မာတိကာသို့ ခုန်သွားရန်

ပါတိမောက် ဘာသာဋီကာ-ဒု

ဝီကီရင်းမြစ် မှ
6048ပါတိမောက် ဘာသာဋီကာ-ဒု — အရှင်ဇနကာဘိဝံသ(မဟာဂန္ဓာရုံဆရာတော်)

၈။ ဝေဟာသကုဋိ

ယော ပန ဘိက္ခု သံဃိကေ ဝိဟာရေ ဥပရိဝေဟာသကုဋိယာ အာဟစ္စပါဒကံ မဉ္စံ ဝါ ပီဌံ ဝါ အဘိနိသီဒေယျ ဝါ အဘိနိပဇ္ဇေယျ ဝါ၊ ပါစိတ္တိယံ။

ယော ပန ဘိက္ခု - သံဃိကေ၊
ဝိဟာရေ - ၌၊
ဥပရိ ဝေဟာသကုဋိယာ - အထက်ဆင့်တွင် ဟင်းလင်း အပြင်ရှိသော ကုဋိ၌၊
အာဟစ္စပါဒကံ - အဘောင်၌ သွင်းအပ်သော အခြေရှိသော၊
မဉ္စံ ဝါ - ညောင်စောင်းကိုသော်၎င်း၊
ပီဌံ ဝါ - အင်းပျဉ်ကိုသော်၎င်း၊
အဘိနိသီဒေယျဝါ - ဖိ၍မူလည်း ထိုင်အံ့၊
အဘိနိပဇ္ဇေယျ ဝါ - ဖိ၍မူလည်း အိပ်အံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ။

၂ ထပ် ၃ ထပ် စသည် ဆောက်လုပ်ထားအပ်သော ကုဋိ (ကျောင်းငယ်) များ၌ ဒုတိယ တတိယ အထပ်များတွင် ကြမ်းမခင်း ရသေးသော် ထို အထပ်များသည် ဟာလာဟင်းလင်း ဖြစ်၏။ ကြမ်းမခင်းရ သေးသော်လည်း ထုပ် လျောက် ဆင့်များ တင်ထားပြီး၍ ညောင်စောင်း အင်းပျဉ်များကို ထို အဆင့်ပေါ်၌ ခင်းထားနိူင်၏။

သို့ရာဝယ် ခဋင်ခြေများဖြင့် ထိုဆင့်ပေါ်၌ ထောက်ထားရန် မလွယ်ရကား ခဋင်ခြေများလည်း ဆင့်တို့၏ အောက်၌ တွဲလျားကျနေပေလိမ့်မည်။ ထိုသို့ ဟာလာဟင်းလင်း ဖြစ်နေသော အထက်ဆင့်တွင် ခင်းထားအပ်သော ခဋင်၊ ကုလားထိုင်များကို ထိုင်လျှင်၊ သို့မဟုတ် အိပ်လျှင် ပါစိတ်အာပတ် သင့်၏

ဥပရိ ဝေဟာသကုဋိယာ

ဝေဟာသ သဒ္ဒါသည် ကောင်းကင် ဟာလာဟင်းလင်း ဟူသော အနက်ကို ဟော၏။ ၂ ထပ် ၃ ထပ် စသည် ရှိရာ ဝယ် အထက်ထပ်၌ ကြမ်းမခင်းရသေး၍ ဟာလာဟင်းလင်းဖြစ်သည်ကို ဤ၌ “ဝေဟာသ”ဟု ဆိုသည်။

[ဥပရိ = အထက်၌ + ဝေဟာသ = ဟာလာဟင်းလင်း အပြင်ရှိသော + ကုဋိ = ကျောင်းငယ်။]

အာဟစ္စပါဒကံ

အာဟစ္စအာပုဗ္ဗ ဟနဓာတ်ဏျပစ္စည်းဟနဓာတ်သည် ဂတိ အနက်ဟောတည်း။

အာဟညတေ - ရှေးရှုရောက်အပ် သွင်းထားအပ်၏၊
ဣတိ - ထို့ကြောင့်၊
အာဟစ္စော - မည်၏၊

အာဟစ္စော + ပါဒေါ ယဿာတိ အာဟစ္စပါဒေါအာဟစ္စပါဒေါယေဝ အာဟစ္စပါဒကော (ကပစ္စည်း သီးခြား အနက် မရှိ။)

ဆက်ဦးအံ့ -

ဤသိက္ခာပုဒ်သည် ညောင်စောင်း အင်းပျဉ် ခြေများ ပြုတ်ထွက်၍ အောက်ထပ်ဝယ် သွားနေသူ၏ အပေါ်၌ ခဋင်ခြေ ကျဘူးသောကြောင့် ပညတ်တော်မူအပ်သော သိက္ခာပုဒ်တည်း။

ထို့ကြောင့် အဘောင်ထွင်း၍ သွင်းအပ်သော အခြေရှိသောအာဟစ္စပါဒက” ညောင်စောင်း အင်းပျဉ် ကိုသာ ဤသိက္ခာပုဒ်ဝယ် ပြဆိုရသည်။ ခြေထောက်ကိုထွင်း၍ အဘောင် တပ်ထားလျှင်ကား ပြုတ်ထွက်သွားဘွယ် မရှိ၍ ဤသိက္ခာပုဒ်နှင့် မဆိုင်ပါ။

ဤသိက္ခာပုဒ်နှင့် ဆိုင်သော ထို အာဟစ္စပါဒက ညောင်စောင်း ခြေများလည်း အဘောင်၌ စွဲနေအောင် စို့(သံ) ရိုက်ထားလျှင် ကျွတ်ထွက်ဘွယ် မရှိရတော့ကား စို့ (သံ) မရိုက်ဘဲ တပ်ရုံ တပ်ထားအပ်သော ခြေများသာ ဖြစ်သည်ဟု မှတ်ပါ။

အဘိနိသီဒေယျဝါ

အဘိဥပသာရကို “အဘိဘဝန - လွှမ်းမိုးခြင်း၊ ဖိခြင်း” အနက်ဟောကြံ၍ မဉ္စံ ဝါ - ကိုသော်၎င်း”ဟု အနက် ပေးခဲ့သည်။ “ညောင်စောင်းကို + ဖိထိုင်အံ့” ဟူလို။

(တနည်း) အဘိသည် အနက်သီးခြား မရှိ၊ “ပဒသောဘန = နိသီဒေယျပုဒ်ကို တင့်တယ် ဝေဆာလာအောင် တန်ဆာ ဆင်ပေးသောပုဒ်” ဟုသာ ကြံလျှင် “မဉ္စံ ဝါ-၌သော်၎င်း၊ ပီဌဝါ-၌ သော်၎င်း၊ အဘိနိသီဒေယျဝါ - ထိုင်မူလည်း ထိုင်အံ့၊ အဘိနိပဇ္ဇေယျဝါ – အိပ်မူလည်း အိပ်အံ့” ဟု ဆိုပါ။

အင်္ဂါ ၄ ပါး

၁။ သံဃိကကျောင်းဖြစ်ခြင်း၊

၂။ ဦးခေါင်းကို မတိုက် မိလောက်အောင် မြင့်သော ဝေဟာသကုဋိ ဖြစ်ခြင်း [ဦးခေါင်းကို တိုက်မိ လောက်အောင် နိမ့်နေလျှင် နေထိုင်သူမှာ အနာပတ္တိ၊ အောက်က သွားလာသူ၏ တာဝန်သာ။]

၃။ အောက်ထပ်၌ သွားလာ သုံးစွဲလေ့ရှိခြင်း [အောက်ထပ်၌ သစ်သား စသည် ပုံထား၍ နေထိုင် သုံးစွဲခြင်း မရှိလျှင် အပေါ်ထပ် ခဋင်၌ ထိုင်နေသော်လည်း အနာပတ္တိ၊ နေထိုင်ရာမဟုတ်သော အောက်ထပ်၌ လာရောက် နေထိုင်သူ၏ အပြစ်သာ၊]

၄။ စို့(သံ)မရိုက်အပ်သော အာဟစ္စပါဒက ညောင်စောင်း အင်းပျဉ်၌ ထိုင်ခြင်း၊ သို့မဟုတ် အိပ်ခြင်း

၄ ပါးတည်း။

[ဆောင်]
သံဃိကကျောင်း၊ ဦးခေါင်းမထိ၊ ကုဋိဝေဟာ၊ အောက်မှာ သုံးထိုက်၊ စို့မရိုက်လစ်၊ အာဟစ် ပါဒက၊ မဉ်ပီဌတွင်း၊ ထိုင် အိပ်ခြင်း ဟု၊ ကြောင်းရင်းလေးဖြာ၊ အင်ညီညာ၊ ဝေဟာ ပါစိတ်သင့်

သုဒ္ဓပါစိတ် အခန်း (ဘူတဂါမဝဂ်)

၉။ မဟလ္လကဝိဟာရ

မဟလ္လကံ ပန ဘိက္ခုနာ ဝိဟာရံ ကာရယမာနေန ယာဝ ဒွါရကောသာ အဂ္ဂဠဋ္ဌပနာယ အာလောက-သန္ဓိပရိကမ္မာယ ဒွတ္တိစ္ဆဒနဿ ပရိယာယံ အပ္ပဟရိတေ ဋ္ဌိတေန အဓိဋ္ဌာတဗ္ဗံ။ တတော စေ ဥတ္တရိ အပ္ပဟရိတေပိ ဌိတော အဓိဋ္ဌဟေယျ၊ ပါစိတ္တိယံ။

မဟလ္လကံ - ကြီးသော၊
ဝိဟာရံ - ကျောင်းကို၊
ကာရယမာနေန - ဆောက်လုပ်စေလိုသော၊
ဘိက္ခုနာ - ရဟန်းသည်၊
ယာဝဒွါရကောလာ - တံခါးဘောင်၏ ထက်ဝန်းကျင် ၂ တောင့်ထွာ အရပ်တိုင်အောင်၊
အဂ္ဂဠဋ္ဌပနာယ - တံခါးရွက် တံခါးဘောင်တို့ကို မလှုပ်ရှားအောင် ထားခြင်းငှာ၎င်း၊
အာလောကသန္ဓိ ပရိကမ္မာယ - လေသောက်ပြုတင်း တံခါးရွက်ကို ခိုင်မြဲအောင် ပြုခြင်းငှာ၎င်း၊
(ပုနပ္ပုနံ - အထပ်ထပ်၊
လိမ္ပိတဗ္ဗောဝါ - ကိုယ်တိုင်မူလည်း လိမ်းကျံအပ်, လိမ်းကျံနိုင်၏၊
လိမ္ပာပေတဗ္ဗောဝါ - သူတပါးကိုမူလည်း လိမ်းကျံစေအပ်, လိမ်းကျံစေနိုင်၏၊)
ဆဒနဿ - အမိုး၏၊
ဒွတ္တိပရိယာယံ- ဝန်းကျင်လှည့်ပတ် ၂ ထပ် ၃ ထပ်ကို၊
အပ္ပဟရိတေ - စိမ်းစိုသော ကောက်ပဲ မရှိရာအရပ်၌၊
ဌိတေန - ရပ်တည်လျက်၊
အဓိဋ္ဌာတဗ္ဗံ - စီမံအပ် စီမံနိုင်၏၊
တတော - ထို ၂ ထပ် ၃ ထပ်ထက်၊
ဥတ္တရိ - အလွန်၊
အပ္ပဟရိတေပိ - စိမ်းစိုသော ကောက်ပဲမရှိရာ အရပ်၌မူလည်း၊
ဌိတော - ရပ်လျက်၊
စေ အဓိဋ္ဌဟေယျ - အကယ်၍ စီမံအံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ။

[ရဟန်းသည် ကျောင်းဒကာရှိသော မိမိတို့ ကျောင်းကြီးကို ဆောက်လုပ်စေလိုလျှင် ရဟန်းတို့ကို ကျောင်းနေရာ ညွှန်ပြဘို့ရန် ပင့်ရမည်။ ထို ရဟန်းတို့က ဘေးရန်မရှိရာ အရပ်၊ လှည်းတစီး လှည့်ပတ်လောက်ရာအရပ်ကို ညွှန်ပြရမည်။]

ကျောင်းဒကာရှိ၍ ကြီးသော ဥလိတ္တာဝလိတ္တကျောင်းကို ဆောက်လုပ်စေလိုသော ရဟန်းသည် တံခါးရွက် တံခါးဘောင်များကို ခိုင်မြဲစေဘို့ရာ တံခါးဘောင်ကို (ကျီးခွေ) ၏ပတ်ပတ်လည် ၂ တောင့် ထွာအရပ်ကို အင်္ဂတေ၊ သို့မဟုတ် မြေညက်တို့ဖြင့် အထပ်ထပ် သုတ်နိုင်သည်။ လေသောက်ပြုတင်း တံခါးရွက်များကို ခိုင်မြဲအောင် ပြုဘို့ရန်လည်း ထို လေသောက်ပြူတင်း၏ ပတ်လည်၌ အထပ်ထပ် လိမ်းကျံနိုင်သည်။ အမိုး ကိုလည်း ၂ ထပ် ၃ ထပ်အထိ ကောက်ပင် ပဲပင် မရှိရာအရပ်၌ ရပ်လျက် ကိုယ်တိုင် စီမံနိုင်သည်။ ထို ၂ ထပ် ၃ ထပ်ထက် တိုး၍ စီမံလျှင်ကား ကောက်ပဲသီးနှံ မရှိရာအရပ်၌ ရပ်လျက် စီမံစေကာမူ ပါစိတ်အာပတ် သင့်၏

ယာဝ ဒွါရကောသာ အဂ္ဂဠဌပနာယ

တံခါးဘောင် ကျီးခွေ၏ ၂ တောင့်ထွာပတ်လည် အရပ်ကို “ဒွါရကောသ” ဟု ခေါ်၏။ တံခါးရွက်သည် အပြား အကျယ်ဆုံး ၂ တောင့်ထွာသာ ရှိမည်ဖြစ်၍ တံခါးရွက် ရိုက်မိတတ်ရာ အရပ်ကိုလည်း ၂ တောင့်ထွာသာ အလွန်ဆုံး သတ်မှတ်ထားသည်။ အဂ္ဂဠ သဒ္ဒါသည် တံခါးရွက်ကိုသာ ဟောသော်လည်း ထို တံခါးရွက်သည် တံခါး အဘောင်နှင့် မကင်းကောင်းရကား အဝိနာဘာဝနည်း အားဖြင့် တံခါးဘောင်ကိုပါ ယူရတော့၏။ ဌပနအရ ထားခြင်းဟူသည် ခိုင်မြဲအောင် ထားခြင်းတည်း။

လိမ္ပိတဗ္ဗော

တံခါးရွက် တံခါးဘောင်တို့ကို ခိုင်မြဲအောင်ထားခြင်းငှာ “ဘာလုပ်ရမည်”ဟု သိက္ခာပုဒ် ပါဠိတော်၌ မပါသော်လည်း တကျောင်းလုံး နှံ့စပ်အောင် သုတ်လိမ်းသည့်အတွက် ပညတ်တော်မူရကား “တကျောင်းလုံး အနှံ့ အထပ်ထပ် မသုတ်ရ၊ တံခါး၏ ၂ တောင့်ထွာ ဟတ္ထပါသ် တိုင်ရုံနှင့် လေသောက် ပြူတင်း၏ တံခါးရွက် ပမာဏ ပတ်လည်လောက်ကိုသာ အထက် အောက် နံပါးအရပ်တို့၌ အထပ်ထပ် သုတ်ရမည်” ဟု သိသာသောကြောင့် “ပုနပ္ပုနံ လိမ္ပိတဗ္ဗောဝါ လိမ္ပာပေတဗ္ဗောဝါ”ဟု အဋ္ဌကထာ ထည့်သည်။

ထင်ရှားစေအံ့ -

တံခါးမကြီး၏ တံခါးရွက်ကို ဖွင့်လိုက်သည့်အခါ နံရံကို ရိုက်မိ၏။ ပိတ်သည့်အခါ တံခါးဘောင်ကို ရိုက်မိ၏။ ထိုသို့ ရိုက်ဖန်များလျှင် အင်္ဂတေ၊ သို့မဟုတ် မြေညက်များ လှုပ်၍ ကွာကျတတ်၏။ ကွာကျရုံသာမက ရိုက်မိဖန်များလျှင် စီထားအပ်သော အုတ်များလည်း တုန်လှုပ်ကာ ရော့ရဲရဲ ဖြစ်တတ်၏။ တံခါးဘောင် တံခါးရွက်များလည်း မခိုင်မြဲနိုင်။ ထို့ကြောင့် ခိုင်မြဲအောင်ထားခြင်းငှာ တံခါးရွက် ရိုက်မိတတ်ရာ ၂ တောင့်ထွာ အရပ်၌ အင်္ဂတေ မြေညက်ကို အထပ်ထပ် သုတ်နိုင်သည်

အာလောကသန္ဓိ ပရိကမ္မာယ

အာလောကံ - အရောင် အလင်းကို + သန္ဓေတိ - ပိတ်ကွယ်တတ်၏” ဟူသော ဝိဂြိုဟ်အရ အပြင်က အရောင်များကို ပိတ်ကွယ်တတ်သော လေသောက်ပြူတင်း၏ တံခါးရွက်ကို “အာလောက သန္ဓိ” ဟု ခေါ်၏။ ထို တံခါးရွက်များ ခိုင်မြဲအောင်ပြုခြင်းကို “ပရိကမ္မ” ဟု ခေါ်သည်။ ထို လေသောက်ပြုတင်း၏ တံခါးရွက်များကို ခိုင်မြဲအောင်ပြုဘို့ရာ အထပ်ထပ် သုတ်လိမ်းနိူင်သည်

ဒွတ္တိစ္ဆာဒနဿ ပရိယာယံ

ဒွတ္တိနှင့် ပရိယာယပုဒ်ကို ဆဒနဿပုဒ် ခြားလျက် သမာသ်စပ်ထားသည်။ ထို့ကြောင့် ဒွတ္တိပရိယာယံဟု တွဲ၍ အနက် ပေးသည်။ ပရိယာယ သဒ္ဒါသည် “ထက်ဝန်းကျင် လှည့်ပတ်ခြင်း” အနက်ကိုသာ ဟောသော်လည်း ဤ၌ ထက်ဝန်းကျင် လှည့်ပတ်၍ မိုးခြင်းတိုင်အောင် ယူရမည်။ ထက်ဝန်းကျင်လှည့်ပတ်၍ မိုးခြင်း ဟူသည်လည်း မိုးသင့်သောအရပ် အားလုံးတို့ကို မိုးခြင်းတည်း။

အပ္ပဟရိတေ ဌိတေန အဓိဋ္ဌာ တဗ္ဗံ

အပ္ပသဒ္ဒါသည် “အဘာဝ = မရှိခြင်း” အနက်ဟောတည်း။ (ကောက်ပင် ပဲပင်ပေါ် ရပ်တည်လျှင် ထိုအပင်များ သေမည်စိုးသောကြောင့်) ၂ ထပ် ၃ ထပ် မိုးပုံ မိုးနည်းများကို စိမ်းစိုသောပဲပင် ကောက်ပင် မရှိရာအရပ်၌ တည်လျက် စီမံရမည်

သဘောမကျလျှင် ပြင်

ထိုသို့ စီမံရာ၌ ၂ ထပ်မိုးပုံကို သဘောမကျသေးလျှင် ဖျက်ကာ ဖျက်ကာ သဘောကျသည့်တိုင်အောင် စီမံနိုင်၏။ ၃ခုမြောက် အထပ်ကိုကား “ဤနည်းအတိုင်း မိုးရစ်တော့” ဟု မှာထား၍ သွားရမည်။ မသွားဘဲ ကြည့်နေလျှင်လည်း ထပ်၍ မပြောရ။ ထပ်၍ ပြောဆိုစီမံလျှင် ပါစိတ် အာပတ် သင့်သည်

[အထပ်ထပ် မိုးထားလျှင် ကြာကြာခံသောကြောင့် ရှေးခေတ်က ၃ ထပ် ၄ ထပ် ထပ်၍ မိုးလေ့ ရှိကြသတတ်။]

အင်္ဂါ ၃ ပါး

၁။ မဟလ္လကဝိဟာရဖြစ်ခြင်း၊
၂။ မိမိနေဘို့ရာ ကျောင်း ဖြစ်ခြင်း၊
၃။ ပြခဲ့သည်ထက် ပို၍ စီမံခြင်း

အင်္ဂါ ၃ ပါးတည်း။

[ဆောင်]
မဟလ္လကဝိဟာရတည့်၊ မိမိ နေရန်၊ စီမံပိုထ၊ အင်သုံးဝ မဟလ္လ ပါစိတ်သင့်

သုဒ္ဓပါစိတ် အခန်း (ဘူတဂါမဝဂ်)

၁၀။ သပါဏက

ယော ပန ဘိက္ခု ဇာနံ သပ္ပါဏကံ ဥဒကံ တိဏံ ဝါ မတ္တိကံ ဝါ သိဉ္စေယျ ဝါ သိဉ္စာပေယျ ဝါ၊ ပါစိတ္တိယံ။

ယော ပန ဘိက္ခု - သည်၊
ဇာနံ - ပိုးရှိသောရေဟု သိလျက်၊
သပါဏကံ ဥဒကံ - ပိုးရှိသော ရေကို၊
တိဏံဝါ - မြက်သို့သော်၎င်း၊
မတ္တိကံဝါ - မြေညက်သို့သော်၎င်း၊
သိဉ္စေယျဝါ - ကိုယ်တိုင်မူလည်း သွန်လောင်းအံ့၊
သိဉ္စာပေယျဝါ - သူတပါး ကိုမူလည်း သွန်လောင်းစေအံ့၊
တဿ ဘိက္ခုနော၊ ပါစိတ္တိယံ ဟောတိ - ပါစိတ် အာပတ်သည် ဖြစ်၏။

(တနည်း)
ဇာနံ - လျက်၊
သပါဏကံ ဥဒကံ - ပိုးရှိသော ရေထဲသို့၊
တိဏံဝါ - မြက်ကိုသော်၎င်း၊
မတ္တိကံဝါ - မြေညက်ကိုသော်၎င်း၊
သိဉ္စေယျ ဝါ - ကိုယ်တိုင်မူလည်း လောင်းထည့်အံ့၊
သိဉ္စာပေယျဝါ - သူတပါးကို မူလည်း လောင်းထည့်စေအံ့၊
တဿ ဘိက္ခုနော - ထိုရဟန်း၏၊
ပါစိတ္တိယံ ဟောတိ - ပါစိတ်အာပတ်သည် ဖြစ်၏။

ဒုတိယော - ဒုတိယဖြစ်သော၊
ဘူတဂါမဝဂ္ဂေါ - ဘူတဒါမဂ်တည်း။

၁၀။ သပါဏက

ဒုတိယာဝိဘတ်အတွက် “ကို” ဟု၎င်း၊ “သို့” ဟု၎င်း ကံအနက် ၂ မျိုးထွက်၏။
ထိုတွင် ကြိယာနှင့် တိုက်ရိုက် ဆက်စပ်နေ သော ကံကို “ကို”ဟု အနက်ပေးရ၏
ဥပမာ- “ထမင်းကို+စား၏၊ လူကို+ သတ်၏၊ လမ်းကို+သွား၏”စသည်တည်း။

ဤ၌ ထမင်းသည် စားခြင်းကြိယာနှင့်၊ လူသည် သတ်ခြင်းကြိယာနှင့်၊ လမ်းသည် သွားခြင်းကြိယာနှင့် တိုက်ရိုက် ဆက်စပ်လျက် ရှိ၏။ ထိုသို့ တိုက်ရိုက်မဆက်စပ်ဘဲ ရှေးရှုရုံ ရှေးရှုအပ်သော ကံကို “သို့”ဟု အနက်ပေးရ၏
ဥပမာ - ရွာမရောက်ခင် “ရွာသို့+သွား၏” ရေ၌ မကျခင် “ရေထဲသို့+လောင်းထည့်၏” စသည်တည်း၊

[ဆောင်]
ကံနှင့်ကြိယာ၊ တိုက်ရိုက်သာလျှင်၊ ထင်စွာစပ်ဆက်၊ ကို-အနက်တည်း၊ မဆက်ရှေးရှု ထိုကံစုကို သို့-ဟု မှတ်သား၊ နှစ်မျိုးပြားသည်၊ ခွဲခြား တွေ့တိုင်း ဤနည်းတည်း။

ပထမနည်း

သပါဏကံ ဥဒကံ တိဏံဝါ မတ္တိကံဝါ” ပုဒ်တို့ကို ၂ နည်း အနက်ပေးရာ၌ ပထမနည်းအလို ပိုးရှိသော ရေကို ယူ၍ မြက်ထဲသို့ သော်၎င်း၊ မြေညက်ပေါ်သို့သော်၎င်း၊ ကိုယ်တိုင်ဖြစ်စေ၊ ခိုင်း၍ ဖြစ်စေ သွန်ပစ် လောင်းထည့်သည်” ဟု ဆိုလိုသည်။

ဤနည်းအရ “ရေအိုး၊ ရေကန်၊ ရေတွင်း များမှ ပိုးရှိသောရေကို (ပိုးရှိမှန်း သိလျက်) မသွန် မလောင်းကောင်း” မှတ်ပါ။

[ဤ ပထမနည်းသည် “တေန ဥဒကေန (ထို ပိုးရှိသောရေဖြင့်) သယံ ဝါ သိဉ္စေယျ” စသော ကင်္ခါအဋ္ဌကထာနှင့် လျော်၏။]

ဒုတိယနည်း

ပိုးရှိသော ရေထဲသို့၊ မြက် (သစ်ရွက်၊ သစ်ခက်) တို့ကိုသော်၎င်း၊ မြေညက်ကိုသော်၎င်း၊ ကိုယ်တိုင် ဖြစ်စေ၊ ခိုင်း၍ ဖြစ်စေ လောင်းထည့်သည်” ဟု ဆိုလိုသည်။

ဤနည်းဝယ် “ပိုးရှိသော ရေ” ဟူရာ၌ သစ်ရွက်၊ သစ်ခက်၊ အမှိုက်၊ မြေညက်တို့ကို ထည့်လိုက်လျှင် ရေ နောက်သွားသဖြင့် ပိုးကလေးများ သေဘွယ်ရှိသော နဲနဲပါးပါးရေကိုသာ ဆိုလိုသည်။ မြစ်ချောင်း ကန်ကြီးများဝယ် များစွာရှိသော ရေ၌ကား ထို မြက် စသည် ထည့် ခြင်းကြောင့် ပိုး မသေနိုင်။

[ဤ ဒုတိယနည်းကား “ဗဟုကံပိ တိဏပဏ္ဏာဒိံ ဧကပယောဂေန ဥဒကေ (ပိုးရှိသော ရေ၌) ပက္ခိပန္တဿ ဧကာ၀ အာပတ္တိ” စသော ကင်္ခါအဋ္ဌကထာနှင့် လျော်သည်။ ဝိမတိဋီကာ၊ ပါစိတ်ယောဇနာနှင့် ရှေးနိဿယတို့ အမျိုးမျိုး ဖွင့်ကြသေး၏။]

အင်္ဂါ ၄ ပါး

၁။ ပိုးရှိသောရေ ဖြစ်ခြင်း၊
၂။ သွန်လောင်းခြင်းကြောင့် ပိုးများသေမည်ကို သိခြင်း
၃။ ထိုသို့ ပိုးသေလောက်သော ရေလည်း ဖြစ်ခြင်း၊
၄။ မြက် စသည် သွန်လောင်းခြင်း -

၄ ပါးတည်း။

[ဤသိက္ခာပုဒ်ကို သိဉ္စနသိက္ခာပုဒ်ဟုလည်း တချို့ နေရာ၌ နာမည်ပေးသည်။]

[ဆောင်]
ပိုးရှိသောရေ၊ သွန်လောင်းလေသော်၊ ပိုးသေမည်သိ၊ ရေ၏ဖြစ်ချက်၊ သေလောက်လျက်ပင်၊ မြေ မြက်ခပင်း၊ သွန်ထည့်ခြင်းဟု၊ ကြောင်းရင်း လေးဖြာ၊ အင်ညီညာ၊ သပါဏက သင့်

မှတ်ချက်

နောက်သပါဏကဝဂ်၏ “ဇာနံ သပ္ပာဏကံ ဥဒကံ ပရိဘုဉ္ဇေယျ”ဟု ပိုးရှိသောရေကို ရေချိုးခြင်း၊ သောက်ခြင်း စသောအားဖြင့် ကိုယ်နှင့် စပ်သော အတွင်းသုံးဆောင်မှုကို ပြလတံ့ ဖြစ်သောကြောင့် ဤသိက္ခာပုဒ်ကို ဗာဟိရပရိဘောဂ (ကိုယ်ပ သုံးဆောင်မှု) ကို ပြသောအားဖြင့် ပညတ်တော် မူအပ်သော သိက္ခာပုဒ်ဟု မှတ်ပါ။

ဋီကာ

ဣမဿ သိက္ခာပဒဿ သိဉ္စေယျဝါ သိဉ္စာပေယျဝါတိ ဗာဟိရ ပရိဘောဂဝသေန ပထမံ ပညတ္တတ္တာ သပ္ပာဏကံ ဥဒကံ ပရိဘုဉ္ဇေယျာတိ သိက္ခာပဒံ အတ္တနော နဟာနပါနာဒိ ပရိဘောဂဝသေန ပညတ္တံ ဝေဒိတဗ္ဗံ - တေရသကဏ် ဤသိက္ခာပုဒ်။

သုဒ္ဓပါစိတ် အခန်း (ဘိက္ခုနောဝါဒဝဂ်)

၁။ သြဝါဒ

ယော ပန ဘိက္ခု အသမ္မတော ဘိက္ခုနိယော ဩဝဒေယျ၊ ပါစိတ္တိယံ။

ယော ပန ဘိက္ခု - သည်၊
အသမ္မတော - မသမုတ်အပ်ဘဲ၊
ဝါ - သမ္မုတိ မရဘဲ၊
ဘိက္ခုနိယော - ရဟန်းမတို့ကို
ဩဝဒေယျ - ဆုံးမအံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ

၁။ ဩဝါဒ

သမ္မုတိမရဘဲ ဘိက္ခုနီတို့ကို ဂရုဓမ်တရားဖြင့် ဆုံးမလျှင် ပါစိတ်အာပတ် သင့်၏

သီလရှိခြင်း၊ ဗဟုဿုတရှိခြင်း စသော အင်္ဂါ ၈ ပါးနှင့် ပြည့်စုံသော ရဟန်းအား ဉတ်ကမ္မဝါစာဖြင့် ဘိက္ခုနောဝါဒက သမ္မုတိ ပေးရ၏။ ထို သမ္မုတိမရသောရဟန်းကို “အသမ္မတ”ဟု ခေါ်၏။ ဆုံးမ ဟူရာ၌ “ဝဿသတူပသမ္ပန္နာယ ဘိက္ခုနိယာ တဒဟုပသမ္ပန္နဿ ဘိက္ခုနော” အစ ရှိသော ဂရုဓမ်ပါဠိကိုရွတ်၍ ဆုံးမမှသာ ပါစိတ်အာပတ်သင့်၏။ အခြားပါဠိကို ရွတ်၍ ဆုံးမရာ၌ကား ဒုက္ကဋ်သာသင့်၏

[ဂရုဓမ် ၈ ပါး အကျယ်ကို ပါဠိတော် အဋ္ဌကထာကြီးတို့မှာ ရှု၊]

အင်္ဂါ ၃ ပါး

၁။ သမ္မုတိ မရခြင်း

၂။ ဘိက္ခုနီ၏ ပြည့်စုံသော ရဟန်းမိန်းမ ဖြစ်ခြင်း
[ဘိက္ခုနီသံဃာ၌ ပထမ ရဟန်းဖြစ်၊ ဘိက္ခုသံဃာ၌ ဒုတိယ ရဟန်းဖြစ်သူကို “ပြည့်စုံစွာဖြစ်သော ရဟန်းမ” ဟု ခေါ်၏။ ဘိက္ခုနီ တဖက်၌သာ ရဟန်းပြုပြီးစ ဖြစ်သူကို ဆုံးမလျှင် ဒုက္ကဋ်။]

၃။ ဂရုဓမ်တရားဖြင့် ဆုံးမခြင်း

အင်္ဂါ ၃ ပါးတည်း။

[ဆောင်]
မရ သမ္မုတိ၊ ဘိက္ခုနိကား၊ ပြီးပြည့်စုံစွာ့၊ ရဟန်းမ-မှန်၊ ဂရုဓမ် ဆုံးမ၊ အင်သုံးဝ၊ ဩဝါဒက သင့်

ဘိက္ခုနောဝါဒက အင်္ဂါ

ဘိက္ခုနီတို့ကို ဆုံးမထိုက်သူ၏ အင်္ဂါ ၈ ပါးကား -

၁။ ပါဘိမောက္ခသံဝရသီလရှိခြင်း၊
၂။ ပိဋက ဗဟုဿုတရှိခြင်း၊
၃။ ပါတိမောက် နှစ်စောင်ကို နှုတ်တက် အာဂုံရခြင်း
၄။ ကောင်းသော စကားလုံးနှင့် ကောင်းသောအသံ ရှိခြင်း၊
၅။ ဘိက္ခုနီသံဃာ (အားလုံး မဟုတ်သော်လည်း) အများ၏ အကြည်ညိုခံရခြင်း
၆။ ဘိက္ခုနီတို့ကို တရားဟောစွမ်းနိူင်ခြင်း
၇။ ရှေး လူ့ဘဝတုန်းက ဘိက္ခုနီတို့၌ ကာယသံသဂ္ဂ၊ သိက္ခမာန်၊ သာမဏေမတို့၌ မေထုန်မှုကို မပြုဘူးခြင်း
၈။ ဝါ ၂ဝ ရရှိခြင်း အားဖြင့် အင်္ဂါ ၈ ပါးတည်း။

သီလဝါ ဗဟုဿုတောစ၊ သွာဂတောစ သုဝါစကော၊
ပိယော ပဋိဗလောစာပိ၊ နဇ္ဈာပန္နောစ ဝီသတိ။

သုဒ္ဓပါစိတ် အခန်း (ဘိက္ခုနောဝါဒဝဂ်)

၂။ အတ္ထင်္ဂတ

သမ္မတောပိ စေ ဘိက္ခု အတ္ထင်္ဂတေ သူရိယေ ဘိက္ခုနိယော သြဝဒေယျ၊ ပါစိတ္တိယံ။

သမ္မတောပိ - သမုတ်အပ်သူလည်း ဖြစ်သော၊
ဝါ - သမ္မုတိ ရပြီးသူလည်း ဖြစ်သော၊
ဘိက္ခု - သည်၊
သူရိယေ - နေသည်၊
အတ္ထင်္ဂတေ - ဝင်လသော်၊
ဘိက္ခုနိယော - တို့ကို၊
စေ ဩဝဒေယျ - အကယ်၍ ဆုံးမအံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ

၂။ အတ္ထင်္ဂတ

သမ္မုတိရသော ရဟန်း ဖြစ်စေကာမူ နေဝင်လျှင် ဘိက္ခုနီများကို ဩဝါဒ မပေးရ
နေဝင်သည့်တိုင်အောင် ဩဝါဒ ပေးနေလျှင် ပါစိတ်အာပတ် သင့်သည်
ဤသိက္ခာပုဒ်၌ ဂရုဓမ်တရားသာမက အခြားတရားဖြင့် ဩဝါဒပေးလျှင်လည်း ပါစိတ်အာပတ်ပင်

အင်္ဂါ ၃ ပါး

၁။ နေဝင်ခြင်း
၂။ ပြည့်စုံစွာ ဘိက္ခုနီမ ဖြစ်ခြင်း
၃။ ဆုံးမခြင်း

အင်္ဂါ ၃ ပါးတည်း။

[ဆောင်]
နေဝင်ချိန်ကျ ပြည့်စုံစွာ့သည့်၊ ရဟန်းမ ဖြစ်အင် ဆုံးမလျှင်၊ အတ္ထင်္ဂတ သင့်

သုဒ္ဓပါစိတ် အခန်း (ဘိက္ခုနောဝါဒဝဂ်)

၃။ ဘိက္ခုနုပဿယ

ယော ပန ဘိက္ခု ဘိက္ခုနုပဿယံ ဥပသင်္ကမိတွာ ဘိက္ခုနိယော ဩဝဒေယျ အညတြ သမယာ၊ ပါစိတ္တိယံ။ တတ္ထာယံ သမယော၊ ဂိလာနာ ဟောတိ ဘိက္ခုနီ၊ အယံ တတ္ထ သမယော။

ယော ပန ဘိက္ခု - သည်၊
သမယာ - ချဉ်းကပ်၍ ဆုံးမရာ အခါကို၊
အညတြ - ကြဉ်၍၊
ဘိက္ခုနုပဿယံ - ဘိက္ခုနီ ကျောင်းသို့၊
ဥပသင်္ကမိတွာ - ချဉ်းကပ်၍၊
ဘိက္ခုနိယော - ရဟန်းမတို့ကို၊
ဩဝဒယျ - ဆုံးမအံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ၊
... တတ္တ - ထို အညတြသမယာ ဟူသော ပါဌ်၌၊
အယံ - ဤ ဆိုအပ်လတံ့ကား၊
သမယော - အခါဘည်း၊
ဘိက္ခုနီ - ရဟန်းမသည်၊
ဂိလာနာ - မကျန်းမာသည် ၊
ဟောတိ - ဖြစ်အံ့၊
အယံ - ဤ မကျန်းမာရာ အခါသည်၊
တတ္ထ - ထို အညတြသယာ ဟူသော ပါဌ်၌၊
သမယော - အခါတည်း။

၃။ ဘိက္ခုနုပဿယ
ဘိက္ခုနီက ဂိလာန ဖြစ်နေရာအခါမှ တပါး အခြားအခါများ၌ ဘိက္ခုနီကျောင်းသို့သွား၍ ဩဝါဒ ပေးလျှင် ပါစိတ်အာပတ် သင့်၏။

[ဩဝါဒဟူရာ၌ ဂရုဓမ်ဘရားကိုသာ ယူရမည်။ ဂိလာနဘိက္ခုနီ ဟူရာ၌လည်း အဆုံးအမ ခံဘို့ ဖြစ်စေ၊ ကံကြီး ကံငယ် ပြုရန် ဖြစ်စေ မသွားနိုင်လောက်အောင် မကျန်းမာသူကို ယူရမည်။]

ဘိက္ခုနုပဿယံ

ဘိက္ခုနီတို့သည် မြို့ ရွာ အတွင်း၌ အစွန်အဖျား အရပ်ဝယ် ကျောင်းများကို တည်ထောင်နေထိုင် ကြသည်။ ထိုကဲ့သို့ ကျောင်းကို “ဘိက္ခုနုပဿယ”ဟု ခေါ်၏။ ဘိက္ခုနီ + ဥပဿယ = ဘိက္ခုနီတို့၏ + မှီတင်း နေထိုင်ရာကျောင်း။

အင်္ဂါ ၄ ပါး

၁။ ဘိက္ခုနီကျောင်းသို့ ချဉ်းကပ်ခြင်း
၂။ ပြည့်စုံစွာ ရဟန်းမ ဖြစ်ခြင်း
၃။ အခါမဟုတ်ခြင်း [ဂိလာနမဟုတ် ဟူလို။]
၄။ ဂရုဖြင့် ဆုံးမခြင်းတည်း။

[သမ္မုတိလည်း မရ၊ နေလည်း ဝင်၊ ဘိက္ခုနီကျောင်းသို့လည်း သွား၍ ဂရုခမ်တရားဖြင့် ဩဝါဒပေးလျှင် ပါစိတ် ၃ ချက်သင့်၏။]

[ဆောင်]
ရဟန်းမ ကျောင်းတွင်း, ချဉ်းကပ်ခြင်းတည့် ပြီးပြည့်စုံစွာ့, ရဟန်းမ မှန်, ခါမတန်ဘဲ ဂရုဓမ် ဆုံးမ, အင်လေးဝ ဥပဿယ သင့်။

၄။ အာမိသ သိက္ခာပုဒ်

ယော ပန ဘိက္ခု ဧဝံ ဝဒေယျ “အာမိသဟေဟု ထေရာ ဘိက္ခူ ဘိက္ခုနိယော သြဝဒန္တီ”တိ၊ ပါစိတ္တိယံ။

ယော ပန ဘိက္ခု - သည်၊
ဧဝံ - ဤသို့၊
ဝဒေယျ - ပြောဆို ကဲ့ရဲ့အံ့၊
(ကိံ - အဘယ်သို့ ပြောဆို ကဲ့ရဲ့သနည်း)
အာမိသဟေတု - အာမိသအကြောင်းကြောင့်၊
ထေရာ - ထေရ် ဖြစ်ကုန်သော၊
ဘိက္ခု - ရဟန်းတို့သည်၊
ဘိက္ခုနိယော - တို့ကို၊
ဩဝဒန္တိ - ဆုံးမကြကုန်၏၊
ဣတိ - ဤသို့ ပြောဆိုကဲ့ရဲ့အံ့၊
တဿ ဘိက္ခု နော ပါစိတ္တိယံ ဟောတိ။

၄။ အာမိသ
အာမသီယတေ - တဏှာဖြင့် ငါ့ဟာဟု သုံးသပ်အပ်၏”ဟူသော ဝိဂြိုဟ်အရ ငါ့ဟာ ငါ့ဟာဟု တဏှာဖြင့် သုံးသပ်အပ်သော ပစ္စည်းများကို အာမိသဟု ခေါ်၏။

“အာမိသ အကြောင်းကြောင့်” ဟူရာ၌ “အာမိသကို အလိုရှိသောကြောင့်”ဟု ဆိုလိုသည်။

ထေရာဘိက္ခူ

ဘိက္ခူနောဝါဒက သမ္မုတိ ရသူတို့သည် ဝါ ၂ဝ ရပြီးသော ထေရ်ကြီးများသာတည်း။ ထို့ကြောင့် “ထေရာဘိက္ခူ”ဟု ဆိုသည်။ “ထေရ်ကြီးများသည် ယဉ်ကျေး လိမ်မာစေလိုခြင်းကြောင့် ဘိက္ခုနီ တို့ကို ဆုံးမ ကြသည်မဟုတ်၊ သင်္ကန်းစသော အာမိသကို ရလိုမှုကြောင့် ဆုံးမကြသည်”ဟု ကဲ့ရဲ့လျှင် ပါစိတ်အာပတ် သင့်၏။

အင်္ဂါ ၄ ပါး

၁။ ရဟန်းဖြစ်ခြင်း
၂။ တရားသဖြင့် သမ္မုတိရသ ဖြစ်ခြင်း
၃။ အာမိသ ငဲ့မှု မရှိခြင်း [အာမိသငဲ့သူကို ကဲ့ရဲ့လျှင် အနာပတ္တိ၊]
၄။ ကျေးဇူးမဲ့ကို လိုလားသဖြင့် ပြောဆိုခြင်းများတည်း။

[သမ္မုတိ မရသော ဘိက္ခုနှင့် ရဟန်းဘဝတုန်းက သမ္မုတိ ရဘူးသော သာမဏေ၊ သမ္ဗုတိ မရဘူးသော သာမဏေများကို ကဲ့ရဲ့လျှင် ဒုက္ကဋ်။]

[ဆောင်]
ရဟန်းလည်းဖြစ်, တရားစစ်ဖြင့်, ရလစ် သမ္မုတိ, အာမိသ မငဲ့, ကျေးဇူးမဲ့လို့, ပြောဆိုတုံက, အင်လေးဝ, အာမိသ ပါစိတ်သင့်။

၅။ စီဝရဒါန

ယော ပန ဘိက္ခု အညာတိကာယ ဘိက္ခုနိယာ စီဝရံ ဒဒေယျ အညတြ ပါရိဝတ္တကာ၊ ပါစိတ္တိယံ။

ယော ပန ဘိက္ခု - သည်၊
ပါရိဝတ္တကာ - လဲလှယ်အပ်သော သင်္ကန်းကို၊
အညတြ - ကြဉ်၍၊
အညာတိကာယ - ဆွေမျိုးမတော်သော၊
ဘိက္ခုနိယာ - အား၊
စီဝရံ - သင်္ကန်းကို၊
ဒဒေယျ - ပေးအံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ၊

၅။ စီဝရဒါန
ဘိက္ခုနီအား လဲခြင်းမဟုတ်ဘဲ သက်သက် သင်္ကန်း ပေးလျှင် ပါစိတ်အာပတ် သင့်၏။

[မှတ်ဘွယ်ကို နိသဂ္ဂိယစီဝရဝဂ် စီဝရပတိဂ္ဂဟဏ သိက္ခာပုဒ်အတိုင်း သိပါ။ ထို သိက္ခာပုဒ်၌ ဘိက္ခုက ခံယူသူဖြစ်ခြင်း၊ ဤ၌ ဘိက္ခုနီက ခံယူသူဖြစ်ခြင်းသာလျှင် သိက္ခာပုဒ် ၂ ပါး ထူးခြား၏။]

၆။ စိဝရသိဗ္ဗန

ယော ပန ဘိက္ခု အညာတိကာယ ဘိက္ခုနိယာ စီဝရံ သိဗ္ဗေယျ ဝါ သိဗ္ဗာပေယျ ဝါ၊ ပါစိတ္တိယံ။

ယော ပန ဘိက္ခု - သည်၊
အညာတိကာယ ဘိက္ခုနိယာ - ၏၊
စီဝရံ - သင်္ကန်းကို၊
သိဗ္ဗေယျဝါ - ကိုယ်တိုင်မူလည်း ချုပ်အံ့၊
သိဗ္ဗာပေယျဝါ - သူတပါးကိုမူလည်း ချုပ်စေအံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ။

၆။ စီဝရသိဗ္ဗန
ဆွေမျိုးမတော်သော ဘိက္ခုနီ၏ ဝတ်လောက် ရုံလောက်သော သင်္ကန်းကို ကိုယ်တိုင် ဖြစ်စေ၊ ခိုင်း၍ ဖြစ်စေ ချုပ်ပေးလျှင် ပါစိတ်အာပတ်သင့်၏။

[ချုပ်ရာ၌ အပ်တချက် တချက် အနုတ်၌ ပါစိတ်တချက် တချက် သင့်၏။]

၁။ ဆွေမျိုး မတော်သော ဘိက္ခုနီ၏ သင်္ကန်း ဖြစ်ခြင်း၊
၂။ ဝတ်လောက် ရုံလောက်ခြင်း၊
၃။ ချုပ်ခြင်း၊ သို့မဟုတ် ချုပ်စေခြင်းအားဖြင့် အင်္ဂါ ၃ ပါးတည်း။

[ဆောင်]
ဆွေမျိုး မသီ, ဘိက္ခုနီ၏, အထည်သင်္ကန်း, ဝတ်စွမ်းရုံနိုင်, ကိုယ်တိုင် သို့မဟုတ်, စေ၍ချုပ်က, အင်သုံးဝ, သိဗ္ဗန ပါစိတ်သင့်။

၇။ သံဝိဓာန

ယော ပန ဘိက္ခု ဘိက္ခုနိယာ သဒ္ဓိံ သံဝိဓာယ ဧကဒ္ဓါနမဂ္ဂံ ပဋိပဇ္ဇေယျ အန္တမသော ဂါမန္တရမ္ပိ အညတြ သမယာ ပါစိတ္တိယံ။ တတ္ထာယံ သမယော၊ သတ္ထဂမနီယော ဟောတိ မဂ္ဂေါ, သာသင်္ကသမ္မတော, သပ္ပဋိဘယော၊ အယံ တတ္ထ သမယော။

ယော ပန ဘိက္ခု - သည်၊
သမယာ - သွားသင့်ရာအခါကို၊
အညတြ - ကြဉ်၍၊
ဘိက္ခုနိယာ - ရဟန်းမနှင့်၊
သဒ္ဓိံ - တကွ၊
သံဝိဓာယ - ကောင်းစွာစီစဉ်၍၊
ဝါ - ချိန်းချက်၍၊
ဧကဒ္ဓါန မဂ္ဂံ - တကြောင်းတည်း အဓွန့်ရှည်သော ခရီးကို၊
အန္တမသော - အောက်ထစ်ဆုံးအားဖြင့်၊
ဂါမန္တရမ္ပိ - အခြား တရွာသို့လည်း၊
ပဋိပဇ္ဇေယျ – သွားအံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ၊

တတ္ထ - ထို အညတြ သမယာ ဟူသော ပါဌ်၌၊
အယံ - ကား၊
သမယော - တည်း၊
မဂ္ဂေါ - ခရီးသည်၊
သတ္ထဂမနီယော - ကုန်သည် အပေါင်းနှင့် အတူသွားထိုက်သည်၊
သာသင်္ကသမ္မတော - ယုံမှားဘွယ်ရှိ၏ဟု သမုတ်အပ်သည်၊
သပ္ပဋိ ဘယော - ဘေးရန်နှင့် တကွ ဖြစ်သည်၊
ဟောတိ - အံ့၊
အယံ - ဤအခါသည်၊
တတ္ထ - ထို အညတြသမယာ ဟူသော ပါဌ်၌၊
သမယော - တည်း။

၇။ သံဝိဓာန
လမ်းခရီးက ဘေးအန္တရာယ် ရှိနေရာအခါ မဟုတ်လျှင် ဘိက္ခုနီနှင့်အတူ ချိန်းချက်၍ အောက်ထစ်ဆုံး အားဖြင့် မိမိရွာမှ အနီးအပါး အခြားရွာသို့မျှ မသွားကောင်း၊ သွားလျှင် ပါစိတ်အာပတ် သင့်၏။

သံဝိဓာယ

ဝိပုဗ္ဗ ဓာဓာတ် တွာပစ္စည်း၊ ဝိ + ဓာဓာတ်သည် ပြုစီရင်ခြင်း (စီစဉ်ခြင်း) အနက်ကို ဟော၏။ “ကောင်းစွာ စီစဉ်” ဟူသည် ရဟန်းက ဘိက္ခုနီကိုမြင်၍ “သင် မည်သည့်ရွာကို ရောက်ဘူးရဲ့လား၊ ငါသွားမလို့ သင်လိုက်ခဲ့၊ မည်သည့်အချိန် သွားမည်” စသည်ဖြင့် စီစဉ်ခြင်းတည်း။ ဤကဲ့သို့ စီစဉ်ခြင်းကိုပင် “ချိန်းချက်ခြင်း” ဟုလည်း ဖွင့်၏။ ဤကဲ့သို့ ချိန်းချက်ခြင်းကိုပင် “တိုင်ပင်ခြင်း” ဟုလည်း ခေါ်သေး၏။

စီစဉ်မှု

ထိုသို့ စီစဉ်ရာ၌ ရဟန်း၏ ကျောင်း၊ ဘိက္ခုနီ တိတ္ထိတို့၏ ကျောင်း အိပ်ရာ နေရာများသည် ကပ္ပိယဘူမိ ဖြစ်၏။ ထိုနေရာတို့၌ နေ၍ စီစဉ်လျှင် စီစဉ်မှုကြောင့် အာပတ် မသင့်သေး၊ လမ်းဆုံ လမ်းမ စသည်၌ နေ၍ စီစဉ်လျှင်ကား စီစဉ်မှု သက်သက်ကြောင့် ဒုက္ကဋ်အာပတ် သင့်၏။

ဧကဒ္ဓါနမဂ္ဂံ

အဒ္ဓါန သဒ္ဒါသည် “အဓွန့် (ခရီးရှည်)” ဟူသော အနက်ကို ဟော၏။ ခရီးရှည် ဟူရာ၌လည်း တယူဇနာဝက်ရှိလျှင် ခရီးရှည်ပင်တည်း။ ထို့ကြောင့် ရွာချင်းမနီးသော တောလမ်းခရီးဖြစ်လျှင် မူလရွာမှ ထွက်၍ တယူဇနာဝက် အလွန်တွင် အာပတ်သင့်၏။ ရွာချင်းနီးသော ခရီးဖြစ်လျှင်ကား မိမိရွာမှထွက်၍ အခြား တရွာ၏ ဥပစာသို့ ဝင်မိလျှင် ပထမခြေလှမ်း ဒုက္ကဋ်၊ ဒုတိယခြေလှမ်း ပါစိတ်အာပတ်သင့်၏။

ဧက၏ အနက်

ဧကဒ္ဓါနဧကသဒ္ဒါသည် “တခု” ဟူသော အနက် ဟောတည်း။ တခုတည်းသော ခရီး ဟူရာ၌ “လမ်းကြောင်း တကြောင်းတည်း၊ တလမ်းတည်း”ဟု ဆိုလိုသည်။ (တနည်း) “ဧကတော (တပေါင်းတည်း)” အနက်ဟောတည်း။ “ဘိက္ခုနီနှင့် တပေါင်းတည်း” ဟူလို။

သတ္ထဂမနီယော ၊ပေ၊ သပ္ပဋိဘယော

တချို့ ခရီးရှည်များသည် တောပုန်း ဒမြ သူခိုးတို့ ထကြွနေသဖြင့် “ငါတို့လည်း အတိုက်ခံကြ ရမည်လား မသိ”ဟု ယုံမှားဘွယ် ရှိ၏။ သတ်ဖြတ် လုယူကြောင်းကိုလည်း ကြားနေရ တွေ့နေ ရသဖြင့် ဘေးအန္တရာယ် ပေါများလှ၏။ သို့ဖြစ်၍ ခြေလျင်ကုန်သည် အပေါင်းနှင့်ဖြစ်စေ အတူ သွားမှသာ ဘေးအန္တရာယ်လွတ်မည့် ခရီးဖြစ်ရကား ထိုအခါမျိုးဝယ် ဘိက္ခုနီတို့ အန္တရာယ် ကင်းလွတ်အောင် ဘိက္ခုနီနှင့် အတူ ချိန်းချက်၍ သွားကောင်းသည်

အင်္ဂါ ၅ ပါး

၁။ နှစ်ဦးသဘောတူ စီစဉ်၍ သွားခြင်း
၂။ ချိန်းချက်မှု မချွတ်ယွင်းခြင်း
[မည်သည့်အချိန် သွားကြစို့ဟု ချိန်းချက်ထားသည့်အတိုင်း သွားဖြစ်ခြင်း ဟူလို။ ] ၊
၃။ ချိန်းချက်သွားသင့်ရာအခါ မဟုတ်ခြင်း
၄။ တိုင်းပြည် ပျက်၍ ထွက်ပြေးကြရခြင်း စသည်ကဲ့သို့ ဘေးရန်မရှိခြင်း
၅။ အခြားတရွာသို့ သက်ရောက်ခြင်း၊ သို့မဟုတ် ယူဇနာဝက်ကို လွန်ခြင်းတည်း။

[ဆောင်]
သဘောတူလျက်, စီစဉ်မြွက်၍, ချိန်းချက်လည်း မှန်, ခါ မတန်ဘဲ, ဘေးရန်ကင်းကွာ, တခြားရွာနှင့်, ယူဇနာဝက်, ဝင်သက်မိလျှင်း, လွန်မြောက်ခြင်းဟု, ကြောင်းရင်း ငါးလီ, အင်္ဂါညီ, သင့်ပြီ ဝိဓာန

၈။ နာဝါဘိရုဟန

ယော ပန ဘိက္ခု ဘိက္ခုနိယာ သဒ္ဓိံ သံဝိဓာယ ဧကံ နာဝံ အဘိရုဟေယျ ဥဒ္ဓံဂါမိနိံ ဝါ အဓောဂါမိနိံ ဝါ အညတြ တိရိယံ တရဏာယ၊ ပါစိတ္တိယံ။

ယော ပန ဘိက္ခု ဘိက္ခုနိယာ သဒ္ဓိံ သံဝိဓာယ - ၍၊
တိရိယံ - ဖီလာ၊
တရဏာယ - ဖြတ်ကူးခြင်းကို
အညတြ - ကြဉ်၍၊
ဥဒ္ဓံဂါမိနိံ ဝါ - အထက်သို့ ဆန်တက်သည်မူလည်း ဖြစ်သော၊
အဓောဂါမိနိံ ဝါ - အောက်သို့ စုန်ဆင်းသည်မူလည်း ဖြစ်သော၊
ဧကံနာဝံ - တစင်းတည်းသော လှေကို၊
အဘိရုဟေယျ - တက်စီးအံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ၊

၈။ နာဝါဘိရုဟန
“မည်သည့်နေ့ရက်၊ မည်သည့်အချိန်၊ မည်သည့် လှေကို (သင်္ဘောကို) စီးကြစို့” ဟု ဘိက္ခုနီမနှင့် သဘောတူ ချိန်းချက်၍ ဆန်လှေ စုန်လှေ တစင်းစင်းကိုစီးလျှင် ပါစိတ်အာပတ်သင့်၏။

ဟိုဘက်ကမ်းနှင့် သည်ဘက်ကမ်းကို ဖြတ်ကူးရုံကား ကူးကောင်းသည်။ ဤသိက္ခာပုဒ်နှင့်စပ်၍ ကြွင်းသော မှတ်ဘွယ်များကို သံဝိဓာန သိက္ခာပုဒ်အတိုင်း သိနိုင်ပြီ။

အင်္ဂါ ၅ ပါး

၁။ နှစ်ဦးသဘောတူ စီစဉ်၍ သွားခြင်း
၂။ ချိန်းချက်မှု မချွတ်ယွင်းခြင်း
[မည်သည့်အချိန် သွားကြစို့ဟု ချိန်းချက်ထားသည့်အတိုင်း သွားဖြစ်ခြင်း ဟူလို။ ] ၊
၃။ ဖြတ်ကူးရာအခါ မဟုတ်ခြင်း
၄။ တိုင်းပြည် ပျက်၍ ထွက်ပြေးကြရခြင်း စသည်ကဲ့သို့ ဘေးရန်မရှိခြင်း
၅။ အခြားတရွာသို့ သက်ရောက်ခြင်း၊ သို့မဟုတ် ယူဇနာဝက်ကို လွန်ခြင်းတည်း။

၉။ ပရိပါစိတ

ယော ပန ဘိက္ခု ဇာနံ ဘိက္ခုနိပရိပါစိတံ ပိဏ္ဍပါတံ ဘုဉ္ဇေယျ အညတြ ပုဗ္ဗေ ဂိဟိသမာရမ္ဘာ၊ ပါစိတ္တိယံ။

ယော ပန ဘိက္ခု - သည်၊
ပုဗ္ဗေ - ဘိက္ခုနီ မစီမံမီ ရှေ့၌၊
ဂိဟိသမာရမ္ဘာ - လူတို့ အားထုတ်အပ်သော ဆွမ်းကို၊
အညတြ - ကြဉ်၍၊
ဇာနံ - ဘိက္ခုနီ စီမံအပ်သော ဆွမ်းဟု သိလျက်၊
ဘိက္ခုနီ ပရိပါစိတံ - ရဟန်းမသည် စီမံအပ်သော၊
ပိဏ္ဍပါတံ - ဆွမ်းကို၊
ဝါ - ဘောဇဉ်ငါးပါး တပါးပါးကို၊
ဘုဉ္ဇေယျ - စားအံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ။

၉။ ပရိပါစိတ
ဘိက္ခုနီမ မစီမံမီ လူတို့ဘာသာ စီမံအပ်သော ဆွမ်း သည် “ဂိဟိသမာရမ္ဘ”မည်၏။

[ဂိဟီနံ-ကို၏ + သမာရမ္ဘော-ကောင်းစွာ အားထုတ်အပ်ပြီးသော ဆွမ်းသည်၊ ဂိဟိသမာရမ္ဘော-မည်၏။]

ထို ဆွမ်းကို ဘိက္ခုနီက ထပ်၍ (လောကွတ်လုပ်၍) စီမံသော်လည်း စားကောင်း၏။ ထိုသို့ လူတို့ဘာသာ စီမံအပ်ပြီး မဟုတ်ဘဲ ဘိက္ခုနီက လူတို့ကို လှူဘို့ရန် စီမံ တိုက်တွန်းမှ ဖြစ်ပေါ် လာသောဆွမ်းကို သိလျက် စားလျှင် ပါစိတ်အာပတ်သင့်သည်။

ပိဏ္ဍပါတံ

ပိဏ္ဍသဒ္ဒါသည် “ဇီဝန = အသက်ရှည်ကြောင်း အစာ” ဟူသော အနက်ကို ဟော၏။

ပိဏ္ဍဿ - အစာ၏၊
ပါတော - သပိတ်၌ ကျခြင်းသည်၊
ပိဏ္ဍပါတော - ၏၊

“သပိတ်၌ ကျခြင်း”ဟူရာဝယ် လက်ဆုပ် လက်ကိုင် ပြလျှင် ကျသောအစာကိုသာ ပြနိူင်ရကား သပိတ်၌ ကျရောက်သော အစာ ဟူသမျှကို “ပိဏ္ဍပါတ”ဟု ခေါ်နိုင်၏။ သို့သော် ဤသိက္ခာပုဒ်၌ကား ပိဏ္ဍပါတ အရ ဘောဇဉ် ၅ ပါးကိုသာ ယူရသည်။ [ဘောဇဉ် ၅ ပါးကို နောက်၌ပြမည်။]

အင်္ဂါ ၅ ပါး

၁။ ဘိက္ခုနီ စီမံခြင်း
၂။ ဘိက္ခုနီ စီမံအပ်သော ဆွမ်းဟု သိခြင်း
၃။ ဘိက္ခုနီ မစီမံမီ ရှေးအဘို့က လူတို့ စီမံမှု မရှိခြင်း
၄။ ဘောဇဉ် ငါးပါးတွင် တပါးပါးဖြစ်ခြင်း
၅။ ထိုဘောဇဉ်ကို စားမျိုခြင်းတည်း။

[ဆောင်]
ဘိက္ခုနီစီမံ, စီမံမှန်းသိ, သူ၏ အလျင်, လူ စတင်၍, စီရင် မထား, ဘောဇဉ် ငါးတွင်, တပါးဖြစ်လျှင်း, စားမျိုခြင်း ဟု, ကြောင်းရင်း ငါးဝ,,အင်ညီမျှ, ပရိပါစိတ သင့်။

၁၀။ ရဟောနိသဇ္ဇ

ယော ပန ဘိက္ခု ဘိက္ခုနိယာ သဒ္ဓိံ ဧကော ဧကာယ ရဟော နိသဇ္ဇံ ကပ္ပေယျ၊ ပါစိတ္တိယံ။

ယော ပန ဘိက္ခု - သည်၊
ဘိက္ခုနိယာ - နှင့်၊
သဒ္ဓိံ - တကွ။
ဧကောဧကာယ - တယောက်ချင်းချင်း၊
ရဟော - နားကွယ်ရာ အရပ်၌၊
နိသဇ္ဇံ - ထိုင်နေခြင်းကို၊
ကပ္ပေယျ - အံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ။

[ဤသိက္ခာပုဒ်၌ မှတ်သားဘွယ် အဓိပ္ပာယ်ကို ဒုတိယ အနိယတ သိက္ခာပုဒ်အတိုင်း သိနိုင်ပြီ။]

တတိယော -သော၊
ဘိက္ခုနော ဝါဒဝဂ္ဂေါ - တည်း။

သုဒ္ဓပါစိတ် အခန်း (ဘောဇနဝဂ်)

၁။ အာဝသထပိဏ္ဍ

အဂိလာနေန ဘိက္ခုနာ ဧကော အာဝသထပိဏ္ဍော ဘုဉ္ဇိတဗ္ဗော။ တတော စေ ဥတ္တရိ ဘုဉ္ဇေယျ၊ ပါစိတ္တိယံ။

အဂိလာနေန - ဂိလာနမဟုတ်သော၊
ဘိက္ခုနာ - ရဟန်းသည်၊
ဧကော - တနေ့စာဖြစ်သော၊
အာဝသထပိဏ္ဍော - တည်းခိုရာ ဇရပ်စသည်၌ ဝတ်တည်အပ်သော ဆွမ်းကို၊
ဘုဉ္ဇိတဗ္ဗာ - စားအပ် စားနိုင်၏၊
တတော - ထို တနေ့စာထက်၊
ဥတ္တရိ - အလွန်၊
စေ ဘုဉ္ဇေယျ - အကယ်၍ စားအံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ။

၁။ အာဝသထပိဏ္ဍ
ဂိလာန မဟုတ်လျှင် (ကျန်းမာသူ ဖြစ်လျှင်) အာဝသထပိဏ္ဍကို တနေ့စာသာ စားနိုင်၏။ နောက် တရက်၌ စားလျှင်ကား ပါစိတ်အာပတ်သင့်သည်။ ဂိလာနဖြစ်မူ နောက်ရက်များ၌လည်း စားကောင်းသည်သာ။ ဂိလာနဟူရာ၌ တယူဇနာဝက်ခရီးကိုမျှ ဆက်မသွားနိူင်သူတည်း။

အာဝသထပိဏ္ဍော

“အာဂန္တွာ ဝသန္တိ ဧတ္ထ” ဟူသော ဝိဂြိုဟ်အရ ခရီးသွား စသူတို့ လာရောက်ဘည်းခိုနေရာ ဇရပ်စသည်ကို “အာဝသထ”ဟု ခေါ်၏။ ထို၌ ဝတ်တည်ထားအပ်သောဆွမ်းကို “အာဝသထေ-၌ + ပညတ္တော - သော၊ ပိဏ္ဍော-တည်း” အရ “အာဝသထပိဏ္ဍ”ဟု ခေါ်သည်။

ချဲ့ဦးအံ့ -

ခရီးသွားသူ၊ မကျန်းမာသူ၊ ကိုယ်ဝန်ရှိသူ၊ ရသေ့ ရဟန်း စသူတို့ တည်းခိုနေထိုင်ကြဘို့ရာ ညောင်စောင်း၊ အင်းပျဉ် (ခဋင်၊ ကုလားထိုင်) များကို ထိုက်တန်သလို ခင်းထား၍ အခန်းများစွာ သူ့မျက်နှာသာနှင့် သူ ပိုင်းခြား ကန့်ထားအပ်သော မိုးလုံ လေလုံ တန်းလျားရှည် ဇရပ် စသည်ကို ကောင်းမှု လိုလားသူတို့က လမ်းဆုံ လမ်းမ စသော အများနှင့် ဆက်ဆံမည့် နေရာဝယ် ဆောက်လုပ် ထားတတ်ကြ၏။ ထိုသို့ ဆောက်လုပ်ပြီးလျှင် ထိုဇရပ် စသည်၌ ယာဂုထမင်းနှင့် ဆေးအမျိုးမျိုးကိုပါ ထားလေ့ရှိကြသည်

မှတ်ချက်

ယခုအခါ ကြီးကျယ်သော ဘုရားပွဲသွား လမ်းများ၌လည်း ထိုမျှလောက် မကျန်စေကာမူ စားဘွယ် သောက်ဘွယ်များနှင့်တကွ တည်းခိုဘို့ရာ စာတုဒ္ဒိသာ မဏ္ဍပ်များ ရှိတတ်ကြ၏။ ထို မဏ္ဍပ်များ၌ ထားအပ်သော စားဘွယ် သောက်ဘွယ်လည်း အာဝသထပိဏ္ဍတွင် ပါဝင်နိုင်သည်

ဧကော အာဝသထပိဏ္ဍော

“ဧကောတိ ဧကဒိဝသိကော = တနေ့၌ စားထိုက်သော”ဟု ကင်္ခါအဋ္ဌကထာ ဖွင့်၏။

ဧကဒိဝသေ - တနေ့၌ + ဘုဉ္ဇိတဗ္ဗော-စားထိုက်သော အစာသည်၊ ဧကဒိဝသိကော - မည်၏၊
ပိဏ္ဍအရလည်း ဘောဇဉ် ၅ ပါးလုံးပင် ယူရမည်

မှတ်ချက်

သာရတ္ထဋီကာဝယ် “ဧကဒိဝသံ သကိံ ယေဝ ဘုဉ္ဇိတဗ္ဗံ = တနေ့ တကြိမ်သာ စားရမည်”ဟု ဆိုထားရာ၌ ရှေးခေတ်က တထပ်တည်းဖြင့် ကိစ္စပြီးအောင် စားလေ့ရှိပုံကို ကြည့်၍ ဆိုဟန်တူသည်။ ယခုခေတ် အလိုက် မွန်းလတ်မှာ ဆွမ်းစား၍ ၁၁ နာရီလောက် (ဘောဇဉ်အပါအဝင် မုန့်များဖြင့်) လက်ဖက်ရည် သောက်သော်လည်း “ဧကဒိဝသိကော - တနေ့စာ” ဟူသော အဋ္ဌကထာစကားနှင့် သင့်တင့် ညီညွတ်မည်သာ။

အင်္ဂါ ၃ ပါး

၁။ အာဝသထပိဏ္ဍဖြစ်ခြင်း
၂။ ဂိလာန မဟုတ်ခြင်း
၃။ နေ့စဉ်နေ၍ စားခြင်း

[ဆောင်]
အာဝသထ, ပိဏ္ဍဖြစ်ငြား, မနာဖျားဘဲ, ယူစားနေ့စဉ်, သုံးပါးအင်, စုံလျှင် အာဝသထ သင့်။

၂။ ဂဏဘောဇန

ဂဏဘောဇနေ အညတြ သမယာ ပါစိတ္တိယံ။ တတ္ထာယံ သမယော၊ ဂိလာနသမယော စီဝရဒါနသမယော စီဝရကာရသမယော အဒ္ဓါနဂမနသမယော နာဝါဘိရုဟနသမယော မဟာသမယော သမဏဘတ္တသမယော၊ အယံ တတ္ထ သမယော။

သမယာ - စားသင့်ရာအခါကို၊
အညတြ - ကြဉ်၍၊
ဂဏဘောဇနေ - ဂဏဘောဇဉ်ကို စားခြင်းကြောင့်၊
ပါစိတ္တိယံ ဟောတိ၊
တတ္ထ – ထို အညတြသမယာ ဟူသော ပါဌ်၌၊
အယံ - ဤ ဆိုအပ်လတံ့ကား၊
သမယော - အခါတည်း၊
ဂိလာန သမယော - မကျန်းမာရာ အခါ၎င်း၊
စီဝရဒါန သမယော - သင်္ကန်း လှူရာအခါ၎င်း၊
စီဝရကာရသမယော - သင်္ကန်း ချုပ်ဆိုးရာ အခါ၎င်း၊
အဒ္ဓါနဂမန သမယော - အဓွန့်ရှည်သော ခရီးကို သွားရာအခါ၎င်း၊
နာဝါဘိရုဟနသမယော - လှေစီးရာအခါ၎င်း၊
မဟာသမယော - ရဟန်း များစွာ စုမိရာအခါ၎င်း၊
သမဏဘတ္တသမယော - သမဏအမည် ရသူတို့၏ ထမင်းကျွေးရာအခါ၎င်း၊
အယံ - ဤ ဆိုအပ်ပြီးသော အခါသည်၊
တတ္ထ - ထို အညတြသမယာ ဟူသော ပါဌ်၌၊
သမယော - အခါတည်း။

[“တတ္ထ - ထို ဂဏဘောဇဉ်ကို စားရာ၌” ဟု ရှေးနိဿယ ပေးသည်၊
နောက်၌လည်း ဘတ္ထအစွဲချင်း မတူသည်ကို သတိပြု။]

၂။ ဂဏဘောဇန
ဂိလာနသမယ စသောအခါ၌ ဂဏဘောဇဉ်ကို စားကောင်း၏
ထိုအခါများမှတပါး အခြားအခါတို့၌ ဂဏဘောဇဉ်ကို စားလျှင် ပါစိတ်အာပတ် သင့်သည်။

ဂဏဘောဇဉ်ခေါ်ပုံ

ဂဏဿ - ဂိုဏ်း၏၊
သန္တကံ - ဥစ္စာဖြစ်သော၊
ဘောဇနံ - ဘောဇဉ်သည်၊
ဂဏဘောဇနံ - ဂဏဘောဇနမည်၏။

ဤ၌ “ဂိုဏ်း” ဟူသည် ဂဏဥပုသ်ဟူရာ၌ကဲ့သို့ ၂ ပါး ၃ ပါး မဟုတ်၊ ၄ ပါးမှ စ၍ အထက် ရာ ထောင် စသော ရဟန်းများတည်း။ ထို “ဂိုဏ်း၏ ဥစ္စာဖြစ်သော ဂဏဘောဇဉ်” ဟူသည် မအပ်သောနည်းဖြင့် ဖိတ်မန်ခြင်း ကြောင့်ဖြစ်စေ၊ ရဟန်းများ ကိုယ်တိုင် တောင်းခြင်းကြောင့်ဖြစ်စေ ရအပ်သော ဘောဇဉ်တည်း။ ဤ၌ကား ထို ဂဏဘောဇဉ်ကို စားခြင်းတိုင်အောင် ယူရမည်ဖြစ်သောကြောင့် “ဂဏဘောဇန ဘောဇနေ”ဟု ဆိုလိုလျက် ဘောဇနတပုဒ် ကြေသည်ဟု ကြံပါ။

မအပ်သော ပင့်ဖိတ်နည်း

တစုတဝေးတည်း နေသည် ဖြစ်စေ သို့မဟုတ် ကိုယ့်နေရာနှင့် ကိုယ် (ကိုယ့်ကျောင်းနှင့် ကိုယ်) အသီးသီး နေသည် ဖြစ်စေ၊ ရဟန်း ၄ ပါး ၅ပါး စသူတို့ထံ သွား၍ “သြဒနေန နိမန္တေမိ - ထမင်းဖြင့် ဖိတ်မန်ပါ၏”ဟု လျှောက်လျှင် မအပ်သော ဖိတ်ခြင်း ဖြစ်၏။

ဤနည်း အတိုင်း ပါဠိဘာသာဖြင့် ဖြစ်စေ၊ မြန်မာ စသော အခြားဘာသာဖြင့် ဖြစ်စေ ဘောဇဉ် ငါးပါးကို နာမည်တပ်၍ “ထမင်း ဘုဉ်းပေးကြွပါ၊ ငါး ဘုဉ်းပေးကြွပါ”စသည်ဖြင့် ဖိတ်ခြင်းကို မအပ်သော ဖိတ်ခြင်းဟု ဆိုလိုသတတ်။

မအပ်သော တောင်းနည်း

ရဟန်း ၄ ပါး ၅ပါး စသူတို့ ပေါင်း၍ ဖြစ်စေ အသီးအသီးဖြစ်စေ ဒကာ ဒကာမတို့ထံ “ဘတ္တံ မေ ဒေဟိ = ငါ့အား ထမင်း လှူစမ်းပါ” စသည်ဖြင့် ဘောဇဉ် တပါးပါး၏ နာမည်ဖြင့် တောင်းလျှင် (ဉာတိပဝါရိတကိုပင် တောင်းစေကာမူ) မအပ်သော တောင်းခြင်း မည်၏။

အချုပ်မှာ—
ဘောဇဉ် ၅ ပါးနှင့်စပ်၍ “ပိဏ္ဍပါတ” ဟူသော ပါဠိအသုံး “ဆွမ်း-ဆွမ်းဟင်း” စသော မြန်မာ အသုံးအနှုန်းများသည် ကျောင်းသုံး ဘုန်းကြီးသုံး ဖြစ်၍ အပ်သောအသုံးများတည်း။
“ဩဒန- သတ္တု- ကုမ္မာသ- မစ္ဆ- မံသ ထမင်း - ငါးဟင်း - အမဲဟင်း - အသားဟင်း”စသော အသုံး အနှုန်းသည် အရပ်သုံး လူသုံးဖြစ်၍ မအပ်သော အသုံးအနှုန်းများတည်း ဟု ပြောရိုးရှိသည်။

ခံယူပုံ

ဤ ပြခဲ့သော မအပ်သောဖိတ်ခြင်း၊ မအပ်သော တောင်းခြင်း ၂ မျိုးတွင် တမျိုးမျိုးနှင့်ဆိုင်သော ဘောဇဉ်ကို ၄ ပါး ၅ ပါးစသော ရဟန်းတို့ အတူတကွ ခံယူကြလျှင် ထိုဘောဇဉ်သည် ဂဏဘောဇဉ် အစစ် ဖြစ်လေပြီ။ ထို ဂဏဘောဇဉ်ကို စားလျှင် ဆွမ်းလုတ်တိုင်း ပါစိတ်အာပတ်သင့်၏

[ခံယူရန် လာစဉ်က ထိုရဟန်းများ တကွဲတပြားစီ လာသည်ဖြစ်စေ၊ ခံယူပြီးနောက် တခြားစီပြန်၍ တခြားစီ စားကြသည်ဖြစ်စေ လိုရင်းမဟုတ်။ အတူတကွ ခံယူ ခြင်းသာ လိုရင်းဖြစ်သည်။ ထို့ကြောင့် ဂဏဘောဇဉ်ကို ၄ ပါးလုံး တပြိုင်နက် မခံဘဲ တပါးက နောက်မှခံလျှင် အားလုံး အပြစ်လွတ်သည်။]

[ဆောင်]
ရဟန်း ၄ ပါး, စသည်များကို, ၅ ပါးဘောဇဉ်, နာမံ တင်၍, ဖိတ်လျှင်၎င်း, တောင်းလျှင် တခြား, ရတုံငြားက, ၄ ပါး စသူ, တူခံမူ, မှတ်ယူ ဂဏဘောဇဉ်တည်း။

သတိပြုဘွယ်

ယခုကာလ၌ “ဆွမ်းစားကြွပါ၊ ဆွမ်းဘုဉ်းပေးကြွပါ” စသည်ဖြင့် ဆွမ်း ဟူသော အသုံးအနှုန်းများ နှုတ်တက်ရနေကြပြီဖြစ်၍ ထမင်း အတွက် ဂဏဘောဇဉ်ဖြစ်ဘွယ် မရှိပြီ။ သို့သော် “ငါးကြော် ဘုဉ်းပေးကြွပါ ငါတို့အား ငါးကြော် လှူစမ်းပါ၊ ငါးခြောက် - ငါး − ဘုဉ်းပေးကြွပါ၊ မုန့်တီ -- ဘုဉ်းပေးကြွပါ” စသော အသုံးအနှုန်းများသည် မအပ်သော အသုံးအနှုန်းများတည်း။

ထို အသုံးအနှုန်းမျိုးဖြင့် ၄ ပါး စသည်အား ပင့်ဖိတ်လာသော် ပယ်သာလျှင် ပယ်၊ မပယ်သာလျှင် ၃ပါးစီ ခံယူကာ အခြားတနေရာသို့ သွား၍ စားသောက်နိူင်၏။ မုန့်တီဆွမ်းဟင်းဟူသော အသုံးများကို အပ်သော အသုံးဟု ယူကြ၏။ [အခြားသော အပ်သည့်နည်းများကို အဋ္ဌကထာမှာ ရှုပါ။]

သမယ ၇ ပါး

ဆွမ်းခံမသွားနိူင်လောက်အောင် မကျန်းမမာ ဖြစ်ရာအခါသည် ဂိလာနသမယ မည်၏။ စီဝရဒါနသမယ ဟူသည် ကထိန့် အာနိသင် မရလျှင် ကထိန်သင်္ကန်း လှူဒါန်းရာ သီတင်းကျွတ် လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့် အထိ တလတည်း။ ကထိန့် အာနိသင် ရလျှင်ကား ပေါင်းလပြည့်တိုင်အောင် ၅ လ တည်း။ အများဝိုင်း၍ သင်္ကန်းချုပ်ရာ ဆိုးရာ အခါသည် စီဝရကာရသမယ တည်း။ အဒ္ဓါနသမယတယူဇနာဝက် ခရီးကို “အဒ္ဓါန”ဟု ခေါ်၏။ [နာဝါဘိရုဟန ထင်ရှားပြီ။]

မဟာသမယ

ရွာတရွာဝယ် ရဟန်း ၃ ပါးသာ ဆွမ်းခံစားလောက်၏။ ၄ ပါးမြောက် တပါးလာလျှင် ဆွမ်းခံ၍ မမျှတ။ ထိုရွာအတွက် ထို ရဟန်း ၄ ပါး ဂရာအခါသည် မဟာသမယတည်း။ ထို့ထက် ကြီးသော ရွာ မြို့များ၌ ထို့ထက်များသော ရဟန်းများ စုမိသဖြင့် ဆွမ်းခံ၍ မမျှတလျှင် မဟာသမယပင်တည်း။

သမဏဘတ္တသမယ

သမဏဟူသည် သီတင်းသုံးဘော် ၅ ဦးနှင့် ၅ ပရိဗ္ဗိုဇ် ရသေ့များတည်း။ ထိုသူတို့က “ဘတ္တ” ဟူသော နာမည်ဖြင့် ထမင်း ကျွေးလျှင်လည်း စားကောင်းသည်သာ

အင်္ဂါ ၃ ပါး

၁။ ဂဏဘောဇဉ်ဖြစ်ခြင်း
၂။ အခါ (သမဃ) မဟုတ်ခြင်း
၃။ စားခြင်းအားဖြင့် အင်္ဂါ ၃ ပါးတည်း။

[ဆောင်]
ဘောဇဉ် ဂဏ, ခါ မရဘဲ, စားမိကြလျှင်, အင်စုံလင်, ဘောဇဉ်ဂဏ သင့်။

သုဒ္ဓပါစိတ် အခန်း (ဘောဇနဝဂ်)

၃။ ပရမ္ပရဘောဇန

ပရမ္ပရဘောဇနေ အညတြ သမယာ ပါစိတ္တိယံတတ္ထာယံ သမယော၊ ဂိလာနသမယော စီဝရဒါနသမယော စီဝရကာရသမယော၊ အယံ တတ္ထ သမယော

သမယာ - စားသင့်ရာ အခါကို၊
အညတြ - ၍၊
ပရမ္ပရ ဘောဇနေ - နောက်နောက် ပင့်ဖိတ်သူ၏ ဘောဇဉ်ကို စားခြင်းကြောင့်၊
ပါစိတ္တိယံ ဟောတိတတ္ထ အယံ သမယော
... ဂိလာနသမယော, စီဝရဒါန သမယော
စီဝရကာရ သမယောအယံ တတ္ထ သမယော

ဂဏဘောဇန သိက္ခာပုဒ်၌ ပြခဲ့သည့်အတိုင်း မအပ်သော ဖိတ်နည်းဖြင့် ဖိတ်မန်ထားသော ဘောဇဉ်ရှိလျှင် (ဖိတ်သူ တဦးတည်းဖြစ်က အခြားနည်းအားဖြင့် ရသောဆွမ်းကို မစားသေးဘဲ) ထိုသူ၏ ဘောဇဉ်ကိုသာ ပထမ စားရမည်။ “စား”ဟူရာ၌ တလုတ်လောက် စားမိလျှင် “စားခြင်း” ဖြစ်တော့၏။ မအပ်သောနည်းဖြင့် ၂ ဦး ၃ ဦး စသည် ဖိတ်ထားလျှင်လည်း အစဉ်အတိုင်း စားရမည်။

အာပတ်သင့်ပုံ

ဂိလာနသမယ စသော အခါရသူလည်း မဟုတ်၊ ဝိကပ္ပနာလည်း မပြုဘဲ ရှေ့ဖိတ်သူ၏ ဘောဇဉ်ကို နောက်မှစား၍ နောက်ဖိတ်သူ၏ ဘောဇဉ်ကို အလျင်စားလျှင် ဆွမ်းလုတ်တိုင်း အာပတ်သင့်၏။ ဂိလာန သမယ စသည်ဖြစ်မူ ထိုကဲ့သို့ အစဉ်အတိုင်း မဟုတ်ဘဲလည်း စားနိုင်၏။ ဂိလာန ဟူသည်ကား တထိုင်တည်း၌ ဝအောင် မစားနိုင်သော ပုဂ္ဂိုလ်တည်း။

ဝစနတ္ထ

ပရောစ ပရောစ ပရမ္ပရော၊ ပရပရ ဆိုလိုလျက် ဝါစာသိလိဋ္ဌ ဖြစ်အောင် နိဂ္ဂဟိတ် လာထားသည်။
ပရောစ- နောက်ဖိတ်သူလည်း၊
ပရမ္ပရော - နောက်နောက်ဖိတ်သူ၊
ပရမ္ပရဿ + ဘောဇနံ ပရမ္ပရ ဘောဇနံ
ဤ၌လည်း ပရမ္ပရ ဘောဇနကို စားခြင်းတိုင်အောင် ယူပါ။

ဝိကပ္ပနာပြုပုံ

မအပ်သောနည်းဖြင့် ဒါယကာ ၂ ဦး ၃ ဦး စသည်က ဖိတ်ထားရာ၌ ပထမဒကာ၏ ဘောဇဉ်ကို မစားခင် ဒုတိယ ဒကာ၏ ဘောဇဉ်ကို စားလိုသော် ပထမဘောဇဉ်ကို အနီးအပါးရှိ မိမိနှစ်သက်ရာ သီတင်းသုံးဘော် ၅ ဦးတွင် တဦးဦးအား “မယှံ ဘတ္တပစ္စာသံ တုယှံ ဒမ္မိ = ငါ၏ မည်သည့် ဒါယကာ့ဘတ်၌ မျှော်လင့်ဘွယ်ကို သင့်အား လှူပါ၏”ဟု ဆို၍ ပေးလိုက်ရသည်

မိမိပေးလိုက်သူက အဝေးမှာရှိလျှင် “မယှံ ဘတ္တပစ္စာသံ ဣတ္ထန္နာမဿ (ဤအမည်ရှိသူအား) ဒမ္မိ”ဟု မိမိဘာသာ ဆို၍ ပေးပါ။ မြန်မာလို ဆို၍လည်း ပေးနိုင်၏။ ဤသို့ ပေးလိုက်ခြင်းကို ဝိကပ္ပနာပြုခြင်းဟု ခေါ်၏။ ထိုသို့ ပြုလိုက်လျှင် ဒုတိယဘောဇဉ်ကို စားကောင်းပြီ။ တတိယ ဘောဇဉ်ကို အလျင် စားလိုရာ၌လည်း ဤနည်းအတိုင်း ပထမ ဒုတိယ ဘောဇဉ်များကို ဝိကပ္ပနာ ပြုပါ

အင်္ဂါ ၃ ပါး

၁။ ပရမ္ပရဘောဇဉ်ဖြစ်ခြင်း၊
၂။ အခါ မဟုတ်ခြင်း၊
၃။ စားမျိုခြင်း၊ ၃ ပါးတည်း။

[မအပ်သောနည်းဖြင့် ဖိတ်လျှင် တပါးတည်း ပင့်သည်ဖြစ်စေ၊ အများ ပင့်သည်ဖြစ်စေ နောက်နောက် ဘောဇဉ်များ ပရမ္ပရ ဘောဇန ဖြစ်နိုင်သည်။ ရှေ့ ဂဏဘောဇနကား တပါးတည်း ပင့်ရာ၌ မဖြစ်။]

[ဆောင်]
ပရမ္ပရ ဘောဇနကို, မရ အခါ၊ စားမိပါပြန်, အင်သုံးတန် ပရမ္ပရ သင့်။

သုဒ္ဓပါစိတ် အခန်း (ဘောဇနဝဂ်)

၄။ ကာဏမာတာ

ဘိက္ခုံ ပနေဝ ကုလံ ဥပဂတံ ပူဝေဟိ ဝါ မန္ထေဟိ ဝါ အဘိဟဋ္ဌုံ ပဝါရေယျ၊ အာကင်္ခမာနေန ဘိက္ခုနာ ဒွတ္တိပတ္တပူရာ ပဋိဂ္ဂဟေတဗ္ဗာ။ တတော စေ ဥတ္တရိ ပဋိဂ္ဂဏှေယျ၊ ပါစိတ္တိယံ။ ဒွတ္တိပတ္တပူရေ ပဋိဂ္ဂဟေတွာ တတော နီဟရိတွာ ဘိက္ခူဟိ သဒ္ဓိံ သံဝိဘဇိတဗ္ဗံ၊ အယံ တတ္ထ သာမီစိ

ကုလံ - အိမ်သို့၊
ဥပဂတံ - ချဉ်းကပ်လာသော၊
ဘိက္ခုံ - ရဟန်းကို၊
(ပန + ဧ၀ အနက် မရှိ၊)
ပူဝေဟိ ဝါ - လက်ဆောင်ပေးရန် စီမံအပ်သော မုန့်တို့ဖြင့်၎င်း၊
မန္တေဟိဝါ - ရိက္ခာ ပြုရန် စီမံအပ်သော သတ္တု တိလ တဏ္ဍုလ စသည်တို့ဖြင့်၎င်း၊
အဘိဟဋုံ - ရှေးရှုဆောင်၍၊
ပဝါရေယျ - ဖိတ်အံ့၊
အာကင်္ခမာနေန - ခံယူလိုသော၊
ဘိက္ခုနာ - ရဟန်းသည်၊
ဒွတ္တိပတ္တပူရာ - ၂ သပိတ်ပြည့် ၃ သပိတ် ပြည့်တို့ကို၊
ပဋိဂ္ဂဟေတဗ္ဗာ - ခံယူအပ် ခံယူနိုင်ကုန်၏၊
တတော - ထို ၂ သပိတ်ပြည့် ၃ သပိတ်ပြည့်ထက်၊
ဥတ္တရိ - အလွန်၊
စေ ပဋိဂ္ဂဏှေယျ - အကယ်၍ ခံယူအံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ

ဒွတ္တိပတ္တပူရေ - တို့ကို၊
ပဋိဂ္ဂဟေတွာ - ခံယူပြီး၍၊
တတော - ထိုအရပ် မှ၊
နီဟရိတွာ - ထုတ်ဆောင်၍၊
ဘိက္ခူဟိ - ရဟန်းတို့နှင့်၊
သဒ္ဓိံ - တကွ၊
သံဝိဘဇိတဗ္ဗံ - ဝေဘန်ရာ၏၊
ဝါ - ဝေဘန်ရမည်၊
အယံ - ဤ ဝေဘန်ရခြင်းသည်၊
တတ္ထ - ထို ၂ သပိတ် ၃ သပိတ်ပြည့် ခံယူရာ၌၊
သာမီစိ– လောကုတ္တရာအားလျော်သော ကျင့်ဝတ်တည်း။

၄။ ကာဏမာတာ

ကာဏာ သတို့သမီး၏ မိခင်ကို အကြောင်းပြု၍ သိက္ခာပုဒ် ဖြစ်ပေါ်လာသောကြောင့် “ကာဏမာတာ သိက္ခာပုဒ်” ဟု နာမည်တပ်သည်။

[အိမ်သို့ ချဉ်းကပ်လာသော ရဟန်းကို ပူပ-မန္ထတို့ဖြင့် ရဟန်းအထံ ဆောင်ယူ၍ (အလိုရှိသလို ခံယူဘို့ရန်) ဖိတ်မန်လျှင် ၂ သပိတ် ၃ သပိတ်ပြည့် လောက်သာ ခံယူနိုင်၏၊ ထို့ထက်တိုး၍ ခံယူလျှင်ကား ပါစိတ်အာပတ် သင့်၏။ ၂ သပိတ် ၃ သပိတ်ပြည့် ခံယူပြီးနောက်လည်း ထို ပူပ - မန္ထတို့ကို အခြား ရဟန်းများနှင့်အတူ ဝေဘန်၍ သုံးဆောင်ဘို့ရန် ဝတ္တရားရှိသည်။]

ပူပေဟိ

ပူရဓာတ်, တနည်း-ပူဓာတ် ပ-ပစ္စည်းဖြင့် ပြီးသောကြောင့် သက္ကတအဘိဓာန်နှင့် ကောင်းစွာ သုတ်သင်ထားအပ်သော မာဂဓ အဘိဓာန်တို့၌ “ပူပ”ဟု ရှိ၏။ ယခု စာအချို့ဝယ် “ပူဝ” ဟု ရှိသည်မှာ ပါဌ်ပျက်သာတည်း၊ ဤ ပူပသဒ္ဒါသည် စပါးမျိုး ၇ ပါး၏ ဆန်အမျိုးမျိုးကို အမှုန့်ထောင်း၍ ပြုလုပ်အပ်သော မုန့်ဟူသမျှကို ဟောသော်လည်း ဤသိက္ခာပုဒ်၌ (ဝတ္ထုကြောင်း အားလျော်စွာ) လက်ဆောင်ပေးဘို့ လုပ်အပ်သော ပူပကိုသာ ယူပါ

[ဆောင်]
ကျမ်းဘိဓာန, ဟူသမျှက, ပူပ ဆိုလျှင်, ထိုထို မုန့်စု, ဟောရိုးပြုလည်း, ဝတ္ထုကြောင်းထွက်, လျော်အောင်ဆက်၍, လက်ဆောင် ပေးစရာ့, မုန့်ကိုမျှ, ပူပ ဟောလေသည်။

မန္ထေဟိ

မန္ထသဒ္ဒါသည် အဘိဓာန်အလို အဗဒ္ဓသတ္တု (ဆန်အမျိုးမျိုး၏ အမှုန့်သက်သက်ကို ထောပတ် စသည် ရောလျက် ရေအေး နှောပြီးလျှင် သောက်ဘို့ရာဖြစ်သော အမှုန့်သာမန်)ကို ဟော၏။ သို့သော် ဤ သိက္ခာပုဒ်၌ကား ဆုပ်အပ်ပြီးသော အလုံးအခဲဖြစ်စေ၊ မဆုပ်ရသေးသော အမှုန့်ဖြစ်စေ၊ နှမ်းလုံး ဆန်လုံး သက်သက်ဖြစ်စေ၊ လမ်းခရီး၌ ရိက္ခာအလို့ငှာ စီမံအပ်သမျှကို “မန္ထ”ဟု ဆိုသည်

[အဗဒ္ဓ = မဖွဲ့ မဆုပ်အပ်သော + သတ္တု = အမှုန့်။]

[ဆောင်]
မန္ထ သဒ္ဒါ, ဘိဓာန်လာကား, များစွာမုန့်မှုန့်, ဟောရိုးကြုံ့လည်း, မချုံ့ ပေါင်းရုံး, ဤအသုံးမူ, မုန့်လုံးမုန့်ခဲ, မုန့်ညက်ကျဲနှင့်, နှမ်းလဲ ဆန်ပါ, လမ်းရိက္ခာရ, မှန်သမျှ, မန္ထ ဟောလေသည်။

ဒွတ္တိပတ္တပူရာ ပဋိဂ္ဂဟေတဗ္ဗာ

ထိုသို့ ပူပ-မန္ထ အမျိုးမျိုးဖြင့် ခံယူဘို့ရန် ဖိတ်မန်လျှင် ၂ သပိတ်ပြည့်ဖြစ်စေ၊ ၃ သပိတ်ပြည့်ဖြစ်စေ ခံယူနိုင်သည်။ “အပြည့်”ဟူရာ၌ သပိတ်အတွင်းနှုတ်ခမ်းနှင့် ညီမျှသည်ကို ဆိုလိုသည်။

[“ဒွေ + ပတ္တပူရာ” စသော ဝါကျကို ထောက်၍ “ပတ္တေသု - သပိတ်တို့၌ + ပူရာ - ပြည့်သော ပူပ စသည်တို့ တည်း။ ပတ္တပူရာ - သပိတ်တို့၌ပြည့်သော ပူပ စသည်တို့” ဟု ပြုပါ။ ဒွေဝါ + တယောဝါ + ပတ္တပူရာ = ဒွိတ္တိပတ္တပူရာ- ၂ သပိတ်ပြည့်၊ သို့မဟုတ် ၃ သပိတ်ပြည့်တို့။]

တတော စေ ဥတ္တရိ

ပင်ကိုယ်က လက်ဆောင်ပေးရန်၊ သို့မဟုတ် ရိက္ခာပြုရန် စီမံအပ်သော ပူပ စသည်ဖြစ်၍ ၃ သပိတ် အပြည့်ထက် ပိုအောင် ခံယူလျှင် အလှူ့ရှင်မှာ လက်ဆောင်ရိက္ခာ လုံလောက်ဘွယ် မရှိရကား အလိုက် မသိရာ ရောက်၏။ ထို့ကြောင့် “၃ သပိတ်ပြည့်ထက် ပို၍ ခံယူသော ရဟန်း အတွက် ပါစိတ်အာပတ်”ဟု ပညတ်တော်မူရသည်။

ဆက်ဦးအံ့ ---

ထိုကဲ့သို့ ပူပ စသည်ဖြင့် လောင်းလှူရာဝယ် တသပိတ် ပြည့်သာ ခံယူခဲ့သူသည် အိမ်မှထွက်၍ အခြား ရဟန်းတပါးတွေ့လျှင်”တပည့်တော် မည်သည့်အိမ်မှ တသပိတ် ခံယူခဲ့ပြီ” ဟု ပြောရမည်။ ဒုတိယ ရဟန်း ကလည်း တသပိတ်ပြည့်သာ ခံယူလျှင် အခြားရဟန်းအား “ပထမ ရဟန်းက တသပိတ်၊ တပည့်တော်က တသပိတ် ခံယူပြီးပြီ” ဟု ပြောရမည်။

တတိယ ရဟန်းက တသပိတ် ခံယူပြီးနောက် အခြားတွေ့သော ရဟန်းအား “ပထမ-ဒုတိယရဟန်း ၂ ပါးနှင့် မိမိတို့ တသပိတ်စီ ခံယူပြီးဖြစ်၍ နောက်ထပ် မခံယူနှင့်တော့” ဟု ပြောရမည်။ ပထမ ရဟန်းက ၂ သပိတ် ခံယူရာ၌၊ သို့မဟုတ် ၃ သပိတ်ပြည့် ခံယူရာ၌လည်း ထိုနည်းအတိုင်း အခြား ရဟန်းများအား ပြောရမည်။ မည်သည့် နည်းနှင့်မဆို ထို တအိမ်တည်းမှ ရဟန်းအားလုံး အတွက် ၃ သပိတ်ပြည့်ထက် မပိုလွန်စေရ

ဘိက္ခူဟိ သဒ္ဓိံ သံဝိဘဇိတဗ္ဗံ

ထိုကဲ့သို့ ခံယူကြရာဝယ် ၃ သပိတ်ပြည့် ခံယူသူသည် တသပိတ်ကို မိမိအတွက်ထား၍ ကျန် ၂ သပိတ်ကို အခြားရဟန်း များနှင့်အတူ ဝေဘန်၍ သုံးဆောင်ရမည်။ ၂ သပိတ်ပြည့်သာ ခံယူသူ ဖြစ်လျှင်လည်း တသပိတ်ကို ဝေဘန်ရမည်။ တသပိတ်ပြည့်သာ ခံယူသူကား ဝေဘန်ဘို့ တာဝန်မရှိ။ မိမိဝေဘန်ချင်မှ ဝေဘန်ရမည်။ ထိုသို့ ဝေဘန်ရာ၌လည်း မိတ်ဆွေ ရဟန်းများကိုသာရွေးချယ်၍ မဝေဘန်ရ၊ ထို မုန့်ရရာ အိမ်နှင့်အနီးဆုံးဖြစ်သော ရဟန်းအများ စုဝေးရာအရပ်သို့ သွား၍ ဝေဘန်ရမည်။ ဤကဲ့သို့ မဝေဘန်လျှင် ဝတ္တဘေဒကြောင့် ဒုက္ကဋ်အာပတ်ဟု ဆုံးဖြတ်ဘွယ်ရှိ၏။

အင်္ဂါ ၅ ပါး

၁။ ဆိုအပ်ပြီးသော လက္ခဏာရှိသော (လက်ဆောင် ရိက္ခာ အလို့ငှာ စီရင်အပ်သော) ပူပ-မန္ထ ဖြစ်ခြင်း၊
၂။ အကြွင်း အကျန် မဟုတ်ခြင်း [လက်ဆောင်ပေးပြီး၊ ရိက္ခာလုပ်ပြီး၍ အကြွင်းအကျန် ဖြစ်လျှင် ၃ သပိတ်ထက်ပို၍ ခံယူသော်လည်း အနာပတ္တိ။]၊
၃။ သွားခြင်းကိစ္စ မပြီးငြိမ်းသေးခြင်း [လက်ဆောင်ပေးဘို့ရန် ယူသွားဘို့ရာ ဖြစ်သော်လည်း “မသွား တော့ပါဘူး” ဟု ဆုံးဖြတ်လိုက်သဖြင့် သွားခြင်းကိစ္စ ပြီးလျှင် ၃ သပိတ်ထက် အပိုခံသော်လည်း အနာပတ္တိ။]၊
၄။ ဉာတိပဝါရိတ မဟုတ်ခြင်း
၅။ ၃ သပိတ် ပြည့်ထက် ပို၍ ခံခြင်း၊ [ပူပ တခုပိုလျှင် အာပတ် တချက်၊ ၂ ခုပိုလျှင် ၂ ချက် ဟု မှတ်ပါ။]

[ဆောင်]
လက်ဆောင် ရိက္ခာ, အလို့ငှာလျှင်, ပူပ မန္ထ, ဖြစ်ကြလေလျှင်း, ကျန်ကြွင်း မဟု, သွားမှုမငြိမ်း, သူစိမ်းသက်သက်, မဆက် ဉာတိ, ပဝါရိနှင့်, သပိတ်ပြည့်ထုံး, သုံးလုံးထက်လျှံ, အင်ငါးတန်, သင့်ရန် ကာဏမာတာတည်း။

သုဒ္ဓပါစိတ် အခန်း (ဘောဇနဝဂ်)

၅။ ပထမ ပဝါရိတ

ယော ပန ဘိက္ခု ဘုတ္တာဝီ ပဝါရိတော အနတိရိတ္တံ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ ခါဒေယျ ဝါ ဘုဉ္ဇေယျ ဝါ၊ ပါစိတ္တိယံ

ယော ပန ဘိက္ခု - သည်၊
ဘုတ္တာဝီ - တချို့ တဝက် စားပြီးသည်၊
ပဝါရိတော - ပယ်မြစ်စေအပ်ပြီးသည်။
ဟုတွာ - ဖြစ်ပါလျက်၊
အနတိရိတ္တံအတိရိတ်ဝိနည်းကံလည်း မပြုအပ်, ဂိလာန၏ အကျန်လည်း မဟုတ်သော
ခါဒနီယံ ဝါ - ခဲဘွယ်ကိုသော်၎င်း၊
ဘောဇနီယံဝါ - ဘောဇဉ်ကိုသော်၎င်း၊
ခါဒေယျဝါ - ခဲမူလည်း ခဲအံ့၊
ဘုဉ္ဇေယျဝါ - စားမူလည်း စားအံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ

၅။ ပထမ ပဝါရဏာ

ဘောဇဉ် ၅ ပါးတွင် တပါးပါးကို တချို့ တဝက် စားပြီးနောက် ကျန်တချို့ကို ဆက်လက် စားနေစဉ် ပဝါရိတ်သင့်အံ့၊ ထိုသို့ပဝါရိတ်သင့်ပြီးနောက် ဣရိယာပုထ် တမျိုးပြောင်းလျက် အတိရိတ်ဝိနည်းကံ မပြုအပ်၊ သို့မဟုတ် ဂိလာန၏ အကျန်မဟုတ်သော ခဲဘွယ် ဘောဇဉ်ကို စားလျှင် ပါစိတ်အာပတ် သင့်၏

ဘောဇဉ် ၅ ပါး

၁။ ဩဒန (ထမင်း)၊
၂။ သတ္တု (ဆန်မှုန့်)
၃။ ကုမ္မာသ (မုယောစပါးဖြင့် ပြုအပ်သော တဝက်ကျက် အစာတမျိုး)၊
၄။ မစ္ဆ (ငါး)
၅။ မံသ (အမဲ=နွားသား စသည်) ကို ဘောဇဉ် ၅ ပါးဟု ခေါ်၏။

ထိုတွင် ဩဒန ဟူသည် စပါးမျိုး ၇ ပါး၏ ဆန်တို့ကို ချက်အပ်သော ထမင်းတည်း။
လက်ဖြင့် ကော်၍ ရကောင်းသော ယာဂုအပျစ်လည်း ပါဝင်၏။ အကျဲကား မပါဝင်။

သတ္တု

စပါးမျိုး ၇ ပါး၏ ဆန်ကိုလှော်၍ အမှုန့်ပြုထားအပ်သော ဆန်မှုန့်ညက်ကို သတ္တုဟု ခေါ်၏။ ထို ဆန်မှုန့်ညက်ကို ထောပတ်၊ ပျားရည်၊ တင်လဲ စသည်ဖြင့် ရော၍ ရေအေးဖြင့် မွှေနှောက်လျက် စားသောက်လေ့ ရှိကြသတတ်။ ထိုအမှုန့်ကိုပင် ထောပတ် စသည်နှင့်တွဲ၍ အခဲ အလုံးပြုလျက်လည်း စားကြဟန် ရှိ၏။

ထို့ကြောင့် သတ္တုဘသ္တ ဇာတ်တော်၌ ဗဒ္ဓသတ္တု (ဖွဲ့ဆုပ်အပ်ပြီးသော မုန့်အခဲ)၊ အဗဒ္ဓသတ္တု (မုန့်မှုန့်)ဟု ၂ မျိုး လာသည်။ မည်ကဲ့သို့ပင် ပြုလုပ်၍ သောက်ကြ စားကြသည်ဖြစ်စေ သတ္တု၏ပင်ရင်းမှာ ဆန်မှုန့်ညက်သာ ဖြစ်သည်။

[“သတ္တု-မုန့်လုံး”ဟု ရှေးက ပေးကြသည်မှာ အခြေအမြစ် မရှိ။]

ကုမ္မာသ

ကုမ္မာသဟူသည် ဆန်ကို တဝက်ကျက်ရုံမျှ ပြုတ်အပ်သော အစာတမျိုးတည်း။ မုဂ္ဂ စသည်ကိုလည်း ထိုကဲ့သို့ ချက်ပြုတ်ကြ၏။ သို့သော် ပဝါရိတ်အရာ၌ ဆန်ကိုလုပ်သောကုမ္မာသကိုသာ ယူရ၏။ ရှေးက “ကုမ္မာသ- မုယောမုန့်” ဟု ပေးကြ၏။ မုယောကို အဘိဓာန် နိဿယသစ်၌ “ဂျုံဖြူ” ဟု ပေးသည်။

မစ္ဆ မံသ

မစ္ဆ မံသတို့ကား ထင်ရှားပြီ။ ယာဂုနှင့် ဟင်းချိုများ၌ ပုဇွန်ခြောက်-ငါး အမဲ အနည်းငယ်ပါလျှင် ထိုယာဂု ဟင်းချိုများပင် ပဝါရိတ် သင့်စေနိုင်၏။ ငါးချက် အမဲချက် စသည်တို့မှာ ဆိုဘွယ်ရာ မရှိပြီ။

မှတ်ချက်

ဘောဇဉ် ၅ ပါးတွင် စပါးမျိုး ၇ ပါး၏ ဆန်ကို ထမင်းနှင့် လက်ကော်ရ ယာဂုအဖြစ်ဖြင့် ချက်ထားလျှင် ဩဒနတွင် ပါဝင်၏။ ထို ဆန်တို့ကို အမှုန့်ပြု၍ မုန့်အမျိုးမျိုး လုပ်ထားလျှင် သတ္တုတွင် ပါဝင်၏။ ထို့ကြောင့် ခေါက်ဆွဲ စသည်များလည်း ပဝါရိတ် သင့်စေနိုင်သည်ဟု မှတ်ပါ။

ဘုတ္တာဝီ

ဘုဇဓာတ်အတီတေ တ တဝန္တုတာဝီ” သုတ်ဖြင့် သက်ရသော တာဝီပစ္စည်းသည် “စားပြီး” ဟူသော အတိတ် အနက်ကို ဟော၏။ သို့သော် ပဝါရိတ်သင့်ရာ၌ လုံးဝ စားပြီးသူမှာ မသင့်၊ စားဆဲ စားတုန်းသာ သင့်သည်။ ထို့ကြောင့် တချို့ တဝက် စားပြီးသမျှကို ရည်ရွယ်၍ “ဘုတ္တာဝီ” ဟု ဆိုရသည်။

ပဝါရိတော

ပပုဗ္ဗ ဝရဓာတ်သည် ပယ်မြစ်ခြင်း (ပဋိက္ခေပ) အနက်ကို ဟော၏။ ဤ၌ ကာရိတ် ဏေနှင့် တပစ္စည်း ၂ ချက် ပါရကား “ပယ်မြစ်စေအပ်ပြီးသူ” ဟု သဒ္ဒါနက် ထွက်၏။ “ပယ်မြစ်စေအပ်” ဟူရာ၌ ဖြောင့်ဖြောင့် ရိုးရိုး ဆိုလျှင် “ပယ်မြစ်သူ” ပင် ဖြစ်၏။

ချဲ့ဦးအံ့-
ဆွမ်း စသည်ကို လောင်းသူ (လိုက်၍ထည့်သူ) က ထည့်ပေးသည့်အခါ ရဟန်းက ပယ်မြစ်လိုက်လျှင် လောင်းသူသည် “ပယ်မြစ်စေသူ၊ ပယ်မြစ်ရလောက်အောင်ပင် ထည့်ပေးနေသူ” တည်း။

စားသောရဟန်းသည် “ပယ်မြစ်စေအပ်သူ၊ မလိုချင်လျှင် ပယ်မြစ်ပါဟု စေခိုင်းအပ်သကဲ့သို့ ဖြစ်သူတည်း။ ထို့ကြောင့် “ပဝါရိတော- ပယ်မြစ်စေအပ်ပြီးသူ” ဟူရာ၌ အဖြောင့် အားဖြင့် “ပယ်မြစ်သူပင်” ရသည်

ပယ်မြစ်ပုံ

ရှေးက ဆွမ်းကပ်ရာ၌ တပါးစီ တန်း၍ ဆွမ်းစားလေ့ရှိ၏။ ဟင်း စသည်ကို လိုက်သူများက အစအဆုံး လှည့်၍ လိုက်ကြ၏။ မိမိမလိုသော ဟင်း စသည်တို့ အနားရောက်လျှင် “မလို”ဟူသော အထိမ်းအမှတ်ဖြင့် လက်ကို သော်လည်း ကာ၍ ပြကြ၏။ “အလံ အလံ - တော်ပြီ တော်ပြီ” ဟု နှုတ်ဖြင့် သော်လည်း တားမြစ်ကြ၏။ ထိုသို့ တားမြစ်လျှင် ပဝါရိတ်သင့်ပြီ

အင်္ဂါ ၅ ပါး စုံမှ သင့်

၁။ စားဆဲ (စား၍ မပြီးသေး) ဖြစ်ခြင်း
၂။ ဘောဇဉ် ၅ ပါး တပါးပါး ဖြစ်ခြင်း၊
၃။ ပေးသူက ၂ တောင့်ထွာ ဟတ္တပါက် အတွင်းသို့ ဝင်ရောက်ခြင်း (ဟတ္ထပါသ် ပြင်ဘက်က ပေးသည်ကို ပယ်သော်လည်း ပဝါရိတ် မသင့်။)၊
၄။ ဆောင်ယူခိုက် ဖြစ်ခြင်း (လက်မြှောက်၍ ဆောင်ထားခိုက်ကို ပယ်မှ ပဝါရိတ်သင့်သည်။ “ယူမလား” ဟု နှုတ်ဖြင့် မေးသည်ကို ပယ်ရာ၌ ပဝါရိတ် မသင့်။)
၅။ ကိုယ် နှုတ်ဖြင့် ပယ်ခြင်း (လက်ကာခြင်း၊ ခေါင်းရမ်းခြင်း စသော ကိုယ်အမူအရာ၊ “တော်ပြီ၊ မထည့်နှင့်” စသော နှုတ် အမူအရာဖြင့် ပယ်မြစ်မှ ပဝါရိတ်သင့်သည်။)

[ဆောင်]
စားဆဲ ဘောဇဉ်, ဟတ်တွင်းဝင်, ဆောင်စဉ် ကိုယ် နှုတ်မြစ်၊ အင်္ဂါ ငါးလီ, စုံပြည့်ညီ, သင့်ပြီ ပဝါရိတ်

သတိပြုဘွယ်

ဤအင်္ဂါများကို သတိပြု၍ ရဟန်းအချင်းချင်း ဆွမ်းအတူ စားရာ၌ ဆွမ်းစသည်ကို ထည့်ပေးလိုလျှင် ရှေးဦးစွာ လက်ဖြင့် မကော် မခပ်သေးဘဲ “ဆွမ်း အလိုရှိပါသလား”ဟု နှုတ်ဖြင့်မေးပြီးမှ အလိုရှိလျှင် သင့်တော်ရုံ (မများလွန်းစေဘဲ) ထည့်ပေးသင့်သည်ကို သတိပြုပါ။

အနတိရိတ္တံ ၊ပေ၊ ဘုဉ္ဇေယျဝါ

ထို အင်္ဂါ ၅ ပါး ညီညွတ်စွာ ပဝါရိတ် သင့်ပြီးသော ရဟန်းသည် ပဝါရိတ်သင့်ရုံဖြင့် မည်သည့်အာပတ်မျှ မသင့်သေး၊ ထိုင်လျက် ပဝါရိတ်သင့်လျှင် ထို ထိုင်ခြင်းဣရိယာပုထ်ကို မဖျက်သေးဘဲ ဆက်၍ စားသောက်နိူင်၏။ လမ်းသွားရင်း စားနေခိုက် ပဝါရိတ် သင့်ပြန်လျှင်လည်း သွားခြင်း ဣရိယာပုထ်ကို မဖျက်ဘဲ မဝမချင်း စားနိူင်သေး၏။

ပဝါရိတ်သင့် ပြီး၍ ဣရိယာပုထ် ပြောင်းလွှဲပြီးနောက်ကား အတိရိတ်ဝိနည်းကံသော်လည်း မပြုအပ်၊ ဂိလာန၏ အကြွင်းအကျန်သော်လည်း မဟုတ်သော ခဲဘွယ်ဘောဇဉ် (ယာဝကာလိက အစာ) အမျိုးမျိုးကို မစားကောင်းတော့ပြီဟု မှတ်ပါ။

ဂိလာန အကျန်

ဂိလာနအကျန် ဟူရာ၌ ဂီလာနစားပြီး၍ ကျန်မှသာ မဟုတ်၊ ဂိလာနဘို့ ရည်မှန်းအပ်သော ခဲဘွယ်ဘောဇဉ် ဟူသမျှကို “ဂိလာနာ တိရိတ္တ = ဂိလာနအကျန်” ဟုပင် ဆိုရသည်။ ဘောဇဉ် ၅ ပါးတွင် မပါဝင်သော မုန့် သစ်သီးများကို “ခဲဘွယ်” ဟု ခေါ်သည်။

အတိရိတ်ဝိနည်းကံ ပြုခြင်းအင်္ဂါ

၁။ အပ်စပ်အောင် ပြုပြီးဖြစ်ခြင်း
၂။ အကပ်ခံပြီး ဖြစ်ခြင်း
၃။ ဝိနည်းဓိုရ်၏ အနီး၌ မြှောက်ချီထားခြင်း
၄။ ဝိနည်းဓိုရ်၏ ဟတ္ထပါသ်သို့ရောက်ခြင်း
၅။ ဝိနည်းဓိုရ်က အနည်းငယ်ဖြစ်စေ စားပြီးခြင်း
၆။ ဝိနည်းဓိုရ်ကိုယ်တိုင်က ပဝါရိတ်သင့်ပြီးသူဖြစ်လျှင် ထိုပဝါရိတ် သင့်ရာ နေရာမှ မထခြင်း
၇။ ဝိနည်းဓိုရ်က “အလမေတံ သဗ္ဗံ”ဟု ရွတ်ဆိုခြင်း

ဤအင်္ဂါ ၇ ပါး ညီမှ အတိရိတ်ဝိနည်းကံ အထမြောက်သည်

[“အလမေတံ သဗ္ဗံ”ဟုဆို၍ အတိရိတ်ဝိနည်းကံ ပြုပေးမည့်ရဟန်းကို “ဝိနည်းဓိုရ် ပုဂ္ဂိုလ်” ဟု ဆိုသည်။]

ချဲ့ဦးအံ့--
ပဝါရိတ်သင့်၍ ဣရိယာပုထ် ပြောင်းပြီးသော ရဟန်းသည် နောက်ထပ်စားလိုလျှင် မိမိစားလိုရာ ခဲဘွယ် ဘောဇဉ်ကို ခွက်တခု၌ ထည့်ပါ။

၁။ ထို အစာအားလုံး အပ်စပ်သော ကပ္ပိယပစ္စည်း-အပင်ပေါက်ဘွယ် ပါလျှင် ကပ္ပီပြီး ဖြစ်စေရမည်
၂။ ထိုကပ္ပိယအစာများကို အကပ်ခံ၍,
၃-၄။ ဝိနည်းဓိုရ် ၏ ဟတ္ထပါသ်အနီးသို့ သွား၍ ထို စားခွက်ကို လက်ဖြင့် မြှောက်ထားရမည်၊ သို့မဟုတ် ဝိနည်းဓိုရ် ဘက်သို့ စောင်းငဲ့ထားရမည်။
၅။ ဝိနည်းဓိုရ် ရဟန်းသည် ထိုနေ့အဘို့၌ ဘောဇဉ်တခုခုကို အနည်းငယ်ဖြစ်စေ စားပြီးသူ ဖြစ်ရမည်
၆။ အကယ်၍ ဝိနည်းဓိုရ်ကိုယ်တိုင် ပဝါရိတ်သင့်နေလျှင် ထိုနေရာမှ မထရ။ ပဝါ ရိတ်သင့်သူ မဟုတ်လျှင်ကား ထသော်လည်း အင်္ဂါမပျက်။
၇။ ထို ဝိနည်းဓိုရ်က မိမိဟတ္ထပါသ်အတွင်း၌ ချီမြှောက်ထားသော စားဘွယ်များကို “အလမေတံ သဗ္ဗံ”ဟု ဆိုလိုက်လျှင် အတိရိတ်ဝိနည်းကံ ပြုပြီးဖြစ်၏

[ဆောင်]
ကပ္ပိယမှန်, အကပ်ခံ၍, ချီပြန် ညွတ်လတ်, ဟတ္ထပါသ်နှင့်, စားလတ်လေဘိ, ပဝါရိမူ, ဣရိ မဖျက်, နှုတ်ဖြင့်မြွက်လေ, အလမေတံ, သဗ္ဗံ ခုနစ်, အင်္ဂါဖြစ်သည်, စင်စစ် တိရိတ် ဝိနည်းတည်း။

အလမေတံ အဓိပ္ပာယ်

ဧတံသဗ္ဗံ-ဤ အလုံးစုံသည်၊ အလံ-တော်ပြီ၊ “ဤခွက်ထဲ၌ရှိသော အားလုံးကို ငါ တော်ပြီ၊ ငါ မစားလိုပြီ”ဟု ဆိုလိုသည်။

ချဲ့ဦးအံ့-
အတိရိတ္တသဒ္ဒါသည် “အဓိက = အပိုအလျှံ အကြွင်းအကျန်” ဟူသော အနက်ကို ဟော၏။ “အတိရိတ်ဝိနည်းကံပြုခြင်း” ဟူသည်လည်း အပိုအကျန် ဖြစ်အောင် ပြုခြင်းတည်း။ ထို့ကြောင့် “အလံ” သဒ္ဒါ၏ ပဋိက္ခေပ (ပယ်ခြင်း) အနက်အရ “ငါ တော်ပြီး ငါ့အကျန်ဖြစ်ပြီ” ဟု ဆိုလို၏။ ကင်္ခါဋီကာသစ်၌ အလံသဒ္ဒါ၏ - သင့်တော်ခြင်း “အရဟတိ”အနက် ဖွင့်၏။ ဆင်ခြင်ပါ။

အင်္ဂါ ၃ ပါး

၁။ ပဝါရိတ်သင့်ခြင်း
၂။ စားမည့်အာမိသ၏ အတိရိတ္တ မဟုတ်ခြင်း
၃။ နံနက်ကာလ၌ စားခြင်း
အင်္ဂါ ၃ ပါးတည်း။

[ကိုယ် နှုတ်ဖြင့် ပယ်မြစ်သူကို ပါဠိလို “ပဝါရိတ”ဟု ခေါ်၏။ ထို ပဝါရိတ ဖြစ်သည်ကိုပင် “ပဝါရိတ် သင့်သည်” ဟု ခေါ်သည်။ ခဲဘွယ်ဘောဇဉ်ကို “အာမိသ”ဟု ခေါ်၏။ ထိုအာမိသ၏ အတိရိတ် ဝိနည်းကံ မပြုအပ်၊ ဂိလာန၏အကျန် မဟုတ်သည်ကို “အတိရိတ္တ မဟုတ်ခြင်း”ဟု ဆိုသည်။]

[ဆောင်]
ပဝါရိတ, သင့်တုံကလျှင်, အာမိသ၏, အတိရိတ္တ, မဟုတ်စွနှင့်, ကာလချိန်တွင်း, စားမျိုခြင်း ဟု, ကြောင်းရင်းသုံးလီ, အင်္ဂါညီ, သင့်ပြီ ပထမ ပဝါရဏ

သုဒ္ဓပါစိတ် အခန်း (ဘောဇနဝဂ်)

၆။ ဒုတိယ ပဝါရဏာ

ယော ပန ဘိက္ခု ဘိက္ခုံ ဘုတ္တာဝိံ ပဝါရိတံ အနတိရိတ္တေန ခါဒနီယေန ဝါ ဘောဇနီယေန ဝါ အဘိဟဋ္ဌုံ ပဝါရေယျ “ဟန္ဒ ဘိက္ခု ခါဒ ဝါ ဘုဉ္ဇ ဝါ”တိ ဇာနံ အာသာဒနာပေက္ခော၊ ဘုတ္တသ္မိံ ပါစိတ္တိယံ

ယော ပန ဘိက္ခု
ဘုတ္တာဝိံ - တချို့တဝက် စားပြီး သည်ဖြစ်၍၊
ပဝါရိတံ - ပယ်မြစ်စေအပ်ပြီးသော၊
ဝါ - ပဝါရိတ်သင့်ပြီးသော၊
ဘိက္ခု - ကို၊
အနတိရိတ္တေန - အတိရိတ်ဝိနည်းကံလည်း မပြုအပ်, ဂိလာန၏ အကျန်လည်း မဟုတ်သော
ခါဒနီယေနဝါ - ခဲဘွယ်ဖြင့်သော်၎င်း၊
ဘောဇနီယေနဝါ - ဘောဇဉ်ဖြင့်သော်၎င်း၊
အဘိဟဋုံ - ရှေးရှုဆောင်၍၊
ဘိက္ခု - ရဟန်း၊
ဟန္ဒ - ရော့၊
ခါဒဝါ - ခဲမူလည်း ခဲပါလေ၊
ဘုဉ္ဇဝါ - စားမူလည်း စားပါလော၊
ဣတိ - ဤသို့၊
ဇာနံ - ပဝါရိတ်သင့်ပြီးသော ရဟန်းဟု သိလျက်
အာသာဒနာပေက္ခာ - အပြစ်တင်ခြင်းကို ငဲ့သည်
(ဟုတွာ၊)
ပဝါရေယျ - ဖိတ်အံ့၊
ဘုတ္တသ္မိံ - စားပြီးလသော်
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ

၆။ ဒုတိယ ပဝါရဏာ

ဆွမ်းစားစဉ် ပဝါရိတ်သင့်သော ရဟန်းကို ပဝါရိတ်သင့်သော ရဟန်းမှန်းသိလျက် အပြစ်တင်လို၍ အတိရိတ်ဝိနည်းကံ မပြုရသေးသော၊ သို့မဟုတ် ဂိလာနအကျန် မဟုတ်သော ခဲဘွယ်ဘောဇဉ်ကို ဆောင်ယူပြီးလျှင် “ရော့-ခဲစမ်းပါ၊ စားစမ်းပါ”ဟု ဖိတ်လျှင် ဖိတ်သည့်အတွက် ဒုက္ကဋ်သင့်ပြီ

ထိုအဖိတ်ခံရသောရဟန်း စားလျှင် ထိုရဟန်းမျိုတိုင်း ဖိတ်သော ရဟန်းမှာ ဒုက္ကဋ်များစွာ သင့်၏

ထို အဖိတ်ခံရသော ရဟန်း၏ စားခြင်းကိစ္စ ပြီးလျှင် ဖိတ်သောရဟန်းမှာ ပါစိတ်အာပတ် သင့်သည်

အင်္ဂါ ၅ ပါး

၁။ အဖိတ်ခံရသောရဟန်း၏ ပဝါရိတ်သင့်သူဖြစ်ခြင်း
၂။ ပဝါရိတ်သင့်သူမှန်း သိခြင်း
၃။ စောဒနာဘို့ရန် ရှေ့ရှုခြင်း
၄။ အတိရိတ္တ မဟုတ်သော ခဲဘွယ်ဘောဇဉ်ဖြင့် ဖိတ်ခြင်း
၅။ အဖိတ်ခံရသော ရဟန်း၏ စားခြင်းကိစ္စ ပြီးဆုံးခြင်း

ဤသို့ အင်္ဂါ ၅ ပါးရှိသည်။

မှတ်ချက်

၃။ အာသာဒနအာပုဗ္ဗ သဒဓာတ် ကာရိတ် ဏေပစ္စည်း ကြေ၊ ယုပစ္စည်းတည်း။ အာသာဒနကို ထောမနိဓိ အဘိဓာန်၌ “သ္ထာပန-အာရောပန = (တင်ခြင်း)”ဟု ဖွင့်၏။ ပဝါရိတ်သင့်သော ရဟန်းသည် အတိရိတ္တ မဟုတ်သော ခဲဘွယ်ဘောဇဉ်ကို အတိရိတ္တ မဟုတ်မှန်း သိသိ-မသိသိ စားလျှင် ပထမပဝါရဏာ သိက္ခာပုဒ်အရ ပါစိတ်အာပတ် သင့်၏။ ထို ပါစိတ် အာပတ်ဖြင့် အပြစ်တင်လိုခြင်းကို “အာသာဒနာပေက္ခ”ဟု ခေါ်သည်။

[ဆောင်]
ပဝါရိတ်သင့်, သူဖြစ်လင့်သား, သင့်မှန်း သိပါ, စောဒနာလိုရိပ်, နတိရိတ် ဟု, စားဘွယ်စုဖြင့်, ဖိတ်မှု တခင်း, စားပြီးခြင်း ဟု, ကြောင်းရင်း ငါးလီ, အင်္ဂါညီ, သင့်ပြီ ဒုတိယ ပဝါရဏ

သုဒ္ဓပါစိတ် အခန်း (ဘောဇနဝဂ်)

၇။ ဝိကာလ

ယော ပန ဘိက္ခု ဝိကာလေ ခါဒနီယံ ပါ ဘောဇနီယံ ဝါ ခါဒေယျ ဝါ ဘုဉ္ဇေယျ ဝါ၊ ပါစိတ္တိယံ

ယော ပန ဘိက္ခု - သည်၊
ဝိကာလေ - နေလွဲအခါ၌၊
ခါဒနီယံဝါ - ခဲဘွယ်ကိုသော်၎င်း၊
ဘောဇနီယံဝါ - ဘောဇဉ်ကိုသော်၎င်း၊
ခါဒေယျဝါ၊ ဘုဉ္ဇေယျဝါ၊ တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ

၇။ ဝိကာလ ဘောဇန

ကာလတော - ရဟန်းတော်တို့ ဆွမ်းဘုဉ်းပေးချိန်ကာလမှ၊
ဝိဂတော - ကင်းသောအခါသည်၊
ဝိကာလော - မည်၏။

ကာလအရ ရဟန်းတော်တို့၏ ဆွမ်းဘုဉ်းပေးချိန်အခါ (အရုဏ်တက်ပြီးမှစ၍ မွန်းတည့်တိုင်အောင် သောအခါ) ကို ယူပါ။ ထိုကာလမှ ကင်းသော ဝိကာလ ဟူသည် မွန်းတည့်ပြီးနောက် အရုဏ် တက်သည့် တိုင်အောင် အခါတည်း။

ဝိကာလ - ဆွမ်းဘုဉ်းပေးချိန်မှ ကင်းသောအခါ၌ (သဒ္ဒါနက်)၊
ဝါ - နေလွဲအခါ၌ (အများ သတ်မှတ်အပ်သော သင်္ကေတအနက်)
ထို နေလွဲအခါ၌ ခဲဘွယ်ဘောဇဉ်ကို ခဲစားလျှင် ပါစိတ်အာပတ် သင့်သည်

ကာလိက ၄ ပါး

ကာလေ - သတ်မှတ်အပ်သော အခါ၌၊ ဘုဉ္ဇိတဗ္ဗာနိ - စားထိုက်ကုန်၏”အရ ပိုင်းခြားအပ်သော သူ့ကာလ အတွင်း၌ စားထိုက်သော အစာများကို “ကာလိက” ဟု ခေါ်၏။ ထို ကာလိကကား- ယာဝကာလိက၊ ယာမကာလိက၊ သတ္တာဟကာလိက၊ ယာဝဇီဝိက အားဖြင့် ၄ မျိုးရှိ၏။

ယာဝကာလိက

ယာဝကာလံ - မွန်းတည့်ကာလတိုင်အောင် + ပရိဘုဉ္ဇိတဗ္ဗံ -စားကောင်း၏” အရ အရုဏ်တက်ပြီး မှစ၍ မွန်းတည့်တိုင်အောင် စားသောက်ကောင်းသော ဘောဇဉ် ၅ ပါးနှင့် ခဲဘွယ်ဟူသမျှ (နွားနို့စသော သောက်ဘွယ်များပါ) ယာဝကာလိက မည်၏။

ယာမကာလိက

ယာမကာလံ - နောက်ဆုံးညဉ့်ယာမ်တိုင်အောင် + ပရိဘုဉ္ဇိတဗ္ဗံ” အရ မွန်းတည့်ပြီးနောက် အရုဏ် မတက်မီ မိုးသောက်ယာမ် တိုင်အောင် သောက်ထိုက်သော အဖျော်ရည်သည် ယာမကာလိက မည်၏။ အဖျော်ရည် လုပ်ရန် အသီးများကို ကျမ်းဂန်၌ ၈ မျိုးပြ၏။

၁။ သပြေသီး၊
၂။ သရက်သီး
၃။ မုဒရက်သီး၊
၄။ ဖက်သက်သီး၊
၅။ သစ်မည်ဆီသီး၊
၆။ တောငှက်ပျောသီး
၇။ အိမ်ငှက်ပျောသီး၊
၈။ ကြာစွယ်၊

[မုဒရက်သီးဟူသည် သဗျက်သီးတည်း။ အောက်မြန်မာပြည် အချို့ အရပ်၌ရှိသော “မြရာသီး”ကိုပင် ရခိုင်နယ်၌ “ဖက်သက်သီး”ဟု ခေါ်သတဲ့။ ပုံသဏ္ဌာန်မှာ အထက်မြန်မာပြည် တောထဲ၌ ပေါက်သော “ဗောင်ဗဲ့သီး”နှင့် တူ၏။]

[ဆောင်]
သပြေ-သရက်, မုဒရက်, ဖက်သက် သစ်မည်ဆီ။
တော အိမ် ငှက်ပျော, ကြာစွယ်နှော, မှတ်လော ရှစ်ဖျော်ရည်

အနုလောမ အဖျော်

ပြခဲ့သော အဖျော် ၈ မျိုး၌ မန်ကျည်းဖျော်ရည် ဆီး၊ ရှောက် ဖျော်ရည်စသည်တို့ မပါသေး။ ထို မန်ကျည်း ဖျော်ရည် စသည်ကို “အနုလောမ (တိုက်ရိုက်ပြအပ်သော အဖျော် ၈ မျိုးအား လျော်သော အတူ ဖြစ်သော) အဖျော်”ဟု ခေါ်သည်။

အဖျော်ရည်လုပ်ရာ၌ ရေစိမ်းဖြင့် လုပ်ရမည်၊ မန်ကျည်း၊ ရှောက်၊ လိမ္မော်များကို မီးဖြင့်ချက်၍ ဖျော်ရည်လုပ်ထားလျှင် အမှုန့် မပါသော်လည်း ယာမကာလိက မဟုတ်၊ ယာဝကာလိကသာ။ သို့ဖြစ်၍ ယခုအခါ နိုင်ငံခြားမှ မီးဖြင့်ချက်၍ ကြာရှည်ခံအောင်လုပ်ထားသော လိမ္မော်ဖျော်ရည် စသည်ကို ယာမကာလိက မဟုတ်ဟု မှတ်ပါ

ဖျော်ရည် အကပ်ခံ သတိပြု

မန်ကျည်းဖျော်ရည် စသည်၌ အသီးများကို မွန်းလွဲလျှင် အကပ်မခံကောင်းတော့ပြီ။ သို့အတွက် ရဟန်းတော်တို့ ဖျော်ရည်သောက်လိုသည့်အခါ မန်ကျည်းသီး စသည်ကို ကိုယ်တိုင် အကပ်ခံ၍ မစိမ်ကောင်း၊ စစ်လည်း မစစ်ကောင်း။ လူသာမဏေတို့ကို အစိမ်ခိုင်း၍ သူတို့ ဘာသာ အဖတ် အမှုန် မပါအောင် စစ်ပြီးသော ဖျော်ရည်သာ မွန်းလွဲအခါ၌ သောက်ကောင်းသော ယာမကာလိက ဖြစ်သည်

အကြောင်းရှိမှ

ထိုသို့ စစ်ပြီးသော ဖျော်ရည်ကိုကား နံနက် မွန်းမတည့်မီ အကပ်ခံထားစေကာမူ ထိုနေ့အဘို့၌ နောက်ဆုံး ညဉ့်၏ အရုဏ် မတက်မီတိုင်အောင် သောက်ကောင်း၏၊ သို့သော် နေလွဲအခါ၌မူ အကြောင်းမဲ့ သက်သက် မသောက်ကောင်း။ “ပိပါသ”ခေါ် မွတ်သိပ်ဆာလောင်နေမှသာ အဆာပြေအောင် သောက်ကောင်းသည်။ “ဖျော်ရည်သောက်ရာ၌ မွတ်သိပ် ဆာလောင်ခြင်းဟူသော ပိပါသသည်ပင် သောက်ကောင်းခြင်း၏ အကြောင်း ဖြစ်သည်”ဟု ဆိုလိုသည်။

သတ္တာဟကာလိက

သတ္တာဟကာလံ - ၇ ရက် ကာလပတ်လုံး + ပရိဘုဉ္ဇိတဗ္ဗံ”အရ ၇ ရက်လုံးလုံး စားသုံးထိုက်သော (ဘေသဇ္ဇ သိက္ခာပုဒ်လာ) သပ္ပိ စသော ၅ မျိုးကို သတ္တာဟကာလိကဟု ခေါ်သည်။ အကျယ်ကို ထို သိက္ခာပုဒ်၌ ပြခဲ့ပြီ။ “သတ္တာဟံ + ကာလော သတ္တာဟကာလော, သတ္တာဟ ကာလော အဿ အတ္တီတိ သတ္တာဟကာလိကံ” ဟုလည်း တနည်းပြုပါ။

ယာဝဇီဝိက

ယတ္တကော - အကြင်မျှလောက်သော၊ ဇီဝေါ - အသက်တည်း။ ယာဝဇီဝံ - အသက်ရှည်သမျှ (အသက်ထက်ဆုံး)၊ “ယာဝဇီဝံ - ပရိဘုဉ္ဇိတဗ္ဗံ” အရ တသက်ပတ်လုံး သုံးစားကောင်းသော ဆား၊ ချင်း စသည်ကို “ယာဝဇီဝိက”ဟု ခေါ်သည်။

ယာဝဇီဝိက အစာတို့ကား ထိုထိုမြို့နယ်၌ ထမင်း ဟင်း အစာအဖြစ်ဖြင့် သုံးစွဲလေ့မရှိသော (အဖျော်ရည် - သတ္တာဟ ကာလိက ဆေးမျိုးတွင်လည်း မပါဝင်သော) မန်ကျည်းရွက်အကြမ်း၊ ကင်ပွန်းရွက် အကြမ်း စသော အရွက် အမြစ် အခေါက် အဥများတည်း။

ဆက်ဦးအံ့ ---

ဆား၊ ချင်းစိမ်း စသည်တို့ကို နံနက်စားရန် ဟင်းလျာများတွင် ထည့်ခတ်ကြသော်လည်း ဟင်း၏ အထည်ကိုယ် ပဓာန မဟုတ်၊ ဟင်း၏ အဆာမျှသာ ဖြစ်သည်။ ထိုကဲ့သို့ ခဲဘွယ် ဘောဇဉ်အရာဝယ် ပဓာန အဖြစ်ဖြင့် မသုံးစွဲရသော ဆား၊ ချင်း၊ ငရုပ်၊ ကြက်သွန်တို့မှာ ယာဝဇီဝိကသာ ဖြစ်သည်။ သို့ရာတွင် ထို ယာဝဇီဝိကတို့ကို အကြောင်းမဲ့ သက်သက် (အဆာပြေရုံမျှ အကျိုးငှာ) မစားကောင်းတစုံတခု ရောဂါရှိ၍ ဆေး အဖြစ်ဖြင့်သာ စားကောင်းသည်

ယခုခေတ် ချင်းသုပ်

ယခုခေတ်ပေါ် ညချင်း (ဂျင်း)သုပ် များကား ကြက်သွန်၊ ဆီ၊ ဆား၊ ချင်းများကို တခုစီကြည့်လျှင် သတ္တာဟကာလိကနှင့် ယာ၀ ဇီဝိကချည်း ဖြစ်၍ “အပ်၏” ဟု ထင်ဘွယ်ရှိ၏။

သို့သော် ချင်းကို (ပင်ကိုယ် အကြမ်းအတိုင်း မဟုတ်ဘဲ) စားကောင်းအောင် ပြုပြင်ကာ လက်သုပ်တမျိုး ဖြစ်အောင် စီမံထားသဖြင့် “ယာဝကာလိက ခဲဘွယ်တွင် ပါဝင်နေပြီ” ဟု ဆရာတို့ ယူကြ၏။

“ယာဝကာလိက မဟုတ်”ဟု ငြင်းစေကာမူ ထို ချင်းသုပ်ကြောင့် ကင်းပျောက်မည့်ရောဂါရှိမှ စားကောင်းမည်အကြောင်းမဲ့ ဖြစ်စေ၊ မွတ်သိပ် ဆာလောင်၍ ဖြစ်စေ စားလျှင်ကား မည်သည့်နည်းနှင့်မျှ လွတ်လပ်ခွင့် မရချေအကပ်ခံလျှင် ဒုက္ကဋ်၊ မျိုတိုင်း မျိုတိုင်း ဒုက္ကဋ်များစွာ သင့်သည်

[ကင်္ခါ]
ယာမကာလိကာဒီနိ အာဟာရတ္ထာယ ပဋိဂ္ဂဟဏ အဇ္ဈောဟာရေသု ၊ပေ၊ ဒုက္ကဋံ၊ ယာမကာလိကာဒီနိ သတိ ပစ္စယေ (ပိပါသ အကြောင်း ဂေလည အကြောင်း ရှိလသော်) ပရိဘုဉ္ဇန္တဿ ၊ပေ၊ အနာပတ္တိ

အချုပ်မှာ-

ယာဝကာလိက ခဲဘွယ်ဘောဇဉ်ကို နေလွဲအခါ စားသောက်လျှင် ပါစိတ်၊ ယာမကာလိက အဖျော်ရည်နှင့် သတ္တာဟကာလိကတွင် ပါဝင်သော ကြံရည်၊ ထန်းရည်ချို စသည်ကို မွတ်သိပ်ခြင်း အကြောင်းရှိ၍ ဆာ၍ သောက်လျှင် အနာပတ္တိ

အကြောင်းမဲ့ သက်သက် သောက်လျှင် (အာဟာရ အကျိုးငှာ သောက်ရာ ရောက်၍) ဒုက္ကဋ်

သတ္တာဟကာလိက၊ ယာဝဇီဝိက လျက်ဆား စသည်ကို ထို အစာစားလျှင် ပျောက်ကင်းလောက်သော လေထခြင်း၊ လေနာခြင်း အားနည်းခြင်း စသော ရောဂါကြောင့် စားလျှင် အနာပတ္တိ

အကြောင်းမဲ့ဖြစ်စေ၊ ဆာလောင်ရုံဖြင့်ဖြစ်စေ စားလျှင် ဒုက္ကဋ်

အင်္ဂါ ၃ ပါး

၁။ ဝိကာလဖြစ်ခြင်း
၂။ ယာဝကာလိက ခဲဘွယ် ဘောဇဉ်ဖြစ်ခြင်း
၃။ စားမျိုခြင်း ၃ ပါးတည်း။

[ပါစိတ်အာပတ် အရာဖြစ်၍ “ယာဝကာလိက”ဟု ဆိုသည်။
ဒုက္ကဋ်အတွက် ဖြစ်မူ ယာမကာလိက စသည်များကို ၂ နံပါတ်၌ ထည့်သွင်းရမည်။]

[ဆောင်]
ဝိကာလ၌, ယာဝကာလိ, မည်ရှိ ဝတ္ထု, စားမျိုမှုပါ, အင်သုံးဖြာ, ဝိကာ ပါစိတ်သင့်။

သုဒ္ဓပါစိတ် အခန်း (ဘောဇနဝဂ်)

၈။ သန္နိဓိကာရက

ယော ပန ဘိက္ခု သန္နိဓိကာရကံ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ ခါဒေယျ ဝါ ဘုဉ္ဇေယျ ဝါ၊ ပါစိတ္တိယံ။

ယော ပန ဘိက္ခု - သည်၊
သန္နိဓိကာရကံ - သိုမှီး သိမ်းဆည်းမှုကို ပြုခြင်းရှိသော၊
ခါဒနီယံဝါ ဘောဇနီယံပါ ခါဒေယျဝါ ဘုဉ္ဇေယျဝါ၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ။

၈။ သန္နိဓိကာရက

အကပ် ခံထားသော ခဲဘွယ်ဘောဇဉ်ကို သိုမှီး သိမ်းဆည်း၍ နောက်တနေ့၌ ခဲစားလျှင် ပါစိတ် အာပတ်သင့်၏။ ယနေ့နံနက်က အကပ်ခံထားသော ခဲဘွယ်ဘောဇဉ်ကို နက်ဖန် နံနက်၌ စားလျှင် သိုမှီး သိမ်းဆည်း၍ စားသည် မည်၏၊

သဘက်ခါစသော နောက်နောက် ရက်များ၏ နံနက်၌ စားလျှင်လည်း ဤသိက္ခာပုဒ်အရ အာပတ်ပင်။ မွန်းလွဲမှ စားလျှင်ကား ဝိကာလဘောဇန ပါစိတ်လည်း တိုးပြန်၏။ ခဲဘွယ် ဘောဇဉ်သာမက ယာမကာလိက အဖျော်ရည်ကိုလည်း တညဉ့်လွန်ပြီးနောက် နံနက်၌ စားသောက်လျှင် ဤသိက္ခာပုဒ် အရ ပါစိတ်ပင်ဟု အဋ္ဌကထာဆို၏။

ဝစနတ္ထ

သန္နိဓိံ ကာရော ယဿာတိ သန္နိဓိကာရော၊
ယဿ - အကြင် ခဲဘွယ် ဘောဇဉ်၏၊
သန္နိဓိံ - သိုမှီး သိမ်းဆည်းမှုကို၊
ကာရော - ပြုခြင်းသည်၊
အတ္ထိ - ရှိ၏၊
သန္နိဓိကာရောဧဝ - သန္နိဓိကာရသည်ပင်၊
သန္နိဓိကာရကော - (ကပစ္စည်း အနက်သီးခြား မရှိသောကြောင့်) သန္နိဓိကာရက မည်၏။

သိုမှီ သိမ်းဆည်းမှုကို ပြုခြင်းရှိသော ခဲဘွယ်ဘောဇဉ်” ဟူရာ၌ “အကပ်ခံပြီး၍ တညဉ့်လွန်အောင် မစွန့်ဘဲ သိမ်းဆည်းထားအပ်သော ခဲဘွယ်ဘောဇဉ် ဟု ဆိုလိုသည်။

[ပါစိတျာဒိယောဇနာ၌ “သန္နိဓိ”ဟု နိဂ္ဂဟိတ်မဲ့ ပါဌ်ကို တွေ့၍ ကာရ၌ ကမ္မသာဓ်ကြံလေသည်။]

ဒုဒ္ဓေါတပတ္တ

[ဒုဒ္ဓေါတ - မကောင်းသဖြင့် ဆေးအပ်သော + ပတ္တ= သပိတ် (ပန်းကန် ခွက်စသည် အားလုံး)။] သပိတ် ပန်းကန်တို့၌ ထည့်၍ စားပြီးနောက် စင်ကြယ်စွာ မဆေးလျှင် ဆီ စသော အာမိသကလေးများသည် ငြိကပ် ကျန်နေတတ်၏။ သပိတ် ပန်းကန်တို့၏ ကွဲအက်ကြောင်း၌လည်း ဆီဝင်နေတတ်၏။ ထို ဆီ စသော အာမိသတို့သည် နက်ဖန် နံနက်ကာလ၌ သန္နိဓိဖြစ်ကြလေပြီ။ ထိုသန္နိဓိ အာမိသများသည် နက်ဖန်နံနက်၌ ဆွမ်းပူဟင်းပူနှင့်ရောမိကာ ရဟန်း၏ ခံတွင်းသို့ ဝင်သွားလျှင် သန္နိဓိအာမိသတို့ အတွက် ပါစိတ်အာပတ် သင့်သည်

ထို့ကြောင့် သပိတ် ပန်းကန်တို့၌ ဆီ စသော အာမိသ မကျန်အောင် စင်ကြယ်စွာ ဆေးရသည်။ ကွဲအက်ကြောင်းရှိသော သပိတ် ပန်းကန်များကိုလည်း ဖာထေး၍ မဖြစ်နိူင်လျှင် စွန့်ပစ်ကြရသည်

စွန့်လျှင် သန္နိဓိ မဖြစ်

အကပ်ခံပြီးနောက် ခဲဘွယ် ဘောဇဉ်များကို လူ သာမဏေတို့အား စွန့်ပေးလိုက်လျှင် သန္နိဓိမဖြစ်။ နက်ဖန်နံနက်၌ သူတို့သိမ်းထားအပ်သော အာမိသကို သူတို့ထံမှ တဖန် အကပ်ခံ၍ စားကောင်း၏။ သို့သော် စွန့်သည့်အခါ၌ကား “အနုပေက္ခ ဝိသဇ္ဇန” ခေါ် “ထို အာမိသကို ငါ မစားတော့ပြီ” ဟု မငဲ့မကွက် စွန့်လိုက် ပေးလိုက်မှသာ စွန့်ရာရောက်သည်

သာရတ္ထဝါဒ

သာရတ္ထဋီကာ၌ကား “ဝတ္ထုပစ္စည်းကို စွန့်လိုက် ပေးလိုက်မှသာ စွန့်ရာရောက်သည် မဟုတ်သေး၊ အကပ်ခံပြီးသော ဝတ္ထု၌ အကပ်ကို စွန့်လိုက်လျှင်လည်း (ယခု ကပ်ပြီးအဘိုင်း မစားတော့ပြီ၊ အကပ်ဖျက်လိုက်ပြီ ဟူသော သဘောဖြင့် အကပ်ကို စွန့်ထားလိုက်လျှင်လည်း) သန္နိဓိမဖြစ်။ နက်ဖန် နံနက်၌ အကပ်ခံ၍ ထပ်မံ စားကောင်းသည်”ဟု ဆို၏။

သို့သော် ထို သာရတ္ထ ဋီကာ၏ အကပ်စွန့်ဝါဒကို ဆရာတို့ မနှစ်သက်ကြ

ဘာ့ကြောင့်နည်း။ အဋ္ဌကထာတို့၌ အနပေက္ခ ဝိသဇ္ဇန ဟုသာ လာ၏။ အကပ်ကိုသာ စွန့်လျှင် ဝတ္ထု အာမိသကို ငဲ့ကွက်နေသေးရာ ရောက်သဖြင့် “အနပေက္ခ” ဟူသော ထိုစကားနှင့် ဆန့်ကျင်သော ကြောင့်တည်း။

မှတ်ချက်

သန္နိဓိနှင့်စပ်၍ အောက်ပါအချက်များ ပေါ်ထွက်လာ၏။

သပိတ် ပန်းကန် ခွက် လက်ဖက်ရည်ကရား စသည်များ၌ ထည့်၍ စားသောက်ပြီးနောက် သပိတ် စသည်နှင့် တကွ အကြွင်းအကျန်ကို လူ သာမဏေတို့အား မပေး မစွန့်ဘဲ ထိုသပိတ်စသည်ကို ကိုယ်တိုင်ဆေးရာဝယ် မစင်ကြယ်၍ အာမိသကျန်နေလျှင် နက်ဖန်နံနက်၌ အခြား အာမိသနှင့် ရောနှော၍ ဝမ်းတွင်းသို့ ပါသွားပါက ဤသိက္ခာပုဒ်အရ အာပတ်သင့်၏

ထို့ပြင် ထို သပိတ် စသည်၌ ရှိသော အာမိသကို လူ သာမဏေအား ပေး လိုက်လျှင် လူ သာမဏေတို့က ထို သပိတ်စသည်ကို ဆေးရာဝယ် မစင်ကြယ်သော်လည်း ထို အာမိသ အဆီအကပ်တို့ သန္နိဓိ မဖြစ်။ သို့ရာဝယ် ထိုအာမိသ အဆီ အကပ် ကျန်ရှိသော သပိတ် ပန်းကန် လက်ဖက်ရည်ကရား၌ ထည့်၍ နက်ဖန် နံနက် စားသောက်လိုလျှင် ရဟန်းကိုယ်တိုင် မကိုင်ရ၊ လူ သာမဏေတို့ထံ အကပ် ခံရဦးမည်။ ထိုသို့ အကပ်မခံဘဲ ကိုင်လျှင် ကိုင်သည့်အတွက် ဥဂ္ဂဟိတ (ကောက်ယူမှု) ဒုက္ကဋ်နှင့် ထို အာမိသကို အကပ်မခံဘဲ စားရာ ရောက်သဖြင့် ဒန္တပေါဏ သိက္ခာပုဒ်အတွက် ပါစိတ်အာပတ်လည်း သင့်လိမ့်မည်

ကာလိက ရောပုံ

ထိုသို့ အကပ်ခံအပ်သော ယာဝကာလိကဝတ္ထုနှင့် ထိုနေ့ အကပ်ခံအပ်သော ယာမ၊ သတ္တာဟ၊ ယာဝဇီဝိက ဝတ္ထုတို့ ရောလျှင် ထို ရောရာနံနက်၌သာ အပ်၏၊ ညနေကစ၍ မအပ်။ ရှေ့နေ့က အကပ်ခံအပ်သော သတ္တာဟ၊ ယာဝရီဝိကတို့နှင့် ရောရာ၌ကား ယာဝ၊ ယာမကာလိကတို့ မအပ်ကြဘော့ပြီ

ဥပမာ-

ရှေ့နေ့က အကပ်ခံထားသော ထောပတ်၊ ဆားတို့နှင့် ထိုနေ့ အကပ်ခံအပ်သော ဆွမ်း၊ ဖျော်ရည်တို့ ရော၍ မစားကောင်း။ သတ္တာဟကာလိက ထောပတ် စသည်နှင့် ယာဝဇီဝိက ဆား စသည်တို့ ရောရာ၌ကား သတ္တာဟ ကာလိက၏ သက်တမ်းရှိသမျှ ဆားက လိုက်နိုင်သည်။ “သတ္တာဟကာလိက ဝတ္ထုက အကပ်ခံရက် ၂ ရက်လွန်မှ ရောလျှင် နောက်ထပ် ၅ ရက်သာအပ်၏” စသည်ဖြင့်သိပါ။ ကာလိကချင်း ရောရာ၌ ရက်တို ကာလိကသဘောကို ရက်ရှည် ကာလိကက အမြဲလိုက်ရသည်

[ဆောင်]

ကာလိက လေးဖြာ, ရောနှောရာဝယ်, သတ္တာဟနှင့်, ယာဝဇီဝီ, ရှေ့နေ့ဆီက, ကပ်ပြီးမှကို, ယာဝ-ယာမံ, ယနေ့ခံနှင့်, ရောပြန်သော်လည်း, မအပ်ချည်းသာ, တနည်းမှာမူ, ယာဝဇီဝံ, ရှေ့နေ့ခံနှင့်, ခုခံ သတ္တာ, ရောတုံကလျှင်, သတ္တာဟသက်, ခုနစ်ရက် ဟု, အခွင့်ပြုသည်, မှတ်ရှု နောင်လာ အချုပ်တည်း။

အင်္ဂါ ၃ ပါး

  1. ခဲဘွယ် ဘောဇဉ် ဟူသော အာမိသ ဖြစ်ခြင်း၊
  2. တညဉ့်လွန်အောင် သိုမှီး သိမ်းဆည်းခြင်း၊
  3. စားမျိုခြင်း၊ ၃ ပါးတည်း။

[ဆောင်]

အာမိသဖြစ် သိုမှီးလစ်သား, သုံးစားမျိုဘိ, အင်သုံးပြည့် သန္နိဓိ ပါစိတ်သင့်

သုဒ္ဓပါစိတ် အခန်း (ဘောဇနဝဂ်)

၉ ။ ပဏီတ ဘောဇန

ယာနိ ခေါ ပန တာနိ ပဏီတဘောဇနာနိ၊ သေယျထိဒံ၊ သပ္ပိ, နဝနီတံ, တေလံ, မဓု, ဖာဏိတံ, မစ္ဆော, မံသံ, ခီရံ, ဒဓိ။ ယော ပန ဘိက္ခု ဧဝရူပါနိ ပဏီတဘောဇနာပနိ အဂိလာနော အတ္တနော အတ္ထာယ ဝိညာပေတွာ ဘုဉ္ဇေယျ၊ ပါစိတ္တိယံ။

ယာနိ (ခေါပန) တာနိ ပဏီတဘောဇနာနံ - အကြင် မွန်မြတ်သော အာဟာရနှင့် ရောစပ်အပ်သော ဘောဇဉ်တို့သည်၊
(သန္တိ - ရှိကုန်၏၊)
သေယျထိဒံ - ဤ မွန်မြတ်သော အာဟာရတို့ဟူသည် အဘယ်နည်း၊
သပ္ပိ - ထောပတ်၊
နဝနီတံ - ဆီဦး၊
တေလံ - ဆီ၊
မဓု - ပျားရည်၊
ဖာဏိတံ - တင်လဲ၊
မစ္ဆော - ငါး၊
မံသံ - ကုန်းသတ္တဝါတို့၏အသား၊
ခီရံ - နို့ရည်၊
ဒဓိ - နို့ဓမ်း တည်း၊
ယော ပန ဘိက္ခု - သည်၊
ဧဝရူပါနိ - ဤသို့ သဘောရှိကုန်သော၊
ပဏီတ ဘောဇနာနိ - မွန်မြတ်သော အာဟာရနှင့် ရောစပ်အပ်သော ဘောဇဉ်တို့ကို၊
အဂိလာနော - ဂိလာန မဟုတ်ဘဲ၊
အတ္တနော - မိမိ၏၊
အတ္ထာယ - အကျိုးငှာ၊
ဝိညာပေတွာ - တောင်း၍၊
ဘုဉ္ဇေယျ - စားအံ့၊
တဿ ဘိက္ခု နော ပါစိတ္တိယံ ဟောတိ

၉။ ပဏီတ ဘောဇန

ထောပတ် စသည်နှင့် ရောအပ်သော ထောပတ် ထမင်း၊ ဆီဦးထမင်း၊ နွားနို့ ထမင်း စသည်များကို “ပဏီတဘောဇဉ်” ခေါ်၏။

ပဏီတေန - မွန်မြတ်သော ထောပတ် စသည်နှင့်၊
သံသဋ္ဌာနိ - ရောစပ်အပ်ကုန်သော၊
ဘောဇနာနိ – ဘောဇဉ်တို့တည်း၊
ပဏီတဘောဇနာနိ - မွန်မြတ်သော အာဟာရနှင့် ရောအပ်သော ဘောဇဉ်တို့၊ (သံသဋ္ဌ အလယ်ပုဒ် ကြေသည်။)

ထို ပဏီတဘောဇဉ်များကို ဂိလာန မဟုတ်ဘဲ ဉာတိပဝါရိတ မဟုတ်သူ့ထံ “ထောပတ်နှင့် ဆွမ်း လှူစမ်းပါလော” စသည်ဖြင့် တောင်း၍ စားလျှင် ပါစိတ်အာပတ် သင့်၏

ဂိလာနံ

ဂိလာန ဖြစ်လျှင်ကား ထို ပဏီတဘောဇဉ်ကို ဉာတိပဝါရိတ မဟုတ်သူ့ထံမှာပင် တောင်းစား ကောင်း၏။ သို့သော် ထို ထောပတ် စသည်က ရောဂါနှင့်စပ်၍ ဓာတ်စာကျမှ တောင်းစား ကောင်းသည်။

မှတ်ချက်

ဂိလာန မဟုတ်သူသည် ထမင်းနှင့် ရောလျက် မဟုတ်ဘဲ ထောပတ်စသော အစာ ၅ မျိုးကို ဆေးအတွက် တောင်းလျှင် အစေလကဝဂ် မဟာနာမ သတ္တမသိက္ခာပုဒ်အရ ပါစိတ်အာပတ်သင့်၏

မစ္ဆ စသော ၄ မျိုးကို တောင်းလျှင်၎င်း၊ ထောပတ် စသည်ကို ဆေးအတွက် မဟုတ်ဘဲ သက်သက် စားလို၍ တောင်းလျှင်၎င်း သေခိယ၌လာသော သူပေါဒနဝိညတ္တိ သိက္ခာပုဒ် အရ ဒုက္ကဋ်အာပတ် သင့်သည်

သပ္ပိ ၊ပေ၊ ဖာဏိတံ

သေယျထိဒံ၊ သပ္ပိနဝနီတံ စသည်ကား ဘောဇဉ်ထဲ၌ ရောစပ်ဘို့ရာ ပဏီတအာဟာရတို့ကို ပြသော စကားတည်း။ ဤစကား အရ ထောပတ်စသော ၉ ပါးကို “ပဏီတ-မွန်မြတ်သောအာဟာရ”ဟု၎င်း၊ ထောပတ် စသည်တို့နှင့် ရောအပ်သောထမင်းက “ပဏီတ ဘောဇန” ဟု၎င်း ခွဲခြား မှတ်သားပါ။ ထိုတွင်-သပ္ပိ စသော ၅ မျိုးကို နိသဂ္ဂိယ ဘေသဇ္ဇ သိက္ခာပုဒ်၌ ပြခဲ့ပြီ။

မစ္ဆော ၊ပေ၊ ခီရံ

မစ္ဆ အရ ရေသတ္တဝါအားလုံးကို ယူ၍ မံသအရ အသားကြီး ဆယ်မျိုးမှ တပါး စားကောင်းသော ကုန်း သတ္တဝါအားလုံး၏ အသားကို ယူပါ။ ခီရ ဒဓိများလည်း အပ်သောအသားရှိသော ကုန်းသတ္တဝါ၏ နို့ရည် နို့ဓမ်းများကိုသာ ဤသိက္ခာပုဒ်၌ ယူရသည်။

[အသားကြီးဆယ်မျိုးတွင် ပါဝင်သည့်အတွက် မအပ်သော အသားရှိသော သတ္တဝါများ၏ ခီရ ဒဓိတို့ကား ဒုက္ကဋ ဝတ္ထုများတည်း။]

ဒဓိ

မီးဖြင့် ပူအောင်ချက်၍ အလွန်ပျစ်သော၊ မချဉ်သေးသော နို့ကို၎င်း. တညလောက်ကြာလျှင် အနည်းငယ် ချဉ်နံ့ပေါက်သော၊ ၂ ညဉ့် ၃ ညဉ့် ကြာလျှင် အတော်ချဉ်သော နို့ပျစ်ကို၎င်း “ဒဓိ”ဟု ခေါ်သည်။

[အဘိဓာန် နိဿယသစ် (၅၀၁) ၌ “ဒဓိ - ဒိန်၊ နို့ချဉ်”ဟု ပေး၏။]

နဝနီတံ

မူလက နို့ပျစ်၊ တညဉ့်လောက်ကြာမှ အနည်းငယ် ချဉ်နံ့ ပါသော ထို ဒဓိကို မွှေတံဖြင့် မွှေလိုက်သည့်အခါ “နဝနီတ” ခေါ် “ဆီဦး၊ မသကာ၊ ထောပေး” ဖြစ်လာ၏။

မှတ်ချက်

နဝနီတကို သက္ကတ၊ ဟိန္ဒီ အဘိဓာန်များ၌ ဒဓိဇ (ဒဓိမှ ဖြစ်သည်)ဟု၎င်း၊ ဒဓိသာရ (ဒဓိ၏အနှစ်) ဟု၎င်း ပရိယာယ်ပုဒ်များ ထုတ်ပြကြသည်။ မြန်မာနိူင်ငံ၌ တမင်္ဂလာ အချဉ်တယ်၍ ချဉ်စုတ်နေသော နို့ချဉ်ကား ထောပေး၊ ဆီဦး မဖြစ်နိူင်

အင်္ဂါ ၄ ပါး

  1. ပဏီတဘောဇဉ် ဖြစ်ခြင်း၊
  2. ဂိလာန မဟုတ်ခြင်း၊
  3. တောင်း၍ရခြင်း၊
  4. စားမျိုခြင်း၊ အင်္ဂါ ၄ ပါးတည်း။

[ဆောင်]

ပဏီတ ခေါ်တွင်, ဘောဇဉ် ဖြစ်စွာ့, ဂိလာန မဟူ, တောင်းယူရလျှင်း, စားမျိုခြင်းဟု, ကြောင်းရင်း လေးလီ, အင်္ဂါညီ, သင့်ပြီ ပဏီတ ဘောဇန

သုဒ္ဓပါစိတ် အခန်း (ဘောဇနဝဂ်)

၁၀။ ဒန္တပေါန

ယော ပန ဘိက္ခု အဒိန္နံ မုခဒွါရံ အာဟာရံ အာဟရေယျ အညတြ ဥဒကဒန္တပေါနာ၊ ပါစိတ္တိယံ။

ယော ပန ဘိက္ခု - သည်၊
ဥဒကဒန္တပေါနာ - ရေ ဒန်ပူကို၊
အညတြ - ကြဉ်၍၊
အဒိန္နံ - မပေး မကပ်အပ်သော၊
အာဟာရံ - အာဟာရကို၊
မုခဒွါရံ - ခံတွင်းဝသို့၊
အာဟရေယျ- ဆောင်အံ့၊
ဝါ - မျိုအံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ

[စတုတ္ထော - သော
ဘောဇနဝဂ္ဂေါ - တည်း။]

၁၀။ ဒန္တ ပေါန

[ဒန္တံ - သွားကို၊
ပုနာတိ - သုတ်သင်တတ်၏၊
ဣတိ - ထို့ကြောင့်၊
ဒန္တပေါနော - မည်၏၊
ပုနာတိ ဧတေန”ဟု ကရဏသာဓိလည်း ပြုကြ၏။

ရေနှင့် ဒန်ပူမှ တပါးသော အခြား အာဟာရများကို လူ သာမဏေ တိရစ္ဆာန် နတ်တို့က မပေးအပ် (မကပ်အပ်) ဘဲ စားလျှင် ပါစိတ်

ဒုတိယပါရာဇိက၌ ဥစ္စာရှင်က မပေးအပ်သော ဥစ္စာကို “အဒိန္န”ဟု ဆို၏။
ဤ သိက္ခာပုဒ်ကား မိမိပိုင်ပစ္စည်း ဖြစ်စေကာမူ အကပ်မခံအပ်သော အာဟာရကို “အဒိန္န”ဟု ခေါ်သည်

အကပ်မြောက် အင်္ဂါ ၅ ပါး

  1. ကပ်မည့်သူက ရှေးရှုဆောင်ခြင်း
  2. အကပ်ခံမည့် ရဟန်း၏ ၂ တောင့်ထွာ ဟတ္ထပါသ်အတွင်း၌ ရောက်ခြင်း
  3. အား အလတ်စားရှိသူ မြှောက်ချီနိုင်သော ဝတ္ထုဖြစ်ခြင်း
  4. ကိုယ်ဖြင့် ဖြစ်စေ, ကိုယ်နှင့်စပ်သော (ကိုင်ထားသော) ခွက် စသည်ဖြင့် ဖြစ်စေ ပစ်၍ ဖြစ်စေ ဤ ၃ မျိုးတွင် တမျိုးမျိုးဖြင့် ကပ်သူက ပေးခြင်း
  5. ကိုယ်၏ အစိတ်အပိုင်း လက် စသည်ဖြင့် ဖြစ်စေ, ကိုယ်နှင့်စပ်သော ကိုင်ထားသော ခွက် ဒုတ် စသည်ဖြင့် ခံ၍ ထိ၍ဖြစ်စေ ဤ ၂ မျိုးတွင်တမျိုးမျိုးဖြင့် အကပ်ခံရသောရဟန်းက ခံယူခြင်း

ဤ ၅ ပါး ပြည့်စုံမှ အကပ်မြောက်သည်

[ဆောင်]

ရှေးရှုလည်းဆောင်, ၂ တောင့်ထွာရောက်, မြှောက်နိုင်ဝတ္ထု, သုံးခုပေးခြင်း, ခံခြင်းနှစ်လှောက်, ကပ်ခံမြောက်, မှတ်လောက် အင်္ဂါ ၅ ပါးတည်း။

ချဲ့ဦးအံ့ -

ရှေးရှုဆောင်”ဟူရာ၌ လက်ဖြင့် ရှေ့တိုးပေးမှ ရှေးရှုဆောင်ရာ ရောက်သည် မဟုတ်သေး။ ဦးခေါင်းပေါ်၌ ရွက်ထားသော စားဘွယ်ခွက်ကို လှူလို၍ ဦးခေါင်းကို အနည်းငယ် စောင်းပေးလိုက်လျှင် ရှေးရှုဆောင်ရာ ရောက်သောကြောင့် ရဟန်းက ထိုခွက်ကို လက်ဖြင့် ထိကာ အလိုရှိရာ ယူစားနိူင်၏။ အားအလတ်ရှိသူ ကြွမြှောက်နိုင်သော ယာဂုအိုးကြီးကို ရှင်ငယ်ကလေးက မကြွနိူင်၍ မြေပေါ်မှာပင် လှိမ့်လျက် ကပ်ရာ၌လည်း ရဟန်းက လက်ထိုးပေးကာ (ထိရုံ ထိ၍ဖြစ်စေ) အကပ်ခံနိူင်၏

မှတ်ချက်

ဤစကားအရ ယခုကာလ တယောက်ထည်း ကြွနိူင်သော စားပွဲကို ဟင်းဖိဟ်မည်စိုး၍ ၂ ယောက် ၃ယောက် ကိုင်လျှက် ကပ်ခြင်း၊ စားပွဲ အခင်းတို့ ကြမ်းပြင်မှာ ထိနေလျက် ကပ်ခြင်း၊ ကပ်မည့်သူက ရှေးရှုဆောင်၍ ၂ တောင့်ထွာအတွင်း ရောက်ရှိသော ဝတ္ထုကို လက်မြှောက် လှမ်းယူ၍ အကပ်ခံခြင်း များ၌ အကပ်မြောက်သည် ဟုချည်း မှတ်ပါ။

ဟတ္ထပါသ် တိုင်းနည်း

၂ တောင့်ထွာ ဟတ္ထပါသ် တိုင်းရာ၌ ရှေ့က လာ၍ ကပ်ရာဝယ် ရဟန်းက -
ထိုင်နေလျှင် တင်ပါး၏ နောက်ဘက်အစွန်းဖြင့်၊
ရပ်နေလျှင် ဖနောင့်စွန်းဖြင့်၊
စောင်းလျက် လှဲနေလျှင် စောင်းသော နံပါး၏ ပြင်ဘက်စွန်းဖြင့်၊
ဝမ်းလျားမှောက်၍နေရာ ဦးခေါင်းနား၌ လာ၍ ကပ်လျှင် ခေါင်းစွန်း၏ အနီးဆုံးဖြစ်သော လည်ပင်းဖြင့်၊

ဤသို့လျှင် လှမ်းယူသော လက်မှတပါး အနီးဆုံး ကိုယ်အင်္ဂါ၏ နောက်ဘက်စွန်းဖြင့် တိုင်း၍ ကပ်သူ့ အတွက်လည်း လှမ်း၍ပေးသော လက်မှတပါး အခြားသော အနီးဆုံး အင်္ဂါ၏ ဤဘက် အစွန်းဖြင့် တိုင်းတာ ရသည်။

[စားပွဲကြီး အလယ်ခြား၍ အကပ်ခံကြရာ၌ အနီးဆုံး အင်္ဂါချင်း ဟတ္ထပါသ်ကို သတိပြုရာ၏။]

မုခ ဒွါရ

ခံတွင်းအဝ”ဟူသည် ပါးစပ်ပေါက် မဟုတ်၊ အောက်ပိုင်း အဝဖြစ်သော လည်ချောင်းပေါက်တည်း

မုခတော - ခံတွင်းမှ၊
ဟေဋ္ဌာ - အောက်ဖြစ်သော၊
ဒွါရံ – အပေါက်သည်၊
မုဒွါရံ - မည်၏၊

ထို့ကြောင့် အာဟာရကို ပါးစပ်က ဖြစ်စေ၊ နှာခေါင်းပေါက်က ဖြစ်စေ သွင်းရာ၌ လည်ချောင်းပေါက်၏ အတွင်း ရောက်လျှင် မျိုရာ ရောက်တော့၏

မှတ်ချက်

လည်ချောင်း မရောက်ခင် ပါးစပ်အတွင်း၌ ငုံရုံငုံပြီး (အရည် မဝင်စေဘဲ) ဆွေးပစ်နိုင်လျှင် အကပ် မခံသော်လည်း အပြစ်မရှိဟု ပြောကြ။ ထိုသို့ ပြုနိုင်ပါလျှင် ညနေဘက်မှာလည်း ဝိကာလဘောဇန အပြစ်မရှိပါ။ သို့သော် အကျိုးမရှိသော ထို အလုပ်မျိုးကို မလုပ်ခြင်းသာလျှင် ကောင်း၏

အာဟာရံ

ယာဝကာလိက စသော ၄ ပါးကို အာဟာရ ဟု ဆိုသည်။ ထို အာဟာရကို အကပ်ခံရာ၌ ရထရေဏုမြူသည် အကပ်ခံနိူင်သော အသေးဆုံး အာဟာရတည်း။ အကပ်ခံပြီးသော အာဟာရ၌ ရထရေဏုမြူ ကျလျှင်လည်း အကပ်ပျက်တော့သည်သာ

[လှည်း ရထားတို့ သွားသည့်အခါ၌ ထသော မြူမှုန်ကို “ရထရေဏုမြူ”ဟု ခေါ်၏။
တံမြက်လှည်း၍၊ လေတိုက်၍ ထသော မြူမှုန်များလည်း ရထရေဏုပင်။
ထို့အောက်ငယ်သော နံရံပေါက်မှ ဝင်သော (နေရောင်ဖြင့်သာ မြင်နိုင်သော) မြူကို တဇ္ဇာရီမြူ ဟု ခေါ်၏။
ထိုတဇ္ဇာရီ မြူမှုန်နှင့် အဏုမြူ၊ ပရမာဏုမြူတို့မှာ အကပ် မပျက်နှိုင်
မြူမှုန် (ဖုံ)များကို ယာဝဇီဝိက အာဟာရတွင် ပါဝင်သည်ဟု မှတ်ပါ။]

အညတြ ဥဒကဒန္တ ပေါနာ

ဥဒကဟူသည် ရထရေဏု ပမာဏရှိသော မြူမှုန်မပါသည့် သန့်ရှင်းသောရေတည်း။ ထို သန့်ရှင်းသော ရေသည် ကာလိက လေးပါးမှ အလွတ်ဖြစ်၍ အကပ်မခံဘဲ သောက်ကောင်း၏။ ကိုယ်တိုင်လည်း ကျိုကောင်း၏၊ ချက်ကောင်း၏။ ရထရေဏုမြူမှုန်များပါသော ရေကား မြူအတွက် အကပ်မခံဘဲ မသောက်ရ။ သို့ဖြစ်၍ ဝိနည်းဂရုပြုသော ပုဂ္ဂိုလ်များသည် အကပ်မခံအပ်သောရေကို အမြဲ စစ်၍ သောက်လေ့ ရှိကြသည်

ဒန်ပူ

ဒန်ပူစားရာ၌ အိန္ဒိယထုံးစံမှာ သွားဖြင့် ဝါး၍ ဒန်ပူရည် ထွက်လာအောင် စားလေ့ရှိ၏။ ထိုအရည် ထွက်မှ သွားပိုးမစားနိူင်ဘဲ သွားစင်ကြယ်သည်ဟု အယူရှိသည်။ ထိုသို့ ဒန်ပူစားရာ၌ ဒန်ပူရည်များ လည်ချောင်းတွင်း မဝင်လျှင် အကပ်ခံဘွယ် မလိုသောကြောင့် “အညတြ ဥဒကဒန္တပေါနာ” ဟု မိန့်တော်မူသည်။ အကယ်၍ လည်ချောင်းအတွင်းသို့ ဒန်ပူရည် ဝင်လျှင်ကား အကပ်ခံမှသာ အပ်သည်။ အကပ်မခံလျှင် ဤသိက္ခာပုဒ်အရ အာပတ်သင့်တော့ မည်သာ

အချုပ်မှာ

အညတြ ဥဒကဒန္တပေါနာ” ဖြင့် လွတ်လပ်ခွင့် အထူး မရ၊ ရေကြည်ကြည်ကလည်း ကာလိက ဝိမုတ်ဖြစ်၍ နဂိုကပင် အပ်၏။ ဒန်ပူလည်း အရည်မဝင်လျှင် ပင်ကိုယ်ကပင် အကပ်မခံဘဲ အပ်၏။ သို့ရာတွင် ဘုရားရှင်၏ လက်ထက်တော်က ရဟန်းအချို့ တို့သည် ရေနှင့် ဒန်ပူအတွက် သံသယ ဖြစ်ကြသောကြောင့် ဘုရားရှင်က ထပ်၍ ခြွင်းချက်ပြုတော်မူရသည်

မှတ်ချက်

ပြခဲ့သော စကားများအရ ရထရေဏုမြူသည် အကပ်ခံလောက်သော အာဟာရတွင် ပါဝင်ရကား ဆွမ်းခံတုန်းဖြစ်စေ၊ ဆွမ်းစားတုန်း ဖြစ်စေ ခွက်အတွင်းသို့ ထို မြူမှုန်မျိုး ကျလျှင် ထို မြူမှုန်နှင့်တကွ ဆွမ်းအနည်းငယ်ကို ယူပစ်ရမည်။ သို့မဟုတ် ထပ်၍ အကပ်ခံရမည်။ ယူ၍လည်း မပစ်၊ ထပ်၍လည်း အကပ်မခံဘဲ ဆက်လက်၍ ဆွမ်းခံလျှင် ဝိနယဒုက္ကဋ်ခေါ် ဒုက္ကဋ် အာပတ် သင့်၏

ဆက်၍ ဆွမ်းစားလျှင် ထိုမြူမှုန်ကို စားမိက ဤသိက္ခာပုဒ်အရ ပါစိတ်အာပတ် သင့်၏

ထို့ပြင်- ဆွမ်းလုတ်ကို ပါးစပ်သို့ သွတ်သွင်းပြီးနောက် ပါးစပ်အတွင်းမှ ဆွမ်းလုံးတလုံး ဖြစ်စေ သပိတ်ထဲသို့ ပြန်၍ ကျလျှင် ထပ်၍ အကပ်ခံလေ့ ရှိကြ၏။ သို့သော် ထို ပြန်ကျလာသော ဆွမ်းလုံးသည် ပါးစပ်ထဲ၌ ရှိသော သွားရည်၊ နှုတ်ခမ်းရည် စသည်နှင့် မလူးဘဲ ပြန်ကျလျှင် အကပ် မပျက်သေး၊ သွားရည် စသည်နှင့် လူးပြီးမှ ပြန်ကျလျှင်သာ ထို သွားရည်အတွက် အကပ် ပျက်ရသည်

ထို့ကြောင့် ပါးစပ်မှ ဆွမ်းလုံး ပြန်ကျသည့်အခါ ထပ်၍ အကပ် ခံလေ့ရှိရာ၌ ဆွမ်းတလုံး ကျသည့်အတွက် သပိတ်အတွင်းရှိ ဆွမ်းများ အကပ် ပျက်သောကြောင့် မဟုတ်၊ ပြန်ကျလာသော ဆွမ်းလုံးက သွားရည် စသည်ဖြင့် လူးလာခဲ့လျှင် အကပ်ပျက်ရာ ရောက်သောကြောင့် ထို ပြန်ကျလာသော ဆွမ်းလုံးကို ထပ်၍ အကပ်ခံခြင်း ဖြစ်သည်ဟု မှတ်ပါ

ထို့ပြင် -

ဆွမ်း၊ အချိုပွဲ စသည် စားရာ၌ လက်မဆေးဘဲ စားလျှင် လက်၌ ရထရေဏု မျှလောက်သောမြူမှုန်များ ကပ်နေခဲ့သော် ထို မြူမှုန်များအတွက် လက်ဖြင့်ထိရာ ခဲဘွယ် ဘောဇဉ်တို့ပါ အကပ်ပျက်တတ်ရကား ဆွမ်းစားခါနီး လက်ဆေး၊ ဆွမ်းစားပြီးနောက် အချိုပွဲစားခါနီး လက်ဆေးရမည်

ညာလက်ကိုသာ ဆေး၍ ဘယ်လက်ကို မဆေးလျှင် ဘယ်ဘက်လက်ဖြင့် စားဘွယ်များကို ကိုင်ရာ၌လည်း ဤနည်းအတိုင်းပင်။ ထို့ကြောင့် ဘယ်ဘက်လက်ကို မဆေးလျှင် ထိုလက်ဖြင့် စားဘွယ်များကို မကိုင်မိစေရ

ဆိုဘွယ်ရှိသေး၏။

အချို့ ကား စားမည်ဟု လက်ဆေးပြီးမှ ထိုလက်ဖြင့် သင်္ကန်းကို သိမ်းကြ၏။ ထိုသို့ သိမ်းကြရာဝယ် သင်္ကန်း၌ ရထရေဏုမြူမှုန်ကို ကိုင်မိလျှင် လက်မဆေးသူနှင့် အတူပင်တည်း။ တချို့ကား အချိုပွဲ စားစဉ် အကပ် ခံမထားသော လက်သုတ်ပဝါကို သုတ်လိုက်၊ အချိုပွဲကို နှိုက်လိုက်နှင့် စားကြ၏။

ထိုသို့ စားရာ၌ လက်သုတ်ပဝါ ညစ်ပေတော့မည်မှာ သေချာပြီ။ လက်သုတ်ပဝါ၌ ရထရေဏုမြူမှုန် ပါလျှင် စားဘွယ်များလည်း အကပ်ပျက်လိမ့်မည်။ ထို့ကြောင့် “အစာ စားမည်”ဟု လက်ဆေးပြီး နောက် ထိုလက်ဖြင့် အစာမှတပါး အခြားသော လက်သုတ်ပဝါ၊ သင်္ကန်း စသည်တို့ကို မကိုင်ဘဲ စားခြင်းကိစ္စ ပြီးမှသာ လက်ဆေး၍ လက်သုတ်ပဝါကို သုတ်သင့်ကြသည်

ဒုရုပစိဏ္ဏဥဂ္ဂဟိတက ဒုက္ကဋ်

ရှေ့၌ ဝိနယဒုက္ကဋ်ကို ပြခဲ့ပြီ။ အကပ်မခံရ သေးသော ခဲဘွယ်ဘောဇဉ်ကို (လူ သာမဏေအား ပေးရန် မဟုတ်ဘဲ)သက်သက် လက်ဆော့ ခြေဆော့ သဘောဖြင့် ထိလျှင် (နေရာမှ မရွေ့စေဘဲ ကိုင်လျှင်) ဒုရုပစိဏ္ဏ ဒုက္ကဋ်အာပတ် သင့်၏

ဥပမာ-

သာမဏေ ဆွမ်းချက်နေရာ၌ ဆွမ်းအိုးကို ဖွင့်ခြင်း စသည်နှင့် အကပ်မခံဘဲ ချထားသော သပိတ်၏အဖုံးကို ဖွင့်ခြင်း စသည်များတည်း။ သစ်ပင်ပေါ်ရှိ သစ်သီးနှင့် စားဘွယ် အရွက်များကို ကိုင်ရာ၌လည်း ဒုရုပစိဏ္ဏပင်။ ကိုင်ရုံ ထိရုံ မကဘဲ နေရာရွေ့ လောက်အောင် ကိုင်လျှင် ဥဂ္ဂဟိတဒုက္ကဋ်အာပတ် သင့်၏

[ဒုရုပစိဏ္ဏ = ဒု+ ဥပစိဏ္ဏ = မကောင်းသဖြင့် ပြုကျင့်မှု၊ ဥဂ္ဂဟိတ= ကြွချီ မြှောက်ယူမှု။]

ထို့ပြင် လူ သာမဏေတို့၏ ခွက်ထဲသို့ ရဟန်းက အကပ်ခံပြီးသော ဆွမ်းဟင်း၊ မုန့် စသည်တို့ ထည့်ပေးရာ (ဆွမ်းဟင်းလိုက်ရာ) တို့၌ လူသာမဏေ တို့၏ ရှိရင်းအစာနှင့် မထိအောင် မြှောက်၍ ထည့်ရမည်။ ဘာ့ကြောင့်နည်း။ လူ သာမဏေတို့၏ အစာသည် ရဟန်း၏ လက် စသည်၌ ငြိကပ် ပါလာလျှင် ထို အစာက အကပ်မခံရသေးသဖြင့် ကပ်ပြီးအစာနှင့်ရောက ကပ်ပြီးအစာပါ အကပ် ပျက်ဘွယ်ရာ ရှိသောကြောင့်တည်း။ ထို ဒုရုပစိဏ္ဏဖြစ်သော အစာကို ထိကိုင်သော ရဟန်းတပါးသာ မစားကောင်း၊ အခြား ရဟန်းများကား စားကောင်း သေး၏။ ဥဂ္ဂဟိတကဖြစ်သော အစာကိုကား ရဟန်းအားလုံးပင် မစားကောင်း တော့ပြီ

သူတပါးဘို့ယူခြင်း

ခရီးသွားစဉ် မိဘ သာမဏေများဘို့ အစာကိုကား အကပ်မခံဘဲလည်း ယူသွားကောင်း၏။ မိမိဘို့ ဟု ရည်ရွယ်ချက် လုံးဝ မပါ၊ မိဘ စသူတို့သာဟု မိမိစိတ်ကို စင်ကြယ်စေနိုင်လျှင် ကိုယ်တိုင်ယူခဲ့သော ထိုအစာ များကို ရောက်ရာအရပ်၌ အလိုရှိက အကပ်ခံ၍ စားကောင်း၏။ ထို့ထက်အကျယ်ကို ပါစိတျာဒိ အဋ္ဌကထာမှာ ရှုပါ။

အကပ် ပျက်ကြောင်း

စွန့်။ ။ အကပ်ခံအပ်ပြီးသော အစာကို မစားတော့အံ့ဟု အာလယပြတ် (ငဲ့ကွက်မှု မရှိဘဲ) စွန့်လိုက်ခြင်း ကြောင့်လည်း အကပ် ပျက်၏။ ထိုသို့ စွန့်ရာ၌ လက်က လွတ်မှ အကပ် ပျက်သည်

ချ။ ။ သိက္ခာ ချခြင်းကြောင့်လည်း အကပ် ပျက်၏။

ပေး။ ။ သူတပါးကို ပေးခြင်းကြောင့်လည်း အကပ် ပျက်၏။
[ဤသို့ ပေးရာ၌ နှုတ်က ပေးသော်လည်း လက်မလွှတ်သေးလျှင် အကပ်မပျက်။]

လု။ ။ လူ စသူတို့ လုယူသောကြောင့်လည်း အကပ် ပျက်၏။

မစ္စု။ ။ သေခြင်းကြောင့်လည်း အကပ် ပျက်၏။

လိင်ပြန်။ ။ ဘိက္ခု အဖြစ်မှ ဘိက္ခုနီအဖြစ်၊ ဘိက္ခုနီ အဖြစ်မှ ဘိက္ခု အဖြစ်သို့ လိင်ပြန်ခြင်းတို့ကြောင့် လည်း အကပ် ပျက်၏။

[ဆောင်]

စွန့်-ချ-ပေး-လု, မစ္စ-လိင်ပြန်, ဤ ခြောက်တန် ကပ်ခံ ပျက်ကြောင်းတည်း

မှတ်ချက်

ဤ အကပ်ခံပျက်ရာ၌ အာဟာရကို တပါးပိုင် အာဟာရဟု မှတ်ပါ။ ၂ ပါး ၃ ပါး စသည်ဆိုင်သော စားဘွယ်၌ တပါးကစွန့်ရုံဖြင့် အကပ် မပျက်နိုင်။ ထို့ပြင် စွန့်မှ အကပ် ပျက်ရကား စားနေစဉ် လူ သာမဏေတို့ လာ၍ ကိုင်ရာ၌ (ရဟန်းက လက်ဖြင့် မထိစေကာမူ) အကပ်မပျက်

အကပ်ခံပြီးသော သပိတ်ကို မစွန့်၊ လူ သာမဏေကို အခြားတနေရာသို့ အထားခိုင်းသော်လည်း အကပ် မပျက်။ သို့ရာတွင် လူ သာမဏေတို့ကိုယ်မှ မြူမှုန်များသည် အကပ်ခံပြီး အာဟာရ၌ ကျနေ ရစ်လျှင်ကား ထို မြူမှုန်အတွက် ထပ်၍ အကပ်ခံရမည်

အင်္ဂါ ၄ ပါး

  1. အကပ် မခံခြင်း၊
  2. သီးခြား ခွင့်ပြုချက်မရှိခြင်း
  3. မီးခိုးစသော အဗ္ဗောဟာရိက မဟုတ်ခြင်း၊
  4. စားမျိုခြင်းများတည်း။

[၂။ “ကျင်ကြီး၊ ကျင်ငယ်၊ သစ်စိမ်းပြာ၊ မြေညက်” ဤ ၄ ပါးကို မဟာဝိကတ ဆေးဟု ခေါ်၏။ ထို ဆေးဘက်ဝင်သော ပစ္စည်းတို့ကို မြွေကိုက်သည့်အခါ၌ ကပ်သူမရှိလျှင် အကပ်မခံဘဲစားခွင့် ပြုတော်မူ၏

၃။ မီးခိုးများသည် နှာခေါင်းမှ ဝမ်းတိုင်အောင် ဝင်သော်လည်း အဗ္ဗောဟာရိက (အာပတ်သင့်ရန် အင်္ဂါဟု မပြောပလောက်) ဖြစ်၍ အနာပတ္တိ။]

[ဆောင်]

ကောင်းစွာ အကပ်, မခံအပ်ငြား, သီးခြား ခွင့်ပြု, မရှိမှုနှော, အဗ္ဗောဟာရိ, မဟုတ်ဘိလျှင်း, စားမျိုခြင်းဟု, ကြောင်းရင်း လေးလီ, အင်္ဂါညီ, သင့်ပြီ ဒန်ပေါန

လေ့ကျင့်ခန်း မေးခွန်းများ

က။ အဘယ်ကို “ပဝါရိတ်သင့်”ဟု ခေါ်သနည်း။ ထို အင်္ဂါ ၅ ပါးကို ပြပါ။
ခ။ ပဝါရိတ် သင့်ပြီးသူသည် မည်ကဲ့သို့သော ခဲဘွယ်ဘောဇဉ်ကိုသာ စားသောက်ကောင်းသနည်း။
    အတိရိတ်ဝိနည်းကံ ပြုရာ၌ အင်္ဂါ ၇ ပါးကို ပြပါ။
ဂ။ အဘယ့်ကြောင့် “ယာဝကာလိက”ဟု ခေါ်သနည်း။
    ထို ယာဝကာလိက အာဟာရကို အနည်းငယ်မျှ ညွှန်ပြပါ။
ဃ။ အဘယ့်ကြောင့် “ယာမကာလိက”ဟု ခေါ်သနည်း။
    အဖျော် လုပ်ရန် အသီး ၈ မျိုးနှင့် အနုလောမ အသီးတချို့ကိုလည်း ပြပါ။
င။ သတ္တာဟကာလိက အာဟာရများကို တော်တော် စုံလင်စွာပြ၍ ဇီဝိကကို သိသာရုံမျှ ထုတ်ပြပါ။
စ။ သန္နိဓိသိက္ခာပုဒ်၌ အကပ်စွန့်၊ ဝတ္ထုစွန့် ၂ ဝါဒကို ခွဲပြ၍ မည်သည့်ဝါဒကို ဆရာတို့က နှစ်သက်ကြသည် ဟုလည်း ပြပါ။
ဆ။ ကာလိကချင်းချင်း ရောရာ၌ အရှည်ကာလိက၏ အတို ကာလိကဘက်သို့ လိုက်ရပုံကို ထင်ရှားအောင် ပြပါ။
ဇ။ အကပ်ခံရာ၌ အင်္ဂါ ၅ ပါးနှင့် အကပ်ပျက်ကြောင်း ၆ ပါးကို ပြပါ။
ဈ။ တယောက်နိုင် ဝတ္ထုကို ၂ ယောက် ၃ ယောက် ကပ်မှု၊ စားပွဲခင်းက ကြမ်းမှာ ထိနေလျက် ကပ်မှု၊ ကပ်သူက ရှေးရှုဆောင်ခိုက်၌ လက်ထိုး၍ အကပ်ခံမှုများကို အကပ်မြောက်-မမြောက် ဆုံးဖြတ်ပါ။

သုဒ္ဓပါစိတ် အခန်း (အစေလကဝဂ်)

၁။ အစေလက

ယော ပန ဘိက္ခု အစေလကဿ ဝါ ပရိဗ္ဗာဇကဿ ဝါ ပရိဗ္ဗာဇိကာယ ဝါ သဟတ္ထာ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ ဒဒေယျ၊ ပါစိတ္တိယံ။

ယော ပန ဘိက္ခု - သည်၊
အစေလကဿဝါ - အဝတ် မရှိသော တက္ကတွန်းအားသော်၎င်း၊
ပရိဗ္ဗာဇကဿ ဝါ - ပရိဗ္ဗိုဇ်အားသော်၎င်း၊
ပရိဗ္ဗာဇိကာယဝါ - ပရိဗ္ဗိုဇ်မအား သော်၎င်း၊
သဟတ္ထာ - မိမိလက်ဖြင့်၊
ခါဒနီယံဝါ - ခဲဘွယ်ကိုသော်၎င်း၊
ဘောဇနီယံဝါ - ဘောဇဉ်ကိုသော်၎င်း၊
ဒဒေယျ - ပေးအံ့၊
ဘိက္ခုနော ပါစိတ္တိယံ ဟောတိ

၁။ အစေလက

အစေလကနှင့် ပရိဗ္ဗိုဇ် ယောက်ျား မိန်းမတို့သည် တိတ္ထိများချည်းသာတည်း
ထို တိတ္ထိများအား မိမိလက်ဖြင့် ခဲဘွယ်ဘောဇဉ်ကို ပေးလျှင် ပါစိတ်

သို့ရာတွင် ဝမ်းတွင်းမျိုဘို့ မဟုတ်သော ဗာဟိရလေပ (အပြင်ဘက် သုတ်လိမ်းဘို့သာ) ဖြစ်သော ဆီ စသည်ကို ပေးရာ၌ကား အနာပတ္တိ

အဝတ်မရှိသော တိတ္ထိတမျိုးကို “နတ္ထိ စေလံ (အဝတ်) ယဿ” အရ “အစေလက”ဟု ခေါ်၏။
မြန်မာက “တက္ကတွန်း”ဟု ခေါ်သည်။

ပရိဗ္ဗာဇက

ပရိပုဗ္ဗ ဝဇဓာတ် ဏွု ပစ္စည်းဖြင့် ပရိဗ္ဗာဇက ဟု ဖြစ်၏

ပရိ (ပရိစ္စဇိတွာ) - လူမှုကိစ္စ ဟူသမျှကို စွန့်ခွာ၍၊
ဝဇတိ - အသမ (သင်္ခန်းကျောင်း)သို့ သွားနေတတ်၏၊
ဣတိ - ထို့ကြောင့်၊
ပရိဗ္ဗာဇကော - မည်၏။

ဤ ဝိဂ္ဂဟအရ လူမှုကိစ္စကို စွန့်ခွာ၍ ကမ္မဋ္ဌာန်းကျောင်းသို့ သွားနေသော ရသေ့ ရဟန်း အမျိုးမျိုးကို ရသော်လည်း ဤသိက္ခာပုဒ်၌ သာသနာမှ အပဖြစ်သော တိတ္ထိအားလုံးကိုသာ ပရိဗ္ဗာဇက အရ ယူပါ။ ထိုတွင်လည်း အဝတ် မဝတ်သူများကို “အစေလက”ဟု သီးခြားယူပြီးဖြစ်၍ အဝတ်ဝတ်သူကိုသာ ယူပါ

မှတ်ချက်

ယခုကာလ ဖိုးသူတော်၊ သီလရှင်များသည် သာသနာ့ပြင်ပ အယူကို ယူသူမဟုတ်ရကား ဤ ပရိဗ္ဗာဇက-ပရိဗ္ဗာဇိကာအရတွင် မပါဝင်ကြ။ သုတ်ပါထေယျ (သမ္ပသာဒနီယ) အဋ္ဌကထာ၌ ပြအပ်သော “အဝတ်ဖြူ ဝတ်သော ရဟန်း အနွယ်ဝင်များ”ဟု ယူသင့်သည်။

အင်္ဂါ ၄ ပါး

  1. တိတ္ထိဖြစ်ခြင်း၊
  2. ပြင်ပ လိမ်းကျံရန်အတွက် ခွင့်ပြုအပ်သော ဆီ စသည် မဟုတ်ခြင်း၊
  3. စားမျို ကောင်းသော အာဟာရဖြစ်ခြင်း၊
  4. ချထားခိုက်မဟုတ်သော ခွက်ထဲ၌ မိမိလက်ဖြင့် စားဘို့ရာ ထည့်ခြင်း၊

အင်္ဂါ ၄ ပါးတည်း။

[တိတ္ထိရှေ့ဝယ် ချထားအပ်သောခွက်၌ ထည့်ပေးလျှင်၎င်း၊ ရဟန်းက ခဲဘွယ်ခွက်၊ ဘောဇဉ်ခွက်ကို ရှေ့၌ ချထားပြီးမှ ထို ခွက်ထဲက ယူလော ဟု ဆို၍ ပေးလျှင်၎င်း အနာပတ္တိ

ကင်္ခါ၌ “အဇ္ဈောဟရဏီယတာ” အင်္ဂါဝယ် “အဇ္ဈောဟရဏီယံ”ဟု ပါဌ်ပျက်ကို မြင်၍ အင်္ဂါ ၃ ပါးဟု စာပြင် မှားကြသည်။]

[ဆောင်]

တိတ္တိသက်သက်, ဖြစ်တုံလျက်လည်း, ခြွင်းချက်ပေးမှု, ခွင့်ပြုအပ်တွင်, မပါဝင်သား, မျိုစားဘို့ရာ, အစာဖြစ်ဘိ, တိတ္ထိတို့လက်, ကိုင်ထားခွက်ဝယ်, ကိုယ့်လက် ဖြစ်လျှင်း, ထည့်ပေးခြင်း ဟု, ကြောင်းရင်း လေးလီ, အင်္ဂါညီ, သင့်ပြီ စေလက

သုဒ္ဓပါစိတ် အခန်း (အစေလကဝဂ်)

၂။ ဥယျောဇန

ယော ပန ဘိက္ခု ဘိက္ခုံ “ဧဟာဝုသော၊ ဂါမံ ဝါ နိဂမံ ဝါ ပိဏ္ဍာယ ပဝိသိဿာမာ”တိ တဿ ဒါပေတွာ ဝါ အဒါပေတွာ ဝါ ဥယျောဇေယျ “ဂစ္ဆာဝုသော၊ န မေ တယာ သဒ္ဓိံ ကထာ ဝါ နိသဇ္ဇာ ဝါ ဖာသု ဟောတိ၊ ဧကကဿ မေ ကထာ ဝါ နိသဇ္ဇာ ဝါ ဖာသု ဟောတီ”တိ ဧတဒေဝ ပစ္စယံ ကရိတွာ အနညံ၊ ပါစိတ္တိယံ။

ယော ပန ဘိက္ခု - သည်၊
ဘိက္ခုံ - ရဟန်းကို၊
အာဝုသော - ငါ့ရှင်၊
ဧဟိ - လိုက်ခဲ့လော၊
ဂါမံဝါ - ရွာသို့သော်၎င်း၊
နိဂမံဝါ - နိဂုံးသို့သော်၎င်း၊
ပိဏ္ဍာယ - ဆွမ်းအလို့ငှာ၊
ပဝိသိဿာမ - ဝင်ချေကြစို့၊
ဣတိ - ဤသို့ (ပြောဆို ခေါ်သွားပြီး၍)၊
တဿ - ထိုရဟန်းအား၊
ဒါပေတာဝါ - အာမိသ တခုခုကို ပေးစေ၍ ည် သော်၎င်း၊
အဒါတွာဝါ - အာမိသ တခုခုကို မပေးစေဘဲသော်၎င်း၊
ဥယျောဇေယျ - ပြန်လွှတ်အံ့၊
(ကိံ - အဘယ်သို့ပြော၍ ပြန်လွှတ်သနည်း၊)
အာဝုသော - ငါ့ရှင်၊
ဂစ္ဆ - သွားတော့၊
မေ - ငါ၏၊
တယာ - သင်နှင့်၊
သဒ္ဓိံ - အတူ၊
ကထာဝါ - စကားပြောရခြင်းသည်၎င်း၊
နိသဇ္ဇာ ဝါ - ထိုင်နေရခြင်းသည်၎င်း၊
ဖာသု - ချမ်းသာမှုသည်၊
န ဟောတိ - မဖြစ်၊
ဧကကဿ - တယောက်ထည်းသော၊
မေ - ငါ၏၊
ကထာဝါ နိသဇ္ဇာဝါ ဖာသု ဟောတိ
ဣတိ - ဤသို့ ပြောဆို၍၊
ဧတ ဒေထ - ဤမလျောက်ပတ်သော အကျင့်ကို ကျင့်လိုခြင်းကိုသာလျှင်၊
ပစ္စယံကရိတွာ - အကြောင်း ပြု၍၊
အနညံ - အခြား သင့်လျော်သော အကြောင်းမရှိဘဲ၊
(ဥယျောဇေယျ - ပြန်လွှတ်အံ့၊)
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ

၂။ ဥယျောဇန
ရဟန်းတပါးကို ဆွမ်းခံအတူ ခေါ်သွားပြီးနောက် မလျောက်ပတ်သော အကျင့်ကို ကျင့်လိုခြင်းကြောင့် ထိုရဟန်းကို ပြန်လွှတ်လျှင် ပါစိတ်အာပတ် သင့်၏

ဘိက္ခုံ ဣတိ ဥယျောဇေယျ
ဘိက္ခုံ ပုဒ်ကို ဣတိပုဒ် နောက်၌ ထည့်ထားအပ်သော “ပြောဆို ခေါ်သွား၍” ဟူသော အနက်နှင့် ဥယျောဇေယျပုဒ်၌စပ်။ “ရဟန်းတပါးကို ပြောဆိုခေါ်သွား၍ ပြန်လွှတ်လိုက်သည်”ဟူလို။

ဧဟာဝုသော ပဝိသိဿာမ
ဤဝါကျကား ခေါ်မသွားမီ ပြောဆိုပုံ အခြင်းအရာကိုပြသော ဝါကျတည်း။

ဤဝါကျ၌ “ဂါမံဝါ နိဂမံဝါ” တို့ကား ဝါကျ ၂ ရပ်ကို တဝါကျတည်းပြီးအောင် ပေါင်းထားအပ်သော ပုဒ်တို့တည်း။

“ဧဟာဝုသော ဂါမံ ပိဏ္ဍာယ ပဝိသိဿာမ”ဟု ၎င်း၊
“ဧဟာဝုသော နိဂမံ ပိဏ္ဍာယ ပဝိသိဿာမ” ဟု၎င်း ၂ ဝါကျ ခွဲရမည်။

“ငါ့ရှင် .... လိုက်ခဲ့၊ ရွာသို့ ဆွမ်းခံဝင်ချေကြ”ဟု ဖြစ်စေ၊
“ငါ့ရှင် ... လိုက်ခဲ့၊ နိဂုံးသို့ ဆွမ်းခံဝင်ချေ” ဟု ဖြစ်စေ တမျိုးမျိုးသာ ပြောခွင့်ရှိသည်
“ငါ့ရှင် ... လိုက်ခဲ့၊ ရွာသို့ ဖြစ်စေ၊ နိဂုံးသို့ဖြစ်စေ ဆွမ်းခံဝင်ချေကြစို့”ဟု ပြောလိုရင်း မဟုတ်။

တဿ ဒါပေတွာ ၊ပေ၊ ဥယျောဇေယျ
အိမ်တအိမ် ရောက်သောအခါ ထို အဖော်ခေါ်ခဲ့သော ရဟန်းအား ခဲဘွယ် ဘောဇဉ် စသော အာမိသတခုခုကို အလှူခိုင်းပြီး၍ဖြစ်စေ၊ အလှူမခိုင်းဘဲဖြစ်စေ ပြန်လွှတ်အံ့

ဂစ္ဆာဝုသော ၊ပေ၊ ဖာသု ဟောတိ
ဤဝါကျကား ပြန်လွှတ်ခါနီးဝယ် ပြောဆိုပုံ အခြင်းအရာကိုပြသော (အာကာရ) ဝါကျတည်း။ “သင်နှင့် အတူ စကားပြောရတာလဲ မကောင်း၊ နေရတာလဲ မကောင်း၊ ငါ့တယောက်ထဲ ပြောဆို နေထိုင်ရတာက ကောင်းသည်” ဟူလို။

ဧတဒေဝ ပစ္စယံ ကရိတွာ အနညံ
ဧတဒေဝ၌တ၏ စွဲဘို့ရာ တိုက်ရိုက် မရှိ။ “မာတုဂါမနှင့် အတူ ရယ်မောလို၊ ကျီစယ်လို၊ ဆိတ်ကွယ်ရာ၌ နေလိုခြင်း” စသော မလျောက်ပတ်သော အကျင့်ကို စွဲရမည်။ ထို မလျောက်ပတ်သော အကျင့်ကို ကျင့်လိုမှုသည်ပင် ပြန်လွှတ်ခြင်း၏ အကြောင်းတည်း။ “၂ ပါး အတူ ဆွမ်းခံလျှင် မျှတအောင် မရပေဘူး” စသော လျောက်ပတ်သော အကြောင်း မရှိဟူလို။

[အနညံ၏ သေချာသော အနက်ကို အနုပခဇ္ဇသိက္ခာပုဒ်ကြည့်။]

အင်္ဂါ ၃ ပါး
၁။ မလျော်သောအကျင့်ကို ပြုကျင့်လိုခြင်း၊
၂။ ထိုသို့ ကျင့်လိုသည့်အတွက် ရဟန်းကို ပြန်လွှတ်ခြင်း
[အတူ ဆွမ်းခံရန် ခေါ်ခဲ့သော သာမဏေကို ပြန်လွှတ်ရာ၌ကား ဒုက္ကဋ်၊]
၃။ မိမိ၏ မြင်လောက် ကြားလောက်ရာ ဥပစာကို ပြန်လွှတ်အပ်သူက လွန်ခြင်း၊
အင်္ဂါ ၃ ပါးတည်း

[ဥပစာ ဟူရာ၌ အကွယ်အကာအတွင်းကို ဥပစာဟု ခေါ်၍ အကွယ်အကာ မရှိသော ဟင်းလင်းအပြင်၌ ၁၂ တောင်ကို “ဥပစာ”ဟု ခေါ်သည်။]

[ဆောင်]
မလျော်အကျင့်, ကျင့်လိုလင့်သား, သို့ဖြင့်ဘိက္ခု, ပြန်လွှတ်မှုနှင့်, ဥပစာတွင်း, လွန်မြောက်ခြင်း, ကြောင်းရင်း သုံးလီ, အင်္ဂါညီ, သင့်ပြီ ဥယျောဇန

သုဒ္ဓပါစိတ် အခန်း (အစေလကဝဂ်)

၃။ သဘောဇန

ယော ပန ဘိက္ခု သဘောဇနေ ကုလေ အနုပခဇ္ဇ နိသဇ္ဇံ ကပ္ပေယျ၊ ပါစိတ္တိယံ။

ယော ပန ဘိက္ခု - သည်၊
သဘောဇနေ - သမီးခင်ပွန်း ၂ ယောက်တို့နှင့် တကွဖြစ်သော၊
ကုလေ - အိမ်၌၊
အနုပခဇ္ဇ - အိပ်ရာအနီးသို့ ကပ်ဝင်၍၊
နိသဇ္ဇံ - ထိုင်နေခြင်းကို၊
ကပ္ပေယျ - ပြုအံ့၊
တဿ ဘိက္ခု နော ပါစိတ္တိယံ ဟောတိ

၃။ သဘောဇန
သဘောဇနကို “သ+ဥဘောဇန”ဟု ပုဒ်ဖြတ်။ သမီး ခင်ပွန်း ၂ ယောက်ကို ဥဘောဇန၊ ထို သမီးခင်ပွန်းနှင့် တကွဖြစ်သော အိမ်ကို “သဥဘောဇန၊ သဘောဇန”ဟု ခေါ်သည်။ သမီးခင်ပွန်း ၂ ယောက်တို့က အိပ်ခန်းမှာ တည်ရှိနေစဉ် ထို အိပ်ခန်းတွင်း ဝင်၍ (အိပ်ရာအနီး၌ ထိုင်လျှင်) ရဟန်းက အလိုက်မသိရာ ရောက်သောကြောင့် ပါစိတ် အာပတ်ဟု ပညတ်တော် မူသည်

[တနည်း - သဘောဇန၌ ဘောဇနအရ ခံစားအပ်သော စည်းစိမ်ကို ယူ။ ယောက်ျား၏ စည်းစိမ်သည် မိန်းမ၊ မိန်းမ၏ စည်းစိမ်ကား ယောက်ျားတည်း။ ထို့ကြောင့် “သဘောဇနေ - စည်းစိမ်ခံစားအပ်သော မိန်းမ ယောက်ျားနှင့်တကွ ဖြစ်သော”ဟု တနည်းဖွင့်သေး၏။]

အင်္ဂါ ၄ ပါး
၁။ ရာဂ မကင်းသေးသော (အနာဂါမ် ရဟန္တာ မဖြစ်သေးသော) သမီးခင်ပွန်းတို့ ထိုအိမ်၌ တည်ရှိခြင်း၊
၂။ ထိုင်နေရာ ဌာနက အိပ်ခန်းဖြစ်ခြင်း၊
၃။ ရဟန်းအဖော် မပါခြင်း၊
၄။ ဝင်၍ ထိုင်ခြင်းတည်း။

[ဆောင်]
ရာဂ မကင်း, ခင်ပွန်းချင်းတို့, ယင်း၌ တည်လစ်, အိပ်ခန်းဖြစ်သား, တပါးရဟန်း, ဖော်မပြွမ်းဘဲ, အိပ်ခန်းဝင်လျှင်း, ထိုင်နေခြင်းဟု, ကြောင်းရင်းလေးလီ, အင်္ဂါညီ, သင့်ပြီ သဘောဇန

သုဒ္ဓပါစိတ် အခန်း (အစေလကဝဂ်)

၄။ ရဟော ပဋိစ္ဆန္န

ယော ပန ဘိက္ခု မာတုဂါမေန သဒ္ဓိံ ရဟော ပဋိစ္ဆန္နေ အာသနေ နိသဇ္ဇံ ကပ္ပေယျ၊ ပါစိတ္တိယံ။

ယော ပန ဘိက္ခု - သည်၊
မာတုဂါမေန - မာတုဂါမနှင့်၊
သဒ္ဓိံ - တကွ၊
ရဟော - မျက်စိ၏ကွယ်ရာ၌၊
ပဋိစ္ဆန္နေ - ဖုံးကွယ်အပ်သော၊
အာသနေ - နေရာ၌၊
နိသဇ္ဇံ - ကို၊
ကပ္ပေယျ - ပြုအံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ

[အဓိပ္ပာယ်ကို ပထမ အနိယတ သိက္ခာပုဒ်အတိုင်း သိပါ။]

၅။ ရဟော နိသဇ္ဇ

ယော ပန ဘိက္ခု မာတုဂါမေန သဒ္ဓိံ ဧကော ဧကာယ ရဟော နိသဇ္ဇံ ကပ္ပေယျ၊ ပါစိတ္တိယံ။

ယော ပန ဘိက္ခု မာတုဂါမေန သဒ္ဓိံ ဧကော ဧကာယ - တယောက်ချင်းချင်း၊
ရဟော - နား၏ ကွယ်ရာ၌၊
နိသဇ္ဇံ - ကို၊
ကပ္ပေယျ - အံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ

[ဤအဓိပ္ပာယ်ကို ဒုတိယ အနိယတသိက္ခာပုဒ်အတိုင်း သိပါ။]

သုဒ္ဓပါစိတ် အခန်း (အစေလကဝဂ်)

၆။ စာရိတ္တ

ယော ပန ဘိက္ခု နိမန္တိတော သဘတ္တော သမာနော သန္တံ ဘိက္ခုံ အနာပုစ္ဆာ ပုရေဘတ္တံ ဝါ ပစ္ဆာဘတ္တံ ဝါ ကုလေသု စာရိတ္တံ အာပဇ္ဇေယျ အညတြ သမယာ၊ ပါစိတ္တိယံ။ တတ္ထာယံ သမယော၊ စီဝရဒါနသမယော စီဝရကာရသမယော၊ အယံ တတ္ထ သမယော

ယော ပန ဘိက္ခု - သည်၊
နိမန္တိတော - ဘောဇဉ် တပါးပါးဖြင့် ဖိတ်မန်အပ်သည်၊
(ဟုတွာ - ၍၊)
သဘတ္တော - ဘတ်ရှိသည်၊
သမာနော - ဖြစ်ပါလျက်၊
သမယာ - အခါကို၊
အညတြ - ကြဉ်၍၊
သန္တံ - ထင်ရှားရှိသော၊
ဘိက္ခုံ – ရဟန်းကို၊
အနာပုစ္ဆာ - မပန်ပြောဘဲ၊
ပုရေဘတ္တံဝါ – ထိုနိမန္တနဘတ်ကို မစားမီ ရှေ့၌သော်၎င်း၊
ပစ္ဆာဘတ္တံဝါ - ထို နိမန္တနဘတ်ကို စားပြီးနောက်၌သော်၎င်း၊
ကုလေသု - အိမ်တို့၌၊
စာရိတ္တံ - လှည့်လည်ခြင်းရှိသူ၏အဖြစ်သို့၊
အာပဇ္ဇေယျ - ရောက်အံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ

တတ္ထ - ထို အညတြ သမယာဟူသော ပါဌ်၌၊
အယံ - ဤ ဆိုအပ်လတံ့ကား၊
သမယော - အခါတည်း၊
စီဝရဒါနသမယော - သင်္ကန်းလှူရာအခါ၎င်း၊
စီဝရကာရ သမယော - သင်္ကန်းချုပ်ဆိုးရာအခါ၎င်း၊
အယံ တတ္ထ သမယော

၆။ စာရိတ္တ
ဘောဇဉ် ၅ ပါးတွင် တပါးပါးဖြင့် ဖိတ်မန်အပ်သော ရဟန်းကို “နိမန္တိတ” ဟု ခေါ်၏။ ထို ဖိတ်မန်ကြောင်း ဖြစ်သော ဘတ်ရှိသူကို “သဘတ္တ”ဟု ခေါ်၏။ “နက်ဖန် တပည့်တော်အိမ်သို့ ဩဒန (ထမင်း) အလှူခံကြွပါ” စသည်ဖြင့် ဖိတ်မန်ထားအပ်သော ရဟန်းသည် ထင်ရှား ရှိနေသော ရဟန်းကို မတိုင်ကြားဘဲ ထိုဘတ်ကို မစားမီ ဖြစ်စေ၊ စားပြီးနောက် မွန်းမတည့်မီဖြစ်စေ အခြား အိမ်တို့၌ လှည့်လည်သွားလာလျှင် ပါစိတ်အာပတ် သင့်၏။

သို့ရာတွင် စီဝရဒါနသမယ၊ စီဝရကာရသမယ တို့၌ကား ထင်ရှားရှိသော ရဟန်းကို မတိုင်ကြားဘဲ လည်း သွားကောင်း၏။

သန္တံ ဘိက္ခုံ
အိမ်သို့ သွားလိုစိတ် ဖြစ်သည်မှစ၍ တွေ့ရ မြင်ရသော သို့မဟုတ် ၁၂ တောင်အတွင်းမှာ ရှိသဖြင့် လှမ်း၍ တိုင်ကြားလျှင် ဖြစ်နိုင်သော ရဟန်းသည် သန္တဘိက္ခု (ထင်ရှားရှိသောရဟန်း)တည်း။ ထိုကဲ့သို့ မတွေ့မြင် ရလျှင် အသန္တိဘိက္ခုဖြစ်၍ ဟိုဟိုသည်သည် လိုက်ရှာနေဘွယ် မလို။

ပုရေဘတ္တ ပစ္ဆာဘတ္တံ
ဖိတ်ကြောင်း ဖြစ်သော ဘတ်ကို မစားမီ ကာလသည် ပုရေဘတ္တ မည်၏။
ထိုဘတ်ကို စားပြီးလျှင် နံနက် ၇ နာရီ လောက်အချိန်လည်း ပစ္ဆာဘတ္တပင်။
[ဤ ပစ္ဆာဘတ္တမှာ မွန်းမလွဲသေး။]

ကုလေသု စာရိတ္တံ
ကုလေသု ဆိုသော်လည်း ဘတ်ကို ဖိတ်သော အိမ်မှတပါး အခြားအိမ်ကို ယူရမည်။
ဘတ်ကို ဖိတ်ထားသော အိမ်သို့ကား ပုရေဘတ္တ (ဘတ်မစားမီ) အခါမှာပင် ဧကန် သွားရလိမ့်မည်။

အင်္ဂါ ၅ ပါး
၁။ ဘောဇဉ် ၅ ပါးတွင် တပါးပါးဖြင့် ဖိတ်သည်ကို သာယာခြင်း (လက်ခံခြင်း ဟူလို၊)၊
၂။ “တပည့်တော် မည်သူ့အိမ်သို့ သွားပါ ဦးအံ့” စသည်ဖြင့် ထင်ရှားရှိသော ရဟန်းထံ ခွင့်မပန်ခြင်း
၃။ ဘတ်ရှိရာ အိမ်မှ အခြားအိမ်သို့ ဝင်ခြင်း၊
၄။ မွန်းတည့်အချိန်ကို မလွန်သေးခြင်း
(မွန်းလွဲမှ သွားလျှင်ကား ဝိကာလေ ဂါမပ္ပဝေသန သိက္ခာပုဒ်နှင့်သာ ဆိုင်သည်။)
၅။ စီဝရဒါနစသော သမယဖြစ်စေ၊ ရွာတွင်းသို့ အရေးတကြီး ဝင်ရလောက်အောင် ဘေးအန္တရာယ် ဖြစ်စေ မရှိခြင်း၊ ၅ ပါးတည်း။

[ဆောင်]
ဘောဇဉ်ဖိတ်ထား, သာယာငြားတည်း, ထင်ရှားရဟန်းထံ, ခွင့်မပန်ဘဲ, ဖိတ်မန်အိမ်မှ, အခြားကြွဘိ, မွန်းမတည့်သေး, အခါဘေးတို့, ကင်းဝေးလေကုန်, အင်ငါးစုံ, သင့်တုံ စာရိတ္တ။

သုဒ္ဓပါစိတ် အခန်း (အစေလကဝဂ်)

၇။ မဟာနာမ

အဂိလာနေန ဘိက္ခုနာ စတုမာသပ္ပစ္စယပဝါရဏာ သာဒိတဗ္ဗာ အညတြ ပုနပဝါရဏာယ, အညတြ နိစ္စပဝါရဏာယ။ တတော စေ ဥတ္တရိ သာဒိယေယျ၊ ပါစိတ္တိယံ။

အဂိလာနေန - ဂိလာန မဟုတ်သော၊
ဘိက္ခုနာ - သည်၊
ပုနပဝါရဏာယ - နောက်ထပ် ဖိတ်ခြင်းကို၊
အညတြ - ကြဉ်၍၎င်း၊
နိစ္စပဝါရဏာယ - အမြဲ ဖိတ်ခြင်းကို၊
အညတြ - ၎င်း၊
စာတုမာသပစ္စယ ပဝါရဏာ - လေးလပတ်လုံး ဆေးပစ္စည်းဖြင့် ဖိတ်ခြင်းကို၊
သာဒိတဗ္ဗာ - သာယာအပ် သာယာနိုင်၏၊
တတော - ပိုင်းခြားအပ်ရာအခါ, ပိုင်းခြားအပ်သော ဆေးထက်၊
ဥတ္တရိ - အလွန်၊
စေ သာဒယေယျ - အကယ်၍ သာယာအံ့၊ (အကယ်၍ တောင်းအံ့၊)
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ

၇။ မဟာနာမ
[ဘုရားရှင်၏ တဝမ်းကွဲ နောင်တော် ဖြစ်သော မဟာနာမ်မင်းကိုအကြောင်းပြု၍ ပညတ်တော်မူ အပ်သော သိက္ခာပုဒ်။]

သံဃာ့ အတွက် ဆေးပစ္စည်းဖြင့်ဖိတ်ရာ၌ ထပ်၍ဖိတ်ခြင်းမဟုတ်လျှင်၎င်း၊ အမြဲ ဖိတ်ခြင်း မဟုတ်လျှင် ၎င်း ၄ လပတ်လုံး ဖိတ်ခြင်းကို သာယာနိုင်သည်။ မကျန်းမာသောအခါ တောင်းမည်ဟု ကြံ၍ ဖိတ်သည်ကို လက်ခံခြင်းကို “သာယာခြင်း” ဟု ဆိုသည်။ ပထမအကြိမ် ဖိတ်ထားရာ လစေ့၍ နောက်ထပ် ဖိတ်လျှင်လည်း သာယာနိုင်၏။ တသက်လုံး ဖိတ်လျှင်လည်း သာယာနိူင်သည်သာ။

[ဤ၌ “၄ လဖိတ်၊ ထပ်၍ဖိတ်၊ အမြဲဖိတ်များကို သာယာနိူင်သည်” ဟု ၃ မျိုးခွဲ၍ ဆိုထားခြင်းကို ဝတ္ထုကြောင်းအလိုက် ဆိုထားခြင်းဟု မှတ်ပါ။ အချုပ်မှာ - ဒါယကာက ဖိတ်သမျှ ကာလ၌ (၄ လမက ၅ လ စသည်၌လည်း) သာယာနိုင်သည်။ တလသာ ဖိတ်လျှင်လည်း တလ သာယာနိုင်သည်။]

တတော စေ ဥတ္တရိ သာဒယေယျ
ဒါယကာက သတ်မှတ်ထားသော ရက်ထက် ပို၍ သာယာလျှင်၎င်း၊ ဒါယကာက “မည်မျှလောက်သော ဆေး” သတ်မှတ်အပ်သော ဆေးထက် ပို၍ သာယာလျှင်၎င်း ပါစိတ်။

ဆက်ဦးအံ့ -
ဤသိက္ခာပုဒ်လာ ဖိတ်ခြင်းသည် သံဃာကိုဖိတ်ခြင်းတည်း။ ထိုသို့ သံဃာကိုဖိတ်ရာ၌ မကျန်းမာသော အခါ အလိုက်သိစွာ သင့်တော်အောင် တောင်းကြဘို့ရာ ဤ သိက္ခာပုဒ်ကို ပညတ်တော်မူသည်။ သို့ရာတွင် မိမိမှာ တကယ် မကျန်းမာလျှင်ကား ဖိတ်ဘူးသော ဒါယကာထံ သွား၍ ဒါယကာ ..... ဖိတ်ထားတဲ့ ရက်တော့ဖြင့် လွန်ခဲ့ပြီ၊ သို့သော် ဘုန်းကြီးမှာ ယခုမှ မည်သည် ဆေးကို အလိုရှိနေသည် ဟု ပြော၍ တောင်းလျှင်၎င်း၊ လုံးဝ မဖိတ်သူ့ထံကိုပင် အမှန် အသုံးဝင်နေသောဆေးကို တောင်းလျှင် ၎င်း အနာပတ္တိ။

အင်္ဂါ ၄ ပါး
၁။ သံဃာကို ဖိတ်ခြင်း၊
၂။ ဆေးကို တောင်းခြင်း၊
၃။ ဂိလာနမဟုတ်ခြင်း (ဤကဲ့သို့ သံဃာကိုဖိတ်ရာ၌ ဂိလာနမှ တောင်းကောင်းသည်၊ မိမိကို သီးခြားဖိတ်ရာ ၌ကား ဂိလာန မဟုတ်သော်လည်း တောင်းကောင်း၏။)၊
၄။ ဖိတ်ထားသော လ ရက် အပိုင်းအခြားကိုဖြစ်စေ၊ ဆေးအပိုင်း အခြားကိုဖြစ်စေ လွန်ခြင်း၊
၄ ပါးတည်း။

[ဆောင်]
သံဃာဖိတ်မူ, ဆေးတောင်းယူ၍, နာသူအဖြစ်, ကင်းကွာလစ်သား, ပိုင်းခြားအတွင်း, ကျော်လွန်ခြင်း ဟု, ကြောင်းရင်း လေးဖြာ, အင်ညီညာ, မဟာနာမ သင့်။

သုဒ္ဓပါစိတ် အခန်း (အစေလကဝဂ်)

၈။ ဥယျုတ္တသေနာ

ယော ပန ဘိက္ခု ဥယျုတ္တံ သေနံ ဒဿနာယ ဂစ္ဆေယျ အညတြ တထာရူပပ္ပစ္စယာ၊ ပါစိတ္တိယံ။

ယော ပန ဘိက္ခု - သည်၊
တထာရူပပစ္စယာ - ထို သွားထိုက်သော သဘောရှိသော အကြောင်းကို၊
အညတြ - ကြဉ်၍၊
ဥယျုတ္တံ - မြို့ရွာမှ ထွက်ပြီးသော၊
သေနံ - စစ်တပ်ကို၊
ဒဿနာယ - ကြည့်ရှုခြင်းငှာ၊
ဂစ္ဆေယျ - သွားအံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ

၈။ ဥယျုတ္တသေနာ
[ဥယျုတ္တ၌ ဥပုဗ္ဗ ယုဇဓာတ်၊ တ ပစ္စည်းတည်း။ “ဓာတူနံ အနေကတ္ထတ္တာ (ဓာတ်တို့က အနက်များစွာ ရှိသည်၏ အဖြစ်ကြောင့်)” ဟူသော ပရိဘာသာနှင့်အညီ ဤနေရာ၌ ယုဇဓာတ်သည် ဂမန အနက်ကို ဟော၏။ ဥနောက်ဖြစ်၍ ယ ဒွေးဘော်လာသည်။ ဥ = ထ၍ + ယုဇ= သွားသည်၊]

စစ်တပ်သို့ သွားထိုက်သော အကြောင်းမရှိဘဲ ဆိုင်ရာမြို့ရွာမှ ထ၍ သွားသော (ထွက်သွားသော) စစ်တပ်ကို အကြည့်အရှု သွားလျှင် ပါစိတ်။

သွားထိုက်သောအကြောင်း
ထိုစစ်တပ်၌ ဆွေမျိုးတယောက်ယောက် မကျန်းမာနေ၍ ထိုသူ့ကို ကြည့်ရှုရန် သွားခြင်း စသည် တည်း။ ထိုသို့သော အကြောင်းရှိ၍ သွားရာ၌ အနာပတ္တိ။

သေနာ”ဟူသည် ဆင်တပ်၊ မြင်းတပ်၊ ရထားတပ်၊ ခြေလျင်တပ် ၄ မျိုးပေါင်းတည်း
အင်္ဂါ ၄ ပါးတွင် ပါဝင်သော ဆင်တပ်ကိုချည်းဖြစ်စေ၊ ဆင်တစီးကိုသာဖြစ်စေ အကြည့်သွားရာ၌ ဒုက္ကဋ်။

အင်္ဂါ ၄ ပါး
၁။ ဥယျုတ္တသေနာဖြစ်ခြင်း၊
၂။ ကြည့်ရှုရန်သွားခြင်း
၃။ ခွင့်ပြုရာအရပ်မှ အခြားအရပ်၌ ကြည့်ခြင်း [မိမိနေရာသို့ လာလျှင်၎င်း ခရီးရင်ဆိုင် တွေ့လျှင်၎င်း ကြည့်နိုင်သည်ဟု ခွင့်ပြုချက်ရှိသည်။] ထိုအရပ်မှ အခြားအရပ်၌ကြည့်လျှင်၊
၄။ အကြောင်းနှင့် ဘေးရန်မရှိခြင်းတည်း။ ဘေးရန် ရှိလျှင် စစ်တပ်သို့ ဝင်ပြေးနိုင်သည်။

[ဆောင်]
စစ်တပ်ထွက်ငြား, ကြည့်ရှုသွားနှင့်, ခွင့်မပြုအပ်, ကြည့်လတ်၎င်း, အကြောင်းမဲ့လျှင်း, ဘေးရန်ကင်းဟု, ကြောင်းရင်း လေးဖြာ, အင်ညီညာ, သေနာဥယျုတ်သင့်။

သုဒ္ဓပါစိတ် အခန်း (အစေလကဝဂ်)

၉။ သေနာဝါသ

သိယာ စ တဿ ဘိက္ခုနော ကောစိဒေဝ ပစ္စယော သေနံ ဂမနာယ၊ ဒိရတ္တတိရတ္တံ တေန ဘိက္ခုနာ သေနာယ ဝသိတဗ္ဗံ။ တတော စေ ဥတ္တရိ ဝသေယျ၊ ပါစိတ္တိယံ။

- ဆက်ဦးအံ့၊
တဿ ဘိက္ခုနော - ထိုရဟန်း၏၊
သေနံ - စစ်တပ်သို့၊
ဂမနာယ - သွားဘို့ရာ၊
ကောစိ ဒေဝ - တစုံတခုသာလျှင်ဖြစ်သော၊
ပစ္စယော - အကြောင်းသည်၊
သိယာ- အကယ်၍ရှိအံ့၊
တေန ဘိက္ခုနာ - ထိုရဟန်းသည်၊
ဒိရတ္တ တိရတ္တံ - ၂ ညဉ့် ၃ ညဉ့်ပတ်လုံး၊
သေနာယ - စစ်တပ်၌၊
ဝသိတဗ္ဗံ - နေနိုင်၏၊
တတော - ၂ ညဉ့် ၃ ညဉ့်ထက်၊
ဥတ္တရိ - အလွန်၊
စေ ဝသေယျ - အကယ်၍ နေအံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ

၉။ သေနာဝါသ သိက္ခာပုဒ်
ဥယျုတ္တသေနာသိက္ခာပုဒ်၏ ခွင့်ပြုချက်အရ ဆွေမျိုး၏ မကျန်းမမာခြင်းစသော အကြောင်းရှိ၍ စစ်တပ်သို့ သွားရလျှင် အလွန်ဆုံး ၃ ညဉ့်သာ နေနိုင်သည်။ အကြောင်းထူးမရှိဘဲ ၃ ညဉ့်ထက် ပို၍ နေလျှင် ပါစိတ်။

အနာပတ္တိ
မိမိကိုယ်တိုင်က မကျန်းမာနေသောကြောင့်ဖြစ်စေ၊ မကျန်းမာသူ၏ ကိစ္စကြောင့်ဖြစ်စေ၊ မိမိနေရာ စစ်တပ်ကို အခြားစစ်တပ်က ပိတ်ဆို့ ထားသဖြင့် မထွက်နိူင်သောကြောင့်ဖြစ်စေ၊ တစုံတယောက် (ရန်သူ) စသည်က မသွားရအောင် နှောင့်ယှက်ထားသောကြောင့်ဖြစ်စေ၊ ဘေးရန်ကြောင့်ဖြစ်စေ ၃ ညဉ့်ထက်ပို၍ နေရလျှင် အနာပတ္တိ။

အင်္ဂါ ၃ ပါး
၁။ သုံးညဉ့်လွန်ခြင်း (ဒိရတ္တ တိရတ္တံ၌ ဒိရတ္တအတွက် အဓိပ္ပာယ် အထူးမရှိ၊ ဝါစာသိလိဋ္ဌသာတည်း။)၊
၂။ စစ်တပ်၌ နေဝင်စေခြင်း (၄ ရက်နေ့အချိန်ကို စစ်တပ်အတွင်းမှာပင် ကုန်လွန်စေ၍ နေဝင်သွားလျှင် ၄ ရက်မြောက်ညဉ့်ကို စစ်တပ်မှာနေသည်မည်၏။)၊
၃။ မကျန်းမာမှုစသည် မရှိခြင်း၊
၃ ပါးတည်း။

[ဝါစာသိလိဋ္ဌအပြင် “၂ ညဉ့်၏ တဆက်တည်းဖြစ်သော ၃ ညဉ့်ကို ယူစေလို၍ ဒိရတ္တဟု ဝိသေသနပြုသည်” ဟု သော်လည်း ကြံပါ။]

[ဆောင်]
သုံးညဉ့်လွန်လတ်, စစ်တပ်၌တွင်, နေဝင်စေကာ, မကျန်းမာခြင်း, စသည်ကင်း ဟု, ကြောင်းရင်း သုံးဖြာ, အင်ညီညာ သေနာဝါသ သင့်။

သုဒ္ဓပါစိတ် အခန်း (အစေလကဝဂ်)

၁၀။ ဥယျောဓိက

ဒိရတ္တတိရတ္တံ စေ ဘိက္ခု သေနာယ ဝသမာနော ဥယျောဓိကံ ဝါ ဗလဂ္ဂံ ဝါ သေနာဗျူဟံ ဝါ အနီကဒဿနံ ဝါ ဂစ္ဆေယျ၊ ပါစိတ္တိယံ။

ဘိက္ခု - ရဟန်းသည်၊
ဒိရတ္တ တိရတ္တံ - ၂ ညဉ့် ၃ ညဉ့်ပတ်လုံး၊
သေနာယ - စစ်တပ်၌၊
ဝသမာနော - နေစဉ်၊
ဥယျောဓိကံဝါ - စစ်ပွဲသို့သော်၎င်း၊
ဗလဂ္ဂံ ဝါ - စစ်သည် အစုကို ရေတွက်ရာသို့သော်၎င်း၊
သေနာဗျူဟံ ဝါ - စစ်ဆင်ရာသို့သော်၎င်း၊
အနီက ဒဿနံ ဝါ - ဆင်တပ် မြင်းတပ် စသည်ကို ကြည့်ရှုရာသို့ သော်၎င်း၊
စေ ဂစ္ဆေယျ - အကယ်၍ သွားအံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ

ပဉ္စမော - သော၊
အစေလကဝဂ္ဂေါ - တည်း။

၁ဝ။ ဥယျာဓိက
သေနာဝါသ သိက္ခာပုဒ်အရ နေသင့်သော အကြောင်းရှိ၍ ၂ ညဉ့် ၃ ညဉ့်မျှ စစ်တပ်၌နေစဉ် ဥယျောဓိက စသည်သို့ အကြည့် အရှုသွားလျှင် ပါစိတ်အာပတ်

ဥယျောမိကံ
ဧတ္ထ – ဤစစ်ပွဲ၌၊
ဥဂ္ဂန္တွာ ဥဂ္ဂန္တွာ - နိုင်သည့်ဘက်က တိုးတက်၍ တိုးတက်၍၊
ယုဇ္ဈန္တိ - တိုက်ခိုက်ကြကုန်၏၊
ဣတိ - ထို့ကြောင့်၊
တံ - ထိုစစ်ပွဲသည်၊
ဥယျောဓိကံ - မည်၏။

ဤဝိဂ္ဂဟအရ စစ်ပွဲကို ဥယျောဓိက ဟု ခေါ်သည်

ဗလဂ္ဂံ
ဗလဿ-စစ်သည်ဗိုလ်ပါ၏ + အဂ္ဂံ - အဘို့အစုသည်၊ ဗလဂ္ဂံ - မည်၏၊ “ဗလဂ္ဂံ ဇာနန္တိ ဧတ္ထ” အရ “ဆင် မည်မျှရှိ၏၊ မြင်း မည်မျှရှိ၏” စသည်ဖြင့် စစ်တပ်ကို အုပ်ချုပ်သူတို့က စစ်သည်စုကို သိရာ (ရေတွက်ရာ) အရပ်ကို “ဗလဂ္ဂ”ဟု ခေါ်သည်။

သေနာဗျူဟံ
သေနာယ– စစ်တပ်၏၊
ဗျူဟော - စစ်တိုက်ရန် စုဝေးရာ အရပ်တည်း၊
သေနာဗျူဟော - စစ်တပ်၏စုဝေးရာအရပ်။

“ဤနေရာ၌ ဆင်တပ် နေစေ၊ ဤနေရာ၌ မြင်းတပ် နေစေ၊ ဤနေရာ၌ ရထားတပ်၊ ခြေလျင်တပ် နေစေ” စသည်ဖြင့် စစ်တိုက်ဘို့ရန် သူ့နေရာနှင့်သူ စုဝေးချထားခြင်း (စစ်ဆင်ခြင်း)ကို “သေနာဗျူဟ”ဟု ခေါ်၏။

ဗျူဟ၏အနက်
ဗျူဟ သဒ္ဒါသည် -
* သမူဟ (အပေါင်း)
* နိမ္မာဏ (ဖန်ဆင်းခြင်း)
* သမ္မာတက္က (ကောင်းစွာကြံခြင်း)
* ဒေဟ (ကိုယ်)
* သေနျ (စစ်သည်အပေါင်း)
* သေနာသန္နိဝေသန ဝိသေသ (စစ်တိုက်ဘို့ရန် စစ်တပ်၏ စုဝေးတည်နေပုံအထူး)
ဟု အနက်များစွာရှိ၏။
ဤနေရာ၌ နောက်ဆုံးအနက်သာ သင့်လျော်သည်။

အနီကဒဿနံ
အနီက သဒ္ဒါသည် ဆင်တပ်၊ မြင်းတပ် စသော အပေါင်းကို ဟော၏။ “အန-ဇီဝနေ”ဟူသော ဓာတ်ဖြင့် “အနတိ ဇီဝတိ အနေနာတိ အနီကံ” ဟု ပြု၏။ ဤကန်ပစ္စည်းဟု ထောမနိဓိ ဆို၏။ ထိုအနီကကို ကြည့်ရှုခြင်းကို “အနီကဒဿန”ဟု ဆိုသည်။

စစ်တပ်ဖွဲ့ပုံ
စစ်သား ၁၂ ယောက်စီပါသော ဆင် ၃ စီးသည် ဟတ္ထာနီက (ဆင်တပ်) မည်၏။
စစ်သား ၃ ယောက်စီပါသော မြင်း ၃ စီးသည် တယာနီက (မြင်းတပ်) မည်၏။
စစ်သား ၄ ယောက်စီပါသော ရထား ၃စီး သည် ရထာနီက (ရထားတပ်) မည်၏။
လက်နက်ကိုင်စစ်သား ၄ ယောက်သည် ပတ္တာနီက (ခြေလျင်တပ်) မည်၏။
ဤ အရေအတွက်ကား အနည်းဆုံး စစ်တပ် တဖွဲ့၏ အရေအတွက်တည်း။
ဤ စစ်တပ် ၄ မျိုး အပေါင်းကိုမှ “သေနာ”ဟု ခေါ်သည်။

အင်္ဂါ ၃ ပါး
၁။ ဥယျောဓိက စသည်ကို ကြည့်ရှုရန် သွားခြင်း၊
၂။ ခွင့်ပြုရာ အရပ်မှတပါး အခြားအရပ်ကို ကြည့်ရှုခြင်း၊
၃။ သွားသင့်သော အကြောင်း၊ သို့မဟုတ် ဘေးရန်မရှိခြင်း၊ ၃ ပါးတည်း။

[၂-၃-အကျယ်ကို ဥယျုတ္တသေနာ အင်္ဂါအတိုင်း ယူပါ။]

[ဆောင်]
စစ်တိုက်ရာ ဟု, စစ်သည် စုကို, ကြည့်ရှု သွားနှင့်, ခွင့်မပြု အရပ်, ကြည့်လတ်၎င်း, အကြောင်းမဲ့လျှင်း, ရန်ဘေးကင်း ဟု, ကြောင်းရင်းသဘော, သုံးပါးနှော, ဥယျောဓိကသင့်။

သုဒ္ဓပါစိတ် အခန်း (သုရာပါနဝဂ်)

၁။ သုရာပါန

သုရာမေရယပါနေ ပါစိတ္တိယံ။

(ဘိက္ခုနော - ၏၊)
သုရာမေရယပါနေ - သေရည် အရက်ကို သောက်ခြင်းကြောင့်၊
ပါစိတ္တိယံ - ပါစိတ် အာပတ်သည်၊
ဟောတိ - ဖြစ်၏။

၁။ သုရာပါန
သေရည် ငါးမျိုး၊ အရက် ငါးမျိုးရှိ၏။ ထိုတွင် -

၁။ ဆန်မှုန့်ကို လုပ်အပ်သော - ပိဋ္ဌသုရာ၊
၂။ မုန့်ကို လုပ်အပ်သော - ပူပသုရာ၊
၃။ ထမင်းကို လုပ်အပ်သော - ဩဒနသုရာ၊
၄။ “တဆေးမှုန့်” ခေါ် သေရည်ဖြစ်ရန် မျိုးစေ့ကို ထည့်ခတ်၍ လုပ်အပ်သော - ကိဏ္ဏပက္ခိတ္တသုရာ၊
၅။ ဖန်ခါးသီး၊ မုန်ညင်းစေ့ စသော အဆောက်အဦးကို ရောစပ်၍ လုပ်အပ်သော - သမ္ဘာရသံယုတ္တသုရာ တို့ကား သေရည် ငါးမျိုးတည်း။

အရက်
၁။ သစ်မည်စည်ပွင့်၊ ထန်းပွင့်၊ အုန်းပွင့် စသော ပန်းပွင့်တို့ကို ကြာမြင့်စွာ စိမ်အပ်သော - ပုပ္ဖါသဝ၊
၂။ အသီးစိမ်ရည် ဟူသော - ဖလာသဝ၊
၃။ “မုဒရက်”ခေါ် သဗျက်သီးစိမ်ရည် ဟူသော - မဓွာသဝ၊
၄။ ကြံရည်၊ ထန်းရည်ကို စိမ်အပ်သော - ဂုဠာသဝ၊
၅။ ဖန်ခါးသီး စသော အဆောက်အဦး အမျိုးမျိုးတို့၏ စိမ်ရည်ဟူသော - သမ္ဘာရသံယုတ္တာသဝ
တို့ကား အရက် ငါးမျိုးတည်း။

အင်္ဂါ ၂ ပါး
၁။ သေရည်အရက်ဖြစ်ခြင်း၊
၂။ သောက်ခြင်းအားဖြင့် အင်္ဂါ ၂ ပါးသာ။

ထို သေရည်အရက်ကို ဟင်း၌ အနံ့ကောင်းရုံမျှ အနည်းငယ် ထည့်ခတ်ရာ၌ အနာပတ္တိဟု မိန့်ရကား အချို့သော ဆေးရည်များ၌လည်း အခိုးပြင်းရုံမျှ သေရည်အရက်နံ့ မသိမသာ ပါနေလျှင် အာပတ် သင့်ဘွယ် မရှိ။ သေရည်အနံ့ အရသာ ထင်ရှားနေလျှင်ကား အာပတ်ပင်တည်း။

[ဆောင်]
မဇ္ဇဖြစ်ငြား, သောက်မျိုအားဖြင့်, ၂ ပါး အင်္ဂါ, ပြည့်စုံစွာ, သုရာပါန သင့်။

သုဒ္ဓပါစိတ် အခန်း (သုရာပါနဝဂ်)

၂။ အင်္ဂုလိ ပတောဒက

အင်္ဂုလိပတောဒကေ ပါစိတ္တိယံ။

(ဘိက္ခုနော - ရဟန်း၏၊)
အင်္ဂုလိ ပတောဒကေ - လက်ချောင်းထိုးခြင်းဟူသော ကစားခြင်းကြောင့်၊
ပါစိတ္တိယံ ဟောတိ

၂။ အင်္ဂုလိပတောဒက
[အင်္ဂုလိ = လက်ချောင်း + ပတောဒက = ထိုးခြင်း။] လက်ချောင်းတို့ဖြင့် လက်ကတီး (ချိုင်း) စသည်ကို ကလိထိုး၍ ကစားခြင်းတည်း။ ကိုယ်ဖြင့် ထိပါး၍ ကစားခြင်း ဟူသမျှလည်း ပါဝင်သည်။

အင်္ဂါ ၂ ပါး
၁။ ရယ်မြူးလို (ကစားလို)ခြင်း၊
၂။ ရဟန်းချင်း၏ ကိုယ်ချင်း (လက်ပါ) သုံးသပ်ခြင်းအားဖြင့် အင်္ဂါ ၂ ပါးတည်း။

[ကိုယ်ချင်း မဟုတ်ဘဲ ကိုယ်နှင့်စပ်နေသော ဒုတ် စသည်ဖြင့် တို့၍ ကစားလျှင် ဒုက္ကဋ်သင့်၏။ လူ သာမဏေ ဘိက္ခုနီတို့အား ကိုယ် လက်ဖြင့် ဖြစ်စေ၊ ဒုတ်ဖြင့် ဖြစ်စေ တို့၍ ကစားရာ၌လည်း ဒုက္ကဋ်ပင်။]

[ဆောင်]
ကစားလိုလျှင်း, ရဟန်းချင်း၏, ကိုယ်ချင်းထိမှု, အင် နှစ်ခု, အင်္ဂုပတော သင့်။

သုဒ္ဓပါစိတ် အခန်း (သုရာပါနဝဂ်)

၃။ ဟသဓမ္မ

ဥဒကေ ဟသဓမ္မေ ပါစိတ္တိယံ။

(ဘိက္ခုနော - ရဟန်း၏၊)
ဥဒကေ - ဖမျက်မြုပ်လောက်သော ရေ၌၊
ဟသဓမ္မေ - ရယ်မြူးခြင်းသဘောရှိသောသော ကစားခြင်းကြောင့်၊
ပါစိတ္တိယံ - ပါစိတ်အာပတ်သည်၊
ဟောတိ - ဖြစ်၏။

ဖမျက် (ခြေမျက်စိ) မြုပ်လောက်သော မြစ် ချောင်း ရေကန်တို့၌ ရှိသော ရေဝယ် ငုပ်ခြင်း ဖော်ခြင်း ကူးခြင်းတို့ကို ပျော်မြူးလို၍ ပြုလျှင် ပါစိတ်

လှေဖြင့် ကစားလျှင်၎င်း၊ အိုးခွက်တို့၌ ထည့်ထားသောရေကို ဖြစ်စေ၊ ကစည်ရည်ကို ဖြစ်စေ၊ တစက်လောက်မျှ မြှောက်၍ ကစားလျှင်၎င်း ဒုက္ကဋ်

မကျန်းမာ၍ဖြစ်စေ၊ တဘက်ကမ်းသို့ သွားလို၍ဖြစ်စေ ကူးရာ၌ အနာပတ္တိ

အင်္ဂါ ၂ ပါး

၁။ ဖမျက်မြုပ်လောက်သောရေ ဖြစ်ခြင်း၊
၂။ ပျော်မြူးလို၍ ကစားခြင်း အားဖြင့် အင်္ဂါ ၂ ပါးတည်း။

[ဆောင်]
ဖမျက်ရေတွင်း, ကစားခြင်းမျှ, အင်နှစ်ဝ, ဟသဓမ္မ သင့်။

သုဒ္ဓပါစိတ် အခန်း (သုရာပါနဝဂ်)

၄။ အနာဒရိယ

အနာဒရိယေ ပါစိတ္တိယံ။

(ဘိက္ခုနော - ရဟန်း၏၊)
အနာဒရိယေ - ပုဂ္ဂလ ဓမ္မကို မရိုမသေ မလေးစားခြင်းကြောင့်၊
ပါစိတ္တိယံ - သည်၊
ဟောတိ - ၏။

နတ္ထိ အာဒရော ယဿာတိ အနာဒရော၊ အနာဒရဿ + ဘာဝေါ အနာဒရိယံ” အရ ရိုသေ လေးစားခြင်း မရှိသူ၏ အဖြစ်ဟူသော မရိုသေ မလေးစားခြင်း ကြိယာကို “အနာဒရိယ” ဟု ခေါ်သည်။

မရိုသေခြင်း ၂ မျိုး

ထို မရိုသေခြင်းသည် ပုဂ္ဂိုလ်ကို မရိုသေခြင်းပါဠိ အဋ္ဌကထာဓမ္မကို မရိုသေခြင်းအားဖြင့် ၂ မျိုး ပြား၏။

ထိုတွင် မသင့် မတော် ပြုလုပ်နေသော ရဟန်းကို အခြားရဟန်းက ဝိနည်းလမ်းကြောင်းဖြင့် ပြောလျှင် “မင်းပြောတာကို ငါက လိုက်နာရမှာတဲ့လား”ဟူသော သဘောဖြင့် နားမထောင်ဘဲ ပြုမြဲ ပြု၏။ ထို နားမထောင်ခြင်းသည် ပုဂ္ဂိုလ်ကို မရိုသေခြင်း (မလေးစားခြင်း၊ ဂရုမစိုက်ခြင်း) တည်း။

ဝိနည်း သိက္ခာပုဒ် ဟူသော ဓမ္မဖြင့် ပြောဆိုလျှင် ထို ဝိနယဓမ္မကိုပင် ကွယ်ပျောက်စေလို၊ ပျက်ပြယ် စေလိုသော သဘောဖြင့် ပြုမြဲ ပြု၏။ ထိုသို့ ပုဂ္ဂိုလ်ကိုဖြစ်စေ၊ ဝိနယဓမ္မကိုဖြစ်စေ မရိုသေခြင်းအရေးမစိုက်ခြင်းကြောင့် ပါစိတ်

အင်္ဂါ ၂ ပါး

၁။ ရဟန်းက ဝိနည်းပညတ်ဖြင့်ပြောဆိုခြင်း၊
၂။ မလေးမစား ပြုခြင်းအားဖြင့် အင်္ဂါ ၂ ပါးတည်း။

ရဟန်းက ထို ဝိနည်းပညတ်မှတပါး သုတ် အဘိဓမ္မာလာ တရားတော်ဖြင့် ဆိုဆုံးမသည်ကို မလေးစား ရာ၌၎င်း၊ လူ သာမဏေတို့က ဝိနည်းဖြင့်ဖြစ်စေ၊ အခြားတရားဖြင့်ဖြစ်စေ ပြောဆိုသည်ကို မလေးမစား လုပ်ရာ၌၎င်း ဒုက္ကဋ်

[ဆောင်]
ရဟန်းချင်းက, ဝိနယဖြင့်, ဆုံးမသည်ကို မရိုသေစွာ အင် ၂ ဖြာ, အနာဒရိယ သင့်။

သုဒ္ဓပါစိတ် အခန်း (သုရာပါနဝဂ်)

၅။ ဘီသာပန

ယောပန ဘိက္ခု ဘိက္ခုံ ဘိံသာပေယျ၊ ပါစိတ္တိယံ။

ယော ပန ဘိက္ခု - သည်၊
ဘိက္ခုံ - ရဟန်းကို၊
ဘီသာပေယျ - ကြောက်စေအံ့၊
ဝါ - ခြောက်အံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ။

[ဘိသိဓာတ် ဏာပေပစ္စည်း၊ ယုပစ္စည်း၊ ဘိ၌ ဣကို ဒီဃပြု၍ ဘီသာပနဟု ဖြစ်၏။ သဒ္ဒနီတိ၌ နိဂ္ဂဟိတ်လာ၍ ဘိံသာပနဟု ရှိသည်။ သဒ္ဒါနက်အားဖြင့် “ကြောက်စေခြင်း”ဟု ထွက်၏။ အဓိပ္ပာယ်မှာ - ခြောက်လှန့်ခြင်း ပင်တည်း။]

ရဟန်း အချင်းချင်း ကြောက်ဘွယ်ကောင်းသော အဆင်း အသံကို ပြ၍ (ပြုလုပ်၍) ကြောက်အောင် ခြောက်လျှင် အခြောက် ခံရသူ ကြောက်ကြောက်- မကြောက်ကြောက် ပါစိတ်

အင်္ဂါ ၂ ပါး

၁။ ရဟန်းဖြစ်ခြင်း၊
၂။ ထိုရဟန်း၏ မြင်လောက်ရာ ကြားလောက်ရာ အရပ်၌ ခြောက်လှန့်ဘို့ရာ အားထုတ်ခြင်း အားဖြင့် အင်္ဂါ ၂ ပါးတည်း။

လူသာမဏေကို ခြောက်လှန့်လျှင် ဒုက္ကဋ်

[ဆောင်]
ရဟန်းဖြစ်ခြင်း, ခြောက်လှန့်ခြင်းပါ, အင် ၂ ဖြာ, ဘီသာပန သင့်။

သုဒ္ဓပါစိတ် အခန်း (သုရာပါနဝဂ်)

၆။ ဇောတိ

ယော ပန ဘိက္ခု အဂိလာနော ဝိသိဗ္ဗနာပေက္ခော ဇောတိံ သမာဒဟေယျ ဝါ သမာဒဟာပေယျ ဝါ အညတြ တထာရူပပ္ပစ္စယာ၊ ပါစိတ္တိယံ။

ယော ပန ဘိက္ခု - သည်၊
အဂိလာနော - ဂိလာနမဟုတ်ဘဲ၊
ဝိသိဗ္ဗနာပေက္ခာ - လှုံခြင်းကို ရှုငဲ့သည်၊ (လှုံလိုသည်၊)
(ဟုတွာ - ၍၊)
တထာရူပပစ္စယာ - ထို မီးတောက်စေထိုက်သော သဘောရှိသော အကြောင်းကို၊
အညတြ - ၍၊
ဇောတိံ - မီးကို၊
သမာဒဟေယျဝါ – ကိုယ်တိုင်မူလည်း တောက်စေအံ့၊
သမာဒဟာပေယျဝါ - သူတပါးကိုမူလည်း တောက်ပါစေဟု စေခိုင်းအံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ။

မီးထွန်းခြင်း၊ သပိတ်ဖုတ်ခြင်း စသော အကြောင်းကို “တထာ ရူပပစ္စယ”ဟု ခေါ်၏။ ထိုကဲ့သို့ အကြောင်းမျိုး မရှိဘဲဂိလာနလည်း မဟုတ်ဘဲ သက်သက် မီးလှုံလို၍ မီးမွှေးလျှင်၎င်း၊ လူ သာမဏေတို့ မွှေးပြီးသားကို တောက်အောင် မှုတ်လျှင် ထင်းထည့်ပေးလျှင်၎င်း၊ မီးလှုံဘို့ရန် လူ သာမဏေကို မီးမွှေး မီးထည့်ခိုင်းလျှင်၎င်း ပါစိတ်

[ဤ၌ “မီးသိစမ်း” စသော ကပ္ပိယဝေါဟာရဖြင့် ခိုင်းကောင်းသည်ဟု အဆိုမရှိ။]

အင်္ဂါ ၄ ပါး

၁။ ဂိလာန မဟုတ်ခြင်း [မီးမလှုံရလျှင် မသက်သာနိုင်အောင် မကျန်းမာသူကို “ဂိလာန”ဟု ဆိုလိုသည်။]
၂။ ခွင့်ပြုအပ်သော အကြောင်းမရှိခြင်း
၃။ လှုံလိုခြင်း [ရေနွေးတည်ရန်၊ ဆွမ်းချက်ရန် စသည်အတွက် ရဟန်းက မီးမွှေးပေးလျှင်လည်း တထာရူပပစ္စယတွင် ပါဝင်၍ အနာပတ္တိ။ သို့သော် မီးမွှေးသော နေရာက ဇာတပထဝီ (မြေသား) မဟုတ်မှ ပထဝီ ခဏန အပြစ်လွတ်မည်။]၊
၄။ မီးတောက်စေခြင်းအားဖြင့် အင်္ဂါ ၄ ပါးတည်း။

[လူ သာမဏေတို့ မွှေးပြီးမီးကို လှုံရာ၌ အနာပတ္တိ။]

[ဆောင်]
မကျန်းမာသူ, မဟုတ်မှုနှင့်, ခွင့်ပြုအပ်တောင်း, အကြောင်းမကြုံ, မီးလှုံလိုခြင်း, တောက်စေခြင်းဟု, ကြောင်းရင်းလေးရှိ, အင်္ဂါပြည့်, ဇောတိပါစိတ်သင့်။

သုဒ္ဓပါစိတ် အခန်း (သုရာပါနဝဂ်)

၇။ နှာန သိက္ခာပုဒ်

ယော ပန ဘိက္ခု သြရေနဒ္ဓမာသံ နဟာယေယျ အညတြ သမယာ၊ ပါစိတ္တိယံ။ တတ္ထာယံ သမယော၊ ဒိယဍ္ဎော မာသော သေသော ဂိမှာန”န္တိ “ဝဿာနဿ ပဌမော မာသော” ဣစ္စေတေ အဍ္ဎတေယျမာသာ ဥဏှသမယော, ပရိဠာဟသမယော, ဂိလာနသမယော, ကမ္မသမယော, အဒ္ဓါနဂမနသမယော, ဝါတဝုဋ္ဌိသမယော၊ အယံ တတ္ထ သမယော။

ယော ပန ဘိက္ခု - သည်၊
သမယာ - ရေချိုးသင့်ရာ အခါကို၊
အညတြ - ၍၊
အဒ္ဓမာသံ - တလထက်ဝက် ဆယ့်ငါးရက်၏၊
ဩရေန - အတွင်း၌၊
နှာယေယျ - ရေချိုးအံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ၊

တတ္ထ - ထို အညတြသမယာ ဟူသော ပါဌ်၌၊
အယံ - ဤဆိုအပ်လတံ့ကား၊
သမယော - အခါတည်း၊
ဂိမှာနံ - နွေလတို့၏၊
သေသော - ကြွင်းကျန်သော၊
ဒိယဍ္ဎောမာသော - တလခွဲ၎င်း၊
ဝဿာနဿ - မိုးဥတု၏၊
ပထမော - ရှေးဦးစွာသော၊
မာသော - တလ၎င်း၊
ဣတိ - ဤသို့၊
ဧတေ အဍ္ဎတေ ယျမာသာ - ဤ ၂ လခွဲ ဟူကုန်သော၊
ဥဏှသမယော - ပူရာအခါ၎င်း၊
ပရိဠာဟသမယော – အိုက်ရာအခါ၎င်း၊
ဂိလာနသမယော - မကျန်းမာရာအခါ၎င်း၊
ကမ္မသမယော - အလုပ်လုပ်ရာ အခါ၎င်း၊
အဒ္ဓါနဂမနသမယော - အဓွန့်ရှည်သောခရီးကို သွားရာအခါ၎င်း၊
ဝါတဝုဋ္ဌိသမယော - လေ မိုး ကျရာအခါ၎င်း၊
အယံ - ဤဆိုအပ်ပြီးကား၊
တတ္ထ - ထို အညတြသမယာ ဟူသော ပါဌ်၌၊
သမယော - အခါတည်း။

သြရေနဒ္ဓမာသံ” အရ ၁၅ ရက်အတွင်း ဟူသည် ၁၅ ရက် မပြည့်ခင်တည်း။ ၁၅ ရက်ပြည့်မှ တကြိမ်သာ ရေချိုးခွင့် ရသည်။ ၁၅ ရက်မပြည့်ခင် ရေချိုးလျှင် ပါစိတ်

သို့ရာတွင် ဥဏှသမယ စသော သီးခြား ခွင့်ပြုအပ်သော အခါများ၌ကား ၁၅ရက်မပြည့်သော်လည်း ရေချိုးခွင့် ရ၏

[ဤ သိက္ခာပုဒ်သည် မဇ္ဈိမဒေသ အိန္ဒိယနယ်ဟူသော တစိတ်တပိုင်း အရပ်၌ ပညတ်အပ်သော ပဒေသ ပညတ်တည်း။ ထို့ကြောင့် မြန်မာနိုင်ငံစသော ပစ္စန္တရာဇ်၌ အခါမရွေး ရေချိုးနိုင်သည်။]

ဒိယဍ္ဎောမာသော ၊ပေ၊ ပရိဠာဟ သမယော

နွေလတို့တွင် နောက်ဆုံး တလခွဲဟူသည် (မြန်မာအခေါ် အားဖြင့်) နယုန်လဆန်း ၁ ရက်မှ ဝါဆိုလပြည့် အထိတည်း။ ဤ တလခွဲသည် ဥဏှသမယ မည်၏။ မိုးဥတု၏ ပထမ တလဟူသည် ဝါဆိုလပြည့်ကျော် ၁ ရက်မှ ဝါခေါင်လပြည့်အထိတည်း။ ဤတလသည် ပရိဠာဟသမယ မည်၏။

ဣစ္စေတေ အဍ္ဎတေယျမာသာကို ဥဏှသမယော၊ ပရိဠာဟသမယောတို့၏ ဝိသေသနပုဒ်” ဟု မှတ်ပါ။

[မိုးနှင့် လုံးလုံးဝေးသည့်အခါ ပူ၏။ မိုးရွာခါနီးသောအခါ အိုက်၏။
ဤသို့ ဥဏှသမယနှင့် ပရိဠာဟသမယတို့ မတူကြပုံကို သတိပြုပါ။]

ဂိလာနသမယ စသည်

ဂိလာနသမယ ဟူသည် ရေချိုးမှ ရောဂါ သက်သာမည့် အခါတည်း။ ကမ္မသမယ ဟူရာ၌ ကျောင်းဝင်းအတွင်း တံမြက် လှည်းမှုများလည်း ကမ္မအရတွင် ပါဝင်နိုင်သည်။ အဒ္ဓါနဂမနသမယ ဟူသည် အနည်းဆုံး တယူဇနာဝက်ခရီး သွားရာအခါတည်း။ ထိုအခါ၌ သွားတုန်းလည်း ရေချိုးနိူင်၊ လိုရာအရပ်သို့ ရောက်လျှင်လည်း ချိုးနိူင်ပါသည်။ ဝါတဝုဋ္ဌိ သမယဟူသည် မြူမှုန်နှင့်တကွ လေလာ၍ မိုးလည်း တဖြောက်ဖြောက်နှင့် ကိုယ်ပေါ်မှ ကျရာအခါတည်း။ ထိုအခါ၌ ကိုယ်မှာ မြူမှုန် ကပ်နေသည့်အပြင် ကိုယ်ကို မိုးပေါက် မှန်ထားသဖြင့် ရေချိုးမှသာ စင်ကြယ်နိုင်မည်။

အင်္ဂါ ၃ ပါး

၁။ မဇ္ဈိမဒေသဖြစ်ခြင်း
၂။ ၁၅ ရက်မပြည့်မီ ရေချိုးခြင်း
၃။ ခွင့်ပြုထားရာအခါ၊ မြစ်တဘက်သို့ သွားရာအခါ၊ ဘေးအန္တရာယ်ရှိရာ အခါ မဟုတ်ခြင်းအားဖြင့် အင်္ဂါ ၃ ပါးတည်း။

[ဆောင်]
တိုင်းမဇ္ဈိမ, ဒေသဖြစ်ငြား, ဆယ့်ငါးရက်လည်, မပြည့်မီချိုး, ခါမျိုးမကြုံ, အင်သုံးစုံ, မှတ်တုံ နှာနသင့်။

သုဒ္ဓပါစိတ် အခန်း (သုရာပါနဝဂ်)

၈။ ဒုဗ္ဗဏ္ဏကရဏ

နဝံ ပန ဘိက္ခုနာ စီဝရလာဘေန တိဏ္ဏံ ဒုဗ္ဗဏ္ဏကရဏာနံ အညတရံ ဒုဗ္ဗဏ္ဏကရဏံ အာဒါတဗ္ဗံ နီလံ ဝါ ကဒ္ဒမံ ဝါ ကာဠသာမံ ဝါ။ အနာဒါ စေ ဘိက္ခု တိဏ္ဏံ ဒုဗ္ဗဏ္ဏကရဏာနံ အညတရံ ဒုဗ္ဗဏ္ဏကရဏံ နဝံ စီဝရံ ပရိဘုဉ္ဇေယျ၊ ပါစိတ္တိယံ။

နဝံ စီဝရလာဘေန - အသစ်သင်္ကန်းကို ရသော၊
ဘိက္ခုနာ – ရဟန်းသည်၊
တိဏ္ဏံ - ၃မျိုးကုန်သော၊
ဒုဗ္ဗဏ္ဏကရဏာနံ - ပျက်သောအဆင်းရှိအောင် ပြုတတ်သော ကပ္ပဗိန္ဒု တို့တွင်၊
အညတရံ - တမျိုးမျိုးသော၊
နီလံဝါ - စိမ်းညိုရောင်ရှိသည် မူလည်း ဖြစ်သော၊
ကဒ္ဒမံဝါ - ရွှံ့ညွှန်ရောင် ရှိသည်မူလည်း ဖြစ်သော၊
ကာဠသာမံဝါ - မည်းညိုရောင် ရှိသည်မူလည်း ဖြစ်သော၊
ဒုဗ္ဗဏ္ဏကရဏံ - ပျက်သော အဆင်းရှိအောင် ပြုတတ်သော ကပ္ပဗိန္ဒုကို၊
အာဒါတဗ္ဗံ - ယူရာ၏၊
ဝါ - ယူရမည်၊
ဘိက္ခု - ရဟန်းသည်၊
တိံ - ကုန်သော၊
ဒုဗ္ဗဏ္ဏကရဏာနံ - ပျက်သော အဆင်းရှိအောင် ပြုတတ်သော ကပ္ပဗိန္ဒုတို့တွင်၊
အညတရံ - သော၊
ဒုဗ္ဗဏ္ဏကရဏံ - ကို၊
အနာဒါ - မယူမူ၍၊
နဝံ - အသစ် ဖြစ်သော၊
စီဝရံ - ကို၊
စေ ပရိဘုဉ္ဇေယျ - အကယ်၍ သုံးစွဲအံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ။

ကပ္ပဗိန္ဒု မထိုးရသေးလျှင် သာမဏေတို့ ဝတ်ပြီး ဖြစ်၍ ဟောင်းနွမ်းနေသော်လည်း ဤသိက္ခာပုဒ်အရ နဝစီဝရပင်တည်း။ ထိုသို့ သင်္ကန်းသစ် ရပြီးသော ရဟန်းသည် နီလကဒ္ဒမကာဠသာမ ဟူသော ဗိန္ဒု ၃ မျိုးတွင် တမျိုးမျိုး ထိုးပြီးမှ ဝတ်ရမည်ကပ္ပဗိန္ဒု မထိုးဘဲ ဝတ်လျှင် ပါစိတ်

ပါဠိ၌ “အာဒါတဗ္ဗံ = ယူခြင်း” ဟူသည် ဗိန္ဒုပြောက် ထင်စေခြင်းတည်း။

ဝိမတိ

ရက်အနည်းငယ်မျှ ငှားဝတ်ရာ၌လည်း ဗိန္ဓုမထိုးရသေးလျှင် ထိုးပြီးမှ ဝတ်ရမည်”ဟု ဝဒန္တိဝါဒ လာ၏။ ထိုဝါဒအရ သာမဏေတို့ သင်းပိုင်ကို ခေတ္တယူ၍ ရေသနုပ် လုပ်ရာ၌ပင် ကပ္ပဗိန္ဒု ထိုးကြသည်။

နဝံ ၊ပေ၊ စီဝရလာဘေန

ဤ၌ နုဝနှင့် စီဝရလာဘေနသည် ပန+ ဘိက္ခုနာ ၂ ပုဒ် ခြားသော်လည်း “နဝစီဝရလာဘ = အသစ် သင်္ကန်းကို ရသူ” ဟု အနက်စပ်လျက် ရှိသောကြောင့် “နဝစီဝရလာဘေန”သည် သမာသ်ပုဒ် တပုဒ်လည်း ဖြစ်၏။ နဝံ၌ နိဂ္ဂဟိတ်ကား ဝါစာသိလိဋ္ဌတည်း။

တိဏ္ဏံ ဒုဗ္ဗဏ္ဏကရဏာနံ

[ဒုဗ္ဗဏ္ဏ=ဒု+ဝဏ္ဏ = မကောင်းသောအဆင်း ရှိသည်ကို + ကရဏ = ပြုတတ်သည်။]

သင်္ကန်း၌ ဗိန္ဒုပြောက် ထိုးလိုက်သည့်အခါ ထို အပြောက် အကွက်ကလေး သင်္ကန်းမှာ ထင်သွားသဖြင့် သင်္ကန်း၏ အဆင်းသည် အနည်းငယ် ပျက်သွား၏။ ထို့ကြောင့် ဗိန္ဒုပြောက်ကိုပင် ဒုဗ္ဗဏ္ဏကရဏ (အဆင်း ပျက်အောင် ပြုတတ်)ဟု ဆိုရသည်။ ထို ဗိန္ဒုအတွက် သင်္ကန်း တထည်လုံး အဆင်း ပျက်သွားသည် ဟု မမှတ်ရ။ ထို ဗိန္ဒုပြောက်သည် နီလကဒ္ဒမကာဠသာမအားဖြင့် ၃ မျိုးရှိ၏။

အချို့ကား-
တိဏ္ဏံအရ နီလ စသော ၃ မျိုးကိုမယူဘဲ သင်္ကန်းထောင့်စွန်း၌ ၃ ပွင့်ဆိုင်ထိုးခြင်းကို ယူ၍ သင်္ကန်း ထောင့်စွန်း၌ ၃ ပွင့်ဆိုင် ဗိန္ဒုထိုးကြသည်။ ထိုနည်းကို အဋ္ဌကထာ၌ “မအပ်” ဟု ပယ်ထား၏။ ထို့ကြောင့် (သင်္ကန်း တထောင့်လျှင် တပြောက်ကျ) ၄ ထောင့်လုံးဖြစ်စေ၊ ၂ ထောင့် ၃ ထောင့်မှာ ဖြစ်စေ၊ တထောင့်မှာဖြစ်စေ တပြောက်စီသာ ထိုးရမည်

[ကင်္ခါ၌ “ထောင့်၌ ထိုးရမည်ဟု မဆို၊ ယသ္မိံ ဝါ တသ္မိံဝါ ပဒေသ - ဘယ်နေရာမဆို ထိုးနိုင်၏” ဟု ဆိုသည်။]

ဗိန္ဒုအဆင်း

ကပ္ပဗိန္ဒုထိုးရာ၌ နီလရောင်ကဒ္ဒမရောင်ကာဠသာမ ရောင် ၃ မျိုးတွင် တမျိုးမျိုး ထိုးနိုင်သည်။ ထိုတွင် သားရေများကို အညိုရည် စိမ်ရာ၌ အသုံးပြုသော အညိုရောင်ကို၎င်း၊ စိမ်းစို ညိုသော သစ်ရွက်၏ အရည် ရောင်ကို၎င်း နီလရောင်ဟု ခေါ်၏။ ကဒ္ဒမရောင် (ရွှံ့ညွန်ရောင်)မှာ ယခု မျက်မြင် ရွှံ့ညွန်များ၏ အရောင်ပင်တည်း။

ကာဠသာမံ

သာမ သဒ္ဒါသည် အရွှေ၊ အညို အဆင်း ၂ မျိုးကိုပင် ဟောနိူင်သည် ဟု သက္ကတအဘိဓာန် ဆို၏။ ဤ၌ ကာဠသဒ္ဒါနှင့် တွဲဘက်၍ ပြသောကြောင့် မည်းညိုအဆင်းကို ဟောရမည်။ ထိုအညိုဟူသည်လည်း နီလအညိုမျိုး မဟုတ်၊ မည်းနက် မည်းညိုသောအညိုတည်း။

ထို့ကြောင့် ယခုအခါ ကပ္ပဗိန္ဒု ထိုးရာ၌ သစ်ရွက်စိမ်းကို သင်္ကန်းပေါ်တင်၍ ဒုတ်ချောင်းကလေးဖြင့် သစ်ရွက်ရည်များ ထွက်အောင် ခြစ်ကြ၏။ ထိုသို့ထိုးလျှင် နီလရောင်ဖြစ်၏။ ခဲတံဖြင့်ခြစ်၍ ထိုးလျှင် ကန္ဒမရောင်ဖြစ်၏။ မင်နက်ဖြင့်ထိုးလျှင် ကာဠသာမရောင် ဖြစ်သည်။

ဗိန္ဒုပမာဏ

ကပ္ပဗိန္ဒု၏ အရွယ်ပမာဏမှာ ဥဒေါင်းမျက်လုံးလောက် ဖြစ်စေ၊ ကြမ်းပိုး၏ ကျောက်ကုန်း လောက်ဖြစ်စေ ရှိစေရမည်။ ထို ကပ္ပဗိန္ဒု၏ အလယ်၌ သုညဝိုင်းကဲ့သို့ ကွက်လပ်လည်း မရှိစေရပြည့်ပြည့်ဝန်းဝန်း ရှိစေ ရမည်။

အချုပ်မှာ -
သင်္ကန်း၏ ၄ ထောင့်၌ ဖြစ်စေ၊ ၃-၂-၁ ထောင့်၌ဖြစ်စေ (အစွန်းလည်း သိပ်မကျစေဘဲ) ကြမ်းပိုး၏ ကျောက်ကုန်း၊ ဥဒေါင်းမျက်လုံး သဏ္ဌာန်ရှိသော ဗိန္ဒုကို တထောင့်လျှင် တပြောက်သာ ထိုးရမည်။ တထောင့် လျှင် ၂ ပြောက် ၃ ပြောက်စသည် စဉ်တန်း၍ဖြစ်စေ၊ သုံးပွင့်ဆိုင်စသည်ဖြစ်စေ မထိုးရဟု မှတ်ပါ။ တကြိမ်ထိုးပြီးဖြစ်လျှင် (ခဝါပေး၍၊ သို့မဟုတ် နောက်ထပ် ဖာထေး၍ ဗိန္ဒုပျက်စေကာမူ) ထပ်၍ ထိုးဘွယ် မလိုတော့ပြီ

[ကပ္ပကတော ကာသေ ဇိဏ္ဏေ ၊ပေ၊ အနာပတ္တိ၊ -ကင်္ခါ အဋ္ဌကထာ။]

ကပ္ပဗိန္ဒု ထိုးရကျိုး

ကပ္ပဗိန္ဒုထိုးရာ၌ “ဒုဗ္ဗဏ္ဏကရဏ” ပုဒ်ကို ထောက်၍ တချို့က -
“သင်္ကန်းအဆင်းပျက်စေခြင်းငှာ ကပ္ပဗိန္ဒု ထိုးရသည်”ဟု ဆိုကြ၏။
တချို့က “သင်္ကန်းကို မှတ်မိအောင် ကပ္ပဗိန္ဒု ထိုးရသည်”ဟု ဆိုကြ၏။

ထိုတွင် သင်္ကန်းထောင့်၌ တပြောက်မျှ ထိုးရုံဖြင့် အဆင်းများစွာ မပျက်၊ ရဟန်းအားလုံး၏ သင်္ကန်း တိုင်းမှာ ထို အပြောက်မျိုး ပါနေသောကြောင့် မှတ်မိဘွယ်လည်း မရှိရကား ထို ၂ ဝါဒလုံး အခြေအမြစ် မရှိကြချေ

ဘုရား လက်ထက်တော်၌ တိတ္ထိများနှင့် ရဟန်းများ ခရီး အတူသွားစဉ် ဒမြတို့က အဝတ်တို့ကို လုယူပြီး နောက် မင်းမှုထမ်းတို့ ဖမ်း၍ ပြန်ရသောအခါ တိတ္ထိတို့ အဝတ်နှင့် မိမိတို့ သင်္ကန်းကို ရဟန်းများ မခွဲခြားနိူင်သောကြောင့် တိတ္ထိတို့ အဝတ်နှင့် ခွဲခြားခြင်းအကျိုးငှာ ရဟန်းများ၏သင်္ကန်းကို “ကပ္ပဗိန္ဒု” ခေါ် အပြောက်တမျိုးဖြင့် မှတ်သားထားစေတော်မူခြင်း ဖြစ်သည်။

အင်္ဂါ ၃ ပါး

၁။ ဝတ်ရုံလောက်သော သင်္ကန်း၏ ကပ္ပဗိန္ဓု မထိုးရသေးခြင်း
၂။ ပျောက်သောသင်္ကန်းရှိသူ စသည် မဟုတ်ခြင်း (သင်္ကန်းကို ဒမြ စသည်တို့ လုယူထားသည့်အခါ ကပ္ပဗိန္ဒု မထိုးရသေးသော သင်္ကန်းကိုပင် ဝတ်ကောင်းသည်။)၊
၃။ သင်းပိုင် ကိုယ်ရုံ တခုခုဖြစ်ခြင်း
အင်္ဂါ ၃ ပါးတည်း။

[ဆောင်]
ဝတ်ရုံလောက်စွ, စီဝရ၏, ကပ္ပဗိန္ဒု, မပြုရလျှင်း, သင်္ကန်း ပျောက်လတ်, မဟုတ်တတ်ဘဲ, ခါးဝတ် ကိုယ်ရုံ, အင်သုံးစုံ, သင့်တုံ ဒုဗ္ဗဏ္ဏ

သုဒ္ဓပါစိတ် အခန်း (သုရာပါနဝဂ်)

၉။ ဝိကပ္ပနာ

ယော ပန ဘိက္ခု ဘိက္ခုဿ ဝါ ဘိက္ခုနိယာ ဝါ သိက္ခမာနာယ ဝါ သာမဏေရဿ ဝါ သာမဏေရိယာ ဝါ သာမံ စီဝရံ ဝိကပ္ပေတွာ အပ္ပစ္စုဒ္ဓါရဏံ ပရိဘုဉ္ဇေယျ၊ ပါစိတ္တိယံ။

ယော ပန ဘိက္ခု – သည်၊
ဘိက္ခုဝါ - ရဟန်းအားသော်၎င်း၊
ဘိက္ခုနိယာဝါ - ရဟန်းမအားသော်၎င်း၊
သိက္ခမာနာယဝါ - သိက္ခာမာန်အားသော်၎င်း၊
သာမဏေရဿဝါ − သာမဏေအားသော်၎င်း၊
သာမဏေရိယာဝါ - သာမဏေမအားသော်၎င်း၊
သာမံကိုယ်တိုင်
စီဝရံ – သင်္ကန်းကို၊
ဝိကပ္ပေတွာ - ဝိကပ္ပနာ ပြုပြီး၍
အပစ္စုဒ္ဓရဏံ - ပစ္စုဒ္ဓိုရ် မပြုအပ်သေးသော သင်္ကန်းကို၊
ဝါ - ဝိကပ္ပနာ မပြန်အပ်သေးသော သင်္ကန်းကို၊
ပရိဘုဉ္ဇေယျ - သုံးစွဲအံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ။

ဘိက္ခုစသော သီတင်းသုံးဘော် ၅ ယောက်တွင် တယောက်ယောက်အား သင်္ကန်းကို ကိုယ်တိုင် ဝိကပ္ပနာ ပြုပြီးနောက် ပစ္စုဒ္ဓိုရ် မပြုအပ်သေးသော ထိုသင်္ကန်းကို ဝတ်ရုံ သုံးစွဲလျှင် ပါစိတ်

ဝိကပ္ပနာ၏ အဓိပ္ပာယ်နှင့် အကျိုးရ

[ဝိ = မိမိဥစ္စာ အဖြစ်မှ ကင်းအောင် + ကပ္ပန = ပြုခြင်း။] မိမိသင်္ကန်း (မိမိသပိတ်)ဟု အမှတ်မထား တော့ဘဲ သီတင်းသုံးဘော် တပါးပါးအား ပေးလိုက်သောအခါ ကိုယ့်ဥစ္စာ အမှတ်မှ ကင်းကွာတော့ သဖြင့် သီတင်းသုံးဘော်အား ပေးခြင်းကိုပင် ဝိကပ္ပနာ ပြုခြင်းဟု ခေါ်၏။ ထို ဝိကပ္ပနာပြုပြီးသောအခါ မိမိဥစ္စာ မဟုတ်တော့ရကား ၁ဝ ရက် လွန်သော်လည်း နိသဂ္ဂိ မထိုက်တော့

ဝိကပ္ပနာ ၂ မျိုး

သမ္မုခ ဝိကပ္ပနာပရံမုခ ဝိကပ္ပနာ ဟု ဝိကပ္ပနာ ၂ မျိုးရှိ၏။

ထိုတွင် “သံမုခေန - မိမိနှုတ်ဖြင့် + ဝိကပ္ပနာ - ဝိကပ္ပနာ ပြုခြင်းသည်၊ သမ္မုခဝိကပ္ပနာ - မည်၏” ဟူသော ဋီကာနှင့်အညီ သင်္ကန်းရှင်ကိုယ်တိုင် မိမိ နှုတ်ဖြင့် ဝိကပ္ပနာပြုခြင်းသည် သမ္မုခ ဝိကပ္ပနာမည်၏။

ဝိနည်းဓိုရ် တပါးပါးထံ အပ်နှံ၍ သူတပါးဟု ဆိုရသော ထိုဝိနည်းဓိုရ်၏နှုတ်ဖြင့် ဝိကပ္ပနာပြုခြင်းသည် ပရံမုခ ဝိကပ္ပနာ မည်၏။

သမ္မုခ ဝိကပ္ပနာ ၂ မျိုး

သံမုခဝိကပ္ပနာလည်း မိမိပေးလိုရာ သီတင်းသုံးဘော်က အနီးအပါးမှာရှိစဉ် ဝိကပ္ပနာပြုပုံတမျိုး၊ မိမိပေးလိုရာ သီတင်းသုံးဘော်က အဝေးမှာရှိစဉ် ဝိကပ္ပနာပြုပုံ တမျိုးအားဖြင့် ၂ မျိုးရှိ၏။ [ပရံမုခဝိကပ္ပနာမှာ တမျိုးတည်းသာ ရှိသည်။]

အနီးရှိသူအား သမ္မုခ ဝိကပ္ပနာပြုပုံ

သင်္ကန်းရှင်က ဦးတိဿအား ပေးလိုလျှင် ဦးတိဿထံ ချဉ်းကပ်၍ သင်္ကန်းတထည်ကို ကိုင်၍ဖြစ်စေ၊ အနီး၌ ချ၍ဖြစ်စေ “ဣမံ စီဝရံ တုယှံ ဝိကပ္ပေမိ” ဟု ဆိုပါ။ သင်္ကန်းများနေလျှင် “ဣမာနိ စီဝရာနိ တုယှံ ဝိကပ္ပေမိ”ဟု ဆို။ သင်္ကန်းက အနီးမှာမရှိလျှင် အဝေး ရှိရာကို ပြောပြ၍ (မန္တလေးနေခိုက် စစ်ကိုင်းမှာရှိလျှင် စစ်ကိုင်း မည်သည့် နေရာမှာ မည်သည့်သင်္ကန်း ရှိပါသည်ဟု ပြောပြ၍) “ဣမံ” နေရာဝယ် “ဧတံ”၊ ဣမာနိ နေရာဝယ် “ဧတာနိ”ဟု ပြောင်းလွှဲ၍ ဆိုပါ။

[ဣမံ စီဝရံ - ဤ သင်္ကန်းကို၊
တုယှံ - သင့်အား (အရှင့်အား)၊
ဝိကပ္ပေမိ - ဝိကပ္ပနာ ပြုပါ၏။]

ပစ္စုဒ္ဓိုရ်ပြုပုံ

ပြခဲ့သောနည်းဖြင့် ဝိကပ္ပနာပြုပြီးသည့်အခါ ထိုသင်္ကန်းကို မိမိနေရာ၌ ပြန်ယူ သိမ်းထားရုံကား သိမ်းထားခွင့် ရ၏၊ နိသဂ္ဂိ မထိုက်။

သို့သော် မိမိက ဦးတိဿအား ပေးထား၍ ဦးတိဿ၏ ပစ္စည်း ဖြစ်သောကြောင့် မိမိကိုယ်ဘိုင် ဝတ်ရုံခြင်း၊ တဆင့်ပေးလှူခြင်းစသည်တို့ကိုကား ပြုပိုင်ခွင့် မရှိချေ။ အကယ်၍ သုံးစွဲလျှင် ဤ သိက္ခာပုဒ်အရ ပါစိတ်အာပတ် သင့်သည်

ထို့ကြောင့် ဝိကပ္ပနာပြုအပ်ပြီးသော သင်္ကန်းကို ဦးတိဿက “မယှံ သန္တကံ ပရိဘုဉ္ဇဝါ ဝိသဇ္ဇေဟိဝါ ယထာပစ္စယံ ကရောဟိ”ဟု ပစ္စုဒ္ဓိုရ် ပြုရဦးမည်

[မယှံ - ငါ၏၊ (တပည့်တော်၏၊)
သန္တကံ - ဥစ္စာကို (ဥစ္စာဖြစ်သော သင်္ကန်းကို၊)
ပရိဘုဉ္ဇဝါ - သုံးစွဲလိုမူလည်း သုံးစွဲပါ၊
ဝိသဇ္ဇေဟိဝါ - စွန့်လိုမူလည်း စွန့်ပါ၊
ယထာပစ္စယံ - အကြောင်းအားလျော်စွာ၊
ကရောဟိ - ပြုပါ။]

သင်္ကန်းများလျှင် “မယှံ သန္တကာနိ” ဟု ဆိုရမည်။
ဤသို့ ပစ္စုဒ္ဓိုရ်ပြုပြီးသည့်အခါ ထို သင်္ကန်းကို မူလ သင်္ကန်းရှင်က အလိုရှိသလို ပြုနိုင်ပြီ

ဆက်ဦးအံ့ ---

ပစ္စုဒ္ဓိုရ်ပြုခြင်းသည် ပထမ ကထိနသိက္ခာပုဒ်၌ပြခဲ့သော ရုပ်သိမ်းခြင်းမျိုး မဟုတ်၊ အလိုရှိသလို သုံးစွဲနိူင်ရန် ခွင့်ပြုခြင်းတည်း။ ထိုသို့ ပစ္စုဒ္ဓိုရ်ပြုသင့်လျက် မပြုလျှင် ဝိနည်းဓိုရ်မှာ ဒုက္ကဋ်ဟု ပထမ ကထိန သိက္ခာပုဒ်၌ ဆိုခဲ့ပြီ။

ယထာပစ္စယံဝါ”ဟု အချို့ စာ၌ ဝါသဒ္ဒါပါ၏။ ထိုဝါသဒ္ဒါ လိုမည် မထင်။ ဘာ့ကြောင့်နည်း။ “ယထာပစ္စယံ ကရောဟိ”သည် “ထို သင်္ကန်းနှင့် စပ်၍ ပြုခွင့်ရှိသမျှကို ပြုတော့”ဟု အကျဉ်းချုပ် ဆိုသော စကားဖြစ်၍ ထိုစကားတွင် ပရိဘုဉ္ဇန၊ ဝိသဇ္ဇနတို့လည်း ပါဝင်ခွင့် ရှိသောကြောင့်တည်း။

မှတ်ချက်

ဤ “ယထာပစ္စယံ ကရောဟိ”အရ တိစီဝရိတ် အဓိဋ္ဌာန် တင်၍ သုံးစွဲလိုလျှင်လည်း ဝိကပ္ပနာပြုပြီး သင်္ကန်းကို တိစီဝရိတ် အဓိဋ္ဌာန် တင်၍ သုံးစွဲနိူင်၏ ဟု မှတ်ပါ။ ဤ ပစ္စုဒ္ဓိုရ်ပြုခြင်းကို “ဝိကပ္ပနာပြန်ခြင်း”ဟု ခေါ်ကြသည်

အဝေးနေသူအား သမ္မုခ ဝိကပ္ပနာပြုပုံ

မိမိပေးလိုရာ ပုဂ္ဂိုလ်က အဝေး (အခြားကျောင်းတိုက်)၌ နေလျှင် ဝိနည်းဓိုရ် တပါးပါးထံ သွား၍ ပေးလိုရာ ပုဂ္ဂိုလ်၏နာမည်ကို လျှောက်ပြီးနောက် (ဥပမာ-မည်သည့် အရပ်၌ နေသူ ဦးတိဿအား ပေးလိုပါသည်ဟု လျှောက်ပြီးနောက်) “ဣမံ စီဝရံ တိဿဿ ဘိက္ခုနော ဝိကပ္ပေမိ”ဟု ဆို၍ ဝိကပ္ပနာ ပြုရသည်။ ထို့နောက် ဝိနည်းဓိုရ်ကပင်တိဿဿ သန္တကံ ပရိဘုဉ္ဇဝါ ဝိသဇ္ဇေဟိဝါ ယထာပစ္စယံ ကရောဟိ”ဟု ပစ္စုဒ္ဓိုရ်ပြု ပေးရသည်

ပရံမုခ ဝိကပ္ပနာပြုပုံ

မိမိကိုယ်တိုင် ဝိကပ္ပနာပြုနည်းကို နားမလည် နားလည်သော်လည်း ပါးစပ် နာနေခြင်း စသော အကြောင်း တခုခုကြောင့် ဝိနည်းဓိုရ်တပါးပါးထံ “ဣမံ စီဝရံ တုယှံ ဝိကပ္ပနတ္ထာယ ဒမ္မိ”ဟု ပါဠိလိုဖြစ်စေ၊ ဤသင်္ကန်းကို ဝိကပ္ပနာပြုရန် အရှင့်အား ပေးပါ၏”ဟု မြန်မာလို ဖြစ် ဝိကပ္ပနာပြုဘို့ ပေးရမည်

ထိုအခါ ဝိနည်းဓိုရ်ပုဂ္ဂိုလ်က “ကိုယ်တော် ပေးလိုရာ သီတင်းသုံးဘော်ကို ညွှန်ပြပါ” ဟု ဆိုလျှင် “မည်သည့် ကျောင်း၌ နေသော ဦးတိဿဘွဲ့” စသည်ဖြင့် ညွှန်ပြရမည်။ ထိုအခါ ဝိနည်းဓိုရ်ကအဟံ ဣမံ စီဝရံ တိဿဿ ဘိက္ခုနော ဒမ္မိ”ဟုဆို၍ ဝိကပ္ပနာပြုရသည်

ထို့ နောက် ဝိနည်းဓိုရ် ကပင်တိဿဿ သန္တကံ ပရိဘုဉ္ဇဝါ ဝိသဇ္ဇေဟိဝါ ယထာပစ္စယံ ကရောဟိ”ဟု ဆို၍ ပစ္စုဒ္ဓိုရ် ပြုပေးရဦးမည်။ ဘိက္ခုနီ စသည်အား ပေးလိုလျှင်လည်း “တိဿာယ ဘိက္ခုနိယာ, တိဿဿ သာမဏေရဿ” စသည်ဖြင့် အလိုရှိရာ သီတင်းသုံးဘော် နာမည်ကို ထည့်၍ ဆိုပါ။

အင်္ဂါ ၃ ပါး

၁။ ကိုယ်တိုင် ဝိကပ္ပနာပြုအပ်သောသင်္ကန်း၏ ပစ္စုဒ္ဓိုရ် မပြုရသေးခြင်း
၂။ ဝိကပ္ပနာလောက်သော သင်္ကန်း ဖြစ်ခြင်း
၃။ သုံးစွဲခြင်း အားဖြင့် အင်္ဂါ ၃ ပါးတည်း။

မှတ်ချက်

ဝိနည်းဓိုရ်က ပစ္စုဒ္ဓိုရ်မပြုရသေးခင် သုံးစွဲလိုလျှင် (ဝိနည်းဓိုရ် မဟုတ်သော) ဝိကပ္ပနာပြုဘက် ပုဂ္ဂိုလ်၏ ဥစ္စာကိုပင် ဝိဿာသဂ္ဂါဟ အဖြစ်ဖြင့် ယူ၍ သုံးစွဲလျှင်လည်း အနာပတ္တိ

[ဆောင်]
ကိုယ်တိုင်ဝိကပ်, ပြုအပ်ပြီးကို, ပစ္စုဒ္ဓိုရ်မှု, မပြုရဘိ, ဝိကပ္ပနာ, လောက်စွာ သင်္ကန်း, တင်လွှမ်း ဝတ်ရုံ, အင် သုံးစုံ သင့်တုံ ဝိကပ္ပန

သုဒ္ဓပါစိတ် အခန်း (သုရာပါနဝဂ်)

၁၀။ စီဝရာပနိဓာန

ယော ပန ဘိက္ခု ဘိက္ခုဿ ပတ္တံ ဝါ စီဝရံ ဝါ နိသီဒနံ ဝါ သူစိဃရံ ဝါ ကာယဗန္ဓနံ ဝါ အပနိဓေယျ ဝါ အပနိဓာပေယျ ဝါ အန္တမသော ဟသာပေက္ခောပိ၊ ပါစိတ္တိယံ။

ယော ပန ဘိက္ခု - သည်၊
ဘိက္ခုဿ - ရဟန်း၏၊
ပတ္တံဝါ - သပိတ်ကိုသော်၎င်း၊
စီဝရံဝါ - သင်္ကန်းကိုသော်၎င်း၊
နိသီဒနံဝါ - နိသီဒိုန်ကိုသော်၎င်း၊
သူစိဃရံဝါ - အပ်ဗူးကိုသော်၎င်း၊
ကာယဗန္ဓနံဝါ - ခါးပန်းကြိုးကိုသော်၎င်း၊
အန္တမသော - အောက်ထစ်ဆုံးအားဖြင့်၊
ဟသာပေက္ခာ - ရှယ်ရွှင်ခြင်းကို ငဲ့သည်၊
(ဟုတွာပိ - ၍လည်း၊)
အပနိဓေယျဝါ - ကိုယ်တိုင်မူလည်း ဝှက်ထားအံ့
အပနိဓာပေယျဝါ - သူတပါးကိုမူလည်း ဝှက်ထားစေအံ့
တဿ ဘိက္ခု နော ပါစိတ္တိယံ ဟောတိ။

သဋ္ဌော - သော၊
သုရာပါနဝဂ္ဂေါ - တည်း။

ရဟန်း၏ သပိတ်၊ သင်္ကန်း စသည်ကို ဝှက်ထားလျှင်၎င်း၊ သူတပါးကို အဝှက်ခိုင်းလျှင်၎င်း၊ အယုတ်သဖြင့် ဥစ္စာရှင်ဖြစ်သူမှာ ဟိုရှာ သည်ရှာဖြင့် ပျူးတူးပျာတာ ဖြစ်နေသည်ကို ကြည့်ကာ ရယ်ရွှင်လိုသောကြောင့် ဖြစ်စေ ကိုယ်တိုင်ဝှက်ထားလျှင်၊ သို့မဟုတ် အဝှက်ခိုင်းလျှင် ပါစိတ်ရယ်ရွှင်လို၍ မဟုတ်ဘဲ သက်သက် ညှဉ်းဆဲလို၍ ဝှက်ထားလျှင်ကား ပါစိတ် သင့်ကြောင်းမှာ ဆိုဘွယ်ရာ မရှိပြီ

ပတ္တစသည်

သပိတ်၊ သင်္ကန်းဟူရာ၌ အဓိဋ္ဌာန် ဝိကပ္ပနာလောက်သော သပိတ်၊ သင်္ကန်းတည်း။ နိသီဒိုန်မှာ နောက်၌ ထင်ရှားလတံ့။ သူစိဃရ၌ “သူစိ-အပ်၏+ ဃရ-အိမ်” အရ အပ်ထည့်ရာ အိမ်ဟူသည် အပ်ဗူးတည်း။ ဤ အပ်ဗူးကိုပင် ကျည်တောက်နှင့်လည်း တူသောကြောင့် “အပ်ကျည်” ဟုလည်း ခေါ်လေ့ရှိသည်။ ကာယဗန္ဓန ကား ယခုမျက်မြင် ခါးပန်းအပြားနှင့် ဝက်အူကဲ့သို့ အထဲ၌ အခေါင်းပါအောင် ရက်ထားအပ်သော ခါးပန်းလုံးတည်း။

အခြားပစ္စည်း ဝှက်မှု

ဤ ပြအပ်ခဲ့သော ပတ္တ စသည်မှတပါး အခြား သပိတ် အိတ် စသည်ကို ဝှက်လျှင်၎င်း၊ လူ သာမဏေ၏ ပစ္စည်း ဟူသမျှကို ဝှက်လျှင်၎င်း ဒုက္ကဋ်မတော်မလျော် ပစ်ထားသည်ကို သိမ်းထားလျှင်၎င်း၊ မတော်မလျော် ထားသူကို ဆုံးမလို၍ ခေတ္တ ဝှက်ထားလျှင်၎င်း အနာပတ္တိ

အင်္ဂါ ၂ ပါး

၁။ ရဟန်း၏ ဥစ္စာဖြစ်သော သပိတ် စသည် ၅ မျိုးကို ဝှက်ထားခြင်း
၂။ ညှဉ်းဆဲလို၊ သို့မဟုတ် ရယ်ရွှင်လိုခြင်းအားဖြင့် ၂ ပါးတည်း။

[ညှဉ်းဆဲလိုမှုနှင့် ရယ်ရွှင်လိုမှု ၂ ပါးတွင် ညှဉ်းဆဲလိုမှုက သာ၍ နာဘွယ်ကောင်းခြင်း၊ ရယ်ရွှင်လိုမှုက သက်သာသေးခြင်းကြောင့် ရယ်ရွှင်လိုမှုကို “အန္တမသော - အောက်ထစ်ဆုံး ရည်ရွယ်ချက်” ဟု မိန့်တော်မူသည်။]

[ဆောင်]
ဘိက္ခုသန္တက, သပိတ် စသား, မျိုးငါးပါးကို, ဝှက်ထားဘိလျှင်း, ညှဉ်းဆဲခြင်းလို, ရယ်ရွှင်လိုဟု, ကြောင်း ထိုနှစ်လီ, အင်္ဂါညီ, သင့်ပြီ စီဝရ-ပနိဓာန

သုဒ္ဓပါစိတ် အခန်း (သပါဏကဝဂ်)

၁။ သဉ္စိစ္စပါဏ

ယော ပန ဘိက္ခု သဉ္စိစ္စ ပါဏံ ဇီဝိတာ ဝေါရောပေယျ၊ ပါစိတ္တိယံ။
ယော ပန ဘိက္ခု - သည်၊
သဉ္စိစ္စ - သတ္တဝါဟု သိသော သညာနှင့်တကွစေ့ဆော်၍၊
ပါဏံ - တိရစ္ဆာန်သတ္တဝါကို၊
ဇီဝိတာ - ဇိဝိတိန္ဒြေမှ၊
ဝေါရောပေယျ - ခွဲအံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ။

တတိယ ပါရာဇိက၌ လူကို သတ်ခြင်းကြောင့် ပါရာဇိကအာပတ် ပညတ်တော်မူခဲ့ပြီ။ ထို့ကြောင့် ဤ သိက္ခာပုဒ်၌ ပါဏအရ တိရစ္ဆာန်သတ္တဝါကိုသာ ယူရတော့သည်။ တိရစ္ဆာန်ကို သတ်လျှင် ငယ်သည် ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ပါစိတ်အာပတ် ချည်းသာ။ သို့ရာတွင် ကြီးသော တိရစ္ဆာန်ကို သတ်ရာ၌ လုံ့လပယောဂ များစွာစိုက်ရသောကြောင့် အဘိဓမ္မာ နည်းအရ အကုသိုလ် အပြစ်ကား အငယ်ကို သတ်ခြင်းထက် ကြီးမား များပြားလေသည်။

အင်္ဂါ ၅ ပါး

၁။ တိရစ္ဆာန်ဖြစ်ခြင်း၊
၂။ သတ္တဝါမှန်းသိခြင်း၊
၃။ သတ်လိုသောစိတ် ရှိခြင်း၊
၄။ လုံ့လအားစိုက်ခြင်း၊
၅။ သေခြင်း။

၂။ သပါဏက

ယော ပန ဘိက္ခု ဇာနံ သပ္ပါဏကံ ဥဒကံ ပရိဘုဉ္ဇေယျ၊ ပါစိတ္တိယံ။
ယော ပန ဘိက္ခု - သည်၊
ဇာနံ - ပိုးကောင်ရှိသော ရေဟု သိလျက်၊
သပ္ပါဏကံ - ပိုးကောင်နှင့် တကွဖြစ်သော၊
ဝါ - ပိုးကောင်ရှိသော၊
ဥဒကံ - ရေကို၊
ပရိဘုဉ္ဇေယျ - သုံးစွဲအံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ။

အရာဝတ္ထု ၂ မျိုးကွဲရာ၌ (သဟယောဂ + သဟယောဂဝန္တ ၂ မျိုးခွဲ၍ရရာ၌) ၏ အနက်ကို “တကွ”ဟု ပေးရ၏။ အရာဝတ္ထု တခုတည်းရှိရာ၌ ၏အနက်ကို “ရှိ၏”ဟု ပေးရမည်။ ဥပမာ- “သဝိတက္ကာ-ဝိတက်နှင့် တကွဖြစ်သော တရားတို့၊ သလောမကော-အမွေးရှိသောငှက်” ဟူသည်တည်း။ ဤ သပါဏက၌လည်း ရေနှင့် ပါဏ ၂ မျိုးပြားသောကြောင့် ၏အတွက် “တကွ” ဟူသော အနက်သာ မှန်သည်။ သို့သော် အများသုံး လိုက်၍ “သပါဏကံ- ပိုးကောင်ရှိသော”ဟု တနည်းပေးသည်။

ပါဏချင်း ထူးပုံ

ပရိဘုဉ္ဇေယျအရ သုံးစွဲခြင်းဟူရာ၌ “သောက်ခြင်း” တမျိုးသာ သာမက သောက်ခြင်း၊ ဆေးခြင်း၊ မီးငြှိမ်းခြင်း၊ ရေချိုးခြင်း စသော အားလုံးကို ယူပါ။ ထို သောက်ခြင်းစသည်ကို ပြုလိုက်လျှင် သေလောက်သော ပိုးကောင်ငယ်များကို သပါဏကံပုဒ်၌ ပါဏအရ ယူရမည်။ ရှေ့သိက္ခာပုဒ်၌ ပါဏအရ တိရစ္ဆာန် ဟူသမျှကို ယူရခြင်း၊ ဤ၌ သေးငယ်သော ပိုးကောင်ကိုသာ ယူရခြင်းသည် ပါဏ ၂ မျိုး အထူးတည်း။ ပိုးကောင်ရှိမှန်း သိလျက် ထိုရေ သောက်ခြင်း စသည် ပြုလျှင် ပါစိတ်အာပတ်။ ကြွင်းသောအင်္ဂါ စသည် မှတ်ဘွယ်များကို ဘူတဂါမဝဂ် ၁ဝ နံပါတ်သိက္ခာပုဒ်ကို နည်းမှီး၍ သိပါ။

၃။ ဥက္ကောဋန

ယော ပန ဘိက္ခု ဇာနံ ယထာဓမ္မံ နိဟတာဓိကရဏံ ပုနကမ္မာယ ဥက္ကောဋေယျ၊ ပါစိတ္တိယံ။
ယော ပန ဘိက္ခု - သည်၊
ဇာနံ - တရားသဖြင့် ငြိမ်းစေအပ်ပြီးသော အဓိကရုဏ်းဟု သိလျက်၊
ယထာဓမ္မံ - တရားနည်းလမ်းအတိုင်း၊
နိဟတာဓိကရဏံ - နှိပ်နင်းအပ်ပြီးသော အဓိကရုဏ်းကို၊
ဝါ - ငြိမ်းအပ်ပြီးသော အဓိကရုဏ်းကို၊
ပုနကမ္မာယ - ထပ်မံ၍ ကံပြုဘို့ရာ၊
ဥက္ကောဋေယျ - လှုပ်ရှားစေအံ့၊
ဝါ - လှုံ့ဆော်အံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ။

စူဠဝဂ္ဂ သမထက္ခန္ဓက ပါဠိတော်၌ အဓိကရုဏ်း ငြိမ်းကြောင်း တရားနည်းလမ်းများကို ဘုရားရှင် ပြထားတော်မူ၏။ ထိုတရား နည်းလမ်းအတိုင်း ဝိနည်းဓိုရ်ပုဂ္ဂိုလ်တို့ ငြိမ်းစေအပ်ပြီးသော အဓိကရုဏ်းကို (တရားနည်းလမ်းအတိုင်း ငြိမ်းစေအပ်ပြီးမှန်း)သိလျက် နောက်ထပ်ကံပြုဘို့ရာ “အဓိကရုဏ်း မငြိမ်းသေးဘူး၊ မကြာမီက ငြိမ်းစေတယ်ဆိုသော်လည်း မတရား ငြိမ်းစေခြင်းဖြစ်သည်၊ အဓိကရုဏ်းငြိမ်းအောင် နောက်ထပ် ကံပြုသင့်သည်”ဟု ထိုထိုရဟန်းအထံ သွား၍ လှုံ့ဆော်လျှင် ပါစိတ်

နိဟတာဓိကရဏံ

နိဟတ” ပုဒ်ကို “ငြိမ်းစေအပ်ပြီး” ဟု ပေးရာ၌ အဓိပ္ပာယ်နက်သာ။ ဤ၌ “နိဟတော-တွမသိအန္တက”ဟူသော ပါဠိတော်ကို ထောက်၍ “နှိပ်နှင်းအပ်ပြီးသော”ဟု သဒ္ဒါနက် ပေးလိုက်သည်။

ဥက္ကောဋေယျ

ဥစ္စာလေယျ” ဟု ဖွင့်၏။ “လှုပ်ရှားစေခြင်း” ဟူသည် ငြိမ်းစေအပ်ပြီးသည့်အတိုင်း ငြိမ်ငြိမ် သက်သက် မရှိစေဘဲ ထို အဓိကရုဏ်းနှင့် ဆိုင်ရာ ပုဂ္ဂိုလ်တို့ လှုပ်လှုပ်ရွရွ ဖြစ်လာစေခြင်းတည်း။ ဤကဲ့သို့ လှုပ်ရှား စေခြင်းမျိုးကို “လှုံ့ဆော်ခြင်း” ဟု ခေါ်သည်။

အင်္ဂါ ၃ ပါး

၁။ တရားနည်းလမ်းအတိုင်း ငြိမ်းစေအပ်ပြီးဖြစ်ခြင်း၊
၂။ ထိုသို့ ငြိမ်းစေပြီးမှန်း သိခြင်း၊
၃။ လှုံ့ဆော်ခြင်း အားဖြင့် ၃ ပါးတည်း။

[ဆောင်]
တရားနည်းလမ်း, ဖြောင့်တန်း မသွေ, ငြိမ်းစေအပ်ဘိ, ထိုသို့ သိလျှင်း, လှုံ့ဆော်ခြင်းဟု, ကြောင်းရင်း သဘော, ၃ ပါးနှော, ဥက္ကောဋန သင့်။

၄။ ဒုဋ္ဌုလ္လ

ယော ပန ဘိက္ခု ဘိက္ခုဿ ဇာနံ ဒုဋ္ဌုလ္လံ အာပတ္တိံ ပဋိစ္ဆာဒေယျ၊ ပါစိတ္တိယံ။
ယော ပန ဘိက္ခု - သည်၊
ဇာနံ - ဒုဋ္ဌုလ္လအာပတ် ဟု သိလျက်၊
ဘိက္ခုဿ - ရဟန်း၏၊
ဒုဋ္ဌုလ္လံ - ရုန့်ရင်းသော၊
အာပတ္တိံ - အာပတ်ကို၊
ပဋိစ္ဆာဒေယျ - ဖုံးထားအံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ။

ဤသိက္ခာပုဒ်၌ ဒုဋ္ဌုလ္လအရ သံဃာဒိသေသ်အာပတ်ကို ယူပါ။ ဦးတိဿ၌ ဒုဋ္ဌုလ္လအာပတ် သင့်နေကြောင်းကို ဦးဒတ္တက သိပါလျက် ဦးတိဿကို အရှက်တကွဲ အကျိုးနဲမည်စိုး၍ အခြား ရဟန်းတို့အား မပြောဘဲ ဖုံးထားလျှင် ဦးဒတ္တ၌ ပါစိတ်အာပတ် သင့်၏။

မှတ်ချက်

ဤသို့ ဖုံးထားရာ၌ “မပြောတော့ဘူး” ဟု ဆုံးဖြတ်လိုက်လျှင်ပင် အာပတ်သင့်ပြီ။ ထိုသို့ ဆုံးဖြတ်ပြီးမှ ပြောသော်လည်း အာပတ်မှမလွတ်။ ပထမ အာပတ်သင့်သော ရဟန်းက ဒုတိယရဟန်းကို ဒေသနာပြော ပြော၍ ဒုတိယရဟန်းက ဖုံးထားလျှင်လည်း အာပတ်သင့်ပြန်သည်။

အာပတ်အဆက်

ဒုတိယ ရဟန်းက တတိယအား ပြောသော်လည်း “ကိုယ်တော်သာ သိပါစေ၊ သူများကို မပြောလိုက်ပါနှင့်”ဟု ဖုံးပြော ပြောလျှင် ဒုတိယရဟန်းမှာ အာပတ်မလွတ်။ ဤနည်းအတိုင်း ဖုံးပြော ပြောကြလျှင် ရဟန်း ရာ ထောင်ပင် အာပတ် မလွတ်ကြ
ဒုတိယရဟန်းက တတိယအား ပြော၊
တတိယကလည်း (ဖုံးထားလျှင် သူ့မှာ အာပတ်သင့်မည်စိုး၍) ဒုတိယ အား ပြန်ပြော၊
ဤသို့ ပြောမှ အာပတ် အဆက်ပြတ်သည်

အင်္ဂါ ၂ ပါး

၁။ ရဟန်း၏ ဒုဋ္ဌုလ္လအာပတ်ကို သိခြင်း၊
၂။ ဖုံးထား လိုသည့်အတွက် “မပြောတော့ပါဘူး”ဟု ဝန်ချခြင်း
[ပြောဘို့ရန်ရှိသော တာဝန်ကို လျှော့ချလိုက်ခြင်းကို “ဓုရနိက္ခေပ = ဝန်ချခြင်း”ဟု ခေါ်ကြသည်။]

ဤသို့ အင်္ဂါ ၂ ပါးရှိ၏။
ထိုတွင် ရဟန်း၏ ဒုဋ္ဌုလ္လကို ဖုံးမှ ပါစိတ် သင့်ရကား သာမဏေ၏ ဒုဋ္ဌုလ္လဖြစ်စေ၊ ဒုဋ္ဌုလ္လမဟုတ်သော လွန်ကျူးမှုကိုဖြစ်စေ ဖုံးထားလျှင် ဒုက္ကဋ်
ထို့ပြင်-အာပတ်သင့်သူကို ညှာတာသောသဘောဖြင့် ဖုံးထားမှ အပြစ်သင့်ရကား ညှာတာ၍ မဟုတ်ဘဲ “သူ့အပြစ်နှင့်သူ ထင်ရှားလိမ့်မည် စသောသဘောဖြင့် အခြားရဟန်းအား မပြောလျှင် အနာပတ္တိ

[ဆောင်]
ရဟန်းချင်းချင်း, ရုန့်ရင်းစွာဘိ, အာပတ္တိမှန်း, သိစွမ်းလျက် ကိုယ်, ဖုံးဝှက်လိုသဖြင့်, တဆင့် မပြောတုံ, အင် ၂ ပါးစုံ ဒုဋ္ဌုံ ပါစိတ်သင့်

၅။ ဥုနဝီသတိဝဿ

ယော ပန ဘိက္ခု ဇာနံ ဦနဝီသတိဝဿံ ပုဂ္ဂလံ ဥပသမ္ပာဒေယျ၊ သော စ ပုဂ္ဂလော အနုပသမ္ပန္နော၊ တေ စ ဘိက္ခူ ဂါရယှာ၊ ဣဒံ တသ္မိံ ပါစိတ္တိယံ။
ယော ပန ဘိက္ခု - သည်၊
ဇာနံ - အသက် ၂၀ မပြည့်သေးသူ ဟု သိလျက်၊
ဥုနဝီသတိဝဿံ - ယုတ်လျော့သော အနှစ် ၂၀ ရှိသော၊
ဝါ - အသက် ၂၀ မပြည့်သေးသော၊
ပုဂ္ဂလံ - ပုဂ္ဂိုလ်ကို၊
ဥပသမ္ပာဒေယျ - ဥပဇ္ဈာယ်လုပ်၍ ပဉ္စင်းခံပေးအံ့၊
သောစ ပုဂ္ဂလော - ထို ပဉ္စင်းလောင်းပုဂ္ဂိုလ်သည်လည်း၊
အနုပသမ္ပန္နော - ဦးပဉ္စင်း မဖြစ်၊
တေစ ဘိက္ခု - ထိုရဟန်းခံကိစ္စတွင် ပါဝင်သော ရဟန်းတို့ကိုလည်း၊
ဂါရယှာ - ကဲ့ရဲ့အပ်, ကဲ့ရဲ့ထိုက်ကုန်၏၊
တသ္မိံ - ထို ဥပဇ္ဈာယ်လုပ်၍ ရဟန်းခံပေးခြင်းကြောင့်၊
ဣဒံ ပါစိတ္တိယံ - ဤ ပါစိတ်အာပတ်သည်၊
ဟောတိ - ဖြစ်၏၊

အသက် ၂၀ မပြည့်သေးသော ရဟန်းလောင်းကို (အသက် ၂ဝ မပြည့်မှန်း သိပါလျက်) ဥပဇ္ဈာယ်လုပ်၍ ရဟန်းခံပေးလျှင် ရဟန်းလောင်းလည်း ဦးပဉ္စင်း မဖြစ်၊ ကာရကသံဃာ (ကံပြုသော ကမ္မဝါစာ ဆရာနှင့် အခြားရဟန်း) တို့မှာလည်း အကဲ့ရဲ့ မလွတ်ကြ။ “အကဲ့ရဲ့ မလွတ်” ဟူရာ၌ “ဒုက္ကဋ် အာပတ်သင့်သည်”ဟု ဆိုလိုသည်။ ဥပဇ္ဈာယ်ဆရာမှာကား ပါစိတ်အာပတ်သင့်သည်။

အသက် ၂၀ တွက်ပုံ

အသက် ၂ဝ ရေတွက်ရာ၌ ပဋိသန္ဓေတည်သည်မှ စ၍ ရေတွက်ရသည်။ ပဋိသန္ဓေတည်၍ အမိဝမ်း၌ အောင်းစဉ် တချို့ မှာ ၇ လ၊ တချို့ ၈ လ၊ ၉ လ၊ ၁ဝ လ၊ ၁၁ လ၊ ၁၂ လ၊ အမျိုးမျိုးကြာ၏။ မွေးဖွားပြီး နောက်နှစ်များနှင့် အမိဝမ်း၌ အောင်းခဲ့ရသောလများကို စုပေါင်းရေတွက်၍ အသက် ၂၀ ပြည့်လျှင် “ပရိပုဏ္ဏဝီသတိဝဿ = ပြည့်သော အသက် ၂ဝ ရှိသူ” ဟု ခေါ်၏။ တရက်မျှဖြစ်စေ လိုနေသေးလျှင် “ဥုနဝီသတိဝဿ”ဟု ခေါ်၏။ [ဥုန=ယုတ်လျော့သော + ဝီသတိဝဿ=အနှစ် ၂ဝ။]

ဆက်ဦးအံ့ ---

အမိဝမ်း၌ ၇ လကြာလျှင် ဖွားပြီးနောက် ၁၉ နှစ်နှင့် ၅ လ ပြည့်မှ အသက် ၂ဝ ပြည့်၏။ အမိဝမ်း၌ ၁၂ လ ကြာလျှင် ဖွားပြီးနောက် ၁၉နှစ် ပြည့်က အသက် ၂ဝ ပြည့်၏။ ဤသို့ စသည်ဖြင့် အတိုး အဆုတ်ကို သိရာ၏။ သို့ရာတွင် အမိဝမ်းတွင်း၌ အောင်းခဲ့ရသော လကို သေသေချာချာ သိနိုင်ရန် မလွယ်ကူ လှသောကြောင့် အမိဝမ်းတွင်း၌ အနည်းဆုံး ၇ လထား၍ ရေတွက်သင့်သည်။

ပေါရာဏကထေရဝါဒ

အဋ္ဌကထာ၌ပြအပ်သော ရှေးဆရာတို့ကား အမိဝမ်း၌ အောင်းခဲ့ရသောလကို မရေတွက်ဘဲ ဖွားပြီးနောက် ဝါထပ်သော လ အပိုနှင့်တကွ ရေတွက်ကြသည်။
ချဲ့ဦးအံ့ -
၃ နှစ် တကြိမ်ကျ ဝါထပ်လေ့ ရှိရာ ၁၉ နှစ်ကြာလျှင် ဝါထပ်သည့်အတွက် လပေါင်း ၆လ ပိုလာ၏။ သို့ရာတွင် ၁၉ နှစ်အတွင်း၌ (တနှစ်လျှင် ရက်မစုံ ၆ လအတွက် ၆ ရက်ကျ လျော့ခဲ့သောကြောင့်) ၃ လနှင့် ၂၄ ရက် လျော့ခဲ့လေ၏။ လျော့ခဲ့သော ရက်များကို ၆ လ အပိုမှ ဖြည့်လျှင် ၂ လနှင့် ၆ ရက်သာ အပိုကျန်တော့၏။
ထို့ကြောင့် သီတင်းကျွက် လပြည့်နေ့၌ ဖွားသူသည် ၁၉ နှစ် ပြည့်ပြီးနောက် (၁၉ နှစ်မြောက် သီတင်းကျွတ် လပြည့်နောက်) တန်ဆောင်မုန်း၊ နတ်တော် စသည် သွား၍ ဝါခေါင်လပြည့်ကျလျှင် ၁၉ နှစ်နှင့် ၁ဝ လ ရှိရကား အပို ၂ လ ၆ ရက်နှင့် ပေါင်းသော် အသက် ၂ဝ နှင့် ၆ ရက် ရှိတော့၏။
ထို့ကြောင့် ဝါခေါင် လပြည့်ကျော် ၁ ရက်နေ့၌ စိတ်ချလက်ချ ရဟန်းခံပေးကြတော့သည်။ ထိုဝါဒ၌ စိတ်လည်း ချထိုက်ပေသည်။ ဘာ့ကြောင့်နည်း။ ထိုရဟန်းလောင်း၌ အမိဝမ်းက လများပါ ရေတွက်လျှင် အသက် ၂ဝ နှင့် ၇ လကျော် အနည်းဆုံးရှိရာ သောကြောင့်တည်း။

ယခုခေတ် ဝါဒ

ယခုခေတ် တချို့ဆရာတို့ကား အမိဝမ်း၌ အောင်းခဲ့ရာ လများကို၎င်း၊ ဝါထပ်သည့် အတွက် (ရက်မစုံကို ဖြည့်၍) အပိုထွက် လာသော ၂ လကျော်ကို၎င်း ယူ၍ ရေတွက်ကြ၏။
ဥပမာ-
အမိဝမ်း၌ (မိခင် ဖြစ်သူကို မေး၍) ၁ဝ လ ကြာသည်ဟု သိရလျှင် ဖွားမြင်ပြီးနောက် ၁၉ နှစ် ပြည့်က အပို ၃ လကျော်ပါ အသက် ၂၀ ပြည့်ပြီဟု ယူကြသည်။ သို့ရာတွင် ဤဝါဒသည် အဋ္ဌကထာ၌ ပထမပြသော ဝါဒနှင့်၎င်း၊ ပေါရာဏကထေရဝါဒ နှင့်၎င်း မထပ်မိချေ
ထို့ပြင် - ဘုရားရှင်လည်း လောက သုံးစွဲရိုးကို လိုက်၍ အသက် ၂၀ ဟု ပညတ်တော်မူရကား အသက် ၂ဝ မပြည့် ပြည့်အောင် ဝါထပ် ရက်ပို ထည့်၍ တွက်ခြင်းကို ဘုရားရှင်၏ အလိုတော် ကျမည်ဟုလည်း မထင်ပေ
[ပေါရာဏကထေရဝါဒ၌ ဝါထပ် ရက်ပိုကို ယူ၍ တွက်ထားသော်လည်း အမိဝမ်း၌ အောင်းခဲ့ရာ လများကို မယူသောကြောင့် သံသယဖြစ်ဘွယ် မရှိတော့။]

သောစ ၊ပေ၊ အနုပသမ္ပန္နော

ပြခဲ့သော ရေတွက်နည်း အတိုင်း အသက် ၂၀ မပြည့်သူကို ရဟန်းခံပေးလျှင် ရဟန်းအစစ် မဖြစ်နိုင်
ချဲ့ဦးအံ့ -
ရဟန်းအစစ် ဖြစ်ဘို့ရာ အင်္ဂါ ၅ ပါး ရှိ၏။
၁။ ဝတ္ထု၏ ပြည့်စုံခြင်း (ရဟန်းလောင်းကို ဝတ္ထုဟု ခေါ်၏။ ထိုဝတ္ထုက အသက် ၂ဝ ပြည့်ခြင်း၊ ပါရာဇိက၌ ပြခဲ့သော အဘဗ္ဗပုဂ္ဂိုလ် မဟုတ်ခြင်းကို ဝတ္ထု၏ ပြည့်စုံခြင်းဟု ဆိုသည်။)
၂။ သိမ်၏ ပြည့်စုံခြင်း (သိမ်သမုတ်စဉ်က သိမ်အစစ်ဖြစ်အောင် သမုတ်ထားသော သိမ်ဖြစ်ခြင်း ဟူလို။)၊
၃။ ပရိသတ်၏ ပြည့်စုံခြင်း (မဇ္ဈိမဒေသဖြစ်လျှင် ရဟန်းစစ်စစ် အနည်းဆုံး ၁၀ ပါး၊ မြန်မာနိူင်ငံလို ပစ္စန္တရာဇ် ဖြစ်လျှင် အနည်း ဆုံး ၅ ပါးရှိမှ ပရိသတ် ပြည့်စုံသည်။)၊
၄။ ဉတ်၏ ပြည့်စုံခြင်း (ဉတ်ကို ဌာန်ကရိုဏ်း မှန်ကန်ကျနစွာ ရွတ်ဆိုခြင်း၊)၊
၅။ ကမ္မဝါစာ၏ ပြည့်စုံခြင်း (ကမ္မဝါစာကို ကျနစွာ ရွတ်ဆိုခြင်း။) ထိုတွင် တခုခု ချွတ်ယွင်း၍ ဝိပတ္တိဖြစ်လျှင် ရဟန်းမဖြစ်။

[ဆောင်]
ဝတ္ထု-သီမာ, ပရိသာ, ဉတ်ပါ ကမ္မဝါထည့်။
ပဉ္စင်းမြောက်ရန်, အင်ငါးတန်, ဖောက်ပြန် ဝိပတ္တိ

ရဟန်း မဖြစ်သော်လည်း အကျိုး မယုတ်

ထိုသူသည် ရဟန်း မဖြစ်မှန်း မသိဘဲ မိမိကိုယ်ကို ရဟန်းဟု အထင်ရှိနေက နတ်ရွာနိဗ္ဗာန် မဂ်ဖိုလ် ဈာန်၏ အန္တရာယ် မဖြစ်ပါ။ သို့ရာတွင် ရဟန်းမဖြစ်မှန်း သိသောအခါ ထပ်မံ၍ ရဟန်းခံရမည်။
ထို့ပြင်-
ရဟန်း မဖြစ်သူသည်ပင် ဆယ်နှစ်ကျော်၍ ဥပဇ္ဈာယ် လုပ်လျက် သူတပါးကို ရဟန်းခံပေးလျှင်လည်း သူမှတပါး အခြားရဟန်းများဖြင့် ရဟန်းခံဂိုဏ်း ပြည့်စုံလျှင် ရဟန်းအစစ် ဖြစ်နိုင်ပါ၏။ “ဥပဇ္ဈာယ်က ရဟန်း မဖြစ်သော်လည်း တပည့်မှာ ရဟန်းအစစ် ဖြစ်သည်” ဟူလို။

ရဟန်းခေါ်ပုံ

ပြခဲ့သော အင်္ဂါများနှင့် ပြည့်စုံသူကို ရဟန်း ဟု၎င်း၊ ဦးပဉ္စင်းဟု၎င်း ယခုအခါ ခေါ်ကြ၏။
ထိုတွင် ပုဂံပြည် အနော်ရထာမင်း လက်ထက်၌ ကြွလာသော ရှင်အရဟံကို အစပြု၍ နောက်နောက် ပုဂ္ဂိုလ်များကို “အရဟံ၊ ရဟံ၊ ရဟန်း” ဟု အဆင့်ဆင့် အသံပြောင်းကာ ခေါ်လာခဲ့ကြသည်။
အရှင် အရဟံကိုလည်း အရဟန္တပုဒ်ကိုစွဲ၍ “အရဟံ”ဟု ခေါ်လာဟန် တူသည်။
ထိုရဟန်းအဖြစ်ကို ခံယူခြင်းကို “ရဟန်းခံ” ဟု ခေါ်ကြသည်။

ဦးပဉ္စင်း ခေါ်ပုံ

ဤ ရဟန်းတော်များကို ဥပသမ္ပန္နပုဒ်သို့ လိုက်၍ သီဟိုဠ်၌ “ဥပသမ်း (သီဟိုဠ်သံဖြင့်) ဥပစမ်း” ဟု ခေါ်၏။
ထို “ဥပစမ်း” ကို လိုက်၍ မြန်မာတို့က “ဥပစင်း” ဟု ခေါ်ခဲ့ရာ ကာလကြာသဖြင့် “ဦးပစင်း၊ ဦးပဉ္စင်း”ဟု ခေါ်ဝေါ် ရေးသားကြသည်။
အချို့ကား - ဝတ္ထုသီမာ စသော အင်္ဂါ ၅ ပါးနှင့် ပြည့်စုံ၍ မြင့်မြတ်သူ ဖြစ်သောကြောင့် “ပဉ္စ အင်္ဂါနိ ယဿာ တိ ပဉ္စင်္ဂေါ, ဥတ္တမော ပဉ္စင်္ဂေါ ဥပဉ္စင်္ဂေါ” ဟူသော သဒ္ဒါနည်းအရ ဥပဉ္စင်္ဂမှ ဦးပဉ္စင်း ဖြစ်လာသည်ဟု (မန် သိရိံ ဓာရေတီတိ မန္ဈလေး) အကြံမျိုးဖြင့် ကြံကြံဖန်ဖန် ကြံကြလေသေးသည်။
[“မန် (သိရိံ) - ကြက်သရေကို၊ ဓာရေတီ တိ - ဆောင်တတ်သောကြောင့်၊ မန္တလေးမည်၏” တဲ့။]

လူကိုပင် ရဟန်းခံပေးကောင်းပုံ

ဥုနဝီသတိဝဿံ သာမဏေရံ” ဟု မဆိုဘဲ “ပုဂ္ဂလံ”ဟု ပုဂ္ဂိုလ်သာမန်အဖြစ်ဖြင့် ဆိုသော ကြောင့်၎င်း၊ ရဟန်း ဖြစ်ကြောင်း အင်္ဂါ ၅ ပါးတွင် ဝတ္ထုသမ္ပတ္တိ အင်္ဂါ၌ သာမဏေ ဖြစ်ရမည်ဟု မဆိုဘဲ အသက် ၂ဝ ပြည့်ခြင်းနှင့် ပဏ္ဍုက် စသော အဘဗ္ဗပုဂ္ဂိုလ်မျိုး မဟုတ်ခြင်းကိုသာ ဆိုသောကြောင့်၎င်း ရဟန်းခံခါနီးမှ သင်္ကန်းပေး၍ သရဏဂုံ မယူဘဲ သင်္ကန်းဝတ်ထားသူ လူကိုပင် ရဟန်းခံပေး ကောင်းသည်ဟု မှတ်ပါ။

အင်္ဂါ ၃ ပါး

၁။ အသက် ၂၀ မပြည့်သေးခြင်း၊
၂။ အသက် မပြည့်မှန်း သိခြင်း၊
၃။ ဥပဇ္ဈာယ်လုပ်၍ ရဟန်းခံပေးခြင်းအားဖြင့် အင်္ဂါ ၃ ပါးတည်း။

[ဆောင်]
နှစ်ဆယ်တိတိ, သက်မပြည့်ကို, မပြည့်လေမှန်း သိရှိစွမ်းလျက် ရဟန်းခံပေးက, အင်သုံးဝ, ဥုနဝီသတိ သင့်။

၆။ ထေယျသတ္ထ

ယော ပန ဘိက္ခု ဇာနံ ထေယျသတ္ထေန သဒ္ဓိံ သံဝိဓာယ ဧကဒ္ဓါနမဂ္ဂံ ပဋိပဇ္ဇေယျ အန္တမသော ဂါမန္တရမ္ပိ၊ ပါစိတ္တိယံ။
ယော ပန ဘိက္ခု - သည်၊
ဇာနံ - ထေယျသတ္တဟု သိလျက်၊
ထေယျသတ္ထေန - ခိုး၍လာသည့်ကုန်သည် ခိုး၍ သွားမည့် ကုန်သည် အပေါင်းနှင့်၊
သဒ္ဓိံ - တကွ၊
သံဝိဓာယ - ကောင်းစွာစီစဉ်၍၊
ဝါ - ချိန်းချက်၍၊
ဧကဒ္ဓါန မဂ္ဂံ - တကြောင်းတည်း အဓွန့်ရှည်သော ခရီးကို၊
အန္တမသော - အောက် ထစ်ဆုံးအားဖြင့်၊
ဂါမန္တရမ္ပိ - အခြား တရွာသို့လည်း၊
ပဋိပဇ္ဇေယျ – သွားအံ့၊
ပါစိတ္တိယံ

[ထေယျထေနဓာတ် တွာ ပစ္စည်းကို ယပြု၊ ဒွေးဘော်လာ န ချေ။]
ထေယျ - ခိုးပြီး၍၊
ဝါ- ခိုးလတံ့ဖြစ်၍၊
ပဋိပန္နော- သွားသော၊
သတ္ထော - ကုန်သည် အပေါင်းသည်၊
ထေယျသတ္ထော - မည်၏။
ဤ ဝိဂ္ဂဟအရ ထေယျသတ္ထပုဒ်၌ သတ္ထဟူသည် ကူးသန်း ရောင်းဝယ်သော ကုန်သည် အပေါင်းတည်း။ သို့သော် ဘုရင်၏ ဘဏ္ဍာတော်ကို လှည့်ပတ်ယူလာခဲ့၍ ခိုးပြီး ဖြစ်ကြသောကြောင့်၎င်း၊ ကင်းခွန်ကောက်မည့် အရပ်ကို (ကင်းခွန် မပေးရအောင်) ရှောင်သွားလို၍ ခိုးလတံ့ ဖြစ်သော ကြောင့်၎င်း ထေယျသတ္ထ မည်ရလေသည်။ ဤသို့ ထေယျသတ္ထမှန်း သိပါလျက် ချိန်းချက်၍ (အချိန်အခါ နေ့ရက်၊ ရထား၊ သင်္ဘောများကို သဘောတူစီစဉ်၍) သွားလျှင် ပါစိတ်

သံဝိဓာယ

ဝိပုဗ္ဗ ဓာဓာတ် တွာပစ္စည်း၊ ဝိ+ ဓာဓာတ်သည် ပြုစီရင် ခြင်း (စီစဉ်ခြင်း) အနက်ကို ဟော၏။ “ကောင်းစွာ စီစဉ်” ဟူသည် ရဟန်းက ခိုး၍လာသည့်ကုန်သည် ခိုး၍ သွားမည့် ကုန်သည် အပေါင်းကို မြင်၍ “သင် မည်သည့်ရွာကို ရောက်ဘူးရဲ့လား၊ ငါသွားမလို့ သင်လိုက်ခဲ့၊ မည်သည့်အချိန် သွားမည်” စသည်ဖြင့် စီစဉ်ခြင်းတည်း။ ဤကဲ့သို့ စီစဉ်ခြင်းကိုပင် “ချိန်းချက်ခြင်း” ဟုလည်း ဖွင့်၏။ ဤကဲ့သို့ ချိန်းချက်ခြင်းကိုပင် “တိုင်ပင်ခြင်း” ဟုလည်း ခေါ်သေး၏။

စီစဉ်မှု

ထိုသို့ စီစဉ်ရာ၌ ရဟန်း၏ ကျောင်း၊ ဘိက္ခုနီ တိတ္ထိတို့၏ ကျောင်း အိပ်ရာ နေရာများသည် ကပ္ပိယဘူမိ ဖြစ်၏။ ထိုနေရာတို့၌ နေ၍ စီစဉ်လျှင် စီစဉ်မှုကြောင့် အာပတ် မသင့်သေး၊ လမ်းဆုံ လမ်းမ စသည်၌ နေ၍ စီစဉ် လျှင်ကား စီစဉ်မှု သက်သက်ကြောင့် ဒုက္ကဋ်အာပတ် သင့်၏။

ဧကဒ္ဓါနမဂ္ဂံ

အဒ္ဓါန သဒ္ဒါသည် “အဓွန့် (ခရီးရှည်)” ဟူသော အနက်ကို ဟော၏။ ခရီးရှည် ဟူရာ၌လည်း တယူဇနာဝက်ရှိလျှင် ခရီးရှည်ပင်တည်း။ ထို့ကြောင့် ရွာချင်းမနီးသော တောလမ်းခရီးဖြစ်လျှင် မူလရွာမှထွက်၍ တယူဇနာဝက် အလွန်တွင် အာပတ်သင့်၏။ ရွာချင်းနီးသော ခရီးဖြစ်လျှင်ကား မိမိရွာမှထွက်၍ အခြား တရွာ၏ ဥပစာသို့ ဝင်မိလျှင် ပထမခြေလှမ်း ဒုက္ကဋ်၊ ဒုတိယခြေလှမ်း ပါစိတ်အာပတ်သင့်၏

ဧက၏ အနက်

ဧကဒ္ဓါနဧကသဒ္ဒါသည် “တခု” ဟူသော အနက် ဟောတည်း။ တခုတည်းသော ခရီး ဟူရာ၌ “လမ်းကြောင်း တကြောင်းတည်း၊ တလမ်းတည်း”ဟု ဆိုလိုသည်။ (တနည်း) “ဧကတော (တပေါင်းတည်း)” အနက်ဟောတည်း။ “ဘိက္ခုနီနှင့် တပေါင်းတည်း” ဟူလို။

အင်္ဂါ ၄ ပါး

၁-ထေယျသတ္ထုဖြစ်ခြင်း၊
၂-ထေယျသတ္ထမှန်း သိခြင်း၊
၃ - တိုင်ပင်ခြင်း၊
၄- မချွတ်မယွင်း သွားဖြစ်ခြင်းအားဖြင့် အင်္ဂါ ၄ ပါးတည်း။
ကြွင်းသော မှတ်ဘွယ်များကို ဘိက္ခုနောဝါဒဝဂ် ၇ နံပါတ်အတိုင်း သိပါ။

[ဆောင်]
ထေယျသတ္ထု, ဖြစ်ကြလေဘိ, သိရှိထားခြင်း, တိုင်ပင်ခြင်းနှင့် မယွင်းသွားက, အင်လေး, ထေယျသတ္ထသင့်။

၇။ သံဝိဓာန

ယော ပန ဘိက္ခု မာတုဂါမေန သဒ္ဓိံ သံဝိဓာယ ဧကဒ္ဓါနမဂ္ဂံ ပဋိပဇ္ဇေယျ အန္တမသော ဂါမန္တရမ္ပိ၊ ပါစိတ္တိယံ။
ယော ပန ဘိက္ခု - သည်၊
မာတုဂါမေန - မာတုဂါမနှင့်၊
သဒ္ဓိံ - တကွ၊
သံဝိဓာယ - ကောင်းစွာစီစဉ်၍၊
ဝါ - ချိန်းချက်၍၊
ဧကဒ္ဓါန မဂ္ဂံ - တကြောင်းတည်း အဓွန့်ရှည်သော ခရီးကို၊
အန္တမသော - အောက်ထစ်ဆုံးအားဖြင့်၊
ဂါမန္တရမ္ပိ - အခြား တရွာသို့လည်း၊
ပဋိပဇ္ဇေယျ – သွားအံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ။

လမ်းခရီးက ဘေးအန္တရာယ် ရှိနေရာအခါ မဟုတ်လျှင် မာတုဂါမနှင့်အတူ ချိန်းချက်၍ အောက်ထစ်ဆုံး အားဖြင့် မိမိရွာမှ အနီးအပါး အခြားရွာသို့မျှ မသွားကောင်း၊ သွားလျှင် ပါစိတ်အာပတ် သင့်၏။

သံဝိဓာယ

ဝိပုဗ္ဗ ဓာဓာတ် တွာပစ္စည်း၊ ဝိ+ ဓာဓာတ်သည် ပြုစီရင် ခြင်း (စီစဉ်ခြင်း) အနက်ကို ဟော၏။ “ကောင်းစွာ စီစဉ်” ဟူသည် ရဟန်းက မာတုဂါမကိုမြင်၍ “သင် မည်သည့်ရွာကို ရောက်ဘူးရဲ့လား၊ ငါသွားမလို့ သင်လိုက်ခဲ့၊ မည်သည့်အချိန် သွားမည်” စသည်ဖြင့် စီစဉ်ခြင်းတည်း။ ဤကဲ့သို့ စီစဉ်ခြင်းကိုပင် “ချိန်းချက်ခြင်း” ဟုလည်း ဖွင့်၏။ ဤကဲ့သို့ ချိန်းချက်ခြင်းကိုပင် “တိုင်ပင်ခြင်း” ဟုလည်း ခေါ်သေး၏။

စီစဉ်မှု

ထိုသို့ စီစဉ်ရာ၌ ရဟန်း၏ ကျောင်း၊ ဘိက္ခုနီ တိတ္ထိတို့၏ ကျောင်း အိပ်ရာ နေရာများသည် ကပ္ပိယဘူမိ ဖြစ်၏။ ထိုနေရာတို့၌ နေ၍ စီစဉ်လျှင် စီစဉ်မှုကြောင့် အာပတ် မသင့်သေး၊ လမ်းဆုံ လမ်းမ စသည်၌ နေ၍ စီစဉ် လျှင်ကား စီစဉ်မှု သက်သက်ကြောင့် ဒုက္ကဋ်အာပတ် သင့်၏။

ဧကဒ္ဓါနမဂ္ဂံ

အဒ္ဓါန သဒ္ဒါသည် “အဓွန့် (ခရီးရှည်)” ဟူသော အနက်ကို ဟော၏။ ခရီးရှည် ဟူရာ၌လည်း တယူဇနာဝက်ရှိလျှင် ခရီးရှည်ပင်တည်း။ ထို့ကြောင့် ရွာချင်းမနီးသော တောလမ်းခရီးဖြစ်လျှင် မူလရွာမှ ထွက်၍ တယူဇနာဝက် အလွန်တွင် အာပတ်သင့်၏။ ရွာချင်းနီးသော ခရီးဖြစ်လျှင်ကား မိမိရွာမှထွက်၍ အခြား တရွာ၏ ဥပစာသို့ ဝင်မိလျှင် ပထမခြေလှမ်း ဒုက္ကဋ်၊ ဒုတိယခြေလှမ်း ပါစိတ်အာပတ်သင့်၏

ဧက၏ အနက်

ဧကဒ္ဓါနဧကသဒ္ဒါသည် “တခု” ဟူသော အနက် ဟောတည်း။ တခုတည်းသော ခရီး ဟူရာ၌ “လမ်းကြောင်း တကြောင်းတည်း၊ တလမ်းတည်း”ဟု ဆိုလိုသည်။ (တနည်း) “ဧကတော (တပေါင်းတည်း)” အနက်ဟောတည်း။ “မာတုဂါမနှင့် တပေါင်းတည်း” ဟူလို။

သတ္ထဂမနီယော ၊ပေ၊ သပ္ပဋိဘယော

တချို့ ခရီးရှည်များသည် တောပုန်း ဒမြ သူခိုးတို့ ထကြွနေသဖြင့် “ငါတို့လည်း အတိုက်ခံကြ ရမည်လား မသိ”ဟု ယုံမှားဘွယ် ရှိ၏။ သတ်ဖြတ် လုယူကြောင်းကိုလည်း ကြားနေရ တွေ့နေရသဖြင့် ဘေးအန္တရာယ် ပေါများလှ၏။ သို့ဖြစ်၍ ခြေလျင်ကုန်သည် အပေါင်းနှင့်ဖြစ်စေ အတူသွားမှသာ ဘေးအန္တရာယ်လွတ်မည့် ခရီးဖြစ်ရကား ထိုအခါမျိုးဝယ် မာတုဂါမတို့ အန္တရာယ် ကင်းလွတ်အောင် မာတုဂါမတို့နှင့် အတူ ချိန်းချက်၍ သွားကောင်းသည်

အင်္ဂါ ၄ ပါး

၁။ နှစ်ဦးသဘောတူ စီစဉ်၍ သွားခြင်း၊
၂။ ချိန်းချက်မှု မချွတ်ယွင်းခြင်း
[မည်သည့်အချိန် သွားကြစို့ဟု ချိန်းချက်ထားသည့်အတိုင်း သွားဖြစ်ခြင်း ဟူလို။ ] ၊
၃။ တိုင်းပြည် ပျက်၍ ထွက်ပြေးကြရခြင်း စသည်ကဲ့သို့ ဘေးရန်မရှိခြင်း၊
၄။ အခြားတရွာသို့ သက်ရောက်ခြင်း၊ သို့မဟုတ် ယူဇနာဝက်ကို လွန်ခြင်းတည်း။

မှတ်ချက်

ဘိက္ခုနောဝါဒဝဂ်၌ ဘိက္ခုနီသံဃာနှင့် ဘိက္ခုသံဃာ့အထံ ဘိက္ခုနီဖြစ်သော “ဥဘတော ဥပသမ္မန္နာ ဘိက္ခုနီ” ကိုသာ ယူခဲ့သောကြောင့် မိထွေးတော် ဂေါတမီနှင့်အတူ ဘိက္ခုနီပြုကြသော သာကီဝင် မင်းသမီးတို့ကဲ့သို့ ဘိက္ခုသံဃာ့ထံ၌သာ ဘိက္ခုနီဖြစ်သော ဧကတော ဥပသမ္ပန္နာ ဘိက္ခုနီများနှင့် သိက္ခမာန်၊ သာမဏေမ ၃ မျိုးကို ဤသိက္ခာပုဒ်၌ သွင်းရမည်။
သို့ရာတွင် ထို ဘိက္ခုနီ၊ သိက္ခမာန်၊ သာမဏေမများနှင့် သာသင်္ကသပ္ပဋိဘယ ခရီးကို သွားရာအခါ၌ အတူ သွားခွင့်ရသေး၏။ မာတုဂါမနှင့်ကား မည်သည့်အခါမျှ တိုင်ပင် ချိန်းချက်၍ ဘုရားဖူး စသည် အတူမသွားရ

၈။ အရိဋ္ဌ

ယော ပန ဘိက္ခု ဧဝံ ဝဒေယျ “တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ၊ ယထာ ယေ'မေ အန္တရာယိကာ ဓမ္မာ ဝုတ္တာ ဘဂဝတာ၊ တေ ပဋိသေဝတော နာလံ အန္တရာယာယာ”တိ၊ သော ဘိက္ခု ဘိက္ခူဟိ ဧဝမဿ ဝစနီယော “မာ’ယသ္မာ ဧဝံ အဝစ၊ မာ ဘဂဝန္တံ အဗ္ဘာစိက္ခိ၊ န ဟိ သာဓု ဘဂဝတော အဗ္ဘက္ခာနံ၊ န ဟိ ဘဂဝါ ဧဝံ ဝဒေယျ၊ အနေကပရိယာယေနာ’ဝုသော အန္တရာယိကာ ဓမ္မာ အန္တရာယိကာ ဝုတ္တာ ဘဂဝတာ၊ အလဉ္စ ပန တေ ပဋိသေဝတော အန္တရာယာယာ”တိ။
ယော ပန ဘိက္ခု - သည်၊
ဧဝံ - ဤသို့၊
ဝဒေယျ - ပြောဆိုအံ့၊
(ကိံ - အဘယ်သို့ ပြောဆိုရာသနည်း၊)
ယေမေ (ယေ ဣမေ) ဓမ္မာ - အကြင် မေထုန်အကျင့်တို့ကို၊
အန္တရာယိကာ - နတ်ရွာ နိဗ္ဗာန်, ဈာန် မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုတတ်ကုန်၏ဟူ၍၊
ဘဂဝတာ - မြတ်စွာဘုရားသည်၊
ဝုတ္တာ - ဟောတော်မူအပ်ကုန်ပြီ၊
တေ ဓမ္မေ - ထို မေထုန် အကျင့်တို့ကို၊
ပတိသေဝတော - မှီဝဲသော ရဟန်း၏၊
(တေ ဓမ္မာ - ထို မေထုန်အကျင့်တို့သည်၊)
ယထာ - အကြင်သို့သော အပြားအားဖြင့်၊
အန္တရာယာယ - နတ်ရွာ နိဗ္ဗာန်, ဈာန် မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုခြင်းငှာ၊
နာလံ - မစွမ်းနိုင်ကုန်၊
တထာ - ထို အပြားအားဖြင့်၊
အဟံ - ငါသည်၊
ဘဂဝတာ - မြတ်စွာဘုရားသည်၊
ဒေသိတံ - ဟောတော်မူအပ်သော၊
ဓမ္မံ - တရားကို၊
အာဇာနာမိ - သိ၏၊
ဣတိ - ဤသို့ ပြောဆိုအံ့။

သော ဘိက္ခု - ထိုရဟန်းသည်၊
ဝါ - ကို၊
ဘိက္ခူဟိ - မြင်ကုန် ကြားကုန်သော ရဟန်းတို့သည်၊
ဧဝံ - ဤသို့၊
ဝစနီယော - ပြောဆိုထိုက်သည်၊
အဿ - ဖြစ်၏၊
(ကိံ - အဘယ်သို့ ပြောဆိုထိုက်သနည်း၊)
အာယသ္မာ - အရှင်သည်၊
ဧဝံ - ဤသို့၊
မာ အဝစ - မပြောပါနှင့်၊
ဘဂဝန္တံ - မြတ်စွာဘုရားကို၊
မာ အဗ္ဘာစိက္ခိ – မစွပ်စွဲပါနှင့်၊
ဘဂဝတော - ကို ကို၊
အဗ္ဘာစိက္ခနံ - စွပ်စွဲခြင်းသည်၊
န ဟိ သာဓု - မကောင်းပါ၊
ဘဂဝါ - သည်၊
ဧဝံ - ဤ ငါ့ရှင် ပြောသည့်အတိုင်း၊
နဟိ ဝဒေယျ - မဟောတန်ရာ၊
အာဝုသော - ငါ့ရှင်၊
အနေကပရိယာယေန - ပရိယာယ်အမျိုးမျိုးဖြင့်၊
အန္တရာယိကာ - အန္တရာယ်ကို ပြုတတ်ကုန်သော၊
ဓမ္မာ - မေထုန်အကျင့်တို့ကို၊
အန္တရာယိကာ - အန္တရာယ်ကို ပြုတတ်ကုန်၏ဟူ၍၊
ဘဂဝတာ - သည်၊
ဝုတ္တာ - ဟောတော်မူအပ်ကုန်ပြီ၊
တေ ဓမ္မေ - ထို မေထုန်အကျင့်တို့ကို၊
ပတိသေဝတော - မှီဝဲသောရဟန်း၏၊
(တေ ဓမ္မာ - ထို မေထုန်အကျင့်တို့သည်၊)
အန္တရာယာယ - ငှာ၊
အလဉ္စပန - စွမ်းနိုင်ကုန်သည်သာ၊
ဣတိ - ဤသို့ ပြောဆိုထိုက်၏၊

ဧဝဉ္စ သော ဘိက္ခု ဘိက္ခူဟိ ဝုစ္စမာနော တထေဝ ပဂ္ဂဏှေယျ၊ သော ဘိက္ခူဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗော တဿ ပဋိနိဿဂ္ဂါယ။ ယာဝတတိယဉ္စေ သမနုဘာသိယမာနော တံ ပဋိနိဿဇ္ဇေယျ၊ ဣစ္စေတံ ကုသလံ။ နော စေ ပဋိနိဿဇ္ဇေယျ၊ ပါစိတ္တိယံ။
ဧဝဉ္စ ပန သော ဘိက္ခု ဘိက္ခူဟိ ဝုစ္စမာနော တထေ၀ ပဂ္ဂဏှေယျ၊ သော ဘိက္ခု ဘိက္ခူဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗော တဿ (ထိုအယူကို) ပတိနိသဂ္ဂါယ၊ ယာဝတတိယံ စေ သမနုဘာသီယမာနော တံ (ထိုအယူကို) ပတိနိသဇ္ဇေယျ၊ ဣစ္စေတံ ကုသလံ၊ နော စေ ပတိနိသဇ္ဇေယျ, တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ၊
[ဧဝဉ္စ ပန စသော ပါဠိ၏ နိသျနက်ကို သံဃာဒိသေသ် သိက္ခာပုဒ် ပြန်ကြည့်။]

အရိဋ္ဌရဟန်းကို အကြောင်းပြု၍ ပညတ်အပ်သောကြောင့် အရိဋ္ဌသိက္ခာပုဒ်ဟု နာမည်တပ်သည်။
ချဲ့ဦးအံ့-
အရိဋ္ဌရဟန်းသည် ဗဟုဿုတ ဓမ္မကထိက ပုဂ္ဂိုလ်တည်း။ သုတ္တန် အဘိဓမ္မာ၌သာ ကျွမ်းကျင်၍ ဝိနည်း၌ မကျွမ်းကျင်ချေ။ ထို့ကြောင့် -
၁။ ကမ္မန္တရာယ်၊
၂။ ကိလေသန္တရာယ်၊
၃။ ဝိပါကန္တရာယ်၊
၄။ အရိယုပဝါဒန္တရာယ်၊
၅။ ပညတ္တိ (အာဏာ) ဝီတိက္ကမန္တရာယ်
အားဖြင့် အန္တရာယ် ၅ ပါး ရှိသည်တွင် ရှေ့ အန္တရာယ် ၄ ပါးကို နားလည်၍ ဘုရားရှင်၏ အမိန့်အာဏာ ပညတ်တော်ကို ကျူးကျော်ခြင်းကြောင့် (ပါရာဇိက ကျလျှင် လူမထွက်သေးသမျှ၊ သံဃာဒိသေသ် သင့်လျှင် ပရိဝါသ် မဆောက်တည်သေးသမျှ၊ အယုတ်သဖြင့် ဒုက္ကဋ် ဒုဗ္ဘာသိတအာပတ်ပင် ဖြစ်စေကာမူ စေတနာနှင့် တကွ သင့်ထားလျှင် ဒေသနာမပြောသေးသမျှ) နိဗ္ဗာန်ကို မသိ မရ နိုင်အောင်၊ ဈာန် မဂ် ဖိုလ်ကိုလည်း မရနိူင်အောင်၊ သေလျှင် လူ့ပြည် နတ်ပြည် မရောက်နိုင်အောင် ထိုအာပတ်က အန္တရာယ်ပြုကြောင်းကို .နားမလည်ချေ။

သို့ဖြစ်၍ တနေ့သ၌ ဆိတ်ငြိမ်ရာဝယ် နေလျက် စဉ်းစားသည်မှာ “လူတို့သည် ကာမဂုဏ်ခံစားရင်းပင် (ကာမဂုဏ်ကို မစွန့်ကြဘဲ) သောတာပန်ဖြစ်သူ ဖြစ်၊ သကဒါဂါမ် ဖြစ်သူ ဖြစ်၊ အနာဂါမ်ဖြစ်သူ ဖြစ်ကြ၏။ (အနာဂါမ်ဖြစ်ပြီးမှ ကာမဂုဏ်ကို စွန့်လွှတ်ကြ၏။) ရဟန်းတော်များလည်း ကောင်းမွန် လှပသော အဆင်း အနံ့ အရသာနှင့် နူးညံ့သော ဖဲမွေ့ယာ ကမ္ဗလာတို့ကို သုံးစွဲကြ၏။ ဤ အားလုံး အပ်လျှင် ဘာ့ကြောင့် မာတုဂါမ၏အဆင်း အနံ့စသည်ကျမှ မအပ်ဘဲ ရှိရမည်နည်း။ ဘုရားရှင်သည် မဟာသမုဒ္ဒရာကို ကန်သင်း (ကဇင်း) ဆယ်သကဲ့သို့ ဘာ့ကြောင့် ပထမပါရာဇိကအမှုကို ကြိုးစား မင်းစား ပညတ်တော်မူရသတဲ့နည်း” ဟု စဉ်းစားမိလေသည်။ ဤသို့ စဉ်းစားမိသည့် အားလျော်စွာ “တထာဟံ ၊ပေ၊ အန္တရာယာယ” ဟု ဆိုသည်။

တထာဟံ ၊ပေ၊ အန္တရာယာယ

ယထာ တထာပါသော ၂ ဝါကျတွင် ယထာပါသောဝါကျကို (နောက်မှာ ရှိသော်လည်း) ရှေးဦးစွာ အနက်ပေး ရသည်။ ထို ယထာကိုလည်း “ယေန ပကာရေန” ဟု ဋီကာတို့ ဖွင့်၍ နာလံ၌ စပ်ကြသည်။ “ပကာရ” ဟူသည်မှာ နည်းအမျိုးမျိုးတွင် သူရည်ရွယ်အပ်သော နည်းတမျိုးတည်း။ ထိုဝါကျများ၏ မြန်မာလိုကား- “အကြင် မေထုန်အကျင့် တို့ကို အန္တရာယ်ပြုတတ်၏ ဟု ဘုရားရှင် ဟောတော်မူထား၏။ (သို့သော်) ထို မေထုန်မှုကို မှီဝဲသော ရဟန်းမှာ အကြင်နည်းဖြင့် မှီဝဲလျှင် အန္တရာယ် မပြုနိူင်၊ ထို အန္တရာယ် မပြုနိူင်သောနည်းကို ငါသိသည်” ဟူလို။

ဆိုလိုရင်းကား -

“ဖဲမွေ့ယာ ကမ္ဗလာ စသော အနုအညံ့ကို သုံးစွဲရာ၌ အလွန် သာယာစွာ သုံးစွဲလျှင် အပြစ်မကင်းသကဲ့သို့ ထို့အတူ မေထုန်ကိုလည်း အလွန်သာယာစွာ မှီဝဲမှ အပြစ်ကြီးသည်။ ဖဲမွေ့ယာ စသည်ကို သင့်တော်သလို နှလုံးသွင်းကာ လွန်မင်းစွာ မသာယာလျှင် အပြစ် မကြီးသကဲ့သို့ ထို့အတူ မေထုန်ကိုလည်း လွန်လွန်မင်းမင်း မသာယာလျှင် ပါရာဇိက ဖြစ်လောက်အောင် အပြစ်မကြီးသင့်”ဟု ဆိုလိုသည်။

မှတ်ချက်

အရိဋ္ဌ စဉ်းစားသည့်အတိုင်း ဖဲမွေ့ယာစသည်ကို တော်သလို နှလုံးသွင်းကာ ပစ္စဝေက္ခဏာဆင်ခြင်၍ သုံးစွဲနိုင်သလို မေထုန်ကို ပစ္စဝေက္ခဏာ ဆင်ခြင်၍ သိပ် မသာယာဘဲ မမှီဝဲနိုင်။ မေထုန်မှီဝဲမှဖြင့် အလွန်အမင်း သာယာတော့မည်သာ။ ထို့ကြောင့် မေထုန်အရသာနှင့်ဖဲမွေ့ယာတို့၏ အရသာ ကို တန်းတူ ထား၍ စဉ်းစားခြင်းသည် ဆီးစေ့နှင့် မြင့်မိုရ်တောင်ကို နှိုင်းယှဉ်ခြင်းနှင့် တူလေရကား အရိဋ္ဌရဟန်း၏ စဉ်းစားမှုအားလုံးသည် မှားယွင်းသော မိစ္ဆာအယူမျှသာဖြစ်၍ ပထမပါရာဇိကကို ပယ်ရှားခြင်းမှာလည်း ဘုရားရှင်ကို နားမလည်ရာ ရောက်စေရကား သဗ္ဗညုတဉာဏ်တော်ကို သူ့ဉာဏ်လောက် မလေးနက်ဟု ပယ်ဖျက်ရာ ရောက်လေတော့သည်။

ဆက်ဦးအံ့-
သူစွပ်စွဲသော စကားရပ်တွင် “တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ = အန္တရာယ် မပြုနိုင်လောက်သော နည်းဖြင့် ဘုရား ဟောထားသော တရားကို ငါသိ၏”ဟု ဆိုခြင်းမှာလည်း ဓမ္မကထိက ပီပီ သက်သက် အခြောက်ကြွား ကြွားလိုက်ခြင်းပင်တည်း။ အမှန်မှာ ထိုကဲ့သို့ (မေထုန်ကို အန္တရာယ် မပြုနိူင်သော နည်းဖြင့်) ဟောထားအပ်သော တရား မရှိချေ
ဤမှ နောက်၌ ရဟန်းများက ထိုသို့ပြောဆိုသောရဟန်းအား ဆုံးမရပုံ စသည်ကို သံဃာဒိသေသ် ဒုဗ္ဗစ သိက္ခာပုဒ်အဖွင့်ကို နည်းမှီး၍ သိနိုင်ပြီ။ ဤ သိက္ခာပုဒ်လာ အရိဋ္ဌရဟန်း၏ ဖြစ်ထွေကို မူလပဏ္ဏာသ အလဂဒ္ဒူပမသုတ် အဖွင့်ပါ ကြည့်မှ သာ၍ သနားဘွယ် ကောင်းသည်။ ထို အရိဋ္ဌ ရဟန်းသည် နောက်ထပ် မည်မျှပင် ကျင့်သော်လည်း ငရဲက လွတ်မည်မဟုတ်။ ထို့ကြောင့် ဘုရားရှင်နှင့် တရားတော်ကို မစွပ်စွဲမိရန် သတိထားသင့်ကြပေသည်

အင်္ဂါ ၃ ပါး

၁။ သမနုဘာသနကံ၏ ဓမ္မကံဖြစ်ခြင်း၊
၂။ သုံးကြိမ် တိုင်အောင် ဆုံးမခြင်း၊
၃။ အယူကို မစွန့်ခြင်း အားဖြင့် အင်္ဂါ ၃ ပါးတည်း။
[သမနုဘာသနကံ မပြုရသေးခင် ဆုံးမ၍ မရလျှင်ကား ဒုက္ကဋ်။]

[ဆောင်]
သမနုဘာသန, ထိုကမ္မ၏ ဓမ္မကံဖြစ်, ဆုံးမလစ်ဘိ, သုံးကြိမ်ပြည့်သား မစွန့်ငြားဟု သုံးပါးအင်္ဂ, ပြည့်စုံမှ အရိဋ္ဌပါစိတ်သင့်

သုဒ္ဓပါစိတ် အခန်း (သပါဏကဝဂ်)

၉။ ဥက္ခိတ္တသမ္ဘောဂ

ယော ပန ဘိက္ခု ဇာနံ တထာဝါဒိနာ ဘိက္ခုနာ အကဋာနုဓမ္မေန တံ ဒိဋ္ဌိံ အပ္ပဋိနိဿဋ္ဌေန သဒ္ဓိံ သမ္ဘုဉ္ဇေယျ ဝါ သံဝသေယျ ဝါ သဟဝါသေယျံ ကပ္ပေယျ၊ ပါစိတ္တိယံ။

ယော ပန ဘိက္ခု - သည်၊
ဇာနံ - ဥက္ခိတ္တက ရဟန်းဟု သိလျက်၊
တထာဝါဒိနာ - ထို “တထာဟံ ဘဂဝတာ” အစရှိသော စကားကို ပြောလေ့ရှိသော၊
အကတာနုဓမ္မေန - မပြုအပ်သေးသော ဩသာရဏကံရှိသော၊
တံ ဒိဋ္ဌိံ – ထိုမိစ္ဆာအယူကို၊
အပ္ပဋိ နိသဋ္ဌေန - မစွန့်သေးသော၊
ဘိက္ခုနာ - ရဟန်းနှင့်၊
သဒ္ဓိံ - တကွ၊
သံဘုဉ္ဇေယျဝါ - အာမိသ ဓမ္မသံဘောဂကိုမူလည်း ပြုအံ့၊
သံဝသေယျ ဝါ - ဥပုသ် ပဝါရဏာစသော သံဝါသကိုမူလည်း ပြုအံ့၊
သဟဝါ သေယျံ - သဟသေယျကိုမူလည်း၊
ကပ္ပေယျ - ပြုအံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ။

၉။ ဥက္ခိတ္တသမ္ဘောဂ
အရိဋ္ဌရဟန်း ယူအပ်သော မိစ္ဆာအယူမျိုးကို ယူလျှင် ထိုရဟန်းကို ဉတ်ကမ္မဝါစာဖြင့် နှင်ထုတ်ရ၏။ ထို နှင်ထုတ်အပ်သော ဥက္ခိတ္တက ရဟန်းမှန်း သိလျက် အာမိသ သမ္ဘောဂ, ဓမ္မ သမ္ဘောဂ စသည်ကို ပြုလျှင် ဤ သိက္ခာပုဒ်အရ ပါစိတ်အာပတ် သင့်သည်။

အကတာနုဓမ္မေန
ထိုသို့ ဥက္ခေပနီယကံ အပြုခံရသဖြင့် မာန်မာန ကျ၍ ဆိုင်ရာ ကျင့်ဝတ်များကို ကျင့်ပြီး၍ ထိုကံကို ငြိမ်းစေပါမည့်အကြောင်း တောင်းပန်သောအခါ သံဃာ့ဘောင်သို့ ပြန်၍သွင်းသော “ဩသာရဏကံ” ပြုရသည်။ ထိုဩသာရဏကံ မပြုရသေးသော ဥက္ခိတ္တကရဟန်းကို “အကတာနုဓမ္မ”ဟု ခေါ်သည်။

[အနုရူပေါ - ဥက္ခေပနီယကံ အားလျော်သော၊
ဓမ္မော - ဩသာရဏကံဟူသော ဝိနည်းတရားသည်၊
အနုဓမ္မော - မည်၏။
အကတော အနုဓမ္မော ယဿာတိ အကတာနုဓမ္မော”ဟု ပြု။]

ဩသာရဏကံ မပြုရသေးသော်လည်း မိစ္ဆာအယူဝါဒကို စွန့်ပြီးပြီဟုသိလျှင် သမ္ဘောဂ စသည်ကို ပြုနိုင်ပြီ။ ထို့ကြောင့် “တံ ဒိဋ္ဌိံ အပ္ပဋိနိသဋ္ဌေန = ထိုအယူကို မစွန့်သေးသူ”ဟု ထပ်၍ ဝိသေသန ကူမရသည်။

သံဘုဉ္ဇေယျ
ဆွမ်း စသော အာမိသ ပစ္စည်းကို (မိမိအား ပေးလျှင်) ခံယူ သုံးစွဲခြင်း၊ မိမိက ထိုသူ့အား ချီးမြှောက် ပေးကမ်းခြင်းသည် အာမိသ သမ္ဘောဂ၊
ပါဠိတော် အဋ္ဌကထာဓမ္မကို ပို့ချပေးခြင်း၊ ထိုရဟန်းအထံ သင်ယူခြင်းသည် ဓမ္မသမ္ဘောဂ မည်၏။

သံဝသေယျ ၊ပေ၊ ကပ္ပေယျ
ဥပုသ်ပဝါရဏာ၊ အခြားသံဃာ့ကံများ၌ ထို ဥက္ခိတ္တကရဟန်းနှင့် အတူတကွ ကံပြုခြင်းကို “သံဝါသ”ဟု ဆို၏။

[ဤ သံဝါသကို တားမြစ်ခြင်းကြောင့် “ဝဇ္ဇနီယာစ ပုဂ္ဂလာ တသ္မိံ န ဟောန္တိ” အဖွင့်၌ ဥက္ခိတ္တကရဟန်း ၃ မျိုးကို ထည့်သွင်းခဲ့ရသည်။]

အကာအရံ ကွဲသော်လည်း အမိုးတူသော ကျောင်း အိပ်ရာ၌ ဥက္ခိတ္တကရဟန်းနှင့် အတူမအိပ်ရ။

အင်္ဂါ ၃ ပါး

၁။ ဩသာရဏကံ မပြုရသေးခြင်း၊
၂။ ဩသာရဏကံ မပြုရသေး၊ သို့မဟုတ် ထိုအယူကို မစွန့်သေးဟု သိခြင်း၊
၃။ သမ္ဘောဂစသည်ကို ပြုခြင်း အားဖြင့် အင်္ဂါ ၃ ပါးတည်း။

[ဆောင်]
ကံ ဩသာရဏ မပြုရသေး, သိရေး တဝ, သမ္ဘောဂမှု စသည် ပြုဟု သုံးခုကြောင်းဟိတ်, အင်စုံကြိတ်, ဥက္ခိတ် သမ္ဘောသင့်။

သုဒ္ဓပါစိတ် အခန်း (သပါဏကဝဂ်)

၁၀။ ကဏ္ဋက

သမဏုဒ္ဒေသောပိ စေ ဧဝံ ဝဒေယျ
သမဏုဒ္ဒေသောပိ - သာမဏေသည်လည်း၊
ဧဝံ - ဤသို့၊
စေ ဝဒေယျ - အကယ်၍ ပြောဆိုအံ့၊
(ကိံ - နည်း၊)

“တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ၊ ယထာ ယေ’မေ အန္တရာယိကာ ဓမ္မာ ဝုတ္တာ ဘဂဝတာ၊ တေ ပဋိသေဝတော နာလံ အန္တရာယာယာ”တိ၊ သော သမဏုဒ္ဒေသော ဘိက္ခူဟိ ဧဝမဿ ဝစနီယော “မာဝုသော သမဏုဒ္ဒေသ ဧဝံ အဝစ၊ မာ ဘဂဝန္တံ အဗ္ဘာစိက္ခိ၊ န ဟိ သာဓု ဘဂဝတော အဗ္ဘက္ခာနံ၊ န ဟိ ဘဂဝါ ဧဝံ ဝဒေယျ၊ အနေကပရိယာယေနာ’ဝုသော သမဏုဒ္ဒေသ အန္တရာယိကာ ဓမ္မာ အန္တရာယိကာ ဝုတ္တာ ဘဂဝတာ၊ အလဉ္စ ပန တေ ပဋိသေဝတော အန္တရာယာယာ”တိ၊ ဧဝဉ္စ သော သမဏုဒ္ဒေသော ဘိက္ခူဟိ ဝုစ္စမာနော တထေဝ ပဂ္ဂဏှေယျ၊

[“တထာဟံ ဘဂဝတာ ဓမ္မံ” မှ စ၍ “ဘိက္ခူဟိ ဝုစ္စမာနော တထေဝ ပဂ္ဂဏှေယျ” တိုင်အောင် အရိဋ္ဌသိက္ခာပုဒ်အတိုင်း အနက်ဆို။]

သော သမဏုဒ္ဒေသော ဘိက္ခူဟိ ဧဝမဿ ဝစနီယော “အဇ္ဇတဂ္ဂေ တေ အာဝုသော သမဏုဒ္ဒေသ န စေဝ သော ဘဂဝါ သတ္ထာ အပဒိသိတဗ္ဗော၊ ယမ္ပိ စ’ညေ သမဏုဒ္ဒေသာ လဘန္တိ ဘိက္ခူဟိ သဒ္ဓိံ ဒိရတ္တတိရတ္တံ သဟသေယျံ၊ သာပိ တေ နတ္ထိ၊ စရ ပိရေ, ဝိနဿာ”တိ။ ယော နပ ဘိက္ခု ဇာနံ တထာနာသိတံ သမဏုဒ္ဒေသံ ဥပလာပေယျ ဝါ ဥပဋ္ဌာပေယျ ဝါ သမ္ဘုဉ္ဇေယျ သဟဝါသေယျံ ကပ္ပေယျ၊ ပါစိတ္တိယံ။

သော သမဏုဒ္ဒေသော - ထို သာမဏေသည်၊
ဝါ - ကို၊
ဘိက္ခူဟိ - တို့သည်၊
ဧဝံ - ဤသို့၊
ဝစနီယော - ပြောဆိုထိုက်သည်၊
အဿ - ဖြစ်၏၊
(ကိံ - အဘယ်သို့ ပြောဆိုထိုက်သနည်း။)

အာဝုသော သမဏုဒ္ဒေသ - ငါ့ရှင် သာမဏေ၊
အဇ္ဇတဂ္ဂေ - ယနေ့အစပြု၍၊
တေ - သင်သည်၊
သော ဘဂဝါ - ထို ငါတို့မြတ်စွာဘုရားကို၊
သတ္ထာ - ဆရာဟူ၍၊
န စေဝ အပဒိသိတဗ္ဗော - မညွှန်ပြထိုက်၊
- သည်သာ မကသေး၊
အညေ - သင်မှ တပါးကုန်သော၊
သမဏုဒ္ဒေသာ - သာမဏေတို့သည်၊
ဘိက္ခူဟိ – ရဟန်းတို့နှင့်၊
သဒ္ဓိံ - တက္ခ၊
ဒိရတ္တ တိရတ္တံ - ၂ ညဉ့် ၃ ညဉ့်ပတ်လုံး၊
ယမ္ပိ သဟသေယျံ - အကြင် အတူ အိပ်ခွင့်ကိုမူလည်း၊
လဘန္တိ - ရကြကုန်၏၊
သာပိ - ထို အတူအိပ်ခွင့်သည်လည်း၊
တေ - သင့်အတွက်မှာ၊
နတ္ထိ - မရှိတော့ပြီ၊
ပိရေ - ပြင်ပသူစိမ်း ဟဲ့ လူပြိန်း၊
စရ - သွားလော၊
ဝိနဿ - တော်ရာချောင်ကြား ပျက်ပြားလေလော၊
ဣတိ - ဤသို့ ပြောဆိုထိုက်၏။

ယော ပန ဘိက္ခု - သည်၊
ဇာနံ - ဖျက်ဆီးအပ်ပြီးသော သာမဏေ ဟု သိလျက်၊
တထာ နာသိတံ - ထို ဆိုအပ်ပြီးသောနည်းဖြင့် ဖျက်ဆီးအပ်ပြီးသော၊
သမဏုဒ္ဒေသံ - သာမဏေကို၊
ဥပ လာပေယျဝါ - သွေးဆောင်မူလည်း သွေးဆောင်အံ့၊
ဥပဋ္ဌာပေယျဝါ - လုပ်ကျွေးမှုလည်း လုပ်ကျွေးစေအံ့၊
သံဘုဉ္ဇေယျဝါ - အာမိသ ဓမ္မ သံဘောဂကိုမူလည်း ပြုအံ့၊
သဟ ဝါသေယျံ - သဟသေယျကိုမူလည်း၊
ကပ္ပေယျ - ပြုအံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ။
သတ္တမော - သော၊
သပါဏကဝဂ္ဂေါ - တည်း။

၁၀။ ကဏ္ဋက
ကဏ္ဋကသာမဏေကို အကြောင်းပြု၍ ပညတ်တော် မူအပ်သောကြောင့် “ကဏ္ဋကသိက္ခာပုဒ်” ဟု နာမည်တပ်သည်။
အရိဋ္ဌရဟန်းကဲ့သို့ ကဏ္ဋကသာမဏေမှာလည်း မိစ္ဆာအယူဖြစ်၍ “တထာဟံ ဘဂဝတာ ဓမ္မံ” စသည်ကို ပြောဆိုသည်။ ယခုအခါ ဘုရားစွပ်စွဲသော ထို သာမဏေမျိုး ပေါ်လာလျှင် သိက္ခာပုဒ် အတိုင်း ဆုံးမရသည်။ ဆုံးမ၍ မရခဲ့သော် ဆက်လက်၍ ပြောဆိုရသည်မှာ....

အဇ္ဇတဂ္ဂေ ၊ပေ၊ တေ နတ္ထိ
ယနေ့ကစ၍ ငါတို့ဘုရားရှင်ကို သင်က ဆရာဟူ၍ မညွှန်ပြနှင့်တော့။ “သင်က ဘုရားရှင်ကို စွပ်စွဲထားသောကြောင့် သင်လဲ ဘုရားရှင်၏တပည့် မဟုတ်နိူင်တော့ပြီ” ဟူလို။ အခြားသာမဏေ များမှာ ရဟန်းတော်များနှင့်အတူ ၃ ညဉ့်အိပ်ခွင့် ရကြသေး၏။ သင့်မှာ ထို အိပ်ခွင့်မျိုး မရတော့ပြီ။ “သင်နှင့် အတူတကွ တမိုးတည်းသော ကျောင်း၌ အိပ်သော ရဟန်းမှာ အာပတ်သင့်သည်” ဟူလို။

စရ ပိရေ ဝိနဿ
“သင်သည် ငါတို့၏ မမြင်ကွယ်ရာအရပ်သို့ သွား၍ ပျက်စီးလေတော့”ဟု ပြောဆိုရမည်။ အဇ္ဇတဂ္ဂေမှ စ၍ ဤ ဝိနဿတိုင်အောင် စကားဖြင့် ထို သာမဏေကို ဖျက်ဆီးရာရောက်သည်။ ထို့ကြောင့် နောက်၌ “တထာနာသိတံ”ဟု ဆိုလိမ့်မည်။

[“ပိရေ” ကား ပရနှင့် အနက်တူသော (အာလုပ်အနက်ရှိသော) နိပါတ်ပုဒ်တည်း။ ပရ ဟူရာ၌ သာသနာတော်၏ အတွင်းသား မဟုတ်၊ သူစိမ်း ပြင်ပဖြစ်သူ ဟု ဆိုလိုသည်။ လူပြိန်းဟူသည် “အဖျင်း=အန=အအ” တည်း။]

တထာနာသိတံ
တထာနာသိတံ အရ ဖျက်ဆီးမှု ဟူရာ၌ အရိဋ္ဌ ရဟန်းကို ဖျက်ဆီးသလို -
အပေါင်းအသင်းမလုပ်ရအောင် ဖျက်ဆီးခြင်းဟူသော “သံဝါသ နာသန
အသွင်ကိုဖျက် လူထွက်စေခြင်းဟူသော “လိင်္ဂနာသန
အပြစ်ဒဏ်ပေး၍ ဖျက်ဆီးခြင်းဟူသော “ဒဏ္ဍကမ္မနာသန” ဟု ၃ မျိုး ရှိ၏။
ထိုတွင် သာမဏေကို ဖျက်ဆီးရာ၌ ရဟန်းချင်း မဟုတ်၍ အပေါင်းအသင်းကို ဖျက်ဆီးဘွယ်မလို ရကား နှင်ဒဏ်ပေးခြင်းဟူသော “ဒဏ္ဍကမ္မနာသန” ကိုသာ ယူရမည်ဟု မှတ်ပါ။

ဥပလာပေယျ ၊ပေ၊ ကပ္ပေယျ
“သပိတ်ပေးမည်၊ သင်္ကန်းပေးမည်၊ စာချပေးမည်” စသည်ဖြင့် ပြောဆို၍ ထို နင်ဒဏ်ပေးထားသော သာမဏေကို သွေးဆောင် ခေါ်ယူလျှင်၎င်း၊ အာမိသသမ္ဘောဂ၊ ဓမ္မသမ္ဘောဂ ပြုလျှင်၎င်း၊ အမိုးတူသော ကျောင်း၌ တညဉ့်မျှဖြစ်စေ အတူအိပ်လျှင်၎င်း ထိုအမှု တခုခုကို ပြုသောရဟန်းမှာ ပါစိတ်အာပတ် သင့်သည်။ [အင်္ဂါကို ရှေ့ဥက္ခိတ္တသမ္ဘောဂ အတိုင်း ဆိုပါ။]

သုဒ္ဓပါစိတ် အခန်း (သဟဓမ္မိကဝဂ်)

၁။ သဟဓမ္မိက

ယော ပန ဘိက္ခု ဘိက္ခူဟိ သာဓမ္မိကံ ဝုစ္စမာနော ဧဝံ ဝဒေယျ “န တာဝါဟံ အာဝုသော ဧတသ္မိံ သိက္ခာပဒေ သိက္ခိဿာမိ၊ ယာဝ န အညံ ဘိက္ခုံ ဗျတ္တံ ဝိနယဓရံ ပရိပုစ္ဆာမီ”တိ၊ ပါစိတ္တိယံ။ သိက္ခမာနေန ဘိက္ခဝေ ဘိက္ခုနာ အညာတဗ္ဗံ ပရိပုစ္ဆိတဗ္ဗံ ပရိပဉှိတဗ္ဗံ၊ အယံ တတ္ထ သာမီစိ။

ယော ပန ဘိက္ခု - သည်၊
ဘိက္ခူဟိ - ရဟန်းတို့သည်၊
သဟဓမ္မိကံ - သီတင်းသုံးဘော်တို့၏ ဥစ္စာဖြစ်သော သိက္ခာပုဒ်ဖြင့်၊
ဝုစ္စမာနော - ပြောဆို ဆုံးမအပ်သော်၊
ဧဝံ - ဤသို့၊
ဝဒေယျ - ပြောဆိုအံ့၊
(ကိံ - အဘယ်သို့ ပြောဆိုရာသနည်း။)

အာဝုသော - အရှင်တို့၊
ယာဝ - အကြင်မျှလောက်၊
အညံ - အရှင်တို့မှ တပါးသော၊
ဗျတ္တံ - ထက်မြက်သော၊
ဝိနယခရံ - ဝိနည်းဓိုရ် ဖြစ်သော၊
ဘိက္ခုံ - ရဟန်းကို၊
န ပရိပုစ္ဆာမိ - မမေးရသေး၊
တာ၀ - ထို အခြား ဝိနည်းဓိုရ်ကို မမေးရသေးမီ၊
အဟံ - တပည့်တော်သည်၊
ဧတသ္မိံ သိက္ခာပဒေ - ဤသိက္ခာပုဒ်၌၊
န သိက္ခိဿာမိ - ကျင့်လိမ့်ဦးမည် မဟုတ်၊
ဣတိ - ဤသို့ပြောဆိုအံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ

ဘိက္ခဝေ - ရဟန်းတို့၊
သိက္ခာမာနေန - ကျင့်ကြံလိုသည်သာလျှင်၊
(ဟုတွာ - ဖြစ်၍၊)
ဘိက္ခုနာ - ရဟန်းသည်၊
အညာတဗ္ဗံ - မသိ သိအောင် ပြုရာ၏၊
ပရိပုစ္ဆိတဗ္ဗံ - မသိလျှင်လည်း မေးရာ၏၊
ပရိပဉှိတဗ္ဗံ - မေးပြီး နောက်လည်း အခေါက်ခေါက်အခါခါ ကြံစည်ရာ၏၊
အယံ - ဤ သိအောင် ပြုခြင်း, မေးခြင်း, ကြံစည်ခြင်းသည်၊
တတ္ထ - ထို သိက္ခာပုဒ်ကို ကျင့်လိုရာ၌၊
သာမိစီ - လောကုတ္တရာအားလျော်သော ကျင့်ဝတ်တည်း။

၁။ သဟဓမ္မိက
အနာဒရိယ သိက္ခာပုဒ်၌ ဝိနည်းပညတ်တော် ဓမ္မကို မလေးမစား ဂရုမစိုက် လုပ်လျှင် အာပတ်ဟု ပညတ်ခဲ့ပြီ။
ဤ သိက္ခာပုဒ်၌ကား သီတင်းသုံးဘော် ရဟန်းများက ဝိနည်းသိက္ခာပုဒ်ဖြင့် “ဤကဲ့သို့ မလုပ်သင့်ကြောင်းကို ပြောဆို ဆုံးမသောအခါ “ဤသိက္ခာပုဒ်ကို မကျင့်နိူင်ဘူး” ဟု တိုက်ရိုက် ပြောဆိုလိုက်လျှင် အနာဒရိယ သိက္ခာပုဒ်အရ ပါစိတ်။
အာပတ်ကို ကြောက်သောကြောင့် တိုက်ရိုက် မငြင်းဆန်ဝံ့ဘဲ “ဤသိက္ခာပုဒ်၌ ဤကဲ့သို့ ကျင့်ရမည်မှာ အမှန်ပင် ဖြစ်ပါသလား”ဟု ထင်ရှားသော အခြားဝိနည်းဓိုရ်ကို မေးဦးမည်၊ ထိုကဲ့သို့ မေးမြန်း စုံစမ်း နေခိုက်မှာဖြင့် ဤသိက္ခာပုဒ်ကို မကျင့်နိုင်သေး ဟု သွယ်ဝိုက်၍ ငြင်းဆန်သည်။ ထိုကဲ့သို့ ငြင်းဆန်လျှင်လည်း ပါစိတ် အာပတ်ပင် ဖြစ်သည်။
[သဟဓမ္မိကံ ဝုစ္စမာနော ပုဒ်၏ အဖွင့်ကို ဒုဗ္ဗစသိက္ခာပုဒ် ပြန်ကြည့်ပါ။]

သိက္ခမာနေန ၊ပေ၊ သာမိစီ
ဤဝါကျကား ရဟန်းဆိုတာ ကျင့်လိုစိတ် ရှိလျက် သိက္ခာပုဒ်ဆိုင်ရာဝယ် မသိ သိအောင် ပြုရမည်။ သိအောင် ပြုပါလျက် မသိလျှင်လည်း “ဤပါဠိက ဘာကို ဆိုလိုပါသနည်း၊ ဤပါဠိ၏ အနက်ကား ဘယ်လိုပါနည်း” စသည်ဖြင့် မေးရမည်။ မေးပြီးနောက်လည်း အခေါက်ခေါက် အခါခါ ကြံစည်ရ၊ နှိုင်းချိန်ရမည်။ ဤသို့ သိအောင် ပြုမှု၊ မေးမြန်းမှု၊ နှိုင်းချိန်မှုကို ပြုရခြင်းသည် လောကုတ္တရာရကြောင်း ကောင်းမြတ်သောအကျင့် ဖြစ်သည် ဟု တိုက်တွန်းသော ဝါကျတည်း။

အင်္ဂါ ၂ ပါး

၁။ ရဟန်းက ပညတ်တော်ဖြင့် ပြောဆိုခြင်း၊
၂။ မကျင့်လိုသည့်အတွက် “နတာဝါဟံ”စသည်ဖြင့် ပြောဆိုခြင်းအားဖြင့် အင်္ဂါ ၂ ပါး တည်း။

[ဝိနည်းပညတ်တော်မှ တပါးသော သုတ္တန် အဘိဓမ္မာ နည်းလမ်းဖြင့် ပြောဆိုရာ စသည်၌ ဤသို့ သွယ်ဝိုက်၍ ငြင်းဆန်လျှင် ဒုက္ကဋ်အာပတ်သင့်ကြောင်းကိုလည်း သိပါ။]

[ဆောင်]
ရဟန်းချင်းက ပညတ်ပြ၍ ဆုံးမလေလင့်, မကျင့်ကြံလို ရှောင်လွှဲဆိုဟု နဂိုကြောင်းမျှ အင်နှစ်ဝ, သဟဓမ္မိကသင့်။

သုဒ္ဓပါစိတ် အခန်း (သဟဓမ္မိကဝဂ်)

၂။ ဝိလေခန

ယော ပန ဘိက္ခု ပါတိမောက္ခေ ဥဒ္ဒိဿမာနေ ဧဝံ ဝဒေယျ “ကိံ ပနိမေဟိ ခုဒ္ဒါနုခုဒ္ဒကေဟိ သိက္ခာပဒေဟိ ဥဒ္ဒိဋ္ဌေဟိ၊ ယာဝဒေ၀ ကုက္ကုစ္စာယ ဝိဟေသာယ ဝိလေခါယ သံဝတ္တန္တီ”တိ၊ သိက္ခာပဒဝိဝဏ္ဏကေ ပါစိတ္တိယံ။

ယော ပန ဘိက္ခု - သည်၊
ပါတိမောက္ခေ - ပါတိမောက်ကို၊
ဥဒ္ဒိဿမာနေ - ရွတ်ဆိုအပ်သော်၊
ဧဝံ - ဤသို့၊
ဝဒေယျ - ပြောဆိုအံ့၊
(ကိံ - အဘယ်သို့ ပြောဆိုရာသနည်း၊)
ဥဒ္ဒိဋ္ဌေဟိ – ရွတ်ဆိုအပ်ကုန်သော၊
ခုဒ္ဒါနုခုဒ္ဒကေဟိ - ငယ်ကုန် သာ၍ ငယ်ကုန်သော၊
ဣမေဟိ သိက္ခာပဒေဟိ – ဤသိက္ခာပုဒ်တို့ဖြင့်၊
ကိံ ပန - အဘယ်အကျိုး ရှိအံ့နည်း၊
(ဣမာနိ - ဤ ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်တို့သည်၊)
ယာဝဒေဝ - အလွန်အကဲသာလျှင်၊
ကုက္ကုစ္စာယ - ကုက္ကုစ္စအကျိုးငှာ၎င်း၊
ဝိဟေသာယ - ပင်ပန်းခြင်း အကျိုးငှာ၎င်း၊
ဝိလေခါယ - စိတ်ကို ရေးခြစ်သကဲ့သို့ ဖြစ်သော ဝိစိကိစ္ဆာအကျိုးငှာ၎င်း၊
သံဝတ္တန္တိ - ဖြစ်ကုန်၏၊
ဣတိ - ဤသို့ ပြောဆိုအံ့၊
(ဣတိ - ဤသို့၊)
သိက္ခာပဒ ဝိဝဏ္ဏကေ - သိက္ခာပုဒ်ကို ကဲ့ရဲ့ ခြင်းကြောင့်၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ။

၂။ ဝိလေခန
ပါတိမောက်ကို တပါးပါးက ရွတ်ဆိုနေလသော် ထို ရွတ်ဆိုသံကို ကြားရသော ရဟန်းက “ဤ ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်တွေကို ရွတ်နေလို့ ဘာလုပ်မှာလဲ၊ ဤ ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်တွေဟာ အလွန့်ကို ကုက္ကုစ္စ ဝိဟေသ ဝိလေခ ဖြစ်စေနိူင်သည်” ဤသို့ သိက္ခာပုဒ်ကို ကဲ့ရဲ့လျှင် ပါစိတ်အာပတ်ဟု ပညတ်တော်မူအပ်သော သိက္ခာပုဒ်တည်း။

ဥဒ္ဒိဿမာနေ
ဥပုဗ္ဗ ဒိသဓာတ်သည် ရွတ်ဆိုခြင်း အနက်ကို ဟော၏။ ထို့ကြောင့် -
ဆရာ့ကိုယ်တိုင် တပည့်အား ရွတ်ဆို၍ (ပို့ချ) နေသည် ဖြစ်စေ၊
တပည့်က တောင်းပန်၍ ရွတ်ဆိုနေသည်ဖြစ်စေ၊
ထို ပါတိမောက်ကို တပါးပါးက စာပြန်သလို ရွတ်ဆိုနေသည်ဖြစ်စေ၊
ပါတိမောက်ပြသည့်အခါ ရွတ်ဆိုနေသည်ဖြစ်စေ
ထို ရွတ်ဆိုမှု အားလုံးကိုပင် ဥဒ္ဒိဿမာနေ၌ သွင်းယူနိုင်သည်။

ခုဒ္ဒါနုခုဒ္ဒကေဟိ
ကိံ ပနိမေဟိ ၊ပေ၊ သံဝတ္တန္တိ” ဤဝါကျကား ထိုရဟန်း၏ ကဲ့ရဲ့ပုံကိုပြသော ဝါကျတည်း။
ထိုဝါကျ၌ ခုဒ္ဒါနုခုဒ္ဒကကို “ခုဒ္ဒ+ အနုခုဒ္ဒက” ဟု ပုဒ်ဖြတ်ပါ။ ပါရာဇိကကို ထောက်၍ သံဃာဒိသေသ် စသော သိက္ခာပုဒ်များကို ခုဒ္ဒ (ငယ်သော) သိက္ခာပုဒ်များဟု ဆိုနိူင်၏။ ခုဒ္ဒအမည် ရပြီးသော သံဃာဒိသေသ်ကို ထောက်၍ ထုလ္လစ္စဉ်းစသော သိက္ခာပုဒ်များကို အနုခုဒ္ဒက (သာ၍ငယ်သော) သိက္ခာပုဒ်များ ဟု ဆိုနိုင်သည်။
အချုပ်မှာ-
သံဃာဒိသေသ်သည် ခုဒ္ဒသာမည်၍ ထုလ္လစဉ်း စသည်တို့မှာ ခုဒ္ဒ + အနုခုဒ္ဒက ၂ မျိုးလုံး မည်သည်ဟု ဆိုလိုသည်။ [အကျယ်ကို ကင်္ခါဋီကာသစ်မှာ ရှုပါ။]

ယာဝဒေဝ
ဤပုဒ်ကို “အတိသယတ္ထ” အနက် “သံဝတ္တန မရိယာဒ ပရိစ္ဆေဒတ္ထ” အနက်အားဖြင့် ၂ နက် ဖွင့်၏။ နိဿယ၌ အတိသယတ္ထ ပေးခဲ့သည်။ “ဤသိက္ခာပုဒ်များသည် အလွန့်ကို ကုက္ကုစ္စ စသည့်အကျိုးငှာ ဖြစ်ကြသည်။ ဤသိက္ခာပုဒ်များ ရှိသည့်အတွက် ကုက္ကုစ္စ စသော မကောင်းကျိုးများ အလွန် ဖြစ်ကြရသည်” ဟု ဆိုလိုသည်။

ပရိယာယ ပရိစ္ဆေဒ
သံဝတ္တန္တိ အရ သံဝတ္တနကြိယာ၏ အပိုင်းအခြားကို ကန့်သတ်ခြင်း အနက်တည်း။ ဤ သိက္ခာပုဒ်များသည် ကုက္ကုစ္စ တိုင်အောင်၊ ဝိဟေသတိုင်အောင်၊ ဝိလေခတိုင်အောင် ဖြစ်ကြ၏။ ဤသိက္ခာပုဒ်များကြောင့် သင်အံလေ့ကျက် ဆောင်ရွက်ရသော ဒုက္ခမှစ၍ ကုက္ကုစ္စ၊ ဝိလေခအထိ မကောင်းကျိုးများကို ရကြသည်ဟု ဆိုလိုသည်။ ယာဝဒေဝဧဝကား ထို မကောင်းကျိုးမှတပါး ကောင်းကျိုးမရှိဟု ကန့်သည်။
[“ယာဝဒေဝ ကုက္ကုစ္စာယ-ကုက္ကုစ္စတိုင်အောင်သော အကျိုးငှာသာလျှင်” စသည်ဖြင့် ယာဝဒေဝကို ၃ ပုဒ်လုံး၌ လိုက်၍ပေးပါ။]

ကုက္ကုစ္စာယ ၊ပေ၊ ဝိလေခါယ
သိက္ခာပုဒ်များရှိသည့်အတွက် “ငါ ပြုလုပ်အပ်သောအမှုသည် အပ်မှ အပ်ပါ့မလား၊ မအပ်ဘဲများ နေမလား” ဟု ကြံစည်၍ နှလုံး မသာမယာ ဖြစ်နေမှုကို “ကုက္ကုစ္စ”ဟု ခေါ်၏။ ထိုသို့ ကြံစည်၍ စိတ်ပင်ပန်းနေမှုကို “ဝိဟေသာ” ဟု ခေါ်၏။ ထိုသို့ ယုံမှားသံသယ ဝိစိကိစ္ဆာ ဖြစ်စေမှုကို “ဝိလေခါ”ဟု ခေါ်သည်။
[မနော = စိတ်ကို + ဝိလေခါ = ရေးခြစ်သကဲ့သို့ ဖြစ်ခြင်း။]

အင်္ဂါ ၂ ပါး

၁။ ကဲ့ရဲ့လိုခြင်း၊
၂။ ရဟန်း၏အနီး၌ သိက္ခာပုဒ်ကို ကဲ့ရဲ့ခြင်းအားဖြင့် အင်္ဂါ ၂ ပါးတည်း။

[လူ သာမဏေ၏အနီး၌ သိက္ခာပုဒ်ကို ဖြစ်စေ၊ ရဟန်းနှင့် လူ သာမဏေတို့အထံ၌ သိက္ခာပုဒ်မှတပါး အခြားသော ပါဠိ အဋ္ဌကထာဓမ္မကို ဖြစ်စေ ကဲ့ရဲ့လျှင် ဒုက္ကဋ်။]

[ဆောင်]
ကဲ့ရဲ့လိုလျှင်း, ရဟန်းချင်း၏, ထံရင်းနီးပါး, သိက္ခာများထိ, ကဲ့ရဲ့မိချေ, အင်နှစ်ထွေ, ဝိလေခနသင့်။

သုဒ္ဓပါစိတ် အခန်း (သဟဓမ္မိကဝဂ်)

၃။ မောဟန

ယော ပန ဘိက္ခု အနွဒ္ဓမာသံ ပါတိမောက္ခေ ဥဒ္ဒိဿမာနေ ဧဝံ ဝဒေယျ “ဣဒါနေ၀ ခေါ အဟံ ဇာနာမိ၊ အယမ္ပိ ကိရ ဓမ္မော သုတ္တာဂတော သုတ္တပရိယာပန္နော အနွဒ္ဓမာသံ ဥဒ္ဒေသံ အာဂစ္ဆတီတိ။ တဉ္စေ ဘိက္ခုံ အညေ ဘိက္ခူ ဇာနေယျုံ နိသိန္နပုဗ္ဗံ ဣမိနာ ဘိက္ခုနာ ဒွတ္တိက္ခတ္တုံ ပါတိမောက္ခေ ဥဒ္ဒိဿမာနေ၊ ကော ပန ဝါဒေါ ဘိယျော၊ န စ တဿ ဘိက္ခုနော အညာဏကေန မုတ္တိ အတ္ထိ၊ ယဉ္စ တတ္ထ အာပတ္တိံ အာပန္နော၊ တဉ္စ ယထာဓမ္မော ကာရေတဗ္ဗော ဥတ္တရိ စဿ မောဟော အာရောပေတဗ္ဗော “တဿ တေ အာဝုသော အလာဘာ၊ တဿ တေ ဒုလ္လဒ္ဓံ၊ ယံ တွံ ပါတိမောက္ခေ ဥဒ္ဒိဿမာနေ န သာဓုကံ အဋ္ဌိံ ကတွာ မနသိ ကာရောသီ”တိ၊ ဣဒံ တသ္မိံ မောဟနကေ ပါစိတ္တိယံ။

ယော ပန ဘိက္ခု - သည်၊
အနွဍ္ဎမာသံ - အစဉ်အားဖြင့် လခွဲတိုင်း၊
ပါတိမောက္ခေ - ပါတိမောက်ကို၊
ဥဒ္ဒိဿမာနေ-ရွတ်အပ် ပြအပ်သော်၊
ဧဝံ - ဤသို့၊
ဝဒေယျ - ပြောဆိုအံ့၊
(ကိံ - နည်း၊)
ဣဒါနေဝ - ယခုမှသာ၊
အဟံ - တပည့်တော်သည်၊
ဇာနာမိ - သိရ၏။
အယမ္ပိဓမ္မော - ဤသိက္ခာပုဒ် တရားတော်သည်လည်း၊
သုတ္တာဂတော - ပါတိမောက် ပါဠိတော်၌ လာသည်၊
သုတ္တ ပရိယာပန္နော - ပါတိမောက် ပါဠိတော်၌ အကျုံးဝင်သည်၊
(ဟုတွာ - ၍၊)
အနွဍ္ဎမာသံ - လခွဲတိုင်း၊
ဥဒ္ဒေသံ - ရွတ်ပြအပ်သည်၏ အဖြစ်သို့၊
အာဂစ္ဆတိ ကိရ - ရောက်သတဲ့၊
ဝါ - ရောက် ဆိုပါတကား၊
ဣတိ - ဤသို့ ပြောဆိုအံ့။

တံ ဘိက္ခုံ - ထိုရဟန်းကို၊
အညေ - တပါးကုန်သော၊
ဘိက္ခူ - ရဟန်းတို့သည်၊
ဒွတ္တိက္ခတ္တုံ - ၂ ကြိမ် ၃ ကြိမ်၊
ပါတိမောက္ခေ - ပါတီမောက်ကို၊
ဥဒ္ဒိဿမာနေ - ရွတ်အပ် ပြအပ်စဉ်၊
ဣမိနာ ဘိက္ခုနာ - ဤရဟန်းသည်၊
နိသိန္နပုဗ္ဗံ - ဥပုသ်ပြုသံဃာတွင် ပါဝင်နေထိုင်အပ်ဘူးသည်ကို၊
စေ ဇာနေယျုံ - အကယ်၍ သိကုန်အံ့၊
ဘိယျော - ၂ ကြိမ် ၃ ကြိမ်ထက် အလွန် ပါဝင်ဘူးမူကား၊
ကောပနဝါဒေါ - ဘာပြောဘွယ် ရှိတော့အံ့နည်း။

စ - ဆက်ဦးအံ့၊
တဿ ဘိက္ခုနော - ၏၊
အညာဏကေန - မသိဟန်ဆောင်ခြင်းကြောင့်၊
မုတ္တိ - အာပတ်မှ လွတ်ခြင်းသည်၊
န အတ္ထိ - မရှိ၊
တတ္ထ - ထို သိက္ခာပုဒ်ကို လွန်ကျူးခဲ့ရာ၌၊
ယဉ္စ အာပတ္တိံ - အကြင် အာပတ်သို့လည်း၊
အာပန္နော - ရောက်ပြီ၊
တဉ္စ – ထို အာပတ်ကိုလည်း၊
ယထာ - အကြင် အခြင်းအရာအားဖြင့်၊
ဓမ္မော - တရားတော်သည်၊
(ဌိတော - တည်ရှိ၏၊ တထာ - ထို အခြင်းအရာအားဖြင့်၊)
ကာရေတဗ္ဗော - ပြုစေထိုက်၏၊
ဝါ - ကုစားစေထိုက်၏၊
ဥတ္တရိစ - ယထာဓမ္မ ကာရဏထက် တိုးတက်၍လည်း၊
တဿ - ထိုရဟန်း၏ (အပေါ်သို့)၊
မောဟော - မောဟကံကို၊
အာရောပေတဗ္ဗော - တင်ထိုက်၏၊
(ကိံ - အဘယ်သို့ ကဲ့ရဲ့ပြီး၍ တင်ထိုက်သနည်း။)

အာဝုသော - ငါ့ရှင်၊
ယံ တွံ - အကြင် သင်သည်၊
ပါတိမောက္ခေ - ကို၊
ဥဒ္ဒိဿမာနေ - ရွတ်အပ် ပြအပ်စဉ်၊
သာဓုကံ - ကောင်းမွန်စွာ၊< အဋ္ဌိံ ကတွာ - အကျိုးရှိသည်ကိုပြု၍၊
န မနသိကရောသိ - နှလုံးမသွင်း၊
တဿ တေ - ထို သင်သည်၊
အလာဘာ - ဒိဋ္ဌဓမ္မိက သမ္မရာယိက လာဘ်တို့ကို မရအပ်လေကုန်စွ၊
တဿ တေ - ထို သင်သည်၊
(မနုဿတ္တံ - ကံကောင်း ထောက်မသဖြင့် ရအပ်သောလူ့ အဖြစ်ကို၊)
ဒုလ္လဒ္ဓံ - မကောင်းသဖြင့် ရအပ်လေစွ၊
ဝါ - အရ မတော်လေစွ၊
ဣတိ - ဤသို့ ကဲ့ရဲ့ပြီး၍ မောဟကံသို့ တင်ထိုက်၏၊
တသ္မိံ မောဟနကေ - ထို မသိဟန်ဆောင်သော ပုဂ္ဂိုလ်၌၊
ဣဒံ ပါစိတ္တိယံ - ဤ ပါစိတ်အာပတ်သည်၊
ဟောတိ - ၏။

၃။ မောဟန
ဤသိက္ခာပုဒ်၌ အချုပ်ကား - ရဟန်း တပါးသည် မကြာမီက သိက္ခာပုဒ် တပါးပါးကို ကျူးလွန်ခဲ့၏။ ထို့နောက် ဥပုသ်နေ့၌ ပါတိမောက်ပြသည့်အခါ “မကြာမီက မသိလို့ သိက္ခာပုဒ်ကို ကျူးလွန်ခဲ့သည်၊ သိများသိလျှင် ကျူးလွန်မှာမဟုတ်”ဟု အခြားရဟန်းတို့က သူ့အပေါ် တွေးကြ ထင်ကြ ညှာတာ ကြအောင် “တပည့်တော်သည် ယခုမှ သိရပါတယ်၊ ဤ သိက္ခာပုဒ်လဲ ပါတိမောက်မှာ လာ၍ ပါတိမောက်ပြရာတွင် ပါဝင်သကိုး” ဟု ပြောဆိုလေသည်။
သို့သော် အခြားရဟန်းများက “ထိုရဟန်းသည် ရှေးရှေး ပါတိမောက်ပြရာတွင် ၂ ကြိမ် ၃ ကြိမ် သံဃာများနှင့် အတူ ပါဝင် နေထိုင်ဘူးပြီ” ဟု သိကြလျှင် (၂ ကြိမ် ၃ ကြိမ်ထက်ပို၍ပင် ပါဝင်ဘူးသည်ဟု သိလျှင်ကား ပြောဘွယ် မရှိပြီ။) ထိုရဟန်းမှာ ရှေးတုန်းက ကျူးလွန်ခဲ့သော အပြစ်အတွက် အာပတ်ကို ကုစားစေ၍ ထို့ထက်အလွန် “တဿ တေ အာဝုသော အလာဘာ” စသော စကားဖြင့် ကဲ့ရဲ့ ရှုတ်ချပြီးနောက် မောဟကံသို့ တင်ရမည်။
[“ဣမိနာ ဘိက္ခုနာ”ဟု ရှိသောကြောင့် “နိသိန္နပုဗ္ဗံ-နေထိုင်အပ်ဘူးသည်ကို”ဟု ကံ အနက် ပေးလိုက်ရသည်။ စာသွား မကောင်းလှ။ “ဣမိနာ ဘိက္ခုနာ” မပါမှ သာ၍ စာသွားလှမည်။]
ထို မောဟကံသို့ တင်ပြီးသောအခါ ထပ်၍ “ဣဒါနေဝ ခေါ အဟံ ဇာနာမိ” စသော စကားမျိုးကို ပြောကာ မသိလို့ ပြုမိလေဟန်ဆောင်ပြန်လျှင် ပါစိတ် အာပတ်သင့်သည်။
[မောဟကံသို့ မတင်မီ မသိဟန်ဆောင်ခြင်းကြောင့်ကား ဒုက္ကဋ်အာပတ်သာ သင့်၏။ မောဟကံသို့ တင်သည့်အခါ ဉတ်ကမ္မဝါစာဖြင့် တင်ရသည်။ ထို တင်ပုံကို ဤသိက္ခာပုဒ် ပါဠိတော်ရင်းမှာ ရှုပါ။]

အနွဍ္ဎမာသံ ၊ပေ၊ ဥဒ္ဒိဿမာနေ
အနု+အဍ္ဎမာသံအနု သဒ္ဒါသည် အစဉ်အတိုင်းဟူသော အနက်ကို အတွင်းပြု၍ ဝိစ္ဆာ အနက်ကို ဟောသည်။ ထို့ကြောင့် “အစဉ်အားဖြင့် လခွဲတိုင်း” ဟု အနက်ပေးသည်။ ဥဒ္ဒိဿမာနေ အရ ရှေ့သိက္ခာပုဒ်၌ကဲ့သို့ သင်အံ ပို့ချခြင်းကို မယူရ၊ ဥပုသ်ပြုသည့်အခါ ပါတိမောက်ပြခြင်းကို ယူရမည်။ ဥဒ္ဒိဿမာနေဟု ပစ္စုပ္ပန်အနက်ဟော မာန ပစ္စည်းဖြင့် ဆိုထားသော်လည်း ပါတိမောက်ပြတုန်း လောလောဆယ်ကိုမယူရ ပါတိမောက် ပြပြီးနောက်မှ ပြောဆိုသည်ဟု ယူရမည်။ ဘာ့ကြောင့်နည်း။ သင့်အပ်ပြီးသော အာပတ်ကို ကုစားစေခြင်း၊ မောဟကံသို့ တင်ခြင်း ကိစ္စတို့ကို ထိုရဟန်း ပြော၍ မကြာခင်ပင် ပြုခွင့်ရှိ၍ ထို ကိစ္စများကိုလည်း ပါတိမောက် ပြတုန်းဝယ် ပြုဘို့ရန် မလွယ်ကူသော ကြောင့်တည်း။

ယဉ္စ တတ္ထ ၊ပေ၊ ကာရိတဗ္ဗော
တတ္ထ၏ အစွဲကို ရှေးတုန်းက (ပါတိမောက် မပြမီ) သူပြုကျင့်ခဲ့သော လွန်ကျူးမှုကို စွဲရမည်။ ပါတိမောက်ကို (ယခု အကြိမ်) မနာမီ ရှေးက လွန်ကျူးခဲ့သော အပြစ်များအတွက် မသိ၍ ပြုခဲ့မိဟန် ဆောင်သော်လည်း အာပတ်မှ မလွတ်၊ ဆိုင်ရာ ဝိနည်းတရားတော် အတိုင်း ထိုအာပတ်ကို ကုစား စေရမည်။

ဥတ္တရိစဿ ၊ပေ၊ အာရာပေတဗ္ဗော
[ယထာဓမ္မ = ဝိနည်းတရားတော် အတိုင်း + ကာရဏ = ပြုစေခြင်း၊] ဆိုင်ရာအာပတ်ကို ကုစားစေရုံ မက မောဟကံသို့လည်း တိုး၍တင်ရမည်။ “နောက်ထပ် မောဟကံပြုရမည်” ဟူလို။

တဿ တေ ၊ပေ၊ မနသိကရောသိ
ဤဝါကျကား မောဟကံ မတင်မီ ပြောဆိုရမည့် စကားတည်း။
ထိုဝါကျ၌ နိဿယလာ အနက်များကို အဓိပ္ပာယ် ပေါ်အောင် အဋ္ဌကထာဖွင့်အတိုင်း ပေးထားသည်။ အဋ္ဌိံ ကတွာသမာသ် မဟုတ်။ အဋ္ဌိံ တပုဒ်၊ ကတွာ တပုဒ်တည်း။ “အတ္ထော ယဿ အတ္ထီတိ အဋ္ဌီတ္ထကို ဋ္ဌ (ဋဌ ဆင့်လျက်) ပြုထားသည်။ ပါတိမောက်ကို ကောင်းစွာ နှလုံးသွင်း၍ နာခြင်းကြောင့် ရအပ်သော ဒိဋ္ဌဓမ္မကျိုး၊ သမ္ပရာယိက (တမလွန်ကျိုး) ရှိသူကို “အဋ္ဌီ”ဟု ဆိုသည်။ မိမိကိုယ်ကို ထိုအကျိုး ၂ မျိုးရှိသူဖြစ်အောင် ပြု၍ မနာယူဘူး ဟူလို။
[အဋ္ဌိကပုဒ်နောင် တွာပစ္စည်းကြံ၍ ပါစိတျာဒိယောဇနာ၌ တနည်း ဖွင့်သေး၏။]

အင်္ဂါ ၄ ပါး

၁။ မောဟကံကို တင်ပြီးခြင်း၊
၂။ ထို တင်ပြီးနောက် မသိဟန်ဆောင်လိုသောစိတ် ဖြစ်ပြန်ခြင်း၊
၃။ ပါတိမောက် အကျယ်ပြသည်ကို ၂ ကြိမ် ၃ ကြိမ်မျှ ကြားဘူးခြင်း၊
၄။ မသိဟန်ဆောင်ခြင်းအားဖြင့် အင်္ဂါ ၄ ပါးတည်း။

[(၃) အင်္ဂါအရ ရဟန်းဖြစ်ခါစ ဖြစ်၍ ပါတိမောက် အကျယ်ပြသည်ကို ၂ ကြိမ် ၃ ကြိမ် မနာဘူး သေးလျှင် မောဟကံသို့ မတင်ရ၊ လွန်ကျူးမိသော အာပတ်ကိုကား တရားအတိုင်း ကုစားစေ ရမည်သာ။ ၂ ကြိမ် ၃ ကြိမ် ၃ နာဘူးစေကာမူ အကျဉ်းပြကိုသာ နာဘူးလျှင်လည်း မောဟကံသို့ မတင်ရ။]

[ဆောင်]
မောဟကံတွင်, တင်ပြီးလျှင်သား, မသိချင်ဟန်, ဆောင်လိုပြန်ခါ, နှစ်-သုံးခါမျှ, အကျယ်ပြကို, နာရလေဘိ, မသိဟန်ပြု, အင် လေးခု, သင့်မှု မောဟန

သုဒ္ဓပါစိတ် အခန်း (သဟဓမ္မိကဝဂ်)

၄။ ပဟာရ

ယော ပန ဘိက္ခု ဘိက္ခူဿ ကုပိတော အနတ္တမနော ပဟာရံ ဒဒေယျ၊ ပါစိတ္တိယံ။

ယော ပန ဘိက္ခု - သည်၊
ဘိက္ခုဿ - ရဟန်းအား၊
ကုပိတော - စိတ်ဆိုးသည်၊
အနတ္တမနော - မိမိစိတ် မရှိသည်၊
(ဟုတွာ - ၍)
ပဟာရံ - ပုတ်ခတ်ခြင်းကို၊
ဒဒေယျ - ပေးအံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ။

၄။ ပဟာရ
စိတ်ဆိုး၍ ရဟန်းအား ရိုက်နှက် ပုတ်ခတ်လျှင် ပါစိတ်
သေစေလိုသောစေတနာ မရှိလျှင် ရိုက်သည့်အတွက် သေစေကာမူ ပါစိတ်ပင်။
နဂိုကပင် အင်္ဂါ ချွတ်ယွင်းစေလို၍ နှိပ်စက်မူ ဒုက္ကဋ် ဟူ၏။
လူ သာမဏေကို ရိုက်နက်ရာ၌ကား ဒုက္ကဋ်ချည်းသာ။
ရန်သူတို့က နှိပ်စက်လာသဖြင့် လွတ်မြောက်အောင် ကာကွယ်ရာ၌ လက်လွန်၍ သေစေကာမူ အနာပတ္တိ

အင်္ဂါ ၃ ပါး

၁။ စိတ်ဆိုးခြင်း၊
၂။ လွတ်မြောက်အောင် ကာကွယ်သော အရာ မဟုတ်ခြင်း၊
၃။ ရဟန်းအား ပုတ်ခတ် ရိုက်နှက်ခြင်းတည်း။

[ဆောင်]
စိတ်ဆိုးလေ၍, လွတ်မြောက်စေ့ငှာ, ကွယ်ကာ မဟုတ်, ရိုက်ပုတ် သတ်ညှဉ်း, ရဟန်းချင်းဟု, ကြောင်းရင်း သုံးဝ, အင်စုံက, ပဟာရ ပါစိတ်သင့်။

သုဒ္ဓပါစိတ် အခန်း (သဟဓမ္မိကဝဂ်)

၅။ တလသတ္တိက

ယော ပန ဘိက္ခု ဘိက္ခုဿ ကုပိတော အနတ္တမနော တလသတ္တိကံ ဥဂ္ဂိရေယျ၊ ပါစိတ္တိယံ။

ယော ပန ဘိက္ခု - သည်၊
ဘိက္ခုဿ - ရဟန်း၏ (အပေါ်၌)၊
ကုတော အနတ္တမနော (ဟုတွာ)
တလသတ္တိကံ - လှံ၏အလား, လက်ဝါးပြင်ကို၊
ဥဂ္ဂိရေယျ - မြှောက်အံ့၊
ဝါ - မိုးအံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ။

၅။ တလသတ္တိက
[သတ္တိ = လှံ + က = တူသည်၊ သတ္တိက=လှံနှင့်တူသော + တလ=လက်ဝါးပြင်။]
လှံသည် ထိုးဆွစရာ ဖြစ်သကဲ့သို့ လက်ဝါး အပြင်လည်း ရိုက်ပုတ်စရာဖြစ်သည်။ လက်ဝါးအပြင်ကို ဥပလက္ခဏနည်းဖြင့် မှတ်၍ ဆိုထားသည်။ လက်ဝါးသာမက ခြေ၊ ဒူး စသော ကိုယ်အင်္ဂါ အစိတ်များ ကိုပါ “တလသတ္တိက”အရ ယူရသည်။
ရိုက်မည်ဟု မကြံဘဲ ခြိမ်းခြောက်သောအားဖြင့် ရဟန်း၏ အပေါ်၌ လက်ဝါးကြီး တမိုးမိုး၊ လက်သီး တရွယ်ရွယ်၊ ခြေ တရမ်းရမ်း၊ ဒုတ် ဓား တပြပြ လုပ်လျှင် ပါစိတ်
ထိုကဲ့သို့ ခြိမ်းခြောက် ရွယ်မိုးရာ၌ မချိန်ဆနိုင်၍ လက်လွန်သွားလျှင် (ရိုက်မိလျှင်) ဒုက္ကဋ် ဟူ၏။
ဤ၌လည်း ရန်သူက ရန်မူလာသဖြင့် လွတ်မြောက်လို၍ ရွယ်မိုးလျှင် အနာပတ္တိ

အင်္ဂါ ၃ ပါး

၁။ စိတ်ဆိုးခြင်း၊
၂။ လွတ်မြောက်အောင် ကာကွယ်သော အရာ မဟုတ်ခြင်း၊
၃။ ရဟန်းအား ပုတ်ခတ် ရွယ်မိုးခြင်းတည်း။

သုဒ္ဓပါစိတ် အခန်း (သဟဓမ္မိကဝဂ်)

၆။ အမူလက

ယော ပန ဘိက္ခု ဘိက္ခုံ အမူလကေန သံဃာဒိသေသေန အနုဒ္ဓံသေယျ၊ ပါစိတ္တိယံ။

ယော ပန ဘိက္ခု - သည်၊
ဘိက္ခုံ - ကို၊
အမူလကေန - သော၊
သံဃာဒိသေသေန - သံဃာဒိသေသ် အာပတ်ဖြင့်၊
အနုဒ္ဓံသေယျ - အံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ

၆။ အမူလက
ဤသိက္ခာပုဒ်လာ မှတ်ဘွယ်များကို သံဃာဒိသေသ်၌ ပြအပ်ခဲ့သော အမူလကသိက္ခာပုဒ်အတိုင်း သိပါ။
ထို၌ ပါရာဇိကဖြင့် စွပ်စွဲခြင်း၊ ဤ၌ သံဃာဒိသေသ်ဖြင့် စွပ်စွဲခြင်းသာ ထူးသည်။

အင်္ဂါ ၄ ပါး -
၁။ စွပ်စွဲခံရသူ၏ ရဟန်းဖြစ်ခြင်း၊
၂။ သံဃာဒိသေသ်၏ အမူလကဖြစ်ခြင်း၊
၃။ စွပ်စွဲခြင်း၊
၄။ ထို စွပ်စွဲပြီး ခဏ၌ သိခြင်းအားဖြင့် ၄ ပါးတည်း။

[ဆောင်]
ရဟန်း ဖြစ်ဘိ, သံဃာဒိသ, အမူလဖြင့်, စွပ်စွဲလင့်သား, ချက်ခြင်း အားပင်, သိနိုင်လျှင်ဟူ, အင်လေးဆူ, အ-မူ ပါစိတ်သင့်။

---

သုဒ္ဓပါစိတ် အခန်း (သဟဓမ္မိကဝဂ်)

၇။ သဉ္စိစ္စ

ယော ပန ဘိက္ခု ဘိက္ခုဿ သဉ္စိစ္စ ကုက္ကုစ္စံ ဥပဒဟေယျ “ဣတိဿ မုဟုတ္တမ္ပိ အဖာသု ဘဝိဿတီ”တိ ဧတဒေဝ ပစ္စယံ ကရိတွာ အနညံ၊ ပါစိတ္တိယံ။

ယော ပန ဘိက္ခု - သည်၊
ဘိက္ခုဿ - ရဟန်း၏၊
သဉ္စိစ္စ - သညာနှင့်တကွ စေ့ဆော်၍၊
ကုက္ကုစ္စံ - ကုက္ကုစ္စကို၊
ဥပဒဟေယျ - ဖြစ်စေအံ့၊
(ကိံ - အဘယ်သို့ ရည်ရွယ်၍ ဖြစ်စေသနည်း၊)
ဣတိ - ဤသို့ ဖြစ်စေရလျှင်၊
အဿ - ထိုရဟန်း၏၊
မုဟုတ္တမ္ပိ - တမုဟုတ်မျှလည်း၊
အဖာသု - မချမ်းသာမှုသည်၊
ဘဝိဿတိ - ဖြစ်လတံ့၊
ဣတိ - ဤသို့ ရည်ရွယ်၍၊
ဧတဒေဝ - ဤ စိတ်မချမ်းသာစေလိုခြင်းကိုသာလျှင်၊
ပစ္စယံ - အကြောင်းကို၊
ကရိတွာ - ပြု၍၊
အနညံ – အခြားအကြောင်း မရှိဘဲ၊
(ဥပဒဟေယျ - အံ့၊)
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ

၇။ သဉ္စိစ္စ
[ငါပြောလိုက်လျှင် သူ စိတ်မချမ်းသာ ဖြစ်လိမ့်မည်ဟု သိသော သညာကို သဉ္စိစ္စ၌ သံအရံ “သညာနှင့် တကွ” ဟု ဆိုသည်။]
“ကိုယ်တော် ရဟန်းခံခဲ့တာ အသက် ၂၀ မပြည့်ဘူး ထင်တယ်၊ ဆွမ်းဘုဉ်းပေး တုန်းက နေလွဲတယ် ထင်တယ်” စသည်ဖြင့် ပြောလိုက်လျှင် အပြောခံရသော ရဟန်းမှာ “ငါသည် ရဟန်းမှဖြစ်ပါ့မလား၊ ငါဆွမ်းစားတုန်းက နေလွဲနေလေ သလား” စသည်ဖြင့် ယုံမှားသံသယ ဖြစ်၏။ ထိုသံသယကိုပင် ဤသိက္ခာပုဒ်၌ “ကုက္ကုစ္စ”ဟု ခေါ်သည်။

အနညံ
ထိုကဲ့သို့ ကုက္ကုစ္စဖြစ်နေအောင် ပြောဆိုအံ့၊ ပြောဆိုရာ၌လည်း “ယခုလို ပြောလျှင် သူ့မှာ ကုက္ကုစ္စ ဖြစ်ကာ တမုဟုတ် (တခဏ) လောက် ဖြစ်စေ၊ စိတ်နှလုံး မချမ်းသာခြင်း ဖြစ်လိမ့်မည်”ဟု ရည်ရွယ်ချက်ထားအံ့၊ ဤသို့ ကုက္ကုစ္စဖြစ်စေလိုသော ရည်ရွယ်ချက်မှတပါး အခြားအကြောင်းမရှိမူ ပါစိတ်
တကယ်ပင် အသက်မစေ့ဘူးထင်၍ နောင်ခါ ထိုရဟန်း၌ သံသယဖြစ်မည် စိုးသောကြောင့် အကျိုးလိုသော စိတ်ဖြင့် ပြောလျှင်ကား ထိုရဟန်းမှာ ကုက္ကုစ္စ ဖြစ်သော်လည်း အနာပတ္တိ

အင်္ဂါ ၃ ပါး
၁။ ပြောဆိုအပ်သူက ရဟန်းဖြစ်ခြင်း၊
၂။ စိတ်မချမ်းသာ စေလိုခြင်း
၃။ ကုက္ကုစ္စဖြစ်စေခြင်း (ကုက္ကုစ္စ ဖြစ်အောင် ပြောဆို – စာရေးခြင်း) အားဖြင့် အင်္ဂါ ၃ ပါးတည်း။
[ထိုသို့ ကုက္ကုစ္စဖြစ်အောင် ပြုလုပ်ရာ၌ ထိုသူ့မှာ ကုက္ကုစ္စဖြစ်ဖြစ်– မဖြစ်ဖြစ် အာပတ်သင့်သည်။]

[ဆောင်]
ချင်းချင်းရဟန်း, စိတ်မချမ်းစေ, လိုဆိုးထွေလျက်, ဖြစ်စေ ကုက္ကုစ္စ, အင်သုံးဝ, သဉ္စိစ္စ ပါစိတ်သင့်။

---

သုဒ္ဓပါစိတ် အခန်း (သဟဓမ္မိကဝဂ်)

၈။ ဥပဿုတိ

ယော ပန ဘိက္ခု ဘိက္ခူနံ ဘဏ္ဍနဇာတာနံ ကလဟဇာတာနံ ဝိဝါဒါပန္နာနံ ဥပဿုတိံ တိဋ္ဌေယျ “ယံ ဣမေ ဘဏိဿန္တိ၊ တံ သောဿာမီ”တိ ဧတဒေဝ ပစ္စယံ ကရိတွာ အနညံ၊ ပါစိတ္တိယံ။

ယော ပန ဘိက္ခု - သည်၊
ဘဏ္ဍနဇာတာနံ − ဖြစ်သော မိမိတို့ဘက်တွင် တိုင်ပင်ခြင်း ရှိကုန်သော၊
ကလဟ ဇာတာနံ - ဖြစ်သော ခိုက်ရန်ရှိကုန်သော၊
ဝိဝါဒါပန္နာနံ - ငြင်းခုန်ခြင်းသို့ ရောက်ကုန်သော၊
ဘိက္ခူနံ - ရဟန်းတို့၏၊
ဥပဿုတိံ - တိုင်ပင်သံ၏ အနီး၌၊
ဝါ - တိုင်ပင်သံကို ကြားလောက်ရာအရပ်၌၊
တိဋ္ဌေယျ - တည်နေအံ့၊
(ကိံ - အဘယ်သို့ကြံ၍ တည်နေသနည်း၊)
ဣမေ - ဤရဟန်းတို့သည်၊
ယံ - အကြင်စကားကို၊
ဘဏိဿန္တိ - ပြောဆိုကုန်လတံ့၊
တံ - ထိုစကားကို၊
သောဿာမိ - နားထောင်အံ့၊
ဣတိ - ဤသို့ကြံ၍၊
ဧတဒေဝ - ဤနားထောင်လိုခြင်းကိုသာလျှင်၊
ပစ္စယံ - အကြောင်းကို၊
ကရိတွာ - ပြု၍၊
အနညံ – အခြား အကြောင်း မရှိဘဲ၊
(တိဋ္ဌေယျ - တည်နေအံ့၊)
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ

၈။ ဥပဿုတိ
တဘက်နှင့်တဘက် ခိုက်ရန်ဖြစ်နေကြရာဝယ် တခြား ဘက်သား ရဟန်းတို့၏ တိုင်ပင်သံကို သက်သက် ကြားလိုသဖြင့် ချောင်း၍ နားထောင်လျှင် ပါစိတ်
[နားထောင် ဟူရာ၌ သွား၍ နားထောင်ခြင်းသာမက မိမိနေထိုင်ရာအနီးသို့ မိမိရှိမှန်းမသိ၍ တိုင်ပင်ရန် လာကြလျှင် မိမိရှိကြောင်းကို သိအောင် အသံပြုရမည်။ အသံမပြုဘဲ နားထောင်နေလျှင်လည်း ပါစိတ်။]

ဘဏ္ဍန ၊ပေ၊ ဝိဝါဒါပန္နာနံ
“သူတို့က သည်လိုပြောလျှင် ငါတို့က သည်လိုပြောမည်၊ ချေပမည်” စသည်ဖြင့် မိမိတို့ ဘက်သားချင်း တိုင်ပင်မှုကို “ဘဏ္ဍန”ဟု ခေါ်၏။ တဘက်နှင့် တဘက် ကိုယ်ဖြင့် ဖြစ်စေ၊ နှုတ်ဖြင့် ဖြစ်စေ ထိခိုက်၍ ရန်ဖြစ်ခြင်းကို “ကလဟ = ခိုက်ရန်” ဟု ဆိုသည်။ “သူ့ဘက်က မှန်သည်၊ ငါ့ဘက်က မှန်သည်” စသည်ဖြင့် ဝိဝါဒါဓိကရုဏ်း ဖြစ်လျက် တဘက်နှင့် တဘက် ငြင်းကြ၊ ငြင်းကြရင်းပင် အလွန်ဒေါထ၍ ခုန်ကြခြင်းကို “ဝိဝါဒါပန္န = ငြင်းခုန်ခြင်း” ဟု ဆိုသည်။

ဥပဿုတိံ
“သူယတိ-ကြားအပ်၏” ဟူသော ဝစနတ္ထအရ အသံကို “သုတိ” ဟု ခေါ်၏။
သုတိယာ - ကြားအပ်သောအသံ၏၊
သမီပံ - အနီးတည်း။
ဥပဿုတိ - နီး၊
အသံ၏ အနီးဟူသည် အသံကို ကြားလောက်ရာ အရပ်တည်း။ [ဋီကာ၌ တနည်း ဖွင့်သေး၏။]
ဥပဿုတိသည် အဗျယီဘောသမာသ်တည်း။ ထို့ကြောင့် “အညသ္မာလောပေါစ” သုတ်ဖြင့် သ္မိံ ဝိဘတ်ကို ချေ၍ ဥပဿုတိဟု ပုဒ်ရင်းရှိသည်။ သို့ရာဝယ် အချို့အရာ၌ “စက္ခုံ ဥဒပါဒိ, တတော စေ ဥတ္တရိ” ကဲ့သို့ ဝါစာသိလိဋ္ဌ နိဂ္ဂဟိတ်လာ၍ “ဥပဿုတိ” ဟုလည်း ရှိသည်။

ယံ ဣမေ ၊ပေ၊ သောဿာမိ
ဤဝါကျကား ချောင်း၍နားထောင်ရာ၌ နားထောင်သူ၏ ရည်ရွယ်ချက်ကိုပြသော ဝါကျတည်း။
သို့ရာတွင် ထိုဝါကျ ရှိရင်းအတိုင်း နားထောင်လိုရုံသက်သက် မဟုတ်၊ နားထောင်ပြီးလျှင် သူတို့ စကားအရ စောဒနာမည် ဟု ရည်ရွယ်ချက်လည်း ရှိမှ အာပတ် သင့်သည်
စောဒနာလို၍ မဟုတ်ဘဲ သူတို့စကားကို ကြားလျှင် “ထို အဓိကရုဏ်းမှ မိမိ လွတ်အောင်ရှောင်မည်၊ အဓိကရုဏ်းကို ငြိမ်းစေမည်” စသော ကောင်းသော စိတ်ဆန္ဒဖြင့် ချောင်း၍နားထောင်လျှင် အနာပတ္တိ
[၁။ ရဟန်းများဖြစ်ခြင်း၊
၂။ စောဒနာလိုခြင်း
၃။ နားထောင်ခြင်းအားဖြင့် အင်္ဂါ ၃ ပါးတည်း။]

[ဆောင်]
ရဟန်းများဖြင့်, တိုင်ပင်လေရာ, စောဒနာလိုခြင်း, နားထောင်ခြင်း, ကြောင်းရင်းသုံးရပ်, အင်စုံလတ်, ဥပဿုတိသင့်။

---

သုဒ္ဓပါစိတ် အခန်း (သဟဓမ္မိကဝဂ်)

၉။ ကမ္မပတိဗာဟန

ယော ပန ဘိက္ခု ဓမ္မိကာနံ ကမ္မာနံ ဆန္ဒံ ဒတွာ ပစ္ဆာ ခီယနဓမ္မံ အာပဇ္ဇေယျ၊ ပါစိတ္တိယံ။

ယော ပန ဘိက္ခု - သည်၊
ဓမ္မိကာနံ - တရားရှိကုန်သော၊
ဝါ - တရားသဖြင့် ပြုအပ်ကုန်သော၊
ကမ္မာနံ - ကံတို့ဘို့၊
ဆန္ဒံ - ဆန္ဒကို၊
ဒတွာ - ပေးပြီး၍၊
ပစ္ဆာ - နောက်၌၊
ခိယန ဓမ္မံ – ရှုတ်ချခြင်းသဘောသို့၊
အာပဇ္ဇေယျ - ရောက်အံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ

၉။ ကမ္မပတိဗာဟန
[ကမ္မ = ကံ + ပတိဗာဟန = တားမြစ်ခြင်း။] ကံပြုဘို့ရန် သဘောတူ ဆန္ဒပေးပြီးနောက် ထိုကံကို ရှုတ်ချပြစ်တင်လျှင် ထိုကံကို တားမြစ်ရာရောက်၍ကမ္မပတိဗာဟနသိက္ခာပုဒ်”ဟု နာမည် တပ်သည်။

ဓမ္မိကာနံ ကမ္မာနံ
ဧတေသု - ဤကံတို့၌၊
ဓမ္မာ - တရားသည်၊
အတ္ထိ - ရှိ၏၊
ဣတိ - ကြောင့်၊
ဓမ္မိကာနိ - တို့မည်၏။
ဝိနည်းတရားနှင့်အညီ ပြုအပ်သော ကံများကို “ဓမ္မိက-တရားရှိသောကံများ”ဟု ခေါ်၏။
ထိုကံများကား - အပလောကနကံ၊ ဉတ္တိကံ၊ ဉတ္တိဒုတိယကံ၊ ဉတ္တိစတုတ္ထကံ အားဖြင့် ၄ ပါးရှိ၏။

အပလောကန
သံဃာ စည်းဝေးပြီးနောက် ဆိုင်ရာ အကြောင်းကို ပြောပြ၍ ပါဠိလို “ရုစ္စတိ သံဃဿ”ဟု ဖြစ်စေ၊ မြန်မာလို “သံဃာတော်အား နှစ်သက်ပါ၏လော”ဟု ဖြစ်စေ ၃ကြိမ်ပြော၍ ပြုအပ်သောကံကို “အပလောကနကံ” ဟု ခေါ်၏။ ကဏ္ဋကသိက္ခာပုဒ်၌ ကဏ္ဋကသာမဏေကို နှင်ထုတ်ကြောင်းကံ သည် ဤ အပလောကနကံ ပင်တည်း။ ယခုကာလ၌ မတသန္တက သင်္ကန်း စသော သံဃိကပစ္စည်းကို တစုံတယောက်အား ပေးလိုရာ၌ ဖြစ်စေ၊ ပစ္စည်း ဝေဘန်ရန် သမ္မုတိပေးရာ၌ဖြစ်စေ ဤ အပလောကနကံကို အသုံးပြုကြသည်။

ဉတ္တိကံ စသည်
ဉတ်တကြိမ်တည်းဖြင့် ပြုအပ်သော ဥပုသ်ကံ၊ ပဝါရဏာကံ စသည်သည် ဉတ္တိကံ မည်၏။
ဉတ်တကြိမ်၊ ကမ္မဝါစာတကြိမ်ဖြင့် ပြုအပ်သော ကထိနစီဝရဒါနကံ၊ သီမာသမ္မုတိကံ စသည်တို့သည် ဉတ္တိဒုတိယ ကံတို့ မည်၏။
ဉတ်တကြိမ်၊ ကမ္မဝါစာ ၃ ကြိမ်ဖြင့် ပြုအပ်သော ဥပသမ္ပဒကံ စသည်တို့သည် ဉတ္တိစတုတ္ထကံ မည်၏။
[ဉတ္တိဒုတိယ = ဉတ်လျှင် ၂ ကြိမ်မြောက် ရှိသောကံ။]

အင်္ဂါ ၃ ပါး
၁။ ဓမ္မကံဖြစ်ခြင်း၊
၂။ ဓမ္မကံဟု အမှတ်ရှိခြင်း၊
၃။ ဆန္ဒ ပေးပြီးနောက် ရှုတ်ချခြင်းအားဖြင့် အင်္ဂါ ၃ ပါးတည်း။
[အဓမ္မကံကိုဖြစ်စေ၊ အဓမ္မကံဟု ထင်၍ဖြစ်စေ ရှုတ်ချလျှင် အနာပတ္တိ။]

[ဆောင်]
ဓမ္မကံပင်, ဓမ္မကံထင်လျက်, နှုတ်မြွက်ဆန္ဒ, ပေးပြီးမှလျှင်, ရှုတ်ချအင်, သုံးခွင်ကမ္မ, ပတိဗာဟန။

---

သုဒ္ဓပါစိတ် အခန်း (သဟဓမ္မိကဝဂ်)

၁၀။ ဆန္ဒံ အဒတွာ ဂမန

ယော ပန ဘိက္ခု သံဃေ ဝိနိစ္ဆယကထာယ ဝတ္တမာနာယ ဆန္ဒံ အဒတွာ ဥဋ္ဌာယာသနာ ပက္ကမေယျ၊ ပါစိတ္တိယံ။

ယော ပန ဘိက္ခု - သည်၊
သံဃေ - သံဃာ၌၊
ဝိနိစ္ဆယကထာယ - ဆုံးဖြတ်ကြောင်း စကားသည်၊
ဝတ္တမာနာယ - ဖြစ်နေစဉ်၊
ဆန္ဒံ - ဆန္ဒကို၊
အဒတွာ - မပေးဘဲ၊
အာသနာ - နေရာမှ၊
ဥဋ္ဌာယ - ထ၍၊
ပက္ကမေယျ - ဖဲသွားအံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ

၁၀။ ဆန္ဒံ အဒတွာ ဂမန
အဓိကရုဏ်းတခုကို ဆုံးဖြတ်ဘို့ရန် သံဃာ စည်းဝေးပြီးနောက် စုဒိတက (စောဒနာအပ်သူ၊ တရားခံ)၊ စောဒက (စောဒနာတတ်သူ၊ တရားလို)တို့က ဆိုင်ရာစကားကို ပြောဆိုခြင်း၊ “အနုဝိဇ္ဇက”ခေါ် စစ်ဆေး ဆုံးဖြတ်မည့် ဝိနည်းဓိုရ်ကို သမုတ်ခြင်း၊ ထို့နောက် စစ်ဆေးမေးမြန်းခြင်း၊ အဆုံးအဖြတ်နှင့် စပ်သော ဉတ်ကမ္မဝါစာကို ရွတ်ဆိုရာဝယ် ဉတ်ထားပြီး၍ ကမ္မဝါစာ မပြီးဆုံးသေးခြင်း၊ ဤကိစ္စ အတွင်းမှာ ဝိနိစ္ဆယ ကထာ ပြီးပြီဟု မခေါ်ရ။ ဝိနိစ္ဆယကထာ ဖြစ်တုန်းဖြစ်ဆဲဟုသာ ခေါ်ရသည်။
[ဝတ္တမာနာယမာန ပစ္စည်းသည် “ဝတ္တမာနာ ပစ္စုပ္ပန္နေ” ဟူသော ကစ္စည်း သုတ်နှင့်အညီ ဖြစ်တုန်း ဖြစ်ဆဲ” ဟူသော ပစ္စုပ္ပန် အနက်ဟောတည်း။]

ဆန္ဒံ အဒတွာ ၊ပေ၊ ပက္ကမေယျ
ထို ဝိနိစ္ဆယကထာ ဖြစ်စဉ် (မိမိက ဟတ္ထပါသ်အတွင်း မရှိ၍ ဝဂ်ဖြစ်လျှင် မဟာသိမ်မှာ ကံပျက် သောကြောင့်) ကံပျက်စေလိုသော စိတ်ဖြင့် ဆန္ဒမပေးဘဲ သွားလျှင် ပါစိတ်အာပတ် သင့်၏
[ဆန္ဒပေးပြီးမှ၎င်း၊ ရိုးရိုးအကြောင်းရှိ၍၎င်း သွားလျှင် အနာပတ္တိ။]

အင်္ဂါ ၆ ပါး
၁။ ဝိနိစ္ဆယကထာ ဖြစ်နေခိုက် ဖြစ်ခြင်း၊
၂။ ဓမ္မကံ ဖြစ်ခြင်း၊
၃။ ဓမ္မကံဟု မှတ်ထင်ခြင်း၊
၄။ တူသောသိမ်၌ တည်ခြင်း
၅။ တူသော သံဝါသရှိသူ ဖြစ်ခြင်း၊
၆။ ကံပျက်စေလို၍ ဟတ္ထပါသ်ကို စွန့်ခြင်း အားဖြင့် ၆ ပါးတည်း။
[(၄) ခဏ္ဍသိမ်ဖြစ်၍ သိမ့်ပြင်ဘက် ရောက်အောင် သွားလျှင် အာပတ် မသင့်၊
သိမ်အတွင်း၌ ဟတ္ထပါသ်စွန့်နေမှ အာပတ်သင့်သည်။]

[ဆောင်]
ဝိနိစ္ဆယကထာ, ဖြစ်တုန်းခါဝယ်, ကံမှာ ဓမ္မ, ဓမ္မကံဟူ, မှတ်ထင်မူသား, သိမ်တူ၌တည်, တူညီ သံဝါသံ, ရှိသူမှန်လျက်, ကံဖျက်လိုလတ်, ဟတ္ထပါသ်စွန့်ခွာ, အင်ခြောက်ဖြာ, ဆန္ဒာအဒတ် သင့်။

---

သုဒ္ဓပါစိတ် အခန်း (သဟဓမ္မိကဝဂ်)

၁၁။ ဒုဗ္ဗလ

ယော ပန ဘိက္ခု သမဂ္ဂေန သံဃေန စီဝရံ ဒတွာ ပစ္ဆာ ခီယနဓမ္မံ အာပဇ္ဇေယျ “ယထာသန္ထုတံ ဘိက္ခူ သံဃိကံ လာဘံ ပရိဏာမေန္တီ”တိ၊ ပါစိတ္တိယံ။

ယော ပန ဘိက္ခု - သည်၊
သမဂ္ဂေန - ညီညွတ်သော၊
သံဃေန - သံဃာနှင့်တကွ၊
စီဝရံ - သင်္ကန်းကို၊
ဒတွာ - ပေးပြီး၍၊
ပစ္ဆာ - နောက်၌၊
ခိယျနဓမ္မံ - ရှုတ်ချခြင်း သဘောသို့၊
အာပဇ္ဇေယျ - ရောက်အံ့၊
(ကိံ - အဘယ်သို့ ရှုတ်ချသနည်း၊)
ယထာသန္တိတံ - အကြင် အကြင် မိတ်ဆွေရဟန်းသို့၊
ဘိက္ခူ - ရဟန်းတို့သည်၊
သံဃိကံ - သံဃာ့ ဥစ္စာဖြစ်သော၊
လာဘံ - လာဘ်ကို၊
ပရိဏာမေန္တိ - ညွတ်စေကုန်ဘိ၏၊
ဣတိ - ဤသို့ ရှုတ်ချအံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ

၁၁။ ဒုဗ္ဗလ
[ဤသိက္ခာပုဒ်၏ ဝတ္ထုရင်း၌ အရှင်ဒဗ္ဗမှာ ဒုဗ္ဗလစီဝရ = နည်းပါးသောသင်္ကန်း ရှိသောကြောင့် ထို ဒုဗ္ဗလပုဒ်ကို ယူ၍ ဤသိက္ခာပုဒ်ကို “ဒုဗ္ဗလသိက္ခာပုဒ်”ဟု နာမည်တပ်သည်။]
သမဂ္ဂသံဃာနှင့်အတူ (ထို သမဂ္ဂသံဃာတွင် မိမိလည်း ပါဝင်၍) သင်္ကန်းရှားပါးသော၊ သံဃာ့ကိစ္စ ကိုလည်း ရွက်ဆောင်နေရသော ရဟန်းအား သဘောတူ သင်္ကန်းပေးပြီးနောက် ရှုတ်ချ ကဲ့ရဲ့လျှင် ပါစိတ်

ယထာသန္တုတံ ၊ပေ၊ ပရိဏာမေန္တိ
ဤဝါကျကား ရှုတ်ချပုံကိုပြသော ဒါကျတည်း။ “ရဟန်းများသည် မိမိတို့၏ မိတ်ဆွေ ရဟန်းကိုသာ သံဃိက ပစ္စည်းကို ညွတ်စေကြ၊ ပေးကြသည်” ဟု ဆိုလိုသည်။
[သန္ထုတံအရာဝယ် သန္ထတံဟု ပါဌ်ပျက်တတ်၏။ မိတ္တသန္ထဝပုဒ်ကဲ့သို့ သံပုဗ္ဗ ထုဓာတ်ဖြစ်၍ ပစ္စည်းဖြင့် သန္ထုတံပုဒ်သာ သင့်သည်။
ယောယော - အကြင်အကြင်သို့သော၊
သန္ထုတော - မိတ်ဆွေတည်း၊
ယထာသန္ထုတံ - အကြင်အကြင် မိတ်ဆွေ။]

အင်္ဂါ ၄ ပါး
၁။ သင်္ကန်းပေးရာ ပုဂ္ဂိုလ်က ရဟန်းဖြစ်ခြင်း
၂။ ထိုပုဂ္ဂိုလ်သည်ပင် တရားသဖြင့် သေနာသနပညာပက သမ္မုတိ စသည်ကို ရရှိထားသူ ဖြစ်ခြင်း၊
၃။ သံဃာနှင့်အတူ ဝိကပ္ပနာလောက်သော သင်္ကန်းကို ပေးခြင်း
၄။ ပေးပြီးနောက်၌ ရှုတ်ချခြင်းအားဖြင့် အင်္ဂါ ၄ ပါးတည်း။

မှတ်ချက်
သင်္ကန်းမှတပါး အခြားဝေဘန်ဘွယ် ပစ္စည်းများကို သဘောတူ ပေးပြီးနောက် ရှုတ်ချရာ၌၎င်း၊
သမ္မုတိ မရသူအား ပေးပြီးနောက် ရှုတ်ချရာ၌၎င်း၊
သာမဏေများအား သဘောတူ ပေးပြီးနောက် ရှုတ်ချရာ၌၎င်း ဒုက္ကဋ်အာပတ်တည်း။

အနာပတ္တိ
ပင်ကိုယ်ကပင် ဆန္ဒ စသည်တို့၏ အစွမ်းကြောင့် ပြုလုပ်နေသည်ကိုမြင်၍ “ကော အတ္ထော တဿ ဒိန္နေန- ထိုသူ့အား ပေးခြင်းဖြင့် ဘာအကျိုးရှိအံ့နည်း၊ ရသောအခါ မသုံးသင့်သောနေရာ၌ သုံးလိမ့်မည်” ဟု ပြောဆို ရှုတ်ချလျှင် အနာပတ္တိ
[ဆောင်]
ရဟန်း ဖြစ်ငြား, တရား အရှိ, သမ္မုတိရသူ, အတူ သံဃာ, ဝိကပ္ပနာလောက်စွမ်း, သင်္ကန်းပေးလျှင်း, ရှုတ်ချခြင်း ဟု, ကြောင်းရင်းလေးဝ, အင်ညီမျှ, ဒုဗ္ဗလ ပါစိတ်သင့်။

---

သုဒ္ဓပါစိတ် အခန်း (သဟဓမ္မိကဝဂ်)

၁၂။ ပရိဏာမန

ယော ပန ဘိက္ခု ဇာနံ သံဃိကံ လာဘံ ပရိဏတံ ပုဂ္ဂလဿ ပရိဏာမေယျ၊ ပါစိတ္တိယံ။

ယော ပန ဘိက္ခု - သည်၊
ဇာနံ - သံဃာသို့ ညွှတ်ပြီး ဟု သိလျက်၊
သံဃိကံ - သံဃဥစ္စာ ဖြစ်သော၊
ပရိဏတံ - သံဃာသို့ ညွတ်ပြီးသော၊
လာဘံ - လာဘ်ကို၊
ပုဂ္ဂလဿ - ပုဂ္ဂိုလ်၏ အထံသို့၊
ပရိဏာမေယျ - ညွတ်စေအံ့၊
တဿ ဘိက္ခုနော ပါစိတ္ထိယံ ဟောတိ

အဋ္ဌမော - သော၊
သဟဓမ္မိကဝဂ္ဂေါ - တည်း။

၁၂။ ပရိဏာမနံ
ဤ သိက္ခာပုဒ်၌ မှတ်ဘွယ်ကို နိသဂ္ဂိယပါစိတ် ပရိဏာမန သိက္ခာပုဒ်အတိုင်း သိနိုင်ပြီ
ထို သိက္ခာပုဒ်၌ သံဃိကလာဘ်ကို မိမိသို့ ညွတ်စေခြင်းကြောင့် နိသဂ္ဂိယပါစိတ် သင့်၍ ဤ၌ သံဃိက လာဘ်ကို ဤ အခြားပုဂ္ဂိုလ် တပါးပါးသို့ ညွတ်စေခြင်းကြောင့် သုဒ္ဓပါစိတ် သင့်ခြင်းသာ သိက္ခာပုဒ် ၂ ပါး ထူးခြားတော့သည်။

---

သုဒ္ဓပါစိတ် အခန်း (ရတနဝဂ်)

[ရာဇဝဂ် ဟုလည်း ခေါ်သည်။]

၁။ အန္တေပုရ

ယော ပန ဘိက္ခု ရညော ခတ္တိယဿ မုဒ္ဓါဘိသိတ္တဿ အနိက္ခန္တရာဇကေ အနိဂ္ဂတရတနကေ ပုဗ္ဗေ အပ္ပဋိသံဝိဒိတော ဣန္ဒခီလံ အတိက္ကာမေယျ၊ ပါစိတ္တိယံ။

ယော ပန ဘိက္ခု – သည်၊
ခတ္တိယဿ - မင်းဇာတ်ရှိသော၊
မုဒ္ဓါဘိသိတ္တဿ - ဦးထိပ်၌ ဘိသိက်ရေစင်ဖြင့် သွန်းလောင်းအပ်ပြီးသော၊
ဝါ - ဘိသိက်ခံပြီးသော၊
ရညော - မင်း၏၊
အနိက္ခန္တရာဇကေ - မထွက်သေးသော မင်းရှိသော၊
အနိဂ္ဂတ ရတနကေ - မထွက်သေးသော မိဖုရားရတနာရှိသော၊
(သယနီဃရေ - စက်တော်ခန်းဆောင်၌၊)
ပုဗ္ဗေ - မဝင်မီ ရှေး၌၊
အပ္ပဋိသံဝိဒိတော - မသိစေဘဲ၊
ဣန္ဒခီလံ - တံခါးခုံကို၊
အတိက္ကာမေယျ - ကျော်လွန်စေအံ့၊
တဿ ဘိက္ခု နော ပါစိတ္တိယံ ဟောတိ

၁။ အန္တေပုရ
[နန်းတော်တွင်းနှင့်စပ်၍ ပညတ်အပ်သောကြောင့် “အန္တပုရ သိက္ခာပုဒ်” ဟု နာမည်တပ်သည်။]
ခတ္တိယဇာတ်ရှိ၍ ဘိသိက်ခံပြီးမင်းနှင့် မိဖုရားရတနာတို့ စက်တော်ခန်းဆောင်မှ မထွက်သေးမီ ရဟန်းက မိမိ ဝင်လာမည့်အကြောင်း မသိစေဘဲ (တယောက်ယောက်ကို သံတော်ဦး အတင်မခိုင်းဘဲ) ရုတ်တရက် ဝင်သွားလျှင် မင်းနှင့် မိဖုရားတို့ ပျော်ပါးခိုက် ကြုံနေက မျက်နှာပျက်စရာ ဖြစ်သောကြောင့် ရဟန်းမှာ ပါစိတ်အာပတ်သင့်၏။ [သယနီဃရေကို ပါဌသေသဟု မှတ်ပါ။ ထို့ကြောင့် ထည့်ပေးရသည်။]

အင်္ဂါ ၅ ပါး
၁။ ခတ္တိယဇာတ် ရှိခြင်း၊
၂။ အဘိသိက် သွန်းပြီးခြင်း
၃။ မင်း မိဖုရား ၂ ပါးတို့ စက်တော်ခန်းမှ မထွက်သေးခြင်း
၄။ လာမည့် အကြောင်း ကြိုတင်၍ မသိစေခြင်း
၅။ စက်တော်ခန်းဆောင်၏ တံခါးခုံကို ကျော်လွန်ခြင်းအားဖြင့် ၅ ပါးတည်း။
[အမျိုးအားဖြင့် ခတ္တိယ မဟုတ်ဘဲ ဘိသိက်ခံသောမင်း ဖြစ်လျှင်၎င်း၊ ခတ္တိယဇာတ် ဖြစ်သော်လည်း ဘိသိက်မခံရ သေးလျှင်၎င်း၊ မင်း မိဖုရား တပါးပါးက စက်တော်ခန်းမှ ထွက်ပြီးဖြစ်လျှင်၎င်း အနာပတ္တိ
“စက်တော်ခန်း”ဟူရာ၌ ကန့်လန့်ကာ (လိုက်ကာ) ကာထားသော အခန်းများလည်း ပါဝင်သည်။]

[ဆောင်]
မင်းဇာတ်လည်းမှန်, ဘိသိက်ခံလျက်, ခန်းဆောင်စက်ရာ, မထွက်ခွာမီ, ဝင်လာမည့် အနေ, မသိစေဘဲ, လွန်လေ တံခါးခုံ, အင် ငါးစုံ, သင့်တုံ အန္တေပု

---

သုဒ္ဓပါစိတ် အခန်း (ရတနဝဂ်)

၂။ ရတန

ယော ပန ဘိက္ခု ရတနံ ဝါ ရတနသမ္မတံ ဝါ အညတြ အဇ္ဈာရာမာ ဝါ အဇ္ဈာဝသထာ ဝါ ဥဂ္ဂဏှေယျ ဝါ ဥဂ္ဂဏှာပေယျ ဝါ၊ ပါစိတ္တိယံ။ ရတနံ ဝါ ပန ဘိက္ခုနာ ရတနသမ္မတံ ဝါ အဇ္ဈာရာမေ ဝါ အဇ္ဈာဝသထေ ဝါ ဥဂ္ဂဟေတွာ ဥဂ္ဂဟာပေတွာ ဝါ နိက္ခိပိတဗ္ဗံ “ယဿ ဘဝိဿတိ၊ သော ဟရိဿတီ”တိ၊ အယံ တတ္ထ သာမီစိ။

ယော ပန ဘိက္ခု - သည်၊
ရတနံဝါ - ရတနာကိုသော်၎င်း၊
ရတန သမ္မတံဝါ – ရဘနာဟု သမုတ်အပ်သော အသုံးအဆောင်ကိုသော်၎င်း၊
အဇ္ဈာရာမာ ဝါ - အာရာမ်တွင်းကိုသော်၎င်း၊
အဇ္ဈာဝသထာဝါ - မိမိနေရာ ဌာနအတွင်းကိုသော်၎င်း၊
အညတြ - ကြဉ်၍၊
ဥဂ္ဂဏှေယျ ဝါ - ကိုယ်တိုင်မူလည်းကောက်ယူအံ့၊
ဥဂ္ဂဏှာပေယျ ဝါ - သူတပါးကိုမူလည်း ကောက်ယူစေအံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ

ပန- ဆက်ဦးအံ့၊
ဘိက္ခုနာ - ရဟန်းသည်၊
ရတနံဝါ – ရတနာကိုသော်၎င်း၊
ရတန သမ္မတံဝါ - ရတနာဟု သမုတ်အပ်သော အသုံးအဆောင်ကိုသော်၎င်း၊
အဇ္ဈာရာမေ ဝါ - အာရာမ်တွင်း၌သော်၎င်း၊
အဇ္ဈာဝသထေဝါ - မိမိနေရာ ဌာနအတွင်း၌သော်၎င်း၊
ဥဂ္ဂဟေတွာဝါ - ကိုယ်တိုင် ကောက်ယူပြီး၍သော်၎င်း၊
ဥဂ္ဂဟာပေတွာဝါ - သူဘပါးကို ကောက်ယူစေပြီး၍သော်၎င်း၊
နိက္ခိပိတဗ္ဗံ - သိမ်းထားရာ၏၊
(ကိံ - အဘယ်သို့ ရည်ရွယ်၍ သိမ်းထားရမည်နည်း၊)
ယဿ - အကြင်သူ၏ (ဥစ္စာသည်)၊
ဘဝိဿတိ - ဖြစ်လတံ့၊
သော - ထိုဥစ္စာရှင်သည်၊
ဟရိဿတိ - ဆောင်ယူလာလိမ့်မည်၊
ဣတိ- ဤသို့ ရည်ရွယ်၍ သိမ်းထားရာ၏၊
အယံ - ဤ ကောက်ယူ၍ သိမ်းထားခြင်းသည်၊
တတ္ထ - ထို ရတန, ရတနသမ္မတကို တွေ့ရာ၌၊
သာမိစီ - တည်း။

၂။ ရတန
ရွှေ ငွေ ပုလဲ စသော ရတနာ ၁၀ ပါးကို ရတန၌ သွင်းယူ၍ ရတနာ အတုများနှင့် ဝတ်စားတန်ဆာ စသော လူတို့အသုံးအဆောင်(စောင်၊ အိပ်ရာလိပ် စသည်)ကို ရတနသမ္မတ၌ သွင်းယူရမည်။
ထို ရတန၊ ရတနသမ္မတ အသုံးအဆောင်များကို ကျောင်းတိုက်အတွင်း မိမိနေရာဌာန အတွင်းမှတပါး အခြားအရပ်၌ လူတို့ မေ့နေရစ်၊ ကျနေရစ်ခဲ့သော် ကောက်ယူ၍ သိမ်းမထားရ။ ကောက်ယူ သိမ်းထားလျှင် ပါစိတ်
အာရာမ်အတွင်း၊ မိမိနေရာဌာန အတွင်း ဖြစ်မူကား ကိုယ်တိုင် ဖြစ်စေ၊ သူတပါးကို ခိုင်း၍ ဖြစ်စေ ကောက်ယူ သိမ်းထားရန် ဝတ္တရားရှိ၏။ ထို ဝတ္တရား ပျက်လျှင်ကား ဝတ္တဘေဒ (ဝတ္တရားပျက် ကွက်မှုကြောင့်) ဒုက္ကဋ်အာပတ် သင့်သေးသည်။

အဇ္ဈာရာမ အဇ္ဈာဝသထ
ရဟန်းများ၏ နေထိုင်ရာ ကျောင်းတိုက်ကို (အကာရှိလျှင် အကာအထိ၊ အကာ မရှိလျှင် အစွန်ဆုံး ကျောင်းမှ ခဲ ၂ ကျ အထိကို) အာရာမဟု ခေါ်၍ ထို အာရာမ်အတွင်းရှိ ကျောင်းဆောင်များနှင့် ကျောင်းပရိဝုဏ်များကို “အဇ္ဈာရာမ” ဟု ခေါ်၏။ အဇ္ဈာဝသထအာဝသထ ဟူသည် မိမိနေရာ အရပ်တည်း။
ထို မိမိနေရာအရပ်ဟူသည် အာရာမ်အတွင်းမှာ ဖြစ်စေ၊ အခြားအရပ် (ရွာ-တော) မှာဖြစ်စေ၊ (ခေတ္တဖြစ်စေ၊ အမြဲဖြစ်စေ) မိမိနေခိုက် အိမ် ကျောင်းများတည်း။ ထို မိမိနေရာဌာနက အကာအရံ ရှိလျှင် အကာအရံ အတွင်းကို၎င်း၊ အကာအရံမရှိလျှင် ကျည်ပွေ့တကျ အတွင်းကို၎င်း အဇ္ဈာဝသထဟု ခေါ်သည်။
[ဋီကာများကို ကြည့်ပါ။]

ယဿ ၊ပေ၊ သော ဟရိဿတိ
ဤဝါကျကား ကောက်ယူသိမ်းထားရာ၌ သိမ်းထားသောရဟန်း၏ ရည်ရွယ်ချက်ထားရပုံကိုပြသော ဝါကျတည်း။ ထိုသို့ ကျနေ၊ မေ့နေရစ်ရာ၌သာ “ဥစ္စာရှင်တို့ လာ၍ယူလိမ့်မည်” ဟုရည်ရွယ်ချက်ဖြင့် သိမ်းထားခွင့်ရှိသည်။ လူတို့က သိမ်းပေးပါဟု ခိုင်း၍ဖြစ်စေ၊ ကိုယ့်ကိုယ်တိုင် ဘဏ္ဍာစိုးလုပ်၍ဖြစ်စေ သိမ်းထားလျှင် ပါစိတ်
[ကပ္ပိယဝတ္ထုံဝါ အကပ္ပိယ ဝတ္ထုံဝါ အန္တမသော မာတုသန္တကံပိ (အမိ၏ ဥစ္စာပင် ဖြစ်စေကာမူ) ဘဏ္ဍာ ဂါရိကသီသေန ပဋိသာမေန္တဿ ပါစိတ္တိယံ။ -ကင်္ခါအဋ္ဌကထာ။]

အင်္ဂါ ၄ ပါး
၁။ ခွင့်မပြုအပ်သောအမှုကိုပြုခြင်း
၂။ သူတပါးဥစ္စာ ဖြစ်ခြင်း၊
၃။ ဝိဿာသဂ္ဂါဟ ပံသုကူလသညာ မရှိခြင်း
၄။ ကိုယ်တိုင်ဖြစ်စေ၊ ခိုင်း၍ဖြစ်စေ သိမ်းထားခြင်းအားဖြင့် အင်္ဂါ ၄ ပါးတည်း။
[၁။ အဇ္ဈာရာမ၊ အဇ္ဈာဝသထတို့၌ ကောက်ယူသိမ်းထားရန် ခွင့်ပြုတော်မူရာ ထိုကဲ့သို့ ခွင့်မပြု အပ်သော အရပ်၌ ကောက်ယူ သိမ်းထားသည် ဟူလို။
၃။ ဉာတိ စသူတို့၏ ဥစ္စာလည်း ဖြစ်၊ သုံးသပ် ကိုင်ယူကောင်းသော အသုံးအဆောင်လည်း ဖြစ်မူ ဝိဿာသဂ္ဂါဟဖြင့် ကိုယ်ပိုင်ဖြစ်အောင်ယူ၍ သိမ်းထားလျှင် အနာမတ္တိပံသုကူ ကောက်ယူရာ၌ကား ဆိုဘွယ် မရှိပြီ။]

[ဆောင်]
ခွင့်မပြုအပ်, ပြုလတ် တတန်, လူ့သန္တက, ဝိဿာသမူ, ပံသုကူလာ, သညာမရှိ, ယူသိမ်းမိလျှင်း, သိမ်းစေခြင်း ဟု, ကြောင်းရင်းလေးဝ, အင်ညီမျှ, ရတန ပါစိတ်သင့်။

---

သုဒ္ဓပါစိတ် အခန်း (ရတနဝဂ်)

၃။ ဝိကာလေဂါမ ပဝိသန

ယော ပန ဘိက္ခု သန္တံ ဘိက္ခုံ အနာပုစ္ဆာ ဝိကာလေ ဂါမံ ပဝိသေယျ အညတြ တထာရူပါ အစ္စာယိကာ ကရဏီယာ၊ ပါစိတ္တိယံ။

ယော ပန ဘိက္ခု - သည်၊
တထာရူပါ - ထိုသို့ သဘောရှိသော၊
အစ္စာယိကာ - အဆောတလျင် ဖြစ်သော၊
ကရဏီယာ – ပြုဘွယ်ကိစ္စကို၊
အညတြ - ကြဉ်၍၊
သန္တံ - ထင်ရှားရှိသော၊
ဘိက္ခုံ – ကို၊
အနာပုစ္ဆာ - မပန်ပြောဘဲ၊
ဝိကာလေ - နေလွဲအခါ၌၊
ဂါမံ – ရွာတွင်းသို့၊
ပဝိသေယျ - ဝင်အံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ

၃။ ဝိကာလေဂါမ ပဝိသန
အစ္စာယိက ကရဏီယ - အဆောတလျင် (ရုတ်တရက်) ဖြစ်ပေါ်လာသော ကိစ္စ” ဟူသည် ဒမြဘေး၊ မီးဘေး စသော ဘေးရန်အန္တရာယ်တို့ ဖြစ်ပေါ်လာခြင်းတည်း။ ထိုကဲ့သို့ အန္တရာယ် မရှိလျှင် ထင်ရှားရှိသော ရဟန်းကို ခွင့်မပန်ဘဲ (မတိုင်ကြားဘဲ) မွန်းတည့်ပြီးနောက် နေလွဲအခါ ရွာတွင်းသို့ ဝင်လျှင် ပါစိတ် အာပတ်တည်း။ အန္တရာယ် တပါးပါးရှိလျှင်ကား ဝင်ကောင်း၏။

အမှာ
သန္တံ ဘိက္ခုံ အနာပုစ္ဆာတို့၏အဖွင့်ကို အစေလကဝဂ် စာရိတ္တ သိက္ခာပုဒ်၌ ပြခဲ့ပြီ။
ထို သိက္ခာပုဒ်၌ နိမန္တနဘတ်ရှိသော ရဟန်းအတွက် နေမလွဲမီ ရွာတွင်း ဒကာ ဒကာမတို့အိမ်သို့ လှည့်လည်ခြင်းကြောင့် ပညတ်ခဲ့၍ ဤသိက္ခာပုဒ်၌ ရဟန်းအားလုံးအတွက် နေလွဲအခါ ရွာတွင်း ဝင်ခြင်းကြောင့် ပညတ်တော်မူသည်။

ပန်ပြောပုံ
ထင်ရှားရှိသော ရဟန်းအထံ “ဝိကာလေ ဂါမပ္ပဝိသနံ အာပုစ္ဆာမိ”ဟု ပါဠိလိုဖြစ်စေ၊ “နေလွဲအခါ ရွာတွင်းဝင်ခြင်းကို ပန်ပြောပါ၏”ဟု မြန်မာလိုဖြစ်စေ၊ “ရွာတွင်းဝင်မလို့ပါ၊ ရွာတွင်း သွားပါရစေ” စသည်ဖြင့်ဖြစ်စေ ပန်ပြော တိုင်ကြား လျှောက်ထား၍ သွားရမည်။ ရဟန်း ၂ ပါး မြို့တွင်း ရွာတွင်းသို့ အတူဝင်လိုရာ၌ အချင်းချင်း အပြန်အလှန် ပန်ပြောနိုင်၏။ အများဝင်ရာ၌လည်း နီးရာ ရဟန်းအား ပန်ပြောနိူင်သည်

အင်္ဂါ ၃ ပါး
၁။ ထင်ရှားရှိသော ရဟန်းကို မပန်ပြောခြင်း
၂။ ခွင့်ပြုအပ်သော အကြောင်းမရှိခြင်း [အဆောတလျင် ပြုဘွယ်မရှိခြင်း ဟူလို။]
၃။ ရွာတွင်းသို့ဝင်ခြင်း အားဖြင့် ၃ ပါးတည်း။
[မြို့ရွာအတွင်းရှိ ကျောင်းတိုက်များသို့ သွားလိုရာ၌ကား ပန်ပြောဘွယ်မလိုရုံသာမက ခါးပန်းမပန်း၊ သင်္ကန်း မရုံဘဲပင် သွားနိုင်သတဲ့။]

[ဆောင်]
ထင်ရှား ရဟန်းထံ, ခွင့်မပန်မှု, ခွင့်ပြုအပ်တောင်း, အကြောင်းမဲ့စွာ, နေလွဲခါဝယ်, မြို့ရွာ အတွင်း, ဝင်ရောက်ခြင်း ဟု, ကြောင်းရင်းသုံးဝ, ဝိကာလ, ဂါမ ပဝိသင့်

သုဒ္ဓပါစိတ် အခန်း (ရတနဝဂ်)

၄။ သူစိဃရ

ယော ပန ဘိက္ခု အဋ္ဌိမယံ ဝါ ဒန္တမယံ ဝါ ဝိသာဏမယံ ဝါ သူစိဃရံ ကာရာပေယျ၊ ဘေဒနကံ ပါစိတ္တိယံ။

ယော ပန ဘိက္ခု - သည်၊
အဋ္ဌိမယံဝါ - အရိုးဖြင့် ပြုအပ်သည်မူလည်း ဖြစ်သော၊
ဒန္တမယံဝါ - ဆင်စွယ်ဖြင့် ပြုအပ်သည်မူလည်း ဖြစ်သော၊
ဝိသာဏမယံဝါ - ဦးချိုဖြင့် ပြုအပ်သည်မူလည်း ဖြစ်သော၊
သူစိဃရံ - အပ်ကျည်ကို၊
ကာရာပေယျ - ပြုလုပ်စေအံ့၊
တဿ ဘိက္ခုနော - ၏၊
ဘေဒနကံ - ခွဲခြင်းရှိသော၊
ပါစိတ္တိယံ - ပါစိတ် အာပတ်သည်၊
ဟောတိ - ၏၊

၄။ သူစိဃရ

[အဋ္ဌိနာ - အရိုးဖြင့်၊ ပကတံ – ပြုအပ်သော ဗူးသည်၊ အဋ္ဌိမယံ-မည်၏။]

နွားရိုး ကျွဲရိုး စသော အရိုးတမျိုးမျိုးဖြင့် ဖြစ်စေ၊ ဆင်စွယ်ဖြင့် ဖြစ်စေ၊ နွား စသည်တို့၏ ဦးချိုဖြင့်ဖြစ်စေ အပ်ကျည် (အပ်ဗူး) ပြုလုပ်ရာဝယ် ကိုယ်တိုင် စ၍ ပြုခြင်း၊ သို့မဟုတ် အပြုခိုင်းခြင်း ကြောင့် ဒုက္ကဋ်အာပတ် သင့်၍ ကိုယ်တိုင် ပြုပြီးသည့်အခါ၊ သို့မဟုတ် ခိုင်းပြီး၍ ရသည့်အခါ ပါစိတ် အာပတ်သင့်၏။

ဘေဒနကံ

ဘေဒနမေဝ - ခွဲခြင်းသည်ပင်၊ (က ပစ္စည်း အနက်သီးခြား မရှိ၍) ဘေဒနကံ - ဘေဒနက မည်၏။ “ဘေဒနကံ အဿ အတ္ထီတိ ဘေဒနကံ” ဟု ဝိဂြိုဟ်ပြု။ ပါစိတ်အာပတ်ကို ဒေသနာမပြောခင် ထို အပ်ဗူးကို ခွဲပစ်ရဦးမည် ဖြစ်၍ “ခွဲခြင်းရှိသော ပါစိတ်အာပတ်” ဟု ဆိုသည်။

အင်္ဂါ ၃ ပါး

၁။ အပ်ဗူးဖြစ်ခြင်း၊
၂။ အဋ္ဌိမယ စသည် ဖြစ်ခြင်း၊
၃။ ကိုယ်တိုင် ပြု ပြီးခြင်း၊ သို့မဟုတ် အပြုခိုင်း၍ ရခြင်းအားဖြင့် ၃ ပါးတည်း။

[အပ်ဗူးမှတပါး အနားပတ်သီး၊ ခါးပန်းသီးကို အရိုး စသည်ဖြင့် ပြုကောင်း၏။
အပ်ဗူးကိုကား ဝါး၊ သစ်သား စသည်ဖြင့်သာ ပြုကောင်းသည်။]

[ဆောင်]
အပ်ကျည်ဖြစ်ဘိ, အဋ္ဌိမယ, စသည်ဖြစ်မှု, ပြုပြီးပြုစေ, ရရှိလေဘိ, အင်သုံးပြည့်, သူစိဃရ သင့်။

သုဒ္ဓပါစိတ် အခန်း (ရတနဝဂ်)

၅။ မဉ္စ သိက္ခာပုဒ်

နဝံ ပန ဘိက္ခုနာ မဉ္စံ ဝါ ပီဌံ ဝါ ကာရယမာနေန အဋ္ဌင်္ဂုလပါဒကံ ကာရေတဗ္ဗံ သုဂတင်္ဂုလေန အညတြ ဟေဋ္ဌိမာယ အဋနိယာ။ တံ အတိက္ကာမယတော ဆေဒနကံ ပါစိတ္တိယံ။

နဝံ – အသစ်ဖြစ်သော၊
မဉ္စံ ဝါ - ညောင်စောင်းကိုသော်၎င်း၊
ပီဌံ ဝါ - အင်းပျဉ်ကိုသော်၎င်း၊
ကာရယမာနေန - ပြုစေလိုသော၊
ဘိက္ခုနာ - ရဟန်းသည်၊
ဟေဋ္ဌိမာယ- အောက်၌ဖြစ်သော၊
အဋနိယာ - ဘောင်ကို၊
အညတြ - ကြဉ်၍၊
သုဂတဂုၤလေန - ဘုရားရှင်၏ လက်သစ်တော်ဖြင့်၊
အဋ္ဌင်္ဂုလပါဒကံ - လက်ရှစ်သစ် အခြေရှိအောင်၊
ကာရေတဗ္ဗံ – ပြုစေနိုင်၏၊
တံ - ထို လက်ရှစ်သစ် ပမာဏကို၊
အတိက္ကာမယတော - လွန်စေသော ရဟန်း၏၊
ဆေဒနကံ - ဖြတ်ခြင်းရှိသော၊
ပါစိတ္တိယံ - သည်၊
ဟောတိ - ၏။

၅။ မဉ္စသိက္ခာပုဒ်

[မဉ္စ ပီဌတို့ကို ယခုခေတ်၌ ခဋင်၊ ကုလားထိုင် စသည် ခေါ်ကြောင်း ပြခဲ့ပြီ။]

မဉ္စ ပီဌတို့ကို ကိုယ်တိုင်ဖြစ်စေ၊ ခိုင်း၍ဖြစ်စေ၊ အသစ် ပြုလုပ်စေလိုလျှင် ဘုရားရှင်၏ လက်သစ်တော်ဖြင့် ရှစ်လက်သစ် (အလွန်ဆုံး) အခြေရှိစေရမည်။ ထို့ထက် ရှည်လျှင်ကား ဆေဒနက ပါစိတ်အာပတ် သင့်၏။ “ခြေထောက်၏ ပိုသောပမာဏ”ကို ဖြတ်ပြီးမှ ဒေသနာပြောရသော အာပတ်ကို “ဆေဒနကပါစိတ်” ဟု ခေါ်သည်။

အညတြ ၊ပေ၊ အဋနိယာ

အခြေကို တိုင်းရာ၌ကား “ဘောင်” ဟု ခေါ်သော အပေါင်ကို ထည့်၍ တိုင်းဘွယ်မလို။ သူတပါးထံမှ အခြေရှည် ညောင်စောင်းကိုရလျှင် ဖြတ်၍၊ သို့မဟုတ် အပိုကို မြေတွင်မြှုပ်၍ သုံးစွဲရမည်။

အင်္ဂါ ၂ ပါး

၁။ ပမာဏလွန်သော ညောင်စောင်း စသည် ဖြစ်ခြင်း
၂။ မိမိအတွက် ပြုပြီးခြင်း၊ သို့မဟုတ် အပြုခိုင်း၍ ရခြင်းအားဖြင့် အင်္ဂါ ၂ ပါး တည်း။

[ဘုရားရှင်၏ ရှစ်လက်သစ်သည် မဇ္ဈိမပုရိသ လက်သစ်ဖြင့် ၂၄ သစ် ရှိကြောင်း၊ ယခုလူတို့ လက်သစ်ဖြင့် (၂၄ သစ် ခေါက်ချိုးတက်၍) ၃၆ သစ် ရှိကြောင်းကို ဆိုကြ၏။ ထိုအရာဝယ် စဉ်းစားဘွယ် ရှိပုံကို သံဃာဒိသေသ် ကုဋိကာရ သိက္ခာပုဒ်၌ ပြခဲ့ပြီ။]

[ဆောင်]
တိုင်းရှည်လွန်တောင်း, ညောင်စောင်း အင်းပျဉ်, ကိုယ်ပင်ပြုပြီး, တနည်းသူ့စေ, ရရှိလေက, အင်နှစ်ဝ, မဉ္စ ပါစိတ်သင့်။

သုဒ္ဓပါစိတ် အခန်း (ရတနဝဂ်)

၆။ တူလောနဒ္ဓ

ယော ပန ဘိက္ခု မဉ္စံ ဝါ ပီဌံ ဝါ တူလောနဒ္ဓံ ကာရာပေယျ၊ ဥဒ္ဓါလနကံ ပါစိတ္တိယံ။

ယော ပန ဘိက္ခု – သည်၊
မဉ္စံ ဝါ - ကိုသော်၎င်း၊
ပီဌံ ဝါ - ကိုသော်၎င်း၊
တူလောနဒ္ဓံ - မြှေးယှက်အပ်သော လဲ ရှိသည်ကို၊
ဝါ - လဲပါသော အခင်းရှိသည်ကို၊
ကာရာပေယျ - ပြုစေအံ့၊
တဿ ဘိက္ခုနော - ၏၊
ဥဒ္ဓါလနကံ - လဲကို ထုတ်ခြင်းရှိသော၊
ပါစိတ္တိယံ - သည်၊
ဟောတိ - ၏။

၆။ တူလောနဒ္ဓ

ညောင်စောင်း ခဋင်ကို ဖြစ်စေ၊ အင်းပျဉ် ထိုင်ခုံကို ဖြစ်စေ အပေါ်၌ လဲ အဆာသွတ်သော အခင်း ရှိအောင် ကိုယ်တိုင်ပြုပြု၊ သူ တပါးကို ခိုင်း၍ ရရ၊ လဲ အဆာကို ထုတ်ပြီးနောက် ဒေသနာ ပြောရသော ဥဒ္ဓါလနက ပါစိတ်အာပတ် သင့်သည်။

တူလောနဒ္ဓ

ဧတ္ထ - ဤညောင်စောင်း အင်းပျဉ်၌၊
ဩနဒ္ဓံ - မြှေးယှက်အပ်သော၊
တူလံ - လဲသည်၊
အတ္ထိ - ရှိ၏၊
ဣတိ - ကြောင့်၊
တံ - ထို ညောင်စောင်း အင်းပျဉ်သည်၊
တူလောနဒ္ဓံ - မည်၏။

ညောင်စောင်း အင်းပျဉ်ပေါ်၌ အဝတ် တထည်ကို ခင်းပြီးလျှင် ထိုအဝတ်ပေါ်၌ လဲတို့ကို ထည့်ပြီးနောက် အထက်က အဝတ်ဖြင့် ချုပ်စပ်ထားသည်ကို တူလောနဒ္ဓ မဉ္စ ပီဌဟု ခေါ်၏။

မိန့်လိုရင်းမှာ - “ညောင်စောင်း အင်းပျဉ်ပေါ်၌ လဲ အဆာ သွတ်ထားအပ်သော ဖုံမွေ့ယာကို မခင်းရ”ဟု မိန့်တော်မူလိုသည်။

ဆက်ဦးအံ့ ---

လဲ အမျိုးအစားသည် လက်ပံပင် စသော သစ်ပင်မှ ဖြစ်သော သစ်ပင်လဲ၊ နွယ်ပင်မှဖြစ်သော နွယ်လဲ၊ ရှင်မွေ့လွန်းပင်စသော မြက်မျိုးမှဖြစ်သော မြက်လဲဟု ၃ မျိုးရှိ၏။ ယခုအခါ ဝါများလည်း လဲ အမျိုးပင်။ လဲမှို့ သွတ်ထားသော အခင်းများကို ဂိလာနမဟုတ်လျှင် မအိပ် မထိုင်ကောင်း။ အနာပေါက်ခြင်း စသော မကျန်းမာမှုကြောင့် ရိုးရိုး အခင်းပေါ်၌ မထိုင်နိူင်၊ မအိပ်နိုင်သော ဂိလာနတို့ကား ထိုလဲမှို့ အခင်းများနှင့် ခေါင်းအုံးများကို ခင်း၍ အိပ်ကောင်း၏။

ခေါင်းအုံး ပမာဏ

ခေါင်းအုံး၏ပမာဏမှာ အရှည် ၂ တောင်၊ အနံ တောင်ဆုပ်သာလျှင် အလွန်ဆုံး (အကြီးဆုံး) ရှိစေရမည်။ ထို့ထက်ကြီးသော မှီအုံးကြီးတို့ကား မအပ်။ ငယ်သည့်အတွက် တားမြစ်ချက် မရှိ။

[ဝိနည်းဓိုရ် ပုဂ္ဂိုလ်များကား ခေါင်းအုံးများကို လက်ထောက်ခြင်း၊ ရင်အောက်၌ ထားခြင်းကိုလည်း ရှောင်ကြဉ်ကြ၏။ ကျမ်းဂန်၌မူ ဂိလာန မဟုတ်လျှင် ခေါင်းအုံး ခြေအုံး ၂ မျိုး အပ်ကြောင်းကို မိန့်သည်။]

အင်္ဂါ ၂ ပါး

၁။ တူလောနဒ္ဓ မဉ္စ ပီဌဖြစ်ခြင်း၊
၂။ မိမိအတွက် ကိုယ်တိုင်ပြုပြီးခြင်း၊ သို့မဟုတ် သူတပါးကို အပြုခိုင်း၍ ရခြင်းအားဖြင့် ၂ ပါး တည်း။

[သူတပါးထံမှ မခိုင်းဘဲ ရလျှင်၎င်း၊ လူတို့က လှူလျှင်၎င်း၊ လဲကို ထုတ်ပြီးမှ သုံးစွဲရမည်။ ထို လဲမှို့ ဝါများကို ခါးပန်းကြိုး စသည်၌သာ ထည့်ကောင်း၏ ဟု မိန့်သောကြောင့် ယခုကာလ၌ ဝါဂွမ်းများကို အတွင်းသွင်း၍ ချုပ်ထားသော စောင်ကို ကိုယ်အောက်မှာ ထား၍ မအိပ်သင့်။]

[ဆောင်]
တူလောနဒ္ဓ, မဉ် ပီဌတည်း, ပြုပြီး ပြုစေ, ရရှိလေဟု, ၂ ထွေ အင်္ဂေါ, အစုံနှော, တူလောနဒ္ဓသင့်။

သုဒ္ဓပါစိတ် အခန်း (ရတနဝဂ်)

၇။ နိသီဒန

နိသီဒနံ ပန ဘိက္ခုနာ ကာရယမာနေန ပမာဏိကံ ကာရေတဗ္ဗံ၊ တတြိဒံ ပမာဏံ၊ ဒီဃသော ဒွေ ဝိဒတ္ထိယော သုဂတဝိဒတ္ထိယာ၊ တိရိယံ ဒိယဍ္ဎံ၊ ဒသာ ဝိဒတ္ထိ။ တံ အတိက္ကာမယတော ဆေဒနကံ ပါစိတ္တိယံ။

နိသီဒနံ - နိသီဒိုန်ကို၊
ကာရယမာနေန – ပြုစေလိုသော၊
ဘိက္ခုနာ – သည်၊
ပမာဏိကံ - ပမာဏနှင့် ယှဉ်သော နိသီဒိုန်ကို၊
ကာရေတဗ္ဗံ - ပြုစေထိုက်၏၊
တတြ - ထို နိသီဒိုန်၏၊
ဣဒံ - ဤ ဆိုအပ်လတံ့ကား၊
ပမာဏံ - ပမာဏတည်း၊
သုဂတဝိဒတ္ထိယာ - ဘုရားရှင်၏ အထွာတော်ဖြင့်၊
ဒီဃသော - အလျားမှု၊
ဒွေ ဝိဒတ္ထိယော - ၂ ထွာ တို့၎င်း၊
တိရိယံ - အနံမှ၊
ဒိယဍ္ဎံ - တထွာခွဲ၎င်း၊
ဝိဒတ္ထိ - တထွာရှိသော၊
ဒသာ - အမြိတ်အဆာ၎င်း၊
(ဣတိ - ဤကား ပမာဏတည်း၊)
တံ - ထို ပမာဏကို၊
အတိက္ကာမယတော – လွန်စေသော ရဟန်း၏၊
ဆေဒနကံ - သော၊
ပါစိတ္တိယံ - သည်၊
ဟောတိ

၇။ နိသီဒန

နိသီဒိုန်ကို ကိုယ်တိုင်ဖြစ်စေ၊ ခိုင်း၍ဖြစ်စေ ချုပ်လိုသော ရဟန်းသည် ဘုရားရှင်၏ အထွာတော်ဖြင့် အလျား ၂ ထွာ၊ အနံတထွာခွဲ၊ အမြိတ်ခေါ်သော အဆာ တထွာ၊ ဤအတိုင်း အရှည်ရှိသော (ငယ်သာလျှင် ငယ်စေ၊ သည့်ထက် မပိုရသော) နိသီဒိုန်ကိုသာ ချုပ်နိူင်သည်။ ထို အတိုင်း အရှည်ထက် လွန်လျှင်ကား လွန်သမျှကို ဖြတ်ပစ်ရခြင်းရှိသော ပါစိတ်

အမြိတ်အဆာ

နိသီဒိုန် ချုပ်ဘို့ရန် ဖြစ်သော ပိတ်စ ဖျင်စ တခုခုကို ထို ပမာဏအတိုင်း ချုပ်သည့်အခါ တထွာလောက်သော အဆာကို မိမိလိုရာ တဘက်ဘက်က တပ်၍ ၂ နေရာ၌ ခွဲထားလျက် ရှိစေရမည်။ ထိုကဲ့သို့ ခွဲထားသည့်အခါ အမြိတ်အဆာသည် တခုနှင့်တခု မစပ်ဘဲ သုံးမြွာကွဲလျက် ရှိလိမ့်မည်။

သုက်နှီးသင်္ကန်း

ဤနိသီဒိုန်ကို မူလ ပညတ်တော်မူရခြင်း၏ အကြောင်းမှာ ရဟန်းတို့သည် မွန်မြတ်သောအစာကို စားပြီးနောက် တရားနှလုံးမသွင်းဘဲ အိပ်ပျော်ကြသည့်အခါ အိပ်မက် မက်၍ သုက်ထွက်သဖြင့် သင်္ကန်းလည်း ပေ၊ ကျောင်း အိပ်ရာ နေရာနှင့် ခန္ဓာကိုယ်လည်း ပေသောကြောင့် ထို သင်္ကန်း ကျောင်း ကိုယ်ခန္ဓာများကို စောင့်ရှောက်ဘို့ရာ (မလူးမလဲဘို့ရာ) ပညတ်တော်မူရခြင်း ဖြစ်သည်။ ထို့ကြောင့် နိသီဒိုန်ကို “သုက်နှီးသင်္ကန်း” ဟုလည်း ခေါ်စမှတ် ပြုကြသည်။

အသုံးချပုံ

ဤနိသီဒိုန်ကို ယခုအခါ နေရာထိုင်ကဲ့သို့ ခင်း၍လည်း ထိုင်နိုင်၏။ ဆွမ်းစားသည့်အခါ တပိုင်းကိုခင်း၍ အမြိတ်အဆာကို တင်ပလ္လင် ပေါ်၌တင်ကာ ဆွမ်းဟင်း အစက်များကိုလည်း ကာကွယ်နိူင်၏။ အထူး အားဖြင့်ကား သင်းပိုင်အတွင်းမှ ရှေ့တည့်ဘည့်ကခံ၍ ဝတ်ဘို့ရန်ဖြစ်၏။ ဝတ်သည့် အခါ အလယ်က အမြိတ်ကို ခါးတောင်းကျိုက်သလို နောက်ပို့၍ ကြိုးငယ်၊ သို့မဟုတ် တွယ်အပ်တို့ဖြင့် ချိတ်ဆွဲ ထားရမည်။ ဆရာတို့ကား တင်ပါးဘက်က ဖုံး၍ အလယ်က အမြိတ်ကို ပေါင်ကြားမှ ရှေ့သို့ပို့ကာ ဆီးပုံးပေါ်မှာ ဖုံး၍ ကြိုးဖြင့် ချည်ထားပုံကို ပြကြသည်။

အင်္ဂါ ၂ ပါး

၁။ နိသီဒိုန်၏ ပမာဏကို လွန်ခြင်း၊
၂။ မိမိအတွက် ကိုယ်တိုင်ပြုရာ၌ ပြု၍ပြီးခြင်း၊ သို့မဟုတ် အပြုခိုင်းရာ၌ ပြုပြီးသောအခါ ရခြင်း အားဖြင့် အင်္ဂါ ၂ ပါးတည်း။

[ဆောင်]
နိသီဒန, စီဝရ၏, ပမာဏလွန်ဘိ, မိမိတွက်ဟု, ပြုပြီး ပြုစေ, ရရှိလေက, အင်နှစ်ဝ, နိသီဒန သင့်။

သုဒ္ဓပါစိတ် အခန်း (ရတနဝဂ်)

၈။ ကဏ္ဍုပဋိစ္ဆာဒိ

ကဏ္ဍုပ္ပဋိစ္ဆာဒိံ ပန ဘိက္ခုနာ ကာရယမာနေန ပမာဏိကာ ကာရေတဗ္ဗာ၊ တတြိဒံ ပမာဏံ၊ ဒီဃသော စတဿော ဝိဒတ္ထိယော သုဂတဝိဒတ္ထိယာ၊ တိရိယံ ဒွေ ဝိဒတ္ထိယော။ တံ အတိက္ကာမယတော ဆေဒနကံ ပါစိတ္တိယံ။

ကဏ္ဍုပဋိစ္ဆာဒိ - အနာလွှမ်းသင်္ကန်းကို၊
ကာရယမာနေန - သော၊
ဘိက္ခုနာ – သည်၊
ပမာဏိကာ - ပမာဏနှင့်ယှဉ်သော အနာလွှမ်း သင်္ကန်းကို၊
ကာရေတဗ္ဗာ - ပြုစေထိုက်၏၊
တတြ - ထို အနာလွှမ်း သင်္ကန်း၏၊
ဣဒံ - ဤ ဆိုအပ်လတံ့ကား၊
ပမာဏံ - တည်း၊
သုဂတဝိဒတ္ထိယာ - ဖြင့်၊
ဒီဃသော - မှ၊
စတဿော ဝိဒတ္ထိယော - ၄ ထွာတို့၎င်း၊
တိရိယံ - မှ၊
ဒွေ ဝိဒတ္ထိယော - တို့၎င်း၊
(ဣတိ- တည်း၊)
တံ - ထို ပမာဏကို၊
အတိက္ကာမယတော ဆေဒနကံ ပါစိတ္တိယံ ဟောတိ။

၈။ ကဏ္ဍုပဋိစ္ဆာဒိ

[ကာရေတဗ္ဗာဟူသော ပဓာနကြိယာကို မငဲ့ဘဲ ကာရယမာနေနကိုငဲ့၍ “ကဏ္ဍုပဋိစ္ဆာဒိ”ဟု ဒုတိယာ ဝိဘတ်ဖြင့်လည်း ပါဌ် ရှိ၏။]

ကဏ္ဍု သဒ္ဒါသည် ယားနာကိုသာ ဟောသော်လည်း ဤသိက္ခာပုဒ် ယားနာကို ဥပလက္ခဏ နည်းအားဖြင့် သတ်မှတ်၍ ဆိုထားသည်။ ထို့ကြောင့် ကဏ္ဍုသဒ္ဒါဖြင့် ယားနာ၊ ဝဲနာ၊ သွေးစုနာ၊ အရည်ထွက်သော ဘဂန္ဒိုရ်နာ၊ ဆီးချိုရောဂါ၊ ဒူလာ မြင်းသရိုက်နာနှင့် ကြီးကျယ်သော အရည် ထွက်သော အနာဟူသမျှကို ယူစေလိုသည်။

ထိုအနာများသည် ချက်မှ အောက်ပိုင်း ဒူးပဆစ်မှ အထက် ပေါက်လျှင် သင်းပိုင်ကို ပေမည် စိုးသောကြောင့် ထိုအနာများကို ဖုံးလွှမ်း ကာကွယ်ဘို့ရာ အနာလွှမ်းခေါ် သင်္ကန်းတမျိုးကို ခွင့်ပြုတော်မူရသည်။

[ကဏ္ဍု = အနာကို ပဋိစ္ဆာဒိ=ဖုံးလွှမ်းသည်။] ထို အနာလွှမ်း သင်္ကန်း၏ ပမာဏကို သိက္ခာပုဒ် ပါဠိအတိုင်း သိပါ။ အင်္ဂါမှာ နိသီဒနသိက္ခာပုဒ်အတိုင်း ၂ ပါးပင်။

သုဒ္ဓပါစိတ် အခန်း (ရတနဝဂ်)

၉။ ဝဿိက သာဋိကာ

ဝဿိကသာဋိကံ ပန ဘိက္ခုနာ ကာရယမာနေန ပမာဏိကာ ကာရေတဗ္ဗာ၊ တတြိဒံ ပမာဏံ၊ ဒီဃသော ဆ ဝိဒတ္ထိယော သုဂတဝိဒတ္ထိယာ၊ တိရိယံ အဍ္ဎတေယျာ။ တံ အတိက္ကာမယတော ဆေဒနကံ ပါစိတ္တိယံ။

ဝဿိကသာဋိကာ - မိုးရေခံ သင်္ကန်းကို၊
ကာရယမာနေန - သော၊
ဘိက္ခုနာ - သည်၊
ပမာဏိကာ - ပမာဏနှင့်ယှဉ်သော မိုးရေခံ သင်္ကန်းကို၊
ကာရေတဗ္ဗာ - ၏၊
တဩ - ထို မိုးရေခံသင်္ကန်း၏၊
ဣဒံ ပမာဏံ၊ သုဂတဝိဒတ္ထိယာ - ဖြင့်၊
ဒီဃသော - မှ၊
ဆ ဝိဒတ္ထိယော - ၆ ထွာတို့၎င်း၊
တိရိယံ - မှ၊
အဍ္ဎတေယျာ - ၂ ထွာခွဲတို့၎င်း၊
(ဣတိ - ဤကား ပမာဏတည်း၊)
တံ− ထို ပမာဏကို၊ အတိက္ကာမယတော ဆေဒနကံ ပါစိတ္တိယံ။

၉။ ဝဿိက သာဋိကာ

[ဝဿေ - မိုးအခါ၌၊
အဓိဋ္ဌာတဗ္ဗာ - အဓိဋ္ဌာန်တင်ထိုက်သော သင်္ကန်းသည်၊
ဝဿိကာ - မည်၏။]

မိုးအခါဝယ် “ဝဿိကသာဋိကာ”ဟူသော နာမည်ဖြင့် အဓိဋ္ဌာန်တင်၍ အခြားအခါဝယ် ဝိကပ္ပနာ ပြု၍ဖြစ်စေ၊ ပရိက္ခာရစောဠ အဓိဋ္ဌာန်တင်၍ဖြစ်စေ ဆောင်အပ်သော သင်္ကန်းကို “ဝဿိကသာဋိကာ”ဟု ခေါ်သည်။ သာဋိကာ သဒ္ဒါသည် ဝတ္ထ သဒ္ဒါ၏ ပရိယာယ်တည်း။

မိုးရေခံ သင်္ကန်း

ဘုရားရှင်၏ အထွာတော်ဖြင့် အလျား (အရှည်) ၆ ထွာ၊ အနံ ၂ ထွာခွဲမျှရှိသော (နဂိုမရှိလျှင် ဆက်စပ်ထားသော) ပိတ်-ဖျင် စသည်ကို မိုးရွာသည့်အခါ ဝတ်၍ (ရေသနုတ်ကဲ့သို့ အသုံးချ၍) မိုးရေကို ခံကြရ ချိုးကြရသောကြောင့် “မိုးရေခံသင်္ကန်း”ဟု ခေါ်သည်။

သင်္ကန်း ဟု ဆိုသော်လည်း ဆိုးရည်ဖြင့် ပကတိ သင်္ကန်းရောင်ထွက်အောင် ဆိုးမှ မဟုတ်၊ ဆင်စွယ်ရောင်ကဲ့သို့ ခပ်ဝါဝါအရောင်ထွက်ရုံ တကြိမ်လောက်မျှ ဆိုးလျှင်ပင် ဝတ်ကောင်းပြီ

အင်္ဂါ ၂ ပါး

၁။ မိုးရေခံသင်္ကန်း၏ ပမာဏကို လွန်ခြင်း၊
၂။ မိမိအတွက် ကိုယ်တိုင်ပြုရာ၌ ပြု၍ပြီးခြင်း၊ သို့မဟုတ် အပြုခိုင်းရာ၌ ပြုပြီးသောအခါ ရခြင်း အားဖြင့် အင်္ဂါ ၂ ပါးတည်း။

သုဒ္ဓပါစိတ် အခန်း (ရတနဝဂ်)

၁၀။ နန္ဒတ္ထေရ

ယော ပန ဘိက္ခု သုဂတစီဝရပ္ပမာဏံ စီဝရံ ကာရာပေယျ, အတိရေကံ ဝါ၊ ဆေဒနကံ ပါစိတ္တိယံ။ တတြိဒံ သုဂတဿ သုဂတစီဝရပ္ပမာဏံ၊ ဒိဃသော နဝ ဝိဒတ္ထိယော သုဂတဝိဒတ္ထိယာ၊ တိရိယံ ဆ ဝိဒတ္ထိယော၊ ဣဒံ သုဂတဿ သုဂတစီဝရပ္ပမာဏန္တိ။

ယော ပန ဘိက္ခု - သည်၊
သုဂတစိဝရပ္ပမာဏံ - ဘုရားရှင်၏ သင်္ကန်းတော် ပမာဏ ရှိသည်မူလည်း ဖြစ်သော၊
အတိရေကံ ဝါ - ပိုလွန်သည်မူလည်း ဖြစ်သော၊
စီဝရံ - သင်္ကန်းကို၊
ကာရာပေယျ - ပြုစေအံ့၊
တဿ ဘိက္ခုနော ပါစိတ္တိယံ ဟောတိ။

တတြ - ထို “သုဂတ စီဝရပ္ပမာဏံ စီဝရံ ကာရာပေယျ အတိရေကံဝါ” ဟူသော စကားရပ်၌၊
[ရှေ့သိက္ခာပုဒ်များကဲ့သို့ “၏” ပေး၍ မဖြစ်၊]
ဣဒံ - ဤ ဆိုအပ်လတံ့ကား၊
သုဂတဿ - မြတ်စွာဘုရား၏၊
သုဂတစီဝရပ္ပမာဏံ - ဘုရားရှင်၏ သင်္ကန်းတော် ပမာဏတည်း၊
သုဂတဝိဒတ္ထိယာ - ဖြင့်၊
ဒီဃသော - မှ၊
နဝဝိဒတ္ထိယော - ၉ ထွာတို့၎င်း၊
တိရိယံ - မှ၊
ဆ ဝိဒတ္ထိယော - ၆ ထွာတို့၎င်း၊
ဣဒံ - ဤ ဆိုအပ်ပြီးကား၊
သုဂတဿ - ၏၊
သုဂတစီဝရပ္ပမာဏံ - တည်း။

[ပမာဏံ၏ နောက်၌ “ဣတိ” ပါသည်ကို အပိုဟု ထင်၏။
အနက်ပေးလိုလျှင် “ဣတိ - ဤသို့မှတ်အပ်၏”ဟု ပေး။]

နဝမော - ၉ ခုမြောက်သော၊
ရတနဝဂ္ဂေါ - ရတနဝဂ်တည်း။

၁ဝ။ နန္ဒတ္ထေရ

ညီတော်နန္ဒကို အကြောင်းပြု၍ ပညတ်အပ်သော ကြောင့် “နန္ဒတ္ထေရသိက္ခာပုဒ်”ဟု ခေါ်သည်။

ချဲ့ဦးအံ့ -

ညီတော်နန္ဒထေရ်၏ အရပ်သည် ဘုရားရှင်အောက် လက် ၄ သစ်လောက်သာ ငယ်၏။ ထို့ကြောင့် အခါ တပါး၌ ဘုရားရှင်၏ သင်္ကန်းတော်နှင့် ပမာဏချင်းတူသော သင်္ကန်းကို ဝတ်၍ အဝေးမှလာသည်ကို မြင်လျှင် ဘုရားရှင်ဟု ထင်သောကြောင့် ရဟန်း အများပင် ထိုင်ရာမှ ထနှင့်ကြလေသည်။ ဤဝတ္ထုကို အကြောင်းပြု၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။

သုဂတစီဝရ

ဘုရားရှင်၏ သင်္ကန်းတော်နှင့် ညီမျှသော၊ သို့မဟုတ် ထို့ထက် ရှည်သော သင်္ကန်းကို ကိုယ်တိုင်ဖြစ်စေ၊ ခိုင်း၍ ချုပ်ရာဝယ်ရသည် ဖြစ်စေ ထိုသင်္ကန်း၏ အပိုပမာဏကို ဖြတ်ရခြင်းရှိသော ပါစိတ်အာပတ် သင့်၏။

ဘုရားရှင်၏ သင်္ကန်းတော်ကား ဘုရား အထွာတော်ဖြင့် အလျား ၉ ထွာ၊ အနံ ၆ ထွာ ရှိ၏။ သင်္ကန်းဟူရာ၌လည်း သင်းပိုင်ကို ဆိုလိုသည်မဟုတ်၊ ဧကသီ နှင့် သင်္ကန်းကြီးကိုသာ ဆိုလိုသည်။

[သင်းပိုင်၏ ပမာဏမှာ ထိုမျှလောက်ပင် မရှည်ရာ။]

မှတ်ချက်

ဘုရားရှင်၏ ဝတ်ရုံတော်မူမြဲ သင်္ကန်းသည် ဘုရား အထွာတော်ဖြင့် အလျား ၉ ထွာ(၄ တောင်ထွာ)၊ အနံ ၆ ထွာ(၃ တောင်ရှိရကား) ယခုကာလ ပုဂ္ဂိုလ်များသည် မိမိ အထွာဖြင့် အလျား ၄ တောင်ထွာ၊ အနံ ၃ တောင် ရှိသော ဧကသီ-သင်္ကန်းကြီးကိုသာ ဝတ်ရုံထိုက်သည်။

[ထိုမျှလောက် သင်္ကန်းဖြင့် သုပ္ပဋိစ္ဆန္နပရိမဏ္ဍလဖြစ်အောင် ဝတ်နိုင်သည်သာ။]

တိစီဝရိတ်၏ ၏ ပမာဏ

ပထမကထိန သိက္ခာပုဒ်၏ ကင်္ခါ၌ -
ဧကသီ သင်္ကန်းကြီးအတွက် အလျား ၅ တောင် တောင်ဆုပ်၊ အနံ ၃ တောင် တောင်ဆုပ် ဟု၎င်း၊
သင်းပိုင်အတွက် အလျား ဧကသီအတိုင်း၊ အနံ ၂ တောင်ဟု၎င်း
အဓိဋ္ဌာန်လောက် သင်္ကန်း၏ အတိုဆုံး ပမာဏကို ပြထား၏။
အကြီးဆုံးမှာ ဘုရားရှင်၏ သင်္ကန်းတော်အောက် နဲနဲပါးပါး လျော့စေရမည်ဟု ဆို၏။

တောင်ဆုပ် ယူပုံ

“တောင်ဆုပ်” ဟူရာ၌ အားလုံး အတောင်များကို လက်သီးဆုပ်၍တောင်လျှင် အလျား ၄ တောင် ထွာ၊ အနံ ၃တောင်မျှ ရှိရကား အတိုဆုံးပမာဏ ဟူသော စကားနှင့် သင့်တင့်ပေသည်။

၄ တောင် အပြည့် တောင်၍ နောက်ဆုံးတတောင်ကိုသာ တောင်ဆုပ်တောင်လျှင်ကား ၄ တောင် ထွာ မကသဖြင့်၎င်း၊ မုဋ္ဌိပဉ္စမက (ငါးခုမြောက် တောင်ဆုပ်ရှိ)ဟု မဆိုဘဲ မုဋ္ဌိ ပဉ္စက (တောင်ဆုပ် ၅ ခုအပေါင်း) ဟု ဆိုသောစကားဖြင့်၎င်း စဉ်းစားသင့်လေသည်။

ယခုခေတ်

ယခုအခါ၌ကား သုဂတဝိဒတ္ထိ လာသမျှ၌ “ရှင်စော တထွာ, မတ်သုံးထွာ, တို့ထွာ ခေါက်ချိုးတက်” ဟူသော စကားကို လက်ကိုင် ထားကြလျက် ဘုရားရှင်၏ တထွာသည် ယခု လူတို့ အထွာဖြင့် (၃ ဆတက်၊ ထက်ဝက်တိုး) ၄ ထွာခွဲ ရှိသည်ဟု ကြံဆကာ တိစီဝရိတ် စသော သင်္ကန်းတို့နှင့် ညောင်စောင်း အင်းပျဉ်များကို အတော် ကြီးမား ရှည်လျားစွာ သုံးစွဲနေကြလေပြီ

စဉ်းစားဘွယ်

ထိုသို့ သုံးစွဲကြရာ၌ ဘုရားရှင်၏ သင်္ကန်းတော်ကို ခေါက်ချိုးတက်အထိ တွက်ကြည့်က ယခု လူတို့အထွာဖြင့် အလျား အတောင် ၂ဝ နှင့် လက် ၈ သစ်ရှိ၍ အနံလည်း ၁၃ တောင်နှင့် တထွာ ရှိသောကြောင့် ထို့အောက် နဲနဲလျော့သောသင်္ကန်းသည် ယခုပုဂ္ဂိုလ်များ ဝတ်ဘွယ် အကြီးဆုံး သင်္ကန်းဖြစ်ရာ၏။

ထို့ကြောင့် “ရှင်စောတထွာ”စသော အသုံးများကို ထပ်မံ၍ စဉ်းစားသင့်ကြပါသည်။ သို့ရာတွင် ဆရာမြတ် အစဉ်အဆက်တို့၏ အယူအတိုင်း ကောင်းသော စိတ်ထားဖြင့် သုံးစွဲနေကြသောကြောင့် အပြစ်ရှိသည် ဟုကား မမှတ်သင့်ပါ

သုဒ္ဓပါစိတ်အခန်း ပြီးပြီ။

နိဂုံး

ဥဒ္ဒိဋ္ဌာ ခေါ အာယသ္မန္တော ဒွေ နဝုတိ ပါစိတ္တိယာ ဓမ္မာ။ တတ္ထာယသ္မန္တေ ပုစ္ဆာမိ, ကစ္စိတ္ထ ပရိသုဒ္ဓါ၊ ဒုတိယမ္ပိ ပုစ္ဆာမိ ကစ္စိတ္ထ ပရိသုဒ္ဓါ၊ တတိယမ္ပိ ပုစ္ဆာမိ, ကစ္စိတ္တ ပရိသုဒ္ဓါ၊ ပရိသုဒ္ဓေတ္ထာယသ္မန္တော၊ တသ္မာ တုဏှီ၊ ဧဝမေတံ ဓာရယာမီတိ။

အာယသ္မန္တော - တို့၊
ဒွေ နဝုတိ - ၉၂ ပါးသော၊
ပါစိတ္တိယာ - ပါစိတ်မည်ကုန်သော၊
ဓမ္မာ - တို့ကို၊
ဥဒ္ဒိဋ္ဌာ - ကုန်ပြီ။
တတ္ထ - ထို ပါစိတ်အာပတ်တို့၌၊
အာယသ္မန္တေ - အရှင်တို့ကို၊
ပုစ္ဆာမိ - မေးပါ၏၊
ကစ္စိ - အသို့နည်း ၊ပေ၊
ဧဝံ - ဤသို့ ဆိတ်ဆိတ်နေခြင်းကြောင့်လည်း၊
ဧတံ - ဤအာပတ်မှ စင်ကြယ်ကြကြောင်းကို၊
ဓာရယာမိ – သိမှတ်ရပါ၏၊
ဣတိ - ပါစိတ် အပြီးတည်း။

ပါစိတ္တိယာ - တို့သည်၊
နိဋ္ဌိတာ - ပြီးကုန်ပြီ။

ပါဋိဒေသနီယ အခန်း

နိဒါန်း

ဣမေ ခေါ ပနာယသ္မန္တော စတ္တာရော ပါဋိဒေသနီယာ ဓမ္မာ ဥဒ္ဒေသံ အာဂစ္ဆန္တိ။

အာယသ္မန္တော - တို့၊
စတ္တာရော - လေးပါးကုန်သော၊
ပါဋိဒေသနီယာ - ပါဋိဒေသနီယ မည်ကုန်သော၊
ဣမေ ခေါ ပန ဓမ္မာ - တို့သည်၊
ဥဒ္ဒေသံ - သို့၊
အာဂစ္ဆန္တိ - ရောက်ကုန်၏။

ပထမ ပါဋိဒေသနီယ

ယော ပန ဘိက္ခု အညာတိကာယ ဘိက္ခုနိယာ အန္တရဃရံ ပဝိဋ္ဌာယ ဟတ္ထတော ခါဒနီယံ ဝါ ဘောဇနီယံ ဝါ သဟတ္ထာ ပဋိဂ္ဂဟေတွာ ခါဒေယျ၊ ဝါ ဘုဉ္ဇေယျ ဝါ၊ ပဋိဒေသေတဗ္ဗံ တေန ဘိက္ခုနာ “ဂါရယှံ အာဝုသော ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ၊ တံ ပဋိဒေသေမီ”တိ။

ယော ပန ဘိက္ခု - သည်၊
အန္တရဃရံ – ရွာတွင်းသို့၊
ပဝိဋ္ဌာယ - ဝင်ပြီးသော၊
အညာတိကာယ − ဆွေမျိုး မတော်သော၊
ဘိက္ခုနိယာ - ရဟန်းမ၏၊
ဟတ္ထတော - လက်မှ၊
ခါဒနီယံဝါ - ခဲဘွယ်ကိုသော်၎င်း၊
ဘောဇနီယံဝါ - ဘောဇဉ်ကိုသော်၎င်း၊
သဟတ္ထာ - မိမိလက်ဖြင့်၊
ပဋိဂ္ဂဟေတွာ- ခံယူ၍၊
ခါဒေယျ ဝါ - ခဲမူလည်း ခဲအံ့၊
ဘုဉ္ဇေယျဝါ - စားမူလည်း စားအံ့၊
တေန ဘိက္ခုနာ - ထိုရဟန်းသည်၊
ဂါရယှံ အာဝုသော ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ, တံ ပဋိဒေသမီတိ - “ဂါရယှံ ၊ပေ၊ ပဋိဒေသေမိ” ဟူ၍၊
ပဋိဒေသေတဗ္ဗံ - သီးခြား ပြောရာ၏၊
ဝါ - သီးခြား ဒေသနာကြားရာ၏၊

[အာဝုသော - ငါ့ရှင်၊
(အဟံ- တပည့်တော်သည်၊)
ဂါရယှံ– ကဲ့ရဲ့ထိုက်သော၊
အသပ္ပါယံ - နတ်ပြည် နိဗ္ဗာန်အား မလျောက်ပတ်သော၊
ပါဋိဒေသနီယံ - ပါဋိဒေသနီယ မည်သော၊
ဓမ္မံ - အာပတ်သို့၊
အာပဇ္ဇိံ - ရောက်ပါပြီ၊
တံ - ထို ပါဋိဒေသနီယ အာပတ်ကို၊
ပဋိဒေသေမိ - သီးခြား ပြောပါ၏၊
ဝါ - သီးခြား ဒေသနာကြားပါ၏။]

ပထမ ပါဋိဒေသနီယ (အကျဉ်း)

ဘိက္ခုနီများသည် သိက္ခုများလောက် လာဘ်လာဘ မရလွယ်ကြ။ ထို့ကြောင့် ခဲယဉ်းစွာရအပ်သော ဘိက္ခုနီတို့လာဘ်ကို မခံယူဘဲ ရှောင်သင့်သမျှ ရှောင်ကြဘို့ရာ ဤ ပထမပါဋိဒေသနီကို ပညတ်တော် မူရသည်။

ရွာတွင်းသို့ ဝင်ပြီးသော ဉာတိမဟုတ်သူ ဘိက္ခုနီ၏ လက်မှ ခဲဘွယ် ဘောဇဉ် တမျိုးမျိုးကို မိမိလက်ဖြင့် (ကိုယ်တိုင်) ခံယူလျှင် ခံယူသည့်အတွက် ဒုက္ကဋ်၊ စားတိုင်း ပါဋိဒေသနီယအာပတ် သင့်သည်

ပါဋိဒေသနီယ ခေါ်ပုံ

အခြား အာပတ်များကဲ့သို့ ဒေသနာ မပြော (ဒေသနာ မကြား) ရဘဲ သိက္ခာပုဒ်၌ တိုက်ရိုက်ပြသည့် အတိုင်း “ဂါရယှံ အာဝုသော ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ တံ ပဋိဒေသေမိ” ဟု ဆို၍ ဒေသနာ ပြောရသောကြောင့် “ပါဋိဒေသနီယ” ဟု ခေါ်သည်။

ပါဋိဒေသနီယ အာပတ်သင့်လျှင် “အဟံ ဘန္တေ” စသည်ဖြင့် ထုံးစံအတိုင်း ဒေသနာ မပြောဘဲ “ဂါရယှံ အာဝုသော” စသည်ဖြင့် တသီးတခြား ဒေသနာပြောရမည် ဟူလို။

[ပတိ (ဝိသုံ) – သီးခြား + ဒေသေတဗ္ဗာ - ဒေသနာပြောထိုက်၏၊ ဣတိ-ကြောင့်၊ ပါဋိဒေသနီယာ- မည်၏။]

သို့ရာတွင် “အခြား အာပတ်များ ကဲ့သို့ ဒေသနာပြောလျှင်လည်း အာပတ်မှမထ” ဟု မဆိုသာ။

ပထမ ပါဋိဒေသနီယ အင်္ဂါ ၅ ပါး

  1. ပြည့်စုံစွာ ဘိက္ခုနီဖြစ်ခဲ့သူ ဖြစ်ခြင်း၊
  2. ဉာတိ မတော်ခြင်း
  3. မြို့ရွာတွင်းသို့ ဝင်ပြီးသော ရဟန်းမ၏လက်မှ မိမိလက်ဖြင့် ခံယူခြင်း
  4. ယာဝကာလိက (ခဲဘွယ်ဘောဇဉ်) ဖြစ်ခြင်း၊
  5. စားမျိုခြင်း အားဖြင့် အင်္ဂါ ၅ ပါးတည်း။

[၁။ ဘိက္ခုသံဃာ၊ ဘိက္ခုနီသံဃာ နှစ်ဘက်၌ ဘိက္ခု နီဖြစ်သူ ဟူလို။ သို့သော် ဘိက္ခုသံဃာ့ထံ၌ ဘိက္ခုနီ ဖြစ်လျှင်လည်း ပါဋိဒေသနီယပင် ဟူ၏။

၃။ မြို့တွင်း မဝင်သေးသော၊ သို့မဟုတ် ဝင်၍ ခံယူပြီး၍ ထွက်လာသော၊ သို့မဟုတ် ရွာတွင်းရှိ ဘိက္ခုနီကျောင်း၊ ဘိက္ခုကျောင်း၊ တိတ္ထိ အာရာမ်တို့၌ ရောက်နေသော ဘိက္ခုနီက ပေးလျှင် ခံယူကောင်း၏။ ကြွင်းသော မှတ်ဘွယ်ကို အဋ္ဌကထာမှာ ရှုပါ။]

[ဆောင်]

ဥပသမ္ပဒ, ဖြစ်စဉ်ကဝယ်, ၂ သွယ် သံဃာ, ပြည့်စုံစွာဘိ, ဉာတိလည်း ကင်း, ရွာတွင်းဝင်လျက်, သူ၏လက်မှ, ကိုယ့်လက်ဖြင့် ယူ, အစာဟူက, ယာဝကာလိ, ဖြစ်တုံဘိလျှင်း, စားမျိုခြင်းဟု, ကြောင်းရင်းငါးလီ, ဒေသနီ, သင့်ပြီ ပထမ

ဒုတိယ ပါဋိဒေသနီယ

ဘိက္ခူ ပနေဝ ကုလေသု နိမန္တိတာ ဘုဉ္ဇန္တိ၊ တတြ စေ သာ ဘိက္ခုနီ ဝေါသာသမာနရူပါ ဌိတာ ဟောတိ “ဣဓ သူပံ ဒေထ၊ ဣဓ သြဒနံ ဒေထာ”တိ။ တေဟိ ဘိက္ခူဟိ သာ ဘိက္ခုနီ အပသာဒေတဗ္ဗာ “အပသက္က တာဝ ဘဂိနိ၊ ယာဝ ဘိက္ခူ ဘုဉ္ဇန္တီ”တိ။ ဧကဿပိ စေ ဘိက္ခုနော န ပဋိဘာသေယျ တံ ဘိက္ခုနိံ အပသာဒေတုံ “အပသက္က တာဝ ဘဂိနိ၊ ယာဝ ဘိက္ခူ ဘုဉ္ဇန္တီ”တိ။ ပဋိဒေသေတဗ္ဗံ တေဟိ ဘိက္ခူဟိ “ဂါရယှံ အာဝုသော ဓမ္မံ အာပဇ္ဇိမှာ အသပ္ပါယံ ပါဋိဒေသနီယံ၊ တံ ပဋိဒေသေမာ”တိ။

ဘိက္ခူ - ရဟန်းတို့သည်၊
(ပန + ဧ၀ အနက်မရှိ၊)
ကုလေသု - အိမ်တို့၌၊
နိမန္တိတာ - ပင့်ဖိတ်အပ်ကုန်သည် (ဖြစ်၍)၊
ဘုဉ္ဇန္တိ – ဆွမ်း ဘုဉ်းပေးကြကုန်၏၊
တတြ - ထို ဆွမ်းကပ်ရာ အရပ်၌၊
သာ ဘိက္ခုနီ – ထို ရဟန်းမသည်၊
ဣဓ - ဤ၌၊
သူပံ - ဟင်းကို၊
ဒေထ - ပေးကုန်လော့၊
ဣဓ - ဤ၌၊
ဩဒနံ– ထမင်းကို၊
ဒေထ - ပေးကုန်လော့၊
ဣတိ - ဤသို့၊
ဝေါသာသ မာနရူပါ - စီမံသူ၏ အဖြစ်ဟူသော သဘောရှိသည်၊
(ဟုတွာ - ၍၊)
ဌိတာ - တည်သည်၊
စေ ဟောတိ - အကယ်၍ ဖြစ်အံ့၊
တေဟိ ဘိက္ခူ ဟိ - ထို ဆွမ်း ဘုဉ်းပေးသော ရဟန်းတို့သည်၊
သာ ဘိက္ခုနီ - ထို ရဟန်းမကို၊
အပသာဒေတဗ္ဗာ - တားမြစ်ထိုက်၏၊
(ကိံ - အဘယ်သို့ တားမြစ်ထိုက်သနည်း၊)

ဘဂိနိ – နှမ၊
ယာဝ - အကြင်မျှလောက်၊
ဘိက္ခူ -ရဟန်းတို့သည်၊
ဘုဉ္ဇန္တိ - ဆွမ်း ဘုဉ်းပေးကြကုန်သေး၏၊
တာဝ - ထို ဆွမ်း ဘုဉ်းပေးနေသမျှ၊
အပသက္က - တော်ရာသို့ ဖဲသွားဦးလော၊
ဣတိ - ဤသို့ တားမြစ်ထိုက်၏၊
ဧကဿပိ - တပါးလည်းဖြစ်သော၊
ဘိက္ခုနော - ရဟန်း၏ (စိတ်၌)၊
တံ ဘိက္ခုနိံ - ထို ရဟန်းမကို၊
အပသက္က တာဝ ဘဂိနိ, ယာဝ ဘိက္ခူ ဘုဉ္ဇန္တီတိ - အပသက္က တာဝ ဘဂိနိ, ယာဝ ဘိက္ခူ ဘုဉ္ဇန္တိ ဟူ၍၊
အပသာဒေတုံ - တားမြစ်ခြင်းငှာ၊
စေ န ပဋိဘာသေယျ - အကယ်၍ မထင်အံ့၊
တေဟိ ဘိက္ခူဟိ - ထို ရဟန်းတို့သည်၊
ဂါရယှံ အာဝုသော ဓမ္မံ အာပဇ္ဇိမှ အသပ္ပါယံ ပါဋိဒေသနီယံ, တံ ပဋိဒေသေမာ တိ - ဂါရယှံ ၊ပေ၊ ပဋိဒေသေမ ဟူ၍၊
ပဋိဒေသေတဗ္ဗံ - သီးခြား ပြောပြရာ၏၊
ဝါ - သီးခြား ဒေသနာကြားရာ၏။

[အာဝုသော- ငါ့ရှင်၊
(မယံ - ငါတို့သည်၊)
ဂါရယှံ အသပ္ပါယံ ပါဋိဒေသနီယံ ဓမ္မံ – သို့၊
အာပဇ္ဇိမှ - ရောက်ပါကုန်ပြီ၊
တံ - ထို အာပတ်ကို၊
ပဋိဒေသေမ - ကုန်၏။]

ဒုတိယ ပါဋိဒေသနိယ (အကျဉ်း)

ဆွမ်း ပင့်ကျွေးရာ အိမ်၌ ရဟန်းအများ ဆွမ်း ဘုဉ်းပေးနေစဉ် ဘိက္ခုနီက “သည်မှာ ဟင်းလိုက်လော၊ သည်မှာ ဆွမ်း လိုက်လော” စသည်ဖြင့် စီမံနေလျှင် ထို ရဟန်းမကို ရဟန်းများက “နှမ ရဟန်းများ ဆွမ်း ဘုဉ်းပေးနေတုန်းမှာ တော်ရာ သွားနေစမ်းပါ” ဟု ပြောဆို၍ တားမြစ်ရမည်

ထို ရဟန်းအများတွင် တပါးတလေကမျှ ထို ဘိက္ခုနီမကို တားမြစ်ဘို့ရန် စိတ်ကူးမပေါ်လာလျှင် (စိတ်ကူးရ၍ မတားမြစ်လျှင်) ရဟန်း အားလုံးပင် သူ စီမံသည့်အတိုင်း ထည့်ပေးအပ်သော အာမိသကို ခံယူရာ၌ ဒုက္ကဋ်၊ စားမျိုတိုင်း ပါဋိဒေသနီယအာပတ် သင့်ကြသည်

အနာပတ္တိ

ဤ သိက္ခာပုဒ်၌လာသော ရဟန်းမ၏ စီမံပုံမှာ မညီမမျှ (သူ ကြည်ညိုရာ ကိုယ်တော်ကိုသာ လှူဘို့ ဆွမ်း ဟင်းလိုက်ဘို့) စီမံခြင်း ဖြစ်သည်။ အကယ်၍ ညီညီမျှမျှ ဆွမ်းဟင်း လိုက်ဘို့ရန် စီမံလျှင် ခံယူသော ရဟန်းတို့မှာ အနာပတ္တိ

ဘိက္ခုနီက သူ့ဆွမ်းကို အလှူခိုင်း၍ ခံယူလျှင်လည်း အနာပတ္တိ

သူ့ဆွမ်းကို သူ့ကိုယ်တိုင်ပေးလျှင် ရှေ့သိက္ခာပုဒ်အရ အာပတ်

ဒကာဒကာမ၏ ဆွမ်းကို သူ့ကိုယ်တိုင် ပေးလှူရာ၌လည်း အနာပတ္တိ

မလှူရ သေးသော ဆွမ်း ဟင်းကို အလိုက် အထည့်ခိုင်းရာ၊ မရသေးသော ကိုယ်တော်အား ဆွမ်း ဟင်းကို အလိုက် အထည့်ခိုင်းရာ၌လည်း ခံယူသော ရဟန်းမှာ အနာပတ္တိ

မှတ်ချက်

ဝေါသာသမာနရူပါ၌ ဝိ + အဝ + သာသဓာတ်၊ ဝေါသာသမာနအရ စီမံသူရ၍ ရူပနှင့် အနက်မတူ သောကြောင့် “စီမံသူ၏အဖြစ်” ဟု ဘာဝပုဒ် အကြေကြံလျက် အနက်ပေးသည်။ “အပ + သာဒေတဗ္ဗာ” ကိုလည်း “ခြိမ်းခြောက် မောင်းမဲအပ်၏”ဟု အနက်ပေးကြ၏။ ဤ၌ “အနိဝါရဏာ”ဟူသော အင်္ဂါကို ကြည့်၍ “တားမြစ်ခြင်း”ဟု အနက်ဆိုသည်။

ဒုတိယ ပါဋိဒေသနိယ အင်္ဂါ ၅ ပါး

  1. ပြည့်စုံစွာ ဘိက္ခုနီဖြစ်ခဲ့သူ ဖြစ်ခြင်း၊
  2. ဘောဇဉ် ၅ ပါးတွင် တပါးပါးဖြစ်ခြင်း၊
  3. ရွာတွင်း၌ ခွင့်ပြုအပ်သောစီမံနည်းမှ အခြားနည်းဖြင့် စီမံခြင်း
  4. ရဟန်းတို့က မတားမြစ်ခြင်း
  5. စားမျိုခြင်းအားဖြင့် အင်္ဂါ ၅ ပါးတည်း။

[၃။ ခွင့်ပြုအပ်သော စီမံမှုဟူသည် ညီညီမျှမျှ စီမံခြင်း စသော အနာပတ္တိအခန်း၌ ပြခဲ့သော စီမံနည်းတည်း။]

[ဆောင်]

ဥပသမ္ပဒ, ဖြစ်စဉ်ကဝယ်, ၂ သွယ် သံဃာ, ပြည့်စုံစွာပင်, ဘောဇဉ် ဖြစ်မှု, ခွင့်ပြုနည်းအား, တမျိုးပြား၍, အခြားစီမံ, မတားပြန်လျှင်း, စားမျိုခြင်းဟု, ကြောင်းရင်း ငါးလီ, ဒေသနီ, သင့်ပြီ ဒုတိယ

တတိယ ပါဋိဒေသနိယ

ယာနိ ခေါ ပန တာနိ သေက္ခသမ္မတာနိ ကုလာနိ၊ ယော ပန ဘိက္ခု တထာရူပေသု သေက္ခသမ္မတေသု ကုလေသု ပုဗ္ဗေ အနိမန္တိတော အဂိလာနော ခါဒနီယံ ဝါ ဘောဇနီယံ ဝါ သဟတ္ထာ ပဋိဂ္ဂဟေတွာ ခါဒေယျ ဝါ ဘုဉ္ဇေယျ ဝါ၊ ပဋိဒေသေတဗ္ဗံ တေန ဘိက္ခုနာ “ဂါရယှံ အာဝုသော ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ၊ တံ ပဋိဒေသေမီ”တိ။

သေက္ခ သမ္မတာနိ - သေက္ခဟု သမုတ်အပ်ကုန်သော၊
ယာနိ ခေါပန တာနိ ကုလာနိ - အကြင်အမျိုးတို့သည်၊
(သန္တိ - ရှိကုန်၏၊)
ယော ပန ဘိက္ခု – သည်၊
တထာ ရူပေသု - ထိုသို့သဘောရှိကုန်သော၊
သေက္ခသမ္မတေသု - သေက္ခဟု သမုတ်အပ်ကုန်သော၊
ကုလေသု - အမျိုးတို့၌၊
ပုဗ္ဗေ - အိမ့် ဥပစာ မရောက်မီ ရှေ့အဘို့၌၊
အနိမန္တိတော - ပင့်လည်း မပင့်အပ်ဘဲ၊
အဂိလာနော - ဂိလာနလည်း မဟုတ်ဘဲ၊
ခါဒနီယံဝါ - ကိုသော်၎င်း၊
ဘောဇနီယံဝါ - ကိုသော်၎င်း၊
သဟတ္ထာ - မိမိလက်ဖြင့်၊
ပဋိဂ္ဂဟေတွာ - ခံယူ၍၊
ခါဒေယျ ဝါ - ခဲမူလည်း ခဲအံ့၊
ဘုဉ္ဇေယျဝါ - စားမူလည်း စားအံ့၊
တေန ဘိက္ခုနာ - သည်၊
ဂါရယံှ အာဝုသော ၊ပေ၊ ပဋိဒေသမီတိ - “ဂါရယှံ ၊ပေ၊ ပဋိဒေသေမိ” ဟူ၍၊
ပဋိဒေသေတဗ္ဗံ - ၏၊

[ဂါရယှံ စသည်၏ အနက်ကို ပထမသိက္ခာပုဒ်အတိုင်း ပေးပါ။]

တတိယ ပါဋိဒေသနီယ (အကျဉ်း)

အိမ်တအိမ်ရှိ သမီးခင်ပွန်း ၂ ဦးတို့သည် အလွန် သဒ္ဓါတရား ထက်သန်ကြ၏။ ရဟန်းသံဃာကို နံနက်ပိုင်း မြင်ရလျှင် မိမိတို့ မစားရလျှင် ရှိစေ၊ မလှူဘဲကား မနေနိုင်ကြ။ သို့သော် စီးပွားဥစ္စာမှာ တဖြည်းဖြည်း ယုတ်လျော့နေ၏။ ထိုသို့ စီးပွားဆုတ်ယုတ်လျက် သဒ္ဓါလွန်ကဲသော အမျိုးကို ဉတ္တိဒုတိယ ကမ္မဝါစာဖြင့် “သေက္ခမျိုး = သေက္ခအရိယာပုဂ္ဂိုလ် များကဲ့သို့ သဒ္ဓါတရား လွန်ကဲသော အမျိုး” ဟု သမုတ်ဘို့ရန် ဘုရားရှင် မိန့်တော်မူသည်။ ထိုသို့ သေက္ခသမ္မုတိရသော အမျိုးအိမ်မှ ခဲဘွယ် ဘောဇဉ်ကို ပင့်ဖိတ်ထားအပ်သူလည်း မဟုတ်၊ ဂိလာနလည်း မဟုတ်ဘဲ ခံယူလျှင် ဒုက္ကဋ်။ စားမျိုလျှင် ပါဋိဒေသနီယ အာပတ်ဟု ပညတ်တော်မူရသည်။

မှတ်ချက်

ဤ သိက္ခာပုဒ်သည် မြတ်စွာဘုရား၏ ကရုဏာတော်ကို ထင်ပေါ်စေတော်မူ၏။ ဤသို့ ပညတ်တော် မမူလိုက်လျှင် ရဟန်း သံဃာများ ဆွမ်းခံလာတိုင်း လှူနေရသဖြင့် ပစ္စည်း ဆုတ်သည်ထက် ဆုတ်ယုတ်ကာ အိမ်သူ အိမ်သားလည်း (စားဘို့အစာကို လှူကြရသဖြင့်) မစားရဘဲရှိရာ၏။

ထို့ကြောင့် ထိုအိမ်သားများကို “သေက္ခ” ဟု သမုတ်စေပြီးကာ ထိုအိမ့်ရှင်တို့ တမင်္ဂလာ ပင့်ဖိတ်လှူသည့် အခါ၊ သို့မဟုတ် မကျန်းမာသော ရဟန်းမှသာ ထိုအိမ်မှ ခဲဘွယ် ဘောဇဉ်များကို ခံယူဘို့ရန် ပညတ် တော်မူသည်။ ဤသို့ ပညတ်တော်မူသည့် အတွက် ထို အိမ်သူ အိမ်သား၏ အလိုရှိက ပင့်ဖိတ် လှူခွင့်ရသဖြင့် သဒ္ဓါတရားကိုလည်း မပျက်စေ။ ထို့ကြောင့် ဤသိက္ခာပုဒ်သည် ထင်ရှားသော၊ သနား ညှာတာချက်ကို ပြရာရောက်သော သိက္ခာပုဒ်ပါပေတည်း။

တတိယ ပါဋိဒေသနီယ အင်္ဂါ ၅ ပါး

  1. သေက္ခ ဟု သမုတ်အပ်သော အမျိုးဖြစ်ခြင်း၊
  2. ရှေး၌ မပင့်ဖိတ်အပ်ခြင်း
    [“ရှေး”ဟူရာ၌ အိမ်၏ဥပစာသို့ ရဟန်း မရောက်မီ ကာလကို “ရှေး”ဟု ဆိုလိုသည်။]၊
  3. ဂိလာန မဟုတ်ခြင်း
  4. အိမ်၏ဥပစာသို့ သက်ရောက်ခြင်း
    (အိမ့်ဥပစာ မရောက်မီ အိမ်မှ ထုတ်ယူ၍ လှူလျှင် ခံယူသော်လည်း အနာပတ္တိ။)၊
  5. နိစ္စဘတ် စသည်ကို ထား၍ အခြား အာမိသကို ခံယူ သုံးဆောင်ခြင်းအားဖြင့် အင်္ဂါ ၅ ပါးတည်း။

[ထို အမျိုးမှ အမြဲ ဆွမ်းဝတ် ဟူသော နိစ္စဘတ်နှင့် စာရေးတံမဲချ၍ လှူအပ်သော သကာလဘတ် စသော ဆွမ်းကိုကား ခံယူအပ်၏

[ဆောင်]

သေက္ခသမ္မုတိ, ရရှိလေခိုက်, ရှေး၌ အသင့်, မပင့်အပ်ဘိ, ဂိလာနလည်း, မဟုတ်တည်းသာ, ဥပစာ အိမ်ပေါက်, သက်ရောက်မိလတ်, နိစ္စဘတ် စသား, ကြဉ်ဖယ်ထား၍, အခြား အာမိသ, ခံပြီးမှနောင်, သုံးဆောင် ငါးလီ, ဒေသနီ, သင့်ပြီ တတိယ

စတုတ္ထ ပါဋိဒေသနီယ

ယာနိ ခေါ ပန တာနိ အာရညကာနိ သေနာသနာနိ သာသင်္ကသမ္မတာနိ သပ္ပဋိဘယာနိ၊ ယော ပန ဘိက္ခု တထာရူပေသု သေနာသနေသု ပုဗ္ဗေ အပ္ပဋိသံဝိဒိတံ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ အဇ္ဈာရာမေ သဟတ္ထာ ပဋိဂ္ဂဟေတွာ အဂိလာနော ခါဒေယျ ဝါ ဘုဉ္ဇေယျ ဝါ၊ ပဋိဒေသေတဗ္ဗံ တေန ဘိက္ခုနာ “ဂါရယှံ အာဝုသော ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ၊ တံ ပဋိဒေသေမီ”တိ။

အာရညကာနိ - တော၌ ဖြစ်ကုန်သော၊
သာသင်္ကသမ္မတာနိ - ယုံမှားဘွယ်ရှိ၏ဟု သမုတ်အပ်ကုန်သော၊
သပ္ပဋိ ဘယာနိ - ဘေးရန်နှင့်တကွ ဖြစ်ကုန်သော၊
ယာနိ တာနိ သေနာသနာနိ - အကြင်ကျောင်းတို့သည်၊
သန္တိ - ရှိကုန်၏၊
ယော ပန ဘိက္ခု - သည်၊
တထာရူပေသု - ထိုသို့ သဘောရှိကုန်သော၊
သေနာသနေသု - ကျောင်းတို့၌၊
ပုဗ္ဗေ - အာရာမ်၏ ဥပစာသို့ မရောက်မီ ရှေး၌၊
အပ္ပဋိသံဝိဒိတံ - မသိစေအပ်သော၊
ခါဒနီယံဝါ - ခဲဘွယ်ကိုသော်၎င်း၊
ဘောဇနီယံဝါ - ဘောဇဉ်ကိုသော်၎င်း၊
အဇ္ဈာရာမေ - အာရာမ်တွင်း၌၊
သဟတ္ထာ - မိမိလက်ဖြင့်၊
ပဋိဂ္ဂဟေတွာ - ခံယူ၍၊
အဂိလာနော - ဂိလာန မဟုတ်ဘဲ၊
ခါဒေယျဝါ - ခဲမူလည်း ခဲအံ့၊
ဘုဉ္ဇေယျဝါ - စားမူလည်း စားအံ့။
တေန ဘိက္ခုနာ – သည်၊
ပဋိဒေသေတဗ္ဗံ - ရာ၏၊
(ကိံ - နည်း၊)
အာဝုသော - ငါ့ရှင်၊
အဟံ - သည်၊
ဂါရယှံ - ကဲ့ရဲ့ထိုက်သော၊
အသပ္ပါယံ - နတ်ပြည် နိဗ္ဗာန်အား မလျောက်ပတ်သော၊
ပါဋိဒေသနီယံ – ပါဋိဒေသနီယမည်သော၊
ဓမ္မံ - အာပတ်သို့၊
အာပဇ္ဇိံ - ရောက်ပါပြီ၊
တံ - ထို ပါဋိဒေသနီယအာပတ်ကို၊
ပဋိဒေသေမိ - ၏၊
ဣတိ - ဤသို့ သီးခြား ပြောရာ၏၊

[ဤသို့ ဂါရယှ စသော ဝါကျကို အပြင်ထုတ်၍လည်း အနက် ပေးနိုင်၏။]

ဥဒ္ဒိဋ္ဌာ ခေါ အာယသ္မန္တော စတ္တာရော ပါဋိဒေသနီယာ ဓမ္မာ။ တတ္ထာယသ္မန္တေ ပုစ္ဆာမိ, ကစ္စိတ္ထ ပရိသုဒ္ဓါ၊ ဒုတိယမ္ပိ ပုစ္ဆာမိ, ကစ္စတ္ထ ပရိသုဒ္ဓါ၊ တတိယမ္ပိ ပုစ္ဆာမိ, ကစ္စိတ္ထ ပရိသုဒ္ဓါ၊ ပရိသုဒ္ဓေတ္ထာယသ္မန္တော၊ တသ္မာ တုဏှီ၊ ဧဝမေတံ ဓာရယာမီတိ။

အာယသ္မန္တော - တို့၊
စတ္တာရော - ကုန်သော၊
ပါဋိဒေသနီယာ - မည်ကုန်သော၊
ဓမ္မာ - တို့ကို၊
ဥဒ္ဒိဋ္ဌာ – ကုန်ပြီ၊
တတ္ထ - ထိုပါဋိဒေသနီယ အာပတ်တို့၌၊
အာယသ္မန္တေ - အရှင်တို့ကို၊
ပုစ္ဆာမိ - မေးပါ၏ ၊ပေ၊
ဓာရယာမိ - သိမှတ်ရပါ၏။

ပါဋိဒေသနီယာ - ပါဋိဒေသနီယတို့သည်၊
နိဋ္ဌိတာ - ပြီးကုန်ပြီ။

စတုတ္ထ ပါဋိဒေသနီယ (အကျဉ်း)

သာသင်္က သပ္ပဋိဘယဖြစ်သော တောရကျောင်းဝယ် နေသော ရဟန်းသည် ရှေးဦးစွာ မသိစေအပ်သော ခဲဘွယ် ဘောဇဉ် ဟူသော ယာဝကာလိက အာမိသကို ဂိလာန မဟုတ်လျှင် မခံယူကောင်း။ ခံယူလျှင် ဒုက္ကဋ်အာပတ်သင့်၍ စားမျိုလျှင် ပါဋိဒေသနီယ အာပတ်သင့်သည်

ပုဗ္ဗေ အပ္ပဋိသံဝိဒိတံ

“ပုဗ္ဗ” အရ ရှေးဦးစွာဟူသည် အာရာမ်၏ ဥပစာသို့ မရောက်မီ ရှေးရှေး အချိန်အခါများတည်း။

နက်ဖန် ဘောဇဉ်ကို တောကျောင်းသို့သွား၍ ပို့လှူလိုလျှင် ယနေ့လိုက ဖြစ်စေ၊ အာရာမ် ဥပစာသို့ မရောက်မီ အချိန်ကပ်၍ ဖြစ်စေ “မည်သူက ခဲဘွယ် (သို့မဟုတ် ဘောဇဉ်၊ သို့မဟုတ် ၂ မျိုးလုံး) ပို့လှူလာပါလိမ့်မည် ဘုရား” ဟု ရှေးဦးစွာ ကြိုတင်၍ မလျှောက်အပ်သော အာမိသကို “အပ္ပဋိသံဝိဒိတ” ဟု ခေါ်သည်။ “နက်ဖန် မည်သူက ဆွမ်း အလှူလာပါလိမ့်မည်” ဟု ကြိုတင်၍ မလျှောက်အပ်သော အာမိသ ဟူလို။

သိစေနှင့် ရကျိုး

တင်ကြို၍ လျှောက်လာသည့်အခါ “အနီးအပါးမှာ ခိုးသူဘေးရန်ရှိကြောင်း”ကို ပြောပြရသဖြင့် အလှူရှင်တို့မှာ ဘေးအန္တရာယ် လွတ်ကင်းအောင် အစောင့်အရှောက်များစွာနှင့် လာနိူင်ခွင့်ရခြင်း အကျိုးရှိ၏။ ထို့ပြင် ခိုးသူများကိုလည်း “နက်ဖန် လူတွေလာကြလိမ့်မည်၊ သင်တို့ကို မဖမ်းမိအောင်၊ မသိအောင် လွတ်ရာသို့ ရှောင်နေကြ” ဟု သတိပေးရခြင်း အကျိုး ရှိသည်။ ထိုသို့ ပြောမထားလျှင် “ရဟန်းများသည် ငါတို့ကိုမျှ သတိမပေးကြ” ဟု အလှူ့ရှင်တို့ဘက်၊ ခိုးသူတို့ဘက် ၂ ဘက်လုံးကပင် အပြစ်တင်စရာ ရှိသည်

စတုတ္ထ ပါဋိဒေသနီယ အင်္ဂါ ၇ ပါး

  1. သာသင်္ကသပ္ပဋိဘယ တောကျောင်း ဖြစ်ခြင်း၊
  2. ယာဝကာလိက အာမိသ၏ တတ္ထဇာတက (ထို တောကျောင်း၌ဖြစ်သော အစာ) မဟုတ်ခြင်း
  3. ဂိလာနမဟုတ်ခြင်း
  4. ဂိလာန၏ အကျန် မဟုတ်ခြင်း
  5. တင်ကြို၍ မသိစေအပ်ခြင်း
  6. အာရာမ်တွင်း၌ ခံယူခြင်း
  7. စားခြင်း အားဖြင့် အင်္ဂါ ၇ ပါး ရှိသည်။

[ဆောင်]

သပ္ပဋိဘယ, သာသင်္ကဟု, တောရကျောင်းတည့်, ကာလိယာဝ, အာမိသ၏, တတ္ထဇာတက, မဟုတ်ပါသား, ဂိလာနလဲ, မဟုတ်ဘဲဆို, ထို၏အကျန်, မဟုတ်မှန်ပင်, ကြိုတင်မသိ, စေအပ်ဘိလျင်း, အာရာမ်တွင်းယူ, စားမျိုမှုကား, ၇ ပါးပြည့်ညီ, ဒေသနီ, သင့်ပြီ စတုတ္ထ

ပါဋိဒေသနီယ ပြီးပြီ။

သေခိယအခန်း

နိဒါန်း

ဣမေ ခေါ ပနာယသ္မန္တော သေခိယာ ဓမ္မာ ဥဒ္ဒေသံ အာဂစ္ဆန္တိ။

အာယသ္မန္တော - တို့၊
သေခိယာ - သေခိယ မည်ကုန်သော၊
ဣမေ ခေါ ပန ဓမ္မာ - တို့သည်၊
ဥဒ္ဒေသံ - သို့၊
အာဂစ္ဆန္တိ - ရောက်ကုန်၏။

နိဒါန်း (အကျဉ်း)

[သေခိယ၌ သိက္ခဓာတ် ဏျပစ္စည်း၊ သွာက္ခာတ၌ ကကို ချေ၍ သွာခါတ ဖြစ်သကဲ့သို့ သိက္ခ၌ ကကိုချေ၊ ဣကို ဧ-ပြု၊ ဣလာ၍ “သေခိယ”ဟု ဖြစ်၏။]

သိက္ခိတဗ္ဗာဘိ သေခိယာ
သိက္ခိတဗ္ဗာ – ကျင့်ကြံ ကြိုးကုတ် အားထုတ်ထိုက်ကုန်၏၊
ဣတိ - ထို့ကြောင့်၊
သေခိယာ - သေခိယတို့ မည်၏။

သေခိယ သိက္ခာပုဒ်များသည် “သိက္ခာ ကရဏီယာ - ကျင့်ကြံ ကြိုးကုတ် အားထုတ်မှုကို ပြုထိုက်၏၊ ပြုရမည်” ဟု မိန့်တော်မူသည့်အတိုင်း နားလည်အောင်လည်း သင်ထိုက်၊ သိလျှင်လည်း ကျင့်ထိုက်၊ ကျင့်မိအောင်လည်း သတိထား၍ ကြိုးစားထိုက်သည်၊ ကြိုးစားရမည် ဟူလို။

[သိက္ခာ ကရဏီယာ၌ သိက္ခာ၏ အဓိပ္ပာယ်လည်း ဤနည်းပင်တည်း။]

မေးဘွယ်

အခြားအခန်းများ၏ နိဒါန်းစကား၌ “စတ္တာရော ပါရာဇိကာ ဓမ္မာ” စသည်ဖြင့် “စတ္တာရော” စသော ဂဏန်း အကန့်အသတ် အပိုင်းအခြားကို ပြသကဲ့သို့ ဤ သေခိယသိက္ခာပုဒ်များလည်း ၇၅ ပါးရှိရကား “ပဉ္စ သတ္တတိ သေခိယာ” စသည်ဖြင့် အဘယ့်ကြောင့် ဂဏန်းအပိုင်းအခြားကို မပြပါသနည်းဟု မေးဘွယ် ရှိ၏။

အဖြေကား

စူဠဝဂ္ဂ ဝတ္တက္ခန္ဓက ပါဠိတော်ဝယ် အာဂန္တုကဝတ်၊ အာဝါသိကဝတ် စသည်ဖြင့် ကျင့်ဝတ်များစွာ ရှိသေး၏။ ထိုကျင့်ဝတ်များလည်း ကျင့်ထိုက်သော သေခိယများပင် ဖြစ်သောကြောင့် ဤ ဒွေးမာတိကာ၌ ပြထားသော သေခိယမျှဖြင့် မကုန်သေးရကား “ပဉ္စသတ္တတိ = ၇၅ ပါး” ဟု ပိုင်းခြား ကန့်သတ်၍ ဂဏန်းမဖြတ်ဘဲ ရှိရပေသည်

[ဧတ္ထစ ယသ္မာ ဝတ္တက္ခန္ဓကေ ဝုတ္တ ဝတ္တာနိပိ သိက္ခိတဗ္ဗတ္တာ သေခိယာနေဝ ဟောန္တိ၊ တသ္မာ ပါရာဇိကာဒီသု ဝိယ ပရိစ္ဆေဒေါ နကတော၊ -ကင်္ခါအဋ္ဌကထာ။]

[ဆောင်]

ဝတ္တက္ခန္ဓက, ပါဠိပြသည့်, ဝတ္တများဘိ, အားလုံး၏လည်း, သေခိယပင်, ဖြစ်ကြအင်ကြောင့်, ဤတွင် ခန်းရပ်, ဂဏန်းဖြတ်, ကန့်သတ်တော်မမူ

သေခိယ အခန်း (ပရိမဏ္ဍလဝဂ်)

၁။ ပရိမဏ္ဍလ နိဝါသန

ပရိမဏ္ဍလံ နိဝါသေဿာမီတိ သိက္ခာ ကရဏီယာ။

ပရိမဏ္ဍလံ - ထက်ဝန်းကျင် ဝန်းဝိုင်းစွာ၊
နိဝါသေဿာမိ - သင်းပိုင်ကို ဝတ်အံ့၊
ဣတိ - ဤသို့၊
သိက္ခာ - သင်ခြင်း, ကျင့်ခြင်း, အားထုတ်ခြင်းကို၊
ကရဏီယာ - ပြုအပ် ပြုထိုက်၏။

၁။ ပရိမဏ္ဍလ နိဝါသန (အကျဉ်း)

[ပရိ (သမန္တတော) - ထက်ဝန်းကျင်+ မဏ္ဍလံ - ဝန်းဝိုင်းသည်။]

သင်းပိုင်ကို ဝတ်ရာ၌ အထက်ပိုင်းဝယ် ချက်၏ ပတ်ဝန်းကျင် ဝန်းဝိုင်းစွာ ဖုံးအုပ်စေ၍ အောက်ပိုင်း၌ ဒူးဆစ်မှ အောက် ခြေသလုံးရိုး အဆက်မှစ၍ လက်ရှစ်သစ်မျှ ချပြီးလျှင် ပတ်ဝန်းကျင် ဝန်းဝိုင်းစွာ ဝတ်ရမည်။ “ဝန်းဝိုင်း” ဆိုသည်ကား တဘက်က အထက်မြင့်၊ တဘက်က အောက်နိမ့် မရှိစေဘဲ ကတ်ကြေးဖြင့် တိဖြတ် ထားသကဲ့သို့ ဝိုင်းဝိုင်းစက်စက်၊ ညီညီညွတ်ညွတ် ဝတ်ခြင်းကို ဆိုလိုသည်

[ပရိမဏ္ဍလံသည် ကြိယာဝိသေသနပုဒ် ဖြစ်၍ “ဧကမန္တံ - သင့်တင့် လျောက်ပတ်စွာ” ဟူသကဲ့သို့ “ထက်ဝန်းကျင် ဝန်းဝိုင်းစွာ = အဝန်းညီစွာ” ဟု ပေးကြသည်။]

လက်ရှစ်သစ်

“ဒူးဆစ်မှအောက် လက်ရှစ်သစ်ချလျက် ဝတ်ရမည်” ဟူသော စကား၌ “လက်ရှစ်သစ်” အတိအကျဖြစ်ဘို့ ခဲယဉ်း၏။ ထို့ကြောင့် လက်ရှစ်သစ်လောက်မှန်း၍ ဝတ်ရာ၌ အနည်းငယ် အတို အရှည် ရှိသော်လည်း အပြစ်မရှိ။ ထို့ကြောင့်လည်း ကျမ်းဂန်တို့၌ “လက်ရှစ်သစ်” ဟု အတိအကျ မဆိုဘဲ “အဋ္ဌင်္ဂုလမတ္တ = လက်ရှစ်သစ်လောက်”ဟု မတ္တသဒ္ဒါဖြင့် မသေမချာ ဆိုသည်

အချုပ်မှာ—

“လက်ရှစ်သစ်လောက် အောက်ကျအောင် မှန်း၍ သိပ်လည်း မတိုစေရ၊ သိပ်လည်း မရှည်စေရဘဲ သင့်လျော်အောင် ဝတ်ပါ” ဆိုလိုသည်။

[“လက်ရှစ်သစ်” ဟူရာ၌လည်း ယခု လက်ချောင်း ရှစ်ချောင်းဖြင့် မတိုင်းရ၊ ပိုက်ဆံတပြားစာလျှင် တလက်သစ်ကျ တိုင်းရမည်။]

ဝိမတိ

အဋ္ဌင်္ဂုလမတ္တံတိ - မတ္တသဒ္ဒေန တတော ကိဉ္စိ အဓိကံ ဥုနမ္ပိ သင်္ဂဏှာတိ ၊ပေ၊ တသ္မာ ယထာ သာရုပ္ပံ ဟောတိ, ဧဝံ အဋ္ဌင်္ဂုလာနုသာရေန နိဝါသနံယေဝ အဓိပ္ပေတံ။

အာပတ်

ဤ သေခိယ သိက္ခာပုဒ်တို့ကို ကျူးလွန်ရာ၌ “မည်သည့် အာပတ် သင့်သည်” ဟု သိက္ခာပုဒ်ပါဠိဖြင့် မသိရသော်လည်း ထို သိက္ခာပုဒ်တို့ကို ဖွင့်ပြရာ ပဒဘာဇနီ၌ ဒုက္ကဋ်အာပတ်ဟု ပညတ်တော်မူသည်။ ဤ သေခိယ သိက္ခာပုဒ်များကို သာမဏေတို့ လွန်ကျူးလျှင် ဒဏ်ထိုက်သည်

မေးဘွယ်

ဤသေခိယသိက္ခာပုဒ်များကို လွန်ကျူးရာ၌ ဒုက္ကဋ်အာပတ် သင့်လျှင် အဘယ့်ကြောင့် “ယော ပန ဘိက္ခု၊ ဩလမ္ဗေန္တော (တွဲရရွဲချလျက်) နိဝါသေယျ၊ ဒုက္ကဋံ”ဟု (အခြား သိက္ခာပုဒ်များကဲ့သို့) အာပတ်နာမည်တပ်၍ မဟောပါသနည်း

အဖြေကား

ဤ သိက္ခာပုဒ်များ၏ စာရိတ္တဝိနည်း ဖြစ်ကြောင်းကို ပြတော်မူလိုသောကြောင့် အာပတ်နာမည်တပ်၍ ပညတ်တော်မမူ။

ချဲ့ဦးအံ့ -

စာရိတ္တဝိနည်းဟူသည် လူကောင်းသူကောင်းတို့ ကျင့်ရသော ကျင့်ဝတ်တည်း။ ထို ကျင့်ဝတ်ကို မသိ၍ မကျင့်လျှင် အပြစ်မရှိ၊ သိလျက်နှင့် မကျင့်လျှင်သာ မလေးစားသည့်အတွက် အပြစ်ရှိ၏။ သိ၍ ကျင့်လျှင်လည်း အကျိုးရပြန်သည်။

ဥပမာ-

လူကြီးသူမ တို့ကို ရိုသေရမည် ဟူသော အကျင့်သည် မျိုးကောင်း ရိုးကောင်းတို့ အကျင့်တည်း။ ထိုအကျင့်ကို မသိ၍ မကျင့်လျှင် အပြစ်မရှိ၊ သိ၍ မကျင့်လျှင် အပြစ်ရှိ၍ ကျင့်လျှင် အကျိုးရ သကဲ့သို့တည်း။

ထို့အတူ ဤ သေခိယ သိက္ခာပုဒ်များသည် စာရိတ္တ ဝိနည်းများ ဖြစ်၏။ “ညီညီဝတ်ရမည်”စသော အကျင့်ကို မသိသေး၍ မကျင့်လျှင် “အဇာနန္တဿ အနာပတ္တိ”အရ အာပတ်မသင့်သေး။ သိလျှက်နှင့် မကျင့်လျှင်ကား အနာဒရိယ (မလေးစားမှု)ကြောင့် ဒုက္ကဋ်အာပတ် သင့်၏

ကျင့်ပြန်မူ ဤသိက္ခာပုဒ် သီလ လုံခြုံသဖြင့် ကုသိုလ်အကျိုး ရပေသည်။ အကယ်၍ ဒုက္ကဋ်အာပတ် ဟု အတိအလင်း တပ်ထားလျှင် မသိ၍ မကျင့်သူပါ အာပတ်သင့်ဘွယ်ရာ ရှိသော ဝါရိတ္တ သိက္ခာပုဒ်များ ဖြစ်ရာ၏။ ဤကဲ့သို့ ဝါရိတ္တမဟုတ်၊ စာရိတ္တဝိနည်း ဖြစ်ကြောင်းကို ပြတော်မူလိုသောကြောင့် အာပတ်တပ်၍ ပညတ်တော်မမူ

[ကင်္ခါဋီကာသစ်ဆိုပုံနှင့် မတူပါ။]

[ဆောင်]

စာရိတ္တ ဝိနယ, ဖြစ်ကြောင်းပြဘို့, ရှေးကဖော်ထုတ်, သိက္ခာပုဒ်များ, ကဲ့အလားသို့, ထင်ရှားအာပတ်, တိုက်ရိုက်တပ်, ပညတ်တော် မမူ

အနာပတ္တိများ

ကျင့်နည်းကို မသိသေး၍ မကျင့်သူသာ အာပတ်မသင့်သည် မဟုတ်သေး။ ခြေသလုံးကြီးနေခြင်း၊ အမာရွတ်ရှိခြင်း၊ အနာပေါက်ခြင်း အစရှိသော အကြောင်းများကြောင့် ခြေသလုံး ပေါ်နေလျှင် မလျော်သည့် အတွက် လက်ရှစ်သစ်လောက်ထက် သိသိသာသာ ရှည်စွာချ၍ဖြစ်စေ၊ လက်ရှစ်သစ် ထက် တို၍ဖြစ်စေ ဝတ်သူတို့လည်း အာပတ်မသင့်ကြ

ဘေးရန်ရှိ၍ မညီမညွတ် ဝတ်လျက် ပြေးသွားရခြင်း၊ အမှတ်တမဲ့ မညီမညွတ် ဝတ်မိခြင်း၊ ညီညီ ဝတ်မည်ဟု နှလုံးသွင်း၍ ဝတ်ရာ မညီမညွတ် ဖြစ်သွားခြင်းတို့ကြောင့်လည်း အာပတ် မသင့်ကြပါ

ပရိမဏ္ဍလ နိဝါသန အင်္ဂါ ၃ ပါး

  1. သိက္ခာပုဒ်ကို မကျင့်လိုသော အနာဒရိယစိတ်ထား ရှိခြင်း၊
  2. အနာပတ္တိဖြစ်ရန် အကြောင်းမရှိခြင်း (ကျင့်နည်းကို မသိခြင်း စသော အကြောင်းမရှိ ဟူလို။)၊
  3. ထက်ဝန်းကျင် ဝန်းဝိုင်းစွာ မဝတ်ခြင်းအားဖြင့် အင်္ဂါ ၃ ပါးတည်း။

မှတ်ချက်

ဤသိက္ခာပုဒ်၌ ပြထားသော အင်္ဂါ ၃ ပါးတွင် ရှေ့ ၂ ပါးသည် သေခိယအားလုံးနှင့် ဆိုင်၏။ နောက်ဆုံး တပါးမှာ သိက္ခာပုဒ်၌ပြသော ကျင့်ဘွယ်ကို ပြောင်းပြန် ပြန်ထားသောအင်္ဂါဖြစ်သည်။ ထို့ကြောင့် သုပ္ပဋိစ္ဆန္ဒ သိက္ခာပုဒ်၌ “ကောင်းစွာ မဖုံးဘဲ ရုံခြင်း” ဟု တတိယအင်္ဂါ ဖြစ်လိမ့်မည်။

ဤသို့လျှင် ရှေ့ အင်္ဂါ ၂ ပါး၏ သေခိယအားလုံးနှင့် ဆိုင်ခြင်း၊ တတိယအင်္ဂါမှာ သိက္ခာပုဒ်ကို ပြောင်းပြန် ပြန်ထားခြင်းကြောင့် နောက်နောက် သေခိယတို့၌ အင်္ဂါကို အထူးပြဘွယ် မလိုတော့ပြီ

[ဆောင်]

အနာဒရိ, စိတ်ထားရှိကာ, အနာပတ်ကြောင်း၏, လျှင်းမရှိဘဲ, ပရိမဏ္ဍလ, မဝတ်ကလျှင်, သုံးခွင်အင်ရပ်, ပြည့်စုံလတ်၍, ဒုက္ကဋ်သင့်မှု၊ … နောက်နောက်စုလည်း, ယခု ရှေ့ဖျား, အင် ၂ ပါးနှင့်, နောက်သွားတမျိုး, သင့်အောင်တိုးသည်, မှတ်ရိုး ၃ ပါးချည်းသာတည်း

သေခိယ အခန်း (ပရိမဏ္ဍလဝဂ်)

၂။ ပရိမဏ္ဍလ ပါရုပန

ပရိမဏ္ဍလံ ပါရုပိဿာမီတိ သိက္ခာ ကရဏီယာ။
ပရိမဏ္ဏလံ- စွာ၊
ပါရုပိဿာမိ– ကိုယ်ဝတ်ကို ရုံအံ့၊
ဝါ - ကိုယ်ဝတ်ကို ရမ်းအံ့၊
ဣတိ- ဤသို့၊
သိက္ခာ - ကို၊
ကရဏီယာ - ပြုထိုက်၏။

၂။ ပရိမဏ္ဍလ ပါရုပန

[“ပါရုပိဿာမိ - ရုံအံ့” ဟု ဆိုသော်လည်း ယခုကာလ သင်္ကန်းရုံခြင်းကို မဆိုလို၊ ရမ်းခြင်းကိုသာ ဆိုလိုသည်။ ပါရုပန၏ သဒ္ဒါနက်မှာ ခြုံခြင်းပင်တည်း။]

သင်္ကန်းအနားစွန်း ၂ ခုကို ညီအောင်ထား၍ ခြုံခြင်း ရမ်းခြင်းကို ပရိမဏ္ဍလပါရုပန ဟု အဋ္ဌကထာ ဆို၏။ “သင်္ကန်းအနား စွန်း ၂ ခုကို ညီအောင်ထား” ဟူသောစကား၌ အယူအဆ မတူကြချေ။ အချို့က ယခုကာလ သင်္ကန်းရမ်းနည်း၌ ရှေ့ဘက်ကျသော အနားစွန်းနှင့် ကျောဘက် ကျသော အနားစွန်း ၂ ခုတို့ အကျ ညီခြင်းကို “အနားစွန်း ၂ ခု ညီခြင်း” ဟု ယူကြသည်။

တချို့ကမူ ယခုကာလ သင်္ကန်းရမ်းနည်းသည် ကျမ်းဂန်အဆိုနှင့် မညီ၊ သင်္ကန်းရုံသည့်အခါ မလိပ်မီ အနားစွန်း ၂ ခုကို ညီစွာထားသကဲ့သို့ ထို့အတူ အနားစွန်း ၂ ခုကို ညီစွာထားခြင်းကို “ဥဘောကဏ္ဏေ - အနားစွန်း ၂ ခုတို့ကို၊ သမံကတွာ - ညီစွာထား၍” ဟု အဋ္ဌကထာဆိုသည် ဟု ယူကြ၏။

ဤ ဒုတိယ ဝါဒ၌ အနားစွန်း ၂ ခုကို ညီစွာထားရုံသာမက ရမ်းသည့်အခါလည်း ဘုရား ရှေ့၊ ဆရာသမားရှေ့၊ သံဃာ့အစည်းအဝေး စသည် မဟုတ်လျှင် လက်ျာပခုံးကို သင်္ကန်းရုံသည့်အခါကဲ့သို့ ဖုံး၍ ထားစေ လိုကြသည်။ ဝါဒ ၂ ရပ်လုံးမှာပင် အောက်အကျကိုမူ ဒူးဆစ်အောက် လက်လေးသစ် လောက် ချ၍ ရမ်းရမည်ဟု ဝိမတိ အဆိုအတိုင်း လိုက်နာစေလိုကြသည်။

ဆက်ဦးအံ့ ---

ယခုကာလ သင်္ကန်းများ ရှည်လျားဟန်တူကြောင်း ပြခဲ့ပြီ။ စီဝရက္ခန္ဓက၌လည်း လည်ပင်း၊ ခြေသလုံးတို့၌ အထိအခိုက်များ၍ သင်္ကန်း အနား စုတ်လွယ်သောကြောင့် “ဂီဝေယျက = လည်ပင်းဖုံး၊ ဇင်္ဃေယျက = ခြေသလုံးဖုံး” များကို ခွင့်ပြုတော်မူသည်။ သို့ဖြစ်လျှင် သင်္ကန်းရမ်းသည့်အခါ အထက်ပိုင်း အဆုံးသည် လည်ပင်း လုံရုံသာ ဖြစ်၍ အောက်ပိုင်း အဆုံးသည် ခြေသလုံးကြွက်သား လုံရုံသာ ရှိပေလိမ့်မည်။ သို့ဖြစ်လျှင် အရှည် အလျား ၄ တောင်ထွာ၊ အနံ ၃ တောင်ရှိ သင်္ကန်းသည် ပရိမဏ္ဍလဖြစ်အောင် ခြုံနိုင် ရမ်းနိူင်လောက်တန်ရာ၏။

[လည်ပင်းကို ထိခိုက်မည့်နေရာ၌ အနားပတ် ၂ ထပ် ရှိနေသည်ကို “လည်ဖုံး” ဟု၎င်း၊ ခြေသလုံး ထိခိုက်မည့် နေရာ၌ အနားပတ် ၂ ထပ် ရှိနေခြင်းကို “ခြေသလုံးဖုံး” ဟု၎င်း ဆိုသည်။]

မှတ်ချက်

“ဤပရိမဏ္ဍလ သိက္ခာပုဒ် ၂ ပါးကို ကျောင်းတိုက်တွင်း၌၎င်း၊ ရွာတွင်း၌၎င်း ကျင့်ရမည်” ဟု အဋ္ဌကထာ၌ ဆို၏။ ထိုတွင် ကျောင်းတိုက်တွင်း၌ ကျင့်ဘွယ်တို့ကား ဘုရားရှေ့ သံဃာ့အစည်းအဝေး သံဃာအများနှင့် ဆက်ဆံရာ ဆွမ်းစားကျောင်း ဒကာ ဒကာမတို့ရှေ့ စသည်နှင့် ဆရာသမား ထေရ်ကြီးများရှေ့ စသည်တည်း။

သုပ္ပဋိစ္ဆန္နသိက္ခာပုဒ်ဖြင့် လွတ်လပ်ခွင့်ရသည့် ဝါသူပဂတဖြစ်မူ ရွာတွင်း၌လည်း ဤ ပရိမဏ္ဍလ သိက္ခာပုဒ် ၂ ပါးကို ကျင့်ရမည်။ အိပ်ပျော်နေသည့်အခါ စသည် ဖြစ်စေ၊ မိမိချည်း နေသည့်အခါ ဖြစ်စေ၊ အခြား သီတင်းသုံးဘော်များနှင့် လွတ်လပ်စွာနေသည့်အခါ ဖြစ်စေ ဤ သိက္ခာပုဒ် ၂ပါးအတိုင်း နေနိူင်ရန် ခဲယဉ်း၏။ ထိုသို့ မနေနိုင်ခြင်းကြောင့် အပြစ်ရှိသည် ဟုလည်း အဆို မရှိချေ။

သေခိယ အခန်း (ပရိမဏ္ဍလဝဂ်)

၃-၄။ သုပ္ပဋိစ္ဆန္န

သုပ္ပဋိစ္ဆန္နော အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။
သုပ္ပဋိစ္ဆန္နော - လည်ပင်း လက်ကောက်ဝတ်တို့ကို ကောင်းစွာ ဖုံးအုပ်လျက်၊
အန္တရဃရေ - ရွာတွင်း၌၊
ဂမိဿာမိ - သွားအံ့၊
ဣတိ သိက္ခာ ကရဏီယာ။

သုပ္ပဋိစ္ဆန္နော အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ။
သုပ္ပဋိစ္ဆန္နော - လျက်၊
အန္တရဃရေ - ရွာတွင်း၌၊
နိသီဒိဿာမိ - နေထိုင်အံ့၊
ဣတိ - သို့၊
သိက္ခာ - ကို၊
ကရဏီယာ - ၏။

၃-၄။ သုပ္ပဋိစ္ဆန္န

မြို့တွင်း ရွာတွင်းသို့ သွားလိုသောအခါ အနားပတ်သီးကို တပ်ပြီးလျှင် လည်ပင်း၊ လက်ကောက်ဝတ် များကို ဖုံးမိလောက်အောင် သင်္ကန်းရုံ၍ သွားခြင်းကို “သုပ္ပဋိစ္ဆန္န သွားခြင်း”ဟု ခေါ်၏။

လည်မျိုမှ အထက် ဦးခေါင်းကို၎င်း၊ လက်ကောက်ဝတ်မှ ပြင်ဘက် (အဖျားဘက်) လက်ကို၎င်း၊ သလုံးသားမှ အောက်ခြေကို၎င်း ဖော်ပြီးလျှင် အခြား ကိုယ်အင်္ဂါများကို ဖုံး၍ ထိုင်ခြင်းကို “သုပ္ပဋိစ္ဆန္န ထိုင်ခြင်း” ဟု ခေါ်သည်။

[ဦးခေါင်းအတွက်မှာ ဩဂုဏ္ဌိတ အပြစ်ရှိ၍ လုံးလုံး မဖုံးမိစေရ၊ လက်ဖျားနှင့် အောက်ပိုင်း ခြေတို့ကိုကား ဖုံးမိခြင်းကြောင့် အပြစ်သင့်ဘွယ် မရှိ။]

အနာပတ္တိ

အနာပတ္တိဝါရ၌ ဂိလာန စသူတို့အပြင် -

ဝါသူပဂတဿ - နေဘို့ရန် ကပ်ရောက်ပြီးသော ရဟန်း၏၊
အနာပတ္တိ - အာပတ်မသင့်ခြင်းသည်၊
ဟောတိ - ဖြစ်၏”

ဟုလည်း လာရကား မြို့ရွာတွင်း၌ ခေတ္တတည်းခိုနေထိုင်သော ရဟန်းမှာ သုပ္ပဋိစ္ဆန္န သိက္ခာပုဒ်အရ သင်္ကန်းရုံ၍ မနေသော်လည်း အာပတ် မသင့်။

သို့သော် တည်းခိုနေထိုင်ရန် သွားသည့်အခါ၌မူ သင်္ကန်းရုံ၍သွားရမည့် အပြင် ပရိမဏ္ဍလသိက္ခာပုဒ်နှင့် အညီ နေထိုင်ရမည်။

ဆက်ဦးအံ့ ---

“တည်းခို” ဟူရာ၌ ကင်္ခါဋီကာသစ်ဝယ် ညဉ့်အိပ်နေမှ “အနေ”ဟု ဆို၏။ အဋ္ဌကထာ၌မူ “ရတ္တိဘာဂေဝါ ဒိဝသဘာဝါ ကာယံ ဝိဝရိတွာ နိသီဒတော အနာပတ္တိ”ဟု ရှိ၏။ ထို၌ ဒိဝသဘာဂေဝါဟူသော အမြွက်ကို ထောက်၍ နေ့အဘို့အတွက် တည်းခိုခြင်းလည်း “အနေပင်” ဟု ယူသင့်သည်။ တည်းခို နေထိုင်ခြင်း မဟုတ်ဘဲ ပရိတ်ရွတ် တရားဟော ကိစ္စ အတွက် နေရာ၌ကား အချိန်ကြာသော်လည်း သင်္ကန်းရုံလျက် နေရမည်သာ။

အချို့ ပြုမူပုံ

ယခုကာလ၌ အချို့ ဒကာ ဒကာမများက မိမိအိမ်သို့ ရောက်လာသော ရဟန်းကို ချမ်းသာစွာ နေထိုင်ခွင့် ရစေလိုသောသဘောဖြင့် “ကျောင်းအမှတ်ဖြင့် သီတင်းသုံးတော်မူပါ” ဟု၎င်း၊ “အရှင်ဘုရား နေသမျှ ဤအိမ်၊ ဤမဏ္ဍပ်ကို လှူပါ၏”ဟု၎င်း လျှောက်လေ့ရှိကြ၏။

သို့သော် ထိုသို့ လျှောက်ရုံမျှဖြင့် ထိုအိမ်၊ ထိုမဏ္ဍပ်သည် ကျောင်းလည်းမဖြစ်၊ ထိုသို့ လူမှုသည် တကယ်လှူခြင်း မဟုတ်သောကြောင့် အလှူလည်း မမြောက်ရကား ရဟန်းမှာ ထူး၍ လွတ်လပ်စွာ နေနိုင်ခွင့် မရနိုင်။ [ဝိမတိဋီကာ။]

သေခိယ အခန်း (ပရိမဏ္ဍလဝဂ်)

၅-၆။ သုသံဝုတ

သုသံဝုတော အန္တရဃေရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။
သုသံဝုတော အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ။

သုသံဝုတော - ကောင်းစွာ စောင့်စည်းအပ်သော လက် ခြေရှိသည်၊
(ဟုတွာ - ဖြစ်၍ )
အန္တရဃရေ ဂမိဿာမိ ဣတိ သိက္ခာ ကရဏီယာ ၊ပေ၊ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ။

၅-၆။ သုသံဝုတော

သံဝရီယန္တေ - စောင့်စည်းအပ်ကုန်၏၊
ဣတိ - ထို့ကြောင့်၊
သံဝုတာ - တို့မည်၏၊
ယဿ - အကြင်သူ၏၊
သုဋ္ဌု - ကောင်းစွာ၊
သံဝုတာ - စောင့်စည်းအပ်သော လက် ခြေတို့သည်၊
သန္တိ - ရှိကုန်၏၊
ဣတိ - ကြောင့်၊
သုသံဝုတော - မည်၏၊

လက် ခြေများကို မလှုပ် မယမ်းဘဲ ကောင်းမွန် ငြိမ်သက်စွာ ထား၍ မြို့ရွာတွင်း၌ သွားလာ နေထိုင်ရမည် ဟူလို။

မှတ်ချက်

ရှေးနိဿယများ၌ အဓိပ္ပာယ် ပေါ်လွင်အောင် “သုသံဝုတော - လက် ခြေတို့ကို မကစားဘဲ ကောင်းစွာ ဣန္ဒြေကို စောင့်စည်းလျက်” ဟု အနက်ပေး၏။ နောက်၌လည်း ရှေးနိဿယများနှင့် မတူလျှင် ဤ နိဿယ၌ သဒ္ဒါနည်း မလွတ်အောင် ပေးထားသည်ဟု မှတ်ပါ။

သေခိယ အခန်း (ပရိမဏ္ဍလဝဂ်)

၇-၈။ ဩက္ခိတ္တစက္ခု

ဩက္ခိတ္တစက္ခု အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။
ဩက္ခိတ္တစက္ခု အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ။

ဩက္ခိတ္တစက္ခု - ၄တောင်ခန့်မျှ ကြည့်သောအားဖြင့် အောက်၌ ချအပ်သော မျက်လွှာ ရှိသည်၊
(ဟုတွာ - ၍) ၊ပေ၊
သိက္ခာ ကရဏီယာ။

၇-၈။ ဩက္ခိတ္တစက္ခု

[သည် အဝ၏ ကာရိယတည်း၊ အဝ - အောက်၌ + ခိတ္တ - ချထားအပ်သော + စက္ခု - မျက်စိ။]

ယဉ်ကျေးပြီးသော အာဇာနည်မြင်းများသည် ရထားထမ်းပိုး တပြန်မျှလောက်ကိုသာ (၄ တောင် လောက်ကိုသာ) ကြည့်ကာ ငြိမ်သက်စွာ သွားလေ့ရှိကြ၏။ ယခုခေတ် လူကြီး လူကောင်း အခေါ် ခံသူ တို့လည်း တောင်ကြည့် မြောက်ကြည့် သွားလေ့မရှိကြ။

ထို့ကြောင့် အယဉ်ကျေးဆုံးဟု အခေါ်ခံကြရသော ဘုရားရှင်၏ သားတော် (ရှင်-ရဟန်း) များလည်း မြို့ရွာ အတွင်းဝယ် နေထိုင်သွားလာရာ၌ ယဉ်ကျေးသူ ပီသအောင် ၄ တောင်လောက်ကိုသာ မှန်း၍ ကြည့်မိဘို့ရန် မျက်လွှာကို အောက်ချလျက် သွားလာ နေထိုင်ရသည်။

အမှာ

ဝါသူပဂတ ပုဂ္ဂိုလ်များသည် ရှေ့ သုသံဝုတ သိက္ခာပုဒ်နှင့် ဤ သိက္ခာပုဒ်များမှ လွတ်လပ်ခွင့် မရကြ။ ဘေးရန် ရှိ-မရှိ သိဘို့ရန် ကြည့်သင့်သော နေရာဝယ် သွားလာရင်းပင် ဝေးဝေး လှမ်း၍ကြည့်မှုကြောင့် အနာပတ္တိ

သေခိယ အခန်း (ပရိမဏ္ဍလဝဂ်)

၉-၁၀။ ဥက္ခိတ္တက

န ဥက္ခိတ္တကာယ အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။
န ဥက္ခိတ္တကာယ အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ။

ဥက္ခိတ္တကာယ - မြှောက်ပင့်အပ်သောသင်္ကန်းဖြင့်၊
အန္တရဃရေ - ၌၊
န ဂမိဿာမိ - မသွားအံ့ ၊ပေ၊
န နိသီဒိဿာမိ - မနေထိုင်အံ့၊
ဣတိ သိက္ခာ ကရဏီယာ။

ပထမော - သော၊
ပရိမဏ္ဍလဝဂ္ဂေါ - ပရိမဏ္ဍလဝဂ်တည်း။

၉-၁၀။ ဥက္ခိတ္တကာယ

ဥက္ခိတ္တက - မြှောက်ပင့်အပ်သောသင်္ကန်း + အာယကား နာဝိဘတ်၏ကာရိယတည်း။ နာဝိဘတ်လည်း ဣတ္ထမ္ဘူတလက္ခဏ အနက်၌ သက်ရကား “ဥုနပဉ္စဗန္ဓနေန ပတ္တေန - ဖြင့်”ဟူရာ၌ကဲ့သို့ “မြောက်ပင့် အပ်သော သင်္ကန်းဖြင့်” ဟု အနက်ပေးသည်။

သင်းပိုင် ဧကသီများကို အထက်သို့ ပင့်ကာ ပင့်ကာ စွန်တောင်ဆွဲကာ (လူများ ဟန်ပါပါသွားသကဲ့သို့) မြို့ရွာတွင်း၌ မသွားရ၊ ထိုင်သည့်အခါလည်း အတွင်းအိတ်မှ ရေစစ်ကိုထုတ်ရာ၌ပင် ရုံထားသော သင်္ကန်းကို ခါးပေါ်အောင် မပင့် မမြှောက်မိစေရ။

[ညဉ့်အိပ် နေ့နေ နေထိုင်သော ဝါသူပဂတပုဂ္ဂိုလ်မှာ ပင့်မြှောက်သင့်၍ ပင့်မြှောက်မှုကြောင့် အနာပတ္တိ။ သို့သော် ပရိမဏ္ဍလ စသော သိက္ခာပုဒ်များ မပျက်အောင်ကား သတိထားရမည်။]

သေခိယ အခန်း (ဥဇ္ဈဂ္ဃိကဝဂ်)

၁၁-၁၂။ ဥဇ္ဈဂ္ဃိက

န ဥဇ္ဇဂ္ဃိကာယ အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။
န ဥဇ္ဇဂ္ဃိကာယ အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ။

ဥဇ္ဈဂ္ဃိကာယ - ကျယ်စွာ ရယ်ခြင်းဖြင့်၊
အန္တရဃရေ - ၌၊
န ဂမိဿာမိ - မသွားအံ့ ၊ပေ၊
န နိသီဒိဿာမိ - မနေထိုင်အံ့၊
ဣတိ သိက္ခာ ကရဏီယာ။

၁၁-၁၂။ ဥဇ္ဈဂ္ဃိက

သဒ္ဒါသည် မြင့်မြင့်ကျယ်ကျယ် ဟူသော အနက်ကို ဟော၏။
ဇဂ္ဃဓာတ်ကား “ဟသန”အနက်ကို ဟော၏။
အာယမှာ ဣတ္ထမ္ဘူ တလက္ခဏ အနက်ရှိသော နာဝိဘတ်၏ ယာရိယတည်း။

ရယ်ခွင့် ကြုံစေကာမူ မြို့ရွာအတွင်း၌ “ဟားဟား”စသည်ဖြင့် ကျယ်စွာ မရယ်ရ၊ “ပြုံးရုံ လောက်သာ ပြုံးရမည်” ဟု ဆို၏။ သို့သော် အနာဒရိယစိတ် မရှိလျှင် အသံ အနည်းငယ် ထွက်သွားသော်လည်း အာပတ်မသင့်တန်ရာ။

သေခိယ အခန်း (ဥဇ္ဈဂ္ဃိကဝဂ်)

၁၃-၁၄။ အပ္ပသဒ္ဒ

အပ္ပသဒ္ဒေါ အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။
အပ္ပသဒ္ဒေါ အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ။

အပ္ပသဒ္ဒေါ - တိုးသောအသံ ရှိသည်၊
(ဟုတွာ - ၍၊)
အန္တရဃရေ ဂမိဿာမိတိ ၊ပေ၊ နိသီဒိဿာမီတိ သိက္ခာ တရဏီယာ။

၁၃-၁၄။ အပ္ပသဒ္ဒ

အပ္ပ” သဒ္ဒါ၌ “အနည်းငယ်” ဟူသော အနက်ပေးရိုး ရှိသော်လည်း ဤ၌ “တိုးတိုး”ဟု ဆိုလိုသည်။

၁၂ တောင် ကျယ်သော အိမ်ဝယ် မြောက်အစွန်မှတပါး၊ အလယ်၌တပါး၊ တောင်အစွန်၌တပါး ထိုင်နေလျှင် မြောက်ဆုံးပုဂ္ဂိုလ်က ၆ တောင်ခန့်ကွာသော အလယ်ပုဂ္ဂိုလ်ကို လှမ်း၍ စကားပြောရာ၌ အလယ်ပုဂ္ဂိုလ်သာ အသံကိုလည်း ကြား၊ စကား၏ အဓိပ္ပာယ်ကိုလည်း နားလည်၍ တောင်ဆုံး ပုဂ္ဂိုလ်မှာ အသံသာကြား၍ စကား၏ အဓိပ္ပာယ်ကို သဲသဲကွဲကွဲ နားမလည်လျှင် အပ္ပသဒ္ဒဖြစ်ပြီ။ တောင်ဆုံးပုဂ္ဂိုလ် မှာလည်း ကွဲကွဲပြားပြား နားလည်လျှင်ကား မဟာသဒ္ဒဖြစ်၍ အပြစ်သင့်သည်။

ဆက်ဦးအံ့ ---

အပ္ပသဒ္ဒသိက္ခာပုဒ်မှာ ရဟန်းချင်း အလွတ် စကားပြောရာ၌ ပညတ်တော်မူလိုဟန် ရှိ၏။ ဘာ့ကြောင့်နည်း။ မြို့ရွာအတွင်း တရား ဟောသည့်အခါနှင့် အနီးအပါး ချဉ်းကပ်လာသူ လူတို့အား စကား ပြောသည့် အခါတို့၌ တိုးတိုးပြောလျှင် အကျိုးမရသောကြောင့်တည်း။ [ဝိမတိဋီကာ။]

ပစာလကသိက္ခာပုဒ်များ

[ = အပြားအားဖြင့် + စာလက = + လှုပ်စေသည်။ အံဝိဘတ်သည် ကြိယာဝိသေသန အနက်ဟော တည်း။]

“လှုပ်” ဟူရာ၌ ကိုယ်ကို ငြိမ်သက် တည့်မတ်စွာ မထားဘဲ ဆန့်ခြင်း၊ တန်းခြင်း၊ ဝှေ့ယမ်းခြင်း၊ ဦးခေါင်းကို ငြိမ်သက် တည့်မတ်စွာမထားဘဲ ခေါင်းညိတ်ခြင်း၊ ခါခြင်း ယမ်းခြင်း စသည်များတည်း။ ထိုကဲ့သို့ မလှုပ်စေ ရအောင် ကိုယ်၊ လက်ရုံး၊ ဦးခေါင်းတို့ကို တည့်မတ်စွာနှင့် ငြိမ်သက်စွာထား၍ သွားလာ နေထိုင်ရသည်။

သေခိယ အခန်း (ဥဇ္ဈဂ္ဃိကဝဂ်)

၁၅-၁၆။ ကာယပ္ပစာလက

န ကာယပ္ပစာလကံ အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။
န ကာယပ္ပစာလကံ အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ။

ကာယပ္ပစာလကံ - ကိုယ်ကို လှုပ်စေ၍ လှုပ်စေ၍ ၊ပေ၊ ကရဏီယာ။

၁၇-၁၈။ ဗာဟုပ္ပစာလက

န ဗာဟုပ္ပစာလကံ အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။
န ဗာဟုပ္ပစာလကံ အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ။

ဗာဟုပ္ပစာလကံ - လက်ရုံးကို လှုပ်စေ၍ ၊ပေ၊ ကရဏီယာ။

၁၉-၂၀။ သီသပ္ပစာလက

န သီသပ္ပစာလကံ အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။
န သီသပ္ပစာလကံ အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ။

သီသပ္ပစာလကံ- ဦးခေါင်းကို လှုပ်စေ၍ လှုပ်စေ၍ ၊ပေ၊ ကရဏီယာ။

ဒုတိယော - ၂ ခုမြောက်သော၊
ဥဇ္ဈဂ္ဃိကဝဂ္ဂေါ- တည်း။

သေခိယ အခန်း (ခမ္ဘကတဝဂ်)

၂၁-၂၂။ ခမ္ဘကတ

န ခမ္ဘကတော အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။
န ခမ္ဘကတော အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ။

ခမ္ဘကတော- ပြုအပ်သော ခါးထောက်ခြင်းရှိသည်၊
(ဟုတွာ - ၍) ၊ပေ၊
န ဂမိဿာမိ - အံ့၊
န နိသီဒိဿာမိ - အံ့၊
ဣတိ သိက္ခာ ကရဏီယာ။

၂၁-၂၂။ ခမ္ဘကတ

ခမ္ဘ သဒ္ဒါသည် “ပဋိဗန္ဓ = ဆက်စပ်ခြင်း” အနက်ဟောဟု ပါစိတ်ယောဇနာ ဆို၏။
ဆက်စပ် ဟူသည်မှာလည်း “ခါး၌ ဆက်စပ်ခြင်း”ဟု ယူပါ။
ထိုအလို “ခါး၌ပြုအပ်သော ဆက်စပ်ခြင်းရှိသည်”ဟု အနက်ပေး။
ဓာတွတ္ထသင်္ဂဟ၌ ခမ္ဘသဒ္ဒါသည် “ခါး” ဟူသော အနက်ဟော ဟူ၏။

ဤ၌ ခါးထောက်ခြင်းတိုင်အောင် “ဌာနုပစာရ” အားဖြင့် ယူ၍ “ကတ= ပြုအပ်သော + ခမ္ဘ = ခါးထောက်ခြင်း ရှိသည်” ဟု အနက်ပေး။ မြို့ရွာအတွင်း၌ ခါးထောက်၍ မသွားရ၊ ခါးထောက်၍ မထိုင်ရ။ သို့သော် ဝါသူပဂတဖြစ်မှု ခါးထောက်၍ ထိုင်ရုံကား ထိုင်ကောင်း၏။

သေခိယ အခန်း (ခမ္ဘကတဝဂ်)

၂၃-၂၄။ ဩဂုဏ္ဌိတ

န ဩဂုဏ္ဌိတော အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။
န ဩဂုဏ္ဌိတော အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ။

ဩဂုဏ္ဌိတော - ခြုံအပ်သော ဦးခေါင်းရှိသည်၊
(ဟုတွာ-၍) ၊ပေ၊ ဂမိဿာမိ န နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ။

၂၃-၂၄။ ဩဂုဏ္ဌိတ

အဝပုဗ္ဗ (ရစ်ပတ်ခြင်း အနက်ဟော) ဂုဏ္ဌ ဓာတ်, ကံဟော တ ပစ္စည်း၊
အဝဂုဏ္ဌိယတေ - လွှမ်းခြုံ ရစ်ပတ်အပ်၏၊
ဣတိ - ထို့ကြောင့်၊
ဩဂုဏ္ဌိတံ - မည်၏။

ဦးခေါင်းကို ရစေ “ဩဂုဏ္ဌိတံ ယဿာတိ ဩဂုဏ္ဌိတော”ဟု ဝိဂ္ဂဟပြု၍ ခြုံအပ်သော ဦးခေါင်းရှိသူကို ရစေ၊

[ထောမနိဓိ အဘိဓာန် အတိုင်းတည်း။ ယောဇနာ၌ ဍရင်ကောက်ဖြင့် ဩဂုဏ္ဍိတ ဟု၎င်း၊ ကတ္တုရုပ်ဖြင့်၎င်း ကြံလေသည်။]

မြို့ရွာတွင်း၌ ခေါင်းမြီးခြုံ၍ မသွား၊ မထိုင်ကောင်း။ ဝါသူပဂတဖြစ်မူ ခေါင်းမြီးခြုံ၍ နေကောင်း၏။

သေခိယ အခန်း (ခမ္ဘကတဝဂ်)

၂၅။ ဥက္ကုဋိက

န ဥက္ကုဋိကာယ အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။

ဥက္ကုဋိကာယ - အထက်၌ ခြေတစွန်းရှိသော သွားခြင်းဖြင့်၊
ဝါ - ဘဝါးစွန်း နင်းလျက် ၊ပေ၊ န ဂမိဿာမီတိ သိက္ခာ ကရဏီယာ။

၂၅။ ဥက္ကုဋိက

ဥဒ္ဓံ ဧကာ ကောဋိ ယဿာတိ ဥက္ကုဋိကာ၊

ယဿာ - အကြင်သွားခြင်း၏၊
ဥဒ္ဓံ - အထက်၌၊
ဧကာ - တခုသော၊
ကောဋိ - အစွန်းသည်၊
အတ္ထိ - ရှိ၏။
ဣတိ - ကြောင့်၊ (ဥက္ကောဋိကာဟု ဆိုသင့်လျက် ဩကို ဝိပရိတ် ဥ ပြု၍)
ဥက္ကုဋိကာ - မည်၏။

ရှေ့က ခြေဖျားကို မြှောက်၍ဖြစ်စေ၊ နောက်ဖနောင့်ကို မြှောက်၍ ဖြစ်စေ သွားရာ၌ တဘက်အစွန်းမှာ အထက်သို့ ထောင်နေသည်။ ထို သွားခြင်းကိုပင် “ဘဝါးစွန်းနင်း၍ သွားခြင်း”ဟု ခေါ်၏။ “ခြေဘဝါးကို မြေ၌ ထုံးစံအတိုင်း မနင်းဘဲ တစွန်းတစဖြင့် နင်း၍သွားခြင်း”ဟု ဆိုလိုသည်။

သေခိယ အခန်း (ခမ္ဘကတဝဂ်)

၂၆။ ပလ္လတ္တိက

န ပလ္လတ္ထိကာယ အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ။

ပလ္လတ္တိကာယ - လက် သင်္ကန်းတို့ဖြင့် ထက်ဝန်းကျင် ပတ်ဖွဲ့ခြင်းဖြင့် ၊ပေ၊ န နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ။

၂၆။ ပလ္လတ္တိက

ပရိ (သမန္တတော) - ထက်ဝန်းကျင်မှ၊
အသနံ (ခိပနံ) - ပစ်ချ ရစ်ပတ်ခြင်းသည်၊
ပလ္လတ္တိ - မည်၏။

[အသဓာတ် တိပစ္စည်းဖြင့် အတ္တိဟု ပြီးစေ၍ ရိ၌ ဣကို သပြု ၊ ရျကို လပြု၊ ဒွေးဘော်လာ၊ ပလ္လတ္တိဟု ဖြစ်၏။]

ထိုင်သည့်အခါ ဒူး ၂ ဘက်ကို ထောင်၍ လက်ဖြင့် ပတ်ဖွဲ့လျက် ထိုင်ခြင်းကို ဟတ္ထပ္ပတ္တိကာ၊ သင်္ကန်းဖြင့် ပတ်ဖွဲ့၍ ထိုင်ခြင်းကို ဒုဿပလ္လတ္တိကာ ဟု ခေါ်သည်။ မြို့ရွာအတွင်း၌ ထိုကဲ့သို့ မထိုင်ကောင်း၊ ဝါသူပဂတဖြစ်မူ ထိုင်ကောင်း၏။

[ဤ ပြခဲ့သော သိက္ခာပုဒ် ၂၆ ပါးကို လျောက်ပတ် သပ္ပာယ်စွာ နေထိုင်ဘို့ရန် ဖြစ်သောကြောင့် “သာရုပ္ပ သိက္ခာပုဒ်များ” ဟု ခေါ်သည်။]

သေခိယ အခန်း (သက္ကစ္စဝဂ်)

၁။ သက္ကစ္စံ ပတိဂ္ဂဟဏ

သက္ကစ္စံ ပိဏ္ဍပါတံ ပဋိဂ္ဂဟေဿာမီတိ သိက္ခာ ကရဏီယာ။

သက္ကစ္စံ - လေးစားသောအား သတိထား၍၊
ပိဏ္ဍပါတံ - ဆွမ်းကို၊
ပတိဂ္ဂဟေဿာမိ - ခံယူအံ့၊
ဣတိ သိက္ခာ ကရဏီယာ။

၁။ သက္ကစ္စံ ပတိဂ္ဂဟဏ

ဤ၌ “သက္ကစ္စံ” အရ လေးစားခြင်းဟူသည် ဆွမ်းခံရာ၌ ဆွမ်းကို မလိုချင်သလို၊ သွန်ပစ်တော့မလို မလေးမစား မလုပ်ဘဲ ဆွမ်းကို လေးလေးစားစား သတိထား၍ ခံယူခြင်းတည်း။

သေခိယ အခန်း (သက္ကစ္စဝဂ်)

၂။ ပတ္တသညီ ပတိဂ္ဂဟဏ

ပတ္တသညီ ပိဏ္ဍပါတံ ပဋိဂ္ဂဟေဿာမီတိ သိက္ခာ ကရဏီယာ။

ပတ္တသညီ - သပိတ်၌ သညာရှိသည်၊
(ဟုတွာ - ၍၊)
ပိဏ္ဍပါတံ - ကို၊
ပတိဂ္ဂဟေဿာမီတိ သိက္ခာ ကရဏီယာ။

၂။ ပတ္တသညီ ပတိဂ္ဂဟဏ

ဆွမ်းခံနေခိုက်ဝယ် တောင်ကြည့် မြောက်ကြည့် မကြည့်ဘဲ မိမိ၏ သညာကို သပိတ်၌သာ ထား၍ ဆွမ်းခံရမည်။ ထိုကဲ့သို့ သပိတ်၌ သညာ မထားလျှင် လောင်း၍ ပြီးသည်ကိုလည်း မသိရ၊ လောင်း၍ မပြီးသေးသည်ကိုလည်း မသိရဘဲ ရှိလိမ့်မည် ဟူလို။

[သညာကို မှတ်၍ ဆိုထားသည်။ မျက်စိရော စိတ်ပါ သပိတ်၌ ထားရမည်ဟု မှတ်ပါ။]

သေခိယ အခန်း (သက္ကစ္စဝဂ်)

၃။ သမသူပက

သမသူပကံ ပိဏ္ဍပါတံ ပဋိဂ္ဂဟေဿာမီတိ သိက္ခာ ကရဏီယာ။

သမသူပကံ - ဆွမ်း၏ လေးဘို့တဘို့မှ လက်ကော်ရ ပဲဟင်း ရှိရုံသာ၊
ပိဏ္ဍပါတံ ပတိဂ္ဂဟေဿာမိတိ သိက္ခာ ကရဏီယာ။

၃။ သမသူပက

ဤ သိက္ခာပုဒ်၌ လက်ကော်၍ ရလောက်အောင် မကျဲ မပျစ်လွန်းသော ပဲဟင်း ဟူသမျှကို “သူပ” ဟု ခေါ်၏။ ထို သူပသည် ဆွမ်း၏ ၄ ပုံ ၁ ပုံဆိုလျှင် စားလောက်ပြီဖြစ်၍ “သမ=သင့်တော်ညီမျှသည် ဟု ဆိုရသည်။ ထိုသို့ ဆွမ်း၏ ၄ ပုံ ပုံလျှင် ၁ ပုံလောက်မျှ သင့်တော် ညီမျှသော ပဲဟင်း ရှိရုံသာ ခံယူရမည်။ ပဲဟင်းကို ဆွမ်းပမာဏ၏ ၄ ပုံ ၁ ပုံထက် ပို၍ ခံလျှင် ဒုက္ကဋ်

ပဲဟင်းမှတပါး အခြား သား၊ ငါး၊ အသုပ်၊ အကြော် စသော ဟင်းကောင်းများကိုကား ဆွမ်း၏ ၄ ပုံ ၁ ပုံထက် ပိုသော်လည်း အနာပတ္တိ

ပဲဟင်းကိုလည်း ဉာတိပဝါရိတအထံမှမူ ပို၍လည်း ခံယူကောင်း၏။

မှတ်ချက်

သမသူပကံ”၌ အံဝိဘတ်ကား ကြိယာဝိသေသန ခေါ် ဘာဝနပုံးကိုပြသော နိဂ္ဂဟိတ်တည်း။ ထို့ကြောင့် “ရှိရုံ” ဟု ဝိသေသနသံ ပါအောင် ပေးလိုက်သည်။ “သာ”ကား ထို့ထက် မပိုရဟု သိစေလို၍ ရသင့် သောကြောင့် ထည့်အပ်သော အနက်တည်း။ နောက်နောက် နိဂ္ဂဟိတ်ဆုံး၍ ဝိသေသနသံ ပေးသမျှ၌ ကြိယာဝိသေသန (ဘာဝနပုံး)ချည်း မှတ်ပါ။

သေခိယ အခန်း (သက္ကစ္စဝဂ်)

၄။ သမတိတ္ထိက

သမတိတ္တိကံ ပိဏ္ဍပါတံ ပဋိဂ္ဂဟေဿာမီတိ သိက္ခာ ကရဏီယာ။

သမတိတ္ထိကံ - သပိတ်အတွင်း အနားရစ်နှင့် ညီမျှသော ခဲဘွယ် ဘောဇဉ်ရှိရုံသာ၊
ပိဏ္ဍပါတံ ပတိဂ္ဂဟေဿာမီတိ သိက္ခာ ကရဏီယာ။

[တတိယော - သုံးဝဂ်မြောက်ဖြစ်သော၊
ခမ္ဘကတဝဂ္ဂေါ - တည်း။]

၄။ သမတိတ္ထိက

တိတ္ထသဒ္ဒါသည် မြစ်ကမ်းကိုဟော၏။ ဤ၌

တိတ္ထံဝိယ - ဆိပ်ကမ်းနှင့်တူ၏၊
ဣတိ - ထို့ကြောင့်၊
တိတ္ထံ - မည်၏”

သပိတ်၏ အတွင်း နှုတ်ခမ်းကို ရစေ၊ တိတ္ထေန သမံ ယဿာတိ သမတိတ္ထိကံ၊ သပိတ်၏နှုတ်ခမ်းသည် အတွင်းနှုတ်ခမ်း၊ အပြင်နှုတ်ခမ်းဟု ၂ မျိုးရှိရာ အတွင်းနှုတ်ခမ်းနှင့် ညီမျှရုံသာ ဆွမ်းခံရမည်၊ ဆွမ်း ဟူရာ၌လည်း ယာဝကာလိက ခဲဘွယ်ဘောဇဉ်ကို ဆိုသည်။

အနာပတ္တိ

သပိတ်အပေါ်၌ တင်လျက် ခွက် စသည်ဖြင့် ထည့်၍ခံရာ၌၎င်း၊ အဓိဋ္ဌာန်လောက်သော သပိတ် မဟုတ်သော ခွက်ဖြင့် ခံရာ၌၎င်း မိုမောက်နေသော်လည်း အနာပတ္တိ

သပိတ်တလုံးပြည့်နေ၍ ထိုတလုံးကို အခြားသူအား ပေးပြီးနောက် အခြားသပိတ်ဖြင့် ခံရာ၌လည်း အနာပတ္တိပင်။

သေခိယ အခန်း (သက္ကစ္စဝဂ်)

၅။ သက္ကစ္စံ ဘုဉ္ဇန

သက္ကစ္စံ ပိဏ္ဍပါတံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။

သက္ကစ္စံ - လေးစားသောအား သတိထား၍၊
ပိဏ္ဍပါတံ - ကို၊
ဘုဉ္ဇိဿာမိ - စားအံ့၊
ဣတိ သိက္ခာ ကရဏီယာ။

၅။ သက္ကစ္စံ ဘုဉ္ဇန

ဆွမ်းစားသည့်အခါ (ဂိလာန မဟုတ်လျှင်) မစားချင့် စားချင် စားရသည့် အမူအရာမျိုးကို မပြုဘဲ စားလိုသော အမူအရာဖြင့်သာ လေးလေးစားစား သတိထား၍ စားရမည်။

သေခိယ အခန်း (သက္ကစ္စဝဂ်)

၆။ ပတ္တသညီ ဘုဉ္ဇန

ပတ္တသညီ ပိဏ္ဍပါတံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။

ပတ္တသညီ - သည်၊ (ဟုတွာ - ၍) ၊ပေ၊ ဘုဉ္ဇိဿာမိ ဣတိ သိက္ခာ ကရဏီယာ။

၆။ ပတ္တသညီ ဘုဉ္ဇန

ဆွမ်းစားသည့်အခါ “တောင်ကြည့် မြောက်ကြည့်” မစားရ၊ မိမိခွက်၌ သညာ (စိတ်ရော မျက်စိပါ) ထား၍ ဣန္ဒြေရစွာ စားရမည်။

သေခိယ အခန်း (သက္ကစ္စဝဂ်)

၇။ သပဒါန

သပဒါနံ ပိဏ္ဍပါတံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။

သပဒါနံ - အစဉ်အတိုင်း ၊ပေ၊ ဘုဉ္ဇိဿာမိ သိက္ခာ ကရဏီယာ။

၇။ သပဒါန

ဒါဓာတ်သည် “အဝခဏ္ဍန = ပိုင်းဖြတ်ခြင်း” အနက်ကို ဟော၏။

ဒါနတော - ပိုင်းဖြတ်ခြင်းမှ၊
အပေကံ - ကင်းသော အမူအရာသည်၊
အပဒါနံ - မည်၏။

သဟ အပဒါနေန ယံ ဝတ္တတီတိ သပဒါနံ - ပိုင်းဖြတ်ခြင်းမှ ကင်းသော အမူအရာနှင့်တကွဖြစ်သော စားခြင်း” တည်း။ ဆွမ်းစားသည့်အခါ ဆွမ်းခွက်ထဲဝယ် “ဟိုနား နှိုက်လိုက်၊ သည်နား နှိုက်လိုက်” လုပ်သော အမူအရာ မရှိဘဲ မိမိဘက်ရှိ အစမှ စ၍ အစဉ်အတိုင်း စားခြင်းကို “သပဒါန စားခြင်း”ဟု ဆိုသည်။ သူတပါးကို ပေးသည့်အခါ၊ သူတပါး၏ ခွက်ထဲဝယ် ထည့်သည့်အခါ၌ကား မိမိအလိုရှိရာကို (အစဉ်အတိုင်း မဟုတ်ဘဲ) ယူ၍ ပေးနိုင်ပါ၏။

သေခိယ အခန်း (သက္ကစ္စဝဂ်)

၈။ သမသူပက ဘုဉ္ဇန

သမသူပကံ ပိဏ္ဍပါတံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။

သမသူပကံ - သာ၊
ပိဏ္ဍပါတံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။

၈။ သမသူပက ဘုဉ္ဇန

အဓိပ္ပာယ်ကို သမသူပက ပတိဂ္ဂဟဏ သိက္ခာပုဒ်အတိုင်း သိပါ။ “ဉာတိပဝါရိတ မဟုတ်သူတို့၏ ဆွမ်းကို စားသည့်အခါ ပဲဟင်းကိုချည်း များစွာ မစားရ” ဟူလို။

---

သေခိယ အခန်း (သက္ကစ္စဝဂ်)

၉။ ထူပက

န ထူပကတော ဩမဒ္ဒိတွာ ပိဏ္ဍပါတံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။

ထူပကတော - ဆွမ်းဦး ဆွမ်းထိပ်မှ၊
ဩမဒ္ဒိတွာ - နှိပ်၍၊
ဝါ - နှိုက်၍၊
ပိဏ္ဍပါတံ - ကို၊
န ဘုဉ္ဇိဿာမိ - မစားအံ့၊
ဣတိ သိက္ခာ ကရဏီယာ။

၉။ ထူပက

ထူပသဒ္ဒါသည် စေတီ ပုထိုးကဲ့သို့ အထက်၌ မိုမောက်နေသော အရာများကို ဟော၏။ ဤ၌ “ထူပမေဝ ထူပကံ” ဟု ယောဇနာ၌ ကပစ္စည်း အနက်သီးခြားမရှိ ကြံလေသည်။ ထူပါကဲ့သို့ မိုမောက်သော ဆွမ်းဦး ဆွမ်းထိပ် (စားခွက်ဝယ် အလယ်ဗဟို) အရပ်ကို “ထူပက” ဟု ဆိုလိုသည်။

ဆွမ်းစားသည့်အခါဝယ် အလယ်တည့်တည့်မှ ယူ၍ မစားရလို
သို့သော် ကုန်ခါနီး၍ သိမ်းကျုံး စားရာ၌ကား အလယ်ကို ယူမိသော်လည်း အနာပတ္တိ

---

သေခိယ အခန်း (သက္ကစ္စဝဂ်)

၁၀။ ပဋိစ္ဆာဒန

န သူပံ ဝါ ဗျဉ္ဇနံ ဝါ သြဒနေန ပဋိစ္ဆာဒေဿာမိ ဘိယျောကမျတံ ဥပါဒါယာတိ သိက္ခာ ကရဏီယာ။

သူပံဝါ - ပဲဟင်းစသည်ကို၎င်း၊
ဗျဉ္ဇနံဝါ - ဟင်းလျာကို၎င်း၊
ဘိယျောကမျတံ - အများကို အလိုရှိသူ၏ အဖြစ်ကို၊
ဥပါဒါယ - စွဲ၍၊
ဩဒနေန - ဆွမ်းဖြင့်၊
န ပဋိစ္ဆာဒေဿာမိ - န မဖုံးအံ့၊
ဣတိ သိက္ခာ ကရဏီယာ။

၁၀။ ပဋိစ္ဆာဒန

ဤသိက္ခာပုဒ်၌ သူပ အရ သောက်၍ စားကောင်းသော ဟင်းရည်မျိုးကို ယူသင့်၏။ “သုခေန ပါတဗ္ဗံတိ သူပံ” ဟု ထောမနိမိ ဆိုသည်။ ကျမ်းစာတို့၌ကား ပဲဟင်းကိုသာ အဖွင့်များ၏။ ဗျဉ္ဇနကား သားငါး စသော ဟင်းလျာများတည်း။ ထို သူပဗျဉ္ဇနများကို (ဆွမ်းခံစဉ်) ဆွမ်းဖြင့် ဖုံးထားလျှင် “သည် ကိုယ်တော်မှာ ဟင်း မရရှာဘူး”ဟု ထင်၍ ဆွမ်းလောင်း သူတို့က နောက်ထပ် လောင်းချင်လိမ့်မည်။

ထိုသို့လောင်းချင်အောင် များများ အလိုရှိ၍ သူပဗျဉ္ဇနတို့ကို ဖုံးမထားရ၊ လောင်းသူတို့ ကိုယ်တိုင်က “မာဃာတ သမယ = သားငါး မသတ်ရ”ဟု ကြွေးကြော်ရာ အခါဖြစ်၍ လူ မမြင်အောင် ဖုံးလျက် လောင်းလိုက်လျှင် ခံယူသူမှာ အနာပတ္တိ

---

သေခိယ အခန်း (သက္ကစ္စဝဂ်)

၁၁။ သူပေါဒန ဝိညတ္တိ

န သူပံ ဝါ သြဒနံ ဝါ အဂိလာနော အတ္တနော အတ္ထာယ ဝိညာပေတွာ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။

သူပံဝါ - ပဲဟင်းစသည်ကို၎င်း၊
ဩဇနံ ဝါ - ဆွမ်းကို၎င်း၊
အဂိလာနော - ဂိလာန မဟုတ်ဘဲ၊
အတ္တနော - မိမိ၏၊
အတ္ထာယ - အကျိုးငှာ၊
ဝိညာပေတွာ - တောင်း၍၊
န ဘုဉ္ဇိဿာမိ - မစားအံ့၊
ဣတိ သိက္ခာ ကရဏီယာ။

၁၁။ သူပေါဒန ဝိညတ္တိ

သူပံ” ဟု ဆိုသော်လည်း ဟင်းကို မှတ်၍ ဆိုသည်။ ပဏီတဘောဇနမှလွတ်သော စားဘွယ် အားလုံးကိုပင် ဤ သူပံဝါ သြဒနံဝါ အရ၌ သွင်းရမည်။ ထိုစကား မှန်၏။ ပဏီတဘောဇန သိက္ခာပုဒ်၌ မစ္ဆ မံသ ခီရ ဒဓိတို့ကို တောင်းစားလျှင် သူပေါဒနဝိညတ္တိ သိက္ခာပုဒ်အရ ဒုက္ကဋ် ဟု အဋ္ဌကထာတို့ ဖွင့်ကြသည်။

ထို့ကြောင့် ဂိလာန မဟုတ်လျှင် ဉာတိပဝါရိတ မဟုတ်သော ဒကာ ဒကာမတို့အထံ၌ မည်သည့် အစာကိုမျှ (အယုတ် သဖြင့် သူတို့ပိုင်ပြီး ရေကိုမျှ) မတောင်းကောင်း၊ သံဃာ့အတွက် ဖိတ်ထားသူ့ အထံ ဖြစ်စေ၊ လုံးလုံး မဖိတ်သူ့ အသံ ဖြစ်စေ ဂိလာနမဟုတ်ဘဲ ဆေးပစ္စည်းကို တောင်းလျှင် မဟာနာမ သိက္ခာပုဒ်တော်အရ ပါစိတ်၊ ထောပတ်ဆွမ်း စသော ပဏီတဘောဇဉ်ကို တောင်းစားလျှင် ပဏီတဘောဇနသိက္ခာပုဒ်အရ ပါစိတ်။ ကြွင်းသောအစားကို တောင်း၍စားလျှင် ဤ သိက္ခာပုဒ်အရ ဒုက္ကဋ်

[ဂိလာနကား ဓာတ်စာနှင့် အမှန် သင့်မြတ်သော ဆေးများကို တောင်းကောင်း၏။]

သူတပါးအတွက် တောင်းပေးမှု

နိသဂ္ဂိယ၌ ပြခဲ့သော အညာတက ဝိညတ္တိသိက္ခာပုဒ်မှစ၍ တောင်းမှုနှင့် ဆိုင်သမျှဝယ် -

အညဿ - အခြားသော ရဟန်း၏၊
အတ္ထာယ - အကျိုးငှာ၊
ဝိညာပေန္တဿ - တောင်းသော ရဟန်း၏၊
အနာပတ္တိ - သည်၊
ဟောတိ - ဖြစ်၏” ဟု လာ၏။

ဤ ပါဠိတော်သွားအတိုင်း တိုက်ရိုက်ယူလျှင် “အခြားရဟန်းအတွက် တောင်း၍ပေးမူ တောင်းပေး သော ရဟန်းမှာလည်း အနာပတ္တိ၊ သုံးဆောင်သော ရဟန်းမှာလည်း အနာပတ္တိ” ဟု ထင်ရ၏။ သို့သော် အညာတကဝိညတ္တိ သိက္ခာပုဒ် အဋ္ဌကထာရင်း၌ ...

၁။ အခြားရဟန်းအတွက် မိမိ၏ ဉာတိပဝါရိတအထံ တောင်းပေးခြင်း၊
၂။ အခြားရဟန်း၏ ဉာတိပဝါရိတ အသံ ထိုရဟန်းအတွက်ပင် တောင်းပေးခြင်းကြောင့်သာ အနာပတ္တိ”ဟု ဖွင့်၏။

ဉာတိပဝါရိတ မဟုတ်သူ့ထံ တောင်းပေးခြင်းကြောင့် အနာပတ္တိ ဟု မဖွင့်။ ထို့ကြောင့် ဉာတိပဝါရိတ မဟုတ်သူ ဒကာ ဒကာမတို့ အထံ၌ မိမိဘို့ တောင်းခြင်းသာ မအပ်သည် မဟုတ်သေး၊ သူတပါးအတွက် တောင်းပေးခြင်း၊ ဆွမ်းဖိတ်ပေးခြင်း၊ ပစ္စည်း ၄ ပါး အဖိတ် ခိုင်းခြင်း၊ ရဟန်းခံ ရှင်ပြုကိစ္စ စသည်တို့၌ ရဟန်းဒကာ ရှင့်ဒကာ လုပ်ရန် တိုက်တွန်းခြင်းများသည် တိုက်တွန်းသူမှာလည်း မအပ်၊ တိုက်တွန်း၍ ရရှိသော ပစ္စည်း အဆက်ဆက်လည်း မအပ် စင်စစ်သာ

ဝိမတိ

ပဉ္စသဟဓမ္မိကာနံ အတ္ထာယ အညာတက အပ္ပဝါရိတဋ္ဌာနေ ဝိညာပေန္တော ဝိညတ္တိက္ခဏေ အဋ္ဌကထာသု သုတ္တာျနုလောမ တော ဝုတ္တ အကတဝိညတ္တိဒုက္ကဋတော န မုစ္စတိ၊ သဉ္စိဉ္စ ဘုဉ္ဇ နက္ခဏေ သယံစ အညေစ မိစ္ဆာဇီဝတော န မုစ္စန္တိ။

[ဆောင်]
အပ္ပဝါရိ, အညာတိကို, မိမိတွက်တောင်း, သူ့တွက်တောင်းတည့်, သောင်းပြောင်း ဟင်းဆွမ်း, ဖိတ်မန်ခန်းနှင့်, ရဟန်းဒကာ, ရှင့် ဒကာဟု, လုပ်စေမှုစပ်, အရပ်ရပ်, မအပ် ဆက်ဆက်တည်း။

---

သေခိယ အခန်း (သက္ကစ္စဝဂ်)

၁၂။ ဥဇ္ဈာနသညီ

န ဥဇ္ဈာနသညီ ပရေသံ ပတ္တံ သြလောကေဿာမီတိ သိက္ခာ ကရဏီယာ။

ဥဇ္ဈာနသညီ - ကဲ့ရဲ့ခြင်း၌ သညာရှိသည် (ဟုတွာ)
ပရေသံ - သူတပါးတို့၏၊
ပတ္တံ - ကို၊
န ဩလောကေဿာမိ - မကြည့်အံ့၊
ဣတိ သိက္ခာ ကရဏီယာ။

၁၂။ ဥဇ္ဈာနသညီ

သူတပါး သပိတ်ထဲ၌ ဆွမ်းဟင်း နည်းပါးလျှင် လှောင်ပြောင်လို၍၎င်း၊ များလျှင်လည်း “ဒကာ ဒကာမကို မည်ကဲ့သို့ ဆက်ဆံတာကိုး၊ ရမှာပေါ့” စသည်ဖြင့် ရှုတ်ချလို၍၎င်း၊ သူတပါး သပိတ်ကို မကြည့်ရ။ နည်းနေလျှင် လှူမည်၊ များနေလျှင် လှူစေမည် (အလှူခံမည်) စသည် ဖြင့် ရိုးသားသော စိတ်ဖြင့်ကား ကြည့်ကောင်း၏

---

သေခိယ အခန်း (သက္ကစ္စဝဂ်)

၁၃။ အတိမဟန္တ

နာတိမဟန္တံ ကဗဠံ ကရိဿာမီတိ သိက္ခာ ကရဏီယာ။

အတိမဟန္တံ - ဒေါင်းဥအလား အလွန် ကြီးမားသော၊
ကဗဠံ - ဆွမ်းလုတ်ကို၊
န ကရိဿာမိ - မပြုအံ့၊
ဣတိ သိက္ခာ ကရဏီယာ။

၁၃။ အတိမဟန္တ

ဒေါင်းဥသည် အလွန် ကြီး၏။ ကြက်ဥကား ငယ်လွန်း၏။ ထို ဒေါင်းဥနှင့် ကြက်ဥအကြား လောက်ရှိသော ဆွမ်းလုတ်ကို ပြုရမည်။ ဆွမ်းလုတ်ကို ကြီးစွာလုပ်၍ ပါးစပ် ပြည့်မောက်နေအောင် မစားရ ဒေါင်းဥလောက် ကြီးလျှင် အာပတ်ဟု ဆိုလိုသည်။ ကြက်အုလောက် အငယ်ကိုကား မလျောက်ပတ်၍သာ အဋ္ဌကထာ ပြသည်။ အာပတ်ကား မသင့်ဟု ဝိမတိ ဆိုသည်။

မုန့် ခဲဘွယ်များနှင့် သစ်သီးများကိုကား ကြီးနေသော်လည်း အနာပတ္တိ။

---

သေခိယ အခန်း (သက္ကစ္စဝဂ်)

၁၄။ ပရိမဏ္ဍလ အာလောပ

ပရိမဏ္ဍလံ အာလောပံ ကရိဿာမီတိ သိက္ခာ ကရဏီယာ။

ပရိမဏ္ဍလံ - ထက်ဝန်းကျင် ဝန်းဝိုင်းသော၊
အာလောပံ - ဆွမ်းလုတ်ကို၊
ကရိဿာမိ - ပြုအံ့၊
ဣတိ သိက္ခာ ကရဏီယာ။

[စတုတ္ထော - လေး ဝဂ်မြောက်သော၊
သက္ကစ္စဝဂ္ဂေါ - သက္ကစ္စဝဂ်တည်း၊]

၁၄။ ပရိမဏ္ဍလ အာလောပ

ထက်ဝန်းကျင် ဝန်းဝိုင်း” ဆိုသော်လည်း ကွန်ပါဖြင့် ရစ်ဝိုင်းထားသလို ဖြစ်အောင် ဝိုင်းစေရမည် ဟု မဆိုလို။ “အဒီဃံ - ရှည်လျားလျား မဖြစ်အောင်” ဟု အဋ္ဌကထာ ဖွင့်သောကြောင့် ရှည်လျားလျား မဖြစ်စေဘဲ အထိုက်အလျောက် ဝိုင်းအောင် သတိထား၍ ဆွမ်းလုတ်ကို ပြုပြင် စားရမည်ဟု ဆိုလိုသည်။

ဤ၌လည်း ခဲဘွယ် သစ်သီးနှင့် လက်သုပ်များ၌ မဝိုင်းစေနိုင်သော်လည်း အနာပတ္တိ

---

သေခိယ အခန်း (ကဗဠဝဂ်)

၁၅။ အနာဟဋ

န အနာဟဋေ ကဗဠေ မုခဒွါရံ ဝိဝရိဿာမီတိ သိက္ခာ ကရဏီယာ။

ကဗဠေ - ဆွမ်းလုတ်ကို၊
အနာဟဋေ - ခံတွင်းဝသို့ မဆောင်ယူအပ်သေးမီ၊
မုခဒွါရံ - ခံတွင်း အဝကို၊
န ပိဝရိဿာမိ- မဖွင့်အံ့၊
ဣတိ သိက္ခာ ကရဏီယာ။

၁၅။ အနာဟဋ

ဆွမ်းစားသည့်အခါ ပါးစပ်ပေါက်သို့ ဆွမ်းလုတ် မရောက်မီ ပါးစပ်ကို ဖွင့်ထားနှင့်ခြင်းကား မယဉ်ကျေးသော အမူအရာတမျိုး ဖြစ်၏။ ထို့ကြောင့် ခံတွင်းအဝ (ပါးစပ်ပေါက်) သို့ ဆွမ်းလုတ်ကို မတေ့မိခင် ခံတွင်းကို ဟ၍ မထားနှင့်ရ၊ ဤ အမူအရာမျိုးကို ဂိလာနလည်း မပြုရ

---

သေခိယ အခန်း (ကဗဠဝဂ်)

၁၆။ ဘုဉ္ဇမာန

န ဘုဉ္ဇ္စမာနော သဗ္ဗံ ဟတ္ထံ မုခေ ပက္ခိပိဿာမီတိ သိက္ခာ ကရဏီယာ။

ဘုဉ္ဇမာနော - ဆွမ်းစားစဉ်၊
သဗ္ဗံဟတ္ထံ – အလုံးစုံသော လက်ချောင်းကို၊
မုခေ - ခံတွင်း၌၊
န ပက္ခိပိဿာမိ - မထည့်အံ့၊
ဣတိ သိက္ခာ ကရဏီယာ။

၁၆။ ဘုဉ္ဇမာန

ထမင်းမစားတတ်သေးသော ကလေးတို့သည် ထမင်းလုတ်ကို ပါးစပ်သို့ သွင်းသည့်အခါ လက်ချောင်း များပါ သွင်းလိုက်သကဲ့သို့ ထို့အတူ ဆွမ်းစားစဉ် လက်ချောင်းများကိုပါ ခံတွင်းသို့ မသွင်းမိစရေ

မှတ်ချက်

ဟတ္ထ သဒ္ဒါသည် လက်ကောက်ဝတ်မှ စ၍ လက်ချောင်း အဖျားတိုင်အောင် ဟောသော်လည်း ဤ၌ လက်ချောင်း သက်သက်ကိုသာ ဧကဒေသျူပစာရအားဖြင့် ဟောသည်။ သဗ္ဗံဟု ဆိုသောကြောင့် “လက်ချောင်း အားလုံးကို (တချောင်းတလေမျှ) မသွင်းရ” ဟု ဋီကာတို့ ဖွင့်ကြ၏။

တချို့ စားနည်း၌ လက်မ အဖျားလောက် အနည်းငယ် ဝင်သွားတတ်၏။ သို့သော် အနာဒရိယစိတ် မရှိလျှင် အနာပတ္တိပင်

---

သေခိယ အခန်း (ကဗဠဝဂ်)

၁၇။ သ ကဗဠ

န သကဗဠေန မုခေန ဗျာဟရိဿာမီတိ သိက္ခာ ကရဏီယာ။

သ ကဗဠန - ဆွမ်းလုတ်နှင့်တကွ ဖြစ်သော၊
မုခေန - ခံတွင်းဖြင့်၊
န ဗျာဟရိဿာမိ - စကားမပြောအံ့၊
ဣတိ သိက္ခာ ကရဏီယာ။

၁၇။ သ ကဗဠ

ပါးစပ်ထဲ၌ ဆွမ်းလုတ်ရှိနေလျှင် စကားမပြောရ။ “ဆွမ်းလုတ်” ဟူရာ၌ စကားလုံး မပီလောက်အောင် ပြည့်နေသော ဆွမ်းလုတ်ကို ဆိုလိုသည်။ တရားဟောစဉ် ရှစ်ရှားသီးကို ပါးစပ်ထဲ၌ ငုံ၍ ဟောကောင်း သကဲ့သို့ ဆွမ်းလုတ်က အနည်းငယ်သာရှိသဖြင့် စကားလုံး ပီသအောင် ပြောနိုင်လျှင်ကား အနာပတ္တိ

---

သေခိယ အခန်း (ကဗဠဝဂ်)

၁၈။ ပိဏ္ဍုက္ခေပက

န ပိဏ္ဍုက္ခေပကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။

ပိဏ္ဍုက္ခေပကံ - ဆွမ်းလုတ်ကို မြှောက်၍မြှောက်၍၊
န ဘုဉ္ဇိဿာမိ - မစားအံ့၊
ဣတိ - ဤသို့၊
သိက္ခာ - ကို၊
ကရဏီယာ — ပြုထိုက်၏။

၁၈။ ပိဏ္ဍုက္ခေပက

[ပိဏ္ဍ=ထမင်းခဲ (ဆွမ်းလုတ်ပါယူ) + ဥက္ခေပက=ပစ်မြှောက်သည်။ နိဂ္ဂဟိတ်ကြောင့် ကြိယာဝိသေသန ဟု မှတ်ပါ။]

ဆွမ်းလုတ်ဖြစ်စေ၊ ဆွမ်းခဲတခုကို ဖြစ်စေ ပါးစပ်၌ ကပ်၍ သွင်းရမည်။ ပါးစပ်ထဲ၌ မြှောက်ပစ်၍ မသွင်းရ

မုန့် ခဲဘွယ်များနှင့် သစ်သီးများကိုကား ပစ်၍ သွင်းသော်လည်း အနာပတ္တိ ဟူ၏။
သို့သော် ပါးစပ်၌ ကပ်၍ သွင်းခြင်းသာ ယဉ်ကျေးသည်

---

သေခိယ အခန်း (ကဗဠဝဂ်)

၁၉။ ကဗဠာဝစ္ဆေဒက

န ကဗဠာဝစ္ဆေဒကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။

ကဗဠာဝစ္ဆေဒကံ - ဆွမ်းလုတ်ကို ကိုက်ဖြတ်၍၊
န ဘုဉ္ဇိဿာမိ - အံ့၊
ဣတိ - ဤသို့၊
သိက္ခာ - ကို၊
ကရဏီယာ – ပြုထိုက်၏။

၁၉။ ကဗဠာဝစ္ဆေက

[အဝစ္ဆေဒက - ကိုက်ဖြတ်သည်။] ဆွမ်းလုတ်ကို ဆုပ်ပြီးလျှင် သွားဖြင့် ကိုက်ဖြတ်၍ မစားရ ဟူလို။ ဆွမ်းလုတ်ပြုပြီးလျှင် ထို ဆွမ်းလုတ်က များနေ၍ လက်ဖြင့် တော်သင့်ရုံပိုင်းပြီးမှ သွင်းမူ အပြစ်မရှိသင့်၊ မုန့် ပဲ စသော ခဲဘွယ်နှင့် လက်သုပ်များကိုကား ကိုက်ဖြတ် စားကောင်းသည်ဟု ဆို၏။ ထို့ကြောင့် ပြောင်းဖူးကို ကိုက်၍စားခြင်း၊ ငှက်ပျောသီးကို ကိုက်၍ စားခြင်း စသည်၌ အနာပတ္တိ

---

သေခိယ အခန်း (ကဗဠဝဂ်)

၂၀။ အဝဂဏ္ဍကာရက

န အဝဂဏ္ဍကာရကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။

အဝ ဂဏ္ဍကာရကံ - မျောက်ကဲ့သို့ ပါးစောင်ကို မိုမောက်အောင်ပြု၍၊
န ဘုဉ္ဇိဿာမိ - အံ့၊
ဣတိ – သို့၊
သိက္ခာ – ကို၊
ကရဏီယာ - ပြုထိုက်၏။

၂၀။ အဝဂဏ္ဍကာရက

[ဂဏ္ဍ သဒ္ဒါသည် ပါးကိုဟောရင်း ဖြစ်သော်လည်း “အဝ” သဒ္ဒါက “ဟီန=ယုတ်ညံ့” ဟူသော အနက် ဟော ဖြစ်ရကား ပါးစောင်ကို ရိုးရိုးမနေစေဘဲ အမြင်မကောင်းအောင် မိုမောက်နေပုံကို ယူ။]

မျောက်သတ္တဝါများ စားသည့်အခါ ပါးဖောင်းလာအောင် စားသကဲ့သို့ ဆွမ်းကို ပါးဖောင်းနေအောင် မစားရ ဟူလို။ ရှစ်ရှားသီးစသည်ကို ပါးတဘက်၌ ငုံထားလျှင် ဖောင်းနေသကဲ့သို့ သစ်သီး ဟူသမျှကို စားရာ၌ ဖောင်းနေစေသော်လည်း အနာပတ္တိ

---

သေခိယ အခန်း (ကဗဠဝဂ်)

၂၁။ ဟတ္ထနိဒ္ဓုနက

န ဟတ္ထနိဒ္ဓုနကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။

ဟတ္ထနိဒ္ဓုနကံ - လက်ကို ခါ၍ ခါ၍၊
န ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။

၂၁။ ဟတ္ထနိဒ္ဓုနက

တချို့ ထမင်းစားရာ၌ လက်ကို မကြာခဏခါ၏။ ထိုကဲ့သို့ လက်ကိုခါ၍ ဆွမ်းမစားရ၊ ဆွမ်းထဲ၌ ကျောက်ခဲ အမှိုက် ပါလာ၍ ထိုအမှိုက်များကို စွန့်ပစ်သောအခါမျိုး၌ကား ခါကောင်းသည်

---

သေခိယ အခန်း (ကဗဠဝဂ်)

၂၂။ သိတ္ထာဝကာရက

န သိတ္ထာဝကာရကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။

သိတ္ထာဝကာရကံ - ဆွမ်းလုံးများကို ဖြန့်ကြဲ၍ ဖြန့်ကြဲ၍၊
န ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။

၂၂။ သိတ္ထာဝကာရက

[သိတ္ထ=ဆွမ်းလုံး + အဝကာရက=မသင့်မတော် ပြုသည်။]

ဖရိုဖရဲ ကြဲနေအောင် ဆွမ်းလုံးများကို ဟိုပစ်လိုက်၊ သည် ပစ်လိုက် လုပ်ခြင်းကို “အဝကာရက”ဟု ဆိုသည်။ ဆွမ်းလုံးများကို မဖိတ် မစဉ်အောင် ကောင်းစွာ သိမ်းသိမ်းဆည်းဆည်း စားရမည် ဟူလို။

အရိုး အမှိုက်များကို စွန့်ပစ်ရင်း ဆွမ်းလုံးပါသွားရာ၌ကား အနာပတ္တိ

---

သေခိယ အခန်း (ကဗဠဝဂ်)

၂၃။ ဇိဝှာနိစ္ဆာရက

န ဇိဝှါနိစ္ဆာရကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။

ဇိဝှာနိစ္ဆာရကံ - လျှာကို ထုတ်၍ ထုတ်၍၊
န ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။

၂၃။ ဇိဝှာနိစ္ဆာရက

တချို့စားကြရာ၌ ထမင်းလုတ်ကို လျှာထုတ်၍ ကော်ယူတတ်၏။ ထိုသို့ လျှာထုတ်၍ ဆွမ်းလုတ် ကို၎င်း၊ ဟင်းကို၎င်း၊ ကော်မယူရ

---

သေခိယ အခန်း (ကဗဠဝဂ်)

၂၄။ စပု စပု ကာရက

န စပုစပုကာရကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။

စပုစပု ကာရကံ - စပု စပုဟု အသံပြု၍၊
ဝါ - စပ်စပ်, ပျတ်ပျတ်မြည်အောင်၊
န ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။

[ပဉ္စမော - ငါးဝဂ်မြောက်သော၊
ကဗဠဝဂ္ဂေါ - ကဗဠဝဂ်တည်း။]

၂၄။ စပုစပု ကာရက

စပု စပု”သဒ္ဒါကား ပါးစပ်မှ မြည်သံကို အတုလိုက်၍ ပြုထားသော “အနုကရဏ”သဒ္ဒါတည်း။ အသံကြားရာ၌ လူ တမျိုးနှင့်တမျိုး ကြားပုံချင်း မတူကြ။ ထမင်းစားသည့်အခါ တချို့ မြည်တတ်သော အသံကို မြန်မာတို့က “ပျတ်=ပျတ်”ဟု ကြား၏။ တချို့ကား စပ်=စပ်”ဟု ကြား၏။ ပါဠိသုံးမှာမူ “စပု=စပု”ဟု ကြားဟန်တူသည်။ ထိုကဲ့သို့ အသံမထွက်အောင် ဆွမ်းစားရမည် ဟူလို။

---

သေခိယ အခန်း (သုရုသုရုဝဂ်)

၂၅။ သုရုသုရု ကာရက

န သုရုသုရုကာရကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။

သုရုသုရု ကာရကံ - သုရုသုရု ဟု အသံပြု၍၊
ဝါ - ရှုပ်ရှုပ်မြည်အောင်၊
န ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။

၂၅။ သုရုသုရု ကာရက

ဤ “သုရုသုရု” သဒ္ဒါလည်း “အနုကရဏ = အသံကို အတုလိုက်၍ ပြုထားသော” သဒ္ဒါပင်တည်း။ ပါဠိက “သုရု=သုရု” မြန်မာက “ရှရု=ရှရု” အသံကြားသည်။ ထိုအသံမျိုး မဖြစ်အောင် ဆွမ်းကိုလည်း စား၊ ဟင်း နွားနို့ စသည်ကိုလည်း သောက်ရမည်

---

သေခိယ အခန်း (သုရုသုရုဝဂ်)

၂၆။ ဟတ္ထ နိလ္လေဟက

န ဟတ္တနိလ္လေဟကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။

ဟတ္ထနိလ္လေဟကံ - လက်ကို လျက်၍ လျက်၍၊
န ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။

၂၆။ ဟတ္ထနိလ္လေဟက

တချို့လူများ ထမင်းစားရာ၌ လက်ချောင်းကို လျှာဖြင့် လျက်၏။ ပါးစပ်ဖြင့် စုပ်၏။ လက်ဝါးပြင်ကိုပင် လျက်တတ်သေး၏။ ထိုအားလုံးကို မလုပ်ကောင်း

သို့သော် လက်ချောင်းဖြင့် ကော်၍ စားရသော ယာဂုပျစ်၊ နို့ဃနာ၊ တင်လဲ၊ ပျားရည် စသည်ကိုကား လက်ချောင်းကို ပါးစပ်တွင်း သွင်း၍ စုပ်ယူမှုကြောင့် သဗ္ဗံ ဟတ္ထံ မုခေ ပက္ခိပန သိက္ခာပုဒ်အရ အနာပတ္တိ

---

သေခိယ အခန်း (သုရုသုရုဝဂ်)

၂၇။ ပတ္တနိလ္လေဟက

န ပတ္တနိလ္လေဟကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။

ပတ္တနိလ္လေဟကံ - သပိတ်ကို ခြစ်၍ ခြစ်၍ ၊ပေ၊ ကရဏီယာ။

၂၈။ ဩဋ္ဌနိလ္လေဟက

န သြဋ္ဌနိလ္လေဟကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။

ဩဋ္ဌနိလ္လေဟကံ - နှုတ်ခမ်းကိုလျက်၍လျက်၍ ၊ပေ၊ ကရဏီယာ။

၂၇-၂၈။ ပတ္တနိလ္လေဟက၊ ဩဋ္ဌနိလ္လေဟက

ဆွမ်းစားသည့် အခါ ကုန်လုနီးသော် သပိတ်ကို လက်ချောင်း တချောင်းနှင့်မျှ ခြစ်ချုပ်၍ မစားရ။ ထုံးစံအတိုင်း သိမ်းရုံး၍သာ စားကောင်းသည်။ နှုတ်ခမ်းကိုလည်း လျှာဖြင့် (အကပ် အသတ် ကလေးများ ကုန်အောင်) မလျက်ရ။ အကပ် အသတ်များကို နှုတ်ခမ်းချင်းဖြင့်သာ သိမ်းယူ၍ ခံတွင်း ရောက်အောင် သွင်းယူရမည်။

[“လျက် ဟူရာ၌ နှုတ်ခမ်းပြင်ဘက်သို့ လျှာထွက်လာသော လျက်ခြင်းကို တားမြစ်တော်မူလိုမည် ထင်သည်။ လျှာမပေါ်အောင် အတွင်းက နှုတ်ခမ်းကို လျက်ရာ၌ အပြစ် မရှိတန်ရာ။]

---

သေခိယ အခန်း (သုရုသုရုဝဂ်)

၂၉။ ပါနီယတ္ထာလက

န သာမိသေန ဟတ္ထေန ပါနီယထာလကံ ပဋိဂ္ဂဟေဿာမီတိ သိက္ခာ ကရဏီယာ။

သာမိသေန - ဆွမ်းစသော အာမိသနှင့်တကွ ဖြစ်သော၊
ဟတ္ထေန - လက်ဖြင့်၊
ပါနီယတ္ထာလကံ - သောက်ရေခွက်ကို၊
န ပတိဂ္ဂဟေဿာမိ - မကိုင်အံ့၊
ဣတိ သိက္ခာ ကရဏီယာ။

၂၉။ ပါနီယတ္ထာလက

[ပါနီယ = သောက်ရေ + ထာလက = ခွက်ငယ်။] သံဃာ့ဥစ္စာ ကိုယ့်ဥစ္စာ လူ့ဥစ္စာ အားလုံးကိုပင် သောက်ရေခွက်မှန်က ဆွမ်းစားပြီး၍ လက်၌ ဆွမ်းဟင်း၊ သရည်စာ အာမိသ ပေနေလျှင် ထိုလက်ဖြင့် မကိုင်ရ။ သို့သော် အာမိသ မပေသော လက်ချောင်းဖြင့်ကား ကိုင်ကောင်း၏။ “ရေခွက်ကို အာမိသ ရှိသောလက်ဖြင့် ကိုင်ပြီးလျှင် ဆေးမည်”ဟု နှလုံးသွင်း၍ ကိုင်မူ အနာပတ္တိ

---

သေခိယ အခန်း (သုရုသုရုဝဂ်)

၃၀။ သသိတ္ထက

န သသိတ္ထကံ ပတ္တဓောဝနံ အန္တရဃရေ ဆဍ္ဋေဿာမီတိ သိက္ခာ ကရဏီယာ။

သသိတ္ထကံ - ဆွမ်းလုံးနှင့် တကွ ဖြစ်သော၊
ပတ္တ ဓောဝနံ - သပိတ်ဆေးရေကို၊
အန္တရဃရေ- ရွာတွင်း၌၊
န ဆဋ္ဋေဿာမိ- မစွန့်အံ့၊
ဣတိ - ဤသို့၊
သိက္ခာ- ကို၊
ကရဏီယာ- ပြုထိုက်၏။

၃၀။ သသိတ္ထက

ဆွမ်းလုံးပါသော သပိတ်ဆေးရေကို မြို့ရွာတွင်း၌ မသွန်ရ။ ဆွမ်းကို တနေရာမှာ စုပုံပြီးမှ ရေချည်းသက်သက် ဖြစ်စေ၊ ဆွမ်းလုံး များကို အားလုံး မထင်ရှားအောင် ချေပြီးမှ ရေနှင့်တကွ ဖြစ်စေ သွန်ကောင်း၏။ လက်ဆေးရုံ စသည်၌ကား ဆွမ်းလုံးရော ရေပါ မြို့ရွာတွင်း ဖြစ်စေကာမူ သွန်ကောင်း၏။ မြို့ရွာ၏ အပြင်ဘက်ရောက်မှ သွန်ရာ၌ကား ဆိုဘွယ်ပင်မရှိ။

“သက္ကစ္စဘုဉ္ဇနပဋိသံယုတ္တ” သိက္ခာပုဒ်များ ပြီး၏။

---

သေခိယ အခန်း (ပါဒုကဝဂ်)

၁။ ဆတ္တပါဏိ

န ဆတ္တပါဏိဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ။

ဆတ္တပါဏိဿ - လက်၌ ထီးရှိသော၊
အဂိလာနဿ - ဂိလာန မဟုတ်သူအား၊
ဓမ္မံ - ပါဠိ အဋ္ဌကထာ ဓမ္မကို၊
န ဒေသေဿာမိ - မဟောအံ့၊
ဣတိ သိက္ခာ ကရဏီယာ။

၁။ ဆတ္တပါဏိ

လက်၌ ထီးကိုင်လျက် ရှိသူအား (ဂိလာန မဟုတ်လျှင်) တရား မဟောရ၊ တရားဟောလိုလျှင် ထီးကို လက်မှ လွှတ်စေပြီးမှသာ ဟောရမည်

[ကိုယ်အင်္ဂါ တစုံတခုနှင့် ထိနေစေကာမူ လက်ဖြင့် မထိလျှင် ဆတ္တပါဏိ မဟုတ်၊ နောက်နောက် ဒဏ္ဍပါဏိ စသည်၌လည်း ဤနည်းပင်။]

---

သေခိယ အခန်း (ပါဒုကဝဂ်)

၂။ ဒဏ္ဍပါဏိ

န ဒဏ္ဍပါဏိဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ။

ဒဏ္ဍပါဏိဿ - လက်၌ ၄ တောင်ပြည့် ဒုတ်ရှိသော၊
အဂိလာနဿ - အား၊
ဓမ္မံ - ကို၊
န ဒေသေဿာမီတိ သိက္ခာ ကရဏီယာ။

၃။ သတ္ထပါဏိ

န သတ္ထပါဏိဿ အဂိလာနဿ ဓမ္မံ ဒေဿာမီတိ သိက္ခာ ကရဏီယာ။

သတ္ထပါဏိဿ - လက်၌ ဓားစသော လက်နက်ရှိသော၊
အဂိလာနဿ - အား၊
ဓမ္မံ - ကို၊
န ဒေသေဿာမိတိ သိက္ခာ ကရဏီယာ။

၄။ အာဝုဓပါဏိ

န အာဝုဓပါဏိဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ။

အာဝုဓပါဏိဿ - လက်၌ လေးရှိသော ၊ပေ၊ သိက္ခာ ကရဏီယာ။

ဆဋ္ဌော - ခြောက်ဝဂ်မြောက်သော၊
သုရုသုရုဝဂ္ဂေါ - တည်း။

၂။ ၃။ ၄။

ဒဏ္ဍ”အရ ၄ တောင်ရှိ ဒုတ်ကိုသာ ယူရမည်။ ထို့အောက် တိုသော ဒုတ်၊ ထို့ထက်ရှည်သော ဒုတ်ကို မယူရ။
သတ္ထ”အရ ဓား သန်လျက် လှံ စသော လက်နက်တွင် ပါဝင်သမျှကို ယူ
အာဝုဓ”အရ ညှို့ တင်ပြီးဖြစ်စေ၊ မတင်သေးဖြစ်စေ၊ လေးဆိုင်ရာ အားလုံး (လေးကိုင်း၊ လေးကြိုး၊ မြားတို့ပါ) ယူရမည်
[ဓား စသည်ကို လက်ဖြင့် မကိုင်ဘဲ ပခုံးဖြင့် လွယ်ထားလျှင် သတ္ထပါဏိ စသူ မဟုတ်။]

သေခိယ အခန်း (ပါဒုကဝဂ်)

၅။ ပါဒုကာရုဠှ

န ပါဒုကာရုဠှဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ။

ပါဒုကာရုဠှဿ - ခြေနင်းစီးသော၊
အဂိလာနဿ - အား၊
ဓမ္မံ န ဒေသေဿာမီတိ သိက္ခာ ကရဏီယာ။

၆။ ဥပါဟနာရုဠှ

န ဥပါဟနာရုဠှဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ။

ဥပါဟနာရုဠှဿ - ဖိနပ်စီးသော ၊ပေ၊ သိက္ခာ ကရဏီယာ။

၅။ ၆။ ရှင်းလင်းချက်

ပါဒုကနှင့် ဥပါဟနကို သက္ကတအဘိဓာန်၌ အနက်တူ ဖွင့်ထား၏။ မင်းမြောက်တန်ဆာ ၅ ပါးကို ပြရာ၌လည်း အဘိဓာန်၌ “ပါဒုကာ” လာ၍ သံကိစ္စဇာတ်၌ “ဥပါဟန”ဟု လာ၏။ ထို့ကြောင့် အခြားကျမ်းဂန်တို့ အလို ဥပါဟနနှင့် ပါဒုကာသည် အနက်တူ ဟုပင် မှတ်သင့်၏။

ဤ သေခိယ၌ကား သိက္ခာပုဒ် ၂ ပါး ရှိသောကြောင့် ဟိန္ဒူများ စီးလေ့ရှိသော သဲကြိုး မပါ၊ အဖျား၌ ကြေးဗုတပ်၍ ထိုကြေးကို ခြေမ ခြေညှိုးဖြင့်ညှပ်လျက် စီးရသော ဖိနပ်ကို “ပါဒုကာ”ဟု ခေါ်၍ အခြား သဲကြိုးတပ် အမျိုးမျိုးနှင့် ယခုခေတ် ရှူးဖိနပ် (ခြေနင်း) များကို “ဥပါဟန”ခေါ်သည်ဟု မှတ်ပါ။

သေခိယ အခန်း (ပါဒုကဝဂ်)

၇။ ယာနဂတ

န ယာနဂတဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ။

ယာနဂတဿ - ယာဉ်ပေါ်၌ တက်ရောက်နေသော ၊ပေ၊ ကရဏီယာ။

၇။ ယာနဂတ ရှင်းလင်းချက်

[ယာန - ယာဉ်ပေါ်၌+ ဂတ - ရောက်နေသူ (စီးနေသူ)၊]

“ယာဉ်”ဟူရာ၌ ယခုကာလ လှည်း၊ လန်ချား၊ ရထား၊ ကားအမျိုးမျိုး အပြင် အဝတ်ထမ်းဝင်များနှင့် လူ ၂ ယောက် လက်ချင်းယှက်၍ ချီ မ ယူအပ်သော လက်ယှက်များကိုပါ ယူရမည်တဲ့။ ထိုယာဉ်ပေါ် နေသူကို ယာဉ်အောက်နေသူက တရား မဟောရ။

အကြောင်းအားလျော်စွာ တရားဟောသူပါ ယာဉ်တခုပေါ်၌ အတူနေလျှင် ဟောကောင်း၏။ သို့သော် ဟောသူမှာ နောက်ကလည်း မနေရ၊ နိမ့်ရာ၌လည်း မနေရ။ ယာဉ် ၂ စီးပေါ်၌ အသီးအသီး ရောက်နေ မူကား ဟောသူ၏ ယာဉ်က နောက်လည်း မကျစေရ၊ နိမ့်လည်း မနိမ့်စေရ။

သေခိယ အခန်း (ပါဒုကဝဂ်)

၈။ သယနဂတ

န သယနဂတဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ။

သယနဂတဿ - အိပ်ရာ၌ ရောက်နေသော၊
အဂိလာနဿ - အား ၊ပေ၊ သိက္ခာ ကရဏီယာ။

၈။ သယနဂတ ရှင်းလင်းချက်

အိပ်ရာ ဟူရာ၌ အိပ်ဘို့ပြင်ထားသော နေရာကိုသာ ဆိုလိုသည် မဟုတ်။ မြေကြီးပေါ်၌ဖြစ်စေ လျောင်းနေလျှင် ထို မြေကြီးသည် ‘အိပ်ရာ” ပင်တည်း။

မိန့်တော်မူလိုရင်းမှာ -
“လျောင်းအိပ်နေသူကို ဓမ္မ ကထိက လုပ်သူက တရားဟောပလ္လင် အင်းပျဉ်ညောင်စောင်းမှာ နေလျက်ပင် ဖြစ်စေ၊ ရပ်၍ ထိုင်၍ဖြစ်စေ မဟောရ” ဟူလို။ လျောင်းနေချင်းတူလျှင် (ဟောသူ့ နေရာက မနိမ့်မူ) ဟောကောင်း၏။ လျောင်းနေသော ဓမ္မကထိကက ထိုင်သူ ရပ်သူ ၂ မျိုးလုံး အားလည်း ဟောကောင်း၏။ ထိုင်နေသော ဓမ္မကထိကသည် ထိုင်သူ ရပ်သူ ၂ မျိုးလုံးကို ဟောကောင်း၏။ “ရပ်နေသော ဓမ္မကထိကကား ရပ်နေချင်းတူသူကိုသာ ဟောကောင်းသည်”ဟု နောက်၌ “နဌိတော နိသန္နဿ” စသည်ဖြင့် မိန့်တော်မူဦးလတံ့။

အချုပ်မှာ-

ဣရိယာပုထ် ၄ ပါးတွင် ရပ်ခြင်းဣရိယာပုထ်သည် လေးစားရာ အရောက်ဆုံး၊ ထို့နောက် ထိုင်ခြင်းသည် လေးစားရာရောက်၏။ ထို့ကြောင့် လေးစားသော ဣရိယာပုထ်ဖြင့် တရားနာသူ၊ ညီမျှသောဣရိယာပုထ်ဖြင့် တရား နာသူကိုသာ ဟောရမည် ဟူလို။

ထို့ကြောင့် ယခုကာလ မတ်တတ်ရပ်၍ ရဟန်းသာမဏေကိုယ်တိုင် သြဘာစာ ဖတ်ကြားရာ၌ ပါဠိအဋ္ဌကထာ ပါဝင်နေသော် လာလတံ့ဖြစ်သော “န ဌိတော နိသိန္နဿ” သိက္ခာပုဒ်အရ အပြစ် မဖြစ်အောင် ဒကာ တယောက်ယောက်ကို မတ်မတ် ရုပ်စေပြီးလျှင် ဖတ်သူကလည်း ထို ဒကာကို ဖတ်ပြသည်ဟု သဘော ထားရန် စီမံလေ့ရှိကြသည်။

သေခိယ အခန်း (ပါဒုကဝဂ်)

၉။ ပလ္လတ္တိကနိသိန္န

န ပလ္လတ္ထိကာယ နိသိန္နဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ။

ပလ္လတ္တိကာယ - လက်, အဝတ်တို့ဖြင့် ထက်ဝန်းကျင် ပတ်ဖွဲ့ခြင်းဖြင့်၊
နိသိန္နဿ - သော ၊ပေ၊ ကရဏီယာ။

၉။ ပလ္လတ္တိကနိသိန္န ရှင်းလင်းချက်

ပလ္လတ္တိက၏ အနက်ကို ခမ္ဘကတဝဂ်၌ ပြခဲ့ပြီ။ ထိုကဲ့သို့ ထိုင်နေသူအား တရားမဟောကောင်း။

သေခိယ အခန်း (ပါဒုကဝဂ်)

၁၀။ ဝေဌိတသီသ

န ဝေဌိတသီသဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ။

ဝေဌိတသီသဿ - ရစ်ပတ်အပ်သော ဦးခေါင်းရှိသော၊
အဂိလာနဿ ၊ပေ၊ သိက္ခာ ကရဏီယာ။

၁၀။ ဝေဌိတသီသ ရှင်းလင်းချက်

ဝေဌိတ” အရ “ရစ်ပတ်” ဟူရာ၌ ခေါင်းပေါင်း ပေါင်းသော ရစ်ပတ်ခြင်း၊ ဦးထုပ်ဆောင်းသော၊ မကိုဋ် ဆောင်းသော ရစ်ပတ်ခြင်း၊ ပန်ချာပီခေါင်းပေါင်း ရစ်ပတ်ခြင်းအားလုံးကိုယူ။ ထိုသို့ ရစ်ပတ် ထားရာ၌ ဆံစ မပေါ်သူကိုသာ တရား မဟောကောင်း။ မြန်မာတို့ ခေါင်းပေါင်းပုံမှာ များသောအားဖြင့် ဆံစ ပေါ်နေသောကြောင့် တရားဟောကောင်းပါ၏။ ဆံစ မပေါ်လျှင် ဆံစကို ဖော်ပြီးမှ တရား ဟောရမည်။

သေခိယ အခန်း (ပါဒုကဝဂ်)

၁၁။ ဩဂုဏ္ဌိတသီသ

န ဩဂုဏ္ဌိတသီသဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ။

ဩဂုဏ္ဌိတသီသဿ - ခြုံအပ်သောဦးခေါင်းရှိသော၊
အဂိလာနဿ ၊ပေ၊ သိက္ခာ ကရဏီယာ။

၁၁။ ဩဂုဏ္ဌိတသီသ ရှင်းလင်းချက်

ဩဂုဏ္ဌိတ အနက်ကို ဖွင့်ပြခဲ့ပြီ။
ပသီမိန်းမများ ခေါင်းမြီးခြုံသလို ခြုံထားလျှင် ထို ခေါင်းမြီးခြုံကို ဖွင့်စေပြီးမှ တရားဟောရမည်။

သေခိယ အခန်း (ပါဒုကဝဂ်)

၁၂။ ဆမာ

န ဆမာယံ နိသီဒိတွာ အာသနေ နိသိန္နဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ။

ဆမာယံ - မြေ၌၊
နိသီဒိတွာ - ထိုင်၍၊
အာသနေ - နေရာ၌၊
နိသိန္နဿ အဂိလာနဿ ဓမ္မ န ဒေသေဿာမီတိ သိက္ခာ ကရဏီယာ။

၁၂။ ဆမာ ရှင်းလင်းချက်

မြေကြီးပေါ်၌ ထိုင်နေသော ဓမ္မကထိကသည် မြက်အခင်း ဖြစ်စေ၊ အဝတ်ဖြစ်စေ ခင်းထိုင်နေသူအား တရား မဟောကောင်း။

သေခိယ အခန်း (ပါဒုကဝဂ်)

၁၃။ နီစ

န နီစေ အာသနေ နိသီဒိတွာ ဥစ္စေ အာသနေ နိသိန္နဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ။

နီစေ - နိမ့်သော၊
အာသနေ - နေရာ၌၊
နိသီဒိတွာ - ထိုင်၍၊
ဥစ္စေ - မြင့်သော၊
အာသနေ - နေရာ၌၊ နိသိန္နဿ ၊ပေ၊ ကရဏီယာ။

၁၃။ နီစ ရှင်းလင်းချက်

မြေပြင်ချင်း တူသော်လည်း နိမ့်သောမြေပေါ်၌ ထိုင်လျက် မြင့်မောက်သော မြေပေါ်ဝယ် ထိုင်နေသူအား တရားမဟောကောင်း။

သေခိယ အခန်း (ပါဒုကဝဂ်)

၁၄။ ဌိတ

န ဌိတော နိသိန္နဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ။

ဌိတော - ရပ်လျက်၊
နိသိန္နဿ - ထိုင်နေသော၊
အဂိလာနဿ ၊ပေ၊ သိက္ခာ ကရဏီယာ။

၁၄။ ဌိတ ရှင်းလင်းချက်

မတ်မတ် ရပ်နေသူက ထိုင်နေသူအား တရား မဟောကောင်း။ ဆရာထေရ်ကြီးသည် ထိုင်လျက် မိမိ အနီးအပါး၌ ရပ်နေသူ ရဟန်း သာမဏေအား ပါဠိအဋ္ဌကထာ ဆိုင်ရာ ပြဿနာကို မသိ၍ မေးလျှင် ရဟန်း သာမဏေက မဖြေကောင်း၊ ဆရာကို “ရပ်၍ မေးပါ”ဟု လျှောက်ရန်လည်း မသင့်၊ ထိုသို့ အခက်အခဲ ကြုံနေသည့်အခါ မိမိ အနီးအပါး၌ (ရပ်နေသူ)ကို ဖြေမည်ဟု နှလုံးသွင်း၍ ဖြေရမည်ဟု အဋ္ဌကထာ မိန့်၏။

[ဆရာက တပည့် ဉာဏ်ကို စမ်းလို၍ ထိုင်လျက် မေးရာ၌ကား ရပ်နေသော တပည့်ကလည်း “သည်လို မဟုတ်ပါလား” ဟု ပြန်မေးသည့်အနေအားဖြင့် ဖြေကောင်း၏။]

သေခိယ အခန်း (ပါဒုကဝဂ်)

၁၅။ ပစ္စတော ဂစ္ဆန္တ

န ပစ္ဆတော ဂစ္ဆန္တော ပုရတော ဂစ္ဆန္တဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ။

ပစ္ဆတော - နောက်မှ၊
ဂစ္ဆန္တော – သွားစဉ်၊
ပုရတော - ရှေ့မှ၊
ဂစ္ဆန္တဿ - သွားသော၊
အဂိလာနဿ၊ ပေ၊ ကရဏီယာ။

၁၅။ ပစ္ဆတော ဂစ္ဆန္တ ရှင်းလင်းချက်

ခရီးသွားစဉ် နောက်ကလိုက်သော ရဟန်းက ရှေ့ကသွားသူအား တရား မဟောကောင်း။ ပါဠိ အဋ္ဌကထာ ဆိုင်ရာ ပြဿနာ မေးလျှင်လည်း မိမိနောက်ကသူအား ဖြေမည်ဟု နှလုံးသွင်း၍ ဖြေရမည်။

သေခိယ အခန်း (ပါဒုကဝဂ်)

၁၆။ ဥပ္ပထေန ဂစ္ဆန္တ

န ဥပ္ပထေန ဂစ္ဆန္တော ပထေန ဂစ္ဆန္တဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ။

ဥပ္ပထေန - လမ်းမဟုတ်သော ခရီးဖြင့်၊
ဂစ္ဆန္တော – သွားစဉ်၊
ပထေန - လမ်းဖြင့်၊
ဂစ္ဆန္တဿ ၊ပေ၊ ကရဏီယာ။

၁၆။ ဥပ္ပထေန ဂစ္ဆန္တ ရှင်းလင်းချက်

လမ်းဘေးမှ လိုက်နေသော ရဟန်းသည် လမ်းပေါ်၌ သွားနေသူအား တရားမဟောကောင်း။

[“တရား”ဟု လာသမျှ၌ ပါဠိ အဋ္ဌကထာဆိုင်ရာ ပါဠိဘာသာဖြင့် ပြောသော တရားဟုချည်း မှတ်ပါ။ အခြား ဘာသာစကားဖြင့်ကား ပြောဟောကောင်းသည်ချည်းသာ။]

သေခိယ အခန်း (ပါဒုကဝဂ်)

၁၇။ ဌိတော ဥစ္စာရ

န ဌိတော အဂိလာနော ဥစ္စာရံ ဝါ ပဿာဝံ ဝါ ကရိဿာမီတိ သိက္ခာ ကရဏီယာ။

ဋ္ဌိတော - ရပ်လျက်၊
အဂိလာနော - ဂိလာန မဟုတ်ဘဲ၊
ဥစ္စာရံဝါ - ကျင်ကြီးကို၎င်း၊
ပဿာဝံ ဝါ - ကျင်ငယ်ကို၎င်း၊
န ကရိဿာမိ - မပြုအံ့ ၊ပေ၊ ကရဏီယာ။

၁၇။ ဌိတောဥစ္စာရ ရှင်းလင်းချက်

ဂိလာနဖြစ်သူမှာ ချမ်းသာသလို၊ ကျင်ကြီး ကျင်ငယ် စွန့်နိုင်သော်လည်း ဂိလာန မဟုတ်သူကား မတ်မတ်ရပ်လျက် ကျင်ကြီး ကျင်ငယ် မစွန့်ရ။ စွန့်ရာအရပ်သို့သွားနေစဉ် မချုပ်တည်းနိုင်၍ ထွက်သွားသော် အနာပတ္တိ။

ကုဋိဝတ်

ရှေး ဆရာတော်တို့သည် ကျောင်းတိုက်၏ စည်းကမ်း ရှိ-မရှိကို ဝစ္စကုဋိအိမ်၏ အခြေအနေကြည့်၍ အသိအမှတ်ပြုကြပါသည်။ သို့ဖြစ်၍ ဝစ္စကုဋိနှင့် ပဿာဝကုဋိတို့ကို ပထမသန့်ရှင်းစွာ တည်ရှိစေ ပြီးနောက် ရေစစ်နှင့် တကွသော သန့်သက်ရေအိုးနှင့် ကနုတံ ကနုတံပုံးများကိုလည်း ထို ဝစ္စကုဋိ၌ တည်ရှိစေ သင့်သည်။

ကနုတံပုံး ၂ လုံးတွင် အဟောင်းပုံးကို ထိုင်သောနေရာ၏ ဝဲဘက်၌ ထား၍ အသစ်ပုံးကို ယာဘက်က ထားသင့်သည်။ သုံးပြီး ကနုတံများကို အဟောင်း ပုံးတွင် ဖရိုဖရဲ ချမထားဘဲ စီလျက်နေအောင် ချထား သင့်သည်။ ရေများများ သုံးနိုင်လျှင်၊ သို့မဟုတ် သံဃာနည်းပါးသော ကျောင်းဖြစ်လျှင် ကနုတံများကို ပုံး၌ များစွာမထားဘဲ သုံးပြီးသော ကနုတံကို ကိုယ်စီကိုယ်င ချက်ခြင်းဆေးသော နည်းများကိုလည်း အသုံးပြုသင့်ပါသည်။ ဤကဲ့သို့ နေသားတကျ ရှိစေလျက် ညွှန်ပြအပ်လတံ့သော ဝတ်များကို ပြုလုပ် သင့်ပါသည်။

၁။ ပဝိသေယျုဗ္ဘဇိတွာ နော, သဟသာ ပဝိသေယျစ

ဥက္ကာသိတွာ ဝုဗ္ဘဇေယျ, ပါဒုကာသွေဝ သဏ္ဍိတော။

ဥဗ္ဘဇိတွာ - သင်းပိုင်ကို ပင့်၍၊
နော ပဝိသေယျ - မဝင်ရာ၊
သဟသာစ - အဆောတလျင်လည်း၊
နော ပဝိသေယျ - ရာ၊
ဥက္ကာသိတွာဝ - ချောင်းဟန့်၍ သာလျှင်၊
ပဝိသေယျ - ဝင်ရာ၏၊
ပါဒုကာသု - ခြေနင်းခုံတို့၌၊
သဏ္ဍိတောဧဝ - ကောင်းစွာ ရပ်ပြီးမှသာလျှင်၊
ဥဗ္ဘဇေယျ - သင်းပိုင်ကို မ ရာ၏။

[ဝစ္စကုဋီတွင်းသို့ မရောက်ခင် (ကလေးများကဲ့သို့) သင်းပိုင် မ၍ မဝင်ရ၊ အရေးတကြီး သုတ်သီး သုတ်ပျာလည်း မဝင်ရ။ ရှေးက ကုဋိများ၌ အားလုံး တံခါးပိတ်ထားကြသည်။ သို့ဖြစ်၍ အတွင်း၌ တယောက်ယောက် ရှိ-မရှိ သိဘို့ အပြင်ဘက်မှ ဝင်ခါနီး၌ “အဟမ်း”ဟု ချောင်းသံ ပြုရမည်။ အတွင်း၌ ရှိလျှင်လည်း ထိုအတွင်း ပုဂ္ဂိုလ်က ပြန်၍ ချောင်းသံပြုရမည်။ ကုဋိတွင်း၌ ခြေနင်းခုံများ ပေါ်ဝယ် ရပ်မိမှ သင်းပိုင်ကို မ ရမည်။ ပဿာဝကုဋိ (ကျင်ငယ်အိမ်) ၌လည်း ဆိုင်ရာကျင့်ဝတ်များ ကျင့်ရမည်။]

၂။ န ကရေ နိတ္ထုနံ ဝစ္စံ, ဒန္တကဋ္ဌဉ္စ ခါဒယံ

ဝစ္စပဿာဝ ဒေါဏီနံ, န ကရေယျ ဘယံ ဗဟိ။

နိတ္ထုနံ - ညည်းလျက်၎င်း၊
ဒန္တကဋ္ဌံ - ဒန်ပူကို၊
ခါဒယံ - ခဲလျက်၎င်း၊
ဝစ္စံ- ကျင်ကြီးကို၊
န ကရေယျ - မစွန့်ရာ၊
ဝစ္စပဿာဝ ဒေါဏီနံ - ကျင်ကြီးခွက် ကျင်ငယ်ခွက်တို့၏၊
ဗဟိ− ပြင်ဘက်၌၊
ဥဘယံ - ကျင်ကြီး ကျင်ငယ် ၂ မျိုးကို၊
န ကရေယျ - မပြုရာ။

[ကျင်ကြီးစွန့်ရာ၌ “အင်း - အင်း” နှင့် ညည်းညူလျက်လည်း မစွန့်ရ၊ ဒန်ပူကိုက်၍လည်း မစွန့်ရ၊ ကျင်ကြီးတွင်း ကျင်ကြီးခွက် ကျင်ငယ်လမ်း ကျင်ငယ်ခွက်များ ရှိ၏။ ထိုတွင်း ထိုခွက် ထိုလမ်းများ၏ အပြင်ဘက်၌ (ဘေး၌) ချော်ထွက်အောင်လည်း မစွန့်ရ။ ထို့ပြင် ကျောင်းတိုက်တွင်းဖြစ်မူ ကျင်ကြီး ကျင်ငယ်စွန့်ရန် သတ်မှတ် ထားသော နေရာမှတပါး အခြား တလင်းပြင် စသည်၌ မစွန့်ရ။]

၃။ ကူပေ ကဋ္ဌံ န ပါတေယျ, ခေဠံ ပဿာဝဒေါဏိယံ

နာဝလေခေယျ ဖရုသေ, နုဟဒဉ္စာပိ ဓောဝယေ။

ကူပေ - ကျင်ကြီးတွင်း၌၊
ကဋ္ဌံ - ကနုတံကို၊
န ပါတေယျ - တမင်္ဂလာ မချရာ၊
ပဿာဝဒေါဏိယံ – ကျင်ငယ်ချောင်း (ကျင်ငယ်ခွက်)၌၊
ခေဠံ - တံတွေးကို၊
န ပါတေယျ - မထွေးရာ၊
ဖရုသေန - ကြမ်းသော ဆွေးသော ကွဲအက်သော ကနုတံဖြင့်၊
န အဝလေခေယျ - မခြစ်, မသုတ်ရာ၊
ဥဟဒဉ္စာပိ - ကျင်ကြီးပေသည်ကိုလည်း၊
မောဝယေ - ဆေးပစ်ခဲ့ရာ၏။

[ကျင်ငယ်ချောင်း၌ တံတွေး ထွေးလျှင် သုက်အဆင်း ထင်ဘွယ်ရာ ရှိသောကြောင့် “ကျင်ငယ်ချောင်း၌ တံတွေး မထွေးရ၊ နပ်လည်း မညှစ်ရ”ဟု တားမြစ်တော်မူသည်။ သို့ဖြစ်၍ ကုဋိ အိမ်အတွင်း၌ ထွေးခံတလုံး ထားသင့်သည်။]

၄။ န နိက္ခမေယျ သဟသာ, ဥဗ္ဘဇိတွာ န နိက္ခမေ

စပု စပု နာစမေယျ, ဥက္လာပဉ္စ ဝိသောဓယေ။

သဟသာ - အဆောတလျင်၊
န နိက္ခမေယျ - မထွက်ရာ၊
ဥဗ္ဘဇိတွာ - သင်းပိုင်ကို မ ၍လည်း၊
န နိက္ခမေ - မထွက်ရာ၊
စပုစပု - စပ်စပ် အသံမြည်အောင်၊
န အာစမေယျ - သန့်သက်ရေ မဆေးရာ၊
ဥက္လာပဉ္စ - အမှိုက်ကိုလည်း၊
ဝိသောဓယေ - သုဓ်သင်ခဲ့ရာ၏။

မှတ်ချက်

ယခုကာလ၌ ကုဋိ တက်ရာဝယ် သန့်သက်ရေ ဆေးသူ နည်းပါးရုံမက တချို့ ကုဋိများ၌ ဆေးဘို့ရန် ရေပင် မရှိကြချေ။ သန့်သက်ရေ ဆေးမှုသည် အလွန်တန်းမြင့်သော ယဉ်ကျေးမှုတမျိုးဖြစ်၏။ ကနုတံ ခြစ်ရုံမျှဖြင့် မစင်ကြယ်နိုင်သည်မှာ (မိမိလက်ကို မစင်လူးရာ၌ သုတ်ပစ်ရုံဖြင့် အနံ့မပျောက်ပုံကို ထောက်၍) သိသာပါ၏။

ထို့ကြောင့် ဒုတ်သုတ်၊ စက္ကူသုတ် ၂ မျိုးလုံးပင် သန့်ရှင်းအောင် မတတ်နိုင်ရကား (သံဃာတော် များသာ မက) မြန်မာလူမျိုး အားလုံးပင် ဒုတ် စက္ကူတို့ဖြင့် သုတ်ပြီးနောက် ရေဆေးခြင်းကို အားကြီးလေ့လာ သင့်ကြပါသည်။ တတ်နိုင်ပါမူ ကျင်ငယ် စွန့်ပြီးနောက်လည်း ရေဖြင့် အင်္ဂါကို ဆေးသင့်သေး၏။ ထိုကဲ့သို့မဆေးလျှင် ညစ်ပေမှုနှင့်စပ်သော ရောဂါများလည်း ဖြစ်တတ်လေသည်။

ပုဂံပြည်၌ ကုလားကျမင်းသည် ကုလားအမျိုးသမီးကို မိဖုရား မြှောက်ထား၏။ ရှင်ဘုရင်က သန့်သက်ရေ မဆေးသောကြောင့် မိဖုရားက အကပ်မခံသဖြင့် မိဖုရားကိုသတ်။ မိဖုရားဆိုင်ရာ ကုလားတွေကလည်း နောက်၌ ရှင်ဘုရင်ကို သတ်သတဲ့။

သန့်သက်ရေ ဆေးပြီးနောက် လက် မသန့်ရှင်းသေးဟု ထင်လျှင် လက်ကို ဆပ်ပြာဖြင့် ဆေးပစ်ပါလေ။ ထို သန့်သက်ရေ ဆေးရာ၌ “စပ်စပ်=ပျတ်ပျတ်” အသံမျိုး မမြည်အောင် ငြိမ်သက်စွာ ဆေးရမည်။ ရေမရှိလျှင်လည်း ခပ်ရမည်။ ကုဋိအတွင်း၌ အမှိုက်ရှိလျှင် လှဲပစ်ရမည်။ သို့ဖြစ်၍ ကုဋိအတွင်း၌ တံမြက်စည်း တချောင်း ရှိသင့်ပေသည်။

ထို့ပြင် - ယခုကာလ၌ ကုဋိတက်ခါနီးဝယ် အတွင်းသို့ မဝင်မီ ဧကသီကို တန်းပေါ်တင်ထားခဲ့သူ နည်းပါး နေရုံမက တချို့ ကုဋိများ၌ သင်္ကန်းတန်းကို အတွင်းထား၍ တချို့ ကုဋိမှာ သင်္ကန်းတန်းပင် မရှိ။ ဧကသီ အတွင်း ရောက်နေလျှင် နံစော်မည်စိုး၍ အပြင်ထားခဲ့ရန် ပညတ်တော်မူသောကြောင့် သင်္ကန်းတန်းကို အပြင်ဘက်ထား၍ ထိုတန်းပေါ်၌ ဧကသီ (ခြုံထည်ပါ) ထားခဲ့ခြင်းသာလျှင် ပညတ်တော်နှင့် ညီပါသည်။

သေခိယ အခန်း (ပါဒုကဝဂ်)

၁၈။ ဟရိတေ ဥစ္စာရ

န ဟရိတေ အဂိလာနော ဥစ္စာရံ ဝါ ပဿာဝံ ဝါ ခေဠံ ဝါ ကရိဿာမီတိ သိက္ခာ ကရဏီယာ။

အဂိလာနော – ဂိလာန မဟုတ်ဘဲ၊
ဟရိတေ - စိမ်းစိုသော မြက် သစ်ပင်ရှိရာ အရပ်၌၊
ဥစ္စာရံ ဝါ - ကို၎င်း၊
ပဿာဝံ ဝါ - ကို၎င်း၊
ခေဠံ ဝါ - တံတွေးကို၎င်း၊
န ကရိဿာမိ - မပြုအံ့၊
ဣတိ သိက္ခာ ကရဏီယာ။

၁၈။ ဟရိတေ ဥစ္စာရ ရှင်းလင်းချက်

ဤသိက္ခာပုဒ်နှင့် နောက် သိက္ခာပုဒ်၌ ခေဠ သဒ္ဒါဖြင့် သိင်္ဃာဏိကာ (နှပ်) ပါ ယူ။ ထို့ကြောင့် ဂိလာန မဟုတ်လျှင် မသေသေးသော မြက်ပေါ်၌၎င်း၊ မြေကြီးပေါ်ဝယ် ပေါ်ထွက်နေသော သစ်မြစ်နှင့် ပင်စည် အကိုင်း အခက်တို့ အပေါ်၌၎င်း၊ ကျင်ကြီး ကျင်ငယ် နှပ် တံတွေးများ မစွန့် မထွေးကောင်း။

ပါးစပ်ဖြင့် ငုံထားသော ရေ၊ ကြံဖတ်၊ အရိုး စသည်ကိုကား ထွေးပစ်ကောင်း၏။ သစ်ကိုင်းပေါ်၌ နေ၍ စိမ်းစိုသော မြက် သစ်ခက် မရှိရာ အရပ်၌ကား စွန့်ချကောင်း၏။ မြက်ခင်းပေါ်၌နေစဉ် လွတ်လပ်သော မြေကွက်ကို မရနိုင်မူ မြက်ကရွတ်ခွေ၊ သစ်ရွက်ခြောက် စသည်တို့ အပေါ်၌ စွန့်ရမည်၊ ထို မြက်ခွေ သစ်ရွက်ခြောက်တို့မှ တဆင့် စီးသွား၍ မြက်ပေါ်ကျလျှင်၎င်း၊ မြက် သစ်ပင် မရှိရာအရပ်ကို ရှာနေစဉ် မချုပ်တည်းနိုင်၍ ထွက်သွားလျှင်၎င်း အနာပတ္တိ။

သေခိယ အခန်း (ပါဒုကဝဂ်)

၁၉။ ဥဒကေ ဥစ္စာရ

န ဥဒကေ အဂိလာနော ဥစ္စာရံ ဝါ ပဿာဝံ ဝါ ခေဠံ ဝါ ကရိဿာမီတိ သိက္ခာ ကရဏီယာ။

အဂိလာနော - ဂိလာန မဟုတ်ဘဲ၊
ဥဒကေ - သုံးဆောင်ကောင်းသော ရေ၌၊
ဥစ္စာရံဝါ - ကျင်ကြီးကို၎င်း၊
ပဿာဝံဝါ - ကျင်ငယ်ကို၎င်း၊
ခေဠံ ဝါ - တံတွေးကို၎င်း၊
န ကရိဿာမိ - မပြုအံ့၊
ဣတိ သိက္ခာ ကရဏီယာ။

သတ္တမော - ခုနစ်ဝဂ်မြောက်သော၊
ပါဒုကဝဂ္ဂေါ - တည်း၊

၁၉။ ဥဒကေ ဥစ္စာရ ရှင်းလင်းချက်

ဥဒက အရ သုံးစွဲ သောက်ချိုးကောင်းသော ရေကိုသာ ယူရမည်။ ကုဋိအတွင်း၌ ရေဝင်နေသော် ထိုရေမျိုး၌ ဥစ္စာရ စသည် ပြုသော်လည်း အနာပတ္တိ။ သမုဒ္ဒရာရေများလည်း သုံးဆောင်ကောင်းသော ရေမဟုတ်၊ မြစ်ထဲ၌ လှေ သင်္ဘော စသည်ကို စီးသွားစဉ်၎င်း၊ မိုးရွာသဖြင့် ရေပြင်ကြီး ဖြစ်နေစဉ်၎င်း ဥစ္စာရ စသည်ပြုဘို့ ရေလွတ်သောအရပ်ကို မရနိူင်မူ -

ဧတာဒိသေကာလေ - ဤကဲ့သို့သော ကာလ၌၊
အနုဒကဋ္ဌာနံ - ရေ မရှိသော အရပ်ကို၊
အလဘန္တေန - မရနိူင်သူသည်၊
ကာတုံ - ရေထဲ၌ စွန့်ချခြင်းငှာ၊
ဝဋ္ဋတိ - အပ်၏” ဟု အဋ္ဌကထာ မိန့်သည်။

သေခိယအဖွင့် ပြီးပြီ။

နိဂုံးနှင့် အနုဿာဝန

ဥဒ္ဒိဋ္ဌာ ခေါ အာယသ္မန္တော သေခိယာ ဓမ္မာ။ တတ္ထာယသ္မန္တေ ပုစ္ဆာမိ, ကစ္စိတ္တ ပရိသုဒ္ဓါ၊ ဒုတိယမ္ပိ ပုစ္ဆာမိ ကစ္စိတ္ထ ပရိသုဒ္ဓါ၊ တတိယမ္ပိ ပုစ္ဆာမိ, ကစ္စိတ္တ ပရိသုဒ္ဓါ၊ ပရိသုဒ္ဓေတ္တာယသ္မန္တော၊ တသ္မာ တုဏှီ၊ ဧဝမေတံ ဓာရယာမီတိ။

အာယသ္မန္တော - တို့၊
သေခိယာ - သေခိယ မည်ကုန်သော၊
ဓမ္မာ - သိက္ခာပုဒ်တို့ကို၊
ဥဒ္ဒိဋ္ဌာ - ကုန်ပြီ၊
တတ္ထ - ထို သေခိယတို့၌၊
အာယသ္မန္တေ - အရှင်တို့ကို၊
ပုစ္ဆာမိ - မေးပါ၏။
ကစ္စိ - အသို့ပါနည်း၊
ပရိသုဒ္ဓါ - အာပတ်မှ စင်ကြယ်သူတို့သည်၊
အတ္ထ - ဖြစ်ပါကုန်၏လော၊
ဒုတိယမ္ပိ – နှစ်ကြိမ်မြောက်လည်း၊
ပုစ္ဆာမိ - ၏၊
ကစ္စိ - နည်း၊
ပရိသုဒ္ဓါ - တို့သည်၊
အတ္ထ - ဖြစ်ပါကုန်၏လော၊
တတိယမ္ပိ - လည်း၊
ပုစ္ဆာမိ - ၏၊
ကစ္စိ, ပရိသုဒ္ဓါ, အတ္ထ

အာယသ္မန္တော - အရှင်တို့ သည်။
ဧတ္ထ - ဤသေခိယတို့၌။
ပရိသုဒ္ဓါ - အာပတ်မှ စင်ကြယ်ကြကုန်၏။
တသ္မာ - ထို့ကြောင့်၊
တုဏှီ - ဆိတ်ဆိတ်သည်၊
အာသိ - ဖြစ်ပြီ၊
ဧဝံ - ဤသို့ ဆိတ်ဆိတ် နေခြင်းကြောင့်လည်း၊
ဧတံ - ဤ အာပတ်မှ စင်ကြယ်ကြကြောင်းကို၊
ဓာရယာမိ - သိမှတ်ရပါ၏၊
ဣတိ - သေခိယ အပြီးတည်း၊

သေခိယာ - တို့သည်၊
နိဋ္ဌိတာ - ပြီးကုန်ပြီ။

အဓိကရဏ သမထအခန်း

နိဒါန်း

ဣမေ ခေါ ပနာယသ္မန္တော သတ္တ အဓိကရဏသမထာ ဓမ္မာ ဥဒ္ဒေသံ အာဂစ္ဆန္တိ။

အာယသ္မန္တော - တို့၊
သတ္တ - ခုနစ်ပါးကုန်သော၊
အဓိကရဏ သမထာ - အဓိကရဏသမထ မည်ကုန်သော၊
ဣမေ ခေါ ပန ဓမ္မာ - ဤသိက္ခာပုဒ်တို့သည်၊
ဥဒ္ဒေသံ - သို့၊
အာဂစ္ဆန္တိ - ရောက်ကုန်၏။

နိဒါန်း (အဓိကရဏ ဖွင့်ဆိုချက်)

အဓိကရဏ ဟူသည် သမထတို့၏ တည်ရာဖြစ်သော ငြင်းခုံမှု စသော ၄ ပါးတည်း။

အဓိကရီယန္တိ ဧတ္ထာတိ အဓိကရဏာနိ
ဧတ္ထ - ဤ ငြင်းခုံမှု စသည်တို့၌၊
သမထေဟိ - သမထတို့သည်၊
အဓိကရီယန္တိ - ငြိမ်းစေသော အားဖြင့် တည်နေအပ်ကုန်၏၊
ဣတိ - ဤသို့ သမထတို့၏ တည်နေရာ၏ အဖြစ်ကြောင့်၊
အဓိကရဏာနိ - အဓိကရုဏ်းတို့ မည်၏။

အဓိကရုဏ်းဖြစ်လျှင် သမထများက ထို အဓိကရုဏ်းကို ငြိမ်းစေနိုင်ကြ၏။ မီးကိုငြိမ်းစေသော ရေသည် မီးပေါ်မှာ တည်ရသကဲ့သို့၊ ထို့အတူ အဓိကရုဏ်းကို ငြိမ်းစေနိုင်သော သမထတို့လည်း အဓိကရုဏ်းပေါ်မှာ တည်ကြသည် မည်၏။ ဤသို့လျှင် သမထတို့၏ တည်ရာဖြစ်သောကြောင့် ဝိဝါဒစသော ၄ ပါးကို “အဓိကရဏ”ဟု ခေါ်ရ၏။

ဝိဝါဒါဓိကရုဏ်း

ထို အဓိကရုဏ်းသည် ဝိဝါဒါဓိကရုဏ်း၊ အနုဝါဒါဓိကရုဏ်း၊ အာပတ္တာဓိကရုဏ်း၊ ကိစ္စာဓိကရုဏ်း အားဖြင့် ၄ ပါး ရှိ၏။

ထိုတွင် တစုံတခုသောတရားကို တဘက်က ဓမ္မ၊ တဘက်က အဓမ္မဟု ငြင်းခုံခြင်း၊ တဘက်က ဝိယန၊ တဘက်က အဝိယနဟု ငြင်းခုံခြင်း စသည်ဖြင့် တဘက်နှင့် တဘက် ငြင်းခုံခြင်းကို (ငြင်းခုံ၍ မတဲ့ကြဘဲ ကွဲပြားနေခြင်းကို) “ဝိဝါဒါ ဓိကရုဏ်း” ဟု ခေါ်၏။

အနုဝါဒါဓိကရုဏ်း

ပါရာဇိက၊ သံဃာဒိသေသ် သင့်ခြင်းများကို သီလဝိပတ္တိ (သီလပျက်မှု)ဟု ခေါ်၏။
အောက် အာပတ် ၅ ဖုံ သင့်ခြင်းကို အာစာရဝိပတ္တိ (အကျင့်ပျက်မှု) ဟု ခေါ်၏။
ကုလဒူသန မိစ္ဆာဇီဝတို့ဖြင့် အသက်မွေးမှုများကို အာဇီဝဝိပတ္တိ ဟု ခေါ်၏။
အရိဋ္ဌ ရဟန်းကဲ့သို့ အယူလွဲမှုကို ဒိဋ္ဌိဝိပတ္တိဟု ခေါ်၏။
ထို ဝိပတ္တိတမျိုးမျိုးဖြင့် (ငါ့ရှင် ပါရာဇိကကျသည် စသည်ဖြင့်) စွပ်စွဲမှု၊ စောဒနာမှုကို “အနုဝါဒါဓိကရုဏ်း”ဟု ခေါ်၏။

အာပတ္တာ ဓိကရုဏ်း

ဒွေမာတိကာပါဠိတော်၌ တိုက်ရိုက်လာသော အာပတ် ၅ ဖုံ၊ မာတိကာကိုအကျယ်ပြသော ပဒဘာဇနီ ခေါ် ဝိဘင်းပါဠိတော်၌ လာသော ထုလ္လစ္စဉ်းနှင့် ဒုဗ္ဗာသိတ ၂ ဖုံ၊ ဤ အာပတ် ၇ ဖုံတွင် တဖုံဖုံသို့ သင့်ရောက် နေခြင်းကို “အာပတ္တာဓိကရုဏ်း”ဟု ခေါ်၏။

ဒုက္ကဋ်အာပတ်မှာ သေခိယ၌ နာမည် မတပ်သော်လည်း တိုက်ရိုက်လာသော အာပတ်ပင် ဖြစ်သည်။ “အာပတ္တာဓိကရုဏ်း” ဟူသည်မှာ အာပတ် သင့်နေခြင်းသာတည်း။ သင့်သည်ဖြစ်စေ၊ မသင့်သည် ဖြစ်စေ ထိုအာပတ်ဖြင့် သူတပါးက စွပ်စွဲခြင်းကိုကား “အနုဝါဒါဓိကရုဏ်း”ဟု ခေါ်သည်။

ကိစ္စာဓိကရုဏ်း

အပလောကနကံ၊ ဉတ္တိကံ၊ ဉတ္တိ ဒုတိယကံ၊ ဉတ္တိ စတုတ္ထကံအားဖြင့် (ဆန္ဒံ အဒတွာ ပက္ကမန သိက္ခာပုဒ်၌ပြခဲ့သော) ကံ ၄ ပါးတွင် တပါးပါးကို ပြုကြခြင်းသည် “ကိစ္စာဓိကရုဏ်း” မည်၏။

ဤသို့ အဓိကရုဏ်း ၄ ပါး ရှိသည်။

အာပတ် မဟုတ်

အဓိကရုဏ်းကို ငြိမ်းစေနိုင်သော “အဓိကရဏ သမထ” ဟူသည် ပြုကျင့်လျှင် အာပတ်သင့်ရသော သိက္ခာပုဒ်များ မဟုတ်ကြသော်လည်း အဓိသီလသိက္ခာဟူသော ပါတိမောက်သီလများ ရဘို့အကြောင်း (ထို သီလများ၏ စင်ကြယ်ကြောင်း) ဖြစ်သောကြောင့် သိက္ခာအမည် ရနိုင်သည်သာ။ ထို့ကြောင့် “ဣမေ ခေါ ပန ဓမ္မာ – ဤသိက္ခာပုဒ်တို့သည်” ဟု ဤအခန်း၌ အနက်ပေးသည်။

မှတ်ချက်

သိက္ခာယ - အဓိသီလသိက္ခာ၏ +
ပဒံ - ရကြောင်းသည်၊
သိက္ခာပဒံ - သိက္ခာပုဒ် မည်၏၊
အဓိကရဏာနိ - အဓိကရုဏ်းတို့ကို၊
သမေန္တိ - ငြိမ်းစေနိုင်ကုန်၏၊
ဣတိ - ကြောင့်၊
အဓိကရဏသမထာ - တို့မည်၏။

ဤစကားစဉ်အရ ဘိက္ခုပါတိမောက် သိက္ခာပုဒ်များကို ရေတွက်ရာ၌ ပါရာဇိက ၄ ပါးမှ စ၍ ၂၂၇ ပါး ရှိ၏။ အာပတ်ကို ရေတွက်လျှင် ၂၂၀ သာ ရှိသည်ဟု မှတ်ပါ။

အဓိကရဏ သမထအခန်း

သမထ ၇ ပါး

ဥပ္ပန္နုပ္ပန္နာနံ အဓိကရဏာနံ သမထာယ ဝူပသမာယ
သမ္မုခါဝိနယော ဒါတဗ္ဗော၊
သတိဝိနယော ဒါတဗ္ဗော၊
အမူဠှဝိနယော ဒါတဗ္ဗော၊
ပဋိညာယ ကာရေတဗ္ဗံ၊
ယေဘုယျသိကာ၊
တဿပါပိယသိကာ၊
တိဏဝတ္ထာရကောတိ။

ဥပ္ပန္နုပ္ပန္နာနံ - ဖြစ်ကုန်ဖြစ်ကုန်သော၊
အဓိကရဏာနံ - အဓိကရုဏ်းတို့၏၊
သမထာယ - ငြိမ်းခြင်းငှာ၊
ဝူပသမာ - ငြိမ်ဝပ်ပိပြားခြင်းငှာ၊
သမ္မုခါဝိနယော - သမ္မုခါဝိနယ သမထကို၊
ဒါတဗ္ဗော - ပေးထိုက်၏၊
သတိဝိနယော - သတိဝိနယ သမထကို၊
ဒါတဗ္ဗော - ၏၊
အမူဠှဝိနယော - အမူဠှဝိနယ သမထကို၊
ဒါတဗ္ဗော - ၏၊
ပဋိညာယ - ဝန်ခံခြင်းဖြင့်၊
ကာရေတဗ္ဗော - ပြုစေထိုက်၏၊
ဝါ - ဆုံးဖြတ်ထိုက်၏၊
ယေဘုယျသိကာ - ယေဘုယျသိကာ သမထကို၊
(ဒါတဗ္ဗာ - ပေးထိုက်၏၊)
တဿ ပါပိယသိကာ - တဿ ပါပိယသိကာ သမထကို၊
ဒါတဗ္ဗာ - ၏၊
တိဏ ဝတ္ထာရကော - တိဏဝတ္ထာရက သမထကို၊
ဒါတဗ္ဗော - ၏၊

[ထို့နောက် ဣတိပါလျှင် “ဣတိ - ဤသို့ ရွတ်အပ်ကုန်၏” ဟု အနက်ဆိုပါ။]

🙏 သမထ ၇ ပါး

[“သမထာယ ဝူပသမာယ”“သမထ” အရ အဓိကရုဏ်း ငြိမ်းခြင်းကိုယူ၍ “ဝူပသမ”အရ နောက်ထပ် မပေါ်နိူင်အောင် ပိပြားသွားသော ငြိမ်းခြင်းကို ယူသင့်သည်။ “ဝူပသမေတီတိ - ပဋိပဿမ္ဘေတိ”ဟု အခြားနေရာ၌ ဖွင့်ပုံကို ထောက်ပါ။ “သမ္မုခါဝိနယော ဒါတဗ္ဗော” စသည်၌ “ဒါတဗ္ဗော” အရ “ပေး” ဟူသည်မှာ “အနက်ပေးသည်၊ အဖြေ ပေးသည်” ဟူသကဲ့သို့ ဆိုင်ရာ အဓိကရုဏ်း ငြိမ်းဘို့ရာ “ဤသမထကို ပေးထိုက် သည်၊ ဤသမထကို အသုံးပြုထိုက်သည်”ဟု ဆိုလိုသည်။]

၁။ သမ္မုခါဝိနယ

[သမ္မုခါ - မျက်မှောက်၌ + ဝိနယ - အဓိကရုဏ်းကို ပယ်ဖျောက်ကြောင်း၊ ငြိမ်းစေကြောင်း တရား။]
တဘက်နှင့် တဘက် ငြင်းခုံမှု ဟူသော ဝိဝါဒါဓိကရုဏ်းဖြစ်နေလျှင် ထိုအဓိကရုဏ်းကို ငြိမ်းစေဘို့ရန် သံဃာ စည်းဝေးလျက် ၂ ဘက် ပုဂ္ဂိုလ်များရှေ့မှာ ဝိနည်းတော်နှင့် အညီ ဆုံးဖြတ်၍ ငြိမ်ဝပ်သွားလျှင် ဤ ဝိနည်းသည် သမ္မုခါဝိနယသမထ မည်၏။

သမ္မုခ ၄ ပါး

သမ္မုခဟူရာ၌ သံဃ၊ ဓမ္မ၊ ဝိနယ၊ ပုဂ္ဂလဟု သမ္မုခ ၄ ပါးရှိသည်။
ထိုတွင် အဓိကရုဏ်း ငြိမ်းစေဘို့ရန် ဆုံးဖြတ်ရာဝယ် သံဃ မျက်မှောက် ဖြစ်ခြင်းသည် သံဃသမ္မုခတာ မည်၏။
ဓမ္မသဒ္ဒါသည် “အဟုတ်အမှန်”ဟူသော အနက်ကို ဟော၏။ ငြိမ်းစေအပ်သော ဝတ္ထု (အမှု) လမ်းမှန်ခြင်းသည် ဓမ္မသမ္မုခတာ (ဓမ္မမျက်မှောက်ဖြစ်ခြင်း) မည်၏။
ဘုရားရှင် ဟောတော်မူအပ်သော ဝိနည်းလမ်းကြောင်းအတိုင်း ငြိမ်းစေခြင်းသည် ဝိနယ သမ္မုခတာ မည်၏။
၂ ဘက်ပုဂ္ဂိုလ်တို့၏ရှေ့ ၌ ငြိမ်းစေခြင်းသည် ပုဂ္ဂလသမ္မုခတာ မည်၏။
[သံဃာမစည်းဝေးဘဲ ပဓာနပုဂ္ဂိုလ်များသာစုဝေး၍ ငြိမ်းစေအပ်သော အဓိကရုဏ်း၌ သံဃသမ္မုခတာ မရနိုင်။ ဤ သမ္မုခဝိနယ သမထသည် အခြား အဓိကရုဏ်းများကို ငြိမ်းစေရာ၌လည်း ထိုက်သင့်သလို ပါဝင်နိုင်၏။]
[ဆောင်] ဝိဝါဒါဓိ, စရှိ လေးဝ, ဖြစ်ပေါ်ကမူ, သံဃ ဓမ္မ ဝိနယနှင့်, ပုဂ္ဂလ ရှေးရှု, ငြိမ်းစေမှု, သမ္မုခဝိနယ ခေါ်။

၂။ သတိဝိနယ

သတိဝေပုလ္လပ္ပတ္တဿ ဒါတဗ္ဗော ဝိနယော သတိဝိနယော
သတိဝေပုလ္လပ္ပတ္တဿ - သတိ ပြန့်ပြောသူ၏အဖြစ်သို့ ရောက်သော ရဟန္တာအား၊
ဒါတဗ္ဗော - ပေးထိုက်သော၊
ဝိနယော - ဝိနည်းတည်း” ဟု အနက်ဆို။
ရဟန္တာပုဂ္ဂိုလ်မှာ သတိတရား များပြား ပြန့်ပြောလျက် ရှိ၏။
သတိများပြားသော ရဟန္တာအား ပေးထိုက်သော ဝိနည်းသည် သတိဝိနည်း မည်၏။
ချဲ့ဦးအံ့ -
ရဟန္တာပုဂ္ဂိုလ်ကို တစုံတယောက်က သီလဝိပတ္တိဖြင့် စွပ်စွဲလာလျှင် စစ်ဆေးပြီးနောက် အပြစ် ကင်းမှန်း ထင်ရှားသဖြင့် နောင်ခါ မစွပ်စွဲနိုင်ဘို့ရန် ဉတ္တိစတုတ္ထ ကမ္မဝါစာဖြင့် ဤသတိဝိနယ-သမထကို သံဃာက ပေးရသည်။ ထိုသို့ ပေးပြီးနောက် စွပ်စွဲသော်လည်း အထမမြောက်တော့။ ဤသို့ အနုဝါဒါဓိကရုဏ်းတမျိုးကို ငြိမ်းစေသောကြောင့် သတိဝိနယ သမထဟု ခေါ်၏။
[ဆောင်] သတိလျှမ်းဖြာ, ရဟန္တာအား, ရမ်းကာတင်လျှင်း, စွပ်စွဲကင်းဘို့, ထင်လင်းပေးရ, သမထ, ဝိနယ သတိခေါ်။

၃။ အမူဠှ ဝိနယ

အမူဠှဘာဝံ - မတွေဝေသူ၏ အဖြစ်သို့၊
ဥပဂတဿ - ကပ်ရောက်ခိုက်ဖြစ်သော ရဟန်းရူးအား၊
ဒါတဗ္ဗော - သော၊
ဝိနယော - သည်၊
အမူဠှဝိနယော - မည်၏။
ချဲ့ဦးအံ့ -
ရဟန်းတပါးသည် တွေဝေ ရူးသွတ်သဖြင့် မူဠှ ဖြစ်နေ၏။ ထို မူဠှ ဖြစ်နေခိုက်ဝယ် အပြစ်များကို ကျူးလွန်လေရာ သတိရသောအခါ အခြားရဟန်းတို့က အာပတ်ဖြင့် စွပ်စွဲကြလေသော် ထိုရဟန်းရူးက “တပည့်တော် စိတ်ဖောက်ပြန်နေသဖြင့် ဘာကိုပြုမိမှန်း မသိပါ”ဟု လျှောက်သော်လည်း စွပ်စွဲမြဲ စွပ်စွဲနေအံ့။ ထိုရဟန်းအား ထို စွပ်စွဲမှုများ ငြိမ်းစေဘို့ရာ မတွေဝေသည့်အခါ (မရူးသည့်အခါ)ဝယ် ဉတ္တိစတုတ္ထ ကမ္မဝါစာဖြင့် အမူဠှ ဝိနယကို ပေးရသည်။
ထိုသို့ ပေးပြီးနောက် စိတ်ဖောက်ပြန်၍ ပြုမိသမျှ ကိစ္စ၌ စွပ်စွဲသော်လည်း အထမမြောက်တော့ချေ။ ဤသို့လျှင် အမူဠှဝိနယသည် အနုဝါဒါဓိကရုဏ်းတမျိုးကို ငြိမ်းစေနိုင်သောကြောင့် သမထ အမည် ရလေသည်။
[ဆောင်] တွေဝေ မေ့မူး, အမှန်ရူးသဖြင့်, လွန်ကျူးမိလျှင်း, စွပ်စွဲခြင်းကို, လွတ်ကင်းစေ့ငှာ, မတွေဝေခါဝယ်, ကောင်းစွာပေးရ, သမထ, အမူဠှဝိနယ ခေါ်။

၄။ ပဋိညာယ ကာရေတဗ္ဗံ

ရဟန်းတပါးသည် အာပတ်သင့်၍ အာပတ္တာ ဓိကရုဏ်း ဖြစ်နေ၏။ ထို အာပတ္တာဓိကရုဏ်း ငြိမ်းဘို့ရာ အခြားသော သံဃာ၊ ဂိုဏ်း၊ ပုဂ္ဂိုလ်တမျိုးမျိုးထံ “အဟံ ဘန္တေ ဣတ္ထန္နာမံ အာပတ္တိံ အာပန္နော” = တပည့်တော်သည် ဤမည်သော အာပတ်သို့ ရောက်ပါပြီ”ဟု ဒေသနာပြောရမည်။
ဒေသနာခံသူကလည်း “ပဿသိ တံ အာပတ္တိံ” = ထိုအာပတ်ကို သင် ရှုရဲ့ လော၊ ကိုယ့်အပြစ်ကို အပြစ်ဟု ရှုရဲ့လား”ဟု ပြန်မေးရသည်။ ထို့နောက် ဒေသနာပြောသူက “အာမ ပဿာမိ” = မှန်ပါ ရှုပါသည်” ဟု ပဋိညာဉ်ပေးလျှင် (ဝန်ခံလျှင်) ဒေသနာခံသူက သူ့ပဋိညာဉ် ဝန်ခံချက်အတိုင်း “အာယတိံ သံဝရေယျာသိ” = နောင်ခါ စောင့်စည်းလော့”ဟု ပြောဆို ဆုံးဖြတ်ရသည်။
ဤသို့ ဝန်ခံတိုင်း ပြောဆို ပြုလုပ်သည့်အခါ အာပတ်သင့်နေသော အာပတ္တာ ဓိကရုဏ်း ငြိမ်းတော့ ရကား ဤ “အာယတိံ သံဝရေယျာသိ” ဟူသော စကားသည်ပင် ပဋိညာတကရဏ (ဝန်ခံတိုင်း ပြုရသော) သမထတမျိုး ဖြစ်သည်။

အမှာ

သံဃာဒိသေသ် အာပတ်၌ကား ပရိဝါသ်စသည်ကို တောင်းခြင်းသည် မိမိမှာ သံဃာဒိသေသ်အာပတ် ရှိကြောင်းကို ဝန်ခံသောကြောင့် ပဋိညာဉ်မည်၏။ သံဃာက ပရိဝါသ်စသည်ကို ပေးခြင်းသည် ဝန်ခံတိုင်း ပြုသောကြောင့် ပဋိညာတကရဏ မည်၏။
ပဋိညာတဿ - ဝန်ခံခြင်းအား၊
(အနုရူပံ - လျော်စွာ၊)
ကရဏံ - ပြုခြင်း, ဆုံးဖြတ်ခြင်းသည်၊
ပဋိညာတကရဏံ - မည်၏။
ပဋိညာတကရဏနှင့် စပ်၍ ဒေသနာခံ၊ ဒေသနာပြော အစဉ်များ၏ အဓိပ္ပာယ်ကို ဘိက္ခုနီအဖွင့် အဆုံးကျမှ ပြမည်။
[ဆောင်] အာပတ္တာဓိကရဏ, ဖြစ်ပေါ်ကမူ, အာမ ပဿာမိ, ဝန်ခံဘိသော်, အာယတိံ သံဝရေ, ဆုံးဖြတ်ပေ, ခေါ်လေ ပဋိညာတကရဏ

၅။ ယေဘုယျသိကာ

ဝိဝါဒါဓိကရုဏ်းဖြစ်၍ သံဃာ ကွဲပြားနေသည့်အခါ သမ္မုခါဝိနယ သမထ သက်သက်ဖြင့် ငြိမ်းအေး အောင် မတတ်နိုင်လျှင် သံဃာ စည်းဝေး၍ မဲဆန္ဒကိုယူမည့် ရဟန်းတပါးကို သမုတ်ရသည်။ ထို့နောက် ထို ရဟန်းကို ပရိသတ်၌ ဓမ္မဝါဒီမဲဆန္ဒ၊ အဓမ္မဝါဒီမဲဆန္ဒကို ယူစေရမည်။ ထိုအခါ ဓမ္မဝါဒီမဲဆန္ဒက များလျှင် များရာလိုက်၍ ထို ဓမ္မဝါဒီတို့၏ အယူဝါဒအတိုင်း အတည်ပြု ဆုံးဖြတ်ရသည်။
အကယ်၍ အဓမ္မဝါဒီဘက်က များပုံပေါ်နေလျှင် ရက်ရွှေ့ဆိုင်း၍ ဓမ္မဝါဒီဘက်သား များအောင် စုဆောင်းပြီးမှ ဓမ္မဝါဒီတို့ အဆိုအတိုင်း အတည်ပြု ဆုံးဖြတ်စေရသည်။ မည်သည့်နည်းနှင့် မဆို ဓမ္မဝါဒီ ဘက်က အများချည်း ဖြစ်စေရမည် ဟူလို။ ဤသို့လျှင် များရာလိုက်၍ အဓိကရုဏ်းကို ငြိမ်းစေရသောကြောင့် ထို အများအလိုအတိုင်း ပြုခြင်းကို “ယေဘုယျသိကာ သမထ” ဟု ခေါ်သည်။
[ယေဘုယျေန - များသောအားဖြင့်၊
ဝါ- များရာလိုက်၍၊
ကတ္တဗ္ဗာ - ပြုထိုက်သော အမူအရာသည်၊
ယေဘုယျသိကာ - မည်၏။
သိကာ၌ သ ကား အာဂုမ်တည်း။ ဝိမတိ၌ တမျိုးကြံလေသေး၏။]
[ဆောင်] ဓမ္မဘက်၌, များရာလိုက်၍, ပြုထိုက်အောင်ပြု, ငြိမ်းစေမှု, ယေဘုယျသိခေါ်။

၆။ တဿ ပါပိယသိက

ရဟန်းတပါးကို ပါရာဇိကဖြင့် ဖြစ်စေ၊ ပါရာဇိက အနီးအပါး၌ဖြစ်သော ထုလ္လစ္စဉ်း၊ ဒုက္ကဋ်ဖြင့်ဖြစ်စေ စောဒနာလျှင် အဆုံးအဖြတ် မခံလို၍ တောင်ပြော မြောက်ပြော ပြောနေသော် တဿပါပိယသိက ကံကို ပြုလုပ်ကြရ၏။
ထိုကံ၏ သဘောကား အကယ်၍ ပါရာဇိက မကျသေးလျှင် ဆိုင်ရာ ကျင့်ဝတ်ကိုကျင့်၍ နောက်ထပ် သံဃာ့အထံ၌ ထိုကံကို ငြိမ်းစေလိမ့်မည်။ ပါရာဇိကကျသူ ဖြစ်လျှင်လည်း နောက်ထပ် အဆုံးအဖြတ် ခံဘွယ်မလို။ ထို ကံဖြင့်ပင် ထိုရဟန်းကို နှိမ်နင်းပြီး ဖြစ်၍ လူဝတ်လဲရုံသာ ရှိသည်။
ဤသို့လျှင် တဿ ပါပိယသိက ကံပြုထိုက်က စောဒနာခြင်း ဟူသော အနုဝါဒါဓိကရုဏ်းကို ငြိမ်းစေသောကြောင့် ဤ တဿပါပိယသိကကံကိုပင် သမထတမျိုးဟု ဆိုရပေသည်။
[ဝိသေသေန ပါပေါတိ ပါပိယော - အထူး ယုတ်မာသူ၊
တဿ ပါပိယဿ - ထို အထူးယုတ်မာသော ရဟန်းအား၊
ကတ္တဗ္ဗာ - ပြုထိုက်သော အမူအရာ(ကံ)သည်၊
တဿ ပါပိယသိကာ - မည်၏။
တဿ၌ အလုတ္တသမာသ် ကဲ့သို့ အလုတ္တတဒ္မိတ်ဟု မှတ်ပါ။
ပထမရိုက် စာအုပ်၌ “အာပတ္တာဓိကရုဏ်းကို ငြိမ်းစေနိုင်သည်”ဟု မှားပါသွားသည်။]
[ဆောင်] တဿ ပါပိယ, ပုဂ္ဂလကို, ထို စွပ်စွဲခြင်း, အပြစ်ကင်းဘို့, ထင်လင်းပြုရန်, ဝိနည်းကံပင်, မည်တွင် တဿ, ပါပိယ, သိက သမထခေါ်။

၇။ တိဏဝတ္ထာရက

တိဏေဟိ - မြက်တို့ဖြင့်၊
အဝတ္ထရီယတေ - ဖုံးအုပ်ထားအပ်၏။
ဣတိ - ကြောင့်၊
တိဏဝတ္ထာရော - မည်၏။
ကျင်ကြီး ကျင်ငယ် ရစေ၊
တိဏဝတ္ထာရောဝိယ - မြက်ဖြင့်ဖုံးအုပ်ထားအပ်သော ကျင်ကြီးကျင်ငယ်နှင့် တူ၏။
ဣတိ - ကြောင့်၊
တိဏဝတ္ထာရကော - မည်၏။
ဝိဝါဒါဓိကရုဏ်းရ၏။ ထို အဓိကရုဏ်းကို ငြိမ်းစေနိူင်သော သမထကား အကြောင်း အဓိကရဏ၏ အမည်ကို အကျိုး သမထ၌ တင်စားသော ကာရဏူပစာရအားဖြင့် ရသည်။ [ယောဇနာ၌ ဖလူပစာ ဟူ၏။]
ချဲ့ဦးအံ့ -
သံဃာ ၂ ဘက် ကွဲ၍ ဝိဝါဒါဓိကရုဏ်း ဖြစ်နေရာ၌ ၂ ဘက်လုံးမှာလည်း အာပတ်သင့်လျက် ရှိကြလေသည်။ ထို့နောက် လဇ္ဇီ သဘော သက်ရောက်(စိတ်ကောင်းရ)ကြသဖြင့် ထိုအာပတ်များကို ကုစားစေလိုသော အခါ တဘက်၏အပြစ်ကို အခြားတဘက်က ဖော်ပြနေလျှင် သာ၍ မခံနိုင်ဘွယ်ရာ ရှိသောကြောင့် ဆွလေ နံလေဖြစ်သော ကျင်ကြီးကျင်ငယ်ကို မြက်ဖြင့် တခါတည်း ဖုံးအုပ်လိုက် သကဲ့သို့ တိဏဝတ္ထာရက ခေါ်သော ကံတမျိုးဖြင့် အာပတ်တွေကို ဖုံးလိုက်ရလေသည်။
ထိုကံကြောင့် အင်မတန်ကြီးလေးသော ပါရာဇိက၊ သံဃာဒိသေသ်အာပတ်နှင့် ဂိဟိပဋိသံယုတ္တ (လူနှင့်စပ်သော လူကို ဆဲဆိုမှု) အာပတ်များမှ တပါး အခြား အာပတ်အားလုံးပင် ပျောက်လေ တော့၏။ ဤသို့လျှင် တိဏဝတ္ထာရကကံသည် ၂ ဘက်သော အာပတ်နှင့် ဝိဝါဒါ ဓိကရုဏ်းကို ငြိမ်းစေနိုင်သောကြောင့် သမထတမျိုး ဖြစ်ရလေသည်။
[ဆိုင်ရာ ကံပြုပုံများကို သမထက္ခန္ဓက ပါဠိတော်မှာ ရှုပါ။]
[ဆောင်] ကျင်ငယ် ဘင်ပုတ်, မြက်ဖြင့် အုပ်သို့, ဆိုးယုတ်များဘိ အာပတ္တိက, ဝိဝါဒကို, မကြွစေရ, သမထ, တိဝတ္ထာ ရကခေါ်။

နိဂုံးနှင့် ယာဝ တတိယာ နုဿာဝန (သမထအခန်း)

ဥဒ္ဒိဋ္ဌာ ခေါ အာယသ္မန္တော သတ္တ အဓိကရဏသမထာ ဓမ္မာ။ တတ္ထာယသ္မန္တေ ပုစ္ဆာမိ, ကစ္စိတ္တ ပရိသုဒ္ဓါ၊ ဒုတိယမ္ပိ ပုစ္ဆာမိ, ကစ္စိတ္ထ ပရိသုဒ္ဓါ၊ တတိယမ္ပိ ပုစ္ဆာမိ, ကစ္စိတ္တ ပရိသုဒ္ဓါ၊ ပရိသုဒ္ဓေတ္ထာယသ္မန္တော၊ တသ္မာ တုဏှီ၊ ဧဝမေတံ ဓာရယာမီတိ။
အာယသ္မန္တော - တို့၊
သတ္တ – ကုန်သော၊
အဓိကရဏ သမထာ - အဓိကရဏ သမထ မည်ကုန်သော၊
ဓမ္မာ - သိက္ခာပုဒ်တို့ကို၊
ဥဒ္ဒိဋ္ဌာ - သရုပ်အားဖြင့် ရွတ်အပ် ပြအပ်ပါကုန်ပြီ၊
တတ္ထ - ထို ခုနစ်ပါးသော အဓိကရဏ သမထတို့၌၊
အာယသ္မန္တေ - တို့ကို၊
ပုစ္ဆာမိ - ၏၊
ကစ္စိ - နည်း၊
(တုမှေ - တို့သည်၊)
ပရိသုဒ္ဓါ - အဓိကရုဏ်းနှင့်စပ်၍ အရပ်ရပ် အာပတ်တို့မှ စင်ကြယ်ကြကုန်သည်၊
အတ္ထ - ဖြစ်ပါကုန်၏လော ၊ပေ၊
ဓာရယာမိ - ပါ၏၊
ဣတိ အဓိကရဏသမထ ပြီးပြီ၊
သတ္တ - ကုန်သော၊
အဓိကရဏသမထာ - တို့သည်၊
နိဋ္ဌိတာ - ပြီးကုန်ပြီ။

ကိစ္ဆာဓိကရုဏ်း

သမထ ၇ ပါးကို ပြခဲ့ရာ၌ ကိစ္စာဓိကရုဏ်းကို မည်သည့်သမထဖြင့် ငြိမ်းစေရမည်ဟု မသိသာသေး။ သို့ဖြစ်၍ စဉ်းစားလိုကြပေလိမ့်မည်။ ကိစ္စဟူသည် အပလောကန စသော သံဃာ့ကံများပင်တည်း။ ကိစ္စ ကြုံလာသည့်အခါ ဆိုင်ရာပုဂ္ဂိုလ် သံဃာတို့မျက်မှောက်မှာပင် ထိုကိစ္စကို ပြီးစေရ၊ ငြိမ်းစေရသောကြောင့် ကိစ္စာဓိကရုဏ်းကို ငြိမ်းစေသော သမထမှာ သမ္မုခါ ဝိနယသမထ တပါးသာ ဖြစ်သည်။
ဥပမာ- သိမ်သမုတ်ကိစ္စ (ဉတ္တိဒုတိယကံ) ကြုံလာလျှင် အနည်းဆုံး သံဃာ ၄ ပါး မျက်မှောက်၌ ဉတ်ကမ္မဝါစာ ဖတ်၍ ငြိမ်းစေရသည်။ ဤသို့ စသည်ဖြင့် သိပါ။

နိဂုံးနှင့် ယာဝ တတိယာ နုဿာဝန (အဓိပ္ပာယ် ဖွင့်ဆိုချက်)

“ကစ္စိတ္ထ ပရိသုဒ္ဓါ” ဝယ် “ပရိသုဒ္ဓါ”အရ ရှေးရှေးအခန်းများကဲ့သို့ ဆိုင်ရာအခန်းတွင် ပါဝင်သော အာပတ် စင်ကြယ်ခြင်းကို မယူရ။ အဓိကရဏ သမထဟူသည်လည်း အာပတ်ကို ပြနေသော စကားမဟုတ်။
ထို့ကြောင့် (အာပတ် ၇ ဖုံဟူသော) အာပတ္တာ ဓိကရုဏ်းမှ စင်ကြယ်ခြင်း၊ ဝိဝါဒါဓိကရုဏ်း စသော ကြွင်း ၃ ပါးနှင့် စပ်၍ သင့်ထိုက်သော အာပတ်တို့မှ စင်ကြယ်ခြင်းကို ရည်ရွယ်၍ “ပရိသုဒ္ဓါ - စင်ကြယ် ကြကုန်သည် + အတ္ထ - ဖြစ်ပါကုန်၏လော” ဟု မေးသည်။

ဒုက္ကဋ်သင့်ချိန် မေးဘွယ်

နိဒါန်းအခန်း၌ “ယဿ သိယာ အာပတ္တိ, သော အာဝိကရေယျ” ဖြင့် အာပတ် ၇ ဖုံလုံးကို သိမ်းကျုံးပြီးလျှင် “တတ္ထာ ယသ္မန္တေ ပုစ္ဆာမိ” စသဖြင့် “ထိုအာပတ် ၇ ဖုံလုံးမှ စင်ကြယ်ကြပါ၏လော” ဟု မေးခဲ့ပြီ။
ပါရာဇိက စသော အခန်းများ၏ အဆုံး၌လည်း သူ့အခန်းနှင့် ဆိုင်သော အာပတ်များမှ စင်ကြယ်ကြပါ၏လော ဟု မေးခဲ့ပြီ၊
ဤ အဓိကရဏ သမထ၏ အဆုံး၌လည်း အာပတ် ၇ ဖုံလုံးမှ စင်ကြယ်ကြပါ၏လော ဟု ထပ်၍ မေးပြန်သည်။
ထို မေးတိုင်းပင် “မိမိ မစင်ကြယ်မှန်း သိလျက် အာဝီကရဏ မပြုလျှင် သမ္ပဇာနမုသာဝါဒ ဒုက္ကဋ်အာပတ် သင့်လိမ့်မည်”ဟု နိဒါန်း၌ ပြခဲ့ပြီ။ ဒုက္ကဋ်အာပတ်သည် ဘယ်အခါ သင့်မည်နည်း။ နိသဂ္ဂိယ ပါစိတ်အာပတ် ရှိမှန်းသိလျက် ဖုံးထားသူမှာ နိဒါန်းအဆုံး အမေး၌ သင့်မည်လော၊ နိသဂ္ဂိယ အဆုံး အမေး၌ သင့်မည်လော၊ အဓိကရဏ အဆုံး အမေး၌ သင့်မည်လော၊ သို့မဟုတ် ၃ ဌာနလုံးမှာပင် ဒုက္ကဋ် ၃ ချက် သင့်မည်လောဟု မေးဘွယ်ရှိသည်။

အဖြေကား -

နိဒါန်း၌ အာပတ်များ၏ သရုပ် ထုတ်မပြသေးသဖြင့် မိမိမှာ မည်သည့်အာပတ် ရှိနေသည် ဟု မသိသေးလျှင် နိဒါန်းအဆုံး အမေးတွင် သမ္ပဇာန မုသာဝါဒ ဒုက္ကဋ်အာပတ် မသင့်သေး။ သရုပ် ထုတ်မပြသော်လည်း ကျွမ်းကျင်သူဖြစ်၍ မိမိမှာ မည်သည့် အာပတ် ရှိသည်ဟု သိလျှင် နိဒါန်းအသုံး အမေးတွင် ဒုက္ကဋ်အာပတ် သင့်လေပြီ၊ သို့သော် နိဒါန်း၌ မသိသူအတွက်ကား ဆိုင်ရာ သိက္ခာပုဒ်များကို ကြားနာပြီးနောက် ထိုအခန်း အဆုံးဝယ် မေးသည့်အခါ သိလျက် ဆိတ်ဆိတ်နေမှ ဒုက္ကဋ်သင့်သည်။
ဆိုင်ရာ အခန်း အဆုံးတွင် မိမိမှာ အာပတ်သင့်ကြောင်းကို သတိမရသေးလျှင် ထို ဆိုင်ရာ အခန်းအဆုံး မှာလည်း မသင့်သေး၊ အဓိကရဏသမထ အဆုံးဝယ် မေးသည့်အခါ အာပတ် သင့်မှန်းသိလျှက် ဆိတ်ဆိတ် နေမှ သင့်သည်။ ထို အဓိကရဏသမထ အဆုံးမှာပင် အာပတ်ကို သတိမရသေးက ထို ဒုက္ကဋ်အာပတ် လုံးဝ မသင့်တော့ပြီ။

ဆက်ဦးအံ့ ---

နိဒါန်းအဆုံးမှာ ဒုက္ကဋ်အာပတ် သင့်ခဲ့ပြီးသူကား ဆိုင်ရာ အခန်းအဆုံးနှင့် အဓိကရဏသမထ အဆုံးတွင် ထပ်မံ သင့်ဘွယ် မလိုတော့ပြီ။ ဘာ့ကြောင့်နည်း။
အာပတ်သင့်မှန်း သိလျက် (ပါတိမောက် ပြသည့်အခါ) ဖုံးထားမှုဝတ္ထုတခုကြောင့် အာပတ် ၂ ခါ ၃ ခါ ထပ်၍ မသင့်ထိုက်သောကြောင့်၎င်း ထိုကဲ့သို့ မေးတိုင်း သင့်တမ်းဖြစ်လျှင် အာပတ်သင့်မှန်း သိသူမှာ တခါ ဖြေပြီးနောက် ထပ်ကာ ထပ်ကာ (နိဒါန်းအဆုံး ဖြေပြီးနောက် ဆိုင်ရာအခန်း အဆုံးနှင့် သမထ အဆုံး မှာလည်း) မိမိမှာ အာပတ်ရှိပါသည် ဟု ဖြေရတော့မလို ဖြစ်သောကြောင့်၎င်း တည်း၊
အာပတ် ၂ မျိုး ၃ မျိုး စသည် ဖုံးထားသူ့ အတွက်ကား ပထမအာပတ်ကို သတိရ၍ ဖုံးမှုဖြင့် နိဒါန်း အဆုံးမှာသင့်ပြီးနောက် ဒုဘိယအာပတ်ကို သိလျက် ဖုံးပြန်လျှင် ဖုံးမှုအတွက် ဆိုင်ရာ အခန်း အဆုံးမှာ (နိသဂ္ဂိယ အာပတ်ကို ဖုံးလျှင် နိသဂ္ဂိယ အဆုံးမှာ) ဒုက္ကဋ်တချက် တိုးတက် သင့်ဘွယ်ရှိလေသည်။
ဤကား ဤကျမ်း၏ အယူအဆသာတည်း။
အခြားပညာရှိတို့၏ အယူအဆကို တမျိုး ကြားဘူးသေး၏၊ စုံစမ်းကြပါလေ။
အဓိကရဏ သမထအခန်း ပြီး၏။

📚 မဟာနိဂုံး

ဥဒ္ဒိဋ္ဌံ ခေါ အာယသ္မန္တော နိဒါနံ၊
ဥဒ္ဒိဋ္ဌာ စတ္တာရော ပါရာဇိကာ ဓမ္မာ၊
ဥဒ္ဒိဋ္ဌာ တေရသ သံဃာဒိသေသာ ဓမ္မာ၊
ဥဒ္ဒိဋ္ဌာ ဒွေ အနိယတာ ဓမ္မာ၊
ဥဒ္ဒိဋ္ဌာ တိံသ နိဿဂ္ဂိယာ ပါစိတ္တိယာ ဓမ္မာ၊
ဥဒ္ဒိဋ္ဌာ ဒွေနဝုတိ ပါစိတ္တိယာ ဓမ္မာ၊
ဥဒ္ဒိဋ္ဌာ စတ္တာရော ပါဋိဒေသနီယာ ဓမ္မာ၊
ဥဒ္ဒိဋ္ဌာ သေခိယာ ဓမ္မာ၊
ဥဒ္ဒိဋ္ဌာ သတ္တ အဓိကရဏသမထာ ဓမ္မာ၊
အာယသ္မန္တော - အရှင်တို့၊
နိဒါနံ - နိဒါန်းကို၊
ဥဒ္ဒိဋ္ဌံ - သရုပ်အားဖြင့် ရွတ်ဆိုအပ်ပါပြီ၊
စတ္တာရော - ၄ ပါး ကုန်သော၊
ပါရာဇိကာ - ပါရာဇိက မည်ကုန်သော၊
ဓမ္မာ - အာပတ်တို့ကို၊
ဥဒ္ဒိဋ္ဌာ - ကုန်ပြီ၊
(ဤသို့ စသည်ဖြင့် ထိုထို အခန်းအဆုံး၌ အနက် ဆိုခဲ့သည့် အတိုင်း “ဥဒ္ဒိဋ္ဌာ သတ္တ အဓိကရဏသမထာ ဓမ္မာ” တိုင်အောင် အနက် ဆိုပါ။)
ဧတ္တကံ တဿ ဘဂဝတော သုတ္တာဂတံ သုတ္တပရိယာပန္နံ အနွဒ္ဓမာသံ ဥဒ္ဒေသံ အာဂစ္ဆတိ၊ တတ္ထ သဗ္ဗေဟေဝ သမဂ္ဂေဟိ သမ္မောဒမာနေဟိ အဝိဝဒမာနေဟိ သိက္ခိတဗ္ဗန္တိ။
ဧတ္တကံ - ဤမျှ အတိုင်းအရှည်ရှိသော သိက္ခာပုဒ်သည်၊
တဿ ဘဂဝတော - ထို မြတ်စွာဘုရား၏၊
သုတ္တာဂတံ - ပါတိမောက် ပါဠိတော်၌ လာသည်၊
သုတ္တပရိယာပန္နံ - ပါတိမောက်ပါဠိတော်၌ အကျုံးဝင်သည်၊
(ဟုတွာ - ဖြစ်၍၊)
အနွဒ္ဓမာသံ - အစဉ်အားဖြင့် လခွဲတိုင်း၊
ဥဒ္ဒေသံ - သရုပ်အားဖြင့် ရွတ်ပြအပ်သည်၏ အဖြစ်သို့၊
အာဂစ္ဆတိ – ရောက်၏၊
တတ္ထ - ထို သိက္ခာပုဒ်အပေါင်း၌၊
သဗ္ဗေဟေဝ - အလုံးစုံတို့သည်ပင်၊
သမဂ္ဂေဟိ - ကာယသာမဂ္ဂီ အစွမ်းဖြင့် ညီညွတ်ကြကုန်သည်၊
သမ္မောဒမာနေဟိ - စိတ္တသာမဂ္ဂီ အစွမ်းဖြင့် လွန်စွာ ဝမ်းမြောက်ကြကုန်သည်၊
အဝဒမာနေဟိ - မငြင်းခုံကြကုန်သည်၊
(ဟုတွာ - ဖြစ်၍၊)
သိက္ခိတဗ္ဗံ - ကျင့်ကြံ ကြိုးကုတ် အားထုတ်ရာ၏၊
ဣတိ - ပြီးပြီ။
[“ဝိတ္ထာရုဒ္ဒေသော နိဋ္ဌိတော” ဟု ဣတိ နောက်၌ ရှိသည်ကား မကောင်းလှ။]
ဘိက္ခုပါတိမောက္ခံ - ဘိက္ခုပါတိမောက်သည်၊
နိဋ္ဌိတံ - ပြီးပြီ။

မဟာနိဂုံး

ထိုထို အခန်းအဆုံးဝယ် “ဥဒ္ဒိဋ္ဌံ ခေါ အာယသ္မန္တော နိဒါနံ” စသည်ဖြင့် နိဂုံးငယ်များ ရှိခဲ့ပြီး သောကြောင့် ဤနိဂုံးကို “မဟာနိဂုံး၊ နိဂုံးကြီး”ဟု အမည်ပေးလိုက်သည်။
ဤနိဂုံးစကားရပ်၏ အဓိပ္ပာယ်ကို အနက် အတိုင်းပင် သိနိုင်လောက်ပြီ။ ကာယသာမဂ္ဂီ၊ စိတ္တသာမဂ္ဂီ အကြောင်းကိုလည်း ပါဘိမောက် အချီစကားဝယ် “သမဂ္ဂဿ သံဃဿ”၌ ဖွင့်ပြခဲ့ပြီ။

ဥဒ္ဒေသ ၅ ပါး

လပြည့် လကွယ် ပါတိမောက်ပြရာ၌ ဥဒ္ဒေသ ၅ ပါး ရှိ၏။
မင်းဘေး စသော အန္တရာယ်နှင့် ထေရ်ကြီးကိုယ်တိုင် အကျယ် မရွတ်နိူင်ခြင်း ဟူသော အကြောင်း မရှိလျှင် အစမှ အဆုံးတိုင်အောင် ရွတ်ပြရမည်။ ထို ရွတ်ပြနည်းကို ဝိတ္ထာရုဒ္ဒေသ (အကျယ်ပြနည်း) ဟု ခေါ်၏။
မင်းဘေး၊ မိုးကြီး လေကြီး ကျခြင်း စသော ဘေးအန္တရာယ်ရှိလျှင် နိဒါန်းကုန်အောင် ရွတ်ပြီးနောက် ကျန်သမျှကို သုတသဒ္ဒါဖြင့် သိမ်းရ၏။ ထို ပါတိမောက် ပြနည်းကို နိဒါနုဒ္ဒေသဟု ခေါ်၏။
ပါရာဇိကတိုင်အောင် ရွတ်ပြီးမှ သိမ်းလျှင် ပါရာဇိကုဒ္ဒေသ
သံဃာဒိသေသ်တိုင်အောင် ရွတ်ပြီးမှ သိမ်းလျှင် သံဃာဒိသေသုဒ္ဒေသ
အနိယတတိုင်အောင် ရွတ်ပြီးမှ သိမ်းလျှင် အနိယတုဒ္ဒေသဟုခေါ်၏။
ဤသို့လျှင် ဥဒ္ဒေသ ၅ မျိုး ရှိသည်။

နိဒါနုဒ္ဒေသော စသည် မပါသင့်ပုံ

ဥဒ္ဒေသ ၅ မျိုးကို ပိုင်းခြား ခြင်းသည် ပါတိမောက် ပြသည့်အခါ ဖြတ်ပိုင်းပုံကိုလိုက်၍ ပိုင်းခြင်း ဖြစ်၏။
ထို့ကြောင့် စာအုပ်များ၌ နိဒါန်းအဆုံးမှာ “နိဒါနုဒ္ဒေသော ပထမော”မရှိသင့်။
ထိုနိဒါန်း ကုန်ရုံဖြင့် နိဒါနုဒ္ဒေသ မပြီးသေး။
ထို့အတူ ပါရာဇိကအဆုံး စသည်၌လည်း
“ပါရာဇိကုဒ္ဒေသော ဒုတိယော၊
သံဃာဒိသေသုဒ္ဓေသော တတိယော၊
အနိယတုဒ္ဒေသော စတုတ္ထော၊
ဝိတ္ထာရုဒ္ဒေသော ပဉ္စမော”
ဟု မရှိသင့်ရုံမက တဥပုသ်လျှင် သင့်တော်ရာ တဥဒ္ဒေသကို ရွတ်ပြရမည်ဖြစ်သောကြောင့် ပထမ၊ ဒုတိယ စသော အစဉ်များလည်း စည်းကမ်းမကျသည်သာ။ အကယ်၍ ထည့်ဆိုလျှင် “နိဒါနံ နိဋ္ဌိတံ” စသည်ဖြင့်သာ ထည့်သင့်ပေသည်။

သုတသဒ္ဒါဖြင့် သိမ်းပုံ

ပါတိမောက် ပြရာဝယ် နိဒါန်း ဆုံးအောင် ပြပြီးနောက် (ဧဝမေတံ ဓာရယာမိ ဟု ဆိုပြီးနောက်) အန္တရာယ်တခုခု ရှိလျှင် -
“ဥဒ္ဒိဋ္ဌံ ခေါ အာယသ္မန္တော နိဒါနံ,
သုတာခေါ ပနာယသ္မန္တေဟိ စတ္တာရော ပါရာဇိကာ ဓမ္မာ,
သုတာ တေရသ သံဃာဒိသေသာ ဓမ္မာ,
သုတာ ဒွေ အနိယတာ ဓမ္မာ,
သုတာတိံ သနိသဂ္ဂိယာ ပါစိတ္တိယာ ဓမ္မာ,
သုတာ ဒွေ နဝုတိ ပါစိတ္တိယာ ဓမ္မာ,
သုတာ စတ္တာရော ပါဋိဒေသနီယာ ဓမ္မာ,
သုတာ သေခိယာ ဓမ္မာ,
သုတာ သတ္တ အဓိကရဏသမထာ ဓမ္မာ၊
ဧတ္တကံ တဿ ဘဂဝတော သုတ္တာဂတံ ၊ပေ၊ သိက္ခိတဗ္ဗံ”ဟု ရွတ်ဆိုရသည်။
ဤရွတ်နည်းမှာ နိဒါန်းကို သရုပ် ထုတ်ပြသောကြောင့် နိဒါနဒ္ဒေသမည်၏။ ထို့ကြောင့် “သိက္ခိတဗ္ဗံ” အပြီးတွင် “နိဒါနုဒ္ဒေသော”ဟု ဆိုလိုက ဆိုနိုင်၏၊ မဆိုလည်း အပြစ်မရှိ။ (“နိဒါနုဒ္ဒေသော ပထမော”ဟုကား နောက်ထပ် ဒုတိယ စသည် မရှိသောကြောင့် မဆိုသင့်။)
ထို့အတူ ပါရာဇိက အဆုံး (ဧဝမေတံ ဓာရယာမိ ဟု ဆိုပြီးနောက်) “ဥဒ္ဒိဋ္ဌံ ခေါ အာယသ္မန္တော နိဒါနံ, ဥဒ္ဒိဋ္ဌာ စတ္တာရော ပါရာဇိကာ ဓမ္မာ, သုတာ ခေါ ပနာယသ္မန္တေဟိ တေရသ သံဃာဒိသေသာ ဓမ္မာ, သုတာ ဒွေ အနိယတာ ဓမ္မာ” စသည်ဖြင့် “သိက္ခိတဗ္ဗံ” အထိ ဆိုရာ၏။ ဤရွတ်ဆိုနည်းကား ပါရာဇိကုဒ္ဒေသတည်း။
ဤနည်းအတိုင်း သံဃာဒိသေသုဒ္ဒေသ၊ အနိယတုဒ္ဒေသ တို့ကို သိပါ။
သုတသဒ္ဒါဖြင့် မသိမ်းရဘဲ အကျယ် အကုန်ပြခြင်းကို “ဝိတ္ထာ ရုဒ္ဒေသ”ဟု ခေါ်၏။

နောက်နောက် ဝါကျ၌ ခေါပနာ ယသ္မန္တေဟိ မပါသင့်ပုံ

ယခု ကာလ သုတ သဒ္ဒါဖြင့် အချို့ သိမ်းကြရာ၌ “သုတာ ခေါ ပနာ ယသ္မန္တေဟိ စတ္တာရော ပါရာဇိကာ ဓမ္မာ”ဟု ပထမတဝါကျ ဆိုပြီးနောက် “သုတာ ခေါပနာ ယသ္မန္တေဟိ တေရသ သံဃာဒိသေသာ ဓမ္မာ” စသည်ဖြင့် နောက်နောက် ဝါကျတို့၌လည်း “ခေါ ပနာ ယသ္မန္တေဟိ”ကို ထည့်ဆိုကြ၏။
ထို ဆိုခြင်းကား ဝါကျသွားနည်း စည်းကမ်း မကျ။ “ခေါ+ပန+အာယသ္မန္တေ”ဟု ၃ ပုဒ်ကို မဆိုထားဘိ၊ မဟာနိဂုံးဝယ် “ခေါ” ကလေး တလုံးကိုမျှ နောက်နောက် ဝါကျ၌ ထည့်၍မသုံးဘဲ “ဥဒ္ဒိဋ္ဌံ ခေါ အာယသ္မန္တော နိဒါနံ, ဥဒ္ဒိဋ္ဌာ စတ္တာရော ပါရာဇိကာ ဓမ္မာ” စသည်ဖြင့် သုံးနှုန်းထားပုံကို သတိပြုပါ။

သုတသဒ္ဒါ၏ အဓိပ္ပာယ်

နိဒါန်းကို အကျယ် ရွတ်ပြီးနောက် ပါရာဇိကအခန်း စသည်ကို သုတသဒ္ဒါဖြင့် သိမ်းယူရာဝယ် -
“အာယသ္မန္တေဟိ - အရှင်တို့သည်၊
စတ္တာရော - ကုန်သော၊
ပါရာဇိကာ − မည်ကုန်သော၊
ဓမ္မာ - အာပတ်တို့ကို၊
သုတာ - ကြားအပ်ပါကုန်ပြီ”
ဟု ဆိုထားရာ၌ “ဘယ်တုန်းက ကြားအပ်သလဲ၊
ယခုသော် နိဒါန်းကိုသာ ကြားနာရပါသေးတကား စောဒနာဘွယ် ရှိ၏။
အဖြေကား -
ရှေးရှေးက ကြားဘူးသည်ကို “သုတာ = ကြားအပ်ပါကုန်ပြီ” ဟု မဆိုလိုပါ။
ယနေ့မှ ရဟန်းပြုသူဖြစ်လျှင် ရှေးက ကြားပင် မကြားဘူးသေး။
အမှန်မှာ- နိဒါန်းဝယ် “ယဿ သိယာ အာပတ္တိ, သော အာဝီကရေယျ”“အာပတ္တိ”အရ ပါရာဇိက စသော အာပတ် ၇ ဖုံလုံးကို သိမ်းကျုံး၍ ယူနိူင်ကြောင်းကို နိဒါန်း၌ ဖွင့်ပြခဲ့ပြီ။ ထို “ယဿ သိယာ အာပတ္တိ”အရ၌ အာပတ် ၇ ဖုံလုံးကို အကျဉ်းရုံး၍ ကြားသိခဲ့ရပြီးကို ရည်ရွယ်၍ “သုတာ ခေါ ပန” စသည်၌ “သုတာ-ကြားအပ်ပါကုန်ပြီ” ဟု ဆိုသည်။

နိဒါန်းမပြီးခင် သုတဖြင့် မသိမ်းရ

ထို့ကြောင့် နိဒါန်းအခန်းကို ရွတ်ဆို၍ ပြီးမှသာ ကျန်အခန်းများကို သုတသဒ္ဒါဖြင့် သိမ်းခွင့်ရှိသည်။ နိဒါန်း တခန်းမျှ မကုန်သေးလျှင်ကား “သုတာ - ကြားအပ်ပါကုန်ပြီ” ဟူသော စကားနှင့် မလျော် သောကြောင့် အန္တရာယ်ရှိစေကာမူ လုံးလုံးမရွတ်ဘဲ နေတန်လျှင် နေရမည်၊ သုတသဒ္ဒါဖြင့်ကား သိမ်းခွင့်မရှိချေ။
ဘိက္ခုပါတိမောက် ဘာသာဋီကာ ပြီးပြီ။

🌷 ဘိက္ခုနီ ပါတိမောက် ဘာသာဋီကာ

▬▬▬▬▬▬▬▬▬▬▬▬▬

မှာထားချက်

ဘိက္ခုနီပါတိမောက်၌ ပုလ္လိန်သဒ္ဒါကို ဣတ္ထိလိန် သဒ္ဒါဖြင့် လဲလှယ်၍ပြခြင်းမှတပါး ဘိက္ခု ပါတိမောက်နှင့် လုံးဝစာသွားဟူသော သိက္ခာပုဒ်နှင့် နိဂုံးတို့၏ အနက်အဓိပ္ပာယ်များကို ရေးသားတော့မည် မဟုတ်ပါ။
လုံးဝမတူသော သိက္ခာပုဒ်များ၌လည်း ကင်္ခါအဋ္ဌကထာ ဖွင့်ပုံလောက်ကိုသာ အနက်အဓိပ္ပာယ် ဖော်ပြ၍ ခပ်သွက်သွက် သွားရပေလတံ့။ သို့ရာတွင် ဆိုင်ရာ အဓိပ္ပာယ်များကား အထူးသတိချပ်သဖြင့် မလစ်လပ်ဘဲ ရှိပါလိမ့်မည်။
[စာချ ဆရာတို့ကမူ သဒ္ဒါနည်းအရ ပြောင်းလွှဲပုံကို မသိလောက်အောင် နားဝေးသေးသော တပည့် တို့အား ဘိက္ခု နှင့်တူသော သိက္ခာပုဒ်များကို အနက်မချဘဲ ပါဠိကိုပင် ကျက်သင့်မှ ကျက်ပါစေ။]

အချီနှင့် နိဒါန်း

အချီဂါထာ၌ -
“ဘိက္ခုနီဂဏနာ စ - ဘိက္ခုနီ အပေါင်းကို ရေတွက်ခြင်း၎င်း” ဟု၎င်း၊
“ဩဝါဒေါစ - ဘိက္ခုတို့၏အထံ အဆုံးအမ ခံဘို့ရန် လျှောက်ထားခြင်း၎င်း” ဟု၎င်း၊
“ဘိက္ခုနီသံဃဿ - ဘိက္ခုနီ သံဃာ၏”ဟု၎င်း အနက်ပေးပါ။
နိဒါန်းအခန်းဝယ် “သုဏာတု မေ အယေ သံယော” ဝါကျ၌ “အရှင်မတို့”ဟု၎င်း၊ “အရှင်မတို့ကို” ဟု၎င်း သင့်လျော်အောင် အနက်ပေးပါ။
ဘိက္ခုပါတိမောက်၌ “သရမာနေန ဘိက္ခုနာ အာပန္နေန ဝိသုဒ္ဓါပေက္ခေန” ဟူသော ပုလ္လိန်များ ကိုလည်း ဤ ဘိက္ခုနီ ပါတိမောက်“သရမာနာယ ဘိက္ခုနိယာ အာပန္နာယ ဝိသုဒ္ဓါပေက္ခာယ”ဟု ဣတ္ထိလိန် ပုဒ်များဖြင့် လဲလှယ်ထားသောကြောင့် အနက်ပေးပုံမှာ မထူးပြီဟု မှတ်ပါ။
နောက်နောက် သိက္ခာပုဒ်များ၌လည်း ဤနည်းချည်းတည်း။

ဘိက္ခုနီ ပါရာဇိကအခန်း

နိဒါန်း

တတြိမေ အဋ္ဌ ပါရာဇိကာ ဓမ္မာ ဥဒ္ဒေသံ အာဂစ္ဆန္တိ။
တတြ - ထို ပါတိမောက်၌၊
အဋ္ဌ - ရှစ်ပါးကုန်သော၊
ပါရာဇိကာ - ပါရာဇိကမည်ကုန်သော၊
ဣမေ ဓမ္မာ - ဤ အာပတ်တို့သည်၊
ဥဒ္ဒေသံ - သရုပ်အားဖြင့် ရွတ်ပြအပ်ကုန်သည်၏ အဖြစ်သို့၊
အာဂစ္ဆန္တိ - ရောက်ကုန်၏၊

၁။ ပထမပါရာဇိက

ယာ ပန ဘိက္ခုနီ ဆန္ဒသော မေထုနံ ဓမ္မံ ပဋိသေဝေယျ၊ အန္တမသော တိရစ္ဆာနဂတေနပိ၊ ပါရာဇိကာ ဟောတိ အသံဝါသာ။
ယာ ပန ဘိက္ခုနီ - အကြင် ရဟန်းမသည်၊
ဆန္ဒသော - အလိုဆန္ဒ တူမျှသောအားဖြင့်၊
မေထုနံ ဓမ္မံ - မေထုန်အကျင့်ကို၊
ပဋိသေဝေယျ - မှီဝဲအံ့၊
အန္တမသော - အောက်ထစ်ဆုံးအားဖြင့်၊
တိရစ္ဆာန ဂတေနာပိ - တိရစ္ဆာန် အထီးနှင့် တကွသော်လည်း၊
ပဋိသေဝေယျ - အံ့၊
(အယံ ဘိက္ခုနီ - ဤ ရဟန်းမသည်၊)
ပါရာဇိကာ - သာသနာတော်မှ ဆုံးရှုံးစေအပ်သူသည်၊
ဝါ - ပါရာဇိက ကျသူသည်၊
အသံဝါသာ - ဘိက္ခုနီကောင်းတို့နှင့် ပေါင်းသင်းခွင့် မရှိသူသည်၊
ဝါ - ဧကကမ္မ ဧကုဒ္ဒေသ သမသိက္ခာဟူသော သံဝါသ မရှိသူသည်၊
ဟောတိ - ဖြစ်၏။

၁။ ပထမပါရာဇိက (အဖွင့်)

ဘိက္ခုနီတို့သည် ဘိက္ခုတို့ကဲ့သို့ “ဗုဒ္ဓံ ပစ္စက္ခာမိ” စသည်ဖြင့် သိက္ခာချဘွယ် မလို။ ဘိက္ခု ပါရာဇိက အဆုံး ၂၄ ပါးသော ပါရာဇိကတို့ကို ပြရာ၌ “လူဝတ်သည့်နီ”ဟု ပြခဲ့သည့်အတိုင်း လူဝတ် လဲလိုက်လျှင် ဘိက္ခုနီအဖြစ်မှ ကင်းတော့၏။
ထို့ကြောင့် သိက္ခာပုဒ် ပါဠိ၌ “သိက္ခာသာဇီဝ သမာပန္နော သိက္ခံ အပစ္စက္ခာယ ဒုဗ္ဗလျ အနာဝိကတွာ” ဟု သိက္ခာနှင့်ဆိုင်သော ပါဠိများ မထည့်ဘဲ ချန်ထားတော်မူသည်။

ဆန္ဒသော

ကင်္ခါအဋ္ဌကထာ၌ “ဆန္ဒသော” အရ မေထုန်မှီဝဲလိုသော ရာဂနှင့်စပ်သော ဆန္ဒ ရုစိ ၂ မျိုးကို ဖွင့်၏။
ထိုတွင် ရာဂနှင့်ယှဉ်သော စေတသိက်ကို ဆန္ဒ (ချစ်မှု)၊ ရာဂနှင့်ယှဉ်သော ပီတိကို ရုစိ (ကြိုက်မှု) ဟု ခွဲခြား ထားသင့်သည်။
အချုပ်မှာ- မေထုန်မှီဝဲလိုသော ရာဂစိတ်ပင်တည်း။ ထို့ကြောင့် ထိုရာဂစိတ်မရှိလျှင် ဥပ္ပလဝဏ်ထေရီမကို နန္ဒလုလင်က အတင်းဖျက်သကဲ့သို့ ယောက်ျားက အတင်းကြံရာ၌ အနာပတ္တိ။
[ဒုတိယ၊ တတိယ၊ စတုတ္ထ ပါရာဇိကတို့ကား ဘိက္ခု ပါရာဇိကနှင့် လုံးဝတူပြီ။]

၂။ အဒိန္နာဒါန သိက္ခာပဒ

ယာ ပန ဘိက္ခုနီ ဂါမာ ဝါ အရညာ ဝါ အဒိန္နံ ထေယျသင်္ခါတံ အာဒိယေယျ၊ ယထာရူပေ အဒိန္နာဒါနေ ရာဇာနော စောရံ ဂဟေတွာ ဟနေယျုံ ဝါ ဗန္ဓေယျုံ ဝါ ပဗ္ဗာဇေယျုံ ဝါ “စောရာသိ ဗာလာသိ မူဠှာသိ ထေနာသီ”တိ၊ တထာရူပံ ဘိက္ခုနီ အဒိန္နံ အာဒိယမာနာ အယမ္ပိ ပါရာဇိကာ ဟောတိ အသံဝါသာ။

၃။ မနုဿ ဝိဂ္ဂဟ သိက္ခာပဒ

ယာ ပန ဘိက္ခုနီ သဉ္စိစ္စ မနုဿဝိဂ္ဂဟံ ဇီဝိတာ ဝေါရောပေယျ၊ သတ္ထဟာရကံ ဝါဿ ပရိယေသေယျ၊ မရဏဝဏ္ဏံ ဝါ သံဝဏ္ဏေယျ၊ မရဏာယ ဝါ သမာဒပေယျ “အမ္ဘော ပုရိသ ကိံ တုယှမိနာ ပါပကေန ဒုဇ္ဇီဝိတေန၊ မတံ တေ ဇီဝိတာ သေယျော”တိ၊ ဣတိ စိတ္တမနာ စိတ္တသင်္ကပ္ပါ အနေကပရိယာယေန မရဏဝဏ္ဏံ ဝါ သံဝဏ္ဏေယျ၊ မရဏာယ ဝါ သမာဒပေယျ၊ အယမ္ပိ ပါရာဇိကာ ဟောတိ အသံဝါသာ။

၄။ ဥတ္တရိ မနုဿ ဓမ္မ သိက္ခာပဒ

ယာ ပန ဘိက္ခုနီ အနဘိဇာနံ ဥတ္တရိမနုဿဓမ္မံ အတ္တုပနာယိကံ အလမရိယဉာဏဒဿနံ သမုဒါစရေယျ “ဣတိ ဇာနာမိ၊ ဣတိ ပဿာမီ”တိ၊ တတော အပရေန သမယေန သမနုဂ္ဂါဟီယမာနာ ဝါ အသမနုဂ္ဂါဟီယမာနာ ဝါ အာပန္နာ ဝိသုဒ္ဓါပေက္ခာ ဧဝံ ဝဒေယျ “အဇာနမေဝံ အယျေ အဝစံ ဇာနာမိ, အပဿံ ပဿာမိ, တုစ္ဆံ မုသာ ဝိလပိ”န္တိ၊ အညတြ အဓိမာနာ၊ အယမ္ပိ ပါရာဇိကာ ဟောတိ အသံဝါသာ။

ဘိက္ခုနီ ပါရာဇိကအခန်း

၅။ ပဉ္စမပါရာဇိက

ယာ ပန ဘိက္ခုနီ အဝဿုတာ အဝဿုတဿ ပုရိသပုဂ္ဂလဿ, အဓက္ခကံ ဥဗ္ဘဇာဏုမဏ္ဍလံ အာမသနံ ဝါ ပရာမသနံ ဝါ ဂဟဏံ ဝါ ဆုပနံ ဝါ ပဋိပီဠနံ ဝါ သာဒိယေယျ၊ အယမ္ပိ ပါရာဇိကာ ဟောတိ အသံဝါသာ ဥဗ္ဘဇာဏုမဏ္ဍလိကာ။

ယာ ပန ဘိက္ခုနီ - သည်၊
အဝဿုတာ - ကာယ သံသဂ္ဂရာဂဖြင့် စိုစွတ်သည်၊
(ဟုတွာ - ၍၊)
အဝဿု တဿ - ကာယသံသဂ္ဂရာဂဖြင့် စိုစွတ်သော၊
ပုရိသပုဂ္ဂလဿ - ယောက်ျား ပုဂ္ဂိုလ်၏၊
အဓက္ခကံ - ညှပ်ရိုး ၂ ဘက်၏ အောက်၌၎င်း၊
ဥဗ္ဘဇာဏု မဏ္ဍလံ - ပုဆစ်ဒူးဝန်း ၂ ဘက်၏ အထက်၌၎င်း၊
အာမသနံ ဝါ - ထိရာ အရပ်, မရွှေ့လတ်ဘဲ သုံးသပ် ဖျစ်ညှစ်ခြင်းကို၎င်း၊
ပရာမသနံဝါ - ထို ဤအရပ် ပြောင်းရွှေ့ လတ်၍ သုံးသပ်ဖျစ်ညှစ်ခြင်းကို၎င်း၊
ဂဟဏံ ဝါ - ကိုင်ရုံမျှကို၎င်း၊
ဆုပနံ ဝါ - တို့ရုံမျှကို၎င်း၊
ပတိပီဠနံဝါ - ပွေ့ယူဖျစ်ညှစ်ခြင်းကို၎င်း၊
သာဒယေယျ - သာယာအံ့၊
အယံပိ ဘိက္ခုနီ - ဤ ရဟန်းမသည်လည်း၊
ဥဗ္ဘဇာဏုမဏ္ဍလိကာ - ဥဗ္ဘဇာဏုမဏ္ဍလိကာ မည်သော၊
ပါရာဇိကာ - သာသနာတော်မှ ဆုံးရှုံးစေအပ်သူသည်၊
အသံဝါသာ - သည်၊ ဟောတိ

---

၅။ ပဉ္စမ ပါရာဇိက (အနှစ်ချုပ်)

ကိုယ်အင်္ဂါချင်း နှီးနှောလို၊ ကိုင်လို၊ ထိလိုသော ရာဂကို “ကာယသံသဂ္ဂရာဂ”ဟု ခေါ်၏။
ထိုရာဂရှိသော ဘိက္ခုနီသည် ညှပ်ရိုး ၂ ဘက်၏အောက်၊ ပုဆစ်ဒူးဝန်း ၂ ဘက်၏ အထက်အရပ်၌ ထိုရာဂမျိုး ရှိသော ယောက်ျား၏ ကိုင်ခြင်း၊ တို့ခြင်း စသည်ကို သာယာလျှင် ပါရာဇိက ကျ၏။ [တံတောင်ဆစ် အထက် လက်မောင်းကိုလည်း ဥဗ္ဘဇာဏုမဏ္ဍလ၌ သွင်းယူရသည်။] ထို ပါရာဇိက ကျသူကို “ဥဗ္ဘဇာဏုမဏ္ဍလိကာ”ဟု ခေါ်၏။

---

သဒ္ဒါနည်း

ဥဗ္ဘသဒ္ဒါသည် “အထက်” ဟူသော အနက်ဟော နိပါတ်တည်း။
ဇာဏုမဏ္ဍလဿ - ပုဆစ်ဒူးဝန်း၏၊
ဥဗ္ဘ - အထက်သည်၊
ဥဗ္ဘဇာဏု မဏ္ဍလံ - မည်၏။
ဥဗ္ဘဇာဏုမဏ္ဍလေ - ပုဆစ်ဒူးဝန်း ၂ ဘက်၏ အထက်၌၊
သာဒယတိ - ကိုင်ခြင်း ထိခြင်းကို သာယာတတ်၏၊
ဣတိ - ကြောင့်၊
ဥဗ္ဘဇာဏု မဏ္ဍလိကာ - မည်၏။
[အာမသနံ စသည်တို့၏ အဓိပ္ပာယ်ကို အနက်အတိုင်း သိလောက်ပြီ။ “ဖျစ်ညှစ်” ဟူသည် ကိုင်ရုံတွင်မကဘဲ နာနာညှစ်၍ ကိုင်ခြင်းတည်း။ အင်္ဂါများကို ဘိက္ခုကာယသံသဂ္ဂ သိက္ခာပုဒ်အတိုင်း သိပါ။]

---

ဘိက္ခုနီ ပါရာဇိကအခန်း

၆။ ဆဋ္ဌ ပါရာဇိက

ယာ ပန ဘိက္ခုနီ ဇာနံ ပါရာဇိကံ ဓမ္မံ အဇ္ဈာပန္နံ ဘိက္ခုနိံ နေဝ’တ္တနာ ပဋိစောဒေယျ၊ န ဂဏဿ အာရောစေယျ၊ ယဒါ စ သာ ဌိတာ ဝါ အဿ စုတာ ဝါ နာသိတာ ဝါ အဝဿဋာ ဝါ၊ သာ ပစ္ဆာ ဧဝံ ဝဒေယျ “ပုဗ္ဗေဝါဟံ အယျေ အညာသိံ ဧတံ ဘိက္ခုနိံ ‘ဧဝရူပါ စ ဧဝရူပါ စ သာ ဘဂိနီ’တိ၊ နော စ ခေါ အတ္တနာ ပဋိစောဒေဿံ၊ န ဂဏဿ အာရောစေဿ”န္တိ၊ အယမ္ပိ ပါရာဇိကာ ဟောတိ အသံဝါသာ ဝဇ္ဇပ္ပဋိစ္ဆာဒိကာ။

ယာ ပန ဘိက္ခုနီ – သည်၊
ဇာနံ - ပါရာဇိက ကျသူဟု သိလျက်၊
ပါရာဇိကံ ဓမ္မံ - ပါရာဇိကအာပတ်သို့၊
အဇ္ဈာပန္နံ - ရောက်နေသော၊
ဘိက္ခုနိံ - ရဟန်းမကို၊
အတ္တနာ - ကိုယ်တိုင်လည်း၊
နေဝ ပတိစောဒေယျ - မစောဒနာအံ့၊
ဂဏဿ - အခြား ဘိက္ခုနီ အပေါင်းအားလည်း၊
န အာရောစေယျ - မပြောအံ့၊
- ဆက်ဦးအံ့၊
ယဒါ - အကြင်အခါ၌၊
သာ - ထို ပါရာဇိကကျသော ရဟန်းမသည်၊
ဌိတာဝါ - ဘိက္ခုနီ အသွင်၌ တည်နေသည် မူလည်း၊
အဿ - ဖြစ်ရာ၏၊
စုတာဝါ - စုတေသည်မူလည်း၊
(အဿ - ၏၊)
နာသိတာဝါ - အသွင်ကို ဖျက်ဆီးအပ်သည်မူလည်း၊
(အဿ - ၏၊)
အဝဿတာဝါ - တိတ္ထိဘောင်သို့ ပြောင်းရွှေ့သည်မူလည်း၊
(အဿ - ၏၊)
သာ - ထို သူတပါးအပြစ်ကို ဖုံးထားသော ရဟန်းမသည်၊
ပစ္ဆာ - ဖုံးထားပြီး နောက်မှ၊
ဧဝံ - ဤသို့၊
ဝဒေယျ - ပြောဆိုအံ့၊
(ကိံ - အဘယ်သို့ ပြောဆိုသနည်း၊)
အယျေ - အရှင်မတို့၊
အဟံ - တပည့်တော်သည်၊
ပုဗ္ဗေဝ - ရှေးတုန်းကပင်၊
ဧတံ ဘိက္ခုနိံ - ဤ ရဟန်းမကို၊
ဝါ - ဤ ရဟန်းမ၏ အကြောင်းကို၊
သာ ဘဂိနီ - ထို ညီမသည်၊
ဧဝ ရူပါစ ဧဝ ရူပါစ - ဤသို့ သဘောလည်းရှိ, ဤသို့ သဘောလည်း ရှိ၏၊
ဣတိ - ဤသို့၊
အညာသိံ - သိခဲ့ပါပြီ၊
စခေါ - ထိုသို့ သိပါသော်လည်း၊
အတ္တနာ - ကိုယ်တိုင်လည်း၊
နေဝပဋိစောဒေဿံ - မစောဒနာမိခဲ့၊
ဂဏဿ - အခြား ဘိက္ခုနီအပေါင်းအားလည်း၊
န အာရောစေဿံ - မပြောမိခဲ့၊
ဣတိ - ဤသို့ ပြောဆိုအံ့၊
အယံပိ ဘိက္ခုနီ - သည်လည်း၊
ဝဇ္ဇပတိစ္ဆာဒိကာ - ဝဇ္ဇတိစ္ဆာဒိကာ မည်သော၊
ပါရာဇိကာ အသံဝါသာ ဟောတိ

---

၆။ ဆဋ္ဌ ပါရာဇိက (အနှစ်ချုပ်)

[ဝဇ္ဇ - အပြစ်ကို + ပတိစ္ဆာဒိကာ - ဖုံးထား သူမ၊]
ဒေါ်ဥတ္တရာနှင့် ဒေါ်ဓမ္မာ ဆိုကြပါစို့။ ဒေါ်ဥတ္တရာ ပါရာဇိက ကျနေသည်ကို ဒေါ်ဓမ္မာက သိလျက် “ကိုယ်တိုင်လည်း သံဃာ့ရှေ့မှာ မစောဒနာတော့ဘူး၊ အခြား ရဟန်းမ အပေါင်းအားလည်း ဒေါ်ဥတ္တရာ၏ အကြောင်းကို မပြောပြတော့ဘူး” ဟု စိတ်ကို ဆုံးဖြတ်လိုက်လျှင် ထိုခဏ၌ပင် ဒေါ်ဓမ္မာမှာ “ဝဇ္ဇပတိစ္ဆာဒိကာ ပါရာဇိက” ကျတော့၏။

အသေးစိတ်

သာ ဌိတာဝါ ၊ပေ၊ အဝဿတာဝါ
သာ” အရ နဂိုက သူ့အပြစ် နှင့်သူ ပါရာဇိကကျသော ဒေါ်ဥတ္တရာတည်း။ ထို ဒေါ်ဥတ္တရာသည်
ဌိတာ - ဘိက္ခုနီအဖြစ်၌ တည်နေသည်မူလည်း ဖြစ်စေ၊
စုတာ - စုတေသည်မူလည်း ဖြစ်စေ၊
နာသိတာ - လူဝတ်လဲသည်မူလည်း ဖြစ်စေ၊
အဝဿတာ - တိတ္ထိဘောင်သို့ ပြောင်းသည်မူလည်း ဖြစ်စေ”
(ဘာဘဲဖြစ်ဖြစ် ဟူလို။)

သာပစ္ဆာ ဧဝံ ဝဒေယျ
ဤ၌ “သာ” အရကား ဒေါ်ဥတ္တရာ၏ အပြစ်ကို ဖုံးထားသူ ဒေါ်ဓမ္မာတည်း။ ထို ဖုံးထားပြီးနောက်မှ “ထို ညီမဟာ (ထို အမဟာ) သည်လို ဖြစ်နေတယ်ဆိုတာ သိခဲ့ပါရဲ့၊ သို့ပေမယ့် ကိုယ်တိုင်လဲ မစောဒနာခဲ့ပါ၊ အခြား ရဟန်းမများအားလဲ မပြောခဲ့ပါ” ဟု မိမိ ဖုံးထားကြောင်းကို ဝန်ခံသောစကား ဖြစ်သည်။
ပါရာဇိကကား ဤသို့ ဝန်ခံသည့် အခါမှ ကျသည် မဟုတ်၊ ဖုံးထားမည်ဟု ဆုံးဖြတ်တုန်းကပင် ကျခဲ့ပြီ။

---

ဘိက္ခုနီ ပါရာဇိကအခန်း

၇။ သတ္တမ ပါရာဇိက

ယာ ပန ဘိက္ခုနီ သမဂ္ဂေန သံဃေန ဥက္ခိတ္တံ ဘိက္ခုံ ဓမ္မေန ဝိနယေန သတ္ထုသာသနေန အနာဒရံ အပ္ပဋိကာရံ အကတသဟာယံ တမနုဝတ္တေယျ၊ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဧဝမဿ ဝစနီယာ “ဧသော ခေါ အယျေ ဘိက္ခု သမဂ္ဂေန သံဃေန ဥက္ခိတ္တော ဓမ္မေန ဂိနယေန သတ္ထုသာသနေန အနာဒရော အပ္ပဋိကာရော အကတသဟာယော၊ မာ’ယျေ ဧတံ ဘိက္ခုံ အနုဝတ္တီ'တိ။ ဧဝဉ္စ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဝုစ္စမာနာ တထေ၀ ပဂ္ဂဏှေယျ၊ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗာ တဿ ပဋိနိဿဂ္ဂါယ၊ ယာဝတတိယဉ္စေ သမနုဘာသိယမာနာ တံ ပဋိနိဿဇ္ဇေယျ၊ ဣစ္စေတံ ကုသလံ၊ နော စေ ပဋိနိဿဇ္ဇေယျ၊ အယမ္ပိ ပါရာဇိကာ ဟောတိ အသံဝါသာ ဥက္ခိတ္တာနုဝတ္တိကာ။

ယာ ပန ဘိက္ခုနီ - သည်၊
သမဂ္ဂေန – ညီညွတ်သော၊
သံဃေန - သံဃာသည်၊
ဓမ္မေန – ဟုတ်မှန်သော ဝတ္ထုဖြင့်၊
ဝိနယေန − စောဒနာသာရဏာ ဝိနည်းဖြင့်၊
သတ္ထုသာသနေန - မြတ်စွာဘုရား၏ အဆုံးအမတော်ဖြစ်သော ဉတ် ကမ္မဂါစာဖြင့်၊
ဥက္ခိတ္တံ - နှင်ထုတ်အပ်ပြီးသော၊
အနာဒရံ - ရိုသေ လေးစားခြင်း မရှိသော၊
အပ္ပဋိကာရံ – ကုစားခြင်း မရှိသော၊
အကတသဟာယံ - ကံကြီးကံငယ်၌ ပြုအပ်သော သဟာယအဖြစ် မရှိသော၊
တံ ဘိက္ခုံ - ထိုရဟန်းသို့၊
အနုဝတ္တေယျ - လိုက်အံ့၊
သာ ဘိက္ခုနီ - ထိုရဟန်းမသည်၊
ဝါ - ထိုရဟန်းမကို၊
ဘိက္ခုနီဟိ - မြင်ကုန် ကြားကုန်သော ရဟန်းမတို့သည်၊
ဧဝံ - ဤသို့၊
ဝစနီယာ - ပြောဆိုထိုက်သည်၊
အဿ - ဖြစ်၏၊
(ကိံ - အဘယ်သို့ ပြောဆိုထိုက်သနည်း။)
အယျေ - အရှင်မ၊
ဧသော ဘိက္ခု - ဤရဟန်းသည်၊
သမဂ္ဂေန သံဃေန ဓမ္မေန ဝိနယေန သတ္ထုသာသနေန
ဥက္ခိတ္တော – နှင်ထုတ်အပ်သော ရဟန်းတည်း၊
အနာဒရော - ရိုသေ လေးစားခြင်း မရှိ၊
အပ္ပဋီကာရော - ကုစားခြင်း မရှိ၊
အကတသဟာယော - ကံကြီးကံငယ်ကိစ္စ၌ ပြုအပ်သော အပေါင်းအဖော်အဖြစ် မရှိ၊
အယျေ - အရှင်မ၊
ဧတံ ဘိက္ခုံ - ဤရဟန်းသို့၊
မာ အနုဝတ္တိ - မလိုက်ပါနှင့်၊
(ဣတိ - ဤသို့ ပြောဆိုထိုက်၏။)
ဧဝဉ္စ - ဤသို့လျှင်၊
သာ ဘိက္ခုနီ - သည်၊
ဝါ - ကို၊
ဘိက္ခုနီဟိ – တို့သည်၊
ဝုစ္စမာနာ - ပြောဆိုအပ်သော်၊
တထေဝ - ထို ရှေးအတိုင်းသာလျှင်၊
ပဂ္ဂဏှေယျ - ချီမြှောက်အံ့၊
သာ ဘိက္ခုနီ - ကို၊
ဘိက္ခုနီဟိ - တို့သည်၊
တဿ - ထိုအယူကို၊
ပတိနိသဂ္ဂါယ – စွန့်ဘို့ရာ၊
ယာဝတတိယံ – ၃ ကြိမ် တိုင်အောင်၊
သမနုဘာသိတဗ္ဗာ - ၏၊
ယာဝ တတိယံ သမနုဘာသီယမာနာ
တံ - ထိုအယူကို၊
စေ ပဋိနိသဇ္ဇေယျ - အကယ်၍ စွန့်အံ့၊
ဣစ္စေတံ ကုသလံနော စေ ပဋိနိသဇ္ဇေယျ
အယံပိ ဘိက္ခုနီ - လည်း၊
ဥက္ခိတ္တာနုဝတ္တိကာ - ဥက္ခိတ္တာနုဝတ္တိကာ မည်သော၊
ပါရာဇိကာ - သည်၊
အသံ ဝါသာ - သည်၊
ဟောတိ - ၏၊
[မြှုပ်ထားအပ်သော အနက်များကို ဘိက္ခု သံဃာဒိသေသ် ဘေဒါနုဝတ္တက သိက္ခာပုဒ်အတိုင်း သိပါ။]

---

၇။ သတ္တမ ပါရာဇိက (အနှစ်ချုပ်)

[ဥက္ခိတ္တ - နှင်ထုတ်အပ်သော ရဟန်းသို့ + အနုဝတ္တိကာ - လိုက်သော ရဟန်းမ။]
အာပတ်ကို မရှုခြင်း၊ မကုစားခြင်း၊ မိစ္ဆာအယူကို မစွန့်ခြင်းတို့တွင် တပါးပါးရှိလျှင် နှုတ်ဖြင့် အလွတ်ပြောဆို ဆုံးမရမည်။ ထိုသို့ ပြော၍မရသည့်အခါ သံဃာက ထိုရဟန်းကို ဉတ်ကမ္မဝါစာဖြင့် နှင်ထုတ်နိူင်သည်။ ထိုသို့ နှင်ထုတ်ရာ၌ ....

အသေးစိတ်

ဓမ္မေန ဝိနယေန
နှင်ထုတ်ထိုက်သော အကြောင်းဝတ္ထု (အာပတ် ရှိခြင်း စသော အကြောင်းက) ဟုတ်မှန်သည်ကို “ဓမ္မ”ဟု ခေါ်သည်။ ထိုသို့ ဝတ္ထုရင်းက မှန်လျှင် အပြစ်တင်သောအားဖြင့် စောဒနာရမည်။ အပြစ်ကို သတိရစေသော အားဖြင့် သာရဏ (အောက်မေ့) စေရမည်။ ဤ စောဒနာမှု၊ သရဏာမှုကို “ဝိနယ”ဟု ခေါ်သည်။

သတ္ထုသာသနေန
ထိုကဲ့သို့ စောဒနာသာရဏာမှုကို ပြုပြီးနောက် ဉတ်ကမ္မဝါစာကို မှန်မှန်ကန်ကန် ရွတ်ဘတ်ခြင်းသည် သတ္ထုသာသန (ဘုရား အဆုံးအမတော်အတိုင်း) ဖြစ်၏။ ထိုသို့ ဓမ္မဝိနယ သတ္ထုသာသနဖြင့် နှင်ထုတ် အပ်သူမှ ဥက္ခိတ္တအစစ် ဖြစ်သည်။

အနာဒရံ
ထို ဥက္ခိတ္တကရဟန်းသည် ကံပြုသော သံဃာကို၎င်း၊ ထို ကံ ပြုရာတွင် ပါဝင်သော ၂ ပါး ၃ ပါး ဂိုဏ်း ကို၎င်း၊ ပုဂ္ဂိုလ် တပါးပါးကို၎င်း ပြုအပ်သော ကံကို၎င်း ရိုသေလေးစားရိုး မှန်လျှင် ထိုကံမှ ကင်းလွတ်အောင် ထုံးစံအတိုင်း ကောင်းစွာကျင့်ရမည်။ (ကျင့်ရပုံကို ကမ္မက္ခန္ဓကမှာ ရှု။)
ထိုကဲ့သို့ ကောင်းစွာ မကျင့်လျှင် အနာဒရ (သံဃာ၊ ဂိုဏ်း၊ ပုဂ္ဂိုလ်နှင့် ကံကို ဂရုမစိုက်သူ) ဖြစ်၏။

အပ္ပဋိကာရံ
ပဋိကာရ (ကုစားခြင်း) ဟူသည် သံဃာ စသည်ကို ရိုသေလေးစား၍ ကောင်းစွာ ကျင့်လျှင် သံဃာတွင်းသို့ ပြန်၍ ဉတ်ကမ္မဝါစာဖြင့် သွင်းခြင်းတည်း။ ထိုသို့ ဉတ်ကမ္မဝါစာဖြင့် ပြန်၍ မသွင်းရ သေးသူကို “အပ္ပဋိကာရ” ဟု ခေါ်သည်။

အကတသဟာယံ
ထိုကဲ့သို့ သံဃာတွင်းသို့ မသွင်းရသေးလျှင် ကံကြီး ကံငယ် ကိစ္စ၌ ထို ဥက္ခိတ္တကရဟန်းနှင့်အတူ မပြုရ၊ အဖော် အဘက် မလုပ်ကြရ ဟူလို။ [“သဟာယဘာဝ”ဟု ဆိုလိုလျက် ဘာဝပုဒ်ကို ချေထားသည်။]
ထိုကဲ့သို့ နှင်ထုတ်မြဲ နှင်ထုတ်အပ်သော ဥက္ခိတ္တကရဟန်းသို့ (သူ၏ အယူဝါဒကို ယူသောအားဖြင့်) နောက်လိုက်လုပ်သော ရဟန်းမကို အခြားရဟန်းမတို့က (ဘေဒါသူဝတ္တက၌ ပြခဲ့သည့်အတိုင်း) ပြောဆို ဆုံးမရမည်။ ပြောဆိုဆုံးမ၍ မရလျှင် ဉတ်ကမ္မဝါစာဖြင့် သမနုဘာသနကံ (နောက်ထပ် ဆုံးမမှု)ကို ပြုရမည်။
ထိုသို့ ဆုံးမရာ၌ ကမ္မဝါစာ ၃ ကြိမ် မပြည့်ခင် ထိုအယူကို စွန့်လိုက်မူ ပါရာဇိက မကျသေးပေ၊ တတိယ ကမ္မဝါစာ၏ “သာ ဘာသေယျ” ၌ ယျ-အက္ခရာတိုင်အောင် အယူ မစွန့်လွှတ်လျှင် ဥက္ခိတ္တာနုဝတ္တိကာ အမည်ရ၍ ပါရာဇိက ကျလေတော့သည်။

---

ဘိက္ခုနီ ပါရာဇိကအခန်း

၈။ အဋ္ဌမ ပါရာဇိက

ယာ ပန ဘိက္ခုနီ အဝဿုတာ အဝဿုတဿ ပုရိသပုဂ္ဂလဿ ဟတ္ထဂ္ဂဟဏံ ဝါ သာဒိယေယျ, သင်္ဃာဋိကဏ္ဏဂ္ဂဟဏံ ဝါ သာဒိသေယျ သန္တိဋ္ဌေယျ ဝါ သလ္လပေယျ ဝါ သင်္ကေတံ ဝါ ဂစ္ဆေယျ, ပုရိသဿ ဝါ အဗ္ဘာဂမနံ သာဒိယေယျ ဆန္ဒံ ဝါ အနုပဝိသေယျ, ကာယံ ဝါ တဒတ္ထာယ ဥပသံဟရေယျ ဧတဿ အသဒ္ဓမ္မဿ ပဋိသေဝနတ္ထာယ၊ အယမ္ပိ ပါရာဇိကာ ဟောတိ အသံဝါသာ အဋ္ဌဝတ္ထုကာ။

ယာ ပန ဘိက္ခုနီ - သည်၊
အဝဿုတာ - ကာယ သံသဂ္ဂရာဂဖြင့် စိုစွတ်သည်၊
(ဟုတွာ - ဖြစ်၍၊)
အဝဿုတဿ - ကာယသံသဂ္ဂရာဂဖြင့် စိုစွတ်သော၊
ပုရိသပုဂ္ဂလဿ - ယောက်ျားပုဂ္ဂိုလ်၏၊
ဟတ္ထဂ္ဂဟဏံဝါ - လက်ကို ကိုင်ဆွဲခြင်းကိုလည်း၊
သာဒယေယျ - သာယာအံ့၊
သံဃာဋိကဏ္ဏဂ္ဂဟဏံ ဝါ - သင်္ကန်းအနားကို ကိုင်ဆွဲခြင်းကိုလည်း၊
သာဒယေယျ - အံ့၊
သန္တိဋ္ဌေယျဝါ - ဟတ္ထပါသ်၌လည်း တည်နေအံ့၊
သလ္လပေယျဝါ - အတူတကွလည်း စကားပြောအံ့၊
သင်္ကေတံဝါ - ချိန်းချက်ရာ အရပ်သို့လည်း၊
ဂစ္ဆေယျ - သွားအံ့၊
ပုရိသဿ - ယောက်ျား၏၊
အဗ္ဘာဂမနံ ဝါ - ရှေးရှုလာခြင်းကိုလည်း၊
သာဒယေယျ - အံ့၊
ဆန္နံဝါ - ဖုံးကွယ်အပ်သော အရပ်သို့လည်း၊
အနုပဝိသေယျ - ဝင်အံ့၊
ဧတဒတ္ထာယ - ဤ ကာယသံသဂ္ဂ အကျိုးငှာ၊
ဧတဿ အသဒ္ဓမ္မဿ - ဤ ကာယသံသဂ္ဂဟူသော မသူတော်တို့၏ တရားကို၊
ပဋိသေဝ နတ္ထာယ - မှီဝဲခြင်းအကျိုးငှာ၊
ကာယံဝါ - ကိုယ်ကိုလည်း၊
ဥပသံဟရေယျ - အနီးသို့ ဆောင်အံ့၊
အယံပိ ဘိက္ခုနီ – လည်း၊
အဋ္ဌဝတ္ထုကာ - အဋ္ဌဝတ္ထုကာ မည်သော၊
ပါရာဇိကာ - သည်၊
အသံဝါသာ - သည်၊
ဟောတိ - ဖြစ်၏။

---

မှတ်ချက်

ဤသိက္ခာပုဒ်၌ ဝါ သဒ္ဒါတို့သည် သမုစ္စည်းအနက် ရှိကြ၏။ ထို့ကြောင့် “မူလည်း”ဟု ဝိကပ် အနက်မပေးရ။ “ဥဒ္ဒိဋ္ဌာ ခေါ အယျာထော” စသော နိဂုံးနှင့် ယာဝတတိယာ နုဿာဝနတို့ လွယ်ပြီ။

၈။ အဋ္ဌမ ပါရာဇိက (အနှစ်ချုပ်)

အဋ္ဌဝတ္ထုကာ” ဟူရာ၌ ဝတ္ထုဟူသည်ကား အာပတ်သင့်ခြင်း၏ အကြောင်းတည်း။
ထို ဝတ္ထု ရှစ်မျိုးလုံးကို ကျူးလွန်မှ (ရှစ်မျိုးပြည့်မှ) ပါရာဇိကကျသည်။ ၁ မျိုး၊ ၂ မျိုးမှ စ၍ ၇ မျိုးအထိ ကျူးလွန် ရုံဖြင့်ကား အကြိမ်တရာ ကျူးလွန်သော်လည်း ပါရာဇိက မကျသေး။ ဝတ္ထု ၈ ပါး သရုပ်ကို ၁။ ယောက်ျားက လက်ဆွဲမှုကို သာယာခြင်း၊ ၂။ သင်္ကန်း ဆွဲမှုကို သာယာခြင်း စသည်ဖြင့် သိက္ခာပုဒ် အတိုင်း သိနိုင်ပြီ။ ထိုတွင် …

ဝတ္ထု ရှစ်မျိုး အသေးစိတ်

၁။ ဟတ္ထဂ္ဂဟဏံ
“လက်” ဟူရာ၌ တံတောင်ဆစ်မှ အဖျားဘက်ကို ယူ။ လက်မောင်းကိုင်သဖြင့် သာယာရာ၌ကား ဥဗ္ဘာဇာဏုမဏ္ဍလိက ပါရာဇိက ဟု ဆိုခဲ့ပြီ။ လက်ကို ဥပလက္ခဏနည်းအားဖြင့် မှတ်၍ ဆိုထားသည်။ ပါရာဇိကခေတ် မဟုတ်သော ပုဆစ်ဒူးဝန်းအောက်၊ ညှပ်ရိုးအထက် လည်ပင်း မျက်နှာ ကိုင်ခြင်းများ ကိုလည်း ဟတ္ထဂ္ဂဟဏံအရ၌ သွင်းယူရသည်။
[၂။ သံဃာဋိကဏ္ဏ အရလည်း ဥပလက္ခဏနည်းပင် ဖြစ်၍ သင်္ကန်းအနားသာမက ခါးဝတ် ဧကသီ သင်္ကန်းကြီး၏ ထိုထို အရပ်ကိုလည်း ယူရသည်။]

သန္တိဋ္ဌေယျ စသည်
၃။ ကာယသံသဂ္ဂပြုချင်လာအောင် ယောက်ျား၏ ဟတ္ထပါသ်၌ ရပ်တည်နေခြင်း၊
၄။ ထို့အတူ ဟတ္ထပါသ်၌ စကားပြောခြင်း
၅။ “မည်သည့်နေရာသို့ လာခဲ့ပါ”ဟု ချိန်းချက်လျှင် ထိုနေရာသို့ သွားခြင်း
၆။ အဗ္ဘာဂမနံအရ ယောက်ျားက ချိန်းချက်ရာသို့ လာလျှင်လည်း သာယာခြင်း၊
၇။ သစ်ပင် ချုံနွယ် အကာအရံရှိရာသို့ (ယောက်ျား လိုက်လာအောင် ဖြစ်စေ၊ ယောက်ျားရှိပြီး ဖြစ်၍ဖြစ်စေ) ဝင်သွားခြင်း၊
၈။ ကာယသံသဂ္ဂမှုကို ပြုအောင် မိမိကိုယ်ကို ယောက်ျားဘက်သို့ ညွှတ်ပေးခြင်းများတည်း။
[ဧတဒတ္ထာယကိုပင် “ဧတဿ အသဒ္ဓမ္မဿ ပဋိသေဝနတ္ထာယ”ဟု ဖွင့်သည်။]

---

ဆက်ဦးအံ့ ---

ပြခဲ့သော ဟတ္ထဂ္ဂဟဏ စသည်ကို သာယာရာ၌ တမျိုးတမျိုးအတွက် တခါကျူးလွန်လျှင် ထုလ္လစ္စဉ်း တချက်တချက် သင့်၏။ ရှစ်မျိုးပြည့်သည့်အခါ ပါရာဇိက ကျသည်။ “ရှစ်မျိုးကျူးလွန်”ဟူရာ၌ အစဉ်အတိုင်း ကျူးလွန်မှမဟုတ်၊ တခြား ကျူးလွန်သည်ဖြစ်စေ၊ ၈ နံပါတ်ကစ၍ ပြောင်းပြန် ကျူးလွန်သည်ဖြစ်စေ ရှစ်မျိုး ပြည့်ခြင်းသာ လိုရင်းဖြစ်သည်။

ဒေသနာကြားရာရောက် မရောက်

အဋ္ဌဝတ္ထုက ပါရာဇိက၌ ဝတ္ထု ရှစ်မျိုးရှိရာ တမျိုးမျိုးကျူးလွန်မိ၍ ထုလ္လစ္စဉ်း အာပတ်ကို ဒေသနာကြားရာ၌ အာယတိံသံဝရ (နောင်ခါ ဤအမှုကို မကျူးလွန်မိအောင် စောင့်စည်းအံ့ ဟူသော) စိတ်ဖြင့် ဒေသနာကြားမှ ဒေသနာကြားရာ ရောက်၍ ထို အာပတ်မှ ထသည်။ ထိုသို့ ဒေသနာ ကြားပြီးနောက် ကိလေသာအလျောက် ထပ်ကျူးလွန် မိပြန်လျှင်လည်း တကယ့်ကို အာယတိံ သံဝရ စိတ်ဖြင့် ဒေသနာကြားပြန်လျှင် အာပတ်မှ ထပြန်သည်သာ။
ထိုသို့ ဒေသနာကြားပြီးဖြစ်လျှင် ထို အာပတ်အတွက် သန့်ရှင်းပြီး ဖြစ်ရကား အခြားဝတ္ထု ၇ မျိုးကို နောက်ထပ်ကျူးလွန်သော်လည်း အဋ္ဌဝတ္ထုက မဖြစ်သေး။ အာယတိံ သံဝရစိတ် မရှိဘဲ ဝတ်ကြေ တန်းကြေ ဒေသနာ ကြားလျှင်ကား ဒေသနာကြားရာ မရောက်၊ ထို အာပတ်မှ မထ၊ နောက်ထပ် အခြား ၇ မျိုးကို ကျူးလွန်လျှင် အဋ္ဌဝတ္ထုက ဖြစ်သည်။

မှတ်ချက်

ဘိက္ခုနီတို့၏ ဤ အဋ္ဌဝတ္ထုက ပါရာဇိကနှင့် ဘိက္ခုတို့၏ ဒုတိယ ပါရာဇိကဝယ် ဆီ စသည်ကို တမတ်တန် မပြည့်အောင် အနည်းငယ်စီ ခွဲ၍ ခိုးရာ၌သာ “နောင် မပြုတော့အံ့” ဟု ဓုရနိက္ခေပ အာယတိံ သံဝရ မရှိလျှင် ဒေသနာကြားသော်လည်း ဒေသနာကြားရာ မရောက် ဟု ပရိဝါအဋ္ဌကထာ (ဧကကအဖွင့်) နှင့် သာရတ္ထဋီကာ၊ ဝိမတိဋီကာတို့ ဖွင့်ကြသောကြောင့် အခြား အာပတ်များကို ဒေသနာ ကြားရာ၌ကား အာယတိံ သံဝရစိတ် မရှိသော်လည်း အာပတ်မှ ထနိူင်သည် ဟု ယူကြ၏။

ဥပမာ -
လူပျိုနာ စွဲကပ်သူသည် နောင်ခါ မိန်းမပေါ့နှင့် မပျော်ပါးတော့အံ့ ဟူသောစိတ် မရှိသော်လည်း အင်ဂျက်ရှင်း ထိုးက မုချ ပျောက်နိုင်သကဲ့သို့ ထို့အတူ ဘုရားရှင်၏ ဒေသနာဆေးဖြင့် ကုစားက မုချ အာပတ်မှ လွတ်ရမည်ဟု ဆိုလိုသည်။
ဤစကားသည် သင့်မြတ်ဘွယ် ရှိ၏။ ဘာ့ကြောင့်နည်း။
သံဃာဒိသေသ အာပတ်သင့်၍ ပရိဝါသ် ဆောက်တည်ရာ၌ ပရိဝါသ်တောင်း၍ ဆောက်တည်လျှင် နောင်ခါ ရှောင်ကြဉ်မည်ဟု မကြံသော်လည်း ထိုအာပတ်မှ မုချ ထနိုင်သောကြောင့်တည်း။ “Injection ထိုးတိုင်း ပျောက်သည်” ဟု ဆိုသော်လည်း အနာရွတ်တွေ ရစရာမရှိတော့သကဲ့သို့ အာပတ်တွေ များ၍ ဒေသနာ ကြားဖန် များလျှင်လည်း ထိုသူ၏ စိတ်အစဉ်မှာ ရစရာရှိတော့မည် မဟုတ်ချေ။

နိသဂ္ဂိ မှတ်ချက်
နိသဂ္ဂိယ ပါစိတ်တို့မှာကား “ဒေသနာ မကြားမီ စွန့်ခြင်း ဝိနည်းကံက ရှေးရှိရမည်”ဟု မိန့်တော်မူ သောကြောင့် အနာမာသ ငွေ စသည်ကို မစွန့်ဘဲ ဒေသနာ ကြားသော်လည်း အာပတ်မှ မထနိုင်။
ထိုသို့ အာပတ်မှ မထလျှင် ဥပုသ်ပြုသောအခါ အာပတ်နှင့်တကွ မပြုကောင်းသောကြောင့် ဥပုသ်ပြုတိုင်းလည်း ဒုက္ကဋ်အာပတ် ထပ်၍ထပ်၍ သင့်ဘွယ်ရှိ၊ ထို နိသဂ္ဂိ ပစ္စည်းကို သုံးစွဲတိုင်းလည်း ဒုက္ကဋ်အာပတ် ထပ်၍ သင့်ဘွယ် ရှိသောကြောင့် ရှေးဆရာများသည် နိသဂ္ဂိ မထိုက်အောင် အထူး ရှောင်တော်မူခဲ့ကြပေသည်။

ပါရာဇိကအဖွင့် ပြီးပြီ။

---

ဘိက္ခုနီ သံဃာဒိသေသ် အခန်း

▬▬▬▬▬▬▬▬▬▬▬

[နိဒါန်း၌ “သတ္တရသ - တဆယ့်ခုနစ်ပါးကုန်သော”ဟု ဆို။]
ဣမေ ခေါ ပနာယျာယော သတ္တရသ သံဃာဒိသေသာ ဓမ္မာ ဥဒ္ဒေသံ အာဂစ္ဆန္တိ။

၁။ ပထမ သံဃာဒိသေသ

ယာ ပန ဘိက္ခုနီ ဥဿယဝါဒိကာ ဝိဟရေယျ ဂဟပတိနာ ဝါ ဂဟပတိပုတ္တေန ဝါ ဒါသေန ဝါ ကမ္မကာရေန ဝါ အန္တမသော သမဏပရိဗ္ဗာဇကေနာပိ၊ အယမ္ပိ ဘိက္ခုနီ ပဌမာပတ္တိကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ။

ယာ ပန ဘိက္ခုနီ - သည်၊
ဂဟပတိနာ ဝါ - အိမ့်ရှင် ယောက်ျားနှင့်သော်၎င်း၊
ဂဟပတိပုတ္တေန ဝါ - အိမ့်ရှင်ယောက်ျား၏ သားနှင့်သော်၎င်း၊
ဒါသေန ဝါ - ကျွန်နှင့်သော်၎င်း၊
ကမ္မကာရေန ဝါ - အလုပ်သမားနှင့်သော်၎င်း၊
အန္တမသော - အောက်ထစ်ဆုံးအားဖြင့်၊
သမဏပရိဗ္ဗာဇကေနာပိ - ရဟန်း ပရိဗ္ဗိုဇ်နှင့်သော်၎င်း၊
ဥဿယဝါဒိကာ - ထောင်လွှားဘိတုံ မာန်အမျက်ဟုန်ဖြင့် ငြင်းခုံသောအား, တရားတွေ့သည်၊
(ဟုတွာ - ၍၊)
ဝိဟရေယျ - နေအံ့၊
အယံ ဘိက္ခုနီ – ဤရဟန်းမသည်၊
ပဋ္ဌမာပတ္တိကံ - ရှေးဦးစွာ လွန်ကျူးသော ခဏ၌ရောက်ခြင်းရှိသော။
နိဿရဏီယံ - ဘိက္ခုနီသံဃမှ နှင်ထုတ်စေတတ်သော။
သံဃာဒိသေသံ - သံဃာဒိသိသ် အမည်ရှိသော။
ဓမ္မံ - အာပတ်သို့။
အာပန္နာ - ရောက်၏။

---

၁။ ပထမ သံဃာဒိသေသ် (အနှစ်ချုပ်)

[ဘဏ္ဍာတိုက်ကို တရားတွေ့မှုကြောင့် ပညတ်အပ်သော သိက္ခာပုဒ်ဖြစ်၍ ဤသိက္ခာပုဒ်ကို “ဥဒေါသိတ သိက္ခာပုဒ်”ဟု အခြားနေရာ၌ နာမည်တပ်သည်။ ဥဒေါသိတ=ဘဏ္ဍာတိုက်။]
ဘိက္ခုနီသည် ဂဟပတိစသူနှင့် တရားစ၍ တွေ့လျှင် ဒုက္ကဋ်
တဘက်က ခုခံ စကားပြောလျှင် ဘိက္ခုနီမှာ ထုလ္လစ္စဉ်း
တရားဆုံးဖြတ်ပြီးလျှင် သံဃာဒိသေသ် သင့်၏။

အသေးစိတ်

ဥဿယဝါဒိကာ
[ဥဿယ = ဥပုဗ္ဗ, သိဓာတ်၊ အ-ပစ္စည်း၊]
ဥဿိ တဒ္ဓဇော - စိုက်ထူအပ်သော တံခွန်အလံ ရှိသည်” ဟူသကဲ့သို့ ဥဿယသဒ္ဒါလည်း ထောင်လွှား တက်ကြွသော မာန ကောဓကို ဟော၏။ “မဟုတ်လျှင် မခံဘူး” ဟူသော မာန - ခက်ထန်သောဒေါသကို “ဥဿယ” ဟု ဆိုလိုသည်။
ဥဿယေန - ထောင်လွှားသော မာနကောဓဖြင့် +
ဝဒတိ (ဝိဝဒတိ) - ငြင်းခုံတတ်၏။
ဣတိ - ထို့ကြောင့်၊
ဥဿယဝါဒိကာ - မည်၏။
မဟုတ်မခံ-ခက်ထန် ထောင်လွှားသော မာနကောဓဖြင့် ငြင်းခုံခြင်းဟူသည် “တရားတွေ့ခြင်း၊ တရားစွဲခြင်း” ပင်တည်း။
[ရှေးဆရာတို့ကမူ “ဥဿယဝါဒိကာ - မာန်အမျက်ပွား၍ တရားတွေ့လျက်”ဟု အနက် ဆိုတော်မူကြသည်။]

ဂဟပတိ
ယခုကာလ၌ “ဂဟပတိ”အရ ပစ္စည်းဥစ္စာ ကြွယ်ဝသူကို ယူ၍ “သူကြွယ်”ဟု အနက်ပြန်လေ့ ရှိ၏။
အမှန်မှာ -
တအိမ်လောက်ကို ပိုင်လျှင် ဂဟပတိ = အိမ့်ရှင် = အိမ်ပိုင်ရှိသူ”ဟု ဆိုရ၏။
ဂဟပတိပုတ္တဖြင့် သား၊ ညီ၊ အစ်ကို စသည်ကို ယူ။
သမဏပရိဗ္ဗာဇကဟူသည် သီတင်းသုံးဘော် ၅ ဦးမှ တပါး အခြား ရသေ့ ပရိဗ္ဗိုဇ်များတည်း။

---

ဘိက္ခုနီ သံဃာဒိသေသ် အခန်း

၂။ ဒုတိယ သံဃာဒိသေသ

ယာ ပန ဘိက္ခုနီ ဇာနံ စောရိံ ဝဇ္ဈံ ဝိဒိတံ အနပလောကေတွာ ရာဇာနံ ဝါ သံဃံ ဝါ ဂဏံ ဝါ ပူဂံ ဝါ သေဏိံ ဝါ အညတြ ကပ္ပါ ဝုဋ္ဌာပေယျ၊ အယမ္ပိ ဘိက္ခုနီ ပဌမာပတ္တိကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ။

ယာ ပန ဘိက္ခုနီ - သည်၊
ဇာနံ - သတ်ထိုက်သော ခိုးသူမဟု သိလျက်၊
ဝဇ္ဈံ - သတ်ထိုက်သော၊
ဝိဒိတံ - သတ်ထိုက်သူ ဟူ၍ ထင်ရှားသော၊
စောရိံ - ခိုးသူမကို၊
ရာဇာနံဝါ - မင်းကိုသော်၎င်း၊
သံဃံဝါ - ဘိက္ခုနီသံဃာကို သော်၎င်း၊
ဂဏံဝါ - မလ္လဂဏစသော ဂိုဏ်းကိုသော်၎င်း၊
ပူဂံဝါ - ကုသိုလ်ကောင်းမှုပြုသော အသင်းကိုသော်၎င်း၊
သေဏိံ ဝါ - နံ့သာကုန်သည် အထည်ကုန်သည် စသူ အပေါင်းကိုသော်၎င်း၊
အနုပလောကေတွာ - မပန်ပြောဘဲ၊
ကပ္ပာ - အပ်သော ခိုးသူမကို၊
အညတြ - ကြဉ်၍၊
ဝုဋ္ဌာပေယျ - ဥပဇ္ဈာယ်လုပ်၍ ဘိက္ခုနီ ပြုပေးအံ့၊
အယမ္ပိ ဘိက္ခုနီ - ဤ ရဟန်းမသည်လည်း၊
ပထမာပတ္တိကံ နိဿာရဏီယံ သံဃာဒိသေသံ ဓမ္မံ အာပန္နာ

---

၂။ ဒုတိယ သံဃာဒိသေသ် (အနှစ်ချုပ်)

[စောရီဝုဋ္ဌာပန သိက္ခာပုဒ် ဟုလည်း ခေါ်၏။]
ခိုးမှုတစုံတရာကို ကျူးလွန်ထားသဖြင့် သတ်ထိုက်သူမဟု ထင်ရှားသော (ကြော်ငြာထားသော) ခိုးသူမကို “သတ်ထိုက်သူမ”ဟု သိပါလျက် မင်း စသူကို မတိုင်ကြားဘဲ၊ အပ်သော အခြေအနေသို့ ရောက်နေသူလည်း မဟုတ်သေးဘဲ ဥပဇ္ဈာယ်လုပ်၍ ရဟန်းပြုပေးလျှင် ဥပဇ္ဈာယ်ဆရာမှာ သံဃာဒိသေသ် အာပတ် သင့်၏။

အသေးစိတ်

ရာဇာနံဝါ ၊ပေ၊ သေဏိံ ဝါ
မင်းကိုယ်တိုင် စီမံ အုပ်ချုပ်ရာအရပ်၌ မင်းကို တိုင်ကြားရမည်။ မင်းကိုယ်တိုင် မအုပ်ချုပ်ဘဲ ဂဏ၊ ပူဂ၊ သေဏိတို့ကို အုပ်ချုပ်ဘို့ရန် လွှဲအပ်ထားသော ရွာနိဂုံးတို့၌ ထို ဂဏ၊ ပူဂ၊ သေဏိတို့ကိုပင် တိုင်ကြားရမည်။ ထိုသူတို့ကို လွှဲအပ်ထားသော အရပ် မဟုတ်လျှင်ကား ထိုသူတို့ကို တိုင်ကြားဘွယ် မလို။ မင်း စသော အုပ်ချုပ်သူကို တိုင်ကြားပြီးနောက်လည်း ဘိက္ခုနီသံဃာကို ထပ်မံ၍ ခွင့်ပန်ရဦးမည်။

ဂဏ, ပူဂ, သေဏိ
ဤသဒ္ဒါတို့သည် အပေါင်းအစု အသင်းအပင်းကို ဟောချင်းတူသော်လည်း ဤသိက္ခာပုဒ်၌ -
မလ္လဂဏ - ဗိဿဏိုးကို ကိုးကွယ် ဆည်းကပ်သောဂိုဏ်း၊
ဘဋိဂဏ - ကုမာရနတ် (ခန္ဓနတ်)ကို ဆည်းကပ်သော ဂိုဏ်း” စသည်ကို “ဂဏ”ဟု၎င်း၊
သာသနာတော်နှင့် သက်ဆိုင်သော ကုသိုလ်တရား ကြိုးစားသော ဆွမ်းလောင်းသင်း၊ ကထိန်သင်းစသော အသင်းအပင်းကို “ပူဂ”ဟု၎င်း၊
နံ့သာကုန်သည် အထည်ကုန်သည်စသော ကုန်သည်အပေါင်းကို “သေဏိ”ဟု၎င်း ယူပါ။

အညတြကပ္ပာ
ကပ္ပာ”ဟူသည် ဘိက္ခုနီ ပြုလုပ်ပေးရန် “အပ်စပ်” သူတည်း။ “သတ်ထိုက်သော သူခိုးမ”ဟု ထင်ရှား ကျော်ကြားပြီးနောက် တိတ္ထိတို့အသံမှာ ဖြစ်စေ၊ အခြားသော ဘိက္ခုနီတို့အထံမှာ ဖြစ်စေ ရှေးဦးစွာ ပရိဗ္ဗိုဇ်မ၊ သာမဏေမ လုပ်ပြီးမှ မိမိအထံသို့ ရောက်လာလျှင် ဘိက္ခုနီ ပြုလုပ်ပေးရန် အပ်စပ်သူ (ကပ္ပာ) မည်၏။ ထိုသူမမျိုးကို ကြဉ်ထား၍ မိမိထံ ပထမ ရောက်လာသူအား ရာဇ စသော အုပ်ချုပ်သူကို မတိုင်ကြားဘဲ ဘိက္ခုနီပြုလုပ် မပေးရ ဟူလို။

---

ဘိက္ခုနီ သံဃာဒိသေသ် အခန်း

၃။ တတိယ သံဃာဒိသေသ

ယာ ပန ဘိက္ခုနီ ဧကာ ဝါ ဂါမန္တရံ ဂစ္ဆေယျ၊ ဧကာ ဝါ နဒီပါရံ ဂစ္ဆေယျ၊ ဧကာ ဝါ ရတ္တိံ ဝိပ္ပဝသေယျ၊ ဧကာ ဝါ ဂဏမှာ ဩဟိယေယျ၊ အယမ္ပိ ဘိက္ခုနီ ပဌမာပတ္တိကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ။

ယာ ပန ဘိက္ခုနီ – သည်၊
ဧကာ - တယောက်တည်း၊
ဂါမန္တရံဝါ - အခြား တရွာသို့မူလည်း၊
ဂစ္ဆေယျ - သွားအံ့၊
ဧကော - တယောက်တည်း၊
ရဒီပါရံဝါ - မြစ်၏ တဘက်ကမ်းသို့ မူလည်း၊
ဂစ္ဆေယျ - သွားအံ့၊
ဧကာ - တည်း၊
ရတ္တိံ ဝါ - ညဉ့်၌မူလည်း၊
ဝိပ္ပဝသေယျ - အဖော်နှင့် ခွဲနေအံ့၊
ဧကာ - တည်း၊
ဂဏမှာဝါ - ဂိုဏ်းမှမူလည်း၊
ဩဟီယေယျ - ချန်နေရစ်အံ့၊
အယမ္ပိ ဘိက္ခုနီ - ဤ ရဟန်းမသည်လည်း၊
ပထမာပတ္တိကံ - သော၊
နိဿာရဏီယံ - သော၊
သံဃာဒိသေအံ - သော၊
ဓမ္မံ - သို့၊
အာပန္နာ - ရောက်၏။

---

၃။ တတိယသံဃာဒိသေသ (အနှစ်ချုပ်)

[“ဂါမန္တရ သိက္ခာပုဒ်၊ နဒီပါရဂမန သိက္ခာပုဒ်၊ ရတ္တိဝိပ္ပဝါသ သိက္ခာပုဒ်၊ ဂဏဩဟီယနသိက္ခာပုဒ်”ဟု အမျိုးမျိုး နာမည်ရသည်။]
မိန်းမသားတို့သည် မည်သည့်နေရာ၌ မဆို အဖော်နှင့်သာ နေထိုက်သောကြောင့် ဘိက္ခုနီသည် မိမိနေရာ ရွာမှ အခြား တရွာသို့၎င်း၊ အခြား တရွာမှ မိမိနေရာ ရွာသို့၎င်း အဖော်မပါဘဲ သွားလာလျှင် သံဃာဒိ သေသ်အာပတ် သင့်၏။

ထို့အတူ အဖော်မပါဘဲ မြစ်ကမ်းတဘက်သို့ သွားလာလျှင်၎င်း၊ ညဉ့်အခါ၌ မိမိအိမ်ခန်းတွင်းမှာပင် အဖော်မပါဘဲ (အဖော် ရှိစေကာမူ ၂ တောင့်ထွာကျော် ခွဲ၍) အရုဏ် တက်ချိန်တိုင်အောင် အိပ်လျှင်၎င်း၊ မြို့ရွာ ပြင်ဘက်၌ အဖော်များနှင့် ခရီးအတူသွားစဉ် (ဒဿနူပစာ သဝနူပစာ လွန်နေအောင်) ထိုအဖော်များမှ ချန်နေရစ်လျှင်၎င်း အသီးသီး သံဃာဒိသေသ် အာပတ် သင့်သည်။ အခြား သိဘွယ်များကိုကား အဋ္ဌကထာမှာ ရှုပါ။
[“ဂဏမှာ” အရ အဖော်တယောက်ထည်းကိုလည်း “ဂိုဏ်း”ဟု ခေါ်ရသည်။]

ဘိက္ခုနီ သံဃာဒိသေသ် အခန်း

၄။ စတုတ္ထ သံဃာဒိသေသ

ယာ ပန ဘိက္ခုနီ သမဂ္ဂေန သံဃေန ဥက္ခိတ္တံ ဘိက္ခုနိံ ဓမ္မေန ဝိနယေန သတ္ထုသာသနေန အနပလောကေတွာ ကာရကသံဃံ, အနညာယ ဂဏဿ ဆန္ဒံ ဩသာရေယျ၊ အယမ္ပိ ဘိက္ခုနီ ပဌမာပတ္တိကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ။

ယာ ပန ဘိက္ခုနီ - သည်၊
သမဂ္ဂေန သံဃေန ဓမ္မေန ဝိနယေန သတ္ထုသာသနေ
ဥက္ခိတ္တံ – သော၊
(သတ္တမ ပါရာဇိကအတိုင်း အနက်ဆို။)
ဘိက္ခုနိံ -ကို၊
ကာရကသံဃံ - ဥက္ခိတ္တက ကံပြုသော သံဃာကို၊
အနပလောကေတွာ - မပန်ပြောမူ၍၊
ဂဏဿ - ဥက္ခိတ္တကကံပြုသော ဘိက္ခုနီအပေါင်း၏၊
ဆန္ဒံ – ဆန္ဒကို၊
အနညာယ - မသိမူ၍၊
ဩသာရေယျ - ဩသာရဏကံ ပြုပေးအံ့၊
အယမ္ပိ ဘိက္ခုနီ - သည်လည်း၊
ပထမာပတ္တိကံ - ရှေးဦးစွာ လွန်ကျူးဆဲခဏ၌ သင့်ရောက်ခြင်းရှိသော၊
နိဿာရဏီယံ - သော၊
သံဃာဒိသေသံ - သော၊
ဓမ္မံ – သို့၊
အာပန္နာ - ရောက်၏။

၄။ စတုတ္ထ သံဃာဒိသေသ

အာပတ်ကို မရှုခြင်း စသော အပြစ်ကြောင့် တရားနှင့်အညီ သံဃာက ဥက္ခိတ္တကကံ ပြုထားသော (နှင်ထုတ်ထားသော) ဘိက္ခုနီကို ထို ဥက္ခိတ္တကကံပြုခဲ့သော ဘိက္ခုနီသံဃာကို မတိုင်ကြားဘဲ (မတိုင်ကြား ရုံတွင် မက) ထို ဥက္ခိတ္တကကံ ပြုခဲ့သော ရဟန်းမ အပေါင်း၏ ဆန္ဒကို (ဩသာရဏကံ ပြုရာ၌ သဘောတူ-မတူကို) လည်း မသိရဘဲ ဩသာရဏကံ (ဥက္ခိတ္တကကံကို ငြိမ်းစေ၍ သံဃာ့ဘောင်သို့ သွတ်သွင်းသောကံ) ပြုပေးလျှင် ခေါင်းဆောင်လုပ်၍ ပြုပေးသော ဘိက္ခုနီမှာ ဩသာရဏ ကမ္မဝါစာ၏ အဆုံး၌ သံဃာဒိသေသ် အာပတ် သင့်သည်။

ဘိက္ခုနီ သံဃာဒိသေသ် အခန်း

၅။ ပဉ္စမ သံဃာဒိသေသ

ယာ ပန ဘိက္ခုနီ အဝဿုတာ အဝဿုတဿ ပုရိသပုဂ္ဂလဿ ဟတ္ထတော ခါဒနီယံ ဝါ ဘောဇနီယံ ဝါ သဟတ္ထာ ပဋိဂ္ဂဟေတွာ ခါဒေယျ ဝါ ဘုဉ္ဇေယျ ဝါ၊ အယမ္ပိ ဘိက္ခုနီ ပဌမာပတ္တိကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ။

ယာ ပန ဘိက္ခုနီ - သည်၊
အဝဿုတာ - ဆန္ဒရာဂဖြင့် စိုစွတ်သည်၊
(ဟုတွာ - ၍၊)
အဝဿုတဿ - ဆန္ဒရာဂဖြင့် စိုစွတ်သော၊
ပုရိသပုဂ္ဂလဿ - ၏၊
ဟတ္ထတော - လက်မှ၊
ခါဒနီယံဝါ ဘောဇနီယံဝါ သဟတ္ထာ ပဋိဂဟေတွာ ခါဒေယျဝါ ဘုဉ္ဇေယျဝါ၊ အယမ္ပိ ဘိက္ခုနီ ၊ပေ၊ ဓမ္မံ အာပန္နာ

၅။ ပဉ္စမ သံဃာဒိသေသ

ဤ ၅ နံပါတ် သိက္ခာပုဒ်နှင့် နောက်၌ လာမည့် ၆ နံပါတ်တို့၌ “အဝဿုတ” အရ ချစ်ကြိုက်မှု ဆန္ဒရာဂ သာမညကို ယူပါ။

ထိုကဲ့သို့ ရာဂဖြင့် စိုစွတ်နေသော ဘိက္ခုနီသည် ထိုရာဂဖြင့် စိုစွတ်သော ယောက်ျား၏လက်မှ ခဲဘွယ်ကို ဖြစ်စေ၊ ဘောဇဉ်ကို ဖြစ်စေ မိမိလက်ဖြင့် ခံယူ၍ ခဲစားလျှင် သံဃာဒိသေသ်အာပတ် သင့်၏။

ဘိက္ခုနီ သံဃာဒိသေသ် အခန်း

၆။ ဆဋ္ဌ သံဃာဒိသေသ

ယာ ပန ဘိက္ခုနီ ဧဝံ ဝဒေယျ “ကိံ တေ အယျေ ဧသော ပုရိသပုဂ္ဂလော ကရိဿတိ အဝဿုတော ဝါ အနဝဿုတော ဝါ၊ ယတော တွံ အနဝဿုတာ၊ ဣင်္ဃ အယျေ ယံ တေ ဧသော ပုရိသပုဂ္ဂလော ဒေတိ ခါဒနီယံဝါ ဘောဇနီယံ ဝါ၊ တံ တွံ သဟတ္ထာ ပဋိဂ္ဂဟေတွာ ခါဒ ဝါ ဘုဉ္ဇ ဝါ”တိ၊ အယမ္ပိ ဘိက္ခုနီ ပဌမာပတ္တိကံ ဓမ္မံ အာပန္နာ နိဿရဏီယံ သံဃာဒိသေသံ။

ယာ ပန ဘိက္ခုနီ - သည်၊
ဧဝံ - ဤသို့၊
ဝဒေယျ - တိုက်တွန်း ဆဋ္ဌ ပြောဆိုအံ့၊
(ကိံ - အဘယ်သို့ ပြောဆိုသနည်း၊)
အယျေ - အရှင်မ၊
ယတော - အကြင့်ကြောင့်၊
တွံ - အရှင်မသည်၊
အနဝဿုတာ - ဆန္ဒရာဂဖြင့် မစိုစွတ်၊
(တတော - ထို့ကြောင့်၊)
ဧသော ပုရိသပုဂ္ဂလော - ဤ ယောက်ျားပုဂ္ဂိုလ်သည်၊
အဝဿုတောဝါ - ဆန္ဒရာဂဖြင့် စိုစွတ်သူ မူလည်း ဖြစ်စေ၊
အနဝဿုတောဝါ - ဆန္ဒရာဂဖြင့် မစိုစွတ်သူမူလည်း ဖြစ်စေ၊
တေ - အရှင်မ၏ (အပေါ်၌)၊
ကိံ ကရိဿတိ - ဘာတတ်နိုင်လတံ့နည်း၊
အယျေ - အရှင်မ၊
ဣင်္ဃ - တိုက်တွန်းပါ၏၊
ဧသော ပုရိသ ပုဂ္ဂလော - သည်၊
တေ - အရှင်မအား၊
ယံ ခါဒနီယံဝါ - အကြင် ခဲဘွယ်ကိုသော်၎င်း၊
ယံ ဘောဇနီယံဝါ - ကိုသော်၎င်း၊
ဒေတိ - ပေး၏၊
တံ - ထို ခဲဘွယ်ဘောဇဉ်ကို၊
တွံ - အရှင်မသည်၊
သဟတ္ထာ ပဋိဂ္ဂဟေတွာ
ခါဒ ဝါ - ခဲလည်း ခဲပါလော၊
ဘုဉ္ဇ ဝါ - စားလည်း စားပါလော၊
ဣတိ - ဤသို့ တိုက်တွန်း ပြောဆိုအံ့၊
အယမ္ပိ ဘိက္ခုနီ ၊ပေ၊ ဓမ္မံ အာပန္နာ

၆။ ဆဋ္ဌ သံဃာဒိသေသ

ဘိက္ခုနီသည် မိမိအား ယောက်ျားက ပိုးပန်းသည့် သဘောဖြင့် ပေးလှူသည်ကို မခံဘဲ နေ၏။ ထို ဘိက္ခုနီကို အခြား ဘိက္ခုနီတယောက်က မြင်၍ “အရှင်မ၊ ကိုယ်ကမှ ရာဂစိတ် မရှိဘဲနှင့်ဖြင့် သူ့မှာ ရာဂစိတ် ရှိရှိ-မရှိရှိ ဘာတတ်နိူင်မှာလဲ။ သူပေးသမျှ ခဲဘွယ် ဘောဇဉ် ကိုယ့်လက်ဖြင့် ယူ၍ ခဲသာ ခဲပါ၊ စားသာ စားပါ” ဟု ပြောဆိုအံ့။

* ထိုကဲ့သို့ တိုက်တွန်းစကား ပြောဆိုမှု၊ တိုက်တွန်းအပ်သော ဘိက္ခုနီ၏ ခံယူမှုတို့ကြောင့် ဒုက္ကဋ်၊
* တိုက်တွန်းအပ်သူ စားတိုင်း ထုလ္လစဉ်း၊
* စားပြီးသောအခါ သံဃာ ဒိသေသ် အာပတ် သင့်၏။

[ဤ သိက္ခာပုဒ်လာ အာပတ်များကား တိုက်တွန်းသော ဘိက္ခုနီမှာသင့်သော အာပတ်ချည်းတည်း။]

ဘိက္ခုနီ သံဃာဒိသေသ် အခန်း

[၇ - သဉ္စရိတ္တ၊ ၈- ပထမ ဒုဋ္ဌဒေါသ၊ ၉ - ဒုတိယ ဒုဋ္ဌဒေါသ သိက္ခာပုဒ်တို့ ဘိက္ခုသိက္ခာပုဒ်များနှင့် တူပြီ။]

သဉ္စရိတ္တ သိက္ခာပဒ

၇။ ယာ ပန ဘိက္ခုနီ သဉ္စရိတ္တံ သမာပဇ္ဇေယျ ဣတ္ထိယာ ဝါ ပုရိသမတိံ, ပုရိသဿ ဝါ ဣတ္ထိမတိံ, ဇာယတ္တနေ ဝါ ဇာရတ္တနေ ဝါ အန္တမသော တင်္ခဏိကာယပိ၊ အယမ္ပိ ဘိက္ခုနီ ပဌမာဝတ္တိကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ။

ဒုဋ္ဌဒေါသ သိက္ခာပဒ

၈။ ယာ ပန ဘိက္ခုနီ ဘိက္ခုနိံ ဒုဋ္ဌာ ဒေါသာ အပ္ပတီတာ အမူလကေန ပါရာဇိကေန ဓမ္မေန အနုဒ္ဓံသေယျ “အပွေဝ နာမ နံ ဣမမှာ ဗြဟ္မစရိယာ စာဝေယျ”န္တိ၊ တတော အပရေန သမယေန သမနုဂ္ဂါဟီယမာနာ ဝါ အသမနုဂ္ဂါဟီယမာနာ ဝါ အမူလကဉ္စေဝ တံ အဓိကရဏံ ဟောတိ၊ ဘိက္ခုနီ စ ဒေါသံ ပတိဋ္ဌာတိ၊ အယမ္ပိ ဘိက္ခုနီ ပဌမာပတ္တိကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ။

အညဘာဂိယ သိက္ခာပဒ

၉။ ယာ ပန ဘိက္ခုနီ ဘိက္ခုနိံ ဒုဋ္ဌာ ဒေါသာ အပ္ပတီတာ အညဘာဂိယဿ အဓိကရဏဿ ကိဉ္စိဒေသံ လေသမတ္တံ ဥပါဒါယ ပါရာဇိကေန ဓမ္မေန အနုသေယျ “အပ္ပေဝ နာမ နံ ဣမမှာ ဗြဟ္မစရိယာ စာဝေယျ”န္တိ၊ တတော အပရေန သမယေန သမနုဂ္ဂါဟီယမာနာ ဝါ အသမနုဂ္ဂါဟီယမာနာ ဝါ အညဘာဂိယဉ္စေဝ တံ အဓိကရဏံ ဟောတိ ကောစိဒေသော လေသမတ္တော ဥပါဒိန္နော၊ ဘိက္ခုနီ စ ဒေါသံ ပတိဋ္ဌာတိ၊ အယမ္ပိ ဘိက္ခုနီ ပဌမာပတ္တိကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ။

ဘိက္ခုနီ သံဃာဒိသေသ် အခန်း

၁၀။ ဒသမ သံဃာဒိသေသ

ယာ ပန ဘိက္ခုနီ ကုပိတာ အနတ္တမနာ ဧဝံ ဝဒေယျ “ဗုဒ္ဓံ ပစ္စာစိက္ခာမိ၊ ဓမ္မံ ပစ္စာစိက္ခာမိ၊ သံဃံ ပစ္စာစက္ခာမိ၊ သိက္ခံ ပစ္စာစိက္ခာမိ၊ ကိန္နုမာဝ သမဏိယော ယာ သမဏိယော သကျဓီတရော၊ သန္တညာပိ သမဏိယော လဇ္ဇိနိယော ကုက္ကုစ္စိကာ သိက္ခာကာမာ၊ တာသာဟံ သန္တိကေ ဗြဟ္မစရိယံ စရိဿာမီ”တိ။ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဧဝမဿ ဝစနီယာ “မာ’ယျေ ကုပိတာ အနတ္တမနာ ဧဝံ အဝစ‘ဗုဒ္ဓံ ပစ္စာစိက္ခာမိ၊ ဓမ္မံ ပစ္စာစိက္ခာမိ၊ သံဃံ ပစ္စာစိက္ခာမိ၊ သိက္ခံ ပစ္စာစိက္ခာမိ၊ ကိန္နုမာဝ သမဏိယော ယာ သမဏိယော သကျဓီတရော၊ သန္တညာပိ သမဏိယော လဇ္ဇိနိယော ကုက္ကုစ္စိကာ သိက္ခာကာမာ၊ တာသာဟံ သန္တိကေ ဗြဟ္မစရိယံ စရိဿာမီ”တိ၊ အဘိရမာ'ယျေ၊ သွာက္ခာတော ဓမ္မော၊ စရ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တိကိရိယာယာ”တိ။ ဧဝဉ္စ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဝုစ္စမာနာ တထေဝ ပဂ္ဂဏှေယျ၊ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗာ တဿ ပဋိနိဿဂ္ဂါယ၊ ယာဝတတိယဉ္စေ သမနုဘာသိယမာနာ တံ ပဋိနိဿဇ္ဇေယျ၊ ဣစ္စေတံ ကုသလံ၊ နော စေ ပဋိနိဿဇ္ဇေယျ၊ အယမ္ပိ ဘိက္ခုနီ ယာဝတတိယကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ။

ယာ ပန ဘိက္ခုနီ – သည်၊
ကုပိတာ - စိတ်ဆိုးသည်၊
အနတ္တမနာ - မိမိစိတ် မရှိသည်၊
(ဟုတွာ - ၍၊)
ဧဝံ - ဤသို့၊
ဝဒေယျ - ပြောဆိုအံ့၊
(ကိံ - အဘယ်သို့ ပြောဆိုသနည်း၊)

ဗုဒ္ဓံ - ဘုရားကို၊
ပစ္စာစိက္ခာမိ - စွန့်ပါ၏၊
ဓမ္မံ– တရားကို ၊ပေ၊ သံဃံ - သံဃာကို ၊ပေ၊
သိက္ခံ - သိက္ခာကို၊
ပစ္စာစိက္ခာမိ - စွန့်ပါ၏၊
ယာ သမဏိယော - အကြင် ရဟန်းမတို့သည်၊
သကျဓီတရော - သာကီဝင်မင်းသား ဘုရား၏သမီး ဖြစ်ကြကုန်၏၊
ဣမာဝ - ဤ သကျဓီတု ဆိုသူတို့သည်သာ၊
သမဏိယော ကိန္နု - ရဟန်းမတို့တဲ့လော၊
အညာပိ - သူတို့မှတပါးလည်း ဖြစ်ကုန်သော၊
လဇ္ဇိနိယော - မကောင်းမှုမှု ရှက်တတ်ကုန်သော၊
ကုက္ကုစ္စိကာ - ကုက္ကုစ္စ ရှိကုန်သော၊
သိက္ခာကာမာ - သိက္ခာကို လိုလားကြကုန်သော၊
သမဏိယော - ရဟန်းမတို့သည်၊
သန္တိ - ရှိပါကုန်သေး၏၊
အဟံ - ငါသည်၊
တာသံ - ထို ရဟန်းမတို့၏၊
သန္တိကေ - အထံ၌၊
ဗြဟ္မဇရိယံ - မြတ်သော အကျင့်ကို၊
စရိဿာမိ - ကျင့်အံ့၊
ဣတိ - ဤသို့ ပြောဆိုအံ့။

သာ ဘိက္ခုနီ - သည်၊
ဝါ - ကို၊
ဘိက္ခုနီဟိ - မြင်ကုန် ကြားကုန်သော ရဟန်းမတို့သည်၊
ဧဝံ - ဤသို့၊
ဝစနီယာ - ပြောဆိုထိုက်သည်၊
အဿ - ဖြစ်၏၊
(ကိံ - အဘယ်သို့ ပြောဆိုထိုက်သနည်း၊)

အယျေ - အရှင်မ၊
ကုပိတာ အနတ္တမနာ (ဟုတျာ) ဗုဒ္ဓံ ပစ္စာစိက္ခာမိ ဓမ္မံ ပစ္စာစိက္ခာမိ သံဃံ ပစ္စာစိက္ခာမိ၊ ကိန္နုမာဝ သမဏိယော၊ ယာ သမဏိယော သကျဓီတရော၊ သန္တညာပိ သမဏိယော လဇ္ဇိနိယော ကုက္ကုစ္စိကာ သိက္ခာကာမာ, တာသာဟံ သန္တိကေ ဗြဟ္မစရိယံ စရိဿာမီတိ - ဗုဒ္ဓံ ပစ္စာစိက္ခာမိ ၊ပေ၊ စရိဿာမိ ဟူ၍၊
ဧဝံ - ဤသို့၊
မာ အဝစ - မပြောဆိုပါနှင့်၊

အယျေ - အရှင်မ၊
... အဘိရမ - မွေ့လျော်ပါလော၊
ဓမ္မော - တရားတော်ကို၊
သွာခါတော - ကောင်းစွာ ဟောတော်မူအပ်ပြီ၊
သမ္မာ — ကောင်းစွာ၊
ဒုက္ခဿ - ဝဋ်ဒုက္ခ၏၊
အန္တကိရိယာယ - အဆုံးကိုပြုခြင်းငှာ၊
ဗြဟ္မစရိယံ - မြတ်သောအကျင့်ကို၊
စရ - ကျင့်ပါလော၊
ဣတိ - ဤသို့ ပြောဆိုထိုက်၏၊
ဧဝဉ္စ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဝုစ္စမာနာ တထေဝ ပဂ္ဂဏှေယျ၊ သာ ဘိက္ခုနီ ဘိက္ခုနီဟိ
တဿ - ထိုအပြောကို၊
ပဋိနိသဂ္ဂါယ – စွန့်ဘို့ရာ၊

ယာဝတတိယံ သမနုဘာသိတဗ္ဗာ၊ ယာဝတတိယံ စေ သမနုဘာသီယမာနာ ၊ပေ၊ ယာဝတတိယကံ - သုံးကြိမ် တိုင်အောင် ဉတ်ကမ္မဝါစာဖြင့် ဆုံးမအပ်ပြီးသည့်အဆုံး၌ သင့်ရောက်အပ်သော၊
နိဿာရဏီယံ, သံဃာဒိသေသံ, ဓမ္မံ - အာပတ်သို့၊
အာပန္နာ - ရောက်၏။

၁၀။ ဒသမ သံဃာဒိသေသ

ဤသိက္ခာပုဒ်၌ ပါဠိရှည်လျားသလောက် အဓိပ္ပာယ် မခက်။

ဘိက္ခုနီတယောက်သည် တကယ် သိက္ခာချလိုသောစိတ်လည်း မရှိ၊ အခြား တိတ္ထိတို့အထံ၌ ပြောင်းရွှေ့၍ တိတ္ထိလုပ်လိုသောစိတ်လည်း မရှိဘဲ စိတ်ဆိုးသည့်အတွက် “ဗုဒ္ဓံ ပစ္စာစိက္ခာမိ” စသော သိက္ခာချ စကားများကို ဆိုပြီးလျှင် “သကျဓီတုဆိုသော ဤသူမတို့သာ ရဟန်းမအစစ်တို့တဲ့လား၊ သူတို့ အပြင်လဲ ကုက္ကုစ္စိကာ သိက္ခာကာမာဖြစ်ကြသော ရဟန်းမတို့ ရှိပါသေးတယ်၊ ထိုသူတို့ထံ၌ ဗြဟ္မစရိယကို ကျင့်မည်”ဟု ပြောဆိုအံ့။ ထိုသူ့ကို “သည်လို မပြောပါနှင့်”ဟု တားမြစ်ရမည်၊

ဤသို့ စသည်ဖြင့်(ဘိက္ခု သံဃာဒိသေသ်လာ ယာဝ တတိယက သိက္ခာပုဒ်များအတိုင်း) စီစဉ်၍မျှ “ဗုဒ္ဓံ ပစ္စာစိက္ခာမိ” စသော အပြောကို မစွန့်လျှင် တတိယ ကမ္မဝါစာ အဆုံး၌ သံဃာဒိသေသ် အာပတ် သင့်၏။

အမှာ

ရဟန်းယောက်ျား ဟူသမျှကို “သကျပုတ္တ” ခေါ်သကဲ့သို့ ရဟန်းမ ဟူသမျှကိုလည်း သာကီဝင် မင်းသမီး ဟုတ်ဟုတ်-မဟုတ်ဟုတ် “သကျဓီတု”ဟု ခေါ်သည်။

[ကုက္ကုစ္စိကာ၌ ကုက္ကုစ္စဟူသည် “အပ်မှ အပ်ပါ့မလား၊ မအပ်ဘဲများ နေမလား” ဟု တွေးတော စဉ်းစား တတ်သော အကြံ၊ အချို့အရာ၌ ဉာဏ်တည်း။ အကုသိုလ် ကုက္ကုစ္စစေတသိက် မဟုတ်။]

ဘိက္ခုနီ သံဃာဒိသေသ် အခန်း

၁၁။ ဧကာဒသမ သံဃာဒိသေသ

ယာ ပန ဘိက္ခုနီ ကိသ္မိဉ္စိဒေဝ အဓိကရဏေ ပစ္စာကတာ ကုပိတာ အနတ္တမနာ ဧဝံ ဝဒေယျ “ဆန္ဒဂါမိနိယော စ ဘိက္ခုနိယော, ဒေါသဂါမိနိယော စ ဘိက္ခုနိယော, မောဟဂါမိနိယော စ ဘိက္ခုနိယော, ဘယဂါမိနိယော စ ဘိက္ခုနိယော”တိ၊ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဧဝမဿ ဝစနီယာ “မာ’ယျေ ကိသ္မိဉ္စိဒေဝ အဓိကရဏေ ပစ္စာကတာ ကုပိတာ အနတ္တမနာ ဧဝံ အဝစ “ဆန္ဒဂါမိနိယော စ ဘိက္ခုနိယော, ဒေါသဂါမိနိယော စ ဘိက္ခုနိယော, မောဟဂါမိနိယော စ ဘိက္ခုနိယော, ဘယဂါမိနိယော စ ဘိက္ခုနိယော”တိ၊ အယျာ ခေါ ဆန္ဒာပိ ဂစ္ဆေယျ၊ ဒေါသာပိ ဂစ္ဆေယျ၊ မောဟာပိ ဂစ္ဆေယျ၊ ဘယာပိ ဂစ္ဆေယျာ”တိ။ ဧဝဉ္စ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဝုစ္စမာနာ တထေဝ ပဂ္ဂဏှေယျ၊ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗာ တဿ ပဋိနိဿဂ္ဂါယ၊ ယာဝတတိယဉ္စေ သမနုဘာသိယမာနာ တံ ပဋိနိဿဇ္ဇေယျ၊ ဣစ္စေတံ ကုသလံ၊ နော စေ ပဋိနိဿဇ္ဇေယျ၊ အယမ္ပိ ဘိက္ခုနီ ယာဝတတိယကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ။

ယာ ပန ဘိက္ခုနီ – သည်၊
ကိသ္မိဉ္စိဒေဝ - တစုံတခုသာလျှင် ဖြစ်သော၊
အဓိကရဏေန - အဓိကရုဏ်း၌၊
ပစ္စာကတာ - ရှုံးသည်၊ (ဝါ - ရှုံးခြင်းကြောင့်၊)
ကုပိတာ အနတ္တမနာ (ဟုတွာ)
ဧဝံ ဝဒေယျ၊ (ကိံ)၊
ဘိက္ခုနီယော - တို့သည်၊
ဆန္ဒဂါမိနိယောစ - ဆန္ဒာဂတိသို့လည်း လိုက်ကြကုန်၏ ၊ပေ၊
ဘယဂါမိနိယောစ - ဘယာဂတိသို့လည်း လိုက်ကြကုန်၏၊
ဣတိ - ဤသို့ ပြောဆိုအံ့၊
သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဧဝံ ဝစနီယာ အဿ၊ (ကိံ)၊
အယျေ - အရှင်မ၊
ကိသ္မိဉ္စိဒေဝ အဓိကရဏေ ပစ္စာကတာ ကုပိတာ အနတ္တမနာ ဟုတွာ - ၍၊
ဆန္ဒဂါမိနိယောစ ဘိက္ခုနိယော ၊ပေ၊ ဘယ ဂါမိနိယော ဘိက္ခုနိ ယောတိ - ဆန္ဒဂါမိနိယော ၊ပေ၊ ဘယဂါမိနိယောစ ဘိက္ခုနိယော ဟူ၍၊
ဧဝံ - ဤသို့၊
မာ အဝစ - မဆိုပါနှင့်၊
အယျာခေါ - အရှင်မသည်သာ၊
ဆန္ဒာ ပိ - ချစ်ခြင်းကြောင့်လည်း၊
ဂစ္ဆေယျ - အဂတိသို့လိုက်ရာ၏၊
ဒေါသာပိ - မုန်းခြင်းကြောင့်လည်း ၊ပေ၊
မောဟာပိ – တွေဝေခြင်းကြောင့်လည်း၊ပေ၊
ဘယာပိ - ကြောက်ခြင်းကြောင့်လည်း၊
ဂစ္ဆေယျ - ရာ၏၊
ဣတိ - ဤသို့ ပြောဆိုထိုက်၏၊
ဤသို့ စသည်ဖြင့် အနက်ပေးပါ။

၁၁။ ဧကာဒသမ သံဃာဒိသေသ

ဝိဝါဒါဓိကရုဏ်း စသော အဓိကရုဏ်း ၄ ပါးတွင် တပါးပါး၌ ရှုံးသည့်အတွက် စိတ်ဆိုး၍ “ဘိက္ခုနီတွေ ဆန္ဒာဂတိ လိုက်ကြသည်” စသည်ဖြင့် ပြောဆိုလျှင် မပြောဘို့ရန် တားမြစ်၊ တားမြစ်၍ မရလျှင် ဉတ်ကမ္မဝါစာဖြင့် သမနုဘာသနကံပြု၊ ကံ ပြုပြီးသည့် တိုင်အောင် ထိုအပြောကို မစွန့်လျှင် သံဃာဒိသေသ်အာပတ် သင့်၏။

ဘိက္ခုနီ သံဃာဒိသေသ် အခန်း

၁၂။ ဒွါဒသမ သံဃာဒိသေသ

ဘိက္ခုနိယော ပနေဝ သံသဋ္ဌာ ဝိဟရန္တိ ပါပါစာရာ ပါပသဒ္ဒါ ပါပသိလောကာ ဘိက္ခုနိသံဃဿ ဝိဟေသိကာ အညမညိဿာ ဝဇ္ဇပ္ပဋိစ္ဆာဒိကာ၊ တာ ဘိက္ခုနိယော ဘိက္ခုနီဟိ ဧဝမဿု ဝစနီယာ “ဘဂိနိယော ခေါ သံသဋ္ဌာ ဝိဟရန္တိ ပါပါစာရာ ပါပသဒ္ဒါ ပါပသိလောကာ ဘိက္ခုနိသံဃဿ ဝိဟေသိကာ အညမညိဿာ ဝဇ္ဇပ္ပဋိစ္ဆာဒိကာ၊ ဝိဝိစ္စထာယျေ၊ ဝိဝေကညေဝ ဘဂိနီနံ သံဃော ဝဏ္ဏေတီ”တိ။

ဘိက္ခုနိယော - ရဟန်းမတို့သည်၊
(ပန+ဧဝ, အနက် သီးခြားမရှိ၊)
သံသဋ္ဌာ - လူတို့နှင့် ရောနှောကြကုန်သည်၊
ပါပါစာရာ - ယုတ်မာသောအကျင့် ရှိကြကုန်သည်၊
ပါပသဒ္ဒါ - ယုတ်မာသော ကျော်စောသံ ရှိကြကုန်သည်၊
ပါပသိလောကာ - ယုတ်မာသော အသက်မွေးဝမ်းကျောင်း ရှိကြကုန်သည်၊
ဘိက္ခုနီသံဃဿ - ဘိက္ခုနီသံဃာကို၊
ဝိဟေသိကာ - ညှဉ်းဆဲတတ်ကုန်သည်၊
အညမညိဿာ - တယောက်တယောက်၏၊
ဝါ - အချင်းချင်း၏၊
ဝဇ္ဇပတိစ္ဆာဒိကာ - အပြစ်ကို ဖုံးလွှမ်းတတ်ကုန်သည်၊
(ဟုတွာ - ဖြစ်၍၊)
ဝိဟရန္တိ - နေကြကုန်အံ့၊
တာ ဘိက္ခုနိယော - ထိုရဟန်းမတို့သည်၊
ဝါ - တို့ကို၊
ဘိက္ခုနီဟိ - မြင်ကုန် ကြားကုန်သော ရဟန်းမတို့သည်၊
ဧဝံ - ဤသို့၊
ဝစနီယာ - ပြောဆိုထိုက်ကုန်သည်၊
အဿု - ဖြစ်ကုန်၏၊
(ကိံ - အဘယ်သို့ ပြောဆို ထိုက်ကုန်သနည်း၊)
ဘဂိနိယော - ညီမတို့သည် ၊ပေ၊ ဝိဟရန္တိ၊
အယျေ - အရှင်မတို့၊
ဝိဝိစ္စထ - လူတို့မှ ကင်းရှင်းကြပါကုန်၊
ဘဂိနီနံ – ညီမတို့၏၊
ဝိဝေကညေ၀ - ကင်းရှင်းခြင်းကို သာလျှင်၊
သံဃော - သံဃာသည်၊
ဝဏ္ဏေတိ - ချီးမွမ်းပါ၏၊
ဣတိ - ဤသို့ ပြောဆိုထိုက်ကုန်၏၊

ဧဝဉ္စ တာ ဘိက္ခုနိယော ဘိက္ခုနီဟိ ဝုစ္စမာနာ တထေဝ ပဂ္ဂဏှေယျုံ၊ တာ ဘိက္ခုနိယော ဘိက္ခုနီဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗာ တဿ ပဋိနိဿဂ္ဂါယ၊ ယာဝတတိယဉ္စေ သမနုဘာသိယမာနာ တံ ပဋိနိဿဇ္ဇေယျုံ၊ ဣစ္စေတံ ကုသလံ။ နော စေ ပဋိနိဿဇ္ဇေယျ၊ ဣမာပိ ဘိက္ခုနိယော ယာဝတတိယကံ ဓမ္မံ အာပန္နာ နိဿရဏီယံ သံဃာဒိသေသံ။
[“ဧဝဉ္စ တာ ဘိက္ခုနိယော” မှ စ၍ အနက်ထင်ပြီ။
“တဿနှင့် တံအတွက် ထိုလူတို့နှင့် ရောနှောခြင်းစသော အပြုအမူကို”ဟု၎င်း၊
“အာပန္နာ – ရောက်ကုန်၏” ဟု၎င်း အနက်ဆိုပါ။]

၁၂။ ဒွါဒသမ သံဃာဒိသေသ

သာသနာတော်ထမ်း ရဟန်းမတို့က ဒကာ ဒကာမအပေါ် ဆက်ဆံခြင်းမျိုး မဟုတ်ဘဲ လူ့အချင်းချင်း ပေါင်းသင်း ဆက်ဆံခြင်းမျိုးကဲ့သို့ ဆန်ဖွတ်ပေးခြင်း၊ ချက်ပြုတ်ပေးခြင်း၊ နံ့သာကြိတ်ပေးခြင်း၊ ပန်းကုံး ပေးခြင်း၊ တအိမ်မှ သတင်းစကားကို အခြားအိမ်သို့ ပို့ဆောင်ခြင်း စသည်ဖြင့် ဆက်ဆံ ရောနှောမှုကို “သံသဋ္ဌာ”ဟု ဆိုသည်။

အာစာရ သဒ္ဒ သိလောက

လူများကဲ့သို့ မကောင်းသော ကိုယ်ကျင့် နှုတ်ကျင့်ရှိခြင်းကို “ပါပါစာရ”ဟု ဆိုသည်။ ထိုကဲ့သို့ အကျင့် မကောင်းသည့် အလိုက် မကောင်းသတင်း ထွက်နေခြင်းကို “ပါပသဒ္ဒ”ဟု ဆိုသည်။ အသက်မွေး ချောင်ဘို့ရာ အလံရှုး ဒလံများဖြင့် ကျော်ကြားအောင် လုပ်မှုကို “ပါပသိလောက”ဟု ကြံပါ။
[သိလောကသဒ္ဒါ၏ ဟောရင်းအနက်မှာ (ယသ) အကျော်အစောပင်တည်း။]

ဝိဟေသိကာ ပတိစ္ဆာဒိကာ

အပြစ်အားလျော်စွာ ထို ဘိက္ခုနီတို့အား သံဃာက နိဂ္ဂဟကံ (နှိပ်မှုကံကို) ပြုမည် ဟု စီစဉ်သောအခါ ထိုကံကို မပြုဖြစ်အောင် (ကံ အထမမြောက်အောင်) တားမြစ်သောအားဖြင့် ဘိက္ခုနီသံဃာကို ညှဉ်းဆဲမှုကို “ဝိဟေသိကာ”ဟု ဆိုသည်။ တယောက်၏ ခုဒ္ဒါနုခုဒ္ဒကအပြစ်ကို အခြားတယောက်က ဖုံးထားမှုကို “ဝဇ္ဇပဋိစ္ဆာဒိကာ”ဟု ဆိုသည်။
[ပါရာဇိကကို ဖုံးထားလျှင်ကား ဖုံးသူလည်း ပါရာဇိကပင်။]

ဤကဲ့သို့ သံသဋ္ဌ စသော အပြစ်ရှိသည့် ဘိက္ခုနီများကို ထိုကဲ့သို့ မပြုကြဘို့ရန် တားမြစ်ရမည်။ တားမြစ်၍ မရလျှင် သမနုဘာသနကံ ပြုရမည်။ ကံ ပြီးဆုံးသည့်တိုင်အောင် ထို အပြုအမူများကို မစွန့်ကြလျှင် သံဃာဒိသေသ်အာပတ် သင့်ကြသည်။

ဘိက္ခုနီ သံဃာဒိသေသ် အခန်း

၁၃။ တေရသမ သံဃာဒိသေသ

ယာ ပန ဘိက္ခုနီ ဧဝံ ဝဒေယျ “သံသဋ္ဌာဝ အယျေ တုမှေ ဝိဟရထ၊ မာ တုမှေ နာနာ ဝိဟရိတ္ထ၊ သန္တိ သံဃေ အညာပိ ဘိက္ခုနိယော ဧဝါစာရာ ဧဝံသဒ္ဒါ ဧဝံသိလောကာ ဘိက္ခုနိသံဃဿ ဝိဟေသိကာ အညမညိဿာ ဝဇ္ဇပ္ပဋိစ္ဆာဒိကာ၊ တာ သံဃော န ကိဉ္စိ အာဟ၊ တုမှညေ၀ သံဃော ဥညာယ ပရိဘဝေန အက္ခန္တိယာ ဝေဘဿိယာ ဒုဗ္ဗလျာ ဧဝမာဟ ‘ဘဂိနိယော ခေါ သံသဋ္ဌာ ဝိဟရန္တိ ပါပါစာရာ ပါပသဒ္ဒါ ပါပသိလောကာ ဘိက္ခုနိသံဃဿ ဝိဟေသိကာ အညမညိဿာ ဝဇ္ဇပဋိစ္ဆာဒိကာ၊ ဝိဝိစ္စထာယျေ၊ ဝိဝေကညေဝ ဘဂိနီနံ သံဃော ဝဏ္ဏေတီ”တိ၊ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဧဝမဿ ဝစနီယာ “မာ’ယျေ ဧဝံ အဝစ သံသဋ္ဌာဝ အယျေ တုမှေ ဝိဟရထ၊ မာ တုမှေ နာနာ ဝိဟရိတ္ထ၊ သန္တိ သံဃေ အညာပိ ဘိက္ခုနိယော ဧဝါစာရာ ဧဝံသဒ္ဒါ ဧဝံသိလောကာ ဘိက္ခုနိသံဃဿ ဝိဟေသိကာ အညမညိဿာ ဝဇ္ဇပဋိစ္ဆာဒိကာ၊ တာ သံဃော န ကိဉ္စိ အာဟ၊ တုမှညေဝ သံဃော ဥညာယ ပရိဘဝေန အက္ခန္တိယာ ဝေဘဿိယာ ဒုဗ္ဗလျာ ဧဝမာဟ “ဘဂိနိယော ခေါ သံသဋ္ဌာ ဝိဟရန္တိ ပါပါစာရာ ပါပသဒ္ဒါ ပါပသိလောကာ ဘိက္ခုနိသံဃဿ ဝိဟေသိကာ အညမညိဿာ ဝဇ္ဇပဋိစ္ဆာဒိကာ၊ ဝိဝိစ္စထာယျေ၊ ဝိဝေကညေဝ ဘဂိနီနံ သံဃော ဝဏ္ဏေတီ”တိ။

ယာ ပန ဘိက္ခုနီ - သည်၊
ဧဝံ - ဤသို့၊
ဝဒေယျ - ပြောဆိုအံ့၊
(ကိံ - အဘယ်သို့ ပြောဆိုသနည်း၊
အယျေ - အရှင်မတို့၊
တုမှေ - အရှင်မတို့သည်၊
သံသဋ္ဌာဝ – လူတို့နှင့် ရောနှောကြကုန်လျက်သာလျှင်၊
ဝိဟရထ - နေကြကုန်လော၊
တုမှေ — တို့သည်၊
နာနာ - လူတို့မှ တသီးတခြားတို့သည်၊
(ဟုတွာ - ဖြစ်၍၊)
မာ ဝိဟရိတ္တ - မနေကြကုန်လင့်၊
သံဃေ - သံဃာ၌၊
အညာပိ - အရှင်မတို့မှ တပါးလည်းဖြစ်ကုန်သော၊
ဧဝါစာရာ - ဤသို့ အကျင့်ရှိကုန်သော
ဧဝံ သဒ္ဒါ - ဤသို့ ကျော်စောသံရှိကုန်သော၊
ဧဝံ သိလောကာ - ဤသို့ အသက်မွေး ဝမ်းကျောင်း ရှိကုန်သော၊
ဘိက္ခုနိသံဃဿ ဝိဟေသိကာ အညမညိဿာ ဝဇ္ဇပဋိစ္ဆာဒိကာ
ဘိက္ခုနိယော - တို့သည်၊
သန္တိ - ရှိကုန်၏၊
တာ - ထိုရဟန်းမတို့ကို၊
သံဃော - သံဃာသည်၊
ကိဉ္စိ - တစုံတခုကိုမျှ၊
(ဝါ - ဘာကိုမျှ၊)
န အာဟ - မပြောဆို၊
တုမှညေ၀ - အရှင်မတို့ကိုသာလျှင်၊
သံဃော - သံဃာသည်၊
ဥညာယ - နှိမ့်ချသမှု အသိအမှတ် ပြုခြင်းကြောင့်၎င်း၊
ပရိဘဝေန - လွှမ်းမိုးဘွယ်ဟု မှတ်ထင်ခြင်းကြောင့်၎င်း၊
အက္ခန္တိယာ - သည်းမခံနိုင်ခြင်းကြောင့်၎င်း၊
ဝေဘဿိယာ - အားကောင်းသောစကား ရှိသူတို့၏ အဖြစ်ကြောင့်၎င်း၊
ဒုဗ္ဗလျာ - အရှင်မတို့က အားမရှိကုန်သည်၏ အဖြစ်ကြောင့်၎င်း၊

ဘဂိနိယော ခေါ သံသဋ္ဌာ ဝိဟရန္တိ ပါပါစာရာ ပါပသဒ္ဒါ ပါပသိလောကာ ဘိက္ခုနိ သံဃဿ ဝိဟေသိကာ အညမညိဿာ ဝဇ္ဇပဋိစ္ဆာဒိကာ, ဝိဝိစ္စထာယျေ ဝိဝေကညေဝ ဘဂိနီနံ သံဃော ဝဏ္ဏေတီတိ - ဘဂိနိယော ခေါ ၊ပေ၊ ဝဏ္ဏတိဟူ၍၊
ဧဝံ - ဤသို့၊
အာဟ - ပြောဆိုပြီ၊
ဣတိ - ဤသို့ ပြောဆိုအံ့။

[ယာ ပန ဘိက္ခုနီ ဧဝံ ဝဒေယျဟု ပြခဲ့သော ဝဒေယျကိုပြန်၍ အုပ်သည်။
ဝဏ္ဏေတီတိ၌လည်း ဣတိတပုဒ် ကြေသည်ဟု ကြံပါ။]

သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဧဝံ ဝစနီယာ အဿ၊ (ကိံ)
အယျေ - အရှင်မ၊
သံသဋ္ဌာဝ အယျေ တုမှေ ၊ပ၊ သံဃော ဝဏ္ဏေတီတိ – သံသဋ္ဌာဝ ၊ပေ၊ ဝဏ္ဏေတိဟူ၍၊
ဧဝံ - ဤသို့၊
မာ အဝစ - မပြောပါလင့်၊
ဣတိ - ဤသို့ ပြောဆိုထိုက်၏၊

ဧဝဉ္စ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဝုစ္စမာနာ တထေဝ ပဂ္ဂဏှေယျ၊ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗာ တဿ ပဋိနိဿဂ္ဂါယ၊ ယာဝတတိယဉ္စေ သမနုဘာသိယမာနာ တံ ပဋိနိဿဇ္ဇေယျ၊ ဣစ္စေတံ ကုသလံ။ နော စေ ပဋိနိဿဇ္ဇေယျ၊ အယမ္ပိ ဘိက္ခုနီ ယာဝတတိယကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ။
[“ဧဝဉ္စ သာ ဘိက္ခုနီ”မှစ၍ အနက်ထင်ပြီ။”တံ - ထိုအပြောကို”ဟု အနက်ပေး။] ....

[၁၄။ ၁၅။ ၁၆။ ၁၇ နံပါတ် သိက္ခာပုဒ်တို့မှာ ဘိက္ခုအတိုင်းသာတည်း။]

သံဃဘေဒက သိက္ခာပဒ

၁၄။ ယာ ပန ဘိက္ခုနီ သမဂ္ဂဿ သံဃဿ ဘေဒါယ ပရက္ကမေယျ၊ ဘေဒနသံဝတ္တနိကံ ဝါ အဓိကရဏံ သမာဒါယ ပဂ္ဂယှ တိဋ္ဌေယျ၊ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဧဝမဿ ဝစနီယာ “မာ’ယျာ သမဂ္ဂဿ သံဃဿ ဘေဒါယ ပရက္ကမိ၊ ဘေဒနသံဝတ္တနိကံ ဝါ အဓိကရဏံ သမာဒါယ ပဂ္ဂယှ အဋ္ဌာသိ၊ သမေတာ'ယျာ သံဃေန၊ သမဂ္ဂေါ ဟိ သံဃော သမ္မောဒမာနော အဝိဝဒမာနော ဧကုဒ္ဒေသော ဖာသု ဝိဟရတီ”တိ။ ဧဝဉ္စ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဝုစ္စမာနာ တထေဝ ပဂ္ဂဏှေယျ၊ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗာ တဿ ပဋိနိဿဂ္ဂါယ၊ ယာဝတတိယဉ္စေ သမနုဘာသိယမာနာ တံ ပဋိနိဿဇ္ဇေယျ၊ ဣစ္စေတံ ကုသလံ။ နော စေ ပဋိနိဿဇ္ဇေယျ၊ အယမ္ပိ ဘိက္ခုနီ ယာဝတတိယကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ။

ဘေဒါနုဝတ္တိကာ သိက္ခာပဒ

၁၅။ တဿာယေဝ ခေါ ပန ဘိက္ခုနိယာ ဘိက္ခုနိယော ဟောန္တိ အနုဝတ္တိကာ ဝဂ္ဂဝါဒိကာ ဧကာ ဝါ ဒွေ ဝါ တိဿော ဝါ၊ တာ ဧဝံ ဝဒေယျုံ “မာ’ယျာယော ဧတံ ဘိက္ခုနိံ ကိဉ္စိ အဝစုတ္ထ ဓမ္မဝါဒိနီ စေ’သာ ဘိက္ခုနီ၊ ဝိနယဝါနီ စေ’သာ ဘိက္ခုနီ၊ အမှာကဉ္စေ’သာ ဘိက္ခုနီ ဆန္ဒဉ္စ ရုစိဉ္စ အာဒါယ ဝေါဟရတိ, ဇာနာတိ, နော ဘာသတိ, အမှာက’မ္ပေတံ ခမတီ”တိ၊ တာ ဘိက္ခုနီယော ဘိက္ခုနီဟိ ဧဝမဿု ဝစနီယာ “မာ’ယျာယော ဧဝံ အဝစုတ္ထ၊ န စေ’သာ ဘိက္ခုနီ ဓမ္မဝါဒိနီ၊ န စေ’သာ ဘိက္ခုနီ ဝိနယဝါဒိနီ၊ မာ'ယျာနမ္ပိ သံဃဘေဒေါ ရုစ္စိတ္ထ၊ သမေတာ’ယျာနံ သံဃေန၊ သမဂ္ဂေါ ဟိ သံဃော သမ္မောဒမာနော အဝိဝဒမာနော ဧကုဒ္ဒေသော ဖာသု ဝိဟရတီ”တိ။ ဧဝဉ္စ တာ ဘိက္ခုနိယော ဘိက္ခုနီဟိ ဝုစ္စမာနာ တထေဝ ပဂ္ဂဏှေယျုံ၊ တာ ဘိက္ခုနိယော ဘိက္ခုနီဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗာ တဿ ပဋိနိဿဂ္ဂါယ၊ ယာဝတတိယဉ္စေ သမနုဘာသိယမာနာ တံ ပဋိနိဿဇ္ဇေယျုံ၊ ဣစ္စေတံ ကုသလံ။ နော စေ ပဋိနိဿဇ္ဇေယျုံ၊ ဣမာပိ ဘိက္ခုနိယော ယာဝတတိယကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ။

ဒုဗ္ဗစ သိက္ခာပဒ

၁၆။ ဘိက္ခုနီ ပနေဝ ဒုဗ္ဗစဇာတိကာ ဟောတိ ဥဒ္ဒေသပရိယာပန္နေသု သိက္ခာပဒေသု ဘိက္ခုနီဟိ သဟဓမ္မိကံ ဝုစ္စမာနာ အတ္တာနံ အဝစနီယံ ကရောတိ “မာ မံ အယျာယော ကိဉ္စိ အဝစုတ္ထ ကလျာဏံ ဝါ ပါပကံ ဝါ၊ အဟမ္ပာ’ယျာယော န ကိဉ္စိ ဝက္ခာမိ ကလျာဏံ ဝါ ပါပကံ ဝါ၊ ဝိရမထာ’ယျာယော မမ ဝစနာယာ”တိ၊ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဧဝမဿ ဝစနီယာ “မာ’ယျာ အတ္တာနံ အဝစနီယံ အကာသိ၊ ဝစနီယမေဝ အယျာ အတ္တာနံ ကရောတု၊ အယျာပိ ဘိက္ခုနိယော ဝဒတု သဟဓမ္မေန၊ ဘိက္ခုနိယောပိ အယျံ ဝက္ခန္တိ သဟဓမ္မေန၊ ဧဝံ သံဝဒ္ဓါ ဟိ တဿ ဘဂဝတော ပရိသာ ယဒိဒံ အညမညဝစနေန အညမညဝုဋ္ဌာပနေနာ”တိ။ ဧဝဉ္စ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဝုစ္စမာနာ တထေဝ ပဂ္ဂဏှေယျ၊ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗာ တဿ ပဋိနိဿဂ္ဂါယ၊ ယာဝတတိယဉ္စေ သမနုဘာသိယမာနာ တံ ပဋိနိဿဇ္ဇေယျ၊ ဣစ္စေတံ ကုသလံ၊ နော စေ ပဋိနိဿဇ္ဇေယျ၊ အယမ္ပိ ဘိက္ခုနီ ယာဝတတိယကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ။

ကုလဒူသိကာ သိက္ခာပဒ

၁၇။ ဘိက္ခုနီ ပနေဝ အညတရံ ဂါမံ ဝါ နိဂမံ ဝါ ဥပနိဿာယ ဝိဟရတိ ကုလဒူသိကာ ပါပသမာစာရာ၊ တဿာ ခေါ ပါပကာ သမာစာရာ ဒိဿန္တိ စေဝ သုယျန္တိ စ၊ ကုလာနိ စ တာယ ဒုဋ္ဌာနိ ဒိဿန္တိ စေဝ သုယျန္တိ စ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဧဝမဿ ဝစနီယာ “အယျာ ခေါ ကုလဒူသိကာ ပါပသမာစာရာ၊ အယျာယ ခေါ ပါပကာ သမာစာရာ ဒိဿန္တိ စေဝ သုယျန္တိ စ၊ ကုလာနိ စာယျယ ဒုဋ္ဌာနိ ဒိဿန္တိ စေ၀ သုယျန္တိ စ၊ ပက္ကမတာ'ယျာ ဣမမှာ အာဝါသာ၊ အလံ တေ ဣဓ ဝါသေနာ”တိ။ ဧဝဉ္စ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဝုစ္စမာနာ တာ ဘိက္ခုနိယော ဧဝံ ဝဒေယျ “ဆန္ဒဂါမိနိယော စ ဘိက္ခုနိယော, ဒေါသဂါမိနိယော စ ဘိက္ခုနိယော, မောဟဂါမိနိယော စ ဘိက္ခုနိယော, ဘယဂါမိနိယော စ ဘိက္ခုနိယော၊ တာဒိသိကာယ အာပတ္တိယာ ဧကစ္စံ ပဗ္ဗာဇေန္တိ ဧကစ္စံ န ပဗ္ဗာဇေန္တီ”တိ၊ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဧဝမဿ ဝစနီယာ “မာ’ယျာ ဧဝံ အဝစ၊ န စ ဘိက္ခုနိယော ဆန္ဒဂါမိနိယော, န စ ဘိက္ခုနိယော ဒေါသဂါမိနိယော, န စ ဘိက္ခုနိယော မောဟဂါမိနိယော, န စ ဘိက္ခုနိယော ဘယဂါမိနိယော၊ အယျာ ခေါ ကုလဒူသိကာ ပါပသမာစာရာ၊ အယျာယ ခေါ ပါပကာ သမာစာရာ ဒိဿန္တိ စေ၀ သုယျန္တိ စ၊ ကုလာနိ စာ’ယျာယ ဒုဋ္ဌာနိ ဒိဿန္တိ စေဝ သုယျန္တိ စ၊ ပက္ကမတာ'ယျာ ဣမမှာ အာဝါသာ၊ အလံ တေ ဣဓ ဝါသေနာ”တိ။ ဧဝဉ္စ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဝုစ္စမာနာ တထေဝ ပဂ္ဂဏှေယျ၊ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗာ တဿ ပဋိနိဿဂ္ဂါယ၊ ယာဝတတိယဉ္စေ သမနုဘာသိယမာနာ တံ ပဋိနိဿဇ္ဇေယျ၊ ဣစ္စေတံ ကုသလံ။ နော စေ ပဋိနိဿဇ္ဇေယျ၊ အယမ္ပိ ဘိက္ခုနီ ယာဝတတိယကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ။

၁၃။ တေရသမ သံဃာဒိသေသ

ဤသိက္ခာပုဒ်လာ ဘိက္ခုနီကား ၁၂ နံပါတ် သိက္ခာပုဒ်၌ ပြခဲ့သည့်အတိုင်း သမနုဘာသနကံ ပြုအပ်သော ဘိက္ခုနီတို့ကို အားပေး အားမြှောက် ပြုလုပ်သူတည်း။

သူ၏ အားပေးပုံကား-
အရှင်မတို့၊ လူတို့နှင့် ရောနှောလျက်သာ နေမြဲ နေကြပါ။ ဘိက္ခုနီသံဃာမှာ အရှင်မတို့လို လူတို့နှင့် ရောနှောကြ၊ ပါပသဒ္ဒ စသည် ရှိကြသော ဘိက္ခုနီတွေ အများပင် ရှိကြသည်။ ထို ဘိက္ခုနီများကိုတော့ သံဃာက မပြောဆို မတားမြစ်ဘဲ အရှင်မတို့ကို တားမြစ်ခြင်းမှာ အရှင်မတို့ကို အောက်တန်းစားတွေ၊ ငါတို့ပြုလျှင် ဘာတတ်နိူင်မှာလဲ၊ လွှမ်းမိုးစရာတွေ ဟု မှတ်ထင်ခြင်းကြောင့် ဖြစ်သည်။ အခြားသူတွေ ရောနှောနေသည်ကိုတော့ သည်းညည်းခံနိုင်ပါလျက် အရှင်မတို့ကိုမှ သည်းညည်းမခံနိုင်ခြင်း၊ သူတို့ စကားက အားကောင်းသည် ဟု အယူရှိ၍ ရှင်မတို့ကို ခြောက်လှန့်ခြင်း၊ ရှင်မတို့က အားနည်းခြင်း ကြောင့်သာ ယခုလိုပြောခြင်းကို ခံရသည်ဟု အားပေးအားမြှောက်ပြုသည်။

ထိုသို့ အားပေး အားမြှောက်ပြုသော ဘိက္ခုနီကို မြင်ကုန် ကြားကုန်သော ဘိက္ခုနီတို့က “ဤသို့ မပြောပါနှင့်” ဟု တား၊ တားမြစ်၍မရလျှင် သမနုဘာသနကံပြု၊ ကံပြုပြီးသည့် တိုင်အောင် ထို အပြောကို မစွန့်လျှင် သံဃာဒိသေသ်အာပတ် သင့်သည်

သဒ္ဒတ္ထ

ဥညာယ၌ ဥသည် ဩ၏ ဝိပရိတ်တည်း။ ထိုဩကား “နီစ = အောက်ကျနောက်ကျ” ဟူသော အနက်ကို ဟော၏။ ဥ = အောက်ကျနောက်ကျ အောက်တန်းစားဟု + ဉာယ = သိခြင်းကြောင့်၊ ပရိဘဝေန၌ ပရိဘဝ ဟူသည် “လွှမ်းမိုးဘွယ် = လွှမ်းမိုးစရာ”ဟု အထင် ခံရခြင်းတည်း။

ဝေဘဿိယာ၌ ဝိ = အထူးထူး + ဘဿ = စကားရှိသည်၊
ဝိဘဿာနံ - အထူးထူး စကားရှိသူတို့၏ +
ဘာဝေါ - အဖြစ်သည်၊
ဝေဘဿိယံ - မည်၏၊

အထူးထူး စကားရှိခြင်း ဟူသည် သံဃာက ပြောပိုင် ဆိုပိုင် ခြောက်လှန့်ပိုဒ်ခြင်းတည်း။ သံဃာမှာ ထိုသို့ အာဏာရှိသည် ဟု ဆိုလိုပါသည်။ ပါစိတျာဒိယောဇနာ၌ တမျိုးကြံလေ၏။

နိဂုံးနှင့် အနုဿာဝန

ဥဒ္ဒိဌာ ခေါ အယျာယော သတ္တရသ သံဃာဒိသေသာ ဓမ္မာ နဝ ပဌမာပတ္တိကာ, အဋ္ဌ ယာဝတတိယကာ၊ ယေ’သံ ဘိက္ခုနီ အညတရံ ဝါ အညတရံ ဝါ အာပဇ္ဇတိ၊ တာယ ဘိက္ခုနိယာ ဥဘတောသံဃေ ပက္ခမာနတ္တံ စရိတဗ္ဗံ။ စိဏ္ဏမာနတ္တာ ဘိက္ခုနီ ယတ္ထ သိယာ ဝီသတိဂဏော ဘိက္ခုနိသံဃော၊ တတ္ထ သာ ဘိက္ခုနီ အဗ္ဘေတဗ္ဗာ။ ဧကာယပိ စေ ဦနော ဝီသတိဂဏော ဘိက္ခုနိသံဃော တံ ဘိက္ခုနိံ အဗ္ဘေယျ၊ သာ စ ဘိက္ခုနီ အနဗ္ဘိတာ၊ တာ စ ဘိက္ခုနိယော ဂါရယှာ၊ အယံ တတ္ထ သာမီစိ။ တတ္ထာယျာယော ပုစ္ဆာမိ, ကစ္စိတ္ထ ပရိသုဒ္ဓါ၊ ဒုတိယမ္ပိ ပုစ္ဆာမိ ကစ္စိတ္ထ ပရိသုဒ္ဓါ၊ တတိယမ္ပိ ပုစ္ဆာမိ, ကစ္စိတ္ထ ပရိသုဒ္ဓါ၊ ပရိသုဒ္ဓေတ္ထာယျာယော၊ တသ္မာ တုဏှီ၊ ဧဝမေတံ ဓာရယာမီတိ။

အယျာယော - တို့၊
ပထမာပတ္တိကာ - ကုန်သော၊
နဝ - ကိုးပါးသော အာပတ်တို့၎င်း၊
ယာဝ တတီယကာ - ကုန်သော၊
အဋ္ဌ-ရှစ်ပါးသော အာပတ်တို့၎င်း၊
(ဣတိ - သို့၊)
သတ္တရသ - တဆယ့်ခုနစ်ပါးကုန်သော၊
သံဃာဒိသေသာ - မည်ကုန်သော၊
ဓမ္မာ - တို့ကို၊
ဥဒ္ဒိဋ္ဌာ - ကုန်ပြီ၊
ယေသံ - ယင်း ၁၇ ပါးသော အာပတ်တို့တွင်၊
ဘိက္ခုနီ - သည်၊
အညတရံဝါ အညတရံဝါ - တပါးပါးသော အာပတ်သို့လည်း၊
အာပဇ္ဇတိ - ရောက်အံ့၊
တာယ ဘိက္ခုနီယာ - သည်၊
ဥဘတောသံဃေ - နှစ်ဘက်သော ဘိက္ခုသံဃာ ဘိက္ခုနီသံဃာ၌၊
ပက္ခမာနတ္တံ - ပက္ခမာနတ်ကို၊
စရိတဗ္ဗံ - ကျင့်ရာ၏၊
ဘိက္ခုနီယာ - သည်၊
စိဏ္ဏမာနတ္တာယ - ကျင့်အပ်ပြီးသော မာနတ်ရှိလသော်၊
ယတ္ထ - အကြင်သိမ်၌၊
[ကျန်ပုဒ်များကို ဘိက္ခုအတိုင်း အနက်ပေးပါ၊]
ဓာရယာမိ - ၏၊
ဣတိ - သံဃာဒိသသိ အပြီးတည်း။

နိဂုံးနှင့် ယာဝတတိယာနုဿာဝန

သံဃာဒိသေသ် ၁၇ ပါးတွင် ဘိက္ခု၊ ဘိက္ခုနီ ၂ မျိုးလုံးတို့နှင့် ဆက်ဆံသော သာဓာရဏ သိက္ခာပုဒ် ၇ ပါးအသာဓာရဏသိက္ခာပုဒ် ၁၀ ပါး ပါသည်။

ဘိက္ခုတို့ သံဃာဒိသေသ် အာပတ် သင့်သောအခါကဲ့သို့ ပရိဝါသ် မနေရ၊ တပက္ခ (၁၅ ညဉ့်) ပတ်လုံး မာနတ်ကိုသာ ကျင့်ရတော့သည်။

သံဃာဒိသေသ် ပြီးပြီ

ဘိက္ခုနီ နိသဂ္ဂိယပါစိတ် အခန်း (ပတ္တဝဂ်)

ဣမေ ခေါ ပနာ အယျာယော တိံသ နိဿဂ္ဂိယာ ပါစိတ္တိယာ ဓမ္မာ ဥဒ္ဒေသံ အာဂစ္ဆန္တိ။

[ဣမေ ခေါပန အယျာယော ၊ပေ၊ အာဂစ္ဆန္တိ (အနက် လွယ်ပြီ။)]

၁။ ပထမ နိသဂ္ဂိယ

ယာ ပန ဘိက္ခုနီ ပတ္တသန္နိစယံ ကရေယျ၊ နိသဂ္ဂိယံ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
ပတ္တသန္နိစယံ - သပိတ် သိုမှီးခြင်းကို၊
ကရေယျ - ပြုအံ့၊
တဿာ ဘိက္ခုနိယာ - ထို ရဟန်းမ၏၊
နိသဂ္ဂိယံ - စွန့်ခြင်း ဝိနည်းကံရှိသော၊
ပါစိတ္တိယံ – ပါစိတ် အာပတ်သည်၊
ဟောတိ - ၏။

ပထမ နိသဂ္ဂိယ

သပိတ်ကို အဓိဋ္ဌာန်ဝိကပ္ပနာ တခုခု မပြုဘဲထားခြင်းကို “ပတ္တသန္နိစယ = သပိတ် သိုမှီးခြင်း” ဟု ခေါ်သည်။ ဘိက္ခုတို့၌ အဓိဋ္ဌာန် ဝိကပ္ပနာ မပြုဘဲ သပိတ်သစ်ကို ၁ဝရက်အထိ ထားနိုင်သော်လည်း ဘိက္ခုနီတို့မှာ တညဉ့်မျှ လွန်၍ မထားရ။ သပိတ်သစ်ကို ရသည့်နေ့မှာပင် (သူတပါးကို မစွန့်လျှင်) အဓိဋ္ဌာန်သော်လည်း တင်၊ ဝိကပ္ပနာသော်လည်း ပြုရမည်။ မပြုလျှင် နိသဂ္ဂိယပါစိတ်

စွန့်ခြင်းဝိနည်းကံရှိသော ပါစိတ်

ရှေးက “နိသဂ္ဂိယံ - စွန့်ခြင်း ဝိနည်းကံ (ရှေး) ရှိသော၊ ပါစိတ္တိယံ - ပါစိတ်အာပတ်သည်၊ ဟောတိ” ဟု အနက် ပေးကြ၏။ ထိုအတိုင်း မှန်လျှင် “ရှေးဦးစွာ စွန့်ခြင်း ဝိနည်းကံပြုပြီးမှ အာပတ် သင့်ရမည်” ဟု အဓိပ္ပာယ်ရှိသောကြောင့် “ရှေး” ဟူသော စကားကို ဖြုတ်၍ “နိသဂ္ဂိယံ – စွန့်ခြင်း ဝိနည်းကံရှိသော” ဟု အနက်ပေးရမည်။

ဤ ပါစိတ်သည် ပါစိတ်သက်သက် မဟုတ် (သုဒ္ဓပါစိတ် မဟုတ်)၊ စွန့်ခြင်း ဝိနည်းကံရှိသော (ဒေသနာ မပြောခင် စွန့်ခြင်းဝိနည်းကံကိုပြုရသော) ပါစိတ်၊ နိသဂ္ဂိယပါစိတ် ဖြစ်သည် ဟူလို။ ကျေးဇူးရှင် ပထမ မဟာဝိသုဒ္ဓါရုံ ဆရာတော်၏ ဝါဒ

ဘိက္ခုနီ နိသဂ္ဂိယပါစိတ် အခန်း (ပတ္တဝဂ်)

၂။ ဒုတိယ နိသဂ္ဂိယ

ယာ ပန ဘိက္ခုနီ အကာလစီဝရံ “ကာလစီဝရ”န္တိ အဓိဋ္ဌဟိတွာ ဘာဇာပေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
အကာလ စီဝရံ - အကာလ သင်္ကန်းကို၊
ကာလ စီဝရန္တိ - ကာလသင်္ကန်း ဟူ၍၊
အဓိဋ္ဌဟိတွာ - ဆောက်တည်၍၊
ဘာဇာပေယျ - ဝေဘန်စေအံ့၊
တဿာ ဘိက္ခုနိယာ, နိသဂ္ဂိယံ ပါစိတ္တိယံ

ဒုတိယ နိသဂ္ဂိယ

[ကာလ - အကာလ အခွဲကို ဘိက္ခု နိသဂ္ဂိယ တတိယ ကထိန သိက္ခာပုဒ်၌ ပြခဲ့ပြီ။]

အကာလ၌ ဖြစ်သော သံဃိကသင်္ကန်းကို (ထိုကျောင်းတိုက်၌ ဝါကျွတ်သူ၊ အခြားမှ ဝါကျွတ်လာသူ) သံဃာအားလုံး ဝေဘန်ရ၏။ ကာလအတွင်း၌ ဖြစ်သော သံဃိက သင်္ကန်းကိုကား ထိုကျောင်းတိုက်၌ ဝါကျွတ်သော သံဃာများသာ ဝေဘန်ရသည်။ ထို့ပြင် သင်္ကန်းကာလ အတွင်းမှာပင် သံဃိက မဟုတ်ဘဲ “သုတ္တန်ဆောင်ဂိုဏ်းအား လှူပါ၏” စသည်ဖြင့် ဂိုဏ်းအား လှူလျှင်၎င်း၊ ပုဂ္ဂိုလ်တပါးပါး အား လှူလျှင်၎င်း အကာလ သင်္ကန်းပင်တည်း။ ဒါယကာ ရည်ရွယ်အပ်သူတို့သာ ရခွင့်ရှိသည်။

ထိုကဲ့သို့ အကာလ သင်္ကန်းကို ကာလသင်္ကန်းဟု ဓိဋ္ဌာန်၍ ဤကျောင်းတိုက်၌ ပုရိမဝါကျွတ်သော ဘိက္ခုနီသံဃာချည်းသာ ဝေဘန်ယူလျှင် ဤ သိက္ခာပုဒ် အရ ဝေဘန်ခိုင်းသော ဘိက္ခုနီမှာ ထို ရရှိသော သင်္ကန်းသည် နိသဂ္ဂ ထိုက်၏

ဝိနည်းထုံးစံအတိုင်း စွန့်ပြီးသည့်အခါ ထိုသင်္ကန်းကို ဒါယကာတို့ မူလ ရည်စူးသောနေရာ၌ ပြန်ပေးရမည်။ ဒါယကာက သမ္မုခီဘူတသံဃာကို ရည်ရွယ်လျှင် မျက်မှောက်ရှိသမျှသော သမ္မုခီဘူတ-သံဃာက ဝေဘန်၍ ယူ၊ ဂိုဏ်းကို ရည်ရွယ်လျှင် ဂိုဏ်းကို ပြန်ပေး၊ ပုဂ္ဂိုလ်ကို ရည်ရွယ်လျှင် ပုဂ္ဂိုလ်ကို ပြန်ပေးပါ ဟူလို။

မှတ်ချက်

“သီတင်းကျွတ်လပြည့်မှ တန်ဆောင်မုန်းလပြည့် အတွင်း၌ (သင်္ကန်းကာလ ဖြစ်သော်လည်း) သံဃာကို မရည်စူးဘဲ ပုဂ္ဂိုလ်ကို၎င်း၊ ဂိုဏ်းကို၎င်း ရည်စူးလှူလျှင် “ကာလစီဝရ = သံဃိကသင်္ကန်း” မဟုတ်ဟု ဆိုသောကြောင့် ယခုကာလ ကထိန်သင်္ကန်း လှူရာ၌ ဆရာတော်ကြီး စသော ပုဂ္ဂိုလ်ကို ရည်မှန်းရိုးမှန်လျှင် “ကာလစီဝရ သံဃိက” မမြောက်၊ သံဃိကမမြောက်လျှင် “ဣဒံ ကထိနစီဝရံ သံဃဿ ဥပ္ပန္နံ” ဟူသော ဉတ်နှင့် မထပ်မိရကား ကထိန် အစစ် မဖြစ်နိုင်။ ထိုကဲ့သို့ ကထိန်တုများ အတွက် ကထိန့်အာနိသင် မရသဖြင့် သင်္ကန်းများကို အဓိဋ္ဌာန် ဝိကပ္ပနာ သင့်ရာတခုခု ပြုမြဲ ပြုစေသင့်သည်။

ဘိက္ခုနီ နိသဂ္ဂိယပါစိတ် အခန်း (ပတ္တဝဂ်)

၃။ တတိယ နိသဂ္ဂိယ

ယာ ပန ဘိက္ခုနီ ဘိက္ခုနိယာ သဒ္ဓိံ စီဝရံ ပရိဝတ္တေတွာ သာ ပစ္ဆာ ဧဝံ ဝဒေယျ “ဟန္ဒာယျေ တုယှံ စီဝရံ၊ အာဟရ မေတံ စီဝရံ၊ ယံ တုယှံ တုယှမေဝေတံ၊ ယံ မယှံ မယှမေဝေတံ၊ အာဟရ မေတံ စီဝရံ၊ သကံ ပစ္စာဟရာ”တိ အန္တိန္ဒေယျ ဝါ အစ္ဆိန္ဒာပေယျ ဝါ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
ဘိက္ခုနိယာ - ရဟန်းမနှင့်၊
သဒ္ဓိံ - တကွ၊
စီဝရံ – သင်္ကန်းကို၊
ပရိဝတ္တေတွာ - လဲလှယ်ပြီး၍၊
သာ - ထိုရဟန်းမသည်၊
ပစ္ဆာ – နောက်၌၊
ဧဝံ - ဤသို့၊
ဝဒေယျ - ပြောဆိုအံ့၊
(ကိံ - အဘယ်သို့ ပြောဆိုသနည်း၊)

အယျေ - အရှင်မ၊
ဟန္ဒ - ရော့၊
တုယှံ - သင်၏၊
စီဝရံ - သင်္ကန်းတည်း၊
မေ - ၏၊
ဧတံ စီဝရံ - ဤသင်္ကန်းကို၊
အာဟရ - ယူခဲ့လော၊
ယံ - အကြင် သင်္ကန်းသည်၊
တုယှံ - မူလက သင့်ဟာ ဖြစ်၏၊
ဧတံ - ဤသင်္ကန်းသည်၊
တုယှမေဝ - ယခုလည်း သင့်ဟာပင်တည်း၊
ယံ - အကြင်သင်္ကန်းသည်၊
မယှံ - မူလက ငါ့ဟာ ဖြစ်၏၊
ဧတံ - ဤသင်္ကန်းသည်၊
မယှ မေဝ - ယခုလည်း ငါ့ဟာပင်တည်း၊
မေ - ငါ၏၊
ဧတံ စီဝရံ - ဤသင်္ကန်းကို၊
အာဟရ - ယူခဲ့လော၊
သကံ - မိမိဥစ္စာကို၊
ပစ္စာဟာရ - ပြန်ယူလော၊
ဣတိ - ဤသို့ ပြောဆိုအံ့၊
ဣတိ - ဤသို့ ပြောဆို၍၊
(ဣတိတပုဒ် အကြေကြံ၊)

အစ္ဆိန္ဒေယျဝါ - ကိုယ်တိုင်မူလည်း လုယူအံ့၊
အစ္ဆိန္ဒာပေယျဝါ - သူတပါးကို မူလည်း လုယူစေအံ့၊
တဿာ ဘိက္ခုနိယာ - ထိုရဟန်းမ၏၊
ဝါ - သည်၊
တံ - ထို ဝတ္ထုကို၊
နိသဂ္ဂိယံ - စွန့်အပ် စွန့်ထိုက်၏၊
ပါစိတ္တိယံ - ပါစိတ်အာပတ် သည်လည်း၊
ဟောတိ - ဖြစ်၏။
[ဤသို့လည်း တနည်းပေးပါ။]

တတိယ နိသဂ္ဂိယ

[မေတံကို မေ + ဧတံဟု ပုဒ်ဖြတ်၊] ဘိက္ခုနီသည် အခြားဘိက္ခုနီနှင့် သဘောတူ သင်္ကန်းချင်း လဲပြီးနောက် မိမိသင်္ကန်းကို ပြန်လိုချင်၍ “ရော့ သင့်သင်္ကန်း၊ သင့်ဟာ သင့်ဟာဘဲ၊ ငါ့ဟာလဲ ငါ့ဟာဘဲ၊ ငါ့ သင်္ကန်းကို ယူခဲ့၊ သင့် သင်္ကန်းကို ပြန်ယူ”ဟု ပြောဆို၍ လုယူလျှင်၊ သို့မဟုတ် လုယူခိုင်းလျှင် (သကသညာ = ကိုယ့်ဟာ အမှတ်ဖြင့် ယူခြင်းကြောင့်) ထို ပြန်ရအပ်သော သင်္ကန်းသည် နိသဂ္ဂိ ထိုက်၏

သူပိုင်မှန်းသိလျက် အတင်းယူလျှင်ကား တန်ဘိုးလိုက်၍ ပါရာဇိကအထိ ဆုံးဖြတ်ခွင့်ရှိသည်။

ဘိက္ခုနီ နိသဂ္ဂိယပါစိတ် အခန်း (ပတ္တဝဂ်)

၄။ စတုတ္ထ နိသဂ္ဂိယ

ယာ ပန ဘိက္ခုနီ အညံ ဝိညာပေတွာ အညံ ဝိညာပေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ – သည်၊
အညံ့ - တပါးသော ထောပတ် စသည်ကို၊
ဝိညာပေတွာ - တောင်းပြီး၍၊
အညံ - တပါးသော ဆီ စသည်ကို၊
ဝိညာပေယျ - တောင်းပြန်အံ့၊
တဿာ ဘိက္ခုနိ ယာ နိသဂ္ဂိယံ ပါစိတ္တိယံ

စတုတ္ထ နိသဂ္ဂိယ

ဝိညာပေတွာ“မိမိအလိုရှိကြောင်းကို သိစေခြင်း၊ တောင်းခြင်း” ဟု ၂ နက် သင့်၏။ ထို့ကြောင့် “ဝိညာပေတွာတိ ဇာနာပေတွာ” ဟု၎င်း၊ “ဣဒံ နာမ အာဟရာတိ ယာစိတွာဝါ” ဟု၎င်း ၂ နည်း ဖွင့်သည်။

ဆက်ဦးအံ့ ---

မကျန်းမာသော ဘိက္ခုနီကို ဒါယကာက ဖြစ်စေ၊ ဒါယိ ကာမကဖြစ်စေ “ဘာအလိုရှိပါသနည်း” ဟု မေးလာလျှင်၎င်း၊ မမေးဘဲ၎င်း အမှန် လိုနေသောဆေးနှင့် ဓာတ်စာများကို တောင်းကောင်း၏။ ထိုသို့ တောင်းရာ၌ ပထမက “ထောပတ်ကို အလိုရှိသည်”ဟု တောင်းပြီးမှ ထောပတ် လာသောအခါ ၂ မျိုး လုံး ရလိမ့်မည် အထင်နှင့် “ထောပတ်ကို မလိုချင်တော့ဘူး၊ ဆီကို လိုချင်သည်”ဟု တောင်းပြန်လျှင် ဒုတိယတောင်းမှုကြောင့် ဒုက္ကဋ် သင့်၏။ တောင်းအပ်သော ဝတ္ထုလည်း ရလျှင် နိသဂ္ဂိထိုက်သည်။

ဘိက္ခုနီ နိသဂ္ဂိယပါစိတ် အခန်း (ပတ္တဝဂ်)

၅။ ပဉ္စမ နိသဂ္ဂိယ

ယာ ပန ဘိက္ခုနီ အညံ စေတာပေတွာ အညံ စေတာပေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ – သည်၊
အညံ - တပါးသော ဆီ စသည်ကို၊
စေတာပေတွာ - လဲလှယ်စေပြီး၍၊
အညံ - တပါးသော ထောပတ် စသည်ကို၊
စေတာပေယျ - လဲလှယ်စေပြန်အံ့၊
တဿာ ဘိက္ခုနိယာ နိသဂ္ဂိယံ ပါစိတ္တိယံ

ပဉ္စမ နိသဂ္ဂိယ

မိမိ၏ သင်္ကန်း အစရှိသော ကပ္ပိယဝတ္ထုဖြင့်၊ သို့မဟုတ် မိမိအတွက် ကပ္ပိယထံ အပ်သောနည်းဖြင့် ထားအပ်သောငွေဖြင့် ဆီ စသော အလိုရှိရာ ဝတ္ထုကို တယောက်ယောက်အား အလဲ (အဝယ်) ခိုင်းပြီးနောက် ယူလာသည့်အခါ နောက်တမျိုးကို သူ့ဘာသာ ဝယ်လှူလိမ့်မည် အထင်နှင့် “ဆီကို မလိုချင်တော့ဘူး၊ ထောပတ်ကို လိုချင်သည်” ဟု အလဲ (အဝယ်) ဟု ခိုင်းပြန်လျှင် မူလ လဲခဲ့သော ဆီဖြင့် ထပ်၍ လဲပေးသည်ဖြစ်စေ၊ အခြားဝတ္ထုဖြင့် ဝယ်ပေးသည် ဖြစ်စေ နောက်ထပ်ရလျှင် နိသဂ္ဂိထိုက်၍ ပါစိတ်အာပတ်

[အညံ စေတာပေတွာတိ-အတ္တနော ကပ္ပိယ ဘဏ္ဍေန (မိမိ၏ အပ်သော ဘဏ္ဍာဖြင့်) ဣဒံနာမ အာဟရာတိ အညံ ပရိဝတ္တာပေတွာ၊ ကင်္ခါ။]

ဘိက္ခုနီ နိသဂ္ဂိယပါစိတ် အခန်း (ပတ္တဝဂ်)

၆။ ဆဋ္ဌမ နိသဂ္ဂိယ

ယာ ပန ဘိက္ခုနီ အညဒတ္ထိကေန ပရိက္ခာရေန အညုဒ္ဒိသိကေန သံဃိကေန အညံ စေတာပေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
အညဒတ္ထိကေန - အခြား ပစ္စည်း အလို့ငှာ လှူအပ်သော၊
အညုဒ္ဒိသိကေန - အခြားပစ္စည်းကို ညွှန်ပြ၍ လှူအပ်သော၊
သံဃိကေန - သံဃာအား စွန့်လှူအပ်သော၊
ပရိက္ခာရေန - ပရိက္ခရာဖြင့်၊
အညံ - ညွှန်ပြအပ်သော ပစ္စည်းမှ တပါး အခြား ပစ္စည်းကို၊
စေတာပေယျ - လဲလှယ်စေအံ့၊
တဿာ ဘိက္ခုနိယာ နိသဂ္ဂိယံ ပါစိတ္တိယံ

ဆဋ္ဌမ နိသဂ္ဂိယ

ဒကာ တဦးက ဖြစ်စေ၊ အများ စုပေါင်း၍ ဖြစ်စေ ဘိက္ခုနီသံဃာအား “ဤဆန်ဖြင့် သင်္ကန်း လဲ၍ သုံးဆောင်ကြပါ” စသည်ဖြင့် လျှောက်ပြီးလျှင် အပ်စပ်သော ပရိက္ခရာ တမျိုးမျိုးကို တယောက် ယောက်ထံ အပ်နှံ လှူထားခဲ့အံ့။

ထို ပရိက္ခရာဖြင့် ထိုအလှူရှင်တို့ ညွှန်ပြအပ်သော ပစ္စည်းမှ တပါး အခြားပစ္စည်းကို အလဲခိုင်းမှု (ဥပမာ - သင်္ကန်းကို လဲလှယ်၍ သုံးဆောင်ပါဟု လျှောက်၍ အပ်နှံထားခဲ့သော ဆန်ဖြင့် ဆေးကို အလဲခိုင်းမှု ခိုင်းခြင်း ပယောဂကြောင့် ဒုက္ကဋ်။ ခိုင်းအပ်သောပစ္စည်း ရလျှင် နိသဂ္ဂိယပါစိတ် သင့်၏။

ပစ္စည်းကို စွန့်ပြီးလျှင် ဒကာတို့ မူလညွှန်ပြသော ပစ္စည်းကိုသာ ထပ်မံ လဲလှယ်၍ သုံးဆောင်ရမည်

ဘိက္ခုနီ နိသဂ္ဂိယပါစိတ် အခန်း (ပတ္တဝဂ်)

၇။ သတ္တမ နိသဂ္ဂိယ

ယာ ပန ဘိက္ခုနီ အညဒတ္ထိကေန ပရိက္ခာရေန အညုဒ္ဒိသိကေန သံဃိကေန သညာစိကေန အညံ စေတာပေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ – သည်၊
အညဒတ္ထိကေန - သော၊
အညုဒ္ဒိ သိကေန - သော၊
သံဃိကေန - သံဃာအား စွန့်လှူအပ်သည်လည်း ဖြစ်သော၊
သံဃာစိကေန - ကိုယ်တိုင် တောင်းအပ်သည်လည်း ဖြစ်သော၊
ပရိက္ခာရေန - ပရိက္ခရာ ၂ မျိုးဖြင့်၊
အညံ - ညွှန်ပြအပ်သော ပစ္စည်းမှတပါး အခြားပစ္စည်းကို၊
စေတာပေယျ - အံ့၊
တဿာ ဘိက္ခုနိယာ - ၏ ၊ပေ၊ ပါစိတ္တိယံ

သတ္တမ နိသဂ္ဂိယ

ဤသိက္ခာပုဒ်၌ကား ဒါယကာတို့ အပ်နှံထားသော ပရိက္ခရာမိမိကိုယ်တိုင် တောင်း၍ရအပ်သော ပရိက္ခရာ၊ ဤ ၂ မျိုးဖြင့် ညွှန်ပြ အပ်သော ပစ္စည်းမှတပါး အခြားပစ္စည်းကို အလဲခိုင်းခြင်းသာ ထူး၏။

အညဒတ္ထိက

အညဿ - အခြားပစ္စည်း၏ (လဲအပ်သောပစ္စည်းမှတပါး အခြားပစ္စည်း၏)၊
အတ္ထော - အကျိုးသည်၊
အညဒတ္ထော - မည်၏။ (ဒ-ကား အာဂုံ)၊
အညဒတ္ထာယ - အခြား ပစ္စည်းအကျိုးငှာ၊
ဒိန္နော - စွန့်လှူအပ်သော ပရိက္ခရာသည်၊
အညဒတ္ထိကော - မည်၏။

အညုဒ္ဒိသိက

အညံ - လဲစေအပ်သော ပစ္စည်းမှတပါး အခြားပစ္စည်းကို၊
ဥဒ္ဒိသိတွာ - ညွှန်ပြ၍ (မည်သည့်ပစ္စည်းကို လဲစေ၍ သုံးဆောင်ပါ ဟု ပစ္စည်းတခုခုကို တိုက်ရိုက် ညွှန်ပြ၍)၊
ဒိန္နော - လှူအပ်သော ပရိက္ခရာသည်၊
အညဒ္ဒိသိကော - မည်၏။

[“အညုဒ္ဒိဿိကေန”ဟု သ ဒွေးဘော်နှင့် ရှိလျှင် “အညံ+ဥဒ္ဒိဿ+ဒိန္နော” ဟု ဝိဂ္ဂဟပြုရသဖြင့် သာ၍ ကောင်း၏။]

သံဃိကေန သံဃာစိကေန

သိက္ခာပုဒ်တပါးတည်း၌ ၂ ပုဒ်ဆိုထားသောကြောင့် သံဃိက ပရိက္ခရာနှင့် သံဃာစိက ပရိက္ခရာကို တမျိုးတည်း ဟု ထင်မှတ်ဘွယ်ရှိ၏။

သို့သော် “သံဃာစိကေနာတိ သယံ ယာစိတကေနာဝိ - ကိုယ်တိုင် တောင်းအပ်သည်လည်း ဖြစ်သော”ဟု သမုစ္စယတ္ထ အပိသဒ္ဒါနှင့် ဖွင့်သောကြောင့်၎င်း၊ ပါဠိတော်၌ “သယံပိ ယာစိတွာ = ကိုယ်တိုင်လည်း တောင်း၍” ဟု ဖွင့်သောကြောင့်၎င်း၊ ဒါယကာတို့ မူလ လှူအပ်သော သံဃိက ပရိက္ခရာက တမျိုး၊ မိမိဘာသာ တောင်းယူအပ်သော ပရိက္ခရာက တမျိုး၊ ဤ ပရိက္ခရာ ၂ မျိုးဖြင့် လဲစေသည် ဟု မှတ်ပါ။

ပရိက္ခာရေန

ရဟန်းတို့အား အပ်သော ပစ္စည်းအားလုံးကို “ပရိက္ခာရေန” ဟု ဆိုလိုသည်။ “လှူ” ဟူရာ၌လည်း တိုက်ရိုက် လှူရုံသာမက တယောက် ယောက်အထံ အပ်နှံ၍ တောင်းခံဘို့ လျှောက်ထားလျှင်လည်း “အလှူ”ပင်။

ဘိက္ခုနီ နိသဂ္ဂိယပါစိတ် အခန်း (ပတ္တဝဂ်)

၈။ အဋ္ဌမ နိသဂ္ဂိယ

ယာ ပန ဘိက္ခုနီ အညဒတ္ထိကေန ပရိက္ခာရေန အညုဒ္ဒိသိကေန မဟာဇနိကေန အညံ စေတာပေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
အညဒတ္ထိကေန - သော၊
အညုဒ္ဓိ သိကေန - သော၊
မဟာဇနိကေန - ရဟန်းမ အများအား စွန့်လှူအပ်သော၊
ပရိက္ခာရေန - ဖြင့်၊
အညံ - ကို၊
စေတာပေယျ - အံ့ ၊ပေ၊ နိသဂ္ဂိယံ ပါစိတ္တိယံ

အဋ္ဌမ

မဟာဇနိကေနမဟာဇနအရ ဘိက္ခုနီအများကို ဆိုလိုသည်။ ဘိက္ခုနီအများ ဟူသည်လည်း သံဃာကုန် မဟုတ်သော သုတ္တန်ဆောင်ဂိုဏ်း စသော ဘိက္ခုနီဂိုဏ်းတည်း။

မဟာဇနဿ - ဘိက္ခုနီဟူသော များစွာသော လူအပေါင်းအား +
ပရိစ္စတ္တော - စွန့်လှူအပ်သော ပရိက္ခရာတည်း။
မဟာဇနိကော - များစွာသော ဘိက္ခုနီအပေါင်းအား စွန့်လှူအပ်သောပရိက္ခရာ။

[သံဃာအား လှူအပ်သည်မဟုတ်ဘဲ သုတ္တန်ဆောင်ဂိုဏ်း စသော ဘိက္ခုနီအများအား လှူအပ်သော ပရိက္ခရာဖြင့် ညွှန်ပြအပ်သော ပစ္စည်းမှတပါး အခြား ပစ္စည်းကို လဲစေလျှင် ရသောအခါ နိသဂ္ဂိ ထိုက်သည်။]

ဘိက္ခုနီ နိသဂ္ဂိယပါစိတ် အခန်း (ပတ္တဝဂ်)

၉။ နဝမ နိသဂ္ဂိယ

ယာ ပန ဘိက္ခုနီ အညဒတ္ထိကေန ပရိက္ခာရေန အညုဒ္ဒိသိကေန မဟာဇနိကေန သညာစိကေန အညံ စေတာပေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
အညဒတ္ထိကေန အညုဒ္ဒိသိကေန
မဟာဇနိကေန - ရဟန်းမ အများအား စွန့်လှူအပ်သည်လည်း ဖြစ်သော၊
သံဃာစိကေန - ကိုယ်တိုင် တောင်းအပ်သည်လည်း ဖြစ်သော၊
ပရိက္ခာရေန - ပရိက္ခရာ ၂ မျိုးဖြင့်၊
အညံ - ကို၊
စေတာပေယျ - အံ့ ၊ပေ၊ ပါစိတ္တိယံ

နဝမ

ဂိုဏ်းအား လှူအပ်သော ပရိက္ခရာ၊ မိမိကိုယ်တိုင် တောင်းအပ်သော ပရိက္ခရာ၊ဤ ၂ မျိုးဖြင့် ညွှန်ပြအပ်သော ပစ္စည်းမှတပါး တခြားပစ္စည်းကို လဲစေခြင်းတည်း။

ဘိက္ခုနီ နိသဂ္ဂိယပါစိတ် အခန်း (ပတ္တဝဂ်)

၁၀။ ဒသမ နိသဂ္ဂိယ

ယာ ပန ဘိက္ခုနီ အညဒတ္ထိကေန ပရိက္ခာရေန အညုဒ္ဒိသိကေန ပုဂ္ဂလိကေန သညာစိကေန အညံ စေတာပေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ အညဒတ္ထိကေန အညုဒ္ဒိသိကေန
ပုဂ္ဂလိကေန - ပုဂ္ဂိုလ်တပါးအား စွန့်လှူအပ်သည်လည်းဖြစ်သော၊
သံဃာစိကေန – ကိုယ်တိုင်တောင်းအပ်သည်လည်းဖြစ်သော၊
ပရိက္ခာရေန - ပရိက္ခရာ ၂ မျိုးဖြင့် ၊ပေ၊ ပါစိတ္တိယံ

ပထမော - သော၊
ပတ္တဝဂ္ဂေါ - ပတ္တဝဂ်တည်း။

ဒသမ

သံဃာနှင့် ဂိုဏ်းအား လှူခြင်းမဟုတ်၊ မိမိတပါးတည်းအား လှူအပ်သောပရိက္ခရာမိမိကိုယ်တိုင် တောင်းအပ်သော ပရိက္ခရာ၊ ဤ ၂ မျိုးဖြင့် ညွှန်ပြအပ်သော ပစ္စည်းမှတပါး အခြားပစ္စည်းကို လဲစေခြင်း တည်း။

ဘိက္ခုနီ နိသဂ္ဂိယပါစိတ် အခန်း (စီဝရ၀ဂ်)

၁။ ပထမ စီဝရ၀ဂ်

ဂရုပါဝုရဏံ ပန ဘိက္ခုနိယာ စေတာပေန္တိယာ စတုက္ကံသပရမံ စေတာပေတဗ္ဗံ။ တတော စေ ဥတ္တရိ စေတာပေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။

ဂရုပါဝုရဏံ – လေးသော ခြုံထည်ကို၊
စေတာပေန္တိယာ - တောင်းသော၊
ဘိက္ခုနိယာ – သည်၊
စတုက္ကံသ ပရမံ - အလွန်ဆုံး လေးကံသ တန်ဘိုး ရှိသော ခြုံထည်ကို၊
ဝါ – တဆယ့် ခြောက်ကျပ် တန်ဘိုးရှိသော ခြုံထည်ကို၊
စေတာပေတဗ္ဗံ - တောင်းအပ် တောင်းနိုင်၏၊
တတော - ထို တဆယ့်ခြောက်ကျပ်တန် ခြုံထည်ထက်၊
ဥတ္တရိ - အလွန်၊
စေတာပေယျ - အကယ်၍ တောင်းအံ့၊
တဿာ ဘိက္ခုနိယာ - ၏၊
ဝါ - သည်၊
တံ - ထို ခြုံထည်ကို၊
နိသဂ္ဂိယံ - စွန့်အပ် စွန့်ထိုက်၏၊
ပါ စိတ္တိယံ - ပါစိတ်အာပတ်သည်လည်း၊
ဟောတိ - ဖြစ်၏။

၂။ ဒုတိယ စီဝရ၀ဂ်

လဟုပါဝုရဏံ ပန ဘိက္ခုနိယာ စေတာပေန္တိယာ အဍ္ဎတေယျကံသပရမံ စေတာပေတဗ္ဗံ။ တတော စေ ဥတ္တရိ စေတာပေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။

လဟုပါဝုရဏံ - ပေါ့သော ခြုံထည်ကို၊
စေတာပေန္တိယာ ဘိက္ခုနိယာ - သည်၊
အဍ္ဎတေယျကံသပရမံ - အလွန်ဆုံး ၂ ကံသခွဲ တန်ဘိုးရှိသော ခြုံထည်ကို၊
ဝါ - အလွန်ဆုံး တဆယ် တန်ဘိုး ရှိသော ခြုံထည်ကို၊
စေတာပေတဗ္ဗံ - ၏၊
တတော - ထို ၂ကံသခွဲ တန်ဘိုး ရှိသော ခြုံထည်ထက် ၊ပေ၊ ပါစိတ္တိယံ

ပထမ၊ ဒုတိယ

ဂရုပါဝုရဏ ဟူသည် ဆောင်း စသော အေးသော အခါဝယ် ခြုံရန်ဖြစ်သော ခြုံထည်တည်း။

၄ ကျပ် “တကံသ” ဖြစ်၍ စတုက္ကံသ ဟူသည် ၁၆ ကျပ်တည်း။ ထို့ကြောင့် သီတင်းသုံးဘော် ၅ ယောက်လည်း မဟုတ်၊ မူလ ဉာတိပဝါရိတလည်း မဟုတ်ဘဲ တရားနာရခြင်း စသော ဂုဏ်ကြောင့် “အလိုရှိရာ တောင်းပါ” ဟု ယခုမှ လျှောက်သောသူအား ဂရုပါဝုရဏ ကို တောင်းလျှင် အလွန်ဆုံး ၁၆ ကျပ်တန်သာ တောင်းရမည်။ ပူအိုက်သောအခါ ခြုံရန်ဖြစ်သော လဟုပါဝုရဏကို တောင်းလျှင် အလွန်ဆုံး ၁ဝ တန်သာ တောင်းရမည်။ ထို့ထက် တန်ဘိုးများလျှင် နိသဂ္ဂိထိုက်သည်။

အမှာ

ဤမှ နောက်၌ ဤဝဂ်လာ သိက္ခာပုဒ် ၈ ပါး၊ တတိယဝဂ်လာ သိက္ခာပုဒ် ၁ဝ ပါးတို့ကား ဘိက္ခုပါတိမောက်နှင့် တူပြီ။ ပါဠိစာအုပ်များ၌ “ပတ္တဝဂ္ဂေါ တတိယော”ဟု တွေ့ရ၏။

ပထမဝဂ်နှင့် နာမည်ချင်း ထပ်နေသော ကြောင့် တတိယဝဂ် ဟုသာ ဆိုသင့်၏။ “ဥဒ္ဒိဋ္ဌာ ခေါ” စသော နိဂုံးလည်း လွယ်ပြီ။

ကထိန သိက္ခာပဒ

၁၃။ ဣမိနာ လက္ခဏေန ဒဿိတသိက္ခာပဒါနိ ဘိက္ခုဝိဘင်္ဂေ နတ္ထိ။ နိဋ္ဌိတစီဝရသ္မိံ ဘိက္ခုနိယာ ဥဗ္ဘတသ္မိံ ကထိနေ ဒသာဟပရမံ အတိရေကစီဝရံ ဓာရေတဗ္ဗံ။ တံ အတိက္ကာမေန္တိယာ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။

ဥဒေါသိတ သိက္ခာပဒ

၁၄။ နိဋ္ဌိတစီဝရသ္မိံ ဘိက္ခုနီယာ ဥဗ္ဘတသ္မိံ ကထိနေ ဧကရတ္တမ္ပိ စေ ဘိက္ခုနီ တိစီဝရေန ဝိပ္ပဝသေယျ အညတြ ဘိက္ခုနိသမ္မုတိယာ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။

အကာလစီဝရ သိက္ခာပဒ

၁၅။ နိဋ္ဌိတစီဝရသ္မိံ ဘိက္ခုနိယာ ဥဗ္ဘတသ္မိံ ကထိနေ ဘိက္ခုနိယာ ပနေဝ အကာလစီဝရံ ဥပ္ပဇ္ဇေယျ၊ အာကင်္ခမာနာယ ဘိက္ခုနိယာ ပဋိဂ္ဂဟေတဗ္ဗံ၊ ပဋိဂ္ဂဟေတွာ ခိပ္ပမေ၀ ကာရေတဗ္ဗံ၊ နော စ’ဿ ပါရိပူရိ၊ မာသပရမံ တာယ ဘိက္ခုနိယာ တံ စီဝရံ နိက္ခိပိတဗ္ဗံ ဦနဿ ပါရိပူရိယာ သတိယာ ပစ္စာသာယ။ တတော စေ ဥတ္တရိ နိက္ခိပေယျ သတိယာပိ ပစ္စာသာယ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။

အညာတက ဝိညတ္တိ သိက္ခာပဒ

၁၆။ ယာ ပန ဘိက္ခုနီ အညာတကံ ဂဟပတိံ ဝါ ဂဟပတာနိံ ဝါ စီဝရံ ဝိညာပေယျ အညတြ သမယာ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။ တတ္ထာယံ သမယော အစ္ဆိန္နစီဝရာ ဝါ ဟောတိ ဘိက္ခုနီ, နဋ္ဌစီဝရာ ဝါ၊ အယံ တတ္ထ သမယော။

တတုတ္တရိ သိက္ခာပဒ

၁၇။ တဉ္စေ အညာတကော ဂဟပတိ ဝါ ဂဟပတာနီ ဝါ ဗဟူဟိ စီဝရေဟိ အဘိဟဋ္ဌုံ ပဝါရေယျ၊ သန္တရုတ္တရပရမံ တာယ ဘိက္ခုနိယာ တတော စီဝရံ သာဒိတဗ္ဗံ။ တတော စေ ဥတ္တရိ သာဒိယေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။

ပဌမ ဥပက္ခဋ သိက္ခာပဒ

၁၈။ ဘိက္ခုနိံ ပနေဝ ဥဒ္ဒိဿ အညာတကဿ ဂဟပတိဿ ဝါ ဂဟပတာနိယာ ဝါ စီဝရစေတာပန္နံ ဥပက္ခဋံ ဟောတိ “ဣမိနာ စီဝရစေတာပန္နေန စီဝရံ စေတာပေတွာ ဣတ္ထန္နာမံ ဘိက္ခုနိံ စီဝရေန အစ္ဆာဒေဿာမီ”တိ။ တတြ စေသာ ဘိက္ခုနီ ပုဗ္ဗေ အပ္ပဝါရိတာ ဥပသင်္ကမိတွာ စီဝရေ ဝိကပ္ပံ အာပဇ္ဇေယျ “သာဓု ဝတ, မံ အာယသ္မာ ဣမိနာ စီဝရစေတာပန္နေန ဧဝရူပံ ဝါ ဧဝရူပံ ဝါ စီဝရံ စေတာပေတွာ အစ္ဆာဒေဟီ”တိ ကလျာဏကမျတံ ဥပါဒါယ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။

ဒုတိယ ဥပက္ခဋ သိက္ခာပဒ

၁၉။ ဘိက္ခုနိံ ပနေဝ ဥဒ္ဒိဿ ဥဘိန္နံ အညာတကာနံ ဂဟပတီနံ ဝါ ဂဟပတာနီနံ ဝါ ပစ္စေကစီဝရစေတာပန္နာနိ ဥပက္ခဋာနိ ဟောန္တိ “ဣမေဟိ မယံ ပစ္စေကစီဝရစေတာပန္နေဟိ ပစ္စေကစီဝရာနိ စေတာပေတွာ ဣတ္ထန္နာမံ ဘိက္ခုနိံ စီဝရေဟိ အစ္ဆာဒေဿာမာ”တိ။ တတြ စေ သာ ဘိက္ခုနီ ပုဗ္ဗေ အပ္ပဝါရိတာ ဥပသင်္ကမိတွာ စီဝရေ ဝိကပ္ပံ အာပဇ္ဇေယျ “သာဓု ဝတ, မံ အာယသ္မန္တော ဣမေဟိ ပစ္စေကစီဝရစေတာပန္နေဟိ ဧဝရူပံ ဝါ ဧဝရူပံ ဝါ စီဝရံ စေတာပေတွာ အစ္ဆာဒေထ ဥဘောဝ သန္တာ ဧကေနာ”တိ ကလျာဏကမျတံ ဥပါဒါယ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။

ရာဇ သိက္ခာပဒ

၂၀။ ဘိက္ခုနိံ ပနေဝ ဥဒ္ဒိဿ ရာဇာ ဝါ ရာဇဘောဂ္ဂေါ ဝါ ဗြာဟ္မဏော ဝါ ဂဟပတိကော ဝါ ဒူတေန စီဝရစေတာပန္နံ ပဟိဏေယျ “ဣမိနာ စီဝရစေတာပန္နေန စီဝရံ စေတာပေတွာ ဣတ္ထန္နာမံ ဘိက္ခုနိံ စီဝရေန အစ္ဆာဒေဟီ”တိ။ သော စေ ဒူတော တံ ဘိက္ခုနိံ ဥပသင်္ကမိတွာ ဧဝံ ဝဒေယျ “ဣဒံ ခေါ အယျေ အယျံ ဥဒ္ဒိဿ စီဝရစေတာပန္နံ အာဘတံ၊ ပဋိဂ္ဂဏှာတာ'ယျာ စီဝရစေတာပန္န”န္တိ။ တာယ ဘိက္ခုနီယာ သော ဒူတော ဧဝမေ၀ ဝစနီယော “န ခေါ မယံ အာဝုသော စီဝရစေတာပန္နံ ပဋိဂ္ဂဏှာမိ၊ စီဝရဉ္စ ခေါ မယံ ပဋိဂ္ဂဏှာမ ကာလေန ကပ္ပိယ”န္တိ။ သော စေ ဒူတော တံ ဘိက္ခုနိံ ဧဝံ ဝဒေယျ “အတ္ထိ ပနာယျာယ ကောစိ ဝေယျာဝစ္စကရော”တိ၊ စီဝရတ္ထိကာယ ဘိက္ခဝေ ဘိက္ခုနိယာ ဝေယျာဝစ္စကရော နိဒ္ဒိသိတဗ္ဗော အာရာမိကော ဝါ ဥပါသကော ဝါ “ဧသော ခေါ အာဝုသော ဘိက္ခုနီနံ ဝေယျာဝစ္စကရော”တိ။ သော စေ ဒူတော တံ ဝေယျာဝစ္စကရံ သညာပေတွာ တံ ဘိက္ခုနိံ ဥပသင်္ကမိတွာ ဧဝံ ဝဒေယျ “ယံ ခေါ အယျေ အယျာ ဝေယျာဝစ္စကရံ နိဒ္ဒိသိ၊ သညတ္တော သော မယာ၊ ဥပသင်္ကမတာ’ယျာ ကာလေန၊ စီဝရေန တံ အစ္ဆာဒေဿတီ”တိ။ စီဝရတ္ထိကာယ ဘိက္ခဝေ ဘိက္ခုနိယာ ဝေယျာဝစ္စကရော ဥပသင်္ကမိတွာ ဒွတ္တိက္ခတ္တုံ စောဒေတဗ္ဗော သာရေတဗ္ဗော “အတ္ထော မေ အာဝုသော စီဝရေနာ”တိ၊ ဒွတ္တိက္ခတ္တုံ စောဒယမာနာ သာရယမာနာ တံ စီဝရံ အဘိနိပ္ဖါဒေယျ၊ ဣစ္စေတံ ကုသလံ။ နော စေ အဘိနိပ္ဖါဒေယျ၊ စတုက္ခတ္တုံ ပဉ္စက္ခတ္တုံ ဆက္ခတ္တုပရမံ တုဏှီဘူတာယ ဥဒ္ဒိဿ ဌာတဗ္ဗံ၊ စတုက္ခတ္တုံ ပဉ္စက္ခတ္တုံ ဆက္ခတ္တုပရမံ တုဏှီဘူတာ ဥဒိဿ တိဋ္ဌမာနာ တံ စီဝရံ အဘိနိပ္ဖါဒေယျ၊ ဣစ္စေတံ ကုသလံ တတော စေ ဥတ္တရိ ဝါယမမာနာ တံ စီဝရံ အဘိနိပ္ဖါဒေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။ နော စေ အဘိနိပ္ဖါဒေယျ၊ ယတ’ဿာ စီဝရစေတာပန္နံ အာဘတံ၊ တတ္ထ သာမံ ဝါ ဂန္တဗ္ဗံ၊ ဒူတော ဝါ ပါဟေတဗ္ဗော “ယံ ခေါ တုမှေ အာယသ္မန္တော ဘိက္ခုနိံ ဥဒ္ဒိဿ စီဝရစေတာပန္နံ ပဟိဏိတ္ထ၊ န တံ တဿာ ဘိက္ခုနိယာ ကိဉ္စိ အတ္ထံ အနုဘောတိ၊ ယုဉ္ဇန္တာယသ္မန္တော သကံ၊ မာ ဝေါ သကံ ဝိနဿာ”တိ၊ အယံ တတ္ထ သာမီစိ။

စီဝရဝဂ္ဂေါ ဒုတိယော။

ဇာတရူပဝဂ်

ရူပိယ သိက္ခာပဒ

၂၁။ ယာ ပန ဘိက္ခုနီ ဇာတရူပရဇတံ ဥဂ္ဂဏှေယျ ဝါ ဥဂ္ဂဏှာပေယျ ဝါ ဥပနိက္ခိတ္တံ ဝါ သာဒိယေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။

ရူပိယ သံဝေါဟာရ သိက္ခာပဒ

၂၂။ ယာ ပန ဘိက္ခုနီ နာနပ္ပကာရကံ ရူပိယသံဝေါဟာရံ သမာပဇ္ဇေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။

ကယဝိက္ကယ သိက္ခာပဒ

၂၃။ ယာ ပန ဘိက္ခုနီ နာနပ္ပကာရကံ ကယဝိက္ကယံ သမာပဇ္ဇေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။

ဦန ပဉ္စဗန္ဓန သိက္ခာပဒ

၂၄။ ယာ ပန ဘိက္ခုနီ ဦနပဉ္စဗန္ဓနေန ပတ္တေန အညံ နဝံ ပတ္တံ စေတာပေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။
တာယ ဘိက္ခုနိယာ သော ပတ္တော ဘိက္ခုနိပရိသာယ နိဿဇ္ဇိတဗ္ဗော၊ ယော စ တဿာ ဘိက္ခုနိပရိသာယ ပတ္တပရိယန္တော၊ သော တဿာ ဘိက္ခုနိယာ ပဒါတဗ္ဗော “အယံ တေ ဘိက္ခုနီ ပတ္တော ယာဝဘေဒနာယ ဓာရေတဗ္ဗော”တိ၊ အယံ တတ္ထ သာမီစိ။

ဘေသဇ္ဇ သိက္ခာပဒ

၂၅။ ယာနိ ခေါ ပန တာနိ ဂီလာနာနံ ဘိက္ခုနီနံ ပဋိသာယနိယာနိ ဘေသဇ္ဇာနိ၊ သေယျထိဒံ၊ သပ္ပိ, နဝနီတံ, တေလံ, မဓု, ဖာဏိတံ၊ တာနိ ပဋိဂ္ဂဟေတွာ သတ္တာဟပရမံ သန္နိဓိကာရကံ ပရိဘုဉ္ဇိတဗ္ဗာနိ။ တံ အတိက္ကာမေန္တိယာ နိဿဂ္ဂိယံ ပါစိတ္တိယံ။

စီဝရ အစ္ဆိန္ဒန သိက္ခာပဒ

၂၆။ ယာ ပန ဘိက္ခုနီ ဘိက္ခုနိယာ သာမံ စီဝရံ ဒတွာ ကုပိတာ အနတ္တမနာ အစ္ဆိန္ဒေယျ ဝါ အစ္ဆိန္ဒာပေယျ ဝါ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။

သုတ္တဝိညတ္တိ သိက္ခာပဒ

၂၇။ ယာ ပန ဘိက္ခုနီ သာမံ သုတ္တံ ဝိညာပေတွာ တန္တဝါယေဟိ စီဝရံ ဝါယာပေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။

မဟာပေသကာရ သိက္ခာပဒ

၂၈။ ဘိက္ခုနိံ ပနေဝ ဥဒ္ဒိဿ အညာတကော ဂဟပတိ ဝါ ဂဟပတာနီ ဝါ တန္တဝါယေဟိ စီဝရံ ဝါယာပေယျ၊ တတြ စေသာ ဘိက္ခုနီ ပုဗ္ဗေ အပ္ပဝါရိတာ တန္တဝါယေ ဥပသင်္ကမိတွာ စီဝရေ ဝိကပ္ပံ အာပဇ္ဇေယျ “ဣဒံ ခေါ အာဝုသော စီဝရံ မံ ဥဒ္ဒိဿ ဝိယျတိ၊ အာယတဉ္စ ကရောထ၊ ဝိတ္ထတဉ္စ အပ္ပိတဉ္စ သုဝီတဉ္စ သုပ္ပဝါယိတဉ္စ သုဝိလေခိတဉ္စ သုဝိတစ္ဆိတဉ္စ ကရောထ၊ အပ္ပေဝ နာမ မယမ္ပိ အာယသ္မန္တာနံ ကိဉ္စိမတ္တံ အနုပဒဇ္ဇေယျာမာ”တိ။ ဧဝဉ္စ သာ ဘိက္ခုနီ ဝတွာ ကိဉ္စိမတ္တံ အနုပဒဇ္ဇေယျ အန္တမသော ပိဏ္ဍပါတမတ္တမ္ပိ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။

အစ္စေက စီဝရ သိက္ခာပဒ

၂၉။ ဒသာဟာနာဂတံ ကတ္တိကတေမာသိကပုဏ္ဏမံ ဘိက္ခုနိယာ ပနေဝ အစ္စေကစီဝရံ ဥပ္ပဇ္ဇေယျ၊ အစ္စေကံ မညမာနာယ ဘိက္ခုနိယာ ပဋိဂ္ဂဟေတဗ္ဗံ၊ ပဋိဂ္ဂဟေတွာ ယာဝ စီဝရကာလသမယံ နိက္ခိပိတဗ္ဗံ။ တတော စေ ဥတ္တရိ နိက္ခိပေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။

ပရိဏတ သိက္ခာပဒ

၃၀။ ယာ ပန ဘိက္ခုနီ ဇာနံ သံဃိကံ လာဘံ ပရိဏတံ အတ္တနော ပရိဏာမေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။

ဇာတရူပဝဂ္ဂေါ တတိယော။

ဥဒ္ဒိဋ္ဌာ ခေါ အယျာယော တိံသ နိဿဂ္ဂိယာ ပါစိတ္တိယာ ဓမ္မာ။ တတ္ထာယျာယော ပုစ္ဆာမိ, ကစ္စိတ္ထ ပရိသုဒ္ဓါ၊ ဒုတိယမ္ပိ ပုစ္ဆာမိ, ကစ္စိတ္ထ ပရိသုဒ္ဓါ၊ တတိယမ္ပိ ပုစ္ဆာမိ, ကစ္စိတ္ထ ပရိသုဒ္ဓါ၊ ပရိသုဒ္ဓေတ္ထာယျာယော၊ တသ္မာ တုဏှီ၊ ဧဝမေတံ ဓာရယာမီတိ။

နိဿဂ္ဂိယပါစိတ္တိယာ နိဋ္ဌိတာ။

နိသဂ္ဂိယပါစိတ် ပြီးပြီ။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (လသုနဝဂ်)

ဣမေ ခေါ ပနာယျာယော ဆသဋ္ဌိသတာ ပါစိတ္တိယာ ဓမ္မာ ဥဒ္ဒေသံ အာဂစ္ဆန္တိ။

[“ဣမေ ခေါ ပနာယျာယော” စသော နိဒါန်းကား လွယ်ပြီ။
ဆ သဋ္ဌိသတာ - တရာ့ခြောက်ဆယ့် ခြောက်ပါး ရှိကုန်သော”ဟု ဆို။]

၁။ ပထမ လသုနဝဂ်

ယာ ပန ဘိက္ခုနီ လသုဏံ ခါဒေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
လသုနံ - ကြက်သွန်ဖြူ အစိမ်းကို၊
ခါဒေယျ - ခဲစားအံ့၊
တဿာ ဘိက္ခုနိယာ - ထို ရဟန်းမ၏၊
ပါစိတ္တိယံ - ပါစိတ်အာပတ်သည်၊
ဟောတိ - ဖြစ်၏။

ပထမ

[“လသုနသိက္ခာပုဒ်”ဟုလည်း နာမည်ရှိ၏။]
ကြက်သွန်ဖြူကို ခဲစားရာ၌ ဘိက္ခုနီတို့မှာ ပါစိတ်အာပတ်
ဘိက္ခုတို့စားလျှင် ဒုက္ကဋ်
ရောဂါ ရှိ၍ ဓာတ်စာသဘောဖြင့်ကား စားကောင်း၏ဟု ခုဒ္ဒကဝတ္ထု ခန္ဓက၌ မိန့်တော်မူသည်။

ကြက်သွန်ဖြူ” ဟူရာ၌ မဂဓတိုင်း၌ဖြစ်သော အမြှောင့်များစွာ ပါသော ကြက်သွန်ဖြူမျိုးကို ဆိုလိုသည်။
၁-မြှောင့်၊ ၂-၃-မြှောင့်လောက်မျှ ပါသော ကြက်သွန်ဖြူမျိုးကို မဆိုလို။

အနာပတ္တိ

ထို ကြက်သွန်ဖြူမျိုးကိုလည်း ဟင်း၊ လက်သုပ် စသည်၌ ထည့်ခတ်ခြင်း မဟုတ်ဘဲ အစိမ်းသက်သက် စားမှ အာပတ်သင့်သည်။ ဟင်း စသည်၌ ပါမူ အနှာပတ္တိ

ပလဏ္ဍုက” ခေါ် တမြှောင့်ထည်း ရှိသော ကြက်သွန်ဝါ၊
ဘဉ္ဇနက” ခေါ် ၂ မြှောင့်ရှိသော ကြက်သွန်နီ၊
ဟရိတက” ခေါ် ၃ မြှောင့်ရှိသော ကြက်သွန်စိမ်း၊
စာပ”ခေါ် အမြှောင့် လုံးဝမရှိသော ကြက်သွန်မြိတ်တို့ကိုကား
သူ့ချည်းစားသော်လည်း အနာပတ္တိ

၂။ ဒုတိယ လသုနဝဂ်

ယာ ပန ဘိက္ခုနီ သမ္ဗာဓေ လောမံ သံဟရာပေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
သမ္ဗာဓေ - ကျဉ်းမြောင်းသော အရပ်၌၊
လောမံ - အမွေးကို၊
သံဟရာပေယျ - ပယ်ရှားစေအံ့၊
တဿာ ဘိက္ခုနိယာ ပါစိတ္တိယံ

ဒုတိယ

သမ္မာဓ - ကျဉ်းမြောင်းသောအရပ်” ဟူသည် “ချိုင်း (ဂျိုင်း) ကြား” ခေါ်သော လက်ကတီး ကြားနှင့် မုတ္တကရဏ (ကျင်ငယ်စွန့်သော ပေါင်ကြား) အရပ်တည်း။ ထိုအရပ်ရှိ အမွေးအမင်တို့ကို ကတ်ကြေး၊ မွေးညှပ်၊ သင်ဓုန်း စသည်တို့ဖြင့် မဖြတ် မနုတ် မရိတ်ကောင်း၊ ဘိက္ခုနီတို့မှာ ပါစိတ်၊ “ဘိက္ခုတို့မှာ ဒုက္ကဋ်”ဟု စူဠဝဂ္ဂ ခုဒ္ဒကဝတ္ထုခန္ဓက၌ ပညတ်တော်မူသည်။

၃။ တတိယ လသုနဝဂ်

တလဃာတကေ ပါစိတ္တိယံ။

(ဘိက္ခုနိယာ - ရဟန်းမ၏၊)
တလဃာတကေ - ပဿာဝမဂ် အပြင်ကို ပုတ်ခတ်ခြင်းကြောင့်၊
ပါစိတ္တိယံ - ပါစိတ်အာပတ်သည်၊
ဟောတိ - ဖြစ်၏။

တတိယ

ရာဂ ထကြွသဖြင့် မိမိ၏ ပဿာဝမဂ်အပြင်ကို တစုံတခုဖြင့် ပုတ်ခတ်လျှင် (အယုတ်သဖြင့် ကြာရွက်၊ ကြာဝတ်ဆံတို့ဖြင့် ပုတ်ခတ်စေကာမူ) ပါစိတ်အာပတ် သင့်၏။

[တလ=အပြင် + ဃာတက=ညှဉ်းပန်း နှိပ်စက်ခြင်း၊ ပုတ်ခတ်ခြင်း။]

၄။ စတုတ္ထ လသုနဝဂ်

ဇတုမဋ္ဌကေ ပါစိတ္တိယံ။

(ဘိက္ခုနိယာ-၏၊)
ဇတုမဋ္ဌကေ - ပြေပြစ်သော ချိပ်တောင့်ကို ပဿာဝမဂ်သို့ သွင်းခြင်းကြောင့် ပါစိတ္တိယံ

စတုတ္ထ

[ဇတု=ချိပ် + မဋ္ဌက=ချောအောင်ပြုအပ်။] ရာဂ ထကြွသောကြောင့် ချောနေအောင်ပြုအပ်သော ချိပ်တောင့်ဖြင့် ပဿာဝမဂ်တွင်းသို့ သွင်းလျှင် ပါစိတ် အာပတ်။ ဝတ္ထုကြောင်း၌ ချိပ်တောင့်သွင်းမှု လာသော ကြောင့် “ချိပ်တောင့်”ဟု ဆို၏။ အမှန်မှာ - မည်သည့် အတံမဆို ကြာဝတ်ဆံကလေးကိုပင် သွင်းစေကာမူ ပါစိတ်

၅။ ပဉ္စမ လသုနဝဂ်

ဥဒကသုဒ္ဓိကံ ပန ဘိက္ခုနိယာ အာဒိယမာနာယ ဒွင်္ဂုလပဗ္ဗပရမံ အာဒါတဗ္ဗံ။ တံ အတိက္ကာမေန္တိယာ ပါစိတ္တိယံ။

ဥဒကသုဒ္ဓိကံ - ရေဖြင့် စင်ကြယ်အောင်ပြုခြင်းကို၊
အာဒိယ မာနာယ - ယူသော၊
ဘိက္ခုနိယာ - သည်၊
ဒွင်္ဂုလပဗ္ဗ ပရမံ - လက် ၂ ချောင်း၏ လက် ၂ ဆစ်အလွန် အတိုင်းအရှည်ရှိသော အရပ်ကို၊
အာဒါတဗ္ဗံ - ယူအပ် ယူနိုင်၏၊
ဝါ - သွင်းအပ် သွင်းနိုင်၏၊
တံ - ထို့ လက် ၂ ချောင်း၏ လက် ၂ ဆစ် ပမာဏကို၊
အတိက္ကာမေန္တိယာ - လွန်စေသော ရဟန်းမ၏၊ ပါစိတ္တိယံ

ပဉ္စမ

[ဥဒကေန - ရေဖြင့်၊
သုဒ္ဓိယာ - စင်ကြယ်ခြင်းငှာ၊
ဝါ - စင်ကြယ်အောင်၊
ကရဏံ - ပြုခြင်းသည်၊
ဥဒကသုဒ္ဓိကံ - မည်၏။]

ရေဖြင့် စင်ကြယ်အောင် ပြုမှုကို ယူခြင်းဟူသည် အင်္ဂါဇာတ်ကို ရေဆေးခြင်းတည်း။ ထို ရေဆေးသော ဘိက္ခုနီသည် လက် ၂ ချောင်းဖြင့် နှိုက်၍ ဆေးရမည်။ ထို လက် ၂ ချောင်း တွင်လည်း တချောင်းလျှင် လက်တဆစ်ကျဖြင့် လက် ၂ ဆစ်သာ နှိုက်ရမည်သာယာသည့်အတွက် လက် ၃ ချောင်း သွင်းလျှင်၎င်း၊ လက် ၂ ချောင်းတွင် တချောင်းချောင်း၏ ဒုတိယမြောက် လက်ဆစ်ကို သွင်းလျှင်၎င်း ပါစိတ် အာပတ် သင့်သည်။

၆။ ဆဋ္ဌ လသုနဝဂ်

ယာ ပန ဘိက္ခုနီ ဘိက္ခုဿ ဘုဉ္ဇန္တဿ ပါနီယေန ဝါ ဝိဓူပနေန ဝါ ဥပတိဋ္ဌေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ – သည်၊
ဘိက္ခုဿ - ရဟန်း၏၊
ဝါ - သည်၊
ဘုဉ္ဇန္တဿ - ဘောဇဉ်ကိုစားစဉ်
ပါနီယေနဝါ - သောက်ဘွယ် တမျိုးမျိုးဖြင့်သော်၎င်း၊
ဝိဓူပနေနဝါ - ယပ်ဖြင့်သော်၎င်း၊
ဥပတိဋ္ဌေယျ - အနီး၌ တည်နေအံ့၊
တဿာ ဘိက္ခုနိယာ ပါစိတ္တိယံ

ဆဋ္ဌ

ရဟန်းယောက်ျား၏ ဘောဇဉ် ၅ ပါး တပါးပါးကို စားနေစဉ် ရေဖြစ်စေ၊ ရက်တက်ရည်၊ နွားနို့ရည် စသည် ဖြစ်စေ အရည်သောက်ဘွယ်ဖြင့်သော်၎င်း၊ ယပ်တမျိုးမျိုးဖြင့်သော်၎င်း ထိုရဟန်း၏ အနီး၌နေသော ဘိက္ခုနီမှာ ပါစိတ်

[ဥပတိဋ္ဌေယျဥပသဒ္ဒါသည် သမီပ(အနီး) အနက်ရှိ၏ ဟု ဖွင့်၏။ ထို့ကြောင့် ဘိက္ခုဿကို ဥပ၌ စပ်၍ “ရဟန်း၏ အနီး”ဟု မှတ်ပါ။ ကစ္စည်း သမ္ပဒါန်ခန်း၌မူ “ဥပတိဋ္ဌေယျ - ပြုစုလုပ်ကျွေးအံ့” ဟူသော အဓိပ္ပာယ်နက်ကို ယူ၍ “ဘိက္ခုဿ - အား”ဟု သမ္ပဒါန်ပြယုဂ် ထုတ်လေသည်။ “ရဟန်းအား + ပြုစု လုပ်ကျွေးအံ့” ဟူလို။]

၇။ သတ္တမ လသုနဝဂ်

ယာ ပန ဘိက္ခုနီ အာမကဓညံ ဝိညတွာ ဝါ ဝိညာပေတွာ ဝါ ဘဇ္ဇိတွာ ဝါ ဘဇ္ဇာပေတွာ ဝါ ကောဋ္ဋေတွာ ဝါ ကောဋ္ဋာပေတွာ ဝါ ပစိတွာ ဝါ ပစာပေတွာ ဝါ ဘုဉ္ဇေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
အာမကဓညံ - စပါးစိမ်းကို၊
ဝိညတွာ ဝါ - ကိုယ်တိုင်တောင်း၍သော်၎င်း၊
ဝိညာပေတွာ ဝါ - သူတပါးကို တောင်းစေ၍သော်၎င်း၊
ဘဇ္ဇိတွာပါ - ကိုယ်တိုင် လှော်၍သော်၎င်း၊
ဘဇ္ဇာပေတွာ ဝါ - သူတပါးကို လှော်စေ၍သော်၎င်း၊
ကောဋ္ဋေတွာ ဝါ - ကိုယ်တိုင်ထောင်း၍သော်၎င်း၊
ကောဋ္ဋေပေတွာ ဝါ - သူတပါးကို ထောင်းစေ၍သော်၎င်း၊
ပစိတွာ ဝါ - ကိုယ်တိုင်ချက်၍သော်၎င်း၊
ပစာပေတွာ ဝါ - သူတပါးကို ချက်စေ၍သော်၎င်း၊
ဘုဉ္ဇေယျ - စားအံ့၊
တဿာ ဘိက္ခုနိယာ ပါစိတ္တိယံ

သတ္တမ

အာမကဓည = စပါးစိမ်း” ဟူရာ၌ တကယ့်ကို စိမ်းစိုနေသော စပါးကိုသာ ဆိုလိုသည် မဟုတ်၊ ဆန် အဖြစ်သို့ မရောက်သေးသမျှ စပါးမျိုး ၇ ပါးလုံးကို ခြောက်သည်ဖြစ်စေ၊ စိုသည်ဖြစ်စေ စပါးစိမ်းဟု ဆိုလိုသည်။

ထို့ကြောင့် အင်္ဂါကို ပြရာ၌ အာမက ဟုတ်-မဟုတ်ကို မပြဘဲ “စပါးမျိုး ၇ ပါးတွင် တပါးပါးကို ကိုယ်တိုင်ဖြစ်စေ၊ ခိုင်း၍ဖြစ်စေ တောင်းခြင်း” ဟု ပြသည်။ ထို စပါးမျိုး ၇ ပါးတွင် တပါးပါးကို တောင်းမှု၊ တောင်းစေမှု၊ စိုနေသော စပါးကို နေမပူသည့်အခါ လှော်မှု၊ လှော်စေမှု၊ ဆန်ဖြစ်အောင် ထောင်းမူ၊ ထောင်းစေမှု၊ ချက်မှု၊ ချက်စေမှုတို့ကြောင့် ဒုက္ကဋ်အာပတ် သင့်၍ စားမှုကြောင့် မျိုတိုင်း မျိုတိုင်း ပါစိတ်အာပတ်သင့်သည်။

ဆက်ဦးအံ့ -

ပြအပ်ပြီးသော သတ္တမ သိက္ခာပုဒ်၌ “ဧတ္ထစ ဝိညတ္တိစေဝ ဘောဇနဉ္စ ပမာဏံ” ဟု ကင်္ခါအဋ္ဌကထာ ဆိုသောကြောင့် တောင်းမှုနှင့် စားမှု ၂ မျိုးသာ ပါစိတ်အာပတ် သင့်ဘို့ရာ လိုရင်းဖြစ်၏။

ထို့ကြောင့် ကိုယ်တိုင်ဖြစ်စေ၊ ခိုင်း၍ဖြစ်စေ မတောင်းဘဲ ရပြီးသော စပါးကို လှော်မှုစသည် ပြု၍ စားလျှင်၎င်း၊ သူတပါးတို့ဘာသာ တောင်း၍ရအပ်သောစပါးကို လှော်မှု စသည် ပြု၍ စားလျှင်၎င်း ဒုက္ကဋ်အာပတ်သာ သင့်သည်။

[ဤ စပါးစိမ်းများကို ဘိက္ခုတို့မှာ အလှူခံဘို့ မဆိုထားဘိ ကိုင်ရုံမျှ မကိုင်ကောင်း၊ ကိုင်လျှင် အနာမသ ဒုက္ကဋ်ဟု ဆိုသည်။]

၈။ အဋ္ဌမ လသုနဝဂ်

ယာ ပန ဘိက္ခုနီ ဥစ္စာရံ ဝါ ပဿာဝံ ဝါ သင်္ကာရံ ဝါ ဝိဃာသံ ဝါ တိရောကုဋ္ဋေ ဝါ တိရောပါကာရေ ဝါ ဆဍ္ဋေယျ ဝါ ဆဍ္ဋာပေယျ ဝါ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
ဥစ္စာရံဝါ - ကျင်ကြီးကိုသော်၎င်း၊
ပဿာဝံဝါ - ကျင်ငယ်ကိုသော်၎င်း၊
သင်္ကာရံဝါ - အမှိုက်ကို သော်၎င်း၊
ဝိဃာသံဝါ - စားကြွင်းကိုသော်၎င်း၊
တိရောကုဋ္ဋေဝါ - နံရံ တဘက်၌သော်၎င်း၊
တိရောပါကာရေဝါ - တံတိုင်းတဘက်၌သော်၎င်း၊
ဆဋ္ဋေယျဝါ - ကိုယ်တိုင်မူလည်း စွန့်ပစ်အံ့၊
ဆဋ္ဋာပေယျဝါ - သူတပါးကို မူလည်း စွန့်ပစ်စေအံ့၊
တဿာ ဘိက္ခုနိယာ - ထိုရဟန်းမ၏၊
ပါစိတ္တိယံ - ပါစိတ်အပတ်သည်၊
ဟောတိ - ၏။

အဋ္ဌမ

သင်္ကာရ = အမှိုက်” ဟူရာ၌ သစ်ပင် ချုံနွယ်များပါ ယူ။ “ဝိဃာသ=စားကြွင်း” ဟူရာ၌ စားပြီး၍ကျန်သမျှ လုပ်ဆေးရေ ဒန်ပူများလည်း ပါဝင်သည်။ အရိုးနှင့် စားဖတ်တို့မှာ ဆိုဘွယ်ရာမရှိ။ ထို ဥစ္စာရ စသည်ကို တိရောကုဋ္ဋေ = အိမ် ကျောင်း နံရံ၏ ဟိုဘက်၊ တိရောပါကာရ = ဝင်းတံတိုင်း၏ ဟိုဘက်သို့ ကျော်၍ ပစ်လိုက်လျှင် လမ်းသွား လမ်းလာတို့၏ ဦးခေါင်းပေါ် စသည်၌ ကျရောက် တတ်သောကြောင့် ထို စွန့်ပစ်မှုကို ကိုယ်တိုင်လည်း မပြုရ၊ ခိုင်းလည်း မခိုင်းရ။ ဘိက္ခုနီတို့ပြုလျှင် ပါစိတ်၊ ဘိက္ခုတို့ ပြုလျှင်ကား ဒုက္ကဋ်တည်း။

မှတ်ချက်

ဤသိက္ခာပုဒ်လာ “တိရောကုဋ္ဋေဝါ” အရ ကျောင်းပေါ်မှ နေ၍ အောက်သို့ မကြည့်ရှုဘဲ အမှိုက်၊ စက္ကူစုတ်များကို မပစ်ချကောင်း ဟု သတိပြု။ လမ်းသွား လမ်းလာ ရှိ-မရှိကို သေချာစွာ ကြည့်ပြီးမှ ဖြစ်စေ၊ လုံးလုံး အသွားအလာ အသုံးအစွဲ ကင်းသော လမ်း ဖြစ်စေ ထိုလမ်းတို့၏ အနီးရှိ တံတိုင်း နံရံတို့ကို ကျော်၍ စွန့်ပစ်ရာ၌ကား အနာပတ္တိ

၉။ နဝမ လသုနဝဂ်

ယာ ပန ဘိက္ခုနီ ဥစ္စာရံ ဝါ ပဿာဝံ ဝါ သင်္ကာရံ ဝါ ဝိဃာသံ ဝါ ဟရိတေ ဆဍ္ဋေယျ ဝါ ဆဍ္ဋာပေယျ ဝါ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ ဥစ္စာရံဝါ ပဿာဝံဝါ သင်္ကာရံဝါ ဝိဃာသံဝါ,
ဟရိတေ - စိမ်းစိုသော ကောက်ပဲသီနှံရှိရာ အရပ်၌၊
ဆဋ္ဋေယျဝါ ဆဋ္ဋာပေယျဝါ ပါစိတ္တိယံ

နဝမ

ဟရိတေ” အရ သေခိယ သိက္ခာပုဒ်ကဲ့သို့ မြက်၊ သစ်ပင် အားလုံးကို မယူရ။ ကောက်ပဲသီးနှံ၊ အုန်းခြံ၊ ငှက်ပျောခြံ စသည် စိုက်ပျိုးထားရာ အရပ်ကို ယူပါ။

ထိုအရပ်မျိုး၌ ဥစ္စာရ စသည်ကို စွန့်ပစ်လျှင် ပျက်စီးတတ်သောကြောင့်၎င်း၊ မပျက်စီးသော်လည်း မသန့်ရှင်း သဖြင့် ဥစ္စာရှင်တို့မနှစ်သက်သောကြောင့်၎င်း စွန့်ပစ်ခြင်းကို ကိုယ်တိုင်ဖြစ်စေ၊ ခိုင်း၍ဖြစ်စေ မပြုရ။ ဘိက္ခုနီတို့ ပြုလျှင် ပါစိတ်၊ ဘိက္ခုတို့ပြုလျှင် ဒုက္ကဋ်

[ဆဋ္ဋေယျ၌ ဍရင်ကောက် ၂ လုံးဆင့် ဖြင့်လည်း ရှိ၏။ သင့်သည်ချည်းပင်။]

၁၀။ ဒသမ လသုနဝဂ်

ယာ ပန ဘိက္ခုနီ နစ္စံ ဝါ ဂီတံ ဝါ ဝါဒိတံ ဝါ ဒဿနာယ ဂစ္ဆေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ – သည်၊
နစ္စံဝါ - ကခြင်းကိုသော်၎င်း၊
ဂီတံ ဝါ - သီဆိုခြင်းကိုသော်၎င်း၊
ဝါဒိတံဝါ - တီးမှုတ်ခြင်းကိုသော်၎င်း၊
ဒဿနာယ-ကြည့်ရှု နားထောင်ခြင်းငှာ၊
ဂစ္ဆေယျ - သွားအံ့၊
တဿာ ဘိက္ခုနိယာ ပါစိတ္တိယံ

ပထမော - သော၊
လသုနဝဂ္ဂေါ - လသုနဝဂ်တည်း

ဒသမ

ကမှု၊ သီချင်းဆိုမှု၊ တီးမှုတ်မှုကို ကြည့်ရှု နားထောင် သွားရာ၌ ဘိက္ခုနီတို့မှာ ပါစိတ်၊ ဘိက္ခုတို့မှာ ဒုက္ကဋ်

ကမူဟူရာ၌ ဥဒေါင်းကခြင်း၊ မျောက်ကခြင်း၊ ကလေးသူငယ် ကခြင်းများလည်း ပါဝင်သည်။ သီချင်းဟူရာ၌ တေးသံ ပေါက်အောင် ရွတ်အပ်သော တရားများလည်း ပါဝင်သည်။ ထို ကမှု စသည်ကို ကိုယ်တိုင်လည်း မပြုကောင်း၊ ခိုင်းလည်း မခိုင်းကောင်း။

မှတ်ချက်

“ပွဲလမ်းသဘင်ဖြင့် စေတီတော်ကို၊ ဘုန်းကြီးပျံကို ပူဇော်ပါရစေ” ဟု လျှောက်စေကာမူ “အင်း၊ ကောင်းပြီ” ဟုမျှ ဝန်မခံရ။ ဘိက္ခုနီမှာ ပါစိတ်၊ ဘိက္ခုမှာ ဒုက္ကဋ်

[စေတိယဿ ဥပဟာရံ (နစ္စ ဂီတဖြင့် ပူဇော်မှုကို) ကရောမာတိ ဝုတ္တေ သာဓူတိ သမ္ပဋိစ္ဆန္တိယာစ ပါစိတ္တိယံ။]

ကျောင်းတိုက်တွင်း၌ နေ၍ ကြည့်ရှု နားထောင်ရာ၊ ကိစ္စ တစုံတခုဖြင့် သွားစဉ် မျက်စိရှေ့ ရောက်လာ၍ ကြည့်ရှုရာတို့၌ကား ဝိနည်းပြစ် မရှိ။ အဘိဓမ္မာပြစ်မှာ စိတ်သာ ပဓာနတည်း။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (ရတ္တန္ဓကာရဝဂ်)

၁။ ပထမ ရတ္တန္ဓကာရဝဂ်

ယာ ပန ဘိက္ခုနီ ရတ္တန္ဓကာရေ အပ္ပဒီပေ ပုရိသေန သဒ္ဓိံ ဧကေနေကာ သန္တိဋ္ဌေယျ ဝါ သလ္လပေယျ ဝါ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
ရတ္တန္ဓာကာရေ - ညဉ့်မှောင်မိုက်ရာ အခါ၌၊
အပ္ပဒီပေ - ဆီမီး စသော အရောင်အလင်း မရှိသော အရပ်၌၊
ပုရိသေနယောက်ျားနှင့်၊
သဒ္ဓိံ – တကွ၊
ဧကေနေကာ - တယောက်ချင်း
သန္တိဋ္ဌေယျဝါ - အနီး၌မူလည်း တည်နေအံ့၊
သလ္လပေယျဝါ - အနီး၌မူလည်း စကားပြောအံ့၊
တဿာ ပါစိတ္တိယံ

ပထမ

[ရတ္တန္ဓကာရ = ရတ္တိ+အန္ဓကာရ၊] ဘိက္ခုနီသည် ညဉ့်မှောင်မိုက်ရာ အခါဝယ် ဆီမီး၊ ဓာတ်မီးရောင်၊ လရောင်၊ နေရောင်၊ မီးဖိုမှ မီးရောင်တို့တွင် အရောင်တမျိုးမျှ မရှိသောအရပ်၌ ယောက်ျားနှင့်အတူ တယောက်ချင်း ဟတ္ထပါသ်၌ တည်နေလျှင်၎င်း၊ ဟတ္ထပါသ်၌ စကားပြောလျှင်၎င်း ပါစိတ်

မှတ်ချက်

ရတ္တန္ဓကာရ အရ နေ့ ဖြစ်သော်လည်း တစုံတခုကြောင့် မှောင်ကျနေလျှင် ရတ္တန္ဓကာရ (ညဉ့်ကဲ့သို့ မှောင်သောအခါ) ပင် ဖြစ်၏။ ထို့ကြောင့် အပ္ပဒီပအရ နေရောင်ကိုပါ ထည့်၍ ဖွင့်ကြသည်။ အပ္ပဒီပ၌ “ပဒီပ=ဆီမီး” ကိုလည်း ဥပလက္ခဏ နည်းအားဖြင့် မှတ်၍ပြခြင်း ဖြစ်သောကြောင့် အရောင်အလင်း အားလုံးကိုပါ ယူပါ။

၂။ ဒုတိယ ရတ္တန္ဓကာရဝဂ်

ယာ ပန ဘိက္ခုနီ ပဋိစ္ဆန္နေ သြကာသေ ပုရိသေန သဒ္ဓိံ ဧကေနေကာ သန္တိဋ္ဌေယျဝါ သလ္လပေယျ ဝါ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
ပဋိစ္ဆန္နေ - နံရံ စသည်ဖြင့် ဖုံးကွယ်အပ်သော
ဩကာသေ - အရပ်၌၊
ပုရိသေန သဒ္ဓိံ ဧကေ နေကာ သန္တိဋ္ဌေယျဝါ သလ္လပေယျဝါ၊ တဿာ ပါစိတ္တိယံ

၃။ တတိယ ရတ္တန္ဓကာရဝဂ်

ယာ ပန ဘိက္ခုနီ အဇ္ဈောကာသေ ပုရိသေန သဒ္ဓိံ ဧကေနေကာ သန္တိဋ္ဌေယျ ဝါ သလ္လပေယျ ဝါ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
အဇ္ဈောကာသေ - လွင်တီးခေါင်၌၊
ပုရိသေန သဒ္ဓိံ ဧကေနေကာ သန္တိဋ္ဌေယျဝါ သလ္လပေယျဝါ၊
တဿ ဘိက္ခုနိယာ ပါစိတ္တိယံ

ဒုတိယ၊ တတိယ

ဤသိက္ခာပုဒ် ၂ ပါး၌ ပဋိစ္ဆန္နေအဇ္ဈောကာသေ ပုဒ်တို့သာ ထူးသည်။
ပဋိစ္ဆန္နေ အရ နံရံ၊ သစ်ပင် စသည် တစုံတခု ကွယ်ကာနေသော အရပ်ကို ယူ။
အဇ္ဈောကာသကား အမိုး အကာ တစုံတရာမျှမရှိသော လွင်တီးခေါင် လွင်ပြင်အရပ်တည်း။

ဧကေနေကာ

တယောက်ချင်း”ဟု အနက်ပေးခြင်းကား အလွယ် ပေးခြင်းတည်း။

ဧကာ - တယောက်ထည်းသည်၊
(ဟုတွာ - ဖြစ်၍၊)
ဧကေန - တယောက်ထည်းသော၊
ပုရိသေန-နှင့်” ဟု ကျနစွာ ပေးနိုင်သည်။

ယောက်ျားဘက်၊ ဘိက္ခုနီဘက် ၂ ဘက်လုံး၌ အဖော်မပါ တယောက်စီသာ ဖြစ်သည် ဟူလို။ ပုရိသ အရလည်း အတူတကွ တည်နေချင်၊ အတူတကွ စကားပြောချင်သော နားလည်သော ယောက်ျားကို ယူပါ။

၄။ စတုတ္ထ ရတ္တန္ဓကာရဝဂ်

ယာ ပန ဘိက္ခုနီ ရထိကာယ ဝါ ဗျူဟေ ဝါ သိင်္ဃာဋကေ ဝါ ပုရိသေန သဒ္ဓိံ ဧကေနေကာ သန္တိဋ္ဌေယျ ဝါ သလ္လပေယျ ဝါ နိကဏ္ဏိကံ ဝါ ဇပ္ပေယျ ဒုတိယိကံ ဝါ ဘိက္ခုနိံ ဥယျောဇေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
ရထိကာယဝါ - ရထားသွားလောက် ထုတ်ချင်းပေါက်သော လမ်း၌သော်၎င်း၊
ဗျူဟေဝါ - ထုတ်ချင်း မပေါက်သော လမ်း၌သော်၎င်း၊
သိင်္ဃာဋကေဝါ - လမ်းဆုံ လမ်းခွ၌သော်၎င်း၊
ပုရိသေန သဒ္ဓိံ ဧကေနကာ သန္တိဋ္ဌေယျဝါ၊ သလ္လပေယျ ဝါ၊
နိကဏ္ဏိကံဝါ - နားရင်း၌မူလည်း၊
ဇပွေယျ - ပြောဆိုအံ့၊
ဒုတိယိကံ - အဖော်ဖြစ်သော၊
ဘိက္ခုနိံ ဝါ - ရဟန်းမကိုမူလည်း၊
ဥယျောဇေယျပြန်လွှတ်အံ့၊
တဿာ ဘိက္ခုနိယာ ပါစိတ္တိယံ

စတုတ္ထ

ရထိကာ” ဟူသည် မြို့တွင်း ရွာတွင်း၌ အရှေ့ အနောက် ဖြစ်စေ၊ တောင် မြောက် ဖြစ်စေ ထုတ်ချင်း ပေါက်သော မြင်းရထား၊ ကား စသည်တို့ သွားလာရာလမ်းတည်း။

ဗျူဟ”ကား ထုတ်ချင်း မပေါက်သော (လာခဲ့သောလမ်းကိုပင် ပြန်၍ထွက်ရသော) တဆစ်ချိုး လမ်း အတိုမျိုးတည်း။

သိင်္ဃာဋက”ကား လမ်းဆုံ လမ်းခွတည်း။

လမ်းအမျိုးမျိုးတွင် မည်သည့် လမ်း၌မဆို ဘိက္ခုနီသည် ယောက်ျားနှင့် တယောက်ချင်းချင်း ဟတ္ထပါသ်၌ နေမူဟတ္ထပါသ်တွင်မကဘဲ နားအနီး ကပ်ပြောမှုပြောချင်ရာ ပြောရအောင် အဖော် ဘိက္ခုနီကို ပြန်လွှတ်မူ ပါစိတ်အာပတ် သင့်၏

နိကဏ္ဏိကံ

နိကဏ္ဏိကံ၌ နိသဒ္ဒါကို သမီပ (အနီး) အနက်ဟော ယူ၍ -
ကဏ္ဏဿ - နား၏၊
သမီပံ - အနီးသည်၊
နိကဏ္ဏံ - မည်၏၊
နိကဏ္ဏမေဝ - နား၏အနီး (နားရင်း)သည်ပင်၊
နိကဏ္ဏိကံ - မည်၏” ဟု ပြုပါ။ ဏိကပစ္စည်း အနက်သီးခြားမရှိ ဟူလို။

၅။ ပဉ္စမ ရတ္တန္ဓကာရဝဂ်

ယာ ပန ဘိက္ခုနီ ပုရေဘတ္တံ ကုလာနိ ဥပသင်္ကမိတွာ အာသနေ နိသီဒိတွာ သာမိကေ အနာပုစ္ဆာ ပက္ကမေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
ပုရေဘတ္တံ - နံနက်အခါ၌
ဝါ - မွန်းမတည့်မီ
ကုလာနိ - အိမ်တို့သို့
ဥပသင်္ကမိတွာ - ချဉ်းကပ်ပြီး၍၊
အာသနေ - နေရာထိုင်ပေါ်၌
နိသီဒိတွာ - ထိုင်ပြီး၍၊
သာမိကေ - အိမ့်ရှင်တို့ကို၊
အနာပုစ္ဆာ - မပန်ပြောဘဲ
ပက္ကမေယျံ - ဖဲသွားအံ့၊
တဿာ ဘိက္ခုနိယာ ပါစိတ္တိယံ

ပဉ္စမ

ဤသိက္ခာပုဒ်နှင့် ဆဋ္ဌသိက္ခာပုဒ်လာ ပုရေဘတ္တပစ္ဆာဘတ္တ သဒ္ဒါတို့သည် ဘိက္ခု၊ အစေလကဝဂ် စာရိတ္တသိက္ခာပုဒ်၌ လာသော ပုရေဘတ္တ၊ ပစ္ဆာဘတ္တတို့နှင့် မတူတတ်။
ဘတ္တအရ ဆွမ်းစားရာကာလ ဟူသည် ဆွမ်းစားနိူင်ရာ မွန်းတည့် အခါတည်း။
ပုရေဘတ္တ - မွန်းမတည့်မီ
ပစ္ဆာဘတ္တ - မွန်းတည့်ပြီးနောက် (နေလွဲ)
ဥပသင်္ကမိတွာ အရ “ချဉ်းကပ်” ဟူသည် သွားခြင်းပင်တည်း။

သိက္ခာပုဒ် ၂ ပါးလုံး၌ပင် “အာသနေ” အရ ထိုင်၍ ဖြစ်လောက်သော ဌာနကို မယူဘဲ ထိုင်ခုံ အခင်းများကို ယူရမည်။

ဆက်ဦးအံ့

မွန်းမတည့်မီ အတွင်း၌ အိမ်သို့သွားပြီးလျှင် ထိုင်ခုံ အခင်းပေါ်၌ ထိုင်ပြီးနောက် ပြန်သွားသည့်အခါ အိမ့်ရှင်တို့ကို ခွင့်မပန်လျှင် အခင်း ထိုင်ခုံပျောက်က အစွပ်စွဲ ခံရတတ်သဖြင့် နားလည် ပါးလည်ရှိသော အိမ့်ရှင် တယောက်ယောက်ကို “သွားတော့မည်” ဟု ခွင့်ပန်ပြီးမှ သွားရမည် ဟူလို။

ထို့ကြောင့် ထိုင်ခုံ (အခင်း) က အသံဟာရိမ (ရွှေ့၍ မရ အသေခင်းအပ်သော အခင်း) ဖြစ်မူ မပျောက်နိုင်သောကြောင့် ခွင့်မပန်ဘဲ သွားသော်လည်း အနာပတ္တိ ဟု မိန့်တော်မူသည်။

၆။ ဆဋ္ဌ ရတ္တန္ဓကာရဝဂ်

ယာ ပန ဘိက္ခုနီ ပစ္ဆာဘတ္တံ ကုလာနိ ဥပသင်္ကမိတွာ သာမိကေ အနာပုစ္ဆာ အာသနေ အဘိနိသီဒေယျ ဝါ အဘိနိပဇ္ဇေယျ ဝါ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
ပစ္ဆာဘတ္တံ - နေလွဲအခါ၌၊
ကုလာနိ ဥပသင်္ကမိတွာ
သာမိကေ - တို့ကို၊
အနာပုစ္ဆာ - မပန်ပြောဘဲ
အာသနေ - နေရာထိုင်ပေါ်၌
အဘိနိသီဒေယျဝါ - ထိုင်မူလည်း ထိုင်အံ့၊
အဘိနိပဇ္ဇေယျဝါ - အိပ်မူလည်း အိပ်အံ့၊
တဿာ ဘိက္ခုနိယာ ပါ စိတ္တိယံ

ဆဋ္ဌ

နေလွဲအခါ (မွန်းတည့်ပြီးနောက် နေမဝင်မီ) အိမ်သို့သွား၍ အိမ့်ရှင်တို့ကို ခွင့်မပန်ဘဲ ထိုင်ခုံ (အခင်း) ပေါ်၌ ထိုင်လျှင် အာပတ်တချက်၊ လျောင်းလျှင် အာပတ်တချက်၊ ၂ မျိုးလုံးပြုလျှင် အာပတ် ၂ ချက် သင့်၏။ နေရာက တင်ပလ္လင်ခွေ၍မျှ မနေလောက်အောင် သေးငယ်မူ ဤသိက္ခာပုဒ်နှင့် သိက္ခာပုဒ် ၂ ရပ်လုံး၌ပင် ဒုက္ကဋ်ဟူ၏။

မှတ်ချက်

ဤသိက္ခာပုဒ်၌ ဘိက္ခုနီတို့ဘို့ အမြဲခင်းထားအပ်သော (ဓုဝပညတ္တ) နေရာဖြစ်မူ ထိုင်ကောင်း လျောင်းကောင်း၏သာမိက အရလည်း ရှေးသိက္ခာပုဒ်ကဲ့သို့ နားလည်သူ သာမိကကို မယူရ။ ပေးနိုင်ခွင့်ရှိသူ (ထိုင်ဘို့ အိပ်ဘို့ရန် ခွင့်ပြုနိူင်သူ)ကိုသာ ယူရမည်။

၇။ သတ္တမ ရတ္တန္ဓကာရဝဂ်

ယာ ပန ဘိက္ခုနီ ဝိကာလေ ကုလာနိ ဥပသင်္ကမိတွာ သာမိကေ အနာပုစ္ဆာ သေယျံ သန္ထရိတွာ ဝါ သန္ထရာပေတွာ ဝါ အဘိနိသီဒေယျ ဝါ အဘိနိပဇ္ဇေယျ ဝါ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
ဝိကာလေ - အချိန်မဲ့ အခါမဲ့၌
ဝါ - နေဝင်သည်မှ နောက်၌
ကုလာနိ ဥပသင်္ကမိတွာ သာမိကေ အနာပုစ္ဆာ
သေယျံ - အိပ်ရာနေရာ အခင်းကို၊
သန္ထရိတွာ ဝါ - ကိုယ်တိုင် ခင်းပြီး၍သော်၎င်း၊
သန္ထရာပေတွာ ဝါ - သူတပါးကို ခင်းစေပြီး၍သော်၎င်း၊
အဘိနိသီဒေယျဝါ - ထိုင်မူလည်း ထိုင်အံ့၊
အဘိနိပဇ္ဇေယျဝါ - အိပ်မူလည်း အိပ်အံ့၊
တဿာ ဘိက္ခုနိယာ ပါစိတ္တိယံ

သတ္တမ

ဤသိက္ခာပုဒ်၌ “ဝိကာလ”အရ နေဝင်ပြီးနောက် ညဉ့်အချိန် အခါကို ယူရမည်။ ဘိက္ခု ရတနဝဂ်လာ ဝိကာလေ ဂါမပ္ပဝေသန သိက္ခာပုဒ်၌ ပါသော ဝိကာလနှင့် မတူတတ်ပေ။ နေဝင်သည်မှနောက် အချိန်မဲ့ အခါမဲ့ အိမ်သို့သွား၍ အိမ့်ရှင်ကို ခွင့်မပန်ဘဲ အိပ်ရာနေရာ အခင်းများကို ကိုယ်တိုင် ခင်း၍ ဖြစ်စေ၊ သူတပါးကို ခိုင်း၍ ဖြစ်စေ ထိုင်လျှင် အာပတ်တချက်၊ လျောင်း (လှဲ) လျှင် အာပတ် တချက်တည်း။

ဤသိက္ခာပုဒ်၌လည်း (ဆဋ္ဌမ သိက္ခာပုဒ်ကဲ့သို့) အိပ်ရာအခင်းကို ပေးနိုင်၊ ခွင့်ပြုနိုင်သော အိမ့်ရှင် ကိုသာ “သာမိက” အရ ယူရသည်။

၈။ အဋ္ဌမ ရတ္တန္ဓကာရဝဂ်

ယာ ပန ဘိက္ခုနီ ဒုဂ္ဂဟိတေန ဒူပဓာရိတေန ပရံ ဥဇ္ဈာပေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
ဒုဂ္ဂဟိတေန - မမှန်မကန် ယူခြင်းဖြင့်၊
ဒူပဓာရိတေန - မမှန်မကန် မှတ်သားခြင်းဖြင့်၊
ပရံ - တပါးသော ရဟန်းမကို၊
ဥဇ္ဈာပေယျ - ကဲ့ရဲ့စေအံ့၊
တဿ ဘိက္ခုနိယာ - ထိုရဟန်းမ၏၊
ပါစိတ္တိယံ - သည်၊
ဟောတိ - ၏။

အဋ္ဌမ

ပြောသူက ချီးမွမ်းစကား ပြောပါလျက် မိမိက အကြားလွဲခြင်း၊ အမှတ်လွဲခြင်းကို “ဒုဂ္ဂဟိတ- ဒူပဓာရိတ” ဟု ခေါ်သည်။
[ဒု - အလွဲအမှား + ဂဟိတ - စိတ်ဖြင့်ယူခြင်း၊ နာကြားခြင်းဥပဓာရိတ - စိတ်ဖြင့် မှတ်သားခြင်း။]

ဥပမာ -

ပြောသူက “မည်သူဟာ ငါ့ကို ကောင်းကောင်းမွန်မွန် ပြုစုဘော် ရသည်၊ သူ့အား သင်္ကန်းပေးဦးမည်” ဟု ပြော၏။ ထိုအပြောနှင့် သက်ဆိုင်သူက “ကောင်းစွာမပြုဘူး၊ သင်္ကန်းမပေးဘူး” ဟု ကြားသည်၊ မှတ်ထားသည် ဟူလို။

ထိုကဲ့သို့ အယူလွဲ အမှတ်လွဲသဖြင့် အခြား (မိမိအထင်လွဲနေသူ) ရဟန်းမကို ကြားကြားသမျှက ကဲ့ရဲ့ကြ လေအောင် အတင်းပြောလျှင် ထို ဘိက္ခုနီမှာ အာပတ်သင့်သည်။ ရဟန်းမ လူသာမဏေကို ကဲ့ရဲ့စေလျှင် ဒုက္ကဋ်

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (ရတ္တန္ဓကာရဝဂ်)

၉။ နဝမ ရတ္တန္ဓကာရဝဂ်

ယာ ပန ဘိက္ခုနီ အတ္တာနံ ဝါ ပရံ နိရယေန ဝါ ဗြဟ္မစရိယေန ဝါ အဘိသပေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
အတ္တာနံဝါ - မိမိကိုသော်၎င်း၊
ပရံ ဝါ - သူတပါးကိုသော်၎င်း၊
နိရယေနဝါ - ငရဲဖြင့်သော်၎င်း၊
ဗြဟ္မစရိယေနဝါ - သာသနာတော်ဟူသော ဗြဟ္မစရိယဖြင့် သော်၎င်း၊
အဘိသပေယျ - ကျိန်ဆဲအံ့၊
တဿာ ဘိက္ခုနိယာ- ၏၊ ပါစိတ္တိယံ။

နဝမ

တစုံတခု ဘဏ္ဍာပျောက်သော ရဟန်းမက အခြားတပါးပါးကို “တပည့်တော်ရဲ့ ဥစ္စာများ မမြင်မိပါဘူးလား” စသည်ဖြင့် မေးသည့်အခါ “သူ့ကို ခိုးတယ်ထင်၍ လာမေးတာဘဲ”ဟု အောက်မေ့သဖြင့် “သူများဥစ္စာကို ယူတဲ့ အကောင်မ မှတ်လို့လား။ သူများဟာကို ယူလျှင် နိရယေ ဥပပဇ္ဇာမိ = ငရဲ၌ ကျစေရဲ့”ဟု မိမိကိုယ်ကို ငရဲဖြင့် ကျိန်လျှင်၎င်း၊ ငါ့ကို မဟုတ်ဘဲနှင့် စွပ်စွဲသူလည်း “နိရယေ ဥပပဇ္ဇတု = ငရဲ၌ ဖြစ်ပါစေဟယ်၊ ငရဲကျပါစေဟယ်”ဟု သူတပါးကို ငရဲဖြင့် ကျိန်ဆဲလျှင်၎င်း ပါစိတ်။

ဗြဟ္မစရိယ

ဂိဟိနီ ဟောမိ = လူဖြစ်ရစေရဲ့၊ အဿမဏီ ဟောမိ = ရဟန်းမ မဟုတ်ဘဲ ရှိရစေရဲ့”ဟု မိမိကို ဗြဟ္မစရိယ (သာသနာတော်နှင့် စပ်သော ကျိန်မှု) ဖြင့် ကျိန်လျှင်၎င်း၊ “လူဖြစ်ပါစေဟယ်” စသည် ဖြင့် သူတပါးကို ဗြဟ္မစရိယဖြင့် ကျိန်ဆဲလျှင်၎င်း၊ ရဟန်းချင်း ကျိန်ဆဲရာ၌ ပါစိတ်၊ လူ သာမဏေကို ကျိန်ဆဲရာ၌ ဒုက္ကဋ်၊

နိရယ ဗြဟ္မစရိယ ၂ မျိုးမှ လွတ်သော “ခွေး ဖြစ်ရစေရဲ့၊ သေရစေရဲ့၊ ခွေးဖြစ်ပါစေ၊ သေပါစေ” စသည်ဖြင့် ရဟန်းဖြစ်စေ၊ လူ သာမဏေဖြစ်စေ ကျိန်ဆဲရာ၌ကား ဒုက္ကဋ်ချည်းသာ။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (ရတ္တန္ဓကာရဝဂ်)

၁၀။ ဒသမ ရတ္တန္ဓကာရဝဂ်

ယာ ပန ဘိက္ခုနီ အတ္တာနံ ဝဓိတွာ ဝဓိတွာ ရောဒေယျ။ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
အတ္တာနံ - မိမိကို၊
ဝဓိတွာ ဝဓိတွာ - ပုတ်ခတ်၍ ပုတ်ခတ်၍၊
ရောဒေယျ - ငိုအံ့၊
တဿာ ဘိက္ခုနိယာ ပါစိတ္တိယံ

[ဒုတိယော - သော၊
ရတ္တန္ဓကာရဝဂ္ဂေါ - တည်း။]

ဒသမ

ရန်ဖြစ်သည့်အခါ၌ဖြစ်စေ၊ အခြား အခါ၌ဖြစ်စေ မိမိကိုယ်ကို ထုကာ ရိုက်ကာ (ရင်ကို ထု၍ ထု၍) ငိုလျှင် ပါစိတ်။ ထုရုံသာ ထု၍ မငို၊ ငိုရုံသာ ငို၍ မထုလျှင် ဒုက္ကဋ်။

ဉာတိဗျသန (ဆွေမျိုးပျက်မှု)၊ ရောဂဗျသန (ရောဂါ ဖြစ်မှု)၊ ဘောဂဗျသန (စည်းစိမ်ပျက်မှု)တို့နှင့် တွေ့ရ၍ ငိုရုံသာ ငိုလျှင် (မထု မရိုက်လျှင်) အနာပတ္တိ။

ရတ္တန္ဓကာရဝဂ် ပြီး၏။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (နဂ္ဂဝဂ်)

[“နဟာနဝဂ်”ဟုလည်း ခေါ်၏။]

၁။ ပထမ နဝဂ္ဂဝဂ်

ယာ ပန ဘိက္ခုနီ နဂ္ဂါ နဟာယေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ – သည်၊
နဂ္ဂါ - အဝတ် မဆည်း အချည်းနှီးသည်၊
(ဟုတွာ - ဖြစ်၍၊)
နှာယေယျ - ရေချိုးအံ့၊
တဿာ ဘိက္ခုနိယာ ပါစိတ္တိယံ

ပထမ

ခါးဝတ်ဖြစ်စေ၊ အပေါ်ရုံဖြစ်စေ တခုခုမျှ မပါသူကို “နဂ္ဂါ”ဟု ခေါ်၏။ အဝတ် ဝတ်သည်ကို ရှေးက (ယခုလည်း အချို့အရပ်၌) “ဆည်း” ဟု ခေါ်၏။ ရှက်ဖွယ်အရပ်ကို ဖုံးလွှမ်း၊ ကာကွယ်၊ ဆည်းတားသည် ဟု ဆိုလိုဟန်တူသည်။ ထိုကဲ့သို့ အဝတ် မဆည်းဘဲ အချည်းနှီး ရေချိုးလျှင် ဘိက္ခု နီမှာ ပါစိတ်၊ ဘိက္ခုတို့မှာကား ဒုက္ကဋ်

ဖုံးကွယ်ခြင်း သုံးမျိုး

မီး၊ ရေ အပြည့်အစုံထား၍ ရေလည်း ချိုးနိုင်၊ ချွေးလည်း အောင်းနိူင်သော ကျောင်းကုဋိတမျိုးကို “ဇန္တာဃရ (ဇရုံးအိမ်)” ဟု ခေါ်ကြ၏။

၁။ ဇန္တာဃရ ပဋိစ္ဆာဒိ (ဇရုံးအိမ်ဖြင့် ဖုံးကွယ်ခြင်း)၊
၂။ ဥဒက ပဋိစ္ဆာဒိ (မြစ်၊ ချောင်း၊ ကန် စသည်ဝယ် ဆင်း၍ ချိုးရာ၌ ရေသနပ် မဝတ်သော်လည်း ရေဖြင့် ဖုံးကွယ်ထားခြင်း)၊
၃။ ဝတ္ထပဋိစ္ဆာဒိ (အဝတ် ရေသနုပ်ဖြင့် ဖုံးကွယ်ခြင်း)
ဟု ၃ မျိုး ရှိသည်တွင် တမျိုးမျိုးဖြင့် ဖုံးကွယ်၍ ရေချိုးရမည်။

ယခုအခါ လုံခြုံသော ရေချိုးအိမ်များလည်း ဇန္တာဃရ နှင့် သဘောတူပင်ဟု ယူကြ၏။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (နဂ္ဂဝဂ်)

၂။ ဒုတိယ နဝဂ္ဂဝဂ်

ဥဒကသာဋိကံ ပန ဘိက္ခုနိယာ ကာရယမာနာယ ပမာဏိကာ ကာရေတဗ္ဗာ၊ တတြိဒံ ပမာဏံ၊ ဒီဃသော စ တဿော ဝိဒတ္ထိယော သုဂတဝိဒတ္ထိယာ၊ တိရိယံ ဒွေ ဝိဒတ္ထိယော။ တံ အတိက္ကာမေန္တိယာ ဆေဒနကံ ပါစိတ္တိယံ

ဥဒကသာဋိကာ - ရေသနုပ်ကို၊
ကာရယမာနာယ - ပြုစေလိုသော၊
ဘိက္ခုနိယာ - ရဟန်းမသည်၊
ပမာဏိကာ - ပမာဏနှင့် ယှဉ်သော ရေသနုပ်ကို၊
ကာရေတဗ္ဗာ – ပြုစေထိုက်၏၊
တတြ - ထို ရေသနုပ်၏၊
ဣဒံ - ဤဆိုအပ်လတံ့ကား၊
ပမာဏံ - တည်း၊
သုဂတဝိဒတ္ထိယာ – ဖြင့်၊
ဒီဃသော - အလျားမှ၊
စတဿော ဝိဒတ္ထိယော - ၄ ထွာတို့ ၎င်း၊
တိရိယံ - မှ၊
ဒွေ ဝိဒတ္ထိယော - တို့၎င်း၊
(ဣတိ- ဤကား ပမာဏတည်း၊)
တံ - ထိုပမာဏကို၊
အတိက္ကာမေန္တိယာ - လွန်စေသော ရဟန်းမ၏၊
ဆေဒနကံ ပါစိတ္တိယံ

ဒုတိယ

ဤဒုတိယသိက္ခာပုဒ်၌ အဓိပ္ပာယ် မထူး၊ ဘိက္ခု ရတနဝဂ်၌ ဤ သိက္ခာပုဒ်မျိုးများစွာ ပါခဲ့ပြီ။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (နဂ္ဂဝဂ်)

၃။ တတိယ နဝဂ္ဂဝဂ်

ယာ ပန ဘိက္ခုနီ ဘိက္ခုနိယာ စီဝရံ ဝိသိဗ္ဗေတွာ ဝါ ဝိသိဗ္ဗာပေတွာ ဝါ သာ ပစ္ဆာ အနန္တရာယိကိနီ နေဝ သိဗ္ဗေယျ၊ န သိဗ္ဗာပနာယ ဥဿုက္ကံ ကရေယျ အညတြ စတူဟပဉ္စာဟာ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ
ဘိက္ခုနိယာ - ရဟန်းမ၏၊
စီဝရံ - သင်္ကန်းကို၊
ဝိသိဗ္ဗေတွာ ဝါ - ကိုယ်တိုင် ဖြေပြီး၍သော်၎င်း၊
ဝိသိဗ္ဗာပေတွာ ဝါ - သူတပါးကို ဖြေစေပြီး၍သော်၎င်း၊
သာ - ထိုရဟန်းမသည်၊
ပစ္ဆာ - နောက်၌၊
အနန္တရာယိကိနီ - အန္တရာယ်မရှိပါဘဲ၊
စတူဟပဉ္စာဟာ - ၄ ရက် ၅ ရက်ကို၊
အညတြ - ကြဉ်၍၊
နေဝ သိဗ္ဗေယျဝါ – ကိုယ်တိုင်မူလည်း ချုပ်မပေးအံ့၊
သိဗ္ဗာပနာယ - ချုပ်စေခြင်းငှာ၊
ဥဿုက္ကံဝါ - ကြောင့်ကြကိုမူလည်း၊
န ကရေယျ - မပြုအံ့၊
တဿာ ဘိက္ခုနိယာ - ထို ရဟန်းမ၏၊
ပါစိတ္တိယံ - ပါစိတ်အာပတ်သည်၊
ဟောတိ - ၏။

တတိယ

ဘိက္ခုနီသည် အခြား ဘိက္ခုနီတဦး၏ အချုပ်မကောင်းသော သင်္ကန်းကို ပြင်၍ချုပ်ဘို့ရန် ကိုယ်တိုင်ဖြစ်စေ၊ စေခိုင်း၍ဖြစ်စေ ဖြေပြီးနောက် ချုပ်ခြင်း၌ အန္တရာယ်မရှိပါဘဲ ၅ ရက်အတွင်းဝယ် ကိုယ်တိုင်သော်လည်း ချုပ်မပေးအံ့၊ သို့မဟုတ် ချုပ်ဘို့ရန် ကြောင့်ကြသော်လည်း မစိုက်အံ့၊ ဖြေရာနေ့မှ ၅ ရက်လွန်လျှင် ထို ဖြေပေးသော ရဟန်းမမှာ ပါစိတ်အာပတ် သင့်၏။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (နဂ္ဂဝဂ်)

၄။ စတုတ္ထ နဝဂ္ဂဝဂ်

ယာ ပန ဘိက္ခုနီ ပဉ္စာဟိကံ သင်္ဃာဋိစာရံ အတိက္ကာမေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
ပဉ္စာဟိကံ - ၅ ရက်ကို၊
ဝါ - ၅ ရက် တကြိမ်၊
သင်္ဃာဋိစာရံ - သင်္ကန်းတို့၏ လှည့်လည်ခြင်းကို၊
အတိက္ကာမေယျ - လွန်စေအံ့၊
တဿာ ဘိက္ခုနီယာ - ထိုရဟန်းမ၏၊
ပါစိတ္တိယံ - ပါစိတ်အာပတ်သည်၊
ဟောတိ - ၏

စတုတ္ထ

ဘိက္ခုနီသည် မိမိသင်္ကန်းကို မှိုမတက်အောင်၊ အောက်စော် မနံအောင် ၅ ရက်တကြိမ်ကျ ဝတ်ရ၊ ရုံရသည်။ မခတ် မရုံ (မရမ်း)လျှင်လည်း နေလှန်းပေးရသည်။ ၅ ရက်ကျော်အောင် ဝတ်လည်းမဝတ်၊ ရမ်းလည်းမရမ်း၊ နေသော်လည်း မလှန်းလျှင် ပါစိတ်အာပတ် သင့်၏။

သင်္ဃာဋိစာရံ

သင်္ဃာဋိအရ သင်္ကန်းကြီးကိုသာ မယူရ။ “သံဃဋီယ တေ - ချုပ်စပ်အပ်၏” ဟူသော ဝိဂြိုဟ်အရ စပ်၍ ချုပ်ရသော သင်္ကန်း ၅ ထည် ၅ လုံးကို ယူရသည်။ “စာရ” အရ ထိုသင်္ကန်းများ၏ လှည့်လည်ခြင်း ဟူသည် သင်္ကန်းတို့ကို တနေရာတည်း၌ မတည်စေဘဲ အခြားနေရာသို့ လှည့်လည် သကဲ့သို့ဖြစ်အောင် လဲလှယ်၍ ဝတ်ခြင်း၊ နေလှန်းခြင်းပင်တည်း။ သင်္ကန်း ၅ ထည်ကား တိစီဝရိတ် ၃ ထည်၊ ရေသနပ်နှင့် ရင်စည်း တဘက်တည်း။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (နဂ္ဂဝဂ်)

၅။ ပဉ္စမ နဝဂ္ဂဝဂ်

ယာ ပန ဘိက္ခုနီ စီဝရသင်္ကမနီယံ ဓာရေယျ၊ ပါစိတ္တိယံ။

ယာပန ဘိက္ခုနီ – သည်၊
စီဝရ သင်္ကမနီယံ – ပြောင်းရွှေ့အပ်သော သင်္ကန်းကို၊
ဝါ - ပြန်ပေးအပ်သော သင်္ကန်းကို၊
ဓာရေယျ - ဆောင်အံ့၊
တဿာ ဘိက္ခုနိယာ ပါစိတ္တိယံ

ပဉ္စမ

သင်္ကမနီယ = ပြောင်းရွှေ့” ဟူသည် ပြန်ပေးရခြင်းတည်း။ ဥစ္စာရှင့်အထံ ခွင့်မပန်ဘဲ (တိတ်တိတ်) ယူဝတ်ပြီးနောက် မိမိအထံ၌ အမြဲ မထားဘဲ ပြန်ပေးအပ်သော သင်္ကန်း ဟူလို။ ထိုသင်္ကန်းကို ဆောင်ခြင်း ဟူရာ၌ ဥစ္စာရှင်ကို မသိစေဘဲ တိတ်တိတ်ယူ၍ ဝတ်ခြင်းတည်း။ ထို့ကြောင့် ဥစ္စာရှင်ကို ခွင့်မပန်ဘဲ တိတ်တိတ်ယူ၍ ဝတ်သော ဘိက္ခုနီမှာ (မိမိသင်္ကန်း ပျောက်ခြင်း၊ သူခိုး အခိုးခံရခြင်း စသော အကြောင်းလည်း မရှိလျှင်) ပါစိတ်

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (နဂ္ဂဝဂ်)

၆။ ဆဋ္ဌမ နဝဂ္ဂဝဂ်

ယာ ပန ဘိက္ခုနီ ဂဏဿ စီဝရလာဘံ အန္တရာယံ ကရေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ – သည်၊
ဂဏဿ - ဘိက္ခုနီသံဃာ၏၊
စီဝရ လာဘံ - သင်္ကန်းလာဘ်ကို၊
အန္တရာယံ- အန္တရာယ်ကို၊
ကရေယျ – ပြုအံ့၊
တဿာ ဘိက္ခုနိယာ ပါစိတ္တိယံ

ဆဋ္ဌမ

ဂဏဿ” အရ ၂ ပါး ၃ပါး စသော ဂိုဏ်းကို မယူရ။ ဘိက္ခုနီ သံဃာကိုပင် ယူရသည်။ “ဘိက္ခုနီသံဃာအား မည်သည့် ဒါယကာက သင်္ကန်း လှူလိမ့်မည်”ဟု ကြားလျှင် မလှူဖြစ်အောင် အားထုတ်ခြင်းကို “အန္တရာယ် ပြုခြင်း”ဟု ဆိုသည်။

ထိုကဲ့သို့ ဘိက္ခုနီသံဃာ၏ ရထိုက်သော (ရခွင့်ရှိသော) သင်္ကန်းကို အန္တရာယ်ပြုသော ဘိက္ခုနီမှာ ပါစိတ်

တပါး ၂ ပါး အခြားဂိုဏ်း၏ သင်္ကန်းလာဘ်ကို အန္တရာယ်ပြုလျှင်၎င်း၊ သင်္ကန်းမှတပါး အခြားပစ္စည်း များကို အန္တရာယ်ပြုလျှင်၎င်း ဒုက္ကဋ်

“ယခု မလှူကြသေးနှင့်၊ အဘိုးချိုတဲ့အခါကျမှ လှူကြတာပ” ဟု အကျိုး,အကြောင်း ပြ၍ စိတ်ကောင်းဖြင့် တားထားလျှင် အနာပတ္တိ

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (နဂ္ဂဝဂ်)

၇။ သတ္တမ နဝဂ္ဂဝဂ်

ယာ ပန ဘိက္ခုနီ ဓမ္မိကံ စီဝရဝိဘင်္ဂံ ပဋိဗာဟေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ
ဓမ္မိကံ - တရားရှိသော၊
စီဝရ ဝိဘင်္ဂံ - သင်္ကန်း ဝေဘန်ခြင်းကို၊
ပဋိဗာဟေယျ - တားမြစ်အံ့၊
တဿာ ဘိက္ခုနိယာ ပါစိတ္တိယံ

သတ္တမ

သင်္ကန်းဝေဘန်မည်ဟု ဘိက္ခု နီသံဃာတို့ ညီညွတ်စွာ စည်းဝေးမိသောအခါ မိမိဆိုင်ရာ ဘိက္ခုနီက အရပ်တပါး သွားခိုက်ကြုံသဖြင့် မဝေဘန် ဖြစ်အောင် ပြောဆိုနှောင့်ယှက်သော ဘိက္ခုနီမှာ ပါစိတ်

[ဘိက္ခုနီသံဃာတို့ ညီညွတ်စွာ စည်းဝေးမိခြင်းကိုပင် “ဓမ္မိက” ဟု ဆိုလိုသည်။]

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (နဂ္ဂဝဂ်)

၈။ အဋ္ဌမ နဝဂ္ဂဝဂ်

ယာ ပန ဘိက္ခုနီ အဂါရိကဿ ဝါ ပရိဗ္ဗာဇကဿ ဝါ ပရိဗ္ဗာဇိကာယ ဝါ သမဏစီဝရံ ဒဒေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
အဂါရိကဿ ဝါ - အိမ်၌နေသူ လူအားသော်၎င်း၊
ပရိဗ္ဗာဇကဿ ဝါ - ပရိဗ္ဗိုဇ်ယောက်ျား အားသော်၎င်း၊
ပရိဗ္ဗာဇိကာယဝါ – ပရိဗ္ဗိုဇ်မအား သော်၎င်း၊
သမဏ စီဝရံ – ကပ္ပဗိန္ဒု ထိုးအပ်ပြီးသော ရဟန်းတို့၏ သင်္ကန်းကို၊
ဒဒေယျ - ပေးအံ့၊
တဿာ သိက္ခုနိယာ ပါစိတ္တိယံ

အဋ္ဌမ

သမဏစီဝရ”အရ ဝတ်လောက် ရုံလောက်သော ကပ္ပဗိန္ဒု ထိုးအပ်ပြီး သင်္ကန်းကို ယူပါ။ အဂါရိက အရ “လူ”ဟု ဆိုသော်လည်း မိဘမှ တပါး အခြားလူများကို ယူ။ သီတင်းသုံးဘော် ၅ ဦးနှင့် မယ်တော် ခမည်းတော် မှတပါး လူဝတ်ကြောင်၊ ဖိုးသူတော်၊ သီလရှင်၊ ရသေ့ (ယောက်ျား၊ မိန်းမ) ပရိဗ္ဗိုဇ် ဟူသမျှအား သမဏစီဝရကို ပေးသော ဘိက္ခုနီမှာ ပါစိတ်။ ဘိက္ခုတို့မှာ ဒုက္ကဋ်။ ကပ္ပဗိန္ဒု မထိုးရ သေးလျှင်ကား သမဏစီဝရ အမည် မရသေး၍ ပေးသင့်သူအား ပေးကောင်း၏။

မှတ်ချက်

ဤစကားကို ကောက်ချက်ချလျှင် ကပ္ပဗိန္ဒု မထိုးရသေးသော (သင်္ကန်းဟု ခေါ်သော) အဝတ်ကို လူများ ဝတ်ရုံကောင်း၏ ဟု အဓိပ္ပာယ် ရ၏။ သို့ဖြစ်လျှင် ၂ ထပ်သင်္ကန်းကြီးကို သာမဏေတို့ ဝတ်ရာ၌ ဝတ်ကောင်း ကြောင်းကိုကား ဆိုဘွယ်မရှိပြီ။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (နဂ္ဂဝဂ်)

၉။ နဝမ နဝဂ္ဂဝဂ်

ယာ ပန ဘိက္ခုနီ ဒုဗ္ဗလစီဝရပစ္စာသာယ စီဝရကာလသမယံ အတိက္ကမေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
ဒုဗ္ဗလစီဝရပစ္စာသာယ - သင်္ကန်း၌ အားနည်းသော မျှော်လင့်ချက်ဖြင့်၊
စီဝရကာလ သမယံ - သင်္ကန်းကာလ အခါကို၊
အတိက္ကာမေယျ – လွန်စေအံ့၊
တဿာ ဘိက္ခုနိယာ ပါစိတ္တိယံ

နဝမ

[ဒုဗ္ဗလ = အားနည်းသော (မျှော်လင့်ချက် အနည်းငယ်သာ ရှိသော)
စီဝရပစ္စာသာ = သင်္ကန်း၌ ရလိမ့်မည်ဟု မျှော်လင့်ချက်။]

ဒါယကာ တယောက်ယောက်က ဘိက္ခုနီသံဃာအား “မည်သည့်အခါ သင်္ကန်းလှူပါမည်”ဟု အသေအချာ လျှောက်ခြင်းမဟုတ်ဘဲ “တပည့်တော် တတ်နိူင်လျှင် သင်္ကန်းလှူပါမည်”ဟု မသေမချာ လျှောက်ထား၏။ ထိုစကားအရ ဘိက္ခုနီ သံဃာဘို့ သင်္ကန်းရမည့် မျှော်လင့်ခြင်းကို “ဒုဗ္ဗလပစ္စာသာ”ဟု ခေါ်သည်။

[စီဝရကာလသမယကို ပြခဲ့ပြီ။] ထိုလအတွင်း၌ ရသမျှ သံဃိကသင်္ကန်းသည် ပုရိမဝါ ကျွတ်သော သံဃာသာ ရထိုက်၏။ ထို့ကြောင့် ပုရိမဝါကျွတ်သော သံဃာများက သံဃိကသင်္ကန်းကို ဝေဘန်မည်ဟု စည်းဝေးကြလျှင် မသေချာသော စီဝရပစ္စာသာဖြင့် “နေကြပါဦး၊ နောက်ထပ် သင်္ကန်း ရပါလိမ့်ဦးမည်” ဟု တားမြစ်ထားလျှင် သင်္ကန်းကာလ လွန်သွားက ပုရိမဝါ ကျွတ်သော ရဟန်းများမှာ ရသင့်သော လာဘ်မှာလည်း ဆုတ်ယုတ်တတ်၊ နောက်ထပ် ရဘွယ် သင်္ကန်းကလည်း ရချင်မှ ရမည်ဖြစ်၍ နှောင့်ယှက်ရာရောက် သောကြောင့် ဘိက္ခုနီမှာ ပါစိတ်အာပတ် သင့်၏။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (နဂ္ဂဝဂ်)

၁၀။ ဒသမ နဝဂ္ဂဝဂ်

ယာ ပန ဘိက္ခုနီ ဓမ္မိကံ ကထိနုဒ္ဓါရံ ပဋိဗာဟေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
ဓမ္မိကံ - တရားရှိသော၊
ကထိနုဒ္ဓါရံ - ကထိန်နုတ်ခြင်းကို၊
ပဋိဗာဟေယျ - တားမြစ်အံ့၊
တဿာ ဘိက္ခုနိယာ ပါစိတ္တိယံ

တတိယော - ၃ ဂ် မြောက်သော၊
နဂ္ဂဝဂ္ဂေါ - တည်း။

ဒသမ

ကထိန်ခင်းပြီးလျှင် ကထိန့်အာနိသင်ရရာ တပေါင်းလပြည့် အတွင်း၌ ရသမျှသင်္ကန်းကို ပုရိမဝါ ကျွတ်သော သံဃာသာ ဝေဘန်၍ ယူနိုင်၏။ ပစ္ဆိမဝါကျွတ်သူနှင့် ဝါကျွတ်ပြီးမှ ရောက်လာသော သံဃာများမှာ ထို လပြည့် အတွင်း၌ သံဃိကသင်္ကန်းကို ဝေဘန်၍ ယူခွင့်မရ။

ထိုကဲ့သို့ ဖြစ်နေရာဝယ် ဒါယကာဘယောက်ယောက်က “ပုရိမဝါကျွတ်သူ၊ ပစ္ဆိမဝါကျွတ်သူ၊ ဝါကျွတ်ပြီးမှ လာသူ၊ သံဃာအားလုံးအား အကာလသင်္ကန်း လှူဒါန်းလိုပါသည် ဟု လျှောက်လာလျှင် ခင်းပြီးသော ကထိန်ကို ပြန်၍ ရုပ်သိမ်းသောအားဖြင့် ဉတ်ကမ္မဝါစာဘတ်၍ ကထိန်နှုတ်ခွင့် ပြုတော်မူသည်။

ထိုသို့ ကထိန်နှုတ်လိုက်သည့်အခါ ကထိန့်အာနိသင် ပျက်ပြယ်လေပြီဖြစ်၍ တိုက်ရှိ သံဃာအားလုံးပင် အညီအမျှ သံဃိကသင်္ကန်းကို ဝေဘန်၍ ယူနိုင်သည်။

ဆက်ဦးအံ့ -

ဤ ကထိန်နှုတ်ခွင့် ပြုတော်မူခြင်းမှာ သံဃာအားလုံး ညီတူ ညီမျှ သံဃိကသင်္ကန်းကို ရပါစေတော့ဟု သဘောတော် ထား၍ ခွင့်ပြုတော်မူခြင်း ဖြစ်သော်လည်း ပုရိမဝါကျွတ်သော သံဃာများမှာ အရ နည်းနေလျှင် မသင့်လျော်ချေ။

သို့ဖြစ်၍ ကထိန်နှုတ်ခြင်းကြောင့် ရရှိမည့်လာဘ်သည် ကထိန့် အာနိသင် လာဘ်အောက် နည်း နေလျှင် “ဓမ္မိက ကထိနုဒ္ဓါရ = တရားနှင့်လျော်သော ကထိန်နုတ်ခြင်း” မဟုတ်။ ကထိန် နုတ်ခြင်းကြောင့် နောက်ထပ် ရရှိမည့် လာဘ်က ကထိန်အာနိသင် လာဘ်ထက် များသော်၎င်း၊ တန်းတူသော်၎င်း ဖြစ်မှ “ဓမ္မိက ကထိနုဒ္ဓါရ” ဖြစ်သည်။ ထို ဓမ္မိက ကထိနုဒ္ဓါရကို တားမြစ်သော ဘိက္ခုနီသာ ပါစိတ်အာပတ် သင့်သည်။

နဂ္ဂဝဂ် ပြီး၏။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (တုဝဋ္ဋဝဂ်)

၁။ ပထမ တုဝဋ္ဋဝဂ်

ယာ ပန ဘိက္ခုနိယော ဒွေ ဧကမဉ္စေ တုဝဋ္ဋေယျုံ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနိယော - အကြင် ရဟန်းမတို့သည်၊
ဒွေ - နှစ်ယောက်တို့သည်၊
(ဟုတွာ - ၍၊)
ဧကမေဉ္စ - ညောင်စောင်း တခုတည်း၌၊
တုဝဋ္ဋေယျုံ - အိပ်ကုန်အံ့၊
တာသံ ဘိက္ခုနီနံ – ထို ရဟန်းမတို့၏၊
ပါစိတ္တိယံ - ပါစိတ်အာပတ်သည်၊
ဟောတိ - ဖြစ်၏။

ပထမ

ညောင်စောင်း (ခဋင်) တခုတည်း၌ ၂ ယောက် အတူအိပ်လျှင် ဘိက္ခုနီတို့မှာ ပါစိတ်အာပတ် သင့်၏။

ဘိက္ခုတို့ကား ဒုက္ကဋ်အာပတ်ဟု ခုဒ္ဒကဝတ္ထု၊ ခန္ဓက၌ ပညတ်တော်မူသည်။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (တုဝဋ္ဋဝဂ်)

၂။ ဒုတိယ တုဝဋ္ဋဝဂ်

ယာ ပန ဘိက္ခုနိယော ဒွေ ဧကတ္ထရဏ ပါဝုရဏာ တုဝဋ္ဋေယျုံ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနိယော - တို့သည်၊
ဒွေ - တို့သည်၊
ဧကတ္ထရဏ ပါဝုရဏာ - တခုတည်းသော အခင်း အခြုံ ရှိကြကုန်သည်၊
(ဟုတွာ - ၍၊)
တုဝဋ္ဋေယျုံ - အိပ်ကုန်အံ့၊
တာသံ ပါစိတ္တိယံ ဟောတိ

ဒုတိယ

ဧတာသံ - ဤ ဘိက္ခုနီတို့၏၊
ဧကံ - တခုတည်းသော၊
အတ္ထရဏေဉ္စဝ – အခင်းသည်၎င်း၊
ပါဝုရဏဉ္စ - အခြုံသည်၎င်း၊
အတ္ထိ - ရှိ၏။

ဤ ဝိဂြိုဟ် အရ စောင်တထည်ကို တပိုင်းက ခင်း၍ ထို အခင်းပေါ်၌ ၂ ပါးအတူ အိပ်ပြီးလျှင် တပိုင်း ခြုံထားသူတို့ကို “ဧကတ္ထရဏ ပါဝုရဏာ” ဟု ခေါ်သည်။ သင်ဖြူး ကော်ဇောများကို ထိုကဲ့သို့ ခင်း၍ ခြုံရာ၌လည်း ဤနည်းပင်။ ဤသို့ အိပ်ကြရာ၌ ဘိက္ခုနီတို့မှာ ပါစိတ်၊ ဘိက္ခုတို့မှာ ဒုက္ကဋ်ဟု မိန့်တော်မူသည်။

ဆက်ဦးအံ့ -

သိက္ခာပုဒ်ရင်းဝယ် တထည်ထည်းကိုပင် ခင်းလည်း ခင်း၊ ခြုံလည်း ခြုံရာ၌ ပါစိတ်ဟု ပညတ် တော်မူသည်။ တခင်းထည်း၌ (မခြုံဘဲ) အတူ အိပ်လျှင်၎င်း၊ အခင်း အသီးအသီး ခင်း၍ အတူခြုံလျှင်၎င်း ဘိက္ခု၊ ဘိက္ခုနီ ၂ မျိုးလုံးမှာပင် ဒုက္ကဋ်ချည်းသာ။

ဧကတ္ထရဏအရာ၌ အဋ္ဌကထာဝယ် ပြောင်းရွှေ့၍ ရစကောင်းသော စောင်ကြီး၊ ကော်ဇောကြီး၊ ဖျာ သင်ဖြူးကြီး များကို ပြသောကြောင့် ယခုအခါ သင်ဖြူးကြီး၊ ကော်ဇောကြီးပေါ်၌ ကိုယ်စီ ကိုယ်င အခင်းရှိမှ အိပ်ကောင်းသည်ကို သတိပြုပါ။

အခင်း သီးခြား မရှိဘဲ မလွှဲသာ၍ အိပ်ခွင့်ကြုံခဲ့သော် ၂ပါး အလယ်၌ သင်္ကန်းတထည် ဖြစ်စေ၊ တောင်ဝှေး၊ ခါးပန်းကြိုး တမျိုးမျိုးကိုဖြစ်စေ အပိုင်းအခြား ထားပြီးမှ (အလယ်က တန်း၍ ချထားပြီးမှ) အိပ်လျှင် အနာပတ္တိ

[ခဋင်ငယ်တခုဝယ် ၂ ပါး အိပ်ရာ၌ကား ဤကဲ့သို့ အလယ်၌ ခြားထားရုံဖြင့် ပထမသိက္ခာပုဒ်လာ အာပတ်မှ မလွတ်။]

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (တုဝဋ္ဋဝဂ်)

၃။ တတိယ တုဝဋ္ဋဝဂ်

ယာ ပန ဘိက္ခုနီ ဘိက္ခုနိယာ သဉ္စိစ္စ အဖာသုံ ကရေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
သဉ္စိစ္စ - သညာနှင့်တကွ စေတနာဖြင့် စေ့ဆော်၍၊
ဘိက္ခုနိယာ - ရဟန်းမ၏၊
အဖာသုံ - မချမ်းသာမှုကို၊
ကရေယျ - အံ့၊
တဿ ဘိက္ခုနိယာ - ထိုရဟန်းမ၏၊
ပါစိတ္တိယံ - သည်၊
ဟောတိ - ၏။

တတိယ

သဉ္စိစ္စသံသဒ္ဒါသည် “တကွ”ဟူသော အနက်ရှိ၏။ “တကွ” ဟူသည်မှာလည်း “သညာနှင့်တကွ” တည်း။ သညာ ဟူသည်လည်း “ဤကဲ့သို့ ပြုလျှင် သူ့ကို မချမ်းသာအောင် ပြုရာရောက်၏” ဟု သိသော သညာတည်း။ ထိုကဲ့သို့ သိလျက် တမင်္ဂလာပြုခြင်းကို “သညာနှင့်တကွ စေတနာဖြင့် စေ့ဆော်ခြင်း၊ အားထုတ်ခြင်း” ဟု ဆိုသည်။

လူတဘက်သားကို စိတ်မချမ်းသာအောင် ပြုပုံကား

ထိုသူ၏ ရှေ့၌ စင်္ကြံလျှောက်ခြင်း၊ ရပ်နေခြင်း၊ ထိုင်နေခြင်း၊ စာတက်ခြင်း၊ စာချခြင်း၊ မေးခြင်း၊ စာပြန်ခြင်း စသည်များတည်း။

အချုပ်မှာ -

တဘက်သား မချမ်းသာအောင် အရွဲ့တိုက်၍ ပြုသမျှ၊ မခန့်လေးစား ပြုသမျှကို “မချမ်းသာအောင် ပြုခြင်း”ဟု ဆိုလိုသည်။ ထိုသို့ ဘိက္ခုနီကို (ဘိက္ခုကိုပါယူ။) မချမ်းသာအောင် ပြုလျှင် ဘိက္ခုနီတို့မှာ ပါစိတ်၊ ဘိက္ခုတို့ကား ဒုက္ကဋ်ဖြစ်သင့်၏။ လူ သာမဏေ များကို မချမ်းသာအောင် လုပ်ရာ၌ကား ဒုက္ကဋ်ချည်းသာ။

ဆက်ဦးအံ့ -

အခြားသူကို မချမ်းသာစေလိုသောစိတ် မရှိဘဲ မိမိဘာသာ စာအံခြင်း စသည်တို့ကို ပြုရာ၌လည်း မိမိထက်ကြီးသော ပုဂ္ဂိုလ်များ အထံ (တကျောင်းတည်း ဖြစ်မူ) ခွင့်ပန်ပြီးမှ စာချ၊ စာဘတ်၊ စာအံ၊ တရားဟော မီးထွန်း၊ မီးငြိမ်း၊ တံခါးဖွင့်၊ တံခါးပိတ်မှုများကို ပြုရမည်။ ခွင့် မပန်ဘဲ ပြုလျှင် ဒုက္ကဋ်အာပတ်ဟု ဝတ္တက္ခန္ဓက၌ ပညတ်တော်မူသည်။ ဤအချက်ကို ရှေးရှေးက ဝိနည်းဓိုရ် ဆရာ အဆက်ဆက်တို့ အထူး ဂရုစိုက်တော်မူကြသည်။

ခွင့်ပန်ပုံ

ခွင့်ပန်” ဟူရာ၌ကား ထိုကျောင်းတိုက်သို့ ရောက်စက “စာအံ မီးထွန်းမှ စ၍ ခွင့်ပြုစကောင်းသော ဝတ်များကို ခွင့်ပြုတော်မူကြပါ” ဟု လျှောက်ထားလျှင်လည်း ခွင့်ပန်ပြီး ဖြစ်တော့၏။ တပါးနှင့်တပါး အကျွမ်း ဝင်သည်၊ ကျေနပ်လောက်သည်ဟု သဘောထား၍ ခွင့်မပန်ဘဲ ပြုလျှင်၎င်း၊ တတ်သိ နားလည်သော ထေရ်ကြီးဖြစ်၍ ထေရ်ကြီးကိုယ်တိုင်က “ငါတို့အား စာအံ မီးထွန်း စသော ဝတ်များအတွက် အထူး ခွင့်ပန်ဘွယ် မလိုပါ၊ ချမ်းသာသလို ပြုဘာပေါ့”ဟု ခွင့်ပြုထားလျှင်၎င်း စာအံမှု စသော အားလုံးကိစ္စများ၌ ခွင့်မပန်စေကာမူ အနာပတ္တိ

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (တုဝဋ္ဋဝဂ်)

၄။ စတုတ္ထ တုဝဋ္ဋဝဂ်

ယာ ပန ဘိက္ခုနီ ဒုက္ခိတံ သဇီဝိနိံ နေ၀ ဥပဋ္ဌဟေယျ, န ဥပဋ္ဌာပနာယ ဥဿုက္ကံ ကရေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
ဒုက္ခိတံ - ဒုက္ခရောက်နေသော၊
သဟဇီဝိနိံ - အတူတကွ အသက်ရှည်လေ့ရှိသော တပည့်မကို၊
ဝါ - ဥပဇ္ဈာယ်ယူ အတူနေ တပည့်မကို၊
နေဝ ဥပဋ္ဌဟေယျ – ကိုယ်တိုင်မူလည်း မလုပ်ကျွေးအံ့၊
ဥပဋ္ဌာပနာယ - လုပ်ကျွေးစေခြင်းငှာ၊
ဥဿုက္ကံ - ကြောင့်ကြကိုမူလည်း၊
န ကရေယျ - အံ့၊
တဿာ ပါစိတ္တိယံ

စတုတ္ထ

မကျန်းမမာ ဖြစ်နေသူကို “ဒုက္ခိတ” ဟု ဆိုလိုသည်။ သဟဇီဝိနီအရ “အတူတကွ အသက်ရှည်လေ့ ရှိသူ” ဟူသည် “သဒ္ဓိဝိဟာရိနီ” ခေါ် ဥပဇ္ဈာယ်ယူနေသော (သူ့ ကိုယ်တိုင် ရဟန်းပြုပေးရသော) တပည့်မ အရင်း အချာတည်း။ ထိုတပည့်မရင်း မကျန်းမမာ ဖြစ်နေသည့်အခါ ကိုယ်တိုင်လည်း မလုပ်ကျွေး မပြုစု၊ သူတပါးကို ပြုစုစေဘို့ရန် ကြောင့်ကြလည်း မစိုက်လျှင် ပါစိတ်၊ “အန္တေဝါသိနီ” ခေါ် နိဿယည်းယူ တပည့်၊ စာတက်နေသော တပည့်များကို မပြုစုရာ၌ ဒုက္ကဋ်

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (တုဝဋ္ဋဝဂ်)

၅။ ပဉ္စမ တုဝဋ္ဋဝဂ်

ယာ ပန ဘိက္ခုနီ ဘိက္ခုနိယာ ဥပဿယံ ဒတွာ ကုပိတာ အနတ္တမနာ နိက္ကဍ္ဎေယျ ဝါ နိက္ကဍ္ဎာပေယျ ဝါ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
ဘိက္ခုနိယာ - ရဟန်းမအား၊
ဥပဿယံ - ကျောင်းကို၊
ဒတွာ - ပေးပြီး၍၊
ကုပိတာ– စိတ်ဆိုးသည်၊
အနတ္တမနာ - မိမိစိတ် မရှိသည်၊
(ဟုတွာ - ၍၊)
နိကဍ္ဎေယျဝါ - ကိုယ်တိုင် မူလည်း နှင်ထုတ်အံ့၊
နိကဍ္ဎာပေယျဝါ - သူတပါးကိုမူလည်း နှင်ထုတ်စေအံ့၊
တဿာ ပါစိတ္တိယံ

ပဉ္စမ

မိမိပိုင် ပုဂ္ဂလိကကျောင်းကို အခြား ရဟန်းမအား ပေးပြီးမှ စိတ်ဆိုး၍ နှင်ထုတ်လျှင်၊ သို့မဟုတ် ဆွဲချခိုင်းလျှင် ကျောင်း၏ တံခါးတို့ကို လွန်အောင် တကြိမ်တည်း ဆွဲထုတ်ရလျှင် ပါစိတ်တချက်၊ အကြိမ်ကြိမ် ဆွဲထုတ် ရလျှင်ကား ပယောဂ များသလောက် ပါစိတ် တိုးပွား၏။ တံခါး မရှိသော ကျောင်းမှ ဆွဲထုတ်ရာ၌ ဒုက္ကဋ်

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (တုဝဋ္ဋဝဂ်)

၆။ ဆဋ္ဌ တုဝဋ္ဋဝဂ်

ယာ ပန ဘိက္ခုနီ သံသဋ္ဌာ ဝိဟရေယျ ဂဟပတိနာ ဝါ ဂဟပတိပုတ္တေန ဝါ၊ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဧဝမဿ ဝစနီယာ “မာ’ယျေ သံသဋ္ဌာ ဝိဟရိ ဂဟပတိနာပိ ဂဟပတိပုတ္တေနာပိ၊ ဝိဝိစ္စာ’ယျေ ဝိဝေကညေ၀ ဘဂိနိယာ သံဃော ဝဏ္ဏေတီ”တိ။ ဧဝဉ္စ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဝုစ္စမာနာ တထေဝ ပဂ္ဂဏှေယျ။ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗာ တဿ ပဋိနိဿဂ္ဂါယ၊ ယာဝတတိယဉ္စေ သမနုဘာသိယမာနာ တံ ပဋိနိဿဇ္ဇေယျ၊ ဣစ္စေတံ ကုသလံ၊ နော စေ ပဋိနိဿဇ္ဇေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ ဂဟပတိနာဝါ ဂဟပတိပုတ္တေနဝါ
သံသဋ္ဌာ - ရောနှောလျက်၊
ဝိဟရေယျသာ ဘိက္ခုနီ – ထို ရဟန်းမသည်၊
ဝါ - ကို၊
ဘိက္ခုနီ ဧဝံ ဝစနီယာ အဿ
(ကိံ - အဘယ်သို့ ပြောဆို ထိုက်သနည်း၊)
အယျေ - အရှင်မ၊
ဂဟပတိနာပိ - အိမ့်ရှင် ယောကျ်ားနှင့်၎င်း၊
ဂဟပတိပုတ္တေနာပိ – အိမ့်ရှင် ယောကျ်ား၏ သားနှင့်၎င်း၊
သံသဋ္ဌာ – ရောနှောလျက်၊
မာဝိဟရိ - မနေပါနှင့်၊
အယျေ - အရှင်မ၊
ဝိဝိစ္စ - လူတို့မှ ကင်းဆိတ်ပါလော၊
ဘဂိနိယာ - ညီမ၏၊
ဝိဝေကညေ၀ - ကင်းဆိတ်ခြင်းကိုသာ၊
သံဃော - သံဃာတော်သည်၊
ဝဏ္ဏေတိ - ချီးမွမ်းပါ၏၊
ဣတိ - ဤသို့ ပြောဆိုထိုက်၏၊

ဧဝဉ္စ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဝုစ္စမာနာ တထေ၀ ပဂ္ဂဏှေယျ၊ သာ ဘိက္ခုနီ ဘိက္ခုနီဟိ, တဿ - ထို အပြုအမူကို၊
ပဋိနိသဂ္ဂါယ ယာဝ တတိယံ သမနုဘာသိတဗ္ဗာယာဝ တတိယံ၊ သမနုဘာသီယမာနာ - ပြောဆို ဆုံးမအပ်စဉ်၊
တံ - ထို အပြုအမူကို၊
စေ ပဋိနိသဇ္ဇေယျ - အကယ်၍ စွန့်အံ့၊
ဣစ္စေတံ - ဤသို့ စွန့်ခြင်းသည်၊
ကုသလံ - ကောင်း၏၊
နောစေ ပဋိနိသဇ္ဇေယျ၊ တဿ ဘိက္ခုနိယာ ပါစိတ္တိယံ

ဆဋ္ဌ

ဤသိက္ခာပုဒ်၏ အနက်အဓိပ္ပာယ်မှာ သံဃာဒိသေသ် ၁၂ နံပါတ် သိက္ခာပုဒ်ကို နည်းမှီး၍ သိနိုင်လောက်ပြီ၊ ဂဟပတိ၏ အနက်ကိုကား သံဃာ ဒိသေသ် ၁ နံပါတ် သိက္ခာပုဒ်၌ ပြခဲ့ပြီ။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (တုဝဋ္ဋဝဂ်)

၇။ သတ္တမ တုဝဋ္ဋဝဂ်

ယာ ပန ဘိက္ခုနီ အန္တောရဋ္ဌေ သာသင်္ကသမ္မတေ သပ္ပဋိဘယေ အသတ္ထိကာ စာရိကံ စရေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
အန္တောရဋ္ဌေ - တိုင်းနိုင်ငံအတွင်း၌၊
သာသင်္က သမ္မတေ - ယုံမှားဘွယ်ရှိ၏ ဟု သမုတ်အပ်သော၊
သပ္ပဋိဘယေ - ဘေးရန်နှင့်တကွ ဖြစ်သော အရပ်၌၊
အသတ္ထိကာ - အဖော် ကုန်သည် မပါဘဲ၊
စာရိကံ – ဒေသစာရီကို၊
စရေယျ - လှည့်လည်အံ့၊
တဿ ပါစိတ္တိယံ

၈။ အဋ္ဌမ တုဝဋ္ဋဝဂ်

ယာ ပန ဘိက္ခုနီ တိရောရဋ္ဌေ သာသင်္ကသမ္မတေ သပ္ပဋိဘယေ အသတ္ထိကာ စာရိကံ စရေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
တိရောရဋ္ဌေ - အခြား တနိုင်ငံ၌၊
သာသင်္က သမ္မတေ - ယုံမှားဘွယ်ရှိ၏ ဟု သမုတ်အပ်သော၊
သပ္ပဋိဘယေ - ဘေးရန်နှင့်တကွ ဖြစ်သော အရပ်၌၊
အသတ္ထိကာ - အဖော် ကုန်သည် မပါဘဲ၊
စာရိကံ – ဒေသစာရီကို၊
စရေယျ - လှည့်လည်အံ့၊
တဿ ပါစိတ္တိယံ

သတ္တမ၊ အဋ္ဌမ

မိမိနေရာ နိူင်ငံကို အန္တောရဋ္ဌ (နိုင်ငံတွင်း) ဟု ခေါ်၏။ ယခု မြန်မာနိူင်ငံမျိုးတည်း။ မိမိနိုင်ငံမှတပါး အခြားနိုင်ငံကို တိရောရဋ္ဌ (နိုင်ငံ၏ တဘက်၊ အခြား တနိုင်ငံ)ဟု ခေါ်၏။ ယခုအခါ တရုတ်ပြည် စသည် မျိုးတည်း။

နိုင်ငံတွင်း ဖြစ်စေ၊ ပြင်ပနိူင်ငံ ဖြစ်စေ ဘေးအန္တရာယ် မကင်းသည့် နေရာမျိုး၌ အဖော်ဖြစ်သူ ကုန်သည် မပါဘဲ ဒေသစာရီ လှည့်လည်သွားလာလျှင် (ဘိက္ခုနီအဖော် အများအပြား ပါစေကာမူ) တရွာမှ တရွာသို့ ကူးတိုင်း၊ ယူဇနာဝက်လွန်တိုင်း ပါစိတ်အာပတ်သင့်၏။ တယောက်ထည်း သွားမူကား ပြခဲ့သော ဂါမန္တရသိက္ခာပုဒ်အရ သံဃာဒိသေသ် အာပတ် သင့်သည်။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (တုဝဋ္ဋဝဂ်)

၉။ နဝမ တုဝဋ္ဋဝဂ်

ယာ ပန ဘိက္ခုနီ အန္တောဝဿံ စာရိကံ စရေယျ၊ ပါစိတ္တိယံ။
ယာ ပန ဘိက္ခုနီ - သည်၊
အန္တောဝဿံ - ဝါတွင်း၌၊
စာရိကံ - ဒေသစာရီကို၊
စရေယျ - လှည့်လည်အံ့၊
တဿာ ဘိက္ခုနိယာ - ၏၊
ပါစိတ္တိယံ - သည်၊
ဟောတိ - ၏။

.

နဝမ

ပုရိမဝါတွင်း ဖြစ်စေ၊ ပစ္ဆိမဝါတွင်း ဖြစ်စေ မသွား မဖြစ်လောက်သော ကိစ္စအထူး မရှိဘဲ အခြားအရပ်သို့ ညဉ့်အိပ် ခရီးသွားလျှင် ဘိက္ခုနီတို့မှာ ပါစိတ်။ ဘိက္ခုတို့မှာ ဒုက္ကဋ်။

သတ္တာဟကရဏီယ (၇ ရက် အတွင်း ပြီးအောင် ပြုနိုင်လောက်သော မိဘ၊ ဆရာ ရတနာ ၃ ပါး စသော ကိစ္စ) ရှိလျှင် ဝါပန်၍ သွားကောင်း၏။

.

ဝါပန်

“ဝါပန်”ဟူသည်မှာလည်း ၇ ရက်အတွင်း ပြန်လာမည်ဟု အာဘောဂ (နှလုံးသွင်း) ပြုခြင်းပင် တည်း။ တချို့ကား ဘုရားရှေ့၊ ထေရ်ကြီး ရှေ့ စသည်၌ “အန္တော သတ္တာဟေ ပတိ နိဝတ္တိဿာမိ = ၇ ရက် အတွင်း၌ ပြန်လာပါမည်” ဟု ခွင့်ပန်သလို ပန်ကြ၏။ ကျမ်းဂန်မှာ မလာချေ။ သတ္တာဟ ကရဏီယ အကျယ်ကို ဝဿုပနာယိကခန္ဓကမှာ ရှုပါ။

.

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (တုဝဋ္ဋဝဂ်)

၁၀။ ဒသမ တုဝဋ္ဋဝဂ်

ယာ ပန ဘိက္ခုနီ ဝဿံဝုဋ္ဌာ စာရိကံ န ပက္ကမေယျ အန္တမသော ဆပ္ပဉ္စယောဇနာနိပိ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
ဝဿံ - မိုးလပတ်လုံး၊
ဝုတ္တာ - နေပြီးသည်၊
(သမာနာ - ဖြစ်လတ်သော်၊)
အန္တမသော - အောက်ထစ်ဆုံး အားဖြင့်၊
ဆပ္ပဉ္စ ယောဇနာနိပိ - ခြောက်ယူဇနာ ငါးယူဇနာတို့ တိုင်တိုင်လည်း၊
စာရိကံ - လှည့်လည်အပ်သော အရပ်သို့၊
န ပက္ကမေယျ - မဖဲသွားအံ့၊
တဿာ ဘိက္ခုနိယာ - ၏၊
ပါစိတ္တိယံ - ပါစိတ်အာပတ်သည်၊
ဟောတိ - ၏။

စတုတ္ထော - လေးဝဂ်မြောက်သော၊
တုဝဋ္ဋဝဂ္ဂေါ - တည်း။

.

ဒသမ

ဝါကျွတ်သည့်အခါ အနည်းဆုံး ၆ ယူဇနာဖြစ်စေ၊ ၅ ယူဇနာ ဖြစ်စေ ခရီးထွက်ရမည်။ ခရီးမထွက်လျှင် ဘိက္ခုနီတို့မှာ ပါစိတ်

မိမိနေရာမှ ၃ ယူဇနာခရီးကို သွားပြီး၍ အခြားလမ်းဖြင့် မိမိနေရာသို့ ပြန်လာလျှင်လည်း ၆ ယူဇနာ ပြည့်သည်သာ။ အန္တရာယ်ရှိခြင်း၊ အဖော်မရခြင်းကြောင့် မသွားလျှင် အနာပတ္တိ

တုဝဋ္ဋဝဂ် ပြီးပြီ။

.

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (စိတ္တာဂါရဝဂ်)

၁။ ပထမ စိတ္တာဂါရဝဂ်

ယာ ပန ဘိက္ခုနီ ရာဇာဂါရံ ဝါ စိတ္တာဂါရံ ဝါ အာရာမံ ဝါ ဥယျာနံ ဝါ ပေါက္ခရဏိံ ဝါ ဒဿနာယ ဂစ္ဆေယျ၊ ပါစိတ္တိယံ၊

ယာ ပန ဘိက္ခုနီ - သည်၊
ရာဇာဂါရံဝါ - မင်း၏ အိမ်တော်ကိုသော်၎င်း၊
စိတ္တာဂါရံဝါ - ဆန်းကြယ်သော အိမ်ကိုသော်၎င်း၊
အာရာမံဝါ - အာရာမ်ကိုသော်၎င်း၊
ဥယျာနံဝါ - ဥယျာဉ်ကိုသော်၎င်း၊
ပေါက္ခရဏိံ ဝါ - ရေကန်ကိုသော်၎င်း၊
ဒဿနာယ - ကြည့်ရှုခြင်းငှာ၊
ဂစ္ဆေယျ - သွားအံ့၊
တဿာ ဘိက္ခုနိယာ ပါစိတ္တိယံ။

.

ပထမ

ရှင်ဘုရင်၏ မွေ့ လျော်ပျော်ပါး ကစားဘို့ရာ သီးခြား ဆောက်လုပ်အပ်သော အိမ်ဘော်ကို “ရာဇာဂါရ”ဟု ခေါ်၏။ နတ်အိမ်ကို နတ်ကွန်း ခေါ်သကဲ့သို့ ဤ ရာဇာဂါရကိုလည်း “မင်းကွန်း”ဟု ခေါ်သည်။

လူအများ၏ ကစား ပျော်မြူးဘို့ရာ ဆန်းကြယ်စွာ ဆောက်လုပ်အပ်သောအိမ်ကို “စိတ္တာဂါရ”ဟု ခေါ်၏။ [စိတ္တ = ဆန်းကြယ်သော + အာဂါရ = အိမ်။]

ရန်ကုန်မြို့၌ ရှိသော ပန်းခြံစသည်ကဲ့သို့ လူအများ၏ ပျော်မွေ့ဘို့ရာ ပြုလုပ်၍ထားအပ်သော အာရာမ်(ခြံ)ကို “အာရာမ”ဟု ခေါ်၏။

မေမြို့ရှိ ပန်းဥယျာဉ်ကဲ့သို့ လူအများ၏ ပျော်မွေ့ဘို့ရာ အထူးပြုလုပ်အပ်သော သစ်သီး ပန်း စသော ဥယျာဉ်ကို”ဥယျာန”ဟု ခေါ်၏။

ရန်ကုန် ကန်တော်ကြီး စသည်ကဲ့သို့ လူအများ ပျော်မွေ့ရာ ဖြစ်သော ကန်ကို “ပေါက္ခရဏီ”ဟု ခေါ်၏။

ထို ၅ မျိုးတွင် တမျိုးမျိုးကို အကြည့်သွားလျှင် ခြေလှမ်းတိုင်း ဒုက္ကဋ်။ မြင်လောက်ရာအရပ်ဝယ် ရပ်တည်၍ ကြည့်ရာ၌ တမျိုးကြည့်လျှင် ဘိက္ခုနီတို့မှာ ပါစိတ်တချက်၊ ၅ မျိုးလုံး လှည့်ကာ လှည့်ကာကြည့်လျှင် ပါစိတ် ၅ ချက်။ ဘိက္ခုတို့မှာ ဒုက္ကဋ်ချည်းသာ။

.

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (စိတ္တာဂါရဝဂ်)

၂။ ဒုတိယ စိတ္တာဂါရဝဂ်

ယာ ပန ဘိက္ခုနီ အာသန္ဒိံ ဝါ ပလ္လင်္ကံ ဝါ ပရိဘုဉ္ဇေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
အာသန္ဒိံ ဝါ - လက်ရှစ်သစ်ထက် လွန်သော အခြေရှိသော ညောင်စောင်း အင်းပျဉ်ကိုသော်၎င်း၊
ပလ္လင်္ကံ ဝါ - ခြင်္သေ့ သစ် ကျား စသော သားရဲရုပ်ရှိသော ပလ္လင်ကို သော်၎င်း၊
ပရိဘုဉ္ဇေယျ - သုံးစွဲအံ့၊
တဿာ ဘိက္ခုနိယာ ပါစိတ္တိယံ။

.

ဒုတိယ

အာသန္ဒိနှင့် ပလ္လင်္ကအထူးကို အနက်အတိုင်း သိသာပြီ။ ၂ မျိုးလုံးပင် ထိုင်၍လည်း ဖြစ်၊ အိပ်၍လည်း ဖြစ်၏။

[“ပရိယင်္ကေ ရာဇာသေတိ - ပလ္လင်ပေါ်၌ မင်းသည် အိပ်၏”ဟူရာ၌ကဲ့သို့ ပရိယင်္ကနှင့် ပလ္လင်္ကကား အနက်တူပင်။]

ထို အာသန္ဒိ ပလ္လင်္ကတို့ကို သုံးစွဲလျှင် (အိပ်လျှင်၊ ထိုင်လျှင်) ပယောဂတိုင်း (ထိုင်တိုင်း၊ အိပ်တိုင်း) ပါစိတ်အာပတ်။ ဘိက္ခုတို့လည်း မသုံးစွဲကောင်း။ အာသန္ဒိကို လက်ရှစ်သစ်ရှိရုံ အခြေဖြတ်၍ ပလ္လင်ကို သားရဲရုပ်များကို ဖျက်၍ကား သုံးစွဲကောင်း၏။

[ခြင်္သေ့ သစ် ကျားကိုပင် သားရဲ (ရဲရင့်သော သားကောင်)ဟု ဆိုသည်။]

.

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (စိတ္တာဂါရဝဂ်)

၃။ တတိယ စိတ္တာဂါရဝဂ်

ယာ ပန ဘိက္ခုနီ သုတ္တံ ကန္တေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
သုတ္တံ - ချည်ကို၊
ကန္တေယျ - ငင်အံ့၊
တဿာ ဘိက္ခုနိယာ ပါစိတ္တိယံ။

.

တတိယ

ချည်ကိုငင်ရာ၌ ငင်သည့်အခါ ဝင်ရိုး၌ တပတ်ရလျှင် ပါစိတ် အာပတ် တချက်သင့်၏။

မငင်မီ ရှေ့အဘို့၌ ဝါကို ရွေးချယ်သည်မှစ၍ ပယောဂတိုင်း ဒုက္ကဋ်အာပတ် သင့်သည်။

[ချည်ငင်သည်ဟု၎င်း၊ ချည်ဝင့်သည်ဟု၎င်း အမျိုးမျိုး ခေါ်ကြ၏။]

.

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (စိတ္တာဂါရဝဂ်)

၄။ စတုတ္ထ စိတ္တာဂါရဝဂ်

ယာ ပန ဘိက္ခုနီ ဂိဟိဝေယျာဝစ္စံ ကရေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
ဂိဟိဝေယျာဝစ္စံ - လူတို့၏အမှုငယ်ကို၊
ကရေယျ - ပြုအံ့၊
တဿ ဘိက္ခုနိယာ ပါစိတ္တိယံ။

.

စတုတ္ထ

လူတို့၏ ဝေယျာဝစ္စဟူသည် ယာဂုကျိုပေးခြင်း၊ မုန့်လုပ်ပေးခြင်း စသည်တို့တည်း။ ထို လူမှုများကို ကူညီ၍ ပြုလုပ်မပေးရ။ မိဘတို့ပင်ဖြစ်စေ ဦးတော့၊ မိမိကိစ္စ တစုံတခုကို အပြုမခိုင်းဘဲ ထိုမိဘတို့ဘို့ ယာဂုကျိုမှု စသည်ကို မပြုရ။ ဘိက္ခုတို့လည်း မပြုကောင်း။

သို့သော် လှူဒါန်း ပူဇော်မှုအတွက်ဖြစ်မူ ဘိက္ခုနီတို့က ကူညီပြုလုပ်ပေးကောင်း၏။ မိမိ၏ ဝေယျာဝစ္စကို ပြုလုပ်နေသူ့ အတွက်လည်း မိမိက ပြန်၍ ကူညီ ပြုလုပ်ကောင်း၏။ထို့ကြောင့် အမိအဘတို့ ကျောင်းလာသည့် အခါ သူတို့ကို ဝေယျာဝစ္စပြုသူဖြစ်အောင် ခိုင်းပြီးမှ သူတို့ အတွက် ယာဂုကျိုမှု စသည်ကို ပြုလုပ်ကောင်းသည်။

.

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (စိတ္တာဂါရဝဂ်)

၅။ ပဉ္စမ စိတ္တာဂါရဝဂ်

ယာ ပန ဘိက္ခုနီ ဘိက္ခုနိယာ “ဧဟာ”ယျေ ဣမံ အဓိကရဏံ ဝူပသမေဟီ”တိ ဝုစ္စမာနာ “သာဓူ”တိ ပဋိဿုဏိတွာ သာ ပစ္ဆာ အနန္တရာယိကိနီ နေဝ ဝူပသမေယျ န ဝူပသမာယ ဥဿုက္ကံ ကရေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
ဘိက္ခုနီယာ – ရဟန်းမသည်၊
ဝါ - ရဟန်းမက၊
အယျေ - အရှင်မ၊
ဧဟိ - လာပါလော၊
ဣမံ အဓိကရဏံ - ဤ အဓိကရုဏ်းကို၊
ဝူပသမေဟိ - ငြိမ်းစေပါလော၊
ဣတိ - ဤသို့၊
ဝုစ္စမာနာ - ပြောဆိုအပ်သော်၊
သာဓူတိ - ကောင်းပြီဟူ၍၊
ပဋိဿုဏိတွာ - ဝန်ခံပြီး၍၊
သာ - ထိုရဟန်းမသည်၊
ပစ္ဆာ - နောက်၌၊
အနန္တရာ ယိကိနီ - အန္တရာယ်မရှိဘဲ၊
နေဝ ဝူပသမေယျ - ကိုယ်တိုင်လည်း မငြိမ်းစေအံ့၊
ဝူပသမာယ - ငြိမ်းဘို့ရာ၊
ဥဿုက္ကံ - ကြောင့်ကြကိုလည်း၊
န ကရေယျ - မပြုအံ့၊
တဿာ ဘိက္ခုနိယာ - ထို ရဟန်းမ၏၊
ပါစိတ္တိယံ - ပါစိတ် အာပတ်သည်၊
ဟောတိ - ၏။

.

ပဉ္စမ

ဝိဝါဒါဓိကရုဏ်း စသော အဓိကရုဏ်း ၄ ပါးတွင် တပါးပါး ဖြစ်နေရာ၌ “အရှင်မ .. လာပါ၊ ဤ အဓိကရုဏ်းကို ငြိမ်းစေပါ (ငြိမ်းအောင် လုပ်ပေးပါ)”ဟု ဘိက္ခုနီ တယောက်ယောက်က ပြောဆို တောင်းပန်သည့် အခါ “ကောင်းပါပြီ၊ ငြိမ်းအောင်လုပ်ပေးပါမည်”ဟု ဝန်ခံပြီးနောက် (ငါက ငြိမ်းစေရလျှင် ငါ့ကို တဘက်ဘက်က ရန်မူလိမ့်မည် စသော) အန္တရာယ်မျိုး မရှိဘဲ ကိုယ်တိုင်လည်း ငြိမ်းအောင် မလုပ်၊ ငြိမ်းအောင် လုပ်ဘို့ရာ (စွမ်းနိူင်သူကို ရှာဖွေခြင်း စသော) ကြောင့်ကြလည်း မစိုက်လျှင် “ငြိမ်းအောင် မလုပ်တော့ဘူး” ဟု မိမိတာဝန်ကို လျှော့ချလိုက်သည်နှင့် တပြိုင်နက် ပါစိတ်အာပတ် သင့်တော့၏။

.

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (စိတ္တာဂါရဝဂ်)

၆။ ဆဋ္ဌ စိတ္တာဂါရဝဂ်

ယာ ပန ဘိက္ခုနီ အဂါရိကဿ ဝါ ပရိဗ္ဗာဇကဿ ဝါ ပရိဗ္ဗာဇိကာယ ဝါ သဟတ္ထာ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ ဒဒေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
အဂါရိကဿ ဝါ -လူဝတ်ကြောင်အားသာ်၎င်း၊
ပရိဗ္ဗာဇကဿ ဝါ - ပရိဗ္ဗိုဇ်ယောက်ျားအား သော်၎င်း၊
ပရိဗ္ဗာဇိကာယဒါ - ပရိဗ္ဗိုဇ်မအားသော်၎င်း၊
သဟတ္ထာ - မိမိလက်ဖြင့်၊
ခါဒနီယံ ဝါ - ခဲဘွယ်ကိုသော်၎င်း၊
ဘောဇနီယံ ဝါ- ဘောဇဉ်ကိုသော်၎င်း၊
ဒဒေယျ - ပေးအံ့၊
တဿာ ဘိက္ခုနိယာ - ထို ရဟန်းမ၏၊
ပါစိတ္တိယံ - ပါစိတ်အာပတ်သည်၊
ဟောတိ - ၏။

.

ဆဋ္ဌ

လူဝတ်ကြောင် စသူတို့အား မိမိလက်ဖြင့် ခဲဘွယ် ဘောဇဉ် တမျိုးမျိုးကို ပေးလျှင် ပါစိတ်

ဒန်ပူနှင့် ရေကို ပေးလျှင် ဒုက္ကဋ်။

ကြွင်းသော မှတ်ဘွယ်ကို ဘိက္ခု အစေလကဝဂ် ပထမသိက္ခာပုဒ်အတိုင်း သိပါ။

.

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (စိတ္တာဂါရဝဂ်)

၇။ သတ္တမ စိတ္တာဂါရဝဂ်

ယာ ပန ဘိက္ခုနီ အာဝသထစီဝရံ အနိဿဇ္ဇိတွာ ပရိဘုဉ္ဇေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
အာဝသထစီဝရံ - ကျောင်း၌ ထားအပ်သော သင်္ကန်းကို၊
ဝါ - ဥတုနှီး သင်္ကန်းကို၊
အနိ သဇ္ဇိတွာ - မစွန့်လွှတ်ဘဲ၊
ပရိဘုဉ္ဇေယျ - သုံးစွဲအံ့၊
တဿာ ပါစိတ္တိယံ။

.

သတ္တမ

ဘိက္ခုနီတို့ ဥတုလာသည့်အခါ သုံးစွဲဘို့ရန် ကျောင်း၌လှူဒါန်း ထားအပ်သော သင်္ကန်းကို “အာဝသထစီဝရ” ဟု ခေါ်၏။ ထိုသင်္ကန်းကို ဥတု လာသည့်အခါ သုံးစွဲ၍ ၄ ရက်မြောက်၌ ဖွပ်လျှော်ပြီးလျှင် အခြား ဥတုလာသူ ဘိက္ခုနီအားဖြစ်စေ၊ သာမဏေမအားဖြစ်စေ စွန့်ပေးရမည်။ မပေးလျှင် ပါစိတ်

ဥတုလာသူမရှိသေးလျှင်၎င်း၊ ခိုးသူအန္တရာယ်ကို စိုးရိမ်ရလျှင်၎င်း လက်ဆက်၍ ဝတ်ခွင့်ရသေး၏။

.

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (စိတ္တာဂါရဝဂ်)

၈။ အဋ္ဌမ စိတ္တာဂါရဝဂ်

ယာ ပန ဘိက္ခုနီ အာဝသထံ အနိဿဇ္ဇိတွာ စာရိကံ ပက္ကမေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
အာဝသထံ - တံခါးရွက်တပ်အပ်သောကျောင်းကို၊
အနိသဇ္ဇိတွာ - မစွန့်လွှတ် မအပ်နှံဘဲ၊
စာရိကံ - ဒေသစာရီကို၊
ပက္ကမေယျ - ဖဲသွားအံ့၊
တဿာ ပါစိတ္တိယံ။

.

အဋ္ဌမ

အနိသဇ္ဇိတွာအရ “စွန့်ပေးခြင်း” ဟူသည် အပိုင်ပေးခဲ့ခြင်း မဟုတ်၊ ကျောင်းကို စောင့်ရှောက်ဘို့ရန် အပ်နှံခြင်းတည်း။ မိမိနေရာ သံဃိကကျောင်းကို ထိုကဲ့သို့ မအပ်နှံဘဲ တညဉ့်အိပ် ဖြစ်စေ ထွက်သွားလျှင် ပါစိတ် အာပတ် သင့်၏။

ဤ “အာဝသထ” အရ တံခါးရွက်တပ်လျက်ပါသော ကျောင်းကိုသာ ယူစေလိုသည်။ တံခါးရွက် မရှိသောကျောင်းမှ ဖဲသွားရာ၌ကား ဒုက္ကဋ်။

ဘိက္ခုတို့လည်း ခရီးသွားခါနီး၌ သိမ်းတန်သမျှကို သိမ်းဆည်း၍ အပ်နှံသင့် သူကို အပ်နှံပြီးမှ ခရီးသွားဘို့ရန် ဝတ္တရားရှိသည်။ [အကျယ်ကို ဝတ္တက္ခန္ဓက ဂမိကဝဂ်မှာ ရှုပါ။]

.

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (စိတ္တာဂါရဝဂ်)

၉။ နဝမ စိတ္တာဂါရဝဂ်

ယာ ပန ဘိက္ခုနီ တိရစ္ဆာနဝိဇ္ဇံ ပရိယာပုဏေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
တိရစ္ဆာနဝိဇ္ဇံ - သုဂတိလမ်း နိဗ္ဗာန်လမ်း၏ ကန့်လန့် ဖီလာဖြစ်သော အတတ်ကို၊
ပရိယာပုဏေယျ - သင်ယူအံ့၊
တဿာ ဘိက္ခုနိယာ ပါစိတ္တိယံ။

.

၁၀။ ဒသမ စိတ္တာဂါရဝဂ်

ယာ ပန ဘိက္ခုနီ တိရစ္ဆာနဝိဇ္ဇံ ဝါစေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ – သည်၊
တိရစ္ဆာနဝိဇ္ဇံ - ကို၊
ဝါစေယျ - ပို့ချအံ့၊
တဿာ ဘိက္ခုနိယာ ပါစိတ္တိယံ။

ပဉ္စမော - ငါးဝဂ်မြောက်သော၊
စိတ္တာဂါရဝဂ္ဂေါ - တည်း။

.

နဝမ၊ ဒသမ

တိရစ္ဆာနသဒ္ဒါသည် “ဖီလာ = ကန့်လန့်” ဟူသော အနက်ကို ဟော၏။

ဖီလာကန့်လန့်ဟူသည်လည်း ပိတ်ဆို့ထားခြင်း၊ တားဆီးထားခြင်းတည်း။ သုဂတိလမ်း၊ နိဗ္ဗာန်လမ်း များကို ကန့်လန့် ဖီလာပြုလျက် တားဆီးတတ်သော (ထိုအတတ်ကို တတ်၍ အသုံးချလျှင် မုချအပါယ်ရောက်ရ မည်ဖြစ်သော) အတတ်များကို “တိရစ္ဆာနဝိဇ္ဇာ”ဟု ခေါ်သည်။ ထို့ကြောင့် အဋ္ဌကထာတို့၌ “ပရူပဃာတကရံ - သူတပါးကို ညှဉ်းပန်းနှိပ်စက်မှု ပြုတတ်သော၊ ဝိဇ္ဇံ - အတတ်ကို”ဟု ဖွင့်သည်။

.

တိရစ္ဆာန ဝိဇ္ဇာများ

ဤ သိက္ခာပုဒ်၌လာသော မသင် မချကောင်း သည့် တိရစ္ဆာနဝိဇ္ဇာများကား -

ဟတ္ထိသိပ္ပ - ဆင်စီးအတတ်၊
အဿသိပ္ပ - မြင်းစီး အဘတ်၊
ရထသိပ္ပ - ရထားစီး အတတ်၊
ဓနုသိပ္ပ - လေးပစ် အတတ်၊
ထရုသိပ္ပ [ထရု သဒ္ဒါသည် သန်လျက် စသော ဓားတို့၏ အရိုးကို ဟော၏။ ထရုသိပ္ပကို နိဿယ၌ “ဓားဆောက်ချွတ်အတတ်” ဟု အနက်ပေး၏။ ရန်သူလာလျှင် အလွယ်ကူ အသုံးပြုနိုင်ရန် ဓားအိမ်မှ ဓားရိုးချွတ်နည်းပြ အတတ် ဟု ဆိုလိုဟန်တူသည်။ “ဓားရိုးကိုင်နည်းအတတ်” ဟု ဆိုလျှင်လည်း သင့်မည် ထင်၏။]

ဤပြအပ်ခဲ့သော အတတ်များသည် သူတပါးကို သတ်ဖြတ်ညှဉ်းဆဲရာအခါ၊ စစ်တိုက်သည့်အခါ၊ ရန်ဖြစ်သည့် အခါတို့၌ အသုံးပြုအပ်သော အတတ်များတည်း။

.

မန္တန်များ

ထို့ပြင်-

အာထဗ္ဗနမန္တ - အာတဗ္ဗဏဝေဒကျမ်း အဆိုအတိုင်း စီရင်အပ်သော သူတပါးကိုသတ်ကြောင်း မန္တန်၊

ခိလနမန္တ - ရန်သူ သေအောင် သစ်သားနှစ် တံသင်း (စို့) ကို မန်းမှုတ်၍ မြေ၌စိုက်ရသော မန္တန်၊

ဝသီကရဏခန္တ - မိမိအလိုသို့ လိုက်ပါအောင် ပြုတတ်သော လက်ဖွဲ့ ပီယဆေး စသည်ကို စီရင်ကြောင်း မန္တန် [ဝသီ – မိမိ အလိုအတိုင်း ( ချစ်စေလိုလျှင် ချစ်ခင်လာအောင်)၊ ကရဏ - ပြုကြောင်းမန္တန်။]

သောသာပနမန္တ – ရန်သူ၏ - အသွေးအသား ခြောက်ခန်းသွားအောင် အခြောက်တိုက် သေအောင် ပြုသော မန္တန်။

ဤ ပြခဲ့သော မန္တန်များလည်း သူတပါးကို နှိပ်စက်ကြောင်း၊ မတရား ကြံစည်ကြောင်း မန္တန်များဖြစ်၍ တိရစ္ဆာနဝိဇ္ဇာများတည်း။

.

အလားတူ အတတ်များ

ဤပြအပ်ခဲ့သော အတတ်များအပြင် ဂဒပ္ပ ယောဂ (ဂဒ= အဆိပ်+ ပယောဂ = ဆေးဖော်စပ်ခြင်း၊ သူတပါးကို အဆိပ်ခတ်၍ သတ်ဘို့ရန် အဆိပ်ဆေး စီရင်နည်း) စသော အတတ်များကို ဤ သိက္ခာပုဒ်တို့ဖြင့် တားမြစ်အပ်သော “တိရစ္ဆာနဝိဇ္ဇာ”ဟု မှတ်ပါ။

ဤသို့ သူတပါးကို နှိပ်စက်ကြောင်း အတတ်များကို သင်လည်း မသင်အပ်၊ ချလည်း မချအပ်၊ သင်လျှင် ချလျှင် ဘိက္ခုနီတို့မှာ ပါစိတ်အာပတ်သင့်၍ ဘိက္ခုတို့မှာ ဒုက္ကဋ် အာပတ်ဟု ခုဒ္ဒကဝတ္ထုခန္ဓကမှာ မိန့်တော်မူ၏။

.

ဆက်ဦးအံ့ -

ဤဝိနည်း၌ တားမြစ်အပ်သော တိရစ္ဆာနဝိဇ္ဇာများကို သင်ရုံ ချရုံမျှ မအပ်၊ ဗြဟ္မဇာလသုတ် မဟာသီလခန်း စသည်၌ လာသော သူတပါးကို နှိပ်စက်ကြောင်း မဟုတ်သော တိရစ္ဆာနဝိဇ္ဇာများကား သင်ရုံ ချရုံ တတ်ထား ရုံဖြင့် အပြစ်မရှိပါ။ ထို တိရစ္ဆာနဝိဇ္ဇာများကို သင်ယူ တတ်မြောက်ပြီးနောက် လူတို့ကို ကူညီဟောပြောကာ မိစ္ဆာဇီဝအမှုကို ပြုမှသာ ဝိနည်းအပြစ်၊ သုတ္တန် အပြစ် ရှိသည်ဟု မှတ်ပါ။

ထင်ရှားစေအံ့ -

ဗြဟ္မဇာလသုတ် မဟာသီလခန်း စသည်၌ “တိရစ္ဆာန ဝိဇ္ဇာယ မိစ္ဆာဇီဝေန ဇီဝိတံ ကပ္ပေန္တိ - တိရစ္ဆာနဝိဇ္ဇာဖြင့် မိစ္ဆာဇီဝမှုကို ပြုကြသည်”ဟု အပြစ်တင်တော်မူသည်။ တတ်ရုံသင်ခြင်း၊ ပို့ချခြင်းကိုကား အပြစ် တင်တော်မမူ။

ထို့ကြောင့် မဟာသီလ၌ နက္ခတ်အတတ်၊ ဆေးအတတ်၊ မန္တန်အတတ်၊ ဂဏန်းသင်္ချာအတတ်တို့ကို ပြတော်မူသော်လည်း ဝိနည်းဆိုင်ရာဝယ် အာရညိကဝတ်၌ နက္ခတ်များကို နားလည်စေရမည်ဟု၎င်း၊ ဂိလာနုပဋ္ဌာက (သူနာပြု) ရဟန်းတို့ ဆေးစပ်တတ်ရမည်ဟု၎င်း၊ ဤ တိရစ္ဆာန ဝိဇ္ဇာ သိက္ခာပုဒ်တို့၏ အနာပတ္တိဝါရ၌ စာရေးအတတ်၊ ဓာရဏကျမ်း၊ ဘီလူး၊ မြွေများကို တားဆီးကြောင်း မန္တန်များကို သင်လျှင် အနာပတ္တိ ဟု၎င်း မိန့်တော်မူသည်။

[ဓာရဏကျမ်း ဟူသည် ထိုကျမ်း အစီအရင်အတိုင်းပြုလုပ်က အခြားကျမ်းဂန် အတတ်များကို မှတ်သား ဆောင်ရွက်နိူင်သည်ဟု ဆိုသော ကျမ်းတည်း။ ယခုအခါ ပိဋကမှော်များနှင့် တူဟန်ရှိသည်။]

.

ဂဏန်း

တစ်တလီ တစ် စသော ဂဏန်းသင်္ချာကိုပင် တချို့က မချကောင်း၊ မသင်ကောင်းဟု ယူကြသော်လည်း “နော ဧကနော, နဝ ဒွေး - အသ်ဋ္ဌာ ဒသ” စသော ၉ ကြောင်း လင်္ကာများကိုကား ရှေးရှေး ဝိနည်းဓိုရ် ဘုန်းတော်ကြီးများပင် သင်ပြ ပို့ချပေးခဲ့ကြပေသည်။

ဆန်းကျမ်းလာ သင်္ချာ တို့ကိုလည်း အများပင် သင်ယူ ပို့ချနေကြ၏။ ပဋ္ဌာန်းသင်္ချာဝါရ၌ မူလဋီကာ ဆရာသည် သင်္ချာအရာဝယ် တကယ် တတ်ကျွမ်းတော်မူကြောင်း ထင်ရှားပေသည်။

.

အချို့ဝါဒ

အချို့ကား ပါဠိဘာသာမှတပါး အခြား ဘာသာ ဟူသမျှကို “တိရစ္ဆာနဝိဇ္ဇာ” ဟု အထင်မှားကြ၏။ သူတို့ ထင်မှားတိုင်း မှန်လျှင် မိမိတို့ မြန်မာဘာသာ (စကား စာပေများ)လည်း ပါဠိဘာသာ မဟုတ်ရကား တိရစ္ဆာနဝိဇ္ဇာတွင် ပါဝင်ရချေတော့မည်။

စင်စစ်ကား -

ဤ သိက္ခာပုဒ်လာ တိရစ္ဆာနဝိဇ္ဇာသည် ဘာသာစကား၊ စာပေများမဟုတ်။ မည်သည့်ဘာသာဖြင့် ဆိုဆို (ရေးရေး) ဆင်အတတ် စသည်မှန်လျှင် တိရစ္ဆာနဝိဇ္ဇာချည်း ပင်တည်း။

ထိုသို့ သူတပါးကို နှိပ်စက်ကြောင်း မဟုတ်သော အကျိုးရှိသောအတတ်မှန်လျှင် ပါဠိ၊ မြန်မာ၊ အင်္ဂလိပ်၊ ဟိန္ဒီ၊ သက္ကတ စသည်တို့တွင် မည်သည့် ဘာသာဖြင့် ဆိုဆို၊ မည်သည့်အက္ခရာဖြင့် ရေးရေး သင်ကောင်း ၊ချကောင်း၊ တတ်ကောင်းသည်သာ။

.

ဝမ်းနည်းဘွယ်

ဂဏန်းသင်္ချာ၊ အင်္ဂလိပ်စာတို့ကို မသင်ကောင်း၊ မချကောင်းဟု ရှေးခုလတ် ဆရာအချို့တို့၏ ဝါဒကြောင့် ရဟန်းတော်များ၏ လက်အောက်ဝယ် စာသင်မည့်သူ အလွန် နည်းပါးသွားသည်ကို ယခုခေတ်၌ ပြန်၍ အကြွေးဆပ်နေရသည်မှာ ဝမ်းနည်းဘွယ် ကောင်းလှပါသည်

စိတ္တာဂါရဝဂ် ပြီးပြီ။

.

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (အာရာမဝဂ်)

၁။ ပထမ အာရာမဝဂ်

ယာ ပန ဘိက္ခုနီ ဇာနံ သဘိက္ခုကံ အာရာမံ အနာပုစ္ဆာ ပဝိသေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည့်၊
ဇာနံ - ရဟန်းရှိ၏ဟု သိလျက်၊
သ ဘိက္ခုကံ - ရဟန်းရှိသော၊
အာရာမံ - အာရာမ်သို့၊
ဝါ - ကျောင်းတိုက်သို့၊
အနာပုစ္ဆာ - မပန်ပြောဘဲ၊
ပဝိသေယျ - ဝင်အံ့၊
တဿာ ပါစိတ္တိယံ။

.

ပထမ

ဘိက္ခုနီသည် ဘိက္ခုရှိမှန်းသိလျက် ဘိက္ခုတို့၏ ကျောင်းတိုက်တွင်းသို့ ခွင့်မပန်ဘဲ ဝင်လျှင် အကာအရံရှိမူ အကာအရံကို လွန်သည့်အခါ၊ အကာမရှိလျှင် ကျောင်းတိုက် ဥပစာ လွန်သည့်အခါ ပါစိတ်

ခွင့်ပန်ရာ၌ကား ဘိက္ခု၊ သာမဏေ၊ အာရာမ်စောင့် (ကပ္ပိယ) တဦးဦးထံ ခွင့်ပန်နိုင်၏။

.

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (အာရာမဝဂ်)

၂။ ဒုတိယ အာရာမဝဂ်

ယာ ပန ဘိက္ခုနီ ဘိက္ခုံ အက္ကောသေယျ ဝါ ပရိဘာသေယျ ဝါ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
ဘိက္ခု - ရဟန်းကို၊
အက္ကောသေယျ ဝါ - ဆဲမူလည်း ဆဲအံ့၊
ပရိဘာသေယျဝါ - ခြိမ်းခြောက်မူလည်း ခြိမ်းခြောက်အံ့၊
တဿာ ပါစိတ္တိယံ။

.

ဒုတိယ

အက္ကောသေယျ” အရ “ဆဲခြင်း” ဟူသည် ဩမသဝါဒ သိက္ခာပုဒ်၌ ပြခဲ့သော ဇာတိ၊ ဂေါတ္တ၊ သိပ္ပ စသော ဆယ်မျိုးတွင် တမျိုးမျိုးကို ထိခိုက်၍ ဆဲခြင်းတည်း။ ပရိဘာသေယျ အရ “ခြိမ်းခြောက်ခြင်း”ဟူသည်ကား တစုံတခု ဘေးရန် အန္တရာယ်ကို ပြ၍ “သတ်မည်၊ ဖြတ်မည်၊ ဘယ်လိုလုပ်မည်” စသည်ဖြင့် ပြောဆိုခြင်းတည်း။ ဤ ခြိမ်းခြောက်မှုကို “ရေရွတ်ခြင်း” ဟုလည်း ခေါ်ကြသည်။ ဘိက္ခုနီသည် ဘိက္ခုကို ဆဲလျှင်၊ သို့မဟုတ် ခြိမ်းခြောက်လျှင် ပါစိတ်အာပတ် သင့်၏။

.

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (အာရာမဝဂ်)

၃။ တတိယ အာရာမဝဂ်

ယာပန ဘိက္ခုနီ စဏ္ဍီကတာ ဂဏံ ပရိဘာသေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
စဏ္ဍီကတာ - ဒေါသက ကြမ်းတမ်းအောင် ပြုအပ်သည်၊
ဝါ - စိတ်ဆိုးသည်၊
(ဟုတွာ - ဖြစ်၍၊)
ဂဏံ - ဘိက္ခုနီသံဃာကို၊
ပရိဘာသေယျ - ခြိမ်းခြောက်အံ့၊
တဿာ ပါစိတ္တိယံ။

.

တတိယ

[အစဏ္ဍာပိ - ပင်ကိုယ်က မကြမ်းတမ်းပါသော်လည်း၊
ဒေါသေန – ဒေါသက၊
စဏ္ဍာ - ကြမ်းသူကို၊
ဝါ - ကြမ်းတမ်းသူဖြစ်အောင်၊
ကရီယတေ - ပြုအပ်၏၊
ဣတိ - ထို့ကြောင့်၊
စဏ္ဍီကတာ - မည်၏။
“ဒေါသက ကြမ်းတမ်းအောင် ပြုအပ်”ဟူသည် ဒေါသဖြစ်ခြင်း၊ စိတ်ဆိုးခြင်းပင်တည်း။]

ဘိက္ခုနီသည် စိတ်ဆိုး မာန်ဆိုးနှင့် ဘိက္ခုနီသံဃာကို “သည်ကောင်မတွေ အမိုက်တွေဘဲ၊ ဘာ သိတတ်လို့လဲ” စသည်ဖြင့် ရေရွတ်လျှင် ပါစိတ်အာပတ်။

.

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (အာရာမဝဂ်)

၄။ စတုတ္ထ အာရာမဝဂ်

ယာ ပန ဘိက္ခုနီ နိမန္တိတာ ဝါ ပဝါရိတာ ဝါ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ ခါဒေယျ ဝါ ဘုဉ္ဇေယျ ဝါ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
နိမန္တိတာ - ဘောဇဉ်ဖြင့် ပင့်ဖိတ်အပ်ပြီးသည်၊
ဟုတွာဝါ - ဖြစ်လျက်သော်၎င်း၊
ပဝါရိတာ - ပယ်မြစ်စေအပ်ပြီးသည်၊
ဝါ - ပဝါရိတ် သင့်ပြီးသည်၊
ဟုတွာဝါ - ဖြစ်လျက်သော်၎င်း၊
ခါဒနီယံဝါ ဘောဇနီယံဝါ ခါဒေယျဝါ ဘုဉ္ဇေယျ ဝါ၊ တဿာ ပါစိတ္တိယံ။

.

စတုတ္ထ

နိမန္တိတာအရ “ပင့်ဖိတ်” ဟူသည် ဂဏဘောဇန သိက္ခာပုဒ်၌ ပြခဲ့သည့်အတိုင်း မအပ်သော ပင့်နည်းဖြင့် ပင့်ဖိတ်ခြင်းတည်း။ ပဝါရိတာအရ “ပဝါရိတ်သင့်ပုံ”ကား ပဝါရိတသိက္ခာပုဒ် အတိုင်းပင်တည်း။

ထိုကဲ့သို့ ပင့်ဖိတ်အပ်သူသည် ထို ပင့်ထားသူ၏ ခဲဘွယ် ဘောဇဉ်ကို မစားသေးဘဲ အခြား ခဲဘွယ် ဘောဇဉ်တို့ကို စားလျှင် ပါစိတ်၊ ပဝါရိတ်သင့်သော ဘိက္ခုနီလည်း နောက်ထပ် ခဲဘွယ် ဘောဇဉ်ကို စားလျှင် ပါစိတ်

ဤ သိက္ခာပုဒ်ကား ဘိက္ခုတို့၏ ပရမ္ပရဘောဇန သိက္ခာပုဒ်နှင့် ပထမ ပဝါရိတသိက္ခာပုဒ် ၂ ရပ်ကို တပေါင်းတည်း ပြုထားသကဲ့သို့ ဖြစ်၏။

.

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (အာရာမဝဂ်)

၅။ ပဉ္စမ အာရာမဝဂ်

ယာ ပန ဘိက္ခုနီ ကုလမစ္ဆရိနီ အဿ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
ကုလမစ္ဆရီ - အမျိုး၌ ဝန်တိုခြင်း ရှိသည်၊
အဿ - ဖြစ်အံ့၊
တဿာ ပါစိတ္တိယံ။

.

ပဉ္စမ

ကုလမစ္ဆရီအရ စိတ်၌ ဝန်တိုနေရုံမျှဖြင့် အာပတ် မသင့်သေး။

ထိုအမျိုးအိမ်သို့ ဘိက္ခုနီတို့ မသွားချင်အောင် “အမျိုး၏ သဒ္ဓါတရား နည်းပါးကြောင်း၊ ခွေးဆိုး ရှိကြောင်း” စသည်ကို ဘိက္ခုနီတို့အား ပြောမှသာ၊ သို့မဟုတ် ထိုအမျိုးက ဘိက္ခုနီတို့အား မလှူချင်အောင် ဘိက္ခုနီတို့၏ အပြစ်ကို ထိုအမျိုးထံ ပြောမှသာ ပါစိတ်အာပတ် သင့်သည်။

.

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (အာရာမဝဂ်)

၆။ ဆဋ္ဌမ အာရာမဝဂ်

ယာ ပန ဘိက္ခုနီ အဘိက္ခုကေ အာဝါသေ ဝဿံ ဝသေယျ၊ ပါစိတ္တိယံ။
ယာ ပန ဘိက္ခုနီ - သည်၊
အဘိက္ခုကေ - ရဟန်းယောက်ျား မရှိသော၊
အာဝါသေ - ကျောင်း၌၊
ဝဿံ - မိုးလပတ်လုံး၊
ဝသေယျ - နေအံ့၊
တနည်း၊
ဝဿံ ဝသေယျ - ဝါကပ်အံ့၊
တဿာ ပါစိတ္တိယံ

ဆဋ္ဌ
“ရဟန်းယောက်ျား မရှိသောကျောင်း” ဟူရာ၌ “မိမိတို့ တိုက်ထဲဝယ် ရဟန်းယောက်ျား မရှိခြင်းကို ဆိုလိုသည်” မဟုတ်၊ မိမိတို့ ကျောင်းမှ တယူဇနာဝက် အတွင်း သွားလာဘို့ရန် ဘေးအန္တရာယ်လည်း ကင်းသော အရပ်ဝယ် ရဟန်းယောက်ျား မရှိခြင်းကို ဆိုလိုသည်။

ထိုအဘိက္ခုက အာဝါသ၌ ဝါကပ်သော ဘိက္ခုနီမှာ ပါစိတ်အာပတ် သင့်၏။

ထင်ရှားစေအံ့

ဘိက္ခုနီတို့သည် အဋ္ဌမ၊ နဝမ သိက္ခာပုဒ်တို့၌ ပြလတံ့အတိုင်း ဩဝါဒပေးမည့် ဘိက္ခုတို့အထံ မပြတ်သွား၍ တရားဓမ္မ ဩဝါဒကို ကြားနာဘို့ရန် တာဝန်ရှိသည်။ ဘေးအန္တရာယ်ကင်းသော တယူဇနာဝက် အတွင်း၌ ဘိက္ခုများရှိမှလည်း နေ့ချင်းပြန် သွားနိူင်မည်။ ထို့ကြောင့် ထိုကဲ့သို့ အနီးအပါးဝယ် ဘိက္ခု မရှိသော ကျောင်းတိုက်၌ ဘိက္ခုနီတို့ ဝါကပ်ခြင်းကို တားမြစ်တော်မူရသည်။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (အာရာမဝဂ်)

၇။ သတ္တမ အာရာမဝဂ်

ယာ ပန ဘိက္ခုနီ ဝဿံဝုဋ္ဌာ ဥဘတောသံဃေ တီဟိ ဌာနေဟိ န ပဝါရေယျ ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယ ဝါ၊ ပါစိတ္တိယံ။
ယာ ပန ဘိက္ခုနီ – သည်၊
ဝဿံ - မိုးလပတ်လုံး၊
ဝုတ္ထာ - နေပြီးသည်၊
တနည်း၊
ဝဿံဝုတ္ထာ - ဝါကျွတ်ပြီးသည်၊
(သမာနာ - သော်၊)
ဥဘတောသံဃေ - ၂ ဘက်သော ဘိက္ခုနီသံဃာ ဘိက္ခုသံဃာ၌၊
တီဟိ - ၃ ပါးကုန်သော၊
ဌာနေဟိ - အကြောင်းတို့ဖြင့်၊
ဒိဋ္ဌေန ဝါ - မြင်ခြင်းဖြင့်၎င်း၊
သုတေန ဝါ - ကြားခြင်းဖြင့်၎င်း၊
ပရိသင်္ကာယဝါ - ယုံမှားခြင်းဖြင့်၎င်း၊
န ပဝါရေယျ - မဖိတ်အံ့၊
တဿာ ပါစိတ္တိယံ

သတ္တမ
ဝဿံဝုတ္ထာ = ဝဿံဝုဋ္ဌာ”ဟု ပါဌ် ၂ ထွေရှိရာ ယခုစာအုပ် များ၌ ဝုတ္တာရှိ၍ ရှေးစာပေများ၌ ဝုဋ္ဌာ ဟု အရှိများ၏။ ဌဝမ်းဘဲနှင့်ပါဌ်ကိုသာ အမှန်ဟုလည်း သက္ကတနှင့် ကစ္စည်း စာသွားအလိုကို ဆရာတို့ ဆုံးဖြတ်တော်မူကြသည်။

တီဟိ ဌာနေဟိ”အရ ၃ ဌာနဟူသည် ဒိဋ္ဌ၊ သုတ၊ ပရိသင်္ကာ ပင်တည်း။ ဝါကျွတ်သည့်အခါ ဤ ၃ ချက် (အကြောင်း ၃ ပါး)ဖြင့် ဖိတ်ကြခြင်းကိုပင် “ပဝါရဏာပြုသည်”ဟု ခေါ်သည်။

ထို ပဝါရဏာပြုခြင်း၏ လိုရင်းအချက်မှာလည်း “မိမိအပေါ်၌ အပြစ် တစုံတရာကို ဒိဋ္ဌ၊ သုတ၊ ပရိသင်္ကာ ဖြစ်လျှင် ပြောပါဆိုပါ၊ဆုံးမပါ”ဟု ခွင့်ပြုခြင်း၊ မိမိကိုယ်ကို အပ်နှံခြင်းပင်တည်း။

ဆက်ဦးအံ့ ---

ထို ပဝါရဏာပြုမှုကို ဘိက္ခုတို့မှာ ဘိက္ခု အချင်းချင်းသာ ပြုရုံဖြင့် ပြီးသော်လည်း ဘိက္ခုနီတို့မှာ ဘိက္ခုနီသံဃာ့ အထံ၌ တကြိမ်၊ ဘိက္ခု သံဃာ့ထံ၌ တကြိမ်၊ ဤသို့အားဖြင့် ၂ ကြိမ် ပဝါရဏာ ပြုရသည်။ ထို့ကြောင့် “ဥဘတော သံဃေ”ဟု မိန့်တော်မူသည်။

အမှာ

လမပြည့်ခင် ၁၄ ရက်နေ့၌ ဘိက္ခုနီသံဃာတို့ စည်းဝေး၍ ပဝါရဏာပြု။ ထို အစည်းအဝေးမှာပင် ဘိက္ခုနီ သံဃာ၏ ကိုယ်စား ဘိက္ခုသံဃာ့ထံ ဖိတ်ဘို့ရာ တပါးပါးကို သမ္မုတိပေး။ ထို သမ္မုတိရသော ဘိက္ခုနီက လပြည့်နေ့၌ ဘိက္ခုနီသံဃာအားလုံးကို ခေါ်သွား၍ ဘိက္ခုသံဃာ့ထံ သူတပါးတည်းက အများအတွက် ဖိတ်ရ၏။ အကျယ်ကို အဋ္ဌကထာမှာ ရှုပါ။

ဘိက္ခုအချင်းချင်း ဖိတ်ပုံ

[ဘိက္ခုနီတို့ ဖိတ်ပုံကို ယခုအခါ အရေး မကြီးတော့သဖြင့် လစ်လျူ ရှု၍ ဘိက္ခုတို့ဖိတ်ပုံ၊ ပဝါရဏာ ပြုပုံကိုသာ ပြမည်။]

ရှိသမျှ သံဃာများ စည်းဝေးပြီးနောက် ဆိုင်ရာ ပဝါရဏာဉာတ်ထား၍ (ယခုခေတ် ထုံးစံအတိုင်း အမေး အဖြေပါ လုပ်လိုလျှင် လုပ်ပြီး၍)။

သံဃံ ဘန္တေ ပဝါရေမိ ဒိဋ္ဌေနဝါ သုတေနဝါ ပရိသင်္ကာယဝါ,
ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ, ပဿန္တော ပဋိကရိဿာမိ
ဒုတိယမ္ပိ ဘန္တေ သံဃံ ပဝါရေမိ ၊ပေ၊ ပဋိကရိဿာမိ
တတိယမ္ပိ ဘန္တေ သံဃံ ၊ပေ၊ ပဋိကရိဿာမိ

ဟု ဆို၍ ဖိတ်ရသည်။

[အချို့ လည်း ဒုတိယမ္ပိတတိယမ္ပိကို မထည့်ဘဲ ၃ ခေါက် ပြည့်ရုံသာ ဆိုကြ၏။
ပါဠိတော်၌ တိုက်ရိုက် ပါသောကြောင့် ထည့်ခြင်းက ကောင်းသည်။]

အနက်

ဘန္တေ - အရှင်ဘုရားတို့၊
(အဟံ - တပည့်တော်သည်၊)
သံဃံ - သံဃာတော်ကို၊
ဒိဋ္ဌေနဝါ - မြင်ခြင်းအားဖြင့်၎င်း၊
သုတေနဝါ - ၎င်း၊
ပရိသင်္ကာယဝါ - ၎င်း၊
ပဝါရေမိ - ဖိတ်ပါ၏၊
ဝါ - ပြောဆိုဘို့ရန် အပ်နှံခွင့် ပြုပါ၏၊
အာယသ္မန္တော - အရှင်တို့သည်၊
အနုကမ္ပံ – တပည့်တော် အပေါ်၌ သနားခြင်းကို၊
ဥပါဒါယ - စွဲ၍၊
ဝဒန္တု - ပြောဆို ဆုံးမတော်မူပါကုန်၊
ပဿန္တော - အပြစ်ကို မြင်လသော်၊
ပဋိကရိဿာမိ - ကုစားပါမည်။

ဒိဋ္ဌေနဝါ စသည်

ဒိဋ္ဌေနဝါ” စသည်၌ “မြင်ခြင်း” စသည်ကား အဖိတ်ခံရသော ပုဂ္ဂိုလ်တို့က မိမိ တစုံတခု ကျူးလွန်နေသည်ကို ကိုယ်တိုင် မြင်ခြင်း၊ သို့မဟုတ် တဆင့် ကြားသိရခြင်း၊ သို့မဟုတ် နေထိုင်ပုံကို ထောက်၍ ယုံမှားသံသယ ရှိခြင်းတည်း။ ထိုသို့ ဒိဋ္ဌ၊ သုတ၊ ပရိသင်္ကာ ရှိလျှင် တပည့်တော်အား သနားသဖြင့် ဆုံးမတော်မူပါ၊ “အမှန်အပြစ်ဘဲ” ဟု မိမိကိုယ်တိုင် မြင်ပါလျှင် ထို အပြစ်ကို ကုစားပါမည် ဟူလို။

(သံဃာမပြည့်၍ ၂ ပါး၊ ၃ ပါး၊ ၁ ပါးထံ ဖိတ်ပုံများကို ပဝါရဏက္ခန္ဓကပါဠိတော် အဋ္ဌကထာတို့မှာ ရှုပါ၊)

ဝဒန္တု, ဝဒတု

ဝဒန္တု မံ အာယသ္မန္တော = ဝဒတု မံ သံဃော” ဟု အဆိုကွဲသေးရာ၌ကား မိမိတို့ဆရာသမားထံ မေးမြန်း လျှောက်ထားကြပါလေ။ မိမိ၏ ဆရာများကား ဤသို့ ဆုံးဖြတ်တော်မူကြသည်။

ဖိတ်တုန်းက “သံယံ ဘန္တေ ပဝါရေမိ”ဟု သံဃာကို ဖိတ်သော်လည်း အပြစ်ကို ဒိဋ္ဌ၊ သုတ ၊ပရိသင်္ကာ ဖြစ်၍ ဆုံးမသောအခါ၌မူ သံဃာစည်းဝေး၍ သံဃာက ဆုံးမရသည် မဟုတ်၊ ထို မြင်သော ရဟန်းကသာ ဆုံးမရမည် ဖြစ်သောကြောင့် “ဝဒန္တု မံ အာယသ္မန္တော”ဟုသာ ရွတ်ဆိုသင့်သည်။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (အာရာမဝဂ်)

၈။ အဋ္ဌမ အာရာမဝဂ်

ယာ ပန ဘိက္ခုနီ ဩဝါဒါယ ဝါ သံဝါသာယ ဝါ န ဂစ္ဆေယျ၊ ပါစိတ္တိယံ။
ယာ ပန ဘိက္ခုနီ - သည်၊
ဩဝါဒါယဝါ - ဂရုဓမ် ဩဝါဒကို နာယူခြင်းငှာ၎င်း၊
သံဝါသာယဝါ - ဥပုသ်ပဝါရဏာ ဟူသော သံဝါသအကျိုးငှာ၎င်း၊
န ဂစ္ဆေယျ - မသွားအံ့၊
တဿာ ပါစိတ္တိယံ

အဋ္ဌမ
ဩဝါဒါယဩဝါဒ ဟူသည် ဂရုဓမ် ၈ ပါးဖြင့် ဆုံးမခြင်းတည်း။ ထို ဩဝါဒကို ခံယူဘို့ရန် ဩဝါဒပေးမည့် ဘိက္ခု အထံသို့ မသွားလျှင် ပါစိတ်အာပတ်သင့်၏။

သံဝါသာယသံဝါသ ဟူသည် “အတူတကွ နေထိုင်ကြောင်း ဖြစ်သော ဥပုသ်ပဝါရဏာ”တည်း။ သို့သော် ဘိက္ခုနီသည် ဘိက္ခု နှင့်အတူ ဥပုသ်မပြုရ၊ မိမိတို့ချည်း ပြုရမည်။ ပဝါရဏာကိုကား ဘိက္ခုတို့အထံ မှာလည်း ပြုရသည်။ ထို့ကြောင့် သံဝါသာယအရ “ယခုလာမည့် ဥပုသ်နေ့ သည် စာတုဒ္ဒသီပါလား၊ ပန္နရသီပါလား”ဟု ၁၃ ရက်နေ့က ဘိက္ခု၊ တပါးပါးထံ မေးလျှောက်သွားခြင်း ကို၎င်း၊ ပဝါရဏာနေ့၌ ဘိက္ခုထံ ပဝါရဏာ ပြုသွားခြင်းကို၎င်း ယူပါ။ ထိုကဲ့သို့ မသွားလျှင် ပါစိတ်အာပတ် သင့်သည်။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (အာရာမဝဂ်)

၉။ နဝမ အာရာမဝဂ်

အနွဒ္ဓမာသံ ဘိက္ခုနိယာ ဘိက္ခုသံဃတော ဒွေ ဓမ္မာ ပစ္စာသီသိတဗ္ဗာ ဥပေါသထပုစ္ဆကဉ္စ သြဝါဒူပသင်္ကမနဉ္စ။ တံ အတိက္ကာမေန္တိယာ ပါစိတ္တိယံ။
အနွဍ္ဎမာသံ-လခွဲတိုင်း၊
ဘိက္ခုနိယာ - ရဟန်းမသည်၊
ဘိက္ခု သံဃတော - ဘိက္ခုသံဃာ့အထံမှ၊
ဥပေါသထ ပုစ္ဆကဉ္စ - ဥပုသ်နေ့ကို မေးခြင်းကို၎င်း၊
ဩဝါဒူပသင်္ကမနဉ္စ - ဩဝါဒ ခံယူဘို့ရန် ချဉ်းကပ်ခွင့်ကို၎င်း၊
ဒွေ ဓမ္မာ - ၂ ပါးကုန်သော တရားတို့ကို၊
ပစ္စာသီသိတဗ္ဗာ - တောင့်တထိုက်ကုန်၏၊
တံ - ထိုလခွဲကို၊
အတိက္ကာမေန္တိယာ - လွန်စေသော၊
ဘိက္ခုနိယာ - ရဟန်းမ၏၊
ပါစိတ္တိယံ - ပါစိတ်အာပတ်သည်၊
ဟောတိ - ၏။

နဝမ
ဥပေါသထဿ - ဥပုသ်နေ့ကို၊
ပုစ္ဆာ - မေးခြင်းသည်၊
ဥပေါသထ ပုစ္ဆာ - မည်၏။

သကတ္ထ၌ ကပစ္စည်း သက်ပြီးလျှင် ပုစ္ဆာ၌ အာကို ရဿပြု၍ “ဥပေါသထပုစ္ဆက”ဟု ဖြစ်သည်။ “ဩဝါဒူပသင်္ကမနံ” ဝယ် ဩဝါဒ အရ ဂရုဓမ် အဆုံးအမကို ယူ။

“ဘိက္ခုနီသံဃာသည် အဆုံးအမကို ရလိုကြပါသတဲ့”ဟု ဩဝါဒ ခံဘို့ရန် ခွင့်တောင်းသွားခြင်းကို ဩဝါဒူပသင်္ကမန ဟု ခေါ်သည်။ [ဋီကာသစ်ကား တမျိုးဖွင့်လေ၏။]

လခွဲတကြိမ်ကျ ဘိက္ခုတို့ထံ၌ “ယခုလာမည့် ဥပုသ်နေ့သည် စာတုဒ္ဒသီပါလော၊ ပန္နရသီပါလော ဥပုသ်နေ့ကို မေးခြင်း၊ ဩဝါဒခံဘို့ရန် ခွင့်တောင်းသွားခြင်းကို မပြုသူသည် လခွဲကို လွန်စေမည်ဖြစ်၏။ ထိုကဲ့သို့ မပြုဘဲ လခွဲ (၁၅ ရက်ကို) လွန်စေသော ဘိက္ခုနီမှာ ပါစိတ်။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (အာရာမဝဂ်)

၁၀။ ဒသမ အာရာမဝဂ်

ယာ ပန ဘိက္ခုနီ ပသာခေ ဇာဟံ ဂဏ္ဍံ ဝါ ရုဓိတံ ဝါ အနပလောကေတွာ သံဃံ ဝါ ဂဏံ ဝါ ပုရိသေန သဒ္ဓိံ ဧကေနေကာ ဘေဒါပေယျ ဝါ ဖာလာပေယျ ဝါ ဓောစာပေယျ ဝါ အာလိမ္ပာပေယျ ဝါ ဗန္ဓာပေယျ ဝါ မောစာပေယျ ဝါ။ ပါစိတ္တိယံ။
ယာ ပန ဘိက္ခုနီ – သည်၊
ပသာခေ - ခက်မ၌၊
ဇာတံ - ပေါက်သော၊
ဂဏ္ဍံ ဝါ - မြင်းဖုကိုသော်၎င်း၊
ရုဓိတံဝါ - အနာကိုသော်၎င်း၊
သံဃံဝါ - သံဃာကိုသော်၎င်း၊
ဂဏံဝါ - ဂိုဏ်းကိုသော်၎င်း၊
အနပလောကေတွာ - မပန်ပြောဘဲ၊
ပုရိသေန - ယောက်ျားနှင့်၊
သဒ္ဓိံ - အတူတက္ခ၊
ဧကေနေကာ - တယောက်ချင်း၊
ဘေဒါပေယျ ဝါ - ဖောက်မူလည်း ဖောက်စေအံ့၊
ဖာလာပေယျဝါ - ခွဲမူလည်း ခွဲစေအံ့၊
ဓောဝါပေယျဝါ - ဖန်ဆေးမူလည်း ဖန်ဆေးစေအံ့၊
အာလိမ္ပာပေယျ ဝါ - ဆေးလိမ်းမူလည်း ဆေးလိမ်းစေအံ့၊
ဗန္ဓာပေယျဝါ - ကြပ်စည်းမူလည်း ကြပ်စည်းစေအံ့၊
မောစာပေယျဝါ - ဖြေမူလည်း ဖြေစေအံ့၊
တဿာ ဘိက္ခုနိယာ ပါစိတ္တိယံ

ဆဋ္ဌော - ခြောက်ဝဂ်မြောက်သော၊
အာရာမဝဂ္ဂေါ - တည်း။

ဒသမ
ပသာခ သဒ္ဒါသည် အခက်ငယ်များ၏ ဖြာ၍ထွက်ရာ အခက်မကြီးကို ဟောရင်းတည်း။

ခန္ဓာကိုယ်၏ အောက်ပိုင်း အရပ်လည်း ပေါင် ၂ ဘက်၏ ဖြာ၍ထွက်ရာဖြစ်သောကြောင့် ထို အခက်မနှင့် အလားတူသည်။ ထို့ကြောင့် ပသာခအရ ချက်၏ အောက်ပိုင်းဖြစ်သော ကိုယ်ကို ယူရမည်။ သို့သော် ပေါင် ၂ ဘက်လည်း ဘိက္ခုနီတို့မှာ ယောက်ျားကို ပြ၍ မသင့်လျော်သောကြောင့် ဒူးဆစ်မှအထက် ပေါင် ၂ ဘက်ကိုပါ ပသာခ၌ အဋ္ဌကထာ သွင်းယူသည်။

ထို ပသာခ၌ ပေါက်သော မြင်းဖုကို၊ သို့မဟုတ် အခြားအနာကို သံဃာကို ဖြစ်စေ၊ ဂိုဏ်းကိုဖြစ်စေ မတိုင်တန်းဘဲ ယောက်ျားနှင့် တယောက်ချင်း ဖောက်မှု၊ ခွဲမှု၊ ဖန်ဆေးမှု၊ ဆေးလိမ်းမှု၊ ကြပ်စည်းမှု၊ ထိုအစည်းကို ဖြေမှု ဤခြောက်ခုကို ပြုစေလျှင် ယောက်ျားက မတရားကြံမည်စိုးရကား တခုလျှင် အာပတ်တချက်ကျ ပါစိတ်အာပတ် သင့်၏။ တခုကိုပြုစေလျှင် အာပတ်တချက်၊ ၂ ခုကို ပြုစေလျှင် အာပတ် ၂ ချက် စသည် သိပါ။

သံဃာ ဂိုဏ်းကို တိုင်ကြားပြီးမှ ခွဲခြင်းစသည်ကို ပြုစေလျှင် သံဃာ ဂိုဏ်းက အစောင့်အရှောက် ထားနိူင်ခွင့်ရှိ၍ ဘေးရန် ကင်းသောကြောင့်၎င်း၊ သံဃာဂိုဏ်းကို မတိုင်ကြားဘဲ အဖော် တယောက် ယောက်ကို အနားထားလျှင်လည်း ဘေးရန် ကင်းသောကြောင့်၎င်း အနာပတ္တိ။

အာရာမဝဂ် ပြီးပြီ။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (ဂမ္ဘိနီဝဂ်)

၁-၂။ ပထမ၊ ဒုတိယ ဂမ္ဘိနီဝဂ်

ယာ ပန ဘိက္ခုနီ ဂမ္ဘိနိံ ဝုဋ္ဌာပေယျ၊ ပါစိတ္ထိယံ။
ယာ ပန ဘိက္ခုနီ - သည်၊
ဂမ္ဘိနိံ - ကိုယ်ဝန်ရှိသော မိန်းမကို၊
ဝုဋ္ဌာပေယျ - ပဉ္စင်းပြုပေးအံ့၊
တဿာ ဘိက္ခုနိယာ ပါစိတ္တိယံ

ယာ ပန ဘိက္ခုနီ ပါယန္တိံ ဝုဋ္ဌောပေယျ၊ ပါစိတ္တိယံ။
[ဒုတိယ၌ “ပါယန္တိံ” - နို့တိုက်ဆဲ မိန်းမကို” ဟု အနက် ပေးပါ။]

ပထမ၊ ဒုတိယ
ဂမ္ဘိနီ ဟူသည် ကိုယ်ဝန်ဆောင်မိန်းမတည်း။
ပါယန္တီ ဟူသည် နို့စို့ကလေးရှိသော (ကလေး မခွာသေးသော) မိခင်၊ သို့မဟုတ် နို့ထိန်းတည်း။
ဥပဇ္ဈာယ်ဆရာမ လုပ်၍ ထို ဂဗ္ဘိနီ၊ ပါယန္တီ မိန်းမတို့ကို ပဉ္စင်း ပြုပေးလျှင် ဥပဇ္ဈာယ်ဆရာမမှာ ပါစိတ်။

[ဝုဋ္ဌာပေယျပုဒ်၏ သဒ္ဒါနက်မှာ သာမဏေမ အဖြစ်၊ သိက္ခမာန်အဖြစ်မှ ထမြောက်စေအံ့” ဟု ထွက်သည်။ ထိုသို့ “ထမြောက်စေခြင်း” ဟူသည် ပဉ္စင်းပြုပေးခြင်းတည်း။ ထို့ကြောင့် “ဝုဋ္ဌာပေယျ - ပဉ္စင်းပြုပေးအံ့” ဟူသော အနက်ကို အဓိပ္ပာယ်နက် ဝေါဟာရ နက်ဟု မှတ်ပါ။]

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (ဂမ္ဘိနီဝဂ်)

၃။ တတိယ ဂမ္ဘိနီဝဂ်

ယာ ပန ဘိက္ခုနီ ဒွေ ဝဿာနိ ဆသု ဓမ္မေသု အသိက္ခိတသိက္ခံ သိက္ခမာနံ ဝုဋ္ဌာပေယျ၊ ပါစိတ္တိယံ။
ယာ ပန ဘိက္ခုနီ - သည်၊
ဒွေ ဝဿာနိ - ၂ နှစ်တို့ပတ်လုံး၊
ဆသု - ခြောက်ပါးကုန်သော၊
ဓမ္မေသု - သိက္ခာပုဒ်တို့၌၊
အသိက္ခိတသိက္ခံ - မကျင့်အပ်သေးသော သိက္ခာရှိသော၊
သိက္ခမာနံ - သိက္ခမာန်ကို၊
ဝုဋ္ဌာပေယျ - အံ့၊
တဿာ ပါစိတ္တိယံ

တတိယ
ဘိက္ခုနီဖြစ်လိုသော မိန်းမသားသည် အသက် ၆ဝ ရှိစေကာမူ ပဉ္စင်း မဖြစ်မီ ၂ နှစ်လောက် ဘိက္ခုနီသံဃာ့ အထံ သိက္ခာသမ္မုတိကို တောင်းရသည်။ ထိုအခါ သံဃာက ဉတ်ကမ္မဝါစာဖြင့် သိက္ခာသမ္မုတိ ပေးပြီးနောက် “ပါဏာတိပါတာ ဝေရမဏိံ ဒွေဝဿာနိ အဝီတိက္ကမ္မ သမာဒါနံ သမာဒိယာမိ” စသည်ဖြင့် သိက္ခာပုဒ် ၆ ပါးလုံးကို ဆောက်တည်စေရသည်။

ထိုသိက္ခာပုဒ် ၆ ပါးကို ကျင့်နေသော သာမဏေမကိုပင် “သိက္ခမာန”ဟု ခေါ်၏။ သိက္ခာပုဒ် ၆ ပါးကား ပါဏာတိပါတ၊ အဒိန္နာဒါန၊ အဗြဟ္မစရိယ၊ မုသာဝါဒ၊ သုရာမေရယ၊ ဝိကာလဘောဇန တို့မှ ရှောင်ကြဉ်ခြင်းတည်း။

[ပါဏာတိပါတာ - မှ၊
ဝေရမဏိံ - ရှောင်ကြဉ်ကြောင်းဖြစ်သော၊
ဒွေ ဝဿာနိ - ၂ နှစ်တို့ပတ်လုံး၊
အဝီတိက္ကမ္မ - မကျူးလွန်မူ၍၊
သမာဒါနံ - ဆောက်တည်ကြောင်း သိက္ခာပုဒ်ကို၊
သမာဒိယာမိ - ဆောက်တည်ပါ၏ ဟု အနက်ဆိုပါ။]

သိက္ခမာန်ခေါ်ပုံ

သိက္ခမာန၌ မာနပစ္စည်းက ပစ္စုပ္ပန်အနက်ကို ဟောသောကြောင့် “သိက္ခမာန=ကျင့်ဆဲ ကျင့်တုန်းဖြစ်သူ” ဟု ဆိုလိုသည်။

တနည်း–
သိက္ခံ - သိက္ခာကို + မာနေတိ - မြတ်နိုးတတ်၏”အရ သိက္ခာ ၆ ပါးကို မြတ်နိုးသူကို “သိက္ခမာန”ဟု ခေါ်၏။

ထို သိက္ခာ ၆ ပါးကို ၂ နှစ်အတွင်း လုံးဝ မပျက်စေရ။ ပျက်လျှင် ပြန်၍ ဆောက်တည်ရသည်။ ထိုသို့ ၂ နှစ်တိတိ မကျင့်ရသေးသော (ကျင့်၍ မပြီးသေးသော) သာမဏေမကို ရဟန်းပြုပေးလျှင် ဥပဇ္ဈာယ် ဆရာမှာ ပါစိတ်အာပတ်သင့်၏။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (ဂမ္ဘိနီဝဂ်)

၄။ စတုတ္ထ ဂမ္ဘိနီဝဂ်

ယာ ပန ဘိက္ခုနီ ဒွေ ဝဿာနိ ဆသု ဓမ္မေသု သိက္ခိတသိက္ခံ သိက္ခမာနံ သံဃေန အသမ္မတံ ဝုဋ္ဌာပေယျ၊ ပါစိတ္တိယံ။
ယာ ပန ဘိက္ခုနီ – သည်၊
ဒွေဝဿာနိ - လုံး၊
ဆသု - ကုန်သော၊
ဓမ္မေသု - တို့၌၊
သိက္ခိတသိက္ခံ - ကျင့်အပ်ပြီးသော သိက္ခာရှိသော၊
သိက္ခမာနံ - သိက္ခာမာန်ကို၊
သံဃေန - ဘိက္ခုနီသံဃာသည်၊
အသမ္မတံ - မသမုတ်အပ်သေးဘဲ၊
ဝါ - ဝုဋ္ဌာပနသမ္မုတိ မပေးအပ်သေးဘဲ၊
ဝုဋ္ဌာပေယျ - အံ့၊
တဿာ ပါစိတ္တိယံ

စတုတ္ထ
တတိယသိက္ခာပုဒ်၌ ပြခဲ့သည့်အတိုင်း ကျင့်နေသော သိက္ခမာန်သည် ဘိက္ခုနီဖြစ်လိုလသော် ဘိက္ခု သံဃာ့ထံ “ဝုဋ္ဌာနသမ္မုတိ” တောင်း၍ ဘိက္ခုသံဃာ့ထံ ဉတ်ကမ္မဝါစာဖြင့် ပေးအပ်သော ဝုဋ္ဌာနသမ္မုတိကို ရပြီးမှ ပဉ္စင်းပြုနိုင်သည်။

[ပဉ္စင်းပြုနိုင်ကြောင်း သမ္မုတိကို “ဝုဋ္ဌာနသမ္မုတိ” ဟု၎င်း၊ “ဥပသမ္ပဒါ သမ္မုတိ” ဟု၎င်း ခေါ်သည်။]

၂ နှစ်ပတ်လုံး ကျင့်ပြီးသော်လည်း သမ္မုတိ မရသေးသူကို ရဟန်းပြုပေးလျှင် ဥပဇ္ဈာယ်ဆရာမမှာ ပါစိတ် အာပတ်သင့်၏။ [ဘိက္ခမာန် ၃ မျိုးအပြားကို ကုမာရိဘူတဝဂ်ကျမှ ပြမည်။]

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (ဂမ္ဘိနီဝဂ်)

၅။ ပဉ္စမ ဂမ္ဘိနီဝဂ်

ယာ ပန ဘိက္ခုနီ ဦနဒွါဒသဝဿံ ဂိဟိဂတံ ဝုဋ္ဌာပေယျ၊ ပါစိတ္တိယံ။
ယာ ပန ဘိက္ခုနီ - သည်၊
ဥုနဒွါဒသဝဿံ - ယုတ်လျော့သော တဆယ့်နှစ်နှစ်ရှိသော၊
ဝါ - တဆယ့်နှစ်နှစ် မပြည့်သေးသော၊
ဂိဟိဂတံ - ယောက်ျားတပါး သွားလာအပ်ပြီးသော မိန်းမကို၊
ဝုဋ္ဌာပေယျ - အံ့၊
တဿာ ဘိက္ခုနိယာ ပါစိတ္တိယံ

ပဉ္စမ
မွေးဖွားသည်မှစ၍ ၁၂ နှစ် မပြည့်သေးသူကို “ဥနဒွါဒသဝဿာ”ဟု ခေါ်၏။
ယောက်ျား တယောက်ယောက်နှင့် မေထုန်မှီဝဲဘူးသူကို “ဂိဟိဂတာ”ဟု ခေါ်၏။
အိန္ဒိယထုံးစံအတိုင်း အသက် ငယ်သော်လည်း အိမ်ထောင်ကျပြီး ဖြစ်တတ်သည်။
ထိုသို့ ၁၂ နှစ်မပြည့်သော ဂိဟိဂတာမိန်းမကို ရဟန်းပြုပေးလျှင် ဥပဇ္ဈာယ်ဆရာမမှာ ပါစိတ်။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (ဂမ္ဘိနီဝဂ်)

၆။ ဆဋ္ဌ ဂမ္ဘိနီဝဂ်

ယာ ပန ဘိက္ခုနီ ပရိပုဏ္ဏဒွါဒသဝဿံ ဂိဟိဂတံ ဒွေ ဝဿာနိ ဆသု ဓမ္မေသု အသိက္ခိတသိက္ခံ ဝုဋ္ဌာပေယျ၊ ပါစိတ္တိယံ။
ယာ ပန ဘိက္ခုနီ - သည်၊
ပရိပုဏ္ဏဒွါဒသဝဿံ - ပြည့်သော ၁၂ နှစ်ရှိသော၊
ဝါ - ၁၂ နှစ် ပြည့်ပြီးသော၊
ဂိဟိဂတံ - ကို၊
ဒွေ ဝဿာနိ - လုံး၊
ဆသု ဓမ္မေသု - တို့၌၊
အသိက္ခိတသိက္ခံ - ကျင့်အပ်ပြီးသော သိက္ခာ မရှိသေးဘဲ၊
ဝုဋ္ဌာပေယျ - အံ့၊
တဿာ ပါစိတ္တိယံ

ဆဋ္ဌ
ပဉ္စမ သိက္ခာပုဒ်အတိုင်း ဆိုလျှင် ၁၂ နှစ်ပြည့်သော ဂိဟိဂတာ မိန်းမကို ရဟန်းပြုပေးကောင်းသည် ဟု ထင်ရသော်လည်း ဤသိက္ခာပုဒ်အရ ၂ နှစ်တိတိ ၆ ပါးသော သိက္ခာပုဒ်ကို မကျင့်ရသေးလျှင် ၁၂ နှစ် ပြည့်သော်လည်း ရဟန်းပြု၍ မပေးရ။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (ဂမ္ဘိနီဝဂ်)

၇။ သတ္တမ ဂမ္ဘိနီဝဂ်

ယာ ပန ဘိက္ခုနီ ပရိပုဏ္ဏဒွါဒသဝဿံ ဂိဟိဂတံ ဒွေ ဝဿာနိ ဆသု ဓမ္မေသု သိက္ခိတသိက္ခံ သံဃေန အသမ္မတံ ဝုဋ္ဌာပေယျ၊ ပါစိတ္တိယံ။
ယာ ပန ဘိက္ခုနီ
ပရိပုဏ္ဏဒွါဒသဝဿံ - သော၊
ဂိဟိဂတံ - သော၊
ဒွေဝဿာနိ ဆသု ဓမ္မေသု
သိက္ခိတသိက္ခံ - - ကျင့်အပ်ပြီးသော သိက္ခာရှိသော သိက္ခမာန်ကို၊
သံဃေန - သည်၊
အသမ္မတံ - မသမုတ်အပ်သေးဘဲ၊
ဝါ - ဝုဋ္ဌာပနသမ္မုတိ မပေးအပ်သေးဘဲ၊
ဝုဋ္ဌာပေယျ - အံ့၊
တဿာ ပါစိတ္တိယံ

သတ္တမ
ဆဋ္ဌ သိက္ခာပုဒ်အတိုင်းဆိုလျှင် ၁ဝ နှစ်အရွယ်၌ သိက္ခမာန် အကျင့်ကို ကျင့်၍ ၁၂ နှစ် ပြည့်သောအခါ ဂိဟိဂတာ သိက္ခမာန်ကို ရဟန်းပြု ပေးကောင်းသည် ဟု ထင်ရသော်လည်း ဤ သိက္ခာပုဒ်အရ သံဃာ့ထံ ဝုဋ္ဌာန သမ္မုတိကို တောင်း၍ ထိုသမ္မုတိရပြီးသော ဂိဟိဂတာသိက္ခမာန်ကိုသာ ရဟန်း ပြုပေးကောင်းသည်။

[ဤ ပဉ္စမ၊ ဆဋ္ဌ၊ သတ္တမ သိက္ခာပုဒ်၌လာသော မိန်းမ များသည် အသက် ၂ဝ မပြည့်သေးသော ငယ်ရွယ်သူ ဂိဟိဂတာများတည်း။ ဂိဟိဂတာ မဟုတ်လျှင်ကား အသက် ၂ဝ မပြည့်သေးလျှင် ရဟန်းပြုမပေးရ ဟု လာဦးလတံ့။]

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (ဂမ္ဘိနီဝဂ်)

၈။ အဋ္ဌမ ဂမ္ဘိနီဝဂ်

ယာပန ဘိက္ခုနီ သဟဇီဝိနိံ ဝုဋ္ဌာပေတွာ ဒွေ ဝဿာနိ နေဝ အနုဂ္ဂဏှေယျ န အနုဂ္ဂဏှာပေယျ၊ ပါစိတ္တိယံ။
ယာ ပန ဘိက္ခုနီ - သည်၊
သဟဇီဝိနိံ - အတူတကွ အသက်ရှည်လေ့ရှိသော တပည့်မကို၊
ဝါ - သဒ္ဓိဝိဟာရိနီ တပည့်မကို၊
ဝုဋ္ဌာပေတွာ - ပဉ္စင်းပြုပေးပြီး၍၊
ဒွေဝဿာနိ - လုံး၊
နေ၀ အနုဂ္ဂဏှေယျ - ကိုယ်တိုင်မူလည်း မချီးမြှောက်အံ့၊
န အနုဂ္ဂဏှာပေယျ - သူတပါးကိုလည်း မချီးမြှောက်စေအံ့၊
တဿာ ပါစိတ္တိယံ

အဋ္ဌမ
ဥပဇ္ဈာယ်ယူသော သာမဏေယောက်ျားကို “သဒ္ဓိဝိဟာရိက” ဟု ခေါ်သကဲ့သို့ ဥပဇ္ဈာယ်ယူသော သာမဏေမနှင့် သိက္ခမာန်များကို “သဟဇီဝိနီ”ဟု၎င်း၊ “သဒ္ဓိဝိဟာရိနီ”ဟု၎င်း ခေါ်၏။

ထို သဟဇီဝိနီ တပည့်မကို ရဟန်းပြုပေးပြီးနောက် စာသင်ပေးခြင်း စသည်ဖြင့် ၂ နှစ်ပတ်လုံး မိမိကိုယ်တိုင် လည်း မချီးမြှောက်၊ သူတပါးကို ချီးမြှောက်လိုက်ပါဟုလည်း မတိုက်တွန်းလျှင် ပါစိတ်။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (ဂမ္ဘိနီဝဂ်)

၉။ နဝမ ဂမ္ဘိနီဝဂ်

ယာ ပန ဘိက္ခုနီ ဝုဋ္ဌာပိတံ ပဝတ္တိနိံ ဒွေ ဝဿာနိ နာနုဗန္ဓေယျ၊ ပါစိတ္တိယံ။
ယာ ပန ဘိက္ခုနီ - သည်၊
ဝုဋ္ဌာပိတံ - ထမြောက်စေသော၊
ဝါ - ပဉ္စင်းပြုပေးသော၊
ပဝတ္တ္တိနိံ - ဥပဇ္ဈာယ်ဆရာမသို့၊
ဒွေ ဝဿာနိ - ၂ နှစ်တို့ပတ်လုံး၊
နာနုဗန္ဓေယျ - မလိုက်အံ့၊
ဝါ - မလုပ်ကျွေးအံ့၊
တဿာ ပါစိတ္တိယံ

နဝမ
“အစဉ်လိုက်ခြင်း” ဟူသည် သဒ္ဓိဝိဟာရိနီ တပည့်များ၏ ထုံးစံအတိုင်း မျက်နှာသစ်ရေ ကပ်ခြင်း၊ ဒန်ပူကပ်ခြင်း စသော ဝတ်ကြီးဝတ်ငယ်ကို ပြုခြင်းတည်း။ ထိုသို့ ဝတ်ကြီးဝတ်ငယ်ပြုကာ ဥပဇ္ဈာယ် ဆရာမနောက်သို့ မကွာ ထက်ကြပ် လိုက်၍ မလုပ်ကျွေးလျှင် တပည့်မမှာ ပါစိတ်အာပတ်။

[သဒ္ဓိံ - အတူတကွ + ဝိဟာရိနီ - နေလေ့ရှိသော တပည့်မ။ “သဒ္ဓိံ ဝိဟာရိနီ” ဟု ရှိသင့်လျက် ဝါစာသိလိဋ္ဌဖြစ်အောင် သဒ္ဓိဟု နိဂ္ဂဟိတ်မဲ့ပါဌ်ကို အသုံးပြုကြသည်။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (ဂမ္ဘိနီဝဂ်)

၁၀။ ဒသမ ဂမ္ဘိနီဝဂ်

ယာပန ဘိက္ခုနီ သဟဇီဝိနိံ ဝုဋ္ဌာပေတွာ နေဝ ဝူပကာသေယျ န ဝူပကာသာပေယျ အန္တမသော ဆပ္ပဉ္စယောဇနာနိပိ၊ ပါစိတ္တိယံ။
ယာ ပန ဘိက္ခုနီ - သည်၊
သဟဇီဝိနိံ - ကို၊
ဝုဋ္ဌာပေတွာ - ၍၊
အန္တမသော - အောက်ထစ်ဆုံးအားဖြင့်၊
ဆပ္ပဉ္စ ယောဇနာနိပိ - ၆ ယူဇနာ, ၅ ယူဇနာဝေးသော အရပ်တို့သို့လည်း၊
နေဝ ဝူပ ကာသေယျ - ကိုယ်တိုင်မူလည်း ခေါ်မသွားအံ့၊
န ဝူပကာသာပေယျ - သူတပါးကိုမူလည်း ခေါ်မသွားစေအံ့၊
တဿာ ပါစိတ္တိယံ

သတ္တမော - သော၊
ဂမ္ဘီနီဝဂ္ဂေါ - တည်း။

ဒသမ
ပဉ္စင်းသစ်မ၏ ရည်းစားနှင့် ခင်ပွန်းဟောင်းများရှိလျှင် အနှောင့်အယှက် ခံရဘွယ်ရှိသောကြောင့် သဒ္ဓိဝိဟာရိနီ တပည့်မကို ရဟန်း ပြုပေးပြီး နောက် အနည်းဆုံး ၆ ယူဇနာ ၅ယူဇနာလောက် ဝေးသော အရပ်တပါးသို့ ကိုယ်တိုင်ဖြစ်စေ၊ စေခိုင်း၍ဖြစ်စေ ခေါ်သွားရမည်။ “သူ့ရဲ့ ခင်ပွန်းဟောင်းတို့ မနှောင့်ယှက်နိုင်လောက်သော အရပ်သို့ ရောက်စေရမည်” ဟူလို။ ထိုသို့ မခေါ်လျှင် ပါစိတ်။

ဂမ္ဘီနီဝဂ် ပြီးပြီ။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (ကုမာရိဘူတဝဂ်)

၁။ ပထမ ကုမာရိဘူတဝဂ်

ယာ ပန ဘိက္ခုနီ ဦနဝီသတိဝဿံ ကုမာရိဘူတံ ဝုဋ္ဌာပေယျ၊ ပါစိတ္တိယံ။
ယာ ပန ဘိက္ခုနီ - သည်၊
ဥုနဝီသတိဝဿံ - ယုတ်လျော့သော အနှစ် နှစ်ဆယ်ရှိသော၊
ဝါ - အသက် ၂၀ မပြည့်သေးသော၊
ကုမာရိဘူတံ - အပျိုစင်ဖြစ်၍ဖြစ်သော သာမဏေမကို၊
ဝုဋ္ဌောပေယျ - အံ့၊
တဿာ ပါစိတ္တိယံ

၂။ ဒုတိယ ကုမာရိဘူတဝဂ်

ယာ ပန ဘိက္ခုနီ ပရိပုဏ္ဏဝီသတိဝဿံ ကုမာရိဘူတံ ဒွေ ဝဿာနိ ဆသု ဓမ္မေသု အသိက္ခိတသိက္ခံ ဝုဋ္ဌာပေယျ၊ ပါစိတ္တိယံ။
ယာ ပန ဘိက္ခုနီ – သည်၊
ပရိပုဏ္ဏဝီသတိဝဿံ - ပြည့်သော အနှစ် နှစ်ဆယ်ရှိသော၊
ဝါ - အသက် ၂၀ ပြည့်ပြီးသော၊
ကုမာရိဘူတံ - ကို၊
ဒွေ ဝဿာနိ ဆသု ဓမ္မေသု
အသိက္ခိတ သိက္ခံ - ကျင့်အပ်ပြီးသော သိက္ခာမရှိဘဲ၊
ဝုဋ္ဌာပေယျ - အံ့၊
တဿာ ပါစိတ္တိယံ

၃။ တတိယ ကုမာရိဘူတဝဂ်

ယာ ပန ဘိက္ခုနီ ပရိပုဏ္ဏဝီသတိဝဿံ ကုမာရိဘူတံ ဒွေ ဝဿာနိ ဆသု ဓမ္မေသု သိက္ခိတသိက္ခံ သံဃေန အသမ္မတံ ဝုဋ္ဌောပေယျ၊ ပါစိတ္တိယံ။
ယာ ပန ဘိက္ခု နီ - သည်၊
ပရိပုဏ္ဏဝီသတိဝဿံ ဒွေ ဝဿာနိ ဆသု ဓမ္မေသု
သိက္ခိတ သိက္ခံ - ကျင့်အပ်ပြီးသော သိက္ခာ ရှိသော၊
ကုမာရိဘူတံ - ကို၊
သံဃေန, အသမ္မတံ - မသမုတ်အပ်သေးဘဲ၊
ဝါ - ဝုဋ္ဌာနသမ္မုတိ မရသေးဘဲ၊
ဝုဋ္ဌာပေယျတဿ ပါစိတ္တိယံ

ပထမ-ဒုတိယ-တတိယ
ဤသိက္ခာပုဒ် ၃ ပါး၌ မှတ်သားဘွယ်များကို ဂဗ္ဘနီဝဂ်လာ ၅-၆-၇ သိက္ခာပုဒ်များအတိုင်း သိပါ။ ဂိဟိဂတနှင့် ကုမာရိဘူတသာ ထူးသည်။

ဂိဟိဂတဟူသည် ယောက်ျား သွားလာအပ်ဘူးသော မိန်းမဖြစ်၍ ဆင်းရဲဒုက္ခတို့ကို အပျိုစင် များထက် ခံနိူင်ရည် ရှိသောကြောင့် ၁၂ နှစ် ပြည့်လျှင် သိက္ခိတသိက္ခာ ရှိ၍ ဝုဋ္ဌာနသမ္မုတိရမူ ဘိက္ခုနီဖြစ်ခွင့်ရ၏။

ကုမာရိဘူတဟူသည် (ယောက်ျားနှင့် မဆက်ဆံဘူးသော) အပျိုစင်သာမဏေမ တည်း။ ဤ အပျိုစင် များကား ဒုက္ခကို ခံနိူင်ရည် မရှိလှ၊ စိတ်ရောကိုယ်ပါ နုနယ်ကြ၏။ သို့ဖြစ်၍ အသက် ၂ဝ ပြည့်မှ ဘိက္ခုနီ ပြုခွင့် ရကြသည်။

[အသက် ၂ဝ ပြည့်ပုံ စစ်တမ်း စသည်မှာ သာမဏေယောက်ျားများနှင့် အတူပင်။]

ဆက်ဦးအံ့ ---

“ဂိဟိဂတာ”ခေါ်သော မိန်းကလေးတို့သည် စောစောက လူ့ဘောင်မှာ ဝတ်ကြောင်နှင့်နေ၍ သိက္ခမာန် လုပ်ခါနီးမှ ဖြစ်စေ သိက္ခမာန် မလုပ်ခင် မကြာမီက ဖြစ်စေ သာမဏေအဝတ်ကို ဝတ်သူတည်း။

“ကုမာရိဘူတာ” ခေါ်သော အမျိုးသမီးတို့ကား သိက္ခမာန် မလုပ်မီ ရှေးရှေးကပင် (ငယ်ရွယ်စဉ် ကပင်) စင်စင်ကြယ်ကြယ်နှင့် သာမဏေမ အဝတ်ကို ဝတ်လာခဲ့သူ ငယ်ဖြူများ ဖြစ်ကြသည်။

သိက္ခမာန် ၃ မျိုး

မဟာသိက္ခမာန်၊ ဂိဟိဂတာသိက္ခမာန်၊ ကုမာရိဘူတာသိက္ခမာန်ဟု သိက္ခမာန် ၃ မျိုး ရှိ၏။

  • ထိုတွင် ဂမ္ဘီနီဝဂ် တတိယ၊ စတုတ္ထ သိက္ခာပုဒ်တို့၌ လာခဲ့သော သိက္ခမာန်တို့သည် အသက် ၂ဝ ကျော်ပြီးသော မဟာသိက္ခမာန်တို့တည်း။ ၎င်းတို့ကို သိက္ခာသမ္မုတိ ပေးသည့်အခါ ဉတ်ကမ္မဝါစာတို့၌ ဂိဟိဂတာဖြစ်ဖြစ်၊ ကုမာရိဘူတာဖြစ်ဖြစ် “သိက္ခမာနာ”ဟုသာ ခေါ်ဝေါ် သုံးစွဲရမည်။ ဂိဟိဂတာ ဟု၎င်း၊ ကုမာရိဘူတာဟု၎င်း မသုံးစွဲရ။
  • ၁၈ နှစ်မပြည့်သေးသော ဂိဟိဂတာများကို ဂိဟိဂတာဟု၎င်း၊ သိက္ခမာနာ ဟု၎င်း ခေါ်ဝေါ်နိုင်သည်။
  • ၁၈ နှစ်မှ အနှစ် ၂ဝ အတွင်း ဂိဟိဂတာများကိုကား ဂိဟိဂတာသိက္ခမာနာ ဟူသော နာမည်အပြင် “ကုမာရိဘူတာ” ဟုလည်း ခေါ်ဝေါ်လိုက ခေါ်ဝေါ်နိုင်သတဲ့။ ဘာ့ကြောင့်နည်း။ ၁၈ နှစ်မှ အနှစ် ၂၀ အတွင်း အရွယ်သည် ကုမာရိဘူတ သာမဏေမတို့၏ သိက္ခာ ၆ ပါးကို ကျင့်ရာ အရွယ် ဖြစ်သောကြောင့်တည်း။ ကုမာရိဘူတ သာမဏေမတို့မှာ အသက် ပြည့်မှ ဘိက္ခုနီလုပ်နိုင် သောကြောင့် ၁၈ နှစ်မပြည့်မီ သိက္ခာသမ္မုတိ မရနိုင်သေး။ သိက္ခာသမ္မုတိ ပေးသည့်အခါဝယ် “ကုမာရိဘူတ”ဟု၎င်း၊ “သိက္ခမာနာ” ဟု၎င်း ခေါ်ဝေါ်နိုင်၏၊ ဂိဟိဂတာဟုကား မခေါ်ဝေါ်နိုင်။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (ကုမာရိဘူတဝဂ်)

၄။ စတုတ္ထ ကုမာရိဘူတဝဂ်

ယာ ပန ဘိက္ခုနီ ဦနဒွါဒသဝဿာ ဝုဋ္ဌာပေယျ၊ ပါစိတ္တိယံ။
ယာ ပန ဘိက္ခုနီ - သည်၊
ဥုန ဒွါဒသဝဿာ - ယုတ်လျော့သော တဆယ့်နှစ်ဝါရှိသည်၊
(ဝါ - တဆယ့်နှစ်ဝါမရသေးသည်၊
ဟုတွာ - ဖြစ်လျက်၊)
ဝုဋ္ဌာပေယျ - ထမြောက်စေအံ့၊
ဝါ - ဥပဇ္ဈာယ် လုပ်၍ ပဉ္စင်းပြုပေးအံ့၊
တဿာ ဘိက္ခုနိယာ ပါစိတ္တိယံ

စတုတ္ထ
ဘိက္ခုနီသည် ၁၂ ဝါ မရသေးခင် ဥပဇ္ဈာယ်ဆရာမ လုပ်၍ သိက္ခမာန်ကို ရဟန်းပြုမပေးရ၊ ပြုပေးလျှင် ပါစိတ်။

[ဘိက္ခုတို့မှာ ၁ဝ ဝါရ သေးခင် ဥပဇ္ဈာယ်ဆရာ မလုပ်ရ။]

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (ကုမာရိဘူတဝဂ်)

၅။ ပဉ္စမ ကုမာရိဘူတဝဂ်

ယာ ပန ဘိက္ခုနီ ပရိပုဏ္ဏဒွါဒသဝဿာ သံဃေန အသမ္မတာ ဝုဋ္ဌာပေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
ပရိပုဏ္ဏ ဒွါဒသဝဿာ - ပြည့်သော တဆယ့်နှစ်ဝါရှိသည်၊
ဝါ - တဆယ့်နှစ်ဝါ ရပြီးသည်၊
(သမာနာပိ - ဖြစ်သော်လည်း၊)
သံဃေန - သံဃာသည်၊
အသမ္မတာ - မသမုတ်အပ်ဘဲ၊
ဝါ - ဝုဋ္ဌာပနသမ္မုတိ မရဘဲ၊
ဝုဋ္ဌာပေယျ - အံ့၊
တဿာ ပါစိတ္တိယံ။

ပဉ္စမ

“ဝုဋ္ဌာပန သမ္မုတိ” ဟူသည် ဥပဇ္ဈာယ်ဆရာမ လုပ်၍ ပဉ္စင်း ပြုပေးခွင့်ရသော သမ္မုတိတည်း။ ဥပဇ္ဈာယ်ဆရာမ လုပ်မည့် ရဟန်းမသည် ထို သမ္မုတိကို သံဃာ့ထံ တောင်းရ၏။ ထိုအခါ သံဃာက လဇ္ဇိနီ ဟုတ်-မဟုတ်ကို စိစစ်၍ လဇ္ဇိနီ ဟုတ်မှ ဉတ်ကမ္မဝါစာဖြင့် သမ္မုတိ ပေးရသည်။ လဇ္ဇိနီ မဟုတ်လျှင် သမ္မုတိ မပေးရ။ ထိုသမ္မုတိ မရသေးလျှင် ၁၂ ဝါ ပြည့်စေကာမူ ဥပဇ္ဈာယ်လုပ်၍ ပဉ္စင်းပြုမပေးနိုင်။ ဥပဇ္ဈာယ်လုပ်လျှင် ပါစိတ်။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (ကုမာရိဘူတဝဂ်)

၆။ ဆဋ္ဌ ကုမာရိဘူတဝဂ်

ယာ ပန ဘိက္ခုနီ “အလံ တာဝ တေ အယျေ ဝုဋ္ဌာပိတေနာ”တိ ဝုစ္စမာနာ “သာဓူ”တိ ပဋိဿုဏိတွာ သာ ပစ္ဆာ ခိယျနဓမ္မံ အာပဇ္ဇေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
အယျေ - အရှင်မ၊
တေ - အရှင်မအား၊
ဝါ - အရှင်မ၏၊
ဝုဋ္ဌာပိတေန - ဥပဇ္ဈာယ်လုပ်၍ ပဉ္စင်းပြုပေးခြင်းဖြင့်၊
အလံ တာဝ - မသင့်လျော်သေးပါ၊
ဣတိ - ဤသို့၊
ဝုစ္စမာနာ- ပြောဆိုအပ်သော်၊
သာဓုတိ - ကောင်းပါပြီ ဟူ၍၊
ပတိဿုဏိတွာ - ဝန်ခံပြီး၍၊
ပစ္ဆာ - နောက်၌၊
ခိယျန ဓမ္မံ - ရှုတ်ချခြင်းသဘောသို့၊
အာပဇ္ဇေယျ - ရောက်အံ့၊
တဿာ ဘိက္ခုနီယာ ပါစိတ္တိယံ၊

ဆဋ္ဌ

ဥပဇ္ဈာယ်ဆရာမ လုပ်လိုသော ရဟန်းမသည် သံဃာ့ထံ ဝုဋ္ဌာပန သမ္မုတိကို တောင်းသောအခါ သံဃာက သူ၏ လဇ္ဇိနီ မဟုတ်ကြောင်းကို သိ၍ ဝုဋ္ဌာပနသမ္မုတိ မပေးဘဲ “အရှင်မမှာ ဥပဇ္ဈာယ်လုပ်၍ ပဉ္ဇင်းခံပေးဘို့ မသင့်သေးပါ”ဟု ပြောလေသော် “ကောင်းပါပြီ”ဟု ဝန်ခံပြီးနောက် အခြား သူတို့အား ဝုဋ္ဌာပနသမ္မုတိ ပေးသည်ကို မြင်သည့်အခါ “ငါတော့ အမိုက်မတဲ့လား၊ အလဇ္ဇိနီတဲ့လား၊ ငါ့ကိုတော့ သမ္မုတိမပေးဘူး” စသည်ဖြင့် သံဃာကို ကဲ့ရဲ့ရှုတ်ချလျှင် ပါစိတ်။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (ကုမာရိဘူတဝဂ်)

၇။ သတ္တမ ကုမာရိဘူတဝဂ်

ယာ ပန ဘိက္ခုနီ သိက္ခမာနံ “သစေ မေ တွံ အယျေ စီဝရံ ဒဿသိ၊ ဧဝါဟံ တံ ဝုဋ္ဌာပေဿာမီ”တိ ဝတွာ သာ ပစ္ဆာ အနန္တရာယိကိနီ နေဝ ဝုဋ္ဌာပေယျ န ဝုဋ္ဌာပနာယ ဥဿုက္ကံ ကရေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
သိက္ခမာနံ - သိက္ခမာန်ကို၊
အယျေ - အရှင်မ၊
တွံ - သင်သည်၊
မေ - ငါ့အား၊
စီဝရံ - သင်္ကန်းကို၊
သစေ ဒဿသိ - အကယ်၍ ပေးအံ့၊
ဧဝံ - ဤသို့ သင်္ကန်းပေးလျှင်၊
အဟံ - ငါသည်၊
တံ - သင့်ကို၊
ဝုဋ္ဌာပေဿာမိ - ပဉ္စင်းပြုပေးအံ့၊
ဣတိ - ဤသို့၊
ဝတွာ - ပြောဆိုပြီး၍၊
သာ - ထိုရဟန်းမသည်၊
ပစ္ဆာ - နောက်၌၊
အနန္တရာ ယိကိနီ – အန္တရာယ်မရှိပါဘဲ၊
နေဝ ဝုဋ္ဌာပေယျ - ကိုယ်တိုင်လည်း ပဉ္စင်း ပြုမပေးအံ့၊
ဝုဋ္ဌာပနာယ - ပဉ္စင်းပြုပေးခြင်းငှာ၊
ဥဿုက္ကံ - ကြောင့်ကြကို၊
န ကရေယျ - မပြုအံ့၊
တဿာ - အံ့၊
တဿာ ဘိက္ခုနိယာ ပါစိတ္တိယံ။

သတ္တမ

သိက္ခမာန်တယောက်ယောက်က ဥပဇ္ဈာယ်လုပ်၍ ပဉ္စင်းပြုပေးပါရန် တောင်းပန်သည့်အခါ ငါ့အား သင်္ကန်း ပေးလျှင် ဥပဇ္ဈာယ်လုပ်မည်ဟု ဝန်ခံပြီးနောက် သူတောင်းသည့်အတိုင်း သင်္ကန်းရပါလျက် အန္တရာယ် တစုံတရာ မရှိပါဘဲ ကိုယ်တိုင်လည်း ဥပဇ္ဈာယ်လုပ်၍ ရဟန်းပြုမပေး၊ ဥပဇ္ဈာယ် ဆရာ ရှာပေးသောအားဖြင့် ကြောင့်ကြလည်း မစိုက်သော ဘိက္ခုနီမှာ ပါစိတ်။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (ကုမာရိဘူတဝဂ်)

၈။ အဋ္ဌ ကုမာရိဘူတဝဂ်

ယာ ပန ဘိက္ခုနီ သိက္ခမာနံ “သစေ မံ တွံ အယျေ ဒွေ ဝဿာနိ အနုဗန္ဓိဿသိ၊ ဧဝါ ဟံ တံ ဝုဋ္ဌာပေဿာမီ”တိ ဝတွာ သာ ပစ္ဆာ အနန္တရာယိကိနီ နေဝ ဝုဋ္ဌာပေယျ, န ဝုဋ္ဌာပနာယ ဥဿုက္ကံ ကရေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ – သည်၊
သိက္ခမာနံ - သိက္ခမာန်ကို၊
အယျေ - အရှင်မ၊
တွံ - သည်၊
မေ - ငါ၏ (နောက်သို့)၊
ဒွေ ဝဿာနိ - ၂ နှစ်တို့ပတ်လုံး၊
သစေ အနုဗန္ဓိဿသိ - အကယ်၍ လိုက်အံ့၊
ဧဝံ - ဤသို့ လိုက်လျှင်၊
အဟံ တံ ဝုဋ္ဌာပေဿာမိ၊ ဣတိ ဝတွာ သာ ပစ္ဆာ အနန္တရာ ယိကိနီ နေဝ ဝုဋ္ဌာပေယျ, ဝုဋ္ဌာပနာယ ဥဿုက္ကံ န ကရေယျ၊ တဿာ ပါစိတ္တိယံ။

အဋ္ဌမ

သိက္ခမာန် တယောက်ယောက်က “တပည့်တော်ကို ပဉ္စင်း ပြုပေးပါ”ဟု လျှောက်လာသောအခါ “ငါ့နောက်သို့ ၂ နှစ်မျှ ပြုစုလုပ်ကျွေးလျက် လိုက်နေလျှင် ရဟန်းပြုပေးမည်”ဟု ဝန်ခံပြီးနောက် “ သူပြောသည့် အတိုင်းပင် လိုက်ပါမည်” ဟု ပဋိညာဉ်ရပါလျက် တစုံတခု အန္တရာယ်လည်း မရှိဘဲ ရဟန်းပြုမပေးလျှင်၊ သို့မဟုတ် ကြောင့်ကြမစိုက်လျှင် ပါစိတ်။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (ကုမာရိဘူတဝဂ်)

၉။ နဝမ ကုမာရိဘူတဝဂ်

ယာ ပန ဘိက္ခုနီ ပုရိသသံသဋ္ဌံ ကုမာရကသံသဋ္ဌံ စဏ္ဍိံ သောကာဝါသံ သိက္ခမာနံ ဝုဋ္ဌာပေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
ပုရိသသံသဋ္ဌံ - အသက် ၂၀ ပြည့်ပြီး ယောက်ျာကြီးတို့နှင့် ရောနှောသော၊
ကုမာရက သံသဋ္ဌံ - အသက် ၂၀ မပြည့်ခင် လုလင်ပျိုတို့နှင့် ရောနှောသော၊
စဏ္ဍိံ - ကြမ်းတမ်းသော၊
သောကာဝါသံ – ယောက်ျားတို့အတွင်း သောကကို သွင်းတတ်သော၊
(တနည်း)
သောကာဝါသံ - သောကဟူသော နေရာရှိသော၊
သိက္ခမာနံ - သိက္ခမာန်ကို၊
ဝုဋ္ဌောပေယျ - အံ့၊
တဿာ ဘိက္ခုနိယာ - ၏၊
ပါစိတ္တိယံ - သည်၊
ဟောတိ - ၏။

နဝမ

“ပုရိသ” အရ အသက် ၂ဝ ပြည့်ပြီးသော ယောက်ျား ဟု၎င်း၊ “ကုမာရက” အရ “အသက် ၂၀ မပြည့်သော လုလင်”ဟု၎င်း ဤ သိက္ခာပုဒ်၏ ပဒဘာဇနီ၌ ဖွင့်သည်။ သောကာဝါသံ၏ အနက် ၂ မျိုးကို ကင်္ခါမှာ ရှု။

ယောက်ျား ကြီးငယ်တို့နှင့် ရောနှောနေလေ့ရှိသော၊ ကြမ်းလည်း ကြမ်းတမ်းသော၊ (သူ့ကို မတွေ့ရလျှင် ယောက်ျားများ ပူဆွေးသောကြောင့်) ယောက်ျားတို့အတွင်းသို့ သောကကို သွင်းတတ်သော၊ (ယောက်ျား များကို မတွေ့ရလျှင် သူ့ကိုယ်တိုင်လည်း သောကဖြစ်တတ် သောကြောင့်) သူသည်ပင် သောက၏ တည်နေရာဖြစ်သော သိက္ခမာန်ကို ဥပဇ္ဈာယ်လုပ်၍ ရဟန်းပြုပေးသော ဘိက္ခုနီမှာ ပါစိတ်။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (ကုမာရိဘူတဝဂ်)

၁၀။ ဒသမ ကုမာရိဘူတဝဂ်

ယာ ပန ဘိက္ခုနီ မာတာပိတူဟိ ဝါ သာမိကေန ဝါ အနနုညာတံ သိက္ခမာနံ ဝုဋ္ဌာပေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
မာတာပိတူဟိဝါ - မိဘရင်းတို့သည်၎င်း၊
သာမိကေနဝါ - လင်သည်၎င်း၊
အနနုညာတံ - ခွင့်မပြုအပ်သော၊
သိက္ခမာနံ - ကို၊
ဝုဋ္ဌောပေယျ - အံ့၊
တဿာ ဘိက္ခုနီယာ - ၏၊
ပါစိတ္တိယံ - သည်၊
ဟောတိ - ၏။

ဒသမ

“မာတာပိတု” အရ မွေးစားသော မိဘများကို မယူရ၊ အမိရင်း အဘချင်းကို ယူရမည်။
သာမိက ဟူသည် သူ့ကို သိမ်းပိုက်ထားသော လင်တည်း။
ရှင်ပြုပေးလိုလျှင် ထိုသူတို့ထံမှ ခွင့်ပြုချက် ရစေရမည်။
ရဟန်းပြု ပေးလိုပြန်လျှင်လည်း ထို့အတူပင် ခွင့်ပြုချက်ရစေရမည်။
ဤသို့လျှင် မိန်းမသား တို့မှာ ဆိုင်ရာကို ၂ ကြိမ်မျှ ခွင့်တောင်းကြရသည်။
ရဟန်းပြုခါနီး၌ ထိုကဲ့သို့ ခွင့်မရဘဲ ရဟန်းပြုပေးသော ဥပဇ္ဈာယ်ဆရာမမှာ ပါစိတ်။

မှတ်ချက်

ဘိက္ခုတို့မှာ ရှင်ပြုခါနီး၌ တကြိမ်ခွင့်ရလျှင် ဆက်၍ ရဟန်း ပြုပေးနိူင်ပြီး ရဟန်းပြုခါနီး၌ ထပ်မံ၍ ခွင့်တောင်းဘွယ် မလို။
ဘာ့ကြောင့်နည်း
“န ဘိက္ခဝေ မာတာပိတူဟိ အနနုညာတော ပုတ္တော ပဗ္ဗာဇေတဗ္ဗော၊ ယော ပဗ္ဗာဇေယျ, အာပတ္တိ ဒုက္ကဋဿ”ဟု မိန့်တော်မူရာ၌ ရှင်ပြု မပေးဘို့ရန်သာ တားမြစ်တော်မူ၍ ရှင်ပြုပြီးဖြစ်လျှင်ကား ရဟန်း ပြုပေးရန် တားမြစ် တော်မမူသောကြောင့်တည်း။
ရှင်ပြုခွင့်ကိုသော်မှ မရသေးသူကို ရဟန်းပြုပေးလျှင်ကား ဒုက္ကဋ်။
သို့သော် ရဟန်းလောင်းမှာ ရဟန်းဖြစ်သည်သာ။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (ကုမာရိဘူတဝဂ်)

၁၁။ ဧကာဒသမ ကုမာရိဘူတဝဂ်

ယာ ပန ဘိက္ခုနီ ပါရိဝါသိကဆန္ဒဒါနေန သိက္ခမာနံ ဝုဋ္ဌာပေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
ပါရိဝါသိကဆန္ဒဒါနေန - သုံးအပ်ပြီးသော ဆန္ဒပေးခြင်းဖြင့်၊
သိက္ခမာနံ - ကို၊
ဝုဋ္ဌာပေယျ - အံ့၊
တဿာ ဘိက္ခုနိယာ - ၏၊
ပါစိတ္တိယံ - သည်၊
ဟောတိ - ၏။

ဧကာဒသမ

သံဃာအများ ကံပြုဘို့ရန် စည်းဝေးကြသော် ထိုကံပြုမည့် သိမ်အတွင်းရှိ ရဟန်းတပါးကား မလိုက်နိုင်၍ ထိုကံကို သဘောတူကြောင်း ဆန္ဒ ပေးလိုက်သည်။ ဤကား “ဆန္ဒဒါန” အရ ဆန္ဒပေးခြင်းတည်း။

ထိုအခါ “နက္ခတ္တပါဌက” ခေါ် နက္ခတ်ကျမ်းကို ရွတ်ဖတ် လေ့လာသော ရဟန်းက “ယနေ့ နက္ခတ် မကောင်းသေးပါ၊ ဤကံကို မပြုကြသေးနှင့်”ဟု ပြောဆိုသောကြောင့်ဖြစ်စေ၊ အခြား အကြောင်း တခုခုကြောင့် ဖြစ်စေ၊ ထိုကံ ပြုလိုသော ဆန္ဒကို စွန့်လွှတ်လိုက်ကြ၏။ ထိုအကြိမ်မှာ ထိုကံ မပြုဖြစ်တော့ ဟူလို။

ဤသို့ ကံ မပြုဖြစ်သောအခါ မလိုက်နိုင်သောရဟန်း၏ ဆန္ဒပေးမှုလည်း ပါရိဝါသိက ဖြစ်လေ တော့သည်။

ပါရိဝါသိက ဖြစ်ပုံ

“ပါရိဝါသိကဖြစ်” ဟူသည်ကား ထို ဆန္ဒပေးမှုသည် သုံးအပ်ပြီး ဖြစ်သည်၊ နောက်ထပ် သုံး၍ မရတော့ပြီ၊ ထို ဆန္ဒပေးမှု ကင်းလေပြီ ဟု ဆိုလိုသည်။

ထို့ကြောင့် ဝိမတိဋီကာ၌ “ပါရိဝါသိကေန ဆန္ဒ ဒါနေနာတိ ဟူသည်ကား ပရိဝုတ္ထေန ဆန္ဒဒါနေန - သုံးအပ်ပြီးသော ဆန္ဒပေးခြင်းဖြင့်၊ ဝိဂတေန ဆန္ဒဒါနေန – ကင်းပြီးသော ဆန္ဒပေးခြင်းဖြင့်” ဟု ဖွင့်သည်။ ဤအဖွင့်အတိုင်း နိဿယ၌ အနက်ပေးလိုက်ပါသည်။

ရှေးရှေး နိဿယ

ယခုနိဿယတို့၌ကား “ပါရိဝါသိက ဆန္ဒဒါနေန - သိုးခဲ့ပြီးသော ဆန္ဒပေးခြင်းဖြင့်”ဟု တွေ့ရ၏။ “သိုး” ဆိုသည်မှာ ထမင်းသိုး ဟင်းသိုးကဲ့သို့ “နောက်ထပ် အသုံးပြု၍ မဖြစ်တော့ပြီ” ဟု အဓိပ္ပာယ်မှန် ထွက် သော်လည်း “ပါရိဝါသိက”ဟူသော သဒ္ဒါရင်းက “သိုး”ဟု အနက်ထွက်ဘို့မှာ အလွန် အလှမ်းကွာလေသည်။

ကျမ်းပြုဆရာ၏ မူလ ရေးသားစဉ်က “သုံးခဲ့ပြီးသော”ဟု ရေးသားခဲ့ရာမှ ကာလကြာသဖြင့် အကူးမှား၍ “သိုးခဲ့ပြီးသော”ဟု ဖြစ်လေရော့သလား ဟု ကြံမိတော့သည်။

ပါဌ်အမျိုးမျိုး

ပါရိဝါသိက၌ ပရိပုဗ္ဗ ဝသဓာတ် ဏျ ပစ္စည်း၊ ဣ အာဂုံတည်း။ ယကို က ပြု၍ ပါရိဝါသိကဟု ပါဌ်အရှိ များသည်။ တချို့စာ၌ ပါရိဝါသိယဟုလည်း ရှိ၏။ သင့်သည်ချည်းသာ။

ဝသဓာတ်သည် “ဝုသိတံ ဗြဟ္မစရိယံ” စသည်၌ ကျင့်သုံးခြင်းအနက်ကို ဟော၏။ “ပရိဝုတ္ထ ပရိဝါသော” စသည်၌ ပရိ ရှေးရှိသော်လည်း “သုံးခြင်း” အနက်ကိုပင် ဟော၏။ ပါရိဝါသိက၌ ဏျ ပစ္စည်းကြံ၍ “ပရိဝုတ္ထေန”ဟူသော ဋီကာနှင့်အညီ “သုံးအပ်”ဟု ကမ္မသာဓန အနက် ကြံလိုက်ပါသည်။

“သုံး”ဟူသည်မှာလည်း “ပရိဘုဉ္ဇန” ခေါ်သော “သုံးစွဲခြင်း၊ သုံးဆောင်ခြင်း” မဟုတ်၊
“သုည – သုဉ်းခြင်း၊ ဘာမျှ မရှိခြင်း” မဟုတ်။
ထို ဆန္ဒဒါနဖြင့် နောက်ထပ် ကံတခုခု မပြုနိုင်တော့ခြင်း၊ ထို ဆန္ဒဒါန၏ ကိစ္စ ပြီးစီးခြင်းကိုသာ “သုံးအပ်”ဟု ဆိုလိုပါသည်။

ဤကဲ့သို့ ဆန္ဒဒါနက ပါရိဝါသိကဖြစ်လျှင် ထိုပါရိဝါသိက ဆန္ဒဒါနဖြင့် ကံပြု၍ မဖြစ်။ကံပြုလိုလျှင် ကံပြုရာသို့ မလိုက်နိုင်သောရဟန်း၏ ဆန္ဒကို ထပ်မံ၍ ဆောင်ရသည်။

ထိုသို့ ထပ်မံ၍ မဆောင်ဘဲ ပါရိဝါသိကဆန္ဒဒါနဖြင့် သိက္ခမာန် ကို ရဟန်းပြုပေးလျှင် (ဥပသမ္ပဒကံပြုလျှင်) ဥပဇ္ဈာယ် ဆရာမမှာ ပါစိတ် အာပတ် သင့်သည်။

[ဤ သိက္ခာပုဒ်နှင့်စပ်၍ ပါရိဝါသိက ၄ မျိုး အကျယ်ကို အဋ္ဌကထာမှာ ရှုပါ။]

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (ကုမာရိဘူတဝဂ်)

၁၂။ ဒွါဒသမ ကုမာရိဘူတဝဂ်

ယာ ပန ဘိက္ခုနီ အနုဝဿံ ဝုဋ္ဌာပေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
အနုဝဿံ - နှစ်စဉ်၊
ဝုဋ္ဌာပေယျ - ဥပဇ္ဈာယ်လုပ်၍ ပဉ္စင်းပြုပေးအံ့၊
တဿာ ဘိက္ခုနိယာ - ထိုရဟန်းမ၏၊
ပါစိတ္တိယံ ဟောတိ။

ဒွါဒသမ

ဘိက္ခုနီတို့မှာ ဘိက္ခုတို့လောက် လာဘ်လာဘ မများကြ ချေ။သို့ဖြစ်၍ နေထိုင်ရာ “ဥပဿယ” ခေါ် ကျောင်းများလည်း ဘိက္ခုတို့လို လုံလုံလောက်လောက် မရှိကြ။ ဥပဇ္ဈာယ် လုပ်နိုင်လောက်သော ဘိက္ခုနီ တိုင်းက တနှစ် တပါးကျ ရဟန်းခံပေးလျှင် ဘိက္ခုနီတွေ များ၍ ကျောင်းနေရာလည်း ကြပ်တည်းဘွယ်ရှိ၏။ ထို့ကြောင့် ဘိက္ခုနီတို့လည်း တနှစ် တပါးကျ ဥပဇ္ဈာယ် လုပ်၍ ရဟန်း ပြုပေးလျှင် ပါစိတ်။

[ဥပဿယတိ ဧတ္ထာတိ ဥပဿယော - ကပ်မှီ တည်နေရာကျောင်း။]

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (ကုမာရိဘူတဝဂ်)

၁၃။ တေရသမ ကုမာရိဘူတဝဂ်

ယာ ပန ဘိက္ခုနီ ဧကံ ဝဿံ ဒွေ ဝုဋ္ဌောပေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
ဧကဝဿံ - တနှစ်ထည်း၌၊
ဒွေ - သိက္ခမာန် ၂ ယောက်တို့ကို၊
ဝုဋ္ဌာပေယျ - ဥပဇ္ဈာယ်လုပ်၍ ပဉ္စင်းပြုပေးအံ့၊
တဿ ဘိက္ခုနိယာ - ထို ရဟန်းမ၏၊
ပါစိတ္တိယံ - ပါစိတ်အာပတ်သည်၊
ဟောတိ − ဖြစ်၏။

အဋ္ဌမော - ရှစ်ဝဂ်မြောက်သော၊
ကုမာရိဘူတ ဝဂ္ဂေါ - ကုမာရဘူတဝဂ်တည်း။

တေရသမ

ပထမနှစ် ဥပဇ္ဈာယ်လုပ်ပြီးနောက် ဒုတိယ တနှစ်ခြား၍ တတိယနှစ်၌ သိက္ခမာန် ၂ ပါးကို ရဟန်း ပြုပေး ပြန်လျှင်လည်း နှစ်စဉ် တပါးကျနှင့် မထူးပြီ။

ထို့ကြောင့် မည်သည့်နှစ်၌ မဆို တနှစ်ထည်း၌ သိက္ခမာန် ၂ ပါးကို ရဟန်းပြုပေးပြန်လျှင် ပါစိတ် ဟု ပညတ်တော်မူရပြန်သည်။ ၂ နှစ်မှ တပါးသာ ဥပဇ္ဈာယ်လုပ်၍ ရဟန်းပြုပေးရမည် ဟု အချုပ်မှတ်ပါ။

[ဧကန္တရိကံ - တနှစ်ခြားပြု၍၊ ဧကံ - တပါးကို၊ ဝုဋ္ဌာပေန္တိယာ အနာပတ္တိ၊ -ကင်္ခါ။]

မှတ်ချက်

“ကုမာရီ” ပုဒ်ရင်းဖြစ်၍ “ကုမာရီဘူတ” ဟု မူလရှိသော်လည်း သမာသ်အလယ်၌ ရဿပြု၍ “ကုမာရိဘူတ” ဟု ဖြစ်ရသည်။

ကုမာရဘူတဝဂ် ပြီးပြီ။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (ဆတ္တုပါဟနဝဂ်)

၁။ ပထမ ဆတ္တုပါဟနဝဂ်

ယာ ပန ဘိက္ခုနီ အဂိလာနာ ဆတ္တုပါဟနံ ဓာရေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ – သည်၊
အဂိလာနာ – ဂိလာန မဟုတ်ဘဲ၊
ဆတ္တုပါဟနံ - ထီး ဖိနပ်ကို၊
ဓာရေယျ - ဆောင်အံ့၊
တဿာ ဘိက္ခုနိယာ ပါစိတ္တိယံ။

ပထမ

ဂိလာနမဟုတ်ဘဲ ကျောင်းတိုက်တွင်းနှင့် ကျောင်းတိုက် ဥပစာမှ တပါးသော မြို့တွင်း၊ ရွာတွင်း၊ တောအရပ်အားလုံးမှာပင် ဘိက္ခုနီတို့ ထီး ဖိနပ် ၂ မျိုးလုံးကို ဆောင်လျှင် စ၍ ဆောင်တိုင်း၌ ပါစိတ်အာပတ်သင့်၏။ တမျိုးကို သာ ဆောင်လျှင် ဒုက္ကဋ်အာပတ် သင့်၏။

“ဆောင်” ဟူသည် ထီးကိုဆောင်းခြင်း၊ ဖိနပ်ကို စီးခြင်းတည်း။ ဘိက္ခုတို့လည်း ထီးအတွက်မှာ ဘိက္ခုနီများ ကဲ့သို့ မြို့၊ ရွာ၊ တော အားလုံးမှာပင် မဆောင်အပ်ဟု ခုဒ္ဒကဝတ္ထုခန္ဓက၌ မိန့်တော်မူသည်။ ဖိနပ်ကား မြို့ ရွာအတွင်းနှင့် အာဂန္တုဖြစ်ခိုက် အခြား ကျောင်းတိုက်၌သာ မစီးအပ်။ အာဂန္တု မဟုတ်သည့်အခါ၊ တောထဲသို့ သွားသည့်အခါမှာမူ စီးကောင်း၏။

ထီးဖိနပ်အပ်သောအချက်

ကိုယ်ပူရောဂါ၊ သည်းခြေပျက်ရောဂါ၊ မျက်စိ အားနည်းသော ရောဂါ စသည်ဖြင့် ‘ထီးမဆောင်းရလျှင် တိုးပွားမည့် ရောဂါမျိုးရှိလျှင်၎င်း၊ မိုးရွာသည့်အခါ အအေးမိမည်ကို စိုးရိမ်ရခြင်း၊ နေပူလွန်း၍ အပူမိမည်ကို စိုးရိမ်ရခြင်း၊ သင်္ကန်းကို မိုးစိုမည်မှ စောင့်ရှောက်လိုခြင်း စသော လုံလောက်သော အကြောင်း ရှိလျှင်၎င်း ထီးဆောင်းကောင်း၏။ နေပူ လွန်းခြင်း၊ အအေးများလွန်းခြင်း၊ သွားရာအရပ်က ရောဂါဘယရှိခြင်း စသော အကြောင်းကြောင့် ကျန်းမာရေးကို ထိခိုက်လောက်လျှင် ဖိနပ်လည်း စီးကောင်း ၏။

ထိုသို့ အကြောင်းမလုံလောက်လျှင် ထီး ဖိနပ် ၂ မျိုးလုံးပင် မအပ်။
ထီး အစား ယပ်ကိုသုံး၍ ဖိနပ်မစီးဘဲ သွားနိုင်ခြင်းသာ အပြစ်အကင်းဆုံးဖြစ်သည်။
[ယခုကာလ အချို့ ဖိနပ်တို့မှာ နဂိုကပင် မအပ်၊ စမ္မက္ခန္ဓကမှာ ကြည့်ပါ။]

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (ဆတ္တုပါဟနဝဂ်)

၂။ ဒုတိယ ဆတ္တုပါဟနဝဂ်

ယာ ပန ဘိက္ခုနီ အဂိလာနာ ယာနေန ယာယေယျ။ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
အဂိလာနာ – ဂိလာန မဟုတ်ဘဲ၊
ယာနေန - ယာဉ်ဖြင့်၊
ယာယေယျ - သွားအံ့၊
တဿာ ဘိက္ခုနိယာ ပါစိတ္တိယံ။

ဒုတိယ

ယခုကာလ မီးရထား၊ ဓာတ်ရထား၊ မော်တော်ကားများကို လူက လှည့်ပေးရသော်လည်း သွားအောင် တွန်းပေးရ၊ ဆွဲငင်ပေးကြရသည် မဟုတ်၊ ဆိုင်ရာ စက်အား၊ ဓာတ်အားတို့ဖြင့် သွားလာနေရကား လူက ပထမ သွားရုံနှင့် လမ်းဖြောင့်ရုံသာ ဂရုစိုက်ရသည်။ မည်သည့် နွား၊ မြင်း၊ လူကိုမှ ပင်ပန်းကြီးစွာ နှိပ်စက်ရာ မရောက်။ ထို့ကြောင့် မီးရထား စသည်ကို ရဟန်းတို့ မစီးကောင်းသော ယာဉ်များ၌ သွင်း၍မယူကြ။

နွား၊ မြင်း၊ လူအားစိုက်၍ တွန်းရ ဆွဲရသော လှည်း၊ မြင်းရထား၊ လန်ချား၊ ဆိုက်ကားနှင့် ထမ်းစင်များကိုသာ ဤ ယာနေနအရ ယူကြ၏။ စမ္မက္ခန္ဓက ပါဠိတော်၌ ပညတ်တော်မူလိုရင်းကိုပါ စဉ်းစားကြပါကုန်။ ဤ လှည်း စသော ယာဉ်များဖြင့် ဂိလာနမဟုတ်ဘဲ သွားလာလျှင် ဘိက္ခုနီတို့မှာ ပါစိတ်၊ ဘိက္ခုတို့မှာ ဒုက္ကဋ်။

ဂိလာနဟူသည် မြင်းရထား၊ လှည်း စသည်ကို မစီးရလျှင် ရောဂါတိုးလောက်အောင် မကျန်းမာသူတည်း။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (ဆတ္တုပါဟနဝဂ်)

၃။ တတိယ ဆတ္တုပါဟနဝဂ်

ယာ ပန ဘိက္ခုနီ သင်္ဃာဏိံ ဓာရေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ – သည်၊
သင်္ဃာဏိံ - ခါးကြိုးတန်ဆာကို၊
ဓာရေယျ - ဆောင်အံ့၊
တဿာ ဘိက္ခုနိယာ ပါစိတ္တိယံ၊

တတိယ

သင်္ဃာဏိ ဟူသည် ခါးအတွက် ဆင်မြန်းအပ်သော ခါး တန်ဆာ တမျိုးတည်း။ သို့သော် “ယာကာစိ ကဋုပဂါ = အလုံးစုံသော ခါးတန်ဆာ”ဟု ဆိုသောကြောင့် ယခုအခါ ခါးပတ်များနှင့် အလှပတ်သော (ခါးပန်းကြိုး မဟုတ်သော) ပဝါ ခါးစည်းလည်း ပါဝင်သည်။ ထို အလုံးစုံကို ဘိက္ခုနီတို့သာမက ဘိက္ခု သာမဏေတို့ပါ မအပ်သည်သာ။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (ဆတ္တုပါဟနဝဂ်)

၄။ စတုတ္ထ ဆတ္တုပါဟနဝဂ်

ယာ ပန ဘိက္ခုနီ ဣတ္ထာလင်္ကာရံ ဓာရေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
ဣတ္ထာလင်္ကာရံ - မိန်းမတို့၏ တန်ဆာကို၊
ဓာရေယျ - ဆောင်အံ့၊
တဿာ ပါစိတ္တိယံ။

စတုတ္ထ

မိန်းမတို့ ဝတ်ဆင်လေ့ရှိသော ပုတီး၊ လက်ကောက်၊ လက်စွပ်၊ ခြေကျဉ်း စသည်နှင့် လက်ပတ်နာရီ တို့ပါ ဣတ္ထာလင်္ကာရ (ဣတ္ထိအလင်္ကာရ)၌ ပါဝင်သည်။

ထို အလုံးစုံကို ဝတ်ဆင်လျှင် ဘိက္ခုနီတို့မှာ ပါစိတ်၊ ဘိက္ခုတို့မှာ ဒုက္ကဋ်။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (ဆတ္တုပါဟနဝဂ်)

၅။ ပဉ္စမ ဆတ္တုပါဟနဝဂ်

ယာ ပန ဘိက္ခုနီ ဂန္ဓဝဏ္ဏကေန နဟာယေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ – သည်၊
ဂန္ဓဝဏ္ဏကေန - နံ့သာရည်, အလှရည်ဖြင့်၊
နှာယေယျ - ရေချိုးအံ့၊
တဿာ ပါစိတ္တိယံ။

ပဉ္စမ

“ဂန္ဓ”ဟူသည် အမွှေးအကြိုင် အနံ့တည်း။ ဝဏ္ဏက ဟူသည် အဆင်းလှအောင် ပြုနိုင်သော အလှရည်တည်း။

[ဝဏ္ဏကကို နံ့သာပျောင်း (နံသာပျစ်)ဟု အနက်ပေးကြသေး၏။]

ဂန္ဓအမျိုးမျိုးကို ရေ၌ စပ်၍ဖြစ်စေ၊ ဝဏ္ဏက အမျိုးမျိုးကို ရေ၌ စပ်၍ဖြစ်စေ ရေချိုးလျှင် ဘိက္ခုနီတို့မှာ ပါစိတ်၊ ဘိက္ခုတို့မှာ ဒုက္ကဋ်။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (ဆတ္တုပါဟနဝဂ်)

၆။ ဆဋ္ဌ ဆတ္တုပါဟနဝဂ်

ယာ ပန ဘိက္ခုနီ ဝါသိတကေန ပိညာကေန နဟာယေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
ဝါသိတကေန - နံ့သာဖြင့် ထုံအပ်သော၊
ပိညာကေန - နှမ်းမှုန့်ညက်ဖြင့်၊
နှာယေယျ – ရေချိုးအံ့၊
တဿာ ဘိက္ခုနိယာ ပါစိတ္တိယံ။

ဆဋ္ဌ

ပဉ္စမ သိက္ခာပုဒ်သည် နံ့သာ အလှရည်တို့ကို ရေ၌ ရောစပ်၍ ချိုးခြင်းမှ တားမြစ်သော သိက္ခာပုဒ် တည်း။ ဤသိက္ခာပုဒ်ကား နံ့သာ ထုံအပ်သော နှမ်းမှုန့်တို့ဖြင့် ကိုယ်ကို ပွတ်တိုက်၍ ရေချိုးခြင်းမှ တားမြစ်သည်။

သိက္ခာ ပုဒ် ၂ ပါးလုံးပင် မာလာဂန္ဓ ဝိလေပန ဓာရဏ စသော သိက္ခာပုဒ်နှင့် တထပ်ထည်း ကျရကား ဘိက္ခု၊ ဘိက္ခုနီတို့သာမက သာမဏေများလည်း နံ့သာ ရောသော ရေဖြင့်၎င်း၊ နံ့သာထုံထားသော နှမ်းမှုန့်ညက် ဆပ်ပြာဖြင့်၎င်း ရေမချိုးကောင်း။

[နမ်းမှုန့်ညက်သည် သွေးကို ကြည်စေတတ်၏။ ထို့ကြောင့် ရှေးက နှမ်းမှုန့်ဖြင့် ကိုယ်ကို ပွတ်တိုက်လေ့ ရှိကြသည်။ နံ့သာ မထုံအပ်သော နှမ်းမှုန့်ညက်ဖြင့် ပွတ်တိုက်ခြင်းကြောင့်ကား အနာပတ္တိ။]

ဆက်ဦးအံ့ -

ယခုခေတ် များစွာသော ဆပ်ပြာမွှေးတို့သည် ဝါသိတက ဆပ်ပြာများ ဖြစ်ကြ၏။ ထိုဆပ်ပြာတို့ကား (မှန်မှန် ပြောရလျှင်) မသုံးအပ်ကြချေ။ အများထက် ထူးခြား၍ ကိုယ်နံ့ဆိုးဝါးသူများ ရှိတတ်၏။ ထိုသူများ အတွက်ကား ဤဆပ်ပြာမွှေးများသည် အပ်ပါ၏။

ကိုယ်နံ့ မဆိုးဝါးဘဲလျက် ဆပ်ပြာမွှေးကို သုံးစွဲလို၍ ကိုယ်နံ့ဆိုးဝါးသူ ဖြစ်အောင်လည်း မိမိကိုယ်ကို မကြံဆောင်သင့်။ ထို့ကြောင့် ရောဂါထူးမရှိသူမှာ မျက်နှာသစ်၊ ရေချိုး စသည် တို့၌ အမွှေးနံ့ မထင်ရှားသော ရိုးရိုး ဆပ်ပြာများကိုသာ သုံးစွဲသင့်ပေသည်။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (ဆတ္တုပါဟနဝဂ်)

၇။ သတ္တမ ဆတ္တုပါဟနဝဂ်

ယာ ပန ဘိက္ခုနီ ဘိက္ခုနိယာ ဥမ္မဒ္ဓါပေယျ ဝါ ပရိမဒ္ဒါပေယျ ဝါ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
ဘိက္ခုနိယာ - ရဟန်းမကို၊
ဥမ္မဒ္ဒါယေယျ ဝါ - ပွတ်တိုက်မူလည်း ပွတ်တိုက်စေအံ့၊
ပရိမဒ္ဒါပေယျ ဝါ - နှိပ်မူလည်း နှိပ်စေအံ့၊
တဿာ ပါစိတ္တိယံ။

၈။ ၉။ ၁၀။ အဋ္ဌမ နဝမ ဒသမ ဆတ္တုပါဟနဝဂ် စသည်

ယာ ပန ဘိက္ခုနီ သိက္ခမာနာယ ဥမ္မဒ္ဒါပေယျ ဝါ ပရိမဒ္ဒါပေယျ ဝါ၊ ပါစိတ္တိယံ။
ယာ ပန ဘိက္ခုနီ သာမဏေရိယာ ဥမ္မဒ္ဒါပေယျ ဝါ ပရိမဒ္ဒါပေယျ ဝါ၊ ပါစိတ္တိယံ။
ယာ ပန ဘိက္ခုနီ ဂိဟိနိယာ ဥမ္မဒ္ဒါပေယျ ဝါ ပရိမဒ္ဒါပေယျ ဝါ၊ ပါစိတ္တိယံ။

အဋ္ဌမ၌ “သိက္ခမာနာယ - သိက္ခမာန်ကို” ဟု၎င်း၊
နဝမ၌ “သာမဏေရိယာ - သာမဏေမကို” ဟု၎င်း၊
ဒသမ၌ “ဂိဟိနိယာ - လူဝတ်ကြောင် မိန်းမကို” ဟု၎င်း ဆိုရုံသာ။
ကျန်အနက် များမှာ ရှေ့အတိုင်းသာတည်း။

သတ္တမ စသည်

ဥမ္မဒ္ဒါပေယျကို “ဥဗ္ဗဋ္ဋာပေယျ – ပွတ်တိုက်စေအံ့” ဟု ဖွင့်၏။ ရေချိုးရာ၌ ချေးပွတ်သကဲ့သို့ နာနာနှိပ်၍ ဟိုနား သည်နား ပွတ်စေခြင်းကို ဆိုလိုဟန်ရှိသည်။ ပရိမဒ္ဒါပေယျကား ဆုပ်စေ နှိပ်စေခြင်းပင်တည်း။

ဘိက္ခုနီသည် ထို ပွတ်နှိပ်ဆုပ်နယ်မှုများကို အခြားဘိက္ခုနီအား မခိုင်းကောင်း၊ သိက္ခမာန်၊ သာမဏေမ၊ လူဝတ်ကြောင်မ များကိုလည်း ထိုသို့ မခိုင်းကောင်း၊ ညောင်းမှု၊ ကိုက်ခဲမှု စသည်ဖြင့် ဂိလာနဖြစ်၍ ခိုင်းမူ အနာပတ္တိ။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (ဆတ္တုပါဟနဝဂ်)

၁၁။ ဧကာဒသမ ဆတ္တုပါဟနဝဂ်

ယာ ပန ဘိက္ခုနီ ဘိက္ခုဿ ပုရတော အနာပုစ္ဆာ အာသနေ နိသီဒေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
ဘိက္ခုဿ - ရဟန်း၏၊
ပုရတော - ရှေ့၌၊
အနာပုစ္ဆာ - မပန်လျှောက်ဘဲ၊
အာသနေ - နေရာ၌၊
နိသီဒေယျ – ထိုင်အံ့၊
တဿာ ဘိက္ခုနိယာ – ၏၊
ပါစိတ္တိယံ - သည်
ဟောတိ - ၏။

ဧကာဒသမ

“ပုရတော” ဟု ဆိုသော်လည်း ရှေ့တည့်တည့်သာ မယူရ။
ဘိက္ခု၏ ပတ်ပတ်လည် ၁၂ တောင် ဥပစာတွင်းကို ယူရသည်။

ထိုဥပစာ အတွင်း အရပ်ဝယ် (မြေပေါ်၌ပင် ထိုင်စေကာမူ) “ထိုင်ပါရစေ ဘုရား” ဟု ဘိက္ခုကို ခွင့်တောင်းပြီးမှ ဘိက္ခုနီတို့ ထိုင်ကောင်းသည်။ ခွင့်မတောင်းဘဲ ထိုင်လျှင် ပါစိတ်။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (ဆတ္တုပါဟနဝဂ်)

၁၂။ ဒွါဒသမ ဆတ္တုပါဟနဝဂ်

ယာ ပန ဘိက္ခုနီ အနောကာသကတံ ဘိက္ခုံ ပဉှံ ပုစ္ဆေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
အနောကာသကတံ - မပြုအပ်သော မေးခွင့်ရှိသော၊
ဝါ - မေးခွင့်မပြုသေးသော၊
ဘိက္ခုံ - ရဟန်းကို၊
ပဉှံ – ပြဿနာကို၊
ပုစ္ဆေယျ - မေးအံ့၊
တဿာ ဘိက္ခုနိယာ ပါစိတိယံ။

ဒွါဒသမ

ဘိက္ခုနီသည် ဘိက္ခုကို ပြဿနာ မေးလိုလျှင် “မည်သည့် ဌာန၌ မေးပါရစေ၊ သုတ္တန်ဘက်က မည်သည့် နေရာကို မေးပါရစေ” စသည်ဖြင့် ခွင့်တောင်းပြီးလျှင် မေးခွင့်ရမှ မေးရမည်။ သုတ္တန်ဘက်က ခွင့်တောင်းပြီး နောက် ဝိနည်း၊ အဘိဓမ္မာဘက်က မေးလျှင်ပင် ပါစိတ် အာပတ် သင့်၏။ လုံးလုံး အခွင့် မတောင်းဘဲ မေးလျှင်ကား ဆိုဘွယ်ရာမရှိပြီ။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း (ဆတ္တုပါဟနဝဂ်)

၁၃။ တေရသမ ဆတ္တုပါဟနဝဂ်

ယာ ပန ဘိက္ခုနီ အသံကစ္စိကာ ဂါမံ ပဝိသေယျ၊ ပါစိတ္တိယံ။

ယာ ပန ဘိက္ခုနီ - သည်၊
အသံကစ္စိကာ - ရင်စည်းတဘက် မပါဘဲ (ရှင်လွှမ်းတဘက် မပါဘဲ)၊
ဂါမံ - ရွာသို့၊
ပဝိသေယျ - ဝင်အံ့၊
တဿာ ပါစိတ္တိယံ။

နဝမော - ၉ ဝဂ်မြောက်သော၊
ဆတ္တုပါဟနဝဂ္ဂေါ - ဆတ္တုပါဟနဝဂ်တည်း။

တေရသမ

သမန္တတော - ထက်ဝန်းကျင်မှ၊
ပုရိသဒဿနံ - ယောက်ျားတို့၏ ကြည့်ရှုခြင်းကို၊
ဧတ္ထ - ဤအရပ်၌၊
ကတီယတိ - ဖြတ်အပ်၏၊
ဣတိ - ထို့ကြောင့်၊
သံကစ္စံ - သံကစ္စမည်၏ (ပါစိတျာဒိယောဇနာ)။

ယောက်ျားတို့ မကြည့်နိုင်အောင် ဖြတ်တောက် ဆီးတားအပ်ရာဖြစ်သော ညှပ်ရိုးမှ အောက် ချက်၏ အထက် အရပ်တည်း။ ထိုအရပ်၌ အသုံးချအပ်သော အထည်တမျိုးကို သံကစ္စိကာ ဟု ခေါ်၏။ သံကစ္စိကာကို မဝတ်ဘဲ မြို့၊ ရွာ အတွင်းသို့ ဝင်လျှင် ပါစိတ်အာပတ် သင့်သည်။

ရင်စည်းတဘက်

ရှေးနိဿယ၌ သံကစ္စိကာကို “ရင်လွှမ်းတဘက်” ဟု အနက်ဆိုကြ၏။

သို့သော် ဘိက္ခုနီသည် သံကစ္စိကာ မပါဘဲ ရွာတွင်းသို့ ဝင်ရာ လေပွေမွှေ့၍ အပေါ် သင်္ကန်း လန်သွားသည့်အခါ လူတွေက “သုန္ဒရာ အယျာယ ထနူဒရာ = လှပါပေရဲ့ အရှင်မရဲ့ သားမြတ်နှင့် ဝမ်းဗိုက်ကလေး” ဟု လှောင်ပြောင်ကြသောကြောင့် ဤသိက္ခာပုဒ်ကို, ပညတ်တော်မူရကား ဧကသီ အပေါ်က လွှမ်းရသော “ရင်လွှမ်းတဘက်” မဟုတ်တန်ရာ၊

အင်္ကျီကို မဝတ်ကောင်းသောကြောင့် ယခုကာလ ကိုယ်ကြပ် (ဘော်ဒီ) လည်း မဟုတ်နိုင်။ အမှန်မှာ ဧကေသီ အတွင်းဘက် သားမြတ်နှင့် ဝမ်းဗိုက်ကို စည်းထားရသော အဝတ် (ရင်စည်းတဘက်) တမျိုးပင် ဖြစ်တန်ရာသည်။

ဆတ္တုပါဟနဝဂ် ပြီးပြီ။

မှာထားချက်

ဤ ဆတ္တုပါဟနဝဂ်မှ နောက်၌ မုသာဝါဒဝဂ်စသော ၇ ဝဂ်တို့မှာ ဘိက္ခုပါတိမောက်နှင့် သိက္ခာပုဒ် အစီအစဉ်ချင်း မတူသော်လည်း ဘိက္ခုပါတိမောက်၌လာသော သာဓာရဏ သိက္ခာပုဒ်များချည်း သာတည်း။ ထို့ကြောင့် ထိုသိက္ခာပုဒ်များ၏ အနက် အဓိပ္ပာယ်ကို အထူးရေးသားဘွယ် မလိုတော့ပြီ။ ဥဒ္ဒိဋ္ဌာ ခေါ စသော နိဂုံးလည်း မထူးပြီ။

မုသာဝါဒဝဂ္ဂ

မုသာဝါဒ သိက္ခာပဒ

၉၇။ သမ္ပဇာနမုသာဝါဒေ ပါစိတ္တိယံ။

ဩမသဝါဒ သိက္ခာပဒ

၉၈။ ဩမသဝါဒေ ပါစိတ္တိယံ။

ပေသုည သိက္ခာပဒ

၉၉။ ဘိက္ခုနိပေသုညေ ပါစိတ္တိယံ။

ပဒသော ဓမ္မ သိက္ခာပဒ

၁၀၀။ ယာ ပန ဘိက္ခုနီ အနုပသမ္ပန္နံ ပဒသော ဓမ္မံ ဝါစေယျ၊ ပါစိတ္တိယံ။

ပဌမ သဟသေယျ သိက္ခာပဒ

၁၀၁။ ယာ ပန ဘိက္ခုနီ အနုပသမ္ပန္နာယ ဥတ္တရိ ဒိရတ္တတိရတ္တံ သဟသေယျံ ကပ္ပေယျ၊ ပါစိတ္တိယံ။

ဒုတိယ သဟသေယျ သိက္ခာပဒ

၁၀၂။ ယာ ပန ဘိက္ခုနီ ပရိသေန သဟသေယျံ ကပ္ပေယျ၊ ပါစိတ္တိယံ။

ဓမ္မဒေသနာ သိက္ခာပဒ

၁၀၃။ ယာ ပန ဘိက္ခုနီ ပုရိသဿ ဥတ္တရိ ဆပ္ပဉ္စဝါစာဟိ ဓမ္မံ ဒေသေယျ အညတြ ဝိညုနာ ဣတ္ထိဝိဂ္ဂဟေန၊ ပါစိတ္တိယံ။

ဘူတာရောစန သိက္ခာပဒ

၁၀၄။ ယာ ပန ဘိက္ခုနီ အနုပသမ္ပန္နာယ ဥတ္တရိမနုဿဓမ္မံ အာရောစေယျ၊ ဘူတသ္မိံ ပါစိတ္တိယံ။

ဒုဋ္ဌုလ္လာရောစန သိက္ခာပဒ

၁၀၅။ ယာ ပန ဘိက္ခုနီ ဘိက္ခုနိယာ ဒုဋ္ဌုလ္လံ အာပတ္တိံ အနုပသမ္ပန္နာယ အာရောစေယျ အညတြ ဘိက္ခုနိသမ္မုတိယာ၊ ပါစိတ္တိယံ။

ပထဝီ ခနဏ သိက္ခာပဒ

၁၀၆။ ယာ ပန ဘိက္ခုနီ ပထဝိံ ခဏေယျ ဝါ ခဏာပေယျ ဝါ၊ ပါစိတ္တိယံ။

မုသာဝါဒဝဂ္ဂေါ ဒသမော

ဘူတဂါမဝဂ္ဂ

ဘူတဂါမ သိက္ခာပဒ

၁၀၇။ ဘူတဂါမပါတဗျတာယ ပါစိတ္တိယံ။

အညဝါဒက သိက္ခာပဒ

၁၀၈။ အညဝါဒကေ, ဝိဟေသကေ ပါစိတ္တိယံ။

ဥဇ္ဈာပနက သိက္ခာပဒ

၁၀၉။ ဥဇ္ဈာပနကေ, ခိယျနကေ ပါစိတ္တိယံ။

ပဌမ သေနာသန သိက္ခာပဒ

၁၁၀။ ယာပန ဘိက္ခုနီ သံဃိကံ မဉ္စံ ဝါ ပီဌံ ဝါ ဘိသိံ ဝါ ကောစ္ဆံ ဝါ အဇ္ဈောကာသေ သန္ထရိတွာ ဝါ သန္ထရာပေတွာ ဝါ တံ ပက္ကမန္တီ နေဝ ဥဒ္ဓရေယျ, န ဥဒ္ဓရာပေယျ, အနာပုစ္ဆံ ဝါ ဂစ္ဆေယျ၊ ပါစိတ္တိယံ။

ဒုတိယ သေနာသန သိက္ခာပဒ

၁၁၁။ ယာ ပန ဘိက္ခုနီ သံဃိကေ ၀ိဟာရေ သေယျံ သန္ထရိတွာ ဝါသန္ထရာပေတွာ ဝါ တံ ပက္ကမန္တီ နေဝ ဥဒ္ဓရေယျ, န ဥဒ္ဓရာပေယျ, အနာပုစ္ဆံ ဝါ ဂစ္ဆေယျ၊ ပါစိတ္တိယံ။

အနုပခဇ္ဇ သိက္ခာပဒ

၁၁၂။ ယာ ပန ဘိက္ခုနီ သံဃိကေ ဝိဟာရေ ဇာနံ ပုဗ္ဗုပဂတံ ဘိက္ခုနိံ အနုပခဇ္ဇ သေယျံ ကပ္ပေယျ “ယဿာ သမ္ဗာဓော ဘဝိဿဟိ၊ သာ ပက္ကမိဿတီ”တိ ဧတဒေဝ ပစ္စယံ ကရိတွာ အနညံ၊ ပါစိတ္တိယံ။

နိက္ကဍ္ဎန သိက္ခာပဒ

၁၁၃။ ယာ ပန ဘိက္ခုနီ ဘိက္ခုနိံ ကုပိတာ အနတ္တမနာ သံဃိကာ ဝိဟာရာ နိက္ကဍ္ဎေယျ ဝါ နိက္ကဍ္ဎာပေယျ ဝါ၊ ပါစိတ္တိယံ။

ဝေဟာသကုဋိ သိက္ခာပဒ

၁၁၄။ ယာ ပန ဘိက္ခုနီ သံဃိကေ ဝိဟာရေ ဥပရိဝေဟာသကုဋိယာ အာဟစ္စပါဒကံ မဉ္စံ ပါ ပီဋ္ဌံ ဝါ အဘိနိသီဒေယျ ဝါ အဘိနိပဇ္ဇေယျ ဝါ၊ ပါစိတ္တိယံ။

မဟလ္လက ဝိဟာရ သိက္ခာပဒ

၁၁၅။ မဟလ္လကံ ပန ဘိက္ခုနိယာ ဝိဟာရံ ကာရယမာနာယ ယာဝ ဒွါရကောသာ အဂ္ဂဠဋ္ဌပနာယ, အာလောကသန္ဓိပရိကမ္မာယ ဒွတ္တိစ္ဆဒနဿ ပရိယာယံ အပ္ပဟရိတေ ဌိတာယ အဓိဋ္ဌာတဗ္ဗံ။ တတော စေ ဥတ္တရိ အပ္ပဟရိတေပိ ဌိတာ အဓိဋ္ဌဟေယျ၊ ပါစိတ္တိယံ။

သပ္ပါဏက သိက္ခာပဒ

၁၁၆။ ယာ ပန ဘိက္ခုနီ ဇာနံ သပ္ပါဏကံ ဥဒကံ တိဏံ ဝါ မတ္တိကံ ဝါ သိဉ္စေယျ ဝါ သိဉ္စာပေယျ ဝါ၊ ပါစိတ္တိယံ။

ဘူတဂါမဝဂ္ဂေါ ဧကာဒသမော

ဘောဇနဝဂ္ဂ

အာဝသထပိဏ္ဍ သိက္ခာပဒ

၁၁၇။ အဂိလာနာယ ဘိက္ခုနိယာ ဧကော အာဝသထပိဏ္ဍော ဘုဉ္ဇိတဗ္ဗော။ တတော စေ ဥတ္တရိ ဘုဉ္ဇေယျ၊ ပါစိတ္တိယံ။

ဂဏ ဘောဇန သိက္ခာပဒ

၁၁၈။ ဂဏဘောဇနေ အညတြ သမယာ ပါစိတ္တိယံ။ တတ္ထာယံ သမယော၊ ဂိလာနသမယော စီဝရဒါနသမယော စီဝရကာရသမယော အဒ္ဓါနဂမနသမယော နာဝါဘိရုဟနသမယော မဟာသမယော သမဏဘတ္တသမယော၊ အယံ တတ္ထ သမယော။

ကာဏမာတု သိက္ခာပဒ

၁၁၉။ ဘိက္ခုနိံ ပနေဝ ကုလံ ဥပဂတံ ပူဝေဟိ ဝါ မန္ထေဟိ ဝါ အဘိဟဋ္ဌုံ ပဝါရေယျ၊ အာကင်္ခမာနာယ ဘိက္ခုနိယာ ဒွတ္တိပတ္တပူရာ ပဋိဂ္ဂဟေတဗ္ဗာ။ တတော စေ ဥတ္တရိ ပရိဂ္ဂဏှေယျ၊ ပါစိတ္တိယံ။ ဒွတ္တိပတ္တပူရေ ပဋိဂ္ဂဟေတွာ တတော နီဟရိတွာ ဘိက္ခုနီဟိ သဒ္ဓိံ သံဝိဘဇိတဗ္ဗံ၊ အယံ တတ္ထ သာမီစိ။

ဝိကာလ ဘောဇန သိက္ခာပဒ

၁၂၀၊ ယာ ပန ဘိက္ခုနီ ဝိကာလေ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ ခါဒေယျ ဝါ ဘုဉ္ဇေယျ ဝါ၊ ပါစိတ္တိယံ။

သန္နိဓိကာရက သိက္ခာပဒ

၁၂၁။ ယာ ပန ဘိက္ခုနီ သန္နိဓိကာရကံ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ ခါဒေယျ ဝါ ဘုဉ္ဇေယျ ဝါ၊ ပါစိတ္တိယံ။

ဒန္တပေါဏ သိက္ခာပဒ

၁၂၂။ ယာ ပန ဘိက္ခုနီ အဒိန္နံ မုခဒွါရံ အာဟာရံ အာဟရေယျ အညတြ ဥဒကဒန္တပေါနာ၊ ပါစိတ္တိယံ။

ဥယျောဇန သိက္ခာပဒ

၁၂၃။ ယာ ပန ဘိက္ခုနီ ဘိက္ခုနိံ “ဧဟာ’ယျေ၊ ဂါမံ ဝါ နိဂမံဝါ ပိဏ္ဍာယ ပဝိသိဿာမာ”တိ တဿာ ဒါပေတွာ ဝါ အဒါပေတွာ ဝါ ဥယျောဇေယျ “ဂစ္ဆာ’ယျေ။ န မေ တယာ သဒ္ဓိံ ကထာ ဝါနိသဇ္ဇာ ဝါ ဖာသု ဟောတိ၊ ဧကိကာယ မေ ကထာ ၀ါ နိသဇ္ဇာ ဝါ ဖာသု ဟောတီ”တိ ဧတဒေဝ ပစ္စယံ ကရိတွာ အနညံ၊ ပါစိတ္တိယံ။

သဘောဇန သိက္ခာပဒ

၁၂၄။ ယာ ပန ဘိက္ခုနီ သဘောဇနေ ကုလေ အနုပခဇ္ဇ နိသဇ္ဇံ ကပ္ပေယျ၊ ပါစိတ္တိယံ။

ရဟော ပဋိစ္ဆန္န သိက္ခာပဒ

၁၂၅။ ယာ ပန ဘိက္ခုနီ ပုရိသေန သဒ္ဓိံ ရဟော ပဋိစ္ဆန္နေ အာသနေ နိသဇ္ဇံ ကပ္ပေယျ၊ ပါစိတ္တိယံ။

ရဟော နိသဇ္ဇ သိက္ခာပဒ

၁၂၆။ ယာ ပန ဘိက္ခုနီ ပုရိသေန သဒ္ဓိံ ဧကေနေကာ ရဟော နိသဇ္ဇံ ကပ္ပေယျ၊ ပါစိတ္တိယံ။

ဘောဇနဝဂ္ဂေါ ဒွါဒသမော

စာရိတ္တဝဂ္ဂ

စာရိတ္တ သိက္ခာပဒ

၁၂၇။ ယာ ပန ဘိက္ခုနီ နိမန္တိတာ သဘတ္တာ သမာနာ သန္တိံ ဘိက္ခုနိံ အနာပုစ္ဆာ ပုရေဘတ္တံ ဝါ ပစ္ဆာဘတ္တံ ဝါ ကုလေသု စာရိတ္တံ အာပဇ္ဇေယျ အညတြ သမယာ၊ ပါစိတ္တိယံ။ တတ္ထာယံ သမယော၊ စီဝရဒါနသမယော စီဝရကာရသမယော၊ အယံ တတ္ထ သမယော။

မဟာနာမ သိက္ခာပဒ

၁၂၈။ အဂိလာနာယ ဘိက္ခုနိယာ စတုမာသပ္ပစ္စယပဝါရဏာ သာဒိတဗ္ဗာ အညတြ ပုနပဝါရဏာယ, အညတြ နိစ္စပဝါရဏာယ။ တတော စေ ဥတ္တရိ သာဒိယေယျ၊ ပါစိတ္တိယံ။

ဥယျုတ္တသေနာ သိက္ခာပဒ

၁၂၉။ ယာ ပန ဘိက္ခုနီ ဥယျုတ္တံ သေနံ ဒဿနာယ ဂစ္ဆေယျ အညတြ တထာရူပပ္ပစ္စယာ။ ပါစိတ္တိယံ။

သေနာဝါသ သိက္ခာပဒ

၁၃၀။ သိယာ စ တဿာ ဘိက္ခုနိယာ ကောစိဒေဝ ပစ္စယော သေနံ ဂမနာယ၊ ဒိရတ္တတိရတ္တံ တာယ ဘိက္ခုနိယာ သေနာယ ဝသိတဗ္ဗံ။ တတော စေ ဥတ္တရိ ဝသေယျ၊ ပါစိတ္တိယံ။

ဥယျောဓိက သိက္ခာပဒ

၁၃၁။ ဒိရတ္တတိရတ္တံ စေ ဘိက္ခုနီ သေနာယ ဝသမာနာ ဥယျောဓိကံ ဝါ ဗလဂ္ဂံ ဝါ သေနာဗျူဟံ ဝါ အနီကဒဿနံ ဝါ ဂစ္ဆေယျ၊ ပါစိတ္တိယံ။

သုရာပါန သိက္ခာပဒ

၁၃၂။ ဘုရာမေရယပါနေ ပါစိတ္တိယံ။

အင်္ဂုလိပတောဒက သိက္ခာပဒ

၁၃၃။ အင်္ဂုလိပတောဒကေ ပါစိတ္တိယံ။

ဟသဓမ္မ သိက္ခာပဒ

၁၃၄။ ဥဒကေ ဟသဓမ္မေ ပါစိတ္တိယံ။

အနာစရိယ သိက္ခာပဒ

၁၃၅။ အနာဒရိယေ ပါစိတ္တိယံ။

ဘိံ သာပန သိက္ခာပဒ

၁၃၆။ ယာ ပန ဘိက္ခုနီ ဘိက္ခုနိံ ဘိံသာပေယျ၊ ပါစိတ္တိယံ။

စာရိတ္တဝဂ္ဂေါ တေရသမော

ဇောတိဝဂ္ဂ

ဇောတိ သိက္ခာပဒ

၁၃၇။ ယာ ပန ဘိက္ခုနီ အဂိလာနာ ဝိသိဗ္ဗနာပေက္ခာ ဇောတိံ သမာဒဟေယျ ဝါ သမာဒဟာပေယျ ဝါ အညတြ တထာရူပပ္ပစ္စယာ၊ ပါစိတ္တိယံ။

နဟာန သိက္ခာပဒ

၁၃၈။ ယာ ပန ဘိက္ခုနီ သြရေနဒ္ဓမာသံ နဟာယေယျ အညတြ သမယာ၊ ပါစိတ္တိယံ။ တတ္ထာယံ သမယော၊ “ဒိယဍ္ဎော မာသော သေသော ဂိမှာန”န္တိ, “ဝဿာနဿ ပဌမော မာသော” ဣစ္စေတေ အဍ္ဎတေယျမာသာ ဥဏှသမယော ပရိဠာဟသမယော, ဂိလာနသမယော, ကမ္မသမယော, အဒ္ဓါနဂမနသမယော, ဝါတဝုဋ္ဌိသမယော၊ အယံ တတ္ထ သမယော။

ဒုဗ္ဗဏ္ဏကရဏ သိက္ခာပဒ

၁၃၉။ နဝံ ပန ဘိက္ခုနိယာ စီဝရလာဘာယ ထိဏ္ဏံ ဒုဗ္ဗဏ္ဏကရဏာနံ အညတရံ ဒုဗ္ဗဏ္ဏကရဏံ အာဒါတဗ္ဗံ နီလံ ဝါ ကဒ္ဒမံ ဝါ ကာဠသာမံ ဝါ။ အနာဒါ စေ ဘိက္ခုနီ တိဏ္ဏံ ဒုဗ္ဗဏ္ဏကရဏာနံ အညတရံ ဒုဗ္ဗဏ္ဏကရဏံ နဝံ စီဝရံ ပရိဘုဉ္ဇေယျ၊ ပါစိတ္တိယံ။

ဝိကပ္ပန သိက္ခာပဒ

၁၄၀။ ယာ ပန ဘိက္ခုနီ ဘိက္ခုဿ ဝါ ဘိက္ခုနိယာ ဝါ သိက္ခာမာနာယ ဝါ သာမဏေရဿ ဝါ သာမဏေရိယာ ဝါ သာမံ စီဝရံ ဝိကပ္ပေတွာ အပ္ပစ္စုဒ္ဓါရဏံ ပရိဘုဉ္ဇေယျ၊ ပါစိတ္တိယံ။

အပနိဓာပန သိက္ခာပဒ

၁၄၁။ ယာ ပန ဘိက္ခုနီ ဘိက္ခုနိယာ ပတ္တံ ဝါ စီဝရံ ဝါ နိသီဒနံ ဝါ သူစိဃရံ ဝါ ကာယဗန္ဓနံ ဝါ အပနိဓေယျ ဝါ အပနိဓာပေယျ ဝါ အန္တမသော ဟသာပေက္ခာပိ၊ ပါစိတ္တိယံ။

သဉ္စိစ္စ သိက္ခာပဒ

၁၄၂။ ယာ ပန ဘိက္ခုနီ သဉ္စိဗ္ဗ ပါဏံ ဇီဝိတာ ဝေါရောပေယျ၊ ပါစိတ္တိယံ။

သပ္ပါဏက သိက္ခာပဒ

၁၄၃။ ယာ ပန ဘိက္ခုနီ ဇာနံ သပ္ပါဏကံ ဥဒကံ ပရိဘုဉ္ဇေယျ၊ ပါစိတ္တိယံ။

ဥက္ကောဋန သိက္ခာပဒ

၁၄၄။ ယာ ပန ဘိက္ခုနီ ဇာနံ ယထာဓမ္မံ နိဟတာဓိကရဏံ ပုနကမ္မာယ ဥက္ကောဋေယျ၊ ပါစိတ္တိယံ။

ထေယျသတ္ထ သိက္ခာပဒ

၁၄၅။ ယာ ပန ဘိက္ခုနီ ဇာနံ ထေယျသတ္ထေန သဒ္ဓိံ သံဝိဓာယ ဧကဒ္ဓါနမဂ္ဂံ ပဋိပဇ္ဇေယျ အန္တမသော ဂါမန္တရမ္ပိ၊ ပါစိတ္တိယံ။

အရိဋ္ဌ သိက္ခာပဒ

၁၄၆။ ယာ ပန ဘိက္ခုနီ ဧဝံ ဝဒေယျ “တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ၊ ယထာ ယေ'မေ အန္တရာယိကာ ဓမ္မာ ဝုတ္တာ ဘဂဝတာ၊ တေ ပဋိသေဝတော နာလံ အန္တရာယာယာ”တိ၊ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဧဝမဿ ဝစနိယာ “မာ’ယျေ ဧဝံ အဝစ၊ မာ ဘဂဝန္တံ အဗ္ဘာစိက္ခိ၊ န ဟိ သာဓု ဘဂဝတော အဗ္ဘက္ခာနံ၊ နဟိ ဘဂဝါ ဧဝံ ဝဒေယျ၊ အနေကပရိယာယေနာ’ယျေ အန္တရာယိကာ ဓမ္မာ အန္တရာယိကာ ဝုတ္တာ ဘဂဝတာ၊ အလဉ္စ ပန တေ ပဋိသေဝတော အန္တရာယာယာ”တိ။ ဧဝဉ္စ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဝုစ္စမာနာ တထေဝ ပဂ္ဂဏှေယျ၊ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗာ တဿ ပဋိနိဿဂ္ဂါယ၊ ယာဝတတိယဉ္စေ သမနုဘာသိယမာနာ တံ ပဋိနိဿဇ္ဇေယျ၊ ဣစ္စေတံ ကုသလံ၊ နော စေ ပဋိနိဿဇ္ဇေယျ၊ ပါစိတ္တိယံ။

ဇောတိဝဂ္ဂေါ စုဒ္ဒသမော

ဒိဋ္ဌိဝဂ္ဂ

ဥက္ခိတ္တ သမ္ဘောဂ သိက္ခာပဒ

၁၄၇။ ယာ ပန ဘိက္ခုနီ ဇာနံ တထာဝါဒိနိယာ ဘိက္ခုနိယာ အကဋာနုဓမ္မာယ တံ ဒိဋ္ဌိံ အပ္ပဋိဿဋ္ဌာယ သဒ္ဓိံ သမ္ဘုဉ္ဇေယျ ဝါ, သံဝသေယျ ဝါ, သဟဝါသေယျံ ကပ္ပေယျ၊ ပါစိတ္တိယံ။

ကဏ္ဋက သိက္ခာပဒ

၁၄၈။ သမဏုဒ္ဒေသာပိ စေ ဧဝံ ဝဒေယျ “တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ၊ ယထာ ယေ'မေ အန္တရာယိကာ ဓမ္မာ ၀ုတ္တာ ဘဂဝတာ၊ တေ ပဋိသေဝတော နာလံ အန္တရာယာယာ”တိ၊ သာ သမဏုဒ္ဒေသာ ဘိက္ခုနီဟိ ဧဝမဿ ဝစနီယာ “မာ’ယျေ သမဏုဒ္ဒေသော ဧဝံ အဝစ၊ မာ ဘဂဝန္တံ အဗ္ဘာစိက္ခိ၊ န ဟိ သာဓု ဘဂဝတော အဗ္ဘက္ခာနံ၊ န ဟိ ဘဂဝါ ဧဝံ ဝဒေယျ၊ အနေကပရိယာယေနာ’ယျေ သမဏုဒ္ဒေသေ အန္တရာယိကာ ဓမ္မာ အန္တရာယိကာ ဝုတ္တာ ဘဂဝတာ၊ အလဉ္စ ပန တေ ပဋိသေဝတော အန္တရာယာယာ”တိ။ ဧဝဉ္စ သာ သမဏုဒ္ဒေသာ ဘိက္ခုနီဟိ ဝုစ္စမာနာ တထေဝ ပဂ္ဂဏှေယျ၊ သာ သမဏုဒ္ဒေသာ ဘိက္ခုနီဟိ ဧဝမဿ ဝစနီယာ “အဇ္ဇတဂ္ဂေ တေ အယျေ သမဏုဒ္ဒေသေ န စေဝ သော ဘဂဝါ သတ္ထာ အပဒိသိတဗ္ဗော၊ ယမ္ပိ စ’ညာ သမဏုဒ္ဒေသာ လဘန္တိ ဘိက္ခုနီဟိ သဒ္ဓိံ ဒိရတ္တတိရတ္တံ သဟသေယျံ၊ သာပိ တေ နတ္ထိ၊ စရ ပိရေ, ဝိနဿာ”တိ ယာ ပန ဘိက္ခုနီ ဇာနံ ကထာနာသိတ သမဏုဒ္ဒေသံ ဥပလာပေယျ ဝါ, ဥပဋ္ဌာပေယျ ဝါ, သမ္ဘုဉ္ဇေယျဝါ, သဟဝါသေယျံ ကပ္ပေယျ၊ ပါစိတ္တိယံ။

သဟဓမ္မိက သိက္ခာပဒ

၁၄၉။ ယာ ပန ဘိက္ခုနီ ဘိက္ခုနီဟိ သဟဓမ္မိကံ ဝုစ္စမာနာ ဧဝံ ၀ဒေယျ “န တာဝါဟံ အယျေ ဧတသ္မိံ သိက္ခာပဒေ သိက္ခိဿာမိ၊ ယာဝ န အညံ ဘိက္ခုနိံ ဗျတ္တံ ဝိနယဓရံ ပရိပုစ္ဆာမီ”တိ၊ ပါစိတ္တိယံ။ သိက္ခမာနာယ ဘိက္ခဝေ ဘိက္ခုနိယာ အညာတဗ္ဗံ ပရိပုစ္ဆိတဗ္ဗံ ပရိပဉှိတဗ္ဗံ၊ အယံ အတ္ထ သာမီစိ။

ဝိလေခန သိက္ခာပဒ

၁၅၀။ ယာ ပန ဘိက္ခုနီ ပါတိမောက္ခေ ဥဒ္ဒိဿမာနေ ဧဝံ ဝဒေယျ "ကိံ ပနိမေဟိ ခုဒ္ဒါနုခုဒ္ဒကေဟိ သိက္ခာပဒေဟိ ဥဒ္ဒိဋ္ဌေဟိ၊ ယာဝဒေဝ ကုက္ကုစ္စာယ ဝိဟေသာယ ဝိလေခါယ သံဝတ္တန္တီ”တိ၊ သိက္ခာပဒဝိဝဏ္ဏကေ ပါစိတ္တိယံ။

မောဟန သိက္ခာပဒ

၁၅၁။ ယာ ပန ဘိက္ခုနီ အနွဒ္ဓမာသံ ပါတိမောက္ခေ ဥဒ္ဒိဿမာနေ ဧဝံ ဝဒေယျ “ဣဒါနေဝ ခေါ အဟံ အယျေ ဇာနာမိ၊ အယမ္ပိ ကိရ ဓမ္မော သုတ္တာဂတော သုတ္တပရိယာပန္နော အနွဒ္ဓမာသံ ဥဒ္ဒေသံ အာဂစ္ဆတီ”တိ၊ တဉ္စေ ဘိက္ခုနိံ အညာ ဘိက္ခုနိယော ဇာနေယျုံ နိသိန္နပုဗ္ဗံ ဣမာယ ဘိက္ခုနိယာ ဒွတ္တိက္ခတ္တုံ ပါတိမောက္ခ ဥဒ္ဒိဿမာနေ၊ ကော ပန ဝါဒေါ ဘိယျော၊ န စ တဿာ ဘိက္ခုနိယာ စ အညာဏကေန မုတ္တိ အတ္ထိ၊ ယဉ္စ တတ္ထ အာပတ္တိံ အာပန္နာ၊ တဉ္စ ယထာဓမ္မော ကာရေတဗ္ဗော၊ ဥတ္တရိ စဿာ မောဟော အာရောပေတဗ္ဗော “တဿာ တေ အယျေ အလာဘာ၊ တဿာ တေ ဒုလ္လဒ္ဓံ၊ ယံ တွံ ပါတိမောက္ခေ ဥဒ္ဒိဿမာနေ န သာဓုကံ အဋ္ဌိံ ကတွာ မနသိ ကရောသီ”တိ၊ ဣဒံ တသ္မိံ မောဟနကေ ပါစိတ္တိယံ။

ပဟာရ သိက္ခာပဒ

၁၅၂။ ယာ ပန ဘိက္ခုနီ ဘိက္ခုနိယာ ကုပိတာ အနတ္တမနာ ပဟာရံ ဒဒေယျ၊ ပါစိတ္တိယံ။

တလသတ္ထိက သိက္ခာပဒ

၁၅၃။ ယာ ပန ဘိက္ခုနီ ဘိက္ခုနိယာ ကုပိတာ အနတ္တမနာ တလသတ္တိကံ ဥဂ္ဂိရေယျ၊ ပါစိတ္တိယံ။

အမူလက သိက္ခာပဒ

၁၅၄။ ယာ ပန ဘိက္ခုနီ ဘိက္ခုနိံ အမူလကေန သံဃာဒိသေသေန အနုဒ္ဓံသေယျ၊ ပါစိတ္တိယံ။

သဉ္စိစ္စ သိက္ခာပဒ

၁၅၅။ ယာ ပန ဘိက္ခုနီ ဘိက္ခုနိယာ သဉ္ဇိစ္စ ကုက္ကုစ္စံ ဥပဒဟေယျ “ဣတိဿာ မုဟုတ္တမ္ပိ အဖာသု ဘဝိဿတီ”တိ ဧတဒေဝ ပစ္စယံ ကရိတွာ အနညံ၊ ပါစိတ္တိယံ။

ဥပဿုတိ သိက္ခာပဒ

၁၅၆။ ယာ ပန ဘိက္ခုနီ ဘိက္ခုနီနံ ဘဏ္ဍနဇာတာနံ ကလဟဇာတာနံ ဝိဝါဒါပန္နာနံ ဥပဿုတိံ ဟိဌေယျ “ယံ ဣမာ ဘဏိဿန္တိ၊ တံ သောဿာမီ”တိ ဧတဒေဝ ပစ္စယံ ကရိတွာ အနညံ၊ ပါစိတ္တိယံ။

ဒိဋ္ဌိဝဂ္ဂေါ ပန္နရသမော

ဓမ္မိကဝဂ္ဂ

ကမ္မပ္ပဋိဗာဟန သိက္ခာပဒ

၁၅၇။ ယာ ပန ဘိက္ခုနီ ဓမ္မိကာနံ ကမ္မာနံ ဆန္ဒံ ဒတွာ ပစ္ဆာ ခီယနဓမ္မံ အာပဇ္ဇေယျ၊ ပါစိတ္တိယံ။

ဆန္ဒံ အဒတွာ ဂမန သိက္ခာပဒ

၁၅၈။ ယာ ပန ဘိက္ခုနီ သံဃေ ဝိနိစ္ဆယကထာယ ဝတ္တမာနာယ ဆန္ဒံ အဒတွာ ဥဋ္ဌာယာသနာ ပက္ကမေယျ၊ ပါစိတ္တိယံ။

ဒုဗ္ဗလ သိက္ခာပဒ

၁၅၉။ ယာ ပန ဘိက္ခုနီ သမဂ္ဂေန သံဃေန စီဝရံ ဒတွာ ပစ္ဆာ ခီယနဓမ္မံ အာပဇ္ဇေယျ “ယထာသန္တုတံ ဘိက္ခုနိယော သံဃိကံ လာဘံ ပရိဏာမေန္တီ”တိ၊ ပါစိတ္တိယံ။

ပရိနာမဏ သိက္ခာပဒ

၁၆၀။ ယာ ပန ဘိက္ခုနီ ဇာနံ သံဃိကံ လာဘံ ပရိဏတံ ပုဂ္ဂလဿ ပရိဏာမေယျ၊ ပါစိတ္တိယံ။

ရတန သိက္ခာပဒ

၁၆၁။ ယာ ပန ဘိက္ခုနီ ရတနံ ဝါ ရတနသမ္မတံ ဝါ အညတြ အဇ္ဈာရာမာ ဝါ အဇ္ဈာဝသထာ ဝါ ဥဂ္ဂဏှေယျ ဝါ ဥဂ္ဂဏှာပေယျ ဝါ၊ ပါစိတ္တိယံ။ ရတနံ ဝါ ပန ဘိက္ခုနိယာ ရတနသမ္မတံ ဝါ အဇ္ဈာရာမေ ဝါ အဇ္ဈာဝသထေ ဝါ ဥဂ္ဂဟေတွာဝါ ဥဂ္ဂဟာပေတွာ ဝါ နိက္ခိပိတဗ္ဗံ “ယဿ ဘဝိဿတိ၊ သော ဟရိဿတီတိ၊ အယံ တတ္ထ သာမီစိ။

သူစိဃရ သိက္ခာပဒ

၁၆၂။ ယာ ပန ဘိက္ခုနီ အဋ္ဌိမယံ ဝါ ဒန္တမယံ ဝါ ဝိသာဏမယံ ဝါ သူစိဃရံ ကာရာပေယျ၊ ဘေဒေနကံ ပါစိတ္တိယံ။

မဉ္စပီဌ သိက္ခာပဒ

၁၆၃။ နဝံ ပန ဘိက္ခုနီယာ မဉ္စံ ဝါ ပီဌံ ဝါ ကာရယမာနာယ အဋ္ဌင်္ဂုလပါဒကံ ကာရေတဗ္ဗံ သုဂတင်္ဂုလေန အညတြ ဟေဋ္ဌိမာယ အဋနိယာ။ တံ အတိက္ကာမေန္တိယာ ဆေဒနကံ ပါစိတ္တိယံ။

တူလောနဒ္ဓ သိက္ခာပဒ

၁၆၄။ ယာ ပန ဘိက္ခုနီ မဉ္စံ ဝါ ပီဌံ ဝါ တူလောနဒ္ဓံ ကာရာပေယျ၊ ဥဒ္ဓါလနကံ ပါစိတ္တိယံ။

ကဏ္ဍုပ္ပဋိစ္ဆာဒိ သိက္ခာပဒ

၁၆၅။ ကဏ္ဍုပ္ပဋိစ္ဆာဒိံ ပန ဘိက္ခုနိယာ ကာရယမာနာယ ပမာဏိကာ ကာရေတဗ္ဗာ၊ တတြိဒံ ပမာဏံ၊ ဒီဃသော စတဿော ဝိဒတ္ထိယော သုဂတဝိဒတ္ထိယာ၊ တိရိယံ ဒွေ ဝိဒတ္ထိယော။ တံ အတိက္ကာမေန္တိယာ ဆေဒနကံ ပါစိတ္တိယံ။

နန္ဒ သိက္ခာပဒ

၁၆၆။ ယာ ပန ဘိက္ခုနီ သုဂတစီဝရပ္ပမာဏံ စီဝရံ ကာရာပေယျ, အတိရေကံ ဝါ၊ ဆေဒနကံ ပါစိတ္တိယံ။ တတြိဒံ သုဂတဿ သုဂတစီဝရပ္ပမာဏံ၊ ဒီဃသော နဝ ဝိဒတ္ထိယော သုဂတဝိဒတ္ထိယာ၊ တိရိယံ ဆ ပိဒတ္ထိယော၊ ဣဒံ သုဂတဿ သုဂတစီဝရပ္ပမာဏန္တိ။

ဓမ္မိ ဝဂ္ဂေါ သောဠသမော

ဥဒ္ဒိဋ္ဌာ ခေါ အယျာယော ဆသဋ္ဌိသတာ ပါစိတ္တိယာ ဓမ္မာ။ တတ္ထာ’ယျာယော ပုစ္ဆာမိ, ကစ္စိတ္ထ ပရိသုဒ္ဓါ၊ ဒုတိယမ္ပိ ပုစ္ဆာမိ, ကစ္စိတ္တ ပရိသုဒ္ဓါ၊ တတိယမ္ပိ ပုစ္ဆာမိ, ကစ္စိတ္တ ပရိသုဒ္ဓါ၊ ပရိသုဒ္ဓေတ္ထာ’ယျာယော၊ တသ္မာ တုဏှီ၊ ဧဝမေတံ ဓာရယာမီတိ

ပါစိတ္တိယာ နိဋ္ဌိတာ

အသာဓာရဏ သိက္ခာပုဒ်ပေါင်း

ဆ သဋ္ဌိသတာ၏ အနက်ကို ပြခဲ့ပြီ။
ဤ သုဒ္ဓပါစိတ်၌ ဘိက္ခုနီတို့အတွက်သာ ဖြစ်သော အသာဓာရဏ သိက္ခာပုဒ် ၉၆ ပါးရှိ၏။

ဘိက္ခုနီ သုဒ္ဓပါစိတ် အခန်း
၁။ (လသုနဝဂ်) ၁၀
၂။ (ရတ္တန္ဓကာရဝဂ်) ၁၀
၃။ (နဂ္ဂဝဂ်) ၁၀
၄။ (တုဝဋ္ဋဝဂ်) ၁၀
၅။ (စိတ္တာဂါရဝဂ်) ၁၀
၆။ (အာရာမဝဂ်) ၁၀
၇။ (ဂမ္ဘိနီဝဂ်) ၁၀
၈။ (ကုမာရိဘူတဝဂ်) ၁၃
၉။ (ဆတ္တုပါဟနဝဂ်) ၁၃

ကျန် သိက္ခာပုဒ်တို့မှာ ဘိက္ခု၊ ဘိက္ခုနီ ၂ မျိုးလုံးနှင့် ဆက်ဆံသော သာဓာရဏသိက္ခာပုဒ်ချည်း ဖြစ်သည်။

သုဒ္ဓပါစိတ် ပြီးပြီ

ဘိက္ခုနီ ပါဋိဒေသနီယ အခန်း

ဣမေ ခေါ ပနာယျာယော အဋ္ဌ ပါဋိဒေသနီယာ ဓမ္မာ ဥဒ္ဒေသံ အာဂစ္ဆန္တိ
[“ဣမေ ခေါ ပန အယျာယော” စသော နိဒါန်း လွယ်ပြီ။]

ပထမ ပါဋိဒေသနီယ

ယာ ပန ဘိက္ခုနီ အဂိလာနာ သပ္ပိံ ဝိညာပေတွာ ဘုဉ္ဇေယျ၊ ပဋိဒေသေတဗ္ဗံ တာယ ဘိက္ခုနိယာ “ဂါရယှံ အယျေ ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ၊ တံ ပဋိဒေသေမီတိ

ယာ ပန ဘိက္ခုနီ - သည်၊
အဂိလာနာ - ဂိလာနမဟုတ်ဘဲ၊
သပ္ပိံ - ထောပတ်ကို၊
ဝိညာပေတွာ - တောင်း၍၊
ဘုဉ္ဇေယျ - စားအံ့၊
တာယ ဘိက္ခုနိယာ - ထို ရဟန်းမသည်၊
အယျေ - အရှင်မ၊
(အဟံ - တပည့်တော်သည်၊)
ဂါရယှံ – ကဲ့ရဲ့ထိုက်သော၊
အသပ္ပာယံ - သော၊
ပါဋိဒေသနီယံ - သော၊
ဓမ္မံ - အာပတ်သို့၊
အာပဇ္ဇိံ - ရောက်ပါပြီ၊
တံ - ထို ပါဋိဒေသနီယ အာပတ်ကို၊
ပဋိဒေသေမိ - သီးခြားပြောပါ၏၊
ဝါ - သီးခြား ဒေသနာပြောပါ၏၊
ဣတိ - ဤသို့ဆို၍၊
ပဋိဒေသေတဗ္ဗံ - ၏။

ဒုတိယ ပါဋိဒေသနီယ

ယာ ပန ဘိက္ခုနီ အဂိလာနာ တေလံ ဝိညာပေတွာ ဘုဉ္ဇေယျ၊ ပဋိဒေသေတဗ္ဗံ တာယ ဘိက္ခုနိယာ “ဂါရယှံ အယျေ ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ၊ တံ ပဋိဒေသေမီတိ

ယာ ပန ဘိက္ခုနီ - သည် ၊ပေ၊ တေလံဆီကို ၊ပေ။

တတိယ ပါဋိဒေသနီယ

ယာ ပန ဘိက္ခုနီ အဂိလာနာ မဓုံ ဝိညာပေတွာ ဘုဉ္ဇေယျ ပဋိဒေသေတဗ္ဗံ တာယ ဘိက္ခုနိယာ “ဂါရယှံ အယျေ ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ၊ တံ ပဋိဒေသေမီတိ

ယာ ပန ဘိက္ခုနီ - သည် ၊ပေ၊ မဓု - ပျားရည်ကို ၊ပေ။

စတုတ္ထ ပါဋိဒေသနီယ

ယာ ပန ဘိက္ခုနီ အဂိလာနာ ဖာဏိတံ ဝိညာပေတွာ ဘုဉ္ဇေယျ ပဋိဒေသေတဗ္ဗံ တာယ ဘိက္ခုနိယာ “ဂါရယှံ အယျေ ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ၊ တံ ပဋိဒေသေမီတိ

ယာ ပန ဘိက္ခုနီ - သည် ၊ပေ၊ ဖာဏိတံ - တင်လဲကို ၊ပေ။

ပဉ္စမ ပါဋိဒေသနီယ

ယာ ပန ဘိက္ခုနီ အဂိလာနာ မစ္ဆံ ဝိညာပေတွာ ဘုဉ္ဇေယျ ပဋိဒေသေတဗ္ဗံ တာယ ဘိက္ခုနိယာ “ဂါရယှံ အယျေ ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ၊ တံ ပဋိဒေသေမီတိ

ယာ ပန ဘိက္ခုနီ - သည် ၊ပေ၊ မစ္ဆံ - ငါးဟင်းကို ၊ပေ။

ဆဋ္ဌမ ပါဋိဒေသနီယ

ယာ ပန ဘိက္ခုနီ အဂိလာနာ မံသံ ဝိညာပေတွာ ဘုဉ္ဇေယျ ပဋိဒေသေတဗ္ဗံ တာယ ဘိက္ခုနိယာ “ဂါရယှံ အယျေ ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ၊ တံ ပဋိဒေသေမီတိ

ယာ ပန ဘိက္ခုနီ - သည် ၊ပေ၊ မံသံ - အသားဟင်းကို ၊ပေ။

သတ္တမ ပါဋိဒေသနီယ

ယာ ပန ဘိက္ခုနီ အဂိလာနာ ခီရံ ဝိညာပေတွာ ဘုဉ္ဇေယျ ပဋိဒေသေတဗ္ဗံ တာယ ဘိက္ခုနိယာ “ဂါရယှံ အယျေ ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ၊ တံ ပဋိဒေသေမီတိ

ယာ ပန ဘိက္ခုနီ - သည် ၊ပေ၊ ခီရံ - နို့ရည်ကို ၊ပေ။

အဋ္ဌမ ပါဋိဒေသနီယ

ယာ ပန ဘိက္ခုနီ အဂိလာနာ ဒဓိံ ဝိညာပေတွာ ဘုဉ္ဇေယျ ပဋိဒေသေတဗ္ဗံ တာယ ဘိက္ခုနိယာ “ဂါရယှံ အယျေ ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ၊ တံ ပဋိဒေသေမီတိ

ယာ ပန ဘိက္ခုနီ - သည် ၊ပေ၊ ဒဓိံ - နို့ဓမ်းကို ၊ပေ။
ဤသို့ ဆိုရုံသာ၊ ကြွင်းအားလုံး တူပြီ။

ပထမ ပါဋိဒေသနီယ

ပါဋိဒေသနီယ သိက္ခာပုဒ်များ၌ အဓိပ္ပာယ်အထူး မရှိ။
ဘိက္ခုတို့၏ ဘောဇနဝဂ်၌လာသော ပဏီတဘောဇနဝိညတ္တိ သိက္ခာပုဒ်၌ ပြခဲ့သော အဓိပ္ပာယ်ကို နည်းမှီး၍ သိနိူင်လောက်ပြီ။

[သေခိယနှင့် အဓိကရဏသမထတို့၌ အထူးမရှိ။]

ဘိက္ခုနီပါတိမောက် ဘာသာဋီကာ ပြီးပြီ။

နောက်ဆက်တွဲ မှတ်ဘွယ်များ

▬▬▬▬▬▬▬▬▬▬▬

ဥပုသ် ၉ မျိုး

နေ့အားဖြင့် စာတုဒ္ဒသီ၊ ပန္နရသီ၊ သာမဂ္ဂီဟု ၃ မျိုး။
ကာရက (ဥပုသ်ပြု) ပုဂ္ဂိုလ်အားဖြင့် သံဃ၊ ဂဏ၊ ပုဂ္ဂလ ဟု ၃ မျိုး။
ကတ္တဗ္ဗာကာရ (ပြုထိုက်သောအခြင်းအရာ)အားဖြင့် သုတ္တုဒ္ဒေသ၊ ပါရိသုဒ္ဓိ၊ အဓိဋ္ဌာန် ဟု ၃ မျိုး။

ဤသို့ ဥပုသ် ၉ မျိုးပြားသည်။

ထိုတွင် နေ့အားဖြင့်ပြားသော ၃မျိုးကို “ဥပေါသထော ယာဝတိကာစ ဘိက္ခူ” စသော ဂါထာ၌ ဖွင့်ခဲ့ပြီ။

သံဃ-သုတ္တုဒ္ဒေသ

၄ ပါးစသော သံဃာတို့ ပြုအပ်သော ဥပုသ်သည် သံဃဥပုသ်မည်၏။
တကျောင်းတည်း၌ သံဃာ ၄ ပါးရှိလျှင် သံဃဥပုသ် ပြုရသည်။
တတိုက်တည်းဝယ် ကျောင်းအများရှိရာ အခြားကျောင်းများက သံဃဥပုသ် မပြုကြ။

သိမ်ထဲသို့ ၂ ပါးတတွဲ သွား၍ ပြုကြသော်လည်း မိမိတို့ ကျောင်းမှာ သံဃာညီညွတ်နေလျှင် မိမိတို့ ကျောင်းကမူ သိမ်ထဲသို့ သွား၍ သံဃဥပုသ် ပြုရမည်။

ဤ သံဃဥပုသ်သည်ပင် ပါတိမောက်ကို ရွတ်၍ (ပြ၍) ပြုရသောကြောင့် သုတ္တုဒ္ဒေသ ဥပုသ်လည်း မည်၏။

[သုတ္တ = ပါတိမောက် တည်းဟူသော သုတ်ပါဠိတော်ကို + ဥဒ္ဒေသ = ရွတ်ပြရာ ဥပုသ်။]

အကျဉ်း-အကျယ်

ဤသုတ္တုဒ္ဒေသ သံဃဥပုသ်ပြုရာ၌ ပြလတံ့သော အန္တရာယ် ၁၀ ပါးတွင် တပါးပါးမျှ မရှိလျှင် ဘိက္ခုပါတိမောက်ကို ဆုံးအောင် ရွတ်သောအားဖြင့် အကျယ် ရွတ်ဆိုရသည်

အန္တရာယ် တပါးပါး ရှိလျှင်သော်၎င်း၊ ဆုံးအောင်ရသူ မရှိလျှင်သော်၎င်း၊ နိဒါန်းအဆုံးမှ နောက်- ရောက်ရာ အခန်း၌ တန့်ရပ်ပြီးဆုံးစေသောအားဖြင့် အကျဉ်းလည်း ရွတ်နိူင်၏

ဥဒ္ဒေသ ၅ ရပ်ကို (အခန်း ၅ ပါးကို) ဘိက္ခုပါတိမောက် အဆုံး၌ ပြခဲ့ပြီ။

အန္တရာယ် ၁၀ ပါး

ပါတိမောက် အကျဉ်းရွတ်နိုင်သော အန္တရာယ်ကား ပါတိမောက်ရွတ်နေစဉ် -

  1. မင်းလာခြင်း၊
  2. ကျောင်း စသည်ကို မီးလောင်ခြင်း၊
  3. သူခိုး ခိုးခြင်း၊
  4. မိုးကြီးရွာခြင်း၊ သို့မဟုတ် ရေကြီးခြင်း၊
  5. လူအများ လွှမ်းမိုးလာခြင်း၊
  6. ရဟန်းကို ဘီလူးပူးခြင်း၊
  7. ခြင်္သေ့ သစ် ကျား စသော သားရဲကောင်များ ဝင်လာခြင်း၊
  8. ရဟန်းကို မြွေကိုက်ခြင်း၊
  9. အသက်အန္တရာယ် ဖြစ်နိုင်လောက်အောင် ရဟန်းတပါး မကျန်းမမာဖြစ်လာခြင်း၊ သို့မဟုတ် သတ်မည်ဟု ကြံစည်ခြင်း၊ သို့မဟုတ် ပျံတော်မူခြင်း၊
  10. ဗြဟ္မစရိယ၏ အန္တရာယ် ဖြစ်လောက်အောင် (လူထွက်ရလောက်အောင်) ရဟန်းတပါးကို ဖြစ်စေ၊ ရဟန်းအများကို ဖြစ်စေ ဖမ်းယူကြခြင်းတည်း။

[ဆောင်]
မင်း-မီး-ခိုးသူ မိုးရေဟူ, လူနှင့် ဘီလူးဆွယ်။
သားရဲ-မြွေ-အသက်, ထွက်အောင်ဖျက်, ဆယ်ချက် အန္တရာယ်။

ဂဏ-ပါရိသုဒ္ဓိဥပုသ်

၃ ပါး ဖြစ်စေ၊ ၂ ပါး ဖြစ်စေ ပြုအပ်သော ဥပုသ်သည် “ဂဏဥပုသ်”မည်၏။
“သံဃာ မပြည့်သော ရဟန်းအပေါင်းသည် ပြုအပ်သော ဥပုသ်”ဟူလို။

ဤ ဂဏဥပုသ်ကိုပင် “ပရိသုဒ္ဓေါ အဟံဘန္တေ” စသည် ဆို၍ ပြုရသောကြောင့် “ပါရိသုဒ္ဓိဥပုသ်”ဟုလည်း ခေါ်သည်။

၃ ပါး ပြုပုံ

တံမြက်လှည်းမှု စသော ပုဗ္ဗကရဏ ပုဗ္ဗကိစ္စတို့ကို ပြုပြီး သောအခါ တပါးက ....

သုဏန္တု မေ အာယသ္မန္တော, အဇ္ဇုပေါသထော ပန္နရသော ယဒါ ယသ္မန္တာနံ ပတ္တကလ္လံ, မယံ အညမညံ ပါရိသုဒ္ဓိဥပေါသထံ ကရေယျာမ” ဟု ဉတ်ထားရသည်။

၁၄ ရက် ဥပုသ်နေ့ဖြစ်လျှင် “အဇ္ဇုပေါသထော စာတုဒ္ဒသော”ဟု ပြင်၍ဆိုပါ။

[အာယသ္မန္တော - အရှင်တို့၊
မေ - တပည့်တော်၏ (စကားကို)၊
သုဏန္တု - နားစိုက်ကြပါကုန်၊
အဇ္ဇ - ယနေ့ကား၊
ပန္နရသော - ၁၅ ရက်မြောက်သော၊ (စာတုဒ္ဒသော - ၁၄ ရက်မြောက်သော၊)
ဥပေါသထော - ဥပုသ်နေ့ပါတည်း၊
အာယသ္မန္တာနံ - အရှင်တို့၏၊
(ကမ္မံ - ဥပုသ်ကံသည်၊)
ပတ္တကလ္လံ - လျောက်ပတ်သော အခါရှိသည်၊
ယဒိသိယာ - အကယ်၍ ဖြစ်အံ့၊
(ဧဝံသတိ - ဤသို့ဖြစ်လသော်၊)
မယံ - တို့သည်၊
အညမညံ - အချင်းချင်း၊
ပါရိသုဒ္ဓိ ဥပေါသထံ - ပါရိသုဒ္ဓိဥပုသ်ကို၊
ကရေယျာမ - ပြုကြပါကုန်စို့။

ဥပုသ်ပြုပုံ

ဤသို့ ပါဠိသက်သက်ကို ရွတ်ဆိုခြင်းအားဖြင့် ဉတ်ထားပြီးနောက် သီတင်းကြီးသူက လက်ကန်တော့ တင်ကာ ဆောင့်ကြောင့်ထိုင်၍

ပရိသုဒ္ဓေါ အဟံ အာဝုသော၊ ပရိသုဒ္ဓေါတိ မံ ဓာရေထ,
ဒုတိယမ္ပိ ပရိသုဒ္ဓေါ အဟံ အာဝုသော၊ ပရိသုဒ္ဓေါတိ မံ ဓာရေထ,
တတိယမ္ပိ ပရိသုဒ္ဓေါ အဟံ အာဝုသော၊ ပရိသုဒ္ဓေါတိ မံ ဓာရေထ” ဟုဆို၍ ပါရိသုဒ္ဓိ ပြုရသည်။

ထို့နောက် သီတင်းငယ် ၂ ပါးတွင် တပါးကလည်း ဤနည်းအတိုင်းဆို။
ထို့နောက် တတိယပုဂ္ဂိုလ်ကလည်း ဤနည်းအတိုင်းဆို။
သို့ရာတွင် သီတင်းငယ် ၂ ပါးအတွက်ကား “အာဝုသော”ဟု မခေါ်ဘဲ “ဘန္တေ”ဟု ခေါ်ရသည်။

[မံ ဓာရေထ-ဟု ၃ ကြိမ်အပြီးတွင် ယခုကာလ၌ “သာဓု-သာဓု”ဟု အခြား ပုဂ္ဂိုလ်များက ဆိုလေ့ရှိကြသည်။]

၂ ပါး ပြုပုံ

၂ ပါးတည်းရှိသော ကျောင်းတိုက်၌ ပါရိသုဒ္ဓိ ဥပုသ် ပြုသည့်အခါ “ဉတ်” ထားဘွယ် မလို။

ပုဗ္ဗကရဏ ပုဗ္ဗကိစ္စများကို ပြုသင့်သမျှ ပြုပြီးနောက် သီတင်းကြီးက လက်ကန်တော့တင်ကာ ဆောင့်ကြောင့် ထိုင်၍ “ပရိသုဒ္ဓေါ အဟံ အာဝုသော ၊ပေ၊ ဓာရေဟိ” ဟု ၃ ခေါက် ဆိုရသည်။

[အာဝုသော - ငါ့ရှင်၊
အဟံ - ငါသည်၊
ပရိသုဒ္ဓေါ - အာပတ်မှ စင်ကြယ်ပါ၏၊
မံ - ငါ့ကို၊
ပရိသုဒ္ဓေါတိ - အာပတ်မှ စင်ကြယ်သူဟူ၍၊
ဓာရေဟိ - မှတ်ပါလော။

သီတင်းငယ်အတွက် “ဘန္တေ-အရှင်ဘုရား ၊ပေ၊ ဓာရေထ-မှတ်ပါကုန်လော” ဟု ဆို။

ဤ ဥပုသ်ပြု၌ “ပရိသုဒ္ဓေါ - အာပတ်မှ စင်ကြယ်ပါ၏” ဟု ဝန်ခံသော ကြောင့် အာပတ်ရှိလျှင် ဥပုသ်မပြုခင် ဒေသနာပြောကြရသည်။

ပါရိသုဒ္ဓိပြုရာ ဌာနများ

၂ ပါး ၃ ပါးရှိသောကျောင်းတိုက်၌ ပါရိသုဒ္ဓိ ဥပုသ်ပြုရသည်သာ မကသေး၊ ပုရိမဝါကပ်သော ပုဂ္ဂိုလ်တို့ ပဝါရဏာ ပြုပြီးလျှင် ထို ပုဂ္ဂိုလ်တို့အထံ၌ ပစ္ဆိမဝါကပ်သူ၊ ဝါကျိုးသူတို့ ပါရိသုဒ္ဓိဥပုသ် ပြုရသည်။

သို့ရာတွင် ပါရိသုဒ္ဓိပြုသူတို့က ပဝါရဏာ ပြုသူတို့နှင့် အညီအမျှ၊ သို့မဟုတ် အနည်းဖြစ်မှ ပါရိသုဒ္ဓိ ပြုခွင့်ရ၏။ ပဝါရဏာ ပြုသူတို့ထက် များနေလျှင် မိမိတို့က ဆိုင်ရာဥပုသ်ပြုပြီးမှ ထိုဝါကပ်သူတို့က မိမိတို့ထံ ပဝါရဏာ ပြုရသည်။

ထို့ပြင် -

ကျောင်းတိုက်၌ ရှိနှင့်သော ရဟန်းတို့ သံဃဥပုသ်ပြုပြီးမှ ရောက်လာသော ရဟန်းတို့သည် မူလဥပုသ် ပြုနှင့်သော သံဃာထက် မများလျှင် ထို ဥပုသ်ပြုပြီး သံဃာ၊ ဂိုဏ်း၊ ပုဂ္ဂိုလ် တွေ့သမျှအထံ၌ ပါရိသုဒ္ဓိ ဥပုသ် ပြုနိုင်သည်။

ဥပမာ-

ရဟန်း ၅ပါးတို့ သံဃာ့ဥပုသ်ပြုပြီးလေရာ နောက်ထပ် ၅ ပါး ၄ ပါး စသော သံဃာ၊ ဂိုဏ်း၊ ပုဂ္ဂိုလ်တို့ ရောက်လာလျှင် “ပရိသုဒ္ဓေါ အဟံ ဘန္တေ” စသည်ဆို၍ ပါရိသုဒ္ဓိဥပုသ် ပြုနိုင်သည် ဟူလို။

[နောက်နောက် ပုဂ္ဂိုလ်က များနေလျှင်ကား သံဃဥပုသ်ပင် ထပ်၍ ပြုရသည်။]

ပုဂ္ဂလ အဓိဋ္ဌာန်ဥပုသ်

တပါးထည်းသာ ရှိသော ကျောင်းတိုက်၌ ဥပုသ်ပြုချိန်ဝယ် တံမြက်လှည်းခြင်း အစရှိသော ပုဗ္ဗကရဏများကို ပြုပြီးလျှင် အာဂန္တု များလာချိန် စောင့်၍ (အာဂန္တုများလာလျှင် ပုဗ္ဗကိစ္စများပါ ပြု၍ ဆိုင်ရာဥပုသ်ကိုပြု၊ အာဂန္တုမလာလျှင်) မိမိမှာ အာပတ်ရှိနေမူ “သဘောတူ ပုဂ္ဂိုလ်လာလျှင် ဒေသနာ ပြောမည်”ဟု အဓိဋ္ဌာန်၍ “ယနေ့ ငါ၏ ပန္နရသီဥပုသ်နေ့တည်း”ဟု စိတ်ထဲ၌ ဓိဋ္ဌာန် (နှလုံးသွင်း) ရသည်။ စာတုဒ္ဒသီ ဖြစ်လျှင်လည်း “ယနေ့ ငါ၏ စာတုဒ္ဒသီဥပုသ်နေ့”ဟု အဓိဋ္ဌာန်ရသည်။

အဓိဋ္ဌာန်ဥပုသ်ကိုပင် ပုဂ္ဂိုလ်တပါးတည်း ပြုရသောကြောင့် ပုဂ္ဂလဥပုသ်ဟုလည်း ခေါ်သည်။

ကင်္ခါဆိုပုံ

ကင်္ခါအဋ္ဌကထာကား စိတ်ထဲ၌ ဓိဋ္ဌာန်ရုံ၊ နှလုံးသွင်းရုံကို မပြဘဲ -

အဇ္ဇ မေ ဥပေါသထော စာတုဒ္ဒသောတိဝါ ပန္နရသောတိဝါ ဝတွာ အဓိဋ္ဌာမီတိ ဝတ္တဗ္ဗံ”ဟု မိန့်သည်။

ထို ကင်္ခါအလို -
အဇ္ဇ မေ ဥပေါသထော စာတုဒ္ဒသောတိ အဓိဋ္ဌာမိ” ဟု၎င်း၊
အဇ္ဇ မေ ဥပေါသထော ပန္နရသောတိ အဓိဋ္ဌာမိ” ဟု၎င်း နှုတ်ဖြင့် ဆိုရမည်ကဲ့သို့ ဖြစ်သည်။

သို့သော် “အဓိဋ္ဌာန်မှု” ဟူသည် စိတ်ထဲ၌ စွဲမြဲစွာ နှလုံးသွင်းမှုပင် ဖြစ်သောကြောင့် နှုတ်ဖြင့် မဆိုတော့ဘဲ စိတ်၌ ဓိဋ္ဌာန်မှုဖြင့်ပင် အဓိဋ္ဌာန်ဥပုသ်ပြုခြင်းကိစ္စ ပြီးသင့်ပေသည်။

ထို့ကြောင့် ဥပေါသထက္ခန္ဓက ပါဠိတော် အဋ္ဌကထာတို့၌ ဝတွာ-ဝတ္တ ကြိယာ မပါဘဲ “အဇ္ဇ မေ ဥပေါသထော ပန္နရသော တိ အဓိဋ္ဌာတဗ္ဗော” ဟု မိန့်တော်မူသည်။

ဒေသနာပြော၊ ဒေသနာခံ

အဟံ ဘန္တေ သဗ္ဗာ အာပတ္တိယော” စသည်ဖြင့် ပထမပုဂ္ဂိုလ်က ပြောဆိုခြင်းကို “ဒေသနာပြော”ဟု ခေါ်၍ ထိုသို့ ပြောဆိုသည့်အခါ ဒုတိယပုဂ္ဂိုလ်က “သာဓု-သာဓု”စသည်ဖြင့် လက်ခံခြင်းကို “ဒေသနာခံ” ဟု ခေါ်၏။

[ဒေသနာပြောကို “ဒေသနာကြား” ဟုလည်း ခေါ်ကြ၏။ သို့သော် “ဒေသနာ” ဟူသော ပါဠိက “ပြောဆိုခြင်း” အနက်သာ ထွက်၍ နား၌ ကြားသော “ကြားခြင်း” ဟု အနက် မထွက်နိုင် သောကြောင့် “ဒေသနာကြား” ဟူသော အသုံးကို ဆရာတို့ နှစ်သက်တော် မမူကြကုန်။]

ထိုင်ပုံ စသည်

ဒေသနာပြောလိုသူသည် သံဃာ၊ ဂိုဏ်း၊ ပုဂ္ဂိုလ်ထံ ပြောနိုင်၏၊ သို့သော် ယခုခေတ် ထုံးစံအတိုင်း ပုဂ္ဂိုလ် တပါးထံ ပြောလိုရာ၌ ရှေးစွာ သင်းပိုင်၊ ဧကသီများကို ကောင်းမွန်စွာ ဝတ်၊ လက်ကန်တော့ တင် ဆောင့်ကြောင့်ထိုင်၍ ဒေသနာခံသူက ကြီးလျှင် သူ့ကို ရှိခိုး၊ ဒေသနာပြောသူက ကြီးလျှင် ရှိမခိုးဘဲ ဒေသနာခံသူဘက်သို့ လှည့်၍ ရိုသေစွာ ဒေသနာ ပြောရသည်။

[ယခုခေတ်၌ အချို့ သတင်းကြီးသူတို့မှာ သူတို့က ဒေသနာပြောပါလျက် ဒေသနာခံ သီတင်းငယ်ကို သူတို့ဘက် လက်အုပ်ချီကာ အရိုအသေ ပေးစေကြသေး၏။ အမှန်မှာ ဒေသနာခံသူက ရိုသေဘွယ် မလိုပါ။]

ရှေးခေတ် ဒေသနာပြောနည်း

ဘုရားရှင် လက်ထက်တော်မှ စ၍ အတော် ရှေးကျသောခေတ်၌ အာပတ် အသင့် နည်းရကား မိမိမှာ သင့်သော အာပတ်နာမည်ကို တိုက်ရိုက်ထုတ်ဖော်၍ “အဟံဘန္တေ သုက္ကဝိသဋ္ဌိ သံဃာဒိ သေသံ အာပဇ္ဇိံ” စသည်ဖြင့် ပြောလေ့ရှိကြ၏။

ယခုခေတ်ကဲ့သို့ “သဗ္ဗာ အာပတ္တိယော” ဟု ရီးတီးယောင်တောင် မပြောဆိုကြကုန်။

[ထို ရှေးခေတ် ဒေသနာပြောကြပုံကို မဟာဝါ ဥပေါသထက္ခန္ဓက အဋ္ဌကထာမှာ ရှုပါကုန်။]

ယခုခေတ် ပြောနည်း

ယခုခေတ်ပြောနည်းမှာ မည်သည့် အာပတ် သင့်သည်ဟု မထင်ရှား။ သင့်သော အာပတ်ကို ပြောင်းလွဲ၍ မဆိုတတ်သူတို့ အတွက် ရှေးဆရာတို့ စီစဉ်ပေးခဲ့ရာမှ တစတစ တွင်ကျယ်ကာ အများသုံး ဖြစ်လာဟန် တူသည်။ သို့သော် “သဗ္ဗာ အာပတ္တိယော” ဆိုလျှင် အနည်းငယ် အာပတ်လည်း ပါဝင်သောကြောင့် သင့်သမျှ အာပတ် အနည်းငယ်လည်း ပြေပျောက်နိုင်ရကား ပညာရှိ အများပင် လက်ခံလျက် ရှိသောကြောင့် ယခုကာလ ဒေသနာပြော အစဉ်ကိုသာ အဓိပ္ပာယ်နှင့်တကွ ပြရပေတော့မည်။

နောက်ဆက်တွဲ မှတ်ဘွယ်များ ( အရကျက်ရန်)

▬▬▬▬▬▬▬▬

၁။ သီတင်းငယ်က သီတင်းကြီးထံ ပြောပုံ

ဒေသနာပြော။ ။ အဟံ ဘန္တေ သဗ္ဗာ အာပတ္တိယော အာဝိကရောမိ
ဒေသနာခံ။ ။ သာဓု သာဓု
ပြော။ ။ အဟံ ဘန္တေ သမ္ဗဟုလာ နာနာဝတ္ထုကာ သဗ္ဗာ အာပတ္တိယော အာပဇ္ဇိံ၊ တာ တုမှ-မူလေ ပတိဒေသေမိ
ခံ။ ။ ပဿသိ အာဝုသော တာ အာပတ္တိယော
ပြော။ ။ အာမ ဘန္တေ ပဿာမိ
ခံ။ ။ အာယတိံ အာဝုသော သံဝရေယျာသိ
ပြော။ ။ သာဓု, သုဋ္ဌ ဘန္တေ သံဝရိဿာမိ
ခံ။ ။ သာဓု သာဓု

အနက်နှင့် အဓိပ္ပာယ်

ဒေသနာပြော။

ဘန္တေ - အရှင်ဘုရား၊
အဟံ - တပည့်တော်သည်၊
သဗ္ဗာ - အလုံးစုံကုန်သော၊
အာပတ္တိယော - သင့်မိသမျှ အာပတ်တို့ကို၊
အာဝိ ကရောမိ - ထင်စွာပြုပါ၏။

[ဤစကားကား သံဃာဒိသေသ် ဟူသော ဂရုက အာပတ်ကို ထင်စွာပြုသော စကားတည်း။ ဂရုက အာပတ် သင့်လျက် ဖုံးထားလျှင် ဖုံးသမျှ ညဉ့်အရေအတွက်အတိုင်း ပရိဝါသ်နေရ၏။ တညဉ့်ဖုံးလျှင် တချက်ကျ ဒုက္ကဋ်အာပတ်လည်း သင့်သေး၏။
ထို့ကြောင့် ဂရုကအာပတ်ကို ဖုံးထားရာ မရောက်အောင် “အာဝိကရောမိ = ဖုံးမထားဘဲ အထင်အရှား ဖော်ပြောပါ၏”ဟု ဆိုလိုသည်။
အာရောစယာမိ-အာရောစေမိ” ဟု အမျိုးမျိုး ဆိုကြသေး၏။ “ပြော၏”ဟု အနက်ဆို။
ဤဝါကျ၏ အဓိပ္ပာယ်ကို ခုဒ္ဒသိက္ခာ ရှေးနိဿယ၌ တမျိုးဆိုသေး၏။ ရှုလေတော့။]

ဒေသနာခံ။

သာဓု သာဓု-ကောင်းပြီ ကောင်းပြီ။

[ဤစကားကား အာဝိကရဏပြုသည်ကို လက်ခံသော စကားတည်း။]

၂။ သီတင်းကြီးက သီတင်းငယ်ထံ ပြောပုံ

ပြော။ ။ အဟံ အာဝုသော သဗ္ဗာ အာပတ္တိယော အာဝိကရောမိ
ခံ။ ။ သာဓု သာဓု
ပြော။ ။ အဟံ အာဝုသော သမ္ဗဟုလာ နာနာ ဝတ္ထုကာ သဗ္ဗာ အာပတ္တိယော အာပဇ္ဇိံ၊ တာ တုယှ-မူလေ ပတိဒေသေမိ
ခံ။ ။ ပဿထ ဘန္တေ တာ အာပတ္တိယော
ပြော။ ။ အာမ အာဝုသော ပဿာမိ
ခံ။ ။ အာယတိံ ဘန္တေ သံဝရေယျာထ
ပြော။ ။ သာဓု သုဋ္ဌု အာဝုသော သံဝရိဿာမိ
ခံ။ ။ သာဓု သာဓု

ဒေသနာပြော။

ဘန္တေ - ဘုရား၊
အဟံ - သည်၊
သမ္ဗဟုလာ - များစွာကုန်သော၊
နာနာဝတ္ထုကာ - အမျိုးမျိုး ဝတ္ထုရှိကုန်သော၊
သဗ္ဗာ - အလုံးစုံကုန်သော၊
အာပတ္တိယော - အာပတ်တို့သို့၊
အာပဇ္ဇိံ - ရောက်ပါပြီ၊
တာ - ထို အာပတ်တို့ကို၊
တုမှံ - အရှင်ဘုရားတို့၏၊
မူလေ - အထံ၌၊
ပတိဒေသေမိ - ပြောပြပါ၏။

[ဤစကားကား ထုလ္လစ္စဉ်း စသော လဟုက အာပတ်များကို ဒေသနာ ပြောသော စကားတည်း။
နာနာဝတ္ထုကာ ဟူသည် -
တမူးတန်ကို ခိုးခြင်းတည်း ဟူသော ဝတ္ထုကြောင့် သင့်အပ်သော ထုလ္လစ္စဉ်း၊
ဘီလူးကို သတ်ခြင်း ဝတ္ထုကြောင့် သင့်အပ်သော ထုလ္လစ္စဉ်း၊
လိမ်ခြင်းဝတ္ထုကြောင့် သင့်အပ်သော ပါစိတ်၊
ညစာ စားခြင်း ဝတ္ထုကြောင့် သင့်အပ်သော ပါစိတ်၊
ဤသို့ စသည်ဖြင့် ဝတ္ထု အမျိုးမျိုး ရှိကြသည် ဟူလို။
သဗ္ဗာ အာပတ္တိယော” ကား ထို ထုလ္လစ္စဉ်း ပါစိတ် စသော သင့်သမျှ အာပတ်အားလုံးဟု ဆိုလိုသည်။
တုမှံ + မူလေ”ဟု ဆိုလိုလျက် နိဂ္ဂဟိတ်ချေထားသောကြောင့် “တုမှ + မူလေ”ဟု ရှိရသည်။
ငယ်သူက ကြီးသူကို ရိုသေရာရောက်အောင် “တုမှံ – အရှင်ဘုရားတို့၏” ဟု ဗဟုဝုစ်ဖြင့် အသုံးပြုကြသည်။]

ဒေသနာခံ။

အာဝုသော - ငါ့ရှင်၊
တာ အာပတ္တိယော - ထိုအာပတ်တို့ကို၊
ပဿသိ - ရှု၏လော။

[ထို အာပတ်များကို “ငါ့မှာသင့်နေသော အာပတ်တွေ ဟု သင် ရှုရဲ့လား ဟု ပဋိညာဉ်တောင်းသော စကား ဖြစ်သည်။ ခုဒ္ဒသိက္ခာ ရှေးနိဿယ၌ “ပဿသိ-မြင်ပေ၏”ဟု ပေး၏။ ဆင်ခြင်ပါ။]

၃။ သီတင်းငယ်က ထပ်၍ပြောပုံ

ဤ သီတင်းငယ်က ထပ်မံ၍ ဒေသနာပြောပုံမှာ (၁) နံပါတ် ပြောနည်းတွင် -
(ပြော) “အဟံ ဘန္တေ သဗ္ဗာ အာပတ္တိယော အာဝိကရောမိ
(ခံ) “သာဓု သာဓု
ဤ (အပြော၊ အခံ) တစုံကိုချန်၍ ကျန်သမျှ ဆိုရုံသာ။

ထို့ကြောင့် “အဟံ ဘန္တေ သမ္ဗဟုလာ နာနာဝတ္ထုကာ”မှ စ၍ (၁) နံပါတ် ပြောနည်း ခံနည်းအတိုင်း ပြောရ ဆိုရမည်။

ဒေသနာပြော။

ဘန္တေ – ရား၊
အာမ – မှန်ပါ၊
ပဿာမိ - ရှုပါ၏။

[“ပဿသိ အာဝုသော” ဟု ပဋိညာဉ် တောင်းသည့်အတိုင်း “မှန်ပါ၊ ရှုပါသည်”ဟု ဝန်ခံသော စကားတည်း။]

ဒေသနာခံ။

အာဝုသော - ငါ့ရှင်၊
အာယတိံ - နောက်နောင် အခါ၌၊
သံဝရေယျာသိ - စောင့်စည်းလော့။

[နောက်နောင်အခါ အာပတ်မသင့်အောင် စောင့်စည်းပါ ဟူလို။] ဤစကားကား “အာမ ဘန္တေ ပဿာမိ” ဟူသော ပဋိညာဉ်အရ “ပဋိညာယ ကာရေတဗ္ဗော” ဟူသော သမထနှင့်အညီ ဝန်ခံသည့် အတိုင်း ဆုံးဖြတ်သော ပတိညာတကရဏ စကားတည်း။

ဒေသနာပြော။

ဘန္တေ - ရား၊
သာဓု - ကောင်းပါပြီ၊
သုဋ္ဌု သံဝရိဿာမိ - ကောင်းစွာ စောင့်စည်းပါအံ့။

[ဤကား ဆုံးဖြတ် တိုက်တွန်းသည့် အတိုင်း “ကောင်းပါပြီ၊ ကောင်းစွာ စောင့်စည်းပါမည်” ဟု ဝန်ခံသော စကားတည်း။]

သီတင်းကြီးက ဒေသနာပြောပုံ။ ။ အနက်အဓိပ္ပာယ် မထူးပြီ။
သီတင်းကြီးသူဖြစ်၍ ငယ်ရွယ်သူကို “အာဝုသော-ငါ့ရှင်” ဟု ခေါ်ခြင်း၊ “တုမှံ” ဟု လေးလေးစားစား ဗဟုဝုစ်စကားကို မသုံးဘဲ “တုယှံ-သင်၏”ဟု ဧကဝုစ် စကားကို သုံးခြင်းသာ ထူးတော့သည်။

တုယှံ+မူလေ” ဆိုလိုလျက် နိဂ္ဂဟိတ် ချေထားသဖြင့် “တုယှ+မူလေ”ဟု ရှိသည်။

[“တုမှ+မူလေ၊ တုယှ+မူလေ” - ပုဒ်တို့ သမာသ် မဟုတ်၊ ဝါကျဟု ပါစိတျာဒိယောဇနာ မိန့်သည်။]

သီတင်းငယ်က ထပ်၍ပြောပုံ။ ။သီတင်းကြီးက ပြောပြီးနောက် သီတင်းငယ်က ထပ်၍ ပြောရာ၌ “အဟံ ဘန္တေ သဗ္ဗာ အာပတ္တိယော အာဝိကရောမိ” ဟူသော ဝါကျ မပါခြင်းမှာ ထိုဝါကျက ဂရုက အာပတ်ကို ထင်စွာ ပြုသော ဝါကျဖြစ်၍ ထို ဂရုကအာပတ်အတွက်မှာ ပထမတကြိမ် ပြောရုံမျှဖြင့် ညာဉ် မဖုံးလွှမ်းခြင်းကိစ္စ ပြီးသောကြောင့် ဖြစ်သည်။
သို့ဖြစ်လျှင် ဘာ့ကြောင့် “အဟံ ဘန္တေ သမ္ဗဟုလာ”မှ စ၍ ထပ်ရပြန်သနည်းဟု မေးဘွယ်ရှိ၏။

အဖြေကား-
သဘာဂအာပတ် ရှိသူချင်း ဒေသနာပြောမိလျှင် ဒုက္ကဋ်အာပတ် ထပ်၍ သင့်သောကြောင့် ထို ဒုက္ကဋ် အာပတ်ကို ပြေပျောက်စေခြင်းငှာ “အဟံ ဘန္တေ သမ္ဗဟုလာ”စသည်ဖြင့် ထပ်ရပြန်သည်။

ချဲ့ဦးအံ့ --
ရဟန်း ၂ ပါး ညစာစားမိ၍ ဝိကာလဘောဇနပါစိတ်အာပတ် သင့်ကြရာ၌ ထိုအာပတ်သည် ညစာစားခြင်း သဘောတူသော ဝတ္ထုကြောင့် သင့်ရကား “သဘာဂအာပတ်”မည်၏။ ထိုကဲ့သို့ သဘာဂအာပတ် ရှိသူချင်း ဒေသနာပြော၊ ဒေသနာခံလျှင် ပြောသူ ခံသူ ၂ ပါးလုံးပင် ဒုက္ကဋ်အာပတ် တချက်စီ ထပ်၍ သင့်ကြ၏။ သို့သော် ထို ဒုက္ကဋ်အာပတ်သည် ပြောခြင်းဝတ္ထုကြောင့် တပါးမှာ သင့်၍ ခံခြင်းဝတ္ထုကြောင့် အခြားတပါးမှာ သင့်ရသည်။ ဝတ္ထုချင်း သဘောမတူကြ၍ သဘာဂအာပတ် မဟုတ်ကြချေ။

ထို့ကြောင့် ပထမဆုံး သီတင်းငယ်က ဒေသနာပြောရာ၌ သဘာဂအာပတ် ရှိသူချင်း ပြောမိသော် ၂ ပါးလုံးမှာ ဒုက္ကဋ်တချက်စီ ထပ်၍သင့်၏။
သီတင်းကြီးက ဒုတိယအကြိမ်ပြောရာ၌ ရှေးက သင့်ပြီးသော အာပတ်များနှင့် တကွ ယခင် ဒုက္ကဋ်အာပတ်ပါ ပြေပျောက်လေပြီ။
သီတင်းငယ်မှာကား ဒုက္ကဋ်အာပတ် တချက် ကျန်သေးသည်။ ထို ဒုက္ကဋ်အာပတ်ကို ပြေပျောက်စေခြင်းငှာ တတိယ ဒေသနာ ပြောရပြန်သည်။

“သဘာဂအာပတ် မရှိဘူး” ဟု သိလျှင်ကား ထို ဒုက္ကဋ်အာပတ်လည်း မသင့်သဖြင့် တတိယအကြိမ် ထပ်၍ဒေသနာ ပြောဘွယ် မလို။

ယခုကာလ၌ကား သဘာဂအာပတ် ရှိရှိ-မရှိရှိ ရိုးရာဖြစ်၍ တတိယအကြိမ် ထပ်လေ့ရှိကြသည်။

ထိုတတိယအကြိမ် ထပ်ရာမှာလည်း “သမ္ဗဟုလာ နာနာဝတ္ထုကာ = များစွာ ကုန်သော ဝတ္ထု အမျိုးမျိုးကြောင့် သင့်ကုန်သော” ဟု ဆိုထားပြန်၏။
များလည်း မများ၊ ဒုက္ကဋ်တချက်သာ။
ဝတ္ထုအမျိုးမျိုးလည်း မရှိ၊ သဘာဂဝတ္ထု ရှိသူချင်း ဒေသနာပြောမှု ဝတ္ထု တမျိုးသာ ရှိသည်။

သို့ရာတွင် အများဆိုလျှင် တပါးလည်း ပါဝင်၊ ဝတ္ထုအမျိုးမျိုးဆိုလျှင် ဝတ္ထုတမျိုးလည်း ပါဝင်သောကြောင့် အထူး မပြတော့ဘဲ ရိုးရာအတိုင်းသာ လိုက်ကြပေတော့သည်။

နောက်ဆက်တွဲ မှတ်ဘွယ်များ ပြီးပြီ။

ဘာသာဋီကာ နိဂုံး

▬▬▬▬▬▬▬

၁။ ရတနာ့ဂုဏ်ရည်၊
၂။ အခြေပြုသင်္ဂြိုဟ်၊
၃။ အခြေပြုသဒ္ဒါ၊
၄။ သင်္ဂြိုဟ်ဘာသာဋီကာ၊
၅။ ဝီထိနှင့် သုံးချက်စု ဘာသာဋီကာ၊
၆။ ကိုယ်ကျင့် အဘိဓမ္မာ

ဟူသော ကျမ်းပေါင်း ခြောက်စောင် အပြင် ပါတိမောက် ဘာသာဋီကာ သတ္တမ ကျမ်းစာကိုလည်း ပါတိမောက်နှင့် ကင်္ခါ အဋ္ဌကထာကို ပို့ချရင်း ရေးသားခဲ့ရာ နှစ်တပတ်လည် အချိန်မှာပင် ကောင်းစွာ ပြီးစီးပြန်ပေပြီ။

သိဇ္ဈိတ္ထ ဘော ဘာသာဋီကာ, ဒေသဘာသာယ သင်္ခတာ၊
ဝဏ္ဏနာ ပါတိမောက္ခာနံ, ဥဘိန္နမ္ပိ သု ဒုလ္လဘာ၊

ဥဘိန္နမ္ပိ – ဘိက္ခု၊ ဘိက္ခုနီ, အမည်ပြားတုံ, ၂ ပါးစုံလည်း ဖြစ်ကုန်သော၊
ပါတိမောက္ခာနံ - ပါတိမောက်ခေါ်, သိက္ခာပုဒ် ပါဠိတော်တို့၏၊
ဝဏ္ဏနာ - အဋ္ဌကထာ အပြင်, တမျိုးထွင်၍, ဆင်ယင် ဖွင့်ပြကြောင်းဖြစ်သော၊
သု ဒုလ္လဘာ - ပညာစိစစ် တက်တုန်းဖြစ်သည့်, ခေတ်နှင့်တန်အောင်, အမှန် ရခဲလှစွာသော၊
ဒေသဘာသာယ - တိုင်းရင်း မြန်မာ, ကိုယ့်ဘာသာဖြင့်၊
သင်္ခတာ - တသန့် တသန့်, အကန့်ကန့်လျက်, ခံ့ခံ့စီရရီ, တည်ကြည်စွာ စီရင်အပ်သော၊
ဘာသာဋီကာ - ဘာသာဋီကာ, အမည်သာသည့်, မှီရာသိပ်သည်း, နိဿယည်းသည်၊
သိဇ္ဈိတ္ထဘော - ဝန်းကျင်ပတ်ကုံး ကမ္ပတ်ဖုံး၍ နိဂုံးအရောက်, ပြီးမြောက်ပြန်ပြီတကား။

ဤသို့ ကျမ်းပေါင်း အရပ်ရပ်ကို ထပ်ကာ ထပ်ကာ စီစဉ်နေခြင်းမှာလည်း ကျမ်းစာတွေကို ညွှန်ပြ၍ “ကျမ်းပြုဆရာတော်” ဟူသော ပကာသန စသည်ကို လိုလားခြင်းကြောင့် မဟုတ်ပါ။ သာသနာ့ဝန် ထမ်းရာဝယ် စွမ်းဆောင်နိုင်ရာဘက်မှ ဆောင်ရွက်ထိုက်သည်ဟု သဘောရ၍ စိတ်ပန်းကိုယ်ပန်း ထမ်းနေခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ ..

ယဒိ အညာ ဥပ္ပဇ္ဇေထ, ဣတောပိ သုခ သမ္မတာ၊
တဿော ကာသံ ပဒါနာယ, အယံ အန္တရဓာယတံ၊

ဣတောပိ - အများမှီးလောက်,ခရီးရောက်၍ ပြီးမြောက်ခဲ့ရာ, ဤ ဘာသာဋီကာထက်လည်း၊
သုခသမ္မတာ - ကြည့်ရှု့ပို့ချ လွယ်ကူလှသဖြင့်, အားရဘွယ်တောင်း အကောင်း ဟု သမုတ်အပ်သော၊
အညာ - ပါတိမောက်တွင်း ဉာဏ်ရောင်သွင်းမည့်, သန့်ရှင်းကျစ်လျစ်, ဋီကာသစ်တမျိုးသည်၊
ယဒိ ဥပ္ပဇ္ဇေထ - ပညာလိုလား နောက်နောက်သားတို့, ကြိုးစားရစ်သော်, အကယ်၍ ဖြစ်ပေါ်လာအံ့၊
တဿာ - ထိုသို့ ဖြစ်ရစ်, ဋီကာသစ်၏၊
ဩကာသံ ပဒါနာယ - ထွန်းတောက် တင့်ရေး, အခွင့် ပေးခြင်းငှာ၊
အယံ - လပေါင်း မြားမြောက် လွန်အားဆောက်မှ ထွန်းတောက်ထွက်လာ, ဤဋီကာသည်၊
အန္တရဓာယတံ - ရိုးရာမတဲ့ တိုးကာငဲ့၍ ကပ်ဖဲ့ မနေ ကွယ်ပျောက်ရစ်ပါစေသတည်း။

ဤသို့ ကျမ်းစာ အစောင်စောင် ရေးသားနိုင်လောက်သော ဉာဏ်စွမ်းကို အသိုက်အလျောက် ရရှိခြင်း မှာလည်း မိမိ ပဋိဘာန် ပင်ကိုယ်ဉာဏ်ကြောင့် မဟုတ်ပါ။ ငယ်ရွယ်စဉ်ကစ၍ စာပေအရာ ဝါသနာပါမှန်း သိတော်မူကြသော (သင်္ဂြိုဟ်ဘာသာဋီကာ နိဂုံးပါ) ဆရာတော်တို့ အဆက်ဆက် ချီးမြှောက်တော် မူကြခြင်းကြောင့်သာ ဖြစ်ပါသည်။ ထို့ကြောင့်...

သမ္ပူဇယာမိ ထေရာနံ, ယေသာဟံ သမ္ပဂ္ဂဟိတော၊
ဇယံ ဇယံ ဇယန္တောဝ, သမ္ဗုဒ္ဓ သာသနန္ဓရော။

ယေသံ ထေရာနံ - အထက် ဝေဟင်, နေ အသွင်သို့, မြေပြင် ထင်ရှား အကြင် ဆရာတော်ဘုရား တို့သည်၊
သမ္ပဂ္ဂဟိတော - အထူး စောင့်ရှောက် ချီးမြှောက်အပ်သည်ဖြစ်၍၊
ဇယံ ဇယံ - အောင်သင့် အောင်ရန်, စာတော်ပြန်ဟု တိုင်းမြန် ထင်ရှား, အောင်ပွဲများကို၊
ဇယန္တောဝ - လာဘ်လည်း မကူ လူလည်း မပံ့ ခံ့ခံ့ သိုက်မြိုက် အောင်လံစိုက်လျက်သာလျှင်၊
အဟံ- ငါသည်၊
သမ္ဗုဒ္ဓသာသနန္ဓရော - ဗုဒ္ဓမြတ်စွာ, သာသနာကျိုး တိုးသင့် တိုးအောင် တမျိုး ဆောင်ရပေ၏၊
တေသံ ထေရာနံ - ကျေးဇူးတော်ရင်, ဂုဏ်အင် ကြီးမား ထို ဆရာတော်ဘုရားတို့အား၊
သမ္ပူဇယာမိ - ကျမ်းစာ ရေးသား, ကောင်းမှုများဖြင့်, လေးစား ကော်ရော်, ပူဇော်ပါ၏။

မိမိ ဆရာတော်များသာမက ဘုရားရှင်၏ သာသနာတော်မြတ်ကြီးကို မကွယ်မပျက်အောင် ဆောင်ရွက် တော်မူခဲ့ကြ၊ ယခုလည်း ဆောင်ရွက်တော်မူ နေကြပေသော ဆရာတော်များလည်း ရှိကြပေသေး၏။ ထို ဆရာတော်များ၏ ကိုယ်ပန်း စိတ်ပန်းနှင့် ချမ်းသာခွင့် မရကြပုံကို အလုံးစုံလောက်ပင် မြော်မြင်မိပါသည်။ ထို့ကြောင့်....

ရဇောဟာရောမှိ ထေရာနံ, သာသနံ ယေသ မာဘတံ၊
ပါဒဋ္ဌီနိစ သဗ္ဗာနိ, သမ္ပဋိစ္ဆာမိ မတ္ထကေ။

ယေသံ ထေရာနံ - သာသနာ့ဝန်, အားသွန် ကြိုးပမ်း, ထမ်းကြ ပျော်ပျော် အကြင် ဆရာတော်တို့သည်၊
သာသနံ - ဘခင် ဘုရား တည်ထောင်ထားသည့် အများ တွက်တာ, သာသနာတော်ကြီးကို၊
အာဘတံ - ပင်ပန်းသမှု လျစ်လျူ ရှု၍ အမှုပါအောင်, ထမ်းဆောင်တော် မူအပ်လေပြီ၊
တေသံ ထေရာနံ - သားကောင်း ပီပီ, ဇာနည် စစ်စစ်, ရှေးခေတ် ခုပေါ်, ထို ဆရာတော်ဘုရားတို့၏၊
ရဇောဟာရော - ခြေ၌ကပ်တွယ် မြူမှုန်ပယ်ဘို့, အလွယ် ချိတ်ထား ခြေသုတ်အလားသည်၊
အမှိ - အမှန်စိတ်ထား နှိမ့်သောအားဖြင့် လေးစားလျက်သာ, ဖြစ်ရိုးပါတည်း၊
သဗ္ဗာနိ - ကြွင်းမဲ့ဥဿုံ, အလုံးစုံကုန်သော၊
ပါဒဋ္ဌီနိစ - သာသနာ့ဝန်ဆောင်, အခေါင် ထွဋ်မြတ်, ခြေရိုးဓာတ် တို့ကိုလည်း၊
မတ္ထကေ - ဆရာ့တံဆိပ်, ခြေစုံနှိပ်သည့်, ဦးထိပ်ရတနာ, မြတ်အင်္ဂါဖြင့်၊
သမ္ပဋိစ္ဆာမိ - သရဖူအလား စိတ်ဝယ်ထား၍ လေးစားတမှု ခံယူပါသတည်း။

ဤသို့ ကျမ်းစာအရပ်ရပ်ကို အထပ်ထပ် ပြုစုခြင်းကြောင့် မိမိစေတနာ အားလျော်စွာ သံသရာ စခန်းဝယ် မျှော်မှန်း၍ မဆုံးနိူင်သော အကျိုး အာနိသင်ကို ဧကန် ရလိမ့်မည်ဟု ယုံကြည်ပါ၏။ သို့သော် ထို ရအပ်လတံ့သော အကျိုးများတွင် မိမိအတွက် ခံစား စံစားဘို့ အချက်တို့ကား တစက်မျှ မမျှော်တွေးပါ။ “ကိုယ်တည်းတယောက်, ဆင်းရဲရောက်၍, ကိုယ့်နောက်အများ, ချမ်းသာပွားမူ, တပါးဖြစ်ထွေ, ဆင်းရဲစေတော့”ဟု ရည်ရွယ်ရင်း အတိုင်းသာလျှင် အများ၏ ချမ်းသာရေးကို ဆောင်ရွက်လျက်သာ နိဗ္ဗာန်သို့ မြန်မြန် ထက်ထက် တက်နိုင်ဘို့ရာ ....

အဘိဝဍ္ဎန္တုမေ ပညာ, သဒ္ဓါ သတိ သမာဓယော၊
ပရက္ကမော လောကဿာဒ-ဗောဓျတ္ထာယ ပရံ ပရံ။

မေ - ငါ၏၊
ပညာ - ဝဇီရစိန်, ကဲ့ အရှိန်သို့, ထိန်တလက်လက်, ထက်မြက်သော ပညာသည်၎င်း၊
သဒ္ဓါ - ယုံကြည်ဘွယ်ရန်, ဝတ္ထုမှန်လျှင်, ဧကန်ဆုံးဖြတ် ယုံကြည်တတ်သော သဒ္ဓါသည်၎င်း၊
သတိသမာဓယော - ကုသိုလ်ဖြစ်မြောက် ကိစ္စရောက်ဘို့ တအောက်မေ့မေ့, အဓလေ့တို့ တွေ့တွေ့ ကြုံကြုံ မတုန်မလှုပ်သော သမာဓိတို့သည်၎င်း၊
ပရက္ကမော – ကိုယ်နှင့် အသက် မငဲ့ကွက်ဘဲ ဆက်ဆက်ကြိုးကုတ်, အားထုတ်နိူင်ကြောင်း, လုံ့လ ကောင်းသည်၎င်း၊
လောကဿာဒဗောဓျတ္ထာယ - လောကီ လူပေါင်း, နှစ်မျို့ ကြောင်းနှင့်, အကောင်းဆုံး ရည်သန်, ဗောဓိဉာဏ် အကျိုးငှာ၊
ပရံ ပရံ - တမြင့်ထဲမြင့်, ဆင့်ကဲတင့်သည် ဖြစ်၍၊
အဘိဝဍ္ဎန္တု – တက်သစ် လဝန်း, နေသစ် ထွန်းသို့ ရွှန်းတဝေဝေ, တိုးတက်ကြပါစေသတည်း။

ပါတိမောက် ဘာသာဋီကာ ပြီးပြီ။