ညီညွတ်စွာ နားထောင်နေကြခြင်းပင်တည်း။
ဤသို့ ညီညွတ်စွာ နားထောင်နေကြလျှင်ပင် သံဃာအားလုံး သဘောတူရွတ်ရာ ရောက်သောကြောင့် “သံဃော ဥဒ္ဒိသေယျ” ဟူသော ဉတ်ပါဠိတော်စကားနှင့် “ဥဒ္ဒိသိဿာမိ” ဟူသော စကားသည် လိုရင်း အသားကျအားဖြင့် (အမှန်သဘော လက္ခဏာအားဖြင့်) ဆန့်ကျင်ခြင်း မရှိကြ၊ ရှေ့နောက် ဆက်စပ်လျက် ရှိကြပေသည်။
[သံဃဿ - ၏၊
ဂဏဿ - ဂိုဏ်း၏၊
သာမဂ္ဂိယာ - ညီညွတ်ခြင်းကြောင့်၊
ပုဂ္ဂလဿ - ၏၊
ဥဒ္ဒေသာ - ရွတ်ပြခြင်းကြောင့်၊
သံဃဿ - သံဃာသည်၊
ပါတိမောက္ခေံ - သည်၊
ဥဒ္ဒိဋ္ဌံ - ရွတ်အပ် (ပြအပ်)သည် မည်သည်၊
ဟောတိ - ၏။]
[ဆောင်]
ပါတိမောက္ခ ဥဒ္ဒိသ၌, ဧယျ-ဿာမိ ရှေ့နောက်ရှိကာ သဒ္ဒါမနှော, ကွဲဘိသောလည်း သဘောကို ထောက် လိုရင်းကောက်က ရှေ့နောက် နှစ်ရပ် ကောင်းစွာထပ်,မစပ် မရှိပြီ။
နားစိုက်ဘို့ရန် တိုက်တွန်းခြင်း
တံ သဗ္ဗေဝ သန္တာ သာဓုကံ သုဏောမ မနသိ ကရောမ။
တံ - ထို ပါတိမောက်ကို၊
သဗ္ဗေဝ - အလုံးစုံသာလျှင် ဖြစ်ကုန်သော၊
သန္တာ - ဤဥပုသ်ကျောင်းဆောင်တွင် ထင်ရှားရှိကုန်သော၊
(မယံ - တပည့်တော်တို့သည်၊)
သာဓုကံ - ကောင်းမွန်စွာ၊
သုဏောမ - နားစိုက်ကြပါကုန်စို့၊
မနသိ - စိတ်၌၊
ကရောမ - ထားကြပါကုန်စို့၊
(တနည်း)
မနသိကရောမ - နှလုံးသွင်းကြပါကုန်စို့။
နားစိုက်ဘို့ရန် တိုက်တွန်းခြင်း
“တံ သဗ္ဗေဝ ၊ပေ၊ မနသိကရောမ = နာကြကုန်စို့၊ နှလုံးသွင်းကြကုန်စို့”ဟု ဆိုသောကြောင့် ဤ “တံ သဗ္ဗေဝ ၊ပေ၊ မနသိကရောမ”ဝါကျသည် ပါတိမောက် နာကြဘို့ရန် တိုက်တွန်းသော စကားတည်းဟု မှတ်ပါ။ ဤ၌ “သုဏောမ”ဟူသော အမှယောဂကြိယာကို ကြည့်၍ “မယံ”ဟု ထည့်ရသည်။ “သဗ္ဗဝ - အလုံးစုံ” ဟူသည်မှာ “ထေရ၊ နဝ၊ မဇ္ဈိမဖြစ်သော ရဟန်းအားလုံး” တည်း။
[ဆယ်ဝါရသူမှ စ၍ အထက်ပုဂ္ဂိုလ် များကို “ထေရ=ထေရ်”ဟု၎င်း၊
ရဟန်းဖြစ်သည်မှ စ၍ ၅ ဝါမရသေးခင် “နဝ=သီတင်းငယ်”ဟု၎င်း၊
၅ ဝါရသည်မှ စ၍ ဆယ်ဝါအတွင်း “မဇ္ဈိမ=သီတင်းလတ်”ဟု၎င်း၊
ဝါ ၂၀ အထက်ကို “မဟာထေရ = မဟာထေရ် = မထေရ်”ဟု၎င်း ခေါ်၏။
သန္တာ - သူတော်ကောင်း ဖြစ်ကြကုန်သော ဟုလည်း ပေးကြသေး၏။
ထိုအနက်ကား “သဗ္ဗေ သန္တာတိ-သဗ္ဗေ တုမှေ ဣဓ ဝိဇ္ဇမာနာ”ဟူသော နာရဒဇာတ် အဋ္ဌကထာနှင့် မညီ။]
သာဓုကံ သုဏောမ, မနသိကရောမ
သုဏောမတွင်မဆိုဘဲ “သာဓုကံ-ကောင်းမွန်စွာ”ဟု ဆိုရာ၌ စွဲစွဲမြဲမြဲနာခြင်းကို “အကောင်း”ဟု ဆိုလိုသည်။ စိတ်ကို ဟိုအာရုံရောက်၊ သည်အာရုံရောက် မဖြစ်စေဘဲ ပါတိမောက် ရွတ်သံ တခုတည်း၌သာ ထားခြင်း (နားစိုက်၍ထောင်ခြင်း)ကို “သာဓုကံ သုဏောမ”ဟု ဆိုသည်။ ကြားကာမတ္တ မဟုတ်၊ ကြားပြီးနောက် လျှံထွက် မသွားစေဘဲ ထို ပါတိမောက်အာရုံကိုပင် စိတ်ထဲ၌ ဧကဂ္ဂတာကျ၍ သမာဓိ ရလောက်အောင် ဆောင်ယူ ချထားခြင်းကို “မနသိ+ကရောမ”ဟု ဆိုသည်။
[ဆောင်]
၁။ ပါတိမောက္ခံ ရွတ်ဆိုသံကို မြဲမြံစေ့ငု နားစိုက်မှု သာဓု သုဏောမ။
၂။ ကြားနာရုံမျှ မက တိုးတက်, ဧကဂ္ဂတာကျ သမာဓိ ရအောင်, စိတ်၌ ဆောင်ထည့်, ချထားဘိ မနသိ ကရောမ။
အာပတ်သင့်-မသင့် အလိုက် တိုက်တွန်းခြင်း
ယဿ သိယာ အာပတ္တိ၊ သော အာဝိကရေယျ၊ အသန္တိယာ အာပတ္တိယာ တုဏှီ ဘဝိတဗ္ဗံ၊ တုဏှီဘာဝေန ခေါ ပနာယသ္မန္တေ “ပရိသုဒ္ဓါ”တိ ဝေဒိဿာမိ။
ယဿ - အကြင်ရဟန်း၏ (သန္တာန်၌)၊
အာပတ္တိ - အာပတ်သည်၊
သိယာ - ရှိရာ၏၊
သော - ထိုရဟန်းသည်၊
အာဝီကရေယျ - ထင်စွာ ပြုပါလော၊
အာပတ္တိယာ - အာပတ်သည်၊
အသန္တိယာ - မရှိလျှင်၊
တုဏှီ - ဆိတ်ဆိတ်၊
ဘဝိတဗ္ဗံ - ဖြစ်ပါလော၊
တုဏှိဘာဝေန - ဆိတ်ဆိတ်နေခြင်းကြောင့်လည်း၊
(အပိ - သဒ္ဒါအကြေ၊ ခေါပန - အနက် မရှိ၊)
အာယသ္မန္တေ - အရှင်တို့ကို၊
ပရိသုဒ္ဓါတိ - အာပတ်မှ စင်ကြယ်သူတို့ ဟူ၍၊
ဝေဒိဿာမိ - သိနိုင်ပါလိမ့်မည်။
အာပတ်သင့် - မသင့် အလိုက် တိုက်တွန်းခြင်း
“ယဿ သိယာ အာပတ္တိ ၊ပေ၊ တုဏှီ ဘဝိတဗ္ဗံ” စကားလည်း အာပတ်သင့် - မသင့် အလိုက် တိုက်တွန်းသော စကားပင်တည်း။
ထိုတွင် “ယဿ သိယာ အာပတ္တိ, သော အာဝီကရေယျ” ၏ အဓိပ္ပာယ်ကို “ပါရိသုဒ္ဓိံ အာယသ္မန္တော အာရောစေထ” ဝါကျ၌ ပြခဲ့ပြီ။ ထိုဝါကျ၌ ပြခဲ့သော ဒေသနာပြောခြင်း၊ တိုးတိုး တိတ်တိတ် ပြောခြင်း ၂ မျိုးလုံးပင် “မိမိမှာ သင့်နေသော အာပတ်ကို ဖုံးကွယ်မထားဘဲ ထင်ရှားပြရာ ရောက်သော ကြောင့်” ဤ၌ “အာဝီကရေယျ” ဟု ဆိုထားသည်။
ဤ အာဝီကရေယျ၌ ဧယျဝိဘတ်လည်း ပါတိမောက်ပြသော ရဟန်းအောက် ငယ်သူများကို စေခိုင်းခြင်း အာဏတ္တိအနက်၊ ကြီးသူများကို တိုက်တွန်းခြင်း အဋ္ဌအနက်ကို ဟော၏။ ထို့ကြောင့် “အာဝီကရေယျ- ထင်စွာပြုပါလော” ဟု အနက်ပေးသည်။ [ကင်္ခါဖွင့်ပုံကို ကြည့်ပါ။]
အသန္တိယာ ၊ပေ၊ ဘဝိတဗ္ဗံ
လုံးလုံး အာပတ်မသင့်ခြင်း၊ အာပတ်သင့်လျှင်လည်း ထိုအာပတ်ကို (ဆိုင်ရာ ဝိနည်းကံဖြင့်) ကုစားပြီး ဖြစ်ခြင်းသည် “အသန္တိယာ အာပတ္တိယာ” အရ “အာပတ် မရှိခြင်း” မည်၏။ ထိုကဲ့သို့ အာပတ် မရှိလျှင် ဆိတ်ဆိတ်နေကြပါ ဟူလို။
[ဘဝိတဗ္ဗံ၌ တဗ္ဗ ပစ္စည်းကို “ပေသ (အာဏတ္တိ-အဇ္ဈိဋ္ဌ) အနက်ဟောတည်း” ဟု မှတ်ပါ။]
တုဏှီဘာဝေန ၊ပေ၊ ဝေဒိဿာမိ
“တပည့်တော်မှာ အာပတ် စင်ကြယ်ပါသည်” ဟု နှုတ်မြွက် ပြောဆိုမှသာ “ဤရဟန်း ဤ ရဟန်းသည် အာပတ်မှ စင်ကြယ်ပေသည်” ဟု သိနိူင်သည် မဟုတ်သေးပါ။ ဆိတ်ဆိတ်နေ သဖြင့်လည်း “အာပတ် စင်ကြယ်သော ပုဂ္ဂိုလ်များ” ဟု သိနိုင်ပါလိမ့်မည် ဟူလို။ ထို့ကြောင့် “တုဏှိဘာဝေနပိ” ဟု သမုစ္စည်းအနက်ရှိသော အပိသဒ္ဒါ ကိုပါ ထည့်စွက်၍ အဋ္ဌကထာတို့ ဖွင့်ကြသည်။
ယဿ သိယာ အာပတ္တိ
ဤ၌ အာပတ်သင့်ခြင်း၏ အကြောင်း ၆ ပါး ကို မှတ်သားသင့်၏။
၁ - အရှက်မရှိခြင်းဟူသော အလဇ္ဇိတာ၊
၂ - မသိတတ်ခြင်းဟူသော အညာဏတာ၊
၃ - ကုက္ကုစ္စနှိပ်စက်ခြင်း ဟူသော ကုက္ကုစ္စာပကတတာ၊
၄ - မအပ်သောအရာ၌ အပ်၏ဟု မှတ်ထင်ခြင်းဟူသော အကပ္ပိယေ ကပ္ပိယသညိတာ၊
၅ - အပ်သောအရာ၌ပင် “မအပ်”ဟု ထင်မှတ်ခြင်းဟူသော ကပ္ပိယေ အကပ္ပိယသညိတာ၊
၆ - သတိကင်းခြင်းဟူသော သတိသမ္မောသာ တို့တည်း။
[ဆောင်]
အလဇ်-အညာ, ကုက္ကုစ္စာနှင့်, အကပ္ပာထည့်, နောက်ကပ္ပိတည်း သတိမောသတ်, ဤခြောက်ရပ်, အာပတ်သင့်ကြောင်းတည်း။
ချဲ့ဦးအံ့ -
အာပတ်သင့်မည်ကို မရှက် မကြောက်ဘဲ သင့်ချင် သင့်ပေစေ ဟူသော သဘောထားဖြင့် သိလျက် ကျူးလွန်သူသည် အလဇ္ဇိတာကြောင့် အာပတ်သင့်၏။
အာပတ်သင့်ကြောင်း အပြစ်မှန်း မသိ၍ ပြုသူသည် အညာဏတာကြောင့် သင့်၏။
တစုံတခုကို “အပ်လေသလား၊ မအပ်လေသလား” ဟု ယုံမှားသံသယ ဖြစ်နေခြင်းသည် ကုက္ကုစ္စာပကတတာ မည်၏။
ထိုသို့ သံသယ ဖြစ်နေလျှင် ဝိနည်းနားလည်သူကိုမေး၍ သံသယပျောက်မှ ထိုကိစ္စကို ပြုကောင်း၏။ သံသယ မပျောက်သေးဘဲ ပြုလျှင် အပ်သည်ကို ပြုမိသော်မှလည်း ဒုက္ကဋ် သင့်သေး၏။ မအပ်သည်ကို ပြုလျှင်ကား ဆိုင်ရာအာပတ် သင့်လိမ့်မည်။
ဆက်ဦးအံ့ ---
မအပ်သော ဝံသားကို ဝက်သား ထင်မှတ်၍ စားလျှင် အကပ္ပိယေ ကပ္ပိယသညိတာကြောင့် အာပတ်သင့်၏။ အပ်သော ဝက်သားကို ဝံသားထင်၍ စားပြန်လျှင်လည်း ကပ္ပိယေ အကပ္ပိယသညိတာကြောင့် အာပတ် သင့်၏။
[ဤစကားအရ မည်သည့် အသားဟင်းကို မဆို စားမည့်ကြံလျှင် အပ်သောအသား ဟုတ်-မဟုတ်ကို သတိထား၍ စိတ်ထဲ၌ မဆုံးဖြတ်နိူင်လျှင် နားလည်လောက်သူကို မေးပြီးမှ စားရသည်။ ထိုကဲ့သို့ မဆင်ခြင် သတိ မထားဘဲ စားလျှင် အာပတ်သင့်၏ဟု မှတ်ပါ။]
အညာဏတာ ဖြစ်လောက်အောင် (ထိုအမှု မပြုအပ်ဟု) မသိခြင်းလည်း မဟုတ်၊ အလဇ္ဇိတာ ဖြစ်လောက်အောင် တမင် ကျူးလွန်ခြင်းလည်း မဟုတ်ဘဲ အမှတ်တမဲ့ ပြုမိပြန်လျှင်လည်း သတိသမ္မောသကြောင့် အာပတ်သင့်တတ်၏။ ဥပမာ - တိစီဝရိက် သင်္ကန်းနှင့် အမှတ်တမဲ့ ညဉ့်ကင်းမိ၍ နိသဂ္ဂိယ ပါစိတ်အာပတ်သင့်ခြင်း စသည်တည်း။
ဤသို့လျှင် အာပတ်သင့်ခြင်း၏ အကြောင်း ၆ ပါးရှိသည်။
အလဇ္ဇီ လက္ခဏာ
အာပတ်သင့်ခြင်း၏ အကြောင်းတို့တွင် အလဇ္ဇိတာ ဟူသော အကြောင်းနှင့်စပ်၍ အလဇ္ဇီ လက္ခဏာကို မှတ်သားထိုက်၏။ အလဇ္ဇီ လက္ခဏာကား
၁ - မအပ်မှန်းသိလျက် အာပတ်သင့်အောင်ပြုခြင်း၊
၂ - မသိ၍ သင့်ပြီးသော အာပတ်ကို လျှို့ဝှက်ကာ ဒေသနာမပြောဘဲနေခြင်း၊
၃ - ပစ္စည်း ဝေဘန်မှု၊ တရားဆုံးဖြတ်မှု စသည်၌ အဂတိလိုက်စားခြင်း၊
ဤ ၃ ပါးတို့တည်း။
[ပရိဝါ]
သဉ္စိစ္စ အာပတ္တိံ အာပဇ္ဇတိ၊ အာပတ္တိံ ပရိဂူဟတိ။
အဝတိ ဂမနဉ္စ ဂစ္ဆတိ၊ ဧဒိသော ဝုစ္စတိ အလဇ္ဇိပုဂ္ဂလော။
အသား ၁၀ မျိုး
အကပ္ပိယေ ကပ္ပိယသညိတာနှင့် စပ်၍ မစားအပ် သော အသား ၁၀ မျိုးကား လူသား-ခွေး-မြင်း-ဆင်-သစ်-ကျား-ခြင်္သေ့- ဝံ-အောင်း-မြွေသားတည်း။
ဤသတ္တဝါ ၁၀ မျိုး၏ အရိုးအရေ အသွေးအမွေးတို့ပါ ရဟန်းနှင့် သာမဏေတို့ မအပ်။ ဤ အဓိပ္ပာယ်နှင့်စပ်၍ မှတ်ဘွယ်ကို ဝိနည်းမဟာဝဂ္ဂပါဠိတော် အဋ္ဌကထာ ဘေသဇ္ဇခန္ဓကမှာ ရှုပါ။
[ဆောင်]
လူ-ခွေး-မြင်း-ဆင်, သစ်-ကျား-လျှင်, ခြင်္သေ့-ဝံ-အောင်း-မြွေ၊ ရိုး-ရေ-သား-သွေး, အမွေးတို့ပါ, မသုံးရာ, ဆယ်ဖြာအမျိုးပေ။
အာပတ် ၇ ဖုံ
ပြခဲ့သော အကြောင်း ၆ ပါးတို့တွင် တပါးပါးကြောင့် သင့်ရောက်အပ်သော အာပတ်တို့ကား
၁။ ပါရာဇိက၊
၂။ သံဃာဒိသေသ်၊
၃။ ထုလ္လစ္စဉ်း၊
၄။ ပါစိတ်၊
၅။ ပါဋိဒေသနီယ၊
၆။ ဒုက္ကဋ်၊
၇။ ဒုဗ္ဘာသိတ အားဖြင့် ၇ ဖုံ (၇ မျိုး) ရှိကြ၏။
ထိုတွင် ရှေ့ ၂ ဖုံသည် လူထွက်ရခြင်း၊ ပရိဝါသ်မာနတ် ဆောက်တည်ရခြင်းဟူသော ကြီးလေးသော ကံဖြင့် ဖြေဖျောက်မှ ပြေသောကြောင့် ဂရုကအာပတ် မည်၏။
ထုလ္လစ္စဉ်း စသော နောက် ၅ ဖုံကား ဒေသနာပြောခြင်းဟူသော ပေါ့သောကံဖြင့် ဖြေဖျောက်ရ သောကြောင့် လဟုက အာပတ်မည်၏။
မမေးသော်လည်း ဖြေသင့်ပုံ
ယထာ ခေါ ပန ပစ္စေကပုဋ္ဌဿ ဝေယျာကရဏံ ဟောတိ၊ ဧဝမေဝ ဧဝရူပါယ ပရိသာယ ယာဝတတိယံ အနုသာဝိတံ ဟောတိ။
ပစ္စေကပုဋ္ဌဿ - တယောက်စီ မေးအပ်သူ၏၊
ဝေယျာကရဏံ - ဧကန် ဖြေဆိုရခြင်းသည်၊
(ဟောတိ) ယထာ - ဖြစ်သကဲ့သို့၊
ဧဝ မေဝ - ဤအတူပင်၊
ဧဝရူပါယ - ဤသို့သဘောရှိသော၊
ပရိသာယ - ရဟန်း ပရိသတ်၌၊
ယာဝတတိယံ - ၃ ကြိမ်တိုင်အောင်၊
(ပါတိမောက္ခံ – သည်၊)
အနုဿာဝိတံ - အဖန်ဖန် ကြားစေအပ်သည်၊
ဟောတိ - ၏။
မမေးသော်လည်း ဖြေသင့်ပုံ
“ယထာခေါပန ၊ပေ၊ အနုဿာဝိတံ” ဝါကျကား တိုက်ရိုက် မမေးသော်လည်း ဖြေသင့်ပုံကိုပြသော ဝါကျ တည်း။ မည်သည့် မေးဘွယ်ကိစ္စမဆို တယောက်က အခြားတယောက်ကို တိုက်ရိုက် မေးလျှင် အမေး ခံရသူသည် ဧကန် ဖြေဆိုရတော့သကဲ့သို့ ထို့အတူ ယခုလို ရဟန်းတော် ပရိသတ်၌ ပါတိမောက်ကိုပြသော ရဟန်းက ၃ ကြိမ်တိုင်တိုင် ပါတိမောက်ကို ကြားစေခြင်း၊ မေးစိစစ်ခြင်းသည် တပါးစီ တပါးစီကို မေးနေ သကဲ့သို့ပင် ဖြစ်၏။ “ဧဝရူပါယ ပရိသာယ” အရ “ဤသို့သောပရိသတ်” ဟူရာ၌ “ဤသို့ ဂုဏ်အသရေရှိသော ရဟန်းပရိသတ်”ဟု ဆိုလိုသည်။
ဆိုလိုရင်းကား -
ရဟန်းတော်ပရိသတ် ဆိုသည်မှာ မြင့်မြတ်သော၊ ဂုဏ်အသရေရှိသော ပရိသတ်ဖြစ်၏။ ဂုဏ်အသရေရှိသူကို တိုက်ရိုက်မေးခြင်းသည် ရိုင်းပျ၏။ သို့ဖြစ်၍ ယခုလို ဂုဏ်အသရေရှိ ရဟန်းပရိသတ်၌ တပါးစီ မေးနေဘွယ် မလိုပါ။ ပါတိမောက်ကို ၃ ကြိမ် ရွတ်ဆိုခြင်း (၃ ကြိမ် မေးခြင်း) သည်ပင် တပါးစီ မေးသကဲ့သို့ ဖြစ်သောကြောင့် ရဟန်းတော်များက “ငါ့ကို မေးသည်၊ ငါ့ကို မေးသည်”ဟု သဘောပိုက်ကာ ဂုဏ်အသရေ ရှိသူ ပီအောင် အာပတ်ရှိလျှင် ဖုံးကွယ်မထားဘဲ ထင်ရှား ပြောကြပါဟု ဆိုလိုသည်။
ယာဝတတိယာနုဿာဝနဝါကျ
“ယာဝတတိယံ အနုဿာဝိတံ” ဝယ် “အနုဿာဝိတံ”၌ သဒ္ဒါနက်အားဖြင့် “အနု=အဖန်ဖန် (အထပ်ထပ်)+ သာဝိတံ= ကြားစေအပ်”ဟု အနက်ထွက်၏။ “ကြားစေခြင်း” ဟူသည်မှာ ကြားအောင် ပြောခြင်းတည်း။
ထို ၃ ကြိမ်တိုင်အောင် အထပ်ထပ် ပြောကြောင်း ဝါကျကား “တတ္ထာယသ္မန္တေ ပုစ္ဆာမိ-ကစ္စိတ္ထ ပရိသုဒ္ဓါ, ဒုတိယမ္ပိ ပုစ္ဆာမိ- ကစ္စိတ္ထ ပရိသုဒ္ဓါ ၊ပေ၊ ဧဝ မေတံ ဓာရယာမိ ပေ၊ ဧဝ မေတံ ဓာရယာမိ” ဟု မေးသော ဝါကျတည်း။ ထို့ကြောင့် “အနုဿာဝိတံ- အဘန်ဘန် မေးစိစစ်အပ်သည်” ဟု ရှေးက အဓိပ္ပာယ်နက် ပေးကြသည်။
ကင်္ခါ
တဒေတံ (ထိုပါတိမောက်သည်) ယထာ အနုဿာဝိတံ ယာဝ တတိယံ အနုဿာဝိတံ နာမ ဟောတိ၊ တံ ဒဿေတုံ “တတ္ထာ ယသ္မန္တေ ပုစ္ဆာမီ”တိ အာဒိ ဝုတ္တံ၊ -အဋ္ဌကထာ။
ထင်စွာ မပြုလျှင် အာပတ်သင့်ပုံ
ယောပန ဘိက္ခု ယာဝတတိယံ အနုသာဝိယမာနေ သရမာနော သန္တိံ အာပတ္တိံ နာဝိကရေယျ၊ သမ္ပဇာနမုသာဝါဒဿ ဟောတိ။
ယော ပန ဘိက္ခု - အကြင် ရဟန်းသည်၊
ယာ၀ တတိယံ - ၃ ကြိမ်တိုင်အောင်၊
(ပါတိမောက္ခေ - ပါတိမောက်ကို၊)
အနုဿာဝီယမာနေ - အဖန်ဖန် ကြားစေအပ်သော်၊
သရမာနော - သင့်သောအာပတ်ကို အမှတ်ရပါလျက်၊
သန္တိံ - ထင်ရှားရှိသော၊
အာပတ္တိံ - အာပတ်ကို၊
နာဝီကရေယျ - ထင်စွာမပြုအံ့၊
အဿ - ထိုရဟန်း၏၊
သမ္မဇာန မုသာဝါဒေါ - သမ္မဇာန မုသာဝါဒ ဒုက္ကဋ်အာပတ်သည်၊
ဟောတိ - ဖြစ်၏။
ထင်စွာမပြုလျှင် အာပတ်သင့်ပုံ
“ယော ပန ဘိက္ခု ၊ပေ၊ မုသာဝါဒဿ” ဝါကျကား အာပတ်ရှိလျက် ထင်စွာမပြုလျှင် နောက်ထပ် အာပတ် သင့်ကြောင်းကို ပြသော ဝါကျတည်း။ ဤဝါကျ၏ အဓိပ္ပာယ်မှာ ပါဠိရှိတိုင်း သိသာပြီ။
[မုသာဝါဒဿကို “မုသာဝါဒေါ+အဿ”ဟု ပုဒ်ဖြတ်။]
ဆက်ဦးအံ့ ---
“ယာဝတတိယံ အနုဿာဝီယမာနေ - ၃ ကြိမ်တိုင်အောင် အဘန်ဘန် ကြားစေအပ်သော်၊ အဘန်ဘန် ကြားစေလျှင်၊ အဘန်ဘန် ကြားစေသောအခါ၊ မေးစိစစ်သောအခါ၌”ဟု ဆိုသောကြောင့် “တတ္ထာ ယသ္မန္တေ ပုစ္ဆာမိ-ကစ္စိတ္ထပရိသုဒ္ဓါ” စသည်ဖြင့် မေးသည့်အခါ “ယဿ သိယာ အာပတ္တိ ၊ပေ၊ ပရိသုဒ္ဓါတိ ဝေဒိဿာမိ”ဟု ဆိုခဲ့သည့်အတိုင်း အာပတ်မရှိမှ ဆိတ်ဆိတ် နေရမည်ဖြစ်၏။ ယခုသော်ကား အာပတ်ရှိလျက် ဆိတ်ဆိတ် နေသောကြောင့် ထို အနုဿာဝန ဝါကျအဆုံးတွင် (ဧဝမေတံ ဓာရယာမိ၌ မိ အပြီးတွင်) သမ္ပဇာန မုသာဝါဒ ဒုက္ကဋ်အာပတ် သင့်သည်။
မုသာဝါဒဖြစ်ပုံ
မုသာဝါဒထုံးစံမှာ ကိုယ် နှုတ် တပါးပါးဖြင့် လိမ်မှ ဖြစ်ရိုးတည်း။ “မနောဒွါရေ အာပတ္တိနာမ နတ္တိ” နှင့်အညီ မနောဒွါရ၌ အာပတ် မသင့် ဟုလည်း အမိန့်တော်ရှိ၏။ သို့ပါလျက် ဆိတ်ဆိတ်နေသူမှာ အဘယ်ကြောင့် သမ္ပဇာနမုသာဝါဒ ဒုက္ကဋ်အာပတ် သင့်ရပါသနည်းဟု စောဒနာ။
အဖြေကား -
“ယဿ သိယာ အာပတ္တိ, သော အာဝီကရေယျ” ဖြင့် ပါတိမောက်ပြသော ပုဂ္ဂိုလ်က “အာပတ်ရှိလျှင် ထင်စွာပြုပါ”ဟု တိုက်တွန်း နေသောကြောင့် အာပတ်သင့်နေသူမှန်လျှင် ဧကန် ထုတ်ဖော် ပြောဆိုသင့်၏။ ထုတ်ဖော်မပြောလျှင် “တုဏှိဘာဝေန ၊ပေ၊ ပရိသုဒ္ဓါတိ ဝေဒိဿာမိ” အရ အာပတ်မှ စင်ကြယ်သူဟု အထင် လွဲသွားပေလိမ့်မည်။ ဤသို့လျှင် ဆိတ်ဆိတ် နေခြင်းသည် နှုတ်ဖြင့် ထုတ်ဖော် ပြောဆိုရမည်ကို မပြောဘဲ လိမ်ရာ ရောက်သောကြောင့် “ဝစီဒွါရေ အကြိယသမုဋ္ဌာနာ” ခေါ် သမ္ပဇာနမုသာဝါဒ ဒုက္ကဋ် အာပတ် သင့်ရလေသည်။
[ဝစီဒွါရေ = ဝစီဒွါရ၌ + အကြိယ = ပြုသင့်သော ပြောဆိုမှုကို မပြုခြင်းကြောင့် + သမုဋ္ဌာနာ = ဖြစ်သော အာပတ်၊]
ဤ မုသာဝါဒ ဒုက္ကဋ်အာပတ်သည် မနောဒွါရ၌ သင့်သော အာပတ်မဟုတ်၊ ဝစီဒွါရ၌ ပြုထိုက်သော ပြောဆိုမှုကို မပြုခြင်းကြောင့် သင့်ရကား ဝစီဒွါရ၌ သင့်သော အာပတ် ဖြစ်သည် ဟူလို။
[ဆောင်]
နှုတ်ဖြင့် ပြောမှု ပြုထိုက်ပါလျက် သက်သက် တိတ်ဆိတ် နေသည့် ဟိတ်ကြောင့်, စိတ်၌ မထိ, နှုတ်ပြစ်မိ ဆန်းဘိ မုသားပေ။
မုသာဝါဒဒုက္ကဋ်
မုသာဝါဒ အပြစ်သင့်လျှင် “သမ္ပဇာန မုသာဝါဒေ ပါစိတ္တိယံ”နှင့် အညီ ပါစိတ်အာပတ်သာ သင့်ထိုက်သည် မဟုတ်ပါလော၊ အဘယ့်ကြောင့် ဒုက္ကဋ်အာပတ် သင့်ပါသနည်း ဟု မေး။
အဖြေကား-
ရိုးရိုး မုသာဝါဒ၏ လက္ခဏာမှာ ကိုယ်သော်လည်း လှုပ်၊ နှုတ်သော်လည်း မြွက်ရ၏။ ထိုရိုးရာအတိုင်းဖြစ်လျှင် ပါစိတ်အာပတ်သာ သင့်ထိုက်ပါပေ၏။ ဤ၌ကား ကိုယ်လည်း မလှုပ်၊ နှုတ်လည်း မမြွက်သောကြောင့် မုသာဝါဒလက္ခဏာနှင့် မညီညွတ်၊ နှုတ်ဖြင့် ပြုရမည့်အမှုကို မပြုဘဲ လိမ်ရာရောက်သော မုသာဝါဒ အဆန်းတည်း။
ထို့ကြောင့် ဤ မုသာဝါဒအတွက် ပါစိတ်အာပတ် သင့်ထိုက် လောက်အောင် မလေးနက်၍ “သမ္ပဇာန မုသာဝါဒေ ကိံ ဟောတိ, ဒုက္ကဋံ ဟောတိ”ဟု ဥပေါသထက္ခန္ဓက ပါဠိတော်၌ ဒုက္ကဋ်အာပတ် လောက်သာ ပြစ်ချက် ချတော်မူသည်။
[ဆောင်]
မုသားလက္ခဏာ, ဖြစ်တုံပါမှ မှန်စွာ ပါစိတ်, ဖြစ်ကြောင်း ဟိတ်တည်း၊ တိတ်ဆိတ်သောအား, နေမှုများကား, မုသား အဆန်း, နည်း တလမ်းမို့ သူ့စွမ်းသဘော ဒုက္ကဋ်ဟောသည်, ဥပေါသထက္ခန္ဓကတည်း။
အပြစ်နှင့် အကျိုး
သမ္ပဇာနမုသာဝါဒေါ ခေါ ပနာ’ယသ္မန္တော အန္တရာယိကော ဓမ္မော ဝုတ္တော ဘဂဝတာ၊ တသ္မာ သရမာနေန ဘိက္ခုနာ အာပန္နေန ဝိသုဒ္ဓါပေက္ခန သန္တီ အာပတ္တိ အာဝိကာတဗ္ဗာ၊ အာဝိကတာ ဟိ’ဿ ဖာသု ဟောတိ။
ပန - ဆက်ဦးအံ့၊
အာယသ္မန္တော - အရှင်တို့၊
သမ္ပဇာန မုသာဝါဒေါ - သမ္ပဇာန မုသာဝါဒ ဒုက္ကဋ်အာပတ်ကို၊
အန္တရာယိကော - ဈာန် မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုနိုင်သော၊
ဓမ္မော - အာပတ်ဟူ၍၊
ဘဂဝတာ - မြတ်စွာဘုရားသည်၊
ဝုတ္တော - ဟောတော်မူအပ်ပြီ၊
တသ္မာ - ထို့ကြောင့်၊
သရမာနေန - အာပတ်ကို အမှတ်ရသော၊
အာပန္နေန - အာပတ် သင့်သည် ဖြစ်၍၊
ဝိသုဒ္ဓါပေက္ခေန - စင်ကြယ်ခြင်းကို အလိုရှိသော၊
ဘိက္ခုနာ - သည်၊
သန္တီ - ထင်ရှားရှိသော၊
အာပတ္တိ - အာပတ်ကို၊
အာဝီကာတဗ္ဗာ - ထင်စွာ ပြုထိုက်၏၊
ဟိ - အကျိုးကား၊
အာဝီကတာ - ထင်စွာ ပြုခြင်းကြောင့်၊
အဿ - ထိုရဟန်း၏၊
ဖာသု - ဈာန် စသည်ကို ရဘို့ရာ ချမ်းသာ လွယ်ကူသော အကျင့်သည်၊
ဟောတိ - ဖြစ်၏။
အပြစ်နှင့်အကျိုး
“သမ္ပဇာန ၊ပေ၊ ဖာသု ဟောတိ” ဝါကျတို့ကား ဒုက္ကဋ်အာပတ်၏ အပြစ်နှင့် အာပတ်ကို ထင်စွာပြု ခြင်းကြောင့် အကျိုးရပုံကို ပြသော ဝါကျတို့တည်း။
ထိုတွင် “သမ္ပဇာန မုသာဝါဒေါ ၊ပေ၊ ဝုတ္တော ဘဂဝတာ” ကားအပြစ်ပြ ဝါကျတည်း။
“သမ္ပဇာန မုသာဝါဒ ဒုက္ကဋ်ကိုပင် ဈာန် မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုနိူင်သည်”ဟု ဘုရား ဟောတော်မူပါသည် ဟူလို။
“တသ္မာ ၊ပေ၊ ဖာသု ဟောတိ”ကား အကျိုးပြ ဝါကျတည်း။
ထို ဒုက္ကဋ် အာပတ်က အန္တရာယ်ပြုနိုင်ကြောင်းကို ဟောတော်မူခြင်းကြောင့် အာပတ်ကို အမှတ်လည်း ရ၊ စင်ကြယ်လည်း စင်ကြယ်လိုလှသော သူတော်ကောင်း ရဟန်း မှန်လျှင် သင့်သောအာပတ်ကို ထင်စွာပြုထိုက်၏။ ထိုကဲ့သို့ ထင်စွာပြုလိုက်လျှင် အာပတ်အတွက် တအုံနွေးနွေးဖြင့် မပူဆွေး ရတော့ဘဲ ဈာန် မဂ်ဖိုလ်ရဘို့ရာ ချမ်းသာ လွယ်ကူသော အကျင့်တမျိုး ဖြစ်ပါသည် ဟူလို၊
မှတ်ချက်
“သရမာနေန ဘိက္ခုနာ” ဆိုသောကြောင့် အာပတ်သင့် နေသော်လည်း ထိုအာပတ်ကို အမှတ်မရ (သင့်နေမှန်း မသိ)၍ ဆိတ်ဆိတ် နေသော ရဟန်းမှာ ဒုက္ကဋ်အာပတ် မသင့်ဟု သိသာပြီ။
အကြောင်းအကျိုးဆက်ပုံ
အာပတ်ကို မကုစားလျှင် ဝိပ္ပဋိသာရခေါ် နှလုံးမသာယာမှု ဖြစ်၏။
ဝိပ္ပဋိသာရ ရှိနေလျှင် ပါမောဇ္ဇ (ဝမ်းမြောက်မှု)ခေါ် အနုစား အသေးစားပီတိ မဖြစ်နိုင်။
ပီတိနု မဖြစ်လျှင် တိုးတက်လာသော ပီတိ အရင့်စား မဖြစ်နိုင်။
ပီတိအရင့်စား မဖြစ်လျှင် “ပဿဒ္ဓိ”ခေါ် ကိုယ်စိတ် ၂ပါး မငြိမ်းအေးနိုင်။
ပဿဒ္ဓိမဖြစ်လျှင် “သုခ”ခေါ် ကိုယ်စိတ်ချမ်းသာမှု မဖြစ်နိုင်။
သုခ မဖြစ်လျှင် သမာဓိမရ။
သမာဓိမရလျှင် ယထာဘူတ (လမ်းမှန်ကျအောင်) မသိ။
ယထာဘူတမသိလျှင် မည်မျှပင် အားထုတ်သော်လည်း ဈာန်မဂ်ဖိုလ်ကို မရနိုင်၊
ဤသို့သောအစဉ်ဖြင့် ဒုက္ကဋ်အာပတ်ကလေးသည်ပင် ဈာန်မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုနိုင်သည်။
အာပတ်မသင့်လျှင်ကား ဝိပ္ပဋိသာရ မဖြစ်၍ ပါမောဇ္ဇ စသည် အဆင့်ဆင့်ဖြစ်ကာ ကြိုးစားပါလျှင် ဈာန် မဂ်ဖိုလ်ကို ရဘို့ရာ ချမ်းသာ လွယ်ကူလေသည်။
နိဂုံးနှင့် တတိယာနုဿာဝန
ဥဒ္ဒိဋ္ဌံ ခေါ အာယသ္မန္တော နိဒါနံ။ တတ္ထာယသ္မန္တေ ပုစ္ဆာမိ, ကစ္စိတ္ထ ပရိသုဒ္ဓါ၊ ဒုတိယမ္ပိ ပုစ္ဆာမိ, ကစ္စိတ္ထ ပရိသုဒ္ဓါ၊ တတိယမ္ပိ ပုစ္ဆာမိ, ကစ္စိတ္ထ ပရိသုဒ္ဓါ၊ ပရိသုဒ္ဓေတ္ထာယသ္မန္တော၊ တသ္မာ တုဏှီ၊ ဧဝမေတံ ဓာရယာမီတိ။
အာယသ္မန္တော - အရှင်တို့၊
နိဒါနံ - နိဒါန်းကို။
ဥဒ္ဒိဋ္ဌံ - ရွတ်ဆိုအပ်ပါပြီ၊ ဝါ - ပြအပ်ပါပြီ၊
တတ္ထ - ထို နိဒါန်း၌၊
အာယသ္မန္တေ - အရှင်တို့ကို၊
ပုစ္ဆာမိ - မေးပါ၏၊
ကစ္စိ - အသို့နည်း၊
(တုမှေ - အရှင်တို့သည်၊)
ပရိသုဒ္ဓါ - အာပတ်မှ စင်ကြယ်သူတို့သည်၊
အတ္ထ - ဖြစ်ပါကုန်၏လော၊
ဒုတိယမ္ပိ - နှစ်ကြိမ်မြောက်လည်း၊
ပုစ္ဆာမိ - မေးပါ၏၊
ကစ္စိ တုမှေ ပရိသုဒ္ဓါ အတ္ထ၊
တတိယမ္ပိ - ၃ ကြိမ်မြောက်လည်း၊
ပုစ္ဆာမိ - ၏၊
ကစ္စိတ္ထ ပရိသုဒ္ဓါ၊ (ပါဠိများကို အနက်ဖော်ဆိုပါ။)
အာယသ္မန္တော - အရှင်တို့သည်၊
ဧတ္ထ - ဤ နိဒါန်း၌၊
ပရိသုဒ္ဓါ - အာပတ်မှ စင်ကြယ်ကြကုန်၏၊
တသ္မာ - ထို့ကြောင့်၊
တုဏှီ - ဆိတ်ဆိတ်သည်၊
(အာသိ - ဖြစ်ပြီ၊)
ဧဝံ - ဤ ဆိတ်ဆိတ်နေခြင်းကြောင့်လည်း၊
ဧတံ - ဤ အာပတ်မှ စင်ကြယ်ကြကြောင်းကို၊
ဓာရယာမိ - သိမှတ်ရပါ၏၊
ဣတိ - နိဒါန်းအပြီးတည်း၊
နိဒါနံ - နိဒါန်းသည်၊
နိဋ္ဌိတံ - ပြီးပြီ။
နိဂုံးနှင့် အနုဿာဝန
“ဥဒ္ဒိဋ္ဌံခေါ ၊ပေ၊ ဓာရယာမိ” ဝါကျများကား နိဂုံးနှင့် ယာဝတတိယာနုဿာဝနကို ပြသော ဝါကျတို့တည်း။
ထိုတွင် “ဥဒ္ဒိဋ္ဌံ ခေါ အာယသ္မန္တော နိဒါနံ” သည် နိဒါန်းပြီးကြောင်းကိုပြသော အဆုံးသတ် အနားသတ် နိဂုံး ဝါကျတည်း။
“တတ္ထာယသ္မန္တေ ပုစ္ဆာမိ ၊ပေ၊ ပရိသုဒ္ဓါ” တို့ကား ၃ ကြိမ်တိုင်အောင် ကြားသိစေသော (မေးစိစစ်သော) ယာဝ တတိယာနုဿာဝန ဝါကျတည်း။
ထိုဝါကျတို့၏ ဆိုလိုရင်း အဓိပ္ပာယ်မှာ ပါဠိ အတိုင်းပင် သိသာပြီ။
မှတ်ချက်
“တတ္ထ - ထို နိဒါန်း၌၊
ပရိသုဒ္ဓါ - အာပတ်မှ စင်ကြယ်ကုန်သည်၊
အတ္ထ - ဖြစ်ပါကုန်၏လော”
ဟု မေးရာ၌ နိဒါန်းစကားစုတွင် မည်သည့်အာပတ်ဟု ပညတ်လျက် မပါသော်လည်း “ယဿ သိယာ အာပတ္တိ” တုန်းက အာပတ် ၇ ဖုံလုံး ပါဝင်နေသောကြောင့် “ထို ၇ ဖုံလုံးမှ စင်ကြယ်ကြပါရဲ့လား” ဟု မေးသည်ဟု ပြောဆိုကြသည်။
ပါတိမောက်ပြသူ၏ ယူဆပုံ
ထိုကဲ့သို့ ၃ ကြိမ် မေးသည့်အခါ တိတ်တိတ် နေကြလျှင် ပါတိမောက်ပြ ရဟန်း၏ ယူဆပုံကိုလည်း ဆက်လက် ပြပြန်လို၍ “ပရိသုဒ္ဓေတ္ထာယသ္မန္တော, တသ္မာ တုဏှီ, ဧဝမေတံ ဓာရယာမိ”ဟု မိန့်တော်မူသည်။ ဓာရယာမီတိဟု မိနောက်၌ (မီတိ=မိ+ဣတိ ဟု) ဣတိ ပါသည်ကား နိဒါန်းအခန်းကို ရုပ်သိမ်းသော “ပရိသမာပန”ခေါ် စကားသိမ်း နိပါတ်ပုဒ်တည်း။
[“နိဒါနံ နိဋ္ဌိတံ” နေရာဝယ် တချို့ စာအုပ်များ၌ “နိဒါနုဒ္ဒေသော ပထမော”ဟု ရှိ၏။
ထိုသို့ ရှိသင့်- မရှိသင့် စိစစ်ချက်ကို ပါတိမောက် အဆုံး၌ တွေ့ရပါလိမ့်မည်။]
နိဒါနေ ဉတ္တိထပနံ၊ ပုဗ္ဗကိစ္စဿ ပုစ္ဆနံ။
နိဒါနုဒ္ဒေသသဝနေ၊ ဝိသုဒ္ဓါရောစနေ ဝိဓိ။
အနာရောစနေ အာပတ္တိ၊ ဉေယျံ ပိဏ္ဍတ္ထပဉ္စကံ။
၁။ “ပိဏ္ဍတ္ထ=ပိဏ္ဍ+အတ္ထ”ဟူသည် စကားတရပ်အတွက် ပေါင်း၍ ယူလိုက်လျှင် ရအပ်သော အနက်တည်း။ စကားကြော ရှည်နေသော်လည်း လိုရင်းမှာ “မည်သည့်အဓိပ္ပာယ်ကို ပြလိုရင်းဖြစ်သည်” ဟု ကောက်ချက်ချ ရသော အနက် ဟူလို။ ... “နိဒါနေ - နိဒါန်း၌၊ ဉတ္တိထပနံ - ဉတ်ထားခြင်း” ဟူသည် “သုဏာတု မေ ဘန္တေ သံဃော ၊ပေ၊ ပါတိမောက္ခံ ဥဒ္ဒိသေယျ” ဟူသော ဉတ်ပါဠိတည်း။
၂။ “ပုဗ္ဗကိစ္စဿ - ပုဗ္ဗကိစ္စကို + ပုစ္ဆနံ - မေးခြင်း” ဟူသည် “ကိံ သံဃဿ ပုဗ္ဗကိစ္စံ” တည်း။
[ရှေးနိဿယ၌ “ပါရိသုဒ္ဓိံ ၊ပေ၊ ဥဒ္ဒိသိဿာမိ” ကိုလည်း ပုဗ္ဗကိစ္စ ပုစ္ဆနတွင် သွင်းထား၏။ ပုဗ္ဗကိစ္စကို မေးသော စကား ဟုတ်-မဟုတ်ကို အဓိပ္ပာယ်ပြန်ကြည့်ပါ။]
၃။ “နိဒါနုဒ္ဒေသသဝနေ - နိဒါန်း ရွတ်ပြရာဝယ် ကြားနာခြင်း၌၊ ဝိဓိ - စီမံ တိုက်တွန်းခြင်း” ဟူရာ၌ နိဒါနကို မှတ်၍ ပြောသည်။ ပါတိမောက်အားလုံးကိုပင် ကြားနာခြင်း၌ တိုက်တွန်းခြင်းဖြစ်သည်။ ထိုတိုက်တွန်းသော စကား ကား “တံ သဗ္ဗေဝ သန္တာ ၊ပေ၊ မနသိကရောမ” တည်း။
၄။ “ဝိသုဒ္ဓါရောစနေ - အာပတ်မှ စင်ကြယ်ကြောင်းကို ပြောပြခြင်း၌၊ ဝိဓိ - တိုက်တွန်းခြင်း” ဟူသည် “ပါရိသုဒ္ဓိံ အာယသ္မန္တော အာရောစေထ, ပါတိမောက္ခံ ဥဒ္ဒိသိဿာမိ” ဝါကျနှင့် “ယဿ သိယာ အာပတ္တိ ၊ပေ၊ အနုဿာဝိတံ ဟောတိ” ဝါကျလာ အနက်များတည်း။
[ရှေးနိဿယ၌ “ပါရိသုဒ္ဓိံ ၊ပေ၊ ဥဒ္ဒိသိဿာမိ”ကို ဝိသုဒ္ဓါရောစနေဝိဓိ၌ သွင်း၍မယူ။ ဖြစ်သင့်ရာ အဓိပ္ပာယ်ကို ဆင်ခြင်ကြပါကုန်။]
၅။ “အနာရောစနေ - အာပတ်ရှိလျက် မပြောခြင်းကြောင့်၊ အာပတ္တိ - အာပတ် သင့်ပုံ” ဤ အနာရောစနေ အာပတ္တိဖြင့် အာရောစနေ အနာပတ္တိ (ပြောလျှင် အာပတ်မသင့်ပုံ) ကို၎င်း၊ အာပတ် သင့်-မသင့်အလိုက် အကျိုးရပုံကို၎င်း “တနွယ်ငင် တစင်ပါ” မကင်းရာ မကင်းကြောင်းဖြစ်၍ သွင်းယူနိုင်သည်။ ထို့ကြောင့် အနာရောစနေ အာပတ္တိ အရ “ယောပန ဘိက္ခု”မှ စ၍ “ဖာသု ဟောတိ” တိုင်အောင်သော ပြအပ်သော အနက်ကို ယူပါ။
(ဣတိ - ဤသို့၊)
ပိဏ္ဍတ္ထပဉ္စကံ - လိုရင်းချုံး၍ ပေါင်းရုံးအပ်သော အနက် ၅ ပါးကို၊
ဉေယျံ - သိထိုက်၏။
[“ဥဒ္ဒိဋ္ဌံ ခေါ” စသည်ကိုကား နိဒါန်း အဆုံး နိဂုံးဖြစ်၍ နိဒါန်းအတွင်း၌ ရထိုက်သော ပဉ္စကတ္ထတွင် မသွင်းဘဲ ထားသည်။]
လေ့ကျင့်ခန်း မေးခွန်းများ
က။ ဉတ်ပါဠိမြန်မာပြန်ကိုပြ၍ စာတုဒ္ဒသီဉတ်ထားပုံ၊ သာမဂ္ဂီဉတ်ထားပုံ ကိုလည်း ပြပါ။
ခ။ “ပါတိမောက္ခံ ဥဒ္ဒိသေယျ”နှင့် စပ်၍ ပါတိမောက် ၂ မျိုးကို ခွဲပြပြီးလျှင် ဤနေရာ၌ မည်သည့် ပါတိမောက်ကို ယူရမည်ဟုလည်း ပြပါ။
ဂ။ “ကိံ သံဃဿ ပုဗ္ဗကိစ္စံ” ဟူသော အမေးအရ ယခုကာလ၌ ဘယ်အရာများ ဖြစ်ပေါ်လာသနည်း။
ဃ။ “ပါရိသုဒ္ဓိံ အာယသ္မန္တော အာရောစေထ”ဖြင့် ဘာကိုဆိုလိုပါသနည်း။ ဤစကား၏ အဓိပ္ပာယ်ကို နောက်၌ ဘယ်စကားဖြင့် ပြသနည်း။
င။ “ပါတိမောက္ခံ ဥဒ္ဒိသိဿာမိ” ကား “ပါတိမောက် ပြတော့မည်” ဟု ပဋိညာဉ်ပြလိုရင်း ဟုတ်ပါ၏လော၊ ဘာကို ပြလိုရင်းပါနည်း။
စ။ “ပါရိသုဒ္ဓိံ အာယသ္မန္တော အာရောစေထ၊ ပါတိမောက္ခံ ဥဒ္ဒိသိဿာမိ” ၂ ဝါကျကို အကြောင်းအကျိုး ဆက်စပ်၍ မြန်မာပြန်ပါ။
ဆ။ “တံ သဗ္ဗေဝ သန္တာ” ၌ “အလုံးစုံ”ဟူသည် ဘယ်လိုပုဂ္ဂိုလ် အားလုံးပါနည်း။
ဇ။ ထေရ၊ နဝ၊ မဇ္ဈိမနှင့် မဟာထေရတို့ကို ရဟန်းဝါဖြင့် ပိုင်းခြားပြပါ။
ဈ။ “သာဓုကံ သုဏောမ” ဟု ဆိုရာ၌ သာဓုကံ၏ အဓိပ္ပာယ်နှင့်တကွ သုဏောမနှင့် မနသိကရောမကို ထူးခြားအောင် အဓိပ္ပာယ်ပြပါ။
ဉ။ အာပတ်သင့်ခြင်း၏ အကြောင်း ၆ ပါးနှင့် အာပတ် ၇ ဖုံကို သရုပ် ရေတွက်ပြပါ။
ဋ။ ပါတိမောက်ပြသော ရဟန်းက ၃ ကြိမ်တိုင်အောင် မေးစိစစ်သောအခါ အာပတ်ရှိသူမှာ ဘယ်လိုလုပ်၍ မရှိသူမှာ ဘယ်လိုနေရမည်နည်း။
ဌ။ ဒုက္ကဋ်အာပတ်က ဈာန်မဂ်ဖိုလ်၏ အန္တရာယ်ပြုနိုင်ပုံကို ဆက်သွယ်ပြ၍ အာပတ်မရှိက ဈာန် မဂ်ဖိုလ် တိုင်အောင် ချမ်းသာပုံကို ပြပါ။
နိဒါနအခန်း ပြီးပြီ။
ပထမ ပါရာဇိကအခန်း
ပါရာဇိက အချီ
တတြိမေ စတ္တာရော ပါရာဇိကာ ဓမ္မာ ဥဒ္ဒေသံ အာဂစ္ဆန္တိ။
တတြ - ထိုပါတိမောက်၌၊
စတ္တာရော - ၄ ပါးကုန်သော၊
ပါရာဇိကာ - ပါရာဇိက မည်ကုန်သော၊
ဣမေ ဓမ္မာ - ဤ အာပတ်တို့သည်၊
ဥဒ္ဒေသံ - သရုပ်အားဖြင့် ရွတ်ပြအပ်ကုန်သည်၏ အဖြစ်သို့၊
အာဂစ္ဆန္တိ - ရောက်ကုန်၏။
ပါရာဇိက အချီ
“တတြိမေ ၊ပေ၊ အာဂစ္ဆန္တိ” ဝါကျကား ပါရာဇိက သိက္ခာပုဒ်များ၏ အချီ (အခြေခံနိဒါန်း) ဝါကျတည်း။ [တတိမေ=တတြ+ ဣမေ] “ဥဒ္ဒေသံ အာဂစ္ဆန္တိ” ၌ “သရုပ်အားဖြင့်ရွတ်ပြခြင်း”ဟူသည် သင်္ဂြိုဟ် သရုပ်ခွဲရာ၌ ဤသဘောကား လောဘ၊ ဤသဘောကား ဒေါသ စသည်ဖြင့် သရုပ် သကောင်ကို ပြရသကဲ့သို့ ထို့အတူ “မည်သည့်အမှုကိုပြုလျှင် မည်သည့် အာပတ် သင့်၏”ဟု အာပတ်သင့်ခြင်း၏ အကြောင်းဝတ္ထုနှင့်တကွ အာပတ်ကို သရုပ်သကောင် ပေါ်လာအောင် ပြခြင်း၊ ရွတ်ဆိုခြင်းတည်း။
နိဒါနအခန်း၌ “ယဿ သိယာ အာပတ္တိ”ဟု အာပတ်ကို သရုပ်ထုတ်၍ မပြခဲ့ဘဲ အာပတ် အားလုံးကို သာမညအားဖြင့် ပြခဲ့သည်။ ဤ၌ကား “ပါရာဇိကော ဟောတိ” စသည်ဖြင့် အာပတ်များကို သရုပ် သကောင်ပေါ်အောင် ပြမည်ဟု ဆိုလိုသည်။
မှတ်ချက်
ဥဒ္ဒေသ၌ ဥပုဗ္ဗ ဒိသဓာတ် ပစ္စည်းဖြစ်၍ “ဒိသ=ဥစ္စာရဏေ”နှင့် အညီ “ရွတ်ဆိုအပ်” ဟု၎င်း၊ ရွတ်ဆိုခြင်း ဟူသည် ထင်ရှားအောင် ပြောပြခြင်း ဖြစ်သောကြောင့် “ပြအပ်”ဟု၎င်း အနက်ထွက်၏။
“အဖြစ်” ဟူသော ဘာဝပစ္စည်းအနက် မပါသော်လည်း ဘာဝပ္ပဓာန (ဘာဝပစ္စည်း အနက်ကို လိုရင်း ကောက်ယူရသော) နည်းဟု မှတ်၍ “ရွတ်ပြအပ်ကုန်သည်၏ အဖြစ်သို့” ဟု အနက်ပေးရသည်။ “ရွတ်ပြခံရခြင်းသို့”ဟူလို။
ပထမ ပါရာဇိက
(မေထုနဓမ္မ သိက္ခာပဒ)
၁။ ယော ပန ဘိက္ခု ဘိက္ခူနံ သိက္ခာသာဇီဝသမာပန္နော သိက္ခံ အပ္ပစ္စက္ခာယ ဒုဗ္ဗလျံ အနာဝိကတွာ မေထုနံ ဓမ္မံ ပဋိသေဝေယျ၊ အန္တမသော တိရစ္ဆာနဂတာယပိ ပါရာဇိကော ဟောတိ အသံဝါသော။
ယော ပန ဘိက္ခု - အကြင်ရဟန်းသည်၊
ဘိက္ခူနံ - ရဟန်းတို့၏၊
သိက္ခာသာဇီဝ သမာပန္နော - ပါတိမောက္ခသံဝရသီလ ဟူသော အဓိသီလသိက္ခာ, သိက္ခာပုဒ် ပါဠိတော် ဟူသော သာဇီဝသို့ ကောင်းစွာရောက်သူ (ဖြစ်ပါလျက်)၊
သိက္ခံ - အဓိသီလသိက္ခာကို၊
အပစ္စက္ခာယ - မပယ်စွန့်မူ၍၊ ဝါ - မချမူ၍၊
ဒုဗ္ဗလျံ - အားမရှိသူ၏အဖြစ်ကို၊
အနာဝိကတွာ - ထင်စွာမပြုမူ၍၊
မေထုနံ ဓမ္မံ - မေထုန်အကျင့်ကို၊
ပဋိသေဝေယျ - မှီဝဲအံ့၊
အန္တမသော - အောက်ထစ်ဆုံးအားဖြင့်၊
တိရစ္ဆာနဂတာယပိ - တိရစ္ဆာန်မ၌သော်လည်း၊
(မေထုနံ ဓမ္မံ - မေထုန်အကျင့်ကို၊
ပဋိသေဝေယျ - မှီဝဲအံ့၊
သောဘိက္ခု - ထိုရဟန်းသည်၊)
ပါရာဇိကော - သာသနာတော်မှ ဆုံးရှုံးစေအပ်သူသည်၊
ဝါ - ပါရာဇိက ကျသူသည်၊
အသံဝါသော - ဧကကမ္မ, ဧကုဒ္ဒေသ, သမသိက္ခာ ဟူသော သံဝါသ မရှိသူသည်၊
ဝါ - ရဟန်းကောင်းတို့နှင့် ပေါင်းသင်းခွင့် မရှိသူသည်၊
ဟောတိ - ဖြစ်၏။
ပထမ ပါရာဇိက
“ယောပန ဘိက္ခု ၊ပေ၊ အသံဝါသော”ကား ပထမ ပါရာဇိက သိက္ခာပုဒ် ပါဠိတော်တည်း။ ထို ပါဠိတော်၏ မြန်မာပြန်ကား -
အကြင်ရဟန်းသည် ရဟန်းတို့၏ သိက္ခာနှင့် သာဇီဝ သို့ရောက်သူ ဖြစ်ပါလျက် သိက္ခာမချဘဲ သိက္ခာပုဒ်၌ ဖြည့်ကျင့်လိုသောစိတ်အား မရှိကြောင်းကိုလည်း ထင်ရှားမပြဘဲ မေထုန်မှီဝဲအံ့၊ အောက်ဆုံး တိရစ္ဆာန်မ၌ပင် မှီဝဲစေဦးတော့၊ ထိုရဟန်းမှာ ပါရာဇိကကျ၍ ရဟန်းကောင်းများနှင့် ပေါင်းသင်းခွင့် မရှိ။
ဘိက္ခူနံ သိက္ခာသာဇီဝ သမာပန္နော
“သီလသိက္ခာ”ဟု တွဲဘက်၍ ခေါ်ဝေါ်ရိုး ရှိသည့်အတိုင်း ဤနေရာ၌ ပါတိမောက္ခသံဝရ ဟူသော အဓိသီလ ကို “သိက္ခာ”ဟု ခေါ်၍ ထိုသီလစုကိုပြသော သိက္ခာပုဒ် ပါဠိတော်များကို “သာဇီဝ” ဟု ခေါ်သည်။ ထိုသိက္ခာနှင့် သာဇီဝသည် ဘိက္ခုနီတို့၏ သိက္ခာ သာဇီဝ မဟုတ်၊ လူတို့၏ သိက္ခာသာဇီဝလည်း မဟုတ်၊ ဘိက္ခုတို့နှင့် ဆိုင်သော သိက္ခာသာဇီဝဖြစ်သည် ဟု သိစေတော်မူလိုသောကြောင့် “ဘိက္ခူနံ” ဟု ထည့်တော်မူရပြန်သည်။ “ဘိက္ခုတို့၏ သိက္ခာသာဇီဝ”ဟူလို။
ချဲ့ဦးအံ့ -
သီလဆိုသည်မှာ မိမိတို့သန္တာန်၌ ဖြစ်စေရသော စေတနာနှင့် ဝိရတိစေတသိက်များတည်း။ ထိုသီလသည် သီလ၊ အဓိသီလ ဟု ၂ မျိုးရှိ၏။ ထိုတွင် သာသနာပ ကာလ၌လည်း ရနိုင်သော ၅ ပါး၊ ၈ ပါး၊ ၁၀ ပါးသီလ တို့သည် သီလသာမည်၏။ ဘုရားရှင်ပွင့်မှ ဟောတော်မူသဖြင့် စောင့်သုံးရသော သီလသည် အဓိသီလ မည်၏။ ဤ အဓိသီလသိက္ခာသည် ဘိက္ခုတို့ မကျင့်ဘဲ နေလို့မဖြစ်၊ ဧကန်ကျင့်ရသော ဘိက္ခုတို့၏ သိက္ခာများ ဖြစ်သည်။
[အဓိကံ - ၅ ပါး၊ ၈ ပါး၊ ၁၀ ပါးသီလတို့ထက် သာလွန်သော + သီလံ - သီလသည် + အဓိသီလံ - အဓိသီလ မည်၏။]
ထို အဓိသီလဟူသည် (ဝိနည်းပါဠိတော်ဝယ် ထိုထို သိက္ခာပုဒ်ဖြင့် ပြအပ်သော) ပါတိမောက္ခသံဝရ သီလ များသာတည်း။
သာရတ္ထ
ပါတိမောက္ခသံဝရသီလန္တိ - စာရိတ္တဝါရိတ္တဝသေန ဒုဝိဓံ ဝိနယပိဋကပရိယာပန္နံ သိက္ခာပဒသီလံ၊ ... (ပထမပါရာဇိက အဋ္ဌကထာ အဖွင့်)။
ဝါရိတ္တ-စာရိတ္တ သီလ
မပြုမလုပ်ရဟု တားမြစ်ထားသဖြင့် ထို အမှုမှ ရှောင်ကြဉ်ခြင်းသည် ဝါရိတ္တသီလမည်၏။ ဤ ပထမ ပါရာဇိကစသော သိက္ခာပုဒ် သီလတည်း။ (အဘိဓမ္မာ တရားကိုယ်အားဖြင့်) ဝိရတိနှင့် စေတနာ တို့တည်း။ “ပြုကျင့်ရမည်”ဟု ပညတ်တော်မူသဖြင့် ပြုကျင့်ခြင်းသည် စာရိတ္တသီလ မည်၏။ မဟာဝဂ္ဂခန္ဓက စသည်၌ လာသော ကျင့်ဝတ်သီလမျိုးတည်း။ ထိုသီလမျိုးကို ပြုကျင့်ခြင်းသည် (ရှောင်ကြဉ်မှု မပါသောကြောင့် ဝိရတိသီလ မဖြစ်၊) စေတနာ သီလသာ ဖြစ်သည်။
သိက္ခာနှင့် သာဇီဝသို့ ရောက်ပုံ
“သမာပန္န” အရ “ရောက်ခြင်း” ဟူသည် “ဖြည့်ကျင့်ခြင်း၊ မကျူးလွန်ခြင်း”တည်း။ “ဖြည့်ကျင့်” ဟူသည်ကား သိက္ခာပုဒ်ဟု ခေါ်အပ်သော ထို အဓိသီလကို မိမိသန္တာန်၌ ဖြစ်စေခြင်းတည်း။ “မကျူးလွန်”ဟူသည်မှာ “သာဇီဝ”ဟု ခေါ်အပ်သော ထို သိက္ခာပုဒ် ဥပဒေတော်ကို မကျူးကျော်ခြင်းတည်း။
ထို အဓိသီလသိက္ခာများကို ဖြည့်ကျင့်သော ပုဂ္ဂိုလ်သည် သိက္ခာသမာပန္န (သိက္ခာသို့ ကောင်းစွာ ရောက်သူ) မည်၏။ သိက္ခာပုဒ် ဥပဒေတော်ကို မကျူးလွန်သူသည် သာဇီဝ သမာပန္န (သာဇီဝသို့ ကောင်းစွာ ရောက်သူ) မည်၏။
[ဆောင်]
၁။ သိက္ခာ သီလ, မည်ရတုံဘိ, ဝိရတိ စေတနံ, ထို ၂ တန်ကို လျော်ကန်ဖြည့်က, မှတ်ကုန်ကြ သိက္ခာ့ သမာပန်။
၂။ သိက္ခာပုဒ်, ပညတ်စုကို မကျူးလွန်က, မှတ်ကုန်ကြ သာဇီဝ သမာပန်။
ဖြည့်ကျင့်မှုနှင့် မကျူးလွန်မှု ထူးပုံ
အမှတ်တမဲ့ စဉ်းစားလျှင် သီလ သိက္ခာကို ဖြည့်ကျင့်မှုနှင့် သိက္ခာပုဒ် ဥပဒေ မကျူးလွန်မှုမှာ အတူတူပင် ဟု ထင်မှတ်ဘွယ် ရှိ၏။ သို့ရာတွင် မတူချေ။
ထင်ရှားစေအံ့ -
သီလသိက္ခာဟူသည် စေတနာနှင့် ဝိရတိစေတသိက်များဖြစ်ကြောင်းကို နားလည်ကြပြီ။ ထိုစေတနာနှင့် ဝိရတိတို့သည် အခါခပ်သိမ်း ဖြစ်နိူင်ကြသည်မဟုတ်။ မေထုန် ကျူးလွန်ခွင့် ကြုံပါလျက် မကျူးလွန်မိအောင် ရှောင်ကြဉ်သည့်အခါမှသာ ဖြစ်နိူင်ကြသည်။ သိက္ခာပုဒ် ဥပဒေကို မကျူးလွန်မှုကား မကျူးလွန်ဘဲနေသမျှ (အိပ်ပျော်နေစဉ် ကာလ၌ပင်) အမြဲ တည်ရှိပေသည်။
ထို့ကြောင့် မေထုန်မှုမှ ရှောင်ကြဉ်ခိုက်၌ သိက္ခာကို ဖြည့်ကျင့်မှု၊ သိက္ခာပုဒ်ဥပဒေကို မကျူးလွန်မှု ၂ မျိုးလုံး ရ၍ ထိုသို့ ဖြည့်ကျင့်မှု မပါသော မကျူးလွန်ဘဲ နေရာကာလ၌ သိက္ခာပုဒ် ဥပဒေတော်ကို မကျူးလွန်မှု တမျိုးသာ ရသည်။ ဤသို့ ထူးခြားပုံကို မှတ်ပါ။
အခြားသော သိက္ခာသီလနှင့် သိက္ခာပုဒ်များ၌လည်း ဤနည်းကို မှီ၍ ခွဲပါ။ (ကင်္ခါ ဋီကာသစ်ကို ကြည့်ပါ။)
သိက္ခံအပစ္စက္ခာယ
ပစ္စက္ခာယ၌ ပတိ အာပုဗ္ဗ+ဓါဓာတ်၊ တွာ ပစ္စည်းတည်း။ အက္ခာယတိ စသည်၌ အာပုဗ္ဗ - ဓါဓာတ်သည် ပြောဆိုခြင်းအနက်ကို ဟောသော်လည်း ဤနေရာ၌ ပတိဥပသာရလည်း ရှေးရှိသောကြောင့် ပဋိက္ခေပ (ပယ်ခြင်း) အနက်ကို ဟော၏။ ထို့ကြောင့် “အပ္ပဋိက္ခိပိတွာ - မပယ်စွန့်မူ၍” ဟု ဖွင့်သည်။ မပယ်စွန့်မှုကိုပင် ယခုကာလ၌ “မချခြင်း”ဟု ဆိုကြသည်။
ဆက်ဦးအံ့ -
ဥပုသ်စောင့်သူသည် မိမိ ရည်မှန်းအပ်သော အချိန် စေ့က တမင်္ဂလာ ဥပုသ်ချဘွယ်မလို၊ အလိုလို ၈ ပါးသီလ ကင်း၍ ၅ ပါးသီလသာ ကျန်ရစ်၏။ လူထွက်လိုသော သာမဏေသည် သာမဏေ၏ သိက္ခာကို တမင်္ဂလာ ချဘွယ် မလို၊ လူဝတ်လဲလိုက်လျှင်ပင် သာမဏေသိက္ခာ ကျသွားတော့၏။ ဤ ရဟန်းတို့ သိက္ခာကား ထိုကဲ့သို့ အလိုလိုမကျဘဲ တမင်္ဂလာ ချမှ ကျသည်။
သိက္ခာချနည်း
“ဗုဒ္ဓံ ပစ္စက္ခာမိ - ဘုရားကို စွန့်ပါ၏” ထို့အတူ “ဓမ္မံ သံဃံ-သိက္ခံ (အဓိသီလ သိက္ခာကို) - ဝိနယံ” စသည် ထည့်၍ ပစ္စက္ခာမိနှင့် တွဲ၍ ဆိုပါ။ ထို့အပြင် “ဂိဟီတိ မံ ဓာရေဟိ =ငါ့ကို လူဟု မှတ်ပါ” ဟု၎င်း၊ ထို့အတူ “သာမဏေရောတိ-တိတ္ထိယ သာဝကောတိ” စသည်ဖြင့် လဲလှယ်၍ “မံ ဓာရေဟိ”နှင့် တွဲ၍ ဆိုပါ။ ထို့ပြင် “အလံ မေ ဗုဒ္ဓေန - ငါ့မှာ ဘုရားဖြင့် အကျိုးမရှိ” ထို့အတူ “အလံမေ”ကို စ၍ “ဓမ္မေန” စသည်တို့နှင့် တွဲဆိုပါ။
အင်္ဂါစုံမှ သိက္ခာကျ
ဆိုခဲ့သော စကားတို့ဖြင့် သိက္ခာချရာ၌ “စိတ်၊ ခေတ်၊ ကာလ၊ ပယောဂ၊ ပုဂ္ဂလ၊ ဝိဇာနန” ဤ အင်္ဂါ ၆ ပါး စုံမှ သိက္ခာကျသည်။ ထိုတွင်——
- စိတ်။ ။ တကယ့်ကို လူထွက်လိုသော စိတ်ပါမှ သိက္ခာကျသည်။ စိတ်မပါဘဲ ပြောင်သလို လှောင်သလို ချလျှင် မကျ။
- ခေတ်။ ။ သိက္ခာချနည်းကို ပြသော “ဗုဒ္ဓံ ပစ္စက္ခာမိ၊ ဂိဟီတိ မံ ဓာရေဟိ” စသော ဝါကျများကို “သိက္ခာချခေတ်” ဟု ဆိုသည်။ ထိုခေတ်တွင် ပါဝင်သော ဝါကျများကို မိမိနားလည်သော ဘာသာဖြင့် သုံးစွဲ၍ ချမှ သိက္ခာကျသည်။ (ထိုဝါကျများကို အဋ္ဌကထာမှာ ရှု။)
- ကာလ။ ။ “ပစ္စက္ခာမိ-စွန့်ပါ၏၊ ဓာရေဟိ-မှတ်ပါလော”ဟု ပစ္စုပ္ပန်ကာလ ဖြင့် ဖြစ်စေ၊ “အလံ-အကျိုးမရှိ” စသော အနာမဋ္ဌကာလဖြင့် ဖြစ်စေ ဆိုမှ သိက္ခာကျသည်။
“ပစ္စက္ခာသိံ - စွန့်ခဲ့ပြီ၊ ပစ္စက္ခိဿံ - စွန့်တော့အံ့” ဟု အတိတ်ကာလ၊ အနာဂတ်ကာလ စသည်ဖြင့် ချလျှင်၎င်း၊ “ယံနူနာဟံ သိက္ခံ ပစ္စက္ခေယျ = ငါ သိက္ခာချရလျှင် ကောင်းမှာဘဲ” ဟု ပရိကပ္ပ စကားဖြင့် ချလျှင်၎င်း မကျ။
- ပယောဂ။ ။ [နှုတ်မြွက်ခြင်းဟူသော ဝစီပယောဂ၊] နှုတ်မြွက်၍ “ဗုဒ္ဓံ ပစ္စက္ခာမိ” စသည်ဖြင့် ဆိုမှ သိက္ခာ ကျသည်။ စာရေး၍ဖြစ်စေ၊ ကိုယ် လက်ပြ၍ ဖြစ်စေ ချလျှင် မကျ။
- ပုဂ္ဂလ။ ။ [သိက္ခာချသော ပုဂ္ဂိုလ် = သိက္ခာချသည်ကို နားထောင်သော ပုဂ္ဂိုလ်။] ထို ၂ မျိုးလုံးပင် သွေးပျက်သော အရူးလည်း မဟုတ်ရ၊ ဘီလူး ဖမ်းစား၍ စိတ်လွင့်နေသူလည်း မဟုတ်ရ၊ ရောဂါဒဏ်ကို ပြင်းစွာ ခံနေရသူလည်း မဟုတ်ရ၊ ပကတိ လူသားရိုးရိုးဖြစ်မှ သိက္ခာကျသည်။
- ဝိဇာနန။ ။ [သိခြင်း – နားလည်းခြင်း။] “ဗုဒ္ဓံ ပစ္စက္ခာမိ” စသည်ဖြင့် ခေတ်တွင်းပါသော စကားကို ဆိုပြီးသည်နှင့် တပြိုင်နက် “ဤသူဟာ လူထွက်လိုပေါ့”ဟု နားထောင်သူက သိမှ နားလည်မှ သိက္ခာ ကျသည်။ နားမလည်လျှင် မကျ။
ဤသို့ အင်္ဂါ ၆ ပါး ပြည့်စုံစွာ မချခြင်းကို၎င်း၊ လုံးလုံး သိက္ခာမချခြင်းကို၎င်း “သိက္ခံ အပစ္စက္ခာယ” ဟု ဆိုသည်။
[ဆောင်]
စိတ်-ခေတ်-ကာလ, ပယောဂနှင့်, ပုဂ္ဂလ-ဝိဇာ, ဤ ၆ ဖြာ သိက္ခာကျကြောင်းတည်း။
ဒုဗ္ဗလျံ အနာဝိကတွာ
[ဒုဗ္ဗလဿ - အားမရှိသူ၏၊
ဘာဝေါ - အဖြစ်သည်၊
ဒုဗ္ဗလျံ - မည်၏၊ ဘာဝအနက်၌ ဏျပစ္စည်း။]
“အားမရှိသူ၏ အဖြစ်” ဟူရာ၌ “သိက္ခာပုဒ်များကို မကျူးလွန်ဘဲ စောင့်စည်းနေဘို့ရာ စိတ်အား မထက်သန်ခြင်း” ဟု ဆိုလိုသည်။ ထိုကဲ့သို့ စိတ်အား မထက်သန်ကြောင်းကို (စိတ်ထဲ၌ မထားဘဲ) သူတပါးအား အထင်အရှား ပြောမှုကို “ဒုဗ္ဗလျာဝိကမ္မ -စိတ်အားမထက်သန်ကြောင်းကို ထင်စွာပြုခြင်း” ဟု ဆိုသည်။
ဒုဗ္ဗလျာဝိကမ္မ ၂ မျိုး
သိက္ခာမကျသော ဒုဗ္ဗလျာဝိကမ္မ၊ သိက္ခာ ကျသော ဒုဗ္ဗလျာဝိကမ္မ ဟု ၂ မျိုးရှိ၏။
ထိုတွင် ရဟန်းတပါးသည် သာသနာ့ဘောင်၌ မပျော်ပိုက်နိုင်တော့ပြီဖြစ်၍ သီတင်းသုံးဘော် စသူအား “ယန္နူနာဟံ ဗုဒ္ဓံ ပစ္စက္ခေယျံ - ဘုရားကိုစွန့်ရလျှင် ကောင်းမှာဘဲ” ဟု ပြော၏။ ဤအပြောကို စဉ်းစားလျှင် “ဘုရားစွန့်ပါ၏” ဟု တိုက်ရိုက်မပြောဘဲ “ဘုရားကို စွန့်ရလျှင် ကောင်းမှာဘဲ” ဟု ညည်းတွားသော အပြောမျိုးသာ ဖြစ်ကြောင်း သိသာ၏။ ထို့ကြောင့် ဤအပြောမျိုးဖြင့် သိက္ခာမကျသေး၊ ဒုဗ္ဗလျာဝိကမ္မကား ဖြစ်နေပြီ။
ယခုကာလ
“ကိုရင်ကြီး လုပ်နေရလျှင် ကောင်းမှာဘဲ၊ ရသေ့လုပ် နေရလျှင် ကောင်းမှာဘဲ၊ လူထွက်ရလျှင် ကောင်းမှာဘဲ၊ လူထွက်တော့မယ်” စသည်ဖြင့် ပြောဆိုကြ၏။ ထို အပြောမျိုးလည်း သာသနာ၌ မပျော်ပိုက်၍ အမှန် ပြောခြင်းဖြစ်လျှင် သိက္ခာမကျသော ဒုဗ္ဗလျာဝိကမ္မ ပင်တည်း။
သိက္ခာကျ
သိက္ခာချနည်း၌ ပြခဲ့သော “ဗုဒ္ဓံ ပစ္စက္ခာမိ” စသော အပြောမျိုးကား သိက္ခာလည်း ကျ၊ (သာသနာ့ဘောင်မှာ စိတ်အား မထက်သန်ကြောင်းကို ပြသော) ဒုဗ္ဗလျာဝိကမ္မလည်း ဖြစ်၏။ ထို ၂ မျိုးသော ဒုဗ္ဗလျာဝိကမ္မတို့တွင် “ဒုဗ္ဗလျံ အနာဝိကတွာ” ၌ သိက္ခာကျသော ဒုဗ္ဗလျာဝိကမ္မကိုသာ ယူရသည်။ “သိက္ခာကျသော ဒုဗ္ဗလျာ ဝိကမ္မနှင့် သိက္ခာချမှုမှာ သဘောတူပင်” ဟု ဆိုလိုသည်။
မေထုနံ ဓမ္မံ ပတိသေဝေယျ
[မိထုနာနံ - အချင်းချင်းတို့၏ + အယံ - ဥစ္စာတည်း ကိစ္စတည်း။ မေထုနော - အချင်းချင်းတို့ဟာ။]
မိထုနသဒ္ဒါသည် “အချင်းချင်း” ဟု အနက်ထွက်၏။ “အချင်းချင်း” ဟူသည် “ရာဂ ထကြွသူချင်း” တည်း။ ထိုကိစ္စကို ပြုရာ၌ (များသောအားဖြင့်) မိန်းမ ယောက်ျား ၂ ဦးလုံးပင် ရာဂ ထကြွချင်း တူကြ၏။ ထိုကဲ့သို့ အတူတူနှင့် အနူနူ ဖြစ်ကြသူ ၂ ဦးတို့၏ ကိစ္စကို “မေထုန=မေထုန်” ဟု ခေါ်သည်။
မဂ် ၃ မျိုး
ပါဠိလို “မဂ္ဂ”၊ မြန်မာလို”မဂ်”။ တမျိုးဆက်လျှင် “လမ်းပေါက်” ဟု အနက်ရ၏။ ထိုမဂ်သည် “မုခမဂ္ဂ – ခံတွင်းလမ်းပေါက်၊ ပဿာဝမဂ္ဂ - ကျင်ငယ်လမ်းပေါက်၊ ဝစ္စမဂ္ဂ - ကျင်ကြီးလမ်းပေါက်” ဟု ၃ မျိုးရှိ၏။
မေထုန်မှီဝဲဘို့ရာ အထီး သတ္တဝါနှင့် နပုံးပဏ္ဍုက်များ၌ မုခနှင့် ဝစ္စ မဂ် ၂ မျိုးပါ၍ အမသတ္တဝါများ၌ မဂ် ၃ မျိုး ပါသည်။ သိက္ခာမချဘဲ ထိုမဂ် တခုခု၌ မိမိ အင်္ဂါဇာတ်ကို နှမ်းတစေ့ခန့်မျှ အတွင်းရောက်အောင် သွင်းလျှင် ပါရာဇိက ကျ၏။
အန္တမသော
မေထုန်နှင့်ဆိုင်ရာ အမသတ္တဝါတို့သည် (အထက်တန်းမှ စ၍) “ပရနိမ္မိတ စသော နတ်မ၊ လူမ၊ တိရစ္ဆာန်မ” ဟု အမ အမျိုးမျိုး ရှိ၏။ ထိုတွင် တိရစ္ဆာန်မသည် အောက်ထစ်ဆုံး၊ အောက်တန်း အကျဆုံးတည်း ဟု သိစေလို၍ “အန္တမသော” ဟု မိန့်တော်မူသည်။
တိရစ္ဆာန ဂတာယပိ
ဤ၌ ပိသဒ္ဒါကား “ဂရဟာ - ရှုတ်ချဘွယ်” အနက်ကို ပြ၏။ “အောက်ထစ်ဆုံး တိရစ္ဆာန်မ၌သော်မှ မေထုန်မှီဝဲလျှင် ပါရာဇိက ကျသေးသည်” ဟူလို။ ထို ပိဖြင့် “သမ္ဘာဝနာ - မြှောက်ပင့်ဘွယ်” အနက် ကိုလည်း ဆည်း၏။ “တိရစ္ဆာန်မထက် အထက်တန်းကျသော လူမ စသည်ကို မှီဝဲလျှင်ကား အဘယ်မှာ ပါရာဇိက မကျဘဲ နေတော့အံ့နည်း” ဟူလို။
တိရစ္ဆာန် အပိုင်းအခြား
ခြေထောက်မပါသော သတ္တဝါတို့တွင် အဟီ (မြွေမ)၊ မစ္ဆာ (ငါးမ)၊ ခြေနှစ်ချောင်းပါသူတို့တွင် ကုက္ကုဋီ (ကြက်မ) ခြေ ၄ ချောင်း ပါသူတို့တွင် မဇ္ဇာရီ (ကြောင်မ)၊ ဤတိရစ္ဆာန်မတို့သည် နှမ်း တစေ့ခန့် ဝင်လောက်အောင် မဂ်ပါကြသဖြင့် ပါရာဇိကဖြစ်ဘို့ရာ အငယ်ဆုံး တိရစ္ဆာန် အပိုင်းအခြားများတည်း။ ထို မြွေ စသည်မှ အထက် ကြီးမားသော တိရစ္ဆာန်မများကို ဤ “တိရစ္ဆာနဂတာ” အရ ယူရမည်ဟု ဆိုလိုသည်။
[ဆောင်]
အပဒါနံ အဟီ မစ္ဆာ၊ ဒွိပဒါနဉ္စ ကုက္ကုဋီ။
စတုပ္ပဒါနံ မဇ္ဇာရီ၊ ဝတ္ထု ပါရာဇိကဿိမာ။
ပါရာဇိကော
ပရာဇီယတေ - ဆုံးရှုံးစေအပ်၏၊
ဣတိ - ထို့ကြောင့်၊
ပါရာဇိကော - ပါရာဇိက မည်၏။
“ဆုံးရှုံးစေအပ်”ဟူသည်လည်း ဆုံးရှုံးခြင်းသို့ ရောက်ခြင်းဖြစ်ရကား “ပရာဇယံ- ဆုံးရှုံးခြင်းသို့ + အာပန္နော- ရောက်ပြီ” အဓိပ္ပာယ်နက် ဖွင့်ကြသည်။ ယခုလောက၌ ပြင်၍မရအောင် မှားယွင်းမိလျှင် “လူဖြစ်ရှုံးပေါ့”ဟု ပြောကြသကဲ့သို့ ထို့အတူ သိက္ခာမချဘဲ ပါရာဇိကကို ကျူးလွန်သူလည်း တဖန် ပြန်၍ ရဟန်းပြုခွင့်မရ၊ ရဟန်းအဖြစ် ဆုံးရှုံးတော့၏။
သိက္ခာပုဒ်နှင့် အာပတ်
သိက္ခာပုဒ်နှင့် အာပတ်ကို ပါရာဇိက ဟု ခေါ်ရာ၌ကား “ပရာဇယတိ - သာသနာတော်မှ ဆုံးရှုံးစေတတ်၏”ဟု ဝိဂြိုဟ် ပြု၍ သိက္ခာပုဒ်ကို “ပါရာဇိကံ”ဟု နပုလ္လိန်ဖြင့်၎င်း၊ အာပတ်ကို “ပါရာဇိကာ” ဟု ဣတ္ထိလိန်ဖြင့်၎င်း ပြီးပါစေ။ ပုဂ္ဂိုလ်ကိုဟောသော ပါရာဇိက သဒ္ဒါသည် ဟေတုကမ္မသာဓနကိတ်ပုဒ်တည်း။ ပရာပုဗ္ဗ ဇိဓာတ်၊ ဏေပစ္စည်း၊ တပစ္စည်း၊ ကာရိတ် ဏေပစ္စည်း ကြေသည်။ ပုဒ်ရင်းမှာ “ပရာဇိတော” တည်း။ ပ၌ အာဝုဒ္ဓိ-တကို ကပြု၍ ပါရာဇိကဟု ပြီး၏။ သိက္ခာပုဒ်ကို ဟောရာ၌ ဟေတု ကတ္တု သာဓန ကိတ်ပုဒ်တည်း။ ဓာတ်ပစ္စည်းနှင့် ပုဒ်ပြီးပုံမှာ မထူးပြီ။
အသံဝါသော
[သံ=အတူတကွ + ဝါသ=နေထိုင်ရာ + အ=မရှိ။]
ရဟန်းကောင်းဟူသမျှတို့ အတူတကွ ပေါင်းသင်းနေထိုင်ရာ ဌာန ၃ ချက်ရှိ၏။
၁။ ဧက ကမ္မ (အတူပြုရသော ကံကြီးကံငယ်)၊
၂။ ဧကုဒ္ဒေသ (အတူပြုရသော ပါတိမောက္ခုဒ္ဒေသ)၊
၃။ သမသိက္ခာ(အားလုံး အညီအမျှ ကျင့်ရသော သီလသိက္ခာ)တည်း။
လူဖြစ်ရှုံးသူ တယောက်ကို သွားဘော်လာဘက် မပြုကြတော့ သကဲ့သို့ ထို့အတူ သာသနာမှ ဆုံးရှုံးပြီးသူ ကိုလည်း ထို ၃ ဌာန၌ ရဟန်းကောင်းတို့က အပေါင်းအသင်း မလုပ်ကြတော့။
ပထမ ပါရာဇိက အင်္ဂါ
၁။ မှီဝဲလိုသောစိတ် ရှိခြင်း၊
၂။ သူတပါး၏ မဂ်တွင်း၌ မိမိအင်္ဂါဇာတ်ကို သွင်းခြင်း၊
ဤအင်္ဂါ ၂ ပါးစုံလျှင် ပထမ ပါရာဇိက အာပတ်သင့်၏။
[အကြောင်းဝတ္ထု၊ မူလပညတ်၊ အနုပညတ်၊ သစိတ္တက၊ အစိတ္တက စသည်ကို ကင်္ခါ စသည် ကြည့်ရုံမျှဖြင့် သိနိုင်ပြီ။]
[ဆောင်]
မှီဝဲလိုဘိ, စိတ်ကူးရှိလျက်
သူ၏မဂ်တွင်း ကိုယ့်မဂ်သွင်းဟု,
ကြောင်းရင်း ၂ လီ, အင်္ဂါညီ, ကျပြီ ပါရာဇိက်။
---
လေ့ကျင့်ခန်း မေးခွန်းများ
က။ “တတြိမေ စတ္တာရော ၊ပေ၊ ဥဒ္ဒေသံ အာဂစ္ဆန္တိ” သည် ဘာကိုပြသော ဝါကျနည်း။
ထိုဝါကျ၌ “ဥဒ္ဒေသံ”အရ သရုပ်အားဖြင့် ပြပုံကို ထင်ရှားအောင် ပြပါ။
ခ။ ပထမ ပါရာဇိက သိက္ခာပုဒ်ကို မြန်မာပြန်ပါ။
ဂ။ “ဘိက္ခူနံ သိက္ခာသာဇီဝ သမာပန္နော”အရ ဘိက္ခုတို့၏ သိက္ခာနှင့် သာဇီဝများကို ဖော်ပြပါ။
[“သိက္ခာနှင့် သာဇီဝတို့၏ အထူးပြပါ” ဟု မေးလျှင် အဖြေတူပင်။]
ဃ။ စာရိတ္တ၊ ဝါရိတ္တသီလများကို ခွဲပြ၍ ထိုသီလတို့၏ တရားကိုယ်ကို ကောက်ပြပါ။
င။ “သမာပန္နော”အရ အဘယ်ကို “ရောက်ခြင်း”ဟု ဆိုသနည်း။
သိက္ခာသို့ ရောက်ပုံ၊ သာဇီဝသို့ ရောက်ပုံကို ပြပါ။
စ။ သိက္ခာသမာပန္နနှင့် သာဇီဝသမာပန္န ၂ မျိုးဖြစ်နိူင်ရာအခါ၊ တမျိုးတည်း ဖြစ်နိူင်ရာအခါကို ခွဲပြပါ။
[သိက္ခာသမာပန္နနှင့် သာဇီဝသမာပန္န အထူးပြပါဟု မေးလျှင်လည်း အဖြေတူပင်။]
ဆ။ သိက္ခာချပုံကို “ပစ္စက္ခာမိ-ဓာရေဟိ”နှင့် တွဲစပ်၍ ၃ မျိုးစီ၊ အလံနှင့် တွဲစပ်၍ ၃ မျိုးစီကို ပြပါ။
ဇ။ သိက္ခာကျခြင်း၏ အင်္ဂါများကိုလည်း ပြပါ။
ဈ။ အဘယ်သို့ဖြစ်မှုကို “ဒုဗ္ဗလျ” ခေါ်သည် ဟု ပြ၍ သိက္ခာ မကျသော ဒုဗ္ဗလျာဝိကမ္မကိုလည်း ၂ မျိုးလောက် ပြပါ။
ဉ။ ဘာကို “မေထုန်”ဟု ခေါ်၍ ဘာကို “မှီဝဲခြင်း”ဟု ခေါ်သနည်း။
ဋ ။ “တိရစ္ဆာနဂတာယ”အရ မည်ကဲ့သို့ တိရစ္ဆာန်မမျိုးကို ယူရမည်နည်း။
ပိသဒ္ဒါ၏ ဂရဟာအနက်နှင့် သမ္ဘာဝနာ အနက်ကိုလည်း ပြပါ။
ဌ။ ပါရာဇိကော၏ သဒ္ဒါနက်ကိုပြ၍ အသံဝါသ၌ သံဝါသ ၃ မျိုးကို ပြပါ။
ဍ။ အဘယ့်ကြောင့် သိက္ခာပုဒ်နှင့် အာပတ်ကို “ပါရာဇိက”ဟု ခေါ်သနည်း။ ဝိဂြိုဟ် လုပ်ပြပါ။
ဎ။ ပထမ ပါရာဇိက အာပတ်သင့်ခြင်း၏ အင်္ဂါကို ပြပါ။
---
ဒုတိယ ပါရာဇိက (အဒိန္နာဒါန သိက္ခာပဒ)
၂။ ယော ပန ဘိက္ခု ဂါမာ ဝါ အရညာ ဝါ အဒိန္နံ ထေယျသင်္ခါတံ အာဒိယေယျ၊ ယထာရူပေ အဒိန္နာဒါနေ ရာဇာနော စောရံ ဂဟေတွာ ဟနေယျုံ ဝါ ဗန္ဓေယျုံ ဝါ ပဗ္ဗာဇေယျုံ ဝါ “စောရောသိ ဗာလောသိ မူဠှောသိ ထေနောသီ”တိ၊ တထာရူပံ ဘိက္ခု အဒိန္နံ အာဒိယမာနော အယမ္ပိ ပါရာဇိကော ဟောတိ အသံဝါသော။
ယောပန ဘိက္ခု - အကြင်ရဟန်းသည်၊
ဂါမာ ဝါ - ရွာမှသော်၎င်း၊
အရညာ ဝါ – တောမှသော်၎င်း၊
အဒိန္နံ - မပေးအပ်သော လူ့ဥစ္စာကို၊
ထေယျသင်္ခါတံ - ခိုးသူ၏ ဖြစ်ကြောင်း စိတ်အစုဖြင့်၊
အာဒိယေယျ - ယူအံ့၊
ယထာရူပေ - အကြင် အနည်းဆုံးတမတ်, တမတ်တန်လောက် သဘောရှိသော၊
အဒိန္နာဒါနေ - မပေးအပ်သော ဥစ္စာကို ယူခြင်းကြောင့်၊
ရာဇာနော - မင်းတို့သည်၊
စောရံ - ခိုးသူကို၊
ဂဟေတွာ - ဖမ်းယူ၍၊
ဟနေယျုံ ဝါ - နှိပ်စက်မူလည်း နှိပ်စက်ကုန်ရာ၏၊
ဗန္ဓေယျုံ ဝါ - ချုပ်နှောင်မူလည်း ချုပ်နှောင်ကုန်ရာ၏၊
ပဗ္ဗာဇေယျုံ ဝါ - နှင်ထုတ်မူလည်း နှင်ထုတ်ကုန်ရာ၏၊
စောရော - ခိုးသူသည်၊
အသိ - ဖြစ်၏၊
ဗာလော - လူမိုက်သည်၊
အသိ - ဖြစ်၏၊
မူဠှော - လူဖျင်းသည်၊
အသိ - ဖြစ်၏၊
ထေနော - သူဝှက်သည်၊
အသိ - ဖြစ်၏၊
ဣတိ - ဤသို့ ပြောဆို၍၊
(ပရိဘာသေယျုံ ဝါ - ကြိမ်းမောင်းမူလည်း ကြိမ်းမောင်းကုန်ရာ၏၊)
တထာရူပံ - ထို အနည်းဆုံး တမတ်, တမတ်တန်လောက် သဘောရှိသော၊
အဒိန္နံ - မပေးအပ်သော လူ့ဥစ္စာကို၊
အာဒိယမာနော - ယူသော၊
အယံပိ ဘိက္ခု - ဤရဟန်းသည်လည်း၊
ပါရာဇိကော - သည်၊
အသံဝါသော - သည်၊
ဟောတိ - ၏။
ဒုတိယ ပါရာဇိက (လိုက်သောပုဒ်များ)
“ယောပနဘိက္ခု ဂါမာဝါ” စသည်ကား ဒုတိယ ပါရာဇိက သိက္ခာပုဒ်တည်း။ ဤသိက္ခာပုဒ်၌ “ဘိက္ခူနံ သိက္ခာသာဇီဝ သမာပန္နော သိက္ခံ အပစ္စက္ခာယ ဒုဗ္ဗလျံ အနာဝိကတွာ” ဟူသော ပုဒ်များ မပါ။ သို့သော် ထိုပုဒ်များကို ဤ သိက္ခာပုဒ်မှ စ၍ နောက်နောက် သိက္ခာပုဒ်များသို့ လိုက်စေနိုင်သည်ဟု မှတ်ပါ။ ထိုသို့ လိုက်စေရာဝယ် ကင်္ခါဋီကာဟောင်း၌ ရတနဝဂ်အဆုံး သုဂတစီဝရ သိက္ခာပုဒ်တိုင်ရုံသာ လိုက်ပုံကို ပြသော်လည်း သေခိယတိုင်အောင် လိုက်ခွင့်ရှိသည်သာ။ မှန်၏။ ပါဋိဒေသနီယ - သေခိယ သိက္ခာပုဒ်ဆိုင်ရာ အပြစ်များကိုလည်း သိက္ခာမချဘဲ ပြုမှ အာပတ်သင့်သည်။
လိုက်ပုံ
“ယောပနဘိက္ခု ဘိက္ခူနံ သိက္ခာသာဇီဝ သမာပန္နော သိက္ခံ အပစ္စက္ခာယ ဒုဗ္ဗလျံ အနာဝိကတွာ ဂါမာဝါ အရညာဝါ” စသည်ဖြင့် ဆိုရုံ သာတည်း။ တချို့ သိက္ခာပုဒ်များ၌ကား စပ်ပုဒ်ကြည့်၍ ပြင်သင့်သလို ပြင်ရမည်။ ထိုပြင်ပုံကိုလည်း ပါဠိ အဝါးဝသည့်အခါ အလိုလို နားလည်ပါလိမ့်မည်။
သိက္ခာပုဒ် ဘာသာပြန်
အကြင်ရဟန်းသည် ရွာမှဖြစ်စေ၊ တောမှ ဖြစ်စေ၊ ဥစ္စာရှင်တို့က မပေးအပ်သော လူ့ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် (လိမ်လို ညာလိုသောစိတ်ဖြင့်) ယူအံ့၊ အနည်းဆုံးအားဖြင့် တမတ်, တမတ်တန်လောက် ဥစ္စာကို ယူလျှင် အစိုးရမင်းတို့က ခိုးသူကိုဖမ်း၍ နှိပ်စက် ညှဉ်းဆဲမှု၊ ချုပ်နှောင်မှု၊ နှင်ထုတ်မှု တခုခုကို ပြုတတ်ကုန်၏။ ထိုတမတ်တန်မှ အထက် လူ့ဥစ္စာခိုးသော ဤရဟန်းလည်း ပါရာဇိကကျ၍ သံဝါသ မရှိတော့ချေ။
ဂါမာဝါ အရညာဝါ
ဂါမ အရ ရွာနှင့် ရွာ၏ဥပစာ ၂ မျိုးလုံးကို ယူ။ ထိုတွင် လယ်လုပ်တဲ စသည်ဖြစ်၍ တအိမ်တည်းပင် ရှိသော်လည်း ထိုအိမ်၌ ၄ လကျော်ကျော် အိမ်သူ အိမ်သားတို့ နေထိုင်ကြလျှင် “တအိမ်ရွာ”ပင် ဖြစ်၏။ ကိစ္စ တစုံတရာကြောင့် ထိုရွာမှ အခြားအရပ်သို့ ပြောင်းရွှေ့သွားသော်လည်း ပြန်နေဦးမည်ဟု ကြံစည်ချက် ရှိသေးလျှင် ရွာပင်တည်း။
အပိုင်းအခြား
ထိုရွာ၌ စည်းရိုး စသော အကာရှိလျှင် အကာ တိုင်အောင် “ရွာ” ဟု ခေါ်၏။ ထို ရွာစည်းရိုး၏ အလယ် တည့်တည့်လောက်မှ ခဲတလုံးကို အားကုန်လွှဲ၍ ပစ်လိုက်သောအခါ ပထမခဲ ကျရာအရပ်သည် “ရွာ၏ ဥပစာ” မည်၏။ အကာအရံ မရှိသောရွာ၌ကား အစွန်ဆုံးအိမ်၏ ဥပစာမှနေ၍ ပစ်အပ်သော ပထမ ခဲတကျ အရပ်သည် ရွာမည်၏။ ထိုခဲတကျမှ ဆက်၍ ဒုတိယ ပစ်အပ်သော ခဲတကျသည် ရွာ၏ ဥပစာမည်၏။ ထိုရွာ့ဥပစာ အပြင်ဘက်ကို “အရည=တော” ဟု ခေါ်သည်။
[တံစက်မြိတ်မှ ရေကျရာ အရပ်၏ အတွင်း အရပ်သည် “အိမ်” မည်၏။ ထိုအိမ်၏ ဝင်းအကာကို၎င်း၊ အကာမရှိလျှင် အိမ်တံခါးမှနေ၍ အိမ်ရှင်မ သွန်လိုက်-ပစ်လိုက်သော ရေ၊ ဗန်း၊ စကောတို့ ကျရာအရပ်ကို၎င်း “အိမ်၏ ဥပစာ” ဟု ခေါ်သည်။]
ဆက်ဦးအံ့ ---
ဂါမဖြင့် ရွာကိုသာ မယူဘဲ ရွာဥပစာကိုပါ ယူရခြင်းသည် ခိုးယူရာအရပ် မကျန်စေလိုခြင်းကြောင့် ဖြစ်၏။ ထို့ကြောင့် ဂါမဖြင့် ရွာကိုသာမက နိဂမ၊ နဂရတို့ကိုလည်း ယူရသည်။
မှန်၏။ ဝိနည်းအရာ၌ နိဂုံးမြို့များကို (များသောအားဖြင့်) သီးခြားပြလေ့ မရှိ။ “ဝိကာလေ ဂါမံ ပဝိသေယျ, အန္တမသော ဂါမန္တရံပိ, ဂါမသီမာ” စသည်ဖြင့် ဂါမကိုသာ ပြလေ့ရှိ၏။ ထိုပြတိုင်းပင် နိဂမ၊ နဂရတို့ကိုလည်း ယူရသည်။
[မြို့ရိုးမရှိ ဈေးသာရှိလျှင် နိဂမ၊ မြို့ရိုး ဈေး ၂ မျိုးလုံးရှိလျှင် နဂရ၊ ၂မျိုးလုံး မရှိလျှင် ဂါမဟု ခွဲကြ၏။]
အဒိန္နံ
လူဇာတ်ရှိသော ပစ္စည်းရှင်တို့က ကိုယ်ထိလက်ရောက် ဖြစ်စေ၊ “ယူပါ” စသည်ဖြင့် နှုတ်မြွက်၍ ဖြစ်စေ မပေးအပ်သောပစ္စည်းကို “အဒိန္န” ဟု (ဤသိက္ခာပုဒ်၌) ခေါ်ရသည်။ ထို့ကြောင့် “အဒိန္နံ - ကိုယ် နှုတ် ၂ ပါး တပါးပါးဖြင့် မပေးအပ်သော လူ့ဥစ္စာကို” ဟု အနက်ကျယ် ပေးပါ။
ထေယျသင်္ခါတံ အာဒိယေယျ
ထေနဿ - ခိုးတတ်သူ၏၊
ဘာဝေါ - ဖြစ်ကြောင်းစိတ်သည်၊
ထေယျံ - ထေယျမည်၏၊
“ခိုးတတ်သူ၏ ဖြစ်ကြောင်းစိတ်” ဟူသည်လည်း “ခိုးယူလိုသောစိတ်” ပင်တည်း။ သင်္ခါတ သဒ္ဒါကား “ကောဋ္ဌာသ = အစု” ဟူသော အနက်ကို ဟော၏။ အစုဟူသည် စိတ်တခုတည်းမက အထပ်ထပ်ဖြစ်သော စိတ်အစဉ်တည်း။
[သင်္ခါတံ၌ နိဂ္ဂဟိတ်မှာ ကရိုဏ်းအနက်၌ သက်သော ပထမာဝိဘတ်၏ ကာရိယတည်း။]
ဆက်ဦးအံ့ (ထေယျသင်္ခါတ)
ယူရာ၌ “ဝိဿာသဂ္ဂါဟ = အကျွမ်းဝင်၍ ယူလိုသော စိတ်မျိုးတစု၊
တာဝကာလိကဂ္ဂါဟ = ခေတ္တခဏ ငှားရမ်းယူလိုက်သော စိတ်မျိုး တစု၊
ထေယျ = ခိုးလိုသော စိတ်မျိုးတစု”
စသည်ဖြင့် စိတ်အစု စိတ်အစဉ် အမျိုးမျိုးရှိရာ ဝိဿာသဂ္ဂါဟ၊ တာဝကာလိက ယူနည်းများကို တားမြစ်လို၍ “ထေယျသင်္ခါတံ”ဟု ဆိုသည်။
အချုပ်မှာ -
စိတ်ရိုး စိတ်ကောင်းဖြင့် ယူခြင်း မဟုတ်ဘဲ ခိုး၍၊ တိုက်ခိုက်လုယက်၍၊ ညာဖြန်းလှည့်ပတ်၍၊ တရားတွေ့၍ ယူလိုသောစိတ် (ရထား၊ သင်္ဘောစသည်၌ ကျနှုန်းအတိုင်း မပေးရအောင် တိမ်းရှောင် ဖုံးဝှက်လိုသော စိတ်) ဟူသမျှကို “ထေယျသင်္ခါတ”ဟု မှတ်ပါ။
[ဆောင်] တာဝကာလိ, ဝိဿာသိက ယူခြင်းမျှကို တားမြစ်လို မိန့်ဆို ထေယျသင်္ခါတ။
ယထာရူပေ အဒိန္နာဒါနေ
ယထာရူပေကို အာဒိန္နတွင် စပ်။ “အကြင်သို့ သဘောရှိသော ဥစ္စာ၊ အကြင်မျှလောက်သော ဥစ္စာ” ဟူလို။ “မင်းတို့က ဖမ်း၍ ညှဉ်းဆဲမှု စသည်ကို ပြုလောက်သောဥစ္စာ” ဟူသည် အနည်းဆုံးအားဖြင့် ငွေ တမတ်, အထည်ဝတ္ထု တမတ်တန်မှစ၍ အထက်ဥစ္စာများတည်း။
တမတ်
တမတ်ဆိုသော်လည်း ယခုအခါ သုံးစွဲရိုးဖြစ်နေသော ၄ ပဲ မဟုတ်။ ရှေးက ငွေတကျပ်သည် ပဲ ၂ဝ ရှိ၏။ တကျပ်၏ လေးပုံတပုံသည် တမတ်တည်း။ ထို့ကြောင့် ဘုရားလက်ထက်တော်က တမတ်ဆိုလျှင် ၅ ပဲ ရှိသည် ဟု မှတ်ပါ။ ထိုတမတ်ခေါ် ၅ ပဲလည်း ယခုခေတ် ၅ ပဲနှင့် မညီမျှသေး။ ၅ “နီလကဟာပဏ”ခေါ် ငွေတကျပ်လုပ်ပုံကို ကြည့်ရဦးမည်။
နီလကဟာပဏ လုပ်ပုံ
ရွှေသား ၅ ပဲ၊ ငွေသား ၅ ပဲ၊ ကြေးနီ ၁၀ ပဲ၊ ဤပဲ ၂၀ ကိုပေါင်း၍ “နီလကဟာပဏ”ခေါ် ငွေတကျပ် ပြုလုပ်ကြ သတဲ့။ ထို့ကြောင့် ထိုငွေတကျပ်သည် ယခုတကျပ်ထက် တန်ဘိုး သာနေရကား ထို ၅ ပဲလည်း ယခု ၅ ပဲထက် တန်ဘိုးသာပြန်သည်။ ထို့ကြောင့် “နီလကဟာပဏ” ငွေတကျပ်၏ တမတ်ငွေဟု သတိပြုကာ ယခုခေတ်ငွေနှင့် မည်မျှ တန်ဘွယ်ရှိသည်ကို ခန့်မှန်းကြပါကုန်။
[နီလ = အညစ်အကြေး ကင်းသော၊ စင်ကြယ်သော + ကဟာပဏ = အသပြာ၊ ဝါ - ငွေစင်တကျပ်။]
တန်ဘိုးအလိုက် အာပတ်ကွဲပုံ
တမတ်, တမတ်တန်မှ စ၍ အထက် ယူလျှင် ပါရာဇိကအာပတ်၊
တပဲအထက် တမတ်အောက်ယူလျှင် ထုလ္လစ္စဉ်း၊
တပဲအောက်ယူလျှင် ဒုက္ကဋ်ဟု ခွဲခြား မှတ်သားပါဦး။
ရာဇာနော ၊ပေ၊ ပဗ္ဗာဇေယျုံဝါ
ဟနေယျုံ ဝါ ၌ ရိုက်နှက်ခြင်း၊ လက် ခြေ စသည် ဖြတ်ခြင်း စသော ညှဉ်းဆဲနှိပ်စက်မှုများ ပါဝင်၏။
ဗန္ဓေယျုံ အရ “နှောင်ဖွဲ့ခြင်း” ဟူသည် လက်ထိပ်ခတ်ခြင်း၊ အချုပ်ခန်း၌ ချုပ်ထားခြင်း များတည်း။
ပဗ္ဗာဇေယျုံ အရ “နှင်ထုတ်ခြင်း” ဟူသည် ထိုသူခိုး၏ နေရင်း အရပ်ဖြစ်သော ရွာ-နိဂုံး-မြို့မှ နှင်ထုတ်ခြင်း၊ ပြည်နှင်ဒဏ် ပေးခြင်းတည်း။
ရာဇာနော -
တမတ်, တမတ်တန်ပစ္စည်းကို ခိုးရုံမျှဖြင့် ညှဉ်းပန်းမှု စသည် ပြုဘို့ရန် ဥပဒေ ပြုလုပ်ထားသော မင်းဟူသည် ဗိမ္ဗိသာရမင်းတည်း။ အခြားမင်းများ၌ ထိုဥပဒေ ရှိ-မရှိမှာ လိုရင်းမဟုတ်။
ထင်ရှားစေအံ့ -
ဤ ဒုတိယ ပါရာဇိက ပညတ်ဘို့ရန် ခိုးမှုဖြစ်ပေါ်ရာ ဌာနသည် ဗိမ္ဗိသာရမင်း၏ တိုင်းပြည် ဖြစ်သော ရာဇဂြိုဟ်ပြည်တည်း။ ထို့ကြောင့် ရာဇဂြိုဟ်ပြည်၏ ဥပဒေ အရ “ဟနေယျုံ ဝါ” စသည်ကို မိန့်တော်မူရသည်။
စောရောသိ ၊ပေ၊ ထေနောသိ
ဤစကားကား ရေရွတ် ကြိမ်းမောင်း ငေါက်ငန်းသော စကားတည်း။ ယခုကာလ၌ ခိုးသူ၏ မျက်နှာကို သေသေချာချာကြည့်၍ “နင်ဟာ သူခိုးဘဲ၊ လူမိုက်ဘဲ၊ လူဖျင်းဘဲ၊ သူဝှက်ဘဲ” စသော အပြောမျိုး တည်း။ ထို့ကြောင့် “ပရိဘာသေယျုံ”ဟု အပိုထည့်၍ အနက်ပေးရသည်။ [စောရောသိ = စောရော + အသိ။]
အယမ္ပိ ပါရာဇိကော
အယမ္ပိ၌ အပိသဒ္ဒါသည် ဝုတ္တသမုစ္စည်းအနက် ရှိ၏။ “ပထမ ပါရာဇိက၌ ပြခဲ့သော ရဟန်းသာ ပါရာဇိက ကျသည်မဟုတ်သေး၊ ဤရဟန်းလည်း ပါရာဇိကကျသည်”ဟူလို။ ဤ ဝုတ္တသမုစ္စည်း အနက်မျိုးကိုပင် သဒ္ဒါကျမ်းတို့၌ “အပေက္ခာအနက်” ဟု သုံးစွဲ၏။ ရှေ့ သိက္ခာပုဒ်၌ ပြခဲ့သော ရဟန်းကိုငဲ့၍ (ထောက်၍) “အယမ္ပိ-ဤရဟန်းသည်လည်း”ဟု အပိသဒ္ဒါဖြင့် ဆိုသည် ဟူလို။
[နာမ် ရူပသိဒ္ဓိ အပိသဒ္ဒါ၏ အဖွင့်ကို ကြည့်။]
ဒုတိယ ပါရာဇိက အင်္ဂါ
၁။ လူဇာတ်ရှိသူ၏ ဥစ္စာဖြစ်ခြင်း၊
၂။ သူ့ ဥစ္စာမှန်း သိခြင်း၊
၃။ ဂရု ပရိက္ခရာဖြစ်ခြင်း၊
၄။ ခိုးယူလိုသောစိတ် ရှိခြင်း၊
၅။ ခိုးယူခြင်း။
ဤအင်္ဂါ ၅ ပါးနှင့် ညီလျှင် အဒိန္နာဒါန ပါရာဇိက သင့်၏။
မှတ်ချက်
လူဇာတ်ရှိသူ၏ ဥစ္စာကို ခိုးယူမှ ပါရာဇိက ကျသောကြောင့် နတ် စသူတို့၏ ဥစ္စာကို ခိုးသော်လည်း ပါရာဇိက မကျဟုမှတ်ပါ။ သို့သော် ငါးပါးသီလ ထုံးစံအတိုင်း အဒိန္နာဒါန သိက္ခာပုဒ်အပြင်ကား မကင်းချေ။ သူ့ ဥစ္စာဖြစ်သော်လည်း ကိုယ့်ဟာထင်၍ ယူမိလျှင် အပြစ်မရှိ။ သို့သော် သူ့ဥစ္စာမှန်း သိလျှင် ပြန်ပေးရမည်။ ဂရုပရိက္ခရာ ဟူရာ၌ တမတ်တန်မှစ၍ အထက် ပစ္စည်းကို “ဂရု = လေးသော + ပရိက္ခရာ”ဟု ဆိုသည်။
[ဆောင်]
လူဇာတ် ရှိငြား, သူတပါး၏ ပိုင်ထားဥစ္စာ,
သူ့ဥစ္စာဟု သိမှတ်မှုနှင့် ဂရုပရိက်,
ထေယျစိတ်သွင်း, ခိုးယူခြင်းဟု
ကြောင်းရင်း ၅ လီ အင်္ဂါညီ, ကျပြီ ပါရာဇိက်။
---
လေ့ကျင့်ခန်း မေးခွန်းများ
က။ ပထမ ပါရာဇိကလာ “ဘိက္ခူ နံ သိက္ခာ ၊ပေ၊ အနာဝိကတွာ”ပုဒ်များကို မည်သည့် သိက္ခာပုဒ်အထိ လိုက်စေဘို့ရန် ကင်္ခါဋီကာ ဖွင့်ပြသနည်း။ အမှန်အားဖြင့် မည်သည့်သိက္ခာပုဒ်အထိ လိုက်သင့်သနည်း။
ခ။ ဒုတိယ ပါရာဇိက သိက္ခာပုဒ်ကို မြန်မာပြန်ပါ။
ဂ။ ဂါမာဝါ၌ ဂါမဖြင့် မည်သည့်အရပ်ကိုပါ ယူရမည်နည်း။ ဂါမ၊ ဂါမူပစာရ အရညအရပ်ကို ပိုင်းခြားပြပါ။
ဃ။ နိဂမ၊ နဂရတို့ကို (ဝိနည်းအရာဝယ်) အဘယ်၌ သွင်းလေ့ရှိသနည်း။
င။ ထေယျသင်္ခါတံ၌ “ထေယျ” အနက်၊ “သင်္ခါတ”အနက်များကို ခွဲခြား၍ ထိုပါဌ်ဖြင့် မည်သည့်ယူနည်းကို တားမြစ်သည်ဟုလည်း ပြပါ။
စ။ အနည်းဆုံး မည်မျှလောက်သော ဥစ္စာကို ခိုးမှ ပါရာဇိက ကျသနည်း။ ဘုရားလက်ထက်တော်က တမတ်သည် ယခုတမတ်နှင့် ညီပါသလား။
ဆ။ ဟနေယျုံ၊ ဗန္ဓေယျုံ၊ ပဗ္ဗာဇေယျုံ တို့၏အဓိပ္ပာယ်ကို ပြ၍ ရာဇာနောအရ မည်သည့်မင်းကို ဆိုလိုကြောင်းလည်း ပြပါ။
ဇ။ “စောရောသိ ၊ပေ၊ ထေနောသိ” တို့ကား အဘယ်ကိုပြသော စကားပါနည်း။ ထိုစကား၏ မြန်မာလို ဆိုလိုရင်းကိုလည်း ပြပါ။
ဈ။ အယမ္ပိ၌ အပိသဒ္ဒါ၏ အနက်ကိုပြ၍ မြန်မာလို ဆိုလိုရင်းကိုလည်း ပြပါ။
ဉ။ (ရှေးခေတ်အတိုင်း) တပဲအောက်ကို၎င်း၊ တပဲအထက် တမတ်အောက်ကို၎င်း၊ တမတ်မှ စ၍ အထက်ကို၎င်း ခိုးရာ၌ အာပတ်ခွဲခြားပြပါ။
ဋ။ ဒုတိယ ပါရာဇိကအင်္ဂါကိုပြ၍ ကိုယ့်ဥစ္စာအမှတ်ဖြင့် ယူမိလျှင် အပြစ်ရှိ-မရှိ၊ လူမဟုတ်သူတို့၏ ဥစ္စာကို ယူလျှင် ဤသိက္ခာပုဒ်ဖြင့် အပြစ်မသင့်က မည်သည့်အပြစ် ရသည်ဟု ဖော်ပြပါ။
---
တတိယ ပါရာဇိက (မနုဿ ဝိဂ္ဂဟ သိက္ခာပဒ)
၃။ ယော ပန ဘိက္ခု သဉ္စိစ္စ မနုဿဝိဂ္ဂဟံ ဇီဝိတာ ဝေါရောပေယျ၊ သတ္ထဟာရကံ ဝါဿ ပရိယေသေယျ၊ မရဏဝဏ္ဏံ ဝါ သံဝဏ္ဏေယျ၊ မရဏာယ ဝါ သမာဒပေယျ “အမ္ဘော ပုရိသ ကိံ တုယှိမိနာ ပါပကေန ဒုဇ္ဇီဝိတေန၊ မတံ တေ ဇီဝိတာ သေယျော”တိ၊ ဣတိ စိတ္တမနော စိတ္တသင်္ကပ္ပေါ အနေကပရိယာယေန မရဏဝဏ္ဏံ ဝါ သံဝဏ္ဏေယျ၊ မရဏာယ ဝါ သမာဒပေယျ၊ အယမ္ပိ ပါရာဇိကော ဟောတိ အသံဝါသော။
ယော ပန ဘိက္ခု - သည်၊
သဉ္စိစ္စ - သတ္တဝါဟု သိသော သညာနှင့်တကွ သေစေလိုသော စေတနာဖြင့် စေ့ဆော်၍၊
မနုဿဝိဂ္ဂဟံ - လူ့ကိုယ်ကို၊
ဇီဝိတာ - ဇီဝိတိန္ဒြေမှ၊
ဝေါရောပေယျ - ခွင်းအံ့၊
သတ္ထဟာရကံဝါ - အသက်ကို ဆောင်တတ်သော လက်နက်ကိုမူလည်း၊
အဿ - ထိုလူ့ကိုယ်၏ (အနီး၌)၊
ပရိယေသေယျ - ရှာမှီး၍ ချထားအံ့၊
မရဏဝဏ္ဏံ ဝါ - သေရခြင်း၌ အကျိုးကိုမူလည်း၊
သံဝဏ္ဏေယျ - ထင်ရှားပြအံ့၊
မရဏာယဝါ - သေဘို့ရာမူလည်း၊
(ဥပါယံ - နည်းလမ်းကို၊)
သမာဒါပေယျ - ကောင်းစွာ ယူစေအံ့၊
အမ္ဘော ပုရိသ - အို ယောကျ်ား၊
တုယှံ - သင်၏၊
ပါပကေန – ယုတ်ညံ့သော၊
ဣမိနာ ဒုဇ္ဇီဝိတေန - ဤ ဆင်းရဲစွာ အသက်ရှင်ရခြင်းဖြင့်၊
ကိံ - ဘာအကျိုးရှိအံ့နည်း၊
တေ - သင်၏၊
ဇီဝိတာ - အသက်ရှင်နေရခြင်းထက်၊
မတံ - သေရခြင်းက၊
သေယျော - မြတ်ပါသေး၏၊
ဣတိ - ဤသို့၊
(မရဏဝဏ္ဏံ ဝါ - လည်း၊
သံဝဏ္ဏေယျ - အံ့၊)
ဣတိ စိတ္တမနော - ဤသေခြင်း၌ စိတ်ရှိသည်၊
ဣတိ စိတ္တသင်္ကပ္ပေါ - ဤသေခြင်း၌ ဆန်းကြယ်သော သညာ, စေတနာ, ဝိတက်ရှိသည်၊
(ဟုတွာ - ဖြစ်၍၊)
အနေက ပရိယာယေန – များစွာသော အကြောင်းဖြင့်၊
မရဏ ဝဏ္ဏံဝါ - သေခြင်း၌ အကျိုးကိုမူလည်း၊
သံဝဏ္ဏေယျ – ထင်ရှားပြအံ့၊
ဝါ – ချီးမွမ်းအံ့၊
မရဏာယဝါ - သေဘို့ရာမူလည်း၊
(ဥပါယံ – နည်းလမ်းကို၊)
သမာ ဒါပေယျ — ကောင်းစွာ ယူစေအံ့၊
အယံပိ ဘိက္ခု ပါရာဇိကော အသံ ဝါသော ဟောတိ။
တတိယပါ ရာဇိက (အကျဉ်း)
“ယော ပန ဘိက္ခု သဉ္စိစ္စ မနုဿဝိဂ္ဂဟံ ဇီဝိတာ” စသည်ကား တတိယ ပါရာဇိက သိက္ခာပုဒ်တည်း။ ဤသိက္ခာပုဒ်၏ မြန်မာပြန် အကျဉ်းကား...
အကြင်ရဟန်းသည် သတ္တဝါမှန်းသိသော သညာနှင့်တကွ -
၁။ လူကို သတ်အံ့၊ (တိုက်ရိုက် မသတ်လျှင်)
၂။ လက်နက်တစုံတရာကို ရှာ၍ ထိုလူ့အနီး၌ (အလွယ်ရအောင်) ထားအံ့၊ (ထိုသို့ လက်နက်ရှာ၍ မထားလျှင်)
၃။ သေခြင်း၌ အကျိုးကို (သေချင်လာအောင်) ချီးမွမ်းအံ့၊ (ထိုသို့ မချီးမွမ်းလျှင်)
၄။ သေဘို့ရန် နည်းလမ်းပေးအံ့၊
ထိုရဟန်းလည်း ပါရာဇိက ကျ၍ သံဝါသ မရှိတော့ချေ။
သဉ္စိစ္စ
“သံ+စိစ္စ” ပုဒ်ဖြတ်။ သံ ဥပသာရသည် “တကွ”ဟူသော အနက် ရှိ၍ “စိစ္စ”၌ စိတိဓာတ် = တွာ ပစ္စည်းက “စေ့ဆော်၍” ဟု အနက်ရှိ၏။ “တကွ” ဟူသည် “သတ္တဝါမှန်းသိသော သညာနှင့်တကွ”တည်း။ “စေ့ဆော်” ဟူသည်လည်း “သေစေလိုသော စေတနာဖြင့် မိမိစိတ်ကို လှုံ့ဆော်ပေးခြင်း၊ သေစေလိုသော စိတ်စေတနာ ဖြစ်ခြင်း” တည်း။ ထို့ကြောင့် ဤ သဉ္စိစ္စပါဌ်ဖြင့် “သတ္တဝါမှန်းသိခြင်း၊ သတ်လို(သေစေလိုသော)စိတ်ရှိခြင်း” ဟု အင်္ဂါ ၂ ပါး သိသာပြီ။
မနုဿဝိဂ္ဂဟံ
ဝိဂ္ဂဟသဒ္ဒါသည် “ကိုယ်”ဟူသော အနက်ကို ဟော၏။ လူ့ကိုယ် ဟူရာ၌ လူဇာတ်ရှိသူ လူသား စင်စစ်၏ ကိုယ်ကို ယူရမည်။ လူယောင် ဆောင်ထားသော နတ်၊ နဂါး၊ ဂဠုန် စသည်တို့၏ ကိုယ်ကို မယူရ။ လူယောင် ဆောင်ထားသော်လည်း လူ့ကိုယ်မဟုတ်၊ နတ်ကိုယ်၊ နဂါးကိုယ်၊ ဂဠုန့်ကိုယ် သာတည်း။
[ဘီလူး နတ်တို့ကို သတ်လျှင် ထုလ္လစ္စဉ်း၊ နဂါးစသော တိရစ္ဆာန်ကို သတ်လျှင် ပါစိတ်။]
ထိုလူ့ကိုယ်လည်း အကောင်အထည် ထင်ရှားမှ မဟုတ်၊ အမိဝမ်းတွင်း၌ ကလလရေကြည် တည်ချိန်မှစ၍ မမွေးခင်လည်း လူ့ကိုယ်ပင် ဖြစ်၏။ ထို့ကြောင့် ကိုယ်ဝန်ဖျက်သော ရဟန်းလည်း ပါရာဇိက ကျသည်။
ဇီဝိတာ ဝေါရောပေယျ
“ဇီဝိတ” အရ ရုပ်ဇီဝိတ၊ နာမ်ဇီဝိတ ၂ မျိုး လုံးကို ယူပါ။ ထိုဇီဝိတ ၂ မျိုးလုံးကိုပင် “အသက်” ဟု ခေါ်သည်။ “ဝေါရောပေယျ – ချအံ့” ဟု အနက်ပေးရိုး ရှိ၏။ “ဩရောပေတိ = အောက်သို့ ချ၏” ဟူရာ၌ “အဝရှေးရှိသော ရုဟဓာတ်၊ ဏာပေပစ္စည်း၊ တိဝိဘတ်” ဖြစ်သကဲ့သို့ ဤ၌လည်း “ဝိ+အဝ+ရုဟ+ဏာပေ+ဧယျ” ဖြစ်သောကြောင့် “ချအံ့” ဟု ပေးကြဟန်တူသည်။ သို့သော် ထို အနက်အရ “လူ့ကိုယ်ကို အသက်မှ ဆွဲချအံ့ ဟု ဆိုရာရောက်သောကြောင့် အဓိပ္ပာယ် ကွေ့ကောက်လျက် ရှိ၏။
အဋ္ဌကထာတို့၌ “ဝေါရောပေယျ” ကို “ဝိယောဇေယျ = ခွဲအံ့” ဟု ဖွင့်၏။ ထို အဖွင့်အတိုင်းသာ အဓိပ္ပာယ်လှသည်။ ဘာ့ကြောင့်နည်း။ “လူ့ကိုယ်ကို အသက်မှ ခွဲအံ့” ဟု ဆိုလျှင် “အသက်တခြား ကိုယ်တခြား ဖြစ်အောင် သတ်အံ့” ဟု ဆိုရာရောက်သောကြောင့်တည်း။ ဤ “မနုဿဝိဂ္ဂဟံ ဇီဝိတာ ဝေါရောပေယျ” ၌ ကိုယ်တိုင်ဖြစ်စေ၊ ခိုင်း၍ ဖြစ်စေ သတ်ခြင်းများ ပါဝင်သည်။
သတ္ထဟာရကံ ဝါဿ ပရိယေသေယျ
ဤဝါကျကား သေအောင် လုပ်နည်းတမျိုးကိုပြသော ဝါကျတည်း။ “သတ္တ” အရ “ဓား” ကိုသာ ယူကြ၏။ သို့သော် “သတ္ထ” သဒ္ဒါသည် လက်နက်အမျိုးမျိုးကို ဟောနိုင်သောကြောင့်၎င်း၊ ပါဠိတော်၌ “အသိံ ဝါ - (သန်လျက်) သတ္တိံ ဝါ - (လှံ)” စသည်ဖြင့် လက်နက် အမျိုးမျိုးကို ဖွင့်သောကြောင့်၎င်း “သတ္ထ” အရ လက်နက်အားလုံးကို ယူရမည်။
ဟာရက
“အသက်ကိုဆောင်”ဟူရာ၌လည်း လက်နက်ဖြင့် ထိုးခုတ်၍ အသက်ဆုံးလျှင် ထိုအသက်ကို လက်နက်က ဆောင်ယူသွားသကဲ့သို့ ဖြစ်သောကြောင့် “အသက်ကို ဆောင်တတ်သော လက်နက်” ဟု ဆိုသည်။ ယခုကာလ၌လည်း “နင့်အသက်ကို ဓားထဲ ပါသွားချင်သလား” စသည်ဖြင့် ကြိမ်းမောင်းလေ့ ရှိကြသည်။
ပရိယေသေယျ
သဒ္ဒါနက်မှာ “ရှာမှီးအံ့” ဟုသာ ထွက်၏။ သို့သော် ရှာရုံမျှဖြင့် အပြစ်မရှိ၊ ကိုယ့်ကိုယ်ကို သတ်သေချင်သူ အလွယ်တကူရအောင် ထိုသူ့အနီး၌ ချထားမှသာ အပြစ်ရှိသည်။ ထို့ကြောင့် သိခါပတ္တ (အပြီးရောက် အနက်ကို) ပြလို၍ “ရှာမှီး၍ ချထားအံ့”ဟု ပေးသည်။
အချုပ်မှာ -
ဤ “သတ္တဟာရကံ ဝါဿ ပရိယေသေယျ” ပါဌ်ဖြင့် တိုက်ရိုက်လည်း မသတ်၊ အသတ်လည်း မခိုင်းဘဲ သေချင်နေသူ အလွယ်တကူရအောင် လက်နက်ရှာ၍ ထိုသူ့အနီး၌ ချထားလျှင် ထိုလက်နက်ဖြင့် သူ့ကိုယ်သူ သတ်၍သေမူ လက်နက်ရှာ၍ ပို့ထားသူမှာ ပါရာဇိက ကျသည်ဟု ပြသည်။
မရဏဝဏ္ဏံဝါ သံဝဏ္ဏေယျ
ဤဝါကျလည်း သူတပါး သေအောင် သတ်နည်းတမျိုးကို ပြသော ဝါကျတည်း။ သေရခြင်း၌ အကျိုးကို ဖော်ပြခြင်းကိုပင် “သေခြင်း၏ဂုဏ်ကို ချီးမွမ်းခြင်း” ဟု ရှေးက သုံးစွဲကြ၏။ အကျိုးကို ဖော်ပြပုံမှာ နောက်၌ “ကိံ တုယှိမိနာ ပါပကေန ဒုဇ္ဇီဝိတေန, မတံ တေ ဇီဝိတာ သေယျော”ဟု လာလိမ့်မည်။
ကိံ တုယှိမိနာ ပါပကေန ဒုဇ္ဇီဝိတေန
ဤပါဌ်ဖြင့် အသက်ရှင်နေရခြင်း၌ အပြစ်ကိုပြော၍၊ သေခြင်း၌ အကျိုးကိုပြသည်။ “သင့်မှာ အောက်ကျ နောက်ကျရှိလှသော အသက်ရှင်ရခြင်း၊ စားလိုတာ မစားရသော (သို့မဟုတ်) ရောဂါ များလှသော ဆင်းဆင်း ရဲရဲ အသက်ရှင်ရခြင်းဖြင့် အကျိုးမရှိပါ၊ သေရတာကပင် မြတ်ပါသေးသည်” ဟူလို။
ဤ ပြောနည်းကား စီးပွားဥစ္စာမှ စ၍ အောက်ကျသူ၊ စားရမဲ့ ဖြစ်နေသူ၊ ရောဂါများသူကို ပြောနည်း တည်း။
မတံ တေ ဇီဝိတာ သေယျော
ဤပါဌ်ဖြင့် သေသည့်အခါ အကျိုး ရမည်ကိုပြော၍ သေခြင်း၌ အကျိုးကိုပြသည်။ “သင်သည် ကုသိုလ် ကောင်းမှု အားကြီးသူဖြစ်၍ သေလျှင် နတ်ပြည် ရောက်ပါလိမ့်မည်၊ သို့ဖြစ်၍ အသက်ရှင် နေရခြင်း ထက် သေရတာကပင် ကောင်းပါသေးသည်” စသည်ဖြင့် ပြောခြင်းတည်း။
ဤနည်းမှာ ကုသိုလ်အားကြီးသူကို သေချင်အောင် ပြောနည်းတည်း။
ပရိယာယ်ဖြင့် အပြစ်သင့်
ဤ မရဏဝဏ္ဏ သံဝဏ္ဏနာ ၂ မျိုးလုံးပင် သတ်လည်း မသတ်၊ အသတ်လည်း မခိုင်း၊ သတ်နည်း ကိုလည်း မညွှန်ပြဘဲ ပရိယာယ်ဖြင့် သူတပါး သေချင်လာအောင် ပြောပြခြင်း ဖြစ်၏။
ထို့ကြောင့် မည်သည့်နည်းမျိုးဖြင့် ဖြစ်စေ သူတပါး သေချင်အောင် ပရိယာယ်ပြောပြလျှင် ထိုစကားအရ တယောက်ယောက်သည် (ရှည်သင့်သလောက် မရှည်ဘဲ အချိန် အနည်းငယ်မျှ) အသက်တိုသွားမူ ပြောဆိုသူမှာ ပါရာဇိက ကျတော့၏။ သို့ဖြစ်၍ လူမမာအနား၌ လူမမာ အားရအောင် အားပေးရာဝယ် မြန်မြန် သေအောင် အားပေး မမှားကြဘို့ သတိထားသင့်သည်။
[ဒုတိယ ပါရာဇိက၌ “အာဒိယေယျ” ဟု ဆိုသောကြောင့် ကိုယ်တိုင်ဖြစ်စေ၊ ခိုင်း၍ဖြစ်စေ ယူမှ အာပတ် သင့်သည်၊ ယူချင်လာအောင် ပရိယာယ်ပြောရုံမျှဖြင့် အာပတ်မသင့်။]
မရဏာယဝါ သမာဒါပေယျ
ဤဝါကျလည်း သူတပါးသေစေရန် သတ်နည်းတမျိုးကိုပြသော ဝါကျပင်တည်း။ “သေဘို့ရန် နည်းလမ်းကို ယူစေအံ့”ဟူရာ၌ “နည်းလမ်းကို ယူစေခြင်း” ဟူသည် နည်းလမ်းပေးခြင်း၊ နည်းပြခြင်းတည်း။ “ဓားဖြင့်ထိုး၍ သေပါ့လား၊ အဆိပ်သောက်၍ သေပါ့လား စသည်ဖြင့် နည်းပေးသည်ဟူလို။
မရဏဝဏ္ဏံဝါ သံဝတ္တေယျ ဖြင့် သေချင်စိတ် မရှိသေးသူကို သေချင်လာအောင် ပြော၍
မရဏာယဝါ သမာဒါပေယျ ဖြင့် သေချင်နေသူအား နည်းလမ်းကို ညွှန်ပြသည်။
[မရဏာယပုဒ်၌ အာယသည် အတ္ထာယ-ဟိတာယ၌ကဲ့သို့ သဝိဘတ်၏ ကာရိယတည်း။]
အမ္ဘော ပုရိသ ၊ပေ၊ သေယျောတိ
ဤဝါကျကား “မရဏဝဏ္ဏံ ဝါ သံဝတ္တေယျ” အရ သေခြင်း၌ အကျိုးရှိပုံကို ပြောပြသော ဝါကျတည်း။ ထို့ကြောင့် “သေယျောတိ” ၌ ဣတိနောင် “မရဏဝဏ္ဏံ ဝါ သံဝဏ္ဏေယျ” ဟု ရှေ့ပုဒ်များကိုလှည့်၍ အနက်ဖြည့်ရသည်။ အဓိပ္ပာယ်ကိုလည်း ရှေ့၌ ပြခဲ့ပြီ။
ဣတိ စိတ္တမနော
ဣတိသဒ္ဒါသည် “မတံ တေ ဇီဝိတာ သေယျော”၌ ပြခဲ့သော “မတံ” အရ “သေခြင်း”ကို ပြန်၍ ညွှန်ပြသော (နိဒဿန) အနက် ရှိ၏။ “ဣတိ-မတံ အရ၌ ပြခဲ့သော ဤသေခြင်း”ဟု ဆိုလိုသည်။
စိတ္တသဒ္ဒါသည် စိတ်ဟူသောအနက်၊ အထူးအဆန်းဟူသောအနက်၊ ပန်းချီ ဆေးရေးရုပ်အနက် စသည်ကို ဟောနိုင်သောကြောင့် ဤနေရာ၌ စိတ်ကိုသာ ယူစေလို၍ “မန” ဟု တွဲဘက်ပြရသည်။ “ဣတိစိတ္တမနော - ဤသေခြင်း၌ စိတ်ရှိသည်” ဟူရာဝယ် “သေစေလိုသော စိတ်ရှိသည်”ဟု ဆိုလိုသည်။
စိတ္တ သင်္ကပ္ပေါ
ဤ၌ စိတ္တသဒ္ဒါကား “စိတ်”ဟူသော အနက်ကို မဟော၊ “ဆန်းပြား”ဟူသော အနက်ကို ဟော၏။ သင်္ကပ္ပသဒ္ဒါလည်း အများမှတ်ရိုး ဖြစ်သော ဝိတက် (အကြံ) အနက်ကိုသာ မဟော၊ သံဝိဒဟန အနက်ကို ဟော၏။ “သံဝိဒဟန”ဟူသည်လည်း “သတ္တဝါမှန်းသိသော သညာ၊ သေစေလိုသော စေတနာ၊ သေစေဘို့ရန် အကြံဝိတက်” ဤ ၃ ချက်တည်း။ “ဣတိ” မပါသော်လည်း ဣတိစိတ္တမနောမှ ဣတိကို လိုက်စေသည်။ စိတ္တသင်္ကပ္ပေါ ၌ “ဆန်းပြား”ဟူသည် သညာအမျိုးမျိုး၊ စေတနာ ဝိတက်အမျိုးမျိုးတည်း။
အနေက ပရိယာယေန
ဤပုဒ်ကို သံဝဏ္ဏေယျ၊ သမာဒါပေယျ ၂ ချက်၌ စပ်။ “အမျိုးမျိုးသော အကြောင်း” ဟူသည် ထင်ရှားသော အကြောင်း၊ မထင်ရှားသောအကြောင်း၊ ကြမ်းတမ်းသော အကြောင်း၊ နူးညံ့သော အကြောင်း များတည်း။ ထိုတွင် “ကိံ တုယှိမိနာ - သင့်မှာ ယုတ်ညံ့သော၊ အောက်ကျသော၊ ဆင်းရဲသော အသက်ရှင်ရခြင်းဖြင့် ဘာအကျိုးရှိအံ့နည်း”ဟု ပြောခြင်းသည် ကြမ်းသောအကြောင်း ဖြင့် ပြောခြင်းတည်း။ “မတံ တေ ဇီဝိတာ သေယျော” ဟု ပြောခြင်းသည် နူးညံ့သောအကြောင်းဖြင့် ပြောခြင်းတည်း။
ဆက်ဦးအံ့ -
“အနေက ပရိယာယေန”ဟု ဆိုသောကြောင့် ဤနည်း သာမက ယခုကာလ နာမည်ကြီးခြင်း၊ ဥစ္စာရခြင်း စသော အကျိုးကို ပြ၍ ပြောလျှင်လည်း မရဏဝဏ္ဏ သံဝဏ္ဏနာပင်တည်း။
[“မရဏဝဏ္ဏံဝါ သံဝဏ္ဏေယျ မရဏာယဝါ သမာဒါပေယျ”ဟု ထပ်ဆိုခြင်းကား ရှေ့၌ ပြခဲ့သော မရဏဝဏ္ဏံဝါ သံဝဏ္ဏေယျ စသည်ကို ပြန်အုပ်သော နိဂုံးတည်း။]
အယံပိ၌ အပိ၏ အနက်ကို ရှေ့သိက္ခာပုဒ်နည်း မှီး၍ သိပါ။
အချုပ်မှတ်ဘွယ်
ဤ တတိယ ပါရာဇိက သိက္ခာပုဒ်၌ (နိဂုံးမှတပါး) ဤ ရှေ့က ဝါသဒ္ဒါ ၃ ချက်ကို ရှု၍ (ဝါမသော မူလဝါကျ၏ အနက်နှင့်တကွ) အနက် ၄ ပါးကို(သေအောင်လုပ်နည်း ၄ မျိုးကို) ပိုင်းခြား မှတ်သားသင့်၏။
- “မနုဿဝိဂ္ဂဟံ ဇီဝိတာ ဝေါရောပေယျ” အရ ကိုယ်တိုင်ဖြစ်စေ၊ ခိုင်း၍ ဖြစ်စေ သတ်ခြင်း၊
- “သတ္ထဟာရကံ ဝါဿ ပရိယေသေယျ” အရ သေချင်သူ အလွယ်တကူ ရအောင် လက်နက်ရှာ၍ ပို့ထားခြင်း၊
- “မရဏဝဏ္ဏံဝါ သံဝဏ္ဏေယျ” အရ သေရခြင်း၌ အကျိုးရှိပုံကို ထင်ရှားပြခြင်း (ချီးမွမ်းခြင်း)၊
- “မရဏာယဝါ သမာဒါပေယျ” အရ သေဘို့ရာ နည်းပေး လမ်းပြ ပြုလုပ် သင်ပြခြင်းတည်း။
တတိယ ပါရာဇိက အင်္ဂါ
- လူဇာတ်ရှိခြင်း၊
- သတ္တဝါမှန်းသိခြင်း၊
- သတ်လိုသောစိတ် ရှိခြင်း၊
- လုံ့လအားစိုက်ခြင်း၊
- သေခြင်း။
ဤအင်္ဂါ ၅ ပါး ညီညွတ်လျှင် ပါရာဇိက ကျ၏။
[၄-သတ်ခြင်း၊ အသတ်ခိုင်းခြင်း၊ လက်နက် ရှာထားခြင်း၊ သေချင်လာအောင် ကျေးဇူးပြောခြင်း၊ သတ်နည်း ပေးခြင်း ဟူသော ကာယ ဝစီ ပယောဂတခုခုကို “လုံ့လအားစိုက်”ဟု ဆိုသည်။]
[ဆောင်]
လူဇာတ်လည်းရှိ, သတ္တဝါဟု သိ၍, သတ်မည့် လိုလား စိတ်စက်ထားဖြင့် အားပါးစိုက်လျှင်း, စုတေခြင်းဟု ကြောင်းရင်း ၅ လီ, အင်္ဂါညီ, ကျပြီ ပါရာဇိက်။
လေ့ကျင့်ခန်း မေးခွန်းများ
က။ သိက္ခာပုဒ်ကို အကျဉ်းမြန်မာပြန်၍ သဉ္စိစ္စ၌ သံအနက်၊ စိစ္စအနက် ခွဲပြပါ။
ခ။ “မနုဿဝိဂ္ဂဟံ” အရ ဘယ်အချိန်မှစ၍ ဘယ်အချိန်အထိ လူ့ကိုယ်ကို ယူရမည်နည်း။ ဘီလူး၊ နတ်နှင့် တိရစ္ဆာန်တို့ကို သတ်ရာ၌ အသီးအသီး မည်သည့်အာပတ် သင့်ကြောင်းကိုလည်း ပြပါ။
ဂ။ “သတ္ထဟာရကံ”၌ သတ္ထအရ ဘာကို ယူရမည်နည်း။ ဟာရကအရ “အသက်ကိုဆောင်”ဟူသော စကား၏ အဓိပ္ပာယ်ကိုလည်း ပြပါ။
ဃ။ “ပရိယေသေယျ” အတွက် “ရှာမှီးအံ့” ဟုသာ အနက် ထွက်ပါလျက် အဘယ်အလို့ငှာ “ရှာမှီး၍ ချထားအံ့” ဟု ပေးပါသနည်း။
င။ “ကိံ တုယှိမိနာ ၊ပေ၊ သေယျော”အရ မရဏဝဏ္ဏ သံဝဏ္ဏနာ ၂မျိုးပြပါ။
စ။ ဤ တတိယပါရာဇိက၌ ပရိယာယ်ဖြင့် ပြောလျှင် အပြစ်သင့်ကြောင်းကို မည်သည့်ပါဌ် ထောက်၍ ဒုတိယပါရာဇိက၌ ပရိယာယ် ပြောရုံမျှဖြင့် အပြစ်မသင့်ကြောင်းကို မည်သည့်ပါဌ် ထောက်မည်နည်း။
ဆ။ “မရဏာယဝါ သမာဒါပေယျ” အရ သေဘို့ရာ နည်းပေးပုံကို ပြပါ။
ဇ။ “ဣတိစိတ္တော” တွင် မဆိုဘဲ ဘာ့ကြောင့် “မန” ထည့်၍ ဆိုသနည်း။
ဈ။ စိတ္တသင်္ကပ္ပေါ၌ စိတ္တအနက်၊ သင်္ကပ္ပအနက်ကို ခွဲခြားပြ၍ သင်္ကပ္ပအရ မည်သည့် တရားများကို ယူရမည်ဟု ပြပါ။
ဉ။ စိတ္တသင်္ကပ္ပေါ၌ ဣတိမပါဘဲ အနက်ပေးသောအခါ အဘယ်မှရ၍ “ဣတိ စိတ္တသင်္ကပ္ပေါ”ဟု ဆိုရသနည်း။
ဋ။ အနေကပရိယာယေန၌ ပရိယာယ်အမျိုးမျိုးဟူသည် အဘယ်ပါနည်း။
ဌ။ တတိယပါရာဇိက သိက္ခာပုဒ်၌ အချုပ်မှတ်ဘွယ် အနက် ၄ ချက်ကို ပြ၍ တတိယပါရာဇိက အင်္ဂါကိုလည်း ပြပါ။
စတုတ္ထ ပါရာဇိက (ဥတ္တရိ မနုဿဓမ္မ သိက္ခာပဒ)
၄။ ယော ပန ဘိက္ခု အနဘိဇာနံ ဥတ္တရိမနုဿဓမ္မံ အတ္တုပနာယိကံ အလမရိယဉာဏဒဿနံ သမုဒါစရေယျ “ဣတိ ဇာနာမိ၊ ဣတိ ပဿာမီ”တိ၊ တတော အပရေန သမယေန သမနုဂ္ဂါဟီယမာနော ဝါ အသမနုဂ္ဂါဟီယမာနော ဝါ အာပန္နော ဝိသုဒ္ဓါပေက္ခော ဧဝံ ဝဒေယျ “အဇာနမေဝံ အာဝုသော အဝစံ ဇာနာမိ, အပဿံ ပဿာမိ, တုစ္ဆံ မုသာ ဝိလပိ”န္တိ၊ အညတြ အဓိမာနာ၊ အယမ္ပိ ပါရာဇိကော ဟောတိ အသံဝါသော။
ယောပန ဘိက္ခု - သည်၊
အနဘိဇာနံ - မိမိ၌ ဥတ္တရိမနုဿဓမ္မ ရှိကြောင်းကို မသိပါဘဲ၊
အလမရိယ ဉာဏဒဿနံ - ကိလေသာကို ဖျက်ဆီးခြင်း၌ စွမ်းနိုင်သော စင်ကြယ်သော ဉာဏ်အမြင် ရှိသော၊
ဥတ္တရိမနုဿဓမ္မံ - မြတ်သော ဈာယီ အရိယာ လူတို့၏ ဈာန် မဂ်ဖိုလ်တရားကို၊
အတ္တု ပနာယိကံ - မိမိ၌ ကပ်ဆောင်၍၊
ဣတိ - ဤ အကြောင်းကြောင့်၊
ဇာနာမိ - ငါသိ၏၊
ဣတိ - ဤအကြောင်းကြောင့်၊
ပဿာမိ - ငါမြင်၏၊
ဣတိ - ဤသို့၊
သမုဒါစရေယျ - ပြောပြအံ့။
တတော - ထို ပြောပြရာအခါမှ၊
အပရေန သမယေန - တပါးသောအခါ၌၊
သမနုဂ္ဂါဟီယမာနောဝါ - စစ်ဆေး မေးမြန်းအပ်သော်၎င်း၊
အသမနုဂ္ဂါဟိယမာနော ဝါ - မစစ်ဆေး မမေးမြန်းအပ်သော်၎င်း၊
အာပန္နော - ပါရာဇိက အာပတ်သို့ ရောက်ပြီး (ဖြစ်၍)၊
ဝိသုဒ္ဓါပေက္ခော - စင်ကြယ်ကြောင်း လူ့အဖြစ် စသည်ကို အလိုရှိလသော်၊
ဧဝံ - ဤသို့၊
ဝဒေယျ - ပြောဆိုအံ့။ (ကထံ - အဘယ်သို့ ပြောဆိုသနည်း၊)
အာဝုသော - ငါ့ရှင်တို့၊
အဇာနမေဝ - ဥတ္တရိမနုဿဓမ္မကို မသိပါဘဲ၊
ဇာနာမိ - ငါသိ၏၊
အပဿမေဝ - ဥတ္တရိမနုဿဓမ္မကို မမြင်ပါဘဲ၊ (အဇာနမေဝ-မှ ဧဝကို လိုက်စေသည်၊)
ပဿာမိ - ငါမြင်၏၊
ဣတိ - ဤသို့၊
အဝစံ - ပြောဆိုမိပါပြီ၊
တုစ္ဆံ - အနက်မမှီး အချည်းနှီးသော၊
မုသာ - လိမ်လည်လိုခြင်း ချွတ်ယွင်းသော စကားကို၊
ဝိလပိံ - ပြောဆိုမိပါပြီ၊
ဣတိ - ဤသို့၊
ဝဒေယျ - ပြောဆိုအံ့၊
အဓိမာနာ - ရအပ်ပြီဟု မှတ်ထင်ခြင်းကို၊
ဝါ - လွန်ကဲသော မှတ်ထင်ခြင်းကို၊
အညတြ - ကြဉ်ထား၍၊
သမုဒါစရေယျ - ပြောပြအံ့၊ (ရှေ့က “သမုဒါစရေယျ”ကို ပြန်၍ အနက်ပေးသည်၊)
အယမ္ပိ ပါရာဇိကော ဟောတိ အသံဝါသော။
စတုတ္ထ ပါရာဇိက
“ယောပန ဘိက္ခု အနဘိဇာနံ” . စသည်ကား စတုတ္ထပါရာဇိက သိက္ခာပုဒ်တည်း။
သိက္ခာပုဒ်၏ အကျဉ်းချုပ်ကား - အကြင် ရဟန်းသည် မိမိ၌ “ဥတ္တရိမနုဿဓမ္မ”ဟု ခေါ်သော ဈာန် မဂ်ဖိုလ်တရားများ မရှိမှန်းသိလျက် ဥတ္တရိမနုဿဓမ္မကို မိမိ၌ (ရှိသကဲ့သို့) ကပ်ဆောင် ပြောဆိုအံ့၊ ဥတ္တရိမနုဿဓမ္မကို ဧကန်ရပြီဟု မှတ်ထင်မှု မရှိပါဘဲ ဝါကြွားလို၍ ပြောလျှင် ထိုရဟန်းလည်း ပါရာဇိက ကျ၍ သံဝါသ မရှိတော့ချေ။
အနဘိဇာနံ
[န+အဘိဇာနံ၊ အဘိဇာနံ၌ အဘိပုဗ္ဗ-ဉာဓာတ်၊ နာပစ္စည်း၊ အန္တပစ္စည်း၊] အနဘီဇာနံ အရ “မသိ” ဟူသည် မိမိသန္တာန်၌ ဥတ္တရိမနုဿဓမ္မ ရှိကြောင်းကို မသိခြင်းတည်း။ “ရှိကြောင်းကို မသိခြင်း” ဟူသည်လည်း “ဈာန်တရား၊ မဂ်တရား၊ ဖိုလ်တရားက မိမိမှာ ရှိပါလျက် မသိခြင်း” မဟုတ်၊ ရှိကို မရှိ၍ မသိခြင်းတည်း။
ဥတ္တရိ မနုဿဓမ္မ
ဥတ္တရိ - မြတ်ကုန်သော၊
မနုဿာ - လူတို့တည်း။
ဥတ္တရိမနုဿာ - မြတ်သောလူတို့၊
“မြတ်သောလူ” ဟူသည် ရိုးရိုး ပုထုဇဉ် လူများထက် သာလွန်သော ဈာယီ (ဈာန်ရသူ)နှင့် အရိယာ (မဂ်ဖိုလ်ရသူ) များတည်း။ “ထိုသူတို့၏တရား” ဟူသည် ထိုသူတို့သန္တာန်၌ ထင်ရှားရှိသော (ထိုသူတို့ အပိုင်ဖြစ်သော) ဈာန်တရား၊ မဂ်ဖိုလ်တရားများတည်း။
အတ္တုပနာယိကံ
[အတ္တ=မိမိ၌ + ဥပနာယိကံ=ဥပ-ကပ် + နာယိကံ-ဆောင်၍၊]
“မိမိ၌ ကပ်ဆောင်ခြင်း”ဟူသည် မိမိမှာ ဈာန် မဂ်ဖိုလ်တရားများ ရှိသည့် အနေအထားမျိုး ဖြစ်အောင် မိမိ သန္တာန်၌ ကပ်၍ ဆောင်ယူခြင်းတည်း။ “ဆောင်”ဟူသည်လည်း လက်ဖြင့် ယူဆောင်ခြင်းမဟုတ်၊ နှုတ်အပြောအားဖြင့် ယူဆောင်ခြင်းတည်း။ ဥပမာ - ငွေမရှိသူက ငွေရှိ ကြောင်းကို ဝါကြွား ပြောဆိုရာ၌ ထိုငွေများကို သူ့သန္တာန်၌ နှုတ်အပြောအားဖြင့် ယူဆောင်ထား သကဲ့သို့တည်း။
ကြိယာဝိသေသန
ဤ “အတ္တုပနာယိကံ” သည် “သမုဒါစရေယျ” ဟူသော ကြိယာကို အထူးပြုသော ကြိယာဝိသေသန ပုဒ်တည်း။ “မိမိ၌ ဥတ္တရိမနုဿဓမ္မကို ယူဆောင်၍ ပြောပြသည်” ဟူလို။ ထို့ကြောင့် ကြိယာဝိသေသန သဘော ထင်ရှားအောင် “ကတွာ” ထည့်၍ ဖွင့်ရိုးပြုကြသည်။ အနက်ပေးရာ၌ကား ကတွာမထည့်ဘဲ “ယူဆောင်၍”ဟု ပေးနိုင်ပါသည်။
အလမရိယဉာဏဒဿနံ
[အလံ=စွမ်းနိူင်သော + အရိယံ=ကိလေသာတို့မှ စင်ကြယ်သော + ဉာဏ=ကသိုဏ်းစသော အာရုံ၊ သစ္စာ လေးပါးအာရုံကို သိတတ် + ဒဿန = မျက်စိဖြင့် မြင်သကဲ့သို့ ထိုအာရုံများကို မြင်တတ်သော ဉာဏ်။ ဤ ပုဒ်အပေါင်းကို ဗဟုဗ္ဗီဟိသမာသ်တွဲ၍ ဥတ္တရိမနုဿဓမ္မကို ရစေသည်။]
အလံ အရ “စွမ်းနိူင်”ဟူသည် ကိလေသာကို ဖျက်ဆီးခြင်း ကိစ္စ၌ စွမ်းနိူင်ခြင်းတည်း။ ထိုကဲ့သို့ စွမ်းနိူင်သော တရား ဟူသည် ဈာန် မဂ်ဖိုလ်နှင့် ယှဉ်သော ဉာဏ်တည်း။ [ထိုဈာန် မဂ်ဖိုလ်တို့က ကိလေသာကို ဖျက်ဆီးခြင်း၌ စွမ်းနိူင်ပုံကို အဘိဓမ္မာ လေ့လာသူတိုင်း သိနိုင်ပါသည်။]
သမုဒါစရေယျ
“သမုဒါစရေယျ”အရ “ပြောပြခြင်း”ဟူရာ၌ ကိုယ်လက်ဖြင့် ပြခြင်း၊ စာရေး၍ ပြခြင်း၊ နှုတ်ဖြင့် ပြောခြင်းများ ပါဝင်သည်။ ထိုသို့ ပြောရာဝယ် အပြောခံရသူက နားလည်လောက်သူ လူသားစင်စစ် ဖြစ်မှလည်း ပါရာဇိက ကျသည်။ နားမလည်သော ကလေးသူငယ် စသူနှင့် နတ် စသူကို ပြောရာ၌ ပါရာဇိက မကျ။
ဣတိဇာနာမိ၊ ဣတိ ပဿာမိ
ဤစကားကား ပြောပုံ ပြောနည်းကို ပြသော စကားတည်း။ “ဣတိဇာနာမိ”၌ ဣတိသဒ္ဒါက သိဘွယ်ဟူသမျှကို ညွှန်ပြ၍ “ဣတိ ပဿာမိ”၌ ဣတိသဒ္ဒါက မြင်ဘွယ်ဟူသမျှတို့ကို ညွှန်ပြ၏။ ထို့ကြောင့် တကယ်ပြောသည့်အခါ “ငါပထမဈာန်ကို သိ၏၊ ငါ ပထမဈာန်ကို မြင်၏” ဟု၎င်း၊ “ငါအရဟတ္တဖိုလ်ကို သိ၏၊ ငါ အရဟတ္တဖိုလ်ကို မြင်၏” ဟု၎င်း နည်းအမျိုးမျိုးဖြင့် အလိုရှိသလို ပြောပေလိမ့်မည်။
[ဉာဏ+ဒဿနံဟု ဥတ္တရိမနုဿဓမ္မ၏ ဝိသေသန ၂ ခုကို ငဲ့၍ ဉာဏအတွက် “ဇာနာမိ” ဟု၎င်း၊ ဒဿနအတွက် “ပဿာမိ”ဟု၎င်း ၂ မျိုး ပြသည်။]
တတော အပရေန ၊ပေ၊ ဧဝံ ဝဒေယျ
ဤဝါကျဖြင့် မိမိမှာ အာပတ်သင့်ကြောင်း ဝန်ခံရာအခါကို ပြသည်။ ထိုကဲ့သို့ ပြောဆိုပြီးနောက် သူတပါး၏ အစစ်ဆေး အမေးအမြန်းကို ခံရ၍ဖြစ်စေ၊ မခံရဘဲ (မိမိဘာသာ)ဖြစ်စေ မိမိ ပြောမိ လိမ်မိသည်ကို ဝန်ခံကောင်း ဝန်ခံပေလိမ့်မည် ဟူလို။
သို့သော် ဝန်ခံခြင်း-မခံခြင်းကိုကား ဤသိက္ခာပုဒ်၌ လိုရင်းမဟုတ်။ ဝန်ခံခြင်းဖြင့် သူ၏ စိတ်ကောင်း နှလုံးကောင်း ရှိကြောင်းကိုသာ သိရသည်။ အာပတ်မှာ ပြောဆိုပြီးစတုန်းကပင် သင့်ခဲ့လေပြီ။
သမနုဂ္ဂါဟိယမာနောဝါ
[သံ+အနု+ဂဟ+ဏေ+ယ+မာန၊] ဤပုဒ်၌ ဥပသာရနှင့် ပစ္စည်းများစွာ ပါရှိသော်လည်း အနက်မှာ- “စောဒိတော = စစ်ဆေး မေးမြန်းအပ်”ဟု ဖွင့်ကြသည်။ မေးမြန်းနည်း ၆ မျိုးကား-
- ကိံ တေ အဓိဂတံ = သင် ဘာကို ရအပ်သလဲ။ “ဈာန်ကို ရသလား၊ မဂ်ဖိုလ်ကို ရသလား”ဟူလို။
- ကိန္တိတေ အဓိဂတံ = ဘယ်နည်းဖြင့် သင် ရအပ်သလဲ။ “အနိစ္စကို လိုရင်းပဓာနလုပ်၍ အားထုတ်လို့ ရသလား၊ သမာဓိကို အားထုတ်လို့ ရသလား၊ ဝိပဿနာကို အားထုတ်လို့ ရသလား” ဟူလို။
- ကဒါ တေ အဓိဂတံ = အဘယ်အချိန်မှာ သင် ရအပ်သလဲ။
- ကတ္ထ တေ အဓိဂတံ = အဘယ်နေရာမှာ သင် ရအပ်သလဲ။
- ကတမေ တေ ကိလေသာ ပဟီနာ = အဘယ် ကိလေသာများကို သင် ပယ်အပ်ကုန်ပြီလဲ။
- ကတမေသံ တွံ လာဘီ = အဘယ် တရားတို့ကို သင်ရသနည်း။ “ဈာန် တို့တွင် ပထမဈာန်ကို ရသလား၊ မဂ်ဖိုလ်တို့တွင် သောတာပတ္တိမဂ်ဖိုလ် ကို ရသလား”ဟူလို။
ဤသို့ မေးနည်း ၆ မျိုးရှိသည်။
အာပန္နော ဝိသုဒ္ဓါပေက္ခော
အာပန္နောအရ “အာပတ်သင့်ခြင်း” ဟုသည် လိမ်၍ ပြောပြီးစကပင် သင့်ခဲ့ခြင်းတည်း။ ထို့ကြောင့် “အာပန္နော- အာပတ်သင့်ပြီးဖြစ်၍”ဟု အနက်ပေးသည်။ ဝိသုဒ္ဓါပေက္ခောကို “ဝိသုဒ္ဓိ + အပေက္ခော”ဟု ပုဒ်ဖြတ်။ “ဝိသုဒ္ဓိ” အရ စင်ကြယ်ခြင်းကို မယူရ။ စင်ကြယ်ကြောင်း (စင်ကြယ်ခြင်း၏အကြောင်း) ကို ယူရမည်။ “စင်ကြယ်ကြောင်း” ဟူသည်လည်း လူ့အဖြစ် စသည်ပင်တည်း။
ချဲ့ဦးအံ့ -
ပါရာဇိက ကျသူသည် ရဟန်းအသွင်ကို မစွန့်သမျှ မစင်ကြယ်တော့ရကား ထိုအနေမျိုးဖြင့် ဈာန်မဂ်ဖိုလ်ကို မဆိုထားဘိ သေသည့်အခါ သုဂတိဘဝ (လူ နတ်ဘဝ)ကိုမျှ မရနိူင်တော့ချေ။ လူ-ဥပါသကာကြီး အာရာမ် စောင့်-သာမဏေအဖြစ်သို့ ပြောင်း၍ ဒါန၊ သီလ၊ ဘာဝနာတို့ကို အားထုတ်နေလျှင်ကား ထိုသုဂတိဘဝနှင့် ဈာန်မဂ်ဖိုလ်တရားများကိုပင် ရခွင့်ရှိသေး၏။ ထို့ကြောင့် လူ့အဖြစ် စသည် သည် ထို ရဟန်းအတု၏ စင်ကြယ်ကြောင်းပေတည်း။ ထို့ကြောင့် “ဝိသုဒ္ဓါပေက္ခော = မိမိ၏ စင်ကြယ်ကြောင်း လူ့အဖြစ် စသည်ကို အလိုရှိလသော်”ဟု အနက်ပေးသည်။
အဇာနမေဝ ၊ပေ၊ ဝိလပိန္တိ
ဤဝါကျကား သူ၏ လိမ်လည် ပြောမိကြောင်းကို ဝန်ခံပုံပြသော ဝါကျတည်း။ “ငါ့ရှင်တို့...၊ ဥတ္တရိမနုဿဓမ္မကို မသိပါဘဲ “ငါသိ၏”ဟု ၎င်း၊ မမြင်ပါဘဲ “ငါမြင်၏”ဟု၎င်း ပြောမိပြီ၊ အချည်းနှီး မှားယွင်းသော စကားကို ဆိုမိပြီ”ဟူလို။
[“အဇာနမေဝ – အဇာနမေဝံ”ဟု ပါဌ် ၂ မျိုးရှိကြောင်းကို သာရတ္ထဋီကာ ဆို၏။ ဤ နိဿယ၌ ရှေ့ပါဌ်ကိုသာ အနက်ပေးထားသည်။ မေဝံရှိရာ၌ “ဧဝံ-ဤသို့၊ ဇာနာမိ-၏၊ ဧဝံ-ဤသို့၊ ပဿာမိ-၏”ဟု ပေးပါ။ ပဿာမိ နောင် ယခုစာတို့၌ ဣတိမပါ။ “ပဿာမီတိ အဝစံ”ဟု ဋီကာဖွင့်သောကြောင့် ပါလျှင်ကောင်း၏၊ မပါလျှင် ထည့်ပေး။]
တုစ္ဆံ မုသာ အထူး
အနက်မရှိခြင်းကို “တုစ္ဆံ” ဟု၎င်း၊ စကားလုံး မှားယွင်းခြင်းကို “မုသာ”ဟု၎င်း ခွဲပါ။ ဆိုလိုရင်းကား - “ပထမဈာန်ကို ငါ ရ၏”ဟု ဆိုရာ၌ “ပထမဈာန်”ဟူသော စကား၏ အနက်မှန်ဖြစ်သော ပထမဈာန် တရား၏ သူ့သန္တာန်မှာ မရှိခြင်းသည် “တုစ္ဆံ”တည်း။ “ပထမဈာန်ကို ငါ ရ၏” ဟူသော စကား တဝါကျလုံး မမှန်ခြင်းသည် “မုသာ”တည်း။
အညတြ အဓိမာနာ
[အဓိ (အဓိဂတ) = ရအပ်ပြီဟု + မာန = မှတ်ထင်ခြင်း။] ဈာန်မဂ်ဖိုလ်ရအောင် ကြိုးကြိုးစားစား အားထုတ် နေသော ယောဂီ သူတော်စင်ဖြစ်၍ ကိလေသာများ အထင်အရှား မဖြစ်ရတော့ကား မိမိမှာ ဈာန်-သို့မဟုတ် မဂ်ဖိုလ်များကို မရသေးသော်လည်း “ရနေပြီ”ဟု မှတ်ထင်မှုကို “အဓိမာန”ဟု ခေါ်သည်။
(တနည်း) [အဓိ (အဓိက) = လွန်ကဲသော + မာန=မှတ်ထင်ခြင်း။]
မိမိမှာရှိသော ကာမာဝစရ သီလ သမာဓိ ပညာထက် ပို၍ မဟဂ္ဂုတ် လောကုတ္တရာ သီလ သမာဓိ ပညာ ရှိနေပြီဟု မှတ်ထင်မှုကို “အဓိမာန”ဟု ခေါ်သည်။ ထိုကဲ့သို့ ထင်မှတ်၍ စပ်မိစပ်ရာပြောသော ယောဂီ ပုဂ္ဂိုလ်မြတ်မှာ အာပတ်မသင့်။
မှတ်ချက်
ဤ ပြခဲ့သောစကားအရ အဓိမာနရှိသော ပုဂ္ဂိုလ်ဟူသည် ဈာနလာဘီအစစ်၊ အရိယာအစစ်လည်း မဟုတ်။ မေ့မေ့လျော့လျော့နေသော ပုထုဇဉ်လည်း မဟုတ်။ တရားအားထုတ်နေသော ယောဂီ ရဟန်းတော်တည်း ဟု မှတ်ပါ။
[ရှေးနိဿယ၌ “အဓိမာနာ - ရနိုးခြင်းကို” ဟု အနက်ပေး၏။ အဓိပ္ပာယ် မထင်ရှား။ သဒ္ဒါနက် အားဖြင့်လည်း မထိမိချေ။]
စတုတ္ထပါရာဇိကအင်္ဂါ
- ဥတ္တရိမနုဿဓမ္မ၏ မိမိ၌ မရှိခြင်း၊
- ယုတ်မာသော(ဝါကြွားလိုသော)စိတ်ဖြင့် ပြောခြင်း၊
- သူတပါးကိုကဲ့သို့ ညွှန်ပြသောအရာ မဟုတ်ခြင်း၊
- နားထောင်သူက လူသားစင်စစ်ဖြစ်ခြင်း၊
- ပြောပြီးသည်နှင့်တပြိုင်နက် “ဤကိုယ်တော်သည် ဈာန်ရ-သို့မဟုတ် အရိယာ ပုဂ္ဂိုလ်”ဟု သိခြင်း။
ဤအင်္ဂါ ၅ ပါး ညီညွတ်လျှင် ပါရာဇိက ကျ၏။
[ဆောင်]
ဈာန် မဂ် ဖိုလ် ဥတ္တရိရယ်က, မိမိ၌ မရှိမှန်၊
ပါပိစ္ဆာ စိတ်ဝါကြွားနှင့်, ပြောမှားမိဟန်၊
သူတပါး မညွှန်ပြန်, နာခံသူ လူသား၊
ပြောခြင်းပင် အမြန်သိလျှင်လ, အင်ငါးတန် အမှန်ပြည့်တာကြောင့်၊
စတုတ္ထာ ပါရာဇိငယ်, ကျ၏ မမှား။
သူတပါးကဲ့သို့ ညွှန်ပြပုံ
၃။ မိမိကိုပင် သူတပါးအနေမျိုးဖြင့် “ယော တေ ဝိဟာရေ ဝသတိ၊ သော အရဟာ = သင်ဒါယကာရဲ့ ကျောင်း၌နေသော ဘုန်းကြီးဟာ ရဟန္တာဘဲ”စသည်ဖြင့် ပြောခြင်းကို “အညာပဒေသ = အည + အပဒေသ” ဟု ခေါ်၏။ ဤသို့ မိမိကိုပင် သူတပါးကဲ့သို့ ညွှန်ပြ၍ ပြောဆိုရာ၌ နားထောင်သူက ထို ပြောတိုင်း နားလည်လျှင် ပါရာဇိက မကျ၊ ထုလ္လစ္စဉ်း အာပတ်သာ သင့်၏။ နားထောင်သူက နားမလည်လျှင် ဒုက္ကဋ်အာပတ်သာ သင့်၏။
လေ့ကျင့်ခန်း မေးခွန်းများ
က။ စတုတ္ထပါရာဇိကသိက္ခာပုဒ် ပါဠိတော်ကို မြန်မာပြန်ပါ။
ခ။ ဥတ္တရိ+မနုဿ+ဓမ္မတို့၏ အနက်ကို ခွဲပြပြီးလျှင် “ဥတ္တရိ မနုဿ” အရ မည်သည့်လူမျိုးကိုရ၍ “ဥတ္တရိမနုဿဓမ္မ” အရ မည်သည့်တရား ရသည် ဟုလည်း ပြပါ။
ဂ။ “အတ္တုပနာယိကံ” အရ မိမိ၌ ဥတ္တရိမနုဿဓမ္မ ဆောင်ယူပုံကို ထင်ရှားအောင် ဥပမာဖြင့် ပြပါ။
ဃ။ အလံ+အရိယံ+ဉာဏံ+ဒဿနံတို့၏ အနက်ကို အသီးသီးပြ၍ အလမရိယဉာဏဒဿနံ တပုဒ်လုံး အရ ဥတ္တရိ မနုဿဓမ္မကို ရအောင် မည်သည့်သမာသ် တွဲစပ်ရမည်ကိုလည်း ပြပါ။
င။ “ဣတိ ဇာနာမိ၊ ဣတိပဿာမိ” သည် ပြောပုံကိုပြသော စကားဖြစ်လျှင် တကယ်ပြောသောအခါ ဘယ်လို ပြောလိမ့်မည်နည်း။
စ။ “တတော ၊ပေ၊ ဧဝံ ဝဒေယျ” ကား ဘာကိုပြသော စကားပါနည်း။
ဆ။ သမနုဂ္ဂါဟီယမာနောဝါ အရ မေးပုံကို ပြပါ။
ဇ။ “အာပန္နော” အရ မေး၍ ဝန်ခံမှ အာပတ်သင့်သည်ဟု မှတ်ရမည်လော၊ အဘယ်အချိန်က သင့်ခဲ့ပါသနည်း။
ဈ။ “ဝိသုဒ္ဓါပေက္ခာ” ၌ အဘယ်အဖြစ်ကို “ဝိသုဒ္ဓိ” ဟု ခေါ်သနည်း။
ဉ။ “အဇာနမေဝ ၊ပေ၊ ဝိလပိန္တိ” ဝါကျသည် ဘာကိုပြသော ဝါကျပါနည်း။ ထိုဝါကျကို မြန်မာပြန်ပါ။
ဋ။ “အဇာနမေဝံ” ဟု ရှိလျှင် အဘယ်သို့ အနက်ပေးမည်နည်း။
ဌ။ အဘယ်ကို “အဓိမာန” ဟု ခေါ်သနည်း။ ၂ နည်းလုံးကို ပြပါ။
ဍ။ စတုတ္ထပါရာဇိက အင်္ဂါကို ပြပါ။
ဎ။ “အညာပဒေသ ပြောခြင်း” ဟူသည် အဘယ်သို့ ပြောခြင်းပါနည်း။
ဏ။ မိမိကိုပင် သူတပါးကဲ့သို့ ညွှန်ပြပုံနှင့် အာပတ်သင့်ပုံ ၂မျိုးကိုလည်း ပြပါ။
နိဂုံး
ဥဒ္ဒိဋ္ဌာ ခေါ အာယသ္မန္တော စတ္တာရော ပါရာဇိကာ ဓမ္မာ။ ယေသံ ဘိက္ခု အညတရံ ဝါ အညတရံ ဝါ အာပဇ္ဇိတွာ န လဘတိ ဘိက္ခူဟိ သဒ္ဓိံ သံဝါသံ ယထာ ပုရေ တထာ ပစ္ဆာ၊ ပါရာဇိကော ဟောတိ အသံဝါသော။
အာယသ္မန္တော - အရှင်တို့၊
စတ္တာရော - ၄ ပါးကုန်သော၊
ပါရာဇိကာ - ပါရာဇိက မည်ကုန်သော၊
ဓမ္မာ - အာပတ်တို့ကို၊
ဥဒ္ဒိဋ္ဌာ - သရုပ်အားဖြင့် ရွတ်ပြအပ်ပါကုန်ပြီ၊
ဘိက္ခု - ရဟန်းသည်၊
ယေသံ - ယင်း ပါရာဇိကတို့တွင်၊
အညတရံဝါ အညတရံဝါ - တပါးပါးသော ပါရာဇိကသို့ မူလည်း၊
အာပဇ္ဇိတွာ - ရောက်လသော်၊
ပုရေ - ရှေးလူဖြစ်စဉ် သာမဏေဖြစ်စဉ် အခါ၌၊
ဘိက္ခုဟိ – ရဟန်းတို့နှင့်၊
သဒ္ဓိံ - တကွ၊
သံဝါသံ - ဧကကမ္မ ဧကုဒ္ဒေသ သမသိက္ခာဟူသော သံဝါသကို၊
ဝါ - ပေါင်းသင်းခွင့်ကို၊
န လဘတိ ယထာ - မရသကဲ့သို့၊
တထာ- ထို့အတူ၊
ပစ္ဆာ - ပါရာဇိက ကျပြီးနောက်၌၊
ဘိက္ခုဟိ - ရဟန်းတို့နှင့်၊
သဒ္ဓိံ - တကွ၊
သံဝါသံ - ကို၊
န လဘတိ - မရ၊
ပါရာဇိကော ဟောတိ အသံဝါသော။
တတိယာ နုဿာဝန
တတ္ထာယသ္မန္တေ ပုစ္ဆာမိ, ကစ္စိတ္ထ ပရိသုဒ္ဓါ၊ ဒုတိယမ္ပိ ပုစ္ဆာမိ, ကစ္စိတ္ထ ပရိသုဒ္ဓါ၊ တတိယမ္ပိ ပုစ္ဆာမိ, ကစ္စိတ္ထ ပရိသုဒ္ဓါ၊ ပရိသုဒ္ဓေတ္ထာယသ္မန္တော၊ တသ္မာ တုဏှီ၊ ဧဝမေတံ ဓာရယာမီတိ။
တတ္တ - ထိုပါရာဇိကတို့၌၊
အာယသ္မန္တေ ပုစ္ဆာမိ - ကစ္စိ ပရိသုဒ္ဓါ အတ္ထ၊
ဒုတိယမ္ပိ ပုစ္ဆာမိ – ကစ္စိတ္ထ ပရိသုဒ္ဓါ၊
တတိယမ္ပိ ပုစ္ဆာမိ - ကစ္စိတ္ထ ပရိသုဒ္ဓါ၊
အာယသ္မန္တော - အရှင်တို့သည်၊
ဧတ္ထ - ဤ ပါရာဇိကတို့၌၊
ပရိသုဒ္ဓါ - စင်ကြယ်ကုန်၏၊
တသ္မာ - ထို့ကြောင့်၊
တုဏှီ - သည်၊
(အာသိ - ဖြစ်ပြီ၊)
ဧဝ မေတံ ဓာရယာမိ၊
ဣတိ - ပါရာဇိက အပြီးတည်း။
[မပါသော အနက်များကို နိဒါန်းအဆုံး ကြည့်၍ ပေးပါ။]
ပါရာဇိကာ - ပါရာဇိကဓမ္မတို့သည်၊
နိဋ္ဌိတာ - ပြီးကုန်ပြီ။
နိဂုံးနှင့် အနုဿာဝန
“ဥဒ္ဒိဋ္ဌာ ၊ပေ၊ ဓမ္မာ” သည် နိဂုံးဝါကျ၊
“ယေသံ ဘိက္ခု”မှ စ၍ “အသံဝါသော” တိုင်အောင်ကား အမှာ စကားရပ်၊
“တတ္ထာ ယသ္မန္တေ” စသည်တို့မှာ ယာဝ တတိယာနုဿာဝန စကားတည်း။
“ဥဒ္ဒိဋ္ဌာ - သရုပ်အားဖြင့် ပြအပ်ပါကုန်ပြီ”ဟူရာ၌ ဘိက္ခု ပါတိမောက္ခုဒ္ဒေသ၌ တိုက်ရိုက်ပြထား သော ပါရာဇိက ၄ ပါးကို ရည်ရွယ်၍ ဆိုသည်။ “ထို ၄ ပါးကို သရုပ် သကောင် ပေါ်အောင် ထုတ်ပြပြီးပြီ” ဟု ဆိုလိုသည်။
[သုဓာတ်သည် သြုဓာတ်မှ လာသောကြောင့် ဿဒေဘော်ဖြင့် “အနုဿာ”ဟု ရှိပါစေ။]
ပါရာဇိက ၂၄
ပြခဲ့သော ပါရာဇိက ၄ ပါးတွင် မပါဝင်သော ပါရာဇိကများနှင့်တကွ ပါရာဇိက ၂၄ ပါးကို မှတ်သား ရာ၏။
- ဤပါတိမောက်၌ တိုက်ရိုက်လာသော ဘိက္ခု အတွက် ပါရာဇိက ၄၊
- ဘိက္ခုနီအတွက် (၈ ပါး ရှိသော်လည်း ၄ ပါးက တူပြီးဖြစ်၍ မတူသော) ပါရာဇိက ၄၊
- ဝဇ္ဇနီယ ၂၁ ၌ ပြခဲ့သော “ပဏ်-ထေ-ပက်-ဆာန်၊ ပဉ္စာနန်၊ ဒူသံ-ဥဘောဗျည်း” ဟူသော အဘဗ္ဗပုဂ္ဂိုလ် ၁၁၊
- လူထွက်လို၍ လူဝတ်လဲသော ဘိက္ခုနီ ၁၊
- အင်္ဂါဇာတ် ရှည်၍ “လမ္ဗီ”ခေါ် ပုဂ္ဂိုလ် ၁၊
- နူးညံ့ပျော့ပျောင်းသော ကျောက်ကုန်းရှိ၍ “မုဒုဋ္ဌိက”ခေါ် ပုဂ္ဂိုလ် ၁၊
- သူတပါး၏ အင်္ဂါဇာတ်ပေါ်သို့ ရှေ့ရှုထိုင်သူ ၁၊
- သူတပါး၏ အင်္ဂါဇာတ်ကို စုပ်သူ (ပန်းစုပ်) ၁၊
ဤ အားလုံးကို ပေါင်း၍ ပါရာဇိက ၂၄ ပါး ရှိသည်ဟု မှတ်ပါ။
[လမ္ဗော ယဿ အတ္ထီတိ လမ္ဗိ-တွဲလျားကျသော ရှည်သော အင်္ဂါဇာတ်ရှိသူ၊ မုဒု + ပိဋ္ဌိ ယဿာတိ မုဒုပိဋ္ဌိကော။]
[ဆောင်]
ရှစ်ပါး ပါရာ, ဘဗ္ဗာရောသွတ်, လူဝတ်သည့်နီ, လမ္ဗီ-မုဒု ရှေ့ရှုထိုင်ခဲ့, စုပ်ပြန်ငဲ့, နှစ်ဆယ့်လေးပါရာ။
ချဲ့ဦးအံ့ -
လူထွက်လို၍ လူဝတ်သကဲ့သို့ ဝတ်သော ဘိက္ခုနီသည် (သိက္ခာမချရတော့ဘဲ) လူဖြစ်၏။ နောက်ထပ်လည်း ဘိက္ခုနီ လုပ်ခွင့် မရတော့သဖြင့် ပါရာဇိက ကျလေတော့သည်။
လမ္ဗီပုဂ္ဂိုလ်ကား ရှည်ရုံ သက်သက်ဖြင့် ပါရာဇိက မကျ၊ မိမိ၏ ရှည်သောအင်္ဂါဇာတ်ကို ပါးစပ်ဖြင့် သော်လည်း စုပ်တံ့၊ ဝစ္စမဂ် သို့သော်လည်း သွင်းအံ့၊ ထိုအခါကျမှ ပါရာဇိက ကျသည်။
မုဒုပိဋ္ဌိက ပုဂ္ဂိုလ်လည်း ကျောက်ကုန်းပျော့နေရုံဖြင့် ပါရာဇိက မကျ၊ လမ္ဗီအတိုင်း ပြုမှ ကျသည်။
သူတပါး၏ အင်္ဂါဇာတ်ကို ထိုင်သူ စုပ်သူများ ပါရာဇိက ကျပုံမှာ ထင်ရှားပြီ။
ယာဝတတိယာနုဿာဝန အကျိုး
တတ္ထာယသ္မန္တေ ပုစ္ဆာမိ စသည်ဖြင့် “ပါရာဇိက အာပတ်မှ စင်ကြယ်ကြပါရဲ့လား”ဟု မေးရာ၌ စင်ကြယ်၍ ဆိတ်ဆိတ်နေသူ့အတွက်မှာ စဉ်းစားဘွယ် မရှိပြီ။ မစင်ကြယ်ဘဲ ဆိတ်ဆိတ် နေသူမှာ လိမ်ရာရောက်၏။ သို့သော် ပါရာဇိက ကျပြီး ဖြစ်၍ သမ္ပဇာန မုသာဝါဒ ဒုက္ကဋ် အာပတ်လည်း ထပ်၍ မသင့်ထိုက်ချေ။
သို့ဖြစ်၍ ပါရာဇိကအဆုံး၌ ၃ ကြိမ် မေးခြင်းသည် ဘာအကျိုးရှိပါလိမ့်မည်နည်းဟု စဉ်းစားဘွယ် ရှိ၏။ စဉ်းစားမိသည်ကား - ပါရာဇိက ကျသူသည် မိမိ ပါရာဇိက ကျမှန်း သိလျှင် မေးသည့်အခါ ဝဇ္ဇနီယပုဂ္ဂိုလ် ဖြစ်သည့်အတွက် သံဃာ့ဘောင်မှ ရှောင်ခွာ ထသွား၍ လူဝတ်လဲဘို့ရန် တာဝန်ရှိ၏။ ထိုတာဝန်အတိုင်း ဆောင်ရွက်ဘို့ရာ ၃ ကြိမ် မေးရသည်ဟု စဉ်းစားမိပေသည်။
ပါရာဇိကအခန်း ပြီးပြီ။
သံဃာဒိသေသ အခန်း
အချီ
ဣမေ ခေါ ပနာယသ္မန္တော တေရသ သံဃာဒိသေသာ ဓမ္မာ ဥဒ္ဒေသံ အာဂစ္ဆန္တိ။
အာယသ္မန္တော - အရှင်တို့၊
တေရသ - တဆယ့်သုံးပါးကုန်သော၊
သံဃာဒိသေသာ - သံဃာဒိသေသ် မည်ကုန်သော၊
ဣမေ ခေါ ပန ဓမ္မာ - ဤ အာပတ်တို့သည်၊
ဥဒ္ဒေသံ - သို့၊
အာဂစ္ဆန္တိ - ရောက်ကုန်၏၊
အချီ
“ဣမေ ခေါ ပနာယသ္မန္တော ၊ပေ၊ အာဂစ္ဆန္တိ” ကား သံဃာဒိသေသ် သိက္ခာပုဒ်များ၏ အချီ (စကားပျိုး-နိဒါန်း) ဝါကျတည်း။ အခန်းတိုင်းဝယ် ဤကဲ့သို့ အချီ နိဒါန်းနှင့် “ဥဒ္ဒိဋ္ဌာ ခေါ အာယသ္မန္တော” စသော အချ နိဂုံးများ ပါရှိသည်။ ထို အချီ အချ ဝါကျတို့သည် ပါတိမောက်ပြသည့် အခါဝယ် ပါတိမောက် နာသော ရဟန်းတို့ကို (ပါတိမောက်ပြသော ရဟန်းက) ပြောပြရသော ဝါကျတို့ချည်းတည်း။
ထို့ကြောင့် ထိုဝါကျတို့၌ ပါသော “အာယသ္မန္တော” အာလုပ်ကို ပါတိမောက်ပြသော ရဟန်းက စည်းဝေး ရောက်လာသော ရဟန်းများကို ခေါ်သော အာလုပ်ဟုချည်း မှတ်ပါ။
၁။ သုက္ကဝိသဋ္ဌိ သိက္ခာပုဒ်
၁။ သဉ္စေတနိကာ သုက္ကဝိဿဋ္ဌိ အညတြ သုပိနန္တာ သံဃာဒိသေသော။
(ဘိက္ခုနော - ရဟန်း၏၊)
သုပိနန္တာ - အိပ်မက်၌ သုက်လွှတ်ခြင်းကို၊
အညတြ - ကြဉ်၍၊
သေဉ္စတနိကာ - လွတ်စေလိုသော စေတနာ ထင်ရှားရှိသော၊
ယာ သုက္ကဝိသဋ္ဌိ - အကြင် သုက်လွှတ်ခြင်းသည်၊
အတ္ထိ - ရှိ၏။
အယံ - ဤ သုက်လွှတ်ခြင်းသည်၊
သံဃာဒိသေသော - သံဃာဒိသေသ် မည်သော၊
အာပတ္တိ နိကာယော - အာပတ်အပေါင်းသည်၊
ဟောတိ - ၏။
[ပါဠိ၌ မပါသော ပုဒ်များကို ထည့်ပါဌ်ဟုချည်း မှတ်ပါ။]
၁။ သုက္ကဝိသဋ္ဌိ သိက္ခာပုဒ်
အိပ်မက် မက်၍ သုက်လွှတ်ခြင်းမှတပါး လွတ်စေလိုသော စေတနာဖြင့် လုံ့လပြု၍ သုက်လွှတ် စေလျှင် သံဃာဒိသေသ် အာပတ်သင့်သည်။ ဤသိက္ခာပုဒ်၌ “ယော ပန ဘိက္ခု” ဟူသော ကတ္တားပုဒ် မပါ၊ ကတ္တားပုဒ် ထည့်၍လည်း အစပ်မတဲ့။ ဘာ့ကြောင့်နည်း။ သုက္ကဝိသဋ္ဌိ ပုဒ်က “ရဟန်း၏ + သုက္ကဝိသဋ္ဌိ” ဟု သမ္ဗန်ကို ငဲ့နေသောကြောင့်တည်း။
ထို့ကြောင့် ကတ္တားပုဒ်မထည့်ဘဲ “ဘိက္ခုနော - ရဟန်း၏၊ သိက္ခာသာဇီဝ သမာပန္နဿ - ပါတိမောက္ခသံဝရ ဟူသော အဓိသီလသိက္ခာ၊ သိက္ခာပုဒ်ပါဠိတော် ဟူသော သာဇီဝသို့ ကောင်းစွာ ရောက်သည်ဖြစ်၍ သိက္ခံ အပစ္စက္ခာယ ဒုဗ္ဗလျံ အနာဝိကတွာ”ဟု ထည့်မှ အစပ်တဲ့သည်။
သေဉ္စတနိကာ
[သံ=ထင်ရှားသော + စေတနာ=စေတနာ + ဣက=အနက်မရှိ၊] သုက်ကိုလွတ်စေရာဝယ် အိပ်မက်ထဲ၌ လွတ်စေခြင်း၊ နိုးနေစဉ် အခါ တစုံတခု လုံ့လပြု၍ လွတ်စေခြင်းဟု ၂ မျိုးရှိ၏။ ထို ၂ မျိုးတွင် အိပ်မက်၌ လွတ်စေရာဝယ် စေတနာပါသော်လည်း အာပတ်၏ အင်္ဂါဟု ဆိုရလောက်အောင် စေတနာ အထင်အရှားမရှိ။ နိုးနေစဉ်အခါ လွတ်စေရာ၌ကား လွတ်စေလိုသော စေတနာ အထင်အရှားရှိသည်။ ထို့ကြောင့် “သံ” အတွက် “ဝိဇ္ဇမာန = အထင်အရှား”ဟူသော အနက်ကြံ၍ “သေဉ္စတနိကာ - ထင်ရှားသော စေတနာရှိသော”ဟု အနက် ပေးသည်။
[စေတနာဟူသည် မောစနဿာဒ စေတနာ - လွတ်စေခြင်း၌ သာယာသော စေတနာတည်း။ ထို စေတနာကိုပင် “လွတ်စေလိုသော စေတနာ”ဟု ခေါ်ကြသည်။]
သုက္ကဝိသဋ္ဌိ
ဝိသဇ္ဇနံ - လွှတ်ခြင်း + ဝိသဋ္ဌိ - လွှတ်ခြင်း၊ ဝိပုဗ္ဗ-သဇ ဓာတ်သည် ကံရှိသော သကမ္မကဓာတ် ဖြစ်၏။ ဓာတ်နက်မှာလည်း “စာဂ= စွန့်လွှတ်ခြင်း”ဟု အနက်ရှိ၏။ သို့ဖြစ်၍ “ဝိသဋ္ဌိ = လွတ်ခြင်း”ဟု အနက်မရ။ “လွတ်”ဆိုသည်မှာ “မုစ”ဓာတ်၏ အနက်သာ ဖြစ်သည်။ “မုစ္စတိ-မုတ္တော” စသည်တည်း။ ထို့ကြောင့် ရှေးက “သုက္ကဝိသဋ္ဌိ = သုက်လွတ်ခြင်း”ဟု ဟထိုး မပါသော အနက်ကို ဆင်ခြင်ပါ။
မှတ်ချက်
ကံရှိသော ဝိ+သဇဓာတ်၏ “လွှတ်” ဟူသော အနက်ကို ကံမရှိသော ဝိဝါဒိ မုစဓာတ် – စုဓာတ်တို့ဖြင့် ဖွင့်လျှင် ကာရိတ်ပစ္စည်း ဝင်မှ အဓိပ္ပာယ်ညီမျှ၍ “ဝိသဋ္ဌိ”ကို”မောစနာ-စာဝနာ”ဟု ဖွင့်ကြသည်။ “လွတ်စေ ရွေ့စေ=လွှတ်=ရွေ့”တို့ကား အသံကွဲ၍ အနက်တူတို့တည်း။
သက္ကတဝယ် သဇဓာတ်၌ သ-မှာ ရိဆွဲနှင့် ရှိ၏။ ထိုရိဆွဲပျောက်နေသော ပါဠိ၌ နောက် အက္ခရာ ဒွေဘော်ရောက်၍ “ဝိသဋ္ဌိ ဝိသဋ္ဌော, ဝိသဂ္ဂေါ, ဝိသဇ္ဇနံ”ဟု ရှိရသည်။
ဆက်ဦးအံ့ ---
“လွတ်”ဟူသော စကားသည် နိဗျာပါရ (ပုဂ္ဂိုလ်၏ အားစိုက်မှု မပါသော) စကားတည်း။ “လွှတ်-လွတ်စေ” ဟူသော စကားတို့ကား ဗျာပါရပါသော စကားတို့တည်း။ သုက်ကို လွတ်စေရာ၌ အိပ်မက်ထဲမှာ ဖြစ်သော်လည်း အားစိုက်သော စေတနာ (အနည်းငယ်) ပါသေးသည်သာ။ သို့သော် ထိုစေတနာမှာ မစောင့်ထိန်းနိုင်သောအရာဖြစ်၍ အာပတ်၏ အင်္ဂါဟု မဆိုလောက်ဘဲ နိုးနေစဉ်အခါ စိတ်ပါ လက်ပါ ထင်ရှားသော စေတနာဖြင့် လွတ်စေခြင်းသာ အာပတ်၏ အင်္ဂါဟု ဆိုရသည်။
အညတြ သုပိနန္တာ
သုပိန = အိပ်မက် + အန္တ = အနက်သီးခြား မရှိ။ (သုတ္တန္တ၌ အန္တပုဒ်ကဲ့သို့ သုပိနပုဒ်၏ အနက်ကို တွဲဘက်၍ဟောသော ပုဒ် တမျိုးတည်း။) န္တာ၌ သ္မာဝိဘတ်လည်း အညတြကို ငဲ့၍ ကံအနက် ဟော၏။ သဒ္ဒါနက်အားဖြင့် “သုပိနန္တာ = အိပ်မက်ကို” ဟုသာ ထွက်၏။ သို့သော် ဥပစာနည်းအားဖြင့် “အိပ်မက်၌ သုက်လွှတ်ခြင်းကို” ဟု အနက်ပေးရသည်။ [သံဃာဒိသေသော ပုဒ်ဖွင့်ကို နောက်၌ ပြအံ့။]
အင်္ဂါ ၃ ပါး
သေဉ္စတနိကာ အရ စေတနာရှိခြင်းကို၎င်း၊ “သုက္က ဝိသဋ္ဌိ - သုက် လွတ်စေသည်”ဟု ဆိုသဖြင့် လွတ်အောင် လုံ့လပြုခြင်းနှင့် လွတ်ခြင်းကို၎င်း သိနိုင်၏။ ထို့ကြောင့် ဤ သိက္ခာပုဒ်၌ အာပတ်သင့်ဘို့ရာ
- လွတ်စေလိုသော စေတနာ ရှိခြင်း၊
- လုံ့လပြုခြင်း၊
- သုက်လွတ်ခြင်း -
အားဖြင့် အင်္ဂါ ၃ ပါးရှိသည်ဟု မှတ်ပါ။
[ဆောင်]
လွတ်စေလို့ငှာ, စေတနာတည့်, ဗျာပါလုံ့လ, ပြုမိကလျင်း သုက်လွတ်ခြင်းဟု, ကြောင်းရင်း သုံးလီ အင်္ဂါညီ, သင့်ပြီ ဝိသဋ္ဌိ။
မှတ်ချက်
ကပိမိဒ္ဓပရေတော ခေါ မဟာရာဇ၊ သုပိနံ ပဿတိ-မဟာရာဇာ၊ မျောက်သတ္တဝါ အိပ်ခြင်းနှင့်တူသော အိပ်ခြင်းသည် (အိပ်ပျော်သွားလိုက် နိုးလာလိုက် ဖြစ်ခြင်းသည်) အလွန်ရောက်အပ်သူသည် အိပ်မက် မက်၏။ (မိလိန္ဒပဉှာ)၊ သုပိနံ ပဿန္တေန ပန ကတေပိ ဝီတိက္ကမေ ဧကန္တံ အနာပတ္တိ ဧဝ၊ -သုက္ကဝိသဋ္ဌိသိက္ခာပုဒ် အဋ္ဌကထာ။
လေ့ကျင့်ခန်း မေးခွန်းများ
က။ သုက္ကဝိသဋ္ဌိ သိက္ခာပုဒ်ကို အကျဉ်းချုပ် မြန်မာပြန်ပါ။
ခ။ ထိုသိက္ခာပုဒ်၌ “ယောပန ဘိက္ခု”စသော ကတ္တားပုဒ်မပါ၍ ကတ္တားပုဒ် ထည့်လျှင် စပ်ပုဒ် ရှိမည်လော၊ မရှိလျှင် ဘယ်သို့ ထည့်ရမည်နည်း။
ဂ။ သေဉ္စတနိကာ၌ “သံ”အတွက် “ထင်ရှား” ဟူသော အနက်နှင့်စပ်၍ စေတနာ မထင်ရှားသော လွှတ်ခြင်းကို ထင်ရှားပြပါ။
ဃ။ ဝိသဋ္ဌိ၌ “ဝိ+သဇ”ဓာတ်၏ အနက်ကား အဘယ်ပါနည်း။
င။ “ဝိသဋ္ဌိ=လွတ်ခြင်း”ဟု ပေးရာ၌ ဓာတ်နက်နှင့် သင့်-မသင့်ကို ဆုံးဖြတ်၍ လွတ်-ရွေ့ နှင့် လွှတ်-ရွှေ့ တို့၏ အဓိပ္ပာယ် ထူးခြားပုံကိုလည်း ပြပါ။
စ။ သုက္ကဝိသဋ္ဌိ သိက္ခာပုဒ်၏ အင်္ဂါကို ပြပါ။
သံဃာဒိသေသ အခန်း
၂။ ကာယသံသဂ္ဂ သိက္ခာပုဒ်
၂။ ယော ပန ဘိက္ခု သြတိဏ္ဏော ဝိပရိဏတေန စိတ္တေန မာတုဂါမေန သဒ္ဓိံ ကာယသံသဂ္ဂံ သမာပဇ္ဇေယျ ဟတ္ထဂ္ဂါဟံ ဝါ ဝေဏိဂ္ဂါဟံ ဝါ အညတရဿ ဝါ အညတရဿ ဝါ အင်္ဂဿ ပရာမသနံ၊ သံဃာဒိသေသော။
ယော ပန ဘိက္ခု - သည်၊
ဩတိဏ္ဏော - ရာဂဘီလူး ဝင်ပူး သက်ရောက်အပ်သည်၊
ဝါ - ရာဂတွင်းသို့ သက်ဆင်း ကျရောက်သည်။
(ဟုတွာ - ဖြစ်၍၊)
ဝိပရိဏတေန - ဖောက်ပြန်သော၊
စိတ္တေန - စိတ်ဖြင့်၊
မာတုဂါမေန - မာတုဂါမနှင့်၊
သဒ္ဓိံ - တကွ၊
ကာယသံသဂ္ဂံ - ကိုယ်ဖြင့် နှီးနှောခြင်းသို့၊
သမာပဇ္ဇေယျ - ရောက်အံ့၊
ဟတ္ထဂ္ဂါဟံဝါ - လက်ကိုကိုင်ခြင်းသို့သော်၎င်း၊
ဝေဏိဂ္ဂါဟံဝါ - ဆံထုံးကို ကိုင်ခြင်းသို့သော်၎င်း၊
အညတရဿဝါ အညတရဿဝါ - တပါးပါးလည်းဖြစ်သော၊
အင်္ဂဿ - အင်္ဂါကြီးငယ်ကို၊
ပရာမသနံဝါ - သုံးသပ်ခြင်းသို့သော်၎င်း၊
သမာပဇ္ဇေယျ - ရောက်အံ့၊
(တဿ ဘိက္ခုနော - ၏၊)
သံဃာဒိသေသော - မည်သော၊
အာပတ္တိ ကာယော - သည်၊
ဟောတိ - ၏။
၂။ ကာယသံသဂ္ဂသိက္ခာပုဒ် (အကျဉ်းချုပ်)
ကာယသံသဂ္ဂရာဂဖြင့် မာတုဂ လက်၊ ဆံထုံး၊ ကြွင်းသော အင်္ဂါတရပ်ရပ်ကို သုံးသပ် ကိုင်ဆွဲသော ရဟန်းမှာ သံဃာဒိသေသ်အာပတ် သင့်၏။
ဩတိဏ္ဏော
ဩတရီယတေ - သက်ရောက်အပ်၏၊
ဣတိ - ဤကမ္မသာဓ် ဝစနတ်ကြောင့်၊
သြတိဏ္ဏော - ၏၊
ဘီလူးက လူကို ပူးဝင်သည့်အခါ လူသည် ဘီလူး သက်ရောက်အပ် ပူးဝင်အပ်သကဲ့သို့ ထို့အတူ ရာဂစိတ် ဖြစ်နေသည့် အခါ လူ၏ ခန္ဓာကိုယ်သည် ရာဂသက်ရောက်အပ် (ရာဂ ဘီလူး အပူးခံအပ်) လျက် ရှိသည်။
တနည်း
ဩတရတိ - ကျရောက်တတ်၏၊
ဣတိ - ဤကတ္တုသာဓ်ဝစနတ်ကြောင့်၊
ဩတိဏ္ဏော - မည်၏၊
ရေတွင်း ရေကန်ထဲသို့ လူကျနေသကဲ့သို့ ထို့အတူ ရာဂစိတ်ဖြစ်နေသည့်အခါ လူတကိုယ်လုံး ရာဂတွင်းသို့ သက်ဆင်း ကျရောက်လျက် ရှိသည်။
[ဤသိက္ခာပုဒ်၌ ရာဂဟူသည် မာတုဂါမကို ကိုင်ဆွဲလိုသော ကာယသံသဂ္ဂ ရာဂတည်း။]
ဝိပရိဏတေန စိတ္တေန
[ဝိ = ဖောက်ပြန်စွာ + ပရိဏတ = ပြောင်းလွဲသော စိတ်။]
ဘဝင် ဟူသော ဝိပါက်များသည် ပဋိသန္ဓေ တည်သည်ကစ၍ ပါသော မူလ ပင်ကိုယ်စိတ်တည်း။ ထို ဘဝင်စိတ်သည် လောဘ အညစ်အကြေးတို့နှင့် မယှဉ်သဖြင့် သန့်ရှင်းစင်ကြယ်၏။ ထို ဘဝင်စိတ်အစဉ်မှ ပြောင်းလွဲ၍ တနဲတဖုံ ဖြစ်ပေါ်လာသော အကုသိုလ်စိတ်များကား ရာဂအညစ်အကြေးနှင့် တွဲ၍ ဖောက်ဖောက်ပြန်ပြန် ပြောင်းလဲလာသော စိတ်များ တည်း။ ဤနေရာ၌ ကာယသံသဂ္ဂ ရာဂစိတ် (ရာဂနှင့်ယှဉ်သော လောဘမူစိတ်) ကိုပင် “ဝိပရိဏတ စိတ္တ = ဖောက်ပြန်သော စိတ်”ဟု ဆိုလိုသည်။
မာတုဂါမေန
ထိုရာဂစိတ်ဖြင့် ဖွားခါစ သူငယ်မကိုပင် ကိုင်စေကာမူ ဤသိက္ခာပုဒ်အရ အာပတ်သင့်၏။ ထို့ကြောင့် မာတုဂါမ အရ အသက်ရှင်ဆဲ မိန်းမအားလုံးကို ယူ။
[သေပြီး အလောင်းကောင်ကို ဤ ကာယသံသဂ္ဂ ရာဂဖြင့် ကိုင်လျှင်ကား (အလောင်း မပျက် သေးလျှင်) ထုလ္လစ္စဉ်း၊ အလောင်းပျက်လျှင် ဒုက္ကဋ်တည်း။ မာတုဂါမ၏ ကိုယ်သာမဟုတ်၊ မာတုဂါမ၏ သုံးစွဲရန်ဖြစ်သော (လှူပြီးမဟုတ်သော) အဝတ်များကို ကိုင်လျှင်လည်း ဒုက္ကဋ်ပင်။]
ကာယသံသဂ္ဂံ
[ကာယေန = ကိုယ်ဖြင့် + သံသဂ္ဂေါ = နှီးနှောခြင်း။]
“ကိုယ်” ဆိုသော်လည်း တကိုယ်လုံးဖြင့် နှီးနှောမှ မဟုတ်၊ ကိုယ်၏ အစိတ်အပိုင်းဖြစ်သော လက်၊ ခြေ အင်္ဂါကိုလည်း (အပေါင်း၏ အမည်ကို အစိတ်၌ တင်စားသော ဧကဒေသျူပစာရအားဖြင့်) ကိုယ်ဟု ခေါ်နိုင်သည်ပင်။ သံသဂ္ဂအရ နှီးနှောခြင်း ဟူသည် ကိုင်ခြင်း၊ ဆွဲခြင်း၊ ဆိတ်ခြင်း၊ နမ်းခြင်း စသော လောက အပြုအမူ အားလုံးတည်း။
ဟတ္ထဂ္ဂါဟံ ၊ပေ၊ ပရာမသနံ
ဤစကားရပ်ကား “ကာယသံသဂ္ဂံ သမာပဇ္ဇေယျ” ၏ အကျယ်ကို ပြသော စကားရပ်တည်း။
ထိုတွင် တံတောင်ဆစ်မှ စ၍ လက်ဖျားအထိကို “ဟတ္ထ”ဟု ခေါ်၏။ ဖွတ်မြီးထိုး၍ဖြစ်စေ၊ မထိုးဘဲ ရိုးရိုး ဖြစ်စေ၊ ပန်း ရွှေ ငွေ သိုးမွေး စသည်ဖြင့် ရော၍ဖြစ်စေ၊ ဆံချည်းသက်သက် ဖြစ်စေ လုံးအပ်သော ဆံထုံးကို “ဝေဏိ”ဟု ခေါ်၏။ ဥပလက္ခဏနည်း အားဖြင့် ဆံထုံးကိုမှတ်၍ ပြောသည်။ မထုံးဘဲထားသော ဆံပင်များနှင့် အမွေးများကိုပါ ဝေဏိ၌ သွင်းယူရမည်။ ထို လက်၊ ဆံတို့မှ ကြွင်းသမျှ ကိုယ်အင်္ဂါ၌ သုံးသပ်ခြင်းကို “အညတရဿဝါ အညတရဿဝါ အင်္ဂဿ ပရာမသနံ” ဆိုသည်။
[ဟတ္ထ=လက် + ဂါဟ=ကိုင်ခြင်း၊ ဂါဟဝယ် သက္ကတ၌ “ဂြဟ” ဓာတ်တည်း။ ရ(ရိဆွဲ) ပျောက်၍ ဒွေဘော်ရောက်သောကြောင့် “ဟတ္ထဂ္ဂါဟံ- ဝေဏိဂ္ဂါဟံ” ဟု ပါဌ်မှန် ရှိရသည်။]
သံဃာဒိသေသော
[သံဃ+အာဒိ+သေသ။]
သံဃာဒိသေသ် အာပတ်သင့်၍ အာပတ်မှ ထလို စင်ကြယ်လိုသည့်အခါ ထို အာပတ်မှ ထမှုအတွက် အစပထမ၌ သံဃာက ပရိဝါသ်ပေးရ၏။ အလယ်၌ သံဃာသည်ပင် မာနတ်ပေးရ (တချို့ အရာဝယ် အရင်းသို့ ပြန်ငင်ကာ မူလာယပဋိကဿနခေါ် ပရိဝါသ်-မာနတ် ပြန်ပေးရ)၏။ အဆုံး၌လည်း သံဃာသည်ပင် အဗ္ဘာန် သွင်းပေးရ၏။
ဤသို့လျှင် အစ ပရိဝါသ်ပေးသော ကံ၊ ထိုအစမှ ကြွင်းကျန်သမျှ မာနတ် ပေးသောကံ (မူလာယပဋိကဿနကံ), အဗ္ဘာနကံတို့၌ သံဃာကို အလိုရှိအပ် (သံဃာပြည့်စုံမှသာ ကိစ္စပြီး) သောကြောင့် အာပတ်မှ ထမှုကို မုချ “သံဃာဒိသေသ”ဟု ခေါ်၏။
သို့သော် အကျိုးအာပတ်မှ ထမှု၏ သံဃာဒိသေသ အမည်ကို အကြောင်း အာပတ်ပေါ် တင်စား၍ ဖလူပစာရ အားဖြင့် အကြောင်း အာပတ်ကိုလည်း “သံဃာဒိသေသ”ဟု ခေါ်ရပြန်သည်။
ဝစနတ္ထ
သံဃော အာဒိမှိစေဝ သေသေစ ဣစ္ဆိတဗ္ဗော အဿာတိ သံဃာဒိသေသော။
အဿ - ဤအာပတ်အပေါင်း၏၊
အာဒိမှိစေဝ - အစဖြစ်သော ပရိဝါသဒါနကံ၌၎င်း၊
သေသေစ - ကြွင်းသော မာနတ္တဒါနကံ (မူလာယပဋိကဿနကံ), အဗ္ဘာန ကံ၌၎င်း၊
သံဃော - သံဃာကို၊
ဣစ္ဆိတဗ္ဗော - အလိုရှိထိုက်၏၊
ဣတိ - ထို့ကြောင့်၊
သော - ထို အာပတ်အပေါင်းသည်၊
သံဃာဒိ သေသော - မည်၏၊
“အာပတ္တိနိကာယ”ဟု ခေါ်ရပုံကို နောက်၌ ပြအံ့။
အင်္ဂါ ၅ ပါး
၁။ လူမိန်းမဖြစ်ခြင်း၊
၂။ မိန်းမမှန်းသိခြင်း၊
၃။ ကာယသံသဂ္ဂရာဂရှိခြင်း၊
၄။ ထိမိအောင် လုံ့လပြုခြင်း၊
၅။ လက် စသည်ကို ကိုင်မိခြင်း။
ဤ အင်္ဂါ ၅ ပါးညီလျှင် အာပတ်သင့်၏။
[ဆောင်]
လူမိန်းမပင်, မိန်းမထင်လျက်, သံသဂ် ရာဂ, လုံ့လပြုလျင်း ကိုင်မိခြင်းဟု ကြောင်းရင်း ၅ လီ, အင်္ဂါညီ, သင့်ပြီ သံသဂ္ဂ။
လေ့ကျင့်ခန်း မေးခွန်းများ
က။ ကာယသံသဂ္ဂ သိက္ခာပုဒ်ကို အကျဉ်းချုပ် မြန်မာပြန်ပါ။
ခ။ ဩတိဏ္ဏော၌ ကမ္မသာဓန အနက်၊ ကတ္တု သာဓန အနက် ၂ ချက်လုံး၏ အဓိပ္ပာယ်ကို ပြပါ။
ဂ။ ဝိပရိဏတေန စိတ္တေန၌ “ဝိပရိဏတစိတ္တ”အရ စိတ်၏ ဖောက်ပြန်ပုံကို ထင်ရှားပြပါ။
ဃ။ “မာတုဂါမေန”အရ ဤကာယသံသဂ္ဂသိက္ခာပုဒ်၌ ယူရမည့် မာတုဂါမ ကိုပြပါ။
င။ “ဟတ္ထဂ္ဂါဟံဝါ ၊ပေ၊ ပရာမသန”တို့ကား ဘာကိုပြသော စကားတို့ ပါနည်း။ ဝေဏိ အရတို့ကိုလည်း ပြပါ။
စ။ သံဃာဒိသေသ ခေါ်ပုံကို စုံလင်စွာပြ၍ ဝိဂ္ဂဟလည်း ပြုပါ။
ဆ။ ကာယသံသဂ္ဂ သိက္ခာပုဒ်၏ အင်္ဂါကို ပြပါ။
သံဃာဒိသေသ အခန်း
၃။ ဒုဋ္ဌုလ္လဝါစာ သိက္ခာပုဒ်
၃။ ယော ပန ဘိက္ခု သြတိဏ္ဏော ဝိပရိဏတေန စိတ္တေန မာတုဂါမံ ဒုဋ္ဌုလ္လာဟိ ဝါစာဟိ သြဘာသေယျ ယထာ တံ ယုဝါ ယုဝတိံ မေထုနုပသံဟိတာဟိ၊ သံဃာဒိသေသော။
ယောပန ဘိက္ခု ဩတိဏ္ဏော ဝိပရိဏတေန စိတ္တေန၊
မာတုဂါမံ - ကို၊
ဒုဋ္ဌုလ္လာဟိ - ရုန့်ရင်းကုန်သော၊
ဝါစာဟိ - ဝစ္စမဂ် ပဿာဝမဂ် မေထုန်နှင့် စပ်သော စကားတို့ဖြင့်၊
ဩဘာသေယျ - ယုတ်ယုတ်မာမာ ပြောဆိုအံ့၊
ယုဝါ - လုလင်ပျိုသည်၊
ယုဝတိံ - မိန်းမပျိုကို၊
(ဩဘာသတိယထာ - ယုတ်ယုတ်မာမာ ပြောဆိုသကဲ့သို့၊)
တထာ - ထို့အတူ၊
မေထုနုပသံဟိတာဟိ - မေထုန်နှင့်စပ်သော စကားတို့ဖြင့်၊
ဩဘာသေယျ - ယုတ်ယုတ်မာမာ ပြောဆိုအံ့၊
တဿ ဘိက္ခုနော - ထိုရဟန်း၏၊
သံဃာဒိသေသော အာပတ္တိ နိကာယော ဟောတိ။
၃။ ဒုဋ္ဌုလ္လဝါစာ သိက္ခာပုဒ် (အကျဉ်းချုပ်)
လုလင်ပျိုက မိန်းမပျိုကို ပြောသကဲ့သို့ ဒုဋ္ဌုလ္လဝါစဿာဒ ရာဂစိတ်ဖြင့် မာတုဂါမကို ဝစ္စမဂ် ပဿာဝမဂ် မေထုန်နှင့် ဆိုင်သော စကားတို့ဖြင့် ပြောသောရဟန်းသည် သံဃာဒိသေသ် သင့်၏။
ဒုဋ္ဌုလ္လဝါစဿာဒ ရာဂ
ဩတိဏ္ဏ ဝိပရိဏတစိတ္တတို့၏ အနက်ကို ရှေ့သိက္ခာပုဒ်အတိုင်း သိနိုင်လောက်ပြီ။ သို့သော် “သြတိဏ္ဏ” အရ ရာဂမှာ ကာယသံသဂ္ဂ ရာဂမဟုတ်၊ ဒုဋ္ဌုလ္လဝါစဿာဒ ရာဂဖြစ်သည်။
ချဲ့ဦးအံ့--
လုလင်ပျိုတယောက်က မိန်းမပျိုတယောက်အား မရှက်တမ်း ပြောဆိုရာ၌ကဲ့သို့ ဝစ္စမဂ် လှကြောင်း-မလှကြောင်းလည်း ပါ၏၊ ပဿာဝမဂ် လှကြောင်း- မလှကြောင်းလည်း ပါ၏၊ ထိုအကြောင်းများ ပြောဆို နေရခြင်းကို နှစ်သက်၏၊ သာယာ၏။ စိတ်မှာ ရာဂနှင့်ယှဉ်သော လောဘမူ စိတ်ပင်တည်း။ ထို ရုန့်ရင်း ကြမ်းတမ်းစွာ ပြောဆိုခိုက်၌ ဖြစ်သောရာဂကို “ဒုဋ္ဌုလ္လဝါစဿာဒ ရာဂ”ဟု ခေါ်၏။
[ဒုဋ္ဌုလ္လ= ရုန့်ရင်းသော + ဝါစာ=စကားပြောရခြင်းကို + အဿာဒ=သာယာသော + ရာဂ။]
ထိုရာဂ သက်ရောက်သည်ကို ဩတိဏ္ဏ၊ ထိုရာဂစိတ်ကို “ဝိပရိဏတစိတ္တ”ဟု ခေါ်သည်။
မာတုဂါမံ
ဤသိက္ခာပုဒ်၌ အလွန်ငယ်သော ကလေးမနှင့် ကြီးသော်လည်း ထုံထိုင်း ဖျင်း အသော မိန်းမကို မယူရ၊ ရုန့်ရင်းသော စကားမှန်း (စကားရိုး စကားဆန်းမှန်း) နားလည်လောက်သော မိန်းမကိုသာ ယူရမည်။
ဩဘာသေယျ
[အဝ+ဘာသေယျ။]
အဝ ဥပသာရသည် ဤ “ပရိဘဝ = လွှမ်းမိုးခြင်း” အနက်ဟောတည်း။ အမျိုးကောင်း သားသမီးတို့ စောင့်စည်းရမည့် စည်းမျဉ်းကို လွှမ်းမိုး၍ ပြောသည် ဟူလို။ ထို စည်းမျဉ်းကို ကျူးကျော်၍ ပြောဆိုခြင်းဟူသည် “ယုတ်ယုတ်မာမာ ပြောဆိုခြင်း” ဖြစ်၍ “နာနပ္ပကာရံ အသဒ္ဓမ္မဝစနံ ဝဒေယျ”ဟု အဋ္ဌကထာ၌ အဓိပ္ပာယ်ဖွင့်သည်။
ယထာတံ ယုဝါ ယုဝတိံ
ဤစကားဖြင့် “ရုန့်ရင်းသော စကားကို ပြောဆိုရာ၌ ကြောက်ရွံ့ တွန့်ဆုတ်ခြင်းမရှိဘဲ ရဲရဲရင့်ရင့် ပြောဆိုကြောင်း”ကို ပြ၏။ “လူပျိုက အပျိုကို ပြောရာ၌ ရဲရဲရင့်ရင့် ပြောသကဲ့သို့ ထိုရဟန်းလည်း မာတုဂါမအား ဒုဋ္ဌုလ္လဝါစာကို ပြောရာဝယ် ရဲဝံ့စွာ ပြောသည်” ဟူလို။ [“ယထာတံ” ၌ တံအနက် မရှိ။]
မေထုနုပသံဟိတာဟိ
[မေထုန= မေထုန် + ဥပသံဟိတာ=စပ်ယှဉ်သည်။]
“မေထုန်ကို ဘယ်လို မှီဝဲသနည်း” ဟု၎င်း၊ “မေထုန်ကို သည်လို မှီဝဲရသည်” ဟု၎င်း၊ “ငါ့ကို မေထုန် ပေးစမ်းပါ” စသည်ဖြင့်၎င်း ပြောဆိုအပ်သော စကားကို “မေထုန်နှင့်စပ်သော စကား” ဟု ခေါ်၏။ “မေထုနုပသံဟိတာဟိ” ဟူသောပါဌ်ဖြင့် အစွမ်းကုန် ရုန့်ရင်းသောစကားကို ညွှန်ပြသည်။ မေထုန်နှင့် မစပ်ဘဲ ဝစ္စမဂ်၊ ပဿာဝမဂ်တို့၏ လှ-မလှကို ကဲ့ရဲ့ရုံ၊ ချီးမွမ်းရုံမျှဖြင့်လည်း သံဃာဒိသေသ် အာပတ် သင့်သည်ပင်။
အာပတ္တိနိကာယော
“သံဃာဒိသေသော” နောက်၌ အဋ္ဌကထာတို့က “အာပတ္တိနိကာယော” ဟု ထည့်၍ ဖွင့်ကြ၏။ ထိုအဖွင့်၏ ဆိုလိုရင်းမှာ - “သံဃာဒိသေသ” ဟူသော အမည်သည် အာပတ်တခု၏ အမည် မဟုတ်၊ သံဃာဒိသေသ် အာပတ်အများ၏ အမည်သာ ဖြစ်သည်။ သို့သော် အာပတ် အပေါင်း၏ “သံဃာဒိသေသ” ဟူသော အမည်ကို အစိတ် အာပတ် တခုတခု အပေါ်၌ တင်စား၍ အာပတ် တခုတခုကိုပင် (ဧကဒေသျူပစာရအားဖြင့်) “သံဃာဒိသေသ” ဟု ခေါ်နိုင်သည် ဟူလို။
အင်္ဂါ ၅ ပါး
၁။ လူဇာတ်ရှိသော မိန်းမဖြစ်ခြင်း၊
၂။ မိန်းမမှန်း သိခြင်း၊
၃။ ဒုဋ္ဌုလ္လဝါစဿာဒရာဂရှိခြင်း၊
၄။ ထိုရာဂဖြင့် (ဝစ္စမဂ် ပဿာဝမဂ် မေထုန်နှင့်စပ်၍) ယုတ်ယုတ်မာမာ ပြောဆိုခြင်း၊
၅။ ပြောလျှင် ပြောချင်း (အပြောခံရသူက) သိခြင်း။
ဤ အင်္ဂါ ၅ပါး ညီညွတ်လျှင် ဤ သိက္ခာပုဒ်အရ သံဃာဒိသေသ်အာပတ် သင့်၏။
[ဆောင်]
လူ မိန်းမပင်, မိန်းမ ထင်လတ်, ဝါစဿာဒ, ထိုရာဂဖြင့် ပြောပြလေဘိ ု ချက်ချင်းသိဟု, ကြောင်းရှိ ၅ လီ, အင်္ဂါညီ သင့်ပြီ ဒုဋ္ဌုလ္လ။
သံဃာဒိသေသ အခန်း
၄။ အတ္တကာမ ပါရိစရိယ
၄။ ယော ပန ဘိက္ခု သြတိဏ္ဏော ဝိပရိဏတေန စိတ္တေန မာတုဂါမဿ သန္တိကေ အတ္တကာမပါရိစရိယာယ ဝဏ္ဏံ ဘာသေယျ “ဧတဒဂ္ဂံ ဘဂိနိ ပါရိစရိယာနံ ယာ မာဒိသံ သီလဝန္တံ ကလျာဏဓမ္မံ ဗြဟ္မစာရိံ ဧတေန ဓမ္မေန ပရိစရေယျာ”တိ မေထုနုပသံဟိတေန၊ သံဃာဒိသေသော။
ယော ပန ဘိက္ခု ဩတိဏ္ဏော ဝိပရိဏတေန စိတ္တေန၊
မာတုဂါမဿ - မာတုဂါမ၏၊
သန္တိကေ - အနီး၌၊
အတ္တကာမ ပါရိစရိယာယ - မိမိအကျိုးငှာ ကာမဂုဏ် ဟု မေထုန်မှုဖြင့် ပြုစု လုပ်ကျွေးခြင်း၏၊
ဝဏ္ဏံ — ဂုဏ်ကို၊
ဘာသေယျ - ပြောဆိုအံ့၊
(ကထံ - အဘယ်သို့ ပြောဆိုသနည်း၊)
ဘဂိနိ - နှမ၊
ယာ - အကြင်မိန်းမသည်၊
မာဒိသံ - ငါကဲ့သို့သော၊
သီလဝန္တံ – သီလရှိသော၊
ဗြဟ္မစာရိံ - မြတ်သော အကျင့်ကို ကျင့်လေ့ရှိသော၊
ကလျာဏ ဓမ္မံ - ကောင်းသော ကိုယ်ကျင့်တရားရှိသူကို၊
ဧတေန ဓမ္မေန - ဤ မေထုန်အမှုဖြင့်၊
ပရိစရေယျ - ပြုစုလုပ်ကျွေးအံ့၊
(တဿာ - ထို မိန်းမ၏၊)
ဧတံ - ဤ လုပ်ကျွေးခြင်းသည်၊
ပါရိစရိယာနံ - ပြုစု လုပ်ကျွေးခြင်းတို့တွင်၊
အဂ္ဂံ - အမြတ်ဆုံးတည်း၊
ဣတိ - ဤသို့၊
မေထုနုပသံဟိတေန - မေထုန်နှင့် စပ်သောစကားဖြင့်၊
(ဘာသေယျ - ပြောဆိုအံ့၊)
တဿ ဘိက္ခုနော - ထိုရဟန်း၏၊
သံဃာဒိသေသော - သံဃာဒိသေသ် မည်သော၊
အာပတ္တိ နိကာယော - အာပတ်အပေါင်းသည်၊
ဟောတိ။
၄။ အတ္တကာမ ပါရိစရိယ သိက္ခာပုဒ် (အကျဉ်းချုပ်)
အတ္တကာမ ပါရိစရိယ ရာဂစိတ်ဖြင့် မာတုဂါမအထံ၌ မေထုန်ဖြင့် ပြုစုခြင်း၏ဂုဏ်ကို ပြောဆိုလျှင် သံဃာ ဒိသေသ်အာပတ် သင့်၏။
[ဤ သိက္ခာပုဒ်၌ “သြတိဏ္ဏ” အရ ရာဂဟူသည် အတ္တကာမ ပါရိစရိယ ရာဂတည်း။]
မာတုဂါမဿ သန္တိကေ
ဒုဋ္ဌုလ္လဝါစာ သိက္ခာပုဒ်၌ ပြခဲ့သော စကားရိုး စကားဆန်းကို နားလည်လောက်သော မိန်းမကိုပင် ဤ သိက္ခာပုဒ်၌ “မာတုဂါမ” ဟု ဆိုလိုသည်။ သန္တိကေ-အရ “အနီး” ဟူသည် ရဟန်း၏ စကားကို မာတုဂါမ ကြားလောက်ရာ အရပ်တည်း။ ထိုအနီးကိုပင် မြန်မာလို “အထံ” ဟု သုံးနှုန်း၏။
အတ္တကာမ ပါရိစရိယာယ
ကာမေန - မေထုန်ဟူသော ကာမဖြင့်၊
ပါရိစရိယာ - ပြုစုလုပ်ကျွေးခြင်းတည်း။
ကာမပါရိစရိယာ - မေထုန်ဟူသော ကာမဖြင့် ပြုစုလုပ်ကျွေးခြင်း၊
အတ္တနော - မိမိ၏ (အကျိုးငှာ)၊
ကာမပါရိစရိယာ - မေထုန်ကာမဖြင့် ပြုစုလုပ်ကျွေးခြင်းသည်၊
အတ္တကာမပါရိစရိယာ - အတ္တကာမ ပါရိစရိယာ မည်၏။
ဧတဒဂ္ဂံ ၊ပေ၊ ပရိစရေယျ
ဤဝါကျကား ပြုစု လုပ်ကျွေးခြင်း၏ ဂုဏ် ပြောပုံကိုပြသော ဝါကျတည်း။ ဤဝါကျ၌ ဗြဟ္မစာရီဟူသည် ပထမ ပါရာဇိက အမှုကို မပြုကျင့်သဖြင့် မြတ်သော မေထုနဝိရတိအကျင့်ကို ကျင့်သူတည်း။ ယခု ကာလ၌လည်း (အဗြဟ္မစရိယ သိက္ခာပုဒ်ကို စောင့်ထိန်းလျက်) မေထုန်မှ ရှောင်နေသူကို “ဗြဟ္မစာရီ” ဟု ခေါ်သည်။ မေထုနဝိရတိမှ တပါး ပါဏာတိပါတဝိရတိ အစရှိသော သီလရှိသူကို သီလဝန္တဟု ခေါ်၏။ ထိုကဲ့သို့ ဗြဟ္မစာရီ ဖြစ်ခြင်း၊ အခြား သီလရှိခြင်းကိုပင် “ကလျာဏဓမ္မ = ကောင်းသော ကိုယ်ကျင့် ရှိသူ”ဟု ဆိုပြန်သည်။
ဆိုလိုရင်းကား -
“ငါကဲ့သို့ သီလသိက္ခာ ပြည့်စုံစွာဖြင့် ဗြဟ္မစာရီ ပီသ၍ ကလျာဏဓမ္မဖြစ်သူမှာ မေထုန်အမှုသည် လွန်စွာ ရခဲ၏။ ထိုသို့ ရခဲသော မေထုန်မှုဖြင့် ပြုစုခြင်း၊ မေထုန်ပေးခြင်းသည် ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး၊ ပစ္စည်း လေးပါး အလှူများနှင့် လားလားမျှ မတူအောင် မြင့်ခေါင်သော အကျိုးကို ရတတ်သဖြင့် အမြတ်ဆုံး အလှူပင်ဖြစ်သည်” ဟူလို။
[ဧတဒဂ္ဂံပုဒ်ကား လိင်္ဂဝိပလ္လာသ (ဣတ္ထိလိန်မှ နပုလ္လိန် ပြန်နေသော) ပုဒ်တည်း။ “ဧသာ+အင်္ဂါ” ဟု ဆိုလိုသည်။]
မေထုနုပသံဟိတေန
[မေထုန-မေထုန် + ဥပသံဟိတေန-စပ်သော စကားဖြင့်။]
“ဧတဒဂ္ဂံ ဘဂိနိ”စသည်ဖြင့် သိုင်းသိုင်း ဝိုင်းဝိုင်း ပြော၍ မေထုန် အလှူခံမှ အာပတ်သင့်သည် မဟုတ်သေး။ အခြားနည်းဖြင့် သွယ်ဝိုက်၍ ပြောပြော၊ မပြောပြော “ငါ့အား မေထုန် ပေးထိုက်ပါသည်၊ ငါ့အား မေထုန် ပေးစမ်းပါ” စသည်ဖြင့် မေထုန်နှင့်စပ်၍ တောင်းသမျှ သံဃာဒိသေသ်အာပတ် သင့်သည်သာ။
အင်္ဂါ ၅ ပါး
၁။ လူသားစင်စစ် မိန်းမ ဖြစ်ခြင်း၊
၂။ လူမိန်းမမှန်း သိခြင်း၊
၃။ အတ္တကာမ ပါရိစရိယ ရာဂရှိခြင်း၊
၄။ ဂုဏ်အကျိုးကို ပြောဆို တောင်းခံခြင်း၊
၅။ အတောင်းခံရသူ မိန်းမက (“ဤရဟန်းသည် ငါ့ကို မေထုန် ပေးစေလို၍ တောင်းနေ၏”ဟု) နားလည်ခြင်း။
ဤအင်္ဂါ ၅ ပါး ညီလျှင် သံဃာ ဒိသေသ် အာပတ် သင့်သည်။
[ဆောင်]
လူမိန်းမပင်, မိန်းမ ထင်လျက်, ကိုယ့်တွက်တာ ဟု ကာမမှုဖြင့် ပြုစေလိုတုံ, ရာဂကြုံ၍, ဂုဏ်ကို ပြောဘိ ချက်ချင်းသိဟု, ကြောင်းရှိ ၅ လီ, အင်္ဂါညီ, သင့်ပြီကာမ ပါရိစရိယ။
သံဃာဒိသေသ အခန်း
၅။ သဉ္စရိတ္တ သိက္ခာပုဒ်
၅။ ယော ပန ဘိက္ခု သဉ္စရိတ္တံ သမာပဇ္ဇေယျ ဣတ္ထိယာ ဝါ ပုရိသမတိံ, ပုရိသဿ ဝါ ဣတ္ထိမတိံ ဇာယတ္တနေ ဝါ ဇာယတ္တနေ ဝါ၊ အန္တမသော တင်္ခဏိကာယပိ၊ သံဃာဒိသေသော။
ယောပန ဘိက္ခု သဉ္စရိတ္တံ - အောင်သွယ်ခြင်းသို့၊
သမာပဇ္ဇေယျ - ရောက်အံ့၊
ဣတ္ထိယာဝါ - မိန်းမအားလည်း၊
ပုရိသမတိံ - ယောက်ျား၏ အလိုကို၊
ပုရိသဿဝါ - ယောက်ျားအားလည်း၊
ဣတ္ထိမတိံ - မိန်းမ၏အလိုကို၊
ဇာယတ္တနေဝါ - မယား၏ အဖြစ်ကြောင့်သော်၎င်း၊
ဝါ - မယားဖြစ်စေလိုခြင်းကြောင့်သော်၎င်း၊
ဇာရတ္တနေဝါ - လင်၏ အဖြစ်ကြောင့်သော်၎င်း၊
ဝါ - လင် ဖြစ်စေလိုခြင်းကြောင့်သော်၎င်း၊
(အာရောစေယျ - ပြောပြအံ့၊)
အန္တမသော - အောက်ထစ်ဆုံးအားဖြင့်၊
တင်္ခဏိကာယပိ - တခဏမျှ ပေါင်းဘော်ထိုက်သော မိန်းမအားလည်း၊
(အာရောစေယျ - အံ့၊)
တ ဘိက္ခုနော သံဃာဒိသေသော အာပတ္တိနိကာယော ဟောတိ။
၅။ သဉ္စရိတ္တ သိက္ခာပုဒ် (အကျဉ်းချုပ်)
ယောက်ျား၏ အလိုကို မိန်းမအား မယား ဖြစ်စေလို၍ ပြောခြင်း၊ မိန်းမ၏ အလိုကို ယောက်ျားအား လင် ဖြစ်စေလို၍ ပြောခြင်းအားဖြင့် အောင်သွယ်ပေးလျှင် အယုတ်သဖြင့် ခဏမျှ ပေါင်းဘော်ရန် ဖြစ်စေ သံဃာဒိသေသ်အာပတ် သင့်၏။
သဉ္စရိတ္တံ
သဉ္စရဏံ-လှည့်လည်ခြင်း၊ သဉ္စရော-လှည့်လည်ခြင်း၊ [သံ+စရ+အ။] သဉ္စရော ယဿ အတ္ထီတိ သဉ္စရီ -(လှည့်လည်ခြင်းရှိသူ၊) သဉ္ဇရိနော ဘာဝေါ သဉ္စရိတ္တံ - လှည့်လည်ခြင်းရှိသူ၏ ဖြစ်ကြောင်းဖြစ်ရာ လှည့်လည်ခြင်း ကြိယာတည်း။
ဤ၌ “လှည့်လည်ခြင်း”ဟူသည် သွားလိုက် ပြန်လိုက် လုပ်ခြင်းတည်း။ ထို့ကြောင့် မိန်းမ ယောက်ျား နှစ်ဦးသားတို့၏ အကြား၌ သွားလိုက် ပြန်လိုက်နှင့် တယောက်၏စကားကို အခြား တယောက်ထံ ပို့ပေးခြင်းကို “သဉ္စရိတ္တ = အောင်သွယ်ခြင်း (သူတို့၏ အကြံ အောင်ဘို့ရာ ဆက်သွယ်ပေးခြင်း)” ဟု ခေါ်သည်။
ဣတ္ထိယာ ဝါ ၊ပေ၊ ဇာရတ္တနေဝါ
“ဣတ္ထိယာဝါ ပုရိသမတိံ ဇာယတ္တနေဝါ, ပုရိသဿဝါ ဣတ္ထိမတိံ ဇာရတ္တနေဝါ” ဟု ဆိုင်ရာပုဒ်ချင်း တွဲစပ်၍ ‘အာရောစေယျ’ကြိယာကိုလည်း ထည့်ပါ။
[ဇာယာ-မယား၊ ဇာရော-လင်၊ တ္တနေ၌ တ္တနပစ္စည်းက ဘာဝအနက် ရှိ၍, သ္မိံ ဝိဘတ်က ဟိတ်အနက် ရှိ၏။ ဇာယာသ ဘာဝေါ ဇာယတ္တနံ-မယား၏အဖြစ် = မယား ဖြစ်စေလိုခြင်း။]
ဆက်ဦးအံ့ ---
ယောက်ျားဘက်က “အရှင်ဘုရား...၊ မည်သည့် မိန်းမကို ပြောပေးစမ်းပါ”ဟု အောင်သွယ်ခိုင်း၍ ထို ယောက်ျား၏ အလိုကို မိန်းမထံ သွား၍ ပြောရာ၌ ထိုမိန်းမကို မယားဖြစ်စေလို၍ ပြောခြင်းတည်း။ မိန်းမဘက်က “အရှင်ဘုရား....၊ မည်သည့် ယောက်ျားကို ပြောပေးစမ်းပါ”ဟု စေခိုင်း၍ သွားပြောရာ၌ ထိုယောက်ျားကို ထိုမိန်းမ၏လင် ဖြစ်စေလို၍ ပြောခြင်းတည်း။
အန္တမသော တင်္ခဏိကာယပိ
တင်္ခဏေ - တခဏ၌ (တခဏမျှ) + သံဝသိတဗ္ဗာ - ပေါင်းဘော်ထိုက်သော မယားသည်၊ တင်္ခဏိကာ-မည်၏၊ ဤ “တင်္ခဏိကာ”ဟူသည် မာတုရက္ခိတာ၊ ပိတုရက္ခိတာ စသော (ပါဠိတော်လာ မိန်းမ ၂ဝ တွင် မုဟုတ္တိကာ ခေါ် အောက်တန်း အကျဆုံး ပြည့်တန်ဆာမတည်း။ ယောက်ျား၏အလိုကို ထို ပြည့်တန်ဆာမအထံ သွား၍ ပြောရာ၌လည်း (ပြည့်တန်ဆာမကို ခေါ်ပေးရာ၌လည်း) အာပတ်သင့်၏ ဟူလို။
အင်္ဂါ ၅ ပါး
၁။ မိန်းမ ယောက်ျားတို့ လူသားစင်စစ် ဖြစ်ခြင်း၊
၂။ အောင်သွယ်ထိုက်ခြင်း၊
၃။ ဝန်ခံခြင်း၊
၄။ စုံစမ်းခြင်း၊
၅။ ပြန်ပြောခြင်း။
ဤ အင်္ဂါ ၅ ပါးညီလျှင် သဉ္စရိတ္တသံဃာဒိသေသ်အာပတ် သင့်၏။
ချဲ့ဦးအံ့ -
၂။ “အောင်သွယ်ထိုက်ခြင်း” ဟူသည် တယောက်နှင့် တယောက် လုံးဝ မဆက်သွယ်ဘူးခြင်း၊ သမီးခင်ပွန်း ဖြစ်ဘူးသော်လည်း ယခုအခါ ကွာပြီး ရှင်းပြီးဖြစ်ခြင်းကို ဆိုလိုသည်။
၃။ “ဝန်ခံခြင်း”ဟူသည် “မည်သူ့ကို ပြောပေးပါ”ဟု စေခိုင်းသည့်အခါ နှုတ်ဖြင့်ဖြစ်စေ၊ ဦးခေါင်းညိတ်၍ဖြစ်စေ ဝန်ခံခြင်းတည်း။
၄။ “စုံစမ်းခြင်း”ဟူသည် ဝန်ခံခဲ့သည့်အတိုင်း သွား၍ သဘောတူ-မတူကို စုံစမ်းခြင်းတည်း။
၅။ “ပြန်ပြောခြင်း” ဟူသည် ထိုသို့ စုံစမ်းပြီးနောက် ထိုသူ့သဘောကို ပြန်၍ ပြောခြင်းတည်း။
ထိုကဲ့သို့ အောင်သွယ် ပေးရာ၌ သူတို့ချင်း ပေါင်းရသည်ဖြစ်စေ၊ မပေါင်းရသည်ဖြစ်စေ အင်္ဂါ ၅ ပါး ညီလျှင် အာပတ်သင့်လေပြီ။
[ဆောင်]
ကျား-မ ၂ ရပ်, လူသားဇာတ်တို့ ကင်းပြတ် ကွဲခိုက် အောင်သွယ်ထိုက်၍ ခိုင်းခိုက်ဝန်ခံ, စုံစမ်းဟန်နှင့် တဘန် မယွင်း, ပြန်ပြောခြင်း ဟု ကြောင်းရင်း ၅ လီ အင်္ဂါညီ သင့်ပြီ သဉ္စရိတ်။
လေ့ကျင့်ခန်း မေးခွန်းများ
က။ ဒုဋ္ဌုလ္လဝါစာ သိက္ခာပုဒ်ကို အကျဉ်းချုပ် မြန်မာပြန်ပါ။
ခ။ ဒုဋ္ဌုလ္လဝါစဿာဒ ရာဂ ဟူသည် ဘယ်လို ရာဂပါနည်း။
ဂ။ “ယထာတံ ယုဝါ ယုဝတိ”ကား ဘာကိုပြသော စကားပါနည်း။
ဃ။ “မေထုနုပသံဟိတာဟိ” ဟု ဆိုသောကြောင့် မေထုန်နှင့်စပ်၍ ပြောမှ အာပတ်သင့်သလော၊ ဒုဋ္ဌုလ္လာဟိ ဝါစာဟိ အရ ဒုဋ္ဌုလ္လဝါစာတို့ကို စုံလင်စွာ ပြပါ။
င။ “သံဃာဒိသေသော” နောက်၌ “အာပတ္တိနိကာယော” ဟု ထည့်သောကြောင့် အာပတ် အပေါင်းကို သံဃာဒိသေသ် ဟု ဆိုလျှင် အာပတ် တခုတည်းကို မည်သည့်နည်းအရ သံဃာဒိသေသ် ဟု ခေါ်ရသနည်း။
စ။ ဒုဋ္ဌုလ္လဝါစာ အာပတ်၏ အင်္ဂါကို ပြပါ။
ဆ။ အတ္တကာမ ပါရိစရိယသိက္ခာပုဒ်ကို အကျဉ်းချုပ် မြန်မာပြန်ပါ။
ဇ။ မာတုဂါမဿ သန္တိကေ ၌ “သန္တိကေ” အရ မည်မျှ နီးသော အရပ်ကို ယူရမည်နည်း။
ဈ။ ကာယသံသဂ္ဂ၊ ဒုဋ္ဌုလ္လဝါစာ၊ အတ္တကာမသိက္ခာပုဒ်တို့၌ ယူရမည့် မာတုဂါမကို အသီးအသီး ပြပါ။
ဉ။ ထိုသိက္ခာပုဒ် ၃ ရပ်၌ဖြစ်သော ရာဂကို ခွဲခြား ပြပါ။
ဋ။ အတ္တကာမ၌ ကာမ အရနှင့် ထိုကာမဖြင့် လုပ်ကျွေးရပုံကိုလည်း ပြပါ။
ဌ။ “ဧတဒဂ္ဂံ ၊ပေ၊ ပရိစရေယျ”ကား ဘာကိုပြသော ဝါကျပါနည်း။ ထို ဝါကျ၏ မြန်မာလို ဆိုလိုရင်းကို ပြပါ။
ဍ။ အတ္တကာမပါရိစရိယ အာပတ်၏ အင်္ဂါကို ပြပါ။
ဎ။ သဉ္စရိတ္တ သိက္ခာပုဒ်ကို အကျဉ်းချုပ် မြန်မာပြန်ပါ။
ဏ။ ယောက်ျားအလိုကို မိန်းမအား ပြောရာ၌ ဘာဖြစ်စေလို၍ ပြောသနည်း။
တ။ မိန်းမအလိုကို ယောက်ျာအား ပြောရာ၌ ဘာဖြစ်စေလို၍ ပြောသနည်း။
ထ။ တင်္ခဏိကာ မိန်းမ ဟူသည် မည်သည့် မိန်းမမျိုးပါနည်း။
ဒ။ သဉ္စရိတ္တသိက္ခာပုဒ်၏ အင်္ဂါများကို ပြပါ။
ဓ။ “အောင်သွယ်ထိုက်”၏ အဓိပ္ပာယ်ကို ပြပါ။
သံဃာဒိသေသ အခန်း
၆။ ကုဋိကာရ သိက္ခာပုဒ်
၆။ သညာစိကာယ ပန ဘိက္ခုနာ ကုဋိံ ကာရယမာနေန အဿာမိကံ အတ္တုဒ္ဒေသံ ပမာဏိကာ ကာရေတဗ္ဗာ၊ တတြိဒံ ပမာဏံ၊ ဒီဃသော ဒွါဒသ ဝိဒတ္ထိယော သုဂတဝိဒတ္ထိယာ၊ တိရိယံ သတ္တန္တရာ။ ဘိက္ခူ အဘိနေတဗ္ဗာ ဝတ္ထုဒေသနာယ၊ တေဟိ ဘိက္ခူဟိ ဝတ္ထု ဒေသေတဗ္ဗံ အနာရမ္ဘံ သပရိက္ကမနံ။ သာရမ္ဘေ စေ ဘိက္ခု ဝတ္ထုသ္မိံ အပရိက္ကမနေ သညာစိကာယ ကုဋိံ ကာရေယျ၊ ဘိက္ခူ ဝါ အနဘိနေယျ ဝတ္ထုဒေသနာယ၊ ပမာဏံ ဝါ အတိက္ကာမေယျ၊ သံဃာဒိသေသော။
ဘိက္ခုနာ - သည်၊
သညာစိကာယ - ကိုယ်တိုင်ဖြစ်စေ အပ်သော တောင်းခြင်းဖြင့်၊
အဿာမိကံ - ကျောင်းရှင် ဒါယကာ မရှိသော၊
အတ္တုဒ္ဒေသံ - မိမိဟူသော ညွှန်ပြထိုက်သူရှိသော၊
ဝါ - မိမိတို့ဖြစ်သော၊
ကုဋိံ - ကျောင်းငယ်ကို၊
ကာရယ မာနေန - ဆောက်လုပ်စေလိုလသော်၊
ပမာဏိကာ - ပမာဏနှင့် ယှဉ်သော ကုဋိကို၊
ကာရေတဗ္ဗာ - ဆောက်လုပ်စေထိုက်၏။
တတြ - ထိုကုဋိ၏၊
ဣဒံ - ဤဆိုအပ်လတံ့ကား၊
ပမာဏံ - ပမာဏတည်း၊
သုဂတဝိဒတ္ထိယာ - ဘုရားအထွာတော်ဖြင့်၊
ဒီဃသော - အလျားမှ၊
ဒွါဒသ ဝိဒတ္ထိယော - တဆယ့်နှစ်ထွာ တို့၎င်း၊
တိရိယံ - အနံမှ၊
အန္တရာ - အတွင်းဘက် အစွန်းဖြင့်၊
သတ္တ ဝိဒတ္ထိယော - ၇ ထွာတို့၎င်း တည်း၊
(ဣတိ- ဤကား၊
ပမာဏံ - ပမာဏတည်း။)
ဘိက္ခူ - ရဟန်းတို့ကို၊
ဝတ္ထုဒေသနာယ - ကုဋိရာကို ညွှန်ပြဘို့ရာ၊
အဘိနေတဗ္ဗာ - ပင့်ဆောင်ထိုက်ကုန်၏၊
တေဟိ ဘိက္ခူဟိ - ထိုရဟန်းတို့သည်၊
အနာရမ္ဘံ - ပိုးရွ ခြပုန်း ကောက်ပဲသီးနှံ အစရှိသော ဘေးရန် မရှိသော၊
သ ပရိက္ကမနံ - ၂ ကောင်ကပ်လှည်း, ၄ ကောင်ကပ်လှည်းတို့ဖြင့် လှည့်ပတ်လောက်ရာ ဥပစာရှိသော၊
ဝတ္ထု - ကုဋိရာကို၊
ဒေသေတဗ္ဗံ - ညွှန်ပြထိုက်၏။
ဘိက္ခု - ရဟန်းသည်၊
သာရမ္ဘေ - ပိုးရွ ခြပုန်း ကောက်ပဲသီးနှံ အစ ရှိသော ဘေးရန်ရှိသော၊
အပရိက္ကမနေ- ၂ ကောင်ကပ်လှည်း, ၄ ကောင် ကပ်လှည်းတို့ဖြင့် လှည့်ပတ်လောက်ရာ ဥပစာ မရှိသော၊
ဝတ္ထုသ္မိံ - ကုဋိရာ၌၊
သညာစိကာယ - ကိုယ်တိုင်ဖြစ်စေအပ်သော တောင်းခြင်းဖြင့်၊
ကုဋိံ - ကျောင်းငယ်ကို၊
စေ ကာရေယျ - အကယ်၍ ဆောက်လုပ်စေအံ့၊
ဘိက္ခူ ဝါ - ရဟန်းတို့ကိုမူလည်း၊
ဝတ္ထုဒေသနာယ - ကုဋိရာကို ညွှန်ပြဘို့ရာ၊
စေ အနဘိနေယျ - အကယ်၍ မပင့်ဆောင်အံ့၊
ပမာဏံ ဝါ - ပမာဏကိုမူလည်း၊
စေ အဘိက္ကာမေယျ - အကယ်၍ ပိုလွန်စေအံ့၊
တဿ ဘိက္ခုနော သံဃာဒိသေသော အာပတ္တိနိကာယော ဟောတိ။
၆။ ကုဋိကာရ သိက္ခာပုဒ်
ရဟန်းသည် ပဲခွပ်၊ ပုဆိန် စသော အဆောက်အဦများကို ကိုယ်တိုင်ငှား၍ ဒါယကာ မရှိသော မိမိအတွက် ကျောင်းငယ်ကို ဆောက်စေလိုလျှင် ပမာဏနှင့်သင့်တော်သော ကျောင်းငယ်ကို ဆောက်စေရသည်။
ယခုညွှန်ပြမည့် (ဘုရားအထွာတော်ဖြင့်) အလျား ၁၂ ထွာ၊ အနံ (အတွင်းဘက် တိုင်းတာခြင်းဖြင့်) ၇ ထွာ ကား ထို ကျောင်းငယ်၏ အကြီးဆုံး ပမာဏတည်း။
ထို့ပြင် ကျောင်းနေရာကို ညွှန်ပြဘို့ရာ ရဟန်းများကို ထိုကျောင်း ဆောက်မည့် အရပ်သို့ ပင့်ရမည်။ ထိုရဟန်းတို့က ပိုးရွ ခြပုန်း ကောက်ပဲသီးနှံ စသော ဘေးရန် မရှိရာအရပ်၊ လှည်းတစီး လှည့်ပတ်လောက်ရာ အရပ်ကို ညွှန်ပြရမည်။
ဘေးရန်ရှိ၍ လှည်းမသွားသာသော အရပ်ဝယ် ကိုယ်တိုင် ငှားရမ်း၍ ကျောင်းငယ်ကို ဆောက်စေအံ့၊ ကျောင်းရာကို ညွှန်ပြဘို့ရာ ရဟန်းများကိုလည်း မပင့်ဆောင်အံ့၊ (ပင့်စေကာမူ) ပမာဏကို လွန်စေလျှင် သံဃာဒိသေသ် သင့်သည်။
သညာစိကာယ
[သံ = ကိုယ်တိုင် + ယာစိကာ = တောင်းခြင်း၊] သံကို သယံဟု ဖွင့်၍ ယာစိကာကို “ပဝတ္တိတယာစနာ”ဟု ဖွင့်၏။ ထို့ကြောင့် “ကိုယ်တိုင်+ ဖြစ်စေအပ်သော တောင်းခြင်း” ဟု ပေးရသည်။ တောင်းခြင်း ဟူသည်လည်း အပိုင်တောင်းခြင်း မဟုတ်၊ ခေတ္တ ငှားခြင်းသာတည်း။ ပဲခွပ်၊ ပုဆိန် စသော အဆောက်အဦများကို ငှား၍ ကျောင်းငယ်ကို ဆောက်လုပ် စေလျှင် ဟူလို။ ပဲခွပ်၊ ပုဆိန် စသော လက်နက်သာမက သစ်ဝါး ခုတ်ပေးမည့်သူ၊ မြေတူးပေးမည့်သူကိုလည်း ခေတ္တ ခေါ်ယူရသေးသည်။ ဤသို့ ခေါ်ယူရာ၌ တစုံတခု ဝတ္ထု ပစ္စည်းကို တောင်းယူခြင်း မဟုတ်သောကြောင့် သူတို့အိမ်သို့သွား၍ “မည်သည့် ကိစ္စအတွက် ခေတ္တ လိုက်ခဲ့ပါ” စသည်ဖြင့် ခေါ်ယူကောင်းသည်။
ကုဋိံ
သက္ကတအဘိဓာန်၌ ဣတ္ထိလိန် ကုဋိပုဒ်ကို “ခုဒ္ဒဂေဟ = အိမ်ငယ်” ဟု ဖွင့်၏။ ထို့ကြောင့် ငယ်သောအိမ်၊ ငယ်သောကျောင်းများကို “ကုဋိ” ခေါ်၏။ “တဲကုဋ်၊ ကျောင်းကုဋ်” စသော စကားများလည်း ကုဋိပုဒ်၏ ပါဠိပျက်များ ဖြစ်တန်ရာသည်။
ဤ သိက္ခာပုဒ်နှင့်ဆိုင်သော ကုဋိကား ဥလ္လိတ္တကုဋိ၊ အဝလိတ္တကုဋိ၊ ဥလ္လိတ္တာဝလိတ္တကုဋိ ဟု ၃ မျိုးရှိ၏။ ထိုတွင် အင်္ဂတေ- သို့မဟုတ် မြေညက်တို့ဖြင့် အတွင်းဘက်၌သာ သုတ်ထားအပ်လျှင် ဥလ္လိတ္တကုဋိ မည်၏။ အပြင်ဘက်၌သာ သုတ်ထားအပ်လျှင် အဝလိတ္တကုဋိ မည်၏။ ၂ ဘက်လုံး သုတ်ထားအပ်လျှင် ဥလ္လိတ္တာဝလိတ္တကုဋိ မည်၏။
မှတ်ချက်
အင်္ဂတေ၊ မြေညက် သုတ်ရာ၌ အတွင်းဘက် သုတ်သည့်အခါ အောက်မှစ၍ အထက်သို့ တက်ကာ တက်ကာ သုတ်၍ အပြင်ဘက် သုတ်သည့်အခါ အထက်မှစ၍ အောက်သို့ သက်ကာ သက်ကာ သုတ်ရသတဲ့။
ဥ= အထက်သို့ ရှေ့ရှု + အဝ=အောက်သို့ ရှေ့ရှု + လိတ္တ=သုတ်လိမ်းအပ်သည်။
ကုဋိဆောက်ပုံ
ကုဋိကို အင်္ဂတေ၊ မြေညက် မသုတ်ခင် အဖြူထည် ဆောက်ရာ၌ မြေညက်များကို ရေဖြင့်နယ်၍ ထို ရွှံ့ကိုလုံးကာ အုတ်စီသလိုစီခြင်း၊ အုတ်ကိုပင် စီခြင်း၊ သစ်သား၊ ထရံ၊ သက်ကယ်၊ ဓနိရွက်၊ ထန်းရွက် စသည်ကို (အလိုရှိရာ) ကာခြင်း မိုးခြင်း၊ တိုင်၊ ထုပ်၊ လျောက်၊ တံခါး၊ လေသာပြူတင်း စသည် တပ်ခြင်း အားဖြင့် ထုံးစံအတိုင်း တည်ဆောက်ရသည်။ ဤ အဖြူထည် ဆောက်ရာ၌ အာပတ်နှင့် လုံးဝ မဆိုင်သေး။
ထို့နောက် ထိုနံရံ အမိုး အကာ အားလုံးကို သုတ်ရိုးသုတ်စဉ် အတိုင်း အင်္ဂတေဖြင့် ဖြစ်စေ၊ မြေညက်ဖြင့် ဖြစ်စေ သုတ်ရသည်။ ထိုသို့ သုတ်သည့်အခါ အင်္ဂတေချင်း၊ မြေညက်ချင်း စပ်မိလျှင် (ဥလ္လိတ္တကုဋီ၌ အတွင်းဘက် သုတ်သင့်ရာကို အားလုံးသုတ်မိလျှင်၊ အဝလိတ္တကုဋိ၌ အပြင်ဘက် သုတ်သင့်ရာ အားလုံးကို သုတ်မိလျှင်၊ ဥလ္လိတ္တာဝလိတ္တကုဋိ၌ ၂ ဘက်လုံးကို အားလုံး သုတ်မိလျှင်) သံဃာဒိသေသ်အာပတ် သင့်သည်။ သုတ်သင့်ရာအရပ်များ ကွက်လပ် ကျန်နေသေးလျှင်ကား (အာပတ်မသင့်အောင် တမင် ချန်ထား စေကာမူ) အာပတ် မသင့်။
[အာပတ်သင့်ရာ၌ ပမာဏာတိက္ကန္တ၊ အဒေသိတဝတ္ထုက တမျိုးမျိုး ဖြစ်မှ သင့်သည်ကိုလည်း သတိပြုပါ။]
ကာရယမာနေန
[ကရ + ဏယ + မာန၊] ကာရိတ် ဏယပစ္စည်း အတွက် “ပြုစေ”ဟူသော အနက်အရ “ပဲခွပ်၊ ပုဆိန် စသည်ကို ငှားရမ်း၍ မြေတူးခိုင်းခြင်း၊ မြေနယ်ခိုင်းခြင်း၊ ရွှံ့လုံးခိုင်းခြင်း၊ အစီခိုင်းခြင်း” စသည်ဖြင့် သူတပါးကို စေခိုင်းသော ရဟန်းသာ ရသော်လည်း မိမိ လုပ်ကောင်းသော ကိစ္စ၌ ကိုယ်တိုင် လုပ်သော ရဟန်းလည်း ကာရယမာနေနတွင် ပါဝင်သည်။
အဿာမိကံ အတ္တုဒ္ဒေသံ
ကုဋိဆောက်လုပ်ရာ၌ တာဝန်ခံ ကျောင်းဒကာ မရှိသောကြောင့် အဿာမိက “မည်သူ့ဘို့ ကုဋိပါနည်း”ဟု မေးလျှင် “မိမိတို့”ဟု ညွှန်ပြရသောကြောင့် “အတ္တုဒ္ဒေသ”ဟု ခေါ်သည်။
တတြိဒံ ပမာဏံ ၊ပေ၊ သတ္တန္တရာ
ဤကား “ပမာဏိကာ ကာရေတဗ္ဗာ”အရ ကုဋိ၏ပမာဏကို ပြသော ဝါကျတည်း။ ဘုရား အထွာတော်ဖြင့် အလျား ၁၂ ထွာ၊ အနံ ၇ ထွာသည် ထိုကုဋိ၏ ပမာဏဖြစ်သည်။ အလျားတိုင်းရာ၌ နံရံအပြင်ဘက်က အစွန်းချင်း တိုင်းရာ၏။ အနံတိုင်းရာ၌ကား “အန္တရာ” ဟု မိန့်သောကြောင့် နံရံ၏ အတွင်းဘက် အစွန်းချင်း တိုင်းရမည်။
စဉ်းစားဘွယ်
ဤ သိက္ခာပုဒ်၌ “ဘုရား တထွာသည် မဇ္ဈိမ ပုရိသ (အလယ် အလတ် ယောက်ျား)၏ အထွာဖြင့် “ဒိယဍ္ဎ ဟတ္ထ = တတောင့်ထွာ ရှိ၏”ဟု ဖွင့်ကြ၏။ သို့သော် ထိုစကားကို အငြင်းအခုံ မဖြစ်ပွားစေလိုသည့် အတွက် မစဉ်းစားဘဲ ကုဋိ၏ သဘောသွားကိုသာ စဉ်းစားပါတော့မည်။
- ၁။ ဤ ကျောင်းကုဋိ ကုဋိကို တည်ဆောက်ရာ၌ ကျောင်းဒကာ မရှိဘဲ ရဟန်းကိုယ်တိုင် “ဟိုလူ့ ခေါ်ရ၊ သည်လူ့ ခေါ်ရ၊ ဟိုဟာ ငှားရ၊ သည်ဟာ ငှားရနှင့်” အတော် ကြိုးစား၍ ဆောက်ရသည်။
- ၂။ ယခုလူတို့အထွာဖြင့် အလျား ၁၂ ထွာ၊ အနံ ၇ ထွာရှိသော ကျောင်းငယ်သည် ယခု ကမ္မဋ္ဌာန်း ကျောင်းငယ်များအောက် မငယ်ပါ။ ခုတင်တလုံး ကောင်းကောင်း ထားသာသည့်ပြင် နေရာအပိုပင် ကျန်ပါသေး၏။
- ၃။ ဘုရားရှင်ကလည်း ငယ်သည့်အတွက် အရေးမကြီးဘဲ “ပမာဏံဝါ အတိက္ကာမေယျ = ပမာဏလွန်လျှင် အာပတ်”ဟု ပညတ်တော်မူပါသည်။
- ၄။ ထိုအထွာထက် ၃ ဆ တက်လျှင်ကား အလျား ၃၆ ထွာ(၁၈ တောင်) အနံ ၂၁ ထွာ (၁ဝ တောင့် တထွာ) ရှိသောကြောင့် ကမ္မဋ္ဌာန်း ၃ ကျောင်းစာ (၃ ခန်း၊ ၂ ခန်းလောက်) ကြီးမားမည် ဖြစ်ရကား ခဲခဲယဉ်းယဉ်း ရှာဖွေ၍ တည်ဆောက်ရသော ထို ကုဋိအတွက် ထိုမျှလောက် ကြီးကျယ်သင့်-မသင့်ကို နှိုင်းချင့်ကြပါကုန်။
ဘိက္ခူ အဘိနေတဗ္ဗာ ဝတ္ထုဒေသနာယ
ကိုယ့်ကိုယ်တိုင် တာဝန်ခံ၍ ကိုယ့်ကျောင်း ကိုယ်ဆောက်သော ရဟန်းသည် ပမာဏထက် မပိုလွန်စေ ရရုံသာမက ဆောက်ချင်သည့် နေရာ၌လည်း ဆောက်ခွင့်မရချေ။ “မည်သည့်နေရာ၌ ဆောက်သင့် သည်”ဟု ကျောင်းရာကို ညွှန်ပြဘို့ရာ ကျောင်းရာ ကြည့်ရှုမည့် ရဟန်းတို့ကို ထိုကျောင်းဆောက်ဘို့ ရည်မှန်းအပ်သော နေရာသို့ ပင့်ရမည်။ [ထို ပင့်ပုံအစီအစဉ်ကို ပါဠိတော်မှာရှုပါ။] ထိုသို့ ပင့်သည့်အခါ သံဃာအားလုံး လိုက်၍ ကြည့်နိုင်လျှင် သံဃာကုန် လိုက်ကြည့်၊ အားလုံး မလိုက်နိူင်လျှင် ၂ ပါး၊ ၃ ပါး စသည် ကျွမ်းကျင် နားလည်သောရဟန်းများကို သံဃာက သမ္မုတိပေး၍ ထိုရဟန်းများက ကျောင်းရာကို လိုက်ကြည့်ရသည်။
တေဟိ ၊ပေ၊ အနာရမ္ဘံ သ ပရိက္ကမနံ
ထို သမ္မုတိရသော ရဟန်းများက ဘေးရန်လည်း ရှိ၊ ဥပစာလည်း မရှိလျှင် (သာရမ္ဘ အပရိက္ကမန နေရာ ဖြစ်နေလျှင်) “ဤနေရာ၌ မဆောက်နှင့်”ဟု တားမြစ်ရသည်။ ဘေးရန်လည်း မရှိ၊ ဥပစာလည်း ရှိလျှင် ထိုနေရာ၌ ဘေးရန်ကင်းကြောင်း၊ ဥပစာရှိကြောင်းကို သံဃာ့ထံ ပြန်၍ လျှောက်ရသည်။ ထို့နောက် ထို ကျောင်းရှင်ရဟန်းက သံဃာ့ အထံ ကျောင်းရာ ညွှန်ပြဘို့ တောင်းပန်၍ သံဃာက ဉတ်ကမ္မဝါစာဖြင့် ညွှန်ပြ ရသည်။ [ဤ အစီအစဉ်ကို ပါဠိတော်ရင်း ကြည့်ပါ။]
အနာရမ္ဘ
အာရမ္ဘ သဒ္ဒါသည် နှိပ်စက် ဖျက်ဆီးတတ်သော ဘေးရန် အန္တရာယ်ကို ဟော၏။ [န + အာရမ္ဘ = အနာရမ္ဘ = ဘေးရန် အန္တရာယ် မရှိသောအရပ်၊] အနာရမ္ဘကို ပြောင်းပြန် ပြန်၍ “သာရမ္ဘ”ခေါ် ဘေးရန်ရှိသော အရပ်များကား-ပရွက်၊ ခြ စသည်ဖြင့် သနားဘွယ် သက္ကဝါကလေး များ၏ အမြဲနေရာအရပ်၊ ဆင်၊ မြင်း၊ သစ်၊ ကျား စသော ရန်မူတတ်သော သတ္တဝါတို့၏ အမြဲနေရာ အမြဲကျက်စားရာ အရပ်၊ ကောက်ပဲသီးနှံ စိုက်ပျိုးရာ အရပ်၊ ခိုးသူတို့ကို သတ်ဖြတ်ရာအရပ်၊ လမ်းဆုံကျသော အရပ် စသည်ဖြင့် မလွတ်လပ်သော အရပ်များ တည်း။ [ထို အရပ်များကို ပါဠိတော်၌ ရှုပါ။]
သ ပရိက္ကမန
[ပရိက္ကမန = လှည့်ပတ်လောက်ရာ ဥပစာ + သ = ရှိသည်။] အကြောင်းကိစ္စရှိ၍ ထို ကျောင်း ပတ်ပတ်လည်ကို လှည့်လည်လျှင် နွား ၂ ကောင်၊ သို့မဟုတ် ၄ ကောင်ကပ်အပ်သောလှည်းဖြင့် လှည့်ပတ်လောက် စေရမည်။ ထိုမျှလောက် ကျောင်းဥပစာရှိမှ “သ ပရိက္ကမန” ဟု ဆိုနိုင်သည်။ ထိုသို့ မလှည့်ပတ်လောက်အောင် ချောက်ကမ်းပါး စသည်နှင့် နီးကပ်နေလျှင်ကား အပရိက္ကမနအရပ် မည်၏။
သာရမ္ဘေစေ ၊ပေ၊ ကာရေယျ
ဤဝါကျ၌ ၁-သာရမ္ဘ ဖြစ်ခြင်း၊ ၂-အပရိက္ကမနဖြစ်ခြင်း၊
ဤ ၂ ချက်ကြောင့် ဒုက္ကဋ်အာပတ် ၂ ချက် သင့်သည်။
တချက်ချက်သာ ဖြစ်လျှင် ဒုက္ကဋ် ၁ ချက်သာ သင့်၏။
ဘိက္ခူဝါ အနဘိနေယျ၊ ပမာဏံဝါ အတိက္ကာမေယျ
ဤဝါကျ ၂ ရပ်၌ ဝါ ၂ ချက်ရှိပုံကို သတိပြုပါ။ ကျောင်းနေရာ ကြည့်ဘို့ရန် ရဟန်းတို့ကို မပင့်ခြင်း ကြောင့်လည်း သံဃာဒိသေသ် အာပတ်တချက် သင့်နိုင်၊ ပမာဏကို လွန်စေခြင်းကြောင့်လည်း အာပတ်တချက် သင့်နိူင်သည်။
အင်္ဂါ ၆ ပါး၊ ၇ ပါး
၁။ ဥလ္လိတ္တစသော ကုဋိ ၃ မျိုးတွင် တမျိုးမျိုး ဖြစ်ခြင်း၊
၂။ အောက်ထစ်ဆုံး ကုဋိပမာဏရှိခြင်း၊
၃။ ကုဋိရာကို မညွှန်ပြအပ်ခြင်း၊
၄။ ပမာဏကို လွန်ခြင်း၊
၅။ မိမိအတွက် ဖြစ်ခြင်း၊
၆။ နေထိုင်ဘို့ရာ ဖြစ်ခြင်း၊
၇။ အင်္ဂတေ၊ မြေညက်တို့ ဆက်စပ်မိခြင်း။
အင်္ဂါ ၆ ပါး၊ ၇ ပါးနှင့် ညီလျှင် သံဃာဒိသေသ်အာပတ် သင့်၏။
[ဆောင်]
ဥလ္လိတ္တာဒိ, အစရှိသား, ကုဋိ ၃ လုံး, အောက်ဆုံး ပမာဏ, ကျောင်းဌာနလည်း, မပြ မညွှန်, ပမာဏ လွန်လျက်, မိမိတွက်တာ, နေထိုင်ရာနှင့်, လျော်စွာ သုတ်လေ, အင်္ဂတေမြေကို, စပ်စေမကြွင်း, အကြောင်းရင်း ဟု ခြောက်ခင်း ခုနစ်လီ, လျော်အောင်ညီ, သင့်ပြီ ကုဋိက။
- ၂။ “ကုဋိ၏ အောက်ထစ်ဆုံး ပမာဏ” ဟူသည် ၄ တောင်တည်း၊ ထို ၄ တောင် အောက်ထစ်ဆုံးရှိမှ ကုဋိ ခေါ်သည်။ ၄ တောင်မျှ မကျယ်ဝန်းလျှင် နေထိုင်လောက်သော ကုဋိ မဟုတ်၊ အခြား တခုခုထားဘို့သာ ဖြစ်မည်။
[ဤ စကားဖြင့် အကျဉ်းဆုံး ၄ တောင်ရှိ၍ အလွန်ဆုံး အလျား ၁၂ ထွာ၊ အနံ ၇ ထွာရှိသော ကျောင်းငယ် ကိုသာ ဤ၌ အလိုရှိအပ်သော “ကုဋိ”ဟု မှတ်ပါ။]
- ၅။ “မိမိအတွက်ဖြစ်ခြင်း”ဟူရာ၌ မိမိနေထိုင်ဘို့ ဆောက်လုပ်မှသာ အာပတ် သင့်သည်။ သူတပါးဘို့ ဆောက်လျှင်၎င်း၊ သူတပါး ဆောက်ပြီးကို အဆင်သင့် ရ၍ နေလျှင်၎င်း အာပတ်မသင့်။
- ၆။ “နေထိုင်ဘို့ရာဖြစ်ခြင်း”ဟူရာ၌ နေထိုင်ဘို့ ကျောင်းဖြစ်မှ သင့်သည်။ နေဘို့မဟုတ်ဘဲ ဥပုသ်ကျောင်း၊ ဆွမ်းစားကျောင်း စသည် ပြုလုပ်ရန် ဖြစ်လျှင် အာပတ်မသင့်။
- ၇။ “အင်္ဂတေ၊ မြေညက် ဆက်စပ်မိခြင်း” ဟူရာ၌ သုတ်သင့်ရာ အရပ်များကို အားလုံး စပ်အောင် သုတ်မိမှ အာပတ် သင့်သည်။ တခါသုတ်လောက် ကျန်နေသေးလျှင် သို့မဟုတ် တမင်ချန်ထားလျှင် အာပတ် မသင့်။
မှတ်ချက်
၃ နှင့် ၄ အင်္ဂါ ၂ မျိုးတွင် တမျိုးဖြစ်ရုံမျှဖြင့် သံဃာဒိသေသ် ၁ ချက်သင့်၏။ သို့ဖြစ်၍ အင်္ဂါ ၆ ပါးဆိုသည်။
ထို ၃-၄ အင်္ဂါ ၂ မျိုးလုံး ဖြစ်လျှင် သံဃာဒိသေသ် ၂ ချက်သင့်၏။ သို့ဖြစ်၍ အင်္ဂါ ၇ ပါးဆိုသည်။
သံဃာဒိသေသ အခန်း
၇။ ဝိဟာရကာရ သိက္ခာပုဒ်
၇။ မဟလ္လကံ ပန ဘိက္ခုနာ ဝိဟာရံ ကာရယမာနေန သဿာမိကံ အတ္တုဒ္ဒေသံ ဘိက္ခူ အဘိနေတဗ္ဗာ ဝတ္ထုဒေသနာယ၊ တေဟိ ဘိက္ခူဟိ ဝတ္ထု ဒေသေတဗ္ဗံ အနာရမ္ဘံ သပရိက္ကမနံ။ သာရမ္ဘေ စေ ဘိက္ခု ဝတ္ထုသ္မိံ အပရိက္ကမနေ မဟလ္လကံ ဝိဟာရံ ကာရေယျ၊ ဘိက္ခူ ဝါ အနဘိနေယျ ဝတ္ထုဒေသနာယ၊ သံဃာဒိသေသော။
ဘိက္ခုနာ - သည်၊
သဿာမိကံ - ကျောင်းရှင် ဒါယကာရှိသော၊
အတ္တုဒ္ဒေသံ - သော၊
(ရှေ့ သိက္ခာပုဒ်အတိုင်း အနက်ပေး၊)
မဟလ္လိကံ - ကြီးသော၊
ဝိဟာရံ - ကျောင်းကို၊
ကာရယမာနေန - ဆောက်လုပ်စေလိုလသော်၊
ဘိက္ခူ - တို့ကို၊
ဝတ္ထု ဒေသနာယ - ကျောင်းနေရာကို ညွှန်ပြဘို့ရာ၊
အဘိနေတဗ္ဗာ - ကုန်၏၊
တေဟိ ဘိက္ခုဟိ ဝတ္ထု၊ (ကျောင်းနေရာကို၊)
ဒေသေတဗ္ဗံ အနာရမ္ဘံ သ ပရိက္ကမနံ၊ သာရမ္ဘေ ဘိက္ခု ဝတ္ထုသ္မိံ အပရိက္ကမနေ၊
မဟလ္လကံ - ကြီးသော၊
ဝိဟာရံ − ကျောင်းကို၊
စေ ကာရေယျ - အံ့၊
ဘိက္ခူ - ရဟန်းတို့ကို၊
ဝတ္ထု ဒေသနာယ - ငှာ၊
စေ အနဘိနေယျ ဝါ - အကယ်၍ မပင့်ဘဲသာလျှင် နေအံ့၊
တဿ ဘိက္ခုနော သံဃာဒိသေသော အာပတ္တိနိကာယော ဟောတိ။
၇။ ဝိဟာရကာရ သိက္ခာပုဒ်
ရဟန်းသည် ကျောင်းဒကာရှိသော မိမိတို့ ကျောင်းကြီးကို ဆောက်လုပ်စေလိုလျှင် ရဟန်းတို့ကို ကျောင်းနေရာ ညွှန်ပြဘို့ရန် ပင့်ရမည်။ ထို ရဟန်းတို့က ဘေးရန်မရှိရာ အရပ်၊ လှည်းတစီး လှည့်ပတ် လောက်ရာအရပ်ကို ညွှန်ပြရမည်။ ဘေးရန်ရှိ၍ လှည်းမသွားသာသော အရပ်ဝယ် ကျောင်းကြီးကို ဆောက်ရာ၌ ကျောင်းနေရာ ညွှန်ပြဘို့ရန် ရဟန်းတို့ကို မပင့်လျှင် ထို မပင့်မှုကြောင့် သံဃာဒိသေသ်အာပတ် သင့်သည်။
မဟလ္လကံ ဝိဟာရံ
“ကြီးသောကျောင်း”ဟူရာ၌ -
၁-ဆောက်လုပ်သူ ဒါယကာရှိသည့်အတွက် ကြီးမြတ်ခြင်း၊ အထက်တန်းကျခြင်း၊
၂-သံဃာစိတ ကုဋိထက် ပမာဏကြီးလိုလျှင် ကြီးနိူင်ခြင်း။ ဤ ၂ မျိုးလုံးပင် ရ၏။
- ၁-အဓိပ္ပာယ် အလို ရှေ့သိက္ခာပုဒ်က ကုဋိထက် အရွယ် မကြီးသော်လည်း ကျောင်းဒကာ ရှိသည့်အတွက် မဟလ္လက ခေါ်နိူင်၏။
- ၂-အဓိပ္ပာယ်အလို သံဃာစိတကုဋိမှာ ပမာဏထက် မလွန်စေရ။ ဤကျောင်းကား ပမာဏ လွန်သော်လည်း အပြစ်မရှိ ဟု အဓိပ္ပာယ်ရသည်။ ဝိဟာရအရ “ကျောင်း”ဟူသည် ရှေ့ သိက္ခာပုဒ်၌ပြခဲ့သော အင်္ဂတေ၊ မြေညက် တခုခုဖြင့် သုတ်အပ်သော ဥလ္လိတ္တ စသော ကျောင်း ၃ မျိုး ပင်တည်း။
အချုပ်မှာ - ဤသိက္ခာပုဒ်၌ ကျောင်းရှင် ဒါယကာရှိခြင်း၊ ပမာဏ သတ်မှတ်ချက် မရှိ (အလိုရှိ သလောက် ကြီးကြီး ငယ်ငယ် ဆောက်နိူင်) ခြင်းသာ ရှေ့သိက္ခာပုဒ်မှ ထူးသည်။
မှတ်ချက်
အင်္ဂတေ၊ မြေညက် သုတ်အပ်သော ဥလ္လိတ္တ စသော ကျောင်း ၃ မျိုးကိုသာ ဆိုလိုသောကြောင့် ယခုကာလ သစ်သားကျောင်း စသည်နှင့် အင်္ဂတေ မသုတ်အပ်သော အုတ်တိုက်တို့မှာ ဤ သိက္ခာပုဒ်အရ ကျင့်ဘွယ် မလို။ အင်္ဂတေသုတ် အုတ်တိုက်ပင် ဖြစ်သော်လည်း သံဃိကကျောင်း ဖြစ်လျှင် အတ္တုဒ္ဒေသ မဟုတ်၍ ဤသိက္ခာပုဒ်အရ ပြုကျင့်ဘွယ်မလို။
အင်္ဂတေသုတ် အုတ်တိုက်ကိုပင် (ပုဂ္ဂလိက) ဖြစ်၍ ကိုယ်တိုင်ကြပ်မ စီမံရလျှင်ကား ဤ သိက္ခာပုဒ်အရ ကျင့်ရမည်။ ကိုယ့်အတွက် ဖြစ်စေကာမူ ဒကာ ကြပ်မ ဆောက်လျှင်၊ သို့မဟုတ် အခြားရဟန်း ကြပ်မလျှင် ဤသိက္ခာပုဒ်အရ ကျင့်ဘွယ်မလို။
ဘိက္ခူဝါ အနဘိနေယျ
ဤ၌ ဝါသဒ္ဒါသည် ရှေ့သိက္ခာပုဒ်လာ ဝါ သဒ္ဒါကဲ့သို့ ဝီကပ်အနက် မရ၊ “အယံ ဝါသော မဟာနာဂေါ = ထို ဆင်ပြောင် ဟူသည် ဤဆင်ပင်တည်း” ဟူရာ၌ ဝါသဒ္ဒါ အဝဓာရဏအနက် ရှိသကဲ့သို့ ဤ ဝါသဒ္ဒါလည်း အဝဓာရဏအနက် ရှိ၏။ ဤ သိက္ခာပုဒ်၌ ဝိကပ်ပြုဘို့ရာ တွဲဘက်မရှိ။ “ဘိက္ခူ ဝါ အနဘိနေယျ ဝတ္ထုဒေသနာယ” ဟု တဝါကျတည်း ရှိရကား ရဟန်းတို့ကို မပင့်ခြင်းကြောင့်သာ အာပတ်သင့်သည်ဟု ဆိုလိုသည်။
အင်္ဂါ ၆ ပါးသာ
ပမာဏကို လွန်ခြင်းဟူသော (ရှေ့သိက္ခာပုဒ်ပြ ၄ နံပါတ်) အင်္ဂါ မလိုသောကြောင့် အင်္ဂါ ၆ ပါးသာ ရှိသည်ကိုလည်း သတိပြုပါ။
[ဆောင်]
ကုဋိကာရ, အင် ခုနစ်ဝတွင်, ပမာဏ လွန်ပယ်, ကျန်ခြောက်သွယ်, သင့်ဘွယ် ဝိဟာရ။
လေ့ကျင့်ခန်း မေးခွန်းများ
- က။ ကုဋိကာရ သိက္ခာပုဒ်ကို လိုရင်း အချုပ်မျှ မြန်မာပြန်ပါ။
- ခ။ သံဃာစိတာ အရ ကိုယ်တိုင်တောင်းပုံကို ပြ၍ ထို သံဃာစိတ ကုဋီ၏ အလျား အနံ ပမာဏကို ဘုရားအထွာဖြင့် မည်မျှရှိ၍ မဇ္ဈိမ ပုရိသ အထွာဖြင့် မည်မျှရှိသည်ကို ပြပါ။
- ဂ။ ဤ သိက္ခာပုဒ်၌ အလိုရှိအပ်သော ကုဋိမျိုးကိုပြ၍ ထိုကုဋိများ ဆောက်လုပ်ပုံကို အသီးသီး ပြပါ။
- ဃ။ ထိုကုဋ်များကို ဆောက်လုပ်ရာ၌ မည်သည့်အခါ အာပတ်သင့်သနည်း။
- င။ အဿာမိကံ၊ အတ္တုဒ္ဒေသံတို့၏ ဆိုလိုရင်းကို ပြပါ။
- စ။ ဘိက္ခူ အဘိနေတဗ္ဗာ အရ မည်သည့် အရပ်သို့ မည်သည့်အလုပ် လုပ်ရန် ပင့်ရမည်နည်း။
- ဆ။ အနာရမ္ဘမှ ပြောင်းပြန်ဖြစ်သော သာရမ္ဘ အရပ်ဟူသည် မည်ကဲ့သို့သော အရပ်များပါနည်း။ ထို အရပ်များကို ၄-၅ မျိုးမျှ ထုတ်ပြပါ။
- ဇ။ သပရိက္ကမန၊ အပရိက္ကမန နေရာများကို ခွဲခြားပြပါ။
- ဈ။ သာရမ္ဘအတွက်၊ အပရိက္ကမနအတွက်၊ ဘိက္ခူ အနဘိနေယျအတွက်၊ ပမာဏံ အဘိက္ကာမေယျ အတွက် သင့်ရသော အာပတ်များကို ခွဲခြား ဖော်ပြပါ။
- ဉ။ ကုဋိကာရ သိက္ခာပုဒ် အင်္ဂါများကို ဖော်ပြ၍ ၆ ပါး၊ ၇ ပါး ကွဲပြား ခြင်း၏ အကြောင်းကိုလည်း ပြပါ။
- ဋ။ ဝိဟာရကာရသိက္ခာပုဒ်ကို လိုရင်း အချုပ်မျှ မြန်မာပြန်ပြီးလျှင် မဟလ္လက အဓိပ္ပာယ်ကို၎င်း၊ သိက္ခာပုဒ် အင်္ဂါကို၎င်း ပြပါ။
- ဌ။ ယခုကာလ အင်္ဂတေ မသုတ်ရသော သစ်သားကျောင်း စသည်နှင့် မသုတ်ဘဲထားသော အုတ်တိုက်များကို ဤ မဟလ္လကဝိဟာရ အရ ယူနိူင်မည်လော၊ အင်္ဂတေသုတ် အုတ်တိုက်များ၌ ပုဂ္ဂလိက (တပါးပိုင်) ဖြစ်လျှင် ဤ ဝိဟာရကာရသိက္ခာပုဒ် အရ၌ မပြုကျင့်ဘဲလည်း နေနိူင်မည်လော။
- ဍ။ ကုဋိကာရသိက္ခာပုဒ်နှင့် ဝိဟာရကာရ သိက္ခာပုဒ် အထူးကိုပြ၍ ဝိဟာရကာရ သိက္ခာပုဒ်လာ ဝါသဒ္ဒါ၏ အနက်ကိုလည်း ပြပါ။
သံဃာဒိသေသ အခန်း
၈။ ဒုဋ္ဌဒေါသ သိက္ခာပုဒ်
၈။ ယော ပန ဘိက္ခု ဘိက္ခုံ ဒုဋ္ဌော ဒေါသော အပ္ပတီတော အမူလကေန ပါရာဇိကေန ဓမ္မေန အနုဒ္ဓံသေယျ “အပ္ပေဝ နာမ နံ ဣမမှာ ဗြဟ္မစရိယာ စာဝေယျ”န္တိ၊ တတော အပရေန သမယေန သမနုဂ္ဂါဟီယမာနော ဝါ အသမနုဂ္ဂါဟီယမာနော ဝါ အမူလကေဉ္စေဝ တံ အဓိကရဏံ ဟောတိ၊ ဘိက္ခု စ ဒေါသံ ပတိဋ္ဌာတိ၊ သံဃာဒိသေသော။
ယော ပန ဘိက္ခု - သည်၊
ဘိက္ခုံ - ကို၊
ဒုဋ္ဌော - ဒေါသက ဖျက်ဆီးအပ်သည်၊
ဒေါသော - ဒေါသအတွက် သူတပါးကိုလည်း ဖျက်ဆီးတတ်သည်၊
အပ္ပတီတော- ပီတိသုခစသည်တို့ မကပ်ရောက်အပ်သည် (ဟုတွာ - ဖြစ်၍၊)
အမူလကေန - အခြေအမြစ်မရှိသော၊
ပါရာဇိကေန ဓမ္မေန - ပါရာဇိကအာပတ်ဖြင့်၊
အနုဒ္ဓံသေယျ - စွပ်စွဲ ဖျက်ဆီးအံ့၊
(ကိံ - အဘယ်အလိုဆန္ဒဖြင့် စွပ်စွဲသနည်း၊)
နံ - ထိုရဟန်းကို၊
ဣမမှာ ဗြဟ္မစရိယာ - ဤမြတ်သောအကျင့်မှ၊
အပွေဝနာမ စာဝေယျံ - ရွေ့လျောစေနိုင်တန်ရာ၏၊
(ဣတိ - ဤ အလိုဆန္ဒဖြင့် စွပ်စွဲအံ့၊)
တတော - ထို စွပ်စွဲရာအခါမှ၊
အပရေန သမယေန သမနုဂ္ဂါဟီယမာနောဝါ အသမနုဂ္ဂါဟီယမာနောဝါ (စတုတ္ထ ပါရာဇိက ပြန်ကြည့်၊)
တံ အဓိကရဏံ - ထို အာပတ္တာ ဓိကရုဏ်းသည်၊
အမူလကေဉ္စဝ - အခြေအမြစ် မရှိသည်လည်း၊
ဟောတိ - ဖြစ်အံ့၊
ဘိက္ခု စ - စွပ်စွဲသောရဟန်းသည်လည်း၊
ဒေါသံ - အပြစ်ကို၊
ပတိဋ္ဌာတိ - စွဲ၍ တည်ရတော့၏၊
ဝါ - ဝန်ခံရတော့၏၊
တဿ ဘိက္ခုနော သံဃာဒိ သေသော အာပတ္တိနိကာယော ဟောတိ။
၈။ ဒုဋ္ဌဒေါသ သိက္ခာပုဒ်
ဒေါသစိတ်ဖြင့် ရဟန်းကို သာသနာမှ ရွေ့လျောစေလို၊ လူထွက်စေလို၍ အခြေအမြစ်မရှိသော ပါရာဇိက အာပတ်ဖြင့် စွပ်စွဲလျှင် သံဃာဒိသေသ် အာပတ်သင့်၏။
ဒုဋ္ဌော
[ဒုသဓာတ်, ကံဟော တပစ္စည်းတည်း။] မည်သူမဆို ဒေါသ ဖြစ်နေလျှင် စိတ်ကောင်း နှလုံးကောင်း မရှိနိုင်တော့ဘဲ ထိုဒေါသက ထိုသူ၏ စိတ်ကို ဖျက်ဆီးရာရောက်၏။ “ထိုသူ့စိတ်သည် နဂိုအတိုင်း စိတ်ကောင်း နှလုံးကောင်း မဟုတ်တော့ဘဲ ဒေါသ၏ အဖျက်အဆီးကို ခံရသဖြင့် စိတ်ပျက် စိတ်ဆိုး ဖြစ်နေတော့သည်” ဟူလို။
ဒေါသော
[ဒုသဓာတ်, ကတ္တားဟော ဏပစ္စည်းတည်း။] ဒေါသ ဖြစ်နေလျှင် မိမိစိတ်သာ ပျက်စီးသည် မဟုတ်သေး၊ ထို ဒေါသစိတ်ကြောင့် ဟိုလူ့ ပြောချင်၊ သည်လူ့ ဆိုချင်နှင့်” သူတပါးကိုလည်း နှိပ်စက် ဖျက်ဆီးတတ်သည်။ ဤသို့လျှင် ပုဂ္ဂိုလ်တယောက်တည်းကိုပင် အဖျက်ဆီးခံရပုံ အခြင်းအရာကို စွဲ၍ “ဒုဋ္ဌော”ဟု၎င်း၊ သူတပါးအား နှိပ်စက်ဖျက်ဆီးတတ်ပုံ အခြင်းအရာကို စွဲ၍ “ဒေါသော”ဟု၎င်း ဆိုရပေသည်။
အပ္ပတီတော
ပတီတော၌ “ပတိပုဗ္ဗ-ဣဓာတ်၊ တပစ္စည်း” တည်း။ ပတိ=ရှေးရှု + ဣတော =ရောက်အပ်သည်၊ န + ပတိတော, အပ္ပဏီတော၊ ဒေါသဖြစ်သည့်အခါ ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်သော ပီတိ သုခ စသည်တို့ ထိုသူ့ စိတ်အစဉ်မှာ မကပ်ရောက်ကြသည်ကို “အပ္ပတီတော“ ဟု ဆိုသည်။
[ပတိ ဥပသာရ၏ အစ အက္ခရာ၌ ဒွေဘော်ရောက်မြဲဖြစ်၍ အပ္ပတီတော ဟု ရှိရသည်။]
အမူလကေန ပါရာဇိကေန
ပါရာဇိကအာပတ်ဖြင့် သူတပါးကိုစွပ်စွဲရာဝယ် အချို့ ပါရာဇိကမှာ အခြေအမြစ်ရှိ၍ အချို့ပါရာဇိကမှာ အခြေအမြစ် မရှိချေ။
ချဲ့ဦးအံ့ -
ပါရာဇိကမှု ကျူးလွန်နေသော ရဟန်းတပါးကို ကိုယ်တိုင် မြင်အံ့၊ ထိုရဟန်းကို ပါရာဇိကဖြင့် စွပ်စွဲခြင်းသည် မြင်ခြင်း ဟူသော အခြေ အမြစ် ရှိ၏။ သူတပါးထံမှ တဆင့်ကြား၍ စွပ်စွဲလျှင်လည်း ကြားခြင်းဟူသော အခြေအမြစ် ရှိ၏။ မာတုဂါမနှင့် ဆိတ်ကွယ်ရာ၊ သို့မဟုတ် မှောင်အတွင်း၌ နေသည်ကို တွေ့၍ “ပါရာဇိကမှု ကျူးကျော်လေသလား”ဟု ယုံမှားသံသယ ဖြစ်သောကြောင့် စွပ်စွဲလျှင်လည်း ယုံမှားခြင်း ဟူသော အခြေအမြစ် ရှိ၏။
ဤသို့လျှင် ဒိဋ္ဌ၊ သုတ၊ ပရိသင်္ကိတ (မြင်ခြင်း၊ ကြားခြင်း၊ ယုံမှားခြင်း) ၃ ပါးကို ပါရာဇိကဖြင့် စွပ်စွဲဘို့ရန် မူလ (အကြောင်းရင်း အခြေခံ၊ အခြေအမြစ်) ဟု ခေါ်၏။ ထိုသို့ မူလ (အခြေအမြစ်) မရှိသော ပါရာဇိကကို အမူလကပါရာဇိက ဟု ခေါ်သည်။
[ဤ၌ ပါရာဇိက အရ ပါရာဇိကအခန်း အဆုံး၌ ပြခဲ့သော ပါရာဇိက ၂၄ ပါးတွင် ဘိက္ခုနီနှင့်သာ ဆိုင်သော ၅ ပါးကို နုတ်၍ ကျန် ၁၉ ပါးသော ပါရာဇိကများကို ယူပါ။]
အပ္ပေဝနာမ ၊ပေ၊ စာဝေယျန္တိ
ဤဝါကျကား စွပ်စွဲသောရဟန်း၏ အလိုဆန္ဒကိုပြသော ဝါကျတည်း။
ချဲ့ဦးအံ့ -
သူတပါးကို စွပ်စွဲရာ၌ -
- ၁။ ဆဲလို၍ စွပ်စွဲခြင်း၊
- ၂။ အာပတ်ကို မရှုလျှင် နှင်ထုတ်ဘို့ရန် ဥက္ခေပနီယကံ စသည်ကို ပြုလို၍ စွပ်စွဲခြင်း၊
- ၃။ အာပတ်မှ ထမြောက်စေလိုသော စေတနာကောင်းဖြင့် စွပ်စွဲခြင်း
စသည်ဖြင့် အလိုဆန္ဒ အမျိုးမျိုးရှိ၏။ ဤ သိက္ခာပုဒ်လာ စွပ်စွဲခြင်းမှာ ထို ရဟန်းကို သာသနာမှ ရွေ့လျော စေလိုသော ဆန္ဒဖြင့် စွပ်စွဲခြင်းတည်း။
မှတ်ချက်
“ဣမမှာ ဗြဟ္မစရိယာ” အရ မြတ်သောအကျင့် ဟူသည် သာသနာတော်ပင်တည်း။ “အပ္ပေဝနာမ”ကား “အပိ+ဧဝ+နာမ” နိပါတ် ၃ ခုကို ပေါင်းထားသော ပုဒ်အပေါင်းတည်း။ ဤ အပ္ပေဝနာမသည် သံသယတ္ထ (မိမိအလုပ်ကို ယုံမှားခြင်း၊ မိမိအလုပ်၏ အသေအချာ မဟုတ်ခြင်း၊ ထမြောက်မည်-မမြောက်မည်ကို မသိရခြင်းအနက်) ရှိ၏။ ထို့ကြောင့် “အပွေဝနာမ စာဝေယျံ - ရွေ့လျောစေနိုင် တန်ရာ၏”ဟု အနက် ပေးသည်။ ဤ၌ “ရွေ့လျော” ဟူသည် လူထွက်ရခြင်းပင်တည်း။
တတော အပရေန ၊ပေ၊ ပတိဋ္ဌာတိ
“တတော အပရေန သမယေန၊ ပေ၊ ဘိက္ခုစ ဒေါသံ ပတိဋ္ဌာတိ သံဃာဒိသေသော” ဟု ဆိုသောကြောင့် စာသွားအတိုင်း အမှတ်တမဲ့ စဉ်းစားလျှင်” ထိုကဲ့သို့ စွပ်စွဲပြီးနောက်၌ အပြစ်ကို ဝန်ခံမှ သံဃာဒိသေသ် အာပတ် သင့်သည်” ဟု ထင်မှတ်ဘွယ်ရှိ၏။ စင်စစ်မှာ စွပ်စွဲပြီးစကပင် အာပတ်သင့်ခဲ့ပြီ။ ဤ “တတော အပရေန” စသော ဝါကျမှာ စွပ်စွဲမှု၏ အခြေအမြစ် မရှိပုံ ထင်ရှားရာကာလကိုပြသော ဝါကျဖြစ်သည်။
သမနုဂ္ဂါဟီယမာနောဝါ
သာသနာတော်၌ စွပ်စွဲမှု ဖြစ်သည့်အခါ တရားရုံး၌ တရားသူကြီးက စစ်သကဲ့သို့ သမ္မုတိရသော ထေရ်က စောဒကကို “ငါ့ရှင်က ဤရဟန်းကို ပါရာဇိကဖြင့် စွပ်စွဲရာ၌ ဤရဟန်းနှင့်စပ်၍ ငါ့ရှင်သည် ဘာကို မြင်သလဲ၊ ဘယ်လိုနေသည်ကို မြင်သလဲ၊ ဘယ်အခါ မြင်သလဲ၊ ဘယ် အရပ်မှာ မြင်သလဲ၊ ဘာကို ကြားသလဲ၊ ဘာကို သံသယဖြစ်သလဲ” စသည်ဖြင့် မေးမြန်းရသည်။ ဤသို့ အစစ်အဆေးခံရမှ အပြစ်ကို ဝန်ခံသူလည်း ရှိ၏။
အသမနုဂ္ဂါဟိယမာနောဝါ
ထိုသို့ အစစ်ဆေး မခံရဘဲ မိမိဘာသာ အပြစ်ကို ဝန်ခံသူလည်း ရှိ၏။
[ဤ သမနုဂ္ဂါဟီယမာနောဝါ၊ အသမုနဟီယ အသမနုဂ္ဂါဟီယမာနောဝါ ၂ ပုဒ်ကို “ဘိက္ခုစ ဒေါသံ ပတိဋ္ဌာတိ” ၌ လှမ်းစပ်။ “မေးအပ်သည် ဖြစ်စေ၊ မမေးအပ်သည်ဖြစ်စေ အပြစ်ကို ဝန်ခံရတော့သည်” ဟူလို။]
အမူလကေဉ္စဝ တံ အဓိကရဏံ
အဓိကရဏံအရ ဝိဝါဒါဓိကရုဏ်း၊ အနုဝါဒါ ဓိကရုဏ်း၊ အာပတ္တာ ဓိကရုဏ်း၊ ကိစ္စာ ဓိကရုဏ်း ဟု ၄ မျိုး ရှိ၏။ (အကျယ်ကို အဓိကရဏသမထ အခန်းကျမှ ပြပါဦးမည်။) ဤ သိက္ခာပုဒ်လာ အဓိကရုဏ်း ဟူသည် အာပတ်နှင့် စပ်၍ဖြစ်သော အာပတ္တာဓိကရုဏ်းတည်း။
ဘိက္ခုစ ဒေါသံ ပတိဋ္ဌာတိ
“ဒေါသ” ဟူသည် စွပ်စွဲရာ၌ အမှန် မဟုတ်ဘဲ လိမ်လည်မှု အပြစ်တည်း။ ပတိဋ္ဌာတိ၌ သဒ္ဒါနက်အားဖြင့် “စွဲ၍ တည်ရတော့၏”ဟု ထွက်၏။ “အပြစ်ကို စွဲ၍ တည်ခြင်း” ဟူသည် အပြစ်၌ တန့်ရပ်ခြင်း၊ အပြစ်၌ အဆုံးသတ်ခြင်း၊ အပြစ်မှ မရှောင်လွှဲနိုင်တော့ခြင်းတည်း။ မရှောင်လွှဲနိုင်ခြင်း ဟူသည်လည်း “တပည့်တော် မဟုတ် မတရား စွပ်စွဲမိပါပြီ” ဟု အပြစ်ကို ဝန်ခံခြင်းပင် ဖြစ်သည်။
အင်္ဂါ ၅ ပါး
၁။ ရဟန်း အရေအတွက်တွင် ပါဝင်ခြင်း၊
၂။ ထိုသူ့၌ ပါရာဇိကအာပတ်မှ စင်ကြယ်သူ ဟု အမှတ်ရှိခြင်း၊
၃။ မြင်ခြင်း ကြားခြင်း ယုံမှားခြင်း ဟူသော အခြေအမြစ် မရှိခြင်း၊
၄။ သာသနာမှ ရွေ့လျောစေလို၍ မျက်မှောက်၌ စောဒနာခြင်း၊
၅။ အစွပ်စွဲခံရသူက မိမိကို စွပ်စွဲမှန်း ချက်ချင်း သိခြင်း။
ဤအင်္ဂါ ၅ ပါးတည်း။
- ၁။ ပါရာဇိက ကျနေစေကာမူ သူ့ကိုယ်သူ ရဟန်းဟု ဝန်ခံနေသေးလျှင် ရဟန်းအရေအတွက်တွင် ပါဝင်၏။
- ၂။ စွပ်စွဲသူ မိမိကလည်း ပါရာဇိကမှ စင်ကြယ်သူဟု အထင်ရှိနေခြင်း၊
- ၄။ စွပ်စွဲအပ်သော ရဟန်း၏ မျက်မှောက်၌ တိုက်ရိုက်စွပ်စွဲခြင်း၊
တိုက်ရိုက် မဟုတ်ဘဲ ကွယ်ရာမှ စွပ်စွဲနေလျှင် ဤသိက္ခာပုဒ်ဖြင့် အပြစ်မသင့်။
မှတ်ချက်
ကိုယ့်ကိုယ်တိုင် နှုတ်ဖြင့်စွပ်စွဲမှမဟုတ်၊ တယောက်ယောက်ကို မိမိကိုယ်စား စွပ်စွဲခိုင်းခြင်း၊ လက်ပြ ခြေပြဖြင့် စွပ်စွဲခြင်းများလည်း ဤသိက္ခာပုဒ် အရ အပြစ်သင့်သည်သာ။ စေခိုင်းရာ၌ အခိုင်းခံရသူက သူ့သဘော မဟုတ်ဘဲ ခိုင်းသူ၏သဘောအဘိုင်းသာ စွပ်စွဲလျှင် အခိုင်းခံရသူမှာ အပြစ်မရှိ၊ သူ့သဘော ကိုပါ ပြောပြ စွပ်စွဲလျှင် အခိုင်းခံရသူမှာလည်း သံဃာဒိသေသ်ပင်။
[ဆောင်]
ရဟန်းများတွင်, ရေတွက်ဝင်၍ သန့်စင်သသူ, ထင်မှတ်ယူလျက်, အမူလက သမ္မုခလျှင်း စွပ်စွဲခြင်း တည့်, ချက်ချင်းသိဟု ကြောင်းရှိ ငါးလီ, အင်္ဂါညီ, သင့်ပြီ ဒုဌ်ဒေါသ။
လေ့ကျင့်ခန်း မေးခွန်းများ
- က။ ပထမ ဒုဋ္ဌဒေါသသိက္ခာပုဒ် ပါဠိကို အကျဉ်းချုပ် မြန်မာပြန်ပါ။
- ခ။ အမူလကေန ပါရာဇိကေန၌ အဘယ်ကို မူလဟု ခေါ်၍ ပါရာဇိကေန အရ အဘယ် ပါရာဇိကတို့ကို ဤသိက္ခာပုဒ်၌ ယူရမည်နည်း။
- ဂ။ “အပွေဝနာမ ၊ပေ၊ စာဝေယံျ” ကား ဘာကိုပြသော ဝါကျပါနည်း။ သူတပါးကို စွပ်စွဲရာ၌ အလိုဆန္ဒ အမျိုးမျိုး ရှိရာတွင် ၃ မျိုးမျှ ဖော်ပြ၍ ဤသိက္ခာပုဒ်၌ ယူရမည့် အလိုဆန္ဒကိုလည်း ပြပါ။
- ဃ။ ဤသိက္ခာပုဒ်အင်္ဂါကို ပြ၍ အောက်ပါအချက်ကို ဆုံးဖြတ်လိုက်ပါ။
- (၁) ပါရာဇိကကျပြီးသော ရဟန်းတုကို ဒုဋ္ဌဒေါသဖြင့် စွပ်စွဲလျှင် ဤ သိက္ခာပုဒ်အရ အပြစ်ရှိ-မရှိ။
- (၂) ကွယ်ရာကနေ၍ စွပ်စွဲလျှင် ဤသိက္ခာပုဒ်အရ အပြစ်ရှိ-မရှိ။
- (၃) စုဒိတက၏ မျက်မှောက်သို့ တိုက်ရိုက်သွား၍ စွပ်စွဲဘို့ရန် စေခိုင်းရာ၌ ခိုင်းသည့်အတိုင်း စွပ်စွဲလျှင် ခိုင်းသူမှာ အပြစ်ရှိ-မရှိ။ အခိုင်း ခံရသူမှာလည်း အပြစ်ရှိ-မရှိ။
သံဃာဒိသေသ အခန်း
၉။ ဒုတိယ ဒုဋ္ဌဒေါသ
၉။ ယော ပန ဘိက္ခု ဘိက္ခုံ ဒုဋ္ဌော ဒေါသော အပ္ပတီတော အညဘာဂိယဿ အဓိကရဏဿ ကိဉ္စိဒေသံ လေသမတ္တံ ဥပါဒါယ ပါရာဇိကေန ဓမ္မေန အနုဒ္ဓံသေယျ “အပ္ပေဝ နာမ နံ ဣမမှာ ဗြဟ္မစရိယာ စာဝေယျ”န္တိ၊ တတော အပရေန သမယေန သမနုဂ္ဂါဟိယမာနော ဝါ အသမနုဂ္ဂါဟီယမာနော ဝါ အညဘာဂိယေဉ္စေဝ တံ အဓိကရဏံ ဟောတိ ကောစိဒေသော လေသမတ္တော ဥပါဒိန္နော၊ ဘိက္ခု စ ဒေါသံ ပတိဋ္ဌာတိ၊ သံဃာဒိသေသော။
ယော ပန ဘိက္ခု - သည်၊
ဘိက္ခုံ - ကို၊
ဒုဋ္ဌော - ဒေါသက ဖျက်ဆီးအပ်သည်၊
ဒေါသော - ဒေါသအတွက် သူတပါးကိုလည်း ဖျက်ဆီးတတ်သည်၊
အပ္ပတီတော- ပီတိသုခစသည်တို့ မကပ်ရောက်အပ်သည် (ဟုတွာ - ဖြစ်၍၊)
အညဘာဂိယဿ - တပါးသော အဘို့၏ဥစ္စာဖြစ်သော၊
အဓိကရဏဿ - နာမည် တည်ရာ၏၊
ကိဉ္စိ - တစုံတခုသော၊
ဒေသံ - ညွှန်ပြအပ်သော၊
လေသမတ္တံ - အမြွက်မျှကို၊
ဥပါဒါယ - စွဲ၍၊
ပါရာဇိကေန ဓမ္မေန အနုဒ္ဓံသေယျ “အပ္ပေဝနာမ နံ ဣမမှာ ဗြဟ္မစရိယာ စာဝေယျန္တိ”၊ တတော အပရေန သမယေန သမနုဂ္ဂါဟီယမာနောဝါ အသမနုဂ္ဂါဟီယမာနောဝါ၊ တံ အဓိကရဏံ - ထို အာပတ္တာဓိကရုဏ်းသည်၊
အညဘာဂိယေဉ္စဝ - တပါးသော အဘို့၏ ဥစ္စာသည်လည်း၊
ဟောတိ - အံ့၊
ကောစိ - တစုံတခုသော၊
ဒေသော - ညွှန်ပြအပ်သော၊
လေသမတ္တော - အမြွက်မျှသည်၊
ဝါ - ကို၊
ဥပါဒိန္နော - ယူအပ်သည်၊
(ဟောတိ - ဖြစ်အံ့၊)
ဘိက္ခုစ ဒေါသံ ပတိဋ္ဌာတိ, သံဃာဒိသေသော။
၉။ ဒုတိယ ဒုဋ္ဌဒေါသ
[ဤသိက္ခာပုဒ်ကို အညဘာဂိယ သိက္ခာပုဒ် ဟုလည်း ခေါ်၏။] ရဟန်းသည် အခြားရဟန်းကို လူထွက်ရအောင် ဖျက်ဆီးလိုသော ဒေါသစိတ်ရှိရကား ထိုရဟန်းနှင့်စပ်သော နာမည်ကို အခြား သတ္တဝါ စသည်အပေါ်၌ တင်ပြီးလျှင် “ထိုရဟန်းကို သာသနာမှ ရွေ့လျောစေနိုင်ပါမူ ကောင်းလေစွ” ဟု သဘောထား၍ ထိုနာမည်ကို ညွှန်ပြပြီးလျှင် ပါရာဇိကဖြင့် စွပ်စွဲအံ့၊ သံဃာဒိသေသ် အာပတ်သင့်၏။
အညဘာဂိယဿ အဓိကရဏဿ
[အညဘာဂဿ = တပါးသော အဘို့၏ (အခြားတမျိုး၏) + ဣယ=ဥစ္စာ၊ အဓိကရဏ သဒ္ဒါသည် (အဓိကရဏသာဓန ဟူရာ၌ကဲ့သို့) “တည်ရာ” ဟူသော အနက်ကို ဟော၏။]
မေတ္တိယ ဘူမဇက ရဟန်းတို့သည် ရဟန္တာဖြစ်သော အရှင်ဒဗ္ဗကို စွပ်စွဲလိုသောအခါ အရှင်ဒဗ္ဗမှာ စွပ်စွဲစရာ အပြစ်မရှိ၍ အပြစ်ရှာနေကြစဉ် တနေ့သ၌ ဆိတ်မကို မေထုန်မှီဝဲနေသော ဆိတ်ဖိုကို တွေ့ကြရာဝယ် - ဆိတ်ဖိုကို “ဒဗ္ဗ မလ္လပုတ္တ” ဟု နာမည်ပေး၍ ဆိတ်မကို “မေတ္တိယာ”ဟု ရဟန်းမတယောက်၏ နာမည်ကို ပေးကြလေသည်။ ဤ၌ ဆိတ်ဖိုနှင့် ဆိတ်မတို့သည် “ဒဗ္ဗ မလ္လပုတ္တ၊ မေတ္တိယာ” ဟူသော နာမည်များ၏ တည်ရာ “အဓိကရဏ” ဖြစ်ကြ၏။
[နာမည်ဟူရာ၌ ဇာတိနာမည် (ခတ္တိယ)၊ ဂေါတ္တနာမည် (ဂေါတမ)၊ နာမ နာမည် (ဒဗ္ဗ၊ မေတ္တိယာ) စသည်ဖြင့် အမျိုးမျိုး ရှိသည်။]
အညဘာဂိယဖြစ်ပုံ
ဆိတ်ဖိုကို “ဒဗ္ဗ မလ္လပုတ္တ” ဟု နာမည်ပေးရာ၌ အရှင်ဒဗ္ဗ၏ လူဇာတ် ရဟန်းအဖြစ်က တဘို့၊ ဆိတ်ဖို၏ တိရစ္ဆာန်ဇာတ် ဆိတ်ဖိုအဖြစ်က တဘို့အားဖြင့် ၂ ပက္ခ၊ ၂ ဘို့ ကွဲလျက် ရှိ၏။ ထိုတွင် “အညဘာဂ” အရ “တပါးသော အဘို့” ဟူသည် လူဇာတ် ရဟန်းအဖြစ်မှ တပါးသော တိရစ္ဆာန်ဇာတ် ဆိတ်ဖိုအဖြစ်တည်း။ ထို “တပါးသော အဘို့၏ ဥစ္စာ” ဟူသည် ဆိတ်သတ္တဝါတည်း။
အချုပ်မှာ -
အညဘာဂိယ၌ အည၏အပါဒါန်ကို လူဇာတ် ရဟန်းအဖြစ်ကိုခံ၍ တပါးသော တိရစ္ဆာန်ဇာတ် ဆိတ်ဖို အဖြစ်ကို “အညဘာဂ” ဟု ခေါ်ပြီးလျှင် ထို အညဘာဂ၏ ဥစ္စာ (အညဘာဂနှင့် စပ်သောအရာ) မှာ ဆိတ်သတ္တဝါ ဖြစ်သည် ဟူလို။ ဤကား ဝတ္ထုအလိုက် အဓိပ္ပာယ်တည်း။
[ဦးတိဿကို ပါရာဇိကဖြင့် စွပ်စွဲလိုသောအခါ နွားမ၌ မေထုန်မှီဝဲနေသော နွားထီးကို တိဿဟု နာမည်မှည့်၍ အဓိပ္ပာယ် ပြောပါ။]
ကိဉ္စိဒေသံ
ဒိဿတိ (အပဒိဿတိ) – ညွှန်ပြအပ်၏၊
ဣတိ - ထို့ကြောင့်၊
ဒေသော - ဒေသမည်၏။
ဤဒေသသည် ဇာတိ၊ ဂေါတ္တ၊ နာမ စသောအားဖြင့် ၁၀ ပါးရှိ၏။
ညွှန်ပြအပ်ပုံကား -
မင်းဇာတ်ရှိသော ရဟန်းတပါး ပါရာဇိကမှ ကျူးလွန်နေသည်ကို မြင်ပြီးနောက် မိမိရန်သူဖြစ်သော မင်းဇာတ်ရှိသူ အခြား ရဟန်းကို စွပ်စွဲလိုသောအခါ ထိုမင်းဇာတ်ကို အစွဲပြု၍ “မင်းဇာတ်ရှိသော သင်သည် ပါရာဇိကမှုကို ကျူးလွန်၏” ဟု စွပ်စွဲရာ၌ မင်းဇာတ်သည် ညွှန်ပြအပ်သော ဒေသမည်၏။
အရှင်ဒဗ္ဗကို စွပ်စွဲကြရာ၌ကား ဆိတ်ဖိုကို “ဒဗ္ဗ မလ္လပုတ္တ” ဟု နာမည်ပေးကြပြီးနောက် ထိုဆိတ်နှင့် နာမည်တူ ဖြစ်နေသော အရှင် ဒဗ္ဗကို စွပ်စွဲကြသည်။ ထို့ကြောင့် “ဒဗ္ဗ မလ္လပုတ္တ” ဟူသော နာမည်သည် ညွှန်ပြ အပ်သော ဒေသမည်၏။
“ညွှန်ပြ” ဆိုသည်ကား “မင်းဇာတ်ရှိသော သင်သည်၊ ဒဗ္ဗမည်သော သင်သည်”ဟု ညွှန်ပြ ပြောဆိုခြင်းတည်း။
လေသမတ္တံ
လိဿတိ (သိလိဿတိ) - အခြားဝတ္ထုကိုလည်း ငြိကပ်တတ်၏။
ဣတိ - ကြောင့်၊
လေသော - လေသ မည်၏။
ဤလေသဟူသည်လည်း ထို ဇာတိ၊ ဂေါတ္တ၊ နာမ စသောအားဖြင့် ၁ဝ ပါးပင်တည်း။ မင်းတယောက်၏ ခတ္တိယဇာတ်သည် အခြား မင်းတယောက်အပေါ်၌လည်း ငြိကပ်၏၊ ထို့ကြောင့် ခတ္တိယဇာတ်သည် လေသ မည်၏။ “အခြား မင်းတယောက်ကိုလည်း ခတ္တိယ ဟု သုံးနှုန်းနိူင်ခြင်းကို ငြိကပ်သည်”ဟု ဆိုသည်။ ဂေါတ္တ၊ နာမတို့ လေသ ဖြစ်ကြပုံကိုလည်း ပြောပါ။
ဤလေသကိုပင် ရှေးဆရာတို့က “အမြွက်” ဟု အနက် ပေးကြ၏။ တိုက်ရိုက် မဟုတ်ဘဲ ဆင်တူ ရိုးမှားလောက် ဖြစ်သော အရာကို အမြွက်ဟု သုံးစွဲ၍ “အမြွက်ထောင်” ဟု ပြောလေ့ရှိသည်။ ထို အမြွက်ထောင်ခြင်းကိုပင် “လေသ=စကားကပ်ခြင်း” ဟု သုံးစွဲလေ့ ရှိကြသည်။
လေသမတ္တ ဥပါဒါယ
မတ္တသဒ္ဒါသည် အနည်းငယ်ဟူသော အနက်ကို ဟော၏။ မင်းဇာတ်ရှိသော ရဟန်းတပါး၏ ခတ္တိယဇာတ်ကို စွဲ၍ အခြား မင်းဇာတ်ရှိသော ရဟန်းကို စွပ်စွဲရာ၌ မင်းဇာတ်ချင်းသာတူသည်၊ “ပါရာဇိက ကျူးလွန်မှု” ဟူသော လိုရင်းအချက်ကား မတူချေ။ ဤသို့ အနည်းငယ်တူသော ခတ္တိယဇာတ်လောက်ကို စွဲမှီခြင်းကို “လေသမတ္တံ ဥပါဒါယ”ဟု ဆိုသည်။
အင်္ဂါ ၆ ပါး
- ရဟန်း အရေအတွက်တွင် ပါဝင်ခြင်း၊
- ထိုသူ့၌ ပါရာဇိကအာပတ်မှ စင်ကြယ်သူ ဟု အမှတ်ရှိခြင်း၊
- မြင်ခြင်း ကြားခြင်း ယုံမှားခြင်း ဟူသော အခြေအမြစ် မရှိခြင်း၊
- သာသနာမှ ရွေ့လျောစေလို၍ မျက်မှောက်၌ စောဒနာခြင်း၊
- အစွပ်စွဲခံရသူက မိမိကို စွပ်စွဲမှန်း ချက်ချင်း သိခြင်း။
- အည ဘာဂိယာဓိကရဏ၏ တစုံတခု ညွှန်ပြအပ်သော အမြွက်မျှကို စွဲယူခြင်း။
ဤအင်္ဂါ ၆ ပါးတည်း။
[ဆောင်]
ရှေ့ဒုဌ် ဒေါသ, အင်ငါးဝတွင်, အညဘာဂိ, တည်ရာ၏လျှင်, ကိဉ္စိဒေသ, အမြွက်မျှကို, စွဲယူပို, မှတ်လို ဒုတိယ, ဒုဌ်ဒေါသ။
ကာလအပိုင်းအခြား တူများ
- သိက္ခာချမှု၊
- (စတုတ္ထပါရာဇိကလာ) အဘူတာရောစန - မဟုတ်မမှန်ပြောမှု၊
- ဒုဋ္ဌုလ္လသိက္ခာပုဒ်အရ ဒုဋ္ဌုလ္လဝါစာ ပြောမှု၊
- အတ္တကာမသိက္ခာပုဒ်အရ အတ္တကာမ ပြောမှု၊
- ဤဒုဋ္ဌ ဒေါသဖြင့် စွပ်စွဲမှု၊
- ပါစိတ်၌လာမည့် ဘူတာရောစန အမှုတို့သည် ပြောပြီးလျှင် ပြီးချင်း သိမှုအားဖြင့် ကာလအပိုင်းအခြား တူကြလေသည်။
[ဆောင်]
သိက္ခာကိုချ, အဘူတနှင့်, ဋ္ဌုလ္လဝါစာ, အတ္တကာတည်း, ဒုဋ္ဌာဒေါသ, ဘူတရောစန်, ဤ ၆ တန်တို့, ပိုင်းရန်ကာလ, တူညီမျှ, သိရ ချက်ချင်းသာ။
လေ့ကျင့်ခန်း မေးခွန်းများ
- က။ ဒုတိယ ဒုဋ္ဌဒေါသသိက္ခာပုဒ်ကို မြန်မာပြန်၍ အင်္ဂါကိုလည်း ပြပါ။
- ခ။ ရှင်ဒဗ္ဗကို စွပ်စွဲသော ရဟန်းများသည် ဆိတ်မ၌ ဆိတ်ဖိုကျင့်ပုံကို မြင်ကြရာဝယ် ထို ဆိတ်ဖိုနှင့် ဆိတ်မကို အဘယ်သို့ နာမည်ပေးကြသနည်း။
- ဂ။ ထို ဝတ္ထုသွားအလိုက် အညဘာဂိယ၌ အည၏ အပါဒါန်ကို၎င်း၊ အညဘာဂအရကို၎င်း၊ အညဘာဂိယအရ ကို၎င်း ဖော်ပြပါ။
- ဃ။ ကိဉ္စိဒေသံ လေသမတ္တံအရ “ဒေသ-လေသ” ၁၀ ပါးရှိရာ ၃ မျိုးမျှကို ဖော်ပြ၍ “ဒေသ”အရ ညွှန်ပြပုံကို ထင်ရှားအောင် ပြပါ။
- င။ လေသမတ္တံ ဥပါဒါယ၌ “လေသ”အရ အခြားဝတ္ထု၌ ငြိကပ်ပုံကို၎င်း မတ္တ၏ အနက်ကို၎င်း၊ စွဲမှီပုံကို၎င်း ပြပါ။
- စ။ ဤ ဒုဋ္ဌဒေါသနှင့် ကာလအပိုင်းအခြား တူသော အရာများကို ပြပါ။
သံဃာဒိသေသ အခန်း
၁၀။ သံဃဘေဒ သိက္ခာပုဒ်
၁၀။ ယော ပန ဘိက္ခု သမဂ္ဂဿ သံဃဿ ဘေဒါယ ပရက္ကမေယျ၊ ဘေဒနသံဝတ္တနိကံ ဝါ အဓိကရဏံ သမာဒါယ ပဂ္ဂယှ တိဋ္ဌေယျ၊ သော ဘိက္ခု ဘိက္ခူဟိ ဧဝမဿ ဝစနိယော “မာယသ္မာ သမဂ္ဂဿ သံဃဿ ဘေဒါယ ပရက္ကမိ၊ ဘေဒနသံဝတ္တနိကံ ဝါ အဓိကရဏံ သမာဒါယ ပဂ္ဂယှ အဋ္ဌာသိ၊ သမေတာယသ္မာ သံဃေန၊ သမဂ္ဂေါ ဟိ သံဃော သမ္မောဒမာနော အဝိဝဒမာနော ဧကုဒ္ဒေသော ဖာသု ဝိဟရတီ”တိ၊ ဧဝဉ္စ သော ဘိက္ခု ဘိက္ခူဟိ ဝုစ္စမာနော တထေဝ ပဂ္ဂဏှေယျ၊ သော ဘိက္ခု ဘိက္ခူဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗော တဿ ပဋိနိဿဂ္ဂါယ၊ ယာဝတတိယေဉ္စေ သမနုဘာသိယမာနော တံ ပဋိနိဿဇ္ဇေယျ၊ ဣစ္စေတံ ကုသလံ၊ နော စေ ပဋိနိဿဇ္ဇေယျ၊ သံဃာဒိသေသော။
ယော ပန ဘိက္ခု - သည်၊
သမဂ္ဂဿ - ညီညွတ်သော၊
သံဃဿ - သံဃာ၏၊
ဘေဒါယ - ကွဲပြားခြင်းငှာ၊
ပရက္ကမေယျ - အားထုတ်အံ့၊
ဘေဒန သံဝတ္တနကံ - သံဃာကွဲပြားခြင်း အကျိုးငှာဖြစ်သော၊
အဓိကရဏံဝါ - အကြောင်းကိုမူလည်း၊
သမာဒါယ - ယူ၍၊
ပဂ္ဂယှ - ချီမြှောက်ပြီ၊
တိဋ္ဌေယျ - တည်အံ့၊
သော ဘိက္ခု - ထိုရဟန်းသည်၊
ဝါ - ထိုရဟန်းကို၊
ဘိက္ခူဟိ - မြင်ကုန် ကြားကုန်သော ရဟန်းတို့သည်၊
ဧဝံ - ဤသို့၊
ဝစနီယော - ပြောဆိုထိုက်သည်၊
အဿ - ဖြစ်၏။
(ကိံ - အဘယ်သို့ ပြောဆိုထိုက်သနည်း၊)
အာယသ္မာ - အရှင်သည်၊
သမဂ္ဂဿ သံဃဿ, ဘေဒါယ - ငှာ၊
မာ ပရက္ကမိ - အားမထုတ်ပါနှင့်၊
ဘေဒန သံဝတ္တနကံ အဓိကရဏံဝါ သမာဒါယ ပဂ္ဂယှ - ၍၊
မာ အဋ္ဌာသိ - မတည်ပါနှင့်၊
အာယသ္မာ - အရှင်သည်၊
သံဃေန - သံဃာနှင့်တကွ၊
သမေတု - ညီညွတ်ပါလော့၊
ဟိ - ညီညွတ်ရကျိုးကား၊
သမဂ္ဂေါ - ညီညွတ်သော၊
သံဃော - သံဃာသည်၊
သမ္မောဒမာနော - လွန်စွာ ဝမ်းမြောက်သည်၊
အဝိဝဒမာနော - ဆန့်ကျင်ဘက် မပြောဆိုရသည်၊
ဧကုဒ္ဒေသော - တခုတည်းသော ပါတိမောက်ပြရခြင်း ရှိသည်၊
(ဟုတွာ - ဖြစ်၍၊)
ဖာသု - ချမ်းသာစ္စာ၊
ဝိဟရတိ - နေရပါ၏၊
ဣတိ - ဤသို့ ပြောဆိုထိုက်၏။
ဧဝဉ္စ - ဤသို့လျှင်၊
သောဘိက္ခု - သည်၊
ဝါ - ကို၊
ဘိက္ခူဟိ - မြင်ကုန် ကြားကုန်သော ရဟန်းတို့သည်၊
ဝုစ္စမာနော - ပြောဆိုအပ်ပါလျက်၊
တထေ၀ - ထို ရှေးအတိုင်းသာလျှင်၊
ပဂ္ဂဏှေယျ - ချီမြှောက်အံ့၊
သော ဘိက္ခု - ထိုရဟန်းကို၊
ဘိက္ခူဟိ - ရဟန်းတို့သည်၊
တဿ - ထိုအယူကို၊
ပတိနိသဂ္ဂါယ - စွန့်ဘို့ရာ၊
ယာဝတတိယံ - ၃ ကြိမ်တိုင်အောင်၊
သမနုဘာသိတဗ္ဗော - ဉတ်ကမ္မဝါစာဖြင့် အဖန်ဖန် ပြောဆိုထိုက်၏၊
ယာဝ တတိယံ - ၃ ကြိမ်တိုင်အောင်၊
သမနုဘာသီယမာနော - ဉတ်ကမ္မဝါစာဖြင့် အဖန်ဖန် ပြောဆိုအပ်စဉ်၊
တံ - ထိုအယူကို၊
စေ ပတိနိသဇ္ဇေယျ - အကယ်၍ စွန့်အံ့၊
ဣစ္စေတံ - ဤသို့ စွန့်ခြင်းသည်၊
ကုသလံ - ကောင်း၏၊
နောစေ ပတိနိသဇ္ဇေယျ - အကယ်၍ မစွန့်အံ့၊
တဿ ဘိက္ခုနော သံဃာဒိ သေသော အာပတ္တိနိကာယော ဟောတိ။
၁၀။ သံဃဘေဒ သိက္ခာပုဒ် (အကျယ်)
တသိမ်တည်း၌ ညီညွတ်နေသော သံဃာကို ကွဲပြားအောင် အားထုတ်လျှင် ထိုရဟန်းကို “သံဃာ ကွဲပြားအောင် အားမထုတ်ပါနှင့်”ဟု တားမြစ် ပြောဆိုရမည်။ ထိုသို့ တားမြစ် ပြောဆိုအပ်ပါလျက် ရှေး အတိုင်းပင် မိမိ၏အယူဝါဒကို ချီမြှောက်နေသေးအံ့၊ (မလျှော့ဘဲ အားကြိုးမာန်တက် လုပ်နေသေးအံ့၊) ထိုဝါဒကို စွန့်လွှတ်အောင် ထိုရဟန်းကို အခြားရဟန်းများက သမနုဘာသနကံ ပြုရမည်။
ထို သမနုဘာသနကံ ပြုစဉ် (ပြု၍ မပြီးခင်) ထိုဝါဒကို စွန့်လိုက်လျှင် (သံဃဒိသေသ်အာပတ် မသင့်ဘို့ အကြောင်းဖြစ်၍) ကောင်းပေ၏။ မစွန့်လျှင်ကား သံဃာဒိသေသ် အာပတ် သင့်ရတော့သည်။
[ဤ၌ သံဃာချင်းကွဲပြားအောင် အားထုတ်ရုံမျှဖြင့် သံဃာဒိသေသ် မသင့်သေး။ နှုတ်ဖြင့် တားမြစ်၊ တားမြစ်၍ မရမှ ကံပြု၊ ကံပြု၍မပြီးခင် အားထုတ်မှုကို စွန့်လျှင်လည်း သံဃာဒိသေသ် မသင့်သေး၊ ကံပြု၍ ပြီးသည့် တိုင်အောင် မစွန့်မှ သံဃာဒိသေသ် သင့်သည်ကို သတိပြုပါ။]
သမဂ္ဂဿ သံဃဿ ၊ပေ၊ ပရက္ကမေယျ
ဤ၌ သမဂ္ဂသံဃာဟူသည် သိမ်တွင်း၌ ကံပြုဘို့ရန် စည်းဝေးနေကြသော သံဃာတည်း။ သိမ်ပြင်ဘက်၌ နေခိုက် သံဃာကို မဆိုလို။ “ကွဲပြားအောင် အားထုတ်ခြင်း” ဟူသည် “ဤ သမဂ္ဂသံဃာသည် ဘယ်လို နည်းဖြင့် အသီးသီး ကွဲပြားလျက် ဝဂ္ဂ ဖြစ်ပါအံ့နည်း၊ ဝဂ်ဖြစ်အောင် ဘယ်လို လုပ်ရပါမည်နည်း”ဟု စဉ်းစား၍ သူ့ဘက်ပါမည့် ရဟန်းများကို ရှာခြင်း၊ အသင်းအပင်း ဖွဲ့ခြင်းတည်း။
ဘေဒန သံဝတ္တနကံ ဝါ အဓိကရဏံ
ဤ၌ “အဓိကရဏ”သဒ္ဒါသည် “အကြောင်း” ဟူသော အနက်ဟောတည်း။ သံဃာ ကွဲပြားခြင်းကို ဖြစ်စေ တတ်သော အကြောင်း ဟူသည်လည်း “အဓမ္မံ ဓမ္မောတိ ဒိပေတိ” စသည်ဖြင့် စူဠဝဂ္ဂ-သံဃဘေဒကခန္ဓက၌ လာသည့်အတိုင်း ၁-အဓမ္မကို ဓမ္မဟူ၍ ပြခြင်း၊ ၂-ဓမ္မကို အဓမ္မဟူ၍ပြခြင်း စသည်ဖြင့် ၁၈ ပါးရှိ၏။
[အကုသလကမ္မပထ ၁ဝ ပါးသည် အဓမ္မတည်း။ ထို အဓမ္မကိုပင် “ဓမ္မ”ဟု ပြောင်းပြန်ပြန်၍ အများ နားလည်အောင် ချဲ့ကာ ထွင်ကာ ပြောခြင်းကို “အဓမ္မကို ဓမ္မဟု ပြခြင်း” ဟု ဆိုသည်။ ဤနည်းအတိုင်း ကုသိုလ်ဓမ္မကို အဓမ္မဖြစ်အောင် ပြောပုံကိုလည်း သိပါ။]
ဤသို့ ပြခြင်းသည်ပင် ထိုစကားကို ယုံကြည်သော သံဃာနှင့် မယုံကြည်သော သံဃာတို့ ကွဲပြားဘို့ အကြောင်း ဖြစ်လေတော့သည်။
သမာဒါယ ပဂ္ဂယှ တိဋ္ဌေယျ
အဓမ္မ စသည်ကို ဓမ္မ စသည်ဟု မိမိ ယူထားသော ဝါဒကို လက်ကိုင်လုပ်ထားခြင်းကို “သမာဒါယ - ကောင်းစွာ ယူ၍”ဟု ဆိုသည်။ ထိုသို့ လက်ကိုင်လုပ်ပြီးလျှင် ထိုဝါဒကို အများသဘောကျအောင် အမွှန်း တင်ခြင်း၊ မှန်ကန်ကြောင်း ဟောပြော ပြသခြင်းကို “ပဂ္ဂယှ တိဋ္ဌေယျ = ချီမြှောက်၍ တည်ခြင်း”ဟု ဆိုသည်။ ယခုကာလ နိုင်ငံရေးသမားတို့ ဝါဒတခုခုကို လက်ကိုင်ပြုပြီးလျှင် ထိုမိမိဝါဒ ကောင်းကြောင်းကို မြှောက်ပင့် ပြောဆိုကာ ဝါဒပြန့်ပွားရေး ပြုလုပ်ကြသကဲ့သို့တည်း။
ဤသို့ ကြိုးစားပြီးနောက် မိမိဘက်သား အတော်များသည့်အခါ တသိမ်တည်း၌ သံဃာစည်းဝေးနေစဉ် မိမိဝါဒကို ပြောပြ၍ မိမိဘက်သား သံဃာများကို ထိုသိမ်တွင်းမှာပင် တနေရာ ရွှေ့စေလျက် တသီးတခြား ကံပြုလျှင် သံဃဘေဒကကံ ထိုက်၏။ ထို့ကြောင့် သံဃဘေဒကကံကို ရဟန်းသာ ပြုနိုင်ကြောင်း သတိပြုပါ။
သော ဘိက္ခု ၊ပေ၊ ဝစနီယော
ဤသိက္ခာပုဒ်ကား ထို ပြခဲ့သည့်အတိုင်း သံဃဘေဒကကံ ပြုဖြစ်သည့်တိုင်အောင် ဆိုင်းငံ့မနေရ၊ သံဃာကွဲပြားအောင် အားထုတ်ခိုက်မှာပင် တွေ့ကြ၊ ကြားကြသော ရဟန်းတို့က တားမြစ် ပြောဆို ကြရမည်။ တွေ့လျက်၊ ကြားလျက် မတားမြစ်လျှင် မတားမြစ်သူတို့မှာ ဒုက္ကဋ် အာပတ်သင့်၏။
[ကြားသော ရဟန်းတို့မှာ တယူဇနာဝက် ခရီးဝေးစေကာမူ သွား၍ တားမြစ်ရမည်ဟု အဋ္ဌကထာ ဆိုထားသည်။]
မာယသ္မာ ၊ပေ၊ ဖာသု ဝိဟရတိ
ဤ ဝါကျတို့ကား တားမြစ်ပြောဆိုပုံ ပြသော ဝါကျတည်း။
“ငါ့ရှင် ....၊ ညီညွတ်နေသော သံဃာကို ကွဲပြားအောင် အားမထုတ်ပါနှင့်၊ ကွဲပြားခြင်းကို ဖြစ်စေမည့် အကြောင်းအရာများကိုလည်း လက်ကိုင်ပြုကာ အများသိလောက်အောင် ချီမြှောက်၍ မတည်ပါနှင့်၊ (ဝါဒ ပြန့်ပွားရေး မလုပ်ပါနှင့်)၊ ငါ့ရှင်သည် သံဃာနှင့် ဓမ္မ အဓမ္မ စသော အယူအဆဝယ် ညီညွတ်ပါစေ၊ သံဃာ ညီညွတ်နေလျှင် အချင်းချင်း ဝမ်းမြောက် ဝမ်းသာရှိရ၊ တဘက်က ဓမ္မ၊ တဘက်က အဓမ္မ စသည်ဖြင့်လည်း ဆန့်ကျင်ဘက် မပြောရ (မငြင်းရ၊ မခုံရ)၊ ပါတိမောက်ကိုလည်း အတူတကွ ရွတ်ပြရသဖြင့် ချမ်းသာစွာ နေနိုင်ပါသည်” ဟူလို။
[ဤ၌ “သမဂ္ဂေါ ၊ပေ၊ ဖာသု ဝိဟရတိ” ကား သံဃာ ညီညွတ်ခြင်း၏ အကျိုးကိုပြသော ဝါကျတည်း။ ဤ အကျိုးပြ ဝါကျကို အကြောင်းလုပ်၍ “ကိံ ကာရဏာ”ဟု အဋ္ဌကထာ ဖွင့်သည်။]
ဧဝဉ္စ ၊ပေ၊ တထေဝ ပဂ္ဂဏှေယျ
“မာယသ္မာ ဘေဒါယ ပရက္ကမိ” စသော စကားတို့ကို ၁ ကြိမ်၊ ၂ ကြိမ်၊ ၃ ကြိမ်တိုင်အောင် ပြော၍ သူ၏ အယူဝါဒကို တားမြစ်ရမည်။ သံဃာ့အလယ်သို့ မခေါ်သေးဘဲ ၃ ကြိမ်တိုင်အောင် ပြော၍ မရလျှင် (သူ့အယူ မစွန့်လျှင်) သံဃာ့အလယ်သို့ အတင်းဆွဲ၍ “ငါ့ရှင်၊ သံဃာ့ဘေဒကကံဆိုတာ လွန်စွာ အပြစ်ကြီးပါသည်၊ သံဃာ ကွဲပြားအောင် အားမထုတ်ပါနှင့်” စသည်ဖြင့် ၃ ကြိမ်တိုင်အောင် ပြောရဦးမည်။ ထိုသို့ပြော၍ မရဘဲ သူ့ဝါဒကို ချီမြှောက်နေသူကို “တထေဝ ပဂ္ဂဏှေယျ” ဟု ဆိုသည်။
ယာဝ တတိယံ ၊ပေ၊ ပတိနိသဂ္ဂါယ
“ထိုအယူကိုစွန့်ဘို့ရာ (ထိုအယူ စွန့်အောင်) သမနုဘာသနကံ ပြုရမည်”ဟူရာ၌ ထိုအယူဟူသည် “အဓမ္မကို ဓမ္မဟု ယူခြင်း” စသော ဘေဒကရဝတ္ထုများတည်း။ ထို့ကြောင့် ပါဠိတော်၌ “တဿ ဝတ္ထုဿ” ဟု ဟောတော်မူသည်။ သမနုဘာသနကံပြုပုံကို သိက္ခာပုဒ် ပါဠိတော်ရင်းမှာ ရှုပါ။
ယာဝတတိယံ ၊ပေ၊ သံဃာဒိသေသော
“သမနုဘာသီယမာနော”၌ မာနပစ္စည်းသည် ပစ္စုပ္ပန်အနက်ဟောတည်း။ ပြောဆိုအပ်စဉ် (တတိယကမ္မ ပါစာဝယ် “သော ဘာသေယျ”၌ ယျအက္ခရာသို့ မရောက်ခင်) သူ့ အယူကို စွန့်လိုက်အံ့၊ ထိုသို့ စွန့်ခြင်းသည် ကောင်း၏။ “ကောင်း”ဆိုသည်ကား သံဃာ ဒိသေသ်အာပတ် မသင့်ခြင်းတည်း။ တတိယကမ္မဝါစာဝယ် “ယျ” တိုင်အောင် သူ့အယူကို မစွန့်လျှင်ကား သံဃာဒိသေသ် သင့်တော့၏။
အင်္ဂါ ၄ ပါး
- သံဃာကွဲအောင် အားထုတ်ခြင်း၊
- ဓမ္မကံ ဖြစ်သော သမနုဘာသနကံ ပြုခြင်း၊
- ကမ္မဝါစာ ပြီးဆုံးခြင်း၊
- အယူကို မစွန့်ခြင်းတည်း။
[“ဓမ္မကံ”ဟု လာသမျှ၌ ဝိနည်းလမ်းနှင့် လျော်ညီသော ကံချည်း ဖြစ်စေရမည်ဟု မှတ်ပါ။]
[ဆောင်]
သံဃာကွဲမှု လုံ့လပြု၍, သမနုဘာသနံ ဓမ္မကံတည်း, ကမ္မဝါစာ, ပြီးဆုံးရာဝယ် , မြဲစွာ ယူလျှင်း, မစွန့်ခြင်းဟု ကြောင်းရင်း လေးလီ, အင်္ဂါညီ, သင့်ပြီ ဘေဒက။
သံဃာဒိသေသ အခန်း
၁၁။ ဘေဒါနုဝတ္တက သိက္ခာပုဒ်
၁၁။ တဿေဝ ခေါ ပန ဘိက္ခုဿ ဘိက္ခူ ဟောန္တိ အနုဝတ္တကာ ဝဂ္ဂဝါဒကာ ဧကော ဝါ ဒွေ ဝါ တယော ဝါ၊ တေ ဧဝံ ဝဒေယျုံ “မာယသ္မန္တော ဧတံ ဘိက္ခုံ ကိဉ္စိ အဝစုတ္ထ၊ ဓမ္မဝါဒီ စေ'သော ဘိက္ခု၊ ဝိနယဝါဒီ စေ'သော ဘိက္ခု၊ အမှာကဉ္စေ'သော ဘိက္ခု ဆန္ဒဉ္စ ရုစိဉ္စ အာဒါယ ဝေါဟရတိ, ဇာနာတိ, နော ဘာသတိ, အမှာက'မ္ပေတံ ခမတီ”တိ၊ တေ ဘိက္ခူ ဘိက္ခူဟိ ဧဝမဿု ဝစနီယာ “မာယသ္မန္တော ဧဝံ အဝစုတ္ထ၊ န စေ'သော ဘိက္ခု ဓမ္မဝါဒီ၊ န စေ’သော ဘိက္ခု ဝိနယဝါဒီ၊ မာယသ္မန္တာနမ္ပိ သံဃဘေဒေါ ရုစ္စိတ္ထ၊ သမေတာယသ္မန္တာနံ သံဃေန၊ သမဂ္ဂေါ ဟိ သံဃော သမ္မောဒမာနော အဝိဝဒမာနော ဧကုဒ္ဒေသော ဖာသု ဝိဟရတီ”တိ၊ ဧဝဉ္စ တေ ဘိက္ခူ ဘိက္ခူဟိ ဝုစ္စမာနာ တထေဝ ပဂ္ဂဏှေယျုံ၊ တေ ဘိက္ခူ ဘိက္ခူဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗာ တဿ ပဋိနိဿဂ္ဂါယ၊ ယာဝတတိယဉ္စေ သမနုဘာသိယမာနာ တံ ပဋိနိဿဇ္ဇေယျုံ၊ ဣစ္စေတံ ကုသလံ၊ နော စေ ပဋိနိဿဇ္ဇေယျုံ၊ သံဃာဒိသေသော။
တဿေဝ ဘိက္ခုဿ - ထိုသံဃာသင်းခွဲသော ရဟန်း၏ပင်၊
အနုဝတ္တကာ - နောက်လိုက် ဖြစ်ကုန်သော၊
ဝဂ္ဂဝါဒကာ - ဝဂ်ဖြစ်ကြောင်း စကားကို ပြောဆိုတတ်ကုန်သော၊
ဧကော ဝါ - ၁ ပါးသော်လည်း ဖြစ်သော၊
ဒွေ ဝါ - ၂ ပါးသော်လည်း ဖြစ်ကုန်သော၊
တယော ဝါ - ၃ ပါးသော်လည်းဖြစ်ကုန်သော၊
ဘိက္ခူ - တို့သည်၊
ဟောန္တိ - ကုန်အံ့။
တေ - ထို ရဟန်းတို့သည်၊
ဧဝံ - ဤသို့၊
ဝဒေယျ - ပြောဆိုကုန်အံ့၊
(ကိံ - အဘယ်သို့ ပြောဆိုကုန်သနည်း၊)
အာယသ္မန္တော - အရှင်တို့၊
(တုမှေ - အရှင်တို့သည်၊)
ဧတံ ဘိက္ခုံ - ထိုရဟန်းကို၊
ကိဉ္စိ - ဘာကိုမျှ၊
မာ အဝစုတ္ထ - မဆိုကြပါကုန်လင့်၊
ဧသော ဘိက္ခု - ထို ရဟန်းသည်၊
ဓမ္မဝါဒီစ - အမှန်ကိုလည်း ပြောလေ့ရှိပါ၏၊
ဧသော ဘိက္ခု - သည်၊
ဝိနယ ဝါဒီစ - ငြိမ်းအေးရေးကိုလည်း ပြောလေ့ရှိပါ၏၊
ဧသော ဘိက္ခု - သည်၊
အမှာကဉ္စ - တပည့်တော်တို့၏လည်း၊
ဆန္ဒဉ္စ - အလိုကို၎င်း၊
ရုစိဉ္စ - အကြိုက်ကို၎င်း၊
အာဒါယ - ယူ၍၊
ဝေါဟရတိ - ပြောဆိုပါ၏၊
နော - တပည့်တော်တို့၏ (ဆန္ဒစသည်ကို)၊
ဇာနာတိ - သိပါ၏၊
နော - တပည့်တော်တို့နှင့်တကွ၊
ဘာသတိ - ပြောဆို တိုင်ပင်ပါ၏၊
အမှာကံပိ - တပည့်တော်တို့အားလည်း၊
ဧတံ - သူပြုသမျှ ထိုအမှုသည်၊
ခမတိ - နှစ်သက်ပါ၏၊
ဣတိ - ဤသို့ ပြောဆိုကုန်အံ့။
တေ ဘိက္ခူ - ထိုရဟန်းတို့သည်၊
ဝါ - ထိုရဟန်းတို့ကို၊
ဘိက္ခူဟိ - မြင်ကုန် ကြားကုန်သော ရဟန်းတို့သည်၊
ဧဝံ - သို့၊
ဝစနီယာ - ပြောဆိုထိုက်ကုန်သည်၊
အဿု - ဖြစ်ကုန်၏၊
(ကိံ - အဘယ်သို့ ပြောဆိုထိုက်ကုန်သနည်း၊ )
အာယသ္မန္တော - အရှင်တို့၊
(တုမှေ - အရှင်တို့သည်၊)
ဧဝံ - ဤသို့၊
မာ အဝစုတ္ထ - မပြောကြကုန်လင့်၊
ဧသော ဘိက္ခု - သည်၊
န စ ဓမ္မဝါဒီ - အမှန်ကို ပြောလေ့ရှိသူလည်း မဟုတ်၊
ဧသော ဘိက္ခု - သည်၊
န စ ဝိနယဝါဒီ - ငြိမ်းအေးရေးကို ပြောလေ့ရှိသူလည်း မဟုတ်၊
အာယသ္မန္တာနံပိ - အရှင်တို့အားလည်း၊
သံဃဘေဒေါ - သံဃာကွဲပြားခြင်းသည်၊
မာရုစ္စိတ္ထ - မနှစ်သက်ပါလင့်၊
အာယသ္မန္တာနံ - အရှင်တို့၏၊
(စိတ္တံ - စိတ်သည်၊)
သံဃေန - သံဃာနှင့်တကွ၊
သမေတု - ညီညွတ်ပါလော၊
သမဂ္ဂေါဟိ သံဃော သမ္မောဒမာနော အဝိဝဒမာနော ဧကုဒ္ဒေသော ဖာသု ဝိဟရတိ၊
ဣတိ - ဤသို့ ပြောဆိုထိုက်ကုန်၏။
ဧဝဉ္စ - လျှင်၊
တေ ဘိက္ခူ - ထိုရဟန်းတို့သည်၊
ဝါ - တို့ကို၊
ဘိက္ခူဟိ - ရဟန်းတို့သည်၊
ဝုစ္စမာနာ - ပြောဆိုအပ်ကုန်သော်၊
တထေဝ - လျှင်၊
ပဂ္ဂဏှေယျုံ - ချီမြောက်ကုန်အံ့၊
တေ ဘိက္ခူ - တို့ကို၊
ဘိက္ခူဟိ - ရဟန်းတို့သည်၊
တဿ - ထိုအယူကို၊
ပတိနိသဂ္ဂါယ ယာဝတတိယံ သမနုဘာသိတဗ္ဗာ - ဉတ်ကမ္မဝါစာဖြင့် အဖန်ဖန် ပြောဆိုထိုက်ကုန်၏၊
ယာဝ တတိယံ - အောင်၊
သမနုဘာသီယမာနာ - ဉတ်ကမ္မဝါစာဖြင့် အဖန်ဖန် ပြောဆိုအပ်ကုန်စဉ်၊
တံ - ထိုအယူကို၊
စေ ပတိနိသဇ္ဇေယျုံ - အကယ်၍ စွန့်ကုန်အံ့၊
ဣစ္စေတံ ကုသလံ၊
နောစေ ပတိနိသဇ္ဇေယျုံ - ကုန်အံ့၊
တေသံ ဘိက္ခူနံ - တို့၏၊
သံဃာဒိသေသော အာပတ္တိနိကာယော ဟောတိ။
၁၁။ ဘေဒါနုဝတ္တက (အကျဉ်း)
ဤ သိက္ခာပုဒ်ကား သံဃာသင်းခွဲသော ရဟန်း၏ နောက်လိုက်များ သံဃာဒိသေသ်အာပတ် သင့်ကြောင်းကို ပြသော သိက္ခာပုဒ်တည်း။
ဤ၌လည်း နောက်လိုက်ရုံမျှဖြင့် သံဃာဒိသေသ်မသင့်သေး၊ သံဃာကွဲပြားအောင် အားထုတ်နေသော ရဟန်းဘက်သို့ မည်သည့်ရဟန်းများ ပါနေသည်ဟု ကြားရ၊ မြင်ရသော ရဟန်းတို့က တားမြစ်၍ မရလျှင် သမနုဘာသနကံ ပြုရမည်။ ထို သမနုဘာသနကံ ဆုံးသည့်တိုင်အောင် သူတို့အယူကို မစွန့်မှ သံဃာဒိသေသ် အာပတ် သင့်သည်။ [ပါဠိကြည့်၍ မြန်မာပြန်ပါ။]
တဿေဝ ခေါပန ၊ပေ၊ အနုဝတ္တကာ
အနုဝတ္တကာအရ “နောက်လိုက်” ဟူရာ၌ သံဃာကွဲပြားအောင်ပြုသော ရဟန်း၏နောက်မှ တကောက် ကောက် လိုက်ခြင်းကို ဆိုလိုသည်မဟုတ်။ ထိုရဟန်းက အဓမ္မကို ဓမ္မဟု ယူ၏။ အဓမ္မကို ဓမ္မဟု နှစ်သက်၏။ အဓမ္မကို ဓမ္မဟု ကြိုက်၏။ ထိုရဟန်းယူသည့်အတိုင်း နှစ်သက်သည့်အတိုင်း၊ ကြိုက်သည့်အတိုင်း၊ လိုက်၍ ယူခြင်း၊ နှစ်သက်ခြင်း၊ ကြိုက်ခြင်းကို “နောက်လိုက်”ဟု ဆိုလိုသည်။
ဝဂ္ဂဝါဒကာ
ဝဂ္ဂသဒ္ဒါသည် “အစု” ဟူသော အနက်ကို ဟော၏။ သမဂ္ဂသဒ္ဒါကား “အားလုံး” ဟူသောအနက်၊ “ညီညွတ်” ဟူသော အနက်ကို ဟော၏။ အဓမ္မကို ဓမ္မဟု ယူလျှင် (ပြောလျှင်) အဓမ္မကို ဓမ္မဟု ယူသောအစုက တဘက်၊ အဓမ္မကို အဓမ္မဟု ယူသောအစုက တဘက်အားဖြင့် ၂ စု၊ ၂ ဘက် ကွဲပြားရတော့၏။
ဤသို့လျှင် ညီညွတ်နေသော သမဂ္ဂသံဃာ၏ ဝဂ္ဂဖြစ်ကြောင်း စကားဟူသည် အဓမ္မကို ဓမ္မဟု ပြောဆိုခြင်း စသော ၁၈ ပါးတို့ပင်တည်း။ ထို့ကြောင့် ဝဂ္ဂအရ “အစု”ကိုသာ မယူဘဲ အစုဖြစ်ကြောင်း (သံဃာကွဲပြား ကြောင်း) စကားကို ယူပါ။
[အကျိုးဝဂ်ဖြစ်ခြင်း၏ ဝဂ္ဂအမည်ကို အကြောင်း စကားပေါ်၌ တင်စား၍ ဖလူပစာရအားဖြင့် ဝဂ္ဂဟု ခေါ်သည်။]
ဧကောဝါ ဒွေဝါ တယောဝါ
ကံသည် နှိပ်နင်းကြောင်း ဖြစ်သော “နိဂ္ဂဟ”ကံ၊ ချီမြှောက်ကြောင်း ဖြစ်သော “ပဂ္ဂဟ”ကံဟု ၂ မျိုးရှိ၏။ ဤ သိက္ခာပုဒ်၌လာသော သမနုဘာသနကံသည် နိဂ္ဂဟကံမျိုးတည်း။ ထို နိဂ္ဂဟကံ ပြုရာ၌ အနှိပ်ခံရသူကလည်း ၄ ပါး-၄ ပါးထက်များသော သံဃာဖြစ်နေလျှင် ကံပြုသော သံဃာကိုပင် သူတို့ကလည်း ပြန်၍ ကံပြုဘွယ် ရှိသောကြောင့် အနှိပ် ခံရသောဘက်က ၃ ပါးထက် ပိုလျှင် နိဂ္ဂဟကံပြုရန် မထိုက်။ ဤ သိက္ခာပုဒ်ကလည်း သမနုဘာသနကံ ပြုဘို့တိုင်အောင် မျှော်ထားသော သိက္ခာပုဒ်ဖြစ်၏။ ထို့ကြောင့် “တယောဝါ” ဟု ၃ ပါးအထိသာ ပြထားခြင်း ဖြစ်သည်။
ဆိုလိုရင်းကား
“သံဃာသင်းခွဲသူ၏နောက်လိုက်မှာ ၃ ပါးထက် ပို၍လည်း ရှိပေမည်သာ။ သို့ရာတွင် ၃ ပါးထက် ပိုလျှင် ကံပြုဘို့ရန်ပင် မထိုက်သောကြောင့် ၃ ပါးအထိသာ ပြထားသည်” ဟူလို။
ဘေဒါနုဝတ္တက ၅ပါး ရှိလျှင် “၃ ပါးတခြား၊ ၂ ပါးတခြား ခွဲ၍ ကံပြုရမည်” စသည်ဖြင့် သိပါ။
မာယသ္မန္တော ၊ပေ၊ ခမတိ
ဤ ဝါကျတို့ကား ထို ဘေဒါနုဝတ္တက ရဟန်းတို့က သံဃာအား ပြောပုံကိုပြသော ဝါကျတို့တည်း။
အရှင်ဘုရားတို့ ... အရှင်ဘုရားတို့သည် ထိုရဟန်းကို ဘာတခုမျှ မပြောကြပါနှင့်၊ (အရှင်ဘုရားတို့က သံဃာ ကွဲပြားအောင် အားထုတ်နေသူဟု အထင်မှားခံရသော) တပည့်တော်တို့၏ခေါင်းဆောင် ထိုရဟန်းသည် အမှန်ကိုလည်း ပြောလေ့ရှိ၊ ငြိမ်းအေးရေးကိုလည်း ပြောလေ့ရှိပါသည်၊ ထိုရဟန်းသည် တပည့်တော်တို့၏ အလိုနှင့် အကြိုက်ကိုယူ၍ ပြောဆိုပါသည်၊ တပည့်တော်တို့၏ အလို အကြိုက်ကိုလည်း သိပါသည်၊ တပည့်တော်တို့နှင့် အတူ တိုင်ပင်၍လည်း ပြောဆိုပါသည်၊ ထို ရဟန်း ပြုသမျှကို တပည့်တော်တို့လည်း နှစ်သက်ကြပါသည် ဟူလို။
ဓမ္မဝါဒီ ဝိနယဝါဒီ
ဓမ္မဟူသည် ဟုတ်မှန်သော သဘောတည်း။ ထို့ကြောင့် “ဘူတဝါဒီ”ဟု ဖွင့်သည်။ ဝိနယဟူသည် ငြင်းခုံခြင်း မရှိရအောင် ငြိမ်းအေးရေး စကားတည်း။ ထို့ကြောင့် “ဝူပသမဝါဒီ”ဟု ဋီကာ ဖွင့်သည်။
ဆန္ဒဉ္စ ၊ပေ၊ ဝေါဟရတိ
ဆန္ဒဟူသည် အတွင်းသန္တာန်မှာ ဖြစ်သော “အလို = သဘော” တည်း။ ရုစိ ဟူသည်ကား ကြိုက်နှစ်သက်အပ်သော “အပြောအဆို၊ အသုံးအနှုန်း၊ လုပ်ငန်း”တည်း။ “မည်သည့် ကိုယ်မှု၊ နှုတ်မှု၌ မဆို သူတို့၏ ဆန္ဒရုစိကို မေးပြီးလျှင် သဘောတူတာမှ ပြောဆိုခြင်းကို ဆန္ဒရုစိကိုယူ၍ ပြောဆိုသည်” ဟု ဆိုလိုသည်။
ဇာနာတိ နော ဘာသတိ
နော၌ ဆဋ္ဌီ နံဝိဘတ်တည်း။ ဤနောကို ကာကောလောကန (ကျီးသည် အစာနှင့် ရန်သူ ၂ ဘက်ကို ကြည့်သကဲ့သို့) နည်းအားဖြင့် ဇာနာတိ၊ ဘာသတိ ၂ ပုဒ်လုံး စပ်ဘို့ရန် အလယ်က ထားသည်။ ထိုတွင်
- ဇာနာတိ၌ စပ်ခိုက် “နော-တပည့်တော်တို့၏ (ဆန္ဒစသည်ကို)” ဟု ထည့်ပေး။
- ဘာသတိ၌ စပ်ခိုက် “နော-တပည့်တော်တို့နှင့် (တကွ)”ဟု ပေး။
ဒုတိယအနက်အလို “နော”၌ ဆဋ္ဌီဝိဘတ်မှ တတိယာဝိဘတ် ပြောင်းလွှဲထားသည်ဟု မှတ်ပါ။
[“ဘာသတီတိ ဧတ္ထ နောတိ ဣဒံ ဝိဘတ္တိ ဝိပရိဏာမေန ယုဇ္ဇတိ (ယှဉ်စပ်အပ်၏)” ကင်္ခါဋီကာသစ်။]
အမှာကမ္ပေတံ ခမတိ
“ယဿ ဒါတုကာမော ရောစတေ” သုတ်နှင့် အညီ ခမတိပုဒ်သည် သမ္ပဒါန်ငဲ့သောပုဒ် ဖြစ်၍ “အမှာကံ - တပည့်တော်တို့အား” ဟု သမ္ပဒါန်အနက် ပေးရမြဲ ဖြစ်သည်။ ကြွင်းသော ပုဒ်နက် အဓိပ္ပာယ်ကို ရှေ့ သိက္ခာပုဒ်မှီး၍ သိလောက်ပြီ။
အင်္ဂါ ၄ ပါး
- သံဃာသင်းခွဲသောရဟန်း၏ နောက်လိုက်ဖြစ်ခြင်း၊
- ဓမ္မကံ ဖြစ်သော သမနုဘာသနကံ ပြုခြင်း၊
- ကမ္မဝါစာ ပြီးဆုံးခြင်း၊
- အယူကို မစွန့်ခြင်းတည်း။
[ဆောင်]
သံဃာခွဲသူ့ နောက်လိုက်မှုနှင့်, သမနုဘာသနံ ဓမ္မကံတည်း, ကမ္မဝါစာ, ပြီးဆုံးရာဝယ်, မြဲစွာ ယူလျှင်း, မစွန့်ခြင်း ဟု, ကြောင်းရင်းလေးတန်, အင်ညီပြန်, သင့်ရန် နုဝတ္တက။
လေ့ကျင့်ခန်း မေးခွန်းများ
- က။ သမဂ္ဂသံဃာဟူသည် ဘယ်သံဃာပါနည်း။ ကာယသာမဂ္ဂီ၊ စိတ္တသာမဂ္ဂီ ၂ မျိုးကိုလည်း ခွဲခြားပြပါ။
- ခ။ “ဘေဒါယ ပရက္ကမေယျ” အရ ကွဲပြားအောင် အားထုတ်ပုံကို ပြပါ။
- ဂ။ ဘေဒနသံဝတ္တနက အဓိကရုဏ်းဟူသည် အဘယ်ပါနည်း။
- ဃ။ “သမာဒါယ ပဂ္ဂယှ တိဋ္ဌေယျ”အရ ယူပုံ၊ ချီမြှောက်၍ တည်ပုံကို ယခု ခေတ်သုံးအတိုင်း ထင်ရှားအောင် ပြပါ။
- င။ ထိုရဟန်းကို ကြားသော ရဟန်းသည် မည်မျှလောက်ဝေးသော ခရီးမှ လာ၍ ပြောရမည်နည်း။ ပြောပုံကိုလည်း ပါဠိသွားအတိုင်း ပြပါ။
- စ။ “မာယသ္မာ ၊ပေ၊ ဖာသု ဝိဟရတိ” ဟူသော စကားကို ပထမဆုံး သံဃာ့ အလယ်မှာ ပြောရမည်လော။
ဘယ်နေရာမှာ ပြောရမည်နည်း။
ထိုနေရာ၌ ပြော၍မရလျှင် အဘယ်သို့ ခေါ်၍ ပြောရမည်နည်း။
ထိုကဲ့သို့ အကြိမ်ကြိမ်ပြော၍ မရလျှင် ဘာလုပ်ရမည်နည်း။ - ဆ။ သမနုဘာသနကံပြုရာ၌ ဘယ်အခိုက်ကျမှ သံဃာဒိသေသ် သင့်သနည်း။
- ဇ။ သံဃဘေဒ သိက္ခာပုဒ် အင်္ဂါကို ပြပါ။
- ဈ။ ဘေဒါနုဝတ္တက သိက္ခာပုဒ်ကို မည်သူ့အတွက် ပညတ်ရသနည်း။ အင်္ဂါကိုလည်း ပြပါ။
- ဉ။ အနုဝတ္တကာအရ အဘယ်ကို “နောက်လိုက်” ဟု ဆိုပါသနည်း။
- ဋ။ “ဝဂ္ဂဝါဒကာ” ၌ ဝဂ္ဂအရ (ရဟန်းတစု) ကို ယူရမည်လော၊ အဘယ်ကို ယူရမည်နည်း။
ထို ဝဂ္ဂစကားဟူသည် အဘယ် စကားမျိုးပါသနည်း။ - ဌ။ “တယောဝါ” ဟု အဘယ့်ကြောင့် ၃ ပါး အထိသာ ပြပါသနည်း။
- ဍ။ ဓမ္မ၊ ဝိနယ၊ ဆန္ဒ၊ ရုစိတို့ကို မြန်မာလို ထင်ရှားစွာ အသီးသီး ခွဲပြပါ။
သံဃာဒိသေသ အခန်း
၁၂။ ဒုဗ္ဗစ သိက္ခာပုဒ်
၁၂။ ဘိက္ခု ပနေဝ ဒုဗ္ဗစဇာတိကော ဟောတိ ဥဒ္ဒေသပရိယာပန္နေသု သိက္ခာပဒေသု ဘိက္ခူဟိ သဟဓမ္မိကံ ဝုစ္စမာနော အတ္တာနံ အဝစနီယံ ကရောတိ “မာ မံ အာယသ္မန္တော ကိဉ္စိ အဝစုတ္ထ ကလျာဏံ ဝါ ပါပကံ ဝါ၊ အဟမ္ပာယသ္မန္တေ န ကိဉ္စိ ဝက္ခာမိ ကလျာဏံ ဝါ ပါပကံ ဝါ၊ ဝိရမထာယသ္မန္တော မမ ဝစနာယာ”တိ၊ သော ဘိက္ခု ဘိက္ခူဟိ ဧဝမဿ ဝစနီယော “မာယသ္မာ အတ္တာနံ အဝစနီယံ အကာသိ၊ ဝစနီယမေဝါ’ယသ္မာ အတ္တာနံ ကရောတု၊ အာယသ္မာပိ ဘိက္ခူ ဝဒတု သဟဓမ္မေန၊ ဘိက္ခူပိ အာယသ္မန္တံ ဝက္ခန္တိ သဟဓမ္မေန၊ ဧဝံ သံဝဒ္ဓါ ဟိ တဿ ဘဂဝတော ပရိသာ ယဒိဒံ အညမညဝစနေန အညမညဝုဋ္ဌာပနေနာ”တိ၊ ဧဝဉ္စ သော ဘိက္ခူ ဘိက္ခူဟိ ဝုစ္စမာနော တထေဝ ပဂ္ဂဏှေယျ၊ သော ဘိက္ခု ဘိက္ခူဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗော တဿ ပဋိနိဿဂ္ဂါယ၊ ယာဝတတိယဉ္စေ သမနုဘာသိယမာနော တံ ပဋိနိဿဇ္ဇေယျ၊ ဣစ္စေတံ ကုသလံ၊ နော စေ ပဋိနိဿဇ္ဇေယျ၊ သံဃာဒိသေသော။
ဘိက္ခုပနေဝ - ရဟန်းဖြစ်ပါလျက်ပင်၊
ဥဒ္ဒေသ ပရိယာ ပန္နေသု - ပါတိမောက္ခုဒ္ဒေသ၌ အကျုံးဝင်ကုန်သော၊
သိက္ခာပဒေသု - သိက္ခာပုဒ်တို့၌၊
ဒုဗ္ဗစဇာတိကော - အပြောခက် အဆိုခက် သဘောရှိသည်၊
ဟောတိ - ဖြစ်အံ့၊
ဘိက္ခူဟိ - ရဟန်းတို့သည်၊
သဟဓမ္မိကံ - သီတင်းသုံးဘော်တို့ ကျင့်အပ်သော သိက္ခာပုဒ်ဖြင့်၊
ဝုစ္စမာနော - ပြောဆိုအပ်သော်၊
အတ္တာနံ - မိမိကို၊
အ ဝစနီယံ - မဆိုထိုက်သူကို၊
ကရောတိ - ပြုအံ့။
(ကိံ - အဘယ်သို့ ပြုသနည်း၊)
အာယသ္မန္တော - အရှင်တို့၊
(တုမှေ - သင်တို့သည်၊)
မံ - တပည့်တော်ကို၊
ကလျာဏံဝါ - ကောင်းသော စကားကို၎င်း၊
ပါပကံဝါ - မကောင်းသော စကားကို၎င်း၊
ကိဉ္စိ - ဘာစကားကိုမျှ၊
မာ အဝစုတ္ထ - မဆိုကြပါကုန်လင့်၊
အဟံပိ - တပည့်တော်သည်လည်း၊
အာယသ္မန္တေ - အရှင်တို့ကို၊
ကလျာဏံဝါ ပါပကံဝါ ကိဉ္စိ န ဝက္ခာမိ - ပြောလိမ့်မည် မဟုတ်ပါ၊
အာယသ္မန္တော - အရှင်တို့၊
(တုမှေ — တို့သည်၊)
မမ - တပည့်တော်ကို၊
ဝစနာယ - ပြောဆိုကြောင်း စကားမှ၊
ဝိရမထ - ရှောင်ကြဉ်ကြပါလော၊
ဣတိ - ဤသို့ ပြုအံ့။
သော ဘိက္ခု ဘိက္ခူဟိ ဧဝံ ဝစနီယော အဿ၊
(ကိံ - အဘယ်သို့ ပြောဆိုထိုက်သနည်း၊)
အာယသ္မာ - အရှင်သည်၊
အတ္တာနံ - မိမိကို၊
အ ဝစနီယံ - မဆိုထိုက်သူကို၊
မာ အကာသိ - မပြုပါလင့်၊
အာယသ္မာ - အရှင်သည်၊
အတ္တာနံ - မိမိကို၊
ဝစနီယမေ၀ - ဆိုထိုက်သူကိုသာ၊
ကရောတု - ပြုပါလော၊
အာယသ္မာပိ - အရှင်သည်လည်း၊
ဘိက္ခူ - ရဟန်းတို့ကို၊
သဟဓမ္မေန - သီတင်းသုံးဘော်တို့၏ ဥစ္စာဖြစ်သော သိက္ခာပုဒ်ဖြင့်၊
ဝါ - အကြောင်းနှင့်တကွဖြစ်သော စကားဖြင့်၊
ဝဒတု - ပြောဆိုပါလော၊
ဘိက္ခူပိ - ရဟန်းတို့သည်လည်း၊
အာယသ္မန္တံ - အရှင့်ကို၊
သဟဓမ္မေန - ဖြင့်၊
ဝါ - ဖြင့်၊
ဝက္ခန္တိ - ပြောဆိုပါကုန်လတံ့။
ဟိ - အချင်းချင်း ပြောရကျိုးကား၊
ယဒိဒံ - အကြင် အချင်းချင်း ပြောဆိုခြင်း, အချင်းချင်း အာပတ်မှ ထစေခြင်းသည်
(အတ္ထိ - ရှိ၏၊)
တေန အညမည ဝစနေန - ထို အချင်းချင်း ပြောဆိုခြင်းကြောင့်၎င်း၊
တေန အညမည ဝုဋ္ဌာပနေန - ထို အချင်းချင်း အာပတ်မှ ထစေခြင်းကြောင့်၎င်း၊
တဿ ဘဂဝတော - ထို မြတ်စွာဘုရား၏၊
ပရိသာ - ပရိသတ်သည်၊
ဧဝံ သံဝဍ္ဎာ - ဤသို့ ကြီးပွားရပါ၏၊
ဣတိ - ဤသို့ ပြောဆိုထိုက်၏။
ဧဝဉ္စ သော ဘိက္ခု၊ ဘိက္ခူဟိ ဝုစ္စမာနော တထေဝ ပဂ္ဂဏှေယျ၊ သောဘိက္ခု ဘိက္ခူဟိ, တဿ - ထို ဒုဗ္ဗစ သဘောကို၊ ပတိနိသဂ္ဂါယ ယာဝတတိယံ သမနုဘာသိတဗ္ဗော၊ ယာဝတတိယံ စေ သမနုဘာသီယ မာနော တံ ပတိနိသဇ္ဇေယျ၊ ဣစ္စေတံ ကုသလံ၊ နောစေ ပတိနိသဇ္ဇေယျ၊ တဿ ဘိက္ခုနော သံဃာဒိသေသော အာပတ္တိနိကာယော ဟောတိ။
၁၂။ ဒုဗ္ဗစ သိက္ခာပုဒ် (အကျဉ်း)
“သိက္ခာပုဒ်တော်အရ မအပ်စပ်ကြောင်း၊ မလုပ်ကောင်းကြောင်း” ပြောလျှင် အပြောမခံဘဲ ပြန်လှန်ပြောသော ရဟန်းမှာ သံဃာဒိသေသ် အာပတ် သင့်ကြောင်းကို ပြသော သိက္ခာပုဒ်တည်း။ သို့သော် အပြောမခံ ပြန်လှန် ပုတ်ခတ်ရုံမျှဖြင့် သံဃာဒိသေသ် မသင့်သေး။ အပြောမခံလျှင် အပြောခံအောင် အကျိုးအကြောင်းပြ၍ ပြော၊ ထိုသို့ ပြော၍ မရလျှင် သမနုဘာသနကံ ပြုပါ၊ သမနုဘာသနကံ ဆုံးသည့်တိုင်အောင် အပြောမခံမှ သံဃာ ဒိသေသ် အာပတ်သင့်သည်ဟု (ပါဠိတော် အစဉ်ကြည့်၍) သိပါ။
ဘိက္ခုပနေဝ
ဧဝသဒ္ဒါသည် “သမ္ဘာဝနာ = ချီမြှောက်ခြင်း” အနက် ရှိ၏။ မြင့်မြတ်သောရဟန်း၏ ထုံးစံမှာ ပြောဆို ဆုံးမလျှင် လွယ်ကူစွာ နာခံရိုး ဖြစ်၏။ ယခုမှာ ရဟန်းဖြစ်ပါလျက် အဆုံးအမ ခက်နေသည် ဟူလို။
ဥပက္ခဋ သိက္ခာပုဒ်၌ကား “ဧဝ-အနက်မရှိ” ဟု ဋီကာတို့ ဖွင့်ကြသည်။
ဒုဗ္ဗစ ဇာတိကော
[ဒု=ခက်ခဲစွာ + ဝစော=စကားရှိသူ၊] ရဟန်းများက ဆုံးမလျှင် အဆုံးအမ မခံသူကို “ခက်ခဲစွာ ဆုံးမအပ်သော စကား ရှိသူ၊ အပြောရ အဆိုရ ခက်သူ”ဟု ခေါ်သည်။ ဇာတိအရ “သဘော”ဟူသည် အလေ့အထတည်း။
“ဒုဗ္ဗစ” အရ အပြောအဆို ခက်သူကိုသာ ရသော်လည်း ဤနေရာ၌ (“ဒုဗ္ဗစဘာဝ”ဟု ဆိုလိုလျက် ဘာဝပုဒ် အကြေကြံ၍) အပြောအဆို ခက်သူ၏ ဖြစ်ကြောင်း သဘောကိုပါ ယူ။ ထို့ကြောင့် သဒ္ဒါနက် ကျကျပေးလျှင် ဒုဗ္ဗစ ဇာတိကော - ခက်ခဲစွာ ပြောဆိုအပ်သော စကားရှိသူ၏ အဖြစ် ဟူသော သဘောရှိသည်”ဟု ပေးပါ။ ဆိုလိုရင်းမှာ - “သူ့ အလေ့အထအားဖြင့် သူများ အပြောအဆို မခံ ပြန်လှန် ပြောဆိုလေ့ရှိသူ”ဟု ဆိုလိုသည်။
ဥဒ္ဒေသ ပရိယာပန္နေသု သိက္ခာပဒေသု
“ဥဒ္ဒေသ” အရ ပါတိမောက္ခုဒ္ဒေသ (ရွတ်ပြအပ်သော ပါတိမောက်)ကို ယူပါ။ ထို ပါတိမောက်၌ အာပတ် ၇ ဖုံတွင် ထုလ္လစ္စဉ်း၊ ဒုက္ကဋ်၊ ဒုဗ္ဘာသိတတို့ တိုက်ရိုက် မလာသော်လည်း “ယဿ သိယာ အာပတ္တိ, သော အာဝီကရေယျ” ဟူသော နိဒါန်းဝယ် အာပတ် ၇ ဖုံလုံးကို ယူထားသောကြောင့် “ ပါတိမောက္ခုဒ္ဒေသ၌ အကျုံးဝင်သော သိက္ခာပုဒ်”ဟူရာ၌ အာပတ် ၇ ဖုံလုံး ပါဝင်နိုင်သည်။ ထိုသိက္ခာပုဒ်များနှင့် သက်ဆိုင်သော အရာတို့၌ ဆုံးမလျှင် အဆုံးအမ မခံ၊ ပြန်လှန် ပြောဆိုသူကို “ဥဒ္ဒေသ ပရိယာပန္နေသု သိက္ခာပဒေသု ဒုဗ္ဗစဇာတိကော” ဟု ဆိုသည်။
သဟဓမ္မိကံ ဝုစ္စမာနော
[သဟ= အတူ + ဓမ္မ = တရား + ဣက = ကျင့်သူ၊]
[သဟဓမ္မိက=အတူတကွ တရားကျင့်ဘက်ဖြစ်သူ၊ ဝါ − သီတင်းသုံးဘော်၊]
သီတင်းသုံးဘော်ကား - ဘိက္ခု၊ ဘိက္ခုနီ၊ သိက္ခမာန်၊ သာမဏေ၊ သာမဏေမတည်း။
“သဟဓမ္မိက” အရ သီတင်းသုံးဘော် ပုဂ္ဂိုလ်တို့ကိုသာ ရသေးသော်လည်း “သဟဓမ္မိကေဟိ- သီတင်းသုံးဘော်တို့သည်၊ သိက္ခိတဗ္ဗံ - ကျင့်ထိုက်၏”ဟု သိက္ခိတဗ္ဗတဒ္ဓိတ်ပြု၍ (တနည်း) “သဟဓမ္မိကာနံ ဣဒံ” ဟု ဣဒံဒ္ဓိတ်လုပ်၍ သီတင်းသုံးဘော်တို့ ကျင့်ထိုက်၊ သီတင်းသုံးဘော်တို့၏ ဥစ္စာ ဖြစ်သော သိက္ခာပုဒ်ကို “သာဓမ္မိကံ”ဟု ဆိုသည်။ ဒုတိယာ ဝိဘတ်ကိုလည်း ကရိုဏ်းအနက်၌ သက်စေ၍ “ဖြင့်”ဟု အနက်ပေးရသည်။
မာမံ အာယသ္မန္တော ၊ပေ၊ ဝစနာယ
ဤဝါကျတို့ကား အပြောမခံပုံကိုပြသော ဝါကျတည်း။
အရှင်တို့က တပည့်တော်ကို ကောင်းကောင်း ဆိုးဆိုး ဘာကိုမျှ မပြောကြပါနှင့်၊ တပည့်တော်ကလည်း အရှင်တို့ကို ပြောလိမ့်မည် မဟုတ်ပါ၊ အရှင်တို့သည် တပည့်တော်ကို ပြောဆိုကြောင်း စကားမှ ရှောင်ကြပါ။
[ယေန ဝစနေန မံ ဝဒထ, တတော ဝစနတော ဝိရမထ၊ -အဋ္ဌကထာ။]
မာယသ္မာ ၊ပေ၊ အညမည ဝုဋ္ဌာပနေန
ဤဝါကျတို့ကား အပြောမခံသော ရဟန်းကို အခြားရဟန်းတို့က ဖျောင်းဖျပြောပုံကိုပြသော ဝါကျတို့တည်း။
“အရှင်သည် မိမိကိုယ်ကို အပြောအဆိုခံနိူင်သူ လုပ်ပါ၊ အရှင်ကလည်း ရဟန်းတို့ကို သိက္ခာပုဒ်ဖြင့် ပြောပါ၊ ရဟန်းတို့ကလည်း အရှင့်ကို သိက္ခာပုဒ်ဖြင့် ပြောကြပါလိမ့်မည်၊ ဤသို့ အချင်းချင်း ပြောဆိုခြင်း၊ အချင်းချင်း အာပတ်မှ ထစေခြင်းကြောင့် ထိုဘုရားရှင်၏ ပရိသတ်သည် ယခုလို ကြီးပွားနေပါသည်” ဟူလို။
သဟဓမ္မေန
“သီတင်းသုံးဘော်တို့၏ ဥစ္စာဖြစ်သော သိက္ခာပုဒ်ဖြင့်” ဟု အနက်ပေးရာ၌ “သဟ စရိတဗ္ဗော ဓမ္မော ယေသံ” ဟု ဝိဂြိုဟ်ပြု၍ အတူတကွ ကျင့်အပ်သော တရားရှိသူ သီတင်းသုံးဘော်များကို “သဟဓမ္မ”ဟု ယူပါ။ ထို့နောက် “သဟဓမ္မာနံ ဣဒံ”ဟု ဝိဂြိုဟ်ဆက်၍ သိက္ခာပုဒ်ကို ယူပါ။
(တနည်း)
ယံ - အကြင်စကားသည်၊
ဓမ္မေန - အကြောင်းနှင့်၊
သဟ - တကွ၊
ဝတ္တတိ - ဖြစ်၏”ဟု ဝိဂြိုဟ်ပြုပါ။
နောက်နည်းအရ အကြောင်းနှင့် စပ်သော စကား၊ အကျိုးအကြောင်းပြ၍ ပြောအပ်သောစကား၊ ကြည်ညိုဘွယ်ရှိအောင် နေနည်း ပြောနည်းကိုပြသော စကားများနှင့် သိက္ခာပုဒ်ဆိုင်ရာ စကားများ ကိုပါ သဟဓမ္မဟု မှတ်ပါ။
ဧဝံ သံဝဍ္ဎာ
“ဤသို့ ကြီးပွားရ၏” ဟူရာ၌ ယခုမျက်မြင် အခြေအနေအထိ ကြီးပွားနေသည်ကို ဆိုလိုသည်။ ထိုသို့ ကြီးပွားနေခြင်းမှာလည်း “အညမညဝစနေန အညမညဝုဋ္ဌာပနေန = အပြစ်တွေ့လျှင် အချင်းချင်း ပြောဆို သတိပေးကြ၊ အာပတ်သင့်လျှင် ထိုအာပတ်မှ ထအောင် ကူညီကြသော ကြောင့်သာ ဖြစ်သည်”ဟူလို။
[“ယဒိဒံ အညမညဝစနေန အညမညဝုဋ္ဌာပနေန”ကား ကြီးပွားခြင်း၏ အကြောင်းကို ပြသော စကားတည်း။]
[ဆောင်]
မပြောထိုက်သူ့, ကိုယ့်ကိုယ်ပြု၍, သမနုဘာသနံ, ဓမ္မကံတည်း, ကမ္မဝါစာ, ပြီးဆုံးရာဝယ်, မြဲစွာယူလျှင်း, မစွန့်ခြင်းဟု, ကြောင်းရင်းလေးတန်, အင်ညီပြန်, သင့်ရန် ဒုဗ္ဗစ။
အင်္ဂါ ၄ ပါး
- မပြောဆိုထိုက်သူဟု သူ့ကိုယ်သူ ပြုခြင်း၊
- ဓမ္မကံ ဖြစ်သော သမနုဘာသနကံ ပြုခြင်း၊
- ကမ္မဝါစာ ပြီးဆုံးခြင်း၊
- အယူကို မစွန့်ခြင်းတည်း။
လေ့ကျင့်ခန်း မေးခွန်းများ
က။ ဒုဗ္ဗစသိက္ခာပုဒ်ကို ဘယ်ရဟန်းမျိုးအတွက် ပညတ်ပါသနည်း။
ခ။ အပြောမခံ ပြန်လှန် ပုတ်ခတ်ရုံမျှဖြင့် သူ့မှာ သံဃာဒိသေသ် အာပတ် သင့်သလော၊
ဘယ်အခါကျမှ အာပတ်သင့်သနည်း။
ဂ။ “ဥဒ္ဒေသ ပရိယာပန္နေသု သိက္ခာပဒေသု” ၌ “ဥဒ္ဒေသ” အရ ပါတိမောက် ပြရာ၌ ပါဝင်သော သိက္ခာပုဒ်များကိုသာ ယူလျှင် ထုလ္လစ္စဉ်း၊ ဒုက္ကဋ်၊ ဒုဗ္ဘာသိတတို့ကို အဘယ်စကားဖြင့် သိမ်းကျုံး မည်နည်း။
ဃ။ “သဟဓမ္မိကံ” အရ သီတင်းသုံးဘော် ၅ ယောက်ကို ပြ၍ “မည်သည့်အရာကို သီတင်း သုံးဘော်တို့၏ ဥစ္စာခေါ်ကြောင်း”ကိုလည်း ပြပါ။
င။ “မာယသ္မာ ၊ပေ၊ အညမညဝုဋ္ဌာပနေန” ဝါကျကို မြန်မာလို ပြန်ပြီးလျှင် “ယဒိဒံ ၊ပေ၊ ဝုဋ္ဌာပနေန”ဖြင့် ဘာကို ဆိုသည် ဟုလည်း ပြပါ။
သံဃာဒိသေသ အခန်း
၁၃။ ကုလဒူသက သိက္ခာပုဒ်
၁၃။ ဘိက္ခု ပနေဝ အညတရံ ဂါမံ ဝါ နိဂမံ ဝါ ဥပနိဿာယ ဝိဟရတိ ကုလဒူသကော ပါပသမာစာရော၊ တဿ ခေါ ပါပကာ သမာစာရာ ဒိဿန္တိ စေဝ သုယျန္တိ စ၊ ကုလာနိ စ တေန ဒုဋ္ဌာနိ ဒိဿန္တိ စေဝ သုယျန္တိ စ၊ သော ဘိက္ခု ဘိက္ခူဟိ ဧဝမဿ ဝစနိယော “အာယသ္မာ ခေါ ကုလဒူသကော ပါပသမာစာရော၊ အာယသ္မတော ခေါ ပါပကာ သမာစာရာ ဒိဿန္တိ စေဝ သုယျန္တိ စ၊ ကုလာနိ စာယသ္မတာ ဒုဋ္ဌာနိ ဒိဿန္တိ စေဝ သုယျန္တိ စ၊ ပက္ကမတာ'ယသ္မာ ဣမမှာ အာဝါသာ၊ အလံ တေ ဣဓ ဝါသေနာ”တိ၊ ဧဝဉ္စ သော ဘိက္ခု ဘိက္ခူဟိ ဝုစ္စမာနော တေ ဘိက္ခူ ဧဝံ ဝဒေယျ “ဆန္ဒဂါမိနော စ ဘိက္ခူ, ဒေါသဂါမိနော စ ဘိက္ခူ, မောဟဂါမိနော စ ဘိက္ခူ, ဘယဂါမိနော စ ဘိက္ခူ တာဒိသိကာယ အာပတ္တိယာ ဧကစ္စံ ပဗ္ဗာဇေန္တိ၊ ဧကစ္စံ န ပဗ္ဗာဇေန္တီ”တိ၊ သော ဘိက္ခု ဘိက္ခူဟိ ဧဝမဿ ဝစနီယော “မာယသ္မာ ဧဝံ အဝစ၊ န စ ဘိက္ခူ ဆန္ဒဂါမိနော, န စ ဘိက္ခူ ဒေါသဂါမိနော န စ ဘိက္ခူ မောဟဂါမိနော, န စ ဘိက္ခူ ဘယဂါမိနော၊ အာယသ္မာ ခေါ ကုလဒူသကော ပါပသမာစာရော၊ အာယသ္မတော ခေါ ပါပကာ သမာစာရာ ဒိဿန္တိ စေဝ သုယျန္တိ စ၊ ကုလာနိ စာယသ္မတာ ဒုဋ္ဌာနိ ဒိဿန္တိ စေဝ သုယျန္တိ စ၊ ပက္ကမတာယသ္မာ ဣမမှာ အာဝါသာ၊ အလံ တေ ဣဓ ဝါသေနာ”တိ၊ ဧဝဉ္စ သော ဘိက္ခု ဘိက္ခူဟိ ဝုစ္စမာနော တထေဝ ပဂ္ဂဏှေယျ၊ သော ဘိက္ခု ဘိက္ခူဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗော တဿ ပဋိနိဿဂ္ဂါယ၊ ယာဝတတိယဉ္စေ သမနုဘာသိယမာနော တံ ပဋိနိဿဇ္ဇေယျ၊ ဣစ္စေတံ ကုသလံ၊ နော စေ ပဋိနိဿဇ္ဇေယျ၊ သံဃာဒိသေသော။
ဘိက္ခုပနေဝ - ရဟန်း ဖြစ်ပါလျက်ပင်၊
အညတရံ - တခုခုသော၊
ဂါမံ ဝါ - ရွာကိုသော်၎င်း၊
နိဂမံ ဝါ - နိဂုံးကိုသော်၎င်း၊
ဥပနိဿယ - မှီ၍၊
ကုလဒူသကော - အမျိုး ၄ ပါး၏ သဒ္ဓါတရားကို ဖျက်ဆီးသည်၊
ပါပသမာစာရော - ယုတ်မာသော အကျင့်ရှိသည်၊
(ဟုတွာ) ဝိဟရတိ - နေအံ့၊
တဿ - ထိုရဟန်း၏၊
ပါပကာ - ယုတ်မာကုန်သော၊
သမာစာရာ - အကျင့်တို့ကို၊
ဒိဿန္တိစေ ဝ - မြင်လည်း မြင်အပ်ကုန်အံ့၊
သူယျန္တိစ - ကြားလည်း ကြားအပ်ကုန်အံ့၊
တေန - ထိုရဟန်းသည်၊
ဒုဋ္ဌာနိ - ဖျက်ဆီးအပ်ပြီးကုန်သော၊
ကုလာနိစ - အမျိုးတို့ကိုလည်း၊
ဒိဿန္တိစေ ဝ - မြင်လည်း မြင်အပ်ကုန်အံ့၊
သူယျန္တိစ - ကြားလည်း ကြားအပ်ကုန်အံ့၊
သော ဘိက္ခု ဘိက္ခူဟိ ဧဝမဿ ဝစနီယော
(ကိံ - အဘယ်သို့ ပြောဆိုထိုက်သနည်း၊)
အာယသ္မာ - အရှင်သည်၊
ကုလဒူသကော - အမျိုး ၄ ပါး၏ သဒ္ဓါတရားကို ဖျက်ဆီးသူတည်း၊
ပါပသမာစာရော - ယုတ်မာသောအကျင့် ရှိသူတည်း၊
အာယသ္မတော - အရှင်၏၊
ပါပကာ သမာစာရာ၊ ဒိဿန္တိစေ၀ - မြင်လည်း မြင်အပ်ကုန်၏၊
သူယျန္တိစ - ကြားလည်း ကြားအပ်ကုန်၏၊
အာယသ္မတာ - အရှင်သည်၊
ဒုဋ္ဌာနိ - ဖျက်ဆီးအပ်ပြီးကုန်သော၊
ကုလာနိစ - အမျိုးတို့ကိုလည်း၊
ဒိဿန္တိစေ ဝ - မြင်လည်း မြင်အပ်ကုန်အံ့၊
သူယျန္တိစ - ကြားလည်း ကြားအပ်ကုန်အံ့၊
အာယသ္မတာ - အရှင်သည်၊
ဣမမှာ အာဝါသာ - ဤကျောင်းတိုက်မှ၊
ပက္ကမတု - ထွက်သွားပါလော၊
တေ - အရှင်၏၊
ဣဓ - ဤကျောင်းတိုက်၌၊
ဝါသေန - ဆက်လက် နေခြင်းဖြင့်၊
အလံ - အကျိုး မရှိတော့ပါ၊
ဣတိ - ဤသို့ ပြောဆိုထိုက်၏။
ဧဝဉ္စ သော ဘိက္ခု ဘိက္ခူဟိ ဝုစ္စမာနော တေ ဘိက္ခူ ဧဝံ ဝဒေယျ၊
(ကိံ - အဘယ်သို့ ပြောဆိုသနည်း၊)
ဘိက္ခူ - ရဟန်းတို့သည်၊
ဆန္ဒဂါမိနောစ - ဆန္ဒာဂတိသို့လည်း လိုက်ကုန်၏၊
ဘိက္ခူ - တို့သည်၊
ဒေါသဂါမိနောစ - ဒေါသာဂတိသို့လည်း လိုက်ကုန်၏၊
ဘိက္ခူ မောဟဂါမိနောစ - မောဟာဂတိသို့လည်း လိုက်ကုန်၏၊
ဘိက္ခူ ဘယဂါမိနောစ - ဘယာဂတိသို့လည်း လိုက်ကုန်၏၊
တာဒိ သိကာယ - ထိုကဲ့သို့ ရှုအပ်သော၊
အာပတ္တိယာ - အာပတ်ကြောင့်၊
ဧကစ္စံ - ကို၊
ပဗ္ဗာဇေန္တိ - နှင်ထုတ်ကုန်၏၊
ဧကစ္စံ - ကို၊
န ပဗ္ဗာဇေန္တိ - နှင်မထုတ်ကုန်၊
ဣတိ - ဤသို့ပြောဆိုအံ့။
သော ဘိက္ခု ဘိက္ခူ ဟိ ဧဝမဿ ဝစနီယော၊ -
(ကိံ - အဘယ်သို့ ပြောဆိုထိုက်သနည်း၊)
အာယသ္မာ - သည်၊
ဧဝံ - ဤသို့၊
မာ အဝစ - မပြောပါနှင့်၊
ဘိက္ခူ - တို့သည်၊
နစ ဆန္ဒဂါမိနော - ဆန္ဒာဂတိသို့လည်း မလိုက်ကုန်၊
ဘိက္ခူ နစ ဒေါသဂါမိနော, ဘိက္ခူ နစ မောဟဂါမိနော ဘိက္ခူ နစ ဘယဂါမိနော၊
ခေါ - စင်စစ်၊
အာယသ္မာ - သည်၊
ကုလဒူသကော - တည်း၊
ပါပသမာစာရော - တည်း၊
အာယသ္မတော ပါပကာသမာစာရာ ဒိဿန္တိစေဝ သူယျန္တိစ၊
အာယသ္မတာ ဒုဋ္ဌာနိ ကုလာနိစ ဒိဿန္တိစေ၀ သူယျန္တိစ၊
အာယသ္မာ ဣမမှာ အာဝါသာ ပက္ကမတု, တေ ဣဓ ဝါသေန အလံ၊
ဣတိ - ဤသို့ ပြောဆိုထိုက်၏။
ဧဝဉ္စ သော ဘိက္ခု ဘိက္ခူဟိ ဝစ္စမာနော တထေဝ ပဂ္ဂဏှေယျ၊
သော ဘိက္ခု ဘိက္ခူဟိ၊
တဿ - ထိုအပြောကို၊
ပတိနိသဂ္ဂါယ ယာ၀ တတိယံ သမနုဘာသိတဗ္ဗော၊
ယာဝတတိယံ သမနုဘာသီယမာနော၊
တံ - ထိုအပြောကို၊
စေ ပတိနိသဇ္ဇေယျ၊ ဣစ္စေတံ ကုသလံ၊ နော စေ ပတိ နိသဇ္ဇေယျ၊
တဿ ဘိက္ခုနော သံဃာဒိသေသော အာပတ္တိနိကာယော ဟောတိ။
၁၃။ ကုလဒူသက
ဤ သိက္ခာပုဒ်ကား “ကုလဒူသက ရဟန်းကို ကျောင်းတိုက်မှ နှင်ထုတ်ပါ၊ ထိုအခါ နှင်ထုတ်သော ရဟန်း များကို “ဆန္ဒာဂတိလိုက်ကြသည်” စသည်ဖြင့် ပြောလျှင် ရဟန်းတို့က မပြောဘို့ တားမြစ်ပါ၊ တားမြစ်လျက် ထိုအပြောကို မစွန့်လျှင် သမနုဘာသနကံ ပြုပါ၊ ကံပြု၍မပြီးခင် စွန့်လျှင် ကောင်း၏၊ ပြီးသည့်တိုင်အောင် မစွန့်လျှင် သံဃာဒိသေသ် အာပတ်သင့်သည်”ဟု ပညတ်တော်မူအပ်သော သိက္ခာပုဒ်တည်း။
ဘိက္ခုဝေ
ဤ၌ ဝေသဒ္ဒါလည်း ရှေး သိက္ခာပုဒ်၌ကဲ့သို့ သမ္ဘာဝနာ အဝဓာရဏ အနက် ရှိ၏။ သမ္ဘာဝနာဟူရာ၌ ရဟန်းအဖြစ်ကို ချီမြှောက်ခြင်း၊ ရဟန်းအဖြစ်၏ မြင့်မြတ်ကြောင်းကို ပြခြင်းတည်း။ ထိုသို့ ချီမြှောက်ပြီးနောက် သူ၏ နိမ့်ကျသောအလုပ်ကို ဖော်ပြခြင်းသည် သာ၍ လေးနက်၏။
“မြင့်မြတ်သော ရဟန်းဖြစ်ပါလျက် (မြင့်မြင့်မြတ်မြတ်မနေဘဲ) ကုလဒူသနအမှု၊ ပါပသမာစာရ အမှုများကို ပြုနေသည်”ဟူလို။
ဂါမံဝါ နိဂမံဝါ ဥပနိဿာယ
ဤ၌ နဂရမပါ။ သို့ရာတွင် နဂရ (မြို့)ဟူသည် ရွာအထူး (ရွာအကြီးစား)ပင် ဖြစ်၍ ဂါမ၌ သွင်းယူရမည်ဟု ဖွင့်ကြသည်။ “ဥပနိဿာယ”အရ “မှီခြင်း” ဟူသည် ထို မြို့၊ ရွာ၊ နိဂုံးတို့မှ ရအပ်သော ပစ္စည်းလေးပါးကို အားထားခြင်း၊ သုံးစွဲခြင်း စသည်တည်း။
ကုလဒူသကော
“ကုလာနိ - အမျိုး ၄ ပါးတို့ကို၊ ဒူသေတိ - ဖျက်ဆီးတတ်၏”ဟူသော ဝစနတ္ထနှင့်အညီ “ခတ္တိယ၊ ဗြာဟ္မဏ၊ ဝေဿ၊ သုဒ္ဒ ဟူသော အမျိုး ၄ ပါး ဖျက်ဆီးသူကို “ကုလဒူသက ရဟန်း”ဟု ခေါ်၏။ “ဖျက်ဆီး ဟူရာ၌ ပျက်စီးအောင် မစင် ရွံ့ပုပ်တို့ဖြင့် ပက်သည် မဟုတ်၊ ထိုအမျိုးများ၏ သဒ္ဓါတရားကို ဖျက်ဆီးခြင်းတည်း။
ချဲ့ဦးအံ့ -
လူတယောက်ကို ဖျက်ဆီးရာ၌ မစင် ရွှံ့ပုပ်သည် ဖျက်ဆီးကြောင်းဝတ္ထု၊ ဖြစ်သကဲ့သို့ ထို့အတူ အမျိုး ၄ ပါး ကို ဖျက်ဆီးရာ၌လည်း ဖျက်ဆီးကြောင်းဝတ္ထု ရှိရဦးမည်။ ထို ဝတ္ထုကား —
“ပန်း-သီး-မှုန့်-မြေ၊ ဝါး-ပူ-ခြေ၊ ဝဇ္ဇေ ဒူရှစ်ဖြာ”
နှင့် အညီ -
- ပန်း၊
- သစ်သီး၊
- ရေချိုး ဆပ်ပြာမှုန့်၊
- မြေညက်၊
- ဝါး၊
- ဒန်ပူ၊
- ခြေဖြင့်သွားခြင်း၊
- (ဝဇ္ဇေ) ဆေးကုခြင်း အားဖြင့် ၈ ပါး ရှိ၏။
မိန်းကလေး တယောက်ယောက်အား ပန်းပေးလိုက်လျှင် ထို မိန်းကလေး၏ သဒ္ဓါတရားကို ဖျက်ဆီးပစ်ရာ ရောက်၏။
[မစင်နှင့် ပန်း၊
ပက်ခြင်းနှင့် ပေးခြင်း၊
အပက်ခံရသူ ပျက်စီးခြင်းနှင့် မိန်းကလေး၏ သဒ္ဓါတရား ပျက်စီးခြင်း၊
မစင် ပက်သူနှင့် ပန်းပေးသူ တူကြလေသည်။]
သဒ္ဓါတရား ပျက်ပုံ
မိန်းကလေးသည် ရိုးရိုးရာရာအားဖြင့် နဂိုက သဒ္ဓါတရား ကောင်းသူကလေးတည်း။ သို့သော် “ဒါနံ သဗ္ဗတ္ထ သာဓကံ = ပေးကမ်းခြင်းသည် အကျိုးအားလုံး ပြီးစေ၏” ဟူသော စကားကို သဘော ပေါက်၍ ရဟန်း တပါးပါးက သူ့ကို ကြည်ညိုအောင် ထို မိန်းကလေးအား ပန်းကို ပေးလိုက်ရာ ထိုရဟန်းအား လှူချင်စိတ် ဖြစ်ကာ ချစ်ခင်လာပေမည်။ သို့သော် ထိုကဲ့သို့ ပေးဘော်မရသော လဇ္ဇီသူမွန် သီလဝန် အရှင်မြတ်တို့အား မလှူချင်၊ မတန်းချင်၊ မဆည်းကပ်ချင်၊ မကိုးကွယ်ချင် တော့သဖြင့် ထိုမိန်းကလေး၏ အစစ်အမှန် အဘိုးတန် သဒ္ဓါတရားကား ပျက်ပြားလေပြီ။
ဤနည်းအတိုင်း …
သစ်သီးပေး၍ ဖျက်ဆီးပုံ၊ (သစ်သီးဖြင့် သစ်ရွက်ကိုပါယူ။)
ကုက္ကိုမှုန့်စသော (ကာလပေါ် အမှုန့် ဆပ်ပြာခဲများနှင့် တကွ) ရေချိုးရာ၌ အသုံးပြုရသော အမှုန့်ကို ပေး၍ ဖျက်ဆီးပုံ၊
မြေညက်ပေး၍ဖျက်ဆီးပုံ၊ (အိန္ဒိယ၌ မြေညက်များကိုလည်း မြန်မာနိူင်ငံ သဲဆပ်ပြာကဲ့သို့ အသုံးပြုသည်။)
အိမ် စသည် ဆောက်ဘို့ရန်အတွက် ဝါးပေး၍ ဖျက်ဆီးပုံ၊
ဒန်ပူပေး၍ ဖျက်ဆီးပုံ၊ (အိန္ဒိယသားတို့သည် သွားတိုက်ရန် ဒန်ပူကို အများပင် အသုံးပြုကြသည်။ ယခု မြန်မာနိုင်ငံ၌လည်း ကုလားနှင့် ပုဏ္ဏားတို့ ဒန်ပူသုံးကြသည်ကို တွေ့နိုင်သေး၏။)
လူများက စေခိုင်း၍ ခြေဖြင့် လျှောက်သွားခြင်း၊ အစေအပါး အခိုင်းအစေ ခံခြင်းဖြင့် ဖျက်ဆီးပုံ၊
ဆေးကု၍ ဖျက်ဆီးပုံများကိုလည်း သိကြပါလေ။
ခြွင်းချက်
“မိဘ၊ မိမိ၏ ဝေယျာဝစ္စပြုသူ၊ ရိက္ခာပြတ်၍ ကျောင်းကပ်လာသူ၊ ကျောင်းမှာ မကျန်းမမာ ဖြစ်နေသူနှင့် ကျောင်းသား ရှင်လောင်း တို့အား ပေးကောင်း၊ ဆေးကုကောင်း၏” ဟု အနည်းငယ် ခြွင်းချက်ရှိသေး၏။ ထိုခြင်းချက်ကို ပါရာဇိကဏ် အဋ္ဌကထာ ဤသိက္ခာပုဒ်မှာ ရှုပါ။
ကုလဒူသန အပြစ်
ပြခဲ့သော ကုလဒူသန အမှုကို ပြုလျှင် ဒုက္ကဋ် အာပတ်သင့်၏။
ထိုကုလဒူသနအမှုကြောင့် ရအပ်သော ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး စသော ပစ္စည်းများကိုလည်း ထို ကုလဒူသက ရဟန်းနှင့်တကွ သီတင်းသုံးဘော် ၅ ဦးလုံးပင် မသုံးစွဲကောင်း။ သုံးစွဲသူတိုင်း ဒုက္ကဋ်အာပတ် သင့်၏။
နဂိုက ဖိတ်မန်ထားသူ ဒကာ ဒကာမတို့အား ပန်း၊ သစ်သီးပေးခြင်း၊ ပေးခြင်း စသည်ကို ပြုရာ၌ ပြုသည့်အတွက် ဒုက္ကဋ်အာပတ် သင့်သေးသည်သာ။ သို့သော် ထို ဆေးပေးမှုကြောင့် အပိုမလှူဘဲ လှူရိုး လှူစဉ် လှူနေသော ပစ္စည်းများကား အပ်၏။
အနေသန မိစ္ဆာဇီဝ
န+ဧသန = မသင့်သော၊ မအပ်သော ပစ္စည်းရှာမှုကို “အနေသန”ဟု ခေါ်၏။
ထို အနေသနများကား - ပန်းပေးခြင်းစသော ၈ ပါး အပြင် ဗေဒင်ဟောခြင်း၊ ဒကာ ဒကာမကို မြှောက်ပင့်ခြင်း၊ ကလေးကို ယုယခြင်း စသည်ဖြင့် ဒကာ ဒကာမတို့ကို လှူချင်လာအောင် ပြုလုပ်ခြင်းများတည်း။ ထိုကဲ့သို့ ပြုလုပ်၍ ရသော ပစ္စည်းဖြင့် အသက်မွေးခြင်းကို “မိစ္ဆာဇီဝ (ယုတ်မာသော အသက်မွေးခြင်း)” ဟု ခေါ်သည်။
ပါပသမာစာရော
ယုတ်မာသောအကျင့် ဟူသည် “ဒကာ ဒကာမ တို့အား ပေးကမ်းဘို့ရန် ရည်မှန်း၍ ပန်းပင်စိုက်ခြင်း၊ ရေလောင်းခြင်း” စသော ရဟန်းတို့နှင့် မလျော်သောအကျင့်များတည်း။
ထိုကဲ့သို့ ပန်းပင်စိုက်ခြင်း စသည် ပြုရာ၌လည်း ဒုက္ကဋ်အာပတ် သင့်၏။ ကိုယ်တိုင် မြေတူး၍ စိုက်ခြင်း စသည်၌ မြေတူးမှုကြောင့် ပါစိတ်အာပတ်လည်း အပို သင့်သေး၏။ ကျောင်းတိုက် သာယာအောင် စသည်ဖြင့် စိုက်လိုလျှင် “ဤမြေကို သိစမ်း၊ ဤ ပန်းပင်ကို သိစမ်း”စသည်ဖြင့် ပြော၍ သာမဏေ စသူကို ခိုင်းရသည်။
တဿ ခေါ ၊ပေ၊ သူယျန္တိ စ
ထိုရဟန်း၏ (ပန်းပင်စိုက်ခြင်း)စသော ယုတ်မာသော အမှုများကို သူသူ ငါငါလည်း မြင်ရ၊ ဟိုက သည်က လည်း ကြားရအံ့၊ ထိုရဟန်း ဖျက်ဆီး၍ သဒ္ဓါတရား ပျက်စီးနေသော (အခြားရဟန်းကောင်း များ မကိုးကွယ်သော) အမျိုးများကိုလည်း မြင်ရ၊ ကြားရအံ့။
သော ဘိက္ခု ၊ပေ၊ ဝါသေနာတိ
ထို ကုလဒူသကရဟန်းကို မြင်ကုန် ကြားကုန်သော ရဟန်းတို့က ပြောကြ ဆိုကြရမည်။ “အာယသ္မာ ခေါ”မှ စ၍ “အလံ တေ ဣဓ ဝါသေန” တိုင်အောင်ကား ရဟန်းတို့က ပြောပုံကိုပြသော ဝါကျ တို့တည်း။
ထိုဝါကျတို့ဖြင့် ထို ကုလဒူသက ရဟန်းအား ပဗ္ဗာဇနီယကံ ပြုထိုက်ကြောင်းကို ပြ၏။ သို့သော် ရဟန်းတို့က ပြောဆိုသည်ကို နားထောင်၍ ထိုကျောင်းမှာ မနေဘဲ ထွက်သွားလျှင် ပဗ္ဗာဇနီယကံ ပြုဘွယ်မလို။ ကုလဒူသနကြောင့် သင့်မိသော ဒုက္ကဋ်ကို ဒေသနာပြော၍ အခြားတရပ်မှာ ကောင်းစွာနေလျှင် စင်ကြယ်၏။
ပဗ္ဗာဇနီယကံ
ထိုကဲ့သို့ ပြောဆိုရုံမျှဖြင့် မပြီးသူကို ဉတ်ကမ္မဝါစာ ဘတ်ရွတ်၍၊ ကုလဒူသနပြု၍ နေထိုင်ရာ ကျောင်းတိုက်မှ နှင်ထုတ်ကြောင်း ကံကို ပဗ္ဗာဇနီယကံဟု ခေါ်၏။
ချဲ့ဦးအံ့ -
ကုလဒူသနပြုထားသော ရွာ နိဂုံး မြို့ တို့မှ ရရှိသော ပစ္စည်းများသည် ထိုရဟန်းမှာလည်း မအပ်၊ သီတင်းသုံးဘော်တို့ အားလည်း မအပ်တော့ရကား ထိုရဟန်းသည် ထို ရွာ နိဂုံး မြို့တို့ကို မှီကာ ထို ကျောင်းတိုက်မှာ ဆက်လက်နေသဖြင့် အာပတ်ဗရပွေ သင့်နေဘွယ်ရှိ၏။
ထို့ကြောင့် “အလံ တေ ဣဓ ဝါသေန = ဤ ကျောင်းတိုက်၌ ဆက်လက်ပေကပ်၍ နေသဖြင့် သင့်မှာ အကျိုးမရှိတော့ပြီ” ဟု ဆိုသည်။ ထိုသို့ ပြောရုံမျှဖြင့် အခြား ကျောင်းတိုက်သို့ ပြောင်းရွှေ့ နေထိုင်လျှင် ကောင်း၏။ ထို ပြောသည့်အတိုင်း နားမထောင်သူကိုသာ ပဗ္ဗာဇနီယကံ ပြုရသည်။
တာဝန် ဝတ္တရား
ထို ကံပြုခံရသော ရဟန်းသည် ဆိုင်ရာကျင့်ဝတ်ကို ကျင့်၍ ကံငြိမ်းပြီးနောက် ရဟန္တာအဖြစ် ရောက်သော်လည်း ထိုကုလဒူသနဖြင့် ဆက်ဆံမိသော ဒကာ ဒကာမတို့ထံမှ ပစ္စည်းကို အလှူမခံရတော့ သတတ်။
ဘာ့ကြောင့် အလှူမခံပါသနည်း ဟု လူတို့က လျှောက်ကြလျှင် “ရှေးတုန်းက သင်တို့အား ကုလဒူသနအမှုဖြင့် ချီမြှောက်မိလို့”ဟု ပြောရမည်။ “ရှေးတုန်းက ချီမြှောက်ခဲ့လို့ လှူခြင်း မဟုတ်ပါ၊ ယခု ကောင်းစွာနေ၍ ကြည်ညိုလို့ လှူပါသည်”ဟု လျှောက်လျှင်ကား ခံယူကောင်းသတတ်။
ပဗ္ဗာဇနီယကံ အပြု မခံရဘဲ နောင်တရ၍ ကောင်းစွာ နေထိုင်သူများလည်း ဤနည်းအတိုင်း အလှူမခံဘဲ ရှောင်ကြဉ်နေရမည်။ သူတို့က သဒ္ဓါတရားနှင့် လှူပါကြောင်း လျှောက်မှ အလှူခံလျှင် အပြစ်လွတ်သည်သာ။
ဆန္ဒဂါမိနောစ ဘိက္ခူ ၊ပေ၊ န ပဗ္ဗာဇေန္တိ
ဤဝါကျတို့ကား ပဗ္ဗာဇနီယကံ အပြုခံရသော ရဟန်းက ကံပြုသောရဟန်းတို့အား စွပ်စွဲပြောဆိုပုံကို ပြသော ဝါကျတို့တည်း။
သူ့ကို ကံပြုသော ရဟန်းတို့သည် အဂတိ ၄ ပါးကို လိုက်သော ရဟန်းများ ဖြစ်ကြသည်။ ဘာ့ကြောင့်နည်း။ ထို ဒုက္ကဋ်အာပတ်မျိုးကြောင့် အချို့ကိုသာ နှင်ထုတ်၍ တချို့ကိုကား နှင်မထုတ်သောကြောင့် တည်းဟု စွပ်စွဲသည်။
မှတ်ချက်
ဤ စွပ်စွဲသလို ဒုက္ကဋ်အာပတ် သင့်သူတိုင်းကို မနှင်ထုတ်သည်မှာ မှန်၏။
နိဒါန်း၌ ပြခဲ့သော သမ္ပဇာနမုသာဝါဒ ဒုက္ကဋ်မျိုးမှာ ထိုနေရာ တချက်သာသင့်၍ နောက်ထပ် သင့်ဘွယ်မရှိပေ။ သူ၏ ကုလဒူသန ဒုက္ကဋ်ကား ဤတချက်နှင့် မပြီး၊ နောက်နှောက် ရသမျှ ပစ္စည်းများကို သုံးစွဲမှုကြောင့်လည်း ဒုက္ကဋ်အာပတ်တွေ မဆုံးနိုင်အောင် သင့်ရချေဦးမည်။
သို့အတွက် အခြားဒုက္ကဋ် အာပတ်သည် နှင်ထုတ်လောက်အောင် အပြစ်မကြီးဘဲ သူ၏ ကုလဒူသန ဒုက္ကဋ် အာပတ်သာ နှင်ထုတ်လောက်အောင် အပြစ်ကြီး၍ သူ့ကို နှင်ထုတ်ရသည်။
ဆန္ဒဂါမိနော
မရောက်အပ် မရောက်သင့်၊ မပြုအပ် မပြုသင့်သော အမှုကို “အဂတိ”ဟု ခေါ်၏။ ချစ်သည့်အတွက် ထို အဂတိလိုက်သူကို “ဆန္ဒဂါမီ” ဟု ခေါ်၏။
ဆန္ဒေန - ချစ်ခြင်းကြောင့်၊
အဂတိံ - မရောက်ထိုက်သော အမှုသို့၊
ဂစ္ဆန္တိ - ရောက်ကုန်၏၊
ဣတိ - ထို့ကြောင့်၊
ဆန္ဒဂါမိနော – ဆန္ဒဂါမီတို့ မည်၏။
[ဒေါသေန - ဒေါသထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မုန်းခြင်းကြောင့်၊
မောဟေန - မသိခြင်း၊ နားမလည်ခြင်း၊ ဖျင်း အခြင်းကြောင့်၊
ဘယေန - ကြောက်ရွံ့ခြင်းကြောင့်
ဟု နောက်နောက် ပုဒ်များကိုလည်း အနက်ပေးပါ။]
မာယသ္မာ ၊ပေ၊ ဝါသေနာတိ
ဤဝါကျတို့ကား အစွပ်စွဲခံကြရသော ရဟန်းတို့က စွပ်စွဲသော ရဟန်းအား ပြန်၍ ပြောပုံကိုပြသော ဝါကျတို့တည်း။
ထိုဝါကျ၏ မြန်မာလို ဆိုလိုရင်းကိုလည်း နားလည်လောက်ပြီး၊ ပဗ္ဗာဇနီယကံ ပြုဘို့ ပြသော ရှေး ဝါကျ၌ “ပက္ကမတာ ၊ပေ၊ ဝါသေန”သည် ပဗ္ဗာဇနီယကံ ပြုပုံကိုပြသော ဝါကျတည်း။
ဤ၌လာသော “ပက္ကမတာ ၊ပေ၊ ဝါသေန”ကား ပဗ္ဗာဇနီယကံ အပြုခံရသော ရဟန်း၏ ကျင့်ဝတ်ကို ပြသော ဝါကျတည်း။
ဧဝဉ္စ ၊ပေ၊ သံဃာဒိသေသော
ဤဝါကျတို့ကား “ဆန္ဒဂါမိနောစ ဘိက္ခူ” စသည်ဖြင့် စွပ်စွဲ ကဲ့ရဲ့ကြောင်းစကားကို မစွန့်လွှတ်ဘဲ ရှေးအတိုင်း (နဂိုပြောမြဲအတိုင်း) ချီမြှောက်နေလျှင် (ပြန့်ပွားအောင် ပြောဆိုနေလျှင်) ထိုအပြောကို စွန့်လွှတ်စေရန် သမနုဘာသနကံပြုပါ၊ ကံပြုနေစဉ် ထိုအပြောကို စွန့်လျှင် သံဃာဒိသေသ် မသင့်တော့သည်ဖြစ်၍ ကောင်း၏၊ ကမ္မဝါစာဆုံး၍ မစွန့်လျှင် သံဃာဒိသေသ် အာပတ်သင့်၏ဟု ပြသော ဝါကျတည်း။
မှတ်ချက်
ဤသိက္ခာပုဒ်၌ သမနုဘာသနကံ ပြုရခြင်းမှာ “ဆန္ဒဂါမိ နောစ ဘိက္ခူ” စသော အပြောမျိုးကို စွန့်လွှတ်စေရန် ဖြစ်၏။ ပဗ္ဗာဇနီယကံ ငြိမ်းအေးဘို့ (ကံကို ပြန်၍ ရုပ်သိမ်းဘို့) အတွက်မှာ ဆိုင်ရာ ကျင့်ဝတ်များကို ပြည့်စုံအောင် ဖြည့်ကျင့်မှသာ ရုပ်သိမ်းရသည်။
[ဆိုင်ရာကျင့်ဝတ်ကို စူဠဝဂ္ဂ ပါဠိတော် (ကမ္မက္ခန္ဓက)မှာ ရှုပါ။]
အင်္ဂါ ၄ ပါး
- ဆန္ဒာဂတိ လိုက်ကြသည်၊
- ဓမ္မကံ ဖြစ်သော သမနုဘာသနကံ ပြုခြင်း၊
- ကမ္မဝါစာ ပြီးဆုံးခြင်း၊
- အယူကို မစွန့်ခြင်း။
[သမနုဘာသနကံပါသော သိက္ခာပုဒ် ၄ ပါး၌ နောက်အင်္ဂါ ၃ ပါးမှာ အတူချည်းသာတည်းဟု သတိပြုပါ။]
[ဆောင်]
ဆန္ဒာဂတိ, လိုက်ကြ၏ဟု စသည်ပြောမှု, သမနုဘာသနံ ဓမ္မကံတည်း ကမ္မဝါစာ ပြီးဆုံးရာဝယ်, မြဲစွာ ယူလျှင်း မစွန့်ခြင်းဟု, ကြောင်းရင်း လေးတန်, အင်ညီပြန်, သင့်ရန် ဒူသန။
လေ့ကျင့်ခန်း မေးခွန်းများ
က။ ကုလဒူသက သိက္ခာပုဒ်သည် အဘယ် ရဟန်းမျိုးအတွက် ပညတ်တော်မူအပ်သော သိက္ခာပုဒ်ပါနည်း။
ခ။ “ဂါမံဝါ နိဂမံဝါ ဥပနိဿာယ”၌ နဂရကို အဘယ်ဖြင့် သွင်းယူရမည်နည်း။
“ဥပနိဿာယ”အရ မှီပုံကိုလည်း ပြပါ။
ဂ။ “ကုလဒူသကော”နှင့် စပ်၍ ကုလဒူသနဝတ္ထု၊ ၈ ပါးကို ပြပြီးလျှင် ထို ဝတ္ထုဖြင့် ဖျက်ဆီး၍ ပျက်စီးပုံကိုလည်း ပြပါ။
ဃ။ ကုလဒူသနမှုပြုလျှင် ဘာအာပတ် သင့်သနည်း။
ထို ကုလဒူသနကြောင့် ရသော ပစ္စည်းများကို သုံးစွဲလျှင် ဘာအာပတ် သင့်သနည်း။
င။ “ပါပသမာစာရော”အရ ယုတ်မာသော အကျင့်များကို ပြပါ။
စ။ ထိုကုလဒူသက ရဟန်းကို သံဃာညီညွတ်လျှင် အဘယ်ကံ ပြုရမည်နည်း။
ထိုကဲ့သို့ ကံပြုရကြောင်းကို သိက္ခာပုဒ်တွင် ဘယ်စကားဖြင့် ပြသနည်း။
ဆ။ “တာဒိသိကာယ အာပတ္တိယာ ဧကစ္စံ ပဗ္ဗာဇေန္တိ”ဟု စွပ်စွဲရာ၌ ကုလဒူသန ဒုက္ကဋ်ကြောင့်သာ နှင်ထုတ်ထိုက်ပုံကို ပြပါ။
ဇ။ အဘယ်ကို “အဂတိ”ဟု ခေါ်သနည်း။ အဂတိ ၄ ပါးကို ပြပါ။
ဈ။ “ပက္ကမတာ ၊ပေ၊ ဝါသေန” ဝါကျတို့ ၂ ထပ် ပါနေရာ ရှေ့၌ပါသော စကားဖြင့် ဘာကိုပြ၍ နောက်စကားဖြင့် ဘာကိုပြသည်ဟု ခွဲခြားပါ။
နိဂုံး
ဥဒ္ဒိဋ္ဌာ ခေါ အာယသ္မန္တော တေရသ သံဃာဒိသေသာ ဓမ္မာ နဝ ပဌမာပတ္တိကာ, စတ္တာရော ယာဝတတိယကာ။
အာယသ္မန္တော - တို့၊
ပထမာပတ္တိကာ - ပထမ လွန်ကျူးဆဲခဏ၌ သင့်ရောက်ခြင်း ရှိကုန်သော၊
န၀ - ၉ ပါးသော အာပတ်တို့ကို၎င်း၊
ယာဝတတိယကာ - ၃ ကြိမ်မြောက်ကျ သမနုဘာသနကံ အဆုံး၌ ဖြစ်ကုန်သော၊
စတ္တာရော - ၄ ပါးသော အာပတ်တို့ကို၎င်း၊
တေရသ - ၁၃ ပါးကုန်သော၊
သံဃာဒိသေသာ - သံဃာဒိသေသ် မည်ကုန်သော၊
ဓမ္မာ - အာပတ်တို့ကို၊
ဥဒ္ဒိဋ္ဌာ - သရုပ်အားဖြင့် ရွတ်အပ် ပြအပ်ပါကုန်ပြီ။
နိဂုံး
“ဥဒ္ဒိဋ္ဌာခေါ ၊ပေ၊ ယာဝတတိယကာ” ကား နိဂုံးဝါကျတည်း။
ပထမာပတ္တိက အာပတ် ၉ ပါးဟူသည် သုက္ကဝိသဋ္ဌိမှ စ၍ ဒုတိယ ဒုဋ္ဌဒေါသ တိုင်အောင်သော သိက္ခာပုဒ်တို့ဖြင့် ပြအပ်သော အာပတ်တို့တည်း။
ယာဝ တတိယက အာပတ် ၄ ပါးကား သံဃဘေဒ၊ ဘေဒါနုဝတ္တက၊ ဒုဗ္ဗစ၊ ကုလဒူသက သိက္ခာပုဒ်တို့ဖြင့် ပြအပ်သော အာပတ်တို့တည်း။
ပထမာပတ္တိက
ပထမ = ပထမ လွန်ကျူးဆဲခဏ၌ (လွန်ကျူးလျှင် လွန်ကျုးချင်း) + အာပတ္တိ = သင့်ရောက်ခြင်း + ဣက = ရှိသည်။ ၃ ကြိမ် တိုင်အောင် ပြောဆိုဘွယ် မလို၊ လွန်ကျူးလျှင်ပင် သင့်အပ်သော အာပတ်များ ဟူလို။
ယာဝ တတိယက
ယာဝတတိယ = ၃ ကြိမ်မြောက် သမနုဘာသနကံ အဆုံး၌ + က= ဖြစ်သော အာပတ်။
[သိက္ခာပုဒ်တို့၌ “ယာဝတတိယံ သမနုဘာသိတဗ္ဗော” စသည်ဖြင့် လာသောကြောင့် ထို အာပတ်များကို “ယာဝတတိယကအာပတ်” ဟု ခေါ်သည်။]
ကျင့်ဝတ်
ယေသံ ဘိက္ခု အညတရံ ဝါ အညတရံ ဝါ အာပဇ္ဇိတွာ ယာဝတီဟံ ဇာနံ ပဋိစ္ဆာဒေတိ၊ တာဝတီဟံ တေန ဘိက္ခုနာ အကာမာ ပရိဝတ္ထဗ္ဗံ။ ပရိဝုတ္ထပရိဝါသေန ဘိက္ခုနာ ဥတ္တရိ ဆာရတ္တံ ဘိက္ခုမာနတ္တာယ ပဋိပဇ္ဇိတဗ္ဗံ၊ စိဏ္ဏမာနတ္တော ဘိက္ခု ယတ္ထ သိယာ ဝီသတိဂဏော ဘိက္ခုသံဃော၊ တတ္ထ သော ဘိက္ခု အဗ္ဘေတဗ္ဗော။ ဧကေနပိ စေ ဦနော ဝီသတိဂဏော ဘိက္ခုသံဃော တံ ဘိက္ခုံ အဗ္ဘေယျ၊ သော စ ဘိက္ခု အနဗ္ဘိတော၊ တေ စ ဘိက္ခူ ဂါရယှာ၊ အယံ တတ္ထ သာမီစိ။
ဘိက္ခု - ရဟန်းသည်၊
ယေသံ - ယင်း ၁၃ သုံးပါးသော အာပတ်တို့တွင်၊
အညတရံဝါ အညတရံဝါ - တပါးပါးသော အာပတ်သို့လည်း၊
အာပဇ္ဇိတွာ - ရောက်ပြီး၍၊
ယာဝတီဟံ – အကြင်မျှ အတိုင်းအရှည်ရှိသော ရက်ပတ်လုံး၊
ဇာနံ - သိလျက်၊
ပတိစ္ဆာဒေတိ - ဖုံးထားအံ့၊
တာဝတီဟံ - ထိုမျှ အတိုင်းအရှည်ရှိသော ရက်ပတ်လုံး၊
တေန ဘိက္ခုနာ - ထိုရဟန်းသည်၊
အကာမာ - အလိုမရှိဘဲလည်း၊
ပရိဝတ္တဗ္ဗံ - ပရိဝါသ် နေရမည်။
ပရိဝုတ္ထ ပရိဝါသေန - ကျင့်သုံးအပ်ပြီးသော ပရိဝါသ် ရှိသော၊
ဘိက္ခုနာ - ရဟန်းသည်၊
ဥတ္တရိ - အလွန်၊
ဆာရတ္တံ - ခြောက်ညဉ့်ပတ်လုံး၊
ဘိက္ခုမာနတ္တာယ - ရဟန်းတို့ မြတ်နိုးကုန်သည်၏ အဖြစ် အကျိုးငှာ၊
ပတိပဇ္ဇိတဗ္ဗံ - ကျင့်ရမည်၊
(ယဒါ - အကြင်အခါ၌၊)
ဘိက္ခု - ရဟန်းသည်၊
စိဏ္ဏမာနတ္တော - ကျင့်အပ်ပြီးသော မာနတ်ရှိ၏၊
(တဒါ - ထိုအခါ၌၊)
ယတ္ထ - အကြင် သိမ်၌၊
ဝီသတိဂဏော - နှစ်ကျိပ်ဂိုဏ်းရှိသော၊
ဘိက္ခု သံဃော - ရဟန်းအပေါင်းသည်၊
(သိယာ - ရှိ၏၊)
တတ္ထ - ထိုသိမ်၌၊
သော ဘိက္ခု - ထိုရဟန်းကို၊
ဘိက္ခူဟိ - ရဟန်းတို့သည်၊
အဗ္ဘေ တဗ္ဗော - လက်ခံထိုက်၏၊
ဝါ - သွင်းခေါ်ထိုက်၏၊
ဧကေနာပိ - တပါးဖြင့်လည်း၊
ဥုနော - ယုတ်လျော့သော၊
ဝီသတိ ဂဏော - နှစ်ကျိပ်ဂိုဏ်းရှိသော၊
ဘိက္ခုသံဃော - ရဟန်းအပေါင်းသည်၊
တံ ဘိက္ခုံ - ထိုရဟန်းကို၊
စေ အဗ္ဘေယျ - အကယ်၍ လက်ခံအံ့၊
ဝါ - အကယ်၍ သွင်းခေါ်အံ့၊
သောစ ဘိက္ခု - ထိုရဟန်းကိုလည်း၊
အနဗ္ဘိတော - သွင်းခေါ်အပ်ရာ မရောက်၊
တေစ ဘိက္ခူ - ထိုရဟန်းတို့ကိုလည်း၊
ဂါရယှာ - ကဲ့ရဲ့ထိုက်ကုန်၏၊
အယံ - ဤ ဆိုအပ်ပြီးကား၊
တတ္ထ - ထို သံဃာဒိသေသ် အာပတ်သင့်ရာ၌၊
သာမိစီ - လောကုတ္တရာ တရားအားလျော်သော ကျင့်ဝတ်တည်း။
ယေသံ ၊ပေ၊ အာပဇ္ဇိတွာ
“ယေသံ ၊ပေ၊ သာမိစီ” တိုင်အောင် သံဃာဒိသေသ် အာပတ်သင့်သူတို့ ကျင့်ရသော ကျင့်ဝတ်ကို ပြသော ဝါကျတို့တည်း။ ယေသံ၌ ယသည် နိယမ (တွဲဘက် တ သဒ္ဒါ) မရှိ၊ ဤ ယ သည်ပင် နိယမမျိုး ဖြစ်နေတော့၏။ ထို့ကြောင့် ဆရာတို့က “အကြင်” ဟု မပေးဘဲ “ယင်း” ဟု အနက်ပေးကြသည်။
ယာဝတီဟံ
ယာဝတီဟံပုဒ်၌ ပါရာဇိကဏ် ယောဇနာဝယ် ယာဝတိ နိပါတ်ပုဒ်ဟုကြံ၍
“အဟဿ - နေ့၏၊
ယာဝတိ - အကြင်မျှလောက် အပိုင်းအခြားသည်၊
ယာဝတီဟံ - မည်၏”ဟု ဖွင့်၏။
ယာဝတိနိပါတ်ကို သက္ကတအဘိဓာန်၌ မတွေ့ရ။ ဤကျမ်းကား ယာဝတာ နိပါတ်နောင် အဿတ္ထိအနက်၌ ဤပစ္စည်း သက်၍
“ယာဝတီ - အကြင်မျှလောက် အတိုင်းအရှည် ရှိကုန်သော၊
အဟာနိ - ရက်တို့တည်း၊
ယာဝတီဟံ - အကြင်မျှလောက် အတိုင်းအရှည်ရှိသော ရက်”
ဟု၎င်း၊ ယာဝတီကိုလည်း သင်္ချာပုဒ်မျိုးဟု၎င်း သဘောထား၍ သမာဟာရ ဒီဂုသမာသ် ကြံလိုက်ပါသည်။ တာဝတီဟံလည်း နည်းတူ။
ဇာနံ ပတ္တိစ္ဆာဒေတိ
အာပတ်သင့်မှန်း သိသည်ကို “ဇာနံ” ဟု ဆို၏။ ထိုကဲ့သို့ အာပတ်သင့်မှန်း သိပါလျက် ထင်စွာ မပြုခြင်း (အခြားရဟန်းအား မပြောခြင်း)ကို ဖုံးထားသည်ဟု ဆိုသည်။ ဖုံးထားရာ ရောက်ဘို့ရန် အင်္ဂါ ၁၀ ပါး ရှိ၏။
- အာပတ်သင့်ခြင်း၊
- အာပတ်သင့်မှန်း သိခြင်း၊
- ပကတတ် ဖြစ်ခြင်း (“ပကတတ်” အကြောင်းကို ပြခဲ့ပြီ)၊
- ပကတတ်မှန်း သိခြင်း၊
- အန္တရာယ် ၁၀ ပါးမရှိခြင်း၊
- အန္တရာယ် မရှိမှန်း သိခြင်း၊
- အခြားရဟန်း၏အထံသို့ သွားနိူင် သွားပြီး၍လည်း ဒေသနာ ပြောနိူင်ခြင်း၊
- ထိုသို့ စွမ်းနိူင်မှန်းလည်း သိခြင်း၊
- ဒေသနာမပြောဘဲ ဖုံးထားလိုခြင်း၊
- ဖုံးထားခြင်း။
မှတ်ချက်
ဤ ၁၀ ပါးသည် ထုလ္လစ္စဉ်း စသော အောက် အာပတ်များကို ဖုံးခြင်းနှင့်လည်း ဆိုင်၏။ မည်သည့် အာပတ်မဆို အာပတ်သင့်ရာ နေ့၏ ညဉ့်အရုဏ်တက်သည် တိုင်အောင် ဒေသနာ မပြောလျှင် ဖုံးထားသည် မည်၏။ ထိုသို့ ဖုံးထားရာ၌ တညဉ့် ဖုံးလျှင် ဒုက္ကဋ်တချက် တိုး၏။ သံဃာဒိသေသ်ကို ဖုံးထားရာ၌ကား ဒုက္ကဋ် အာပတ်အပြင် ပရိဝါသ်ရက်လည်း တိုးနေရသည်။
[ဆောင်]
သင့်တုံ အာပတ်, ပကတတ်တည်း, ကင်းလတ် အန္တရာယ်, အစွမ်းကြွယ်သား, လေးသွယ်သိစွမ်း, စဉ်တိုင်းပြွမ်း၍, ဖုံးလွှမ်းလိုငြား, ဖုံးလွှမ်းငြားဟု, ၅ ပါး နှစ်လီ, အင် ဆယ်ညီ, ဖုံးပြီ ထိုအာပတ်။
အကာမာ ပရိဝတ္ထဗ္ဗံ
အကာမာကို “အနိစ္ဆန္တေနာပိ” ဟု ဋီကာတို့ ဖွင့်ရကား တေန ဘိက္ခုနာနှင့် ဝိဘတ်တူအောင် နာဝိဘတ်ကို အာပြု၍ အပိသဒ္ဒါ အကြေကြံသည်။ မိမိနေလိုမှ ပရိဝါသ် နေရမည် မဟုတ်၊ မနေလိုဘဲလည်း ပရိဝါသ် နေရမည် ဟူလို။ ဘုရားအမိန့်တော်အတိုင်း ကျင့်နေခြင်းကို ပရိဝါသ် ဟု ခေါ်၏။
“တာဝတီဟံ”ဟု ဆိုသောကြောင့် ဒေသနာမပြောဘဲ အာပတ်ကို တရက်ဖုံးလျှင် ပရိဝါသ် တရက်နေ၊ ၂-၃-၄ ရက် စသည် ဖုံးလျှင်လည်း ၂- ၃-၄ ရက် စသည် ပရိဝါသ် နေရမည် ဟူလို။
ပရိဝုတ္ထ ပရိဝါသေန ၊ပေ၊ ပတိပဇ္ဇိတဗ္ဗံ
ပရိဝါသ်နေရာ ညဉ့်ထက် ပိုလွန်သည်ကို “ဥတ္တရိ”ဟု ဆိုသည်။ “ဘိက္ခုမာနတ္တာယ” ၌ “ဘိက္ခုမာန” ဟူသည် ရဟန်းတို့၏ မြတ်နိုးခြင်းတည်း။ “မြတ်နိုး” ဟူသည်လည်း “နှစ်သက် ကျေနပ်ခြင်း” တည်း။ “ပရိဝါသ်နေပြီးသော ရဟန်းသည် ပကတတ်ရဟန်းတို့ မြတ်နိုး နှစ်သက် ကျေနပ်ဘို့ရာ ၆ ညဉ့်ပတ်လုံး ကျင့်ရဦးမည်” ဟူလို။ ဤသို့ ၆ ညဉ့် ကျင့်ခြင်းကိုပင် “မာနတ္တာယ+ပတိပဇ္ဇိတဗ္ဗံ”ကို စွဲ၍ “မာနတ်+ကျင့်” ဟု ခေါ်သည်။
[မာနတ္တာယ၌ တ္တ ပစ္စည်းသည် ဘာဝအနက်၌ သက်၏။ ထို့ကြောင့် “မာနဘာဝါယ”ဟု အဋ္ဌကထာဖွင့်သည်။ အာယကား တဒတ္ထ သမ္ပဒါန်တည်း။ ထို့ကြောင့် “ဘိက္ခုမာနတ္တာယ – ရဟန်းတို့ + မြတ်နိုးကုန်သည်၏ + အဖြစ် + အကျိုးငှာ”ဟု ပေးရသည်။]
စိဏ္ဏမာနတ္တော ၊ပေ၊ အဗ္ဘေတဗ္ဗော
“စိဏ္ဏမာနတ္တော ဘိက္ခု” ၏ စပ်ဘို့ရာ ကြိယာ မရှိ။ အဗ္ဘေတဗ္ဗော၌ စပ်ဘို့ရာလည်း “သော ဘိက္ခု”ဟု ကံ သီးခြား ရှိလေပြီ။ ထို့ကြောင့် ဘိက္ခုနီ သံဃာဒိသေသ်၌ ကင်္ခါဖွင့်ပုံကို နည်းမှီ၍ “ယဒါ တဒါ” ထည့်လျက် အနက်ပေးလိုက်ပါသည်။ “ရဟန်းသည် အကြင်အခါ မာနတ်ကျင့်ပြီးဖြစ်၏၊ ထိုအခါဝယ် ထိုရဟန်းကို အဗ္ဘာန်သွင်းရမည်” ဟူလို။
“အဗ္ဘေ တဗ္ဗော”၌ အဘိပုဗ္ဗ, ဣဓာတ်, တဗ္ဗပစ္စည်းတည်း။ ဓာတ်တို့သည် အနက်များစွာကို ဟောနိုင်ရကား ဤ “အဘိပုဗ္ဗ + ဣ” ဓာတ်သည် သမ္ပဋိစ္ဆန=လက်ခံခြင်း၊ ဩသာရဏ = သွင်းခြင်း” အနက်များကို ဟော၏။ မာနတ်ကျင့်ပြီး၍ ရဟန်းများက ကျေနပ်သောကြောင့် သံဃာက လက်ခံနိူင်ပြီ၊ သံဃာ့အလယ်သို့ သွင်းခေါ်နိုင်ပြီ ဟူလို။
ဤသို့ လက်ခံ သွင်းခေါ်ခြင်းကိုပင် “အဗ္ဘာန” ပုဒ်ကိုစွဲ၍ “အဗ္ဘာန်သွင်း”ဟု ခေါ်ကြသည်။
ဧကေနာပိ ၊ပေ၊ ဂါရယှာ
“နှစ်ကျိပ်ပြည့် သံဃာက လက်ခံသွင်းခေါ်ရမည်”ဟု ဆိုထားပါလျက် တပါးတလေ လျော့နေလျှင် အဗ္ဘာန်သွင်းရာ မရောက်၊ အဗ္ဘာန်သွင်း အထ မမြောက်၊ နှစ်ကျိပ်မပြည့်မှန်း သိလျက် အဗ္ဘာန် သွင်းပေးသော ရဟန်းများလည်း ကဲ့ရဲ့ထိုက်၏။
“ကဲ့ရဲ့ထိုက်” ဆိုသည်ကား “အပြစ် ရှိသည်၊ ဒုက္ကဋ် အာပတ် သင့်သည်” ဟု ဆိုလိုသည်။
[ထို့ကြောင့် ယခုအခါ အဗ္ဘာန် သွင်းရာ၌ ရဟန်း အစစ်အမှန်ချည်း နှစ်ကျိပ် ပြည့်ဘို့ရာ နှစ်ကျိပ်ကျော်ကျော် ရှိအောင် ကြိုးစားလေ့ ရှိကြသည်။]
အယံ တတ္ထ သာမိစီ
“အယံ - ဤ ဆိုအပ်ပြီး” ဟူသည် သံဃာဒိသေသ် အာပတ်ကို ဖုံးထားလျှင် ဖုံးထားရာ နေ့နှင့်အမျှ ပရိဝါသ်နေရခြင်း၊ ၆ ညဉ့် ပတ်လုံး မာနတ် ကျင့်ရခြင်း၊ သံဃာ နှစ်ကျိပ်ရှိရာ သိမ်၌ အဗ္ဘာန် သွင်းရခြင်း များတည်း။
“ထို ဆိုအပ်ခဲ့ပြီးသော ကျင့်ဝတ် (တာဝန် ဝတ္တရား) များကား လောကုတ္တရာတရားနှင့် လျော်သော (လောကုတ္တရာတရား ရဘို့ရန်ဖြစ်သော) ကျင့်ဝတ်ဖြစ်သည်”ဟူလို။
သာမိစီ
သာမိစီသဒ္ဒါသည် “အလျော်” အနက်ကို ဟော၏။ “သမ္မာ + ဘာဝေါ သာမိစီ - ကောင်းသည်၏ အဖြစ်” ဟု သဒ္ဒတ္ထဖြစ်၏။ ဘာဝအနက်၌ ဏသက်၊ သုတ်ကြီးဖြင့်(စ်)လာ၊ မာ၌ အာကို ဣပြု၊ မ္မ ကိုလည်း ဝိသံယောဂ ပြု၊ နဒါဒိ ဤပစ္စည်းသက်၊ ဤသို့ မောဂ္ဂလာန်နိဿယ - ဏာဒိကဏ္ဍ (၆၉) သုတ်၌ စီရင်၏။ စာအုပ်တို့၌ “သာမိစိ၊ သာမီစိ”ဟု ပါဌ်အထွေထွေရှိသည်။
အနုဿာဝန
တတ္ထ - ထို သံဃာဒိသေသ်တို့၌၊
အာယသ္မန္တေ - တို့ကို၊
အနုဿာဝန ပုစ္ဆာမိ - ၏ ၊ပေ၊
ဧတ္ထ - ဤသံဃာဒိသေသ်အာပတ်တို့၌၊
ပရိသုဒ္ဓါ - န်၏၊
တသ္မာ တုဏှီ (အာသိ), ဝေ မေတံ ဓာရယာမိ၊
ဣတိ - သံဃာဒိသေသ် ပြီးပြီ
[မပါသော ပုဒ်နက်များကို နိဒါန်း အဆုံးမှာ ကြည့်ပါ။]
သံဃာဒိသေသာ - တို့သည်၊
နိဋ္ဌိတာ - ပြီးကုန်ပြီ။
အနုဿာဝန
တတ္ထာယသ္မန္တေ ပုစ္ဆာမိ, ကစ္စိတ္ထ ပရိသုဒ္ဓါ၊ ဒုတိယမ္ပိ ပုစ္ဆာမိ, ကစ္စိတ္ထ ပရိသုဒ္ဓါ၊ တတိယမ္ပိ ပုစ္ဆာမိ, ကစ္စိတ္ထ ပရိသုဒ္ဓါ၊ ပရိသုဒ္ဓေတ္ထာယသ္မန္တော၊ တသ္မာ တုဏှီ၊ ဧဝမေတံ ဓာရယာမီတိ။
“တတ္ထာ ယသ္မန္တေ ပုစ္ဆာမိ” စသော တတိယာနုဿာဝန၏ အဓိပ္ပာယ်ကို နိဒါန်းအတိုင်းသိပါ။
ပရိဝါသ်နေနည်း၊ မာနတ်ကျင့်နည်း များကိုကား စူဠဝဂ္ဂ-သမုစ္စယက္ခန္ဓက ပါဠိတော်ကိုဖြစ်စေ၊ ထိုထို ဝိနိစ္ဆယကို ဖြစ်စေ ကြည့်ရှု၍ သီးခြားလေ့လာမှ နားလည်နိူင်မည်။
လေ့ကျင့်ခန်း မေးခွန်းများ
က။ ဥဒ္ဒိဋ္ဌာခေါမှစ၍ ဧဝ မေတံ ဓာရယာမိ တိုင်အောင် မည်သည့် ဝါကျက မည်သည့်အဓိပ္ပာယ်ကို ပြသည်ဟု ခွဲခြားပြပါ။
ခ။ သံဃာဒိသေသ် ၁၃ ပါးတို့တွင် ပထမာပတ္တိကနှင့် ယာဝတတိယကတို့ မည်မျှစီ ရှိကြောင်းကို ပြပါ။
ဂ။ ထိုပထမာပတ္တိက၊ ယာဝတတိယကပုဒ်တို့၏ မြန်မာလိုဆိုလိုရင်းကိုပြပါ။
ဃ။ ပတိစ္ဆာဒေတိ အရ အဘယ်ကို ဖုံးထားသည်ဟု ခေါ်သနည်း။
င။ အာပတ်ဖုံးရာရောက်ကြောင်း အင်္ဂါ ၁၀ ပါးကို ပြပါ။
စ။ သံဃာဒိသေသ်အာပတ်သင့်သူတိုင်း ပရိဝါသ်နေရပါသလော၊ နေရလျှင် အဘယ်ပုဂ္ဂိုလ်သည် အဘယ် ရက်မျှ နေရသနည်း။
ဆ။ ပရိဝါသ်နေပြီးနောက် အဘယ်အကျိုးငှာ မာနတ်ကျင့်ရသနည်း။ ဆိုင်ရာ ပါဠိကို ထောက်ပြပါ။
ဇ။ မာနတ်ကျင့်ပြီးသူကို အဘယ်မျှလောက်သော သံဃာက အဗ္ဘာန်သွင်းရမည်နည်း။ ဘာကို အဗ္ဘာန်ဟု ခေါ်သနည်း။
ဈ။ အဗ္ဘာန် သွင်းနိူင်လောက်အောင် သံဃာ မပြည့်မှန်းသိလျက် အဗ္ဗာန်သွင်းသော ရဟန်းတို့အား ဘာအာပတ် သင့်သနည်း။
သံဃာဒိသေသ်အခန်း ပြီးပြီ။
▬▬▬▬▬▬
အနိယတ အခန်း
▬▬▬▬▬▬
အချီ
ဣမေ ခေါ ပနာယသ္မန္တော ဒွေ အနိယတာ ဓမ္မာ ဥဒ္ဒေသံ အာဂစ္ဆန္တိ။
အာယသ္မန္တော - တို့၊
ဒွေ - ၂ ပါးကုန်သော၊
အနိယတာ - အနိယတ မည်ကုန်သော၊
ဣမေ ခေါ ပန ဓမ္မာ - ဤအာပတ်တို့သည်၊
ဥဒ္ဒေသံ - သို့၊
အာဂစ္ဆန္တိ - ကုန်၏၊
ပထမ အနိယတ သိက္ခာပုဒ်
၁။ ယော ပန ဘိက္ခု မာတုဂါမေန သဒ္ဓိံ ဧကော ဧကာယ ရဟော ပဋိစ္ဆန္နေ အာသနေ အလံကမ္မနိယေ နိသဇ္ဇံ ကပ္ပေယျ၊ တမေနံ သဒ္ဓေယျဝစသာ ဥပါသိကာ ဒိသွာ တိဏ္ဏံ ဓမ္မာနံ အညတရေန ဝဒေယျ ပါရာဇိကေန ဝါ သံဃာဒိသေသေန ဝါ ပါစိတ္တိယေန ဝါ၊ နိသဇ္ဇံ ဘိက္ခု ပဋိဇာနမာနော တိဏ္ဏံ ဓမ္မာနံ အညတရေန ကာရေတဗ္ဗော ပါရာဇိကေန ဝါ သံဃာဒိသေသေန ဝါ ပါစိတ္တိယေန ဝါ၊ ယေန ဝါ သာ သဒ္ဓေယျဝစသာ ဥပါသိကာ ဝဒေယျ၊ တေန သော ဘိက္ခု ကာရေတဗ္ဗော၊ အယံ ဓမ္မော အနိယတော။
ယောပန ဘိက္ခု - သည်၊
မာတုဂါမေန - မာတုဂါမနှင့်၊
သဒ္ဓိံ - တကွ၊
ဧကော ဧကာယ - တယောက်ချင်းချင်း၊
ရဟော - မျက်စိ၏ကွယ်ရာ၌၊
ပဋိစ္ဆန္နေ - ဖုံးကွယ်အပ်သော၊
အလံ ကမ္မနိယေ - စွမ်းနိုင်သော မေထုန်မှု၌ ခံ့သောသဘော ရှိသော၊
အာသနေ - နေရာ၌၊
နိသဇ္ဇံ - ထိုင်နေခြင်းကို၊
ကပ္ပေယျ - ပြုအံ့၊
တမေနံ (တံ+ဧနံ) - ထိုရဟန်းကို၊
သဒ္ဓေယျဝစသာ - ယုံကြည်ထိုက်သော စကားရှိသော၊
ဥပါသိကာ - အရိယာ ဥပါသိကာမသည်၊
ဒိသွာ - မြင်၍၊
တိဏ္ဏံ - ၃ ပါးကုန်သော၊
ဓမ္မာနံ - အာပတ်တို့တွင်၊
အညတရေန - တပါးပါးဖြင့်၊
ပါရာဇိကေနဝါ - ပါရာဇိက အာပတ်ဖြင့်သော်၎င်း၊
သံဃဒိသေသေနဝါ - သံဃာဒိသေသ် အာပတ်ဖြင့်သော်၎င်း၊
ပါစိတ္တိယေနဝါ - ပါစိတ်အာပတ်ဖြင့်သော်၎င်း၊
ဝဒေယျ - ပြောဆို စွပ်စွဲအံ့၊
ဘိက္ခု - ရဟန်းကို၊
နိသဇ္ဇံ - ထိုင်နေခြင်းကို၊
ပတိဇာနမာနော - ဝန်ခံမှသာ၊
တိဏ္ဏံဓမ္မာနံ အညတရေန ပါရာဇိကေနဝါ သံဃာဒိသေသေနဝါ ပါစိတ္တိယေနဝါ၊
ကာရေတဗ္ဗော - ပြုစေလိုက်၏၊
ဝါ - ဆုံးဖြတ်ထိုက်၏၊
သဒ္ဓေယျဝစသာ - သော၊
သာ ဥပါသိကာ – ထိုအရိယာ ဥပါသိကာမသည်၊
ယေနဝါ– အကြင် အခြင်းအရာနှင့် တကွမူလည်း၊
ဝဒေယျ - ဝတ္ထုကိုဖော်ပြ၍ ပြောဆိုအံ့၊
တေန - ထိုအခြင်းအရာဖြင့်၊
သောဘိက္ခု - ထိုရဟန်းကို၊
(ပတိဇာနမာနော - ဝန်ခံမှသာ၊)
ကာရေတဗ္ဗော - ပြုစေထိုက်၏၊
ဝါ - ဆုံးဖြတ်ထိုက်၏၊
အယံ ဓမ္မော - ဤအာပတ်သည်၊
အနိယတော - အနိယတ အာပတ်တည်း၊
ဝါ - အမြဲ မသတ်မှတ်အပ်သော အာပတ်တည်း။
ပထမ အနိယတ
ဤသိက္ခာပုဒ်ကား “မျက်စိဖြင့် မမြင်နိုင်လောက်အောင် ဖုံးကွယ်အပ်သော နေရာဝယ် မာတုဂါမနှင့် အတူ တကွ ထိုင်နေသော ရဟန်းကို အရိယာဥပါသိကာမ တွေ့မြင်၍ ပါရာဇိက၊ သံဃာဒိသေသ်၊ ပါစိတ်အာပတ် တမျိုးမျိုးဖြင့် စွပ်စွဲစေကာမူ၊ သို့မဟုတ် နေထိုင်ပုံ အခြင်းအရာနှင့် တကွ ဝတ္ထုကိုဖော်ပြ၍ စွပ်စွဲစေကာမူ ထိုရဟန်းက ဟုတ်ကြောင်း ဝန်ခံမှသာ ဝန်ခံသည့်အတိုင်း ဆုံးဖြတ်ရမည်၊ ဝန်မခံလျှင် အာပတ်ဖြင့် မဆုံးဖြတ်ရ” ဟု ဝိနည်းအဆုံးအဖြတ်၏ လက္ခဏာ (ဆုံးဖြတ်ပုံ နည်းလမ်း)ကို ပြသော သိက္ခာပုဒ်တည်း။
မာတုဂါမေန ၊ပေ၊ ဧကော ဧကာယ
ဧကောပုဒ်သည် ဘိက္ခုပုဒ်နှင့် အရတူ၍ ဧကာယကား မာတုဂါမေနနှင့် အရတူသည်။
ထို့ကြောင့် “ဧကော ဧကာယ - တယောက်ချင်းချင်း”ဟု အနက်ပေးရိုး ရှိသော်လည်း ကျကျနန ပေးလျှင်
“ယော ပန ဘိက္ခု - အကြင် ရဟန်းသည်၊
ဧကော - တပါးတည်း
(ဟုတွာ - ၍၊)
ဧကာယ - တယောက်တည်းသော၊
မာတုဂါမေန - နှင့်၊
သဒ္ဓိံ - တကွ” ဟု ပေးရမည်။
ရဟော ပတိစ္ဆန္နေ အာသနေ
“ရဟော”အရ “စက္ခု ရဟ၊ သောတ ရဟ = မျက်စိကွယ်ရာ နားကွယ်ရာ”ဟု ၂ မျိုးရှိသော်လည်း ဤ သိက္ခာပုဒ်၌ စက္ခုရဟကိုသာ ယူရမည်။ ဘာ့ကြောင့်နည်း။
ဤ ရဟော၏ အရကိုပင် “ပတိစ္ဆန္နေ အာသနေ” ဟု ပြသောကြောင့်တည်း။ “ဖုံးကွယ်အပ်သော နေရာ” ဟု ဆိုလျှင် မျက်စိ၏ ကွယ်ရာဖြစ်ကြောင်း ထင်ရှားပြီ ဟူလို။ ပတိစ္ဆန္နေ အရ “ဖုံးကွယ် အပ်သောနေရာ”ဟူသည် နံရံ အဝတ် စသည်တို့ဖြင့် ကွယ်ကာ ထားအပ်သောနေရာတည်း။ ထို့ကြောင့် ၄ တောင်ခန့်ရှိသော အခန်းကလေး၌ ရဟန်းနှင့် မာတုဂါမတို့ တယောက်ချင်း နေထိုင်၍ တံခါးကို ပိတ်ထားလျှင် တံခါး အပြင်ဘက်၌ ယောက်ျားအဖော် ရှိသော်လည်း “ပတိစ္ဆန္န အာသန” ဖြစ်သောကြောင့် ထိုအပြင်ဘက် ယောက်ျားသည် အတွင်းရှိ ရဟန်းကို အာပတ် မသင့်အောင် မတတ်နိုင်တော့ချေ။
ကင်္ခါ
ရဟောတိ စက္ခုဿ ရဟော၊ ကိဉ္စာပိ ပါဠိယံ သောတဿ ရဟော အာဂတော၊ စက္ခုဿ ပန ရဟော ရဟောတိ အဓိပွေတော-(ပါဠိတော်၌) သောတ၏ ကွယ်ရာလည်း လာ၏။ သို့သော် စက္ခု၏ ကွယ်ရာကိုသာ ရဟော ဟု အလိုရှိအပ်၏။ … ဤသိက္ခာပုဒ် အဋ္ဌကထာ။
အလံ ကမ္မနိယေ
[ဤပါဌ်ဝယ် ပါရာဇိကဏ်နှင့် ကင်္ခါတို့ ဖွင့်ကြပုံချင်း တူပါလျက် စာမူ မတူဘဲ ဖြစ်နေသည်။ ဤ၌ ပါရာဇိကဏ် စာမူအတိုင်း ရေးမည်။]
ကမ္မနိ - မေထုန်မှု၌၊
ခမံ – ခံ့သော သဘောသည်၊
ဝါ - လျောက်ပတ်သော သဘောသည်၊
ကမ္မနိယံ - မည်၏၊
“မေထုန်မှု၌ လျောက်ပတ်သော သဘော” ဟူသည် မေထုန် မှီဝဲလောက်သော အကွယ်အကာ ရှိခြင်း၊ လုံခြုံခြင်း သဘောတည်း။
အလံ(ပရိယတ္တံ) + ကမ္မနိယံ + ယဿာတိ အလံ ကမ္မနိယံ။
ယဿ - အကြင် နေရာ၏၊
အလံ (ပရိယတ္တံ) - စွမ်းနိူင်သော၊
ကမ္မနိယံ - မေထုန်မှု၌ ခံ့သော သဘောသည်၊
အတ္ထိ - ရှိ၏၊
ဣတိ - ထို့ကြောင့်၊
တံ - ထိုနေရာသည်၊
အလံကမ္မနိယံ - မည်၏၊
ဤ၌ “စွမ်းနိုင်”ဟူသည် မေထုန်ပြုနေသည့်အခါ “ကွယ်ကာနိုင်ခြင်း” တည်း။ ဤ စကားစဉ်အရ မေထုန်မှုကို ကွယ်ကာနိူင်လောက်အောင် အကွယ်အကာရှိသော နေရာကို “အလံ ကမ္မနိယ”ခေါ်သည်ဟု မှတ်ပါ။
နိသဇ္ဇံ ကပ္ပေယျ
သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ လျောင်းခြင်း ဟူသော ဣရိယာပုထ် ၄ ပါးတို့တွင် “နိသဇ္ဇံ” အရ ထိုင်ခြင်း ဣရိယာပုထ်ကို ပြသဖြင့် ထိုင်ပြီးနောက်မှ လျောင်းရသည့်အတွက် ထိုင်ခြင်းထက်ပင် ပို၍ဖြစ်နိူင်ခဲသော လျောင်းခြင်း ဣရိယာပုထ်ကိုပါယူ။
[နိသဇ္ဇံ ကပ္ပေယျာတိ နိသဇ္ဇံ ကရေယျ၊ နိသီဒေယျာတိ အတ္ထော၊ ဧတ္ထစ သယနံပိ နိသဇ္ဇာယဧဝ သင်္ဂဟိတံ၊ - ကင်္ခါအဋ္ဌကထာ။]
သဒ္ဓေယျ ဝစသာ ၊ပေ၊ ဝဒေယျ
“ယုံကြည်ထိုက်သော စကားရှိသူ” ဟူသည် မည်သည့်နည်းနှင့်မျှ မုသားမပြောသော အရိယာ ဥပါသိကာမ တည်း။ ထို ဥပါသိကာမသည် ပါရာဇိက၊ သံဃာဒိသေသ်၊ ပါစိတ်အာပတ် ၃ မျိုးတွင် တမျိုးမျိုးဖြင့် ပြောဆိုစွပ်စွဲအံ့ ဟူလို။
နိသဇ္ဇံ ဘိက္ခု ပတိဇာနမာနော ၊ပေ၊ ကာရေတဗ္ဗော
ပတိဇာန မာနောကို “ပတိဇာနမာနော ဧဝ”ဟု ဧဝထည့်၍ ဖွင့်ကြ၏။
ဆိုလိုရင်းကား —
ယုံကြည်လောက်သော အရိယာ ဥပါသိကာမက စွပ်စွဲစေကာမူ (သူမြင်တိုင်း ဟုတ်ချင်မှ ဟုတ်မည်၊ အမြင်လွဲချင် လွဲတတ်သည်ဖြစ်၍) ရဟန်းက “မာတုဂါမနှင့်အတူ ထိုင်မိကြောင်း” ဝန်ခံမှသာ သင့်တော်ရာ အာပတ်ဖြင့် ဆုံးဖြတ်ရမည် ဟူလို။
ယေနဝါ ၊ပေ၊ ဝဒေယျ
ဤကား ထိုအရိယာဥပါသိကာမ၏ ပြောဆို စွပ်စွဲပုံ တနည်းကို ပြသော ဝါကျတည်း။
ရှေ့နည်း၌ “တိဏ္ဏံ ဓမ္မာနံ အညတရေန ဝဒေယျ ပါရာဇိကေနဝါ” စသည် ဆိုသောကြောင့် အရိယာ ဥပါသိကာမက အာပတ်တပ်၍ စောဒနာပုံကို ပြ၏။
ဤနည်းကား (အရိယာ ဥပါသိကာမက အာပတ်နာမည် တပ်ချင်မှ တပ်တတ်မည် ဖြစ်သောကြောင့် အာပတ် နာမည် မတပ်ဘဲ) နေထိုင်ပုံ၊ သို့မဟုတ် အိပ်နေပုံ၊ အခြင်းအရာနှင့် တကွ မေထုန်မှု၊ ကိုယ်လက် နှီးနှောမှု အစရှိသော ဝတ္ထုကို ထုတ်ဖော်၍ စောဒနာပုံကို ပြသည်။
[ယေနဝါ သာတိ နိသဇ္ဇာဒီသု အာကာရေသု ယေနဝါ အာကာရေန သဒ္ဓိံ မေထုနာဒီနိ အာရောပေတွာ သာဥပါသိကာ ဝဒေယျ၊ ပဋိဇာနမာနောဝ တေန သော ဘိက္ခု ကာရေတဗ္ဗော၊ န အပ္ပဋိဇာနမာနောတိ အတ္ထော။ -- ကင်္ခါအဋ္ဌကထာ။]
တေန သော ဘိက္ခု ကာရေတဗ္ဗော
ဤဝါကျ၌ “ပတိဇာနမာနော” ဟု မပါသော်လည်း ရှေ့ဝါကျမှလိုက်စေရမည်။ ထိုအခြင်းအရာနှင့် တကွ ဝတ္ထုကို ဖော်ပြ၍ စောဒနာခံရသော ရဟန်းက ဟုတ်မှန်ကြောင်း ဝန်ခံမှသာ ထိုစွပ်စွဲအပ်သော အခြင်း အရာဖြင့် (အာပတ်တပ်၍) ဆုံးဖြတ်ရမည်။
[ဤယေနဝါ၌ ဝါသဒ္ဒါကို ဝဇိရဗုဒ္ဓိဋီကာ၌ တမျိုးဖွင့်သေး၏။]
ကာရေ တဗ္ဗော
[ကရ+ဏေ+တဗ္ဗ၊] သဒ္ဒါနက်အားဖြင့် “ပြုစေထိုက်” ဟူရာ၌ “ပြုစေ” ဟူသည် “အာပတ်ကို ကုစားစေခြင်း” တည်း။ ထိုသို့ “ကုစားစေခြင်း” ကိုပင် ဝေါဟာရတ္ထ (သုံးစွဲရိုးအနက်) အားဖြင့် ဆုံးဖြတ်ခြင်းဟု ဆိုကြသည်။
[တဗ္ဗပစ္စည်းဖြင့် လာသမျှ၌ “ထိုက်သင့်” ဟုသာ အနက်ပေး၊ “အပ်” ဟု မပေးနှင့်၊ တကယ် ပြုနေမှသာ “အပ်” ဟု သုံးရသည်။]
အယံ ဓမ္မော အနိယတော
ပါရာဇိကဟူ၍၎င်း၊ သံဃာဒိသေသ်ဟူ၍၎င်း၊ ပါစိတ်ဟူ၍၎င်း အမြဲသတ်မှတ်၍ မရသောကြောင့် “အနိယတော = မမြဲသော အာပတ်” ဟု ဆိုသည်။
[ဤ အနိယတ သိက္ခာပုဒ် ၂ ပါး၌ အာပတ် အင်္ဂါဟု အထူးမရှိ။ ပါရာဇိက ဖြစ်လျှင် ပါရာဇိက အင်္ဂါအတိုင်း၊ သံဃာ ဒိသေသ်၊ ပါစိတ်ဖြစ်လျှင်လည်း ထို ဆိုင်ရာအာပတ်၏ အင်္ဂါအတိုင်းပင်။]
သင့်ခွင့်ရှိသော အာပတ်
မာတုဂါမနှင့် အတူနေရာဝယ် သင့်ခွင့်ရှိသော အာပတ်များကား ပထမ ပါရာဇိက၊ သံဃာဒိသေသ်တွင် (မျက်စိကွယ်ရာ ဟု ဆိုသောကြောင့် စကားပြောမှုနှင့် မဆိုင်ရကား) ကာယသံသဂ္ဂ ပါစိတ်တွင် အစေလကဝဂ်လာ ရဟောပတိစ္ဆန္န အာပတ်များတည်း။ ဘိက္ခုနောဝါဒဝဂ် လာ “ရဟောနိသဇ္ဇ” သိက္ခာပုဒ်ကား ဒုတိယ အနိယတနှင့်သာ ဆိုင်သည်။
မာတုဂါမ
ဤပထမ အနိယတ၌ ပထမပါရာဇိက ကာယသံသဂ္ဂတို့ ပါဝင်သောကြောင့် မွေးဖွားစမှစ၍ အသက်ရှင်ဆဲ မိန်းမ ဟူသမျှကို “မာတုဂါမ” အရ ယူပါ။ “ဧကော ဧကာယ” ဟူရာ၌ ယောက်ျားအဖော် မရှိခြင်းကို ယူပါ။ မိန်းမအဖော် ရှိသော်လည်း ဤသိက္ခာပုဒ်၌ “အဖော်” မမည်။ ဘာ့ကြောင့်နည်း။ မိန်းမတို့သည် မေထုန်မှု ကဲ့သို့ ကြီးလေးသော သူတပါး၏ အပြစ်များကို ဖုံးထားလေ့ရှိကြ၊ တယောက်အပြစ်ကို သူတပါးအား ဖော်ပြလေ့ မရှိကြသောကြောင့်တည်း။
ဒုတိယ အနိယတ သိက္ခာပုဒ်
၂။ န ဟေဝ ခေါ ပန ပဋိစ္ဆန္နံ အာသနံ ဟောတိ, နာလံကမ္မနိယံ၊ အလဉ္စ ခေါ ဟောတိ မာတုဂါမံ ဒုဋ္ဌုလ္လာဟိ ဝါစာဟိ ဩဘာသိတုံ၊ ယော ပန ဘိက္ခု တထာရူပေ အာသနေ မာတုဂါမေန သဒ္ဓိံ ဧကော ဧကာယ ရဟော နိသဇ္ဇံ ကပ္ပေယျ၊ တမေနံ သဒ္ဓေယျဝစသာ ဥပါသိကာ ဒိသွာ ဒွိန္နံ ဓမ္မာနံ အညတရေန ဝဒေယျ သံဃာဒိသေသေန ဝါ ပါစိတ္တိယေန ဝါ၊ နိသဇ္ဇံ ဘိက္ခု ပဋိဇာနမာနော ဒွိန္နံ ဓမ္မာနံ အညတရေန ကာရေတဗ္ဗော သံဃာဒိသေသေန ဝါ ပါစိတ္တိယေန ဝါ၊ ယေန ဝါ သာ သဒ္ဓေယျဝစသာ ဥပါသိကာ ဝဒေယျ၊ တေန သော ဘိက္ခု ကာရေတဗ္ဗော၊ အယမ္ပိ ဓမ္မော အနိယတော။
အာသနံ - နေရာသည်၊
နဟေဝ ပတိစ္ဆန္နံ - မဖုံးကွယ်အပ်သည်၊
န အလံကမ္မနိယံ - စွမ်းနိုင်သော မေထုန်မှု၌ ခံ့သောသဘော မရှိသည်၊
ဟောတိ - ဖြစ်အံ့၊
စ - အနွယကား၊ (အနွယဝါကျ ဇောတက “စ” ဟူလို၊)
မာတုဂါမံ - ကို၊
ဒုဋ္ဌုလ္လာဟိ - ရုန့်ရင်းကုန်သော၊
ဝါစာဟိ - ဝစ္စမဂ် ပဿာဝမဂ် မေထုန်နှင့်စပ်သောစကားတို့ဖြင့်၊
ဩဘာသိတုံ - ယုတ်ယုတ်မာမာ ပြောဆိုခြင်းငှာ၊
အလံ - စွမ်းနိုင်သည်၊
ဟောတိ - ဖြစ်အံ့၊
ယော ပန ဘိက္ခု - သည်၊
တထာရူပေ - ထိုသို့ သဘောရှိသော၊
အာသနေ - နေရာ၌၊
မာတုဂါမေန သဒ္ဓိံ ဧကော ဧကာယ၊
ရဟော - နား၏ကွယ်ရာ၌၊
နိသဇ္ဇံ ကပ္ပေယျ၊ တမေနံ သဒ္ဓေယျဝစသာ ဥပါသိကာ ဒိသွာ၊
ဒွိန္နံ - ၂ ပါး ကုန်သော၊
ဓမ္မာနံ - အာပတ်တို့တွင်၊
အညတရေန သံဃာဒိသေသေန ဝါ ပါစိတ္တိယေနဝါ ဝဒေယျ၊
(နောက်၌ ပထမ သိက္ခာပုဒ်ကို မှီး၍ အနက်ဆိုလေ၊)
အယမ္ပိဓမ္မော - ဤ အာပတ်သည်လည်း၊
အနိယတော - အနိယတ အာပတ်တည်း၊
ဝါ - သံဃာဒိသေသ် ပါစိတ်ဟု အမြဲ မသတ်မှတ်အပ်သော အာပတ်တည်း၊
ဥဒ္ဒိဋ္ဌာ ခေါ အာယသ္မန္တော ဒွေ အနိယတာ ဓမ္မာ။ တတ္ထာယသ္မန္တေ ပုစ္ဆာမိ, ကစ္စိတ္ထ ပရိသုဒ္ဓါ၊ ဒုတိယမ္ပိ ပုစ္ဆာမိ, ကစ္စိတ္ထ ပရိသုဒ္ဓါ၊ တတိယမ္ပိ ပုစ္ဆာမိ, ကစ္စိတ္ထ ပရိသုဒ္ဓါ၊ ပရိသုဒ္ဓေတ္ထာယသ္မန္တော၊ တသ္မာ တုဏှီ၊ ဧဝမေတံ ဓာရယာမီတိ။
[“ဥဒ္ဒိဋ္ဌာ ခေါ” စသော စသော နိဂုံးဝါကျ၌လည်း အနက် မထူးပြီ၊ ယာဝ တတိယာနုဿာဝနဝယ် “တတ္ထ - ထို အနိယတတို့၌”ဟု အနက်ပေးရုံသာ။]
အနိယတာ - အနိယတတို့သည်၊
နိဋ္ဌိတာ - ပြီးကုန်ပြီ။
ဒုတိယ အနိယတ
ဤသိက္ခာပုဒ်၌ မြန်မာပြန်ကို ရှေ့သိက္ခာပုဒ် မှီး၍ ပြန်နိူင်လောက်ပြီ။
“နဟေဝ ခေါ ပန ပတိစ္ဆန္နံ အာသနံ ဟောတိ နာလံ ကမ္မနိယံ = နေရာက အကာမရှိ၊ ဟာလာဟင်းလင်း ဖြစ်၍ မေထုန်ပြုခြင်းငှာ မဖြစ်နိူင်” ဟု ဆိုသောကြောင့် “ရဟော” အရ မျက်စိကွယ်ရာကို မယူဘဲ နားကွယ်ရာကိုသာ ယူရခြင်း၊
“အလဉ္စ ၊ပေ၊ ဩဘာသိတုံ” ဟု ဆိုသောကြောင့် သံဃာဒိသေသ် အရာဝယ် ပါဠိတော်၌ တိုက်ရိုက်ပြသော ကာယသံသဂ္ဂအပြင် ဒုဋ္ဌုလ္လဝါစာ သံဃာဒိသေသ် အာပတ်ကိုလည်း ထပ်မံ သွင်းယူရခြင်း၊
ပါစိတ် အရာဝယ် ဘိက္ခုနောဝါဒဝဂ်၊ အစေလကဝဂ်တို့၌ လာသော ရဟောနိသဇ္ဇ သိက္ခာပုဒ် ၂ ပါးကို ယူရခြင်း၊
မိန်းမများလည်း အဖော်ဖြစ်နိုင်ခြင်းသာ ရှေ့ သိက္ခာပုဒ်မှ ထူး၏။
ဆက်ဦးအံ့ ---
မိန်းမတို့သည် အခြားတယောက်၏ မေထုန်ဖြင့် ဖောက်ပြန်သည်ကို မဖော်ပြလိုကြသော်လည်း ကာယသံသဂ္ဂ - ဒုဋ္ဌုလ္လဝါစာမှုကိုကား ထုတ်ဖော် ကြေငြာတတ်ကြလေသည်။
“ရဟော” အရ နား၏ ကွယ်ရာအရပ် ကိုလည်း ၁၂ တောင်ဖြင့် သတ်မှတ်ကြ၏။ ထို့ကြောင့် ဟင်းလင်း အပြင်ဝယ် မာတုဂါမနှင့် အတူနေရာ၌ ၁၂ တောင် အတွင်းမှာ အဖော် (ယောက်ျား ဖြစ်စေ၊ မိန်းမ ဖြစ်စေ) မရှိလျှင် “ဧကော ဧကောယ ရဟော နိသဇ္ဇံ ကပ္ပေယျ” ဖြစ်သည်။
[ဒုတိယေ ဣတ္ထီပိ ပုရိသောပိ ယောကောစိ ဝိညူ အနန္ဓော အဗဓိရော (ကန်းသူ၊ နားထိုင်းသူ မဟုတ်သော) အန္တောဒွါဒသဟတ္ထေ ဩကာသေ ဌိတော ၊ပေ၊ အနာပတ္တိ” ကရောတိ။ -ကင်္ခါ။]
အနိယတ ပညတ်ရကျိုး
အနိယတသိက္ခာပုဒ် ၂ ပါးအတွက် သီးခြား အာပတ်မရှိ။ ပါရာဇိက၊ သံဃာဒိသေသ်၊ ပါစိတ်တို့၌ ပညတ်တော်မူပြီးသော အာပတ်များကိုပင် “အနိယတအာပတ်”ဟု ထပ်မံ၍ ပြတော်မူသည်။ သို့ဖြစ်၍ အနိယတ ၂ ပါးကို ဘယ်အကျိုးငှာ ပြတော်မူပါသနည်း ဟု မေးဘွယ် ရှိ၏။
အဖြေကား –
“သိက္ခာပုဒ်၌ ပြထားသော အရိယာ ဥပါသိကာမ ကိုယ်တိုင် ဖြစ်စေ၊ အခြား ယုံကြည်လောက်သူက ဖြစ်စေ စွပ်စွဲ ပြောဆိုစေကာမူ အစွပ်စွဲ ခံရသော ရဟန်းက (ဟုတ်ပါသည်ဟု) ဝန်ခံမှသာ အာပတ်ဖြင့် ဆုံးဖြတ်ရမည်၊ ဝန်မခံလျှင် အာပတ်ဖြင့် မဆုံးဖြတ်ရ”ဟု ဝိနည်းတော် ဆုံးဖြတ်နည်း လက္ခဏာ ကိုပြုခြင်း အကျိုးငှာ ဤ အနိယတ ၂ ပါးကိုပြတော်မူသည်။
[ဤ ဆုံးဖြတ်နည်း လက္ခဏာသည် ဘိက္ခုနီများအတွက်လည်း သက်ရောက်သောကြောင့် ဘိက္ခုနီ ပါတိမောက်၌ အနိယတ သိက္ခာပုဒ်များကို မပြတော့ချေ။]
[ဆောင်]
အနိယတုတ်, သိက္ခာပုဒ်၌, ဖော်ထုတ်အာပတ်, ထူး မတပ်လည်း ဆုံးဖြတ် နည်းနာ, လက္ခဏာကို, လျော်စွာပြမှု ပညတ်ပြု၏, ဘိက္ခုနီလည်း, ဤတိုင်းမှီးဘို့ တသီးတခြား ထပ် မထားသည်, မှတ်သား ဋီကာအမိန့်တည်း။
မှတ်ချက်
နည်း ၂ မျိုးလုံး၌ “ဝန်ခံမှသာ အာပတ်ဖြင့် ဆုံးဖြတ်ရမည်” ဟု မိန့်တော်မူသောကြောင့် နဂိုက လဇ္ဇီ သူတော်ကောင်းဟု ထင်ရှားသော ပုဂ္ဂိုလ်ဖြစ်လျှင် ထိုပုဂ္ဂိုလ်က ဟုတ်ကြောင်း ဝန်ခံမှ ဆိုင်ရာ အာပတ်ဖြင့် ဆုံးဖြတ်ရမည်။
ထိုလဇ္ဇီပုဂ္ဂိုလ်က “စွပ်စွဲသလို မဟုတ်ပါ” ဟု ပြောဆိုလျှင်ကား အာပတ် မတပ်ဘဲ သုဒ္ဓ (စင်ကြယ်သော ပုဂ္ဂိုလ်) ဟု ဆုံးဖြတ်ရသည်။ အလဇ္ဇီပုဂ္ဂိုလ်ဟု ထင်ရှားသူက “စွပ်စွဲသည့်အတိုင်း မဟုတ်ပါ” ဟု ငြင်းကွယ် နေလျှင်ကား “နေဝသုဒ္ဓ နာသုဒ္ဓ - စင်ကြယ်သူလည်းမဆိုရ၊ မစင်ကြယ်သူလည်း မဆိုရ” ဟု ဆုံးဖြတ်ရသည်။
[အာပတ်တပ်၍၎င်း၊ အာပတ် မတပ်ဘဲ ဝတ္ထုကို ပြ၍၎င်း စောဒနာနည်း ၂ မျိုးကို “နည်း ၂ မျိုး”ဟု ဆိုသည်။]
လေ့ကျင့်ခန်း မေးခွန်းများ
က။ ပထမ အနိယတသိက္ခာပုဒ်၌ သိက္ခာပုဒ် မြန်မာပြန်နှင့်တကွ ပြလိုရင်းကိုလည်း ဖော်ပြပါ။
ခ။ အနိယတ ၂ ပါးလုံး၌ “ရဟော”အရ ထူးခြားပုံနှင့် နေရာ ၂ခု ထူးခြားပုံကိုလည်း ပြပါ။
ဂ။ အနီးအပါး၌ မိန်းမအဖော်ရှိနေလျှင် “ဧကော ဧကာယ” ဖြစ်-မဖြစ်ကို သိက္ခာပုဒ် ၂ ပါး ခွဲခြား၍ စိစစ်ပါ။
ဃ။ ထို စိစစ်ရာ၌ ဘာ့ကြောင့် မာတုဂါမသည် အဖော်ဖြစ်နိုင်- ဘာ့ကြောင့် အဖော်မဖြစ်နိုင်ပုံကိုလည်း ပြပါ။
င။ သောတရဟ၌ မည်မျှလောက်အရပ်ဝယ် အဖော်မရှိမှသာ သောတရဟ ဖြစ်သနည်း။
စ။ “နိသဇ္ဇံကပ္ပေယျ”၌ လျောင်းခြင်းကိုလည်း သွင်းသင့် - မသွင်းသင့်ကို အကြောင်းပြ၍ ဖြေပါ။
ဆ။ “သဒ္ဓေယျဝစသာ”ဟူသည် အဘယ် ဥပါသိကာမမျိုးပါနည်း။
ဇ။ “ယေနဝါ ၊ပေ၊ ကာရေတဗ္ဗော”အရ စောဒနာနည်းကို ထင်ရှားပြပါ။
ဈ။ အာပတ် ၇ ဖုံတွင် “အနိယတအာပတ်”ဟု သီးခြားရှိသေးသလော။
ဉ။ အနိယတ ၂ ပါးလုံး၌ ယူရမည့် မာတုဂါမကို ခွဲခြားပြ၍ သိက္ခာပုဒ် ပါးလုံး၌ သင့်ခွင့်ရှိသော အာပတ်များကို ခွဲခြားပြပါ။
ဋ။ အနိယတသိက္ခာပုဒ်ဖြင့် အထူးပညတ်အပ်သော အာပတ် မရှိပါဘဲလျက် ဘယ်အကျိုးငှာ ဤ အနိယတ ၂ ပါးကို မိန့်တော်မူရသနည်း။
ဌ။ ဘိက္ခုနီများအတွက် ဘာ့ကြောင့် အနိယတ သိက္ခာပုဒ်ကို ပညတ်တော် မမူပါသနည်း။
ဍ။ နည်း ၂ မျိုးလုံး၌ “ဝန်ခံမှ ဆုံးဖြတ်ရမည်”ဟု ဆိုရာ အလဇ္ဇီက ဝန်မခံလျှင် ဘယ်ပုံ ဆုံးဖြတ်ရမည်နည်း။
အနိယတအခန်း ပြီးပြီ။
နိသဂ္ဂိယပါစိတ် အခန်း (စီဝရဝဂ်)
▬▬▬▬▬▬▬▬▬▬▬▬
အချီ
ဣမေ ခေါ ပနာယသ္မန္တော တိံသ နိဿဂ္ဂိယာ ပါစိတ္တိယာ ဓမ္မာ ဥဒ္ဒေသံ အာဂစ္ဆန္တိ။
အာယသ္မန္တော - အရှင်တို့၊
တိံသ - သုံးဆယ်သော၊
နိသဂ္ဂိယာ - စွန့်ခြင်း ဝိနည်းကံရှိကုန်သော၊
ပါစိတ္တိယာ - ပါစိတ် မည်ကုန်သော၊
ဣမေ ခေါပန ဓမ္မာ - တို့သည်၊
ဥဒ္ဒေသံ - သို့၊
အာဂစ္ဆန္တိ - န်၏။
နိသဂ္ဂိယပါစိတ် အခန်း (စီဝရဝဂ်)
၁။ ပထမကထိန သိက္ခာပုဒ်
ကထိန သိက္ခာပဒ
၁။ နိဋ္ဌိတစီဝရသ္မိံ ဘိက္ခုနာ ဥဗ္ဘတသ္မိံ ကထိနေ ဒသာဟပရမံ အတိရေကစီဝရံ ဓာရေတဗ္ဗံ၊ တံ အတိက္ကာမ-ယတော နိဿဂ္ဂိယံ ပါစိတ္တိယံ။
စီဝရသ္မိံ - သင်္ကန်းသည်၊
နိဋ္ဌိတေ - ပြီးဆုံးသော်၎င်း၊
ကထိနေ - ကထိန်ကို၊
ဥဗ္ဘတသ္မိံ - နုတ်အပ်ပြီးသော်၎င်း၊
ဘိက္ခုနာ - ရဟန်းသည်၊
ဒသာဟပရမံ - ဆယ်ရက် အလွန် အပိုင်းအခြားရှိသော ကာလပတ်လုံး၊
အတိရေက စီဝရံ - အဓိဋ္ဌာန်တင်အပ် ဝိကပ္ပနာပြုအပ်သော သင်္ကန်းမှ အပိုသင်္ကန်းကို၊
ဓာရေတဗ္ဗံ - ဆောင်ထားနိုင်၏၊
တံ - ထို ဆယ်ရက်ကာလကို၊
အတိက္ကာမ ယတော - လွန်စေသောရဟန်း၏၊
နိသဂ္ဂိယံ - စွန့်ခြင်းဝိနည်းကံရှိသော၊
ပါစိတ္တိယံ - ပါစိတ်အာပတ်သည်၊
ဟောတိ - ဖြစ်၏။
ပထမ ကထိန
ဤသိက္ခာပုဒ်ကား “စီဝရ ပလိဗောဓ၊ အာဝါသ ပလိဗောဓ ဟူသော ပလိဗောဓ ၂ မျိုးမရှိလျှင် အသစ် ရအပ်သော သင်္ကန်းကို အဓိဋ္ဌာန်လည်း မတင်၊ ဝိကပ္ပနာလည်း မပြုဘဲ အလွန်ဆုံး ၁ဝ ရက်သာ ထားနိုင်၏။ ၁ဝ ရက်က လွန်လျှင် နိသဂ္ဂိယ ပါစိတ်အာပတ် သင့်သည်”ဟု ပညတ်တော်မူအပ်သော သိက္ခာပုဒ်တည်း။
ဆက်ဦးအံ့ -
“ကထိန့်အာနိသင်”ဟု ခေါ်ကြသော “ကထိန်၏ အကျိုး” ကား “အနာမန္တစာရ၊ အသမာဒါနစာရ၊ ယာဝဒတ္ထစီဝရ၊ ဂဏဘောဇန၊ ယောစတတ္ထ စီဝရုပ္ပါဒ” ဟု ၅ မျိုးရှိ၏။
[ထို ၅ မျိုး အကျယ်ကို ကထိန်နှင့် ဆိုင်သော အဆုံးအဖြတ်များနှင့် မဟာဝဂ္ဂ ကထိနက္ခန္ဓကမှာ ရှုပါ။]
ထို ၅ မျိုး တွင် ယာဝဒတ္ထစီဝရဟူသည် ကထိန့်အာနိသင် ရနေသမျှ ကာလပတ်လုံး အလိုရှိသလောက် သင်္ကန်းများကို အဓိဋ္ဌာန်မတင်၊ ဝိကပ္ပနာလည်း မပြုဘဲ ထားခွင့် ရခြင်းတည်း။
အာနိသင် ရရာကာလ
ကထိန် မခင်းရလျှင် သီတင်းကျွတ် လပြည့် ကျော် ၁ ရက်နေ့မှစ၍ တန်ဆောင်မုန်း လပြည့်အထိ ၁ လ ကာလသည်၎င်း၊ ကထိန်ခင်းရလျှင် တပေါင်းလပြည့်အထိ ၅ လ ကာလသည်၎င်း အာနိသင်ရရာ ၅ လ ကာလ မည်၏။
ဆက်ဦးအံ့—
“ထိုလအတွင်း၌ သင်္ကန်းကို အဓိဋ္ဌာန် မတင်၊ ဝိကပ္ပနာ မပြုဘဲ ထားခွင့်ရသည်” ဟု ဆိုသော်လည်း စီဝရပလိဗောဓ၊ အာဝါသပလိဗောဓ ၂ ပါးတွင် တပါးပါး ရှိမှသာ ထားခွင့်ရသည်။
ထိုတွင် မချုပ်ရသေးသော သင်္ကန်း အစသည် စီဝရပလိဗောဓ မည်၏။
ကထိန်ခင်းရာ၊ မိမိ၏ နေရာလည်းဖြစ်သော ကျောင်းတိုက်သည် အာဝါသပလိဗောဓ မည်၏။
ထို ပလိဗောဓ ၂ ပါး ပြတ်စဲသွားလျှင်ကား တပေါင်းလ မပြည့်ခင်ပင် ကထိန်နှုတ်ပြီး ဖြစ်၍ ကထိန့်အာနိသင် ၅ ပါးလုံး ပျက်ပြယ်ရတော့ကား အဓိဋ္ဌာန် ဝိကပ္ပနာ မပြုဘဲ ၁ဝ ရက်ထက်ပို၍ သင်္ကန်းထားခွင့် မရတော့ချေ။
[ဤစကားနှင့်စပ်၍ ကထိန်ခင်းပုံ၊ ကထိန်နုတ်များကို မဟာဝဂ္ဂ ကထိနက္ခန္ဓကနှင့် ဆိုင်ရာ ဝိနိစ္ဆယတို့မှာ ရှုပါ။]
နိဋ္ဌိတ စီဝရသ္မိံ
နိဋ္ဌိတေဟု ရှိသင့်လျက် သ္မိံ ဝိဘတ်ကိုချေ၍ “နိဋ္ဌိတ” ရှိသည်ဟု သာရတ္တ ဖွင့်၏။ ကင်္ခါဋီကာ၌ကား “နိဋ္ဌိတဉ္စ (တံ) စီဝရဉ္စ” ဟု ဖွင့်၏။ ကင်္ခါဋီကာအလို “နိဋ္ဌိတ စီဝရသ္မိံ - သင်္ကန်းပြီးဆုံးသော်”ဟု ပေးပါ။ ဤ “နိဋ္ဌိတ စီဝရသ္မိံ”ပါဌ်ဖြင့် ထိုရဟန်းမှာ စီဝရပလိဗောဓ မရှိတော့ကြောင်းကို ပြ၏။
ချဲ့ဦးအံ့-
ကထိန်ခင်းရာမှ သင်္ကန်းချုပ်ရန် (အာနိသင်) ပိတ်ဖျင် ရသော ရဟန်းသည် ထိုသင်္ကန်းကို မချုပ်လိုသေး သောကြောင့် ဖြစ်စေ၊ မချုပ်လောက်သဖြင့် အခြားမှ ပိတ်စ ရခွင့်ကို မျှော်လင့် စောင့်ဆိုင်းနေသောကြောင့် ဖြစ်စေ သင်္ကန်းချုပ်ခြင်းကိစ္စ မပြီးပြတ်သေးသမျှ စီဝရပလိဗောဓ ရှိနေသေး၏။ စီဝရပလိဗောဓ ရှိနေလျှင် “နိဋ္ဌိတစီဝရ”ဟု မဆိုရသေး။
ပလိဗောဓ
သင်္ကန်း၌ “ချုပ်ဆိုးဦးအံ့” ဟု စိတ်စိုက်နေမှုသည် အခြားကိစ္စကို နှောင့်ယှက် တားမြစ်တတ် သောကြောင့် ပလိဗောဓ မည်၏။ ထို စီဝရပလိဗောဓ ရှိနေသမျှ တပေါင်းလပြည့်အတွင်း၌ ကထိန့်အာနိသင် ရနေသဖြင့် အဓိဋ္ဌာန်ဝိကပ္ပနာ မပြုဘဲ သင်္ကန်းထားခွင့်ရ၏။
ထို သင်္ကန်းစကို ချုပ်၍ ပြီးသော်၎င်း၊
တနည်းနည်းဖြင့် ပျောက်ဆုံးပျက်စီးသော်၎င်း၊
ရဘို့ရန်မျှော်လင့် နေသော အရပ်မှ “မရတော့ပါဘူး”ဟု အာသာပြယ်သော်၎င်း
ထိုသင်္ကန်းနှင့် စပ်၍ ကိစ္စပြီးပြတ်လေရကား နိဋ္ဌိတစီဝရ ဖြစ်လေတော့၏။
ဝါ-စီဝရပလိဗောဓ ပြတ်တော့၏။
ယခုကာလ မှတ်ဘွယ်
ယခုကာလ၌ များသောအားဖြင့် နဂိုကပင် ချုပ်ပြီး ဆိုးပြီးသော သင်္ကန်းကို ရလေ့ရှိသောကြောင့် နိဋ္ဌိတစီဝရဖြစ်ပြီး၊ စီဝရ ပလိဗောဓ ပြတ်ပြီးဖြစ်လေပြီ။ အာဝါသပလိဗောဓ ရှိသေးသောကြောင့်သာ အသစ်ရအပ်သော သင်္ကန်းကို အဓိဋ္ဌာန် မတင်၊ ဝိကပ္ပနာ မပြုဘဲ ထားခွင့်ရကြသည်။
ဥဗ္ဘတသ္မိံ ကထိနေ
“ကထိန်နုတ်” ဟူသည် ကထိန်ခင်းထားသဖြင့် ရရှိနေသော အရှိန်အဝါ အကျိုးအာနိသင်များကို ရုပ်သိမ်း လိုက်ခြင်းတည်း။ ထို နုတ်ခြင်းသည် --
* တပေါင်းလပြည့် မတိုင်မီအတွင်း၌ ကမ္မဝါစာဖြင့် နုတ်ခြင်း၊
* တပေါင်းလ ပြည့်သဖြင့် အလိုလိုနုတ်ခြင်း၊
* ထို ကထိန်ခင်းရာ ကျောင်းတိုက်၌ ဆက်လက် မနေတော့ဘဲ အခြားကျောင်းတိုက်သို့ ရွှေ့ပြောင်း နေထိုင်သော အားဖြင့် နှုတ်ခြင်း၊
* တခြားကျောင်းသို့ ခေတ္တသွားလေရာ သဘောကျ၍ မပြန်တော့အံ့ဟု ဆုံးဖြတ်သောအားဖြင့် နုတ်ခြင်း
ဟု အမျိုးမျိုးရှိ၏။ ထိုနည်း တမျိုးမျိုးဖြင့် နုတ်ရာ၌ (နဂိုက စီဝရပလိဗောဓ ပြတ်ပြီးဖြစ်သူမှာ) အာဝါသ ပလိဗောဓ ပြတ်စဲလေတော့သည်။
[ကျောင်းတိုက်အာဝါသ၌ တွယ်တာမှုသည် အခြား၌ နေခြင်းကို နှောင့်ယှက် တားမြစ်သောကြောင့် ပလိဗောဓ မည်၏။]
မှတ်ချက်
ဤ ဥဗ္ဘတသ္မိံ ကထိနေ အရ တပေါင်းလ ပြည့်၍ အလိုလို နုတ်ရာ၌ တပေါင်းလ ပြည့်မှပင် ကထိန်အာနိသင် ပြယ်ပေမည်။ တပေါင်းလ မပြည့်မီ အခြားကျောင်းတိုက်သို့ ရွှေ့ပြောင်း နေထိုင်ခြင်း စသည်ဖြင့် နုတ်ရာ၌ကား အာဝါသပလိဗောဓ ပြတ်စဲသောကြောင့် (နိဋ္ဌိတစီဝရ ဖြစ်ပြီးသူမှာ) ကထိန်အာနိသင်အားလုံး ပျက်ပြယ်ပြီဟု မှတ်ပါ။ ယခုကာလ၌ ပြောင်းရွှေ့ နေထိုင်သည့်အတွက် ကထိန်အာနိသင် ပျက်ပုံကို သတိမပြုဘဲ ရှိတတ်သည်။
ဒသာဟ ပရမံ
ပရမသဒ္ဒါသည် “အလွန်” ဟူသော အနက်ကို ဟော၏။ အလွန်ဟူသည်လည်း အလွန်ဆုံး အပိုင်းအခြား တည်း။ ထို့ကြောင့် ပရမောကို “ပရိစ္ဆေဒေါ”ဟု အနက်ဖွင့်သည်။ “ဆယ်ရက်အလွန် အပိုင်းအခြား ရှိသော ကာလ” ဟူရာ၌ “ဆယ်ရက်ထက် မပိုစေရ”ဟု ဆိုလိုသည်။
အတိရေကစီဝရံ ဓာရေတဗ္ဗံ
“အတိရေက စီဝရ = အပိုသင်္ကန်း” ဟူသည် အဓိဋ္ဌာန်သော်လည်း တင်ထားအပ်၊ ဝိကပ္ပနာ သော်လည်း ပြုထားအပ်သော သင်္ကန်းတို့တွင် မပါဝင်ဘဲ ထို သင်္ကန်းတို့မှ အပိုအလျှံဖြစ်သော သင်္ကန်းတည်း။
“အတိရေက စီဝရကို ဆောင်ထားနိုင်၏” ဟူရာ၌ “အဓိဋ္ဌာန် မတင်၊ ဝိကပ္ပနာ မပြုဘဲ (အလွန်ဆုံး ၁၀ ရက်) ထားနိုင်၏၊ ထားကောင်း၏၊ ထားခြင်းကြောင့် အာပတ်မသင့်”ဟု ဆိုလို၏။
[ဓာရေတဗ္ဗံ၌ တဗ္ဗပစ္စည်းသည် အနုညာ (ခွင့်ပြုခြင်း) အနက်ဟောတည်း။ ဝိနည်းပညတ်တော်၌ ခွင့်ပြုချက် မှန်သမျှကို အနုညာ ဟုချည်း မှတ်ပါ။]
နိသဂ္ဂိယံ ပါစိတ္တိယံ
ထို ၁ဝ ရက် လွန်လျှင် (အဓိဋ္ဌာန်ဝိကပ္ပနာတခုခု မပြုဘဲ ၁ဝ ရက်ထက် ပို၍ထားလျှင်) နိသဂ္ဂိယ ပါစိတ် အာပတ် သင့်တော့၏။ “နိသဂ္ဂိယ” ၌ “စွန့်ထိုက်” ဟု၎င်း၊ “စွန့်ခြင်းရှိ” ဟု၎င်း ၂ နည်း ဖွင့်၏။
နိသဇ္ဇီယတေ - စွန့်လိုက်၏၊
ဣတိ - ထို့ကြောင့်၊
နိသဂ္ဂိယံ - မည်၏။
ဤနည်း၌ -
“အတိက္ကာ မယတော - ၏၊
စီဝရံ - သင်္ကန်းသည်၊
နိသဂ္ဂိယံ - စွန့်အပ် စွန့်ထိုက်သည်၎င်း၊
ပါစိတ္တိယံ - ပါစိတ်အာပတ်သည်၎င်း၊
ဟောတိ - ဖြစ်၏”ဟု အနက်ဆို။
ဒုတိယနည်း၌ “နိသဂ္ဂိယံ အဿာတိ နိသဂ္ဂိယံ”
“အဿ - ထို ပါစိတ်အာပတ်၏၊
နိသဂ္ဂိယံ - စွန့်ခြင်း ဝိနည်းကံသည်၊
အတ္ထိ - ရှိ၏၊
ဣတိ - ကြောင့်၊
တံ - ထို ပါစိတ်အာပတ်သည်၊
နိသဂ္ဂိယံ - မည်၏” ဟု ပြု။
နိဿယ၌ ဤနည်းအတိုင်း အနက် ပေးထားပြီး။
[ပါစိတ္တိယပုဒ်ကို သုဒ္ဓပါစိတ်ကျမှ ဖွင့်မည်။]
သင်္ကန်း ၆ မျိုး
“အဓိဋ္ဌာန်ဝိကပ္ပနာ တခုခုမပြုဘဲ ဆယ်ရက်ကိုလွန်၍ မထားရ”ဟု ဆိုသောကြောင့် သင်္ကန်း ၆ မျိုး အဓိဋ္ဌာန်လောက်သော ပမာဏ၊ အဓိဋ္ဌာန်ဝိကပ္ပနာ ပြုပုံများကို သိသင့်ပေသည်။ ထိုတွင် ပမာဏကိုပြရာ၌ အဋ္ဌကထာ ရှိတိုင်းသာ သိက္ခာပုဒ်တိုင်းမှာ ပြလိမ့်မည်။ သင်္ကန်း ၆ မျိုးကား ——
၁။ ခေါမ=ခုမ်ချည်ဖြင့် ရက်အပ်သော အဝတ်၊ (တနည်း) ခေါမတိုင်း၌ ဖြစ်သော အဝတ်။
၂။ ကပ္ပာသိက=ဝါချည်ဖြင့် ရက်အပ်သော ပိတ်၊ ဖျင်၊ ဇင်၊ အဝတ်။
၃။ ကောသေယျ=ပိုးချည်ဖြင့် ရက်အပ်သော ပိုးထည်အဝတ်။
၄။ ကမ္ဗလ=သားမွေးဖြင့် ရက်အပ်သော ကမ္ဗလာ (သက္ကလပ်) အဝတ်။
၅။ သာဏ=ပိုက်ဆံလျှော်ချည်ဖြင့် ရက်အပ်သော အဝတ်။
၆။ ဘင်္ဂ=ဘန်ချည်ဖြင့် ရက်အပ်သော
(တနည်း-ရှေ့၌ ပြအပ်ခဲ့သော ချည် ၅ မျိုးရော၍ ရက်အပ်သော) အဝတ်၊
ဤသို့ သင်္ကန်း ချုပ်ဘို့ရာ အဝတ် ၆ မျိုးကို မှတ်ပါ။
[ဆောင်] ခေါမ ကောသေယျ ကပ္ပါသ-သာဏ ဘင်္ဂါနိ ကမ္ဗလံ။
ပမာဏ
[သင်္ကန်း ၃ ထည်၏ ပမာဏကို သုဂတစီဝရသိက္ခာပုဒ် ကျမှ ပြမည်။]
ဝဍ္ဎကီဟတ္ထဟု၎င်း၊ မဇ္ဈိမပုရိသဟတ္ထဟု၎င်း ခေါ်အပ်သော လက်သမားတို့ အတောင် (ကိုက်တောင်) အားဖြင့် အလျား တတောင်၊ အနံ တထွာရှိသော အဝတ်သည် အဓိဋ္ဌာန်တင်လောက်၊ ဝိကပ္ပနာပြုလောက်သော အဝတ်တည်း။
သို့ဖြစ်၍ သင်္ကန်းချုပ်ဘို့ရန် သင့်တော်သော ပိတ်၊ ဖျင်၊ မျက်နှာသုတ်ပဝါ စသည်ကိုရလျှင် ပမာဏ လောက်က ပရိက္ခာရစောဠ - အဓိဋ္ဌာန်တင်၍ ဖြစ်စေ၊ ဝိကပ္ပနာပြု၍ဖြစ်စေ သုံးစွဲရမည်။
[အဓိဋ္ဌာန်တင်ပုံ နောက်၌ ပြမည်။]
[ဆောင်]
ကိုက်တောင် ခေါ်ငြား လက်သမား၏ အလျား တတောင်မှန်, တထွာနံ, ဓိဋ္ဌာန် ဝိကပ်လောက်။
အချို့အယူ
“ရှင်စောတထွာ, မဂ်သုံးထွာ တို့ထွာ ခေါက်ချိုးတက်” ဟု ဆိုကြ၏။
ဆိုလိုရင်းကား ဘုရား တထွာသည် မဇ္ဈိမပုရိသတို့ ၃ ထွာနှင့် ညီမျှ၏။
မဇ္ဈိမပုရိသတို့၏ ပမာဏနှင့် ဝဍ္ဎကီဟတ္ထ (လက်သမားတောင်) မှာ ပမာဏတူပင်။
ထို မဇ္ဈိမပုရိသကို ခေါက်ချိုးတက်၍ ၄ ထွာ လက် ၆ သစ်သည် ငါတို့အတွက် ဖြစ်သတဲ့။
“ထိုတွင် ဘုရားတထွာနှင့် မဇ္ဈိမပုရိသ ၃ ထွာသည် ညီမျှ၏”ဟု ဆိုသောစကားမှာ အဋ္ဌကထာ စကားပင်တည်း။
“ထို မဇ္ဈိမ ပုရိသ ပမာဏကို ခေါက်ချိုးတက်မှ ငါတို့ တထွာနှင့် ညီမျှသည်” ဟူသော စကားကား အဋ္ဌကထာ စကား မဟုတ်၊ မြန်မာနိူင်ငံကျမှ ဝိနယာလင်္ကာရ စသည်တို့ မှန်းဆအပ်သောစကား ဖြစ်သတတ်။
ထို မှန်းဆချက်လည်း ဘုရားအရပ်တော်ကို ၁၈ တောင် အမှန်ယူ၍ “ဘုရား အရပ်တော်သည် ဘုရားအတောင်နှင့် ၄ တောင်သာ ရှိရမည်၊ မဇ္ဈိမပုရိသတို့ အတောင်နှင့် ၃ ဆတက်လျှင် ၁၂ တောင်သာ ရှိသင့်၏။ ထပ်၍ ခေါက်ချိုး ၃ (၆ တောင်)တက်ပြန်လျှင် ငါတို့ လူများ၏ အရေအတွက်ဖြင့် ၁၈ တောင် ဖြစ်သင့်သည်”ဟု ကြံဆခြင်း ဖြစ်သည်။
အဓိဋ္ဌာန် ၂ မျိုး
အဓိဋ္ဌာနသဒ္ဒါသည် “စွဲမြဲစွာတည်ခြင်း =ဆောက်တည်ခြင်း”ဟု အနက်ထွက်၏။
[အဓိ = စွဲစွဲမြဲမြဲ (ဝါ- စိုက်ဆောက်ထားသကဲ့သို့) + ဋ္ဌာန = တည်ခြင်း။]
ထို အဓိဋ္ဌာန်တင်ခြင်းသည် တိစီဝရိတ် အဓိဋ္ဌာန်တင်ခြင်း၊ ပရိက္ခာရစောဠ အဓိဋ္ဌာန်တင်ခြင်းဟု ၂ မျိုးရှိ၏။
တိစီဝရိတ် အဓိဋ္ဌာန်တင်ပုံ
“သင်းပိုင်၊ ဧကသီ၊ သင်္ကန်းကြီး” ဤ ၃ ထည်ကို “တိစီဝရိတ်”ဟု ခေါ်၏။
ထိုတွင် သင်းပိုင်ကိုဖြစ်စေ၊ ဧကသီ၊ သင်္ကန်းကြီး တထည်ထည်ကို ဖြစ်စေ အဓိဋ္ဌာန် တင်လိုလျှင် အနီးအပါးရှိက “ဣမံ”ဟု၎င်း၊ အဝေးမှာရှိက ရှိရာအရပ်ကို မှန်းလျက် “ဧတံ”ဟု၎င်း တွဲ၍
* “၁။ ဣမံ အန္တရ ဝါသင်္ကံ အဓိဋ္ဌာမိ၊ ....
* ၂။ ဣမံ ဥတ္တရာသံဂံ အဓိဋ္ဌာမိ၊ ....
* ၃။ ဣမံ သံဃာဋိံ အဓိဋ္ဌာမိ”ဟု ဆိုရာ၏။
နှုတ်ဖြင့် မရွတ်နိူင်လျှင် ကိုယ်ဖြင့် သင်္ကန်းကို ကိုင်၍ ဤ အဆိုအတိုင်း မှန်းလျက်လည်း အဓိဋ္ဌာန် တင်ကောင်းပါ၏။
[ဣမံ - ဤသင်္ကန်းကို၊ အန္တရဝါသကံ - သင်းပိုင်ဟူ၍၊ အဓိဋ္ဌာမိ - ဆောက်တည်ပါ၏၊ ဝါ - အဓိဋ္ဌာန်ပါ၏၊ “ဥတ္တရာသံဂံ - ဧကသီဟူ၍၊ သံဃာဋိံ - ၂ ထပ်သင်္ကန်းကြီး ဟူ၍”ဟု ဆိုပါ။ “ပရိက္ခာရစောဠန္တိ အဓိဋ္ဌာတဗ္ဗံ”ဟု ဣတိထည့်၍ ဖွင့်သောကြောင့် “ဟူ၍”ဟု ထည့်ရသည်။]
စောင့်ရှောက်ပုံ
ဤသို့ ဆိုင်ရာနာမည်တပ်၍ အဓိဋ္ဌာန် တင်ထားအပ်သော တိစီဝရိတ်ကို (ဆရာမှတ်မှတ်၊ တပည့်မှတ်မှတ် ဆိုသကဲ့သို့) သင်းပိုင် မှတ်မှတ်၊ ဧကသီမှတ်မှတ် ဂရုစိုက်ရလိမ့်မည်။ ဂရုစိုက်ပုံကား - ဝတ်၍သော်လည်း ထားရမည် မဝတ်လျှင် အရုဏ်တက်ချိန်မှာ မိမိ၏ ၂ တောင့်ထွာ အတွင်း၌ ရှိစေရမည်၊ ထိုသို့ မစောင့်ရှောက်လျှင် နောက်သိက္ခာပုဒ်အရ နိသဂ္ဂိဖြစ်၍ ပါစိတ်အာပတ် သင့်သည်။
[မိမိကျောင်းပေါ်မှာဖြစ်စေ၊ သိမ်တွင်းမှာဖြစ်စေ၊ ဒကာတဦး၏ ကျောင်းတိုက်၊ သို့မဟုတ် ဘုန်းကြီးတပါးပိုင် ကျောင်းတိုက်မှာ ဖြစ်စေ၊ ၂ တောင့်ထွာထက်ဝေး၍ ထားကောင်းပါသေး၏။ အကျယ်ကို နောက် သိက္ခာပုဒ် အဋ္ဌကထာမှာ ရှုပါ။]
ဤသို့ အဓိဋ္ဌာန်တင်၍ ဆောင်သူကို “ဝိနည်း တိစီဝရိတ် ဆောင်သူ”ဟု ခေါ်၏။
သူ့နာမည်ဖြင့် တထည်စီသာ
“ဝိနည်း တိစီဝရိတ်” ဆောင်ရာ၌ “အန္တရဝါသက၊ ဥတ္တရာသံဂ၊ သံဃာဋိ”ဟူသော နာမည်ဖြင့် တထည်စီသာ အဓိဋ္ဌာန်တင်နိူင်သည်။ ကျန်သော သင်းပိုင် စသည်ကို ပရိက္ခာရစောဠ အဓိဋ္ဌာန်သော်လည်း တင်ရ၊ သို့မဟုတ် ဝိကပ္ပနာသော်လည်း ပြုထားရသည်။ သို့ဖြစ်၍ သင်္ကန်းအသစ် ရသောအခါ သူ့နာမည်ဖြင့် အဓိဋ္ဌာန်တင်လိုလျှင် အဓိဋ္ဌာန် တင်အပ်ပြီးသော အဟောင်းကို “ပစ္စုဒ္ဓိုရ်”ဟူသော ဝိနည်းကံတခုကို ပြုပြီးမှ အသစ်ကို အဓိဋ္ဌာန်တင်ရသည်။
ပစ္စုဒ္ဓိုရ်
ပစ္စုဒ္ဓရဏ ဟူသော ပါဠိကို “ပစ္စုဒ္ဓိုရ်” ဟု သုံးစွဲကြ၏။ မြန်မာလို “ရုပ်သိမ်းခြင်း”ဟု အနက်ထွက်၏။
နဂိုက “အန္တရဝါသက” ဟု အဓိဋ္ဌာန်တင်ထားခဲ့ရာ “ထိုအဓိဋ္ဌာန်ချက်ကို ရုပ်သိမ်းလိုက်ပြီ”ဟု ဆိုလိုသည်။
“ဣမံ အန္တရဝါသကံ ပစ္စုဒ္ဓရာမိ
ဣမံ - ဤသင်္ကန်းကို၊
အန္တရဝါသကံ - အန္တရဝါသကကို၊
ဝါ-အန္တရဝါသကအဖြစ်မှ၊
ပစ္စုဒ္ဓရာမိ - ရုပ်သိမ်းပါ၏”။
ဥတ္တရာသံဂ၊ သံဃာဋိ တို့ကိုလည်း ဤနည်းအတိုင်းပြု။ အဝေးမှာရှိလျှင် “ဧတံ”ဟု ဆို၊ ဤသို့ ရုပ်သိမ်းပြီးမှ အသစ်သင်းပိုင်ကို ရှေးနည်းအတိုင်း အဓိဋ္ဌာန်တင်ရသည်။ ပစ္စုဒ္ဓိုရ် ပြုထားသော သင်းပိုင်ကိုလည်း သူတပါးအား လှူလိုလျှင် လှူ၊ မလှူ လိုလျှင် ဝိကပ္ပနာနှင့် ပရိက္ခာရစောဠ တခုခု ပြုထားရသည်။
[“ပစ္စုဒ္ဓရာမိ”ကို ထပေမိ ပရိစ္စဇာမိဟု ကင်္ခါဋီကာသစ် ဖွင့်၏။]
ပရိက္ခာရစောဠ အဓိဋ္ဌာန်
ထိုထိုကိစ္စ၌ သုံးစွဲရန်ဖြစ်သော ပရိက္ခရာ အဝတ်ကို “ပရိက္ခာရစောဠ” ဟု ခေါ်၏။
[ပရိက္ခာရ = အသုံးအဆောင် ပရိက္ခရာဖြစ်သော + စောဠ = အဝတ်၊]
ပရိက္ခာရစောဠဟူသော နာမည်ဖြင့် တိစီဝရိတ်နှင့်တကွ မည်သည့်အဝတ်မဆို အဓိဋ္ဌာန် တင်ကောင်း၏။
ဆိုလိုရင်းကား -
တိစီဝရိတ်ကိုလည်း သံဃာဋိ စသော သူ့နာမည်ဖြင့် တိစီဝရိတ်အဓိဋ္ဌာန် မတင်လိုလျှင် ပရိက္ခာရစောဠ နာမည်ဖြင့် တင်နိုင်၏။ အဓိဋ္ဌာန်လောက်သော ပိတ်တို ဖျင်စမှစ၍ အခြား အထည်များကိုလည်း ပရိက္ခာရစောဠ နာမည်ဖြင့် အဓိဋ္ဌာန်တင်ကောင်း၏ ဟူလို။
[ဘုံလျှို =ဖုံ၊ စောင်၊ ခေါင်းအုံး၊ ကော်ဇော များကိုကား အဓိဋ္ဌာန်တင်ဘွယ် မလို။]
ပရိက္ခာရစောဠ အဓိဋ္ဌာန် (ရွတ်ပုံ)
“ဣမံ စီဝရံ ပရိက္ခာရစောဠံ အဓိဋ္ဌာမိ”ဟုဆို။
အများဖြစ်လျှင် တခါတည်းပေါင်း၍ “ဣမာနိ စီဝရာနိ ပရိက္ခာရ စောဠာနိ အဓိဋ္ဌာမိ” ဟု ဆို။
အဝေးရှိလျှင် “ဧတံ စီဝရံ” ဟု၎င်း၊ များလျှင် “ဧတာနိ စီဝရာနိ” ဟု၎င်း ဆိုပါ။
ရဟန်း အသုံးအဆောင် အဝတ်မှန်လျှင် “စီဝရ” မည်သည်သာ။
“ဣမံ စီဝရံ - ဤသင်္ကန်းကို၊
ပရိက္ခာရစောဠ - ပရိက္ခရာ အဝတ်ဟူ၍၊
အဓိဋ္ဌာမိ - ပါ၏။”
[ဤပရိက္ခာရစောဠ အဓိဋ္ဌာန် တင်ထားလျှင် မိမိနှင့် ညဉ့်မကင်းအောင် စောင့်ရှောက်ဘွယ် မလို။]
သင်္ကန်း ၉ ထည်
သင်္ကန်း ၉ ထည်ကား -
၁-၃။ တိစီဝရိတ် ၃ ထည်၊
၄။ အိပ်ရာခင်း၊
၅။ မျက်နှာသုတ်ပဝါ၊
၆။ ပရိက္ခာရစောဠ (ပိတ်တို ဖျင်စ စသော သင်္ကန်း မချုပ်ရသေးသော အထည်များ)၊
၇။ နိသီဒိုန်၊
၈။ မိုးရေခံ သင်္ကန်း၊
၉။ အမာလွှမ်း သင်္ကန်းတည်း။
[သင်း=သင်းပိုင်။ ကိုယ်=ကိုယ်ရုံ ဧကသီ၊ ဒု=ဒုကုဋ် နှစ်ထပ် သင်္ကန်း။]
[ဆောင်] သင်း-ကိုယ်-ဒု-အိပ်, မျက်-ပရိက်, နိသိဒ်-မိုး-အမာ။
အဓိဋ္ဌာန်ကျကြောင်း
၁။ သူတပါးအား ပေးစွန့်ခြင်း၊
၂။ ခိုးယူသွားခြင်း၊
၃။ အကျွမ်းဝင်၍ ဝိဿာသဂ္ဂါဟ ယူနည်းဖြင့် ယူသွားခြင်း၊
၄။ (သင်္ကန်းရှင်က ဘိက္ခုနီဖြစ်လျှင်) သိက္ခာမချဘဲ လူဝတ်လဲခြင်း၊
၅။ ဘိက္ခု ဖြစ်လျှင် သိက္ခာချခြင်း၊
၆။ သေဆုံးခြင်း၊
၇။ လိင်ပြန်ခြင်း၊
၈။ ပစ္စုဒ္ဓိုရ်ပြုခြင်း၊
ဤ အကြောင်းရှစ်ပါးကား ပရိက္ခာရစောဠ ဖြစ်စေ၊ ပစ္စတ္ထရဏ စသော နာမည်ဖြင့် ဖြစ်စေ (အဓိဋ္ဌာန် တင်ထားသော အဝတ်များ၏ အတွက်) အဓိဋ္ဌာန်ကျ ကြောင်းတည်း။ အဓိဋ္ဌာန်ပျက်သည်ကို “ကျ” ဟု ဆိုသည်။
တိစီဝရိတ် (အတွက် ထူးခြားချက်)
တိစီဝရိတ် အဓိဋ္ဌာန်တင်၍ ဆောင်အပ်သော တိစီဝရိတ် အတွက်မှာ လက်သန်း၏ လက်သည်းခွံ လောက် အပေါက် ပေါက်လျှင်လည်း အဓိဋ္ဌာန်ကျသဖြင့် အဓိဋ္ဌာန် ကျကြောင်း ၉ ပါးရှိသည်ဟု မှတ်ပါ။
အပေါက် ဟူရာ၌ အနားပတ်လည် ပေါက်ရုံဖြင့် မကျ၊
၃ ထည်လုံးအတွက် အလျားစွန်း တထွာအတွင်း၊
အနံစွန်း ဧကသီနှင့် သင်္ကန်းကြီးအတွက် လက်ရှစ်သစ် အတွင်း၌၎င်း၊
သင်းပိုင်အတွက် လက်လေးသစ် အတွင်း၌၎င်း
ထုတ်ချင်းပေါက်မှ အဓိဋ္ဌာန်ကျကြောင်း အပေါက်ဖြစ်သည်။
အပေါက်ကို ဖာပြီးသောအခါ ထပ်၍ အဓိဋ္ဌာန်တင်နိုင်၏။
[ဆောင်]
၁။ ပေးစွန့်-ခိုးဝှက်, ဝိဿာသဂ်, လူထွက် ချသိက္ခာ။
၂။ သေဆုံး-လိင်ပြန် ပစ္စုဒ္ဓံ ရှစ်တန် ကျဓိဋ္ဌာ။
၃။ လက်သန်းသည်းမျှ ပေါက်လတ်က သုံးဝ စီဝရိတ်မှာ။
နိသဂ္ဂိ စွန့်ပုံ
သင်္ကန်းရပြီးနောက် ၁ဝ ရက်အတွင်း အဓိဋ္ဌာန် ဝိကပ္ပနာ မပြုမိလျှင် ထိုသင်္ကန်းသည် နိသဂ္ဂိထိုက်၍ ပါစိတ်အာပတ် သင့်ရုံသာမက ထိုသင်္ကန်းကို ကိုင်တိုင်း ဒုက္ကဋ်အာပတ်လည်း ထပ်၍ ထပ်၍ သင့်သေးသည်။ ထို့ကြောင့် နိသဂ္ဂိ ထိုက်နေသော သင်္ကန်းကို သံဃာ့အထံ၌ ဖြစ်စေ၊ ၂ ပါး၊ ၃ ပါးဂိုဏ်း အထံ၌ ဖြစ်စေ၊ တပါးအထံ၌ ဖြစ်စေ စွန့်ရသည်။ ထိုတွင် တပါး အထံ စွန့်ပုံကား——
“ဣဒံ မေ ဘန္တေ စီဝရံ ဒသာဟာတိက္ကန္တံ နိသဂ္ဂိယံ၊ ဣမာဟံ အာယသ္မတော နိသဇ္ဇာမိ” ဟူသည်တည်း။
၂ ထည်မှ စ၍ အများဖြစ်လျှင် “ဣဒံ၊ နိသဂ္ဂိယံ၊ ဣမာဟံ” ပုဒ်တို့ အစား “ဣမာနိ၊ နိသဂ္ဂိယာနိ၊ ဣမာနိ အဟံ” ဟု ပြင်ပါလေ။
[ဘန္တေ - အရှင်ဘုရား၊ မေ - တပည့်တော်၏၊ ဣဒံ ဝစီရံ - ကို၊ ဒသာဟာတိက္ကန္တံ - ဆယ်ရက်လွန်သည် (ဖြစ်၍)၊ နိသဂ္ဂိယံ - စွန့်အပ် စွန့်ထိုက်ပါ၏၊ အဟံ - သည်၊ ဣမံ - ဤသင်္ကန်းကို၊ အာယသ္မတော - အရှင့်အား၊ နိသဇ္ဇာမိ - စွန့်ပါ၏၊]
နိသဂ္ဂိသင်္ကန်းကို လက်ခံ သူက အငယ်ဖြစ်လျှင် “ဘန္တေ” အရာ၌ “အာဝုသော” ဟု “အာယသ္မတော” အရာ၌ “တုယှံ” ဟု ဆိုပါ။ ပါဠိလို မဆိုတတ်သူများကား-
“အရှင်ဘုရား ... တပည့်တော်၏ ဤသင်္ကန်းသည် ၁ဝ ရက် လွန်လာသဖြင့် နိသဂ္ဂိ ထိုက်နေပါသည်၊ ဤသင်္ကန်းကို အရှင်ဘုရားအား တပည့်တော် စွန့်ပါသည်” ဟု- မြန်မာလိုလည်း ဆိုနိုင်၏။
[သင်္ကန်းခံသူက သီတင်းငယ်ဖြစ်လျှင် “ငါ့ရှင်”ဟု၎င်း၊ “သင့်အား” ဟု၎င်း ဆိုရုံသာ။ နောက်၌လည်း ဤနည်းချည်း။]
ဤသို့ စွန့်ပြီးသောအခါ ယခုကာလ ထုံးစံအတိုင်း ပါစိတ်အာပတ်ကို ရည်မှန်း၍ ဒေသနာပြောရမည်။ ဤသို့ စွန့်ပြီးနောက်မှ ဒေသနာပြောရသောပါစိတ်အာပတ် ဖြစ်၍ “စွန့်ခြင်း ဝိနည်းကံရှိသော ပါစိတ်အာပတ်” ဟု ဆိုရသည်။
ထို့နောက် နိသဂ္ဂိသင်္ကန်းကို ခံရသောရဟန်းက “ဣမံ စီဝရံ အာယသ္မတော ဒမ္မိ” “ဤသင်္ကန်းကို (များလျှင် “ဣမာနိ စီဝရာနိ” ဤသင်္ကန်းတို့ကို) အရှင့်အား ပြန်ပေးပါ၏”ဟု ပါဠိလို ဖြစ်စေ၊ မြန်မာလို ဖြစ်စေ ဆို၍ ပြန်ပေးရသည်။ ထိုကဲ့သို့ ပြန်ပေး၍ ရပြီးနောက် အလိုရှိရာ အဓိဋ္ဌာန်သော်လည်း တင်နိူင်၏။ သို့မဟုတ် ဝိကပ္ပနာသော်လည်း ပြုရသည်။
[ဝိကပ္ပနာပြုပုံကို သုဒ္ဓပါစိတ် သုရာပါနဝဂ် နဝမသိက္ခာပုဒ်ကျမှ ပြမည်။]
အင်္ဂါ ၅ ပါး (နိသဂ္ဂိယ ဖြစ်ခြင်းအင်္ဂါ)
၁။ ဇာတ် ပမာဏလောက်သော သင်္ကန်း၏ မိမိဥစ္စာ ဖြစ်ခြင်း၊
၂။ နေ့ရက် အရေအတွက်သို့ ရောက်ခြင်း၊
၃။ ပလိဗောဓပြတ်ပြီးခြင်း၊
၄။ အပိုသင်္ကန်းဖြစ်ခြင်း၊
၅။ ဆယ်ရက်လွန်ခြင်း။
ဤအင်္ဂါ ၅ ပါးတည်း။
ချဲ့ဦးအံ့ -
၁။ ခေါမ၊ ကောသေယျ စသော သင်္ကန်း ၆ မျိုးတွင် ပါဝင်သည်ကို “ဇာတ်”ဟု ခေါ်၍ အလျား တတောင်၊ အနံ တထွာ ပမာဏရှိသည်ကို “ပမာဏလောက်”ဟု ခေါ်၏။
၂။ မိမိအား လှူပြီးဖြစ်၍ မိမိဥစ္စာ ဖြစ်နေသော်လည်း (အဝေးမှ လှမ်းလှူလိုက်၍ လမ်းခရီး ရောက်နေခြင်း၊ အနား၌ မသိအောင် ထားခဲ့ခြင်း စသည်ကြောင့်) မိမိမသိသေးလျှင် ထို မသိသမျှ ရက်ကို သင်္ကန်းရရာရက်ဟု အရေအတွက် မပြုရ၊ မိမိ သိသည့်ရက်မှစ၍ အရေအတွက် ပြုရခြင်းကို “နေ့ အရေအတွက်ရောက်ခြင်း”ဟု ဆိုသည်။
၃။ ရှေ့၌ပြအပ်သော စီဝရနှင့် အာဝါသပလိဗောဓ ၂ ပါး ပြတ်စဲခြင်းကို ဆိုသည်။
၄။ အဓိဋ္ဌာန်ဝိကပ္ပနာ ပြုထားအပ်သော သင်္ကန်းမှ အပိုဖြစ်နေခြင်း (အဓိဋ္ဌာန်ဝိကပ္ပနာ တခုခုမပြုဘဲ အပိုထားခြင်း)။
၅။ လဆန်း ၁ ရက်နေ့ ရလျှင် ထို ရရာရက်၏ လာလတံ့သော အရုဏ်မှ စ၍ ၁ဝ အရုဏ်လွန်လျှင် (၁၁ ရက်နေ့ဘက်ရောက်လျှင်) ဒသာဟာတိက္ကန္တ ဖြစ်၏။ လဆန်း ၁ ရက်၏ လွန်ပြီးအရုဏ်ကို ထည့်၍ မရေတွက်ရ။ [အဋ္ဌကထာ၌ ၁၁ အရုဏ် ဆိုသည်မှာ လွန်ပြီးအရုဏ်ပါ ဆိုခြင်းဖြစ်သည်။]
[ဆောင်]
ဇာတ်ပမာဏ, လောက်ငလေရာ, ကိုယ့်ဟာဖြစ်ခြင်း, ရေတွက်တွင်းသို့ ရောက်လျှင်း တုံဘိ, ပလိဗောဓ ပြတ်ကြပေလစ် အပိုဖြစ်လျက်, ၁ဝ ရက် လွန်ပြီ, အင်ငါးလီ, သင့်ပြီ ပထမ ကထိန။
လေ့ကျင့်ခန်း မေးခွန်းများ
က။ ကထိန့်အာနိသင် ရရာကာလကို ဖော်ပြ၍ မည်သည့်အရာကို စီဝရပလိဗောဓ၊ အာဝါသပလိဗောဓ ခေါ်ကြောင်းကိုလည်း ပြပါ။
ခ။ “နိဋ္ဌိတစီဝရသ္မိံ” အရ နိဋ္ဌိတစီဝရဖြစ်ပုံကိုပြ၍ ထိုပါဌ်ဖြင့် “မည်သည့် ပလိဗောဓ ပြတ်ကြောင်း ပြသည်” ဟုလည်း ဖော်ပြပါ။
ဂ။ “ဥဗ္ဘတသ္မိံ ကထိနေ” အရ ဘာကို “ကထိန်နုတ်”ခေါ်ကြောင်းကိုပြ၍ ကထိန်နုတ်ခြင်း အမျိုးမျိုးကိုလည်း ပြပါ။
ဃ။ ထို”ဥဗ္ဘတသ္မိံ ကထိနေ” ပါဌ်ဖြင့် မည်သည့် ပလိဗောဓပြတ်ကြောင်းကို ပြလိုပါသနည်း။
င။ ယခုကာလ၌ ချုပ်ဆိုးပြီး သင်္ကန်းကိုသာ အရများသောကြောင့် နိဋ္ဌိတစီဝရ ဖြစ်-မဖြစ်ကို စိစစ်ပါ။
စ။ နိဋ္ဌိတစီဝရဖြစ်လျှင် တပေါင်းလ မပြည့်ခင် အတိရေကစီဝရကို ထားခွင့်ရအောင် မည်သည့် ပလိဗောဓ ပြုပါသနည်း။
ဆ။ “အတိရေက စီဝရ”ဟူသည် မည်သည့် အဝတ်မျိုးပါနည်း။
ဇ။ နိသဂ္ဂိယအတွက် အနက် ၂ မျိုး ဖော်ပြ၍ စီဝရ ၆ မျိုးကိုလည်း ပြပါ။
ဈ။ အဓိဋ္ဌာန် ဝိကပ္ပနာလောက်သော စီဝရ၏ ပမာဏကို (မဇ္ဈိမ ပုရိသ၏ အတိုင်းအထွာဖြင့်) ပြပါ။
ဉ။ “ရှင်စော တထွာ, မဇ်သုံးထွာ, တို့ရွာ ခေါက်ချိုးတက်” ဟူသော သံပေါက်၌ “တို့ထွာ ခေါက်ချိုးတက်”၏ ရှေးကျမ်းလာ ဟုတ်-မဟုတ်၊ ယုတ္တိ ရှိ-မရှိကို စိစစ်ပါ။
ဋ။ တိစီဝရိတ် အဓိဋ္ဌာန်ကို၎င်း၊ အဟောင်းကို ပစ္စုဒ္ဓိရ်ပြုပုံကို၎င်း ပြပါ။
ဌ။ တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသူကို “မည်သည့် ပုဂ္ဂိုလ်”ဟု ခေါ်ကြသနည်း။
ဍ။ ထို ပုဂ္ဂိုလ်သည် ထို တိစီဝရိတ်ကို မည်သို့ စောင့်ရှောက်ရမည်နည်း။
ဎ။ ပရိက္ခာရစောဠ နာမည်ဖြင့် မထားကောင်းသော အဝတ်မျိုး ရှိပါသေးသလော။
ဏ။ သင်္ကန်း ၉ မျိုးကို ပါဠိ မြန်မာ ၂ မျိုးဖြင့် နာမည်ပြပါ။
တ။ ပရိက္ခာရစောဠ အဓိဋ္ဌာန်တင်ပုံကို ပြပါ။
ထ။ ထို ၉ မျိုးအတွက် အဓိဋ္ဌာန်ကျကြောင်း ရှစ်ပါးကို ဖော်ပြပါ။
ဒ။ တိစီဝရိတ်အတွက် ထူးခြားသော အကြောင်းကိုလည်း ထင်ရှားပြပါ၊
ဓ။ နိသဂ္ဂိယစီဝရကို မစွန့်ဘဲ သုံးလျှင် ဘာအပြစ်ရှိသနည်း။
န။ ထို နိသဂ္ဂိယစီဝရကို တပါးအထံ ပါဠိလိုစွန့်ပုံ၊ မြန်မာလိုစွန့်ပုံကို ပြပါ။
ပ။ နိသဂ္ဂိယစီဝရကို စွန့်ပြီးနောက် ဘာလုပ်ရမည်နည်း။
ဖ။ ဘာ့ကြောင့် နိသဂ္ဂိယ ပါစိတ် အာပတ်ဟု ခေါ်သနည်း။
ဗ။ နိသဂ္ဂိယစီဝရကို စွန့်၍ လက်ခံရရှိသော ရဟန်းက မည်သို့ဆို၍ ပြန်ပေးရမည်နည်း။
ဘ။ နိသဂ္ဂိယစီဝရကို ပြန်ရသော ဥစ္စာရှင်သည် ထိုသင်္ကန်းကို မည်သို့ပြု၍ ထားရမည်နည်း။
နိသဂ္ဂိယပါစိတ် အခန်း (စီဝရဝဂ်)
၂။ ဒုတိယ ကထိန သိက္ခာပုဒ်
ဥဒေါသိတ သိက္ခာပဒ
၂။ နိဋ္ဌိတစီဝရသ္မိံ ဘိက္ခုနာ ဥဗ္ဘတသ္မိံ ကထိနေ ဧကရတ္တမ္ပိ စေ ဘိက္ခု တိစီဝရေန ဝိပ္ပဝသေယျ အညတြ ဘိက္ခုသမ္မုတိယာ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။
ဘိက္ခုနာ - ရဟန်း၏၊
စီဝရသ္မိံ - သင်္ကန်းသည်၊
နိဋ္ဌိတေ - ပြီးဆုံးသော်၎င်း၊
ကထိနေ - ကထိန်ကို၊
ဥဗ္ဘတသ္မိံ - နုတ်အပ်ပြီးသော်၎င်း၊
ဘိက္ခု သမ္မုတိယာ - ဂိလာနရဟန်းအား ပေးအပ်သော သမ္မုတိကို၊
အညတြ - ကြဉ်ထား၍၊
ဧကရတ္တံပိ - တညဉ့်မျှလည်း၊
ဘိက္ခု - ရဟန်းသည်၊
တိစီဝရေန - တိစီဝရိတ် သင်္ကန်းနှင့်၊
စေ ဝိပ္ပ ဝသေယျ - အဂယ်၍ ကင်းနေအံ့၊
တဿ ဘိက္ခုနော - ထိုရဟန်း၏၊
နိသဂ္ဂိယံ - စွန့်ခြင်း ဝိနည်းကံရှိသော၊
ပါစိတ္တိယံ - ပါစိတ်အာပတ်သည်၊
ဟောတိ - ဖြစ်၏။
၂။ ဒုတိယ ကထိန
စီဝရပလိဗောဓ၊ အာဝါသပလိဗောဓ ၂ပါးတို့ ပြတ်ပြီးနောက် တိစီဝရိတ် အဓိဋ္ဌာန် တင်အပ်သော သင်္ကန်းနှင့် ညဉ့်ကင်းနေလျှင် နိသဂ္ဂိယ ပါစိတ်အာပတ် သင့်၏။
ဥဒေါသိတ
တိစီဝရိတ် သင်္ကန်းထားရာ ဌာနများတွင် ဥဒေါသိတ (ဘဏ္ဍာတိုက်) လည်း ပါဝင်သောကြောင့် ဤ သိက္ခာပုဒ်ကို အဋ္ဌကထာ၌ “ဥဒေါသိတသိက္ခာပုဒ်” ဟုလည်း နာမည်တပ်၏။
နိဋ္ဌိတစီဝရသ္မိံ ဘိက္ခုနာ
ဤ ဘိက္ခုနာပုဒ်ကို ပထမကထိန သိက္ခာပုဒ်၌ ကဲ့သို့ “ရဟန်းသည်”ဟု အနက်ပေးလျှင် “ရဟန်းသည် + ပြုအပ်” စသည်ဖြင့် စပ်ဘို့ရာ ကြိယာတခုခု ရှိရမည်။ ဤ၌ စပ်ဘို့ရာ ကြိယာ မပါချေ။
ထို့ကြောင့် နာဝိဘတ်ကို သာမီအနက်၌ သက်စေ၍ “ရဟန်း၏”ဟု အနက် ပေးပြီးလျှင် “စီဝရသ္မိံ”ပုဒ်၌ (သာမီ+သံ အဖြစ်ဖြင့်) စပ်စေရသည်။ “ရဟန်း၏+ သင်္ကန်း” ဟူလို။
[နိဋ္ဌိတစီဝရသ္မိံ-ဥဗ္ဘတသ္မိံ ကထိနေ ပုဒ်တို့၏ အဖွင့်မှာ ပထမသိက္ခာပုဒ်အတိုင်းပင်။]
ဧကရတ္တမ္ပိ ဝိပ္ပဝသေယျ
ဤ၌ “တိစီဝရိတ်”ဟု သာမည ဆိုသော်လည်း “တိစီဝရိတ် အဓိဋ္ဌာန် တင်အပ်သော သင်္ကန်း ၃ ထည်”ဟု မှတ်ပါ။ “ညဉ့်”ဟု ဆိုရာ၌ ဝိနည်းအရာဝယ် အရုဏ်သာ လိုရင်းတည်း။ ထို့ကြောင့် “အရုဏ်တက်ချိန်၌ တိစီဝရိတ်သင်္ကန်းနှင့် ကင်းနေလျှင် တညဉ့် (တအရုဏ်) ကင်းစေကာမူ နိသဂ္ဂိထိုက်သည်” ဟူလို။
တိစီဝရေန
“တိစီဝရေန”ဟု သင်္ကန်း ၃ ထည်လုံးကို ဆိုသော်လည်း သင်းပိုင်၊ ကိုယ်ရုံ၊ ဒုကုဋ် ၃ ထည်လုံးနှင့် ကင်းမှ မဟုတ်၊ ထို ၃ ထည်တွင် တထည်ထည်နှင့် ကင်းလျှင်လည်း “တိစီဝရိတ်နှင့် ကင်းသည်”ဟု ဆိုနိုင်သည်။
“အပေါင်း ၃ ထည်၏ တိစီဝရ အမည်ကို အစိတ် ၁ ထည်၊ ၂ ထည်ပေါ်မှာ တင်စား၍ ဧကဒေသျူပစာရ အားဖြင့် ၁ ထည်၊ ၂ ထည်ကိုပင် တိစီဝရိတ် ခေါ်နိူင်သည်”ဟူလို။ ထိုသို့ ကင်းရာ၌ တထည်နှင့် ကင်းလျှင် တထည်သာ နိသဂ္ဂိထိုက်သည်ဟု မှတ်ပါ။
[ဧကဒေသီ = အစိတ်ရှိသော အပေါင်း၏ + ဥပစာရ=အမည်ကို “ဧကဒေသျူပစာရ”ဟု ခေါ်သည်။]
အညတြ ဘိက္ခုသမ္မုတိယာ
တိစီဝရိတ်သင်္ကန်းကို သွားလေရာ ယူ၍ မသွားနိူင်သော ဂိလာန ရဟန်းအား အဝိပ္ပဝါသသမ္မုတိ (တိစီဝရိတ်နှင့် ကင်းသော်လည်း ကင်းရာ မရောက်ကြောင်း သမ္မုတိ) ကို ဂိလာနပုဂ္ဂိုလ်က လျှောက် တောင်းလျှင် သံဃာက ပေးရသည်။ (တောင်းပုံ၊ ပေးပုံကို ပါဠိတော် မှာ ရှုပါ။)
ဤသို့ သမ္မုတိရထားသော ဂိလာနမှာ ရောဂါ မပျောက်သေးသမျှ တိစီဝရိတ်နှင့် ညဉ့်ကင်း နေသော်လည်း အာပတ် မသင့်။ ရောဂါပျောက်လျှင်ကား သင်္ကန်းရှိရာအရပ်သို့ ဖြေးဖြေးသက်သာ သွားရမည်။ နဂိုက အဓိဋ္ဌာန် မပျက်သောကြောင့် အဓိဋ္ဌာန် ထပ်၍ မတင်ဘဲ ထိုသင်္ကန်းကို သုံးစွဲနိုင်သည်။
သင်္ကန်းထားရာ ဌာနများ
ရွာ၊ အိမ်၊ တိုက်၊ (ဘဏ္ဍာတိုက်)၊ ထီးတပ်အပ်သော ပြာသာဒ်၊ ထီး မတပ်အပ်သော ပြာသာဒ်ဦးပြည်း၊ လှေ၊ လှည်း၊ ပြအိုး၊ လယ်(ယာ)၊ ကောက်နယ်တလင်း၊ သစ်ပင်၊ လွင်တီးခေါင်၊ အာရာမ်၊ ကျောင်းတိုက်၊ တန်ဆောင်း။ ဤ ၁၅ ပါးသည် တိစီဝရိတ်သင်္ကန်း ထားရာ အရပ်များတည်း။ မည်သည့်အရပ် ထားလျှင် မည်သို့နေရမည် စသော ခွဲခြားချက်ကိုကား ပါဠိတော် အဋ္ဌကထာ၌ ရှုပါ။
[ဆောင်]
ရွာ-အိမ်နှင့်-တိုက်, ထီးစိုက်ဦးပြည်း, လှေ-လှည်း-ပြ-လယ်, ကောက်နယ်-သစ်ပင်, လွင်-အာရာမ်-ကျောင်း, တန်ဆောင်း ဆယ့်ငါး, သင်္ကန်းထား, မှတ်သား အရပ်တည်း။
နိသဂ္ဂိသင်္ကန်း စွန့်ပုံ
ညဉ့်ကင်းမိ၍ နိသဂ္ဂိထိုက်သော သင်္ကန်းကို သံဃာ၊ ဂိုဏ်း၊ ပုဂ္ဂိုလ်တို့တွင် အလိုရှိရာ အထံ၌ စွန့်နိုင်သည်။ ပုဂ္ဂိုလ်အထံ စွန့်ပုံကား - “ဣဒံ မေ ဘန္တေ စီဝရံ ရတ္တိဝိပ္ပဝုတ္တံ အညတြ ဘိက္ခု သမ္မုတိယာ နိသဂ္ဂိယံ, ဣမာ ဟံ အာယသ္မတော နိသဇ္ဇာမိ” ဟူသည်တည်း။
ပါဠိလို မဆိုတတ်လျှင်
“အရှင်ဘုရား .... တပည့်တော်၏ ဤသင်္ကန်းကို (ဘိက္ခုသမ္မုတိကို ကြဉ်ထား၍) ညဉ့်ကင်းနေအပ် သည်ဖြစ်၍ စွန့်ထိုက်နေပါ၏၊ ဤသင်္ကန်းကို အရှင်ဘုရားအား တပည့်တော် စွန့်ပါ၏” ဟု မြန်မာလို ဆို၍လည်း စွန့်နိုင်၏။
သင်္ကန်းက ၂ ထည်၊ ၃ ထည် ဖြစ်လျှင် “ဣမာနိ”စသည်ဖြင့် ဆို၍ အဝေးမှာနေလျှင် “တေ, ဧတာနိ”ဟု ဆိုပါ။ ထိုသို့ စွန့်ပြီးနောက် ဒေသနာပြောရခြင်း၊ ပြန်ပေးရခြင်း စသည်တို့မှာ နိသဂ္ဂိယဝတ္ထုအားလုံး အတူပင်တည်း။
နိသဂ္ဂိ မထိုက်စေနည်း
တိစီဝရိတ် အဓိဋ္ဌာန် တင်ထားအပ်သော သင်္ကန်းနှင့် အရုဏ်တက်ချိန်မှာ ညဉ့်ကင်းတော့မည်ထင်လျှင် အရုဏ်မတက်ခင် အဝေး သင်္ကန်းရှိရာကိုမှန်း၍ “ဧတံ သံဃာဋိံ ပစ္စုဒ္ဓရာမိ = ထိုသင်္ကန်းကြီးကို ပစ္စုဒ္ဓိုရ်ပြုပါ၏” ဟု ဆို၍ ပစ္စုပ္ပုရ်ပြုလိုက်လျှင် နိသဂ္ဂိ မထိုက်တော့ပြီ။ အရုဏ် တက်ပြီးသောအခါ အဝေး ရှိရာမှန်းပြီး ထပ်၍ အဓိဋ္ဌာန်တင်ပါ။ ဤသို့ပြုလျှင် နိသဂ္ဂိ ပါစိတ်အာပတ်လည်း မသင့်တော့၊ အဓိဋ္ဌာန်လည်း ထပ်မံတင်ပြီး ဖြစ်တော့သည်။
အင်္ဂါ ၄ ပါး
၁။ တိစီဝရိတ် အဓိဋ္ဌာန်တင်ထားအပ်ပြီးသော သင်္ကန်း ဖြစ်ခြင်း၊
၂။ ကထိန်မခင်းခြင်း (ခင်းသော်လည်း နှုတ်ပြီးခြင်း)၊
၃။ အဝိပ္ပဝါသ သမ္မုတိ မရခြင်း၊
၄။ ညဉ့်ကင်းခြင်း။
ဤ ၄ ပါးညီလျှင် နိသဂ္ဂိထိုက်၏။
[ဆောင်]
ဓိဋ္ဌာန်တင်လစ်, သင်္ကန်းဖြစ်သား, စင်စစ်ကထိန်, ခင်း မကြိမ်တည်း, နာချိန် သမ္မုတိ, မရရှိဘဲ, ရတ္တိ အရုဏ် ကင်းနေတုံဟု, ကြောင်းစုံ လေးလီ, အင်္ဂါညီ, သင့်ပြီ ဒုတိယ ကထိန။
လေ့ကျင့်ခန်း မေးခွန်းများ
က။ ဒုတိယကထိန သိက္ခာပုဒ်ကို အချုပ်မျှ ပြပါ။
ခ။ “တိစီဝရေန ဝိပ္ပဝသေယျ”၌ အဘယ် တိစီဝရိတ်ကို ယူရမည်နည်း။
ပရိက္ခာရစောဠဖြစ်စေ၊ ဝိကပ္ပနာဖြစ်စေ တခုခုပြုအပ်သော တိစီဝရိတ်ကို ယူနိုင်ပါသလော။
ဂ။ “တိစီဝရေန” ဆိုသောကြောင့် ၃ ထည်လုံးနှင့် ညဉ့်ကင်းမှ နိသဂ္ဂိ ထိုက်သည်၊
၁ ထည် ၂ ထည်နှင့် ကင်းရုံဖြင့် နိသဂ္ဂမထိုက်ဟု မှတ်ရမည်လော။ ဘာဥပစာ စကားပါနည်း။
ဃ။ “ဘိက္ခု သမ္မုတိ” ဟူသည် ဘယ်လို သမ္မုတိပါနည်း။
ထို သမ္မုတိရသော ရဟန်းမှာ ဘယ်လို လွတ်လပ်ခွင့် ရပါသနည်း။
င။ ရတ္တိဝိပ္ပဝုတ္ထ (ညဉ့်ကင်းသော) နိသဂ္ဂိသင်္ကန်း စွန့်ပုံကို ပြပါ။
စ။ ညဉ့်ကင်းဘွယ်ရှိသောအခါ နိသဂ္ဂမထိုက်အောင် ပြုနည်းကို ပြပါ။
ဆ။ ဒုတိယ ကထိန သိက္ခာပုဒ် အင်္ဂါကို ပြပါ။
နိသဂ္ဂိယပါစိတ် အခန်း (စီဝရဝဂ်)
၃။ တတိယကထိန သိက္ခာပုဒ် - အကာလစီဝရ သိက္ခာပဒ
၃။ နိဋ္ဌိတစီဝရသ္မိံ ဘိက္ခုနာ ဥဗ္ဘတသ္မိံ ကထိနေ ဘိက္ခုနော ပနေဝ အကာလစီဝရံ ဥပ္ပဇ္ဇေယျ၊ အာကင်္ခမာနေန ဘိက္ခုနာ ပဋိဂ္ဂဟေတဗ္ဗံ၊ ပဋိဂ္ဂဟေတွာ ခိပ္ပမေ၀ ကာရေတဗ္ဗံ၊ နော စ’ဿ ပါရိပူရိ၊ မာသပရမံ တေန ဘိက္ခုနာ တံ စီဝရံ နိက္ခိပိတဗ္ဗံ ဦနဿ ပါရိပူရိယာ သတိယာ ပစ္စာသာယ။ တတော စေ ဥတ္တရိ နိက္ခိပေယျ သတိယာပိ ပစ္စာသာယ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။
ဘိက္ခုနာ - ရဟန်း၏၊
စီဝရသ္မိံ - သည်၊
နိဋ္ဌိတေ - ၎င်း၊
ကထိနေ - ကို၊
ဥဗ္ဘတသ္မိံ - ၎င်း၊
ဘိက္ခု နော ပနေဝ - ရဟန်း၏ပင်လျှင်၊
အကာလ စီဝရံ - အကာလ သင်္ကန်းသည်၊
ဥပ္ပဇ္ဇေယျ - ဖြစ်အံ့၊
အာကင်္ခမာနေန - အလိုရှိသော၊
ဘိက္ခုနာ - ရဟန်းသည်၊
ပတိဂ္ဂဟေတဗ္ဗံ - ခံယူနိုင်၏၊
ပတိ ဂဟေတွာ - ခံယူပြီး၍၊
ခိပ္ပမေ၀ - ဆယ်ရက် မလွန်ခင် အလျင်အမြန်သာလျှင်၊
ကာရေတဗ္ဗံ - ပြုစေထိုက်၏၊
ပါရိပူရိ - ပြည့်စုံ လုံလောက်ခြင်းသည်၊
နောစ (နော+စေ+အဿ) - အကယ်၍ မဖြစ်အံ့၊
ဥုနဿ - ယုတ်လျော့သော သင်္ကန်း၏၊
ပါရိပူရိယာ – ပြည့်စုံ လုံလောက်ဘို့ရာ၊
ပစ္စာသာယ - သင်္ကန်း၌ အာသာသည်၊
သတိယာ - ရှိလသော်၊
မာသ ပရမံ - တလအလွန် အပိုင်းအခြားရှိသော ကာလပတ်လုံး၊
တေန ဘိက္ခုနာ - ထိုရဟန်းသည်၊
တံ စီဝရံ - ကို၊
နိက္ခိပိတဗ္ဗံ - ထားနိုင်၏၊
ပစ္စာသာယ - သင်္ကန်း၌ အာသာသည်၊
သတိယာပိ - ရှိပါသော်လည်း၊
တတော - ထို တလထက်၊
ဥတ္တရိ - အလွန်၊
စေ နိက္ခိပေယျ - အကယ်၍ ထားအံ့၊
တဿ ဘိက္ခုနော နိသဂ္ဂိယံ ပါစိတ္တိယံ ဟောတိ။
၃။ တတိယ ကထိန
စီဝရပလိဗောဓ၊ အာဝါသ ပလိဗောဓ ၂ မျိုးစုံ ပြတ်ပြီးနောက် ရရှိသော အကာလသင်္ကန်းကို ခံယူပြီးလျှင် ၁ဝ ရက် မလွန်ခင် ချုပ်ရမည်။ မချုပ်လောက်လျှင် ထိုအဝတ်ကို ဖြည့်၍ချုပ်ဘို့ရာ (နောက်ထပ် ရဘို့ လမ်း မြင်လျှင်) မချုပ်သေးဘဲ တလသာ ထားကောင်း၏။ နောက်ထပ် ရဘို့ လမ်းမြင်စေကာမူ တလထက် ပို၍ ထားလျှင်ကား နိသဂ္ဂိပါစိတ်အာပတ် သင့်သည်ဟု ပြသော သိက္ခာပုဒ်တည်း။
အကာလ စီဝရံ
ရှေးဦးစွာ စီဝရကာလနှင့် စီဝရအကာလကို ခွဲခြားရာ၏။ စီဝရကာလဟူသည် (ဤနေရာ၌) သင်္ကန်းကို အဓိဋ္ဌာန် ဝိကပ္ပနာ မပြုဘဲ ထားခွင့်ရရာ အခါတည်း။ စီဝရအကာလ ဟူသည်ကား အဓိဋ္ဌာန် ဝိကပ္ပနာ မပြုဘဲထားခွင့် မရရာ အခါဘည်း။
ထို့ကြောင့် ကထိန်မခင်းလျှင် သီတင်းကျွတ် လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်း လပြည့်အထိ တလသည် စီဝရကာလ တန်ဆောင်မုန်း လပြည့်ကျော် ၁ ရက်မှ သီတင်းကျွတ် လပြည့်အထိ ၁၁ လ သည် စီဝရအကာလ။
ကထိန်ခင်းလျှင်
ကထိန်ခင်းလျှင် သီတင်းကျွတ် လပြည့်ကျော် ၁ရက်မှ စ၍ တပေါင်း လပြည့်အထိ ၅ လသည် စီဝရကာလ၊ တပေါင်း လပြည့်ကျော် ၁ ရက်မှ စ၍ သီတင်းကျွတ် လပြည့်အထိ ၇ လသည် စီဝရအကာလတည်း။ ထို အကာလ၌ ရအပ်သော အဝတ်ကို “အကာလစီဝရ”ဟု ခေါ်သည်။
[ဤနေရာဝယ် ကင်္ခါ အဋ္ဌကထာ၌ အကာလစီဝရ အမျိုးမျိုးကို ပြသေး၏။ ထို အမျိုးမျိုး သည် ဤသိက္ခာပုဒ်၌ လိုရင်း မဟုတ်ကြောင်း ဋီကာသစ်မှာ ရှုပါ။]
ဥပ္ပဇ္ဇေယျ
“ဥပ္ပဇ္ဇေယျ” အရ “ဖြစ်” ဟူသည် “ရခြင်း” ပင်တည်း။ သံဃာမှ ဝေစုရ၍ ဖြစ်စေ၊ တယောက်ယောက်က လှူ၍ ဖြစ်စေ၊ မိမိ၏ ကပ္ပိယ ဘဏ္ဍာဖြင့် လဲလှယ် ကပ္ပိယူ၍ ဖြစ်စေ တနည်းနည်းဖြင့် ရခြင်းကို ဥပ္ပဇ္ဇေယျ ဟု ဆိုသည်။
မှတ်ချက်
အကာလစီဝရဟု ဆိုသော်လည်း သင်္ကန်းလျာ (သင်္ကန်း ချုပ်ဘို့ အလောင်းအလျာအဝတ်) ဖြစ်ကြောင်းကို သိပါ။ ဝိနည်း၌ စီဝရဟု လာတိုင်း သင်္ကန်းချုပ်ပြီးဟု မမှတ်ရ။ များသောအားဖြင့် သင်္ကန်းလျာအဝတ် ကိုပင် စီဝရဟု ဆိုလေ့ရှိသည်။
အာကင်္ခမာနေန ၊ပေ၊ ခိပ္ပမေ၀ ကာရေတဗ္ဗံ
အကာလစီဝရ ဖြစ်လာလျှင် လက်ခံလိုက လက်ခံနိူင်၏။ လက်ခံပြီးနောက် အမြန်ချုပ်ရမည်။ “အမြန်”ဟူရာ၌ ပထမကထိန သိက္ခာပုဒ်၌ အဓိဋ္ဌာန် ဝိကပ္ပနာမပြုဘဲ ၁ဝ ရက် ထက်ပို၍ မထားကောင်းဟု ဆိုသောကြောင့် “၁ဝ ရက်အတွင်းမှာ ပြီးအောင် ချုပ်ပါ”ဟု ဆိုလိုသည်။
ဝိကပ္ပနာပြုထားလျှင်၊ သို့မဟုတ် ပရိက္ခာရစောဠ အဓိဋ္ဌာန် တင်ထားလျှင်ကား အလျင်အမြန် ချုပ်ဘွယ် မလိုပါ။ တိစီဝရိတ် အဓိဋ္ဌာန်တင်မည့် ပုဂ္ဂိုလ်အတွက်သာ ၁ဝ ရက်အတွင်း ပြီးအောင် အမြန်ချုပ်ရမည်ဟု မိန့်တော်မူခြင်း ဖြစ်သည်။
နောစဿ ပါရိပူရိ ၊ပေ၊ နိက္ခိပိတဗ္ဗံ
ထို ရရှိသော အဝတ်က တိစီဝရိတ် အဓိဋ္ဌာန်တင်လောက်သော သင်းပိုင်ကိုဖြစ်စေ၊ ကိုယ်ရုံ၊ ဒုကုဋ် တထည်ထည်ဖြစ်စေ မလောက်မငဖြစ်နေလျှင် အဓိဋ္ဌာန်ဝိကပ္ပနာ မပြုဘဲ တလ တိတိ ထားကောင်းသေး၏။
[ဤ ခွင့်ပြုချက်ကြောင့် တိစီဝရိတ် အဓိဋ္ဌာန်တင်၍ သုံးဆောင်မည့် စီဝရအတွက် ပထမကထိနသိက္ခာပုဒ်လာ ၁ဝ ရက်ထက် အရက် နှစ်ဆယ်အပို (အားလုံး တလ) ထားခွင့် ရလေသည်။ ထို တလ ခွင့်ပေးခြင်းမှာလည်း ရရှိသောအဝတ်က မလောက်မငဖြစ်နေ၍ နောက်ထပ် ရဦးမည့် အဝတ်နှင့် ရောစပ်ဘို့ရန်ဖြစ်သည်။ “ပါရိပူရိယာ” ပုဒ်ကို “နိက္ခိပိတဗ္ဗံ”ပုဒ်၌ တဒတ္ထ သမ္ပဒါန်အဖြစ်ဖြင့် စပ်ပါ။]
သတိယာ ပစ္စာသာယ
[ပစ္စာသာ = ပတိ + အာသာ။] ပစ္စာသာ ဟူသည် အဝတ်ရလိမ့်ဦးမည်ဟု မျှော်လင့်ချက်တည်း။ ထို မျှော်လင့်ချက်ကို “အာသာ”ဟု ခေါ်သည်။ မူလ ရပြီး၌ မချုပ်လောက်သေးသော အဝတ်ကို တလ ထားနိူင်သည်ဟု ဆိုသော်လည်း သံဃာ့အထံမှ ဝေစုဖြစ်စေ၊ တယောက်ယောက်ထံမှ ဖြစ်စေ၊ မိမိ ကပ္ပိယ ဘဏ္ဍာဖြင့် လဲလှယ်၍ဖြစ်စေ နောက်ထပ်ရဘို့ မျှော်လင့်ချက်ရှိမှသာ ထားနိူင်သည်။ မျှော်လင့်ချက် မရှိလျှင်ကား တလမထားရ။ ပထမ ကထိန သိက္ခာပုဒ် ပညတ်တော်အတိုင်း ၁ဝ ရက်အတွင်းမှာပင် ပရိက္ခာရစောဠ အဓိဋ္ဌာန်နှင့် ဝိကပ္ပနာတခုခု ပြုရမည် ဟူလို။
တတောစေ ၊ပေ၊ သတိယာပိ ပစ္စာသာယ
သင်္ကန်းလျာအဝတ် ရဘို့ရာ မျှော်လင့်ချက်အာသာ ရှိစေကာမူ တလထက်ပို၍ကား မထားကောင်း တော့ချေ။ တလထက် ပို၍ ထားလျှင် နိသဂ္ဂိပါစိတ်အာပတ် သင့်တော့သည်။ (ရလိမ့်မည်ဟု မျှော်လင့်အပ်သော) ပစ္စာသာသင်္ကန်း ရလာသည့်အခါ မူလ ထားအပ်သောသင်္ကန်းနှင့် အမျိုးအစား မတူလျှင် နောက်ထပ် မျှော်လင့်ဘွယ် ရှိသေးက မူလသင်္ကန်းကို ပရိက္ခာရစောဠ အဓိဋ္ဌာန်တင်၍ နောက် ရအပ်သော ပစ္စာသာ သင်္ကန်းကို မူလသင်္ကန်း လုပ်ပြီးလျှင် နောက်ထပ် တလ ထားကောင်းပါသေး၏။
၁၁ လအထိ ထားကောင်း
ဤနည်းအတိုင်း ဆက်ကာ ဆက်ကာ အမျိုးချင်း မတူသော သင်္ကန်း ရနေပါလျှင်၊ ဤနည်းအတိုင်းပင် မချုပ်သေးဘဲ ဆက်ကာ ဆက်ကာ ကထိန်မခင်းလျှင် ၁၁ လ၊ ကထိန်ခင်းလျှင် ၇ လ (ဤ သိက္ခာပုဒ်အရ) ထားကောင်း၏။ သင်္ကန်းကာလ ရောက်မူကား ပထမ ကထိန သိက္ခာပုဒ် ထုံးစံ အတိုင်းပင် ထားကောင်းပြီ။
[ယခုကာလ၌ကား ချုပ်ပြီး သင်္ကန်းသာ အရများသောကြောင့် ဤသိက္ခာပုဒ်အရ ပြုကျင့်ဘွယ် မလို။]
စွန့်ပုံ
ထိုသိက္ခာပုဒ်အရ နိသဂ္ဂိ သင်္ကန်းလျာအဝတ်ကို စွန့်ပုံကား- “ဣဒံ မေ ဘန္တေ အကာလစီဝရံ မာသာတိက္ကန္တံ နိသဂ္ဂိယံ, ဣမာဟံ အာယသ္မတော နိသဇ္ဇာမိ” ဟု ပါဠိလိုဖြစ်စေ၊ မြန်မာလိုဖြစ်စေ စွန့်ရမည်။
[“ဣဒံ အကာလစီဝရံ - ဤ အကာလသင်္ကန်းကို၊
မာသာတိက္ကန္တံ - တလ လွန်သည် ဖြစ်၍” ဟု အနက်ဆိုပါ။]
အင်္ဂါ ၅ ပါး
၁။ ဇာတ် ပမာဏလောက်သော သင်္ကန်း၏ မိမိဥစ္စာ ဖြစ်ခြင်း၊
၂။ နေ့ရက် အရေအတွက်သို့ ရောက်ခြင်း၊
၃။ ပလိဗောဓပြတ်ပြီးခြင်း၊
၄။ အပိုသင်္ကန်းဖြစ်ခြင်း၊
၅။ တလလွန်ခြင်း။
ဤအင်္ဂါ ၅ ပါးတည်း။
[ဆောင်] ပထမကထိန, အင်ငါးဝ၌, တလလွန်အင်, ၁၀ ရက်တွင်, လဲလျှင် တတိယ ကထိန။
နိသဂ္ဂိယပါစိတ် အခန်း (စီဝရဝဂ်)
၄။ ပုရာဏ စီဝရ သိက္ခာပုဒ်
၄။ ယော ပန ဘိက္ခု အညာတိကာယ ဘိက္ခုနိယာ ပုရာဏစီဝရံ ဓောဝါပေယျ ဝါ ရဇာပေယျ ဝါ အာကောဋာပေယျ ဝါ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။
ယောပန ဘိက္ခု - သည်၊
အညာတိကာယ - ဆွေမျိုး မတော်သော၊
ဘိက္ခုနိယာ - ရဟန်းမကို၊
ပုရာဏစီဝရံ - သင်္ကန်းဟောင်းကို၊
ဓောဝါပေယျဝါ - ဖွပ်မူလည်း ဖွပ်စေအံ့၊
ရဇာပေယျဝါ - ဆိုးမူလည်း ဆိုးစေအံ့၊
အာကောဋာ ပေယျဝါ – ထုရိုက်မူလည်း ထုရိုက်စေအံ့၊
ဘိက္ခုနော – ထို ရဟန်း၏၊
(တံ စီဝရံ - ထိုသင်္ကန်းကို)၊
နိသဂ္ဂိယံ - စွန့်အပ် စွန့်ထိုက်၏၊
ပါစိတ္တိယံ - ပါစိတ်အာပတ်သည်လည်း၊
ဟောတိ - ဖြစ်၏၊
[အဖွင့်တမျိုး အတိုင်း အနက်တမျိုး ပေးလိုက်သည်၊ ဖွင့်ပုံကို ပထမ ကထိန သိက္ခာပုဒ် ပြန်ကြည့်ပါ။]
၄။ ပုရာဏ စီဝရ
ဆွေမျိုး မတော်သော ဘိက္ခုနီကို သင်္ကန်းဟောင်းကို အဖွပ်ခိုင်း၊ အဆိုးခိုင်း၊ အထု အရိုက်ခိုင်းလျှင် နိသဂ္ဂိပါစိတ် အာပတ်သင့်၏။
[ယခုအခါ ဘိက္ခုနီ မရှိသောကြောင့် ဤသိက္ခာပုဒ်ကိုလည်း အထူး မကျင့်ရတော့ပြီ။]
အညာတိကာယ
ဉာယတိ - (အတွင်းသားဟု) သိအပ်၏၊
ဣတိ - ထို့ကြောင့်၊
ဉာတိ - မည်၏၊
ဉာတိဧဝ - ဉာတိသည်ပင်၊
ဉာတိကာ - ဉာတိကာ မည်၏။
အတွင်းသား မဟုတ်သူ၊ သွေးသား မစပ်သူကို “အညာတိ” ဟု ခေါ်၏။
[အညာတိကာယ၌ နာဝိဘတ်ကို “ကာရိတ်ကံ” ဟု သဘောထား၍ “ကို” ဟု အနက်ပေးသည်။ ဓာတ်ကတ္တားလည်း သင့်ပါ၏။]
ဉာတိများ
“ဘ - ဘိုး - ဘေး - ဘီ - ဘင် - ဘောင် - ဘော”ဟု အထက် ၇ ဆက်၊
“သား - မြေး - မြစ် - တီ - -တွတ် - ကျွတ် - ကျွတ်ဆက်” ဟု အောက် ၇ ဆက်ရှိ၏။
ဘ-ဘိုး စသည်၌ အမိ-အဘွား စသော မိန်းမများကို၎င်း၊ သား စသည်၌ သမီး စသည်ကို၎င်း ယူပါ။
[ဘိုး၏ အဘကို ဘေး, ဘေး၏ အဘကို ဘီ စသည်ဖြင့်၎င်း၊
မြေး၏ သားကို မြစ်, မြစ်၏ သားကို တီ စသည်ဖြင့်၎င်း သိပါ။]
မှတ်ချက်
ဤသို့ ဆွေ ၇ ဆက်၊ မျိုး ၇ ဆက်တွင် (အထက်အောက်မှ) မပါဝင်သူ၊ သွေးသားချင်း ဆက်သွယ်၍ မရနိူင်သူကို “အညာတိက” ဟု ခေါ်ကြသည်။ ထို့ကြောင့် သား၏ မယားနှင့် ထိုမယားဘက်မှ ဆယ်သွယ် လာသူတို့သည် ယခုအခါ၌ ဆွေမျိုးဟု အသိအမှတ် ပြုရသော်လည်း ဝိနည်းတော်အရ ဆွေမျိုးမဟုတ်ကြ ဟု၎င်း၊ မိမိ၏ ဇနီးဟောင်းနှင့် ထိုဇနီးဘက်မှ ဆွေမျိုးများလည်း ရဟန်း ဖြစ်သူအတွက် ဆွေမျိုးမဟုတ်ဟု၎င်း မှတ်ပါ။
ဆွေမျိုး ဆက်ပုံ
ဘ = ပထမဆွေမျိုး၊
ဘိုး = ဒုတိယ၊
ဘိုး၏ သားသမီး ဖြစ်သော (ဘ၏ ညီအစ်ကို မောင်နှမ အရင်းဖြစ်သော) ဦးကြီး ဦးလေး စသည် = တတိယ၊
ထို တတိယ၏ သားသမီးဖြစ်သော (တဝမ်းကွဲ ညီအစ်ကို မောင်နှမ) = စတုတ္ထ၊
ထို စတုတ္ထ၏ သားသမီးဖြစ်သော (တဝမ်းကွဲ တူ) = ပဉ္စမ၊
ထို ပဉ္စမ၏ သားသမီးဖြစ်သော (တဝမ်းကွဲ မြေး) = ဆဋ္ဌ၊
ထို ဆဋ္ဌ၏ သားသမီးဖြစ်သော (တဝမ်းကွဲ မြစ်) = သတ္တမ၊
တဝမ်းကွဲမြစ်မှ နောက်၌ ဉာတိ စာရင်း၌ မပါဝင်တော့ပြီ။
ဤနည်းအတိုင်း -
ဘိုး = ဒုတိယ၊
ဘေး = တတိယ၊
ဘိုး၏ မောင်နှမအရင်းဖြစ်သော (ဘိုးလေး ဘွားလေး) = စတုတ္ထ၊
ထိုစတုတ္ထ၏ ညီအစ်ကို သားသမီး စသည်ကိုလည်း ပဉ္စမ၊ ဆဋ္ဌ စသည်ဖြင့် ဆက်ပါ။
မိမိ၏ အောက်ဘက်မှာလည်း “သား=ပထမ၊ မြေး=ဒုတိယ”စသည်ဖြင့် ဆက်ပါ။
ပုရာဏ စီဝရံ
ဆိုးပြီး ကပ္ပဗိန္ဒု ဆိုးပြီးသော ဝတ်လောက်သည့် သင်္ကန်းကို ဤသိက္ခာပုဒ်၌ “စီဝရ” ဟု ခေါ်၏။ “ဟောင်း” ဟူရာ၍ သုံးစွဲသည့် အနေအားဖြင့် တကြိမ်သုံးဘူးလျှင် (ဦးခေါင်းပေါ် တင်သွားဘူး၊ ခေါင်းအုံး လုပ်၍ အုံးဘူးလျှင်) အဟောင်းစာရင်း ဝင်တော့သည်။
ဓောဝါပေယျ ၊ပေ၊ အာကောဋာပေယျ
အဖွပ်ခိုင်းခြင်း ဟူသည် အညစ်အကြေး ကင်းစင်သွားအောင် အလျှော်ခိုင်းခြင်းတည်း။ အဆိုးခိုင်းခြင်း ဟူသည် ဆိုးပြီးသားကို ထပ်၍ အဆိုးခိုင်းခြင်းတည်း။ အထုအရိုက် ခိုင်းခြင်း ဟူသည် သင်္ကန်း ဖွပ်သောအခါ အညစ်အကြေးများ ကုန်စင်အောင် လက်ဖြင့် ထုစေခြင်း၊ အဝတ်ဖွပ်ဒုတ်ဖြင့် ရိုက်နှက်စေခြင်းတည်း။
မှတ်ချက်
ရှေးက “အာကောဋာပေယျ - နယ်စေအံ့”ဟု အနက်ပေးကြသည်မှာ- “အကောဋေဟီတိ ၊ပေ၊ သကိံ ပါဏိပ္ပဟာရံဝါ (လက်ဖြင့် ထုရိုက်ခြင်း)၊ မုဂ္ဂရပ္ပဟာရံဝါ (လက်ရိုက်ဖြင့် ရိုက်ခြင်း) ဒိန္နေ နိသဂ္ဂိယံ ဟောတိ ဟူသော ပါဠိတော်နှင့် မလျော်ပါ။
အင်္ဂါ ၃ ပါး
၁။ သင်္ကန်းဟောင်းဖြစ်ခြင်း၊
၂။ ၁၂ တောင် ဥပစာ၌ နေ၍ ဆွေမျိုးမတော်သော ဘိက္ခုနီကို စေခိုင်းခြင်း၊
၃။ ထို ဘိက္ခုနီက ဖွပ်-ဆိုး-ထုရိုက်မှု တခုခု ပြုလုပ်ခြင်း။
ဤအင်္ဂါနှင့် ညီလျှင် နိသဂ္ဂိထိုက်၏။
[ဖွပ်-ဆိုး ၂ ခု ခိုင်းရာ၌ တခုကြောင့် နိသဂ္ဂိယ၊ အခြားတခုကြောင့် ဒုက္ကဋ်၊ ၃ ခုလုံး ခိုင်းရာ၌ ၁ ခုကြောင့် နိသဂ္ဂိယ၊ အခြား ၂ ခုကြောင့် ဒုက္ကဋ် ၂ ချက်ဟု သိပါ။ စွန့်ပုံကို ကင်္ခါ အဋ္ဌကထာမှာ ရှုပါ။]
[ဆောင်]
သင်္ကန်းဟောင်းပြီ, ဆွေမသီသည့်, မယ်နီ ဘိက္ခု, စေခိုင်းမှုနှင့်, ဖွပ်-ထု-ဆိုးခြင်း, သူပြုလျှင်း ဟု, ကြောင်းရင်း သုံးလီ, အင်္ဂါညီ, သင့်ပြီ ပုရာဏစီဝရ။
လေ့ကျင့်ခန်း မေးခွန်းများ
က။ တတိယကထိန သိက္ခာပုဒ်ကို အချုပ်မျှ ပြပါ။
ခ။ အကာလစီဝရံနှင့် စပ်၍ စီဝရကာလ၊ စီဝရအကာလကို ခွဲပြပါ။
ဂ။ “ထို အကာလသင်္ကန်းကို ခံယူပြီးနောက် အမြန် ချုပ်ရမည်” ဟူရာ၌ ဘယ်လောက်မြန်အောင် ချုပ်ရမည်နည်း။
ဃ။ ထို ရရှိသော သင်္ကန်းလျာကို ပရိက္ခာရစောဠ အဓိဋ္ဌာန် တင်ထားလျှင် ဖြစ်နိူင်ပါလျက် ဘယ်လို ဆောင်ထားလိုသော ပုဂ္ဂိုလ်အတွက် “အမြန် ချုပ်ရမည်”ဟု တိုက်တွန်းပါသနည်း။
င။ “မချုပ်လောက်လျှင် တလ ထားခွင့်ရ၏”ဟူရာ၌ ပစ္စာသာသင်္ကန်း မရှိဘဲ ထားခွင့်ရမည်လား။
စ။ အဘယ် သင်္ကန်းမျိုးကို ပစ္စာသာသင်္ကန်း ဟု ခေါ်ပါသနည်း။
ဆ။ ပစ္စာသာသင်္ကန်းနှင့် မူလသင်္ကန်းတို့ တွဲဘက်ချုပ်ဘို့ မသင့်လျှင် ပစ္စာသာ သင်္ကန်းကို ဘယ်လိုလုပ်၍ မူလသင်္ကန်းကို ဘယ်လို လုပ်ရမည်နည်း။
ဇ။ ဤနည်းအတိုင်း ထားသွားလျှင် လပေါင်း မည်မျှ ဆက်ကာ ဆက်ကာ ဤသိက္ခာပုဒ်အရ ထားခွင့် ရမည်နည်း။
ဈ။ တလလွန်သော နိသဂ္ဂိသင်္ကန်း စွန့်ပုံကို ပြ၍ ဤ တတိယကထိန၏ အင်္ဂါကိုလည်း ပြပါ။
ဉ။ ပုရာဏစီဝရ သိက္ခာပုဒ်ကို မြန်မာပြန်ပါ။
ဋ။ ဆွေမျိုးကို အထက် ၇ ဆက်၊ အောက် ၇ ဆက် ရေတွက်ပါ။
ဌ။ ညီအစ်ကို မောင်နှမရင်းများ ဘယ်နှစ်ဆက်မြောက် ဖြစ်ကြောင်းကိုပြပါ။
ဍ။ ပုရာဏစီဝရဟူသည် အလွန်ဟောင်းသော သင်္ကန်းပါလော၊ မည်သည့် သင်္ကန်းမျိုးမှ စ၍ ပုရာဏစီဝရ ခေါ်ပါသနည်း။
ဎ။ ပုရာဏစီဝရ သိက္ခာပုဒ်၌ “အာကောဋာပေယျ” ဟူသည် မည်ကဲ့သို့ ခိုင်းခြင်းမျိုးပါနည်း။
ဏ။ “အာကောဋာပေယျ - နယ်စေအံ့”ဟု အနက်ပေးရာ၌ သင့်-မသင့် အထောက်ပြပါ။
နိသဂ္ဂိယပါစိတ် အခန်း (စီဝရဝဂ်)
၅။ စီဝရပတိဂ္ဂဟဏ သိက္ခာပုဒ်
၅။ ယော ပန ဘိက္ခု အညာတိကာယ ဘိက္ခုနိယာ ဟတ္ထတော စီဝရံ ပဋိဂ္ဂဏှေယျ အညတြ ပါရိဝတ္တကာ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။
ယော ပန ဘိက္ခု - သည်၊
ပါရိဝတ္တကာ - လဲလှယ်အပ်သော သင်္ကန်းကို၊
အညတြ - ကြဉ်ထား၍၊
အညာတိကာယ - ဆွေမျိုးမတော်သော၊
ဘိက္ခုနိယာ - ရဟန်းမ၏၊
စီဝရံ - သင်္ကန်းကို၊
ပတိဂ္ဂဏှေယျ - ခံယူအံ့၊
တဿ ဘိက္ခုနော - ၏၊
တံ စီဝရံ - ကို၊
နိသဂ္ဂိယံ - ၏၊
ပါစိတ္တိယံ - သည်လည်း၊
ဟောတိ - ၏။
၅။ စီဝရ ပတိဂ္ဂဟဏ
လဲ၍ယူခြင်း မဟုတ်ဘဲ ဆွေမျိုးမတော်သော ဘိက္ခုနီ၏ သင်္ကန်းကို ခံယူလျှင် ထိုသင်္ကန်းသည် စွန့်အပ်၏၊ ပါစိတ်အာပတ်လည်း သင့်၏။ ဤသိက္ခာပုဒ်၌ “စီဝရ” ဟူသည် အဓိဋ္ဌာန် ဝိကပ္ပနာ လောက်သော အဝတ်ပင်တည်း။
ပိတ်တို ဖျင်စ စသည်နှင့်တကွ ထိုသင်္ကန်းကို ဆီးဖြူသီး၊ ဖန်ခါးသီးမျှဖြင့်လည်း လဲယူလျှင်၎င်း၊ လဲမည်ဟု နှလုံးသွင်း၍ ယူလျှင်၎င်း၊ ယူကောင်း၏။ လဲ၍ယူခြင်း မဟုတ်ဘဲ တောင်း၍ဖြစ်စေ၊ သူ့အလိုအလျောက် လာရောက် လှူဒါန်း၍ဖြစ်စေ လက်ခံယူထားလျှင် နိသဂ္ဂိပါစိတ်အာပတ်သင့်၏။ [စွန့်ပုံကို အဋ္ဌကထာမှာ ရှုပါ။]
အင်္ဂါ ၃ ပါး
၁။ အဓိဋ္ဌာန် ဝိကပ္ပနာလောက်သော အဝတ်သင်္ကန်း ဖြစ်ခြင်း၊
၂။ လဲလှယ်မှု မရှိခြင်း၊
၃။ ဆွေမျိုးမတော်သော ဘိက္ခုနီလက်မှ ခံယူခြင်း၊
အင်္ဂါ ၃-ပါးတည်း။
[သူ့လက်က တိုက်ရိုက်မဟုတ်ဘဲ လူ သာမဏေကို တဆင့် အလှူခိုင်းလျှင် ခံယူကောင်း၏။]
[ဆောင်]
ဓိဋ္ဌာန်ဝိကပ်, လောက်လတ် ဝတ်ထည်, လဲလှယ် မရှိ,
အညာတိက, နီလက်မှယူ, အင်သုံးဆူ, စုံမူ သင့်ရ ပတိဂ္ဂဟ။
နိသဂ္ဂိယပါစိတ် အခန်း (စီဝရဝဂ်)
၆။ အညာတကဝိညတ္တိ သိက္ခာပုဒ်
၆။ ယော ပန ဘိက္ခု အညာတကံ ဂဟပတိံ ဝါ ဂဟပတာနိံ ဝါ စီဝရံ ဝိညာပေယျ အညတြ သမယာ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။ တတ္ထာယံ သမယော၊ အစ္ဆိန္နစီဝရော ဝါ ဟောတိ ဘိက္ခု, နဋ္ဌစီဝရော ဝါ၊ အယံ တတ္ထ သမယော။
ယော ပန ဘိက္ခု - သည်၊
အညာတကံ - ဆွေမျိုးမတော်သော၊
ဂဟပတိံ ဝါ - အိမ့်ရှင် ယောက်ျားကိုသော်၎င်း၊
ဂဟပတာနိံ ဝါ - အိမ့်ရှင်မကိုသော်၎င်း၊
သမယာ - အခါကို၊
အညတြ - ကြဉ်ထား၍၊
စီဝရံ - သင်္ကန်းကို၊
ဝိညာပေယျ - တောင်းအံ့၊
တဿ ဘိက္ခုနော - ၏၊
တံ စီဝရံ - ကို၊
နိသဂ္ဂိယံ - ထိုက်၏၊
ပါစိတ္တိယံ - လည်း၊
ဟောတိ - ၏၊
တတ္ထ - ထို အညတြသမယာ ဟူသော ပါဌ်၌၊
အယံ - ဤ ဆိုအပ်လတံ့ကား၊
သမယော - အခါတည်း၊
ဘိက္ခု - ရဟန်းသည်၊
အစ္ဆိန္နစီဝရော ဝါ - လုယူအပ်သော သင်္ကန်းရှိသူသော်၎င်း၊
နဋ္ဌစီဝရော ဝါ - ပျက်စီးသော သင်္ကန်းရှိသူသော်၎င်း၊
ဟောတိ - အံ့၊
အယံ - ဤအခါကား၊
တတ္ထ - ထို အညတြသမယာဟူသော ပါဌ်၌၊
သမယော - တည်း။
၆။ အညာတက ဝိညတ္တိ
ဆွေမျိုးမတော်သော လူဒကာ ဒကာမကို တောင်းသင့်ရာ မဟုတ်သောအခါ၌ သင်္ကန်းတောင်းလျှင် နိသဂ္ဂိ ထိုက်၏။ တောင်းသင့်ရာ အခါကား - သူခိုး၊ မင်း စသူတို့ လုယူသွား၍ဖြစ်စေ၊ မီး စသည်ကြောင့် ပျက်စီးသွား၍ဖြစ်စေ လုံးလုံး ဝတ်ဘို့မရှိရာ အခါတည်း။
ဂဟပတိံ ဂဟပတာနိံ
“ဂဟဿ-အိမ်၏ + ပတိ-အရှင်တည်း” ဟူသော ဝိဂြိုဟ်အရ အိမ်ပိုင်ရှိသူကို “ဂဟပတိ၊ ဂဟပတာနီ” ဟု ခေါ်၏။ သို့သော် ဤသိက္ခာပုဒ်ကား ရဟန်း သာမဏေမှတပါး (အိမ်ပိုင် ရှိရှိ-မရှိရှိ တိတ္ထိ ပရိဗ္ဗိုဇ်တို့ပါမကျန်) ဂဟပတိ မည်၏။ ထို့အတူ ဘိက္ခုနီ၊ သိက္ခမာန်၊ သာမဏေတို့မှ တပါး အားလုံးသော မိန်းမများကို ဂဟပတာနီဟု ခေါ်သည်။
စီဝရံ ဝိညာပေယျ
စီဝရံအရ အဓိဋ္ဌာန် ဝိကပ္ပနာလောက်သော အဝတ်မှ စ၍ အဝတ်အားလုံးကို ယူ။ “ဝိညာပေယျ”၌ “သိစေအံ့” ဟုသာ သဒ္ဒါနက် ထွက်၏။ “သိစေ” ဟူသည် “မိမိ အလိုရှိကြောင်းကို သိစေခြင်း” တည်း။ သိစေခြင်း ဟူသည်လည်း ကိုယ်တိုင်တောင်းခြင်း၊ သူတပါးကို အတောင်း ခိုင်းခြင်းပင်တည်း။ ထို့ကြောင့် ဝိညာပေယျကို “ယာစေယျဝါ ယာစာပေယျ ဝါ” ဟု ဖွင့်သည်။
အစ္ဆိန္နစီဝရော နဋ္ဌစီဝရော
ခိုးသူ၊ ဒမြ၊ မင်း စသူတို့ အလုခံရသူကို “အစ္ဆိန္နစီဝရ” ဟု၎င်း၊ မီးလောင်၊ ရေမျော၊ ကြွက်ကိုက်ခြင်း စသည်ကြောင့် ပျောက်ပျက်သော သင်္ကန်းရှိသူကို “နဋ္ဌစီဝရ” ဟု၎င်း ခေါ်၏။
ထိုအခါသည် တောင်းကောင်းရာ အခါတည်း။ တောင်းဘို့ရာ လူမရှိသောအရပ် ဖြစ်နေလျှင် သစ်ပင်မှ သစ်ခက်ကို ကိုယ်တိုင် ခုတ်ချိုး ယူကောင်း၏။ ထိုသစ်ရွက်များကို လျှော်ဖြင့် တွဲစပ်၍ ဝတ်သွားရမည်။ အဝတ် မဝတ်ဘဲကား မသွားကောင်း။
အင်္ဂါ ၄ ပါး
၁။ အဓိဋ္ဌာန်ဝိကပ္ပနာလောက်သော သင်္ကန်းဖြစ်ခြင်း၊
၂။ သမယ မဟုတ်ခြင်း၊
၃။ ဆွေမျိုး မတော်သူကို တောင်းခြင်း၊
၄။ တောင်း၍ ရခြင်း
အားဖြင့် အင်္ဂါ ၄ ပါး ညီမှသာ နိသဂ္ဂိ ထိုက်၏။
[၃။ ဆွေမျိုး မတော်သော်လည်း ဖိတ်မန်ထား၍ ပဝါရိတ ရသူကိုလည်း တောင်းကောင်းသေး၏။
၄။ “တောင်း၍ ရမှ နိသဂ္ဂိထိုက်သည်”ဟု ဆိုသော်လည်း မရခင် တောင်းသည့် အခိုက်မှာပင် ပယောဂတိုင်း ဒုက္ကဋ်အာပတ် သင့်သေး၏။
ဤသိက္ခာပုဒ်ကို ဉာတိပဝါရိတ မဟုတ်သူထံ သင်္ကန်းကို တောင်းခြင်းကြောင့် ပညတ်တော်မူသည်။ နောက်၌ ဆွမ်းဟင်းများ တောင်းခြင်းကြောင့် “သူပေါဒနဝိညတ္တိ သိက္ခာပုဒ် လာဦးလတံ့။ ထို သိက္ခာပုဒ်ကျမှ အကျယ် ပြဦးမည်။]
[ဆောင်]
ဓိဋ္ဌာန်ဝိကပ်, လောက်အပ်လေရာ, အခါမလျော်, ဆွေမတော် တောင်း, ရခြင်းပေါင်း၍, အကြောင်း လေးလီ, အင်္ဂါညီ, သင့်ပြီ ဝိညတ္တိ။
နိသဂ္ဂိယပါစိတ် အခန်း (စီဝရဝဂ်)
၇။ တတုတ္တရိ သိက္ခာပုဒ်
၇။ တဉ္စေ အညာတကော ဂဟပတိ ဝါ ဂဟပတာနီ ဝါ ဗဟူဟိ စီဝရေဟိ အဘိဟဋ္ဌုံ ပဝါရေယျ၊ သန္တရုတ္တရပရမံ တေန ဘိက္ခုနာ တတော စီဝရံ သာဒိတဗ္ဗံ။ တတော စေ ဥတ္တရိ သဒိယေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။
တံ - ထို အစ္ဆိန္နစီဝရ နဋ္ဌစီဝရ ရဟန်းကို၊
အညာတကော – ဆွေမျိုး မတော်သော၊
ဂဟပတိဝါ - အိမ့်ရှင် ယောက်ျားသည်သော်၎င်း၊
ဂဟပတာနိ ဝါ - အိမ့်ရှင်မသည်သော်၎င်း၊
ဗဟူဟိ - များစွာကုန်သော၊
စီဝရေဟိ - သင်္ကန်းတို့ဖြင့်၊
အဘိဟဋုံ - ဆောင်ယူဘို့ရာ၊
ဝါ - ရှေးရှု ဆောင်ယူ၍၊
စေ ပဝါရေယျ - အကယ်၍ ဖိတ်မန်အံ့၊
တေန ဘိက္ခုနာ - ထိုရဟန်းသည်၊
တတော - ထိုသင်္ကန်းအများမှ၊
သန္တရုတ္တရ ပရမံ - သင်းပိုင်နှင့် တကွ ကိုယ်ရုံ အလွန် အတိုင်း အရှည်ရှိသော၊
စီဝရံ - ကို၊
သာဒိတဗ္ဗံ – သာယာနိုင်၏၊
တတော - ထို သင်းပိုင် ကိုယ်ရုံထက်၊
ဥတ္တရိ - အပို၊
စေသာဒယေယျ - အကယ်၍ သာယာအံ့၊
တဿ ဘိက္ခုနော - ၏၊
တံစီဝရံ - ကို၊
နိသဂ္ဂိယံ - ၏၊
ပါစိတ္တိယံ - လည်း၊
ဟောတိ - ၏။
၇။ တတုတ္တရိ
ရှေ့ ၆ နံပါတ် သိက္ခာပုဒ်၌ ပြခဲ့သော အစ္ဆိန္နစီဝရ နဋ္ဌစီဝရ ရဟန်းကို ဆွေမျိုးမတော်သော (ဖိတ်မန်ထား သူလည်း မဟုတ်သော) ဒကာ ဒကာမတို့က သိ၍ များစွာသော သင်္ကန်း (အဝတ်) တို့ဖြင့် ဖိတ်မန်လျှင် ထို သင်္ကန်းအများမှ သင်းပိုင်နှင့် ကိုယ်ရုံ(တစုံ) မျှကိုသာ သာယာကောင်းသည်။ ထို့ထက်ပို၍ သာယာလျှင် (ယူလျှင်) နိသဂ္ဂိ ပါစိတ်တည်း။
အညာတကော
တောင်းဘို့အရာဝယ် “ဉာတက” ဟု လာသမျှ၌ “ပဝါရိတ = ဖိတ်မန်သူကိုပါ” ယူရမည်။ ဖိတ်မန်ထားသူကို “ပဝါရိတရသူ”ဟု ခေါ်၏။ ထို ပဝါရိတရသူသည် သူတို့ ဖိတ်ထားအပ်သော ပစ္စည်းကို (သင်္ကန်း ဖြစ်လျှင် သင်္ကန်း၊ ပစ္စည်း ၄ ပါးလုံး ဖြစ်လျှင် ၄ ပါးလုံးကို) တောင်းခံရာ၌ ဆွေမျိုး များနှင့် မထူးပြီး၊ သို့ရာဝယ် သူတို့ အကြည်ညိုပျက်မှန်း သိသောအခါ၌ မတောင်းကောင်းတော့ချေ။
[“ပဝါရေတွာပိ အဒါတုကာမော အပဝါရိတ ဌာနေ တိဋ္ဌတိ” - အညာတက ဝိညတ္တိ သိက္ခာပဒ, သာရတ္ထဋီကာ။]
အဘိဟဋုံ
[အဘိ+ ဟရဓာတ်၊ တုံပစ္စည်း၊ ဓာတွန်ကိုချေ၊ တကို ဋပြု၊]
၂ နက်တွင် ပထမနက်၌ အဘိအနက် မရှိ။ “ဟဋုံ = ဟရိတုံ = ဂဏှိတုံ - ယူဘို့ရာ” ဟု ပေး။
ရဟန်း အလိုရှိသလို ယူဘို့ရာ သင်္ကန်းများစွာဖြင့် ဖိတ်မန်သည် ဟူလို။
နောက်အနက်၌ တုံပစ္စည်းသည် တွာပစ္စည်းနှင့် အနက်တူတည်း။ “အဘီ=ရှေးရှု + ဟဋုံ = ဆောင်ယူ၍”ဟု ပေး။ ဂဟပတိ ဖြစ်သူ၊ သို့မဟုတ် ဂဟပတာနီ ဖြစ်သူသည် ကိုယ်ဖြင့် ယူဆောင်ခဲ့၍ဖြစ်စေ၊ “အလိုရှိသလို အထည်တိုက်မှ ထုတ်ယူပါ”ဟု နှုတ်ဖြင့် ရှေးရှု ဆောင်၍ဖြစ်စေ ဖိတ်မန်သည် ဟူလို။
[“သာဒိသန္တ”စသော သုတ်အဖွင့် ရူပသိဒ္ဓိ၌ကား “အဘိဟဋ္ဌုံ”ဟု ရှိ၏။]
သန္တရုတ္တရ ပရမံ
[သ + အန္တရ + ဥတ္တရ။ ]
အန္တရသဒ္ဒါသည် “အတွင်းဝတ်=ခါးဝတ်=သင်းပိုင်”ဟူသော အနက်ကို ဟော၏။
ဥတ္တရသဒ္ဒါကား “အပေါ်ရုံ=အပေါ်တင်=ဧကသီ” ဟူသော အနက်ကို ဟော၏။
သ+ အန္တရ = သင်းပိုင်နှင့်တကွသော + ဥတ္တရ=ကိုယ်ရုံ။
သူခိုးလုယူ၍ဖြစ်စေ၊ တစုံတရာကြောင့် ပျောက်သွား၍ဖြစ်စေ သင်္ကန်းမရှိမှန်းသိသော ဒကာ ဒကာမ တို့က ဖိတ်မန်လာလျှင် သင်းပိုင်နှင့် ကိုယ်ရုံ (ဒွိစုံ)ကိုသာ ယူရမည်၊ ဒွိစုံထက် မပိုရ ဟူလို။
ထို့ကြောင့် နဂိုက သင်္ကန်း ၃ ထည်ဖြင့် လှည့်လည်နေသူမှာ တထည်ပျောက်လျှင် (ဘာပျောက်ပျောက်) ၂ ထည်ကျန်သေး၍ မယူကောင်း။ ၂ ထည်ပျောက်လျှင် တထည်ယူ၊ ၃ ထည် ပျောက်လျှင် ၂ ထည်ယူ၊
နဂိုက ၂ ထည်ဖြင့် လှည့်လည်သူမှာလည်း တထည်ပျောက်လျှင် တထည်ယူ၊ ၂ ထည် ပျောက်လျှင် ၂ ထည် ယူကောင်း၏။ ၃ ထည်ပြည့်အောင်ကား မယူကောင်း။
မှတ်ချက်
ဤကဲ့သို့ “၂ ထည်သာ ယူကောင်း၏”ဟု မိန့်ခြင်းလည်း သင်္ကန်းပျောက်၍ သင်္ကန်းမရှိကြောင်း သိသည့် အတွက် လာရောက် ဖိတ်မန် သူတို့အထံမှ ယူနည်းကို ပြခြင်းဖြစ်သည်။ “လုံလောက်ရုံ ၂ ထည်သာ ယူပါ” ဟူလို။ နဂို ဖိတ်ထားပြီးသူ၊ အခြား ဂုဏ်အတွက် ကြည်ညို၍ ယခုမှ ဖိတ်သူနှင့် ဉာတိပဝါရိတ အထံမှကား ဒွိစုံထက် ပို၍လည်း ယူကောင်းပါ၏။
အင်္ဂါ ၄ ပါး
၁။ သင်းပိုင် ကိုယ်ရုံထက် ပိုလွန်ခြင်း၊
၂။ အစ္ဆိန္နနဋ္ဌ စီဝရဖြစ်ခြင်း၊
၃။ ဉာတိပဝါရိတ မဟုတ်သူကို တောင်းခြင်း၊
၄။ တောင်း၍ ရခြင်း အားဖြင့် အင်္ဂါ ၄ ပါးရှိ၏။
[ဆောင်]
သင်းပိုင် ကိုယ်ရုံ, ဒွိတစုံထက်, ပိုလွန်တက်သား, ပျောက်ပျက် လုခံ၊ ဆွေမဆံတောင်း, ရခြင်းပေါင်း၍, အကြောင်းလေးလီ အင်္ဂါညီ, သင့်ပြီ တတုတ္တရိ။
နိသဂ္ဂိယပါစိတ် အခန်း (စီဝရဝဂ်)
၈။ ပထမ ဥပက္ခဋ သိက္ခာပုဒ်
၈။ ဘိက္ခုံ ပနေဝ ဥဒ္ဒိဿ အညာတကဿ ဂဟပတိဿ ဝါ ဂဟပတာနိယာ ဝါ စီဝရစေတာပန္နံ ဥပက္ခဋံ ဟောတိ “ဣမိနာ စီဝရစေတာပန္နေန စီဝရံ စေတာပေတွာ ဣတ္ထန္နာမံ ဘိက္ခုံ စီဝရေန အစ္ဆာဒေဿာမီ”တိ၊ တတြ စေ သော ဘိက္ခု ပုဗ္ဗေ အပ္ပဝါရိတော ဥပသင်္ကမိတွာ စီဝရေ ဝိကပ္ပံ အာပဇ္ဇေယျ “သာဓု ဝတ မံ အာယသ္မာ ဣမိနာ စီဝရစေတာပန္နေန ဧဝရူပံ ဝါ ဧဝရူပံ ဝါ စီဝရံ စေတာပေတွာ အစ္ဆဒေဟီ”တိ ကလျာဏကမျတံ ဥပါဒါယ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။
ဣမိနာ စီဝရ စေတာပန္နေန – ဤ သင်္ကန်းအဖိုးဖြင့်၊
စီဝရံ - သင်္ကန်းကို၊
စေတာပေတွာ - လဲလှယ်၍၊
ဣတ္ထန္နာမံ - ဤ အမည်ရှိသော၊
ဘိက္ခုံ - ရဟန်းကို၊
စိဝရေန - သင်္ကန်းဖြင့်၊
အစ္ဆာဒေဿာမိ - ဖုံးလွှမ်းအံ့၊
ဣတိ - ဤသို့၊
ဘိက္ခုံ - ရဟန်းကို၊
(ပန + ဧဝ အနက်မရှိ၊)
ဥဒ္ဒိဿ - ရည်စူး၍၊
ဝါ – ညွှန်ပြ၍၊
အညာတကဿ - ဆွေမျိုးမတော်သော၊
ဂဟပတိဿ ဝါ - အိမ့်ရှင် ယောက်ျားသည်သော်၎င်း၊
ဂဟပတာနိယာဝါ – အိမ့်ရှင်မသည်သော်၎င်း၊
စီဝရစေတာပန္နံ - သင်္ကန်းအဖိုးသည်၊
ဝါ - ကို၊
ဥပက္ခဋံ - စုဆောင်းထားအပ်သည်၊
ဟောတိ - အံ့၊
တတြ - ထို အလှူ့ရှင်ရှိရာသို့၊
သော ဘိက္ခု - ထိုရဟန်းသည်၊
ပုဗ္ဗေ - ရှေး၌၊
အပ္ပဝါရိတော - မဖိတ်အပ်ဘူးဘဲ၊
ဥပသင်္ကမိတွာ - ချဉ်းကပ်၍၊
စီဝရေ - သင်္ကန်း၌၊
ဝိကပ္ပံ - ထူးသော စီမံခြင်းသို့၊
စေ အာပဇ္ဇေယျ - အကယ်၍ ရောက်အံ့၊
(ကိံ - အဘယ်သို့ စီမံသနည်း၊)
အာယသ္မာ - ငါ့ရှင် ဒါယကာ၊
သာဓု - တောင်းပန်ပါ၏၊
ဝတ - အကြံဖြစ်သည်ကား၊
မံ - ငါ့ကို၊
ဣမိနာ စီဝရစေတာပန္နေန - ဤ သင်္ကန်းအဖိုးဖြင့်၊
ဧဝ ရူပံဝါ ဧဝ ရူပံဝါ - ဤသို့ သဘောရှိသည်မူလည်း ဖြစ်, ဤသို့ သဘောရှိသည်မူလည်း ဖြစ်သော၊
စီဝရံ - သင်္ကန်းကို၊
စေတာပေတွာ - လဲလှယ်၍၊
အစ္ဆာဒေဟိ – ဖုံးလွှမ်းပါလော၊
ဣတိ - ဤသို့၊
ကလျာဏကမျတံ - အကောင်းကို အလိုရှိသူ၏ အဖြစ်ကို၊
ဥပါဒါယ - စိတ်ဖြင့်ယူ၍၊
(ဝိကပ္ပံ - ထူးသော စီမံခြင်းသို့၊
စေ အာပဇ္ဇေယျ - အကယ်၍ ရောက်အံ့၊)
တဿ ဘိက္ခုနော တံ စီဝရံ နိသဂ္ဂိယံ, ပါစိတ္တိယံ ဟောတိ။
၈။ ပထမ ဥပက္ခဋ
ဉာတိပဝါရိတ မဟုတ်သော ဒါယကာ၊ သို့မဟုတ် ဒါယိကာမက “ဤသင်္ကန်းဖိုးဖြင့် သင်္ကန်းဝယ်၍ မည်သည့် ရဟန်းအား လှူဒါန်းမည်” ဟု ရဟန်းတပါးပါးကို ရည်စူးညွှန်ပြ၍ သင်္ကန်းဖိုး စုဆောင်း ထားရာ ထို အလှူ့ရှင်ထံ သွား၍ နဂို သင်္ကန်းဖိုးထက် အပို ကုန်အောင် ထူးထူးထွေထွေ စီမံလျှင် ထိုသင်္ကန်း နိသဂ္ဂိထိုက်၍ ပါစိတ်အာပတ် သင့်လေတော့သည်။
ဘိက္ခုံ ပနေဝ ဥဒ္ဒိဿ
ဥဒ္ဒိဿကို “အာရဗ္ဘ = ရည်စူး၍”ဟု အဋ္ဌကထာ ဖွင့်ပြီးလျှင် “အပဒိသိတွာ = ညွှန်ပြ၍” ဟု တနည်းဖွင့်၏။ နောက်နည်းအရ “ညွှန်ပြခြင်း”ဟူသည် “မည်သည့်ရဟန်း”ဟု နာမည်ကို ထုတ်ဖော် ပြောဆိုခြင်းတည်း။ “ဂဟပတိဿ”၌ “သ”ဝိဘတ်သည် ဆဋ္ဌီကတ္တားဖြစ်၍ “သည်” ဟု အနက်ပေးရသည်။
စီဝရစေတာပန္နံ
စိတခေတ်သည် ရောင်းဝယ် လဲလှယ်ခြင်း အနက်ကို ဟော၏။ ဤ၌ ကာရိတ်ဏာပေပစ္စည်း ယုပစ္စည်းဖြစ်၍ “စေတာပနံ” ဟု၎င်း န တလုံး ဒွေဘော်လာ၍ “စေတာပန္နံ”ဟု၎င်း ရှိကြောင်းကို ဋီကာတို့ ဖွင့်ကြ၏။
ဧတေန - ဤသင်္ကန်းဖိုးဖြင့်၊
စီဝရံ - သင်္ကန်းကို၊
စေတာပေန္တိ (ပရိဝတ္တေန္တိ) - လဲလှယ်ကြကုန်၏၊
ဣတိ - ထိုသို့ လဲလှယ်ကြောင်း၏ အဖြစ်ကြောင့်၊
စီဝရ စေတာပန္နံ - မည်၏၊
သင်္ကန်းကို လဲလှယ်၍ (ဝယ်ယူ၍) ရနိုင်သော ရွှေ ငွေ စသော အကပ္ပိယ ဝတ္ထု၊ ချည် စသော ကပ္ပိယဝတ္ထုများတည်း။
ဥပက္ခဋံ
ဥပ = အနီး၌ + ကတံ = ထားအပ်သည်။
အနီး၌ ထားအပ် ဟူသည် စီစဉ်ထားခြင်း၊ စုဆောင်းထားခြင်းတည်း။
ထို့ကြောင့် “သဇ္ဇိတံ ဟောတိ သံဟရိတွာ ထပိတံ” ဟု ဖွင့်သည်။
[ဥပက္ခဋံ ၌ ဥပ+ကရ+တ၊ ပုရ သမုပပရိဟိ စသော သုတ်ဖြင့် ကရကို ခပြု၊ က ဒွေဘော်လာ၊ တကို ဋပြု။]
ဣမိနာ ၊ပေ၊ အစ္ဆာဒေဿာမိ
ဤဝါကျကား “သင်္ကန်းလှူမည့် ဒါယကာ၊ ဒါယိကာမတို့က အလှူခံရဟန်းကို ရည်မှန်းပုံ၊ မည်သည့် ရဟန်းအား လှူမည်ဟု ထုတ်ဖော် ပြောဆိုပုံ အခြင်းအရာကို ပြသော ဝါကျတည်း။
ဤဝါကျ၌ “အစ္ဆာဒေဿာမိ”ကား ထိုခေတ်က အဝတ်သင်္ကန်း လှူဒါန်းရာ၌ သုံးစွဲရိုး စကားတည်း။
[အာ+ဆာဒ+ဏေ၊] “ဖုံးလွှမ်းအံ့” ဟူရာ၌ ထိုရဟန်းမှာ ဖုံးလွှမ်းစရာရအောင် လှူဒါန်းခြင်းတည်း။ ယခုကာလ၌ ထို “အစ္ဆာဒေဿာမိ” အသုံးအတိုင်း “သင်္ကန်းဆည်း” ဟု ခေါ်ကြသည်။
တတြ ၊ပေ၊ အပ္ပဝါရိတော
“အရှင်ဘုရား၊ သင်္ကန်း အလိုရှိက မိန့်တော်မူပါ” စသည်ဖြင့် ထိုသင်္ကန်းလှူမည့် အလှူရှင်၏ အဖိတ်ကို ရှေးက မခံရဘူးသော ရဟန်းကို “အပ္ပဝါရိတော”ဟု ဆိုသည်။
စီဝရေ ဝိကပ္ပံ အာပဇ္ဇေယျ
[ဝိ = ထူးသော + ကပ္ပ = ပြုစီမံခြင်း။] “ထူးသော ပြုစီမံခြင်း” ဟူသည် မူလ ရည်စူးထားသော သင်္ကန်းထက် အလျား ရှည်အောင်၊ အနံပြန့်အောင်၊ အသားကျစ်အောင်၊ ချောအောင် စီမံခြင်းတည်း။ ထိုသို့ ထူးထွေ ကောင်းမွန်လာအောင် စီမံရာ၌ စီမံလိုက်သည့်အတွက် မူလ ရည်စူးထားသော တန်ဖိုးထက် ပိုလာမှသာ နိသဂ္ဂိထိုက်သည်။ မူလတန်ဖိုးထက် မပိုလျှင် နိသဂ္ဂိ မထိုက်။
သာဓုဝတ ၊ပေ၊ အစ္ဆာဒေဟိ
ဤဝါကျကား ရဟန်းက စီမံပုံ အခြင်းအရာကို ပြသော ဝါကျတည်း။
သာဓုသည် တောင်းပန်ခြင်း (အာယာစန) အနက်ရှိသော နိပါတ်၊
ဝတကား ကြံစည်ခြင်း (ပရိဝိတက္ကန) အနက်ရှိသော နိပါတ်တည်း။
ထိုပါဠိ ၂ ရပ်လုံးပင် မြန်မာလို အနက်ပြန်ရာ၌ အဆင်မပြေလှ။ ရိုးရာအတိုင်း ပြန်လိုက်ရတော့သည်။
“ဧဝရူပံဝါ ဧဝရူပံဝါ” ကား ရဟန်းက လက်ဖြင့် ဖြစ်စေ၊ နှုတ်ဖြင့် ဖြစ်စေ သင်္ကန်းပုံစံကို ညွှန်ပြသော စကား ဖြစ်သည်။ “သည့်လောက် အလျားရှည်ရှည်၊ သည်လို အနံပြန့်ပြန့်၊ သည်ပုံ ကျစ်ကျစ် သည်နည်း ချောချော” စသည်ဖြင့် ပြောလိုရင်း ဖြစ်သည်။
ကလျာဏကမျတံ ဥပါဒါယ
ကလျာဏံ – ကောင်းသော သင်္ကန်းကို၊
ကာမေတိ - အလိုရှိ၏၊
ဣတိ - ထို့ကြောင့်၊
ကလျာဏကာမော - မည်၏၊
ကလျာဏကာမဿ - ကောင်းသော သင်္ကန်းကို အလိုရှိသူ၏၊
ဘာဝေါ - ဖြစ်ကြောင်းသည်၊
ကလျာဏကမျံ − မည်၏။
“သင်္ကန်းကောင်းကို အလိုရှိသူ၏ ဖြစ်ကြောင်း” ဟူသည် သင်္ကန်းကောင်းကို လိုချင်သော လောဘ ပြဋ္ဌာန်းသော အကုသိုလ် စိတ္တုပ္ပါဒ်ပင်တည်း။
[ကမျ၌ ဘာဝတ္ထ ဏျပစ္စည်း၊ ကာ၌ အာကို ရဿပြု၊ ကလျာဏကမျံယေဝ ကလျာဏကမျတာ၊ တာပစ္စည်း အနက်သီးခြား မရှိ၊ ဒုတိယ ဥပက္ခဋ အဆုံးကျမှ အင်္ဂါကို ပြမည်။]
နိသဂ္ဂိယပါစိတ် အခန်း (စီဝရဝဂ်)
၉။ ဒုတိယ ဥပက္ခဋ သိက္ခာပုဒ်
၉။ ဘိက္ခုံ ပနေဝ ဥဒ္ဒိဿ ဥဘိန္နံ အညာတကာနံ ဂဟပတီနံ ဝါ ဂဟပတာနီနံ ဝါ ပစ္စေကစီဝရစေတာပန္နာနိ ဥပက္ခဋာနိ ဟောန္တိ “ဣမေဟိ မယံ ပစ္စေကစီဝရစေတာပန္နေဟိ ပစ္စေကစီဝရာနိ စေတာပေတွာ ဣတ္ထန္နာမံ ဘိက္ခုံ စီဝရေဟိ အစ္ဆာဒေဿမာ”တိ၊ တတြ စေ သော ဘိက္ခု ပုဗ္ဗေ အပ္ပဝါရိတော ဥပသင်္ကမိတွာ စီဝရေ ဝိကပ္ပံ အာပဇ္ဇေယျ “သာဓု ဝတ မံ အာယသ္မန္တော ဣမေဟိ ပစ္စေကစီဝရစေတာပန္နေဟိ ဧဝရူပံ ဝါ ဧဝရူပံ ဝါ စီဝရံ စေတာပေတွာ အစ္ဆာဒေထ ဥဘောဝ သန္တာ ဧကေနာ”တိ ကလျာဏကမျတံ ဥပါဒါယ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။
မယံ - ငါတို့သည်၊
ဣမေဟိ ပစ္စေကစီဝရ စီတာ ပန္နေဟိ - ဤအသီးအသီးသော သင်္ကန်းဖိုးတို့ဖြင့်၊
ပစ္စေကစီဝရာနိ - အသီးအသီးသောသင်္ကန်းတို့ကို၊
စေတာပေတွာ - လဲလှယ်၍၊
ဣတ္ထန္နာမံ - သော၊
ဘိက္ခုံ - ကို၊
စီဝရေဟိ - သင်္ကန်းတို့ဖြင့်၊
အစ္ဆာဒေဿာမ - ဖုံးလွှမ်းကုန်အံ့၊
ဣတိ - ဤသို့၊
ဘိက္ခုံ - ကို၊
ဥဒ္ဒိဿ - ၍၊
ဝါ - ၍၊
ဥဘိန္နံ – ၂ ဦးကုန်သော၊
အညာတကာနံ - ဆွေမျိုး မတော်ကုန်သော၊
ဂဟပတီနံဝါ - အိမ့်ရှင် ယောက်ျားတို့သည် သော်၎င်း၊
ဂဟပတာနီနံဝါ - အိမ့်ရှင်မတို့သည်သော်၎င်း၊
ပစ္စေကစီဝရ စေတာပန္နာနိ - အသီးအသီးသော သင်္ကန်းဖိုးတို့သည်၊
ဥပက္ခဋာနိ- စုဆောင်းထားအပ်ကုန်သည်၊
ဟောန္တိ - ဖြစ်ကုန်အံ့၊
တတြ - ထိုအလှူရှင်တို့ ရှိရာသို့၊
သော ဘိက္ခု ပုဗ္ဗေ အပ္ပဝါရိတော ဥပသင်္ကမိတွာ စီဝရေ ဝိကပ္ပံ အာပဇ္ဇေယျ။
(ကိံ - နည်း၊)
အာယသ္မန္တော - ငါ့ရှင် ဒါယကာတို့၊
သာဓု - ၏၊
ဝတ - ကား၊
ဧဝရူပံဝါ ဧဝရူပံဝါ - သော၊
စီဝရံ - ကို၊
စေတာပေတွာ - လဲလှယ်၍၊
ဥဘောဝ - ၂ ဦးတို့သည်သာ၊
သန္တာ - ဖြစ်ကုန်လျက်၊
ဧကေန - တထည်တည်းဖြင့်၊
အစ္ဆာဒေထ - ဖုံးလွှမ်းကြကုန်လော၊
ဣတိ - သို့၊
ကလျာဏကမျတံ, ဥပါဒါယ,
(ဝိကပ္ပံ – သို့၊
စေ အာပဇ္ဇေယျ - အံ့၊)
တဿ ဘိက္ခုနော တံ စီဝရံ နိသဂ္ဂိယံ, ပါစိတ္တိယံ ဟောတိ။
၉။ ဒုတိယ ဥပက္ခဋ
ဤသိက္ခာပုဒ်၌ ပုဒ်ဖွင့် အထူး မရှိ။ အားလုံး ရှေ့သိက္ခာပုဒ် အတိုင်းပင်။ ရှေ့သိက္ခာပုဒ်၌ သင်္ကန်း ဒါယကာ၊ သို့မဟုတ် ဒါယိကာမ တဦးသာဖြစ်၍ ဤသိက္ခာပုဒ်၌ ၂ ဦး ဖြစ်၏။ ထို ၂ ဦးလည်း နဂိုက အတူပေါင်း၍ (တထည်တည်း) လှူမည်ဟု မကြံရွယ်၊ ကိုယ့်ဘာသာ ကိုယ်ဝယ်၍ ကိုယ့်သင်္ကန်း ကိုယ်လှူမည်ဟု ကြံရွယ်ရင်း ရှိကြ၏။
ထို အကြောင်းကို ကြား၍ “တထည်စီ ခွဲလှူလျှင် ၂ ထည်လုံး ကောင်းတော့မည် မဟုတ်၊ ၂ ထည်စာကို တထည်တည်း ပေါင်းလိုက်မှ ကောင်းမည်” ဟု ကြံ၍ စီမံရာ သူစီမံတိုင်း ပေါင်းစပ်စေသည့်အခါ တန်ဖိုး ပိုလာလျှင် နိသဂ္ဂိထိုက်သည်၊ (တန်ဖိုးမပိုလျှင် မထိုက်)ဟု ပညတ်တော်မူပြန်သည်။
အချုပ်မှာ - ရှေ့သိက္ခာပုဒ်၌ အလှူရှင် တဦးသာ ညှဉ်းဆဲရာရောက်၍ ဤသိက္ခာပုဒ်၌ အလှူ့ရှင် ၂ ဦးကို ညှဉ်းဆဲရာ (စိတ်ထိခိုက်အောင် ပြုလုပ်ရာ)ရောက်သည်။
မှတ်ချက်
ဉာတိပဝါရိတ မဟုတ်သူတို့က သင်္ကန်းကိုသာ မဟုတ်၊ ကျောင်း စသည်ကို ရည်စူးထားရာဝယ် သွားရောက် စီမံရာ၌လည်း နဂိုရည်စူးချက်ထက် တန်ဖိုးပိုသွားလျှင် ထိုပစ္စည်းများ မအပ်သည်သာ။ ဉာတိပဝါရိတ ဖြစ်သူတို့က လှူဘို့ရည်ရွယ်ရာ၌ကား ရဟန်း စီမံသည့်အတွက် တန်ဖိုး ပိုသွား သော်လည်း အပ်ပါ၏။
အင်္ဂါ ၃ ပါး
၁။ အပိုအလွန်ကို အလိုရှိခြင်း၊
၂။ အဆွေမတော်သူကို တောင်းခြင်း၊
၃။ တောင်း၍ ရခြင်း အားဖြင့် အင်္ဂါ ၃ ပါး ရှိ၏။
[ဥပက္ခဋ သိက္ခာပုဒ် ၂ ပါးလုံးပင် အင်္ဂါတူသည်။]
[ဆောင်]
အပိုကိုမျှော်၊ ဆွေမတော်တောင်း၊ ရခြင်းပေါင်း၍ အကြောင်း သုံးလီ၊ အင်္ဂါညီ၊ သင့်ပြီ ဥပက္ခဋ္ဌ။
လေ့ကျင့်ခန်း မေးခွန်းများ
က။ စီဝရပတိဂ္ဂဟဏ သိက္ခာပုဒ်ကို မြန်မာပြန်၍ အင်္ဂါကိုလည်း ပြပါ။
ခ။ အညာတကဝိညတ္တိ သိက္ခာပုဒ်ကို မြန်မာပြန်၍ အင်္ဂါကိုလည်း ပြပါ။
ဂ။ “ဂဟပတိ”ဟူရာ၌ ပစ္စည်းဥစ္စာ ပေါများ ကြွယ်ဝသော “သူကြွယ်” ကိုသာ ယူရမည်လော။
သဒ္ဒါနည်းအရ ယူအပ်သော ဂဟပတိကို ပြပါ။
ဃ။ “ဝိညာပေ-သိစေ” ဟူရာ၌ ဘာကို သိစေပါသနည်း။
ထိုသို့ သိစေ ဟူသော စကားဖြင့် မြန်မာလို ဘာကို ဆိုလိုပါသနည်း။
င။ “အညတြ သမယာ”အရ တောင်းသင့်ရာ အခါကို ပြပါ။
စ။ အညာတကကို မတောင်းကောင်းလျှင် “ပဝါရိတကိုလည်း မတောင်းကောင်း”ဟု ယူရမည်လော။
ဆ။ ပဝါရိတဖြစ်သူသည် အကြောင်းတစုံတရာကြောင့် အကြည်ညိုပျက်လျှင် တောင်းကောင်းသေး သလော။
ဇ။ တတုတ္တရိ သိက္ခာပုဒ်ကို မြန်မာပြန်၍ အင်္ဂါကိုလည်း ပြပါ။
ဈ။ “အဘိဟဋ” ဟူရာ၌ ကိုယ်ဖြင့် ယူဆောင်ခြင်းကိုသာ မှတ်ရမည်လော။
အဘိဟဋပါဌ်၏ အနက် ၂ မျိုးကိုလည်း ပြပါ။
ဉ။ ပထမ ဥပက္ခဋ သိက္ခာပုဒ်ကို လိုရင်းအချုပ်မျှ မြန်မာပြန်ပါ။
ဋ။ “အစ္ဆာဒေ-ဖုံးလွှမ်း”ဟူရာ၌ မြန်မာလို ဆိုလိုရင်း အဓိပ္ပာယ်ကို ပြပါ။
ဌ။ ဝိကပ္ပံ အာပဇ္ဇေယျ၌ “ဝိကပ္ပံ”၏ အဓိပ္ပာယ်ကို ပြပါ။
ဍ။ ဥပက္ခဋ သိက္ခာပုဒ် ၂ ပါး၏ ထူးခြားပုံကို ပြပါ။
ဎ။ ဥပက္ခဋ သိက္ခာပုဒ် ၂ ပါး၏ အင်္ဂါကို ပြပါ။
ဏ။ ဉာတိလည်း မဟုတ်၊ ပဝါရိတလည်း မဟုတ်သော ဒါယကာ ဒါယိကာမတို့က ကျောင်းဆောက်ဘို့ ရည်စူးထားရာ၌ ရဟန်း စီမံသည့်အတွက် မှန်းထားအပ်သော တန်ဖိုးထက် ပိုသွားလျှင် ထိုကျောင်းသည် ဝိနည်းတော်အရ အပ်ပါဦးမည်လော။
နိသဂ္ဂိယပါစိတ် အခန်း (စီဝရဝဂ်)
၁၀။ ရာဇသိက္ခာပုဒ်
၁၀။ ဘိက္ခုံ ပနေဝ ဥဒ္ဒိဿ ရာဇာ ဝါ ရာဇဘောဂ္ဂေါ ဝါ ဗြာဟ္မဏော ဝါ ဂဟပတိကော ဝါ ဒူတေန စီဝရစေတာပန္နံ ပဟိဏေယျ “ဣမိနာ စီဝရစေတာပန္နေန စီဝရံ စေတာပေတွာ ဣတ္ထန္နာမံ ဘိက္ခုံ စီဝရေန အစ္ဆာဒေဟီ”တိ။ သော စေ ဒူတော တံ ဘိက္ခုံ ဥပသင်္ကမိတွာ ဧဝံ ဝဒေယျ “ဣဒံ ခေါ ဘန္တေ အာယသ္မန္တံ ဥဒ္ဒိဿ စီဝရစေတာပန္နံ အာဘတံ၊ ပဋိဂ္ဂဏှာတု အာယသ္မာ စီဝရစေတာပန္န”န္တိ။ တေန ဘိက္ခုနာ သော ဒူတော ဧဝမဿ ဝစနီယော “န ခေါ မယံ အာဝုသော စီဝရစေတာပန္နံ ပဋိဂ္ဂဏှာမ၊ စီဝရဉ္စ ခေါ မယံ ပဋိဂ္ဂဏှာမ ကာလေန ကပ္ပိယ”န္တိ။ သော စေ ဒူတော တံ ဘိက္ခုံ ဧဝံ ဝဒေယျ “အတ္ထိ ပနာယသ္မတော ကောစိ ဝေယျာဝစ္စကရော”တိ။ စီဝရတ္ထိကေန ဘိက္ခဝေ ဘိက္ခုနာ ဝေယျာဝစ္စကရော နိဒ္ဒိသိတဗ္ဗော အာရာမိကော ဝါ ဥပါသကော ဝါ “ဧသော ခေါ အာဝုသော ဘိက္ခူနံ ဝေယျာဝစ္စကရော”တိ။ သော စေ ဒူတော တံ ဝေယျာဝစ္စကရံ သညာပေတွာ တံ ဘိက္ခုံ ဥပသင်္ကမိတွာ ဧဝံ ဝဒေယျ “ယံ ခေါ ဘန္တေ အာယသ္မာ ဝေယျာဝစ္စကရံ နိဒ္ဒိသိ၊ သညတ္တော သော မယာ၊ ဥပသင်္ကမတာယသ္မာ ကာလေန၊ စီဝရေန တံ အစ္ဆာဒေဿတီ”တိ။ စီဝရတ္ထိကေန ဘိက္ခဝေ ဘိက္ခုနာ ဝေယျာဝစ္စကရော ဥပသင်္ကမိတွာ ဒွတ္တိက္ခတ္တုံ စောဒေတဗ္ဗော သာရေတဗ္ဗော “အတ္ထော မေ အာဝုသော စီဝရေနာ”တိ၊ ဒွတ္တိက္ခတ္တုံ စောဒယမာနော သာရယမာနော တံ စီဝရံ အဘိနိပ္ဖါဒေယျ၊ ဣစ္စေတံ ကုသလံ။ နော စေ အဘိနိပ္ဖါဒေယျ၊ စတုက္ခတ္တုံ ပဉ္စက္ခတ္တုံ ဆက္ခတ္တုပရမံ တုဏှီဘူတေန ဥဒ္ဒိဿ ဌာတဗ္ဗံ၊ စတုက္ခတ္တုံ ပဉ္စက္ခတ္တုံ ဆက္ခတ္တုပရမံ တုဏှီဘူတော ဥဒ္ဒိဿ တိဋ္ဌမာနော တံ စီဝရံ အဘိနိပ္ဖါဒေယျ၊ ဣစ္စေတံ ကုသလံ။ တတော စေ ဥတ္တရိ ဝါယမမနော တံ စီဝရံ အဘိနိပ္ဖါဒေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။ နော စေ အဘိနိပ္ဖါဒေယျ၊ ယတ’ဿ စီဝရစေတာပန္နံ အာဘတံ၊ တတ္ထ သာမံ ဝါ ဂန္တဗ္ဗံ၊ ဒူတော ဝါ ပါဟေတဗ္ဗော “ယံ ခေါ တုမှေ အာယသ္မန္တော ဘိက္ခုံ ဥဒ္ဒိဿ စီဝရစေတာပန္နံ ပဟိဏိတ္ထ၊ န တံ တဿ ဘိက္ခုနော ကိဉ္စိ အတ္ထံ အနုဘောတိ၊ ယုဉ္ဇန္တာယသ္မန္တော သကံ၊ မာ ဝေါ သကံ ဝိနဿာ”တိ၊ အယံ တတ္ထ သာမီစိ။
ဘိက္ခုံ - ရဟန်းကို၊
ဥဒ္ဒိဿ - ရည်စူး၍၊
ဝါ - ညွှန်ပြ၍၊
ရာဇာဝါ - မင်းသည်သော်၎င်း၊
ရာဇဘောဂ္ဂေါဝါ - အမတ်သည်သော်၎င်း၊
ဗြာဟ္မဏောဝါ – ပုဏ္ဏားသည်သော်၎င်း၊
ဂဟပတိကောဝါ - အိမ့်ရှင်ယောက်ျားသည်သော်၎င်း၊
ဒူတေန - တမန်ဖြင့်၊
စီဝရစေတာပန္နံ - ကို၊
ပဟိဏေယျ - ပို့အံ့၊
(ကိံ - အဘယ်သို့ မှာ၍ ပို့သနည်း၊)
ဣမိနာ စီဝရ စေတာပန္နေန - ဖြင့်၊
စီဝရံ - သင်္ကန်းကို၊
စေတာပေတွာ - လဲလှယ်၍၊
ဣတ္ထန္နာမံ - သော၊
ဘိက္ခုံ - ရဟန်းကို၊
စီဝရေန - ဖြင့်၊
အစ္ဆာဒေဟိ - ဖုံးလွှမ်းချေလော၊
ဣတိ - ဤသို့ မှာ၍ ပို့အံ့။
သော ဒူတော - ထိုတမန်သည်၊
တံ ဘိက္ခုံ - ထိုရဟန်းကို၊
ဥပသင်္ကမိတွာ - ချဉ်းကပ်၍၊
ဧဝံ - ဤသို့၊
စေ ဝဒေယျ - အကယ်၍ လျှောက်အံ့၊
(ကိံ - အဘယ်သို့ လျှောက်သနည်း၊)
ဘန္တေ - အရှင်ဘုရား၊
အာယသ္မန္တံ - အရှင်ဘုရားကို၊
ဥဒ္ဒိဿ - ရည်စူး၍၊
ဣဒံ စီဝရ စေတာပန္နံ - ဤ သင်္ကန်းအဖိုးကို၊
အာဘတံ - ဆောင်ယူအပ်ပါပြီ၊
အာယသ္မာ - သည်၊
စီဝရ စေတာပန္နံ - သင်္ကန်းဖိုးကို၊
ပတိဂ္ဂဏှတု - လက်ခံတော်မူပါ၊
ဣတိ - ဤသို့ လျှောက်အံ့။
တေန ဘိက္ခုနာ - ထိုရဟန်းသည်၊
သော ဒူတော - ထို တမန်သည်၊
ဝါ - ကို၊
ဧဝံ - ဤသို့၊
ဝစနီယော - ပြောဆိုထိုက်သည်၊
အဿ - ဖြစ်၏၊
(ကိံ - အဘယ်သို့ ပြောဆိုထိုက်သနည်း၊)
အာဝုသော - ငါ့ရှင်၊
မယံ - ငါတို့သည်၊
စီဝရစေတာပန္နံ - ကို၊
နခေါ ပတိဂ္ဂဏှာမ - မခံယူကုန်၊
မယံ - ငါတို့သည်၊
ကာလေန - သင့်လျော်သောအခါ၌၊
ကပ္ပိယံ - အပ်စပ်သော၊
စီဝရဉ္စ - သင်္ကန်းကိုသာ၊
ပတိဂ္ဂဏှာမ - ခံယူကုန်၏၊
ဣတိ - ဤသို့ ပြောဆိုထိုက်၏။
သော ဒူတော - သည်၊
တံ ဘိက္ခုံ - ကို၊
ဧဝံ - သို့၊
စေ ဝဒေယျ - အကယ်၍ လျှောက်အံ့၊
(ကိံ - အဘယ်သို့ လျှောက်သနည်း၊)
အာယသ္မတော - အရှင်၏၊
ဝေယျာဝစ္စကရော - ကိစ္စ ကြီးငယ်ကို ပြုလုပ်တတ်သော၊
ကောစိ - တစုံတယောက်သည်၊
အတ္ထိ ပန - ရှိပါသလော၊
ဣတိ - ဤသို့ လျှောက်အံ့။
ဘိက္ခဝေ - ရဟန်းတို့၊
စီဝရတ္ထိကေန - သင်္ကန်းကို အလိုရှိသော၊
ဘိက္ခုနာ - ရဟန်းသည်၊
ဝေယျာဝစ္စကရော - ကိစ္စကြီးငယ်ကို ပြုလုပ်တတ်သူကို၊
အာရာမိကောဝါ - အာရာမ်စောင့်ကို သော်၎င်း၊
ဥပါသကောဝါ - သီတင်းသည်ကိုသော်၎င်း၊
နိဋ္ဌိသိတဗ္ဗော - ညွှန်ပြနိုင်၏၊
(ကိံ - အဘယ်သို့ ညွှန်ပြရမည်နည်း၊)
အာဝုသော - ဒါယကာ၊
ဧသော - ဤသူသည်၊
ဘိက္ခူနံ - ရဟန်းတို့၏၊
ဝေယျာဝစ္စကရော - ကိစ္စ ကြီးငယ်ကို ပြုလုပ်တတ်သူတည်း၊
ဣတိ - ဤသို့ ညွှန်ပြနိုင်၏။
သော ဒူတော - သည်၊
တံ ဝေယျာဝစ္စကရံ - ထို ဝေယျာဝစ္စကရကို၊
သညာပေတွာ - နားလည်စေပြီး၍၊
တံ ဘိက္ခုံ - ကို၊
ဥပသင်္ကမိတွာ - ၍၊
ဧဝံ - သို့၊
စေ ဝဒေယျ - အကယ်၍လျှောက်အံ့၊
(ကိံ - အဘယ်သို့ လျှောက်သနည်း၊)
ဘန္တေ - အရှင်ဘုရား၊
အာယသ္မာ - အရှင်သည်၊
ယံ ဝေယျာဝစ္စကရံ - အကြင် ကိစ္စကြီးငယ်ကို ပြုလုပ်တတ်သူကို၊
နိဒ္ဒိသိ - ညွှန်ပြပြီ၊
သော - ထို ဝေယျာဝစ္စကရကို၊
မယာ - တပည့်တော်သည်၊
သညတ္တော — နားလည်စေအပ်ပါပြီ၊
အာယသ္မာ - သည်၊
ကာလေန - သင့်လျော်သောအခါ၌၊
ဥပသင်္ကမတု - ချဉ်းကပ်တော်မူပါ၊
စီဝရေန - ဖြင့်၊
တံ - အရှင့်ကို၊
အစ္ဆာဒေဿတိ - ဖုံးလွှမ်းပါလိမ့်မည်၊
ဣတိ - ဤသို့ လျှောက်အံ့။
ဘိက္ခဝေ - တို့၊
စီဝရတ္ထိကေန - သော၊
ဘိက္ခုနာ - သည်၊
ဝေယျာဝစ္စကရော - ကို၊
ဥပသင်္ကမိတွာ - ၍၊
ဒွတ္တိက္ခတ္တုံ - ၂ ကြိမ် ၃ ကြိမ်၊
စောဒေတဗ္ဗော - တောင်းအပ် တောင်းနိုင်၏၊
သာရေတဗ္ဗော - သတိပေးအပ် သတိပေးနိုင်၏၊
(ကိံ - အဘယ်သို့ပြော၍ တောင်းနိုင်သနည်း၊)
အာဝုသော - ဒါယကာ၊
မေ - ငါ့အား၊
စီဝရေန - သင်္ကန်းဖြင့်၊
အတ္ထော - အလိုရှိ၏၊
ဣတိ - ဤသို့ပြော၍ တောင်းနိုင်၏၊
ဒွတ္တိက္ခတ္တုံ - ၂ ကြိမ် ၃ ကြိမ်၊
စောဒယမာနော - တောင်းလသော်၊
သာရယမာနော - သတိပေးလသော်၊
တံ စီဝရံ - ထိုသင်္ကန်းကို၊
အဘိနိပ္ဖါဒေယျ - ပြီးစေနိုင်အံ့၊
ဣစ္စေတံ - ဤသို့ ပြီးစေနိုင်ခြင်းသည်၊
ကုသလံ - ကောင်း၏၊
နောစေ အဘိနိပ္ဖါဒေယျ - အကယ်၍ မပြီးစေနိုင်အံ့၊
စတုက္ခတ္တုံ - ၄ ကြိမ် သော်၎င်း၊
ပဉ္စက္ခတ္တုံ - ၅ ကြိမ်သော်၎င်း၊
ဆက္ခတ္တုံ ပရမံ - ၆ ကြိမ်အလွန် အပိုင်းအခြားရှိအောင်သော်၎င်း၊
တုဏှိဘာဝေန – ဆိတ်ဆိတ် အဖြစ်ဖြင့်၊
ဥဒ္ဒိဿ - သင်္ကန်းကိုရည်မှန်း၍၊
ဌာတဗ္ဗံ - ရပ်ရာ၏။
စတုက္ခတ္တုံ - ၄ ကြိမ် သော်၎င်း၊
ပဉ္စက္ခတ္တုံ - ၅ ကြိမ်သော်၎င်း၊
ဆက္ခတ္တုံ ပရမံ - ၆ ကြိမ်အလွန် အပိုင်းအခြားရှိအောင်သော်၎င်း၊
တုဏှိဘူတော - ဆိတ်ဆိတ် ဖြစ်၍ဖြစ်သည်၊
(ဟုတွာ - ဖြစ်၍၊)
ဥဒ္ဒိဿ - ၍၊
တိဋ္ဌမာနော - ရပ်လသော်၊
တံ စီဝရံ - ကို၊
အဘိနိပ္ဖါဒေယျ - အံ့၊
ဣစ္စေတံ - ဤသို့ ပြီးစေခြင်းသည်၊
ကုသလံ - ကောင်း၏၊
တတော - ထို ၃ ကြိမ် တောင်းခြင်း ၆ ကြိမ် ရပ်ခြင်းထက်၊
ဥတ္တရိ - အလွန်၊
ဝါယမာနော - အားထုတ်လသော်၊
ဝါ - အားထုတ်မှ၊
တံစီဝရံ - ကို၊
စေ အဘိနိပ္ဖါဒေယျ၊ တဿ ဘိက္ခုနော တံစီဝရံ နိသဂ္ဂိယံ, ပါစိတ္တိယံ ဟောတိ။
နော စေ အဘိနိပ္ဖါဒေယျ - အံ့၊
ယတော - အကြင် အလှူ့ရှင်အထံမှ၊
အဿ - ထိုရဟန်းဘို့၊
စီဝရစေတာပန္နံ - ကို၊
အာဘတံ - ဆောင်ယူအပ်ခဲ့ပြီ၊
တတ္ထ - ထိုအလှူ့ရှင် အထံသို့၊
သာမံဝါ - ကိုယ်တိုင်သော်လည်း၊
ဂန္တဗ္ဗံ - သွားရမည်၊
ဒူတောဝါ - တမန်ကိုသော်လည်း၊
ပါဟေတဗ္ဗော - စေလွှတ်ထိုက်၏၊
ဝါ - စေလွှတ်ရမည်၊
(ကိံ - အဘယ်သို့ ပြောဆိုဘို့ရာ သွားရ စေလွှတ်ရမည်နည်း၊)
အာယသ္မန္တော - ဒါယကာတို့၊
တုမှေ - သင်တို့သည်၊
ယံ ဘိက္ခုံ - အကြင်ရဟန်းကို၊
ဥဒ္ဒိဿ - ရည်စူး၍၊
ဝါ - ညွှန်ပြ၍၊
စီဝရစေတာပန္နံ - ကို၊
ပဟိဏိတ္ထ - ပို့လိုက်ကုန်ပြီ၊
တံ - ထို သင်္ကန်းဖိုးသည်၊
တဿ ဘိက္ခုနော - ထိုရဟန်း၏၊
ကိဉ္စိအတ္ထံ - တစုံတခုသော ကိစ္စကို၊
န အနုဘောတိ - မပြီးစေ၊
အာယသ္မန္တော - ဒါယကာတို့သည်၊
သကံ - မိမိဥစ္စာကို၊
ယုဉ္ဇန္တု - ပြန်ရဘို့ရန် အားထုတ်ကြကုန်လော၊
ဝေါ - သင်တို့၏၊
သကံ – မိမိဥစ္စာသည်၊
မာ ဝိနဿ - သူများလက်၌ မပျောက်ပျက်စေလင့်၊
ဣတိ - ဤသို့ ပြောဘို့ရာ သွားရ စေလွှတ်ရမည်၊
အယံ - ဤသို့ ကိုယ်တိုင်ဖြစ်စေ စေလွှတ်၍ဖြစ်စေ ပြောရခြင်းသည်၊
တတ္ထ - ထိုသင်္ကန်းဖိုးက ကိစ္စကို မပြီးစေရာ၌၊
သာမီစိ - လောကုတ္တရာ တရားသို့ အစဉ်လိုက်သော ကျင့်ဝတ်တည်း၊
၁၀။ ရာဇသိက္ခာပုဒ်
ဤ သိက္ခာပုဒ်၌ လိုရင်းအချုပ်မှာ - သင်္ကန်းဖိုး ဖြစ်သော ရွှေ ငွေ စသော အကပ္ပိယဝတ္ထုကို အလှူလာရာဝယ် ပြုလုပ်ရမည့် အစီအစဉ်ကို၎င်း၊ ထို အစီအစဉ်အတိုင်း လိုက်နာ၍ မပြုလုပ်လျှင် နိသဂ္ဂိပါစိတ် အာပတ်ဟု၎င်း ပညတ်တော်မူခြင်း ဖြစ်သည်။
ဘိက္ခုံ ၊ပေ၊ အစ္ဆာဒေဟိ
“ဤသင်္ကန်းဖိုးဖြင့် ဝယ်၍ မည်သည့်ရဟန်းအား သင်္ကန်းလှူပါလေ”ဟု မှာပြီးလျှင် ရဟန်းကို ညွှန်ပြလျက် မင်း စသူတို့က တမန် စေလွှတ်၍ သင်္ကန်းဖိုးကို ပို့လေသည်။
[ဤ၌ “ဣမိနာ စီဝရ စေတာ ပန္နေန ၊ပေ၊ အစ္ဆာဒေဟိ”ကား စေခိုင်းပုံ အခြင်းအရာကို ပြသော ဝါကျတည်း။ ထို့အတူ နောက်၌ ဣတိသဒ္ဒါဖြင့် အဆုံးသတ်သော (ကိံ ဟု မေး၍ အနက် ပေးရသော) ဝါကျများကို “အာကာရဝါကျ”ဟုချည်း မှတ်ပါ။]
သောစေ ဒူတော ၊ပေ၊ စီဝရစေတာပန္နံ
ထို တမန်က ထိုရဟန်းထံ ချဉ်းကပ်ပြီးလျှင် “ဤ သင်္ကန်းဖိုးကို အရှင်ဘုရားတို့ ယူခဲ့ပါသည်၊ သင်္ကန်း အဖိုးကို အလှူခံပါ”ဟု လျှောက်လျှင် ...
တေန ဘိက္ခုနာ ၊ပေ၊ ဝေယျာဝစ္စကရောတိ
ထိုရဟန်းက ထိုတမန်ကို “သင်္ကန်းဖိုး (ရွှေ ငွေ စသော) အကပ္ပိယဝတ္ထုကို ငါတို့ လက်မခံကြကုန်၊ သင့်လျော်သောအခါ (အလိုရှိသောအခါ) အပ်စပ်သော သင်္ကန်းကိုသာ ခံယူကြသည်”ဟု ပြောရမည်။ ထိုသို့ ပြောသောအခါ ... ထိုတမန်က “အရှင်ဘုရား၏ ဝေယျာဝစ္စကို ရွက်ဆောင်မည့်သူ (ကပ္ပိယကာရက) ရှိပါရဲ့လား” ဟု လျှောက်လျှင်....
စီဝရတ္ထိကေန ၊ပေ၊ ဝေယျာဝစ္စကရောတိ
(သင်္ကန်းကို အလိုမရှိလျှင် ကပ္ပိယကာရကကို ညွှန်ပြဘို့မလို၊) အလိုရှိသော ရဟန်းကား အာရာမ်စောင့်ကို ဖြစ်စေ၊ သီတင်းသည်ကိုဖြစ်စေ “ဤသူသည် ကပ္ပိယကာရက ဖြစ်သူတည်း” ဟု ညွှန်ပြနိူင်၏။
[အာရာမ်စောင့်နှင့် သီတင်းသည်မှာ ကျောင်း၌ ရှိတတ်သူများဖြစ်၍ ညွှန်ပြဘို့ရန် လျောက်ပတ်သည့် အတွက်ဆိုသည်။ သီတင်းသုံးဘော် ၅ ဦးမှတပါး အခြား (မည်သူ့ကို မဆို) ကပ္ပိယအဖြစ် ညွှန်ပြနိုင်သည်။ ဤသို့ ညွှန်ပြရခြင်းမှာလည်း တမန်က (သို့မဟုတ် အလှူလာသူက) ကပ္ပိယ ရှိပါရဲ့ လား ဟု မေးမှ၊ သို့မဟုတ် ကပ္ပိယညွှန်ပါဟု လျှောက်မှ ကပ္ပိယကို ညွှန်ပြခွင့် ရှိသည်။ ထိုသို့ မလျှောက်ဘဲ “ဤသင်္ကန်းဖိုးကို ယူပါ၊ ဘယ်သူ့ ပေးခဲ့ရမည်လဲ”ဟု လျှောက်လျှင် ကပ္ပိယကို မညွှန်ကောင်း။]
သောစေ ဒူတော ၊ပေ၊ အစ္ဆာဒေဿတီတိ
ကပ္ပိယကို ညွှန်ပြသောအခါ တမန်က ကပ္ပိယထံ သင်္ကန်းဖိုးအပ်နှံ၍ “ဤ သင်္ကန်းဖိုးဖြင့် သင်္ကန်းကို ဝယ်၍ မည်သည့်အရှင်အား လှူရစ်ပါ” ဟု နားလည်အောင် ပြောပြပြီးနောက် ရဟန်းထံပြန်လာ၍ “ကပ္ပိယကို နားလည်အောင် မှာထားခဲ့ပါပြီ၊ အလိုရှိသောအခါ သင်္ကန်းကို အလှူခံရန် ချဉ်းကပ် တော်မူပါ၊ သင်္ကန်း လှူပါလိမ့်မည်”ဟု စာရှိအတိုင်း ဖြစ်စေ၊ (“အရှင်ဘုရား အလိုရှိသောအခါ ကပ္ပိယ မည်သူ့ထံ သင်္ကန်း အလှူခံတော်မူပါ”ဟု စကားတမျိုးမျိုးဖြင့်ဖြစ်စေ) လျှောက်လျှင်..
စီဝရတ္ထိကေန ၊ပေ၊ စီဝရေနာတိ
သင်္ကန်းအလိုရှိသော ရဟန်းသည် ကပ္ပိယထံချဉ်းကပ်၍ “အတ္ထော မေ အာဝုသော စီဝရေန”ဟု ပါဠိစကားဖြင့် ဖြစ်စေ၊ ထိုပါဠိနှင့် သဘောတူသော မြန်မာစကားဖြင့်ဖြစ်စေ ပြောဆို တောင်းကောင်း၏။ “သင်္ကန်းပေးပါ၊ သင်္ကန်းဝယ်ခဲ့ပါ” စသည်ဖြင့်ကား မပြောကောင်း။ “အတ္ထော မေ အာဝုသော စီဝရေန” ဟူသော စကားမျိုးဖြင့်ကား တကြိမ်တောင်း၍ မရလျှင် ၂ ကြိမ်တောင်း၊ ၂ ကြိမ်တောင်း၍ မရသေးလျှင် ၃ ကြိမ် တောင်းကောင်း၏။ ၃ ကြိမ်အထိ တောင်း၍မှ မရသေးလျှင်...
စတုက္ခတုံ ၊ပေ၊ ဌာတဗ္ဗံ
၄-၅-၆ ကြိမ် သွား၍ မည်သည့်စကားကိုမျှ မပြောဘဲ ရပ်ရုံသာ ရပ်နေရသည်၊ “ထိုင်ပါဦး၊ တရား ဟောပါဦး”. စသည်ကို လျှောက်စေကာမူ ထိုင်လည်း မထိုင်ဘဲ တရားလည်း မဟောဘဲ (အလိုက်သိစွာ လှူလိမ့်မည်ဟု သဘောထား၍) တိတ်ဆိတ်စွာ ရပ်ကောင်း၏။ ထိုသို့ ၆ ကြိမ်အထိ ရပ်၍ ရလျှင်လည်း အာပတ် မသင့်ကြောင်းဖြစ်၍ ကောင်းသေးသည်ပင်။
မှတ်ချက်
“စီဝရတ္ထိကေန” စသော စကား ၂ ရပ်၌ ၃ ကြိမ်အထိ ဝစီဝိညတ် (နှုတ်)ဖြင့် တောင်းခြင်း၊ ၆ ကြိမ် အထိ ကာယဝိညတ် (ကိုယ်)ဖြင့် ရပ်ခြင်းကို ခွင့်ပြု ထား၏။ ထိုစကားကို ကောက်ချက်ချလိုက်လျှင် ၁ ကြိမ်တောင်း ၂ ကြိမ် ရပ်ခြင်းသည် ညီမျှကြောင်း သိသာ၏။ ဘာ့ကြောင့်နည်း။
ရပ်ခြင်းကို ပြရာ၌ ၃ ကြိမ် ၂ လီ (၆)ကြိမ် ပြခြင်းကြောင့်တည်း။ သို့ဖြစ်၍ ရပ်မှု မပါဘဲ တောင်းရုံချည်း တောင်းလျှင် (ရပ်မှု ၆ ကြိမ်ကို တောင်းမှု ၃ ကြိမ် လုပ်၍) ၆ ကြိမ်တောင်းကောင်း၏။
တောင်းမှုမပါဘဲ ရပ်ရုံသာရပ်လျှင်လည်း (တောင်းမှု ၃ ကြိမ်ကို ရပ်မှ ၆ ကြိမ်လုပ်၍) ၁၂ ကြိမ်ရပ်နိူင်သည်ဟု သိသာ၏။
ဤနည်းအတိုင်း နဂို ၃ ကြိမ်ထက်ပို၍ တောင်းမှု တကြိမ်တိုးလျှင် ရပ်မှုဘက်က ၂ ကြိမ်လျှော့ရ၏။ ရပ်မှုဘက်က မူလ ၆ ကြိမ်ထက် ၂ ကြိမ်တိုးလျှင် တောင်းမှုဘက်က တကြိမ်လျှော့ရသည်ဟု သိပါ။
တတော စေ ၊ပေ၊ ပါစိတ္တိယံ
ထိုသို့ ၃-ကြိမ်တောင်းခြင်း၊ ၆ ကြိမ် ရပ်ခြင်းထက် ပို၍ အားထုတ်မှ ထိုသင်္ကန်းရလျှင် နိသဂ္ဂိထိုက်၍ ရဟန်းမှာ ပါစိတ် အာပတ်လည်း သင့်သည်။
နောစေ ၊ပေ၊ သာမိစိ
၃ ကြိမ်တောင်း၊ ၆ ကြိမ်ရပ်၍မျှ ထိုသင်္ကန်းကို မပြီးစေနိုင်လျှင် (မရလျှင်) အလှူရှင်ထံ ကိုယ်တိုင်သွား၍ ဖြစ်စေ၊ တယောက်ယောက်ကို စေလွှတ်၍ ဖြစ်စေ “သင်တို့ ပို့လိုက်သော သင်္ကန်းဖိုးသည် ထို ရဟန်း၏ မည်သည့်ကိစ္စကိုမျှ မပြီးစေ (ထိုရဟန်းမှာ သင်္ကန်း မရ၊)၊ သို့ဖြစ်၍ ကိုယ့်ဥစ္စာ ကိုယ်ပြန်ရအောင် အားထုတ်ကြပေတော့၊ ကိုယ့်ဥစ္စာကို သူများ၏ လက်၌ မပျောက်ပျက်စေသင့်”ဟု ပြောရမည်။
ဤ ပြောခြင်းသည် ဝိနည်းနှင့် မဆန့်ကျင်ရုံသာမက လောကုတ္တရာတရား ရဘို့ရန် လျော်ကန်သော အကျင့် ဖြစ်၏ ဟူလို။ ဤသို့ ပြောရမည့် ဝတ္တရားရှိလျက် မပြောလျှင် ဝတ္တဘေဒဒုက္ကဋ် အာပတ်ပင် သင့်သေးသည်။ [ဝတ္တဘေဒ=ဝတ္တရား ပျက်ကွက်မှု။]
ပုဒ်ကွဲများ
“ရာဇတော လဒ္ဓံ ဘောဂ္ဂံ ယဿာတိ ရာဇဘောဂ္ဂေါ = မင်းထံမှ ရအပ်သော စည်းစိမ်ရှိသူ (မှူးမတ်)၊ “ရာဇဘောဂ”ဟုလည်း ရှိ၏။ အနက်တူပင်။ ဘောဂ္ဂ၌ ဏျပစ္စည်း, ဘောဂ၌ ဏပစ္စည်းသာ ထူး၏၊ ဓာတ်မှာ ဘုဇဓာတ်ချည်းတည်း။ ဝါယမာနော-ဝါယမမာနောဟု ပါဌ် ၂ မျိုး ရွတ်ဆိုကြ၏။ ဝါယမမာနော၌ အပစ္စည်း မာနပစ္စည်း၊ ဝါယမာနော၌ကား ပစ္စုပ္ပန် အနက် ဟောရာဝယ် ရူပသိဒ္ဓိ၌ မာနကို အာနပြု၏၊ မောဂ္ဂလာန်၌ မာနမှ မကို ချေသည်၊ ဓာတ်မှာ ဝိ+အာ+ယမုဓာတ်ချည်းပင်။
မှတ်ချက်များ
သိက္ခာပုဒ် ပါဠိရင်း၌ ရာဇာ စသူတို့က တမန် လွှတ်၍ သင်္ကန်းဖိုး လှူပုံကို ပြထား၏။ သို့သော် အလှူရှင်ကိုယ်တိုင် လာ၍ “သင်္ကန်းဖိုး အလှူခံပါ”ဟု လျှောက်လျှင်လည်း ဤသိက္ခာပုဒ်၏ အစဉ်အတိုင်း ပြောဆို ပြုလုပ်ရမည်သာ။ ဆွမ်း၊ ခဲတံ၊ စာအုပ် စသည်တို့အတွက် အဖိုးငွေ လာလှူရာ၌လည်း ဤ နည်းအတိုင်းပင် စီစဉ်ရမည်။
[ဒေသနာမတ္တမေဝ စေတံ ဒူတေန စီဝရစေတာပန္နံ ပဟိဏေယျာတိ၊ သယံ အာဟရိတွာပိ ပိဏ္ဍပါတာဒီနံ အတ္ထာယ ဒဒန္တေသုပိ ဧသေဝနယော၊ -ရာဇသိက္ခာပုဒ် အဋ္ဌကထာ။]
အပ္ပိယဝတ္ထုများ
ရွှေတုံး၊ ငွေခဲ၊ ရွှေဒင်္ဂါး ဈေးသုံး၍ရကောင်းသော ပိုက်ဆံအမျိုးမျိုးကို (နောက် ဇာတရူပ ရဇတ သိက္ခာပုဒ်အရ) နိသဂ္ဂိယဝတ္ထု ဟု ခေါ်၏။ ပုလဲ၊ ပတ္တမြားစသော ရတနာနှင့် ကျွန်မ၊ ကျွန်ယောက်ျား၊ လယ်ယာ၊ အာရာမ်၊ ဥယျာဉ်များကို ဒုက္ကဋဝတ္ထုဟု ခေါ်၏။ အလှူခံလျှင် ဒုက္ကဋ်အာပတ် သင့်သည်ဟု ဆိုလိုသည်။ ထို နိသဂ္ဂိယဝတ္ထု၊ ဒုက္ကဋဝတ္ထု ၂ခုလုံးပင် မိမိ၊ ဂိုဏ်း၊ သံဃာ၊ စေတီတို့အတွက် မိမိထံ အပ်နှံ လှူဒါန်းလာလျှင် ပယ်ရမည်သာ။
ကပ္ပိယများ
သိက္ခာပုဒ်၌ “စီဝရတ္ထိကေန ၊ပေ၊ ဝေယျာဝစ္စကရော” ဟု ရဟန်းကိုယ်တိုင် ညွှန်ပြအပ်သော ကပ္ပိယ ကိုသာ ပြသော်လည်း ထိုစကားနှင့် မဆန့်ကျင်သော ကပ္ပိယများကို၎င်း၊ ဆန့်ကျင်၍ မတောင်း ကောင်းသော ကပ္ပိယ များကို၎င်း မှတ်သားထိုက်၏။
[ဤ၌ ပါတိမောက် ရှေးနိဿယလာ လင်္ကာ တို့ကို အခြေတည်၍ ပြမည်။]
[ဆောင်]
၁။ ရဟန်း ညွှန်ပြ လေးယောက်မျှ ဒူတ ညွှန်းလေးဖြာ။
၂။ အနိဒ္ဒိဋ္ဌ, ဒုဝိဓ ပေါင်းက တကျိပ်သာ။
၃။ တဦးမျက်မှောက်, ကွယ်သုံးယောက်, ညွှန်းမြှောက် ရဟန်းမှာ။
၄။ ရှေ့အပ်-ပြန်ကြား, စေ၍ကြား မှာထား သွားသည့်ခါ။
၅။ တမန်ညွှန်းလည်း လေးပါးတည်း, ဤနည်း ယူလေပါ။
၆။ ရှေ့အပ် မကြား ကွယ်အပ်သွား, နှစ်ပါး မညွှန်းရာ။
၇။ ရာဇ-မေဏ္ဍ, အညာတ, ကျင့်ရ စဉ်တိုင်းသာ။
၁-၂။ ကပ္ပိယ တကျိပ်
“ကပ္ပိယံ - အပ်စပ်သည်ကို၊ ကရောတိ - ပြုတတ်၏” ဟူသော ဝိဂြိုဟ်အရ ရဟန်းများ၌ အပ်စပ်အောင် ပြုတတ်သော ကပ္ပိယကာရက (ကာရကကိုဖြုတ်၍ အတိုသုံးအားဖြင့် ခေါ်ကြသော ကပ္ပိယ) ကား-
ရဟန်း ညွှန်းအပ်သော ကပ္ပိယ ၄ ယောက်၊
တမန်ညွှန်းအပ်သော ကပ္ပိယ ၄ ယောက်၊
အနိဒ္ဒိဋ္ဌ (မည်သူမျှ မညွှန်းအပ်သော) ကပ္ပိယ ၂ ယောက်အားဖြင့် တကျိပ်ရှိသည်။
၃-၄။ ရဟန်းညွှန်း ၄ ယောက်
ရဟန်းညွှန်းအပ်သော ကပ္ပိယ ၄ ယောက်ကား - မျက်မှောက် အနီးအပါး၌ ညွှန်ပြအပ်သူ တယောက်၊ အဝေး လှမ်း၍ မျက်ကွယ်၌ ညွှန်ပြအပ်သူ ၃ ယောက်တည်း။ ထို ၄ ယောက်တွင် မျက်မှောက် ညွှန်ပြအပ်သူထံ အလှူ့ရှင်က (သို့မဟုတ်-တမန်က) ငွေကို အပ်နှံ၍ “သင်္ကန်းဝယ်၍ လှူရစ်ပါ”ဟု ပြောဆို မှာထားသွားလျှင် ရဟန်းအား အထူးမလျှောက်သော်လည်း (မိမိရှေ့မှာပင် မိမိညွှန်ပြသူထံ အပ်နှံ၍ သင်္ကန်း လှူရစ်ပါဟု မှာသွားသောကြောင့်) သိက္ခာပုဒ် လာသည့်အတိုင်း တောင်းမှု ရပ်မှုကို ပြုနိုင်ပြီ။ ထို့ကြောင့် လင်္ကာပိုဒ်၌ “ရှေ့အပ်”ဟု ဆိုသည်။
“မျက်ကွယ်၌ ညွှန်ပြအပ်သူ ၃ ယောက်” ဟူရာဝယ် ရဟန်းက အဝေးလှမ်း၍ ညွှန်ပြမှုကြောင့် ၃ ယောက် ပြားသည် မဟုတ်၊ အလှူလာသူက
၁။ ကပ္ပိယထံ အပ်နှံပြောပြပြီးနောက် ရဟန်းထံပြန်၍ ကပ္ပိယနာမည်ကို ဖော်ပြလျက် “မည်သူ့ အထံ ငွေ ၁ဝိ အပ်ခဲ့ပါသည်၊ အရှင်ဘုရား အလိုရှိသောအခါ အပ်စပ်သော ပစ္စည်းကို အလှူခံတော်မူပါ”ဟု လျှောက်ခြင်း၊
၂။ အပ်နှံ ပြောဆိုပြီးနောက် ကိုယ်တိုင်ပြန်၍ မလျှောက်နိုင်သဖြင့် တယောက်ယောက်ကို စေလွှတ်၍ ထိုနည်း အတိုင်း လျှောက်ခိုင်းခြင်း၊
၃။ ကပ္ပိယရှိရာသို့ သွားခါနီး (မသွားခင်) ကပင် အရှင်ဘုရား ညွှန်ပြအပ်သော ကပ္ပိယထံ သင်္ကန်းဖိုး အပ်နှံခဲ့ပါမည်၊ အလိုရှိသောအခါ တောင်းတော်မူပါဟု မှာထား၍ သွားခြင်း
အားဖြင့် လျှောက်ပုံ ၃ မျိုး ကွဲပြားသောကြောင့် အဝေးညွှန်း ကပ္ပိယ ၃ ယောက် ပြားရသည်။
ထို့ကြောင့် ၄ နံပါတ်လင်္ကာပိုဒ်၌ “ပြန်ကြား၊ စေ၍ကြား၊ မှာထားသွား သည့်ခါ”ဟု ဆိုသည်။
၅။ တဖန်ညွှန်း ၄ ယောက်
တမန်ကိုယ်တိုင် ညွှန်းပြအပ်သော ကပ္ပိယ ၄ မျိုးလည်း ရဟန်းညွှန်းအပ်သူ ၄ မျိုးကဲ့သို့ “ရှေ့အပ်၊ ပြန်ကြား၊ စေ၍ကြား၊ မှာထားသွားခြင်း”အားဖြင့် ကွဲပြားသည်ဟု မှတ်ပါ။
ချဲ့ဦးအံ့ -
ကပ္ပိယမရှိသောကြောင့် ဖြစ်စေ၊ ရှိသော်လည်း မညွှန်လိုသောကြောင့် ဖြစ်စေ၊ ရဟန်းက ကပ္ပိယ မညွှန်လျှင် တမန်ကိုယ်တိုင် ကပ္ပိယလုပ်မည့်သူကို ရှာ၍ -
၁။ ရှေ့မှာ အပ်နှံ ပြောဆိုခြင်း၊
၂။ အဝေးမှာရှိသူထံ အပ်နှံ၍ ပြန်လျှောက်ခြင်း၊
၃။ စေလွှတ်၍ လျှောက်ခြင်း၊
၄။ သွားခါနီးကပင် လျှောက်သွားခြင်း
အားဖြင့် ရှေးနည်းအတိုင်း ၄ မျိုး ပြားသည်။
လျှောက်ပုံ စကားများမှာ ရဟန်းညွှန်း ကပ္ပိယအထံ အပ်နှံရာ၌ လျှောက်သည့်အတိုင်းပင်တည်း။
မေဏ္ဍက သိက္ခာပုဒ်
[မေဏ္ဍက သေဌေးကို အကြောင်းပြု၍ မဟာဝဂ္ဂ ဘေသဇ္ဇခန္ဓက၌ ခွင့်ပြုအပ်သော သိက္ခာပုဒ်ကို “မေဏ္ဍက သိက္ခာပုဒ်” ဟု ခေါ်သည်။]
မေဏ္ဍက သိက္ခာပုဒ်၌ နောက်ဆုံး ခွင့်ပြုချက်မှာ - သဒ္ဓါတရားရှိသူတို့က “ဤငွေဖြင့် အပ်သော ပစ္စည်းကို ဘုန်းကြီးအား (ဦးပဉ္စင်းအား)လှူပါ ဟု မှာထား၍ ကပ္ပိယထံ ငွေကို အပ်နှံထား တတ်ကြသည်။ ထိုသို့ အပ်ထားကြရာ၌ ထိုငွေမှ အပ်စပ်သော ပစ္စည်းကို သာယာကောင်း၏၊ (တောင်းယူကောင်း၏၊) ရွှေ ငွေ ကိုကား မည်သည့် ပရိယာယ်နှင့်မျှ မသာယာကောင်းဟု မိန့်တော်မူသည်။
ဤ မေဏ္ဍက သိက္ခာပုဒ်လာ ရွှေငွေ အပ်နှံထားရာ ကပ္ပိယတို့မှာ ရဟန်းက ညွှန်ပြအပ်သောသူများ မဟုတ်ကြ၊ တမန်ကိုယ်တိုင် ညွှန်ပြအပ်သော ကပ္ပိယတို့တည်း။ သို့ဖြစ်၍ ကပ္ပိယက ရဟန်းမျက်ကွယ်မှာ ဖြစ်လျှင် ရဟန်းကို တနည်းနည်းဖြင့် “မည်သူ့အထံ၌ အပ်သောပစ္စည်းကို တောင်းပါ” ဟု လျှောက်ထား ရဦးမည်။ ဤသို့ လျှောက်လျှင် အကြိမ်ပေါင်း ရာထောင်မက (မရမချင်း) တောင်းနိုင်သည်။
၆။ မညွှန်းအပ် ၂ ယောက်
တမန်က ကပ္ပိယ ရှိပါသလား ဟု လျှောက်သောအခါ ရဟန်းက ကပ္ပိယ မညွှန်ပြဘဲနေလျှင် -
၁။ အနီးအပါး မျက်မှောက်ရှိသူ လူတယောက်က “ကျွန်တော်ထံ အပ်ခဲ့ပါ၊ ကျွန်တော်ဝယ်ပြီး လှူလိုက်ပါ့မည်” ဟု ပြောလေသော် ထိုသူ့အထံ၌ပင် အပ်နှံသွား၏။ တမန်က ကပ္ပိယကိုလည်း “လှူရစ်ပါ” ဟု မမှာ၊ ရဟန်းကိုလည်း “တောင်းရစ်ပါ” ဟု မလျှောက်၊
၂။ တမန်တယောက်ကား ရဟန်း၏ ကွယ်ရာမှာပင် သင့်တော်သူ တယောက်ထံ အပ်ခဲ့၍ “သင်္ကန်းလှူရစ်ပါ” ဟု မှာထားသွား၏။ သို့သော် ရဟန်းကိုကား မလျှောက်ထားခဲ့ချေ။ ဤသို့လျှင် ရဟန်းကလည်း မညွှန်ပြအပ်၊ တမန်ကလည်း မညွှန်ပြအပ်သော ကပ္ပိယ ၂ ယောက် ရှိပြန်သည်။
[ပထမလူကို “မုခဝေဝဋိက = သူ့နှုတ်ဖြင့် ထုတ်ဖော် ပြောဆို၍ ကပ္ပိယလုပ်သူ” ဟု ခေါ်၏။
ဒုတိယလူကို “ပရမ္မုခ အနိဒ္ဒိဋ္ဌ = ရဟန်း၏ မျက်ကွယ်၌ မညွှန်အပ်သူ” ဟု ခေါ်သည်။ ]
ကျင့်ပုံ
ရဟန်း ညွှန်းအပ်သော ကပ္ပိယ ၄ ယောက်၌ ရာဇသိက္ခာပုဒ် အတိုင်း ၃ ကြိမ် တောင်းမှု၊ ၆ ကြိမ် ရပ်မှုကို ပြုရခြင်း၊ တမန် ညွှန်းအပ်သော ကပ္ပိယ ၄ ယောက်၌ မေဏ္ဍက သိက္ခာပုဒ်အတိုင်း ကျင့်ရခြင်း၊ မည်သူမျှ မညွှန်ပြ အပ်သော အနိဋ္ဌ ကပ္ပိယ ၂ ယောက်၌ အညာတက အပ္ပဝါရိတ အတိုင်း ကျင့်ရခြင်းကြောင့် “ရာဇ - မေဏ္ဍ, အညာတ, ကျင့်ရစဉ်တိုင်းသာ” ၇ နံပါတ် သံပေါက်ကို ဆိုရသည်။
ယခုခေတ်
ယခုခေတ်၌ ဝိနည်းဂရုပြုသော ကျောင်းများဝယ် ဝိနည်းထုံးစံကို တင်ကြို၍ သင်ပြကောင်းသည့် အားလျော်စွာ သင်ပြထားအပ်သော ကျောင်းသား ကပ္ပိယများ ရှိတတ်ကြ၏။
ထို ကျောင်းသား ကပ္ပိယများကား ငွေလာလှူ၍ ဆရာသမားက ငွေကို အလှူမခံ ပယ်လှန်သော်၎င်း၊ အလှူလာ သူက နားလည်ပြီးဖြစ်၍ ကပ္ပိယအထံ အပ်နှံပြီးမှသော်၎င်း ကပ္ပိယက ထိုငွေကို လက်ခံပြီးလျှင် “တပည့်တော်ထံ မည်မျှတန်သော အပ်သော ပစ္စည်းကို တောင်းတော်မူပါ၊ လုံခြုံရာ အရပ်ကိုလည်း ညွှန်းပြတော်မူပါ” ဟု လျှောက်တတ်ကြသည်။
ထိုသို့ လျှောက်လျှင် ဒကာက အထူးလျှောက်သည် ဖြစ်စေ၊ မလျှောက်သည် ဖြစ်စေ ပဝါရိတ (ဖိတ်မန်သူ) ဖြစ်တော့ရကား ထိုငွေနှင့် တန်သလောက် အလိုရှိရာ အပ်သောပစ္စည်းများကို တောင်းကောင်း၏။ ငွေကိုလည်း မည်သည့်နေရာ၌ လုံခြုံသည်ဟု ပြောပြကောင်း၏။ “မည်သည့် နေရာမှာ ထားလိုက်” ဟုကား မပြောကောင်း။
အင်္ဂါ ၄ ပါး
၁။ ရဟန်း ညွှန်ပြအပ်သော ကပ္ပိယဖြစ်ခြင်း၊
၂။ အဖိုးကို အပ်နှံထား၍ ရဟန်းအား လျှောက်ခြင်း၊
၃။ ၃ ကြိမ် တောင်းခြင်း၊ ၆ ကြိမ် ရပ်ခြင်းထက် ပို၍ အားထုတ်ခြင်း၊
၄။ ထို အားထုတ်မှုကြောင့် ရခြင်း အားဖြင့် အင်္ဂါ ၄ ပါး ရှိ၏။
[ဆောင်]
ရဟန်းညွှန်ပြ, ကပ္ပိယမျိုး, သင်္ကန်းဖိုးအပ်, လျှောက်ထားလတ်တည်း, တောင်းရပ်ခွင့်ထက်, တိုးတက် အားထုတ်, အားထုတ်၍ရ, အင်လေးဝ, ရာဇ နိသဂ္ဂိ။
လေ့ကျင့်ခန်း မေးခွန်းများ
က။ ရာဇသိက္ခာပုဒ်၌ တမန်က “သင်္ကန်းအဖိုးကို လက်ခံပါ”ဟု လျှောက်လျှင် ရဟန်းက မည်သို့ ပြန်ပြောရမည်နည်း။
ခ။ တမန်က “ကပ္ပိယ ရှိပါသလား၊ ကပ္ပိယ ညွှန်းပါ” ဟု မလျှောက်ဘဲ ဟု “သင်္ကန်း အဖိုးကို မည်သူ့ထံ ထားခဲ့ရပါမည်နည်း” ဟု လျှောက်လျှင် ကပ္ပိယ ညွှန်းကောင်းမည်လော။
ဂ။ ကပ္ပိယ ညွှန်းပြီးနောက် ကပ္ပိယထံ တမန်က သင်္ကန်းအဖိုး အပ်ခဲ့ရုံမျှဖြင့် တောင်းကောင်းမည်လော၊ မည်သို့ လျှောက်မှ တောင်းနိုင်သနည်း။
ဃ။ ဤ ရာဇသိက္ခာပုဒ်အတိုင်း သုံးကြိမ် တောင်းနိုင်၊ ၆ ကြိမ် ရပ်နိူင်သော ကပ္ပိယ ၄ မျိုးကို ပြပါ။
င။ ဤ ရာဇသိက္ခာပုဒ်၌ တမန်က လျှောက်ပုံကိုသာ ပြထားရာ အလှူရှင် ကိုယ်တိုင် လာ၍ လျှောက်လျှင် တမျိုးတဖုံ စီစဉ်ရဦးမည်လော။
စ။ သင်္ကန်းအဖိုးကိုသာ ပြထားသောကြောင့် ဆွမ်းအဖိုးစသည်ဖြင့်လှူဒါန်း လာလျှင် တမျိုးတဖုံ စီစဉ်ရဦးမည်လော။
ဆ။ တမန် (သို့မဟုတ် အလှူရှင် ကိုယ်တိုင်) ညွှန်ပြအပ်သော ကပ္ပိယ ၄ ယောက်ကို ပြပါ။
ဇ။ ထို ကပ္ပိယ ၄ ယောက်၌ မေဏ္ဍကသိက္ခာပုဒ်အတိုင်း ကျင့်ရမည်ဟု ဆိုရာ မေဏ္ဍကသိက္ခာပုဒ်၏ သဘောသွားကို ပြပါ။
ဈ။ ယခုကာလ၌ ညွှန်ပြ၍ဖြစ်စေ၊ မညွှန်ဘဲ ဖြစ်စေ ကျောင်းသား စသူတို့ထံ ငွေ ရောက်လာလျှင် အလှူရှင်က အထူး မလျှောက်ခဲ့သော် ဉာတိ အလှူရှင်က မဟုတ်သော ကျောင်းသားက မည်သို့ လျှောက်မှ တောင်းကောင်းသနည်း။
ဉ။ အနိဒ္ဒိဋ္ဌကပ္ပိယ ၂ ယောက်ကို ပြ၍ ထို ကပ္ပိယတို့၌ မည်ကဲ့သို့ ကျင့်ရမည်ကိုလည်း ပြပါ။
ဋ။ ဤ ရာဇသိက္ခာပုဒ်၌ ကိံ သဒ္ဒါဖြင့် မေး၍ ဆုံးသည့်အခါ ဣတိ သဒ္ဒါဖြင့် ပြန်အုပ်ရသော အာကာရ ဝါကျစုကို တခုစီ ဖော်ပြပါ။
နိသဂ္ဂိယပါစိတ် အခန်း (ဧဠကလောမဝဂ်)
၁။ ကောသိယ သိက္ခာပုဒ်
ယော ပန ဘိက္ခု ကောသိယမိဿကံ သန္ထတံ ကာရာပေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။
ယော ပန ဘိက္ခု - သည်၊
ကောသေယျမိဿကံ - ပိုးချည်ဖြင့် ရောနှောအပ်သော၊
သန္တတံ - အခင်းကို၊
ကာရာပေယျ - ပြုစေအံ့၊
တဿ ဘိက္ခုနော - ထို ရဟန်း၏။
တံ သန္တတံ - ထိုအခင်းကို၊
နိသဂ္ဂိယံ - ၏၊
ပါစိတ္တိယံ - လည်း၊
ဟောတိ - ဖြစ်၏။
၁။ ကောသိယ
ဤကဲ့သို့ တိုတောင်းသော သိက္ခာပုဒ်များ၌ မြန်မာလို ဆိုလိုရင်း ထင်ရှားပြီးဖြစ်၍ ပုဒ်ဖွင့်ကိုသာ ရေးမည်။
[ကောသိယသိက္ခာပုဒ်ကို ပထမ ပြသောကြောင့် ဤဝဂ်ကို ပါဠိတော် အဋ္ဌကထာတို့၌ “ကောသိယဝဂ်” ဟု နာမည်တပ်သည်။ ကင်္ခါနှင့် ယခု ပါတိမောက်စာအုပ်များ၌ “ဧဠကလောမဝဂ် (သိုးမွေးဆိုင်ရာ သိက္ခာပုဒ် များစွာပါခြင်းကြောင့်) ဧဠကလောမ သိက္ခာပုဒ်စု” ဟု နာမည်တပ်သည်။
ကောသေယျမိဿကံ
[ကောသေယျ = ပိုးချည် + မိဿက = ရောအပ်သော။] မိဿကအရ “ရောခြင်း” ဟူရာ၌ ပိုးချည် အများဖြင့်ရောမှ အရော မဟုတ်၊ အခင်းပြုလုပ်ထားသော နေရာဝယ် လေတိုက်၍ ကျလာသော ပိုးချည် တမျှင်ဖြင့် ရောလျှင်လည်း အရောပင်။
ထို ပိုးချည်ဖြင့် ရောထားအပ်သော မူလချည်မှာ ဧဠကလောမတို့ကိုပြသော ဝဂ်ဖြစ်၍ သိုးမွေးချည်များ ဖြစ်သင့်၏ဟု ကြံပြီးလျှင် ဝိမတိဋီကာ၌ “မိဿေတွာတိ-ဧဠကလောမေဟိ (ဧဠကလောမာနိ) မိဿေတွာ”ဟု ဖွင့်သည်။
အချုပ်မှာ - “သိုးမွေးချည်ကို ပိုးချည်ဖြင့်ရော၍ ပြုလုပ်သည်”ဟု ဆိုလိုသည်။
မှတ်ချက်
ရောရာ၌ကား ပိုးချည်တမျှင် ပါပါ၊ ပိုးချည်အများ ပါပါ၊ သိုးမွေးက တမျှင်သာပါ၍ ကျန်သမျှ ပိုးချည်မျှင်ဖြစ်ဖြစ် “အရော”ပင်တည်း။ ဝိမတိအဖွင့်အတိုင်း မဟုတ်ဘဲ အခြားချည်ကို အခြေတည်၍ ပိုးချည်ဖြင့် ရောလျှင်လည်း ကောသိယမိဿက မဟုတ်ဟု မဆိုသာ။
သန္ထတံ
“သန္တရီယတေ - ခင်း၍ပြုအပ်၏” ဟူသော ဝိဂြိုဟ်အရ သန္တတအထည်ကို ပြုလုပ်သည့်အခါ ညီညွတ်သော ကြမ်းပြင်၊ မြေပြင် စသည်ဝယ် သိုးမွေးချည်တို့ကို အလျား အနံ အလိုရှိသလို ဖြန့်ထားရမည်။
ထို့နောက် အလိုရှိသလောက် ထူအောင်ထပ်လျက် အထက်အောက် အချင်းချင်း ကပ်နေအောင် “ကဉ္စိယ = ကစည်ရေ (ထမင်းကိုကြိတ်၍ ပြုအပ်သောအရေ)” စသော စေးကပ်သော အရေတို့ဖြင့် သွန်းလောင်း ဖိနှိပ်ပေးရမည်။ ဤသို့ ညီညွတ်သော အပြင်ဝယ် ဖြန့်ခင်း၍ ပြုအပ်သောကြောင့် “သန္တတ = အခင်း” ဟု ခေါ်၏။ “ယက်ကန်းစင်ပေါ်တင်၍ ရက်အပ်သောအထည်မျိုးမဟုတ် ခင်း၍ပြု အပ်သော အထည်မျိုး”ဟု ဆိုလိုသည်။
မှတ်ချက်
“အခင်း”ဟု ဆိုသဖြင့် ခင်းထိုင်ဘို့၊ ခင်းအိပ်ဘို့သာ အသုံးဝင်သောကြောင့် “အခင်း” ခေါ်သည်ဟု ထင်မှတ်တတ်ကြ၏။ အမှန်မှာ ခင်းခြင်းဆိုင်ရာ သာမက မျက်နှာကြက်၊ ကန့်လန့်ကာ၊ ခေါင်းအုံး များပင် ပြုလုပ်ရသော အထည်တမျိုး ဖြစ်သည်။ [မျက်နှာကြက် စသည်တို့အတွက် ပြုလုပ်ရာ၌ အနာပတ္တိဟု ဆို၏။]
ကာရာပေယျ
“ပြုစေအံ့ = ပြုခိုင်းအံ့” ဟု ဆိုသောကြောင့် “သူတပါးကို အပြုခိုင်းမှ နိသဂ္ဂိထိုက်သည်၊ ကိုယ်တိုင်ပြုလျှင် နိသဂ္ဂိမထိုက်”ဟု ထင်ဘွယ်ရှိ၏။ သို့ရာတွင် မပြုအပ်သောအရာတိုင်း၌ သူဘပါးကို ခိုင်းခြင်းထက် ကိုယ်တိုင်ပြုခြင်းက သာ၍ ရုန့်ရင်း၏။ ထို့ကြောင့် “ကာရာပေယျ” စသည်ဖြင့် လာသော သိက္ခာပုဒ်များ၌ ကိုယ်တိုင်ပြုလုပ်ခြင်းနှင့်လည်း သက်ဆိုင်သည်ဟု မှတ်ပါ။
[ကာရာပေယျ နိသဂ္ဂိယန္တိ - ကရဏ ကာရာပဏ ပယောဂေသု (ကိုယ်တိုင်ပြုခြင်း၊ ပြုစေခြင်း ပယောဂကြောင့်) ဒုက္ကဋံ, ပတိလာဘေ နိသဂ္ဂိယံ ဟောတိ၊ -ကင်္ခါအဋ္ဌကထာ။]
အင်္ဂါ ၃ ပါး
- ၁။ ပိုးချည်ဖြင့် ရောနှောခြင်း၊
- ၂။ မိမိအတွက် အခင်း ပြုခြင်း ပြုစေခြင်း၊
- ၃။ ရခြင်း (ပြီးဆုံးခြင်း)
ဟု အင်္ဂါ ၃ ပါးရှိသည်။
ကင်္ခါ၌ “ကောသိယဘာဝေါ”ဟု ရှိ၏။ သာရတ္ထ၊ ဝိမတိတို့၌ “ကောသိယမိဿကတာ”ဟု ရှိ၏။ ဋီကာတို့ ဆိုပုံကသာ “ကောသိယမိဿကံ” ဟူသော ပါဠိတော်သွားနှင့် ညီသည်။
၂။ မိမိအတွက် ပြုခြင်း၊ ပြုစေခြင်းကို နိသဂ္ဂိယပါစိတ်အရာဖြစ်၍ ဆိုသည်။ သူများအတွက် ပြုပေးခြင်း၊ သူများပေး၍ ရသည်ကို သုံးစွဲခြင်းတို့ကြောင့် ဒုက္ကဋ် အာပတ် သင့်သေး၏။
၃။ ပတိလာဘ (ရခြင်း) ဟူသည် ပြုလုပ် ပြီးဆုံးခြင်းတည်း။
မှတ်ချက်
ပိုးချည်ဖြင့် ရောအပ်သော သန္တတ (ခင်း၍ ပြုအပ်သော အထည်) ကိုသာ တားမြစ်ရကား ပိုးချည်ဖြင့်ရော၍ ရက်အပ်သောအထည်ကို ပြုလုပ် သုံးစွဲကောင်း၏ဟု မှတ်ပါ။
[ဆောင်]
ပိုးချည်ရောဖက်, မိမိတွက်ဟု, ဆက်ဆက် အခင်း, ပြုစေခြင်းနှင့်, ရခြင်း သုံးလီ, အင်္ဂါညီ ,သင့်ပြီ ကောသိယ။
နိသဂ္ဂိယပါစိတ် အခန်း (ဧဠကလောမဝဂ်)
၂။ သုဒ္ဓကာဠက သိက္ခာပုဒ်
ယော ပန ဘိက္ခု သုဒ္ဓကာဠကာနံ ဧဠကလောမာနံ သန္ထတံ ကာရာပေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။
ယော ပန ဘိက္ခု - သည်၊
သုဒ္ဓကာဠကာနံ - သက်သက် မည်းနက်သော အဆင်း ရှိကုန်သော၊
ဧဠကလောမာနံ - သိုးမွေးတို့၏၊
သန္တိတံ - အခင်းကို၊
ကာရာပေယျ - အံ့၊
တဿ ဘိက္ခုနော တံ သန္တိတံ နိသဂ္ဂိယံ, ပါစိတ္တိယံ ဟောတိ။
၂။ သုဒ္ဓကာဠက
[သုဒ္ဓ = သက်သက် သန့်သန့် (အခြား အဆင်း အရောင်တို့နှင့် မရောသော) + ကာဠက = အနက်ရောင်။]
အဖြူ၊ အနီ အကြောင် အကျား အဆင်းတို့နှင့် မရောဘဲ အနက်ရောင် သက်သက်ရှိသော သိုးမွေးတို့ကို အခင်းလုပ်လျှင် ထိုအခင်း နိသဂ္ဂိထိုက်သည်။
အင်္ဂါ ၃ ပါး
- ၁။ သက်သက်နက်သော အဆင်းရှိသော သိုးမွေးဖြစ်ခြင်း၊
- ၂။ မိမိအတွက် အခင်း ပြုခြင်း ပြုစေခြင်း၊
- ၃။ ရခြင်း (ပြီးဆုံးခြင်း)
ဟု အင်္ဂါ ၃ ပါးရှိသည်။
နိသဂ္ဂိယပါစိတ် အခန်း (ဧဠကလောမဝဂ်)
၃။ ဒွေဘာဂ သိက္ခာပုဒ်
နဝံ ပန ဘိက္ခုနာ သန္ထတံ ကာရယမာနေန ဒွေ ဘာဂါ သုဒ္ဓကာဠကာနံ ဧဠကလောမာနံ အာဒါတဗ္ဗာ, တတိယံ ဩဒါတာနံ, စတုတ္ထံ ဂေါစရိယာနံ။ အနာဒါ စေ ဘိက္ခု ဒွေ ဘာဂေ သုဒ္ဓကာဠကာနံ ဧဠကလောမာနံ, တတိယံ သြဒါတာနံ, စတုတ္ထံ ဂေါစရိယာနံ နဝံ သန္ထတံ ကာရာပေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။
နဝံ - အသစ်ဖြစ်သော၊
သန္တတံ - အခင်းကို၊
ကာရယမာနေန - ပြုစေလိုသော၊
ဘိက္ခုနာ - ရဟန်းသည်၊
သုဒ္ဓကာဠကာနံ - သက်သက် မည်းနက်သော အဆင်း ရှိကုန်သော၊
ဧဠကလောမာနံ - သိုးမွေးတို့၏၊
ဒွေဘာဂါ - နှစ်ဘို့တို့ကို၎င်း၊
ဩဒါတာနံ – ဖြူသောအဆင်း ရှိကုန်သော၊
(ဧဠကလောမာနံ - တို့၏၊)
တတိယံ- ၃ ခုမြောက် တဘို့ကို၎င်း၊
ဂေါစရိယာနံ – ညို ရွှေ ရောရောင် ကြောင်သော အဆင်းရှိကုန်သော၊
(ဧဠကလောမာနံ - တို့၏၊)
စတုတ္ထံ - ၄ ခုမြောက် တဘို့ကို၎င်း၊
အာဒါတဗ္ဗာ - ယူထိုက်ကုန်၏၊
ဘိက္ခု - သည်၊
သုဒ္ဓကာဠကာနံ- ကုန်သော၊
ဧဠကလောမာနံ - တို့၏၊
ဒွေဘာဂေ - ၂ ဘို့ကို၎င်း၊
ဩဒါတာနံ - ကုန်သော၊
(ဧဠကလောမာနံ- တို့၏၊)
တတိယံ - ကို၎င်း၊
ဂေါစရိယာနံ - ကုန်သော၊
(ဧဠကလောမာနံ - တို့၏၊)
စတုတ္ထံ - ကို၎င်း၊
အနာဒါ - မယူမူ၍၊
နဝံ - သော၊
သန္ထတံ - အခင်းကို၊
စေ ကာရာပေယျ - အကယ်၍ ပြုစေအံ့၊
တဿဘိက္ခုနော တံ သန္တိတံ နိသဂ္ဂိယံ, ပါစိတ္တိယံ ဟောတိ။
၃။ ဒွေဘာဂ
သန္ထတကို အသစ်စ၍ ပြုလုပ်လိုလျှင် မိမိလိုသလောက် သိုးမွေးများ၏ ပိဿာချိန်ကို မှန်းထား ပြီးနောက် ထို သိုးမွေးများကို ချိန်သည့်အခါ အနက်ရောင်ရှိ သိုးမွေး ၂ ဆ၊ အဖြူရောင်ရှိ သိုးမွေး ၁ ဆ၊ (အညို အရွှေ ရောသော အဆင်းကို “ကြောင်သော အဆင်း” ဟု ခေါ်၏။) ထို ကြောင်သော အဆင်းရှိ သိုးမွေး ၁ ဆ ပါစေရသည်။ ထိုတွင် အနက်ရောင် များနေမည်ကိုသာ တားမြစ်လိုရင်း ဖြစ်၏။ ထို့ကြောင့် အနက်ရောင် လျော့၍ အဖြူ အကြောင်တို့က များနေလျှင် အပြစ်မရှိ။ အနက်ရောင်က ၂ ဆထက် ပိုလာလျှင် နိသဂ္ဂိ ထိုက်သည်။
အင်္ဂါနှင့် မှတ်ဘွယ်
- ၁။ သိုးမွေး ၄ ပုံတွင် မည်းနက်သော သိုးမွေးတို့၏ ၂ ပုံထက် ပိုလွန်ခြင်း၊
- ၂။ မိမိအတွက် အခင်း ပြုခြင်း ပြုစေခြင်း၊
- ၃။ ရခြင်း (ပြီးဆုံးခြင်း)
ဟု အင်္ဂါ ၃ ပါးရှိသည်။
ဤ ပြခဲ့သော ၁-၂-၃ နံပါတ် သိက္ခာပုဒ်လာ အခင်းတို့ကို နိသဂ္ဂိ ထုံးစံအတိုင်း စွန့်ပြီးနောက် ပြန်ရသော်လည်း ထိုင်ခြင်း အိပ်ခြင်း စသော သုံးစွဲမှုကိုပြုလျှင် ဒုက္ကဋ်။
သို့သော် ဗိတာန်၊ မျက်နှာကြက်၊ ကန့်လန့်ကာ၊ ဘုံလျှို ၊ ခေါင်းအုံး စသည်ကိုကား လုပ်ကောင်း၏။
နိသဂ္ဂိယပါစိတ် အခန်း (ဧဠကလောမဝဂ်)
၄။ ဆဗ္ဗဿ သိက္ခာပုဒ်
နဝံ ပန ဘိက္ခုနာ သန္ထတံ ကာရာပေတွာ ဆဗ္ဗဿာနိ ဓာရေတဗ္ဗံ၊ သြရေန စေ ဆန္နံ ဝဿာနံ တံ သန္ထတံ ဝိဿဇ္ဇေတွာ ဝါ အဝိဿဇ္ဇေတွာ ဝါ အညံ နဝံ သန္ထတံ ကာရာပေယျ အညတြ ဘိက္ခုသမ္မုတိယာ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။
ဘိက္ခုနာ – ရဟန်းသည်၊
နဝံ - သော၊
သန္ထတံ - ကို၊
ကာရာပေတွာ - ပြုစေပြီး၍၊
ဆဗ္ဗဿာနိ - ၆ နှစ်တို့ပတ်လုံး၊
ဓာရေတဗ္ဗံ - ဆောင်ထားရမည်၊
ဆန္နံဝဿာနံ - ၆ နှစ်တို့၏၊
ဩရေန - အတွင်း၌၊
တံ သန္ထတံ - ထို အခင်းကို၊
ဝိသဇ္ဇေတွာ ဝါ - စွန့်၍သော်၎င်း၊
အဝိသဇ္ဇေတွာ ဝါ - မစွန့်ဘဲသော်၎င်း၊
ဘိက္ခု သမ္မုတိယာ - ဂိလာန ရဟန်းအား ပေးအပ်သော သမ္မုတိကို၊
အညတြ - ကြဉ်ထား၍၊
နဝံ - အသစ်ဖြစ်သော၊
အညံ သန္ထတံ - အခြား အခင်းကို၊
စေ ကာရာပေယျ - အံ့၊
တဿ ဘိက္ခုနော တံသန္ထတံ နိသဂ္ဂိယံ, ပါစိတ္တိယံ ဟောတိ။
၄။ ဆဗ္ဗဿ
[ဆ+ဝဿ=ဆဗ္ဗဿ။] ၃ နံပါတ် သိက္ခာပုဒ်၌ ပြခဲ့သည့်အတိုင်း ၄ ပုံတွင် အနက်ရောင်၂ ပုံထက် မများသော အခင်းကိုပြုပြီးနောက် ထိုအခင်းကို ၆ နှစ်လုံးလုံး ဆောင်ထားရမည်။ ၆ နှစ် မပြည့်ခင် အဟောင်းကို သူတပါးအား စွန့်ပေးပြီးမှ ဖြစ်စေ၊ မစွန့်ဘဲ ဖြစ်စေ အသစ်အခင်းကို လုပ်လျှင် ထိုအခင်း နိသဂ္ဂိထိုက်သည်။
ဘိက္ခု သမ္မုတိ
ဂိလာနရဟန်းအား သွားရာအရပ်သို့ ထိုအခင်းကို မယူနိုင်လျှင် သံဃာ့ထံ သန္ထတသမ္မုတိ (၆ နှစ် အတွင်း အခင်းသစ် ပြုလုပ်ခွင့် သမ္မုတိ) ကို တောင်းရသည်။ ထိုသမ္မုတိကို ရထားလျှင် ရောက်လေရာအရပ်၌ ၆ နှစ် အတွင်းမှာပင် အခင်းအသစ် ပြုခွင့်ရသည်။
မှတ်ချက်
ဤသိက္ခာပုဒ်ကား မိမိတို့ အသစ်ပြုလုပ်ခြင်းကိုသာ တားမြစ်သောကြောင့် သူများအတွက် ပြုလုပ်ပေး ကောင်း၏၊ ၆ နှစ်အတွင်း သူများက လှူလျှင်လည်း သုံးစွဲကောင်းသေး၏ ဟု မှတ်ပါ။ သိက္ခာပုဒ် အင်္ဂါများမှာ သိလောက်ပြီဖြစ်၍ အဋ္ဌကထာ၌ပင် အထူးမပြတော့ချေ။ ထို့ကြောင့် နောက် သိက္ခာပုဒ် များဝယ် အရေးကြီးမှသာ သိက္ခာပုဒ် အင်္ဂါကို ထုတ်ပြတော့မည်။
နိသဂ္ဂိယပါစိတ် အခန်း (ဧဠကလောမဝဂ်)
၅။ နိသီဒနသန္ထတ သိက္ခာပုဒ်
နိသီဒနသန္ထတံ ပန ဘိက္ခုနာ ကာရယမာနေန ပုရာဏသန္ထတဿ သာမန္တာ သုဂတဝိဒတ္ထိ အာဒါတဗ္ဗာ ဒုဗ္ဗဏ္ဏကရဏာယ။ အနာဒါ စေ ဘိက္ခု ပုရာဏသန္ထတဿ သာမန္တာ သုဂတဝိဒတ္ထိံ နဝံ နိသီဒနသန္ထတံ ကာရာပေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။
နိသီဒန သန္ထတံ - နိသီဒိုန် အခင်းကို၊
ကာရယ မာနေန - ပြုစေလိုသော၊
ဘိက္ခုနာ - ရဟန်းသည်၊
ပုရာဏသန္ထတဿ - အခင်းဟောင်း၏၊
သမန္တာ - ထက်ဝန်းကျင် နံပါးတခုမှ၊
သုဂတဝိဒတ္ထိ - ဘုရားရှင်၏ တထွာလောက် အရပ်ကို၊
ဒုဗ္ဗဏ္ဏကရဏာယ – မကောင်းသော အဆင်းသဏ္ဌာန်ရှိအောင် ပြုခြင်းငှာ၊
အာဒါတဗ္ဗာ - ဖြတ်ယူထိုက်၏၊
ဘိက္ခု - ရဟန်းသည်၊
ပုရာဏ သန္ထတဿ - ၏၊
သမန္တာ - မှ၊
သုဂတဝိဒတ္ထိံ - ကို၊
အနာဒါ - မယူမူ၍၊
နဝံ - သော၊
နိသီဒနသန္ထတံ - ကို၊
စေ ကာရာပေယျ - အံ့၊
တဿ ဘိက္ခု နော တံ နိသီဒနသန္ထတံ နိသဂ္ဂိယံ, ပါစိတ္တိယံ ဟောတိ။
၅။ နိသီဒန သန္ထတ
နိသီဒိုန်အခင်းကို ပြုလိုလျှင် အခင်းဟောင်းမှ ဘုရားရှင်၏ တထွာ ပမာဏလောက်ရှိသော နံပါးအရပ်ကို ဖြတ်ယူပြီးလျှင် ထို တထွာကို နိသီဒိုန် အခင်းသစ်အတွင်းသို့ ထည့်သွင်း ပြုလုပ်ရမည်။ ထိုကဲ့သို့ မပြုလုပ်လျှင် ထိုနိသီဒိုန်အခင်းသစ် နိသဂ္ဂိထိုက်သည်။
နိသီဒန
နိသီဒိုန်ဆိုလျှင် အမြိတ်အဆာ ပါရိုး ထုံးစံပင် ဖြစ်ဟန်တူ၏။ ထို့ကြောင့် ပါဠိတော်၌ “နိသီဒနံနာမ သဒသံ (အဆာရှိသော အခင်းကို) ဝုစ္စတိ”ဟု ဟောတော်မူသည်။ ထိုအဆာနှင့်တကွ နိသီဒိုန် ပြုလုပ်နည်းကိုကား ရတနဝဂ်ကျမှ ပြမည်။
ပုရာဏ ၊ပေ၊ အာဒါတဗ္ဗာ
ပုရာဏသန္ထတဿ “သာမန္တာ = သမန္တာ”ဟု ပါဌ် ၂ မျိုးရှိ၏။ သာမန္တာဆိုလျှင် “အနီး”၊ သမန္တာဆိုလျှင် “ပတ်ဝန်းကျင်”ဟု အနက်ပေးရိုးရှိ၏။
အခင်းဟောင်း၏ အနီးဆိုလျှင် အခင်းဟောင်း၏ အနီးအပါး အခြားတခုခုကိုသာ ယူခွင့်ရှိသောကြောင့် “သာမန္တာ” ပါဌ်သည် သင့်ဟန် မတူ။ “အခင်းဟောင်း၏ ပတ်ဝန်းကျင်” ဟူရာ၌ကား “အခင်း၏ ဝန်းကျင်ပတ်လည် (အခင်းဟောင်းတွင် ပါဝင်သော အနားနံပါး)” အရပ်ကို ယူရသောကြောင့် “သမန္တာ = ဧကပဿတော” ဟူသော အဖွင့်နှင့် ညီမျှ၏။ ဘုရားရှင်၏ တထွာလောက်ရှိသော အနားသားကို အဝိုင်း ဖြစ်စေ၊ ၄ ထောင့်ဖြစ်စေ ဖြတ်ယူပါ ဟူလို။
ဒုဗ္ဗဏ္ဏကရဏာယ
ဤပုဒ်ကို အဋ္ဌကထာ ဋီကာတို့ မဖွင့်ကြသဖြင့် ဆိုလိုရင်းအဓိပ္ပာယ် မထင်ရှားဘဲရှိ၏။ ရှေးကပင် ဤပါဌ် မပါလေရော့သလား၊ သို့မဟုတ် ချွတ်ယွင်းသောပါဌ်ပင် ဖြစ်လေရော့သလားဟု တွေးမိတော့သည်။
ဤပါဌ်ကို “သုဂတဝိဒတ္ထိ အာဒါတဗ္ဗာ”တွင် စပ်ရမည်မှာ အမှန်ပင်တည်း။ “ပုံသဏ္ဌာန် ပျက်သွားအောင် အခင်းဟောင်းမှ တထွာလောက် ယူရမည်” ဟူရာ၌ ဘုရားရှင်၏ ရည်ရွယ်တော် မူချက်မှာ ဤသို့ ဖြစ်ဟန်ရှိ၏။
အခင်းဟောင်းကို လုံးဝ စွန့်ပစ်လိုက်ရမည်မှာ အလှူရှင်တို့၏ သဒ္ဓါဒေယျ (သဒ္ဓါ၍လှူထားသော) ပစ္စည်းကို ဝိနိပါတန (ဖရိုဖရဲ သုံးစွဲပစ်ရာ) ရောက်၏။ သို့ဖြစ်၍ အခင်းဟောင်းမှ တထွာလောက် ဖြတ်ယူလိုက်လျှင် ထိုအခင်းဟောင်းမှာ ပုံသဏ္ဌာန် ပျက်သွားပြီ၊ ကောင်းသေးသော အသားကိုလည်း ဖြတ်ယူပြီး ဖြစ်၍ အဆွေးအရိများသာ ကျန်ဘွယ်ရှိတော့၏။ သို့ဖြစ်လျှင် “အလှူရှင်များ မြင်သော်လည်း ကျေနပ်လောက်ပြီ”ဟု ရည်ရွယ်တော်မူဟန် ရှိသည်။
ဆက်ဦးအံ့
ထိုသို့ ဒုဗ္ဗဏ္ဏကရဏဖြစ်အောင် “တထွာလောက် ဖြတ်ယူရမည်”ဟု ဆိုသော်လည်း နိသီဒိုန်အသစ်၌ ထည့်၍ သင့်တော်လောက်သော အသားကောင်းနေရာက တထွာလောက်ရှိမှသာ တထွာလောက် ယူရမည်။ အခင်းဟောင်းက ရိဆွေးနေသဖြင့် အသားဟောင်း တထွာလောက်မျှ မရှိလျှင် ရတန် သလောက် ဖြတ်ယူရမည်။ လုံးလုံး အသားကောင်း မရှိတော့လျှင်ကား အခင်းဟောင်းမှ အသားကို မယူဘဲလည်း နိသီဒိုန် အခင်းသစ် ပြုလုပ်နိုင်၏။
ထိုကဲ့သို့ တထွာဖြစ်စေ၊ တမိုက်ဖြစ်စေ ရတန်သရွေ့ ဖြတ်ယူပြီးလျှင်ကား နိသီဒိုန်အခင်း ပြုလုပ် ဖြန့်ခင်း သည့်အခါ ထိုအဟောင်းမှ အသားကို နိသီဒိန်၏ တနေရာရာမှာလည်း သန့်သန့်ထည့်နိုင်၏၊ ထိုသို့ မထည့်ဘဲ ထိုအသားဟောင်းကိုလည်း အားလုံး ပြန်ဖြည်၍ နိသီဒိုန် အခင်းအသစ် လုပ်မည့် သိုးမွေးတို့နှင့် ရောပြီးမှလည်း နိသီဒိုန်အသစ်ဖြစ်အောင် ပြုလုပ်နိုင်သည်။
အနာဒါစေ ဘိက္ခု
“တထွာလောက်အရပ်ကို အခင်းဟောင်းမှ ဖြတ်မယူဘဲ နိသီဒိုန်ပြုလျှင် နိသဂ္ဂိထိုက်သည်” ဟု ဆိုရာ၌ အခင်းဟောင်းမှ ရလောက်လျက် ဖြတ်မယူခြင်းကို ဆိုသည်။ မရလောက်၍ မယူခြင်း ကြောင့်ကား အပြစ်မရှိ။ [“ပဋိသင်္ခါ ယောနိသော” ဝယ် ပဋိသင်္ခါ၌ “ယ”ကြေသကဲ့သို့ အနာဒါ၌ လည်း “အနာဒါယ”ဆိုလိုလျက် “ယ”ကြေနေသည်ဟု မှတ်ပါ။]
နိသဂ္ဂိယပါစိတ် အခန်း (ဧဠကလောမဝဂ်)
၆။ ဧဠကလောမ သိက္ခာပုဒ်
ဘိက္ခုနော ပနေဝ အဒ္ဓါနမဂ္ဂပ္ပဋိပန္နဿ ဧဠကလောမာနိ ဥပ္ပဇ္ဇေယျုံ၊ အာကင်္ခမာနေန ဘိက္ခုနာ ပဋိဂ္ဂဟေတဗ္ဗာနိ၊ ပဋိဂ္ဂဟေတွာ တိယောဇနပရမံ သဟတ္ထာ ဟရိတဗ္ဗာနိ အသန္တေ ဟာရကေ။ တတော စေ ဥတ္တရိ ဟရေယျ အသန္တေပိ ဟာရကေ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။
ဘိက္ခုနော - ရဟန်း၏၊
ဝါ – ရဟန်းသည်၊
(ပန+ ဧဝ အနက်မရှိ၊)
အဒ္ဓါနမဂ္ဂပ္ပတိပန္နဿ - အဓွန့် သိက္ခာပုဒ် ရှည်သော ခရီးကို သွားစဉ်၊
ဧဠကလောမာနိ - သိုးမွေးတို့သည်၊
ဥပ္ပဇ္ဇေယျုံ - ဖြစ်ကုန်အံ့၊
အာကင်္ခမာနေန - အလိုရှိသော၊
ဘိက္ခုနာ - ရဟန်းသည်၊
ပတိဂ္ဂဟေတဗ္ဗာနိ - ခံယူအပ် ခံယူနိုင်ကုန်၏၊
ပတိဂ္ဂဟေတွာ - ခံယူပြီး၍၊
ဟာရကေ - ဆောင်ယူမည့်သူသည်၊
အသန္တေ - မရှိလသော်၊
တိယောဇနပရမံ - ၃ ယူဇနာအလွန် အပိုင်းအခြားရှိသော အရပ်တိုင်အောင်၊
သဟတ္ထာ - မိမိလက်ဖြင့်၊
(ဝါ - ကိုယ်တိုင်၊)
ဟရိတဗ္ဗာနိ - ဆောင်ယူအပ် ဆောင်ယူနိုင်ကုန်၏၊
ဟာရကေ - သည်၊
အသန္တေပိ - မရှိသော်လည်း၊
တင်တာ - ထို ၃ ယူဇနာ အရပ်ထက်၊
ဥတ္တရိ - အလွန်၊
စေ ဟရေယျ - အကယ်၍ ဆောင်ယူအံ့၊
တဿ ဘိက္ခုနော, တံ ဧဠကလောမံ - (ထို သိုးမွေးအပေါင်းကို)၊
နိသဂ္ဂ ယံ ပါစိတ္တိယံ ဟောတိ။
၆။ ဧဠကလောမ
“သိုးမွေးရလျှင် ရရာအရပ်မှ စ၍ ၃ ယူဇနာ အထိ (ယူဆောင်မည့် ကပ္ပိယ စသူ မရှိလျှင်) ကိုယ်တိုင် ယူသွားနိုင်၏။ ၃ ယူဇနာထက်လွန်၍ ယူသွားလျှင်ကား ထို သိုးမွေးအများပင် နိသဂ္ဂိထိုက်၍ ရဟန်းမှာလည်း သိုးမွေးမျှင်၏ အရေအတွက်နှင့်အမျှ ပါစိတ်အာပတ် သင့်၏။
အဒ္ဓါနမဂ္ဂ ၊ပေ၊ ဥပ္ပဇ္ဇေယျုံ
“ဥပ္ပဇ္ဇေယျ” အရ “ဖြစ်ခြင်း”ဟူသည် “ရခြင်း”ပင်တည်း။ “ခရီးရှည်သွားစဉ် ရအံ့” ဟူသည် မှာလည်း သိက္ခာပုဒ် ပညတ်ဘို့ရာ ဝတ္ထုဖြစ်လာပုံ၌ ခရီးသွားစဉ် ရအပ်သောကြောင့် “အဒ္ဓါနမဂ္ဂ ၊ပေ၊ ဥပ္ပဇ္ဇေယျုံ ၊ပေ၊ ပဋိဂ္ဂဟေတဗ္ဗာနိ” ဟု မိန့်တော်မူသည်။ မည်သည့်နေရာ၌ မဆို ရရာအရပ်မှာ အလှူခံကောင်းသည်သာ။
အင်္ဂါ ၅ ပါး
- ၁။ သိုးမွေးတို့၏ ဘဏ္ဍာမပြုရသေးခြင်း၊
- ၂။ ပထမ ရခြင်း၊
- ၃။ ကိုယ်တိုင်ယူ၍ဖြစ်စေ၊ လှည်းသမားကို မသိစေဘဲ လှည်းပေါ်တင်၍ ဖြစ်စေ ၃ ယူဇနာ လွန်သွားခြင်း၊
- ၄။ အသွားဆောင်၍ အပြန်ဆောင်မှု မဟုတ်ခြင်း၊
- ၅။ နေဘို့ရန် ရည်ရွယ်ချက်မရှိခြင်း - အင်္ဂါ ၅ ပါးတည်း။
၁။ တစုံတခု အထည်ဘဏ္ဍာ ပြုပြီးသော သိုးမွေးအထည်ကို ဆောင်ယူ ကောင်း၏။ သိုးမွေးများကို ချည်ဖြင့် တွဲထားလျှင်ပင် ဘဏ္ဍာပြုပြီးဖြစ်၍ ဆောင်ယူကောင်းသည်။
၂။ ပထမရခြင်း၌ ၃ ယူဇနာထက် မလွန်ကောင်း။ ခိုးသူတို့ ခိုး၍ အသုံးမချလိုသဖြင့် ရဟန်းကို တဆင့် လှူရာ၌ဖြစ်စေ၊ နိသဂ္ဂိ သိုးမွေးကို စွန့်ပြီးနောက် ပြန်ရရာ၌ဖြစ်စေ ဒုတိယရခြင်း ဖြစ်၍ ၃ ယူဇနာထက် လွန်အောင် ဆောင်ယူကောင်း၏။
၃။ အဓိပ္ပာယ် ထင်ရှားပြီ။
၄။ ၃ ယူဇနာအတွင်း ယူသွား၍ ပြန်ယူလာရာ၌ ခရီးတာမှာ ၃ ယူဇနာ ထက် ပိုသော်လည်း ၃ ယူဇနာ အတွင်းဖြစ်၍ အပြစ်မရှိ။
၅။ နေထိုင်လို၍ ၃ ယူဇနာတိတိရှိသော အရပ်သို့ သွားပြီးနောက် ရောက်ပြီးမှ မနေလို၍ နောက်ထပ် ၃ ယူဇနာတိတိ ဆက်လက် ယူသွားပြန်လျှင်လည်း အပြစ် မရှိ။ နေလို၍ မဟုတ်ဘဲ သွားပြီးနောက် ရောက်ရာ အရပ်မှ ဆက်လက် ယူသွားလျှင်ကား ၃ ယူဇနာ လွန်လျှင်ပင် အပြစ်ရှိသည် ဟူလို။
[ဆောင်]
သိုးမွေးအစု, ဘဏ္ဍာမှုကို, မပြုရသေး, ရှေးဦးရခါ ကိုယ်တိုင်သာလျှင်, ယူဇနာသုံးဆူ, လွန်အောင်ယူ၍, သွားယူ ပြန်ဆောင်, မဟုတ်အောင်တည့်, နေမည့်စိတ်ရင်း မရှိခြင်းဟု, ကြောင်းရင်း ငါးလီ, အင်္ဂါညီ, သင့်ပြီ ဧဠက။
နိသဂ္ဂိယပါစိတ် အခန်း (ဧဠကလောမဝဂ်)
၇။ ဧဠကလောမ ဓောဝါပန
ယော ပန ဘိက္ခု အညာတိကာယ ဘိက္ခုနိယာ ဧဠကလောမာနိ ဓောဝါပေယျ ဝါ ရဇာပေယျ ဝါ ဝိဇဋာပေယျ ဝါ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။
ယော ပန ဘိက္ခု - သည်၊
အညာတိကာယ - ဆွေမျိုးမတော်သော၊
ဘိက္ခုနိယာ - ရဟန်းမကို၊
ဧဠကလောမာနိ - သိုးမွေးတို့ကို၊
ဓောဝါပေယျ ဝါ – ဖွပ်မူလည်း ဖွပ်စေအံ့၊
ရဇာပေယျဝါ – ဆိုးမူလည်း ဆိုးစေအံ့၊
ဝိဇဋာပေယျဝါ - ဖြေရှင်းမူလည်း ဖြေရှင်းစေအံ့၊
တဿ ဘိက္ခုနော တံ ဧဠကလောမံ နိသဂ္ဂိယံ, ပါစိတ္တိယံ ဟောတိ။
၇။ ဧဠကလောမ ဓောဝါပန
ဆွေမျိုး မတော်သော ဘိက္ခုနီကို သိုးမွေး အဖွပ်ခိုင်းလျှင် ခိုင်းသည့်အတွက် ဒုက္ကဋ်၊ ဖွပ်ပြီးလျှင် ထို သိုးမွေးများ နိသဂ္ဂထိုက်၍ ရဟန်းမှာ ပါစိတ်အာပတ် သင့်သည်။
ရဇာပေယျ ဝိဇဋာပေယျ
သိုးမွေးများကို ဆေးဆိုးခိုင်းခြင်း၊ ရှုပ်ထွေးနေသော သိုးမွေးများကို ဖြေရှင်းခိုင်းခြင်းကြောင့်လည်း ဤနည်း အတိုင်း အာပတ်များ သင့်၏။
လေ့ကျင့်ခန်း မေးခွန်းများ
- က။ ကောသိယသိက္ခာပုဒ်၌ သန္တတပြုလုပ်ပုံကို ပြပါ။
- ခ။ “ကောသိယမိဿက” အရ ပိုးချည်မျှင်မည်မျှပါလျှင် အရောဖြစ်ကြောင်း ကိုလည်း ပြပါ။
- ဂ။ “အခင်း” ဟု ဆိုရာ၌ ခင်းထိုင် ခင်းအိပ်ရ၍ “အခင်း”ဟု ဆိုပါသလော။ ဘာ့ကြောင့် “အခင်း” ဟု ဆိုပါသနည်း။
- ဃ။ “ကာရာပေယျ = ပြုစေအံ့”ဟု ဆိုသောကြောင့် ကိုယ်တိုင်ပြုလျှင် အပြစ် ရှိ-မရှိ အကြောင်းပြ၍ ဆုံးဖြတ်ပါ။
- င။ သုဒ္ဓကာဠက သိက္ခာပုဒ်အရ အားလုံး သိုးမွေးအနက်ချည်း အခင်း မပြုကောင်းလျှင် ဒွေဘာဂ သိက္ခာပုဒ်အရ သိုးမွေးအနက် အပုံ မည်မျှ အလွန်ဆုံး ပါနိုင်ခွင့် ရပါသနည်း။
- စ။ အဖြူ ရောင်၊ အကြောင်ရောင်ရှိသော သိုးမွေးတို့သည် တဖို့စီထက်ပိုလျှင် အာပတ်သင့်သလော။
- ဆ။ မည်သည့် အရောင်ရှိသော သိုးမွေးတို့ ပိုနေမည်ကို ထို သိက္ခာပုဒ်က တားမြစ်လိုပါသနည်း။
- ဇ။ ဆဗ္ဗဿ သိက္ခာပုဒ်အရ သမ္မုတိ မရသော ရဟန်းသည် အခင်း လုပ်ပြီးနောက် ၆ နှစ်အတွင်း အခင်းသစ် ပြုလုပ်ခွင့် မရလျှင် ရှိပါစေတော့၊ ထိုအတွင်း၌ နိသီဒိုန်အခင်းကိုမျှ မပြုရဟု မှတ်ရမည်လော။ [ နိသီဒန သန္ထတနှင့် သန္ထတ မတူကြောင်းကို သတိပြုပါ။]
- ဈ။ နိသီဒနသန္ထတကိုပြုရာ၌ အခင်းဟောင်းမှ တထွာကို အဘယ်အကျိုးငှာ ယူရပါသနည်း။
- ဉ။ ထို ယူအပ်ပြီးသော တထွာလောက်ကို အခင်းသစ်၌ ဘယ်ပုံ ထည့်၍ အသုံးပြုရမည်နည်း။
- ဋ။ ဧဠကလောမသိက္ခာပုဒ် အင်္ဂါကို ပြပါ။
- ဌ။ “အသွားဆောင်၍ အပြန်ဆောင်မှု မဟုတ်ခြင်း” ဟူသော အင်္ဂါ၏ အဓိပ္ပာယ်ကို ရှင်းလင်းပါ။
- ဍ။ “နေဘို့ရန် ရည်ရွယ်ချက်မရှိခြင်း”ဟူသောအင်္ဂါ၏ အဓိပ္ပာယ်ကို ပြပါ။
- ဎ။ ဧဠကလောမ ဓောဝါပန သိက္ခာပုဒ်၌ ရဇာပေယျ၊ ဝိဇဋာပေယျတို့၏ အဓိပ္ပာယ်ကို ပြပါ။
နိသဂ္ဂိယပါစိတ် အခန်း (ဧဠကလောမဝဂ်)
၈။ ရူပိယ သိက္ခာပုဒ်
ယော ပန ဘိက္ခု ဇာတရူပရဇတံ ဥဂ္ဂဏှေယျ ဝါ ဥဂ္ဂဏှာပေယျ ဝါ ဥပနိက္ခိတ္တံ ဝါ သာဒိယေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။
ယော ပန ဘိက္ခု - သည်၊
ဇာတရူပရဇတံ - ရွှေ ငွေကို၊
ဥဂ္ဂဏှေယျဝါ - ကိုယ်တိုင်မူလည်း ခံယူအံ့၊
ဥဂ္ဂဏှာပေယျဝါ - သူတပါးကိုမူလည်း ခံယူစေအံ့၊
ဥပနိက္ခိတ္တံ - အပ်နှံ လှူဒါန်းအပ်သော ရွှေ ငွေကို၊
သာဒယေယျဝါ - သာယာမူလည်း သာယာအံ့၊
တဿ ဘိက္ခုနော တံ ဇာတရူပရဇတံ နိသဂ္ဂိယံ, ပါစိတ္တိယံ ဟောတိ။
၈။ ရူပိယ
ဤသိက္ခာပုဒ် ပါဠိ၌ ရူပိယပုဒ် မပါသော်လည်း ရူပိယ သဒ္ဒါသည် ရှင်ဘုရင်တို့၏ အရုပ်ဖြစ်စေ၊ ဒေါင်းရုပ် စသည်ဖြစ်စေ အရုပ်ရှိသော (အရုပ်တံဆိပ် ခတ်နှိပ်ထားအပ်သော) ရွှေ ငွေ ၂ ရပ်လုံးကိုပင် ဟောနိုင် သောကြောင့် အဋ္ဌကထာဆရာက “ရူပိယသိက္ခာပုဒ်”ဟု နာမည်တပ်သည်။
ရွှေ ငွေ ဆိုင်ရာကို ကိုယ်တိုင် ခံယူသည် ဖြစ်စေ၊ မိမိအတွက် သူတပါးကို အယူ (ယူလိုက်ဟု) ခိုင်းသည် ဖြစ်စေ၊ တခုခုသောနေရာ၌ အပ်နှံ၍ လှူဒါန်းအပ်သော ရွှေ ငွေကို ကိုယ်နှုတ်ဖြင့် မပယ်ဘဲ သာယာသည် ဖြစ်စေ ထို ရွှေ ငွေများ နိသဂ္ဂိ ထိုက်၍ ရဟန်းမှာ ပါစိတ်အာပတ် သင့်သည်။
ဇာတရူပ ရဇတံ
“ယဿ - အကြင် ရွှေ၏၊ ဇာတံ - ဖြစ်မြဲတိုင်းသော၊ ရူပံ - သဘောသည်၊ အတ္ထိ - ရှိ၏” ဟူသော ဝိဂြိုဟ်အရ မူလဖြစ်မြဲတိုင်း သဘော ရှိသော (မူလအနေမှ မပြောင်းလွှဲသော) ရွှေကို “ဇာတရူပ”ဟု ခေါ်၏။ ဤ ဇာတရူပအရ ရွှေတုံးရွှေခဲနှင့် ရွှေဒင်္ဂါးကိုယူ။
“ဧတ္ထ - ဤငွေ၌၊ ဇနာ - လူတို့သည်၊ ရဉ္ဇန္တိ - တပ်မက်ကြကုန်၏” ဟူသော ဝိဂြိုဟ်အရ လူအများတို့၏ နှစ်သက် မက်မောစရာဖြစ်သော ငွေတုံး ငွေခဲနှင့် ငွေဒင်္ဂါးကို “ရဇတ” ဟု ခေါ်ရိုး ရှိ၏။ သို့သော် ဤနေရာ၌ကား ငွေအဖြစ်ဖြင့် သုံးစွဲရသော ပိုက်ဆံအမျိုးမျိုးနှင့် ငွေစက္ကူများကိုပါ “ရဇတ”ဟု ခေါ်သည်။
ဥဂ္ဂဏှေယျ ဥဂ္ဂဏှာပေယျ
ဥသဒ္ဒါသည် အနက်ထူးမရှိ။ “ဂဏှေယျ” အရ “ယူခြင်း”ဟူသည် လှူအပ်သော ရွှေငွေကို ဖြစ်စေ၊ လမ်း စသည်၌ ဥစ္စာရှင် မရှိသော ရွှေငွေကို ဖြစ်စေ ကိုယ်တိုင်ယူခြင်းတည်း။ “ဂဏှာပေယျ” အရ “ယူစေခြင်း” ဟူသည် ထိုရွှေငွေတို့ကို ကိုယ်တိုင်မယူဘဲ တယောက်ယောက်ကို အယူခိုင်းခြင်း တည်း။
အယူခိုင်းပြစ်
အယူခိုင်းရာ၌ မိမိဘို့ အယူခိုင်းလျှင် နိသဂ္ဂိယပါစိတ်၊ အခြား သီတင်းသုံးဘော်များဘို့ အယူခိုင်းလျှင် ဒုက္ကဋ်၊ လူများ ပိုင်ဆိုင်သော ရွှေ ငွေကို “ယူလော၊ သိမ်းထားလော၊ မည်သည့်အဖိုး ပေးလိုက်လော”ဟု မစီမံ ကောင်းကြောင်းကိုလည်း ဖွင့်ကြ၏။
[တဝ စောဠကံ ပဿာဟီတိ ဣမိနာ ဂိဟိသန္တကေပိ “ဣဒံ ဂဏှထာ” တိ အကပ္ပိယဝေါဟာရေန ဝိဓာနံ ဘိက္ခုနော န ကပ္ပတီတိ၊ -သာရတ္ထ။]
ဥပနိက္ခိတ္တံ သာဒယေယျ
အနီးအပါး မျက်မှောက်၌လာရောက်ပြီးလျှင် ဤဟာသည် အရှင်ဘုရားဘို့ ဖြစ်ပါသည်”ဟု လျှောက်ထား၍ လှူအပ်သော ရွှေ ငွေ၊
“မည်သည့်အရပ်မှာ (ဘဏ်တိုက်မှာ)၊ သို့မဟုတ် မည်သူ့ လက်မှာ ရှိသော ရွှေ ငွေများ အရှင့်ဘို့ ဖြစ်ပါစေ (အရှင့်အား လှူပါ၏)” ဟု အဝေး ရပ်ကို ညွှန်ပြ၍ လှူအပ်သော ရွှေငွေ၊
ဤ ၂ မျိုးကို “ဥပနိက္ခိတ္တ (အပ်နှံလှူဒါန်းအပ်သော ရွှေငွေ)” ဟု ခေါ်၏။
ထိုကဲ့သို့ လှူရာ၌ (ဦးခေါင်းခါ၍ ဖြစ်စေ၊ ငါတို့မှာ ရွှေငွေမအပ်၊ ရွှေငွေကို ငါတို့ အလိုမရှိဟု ပြော၍ဖြစ်စေ) ကိုယ် နှုတ် တခုခုဖြင့် မပယ်ရှားဘဲ စိတ်ဖြင့် လက်ခံမှုကို “သာယာခြင်း”ဟု ဆိုသည်။
ခေတ်အလိုက် ကျင့်ဘွယ်
“သာဒယေယျ” အရ သာယာမှ နိသဂ္ဂိယ ပါစိတ်အာပတ် သင့်ရကား ယခုကာလ အလှူစသည်၌ ငွေကို လှူသောအခါ တပါးတည်း ထူးချွန်၍ ကိုယ်နှုတ်ဖြင့် မပယ်သာလျှင် “ငါမယူလို၊ ငါမသာယာ၊ ကပ္ပိယသုံးချင်ရာ သုံးပေစေ” ဟု အမှန် စင်ကြယ်သော၊ မသာယာသောစိတ် ဖြစ်နိူင်ပါလျှင် အာပတ်မသင့်။
ထိုငွေကို ကျောင်းသားယူလာ၍ “အရှင်ဘုရား၊ မည်မျှတန်သော အပ်သောပစ္စည်းကို တပည့်တော်ထံ တောင်းတော်မူပါ” လျှောက်လျှင် မူလက ငွေကို မသာယာခဲ့သောကြောင့် အပ်ဘွယ်ရှိသည်။ ဤသို့ မလျှောက်ဘဲ ကျောင်းသား စသူက ယူရုံသာ ယူထားလျှင် ထိုငွေနှင့် စပ်၍ ဘာမျှမအပ်တော့ချေ။
ဤသိက္ခာပုဒ်အရ အလှူရှင်များနှင့် အလှူခံပုဂ္ဂိုလ်တိုင်း၊ ကပ္ပိယလုပ်သူတိုင်း နားလည်ဘို့ အရေးကြီးပါသည်။
စောဒနာဘွယ်
“ရွှေငွေကို လှူသည့်အခါ စိတ်ထဲ၌ သာယာနေလျှင် အာပတ်သင့်သည်” ဟု ဆိုရာ၌ “မနောဒွါရေ အာပတ္တိနာမ နတ္ထိ” ဟူသော အဋ္ဌကထာနှင့် ဆန့်ကျင်နေသည် မဟုတ်ပါလောဟု စောဒနာဘွယ် ရှိ၏။
အဖြေကား ...
စိတ်ထဲ၌ သာယာနေရုံမျှကြောင့် သင့်သည် မဟုတ်၊ ကိုယ်နှုတ်ဖြင့် ပယ်ရှားမှုကို ပြုရမည်ဖြစ်လျက် မပယ်ခြင်းကြောင့် သင့်ရကား “မနောဒွါရေ အာပတ္တိနာမ နတ္ထိ” နှင့် မဆန့်ကျင်ပါ။
[အကြိက=ကိုယ်နှုတ်ဖြင့် ပြုရမည့် ပယ်ရှားမှုကို မပြုခြင်းကြောင့် + သမုဋ္ဌာန=ဖြစ်သောအာပတ်။]
စိတ်ထဲ၌ သာယာနေစေကာမူ ကိုယ် နှုတ် တပါးပါးဖြင့် ပယ်လျှင် အာပတ်မသင့်။
[ဆောင်]
စိတ်၌ သာယာ နေတုံပါလည်း ခေါင်းခါ နှုတ်မြွက်, ပယ်သင့်လျက်ပင်, မပယ်အင်ကြောင့်, ကိုယ်တွင် နှုတ်၌ အပြစ်ဆိုက် စိတ်၌ မသင့်ချေ။
အမှာ
ဤသို့ ကိုယ် နှုတ်ဖြင့် ပယ်ပါလျက် အလှူလာသူက အတင်း ထားသွားလျှင် ထိုရွှေငွေမှ ဖြစ်သောပစ္စည်းများ သုံးစွဲခွင့်ရသော နည်းလမ်းကို ပါရာဇိကဏ် အဋ္ဌကထာ၌ အကျယ်ဆိုထား၏၊ ရှုလေတော့။
စွန့်ပုံ
ဤ ရွှေငွေကို စွန့်ရာ၌ကား သံဃာ၊ ဂိုဏ်း၊ ပုဂ္ဂိုလ်အားလုံးပင် မအပ်သောကြောင့် အခြား နိသဂ္ဂိယ ပစ္စည်းကဲ့သို့ သံဃာ၊ ဂိုဏ်း၊ ပုဂ္ဂိုလ်အား စွန့်ခွင့် မရ။
သံဃာ့အလယ်တွင် “အဟံ ဘန္တေ ရူပိယံ ပတိဂ္ဂဟေသိံ၊ ဣဒံ မေ ဘန္တေ နိသဂ္ဂိယံ, ဣမာဟံ နိသဇ္ဇာမိ” ဟု ဆို၍ ပါဠိလို ဖြစ်စေ “အရှင်ဘုရား ... တပည့်တော်သည် ရွှေ (ငွေ)ကို ခံယူမိပါပြီ၊ ဤ ရွှေ (ငွေ) ကို တပည့်တော် စွန့်ပါ၏” ဟု မြန်မာလိုဖြစ်စေ စွန့်ရသည်။
စွန့်ရခြင်း အကျိုး
ထိုကဲ့သို့ စွန့်ပြီးသောအခါ လူတယောက်ယောက် လာလျှင် “ဤဟာကို သိလော”ဟု ပြော။ “ဤငွေဖြင့် ဘာကို ယူခဲ့ရမည်နည်း” ဟု ဒကာက လျှောက်လျှင် “မည်သည့် ပစ္စည်းကို ယူစေလိုသည်” ဟု မပြောဘဲ “မည်သည့် ပစ္စည်းတော့ သံဃာမှာ အပ်ထာဘဲ”ဟု ပြောနိူင်၏။
ထိုသို့ ပြော၍ ဝယ်ယူလာလျှင် ထိုပစ္စည်းကို သံဃာအားလုံး ဝေ၍ သုံးဆောင်ကောင်း၏။ ဤသို့ မစွန့်လျှင် မည်သည့် ရဟန်းမျှ မအပ်တော့ဘဲ စွန့်လျှင် သံဃာများ၌ ပစ္စည်းသုံးခွင့် ရခြင်းသည် ရွှေ ငွေကို စွန့်ရခြင်း၏ အကျိုးပင်တည်း။
ရွှေ ငွေ ခံသူ
ရွှေငွေကို အလှူခံမိသော ရဟန်းမှာကား စွန့်လိုက်သည့်အတွက် မိမိမှာ အဆက်ဆက် အပြစ်ကင်း၍ သန့်ရှင်းခြင်းအကျိုး ရှိ၏။
ထို စွန့်ပြီး ရွှေ ငွေမှ ကပ္ပိယတို့ ဝယ်ယူပေးသော ပစ္စည်းများကား မအပ်တော့ချေ။ သံဃာမှ ဝေစုရသော ပစ္စည်းကို ရဟန်း၊ သာမဏေ၊ ကပ္ပိယတို့က တဆင့် ပေးသော်လည်း မသုံးစွဲကောင်း။
ထို စွန့်ပြီး ရွှေ ငွေဖြင့် မျိုးစေ့ကို ဝယ်၍ စိုက်ထားအပ်သော သစ်ပင်၌သော်မှ ထိုရဟန်းမှာ အရိပ် မခိုကောင်း။ ထို ငွေဖြင့် ဝယ်ထားအပ်သော ဆီ၏ မီးရောင်၌ စာသော်မျှ မချကောင်း။
အင်္ဂါ ၃ ပါး
၁။ ရွှေ ငွေဖြစ်ခြင်း၊
၂။ မိမိတို့ဖြစ်ခြင်း၊
၃။ ကိုယ်တိုင် ခံယူခြင်း စသော ၂ ပါးတွင် တပါးပါး ဖြစ်ခြင်း၊
အင်္ဂါ ၃ ပါးတည်း။
[စေတီ၊ သံဃာ၊ အခြားပုဂ္ဂိုလ်အတွက် ခံရာ၌ကား ဒုက္ကဋ် အာပတ်တည်း။]
[ဆောင်]
ရွှေငွေဖြစ်လျက်, မိမိတွက်ဟု, ခံယူ-ခံစေ, သာယာနေ, သင့်လေ ရူပိယ။
တိုက်တွန်းချက်
ရွှေငွေကို အလှူခံ၍ ထိုရွှေငွေဖြင့် ဝယ်ယူအပ်သော ပစ္စည်းများ၊ ကုလဒူသနပြု၍ ရအပ်သော ပစ္စည်းများ၊ မိမိကို ကြည်ညိုအောင် ဟိတ်ဟန်ဆောင်သဖြင့် အထင်ကြီး၍ လှူအပ်သော ပစ္စည်းများသည် သီတင်း သုံးဘော် ၅ ဦးလုံးပင် မသုံးစွဲအပ်တော့ပြီ။ သုံးစွဲသူတိုင်းမှာ ဒုက္ကဋ်အာပတ် သင့်သည်။
ထို့ကြောင့် ဤ ရွှေငွေနှင့် စပ်၍ အပ်သော နည်းလမ်းများကို ရာဇသိက္ခာပုဒ်ဝယ် ကပ္ပိယအမျိုးမျိုးဖြင့် ပြခဲ့သော နည်းလမ်းအတိုင်း စီစဉ်တတ်ဘို့ရာ ကိုယ်စီကိုယ်င အလေ့အလာ ပြုသင့်ကြပါသည်။
နိသဂ္ဂိယပါစိတ် အခန်း (ဧဠကလောမဝဂ်)
၉။ ရူပိယ သံဝေါဟာရ
ယော ပန ဘိက္ခု နာနပ္ပကာရကံ ရူပိယသံဝေါဟာရံ သမာပဇ္ဇေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။
ယော ပန ဘိက္ခု - သည်၊
နာနာပ္ပကာရကံ - အထူးထူးသော အပြားရှိသော၊
ရူပိယသံဝေါဟာရံ - ရွှေငွေကို လဲလှယ်ခြင်းသို့၊
သမာပဇ္ဇေယျ - ရောက်အံ့၊
တဿဘိက္ခုနော၊
တံ - (ထို လဲလှယ်အပ်သောဝတ္ထုကို၊)
နိသဂ္ဂိယံ, ပါစိတ္တိယံ ဟောတိ။
၉။ ရူပိယသံဝေါဟာရ
ရှေ့သိက္ခာပုဒ်က ရွှေ ငွေ အတုံးအခဲနှင့် ရွှေ ငွေ ဒင်္ဂါးပိုက်ဆံဟူသော နိသဂ္ဂိယဝတ္ထု၊ အခြားရတနာ အမျိုးမျိုး ဟူသော ဒုက္ကဋ ဝတ္ထုများကို ခံယူခြင်းမှ တားမြစ်၍ ဤသိက္ခာပုဒ်က ထိုနိသဂ္ဂိယဝတ္ထု၊ ဒုက္ကဋ ဝတ္ထုဖြင့် အခြားဝတ္ထုကို လဲလှယ်ခြင်းမှ တားမြစ်သည်။
[နာနာပ္ပကာရက ရွှေငွေဟူသည် -
၁။ ကတ = လက်ဝတ်တန်ဆာ ပြုလုပ်အပ်သော ရွှေငွေ၊
၂။ အကတ = တန်ဆာ မပြုလုပ်ရသေးသောရွှေငွေ၊
၃။ ကတာကတ = တန်ဆာပြုပြီး မပြုသေး ၂ မျိုးလုံးပါဝင်သော ရွှေငွေများတည်း။]
ဤသို့လျှင် ဤသိက္ခာပုဒ်က နိသဂ္ဂိယဝတ္ထု၊ ဒုက္ကဋဝတ္ထုချင်းဖြစ်စေ၊ နိသဂ္ဂိယ ဒုက္ကဋဝတ္ထုဖြင့် အခြားသော ကပ္ပိယဝတ္ထုကိုဖြစ်စေ လဲလှယ်ခြင်းမှ တားမြစ်သောကြောင့် မိမိ အလှူခံထားသော ငွေဖြင့်၊ သို့မဟုတ် အခြား ရတနာဖြင့် ကိုယ်တိုင်ဖြစ်စေ၊ ကပ္ပိယကို ခိုင်း၍ဖြစ်စေ ဈေးသည် စသူ၏ ဆွမ်း၊ သင်္ကန်း စသော ကပ္ပိယဝတ္ထုကို လဲလှယ်လျှင် (ဝယ်လျှင်) ထို ဆွမ်း၊ သင်္ကန်းစသည်တို့ နိသဂ္ဂိထိုက်၏။
မိမိကပ္ပိယဝတ္ထုဖြင့် အခြားရဟန်း၏ နိသဂ္ဂိပစ္စည်းကို ကိုယ်တိုင် ဖြစ်စေ၊ ကပ္ပိယကို ခိုင်း၍ဖြစ်စေ လဲယူလျှင် “ဒုက္ကဋ ကပ္ပိယဝတ္ထူဟိစ နိသဂ္ဂိယ ဝတ္ထုံ ပရိဝတ္တေန္တဿ နိသဂ္ဂိယံ ဟောတိ” ဟူသော ကင်္ခါနှင့် အညီ မူလ နိသဂ္ဂိယဝတ္ထုသည် နိသဂ္ဂိယ ဖြစ်မြဲ ဖြစ်ရုံသာမက ထို နိသဂ္ဂိယ ဝတ္ထုဖြင့် လဲကြောင်းဖြစ်သော မူလ ကပ္ပိယဝတ္ထုလည်း နိသဂ္ဂိယဖြစ်သည်သာ။
[ဆောင်]
ရဟန်းချင်းတည့်, လဲလှယ်မိသော်, နိသဂ္ဂိယ, တဘက်မှ မူ, ကပ္ပတဖက်, ဖြစ်တုံလျက်လည်း, နှစ်ဘက်လုံးလျှင်, မအပ်ပင်, ဆင်ခြင်စဉ်းစားလေ။
အင်္ဂါ ၂ ပါး
၁။ လဲလှယ်အပ်သော ဝတ္ထု၊ လဲလှယ်ကြောင်းဝတ္ထု နှစ်ခုတွင် တခုခုဘက်၌ ရွှေငွေဖြစ်ခြင်း၊
၂။ လဲလှယ်ခြင်း၊
အင်္ဂါ ၂ ပါးတည်း။
[ဆောင်]
လဲလှယ်အပ်တောင်း, လဲလှယ်ကြောင်းဖြင့်, အပေါင်း နှစ်ထွေ, တထွေထွေ၌, ရွှေငွေဖြစ်ခြင်း, လဲလှယ်ခြင်း ဟု, ကြောင်းရင်း နှစ်လီ, အင်္ဂါညီ, သင့်ပြီ သံဝေါဟ။
စောဒနာဘွယ်
“အင်္ဂါ ၂ ပါးတွင် လဲလှယ်သူ တဘက်ဘက်က ရူပိယပါမှ ဤသိက္ခာပုဒ်အရ နိသဂ္ဂိထိုက်သည်” ဟု ဆိုသောကြောင့် ရဟန်း တပါး အလှူခံထားသော ငွေဖြင့် ဝယ်မိ၍ နိသဂ္ဂိထိုက်နေသော သင်္ကန်းကို အခြား ရဟန်းက ကပ္ပိယဝတ္ထုဖြင့် လဲယူရာ၌ ဤသိက္ခာပုဒ်အရ အဘယ်မှာ အပြစ်ရှိနိုင်အံ့နည်းဟု စောဒနာဘွယ် ရှိ၏။
အဖြေကား -
အလှူခံထားသော ငွေဖြင့် ဝယ်အပ်သော ပစ္စည်းသည် ငွေ မဟုတ်သော်လည်း ငွေနှင့် အလားတူ၏။ မည်သည့်သီတင်းသုံးဘော်မျှ မအပ်။ သို့ဖြစ်၍ ထို သင်္ကန်းကို ကပ္ပိယ ဝတ္ထုဖြင့် လဲယူရာ၌ ၂ ဘက်လုံးပင် နိသဂ္ဂိထိုက်သည်။
ပတ္တ စတုက္က
ဤနေရာဝယ် ရွှေ ငွေဖြင့် လဲလှယ်မိသော နိသဂ္ဂိယ ပစ္စည်း၏ အပြစ်ကြီးလေးပုံကို နားလည်ဘို့ရာ ဝိနည်းဓိုရ်များ၏နယ်၌ အလွန် ထင်ရှားသော “ပတ္တစတုက္က”ခေါ် သပိတ် ၄ လုံးအကြောင်းကို ပြဦးအံ့။
၁။ ရဟန်းတပါးသည် ရူပိယသိက္ခာပုဒ်၌ ပြခဲ့သည့်အတိုင်း ငွေကို အလှူခံ၍ ထိုငွေဖြင့် သံမျိုးစေ့ကို ဝယ်၊ ထိုသံမျိုးစေ့ကို သံဖြစ်အောင် ထုရိုက်၊ ထို သံဖြင့် သပိတ်လုပ်ထားအံ့။ ဤသပိတ်ကား မည်သည့်နည်းနှင့်မျှ အပ်အောင် လုပ်၍ မရတော့သော “မဟာ အကပ္ပိယ” သပိတ်တည်း။
[ထို သပိတ်ကို ဖျက်ဆီး၍ ခွက်လုပ်၊ ပဲခွပ်လုပ်၊ ထို ပဲခွပ်ဖြင့် ဒန်ပူ ဖြတ်အံ့။
ထို ခွက်၊ ပဲခွပ် ဒန်ပူတို့ပင် မအပ်။
ထို ပဲခွပ်ကို မီးဖုတ်၍ ထိုခွက်ဖြင့် ရေ စသည်ကို နွှေးလျှင် ရေ ထိုရေလည်း မအပ်ပင်။
ထို သပိတ်ပျက်များကို ငါးမျှားချိတ်လုပ်၍ ငါးမျှားသဖြင့် ရအပ်သော ငါးများပင် သီတင်း သုံးဘော်အားလုံး မအပ်ဟု ဆို၏။
၂။ ရဟန်းတပါးကား ငွေကို အလှူခံ၍ သပိတ်ဝယ်အံ့။
ထိုသပိတ်လည်း သီတင်းသုံးဘော် ၅ ဦးလုံး မအပ်။
သို့ရာတွင် သပိတ်သည်အား သပိတ်ကို ပေး၍ ငွေကို ပြန်ယူလျှင် ထိုသပိတ် သန့်စင်၏။
ထိုသပိတ်ကို ကပ္ပိယဖြင့် အပ်အောင် ကပ္ပိနိုင်သေးသည်။
၃။ ရဟန်းတပါးကား ငွေကို အလှူခံပြီးနောက် သပိတ်ဆိုင်သွား၍ မိမိ အလိုရှိအပ်သောသပိတ်ကို ပြ၏၊
ကပ္ပိယက ဝယ်လှူ၏၊
ထိုသပိတ်လည်း မူလက ငွေကို အလှူခံမိသောကြောင့် မအပ်ပင်။
ဒုတိယ သပိတ်ကဲ့သို့ ပြန်ပေးရမည်။
၄။ ရဟန်းတပါးကား ငွေကို အလှူမခံ၊ ဆိုင်ရာ ငွေကို အလှူမခံ၊
ဆိုင်ရာ ဒကာ ဒကာမတို့က “သပိတ် ဝယ်လှူပါ” ဟု မှာလိုက်သော ကပ္ပိယနှင့်အတူ၊ သို့မဟုတ် ဉာတိပဝါရိတနှင့်အတူ သွား၍ သပိတ်သည်အား “ဤငွေကိုယူ၍ ဤ သပိတ်ကို ပေးပါ” ဟု ပြောအံ့။ “ရဟန်းကိုယ်တိုင် ဝယ်အံ့” ဟူလို။
ထို သပိတ်ကား မူလက အဘိုးကို အလှူမခံခဲ့သောကြောင့် အခြား သီတင်းသုံးဘော်များအား အပ်သော်လည်း ထိုရဟန်းက အစီအမံ မတတ်၊ သူ့ကိုယ်တိုင် ဝယ်၍ အလယ် လုပ်မိသောကြောင့် သူ့မှာ မအပ်တော့ချေ။
၁။ မှတ်ချက်
၁။ နံပါတ် သပိတ်၌ “မည်သည့် နည်းနှင့်မျှ အပ်အောင် လုပ်၍ မရတော့” ဟူရာဝယ် ရဟန်းသံဃာများ၏ ပစ္စည်း အနေအားဖြင့် သပိတ်၊ ခွက် စသည် ပြောင်းလွဲနေသမျှကို ရည်ရွယ်၍ ဆိုခြင်းတည်း။ “ငါးမျှားချိတ်” ဟူရာ၌လည်း အလဇ္ဇီ ရဟန်းဖြစ်လျှင် လုပ်ချင်ရာ လုပ်မည် ဖြစ်သောကြောင့် အစွမ်းကုန် မအပ်သော အရာကို ညွှန်ပြခြင်း ဖြစ်သည်ဟု မှတ်ပါ။
အကယ်၍ ထို ၁-နံပါတ် သပိတ်၊ ခွက်၊ သံများကို လူက ဝယ်၍ဖြစ်စေ၊ လုယူ၍ ဖြစ်စေ၊ ပေးလိုက်၍ ဖြစ်စေ လူပိုင်ပစ္စည်း ဖြစ်သွားပြီးနောက် လူက ပြန်လှူလျှင် ထို သပိတ်၊ ခွက် စသည်တို့ အပ်ကြောင်းကို ဋီကာတို့ ဆိုကြသည်။
[သာရတ္ထ]
န သက္ကာ ကေနစိ ဥပါယေန ကပ္ပိယော ကာတုန္တိ - ဣဒံ ပဉ္စန္နံယေဝ သဟဓမ္မိကာနံ အန္တရေ ပရိဝတ္တနံ သန္ဓာယ ဝုတ္တံ၊ ဂိဟီဟိ ပန ဂဟေတွာ အတ္တနော သန္တကံ ကတွာ ဒိန္နံ သဗ္ဗေသံ ကပ္ပတီတိ ဝဒန္တိ။
ဤဝါဒကို လက်ခံနိုင်ပါလျှင် မိမိ အလှူခံမိသော ငွေကို မိဘ စသူတို့အား မငဲ့မကွက် စွန့်လွှတ်ပြီး နောက် မိဘ စသူတို့က အပ်သောပစ္စည်းများကို မိမိသား ရဟန်း၊ သို့မဟုတ် အခြား သီတင်း သုံးဘော်တို့အား လှူရာ၌ အပ်သည်ဟုပင် ဝန်ခံကြရပေလိမ့်မည်။
ဘာ့ကြောင့်နည်း။ ငွေဖြင့် ဝယ်အပ်သော ပစ္စည်းနှင့် ငွေတို့မှာ ရဟန်းများအတွက် သဘောတူ ဖြစ်သောကြောင့်တည်း။
၄။ မှတ်ချက်
[၂။ ၃။ သပိတ်များအတွက် ထင်ရှားပြီ၊]
၄။ နံပါတ် သပိတ်၌ ငွေကို အလှူမခံဘဲ ကပ္ပိယနှင့်သွား၍ ဈေးသည်ထံကျမှ မိမိကိုယ်တိုင် ဈေးဆစ်ခြင်း၊ ဝယ်ခြင်းများကို ကျမ်းဂန်တို့၌ “ဒုဗ္ဗိစာရဏ= မကောင်းသဖြင့် စီမံခြင်း” ဟု ဆို၏။ ပစ္စည်းကို ကပ္ပိရာ၌ ဒုဗ္ဗိစာရဏ ဖြစ်လျှင် မိမိမှာ ထိုပစ္စည်းကို ကိုင်တိုင်း ဒုက္ကဋ်အာပတ် သင့်တော့၏။
[ရှေ့သပိတ် ၃ လုံးသည် နိသဂ္ဂိယ ဝတ္ထု၊
၄ နံပါတ် သပိတ်ကား ဒုက္ကဋဝတ္ထု၊
ကပ္ပိယ ဟူရာ၌ကား ရာဇသိက္ခာ ၄ ပုဒ်၌ ပြအပ်ခဲ့သော ကပ္ပိယနှင့် ဉာတိပဝါရိတတို့ကို ယူရသည်။]
စွန့်ပုံ
ရွှေငွေဖြင့် ဝယ်အပ်မိသော နိသဂ္ဂိ ပစ္စည်းများလည်း ရွှေ ငွေ ကဲ့သို့ပင် သံဃာ၊ ဂိုဏ်း၊ ပုဂ္ဂိုလ်ထံ မစွန့်ရ။ သံဃာ့အလယ်မှာ “အဟံ ဘန္တေ ရူပိယသံဝေါဟာရံ သမာပဇ္ဇိံ၊ ဣဒံ မေ ဘန္တေ နိသဂ္ဂိယံ, ဣမာဟံ နိသဇ္ဇာမိ” ဟု ပါဠိလို ဖြစ်စေ၊ “အရှင်ဘုရား၊ တပည့်တော်သည် ငွေဖြင့် ဝယ်မိသည်ဖြစ်၍ ဤပစ္စည်းကို စွန့်ထိုက်ပါ၏၊ ဤပစ္စည်းကို တပည့်တော် စွန့်ပါ၏” ဟု မြန်မာလို ဖြစ်စေ အလိုရှိရာဖြင့် စွန့်၍ ရူပိယသိက္ခာပုဒ်အတိုင်း စီစဉ်ရမည်။
နိသဂ္ဂိယပါစိတ် အခန်း (ဧဠကလောမဝဂ်)
၁၀။ ကယဝိက္ကယ သိက္ခာပုဒ်
ယော ပန ဘိက္ခု နာနပ္ပကာရကံ ကယဝိက္ကယံ သမာပဇ္ဇေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။
ယော ပန ဘိက္ခု - သည်၊
နာနပ္ပကာရကံ - သော၊
ကယဝိက္ကယံ – ဝယ်ခြင်း ရောင်းခြင်းသို့၊
သမာပဇ္ဇေယျ - အံ့၊
တဿ ဘိက္ခုနော တံ (ထို ဝယ်အပ် ရောင်း၍ ရအပ်သော ဝတ္ထုကို၊)
နိသဂ္ဂိယံ - ၏၊
ပါစိတ္တိယံ - လည်း၊
ဟောတိ - ၏။
၁ဝ။ ကယဝိက္ကယ
ဤ၌ “နာနပ္ပကာရက” ဟူသည် သင်္ကန်းစသော အပ်သော အသုံးအဆောင် အမျိုးမျိုးတည်း။
[ကယ = ဝယ်ခြင်း + ဝိက္ကယ = ရောင်းခြင်း၊]
ရူပိယသံဝေါဟာရ သိက္ခာပုဒ်၌ ရွှေငွေဖြင့် ဝယ်ခြင်း၊ ရွှေငွေကို ဖြစ်စေ၊ ရွှေငွေဖြင့် သီတင်းသုံးဘော်တို့ ဝယ်ထားအပ်သော နိသဂ္ဂိယပစ္စည်းကို ဖြစ်စေ လဲလှယ် ယူခြင်းကြောင့် အာပတ်သင့်ကြောင်းကို ပြ၏။
ဤသိက္ခာပုဒ်၌ ကပ္ပိယ ဝတ္ထုများကို လူ စသူများနှင့် လဲခြင်းကြောင့် အာပတ်သင့်ကြောင်းကို ပြသည်။
မအပ်သော လဲနည်း
ဈေးသည် စသူတို့အထံ၌ ရှိသော ပစ္စည်းကို မိမိမှာရှိသော သင်္ကန်း၊ ဖိနပ် စသည်ဖြင့် လဲလှယ်ယူလိုလျှင် မိမိကိုယ်တိုင် -
- “ဤ သင်္ကန်းဖြင့် ထို သပိတ်ကိုပေးပါ”ဟု၎င်း၊
- “ဤသင်္ကန်းကို ယူလော၊ ထိုသပိတ်ကို ပေးလော” ဟု၎င်း ပြောဆို၍ မလဲလှယ်ကောင်း။
ဤသို့ လဲလှယ်သော စကားမျိုးကို ပြော၍ကား လူ့ပစ္စည်းမှန်လျှင် မိဘပစ္စည်းကိုပင် မလဲကောင်း။ လဲလှယ်၍ ရလျှင် ထိုပစ္စည်း နိသဂ္ဂိထိုက်၏။
အပ်သော လဲနည်း
“ဈေးသည်ထံက ထိုသပိတ်ကို လိုချင်သည်၊ ဤသင်္ကန်းဖြင့် လဲပေးစမ်း” ဟုကား ကပ္ပိယလုပ်သူကို ပြောကောင်းသည်။
ကျောင်းသား ကပ္ပိယ မရှိလျှင် ဈေးဆိုင်သို့ သွား၍ (ဈေးသည်မှ တပါး) ဈေးသည်၏ သားသမီး စသူကိုပင် “ငါ့မှာ သင်္ကန်းရှိသည်၊ ဤသင်္ကန်းဖြင့် ထိုသပိတ်ကို လဲပေးပါ” ဟု စေခိုင်း၍ လဲကောင်း၏၊
မည်သည့် နည်းနှင့်မျှ ကပ္ပိယ ရှာမရလျှင် (သို့မဟုတ် ကပ္ပိယ မရှာလိုလျှင်) ဈေးသည်အထံ သွား၍ “ငါ့မှာ ဤသင်္ကန်းရှိသည်၊ သင်္ကန်းတော့ အသုံးမကျ၊ သပိတ်သာလိုသည် ဟု ပရိယာယ်ပြောရာ ဈေးသည်က သင်္ကန်းကိုယူ၍ သပိတ်ကို ပေးလိုက်လျှင် ထိုသပိတ် အပ်၏။
ဤ ပြခဲ့သောနည်းအရ ယခုကာလ ကဝါသည် စသူတို့ထံမှ အပ်သောပစ္စည်းဖြင့် လဲယူနည်းကို သတိပြုသင့်ကြပေသည်။
ခိုင်းစေရာ၌ အပ် - မအပ်
တောင်းရမ်း စားသောက် နေသော (စားကြွင်းစား) နှင့် လက်သမား စသူကို မြင်၍ “ဤထမင်းကို စားပြီးလျှင် ဆိုးရည်ခေါက် ခွာပေးစမ်းလော၊ ကျောင်းကို ပြင်ပေးစမ်းလော” စသည်ဖြင့် ခိုင်းရာ၌ နိသဂ္ဂိပါစိတ် အာပတ်ပင်။ ထိုသို့ ခိုင်းစေသည့်အတွက် ဆိုးရည်ခေါက် စသော ပစ္စည်းတစုံတရာရလျှင် ထိုပစ္စည်းပါ စွန့်ရ၏။
ကျောင်းပြင် ခေါင်းရိတ်ခိုင်း စသည်၌ ပစ္စည်းတစုံတရာ မရလျှင် အာပတ်ကိုသာ ဒေသနာပြောရမည်။
“ထမင်းကိုစားပြီးလျှင် အလုပ်လုပ်”ဟု တဆက်ထည်း စကားမပြောဘဲ
“ဤ ထမင်းကို စားလော (သို့မဟုတ် စားရလိမ့်မည်)၊ ဤအလုပ်ကို လုပ်လော”
ဟု စကား ၂ ရပ်ခွဲ၍ ပြောဆိုစေခိုင်းလျှင် အပ်၏။
စွန့်ပုံ
နိသဂ္ဂိထိုက်သော ပစ္စည်းကို စွန့်ရာ၌ ကင်္ခါဋီကာဝယ် “သံဃဿ နိသဇ္ဇာမိ”ဟု သံဃာအား စွန့်ပုံကိုသာ ပြထား၏။ ဂိုဏ်း၊ ပုဂ္ဂိုလ်အားလည်း စွန့်နိူင်ပါသည်။
ထိုစကား သင့်၏။ အပ်သောပစ္စည်းချင်း လဲလှယ်သောကြောင့် ပစ္စည်းမှာ နဂိုကပင် အပ်၏။ မအပ်သော စကားအသုံးအနှုန်း အတွက်သာ နိသဂ္ဂိဖြစ်ရသည်။ သို့ဖြစ်၍ ထိုပစ္စည်းများမှာ ငွေဖြင့် ဝယ်အပ်သော နိသဂ္ဂိနှင့် မတူ။ အခြားပုဂ္ဂိုလ်အား အပ်သည်ဟုပင် ယူဘွယ်ရှိသည်။
“အဟံ ဘန္တေ နာနပ္ပကာရကံ ကယဝိက္ကယံ သမာပဇ္ဇိံ, ဣဒံ မေ ဘန္တေ နိသဂ္ဂိယံ, ဣမာဟံ အာယသ္မတော နိသဇ္ဇာမိ”ဟု ပါဠိ မြန်မာ အလိုရှိရာ ဆို၍ စွန့်နိုင်သည်။
အင်္ဂါ ၃ ပါး
၁။ ကပ္ပိယဝတ္ထုဖြစ်ခြင်း၊ [၂ ဘက်လုံးက ကပ္ပိယဝတ္ထု ချည်း ဟူလို။ ယခုကာလ၌ ဘုန်းကြီးက သင်္ကန်း စသော ပရိက္ခရာကို ငွေဖြင့် ရောင်းရာ၌ကား ကပ္ပိယဝတ္ထုချင်း မဟုတ်သောကြောင့် ရူပိယသံဝေါဟာရ သိက္ခာပုဒ်အရ အာပတ်သင့်သည်။]
၂။ သီတင်းသုံးဘော် မဟုတ်ခြင်း
၃။ အရောင်းစကား အဝယ်စကားပြော၍ လဲလှယ်မှု အထမြောက်ခြင်း။
[ဆောင်]
ကပ္ပိယဟု ဝတ္ထုဖြစ်ခြင်း, သီတင်းသုံးသူ, မဟုတ်လူနှင့်, ရောင်းမူဝယ်လျှင်း, ထမြောက်ခြင်းဟု, ကြောင်းရင်း သုံးလီ အင်္ဂါညီ, သင့်ပြီ ကယဝိက္ကယ။
လေ့ကျင့်ခန်း မေးခွန်းများ
က။ ရူပိယ သိက္ခာပုဒ်လာ “ဥဏှေယျ၊ ဥဂ္ဂဏှာပေယျ၊ ဥပနိက္ခိတ္တံ သာဒယေယျ ၃ ချက်၏ အဓိပ္ပာယ်ကို ပြပါ။
ခ။ ယခုကာလ အလှူစသည်၌ ငွေကို လှူရာဝယ် ရေစက်ချသောအခါလည်း မအပ်၊ ကပ္ပိယလက်၌ လှူသောအခါလည်း မအပ်လျှင် မိမိမှာ အပြစ်လွတ်အောင် အဘယ်သို့ သဘော ထားရမည်နည်း။
ဂ။ ငွေကိုလှူသောအခါ ကိုယ် နှုတ် မလှုပ်ဘဲ စိတ်ထဲ၌ သာယာနေရုံမျှဖြင့် အပြစ်ရှိသည်ဟု ဆိုရာ၌ “မနောဒွါရေ အာပတ္တိနာမ နတ္ထိ” မဆန့်ကျင်အောင် ရှင်းလင်းပါ။
ဃ။ ရွှေ ငွေ စွန့်ပုံကိုပြ၍ ထိုစွန့်ပြီး ရွှေ ငွေများအတွက် သံဃာမှာ အပြစ်လွတ်၍ အကျိုးရအောင် စီမံနည်းကိုလည်း ပြပါ။
င။ ရူပိယ သိက္ခာပုဒ်ဖြင့် ဘာကိုတားမြစ်၍ ရူပိယသံဝေါဟာရ သိက္ခာပုဒ် ဖြင့် ဘာကို တားမြစ်သနည်း။
စ။ “နာနာပ္ပကာရကံ ရူပိယသံဝေါဟာရံ” ၌ နာနာပ္ပကာရက ဟူသည် အဘယ်နည်း။
ဆ။ အခြား သီတင်းသုံးဘော်၏ ရွှေ ငွေဖြင့် ဝယ်အပ်သော ဝတ္ထုကို မိမိ၏ ကပ္ပိယ ဝတ္ထုဖြင့် လဲရာ၌ ဝတ္ထု ၂ မျိုးလုံး အပ်-မအပ် ဆုံးဖြတ်ပါ။
ဇ။ ရူပိယ သံဝေါဟာရ သိက္ခာပုဒ်အင်္ဂါကိုပြ၍ ပတ္တစတုက္က (သပိတ် ၄ လုံး) မအပ်ပုံကို အသီးသီး ပြပါ။
ဈ။ ကယဝိက္ကယ သိက္ခာပုဒ်ဖြင့် မည်သည့်ပုဂ္ဂိုလ်နှင့် မည်သည့်ဝတ္ထု လဲလှယ်ရာဝယ် အပြစ်ရကြောင်းကို ပြသနည်း။
ဉ။ မအပ်သော လဲလှယ်နည်းများကို အသီးသီး ပြပါ။
ဋ။ ကျောင်း၌ လာရောက်၍ တောင်းရမ်း စားသောက်နေသူ၊ သို့မဟုတ် လက်သမား စသူကို ထမင်း၊ မုန့် စသည် ပေး၍ အလိုရှိရာ စေခိုင်းရာ၌ မအပ်သော ခိုင်းနည်း၊ အပ်သော ခိုင်းနည်းများကို ပြပါ။
ဌ။ ဤ ကယဝိက္ကယ နိသဂ္ဂိယပစ္စည်းများကို လဲလှယ်သော ရဟန်းမှ တပါး အခြား ရဟန်းတို့ အပ်-မအပ် စိစစ်၍ စွန့်ပုံကိုလည်း ပြပါ။
နိသဂ္ဂိယပါစိတ် အခန်း (ပတ္တဝဂ်)
၁။ ပတ္တ သိက္ခာပုဒ်
ဒသာဟပရမံ အတိရေကပတ္တော ဓာရေတဗ္ဗော။ တံ အတိက္ကာမယတော နိဿဂ္ဂိယံ ပါစိတ္တိယံ။
ဒသာဟပရမံ - ဆယ်ရက်အလွန် အပိုင်းအခြား ရှိသော ကာလပတ်လုံး၊
အတိရေကပတ္တော - အဓိဋ္ဌာန်တင်အပ် ဝိကပ္ပနာပြုအပ်သောသပိတ်မှ အပိုဖြစ်သော သပိတ်ကို၊
ဓာရေတဗ္ဗော - ဆောင်ထားအပ် ဆောင်ထားနိုင်၏၊
တံ - ထို ဆယ်ရက်ကို၊
အတိက္ကာမယတော - လွန်စေသောရဟန်း၏၊
နိသဂ္ဂိယံ - စွန့်ခြင်း ဝိနည်းကံရှိသော၊
ပါစိတ္တိယံ - ပါစိတ်အာပတ်သည်၊
ဟောတိ - ၏။
[“တံ – ထို သပိတ်ဟူသောဝတ္ထုကို၊
နိသဂ္ဂိယံ - စွန့်အပ် စွနထိုက်၏ ဟုလည်း ပေးပါ။]
၁။ ပတ္တသိက္ခာပုဒ်
သင်္ကန်းကဲ့သို့ သပိတ်လည်း အဓိဋ္ဌာန်တင်မှု၊ ဝိကပ္ပနာပြုမှု တခုခုပြုထားရသည်။ ထိုသို့ မပြုဘဲ ရသည့်နေ့မှ နောက် ဆယ်ရက် လွန်မြောက်သော အရုဏ်တက်သည့်တိုင်အောင် အဓိဋ္ဌာန်မတင်ဘဲ၊ သို့မဟုတ် ဝိကပ္ပနာ မပြုဘဲထားလျှင် နိသဂ္ဂိယဖြစ်၏။
သို့ရာတွင် “သပိတ်” နာမည်ရတိုင်း အဓိဋ္ဌာန်ဝိကပ္ပနာပြုလောက်သော သပိတ်မဟုတ်၊ အရွယ် ပမာဏနှင့် အဆင်း အရောင် လုံလောက်သော မြေသပိတ်၊ သံသပိတ် ၂ မျိုးသာ သပိတ်အစစ်ဖြစ်၍ အဓိဋ္ဌာန် ဝိကပ္ပနာလောက်သည်။
သပိတ် ၉ လုံး
ဥက္ကဋ္ဌသပိတ်၊ မဇ္ဈိမသပိတ်၊ ဩမကသပိတ်ဟု မူလ သပိတ် ၃ မျိုးပြား၏။
ထိုတွင် ဥက္ကဋ္ဌလည်း - ဥက္ကဋ္ဌုက္ကဋ္ဌ (ဥက္ကဋ္ဌထက်ကြီးသော) သပိတ်၊ ဥက္ကဋ္ဌသပိတ်၊ ဥက္ကဋ္ဌောမက (ဥက္ကဋ္ဌ အောက်ငယ်သော) သပိတ် အားဖြင့် ၃ မျိုး ပြားပြန်၏။
ထို့အတူ မဇ္ဈိမသပိတ်လည်း - မဇ္ဈိမုက္ကဋ္ဌ၊ မဇ္ဈိမ မဇ္ဈိမောမကဟု ၃ လုံး။
ဩမကသပိတ်လည်း ဩမကုက္ကဋ္ဌ၊ ဩမက၊ ဩမကော မက ဟု ၃ လုံးပြား၏။
ဤသို့ သပိတ် ၉ လုံး ပြားသည်။
[ပါဠိတော်ရင်း၏ အဓိပ္ပာယ်ပါ ရှင်းလင်းအောင် ဩမကသပိတ်ကို စ၍ အကျယ်ပြမည်။]
ဩမကသပိတ်
“ဩမကောနာမပတ္တော - ဩမကသပိတ် မည်သည်၊
ပတ္ထောဒနံ - ဆန် တစလယ်ချက် ထမင်းကို၎င်း၊
စတုဘာဂံ - ၄ ဘို့ တဘို့ဖြစ်သော၊
ခါဒနံ - မကျဲ မပျစ် လက်ကော်၍ဖြစ်သော ပဲဟင်းကို၎င်း၊
တဒုပိယံ - ထို ထမင်းနှင့် သင့်တော်လောက်သော၊
ဗျဉ္ဇနံ - အမဲသားငါး တပါးပါးသော ဟင်းလျာကို၎င်း၊
ဂဏှာတိ - ယူနိုင်၏၊
ဝါ - ဆံ့၏”
ဟူသော ပါဠိတော်နှင့် အညီ ရဟန်းတပါး ကောင်းကောင်း စားလောက်ဘို့ရာ ဆန် တစလယ်ချက် ထမင်း၊ ထိုထမင်း၏ ၄ ပုံ တပုံ ပဲဟင်း၊ ထိုထမင်း အလုပ်တိုင်း ပါနိုင်သော အမဲသားငါးဖြင့် ချက်အပ်သော ဟင်းလျာ တမျိုး၊ ဤ အားလုံးကိုဆံ့သော သပိတ်သည် ဩမကသပိတ်မည်၏။
ဆက်ဦးအံ့ ---
ဆန်တစလယ်ကိုချက်လျှင် (ဆန်ထက် ထမင်းက နှစ်ဆ ပွားသောကြောင့်) ထမင်းတခွက် ဖြစ်၏။ ထို တခွက်၏ ၄ ပုံ တပုံ ဟင်းကား တလမယ်ရှိရမည်။
“ဟင်းလျာကို အလုပ်တိုင်း လောက်အောင် ပါစေရမည်” ဟူရာ၌ “ဗျဉ္ဇနဿ မတ္တာနာမ ဩဒနစတုတ္ထဘာဝေါ = ဟင်းလျာ၏ ပမာဏ မည်သည် ထမင်း၏ ၄ ဘို့တဘို့ပင်” ဟူသော မဇ္ဈိမပဏ္ဏာသ- ဗြဟ္မာယုသုတ္တ ဋ္ဌကထာနှင့် အညီ ထမင်း ၄ ပုံ တပုံ (တလမယ်) ကိုပင် ထည့်ရမည်ဖြစ်သောကြောင့် ချက်ပြီးထမင်း ဟင်း အစုံအားဖြင့် ၃ စလယ်ဆံ့သော သပိတ်သည် ဩမကသပိတ်တည်း။
၃ စလယ် ထည့်သည့်အခါ ဟောက်နေလျှင် ဩမကသပိတ်ထက် အနည်းငယ်ကြီးသော (မဇ္ဈိမသပိတ် လောက်လည်း မကြီးသော) ဩမကုက္ကဋ္ဌသပိတ်၊ ၃ စလယ်ထည့်သည့်အခါ သပိတ်အပေါ် မောက်တက်နေလျှင် ဩမကအောက် ငယ်သော ဩမကောမက သပိတ်မည်၏။
[မြတ်စွာဘုရားက တယောက်စာ ကောင်းကောင်းဆံ့သည့် ဩမကသပိတ်ကို ခွင့်ပြုသောကြောင့် ဤ နောက်ဆုံး ဩမကောမက သပိတ်သည် သပိတ်အရာ မဝင်၊ အဓိဋ္ဌာန်ဝိကပ္ပနာ တင်စရာ မဟုတ်၊ သာမန် စားခွက်အဖြစ်ဖြင့်သာ အသုံးပြုရမည်။]
မဇ္ဈိမသပိတ်
“မဇ္ဈိမောနာမ ပတ္တော နာဠိကောဒနံ ဂဏှာတိ စတုဘာဂံ ခါဒနံ တဒုပိယံ ဗျဉ္ဇနံ”ဟူသော ပါဠိတော်၌ “နာဠိကောဒနံ = တကွမ်း စားချက် ထမင်း”ဟုပင် အနက်ပေးကြ၏။
အဘိဓာန်၌လည်း “ပတ္ထော တုနာဠိ”ဟု ဆိုသောကြောင့် “ပတ္ထ = နာဠိ” ၂ ပုဒ်လုံးပင် “ကွမ်းစား = စလယ်” ဟူသော အနက်ကို ဟောလျက်ရှိ၏။
သို့ဖြစ်စေကာမူ ဤနေရာဝယ် ဩမက သပိတ်အတွက် ပတ္တောဒနနှင့် မဇ္ဈိမသပိတ်အတွက် နာဠိကောဒန တို့သည် ပမာဏချင်း မညီမျှထိုက်။ ထို့ကြောင့် နာဠိကောဒန၌ နာဋီကာအရ “ပကတိ ကွမ်းစား (စလယ်) ထက် ၂ ဆကြီးသော မာဂဓကွမ်းစားကို ယူရမည်” ဟု ဖွင့်ကြသည်။
ဤစကားစဉ်အရ “မဇ္ဈိမသပိတ်သည် ဆန်တခွက်ကို ချက်၍ရသော ထမင်း တပြည်၊ ပဲဟင်းတစလယ်၊ ဟင်းလျာတစလယ်၊ ပေါင်း တပြည့်တခွက်ဝင်၏” ဟု မှတ်ပါ။
အချုပ်မှာ - “ဩမကသပိတ်ထက် ၂ ဆဝင်သော သပိတ်သည် မဇ္ဈိမ သပိတ်တည်း”ဟု ဆိုလိုသည်။
ထို တပြည့်တခွက် ထည့်သောအခါ ဟောက်နေလျှင် မဇ္ဈိမုက္ကဋ္ဌ၊ မောက်နေလျှင် မဇ္ဈိမောမက ဖြစ်သည်။
ဥက္ကဋ္ဌသပိတ်
“ဥက္ကဋ္ဌောနာမ ပတ္တော အဍ္ဎာဠှကောဒနံ ဂဏှာတိ စတုဘာဂံ ခါဒနံ တဒုပိယံ ဗျဉ္စနံ”
[အာဠှက = ပြည် + အဍ္ဎ = ထက်ဝက်၊]
“အဍ္ဎာဠှကောဒနံ” တပြည်ထက်ဝက် ၁ ခွက်ချက် ထမင်းကို” ဟု ပေးရသော်လည်း ထို တခွက်သည် မာဂဓတိုင်းသုံး တခွက်ဖြစ်ရကား ပကတိ အသုံးထက် ၂ ဆ ကြီးသောကြောင့် ယခုကာလ ချင့်ကိန်းဖြင့် တပြည်ပင်တည်း။ ထို့ကြောင့် ဆန်တပြည်ကို ချက်ရသော ထမင်း ၂ ပြည်၊ ပဲဟင်း ၁ ခွက်သား၊ ဟင်းလျာ ၁ ခွက်သား၊ ပေါင်း ၃ ပြည်သော သပိတ်သည် ဥက္ကဋ္ဌသပိတ်တည်း” ဟု မှတ်ပါ။
အချုပ်မှာ -
“မဇ္ဈိမသပိတ်ထက် ၂ ဆ ဝင်သော သပိတ်သည် ဥက္ကဋ္ဌသပိတ် တည်း”ဟု ဆိုလိုသည်။
[အချို့ကား- ၃ ပြည် ၁ ခွက်ဝင် သပိတ်သည် ဥက္ကဋ္ဌ သပိတ်ဟု ဆို၏။
ထိုဆရာတို့သည် “အမဲဟင်း ၁ ခွက်သား၊ ငါးဟင်း ၁ ခွက်သား”ဟု ခွဲယူဟန်တူသည်။]
ထို ၃ ပြည် ထည့်သည့်အခါ ဟောက်နေလျှင် ဥက္ကဋ္ဌုက္ကဋ္ဌသပိတ်၊ မောက်နေလျှင် ဥက္ကဋ္ဌောမက သပိတ်ဖြစ်သည်။
[ဘုရားရှင်က ဥက္ကဋ္ဌသပိတ်ကိုသာ ခွင့်ပြုသောကြောင့် ဥက္ကဋ္ဌထက်ကြီးသော ဥက္ကဋ္ဌုက္ကဋ္ဌ လည်း သပိတ်အရာ မဝင်၊ အဓိဋ္ဌာန် ဝိကပ္ပနာမပြု ၊ စားခွက် သာမန်အဖြစ်ဖြင့်သာ သုံးစွဲအပ်သည်။]
[ဆောင်]
၁။ သုံးပြည်-သုံးခွက်, သုံးစလယ်တွက်, ဆွမ်းကျက် ဟင်းစုံခတ်။
၂။ ဥက္ကဌ် မဇ္ဈ ဩမက ဝင်ကြ စဉ်တိုင်းမှတ်။
ကွမ်းစား ၃ မျိုး မှတ်ချက်
ရှေးက “စလယ်ကွမ်းစား၊ ခွက်ကွမ်းစား၊ ပြည်ကွမ်းစား”ဟု ကွမ်းစား ၃ မျိုး ခေါ်ရိုးရှိကြ၏။ ထိုတွင် စလယ်ကွမ်းစား အသုံးအနှုန်းမှာ ဤသိက္ခာပုဒ်လာ ဩမကသပိတ်အတွက် အသုံးတည်း။
ခွက်စားကွမ်း (တခွက်ကိုပင် ပါဠိလို “နာဠိ” မြန်မာလို “ကွမ်းစား”) ဟု သုံးစွဲခြင်းမှာ မဇ္ဈိမ သပိတ်အတွက် အသုံးတည်း။ တပြည်ကိုပင် ပါဠိလို “ပတ္ထ” မြန်မာလို “ကွမ်းစား”ဟု သုံးပြန်ခြင်းမှာ ဤသိက္ခာပုဒ်နှင့် မဆိုင်။
သုတ္တနိပါတ် အဋ္ဌကထာ (ကောကာဠိကသုတ် အဖွင့်) ၌ “မာဂဓပတ္ထေန စတ္တာရော ကောသလရဋ္ဌေ ဧကော ပတ္ထော ဟောတိ = မာဂဓတိုင်းသုံး ကွမ်းစားဖြင့် ၄ ကွမ်းစား (၄ စလယ်) သည် ကောသလ တိုင်းသုံး တပိတ္ထ (တကွမ်းစား) ဖြစ်သည်”ဟူသော စကားကို ထောက်၍ သုံးစွဲခြင်း ဖြစ်ဟန်တူသည်။
အမျိုးအစားနှင့် အရောင်
မြေသပိတ်၊ သံသပိတ်အားဖြင့် ၂ မျိုးသော သပိတ်သာ အပ်၏။
ထို ၂ မျိုးတွင် မြေသပိတ်ကို ၂ ကြိမ်မီးဖုတ်၍ သံသပိတ်ကို ၅ ကြိမ် မီးဖုတ်ရမည်ဟု အဋ္ဌကထာတို့၌ ဆို၏။ ထိုဆိုခြင်း၌ ရည်ရွယ်ချက်မှာ ဖြူကြောင်ကြောင် အဆင်းမရှိစေဘဲ ညိုမှောင်မှောင် အဆင်းအရောင်” ရှိစေလိုရင်း ဖြစ်သည်။ သို့ဖြစ်၍ ကင်္ခါ၌ မီးဖုတ်အကြိမ်ကို မပြတော့ဘဲ မပြတော့ဘဲ “သမဏ သာရုပ္ပေန-ရဟန်းတို့အား လျှောက်ပတ်သောအားဖြင့်၊ ပက္ကံ-ကျက်ပြီးသော” ဟု မိန့်သည်။ ဤ ကင်္ခါမိန့်ချက်အရ “ညိုမှောင်သော အဆင်းအရောင်ရှိလျှင် သပိတ်အရာဝင်ပြီ၊ အဓိဋ္ဌာန်ဝိကပ္ပနာ တင်နိူင် ပြုနိုင်ပြီ”ဟု မှတ်။
[ယခုကာလ သားရိုးကိုင်ထားသော သပိတ်များ၌ကား သားရိုးအတွင်းက အရောင်သည် ညိုမှောင်ခြင်း မရှိသောကြောင့် အချို့ ဝိနည်းဓိုရ်များသည် မိမိကိုယ်တိုင် မီးဖုတ်ပြီးမှ သားရိုးကိုင်စေပြီးလျှင် အဓိဋ္ဌာန်တင်၍ သုံးစွဲကြသည်။]
အဓိဋ္ဌာန်တင်ပုံ
“ဣမံ ပတ္တံ အဓိဋ္ဌာမိ”ဟု ဆို၍ သပိတ်ကို အဓိဋ္ဌာန် တင်။
[ဣမံ - ဤခွက်ကို၊
ပတ္တံ - သပိတ်ဟူ၍၊
အဓိဋ္ဌာမိ - စိတ်၌ မြဲစွာ ဆောက်တည်ပါ၏။]
အဝေးရှိလျှင် “ဧတံ ပတ္တံ အဓိဋ္ဌာဓိ”ဟု ဆိုပါ။ တလုံးသာ အဓိဋ္ဌာန် တင်ထားကောင်း၏။ အခြား သပိတ်များ ရှိသေးလျှင် ဝိကပ္ပနာချည်း ပြုထားရမည်။ အဓိဋ္ဌာန် မတင်ဘဲ သပိတ်အားလုံးကိုပင် (သင်္ကန်းကဲ့သို့) ဝိကပ္ပနာ ချည်းလည်း ပြုထားနိူင်၏။
[ဝိကပ္ပနာပြုပုံကို သုဒ္ဓပါစိတ် သုရာပါနဝဂ် ဝိကပ္ပနာ သိက္ခာပုဒ်ကျမှ ပြအံ့။]
ပစ္စုဒ္ဓိုရ်ပြုပုံ
သပိတ်ဟောင်းကို အဓိဋ္ဌာန်တင်၍ ဆောင်ထားသော ရဟန်းသည် သပိတ်သစ်ရသဖြင့် ထို အသစ်ကို အဓိဋ္ဌာန်တင်လိုလျှင် အဓိဋ္ဌာန် တင်၍ တလုံးသာ ထားကောင်းသောကြောင့် သပိတ်အဟောင်းကို ပစ္စုဒ္ဓိုရ် ပြုရမည်။ “ဣမံ ပတ္တံ ပစ္စုဒ္ဓရာမိ”ဟု ဆို။
[မံ - ဤခွက်ကို၊
ပတ္တံ - သပိတ်ကို၊
ဝါ - သပိတ်အဖြစ်မှ၊
ပစ္စုဒ္ဓရာမိ - ရုပ်သိမ်းပါ၏။]
ဤသို့ ပစ္စုဒ္ဓိုရ်ပြုပြီးသော သပိတ်ကိုလည်း ၁ဝ ရက်အတွင်းမှာပင် ဝိကပ္ပနာ ပြုထားရမည်။
အဓိဋ္ဌာန်ကျကြောင်း ၉ ပါး
ဤ သပိတ် အဓိဋ္ဌာန်ကျကြောင်းများမှာ တိစီဝရိတ် အဓိဋ္ဌာန်ကျကြောင်းကဲ့သို့ (အပေါက် ပေါက်ခြင်း နှင့် တကွ) ၉ ပါးပင်တည်း။ “အပေါက်”ဟူရာ၌ နှုတ်ခမ်းမှ လက်၂သစ်အောက် ဆပ်ဆန် ထမင်း ဝင်လောက်လျှင် “အပေါက်”ဟု မှတ်ပါ။
[စပါးမျိုးတွင် “ကင်္ဂု” ဟု ခေါ်အပ်သော စပါးတမျိုး ရှိ၏။ ထိုဆပ်ဆန်သည် အငယ်ဆုံး ဆန်လုံး ဖြစ်သတတ်။]
နိသဂ္ဂိသပိတ် စွန့်ပုံ
အဓိဋ္ဌာန် မတင်၊ ဝိကပ္ပနာလည်းမပြုဘဲ ၁ဝ ရက် လွန်သွားလျှင် နိသဂ္ဂိသင်္ကန်းကို စွန့်သည့်အတိုင်း စွန့်ရမည်။ ပုလ္လိန်ဖြစ်၍ “အယံ မေ ဘန္တေ ပတ္တော ဒသာဟာတိက္ကန္တော နိသဂ္ဂိယော, ဣမာဟံ အာယသ္မတော နိသဇ္ဇာမိ”ဟု ဆိုရုံသာ။
ဒေသနာပြောပြီးနောက် ထိုသပိတ်ကို လက်ခံသူက (သင်္ကန်းကဲ့သို့) ပြန်ပေး၍ ရသောအခါ အဓိဋ္ဌာန် သော်လည်း တင်၊ သို့မဟုတ် ဝိကပ္ပနာသော်လည်း ပြုရမည်။
နိသဂ္ဂိယပါစိတ် အခန်း (ပတ္တဝဂ်)
၂။ ဥုနပဉ္စ ဗန္ဓန သိက္ခာပုဒ်
တေန ဘိက္ခုနာ သော ပတ္တော ဘိက္ခုပရိသာယ နိဿဇ္ဇိတဗ္ဗော၊ ယော စ တဿာ ဘိက္ခုပရိသာယ ပတ္တပရိယန္တော၊ သော တဿ ဘိက္ခုနော ပဒါတဗ္ဗော “အယံ တေ ဘိက္ခု ပတ္တော ယာ၀ ဘေဒနာယ ဓာရေတဗ္ဗော”တိ၊ အယံ တတ္ထ သာမီစိ။
ယော ပန ဘိက္ခု - သည်၊
ဥုနပဉ္စဗန္ဓနေန - ယုတ်လျော့သော ၅ ဖွဲ့ရှိသော၊
ပတ္တေန - သပိတ်ဖြင့်၊
အညံ - တပါးသော၊
နဝံ - အသစ်ဖြစ်သော၊
ပတ္တံ - သပိတ်ကို၊
စေတာပေယျ - တောင်းအံ့၊
တဿ ဘိက္ခုနော - ၏၊
နိသဂ္ဂိယံ - သော၊
ပါစိတ္တိယံ - သည်၊
ဟောတိ - ၏၊
တေန ဘိက္ခုနာ - ထိုရဟန်းသည်၊
သော ပတ္တော - ထို သပိတ်ကို၊
ဘိက္ခု ပရိသာယ - ရဟန်း ပရိသတ်၌၊
နိသဇ္ဇိတဗ္ဗော - စွန့်အပ် စွန့်ထိုက်၏၊
တဿာ ဘိက္ခု ပရိသာယ - ထို ရဟန်းပရိသတ်၏၊
ယော ပတ္တပရိယန္တော - အကြင် အဆုံးစွန်သပိတ်သည်၊
(အတ္ထိ - ရှိ၏၊)
သောစ - ထို အဆုံးစွန် သပိတ်ကိုလည်း၊
(ယောစမှ စကို ရွှေ့ထိုင်စေသည်၊)
တဿ ဘိက္ခုနော - ထို ရဟန်းအား၊
ပဒါတဗ္ဗော - ပေးထိုက်၏။
(ကိံ - အဘယ်သို့ ပြော၍ ပေးရမည်နည်း၊)
ဘိက္ခု - ရဟန်း၊
တေ - သင်သည်၊
အယံ ပတ္တော - ဤသပိတ်ကို၊
ယာ၀ ဘေဒနာယ - ကွဲရာ ကာလတိုင်အောင်၊
ဓာရေတဗ္ဗော - ဆောင်ထိုက်၏၊
ဝါ - ဆောင်ရမည်၊
ဣတိ - ဤသို့ ပြော၍ ပေးရမည်၊
အယံ - ဤ အစီအစဉ်သည်၊
တတ္ထ - ထို သပိတ်အဟောင်း ၅ ဖွဲ့ မပြည့်သေးဘဲ သပိတ်အသစ်ကို တောင်းမိရာ၌၊
သာမိစီ - လောကုတ္တရာအားလျော်သော ကျင့်ဝတ်တည်း။
နိသဂ္ဂိယပါစိတ် အခန်း (ပတ္တဝဂ်)
၂။ ဥုနပဉ္စ ဗန္ဓန
သပိတ်အဟောင်းက ၅ ဖွဲ့မပြည့်သေးဘဲ သပိတ် အသစ်ကို တောင်းလျှင် ထိုသပိတ်ကို ရဟန်း ပရိသတ်အလယ်မှာ စွန့်ရမည်။
[ရဟန်းများကလည်း ကိုယ်စီကိုယ်င မိမိသုံးနေကျ သပိတ်ကို ယူ၍ စည်းဝေးကြရမည်။]
ထို စွန့်အပ်သော သပိတ်ကို ပတ္တဂ္ဂါဟက သမ္မုတိရသော ရဟန်းက သပိတ်၏ ကောင်းမွန်ကြောင်း၊ ထေရ်ကြီးနှင့် သင့်တော်ကြောင်းကို လျှောက်၍ ထေရ်ကြီးယူဘို့ရန် တိုက်တွန်းရမည်။ ထေရ်ကြီးက ယူလျှင် ထေရ်ကြီး၏ ရှိရင်းစွဲ သပိတ်ကို ပတ္တဂ္ဂါဟက သမ္မုတိရသော ရဟန်းက ရှေးအတိုင်း သပိတ်၏ဂုဏ်ကို ပြော၍ ဒုတိယထေရ်အား ပေးရမည်။
အဆင့်ဆင့်ပေးရပုံ
စွန့်အပ်သော သပိတ်ကို ပထမထေရ်ကြီး မယူလျှင် ဒုတိယထေရ် ယူဘို့ရန် တိုက်တွန်းရမည်။ ဤ နည်းအတိုင်း ဆင့်ကာ ဆင့်ကာ (ယူလိုသူက ယူ၊ မယူလိုသူက မယူဘဲ) သွားပြီးနောက် မည်သူမျှ မယူလို၍ ကျန်နေသော နောက်ဆုံး သပိတ်သည် “ပတ္တပရိယန္တ = အဆုံးစွန် သပိတ်” ဖြစ်၏။ အဆုံးစွန် သပိတ်ကို ထို ပတ္တဂ္ဂါဟက သမ္မုတိရသော ရဟန်းကပင် “ငါ့ရှင်...၊ ဤသပိတ်ကို ကွဲသည့်တိုင်အောင် ဆောင်ထားရမည်” ဟု ပြော၍ ပေးရမည်။
သာမိစီ
ပြခဲ့သည့်အတိုင်း -
၁။ ဘိက္ခုပရိသတ်၌ နိသဂ္ဂိသပိတ်ကို စွန့်ရခြင်း၊
၂။ ထို စွန့်အပ်ပြီးသော သပိတ်ကို ထေရ်ကြီးမှစ၍ ဆင့်ကာ ဆင့်ကာ ယူစေရခြင်း၊
၃။ မယူချင်၍ ကျန်နေသော သပိတ်ကိုမှ ထိုရဟန်းအား “ကွဲသည့် တိုင်အောင် ဆောင်ရမည်”ဟု ပြော၍ ပေးရခြင်းသည် ၅ ဖွဲ့ မပြည့်သေးဘဲ သပိတ်ကို တောင်းမိရာ၌ ကျင့်ဝတ်ထုံးစံပင် ဖြစ်သည်။
မှတ်ချက်
တောင်းအပ်သော သပိတ်မှစ၍ သပိတ်များကို အဆင့်ဆင့် ယူစေသော ရဟန်းကို “ပတ္တ=သပိတ်တို့ကို + ဂါဟက = ယူစေသော ရဟန်း” ဟု ခေါ်၏။ ထိုရဟန်းအား ပတ္တဂ္ဂါဟက သမ္မုတိ ပေးရသည်။ ထို ပတ္တဂ္ဂါဟက သမ္မုတိ ပေးပုံကို ဤသိက္ခာပုဒ် ပါဠိတော်မှာ ရှုပါ။
ဥုနပဉ္စ ဗန္ဓနေန
ဗန္ဓနအရ “ဖွဲ့တုပ်ခြင်း”ဟူသည် ကွဲအက်နေသော အရေး၏ ဝဲဘက် ယာဘက်ကို စူးဖြင့် ဖောက်၍ ကြိုးဖြင့် ဖွဲ့တုပ်ရခြင်းတည်း။
ချဲ့ဦးအံ့ -
မြေသပိတ်၌ အထက်နှုတ်ခမ်းမှစ၍ အက်ရာရှိလျှင် ဖွဲ့တုပ်မထားက ထို အရေးအကြောင်းကလေး ဆက်လက် ရှည်သွားဘွယ် ရှိသည်။ ထို့ကြောင့် ဖွဲ့လုပ်ထားရမည်။ ဖွဲ့တုပ်သည့်အခါ နှုတ်ခမ်းအနီးအပါးကို စူးဖြင့်ဖောက်လျှင် (နှုတ်ခမ်းက ထူသည့်အတွက်) ကွဲသွားမည်စိုးရကား နှုတ်ခမ်းအောက် လက် နှစ်သစ် လောက်အရပ်ကို စူးဖြင့်ဖောက်၍ ရိုးရိုးအပ်ချည်ဖြင့် ဖြစ်စေ၊ သင်ပေါင်း လျှော် စသော လျှော်မျှင်ဖြင့် ဖြစ်စေ၊ ခဲ (သံနန်း) သေးသေးဖြင့် ဖြစ်စေ တုပ်ထားရမည်။
နှုတ်ခမ်းမှအောက် -
လက် ၄ သစ်လောက် အက်ကြောင်းရှိလျှင် (လက် ၂ သစ် တဖွဲ့ကိန်းဖြင့်) ၂ဖွဲ့တုပ်၊
၆ သစ်ရှည်လျှင် ၃ ဖွဲ့တုပ်၊
၈ သစ် ရှည်လျှင် ၄ ဖွဲ့တုပ်၊
အက်ကြောင်း တနေရာတည်း မဟုတ်ဘဲ ၃ နေရာ ရှိလျှင်လည်း နေရာအလိုက် ၂ ဖွဲ့၊ ၃ ဖွဲ့၊ ၄ ဖွဲ့ တုပ်နိုင်သည်။
ဖုံးအုပ်ပါ
ထိုသို့ တုပ်ဖွဲ့အပ်ပြီးသော နေရာ၌ ဆေးကြောသည့်အခါ ဆွမ်း ဟင်း စသော (အဖတ် အဆီ) အာမိသတို့ ငြိကပ်၍ မကျန်ရစ်ရအောင် သလွဲမည်းအပြား ပါးပါးဖြင့်ဖြစ်စေ၊ သစ်စေးဖြင့်ဖြစ်စေ ဖုံးအုပ်ထားရမည်။
အဓိဋ္ဌာန်တင်ပါ
ထိုသို့ ပြုလုပ်ပြီးနောက် ထပ်မံ၍ အဓိဋ္ဌာန်တင်ရမည်။ ဘာ့ကြောင့်နည်း။ အပေါက် ဖောက်စဉ်က အပေါက်မှာ ဆပ်ထမင်းလုံး ဝင်လောက်လျှင် အဓိဋ္ဌာန်ပျက်သောကြောင့်တည်း။
ထိုသို့ အဓိဋ္ဌာန် ထပ်မတင် ရအောင် အပေါက်ကို ကျဉ်းကျဉ်းသော်လည်း ဖောက်ရမည်။
ဆက်ဦးအံ့ ---
ထိုသို့ ၄ ဖွဲ့ တုပ်ပြီးနောက် ၂ လက်မလောက် အရေး အကြောင်းရှိပြန်လျှင် ၅ ခုမြောက်အဖွဲ့ကို ဖွဲ့တုပ်သည်ဖြစ်စေ၊ မဖွဲ့တုပ်သည်ဖြစ်စေ အဓိဋ္ဌာန် ဝိကပ္ပနာ တင်လောက်သော သပိတ် မဟုတ်တော့။ ပထမ အက်ကွဲ ကတည်းက ၅ ဖွဲ့ ဖွဲ့လောက်အောင် ရှည်ရှည် (သို့မဟုတ် ၅နေရာ) အက်ကြောင်း ထင်နေလျှင် လုံးလုံး မဖွဲ့မတုပ်ရစေကာမူ သပိတ်အရာ မဝင်တော့ပြီ။
သံသပိတ်
ဤ ပြခဲ့သော ဖွဲ့မှု တုပ်မှုတို့သည် မြေသပိတ် အတွက်သာတည်း။
သံသပိတ်၌ အက်ကြောင်း မရှိ၊ အပေါက်သာ ပေါက်မည်။ ထိုအပေါက် ကို သံမှုန့်ဖြင့်ဖြစ်စေ၊ စို့ရိုက်၍ဖြစ်စေ၊ သံပြားဝိုင်းကလေးဖြင့် ဖြစ်စေ ဖာထေးရမည်။ ထိုသို့ ဖာထေး၍ ညက်ညောသဖြင့် အာမိသ မကပ်ငြိနိုင်လျှင် သပိတ်အရာ ဝင်ပါသေးသည်။ အပေါက်က ကြီးနေသောကြောင့်ဖြစ်စေ၊ များသောကြောင့် ဖြစ်စေ ဖာထေး၍ မညက်ညောလျှင် သပိတ်အရာ မဝင်တော့ပြီ။
နဝံ ပတ္တံ စေတာပေယျ
စေတာပေယျအရ “တောင်းခြင်း” ဟူသည် ဆွေမတော်သူ၊ မဖိတ်သူကို တောင်းခြင်းတည်း။
မြေသပိတ်က ၅ ဖွဲ့ မပြည့်သေးလျှင်၊ သံသပိတ်လည်း ဖာထေး၍ ဖြစ်နိူင်သေးလျှင် အခြားသပိတ်သစ် မတောင်းကောင်း။ တောင်းမိလျှင် သိက္ခာပုဒ်အတိုင်း ရဟန်း ပရိသတ်မှာ..
“အယံ မေ ဘန္တေ ပတ္တော ဥုနပဉ္စဗန္ဓနေန ပတ္တေန၊
စေတာပိတော နိသဂ္ဂိယော, ဣမာဟံ သံဃဿ နိသဇ္ဇာမိ”ဟု …
စွန့်၍ ရဟန်းပရိသတ် မကြိုက်သော အညံ့ဆုံး ပတ္တပရိယန္တကိုမှ မိမိ သုံးဆောင်ရမည်။ မြေသပိတ်၌ ၅ ဖွဲ့ ဖွဲ့လောက်နေလျှင်၊ သံသပိတ်၌ ဖာထေး၍ မညက် မညော ရှိလျှင်ကား ဉာတိပဝါရိတ မဟုတ်သူတို့၏ အထံ၌ပင် သပိတ်အသစ်ကို တောင်းကောင်းပြီ။
[ဘန္တေ - တို့၊
မေ - သည်၊
ဥုနပဉ္စဗန္ဓနေန - ယုတ်သော ၅ဖွဲ့ ရှိသော၊
ပတ္တေန - သပိတ်ဖြင့်၊
အယံပတ္တော - ဤသပိတ်ကို၊
စေတာပိတော - တောင်းအပ်မိသည်၊
(ဟုတွာ - ၍၊)
နိသဂ္ဂိယော - ၏၊
အဟံ - သည်၊
ဣမံ - ဤ သပိတ်ကို၊
သံဃဿ - အား၊
နိသဇ္ဇာမိ - စွန့်ပါ၏။]
အင်္ဂါ ၄ ပါး
၁။ အဓိဋ္ဌာန် တင်လောက်သော သပိတ်ဖြစ်ခြင်း၊
၂။ မိမိဘို့ဖြစ်ခြင်း၊
၃။ မဖိတ်ဘူးသူ့ထံ တောင်းခြင်း
[ဖိတ်သူ့ထံ ဉာတိထံ၌ကား လက်ရှိသပိတ်က ၅ ဖွဲ့ မပြည့်စေကာမူ တောင်းကောင်း၏။]
၄။ တောင်း၍ ရခြင်းအားဖြင့် အင်္ဂါ ၄ ပါးတည်း။
[ဆောင်]
ဓိဋ္ဌာန် လောက်ငဲ့, သပိတ်ကဲ့လျှင်, ငါးဖွဲ့မပြည့်, မိမိဘို့ဟု, ရည်ရွယ် ပြုသား, မဖိတ်သူ့ထံ, တောင်းခံမိလျှင်း, ရရှိခြင်းဟု, ကြောင်းရင်း လေးလီ, အင်္ဂါညီ, သင့်ပြီ ဥုနဗန္ဓန။
ခုဒ္ဒသိက္ခာလာ သပိတ်နှင့်စပ်၍ မှတ်ဘွယ်များ
ပတ္တံ နပတိသာ မေယျ, သောဒကံ နစ ဩတပေ၊
ဥဏှေ နနိဒဟေ ဘူမျံ, နထပေ နောစ လဂ္ဂယေ။
သောဒကံ ပတ္တံ - ရေမစင်သောသပိတ်ကို၊
န ပတိသာမေယျ - မသိမ်းထားရ၊
နစ ဩတပေ - နေလည်း မလှန်းရ၊
ဥဏှေ - နေပူ၌၊
နနိဒဟေ – ကြာမြင့်စွာ လှန်းမထားရ၊
ဘူမျံ - ကြမ်းသော မြေပေါ်၌၊
နထပေ - အခင်းမပါ သပိတ်ခြေ မပါဘဲ မထားရ၊
နောစ လဂ္ဂယေ - ဆင်စွယ်ကောက် စသည်တို့၌ ချိတ်မထားရ။
မှတ်ချက်
ဆွမ်းစားပြီးလျှင် သပိတ်ကို စင်ကြယ်စွာ ဆေး၊ ရေ စင်အောင် သုတ်ပြီးမှ ဟင်းနံ့ပျောက်အောင် ခေတ္တ နေလှန်း၊ ကြာရှည်စွာ နေပူမှာ မထားရ၊ နေလှန်းပြီးနောက် ရုပ်သိမ်း၍ အခင်းမပါ သပိတ်ခြေ မပါသော မြေပေါ်မှာ မထားဘဲ နံရံကောက် စသည်၌လည်း မချိတ်ဘဲ သပိတ်ခြေပေါ်မှာ ဖြစ်စေ၊ အခင်းရှိသော မြေပေါ်မှာဖြစ်စေ၊ သပိတ်မပျက်စီးလောက်သော မြေ ပေါ်မှာဖြစ်စေ ထားရမည်။ သပိတ်ဖုံးဖြင့် ဖုံးထားလျှင် အနံ့ မကောင်းသောကြောင့် သပိတ်ကိုလည်း ဖွင့်ထားသင့်သည်။
မိဍ္ဎန္တေ ပရိဘဏ္ဍန္တေ, အင်္ကေဝါ အာတပတ္တကေ၊
ပါဒေသု မဉ္စပီဌေဝါ, ထပေတုံ နစ ကပ္ပတိ။
မိဍ္ဎန္တေ - အတွင်း အကျည်စွန်း၌၎င်း၊
ပရိဘဏ္ဍန္တေ - အပြင်ဘက် အကျည်စွန်း၌၎င်း၊
အင်္ကေဝါ - တင်ပလ္လင် ရင်ခွင်၌၎င်း၊
အာတပတ္တကေ - ထီးပေါ်၌၎င်း၊
ပါဒေသုဝါ - ခြေတို့၌၎င်း၊
မဉ္စပီဌေဝါ - ညောင်စောင်းအင်းပျဉ် (ခုတင်- ထိုင်ခုံ) ပေါ်၌၎င်း၊
ထပေတုံစ - ထားခြင်းငှာလည်း၊
န ကပ္ပတိ - မအပ်။
မှတ်ချက်
ရှေးက နံရံအခြေခိုင်အောင်၊ သို့မဟုတ် ထိုင်ရအောင် နံရံ၏ အတွင်းအပြင်၌ မြေခုံ အပိုရှိတတ်၏။ ထိုမြေခုံကို “အကျည်”ဟု ခေါ်သည်။ ထို အကျည်၌ သပိတ်ထားလျှင် လိမ့်ကျမည်စိုး၍ မထားရဟု တားမြစ်သည်။ ယခုကာလ အုတ်တိုက် အစွန်းများ၌လည်း အကျည်သဘောပင် ဖြစ်၍ မထားရ။
အကျည်က တတောင်လောက် ကျယ်ဝန်းလျှင် ထားကောင်း၏။
သပိတ်ခြေ ပါလျှင်လည်း ထိုအကျည်မှာ ထားကောင်း၏ဟု ဋီကာဆိုသည်။
န နီဟရေယျ ဥစ္ဆိဋ္ဌော-ဒကဉ္စ စလကဋ္ဌိကံ၊
ပတ္တေန ပတ္တဟတ္ထောဝါ ကဝါဋံ န ပဏာမယေ။
ဥစ္ဆိဋ္ဌောဒကံ - လုပ်ဆေးရေကို၎င်း၊
စလကဋ္ဌိကံ - စုပ်၍ပစ်အပ်သာ ဟင်းဖတ်နှင့် အရိုးကို၎င်း၊
န နီဟရေယျ - သပိတ်၌ထည့်၍ မထုတ်ဆောင်ရ၊
[သပိတ်ထဲ၌ ထည့်၍ မစွန့်ရ ဟူလို။ သပိတ်ကို လက်ဆေးခံလုပ်၍ လက်မဆေးရ၊]
ပတ္တေန - သပိတ်ဖြင့်၎င်း၊
ပတ္တဟတ္ထောဝါ - လက်၌ သပိတ်ရှိလျက်၎င်း၊
ကဝါဋံ - တံခါးရွက်ကို၊
န ပဏာမယေ - မတွန်း မဖွင့်ရ။
မှတ်ချက်
လက်၌ သပိတ်ရှိခိုက်သာ မဟုတ်၊ လက်မှာ ဖြစ်စေ၊ ခြေဖမိုးပေါ်မှာ ဖြစ်စေ၊ ကိုယ်၏ အစိတ်အပိုင်းမှာ သပိတ်ရှိနေလျှင် တံခါးရွက်ကို မတွန်းရ။ မင်းတုတ် ကလန့်ကိုလည်း မဖြုတ်ရ။ သို့ရာတွင် သပိတ်ကို အိတ်ဖြင့် ပခုံးစွန်း၌ လွယ်ထားခိုက် ဖြစ်လျှင်ကား ထို အားလုံးကိုပင် ပြုကောင်း၏။ မပြုရဟု ဆိုသမျှ၌ ပြုလျှင် ရဟန်းမှာ ဒုက္ကဋ်၊ သာမဏေမှာ ဒဏ်။
သပိတ်နှင့်စပ်၍ မှတ်သားထိုက်သော အပ်-မအပ် စားခွက်များ
ကပ္ပိယာ ထာလကာ တိဿော, တမ္ဗာယောမတ္တိကာမယာ၊
ဒါရုသော ဝဏ္ဏ ရဇတ-မဏိ ဝေဠုရိယာမယာ။
အကပ္ပါ ဖလိကော ကာစ- ကံသဇာ ဂိဟိသန္တကာ၊
သံဃိကာ ကပ္ပိယာ တုမ္ဗ-ဃဋိဇာ တာဝကာလိကာ။
တမ္ဗာယောမတ္တိကာ မယာ – ကြေးနီ, သံ, မြေဖြင့် ပြုအပ်ကုန်သော၊
တိဿော - ၃ မျိုးကုန်သော၊
ထာလကာ - စားခွက် သောက်ခွက်တို့သည်၊
ကပ္ပိယာ - အပ်ကုန်၏။
[ကြေးနီခွက်၊ မြေခွက်၊ သံခွက် ၃ မျိုးတို့သည် ရဟန်း သာမဏေတို့ ကိုယ်ပိုင် (ပုဂ္ဂလိက) အဖြစ်ဖြင့် သုံးစွဲကောင်း၏။ ထိုခွက်တို့၌ ထည့်၍ စားကောင်း သောက်ကောင်း၏။]
ဒါရုသော ဝဏ္ဏ ရဇတ မဏိဝေဠုရိယာ မယာ - သစ်သားခွက်, ရွှေခွက် ငွေခွက်, ပတ္တမြားခွက်, ကြောင်မျက်ရွဲခွက် တို့သည်၊
အကပ္ပါ - မအပ်ကုန်၊
[ရွှေခွက် စသည်တို့သည် ကိုင်ရုံ ထိရုံမျှ မအပ်။ သစ်သားခွက်ကား ထည့်၍သာ မစား မသောက် ကောင်းသည်၊ ကိုင်ရုံကား ကိုင်ကောင်းပါသေး၏။ ယခုကာလ ကွမ်းအစ် စသည်၌ ငွေထုံးဗူး စသည်တို့မှာ လူ ဥစ္စာပင် ဖြစ်စေကာမူ ကိုင်ရုံမျှ မကိုင်ကောင်းရကား အဘယ်မှာ ထည့်၍ စားကောင်းပါတော့မည်နည်း၊ နှီးခွက်၊ နှီးကွမ်းအစ်တို့ကိုပင် သစ်သားခွက်နှင့် အလားတူဟု သဘောထား၍ လက်ဖက်၊ ကွမ်း စသည် ထည့်စားမှုကို ရှောင်ကြဉ်ကြသည်။]
ဖလိကောစ - ဖန်ခွက်သည်၎င်း၊
ကာစကံသဇာ - ချက်ကျောက်ခွက်နှင့် စဉ့်ခွက်, ကြေးဖြူ, ကြေးဝါခွက်တို့သည်၎င်း၊
ဂိဟိသန္တကာ – လူ ဥစ္စာဖြစ်ကုန်သော်၎င်း၊
သံဃိကာ - သံဃိက ဖြစ်ကုန်သော်၎င်း၊
ကပ္ပိယာ - အပ်ကုန်၏။
[ပါရာဇိကဏ်-ကာယသံသဂ္ဂဋ္ဌကထာ၌ “ဇာတိဖလိက (ဖန်စစ် - တွင်းထွက်ဖန်) ကို ပတ္တမြားနှင့် အလားတူ မသုံးသပ်ကောင်း” ဟု ဆိုထား၏။ ဤ၌ကား သုံးသပ် ကိုင်ကောင်းသေးသောကြောင့် “ဖလိက” အရ ဖန်စစ်ခွက် မဟုတ်ရာ သဲကိုချက်၍ ပြုလုပ်အပ်သော ယခုကာလ ဖန်ခွက်သာ ဖြစ်တန်ရာ၏။
ထို့ပြင် “ပစိတွာ ကတော ကာစမဏိ” ဟု ထို အဋ္ဌကထာ ဆိုသောကြောင့်၎င်း၊ “ကာစော-သည်၊ ကဉ္စနသံသဂ္ဂါ – ရွှေနှင့် ပေါင်းမိခြင်းကြောင့်” ဟု စာဏကျနီတိ ဆိုသောကြောင့်၎င်း ချက်ကျောက်ကို ကာစ၌ သွင်းယူလိုက်ပါသည်။]
သတိပြု
ဤစကားအရ - ချက်ဖန်ခွက်၊ ချက်ကျောက်ခွက်၊ စဉ့်ခွက်၊ ကြေးဖြူ ကြေးဝါခွက်တို့မှာ ပုဂ္ဂလိကအဖြစ်ဖြင့် မသုံးစွဲအပ်။ သံဃိက၊ သို့မဟုတ် လူ့ဥစ္စာဖြစ်မူ ထည့်၍ စားကောင်း၏ဟု၎င်း၊ ကြေးဝါဇွန်းနှင့် ဖန်ခွက်၊ ဖန်ချိုင့် စသည်တို့မှာ ပုဂ္ဂလိက မအပ်ကြောင်းကို၎င်း သတိပြုပါ။
တုမ္ဗဃဋိဇာ - နှီးခွက် အိုးခွက်တို့သည်၊
တာဝကာလိကာ- တခဏမျှ ထည့်၍ စားသောက်ကောင်းကုန်၏။
[သွားလေရာယူ၍ သပိတ်ကဲ့သို့ကား အမြဲ မသုံးစွဲကောင်း။ ခဏလောက် ထည့်စား၍ စွန့်ပစ်ထားခဲ့ရမည် ဟူလို။ ဖက်ရွက် သစ်ရွက်ဖြင့် ပြုလုပ်အပ်သော ဖက်ခွက်များလည်း ထို့အတူ တခဏမျှ ထည့် စားကောင်း၏ဟု ဋီကာတို့ ဆို၏။]
စဉ်းစားဘွယ်
“ထည့်မစားကောင်း”ဟု ဆိုခဲ့သော သစ်သားခွက် နှီးခွက် စသည်၌ တချို့က ယာဝကာလိက ဖြစ်သော ခဲဘွယ် ဘောဇဉ်ကိုသာ ထည့်၍ မစား မသောက်ကောင်း၊ ယာမကာလိက အဖျော်ရည် စသည်ကိုကား စားသောက်ကောင်း၏ ဟု ယူကြ၏။
ဝိနယ ကောသလ္လ၌ကား မည်သည့် ကာလိက မဆို ထည့်၍ မစားသောက်ကောင်းဟု ယူလို၏။
ဆက်ဦးအံ့ ---
ဤအားလုံးသည် စူဠဝဂ္ဂ-ခုဒ္ဒကဝတ္ထု၊ ခန္ဓကပါဠိတော်၌ သပိတ်အမျိုးမျိုးကို ပယ်ချက်နှင့်စပ်၍ အဋ္ဌကထာ၌ ခွက်အဖြစ်ဖြင့် အပ်-မအပ် ကို စိစစ်ထားသော အရာဖြစ်၏။
သပိတ် - ခွက်ဟူသည်မှာ စားသောက်ဘွယ် အားလုံးကို (ယာမ, သတ္တာဟ ယာဝဇီဝိက မကျန်) ထည့်၍ စားဘို့ရာ ဖြစ်၏။ သို့ဖြစ်၍ “ထည့်၍ မစားကောင်း” ဟု ပယ်ရှားအပ်သောခွက်များ၌ မည်သည့် ကာလိကကိုမျှ ထည့်၍ မစားခြင်းသာ သင့်ဘွယ်ရှိ၏။
ထို့ကြောင့် ဝိနည်းဓိုရ် ပုဂ္ဂိုလ်များသည် နှီးကွမ်းအစ်၌ ကွမ်းထည့်၍ မစားကြ၊ နှီးအစ်ဖြင့် ကပ်လျှင် လက်ပေါ် တဆင့်ပြောင်း၍ စားကြ၏။ နှီးခွက်ဖြင့်လည်း အဖျော်ရည် စသည်ကိ မသောက်ကြကုန်။
လေ့ကျင့်ခန်း မေးခွန်းများ
က။ သပိတ် ၉ လုံးကို ပမာဏနှင့်တကွပြ၍ ထို ၉ လုံးတွင် အဓိဋ္ဌာန်ဝိကပ္ပနာ မဝင်သော သပိတ် ၂ လုံး ကို ပြပါ။
ခ။ သပိတ်အမျိုးအစားနှင့် အရောင်ကို ပြ၍ သပိတ်သစ်ကို အဓိဋ္ဌာန်တင်ပုံ၊ အဟောင်းကို ပစ္စုဒ္ဓိုရ်ပြုပုံကို ပြပါ။
ဂ။ သပိတ်ကို အဓိဋ္ဌာန်တင်ရာ၌ လုံးရေမည်မျှကိုသာ တင်ကောင်းသနည်း။
အဓိဋ္ဌာန် မတင်လျှင် ဝိနည်းပြစ် လွတ်အောင် ဘယ်လို ပြုထားရမည်နည်း။
ဃ။ အဓိဋ္ဌာန်ကျကြောင်း ၉ ပါးကို ပြ၍ အပေါက် ပမာဏကိုလည်း ပြပါ။
င။ ဥုနပဉ္စဗန္ဓန အရ ဖွဲ့ချည်ပုံကို ပြ၍ လက်သစ် မည်မျှရှည်သော အက်ကွဲကြောင်းကို တဖွဲ့ ဖွဲ့ရမည်ဟုလည်း ပြပါ။
စ။ “နဝံ ပတ္တံ စေတာပေယျ” အရ ဉာတိပဝါရိတကိုတောင်းလျှင် အပြစ်ရှိ-မရှိ ပြ၍ နိသဂ္ဂိယသပိတ် စွန့်ပုံကိုလည်း ပြပါ။
ဆ။ ထို သပိတ်ကို စွန့်ရမည့် နေရာနှင့်တကွ စွန့်ပြီးနောက် ပြုလုပ်ရမည့် အစီအစဉ်ကို စုံလင်အောင် ပြပါ။
[အောက်ပါ မေးခွန်းများသည် ကင်္ခါအဓိပ္ပာယ်မဟုတ်၍ ပုစ္ဆာထုတ်သူတို့ အစိုးရ စာမေးပွဲ၌ မမေးမိရန် သတိပြုပါ။]
ဇ။ သိက္ခာပုဒ် အင်္ဂါ ၄ ပါးကိုပြ၍ သပိတ် မထားကောင်းသော နေရာများကိုလည်း အထောက် သာဓက နှင့်တကွ ပြပါ။
ဈ။ သပိတ်ထဲ၌ လုပ်ဆေးရော လက်ဆေးရေနှင့် စုပ်ဖတ် အရိုးတို့ကို ထည့်ကောင်းသလော၊ သာဓက ပြပါ။
ဉ။ ကိုယ်အစိတ်အပိုင်း၌ သပိတ်ရှိနေလျှင် (အိတ်နှင့် လွယ်ထားခိုက်လည်း မဟုတ်လျှင်) တံခါးရွက်ကို တွန်း၍ မဖွင့်ကောင်းကြောင်း သာဓက ပြပါ။
ဋ။ ၁။ ကိုယ်ပိုင် ပုဂ္ဂလိကအဖြစ် မအပ်သော ခွက်မျိုး၊
၂။ လုံးလုံး ထည့်၍ မစားကောင်းသောခွက်မျိုး၊
၃။ သံဃိက ဂိဟိသန္တက ဖြစ်လျှင် ထည့်၍ စားသောက်ကောင်းသော ခွက်မျိုး၊
၄။ တကြိမ်သာ စားကောင်းသော ခွက်မျိုးများကို ခွဲခြားပြပါ။
နိသဂ္ဂိယပါစိတ် အခန်း (ပတ္တဝဂ်)
၃။ ဘေသဇ္ဇ သိက္ခာပုဒ်
ယာနိ ခေါ ပန တာနိ ဂိလာနာနံ ဘိက္ခူနံ ပဋိသာယနီယာနိ ဘေသဇ္ဇာနိ၊ သေယျထိဒံ၊ သပ္ပိ, နဝနီတံ, တေလံ, မဓု, ဖာဏိတံ။ တာနိ ပဋိဂ္ဂဟေတွာ သတ္တာဟပရမံ သန္နိဓိကာရကံ ပရိဘုဉ္ဇိတဗ္ဗာနိ။ တံ အတိက္ကာမယတော နိဿဂ္ဂိယံ ပါစိတ္တိယံ။
ဂိလာနာနံ - မကျန်းမာကုန်သော၊
ဘိက္ခုနံ - ရဟန်းတို့၏၊
ဝါ - ရဟန်းတို့သည်၊
ပတိသာယနီယာနိ - သာယာအပ်, သာယာထိုက်ကုန်သော၊
ဝါ - သုံးဆောင်အပ် သုံးဆောင်ထိုက်ကုန်သော၊
ယာနိ တာနိ ဘေသဇ္ဇာနိ - အကြင် ဆေးတို့သည်၊
(သန္တိ - ရှိကုန်၏၊)
သေယျထိဒံ - ဤဆေးတို့ဟူသည် အဘယ်နည်း၊
သပ္ပိ - ထောပတ်၎င်း၊
နဝနီတံ – ဆီဦး၎င်း၊
တေလံ - ဆီ၎င်း၊
မဓု - ပျားရည်၎င်း၊
ဖာဏိတံ - တင်လဲ၎င်းတည်း၊
တာနိ - ထို ဆေးတို့ကို၊
ပတိဂ္ဂဟေတွာ - အကပ်ခံပြီး၍၊
သတ္တာဟပရမံ - ၇ ရက်အလွန် အပိုင်းအခြား ရှိသော ကာလပတ်လုံး၊
သန္နိဓိကာရကံ - သိုမှီး သိမ်းဆည်းမှုကို ပြု၍၊
ပရိဘုဉ္ဇိတဗ္ဗာနိ - သုံးဆောင်အပ် သုံးဆောင်နိုင်ကုန်၏၊
တံ - ထို ၇ ရက်ကို၊
အတိက္ကာမယတော - လွန်စေသောရဟန်း၏၊
နိသဂ္ဂိယံ - သော၊
ပါစိတ္တိယံ - သည်၊
ဟောတိ။
၃။ ဘေသဇ္ဇ
ထောပတ်စသော ၅ မျိုးကို အကပ်ခံပြီးနောက် ၇ ရက် အထိ သိမ်းဆည်း၍ ဆေးအဖြစ်ဖြင့် စားသောက်နိုင်၏။ ၇ ရက် လွန်လျှင်ကား ထို ထောပတ် စသည်တို့ နိသဂ္ဂိထိုက်၍ ရဟန်းမှာ ပါစိတ်အာပတ် သင့်သည်။
ထို့ကြောင့် ထို ထောပတ် စသည်ကို အကပ်ခံသည့်အခါ ၇ ရက်စာလောက် မှန်း၍ အကပ်ခံရမည်။ ၇ ရက် လွန်သည့်တိုင်အောင် ကုန်ပုံမရလျှင် (၇ ရက် မလွန်ခင်) “ဤထောပတ် စသည်ကို ငါ မစားတော့ပြီ၊ ခြေနယ်ဆီ စသည် ပြုလုပ်၍ ကိုယ်၏ အပြင်၌သာ သုံးစွဲတော့မည်” ဟု ဓိဋ္ဌာန်လိုက်ရမည်။ ထို အပြင်ပ၌ သုံးဘို့ဖြစ်လျှင်ကား ၇ ရက် လွန်သော်လည်း အပြစ်မရှိ။
ပတိသာယနီယာနိ
[ပတိ+သာ-အနီယ။] “သာ = အဿာဒေ” ဟု ဓာတ်ကျမ်းတို့၌ ရှိသောကြောင့် “သာယာအပ်” ဟု အနက်ပေးသည်။ “သာယာ” ဟူသည် စားသောက်ခြင်း ဖြစ်သောကြောင့် “သုံးဆောင်” ဟု နောက်ထပ် အနက်ပေးသည်။ “ပတိသာယနီယ” အရ “သုံးဆောင်ထိုက်” ဆိုသဖြင့် ရဟန်းများ စားထိုက်လောက်အောင် အကပ်ခံထားသော ဆေးများ ဖြစ်ကြောင်း၊ အကပ်မခံဘဲ ကိုယ်တိုင် ကိုင်ယူထားသော ထောပတ် စသည်တို့ မစားကောင်းကြောင်းကို၎င်း၊ အပြင်ပ သုံးဘို့ရန်ဖြစ်လျှင် ၇ ရက် လွန်သော်လည်း အာပတ်မသင့်ကြောင်း ကို၎င်း ပြသည်။
ဘေသဇ္ဇာနိ
“ဆေး”ဟု ဆိုသော်လည်း တကယ့်ကို အနာရောဂါ ပျောက်နိုင်မှ ဆေးအမည်ရသည် မဟုတ်၊ အများက ဆေးဟု သမုတ်ထားလျှင် ဆေးအမည် ရသည်ပင်တည်း။ ဤ ထောပတ်စသည်ကိုကား အများက ဆေးဟု အသိအမှတ်ပြုထားကြ၍ ဘေသဇ္ဇ အမည်ရသည်။
ဤထောပတ် စသော ဆေးများကို “၇ ရက်အတွင်း စားကောင်းသည်” ဟု ဆိုသော်လည်း မွတ်သိပ် ဆာလောင်ရုံ သက်သက်ဖြင့် မစားကောင်း။ အားနည်းသော ရောဂါ၊ အသွေး အသားနည်းသော (ပိန်ခြောက်သော) ရောဂါနှင့် လေနာရောဂါစသည် ရှိသူတို့သာ စားကောင်းသည်။
[မွတ်သိပ်ဆာလောင်ရုံ သက်သက်ကား “ယာမကာလိက” ခေါ် အဖျော်ရည် စသည်ကိုသာ သောက်ကောင်းသည်။]
ဆက်ဦးအံ့ ---
သက်ဆိုင်သော ရောဂါရှိလျှင် အကပ်ခံအပ်ပြီး စတုမဓု စသော ဆေးများကို နေလွဲ-နေမလွဲ အချိန်တိုင်းမှာပင် စားကောင်း၏။ သို့သော် နေမလွဲမီစားရာဝယ် ပထမ အကပ်ခံရာ တနံနက်၌သာ ဆွမ်းခဲဘွယ်တို့နှင့်ရော၍ စားကောင်း၏။ နောက် နံနက်များ၌ကား ဆွမ်းခဲဘွယ်တို့နှင့် ရော၍ မစားရ။ ပါးစပ်တွင်း၌ ဆွမ်းခဲဘွယ် အာမိသရှိလျှင် ပြောင်စင်အောင် ပါးစပ်ကို ဆေးပြီးမှ ဆေးကို စားရသည်။ ဆေးကို အလျင်စားလျှင်လည်း ပြောင်စင်အောင် ပါးစပ်ကို ဆေးပြီးမှ ခဲဘွယ်ဘောဇဉ်ကို စားရသည်။
သေယျထိဒံ
ဤပုဒ်ကို ပုစ္ဆာအနက်ရှိသော “နိပါတ်တပုဒ်” တည်းဟု၎င်း၊ “သေယျထာ + ဣဒံ” နိပါတ်ပုဒ် ၂ ခု ပေါင်းထားသည်ဟု၎င်း ဖွင့်ကြ၏။ ဤ၌ နိပါတ်တပုဒ်တည်းဟု ယူ၍ တပေါင်းတည်း အနက်ပေးလိုက်သည်။
သပ္ပိ, နဝနီတံ
အပ်သော အသားရှိသော နွား ကျွဲ ဆိတ် အစရှိသော သတ္တဝါတို့မှဖြစ်သော ထောပတ် ဆီဦးကို ဤ သိက္ခာပုဒ်၌ “သပ္ပိ, နဝနီတံ”ဟု ဖွင့်ကြ၏။
[မအပ်သော အသားရှိသော သတ္တဝါတို့မှဖြစ်သော ထောပတ် ဆီဦး တို့ကား နိသဂ္ဂိယဝတ္ထု မဟုတ်၊ ၇ ရက် လွန်အောင် အကပ်ခံထားလျှင် ဒုက္ကဋ် အာပတ်သင့်ကြောင်းဖြစ်သော ဒုက္ကဋဝတ္ထုများဖြစ်၏။ သို့သော် လူမှဖြစ်သော ထောပတ် ဆီဦးမှတပါး စားကောင်းပါ၏။]
ဆီဦး
နို့ရည်ကို ထောပတ်ဖြစ်အောင် ချက်ရာ၌ ထောပတ် မဖြစ်မီ အထက်သို့ နို့အဆီခဲများ တက်လာ၏။ ထို အဆီဦးကို ပါဠိလို “နဝနီတ (နဝ = အသစ် + နီတ = ထုတ်ယူအပ်သော အဆီ)”ဟု ခေါ်၏။ ၎င်းကို “ထောပေး”ဟု၎င်း၊ “မသကာ”ဟု၎င်း ခေါ်သေး၏။
[“မဆကာ” ဟူသော ပါရယှီဘာသာမှ “မသကာ”ဟု ပြောင်းလာသတတ်။]
တေလ
နှမ်းဆီ၊ မုန်ညင်းဆီ၊ ကြက်ဆူဆီ၊ သားဆီများကို တေလ၌ သွင်းယူရမည်။
[ဝံဆီ၊ ငါးဆီ၊ လင်းပိုင်(လပိုင်)ဆီ၊ ဝက်ဆီ၊ မြည်းဆီများကို “ဝသာတေလ=သားဆီ”ဟု ဆိုသည်။ ရှေးခေတ်က မြေပဲမှ ဆီမထုတ်သေးသောကြောင့် မြေပဲဆီ မပါသေး။ နှမ်းဆီနှင့် အလားတူ၏။ ဝသာတေလ၌ ငါးဆီများ ပါဝင်ရကား ယခုကာလ ငါးကြီးဆီများသည် မုယောမှုန့်စသည်နှင့် မရောဘဲ (သန့်သန့်ဖြစ်မူ) အားနည်းသော စာသင်သားများအဘို့ ညဉ့်အခါ ရေနွေးနှင့်သောက်လျှင် သင့်လည်း သင့်မြတ်၊ အပ်လည်း အပ်သည်။
မဓု, ဖာဏိတံ
မဓုကို “မက္ခိကာမဓု”ဟု ဖွင့်၏။ ပျားကြီးရည်၊ ပျားငယ်ရည် ၂ မျိုးကို “မဓု”ဟု မှတ်ပါ။
“ဖာဏိတံနာမ - ဖာဏိတမည်သည်၊
ဥစ္ဆုမှာ - ကြံမှ၊
နိဗ္ဗတ္တံ - ဖြစ်သောဝတ္ထုတည်း”
နှင့်အညီ အဖတ်မပါအောင် စစ်ပြီးသော ကြံရည်မှစ၍ ကြံနှင့်ဆိုင်သမျှ အားလုံးကို “ဖာဏိတ”ဟု ဆိုသည်။ ယခုအခါ ကြံမှတပါး အခြားသောဝတ္ထုမှ ထွက်သော သကြားများနှင့် ထန်းရည်၊ သကာ၊ ထန်းလျက်များ လည်း ဤ ဖာဏိတပင်တည်း။ [ရှေးခေတ်က ထန်းရည် အသုံးနည်း၍ ကျမ်းဂန်မှာ မပါဟန်တူသည်။]
မှတ်ချက်
ဤ ပြခဲ့သော စကားစဉ်အရ ထန်းရည်၊ ထန်းလျက်ရည်၊ သကြားနှင့် သံပုရာ စသော ယာဝဇီဝိက အသီးရည်၊ ဖျော်ရည်၊ လမနစ် (ဘိလပ်ရည်)စသည်တို့သည် သတ္တာဟကာလိကတို့တည်း။
သို့သော် ဘေသဇ္ဇ ခန္ဓက၌ ... “အနုဇာနာမိ ဘိက္ခဝေ ဂီလာနဿ ဂုဠံ, အဂိလာနဿ ဂုဠောဒကံ = ဂိလာန အတွက် ကြံသကာ ထန်းလျက်အခဲကို၎င်း၊ ဂိလာန မဟုတ်သူ အတွက် ကြံရည်၊ ထန်းရည် ထန်းလျက်ရည်ကို၎င်း ခွင့်ပြုတော်မူ၏” ဟု မိန့်တော်မူသောကြောင့် (ဆာလောင်မွတ်သိပ်လျှင်) သောက်ကောင်း၏။
လေ့ကျင့်ခန်း မေးခွန်းများ
က။ စတုမဓုဆေးများကို အကပ်ခံပြီးလျှင် ၇ရက်အတွင်း၌ အဘယ်အကြောင်း ရှိမှ စားကောင်း သနည်း၊
ခ။ ဒုတိယနေ့မှစ၍ အကြောင်းရှိသဖြင့် စားရာ၌ နံနက်ပိုင်းဝယ် ဆွမ်းခဲဘွယ် စသည်နှင့် ရောနှော၍ စားကောင်းမည်လော နံနက်စားလျှင် မည်ကဲ့သို့ စင်ကြယ်အောင် ပြု၍ စားရမည်နည်း။
ဂ။ ထန်းရည်ချို၊ ကြံရည် သကြားနှင့် သံပုရာသီးဖျော်ရည်၊ လမနစ် ဘိလပ်ရည်တို့ အဘယ်ကာလိက၌ ပါဝင်ကြသနည်း။
ဃ။ ထို ထန်းရည်စသည်ကို ဆာလောင် မွတ်သိပ်ရုံမျှဖြင့် သောက်ကောင်း- မသောက်ကောင်း ပါဠိ သာဓကဖြင့် ဆုံးဖြတ်ပါ။
နိသဂ္ဂိယပါစိတ် အခန်း (ပတ္တဝဂ်)
၄။ ဝဿိက သာဋိက သိက္ခာပုဒ်
“မာသော သေသော ဂိမှာန”န္တိ ဘိက္ခုနာ ဝဿိကသာဋိကစီဝရံ ပရိယေသိတဗ္ဗံ၊ “အဒ္ဓမာသော သေသော ဂိမှာန”န္တိ ကတွာ နိဝါသေတဗ္ဗံ။ သြရေန စေ “မာသော သေသော ဂိမှာန”န္တိ ဝဿိကသာဋိကစီဝရံ ပရိယေသေယျ၊ “သြရေနဒ္ဓမာသော သေသော ဂိမှာန”န္တိ ကတွာ နိဝါသေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။
ဂိမ္မာနံ - နွေလတို့၏၊
ဝါ - နွေလတို့၏၊
ဝါ - နွေလတို့တွင်၊
မာသော - တလသည်၊
သေသော - ကြွင်းတော့၏၊
ဣတိ - ဤသို့ ဆိုထိုက်ရာ နေ့မှစ၍၊
ဘိက္ခုနာ - ရဟန်းသည်၊
ဝဿိက သာဋိကစီဝရံ - မိုးရေခံ သင်္ကန်းကို၊
ပရိယေသိတဗ္ဗံ - ရှာမှီးအပ် ရှာမှီးနိုင်၏၊
ဂိမ္မာနံ - တို့၏၊
ဝါ - တို့တွင်၊
အဍ္ဎမာသော - တလ ထက်ဝက်, ဆယ့်ငါးရက်သည်၊
သေသော - ကြွင်းတော့၏
ဣတိ - ဤသို့ ဆိုထိုက်ရာနေ့မှစ၍၊
ဘိက္ခုနာ - သည်၊
ကတွာ - ချုပ်ဆိုးမှုကို ပြု၍၊
နိဝါသေတဗ္ဗံ - ဝတ်အပ် ဝတ်နိုင်၏၊
ဂိမှာနံ - တို့၏၊
မာသော- သည်၊
သေသော - ၏၊
ဣတိ - ဤသို့ ဆိုထိုက်ရာလ၏၊
ဩရေန - ဤဘက်၌၊
ဝဿိကသာဋိက စီဝရံ - ကို၊
စေ ပရိယေသေယျ - အကယ်၍ ရှာမှီးအံ့၊
ဂိမှာနံ – တို့၏၊
အဍ္ဎမာသော - သည်၊
သေသော - ၏၊
ဣတိ - ဤသို့ဆိုထိုက်ရာ ရက်၏၊
ဩရေန – ၌၊
ကတွာ - ၍၊
စေ နိဝါသေယျ - အကယ်၍ ဝတ်အံ့၊
တဿ ဘိက္ခုနော နိသဂ္ဂိယံ, ပါစိတ္တိယံ ဟောတိ။
၄။ ဝဿိက သာဋိက
[ဝဿိက = မိုးအခါ ဝတ်အပ်သော + သာဋိက = အဝတ်, သင်္ကန်း။]
ဤ သိက္ခာပုဒ်ဖြင့် မိုးရေခံ သင်္ကန်းကို ရှာနိုင်ရာခေတ်၊ ချုပ်ဆိုး၍ ဝတ်နိုင်ရာခေတ် (ကာလ)ကို ပြ၍ ထို ကာလ မဟုတ်ဘဲ ရှာလျှင်၎င်း၊ ချုပ်ဆိုး၍ ဝတ်လျှင်၎င်း နိသဂ္ဂိပါစိတ်ဟု ပညတ်တော်မူသည်။
မာသော ၊ပေ၊ ပရိယေသိတဗ္ဗံ
ဤကား ရှာရာခေတ်ကိုပြသော ဝါကျတည်း။ နွေလ၏ နောက်ဆုံးတလ ဟူသည် မြန်မာအသုံးအားဖြင့် နယုန်လပြည့်ကျော် ၁ ရက်မှ ဝါဆိုလပြည့်အထိတည်း။
ရှာပုံကား-
ဉာတိပဝါရိတအထံသို့ သွား၍ ဖြစ်စေ (ဉာတိပဝါရိတ မဟုတ်သော်လည်း) ရှေးက လှူနေကျ သူတို့ အထံသို့ သွား၍ဖြစ်စေ “မိုးရေခံသင်္ကန်း အချိန်တန်ပြီ” စသည်ဖြင့် ပြောဆို သတိပေးရသည်။ ဉာတိပဝါရိတဖြစ်သူတို့ အထံ၌ကား “ငါ့အား မိုးရေခံ သင်္ကန်း လှူကြလော”ဟု တိုက်ရိုက်လည်း ပြောကောင်း၏။ ထိုသို့ သတိပေး၍ ၎င်း၊ ပြော၍၎င်း ရလျှင် ဝါဆိုလ မဆန်းခင် မချုပ် မဆိုးရသေး။
[ရှေးရိုက် စာအုပ်၌ “အမိကိုမျှ မတောင်းကောင်း”ဟု မှားသွားသည်။]
အဍ္ဎမာသော ၊ပေ၊ နိဝါသေတဗ္ဗံ
ဤကား ရှာမှီး၍ ရပြီးနောက် ချုပ်ဆိုးရာခေတ်ကိုပြသော ဝါကျတည်း၊ နွေလတွင် နောက်ဆုံး ၁၅ ရက် ဟူသည် ဝါဆိုလဆန်း ၁ ရက်မှ လပြည့်အထိတည်း။
ဆက်ဦးအံ့ ---
သိက္ခာပုဒ် ပါဠိ၌ “မာသော, အဍ္ဎမာသော”ဟု “နွေလ၏ နောက်ဆုံးတလကို ရှာမှီးရာ ခေတ်၊ နောက်ဆုံး ၁၅ ရက်ကို ချုပ်ဆိုးရာ ဝတ်ရာခေတ်” အနေဖြင့် ပြထားခြင်းမှာ မိုးလ မရောက်ခင် မိုးရေခံ သင်္ကန်းကိစ္စ အပြီးအစီး ဖြစ်နှင့်လောက်သော အချိန်ကို ပြထားခြင်းတည်း။
ထိုအတွင်းမှာ မရသေး၊ ရစေကာမူ ဝါဆို လပြည့်နေ့မှ ရသဖြင့် မချုပ်ဆိုးရသေးလျှင် တန်ဆောင်မုန်း လပြည့် ထိအောင် မရမချင်းရှာခွင့်၊ မပြီးမချင်း ချုပ်ဆိုးခွင့် ရှိသည်။
ခေတ် ၄ ပါး
၁။ နယုန်လပြည့်မှ စ၍ ထို လကွယ်အထိ ၁၅ ရက်သည် မိုးရေခံသင်္ကန်းကို ရှာရုံသာ အခွင့်ရသော ပရိယေသနခေတ် (ကာလ) တည်း။
၂။ ဝါဆိုလဆန်း ၁ ရက်မှစ၍ ထိုလပြည့်အထိ ၁၅ ရက်သည် မရသေးလျှင် ဆက်လက်ရှာခွင့်၊ ရပြီးလျှင် ချုပ်ဆိုးခွင့်၊ ဝတ်ခွင့်ရသော ခေတ်တည်း။
၃။ ဝါဆို လပြည့်ကျော် ၁ ရက်မှစ၍ တန်ဆောင်မုန်းလပြည့်အထိ ၄ လသည် မရသေးလျှင် ဆက်လက်ရှာခွင့်၊ ချုပ်ဆိုးခွင့်၊ ဝတ်ခွင့်၊ အဓိဋ္ဌာန်တင်ခွင့် ၄ မျိုးလုံး ရရာ ခေတ်တည်း။
၄။ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်မှစ၍ လာမည့် နယုန်လပြည့် အထိ ၇ လကား မိုးရေခံသင်္ကန်းနှင့် လုံးဝ မစပ်သော ပိဋ္ဌိသမယတည်း။
အချုပ်မှတ်ဘွယ်
ဤစကားအရ ရှာရာခေတ်သည် နယုန်လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်း လပြည့်အထိ ၅ လဟု၎င်း၊ ချုပ် - ဆိုး- ကပ္ပဗိန္ဓု ထိုး၍ ဝတ်ရာခေတ်သည် ဝါဆိုလဆန်း ၁ ရက်မှ တန်ဆောင်မုန်း လပြည့်အထိ ၄ လခွဲဟု၎င်း၊ အဓိဋ္ဌာန်တင်ရာ ခေတ်သည် ဝါဆိုလပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်း လပြည့်အထိ ၄ လ တည်းဟု၎င်း မှတ်ပါ။
[ပါရာဇိကဏ် အဋ္ဌကထာ လက်ရှိစာမူများကို ပါဌ်ပျက်နေသည်ဟု သာရတ္ထဋီကာ မှာသည်။]
မှတ်ချက်
နယုန်လပြည့်ကျော် ၁ ရက်နေ့၌ ရ၍ သင်္ကန်းမချုပ်လောက်သေးသော ပိတ်စ ဖျင်စ စသည်ကို မချုပ်ရသေးသမျှ တန်ဆောင်မုန်းလပြည့် အထိ အဓိဋ္ဌာန်ဝိကပ္ပနာမပြုဘဲ ထားနိုင်၏။ ကထိန့် အာနိသင် ရပြန်လျှင် ပထမ ကထိနသိက္ခာပုဒ်အရ တပေါင်းလပြည့်အထိ ထားနိုင်၏။
ဆက်စပ် ချုပ်ဘို့ရန် ပစ္စာသာ သင်္ကန်း ရှိနေသေးလျှင် တတိယကထိန သိက္ခာပုဒ်၏ ခွင့်ပြုချက်အရ နောက်ထပ်တလ ထားနိူင်၏။ ဤသို့ ဝါထပ်လျှင် ၁၁ လ၊ ဝါမထပ်လျှင် ၁၀ လ အဓိဋ္ဌာန် ဝိကပ္ပနာ မပြုဘဲ ထားခွင့်ရသည်။
ချုပ်ဆိုးပြီးလျှင်ကား “ဣဒံ ဝဿိက သာဋိကံ အဓိဋ္ဌာမိ” ဆို၍ မိုးလအတွင်း အဓိဋ္ဌာန်၊ မိုးလလွန်လျှင် ပစ္စုဒ္ဓိုရ် ပြု၍ ပရိက္ခာရစောဠ-ဝိကပ္ပနာ တခုခု ပြုထားရမည်။
ဩရေနစေ ၊ပေ၊ ပရိယေသေယျ
“ဩရေန” အရ “ဤဘက်” ဟူသည် တန်ဆောင်မုန်း လပြည့်ကျော် ၁ ရက်နေ့မှ စ၍ နယုန် လပြည့်အထိ ၇ လတည်း။ ထို ၇ လ အတွင်း၌ မိုးရေခံသင်္ကန်းကို မရှာကောင်း၊ ရှာ၍ ရလျှင် နိသဂ္ဂိထိုက်၏။
“ဩရေနဍ္ဎမာသော” ၌ “ဩရေန” အရ “ဤဘက်” ဟူရာ၌ကား ချုပ် ဆိုး ဝတ်ရာခေတ် ဖြစ်သော ဝါဆိုလဆန်း မရောက်ခင် နယုန်လပြည့်ကျော် ၁ ရက်မှ နယုန်လကွယ် အထိတည်း။ ထိုရက် အတွင်း၌ ချုပ် ဆိုး ဝတ်ခြင်းကို မပြုကောင်း၊ ပြုလျှင် နိသဂ္ဂိထိုက်၏။
[နယုန်လမပြည့်ခင် ရှေ့ ၇ လမှာ ချုပ် ဆိုးမှုကို မဆိုထားဘိ၊ ရှာရုံမျှပင် မရှာကောင်းရကား ရှာ၍ ရစဉ်ကပင် နိသဂ္ဂထိုက်ပြီးဖြစ်၍ ချုပ် ဆိုး ဝတ်သည့်အတွက် မထိုက်တော့။]
ပိဋ္ဌိ-ကုစ္ဆိသမယ ၂ မျိုး
ကုစ္ဆိသမယ=ဝမ်းဘက်နှင့်တူသော အတွင်းဘက် (မိုးရေခံ သင်္ကန်းကို ရှာမှီးခွင့်-ချုပ် ဆိုးခွင့်ရသော ကာလ)၊ ပိဋ္ဌိ သမယ = ကျောဘက်နှင့်တူသော အပြင်ဘက် (ရှာမှီး-ချုပ်- ဆိုး’ ဝတ်ခွင့် မရသော ကာလ)။
ထိုတွင် -
နယုန်လပြည့်ကျော် ၁ ရက်မှစ၍ တန်ဆောင်မုန်း လပြည့်အထိ ကုစ္ဆိသမယ၊
တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်မှစ၍ နယုန် လပြည့်အထိ ပိဋ္ဌိသမယတည်း။
အင်္ဂါ ၂ မျိုး
ဤသိက္ခာပုဒ်၌ အချိန်မဟုတ်ဘဲ ရှာမှီး၍ ရခြင်းကြောင့် အာပတ် တချက်၊ ချုပ် ဆိုး၍ ဝတ်ခြင်းကြောင့် အာပတ် တချက်ဟု ၂ ချက် ရှိရကား အင်္ဂါကိုလည်း ၂ မျိုးခွဲ၍ ပြကြရသည်။
၁။ ရှာမှီးမှုအတွက် အင်္ဂါ ၃ ပါး
၁။ မိုးရေခံ သင်္ကန်း၏ မိမိအတွက် ဖြစ်ခြင်း၊
၂။ အခါ မဟုတ်ဘဲ ရှာခြင်း (ပိဋ္ဌိသမယ၌ ရှာခြင် ဟူလို။)၊
၃။ ရခြင်းဟု ရှာမှီးမှုအတွက် အင်္ဂါ၃ ပါး။
၂။ ဝတ်မှုအတွက် အင်္ဂါ ၄ ပါး
၁။ သင်္ကန်းရှိခြင်း
၂။ ဘေးရန် မရှိခြင်း၊
၃။ မိုးရေခံ သင်္ကန်း၏ ကိုယ်ပိုင်ဖြစ်ခြင်း၊
၄။ အခါ မဟုတ်ဘဲ ဝတ်ခြင်းဟု ဝတ်မှုအတွက် အင်္ဂါ ၄ ပါး။
မှတ်ချက်
၁။ ပိဋ္ဌိသမယ၌ ခိုးသူ စသည် လုယူသွား၍ သင်္ကန်းမရှိလျှင် မိုးရေခံ သင်္ကန်းကို ဝတ်ကောင်း၏။
၂။ မိုးရေခံသင်္ကန်းကို မဝတ်ဘဲ ရေချိုးလျှင် ခိုးသူယူသွားဘွယ်ရှိခြင်းသည် ဘေးရန်တည်း။ ထိုသို့ ခိုးသူ ဘေးရန် ရှိလျှင် မိုးရေခံ သင်္ကန်းကို ပိဋ္ဌိသမယ၌လည်း ဝတ်ကောင်း၏။ ထို့ကြောင့် မဝတ်ကောင်းသည့် ဘက်၌ (အခြားဝတ်ဘွယ်) သင်္ကန်းရှိခြင်း၊ ဘေးရန် မရှိ ခြင်းဟု အင်္ဂါ ၂ ပါးကို ထည့်ရသည်။
[ဆောင်]
မိမိတွက်တာ, ချိန်အခါလည်း, မဟုတ်ပါဘိ, ဘွေရှာမိလျှင်း, ရရှိခြင်း ဟု, ကြောင်းရင်းသုံးချက်, ရှာမှုတွက်တည်း၊ နောက်ဆက် ဝတ်လွှမ်း, အပြစ်ခန်းကား, သင်္ကန်းလည်းရှိ, ဘေးကင်းဘိသား, မိမိလည်းပိုင်, ခါမတိုင်ဘဲ, စွဲကိုင်ဝတ်မှီ, ကြောင်းစုံညီ, သင့်ပြီ ဝဿိက။
နိသဂ္ဂိယပါစိတ် အခန်း (ပတ္တဝဂ်)
၅။ စီဝရအစ္ဆိန္ဒန
ယော ပန ဘိက္ခု ဘိက္ခုဿ သာမံ စီဝရံ ဒတွာ ကပိတော အနတ္တမနော အစ္ဆိန္ဒေယျ ဝါ အစ္ဆိန္ဒာပေယျ ဝါ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။
ယော ပန ဘိက္ခု - သည်၊
ဘိက္ခုဿ - ရဟန်းအား၊
သာမံ – ကိုယ်တိုင်၊
စီဝရံ - သင်္ကန်းကို၊
ဒတွာ - ပေးပြီး၍၊
ကုပိတော - စိတ်ဆိုးသည်၊
အနတ္တမနော - မိမိစိတ်မရှိသည်၊
(ဟုတွာ - ဖြစ်၍၊)
အစ္ဆိန္ဒေယျဝါ - ကိုယ်တိုင်မူလည်း လုယူအံ့၊
အန္တိန္ဒာပေယျဝါ - သူတပါးကိုမူလည်း လုယူစေအံ့၊
တဿ ဘိက္ခု နော နိသဂ္ဂိယံ, ပါစိတိယံ ဟောတိ။
၅။ စီဝရအစ္ဆိန္ဒန
“မိမိ၏ ဝေယျာဝကို ပြုလိမ့်မည်” စသော မျှော်လင့်ချက်ဖြင့် ရဟန်းတပါးအား သင်္ကန်း ပေးပြီးနောက် မျှော်လင့်ချက် မကိုက်၍ စိတ်ဆိုးဆိုးနှင့် ပေးပြီးသင်္ကန်းကို ပြန်၍ ကိုယ်တိုင် လုယူသည်ဖြစ်စေ၊ တယောက်ယောက်ကို လုယူရန် ခိုင်းသည်ဖြစ်စေ နိသဂ္ဂိယပါစိတ်။
အနတ္တမနော
အတ္တနော-မိမိ၏ + မနော-စိတ်တည်း။ အတ္တမနော- မိမိစိတ်။
မိမိစိတ်ဟူသည် ပီတိသုခနှင့်ယှဉ်၍ ကြည်လင် ချမ်းမြသော (မိမိ သဘောကျဖြစ်သော)စိတ်တည်း။
ဒေါမနဿဖြစ်လျင်ကား ထိုစိတ်မျိုး မဖြစ်တော့ချေ။
နတ္ထိ အတ္တမနော ယဿာတိ အနတ္တမနော = မိမိစိတ် မရှိသူ၊ ပီတိ သုခနှင့် ယှဉ်၍ ကြည်လင်သောစိတ် မရှိသူတည်း။
အင်္ဂါ ၅ ပါး
၁။ အဓိဋ္ဌာန် ဝိကပ္ပနာ လောက်သော အဝတ်သင်္ကန်း ဖြစ်ခြင်း၊
၂။ ကိုယ်တိုင်ပေးခြင်း၊
၃။ ကိုယ့်ဥစ္စာဟု အမှတ်ရှိသေးခြင်း၊
၄။ အလုခံရသူက ရဟန်းဖြစ်ခြင်း၊
၅။ စိတ်ဆိုး၍ လုခြင်း - ၅ ပါးတည်း။
မှတ်ချက်
၂။ ကိုယ်တိုင်ပေးပြီး ပြန်လုယူမှ အပြစ်ရှိသည်။
ကိုယ်တိုင် မပေးဘဲ သူများပေးလိုက်သည်ကို ပြန်ယူက အပြစ်မရှိ။
၃။ မိမိနှင့် ဆိုင်သေးသည်ဟု ထင်၍ သကသညာဖြင့် လုယူမှသာ နိသဂ္ဂိယ။
သူပိုင်မှန်း သိလျက် လုယူရာ၌ကား တန်ဖိုးလိုက်၍ ပါရာဇိကအထိ ဆုံးဖြတ်ခွင့် ရှိသည်။
၄။ ရဟန်း၏သင်္ကန်းကို လုယူမှ နိသဂ္ဂ ထိုက်သည်။
ရဟန်း၏ အခြားဥစ္စာကို၎င်း၊ သူသာမဏေ၏ ဥစ္စာအားလုံးကို၎င်း (ပေးပြီးနောက်) ပြန်၍လုယူရာ၌ ဒုက္ကဋ်ဟု မှတ်ပါ။
[ဆောင်]
ဝိကပ်လောက်လစ်, သင်္ကန်းဖြစ်ရေး, ကိုယ်တိုင် ပေး၍, ထင်ကြေး ကိုယ့်ဟာ, မကင်းပါဘဲ, ဥစ္စာရှင်မူ, ရဟန်းဟူသား, လုယူ လုစေ, အင်ငါးထွေ, သင့်လေ အစ္ဆိန္ဒ။
နိသဂ္ဂိယပါစိတ် အခန်း (ပတ္တဝဂ်)
၆။ သုတ္တဝိညတ္တိ သိက္ခာပုဒ်
ယော ပန ဘိက္ခု သာမံ သုတ္တံ ဝိညာပေတွာ တန္တဝါယေဟိ စီဝရံ ဝါယာပေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။
ယော ပန ဘိက္ခု - သည်၊
သာမံ - ကိုယ်တိုင်၊
သုတ္တံ - ချည်ကို၊
ဝိညာပေတွာ - တောင်း၍၊
တန္တဝါယေဟိ - ယက်ကန်းသည်တို့သည် (ဓာတ်ကတ္တား)၊
ဝါ - ယက်ကန်းသည်တို့ကို (ကာရိတ်ကံ)၊
စီဝရံ - သင်္ကန်းကို၊
ဝါယာပေယျ - ရက်စေအံ့၊
တဿ ဘိက္ခုနော နိသဂ္ဂိယံ, ပါစိတ္တိယံ ဟောတိ။
၆။ သုတ္တဝိညတ္တိ
ဉာတိပဝါရိတ မဟုတ်သူ့ထံ ကိုယ်တိုင် ချည်တို့ကို (မအပ်သောနည်းဖြင့်) တောင်း၍ ထို ချည်တို့ကိုပင် ဉာတိပဝါရိတ မဟုတ်သော ယက်ကန်းသည်တို့ကို မအပ်သောနည်းဖြင့် အရက်ခိုင်းလျှင် နိသဂ္ဂိယပါစိတ်။
မှတ်ချက်
ကာယဝိညတ်ဖြင့် ထိုသူ့အနီးသို့သွား၍ ရပ်ပြီးလျှင် “ဘာအလိုရှိပါတုံး ဘုရား”ဟု မေးမှ အလိုရှိရာ ပြောခြင်းသည် အပ်၏။ ထိုသို့ ပြောခြင်း မဟုတ်ဘဲ “ချည်ကိုလှူစမ်းပါ၊ ယက်ကန်း ရက်ပေးစမ်းပါ”စသည်ဖြင့် တောင်းခြင်း ခိုင်းခြင်းကို “မအပ်သောတောင်းခြင်း၊ ခိုင်းခြင်း”ဟု ဆိုလိုသည်။
သုတ္တ အရ “ခေါမ” စသော ချည် ၆ မျိုးနှင့် ထိုချည်တို့ အားလျော်သော ချည်အမျိုးမျိုးတည်း။
အင်္ဂါ ၃ ပါး
၁။ သင်္ကန်းရက်ရန် တောင်းအပ်သော ချည်ဖြစ်ခြင်း၊
၂။ မိမိအတွက်ဖြစ်ခြင်း၊
၃။ မခိုင်းကောင်းသော (ဉာတိပဝါရိတ မဟုတ်သော) ယက်ကန်းသည်ကို မအပ်သောနည်းဖြင့် ရက်စေခြင်း တည်း။
[အပ်သော နည်းဖြင့် တောင်းအပ်သောချည်ကို မအပ်သောနည်းဖြင့် ရက်စေမှ နိသဂ္ဂိထိုက်သည်။
ချည်က ဖြစ်စေ၊ ယက်ကန်းသည်က ဖြစ်စေ တဘက်ဘက်က အပ်နေသေးလျှင် ဒုက္ကဋ်။]
မှတ်ချက်
သင်္ကန်းဟူရာ၌လည်း အဓိဋ္ဌာန်ဝိကပ္ပနာလောက်၍ အလျား တတောင်၊ အနံ တထွာရှိသော အဝတ်တည်း။ အလျား ၂ တောင်၊ အနံ ၂ထွာ ရှိလျှင် နိသဂ္ဂိ ၂ ချက် စသည်ဖြင့် အတောင် အထွာများလျှင် များသလောက် အာပတ်တိုး၍ တတောင်တထွာ မပြည့်သေးသော သင်္ကန်းသား အတွက် ဒုက္ကဋ် ချည်းဟု မှတ်ပါ။
[ဆောင်]
တောင်းအပ်သည့်ချည်, ကိုယ့်ဘို့ရည်သား, ရက်သည့်သူ့ကပ်, နည်း မအပ်ဖြင့်, ရက်လတ်စေမူ, အင် သုံးဆူ, မှတ်ယူ သုတ္တ ဝိညတ္တိ။
လေ့ကျင့်ခန်း မေးခွန်းများ
က။ အဘယ်သင်္ကန်းကို မိုးရေခံသင်္ကန်း ဟု ခေါ်သနည်း။
ခ။ “မာသော သေသော ဂိမှာနံ” စသည်၌ မာသနှင့် အဍ္ဎမာသတို့ဟူသည် အဘယ်လ အဘယ် ရက်များပါနည်း။
ဂ။ ထိုမာသနှင့် အဍ္ဎမာသတို့ အတွင်း၌သာ ရှာနိုင်၊ ချုပ်ဆိုးနိုင်ပါသလော။
ဃ။ မိုးရေခံသင်္ကန်း ရှာရာခေတ်၊ ချုပ်ဆိုးရာခေတ်များကို ပိုင်းခြားပြပါ။
င။ မိုးရေခံသင်္ကန်းနှင့်စပ်၍ ပရိယေသနခေတ်စသော ခေတ်ကာလ ၄မျိုး ကို ပိုင်းခြားပြပါ။
စ။”ဩရေန ဝေ ၊ပေ၊ ပရိယေသေယျ ၊ပေ၊ နိဝါသေယျ” တို့၌ ဩရေန ၂မျိုး အရ ယူရမည့်ရက်များကို ခွဲခြားပြပါ။
ဆ။ ပိဋ္ဌိသမယ၊ ကုစ္ဆိသမယ ၂ မျိုးကို ခွဲခြားပြပါ။
ဇ။ ဝဿိကသာဋိကာကို ရှာမှီးမှုအတွက် အင်္ဂါ ၃ ပါးကို ပြပါ။
ဈ။ ဝဿိကသာဋိကာကို ဝတ်မှုအတွက် အင်္ဂါ ၄ ပါးကို ပြပါ။
ဉ။ စီဝရအစ္ဆိန္ဒန သိက္ခာပုဒ်၏ အင်္ဂါကို ပြပါ။
ဋ။ ရဟန်း၏ (စီဝရမှတပါး) အခြားပစ္စည်းကို လုယူလျှင် မည်သည့်အာပတ် သင့်သည်ဟု ဆုံးဖြတ်ပါ။
ဌ။ သုတ္တဝိညတ္တိ သိက္ခာပုဒ်ဝယ် ဉာတိပဝါရိတ မဟုတ်သူ၏ အထံ၌ မအပ်သော တောင်းနည်းနှင့် အပ်သောတောင်းနည်း ၂ မျိုးကို ခွဲခြား၍ပြပါ။
ဍ။ ချည်က ဖြစ်စေ၊ ယက်ကန်းသည်က ဖြစ်စေ တဘက်ဘက်က အပ်နေလျှင် အဘယ်အာပတ် သင့်သနည်း။
ဎ။ အလျား တတောင်အထက် အနံ တထွာအထက် ရှည်လျှင် ဘယ်အခါ၌ အဘယ်အာပတ် သင့်သနည်း။
ဏ။ ထိုသုတ္တဝိညတ္တိ သိက္ခာပုဒ်အရ ရက်စေရာ၌ သင်္ကန်းပြီးမှ အာပတ်သင့်သလော၊ မည်မျှပြီးလျှင် အာပတ်သင့်ပါသနည်း။
နိသဂ္ဂိယပါစိတ် အခန်း (ပတ္တဝဂ်)
၇။ မဟာပေသကာရ သိက္ခာပုဒ်
ဘိက္ခုံ ပနေဝ ဥဒ္ဒိဿ အညာတကော ဂဟပတိ ဝါ ဂဟတာနီ ဝါ တန္တဝါယေဟိ စီဝရံ ဝါယာပေယျ၊ တတြ စေ သော ဘိက္ခု ပုဗ္ဗေ အပ္ပဝါရိတော တန္တဝါယေ ဥပသင်္ကမိတွာ စီဝရေ ဝိကပ္ပံ အာပဇ္ဇေယျ “ဣဒံ ခေါ အာဝုသော စီဝရံ မံ ဥဒ္ဒိဿ ဝိယျတိ၊ အာယတဉ္စ ကရောထ၊ ဝိတ္ထတဉ္စ အပ္ပိတဉ္စ သုဝီတဉ္စ သုပ္ပဝါယိတဉ္စ သုဝိလေခိတဉ္စ သုဝိတစ္ဆိတဉ္စ ကရောထ၊ အပ္ပေ၀ နာမ မယမ္ပိ အာယသ္မန္တာနံ ကိဉ္စိမတ္တံ အနုပဇ္ဇေယျာမာ”တိ။ ဧဝဉ္စ သော ဘိက္ခု ဝတွာ ကိဉ္စိမတ္တံ အနုပဇ္ဇေယျ အန္တမသော ပိဏ္ဍပါတမတ္တမ္ပိ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။
ဘိက္ခု ဥဒ္ဒိဿ = ရဟန်းကို ရည်စူး၍၊
အညာတကော = ဆွေမျိုး မတော်သော၊
ဂဟပတိဝါ = အိမ့်ရှင် ယောက်ျားသည်သော်၎င်း၊
ဂဟပတာနိ ဝါ = အိမ့်ရှင်မသည်သော်၎င်း၊
တန္တ ဝါယေတိ = ယက်ကန်းသည်တို့သည်၊
ဝါ = တို့ကို၊
စီဝရံ = သင်္ကန်းကို၊
ဝါယာပေယျ = ရက်စေအံ့၊
တတြ = ထို ထို ရက်ကန်းသည်တို့ ရွာနိဂုံးသို့၊
သော ဘိက္ခု = ထိုရဟန်းသည်၊
ပုဗ္ဗေ = ရှေး၌၊
အပ္ပဝါရိတော = အလှူရှင်တို့က မဖိတ်အပ်ဘဲ၊
တန္တဝါယေ = ယက်ကန်းသည်တို့သို့၊
ဥပသင်္ကမိတွာ စီဝရေ ဝိကပ္ပံ အာပဇ္ဇေယျ (ကိံ)၊
(ဥပက္ခဋ္ဌသိက္ခာပုဒ် ပြန်ကြည့်။)
အာဝုသော = ဒါယကာတို့၊
ဣဒံ စီဝရံ = ဤသင်္ကန်းကို၊
မံ = ငါ့ကို၊
ဥဒ္ဒိဿ = ရည်စူး၍၊
ဝီယျတိ = ရက်အပ်၏၊
အာယတဉ္စ = အလျား ရှည်သည်ကိုလည်း၊
ကရောထ = ပြုကုန်လော၊
ဝိတ္ထတဉ္စ = အနံ ပြန့်သည်ကိုလည်း၊
ကရောထ = လော၊
အပ္ပိတဉ္စ = ပိတ်ပိတ်သဲသဲ တခဲနက်ကိုလည်း၊
ကရောထ = လော၊
သုဝီတဉ္စ = ကောင်းစွာအညီ ရက်အပ်သည်ကိုလည်း၊
ကရောထ = လော၊
သုပ္ပဝါယိတဉ္စ = ကောင်းစွာအညီ ဖြန့် အပ် သည် ကို လည်း၊
ကရောထ = လော၊
သုဝိလေခိတဉ္စ = ကောင်းစွာမှန်မှန် နယ်ဖြင့် ကန်အပ်သည်ကိုလည်း၊
ကရောထ = လော၊
သုဝိတစ္ဆိတဉ္စ = ကောင်းစွာ ဘီးဖြင့် ပြီးအပ်သည်ကိုလည်း၊
ကရောထ = ပြုကြကုန်လော၊
မယမ္ပိ = ငါတို့သည်လည်း၊
အာယသ္မန္တာနံ = ဒါယကာတို့အား၊
ကိဉ္စိမတ္တံ = စိုးစဉ်း အနည်းငယ်မျှကို၊
အပ္ပေဝနာမ အနုပ ဒဇ္ဇေယျာမ = နောက်ထပ် ပေးနိုင်ကုန်တန်ရာ၏၊
ဣတိ = ဤသို့ စီမံအံ့။
ဧဝဉ္စ = ဤသို့လျှင်၊
သော ဘိက္ခု = ထိုရဟန်းသည်၊
ဝတွာ = ပြောဆိုပြီး၍၊
ကိဉ္စိမတ္တံ = စိုးစဉ်းအနည်းငယ်မျှကို၊
အန္တမသော = အောက်ထစ်ဆုံးအားဖြင့်၊
ပိဏ္ဍပါတမတ္တံပိ = ဆွမ်းမျှကိုလည်း၊
အနုပဇ္ဇေယျ = နောက်ထပ် ပေးအံ့၊
တဿ ဘိက္ခုနော နိသဂ္ဂိယံ, ပါစိတ္တိယံ ဟောတိ။
၇။ မဟာပေသကာရ
ပေသကာရနှင့် တန္တဝါယသည် “ယက်ကန်းသည်” ဟူသော အနက်ဟောချင်း တူ၏။ ရှေ့သိက္ခာပုဒ်လည်း ယက်ကန်းသည် နှင့်စပ်။ ဤသိက္ခာပုဒ်လည်း ယက်ကန်းသည်နှင့် စပ်ရာဝယ် ဤသိက္ခာပုဒ်က ကျယ်သောကြောင့် “မဟာပေသကာရ”ဟု နာမည်တပ်သည်။ သင်္ကန်း လှူမည့် အလှူရှင်က မဖိတ်ဘဲ ယက်ကန်းသည်ထံ သွားလျက် နဂို ရည်မှန်းထားသော ချည်ထက် ပိုလွန်အောင် စီမံခြင်းကြောင့် ထိုသင်္ကန်း နိသဂ္ဂိထိုက်၏။
ဣဒံ ခေါ ၊ပေ၊ အနုပဒဇ္ဇေယျာမ
ဤဝါကျကား ရဟန်း၏ စီမံပုံ အခြင်းအရာကိုပြသော ဝါကျတည်း။
ဤသင်္ကန်းသည် ငါ့ကိုရည်စူး၍ ရက်အပ်သော သင်္ကန်းတည်း။ ထို့ကြောင့် အလျား ရှည်ရှည်၊ အနံပြန့်ပြန့်၊ ပိတ်ပိတ်သဲသဲ၊ တခဲနက်ဖြစ်အောင် ရက်ပါ၊ ညီညီလည်း ရက်ပါ၊ ယက်ကန်းစင်ပေါ်၌ ဖြန့်သည့် အခါလည်း ညီညီညွတ်ညွတ် ဖြန့်ပါ၊ နယ်ဖြင့်လည်း ကောင်းစွာ ကန်ပါ၊ ဘီးဖြင့်လည်း ကောင်းစွာဖြီးပါ၊ ငါတို့ကလည်း ဒကာတို့အား နဲနဲပါးပါး လက်ခ ထပ်၍ ပေးနိူင်ကောင်းပါရဲ့ ဟူလို။
ဤသို့ ပြောဆို စီမံရာ၌ အလျားရှည်မှု၊ အနံ ပြန့်မှု၊ ပိတ်ပိတ်သဲသဲ ဖြစ်မှုတို့အတွက် နဂို ရည်မှန်းအပ်သော ချည်ထက် ပို၍ ချည်ကုန်ဘွယ်ရှိ၏။ ထိုသို့ ချည်ကုန်သည့်အတွက် နိသဂ္ဂိ ဖြစ်ရသည်။ ရဟန်းက ဆွမ်း အစရှိသော ယက်ကန်းလက်ခကို ထပ်၍ ပေးမှုကြောင့် နိသဂ္ဂိ ဖြစ်သည် မဟုတ်၊ နောက်ထပ် မပေးစေကာမူ ချည်ပို၍ ကုန်လျှင် နိသဂ္ဂိ ထိုက်သည်ပင်။
မှတ်ချက်
“အပ္ပိတ” အရ “ထူထဲ” ဟု ပေးကြ၏။ ထူခြင်းကား အကောင်းမဟုတ် အသားကျစ်၍ ပိတ်ပိတ်သဲသဲ ရှိခြင်းသာ ကောင်းသည်။ ယက်ကန်း ရက်သည့်အခါ ပြုပြင်အပ်ပြီးသော ချည်ကို ယက်ကန်းစင်ပေါ်၌ ဖြန့်ရသည်။ ၎င်းကို ပါဠိလို “ပဝါယိတ” ဟု ခေါ်၏။
ထိုသို့ ဖြန့်ပြီးနောက် ရက်သည့်အခါ ရက်အပ်ပြီးသော ယက်ကန်းသားတို့ကို အတွင်းသို့ မကျုံ့ဝင်စေခြင်းငှာ အဖျား၌ အချွန်ကလေး တခုစီ တပ်အပ်သော ဒုတ် ၂ ချောင်းကို ကန့်လန့်ကြက်ခြေဖြစ်စေ၊ လေးကိုင်း ကဲ့သို့ဖြစ်စေ ထား၍ သံချွန်ကလေးများကို ယက်ကန်းသား အနား၌ ထိုးထားပြီးလျှင် တွန်းကန် ပေးရသည်။ ထို သံချွန် ဒုတ် ၂ ချောင်းကို ပါဠိလို “လေခနီ = ယက်ကန်းသား အနားကို ခြစ်ထားကြောင်းဒုတ်”ဟု ခေါ်၍ မြန်မာလို “နယ်”ဟု ခေါ်၏။
[အနုပဒဇ္ဇေယျာမ၌ အနုကား “နောက်ထပ်” အနက်ဟောတည်း။
အပ္ပေဝနာမကား “သံသယ= ပေးဘို့ရန် မသေချာခြင်း” အနက်ဟောတည်း။]
အင်္ဂါ ၄ ပါး
၁။ ဉာတိပဝါရိတ မဟုတ်သော အလှူ့ရှင်တို့ အရက်ခိုင်းအပ်သော ယက်ကန်းသည်ထံ ချဉ်းကပ်၍ ပိုလွန်အောင် စီမံခြင်း
၂။ မိမိတို့ ဖြစ်ခြင်း၊
၃။ စီမံမှုကြောင့် ချည်ပိုကုန်ခြင်း၊
၄။ သင်္ကန်းရခြင်း ၄ ပါးတည်း။
[ဆောင်]
ပဝါရိနှင့်, ဉာတိမဟူ, ထိုသူခိုင်းအပ်, ရက်သူ့ကပ်၍, ထူးမြတ်စေမှု, စီမံပြု၏, မိမိဘို့တုံ, ချည်ပိုကုန်လျှင်း, ရရှိခြင်းဟု, ကြောင်းရင်း လေးဖြာ, အင်ညီညာ, မဟာပေသ သင့်။
နိသဂ္ဂိယပါစိတ် အခန်း (ပတ္တဝဂ်)
၈။ အစ္စေကစီဝရ သိက္ခာပုဒ်
ဒသာဟာနာဂတံ ကတ္တိကတေမာသိကပုဏ္ဏမံ ဘိက္ခုနော ပနေဝ အစ္စေကစီဝရံ ဥပ္ပဇ္ဇေယျ၊ အစ္စေကံ မညမာနေန ဘိက္ခုနာ ပဋိဂ္ဂဟေတဗ္ဗံ၊ ပဋိဂ္ဂဟေတွာ ယာဝ စီဝရကာလသမယံ နိက္ခိပိတဗ္ဗံ။ တတော စေ ဥတ္တရိ နိက္ခိပေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။
ဒသာဟာနာဂတံ = ဆယ်ရက်သည် မရောက်အပ်သေးသော၊
ကတ္တိကတေမာသိက ပုဏ္ဏမံ = သီတင်းကျွတ် လပြည့်နေ့၌၊
ဘိက္ခုနော = ရဟန်း၏၊
(ဝါ - ရဟန်းဘို့၊)
အစ္စေကစီဝရံ = အဆောတလျင်သင်္ကန်းသည်၊
ဥပ္ပဇ္ဇေယျ = ဖြစ်အံ့၊
အစ္စေကံ = အဆောတလျင်သင်္ကန်း ဟူ၍၊
မညမာနေန = သိသော၊
ဘိက္ခုနာ = ရဟန်းသည်၊
ပတိဂ္ဂဟေတဗ္ဗံ = ခံယူအပ် ခံယူနိုင်၏၊
ပတိဂ္ဂဟေတွာ = ခံယူပြီး၍၊
ယာဝ စီဝရကာလ သမယံ = သင်္ကန်းကာလ သမယ ကုန်အောင်၊
နိက္ခိပိတဗ္ဗံ = ထားအပ် ထားနိုင်၏၊
တတော = ထိုသင်္ကန်း ကာလထက်၊
ဥတ္တရိ = အလွန်၊
စေ နိက္ခိပေယျ = အကယ်၍ ထားအံ့၊
တဿ ဘိက္ခုနော = ၏၊
(တံ စီဝရံ = ကို၊)
နိသဂ္ဂိယံ = စွန့်အပ် စွန့်ထိုက်၏၊
ပါစိတ္တိယံ = သည်လည်း၊
ဟောတိ။
၈။ အစ္စေကစီဝရ
ဤ သိက္ခာပုဒ်ကား သီတင်းကျွတ်လ မပြည့်မီ ၁ဝ ရက်အတွင်း၌ အစ္စေကသင်္ကန်းရလျှင် ထိုသင်္ကန်းကို အစ္စေက သင်္ကန်းဟု သိသော ရဟန်းသည် ခံယူနိူင်ကြောင်း၊ ခံယူပြီးနောက် သင်္ကန်းကာလ ကုန်အောင် အဓိဋ္ဌာန် ဝိကပ္ပနာမပြုဘဲ ထားနိုင်ကြောင်းကို၎င်း၊ ထို့ထက် အလွန် အဓိဋ္ဌာန် ဝိကပ္ပနာ မပြုဘဲထားလျှင် နိသဂ္ဂိပါစိတ် ဟု၎င်း ပညတ်တော်မူအပ်သော သိက္ခာပုဒ်တည်း။ သင်္ကန်း လှူရိုးလှူစဉ်ဖြစ်သော သီတင်းကျွတ် လပြည့်ကျော်သို့ မရောက်သေးခင် အရေးတကြီး လှူအပ်သောကြောင့် “အစ္စေက သင်္ကန်း”ဟု ခေါ်သည်။
ဒသာဟ ၊ပေ၊ ပုဏ္ဏမံ
ဒသာဟ = ဆယ်ရက် + အနာဂတ = မရောက်အပ်သေး၊
ကတ္တိက = ပထမ ကြတ္တိကာနက္ခတ်နှင့် စန်းယှဉ်သော +
တေမာသိက = မိုး ၃ လနှင့်ယှဉ်သော (မိုး ၃ လ အဆုံးဖြစ်သော) +
ပုဏ္ဏမာ = လပြည့်နေ့၊
(သီတင်းကျွတ် လပြည့်နေ့ ဟူလို။)
“ဆယ်ရက်သည် မရောက်အပ်သေးသော သီတင်းကျွတ်လပြည့်” ဟူရာ၌ လပြည့်ဘို့ရန် လိုသေးသော သီတင်းကျွတ် လဆန်း ၅ ရက်မှ ၁၄ ရက် အထိတည်း၊
မှတ်ချက်
ဤ “ဒသာဟာနာဂတံ ကတ္တိကတေမာသိက ပုဏ္ဏမံ” တို့၌ ဒုတိယဝိဘတ်ကို သတ္တမီအနက်မှာ သက်ဟု ဆို၏။ သို့သော် ရိုးရိုး သတ္တမီ မဟုတ်၊ အစ္စန္တသံယောဂ သဘော ပါသော သတ္တမီတည်း။ ထို့ကြောင့် “သီတင်းကျွတ် လပြည့် မတိုင်မီ ဆယ်ရက်ပတ်လုံး၌ အစ္စေကသင်္ကန်း ဖြစ်ပေါ်လာအံ့”ဟု ဆိုလိုသည်ဟု မှတ်ပါ။
အစ္စေကစီဝရံ
၁-ခရီးသွားမည့်သူ၊ ၂-ကိုယ်ဝန်ရှိသူ၊ ၃-မကျန်းမာသူ၊ ၄-တရားနာရခြင်း စသည်ကြောင့် ရုတ်တရက် သဒ္ဓါဖြစ်သူ၊ ဤအလှူ့ရှင် များတွင် ရှေ့ ၃ မျိုးက အသက်အတွက် စိုးရိမ်ခြင်းစသည်ကြောင့်၊ နောက်ဆုံး တမျိုးက ထူးခြားစွာဖြစ်ပေါ်လာသော သဒ္ဓါတရားကြောင့် အရေးတကြီးပင့်၍ ဖြစ်စေ၊ ရဟန်းအထံသို့ ကိုယ်တိုင် လာ၍ဖြစ်စေ “ဝဿာဝါသိကံ ဒမ္မိ = ဝါဆိုသင်္ကန်း လှူပါ၏” ဟု လျှောက်၍ လှူအပ်သော သင်္ကန်းကို “အစ္စေကသင်္ကန်း”ဟု ခေါ်သည်။
[ဆောင်]
ခရီးသွားမည်, ဂဗ္ဘိနီနှင့်, မအီမကျန်း, သဒ္ဓါစွမ်းကြောင့်, ရဟန်းထံရင်း, ရုတ်ချင်းပင့်ကာ, လာတန် လာ၍, ဝဿာဝါသိ, ဒဿာမိဟု, ဆိုဘိလှူဒါန်း, ထိုသင်္ကန်း, ခေါ်မှန်း အစ္စေက။
ဥပ္ပဇ္ဇေယျ
ဝါတွင်း၌ ဝါကပ်နေသော သံဃာ၊ ဂိုဏ်း၊ ပုဂ္ဂိုလ်အား ဝဿာဝါသိက သင်္ကန်းလှူလျှင် သံဃာမှ၊ သို့မဟုတ် ဂိုဏ်းမှ ဝေစုရ၍ ဖြစ်စေ၊ မိမိအား တိုက်ရိုက်လှူသည်ဖြစ်စေ တနည်းနည်းဖြင့် ရခြင်းကို “ဥပ္ပဇ္ဇေယျ” ဟု ဆိုသည်။
ထိုသို့ ရရာ၌ သီတင်းကျွတ်လဆန်း ၅ ရက် မတိုင်မီ ရအပ်သော သင်္ကန်းအတွက် ဤသိက္ခာပုဒ်က အထူး လွတ်လပ်ခွင့် မပေးနိူင်၊ (ပထမကထိန သိက္ခာပုဒ်အရ) ဆယ်ရက် မလွန်ခင် အဓိဋ္ဌာန်ဝိကပ္ပနာ တခုခု ပြုထားရမည်။ သီတင်းကျွတ်လဆန်း ၅ ရက်နေ့၌ ရအပ်သော အစ္စေက သင်္ကန်းအတွက်သာ ဤ သိက္ခာပုဒ်အရ လွတ်လပ်ခွင့် တရက် ပိုရသည်။
ထင်ရှားစေအံ့ ...
၅ ရက်နေ့ရအပ်သော သင်္ကန်းသည် ၆ ရက် တအရုဏ် စသည်ဖြင့်တွက်လျှင် လပြည့်နေ့၌ ၁ဝ အရုဏ် ရနေပြီ။ ထို လပြည့်နေ့ည အရုဏ်တက်လျှင် ၁၁ အရုဏ်မြောက် ဖြစ်၍ အခြားသင်္ကန်း ထုံးစံအတိုင်း ဆိုသော် နိသဂ္ဂိထိုက်ရတော့မည်။ သို့သော် (ဤသိက္ခာပုဒ်၏ ခွင့်ပြုချက်အရ) နိသဂ္ဂိ မထိုက်။
ဆက်ဦးအံ့ -
ထို သီတင်းကျွတ်လဆန်း ၅ ရက်နေ့၌ ဝဿာဝါသိက သင်္ကန်းကိုပင် ရစေကာမူ အစ္စေက မဟုတ်ဘဲ ဖြေးဖြေးသက်သာ ရိုးရာလှူနေကျ လှူဒါန်းအပ်သော သင်္ကန်းဖြစ်လျှင် ဤ အစောင့်အရှောက် မရ၊ လပြည့်နေ့ည အရုဏ်တက်လျှင် နိသဂ္ဂိဖြစ်မည်။
လဆန်း ၆ ရက်မှ စ၍ရသော သင်္ကန်းများကား အစ္စေကသင်္ကန်း ဟုတ်ဟုတ်-မဟုတ်ဟုတ် ၁၁ ရက်မြောက် အရုဏ်မှာ သင်္ကန်းထားခွင့်ရသော ကာလ၌ အရုဏ်တက်သောကြောင့် နိသဋ္ဌိ မဖြစ်နိုင်။
ထို့ကြောင့် ဤသိက္ခာပုဒ်သည် ပထမ ကထိနသိက္ခာပုဒ် ခွင့်ပြုချက်ထက် လဆန်း ၅ ရက်နေ့ရသော သင်္ကန်း အတွက် တရက်ပို၍ ထားခွင့်ရသောကြောင့် ပထမ ကထိန သိက္ခာပုဒ်၏ အနုပညတ်သဘွယ် ဖြစ်သည်ဟု ဆိုကြသည်။
စီဝရကာလ သမယ
ကာလသဒ္ဒါ၏ အနက်များစွာတွင် ဤနေရာ၌ “အခါ”ဟူသော အနက်ကို ယူစေလို၍ သမယဟု ထပ်ဆိုသည်။ ထို “သင်္ကန်းအခါ” ဟူသည် ကထိန်မခင်းလျှင် သီတင်းကျွတ် လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်း လပြည့်အထိ တလ၊ ကထိန်ခင်းလျှင် တပေါင်း လပြည့်အထိ ၅ လတည်း။
မှတ်ချက်
“ဝဿာဝါသိက” ပုဒ်၏ အနက်ကို “ဝါဆိုသင်္ကန်း” ဟု ပြန်ကြ၏။ ယခုကာလ၌လည်း ဝါမဆိုခင် “ဝါဆိုသင်္ကန်း” ဟု ခေါ်လျက် သင်္ကန်းလှူ ကြ၏။ ကျမ်းဂန်လာ ဝဿာဝါသိကသင်္ကန်းကား ဝါတွင်း၌ ဝါကပ် နေသော ရဟန်းသံဃာအား လှူအပ်သော သင်္ကန်းဖြစ်သည်။
ထိုဝဿာဝါသိက စီဝရသည် အစ္စေကစီဝရ၊ အစ္စေက မဟုတ်သော စီဝရဟု ၂ မျိုးရှိရာ ဝဿာဝါသိက ဖြစ်သော်လည်း အစ္စေက မဟုတ်လျှင်၊ အစ္စေက ဟုတ်သော်လည်း ဝဿာဝါသိက မဟုတ်လျှင်၊ ထို၂ မျိုးလုံး ဟုတ်စေကာမူ သီတင်းကျွတ်လဆန်း ၅ ရက်မှ လပြည့်အတွင်း မဟုတ်လျှင် ဤသိက္ခာပုဒ်နှင့် မဆိုင်။
အင်္ဂါ ၄ ပါး
၁။ ဇာတ်ပမာဏလောက်သော စီဝရ၏ မိမိပိုင်ဖြစ်ခြင်း၊
၂။ သီတင်းကျွတ်လပြည့် မတိုင်မီ ၁ဝ ရက်အတွင်း၌ ရခြင်း၊
၃။ အဓိဋ္ဌာန် ဝိကပ္ပနာ မပြုအပ်ခြင်း၊
၄။ စီဝရကာလကို လွန်အောင်ထားခြင်း၊
အင်္ဂါ ၄ ပါး စုံလျှင် နိသဂ္ဂိယပါစိတ်။
[ဆောင်]
ဇာတ်ပမာဏ, လောက်ငလေရာ, ကိုယ့်ဟာဖြစ်ခြင်း, သီတင်းလ မပြည့်, ဆယ်ရက်၏လျှင်း, ထိုအတွင်းရမှန်, ဓိဋ္ဌာန်ဝိကပ်, မပြုအပ်ဘဲ, လွန်ကဲလေရာ, သင်္ကန်းခါ ဟု, အင်္ဂါလေးလီ, စုံပြည့်ညီ, သင့်ပြီ အစ္စေက။
လေ့ကျင့်ခန်း မေးခွန်းများ
က။ မဟာပေသကာရ သိက္ခာပုဒ်၌ ရဟန်း၏ စီမံပုံ ဝါကျကို ထုတ်ပြပါ။
ခ။ မဟာပေသကာရ သိက္ခာပုဒ်၌ ရဟန်းက ဆွမ်း စသည် ပေးသည့်အတွက် နိသဂ္ဂိထိုက်ရသလော၊ ဘာ့ကြောင့် ထိုက်ပါသနည်း။
ဂ။ အစ္စေက စီဝရဟူသည် မည်ကဲ့သို့သော စီဝရပါနည်း၊
ဃ။ အစ္စေကသင်္ကန်းမဟုတ်သော ဝဿာဝါသိက သင်္ကန်းများကို ပြပါ။
င။ သီတင်းကျွတ်လဆန်း ၅ရက်မတိုင်မီ ရအပ်သော အစ္စေကစီဝရများသည် ဤသိက္ခာပုဒ်အရ ၁၁ ရက် အစောင့်အရှောက် ရနိုင်မည်လော၊ မရလျှင် အဘယ် သိက္ခာပုဒ်အတိုင်း ကျင့်ရမည်နည်း။
နိသဂ္ဂိယပါစိတ် အခန်း (ပတ္တဝဂ်)
၉။ သာသင်္က သိက္ခာပုဒ်
ဥပဝဿံ ခေါ ပန ကတ္တိကပုဏ္ဏမံ ယာနိ ခေါ ပန တာနိ အာရညကာနိ သာသင်္ကသမ္မတာနိ သပ္ပဋိဘယာနိ၊ တထာရူပေသု ဘိက္ခု သေနာသနေသု ဝိဟရန္တော အာကင်္ခမာနော တိဏ္ဏံ စီဝရာနံ အညတရံ စီဝရံ အန္တရဃရေ နိက္ခိပေယျ၊ သိယာ စ တဿ ဘိက္ခုနော ကောစိဒေဝ ပစ္စယော တေန စီဝရေန ဝိပ္ပဝါသာယ၊ ဆာရတ္တပရမံ တေန ဘိက္ခုနာ တေန စီဝရေန ဝိပ္ပဝသိတဗ္ဗံ။ တတော စေ ဥတ္တရိ ဝိပ္ပဝေသေယျ အညတြ ဘိက္ခုသမ္မုတိယာ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။
ဥပဝဿံ = ဝါသို့လည်းကပ် မကျိုးပြတ်အောင် နေလတ်ပြီး၍၊
ကတ္တိကပုဏ္ဏမံ = တန်ဆောင်မုန်း လပြည့်တိုင်အောင်၊
သာသင်္ကသမ္မတာနိ = ယုံမှားဘွယ်ရှိ၏ဟု သမုတ်အပ်ကုန်သော၊
သပ္ပဋိဘယာနိ = ဘေးရန်နှင့်တကွ ဖြစ်ကုန်သော၊
အာရညကာနိ = တောရ ဖြစ်ကုန်သော၊
ယာနိ တာနိ သေနာသနာနိ = အကြင် ကျောင်းတို့သည်၊
(သန္တိ = ရှိကုန်၏၊)
တထာ ရူပေသု = ထိုသို့ သဘောရှိကုန်သော၊
သေနာသနေသု = ကျောင်းတို့၌၊
ဝိဟရန္တာ = နေသော၊
ဘိက္ခု = သည်၊
အာကင်္ခမာနော = ထားလိုလတ်သော်၊
တိဏ္ဏံ = ၃ ထည်ကုန်သော၊
စီဝရာနံ = သင်္ကန်းတို့တွင်၊
အညတရံ = တထည်ထည်သော၊
စီဝရံ = ကို၊
အန္တရဃရေ = ရွာတွင်း၌၊
နိက္ခိပေယျ = ထားနိုင်၏။
စ = ထားနိုင်ရုံသာ မကသေး၊
တဿ ဘိက္ခုနော = ထိုရဟန်း၏၊
တေန စီဝရေန = ထိုသင်္ကန်းနှင့်၊
ဝိပ္ပဝါသာယ = ကင်း၍ နေခြင်းငှာ၊
ကောစိ ဒေဝ = တစုံဘခုသာလျှင်ဖြစ်သော။
ပစ္စယာ = အကြောင်းသည်၊
သိယာ = ရှိအံ့၊
ဆာရတ္တ ပရမံ = ၆ ညဉ့်အလွန် အပိုင်းအခြားရှိသော ကာလပတ်လုံး၊
တေန ဘိက္ခုနာ = ထိုရဟန်းသည်၊
တေန စီဝရေန = ထိုသင်္ကန်းနှင့်၊
ဝိပ္ပဝ သိတဗ္ဗံ = ကင်း၍နေနိုင်၏၊
ဘိက္ခု သမ္မုတိယာ = ဂိလာနရဟန်းအား ပေးအပ်သော သမ္မုတိကို၊
အညတြ = ကြဉ်၍၊
တတော = ထို ၆ ညဉ့်ထက်၊
ဥတ္တရိ = အလွန်၊
စေ ဝိပ္ပဝသေယျ = အကယ်၍ ကင်းနေအံ့၊
တဿ ဘိက္ခုနော နိသဂ္ဂိယံ, ပါစိတ္တိယံ ဟောတိ။
၉။ သာသင်္က
တောကျောင်း ဖြစ်စေ၊ ရွာကျောင်း ဖြစ်စေ ပုရိမဝါ ကပ်၍ မကျိုးမပြတ် နေပြီးနောက် သီတင်းကျွတ် လပြည့်နေ့၌ ပဝါရဏာ ပြုပြီးလျှင် သီတင်းကျွတ်လပြည့်ကျော် ၁ရက်နေ့မှ တန်ဆောင်မုန်း လပြည့်အထိ တလလုံးလုံး သာသင်္ကသပ္ပဋိဘယ ဖြစ်သော တောကျောင်း၌နေသော ရဟန်းသည် သင်္ကန်း ၃ ထည်တွင် တထည်ထည်ကို အနီးအပါး ဆွမ်းခံရွာ၌ ထားသိုလျှင် ထားနိုင်၏။
(ထို သင်္ကန်းနှင့် တလလုံးလုံး ညဉ့်ကင်းနေသော်လည်း အနီးအပါး ဆွမ်းခံရွာမှာပင် သင်္ကန်း ရှိသောကြောင့် ညဉ့်ကင်းရာ မရောက် နိသဂ္ဂိ မထိုက် ဟူလို။)
ထို့ပြင် ထို နေမြဲ တောကျောင်းမှ အခြားကျောင်းသို့ ကိစ္စရှိ၍ သွားရသည့် အတွက် ထိုသင်္ကန်းနှင့် လုံးလုံး ကင်းနေခွင့် ကြုံပြန်လျှင် ၆ညဉ့်အထိ ကင်းနေခွင့်ရ၏။ သမ္မုတိရသူ မဟုတ်ဘဲ ထို ၆ ညဉ့်ထက် ပို၍ ကင်း မနေရ၊ ကင်းနေလျှင် နိသဂ္ဂိထိုက်သည်။
ဥပဝဿံ
“ဥပဝဿ” ဟု ဆိုလိုလျက် နိဂ္ဂဟိတ်လာ၍ “ဥပဝဿံ” ဟု ဖြစ်နေသည်။ ဥပသဒ္ဒါသည် “ကပ်ရောက်ခြင်း (ဝါကပ်ခြင်း)” အနက်ရှိ၍ ဝဿ၌ ဝသဓာတ် တွာပစ္စည်းသည် “နေပြီး (ဝါကျွတ်ပြီး)၍”ဟု အနက်ရှိ၏။ “ဝါသို့လည်း ကပ်သည်၊ ဝါမကျိုးအောင်လည်း နေပြီး ဖြစ်သည်”ဟု ဆိုလိုသည်။
[ဤ “ဥပဝဿံ”ပုဒ်ကို “တထာရူပေသု သေနာသနေသု ဝိဟရန္တော” ၌ စပ်။
ဝါကပ်၍ ဝါကျွတ်ပြီးနောက် ထို တောကျောင်း၌ တန်ဆောင်မုန်း လပြည့်တိုင်အောင် နေသည်”ဟူလို။]
အာရညကာနိ
“အရညေ - တော၌၊ ဇာတာနိ - ဖြစ်သောကျောင်းတို့” နှင့်အညီ တောကျောင်းကို “အာရညက” ဟု ခေါ်၏။ ထို တောရကျောင်းနှင့် ဆိုင်သော “တော”ဟူသည် ရွာ၏ အကာအရံ စည်းရိုး၊ သို့မဟုတ် အရံ ဖြစ်ထိုက်ရာ ခဲတပစ်အရပ်မှ စ၍ ညှို့တင်အပ်ပြီးသော လေးဖြင့် တိုင်းတာလျှင် အနီးဆုံး အပြန်ငါးရာ ကွာဝေးသော တောတည်း။
[လေးဆရာတို့ ကိုင်နေကျ လေးသည် ၄ တောင်နှင့် တထွာရှိ၍ ညှို့တင်လိုက်သည့်အခါ ၄ တောင် ရှိ၏။ ညှို့တင်ပြီးလေးဖြင့် တိုင်းတာရမည် ဖြစ်သောကြောင့် လေးအပြန်ငါးရာဆိုလျှင် “အတောင် ပေါင်း ၂၀၀၀ (နှစ်ထောင်) ဝေးသည်”ဟု မှတ်ပါ။]
သာသင်္က သမ္မတာနိ
[သ = ရှိသည် + အာသင်္က = ယုံမှားဘွယ်၊ သာသင်္က = ယုံမှားဘွယ် ရှိသည်။] ထို တောရကျောင်း၏ အတွင်းမှာ ဖြစ်စေ၊ ကျောင်း၏အနီး ဥပစာမှာ ဖြစ်စေ ခိုးသူတို့ သွားလာ နေထိုင်ရာ အရပ်များကို တွေ့ရသဖြင့် “သင်္ကန်း အပိုကိုလည်း ထို ခိုးသူတို့ ခိုးယူချင် ခိုးယူလိမ့်မည်” ဟု ယုံမှား သံသယ ဖြစ်ဘွယ်ရှိသော ကျောင်းဟု သမုတ်ထားအပ်သည်။
သပ္ပဋိဘယာနိ
[သ = ရှိသည် + ပဋိဘယ = ဘေးရန်။] ခိုးသူတို့ ရိုက်နှက် ပုတ်ခတ် သတ်ဖြတ် လုယူထားအပ်ရာ နေရာကို တွေ့ရသဖြင့် ဘေးအန္တရာယ် မကင်းသော ကျောင်းဖြစ်သည်။
အညတရံ စီဝရံ အန္တရဃရေ နိက္ခိပေယျ
ထိုသို့ သာသင်္ကသပ္ပဋိဘယဖြစ်သော တောရကျောင်းများဝယ် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်မှ စ၍ တန်ဆောင်မုန်းလပြည့်အထိ နေရသော ရဟန်းသည် အပိုသင်္ကန်း တထည်ကို (ခိုးသူအတွက် စိုးရိမ်ရ၍) ရွာတွင်း၌ ထားလိုလျှင် အနီးအပါးရှိ ဆွမ်းခံရွာ အများတွင် မိမိနှစ်သက်ရာ ရွာ၌ ထားနိူင်သည်။
အန္တရဃရေ
“အန္တရေဃရာနိ ဧတ္ထ ဧတဿာတိ ဝါ အန္တရဃရော၊
ဧတ္ထ - ဤရွာ၌၊
ဝါ - တနည်း၊
ဧတဿ - ဤရွာ၏၊
အန္တရေ - လမ်းတို့၏ အကြား၌၊
ဃရာနိ - အိမ်တို့သည်၊
သန္တိ - ရှိကုန်၏၊
ဣတိ အန္တရဃရော”
အရ လမ်းတို့၏ အကြား၌ အိမ်ရှိသော ရွာကို “အန္တရဃရ”ဟု ခေါ်၏။
ဆက်ဦးအံ့ —
(မြန်မာနိူင်ငံ အချို့ အရပ်၌ “ပန်းထိုးကာလ” ခေါ်သော တန်ဆောင်မုန်း လပြည့်ဝယ် အပျော်ခိုးတမ်း ကစားကြသကဲ့သို့ ) ထို့အတူ သီတင်းကျွတ် လပြည့်ကျော်မှ တန်ဆောင်မုန်း လပြည့် အတွင်းဝယ် “ကတ္တိက စောရ” ဟု ခေါ်အပ်သော အပျော်တမ်း သူခိုးတွေ အလွန် ပေါများသတတ်။ ထို့ကြောင့် ထို တလအတွင်း၌ သင်္ကန်းကို ဆွမ်းခံရာ ရွာတွင်း၌ထား၍ ညဉ့်ကင်းခွင့် ပေးတော်မူသည်။
မှတ်ချက်
ထိုသို့ ညဉ့်ကင်းနေသော်လည်း မိမိသင်္ကန်း ပျောက်ပျက်သည်၊ မပျောက်ပျက်သည်ကိုကား နေ့စဉ် သိဘို့ အရေးကြီးသောကြောင့် မိမိ ဆွမ်းခံနေကျ ရွာ၌သာ ထားခွင့်ပြုတော်မူသည်။ ထို့ကြောင့် ထိုသင်္ကန်းထားခွင့် ရသော ရွာသည် တောကျောင်းအင်္ဂါနှင့် ပြည့်စုံအောင် လေး အပြန်ငါးရာ အောက်လည်း မနီးစေရ၊ ဆွမ်းခံသွားနိူင် ပြန်နိူင်လောက်အောင် တဂါဝုတ် ထက်လည်း မဝေးစေရ။
သင်္ကန်းထားခွင့် အင်္ဂါ
၁။ “ဥပဝဿံ” အရ ပုရိမဝါကျွတ်သူ ဖြစ်ခြင်း၊
၂။ “ကတ္တိကပုဏ္ဏမံ” အရ တန်ဆောင်မုန်းလဖြစ်ခြင်း၊
၃။ “အာရညကာနိ”အရ လေး အပြန်ငါးရာထက် မနီးသော တောရကျောင်း ဖြစ်ခြင်း၊
၄။ “သာသင်္ကသမ္မတာနိ သပ္ပဋိဘာနိ” အရ သာသင်္ကသပ္ပဋိဘယ ဖြစ်ခြင်း၊
အင်္ဂါ ၄ ပါး စုံမှ ရွာတွင်း၌ သင်္ကန်းထား၍ ထိုသင်္ကန်းနှင့် ညဉ့်ကင်းနေခွင့် ရသည်။
မှတ်ချက်
သီတင်းကျွတ် လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်းလပြည့် အထိ “ကတ္တိကမာသ = တန်ဆောင်မုန်းလ” ဟု ခေါ်သည်။ မဇ္ဈိမဒေသ ထုံးစံမှာ ကောင်းကင်က လပြည့်လျှင် ခေါ်ဝေါ်နေကျ ဝေါဟာရမာသလည်း ပြည့်တော့သည်။ ထို တန်ဆောင်မုန်းလပြည့် အထိသာ ဤ သိက္ခာပုဒ် အရ သင်္ကန်းထားခွင့်ရသည်။ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်မှစ၍ ထားခွင့် မရတော့ပြီ။
[ဆောင်]
ဝါပုရိမ, ကျွတ်ပြီးမှလျှင်, လ တန်ဆောင်မုန်း, နည်းထုံး ကျန, တောရကျောင်းတွင်း, သာသင်သပ္ပဋိ, လေးအင်ပြည့်မှ, မိမိ ဆွမ်းခံ, ရပ်ရွာထံ, ထားရန် ခွင့်ပြုသည်။
မှတ်ချက်
သီတင်းကျွတ်လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်း လပြည့်အထိ သင်္ကန်းကာလ ဖြစ်၏။ ထို သင်္ကန်း ကာလ၌ပင် သင်္ကန်းနှင့် ညဉ့်ကင်းနေခွင့်ကို တောကျောင်း ဘုန်းကြီးများအတွက် သီးခြား ခွင့်ပြုချက်ကို ထောက်၍ အခြား ပုဂ္ဂိုလ်များမှာ ကထိန့်အာနိသင် မရလျှင် သင်္ကန်းကာလ ဖြစ်စေကာမူ တိစီဝရိတ် အဓိဋ္ဌာန်တင်အပ်သော သင်္ကန်းနှင့် ညဉ့်မကင်းရဟု မှတ်ပါ။
သိယာစ ၊ပေ၊ ဝိပ္ပဝသိတဗ္ဗံ
ဤဝါကျကား “ထို တလလုံးလုံး နေရာ တောကျောင်းမှ အခြားကျောင်းသို့ ကိစ္စရှိ၍ ညဉ့်အိပ်သွားရသဖြင့် ထိုသင်္ကန်း နှင့် ကင်းနေခွင့် ကြုံလျှင် ၆ ညဉ့်အထိ ကင်းနေနိုင်သေးကြောင်းကို” ပြသော ဝါကျတည်း။
တတော စေ ဥတ္တရိ ဝိပ္ပဝသေယျ
ထို ၆ ညဉ့်ထက်ကား အခြားမှာ နေသောအားဖြင့် ညဉ့်မကင်းရတော့ချေ။ မိမိ အမြဲနေရာ တောကျောင်းကို ပြန်နိုင်လျှင် ပြန်လာခဲ့ရမည်။ တောကျောင်းက သင်္ကန်းထားရာ ရွာ၏ အရှေ့ဘက်၌ရှိ၊ ကိစ္စဖြင့် သွားရာ အရပ်က ရွာ့အနောက်ဘက်မှာ ရှိရာ ကိစ္စလည်း မပြီးသေးသဖြင့် မူလကျောင်း ရောက်အောင် မပြန်နိုင်သေးသော် သင်္ကန်းထားရာ ရွာသို့ ရောက်ရုံလာ၍ သင့်လျော်သောနေရာဝယ် နေလျက် ၇ ရက်မြောက် အရုဏ်ကို တက်စေကာ မိမိသင်္ကန်း၏ သတင်းကို နားထောင်ပြီးမှ ကိစ္စ မပြီးသေးရာ အရပ်သို့ ပြန်သွားရမည်။
ထိုကဲ့သို့ မတတ်နိူင်လျှင် သင်္ကန်းကို ပစ္စုဒ္ဓိုရ် ပြု၍လည်း အာပတ်မသင့်အောင် စီမံနိုင်သေး၏။ ထိုသို့ မပြုဘဲ သမ္မုတိရသူလည်း မဟုတ်ဘဲ ၇ ရက်မြောက် အရုဏ်ကို အခြားတရပ်မှာ တက်စေလျှင်ကား ထိုသင်္ကန်း နိသဂ္ဂိ ထိုက်၏။
အမှာ
သမ္မုတိရပုံကို ဒုတိယကထိန သိက္ခာပုဒ်၌ ပြခဲ့ပြီ။
ဤသိက္ခာပုဒ်၏ အဓိပ္ပာယ်မှာ ပါဠိ အဋ္ဌကထာဖြင့် မထင်ရှားသေး၊ ဋီကာများကိုပါ ကြည့်မှ ထင်ရှားမည်။
အင်္ဂါ ၄ ပါး
၁။ တိစီဝရိတ် အဓိဋ္ဌာန်တင်အပ်သော သင်္ကန်းဖြစ်ခြင်း၊
၂။ ကထိန် မခင်းခြင်း၊
၃။ အဝိပ္ပဝါသသမ္မုတိ မရခြင်း၊
၄။ ၆ ညဉ့်ထက် ပို၍ ညဉ့်ကင်းခြင်း
[ဆောင်]
ဒုတိယကထိန, အင်လေးဝတွင်, စတုတ္ထတွက်, ခြောက်ညဉ့်ထက်လျှင်း, ညဉ့်ကင်းခြင်းဟု, လဲလှယ်ပြု, ကြွင်းစု အားလုံးတူ။
နိသဂ္ဂိယပါစိတ် အခန်း (ပတ္တဝဂ်)
၁၀။ ပရိဏတ သိက္ခာပုဒ်
ယော ပန ဘိက္ခု ဇာနံ သံဃိကံ လာဘံ ပရိဏတံ အတ္တနော ပရိဏာမေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။
ယောပန ဘိက္ခု - သည်၊
ဇာနံ - သံဃာသို့ ညွတ်ပြီး ဟုသိလျက်၊
သံဃိကံ - သံဃာ့ဥစ္စာ ဖြစ်သော၊
ပရိဏတံ - သံဃာသို့ ညွတ်ပြီးသော၊
လာဘံ - လာဘ်ကို၊
အတ္တနော - မိမိ၏ အထံသို့၊
ပရိဏာမေယျ - ညွတ်စေအံ့၊
တဿ ဘိက္ခု နော နိသဂ္ဂိယံ, ပါစိတ္တိယံ ဟောတိ။
၁၀။ ပရိဏတ
သံဃာ၌ ညွှတ်ပြီးသော သံဃိကလာဘ်ကို မိမိသို့ ညွတ်စေလျှင် နိသဂ္ဂိပါစိတ် သင့်၏။
[ရှေးခေတ် စာအုပ်တို့၌ “ညွတ်စေအပ်” ဟု ပေးခဲ့၏။ “သံဃဿ နိန္နံ ပေါဏံ ပဗ္ဘာရံ” ဟု ဖွင့်သောကြောင့် သုဒ္ဓ ကတ္တားအနက် ပြင်လိုက်သည်။]
ဆက်ဦးအံ့ ---
“လဗ္ဘတိ-ရအပ်၏” ဟူသော ဝိဂြိုဟ်အရ ရအပ် ရထိုက်သော ဆွမ်းစသောပစ္စည်းနှင့် ဒန်ပူ မြိတ်ဆာချည်မျှင်တိုင်အောင် ပစ္စည်းများကို “လာဘ = လာဘ်” ဟု ခေါ်၏။ ထိုပစ္စည်းများကို “မည်သည့် ကျောင်းတိုက် သံဃာအား လှူမည်၊ သံဃာ့အတွက် ဆောက်လုပ်မည်” စသည်ဖြင့် အလှူရှင်က နှုတ်မြွက် ပြောဘူးလျှင်၊ သို့မဟုတ် လက်ဖြင့် ပြဘူးလျှင် “ပရိဏတ”မည်၏၊ ထိုသို့ နှုတ်မြွက် ပြောဆိုပြီးသည်မှ စ၍ သံဃာ့ထံသို့ မရောက်သေးသော်လည်း “သံဃိက”ဟု ဆိုရတော့သည်။
ဇာနံ အတ္တနော ပရိဏာမေယျ
ထိုသို့ သံဃာ့ထံ ညွတ်ပြီးသော လာဘ်ဖြစ်နေလျှင် မယ်တော့် ပစ္စည်းကိုပင် ဖြစ်စေ မိမိသို့ မညွတ်စေကောင်း ညွတ်စေလျှင် နိသဂ္ဂိ ထိုက်တော့သည်သာ။
မှတ်ချက်
သံဃိကလာဘ်ကို အခြား ပုဂ္ဂိုလ်အား ညွတ်စေရာ၌ ပါစိတ်အာပတ် သင့်ကြောင်းကို နောက်၌ပြလိမ့်မည်။ အခြားတိုက် သံဃာသို့ ညွတ်ပြီး လာဘ်ကို အခြားတတိုက် သံဃာသို့ ဖြစ်စေ၊ စေတီသို့ဖြစ်စေ ညွတ်စေလျှင်၎င်း၊ ပုဂ္ဂိုလ်တပါးသို့ ညွတ်ပြီးလာဘ်ကို သံဃာ၊ စေတီနှင့် အခြား ပုဂ္ဂိုလ်သို့ ညွတ်စေလျှင်၎င်း ဒုက္ကဋ် အာပတ်သင့်၏။ “မည်သည့်နေရာ၌ လှူသင့်ပါသနည်း” ဟု တိုင်ပင်လာလျှင်ကား မိမိသဘောအတိုင်း ညွှန်ပြကောင်း၏။
[ဆောင်]
သံဃာ စေတီ, တလီလီဝယ်, ရွယ်ရည်ပိုင်းခြား, ညွတ်ပြီးသားကို, အခြား သံဃာ, စေတီမှာပင်, ပြောင်းကာညွတ်စေ, တထွေပုဂ္ဂိုလ်, ညွတ်ပြီးကိုလည်း, ပုဂ္ဂိုလ်တခြား, သံဃာများနှင့်, ဘုရားစေတီ, ညွတ်စေမိသော်, သင့်၏ ဒုက္ကဋ်, တိုင်ပင်လတ်မူ, သင့်မြတ်တော်ရာ, ညွှန်ကောင်းပါသည်, ကျမ်းလာ မိန့်ခွန်း အချုပ်တည်း။
နိဂုံးနှင့် အနုဿာဝန
ဥဒ္ဒိဋ္ဌာ ခေါ အာယသ္မန္တော တိံသ နိဿဂ္ဂိယာ ပါစိတ္တိယာ ဓမ္မာ။
အာယသ္မန္တော - တို့၊
တိံသ - သုံးဆယ်သော၊
နိသဂ္ဂိယာ - စွန့်ခြင်း ဝိနည်းကံ ရှိကုန်သော၊
ပါစိတ္တိယာ - ပါစိတ် မည်ကုန်သော၊
ဓမ္မာ - တို့ကို၊
ဥဒ္ဒိဋ္ဌာ - ကုန်ပြီ၊
တတ္ထ - ထို နိသဂ္ဂိယပါစိတ် အာပတ်တို့၌၊
(စသည်ဖြင့် အနက်ဆို၊)
ဣတိ - အပြီးတည်း။
နိသဂ္ဂိယာ - န်သော၊
ပါစိတ္တိယာ - တို့သည်၊
နိဋ္ဌိတာ - န်ပြီ။
အင်္ဂါ ၃ ပါး
- ၁။ သံဃာ၌ ညွတ်ပြီးဖြစ်ခြင်း၊
- ၂။ သံဃာ၌ ညွတ်ပြီးမှန်း သိလျက် မိမိသို့ ညွတ်စေခြင်း၊
- ၃။ ရခြင်း၊
အားဖြင့် အင်္ဂါ ၃ ပါး ရှိသည်။
[ဆောင်]
သံဃာရည်မှတ်, ညွတ်လတ်ပြီးဘိ, သိလည်း သိလျက်, မိမိညွတ်စေ, ရရှိလေ, သုံးထွေအင်္ဂ ပရိဏဘ။
လေ့ကျင့်ခန်း မေးခွန်းများ
က။ သာသင်္က သိက္ခာပုဒ်၌ မြန်မာလို ဆိုလိုရင်း အချုပ်ကို ပြပါ။
ခ။ ဥပဝဿပုဒ်၏ စပ်ဆိုင်ရာပုဒ်များကို ပြ၍ မြန်မာလို ပြောပြပါ။
ဂ။ မည်မျှဝေးသောကျောင်းကို တောရကျောင်းဟု ခေါ်ရသနည်း။ တောရ တိုင်းတာပုံကိုလည်း ပြပါ။
ဃ။ ထို တောရကျောင်း၏ သာသင်္ကဖြစ်ပုံ၊ သပ္ပဋိဘယဖြစ်ပုံကို ခွဲခြားပြပါ။
င။ အဘယ့်ကြောင့် တန်ဆောင်မုန်းလကိုမှ သင်္ကန်းနှင့် ညဉ့်ကင်းခွင့်ပြုတော်မူရသနည်း။
စ။ ရွာတွင်း၌ သင်္ကန်းထားခွင့် အင်္ဂါကို သိက္ခာပုဒ်ပါဌ်နှင့် တွဲစပ်ပြပါ။
ဆ။ “သိယာစ ၊ပေ၊ ဝိပ္ပဝသိတဗ္ဗံ” တို့ကား ဘာကို ပြသော ဝါကျတို့ပါနည်း။
ဇ။ ၆ ညဉ့်ထက်ပို၍ အခြားတနေရာ ညဉ့်ကင်းမနေရလျှင် ၇ ညဉ့်မြောက်၌ မူလ တောကျောင်းအရောက် မပြန်နိုင်သူတို့ အာပတ် မသင့်ရအောင် မည်ကဲ့သို့ စီမံခွင့် ရှိသနည်း။
ဈ။ ဒုတိယ ကထိနနှင့် ဤ သာသင်္ကသိက္ခာပုဒ်တို့ အင်္ဂါချင်းထူးပုံကို ပြပါ။
ဉ။ ပရိဏတသိက္ခာပုဒ်၌ အဘယ်ကို “ပရိဏတ” ခေါ်သနည်း။
ညွတ်ရုံသာ ရှိပါသေးလျက် အဘယ့်ကြောင့် “သံဃိက”ဟု ဆိုနိုင်ပါသနည်း။
သုဒ္ဓပါစိတ် အခန်း (မုသာဝါဒဝဂ်)
ဣမေ ခေါ ပနာယသ္မန္တော ဒွေ နဝုတိ ပါစိတ္တိယာ ဓမ္မာ ဥဒ္ဒေသံ အာဂစ္ဆန္တိ။
အာယသ္မန္တော - တို့၊
ဒွေ နဝုတိ - ၉၂ ပါးသော၊
ပါစိတ္တိယာ - ပါစိတ် မည်ကုန်သော၊
ဣမေ ခေါ ပန ဓမ္မာ - တို့သည်၊
ဥဒ္ဒေသံ - သို့၊
အာဂစ္ဆန္တိ - ကုန်၏။
၁။ မုသာဝါဒ
သမ္ပဇာနမုသာဝါဒေ ပါစိတ္တိယံ။
(ဘိက္ခုနော - ရဟန်း၏၊)
သမ္ပဇာန မုသာဝါဒေ - သိလျက် ချွတ်ယွင်းသော စကားကို ပြောဆိုခြင်းကြောင့်၊
ပါစိတ္တိယံ - ပါစိတ်အာပတ်သည်၊
ဟောတိ - ဖြစ်၏။
သုဒ္ဓပါစိတ်
နိသဂ္ဂိယသဘော မပါသောကြောင့် “သုဒ္ဓပါစိတ် = ပါစိတ် သက်သက်”ဟု ဆိုသည်။
စိတ္တံ ပါတေတီတိ ပါစိတ္တိယံ၊
စိတ္တံ - ကုသိုလ်စိတ်ကို၊
ပါတေတိ - ကျစေတတ်၏၊
ဣတိ - ကြောင့်၊
ပါစိတ္တိယံ - မည်၏၊
စေတနာနှင့်တကွ သင့်အပ်သော ပါစိတ်အာပတ် ဖြစ်သောအခါ ကုသိုလ်စိတ် ကွယ်ပျောက် သောကြောင့် “ကုသိုလ်စိတ်ကို ကျစေသော အာပတ်”ဟု ဆိုသည်။
ဆက်ဦးအံ့ ---
ပါရာဇိက စသည်တို့လည်း ကုသိုလ်စိတ်ကို ကျစေတတ်သည်ပင်။ သို့သော် ပါရာဇိက စသော နာမည်ထူးကို ရပြီးဖြစ်၍ ဤ အာပတ်များကိုသာ ပါစိတ္တိယဟု ခေါ်ရတော့သည်။
[ပါစိတ္တိယ၌ “စိတ္တ+ပါတိယ” ပုဒ်ရင်း ပါတနှင့် စိတ္တကို ရှေ့နောက်ပြန်၊ (တ)ကိုလည်း ချေ၍ “ပါစိတ္တိယ” ဟု ဖြစ်၏။ ပါတိယ၌လည်း ပတဓာတ် ဏျ ပစ္စည်း (ဣ) အာဂုံ၊ ဏျ ပစ္စည်းသည် ဟေတုကတ္တား အနက် ဟောတည်း။ (ပရိဝါယောဇနာ)]
၁။ မုသာဝါဒ
လိမ်လည်၍ ပြောခြင်းကြောင့် ပါစိတ်အာပတ်သင့်၏။ ဘိက္ခုနောပုဒ်ကို “ရဟန်း၏ မုသားမှန်း” ထင်ရှားအောင် ထည့်ပေးသည်။ ရှေးရှေး သိက္ခာပုဒ်များ၌လည်း “တဿ ဘိက္ခုနော - ထိုရဟန်း၏”ဟု သမ္ဗန် အနက်ကိုချည်း ပေးခဲ့သည်မှာ “ထိုရဟန်း၏+အာပတ်” ဟု သိစေလိုခြင်းကြောင့်တည်း။ ရှေးဆရာတို့က “အား”ဟု သမ္ပဒါန်အနက် ပေးကြသည်ကား “ဟောတိ”၌ စပ်လိုဟန်တူသည်။ သို့သော် “ဟောတိ - အတ္ထိ” ကြိယာတို့ သမ္ပဒါန် ငဲ့ကြောင်းကို သဒ္ဒါကျမ်း၌ အဆိုမရှိပါ။
ဆက်ဦးအံ့ ---
ဤ ဘိက္ခုနောနှင့် သမ္ပဇာနပုဒ်လည်း အနက်အရ တူသောကြောင့် (သိသူလည်း ရဟန်း၊ ရဟန်းလည်း သိသူဖြစ်သောကြောင့် “သမ္ပဇာနန္တဿ + မုသာဝါဒေါ = သမ္ပဇာန မုသာဝါဒေါ”ဟု ဆဋ္ဌီတပ္ပုရိသ်ပြု၊ ဇာန၌ ဉာဓာတ်၊ ကိယာဒိ နာပစ္စည်း၊ အန္တပစ္စည်းတည်း။
ထို့ကြောင့် “သမ္ပဇာနန္တ မုသာဝါဒေါ”ဟု ရှိသင့်လျက် “န္တ” ကို ချေထားသည်။ ဝါဒေ၌ သ္မိံ ဝိဘတ်မှာ နိမိတ်အနက်၌ သက်သည်။
သမ္ပဇာန
မပြောမီ၊ ပြောခါနီးခဏနှင့် ပြောဆဲခဏ၌ အလွဲအမှားကို မိမိက လိမ်ပြောနေကြောင်း သိခြင်း (အမှားကို အမှားမှန်း သိခြင်း)ကို “သမ္မဇာန” ဟု ဆိုသည်။ တချို့ အရာ၌ကား အလွဲကို ပြောဆိုပြုလုပ်နေသော်လည်း ကိုယ်တိုင်ကမူ အမှန်ထင်နေတတ်၏။ ထိုနေရာမျိုး၌ မုသာဝါဒပြစ် မရှိ။
မုသာဝါဒ
မဟုတ် မမှန်သော ဝတ္ထုကို “မုသာ” ဟု ခေါ်၏။ “မဟုတ်” ဟူရာ၌ ပြောတိုင်း မဟုတ်သည်ကို ဆိုလိုသည်။ ရွှေအစစ်ကို “ရွှေ မဟုတ်” ဟု ပြောဆိုရာ၌ ပြောတိုင်း မဟုတ်သောကြောင့် ထို ရွှေအစစ်သည်ပင် “မုသာ” ဖြစ်ရလေသည်။ ဝါဒသဒ္ဒါသည် “ပြောခြင်း” အနက် ရှိ၏။
ထိုသို့ ပြောခြင်းမျိုးကိုသာ ပြထားရာ၌ ယေဘုယျနည်းတည်း။ လက် စသော ကိုယ်အင်္ဂါဖြင့် လိမ်ခြင်းကိုပါ “ဝါဒ” အရ သွင်းယူရသည်။ ထို့ကြောင့် ကိုယ် နှုတ် တပါးပါးဖြင့် လိမ်ကြောင်း စေတနာကို “မုသာဝါဒ”ဟု မှတ်ပါ။
အင်္ဂါ ၂ ပါး
- ၁။ အလွဲအမှားကို မှတ်မှားစေလိုခြင်း၊
- ၂။ မိမိ ပြောအပ်သောအကြောင်းကို တဘက်သား နားလည်အောင် ကိုယ် နှုတ် ပယောဂ တပါးပါးကို ပြုခြင်း
အားဖြင့် အင်္ဂါ ၂ ပါးတည်း။
[ဆောင်]
လွဲအမှားကို, မှတ်စေလို၍, ပြောဆိုပြုမူ, ကိုယ် နှုတ် ကူငြား, အင်နှစ်ပါး, မုသား ဖြစ်ကြောင်းတည်း။
မုသားပြစ်များ
- ၁။ ဥတ္တရိမနုဿဓမ္မကို လိမ်ပြောခြင်းကြောင့် စတုတ္ထ ပါရာဇိက၊
- ၂။ အမူလက ပါရာဇိကဖြင့် စွပ်စွဲခြင်းကြောင့် သံဃာဒိသေသ်၊
- ၃။ အနုသက သံဃာဒိသေသ်ဖြင့် စွပ်စွဲခြင်းကြောင့် ပါစိတ်၊
(ဤ ၃ ပါးကား ဒွေမာတိကာ၌ သိက္ခာပုဒ် တိုက်ရိုက်ရှိ၏။)
- ၄။ အမူလက၊ ထုလ္လစဉ်း စသော အောက်အာပတ် ၅ ဖုံဖြင့် စွပ်စွဲခြင်းကြောင့် ဒုက္ကဋ်၊
- ၅။ ဥတ္တရိမနုဿဓမ္မကို တိုက်ရိုက်မပြောဘဲ “အကြင်သူသည် မည်သည့်ကျောင်း၌ နေ၏၊ ထိုသူသည် ရဟန္တာတည်း” စသည်ဖြင့် သွယ်ဝိုက်၍ ပြောခြင်းကြောင့် ထုလ္လစဉ်း၊
- ၆။ ထိုသို့ သွယ်ဝိုက်ပြောရာ၌ တဘက်သား နားမလည်လျှင် ဒုက္ကဋ်၊
- ၇။ ဤသိက္ခာပုဒ်အရ ပါစိတ်အာပတ်အားဖြင့်
မုသားအတွက် အာပတ် ၇ ချက် သင့်သည်။
[ဆောင်]
စတုတ္ထ ပါရာ, သံဃာဒိသေသ်, ပါစိတ်ဖြစ်လတ်, ဒုက္ကဋ် - ထုလ္လစဉ်း, တခင်း ဒုက္ကဋ်, ပါစိတ် ထပ်ငြား, ခုနစ်ပါး, မုသား အပြစ်တည်း။
သုဒ္ဓပါစိတ် အခန်း (မုသာဝါဒဝဂ်)
၂။ ဩမသဝါဒ
ဩမသဝါဒေ ပါစိတ္တိယံ။
(ဘိက္ခုနော - ရဟန်း၏၊)
ဩမသဝါဒေ - နှုတ်လှံ ထိုးခြင်းကြောင့်၊
ပါစိတ္တိယံ - ပါစိတ် အာပတ်သည်၊
ဟောတိ - ဖြစ်၏။
၂။ ဩမသဝါဒ
ရဟန်းကို ဆဲရေးခြင်းကြောင့် ပါစိတ်အာပတ် သင့်၏။
ဘိက္ခုနီများနှင့် သာမဏေ လူများကို ဆဲရေးခြင်းကြောင့်ကား ဒုက္ကဋ် အာပတ်သင့်၏။
ထိုသို့ ဆဲရေးသည့်အခါ နားလည်း မခံသာ၊ စိတ်နှလုံးလည်း မခံသာအောင် ရှိရကား လှံဖြင့် ထိုးဆွသကဲ့သို့ ဖြစ်သောကြောင့် ထို ဆဲရေးကြောင်း စကား (ဆဲဆိုသော စကားလုံး)များကို နှုတ်လှံ (လှံနှင့် တူသော နှုတ်) ဟု ခေါ်သည်။
[ထို စကားလုံးများကို ပြောဆို ဆဲရေးခြင်းသည် လှံဖြင့် ထိုးသကဲ့သို့ ဖြစ်၏။
ထို့ကြောင့် “ဩမသဝါဒ= နှုတ်လှံထိုးခြင်း” ဟု အနက် ပေးကြသည်။]
သဒ္ဒတ္ထ
မသဓာတ်က “ဟိံသာ= ညှဉ်းဆဲခြင်း” အနက်ရှိသောကြောင့် သဒ္ဒါနက်မှာ “ညှဉ်းဆဲ နှိပ်စက်ကြောင်း စကားကို + ပြောဆိုခြင်းကြောင့်” ဟု ပေးရမည်။
[ပါစိတ်ယောဇနာ၌ကား “မသဓာတ်သည် ဝိဇ္ဈနတ္ထ= ထိုးဆွခြင်း အနက်ရှိ၏” ဟု ဖွင့်လေသည်။]
ဆဲရေးကြောင်း ဝတ္ထု
လှံကိုင်၍ ထိုးရာ၌ လှံသည် အရာဝတ္ထု ဖြစ်သကဲ့သို့ ထို့အတူ ဆဲရေးရာ၌ အမျိုးကိုင်၍ အမည်ကိုင်၍ ဆဲခြင်း (အမျိုး အမည် စသည်ကို ထိပါးပုတ်ခတ်၍ ဆဲခြင်း) စသည်ဖြင့် ကိုင်တွယ် ထိပါးဘွယ် အရာဝတ္တုများ ရှိ၏။ ထိုအရာဝတ္ထုများကို “အက္ကောသ + ဝတ္ထု = ဆဲရေး ခြင်း၏တည်ရာ+ ဝတ္ထု” ဟု ခေါ်၏။
ဝတ္ထု ၁၀ ပါး
ထို အက္ကောသဝတ္ထုကား -
- ဇာတိ = အမျိုးဇာတ်
- နာမ = နာမည်
- ဂေါတ္တ = အနွယ်၊
- ကမ္မ = သူ၏ အလုပ်အကိုင်၊
- သိပ္ပ = အတတ်ပညာ
- အာဗာဓ = သူ့မှာရှိသော အနာရောဂါ၊
- လိင်္ဂ = သူ၏ အချိုးကျ- မကျသော ပုံသဏ္ဌာန်၊
- ကိလေသာ = သူ့မှာ ဖြစ်တတ်သော လောဘ ဒေါသ မာန ဣဿာ မစ္ဆရိယ စသည်၊
- အာပတ္တိ = သူ့မှာသင့်သော အာပတ်၊
- အက္ကောသ = မေထုန်နှင့် စပ်၍၎င်း၊ ယောက်ျား အင်္ဂါဇာတ် မိန်းမအင်္ဂါဇာတ်နှင့် စပ်၍၎င်း ဟဲ့နွား ဟဲ့ခွေး စသည်ဖြင့်၎င်း ဆဲခြင်း
ဤသို့လျှင် ပါစိတ်အာပတ် သင့်ဘို့ရာ အက္ကောသဝတ္ထု ၁၀ ပါး ရှိသည်။
[ဆောင်]
ဇာတိ-နာမ, ဂေါတ္တ-ကမ္မာ, သိပ္ပါဗာဓ, လိင်္ဂ-ကိလေသာ, အာပတ္တာ-အက္ကောသ, ဤဆယ်ဝ, အက္ကောသ ဝတ္ထုတည်း။
ဆဲပုံနှင့် အာပတ်အမျိုးမျိုး
တကယ်စိတ်ဆိုး၍ ဒွန်းစဏ္ဍား ဇာတ် ရှိသူကို “ဟဲ့ ဒွန်းစဏ္ဍား”ဟု၎င်း၊ မင်းဇာတ် ရှိသူကို “ဟဲ့ မင်းမျိုး” ဟု၎င်း ဆဲလို၍ ပြောလျှင် ပါစိတ်ပင်တည်း။
ထို အက္ကောသဝတ္ထုများဖြင့်ပင် တိုက်ရိုက် မဆဲဘဲ “ယခုကာလ၌ ဒွန်းစဏ္ဍားများ ရှိတယ်ဟေ့” စသည်ဖြင့် စောင်း၍ ပြောလျှင် ဒုက္ကဋ်အာပတ်။
အက္ကောသဝတ္ထု ၁၀ ပါးမှ အလွတ်ဖြစ်သော “ဟဲ့ သူခိုး” စသည်ဖြင့် ဆဲရာ၌လည်း ဒုက္ကဋ်ပင်။
ထို အက္ကောသဝတ္ထုဖြင့်ပင် ရဟန်း ဖြစ်စေ၊ သာမဏေ လူကိုဖြစ်စေ ပြောင်လှောင်၍ “ဟေ့. ခတ္တိယကြီးလာပြီ ကွ” စသည်ဖြင့် ပြောရာ၌ ဒုဗ္ဘာသိတအာပတ် သင့်၏။
ဒုက္ကဋ
ဒု=မကောင်းသဖြင့် ကတ = ပြုအပ်သော အမှု၊
မကောင်းသဖြင့် ပြုအပ်သော ကိုယ်မှု နှုတ်မှုကို “ဒုက္ကဋ”ဟု ဆိုရသော်လည်း ဤနေရာ၌ မကောင်းသဖြင့် ပြုမှု ပြောမှုကြောင့် သင့်ရောက်အပ်သော အာပတ်ကိုလည်း (ကာရဏူပစာရအားဖြင့်) “ဒုက္ကဋ”ဟု ခေါ်ရသည်။
ဒုဗ္ဘာသိတ
ဒု = မကောင်းသဖြင့် + ဘာသိတ = ပြောဆိုအပ်သော စကား။ ထို ပြောမှုကြောင့် သင့်ရောက်အပ်သော အာပတ်ကို ကာရဏူပစာရ အားဖြင့် “ဒုဗ္ဘာသိတ”ဟု ခေါ်ရသည်။
[ကာရဏ=အကြောင်း၏ + ဥပစာရ=တင်စားအပ်သော နာမည်။]
အင်္ဂါ ၄ ပါး
- ၁။ ဆဲရေးအပ်သူ၏ ရဟန်းဖြစ်ခြင်း၊
- ၂။ အခြားသူကို ညွှန်ပြခြင်း မရှိဘဲ ဇာတ် စသည်ဖြင့် ဆဲခြင်း (ယခုအခါ၌ “ဒွန်းစဏ္ဍားရှိသည်” ဟု ဆိုရာ၌ အခြားသူကို ညွှန်ပြခြင်းဖြစ်၏။ ထိုသို့ မညွှန်ပြဘဲ တိုက်ရိုက်ဆဲခြင်း ဟူလို)၊
- ၃။ အဆဲခံရသူက သူ့ကို ဆဲမှန်း သိခြင်း၊
- ၄။ အတ္ထပုရေက္ခာရတာ စသည် မရှိခြင်း၊
ဤ ၄ ပါးတည်း။
မှတ်ချက်
၄။ “စဏ္ဍာလော-သိ” စသော ပါဠိ၏အနက်ကို ချပေးရာ၌ “အတ္ထ = အနက်ကို + ပုရေက္ခာရတာ = ရှေးရှုပြုသူ၏အဖြစ်” ဟု၎င်း၊ ပါဠိကို ချပေးမှုကို ဓမ္မ ပုရေက္ခာရတာ ဟု၎င်း၊ သွန်သင် ဆုံးမမှုကို အနုသာသနီ ပုရေက္ခာရတာ ဟု၎င်း ခေါ်၏။
ထိုကဲ့သို့ အနက်ချပေးရာ၊ ပါဠိချပေးရာ၊ ဆုံးမ ဩဝါဒ ပေးရာတို့၌ “စဏ္ဍာလောသိ” စသော ဆဲလုံးများ ပါစေကာမူ အာပတ် မသင့်။
[ဆောင်]
ဆဲရေးအပ်သူ, ရန်သူဟူလတ်, ဇာတ်စသည်စွဲ, တိုက်ရိုက်ဆဲနှင့်, ဆဲရေးခံသူ, သိမူတဝ, အတ္ထပုရိ, စ မရှိပေ, လေးထွေ အင်မျှ, ဩမသ-ဝါဒ ပါစိတ်သင့်။
သုဒ္ဓပါစိတ် အခန်း (မုသာဝါဒဝဂ်)
၃။ ပေသုည
ဘိက္ခုပေသုညေ ပါစိတ္တိယံ။
ဘိက္ခုနော - ရဟန်း၏၊
ဘိက္ခု ပေသုည - ရဟန်း၏ အထံသို့ ဆောင်ပို့အပ်သော ကုန်းတိုက် စကားကြောင့်၊
ပါစိတ္တိယံ - ပါစိတ်အာပတ်သည်၊
ဟောတိ - ဖြစ်၏။
၃။ ပေသုည
ဦးတိဿသည် ဦးဒတ္တ၏ ကွယ်ရာ၌ အက္ကောသဝတ္ထု ၁၀ ပါးတွင် တပါးပါးဖြင့် ဦးဒတ္တကို ဆဲ၏။ ထို ဆဲသံကို ဦးဓမ္မက ကြား၍ (ဦးတိဿနှင့် ဦးဒတ္တကွဲအောင်) ဦးဒတ္တအထံ သွား၍ ပြော၏။ ဤသို့ ဆဲသူလည်း ရဟန်း၊ ကုန်းတိုက်သူလည်း ရဟန်း၊ ကုန်းတိုက်ရာပုဂ္ဂိုလ်လည်း ရဟန်း ဖြစ်သောကြောင့် “ဘိက္ခုပေသုည” ဟု ခေါ်သည်။ “ရဟန်းတို့နှင့်စပ်သော ကုန်းတိုက်ခြင်း”ဟူလို။ ဘိက္ခုနီ လူသာမဏေတို့ကို ကုန်းတိုက်လျှင် ဒုက္ကဋ်။
ရည်ရွယ်ချက်
ဤသို့ ကုန်းတိုက်ရာ၌ ကုန်းတိုက်သူမှာ ထိုသူ ၂ ဦးကို ကွဲစေလိုသော ရည်ရွယ်ချက်၊ မိမိကို “ပြောဘော်ရသည်” ဟု ကျေးဇူးတင်ကာ ချစ်ခင်လာစေလိုသော ရည်ရွယ်ချက်၊ ဤ ၂ မျိုးတွင် တမျိုးမျိုး ရှိတတ်သည်။ ထို့ကြောင့် -
“အတ္တနော - မိမိ၏၊
ပိယံ - ချစ်အပ်သူ၏ အဖြစ်ကို၎င်း၊
ပရဿ - ကုန်းတိုက်အပ်သူ အခြားလူ၏၊
သုညံ - အချစ်မှ ကင်းဆိတ်သည်၏ အဖြစ်ကို၎င်း၊
ကရောတိ - ပြုတတ်၏၊
ဣတိ - ထို့ကြောင့်၊
တံ - ထို ကုန်းတိုက်မှုသည်၊
ပေသုညံ - ပေသုည မည်၏။
ဤသို့ ဝိဂြိုဟ်ပြုရသည်။
[“ပိယသုညကရဏ” ဟု ဆိုလိုလျက် နိရုတ္တိနည်းအားဖြင့် ယချေ၊ ပိ၏ ဣကို ဧပြု၍ ပေသုညဟု ပြီး၏။]
တနည်း
ပိသတိ - မိတ်ဆွေ ၂ ဦးကို ကွဲပြားအောင် ကြိတ်ချေတတ်၏၊
ဣတိ - ထို့ကြောင့်၊
ပိသုနော - ပိသုနပုဂ္ဂိုလ်မည်၏၊
ပိသုနဿ - မိတ်ဆွေ ၂ ပါး ကွဲပြားအောင် ကြိတ်ချေတတ်သူ၏၊
ကမ္မံ - အမှုလုပ်ငန်းသည်၊ (ကုန်းချော စကားပြောမှုသည်၊)
ပေသုညံ - မည်၏၊
ပိသုနနောက် ကမ္မအနက်၌ ဏျ ပစ္စည်း၊ နျကို ဉပြု၊ ပိ၌ ဣကို ဧပြု၍ “ပေသုည”ဟု ပြီးသည်။
အင်္ဂါ ၃ ပါး
- ၁။ ဇာတိ စသော အက္ကောသဝတ္ထုဖြင့် ဆဲသည်ကို ကြား၍ အဆဲခံရသူ့ထံသို့ ပို့ဆောင်ခြင်း (အက္ကောသဝတ္ထုမှတပါး အခြား ဆဲနည်းဖြင့် ဆဲသည်ကို ပို့လျှင် ဒုက္ကဋ်၊)
- ၂။ မိမိကို ချစ်ခင်စေလိုသူတို့ ၂ ဦး ကွဲစေလိုခြင်း ၂ မျိုးတွင် တမျိုးမျိုးကို အလိုရှိခြင်း၊
- ၃။ ကုန်းတိုက်ခံရသူက နားလည်ခြင်း။
[ဆောင်]
ရဟန်းချင်းအား, ဆဲသံများကို, ကြား၍ပို့လျှင်း, ချစ်-ကွဲခြင်းကို, တခုခုလိုရှိ, ထိုသူ သိတုံ, အင်သုံးစုံ, ပေသုဉ် ပါစိတ်သင့်။
သုဒ္ဓပါစိတ် အခန်း (မုသာဝါဒဝဂ်)
၄။ ပဒသောဓမ္မ
ယော ပန ဘိက္ခု အနုပသမ္ပန္နံ ပဒသော ဓမ္မံ ဝါစေယျ၊ ပါစိတ္တိယံ။
ယော ပန ဘိက္ခု – သည်၊
အနုပသမ္ပန္နံ - လူသာမဏေကို၊
ပဒသော - အစုအစုဖြစ်သော၊
ဓမ္မံ - ပါဠိ အဋ္ဌကထာဓမ္မကို၊
ဝါစေယျ - တပြိုင်နက် ဆိုစေအံ့၊
ဝါ - တပြိုင်နက် ပို့ချအံ့၊
တဿ ဘိက္ခုနော - ၏၊
ပါစိတ္တိယံ - သည်၊
ဟောတိ - ၏။
၄။ ပဒသောဓမ္မ
လူ သာမဏေအား သံပြိုင် စာချပေးလျှင် ပါစိတ် အာပတ်သင့်၏။
ရဟန်းချင်းဖြစ်စေ၊ ဘိက္ခုနီအားဖြစ်စေ သံပြိုင် စာချရာ၌ကား အနာပတ္တိ၊
“ဓမ္မ” အရလည်း ပါဠိတော်နှင့် အဋ္ဌကထာ တရားများကိုသာ ဆိုလိုသည်။
ပါဠိတော် အဋ္ဌကထာ မဟုတ်၊
တစုံတယောက် စီကုံးအပ်သော ပါဠိများနှင့် အခြားဘာသာများကို သံပြိုင်ချသော်လည်း အာပတ်မသင့်။
ပဒသော
ပဒသော၌ “ပဒ” သဒ္ဒါသည် အစုဟူသော အနက်ကို ဟော၍ “သော” ပစ္စည်းက ဝိစ္ဆာအနက်ကို ဟော၏။ ထို့ကြောင့် “ပဒံ ပဒံ= ကောဋ္ဌာသံ ကောဋ္ဌာသံ= အစုအစု” ဟု ဖွင့်ကြသည်။ ရှေးက “ပဒသော=ပုဒ်ပြိုင်” ဟု အနက်ပေးသည်ကို စဉ်းစားပါ။
ဤသိက္ခာပုဒ်၌ “ပဒ” အရ အားလုံး နားလည်နေသော “ဝိဘတျန္တံ ပဒံ= တဝိဘတ်ဆုံး တပုဒ်” ဟုခေါ်သော ပုဒ်မျိုးသာမက အက္ခရာ တလုံးထည်းကို၎င်း၊ ဝိဘတျန္တပုဒ် ၂ ပုဒ် ၃ ပုဒ် စသည် ပါသော ဂါထာတပါဒကို၎င်း “ပဒ” အရ၌ သွင်းယူရသည်။
ပဒ ၄ မျိုး
ပဒသောအရ “ပဒ၊ အနုပဒ၊ အနွက္ခရ၊ အနုဗျဉ္ဇန” ဟု ပဒ ၄ မျိုးရှိ၏။
ထိုတွင် ဂါထာ၏ ပထမပါဒသည် ပဒမည်၏။
ဒုတိယပါဒသည် အနုပဒမည်၏။
အက္ခရာ တလုံးတလုံးသည် အနွက္ခရမည်၏။
ရှေးဝါကျ၌ ရှိသော ဝိဘတျန္တပုဒ်နှင့်တူသော နောက်ဝါကျရှိ ဝိဘတျန္တပုဒ်သည် အနုဗျဉ္ဇန မည်၏။
[အနု (ပစ္ဆာ) = နောက်ဖြစ်သော + ပဒံ = အစု (ဂါထာပါဒ)၊
အနုပဒံ- နောက်အစု၊
အနုအက္ခရံ= အက္ခရာတိုင်း၊
အနု (သဒိသံ) - ရှေ့ဝါကျရှိ ပုဒ်နှင့် တူသော + ဗျဉ္ဇနံ= နောက်ဝါကျရှိပုဒ်။]
[ဆောင်]
ဂါထာပါဒ, ပထမကို, ပဒဆိုလော, ထို့နောက် ဒုတိယ, နုပဒ တည်း, အက္ခရာတိုင်းတွက်, အနွက္ခရံ, ဝိဘတျန္တ, ရှေ့ ပဒနှင့်, နောက် ပဒတူလျှင်, နုဗျဉ္ဇန, မည်ကြသဘော, ပဒသောသည်, မိန့်ဟော လေးမျိုး အပြားတည်း။
သံပြိုင်ပို့ချပုံ
“မနောပုဗ္ဗင်္ဂမာ ဓမ္မ, မနောသေဋ္ဌာ မနောမယာ” ဟူသော ဂါထာ၌ ပထမပါဒကို ဆရာ တပည့် (အစတူ အပြီးတူ) သံပြိုင်ဆိုမိလျှင် “ပဒ” အရ အာပတ်၊
ဆရာက ပထမပါဒကို ရွတ်သည့်အချိန်မှာ တပည့်က မမီ၍ ခုန်ကျော်လိုက်ကာ “မနောသေဋ္ဌာ မနောမယာ”၌ သံပြိုင် ရွတ်မိအံ့၊ “အနုပဒ” အရ အာပတ်၊
“ရူပံ အနိစ္စံ, ဝေဒနာ အနိစ္စာ” ဟူသော စုဏ္ဏိယ၌ “ရူ” ဟူသော အက္ခရာကို သံပြိုင်ရွတ်ပြီးနောက် ဆရာက ရပ်နေအံ့၊ ရူကို သံပြိုင် ရွတ်မိသည့်အတွက် “အနွက္ခရ” အရ အာပတ်၊
ဆရာက “ရူပံ...အနိစ္စ” ဟု ရွတ်ရာ၌ ရူပံနောက် အတော်ကြာ ပြတ်ပြီးမှ အနိစ္စံကို ရွတ်၏၊ တပည့်က ဉာဏ် ထက်ထက် နှုတ်သွက်သွက်နှင့် လိုက်၍ဆိုရာ “ရူပံ အနိစ္စံ, ဝေဒနာ အနိစ္စာ ဟု ၂ ဝါကျ ပြီး၏။ ထိုသို့ပြီးရာ၌ ဆရာ၏ ပထမဝါကျ “အနိစ္စံ”ပုဒ်နှင့် တပည့်၏ ဒုတိယဝါကျ “အနိစ္စာ” ပုဒ်တို့ သံပြိုင်ကျလျှင် “အနုဗျဉ္ဇန” အရ အာပတ် သင့်သည် ဟူလို။
မှတ်ချက်
ဤ အနွက္ခရ၊ အနုဗျဉ္ဇန တို့အတွက် အာပတ်သင့်ပုံမှာ ဂါထာ၌လည်း ဖြစ်နိုင်သည်။
အနုဗျဉ္ဇနအရ ထိုကဲ့သို့ ရှေ့ပုဒ်နှင့်တူသော နောက်ပုဒ်ကို မယူဘဲ ဝိဘတ်မဆုံးသေးသော အက္ခရာ ၂ လုံး ၃ လုံး အပေါင်းကို ယူရသောနည်း၊ ပဒအရ ဂါထာပါဒကိုသာ မယူဘဲ ဝိဘတျန္တတပုဒ်ကို ယူရသောနည်း လည်း ရှိသေး၏။
ထိုနည်းများအရ လူသာမဏေကို သံပြိုင်စာချရာ၌ အာပတ်မှ လွတ်ဘို့ခဲယဉ်း၏။ သို့ဖြစ်၍ သံပြိုင် မဖြစ်အောင် ဆရာရဟန်းကရွတ်ပြီးမှ တပည့် လူ သာမဏေက လိုက်၍ ရွတ်ရမည်။
[ရှေးခေတ်က စာအုပ် မရှိသောကြောင့် အလွတ်ချ အလွတ်ဆိုရသဖြင့် သာ၍ သံပြိုင်ဖြစ်လွယ်သည်။]
အနာပတ်များ
“ဝါစေယျ = ပို့ချအံ့” ဟု ဆိုသောကြောင့် သံပြိုင် စာချမှ အာပတ် သင့်ရကား စာချသောအရာ မဟုတ်လျှင် အာပတ် မသင့်။ ထို့ကြောင့် သာမဏေနှင့် ရဟန်း တွဲ၍ စာတက်ရာ၌၎င်း၊ တွဲ၍ စာပြန်ရာ၌၎င်း၊ သာမဏေ အထံ ရဟန်းက စာတက်ရာ၌၎င်း သံပြိုင်ဆိုသော်လည်း အာပတ် မသင့်ပါ။
သာမဏေ ကိုယ်တိုင် ရပြီးလျက် ကြောက်၍ မဆိုဝံ့သော (သို့မဟုတ် မကျေပွန်သော) စာကို ဖြစ်စေ၊ သာမဏေ ဟောအပ်သော တရားကိုဖြစ်စေ သံပြိုင် ထောက်ပေးရာ၌လည်း အာပတ် မသင့်။
အင်္ဂါ ၃ ပါး
- ၁။ လူ သာမဏေ ဖြစ်ခြင်း၊
- ၂။ အစုအစု အားဖြင့် ပါဠိတော် အဋ္ဌကထာဓမ္မကို ပို့ချခြင်း၊
- ၃။ သံပြိုင်ရွတ်ခြင်း၊
အင်္ဂါ ၃ ပါးတည်း။
[၃ နံပါတ်အင်္ဂါဝယ် ကင်္ခါ အဋ္ဌကထာ၌ “ဧကတော ဩသာပနာ = တပြိုင်နက် ပြီးစေခြင်း” ဟု ရှိ၍ တေရသကဏ်၌ “ဧကတောဘဏနံ” ဟု ရှိသည်။ ဋီကာ ပါဌ်က ကောင်းသည်။]
[ဆောင်]
ရဟန်းမဟူ လူရှင်စသည့်, ပါဠိဋ္ဌကထာ့, ဓမ္မဆိုင်ဆိုင် သံပြိုင် ချပြော, အင်သုံးနှော, ပဒသော ပါစိတ်သင့်။
သုဒ္ဓပါစိတ် အခန်း (မုသာဝါဒဝဂ်)
၅။ ပထမ သဟသေယျ
ယော ပန ဘိက္ခု အနုပသမ္ပန္နေန ဥတ္တရိဒိရတ္တတိရတ္တံ သဟသေယျံ ကပ္ပေယျ၊ ပါစိတ္တိယံ။
ယော ပန ဘိက္ခု – သည်၊
အနုပသမ္ပန္နေန - လူ သာမဏေ တိရစ္ဆာန်နှင့်၊
သဟ - တကွ၊
ဥတ္တရိ ဒိရတ္တ တိရတ္တံ - ၂ ညဉ့် ၃ ညဉ့်၏ အထက်ညဉ့်၌၊
သေယျံ - တမိုးတရံ တည်းသော ကျောင်းသို့၊
(ပဝိသိတွာ - ဝင်၍၊)
သေယျံ - အိပ်ခြင်းကို၊
ကပ္ပေယျ - ပြုအံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ။
သုဒ္ဓပါစိတ် အခန်း (မုသာဝါဒဝဂ်)
၅။ ပထမ သဟသေယျ
တမိုးတရံတည်းသော ကျောင်း၌ သာမဏေ၊ လူ၊ တိရစ္ဆာန်နှင့် အတူ ၃ ညဉ့်ထက် ပို၍ ၄ ညဉ့်မြောက် အိပ်လျှင်
ပါစိတ် အာပတ်သင့်၏။ “၃ ညဉ့်အထိကား အိပ်ကောင်း၏”ဟူလို။
အနုပသမ္ပန္န
ရှေ့သိက္ခာပုဒ်၌ ဘိက္ခု၊ ဘိက္ခုနီမှတပါး လူ၊ သာမဏေများကို အနုပသမ္ပန္နဟု ခေါ်၏။
ဤသိက္ခာပုဒ်၌ကား ဘိက္ခုမှ တပါးသော လူ၊ သာမဏေ၊ တိရစ္ဆာန်များကို အနုပသမ္ပန္နဟု ခေါ်၏။
ဒုတိယ သဟသေယျ သိက္ခာပုဒ်၌ မာတုဂါမနှင့် အတူအိပ်ခြင်းကို တားမြစ်မည် ဖြစ်သောကြောင့် ဤ သိက္ခာပုဒ်၌ ဘိက္ခုနီနှင့် လူမိန်းမ၊ တိရစ္ဆာန်များကို ယူဘွယ်မလိုဟု ဋီကာတို့၌ ဆိုကြ၏။
[အနုပသမ္ပန္နနှင့်စပ်၍ မှတ်ဘွယ်ကို သပ္ပါဏကဝဂ် ဥုနဝီသတိဝဿ သိက္ခာပုဒ်ကျမှ ပြမည်။]
ဥတ္တရိ ဒိရတ္တ တိရတ္တံ
[ဒိရတ္တ = ၂ ညဉ့် + တိရတ္တ = ၃ ညဉ့်။] ၃ ညဉ့် အထိ အိပ်ခွင့်ရလျှင် ၂ ညဉ့်အတွက်မှာ ယုံမှားစရာမရှိ၊ ဧကန် အိပ်ခွင့်ရသောကြောင့် “ဒိရတ္တ” သဒ္ဒါကို လောက ပြောရိုးအတိုင်း ဝါစာသိလိဋ္ဌ (စကားချောသို့) အကျိုးငှာ အပိုထည့်ထားသည်။
မြန်မာ၌ စကားချောအောင် “၂ ခု ၃ ခု၊ ၃-၄ ခု၊ ၄-၅-၆ ခု”စသည်ဖြင့် ရှေ့က သင်္ချာများကို တွဲဘက် သုံးစွဲကြ သကဲ့သို့ ပါဠိ၌လည်း စကားချောအောင် “ဒိရတ္တံ၊ တိရတ္တံ”ဟု တွဲဘက် သုံးစွဲထားသည်။ အမှန်အားဖြင့် ဒိရတ္တမှာ အပိုပင် ဟူလို။ [အခြား တနည်းကို အဋ္ဌကထာမှာ ရှုပါ။]
သဟသေယျံ
သဟသဒ္ဒါသည် “အတူ = တကွ”ဟူသော အနက်ကို ဟော၏။ “အတူ=တကွ”ဟူရာ၌ တပြိုင်နက် အိပ်ခြင်း (လူကလည်း သူ့နေရာ နှင့် သူ၊ ရဟန်းကလည်း သူ့နေရာနှင့် သူ အိပ်ခြင်း)ကို ဆိုလိုသည်။
သေယျာ ပုဒ်ကား သေယျာ ၂ ပုဒ်ကို ဧကသေသ်လုပ်ထားသော ပုဒ်တည်း။ ထိုတွင် သေယျာ တပုဒ်သည် “အိပ်ရာ၊ နေရာ၊ ကျောင်း”ဟူသော အနက်ကို ဟော၏။ “သေန္တိ ဧတ္ထာတိ သေယျာ = ဧတ္ထ-ဤ အိပ်ရာ နေရာ ကျောင်း၌၊ သေန္တိ - အိပ်ကြ နေကြကုန်၏”ဟု အနက်ဆို။
သေယျာ တပုဒ်ကား “အိပ်ခြင်း” ဟူသော အနက်ကို ဟော၏။ “သယနံ - အိပ်ခြင်း၊ သေယျာ - အိပ်ခြင်း”ဟု ပြုပါ။ သေယျာစ - ကျောင်း အိပ်ရာ နေရာလည်း၊ သေယျာစ - အိပ်ခြင်းလည်း၊ သေယျာ - ကျောင်း အိပ်ရာ နေရာ အိပ်ခြင်း၊ ဤနည်းအရ အိပ်ရာ နေရာဟောသော သေယျ၏ စပ်ရာပုဒ်ကို “ပဝိသိတွာ”ဟု ထည့်လျက် သေယျံကို အနက် ၂ ထပ် ပေးရသည်။
[ဤကဲ့သို့ အနက် ၂ ချက် ထပ်ရသောပုဒ်များကို “သာမညနိဒ္ဒေသနည်း” ဟု ခေါ်၏။
သာမည = ပုဒ်နေတူသည့်အတွက် + နိဒ္ဒေသ = တပုဒ်တည်း ညွှန်းအပ်သည်။]
တမိုးတရံတည်းသောကျောင်း
အမိုးမှာ ယခုမျက်မြင် အမိုးများပင်တည်း။ အရံ(အကာ)ကား ဝဍ္ဎကီဟတ္ထခေါ် လက်သမားတောင် အားဖြင့် တတောင့်ထွာမြင့်လျှင် အရံအကာဖြစ်ပြီ။ ယခုခေတ် အကာရှိသော ဇရပ်များနှင့် တထပ် ကျောင်းများသည် ဤ သိက္ခာပုဒ်နှင့် ဆိုင်သော သေယျာများတည်း။
၂ ထပ်၊ ၃ ထပ် စသည်ရှိသော အိမ်၊ ကျောင်းများ၌လည်း အတွင်း၌ လှေကား တပ်ထားလျှင် အပေါ်ထပ်နှင့် အောက်ထပ်တို့ အပြင်မထွက်ရဘဲ အဆက်အသွယ် ဖြစ်နိူင်သောကြောင့် အထပ်အားလုံးပင် သဟသေယျာကို ဖြစ်စေနိုင်၏။ အပြင်လှေကား တပ်ထားသဖြင့် အထက်ထပ်၊ အောက်ထပ် အဆက်အသွယ် မရလျှင်ကား သဟသေယျာကို မဖြစ်စေနိူင်။
ဆက်ဦးအံ့ ---
တချို့အိမ်၊ ဇရပ်၊ ကျောင်းတို့၌ ဖိနပ်ချွတ် (ဆင်ဝင်) စမုခ်ရှိတတ်၏။ ထိုစမုခ်၌ အမိုးအကာ လုံလောက်စွာ ပါလျှင် အတွင်းဆောင်နှင့် ယခင် အထက်ထပ်တို့ပါ သဟသေယျာပင်တည်း။ အတွင်းဘက်ရှိ အခန်းတို့ အသီးအသီး အကာခြား၍ တံခါးပိတ်ထားစေကာမူ သဟသေယျာ ပင်တည်း။ ထို့ကြောင့် သင်္ဘော ပထမ၊ ဒုတိယခန်းများနှင့် ရွက်ထည်အကာ ချထားသော တတိယတန်း ကုန်းပတ်တို့မှာ အချင်းချင်း သဟသေယျ တို့ချည်းသာတည်း၊ မီးရထား တတွဲတည်း၌ သဟသေယျာ ဖြစ်ပုံမှာ ဆိုဘွယ်ရာ မရှိပြီ။ ထိုကဲ့သို့ သဟသေယျာ ဖြစ်လောက်သော နေရာတို့၌ သဟသေယျာ လွတ်အောင် ကန့်လန့်ကာ ကာထားခြင်း၊ ကြိုးတန်းထားခြင်းတို့ဖြင့် သဟသေယျ မလွတ်နိုင် သည်သာ။
[ဤ တမိုးတရံနေရာများကို အဋ္ဌကထာတို့၌ ကျယ်ဝန်းစွာ ပြ၏။]
အတူအိပ်ခြင်း
ပြခဲ့သော သဟသေယျ ဖြစ်လောက်သည့် ကျောင်း၊ ဇရပ်၊ အိမ်၊ ရထား၊ သင်္ဘောများ၌ လူ၊ သာမဏေ၊ တိရစ္ဆာန် တဦးဦးက (အိပ်ပျော်ပျော် - မပျော်ပျော်) ဦးခေါင်းချခိုက် ရဟန်းကလည်း ဦးခေါင်း ချလိုက်လျှင် သဟသေယျာ (တကွအိပ်ခြင်း) ဖြစ်တော့၏။ ဦးခေါင်းမချဘဲ ထိုင်၍ အိပ်နေလျှင်၎င်း၊ ခြေထောက် ၂ ဘက်ကို ကြမ်းပြင်ပေါ်မှာ ထိစေလျက် ကုလားထိုင်ပေါ်၊ ခုတင်ပေါ်၌ ခါးမဆန့်ဘဲ တဖက်စောင်း အိပ်လျှင်၎င်း သဟသေယျာ မဖြစ်ပါ။
[ဒိဝါ ကိလန္တရူပေါ မေဉ္ဇ နိသိန္နော ပါဒေ ဘူမိတော အမောစေတွာဝ နိဒ္ဒါဝသေန နိပဇ္ဇတိ၊ တဿ အနာပတ္တိ၊ -ပထမပါရာဇိက ဒိဝါသေယျ အဋ္ဌကထာ၊ - ဤ အဋ္ဌကထာ၏အဓိပ္ပာယ်ကို ထို၏ ဘာသာဋီကာ၌ရှု။]
ပြင်ဆင်ချက်
ထို အဋ္ဌကထာကို ထောက်၍ ကုလားထိုင်ပေါ်၌ ခါး ဆန့်လျက် ခြေထောက်က ကြမ်းပြင်၌ ထိနေလျှင်လည်း သဟသေယျာ မဖြစ်ဟု ရှေးရိုက် စာအုပ်များ၌ ရေးလိုက်၏။ ထိုစကားကိုကား “ကဋိဋ္ဌိံ ပန ဘူမိံ ဖုသာပေန္တဿ သယနံ ဟောတိ” ဟူသော ပထမ ပါရာဇိက ဒိဝါသေယျ သိက္ခာပုဒ် ဝိမတိဋီကာကို ထောက်၍ “သာသေယျသင့်၏”ဟု ပြင်ပါ။
၃ ညဉ့် အိပ်ပုံ
“၃ ညဉ့်အိပ်ဟူရာ၌ ၃ ညဉ့်လုံး အရုဏ်တက်အောင်ချည်း လူ စသည်နှင့် အတူအိပ်မှ ၃ ညဉ့် အိပ်ရာရောက်သည်။ အရုဏ် မတက်ခင် ထ-ထနေလျှင်ကား ၃ ညဉ့်အပြည့် အိပ်ရာမရောက်၍ ၄ ညဉ့် မြောက်မှာ အာပတ် မသင့်။
၃ ညဉ့်အပြည့် အိပ်ပြီးနောက် ၄ ညဉ့်မြောက် သဟသေယျ အာပတ် သင့်ရာ၌ကား လူ၊ သာမဏေ၊ တိရစ္ဆာန် များလျှင် များသလောက်၊ ထ၍ ထိုင်လိုက် အိပ်လိုက် အကြိမ်များသလောက် အာပတ်လည်း တိုးပွားသည်။
[“တိရစ္ဆာန်” ဟူရာ၌ကား ပါရာဇိက၌ ပြခဲ့သော ပါရာဇိကလောက်သော တိရစ္ဆာန် အကြီးစားများ တည်း။ အိမ်မြှောင် စသည်တို့ကား သဟသေယျ မလောက်ကြ။]
သဟသေယျဟင်းလေး
ထိုကဲ့သို့ အရုဏ်တက်အောင် ၃ ညဉ့်အပြည့် အိပ်လျှင်ကား ၄ ရက်နေ့ နေဝင်လျှင် လူ၊ သာမဏေ၊ တိရစ္ဆာန်ရှိရာ (သဟသေယျာလောက်သော) ကျောင်း စသည်၌ ဦးခေါင်းမချရ၊ ဦးခေါင်း ချသည်နှင့် တပြိုင်နက် အာပတ်သင့်၏။ ထိုဦးခေါင်းချပြီးနောက် (အရုဏ်မတက်ခင် ထစေကာမူ) အာပတ်မှ မလွတ်တော့ပြီ။
၅ ရက်နေ့ နေဝင်လျှင် လူ စသည်ရှိရာ ကျောင်း၌ ဦးခေါင်းချလျှင် သဟသေယျအာပတ် ဆက်ပြန်၏။ ဤ နည်းအတိုင်း လူ၊ သာမဏေ ရှိရာကျောင်း၌ ဆက်ကာ ဆက်ကာ အိပ်လျှင် (အရုဏ်မတက်ခင် ထသော်လည်း) အာပတ် အဆက်မပြတ်ချေ။
ဤကဲ့သို့ အဆက် မပြတ်သော အာပတ်ကို “သာသေယျ ဟင်းလေးအိုး”ဟု ခေါ်ရိုးပြုကြသည်။
အဋ္ဌကထာ
ယော ဧကသ္မိံ အာဝါသေ ဧကေနေဝ အနုပသမ္ပန္နေန သဒ္ဓိံ တိရတ္တံ သဟသေယျံ ကပ္ပေတိ, တဿ စတုတ္ထဒိဝသတော ပဋ္ဌာယ ဒေဝသိကာ (နေ့တိုင်း သင့်အပ်သော) အာပတ္တိ။
သဟသေယျဖြတ်နည်း
ဤ အဆက် မပြတ်နိူင်သော သဟသေယျ အာပတ်ကို ဖြတ်လိုလျှင် နေဝင်ပြီးနောက် လူ စသည်ရှိရာ ကျောင်း၌ ဦးခေါင်း မချမိစေဘဲ လူစသည် မရှိရာ (ရဟန်းရှိချင် ရှိပါစေ)ကျောင်း၌ဖြစ်စေ၊ လွင်ပြင်၌ ဖြစ်စေ အိပ်ရမည်။ ဤသို့ အိပ်လျှင် သဟသေယျ အဆက်ပြတ်၍ နောက်ထပ် ၃ ညဉ့် လူ စသည်နှင့် အတူ အရုဏ်တက်အောင် အိပ်ခွင့်ရသေး၏။
အင်္ဂါ ၃ ပါး
၁။ ပါစိတ်အာပတ်လောက်သော ကျောင်း အိပ်ရာ နေရာ ဖြစ်ခြင်း၊
၂။ လူ စသည်နှင့် အတူတကွ အိပ်ခြင်း၊
၃။ လေးရက်မြောက် နေဝင်ခြင်း၊
အင်္ဂါ ၃ ပါးတည်း။
[တဝက်ထက်များသော အမိုး၊ တဝက်ထက် များသော အကာရှိသော ကျောင်း အိပ်ရာများကို ပါစိတ်အာပတ် လောက်သော ကျောင်း အိပ်ရာဟု ဆိုသည်။]
[ဆောင်]
တဝက်ထက်တိုး, အမိုးအကာ, ရှိရာကျောင်းဟူ, လူစသည်နှင့်, အသင့်အိပ်လျက်, လေးရက် နေဝင်, သုံးအင်စုံက, တူသဟ, သေယျပါစိတ်သင့်၊
သုဒ္ဓပါစိတ် အခန်း (မုသာဝါဒဝဂ်)
၆။ ဒုတိယ သဟသေယျ
ယော ပန ဘိက္ခု မာတုဂါမေန သဟသေယျံ ကပ္ပေယျ၊ ပါစိတ္တိယံ။
ယော ပန ဘိက္ခု - သည်၊
မာတုဂါမေန - မာတုဂါမနှင့်၊
သဟ - တကွ၊
သေယျံ - သို့၊
(ပဝိသိတွာ - ၍၊)
သေယျံ - ကို၊
ကပ္ပေယျ - အံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ။
၆။ ဒုတိယ သဟသေယျ
မာတုဂါမနှင့်အတူ တမိုးတရံတည်းသော ကျောင်း၊ အိမ်၊ ဇရပ် စသည်၌ အိပ်လျှင် ပါစိတ်အာပတ် သင့်၏။ ရှေ့သိက္ခာပုဒ် အရ လူယောက်ျား စသော (အထီး)များနှင့် ၃ ညဉ့် အိပ်ခွင့် ရသေး၏။ ဤ သိက္ခာပုဒ်၌ကား မာတုဂါမနှင့် အတူတကွ တညဉ့်မျှ (နေဝင်သည်နှင့် တပြိုင်နက်) အိပ်ခွင့် (ဦးခေါင်းချခွင့်) မရတော့ချေ။ လူမိန်းမမှတပါး ပါရာဇိက လောက်သော အခြားတိရစ္ဆာန်မများနှင့် အတူအိပ်ရာ၌ကား ဒုက္ကဋ်အာပတ် သင့်၏။
[လူမိန်းမနှင့် ၄ ညဉ့်အထိ အိပ်ရာ၌ကား ဤဒုတိယသဟသေယျသာ ထပ်သင့်၏။ ပထမ သဟသေယျ သင့်ဘွယ် မရှိ။ (ဝိမတိ)။]
အစိတ္တက အာပတ်
[အ + စိတ္တ + က။] စိတ်မရှိဘဲ (စိတ်မပါဘဲ၊ မသိဘဲ) သင့်ရောက်အပ်သော အာပတ်ကို “အစိတ္တကအာပတ်” ဟု ခေါ်ကြ၏။ ဤ သဟသေယျ ၂ ပါးလည်း အစိတ္တကပင်တည်း။
ထို့ကြောင့် “သဟသေယျအာပတ် သင့်ချင် သင့်ပေစေတော့”ဟု လွန်ကျူးလိုသောစိတ် မရှိသော်၎င်း၊ မာတုဂါမ၊ လူသာမဏေ စသူတို့ ရှိမှန်းမသိ၍ ဝင်ရောက် အိပ်လျှင်၎င်း၊ မိမိနေရာ အရပ်သို့ မာတုဂါမ စသူတို့ မိမိ မသိဘဲ ဝင်ရောက် အိပ်လျှင်၎င်း ဆိုင်ရာ သဟသေယျ အာပတ်များ သင့်တော့သည်သာ။
အင်္ဂါ ၃ ပါး
ဤ ဒုတိယ သဟသေယျ အင်္ဂါများလည်း -
“၁။ အမိုး တဝက်ကျော်ကျော် မိုးပြီး ကာပြီးသော ကျောင်း အိပ်ရာနေရာ ဖြစ်ခြင်း၊
၂။ မာတုဂါမနှင့် အတူအိပ်ခြင်း၊
၃။ နေဝင်ခြင်း” အားဖြင့် ၃ ပါးပင်ဖြစ်သည်။
ဒိဝါသေယျ သိက္ခာပုဒ်
အနုဇာနာမိ ဘိက္ခဝေ ဒိဝါ ပတိသလ္လီ ယန္တေန ဒွါရံ သံဝရိတွာ ပတိသလ္လီယိတုံ၊ “ဘိက္ခုတို့ ... နေ့အခါ ကိန်းအောင်းသော (အိပ်သော) ရဟန်းသည် တံခါးပိတ်၍ ကိန်းအောင်းခြင်းငှာ ခွင့်ပြုတော်မူ၏” ဟူသော ပထမ ပါရာဇိက ဝိနီတဝတ္ထု ပါဠိတော်နှင့် အညီ နေ့အခါ တံခါးရှိသော ကျောင်းအတွင်း အခန်းတွင်းတို့၌ အိပ်သော ရဟန်းသည် မိမိနှင့် သက်ဆိုင်ရာ တံခါးကို ပိတ်ရမည်။
အခန်းတွင်း အိပ်လျှင် အခန်းတံခါးကို ပိတ်ပါ။ တပါးနေကျောင်း၌ (ကမ္မဋ္ဌာန်းကျောင်း စသည်၌) အိပ်လျှင် ကျောင်းတံခါးပိတ်၍ အိပ်ရမည်။ မပိတ်ဘဲ အိပ်လျှင် ဤ ဒိဝါသေယျ သိက္ခာပုဒ်အရ ဒုက္ကဋ်အာပတ် သင့်သည်။
အများဆိုင် ကျောင်း
ထိုကျောင်း၏ အခန်းများ၌ကား “နောက်ဝင်မည့်ပုဂ္ဂိုလ် ပိတ်လိမ့်မည်”ဟု နှလုံးသွင်း၍ အိပ်ရမည်။ တံခါးစောင့်ရှိလျှင် ထိုသူ့ကို စောင့်ဘို့ရန်မှာ၍ ဖြစ်စေ၊ သူစောင့်လိမ့်မည်ဟု နှလုံးသွင်း၍ ဖြစ်စေ အိပ်ကောင်း၏။ ထိုသို့ နှလုံးမသွင်းဘဲ အိပ်လျှင် ဒုက္ကဋ်ပင်။
သို့သော် “တံခါး” ဟူရာ၌ ယခုကာလ ပတ္တာတပ်ထားသော (ရှေးက အထက်၌ ကွင်းတပ်၍ အောက်၌ ဆုံငယ်တပ်အပ်သော) တံခါးတည်း။ ယခုခေတ် ဆွဲလိုက် ရှုံ့လိုက် ရသော သံတံခါးမျိုးနှင့် ကဲလား စသော တံခါးမျိုးမှာ ပိတ်ဘွယ်မလို။ ထို့ပြင် အထွက်အဝင် မဟုတ်သော ပြုတင်းပေါက်များလည်း ပိတ်ဘွယ်လိုမည် မထင်။
“ပိတ်” ဟူရာ၌လည်း မင်းတုတ်ချထားမှ မဟုတ်၊ ဦးခေါင်း မဝင်သာရုံ စေ့ထားလျှင်လည်း “အပိတ်” ပင်တည်း။
သတိပြုဘွယ်
နေ့အခါ၌ အိပ်ပျော်နေမှ အာပတ်သင့်သည် မဟုတ်သေး။ အိပ်မပျော်ဘဲ အိပ်ရာပေါ်၌ လှဲလျောင်း နေလျှင်၎င်း၊ ပက်လက်ကုလား ထိုင်ပေါ်၌ ခါးကိုဆန့်၍ နေလျှင်၎င်း သေယျအမည် ဖြစ်သည်သာ။ သေယျ အမည်ရလျှင် အာပတ်လည်း သင့်သည်သာ။
ဒိဝါသေယျ သိက္ခာပုဒ်၏ ဝတ္ထု၌ အိပ်ပျော်နေသော ရဟန်းဖြစ်သော်လည်း ထို သိက္ခာပုဒ် အရကား အိပ်မပျော် စေကာမူ အာပတ်သင့်သည်ဟု မှတ်ပါ။
[ဒိဝါသေယျ သိက္ခာပဒေဝိယ ပိဋ္ဌိပသာရဏဿာပိ သယနဣရိယာပထဘာဝေန ဧကလက္ခဏတ္တာ၊ - သီလက္ခန် သာမညဖလသုတ် သတိသမ္ပဇညကထာအဖွင့် ဋီကာသစ်။]
သုဒ္ဓပါစိတ် အခန်း (မုသာဝါဒဝဂ်)
၇။ ဓမ္မဒေသနာ
ယော ပန ဘိက္ခု မာတုဂါမဿ ဥတ္တရိဆပ္ပဉ္စဝါစာဟိ ဓမ္မံ ဒေသေယျ အညတြ ဝိညုနာ ပုရိသဝိဂ္ဂဟေန၊ ပါစိတ္တိယံ။
ယောပန ဘိက္ခု - သည်၊
ဝိညုနာ- တတ်သိ နားလည်သော၊
ပုရိသဝိဂ္ဂဟေန- ယောက်ျားဖြစ်သော ကိုယ်ကို၊
အညတြ - ကြဉ်ထား၍၊
မာတုဂါမဿ - အား၊
ဆပ္ပဉ္စဝါစာဟိ - ၆ ခန်း ၅ ခန်းသော စကားတို့ထက်၊
ဥတ္တရိ - အလွန်၊
ဓမ္မံ - ပါဠိ အဋ္ဌကထာဓမ္မကို၊
ဒေဓသယျ - ဟောအံ့၊
တဿ ဘိက္ခုနော ၊ပေ၊ ဟောတိ။
၇။ ဓမ္မဒေသနာ
အနီးအပါး၌ နားလည်သူ လူယောက်ျား မရှိဘဲ မာတုဂါမအား တယောက်လျှင် ၆ ခွန်းကျထက် ပို၍ ပါဠိ၊ အဋ္ဌကထာ ဓမ္မကို ဟောလျှင် ပါစိတ်၊
နားလည်သောယောက်ျား ဟူသည် “ရိုးရိုးသားသား ပြောအပ်သောစကား၊ ဆန်းဆန်းပြားပြား ပြောအပ်သော စကား”ဟု ခွဲခြား နိူင်သူတည်း။ မာတုဂါမ ဟူသည်လည်း ထိုကဲ့သို့သော စကားမျိုးကို နားလည် လောက်သော မိန်းမတည်း။ ဝိဂ္ဂဟသဒ္ဒါနှင့် လာသမျှ အယောင်ဆောင်ထားသူကို မယူရ။ လူစင်စစ် ယောက်ျားတို့၏ ကိုယ်ကိုသာ ယူရသည်။
ဓမ္မ
ဓမ္မဟူသည် ပဒသောဓမ သိက္ခာပုဒ်၌ ပြအပ်ခဲ့သော ပါဠိတော်၊ အဋ္ဌကထာများတည်း။ ထို့ကြောင့် မြန်မာဘာသာ စသည်ဖြင့် တရားစကား ပြောရာ၌ အနားက ယောက်ျား မရှိဘဲ ၆ ခွန်းထက် ပို၍ ပြောသော်လည်း အနာပတ္တိ။ ယခုကာလ သီလပေးရာ၌ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” စသည်ဖြင့် ပါဠိတွေ ပါနေသော်လည်း ထိုပါဠိသည် ဓမ္မဒေသနာသဘော (တရားဟော) မဟုတ်သောကြောင့် အာပတ် သင့်ဘွယ် မရှိဟု ဆိုကြ၏။
၅ ခွန်း ၆ ခွန်း
“ဆပ္ပဉ္စဝါစာ” ဟူရာ၌ ပဉ္စမှာ ဝါစာသိလိဋ္ဌ (စကားချောအောင် ထည့်ရိုးအတိုင်း ထည့်ခြင်း) သာတည်း။ အခွန်း ရေတွက်ရာ၌ကား ဂါထာရွတ်၍ ဟောရာဝယ် တပါဒလျှင် တခွန်းကျ၊ စုဏ္ဏိယဖြင့် ဟောရာဝယ် တဝိဘတ်ဆုံးလျှင် တခွန်းကျ ရေတွက်ရမည်။ ထို ၆ ခွန်းထက် ပိုလျှင်ကား အက္ခရာတလုံး ဖြစ်စေ၊ တပါဒ ဖြစ်စေ၊ တပုဒ်ဖြစ်စေ ပိုလျှင် အာပတ်ပင်တည်း။
အင်္ဂါ ၅ ပါး
၁။ ပါဠိ အဋ္ဌကထာဓမ္မကို ၆ ခွန်းထက် ပို၍ ဟောခြင်း၊
၂။ တတ်သိ နားလည်လောက်သော မာတုဂါမ ဖြစ်ခြင်း၊
၃။ ဣရိယာပုထ် အပြောင်းအလွဲ မရှိခြင်း၊
၄။ တတ်သိ နားလည်သူ ယောက်ျားမရှိခြင်း၊
၅။ ပြဿနာဖြေသောအရာ မဟုတ်ခြင်း၊
ဤ ၅ ပါးတည်း။
၃။ မာတုဂါမတယောက်အား ရပ်လျက် ၆ ခွန်းဟောပြီးနောက် ထိုင်လျက် ၆ ခွန်းဟော၊ သို့မဟုတ် ပထမ တထိုင် ၆ ခွန်း ဟောပြီးနောက် တခါထပြီး ဒုတိယဘထိုင် ၆ ခွန်းဟော၊ ဤသို့ ဣရိယာပုထ်ကို ပြောင်း၍ဟောလျှင် ၅ ခွန်း ပေါင်းများစွာ ဟောနိုင်၏။ မာတုဂါမအများ နေရာ၌လည်း တယောက် လျှင် ၆ ခွန်းကျ မှန်း၍ဖြစ်စေ (၆ ခွန်းစီဟောမည်ဟု ပြော၍ ဖြစ်စေ) ဟောနိုင်သည်။
၅။ မာတုဂါမက “ဒီဃနိကာယ်ဆိုတာ ဘယ်လို အကြောင်းအရာကို ပြသော နိကာယ်ပါလဲဘုရား” စသည်ဖြင့် မေးလျှင် ဒီဃနိကာယ် ပါဠိတော် အဋ္ဌကထာ အားလုံးပင် ဟောကောင်းသည်။
[ဆောင်]
ဓမ္မခြောက်ခု, ပိုအောင်ပြုသား, မာတုဂါမ, နားလည်စွာနှင့်, ပထဣရိ, ပြောင်းမလှည့်ဘဲ, တတ်သိယောက်ျား, နီးနားမပါ, ပြဿနာဖြေခင်း, မဟုတ်ခြင်းဟု, ကြောင်းရင်း ၅ လီ, အင်္ဂါညီ, သင့်ပြီ ဓမ္မ-ဒေသန။
သုဒ္ဓပါစိတ် အခန်း (မုသာဝါဒဝဂ်)
၈။ ဘူတာရောစန
ယော ပန ဘိက္ခု အနုပသမ္ပန္နဿ ဥတ္တရိမနုဿဓမ္မံ အာရောစေယျ၊ ဘူတသ္မိံ ပါစိတ္တိယံ။
ယော ပန ဘိက္ခု - သည်၊
အနုပသမ္ပန္နဿ – လူ သာမဏေအား၊
ဥတ္တရိမနုဿဓမ္မံ - မြတ်သော ဈာယီ အရိယာလူတို့၏ ဥစ္စာဖြစ်သော ဈာန်၊ မဂ်ဖိုလ် တရားကို၊
ရောစေယျ - ပြောအံ့၊
ဘူတသ္မိံ - ဟုတ်မှန်လသော်၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ။
၈။ ဘူတာရောစန
[ဘူတ ဟုတ်မှန်သည်ကို + အာရောစန ပြောခြင်း။]
ဈာန်ကိုရပြီးသော၊ သို့မဟုတ် မဂ်ဖိုလ်ကို ရပြီးသော ရဟန်းသည် မိမိမှာ ဈာန်မဂ်ဖိုလ်ရကြောင်းကို လူ၊ သာမဏေအား အမှန်အတိုင်း ပြောလျှင် ပါစိတ်အာပတ်။ [လိမ်ပြောလျှင်ကား ပါရာဇိကဟု ဆိုခဲ့ပြီ။]
အင်္ဂါ ၄ ပါး
၁။ ဥတ္တရိမနုဿဓမ္မ၏ ထင်ရှားရှိခြင်း၊
၂။ လူသာမဏေ အား ပြောခြင်း၊ [သာသနာတော်၏ မွန်မြတ်ကြောင်းကို သိစေလို၊ အားကျ စေလို၍ ဘိက္ခု၊ ဘိက္ခုနီတို့အား ပြောကောင်း၏။]၊
၃။ ထို ပြောပြီးခဏ၌ သိခြင်း [အတော်ကြာ၍ စဉ်းစားမှသိလျှင်၊ သို့မဟုတ် လုံးလုံးမသိလျှင် ဒုက္ကဋ်၊]
၄။ သူတပါးအား မညွှန်ပြခြင်း [အကျယ်ကို စတုတ္ထပါရာဇိက၌ ပြခဲ့ပြီ။]
[ဆောင်]
ဈာန် မဂ်ဖိုလ် ဥတ္တရိရယ်က, မိမိ၌ ရှိသည်မှန်,
သာမဏေ လူပါနှော-ပြောပြမိပြန်,
ချက်ချင်းလည်း သိဟန်, မညွှန်ပြန် သူများ,
အင်လေးဖြာ အစုံကပ်လျှင်လ,
ပါစိတ္တိ - ဘူတာပတ်ရယ်ဟု, ဆုံးဖြတ် မမှား။
သုဒ္ဓပါစိတ် အခန်း (မုသာဝါဒဝဂ်)
၉။ ဒုဋ္ဌုလ္လာရောစန
ယော ပန ဘိက္ခု ဘိက္ခုဿ ဒုဋ္ဌုလ္လံ အာပတ္တိံ အနုပသမ္ပန္နဿ အာရောစေယျ အညတြ ဘိက္ခု သမ္မုတိယာ၊ ပါစိတ္တိယံ။
ယော ပန ဘိက္ခု - သည်၊
ဘိက္ခု သမ္မုတိယာ - ရဟန်းအား ပေးအပ်သော သမ္မုတိကို၊
အညတြ - ၍၊
ဘိက္ခုဿ - ရဟန်း၏၊
ဒုဋ္ဌုလ္လံ - ရုန့်ရင်းသော၊
အာပတ္တိံ - အာပတ်ကို၊
အနုပသမ္ပန္နဿ - လူ သာမဏေအား၊
အာရောစေယျ - ပြောအံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ။
၉။ ဒုဋ္ဌုလ္လာရောစန
[ဒုဋ္ဌုလ္လ = ရုန့်ရင်းသောအာပတ်ကို + အာရောစန = ပြောခြင်း။]
ရဟန်းတပါးသည် သံဃာဒိသေသ် အာပတ် သင့်၏။ ထိုသို့ သင့်သည်ကို မိမိက သမ္မုတိရသူ မဟုတ်ဘဲ လူ၊ သာမဏေအား ပြောလျှင် ပါစိတ်အာပတ်။
[ပါရာဇိကနှင့် သံဃာဒိသေသ် အာပတ်ကို ဒုဋ္ဌုလ္လသဒ္ဒါက ဟောနိူင်သော်လည်း ဤသိက္ခာပုဒ်၌ သံဃာဒိသေသ် အာပတ်ကိုသာ ဒုဋ္ဌုလ္လ အရ ယူရမည်။ ထိုသို့ ယူရကြောင်းကို နောက်၌ (၃) မှတ်ချက်ဖြင့် ထင်ရှားစေလတံ့။]
ဘိက္ခုသမ္မုတိယာ
ဦးတိဿသည် သံဃာဒိသေသ် အာပတ် မပြတ် သင့်နေအံ့၊ “နောင်ခါ ရှက်ကြောက်သောအားဖြင့် ထို အာပတ် အပြစ်မှ ရှောင်ကြဉ်ပါစေတော့” ဟု သဘောထား၍ ထိုဦးတိဿ၏ အပြစ်ကို လူဒကာ၊ ဒကာမ တို့အား ပြောဘို့ရန် သံဃာက အပလောကနကံ (သံဃာ့အလယ်မှာ ခွင့်ပန်သောကံ)ဖြင့် ရဟန်းတပါးအား သမ္မုတိ ပေးရသည်။ ထို သမ္မုတိကို “ဘိက္ခု သမ္မုတိ”ဟု ခေါ်သည်။
သမ္မုတိပေးပုံ
သံဃာ စည်းဝေးပြီးနောက် သံဃာ့ အလယ်မှာ “ဦးတိဿ၏ ဒုဋ္ဌုလ္လအာပတ်ကို လူ၊ သာမဏေအား ပြောနိူင်ဘို့ရန် ဦးဓမ္မကို သမုတ်ပါသည်။ သဘောတူလျှင် ဆိတ်ဆိတ်နေပါ” ဤသို့ ၃ ကြိမ် ပြော၍ ပေးရသည်။
ထို သမ္မုတိရသော ရဟန်းက ထို ဦးတိဿ၏ ဒုဋ္ဌုလ္လအာပတ်ကို သမ္မုတိရသောရဟန်းက လူတို့အား ပြောကောင်း၏။ ထိုသို့ သမ္မုတိမရဘဲ ပြောလျှင် ပါစိတ်အာပတ် သင့်သည်။
မှတ်ချက်
နောင် ရှောင်ကြဉ်စေရန် လူတို့အား ပြောခွင့်သမ္မုတိ ပေးမှုကို ထောက်၍ “ဒုဋ္ဌုလ္လ” အရ သံဃာဒိသေသ်ကိုသာ ယူရကြောင်း သိသာသည်။ ပါရာဇိကအာပတ် သင့်ပြီးဖြစ်လျှင်ကား နောင်ခါ ရှောင်ကြဉ်ဘို့ မလိုသောကြောင့် သမ္မုတိရသော ရဟန်းက ပြောသော်လည်း အကျိုးမရှိပြီ၊ ထို့ကြောင့် “ဤသိက္ခာပုဒ်၌ ဒုဋ္ဌုလ္လအရ သံဃာဒိသေသ် အာပတ်ကိုသာ ယူရသည်”ဟု ဆိုခဲ့သည်။
အာရောစေယျ
“ပြော” ဟူရာ၌ “ဦးတိဿသည် သံဃာဒိသေသ် အာပတ်သင့်၏”ဟု အာပတ်ကိုသာ ပြောသည်ဖြစ်စေ၊ “ဦးတိဿသည် သုက္ကဝိသဋ္ဌိအမှုကို ပြု၏” ဟု ဝတ္ထုကိုသာ ပြောသည် ဖြစ်စေ အာပတ် မသင့်သေး။
“ဦးတိဿသည် သုက္ကဝိသဋ္ဌိအမှုကို ပြုသောကြောင့် သံဃာဒိသေသ်အာပတ် သင့်၏” ဟု ဝတ္ထုနှင့် အာပတ်ကို တွဲစပ်၍ ပြောမှ အာပတ်သင့်သည်။
၂။ မှတ်ချက်
အောက် အာပတ်များကို၎င်း၊ သာမဏေများ၏ လွန်ကျူးမှုကို၎င်း ပြောလျှင် ဒုက္ကဋ်။ သာမဏေများ၏ ပါဏာတိပါတ စသော ရှေ့ငါးပါးကို ကျူးလွန်ခြင်းသည် ဒုဋ္ဌုလ္လ (အကြမ်း) အပြစ်တည်း။ ဝိကာလ ဘောဇန စသည်နှင့် သံဃာဒိသေသ်လာ သုက္ကဝိသဋ္ဌိ စသော အမှုများကို ကျူးလွန်ခြင်းသည် အဒုဋ္ဌုလ္လ (မကြမ်းသော) အပြစ်များတည်း။ ထို့ကြောင့် ပါတိမောက်လာ အချို့သိက္ခာပုဒ်များသည် သာမဏေများ ကျင့်ထိုက်သော သိက္ခာပုဒ်များတည်း ဟု မှတ်ပါ။
အင်္ဂါ ၃ ပါး
၁။ ပါရာဇိက မကျသေးသော ရဟန်း၏ သံဃာဒိသေသ် အာပတ် ဖြစ်ခြင်း၊
၂။ လူ သာမဏေအား ပြောခြင်း၊
၃။ သမ္မုတိ မရခြင်း၊
၃ ပါးတည်း။ [လူ ဟူရာ၌ ရသေ့ ပရိဗ္ဗိုဇ်များပါ ပါသည်။]
[ဆောင်]
ရဟန်းစင်စစ်, ဖြစ်သည့်သူ၏, ဝတ္ထုလည်းပါ, သံဃာဒိသေသ်, အာပတ်ဖြစ်စေ, သာမဏေ လူ, ပြောမူတဝ, မရ သမ္မုတိ, အင်သုံးပြည့်, သင့်၏ ဒုဠုလ္လ။
သုဒ္ဓပါစိတ် အခန်း (မုသာဝါဒဝဂ်)
၁၀။ ပထဝီခဏန
ယော ပန ဘိက္ခု ပထဝိံ ခဏေယျ ဝါ ခဏာပေယျ ဝါ ပါစိတ္တိယံ။
ယော ပန ဘိက္ခု - သည်၊
ပထဝိံ - မြေကို၊
ခဏယျဝါ - ကိုယ်တိုင်မူလည်း တူးအံ့၊
ခဏာပေယျ ဝါ - သူတပါးကိုမူလည်း တူးစေအံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ။
ပထမော - ပထမ ဖြစ်သော၊
မုသာဝါဒဝဂ္ဂေါ - မုသာဝါဒဝဂ်တည်း။
၁ဝ။ ပထဝီခဏန
မြေကို ကိုယ်တိုင် တူးလျှင်၎င်း၊ “သူတပါးကို တူးစမ်း” ဟု ခိုင်းလျှင်၎င်း ပါစိတ်။
“ခဏေယျ”ဟု တူးခြင်း ကြိယာကိုသာ ဆိုသော်လည်း တူးခြင်းတမျိုးသာမက ပေါက်ခွဲခြင်း၊ ခြစ်ခြင်း၊ မီးတိုက်ခြင်း စသော ဖျက်ဆီးခြင်း အားလုံးကို ယူပါ။ ခဏနကြိယာကို ဥပလက္ခဏနည်း အားဖြင့် မှတ်၍ ပြထားသည်ဟု ဆိုလိုသည်။
ပထဝီ အမျိုးမျိုး
ဇာတပထဝီ၊ အဇာတပထဝီ ဟု ၂ မျိုး ရှိသည်။ ထိုတွင် -
“ဇာတပထဝီ”ဟူသည် မြေဖြစ်ပြီးသော ပထဝီ (မြေအမျိုးတွင် ပါဝင်သော ပထဝီ) တည်း။
“အဇာတပထဝီ”ဟူသည်ကား မြေအမျိုးတွင် မပါဝင်သော ပထဝီတည်း။
ဇာတပထဝီလည်း သုဒ္ဓပထဝီ၊ မိဿပထဝီ၊ ပုဉ္ဇပထဝီ အားဖြင့် ၃ မျိုးပြား၏။
သုဒ္ဓ ပထဝီ
သုဒ္ဓပထဝီဟူသည် မြူမှုန် (ဖုံ) သက်သက်၊ သို့မဟုတ် မြေညက်သက်သက်တည်း။
[“မြေမှုန်-မြူမှုန်-ဖုံ”ဟု ခေါ်အပ်သော အပေါ်မြေကို “ပံသု”ဟု ခေါ်၏။ မြူ၊ ဖုံတို့၏ အောက်၌ရှိသော မြေသားကို “မတ္တိကာ- မြေညက်”ဟု ခေါ်သည်။]
မိဿ ပထဝီ
မိဿပထဝီ ဟူသည် ကျောက်ခဲ၊ ကျောက်စရစ်၊ အိုးခြမ်း၊ ကျောက်ပြုပ်ခဲတို့နှင့် ရောနေသော ယခင် ပံသု-မတ္တိကာပထဝီများတည်း။ ထိုသို့ ရောရာ၌ ပံသုဖြစ်စေ၊ မတ္တိကာဖြစ်စေ၊ တဝက် တဝက်ထက် များလျှင် ဇာတ ပထဝီတွင် ပါဝင်၏။ ပံသု-မတ္တိကာတို့က နည်း၍ ကျောက်ခဲစသည်က များလျှင် အဇာတပထဝီတွင် ပါဝင်သည်။
ပုဉ္ဇပထဝီ
ပုဉ္ဇပထဝီ ဟူသည်ကား စုပုံထားသော မြေမှုန် မြေညက်များတည်း။ ထို မြေပုံများသည် အမိုး အကာ မရှိသော လွင်ပြင်၌၊ သို့မဟုတ် မိုးမလုံသောနေရာ၌ ပုံထားသဖြင့် တကြိမ် မိုးစွတ်ပြီးနောက် လေးလ ကြာလျှင် ဇာတပထဝီတွင် ပါဝင်တော့သည်။ အထက်ပိုင်းသာ မိုးစို၍ အောက်ပိုင်း အတွင်းပိုင်း၌ မိုးမစိုလျှင်ကား ထိုနေရာသည် ဇာတပထဝီတွင် မပါဝင်သေး။
မှတ်ချက်
ဤ ပုဉ္ဇပထဝီနှင့် စပ်၍ လွင်ပြင်ရှိ ခြတောင်ပို့၊ ခြအိမ်များနှင့် ပန်းအိုး၌ ထည့်ထားအပ်သော မြေများလည်း ပထမတကြိမ် မိုးစွတ်ပြီးနောက် လေးလကြာလျှင် ဇာတပထဝီတွင် ပါဝင်ကြသည်။ ထို့ကြောင့် ပန်းအိုး၌ ရှိသော မြေများကို ရဟန်းများ မဖျက်ကောင်းဟု မှတ်ပါ။
အာပတ်သင့်နိုင်ရာများ
ထို ဇာတပထဝီတွင် ပါဝင်သော သုဒ္ဓပံသု၊ သုဒ္ဓမတ္တိကာ၊ မိဿပံသု၊ မိဿမတ္တိကာများကို တူးဖောက်၊ ခွဲဖျက်၊ မီးတိုက်ခြင်း၊ ထို ဇာတပထဝီများကို ခြေ၊ လက်၊ ဒုတ်တို့ဖြင့် ခြစ်ခြင်း၊ ရေးသားခြင်း (အယုတ်သဖြင့် မြေပျက်အောင် ကျင်ငယ်ကို ပြင်းပြင်းစွန့်ခြင်း) တို့တွင် တခုခုကို ပြုလျှင် ဤသိက္ခာပုဒ်အရ ပါစိတ် အာပတ်သင့်၏။ ထိုဇာတပထဝီပေါ်၌ သပိတ်ဖုတ်ရန်၊ ဆိုးရည်ကျိုရန် မီးမွှေးလျှင်လည်း ထိုပထဝီကို မီးတိုက်ရာ ရောက်သောကြောင့် ပါစိတ်အာပတ်ပင်တည်း။
အာပတ်မသင့်ရာများ
ဇာတပထဝီတွင် မပါဝင်သော အုတ်၊ ကျောက် စသည်တို့ များစွာမပါသော မြေ၊ သပိတ် ဖုတ်ဖူးသောနေရာ ဖြစ်၍ မီးလောင်ပြီးသော မြေ၊ မိုးမစွတ်သေးသော၊ စွတ်သော်လည်း ၄ လ မပြည့်သေးသော မြေပုံ၊ တောင်ပို့၊ ခြအိမ်များ၊ ပန်းအိုးအတွင်း၌ရှိသော မြေကို ဖျက်ဆီးသော်လည်း အပြစ်မရှိ။
ထိုဇာတပထဝီကိုပင် သစ်တုံးလှိမ့်ရင်း၊ တောင်ဝှေးထောက်ရင်း၊ တံမြက်လှည်းရင်း ပျက်စေ သော်လည်း ဖျက်လိုသောစိတ် မရှိလျှင် အာပတ် မသင့်ပါ။ သို့သော် ပျက်စေလိုသောစိတ် ရှိလျှင်ကား မိမိ၏ စင်္ကြံသွားလမ်းကို သူတပါးသိအောင် ခြေဖြင့် ပြင်းပြင်းနင်း၍ သွားရုံမျှဖြင့် ဤသိက္ခာပုဒ်အရ အာပတ်သင့်၏။
ခဏာပေယျ
တူးစေခြင်း (အတူးခိုင်းခြင်း)၌ အပ်သော ခိုင်းနည်း၊ မအပ်သောခိုင်းနည်းဟု ၂ မျိုးရှိ၏။
“ဤမြေကို တူးစမ်း၊ ဤတွင်းကို တူးစမ်း ဤမြေကို ခွဲစမ်း၊ ဖောက်စမ်း၊ ဖြိုဖျက်စမ်း၊ မီးတိုက်စမ်း” စသည်ဖြင့် မြေကို တိုက်ရိုက် ညွှန်ပြ၍ ခိုင်းခြင်းသည် မအပ်သော ခိုင်းခြင်းတည်း။
ကင်္ခါ
ဣမံ ပဒေသန္တိဝါ - ဤအရပ် ဟူ၍သော်၎င်း၊
ဣမံ ပထဝိံ တိဝါ - ဤမြေကိုဟူ၍သော်၎င်း၊
ဧဝံ နိယမေတွာ - ဤသို့ သတ်မှတ်ပြီး၍၊
ခန - တူးလော၊
ဘိန္ဒ - ဖောက်လော၊
ဣတိ အာဒိနာ နယေန အာဏာပေန္တဿ အာဏတ္တိယာ ဒုက္ကဋံ ၊ပေ၊ ပါစိတ္တိယံ၊ -
ဤသိက္ခာပုဒ် အဋ္ဌကထာ။
အပ်သောခိုင်းနည်း
“ဤတွင်းကို ဤမြေကို ကပ္ပိစမ်း၊ သိစမ်း၊ ဤမြေဖြင့် အလိုရှိသည်၊ ဤမြေကို ယူခဲ့စမ်းပါ” စသော ခိုင်းခြင်းများသည် အပ်သော ခိုင်းခြင်းတည်း။
နေရာကို မသတ်မှတ်ဘဲ “မြေပေါက်လိုက်၊ တွင်းတူးလိုက်”စသော ခိုင်းခြင်းများ၌လည်း အာပတ်မသင့်ပါ။ သို့ရာတွင် ဝိနည်း အရာ၌ အကျင့်ရအောင် “ကပ္ပိစမ်း၊ သိစမ်း” စသော အသုံးများကိုသာ သုံးမိအောင် သတိပြုသင့်ပါသည်။
အင်္ဂါ ၃ ပါး
၁။ ဇာတပထဝီဖြစ်ခြင်း၊
၂။ ဇာတပထဝီမှန်းသိခြင်း [သွားရင်းလာရင်းဖြစ်စေ၊ အခြားသူနှင့် စကားပြောရင်းဖြစ်စေ သတိ မထားဘဲ အမှတ်တမဲ့ ခြစ်မိ တူးမိရာ၌ ဖျက်လိုသောစိတ် မရှိသောကြောင့် အနာပတ္တိ။]
၃။ ကိုယ်တိုင်တူးခြင်း၊ သို့မဟုတ် သူတပါးကို တူးစေခြင်း၊
၃ ပါးတည်း။
[ဆောင်]
ပထဝီဇာတ, ဖြစ်ကြဆိုင်ဆိုင်, သိမှတ်နိုင်လျက်, ကိုယ်တိုင် တူးခြင်း, တူးစေခြင်းဟု, ကြောင်းရင်း သုံးလီ, အင်္ဂါညီ, ပထဝီ ပါစိတ်သင့်။
သုဒ္ဓပါစိတ် အခန်း (ဘူတဂါမဝဂ်)
၁။ ဘူတဂါမ
ဘူတဂါမပါတဗျတာယ ပါစိတ္တိယံ။
ဘူတဂါမပါတဗျတာယ - ဖြစ်ဆဲ ကြီးပွားဆဲ ဖြစ်ပြီး ကြီးပွားပြီးသော မြက်သစ်ပင်အပေါင်းကို ဖျက်ဆီးခြင်းကြောင့်၊
ပါစိတ္တိယံ - ပါစိတ်အာပတ်သည်၊
ဟောတိ - ဖြစ်၏။
၁။ ဘူတဂါမ
သစ်ပင်ကို ကိုယ်တိုင်ဖြစ်စေ၊ ခိုင်း၍ဖြစ်စေ ဖျက်ဆီးလျှင် ပါစိတ်အာပတ်သင့်၏။
“ဖျက်ဆီး”ဟူသည် ဖြတ်ခြင်း၊ ခွဲခြင်း၊ မီးတိုက်ခြင်း စသည်များတည်း။ “ဘူတဂါမ” ၌ ဘူတသဒ္ဒါသည် အမြစ်အညွန့် ထွက်သည်မှ စ၍ စည်ကားမှု မကုန်သေးသမျှ စည်ကားနေဆဲ၊ ကြီးနေဆဲဖြစ်သော သစ်ပင်များကို၎င်း၊ အစွမ်းကုန် စည်ကားပြီး၊ ကြီးပွားပြီးသော သစ်ပင်ကြီးများကို၎င်း ဟော၏။
ဝစနတ္ထ
ဘဝန္တီတိဘူတာ, အဘဝုန္တိ ဘူတာ၊
“ဘဝန္တိ - ဖြစ်ကုန် ကြီးပွားကုန်ဆဲ၊
အဘဝုံ - ဖြစ်ကုန် ကြီးပွားကုန်ပြီး” ဟု အနက်ဆိုပါ။
ဂါမ သဒ္ဒါကား “အပေါင်း အနက်ဟော၊
ဘူတာနံ - ဖြစ်ဆဲ ကြီးပွားဆဲ ဖြစ်ပြီး ကြီးပွားပြီးသော သစ်ပင်တို့၏၊
ဂါမော - အပေါင်းတည်း၊
ဘူတဂါမော - ဖြစ်ပြီး ဖြစ်ဆဲသော သစ်ပင်အပေါင်း။
ပါတဗျတာ
“ပါတဗျ”၌ ပါဓာတ် (တဗ္ဗပစ္စည်းနှင့် အလားတူသော) တဗျပစ္စည်းတည်း။ ဤနေရာ၌ ပါဓာတ်သည် “သုံးစွဲခြင်း”အနက်ဟောတည်း။ ပါတဗျဿ – ဖြတ်ခြင်း၊ ခွဲခြင်း၊ မီးတိုက်ခြင်း စသည်ဖြင့် အလိုရှိတိုင်း သုံးစွဲအပ်သော သစ်ပင်အပေါင်း၏၊ ဘာဝေါ - ဖြစ်ကြောင်းဖြစ်ရာ ဖြတ်ခြင်း၊ ခွဲခြင်း၊ မီးတိုက်ခြင်း စသည်ဖြင့် ဖျက်ဆီးခြင်းကြိယာတည်း။ ပါတဗျတာ - အလိုရှိတိုင်း သုံးစွဲထိုက်သော သစ်ပင်အပေါင်း၏ ဖြစ်ကြောင်း ဖြစ်ရာ ဖျက်ဆီးခြင်း ကြိယာ။ ဆိုလိုရင်းမှာ- “သစ်ပင်အပေါင်းကို ဖျက်ဆီးခြင်း”ဟု ဆိုလိုသည်။
ဗီဇဂါမ် ဘူတဂါမ်
မျိုးစေ့အပေါင်းကို (ဗီဇဂါမ) ဗီဇဂါမ်၊ သစ်ပင်အပေါင်းကို (ဘူတဂါမ) ဘူတဂါမ် ဟု ခေါ်သည်။
ထိုတွင် ဗီဇဂါမ်သည် မူလ (အမြစ်)၊ ခန္ဓ (ပင်စည်)၊ ဖလု (အဆစ်)၊ အဂ္ဂ (အညွန့်)၊ ဗီဇ (အစေ့) အားဖြင့် ၅ ပါးပြား၏။ ထိုမျိုးစေ့အဖြစ်၌တည်ရှိသော ဗီဇဂါမ်ကို ဖျက်ဆီးလျှင် ဒုက္ကဋ်အာပတ် သင့်၏။
ထိုမျိုးစေ့ကို စိုက်ပျိုးသည့်အခါ အမြစ်သာ ထွက်၍ အညွန့်မထွက်သေးလျှင်၎င်း၊ အညွန့်သာထွက်၍ အမြစ် မတွက်သေးလျှင်၎င်း ဗီဇဂါမ်ပင်တည်း။ အမြစ် အညွန့် ၂ မျိုးလုံး ထွက်လျှင်ကား ဘူတဂါမ်တွင် ပါဝင်လေပြီ။
မှတ်ချက်
သောက်ရေအိုးများ၏ အပြင်ဘက်၌ “ရေညှိ” ဟု ခေါ်အပ်သော မှော်သေးကလေးများကို တွေ့ရတတ်၏။ ထိုမှော်သေးကလေးများ၌ အရွက် အညွန့်လည်း မပါရကား ဗီဇဂါမ်တွင် ပါဝင်လေသည်။ သို့ဖြစ်၍ ထို ရေညှိများကို ရဟန်းကိုယ်တိုင် မဆေးမိရန် သတိပြုပါ။
[ဆောင်]
မြစ်-ဆစ်-ပင်စည်, ညွန့်-စေ့မှီ, ငါးလီ ဗီဇဂါမ်။
ဖျက်လေသမျှ ဒုက္ကဋ, မုချ သင့်ရမှန်။
မအပ်သောခိုင်းနည်း
“ဤသစ်ပင်ကို ဖြတ်စေ၊ ခုတ်စမ်း၊ လှဲစမ်း၊ ချိုင်စမ်း၊ ဤအသီးကို ဆွတ်စမ်း”
ငရုပ်သီး၊ ကြက်သွန် စသည်ကို “ထောင်းစမ်း၊ ချက်စမ်း”
အပင်ပေါက်မည့် ကြံ စသည်ကို “ဖြတ်စမ်း”
စသော ခိုင်းခြင်းသည် မအပ်သော ခိုင်းခြင်းဖြစ်၍ အာပတ်သင့်၏။
ထိုတွင် သစ်ပင်ကား ဘူတဂါမ်၊ ငရုပ်သီးစသော အပင်မှလွတ်ပြီး မျိုးစေ့ကား ဗီဇဂါမ်တည်း။
အပ်သောခိုင်းနည်း
“ဤသစ်ပင်ကို သိစမ်း၊ ကပ္ပီစမ်း၊ ဤငရုပ်သီးကို ကပ္ပီစမ်း” စသော ပထဝီခဏနသိက္ခာပုဒ်၌ ပြအပ်ခဲ့သော ခိုင်းနည်းကား အပ်သော ခိုင်းနည်းတည်း။
မည်သည့် သစ်ပင်၊ မည်သည့် ငရုပ်သီးဟု မညွှန်ဘဲ “သစ်ပင်ခုတ်လိုက်၊ ငရုပ်သီးထောင်းလိုက်” စသော ခိုင်းခြင်း၌ အပြစ်မရှိပါ။ သို့ရာတွင် “သိစမ်း၊ ကပ္ပီစမ်း” ဟု ပြောလေ့ရှိပါစေ။ ဤသိက္ခာပုဒ်၌လည်း ဖျက်ဆီးလိုသော စိတ် မရှိဘဲ သစ်တုံးလှိမ့်ရာ၊ တောင်ဝှေးထောက်၍ စင်္ကြံ သွားရာ အခါတို့၌ မြက် သစ်ပင်တို့ ပျက်စီးသော်လည်း အနာပတ္တိပင်။
ကပ္ပီခြင်း
အပ်သောနည်းဖြင့် သစ်ပင်၊ သစ်သီး၊ ကြံ စသည်ကို ဆွတ်ခြင်း၊ ခုတ်ခြင်းကို ပြုစေပြီးသောအခါ ဘူတဂါမ်အဖြစ်မှ ကင်းလေပြီ။ သို့သော် နောက်ထပ် အပင်ပေါက်ဦးမည်ဖြစ်လျှင် ဗီဇဂါမ် ဖြစ်နေသေးသောကြောင့် ထို ဗီဇဂါမ် သစ်ပင်၊ သစ်သီး၊ ကြံစသည်ကို ရဟန်းများ သုံးဆောင်ကောင်း လောက်အောင် (ဗီဇဂါမ်ကို ဖျက်ဆီးရာ မရောက်အောင်) “ကပ္ပီခြင်း” ခေါ် ဝိနည်းကံတခုကို ပြုရသေးသည်။
ကပ္ပီနည်း အမျိုးမျိုး
ကပ္ပသဒ္ဒါသည် ဤနေရာ၌ သမဏဝေါဟာရ (ရဟန်းတို့၏ အပ်အောင် ပြုကြောင်း ဖြစ်သော အသုံးအနှုန်း) အနက်ကို ဟော၏။ ထို အသုံးအနှုန်းကား -
* ၁။ မီးဖြင့်တိုက်ခြင်း၊
* ၂။ ဓားဖြင့် ခုတ်ခြင်း၊
* ၃။ လက်သည်း ခြေသည်းတို့ဖြင့် ဆိတ်ဖြတ် ထိုးဖောက်ခြင်း၊
* ၄။ နဂို အစေ့နု၍ အပင်မပေါက်နိူင်ခြင်း၊
* ၅။ သရက်သီးမှည့် စသည်ကဲ့သို့ အစေ့ကို ထုတ်ပစ်၍ ဖြစ်ခြင်းများတည်း။
ဤ ၅ မျိုးလုံးပင် ရဟန်းတို့အား အပ်သော အသုံးအနှုန်း ၅ များ ဖြစ်သောကြောင့် “ကပ္ပ”ဟု ခေါ်သည်။ [ထိုတွင် အစေ့နုနှင့် ထုတ်ပစ်၍ ရကောင်းသော အစေ့တို့မှာ ကပ္ပိဘွယ် မလို၊ နဂိုအတိုင်း ကပ္ပဖြစ်သည်။]
ကပ္ပိပုံ
သူ၏ မျိုးစေ့မှ အပင်ပေါက်လောက်သာ သစ်သီး ကြံတို့ကို စားလိုလျှင် ရဟန်းက “ကပ္ပိယံ + ကရောဟိ”ဟု ဆိုပြီးနောက် လူ သာမဏေက “ကပ္ပိယံ + ဘန္တေ”ဟု ဆိုလျက် (ဆိုတုန်း ဖြစ်စေ၊ ဆိုပြီး ချက်ချင်း ဖြစ်စေ) မီးဖြင့်သော်လည်း ထိုး၊ ဓားဖြင့်သော်လည်း ခုတ်၊ လက်သည်းဖြင့် သော်လည်း ဆိတ်ရမည်။ ဓား၊ လက်သည်းဖြင့် ထိုး ခုတ် ဆိတ်ဖြတ်ရာ၌ ထက်ပိုင်း မပြတ်ဘဲ ဓားရာ၊ လက်သည်းရာ အပေါက်အပြတ် ထင်ရှားလျှင် အပ်ပြီ။ ထက်ပိုင်း ပြတ်လျှင်လည်း အပ်မည်ဟု ထင်၏။
သို့သော် ဝိမတိ၌ကား “တဉ္စ ဒွိတာ အကတွာ (၂ ပိုင်း မပြုဘဲ) ဆေဒနဘေဒနမေဝ ဒဿေတဗ္ဗံ”ဟု ဆို၏။ စဉ်းစားပါ။
ဆက်ဦးအံ့—
“ဓားဖြင့်ခုတ်” ဟူရာ၌ အပ်ဖြင့် ထိုးခြင်းများလည်း ပါဝင်၏၊ ထိုသို့ ကပ္ပိရာ၌ သစ်သီး စသော ဝတ္ထုက ရဟန်း၏ လက်ထဲ၌ ရှိနေမှ မဟုတ်၊ ထောင်ပုံ ရာပုံ ပုံထားသော အကပ်မခံရသေးသော သစ်သီးပုံ၊ ကြံပုံ တို့ကိုလည်း ရဟန်းတပါးက မထိမကိုင်ဘဲ “ကပ္ပိယံ ကရောဟိ” ဟု ဆိုသော အခါ လူဝတ်ကြောင်က ဖြစ်စေ၊ သာမဏေက ဖြစ်စေ တစပ်ထည်းနေသော သစ်သီးတလုံးကို၊ ကြံတချောင်းကို “ကပ္ပိယံ ဘန္တေ” ဟု ဆို၍ ခုတ်လိုက် ထိုးလိုက်လျှင် အားလုံးပင် ကပ္ပိပြီး ဖြစ်တော့၏။ တကြိမ် ကပ္ပိပြီးသော သစ်သီးများကို (အကပ် မခံရသေးလျှင်) နောက်နောက် ရက်များ၌ပင် ထပ်၍ မကပ္ပီဘဲ အကပ်ခံ၍ စားသောက်နိူင်၏။
ကပ္ပိယံ ကရောဟိ အဓိပ္ပာယ်
ကပ္ပဿ - သမဏဝေါဟာရအား + အနုရူပံ - လျော်သောအမှုတည်း၊ ကပ္ပိယံ-မှု
“ကပ္ပိယံ - ရဟန်းတို့အား အပ်ကြောင်း ဖြစ်သော အသုံးအနှုန်းအား လျော်သောအမှုကို (သဒ္ဒါနက်)၊
ဝါ – အပ်သည်ကို (အဓိပ္ပာယ်နက်)၊
ဝါ၊ – ကပ္ပီခြင်းကို (ဝေါဟာရ - သုံးစွဲရိုးအနက်)
ကရောဟိ - ပြုလော”ဟု အနက်ဆို။
“ကပ္ပိယံ ဘန္တေ”၌ “ဘန္တေ - အရှင်ဘုရား၊ ကပ္ပိယံ- အပ်သည်ကို၊ (ကရောမိ - ပြုပါ၏)” ဟု ဆို။ ပါဠိလို မဆိုတတ်လျှင် မြန်မာလို ဆရာက “ကပ္ပီစမ်း”၊ တပည့်က “ကပ္ပီပါ၏ ဘုရား” ဟု ဆို၍ ဓား စသည်ဖြင့် ခုတ်လျှင် အပ်သည်သာ။
အင်္ဂါ ၃ ပါး
၁။ ဘူတဂါမ်ဖြစ်ခြင်း၊
၂။ ဘူတဂါမ်ဟု သိခြင်း၊
၃။ ကိုယ်တိုင်ဖြစ်စေ,ခိုင်း၍ဖြစ်စေ ဖျက်ဆီးခြင်း၊ ၃ ပါးတည်း။
[ပါစိတ်၏ အင်္ဂါဖြစ်၍ ဘူတဂါမ်ဟု ဆိုသည်။ ဒုက္ကဋ်အင်္ဂါဟုဆိုလျှင် ဗီဇဂါမ်ဟု ဆိုပါ။]
[ဆောင်]
ဘူတဂါမ်ဆိုင်ဆိုင်, သိမှတ်နိူင်လျက် ကိုယ်တိုင် ဖျက်ခြင်း ဖျက်စေခြင်းဟု, ကြောင်းရင်း သုံးတန်, အင်ညီပြန်, ဘူတဂါမ် ပါစိတ်သင့်။
သုဒ္ဓပါစိတ် အခန်း (ဘူတဂါမဝဂ်)
၂။ အညဝါဒက
အညဝါဒကေ, ဝိဟေသကေ ပါစိတ္တိယံ။
အညဝါဒကေ - မေးအပ်သော အကြောင်းမှ တပါးသော အကြောင်းကို ပြောဆိုတတ်သူ၏ အဖြစ်ကြောင့်၎င်း၊
ဝိဟေသကေ - သံဃာကို ညှဉ်းဆဲတတ်သူ၏ အဖြစ်ကြောင့်၎င်း၊
ပါစိတ္တိယံ - ပါစိတ်အာပတ်သည်၊
ဟောတိ - ဖြစ်၏။
၂။ အညဝါဒက
အညဝါဒကကြောင့် ပါစိတ် ၁၊ ဝိဟေသကကြောင့် ပါစိတ် ၁ ချက် သင့်သည်။ ထိုတွင် အညဝါဒက ဟူသည် မေးမြန်းအပ်သော အကြောင်းကို မဖြေလိုသဖြင့် ထိုစကားကို အခြားစကားဖြင့် ဖုံးလွှမ်း ပစ်ခြင်းတည်း။ ဤ ဖုံးလွှမ်းခြင်းကို ရှေးနိယ၌ “အဖျင်းဖျင်း ပြောဆိုခြင်း” ဟု ဆို၏။
[အနက်ဆန် မရှိဘဲ စပါးပိန် စပါးဖျင်းနှင့်တူသော စကားကို “အဖျင်းဖျင်း” ဟု ဆိုလိုသည်။]
ဝိဟေသက ဟူသည် ဆိတ်ဆိတ်နေလျက် သံဃာကို ညှဉ်းဆဲခြင်းတည်း။
ဆက်ဦးအံ့
သံဃာဒိသေသ် စသော အာပတ်များကို သာဝသေသ အာပတ်ဟု ခေါ်၏။ “ပါရာဇိကအာပတ်ကဲ့သို့ အမြစ်အရင်း မပြတ်သေးဘဲ အကြွင်းအကျန် ရှိသေးသော အာပတ်များ” ဟူလို။
ထို သာဝသေသ အာပတ် သင့်နေသော ရဟန်းကို ဝိနည်းဓိုရ်က သံဃာ့အလယ်၌ -
“ငါ့ရှင် အာပတ်သင့်သည် မဟုတ်လော”ဟု အာပတ်ဖြင့်ဖြစ်စေ၊
“ငါ့ရှင် သုက္ကဝိသဋ္ဌိ အမှုကို ပြုသည် မဟုတ်လော”ဟု ဝတ္ထုဖြင့်ဖြစ်စေ မေးလျှင်
“ဘယ်သူသင့်သလဲ” ဟု ပြန်မေး၏။
ဤ ပြန်မေးခြင်းကား ဝိနည်းဓိုရ်မေးသည်ကို မဖြေလို၍ ဝိနည်းဓိုရ် စကားကို ဖုံးလွှမ်းပစ်ခြင်းတည်း။
ဤနည်းအတိုင်း ....
ဝိနည်းဓိုရ်။ ။ သင် သင့်သည်။
ရဟန်း။ ။ ဘာအာပတ် သင့်သလဲ။
ဝိနည်းဓိုရ်။ ။ ပါစိတ်အာပတ်၊ သို့မဟုတ် ဒုက္ကဋ်အာပတ်သင့်သည်။
ရဟန်း။ ။ ဘာ့ကြောင့် သင့်သလဲ။
ဝိနည်းဓိုရ်။ ။ မုသာဝါဒကြောင့် သင့်သည်။
ရဟန်း။ ။ တပည့်တော် ဘာလုပ်ရင်း သင့်သလဲ။
ဤသို့ စသည်ဖြင့် မီးခိုးမဆုံး မိုးမဆုံး မေးသမျှကို ဖုံးလွှမ်းပစ်နေခြင်းကို “အညဝါဒက”ဟု ခေါ်သည်။
“အညံ - မေးအပ်သော အကြောင်းမှ တပါးသော အကြောင်းကို + ဝဒတိ - ပြောဆိုတတ်၏” နှင့် အညီ အညဝါဒက အရ မေးအပ်သောအနက်မှ တပါးသောအနက်ကို ပြောဆို ဖုံးလွှမ်းသော ရဟန်းကို ရသော်လည်း ဤနေရာ၌ ဘာဝပ္ပဓာန (ဘာဝလောပ) ကြံ၍ မေးအပ်သော အနက်မှ တပါးသော အနက်ကို ပြောဆို ဖုံးလွှမ်းတတ်သူ၏ ဖြစ်ကြောင်းဖြစ်ရာ (တပါးသောအနက်ကို တပါးသော အနက်ဖြင့် ဖုံးလွှမ်းပစ်ခြင်း) ကြိယာကို အရကောက်ပါ။
[ဆောင်]
အညဝါဒက, ပုဒ်အရ၌, မုချပြောသူ, ရ၏ဟူလည်း, ဤမူ ဘာဝ, ပဓာနဖြင့်, အညအနက်, မေးသည့်ချက်ကို, အနက် တလမ်း, ဖျက်ဘို့မှန်း၍, ဖုံးလွှမ်းပြောခါ, ကြိယာ, မှန်စွာ အရကောက်။
ဝိဟေသက
“ဝိဟေသေတိ - သံဃာကို ညှဉ်းဆဲတတ်၏” ဟူသော ဝိဂြိုဟ်အရ ညှဉ်းဆဲတတ်သော ရဟန်းကို ရသော်လည်း ဘာဝပ္ပဓာန ကြံ၍ ညှဉ်းဆဲတတ်သူ၏ ဖြစ်ကြောင်းဖြစ်ရာ ဆိတ်ဆိတ်နေသော အားဖြင့် ညှဉ်းဆဲခြင်း ကြိယာကို အရကောက်ပါ။
ချဲ့ဦးအံ့ -
သံဃာ့အလယ်၌ ဝိနည်းဓိုရ်က “အာပတ်သင့်သလော” ဟု စစ်ဆေး မေးမြန်းသည့်အခါ လုံးလုံး မဖြေဆိုဘဲ ဆိတ်ဆိတ်နေ၏။ ထိုသို့ ဆိတ်ဆိတ်နေသည့်အတွက် သံဃာများမှာ အထိုင်ရ ကြာသဖြင့် ညောင်း၏။ ထပ်ကာထပ်ကာ မေးရသဖြင့် အာခေါင်ခြောက်၏။ ဤသို့လျှင် မေးအပ်သည်ကို မဖြေဘဲ ဆိတ်ဆိတ် နေခြင်းသည် သံဃာကို ညှဉ်းဆဲရာ ရောက်သည်။
[ဆောင်]
ဝိဟေသက, ပုဒ်အရ၌, မုချညှဉ်းသူ, ရ၏ဟူလည်း, ဤမူဘာဝ, ပဓာနဖြင့်, သံဃာ့ ညှဉ်းရန်, အတွင်းကြံ၍, နှုတ်သံ မချွေ, ဆိတ်ဆိတ်နေ, ကောက်လေ သတိပြု။
အချုပ်မှာ
“ဝိနည်းဓိုရ်ကမေးသည်ကို တိုက်ရိုက်မပြောဘဲ တောပြော တောင်ပြောနှင့် ရှောင်လွှဲ၍ ပြောနေလျှင် အညဝါဒကဖြစ်၏။ သံဃာကို ညှဉ်းဆဲလိုသော သဘောဖြင့် မေးသည်ကို မဖြေဘဲ ပေနေလျှင် ဝိဟေသက ဖြစ်သည်” ဟု မှတ်ပါ။
ပါစိတ် ဒုက္ကဋ် ခွဲချက်
ထို အညဝါဒကအမှု၊ ဝိဟေသကအမှု ပြုသော ရဟန်းကို သံဃာက ကမ္မဝါစာဖြင့် အညဝါဒကကံ၊ ဝိဟေသကကံသို့ တင်ပေးရသည်။ “ကံပြုရသည်” ဟူလို။
ထိုကံပြုပြီးနောက် အညဝါဒကအမှု၊ သို့မဟုတ် ဝိဟေသကအမှုကို ထပ်မံ၍ ပြုမှ ပါစိတ်အာပတ် သင့်သည်။
ကံ မပြုသေးခင် အညဝါဒကအမှု၊ ဝိဟေသကအမှုကို ပြုခိုက်၌ကား ဒုက္ကဋ်အာပတ်သာ သင့်၏။
[အညဝါဒက၊ ဝိဟေသကကံသို့ တင်ပုံကို ပါဠိတော်မှာ ရှုပါ။]
အင်္ဂါ ၃ ပါး
၁။ အညဝါဒကကံ၊ ဝိဟေသကကံသို့ ဓမ္မကံ အဖြစ်ဖြင့် တင်အပ်ပြီး ဖြစ်ခြင်း၊
၂။ အာပတ်ဖြင့် ဖြစ်စေ၊ ဝတ္ထု ဖြင့်ဖြစ်စေ အမေးအမြန်း ခံရခြင်း၊
၃။ မိမိအပြစ်ကို ဖုံးလွှမ်းလိုသည့်အတွက် တပါးသော အနက်ဖြင့် တပါးသောအနက်ကို ဖုံးလွှမ်းခြင်း၊ သို့မဟုတ် ဆိတ်ဆိတ်နေခြင်း အားဖြင့် ၃ ပါးတည်း။
[ဆောင်]
ဓမ္မထုံးနည်း, ကံ တင်ပြီးလတ်, အာပတ် ဝတ္ထု, တခုခုစစ်, ကိုယ့်အပြစ်ကို, ဖုံးလွှမ်းလို၍, ထိုထိုစကား, ရှောင်ရှားဆိုလေ, ဆိတ်ဆိတ်နေ ဟု, သုံးထွေအင်္ဂ, စုံညီမျှ, အည ဝိဟေသင့်။
သုဒ္ဓပါစိတ် အခန်း (ဘူတဂါမဝဂ်)
၃။ ဥဇ္ဈာပနက
ဥဇ္ဈာပနကေ, ခိယျနကေ ပါစိတ္တိယံ။
ဥဇ္ဈာပနကေ - အထင်သေး အမြင်သေးစေကြောင်း စကားကို ပြောဆိုခြင်းကြောင့်၎င်း၊
ဝါ - ကဲ့ရဲ့ခြင်းကြောင့်၎င်း၊
ခိယျနကေ - အပြစ်ကို ထင်ရှားပြခြင်းကြောင့်၎င်း၊
ဝါ - ရှုတ်ချခြင်းကြောင့်၎င်း၊
ပါစိတ္တိယံ - ပါစိတ်အာပတ်သည်၊
ဟောတိ - ဖြစ်၏။
၃။ ဥဇ္ဈာပနက
ဥဇ္ဈာပနကဟူသည် မိမိမုန်းသူ၏ အကြောင်းကို အခြားရဟန်းတို့ အထံ သွား၍ အထင်သေး အမြင်သေး ဖြစ်အောင် တိုက်ရိုက် ပြောခြင်းတည်း။
ဥပမာ- “ရှင်ဒဗ္ဗသည် ဆန္ဒာဂတိ လိုက်၏” ဟု ပြောလာသည်ကို ကြားရသော ရဟန်းတို့က (ဓာတ်မသိလျှင် တကယ့်ကို ဆန္ဒာဂတိ လိုက်သူဟု မှတ်ထင်ကာ) ရှင်ဒဗ္ဗအပေါ်မှာ အထင်သေး အမြင်သေး ဖြစ်ကြ၏။ ထိုကဲ့သို့ အခြားရဟန်းတို့က မိမိမုန်းသူအပေါ်၌ အထင်သေး အမြင်သေးစေကြောင်း စကားကို “ဥဇ္ဈာပနက” ဟု ခေါ်သည်။
ခိယျနက
“ရှင်ဒဗ္ဗသည် ဆန္ဒာဂတိလိုက်၏” စသော စကားကို တစုံတယောက်ထံသို့ တိုက်ရိုက်ကား သွား၍မပြော။ သို့သော် ထိုထို ရဟန်းများ ကြားလောက်အောင် (ကြားလောက်သည့် နေရာတို့၌) မိမိတို့ အပေါင်း အဖော်ချင်း မုန်းသူ၏အပြစ်ကို အတင်းပြောခြင်း၊ မကောင်းသတင်း လွှင့်ခြင်းသည် “ခိယျနက” မည်၏။ ယခုကာလ၌ ဥဇ္ဈာပနကကို ကဲ့ရဲ့ခြင်း၊ ခိယျနကကို ရှုတ်ချခြင်းဟု အနက်ပြန်ကြသည်။
သမ္မုတိရသူကိုပြောမှ
ထိုကဲ့သို့ တိုက်ရိုက်သွားပြောလျှင်၎င်း၊ မိမိတို့ အချင်းချင်း အတင်းပြောလျှင်၎င်း အသီးအသီး ပါစိတ်အာပတ် သင့်၏။
သို့သော် အပြစ်ပြော အတင်းပြောခံရသော ရဟန်းက ကမ္မဝါစာဖြင့် သမုတ်အပ်သူ (အိပ်ရာ နေရာကို အာဂန္တုများအတွက် ခင်းပေးသော သေနာသန ပညာပက၊ သံဃာများကို ဆွမ်းလှည့် ညွှန်ပြသော ဘတ္တုဒ္ဒေသက၊ သစ်သီ ဝေဘန်သော ဖလဘာဇက၊ ဤသို့ စသည်ဖြင့် သံဃာက သမုတ်ထားသော သံဃာ့တာဝန်ဆောင်) ရဟန်းဖြစ်မှ ပါစိတ်အာပတ် သင့်၏။
ထိုကဲ့သို့ သမ္မုတိ ရသူ မဟုတ်လျှင်၎င်း၊ ပြောရာပုဂ္ဂိုလ်က ရဟန်းမဟုတ်၊ လူ သာမဏေဖြစ်လျှင်၎င်း၊ လူ သာမဏေ၏ မဟုတ်မမှန်သောအပြစ်ကို ပြောလျှင်၎င်း ဒုက္ကဋ်အာပတ်သာ။
အမှန် အဂတိ လိုက်သူကို ပြောလျှင်ကား အနာပတ္တိ။
အင်္ဂါ ၆ ပါး
၁။ ဓမ္မကံဖြင့် သမုတ်အပ်သူဖြစ်ခြင်း [ ဝိနည်းထုံးတမ်း နှင့် ညီညွတ်ခြင်းကို ဓမ္မကံဟု ခေါ်သည်။]၊
၂။ အပြစ်ပြောခံရသူက ရဟန်း ဖြစ်ခြင်း၊
၃။ အဂတိ မလိုက်စားခြင်း၊
၄။ ထိုသူ၏ ကျေးဇူးမဲ့ကို (ဂုဏ်ပျက်ခြင်း၊ မကောင်းသတင်း ပြန့်ခြင်းကို) လိုလားခြင်း၊
၅။ ပြောရာပုဂ္ဂိုလ်ကလည်း ရဟန်း ဖြစ်ခြင်း၊
၆။ ဥဇ္ဈာပန ခိယျနမှု တခုခုကို ပြုခြင်း အားဖြင့် အင်္ဂါ ခြောက်ပါး ရှိသည်။
[ဆောင်]
ဓမ္မထုံးနည်း, သမုတ်ပြီးလစ်, ရဟန်းဖြစ်ခိုက်, မလိုက် ဂတိ, ထိုသူ၏ငဲ့, ကျေးဇူးမဲ့လို, ထိုထိုပြောရာ, ရဟန်းသာလျှင်, ဥဇ္ဈာပန ခိယျနမှု, တခုခုလျှင်း ပြုမိခြင်း ဟု, ကြောင်းရင်း ခြောက်ဖြာ, အင်ညီညာ ဥဇ္ဈာပါစိတ်သင့်။
သဒ္ဒါနည်း
ဥဇ္ဈာပနက၌ “အဝပုဗ္ဗ ဈေဓာတ်၊ ဏာပေပစ္စည်း၊ ယုပစ္စည်း” အဝကို ဥပြု၊ ယုကို အနပြု၍ ဥဇ္ဈာပန အပြီးမှာ ကပစ္စည်းထပ်၍ “ဥဇ္ဈာပနက”ဟု ပြီး၏။ အဝသည် အဘိဓာန်လာ အနက်တို့တွင် အဘိဘဝန (လွှမ်းမိုးခြင်း) အနက်ရှိ၏။ လွှမ်းမိုးဟူသည် နှိမ့်ချခြင်းတည်း။ ဈေဓာတ်ကား ရိုးရာ “စိန္တန” အနက်နှင့် “ဓာတူနံ အနေကတ္ထတ္တာ” ပရိဘာသာ ဟိတ်အရ “ဩလောကန” အနက်ရှိ၏။
[အဝ = အောက်ချ၍ + ဈာပန = = ကြံစေကြောင်း စကား၊ ဝါ- ကြည့်စေကြောင်းစကား။]
ဆက်ဦးအံ့——
အောက်ချ၍ ကြံစေခြင်း ဟူသည် ယခု ခေတ်သုံးအားဖြင့် “အထင်သေးစေခြင်း” တည်း။
အောက်ချ၍ ကြည့်စေခြင်းဟူသည် “အမြင် သေးစေခြင်း” တည်း။
ခိယျနက၌ ခိဓာတ်၊ ယုပစ္စည်း၊ ခိ၌ ဣကို ဣယပြု (တနည်း ဤယပြု) ၍ ယ ဒွေးဘော်လာ၊ ခိယျနကဟု ဖြစ်၏။ ခိဓာတ်သည် ကောဓ (စိတ်ဆိုးခြင်း) အနက်ရှိသော်လည်း ဤနေရာ၌ စိတ်ဆိုး၍ အပြစ်ပြန့်နှံ့အောင် လွှင့်ခြင်းကို ယူပါ။
“ဥပဇ္ဈာပေန္တိ ဧတေနာတိ ဥဇ္ဈာပနကံ, ခိယန္တိ ဧတေနာတိ ခိယျနကံ”ဟု ဝိဂြိုဟ်ပြု။
ဧတေန - ဤစကားဖြင့်၊
ဥဇ္ဈာပေန္တိ - အထင်သေးစေကြကုန်၏၊
ဝါ - အမြင်သေးစေကြကုန်၏၊
ခိယန္တိ - အပြစ်ပြောကြကုန်၏ ဟု အနက်ဆိုပါ။
သုဒ္ဓပါစိတ် အခန်း (ဘူတဂါမဝဂ်)
၄။ ပထမ သေနာသန
ယော ပန ဘိက္ခု သံဃိကံ မဉ္စံ ဝါ ပီဌံ ဝါ ဘိသိံ ဝါ ကောစ္ဆံ ဝါ အဇ္ဈောကာသေ သန္ထရိတွာ ဝါ သန္ထရာပေတွာ ဝါ တံ ပက္ကမန္တော နေဝ ဥဒ္ဓရေယျ, န ဥဒ္ဓရာပေယျ, အနာပုစ္ဆံ ဝါ ဂစ္ဆေယျ၊ ပါစိတ္တိယံ။
ယော ပန ဘိက္ခု - အကြင်ရဟန်းသည်၊
သံဃိကံ - သံဃဥစ္စာဖြစ်သော၊
မဉ္စံဝါ - ညောင်စောင်းကိုသော်၎င်း၊
ပီဌံဝါ - အင်းပျဉ်ကိုသော်၎င်း၊
ဘိသိံ ဝါ - ဘုံလျှိုကိုသော်၎င်း၊
ကောစ္ဆံ ဝါ - ခတ် အခင်းကိုသော်၎င်း၊
အဇ္ဈောကာသေ - လွင်တီးခေါင်၌၊
သန္ထရိတွာ ဝါ - ကိုယ်တိုင် ခင်းပြီး၍သော်၎င်း၊
သန္ထရာပေတွာဝါ - သူတပါး ကို ခင်းစေပြီး၍သော်၎င်း၊
တံ - ထိုညောင်စောင်း စသည်ကို၊
ပက္ကမန္တော - အခြားတနေရာသို့ ဖဲသွားလိုလသော်၊
နေဝ ဥဒ္ဓရေယျ - ကိုယ်တိုင် - မူလည်း မရုပ်သိမ်းအံ့၊
န ဥဒ္ဓရာပေယျ - သူတပါးကိုမူလည်း မရုပ်သိမ်းစေအံ့၊
အနာပုစ္ဆံ ဝါ - မပန်ပြောဘဲမူလည်း၊
ဂစ္ဆေယျ - သွားအံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ - ထိုရဟန်းအား ပါစိတ်အာပတ် ဖြစ်၏။
၄။ ပထမ သေနာသန
သံဃိက ညောင်စောင်း စသည်ကို လွင်တီးခေါင်၌ ကိုယ်တိုင်ခင်းပြီး၍ ဖြစ်စေ၊ လူ သာမဏေကို အခင်း ခိုင်း၍ဖြစ်စေ ထိုနေရာမှ အခြားတနေရာသို့ သွားလိုလျှင် (ညဉ့်အိပ်ရာအရပ်သို့ဖြစ်စေ၊ ကိစ္စရှိ၍ ရွာတွင်း စသည်သို့ဖြစ်စေ သွားလိုလျှင်) ထို ညောင်စောင်း စသည်ကို ကိုယ်တိုင်သော်လည်း ရုပ်သိမ်း၍ သင့်တော်ရာ၌ သိမ်းမထားလျှင်၎င်း၊ တယောက်ယောက်ကိုသော်လည်း အသိမ်းမခိုင်း လျှင်၎င်း၊ ကိုယ့် ပစ္စည်းလို သဘောထား၍ စောင့်ရှောက်မည့် ရဟန်း၊ သာမဏေ၊ အာရာမ်စောင့် ကိုသော်လည်း ကြည့်ရှု ရစ်ရန် အပ်နှံ ပန်ပြောခြင်း မပြုလျှင်၎င်း သွားသောရဟန်းမှာ ပါစိတ်အာပတ် သင့်၏။
မဉ္စ ပီဌ
မဉ္စ (ညောင်စောင်း) ဟူသည် ယခုကာလ အိပ်ရာ ခဋင် အမျိုးမျိုးတည်း။ သက္ကတအဘိဓာန်၌ မဉ္စ၏ ပရိယာယ်တွင် “ခဋွာ”ဟု ရှိ၏။ ဟိန္ဒီ၌ “ခဋီးယား”ဟု ခေါ်၍ မြန်မာက “ခဋင်” ဟု ခေါ်၏။ ပီဌ (အင်းပျဉ်) ဟူသည် ယခုကာလ စားပွဲ ကုလားထိုင် အမျိုးမျိုးတည်း။
ဘိသိ
အပြင်က အဝတ်၊ သို့မဟုတ် သမင်ရေ စသော အပ်သော သားရေကို ချုပ်ပြီးလျှင် အတွင်း၌ အဆာ သွတ်ထားသော (ထိုင်စရာ အိပ်စရာ) ဖုံ မွေ့ယာအမျိုးမျိုးကို “ဘိသိ = ဘုံလျှို “ဟု ခေါ်၏။
[လဲ၊ ဝါဂွမ်း အဆာ သွတ်ထားလျှင်ကား ရဟန်း သာမဏေ ဥပုသ်သည်တို့ မထိုင်ကောင်း၊ မအိပ်ကောင်း။ အဝတ် အဆာ၊ သားမွေး သိုးမွေး အဆာ၊ ပိုးချည် အဆာ၊ မြက် သစ်ရွက်အဆာ၊ အုန်းဆံ အဆာတို့တွင် တမျိုးမျိုးကို သွတ်ထားလျှင်ကား အိပ်ကောင်း၊ ထိုင်ကောင်းပါ၏။]
ကောစ္ဆ
အလယ်၌ အတွင်းသို့ ကျုံ့ဝင်၍ အထက်အောက် အပြန့် ကျယ်သော အခင်းတမျိုးကို “ကောစ္ဆ”ဟု ခေါ်၏။ ဤ ကောစ္ဆ၌ အတွင်းမှာ အဆာ မပါ။ မြက် စသည်ကို အလယ်က ထုံးဖွဲ့၍ ခပ်နိမ့်နိမ့် ထိုင်ဖြစ်လောက်အောင် ပြုလုပ်အပ်သော အရာဝတ္ထုတမျိုးတည်း။ ရုပ်တုတော်များ၏ အောက်၌ ရှိသော ပလ္လင်တော်များနှင့် ပုံသဏ္ဌာန်တူသည် ဟု ပါစိတျာဒိ ယောဇနာ ဆိုသည်။
အဇ္ဈောကာသေ
လွင်တီးခေါင်၌ ညောင်စောင်း စသည်ကို ခင်း၍ နေထိုင်ပြီးနောက် မိမိက အခြားတနေရာသို့ သွားလျှင် ရုပ်သိမ်းပြီးမှ သွားရမည်ဟု မိန့်တော်မူရာ၌ ရည်ရွယ်တော်မူချက်ကား (မိုးရွာလျှင်) မိုးစိုခြင်း၊ ကျီး စသည်တို့ ကျင်ကြီးစွန့်ချခြင်း စသည်ကြောင့် သံဃိကညောင်စောင်းစသည် တို့ကို ပျက်စီးမည်မှ ကာကွယ်တော်မူလိုရင်းတည်း။ ထို့ကြောင့် မိုး ၄ လပတ်လုံး၎င်း၊ ဆောင်းအခါဝယ် မကြာ မကြာ မိုးရွာတတ်သော ဒေသ၌ ဆောင်း ၄ လနှင့်တကွ ၈ လပတ်လုံး၎င်း အမိုးမရှိသော လွင်တီးခေါင်၊ အမိုး ရှိသော်လည်း မိုးမလုံသော မဏ္ဍပ် စသည်၌ ထားမပစ်ခဲ့ရ။
ဆက်ဦးအံ့ -
နွေခေါင်ခေါင်၌၎င်း၊ မိုးရွာလေ့ မရှိသော ဆောင်းအခါနှင့် မိုးလုံသောနေရာတို့၌၎င်း ထားခဲ့လျှင်ကား အနာပတ္တိ။
သို့သော် ကျီး စသည်တို့၏ အမြဲနေရာ သစ်ပင်အောက်၌ကား မိုးလုံစေကာမူ မိုး ဆောင်း နွေဟု ဥတု ခပ်သိမ်းပင် ထားမပစ်ခဲ့ရ။ ထိုနေရာအားလုံးကို “အဇ္ဈောကာသ”၌ သွင်းယူရသည်။
သန္ထရာပေတွာ
မဉ္စ စသည်ကို ရဟန်းကိုယ်တိုင် ခင်းရာ၌ သူ့တာဝန် ဖြစ်ကြောင်းမှာ ဆိုဘွယ်ရာ မရှိ။ လူ သာမဏေ များကို အခင်းခိုင်းရာ၌လည်း ရဟန်းတာဝန် ဖြစ်၍ ထိုနေရာမှ သွားလိုသောအခါ ကိုယ်တိုင် သော်လည်း ရုပ်သိမ်းရ၏၊ တယောက်ယောက်ကိုသော်လည်း အသိမ်းခိုင်းရ၏။ သို့မဟုတ် အလုပ် ဝတ္တရားကို လေးလေး စားစား စောင့်ရှောက်မည့် ကပ္ပိယ၊ သို့မဟုတ် သာမဏေရှိလျှင် တဦးဦးအထံ အပ်နှံ၍သော်လည်း သွားရမည်။
[အနာပုစ္ဆံ၌ အာပုဗ္ဗ ပုစ္ဆဓာတ်၊ တွာပစ္စည်း၊ နိဂ္ဂဟိတ်ကား ဥပဝဿံကဲ့သို့ အပိုလာ အက္ခရာတည်း။]
အင်္ဂါ ၆ ပါး
၁။ ညောင်စောင်း စသည်တို့၏ သံဃိကဖြစ်ခြင်း [အခြားပုဂ္ဂိုလ်ပိုင် ပုဂ္ဂလိကပစ္စည်းကို ထားပစ်ခဲ့လျှင်ကား ဒုက္ကဋ်၊ မဉ္စ စသော ၄ မျိုးမှ အခြားအခင်းနှင့် အခြား သံဃိကဘဏ္ဍာတို့ကို ထားပစ်ခဲ့လျှင်လည်း ဒုက္ကဋ်ပင်၊ ကြိမ် စသည် မကွပ်ဘဲ သစ်သားသက်သက် ပီဌလည်း ဒုက္ကဋ်ဝတ္ထု ပင်တည်း။]
၂။ ပြခဲ့ပြီးသော (မိုးရွာရာအခါ ၄ လ၊ သို့မဟုတ် ၈ လအတွင်း လွင်တီး ခေါင်အရပ်၊ မိုးမလုံသော မဏ္ဍပ်နှင့် ကျီး စသည်တို့ အမြဲနေရာ) အရပ်ဝယ် ခင်းနေခြင်း၊
၃။ အစိုးရသူတို့က အာဏာဖြင့် ညောင်စောင်း အင်းပျဉ်ကိုယူခြင်း၊ သို့မဟုတ် ဘီလူး သားရဲ ထိုင်နေခြင်း၊ ခြင်္သေ့ သစ် ကျား လိုက်ခြင်း စသော အနှောင့်အယှက် မရှိခြင်း။
၄။ ဘေးရန်မရှိခြင်း [အသက်ဘေး၊ သာသနာ့အန္တရာယ် ပြုမည့်ဘေး ရှိ၍ ရုတ်တရက် ထပြေးရလျှင် အနာပတ္တိ၊]၊
၅။ မငဲ့မကွက် သွားခြင်း [ခေတ္တခဏ ကုဋိ စသည်သို့ သွားခြင်း မဟုတ်၊ ယနေ့အဘို့၌ ပြန်၍ မထိုင်တော့ဟု နှလုံးသွင်း၍ သွားခြင်း။]
၆။ ခဲတကျကို လွန်ခြင်း [ညောင်စောင်း စသည်မှ ခဲတပစ်အရပ်ကို လွန်မှ အာပတ်သင့်သည်၊ ထို ခဲတပစ်အတွင်း သတိရသဖြင့် ပြန်၍ရုပ်သိမ်းလျှင် အနာပတ္တိ၊
ဤသို့ အင်္ဂါ ၆ ပါးရှိသည်။
[ဆောင်]
မဉ္စ စသည့်, သံဃိကဖြစ်, ပြခဲ့လစ်သား, အရပ်များ၌, ခင်းထား နေခြင်း, နှောင့်ယှက်ကင်း၍, ဘေးရှင်းပါလျက်၊ မငဲ့ကွက်ဘဲ, ခဲတကျတွင်း, လွန်မြောက်ခြင်းဟု, ကြောင်းရင်း ခြောက်လီ, အင်္ဂါညီ, သင့်ပြီ ပထမ သေနာသန။
သုဒ္ဓပါစိတ် အခန်း (ဘူတဂါမဝဂ်)
၅။ ဒုတိယသေနာသန သိက္ခာပုဒ်
ယော ပန ဘိက္ခု သံဃိကေ ဝိဟာရေ သေယျံ သန္ထရိတွာ ဝါ သန္ထရာပေတွာ ဝါ တံ ပက္ကမန္တော နေဝ ဥဒ္ဓရေယျ, န ဥဒ္ဒရာပေယျ၊ အနာပုစ္ဆံ ဝါ ဂစ္ဆေယျ၊ ပါစိတ္တိယံ။
ယော ပန ဘိက္ခု - သည်၊
သံဃိကေ - သံဃာ့ဥစ္စာဖြစ်သော၊
ဝိဟာရေ - ကျောင်း၌၊
သေယျံ - အိပ်ရာနေရာအခင်းကို၊
သန္ထရိတွာ ဝါ - ကိုယ်တိုင် ခင်းပြီး၍သော်၎င်း၊
သန္ထရာပေတွာဝါ - သူတပါး ကို ခင်းစေပြီး၍သော်၎င်း၊
တံ - ထိုအခင်းကို၊
ပက္ကမန္တော - အခြားတနေရာသို့ ဖဲသွားလိုလသော်၊
နေဝ ဥဒ္ဓရေယျ, န ဥဒ္ဓရာပေယျ, အနာပုစ္ဆံ ဝါ ဂစ္ဆေယျ၊
ဘိက္ခုနော ပါစိတ္တိယံ ဟောတိ - ထိုရဟန်းအား ပါစိတ်အာပတ် ဖြစ်၏။
၅။ ဒုတိယ သေနာသန
သေနာသန သဒ္ဒါသည် ကျောင်းကို၎င်း၊ အိပ်ရာ နေရာ အခင်းများကို၎င်း ဟော၏။ ဤပထမ ဒုတိယ သေနာသန သိက္ခာပုဒ်တို့၌ သေနာသနသဒ္ဒါကား အိပ်ရာ နေရာများကိုဟော၏။
[သေန္တိ ဧတ္ထာတိ သေနံ = အိပ်ရာ (အိပ်စရာ) အခင်း၊
အာသန္တိ ဥပဝိသန္တိ ဧတ္ထာတိ အာသနံ = ကပ်ဝင်နေထိုင်ရာ (ထိုင်စရာ)အခင်း၊
သေနံစ - အိပ်စရာ အခင်းလည်း + အာသနံစ - ထိုင်စရာအခင်းလည်း၊
သေနာသနာနိ - အိပ်စရာနှင့် ထိုင်စရာ အခင်းတို့၊]
သံဃိက ကျောင်းပေါ်ဝယ် အိပ်စရာ နေစရာ အခင်းများကိုခင်း၍ နေထိုင်ပြီးနောက် ထိုနေရာမှ ဖဲသွားလို သည့်အခါ ကိုယ်တိုင် ရုပ်သိမ်းခြင်း၊ သို့မဟုတ် သူတပါးကို အသိမ်းခိုင်းခြင်း၊ သို့မဟုတ် တယောက်ယောက်ထံ အပ်နှံ ပန်ပြောခြင်းမရှိဘဲ သွားလျှင် ပါစိတ်အာပတ်။
သေယျာ
[သံဃိက ဝိဟာရကို နားလည်လောက်ပြီ၊]
“သေန္တိ ဧတ္ထာတိ သေယျာ
ဧတ္ထ - ဤနေရာ၌၊
သေန္တိ - အိပ်ကြ ထိုင်ကြကုန်၏”
အရ အိပ်စရာ ထိုင်စရာ အခင်းများကို “သေယျာ”ဟု ခေါ်သည်။
ထို သေယျာ မည်သော အခင်းကား ....
ဘိသိ စိမိလိကာစေဝ, ဥတ္တရတ္ထရဏံ ပိစ၊
ဘူမတ္ထရဏံ တဋ္ဋိကာ, စမ္မခဏ္ဍော နိသီဒနံ။
ပစ္စတ္ထရဏံစ တိဏ, သန္ထာရော ပဏ္ဏသန္ထာရော၊
ဒသယိမာ သေယျာ ဝုတ္တာ, မုနိနာ ဒိစ္စဗန္ဓုနာ။
၁။ ဘိသိ − ဘုံလျှို ၊
၂။ စိမိလိကာ – အဝတ်ကြမ်း၊
၃။ ဥတ္တရတ္ထရဏံ - အပေါ်လွှမ်း အခင်း၊
၄။ ဘူမတ္ထရဏံ - မြေအခင်း၊
၅။ တဋ္ဋိကာ - ဖျာကြမ်း၊
၆။ စမ္မခဏ္ဍော - သားရေပိုင်း၊
၇။ နိသီဒနံ - နိသီဒိုန်၊
၈။ ပစ္စတ္တရဏံ - သီးခြားအခင်း၊
၉။ တိဏသန္ထာရော - မြက်အခင်း၊
၁၀။ ပဏ္ဏသန္ထာရော - သစ်ရွက်အခင်း၊
ဣမာ ဒသ သေယျာ - ဤအခင်း ဆယ်မျိုးတို့ကို၊
မုနိနာ ဒိစ္စဗန္ဓုနာ - နေမျိုးထွဋ်တင် ဘုရားရှင်သည်၊
ဝုတ္တာ - ဟောတော်မူအပ်ကုန်ပြီ။
စိမိလိကာ
အင်္ဂတေ စသည် အချောကိုင်အပ်သော မြေ၌ အရောင် မပျက်အောင် ခင်းထားအပ်သော အခင်းကြမ်း တမျိုးတည်း။
ဥတ္တရတ္ထရဏ
[ဥတ္တရိ = အပေါ်၌ + အတ္ထရဏ = ခင်းအပ်သော၊]
ညောင်စောင်း အင်းပျဉ်တို့အပေါ်၌ ခင်းအပ်သော အိပ်ရာခင်းစသော အခင်းများတည်း။
ဘူမတ္ထရဏ
စိမိလိကာရှိလျှင် စိမိလိကာ အပေါ်၌ ခင်းရသော၊
စိမိလိကာ မရှိလျှင် ရိုးရိုးမြေ၌ ခင်းအပ်သော သင်ဖြူး စသည်တည်း။
တဋ္ဋိကာ
သင်ဖြူးစသည်ကဲ့သို့ အနုအချော မဟုတ်၊ ထန်းရွက် စသည် ဖြင့် ပြုလုပ်အပ်သော ဖျာကြမ်းတည်း။
စမ္မခဏ္ဍ
ခြင်္သေ့ရေ၊ သစ်ရေ၊ ကျားရေမှစ၍ အားလုံးသော သားရေတည်း။ ထိုသားရေကိုပင် နံဘေးပတ်လည် ဖြတ်ထားအပ်သောကြောင့် “စမ္မ = သားရေ + ခဏ္ဍ = အပိုင်းအပြတ်”ဟု ခေါ်သည်။
[ခြင်္သေ့ရေ စသည်ကို ပုဂ္ဂလိက အဖြစ်ဖြင့် သွားလေရာယူ၍ မသုံးစွဲကောင်း၊
ကျောင်း အသုံးအဆောင် အဖြစ်ဖြင့်ကား သားရေအားလုံး သုံးဆောင်ကောင်း၏။]
နိသီဒန စသည်
နိသီဒိုန်ကို နိသီဒနသန္ထတ သိက္ခာပုဒ်၌ ပြထားပြီ။ ပစ္စတ္ထရဏ = (ပတိ + အတ္ထရဏ = သီးခြားအခင်း)” ဟူသည် ပါဝါရ (ခြုံထည်) သားမွေးကော်ဇော အခင်းများတည်း။ “တိဏသန္ထာရ” ဟူသည် မြက်များကို၎င်း၊ သစ်ရွက်များကို၎င်း တွဲစပ်၍ အခင်း, လုပ်ထားအပ်သော အခင်းများတည်း။
တာဝန်ဝတ္တရား
ထိုအခင်းများကို သံဃိကကျောင်းပေါ်၌ ခင်းနေပြီးနောက် တခြားအရပ်သို့ ညဉ့်အိပ်သွားလျှင် ကိုယ်တိုင် ဖြစ်စေ၊ ခိုင်း၍ဖြစ်စေ သိမ်းထားခဲ့ရမည်။ သို့မဟုတ် ရဟန်း၊ သာမဏေ၊ အာရာမ်စောင့် ၃ မျိုးလုံး ရှိလျှင် ရဟန်းထံ၊ ရဟန်းမရှိလျှင် သာမဏေထံ၊ ရဟန်း သာမဏေ မရှိလျှင် အာရာမ်စောင့်ထံ အပ်နှံ၍ ပန်ပြော၍ သွားရမည်။ မည်သူမျှမရှိလျှင် ကျောင်း ဒကာအထံ အပ်နှံ၍ သွားရမည်။
ကျောင်းဒကာက သံဃိကပစ္စည်းကို အိမ်မှာ လက်မခံလိုလျှင် တနည်းနည်းဖြင့် ကြံဖန် သိမ်းထား၍ သွားရမည်။ ထိုကဲ့သို့ မသိမ်းဘဲသွားလျှင် ခြတက်၍ ကျောင်းပါ ပျက်စီးတတ်သောကြောင့် ပါစိတ် အာပတ် သင့်သည်။
မှတ်ချက်
ကျောင်းတွင်း မဟုတ်ဘဲ အခြား မလုံခြုံသောနေရာ၌ ပစ်ခဲ့လျှင် ကျောင်းမပျက်၊ အခင်းများသာ ပျက်သောကြောင့် ဒုက္ကဋ်။
[ခြလည်း တက်မည်ဟု မထင်ရ၊ မိုးလည်း လုံသောကျောင်းမှ သွားရာ၌ကား မသိမ်း မပန်ဘဲ သွားခြင်းကြောင့် အာပတ်မသင့်ပါ။ သို့ရာတွင် ရုပ်သိမ်း၍ သွားခြင်းမှာ ဝတ္တရား ဖြစ်သည်။]
အင်္ဂါ ၇ ပါး
၁။ ပြခဲ့သော သေယျာဖြစ်ခြင်း၊
၂။ သံဃိကဖြစ်ခြင်း၊
၃။ မိုးမလုံသော သံဃိကကျောင်း၌ ခင်းခြင်း - ခင်းစေခြင်း၊
၄။ အနှောင့် အယှက်မရှိခြင်း၊
၅။ ဘေးရန်မရှိခြင်း၊
၆။ မငဲ့မကွက်သွားခြင်း၊
၇။ အာရာမ်နှင့် အာရာမ်ဖြစ်ထိုက်ရာ အရပ်ဟူသော ဥပစာကို ကျော်လွန်ခြင်း၊
ဤအင်္ဂါ ၇ ပါး တည်း။
[ဤအင်္ဂါတို့၏ အကျယ်ကို ပထမသေနာသန သိက္ခာပုဒ် အင်္ဂါအတိုင်း နည်းမှီ၍ သိပါ။]
[ဆောင်]
ဆယ်မျိုးအပြား, သေယျာများတွင်, တပါးပါးတည့်, သံဃိကဖြစ်, ပြခဲ့လစ်သား, ကျောင်းဆောင်များ၌, ခင်းထားနေခြင်း, နှောင့်ယှက်ကင်း၍, ဘေးရှင်းပါလျက်၊ မငဲ့ကွက်သာ, ဥပစာတွင်း, လွန်မြောက်ခြင်းဟု, ကြောင်းရင်း ခုနစ်လီ, အင်္ဂါညီ, သင့်ပြီ ဒုတိယ သေနာသန။
သုဒ္ဓပါစိတ် အခန်း (ဘူတဂါမဝဂ်)
၆။ အနုပခဇ္ဇ
ယော ပန ဘိက္ခု သံဃိကေ ဝိဟာရေ ဇာနံ ပုဗ္ဗုပဂတံ ဘိက္ခုံ အနုပခဇ္ဇ သေယျံ ကပ္ပေယျ “ယဿ သမ္ဗာဓော ဘဝိဿတိ၊ သော ပက္ကမိဿတီ”တိ ဧတဒေဝ ပစ္စယံ ကရိတွာ အနညံ၊ ပါစိတ္တိယံ။
ယော ပန ဘိက္ခု - သံဃိကေ၊
ဝိဟာရေ - ၌၊
ဇာနံ - မထစေတိုက်သူ ဟု သိလျက်၊
ပုဗ္ဗုပဂတံ - မိမိ အလျင် ကပ်ဝင်နေသော၊
ဘိက္ခုံ - ရဟန်း၏၊
အနုပဇ္ဇေ - အနီးသို့ ကပ်ဝင်၍၊
သေယျံ - ထိုင်ခြင်း အိပ်ခြင်းကို၊
ကပ္ပေယျ - ပြုအံ့၊
(ကိံ - အဘယ်သို့ ကြံ၍ ပြုသနည်း၊)
ယဿ - အကြင် ရဟန်း၏၊
သမ္မာဓော - ကျဉ်းကျပ်ခြင်းသည်၊
ဘဝိဿတိ - ဖြစ်လတံ့၊
သော - ထိုရဟန်းသည်၊
ပက္ကမိဿတိ - ဖဲသွားလတံ့၊
ဣတိ - ဤသို့ကြံ၍၊
ဧတဒေဝ - ဤ ကျဉ်းကျပ်စေလိုခြင်းကို သာလျှင်၊
ပစ္စယံကရိတွာ - အကြောင်းပြု၍၊
အနညံ - အခြား အကြောင်း မရှိဘဲ၊
(သေယံ - ထိုင်ခြင်း အိပ်ခြင်းကို၊
ကပ္ပေယျ - ပြုအံ့၊)
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ။
သံဃိကကျောင်းဝယ် တခုသောနေရာ၌ မိမိအလျင် နေနှင့်သော ရဟန်းကို ထသွားစေထိုက်သူ မဟုတ်မှန်း သိလျက် ထိုရဟန်း အနီးသို့ ကပ်ရောက်နေထိုင်အံ့၊ ထိုသို့ ကပ်ရောက် နေထိုင်ရာ၌ “ကျဉ်းကျပ်သူ ထွက်သွားလိမ့်မည်”ဟု ကြံရွယ်ချက် (စိတ်ယုတ်မာ) လည်း ရှိအံ့၊ ထိုရဟန်းမှာ ပါစိတ်အာပတ် သင့်သည်။
ဇာနံ
၁။ မိမိထက် သိက္ခာ (ဝါ) ကြီးသူ၊
၂။ ဂိလာန၊
၃။ သံဃာမှာ ကျေးဇူးများသဖြင့်၊ သို့မဟုတ် ဂုဏ်အထူးရှိသဖြင့် သီးခြား နေရာပေးထားသူ၊
ဤ ၃ မျိုးသော ပုဂ္ဂိုလ်များကို သူတို့နေနှင့်ပြီးသော နေရာမှ ပြောင်းရွှေ့ မသွားစေထိုက်။
ချဲ့ဦးအံ့-
ဝါကြီးသူကို မိမိထက် ကြီးသောကြောင့်ပင် ဝါငယ်ရဟန်းက ထသွားအောင် မပြုရ။
ဂိလာနမှာ သနားထိုက်သူဖြစ်၍ အားလုံးက ညှာတာ ရမည်။
သံဃာ့ပစ္စည်းကို စောင့်ရှောက်နေသော ဘဏ္ဍာဂါရိက (ဘဏ္ဍာစိုး) ရဟန်းမှာ သံဃာအား ကျေးဇူး များသဖြင့် သံဃာကပန်ပြော၍ နေရာ သီးခြား ပေးထားလေ့ ရှိသည်။ ဓမ္မကထိက ဝိနည်းဓိုရ်များနှင့် ဂဏဝါစက (စာချ) ပုဂ္ဂိုလ်တို့အားလည်း ဂုဏ်အထူးရှိသူများ ဖြစ်၍ သံဃာက သီးခြားနေရာကို သံဃာ့ထံ ပန်ပြောလျက် ပေးထားလေ့ရှိသည်။ ထိုပုဂ္ဂိုလ်များကို သူတို့နေရာမှ ထွက်သွားအောင် မပြုထိုက်။
ထိုသို့ မပြုထိုက်မှန်းသိသော ရဟန်းကို “ဇာနံ” ဟု ဆိုသည်။
[ဆောင်]
သိက္ခာကြီးစွာ့၊ ဂိလာနနှင့်၊ သံဃာ့ကျေးဇူး၊ ဂုဏ်အထူးကြောင့်၊ အထူးရကြ နေရာမှ၊ မထသွား စေထိုက်။
ပုဗ္ဗုပဂတံ
[ပုဗ္ဗ = ရှေ့ (အလျင်) + ဥပဂတ = ကပ်ရောက်နေထိုင်သူ၊]
မိမိအလျင် နေနှင့်သူကို “ပုဗ္ဗုပဂတ”ဟု ဆိုသည်။
[ပုဗ္ဗုဂတံနှင့် ဘိက္ခုံ ကို အနု၌ စပ်ဘို့ရန် “၏”ဟု အနက်ပေးသည်။ “ရဟန်း၏ + အနီး” ဟူလို။]
အနုပခဇ္ဇ
အနုပခဇ္ဇ၌ “အနု=အနီး + ဥပခဇ္ဇ=ညှဉ်းဆဲ၍” ဟု အနက် ထွက်၏။ ခဇ္ဇ၌ ခဒဓာတ်၊ တွာပစ္စည်းဖြစ်၍ ခဒဓာတ်သည် ဟိံသာ (ညှဉ်းဆဲခြင်း) အနက်ဟောတည်း။ “အနီး”ဟူသည်မှာလည်း ထို ဝါကြီးသူ စသည်တို့ နေရာ ခဋင်၏ ပတ်ပတ်လည် တတောင့်ထွာ ဥပစာတည်း။
[နံရံကပ်ထား၍ နံရံဘက်က ဥပစာ မရလျှင်၎င်း၊ ကျောင်းက ငယ်၍ ဥပစာမရလျှင်၎င်း ရသမျှ ဥပစာကို ယူရမည်။]
ထို တတောင့်ထွာအတွင်းသို့ ဝင်ရောက် နေထိုင်ခြင်း “အနုပခဇ္ဇ”ဟု ဆိုသည်။ ရှေး နိဿယ၌ “အနုပခဇ္ဇ-တိုးဝှေ့၍”ဟု အနက် ပေးသည့်အတွက် “ပွတ်ကပ်ကျပ်နေအောင် နေထိုင်သည်”ဟု ထင်မှားတတ်ကြသည်။
သေယျံကပ္ပေယျ
ဤ၌ ထိုင်ခြင်း အိပ်ခြင်း ၂ မျိုးလုံးကိုပင် “သေယျာ” ခေါ်၏။
ထို့ကြောင့် ဥပစာအတွင်း ဝင်၍ အိပ်ရာ နေရာခင်းလျှင် ဒုက္ကဋ်၊
ထို့နောက် ထိုင်လျှင် ပါစိတ်တချက်၊
အိပ်လျှင် ပါစိတ်တချက် သင့်၏။
ထ၍ ထ၍ ထိုင်မှု အိပ်မှု အကြိမ်များသလောက် ပါစိတ်အာပတ်များ တိုးပွားသည်။
ယဿ သမ္ဗာဓော ၊ပေ၊ အနညံ
ဤဝါကျကား ထိုရဟန်း၏ ကြံရွယ်ပုံ၊ စိတ်ထား ယုတ်မာပုံကိုပြသော ဝါကျတည်း။ ထိုကဲ့သို့ စိတ်ယုတ်မာဖြင့် ကပ်ဝင် နေထိုင်မှ အာပတ်သင့်သည်။ မကျန်းမာခြင်း စသည်ကြောင့် ကပ်ဝင် နေထိုင် သူမှာ အနာပတ္တိ။
[အနညံ၌ “န + အညံ”ဟု ပုဒ်ခွဲ၍ “အညံ - တခြားအကြောင်းကို၊ ပစ္စယံ - အကြောင်းကို၊ နကရိတွာ - မပြုမူ၍” ဟု ရှေ့ပုဒ်များကို ယူ၍ အနက်ပေးနိုင်၏။ ဤ၌ အလွယ်ပေးလိုက်သည်။]
အင်္ဂါ ၄ ပါး
၁။ သံဃိကကျောင်း ဖြစ်ခြင်း [သူများပိုင် ပုဂ္ဂလိက၌ ဒုက္ကဋ်၊ မိမိပိုင်၌ အနာပတ္တိ။]၊
၂။ ထိုနေရာမှ ထွက်ခွာ ထသွားစေထိုက်သူ မဟုတ်မှန်း သိခြင်း၊
၃။ ကျဉ်းကျပ်စေလိုခြင်း၊
၄။ ဥပစာ၌ ထိုင်ခြင်း၊ သို့မဟုတ် အိပ်ခြင်း -
၄ ပါးတည်း။
[ဆောင်]
ကျောင်းသံဃိက၊ ထသွားစေမှု၊ မပြုထိုက်မှန်း၊ သိစွမ်းနိူင်လတ်၊ ကျဉ်းကျပ်စေလို၊ သဘောအိုဖြင့်၊ ထို ဥပစာတွင်း၊ ထိုင် အိပ်ခြင်း ဟု၊ ကြောင်းရင်းလေးခု အင်္ဂါစု၊ အနုပခဇ္ဇသင့်။
သုဒ္ဓပါစိတ် အခန်း (ဘူတဂါမဝဂ်)
၇။ နိကဍ္ဎန
ယော ပန ဘိက္ခု ဘိက္ခုံ ကုပိတော အနတ္တမနော သံဃိကာ ဝိဟာရာ နိက္ကဍ္ဎေယျ ဝါ နိက္ကဍ္ဎာပေယျ ဝါ၊ ပါစိတ္တိယံ။
ယော ပန ဘိက္ခု ဘိက္ခုံ - ကို၊
ကုပိတော - စိတ်ဆိုးသည်၊
အနတ္တမနော - မိမိစိတ်မရှိသည်၊
(ဟုတွာ - ဖြစ်၍၊)
သံဃိကာ - သံဃာ့ဥစ္စာဖြစ်သော၊
ဝိဟာရာ - ကျောင်းမှ၊
နိကဍ္ဎေယျဝါ - ကိုယ်တိုင်မူလည်း နှင်ထုတ်အံ့၊
နိကဍ္ဎပေယျဝါ - သူတပါးကိုမူလည်း နှင်ထုတ်စေအံ့၊
တဿ ဘိက္ခု နော ပါစိတ္တိယံ ဟောတိ။
ရဟန်းတပါးကို သံဃိကကျောင်းမှ နှင်ထုတ်လျှင်၎င်း၊ နှင်ထုတ်ခိုင်းလျှင်၎င်း ပါစိတ်။
“နှင်ထုတ်” ဟူရာ၌ တရားသဖြင့် နေသူကို နှင်ထုတ်မှသာ အာပတ်သင့်သည်။ ခိုက်ရန် ပြုတတ်သော ရဟန်းများနှင့် ထိုသူတို့၏ ပရိက္ခရာကိုကား သံဃိက တတိုက်လုံးမှ နှင်ထုတ် သော်လည်း အနာပတ္တိ။ အလဇ္ဇီ ရဟန်း သာမဏေနှင့် ကောင်းစွာဆုံးမသည်ကို မလိုက်နာသော ရဟန်း သာမဏေများကိုမူ မိမိနေရာ သံဃိကကျောင်း တကျောင်းမှသာ နှင်ထုတ်နိူင်ခွင့် ရှိ၏။ တတိုက်လုံးမှကား နှင်ထုတ်ခွင့် မရှိ။
မှတ်ချက်
မိမိနှင့် အကျွမ်းမဝင်သူ၏ ပုဂ္ဂလိကကျောင်းမှ နှင်ထုတ်ရာနှင့် လူသာမဏေကို၎င်း၊ ရဟန်းပစ္စည်းနှင့် လူသာမဏေ၏ ပစ္စည်းများကို၎င်း ဆွဲထုတ်ရာတို့၌ ဒုက္ကဋ်။
မိမိနှင့် အကျွမ်းဝင်သူ၏ ကျောင်းမှ စိတ်ဆိုး၍ နှင်ထုတ်ရာ၌ အနာပတ္တိဟု ဆို၏။
သို့ဖြစ်လျှင် မိမိပိုင် ပုဂ္ဂလိကကျောင်းမှ သဘောမကျသူ ဟူသမျှကို နှင်ထုတ်ခြင်းကြောင့် အနာပတ္တိဟု သိသာပြီ။
အင်္ဂါ ၃ ပါး
၁။ သံဃိကကျောင်း ဖြစ်ခြင်း၊
၂။ ခိုက်ရန်ဒေါသ မပြုတတ်သော ရဟန်းဖြစ်ခြင်း
၃။ စိတ်ဆိုး၍ နှင်ထုတ်ခြင်း၊ သို့မဟုတ် အနှင်ခိုင်းခြင်း ၃ ပါးတည်း။
[ဆောင်]
သံဃာ့ကျောင်းမှန်၊ ခိုက်ရန်ကင်းတောင်း၊ ရဟန်းကောင်းကို၊ အကြောင်းမဲ့လျှင်း၊ စိတ်ဆိုးခြင်းကြောင့်၊ နှင်ခြင်း စေလတ်၊ အင်သုံးရပ်၊ နိကဍ် ပါစိတ်သင့်။
သုဒ္ဓပါစိတ် အခန်း (ဘူတဂါမဝဂ်)