ပိဋကတ်ဝတ္ထုလမ်းညွှန်
ကကဏ္ဋဇာတက
ဤဇာတ်တော်သည် မဟာဥမင်္ဂဇာတ်၌ ပါပြီးဖြစ်သည်။ (ဇာ၊ဋ္ဌ၊၂၊၅၇)
ကကုသန္ဓဗုဒ္ဓဝံသ
ဤဗုဒ္ဓဝင်၌ ကကုသန္ဓမြတ်စွာဘုရားသည် ခေမာနေပြည်တော်၌ ခမည်းတော်အဂ္ဂိဒတ္တပုဏ္ဏားနှင့် မယ်တော်ဝိသာခါပုဏ္ဏေးမတို့မှ မွေးဖွားခဲ့ပုံ၊ ရောစိနီမည်သော ပုဏ္ဏားအမျိုးသမီးနှင့် လက်ထပ်ကာ ဥတ္တရမည်သော သားတော် မွေးဖွားပြီးနောက် အာဇာနည်မြင်းရထားဖြင့် တောထွက်တော်မူခဲ့ပုံ၊ ဗောဓိပင်မှာ ကုက္ကိုပင်၊ အဂ္ဂသာဝကနှစ်ပါးမှာ ဝိဇရမထေရ်နှင့် သဉ္ဇီဝမထေရ် အလုပ်အကျွေးမှာ ဗုဒ္ဓိဇမထေရ် ဖြစ်ခဲ့ပုံ၊ ထိုစဉ်က ဂေါတမဗုဒ္ဓလောင်းလျာသည် ခေမမည်သောမင်း ဖြစ်လျက် နိယတဗျာဒိတ် ခံယူတော်မူခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၇၀) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၉၆)
ကက္ကဋကရသဒါယကဝတ္ထု
ဤဝတ္ထု၌ တရားအားထုတ်နေသော ရဟန်းတော်တစ်ပါးသည် နားရောဂါရသဖြင့် တရားအားမထုတ်နိုင်ဘဲ ဖြစ်နေစဉ် ဘုရားရှင်အား လျှောက်ထားရာ ပုဇွန်လုံးဖြင့် ချက်ပြုတ်ထားသော အစားအစာနှင့် သင့်လျော်သည်ကို မြင်တော်မူသဖြင့် မဂဓလယ်ကွင်းထဲသို့ ဆွမ်းခံ လွှတ်ပုံ၊ လယ်လုပ်သားတစ်ဦးက ပုဇွန်လုံးချက်ကို လှူသဖြင့် နားရောဂါပျောက်ကာ ရဟန္တာ ဖြစ်သွားခဲ့ပုံ၊ လယ်လုပ်သားသည် ထိုကုသိုလ်ကြောင့် နတ်ပြည်၌ နတ်သား ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၂၅)
ကက္ကာရုဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် တာဝတိံသာနတ်ပြည်၌ နတ်သားတစ်ယောက် ဖြစ်စဉ် အခြားနတ်သားသုံးယောက်တို့နှင့် အတူ ကက္ကာရုမည်သောနတ်ပန်းကို (နတ်ပြည်၌ဖြစ်သော ကျောက်ဖရုံပန်းကို) ပန်ဆင်၍ ဗာရာဏသီပြည်၌ ကျင်းပသည့် ကြီးကျယ်သော ပွဲလမ်းသဘင်ကို လာရောက်ကြည့်ရှုကြပုံ၊ ကျောက်ဖရုံပန်းနံ့သည် ဗာရာဏသီ တစ်မြို့လုံး မွှေးကြိုင်နေသဖြင့် လူအများက ရှာဖွေကြပုံ၊ နတ်သားလေးယောက်တို့က ကိုယ်ထင်ပြ၍ မိမိတို့ ပန်ဆင်ထားသော ကျောက်ဖရုံပန်းများ၏ အနံ့ဖြစ်ကြောင်း ပြောကြားကြပုံ၊ လူအများက ထိုပန်းကို တောင်းကြသည့်အခါ နတ်သားများက ‘‘ဤပန်းများသည် မလိမ်ညာတတ်သူ, သမ္မာအာဇီဝဖြင့် အသက်မွေးသူ, ပေးကမ်းလှူဒါန်းလေ့ရှိသူ, ပညာရှိသူတော်ကောင်းတို့အား မဆဲရေးတတ်သူတို့နှင့်သာ ထိုက်တန်ကြောင်း’’ ပြောကြားကြပုံ၊ ထိုအခါ ကောက်ကျစ်သော ပုရောဟိတ်ပုဏ္ဏားက လူအများအထင်ကြီးစေရန် ‘‘မိမိသည် အဆိုပါ အင်္ဂါရပ်များနှင့် ညီညွတ်သူ ဖြစ်ကြောင်း’’ ပရိသတ်အလယ်၌ လိမ်ညာပြောဆို၍ တောင်းခဲ့ပုံ၊ နတ်သားလေးယောက်တို့က ထိုပန်းလေးပွင့်တို့ကို ပန်ဆင်ပေးပြီး နတ်ပြည်ပြန်သွားသောအခါ ပုရောဟိတ်ပုဏ္ဏားအား ခေါင်းကိုက်ဝေဒနာ သေလုမျောပါး ခံစားခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၇၉)
ကက္ကာရုပုပ္ဖပူဇကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်အလောင်း နတ်သားသည် နတ်ပြည်မှ ကက္ကာရုပန်းကို ယူဆောင်ခဲ့၍ သိခီဘုရားရှင်အား လှူဒါန်းပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ထိုဘဝမှစ၍ အပါယ်သို့ လားရောက်ခြင်း မရှိခဲ့ဘဲ ကိုးကမ္ဘာအထက်၌ သတ္တုတ္တမ စကြဝတေးမင်း ဖြစ်၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၉၆) (အပ၊ဋ္ဌ၊၂၊၁၆၄) (အပ၊၁၊၃၃၀)
ကင်္ခါရေဝတတ္ထေရဝတ္ထု
ဤဝတ္ထု၌ ကင်္ခါရေဝတမထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်အခါက ဈာနလာဘီ ဧတဒဂ်ရသော (ဈာန်ရ ရဟန်းတို့တွင် အမြတ်ဆုံးဖြစ်သော) ရဟန်းတစ်ပါးကို အားကျကာ ခုနစ်ရက်ပတ်လုံး ကောင်းမှုပြု၍ ဈာနလာဘီဧတဒဂ် ရရန် ဆုတောင်းခဲ့ပုံ၊ ဤဂေါတမဘုရားရှင်လက်ထက် ရောက်သောအခါ ကင်္ခါရေဝတထေရ်ဖြစ်၍ ဈာနလာဘီ ဧတဒဂ် ရရှိခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (အပ၊၂၊၁၄၅) (အံ၊ဋ္ဌ၊၁၊၁၈၀) (ထေရ၊ဋ္ဌ၊၁၊၃၉) (အပ၊ဋ္ဌ၊၂၊၂၄၅)
ကင်္ခါရေဝတတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်ကင်္ခါရေဝတသည် ခရီးသွားစဉ် ထန်းလျက်လုပ်ရာ၌ ဖွဲမုန့်ညက်ရော၍ လုပ်သည်ကို တွေ့ရသဖြင့် မအပ်ဟု သံသယရှိရာ ဘုရားရှင်က မာစေရန်သာ သုံးခြင်းဖြစ်၍ ထန်းလျက်ဟုပင် ခေါ်ဆိုရသောကြောင့် ခွင့်ပြုတော်မူကြောင်း မိန့်တော်မူပုံ၊ မစင်ထဲတွင် ကုလားပဲပင် ပေါက်သည်ကို တွေ့ရသဖြင့် မအပ်ဟု သံသယဖြစ်ရာ ဘုရားရှင်က အလိုရှိသလို သုံးဆောင်နိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၀၃)
ကင်္ခါဝတ္ထု
ဤဝတ္ထု၌ စူဠမာတာ၏ သားငယ်ကို ရှေးဦးစွာ ဦးခေါင်းတုံးထားပြီး မဟာမာတာ၏ သားကို ဦးခေါင်းမတုံးဘဲ ထားပုံ၊ တစ်နေ့သောအခါ အမျိုးတို့၏ ထုံးစံဓမ္မတာအရ မဟာမာတာ၏သား အိပ်ပျော်နေစဉ် ဦးခေါင်းတုံးထားပုံ၊ မဟာမာတာ၏သား အိပ်ရာမှ နိုးလာသောအခါ မိမိသည် စူဠမာတာ၏သား ဖြစ်လေသလောဟု ယုံမှားသံသယဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၇၂) (မ၊ဋီ၊၁၊၁၅၆)
ကင်္ခါဝတ္ထု
ဤဝတ္ထု၌ တံငါသည်တစ်ယောက်သည် ရေထဲ၌ ကြာမြင့်စွာ ရပ်နေလျက် ငါးဖမ်းစဉ် အလွန်အေးပြီး ထုံကျင်လာသောအခါ မိမိ၏ပေါင်ကို ငါးဟု မှတ်ထင်ပြီး ပုတ်ခတ်ပုံ၊ အခြားသော ယောကျ်ားတစ်ယောက်သည်လည်း သုသာန်နံဘေး၌ ရှိသော မိမိ၏ လယ်ကို စောင့်နေစဉ် ကြောက်ကြောက်လန့်လန့်ဖြင့် ဒူးနှစ်ဖက်ကွေးလျက် အိပ်ပျော်သွားပုံ၊ ထိုယောကျ်ား အိပ်ရာမှ နိုးလာသောအခါ ဒူးနှစ်ဖက်ကို ဘီလူးဟု မှတ်ထင်ပြီး ပုတ်ခတ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၇၂)
ကစ္စာနိဇာတက
ဤဇာတ်တော်၌ အမျိုးသားတစ်ဦးသည် ဖခင်ကွယ်လွန်သော် မိခင်ကို နတ်ကဲ့သို့ ရိုသေစွာ ပြုစုလုပ်ကျွေးပုံ၊ အိမ်ထောင်ကျသောအခါ သားတစ်ယောက်ရလျှင် ထိုသူ၏ မယားသည် မိခင်အိုကြီးကို အိမ်မှ နှင်ထုတ်စေရန် အမျိုးမျိုးကြိုးစားသဖြင့် အိမ်မှ နှင်ထုတ်ခဲ့ပုံ၊ မိခင်အိုကြီးသည် ဆင်းရဲငြိုငြင်စွာ တောင်းရမ်းစားသောက်ရပြီး သုသာန်၌ နေခဲ့ရပုံ၊ သိကြားမင်းက ထိုအကြောင်းကို သိပြီး မိခင်အိုကြီး၏ ဂုဏ်ကို ပြောပြသဖြင့် သားနှင့် ချွေးမတို့က မိခင်အိုကြီးကို တစ်ဖန်ပြုစုလုပ်ကျွေးကြပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၄၀၁)
ကစ္ဆပဇာတက
ဤဇာတ်တော်၌ အလွန် စကားများသော ဗြဟ္မဒတ်မင်းကြီးအား နှုတ်ကို မစောင့်ထိန်းသဖြင့် ကောင်းကင်မှ ပြုတ်ကျကာ သေဆုံးသော လိပ်ကို ဘုရားလောင်းအမတ်သည် ညွှန်ပြလျက် ဆုံးမဩဝါဒပေးပုံ၊ ဗြဟ္မဒတ်မင်းကြီး အသိတရားရကာ လိုက်နာကျင့်ကြံပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၆၀)
ကစ္ဆပဇာတက
ဤဇာတ်တော်၌ ရှေးအခါက ဘုရားအလောင်း ဈာန်ရရသေ့သည် ဟိမဝန္တာအရပ် ဂင်္ဂါမြစ်ကမ်းရှိ သင်္ခမ်းကျောင်း၌ နေစဉ် လျှပ်ပေါ်သော မျောက်တစ်ကောင်သည် ထိုရသေ့ကို ကိုယ်အမူအရာဖြင့် စော်ကားပုံ၊ တစ်နေ့တွင် ထိုမျောက်သည် မြစ်ကမ်းနား၌ ခံတွင်းဖွင့်၍ အိပ်နေသော လိပ်၏ခံ တွင်းသို့ မိမိ၏ အင်္ဂါဇာတ်ကို သွင်းသဖြင့် လိပ်ကိုက်ခံရပုံ၊ ဘုရားလောင်းရသေ့က ကူညီသဖြင့် မျောက်မှာ ချမ်းသာရာရခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၂၄)
ကစ္ဆပဇာတက
ဤဇာတ်တော်၌ ရှေးအခါက ဘုရားအလောင်းသည် အိုးထိန်းသည်မျိုး၌ ဖြစ်စဉ် အိုင်ကြီး တစ်အိုင်၌ နေသော ငါးတို့သည် မိုးရေ နည်းလာသဖြင့် မြစ်တွင်းသို့ ပြောင်းရွှေ့ခဲ့ကြပုံ၊ လိပ်တစ်ကောင်မှာမူ မိမိမွေးရာဇာတိမြေဖြစ်သော အိုင်ကြီးကို တွယ်တာနေသောကြောင့် အသက်ဆုံးရှုံးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၇၂)
ကဉ္စနက္ခန္ဓဇာတက
ဤဇာတ်တော်၌ သဒ္ဓါတရားဖြင့် သာသနာ့ဘောင် ဝင်ရောက်လာသော ရဟန်းသစ်ကလေးသည် ဘုရားရှင်ပညတ်တော်မူသော သိက္ခာပုဒ်များ အလွန်များသဖြင့် ငြီးငွေ့ကာ လူထွက်ရန် ကြံစည်ခဲ့ပုံ၊ ဘုရားရှင်ထံ ရောက်ရှိသောအခါ ဘုရားရှင်က သိက္ခာပုဒ်အားလုံးကို ထိန်းသိမ်းရန် မလိုဘဲ ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးကိုသာ လုံခြုံအောင် စောင့်ထိန်းရန် မိန့်တော်မူပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၉၃)
ကဉ္ဇိကဒါယိကာဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် အန္ဓကဝိန္ဒတော၌ နေစဉ် လေနာရောဂါဖြစ်သဖြင့် အရှင်အာနန္ဒာသည် ဆေးအတွက် ပအုံးရည်အလှူခံထွက်ပုံ၊ သမားတော်ကြီးတစ်ဦး၏ နေအိမ်၌ ရပ်လျှင် သမားတော်ကြီး၏ ဇနီးသည် ဇီးဖျော်ရည်၊ ယာဂုကို အခြားသော သုံးဆောင်ဖွယ်ဘောဇဉ်တို့နှင့်အတူ စီစဉ်၍ လှူလိုက်ရာ သုံးဆောင်တော်မူသဖြင့် ဘုရားရှင် လေနာရောဂါ ပျောက်တော်မူပုံ၊ ထိုကုသိုလ်ကံကြောင့် သမားတော်ကြီး၏ ဇနီးသည် ကွယ်လွန်သောအခါ တာဝတိံသာနတ်ပြည်၌ နတ်သမီးဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၆၉)
ကဋစ္ဆုဘိက္ခာ ဒါယိကာထေရီဝတ္ထု
ဤဝတ္ထုသည် အဘယမာတုထေရီဝတ္ထုနှင့် တူသည်။ (အပ၊၂၊၁၉၂)
ကဋာဟကဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းသည် ဗာရာဏသီပြည်၌ စည်းစိမ်ဥစ္စာ လွန်စွာ ချမ်းသာကြွယ်ဝသော သူဌေးကြီးတစ်ဦး ဖြစ်စဉ် သူဌေးကြီး၏ မယားသည် သားယောကျ်ားလေး မွေးဖွားလာသောအခါ သူဌေးကြီး၏ ကျွန်မသည်လည်း ထိုနေ့၌ပင် သားယောကျ်ားလေးတစ်ယောက် မွေးဖွားခဲ့ပုံ၊ သူဌေးကြီး၏သားနှင့် ကျွန်မ၏သားတို့သည် အတူတကွ အတတ်ပညာသင်ယူကာ ကြီးပြင်းလာခဲ့ကြပုံ၊ ကျွန်မ၏သားကို ကဋာဟကဟု အမည်ပေးထားပုံ၊ ကဋာဟကသည် သူဌေးကြီးအိမ်၌ ဘဏ္ဍာစိုးရာထူး ရသော်လည်း မကျေနပ်သေးဘဲ သူဌေးသား ဟန်ဆောင်ကာ ဗာရာဏသီပြည် အစွန်အဖျားအရပ်ရှိ သူဌေးကြီး၏ သူငယ်ချင်းထံ သွားပြီး လိမ်ညာလှည့်ပတ်၍ သမီးကို ရယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၇၇)
ကဋ္ဌဝါဟနဇာတက
ဤဇာတ်တော်၌ ဗာရာဏသီမင်းသည် ထင်းခွေသူနှင့် ပျော်ပါးပြီး သားတော်တစ်ပါး ရရှိခဲ့ပုံ၊ မိမိ၏ သားကို ပရိသတ်အလယ်၌ သားအဖြစ် အသိအမှတ် မပြုခဲ့ပုံ၊ မိခင်ဖြစ်သူ ထင်းခွေသူမက သစ္စာဓိဋ္ဌာန်ပြုပြီး သားငယ်ကို ကောင်းကင်သို့ ပစ်တင်ခဲ့ပုံ စသော အကြောင်း အရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၅၀)
ကဋ္ဌဝါဟနရာဇဝတ္ထု
ဤဝတ္ထု၌ ဗာရာဏသီပြည်မှ လက်သမားဆရာကြီးတစ်ယောက်သည် တပည့်ကြီးတစ်ဆယ့်ခြောက်ယောက်၊ အခြံအရံတပည့်တို့နှင့်အတူ မင်းနှင့် ပြည်သူတို့အတွက် ပြာသာဒ်မျိုးစုံတို့ကို ဆောက်လုပ်၍ အသက်မွေးခဲ့ကြပုံ၊ သူတို့သည် တစ်နေ့သ၌ သစ်သားငှက်ရုပ်ကြီး၏ အတွင်း၌ စက်ယန္တရားတပ်ဆင်ကာ ကောင်းကင်ပျံခဲ့ကြပုံ၊ သူတို့သည် ငှက်ရုပ်အတွင်း သားသမီးမယားစသည်တို့နှင့် အတူ ဝင်ရောက်ကြ၍ ဟိမဝန္တာတောသို့ သွားပြီး မြို့သစ်တစ်ခုကို တည်ထောင်ကာ လက်သမားဆရာကြီးကို မင်းမြှောက်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋီ၊၁၊၁၉၀)
ကဏဝေရဇာတက
ဤဇာတ်တော်၌ ဗာရာဏသီ သူဋ္ဌေးသားတစ်ယောက်သည် သာမာပြည့်တန်ဆာမထံ ပျော်ပါးရန် သွားပုံ၊ သာမာသည် သူသတ်ကုန်းမှ ဘုရားလောင်းခိုးသူကြီးကို စွဲလမ်းနေသဖြင့် မိမိလင်ဖြစ်စေရန် မြို့ဝန်နှင့် ညှိနှိုင်းနေပုံ၊ ကာမဂုဏ်နှင့် ပတ်သက်လာလျှင် မိန်းမများသည် စဉ်းစားအဆင်အခြင်ဉာဏ် ကင်းမဲ့ပုံ၊ သူဋ္ဌေးသားကို မြို့ဝန်ထံ လွှတ်၍ လူစားထိုးသဖြင့် သူဋ္ဌေးသား အသတ်ခံရပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၅၄)
ကဏဝေရပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်အလောင်း အဘိသမ္မတမည်သော နန်းတော်စောင့်သည် ရဟန်းသံဃာ တပည့်အပေါင်း ခြံရံလျက် ဆွမ်းခံကြွလာသော သိဒ္ဓတ္ထဘုရားရှင်အား ကုလားဇလပ်ပန်းတို့ဖြင့် ကြဲဖြန့်ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ထိုဘဝမှစ၍ အပါယ်မလားခဲ့ရတော့ဘဲ ရှစ်ဆယ့်ခုနစ်ကမ္ဘာအထက်၌ စကြဝတေးမင်း လေးကြိမ်တိုင်တိုင် ဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၀၁) (အပ၊ဋ္ဌ၊၂၊၁၇၀)
ကဏှဇာတက
ဤဝတ္ထု၌ အဖွားအိုတစ်ဦး၏ အိမ်၌ တည်းခိုနေထိုင်သော လှည်းကုန်သည်မှူး၏ နွားမတစ်ကောင်မှ နွားကလေးတစ်ကောင်ကို မွေးဖွားရာ ကာဠကဟု အမည်မှည့်ခဲ့ပုံ၊ ထိုနွားကလေးကို အဖွားအိုက သားကဲ့သို့ ချစ်ခင်သဖြင့် ကောင်းစွာ ကျွေးမွေး၍ ကြီးပြင်းလာခဲ့ပုံ၊ လှည်းကုန်သည်မှူး၏ လှည်းငါးရာတို့ ရွှံ့ဗွက်ထဲ၌ နစ်မြုပ်နေသည်ကို ကာဠကနွားတစ်ကောင်တည်းကပင် ကြိုးဖြင့် ရုန်းကန် ဆွဲယူပေးခဲ့ပုံ၊ ထို့ကြောင့် လှည်းကုန်သည်တို့က လှည်းတစ်စီးလျှင် အသပြာတစ်ကျပ်နှုန်းဖြင့် အသပြာငွေငါးရာကို အထုပ်ပြု၍ နွားလား၏ လည်ပင်း၌ ဆွဲပေးရာ ထိုနွားလားသည် မွေးစားမိခင် အဖွားအိုထံသို့ ယူဆောင်ပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၂၊၁၇၇) (ဇာ၊ဋ္ဌ၊၁၊၂၀၉)
ကဏှဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်း ကဏှရသေ့သည် ဣန္ဒဝါရုဏီ သစ်ပင်ကြီးအောက်၌သာ နေ၍ ထိုအပင်၏ အသီး၊ အပွင့်၊ အခေါက်တို့ကိုသာ စားပြီး ခြိုးခြံစွာ ကျင့်သောကြောင့် သိကြားမင်းကိုယ်တိုင် ဆုပေးခဲ့ပုံစသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၇)
ကဏှဒိန္နတ္ထေရဝတ္ထု
ဤဝတ္ထု၌ ကဏှဒိန္နမထေရ်လောင်းလျာသည် အတိတ်ဘဝတစ်ခုတွင် သောဘိတပစ္စေက ဗုဒ္ဓါအား ပုန်းညက်ပန်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ဘဝနတ်ဘဝတို့၌သာ ကျင်လည်ခဲ့ရပြီး ဤဂေါတမဘုရားရှင် လက်ထက်တော်၌ အရှင်သာရိပုတ္တရာထံ ချဉ်းကပ်ကာ ရဟန်းပြုခဲ့ရပုံ၊ သမ္ပတ္တိစက်လေးပါးတို့နှင့် ပြည့်စုံသဖြင့် ရဟန္တာဖြစ်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၈၇)
ကဏှဒီပါယနဝတ္ထု
ဤဝတ္ထု၌ ဘုရားအလောင်းသည် ကဏှဒီပါယနရသေ့ ဖြစ်၍ သူ၏ သူငယ်ချင်း မဏ္ဍဗျသည် သားငယ်ယညဒတ္တကို ခေါ်၍ မယားနှင့်အတူ ရသေ့ထံ လာစဉ် မြွေကိုက်ခံရသောကြောင့် သစ္စာဆိုကြရာ ရသေ့ကြီးက ရသေ့ဘဝနှင့် မပျော်ဘဲ နေခဲ့ရပုံ၊ ဖခင်က စေတနာ မပါဘဲ ရသေ့အား လှူခဲ့ရပုံ၊ မိခင်က မချစ်ဘဲ မဏ္ဍဗျနှင့် ပေါင်းသင်းနေရပုံတို့ကို ရင်ထဲရှိသမျှ အမှန်အတိုင်း သစ္စာဆိုသဖြင့် မြွေဆိပ်လျှောကျပုံ၊ ထိုအချိန်မှစ၍ မိမိတို့၏ချွတ်ယွင်းချက်များကို ပြုပြင်ကြပြီး ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်ခဲ့ကြပုံစသော အကြောင်းအရာများပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၂၃၃) (ဇာ၊ဋ္ဌ၊၄၊၂၈)
ကဏှပေတဝတ္ထု
ဤဝတ္ထု၌ ဝါသုဒေဝသည် သူ၏ သားတော်လေး သေဆုံးသဖြင့် လေးလတိုင်တိုင် ပူဆွေးသောက ရောက်နေပုံ၊ သူ၏ ညီငယ်ဃဋပဏ္ဍိတက လဗိမာန်ရှိ ယုန်ကို တောင့်တလျက် ရူးသွပ်ဟန် ဆောင်ကာ အစ်ကိုကြီးအား တရားဟောပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၄၉) (ပေတ၊ဋ္ဌ၊၈၇)
ကဏိကာရဆတ္တိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဝေဿဘူ ဘုရားရှင်သည် နေ့သန့်စင်ခြင်းငှာ မဟာဝုန်တောသို့ ဝင်တော်မူသော် မထေရ်အလောင်းသည် မဟာလှေကားပန်းကို ဆွတ်ခူး၍ ထီးပြုလျက် ဆောင်းမိုးပူဇော်ခဲ့သော ကောင်းမှုကြောင့် ထိုဘဝမှစ၍ အပါယ်မလားခဲ့ရတော့ဘဲ ကမ္ဘာနှစ်ဆယ်အထက်၌ သောဏ္ဏာဘစကြဝတေးမင်း ရှစ်ကြိမ် ဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၀၃) (အပ၊ဋ္ဌ၊၂၊၁၇၂)
ကဏိကာရပဓာနိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ ပဓာနိယမထေရ်သည် အရိယဝံသတရားဒေသနာတော်ကို နာယူနေစဉ် အဆိပ်ပြင်းသည့် မြွေတစ်ကောင် အကိုက်ခံရပုံ၊ တရားတော်ကို ကြည်ညိုစိတ်ရှိသဖြင့် ဆက်လက်၍ နာကြားနေပုံ၊ မြွေဆိပ်ပြင်းထန်စွာ တက်သောအခါ မိမိ၏ သီလစင်ကြယ်မှုကို ဆင်ခြင်ပြီး နှစ်သက်ဝမ်းမြောက်မှုပီတိ ဖြစ်သည်နှင့် တစ်ပြိုင်နက် မြွေဆိပ်များ ခန္ဓာကိုယ်မှ လျှောကျသွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋီ၊၃၊၁၂၉)
ကဏိကာရပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် တိဿဘုရားရှင်အား မဟာလှေကားပန်းတို့ကို လှူဒါန်းပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ထိုဘဝမှစ၍ အပါယ်သို့ မလားခဲ့ရဘဲ သုံးဆယ့်ငါးကမ္ဘာအထက်၌ အရုဏပါဏိစကြဝတေးမင်း ဖြစ်ခဲ့ရကာ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၂၇) (အပ၊ဋ္ဌ၊၂၊၁၈၆)
ကဏ္ဋကဝတ္ထု
ဤဝတ္ထု၌ သာကီဝင်မင်းသား အရှင်ဥပနန္ဒ၏ တပည့်သာမဏေများဖြစ်ကြသော ကဏ္ဋကနှင့် မဟကတို့သည် အချင်းချင်း ဖောက်ပြန်လွန်ကျူးကြသဖြင့် ရဟန်းတော်တို့က ကဲ့ရဲ့ရှုတ်ချကြပုံ၊ ထို့ကြောင့် ဘုရားရှင်က ‘‘ရဟန်းတစ်ပါးတည်းက အလုပ်အကျွေးသာမဏေ နှစ်ပါး မထားရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၁၀)
ကဏ္ဋကသာမဏေရဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်က အန္တရာယ်ရှိသည်ဟု ဟောသော တရားတို့ကို အန္တရာယ်ကင်းအောင် သုံးစွဲနည်းကို ငါသိပြီဟု ကဏ္ဋကသာမဏေအား မှားသောအယူဝါဒဖြစ်ပေါ်နေပုံ၊ ရဟန်းတို့က ဘုရားရှင်ကို မစွပ်စွဲပါနှင့်၊ ဘုရားရှင်ဟောသည့်အတိုင်း အမှန်ပင် အန္တရာယ်ရှိပါသည်ဟု ပြောဆိုကြသော်လည်း မနာယူပုံ၊ ဘုရားရှင်က ကဏ္ဍကသာမဏေကို ဖျက်ဆီးပြီး အပေါင်းအသင်းမလုပ်ရန် မိန့်တော်မူပုံ၊ ဆဗ္ဗဂ္ဂီရဟန်းတို့က ကဏ္ဋကသာမဏေကို ဆက်ဆံပေါင်းသင်း အတူအိပ် အတူစား ပြုနေသဖြင့် ‘‘ထိုသာမဏေမျိုးနှင့် ဆက်ဆံသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ကဏ္ဋက သိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၈၁)
ကဏ္ဋကသာမဏေရဝတ္ထု
ဤဝတ္ထု၌ အရှင်ဥပနန္ဒ၏ တပည့်ဖြစ်သော ကဏ္ဋကသာမဏေသည် ကဏ္ဋကီမည်သော ဘိက္ခုနီနှင့် ဖောက်ပြားကျူးလွန်မှု ပြုလုပ်ခဲ့သဖြင့် ရဟန်းတို့က ကဲ့ရဲ့ရှုတ်ချကြပုံ၊ ထို့ကြောင့် ဘုရားရှင်က ပြစ်မှုဆယ်မျိုး ကျူးလွန်သူ သာမဏေများအား လူထွက်ခိုင်းရန် မိန့်ကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၁၉)
ကဏ္ဍကဒေဝပုတ္တဝတ္ထု
ဤဝတ္ထု၌ ကဏ္ဍကနတ်သားသည် ရှေးဘဝက ကပိလဝတ်ပြည် သုဒ္ဓေါဒနမင်းကြီး၏ သားဖြစ်သော ဘုရားအလောင်း၏ စီးတော်မြင်း ဖြစ်၍ သန်းခေါင်ယံအခါဝယ် တောထွက်တော်မူချိန်၌ ဘုရားအလောင်းကို တင်ဆောင်ပြီး ဝမ်းမြောက်ဝမ်းသာ ပို့ဆောင်ခဲ့ပုံ၊ အနော်မာသောင်ကမ်းဝယ် ဘုရားလောင်းနှင့် ခွဲခွါရသဖြင့် ဝမ်းနည်းကြေကွဲ သေဆုံးခဲ့ပြီးနောက် တာဝတိံသာနတ်ပြည်၌ နတ်သားဖြစ်ခဲ့ပုံစသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊၁၀၉) (ဝိမာန၊ဋ္ဌ၊၂၉၃)
ကဏ္ဍရီဇာတက
ဤဇာတ်တော်၌ ဗာရာဏသီပြည်ဝယ် ကဏ္ဍရီမင်းသည် အလွန်ချောမောသူ ဖြစ်၍ အလွန်ချောမောလှပသော ကိန္နရာမည်သော မိဖုရားကြီးနှင့် နန်းစံနေခဲ့ပုံ၊ နန်းတော်ပြင်ပတွင် ရုပ်ရည်သဏ္ဌာန် ဆိုးဝါးပြီး ဆွံ့အသူတစ်ဦး နေထိုင်ခဲ့ပုံ၊ တစ်နေ့တွင် ကိန္နရာဒေဝီသည် သူဆွံ့ကြီးကို မြင်တွေ့ချစ်ကြိုက်ကာ ညအခါ တံတိုင်းကို ကျော်တက်ပြီး ထိုသူနှင့် ပျော်မြူးခဲ့ပုံ၊ တစ်နေ့တွင် မင်းကြီးသည် ထိုသူဆွံ့ကို တွေ့ပြီး ‘‘ဤကဲ့သို့သော လူကို ဘယ်မိန်းမက နှစ်သက်ပါ့မလဲ’’ဟု ဆိုရာ သူဆွံ့ကပြက်ရယ်ပြုသဖြင့် စူးစမ်းရာမှ မိဖုရားကြီး၏ ဖောက်ပြားမှုကို တွေ့ခဲ့ရပုံ၊ မိန်းမတို့သည် ဤမျှပြည့်စုံပါသော်လည်း ယုတ်ညံ့သော စိတ်ထားဖြင့် ဖောက်ပြန်တတ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၂၁) (ဇာ၊ဋ္ဌ၊၅၊၄၇၂)
ကဏ္ဍိဇာတက
ဤဇာတ်တော်၌ တောနေသမင်ဖိုသည် ရွာအနီးတွင် ကျက်စားလေ့ရှိသော သမင်မငယ်အပေါ်၌ စွဲလမ်းတပ်မက်၍ မုဆိုး၏လက်ချက်ဖြင့် အသက်ဆုံးခဲ့ရပုံ၊ဝတ္ထုအာရုံ ကာမဂုဏ်နောက်သို့ တစ်ကောက်ကောက် မလိုက်ပါသင့်ပုံစသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၇၀)
ကဏ္ဏမုဏ္ဍပေတိဝတ္ထု
ဤဝတ္ထု၌ ကဿပဘုရားရှင် လက်ထက်တွင် သောတာပန် ဥပါသကာတစ်ဦးသည် ငါးရာသော ဥပါသကာတို့နှင့် ကောင်းမှုပြုကြပုံ၊ ဇနီးမယားတို့သည် လှူဖွယ်ဝတ္ထုပစ္စည်းများဖြင့် နေ့စဉ်နေ့တိုင်း ကျောင်းတိုက်သို့ သွားလေ့ရှိပုံ၊ အရက်သမားများသည် ဥပါသိကာမ၏ အကျင့်သီလကို ဖျက်ဆီးခဲ့ပုံ၊ သောတာပန် ဥပါသကာက ‘‘သင်တို့ အကျင့်သီလ ပျက်စီးကြသလော’’ ဟု ငါးရာသော မိန်းမတို့ကို မေးသည့်အခါ ထိုဇနီးသည်က ‘‘ကိုယ်ကျင့်သီလ မပျက်ကြောင်း အကယ်၍ ကိုယ်ကျင့်သီလ ဖောက်ပြန်ပျက်စီးခဲ့လျှင် နားရွက်ပြတ်သော ခွေးနက်ကြီးသည် ဖြစ်လေရာဘဝတိုင်း ကိုက်ပါစေသား’’ ဟု ကျိန်ဆိုခဲ့ပုံ၊ သေသည့်အခါ ပြိတ္တာဘဝ ရောက်ရှိ၍ ဟိမဝန္တာတောင်ရှိ ကဏ္ဏမုဏ္ဍအိုင်၌ ခွေးစားခံခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၆၃) (ပေတ၊ဋ္ဌ၊၁၄၀) (အံ၊ဋီ၊၃၊၁၇၁)
ကဒမ္ဗပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဟိမဝန္တာတောင်အနီး ကုက္ကုဋတောင်ခြေရင်း၌ နေတော်မူကြကုန်သော ပစ္စေကဗုဒ္ဓါခုနစ်ပါးတို့အား ထိန်ပန်းလှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးသို့ မလားခဲ့ရတော့ဘဲ ကိုးဆယ့်နှစ်ကမ္ဘာအထက်၌ ပုပ္ဖအမည်ရှိ စကြဝတေးမင်း ခုနစ်ကြိမ် ဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၉၇) (အပ၊ဋ္ဌ၊၂၊၁၆၅)
ကဒလိဖလဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သုံးဆယ့်တစ်ကမ္ဘာအထက်က ဘုရားရှင်အား ငှက်ပျောသီးလှူဒါန်းခဲ့သော ကောင်းမှုကြောင့် ထိုဘဝမှစ၍ အပါယ်မလားခဲ့ရတော့ဘဲ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၄၄)
ကန္ဒဂလကဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် ဟိမဝန္တာတောဝယ် ရှားတော၌ သစ်တောက်ငှက် ဖြစ်ခဲ့ရပုံ၊ လက်ပံတောငှက်နှင့် မိတ်ဆွေဖြစ်၍ လက်ပံတောငှက် လာရောက် လည်ပတ်သည့်အခါ ရှားပိုးများကို နှုတ်သီးဖြင့် ပေါက်လျက် ထုတ်ယူ ကျွေးမွေးခဲ့ပုံ၊ လက်ပံတောငှက်က အတုလိုက်၍ ရှားပင်ကို နှုတ်သီးဖြင့် ပေါက်သောအခါ သေပွဲဝင်ခဲ့ရပုံ စသော အကြောင်းအရာ များပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၄၈)
ကန္ဒလိပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ သိန္ဓုမြစ်ကမ်း၌ နေသော မထေရ်လောင်း လယ်သမားသည် သိဒ္ဓတ္ထဘုရားရှင်အား ကန္ဒလိပန်း (သစ္စာပန်း) ခုနစ်ပွင့်တို့ကို လှူဒါန်းပူဇော်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်မလားရတော့ဘဲ ဤဘုရားရှင်၏ သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၉၃)
ကပိဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းရသေ့သည် သားငယ်ရသေ့လေးနှင့်အတူ တော၌ နေစဉ် အဆက်မပြတ် မိုးကြီးရွာ၍ မျောက်တစ်ကောင်သည် မီးလှုံရန် ရောက်လာပုံ၊ ထိုမျောက်သည် ရသေ့အဝတ်များကို ဝတ်ဆင်ကာ ရသေ့ဟန်ဆောင်လာသဖြင့် ဟန်ဆောင်ဝါကြွားမှုကို မလိုလားသော ရသေ့ကြီးက မောင်းထုတ်လိုက်ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၄၅)
ကပိဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းမျောက်မင်းနှင့် ဒေဝဒတ်လောင်းမျောက်တို့သည် အခြွေအရံ မျောက်ပရိသတ်ငါးရာစီဖြင့် ဗာရာဏသီမင်းဥယျာဉ်တွင်း၌ နေထိုင်ခဲ့ကြပုံ၊ တစ်နေ့သောအခါ ပုရောဟိတ်ပုဏ္ဏားတစ်ယောက်သည် ဥယျာဉ်သို့ သွားကာ ရေချိုး၊ အဝတ်စားလဲပြီး ပြန်လာစဉ် လျှပ်ပေါ်လော်လည်သော မျောက်တစ်ကောင်က ပုရောဟိတ်ခေါင်းပေါ်သို့ မစင်စွန့်ချခဲ့ပုံ၊ ပုရောဟိတ်က မော့ကြည့်သောအခါ မျက်နှာပေါ်သို့ ထပ်မံ၍ စွန့်ချခဲ့ပုံ၊ ပုရောဟိတ်က မျောက်တွေကို ခြိမ်းခြောက်သွားကြောင်း ဘုရားလောင်းမျောက်မင်း အကြောင်းစုံ ကြားသိသောအခါ ဥယျာဉ်အတွင်းရှိ မျောက်တစ်ထောင်တို့အား အရပ်တစ်ပါးသို့ ပြောင်းရွှေ့စေပုံ၊ ဒေဝဒတ်လောင်းမျောက်နှင့် ၎င်း၏ ပရိသတ်ငါးရာတို့ မရွှေ့ပြောင်းသဖြင့် နောင်အခါ ပုရောဟိတ်၏ လက်ချက်ကြောင့် အသတ်ခံရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၃၄)
ကပိတ္ထဖလဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်အလောင်း အမျိုးကောင်းသားသည် ဝိပဿီမြတ်စွာဘုရားရှင်အား သီးသီး လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည် နတ်ပြည်တို့၌သာဖြစ်ခဲ့ရပြီး ဂေါတမဘုရားရှင်သာသနာဝယ် ရဟန္တာဖြစ်ခဲ့ပုံစသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၉၃)
ကပိရာဇဝတ္ထု
ဤဝတ္ထု၌ ဘုရားအလောင်းသည် ခွန်အားကြီးသော မျောက်မင်း ဖြစ်၍ မြစ်၏တစ်ဖက်ကမ်းသို့ ကူးသောအခါ မြစ်လယ်ရှိ ကျွန်းတွင် တစ်ထောက်နားပြီးမှ ခုန်ကူးလေ့ရှိပုံ၊ တစ်နေ့တွင် ကျွန်းငယ်၌ မိမိကိုစားရန် စောင့်နေသော မိကျောင်းအား ပါးစပ်ဟခိုင်းပြီး ခုန်ပျံကျော်လွှားကာ တစ်ဖက်ကမ်းသို့ ကူးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၂၂၀) (ဇာ၊ဋ္ဌ၊၂၊၁၈၉)
ကပိလဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ကပိလရဟန်းသည် ကဿပဘုရားရှင်၏ သာသနာတော်နောက်ပိုင်း၌ စာပေပရိယတ် တတ်ကျွမ်းသည့် ပိဋကတ်သုံးပုံဆောင် ရဟန်းတစ်ပါး ဖြစ်ခဲ့ပုံ၊ ပညာမာန်ယစ်ပြီး ‘‘အပ်သည်ကို မအပ်၊ မအပ်သည်ကို အပ်၊ အပြစ်ရှိသည်ကို မရှိ၊ မရှိသည်ကို အရှိ’’ ပြုလုပ်ပြောဆိုကာ သာသနာတော်ကို ဆုတ်ယုတ်ညှိုးနွမ်းစေခဲ့သဖြင့် ကွယ်လွန်သောအခါ အဝီစိငရဲ၌ ကျရောက်ခဲ့ပုံ၊ ငရဲမှ လွတ်လာပြီးနောက် ဤဂေါတမဘုရားရှင့်လက်ထက်တော်၌ အစိရဝတီမြစ်အတွင်း၌ ပါးစပ်မှ အပုပ်နံ့ထွက်သည့် ရွှေငါးကြီးဘဝသို့ ရောက်ရှိခဲ့ပုံ၊ ငါးကြီးကို တံငါသည်များက ဖမ်းမိပြီး မင်းကြီးထံ ဆက်သသည့်အခါ မင်းကြီးက ရွှေငါးကြီး၏ ပါးစပ်မှ အပုပ်နံ့ထွက်ရခြင်းအကြောင်းကို ဘုရားရှင်ထံလျှောက်ထားပုံ၊ ဘုရားရှင်က ရွှေငါးကြီးဘဝသို့ ရောက်ရှိလာသော ကပိလရဟန်း၏ အကြောင်းစုံကို ဟောကြားသဖြင့် တံငါသည်ငါးရာတို့ သံဝေဂရပြီး ရဟန်းပြုကာ ရဟန္တာ ဖြစ်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၂၇) (သုတ္တနိ၊ဋ္ဌ၊၂၊၄၂)
ကပိလမစ္ဆဝတ္ထု
ဤဝတ္ထုသည် ကပိလဘိက္ခုဝတ္ထု၌ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၂၇)
ကပိလဝတ္ထုနဂရဂမနဝတ္ထု
ဤဝတ္ထု၌ သုဒ္ဓေါဒနမင်းကြီးသည် ဘုရားအလောင်း တောထွက်သွားသည့်အချိန်မှ စ၍ မိမိ၏သားသည် ဘုရားဧကန်ဖြစ်မဖြစ် သတင်းစကားကို နားစွင့်နေပုံ၊ ဒုက္ကရစရိယာ ကျင့်နေကြောင်း၊ ဘုရားဖြစ်တော်မူကြောင်း၊ ဓမ္မစကြာတရား ဟောတော်မူကြောင်း စသည့် သတင်းကို ကြားသိရသည့်အခါ မင်းချင်းယောကျ်ားတစ်ထောင် ခြံရံလျက် အမတ်တစ်ဦးအား ဘုရားရှင်ကို ကပိလဝတ်နေပြည်တော်သို့ ကြွရန် အပင့်ခိုင်းပုံ၊ အမတ်နှင့်တကွသော မင်းချင်းယောကျ်ားတစ်ထောင်တို့ ဘုရားရှင့်ထံ ရောက်သည့်အခါ တရားတော်ကို နာကြားရပြီး ရဟန်းပြုကာ ရဟန္တာဖြစ်ကြပုံ၊ သုဒ္ဓေါဒနမင်းကြီးသည် ပထမအဖွဲ့ ပြန်မလာသဖြင့် တစ်ဖန် ဒုတိယအဖွဲ့ စသည်ကို စေလွှတ်သောအခါတို့၌လည်း ရှေ့နည်းအတူ ရဟန္တာဖြစ်သွားကြသဖြင့် ပြန်မလာကြပုံ၊ နောက်ဆုံး ကာဠုဒါယီအမတ်ကို လွှတ်သောအခါမှ ကပိလဝတ်နေပြည်တော်သို့ သံဃာနှစ်သောင်း ခြံရံလျက် ဘုရားရှင် ကြွတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၃၊၂၈၆)
ကပိဝတ္ထု
ဤဝတ္ထု၌ ဘုရားလောင်းမျောက်မင်းသည် ဘီလူးသိမ်းပိုက်ထားသော ရေကန်အတွင်းမှ ရေကို ကျူရိုးဖြင့် စုပ်သောက်စေကာ မျောက်များကို အန္တရာယ်ကင်းအောင် ကာကွယ်ပေးခဲ့ပုံ၊ ကမ္ဘာဆုံးအောင် တည်နိုင်သော အရာလေးမျိုးတွင် ဤကျူရိုးသည်လည်း ပါဝင်ကြောင်း ပြဆိုထားပုံစသော အကြောင်း အရာများ ပါဝင်သည်။ (အံ၊ဋီ၊၃၊၃၃၃)
ကပေါတဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ခိုမျိုး၌ ဖြစ်စဉ် ဗာရာဏသီသူဌေး၏ စားဖိုအိမ်၌ နေထိုင်ပုံ၊ ကျီးတစ်ကောင်သည် အမဲသား,ငါးတို့ကို စားလိုသဖြင့် ဘုရားအလောင်းခိုနှင့် မိတ်ဆွေဖွဲ့ပြီး စားဖိုအိမ်၌ အတူလာနေပုံ၊ တစ်နေ့သောအခါ ကျီးသည် စားဖိုအိမ်တွင်း၌ များစွာသော အမဲသား,ငါးတို့ကို တွေ့မြင်ရသဖြင့် ဘုရားအလောင်းခိုအား ‘‘မိမိသည် အစာမကြေ ရောဂါဖြစ်နေသည့်အတွက် အစာရှာမထွက်နိုင်ကြောင်း’’ လိမ်ညာပြောပြီး အသိုက်တောင်း၌ နေခဲ့ပုံ၊ စားဖိုမှူး အပြင်ထွက်သွားသောအခါ စားဖိုအိမ်အတွင်းသို့ ဝင်၍ ‘‘ကိရိ၊ ကိရိ’’ဟု အသံပြုပုံ၊ စားဖိုမှူးက ချက်ချင်း ပြန်ဝင်လာပြီး ကျီးကို ဖမ်းကာ အမွေးအတောင်များကို နုတ်လျက် ဆားနနွင်းစသည်တို့ဖြင့် လိမ်းကျံ၍ အသိုက်တောင်း၌ ပစ်ထည့်ထားပုံ၊ စည်းမစောင့်သော ကျီးမိုက်သည် ကြီးစွာသော ဆင်းရဲဒုက္ခကို ခံစားရပြီး သေဆုံးသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၅၉) (ဇာ၊ဋ္ဌ၊၃၊၂၁၀)
ကပ္ပဋကုရတ္ထေရဝတ္ထု
ဤဝတ္ထု၌ ကပ္ပဋကုရမထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား ဆပ်သွားပန်းများကို သဒ္ဓါရွှင်လန်းစွာ လှူဒါန်းခဲ့ပုံ၊ ဤကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် လူ့ပြည် နတ်ပြည်တို့၌သာ ချမ်းသာစွာ ကျင်လည်ခဲ့ရပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ ပုဆိုးပိုင်းလေးတစ်ခုကို စွဲလမ်းပြီး ခုနစ်ကြိမ်တိုင်တိုင် ရဟန်းဝတ်လိုက်၊ လူထွက်လိုက်နှင့် သံယောဇဉ်အမျှင် မပြတ်ဘဲရှိနေခဲ့ပုံ၊ နောင်အခါ စွဲလမ်းမှုကို ဖြတ်တောက်နိုင်ခဲ့ပြီး ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၀၉)
ကပ္ပတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်လက်ထက် ကုသိုလ်ပြုဆုတောင်းခဲ့သောကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်၌ နယ်စားမင်း ဖြစ်၍ ဘုရားရှင်ဟောကြားတော်မူသော အသုဘကမ္မဋ္ဌာန်းကို နာကြားရသဖြင့် ရဟန်းပြုပုံ၊ ခေါင်းတုံးရိတ်သည့်အဆုံး၌ပင် ရဟန္တာဖြစ်ခဲ့ပုံစသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၁၉၇)
ကပ္ပရုက္ခိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်၏ စေတီပုထိုးရှေ့မှောက်၌ ဆန်းကြယ်သော ပုဆိုးတို့ကို ဆွဲချိတ်၍ ပဒေသာပင်ကို လှူဒါန်းခဲ့သော ကောင်းမှုကြောင့် ထိုဘဝမှစ၍ အပါယ်သို့ မလားခဲ့ရဘဲ ဖြစ်တိုင်းသော ဘဝ၌ ပဒေသာပင်သည် အိမ်တံခါး၌ ပေါက်ခဲ့ပုံ၊ ခုနစ်ကမ္ဘာအထက်၌ သုစေဠ စကြဝတေးမင်း ရှစ်ကြိမ်တိုင်တိုင် ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၀၀) (အပ၊ဋ္ဌ၊၂၊၆၅)
ကမ္မသမယဝတ္ထု
ဤဝတ္ထု၌ ၁၅-ရက်တစ်ကြိမ်သာ ရေချိုးရန် သိက္ခာပုဒ်ပညတ်တော်မူပြီးသောအခါ ကျောင်းကိစ္စများကို ဆောင်ရွက်နေကြသော ရဟန်းတို့အတွက် ရေချိုးရန် လိုအပ်လာသဖြင့် ဘုရားရှင်က ထိုအခါမျိုး၌ ရေချိုးနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၅၆)
ကမ္မာရပုတ္တစုန္ဒဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် မလ္လတိုင်း ပါဝါမြို့သို့ သံဃာတော်များစွာနှင့်အတူ ကြွရောက်တော်မူလာပြီး ရွှေပန်းထိမ်သည်သား စုန္ဒ၏ သရက်ဥယျာဉ်၌ သီတင်းသုံးတော်မူပုံ၊ ဘုရားရှင်နှင့် သံဃာတော်တို့အား စုန္ဒသည် အိမ်သို့ ပင့်ဖိတ်၍ ဆွမ်းကပ်ရာတွင် ဟင်းလျာများကို ရွှေခွက်များ၌ ထည့်၍ ရဟန်းတစ်ပါးသည် အသပြာတစ်ထောင်တန် ရွှေခွက်တစ်ခွက်ကို သပိတ်အိတ်ထဲသို့ ထည့်၍ ကပ်ပုံ၊ ခိုးယူသွားခဲ့ပုံ၊ စုန္ဒက မြင်တွေ့သော်လည်း ဘုရားရှင်အား လေးစားသောအားဖြင့် မမြင်တွေ့ဟန် ဆောင်ခဲ့ပုံ၊ ညချမ်းအခါ၌ ဘုရားရှင်သိစေရန် ရဟန်းအမျိုးအစား မည်မျှရှိပါသနည်းဟု မေးလျှောက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၄၂)
ကမ္မာရဘဏ္ဍုဝတ္ထု
ဤဝတ္ထု၌ ရွှေပန်းထိမ်သည်၏ သားငယ်လေးတစ်ယောက်သည် မိဘတို့နှင့် စိတ်ဆိုးကာ ရဟန်းဝတ်လာပုံ၊ မိဘတို့က ကျောင်းသို့ လာ၍ မေးသော် အမှန်တကယ်ပင် မသိကြ၍ ‘‘မရှိပါ၊ မသိပါ’’ဟု ရဟန်းတို့က ပြောဆိုကြပုံ၊ ရှာသောအခါ ကျောင်း၌ပင် တွေ့သဖြင့် မိဘတို့က ရဟန်းတို့ကို ရှုတ်ချကြပုံ၊ ဘုရားရှင် သိတော်မူ၍ ရဟန်းခံရန် ဆံချသောအခါ သံဃာတော်အား ပန်ကြားပြီးမှ ဆံချရဟန်းခံပေးရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၀၇)
ကရဏီယဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့သား ဥပါသကာတစ်ဦးသည် အစိရဝတီမြစ်၌ ရေချိုးပြီး ပြန်လာသောအခါ ဘုရားရှင်ကို ဖူးမြင်ရပုံ၊ ဘုရားရှင်ကို အိမ်သို့ ပင့်ဖိတ်၍ ဆွမ်းကပ်ပြီးတရားနာခဲ့သော ကုသိုလ်ကောင်းမှုကောင်းမှုကြောင့် တာဝတိံသာနတ်ပြည်၌ နတ်သားဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၃၀)
ကရဏီယဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့သား ဥပါသကာတစ်ဦးသည် အစိရဝတီမြစ်၌ ရေချိုးပြီး၍ ပြန်တက် လာသောအခါ ဆွမ်းခံဝင်လာသော မထေရ်တစ်ပါးကို မြင်တွေ့ရသဖြင့် အိမ်သို့ ပင့်ဖိတ်၍ ဆွမ်းကပ်ပြီး တရားနာခဲ့သော ကုသိုလ်ကောင်းမှုကြောင့် တာဝတိံသာနတ်ပြည်၌ နတ်သားဖြစ်ခဲ့ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၃၁)
ကရဝိကတိဿတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဝိနည်းဓိုရ်ပါမောက္ခဖြစ်သော ကရဝိကတိဿမထေရ်သည် မဟာသိဝမထေရ့်ထံ ကြွသွားစဉ် ဆီမီးရောင်ဖြင့် ထောပတ်အိုးကို တွေ့သဖြင့် မိမိနေထိုင်ရာ တစ်မိုးတစ်ရံအောက်၌ မထားသင့်ကြောင်း ပြောကြားပုံ၊ ထိုအခါ မဟာသိဝမထေရ်သည် ထောပတ်အိုးကို ကျောင်းအပြင်သို့ ထုတ်ထားရာ ခိုးသူများက ခိုးယူသွားပုံ၊ နောက်တစ်နေ့ မထေရ်နှစ်ပါး တွေ့ဆုံကြရာ မဟာသိဝမထေရ်က ထိုအကြောင်းကို လျှောက်ထားသဖြင့် ကရဝိကတိဿမထေရ်က လူသာမဏေများထံ အပ်နှံထား၍ အကပ်ခံပြီးမှ စားသင့်ကြောင်း မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၃၊၃၈၂)
ကလဏ္ဍုကဇာတက
ဤဇာတ်တော်၌ ဗာရာဏသီသူဌေးကြီးအား ကလဏ္ဍုကမည်သော ကျွန်တစ်ယောက် ရှိပုံ၊ ကလဏ္ဍုကသည် သူဌေးသားဟန် ဆောင်လျက် ထွက်ပြေးကာ ဗာရာဏသီအစွန်အဖျားအရပ်ရှိ သူဌေးသမီးတစ်ယောက်ကို ယူခဲ့ပုံ၊ ဗာရာဏသီသူဌေးကြီးသည် သုကပေါတကအား ကလဏ္ဍုကကို အရှာခိုင်းခဲ့ပုံ၊ တစ်နေ့သောအခါ ကလဏ္ဍုကသည် သူဌေးသမီးနှင့် အတူ ရေကစားနေစဉ် သုကပေါတက-က တွေ့မြင်သွားပြီး ဗာရာဏသီသူဌေးကြီးအား အကျိုးအကြောင်း ပြန်ပြောပုံ၊ သူဌေးကြီးသည် ကလဏ္ဍုကကို ပြန်ခေါ်၍ ကျွန်နေရာ၌ပင် ပြန်ထားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၈၃)
ကလန္ဒကနိဝါပဝတ္ထု
ဤဝတ္ထု၌ ရှင်ဘုရင်တစ်ပါးသည် ဥယျာဉ်တော်သို့ သွားပြီး သေရည်အရက် သောက်စားမူးယစ်ကာ နေ့အခါ၌ပင် အိပ်ပျော်သွားခဲ့ပုံ၊ ကိုယ်ရံတော်များသည် မင်းကြီးအပါးမှ ဖဲခွါ၍ ဥယျာဉ်အတွင်း လှည့်လည်သွားလာနေကြစဉ် သေရည်အရက်အနံ့ကြောင့် မြွေဟောက်တစ်ကောင် သစ်ခေါင်းအတွင်းမှ ထွက်လာပုံ၊ ရုက္ခစိုးနတ်က ထိုမြွေဟောက်ကို တွေ့၍ ရှဉ့်နက်အသွင် ဖန်ဆင်းကာ မင်းကြီးနားရင်း၌ အော်သဖြင့် မင်းကြီး နိုးလာပုံ၊ မြွေဟောက်လည်း ပြန်ဆုတ်သွားပုံ၊ ထိုအချိန်မှစ၍ မိမိအသက်ကို ကယ်တင်ခဲ့သော ရှဉ့်နက်တို့အား အစာကျွေး၍ မွေးမြူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၂၊၁၆၁) (ဒီ၊ဋ္ဌ၊၃၊၁၂၄) (မ၊ဋ္ဌ၊၂၊၄၀) (ဥဒါန၊ဋ္ဌ၊၅၄) (သုတ္တနိ၊ဋ္ဌ၊၂၊၁၄၅)
ကလန္ဒကဝတ္ထု
ဤဝတ္ထု၌ ဘုရားအလောင်းသည် ရှဉ့်မျိုး၌ ဖြစ်၍ မိုးသည်းထန်စွာ ရွာချသည်ရှိသော် ရှဉ့်သိုက်သည် ရေ၌ မျောပါသဖြင့် သားငယ်များ ပါသွားပုံ၊ ဘုရားအလောင်းသည် သမုဒ္ဒရာရေ ခန်းစေရန် အမြီးဖြင့် ဆွတ်၍ တစ်နေရာ၌ ခါချပုံ၊ သိကြားမင်း ဆင်းလာပြီး မည်သည့်အခါ ရေကုန်ပါမည်နည်းဟု မေးလေသော် ဘုရားလောင်းရှဉ့်သည် ‘‘လူပျင်းတို့နှင့် ငါ စကားမပြောလို၊ လာမနှောင့်ယှက်နှင့်၊ ထွက်သွား’’ ဟု နှင်ထုတ်ခဲ့ပုံစသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၃၊၁၀၂)
ကလမ္ဗတိတ္ထပညာသဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတော်အပါး (၅၀)တို့သည် ရဟန္တာ မဖြစ်သ၍ ‘‘အချင်းချင်း စကား မပြောကြစတမ်း’’ ဟု ကတိကဝတ် ထားကြပုံ၊ တစ်နေရာတည်း၌ နှစ်ပါးအတူ မနေကြပုံ၊ တစ်ပါးစီသာ နေပြီး ဆွမ်းခံ အသွားအပြန်၌ တရားနှလုံးသွင်းသော ကျင့်ဝတ် (ဂတပစ္စာဂတဝတ်)ကို ဖြည့်ကျင့်ခဲ့ကြရာ ဝါတွင်း ၃-လအတွင်း၌ပင် ရဟန္တာများဖြစ်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၁၇၁) (မ၊ဋ္ဌ၊၁၊၂၆၃) (သံ၊ဋ္ဌ၊၃၊၂၂၃) (အဘိ၊ဋ္ဌ၊၂၊၃၃၇) (သုတ္တနိ၊ဋ္ဌ၊၁၊၅၁) (အပ၊ဋ္ဌ၊၁၊၁၆၂)
ကလျာဏဓမ္မဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသူဌေးသည် ဘုရင့်ထံသို့ အခစားဝင်စဉ် ‘‘သူဌေး တောထွက်၍ ရသေ့ဝတ်သွားပြီ’’ ဟု လူတို့ ပြောဆိုနေကြပုံ၊ သူဌေးသည် ထိုမင်္ဂလာအသံအတိုင်း ပြုလုပ်သင့်ကြောင်း ဆုံးဖြတ်ကာ ရသေ့ဝတ်သွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၅၇)
ကလျာဏမိတ္တဝတ္ထု
ဤဝတ္ထု၌ အရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရားထံ ချဉ်းကပ်၍ မဂ်ဖိုလ်နိဗ္ဗာန် ရရန်အတွက် ကလျာဏမိတ္တ (မိတ်ကောင်းဆွေကောင်း ဆရာသမားကောင်းများ) ရှိမှုသည် ကိစ္စတစ်ဝက်ပြီးသည်ဟု ထင်ကြောင်း လျှောက်ထားပုံ၊ ဘုရားရှင်က ‘‘အာနန္ဒာ-ဤကဲ့သို့ မပြောနှင့်’’ ဟု တားမြစ်ပြီး ကလျာဏမိတ္တသည် မဂ်ဖိုလ်နိဗ္ဗာန်ရရန် ကိစ္စအားလုံးကို ပြီးစေနိုင်ကြောင်း မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၈၇) (သံ၊ဋ္ဌ၊၁၊၁၄၃)
ကံသကူဋဝတ္ထု
ဤဝတ္ထု၌ ကုန်သည်တစ်ယောက်သည် ရွှေဖလားတစ်လုံးကို ရွှေအစစ်ဖြင့် ပြုခဲ့လုပ်ပြီး ကျန်ဖလားနှစ်လုံး၊ သုံးလုံးတို့ကို ရွှေရောင်တောက်နေသည့် ကြေးဖြင့် ပြုလုပ်လျက် ဇနပုဒ်တစ်ခုသို့ သွားရောင်းပုံ၊ တန်ဖိုးကိုမေးသည့်အခါ ရွှေဖလား၏ တန်ဖိုးအတိုင်း ဖလားအားလုံး၏ တန်ဖိုးကို ပြောခဲ့ပုံ၊ ‘‘ရွှေဖလားစစ် မစစ် မည်သို့ သိရမလဲ’’ဟု ဇနပုဒ်သားတို့က မေးသောအခါ ရွှေဖလားအစစ်ကို ကျောက်၌ ပွတ်တိုက်ပြပြီး ဖလားအားလုံးကို ရောင်းချသွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၃၊၃၃၇)
ကသာဟတဝတ္ထု
ဤဝတ္ထု၌ ယောကျ်ားတစ်ယောက်သည် ကြိမ်ဒဏ်ပေးခံရပြီးနောက် ရဟန်းဝတ်လာရာ လူတို့က ကဲ့ရဲ့ရှုတ်ချကြသောကြောင့် ဘုရားရှင်က ‘‘ကြိမ်ဒဏ်ပေးခံရသူအား ရဟန်းခံမပေးရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၀၆)
ကသိဘာရဒွါဇဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ လယ်ယာလုပ်ငန်းဖြင့် အလွန်ကြီးပွားနေသော ကသိဘာရဒွါဇပုဏ္ဏားကြီးသည် ခမ်းခမ်းနားနား စီစဉ်လျက် လယ်ထွန်ပွဲတော်ကို ကျင်းပနေစဉ် ဘုရားရှင် ကြွလာတော်မူပုံ၊ ပုဏ္ဏားက ဆွမ်းအာဟာရအတွက် ကိုယ်တိုင် စိုက်ပျိုးစားသုံးသင့်ကြောင်း၊ အလှူခံမစားသင့်ကြောင်း၊ ပြောဆိုပုံ၊ ပုဏ္ဏားကြီးအား ဘုရားရှင်က မိမိသည်လည်း လယ်ယာစိုက်ပျိုးသူဖြစ်ကြောင်း၊ သဒ္ဓါတရား တည်းဟူသော မျိုးစေ့၊ ဣန္ဒြေစောင့်စည်းမှုဟူသော မိုးရွာခြင်း၊ ပညာတည်းဟူသော ထမ်းပိုး ထွန်တုံးစသည်တို့နှင့် ပြည့်စုံကြောင်း မိန့်တော်မူကာ တရားဟောတော်မူပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (သံ၊၁၊၁၇၄) (သံ၊ဋ္ဌ၊၁၊၂၂၂) (သုတ္တနိ၊ဋ္ဌ၊၁၊၁၁၉)
ကဿကဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့မှ လယ်သမားတစ်ဦးသည် နံနက်စောစော လယ်ထွန်နေစဉ် ဘုရားရှင်နှင့် အရှင်အာနန္ဒာမထေရ်တို့ ကြွတော်မူလာကြပုံ၊ ဘုရားရှင်က ခိုးသူများ ကျကျန်ရစ်ခဲ့သော အသပြာ တစ်ထောင်ထုပ်ကို တွေ့မြင်သဖြင့် အရှင်အာနန္ဒာအား ‘‘မြွေကို မြင်ရဲ့လား’’ဟု မိန့်တော်မူခဲ့ပုံ၊ အရှင်အာနန္ဒာမထေရ်ကလည်း ‘‘မြွေကို မြင်ပါသည်ဘုရား’’ဟု လျှောက်ထားခဲ့ပုံ၊ လယ်သမားက ထိုအသံကို ကြား၍ မြွေကို သတ်ရန် သွားကြည့်သည့်အခါ အသပြာတစ်ထောင်ထုပ်ကို တွေ့မြင်ရသဖြင့် မြေကြီးထဲ တူးမြှုပ် ဖုံးဝှက်ထားပြီး လယ်ပြန်ထွန်နေပုံ၊ မင်းချင်းယောကျ်ားများက အသပြာထုပ်ကို တွေ့ရှိသွားပြီး လယ်သမားအား ဖမ်းဆီးချုပ်နှောင်၍ ကောသလမင်းကြီးထံ ပို့ခဲ့ကြပုံ၊ မင်းကြီးက သတ်မိန့်ချမှတ်သည့်အခါ လယ်သမားက ဘုရားရှင်နှင့် အရှင်အာနန္ဒာမထေရ်တို့ ပြောဆိုသည့်စကားကိုပင် ထပ်ခါ ထပ်ခါ ပြောကြားနေပုံ၊ ကောသလမင်းကြီးက ထိုအကြောင်းအရာကို ဘုရားရှင်အား လျှောက်ထားသည့်အခါ ဘုရားရှင်က အဖြစ်မှန်ကို ရှင်းလင်းမိန့်ကြားတော်မူပြီး တရားဟောသဖြင့် လယ်သမား အပြစ်မှ ကင်းလွတ်ကာ သောတာပန်တည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၀၄)
ကဿပဂေါတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ ကဿပဂေါတ္တမထေရ်သည် မုဆိုးအား အကုသိုလ်မပြုရန် ဆုံးမပုံ၊ သို့သော်လည်း မုဆိုးသည်ကား မိမိပြုမြဲ မုဆိုးအလုပ်ကိုသာ ဆက်လုပ်နေပုံ၊ မိမိက ပညာရှိဖြစ်ပါသော်လည်း ဒုစရိုက်၌ နှစ်ခြိုက်နေသူတို့ကို ကယ်ချွတ်၍ မရတတ်ပုံ၊ လူမိုက်တို့သည်ကား နားနှင့် မျက်စိရှိသော်လည်း ဉာဏ်မျက်စိမရှိပုံ၊ အခါအခွင့် မဟုတ်ဘဲ မုဆိုးမိုက်ကို ဆုံးမသော ကဿပဂေါတ္တမထေရ်ကို တောင်စောင့်နတ်က သတိပေးပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၂၀၀) (သံ၊ဋ္ဌ၊၁၊၂၆၄)
ကဿပဂေါတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ ကဿပဂေါတ္တမထေရ်သည် ကာသိတိုင်း ဝါသဘရွာ၏ ကျောင်းထိုင်ရဟန်း ဖြစ်၍ အာဂန္တုရဟန်းတော်တို့အတွက် အစစအရာရာ အဆင်ပြေအောင် ဖန်တီးလေ့ရှိပုံ၊ တစ်နေ့တွင် ထိုကျောင်းသို့ အာဂန္တုရဟန်းများ ရောက်လာပြီး ကျောင်းထိုင်ပုဂ္ဂိုလ်အား နှင်ထုတ်ကြပုံ၊ ထိုအာဂန္တု-ရဟန်းတို့အား ဒုက္ကဋ်အာပတ် သင့်ကြောင်း ဘုရားရှင်က မိန့်ကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၃၀)
ကဿပတ္ထေရဝတ္ထု
ဤဝတ္ထု၌ ကဿပမထေရ်လောင်းသည် ဘုရားရှင်၏ တရားတော်ကို နာကြားရပြီး သောတာပန် တည်ကာ ရဟန်းပြုခဲ့ပုံ၊ သီတင်းဝါလကျွတ်၍ ဒေသစာရီကြွခါနီးအချိန်တွင် ခရီးထွက်မည့်အကြောင်း မိခင်ကြီးထံ ပန်ကြားခဲ့ပုံ၊ မိခင်ကြီးက သားရဟန်းအား ခိုးသူဘေး၊ အနာရောဂါဘေး စသည်ကင်းဝေးရာ အရပ်တို့၌သာ ကြွရောက်သီတင်းသုံးရန် မှာကြားပုံ၊ သားရဟန်းတော်က မိခင်ကြီး၏ မှာတမ်းစကားကို ဆင်ခြင်နှလုံးသွင်းလျက် ဘေးဒုက္ခအားလုံး ကင်းဝေးရာဖြစ်သည့် နိဗ္ဗာန်တည်းဟူသော အရပ်ကို ရှာဖွေခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၂၃)
ကဿပဒသဗလဿသုဝဏ္ဏစေတိယဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ရဟန်းသံဃာတော်များ ခြံရံလျက် ဒေသစာရီ ကြွချီတော်မူလာစဉ် တောဒေယျရွာအနီးရှိ နတ်ကွန်းတစ်ခုသို့ ရောက်တော်မူပုံ၊ ထိုနတ်ကွန်း၌ ခေတ္တခဏ နားနေတော်မူစဉ် အရှင်အာနန္ဒာအား အနီးနားတွင် လယ်ထွန်နေသော ပုဏ္ဏားတစ်ယောက်ကို အခေါ်ခိုင်းတော်မူပုံ၊ လယ်သမား ပုဏ္ဏား ရောက်လာသောအခါ နတ်ကွန်းကိုသာ ရှိခိုးပြီး ဘုရားရှင်အား ရှိမခိုးဘဲ ရပ်နေပုံ၊ ဘုရားရှင်က ပုဏ္ဏားအား နတ်ကွန်း၏ တည်နေရာသည် ကဿပဘုရားရှင်၏ ရွှေစေတီတော် တည်ခဲ့ရာ ဖြစ်ကြောင်း ဟောပြတော်မူ၍ ထိုပုဏ္ဏား သောတာပန် တည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၆၃)
ကဿပဗုဒ္ဓဝံသ
ဤဗုဒ္ဓဝင်၌ ကဿပဘုရားရှင်သည် ဗာရာဏသီနေပြည်တော်မှ ခမည်းတော် ဗြဟ္မဒတ္တ ပုဏ္ဏားကြီးနှင့် မယ်တော် ဓနဝတီမည်သော ပုဏ္ဏေးမကြီးတို့မှ မွေးဖွားခဲ့ပုံ၊ သုနန္ဒာမည်သော ပုဏ္ဏေးမနှင့်အတူ စည်းစိမ်ခံစားကာ ဝိဇိတသေနမည်သော သားတော်ကို မွေးဖွားပြီးနောက် ပြာသာဒ်ယာဉ်ဖြင့် တောထွက်ကာ ဗောဓိညောင်ပင်အောက်၌ ဘုရားဖြစ်တော်မူခဲ့ပုံ၊ အဂ္ဂသာဝကနှစ်ပါးမှာ တိဿမထေရ်နှင့် ဘာရဒွါဇမထေရ်တို့ ဖြစ်ခဲ့ကြပုံ၊ သဗ္ဗမိတ္တမထေရ်က ပြုစုလုပ်ကျွေးခဲ့ပုံ၊ ဂေါတမဗုဒ္ဓလောင်းလျာသည် ဇောတိပါလလုလင်အဖြစ်ဖြင့် နိယတဗျာဒိတ်ခံယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၇၁) (ဗုဒ္ဓဝံ၊ဋ္ဌ၊၃၀၇)
ကဿပဘာတိကတ္ထေရဝတ္ထု
ဤဝတ္ထု၌ လွန်ခဲ့သော ၉၂-ကမ္ဘာထက်၌ ထိုဘုရားရှင်ကို ခမည်းတော်မင်းကြီးကသာ လုပ်ကျွေးနေသဖြင့် အခြားသူတို့ လုပ်ကျွေးခွင့်မရှိဖြစ်နေပုံ၊ ဘုရင်၏သားတော်သုံးယောက်တို့သည် ပစ္စန္တရာဇ်တွင် သူပုန်ရန်ကို နှိမ်နင်းပြီးနောက် ဘုရားရှင်အား လုပ်ကျွေးခွင့်ရအောင် တောင်းဆိုကြပုံ၊ အလှူဒါနကို ကြီးမှူးရန် အမတ်တစ်ယောက်အားလွှဲအပ်၍ ကုသိုလ်ပြုလုပ်ခဲ့ကြပုံ၊ နောက်ဆုံးဘဝတွင် ထိုအမတ်က ဗိမ္ဗိသာရမင်းဖြစ်ကာ မင်းသားညီနောင်သုံးယောက်တို့က ဥရုဝေလကဿပရသေ့ညီနောင်တို့ ဖြစ်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၃၊၆)
ကဿပမန္ဒိယဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းရသေ့သည် မိခင်ကြီးမရှိတော့သဖြင့် ဘခင်နှင့် ညီကို ခေါ်ဆောင်၍ ရသေဝတ်ပေးခဲ့ပုံ၊ မိုးလလွန်၍ ဟိမဝန္တာသို့ သွားကြစဉ် ညီရသေ့အား အဘရသေ့ကို အပ်နှံ၍ မိမိက သင်္ခမ်းကျောင်းသို့ သွားနှင့်ပုံ၊ ညီငယ်သည် အဘရသေ့၏ ခါးကိုခေါင်းဖြင့် ဝှေ့၍ မြန်မြန် သွားရန် တိုက်တွန်းခဲ့ပုံ၊ ရသေ့ကြီးမှာ စိတ်ဆိုးပြီးနေသဖြင့် သင်္ခမ်းကျောင်းသို့ မိုးချုပ်မှ ရောက်လာကြပုံ၊ ငယ်ရွယ်သူ အသိဉာဏ်နည်းသူတို့၏ အမနာပပြောဆိုမှု၊ ဆဲရေး တိုင်းထွာမှုစသည်တို့ကို အသက်အရွယ်ကြီးပြီး အတွေ့အကြုံ ရင့်ကျက် အသိအလိမ္မာဉာဏ် ပညာရှိသူတို့က သည်းခံခွင့်လွှတ်သင့်ပုံ၊ သည်းခံခွင့်လွှတ်လိုက်သည့်အတွက် မိမိထံ၌ မိတ်ကောင်းဆွေကောင်းများ တိုးပွားလာနိုင်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၄)
ကဿပမာဏဝဝတ္ထု
ဤဝတ္ထုသည် ပိယဒဿီဗုဒ္ဓဝံသ၌ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၆)
ကဠမ္ဗဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ၉၄-ကမ္ဘာထက်ဝယ် ရောမသအမည်ရှိ ပစ္စေကဗုဒ္ဓါသည် တောင်ကြားအရပ်၌ သီတင်းသုံးနေခဲ့ပုံ၊ မထေရ်လောင်းသည် ထန်းမြစ်တို့ကို ပစ္စေကဗုဒ္ဓါအား လှူခဲ့သည့် ကုသိုလ်ကြောင့် ဒုဂ္ဂတိဘဝတို့၌ မကျရောက်ဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၀)
ကဠာယမုဋ္ဌိဇာတက
ဤဇာတ်တော်၌ မျောက်တစ်ကောင်သည် မြင်းစားခွက်ထဲမှ ပဲစေ့များကို လက်နှစ်ဖက်ဖြင့် ဆုပ်၍ သစ်ပင်ပေါ်သို့ တက်ပြေးခဲ့ပုံ၊ ပဲစေ့တစ်စေ့ ပြုတ်ကျသွားသည်ကို လိုက်ဖမ်းရာ လက်ထဲမှ ပဲစေ့အားလုံး ဆုံးရှုံးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၆၇)
ကာကဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းသည် ကျီးမျိုး၌ ဖြစ်စဉ် ကျီးပေါင်းရှစ်သောင်း ခြံရံလျက် ဗာရာဏသီပြည်ရှိ သုသာန်ကြီးတစ်ခုတွင် နေထိုင်ခဲ့ကြပုံ၊ တစ်နေ့သောအခါ ကျီးတစ်ကောင်သည် ကောင်းစွာ ဖြီးလိမ်းပြင်ဆင် ဝတ်ရုံလာသော ပုရောဟိတ်တစ်ယောက်အပေါ်သို့ မစင်စွန့်ချသဖြင့် ပုရောဟိတ်က ကျီးတို့အပေါ် ရန်ငြိုးထားခဲ့ပုံ၊ ဗာရာဏသီမင်း၏ ဆင်တင်းကုပ် မီးလောင်သောအခါ ဆင်များ၏ မီးလောင်ဒဏ်ရာများကို ကျီးအဆီဖြင့် သုတ်လိမ်းလျှင် ပျောက်ကြောင်း ပုရောဟိတ်က မင်းကြီးအား လျှောက်ထားသဖြင့် မင်းကြီးက ကျီးများကို သတ်၍ အဆီထုတ်ခိုင်းခဲ့ပုံ၊ ဘုရားလောင်း ကျီးမင်းက ဗာရာဏသီမင်းထံ အသက်စွန့်၍ ဝင်ရောက်ကာ ကျီး၌ အဆီမရှိကြောင်း ပြောကြားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၅၁၀)
ကာကပေတဝတ္ထု
ဤဝတ္ထု၌ ကဿပဘုရားရှင်လက်ထက်တော်၌ သံဃာတော်တို့အတွက် ယူဆောင်လာသော ဆွမ်းများကို ကျီးတစ်ကောင်သည် ထိုးသုတ််နှိုက်စားခဲ့ပုံ၊ ယင်းအကုသိုလ်ကြောင့် ထိုကျီးသည်ငရဲ၌ ခံခဲ့ရပုံ၊ ရေမှ လွတ်လာသောအခါ ဂိဇ္ဈကုဋ်တောင်၌ ၂၅-ယူဇနာ ခန္ဓာကိုယ်ကြီးမားသည့် ကျီးပြိတ္တာကြီး ဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၂၁)
ကာကဝတီဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းသည် ဗာရာဏသီမင်း ဖြစ်စဉ် လူယောင် ဖန်ဆင်းထားသော ဂဠုန်မင်းနှင့် ကြွေအန်ကစားလေ့ရှိပုံ၊ ဂဠုန်မင်းသည် ဗာရာဏသီမင်း၏ မိဖုရားကြီး ကာကဝတီကို နှစ်သက်သဘောကျသဖြင့် ဂဠုန်ပြည်သို့ ခိုးယူသွားပြီး ပျော်ပါးခဲ့ပုံ၊ မင်းကြီးက နဋကုဝေရမည်သော စောင်းသမားကို စုံစမ်းခိုင်းခဲ့ပုံ၊ နဋကုဝေရစောင်းသမားက ဂဠုန်မင်း၏ အတောင်ပံကြား၌ ထိုင်လျက် ဂဠုန်ပြည်သို့ လိုက်ပါသွားပြီး မိဖုရားကြီးနှင့် ဖောက်ပြန်ကျူးလွန်ကာ ဂဠုန်မင်း၏ အတောင်ပံကြား၌ ထိုင်လျက်ပင် ဗာရာဏသီပြည်သို့ ပြန်လာခဲ့ပုံ၊ ထိုအကြောင်းအရာကို ဂဠုန်မင်းသိရှိသွားပြီး မိဖုရားကြီးကို ဗာရာဏသီမင်းထံ ပြန်ပို့ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၈၃)
ကာဏမာတုဝတ္ထု
ဤဝတ္ထု၌ ကာဏာအမည်ရှိသော အမျိုးသမီးသည် တောရွာတစ်ရွာ၌ အိမ်ထောင်ကျပြီး သာဝတ္ထိမြို့၌ နေသော မိခင်ထံ အလည်လာပုံ၊ သူမ၏ခင်ပွန်းက ပြန်လာရန် မှာကြားသဖြင့် ပြန်ရန် စီစဉ်သောအခါ လက်ဆောင်အဖြစ် ယူသွားမည့် မုန့်များကို ရဟန်းတို့သည် အတိုင်းအဆမသိ အလှူခံကြပုံ၊ ဘုရားရှင် ကြားသိတော်မူသောအခါ နှစ်သပိတ်, သုံးသပိတ်ပြည့်ထက် ပို၍ အလှူခံသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ကာဏမာတု သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၀၆) (ဝိ၊ဋ္ဌ၊၃၊၈၆)
ကာဏမာတုဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့တွင် ကာဏာအမည်ရှိသော အမျိုးသမီးသည် ရဟန်းတို့ကြောင့် မိမိ၏ အိမ်ထောင်ရေး ပျက်စီးသွားရသည်ဟု ဆိုကာ မြင်မြင်သမျှ ရဟန်းတို့အား ဆဲရေးလေ့ရှိသဖြင့် ထိုအမျိုးသမီးနေထိုင်ရာ လမ်းသို့ မည်သည့်ရဟန်းမျှ မကြွဝံ့ကြပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင် သိတော်မူသဖြင့် ထိုလမ်းသို့ တစ်ပါးတည်း ဆွမ်းခံကြွတော်မူခဲ့ပုံ၊ ကာဏာ၏ မိခင်က ဘုရားရှင်အား ယာဂုဆွမ်း လှူဒါန်းနေစဉ် ကာဏာသည် မျက်နှာ မသာမယာဖြင့် ငိုကြွေးနေပုံ၊ ဘုရားရှင်က ကာဏာအား အကြောင်းစုံကို မေးမြန်း၍ တရားဟောတော်မူသဖြင့် ကာဏာသတို့သမီး သောတာပန်တည်၍ အမတ်ချုပ်ကြီး၏ သမီးရာထူးကို ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၇၂)
ကာတိယာနထေရဝတ္ထု
ဤဝတ္ထု၌ ကာတိယာနမထေရ်လောင်း အမျိုးကောင်းသားသည် ရှေးရှေးဘုရားရှင်များလက်ထက်တော်၌ ပါရမီကုသိုလ်ထူးကို ဆည်းပူးပြုလုပ်ခဲ့ပြီး ဤဘုရားရှင့်လက်ထက်တော်၌ ကောသိယပုဏ္ဏားမျိုး၌ ဖြစ်ခဲ့ပုံ၊ အရွယ်ရောက်သောအခါ ရဟန်းပြု၍ တရားအားထုတ်စဉ် ထိနမိဒ္ဓနှိပ်စက်ခံရသဖြင့် စင်္ကြံလျှောက်၍ တရားအားထုတ်ခဲ့ပုံ၊ စင်္ကြံလျှောက်နေစဉ်၌ပင် အိပ်ငိုက်လာသဖြင့် မြေကြီးပေါ်၌ လှဲ၍ အိပ်နေပုံ၊ ထိုဖြစ်ပုံအခြင်းအရာကို ဘုရားရှင် သိတော်မူ၍ ကြွရောက်တော်မူလာပြီး တရားဟောတော်မူသဖြင့် ကာတိယာနမထေရ် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၉၉)
ကာတိယာနီဝတ္ထု
ဤဝတ္ထု၌ ကာတိယာနီအလောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက် ရတနာသုံးပါးကို စွဲစွဲမြဲမြဲကြည်ညိုသောအရာ၌ ဧတဒဂ်ရ ဥပါသိကာမတစ်ဦးကို အားကျ၍ ကုသိုလ်ပြုကာ ဆုတောင်းခဲ့သောကြောင့် ကမ္ဘာတစ်သိန်းပတ်လုံးသုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ကုရရဃရမြို့ဝယ် ကာဠီ၏ မိတ်ဆွေ ဖြစ်ခဲ့ပုံ၊ အရှင်ကုဋိကဏ္ဏသောဏမထေရ်၏ တရားစကားကို နာကြားရသောကြောင့် သောတာပန် ဖြစ်ခဲ့ပုံ၊ ဘုရားရှင်ထံ၌ တရားနာကြားနေစဉ် အိမ်ကို ဖောက်၍ သူခိုးခိုးနေကြောင်း သိသော်လည်း တရားပွဲ၌သာ ဆက်လက် နာယူနိုင်သဖြင့် ရတနာသုံးပါးကို စွဲစွဲမြဲမြဲ ကြည်ညိုသော အရာ၌ ဧတဒဂ်ဘွဲ့ထူး ရရှိပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၄၉)
ကာမဇာတက
ဤဇာတ်တော်၌ ဗာရာဏသီမင်းကြီးတွင် သားတော်နှစ်ပါး ထွန်းကားပုံ၊ သားတော်များ အရွယ်ရောက်သောအခါ မင်းကြီးက အစ်ကိုကြီးဖြစ်သူအား အိမ်ရှေ့မင်းရာထူး ပေး၍ ညီငယ်ဖြစ်သူအား စစ်သူကြီးရာထူး ပေးအပ်ခဲ့ပုံ၊ မင်းကြီး နတ်ရွာစံသွားသောအခါ အမတ်များက အိမ်ရှေ့မင်းသားကို မင်းအဖြစ် တင်မြှောက်သော်လည်း မင်းသားက လက်မခံသဖြင့် ညီငယ်ဖြစ်သူ စစ်သူကြီးအား မင်းအဖြစ် တင်မြှောက်ကြပုံ၊ အိမ်ရှေ့မင်းသားသည် ‘‘မင်းစည်းစိမ်ကို အလိုမရှိ’’ဟု ဆိုကာ ဇနပုဒ်အရပ်၌ သွားရောက် နေထိုင်ခဲ့ပုံ၊ ဇနပုဒ်သားတို့က မင်း၏ ခွင့်ပြုချက်ဖြင့် အိမ်ရှေ့မင်းသားထံ၌သာ အခွန်အတုပ်များကို ဆက်သကြပုံ၊ အိမ်ရှေ့မင်းသားသည် အခွန်အတုပ်များစွာ ရရှိလာသောအခါ အလိုရမ္မက်ကြီးလာပြီး ညီငယ်မင်းထံမှ တိုင်းပြည်ကို ပြန်တောင်းခဲ့ပုံ၊ မင်းဖြစ်လာသောအခါ၌လည်း ဗာရာဏသီတစ်ပြည်တည်းဖြင့် အားမရဘဲ နှစ်နိုင်ငံ သုံးနိုင်ငံတို့ကို တောင့်တသဖြင့် သိကြားမင်းက လာရောက်ဆုံးမခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၁၆၈)
ကာမနီတဇာတက
ဤဇာတ်တော်၌ ဗာရာဏသီမင်းသည်ဝတ္ထုကာမ ကိလေသာကာမတို့၌ ရောင့်ရဲမှုမရှိဘဲ အလွန်လောဘကြီးသော မင်းတစ်ပါး ဖြစ်ပုံ၊ ဘုရားအလောင်းသိကြားမင်းက ဗာရာဏသီမင်း၏ လောဘကြီးမှုကို သိရှိပြီး နှိပ်ကွပ်ဆုံးမရန် ပုဏ္ဏားလုလင်ယောင်ဆောင်၍ မင်းကြီးထံ လာခဲ့ပုံ၊ ပုဏ္ဏားလုလင်က ‘‘အလွန်ချမ်းသာကြွယ်ဝပြီး အလွယ်တကူဖြင့် တိုက်ယူသိမ်းပိုက်နိုင်သည့် နိုင်ငံ သုံးနိုင်ငံကို မိမိတွေ့မြင်ထားကြောင်း၊ မနက်ဖြန်၌ပင် သွားရောက်သိမ်းပိုက်နိုင်ရန် စစ်ပြင် ဆင်ထားသင့်ကြောင်း’’ မင်းကြီးအား သံတော်ဦးတင်၍ ထွက်ခွာသွားခဲ့ပုံ၊ မင်းကြီးသည် စစ်ပြင်ဆင်ပြီးနောက် ပုဏ္ဏားလုလင်ကို ရှာမတွေ့တော့သဖြင့် စိတ်နှလုံးထိခိုက်ကာ သွေးအန်ရောဂါ ဖြစ်ပုံ၊ တစ်ဖန် ဘုရားအလောင်း သိကြားမင်းက ဆေးဆရာယောင်ဆောင်၍ လာရောက်ကုသပေးပြီး တရားဟောသဖြင့် လောဘကြီးသော ဗာရာဏသီမင်းကြီး အသက်ဘေးမှ ချမ်းသာရာ ရခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၉၅)
ကာမဝိလာပဇာတက
ဤဇာတ်တော်၌ ယောက်ျားတစ်ယောက်သည် မိန်းမ၏ တိုက်တွန်းမှုဖြင့် ကြတ္တိကာနက္ခတ်ပွဲသဘင်တွင် အတူယှဉ်နွှဲ၍ ဝတ်ဆင်ပျော်မြူးရန် ဘုရင်၏ ဝတ်လဲတော်ပန်းပုဆိုးကို ဝင်ရောက် ခိုးယူခဲ့ပုံ၊ ထိုယောက်ျားကို မင်းမှုထမ်းများ ဖမ်ူမိ၍ အသက်ရှင်စဉ်ပင် တံကျင်လျှို၍ ကားစင်တင်ထားခဲ့ပုံ၊ မိမိ၏ ပြင်းထန်သော ဝေဒနာကို အမှတ်မရနိုင်ဘဲ မိမိ၏ဇနီးအတွက် အဝတ်မရခဲ့သည်ကို ပူပန်ပါကြောင်း ဇနီးထံ သတင်းပို့ရန် ကျီးတစ်ကောင်အား မှာကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၄၀၀)
ကာယနိဗ္ဗိန္ဒဇာတက
ဤဇာတ်တော်၌ သာဝတ္ထိပြည်သား ယောက်ျားတစ်ယောက်ကို ဖျော့တော့အားနည်းသော ရောဂါနှိပ်စက်သဖြင့် သားသမီးတို့က စွန့်ပယ်ထားခဲ့ပုံ၊ ထိုယောက်ျားသည် တစ်နေ့တွင် သင့်တင့်မျှတသော အစာအာဟာရတို့ကို ရရှိသဖြင့် ကျန်းမာလာသောအခါ တောထွက်၍ ရသေ့ဝတ်ပြီး ဈာန်အဘိညာဉ်ရအောင် အားထုတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၉၃)
ကာယဗန္ဓနဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် ခါးပန်းကြိုး မပတ်ဘဲ မြို့တွင်း ရွာတွင်းသို့ ဝင်ခဲ့ရာ သင်းပိုင် ကျွတ်ကျသဖြင့် လူတို့၏ ပြောင်လှောင်မှုကို ခံရပုံ၊ ထို့ကြောင့် ဘုရားရှင်က ခါးပန်းကြိုးကို ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၇၆)
ကာယသံသဂ္ဂဝတ္ထု
ဤဝတ္ထု၌ သီဟိုဠ်ကျွန်း မဟာဝိဟာရကျောင်းတိုက်နေ ရဟန်းငယ်တစ်ပါးသည် ပရိသတ်တို့အား တရားဓမ္မ ဟောကြားနေခဲ့ပုံ၊ သီဟိုဠ်မင်းကလည်း နန်းတွင်းသူ နန်းတွင်းသားများနှင့် အတူတကွ လာရောက် တရားနာယူခဲ့ပုံ၊ မင်းကြီး၏ သမီးတော်သည် ရဟန်းငယ်၏ ရုပ်နှင့် အသံကို တပ်မက်စွဲလမ်းသွားပြီး ပြင်းထန်အားကြီးသော တဏှာရာဂ ဖြစ်ပေါ်လာခဲ့ပုံ၊ ရဟန်းငယ်ကလည်း မင်းသမီးအပေါ် တပ်မက်စွဲလမ်းသွားခဲ့ပုံ၊ မင်းကြီးက ကန့်လန့်ကာကို ကာရံစေပြီး တရားနာခိုင်းခဲ့ပုံ၊ ကန့်လန့်ကာအတွင်း၌ ရဟန်းငယ်နှင့် ဘုရင့်သမီးတော် အချင်းချင်း ပွေ့ဖက်၍ သေဆုံးနေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စူဠနိ၊ဋ္ဌ၊၁၀၂)
ကာယသံသဂ္ဂသိက္ခာပဒ ဝိနီတဝတ္ထူနိ
ဤဝတ္ထု၌ မာတုဂါမ၌ ကာယသံသဂ္ဂပြုမှုများနှင့် ပတ်သက်၍ သံဃာဒိသေသ်အာပတ် သင့်/မသင့် ဆုံးဖြတ်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၁၈၄)
ကာရဏပါလီဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ ကာရဏပါလီပုဏ္ဏားသည် အနာဂါမ်ဖြစ်ပြီးသော ပိင်္ဂိယာနီပုဏ္ဏားကို တွေ့မြင်၍ ‘‘သင်သည် အဘယ့်ကြောင့် မြတ်စွာဘုရားကို အလွန်တရာ ကြည်ညိုပါသနည်း’’ဟု မေးခဲ့ပုံ၊ ပိင်္ဂိယာနီပုဏ္ဏားက အကြောင်းဥပမာငါးရပ်တို့ဖြင့် ရှင်းလင်းဟောပြခဲ့ပုံ၊ ထို့ကြောင့် ကာရဏပါလီပုဏ္ဏားသည် မြတ်စွာဘုရားရှိရာဘက်သို့ နမော တဿ-ဟု သုံးကြိမ် ဥဒါန်းကျူးရင့်ကာ သရဏဂုံဆောက်တည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၂၀၆) (အံ၊ဋ္ဌ၊၃၊၆၈)
ကာရဘေဒကဝတ္ထု
ဤဝတ္ထု၌ ဗိမ္ဗိသာရမင်းကြီးက ‘‘သာသနာတော်သို့ ဝင်ရောက်၍ ရဟန်းပြုနေသူကို မည်သို့မှ ပြစ်ဒဏ်မပေးရ၊ လွတ်လပ်စွာ သာသနာ့ဝန်ကို ထမ်းပါစေ’’ဟု အမိန့်ထုတ်ထားပုံ၊ ခိုးသူတစ်ယောက်သည် ခိုးမှုကြောင့် ထောင်ကျနေစဉ် ထောင်ဖောက်၍ ပြေးကာ ရဟန်းဝတ်သွားပုံ၊ ထိုသူကို လူတို့က ပြန်၍ ဖမ်းရန် ပြောကြရာ မင်းတရားကြီးအမိန့်ကြောင့် ဘာမှ လုပ်၍ မရကြောင်း ပြောဆိုကြသဖြင့် လူတို့က ကဲ့ရဲ့ကြပုံ၊ ထို့ကြောင့် ဘုရားရှင်က ‘‘ထောင်ကျပြီး ထောင်ဖောက်ပြေးသော သူခိုးကို ရဟန်းခံမပေးရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၀၅)
ကာလကဉ္စိကအသုရဝတ္ထု
ဤဝတ္ထု၌ ကာလကဉ္စိကာပြိတ္တာအသုရာတို့သည် ဘုရားနှစ်ဆူသုံးဆူတို့အကြား အာစွတ်ရုံမျှလောက် သောက်ရေကို ရဖို့ရန် ခဲယဉ်းပုံ၊ သမုဒ္ဒရာအတွင်းသို့ ပြေးဝင်သွားသော အခါ၌လည်း အကုသိုလ်ကံကြောင့် မဟာသမုဒ္ဒရာသည် ကျောက်ဖျာကြီး ဖြစ်သွားခဲ့ပုံ၊ ထိုထိုအရပ်သို့ လှည့်လည်၍ ရေရှာစဉ် ရဟန်းတော်သုံးကျိပ်နှင့် တွေ့ဆုံခဲ့ပုံ၊ ရဟန်းတော်တို့က သပိတ်ကိုယ်စီဖြင့် ပြိတ္တာ၏ ခံတွင်းသို့ ရေလောင်းထည့်သော်လည်း လက်တစ်ဆုပ်စာမျှပင် ရေမဝင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၂၊၅)
ကာလတ္ထေရဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့သူ အမျိုးသမီးကြီးတစ်ယောက်သည် ကာလမထေရ်ကို သားအရင်းသဖွယ် ပစ္စည်းလေးပါးတို့ဖြင့် လှူဒါန်းထောက်ပံ့ခဲ့ပုံ၊ ကာလရဟန်းသည် အမျိုးသမီးကို မိမိအား အကြည်ညိုလျော့သွားမည် စိုးသဖြင့် ဘုရားရှင်ထံ တရားနာမသွားရန် အမြဲတမ်း တားမြစ်ခဲ့ပုံ၊ တစ်နေ့သောအခါ အမျိုးသမီးကြီး ဘုရားရှင်ထံ တရားနာသွားကြောင်း ကြားသိသဖြင့် နောက်ကလိုက်သွားပြီး ဘုရားရှင်အား ထိုအမျိုးသမီးကို နက်နဲသော ဝိပဿနာတရားကို မဟောဘဲ ဒါနကထာ၊ သီလကထာလောက်မျှသာ ဟောရန် လျှောက်ထားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၉၉)
ကာလိင်္ဂဗောဓိဇာတက
ဤဇာတ်တော်၌ ကာလိင်္ဂစကြာမင်းသည် ခမည်းတော် မယ်တော်တို့ကို ပူဇော်ရန် ဆင်ဖြူရတနာကို စီး၍ မဟာဗောဓိမဏ္ဍိုင်၏ အထက်အရပ်မှ သွားမည်ပြုခဲ့ပုံ၊ မသွားနိုင်ဘဲ လက်လျှော့ခဲ့ရပုံ၊ ဗောဓိမဏ္ဍိုင်၏အထက်၌ သိကြားမင်းစသူတို့ပင် မသွားနိုင်ပုံ၊ ကာလိင်္ဂစကြာမင်းသည် ဗောဓိမဏ္ဍိုင်၏ တန်ခိုးပြာဋိဟာတို့ကို မြင်၍ ကြည်ညိုပြီး ခုနစ်ရက်ပတ်လုံး ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကြောင့် တာဝတိံသာနတ်ပြည်တွင် ဖြစ်ခဲ့ရပုံစသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၂၂၈)
ကာသာဝဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဆင်မျိုး၌ ဖြစ်၍ ဆင်ပေါင်းရှစ်သောင်း ခြံရံလျက် ဟိမဝန္တာတော၌ နေခဲ့ပုံ၊ ဆင်းရဲသားတစ်ယောက်သည် ဆင်စွယ်သမားတို့ ဆင်စွယ်အရောင်းအဝယ်ပြုနေသည်ကို မြင်ရပြီး ဆင်စွယ်ရောင်းရန် ကတိပြုခဲ့ပုံ၊ ဆင်တို့သည် ပစ္စေကဗုဒ္ဓါတို့အား ကြည်ညိုသည်ကို တွေ့မြင်သောအခါ မိမိကိုယ်ကို သင်္ကန်းပတ်၍ ပစ္စေကဗုဒ္ဓါအသွင် ဆောင်ပြီးလျှင် ဆင်တစ်ကောင်ပြီးတစ်ကောင် သတ်၍ ဆင်စွယ်ရောင်းစားခဲ့ပုံ၊ တစ်နေ့တွင် ဘုရားလောင်းသည် ထိုသူကို ဖမ်းမိ၍ သတ်မည်ဟု ကြံစည်သောအခါ ရဟန္တာတို့၏ အလံတံခွန်သဖွယ်ဖြစ်သော သင်္ကန်းကို တွေ့ရ၍ လေးစားသောအားဖြင့် မသတ်ဘဲ လွှတ်လိုက်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၈၀)
ကာသုမာရဖလိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ၃၁-ကမ္ဘာထက်တွင် ပွင့်တော်မူသော ဘုရားရှင်အား သရက်ဖြူသီးလှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၈၈)
ကာသုမာရိဖလဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သုံးဆယ့်တစ်ကမ္ဘာအထက်ဝယ် တောင်ကြား၌ ထိုင်နေတော်မူသော ဘုရားရှင်အား သရက်ဖြူသီးကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်သို့ မလားခဲ့ရတော့ဘဲ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၄၀)
ကာဠကဏ္ဏိဇာတက
ဤဇာတ်တော်၌ အနာထပိဏ်သူဌေးကြီးသည် မိမိ၏ သူငယ်ချင်းဖြစ်သူ ကာဠကဏ္ဏီအား မိမိအိမ်သို့ ခေါ်ယူကာ အလုပ်အကျွေးအဖြစ် တာဝန်ပေးလျက် စောင့်ရှောက်ထားခဲ့ပုံ၊ အနာထပိဏ်သူဌေး၏ သူငယ်ချင်းများက ကာဠကဏ္ဏီကို အိမ်၌ မထားသင့်ကြောင်း၊ မင်္ဂလာမရှိကြောင်း စသည်ဖြင့် ပြောကြားခဲ့ပုံ၊ အနာထပိဏ် သူဌေးကြီး မရှိခိုက် ခိုးသူလုယက်မည့်ဘေးမှ ကာဠကဏ္ဏီက စောင့်ရှောက်တားမြစ်ခဲ့ပုံ၊ ရုပ်ရည်ထက်စိတ်ထားသာ အဓိကဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၈၅)
ကာဠဇုဏှအမစ္စဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိ ရာဇဂြိုဟ်စသော တိုင်းပြည်တို့တွင် မင်းနှင့်ပြည်သူတို့ သူနိုင် ငါနိုင် အပြိုင်ကြဲကာ အလှူဒါနပွဲကြီးများ ဆင်နွှဲနေကြပုံ၊ ကောသလမင်းကြီးသည် မလ္လိကာမိဖုရားကြီး၏ အစီအမံအတိုင်း အလှူပွဲကြီး ပြုလုပ်သဖြင့် တိုင်းသူပြည်သားတို့အပေါ် အနိုင်ရခဲ့ပုံ၊ ကာဠအမတ်ကြီးက မင်းဘဏ္ဍာများ အလဟဿ အချည်းနှီး ပျက်စီးဆုံးရှုံးသည်ဟု ကြံစည်ခဲ့ပုံ၊ ဇုဏှအမတ်ကြီးက မင်းကြီး၏ အသဒိသအလှူဒါနကို အားရဝမ်းသာဖြစ်ခဲ့ပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင်ထံတော်မှ တစ်ဆင့် ကောသလမင်းကြီး သိရှိသွားပြီး ကာဠအမတ်ကို တိုင်းပြည်မှ နှင်ထုတ်ကာ ဇုဏှအမတ်ကို ခုနစ်ရက်တိုင်တိုင် အလှူဒါနကြီး ပြုလုပ်ခွင့် ပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၂၄၇)
ကာဠဒေဝတ္ထေရဝတ္ထု
ဤဝတ္ထု၌ အဇဂရကျောင်းနေ ကာဠဒေဝမထေရ်သည် ဝါတွင်း၌ ညဉ့်အချိန်ပြခေါင်းလောင်း ကျောက်စည်ကို အချိန်မှန်မှန် ထိုးလေ့ရှိပုံ၊ ဆွမ်းခံခြင်း၊ ဆွမ်းစားခြင်း၊ နေ့သန့်ခြင်း၊ တရားအားထုတ်ခြင်းကိစ္စများ၌လည်း ထိုမထေရ်သည် အချိန်မှန်မှန် ကျင့်ဆောင်လေ့ရှိပုံ၊ အောက်မဂ်ဖိုလ်တရားထူး (ပဒေသဉာဏ်)ရရန် ကြိုးစားသော သာဝကများသည်ပင်လျှင် နေ့ညဉ့်အပိုင်းအခြားကို ထင်ရှားစွာ သိလေ့ရှိပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၁၂၆)
ကာဠဗာဟုဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းသည် ရာဓကျေးမင်း ဖြစ်စဉ် မုဆိုးတစ်ယောက်က ရာဓကျေးမင်းနှင့် ညီငယ်ပေါဋ္ဌပါဒဟူသော ကျေးညီနောင်ကို ဖမ်းယူ၍ ဗာရာဏသီမင်းထံ ဆက်သခဲ့ပုံ၊ ဗာရာဏသီမင်းက ကျေးညီနောင်တို့အား ရွှေလှောင်ချိုင့်၌ ထားကာ ကောင်းမွန်စွာ ပြုစုထားပုံ၊ တစ်နေ့သောအခါ တောမုဆိုးတစ်ယောက်က မျောက်ကြီးတစ်ကောင်ကို ဖမ်းလာပြီး မင်းကြီးထံ ဆက်သပုံ၊ မင်းကြီးနှင့်တကွ ပရိသတ်များက မျောက်ကြီးကိုသာ ဦးစားပေး ကျွေးမွေးနေသဖြင့် ကျေးညီနောင်တို့ လာဘ်လာဘများ ဆုတ်ယုတ်သွားခဲ့ပုံ၊ ညီငယ်ပေါဋ္ဌပါဒက အစားအသောက်များ ရှားပါးသဖြင့် တောထဲ ပြန်ရန် ရာဓကျေးမင်းအား တိုင်ပင်ခဲ့ပုံ၊ လောကဓံကို သည်းခံနိုင်ရန် ရာဓကျေးမင်းက ညီငယ်ပေါဋ္ဌပါဒအား ဆုံးမပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၈၉)
ကာဠဗုဒ္ဓရက္ခိတတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် သစ္စကပရိဗိုဇ်အား ‘‘မိမိ ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် နှစ်ပေါင်းနှစ်ရာ ကြာသောအခါ သီဟိုဠ်ကျွန်း၌ ကာဠဗုဒ္ဓရက္ခိတအမည်ဖြင့် ရဟန္တာဖြစ်မည်ကို မြင်တော်မူသဖြင့် မဟာသစ္စကသုတ်ကို ဟောတော်မူခဲ့ပုံ၊ ကာဠဗုဒ္ဓရက္ခိတထေရ်လောင်း သစ္စကပရိဗိုဇ်သည် သီဟိုဠ်ကျွန်း၌ သာသနာထွန်းလင်းသောအခါ နတ်ပြည်မှ စုတေလျက် အမတ်မျိုး၌ဖြစ်ခဲ့ပုံ၊ သာသနာတွင်းသို့ ဝင်ရောက်ရဟန်းပြုပြီး ပိဋကသုံးပုံကို သင်ယူ တတ်မြောက်ပုံ၊ ဥပဇ္ဈာယ်ဆရာ၏ တိုက်တွန်းမှုကြောင့် ဝိပဿနာတရား ရှုမှတ် ပွားများသောအခါ ပဋိသမ္ဘိဒါပတ္တရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၁၉၄)
ကာဠယက္ခိနီဝတ္ထု
ဤဝတ္ထု၌ အမျိုးသမီးတစ်ယောက်သည် အမြုံမ ဖြစ်နေသဖြင့် လင်ယောကျ်ားအတွက် မယားငယ်တစ်ယောက် ရှာပေးခဲ့ပုံ၊ မယားငယ် ကိုယ်ဝန်တည်သည့်အခါ ဝန်တိုစိတ်ဖြင့် အစာအာဟာရနှင့် ရောလျက် ကိုယ်ဝန်ဖျက်ဆေး ကျွေးခဲ့ပုံ၊ သုံးယောက်မြောက်ကိုယ်ဝန် ပျက်ကျသောအခါ၌ မယားငယ်ဖြစ်သူက အကြောင်းစုံ သိရှိသွားပြီး ‘‘နောက်ဘဝတွင် ဘီလူးမဖြစ်ကာ သင့်သားသမီးများကို သတ်စားနိုင်သော ပုဂ္ဂိုလ် ဖြစ်ရပါစေသား’’ ဟု ဆုတောင်းလျက် ထိုကိုယ်ဝန်ပျက်စီးခြင်းကြောင့် ကွယ်လွန်ခဲ့ပုံ၊ နောက်ဘဝတွင် ထိုအိမ်၌ပင် မယားကြီးဖြစ်သူက ကြက်မကြီး ဖြစ်ပြီး မယားငယ်ဖြစ်သူက ကြောင်မကြီးဖြစ်ကာ ကြက်မကြီး ဥတိုင်း ဥတိုင်း လာရောက် စားသောက်ခဲ့ပုံ၊ ဤသို့အားဖြင့် ဘဝဆက်တိုင်း ဘတစ်ပြန် ကျားတစ်ပြန် ရန်တုံ့ပြန်ခဲ့ကြရာ ဘုရားရှင်လက်ထက် ရောက်သောအခါ တစ်ယောက်က ဘီလူးမဖြစ်ပြီး ကျန်တစ်ယောက်က လူအမျိုးသမီး ဖြစ်ခဲ့ပုံ၊ ထိုအမျိုးသမီး ကလေးမွေးတိုင်း မွေးတိုင်း ဘီလူးမက လာရောက် စားသောက်ခဲ့ပုံ၊ ဘုရားရှင်က ရန်ကို ရန်ချင်း မတုံ့နှင်းရန် တရားဟောသဖြင့် ဘီလူးမ သောတာပန်တည်သွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၉)
ကာဠဝဠိယဝတ္ထု
ဤဝတ္ထု၌ ကာဠဝဠိယ၏ ဇနီး သူဆင်းရဲမသည် နိရောဓသမာပတ်မှ ထလာသော အရှင်မဟာကဿပထေရ်အား ယာဂုချဉ်ကို ဆက်ကပ် လှူဒါန်းခဲ့ပုံ၊ အရှင်မဟာကဿပထေရ်သည် ဝေဠုဝန်ကျောင်းသို့ ကြွ၍ ဘုရားရှင်နှင့်တကွ သံဃာတော်တို့အား ထိုယာဂုချဉ်ကို ဆက်ကပ် လှူဒါန်းခဲ့ပုံ၊ အရှင်မဟာကဿပထေရ်က ဘုရားရှင်အား ကာဠဝဠိယသူဆင်းရဲ၏ အကျိုးဝိပါက်ကို မေးမြန်းသောအခါ ‘‘ဤနေ့မှ နောက် ခုနစ်ရက်မြောက်သောနေ့၌ ထီးဖြူကို ဆောင်းရလိမ့်မည်’’ ဟု ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၄၊၄)
ကာဠီကုရရဃရိကာဝတ္ထု
ဤဝတ္ထု၌ ဥပါသိကာမအလောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ တစ်ဆင့်စကား ကြားရုံမျှဖြင့် ကြည်ညိုသောအရာ၌ ဧတဒဂ်ထားခြင်းခံရသော အမျိုးသမီးကို အားကျ၍ ကုသိုလ်ပြုဆုတောင်းခဲ့သောကြောင့်၊ သုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင် လက်ထက်တော်၌ ကုရရဃရမြို့ရှိ အိမ်အထက်ထပ်တွင် အနားယူနေစဉ် သာတာဂိရိနှင့် ဟေမဝတနတ်ဘီလူးနှစ်ဦးတို့၏ တရားစကားကို ကြားနာရ၍ သောတာပန်ဖြစ်ကာ တဆင့်စကား ကြားရုံမျှဖြင့် ကြည်ညိုသော အရာ၌တဒဂ် ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၅၁)
ကာဠုဒါယိတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက် ကုလပ္ပသာဒက ဧတဒဂ်ရသော မထေရ်တစ်ပါးကို အားကျ၍ ကုသိုလ်ပြု ဆုတောင်းခဲ့သောကြောင့်၊ သုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ နောက်ဆုံးဘဝဝယ် ကပိလဝတ္ထုမြို့၌ ဘုရားအလောင်းနှင့် တစ်နေ့တည်း မွေးဖွားသော ဖွားဖက်တော် ဖြစ်ခဲ့ပုံ၊ ဘုရားရှင်အား ခမည်းတော်ထံ ပင့်ဆောင်ရန် လာသောအခါတွင် တရားနာရ၍ ဧဟိဘိက္ခုရဟန္တာဖြစ်ပြီး ကုလပ္ပသာဒက ဧတဒဂ်ရရှိပုံ စသော အကြောင်းအရာများပါဝင်သည်။ (အပ၊၂၊၁၅၆) (အံ၊ဋ္ဌ၊၁၊၂၃၃) (ထေရ၊ဋ္ဌ၊၂၊၁၆၅) (အပ၊ဋ္ဌ၊၂၊၂၅၇) (သာရတ္ထ၊ဋီ၊၃၊၂၄၄)
ကိံကဏိက ပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် တော၌ သီတင်းသုံးနေတော်မူသော သုမင်္ဂလဘုရားရှင်အား ဆည်းလည်းပန်းတို့ဖြင့် ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ထိုဘဝမှစ၍ အပါယ်သို့ မလားခဲ့ရဘဲ ရှစ်ဆယ့်ခြောက်ကမ္ဘာအထက်၌ အပိလာသိစကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ၊ ကျွတ်တမ်းဝင်ခဲ့ရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၂၄)
ကိင်္ကဏိပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ရေအိုင်တွင် ရေသပ္ပါယ်တော်မူသော ဝိပဿီဘုရားရှင်အား ဆည်းလည်းပန်းဖြင့် ပူဇော်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး မလားခဲ့ရဘဲ နှစ်ဆယ့်ခုနစ်ကမ္ဘာအထက်၌ ဘီမရထ စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ၊ ကျွတ်တမ်းဝင်ခဲ့ရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၂၈)
ကိံဆန္ဒဇာတက
ဤဇာတ်တော်၌ ရှေးအခါက ပုရောဟိတ်အမတ်သည် တံစိုးလက်ဆောင်စားတတ်သော ကောက်ကျစ်စဉ်းလဲသည့် တရားသူကြီး ဖြစ်ပုံ၊ သူသည် နေ့ဝက် ဥပုသ်စောင့်ထိန်းခဲ့သောကြောင့် နောက်ဘဝတွင် သရက်ဥယျာဉ်တစ်ခု၌ ညအခါတွင် နတ်စည်းစိမ် ခံစားရပြီး နေ့အခါတွင် တစ်ကိုယ်လုံး မီးလောင်ခံခဲ့ရပုံ မိမိလက်သည်းတို့ဖြင့် မိမိအသားကို ကုတ်ဖြတ်စားသောက်ရသော ဒုက္ခကြီးကို ခံစားခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ဇာ၊ဋ္ဌ၊၅၊၁)
ကိံပက္ကဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် လှည်းကုန်သည် မှူးကြီးဖြစ်၍ လှည်းတို့ဖြင့် ကုန်ရောင်းသွားစဉ် တောအုပ်ဝ၌ သရက်ပင်နှင့်တူသော အဆိပ်ပင်ကို တွေ့၍ ကုန်သည်တို့ ခူးယူစားသောက်ကြပုံ၊ ထိုသူတို့ အဆိပ်သင့်ကြ၍ အန်ဆေးကျွေးရပုံ၊ ထိုအပင်သည် ရွာနှင့် နီးသဖြင့် သရက်ပင်သာ အစစ်အမှန် ဖြစ်ပါက အသီးမရှိနိုင်၊ ယခုမူ အသီးအရွက်ပြည့်စုံသောကြောင့် အဆိပ်ပင်သာ ဖြစ်ကြောင်း သိနိုင်ပါသည်ဟု ဘုရားလောင်း ကြံတွေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၈၉)
ကိံဖလဇာတက
ဤဇာတ်တော်၌ ဘုရားလောင်း လှည်းမှူးသည် တောအုပ်အတွင်း ဝင်ခါနီးတွင် မိမိ၏ လှည်းသား ငါးရာတို့အား မိမိကို အသိမပေးဘဲ မည်သည့်အသီးအရွက်ကိုမျှ မစားကြရန် ကြိုတင် အသိပေး အကြောင်းကြားခဲ့ပုံ၊ တောအုပ်အဝင်ဝ တစ်နေရာ၌ သရက်ပင်နှင့် အစစ အရာရာတူသော ကိံဖလအဆိပ်ပင်ကို တွေ့မြင်ခဲ့ရပုံ၊ တစ်ချို့က အငမ်းမရ စားသောက် ကြ၍ အဆိပ်သင့်ခဲ့ကြပုံ၊ တစ်ချို့က ဘုရားလောင်းလှည်းမှူးအား မေး၍ အဆိပ်ဘေးမှ ကင်းဝေးခဲ့ကြပုံ စသော အကြောင်းအရာများပါဝင် သည်။ (ဇာ၊ဋ္ဌ၊၁၊၂၈၈)
ကိမိလတ္ထေရဝတ္ထု
ဤဝတ္ထု၌ ကိမိလထေရ်လောင်းလျာသည် မဏ္ဍပ်ဆောက်ကာ ကကုသန်ဘုရားရှင်၏ ဓာတ်တော်များကို ထင်းရှူးပန်းများဖြင့် ပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကြောင့် ကိမလ မထေရ်အား နေ့ရောညပါ ထင်းရှူးပန်းများမိုးလျက် လိုက်ပါနေပုံ၊ ကိမိလ မထေရ်အား ဘုရားရှင်က ပျိုရာမှ အို၊ အိုရာမှ နာ၊ နာရာမှ သေသွားသော အမျိုးသမီးရုပ်ပုံလွှာကို ဖန်ဆင်းပြသ၍ တရားဟောတော်မူသဖြင့် ကိမိလမထေရ် ရဟန္တဖြစ်ခဲ့ပုံ စသောအကြောင်း အရာများပါဝင်သည်။ (အပ၊၂၊၁၇၂) (ထေရ၊ဋ္ဌ၊၁၊၂၉၈) (အပ၊ဋ္ဌ၊၂၊၂၈၉)
ကိလဉ္ဇဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်အလောင်းသည် ကိုးဆယ့်လေးကမ္ဘာအထက်က တိဝရပြည်၌ ကျူထရံသည် ဖြစ်ခဲ့ပုံ၊ သိဒ္ဓတ္ထဘုရားရှင်ကို လာရောက်ပူဇော်ကုန်သော သူတို့အား ဖျာလှူခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးသို့ မလားရောက်ခဲ့ဘဲ ခုနစ်ဆယ့်ခုနစ်ကမ္ဘာအထက်၌ ဇလဒ္ဓရစကြာမင်း ဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၄၆)
ကိသလယပူဇကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်အလောင်းသည် ကောင်းကင်၌ ကြွသွားတော်မူသော သိဒ္ဓတ္ထဘုရားရှင်ကို ဖူးတွေ့ရ၍ မိမိစိုက်ပျိုးထားသော သော်ကပင်မှ သော်ကညွန့်တို့ကို ဆွတ်ခူးကာ ကောင်းကင်၌ ကြဲမြှောက်ပူဇော်ခဲ့ပုံ၊ သော်ကညွန့်တို့ ဘုရားရှင်၏ နောက်တော်မှ လိုက်ပါသွားကြပုံ၊ ထိုကုသိုလ်ကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ခြင်းမရှိဘဲ သုံးဆယ့်ခုနစ်ကမ္ဘာအထက်၌ ဧကိဿရစကြာမင်း ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၂၃)
ကိသာဂေါတမီထေရီဝတ္ထု
ဤဝတ္ထု၌ သိကြားမင်းသည် ညဉ့်ဦးယံအဆုံးတွင် ဘုရားရှင်ထံ နတ်ပရိသတ်နှင့်အတူ လာရောက်ဖူးမြော်ပြီး သာရဏီယတရားကို နာကြားခဲ့ပုံ၊ ကိသာဂေါတမီထေရီသည်လည်း ဘုရားရှင်ကို ဖူးမြော်ရန် ကောင်းကင်ခရီးဖြင့် ကြွလာခဲ့ပုံ၊ သိကြားမင်းကို မြင်သဖြင့် ပြန်လှည့်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၀၄)
ကိသာဂေါတမီထေရီဝတ္ထု
ဤဝတ္ထု၌ ကိသာဂေါတမီထေရီအလောင်းသည် ပဒုမုတ္တရဘုရားရှင်ထံ၌ နွမ်းပါးသော သင်္ကန်းသုံးဆောင်မှု၌ ဧတဒဂ်ရသူ ရဟန်းမတစ်ဦးကို အားကျလျက် ကောင်းမှုပြု၍ တောင်းဆုပြုခဲ့ပုံ၊ ကဿပ ဘုရားရှင်လက်ထက် ကိကီမင်း၏ ပဉ္စမမြောက်သမီးတော် ဖြစ်ခဲ့ရပုံ၊ နောက်ဆုံးဘဝ ဂေါတမဘုရားရှင်လက်ထက်တွင် ပစ္စည်းဥစ္စာများ ဆုံးရှုံးပျက်စီးပြီး ရွှေငွေစိန်ကျောက်များ မီးသွေးခဲ ဖြစ်သွားသော သူဌေးကြီးအား ရတနာအစစ် မူလအတိုင်း ပြန်ဖြစ်အောင် ပြနိုင်သဖြင့် သူဌေးသားနှင့် လက်ထပ်ခဲ့ပြီး သားတစ်ယောက် ရခဲ့ပုံ၊ ထိုသား သေသဖြင့် အသက်ရှင်အောင် ကုနိုင်သော ဆရာကို ရှာခဲ့ပုံ၊ မြတ်စွာဘုရားရှင်နှင့် တွေ့၍ ရဟန္တာ ဖြစ်ကာ နှမ်းပါးသော သင်္ကန်းသုံးဆောင်မှု၌ ဧတဒဂ်ရခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၄၄) (အံ၊ဋ္ဌ၊၁၊၂၉၀) (ထေရီ၊ဋ္ဌ၊၁၈၁) (ထေရီ၊ဒီ၊၂၂၈)
ကိသာဂေါတမီထေရီဝတ္ထု
ဤဝတ္ထု၌ ကိသာဂေါတမီထေရီသည် နေ့အခါ၌ အန္ဓဝန်တောသို့ သွား၍ တရားမှတ်နေစဉ် မာရ်နတ်က ‘‘သားသေသည့်အတွက် စိုးရိမ်ငိုကြွေးနေသူ ဖြစ်ပါလျက် အဘယ့်ကြောင့် တောထဲမှာ ယောကျ်ားလာရှာရသနည်း’’ ဟု ဂါထာဖြင့် မေးမြန်းပုံ၊ ကိသာဂေါတမီထေရီက မိမိသမာဓိ ပျက်အောင် မာရ်နတ် လာရောက် နှောင့်ယှက်နေကြောင်း သိသဖြင့် ‘‘ငါသည် စိုးရိမ်ပူဆွေးမှု မရှိတော့ကြောင်း၊ အဝိဇ္ဇာအမိုက်မှောင် ဖောက်ခွဲလျက် သေမင်းကို အောင်မြင်ပြီးသူ ဖြစ်ကြောင်း’’ စသည်ဖြင့် ပြန်လည်ပြောကြားသည့်အခါ မာရ်နတ် စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၃၀) (သံ၊ဋ္ဌ၊၁၊၁၇၄) (သံ၊ဋီ၊၁၊၂၂၄)
ကိသာဂေါတမီထေရီဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိပြည် သူဌေးကြီးတစ်ဦး၏ အိမ်တွင် ကုဋေလေးဆယ်သော ရွှေငွေရတနာများ မီးသွေးခဲဖြစ်သွားသဖြင့် စိတ်သောကရောက်နေစဉ် သူငယ်ချင်းဖြစ်သူက ‘‘ဤပစ္စည်းဥစ္စာရတနာများနှင့် ထိုက်တန်သူသည် ရွှေငွေအဖြစ် အမှန်အတိုင်း တွေ့မြင်ပါလိမ့်မည်၊ မီးသွေးခဲများကို ဈေးထဲ၌ ထိုင်၍ ရောင်းပါ’’ ဟု အကြံပေးခဲ့ပုံ၊ မီးသွေးခဲများကို ဈေးထဲ၌ ရောင်းစဉ် အခြားသူများက မီသွေးခဲအဖြစ် မြင်သော်လည်း ကိသာဂေါတမီက ‘‘ရွှေငွေများကို အဘယ့်ကြောင့် ထိုင်ရောင်းနေပါသနည်း’’ဟု မေးသဖြင့် အိမ်သို့ ခေါ်သွားကာ သူဌေးကြီးက သားဖြစ်သူနှင့် ထိမ်းမြားပေးခဲ့ပုံ၊ ကိသာဂေါတမီသည် သားလေး တစ်ယောက် ဖွားမြင်ပြီးနောက် သုံးနှစ်သားခန့်အရွယ်တွင် သားလေးသေဆုံးသွားသဖြင့် ယူကျုံးမရဖြစ်ကာ သားသေကို ဆေးကုပေးနိုင်မည့် ဆေးဆရာကို တစ်အိမ်တက်ဆင်း ရှာဖွေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၄၄၃)
ကိသာဂေါတမီထေရီဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်က ကိသာဂေါတမီအား သားသေကို ဆေးကုရန် လူမသေဖူးသော အိမ်မှ မုန်ညင်းစေ့ လက်တစ်ဆုပ်ကို ရှာခိုင်းခဲ့ပုံ၊ ကိသာဂေါတမီက တစ်ရွာလုံး လှည့်ပတ်ရှာဖွေသော်လည်း မရခဲ့ကြောင်း လျှောက်ထားသောအခါ ဘုရားရှင်က ‘‘သတ္တဝါအားလုံးတို့၌ သေခြင်းတရားသည် မြဲကြောင်း၊ သတ္တဝါများကသာ မမြဲကြောင်း’’ စသည်ဖြင့် တရားဟောသောကြောင့် ကိသာဂေါတမီ သောတာပန်တည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၇၀)
ကိံသုကပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်အလောင်း အမျိုးကောင်းသားသည် လွန်ခဲ့သော ၃၁-ကမ္ဘာအချိန်က ဘုရားရှင်အား ပေါက်ပွင့်တို့ကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ဒုဂ္ဂတိဘဝမှ ကင်းဝေး၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (အပ၊၂၊၇၆)
ကိံသုကပူဇကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်အား ပေါက်ပန်းပွင့်ကို ကြဲမြှောက်ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ထိုဘဝမှစ၍ အပါယ်သို့ မလားခဲ့ရဘဲ ဤဘုရားရှင် သာသနာတော်တွင် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၂၆)
ကိံသုကောပမဇာတက
ဤဇာတ်တော်၌ ဗာရာဏသီမင်း၏ သားတော် (၄)ပါးတို့သည် ရထားထိန်းအား ခေါ်၍ ပေါက်ပင်ကို ပြခိုင်းကြပုံ၊ ရထားထိန်းက အချိန်ခွဲပြီး တစ်ဦးကို ချိုင်ထားချိန်၌ ပြသဖြင့် မီးလောင်ငုတ်နှင့် တူသည်ဟု မှတ်ယူပုံ၊ တစ်ဦးကို ရွက်သစ်ဝေချိန်၌ ပြသဖြင့် ညောင်ပင်နှင့် တူသည်ဟု မှတ်ယူပုံ၊ တစ်ဦးကို ပွင့်ချိန်၌ ပြသဖြင့် သားတစ်နှင့်တူသည်ဟု မှတ်ယူပုံ၊ တစ်ဦးကို သီးချိန်၌ ပြသဖြင့် ကုက္ကိုပင်နှင့် တူသည်ဟု မှတ်ယူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၄၂)
ကီဋာဂီရိဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ကာသိတိုင်းသို့ ဒေသစာရီ ကြွချီတော်မူစဉ် ရဟန်းတော်တို့အား ညစာစားခြင်းမှ ရှောင်ကြဉ်ကြသဖြင့် ရရှိအပ်သော အကျိုးများကို ဟောကြားလျက် ညစာစားမှုမှ ရှောင်ကြဉ်ရန် မိန့်တော်မူပုံ၊ ကိဋာဂီရိဇနပုဒ်သို့ ရောက်သောအခါ အဿဇိနှင့် ပုနဗ္ဗသုကတို့အား ညစာမစားရန် ရဟန်းများက ပြောကြားသောအခါ အဿဇိနှင့် ပုနဗ္ဗသုကတို့က မလိုက်နာကြပုံ၊ ထိုအကြောင်းအရာကို ရဟန်းများက ဘုရားရှင်ထံ လျှောက်ထားသောအခါ ဘုရားရှင်က အဿဇိနှင့် ပုနဗ္ဗသုကရဟန်းနှစ်ပါးကို ခေါ်၍ ဩဝါဒပေးတော်မူပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊၂၊၁၃၈) (မ၊ဋ္ဌ၊၃၊၁၂၉)
ကုက္ကုဇာတက
ဤဇာတ်တော်၌ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် မင်းဆရာ ဖြစ်ခဲ့ပုံ၊ မင်းကြီးသည် တရားမဲ့စွာ အုပ်ချုပ်နေ၍၊ ဘုရားအလောင်းက အိမ်အိုကြီးကို ပြ၍ အခြင်၊ ဒိုင်း၊ မြား၊ တန်းတို့သည် တစ်ခုကို တစ်ခု မှီခိုတည်ရှိရသကဲ့သို့ ဘုရင်သည် အမတ်၊ စစ်သား၊ မင်းမှုထမ်း၊ ပြည်သူတို့ကို မှီ၍ တည်ရသဖြင့် တရားနှင့်အညီ အုပ်ချုပ်မှသာ အရှည် တည်တံ့နိုင်ကြောင်း ဆုံးမခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၉၈)
ကုက္ကုဋဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် တောအုပ်တစ်ခုတွင် ရုက္ခစိုးနတ် ဖြစ်ခဲ့ပုံ၊ ငှက်မုဆိုးတစ်ယောက်သည် တည်ကြက်ဖြင့် ကျော့ကွင်းထောင်၍ တောကြက်တို့ကို ဖမ်းယူလေ့ရှိပုံ၊ တစ်နေ့သောအခါ ကျော့ကွင်းမှ လွတ်ထွက်သွားသော တောကြက်ကို ဖမ်းယူရန် မိမိကိုယ်၌ သစ်ရွက်သစ်ခက်တို့ကို ဖွဲ့ချည်၍ ကျော့ကွင်းထောင်ပုံ၊ ကျော့ကွင်းအမိခံရဖူးသော တောကြက်က ငှက်မုဆိုးအား ‘‘ငါသည် ဤတောအုပ်၌ ကြီးပြင်းလာသဖြင့် တောချုံသစ်ပင်များစွာတို့ကို တွေ့ဖူးကြောင်း၊ သို့သော် သင်ငှက်မုဆိုးကဲ့သို့ ရွှေ့ရှားသွားလာနေသော သစ်ပင်ကို မတွေ့မြင်ဖူးကြောင်း’’ ပြောဆိုကာ အခြားတောအုပ်တစ်ခုသို့ ထွက်ခွာသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၄၇)
ကုက္ကုဋဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်း ကြက်မင်း၏ အသားကို စားလိုသော စွန်တစ်ကောင်သည် သစ်ကိုင်းတွင် နား၍ ကြက်မင်းနှင့် မိတ်ဆွေဖွဲ့ခဲ့ပုံ၊ ကြက်မင်းက ပရိယာယ်မာယာများပြီး အန္တရာယ်ပေးတတ်သော သင်လိုလူမိုက်နှင့် မပေါင်းသင်းခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း ပြောဆိုပုံစသော အကြောင်းအရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၅၅)
ကုက္ကုဋဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကြက်ရာပေါင်းများစွာ ခြံရံသော ကြက်မင်းဖြစ်၍ တော၌ နေစဉ် ကြောင်မတစ်ကောင်သည် ကြက်တို့ကို လှည့်ပတ်ဖမ်းစားပုံ၊ ဘုရားအလောင်း ကြက်မင်းကိုလည်း လှည့်ပတ် ဖမ်းစားလိုသဖြင့် လင်အဖြစ် ပေါင်းသင်းပါမည်၊ သစ်ပင်ထက်မှ ဆင်းခဲ့ပါဟု ချော့မြှူပုံ၊ ဘုရားအလောင်းက အမျိုးမတူ အကျင့်မကောင်းသည့် သင့်ကို မပေါင်းလိုကြောင်း ပြော၍ နှင်ထုတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၄၉)
ကုက္ကုဋမိတ္တနေသာဒဝတ္ထု
ဤဝတ္ထု၌ ရာဇဂြိုဟ်သူဌေးသမီး တစ်ဦးသည် ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်အပေါ်ထပ်၌ နေစဉ် အသား လှည့်လည်ရောင်းချနေသော ကုက္ကုဋမိတ္တ သားမုဆိုးကို တွေ့မြင်ပြီး ရှေးဘဝ ရေစက်ကြောင့် မုဆိုးနောက်သို့ ထွက်ပြေးလိုက်ပါသွားပုံ၊ သားခုနစ်ယောက် မွေးဖွားပြီးနောက် အရွယ်ရောက်လာသော သားတို့အား အိမ်ထောင်ချပေးပုံ၊ တစ်နေ့သောအခါ ကုက္ကုဋမိတ္တမုဆိုးကြီး တောလိုက်သွားစဉ် သားကောင်တစ်ကောင်မျှ မမိဘဲ ကျော့ကွင်းအနီး၌ ဘုရားရှင်၏ ခြေတော်ရာကို တွေ့မြင်ရပုံ၊ သားကောင်များကို ဘုရားရှင်က လွှတ်ပေးလိုက်သည်ဟု မှတ်ထင်ကာ သစ်ပင်ရင်း၌ ထိုင်နေတော်မူသော ဘုရားရှင်အား မြားဖြင့် ပစ်ရန် ချိန်ရွယ်ခဲ့ပုံ၊ ဘုရားရှင်၏ တန်ခိုးတော်ကြောင့် ပစ်မရဘဲ ဆင်းရဲပင်ပန်းစွာ ရပ်နေရပုံ၊ ထိုအချိန်၌ မုဆိုးကြီး၏ သားခုနစ်ယောက်တို့ ရောက်လာပြီး ဘုရားရှင်အား မိမိတို့ဖခင်၏ ရန်သူဟု ထင်မှတ်ကာ အသီးအသီး မြားဖြင့်ပစ်ရန် ချိန်ရွယ်ကြပုံ၊ ထိုသား ခုနစ်ယောက်တို့လည်း လှုပ်ရှား၍ မရဘဲ ထိုနေရာ၌ပင် ရပ်နေကြရပုံ၊ အချိန်ကြာမြင့်သဖြင့် မုဆိုးကြီး၏ ဇနီးနှင့် ချွေးမခုနစ်ယောက်တို့ တောထဲသို့ လိုက်လာသောအခါ မုဆိုးကြီး၏ ဇနီးက ဘုရားရှင်ဟု သိပြီး ရှိခိုးကန်တော့၍ အားလုံးကို ဝန်ချတောင်းပန်စေပုံ၊ ဘုရားရှင်က တရားဟောတော်မူသဖြင့် မုဆိုးကြီးနှင့် တကွ သားခုနစ်ယောက်၊ ချွေးမခုနစ်ယောက်တို့ သောတာပန် တည်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၅)
ကုက္ကုဋအဏ္ဍခါဒိကာဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိပြည်နှင့် မနီးမဝေးအရပ်တွင် ပဏ္ဍုရမည်သော တံငါရွာတစ်ရွာ ရှိခဲ့ပုံ၊ ထိုရွာမှ တံငါသည်တစ်ယောက်သည် လိပ်ဥများကို ယူကာ သာဝတ္ထိပြည်သို့ သွားပြီး အိမ်တစ်အိမ်၌ ပြုတ်စားခဲ့ပုံ၊ ထိုအိမ်ရှိ အမျိုးသမီးငယ်အားလည်း ကျွေးမွေးခဲ့ပုံ၊ ထိုအချိန်မှ စ၍ အမျိုးသမီးငယ်သည် အခြားသော စားစရာများကို မစားတော့သဖြင့် မိခင်က ကြက်ဥများကို ယူ၍ ကျွေးခဲ့ရပုံ၊ နောင်အခါ အမျိုးသမီးငယ်သည် မိမိကိုယ်တိုင် ကြက်ဥများကို ယူ၍ စားသောက်ခဲ့ပုံ၊ ကြက်မကြီးက အမျိုးသမီးငယ်အား ရန်ငြိုးဖွဲ့ကာ ‘‘ဤဘဝမှ ကွယ်လွန်ပြီးနောက် ဘီလူးမဖြစ်ပြီး သင်အမျိုးသမီးငယ်၏ သားသမီးများကို စားသောက်နိုင်ရပါလို၏’’ဟု ဆုတောင်းပြီး ကွယ်လွန်သွားခဲ့ပုံ၊ နောင်ဘဝ၌ တစ်ဦးက ကြောင်မကြီးဖြစ်ပြီး၊ ကျန်တစ်ဦးက ထိုအိမ်၌ပင် ကြက်မကြီးဖြစ်ကာ ကလဲ့စားချေကြပုံ၊ ဤသို့အားဖြင့် ဘဝငါးရာတိုင်တိုင် အပြန်ပြန် အလှန်လှန် ကလဲ့စားချေကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၈၀)
ကုက္ကုရဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ခွေးမျိုး၌ ဖြစ်စဉ် ဗာရာဏသီပြည်ရှိ သုသာန်ကြီး တစ်ခု၌ ခွေးအပေါင်းခြံရံလျက် နေခဲ့ပုံ၊ တစ်နေ့သောအခါ ဗာရာဏသီမင်းကြီး၏ ရထားမှ သားရေလွန်ကြိုးများကို ခွေးစားခံရသဖြင့် မင်းကြီးက ခွေးအားလုံးကို သတ်မိန့်ပေးခဲ့ပုံ၊ မြို့တွင်းရှိ ခွေးများက ဘုရားအလောင်း ခွေးမင်းထံ လာရောက်၍ ‘‘နန်းတော်တွင်းရှိ သားရေလွန်ကြိုး ခိုးစားသော ခွေးများ အသတ်မခံရဘဲ မြို့တွင်းရှိ ခွေးများသာ အသတ်ခံနေရကြောင်း’’ ပြောကြားကြပုံ၊ ဘုရားအလောင်းခွေးမင်းက မင်းကြီးထံ သွား၍ သားရေလွန်ကြိုး ခိုးစားသည့် နန်းတွင်း ခွေးများကို ဖေါ်ထုတ် ပြသဖြင့် မြို့တွင်းနေ ခွေးများ အသက်ချမ်းသာရာ ရခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၉၀)
ကုက္ကုရဝတိကဝတ္ထု
ဤဝတ္ထု၌ နွားအကျင့်ကျင့်သူ ပုဏ္ဏနှင့် ခွေးအကျင့်ကျင့်သူ သေနိယတို့ ဘုရားထံ ရောက်လာပြီး ‘‘ထိုအကျင့်မျိုးကို ကျင့်သူတို့ သေဆုံးလျှင် မည်သည့်ဘုံသို့ ရောက်ပါမည်နည်း’’ဟု မေးလျှောက်ပုံ၊ ဘုရားရှင်က ‘‘ခွေးအကျင့်ကျင့်သူ သေလျှင် ခွေးဖြစ်မည်၊ နွားအကျင့်ကျင့်သူ သေလျှင် နွားဖြစ်မည်’’ဟု မိန့်တော်မူကာဆုံးမသဖြင့် မိစ္ဆာအယူဝါဒကို စွန့်ကာ ရဟန်းပြုခဲ့ကြပုံ စသောအကြောင်း အရာများပါဝင်သည်။ (မ၊၂၊၅၀)
ကုဉ္ဇရဝတ္ထု
ဤဝတ္ထု၌ အမျိုးသမီးတစ်ဦးသည် အရှင်သာရိပုတ္တရာအား ပန်းအခင်း ကြာပန်းဝတ်မှုန်တို့ဖြင့် ပြင်ဆင်ထားသည့် ညောင်စောင်းခုတင်နှင့် နို့ဃနာဆွမ်းတို့ကို လှူဒါန်းခဲ့ပုံ၊ ယင်းကုသိုလ်ကြောင့် တာဝတိံသာနတ်ပြည်၌ နတ်သမီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၇)
ကုဋဇပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းသည် ၃၁-ကမ္ဘာအထက်၌ ပွင့်တော်မူသော ပစ္စေကဗုဒ္ဓါအရှင်မြတ်အား လက်ထုပ်ကြီးပန်းဖြင့် ပူဇော်ခဲ့ပုံ၊ ယင်းကုသိုလ်ကြောင့် အပါယ်လေးပါးသို့ မကျရောက်ခဲ့ရဘဲ ဂေါတမ ဘုရားရှင်လက်ထက်တော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၉၆)
ကုဋိဒူသကဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဟိမဝန္တာအရပ်၌ စာဘူးတောင်းငှက်မျိုး၌ ဖြစ်၍ မိမိ၏ အသိုက်ကို မိုးမစိုအောင် သေချာကျနစွာ ပြုလုပ်ခဲ့ပုံ၊ မျောက်တစ်ကောင်သည် မိုးမိသဖြင့် ခိုက်ခိုက်တုန်လျက် ဘုရားလောင်း စာဘူးတောင်းငှက်သိုက်အနီး၌ ထိုင်နေစဉ် စာဘူးတောင်းငှက်က မျောက်အား ‘‘လက်ခြေ အပြည့်အစုံရှိပါလျက် အဘယ့်ကြောင့် နေထိုင်စရာအိမ် မရှိရသနည်း’’ဟု မေးပုံ၊ မျောက်က မိမိ၌ ဝိစာရဏဉာဏ်မရှိသောကြောင့် နေစရာအိမ်မရှိကြောင်း ပြောဆိုကာ စာဘူးတောင်းငှက်သိုက်ကို မှုန့်မှုန့်ညက်ညက် ဖြစ်သွားအောင် ဖျက်ဆီးပစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၆၅)
ကုဋိဝိဟာရိတ္ထေရဝတ္ထု
ဤဝတ္ထု၌ လယ်သမားတစ်ဦးသည် မည်သူမဆို နားခိုနိုင်ရန် သစ်ရွက် သစ်ခက်တို့ဖြင့် မိုးကာလျက် လယ်တဲကလေးတစ်လုံး ဆောက်လုပ် လှူဒါန်းထားခဲ့ပုံ၊ ကုဋိဝိဟာရီထေရ်သည် မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် သစ်ရွက်တဲကလေးထဲသို့ ဝင်ကာ တရားအားထုတ်စဉ် ရဟန္တာဖြစ်သွားခဲ့ပုံ၊ အလှူရှင်လယ်သမားသည် ငါ့အား အရတော်လေစွ ဟု ဝမ်းမြောက်ဝမ်းသာဖြစ်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၆၁)
ကုဋိဝိဟာရိတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဒုတိယကုဋိဝိဟာရီထေရ်သည် မိမိ၏ သစ်ရွက်မိုးကျောင်းလေး ဟောင်းနွမ်း ဆွေးမြေ့နေသဖြင့် အသစ်ဆောက်လုပ်ရန် စိတ်အားထက်သန်နေပြီး တရားအားမထုတ်ဖြစ်ဘဲ ရှိနေခဲ့ပုံ၊ ကျောင်းစောင့်နတ်က ဟောင်းတိုင်းသာ အသစ်ဆောက်နေလျှင် ဆုံးနိုင်တော့မည် မဟုတ်ကြောင်း၊ သစ်ရွက်မိုးကျောင်း အသစ်ဆောက်လုပ်ခြင်းသည် ခန္ဓာကိုယ်အသစ်တစ်ဖန် ပြုလုပ်သည်နှင့်တူကြောင်း စသည်ဖြင့် သံဝေဂကိုဖြစ်စေခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၆၄)
ကုဋုမ္ဗရိယဝိဟာရဝါသီဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရောဟဏဇနပုဒ် ကုဋုမ္ဗရိယကျောင်းနေ ရဟန်းငယ်တစ်ပါးသည် အလုပ်သမားတစ်ယောက်၏ အိမ်မှ တစ်ယောက်စာမျှ လောက်သော ဆွမ်းကိုသာ ခံယူလေ့ရှိပုံ၊ ထိုအလုပ်သမားက ထိုအကြောင်းကို သိရှိရပြီး မင်း၏ အမတ်တို့အား ပြောကြားရာ သူတို့က ထိုရဟန်း၏ အလိုနည်းခြင်းကို ကြည်ညိုလွန်းသောကြောင့် နေ့စဉ် အမြဲ ဆွမ်းဝတ်ခြောက်ဆယ် ပေးလှူခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၇၄)
ကုဋုမ္ဗိကဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိပြည်တွင် သဒ္ဓါတရားနှင့် ပြည့်စုံသော သူကြွယ်တစ်ယောက် ရှိခဲ့ပုံ၊ တစ်နေ့သောအခါ သူကြွယ်သည် ဘုရားအမှူးရှိသော သံဃာတော်များအား ဆွမ်းကပ် လှူဒါန်းနေစဉ် မင်းချင်းယောကျ်ားတစ်ယောက် ရောက်ရှိလာပြီး သူကြွယ်အား မင်းကြီးက ခေါ်နေကြောင်း ပြောကြားခဲ့ပုံ၊ သူကြွယ်က မင်းချင်းယောကျ်ားအား ယခု ရွှေအိုး မြှုပ်နှံနေကြောင်း၊ နောက်မှ လိုက်လာမည်ဖြစ်ကြောင်း မင်းကြီးအား လျှောက်ထားရန် ပြောကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ခုဒ္ဒက၊ဋ္ဌ၊၁၈၃)
ကုဏာလဇာတက
ဤဇာတ်တော်၌ သာကီဝင်မင်းနှင့် ကောလိယမင်းတို့သည် ရောဟိဏီမြစ်ကို အကြောင်းပြု၍ စစ်ချီလာကြပုံ၊ ဘုရားရှင်သည် ဖန္ဒန၊ ဒဒ္ဒရ၊ လဋုကိကစသော ဇာတ်တော်ငါးခုကို ဟောကြားလျက် ခိုက်ရန်ငြိမ်းအောင် ပြုတော်မူပုံ၊ မင်းသားငါးရာတို့ ဘုရားရှင်ထံ ရဟန်းပြုခဲ့ကြပုံ၊ မင်းသားရဟန်းငါးရာတို့ သာသနာတော်၌ ငြီးငွေ့သဖြင့် ဘုရားရှင်က ဟိမဝန္တာတောင်သို့ ခေါ်ဆောင်သွားကာ အတိတ်ဖြစ်ရပ်ကို ဟောပြဆုံးမတော်မူခဲ့ပုံ၊ အတိတ်ဘဝက ဘုရားရှင်သည် ဤဟိမဝန္တာတောင်၌ ဥဩငှက်မပေါင်း သုံးထောင်ကျော် ခြံရံလျက် မွေ့လျော်ခဲ့သည့် ကုဏာလငှက်မင်းဖြစ်ခဲ့ပုံ၊ ထိုငှက်မင်းသည်ပင် မိန်းမတို့နှင့် အကျွမ်းမဝင်သင့်ကြောင်း၊ မိန်းမတို့၏ အပြစ်များနှင့် မိန်းမတို့၏ ဖောက်ပြန်တတ်ကြောင်းကို ဟောကြားပုံ စသော အကြောင်း အရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၄၄၀)
ကုဏ္ဍကကုစ္ဆိသိန္ဓဝဇာတက
ဤဇာတ်တော်၌ အဖွားအိုတစ်ဦးသည် အရှင်သာရိပုတ္တရာမထေရ်အား ဆွမ်းကပ်ရန် စာရေးတံမဲ မဲပေါက်ပုံ၊ အဖွားအို အရှင်သာရိပုတ္တရာမထေရ်အာ ဆွမ်းကပ်နိုင်ရန် ကောသလမင်း အနာထပိဏ်စသည်တို့က မိမိတို့တတ်အားသမျှ အသပြာများ အဖွားအိုအထံသို့ ပေးပို့ခဲ့ကြပုံ၊ အရှင်သာရိပုတ္တရာထေရ်သည် အဖွားအိုလှူဒါန်းသော ယာဂုဆွမ်း စသည်ကိုသာ ဘုဉ်းပေးတော်မူပုံ၊ ထိုအကြောင်းကို ရဟန်းတို့က မြတ်စွာဘုရားအား လျှောက်ထားခဲ့ကြပုံ၊ မြတ်စွာဘုရားက ‘‘သာရိပုတ္တရာသည် အတိတ်ဘဝ သိန္ဓောမြင်းဖြစ်စဉ်ကလည်း အဖွားအို၏ အစာကို စားကာ အဖွားအိုကို ချီးမြှောက်ခဲ့ကြောင်း’’ ဟောပြပုံစသော အကြောင်း အရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၆၁)
ကုဏ္ဍကပူဝဇာကတ
ဤဇာတ်တော်၌ ဆင်းရဲသား မဟာဒုဂ္ဂတသည် ဘုရားရှင်အား ဆန်ကွဲမုန့် လှူခွင့်ရပုံ၊ ထိုကုသိုလ်ကို အမျှဝေရန် မင်းအမတ်ကြီးစသူတို့က လက်ဆောင်ပေး၍ တောင်းခဲ့ကြပုံ၊ ထိုလက်ဆောင်ဖြင့်ပင် ရွှေကိုးကုဋေတိုင်အောင် ချမ်းသာပြီး သူဌေးရာထူး ရရှိခဲ့ပုံ၊ ရှေးဘဝကလည်း ဘုရားအလောင်း ရုက္ခစိုးနတ်မင်းအား မုန့်ဖြင့် ဗလိနတ်စာကျွေးသဖြင့် ချမ်းသာဖူးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၄၆)
ကုဏ္ဍဓာနတ္ထေရဝတ္ထု
ဤဝတ္ထု၌ ကုဏ္ဍဓာနထေရ်လောင်း ဘုမ္မစိုးနတ်သည် သူငယ်ချင်းရဟန်းနှစ်ပါး၏ ခင်မင်မှုကို စမ်းသပ်လိုသဖြင့် မိန်းမပျိုအသွင်ဖြင့် ရဟန်းတစ်ပါးနှင့် ခြုံကွယ်တစ်ခုတွင် နှီးနှောဟန်ဆောင်၍ ပြခဲ့ပုံ၊ ထိုအကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ဘဝများစွာ အပါယ်ငရဲ ကျရောက်ခဲ့ရပုံ၊ နောက်ဆုံးဘဝ၌ ကုဏ္ဍဓာနရဟန်း၏ နောက်သို့ မိန်းမတစ်ယောက် တစ်ကောက်ကောက် လိုက်ပါနေဟန်ကို လူတို့ မြင်တွေ့ကြ၍ ကဲ့ရဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၂၀၃) (ထေရ၊ဋ္ဌ၊၁၊၇၆)
ကုဏ္ဍလကေသာထေရီဝတ္ထု
ဤဝတ္ထု၌ နားတောင်းပုံ ဆံပင်ရှိသော ဘဒ္ဒါထေရီမအလောင်းသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ စိပ္ပါဘိည ဧတဒဂ်ရသောလျင်မြန်စွာ အဘိညာဉ်ဝင်စားနိုင်ရဟန်းမတို့တွင် အမြတ်ဆုံးအရာ ထားတော်မူခြင်းခံရသော ရဟန်းမတစ်ပါးကို အားကျ၍ ကောင်းမှုတို့ကို ထူးကဲစွာ ပြုကာ ဆုပန်ခဲ့ပုံ၊ ဂေါတမဘုရားရှင် လက်ထက်တော်၌ ဖူးစာဖက်ဖြစ်သော လူဆိုးသူခိုးသတ္တုကနှင့် ကြင်ဖက်ဖြစ်ပြီးနောက် စိတ်ပြောင်းလဲသော သတ္တုကကို ပရိယာယ်ဖြင့် အနိုင်ယူခဲ့ပုံ၊ နောက်ဆုံး၌ ရဟန္တာဖြစ်၍ ခိပ္ပါဘိညဧတဒဂ်ဘွဲ့ထူး ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၄၀) (အံ၊ဋ္ဌ၊၁၊၂၈၃) (ထေရီ၊ဒီ၊၂၁၀)
ကုဏ္ဍလကေသိတ္ထေရီဝတ္ထု
ဤဝတ္ထုသည် ကုဏ္ဍလကေသာထေရီဝတ္ထု၌ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၄၁၃)
ကုဏ္ဍလီဝတ္ထု
ဤဝတ္ထု၌ အဂ္ဂသာဝကမထေရ်နှစ်ပါးတို့သည် သံဃာ့ပရိသတ်နှင့် အတူတကွ ကာသိတိုင်းတို့၌ ဒေသစာရီ လှည့်လည်စဉ် ဒါယကာတစ်ဦးသည် မထေရ်တို့ထံ ချဉ်းကပ်၍ ရှိခိုးခြင်း၊ ခြေဆေးပေးခြင်း စသည်ကိုပြု၍ ခြေနယ်ဆီ၊ ခုတင်၊ ညောင်စောင်း၊ အခင်း၊ ဆီမီးစသည်တို့ကို လှူဒါန်းခဲ့ပုံ၊ နောက်တစ်နေ့နံနက်တွင် ကြီးစွာသော အလှူကြီးပေခဲ့ပုံ၊ ယင်းကုသိုလ်ကြောင့် တာဝတိံသာနတ်ပြည်၌ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၇၅)
ကုဏ္ဍလီဝတ္ထု
ဤဝတ္ထု၌ အဂ္ဂသာဝကမထေရ်ကြီးနှစ်ပါး အခြွေအရံများနှင့် တကွ ကာသိတိုင်းသို့ ဒေသစာရီ ကြွတော်မူစဉ် နေဝင်ခါနီးအချိန်တွင် ကျောင်းတစ်ကျောင်းသို့ ရောက်ခဲ့ကြပုံ၊ ဒကာတစ်ယောက်က ရဟန်းတော်များအတွက် ခြေနယ်ဆီ၊ ညောင်စောင်း၊ အင်းပျဉ်၊ အိပ်ရာခင်း ဆီမီးစသည်တို့ကို လာရောက်လှူဒါန်းပြီး နောက်တစ်နေ့အတွက် ဆွမ်းဖြင့်ဖိတ်မန်ကာ အလှူကြီး ပေးလှူခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ဒကာ ကွယ်လွန်သောအခါ တာဝတိံသာနတ်ပြည်တွင် (၁၂)ယူဇနာရှိသော ရွှေဗိမာန်၌ ဖြစ်ခဲ့ပုံစသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊၁၀၁) (ဝိမာန၊ဋ္ဌ၊၂၇၆)
ကုဒ္ဒါလဇာတက
ဤဇာတ်တော်၌ ပေါက်တူးတစ်လက်ဖြင့် အသက်မွေးဝမ်းကျောင်းပြုသော ကုဒ္ဒါလပဏ္ဍိတသည် ပေါက်တူးကို ချုံပုတ်တစ်ခုထဲသို့ ပစ်ချကာ ရသေ့ဝတ်လာခဲ့ပုံ၊ ပေါက်တူးအားကိုးလျက် လူထွက်လိုက် ရသေ့ဝတ်လိုက် ခြောက်ကြိမ်တိုင်အောင် ပြုခဲ့ပုံ၊ နောက်ဆုံးအချိန်၌ ပေါက်တူးကို မြစ်ထဲ ပစ်ချကာ အာလယပြတ် စွန့်လွှတ်ခဲ့ပုံ၊ ထို့နောက် ရသေ့ဘဝ၌ မြဲကာ ဈာန်သမာပတ်ကို ရရှိသွားခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၃၀)
ကုန္တိနီဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီမင်း ဖြစ်စဉ် နန်းတော်တွင်း၌ စာပို့စာယူ တမန်အလုပ်ကို စွမ်းဆောင်နိုင်သည့် ကြိုးကြာငှက်မတစ်ကောင်ကို မွေးမြူထားပုံ၊ ကြိုးကြာငှက်မမှ သားငယ်နှစ်ကောင် မွေးဖွားပုံ၊ တစ်နေ့သောအခါ မင်းကြီးက ကြိုးကြာငှက်မအား အခြားမင်းတစ်ပါးထံသို့ စာပို့ခိုင်းစဉ် ဗာရာဏသီမင်း၏ သားငယ်နှစ်ယောက်တို့က ကြိုးကြာငှက်ငယ် နှစ်ကောင်ကို လက်ဖြင့် ဖျစ်ညှစ်၍ သတ်ကြပုံ၊ ကြိုးကြာငှက်မ ပြန်လာသည့်အခါ အကြောင်းစုံကို သိရှိသွားသဖြင့် မင်းသားငယ် နှစ်ယောက်တို့ကို ကျားလှောင်အိမ်အတွင်းသို့ ပို့ပုံ၊ မင်းသားငယ်နှစ်ယောက် ကျားစားခံရပြီးနောက် ကြိုးကြာငှက်မက ‘‘မိမိက လက်စားချေခြင်း ဖြစ်ကြောင်း’’ ဗာရာဏသီမင်းကြီးအား လျှောက်ထားကာ ဟိမဝန္တာတောသို့ ပြန်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၂၃)
ကုမာပုတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ ကုမာပုတ္တမထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား ခြေနယ်ဆီကို ကြည်ညိုသဒ္ဓါ ထက်သန်စွာဖြင့် ပေးလှူခဲ့ပုံ၊ ဤကောင်းမှုကံ၏ အကျိုးဆက်ကြောင့် လူချမ်းသာ နတ်ချမ်းသာတို့ကို စဉ်ဆက်မပြတ် ခံစားရပုံ၊ ဤဂေါတမဘုရားရှင် လက်ထက်တော်၌ အာသဝေါကုန်ခန်း ရဟန္တာဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၂၅)
ကုမာပုတ္တသဟာယတ္ထေရဝတ္ထု
ဤဝတ္ထု၌ ကုမာပုတ္တနှင့် သူငယ်ချင်းသုဒန္တမထေရ်သည် လူသူကင်းရာတောင်စောင်း၌ တရားအားထုတ်နေခဲ့ပုံ၊ ခရီးသွားရဟန်းများ ဝင်လိုက်ထွက်လိုက်နှင့် အနှောင့်အယှက် ဖြစ်၍ သံဝေဂရခဲ့ပုံ၊ သိဒ္ဓတ္ထဘုရားရှင်လက်ထက်တော်၌ တောထဲဝင်ကာ တောင်ဝှေးများ ပြုလုပ်လျက် ရဟန်းတော်တို့အား လှုဒါန်းခဲ့ပုံ၊ သံဝေဂကို တောင်ဝှေးသဖွယ် အားကိုးအားထားပြု၍ ဝိပဿနာတရား ပွားများသောအခါ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၂၇)
ကုမာရကဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့သား ကလေးသူငယ်တို့သည် ရေခန်းနေသော ရေကန်ထဲရှိ ငါးများကို ဖမ်းနေကြစဉ် ဘုရားရှင်ကြွလာပြီး ဆင်းရဲဒုက္ခကို ကြောက်လန့်ကြပါမူ အကုသိုလ်မကောင်းမှုကို မပြုသင့်ကြောင်း ဟောတော်မူပုံ စသော အကြောင်းအရာများပါဝင် သည်။ (ဥဒါန၊၁၃၇) (ဥဒါန၊ဋ္ဌ၊၂၆၇)
ကုမာရကဿပတ္ထေရဝတ္ထု
ဤဝတ္ထု၌ ကုမာရကဿပထေရ်လောင်းလျာသည် ပဒုမုတ္တရမြတ်စွာဘုရားရှင်အား ဆန်းကြယ်သော ပန်းပုဆိုးများ လှူဒါန်းခဲ့ပုံ၊ ဝိစိတ္တဓမ္မကထိက(ဆန်းကြယ်စွာ တရားစကားဟောပြောရာ၌) ဧတဒဂ်ဘွဲ့ထူးရသော ရဟန်းတော်တစ်ပါးကို အားကျကာ ဝိစိတ္တဓမ္မကထိက ဧတဒဂ်ဆု တောင်းခဲ့ပုံ၊ ဤဘုရားရှင်သာသနာတော်၌ ကုမာရကဿပအမည်တွင်၍ ဝိစိတ္တဓမ္မကထိက ဧတဒဂ် ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (မ၊၁၊၁၉၅) (အပ၊၂၊၁၂၅) (ဒီ၊ဋ္ဌ၊၂၊၃၉၆) (မ၊ဋ္ဌ၊၂၊၂၆) (အံ၊ဋ္ဌ၊၁၊၂၂၀) (ထေရ၊ဋ္ဌ၊၁၊၄၁၂) (အပ၊ဋ္ဌ၊၂၊၂၃၀၊)
ကုမာရကဿပမာတုထေရီဝတ္ထု
ဤဝတ္ထု၌ ကုမာရကဿပမထေရ်၏မယ်တော် ထေရီသည် ရာဇဂြိုဟ်သူဌေးသမီး ဖြစ်ပြီး ဒေဝဒတ်အုပ်စုတွင် ဘိက္ခုနီပြုခဲ့ရာ လူ့ဘဝမှ ပါလာသောကိုယ်ဝန် ပေါ်လာသဖြင့် နှင်ထုတ်ခံခဲ့ရပုံ၊ ပညာမဲ့သော ဒေဝဒတ်ကြောင့် အရဟတ္တမဂ်မှ လွဲရတော့မည်ဆဲဆဲ ဘုရားရှင် ကယ်တင်ခဲ့ပုံ၊ ဝိသာခါစသော သူတို့ထံ အပ်နှံ၍ စစ်ဆေးစေရာ အဖြစ်မှန် သိသဖြင့် ဥပါလိမထေရ်က ဝိနည်းနှင့်အညီ ဆုံးဖြတ်ခဲ့ပုံ၊ မွေးဖွားလာသော သားတော် ရဟန္တာဖြစ်သည်အထိ တွယ်တာနေခဲ့ပုံ၊ သားရဟန္တာက ဥပါယ်တံမျဉ်ဖြင့် ဆက်ဆံ၍ သံဝေဂရပြီးနောက် ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၉၂)
ကုမာရပေတဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့ရှိ ဥပါသကာများသည် အသင်းအဖွဲ့ပြု၍ မဏ္ဍပ်ဆောက်ကာ ဘုရားအမှူးရှိသော သံဃာတော်တို့အား အလှူကြီးပေးခဲ့ပုံ၊ နှမြောတွန့်တိုသော ယောက်ျားတစ်ယောက်သည် ‘‘ဤဝတ္ထုပစ္စည်းများကို အမှိုက်ပုံ၌ သွား၍ စွန့်ပစ်သည်က မြတ်သေး၏၊ ဤဦးပြည်းခေါင်းတုံးရဟန်းတို့အား ပေးလှူခြင်းသည် ဘာမျှအကျိုးရှိမည် မဟုတ်’’ဟု ပြောဆိုခဲ့ပုံ၊ မိခင်ဖြစ်သူက ထိုယောက်ျားကို ခေါ်၍ ဘုရားရှင်ထံ သွားရောက် တောင်းပန်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၇၃) (ပေတ၊ဋ္ဌ၊၁၇၉)
ကုမာရပေတဝတ္ထု
ဤဝတ္ထု၌ ကောသလမင်း၏ သားတော်နှစ်ပါးတို့သည် သူတစ်ပါးတို့၏ သားမယားတို့ကို ပြစ်မှား၍ သေလွန်သောအခါ မြို့ရိုးကျုံးအပြင်၌ ပြိတ္တာများ ဖြစ်ကြခဲ့ပုံ၊ ထိုပြိတ္တာတို့သည် ညအခါ၌ ကြောက်မက်ဖွယ် အသံတို့ဖြင့် ငိုကြွေးမြည်တမ်းခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၂၁၀) (ပေတ၊ဋ္ဌ၊၂၄၃)
ကုမုဒဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ကမ္ဘာတစ်သိန်းအထက်၌ ဟိမဝန္တာတောင်အနီး ကြာမျိုးစုံတို့ဖြင့် ဖုံးလွှမ်းသော ဇာတဿရအိုင်ကြီးတွင် ကုကုတ္တအမည်ရှိသောငှက် ဖြစ်ခဲ့ပုံ၊ အိုင်အနီးသို့ ကြွလာတော်မူသော ပဒုမုတ္တရဘုရားရှင်အား ကုမုဒြာကြာကို ဖြတ်ယူ၍ လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကြောင့် အပါယ်လေးပါးသို့ လားရောက်ခြင်းမရှိဘဲ ကမ္ဘာတစ်ထောင့်ခြောက်ရာအထက်၌ ဝရုဏစကြာမင်း ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၉၉) (အပ၊ဋ္ဌ၊၂၊၁၆၈)
ကုမုဒမာလိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ကမ္ဘာတစ်ထောင့်ရှစ်ရာအထက်၌ ဟိမဝန္တာရှိ ကုမုဒြာကြာတို့ဖြင့် ဖုံးလွှမ်းနေသော အိုင်ကြီးတစ်အိုင်ကို အစိုးရသည့် ကြမ်းကြုတ်ခက်ထန်သော ရေစောင့်ဘီလူး ဖြစ်ခဲ့ပုံ၊ ထိုအိုင်ရှိ ကုမုဒြာကြာပွင့်တို့သည် လှည်းဘီးပမာဏ ရှိပုံ၊ မထေရ်အလောင်း ရေစောင့်ဘီလူးသည် ကုမုဒြာကြာပန်းကို ဆွတ်ခူး၍ အတ္ထဒဿီဘုရားရှင်အား လှူဒါန်းခဲ့သောကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ရခြင်းမရှိဘဲ တစ်ဆယ့်ငါးကမ္ဘာအထက်၌ သဟဿရထမည်သော စကြဝတေးမင်း ခုနစ်ကြိမ်တိုင်တိုင် ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၀၇) (အပ၊ဋ္ဌ၊၂၊၁၇၇)
ကုမ္ဘကာရဇာတက
ဤဇာတ်တော်၌ ရဟန်းတော်တို့ ကာမဝိတက် ကြံစည်နေကြသည်ကို ဘုရားရှင် သိတော်မူ၍ ကိလေသာအလိုသို့ မလိုက်ရန် ဟောတော်မူပုံ၊ ရှေးအခါက ကလိင်္ဂဘုရင် ကရဏ္ဍကသည် ဥယျာဉ်ကစားထွက်စဉ် အသီးသီးသော သရက်ပင်မှ သရက်သီးကို ခူးစားလေရာ ပြည်သူတို့ကပါ ထိုအပင်မှ အသီးခူး အခက်ချိုးသည်ကို တွေ့ရပြီး သံဝေဂရကာ ပစ္စေကဗောဓိဉာဏ်ရခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၅၄)
ကုမ္ဘဃောသကသေဋ္ဌိဝတ္ထု
ဤဝတ္ထု၌ ကုမ္ဘဃောသက၏ မိဘများသည် အဟိဝါတရောဂါ (ကူးစက်မြန်ရောဂါ) ဖြစ်ပွားလာသဖြင့် ကုဋေလေးဆယ် မြှုပ်နှံထားသောနေရာကို သားအား ပြသပြီး အရပ်တစ်ပါးသို့ ထွက်ပြေးစေခဲ့ပုံ၊ ထိုသူသည် ဆင်းရဲသားအသွင်ဖြင့် လျှို့ဝှက်ဖုံးကွယ်၍ နေသော်လည်း သူ၏အသံမှာ သူဌေးတို့၏အသံဖြစ််ကြောင်း ဗိမ္ဗိသာရမင်းကြီးက နားလည်ပုံ၊ စုံစမ်းခိုင်း၍ ဥစ္စာများကို ဖော်ထုတ်စေကာ သူဌေးဘွဲ့ပေးခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၄၇)
ကုမ္ဘဇာတက
ဤဇာတ်တော်၌ မုဆိုးတစ်ယောက်သည် တောထဲရှိ သစ်ခေါင်းကြီးထဲမှ စိမ်ရည်များကို သောက်သုံးမိပုံ၊ သောက်လိုက်မိသော စိမ်ရည်ကြောင့် မူးယစ်ရီဝေမှုကို ခံစားရကာ စွဲလမ်းခဲ့ပုံ၊ ထိုစိမ်ရည်ကို အတုယူကာ သေရည်ချက်လုပ်၍ ရသေ့များ၊ ဘုရင်များ၊ တိုင်းသူပြည်သားများပါ သေရည်ကို သောက်သုံးခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၁၂)
ကုမ္မာသဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ကုမ္မာသဒါယကထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင် ဆွမ်းခံကြွစဉ် ခဲဖွယ်ဘောဇဉ်မပါ ဗလာချည်းသက်သက်ဖြစ်နေသော သပိတ်ထဲ၌ မုယောမုန့်အပြည့် ထည့်၍ လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကံ၏ အကျိုးဆက်ကြောင့် (၉၁)ကမ္ဘာ အပါယ်မလားဘဲ လူ့စည်းစိမ် နတ်စည်းစိမ်ကို ခံစားခဲ့ရပုံ၊ နောက်ဆုံးဘဝ ဂေါတမဘုရားရှင်လက်ထက်တော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာ များပါဝင်သည်။ (အပ၊၂၊၅၀)
ကုမ္မာသပိဏ္ဍိဇာတက
ဤဇာတ်တော်၌ မြတ်စွာဘုရား၏ သာသနာတော်တွင်း၌ ကုသိုလ်ကောင်းမှုကို သေးငယ်သည်၊ နည်းသည်ဟူ၍ အထင်မသေးသင့်ပုံ၊ မလ္လိကာပန်းသည်မသည် ဘုရားရှင်အား မုယောမုန့်ကို လှူဒါန်းလိုက်သဖြင့် နေ့တွင်းချင်း ကောသလမင်းကြီး၏ မိဖုရားခေါင်ကြီး ဖြစ်သွားခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၈၄)
ကုမ္မောပမဝတ္ထု
ဤဝတ္ထု၌ လိပ်တစ်ကောင်သည် ညနေချမ်းအချိန် မြစ်ကမ်းပါးတစ်လျှောက် အစာရှာ ထွက်စဉ် အစာရှာထွက်လာသော မြေခွေးတစ်ကောင် အဝေးက လာနေသည်ကို မြင်သဖြင့် ခေါင်းနှင့်ခြေလက်တို့ကို လိပ်ခွံတွင်းသွင်းကာ မတုန်မလှုပ် ဝပ်နေပုံ၊ မြေခွေးသည် ထိုလိပ်ကို ကိုက်ဝါးစားသောက်ခြင်းငှာ မတတ်နိုင်ပုံ၊ ထို့အတူ ရဟန်းတော်တို့သည်လည်း စက္ခုစသော ဣန္ဒြေတို့ကို လုံခြုံစွာ ထိန်းသိမ်း စောင့်ရှောက်ထားပါက မာရ်နတ်မင်း မနှိပ်စက်နိုင်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၂၊၃၈၅)
ကုရဉ္စိယဖလဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေလောင်းလျာသည် ၃၁-ကမ္ဘာထက်တွင် ပွင့်တော်မူသော သိခီမြတ်စွာဘုရားအား ကုရဉ္စိယမည်သော အသီးကို လှူဒါန်းခဲ့သည့်ကုသိုလ်ကြောင့် လူ့ဘုံနတ်ဘုံတို့၌သာ ကျင်လည်ခဲ့ရပြီး ဤ ဘုရားရှင်သာသနာဝယ် ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများပါဝင်သည်။ (အပ၊၂၊၉၃)
ကုရုင်္ဂမိဂဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းဆတ်မင်းသည် မိမိအမြဲတမ်း စားသောက်နေကျ ယမနေ ပင်ကိုပင် အဆောတလျင် သစ်ပင်ရင်းသို့ မဝင်သေးဘဲ စူးစမ်းဆင်ခြင်ခဲ့ပုံ၊ ဒေဝဒတ်လောင်း မုဆိုးသည် ယမနေသီးများကို ဆတ်မင်း၏ရှေ့သို့ ပစ်ချပေးပုံ၊ ယင်းသို့ စူးစမ်းသတိဖြင့် ဆင်ခြင်မိသောကြောင့် အသက်ဘေးမှ ကင်းဝေးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၈၉)
ကုရုင်္ဂမိဂဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကုရုင်္ဂမည်သော သမင််မျိုး၌ ဖြစ်ခဲ့ပုံ၊ ခေါက်ရှာငှက်, လိပ်တို့နှင့် မိတ်ဆွေဖြစ်ခဲ့ပုံ၊ ကုရုင်္ဂသမင် ကျော့ကွင်းမိသောအခါ လိပ်နှင့် ခေါက်ရှာငှက်တို့က လွတ်အောင် ကူညီခဲ့ကြပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၃၉)
ကုရုဓမ္မဇာတက
ဤဇာတ်တော်၌ ဓနဉ္စယကောရဗျမင်းသည် ဂရုဓမ္မဟုခေါ်သော ငါးပါးသီလကို စောင့်ထိန်းပြီး အလှူပေးခြင်းကြောင့် တိုင်းပြည်သာယာ ဝပြောပုံ၊ မယ်တော်မိဖုရားကြီး၊ ကြိုးတိုင်းအမတ်၊ ရထားထိန်း၊ သူဌေး၊ ပုရောဟိတ်ပုဏ္ဏား၊ အိမ်ရှေ့မင်း၊ တင်းခြင်အမတ်၊ တံခါးစောင့်၊ ပြည့်တန်ဆာမတို့သည်လည်း တရားစောင့်ကြပုံ၊ ကလိင်္ဂတိုင်းပြည်၌ မိုးခေါင်သဖြင့် ပုဏ္ဏားတို့ လာရောက်ပြီး အထက်ပါပုဂ္ဂိုလ်တို့ထံ စုံစမ်း၍ ဂရုဓမ္မကို ရွှေပြားဖြင့် ရေးမှတ်ကာ မိမိတို့တိုင်းပြည်သို့ ယူပြီး ပြည်သူတို့ကို ကျင့်သုံးစေကြရာ ကလိင်္ဂတစ်တိုင်းလုံး မိုးရွာ၍ ဘေးသုံးပါးတို့မှ လွတ်ကင်းချမ်းသာကြပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၆၀) (စရိယာ၊ဋ္ဌ၊၃၆) (ဇာ၊ဋ္ဌ၊၂၊၃၃၀)
ကုလဃရဏီဝတ္ထု
ဤဝတ္ထု၌ မထေရ်တစ်ပါးသည် မြတ်စွာဘုရားထံတော်မှ ကမ္မဋ္ဌာန်းကို သင်ယူ၍ တောထဲသို့ ကြွကာ ရွာတစ်ရွာကို အမှီပြုလျက် ကမ္မဋ္ဌာန်းတရား ကြိုးစားအားထုတ်ခဲ့ပုံ၊ ဒါယကာတစ်ဦးသည် ကြည်ညိုသဖြင့် နေ့စဉ် ဆွမ်းဘုဉ်းပေးရန် ပင့်ခဲ့ပုံ၊ မထေရ်သည် မကြာမီမှာပင် ရဟန္တာဖြစ်ပြီး မိမိအပေါ် ကျေးဇူးများလှသည့် ထိုဒေသ၌သာ စွဲမြဲစွာ နေထိုင်ခဲ့ပုံ စသော အကြောင်းအရာများပါဝင် သည်။ (သံ၊၁၊၂၀၃) (သံ၊ဋ္ဌ၊၁၊၂၆၉)
ကုလတ္ထေရဝတ္ထု
ဤဝတ္ထု၌ ကုလမထေရ်သည် လေးသမားတို့ မြားများ ပြုလုပ်နေကြပုံနှင့် ရေသမားတို့ မြောင်းများ တူး၍ လယ်ကွင်းသို့ ရေသွယ်ယူနေကြပုံ စသည်တို့ကို အတုယူလျက် မိမိစိတ်ကို လိုရာ ကမ္မဋ္ဌာန်းအာရုံသို့ ညွတ်စေပြီး အရဟတ္တဖိုလ်ကို ရယူခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၈၈)
ကုလဒါသပုတ္တဝတ္ထု
ဤဝတ္ထု၌ အနုရာဓမြို့မှ ကျွန်မတစ်ယောက်သည် ထွက်ပြေးလာပြီး ရောဟဏအရပ်၌ သားတစ်ယောက်ကို မွေးဖွားခဲ့ပုံ၊ ထိုသားသည် အရွယ်ရောက်၍ ရဟန်းပြုပြီး ကျွန်မသားဖြစ်သော မိမိသည် ရဟန်းဖြစ်၊ မဖြစ် သံသယရှိသဖြင့် အနုရာဓမြို့ရှိ မူလအိမ်ရှင့်ထံ သွားရောက်မေးမြန်းပုံ၊ ထိုအိမ်ရှင်တို့က ကျွန်အဖြစ်မှ ကင်းလွတ်ကြောင်း ပြောကြား၍ ပစ္စည်းလေးပါးတို့ဖြင့် ထောက်ပံ့ကြပုံ၊ ထိုမထေရ်သည် ထိုအမျိုး၏ ထောက်ပံ့မှုကို ရ၍ ကျင့်ကြံအားထုတ်သဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၃၊၂၈၃)
ကုလာဝကဇာတက
ဤဇာတ်တော်၌ မဃလုလင်နှင့်တကွ သူငယ်ချင်း သုံးဆယ့်သုံးယောက်တို့သည် လမ်းခင်းခြင်း၊ တံတားဆောက်ခြင်း၊ ဇရပ်ဆောက်ခြင်း၊ ရေတွင်းရေကန်တူးခြင်း စသော ကုသိုလ်ကောင်းမှုများကို စုပေါင်း ပြုလုပ်ခဲ့ပုံ၊ ရွာသူကြီးက မနာလိုဖြစ်ကာ သူပုန်များ ဖြစ်ကြောင်း မင်းကြီးထံ သံတော်ဦးတင်ခဲ့ပုံ၊ မင်းကြီးက ဆင်ဖြင့် နင်းသတ်ခိုင်းသော်လည်း မဃလုလင်တို့ သစ္စာပြုသဖြင့် ဆင်များ ထွက်ပြေးခဲ့ကြပုံ၊ မင်းကြီးက အဖြစ်မှန်ကို သိ၍ ချောပစ်ကုန်းတိုက်သော ရွာသူကြီးအား ရာထူးချကာ မဃလုလင်နှင့် အပေါင်းပါတို့အား စိတ်တိုင်းကျ ကုသိုလ်ကောင်းမှု ပြုစေခဲ့ပုံ၊ မဃလုလင်ကွယ်လွန်သော အခါ တာဝတိံသာနတ်ပြည်၌ သိကြားမင်း ဖြစ်ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၁၄)
ကုလာဝကဝတ္ထု
ဤဝတ္ထု၌ အသုရာတို့ကို ရှုံးနိမ့်၍ နတ်ရထားဖြင့် ထွက်ပြေးလာသော သိကြားမင်းသည် ရထားဘီးဒဏ်ကြောင့် အော်မြည်နေသော ဂဠုန်ငှက်ကလေးများအသံကြောင့် နောက်သို့ ပြန်လှည့်စေခဲ့ပုံ၊ အမှတ်မထင် စေတနာ မေတ္တာ ရှေ့ထားလိုက်ခြင်းသည် မိမိကို တရားမျှတစွာ အကျိုးပေးတတ်ပုံ၊ စစ်ရှုံးသော သိကြားမင်း၏ ဂဠုန်ငှက်ကလေးများအပေါ် ကြင်နာစိတ်ထား၍ ရှောင်လွှဲမှုကြောင့် သိကြားမင်းသည် အသုရာတို့ကို တရားသဖြင့် အောင်မြင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၂၂၆) (သံ၊ဋ္ဌ၊၁၊၃၁၄)
ကုလူပကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ မိမိအိမ်သို့ အလှူခံရောက်လာသော ရဟန်းတစ်ပါးကို လှူဒါန်းလိုစိတ်မရှိသော အမျိုးသမီးက အိမ်တွင် လှူဖွယ်ဝတ္ထု မရှိကြောင်း၊ ဆွမ်းချက်ရန် ဆန်ရှာသွားဦးမည် ဖြစ်ကြောင်း ပြောဆို၍ ထွက်သွားပုံ၊ ရဟန်းသည် အိမ်ထဲတွင် ရှာဖွေကြည့်ရာ ဆန်, ထောပတ်, ကြံ စသည်တို့ကို တွေ့သဖြင့် ထိုအမျိုးသမီး ပြန်လာသောအခါ မလှူဘဲ မနေနိုင်အောင် သွယ်ဝိုက်ပြောဆိုပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၂၊၄၆၅) (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၂၈)
ကုလ္လတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ရှေးဘုရားရှင်တို့ထံ၌ ကုသိုလ်ပြုကာ ပါရမီဖြည့်ခဲ့သောကြောင့် ဤဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိမြို့တွင် သူဌေးသား ဖြစ်ခဲ့ပုံ၊ သူဌေးသားသည် ရဟန်းပြုလာပါသော်လည်း ရာဂစရိုက်အားကြီးသဖြင့် တရားမရနိုင်ပုံ၊ ဘုရားရှင်က တန်ခိုးတော်ဖြင့် အသုဘကမ္မဋ္ဌာန်းကို ပြသကာ တရားဟောတော်မူသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၉၁)
ကုဝေရဒေဝပုတ္တဝတ္ထု
ဤဝတ္ထု၌ ဘုရားမပွင့်မီအချိန်က ကုဝေရမည်သော ပုဏ္ဏားတစ်ယောက်သည် ကြံစိုက်ပြီး ယန္တရားစက်(၇)လုံးတို့ဖြင့် ကြံကြိတ်ကာ လာလာသမျှသော လူတို့အား ကြံရည် ပေးလှူခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ကုဝေရမည်သော စာတုမဟာရာဇ်နတ်မင်းကြီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၃၊၁၄၈)
ကုသစီရာဒိပဋိက္ခေပဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် သမန်းမြက်သင်္ကန်း၊ လျှော်သင်္ကန်း၊ ပျဉ်ချပ်သင်္ကန်း၊ ဆံခြည်ကမ္ဗလာ၊ သားမြီးကမ္ဗလာ၊ ခင်ပုပ်တောင်သင်္ကန်း၊ သစ်နက်ရေသင်္ကန်းတို့ကို ဝတ်၍ ဘုရားရှင်ထံ သွားရောက်ကာ အလိုနည်းရန် သမန်းမြက်သင်္ကန်း စသည်ကို ခွင့်ပြုရန် လျှောက်ထားပုံ၊ ဘုရားရှင်က ကဲ့ရဲ့တော်မူပြီး ‘‘တိတ္ထိတို့၏ တံခွန်ဖြစ်သော သမန်းမြက်သင်္ကန်း စသည်ကို မဝတ်ရ၊ မဆောင်ရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၂၁)
ကုသဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် မလ္လတိုင်း၊ ကုသဝတီနေပြည်တော်ရှိ ဩက္ကာက မင်းကြီးနှင့် သီလဝတီမိဖုရားကြီးတို့ဝမ်း၌ ပဋိသန္ဓေ ယူခဲ့ပုံ၊ ရှေးဘဝက ပစ္စေကဗုဒ္ဓါအား လောင်းလှူထားသော မုန့်ကို ပြန်ယူခဲ့သော အကုသိုလ်ကြောင့် အလွန်ရုပ်ဆိုးပုံ၊ မဒ္ဒတိုင်း သာဂလမြို့နေ မဒ္ဒရာဇ်မင်းကြီး၏ သမီးရှစ်ယောက်အနက် အကြီးဆုံးသမီးတော် ပဘာဝတီမှာ ရုပ်ရေအဆင်း ပြိုင်ဘက်ကင်းအောင် လှပပြီး ကိုယ်ရောင်ဖြာထွက်နေပုံ၊ ကုသမင်းသားနှင့် ပဘာဝတီတို့ လက်ထပ်ပြီး ကုသမင်းသား အရုပ်ဆိုးအကျည်းတန်ကြောင်း သိမြင်ရသဖြင့် ပဘာဝတီ မဒ္ဒတိုင်းပြည်သို့ ပြန်ခဲ့ပုံ၊ ကုသဝတီနေပြည်တော်မှ အလွန်ရုပ်ဆိုးသည့် ဘုရားအလောင်း ကုသ မင်းကြီးသည် မဒ္ဒတိုင်း၊ သာဂလမြို့မှ အလွန်လှပသည့် ပဘာဝတီမင်းသမီးနောက်သို့ လိုက်သောအခါ အတိတ်ဘဝ အကုသိုလ်ကံကြောင့် ဒုက္ခခံခဲ့ရပုံ၊ ကုသမင်းကြီးသည် မင်းအပေါင်းကို အနိုင်ရကာ ပဘာဝတီကို သိမ်းပိုက်နိုင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၂၉၇)
ကုသဋ္ဌကဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ကုသဋ္ဌကဒါယကမထေရ်လောင်းလျာသည် ကဿပဘုရားရှင်အား စာရေးတံဆွမ်း ရှစ်ကြိမ် လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်၏ အကျိုးဆက်ကြောင့် အပါယ်မလားဘဲ လူ, နတ်, ချမ်းသာတို့ဖြင့်သာ ဘဝသံသရာ၌ ကျင်လည်ခဲ့၍ နောက်ဆုံးဘဝ ဂေါတမဘုရားရှင်လက်ထက်တော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၅၀)
ကုသနာဠိဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် ဗာရာဏသီမင်း၏ ဥယျာဉ်တော်အတွင်း၌ အလေ့ကျပေါက်နေသော သမန်းမြက်ချုံ၌ ရုက္ခစိုးနတ် ဖြစ်ခဲ့ပုံ၊ ထိုဥယျာဉ်၌ပင် ရုစမည်သော မင်္ဂလာသစ်ပင်တွင် တန်ခိုးကြီးသော နတ်မင်းတစ်ပါး နေခဲ့ပုံ၊ သမန်းချုံစောင့်နတ်နှင့် မင်္ဂလာသစ်ပင်စောင့်နတ်တို့သည် အဆင့်အတန်း နိမ့်မြင့်ကွာခြားသော်လည်း အလွန် ချစ်ကျွမ်းဝင်ခဲ့ကြပုံ၊ တစ်နေ့တွင် ဗာရာဏသီမင်းသည် မိမိ၏ ပြာသာဒ်တိုင်တစ်ချောင်း လှုပ်နေသဖြင့် လက်သမားကို ခေါ်၍ တိုင်ရှာခိုင်းသောအခါ ဥယျာဉ်တော်အတွင်းရှိ ရုစမင်္ဂလာနတ်သစ်ပင်ကို ညွှန်ပြခဲ့ပုံ၊ မင်းကြီးက ထိုသစ်ကို ခုတ်လှဲရန် အမိန့်ပေးသောအခါ ရုစမင်္ဂလာသစ်ပင်စောင့်နတ်သည် ခိုကိုးရာမဲ့ဖြစ်ကာ သားသမီးငယ်များကို လည်ပင်းဖက်၍ ငိုကြွေးနေပုံ၊ ထိုအချိန်၌ သမန်းမြက်ချုံစောင့်နတ် ရောက်လာကာ အကြောင်းစုံ သိရှိပြီး လက်သမား ရောက်လာသောအခါ ပုတ်သင်ညိုယောင်ဆောင်လျက် ရုစမင်္ဂလာသစ်ပင်အခေါင်းထဲ ဝင်သွားဟန်ပြုပြီး သစ်ပင်အလယ်အပေါက် သစ်ခေါင်းထဲမှ ခေါင်းညိတ်ပြသဖြင့် လက်သမားများက ဤသစ်ပင် အနှစ်မရှိဟု မှတ်ထင်ကာ ပြန်လှည့်သွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၆၆)
ကုဟကဇာတက
ဤဇာတ်တော်၌ ဗာရာဏသီပြည် ရွာငယ်တစ်ရွာ၌ သူကြွယ်တစ်ဦးသည် ကောက်ကျစ်စဉ်းလဲသော ရသေ့အား သီလရှိသူ-ဟု မှတ်ထင်၍ တော၌ သစ်ရွက်မိုးကျောင်း ဆောက်လုပ်လှူဒါန်းကာ ကိုးကွယ်ဆည်းကပ်နေခဲ့ပုံ၊ တစ်နေ့သောအခါ သူကြွယ်သည် ခိုးသူဘေးမှ စိုးရိမ်သဖြင့် ရွှေနိက္ခတစ်ရာကို ရသေ့၏ ကျောင်းဝင်းအတွင်း၌ မြှုပ်ပြီး ကြည့်ရှုစောင့်ရှောက်ပေးပါရန် အပ်နှံထားပုံ၊ ရသေ့စဉ်းလဲက ‘‘ရသေ့ရဟန်းတို့မည်သည် သူတစ်ပါးတို့၏ ပစ္စည်းဥစ္စာများကို လိုချင်တပ်မက်စိတ် မရှိကြောင်း’’ ပြောကြားပုံ၊ ရက်အတန်ကြာသောအခါ ရသေ့စဉ်းလဲသည် ရွှေနိက္ခတစ်ရာကို တူးဖော်၍ အခြားတစ်နေရာ၌ ဝှက်ထားပြီးနောက် အခြားတောအုပ်တစ်ခုသို့ ပြောင်းရွှေ့နေထိုင်တော့မည် ဖြစ်ကြောင်း ပြောကြားပုံ၊ သူကြွယ် ပြန်သွားပြီးနောက် ‘‘မိမိဆံကျစ်တွင် အိမ်တံစက်မြိတ်မှ မြက်တစ်ပင် ငြိပါလာသည်’’ဟု ဆိုကာ ဝှက်ယူလာသော မြက်တစ်ပင်ကို သူကြွယ်ထံ တစ်ဖန် လာပေးပုံ၊ ထိုစကားကို ဘုရားအလောင်းကုန်သည်က ကြားသိသောအခါ ရသေ့ထံ၌ အပ်နှံထားသောပစ္စည်း တစ်စုံတစ်ရာရှိပါသလောဟု မေး၍ သူကြွယ်က ရွှေနိက္ခတစ်ရာ အပ်နှံ့ထားကြောင်း ပြောပြသည့်အခါ ထိုရွှေနိက္ခတစ်ရာရှိ-မရှိ၊ သွားရောက်ကြည့်ရှုခိုင်းပုံ၊ ရွှေများမရှိတော့သဖြင့် သူကြွယ်က ရသေ့စဉ်းလဲနောက် လိုက်ကာ ဖမ်းဆီး ရိုက်နှက် ထောင်းထုလျက် ရွှေနိက္ခတစ်ရာကို ပြန်လည် ရယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၉၈)
ကုဟကဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ လိမ်ညာလှည့်စား ကောက်ကျစ်တတ်သော ပုဏ္ဏားတစ်ယောက်သည် ဝေသာလီမြို့တံခါးအနီးရှိ ခတက်ပင်ပေါ်သို့ တက်ကာ လင်းနို့ကဲ့သို့ တွဲလွဲဆွဲနေပြီး ‘‘အကယ်၍ မိမိသည် အောက်သို့ ပြုတ်ကျပြီး သေဆုံးလျှင် ဤမြို့ ပျက်စီးလိမ့်မည်၊ ထို့ကြောင့် စည်းစိမ်ဥစ္စာရတနာများနှင့် အခြွေအရံများကို ပေးလှူရမည်’’ ဟု မြို့သူမြို့သားတို့အား လိမ်ညာလှည့်ပတ်၍ ပြောခဲ့ပုံ၊ အသိဉာဏ်နည်းသော လူများက မြို့ပျက်စီးမည် စိုးသဖြင့် ပုဏ္ဏားပြောသမျှ ပေးလှူခဲ့ကြပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင် ကြားသိတော်မူသောအခါ ထိုပုဏ္ဏား၏ အတိတ်ဇာတ်ကြောင်းကို ဟောပြတော်မူပုံ၊ ဖွတ်သား စားမိသော ကောက်ကျစ်သော ရသေ့စဉ်းလဲသည် မိမိထံ ရှိခိုးရန်လာသော ဘုရားလောင်း ဖွတ်မင်းကို သတ်စားရန် ကြံစည်ခဲ့ဖူးပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၀၂)
ကူဋကဏ္ဏရာဇဝတ္ထု
ဤဝတ္ထု၌ ကူဋကဏ္ဏမင်းသည် စူဠသုဓမ္မထေရ်အား လွန်စွာ မြတ်နိုးကြည်ညိုခဲ့ပုံ၊ မင်းနှင့် မိဖုရားတို့သည် မထေရ်၏ မျက်နှာတော်ကို မော့၍ပင် မကြည့်ရခဲဲ့ကြပုံ၊ မင်းကြီးသည် တိပိဋကစူဠနာဂထေရ်ကိုလည်း လွန်စွာ မြတ်နိုးကြည်ညိုခဲ့ပုံ၊ တိပိဋကစူဠနာဂထေရ်၏ လက်ချောင်း၌ ပေါက်သော သွေးစုနာကို မင်းကြီးက ပါးစပ်ဖြင့် ငုံထားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၂၊၄၃၃)
ကူဋကဏ္ဏရာဇဝတ္ထု
ဤဝတ္ထု၌ ကူဋကဏ္ဏမင်းသည် ဂုဠဝဏ္ဏမြင်းတော်ကို စီး၍ စေတိယတောင်သို့ သွားစဉ် ကလမ္ဗမြစ်ဆိပ်သို့ ရောက်ပုံ၊ မြင်းသည် ရေထဲသို့ မဆင်းဘဲ နေသဖြင့် မြင်းဆရာ၏ အကြံပေးချက်အရ မင်းသည် မြင်းမြီးကို ကိုင်ပေးထားရာ မြင်းသည် အဟုန်ဖြင့် မြစ်တစ်ဖက်ကမ်းသို့ ကူးခတ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၃၊၁၁၁)
ကူဋဒန္တဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် မဂဓတိုင်း ခါဏုမတရွာ အမ္ဗလဋ္ဌိကဥယျာဉ်၌ သီတင်းသုံးတော်မူစဉ် ခါဏုမတရွာသား ကူဋဒန္တပုဏ္ဏားသည် ယဇ်ပူဇော်ရန်အတွက် သိုး, ဆိတ်, နွားတို့ကို တစ်မျိုးလျှင် (၇၀၀)စီ စုဆောင်းလျက် ယဇ်ပူဇော်ရန် စီစဉ်နေပုံ၊ ယဇ်ကြီးပူဇော်ရန် နည်းစနစ်များကို သိလိုသဖြင့် ဘုရားရှင်ထံ သွားရောက် လျှောက်ထားရာ ဘုရားရှင်က မဟာဝိဇိတမင်းကြီး၏ ယဇ်ပူဇော်နည်းများကို ဟောပြတော်မူပုံ၊ ထိုယဇ်ပူဇော်နည်းထက် သာ၍ အကျိုးများသော အမြင့်မြတ်ဆုံး ယဇ်ပူဇော်နည်းတို့ကို ဟောပြတော်မူပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဒီ၊၁၊၁၂၀) (ဒီ၊ဋ္ဌ၊၁၊၂၆၃)
ကူဋဝါဏိဇဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ပဏ္ဍိတ-ဟူသော အမည်ဖြင့် ကုန်သည်မျိုး၌ ဖြစ်ပုံ၊ အရွယ်ရောက်သောအခါ အတိပဏ္ဍိတ-အမည်ရှိသော ကုန်သည်တစ်ဦးနှင့် အတူ စပ်တူ ကုန်ဝယ်သွားကြပုံ၊ အမြတ်များကို ဝေစုခွဲသည့်အခါ အတိပဏ္ဍိတက ‘‘မိမိသည် အတိပဏ္ဍိတ ဖြစ်သောကြောင့် ဝေစု နှစ်ဆ ရသင့်ကြောင်း’’ ဘုရားအလောင်းပဏ္ဍိတကုန်သည်အား ပြောဆိုသဖြင့် အငြင်းပွားကြပုံ၊ အတိပဏ္ဍိတ, က သူ၏ ဖခင်အား သစ်ခေါင်းတွင်း၌ တိတ်တဆိတ် ဝှက်ထားပြီး ရုက္ခစိုးနတ်မင်း၏ အဆုံးအဖြတ်ကို ခံယူမည်ဟု ပဏ္ဍိတကုန်သည်အား ပြောကြားပုံ၊ အတိပဏ္ဍိတ၏ ဖခင် ပုန်းအောင်းနေသော သစ်ပင်ရင်း၌ အဆုံးအဖြတ်ကို မေးမြန်းသည့်အခါ ‘‘အတိပဏ္ဍိတသည် ဝေစုနှစ်ဆ ရသင့်ကြောင်း’’ သစ်ခေါင်းတွင်းမှ အတိပဏ္ဍိတ၏ ဖခင်က ရုက္ခစိုးနတ်ဟန် ဆောင်၍ ပြောပုံ၊ ဘုရားအလောင်း ပဏ္ဍိတကုန်သည်က ရုက္ခစိုးနတ် စစ်မစစ် သိရအောင် စမ်းသပ်မည်ဟု ဆိုပြီး သစ်ပင်ကို မီးနှင့်တိုက်သဖြင့် အတိပဏ္ဍိတ၏ ဖခင် သစ်ပင်ပေါ်မှ ခုန်ချ ထွက်ပြေးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၂၈)
ကူဋဝါဏိဇဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည်၌ ဝိနိစ္ဆယအမတ်ကြီးတစ်ဦး ဖြစ်စဉ် ရွာသားကုန်သည်နှင့် မြို့သားကုန်သည် နှစ်ဦးတို့သည် အချင်းချင်း မိတ်ဆွေများဖြစ်ကြသဖြင့် ရွာသားကုန်သည်က မြို့သားကုန်သည်ထံ သံထွန်သွား ငါးရာ အပ်နှံထားပုံ၊ မြို့သားကုန်သည်က သံထွန်သွား ငါးရာကို ရောင်းစားပြီး ထွန်သွားထားသည့် နေရာ၌ ကြွက်ချေးများကို ဖြန့်ကြဲထားပုံ၊ ရွာသားကုန်သည်က သံထွန်သွားများကို လာတောင်းသောအခါ မြို့သားကုန်သည်က ကြွက်ချေးများကို ညွှန်ပြလျက် သံထွန်သွားများကို ကြွက်စား၍ ကုန်ပြီဖြစ်ကြောင်း ပြောကြားပုံ၊ ရွာသားကုန်သည်က ‘‘သံထွန်သွားတွေကို ကြွက်စားသွားလဲ ဘယ်တတ်နိုင်မလဲ’’ဟု ပြောဆိုကာ မြို့သားကုန်သည်၏ သားကို ခေါ်၍ ရေချိုးဆိပ်သို့ သွားပုံ၊ ရွာသားကုန်သည်က ထိုသားငယ်ကို အခြားသူငယ်ချင်းတစ်ယောက်၏ အိမ်၌ ဝှက်ထားခဲ့ပြီး မြို့သားကုန်သည်အား ‘‘မိမိရေချိုးနေစဉ် သင်၏ သားငယ်ကို စွန်တစ်ကောင် ချီသွားကြောင်း’’ ပြောကြားခဲ့ပုံ၊ အချင်းချင်း အငြင်းအခုံ ဖြစ်ပွား၍ ဘုရားအလောင်းအမတ်ကြီးထံ ရောက်၍ အမတ်ကြီးက မေးမြန်း စိစစ်သောအခါ တောသားကုန်သည်က‘‘ကျွန်ုပ်၏ သံထွန်သွားများကို ကြွက်စားနိုင်ပါက သူ၏ ကလေးကိုလည်း စွန် ချီနိုင်ပါသည်’’ဟု ထွက်ဆိုသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၆၅)
ကူဋဝိနိစ္ဆယိကပေတဝတ္ထု
ဤဝတ္ထု၌ ဗိမ္ဗိသာရမင်းကြီးသည် တစ်လလျှင် ခြောက်ကြိမ် ဥပုသ်စောင့်လေ့ရှိပုံ၊ မိမိထံ ရောက်လာသော လူများကိုလည်း သင်တို့ ဥပုသ်စောင့်နိုင်ကြရဲ့လားဟု မေးမြန်းလေ့ရှိပုံ၊ တရားစီရင်သည့် ကောက်ကျစ်သော အမတ်ကြီးသည် မင်းကြီးအား ကြောက်သဖြင့် ဥပုသ်မစောင့်ဘဲ ‘‘စောင့်သည်’’ဟု လိမ်ညာပြောဆိုခဲ့ပုံ၊ လာဘ်စား၍ တရားဆုံးဖြတ်လေ့ရှိပုံ၊ ထိုအကုသိုလ်ကံကြောင့် ထိုအမတ် ကွယ်လွန်သောအခါ ကျောက်ကုန်းသားကို ခွာခြစ်ကုတ်ဖဲ့စားသောက်ရသည့် ပြိတ္တာဘဝ ရောက်ရှိခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ပေတ၊၁၇၉) (ပေတ၊ဋ္ဌ၊၁၉၄)
ကေဏိယဇဋိလဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် အာပဏနိဂုံးသို့ ကြွရောက်တော်မူစဉ် ကေဏိယရသေ့သည် ဘုရားရှင်ထံ အဖူးအမြော်ရောက်လာပြီး ဖျော်ရည်များကို အများအပြား စီရင်၍ ဆက်ကပ်ရာ ရဟန်းတို့က အပ်မအပ် သံသယဖြစ်နေပုံ၊ ဘုရားရှင်က သပြေ သရက် မုဒရက်စသော သစ်သီး (၈)မျိုး၏ ဖျော်ရည်များကို ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၄၂) (သာရတ္ထ၊ဋီ၊၃၊၃၂၉)
ကေတကပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား ဆပ်သွားဖူးပန်းတို့ဖြင့် ပူဇော်ခဲ့သည့် ကုသိုလ်ကြောင့် အပါယ်သို့ မကျရောက်ခဲ့ရဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၉၄)
ကေသကာရီဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် မိဂဒါဝုန်တော၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းတော်များ ဗာရာဏသီမြို့တွင်းသို့ ဆွမ်းခံကြွတော်မူကြပုံ၊ ကေသကာရီအမျိုးသမီးက ဆွမ်းခံကြွလာသော ရဟန်းငယ်များကို ဖူးမြင်ရသဖြင့် ‘‘အဘယ့်ကြောင့် ငယ်ငယ်ရွယ်ရွယ်ဖြင့် ရဟန်းဝတ်ကြပါသနည်း’’ဟု သူမ၏ မိခင်အား မေးပုံ၊ ထိုအချိန်၌ ဥပါသကာတစ်ဦး ရောက်လာပြီး ရဟန်းပြုရခြင်း၏ အကျိုးအာနိသင်များကို အကျယ်ရှင်းပြပုံ၊ ကေသကာရီအမျိုးသမီးသည် ဘုရားရှင့်သာသနာတော်ကို သက်ဝင်ယုံကြည်သွားပြီး သရဏဂုံသီလ ဆောက်တည်၍ ဝိပဿနာပွားသဖြင့် သောတာပန်တည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၇၈)
ကေသရပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်အလောင်းသည် သုံးဆယ့်တစ်ကမ္ဘာအထက်၌ ဟိမဝန္တာတောင်ဝယ် ဝိဇ္ဇာဓိုရ်ဖြစ်ခဲ့ပုံ၊ ဆပ်သွားပန်းသုံးပွင့်တို့ကို ဦးခေါင်း၌ တင်ပြီး ဝေဿဘူဘုရားရှင်အား ချဉ်းကပ် ပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်းမရှိခဲ့ဘဲ ဤဘုရားရှင်သာသနာတော်ဝယ် ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၃၁)
ကေသဝဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကာသိတိုင်း ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်ရောက်သောအခါ တက္ကသိုလ်ပြည်၌ အတတ်ပညာများကို သင်ယူပြီး ရသေ့ဝတ်ခဲ့ပုံ၊ ထိုအချိန်၌ ကေသဝရသေ့သည် တပည့်ငါးရာ ခြံရံ၍ ဟိမဝန္တာတော၌ နေခဲ့ပုံ၊ ဘုရားအလောင်း ရသေ့သည် ကေသဝရသေ့ကြီးထံ သွား၍ တပည့်ကြီးအဖြစ်ဖြင့် အလွန်ခင်မင်ရင်းနှီးစွာ အတူတကွ နေထိုင်ကြပုံ၊ ရသေ့ငါးရာတို့ ချဉ်ဆားမှီဝဲရန် ဗာရာဏသီမြို့သို့ ကြွသောအခါ ဗာရာဏသီမင်းကြီးက ဆွမ်းဖိတ်၍ ဥယျာဉ်တွင်း၌ ကိုးကွယ်ထားပုံ၊ မိုးလေးလ ကုန်လွန်သောအခါ မင်းကြီးက ကေသဝရသေ့တစ်ပါးကိုသာ ပင့်ထားပြီး ကျန်ရသေ့များကို ဟိမဝန္တာသို့ ပြန်ပို့ခဲ့ပုံ၊ ကေသဝရသေ့ကြီးသည် ဘုရားအလောင်းရသေ့နှင့် ကွေကွင်းနေရသဖြင့် အိပ်မပျော် စားမဝင်ဖြစ်ပြီး ရောဂါဝေဒနာ ခံစားခဲ့ရပုံ၊ မင်းကြီးအား ကေသဝရသေ့က ‘‘မိမိကို အသက်ရှည်စေလိုလျှင် ဟိမဝန္တာတောသို့ ပြန်ပို့ပါ’’ဟု ဆိုသဖြင့် ကေသဝရသေ့အား ဟိမဝန္တာတောသို့ ပြန်ပို့ရပုံ၊ ဟိမဝန္တာတောသို့ ရောက်သောအခါ ဘုရားလောင်းရသေ့နှင့် တွေ့ဆုံရပြီး ချက်ချင်း ရောဂါဝေဒနာ ပျောက်ကင်းသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၃၀)
ကေသဝဝတ္ထု
ဤဝတ္ထု၌ ဗကဗြဟ္မာလောင်းလျာသည် ကေသဝမည်သော ရသေ့ကြီး ဖြစ်ခဲ့ပုံ၊ ဘုရားအလောင်းသည် ကပ္ပလုလင်ဖြစ်ပြီးလျှင် ကေသဝရသေ့ကြီးသည် ကပ္ပလုလင်ကို အမြဲ မှီခို၍ အသက်မွေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၁၉၄)
ကေဠိသီလဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် သိကြားမင်း ဖြစ်စဉ် လကုဏ္ဍကဘဒ္ဒိယမထေရ်လောင်း အမျိုးကောင်းသားသည် ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း ဖြစ်ခဲ့ပုံ၊ ဗြဟ္မဒတ်မင်းသည် အဖိုးအို အဖွားအိုစသူတို့အား ကျွမ်းထိုးခိုင်းခြင်းစသည်ဖြင့် ကစားလေ့ရှိပုံ၊ တိုင်းသူပြည်သားများက ရှက်ကြောက်၍ မိမိတို့၏ မိခင်ဖခင်အိုတို့အား တိုင်းတစ်ပါးသို့ ပို့ထားကြရပုံ၊ ထိုအခါ သိကြားမင်းက အဖိုးအိုယောင် ဆောင်လျက် ဗြဟ္မဒတ်မင်း၏ ခန္ဓာကိုယ်ပေါ်သို့ ရက်တက်ရည်များဖြင့် လောင်းချပြီး မင်းကြီးအား အရှက်ရစေခဲ့ပုံ၊ ထို့နောက် သိကြားမင်းက အဖိုးအိုအသွင်ကို ပယ်ဖျောက်၍ သိကြားမင်းအသွင်ဖြင့် ဝရဇိန်လက်နက်ကို ကိုင်လျက် နောင်အခါ ဤကဲ့သို့သော အမှုမျိုးကို မပြုလုပ်ရန် ခြိမ်းခြောက်ပြီး မိဘတို့၏ ဂုဏ်ကျေးဇူးနှင့် ကြီးသူတို့အား ရိုသေခြင်း၏ အကျိုးအာနိသင်များကို ဟောကြားပုံ၊ ဗြဟ္မဒတ်မင်းသည် ထိုအချိန်မှစ၍ အဖိုးအိုအဖွားအိုတို့အား ပြောင်လှောင်ကစားခြင်းမှ ရှောင်ကြဉ်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၂၉)
ကောကနုဒပရိဗ္ဗာဇကဝတ္ထု
ဤဝတ္ထု၌ ရေချိုးလာသော အရှင်အာနန္ဒာကို ကောကနုဒပရိဗိုဇ်က လောကနှင့် ပတ်သက်၍ မေးမြန်းသဖြင့် အရှင်အာနန္ဒာ ဖြေကြားပုံ၊ ကောကနုဒပရိဗိုဇ်က အရှင်အာနန္ဒာမထေရ် ဖြစ်ကြောင်း နောက်မှ သိရ၍ အံ့ဩနေပုံ စသော အကြောင်းအရာများပါဝင်သည်။ (အံ၊၃၊၄၁၅)
ကောကသုနခလုဒ္ဒကဝတ္ထု
ဤဝတ္ထု၌ ကောကမည်သော မုဆိုးတစ်ယောက်သည် ခွေးများခြံရံလျက် တောလိုက်သွားစဉ် ဆွမ်းခံကြွလာသော ရဟန်းတစ်ပါးကို တွေ့မြင်ရသဖြင့် အမျက်ထွက်ပြီး ‘‘ဒီနေ့ လာဘ်မကောင်း’’ဟု ဆိုကာ ထွက်ခွာသွားပုံ၊ မုဆိုးသည် တစ်နေ့တာလုံး တစ်စုံတစ်ခုမျှ မရခဲ့ဘဲ တောထဲမှ ပြန်လာစဉ် ရဟန်းတစ်ပါးကို တွေ့မြင်ရပြန်သဖြင့် အမျက်ထွက်ကာ ခွေးများဖြင့် ရှူးတိုက်ပုံ၊ ရဟန်းက တောင်းပန်သော်လည်း မရသဖြင့် သစ်ပင်ပေါ်သို့ တက်ပြေးပုံ၊ မုဆိုးက ‘‘သင်သည် ခွေးများလက်မှ လွတ်သော်လည်း ငါ့လက်မှ မလွတ်’’ဟု ဆိုပြီး သစ်ပင်ပေါ်ရှိ ရဟန်း၏ ခြေထောက်တို့ကို မြားဖြင့် ထိုးဆွပုံ၊ ထိုအချိန်၌ ရဟန်း၏ ခန္ဓာကိုယ်မှ သင်္ကန်းလျောကျသွားပြီး မုဆိုး၏ ခန္ဓာကိုယ်ပေါ်သို့ ဖုံးအုပ်မိပုံ၊ ခွေးများက ရဟန်းသစ်ပင်ပေါ်မှ ကျလာသည်ဟု မှတ်ထင်ပြီး မုဆိုးကြီးကို ဝိုင်း၍ကိုက်ကြသဖြင့် မုဆိုး သေဆုံးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၀)
ကောကာလိကဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းသည် ဗာရာဏသီမင်းကြီး၏ အမတ်ချုပ်ကြီး ဖြစ်ခဲ့ပုံ၊ မင်းကြီးသည် အလွန်စကားများသဖြင့် အမတ်ချုပ်ကြီးက တားမြစ်ဆုံးမရန် ကြံစည်ပုံ၊ တစ်နေ့သောအခါ မင်းကြီးဥယျာဉ်တော်သို့သွားပြီး မင်္ဂလာကျောက်ဖျာပေါ်၌ ထိုင်နေစဉ် ကျီးတစ်ကောင်က ဥဩငှက်ငယ်အား နှုတ်သီးဖြင့် ထိုးဆွ သတ်ဖြတ်လျက် မင်းကြီး၏ ခြေရင်း၌ ကျလာသည်ကို တွေ့မြင်ရပုံ၊ ထိုအကြောင်းအရာကို အမတ်ကြီးအား မေးမြန်းသည့်အခါ အမတ်ကြီးက ‘‘ဤဥဩငှက်ငယ်သည် အတောင်အလက်မစုံ၊ အချိန်အခါ မရောက်မီ အသံမြည်တွန်မိသဖြင့် ဤကဲ့သို့ အသက်သေဆုံးရခြင်းဖြစ်ကြောင်း’’ လျှောက်ထားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၉၄)
ကောကာလိကဝတ္ထု
ဤတ္ထု၌ ကောကာလိကရဟန်းသည် မိမိနှုတ်ကို မစောင့်စည်းဘဲ အဂ္ဂသာဝကနှစ်ပါးကို ဆဲရေးသဖြင့် မြေမျိုခံရကြောင်း၊ ပဒုမငရဲ၌ ကျရောက်နေကြောင်း ဓမ္မသဘင်၌ ရဟန်းတော်များ အချင်းချင်း ပြောကြားနေစဉ် ဘုရားရှင် ရောက်ရှိလာပြီး ကောကာလိကရဟန်း၏ အတိတ်ဇာတ်ကြောင်းကို ဟောကြားပုံ၊ ကောကာလိကလောင်းဖြစ်သော လိပ်ကို သူငယ်ချင်းဖြစ်သူ ဟင်္သာငှက်နှစ်ကောင်တို့က စိတ္တကုဋ်တောင်သို့ ဆောင်ယူသွားစဉ် မိမိနှုတ်ကို မစောင့်စည်းနိုင်သဖြင့် လိပ်သည် ဗာရာဏသီမင်းရင်ပြင်သို့ ပြုတ်ကျကာ သေဆုံးရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၆၃)
ကောကာလိကဝတ္ထု
ဤဝတ္ထု၌ ကောကာလိကရဟန်းသည် ဘုရားရှင်ထံ ချဉ်းကပ်၍ ‘‘အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်တို့သည် ယုတ်မာသောအလိုဆိုး ရှိကြောင်း’’ လျှောက်ထားသောအခါ ဘုရားရှင်က အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်တို့အား မပုတ်ခတ်၊ မစွပ်စွဲပါနှင့်ဟု သုံးကြိမ်တိုင်တိုင် တားမြစ်တော်မူခဲ့ပုံ၊ ကောကာလိကရဟန်းသည် ဘုရားရှင်ထံမှ ဖဲခွာသွားပြီးနောက် ခန္ဓာကိုယ်၌ မုန်ညင်းစေ့၊ ပဲနောက်စေ့၊ ပဲစင်းငုံစေ့၊ ဇီးစေ့၊ ဇီးသီးခန့် စသော အနာကြီးများ ပေါက်လာပြီး သွေးပြည်များ ယိုစီးကာ ထိုရောဂါဖြင့်ပင် သေဆုံးခဲ့ရပုံ၊ သေဆုံးပြီးနောက် ပဒုမငရဲ၌ ကျရောက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၅၂) (အံ၊၃၊၃၉၃) (သံ၊ဋ္ဌ၊၁၊၁၉၇) (အံ၊ဋ္ဌ၊၃၊၃၂၆)
ကောဋသိမ္ဗလိဇာတက
ဤဇာတ်တော်၌ ဂဠုန်တစ်ကောင်သည် အလံတစ်ထောင်ရှည်သော နဂါးတစ်ကောင်ကို ဖမ်းယူရာ နဂါးက ညောင်ပင်ကြီးကို ရစ်ပတ်ထားသဖြင့် အားကြီးသော ဂဠုန်က ညောင်ပင်နှင့်အတူ နဂါးကို သယ်ဆောင်ပြီး လက်ပံပင်ကြီး၌ နားကာ နဂါးအဆီကို သောက်၍ နဂါးသေနှင့် ညောင်ပင်ကို သမုဒ္ဒရာ၌ ပစ်ချခဲ့ပုံ၊ ထိုညောင်ပင်မှ ငှက်ငယ်တစ်ကောင် ပျံတက်၍ လက်ပံပင်၌ လာနားရာ လက်ပံပင်စောင့်နတ်က နှင်ထုတ်ခဲ့ပုံ၊ ငှက်သည် ညောင်သီးစား၍ မစင်စွန့်ပါက ညောင်ပင်ပေါက်ကာ လက်ပံပင်ကို မျိုနိုင်သဖြင့် ဘေးရန်ကို ကြိုတင် ကာကွယ်သောအားဖြင့် ဟန့်တားရကြောင်း ဂဠုန်ကို ရှင်းပြခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၇၅)
ကောဋုမ္ဗရိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သုံးဆယ့်တစ်ကမ္ဘာအထက်၌ သိခီဘုရားရှင်ကို တောင်ကြားတစ်ခု၌ ဖူးတွေ့ခဲ့ရပုံ၊ ဘုရားရှင်အား ဖူးတွေ့ရသည့်အခါ ရွှင်လန်းသောစိတ်ဖြင့် ကောဋုမ္ဗရပန်းဖြင့် ရောပြွမ်းသော ပန်းခုနစ်ပွင့်တို့ကို ကပ်လှူပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ရခြင်း မရှိဘဲ ကမ္ဘာနှစ်ဆယ်အထက်၌ မဟာနေလသစကြဝတေးမင်း ဖြစ်ခဲ့၍၊ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၁၄)
ကောဏာဂမနဗုဒ္ဓဝံသ
ဤဗုဒ္ဓဝင်၌ ကောဏာဂမနမြတ်စွာဘုရားသည် ပပဝတီမြို့တော်မှ ခမည်းတော် ယညဒတ္တပုဏ္ဏားနှင့် မယ်တော်ဥတ္တရာပုဏ္ဏေးမတို့မှ မွေးဖွားခဲ့ပုံ၊ ရုစိဂတ္တာမည်သော ပုဏ္ဏေးမနှင့်အတူ စည်းစိမ်ခံစားကာ သတ္ထဝါဟမည်သော သားတော် မွေးဖွားပြီးနောက် ဆင်ယာဉ်ဖြင့် တောထွက်တော်မူခဲ့ပုံ၊ ရေသဖန်းပင်ဟူသော ဗောဓိပင်ရင်း၌ ဘုရားဖြစ်တော်မူခဲ့ပုံ၊ အဂ္ဂသာဝက နှစ်ပါးမှာ ဘိယျောသမထေရ်နှင့် ဥတ္တရမထေရ်တို့ ဖြစ်ခဲ့ကြပုံ။ သောတ္ထိဇမထေရ်က ပြုစုလုပ်ကျွေးပုံ၊ ဂေါတမဘုရား အလောင်းလျာသည် ပဗ္ဗတမည်သော ဘုရင်ဖြစ်၍ နိယတဗျာဒိတ် ခံယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (အဘိ၊ဋ္ဌ၊၁၊၇၀) (ဗုဒ္ဓဝံ၊ဋ္ဌ၊၃၀၁)
ကောဏ္ဍညတ္ထေရ ပရိနိဗ္ဗာနဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် အရှင်ကောဏ္ဍညမထေရ် ရောက်ရှိလာပြီး ‘‘မိမိသည် အညာသိကောဏ္ဍမထေရ် ဖြစ်ကြောင်း’’ လျှောက်ထားပုံ၊ ထိုအချိန်၌ ဘုရားရှင်၏ အနီးတွင် ရှိနေသော အရှင်ဝင်္ဂီသမထေရ်က အရှင်ကောဏ္ဍညမထေရ်အား ဂါထာတို့ဖြင့် ချီးကျူးပူဇော်ခဲ့ပုံ၊ အရှင်ကောဏ္ဍညမထေရ်က မြတ်စွာဘုရားအား လက်ယာရစ်ပူဇော်၍ ‘‘မိမိသည် ဘုရားရှင်အား ပဌမဦးဆုံး ဖူးမြင်ရသူဖြစ်ကြောင်း၊ ယခုအခါ နောက်ဆုံး ဖူးမြင်ခြင်းဖြစ်ကြောင်း၊ ပရိနိဗ္ဗာန်ပြုတော့မည် ဖြစ်ကြောင်း’’ လျှောက်ထားပုံ၊ ‘‘မည်သည့်အရပ်၌ ပရိနိဗ္ဗာန်ပြုမည်နည်း’’ဟု ဘုရားရှင်က မေးတော်မူသောအခါ ဟိဝမန္တာတောရှိ ဆဒ္ဒန္တအိုင်၌ ပရိနိဗ္ဗာန်ပြုမည်ဖြစ်ကြောင်း လျှောက်ထားပုံ၊ ထို့နောက် ဟိမဝန္တာတောရှိ ဆဒ္ဒန္တအိုင်၌ ပရိနိဗ္ဗာန်ပြုသောအခါ နတ်ဗြဟ္မာများက သာဓုကီဠနသဘင် ဆင်ယင်ကျင်းပခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၉၅) (သံ၊ဋ္ဌ၊၁၊၂၅၆)
ကောဏ္ဍညဗုဒ္ဓဝံသ
ဤဗုဒ္ဓဝင်၌ ကောဏ္ဍညမြတ်စွာဘုရားသည် သာမာဝတီမြို့တော်၌ သုနန္ဒမင်းကြီးနှင့် သုဇာတာဒေဝီတို့မှ ဖွားမြင်ခဲ့ပုံ၊ ဘဒ္ဒနှင့် သုဘဒ္ဒအဂ္ဂသာဝက မထေရ်နှစ်ပါး ရှိခဲ့ပုံ၊ အင်ကြင်းဗောဓိပင်အောက်၌ ပွင့်တော်မူခဲ့ပုံ၊ အနုရုဒ္ဓမထေရ်က လုပ်ကျွေးခဲ့ပုံ၊ ဂေါတမ ဗုဒ္ဓလောင်းလျာသည် ဝိဇိတာဝီမည်သော စကြဝတေးမင်းဖြစ်၍ နိယတဗျာဒိတ်ခံယူခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၅၆) (ဗုဒ္ဓဝံ၊ဋ္ဌ၊၁၆၀)
ကောန္တပုတ္တတိဿတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်မြတ်ကို ကိန္နရာမနှင့် လူသားတို့ ပေါင်းဖေါ်၍ မွေးဖွားလာရာ ဘုရင်က မွေးမြူပြီး ကောန္တပုတ္တတိဿဟု အမည်မှည့်ပုံ၊ အရွယ်ရောက်သောအခါ မဟာဝရုဏမထေရ့်ထံ ရဟန်းပြု၍ ရဟန္တာ ဖြစ်ခဲ့ပုံ၊ တစ်နေ့တွင် ထိုကောန္တပုတ္တတိဿမထေရ်တွင် လေနာရောဂါ ပြင်းထန်စွာ ခံစားရ၍ ညီဖြစ်သူ သုမိတ္တမထေရ်က ထောပတ်အလှူခံသွားသော်လည်း မရရှိခဲ့ပုံ၊ ထိုမထေရ်မှာ လေနာရောဂါကြောင့် ပရိနိဗ္ဗာန်စံတော်မူခဲ့ရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၁၊၃၉) (သာရတ္ထ၊ဋီ၊၁၊၁၃၅)
ကောမာရပုတ္တဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကောမာရပုတ္တအမည်ဖြင့် ဗာရာဏသီပြည် ပုဏ္ဏားမျိုး၌ ဖြစ်ပြီး အရွယ်ရောက်သောအခါ ရသေ့ဝတ်၍ ဟိမဝန္တာတော၌ နေခဲ့ပုံ၊ ကသိုဏ်း ပရိကမ် အလုပ်ကို အားမထုတ်ဘဲ အပျော်ကြူးသည့် ရသေ့များလည်း ထိုဟိမဝန္တာ အရပ်၌ပင် နေထိုင်ကြပုံ၊ မျောက်တစ်ကောင်သည် ထိုရသေ့တို့နှင့် အတူ အမြဲ မြူးတူးပျော်ပါး ဆော့ကစား၍ နေခဲ့ပုံ၊ တစ်နေ့သောအခါ အပျော်ကြူးသည့် ရသေ့များ ချဉ်ဆားမှီဝဲရန် ဗာရာဏီပြည်သို့ ထွက်ခွာသည့်အခါ ထိုမျောက်က ဆော့ကစားရန် ဘုရားအလောင်း ရသေ့ထံ လာခဲ့ပုံ၊ ဘုရားအလောင်း ရသေ့က ထိုမျောက်အား ‘‘သူတော်ကောင်းတို့ အထံ၌ နေသောသူသည် ကိုယ်ကျင့်သီလနှင့် ပြည့်စုံလျက် ဣန္ဒြေတို့ကို စောင့်ထိန်းသင့်ကြောင်း’’ ဆုံးမဩဝါဒပေးသဖြင့် ထိုမျောက် ယဉ်ကျေးလိမ္မာသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၄၀၄)
ကောရက္ခတ္တိယဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် အလုပ်အကျွေးဖြစ်သော သုနက္ခတ္တရဟန်းနှင့်အတူ ဥတ္တရကမည်သော နိဂုံးရွာကြီးတစ်ခုသို့ ကြွရောက်တော်မူစဉ် ခွေးအကျင့်ကျင့်ကာ ခွေးကဲ့သို့ စား, အိပ်, သွားလာနေထိုင်သော ကောရက္ခတ္တိယတက္ကတွန်းကို တွေ့မြင်တော်မူပုံ၊ ထိုတက္ကတွန်းကို အလိုနည်းပါးစွာကျင့်သော ရဟန္တာပုဂ္ဂိုလ်ကြီးဟု သုနက္ခတ္တစိတ်ထဲ၌ အထင်ကြီးနေပုံ၊ သုနက္ခတ္တရဟန်း၏ စိတ်အကြံကို သိပြီး ဘုရားရှင်က ထိုအယူကို စွန့်ပယ်ရန် မိန့်ကြားတော်မူပုံ၊ သင်အထင်ကြီးနေသော ကောရက္ခတ္တိယတက္ကတွန်းကြီးသည် ခုနစ်ရက်မြောက်သောနေ့၌ စားပိုးနင့်သေပြီး ပြိန်းမြက်ချုံသုသာန်၌ စွန့်ပစ်ခံရမည်ဖြစ်ကြောင်း ဘုရားရှင် မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၃၊၄)
ကောရဏ္ဍပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ ကောရဏ္ဍပုပ္ဖိယမထေရ်လောင်းလျာသည် တောလည်မုဆိုးဘဝဖြင့် တိဿဘုရားရှင်၏ ခြေတော်ရာသုံးဆူကို လိပ်ဆူးရွှေပန်းတို့ဖြင့် လှူဒါန်းပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံ၏ အကျိုးဆက်ကြောင့် သုဂတိဘုံဘဝတို့၌သာ ကျင်လည်ကျက်စားခဲ့ရပုံ၊ နောက်ဆုံးဘဝ ဂေါတမဘုရားရှင်လက်ထက်တော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၇၅)
ကောရဏ္ဍိယဇာတက
ဤဇာတ်တော်၌ ရှေးအခါက ဒိသာပါမောက္ခဆရာကြီးသည် လူတိုင်းကို သီလစောင့်ခိုင်းပုံ၊ ဘုရားအလောင်း တပည့်ကြီး ကောရဏ္ဍိယ၏ ဥပါယ်တံမျဉ်ကြောင့် ဆရာကြီးသည် လူတိုင်းကို သီလမစောင့်ခိုင်းတော့ပုံ၊ ပညာရှိ သူတော်ကောင်း တို့သာ သီလစောင့်ကြသဖြင့် လူမိုက်တို့ သီလမစောင့်နိုင်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၅၈)
ကောလဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ကောလဒါယကမထေရ်လောင်းလျာသည် သိခီဘုရားရှင်လက်ထက်တော်၌ ရသေ့ ဖြစ်ခဲ့ပုံ၊ ဘုရားရှင်အား ဆီးသီးများ ပေးလှုခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကံ၏ အကျိုးဆက်ကြောင့် (၃၁)ကမ္ဘာ အပါယ်မလားရဘဲ လူ့ဘဝနတ်ဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (အပ၊၂၊၂၄၊)
ကောသမ္ဗကဝတ္ထု
ဤဝတ္ထု၌ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းသည် ဒီဃီတိကောသလမင်းကို တံကျင်လျှို သတ်ခဲ့ပုံ၊ ထိုကောသလမင်း၏သားတော် ဒီဃာဝုသတို့သားသည် ဗြဟ္မဒတ်မင်းကြီးထံ ခစားရာမှ လက်စားချေသတ်ဖြတ်ခွင့် ကြုံလာသော်လည်း ရန်ကို ရန်ချင်း မတုန့်နှင်းဘဲ ငြိမ်းအေးစွာ ခွင့်လွှတ်ကျေအေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၄)
ကောသမ္ဗဖလိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ၃၁-ကမ္ဘာထက်အထက်၌ ပွင့်တော်မူသော မြတ်စွာဘုရားရှင်အား ကြို့သီးကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ချမ်းသာစွာ ကျင်လည်ခဲ့ရပုံ၊ ဂေါတမ ဘုရားရှင် ပွင့်တော်မူသောအခါ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၉၄)
ကောသမ္ဗိယဇာတက
ဤဇာတ်တော်၌ ဘုရားရှင်သည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးတော်မူစဉ် ဝိနည်းဆောင်းရဟန်းနှင့် သုတ္တန်ဆောင်ရဟန်းတို့ အာပတ်သင့်မှုနှင့် ပတ်သက်၍ အချင်းချင်း ငြင်းခုံကြပုံ၊ ဆွမ်းစား ကျောင်း၌လည်းကောင်း၊ မြို့တွင်းရွာတွင်း၌လည်းကောင်း၊ သံဃာ့အလယ်၌လည်းကောင်း ခိုက်ရန်ဖြစ်ပွားကြပုံ၊ ဘုရားရှင် ဆုံးမသည်ကို မနာယူကြဘဲ သံဃာသင်းကွဲကြပုံ၊ ဒါယကာ ဒါယိကာမတို့က သပိတ်မှောက်ကံ ပြုလျက် ရဟန်းများကို သံဝေဂရစေခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၈၀) (ဝိ၊ဋ္ဌ၊၃၊၄၃၂) (မ၊ဋ္ဌ၊၂၊၂၉(ဇာ၊ဋ္ဌ၊၃၊၄၆၂)၁)
ကောသမ္ဗီဝါသီတိဿတ္ထေရသာမဏေရဝတ္ထု
ဤဝတ္ထု၌ ကောသမ္ဗီဝါသီတိဿထေရ်ထံ ကျောင်းဒကာ၏သား ၇-နှစ်အရွယ် ကလေးငယ်သည် ရှင်သာမဏေ ဝတ်သောအခါ ခေါင်းရိတ်အပြီးမှာပင် ရဟန္တာ ဖြစ်ခဲ့ပုံ၊ ဘုရားဖူးရန် သွားစဉ် မထေရ်၏ ခြေရင်း၌ အိပ်စက်ရာ မထေရ်၏ ပေါ့ဆမှုကြောင့် ယပ်ရိုးနှင့် ထိုးမိပြီး မျက်စိတစ်လုံး ကွယ်ခဲ့ပုံ၊ မထေရ်က သံဝေဂရပြီး တောင်းပန်ရာ မိမိ၏ အတိတ်ဝဋ်ကျွေးကြောင့် ဖြစ်ရသည်ဟု လျှောက်ထားပုံ၊ ထိုအကြောင်း ဘုရားရှင်အား လျှောက်ထားရာ ဘုရားရှင်က ရဟန္တာတို့သည် မည်သူ့ကိုမဆို အပြစ်မတင် စိတ်မဆိုးကြဟု မိန့်တော်မူပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၉၂)
ကောသလမဟာရာဇဝတ္ထု
ဤဝတ္ထု၌ ကောသလမင်းကြီးသည် မြတ်စွာဘုရားရှင်၏ အထံတော်သို့ အဖူးအမြော် ရောက်ရှိနေခိုက် မင်းချင်းယောကျ်ားတစ်ယောက်က မင်းကြီးထံ လိုက်လာပြီး မလ္လိကာမိဖုရားကြီး နတ်ရွာစံသွားကြောင်း လျှောက်ထားပုံ၊ ထိုသတင်း ကြားရ၍ကိုယ်စိတ်ဆင်းရဲစွာ ကြံမှိုှုင်နေသော ကောသလမင်းကြီးအား မြတ်စွာဘုရားက လောကတွင် မရှောင်လွှဲနိုင်သော တရားငါးမျိုးတို့ကို ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၅၀)
ကောသလမဟာရာဇဝတ္ထု
ဤဝတ္ထု၌ ကောသလမင်းကြီးသည် နေ့စဉ်နေ့တိုင်း ဆန်တစ်စိတ်ချက်ထမင်းနှင့် လိုက်ဖက်ညီသော ဟင်းလျာတို့ကို ပွဲတော်တည်လေ့ရှိပုံ၊ တစ်နေ့သောအခါ ကောသလမင်းကြီး ပွဲတော်တည်ပြီးစအချိန်တွင် ဘုရားရှင်ထံ ချဉ်းကပ်ခဲ့ပုံ၊ ထမင်းအဆီယစ်မှုကြောင့် ဘုရားရှင် ရှေ့မှောက်၌ အနေရအထိုင်ရခက်ပုံ၊ ဘုရားရှင်က ခဲဖွယ်ဘောဇဉ်တို့ကို အတိုင်းအရှည်ပမာဏဖြင့် စားသုံးသင့်ကြောင်း ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၈၂) (သံ၊ဋ္ဌ၊၁၊၁၄၀) (အံ၊ဋီ၊၃၊၃၂၇)
ကောသလရညော ပရာဇယဝတ္ထု
ဤဝတ္ထု၌ ကောသလမင်းကြီးသည် ကာသိကရွာကို အကြောင်းပြု၍ တူတော်အဇာတသတ်မင်းနှင့် စစ်ထိုးရာ (၃)ကြိမ်တိုင်တိုင်စစ်ရှုံးပုံ၊ အမိနို့နံ့ မစင်သေးသော သူငယ်လေးကိုပင် နိုင်အောင် မတိုက်နိုင်၍ အသက်ရှင်နေသဖြင့် အဘယ်အကျိုးရှိအံ့နည်းဟု စဉ်းစားကာ အစာဖြတ်၍ အိပ်စက်နေပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၆၈)
ကောသလရဋ္ဌဝတ္ထု
ဤဝတ္ထု၌ မဟာပနာဒမင်းသားသည် အမျိုးမျိုးသော ကချေသည်တို့ကို တွေ့မြင်နေရသော်လည်း ပြုံးရုံမျှကိုပင် မပြုသဖြင့် ခမည်းတော်မင်းကြီးက မိမိ၏ သားတော်ကို ရယ်အောင် ပြုလုပ်နိုင်သောသူအား အဆင်တန်ဆာအားလုံးဖြင့် တန်ဆာဆင်ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့ပုံ၊ တိုင်းသူပြည်သားတို့သည် ခုနစ်နှစ်တိုင်တိုင် အမျိုးမျိုးသော ကခုန်မှုတို့ဖြင့် ဖျော်ဖြေသော်လည်း မင်းသားကို ပြုံးရယ်အောင် မစွမ်းဆောင်နိုင်ကြပုံ၊ သိကြားမင်းက နတ်ကချေသည်ကို စေလွှတ်၍ ကခိုင်းသောအခါကျမှ ပြုံးရယ်ခဲ့ပုံ၊ ကုသလံဟူသော စကားကို အစပြု၍ ကောသလတိုင်းမည်တွင်လာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၂၁၃)
ကောသလရာဇအယျိကာဝတ္ထု
ဤဝတ္ထု၌ ကောသလမင်းကြီး၏အဖွား ကွယ်လွန်သောအခါ ကျန်ရစ်သော အကပ္ပိယဘဏ္ဍာများဖြစ်သည့် ပလ္လင်၊ ဘုံလျှို၊ အခင်းမျိုးစုံတို့ကို သံဃာအား လှူဒါန်းပုံ၊ သံဃာတော်တို့နှင့် အပ်စပ်အောင် ခြေဖြတ်ခြင်း၊ သားရဲရုပ်ဖြတ်ခြင်း စသည် ပြုပြင်၍ သုံးဆောင်နိုင်ကြောင်း ဘုရားရှင်က ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၂၀)
ကောသလဝိဟာရိတ္ထေရဝတ္ထု
ဤဝတ္ထု၌ ကောသလဝိဟာရီမထေရ်သည် မိမိ၏ ကမ္မဋ္ဌာန်းကျောင်းငယ်လေး၌ စိတ်ချမ်းသာစွာ နေထိုင်သီတင်းသုံးရမှု အာဝါသသပ္ပါယကို အကြောင်းပြု၍ ဝိပဿနာတရားများ ရှုမှတ်ပွားများသည်ရှိသော် ဉာဏ်စဉ်အဆင့်ဆင့်တက်ကာ ရဟန္တာဖြစ်သွားခဲ့ပုံ၊ ဂန္ထဓုရကို အားထုတ်ရာ၌ ဖြစ်စေ၊ ဝိပဿနာကို အားထုတ်ရာ၌ ဖြစ်စေ၊ ပုဂ္ဂလ, အာဝါသ, ဘောဇန, ဥတုဟူသော ဤသပ္ပါယလေးမျိုးတို့ မရှိမဖြစ် လိုအပ်ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ထေရ၊ဋ္ဌ၊၁၊၁၆၈)
ကောသိယဇာတက
ဤဇာတ်တော်၌ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး မင်းပြုစဉ် ဘုရားလောင်းသည် ပညာရှိအမတ် ဖြစ်ခဲ့ပုံ၊ တစ်နေ့တွင် မင်းကြီးသည် အချိန်အခါမသင့်ဘဲ စစ်တိုက်ထွက်လာခဲ့ပုံ၊ ခင်ပုပ်ငှက်တစ်ကောင်သည် ဝါးချုံထဲ ဝင်ပုန်းနေပြီး အချိန်မတော် ထွက်လာသောကြောင့် ကျီးကန်းတို့၏ တိုက်ခိုက်မှုကို ခံရကာ အသက်ဆုံးရှုံးရသည့်အဖြစ်ကို တွေ့မြင်ရပုံကို သက်သေပြ၍ အချိန်မတော်စစ်မတိုက်သင့်ကြောင်း ဘုရားလောင်းက လျှောက်ထားခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၉၀)
ကောသိယဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည်တွင် ဗြာဟ္မဏမဟာသာလမျိုး၌ ဖြစ်ပြီး ဒိသာပါမောက္ခဆရာကြီး ဖြစ်ခဲ့ပုံ၊ ဇနပုဒ်သား ပုဏ္ဏားလုလင်တစ်ယောက်သည် ဆရာကြီးထံ၌ ပညာရပ်များကို သင်ယူကာ ဗာရာဏသီပြည်တွင် စည်းစိမ်ဥစ္စာများကို ဖြစ်စေလျက် ဒိသာပါမောက္ခဆရာကြီးထံ တစ်နေ့ နှစ်ကြိမ် သုံးကြိမ် ဆည်းကပ်လေ့ရှိပုံ၊ တပည့်ပုဏ္ဏား၏ ဇနီးမယားသည် ယောကျ်ားတစ်ယောက်နှင့် ဖောက်ပြန်နေသဖြင့် နေမကောင်းဟု ဆိုကာ အိပ်နေလေ့ရှိပုံ၊ ထိုအကြောင်းအရာကို ဆရာကြီး သိရှိသွားပြီး ရောဂါနှင့် သင့်လျော်သော ဆေးများ ဖေါ်စပ်ပြီး တိုက်ခိုင်းပုံ၊ ထိုဆေးကို မသောက်လျှင် ပုဏ္ဏေးမအား ရိုက်နှက်ထောင်းထုရန် စေခိုင်းပုံ၊ ပုဏ္ဏေးမက ဆရာကြီးသည် မိမိ၏ အကျင့်ဆိုးများကို သိရှိသွားကြောင်း ရိပ်မိကာ ထိုမကောင်းမှုမှ ရှောင်ကြဉ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၈၈)
ကောသိယဇာတက
ဤဇာတ်တော်သည် သုဓာဘောဇနဇာတက၌ ပါဝင်သည်။ (သီ၊ဋီ၊သစ်၊၃၁၀)
ကောသိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်ထံ ကြံပိုင်းကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌ ဖြစ်ခဲ့ရပြီး ဤဘုရားရှင်လက်ထက်တော်၌ မဂဓတိုင်း၌ ကောသိယပုဏ္ဏား ဖြစ်ခဲ့ပုံ၊ သူသည် အရှင်သာရိပုတ္တရာထံတွင် တရားနာရ၍ ရဟန်းပြုပြီး ဝိပဿနာပွားကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၇၃)
ခဇ္ဇကဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော(၉၂)ကမ္ဘာမြောက်၌ တိဿဘုရားရှင်အား သစ်သီး ခဲဖွယ်အလုံးစုံကို ပေးလှူခဲ့သော ကောင်းမှုကံကြောင့် အလိုရှိတိုင်းသော ကာမဂုဏ်ကို ရ၍ ဝမ်းမြောက်ခဲ့ရပုံ၊ အလိုရှိတိုင်း ပြည့်စုံပုံ၊ ထိုဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ခြင်း မရှိဘဲ တစ်ဆယ့်သုံးကမ္ဘာအထက်၌ ဣန္ဒသမစကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (အပ၊၁၊၂၀၂) (အပ၊ဋ္ဌ၊၂၊၁၇၀)
ခဇ္ဇောပနကဇာတက
ဤဇာတ်တော်သည် မဟာဥမင်္ဂဇာတ်၌ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၈၃)
ခဏ္ဍဖုလ္လိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်အလောင်းသည် လွန်ခဲ့သော (၉၂)ကမ္ဘာမြောက်၌ ဆင်တို့ဖျက်ဆီးထားသည့် မဟာဝုန်တောရှိ ဖုဿဘုရားရှင်၏ ပုထိုးတော်ကို အင်္ဂတေတို့ဖြင့် ပြုပြင်လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး မလားရောက်ခဲ့ရဘဲ ခုနစ်ဆယ့်ခုနစ်ကမ္ဘာအထက်၌ ဇိတသေန စကြဝတေးမင်း တစ်ဆယ့်ခြောက်ကြိမ်ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၂၁) (အပ၊ဋ္ဌ၊၂၊၁၈၆)
ခဏ္ဍသုမနတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူသဖြင့် သရီရဓာတ်တော်တို့ကို စေတီတည်ထား ကိုးကွယ်သောအခါ၌ စေတီပတ်ပတ်လည်တွင် စန္ဒကူးပင်များကို တံတိုင်းအဖြစ် ကာရံ စိုက်ပျိုးလှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည် နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ပါဝါမြို့ဝယ် မလ္လာမင်းမျိုးတွင် ဖြစ်ပုံ၊ သာသနဘောင်သို့ ဝင်ရောက်ကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၅၀)
ခဒိရင်္ဂါရဇာတက
ဤဇာတ်တော်၌ ဘုရားရှင် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေထိုင်တော်မူစဉ် စည်းစိမ်ဥစ္စာများ ကုန်ခန်းသွားသော်လည်း အလှူဒါနပြုရာ၌ နောက်မဆုတ်သော အနာထပိဏ်သူဌေးကို အကြောင်းပြု၍ ဟောတော်မူပုံ၊ ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည်၌ သူဌေးတစ်ယောက်ဖြစ်စဉ် အလှူဇရပ် ခြောက်ခု ဆောက်လုပ်၍ နေ့စဉ်နေ့တိုင်း အလှူပေးလေ့ ရှိပုံ၊ တစ်နေ့သောအခါ ပစ္စေကဗုဒ္ဓါတစ်ပါးသည် နိရောဓသမာပတ်မှ ထကာ ဗာရာဏသီသူဌေးအိမ်သို့ ဆွမ်းခံကြွစဉ် မာရ်နတ်က သူဌေးနှင့် ပစ္စေကဗုဒ္ဓါအကြား၌ အတောင်ရှစ်ဆယ်မျှရှိသော မီးကျီးခဲတွင်းကို ဖန်ဆင်းထားပုံ၊ သူဌေးက မာရ်နတ် နှောင့်ယှက်ထားကြောင်း သိရှိသွားပြီး မီးကျီးတွင်းဆင်းကာ ပစ္စေကဗုဒ္ဓါအား ဆွမ်းလောင်းလှူသောအခါ မီးကျီးခဲတွင်းမှ ပဒုမ္မာကြာပန်းများ ပေါ်ထွက်လျက် သူဌေး၏ ခြေဖဝါးအောက် တည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၄၃)
ခဒိရဝနိယရေဝတတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမတ္တရဘုရားရှင်လက်ထက် အာရညကဧတဒဂ်ရသော ရဟန်းတော်တစ်ပါးကို အားကျ၍ ပဒုမုတ္တရဘုရားရှင်နှင့် သံဃာတော်တို့အား ဂင်္ဂါမြစ်၏ တစ်ဖက်ကမ်းသို့ တင်ပို့ပြီး အလှူကြီးပြုလုပ်ကာ ဆုတောင်းခဲ့ပုံ၊ ထိုကုသိုလ်ကြောင့် သုဂတိဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ရူပသာရီပုဏ္ဏေးမကြီး၏သား အရှင်သာရိပုတ္တရာ၏ ညီအငယ်ဆုံး ဖြစ်၍ သာသနာ့ဘောင်သို့ ဝင်ရောက်လာကာ ရှားတော၌ သီတင်းသုံးပြီး တရားအားထုတ်သောကြောင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်း အရာများပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၁၇၅) (ထေရ၊ဋ္ဌ၊၁၊၁၃၅) (အပ၊ဋ္ဌ၊၁၊၃၄၂)
ခဒိရဝနိယရေဝတတ္ထေရဝတ္ထု
ဤဝတ္ထု၌ ခဒိရဝနိယရေဝတမထေရ်သည် ရှားတောထဲ၌ တစ်ပါးတည်းနေကာ ဝိပဿနာရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ၊ တစ်နေ့သ၌ မထေရ်သည် မြတ်စွာဘုရားရှင်ထံ အဖူးအမြော်ကြွရောက်စဉ်၊ မင်းချင်းများက သူခိုးဟု စွပ်စွဲ ဖမ်းဆီး၍ မင်းကြီးထံပို့ခဲ့ကြပုံ၊ မထေရ်က မင်းနှင့်တကွသော ပရိသတ်တို့အား တရားဟောပြဆုံးမတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၂၃၉)
ခဒိရဝနိယရေဝတတ္ထေရဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားသည် ခဒိရဝနိယရေဝတမထေရ်၏ ကျောင်းမှ ပြန်ကြွတော်မူစဉ် သာဝတ္ထိပြည်သို့ ရောက်တော်မူသောအခါ မြတ်စွာဘုရားနှင့် အတူပါလာသော ရဟန်းအိုကြီးကို ဝိသာခါဥပါသိကာမကြီးက အရှင်ရေဝတ၏ နေရာအရပ်သည် ပျော်မွေ့ဖွယ်ရာ ကောင်းပါသလောဟု မေးခဲ့ပုံ၊ ထိုရဟန်းအိုကြီးက ပျော်မွေ့ဖွယ်ရာ မကောင်းကြောင်း ကဲ့ရဲ့ ပြစ်တင်စကား ပြောကြားပုံ၊ သံဃာ့အစည်းအဝေးသဘင်၌လည်း ထပ်မံ၍ ရှုတ်ချပြောဆိုနေသည်ကို မြတ်စွာဘုရားသိရှိတော်မူ၍ တန်ခိုးတော်ဖြင့် ကြွလာပြီးလျှင် ရေဝတသည် ပစ္စည်းပေါများခြင်းကို အလိုမရှိ၊ ရဟန္တာဖြစ်ကြောင်း တောကြိုတောင်ကြား ချောက်ကမ်းပါး ဖြစ်သော်လည်း ရဟန္တာပုဂ္ဂိုလ်တို့ နေရာအရပ်သည် နှစ်သက်စရာကောင်းသည်သာဟု မိန့်တော်မူပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၂၅၀)
ခဒိရဝနိယရေဝတတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်သာရိပုတ္တရာ၏ ညီအငယ်ဆုံးဖြစ်သူ ရေဝတသည် အမျိုးသမီးတစ်ဦးနှင့် စေ့စပ်ပြီးခါမှ ဆံဖြူသွားကြိုး အရေတွန့်နေသော အဖွားအိုကို တွေ့မြင်ရသဖြင့် သံဝေဂရကာ တောရဆောက်တည်နေသည့် ရဟန်းတော် အပါးသုံးဆယ်ထံသို့ ထွက်ပြေးခဲ့ပုံ၊ ရဟန်းတော်တို့အထံ၌ ကမ္မဋ္ဌာန်းတရားများ သင်ယူပြီးနောက် ရှားတောသို့ သွားကာ တရားအားထုတ်စဉ် ဝါတွင်း၌ပင် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်ခဲ့ပုံ၊ ဘုရားရှင်နှင့် အရှင်သာရိပုတ္တရာမထေရ်တို့သည် ရဟန်းတော်အပါးငါးရာနှင့်အတူ ခဒိရဝနိယရေဝတထေရ်ထံ ကြွရောက်ကြ၍ တောလမ်းခရီးအကြား၌ အရှင်သီဝလိမထေရ်၏ ဘုန်းတန်ခိုးလာဘ်လာဘကို အမှီပြု၍ ဘုဉ်းပေးသုံးဆောင်ကြရပုံ၊ ခဒိရဝနိယရေဝတထေရ်သည် ရဟန်းတော်အပါး ငါးရာတို့အတွက် ကျောင်းအိပ်ရာနေရာစသည်တို့ကို ဖန်ဆင်းထားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၉၆)
ခန္တိဝဏ္ဏဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းဖြစ်သောအခါ အမတ်တစ်ယောက်သည် နန်းတွင်းသူတို့နှင့် လွန်ကျူးဖောက်ပြားနေပုံ ထိုအမတ်၏ အိမ်၌လည်း လူယုံတစ်ဦးသည် အမတ်၏ အိမ်သူတို့နှင့် ဖောက်ပြားနေပုံ၊ ထို့အကြောင်းကို အမတ်က ဘုရင်မင်းထံ လျှောက်ထားရာ ဘုရင်မင်းမြတ်၏ သည်းခံရန် ဥပါယ်တံမျဉ်ဖြင့် ဆုံးမမှုကြောင့် ဖောက်ပြားသူနှစ်ဦးတို့ ပြုပြင်သွားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၈၉)
ခန္တိဝတ္ထု
ဤဝတ္ထု၌ ဘုရားအလောင်းသည် ခန္တီဝါဒီရသေ့ဘဝတွင် သည်းခံခဲ့ပုံ၊ စူဠဓမ္မပါလဘဝ၌ ဖခင်၏ ရက်စက်ကြမ်းကြုတ်မှုအပေါ် သည်းခံခဲ့ပုံ၊ ဆင်ဘဝ၌လည်း မုဆိုး၏ မြားချက်ကို သည်းခံ၍ အသက်စွန့်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၂၉၅)
ခန္တီဝါဒီဲဇာတက
ဤဇာတ်တော်၌ ဗာရာဏသီပြည်တွင် ကလာဗုမင်း အုပ်ချုပ်စဉ် ဘုရားအလောင်းသည် ကုဋေရှစ်ဆယ်ကြွယ်ဝသော ပုဏ္ဏားမျိုး၌ ဖြစ်ပြီး မိဘများ ကွယ်လွန်သောအခါ စည်းစိမ်ဥစ္စာတို့ကို စွန့်လွှတ်လှူဒါန်း၍ ဟိမဝန္တာတော၌ ခန္တီဝါဒီအမည်ဖြင့် ရသေ့ရဟန်းပြုခဲ့ပုံ၊ ခန္တီဝါဒီသည် ချဉ်ဆားမှီဝဲရန် ဗာရာဏသီမြို့သို့ သွားသောအခါ စစ်သူကြီးက ကြည်ညိုသွားသဖြင့် ရသေ့ကို ဆွမ်းလုပ်ကျွေး၍ မင်းဥယျာဉ်အတွင်း၌ ကိုးကွယ်ထားခဲ့ပုံ၊ တစ်နေ့သောအခါ ကလာဗုမင်းသည် မောင်းမအခြွေအရံများနှင့်အတူ ဥယျာဉ်ကစားထွက်ခဲ့ပုံ၊ မင်းကြီး အိပ်ပျော်နေစဉ် အခြွေအရံများက ခန္တီဝါဒီရသေ့ထံ သွား၍ တရားနာယူနေကြပုံ၊ မင်းကြီး နိုးလာသောအခါ မောင်းမ အခြွေအရံများကို မတွေ့သဖြင့် ဒေါသထွက်ပြီး လိုက်ရှာသည့်အခါ ရသေ့ထံ၌ တရားနာနေသည်ကို တွေ့မြင်ရပုံ၊ ကလာဗုမင်းကြီးက ဘုရားအလောင်း ရသေ့အား ‘‘သင်သည် အဘယ်ဝါဒရှိသနည်း’’ဟု မေးသောအခါ ခန္တီဝါဒရှိကြောင်း ပြောကြားပုံ၊ ကလာဗုမင်းသည် သူသတ်ယောကျ်ားကို ခေါ်၍ ခန္တီဝါဒရှိ မရှိ စမ်းသပ်မည်ဟု ဆိုကာ ဘုရားလောင်းရသေ့၏ လက်, ခြေ, အသား, အရေ, နားရွက်, နှာခေါင်းတို့ကို ဖြတ်စေလျက် ခြေဖြင့် ကန်ပြီး ထွက်ခွာသွားခဲ့ပုံ၊ ကလာဗုမင်း ဥယျာဉ်တံခါးသို့ ရောက်သောအခါ မြေမျိုခံခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၇)
ခန္ဓဇာတက
ဤဇာတ်တော်၌ ရဟန်းတော်တစ်ပါးအား မြွေအကိုက်ခံရသဖြင့် ပျံလွန်တော်မူသွားခဲ့ပုံ၊ ဘုရားရှင်က မြွေအကိုက်မခံရရန် မြွေမင်းလေးမျိုးတို့အား မေတ္တာပွားရန် မိန့်ကြားတော်မူပုံ၊ ဘုရားလောင်း ပုဏ္ဏားမျိုး၌ ဖြစ်စဉ် ရသေ့ရဟန်းဝတ်ကာ ဟိမဝန္တာတော၌ နေပြီး မြွေမင်း လေးမျိုးတို့အား မေတ္တာပွားခဲ့ပုံ စသော အကြောင်း အရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၃၂)
ခရပုတ္တဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းသည် သိကြားမင်းဖြစ်စဉ် သေနကမင်းကြီးသည် နဂါးတစ်ကောင်၏ အသက်ကို ကယ်ဆယ်ခဲ့သဖြင့် ထိုနဂါးက သဗ္ဗရုတဇာနနမန္တန်ခေါ် သတ္တဝါမျိုးစုံတို့၏ အသံကို ကြားသိနိုင်သော အဖိုးတန်မန္တန်ကို မင်းကြီးအားပေးပြီး အခြားသူတို့ကို ပေးပါက မီးပုံထဲဲ ဝင်၍ သေရမည်ဟု မှာကြားခဲ့ပုံ၊ မင်းကြီးသည် ခြတို့၏ အသံ၊ ပရွက်ဆိတ်တို့၏ အသံ၊ ယင်တို့၏ အသံကို ကြား၍ ရယ်သည်ရှိသော် မိဖုရားက သိ၍ ထိုမန္တန်ကို တောင်းသဖြင့် အသက်စွန့်၍ ပေးရန် စီစဉ်ခဲ့ပုံ၊ ထိုအခါ ဘုရားအလောင်းသိကြားမင်းက ကယ်တင်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၅၉)
ခရလောမဝတ္ထု
ဤဝတ္ထု၌ ကဿပဘုရားရှင်လက်ထက်တော်၌ ဥပါသကာတစ်ဦးသည် သံဃိကအခင်းပေါ်တွင် မလေးမစား ညစ်ပေစွာ ထိုင်ခဲ့သောကြောင့် မိကျောင်းကျောပြင်ကဲ့သို့ ကြမ်းတမ်းသော အမွေးရှိသည့် ခရလောမ ဘီလူး ဖြစ်ခဲ့ရပုံ၊ ဂယာရွာတံခါးဝ အမှိုက်ပုံ၌ နေရစဉ် ဘုရားရှင် ကြွရောက်၍ တရားဟောတော်မူသဖြင့် သောတာပန်တည်ခဲ့ပုံ စသော အကြောင်း အရာများပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၂၇၇)
ခရသူစိလောမယက္ခဝတ္ထု
ဤဝတ္ထု၌ ယောကျ်ားတစ်ယောက်သည် အတိတ်ဘဝတစ်ခု၌ သံဃာတော်များအတွက် လှူဒါန်းထားသော ဆီများကို သံဃာတော်တို့အား မပန်ကြားဘဲ မိမိခန္ဓာကိုယ်ကို လိမ်းကျံခဲ့ပုံ၊ ထိုအကုသိုလ်ကံကြောင့် အပါယ်ငရဲ၌ ကျရောက်ခဲ့ပုံ၊ ငရဲမှ လွတ်သောအခါ ထိုအကုသိုလ်ကံ၏ အကျိုးဆက်အဖြစ်ဖြင့် ခရဘီလူးဘဝ ရောက်ရှိခဲ့ပုံ၊ အခြားယောကျ်ားတစ်ယောက်သည်လည်း ကဿပဘုရားရှင့်လက်ထက်တော်၌ ညစ်နွမ်းပေတေနေသော ခန္ဓာကိုယ်ဖြင့် ဥပုသ်သိမ်အတွင်းသို့ ဝင်၍အိပ်ခဲ့ပုံ၊ ထိုအကုသိုလ်ကံကြောင့် ငရဲ၌ ကျပြီးနောက် ငရဲမှ လွတ်မြောက်လာသောအခါ အပ်နှင့်တူသော အမွေးများပေါက်သည့် သူစိလောမဘီလူးဘဝ ရောက်ခဲ့ပုံ၊ ဘုရားရှင်နှင့် တွေ့သောအခါ ဘုရားရှင်က သစ္စာလေးပါးတရားကို ဟောကြားသဖြင့် ဘီလူးနှစ်ယောက်လုံး သောတာပန်တည်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၂၊၃၈)
ခရဿရဇာတက
ဤဇာတ်တော်၌ ဗာရာဏသီမင်း၏ အမတ်တစ်ယောက်သည် အစွန်အဖျားဖြစ်သော ရွာကို အပိုင်စားရသောအခါ ခိုးသူများနှင့် တိုင်ပင်ပြီး ရွာမှ ရှောင်ပေးပုံ၊ ခိုးသူများက လုယက်ပြီး ရွာမှ ထွက်ခွာသွားသောအခါ၌ ရွာထဲသို့ ပြန်ဝင်လာပုံ၊ ခိုးသူများ လုယက်ယူသွားသော ပစ္စည်းဥစ္စာများကို အမတ်ကြီးက တစ်ဝက်ခွဲယူပုံ၊ နောင်သောအခါ အမတ်ယုတ်၏အကျင့် ပေါ်သွားသဖြင့် မင်းကြီးက အပြစ်ဒဏ်ပေးကာ အခြားပုဂ္ဂိုလ်တစ်ယောက်ကို ရွာစားခန့်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၇၅)
ခရာဒိယဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းသည် သမင်မျိုး၌ ဖြစ်ကာ သမင်အပေါင်းခြံရံလျက် တော၌ နေစဉ် ညီမဖြစ်သူ သမင်မက သူ၏ သားငယ်ကို မိဂမာယာသင်ကြားပေးရန် လာရောက်အပ်နှံပုံ၊ သမင်ကြီးက တူတော်မောင် သမင်လေးကို ‘‘ဤမည်သော အချိန်၌ လာရောက်သင်ယူပါ’’ ဟု ပြောကြားသော်လည်း တူတော်မောင် သမင်လေးသည် လာရောက်မသင်ယူဘဲ လှည့်လည်သွားလာ၍ နေပုံ၊ ခုနစ်ရက် ကျော်လွန်သောအခါ အပြောခက်သော သမင်ငယ်သည် ကျော့ကွင်း၌ ဖမ်းမိကာ သေဆုံးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၇၅)
ခလ္လာတိယပေတိဝတ္ထု
ဤဝတ္ထု၌ ဆံပင်အလွန်လှပသော ပြည့်တန်ဆာမ တစ်ဦးအား မနာလိုသော အမျိုးသမီးတို့သည် အိမ်ဖော်ကျွန်မကို လာဘ်ထိုးပြီး ဆံပင်ကျွတ်ဆေးဖြင့် ခေါင်းလျှော်ပေးစေသဖြင့် ဆံပင်အားလုံး ကျွတ်ကျပုံ၊ ထိုအမျိုးသမီးသည် ရှက်လှသဖြင့် မြို့ပြင်တွင် နေ၍ ဆီနှင့်အရက် ရောင်း၍ အသက်မွေးရပုံ၊ ရှေးဘဝတစ်ခုတွင် အရက်မူးသမားတို့၏ ပုဆိုးများကို ချွတ်၍ ခိုးယူခဲ့သော အကုသိုလ်ကံနှင့် ရဟန္တာမထေရ်တစ်ပါးကို ဆွမ်းလှူခဲ့သော ကုသိုလ်ကံတို့ကြောင့် သမုဒ္ဒရာအလယ် ရွှေဗိမာန်ဝယ် အဝတ်မပါ ကိုယ်လုံးတီး နတ်သမီးဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၃၃) (ပေတ၊ဋ္ဌ၊၄၃)
ခါဏုကောဏ္ဍညတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဈာန်ဝင်စားနေသော ခါဏုကောဏ္ဍညမထေရ်၏ ဦးထိပ်ပေါ်သို့ ခိုးသားငါးရာတို့သည် ခိုးရာပါ ပစ္စည်းထုပ်များကို စုပုံထားကြပုံ၊ မထေရ် ဈာန်မှ ထသောအခါ ခိုးသားငါးရာတို့က မထေရ်မှန်း သိ၍ အံ့ဩကြည်ညိုပြီး ရဟန်းပြုခဲ့ကြပုံ၊ မြတ်စွာဘုရား၏ တရားတော်များကို နာကြားရသောအခါ ရဟန္တာဖြစ်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ပဋိသံ၊ဋ္ဌ၊၂၊၂၈၆) (ဓမ္မ၊ဋ္ဌ၊၁၊၄၃၃) (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၉)
ခိတကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဘီလူးစစ်သူကြီး ဖြစ်၍ ပဒုမုတ္တရဘုရားရှင်အား ရှိခိုးဦးချ တရားနာပြီး အရိုအသေပြုခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိပြည် ပုဏ္ဏားမျိုး၌ ဖြစ်၍ သာသနာတော်သို့ ဝင်ရောက်ကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၆၅)
ခိပိတဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ပရိသတ်များစွာအား တရားဟောတော်မူနေစဉ် ချေဆတ်တော်မူရာ ရဟန်းတို့က ဇီဝတု (အသက်ရှည်ပါစေ)ဟု ဆိုကြပုံ၊ ထိုအသံကြောင့် တရားဟောပွဲ အနှောင့်အယှက် ဖြစ်ပုံ၊ ဇီဝတုဟု ဆိုရုံနှင့် အသက်ရှည်စရာအကြောင်း မရှိသဖြင့် ဇီဝတုဟု မဆိုရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၈၁)
ခီဏာသဝတ္ထေရဝတ္ထု
ဤဝတ္ထု၌ စန္ဒမုခတိဿမင်းလက်ထက်၌ မဟာဝိဟာရကျောင်းနေ သံဃာ့မထေရ်ကြီးသည် မျက်စိမှုန်သဖြင့် ကျောင်းထဲ၌သာ နေပုံ၊ မင်းကြီးသည် ထိုမထေရ်ကို ရဟန္တာဖြစ် မဖြစ် သိလိုသဖြင့် အခြားရဟန်းများ ဆွမ်းခံကြွခိုက် မထေရ်ထံသို့ လာ၍ မြွေယောင်ဆောင်ကာ ခြေတို့ကို ကိုင်ဆွဲပုံ၊ မထေရ်သည် မကြောက်ရွံ့ မတုန်လှုပ်ဘဲ ကျောက်တိုင်ကဲ့သို့ တည်နေခဲ့ပုံ၊ သို့ဖြစ်၍ မထရ်ကို ရဟန္တာဟု သိရှိနိုင်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သာရတ္ထ၊ဋီ၊၂၊၂၈၅)
ခီဏာသဝထေရီဝတ္ထု
ဤဝတ္ထု၌ ဂုတ္တသာလ မည်သော ရွာကို ခိုးသူတို့ လုယက်ကြစဉ် ရဟန္တာထေရီမ တစ်ပါးသည် ထိုရွာမှ ထွက်ခဲ့ပုံ၊ မဟာနာဂမထေရ်သည် ထိုဘိက္ခုနီမကို ဆွမ်းလှူခဲ့သဖြင့် ဆွမ်းအာဟာရ ထာဝရ ပြည့်စုံခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၄၂၇)
ခုဇ္ဇသောဘိတတ္ထေရဝတ္ထု
ဤဝတ္ထု၌ ခုဇ္ဇသောဘိတမထေရ်အလောင်းသည် ပဒုမုတ္တရဘုရားရှင်အား ဂါထာတို့ဖြင့် ချီးကျူးပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ဂေါတမဘုရားရှင်လက်ထက်တော်၌ အရှင်အာနန္ဒာမထေရ်ထံတွင် ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်၍ အဘိညာဉ်ခြောက်ပါးရခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၄၉)
ခုဇ္ဇုတ္တရာဝတ္ထု
ဤဝတ္ထု၌ ခုဇ္ဇုတ္တရာ ဥပါသိကာလောင်း အမျိုးကောင်းသမီးသည် ပဒုမုတ္တရဘုရားရှင့်လက်ထက်တော်၌ ဗဟုဿုတအရာတွင် ဧတဒဂ်ရရှိသော ဥပါသိကာ အမျိုးသမီးတစ်ဦးကို အားကျ၍ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကာ ထိုဗဟုဿုတဧတဒဂ်ရရန် ဆုတောင်းခဲ့ပုံ၊ ကဿပဘုရားရှင့်လက်ထက်တော်၌ ရဟန္တာထေရီမတစ်ဦးအား အလုပ်ကိစ္စတစ်ခုကို စေခိုင်းခဲ့မိသဖြင့် ကျွန်မဘဝ အကြိမ်ငါးရာ ဖြစ်ခဲ့ရပုံ၊ တစ်ခုသော အတိတ်ဘဝ၌လည်း ခါးကုန်းသော ပစ္စေကဗုဒ္ဓါတစ်ပါးအား ပြောင်လှောင်ပြက်ရယ်ပြုခဲ့ပုံ၊ ထိုအကုသိုလ်ကံတို့၏ အကျိုးဆက်ကြောင့် ဤဘုရားရှင် လက်ထက်တော်၌ ဃောသကသူဌေးအိမ်တွင် ခါးကုန်းပုကွသော ကျွန်မတစ်ဦး ဖြစ်ခဲ့ရပုံ၊ နေစဉ်နေ့တိုင်း သာမာဝတီမိဖုရားက မိမိအား ပန်းဆက်သရန် ခုဇ္ဇုတ္တရာကို အသပြာရှစ်ကျပ် ပေးခဲ့ပုံ၊ ခုဇ္ဇုတ္တရာကျွန်မက လေးကျပ်ဖိုးသာ ဝယ်၍ လေးကျပ်ကို ခိုးယူထားလေ့ရှိပုံ၊ တစ်နေ့သောအခါ ပန်းဝယ်သွားစဉ် ဘုရားရှင်၏ တရားတော်ကို နာကြားရသဖြင့် သောတာပန်တည်သွားပြီး အသပြာလေးကျပ်ကို မခိုးယူတော့ပုံ၊ ထိုအကြောင်းစုံကို သာမာဝတီမိဖုရားအား အမှန်အတိုင်း ပြောပြသဖြင့် ခုဇ္ဇုတ္တရာကို ကျွန်မအဖြစ်မှ ကင်းလွတ်ခွင့် ပေးခဲ့ပုံ၊ ခုဇ္ဇုတ္တရာထံမှ တစ်ဆင့် ဘုရားရှင်၏ တရားတော်ကို နာကြားရသဖြင့် သာမာဝတီနှင့်တကွ အပေါင်းပါများ သောတာပန်တည်ခဲ့ကြပုံ၊ နောက်သောအခါ ခုဇ္ဇုတ္တရာသည် တိပိဋကဓရ ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်၍ ဗဟုဿုတဧတဒဂ်ဘွဲ့ ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဣတိဝုတ်၊ဋ္ဌ၊၂၇)
ခုဇ္ဇုတ္တရာသာမာဝတီဝတ္ထု
ဤဝတ္ထု၌ ခုဇ္ဇုတ္တရာနှင့် သာမာဝတီအလောင်းအလျာတို့သည် ပဒုမုတ္တရဘုရားရှင်လက်ထက်တွင် ဗဟုဿုတအရာနှင့် မေတ္တာဈာန် အရာတို့၌ ဧတဒဂ်ရသော ဥပါသိကာမများကို အားကျ၍ ကုသိုလ်ပြုဆုတောင်းခဲ့ကြပုံ၊ ထိုကုသိုလ်တို့ကြောင့် သုဂတိဘဝတို့၌ ကျင်လည်ခဲ့ကြပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သာမာဝတီက ဥတေနမင်း၏ မင်းမိဖုရားကြီး ဖြစ်ပြီး ခုဇ္ဇုတ္တရာက သာမာဝတီ၏ကျွန်မ ဖြစ်လာပုံ၊ ခုဇ္ဇုတ္တရာသည် ဘုရားရှင်ထံမှ တရားတော်ကို နာကြားရ၍ သောတာပန်ဖြစ်ပုံ၊ ခုဇ္ဇုတ္တရာက ဗဟုဿုတအရာ၌ ဧတဒဂ်၊ သာမာဝတီက မေတ္တာဈာန်အရာ၌ ဧတဒဂ်ရရှိပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၂၁)
ခုဒ္ဒါနုခုဒ္ဒကဝိနိစ္ဆယဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ပရိနိဗ္ဗာန်စံတော်မူခါနီးအချိန်တွင် အရှင်အာနန္ဒာအား ‘‘သံဃာတော်က လိုလားလျှင် ခုဒ္ဒါနုခုဒ္ဒကသိက္ခာပုဒ်တို့ကို ပယ်လိုက ပယ်နိုင်သည်’’ဟု မိန့်တော်မူခဲ့ပုံ၊ အရှင်အာနန္ဒာက သံဂါယနာတင် မထေရ်ကြီးတို့အား လျှောက်ထားရာ မထေရ်ကြီးတို့က ဘုရားရှင် မပညတ်သည်ကို အသစ် မပညတ်ရန်၊ ပညတ်ပြီး သိက္ခာပုဒ်များကို မပယ်ရန်၊ ပညတ်သည့် သိက္ခာပုဒ်များကို ကောင်းစွာ ကျင့်သုံးရန် ဆုံးဖြတ်တော်မူခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၄၈၄)
ခုရပ္ပဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် တောအုပ်ကြီးကို စောင့်ရှောက်ရသော အမျိုး၌ ဖြစ်ခဲ့ပုံ၊ အစောင့်(၅၀၀)တို့၏ အကြီးအကဲ ဖြစ်၍ အခကြေးငွေယူကာ လူတို့ကို တောအုပ်သို့ ဖြတ်ကျော်ရန် ကူညီပေးရပုံ၊ တစ်နေ့တွင် လှည်းကုန်သည်အား ပို့ဆောင်နေစဉ် ခိုးသားငါးရာတို့နှင့် တွေ့၍ ဝီရိယကို မလျှော့ဘဲ သက်စွန့်ဆံဖျား တိုက်ခိုက် အနိုင်ယူပြီး ပို့ဆောင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၀၃)
ခေတ္တူပမပေတဝတ္ထု
ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့၌ ကုဋေများစွာ ကြွယ်ဝသော သူဌေးကြီးသည် မိမိ၏ ချစ်လှစွာသော တစ်ဦးတည်းသော သားကို ပင်ပန်းမည်စိုး၍ ပညာသင်မပေးခဲ့ပုံ၊ မိဘတို့ ကွယ်လွန်သောအခါ သားဖြစ်သူသည် အရက်သမားများနှင့် ပေါင်းသင်းမိပြီး ပစ္စည်းများကို ဖြုန်းသုံးပစ်သောကြောင့် သူတောင်းစားဘဝသို့ ရောက်ခဲ့ရပုံ၊ ခိုးသူတို့နှင့် ဆက်သွယ်မိကာ ဓါးပြတိုက်၍ အဖမ်းခံရပြီး လူသတ်ကုန်းသို့ ထုတ်စဉ် သုလသာအမျိုးသမီးက သနားသဖြင့် ကတွတ်မုန့်များနှင့် ရေကို ပေးပို့ပုံ၊ ထိုမုန့်တို့ကို အရှင်မောဂ္ဂလာန်မထေရ်အား တစ်ဆင့် လှူဒါန်းလိုက်ပုံ၊ ထိုကုသိုလ်ကံကြောင့် ရုက္ခစိုးနတ် ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၂၇) (ပေတ၊ဋ္ဌ၊၃)
ခေတ္တူပမဝတ္ထု
ဤဝတ္ထု၌ အသိဗန္ဓက၏သား ရွာသူကြီးက ‘‘ဘုရားရှင်သည် သတ္တဝါအားလုံးတို့ အကျိုးစီးပွားကို လိုလားသည် ဖြစ်ပါလျက် တန်းတူထား၍ အဘယ့်ကြောင့် တရားမဟောပါသနည်း’’ဟု လျှောက်ထားရာ ဘုရားရှင်က အကောင်း၊ အလတ်၊ အညံ့ လယ်သုံးမျိုးပိုင်သူသည် အကောင်းဆုံး လယ်မြေ၌ အကောင်းဆုံးမျိုးစေ့ကို စိုက်ပျိုးသကဲ့သို့ အကောင်းဆုံး ရဟန်းပရိသတ်၌ အကောင်းဆုံးတရားကို ဟောရပုံ၊ အလယ်အလတ် ဥပါသကာ ပရိသတ်၌ အလယ် အလတ်တရားကို ဟောရပုံ၊ အညံ့စား ပရိသတ်၌ သူတို့နှင့် တန်သော တရားကို ဟောရပုံ ဥပမာပေး၍ မိန့်ဆိုပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၂၊၅၀၀)
ခေမကသေဋ္ဌိပုတ္တဝတ္ထု
ဤဝတ္ထု၌ အနာထပိဏ်သူဌေး၏ တူဖြစ်သူ ခေမကသူဌေးသားသည် အလွန်လှပဖြင့် တွေ့မြင့်သမျှသော အမျိုးသမီးတိုင်းက စိတ်ဝင်စား၍ တိမ်းညွတ်ကြပုံ၊ ခေမကသူဌေးသားသည် မိမိအား တိမ်းညွတ်လာသမျှသော အမျိုးသမီးတိုင်းကို လွန်ကျူးဖေါက်ပြန်ပုံ၊ ထိုအကြောင်းအရာကို အနာထပိဏ်သူဌေးကြီး သိရှိသွားသဖြင့် ခေမကကို ဘုရားရှင့်ထံ ခေါ်သွားပြီး ခေမက၏ အကြောင်းစုံကို လျှောက်ထားပုံ၊ ဘုရားရှင်က သူတစ်တပါးတို့၏ သားမယားကို လွန်ကျူးဖေါက်ပြန်သော သူတို့၏ အပြစ်ကြီးမားပုံကို ဟောကြားသဖြင့် ခေမကသူဌေးသား သောတာပန်တည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၀၀)
ခေမရာဇဝတ္ထု
ဤဝတ္ထုသည် ကကုသန္ဓဗုဒ္ဓဝံသ၌ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၇၀)
ခေမာထေရီဝတ္ထု
ဤဝတ္ထု၌ ဗိမ္ဗိသာရမင်းကြီး၏ မိဖုရားခေါင်ကြီးဖြစ်သော ခေမာမိဖုရားကြီးသည် အဆင်းအလွန်လှသူ ဖြစ်သဖြင့် ရုပ်ရေအဆင်း၏ အပြစ်ကို ဟောပြတော်မူသော မြတ်စွာဘုရားထံ မသွားဘဲ ရှောင်နေခဲ့ပုံ၊ ဝေဠုဝန်ကျောင်းကြီးသည် နန္ဒဝန်ဥယျာဉ်ကြီးတမျှ သာယာလှပတင့်တယ်ကြောင်း စပ်ဆိုထားသော သီချင်းများကိုကြားရသောကြောင့် ဝေဠုဝန်သို့သွားခဲ့ပုံ၊ ဘုရားရှင်က လှပသော မိန်းမပျိုတစ်ဦးကို ဖန်ဆင်း၍ တဖြည်းဖြည်း အို၊ နာ၊ သေ အဆင့်ဆင့် ပြောင်းလဲသွားပုံကို ပြတော်မူရာ တရားထူးရ၍ ဘိက္ခုနီပြုသွားပုံစသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၃၉)
ခေမာထေရီဝတ္ထု
ဤဝတ္ထု၌ ခေမာထေရီလောင်း အမျိုးကောင်းသမီးသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်တွင် သူတစ်ပါးတို့၏ အခိုင်းအစေကျွန်မဘဝဖြင့် အသက်မွေးရစဉ် ပဒုမုတ္တရဘုရားရှင်၏ အဂ္ဂသာဝကဖြစ်သော အရှင်သုဇာတမထေရ်အား ကတွတ်မုန့်သုံးခုကို လှူ၍ ‘‘ပညာအရာ၌ ကြီးကျယ်ထက်မြက်သောပုဂ္ဂိုလ် ဖြစ်ရလိုကြောင်း’’ ဆုတောင်းခဲ့ပုံ၊ ဝိပဿီဘုရားရှင်လက်ထက်၌ သံဝေဂရပြီး သာသနာ့ဘောင် ဝင်ရောက်ကာ အနှစ်တစ်သောင်း ဗြဟ္မစရိယအကျင့် ကျင့်လျက် တရားဟောပုဂ္ဂိုလ် ဖြစ်ခဲ့ပုံ၊ ကကုသန်၊ ကောဏာဂုံ၊ ကဿပဘုရားရှင်တို့ လက်ထက်၌လည်း ကုသိုလ်ကောင်းမှု များစွာ ပြုလုပ်ခဲ့ပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ရွှေရုပ်တမျှလှပပြီး ဗိမ္ဗိသာရမင်းကြီး၏ မိဖုရားဖြစ်လာစဉ် ဘုရားရှင်က ခန္ဓာကိုယ်၏ အပြစ်ဒေါသများကို ဟောပြောလေ့ရှိသဖြင့် ဘုရားရှင်ထံ ချဉ်းကပ်လေ့မရှိပုံ၊ ဗိမ္ဗိသာရမင်းကြီးက ခေမာမိဖုရားကို ဘုရားရှင်ထံ ဖူးမြော်ရန် စေလွှတ်ခဲ့ပုံ၊ ခေမာမိဖုရား ဘုရားရှင့်ထံ ရောက်သောအခါ ဘုရားရှင်က နတ်သမီးလေးလို ချောမောလှပသည့် အမျိုးသမီးတစ်ယောက် ယပ်ခတ်နေပုံ၊ အရွယ်သုံးပါး ပြောင်းလဲသွားပုံတို့ကို ဖန်ဆင်းပြပြီး တရားဟောသဖြင့် ခေမာမိဖုရား ပဋိသမ္ဘိဒါပတ္တ ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၂၁) (အံ၊ဋ္ဌ၊၁၊၂၆၄) (ထေရီ၊ဋ္ဌ၊၁၃၀) (ထေရီ၊ဒီ၊၁၃၈)
ခေမာဒါယိကာထေရီဝတ္ထု
ဤဝတ္ထု၌ ထေရီလောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်၏ ပုထိုးစေတီကို တည်ထားဆောက်လုပ်ကြရာတွင် သုံးစွဲရန်အကျိုးငှာ သူမ၏ ခါးကြိုးတန်ဆာကို ပေးလှူခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ရခြင်း မရှိဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၈၉)
ခေမာဘိက္ခုနီဝတ္ထု
ဤဝတ္ထု၌ သိကြားမင်းသည် ညဉ်ဦးယံ၌ နတ်ပရိသတ်နှင့်အတူ ဘုရားထံ လာရောက်ပြီး သာရဏီယတရားတော်များကို နာယူနေစဉ် ခေမာဘိက္ခုနီသည် ဘုရားဖူးရန် ကောင်းကင်ခရီးဖြင့် လာသောအခါ သိကြားမင်းကို မြင်၍ ပြန်လှည့်သွားခဲ့ပုံ၊ ထိုအကြောင်းကို သိကြားမင်းက မြတ်စွာဘုရားအားမေး၍ မြတ်စွာဘုရားက ပညာဉာဏ်အလွန်ကြီးသော ခေမာအမည်ရှိသော ထေရီမတစ်ပါး ဖြစ်ကြောင်း မိန့်တော်မူပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၁၁)
ခေါမဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်အလောင်းသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာမြောက်၌ ဗန္ဓုမတီမြို့၌ ကုန်သည် ဖြစ်ခဲ့စဉ် ခရီးလမ်းမ၌ ကြွတော်မူသော ဝိပဿီဘုရားရှင်အား ခေါမတိုင်းဖြစ် အဝတ်အထည်ကို လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခဲ့ခြင်း မရှိဘဲ တစ်ဆယ့်ခုနစ်ကမ္ဘာအထက်၌ လေးကျွန်းလုံးကို အစိုးရသော သိန္ဓဝသန္ဓန စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်ဝယ် ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၉၀)
ဂဂ္ဂဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဂဂ္ဂရဟန်းသည် ရူးနေသူ ဖြစ်ရာ ရဟန်းတို့နှင့် မသင့်လျော်သော စကားများ ပြောမိပုံ၊ ရဟန်းတို့က အာပတ်ကို သတိရရန် မိန့်ကြပုံ၊ စိတ်ဖောက်နေချိန် ပြောမိခြင်း ဖြစ်ပါသည်ဟု ပြန်ပြောရာ ဘုရားရှင်က အမူဠှဝိနယပေးရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၁၉၉)
ဂဂ္ဂဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဥပုသ်ပြုရန် စုဝေးကြသောအခါ ဂဂ္ဂမည်သော ရူးသွပ်သည့် ရဟန်းတစ်ပါး မလာရောက်နိုင်ကြောင်း ဘုရားရှင်အား လျှောက်ထားရာ ဘုရားရှင်က ထိုရဟန်းကို ဥမ္မတ္တကသမ္မုတိပေးရန် ခွင့်ပြုတော်မူပုံ၊ ထိုရဟန်း ပါသည် ဖြစ်စေ၊ မပါသည် ဖြစ်စေ ဥပုသ်ကံများ ပြုလုပ်နိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၆၅)
ဂင်္ဂါတီရိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်၌ ရဟန်းသံဃာတို့အား သောက်ရေသုံးရေ လှူဒါန်းခဲ့သော ကုသိုလ်ကြောင့် နတ်ပြည် လူ့ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင် လက်ထက်တော်၌ သာဝတ္ထိပြည်သား သူကြွယ်တစ်ဦး ဖြစ်ပြီး သာသနာတော်သို့ ဝင်ရောက်ကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၁၅)
ဂင်္ဂါမာလဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည် သုစိပရိဝါရ သူဌေးအိမ်၌ ကျွန်အမှုလုပ်သမားဖြစ်စဉ် နေ့ဝက်မျှ ဥပုသ်စောင့်ခဲ့ရသော ကုသိုလ်ကြောင့် ကွယ်လွန်သောအခါ ‘‘ဥဒယ’’ဟူသော အမည်ဖြင့် ဗာရာဏသီမင်းအဖြစ်ကို ရရှိခဲ့ပုံ၊ ထိုအချိန်၌ အရှင်အာနန္ဒာမထေရ်လောင်း ရေသည်ယောကျ်ားသည် ရေသည်မိန်းမနှင့် အတူ ပွဲလမ်းသဘင် ကြည့်ရှုရန် မိမိသိမ်းဆည်းထားသော အသပြာပဲဝက်ကို နေပူကျဲကျဲတွင် သီချင်းဆို၍ ရွှင်လန်းတက်ကြွစွာ သွားယူပုံ၊ ထိုအခြင်းအရာကို ဥဒယမင်းက တွေ့မြင်ရသဖြင့် ရေသည်ယောကျ်ားကို ခေါ်၍ အကြောင်းစုံကို မေးမြန်းခဲ့ပုံ၊ ရေသည်ယောကျ်ားက ဇနီးသည်နှင့်အတူ ပွဲလမ်းသဘင် ပျော်ပွဲဆင်ရမည်ဖြစ်သည့်အတွက် နေပူ, မြေပူဒဏ်ကို မမှုဘဲ မြို့မြောက်ဘက်တံခါးမုခ်၌ သိမ်းထားသည့် အသပြာပဲဝက်ကို သွားယူခြင်းဖြစ်ကြောင်း ပြောကြားပုံ၊ မင်းကြီးက ရေသည်ယောကျ်ားကို ‘‘နေပူလှသဖြင့် သွားမယူပါနှင့်၊ မိမိ ပေးမည်’’ဟု ဆိုသော်လည်း ဥစ္စာလောဘကြောင့် သွားယူမည်ဟုသာ သံတော်ဦးတင်ခဲ့ပုံ၊ မင်းကြီးက အသပြာရာ-ထောင်-သောင်း-သိန်း စသည်ဖြင့် တိုးပေးလျက် နောက်ဆုံး တိုင်းပြည်ကို တစ်ဝက် ခွဲပေးပြီး အိမ်ရှေ့မင်းရာထူးကို ပေးမှ အသပြာပဲဝက်ကို မယူတော့ပုံ၊ တစ်နေ့သောအခါ ဥဒယမင်းနှင့်အတူ ဥယျာဉ်ကစားထွက်စဉ် ဥဒယမင်းကို လုပ်ကြံရန် သုံးကြိမ်တိုင်တိုင် ကြံစည်ပြီးမှ သတိသံဝေဂ ရကာ မင်းကြီးအား ဝန်ချတောင်းပန်ပြီး ရေသည်အိမ်ရှေ့မင်း တောထွက်၍ ရသေ့ရဟန်း ပြုခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၄၂၂)
ဂင်္ဂေယျကဝတ္ထု
ဤဝတ္ထု၌ ဂင်္ဂါမြစ်၏ အထက်ပိုင်း၌ နေသူတို့နှင့် အောက်ပိုင်း၌နေသူတို့သည် လှေဖောင်များဖွဲ့၍ အစားအသောက်များကို တင်ဆောင်ကာ ပန်းနံ့သာလိမ်းကျံ၍ တီးမှုတ်ကခုန်ပျော်ရွှင်စွာ သွားလာနေကြပုံ၊ မနာလိုသော ဂင်္ဂေယျကနဂါးကြီးသည် ထိုသူတို့ကို သတ်ရန် ကြိုးစားသည်ကို ဗကဗြဟ္မာလောင်းရှင်ရသေ့က ဂဠုန်ငှက်အသွင် ဖန်ဆင်း၍ ကယ်တင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၁၉၃)
ဂင်္ဂေယျဇာတက
ဤဇာတ်တော်၌ ဂင်္ဂါငါးနှင့် ယမုန်နာငါးတို့ မည်သူက လှကြောင်း လိပ်ထံ အဆုံးအဖြတ်ခံယူကြရာ လိပ်က မိမိသာလျှင် အလှဆုံး ဖြစ်ကြောင်း ပြောကြားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၃၈)
ဂဏကမောဂ္ဂလာန ဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ဂဏကမောဂ္ဂလာန် ပုဏ္ဏား ရောက်ရှိလာပြီး မိမိတို့ ပုဏ္ဏားများ ဗေဒင်သင်ယူသည့်အခါ အစဉ်အတိုင်း တစ်ခုပြီးမှတစ်ခု သင်ယူရကြောင်း၊ ဂဏန်းသင်္ချာ သင်ယူသည့်အခါ၌လည်း တစ်အလီပြီးမှ နှစ်အလီ စသည်ဖြင့် အစဉ်အတိုင်း သင်ယူရကြောင်း’’ ဘုရားရှင်အား လျှောက်ထား၍ ‘‘သာသနာတော်၌လည်း အစဉ်အတိုင်း ကျင့်ရသည့် အကျင့်သိက္ခာများ ရှိပါသလား’’ဟု မေးမြန်းခဲ့ပုံ၊ ဘုရားရှင်က သာသနာတော်၌ ရှေးဦးစွာ သီလအကျင့်၊ ထို့နောက် သမာဓိအကျင့်၊ ထို့နောက် ဝိပဿနာ ပညာအကျင့်တို့ကို တစ်ခုပြီးမှတစ်ခု အစဉ်အတိုင်း ဖြည့်ကျင့်ရကြောင်း အကျယ် ဟောကြားတော်မူသဖြင့် ဂဏကမောဂ္ဂလာန်ပုဏ္ဏား ဥပါသကာအဖြစ်ခံယူပြီး သရဏဂုံတည်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၃၊၅၂) (မ၊ဌ၊၄၊၄၆)
ဂဏပေတဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့၌ နေသော သူတို့သည် ဂိုဏ်းဖွဲ့၍ တွန့်တိုသောစိတ်ဖြင့် ရတနာသုံးပါးကို မကြည်ညိုဘဲ ကုသိုလ်ကောင်းမှုများကို မျက်နှာလွှဲ၍ နေခဲ့ကြပုံ၊ သေလွန်သောအခါ စုပြုံ၍ ပြိတ္တာဘုံ၌ ဖြစ်ကြပုံ၊ ဆာလောင်မွတ်သိပ်လျက် ယူဇနာများစွာ သွွားလာကာ အစာရှာဖွေသော်လည်း တစ်စုံတစ်ရာမျှ မရရှိကြပုံ စသော အကြောင်း အရာများပါဝင်သည်။ (ပေတ၊၂၁၄) (ပေတ၊ဋ္ဌ၊၂၅၂)
ဂဏိကာဝတ္ထု
ဤဝတ္ထု၌ နက္ခတ်ပွဲသဘင်၌ ရာဇဂြိုဟ်မြို့သား အပျော်ကြူးသူများသည် ပြည့်တန်ဆာမတစ်ဦးကို အပြိုင်ခေါ်ကြရာမှ သတ်ပုတ်ရိုက်နှက်မှု ဖြစ်ပုံ၊ ဘုရားရှင်က ကာမဂုဏ်သည် ငြင်းခုံခိုက်ရန်ဖြစ်ခြင်းနှင့် အကျိုးမဲ့ခြင်း အားလုံးတို့၏ အရင်းခံအကြောင်းရင်း ဖြစ်ကြောင်း ဟောကြားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၃၁၈)
ဂဏ္ဌိကဝတ္ထု
ဤဝတ္ထု၌ အရှင်အာနန္ဒာသည် ပေါ့ပါးသော သင်္ကန်းကြီးကို ရုံ၍ ဆွမ်းခံဝင်ရာ လေပွေမွှေ့သဖြင့် သင်္ကန်းကြီး အထက်သို့ လွင့်တက်သွားသောကြောင့် ဘုရားရှင်က အနားပတ်ကြိုး အနားပတ်သီးကို ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၇၇)
ဂဏ္ဌိဘေဒကစောရဝတ္ထု
ဤဝတ္ထု၌ သူငယ်ချင်းနှစ်ယောက်တို့သည် ပရိသတ်များနှင့်အတူ ဇေတဝန်ကျောင်းတော်သို့ သွားပြီး တရားနာကြစဉ် တစ်ယောက်သောသူသည် သောတာပတ္တိဖိုလ်၌ တည်ပြီး တစ်ယောက်က ပိုက်ဆံငါးပဲ ခိုးယူခဲ့ပုံ၊ သူခိုး သူငယ်ချင်းက သောတာပန်သူငယ်ချင်းအား ‘‘ပညာရှိကြီး သင့်အား ထမင်းဖိုးလေးတောင် မရှိဘူး’’ စသည်ဖြင့် ပြောင်လှောင်ပြက်ရယ်ပြု၍ ပြောဆိုပုံ၊ ထိုအကြောင်းအရာကို သောတာပန် သူငယ်ချင်းက ဘုရားရှင်အား လျှောက်ထားသောအခါ ဘုရားရှင်က ‘‘မိုက်မဲမလိမ္မာသော လူတစ်ယောက်သည် မိမိ မိုက်မှန်း၊ မလိမ္မာမှန်း သိလျှင် ပညာရှိ ဖြစ်ကြောင်း၊ မိမိသည် လူမိုက်ဖြစ်နေပါလျက် ပညာရှိဟု မိမိကိုယ်ကို မှတ်ထင်နေလျှင်ကား လူမိုက်စစ်စစ်သာ ဖြစ်ကြောင်း’’ မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၉၉)
ဂဏ္ဍိပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သောကိုးဆယ့်တစ်ကမ္ဘာမြောက်၌ ဝိပဿီဘုရားရှင် တပည့်များ ခြံရံလျက် ကျောင်းတော်မှ ထွက်သည်ကို မြင်ရသောအခါ ကြည်ညိုသဒ္ဓါ ဖြစ်၍ ညမွေးပန်းတို့ဖြင့် ကြဲဖြန့် ပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ရခြင်း မရှိဘဲ လေးဆယ့်တစ်ကမ္ဘာအထက်၌ စရဏမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၇၈)
ဂတသညကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သောကိုးဆယ့်လေးကမ္ဘာမြောက်၌ ကောင်းကင်ခရီးဖြင့် ကြွသွားတော်မူသော သိဒ္ဓတ္ထဘုရားကို ဖူးမြင်လိုက်ရသဖြင့် ၎င်း၏စိတ်၌ ကြည်ညိုမှု ဖြစ်ပေါ်ခဲ့ပုံ၊ ဘုရားဟူသော အမှတ်သညာကို ရခဲ့သော ထိုဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ရခြင်း မရှိဘဲ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၈၉)
ဂဒြဘပဥှဇာတက
ဤဇာတ်တော်သည် မဟာဥမင်္ဂဇာတ်၌ အားလုံးပါဝင်ပြီး ဖြစ်၏။ (ဇာ၊ဋ္ဌ၊၁၊၄၄၉)
ဂန္ဓတိန္ဒုကဇာတက
ဤဇာတ်တော်၌ ပဉ္စာလမင်းသည် ကပိလတိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်စဉ် မင်းကြီးကိုယ်တိုင်က အဂတိလိုက်စားပြီး တရားမစောင့်သဖြင့် အမတ်ကြီး၊ စစ်သူကြီး စသူတို့ကလည်း အဂတိလိုက်စား၍ တရားမစောင့်ကြပုံ၊ မင်းချင်းယောက်ျားများက အခွန်အတုပ်ကို မတရားကောက်ယူကြသဖြင့် တိုင်းသူပြည်သားများသည် နေ့အခါ၌ တောထဲတွင် နေပြီး ညအခါ၌သာ မိမိအိမ်သို့ ပြန်လာကြရပုံ၊ ညအခါ၌လည်း ခိုးသူများက လုယက်ကြပြန်သဖြင့် တစ်နိုင်ငံလုံး အုတ်အုတ်ကျက်ကျက် ဖြစ်နေပုံ၊ ထိုအချိန်၌ ဘုရားအလောင်းသည် ဂန္ဓတိန္ဒုကရုက္ခစိုးနတ်မင်းဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ပဉ္စာလမင်းထံမှ အသပြာတစ်သိန်းတန် ဗလိနတ်စာကို ရပုံ၊ တစ်နေ့သော ညချမ်းအချိန်၌ ရုက္ခစိုးနတ်မင်းက ပဉ္စာလမင်းကြီး၏ ကျက်သရေတိုက်ခန်းသို့ ဝင်၍ မင်းကျင့်တရားနှင့်အညီ တိုင်းပြည်ကို အုပ်ချုပ်ရန် ဆုံးမဩဝါဒ ပေးသဖြင့် မင်းကြီး သတိသံဝေဂရကာ အဂတိတရားများကို ရှောင်ကြဉ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၁၀၃)
ဂန္ဓတ္ထေနဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် ကောသလတိုင်းအတွင်းရှိ တစ်ခုသော တောအုပ်၌ သီတင်းသုံးနေထိုင်ပုံ၊ တစ်နေ့သောအခါ ရဟန်းသည် ဆွမ်းခံရာမှ ပြန်လာပြီး တောအုပ်အတွင်းရှိ ရေကန်ထဲသို့ ဆင်း၍ ပဒုမ္မာကြာပန်းကို နမ်းရှူပုံ၊ ထိုအခါ တောစောင့်နတ်က ရဟန်းအား ‘အနံ့သူခိုး’ဟု စွပ်စွဲပြောဆိုလျက် သီလ မညစ်နွမ်းစေရန် လျှောက်ထားခဲ့ပုံ၊ ရဟန်းတော်က သတိသံဝေဂရ၍ ထိုအမှုမျိုးကို ရှောင်ကြဉ်ပြီး သီလကို လုံခြုံအောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၂၀၆) (သံ၊ဋ္ဌ၊၁၊၂၇၂)
ဂန္ဓဓူပိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာမြောက်၌ သိဒ္ဓတ္ထဘုရားရှင်အား မုလေးပန်းတို့ဖြင့် ဖုံးလွှမ်းလျက် နံ့သာအခိုးအထုံကို ပေးလှူခဲ့သော ကုသိုလ်ကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးသို့ မလားရောက်ခဲ့ရဘဲ ဤဘုရားရှင်သာသနာတော်ဝယ် ရဟန္တာဖြစ် စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၀၅)
ဂန္ဓပူဇကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဂန္ဓပူဇကမထေရ်အလောင်းလျာသည် ပရိနိဗ္ဗာန်စံဝင်တော်မူသွားသော ပဒုမုတ္တရဘုရားရှင်၏ ဥတုဇရုပ်ကလပ်တော်အား နံ့သာမျိုးစုံ စုပုံလျက် မီးပူဇော်ခဲ့ပုံ၊ ဤကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ဘဝများစွာ သံသရာပတ်လုံး အပါယ်ငရဲမှ ကင်းဝေးခဲ့ရပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၃၇)
ဂန္ဓမာလိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာမြောက်၌ မြတ်လေးပန်းတို့ဖြင့် ဖုံးလွှမ်း၍ သိဒ္ဓတ္ထဘုရားရှင်၏ နံ့သာပုထိုးတော်ကို ပူဇော်ခဲ့ပုံ၊ ရဟန်းအပေါင်းခြံရံလျက် သီတင်းသုံးနေတော်မူသော သိဒ္ဓတ္ထဘုရားရှင်ကို ဖူးမြင်ရ၍ ဘုရားရှင်ထံ ချဉ်းကပ်ကာ ခြေတော်အစုံကို ရှိခိုးခဲ့ပုံ၊ ထိုကောင်းမှုကံတို့ကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခဲ့ခြင်း မရှိဘဲ သုံးဆယ့်ကိုးကမ္ဘာအထက်၌ ဒေဝဂန္ဓစကြဝတေးမင်း တစ်ဆယ့်ခြောက်ကြိမ်တိတိ ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်၍ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၄၉)
ဂန္ဓမုဋ္ဌိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်အလောင်းသည် လွန်ခဲ့သော ကမ္ဘာတစ်သိန်းအထက်၌ ပဒုမုတ္တရဘုရားရှင်၏ အလောင်းတော်ကို မီးသင်္ဂြိုဟ်ရန် ထင်းပုံကို ပြုလုပ်နေကြစဉ် နံ့သာဆုပ်ကို ပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ရခြင်း မရှိခဲ့ဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၃၈)
ဂန္ဓာရဇာတက
ဤဇာတ်တော်၌ ဂန္ဓာရမင်းသည် လ-ငပုတ်ဖမ်းသည်ကို မြင်၍ သံဝေဂရကာ တိုင်းပြည်ကို စွန့်ပြီး ရသေ့ရဟန်းပြုခဲ့ပုံ၊ မိတ်ဆွေဖြစ်သော ဝိဒေဟမင်းသည်လည်း ဂန္ဓာရမင်း၏ အကြောင်းကို ကြားသိရပြီး ဝိဒေဟပြည်ကို စွန့်လွှတ်ကာ ရသေ့ရဟန်း ပြုခဲ့ပုံ၊ ဟိမဝန္တာ၌ ရသေ့နှစ်ပါး ဆုံကြသော်လည်း တစ်ပါးနှင့် တစ်ပါး အကြောင်းစုံ မသိသေးဘဲ လ-ငပုတ်ဖမ်းသောနေ့၌ အကြောင်းစုံ သိကြရပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၄၃)
ဂန္ဓောဒကိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်၏ ထင်းရှူးဗောဓိပင်ပူဇော်ပွဲတွင် ရတနာခြူးပန်းခြူးနွယ်တို့ဖြင့် ဆန်းကြယ်သော အိုးကို ယူ၍ နံ့သာရေကို သွန်းလောင်းခဲ့ပုံ၊ ရေသွန်းလောင်းပွဲ ကျင်းပနေစဉ် မိုးကြီးသည်းထန်စွာ ရွာ၍ မိုးကြိုးများ ထစ်ချုန်းပေါက်ကွဲခဲ့ပုံ၊ ထိုမိုးကြိုးစက်အဟုန်ကြောင့် မထေရ်အလောင်း စုတိစိတ်ကျကာ နတ်ပြည်၌ ဖြစ်၍ ဘုံဆင့်တစ်ရာရှိသော ဗိမာန်နှင့်တကွ တစ်သိန်းသော နတ်သမီးတို့၏ ခယလုပ်ကျွေးခြင်းကို ခံစားခဲ့ရပုံ၊ နှစ်ထောင့်ရှစ်ရာ ကမ္ဘာအထက်၌ သံဝသိတစကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၁၇)
ဂဗ္ဘဝီသူပသမ္ပဒါဝတ္ထု
ဤဝတ္ထု၌ အရှင်ကုမာရကဿပသည် ပဋိသန္ဓေနေသည့်ရက်ပါ ထည့်သွင်းရေတွက်မှ အသက်နှစ်ဆယ်ပြည့်သူ ဖြစ်ပြီး ပဋိသန္ဓေသက်နှင့် အသက် ၂၀-တွင် ရဟန်းခံခဲ့ရသူ ဖြစ်သောကြောင့် အသက် ၂၀-မပြည့်လျှင် ရဟန်းမခံရဟူသော ပညတ်ချက်အရ ရဟန်းဖြစ် မဖြစ် သံသယရှိနေပုံ၊ ဘုရားရှင်အား လျှောက်ထားရာ ဘုရားရှင်က အမိဝမ်းတွင်း၌ ပဋိသန္ဓေယူသောအခါ ပဌမဆုံး ပဋိသန္ဓေစိတ် ဖြစ်ချိန်မှစ၍ ဝိညာဉ်စိတ် ဖြစ်ပေါ်လာပြီး ဘဝတစ်ခု စတင်ပြီဖြစ်၍ ရဟန်းလောင်း၏ အသက်ကို ပဌမပဋိသန္ဓေစိတ်မှ စတင် ရေတွက်ရမည်၊ ထို့ကြောင့်‘ ‘‘အမိဝမ်းတွင်း ပဋိသန္ဓေနေချိန်အပါအဝင် အသက် ၂၀-ပြည့်လျှင် ရဟန်းခံနိုင်သည်’’ဟု မိန့်ကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၂၉)
ဂမိကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ခရီးသွားကြသည့် ရဟန်းတို့သည် သစ်ဘဏ္ဍာ မြေဘဏ္ဍာများကို မသိမ်းဆည်း၊ ကျောင်းများကို အပ်နှံခြင်း မပြုဘဲ ခရီးထွက်သွားကြသဖြင့် ဘုရားရှင်က ဂမိကဝတ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၇၈)
ဂယာကဿပတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဂယာကဿပမထေရ် လောင်းလျာသည် သိခီဘုရားရှင်အား တောတွင်း၌ နှစ်သက်ဖွယ်သော ဆီးသီးများ လောင်းလှူခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် (၃၁)ကမ္ဘာ အပါယ်မလားဘဲ လူချမ်းသာ နတ်ချမ်းသာတို့ကိုသာ ခံစားခဲ့ရပုံ၊ ဤဘုရားရှင့် သာသနာတော်၌ ဂယာဆိပ်ကမ်း၌ တပည့်နှစ်ရာနှင့် အတူနေသဖြင့် ‘ဂယာကဿပမထေရ်’ဟု အမည်တွင်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၇၂) (ထေရ၊ဋ္ဌ၊၂၊၅၄) (အပ၊ဋ္ဌ၊၂၊၂၈၈)
ဂရဟဒိန္နဝတ္ထု
ဤဝတ္ထု၌ ဂရဟဒိန္နနှင့် သိရိဂုတ္တသူဌေးတို့သည် သူငယ်ချင်းများ ဖြစ်ကြပုံ၊ သိရိဂုတ္တသူဌေးသည် တိတ္ထိတို့ကို ပင့်၍ မစင်တွင်းကျအောင် ပြုလုပ်ခဲ့ပုံ၊ ဂရဟဒိန္နကလည်း ဘုရားရှင်နှင့် သံဃာတော်များကို ပင့်၍ မီးပုံတွင်းကျအောင် ဆောင်ရွက်သော်လည်း ဘုရားတန်ခိုးတော်ကြောင့် မီးကျီးတွင်ပေါ်မှ ပဒုမ္မာကြာပွင့်ကြီးများ ပေါက်လာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၇၅)
ဂရဟိတဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် ဟိမဝန္တာတော၌ မျောက်ဖြစ်ခဲ့ပုံ၊ မျောက်မင်းကို မုဆိုးတစ်ယောက်က ဖမ်းမိသွားပြီး ဗြဟ္မဒတ်မင်းထံ ဆက်သပုံ၊ အလောင်းတော်မျောက်မင်းသည် လူတို့၏ အပြုအမူ ကျင့်ဝတ်များကို အတုလိုက်၍ ပြုလုပ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၆၈)
ဂဝမ္ပတိတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိခီမြတ်စွာဘုရားရှင်အား ပန်းတို့ဖြင့် ပူဇော်ခဲ့သည့် ကုသိုလ်ကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ယသထေရ်၏ သူငယ်ချင်းဖြစ်၍ ယသရဟန်းပြုသော သတင်းကို ကြားရသဖြင့် ရဟန်းပြုကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသောအကြောင်း အရာများပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၂၉)
ဂဝေသီ ဥပါသကဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ရဟန်းသံဃာတော်ပေါင်းများစွာ ခြံရံလျက် ကောသလတိုင်းအတွင်း ဒေသစာရီ ခရီးရှည်ကြီး ကြွချီတော်မူခဲ့ပုံ၊ တစ်ခုသောအရပ်သို့ ရောက်လာသောအခါ ကြီးမားသော အင်ကြင်းတောကြီးကို တွေ့မြင်ရ၍ ပြုံးတော်မူပုံ၊ အရှင်အာနန္ဒာထေရ်က ပြုံးတော်မူရခြင်းအကြောင်း မေးမြန်း လျှောက်ထားသဖြင့် ဘုရားရှင်က အင်ကြင်းတောအုပ်အတွင်း ကြွတော်မူလျက် ပြုံးတော်မူခြင်း၏အကြောင်းများကို မိန့်ကြားတော်မူပုံ၊ ကဿပဘုရားရှင်လက်ထက်က ဤအင်ကြင်းတောသည် ကြက်ပျံမကျ စည်ကားသော မြို့ကြီးတစ်မြို့ ဖြစ်ခဲ့ပုံ၊ ကဿပဘုရားရှင်၏တပည့် ဂဝေသီဥပါသကာနှင့် ၎င်း၏နောက်လိုက် ဥပါသကာငါးရာတို့ တစ်ဆင့်ထက် တစ်ဆင့် မြင့်မြတ်သော တရားတို့ကို ကျင့်ကြံအားထုတ်ကာ အရဟတ္တဖိုလ် နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုသွားကြပုံစသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၁၈၉) (အံ၊ဋ္ဌ၊၃၊၆၃)
ဂဟဋ္ဌဝန္ဒနာဝတ္ထု
ဤဝတ္ထု၌ ပုဏ္ဏားမျိုး မင်းမျိုးနှင့် လူအားလုံး၊ စတုမဟာရာဇ်နတ်ပြည်ရှိ နတ်အားလုံး၊ နတ်မင်းကြီးလေးယောက်၊ တာဝတိံသာနတ်ပြည်ရှိနတ်များ ဤသူတို့သည် သိကြားမင်းကို ရှိခိုးကြပုံ၊ ထိုသို့ လူနတ်တို့၏ ရှိခိုးခံ သိကြားမင်းက သီလစသည် စင်ကြယ်သော လူပုဂ္ဂိုလ်ကို ရှိခိုးရပုံ၊ ရှိခိုးသင့်သည့်အကြောင်းကို မာတလိနတ်သားအား ရှင်းပြပုံ စသော အကြောင်းအရာ များပါဝင်သည်။ (သံ၊၁၊၂၃၅) (သံ၊ဋ္ဌ၊၁၊၃၂၂)
ဂဟပတိဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကာသိတိုင်း သူကြွယ်မျိုး၌ ဖြစ်စဉ် အရွယ်ရောက်သောအခါ အမျိုးသမီးတစ်ယောက်နှင့် အိမ်ထောင်ပြုခဲ့ပုံ၊ မိမိ၏ ဇနီးသည် ရွာသူကြီးနှင့် ဖောက်ပြန်နေသည်ကို သိသဖြင့် ဘုရားအလောင်းက ချောင်းမြောင်းနေပုံ၊ တစ်နေ့သောအခါ ဘုရားအလောင်း လယ်တောသို့ သွားသည့်အချိန်ကို မှတ်သား၍ ရွာသူကြီးသည် ဘုရားအလောင်း၏ ဇနီးထံ လာခဲ့ပုံ၊ ဘုရားအလောင်းက လယ်တောသို့ မသွားဘဲ ရွာတံခါးမှ ပြန်လှည့်လာသောအခါ အိမ်၌ ရွာသူကြီးနှင့် မိမိ၏ ဇနီးသည်တို့ကို တွေ့မြင်ရပုံ၊ ဇနီးသည်က လှည့်ပတ်ပြောဆိုသော်လည်း ဘုရားအလောင်းက မယုံကြည်ဘဲ ရွာသူကြီးအား ရိုက်နှက် ထောင်းထု လွှတ်လိုက်ပုံ၊ ဇနီးသည်အားလည်း ဆံပင်ဆွဲ၍ ရိုက်နှက်ထောင်းထုကာ နောင် ဤကဲ့သို့ မပြုလုပ်ရန် ပြောဆိုဆုံးမခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၂၃)
ဂဟွရတီရိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဂဟွရတီရိယထေရ်အလောင်း သူတော်ကောင်းသည် သိခီဘုရားရှင်လက်ထက်တော်၌ သားလိုက် မုဆိုးတစ်ဦး ဖြစ်ခဲ့စဉ် တောတွင်းတစ်နေရာ၌ နတ်နဂါး ဘီလူးတို့အား တရားဟောကြားနေသော သိခီဘုရားရှင်ကို ဖူးတွေ့ခဲ့ရပုံ၊ ဘုရားရှင်၏ အသံတော်ကို အာရုံစိုက်ကာ ကြားနာခဲ့ပုံ၊ ထိုကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် သုဂတိဘုံဘဝတို့၌သာ ကျင်လည်ကျက်စားခဲ့ရပုံ၊ နောက်ဆုံးဘဝ ဂေါတမဘုရားရှင်လက်ထက်တော်၌ ပုဏ္ဏားမျိုး၌ ဖြစ်ခဲ့ပုံ ဘုရားရှင်၏ ရေမီးအစုံ တန်ခိုးပြာဋိဟာများကို မြင်၍ ကြည်ညိုသဒ္ဓါပွားကာ ရဟန်းပြု၍ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၁၃)
ဂါမဂါမူပစာရဝတ္ထု
ဤဝတ္ထု၌ အဝိပ္ပဝါသသိမ်အဖြစ် ခွင့်ပြုတော်မူပြီးဖြစ်၍ သင်္ကန်းတို့ကို မြို့ထဲရွာထဲ၌ ထားကြကုန်သဖြင့် သင်္ကန်းများ ပျောက်ပျက်၊ မီးလောင်၊ ကြွက်ကိုက်ခံကြရပုံ၊ သင်္ကန်းနည်းပါးဆင်းရဲကြပုံ၊ ဘုရားရှင် သိတော်မူသောအခါ ရွာနှင့် ရွာဥပစာ၌ သင်္ကန်းနှင့် ကင်းကွာခွင့် မရှိကြောင်း ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၄၈)
ဂါမဏိစန္ဒဇာတက
ဤဇာတ်တော်၌ ဇနသန္ဓမင်းကြီး၏ အဂ္ဂမဟေသီမိဖုရားကြီး၌ ရွှေကြေးမုံပြင်ကဲ့သို့ အလွန်တင့်တယ် စင်ကြယ်သော အာဒါသမုခမည်သော သားတော်လေး ဖွားမြင်ခဲ့ပုံ၊ ခုနစ်နှစ်သား အရွယ်၌ပင် ဗေဒင်သုံးပုံ အတတ်ပညာအားလုံးကို သင်ကြားတတ်မြောက်ပုံ၊ ထိုခုနစ်နှစ်သားအရွယ်၌ ခမည်းတော် နတ်ရွာစံသောအခါ အာဒါသမုခသားတော်လေးအား နန်းတင်သင့် မတင်သင့်၊ တိုင်းပြည်အုပ်ချုပ်နိုင်စွမ်းရှိ မရှိ အမတ်ကြီးများက ပညာစမ်းပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၇၀)
ဂါမဏိဇာတက
ဤဇာတ်တော်၌ ဂါမဏိမင်းသားသည် ညီအစ်ကိုတစ်ရာတို့တွင် အငယ်ဆုံးဖြစ်သော်လည်း ဆရာဖြစ်သူ ဘုရားအလောင်း၏ ဆုံးမဩဝါဒကို လိုက်နာသဖြင့် ထီးနန်းကို ရရှိပုံ၊ ပညာရှိတို့၏ အဆုံးအမစကားကို လိုက်နာပါက အကျိုးများပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၅၃)
ဂါမန္တပဗ္ဘာရဝါသီမဟာသိဝတ္ထေရဝတ္ထု
ဤဝတ္ထု၌ မဟာသီဝထေရ်သည် ဂိုဏ်းကြီးတစ်ဆယ့်ရှစ်ဂိုဏ်းတို့အား ပိဋကသုံးပုံပါဠိ၊ အဋ္ဌကထာ၊ ဋီကာများကို သင်ကြားပို့ချပေးလေ့ ရှိပုံ၊ မထေရ်၏ အဆုံးအမဩဝါဒ၌ တည်လျက် တပည့်ရဟန်းပေါင်း ခြောက်သောင်း အရဟတ္တဖိုလ်သို့ ရောက်ရှိခဲ့ကြပုံ၊ မဟာသီဝထေရ်၏ တပည့်ရဟန္တာတစ်ပါးက မိမိ၏ဆရာ တရားထူးရ မရ ကြံစည်ဆင်ခြင်ကြည့်ပုံ၊ မိမိ၏ဆရာသည် ပုထုဇဉ်ဘဝမျှသာ ရှိသေးကြောင်း သိမြင်ရ၍ ဆရာ့ထံ ကြွရောက်ကာ သံဝေဂ ရစေခဲ့ပုံ၊ ထိုအခါကျမှ မထေရ်သည် သံဝေဂရ၍ တရားအားထုတ်ခဲ့ရာ နှစ်ပေါင်းသုံးဆယ်ကြာမှ ရဟန္တာ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၁)
ဂါမဝါသီမဟလ္လကဝတ္ထု
ဤဝတ္ထု၌ ရွာသားအဖိုးအိုတစ်ယောက်သည် မြို့သို့လာ၍ အရက်ဆိုင်၌ အရက်သောက်နေစဉ် သေသောက်ကြူးတို့က လှည့်စားရန် ကြံစည်ပုံ၊ အဖိုးအိုနှင့် သေသောက်ကြူးတို့သည် မိမိတို့ ရှေ့မှောက်မှာပင် ယုံတမ်းစကား ပြောဆိုကြ၍ မယုံ၊ မမှန်ဟု ပြောဆိုသူသည် ကျွန်ခံစတမ်းဟု ကတိထားကြပုံ၊ သေသောက်ကြူးတစ်ယောက်က မိမိသည် အမိဝမ်း၌ ရှိစဉ်ကပင် မိခင်အတွက် အိုးစရည်းပမာဏရှိ သီးသီးများကို ခူးယူလာခဲ့ရာ ကျွေးမွေးပေးကမ်းပြီးသည့်နောက် အတောင်(၈၀)ခန့်ရှိသော သီးသီးအပုံကြီး ဖြစ်လာသည်ဟု ပြောပုံ၊ အဖိုးအိုကမူ မိမိတွင် ပယ်တစ်သိန်းခန့်ရှိသော ဝါခင်းထဲမှ ဝါပင်တစ်ပင်တွင် အိုးစရည်းကြီးခန့် ဝါသီးကြီးကို ခူးယူခဲ့ပုံ၊ ထိုဝါသီးမှ ဝါဂွမ်းလုံး(၆)ခုတို့သည် ကျွန်(၆)ယောက်ဖြစ်လာကြ၍ ယင်းတို့မှာ သင်တို့(၆)ယောက် ဖြစ်ကြောင်း ပြောသဖြင့် သေသောက်ကြူးတို့ ကျွန်ခံကြရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၃၊၇၈)
ဂါမသီမာဒိဝတ္ထု
ဤဝတ္ထု၌ သိမ်မသမုတ်ဘဲ ရွာနိဂုံးကို အမှီပြုနေသော ရဟန်းအဖို့ ထိုရွာနိဂုံး၏ အပိုင်းအခြားသည် သမာနသံဝါသသိမ် ဖြစ်ပုံ၊ ရွာမဟုတ်သည့် တောကြီးထဲ၌ ဖြစ်မူ ထက်ဝန်းကျင် ပတ်ပတ်လည် (၇) အဗ္ဘန္တရ (တစ်အဗ္ဘန္တရလျှင် နှစ်ဆယ့်ရှစ်တောင်ပမာဏ ရှိသည်) အပိုင်းအခြားရှိသော အရပ်သည် သမာနသံဝါသသိမ် ဖြစ်ပုံ၊ မြစ်တစ်ခုလုံး၊ သမုဒ္ဒရာတစ်ခုလုံး၊ ထုံးအိုင် တစ်အိုင်လုံး သိမ်မဟုတ်၊ ထိုမြစ်အိုင်သမုဒ္ဒရာတို့၌ အားအလယ်အလတ်ရှိသော ယောကျ်ားတစ်ယောက်၏ အားကုန်ပက်ကြဲလိုက်သော ရေတစ်ကျ အရပ်သည် သမာနသံဝါသသိမ်မည်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၅၀)
ဂါရဝဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် အဇပါလညောင်ပင်ရင်း၌ သီတင်းသုံးနေထိုင်တော်မူစဉ် ‘‘အဘယ်မည်သော သမဏဗြာဟ္မဏကို အရိုအသေ အလေးအမြတ်ပြု၍ နေရပါမည်နည်း’’ ဟု စိတ်အကြံ ဖြစ်ပုံ၊ တစ်လောကလုံး၌ သီလ သမာဓိ ပညာအရာတွင် ဘုရားရှင် အရိုအသေပြု၍ နေရမည့်သူကို တွေ့မြင်တော်မမူပုံ၊ တရားတော်ကို ထိုးထွင်း၍ သိမြင်ထားသဖြင့် တရားတော်ကိုသာ အရိုအသေပြု၍ နေလျှင် ကောင်းမည်ဟု စိတ်အကြံ ဖြစ်ပုံ၊ ထိုအချိန်၌ သဟမ္ပတိဗြဟ္မာ ရောက်လာပြီး ရှေးရှေးဘုရားရှင်များလည်း တရားတော်ကိုသာ အရိုအသေ အလေးအမြတ်ပြု၍ နေကြောင်း လျှောက်ထားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၄၀) (သံ၊ဋ္ဌ၊၁၊၁၈၆)
ဂိဇ္ဈဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် လင်းတမျိုး၌ ဖြစ်စဉ် မိုးလေပြင်းထန်သဖြင့် နေပြည်တော်သို့ ခိုဝင်လာခဲ့ကြပုံ၊ ဗာရာဏသီသူဌေးတစ်ဦးက အား နေရာပေး၊ အစားအစာများ ကျွေးသဖြင့် လင်းတတို့က ကျေးဇူးဆပ်သည့် အနေဖြင့် အဝတ်တို့ကို ချီယူပေးပုံ စသော အကြောင်းအရာ များပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၄၅)
ဂိဇ္ဈဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် လင်းတမျိုး၌ ဖြစ်စဉ် ခွန်အားဗလနှင့် ပြည်စုံသည့် သုပတ္တမည်သော လင်းတသားငယ်ကို မွေးဖွားခဲ့ပုံ၊ သုပတ္တသည် ခွန်အားဗလနှင့် ပြည့်စုံသည့်အတွက် လင်းတထောင်ပေါင်း များစွာ ခြံရံ၍ မိဘတို့ကို လုပ်ကျွေးမွေးမြူခဲ့ပုံ၊ သုပတ္တအား ဤမည် ဤမည်သော နေရာဌာနကို ကျော်လွန်၍ မပျံသန်းရန် ဘုရားအလောင်းဖခင်က ဆုံးမခဲ့ပုံ၊ တစ်နေ့သောအခါ သုပတ္တသည် လင်းတအပေါင်းနှင့် ကောင်းကင်၌ ပျံသန်းစဉ် အခြားလင်းတများကို ချန်ထားခဲ့ပြီး မိမိတစ်ကောင်တည်း အလွန်မြင့်မားသည့် ကောင်းကင်အထက်သို့ ပျံတက်ခဲ့ပုံ၊ ထိုအခါ ဝေရမ္ဘလေမုန်တိုင်းဒဏ် မိပြီး မှုန့်မှုန့်ညက်ညက် ဖြစ်ကာ သေကြေပျက်စီးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၄၅၉)
ဂိရိဒတ္တဇာတက
ဤဇာတ်တော်၌ သာမမည်သော ဗာရာဏသီမင်းတွင် ပဏ္ဍဝဟုခေါ်သော မင်္ဂလာမြင်းတစ်စီး ရှိပုံ၊ ထိုမြင်းသည် ဂိရိဒတ္တခေါ်သော ခြေခွင်သည့် မြင်းဆရာကို အတုလိုက်၍ ပြုကျင့်သောကြောင့် ခြေခွင်လျက် သွားလာပုံ၊ ဘုရားအလောင်းအမတ်သည် မင်းကြီး၏ ခိုင်းစေချက်အရ ခြေခွင်သောမြင်းဆရာကို ပယ်ရှား၍ အကျင့် စသည် ကောင်းမွန်ပြည့်စုံသော အခြားမြင်းဆရာတစ်ဦးအတိုင်း အစားထိုး ခန့်အပ်ပုံ၊ ထိုအခါ မင်္ဂလာမြင်းသည် အလျင်အမြန်ပင် ခြေခွင်ခြင်း ကင်းပျောက်ကာ အကောင်းပကတိသွားလာနိုင်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဇာဋ္ဌ၊၂၊၈၉)
ဂိရိနေလပူဇကထ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော (၃၁)ကမ္ဘာမြောက်၌ မြတ်စွာဘုရားအား အောင်မဲညိုပွင့် လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် (၃၁)ကမ္ဘာ အပါယ်မလားဘဲ ဤဘုရားရှင့် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၀၅)
ဂိရိပုန္နာဂိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဂိရိပုန္နာဂိယမထေရ်လောင်းလျာသည် သောဘိတဘုရားရှင် ဟိမဝန္တာအတွင်းရှိ စိတ္တကုဋ်တောင်၌ သီတင်းသုံးနေထိုင်စဉ် ထိုတောင်၌ ပွင့်နေသော ပုန်းညက်ပန်းကို ကပ်လှူပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ဘဝများစွာ သံသရာ၌ အပါယ်မလားဘဲ ဂေါတမဘုရားရှင်လက်ထက်တွင် ရဟန္တာဖြစ်ကာ ကျွတ်တန်းဝင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၅၁)
ဂိရိမာနန္ဒတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဂိရိမာနန္ဒမထေရ်အလောင်းလျာသည် သုမေဓာဘုရားရှင်ထံ ပန်းမျိုးစုံ လှူဒါန်း၍ ဘုရားဂုဏ်တော်ကို ချီးကျူးခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် လူနတ်ချမ်းသာတို့ကို ခံစားရပြီး ဂေါတမဘုရားရှင် လက်ထက်တော်၌ ပုရောဟိတ်၏သား ဂိရိမာနန္ဒလုလင် ဖြစ်လာပုံ၊ မြတ်စွာဘုရားရှင်ထံ ရဟန်းပြုပြီး ဗိမ္ဗိသာရမင်းကြီး လှူသော ကျောင်း၌ နေ၍ ဝိပဿနာ ပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၄၃)
ဂိလာနဘိက္ခုဝတ္ထု
ဤဝတ္ထု၌ အရှင်ဒေဝဒတ်သည် ပရိသတ်ရဟန်းများနှင့်အတူ ဆွမ်းကောင်းဟင်းကောင်းများကို တောင်းရမ်းစားသောက်သဖြင့် ဂဏဘောဇဉ်ခေါ် ရဟန်းလေးပါးဂိုဏ်းသံဃာအတွက် ဆက်ကပ်သော ဆွမ်းကို လက်မခံရဟု ဘုရားရှင်က သိက္ခာပုဒ်ပညတ်တော်မူပြီး၍ တစ်နေ့တွင် ဂိလာနရဟန်းများစွာအတွက် လူတို့က ဆွမ်းကပ်ကြရာ လက်မခံကြသဖြင့် ဖျားနာနေသော ရဟန်းတို့အတွက် ဂဏဘောဇဉ်ကို ခွင့်ပြုတော်မူကြောင်း ဘုရားရှင်က မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၉၈)
ဂိလာနဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတို့သည် ဖျားနာကြသည်ရှိသော် လူမမာမေးလာကြသော ရဟန်းတို့က ရှေးယခင်က ဤအနာရောဂါများ မည်သို့ ပျောက်ခဲ့ပါသနည်းဟု မေးရာ အစားကောင်းများကို ကိုယ်တိုင် တောင်းရမ်းစားသောက်၍ ပျောက်ခဲ့ကြောင်း၊ ယခုမူ ဘုရားရှင်က အစားကောင်းအသောက်ကောင်းများကို ကိုယ်တိုင် တောင်းရမ်း အလှူခံ မစားရဟု သိက္ခာပုဒ်ပညတ်ထားကြောင်း ပြန်ပြောကြသဖြင့် ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ ဂိလာနဖြစ်မူ တောင်းရမ်းအလှူခံ၍ ဘုဉ်းပေးနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၁၈)
ဂိလာနဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတို့သည် ဖျားနာကြသဖြင့် ဆေးဝါးပစ္စည်းများ အလိုရှိကြသောကြောင့် ဒကာများအိမ် သွားလိုသော်လည်း သိက္ခာပုဒ်ပညတ်ထားပြီးဖြစ်သဖြင့် မသွားကြပုံကို အကြောင်းပြု၍ ‘‘အနီးအပါးရှိ ရဟန်းတစ်ပါးပါးကို ပန်ကြား၍ သွားနိုင်သည်’’ဟု ဘုရားရှင်က ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၃၄)
ဂိလာနဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတို့သည် နေထိုင်မကောင်းကြသောအခါ လူနာမေးလာသော ရဟန်းတို့က ယခင်အခါတုန်းက ဤရောဂါမျိုး မည်သို့ ပျောက်ကင်းခဲ့ပါသနည်းဟု မေးကြပုံ၊ မီးလှုံ၍ ပျောက်ကင်းခဲ့ကြောင်း၊ ယခု ဇောတိက သိက္ခာပုဒ် ပညတ်ပြီးဖြစ်၍ မီးမလှုံရကြောင်း ပြောဆိုကြပုံ၊ ဘုရားရှင် သိတော်မူ၍ ဂိလာနရဟန်းတို့အား မီးလှုံခွင့်ပြုတော်မူကြောင်း မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၅၂)
ဂိလာနဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတို့အား ၁၅-ရက်တစ်ကြိမ်သာ ရေချိုးရန် သိက္ခာပုဒ်ပညတ်ပြီးဖြစ်သဖြင့် ဖျားနာသော ရဟန်းတို့အတွက် ရေချိုးရန် လိုအပ်လာရာ လိုအပ်ပါက ရေချိုးနိုင်ကြောင်း ဘုရားရှင်က ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၅၅)
ဂိလာနဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်က ပဝါရဏာပြုရန် ရဟန်းတို့ကို စည်းဝေးစေသောအခါ ရဟန်းတစ်ပါး နေမကောင်း၍ မလာနိုင်ကြောင်း လျှောက်ထားလျှင် ဘုရားရှင်က ရဟန်းတစ်ပါးအား ပဝါရဏာပြုရန် ဆန္ဒပေးနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၂၅)
ဂိလာနဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားသည် ဝေသာလီပြည်အနီး မဟာဝုန်တောကြီး အတွင်း၌ ဖလသမာပတ် ဝင်စား၍ နေတော်မူပုံ၊ သမာပတ်မှ ထပြီးနောက် ဂိလာနရဟန်းများရှိရာ ကျောင်းဆောင်သို့ ချဉ်းကပ်တော်မူပုံ၊ ဂိလာန ရဟန်းတို့ နှလုံးသွင်းပွားများရမည့် တရားငါးမျိုးကို ဟောကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၁၂၅)
ဂိလာနဝတ္ထု
ဤဝတ္ထု၌ နေမကောင်းသဖြင့် ထီးဆောင်းထားရသူက ရဟန်းတော်တို့အား တရားဟောပြပါရန် တောင်းပန်သောအခါ ထီးဆောင်းထားသူအား တရားမဟောရန် သိက္ခာပုဒ် ပညတ်ထားပြီးဖြစ်၍ ရဟန်းတို့က တရားမဟောကြပုံ၊ ဘုရားရှင် သိတော်မူသောအခါ ‘‘ဖျားနာနေ၍ ထီးဆောင်းနေသူအား တရားဟောနိုင်ကြောင်း’’ ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၂)
ဂိလာနဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် နေမကောင်းသဖြင့် ဝမ်းလျှော၍ မိမိကျင်ကြီးကျင်ငယ်ထဲ လူးလှိမ့်နေရာ ဘုရားရှင်နှင့် အရှင်အာနန္ဒာတို့ ကြွရောက်တော်မူလာပြီး ပြုစုသူ ကင်းမဲ့နေသော ထိုရဟန်းအား ပြုစုတော်မူကြပုံ၊ ဘုရားရှင်က ရေလောင်းပေးပြီး အရှင်အာနန္ဒာက ပွတ်သပ် ဆေးကြောပေးပုံ၊ ဘုရားရှင်က သံဃာတော်တို့အား စုဝေးစေပြီး ‘‘ရဟန်းတို့...သင်တို့မှာ မိဝေးဖဝေး ဆွေမျိုးဝေးကွာ နေရသည်ဖြစ်၍ အချင်းချင်း ပြုစုရမည်၊ ငါဘုရားကို ပြုစုမည့်အစား ဂိလာနကို ပြုစုကြ၊ မပြုစုက ဒုက္ကဋ် အာပတ်သင့်စေ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၁၇)
ဂုဏဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်း ခြင်္သေ့မင်းသည် ရွှံ့ညွန်ထဲ၌နစ်နေစဉ် မြေခွေးတစ်ကောင်၏ အကူအညီကြောင့် အသက်ရှင်ခဲ့ရပုံ၊ ဘုရားအလောင်း ခြင်္သေ့မင်းသည် ထိုမြေခွေးကို ကျေးဇူးဆပ်သည့်အနေအားဖြင့် မိမိနှင့် တန်းတူထားကာ ဆက်ဆံခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၁)
ဂုတ္တာထေရီဝတ္ထု
ဤဝတ္ထု၌ ထေရီလောင်းလျာသည် ရှေးဘုရားရှင်တို့ထံ၌ ဆုတောင်းခဲ့ပြီး ပါရမီ ဖြည့်ကျင့်ခဲ့ပုံ၊ ဤဘုရားရှင် လက်ထက်တော်၌ သာဝတ္ထိပြည် ဗြာဟ္မဏအမျိုး၌ ဖြစ်ခဲ့၍ ဘိက္ခုနီဝတ်ခဲ့ပုံ၊ ဘုရားရှင် ဂန္ဓကုဋိတိုက်၌ ထိုင်တော်မူ၍ တရားဟောတော်မူသည့် အဆုံး၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၁၆၂)
ဂုတ္တိလဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည်သား ဂုတ္တိလစောင်းသမား ဖြစ်၍ ဒေဝဒတ်အလောင်းသည် ဥဇ္ဇေနီပြည်သား မုသိလစောင်းသမား ဖြစ်ခဲ့ပုံ၊ မုသိလသည် ဘုရားလောင်းထံမှ စောင်းပညာ သင်ယူခဲ့ပြီး ဆရာဖြစ်သူနှင့် စောင်းတီးပြိုင်ပွဲ ကျင်းပရာ ဂုတ္တိလသည် သိကြားမင်း၏ အကူအညီကြောင့် အနိုင်ရရှိပြီး မုသိလ အသတ်ခံခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၂၅) (ဇာ၊ဋ္ဌ၊၂၊၂၂၇)
ဂုမ္ဗိယဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်း လှည်းကုန်သည်မှူးသည် လှည်းသားငါးရာတို့နှင့်အတူ ကုန်ရောင်းသွားစဉ် တောအုပ်ကြီးတစ်ခုသို့ ရောက်သော် မိမိလှည်းသားတို့အား မစားဖူး မသိဖူးသော အသီးအရွက်တို့ကို မိမိအား အသိမပေးဘဲ မစားရန် ဆုံးမထားပုံ၊ ဂုမ္ဗိယမည်သော ဘီလူးတစ်ကောင်သည် တောအုပ်အလယ်၌ ချက်ချင်းသေစေနိုင်သည့် အဆိပ်ဖြင့် ရောထားသည့် ပျားမုန့်ဆုပ်တို့ကို ချထားပြီး လှည်းသားတို့ စားစေရန် လှည့်စားပုံ၊ ဘုရားအလောင်း၏ လှည်းသားတို့ တွေ့မြင်သော် အချို့က သည်းခံ စောင့်စည်းမှုမရှိဘဲ စား၍ ဉာဏ်ရှိသူတို့က ချက်ချင်းမစားဘဲ ဘုရားအလောင်းအား မေးမြန်းကြပုံ၊ ရှေးဦးစွာ စားသူတို့ အသက်ဆုံးရှုံးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၈၆)
ဂုဠဝဏ္ဏအဿရာဇဝတ္ထု
ဤဝတ္ထုသည် ကူဋကဏ္ဏရာဇဝတ္ထု၌ ပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၃၂) (သံ၊ဋီ၊၁၊၇၈)
ဂုဠဝါဏိဇ္ဇဝတ္ထု
ဤဝတ္ထု၌ ထန်းလျက်၊ သကြား ရောင်းချသော ကုန်သည်တစ်ဦးသည် တောရွာတစ်ရွာသို့ သွားရောက်ပြီးနောက် ပါဠိဘာသာဖြင့် ဂုဠခေါ်သော ထန်းလျက်များကို ထိုအရပ်သုံး မဟုတ်သည့် ဝိသကဏ္ဋက=(အဆိပ်) ဟူသော စကားဖြင့် ရောင်းချသောအခါ ‘‘အဆိပ်ကို ရောင်းနေသည် စားလျှင်သေနိုင်သည်၊ ဆူးတွေကို ရောင်းနေသည် ထိုးမိလျှင် သေနိုင်သည်’’ဟု ကြောက်ရွံ့ကာ ရှောင်ရှားနေကြပုံ၊ ထိုအခါ ကုန်သည်က ထိုရွာသူရွာသားတို့၏ အရပ်သုံးဖြစ်သော ဂုဠ (ထန်းလျက်) ဖာဏိတ(တင်လဲ)၊ သက္ကရ (သကြား)ဟူသော စကားဖြင့် ပြောဆိုရောင်းချမှ ရောင်းခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၁၆၀) (အဘိ၊ဋ္ဌ၊၁၊၂၄၈)
ဂူထခါဒကပေတဝတ္ထု
ဤဝတ္ထု၌ ကျောင်းထိုင်ရဟန်းသည် အာဂန္တုရဟန်းတို့အား ငြူစူစောင်းမြောင်းခဲ့ပုံ၊ သူကြွယ် ကျောင်းဒါယကာကလည်း ‘‘ရဟန်းတော်တို့အား မတော်မလျော် စားသောက်နေခြင်းထက် မစင်ကို စားရသည်က မြတ်သေး၏’’ဟု ပြောဆိုခဲ့ပုံ၊ သေလွန်ကြသော အခါ ထိုကျောင်းထိုင်ရဟန်းနှင့် ဒါယကာတို့ မစင်စားသော ပြိတ္တာများ ဖြစ်ကြရပုံစသော အကြောင်းအရာ များပါဝင်သည်။ (ပေတ၊၂၁၂) (ပေတ၊ဋ္ဌ၊၂၄၉)
ဂူထပါဏဇာတက
ဤဇာတ်တော်၌ အင်္ဂတိုင်း မဂဓတိုင်းသားတို့သည် နယ်စပ်ဒေသရှိ ရေကန်ကြီး၌ ပျော်ပါးသောက်စားကြပြီး ထွက်ခွာသွားကြပုံ၊ မစင်ပိုးတစ်ကောင်သည် ကုန်သည်တို့ စွန့်ပစ်ထားသော အရက်ကို သောက်၍ ယစ်မူးနေခဲ့ပုံ၊ မစင်ပိုးကောင်သည် မစင်ပုံသို့ တက်လေလျှင် အနည်းငယ် နိမ့်ကျသွားသည်ကို မြေကြီးက သူ့ကို မထမ်းဆောင်နိုင်တော့ဟု အထင်ရောက်နေပုံ၊ ထိုနေရာသို့ ရောက်လာသော ဆင်ပြောင်ကြီးအား စိန်ခေါ်သဖြင့် ဆင်ကြီးက ဆင်ချေးဖြင့် ဖုံးသတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၉၂)
ဂေါဃာတကပုတ္တဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိပြည်ရှိ နွားသတ်သမားတစ်ဦးသည် နေ့စဉ်နေ့တိုင်း နွားများကို သတ်ကာ အမဲသားရောင်းချခြင်းဖြင့် အသက်မွေးမှု ပြုခဲ့ပုံ၊ နွားသတ်သမားသည် အမဲသားဟင်း မပါဘဲ ထမင်းစားလေ့ မရှိပုံ၊ တစ်နေ့သောအခါ ထမင်းစားမည် ပြုစဉ် အမဲသားမရှိတော့သဖြင့် အရှင်လတ်လတ် နွားတစ်ကောင်၏လျှာကို ဖြတ်ကာ မီးကင်၍ စားခဲ့ပုံ၊ နွား၏လျှာသားပူပူဖြင့် ထမင်းစားနေစဉ် နွားသတ်သမား၏လျှာ ပြတ်ကျသွားကာ နွားကဲ့သို့ပင် အော်မြည်လျက် သေဆုံးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၁၃)
ဂေါစရသမ္ပဇညဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် စေတီယင်္ဂဏဝတ်၊ ဗောဓိယင်္ဂဏဝတ်တို့ကို ပြုလုပ်ပြီး ကမ္မဋ္ဌာန်းသတိဖြင့် ဆွမ်းခံဝင်ကာ တရားဟောပြီးနောက် အပြန်တွင် စကားပြောလျက် ပြန်လာခဲ့ပုံ၊ အသွားတွင် ကမ္မဋ္ဌာန်းနှင့်သွားပြီး အပြန်တွင် ကမ္မဋ္ဌာန်းဝတ်ဖျက်၍ ကျင့်သူမည်ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၃၊၂၁၉)
ဂေါဏပေတိဝတ္ထု
ဤဝတ္ထု၌ ဖခင်ကွယ်လွန်သဖြင့် သောကရောက်နေသော သာဝတ္ထိပြည်သား သူကြွယ်တစ်ဦးအား ဘုရားရှင်က သောကကင်းဝေးအောင် ဟောပြနိုင်သည်ကို ချီးမွမ်းကြပုံ၊ ရှေးအတိတ်ကာလက ဘုရားအလောင်း သုဇာတသည် အဘိုးကွယ်လွန်သဖြင့် သောကရောက်နေသော မိမိဖခင်အား ဆုံးမရန် နွားသေတစ်ကောင်အား မြက်အစာကျွေးပုံ၊ လူတို့က ရူးသွားပြီဟု ဆိုလာသဖြင့် ဖခင်ကြီးသည် သားအတွက် စိတ်ပူ၍ မေးမြန်းပုံ၊ သေနေသော နွားသည် အစာမစားနိုင်လျှင် ကွယ်လွန်သွား၍ မမြင်မတွေ့ရသည့် ဖခင်အား မှန်းဆပူဆွေးခြင်းသည်လည်း ရူးခြင်းပင် ဖြစ်သည်ဟု တရားပြမှ ဖခင်ကြီး သောကကင်းကွာ ချမ်းသာရာရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၃၂) (ပေတ၊ဋ္ဌ၊၃၆)
ဂေါတမတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဂေါတမ မထေရ်လောင်းလျာသည် ဝိပဿီမြတ်စွာဘုရားရှင်အား ချိုမြိန် မွှေးကြိုင်သော အာမောဒအသီးမျာကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်သာသနာတော်၌ ရာဇဂြိုဟ်မြို့ ပုဏ္ဏားမျိုး၌ ဖြစ်ပြီး သာသနာ့ဘောင်သို့ ဝင်ရောက်သောအခါ ခေါင်းရိတ်ပြီးသည်၏ အဆုံး၌ပင် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၂၄)
ဂေါတမတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဂေါတမမထေရ်လောင်းလျာသည် သိခီဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ပြီးနောက် အန္တိမဈာပန မီးပုံကို စကားဝါပန်းတို့ဖြင့် ပူဇော်ခဲ့သော ကုသိုလ်ကံကြောင့် လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ ဂေါတမမင်းသား ဖြစ်လာပုံ၊ မြတ်စွာဘုရားရှင်ထံ ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၈၀)
ဂေါတမတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ရှေးဘုရားရှင်တို့ သာသနာတော်၌ ကုသိုလ် ကောင်းမှု ပြု၍ ပါရမီများကို ဖြည့်ကျင့်ခဲ့ပုံ၊ ဤဘုရားရှင် လက်ထက်တော်၌ သာဝတ္ထိမြို့ ဥဒိစ္စဗြာဟ္မဏမျိုး၌ ဖြစ်ပြီး ရဟန်းပြုကာ ခေါင်းတုံး၍ ပြီးဆုံးချိန်မှာပင် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၂၀၇)
ဂေါတမဗုဒ္ဓဝံသ
ဤဗုဒ္ဓဝင်၌ အလောင်းတော်သည် လွန်ခဲ့သော လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလတွင် ပွင့်တော်မူသော ဒီပင်္ကရာဘုရားရှင် အထံတော်မှ သုမေဓာရှင်ရသေ့ဘဝဖြင့် နိယတဗျာဒိတ် ခံယူတော်မူခဲ့ပုံ၊ ဘုရားအလောင်းတို့ ဖြည့်ကျင့်မြဲဖြစ်သော ဘုရားဖြစ်ကြောင်း တရားကောင်းများဖြစ်သည့် ပါရမီဆယ်ပါးတို့ကို ဆင်ခြင်တော်မူကာ နောက်မဆုတ်တမ်းခဲ့ဖြည့်ကျင့်ရန် ဆုံးဖြတ်တော်မူခဲ့ပုံ၊ ဒါန, သီလ, နေက္ခမ္မ, အဓိဋ္ဌာန, သစ္စာ, မေတ္တာ, ပညာ, ဝိရိယ, ခန္တီ, ဥပေက္ခာ ပါရမီဆယ်ပါး အပြားအားဖြင့် သုံးဆယ်၊ စရိယာသုံးပါး၊ မဟာပရိစ္စာဂ စွန့်ခြင်းကြီးငါးပါးတို့ကို ဘဝပေါင်းများစွာ စုဆောင်း ဖြည့်ကျင့်ခဲ့ပုံ၊ နှစ်ကျိပ်သုံးဆူကုန်သော ဘုရားရှင်တို့အထံ၌ နိယတဗျာဒိတ်ပန်းကို ထပ်မံပန်ဆင်ကာ ဝေဿန္တရာမင်းဘဝတွင် ပါရမီတို့ကို အပြည့်အဝ ဖြည့်ကျင့်ခဲ့ပုံ၊ ထိုနောက် တုသိတာနတ်ပြည်၌ သေတကေတုနတ်သားအဖြစ် နတ်စည်းစိမ်ကို ခံစားခဲ့ရပုံ၊ လူ့လောကတွင် ဘုရားပွင့်တော်မူမည့်အကြောင်း ဗုဒ္ဓကောလာဟလ ဖြစ်ပေါ်လာသဖြင့် စကြဝဠာတစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းတို့ စုဝေးရာက်လာကြပြီး လူ့ပြည်၌ ဘုရားဖြစ်ရန် ပဋိသန္ဓေယူတော်မူပါဟု တောင်းပန်ခဲ့ကြပုံ၊ ဘုရားအလောင်းတော်တိုင်း ကြည့်ရှုမြဲဖြစ်သော ကြည့်ခြင်းကြီးငါးပါးကို ကြည့်တော်မူပုံ၊ နတ်ပြည်မှ စုတေကာ သက္ကတိုင်း, ကပိလဝတ္ထုနေပြည်တော် ခမည်းတော် သုဒ္ဓေါဒနမင်းကြီ၏ အဂ္ဂမဟေသီမိဖုရားခေါင်ကြီး ဖြစ်သော မယ်တော် မဟာမာယာဒေဝီ၏ ဝမ်းကြာတိုက်၌ မဟာသက္ကရာဇ် ၆၇-ခုနှစ်၊ အာသဠှီနက္ခတ်နှင့် စန်းယှဉ်သော ဝါဆိုလပြည့်နေ့ဝယ် ပဋိသန္ဓေယူတော်မူပြီး မဟာ သက္ကရာဇ် ၆၈-ခု ကဆုန်လပြည့် သောကြာနေ့ဝယ် လုမ္ဗိနီသာမော အင်ကြင်းတော၌ ဖွားတော်မူပုံ၊ ထို့နောက် နှမတော်ယသောဓရာနှင့် လက်ထပ်ထိမ်းမြားပြီး နန်းစည်းစိမ်ကို ခံစားတော်မူပုံ၊ သက်တော် (၂၉)နှစ်၊ သားတော်ရာဟုလာ ဖွားမြင်သည့်နေ့၌် ကဏ္ဍကမြင်းယာဉ် စီး၍ တောထွက်တော်မူကာ အနော်မာသောင်ကမ်းဝယ် ဆံတော်ပယ်ပြီး ဃဋိကာရဗြဟ္မာ လှူဒါန်းသော ကြာသင်္ကန်းတော်ကို ဝတ်ရုံ၍ ရဟန်းအဖြစ်သို့ ရောက်တော်မူပုံ၊ ထို့နောက် ဥရုဝေလတော၌ ဒုက္ကရစရိယာ (၆)နှစ်ကျင့်ပုံ၊ ထိုနောက် မဇ္ဈိမပဋိပဒါကျင့်စဉ်သို့ ပြောင်းကာ ကျင့်တော်မူသောကြောင့် မဟာသက္ကရာဇ် ၁၀၃ ခုနစ်၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့၌ ဗုဒ္ဓဂယာရှိ ဗောဓိမဏ္ဍိုင်၌ သဗ္ဗညုတဘုရားရှင်အဖြစ်သို့ ရောက်တော်မူပုံ၊ ထိုနှစ် ဝါဆိုလပြည့်နေ့တွင် ပဉ္စဝဂ္ဂီငါးဦးတို့အား ဓမ္မစက္ကပဝတ္တနသုတ်တော်ကို စတင် ဟောပြတော်မူပုံ၊ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးတို့ လောက၌ စတင်ပေါ်ပေါက်လာပုံ၊ ထိုနှစ် ဝါကျွတ်သောအခါ ရဟန္တာမထေရ်ကြီးခြောက်ကျိပ်တို့ မဇ္ဈိမဒေသအနှံ့ သာသနာပြုခရီး စတင် ကြွချီတော်မူကြပုံ၊ ဘုရားရှင်ဦးဆောင်သော သံဃာတော်တို့သည် နေရာအနှံ့ လူတန်းစားမျိုးစုံတို့ထံ ကြွရောက်တော်မူကြပြီး ဟောပြောပြသ ဆုံးမမှုကြောင့် ကောသလ၊ သုဒ္ဓေါဒန၊ ဗိမ္ဗိသာရ၊ အဇာတသတ်၊ ပုက္ကုသာတိ၊ မဟာကပ္ပိန၊ ဥတေန၊ စဏ္ဍပဇ္ဇောတစသော မင်းဧကရာဇ်များ၊ သီဟ၊ ဗန္ဓုလစသော စစ်သေနာပတိကြီးများ၊ အနာထပိဏ်၊ စိတ္တ စသော သူဌေးသူကြွယ်ကြီးများ၊ ဝိသာခါ၊ ခေမာ၊ ဓမ္မဒိန္နာ၊ မဟာပဇာပတိ ဂေါတမီစသော ပညာတတ်အမျိုးသမီးကြီးများ၊ သီရိမာ၊ အမ္ဗပါလီ စသော ပြည့်တန်ဆာမများ၊ သောပါက စသော နိမ့်ကျသော အမျိုးသားများ၊ လူတန်းစားအားလုံး သစ္စာလေးပါး တရားတော်များကို သိခဲကြရပုံ၊ ဗုဒ္ဓသာသနာတော်သည် လူ့ပြည်၊ နတ်ပြည်ကို ကျော်၍ ဗြဟ္မာ့ပြည်အထိ ထွန်းတောက်ခဲ့ပြီးနောက် ဘုရားရှင်သည် သက်တော်ရှစ်ဆယ်၊ ဝါတော် လေးဆယ့်ငါးဝါရှိသောအခါ မဟာသက္ကရာဇ် ၁၄၈-ခုနှစ်၊ ကဆုန်လပြည့် အင်္ဂါနေ့ဝယ် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့ပုံ၊ တပည့်သာဝက အဆက်ဆက်တို့က ဘုရားရှင်၏ဒေသနာတော်များ၊ မပျောက်ကွယ်ရအောင် သံဂါယနာတင်၍ ဆရာနှင့်ဒကာ စောင့်ရှောက်လာခဲ့ရာ ယနေ့ထက်တိုင် ကမ္ဘာအနှံ့ ပျံ့နှံ့ထွန်းလင်းနေပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁) (ဗုဒ္ဓဝံ၊၃၇၉) (ဒီ၊ဋ္ဌ၊၂၊၂) (မ၊ဋ္ဌ၊၂၊၆၉) (အပ၊ဋ္ဌ၊၁၊၂) (ဗုဒ္ဓဝံ၊ဋ္ဌ၊၃၁၅)
ဂေါတ္တဝတ္ထု
ဤဝတ္ထု၌ အရှင်မဟာကဿပသည် ရဟန်းခံရန် ကိစ္စတစ်ခု ပေါ်ပေါက်လာသဖြင့် အရှင်အာနန္ဒာထံ ရဟန်းခံကိစ္စ ဆောင်ရွက်ရန် ပင့်ခေါ်ခဲ့ပုံ၊ အရှင်အာနန္ဒာက မထေရ်ကြီး၏ အမည်ကို သုံးရန် ဝန်လေးနေကြောင်း ဘုရားရှင်အား လျှောက်ထားရာ ဘုရားရှင်က အမည်နေရာတွင် ဂေါတ္တခေါ် အနွယ်အမည်ဖြင့်လည်း ရဟန်းခံကိစ္စ ဆောင်ရွက်နိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၂၉)
ဂေါဒတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဂေါဒတ္တမထေရ်လောင်းလျာသည် ရှေးဘုရားရှင်များထံ နိဗ္ဗာန်ရည်မှန်း၍ ကုသိုလ်များစွာ ပြုခဲ့ပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ ဂေါဒတ္တကုန်သည် ဖြစ်လာပုံ၊ ဝန်ရုန်းစဉ် လဲကျသော နွား၏ ကျိန်ဆဲခြင်းကို သံဝေဂယူ၍ မထေရ်တစ်ပါးထံ ရဟန်းပြုကာ ဝိပဿနာရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၂၄၄)
ဂေါဒတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ ကလျာဏီ ကျောင်းတိုက်ကြီး၌ နေသော ဂေါဒတ္တမထေရ်သည် နေရိပ်လက်နှစ်သစ်ရှိချိန်၌ ဆွမ်းခံပြီး နေရိပ်လက်တစ်သစ်ရှိသော အချိန်၌ ဆွမ်းဘုဉ်းပေးပုံ၊ နေကို မမြင်ရသော်လည်း ထိုအချိန်၌ပင် ဆွမ်းခံကြွ၍ ဆွမ်းဘုဉ််းပေးပုံ၊ ထိုအခါမှစ၍ အလှူရှင်တို့သည် မထေရ်၏ ထွက်ချိန် ဝန်ချိန် အမှတ်အသားဖြင့် စည်တီးကြပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၁၂၆)
ဂေါဓဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် အဘိညာဉ်သမာပတ်နှင့် ပြည့်စုံသော တောနေရသေ့တစ်ပါး၏ သစ်ရွက်မိုးကျောင်းအနီး တောင်ပို့တစ်ခုတွင် ဖွတ်မင်းဖြစ်ခဲ့ပုံ၊ ဖွတ်မင်းသည် တစ်နေ့လျှင် နှစ်ကြိမ် သုံးကြိမ် ရသေ့ထံသွား၍ တရားနာလေ့ရှိပုံ၊ အကျင့်သီလနှင့် ပြည့်စုံသော ရသေ့ကြီး အရပ်တစ်ပါးသို့ ကြွသွားသောအခါ ကောက်ကျစ်သော ရသေ့တစ်ပါး ရောက်လာပြီး ထိုနေရာ၌ နေပုံ၊ ဖွတ်မင်းသည် သီလရှိသော ရသေ့ဟုပင် မှတ်ထင်ကာ ထုံးစံအတိုင်း သွားလေ့ရှိပုံ၊ တစ်နေ့သောအခါ ရသေ့စဉ်းလဲသည် ရွာသားတို့ လာလှူသည့် ဖွတ်သားကို စားမိပြီး ဘုရားလောင်း ဖွတ်မင်းကို သတ်ရန် ကြိုးစားအားထုတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၅၀၆)
ဂေါဓဇာတက
ဤဇာတ်တော်၌ ဘုရားလောင်း ဖွတ်မင်းသည် ဖွတ်အပေါင်း ခြံရံလျက် မြစ်ကမ်းနားရှိ တွင်းကြီးတစ်တွင်း၌ နေစဉ် သားငယ်ဖွတ်တစ်ကောင်သည် ပုတ်သင်ညိုတစ်ကောင်နှင့် ခင်မင်ရင်းနှီးသဖြင့် မကြာခဏ ပုတ်သင်ညိုအပေါ်သို့ တက်ဖိလေ့ရှိပုံ၊ ထိုအကြောင်းအရာကို ဖွတ်မင်း သိရှိသွားပြီး သားငယ်ကို အမျိုးဇာတ်မတူသဖြင့် ရင်းနှီးကျွမ်းဝင်စွာ မနေရန် ဆုံးမသော်လည်း နားမထောင်ပုံ၊ ဖွတ်ငယ်သည် တဖြည်းဖြည်း အရွယ်ကြီးလာသောအခါ ပုတ်သင်ညိုသည် ဖွတ်၏ ကျီစယ်မှုကို မခံနိုင်သောကြောင့် မုဆိုးတစ်ယောက်ကို နေရာညွှန်ပြသဖြင့် ဖွတ်အများ သေကြေပျက်စီးရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၅၁၃)
ဂေါဓရာဇဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဖွတ်မျိုး၌ ဖြစ်ပြီး မိမိနေရာ တောင်ပို့အနီး၌ ရှိသော ကျောင်းသင်္ခမ်းရှိ ရသေ့တစ်ပါးနှင့် ခင်မင်စွာနေပုံ၊ ဖွတ်သားကို စားခဲ့ရသော ရသေ့စဉ်းလဲသည် ဘုရားအလောင်း ဖွတ်မင်းအား ဆောက်ပုတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ရန် ကြိုးစားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၇၇)
ဂေါဓလက္ခဏဝတ္ထု
ဤဝတ္ထု၌ ကျောင်းတစ်ကျောင်းတွင် နံရံ၌ ဖွတ်ကြီးတစ်ကောင် မီးမှုတ်နေသည့် ပုံသဏ္ဌာန် ပန်းချီဆေးရေးရုပ် ရေးဆွဲထားပုံ၊ ထိုအချိန်မှစ၍ ကျောင်းတိုက်အတွင်းရှိ ရဟန်းတော်များ အချင်းချင်း ခိုက်ရန်ဖြစ်ကြပုံ၊ အာဂန္တုရဟန်းတော်တစ်ပါးက ထိုအရုပ်ကို ဖျက်ဆီးပစ်သောအခါ ခိုက်ရန်ဖြစ်မှု ငြိမ်းအေးသွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၈၉)
ဂေါဓသက္ကဝတ္ထု
ဤဝတ္ထု၌ မဟာနာမ် သာကီဝင်မင်းသည် ဂေါဓသာကီဝင်မင်းထံသို့ ချဉ်းကပ်ခဲ့ပုံ၊ ဂေါဓသာကီဝင်မင်းအား သောတာပန်ပုဂ္ဂိုလ်တို့၌ ရှိသင့်ရှိထိုက်သော အင်္ဂါရပ်များကို မေးမြန်းခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၃၊၃၂၄) (သံ၊ဋ္ဌ၊၃၊၃၁၇)
ဂေါဓိကတ္ထေရပရိနိဗ္ဗာနဝတ္ထု
ဤဝတ္ထု၌ ဣသိဂိလိတောင်နံပါး၊ ကာဠသိလာကျောက်ဖျာ၌ သီတင်းသုံးနေသော အရှင်ဂေါဓိကမထေရ်သည် ဈာန်ဝင်စားနေစဉ် ဝေဒနာပြင်းထန်စွာ ဖြစ်ပေါ်လာသောကြောင့် ၆-ကြိမ်တိုင် ဈာန်လျှောကျခဲ့ပုံ၊ (၇)ကြိမ်မြောက်ဝယ် ဈာန်မလျှောမီ လည်ပင်းကြောကို ဓားနှင့်ဖြတ်ရန် ကြံစည်ခဲ့ပုံ၊ ထိုအဖြစ်ကို မာရ်နတ် သိ၍ ဂေါဓိကမထေရ် ရဟန္တာမဖြစ်စေလိုသော ရည်ရွယ်ချက်ဖြင့် ဘုရာရှင်ထံ တိုင်ကြားခဲ့ပုံ၊ မထေရ်ကား လည်ပင်းကို ဓားဖြင့်ဖြတ်၍ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၂၁) (သံ၊ဋ္ဌ၊၁၊၁၆၈) (ဓမ္မ၊ဋ္ဌ၊၁၊၂၇၂) (သံ၊ဋီ၊၁၊၂၁၆)
ဂေါဓိကာဒိစတုတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်(၄)ပါးတို့၏ အလောင်းအလျာများသည် သိဒ္ဓတ္ထဘုရားရှင်လက်ထက်၌ သူငယ်ချင်းများ ဖြစ်ကြ၍ ဆွမ်းခံကြွလာသော ဘုရားရှင်အား တစ်ဦးက ဆွမ်းတစ်ဇွန်း လောင်းလှူခြင်း၊ တစ်ဦးက တည်ခြင်းငါးပါးဖြင့် ရှိခိုးခြင်း၊ အခြားတစ်ဦးက ပန်းဆုပ်ဖြင့် ပူဇော်ခြင်း၊ နောက်တစ်ဦးက မြတ်လေးပန်းတို့ဖြင့် ပူဇော်ခြင်းကိုပြုခဲ့ကြသည့်အတွက် သုဂတိဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်၌ ပါဝါပြည်သား မလ္လမင်းသား (၄)ဦး ဖြစ်ကြပုံ၊ ဂေါဓိက၊ သုဗာဟု၊ ဝလ္လိယ၊ ဥတ္တိယဟု အမည်ရှိကြပုံ၊ ဘုရားရှင်ထံ ရဟန်းပြုကာ ဝိပဿနာ ပွားများကြသဖြင့် မကြာမီ ရဟန္တာ ဖြစ်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၅၅)
ဂေါပကမောဂ္ဂလာနဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ အရှင်အာနန္ဒာမထေရ်သည် ဆွမ်းခံကြွရန် အချိန်စောသေးသဖြင့် ဂေါပကမောဂ္ဂလာန်ပုဏ္ဏားကြီး၏ အလုပ်ရုံသို့ ကြွတော်မူခဲ့ပုံ၊ ဂေါပကမောဂ္ဂလာန်ပုဏ္ဏားကြီးက ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသွားပြီးနောက် ဘုရားရှင်နှင့် အရာအားလုံးတူညီသော ရဟန်းတစ်ပါးတလေ ရှိပါသလောဟု အရှင်အာနန္ဒာအား မေးမြန်းလျှောက်သောအခါ အရှင်အာနန္ဒာမထေရ်က ဘုရားရှင်နှင့်တူသော ပုဂ္ဂိုလ်မရှိကြောင်း မိန့်ကြားတော်မူပုံ၊ ဘုရားရှင် မရှိတော့သော်လည်း ဘုရား၏ တရားတော်များကို အားထားကိုးကွယ်၍ နေထိုင်ကြကြောင်း၊ ထို့ပြင် ပသာဒနီယ(ကြည်ညိုဖွယ်)တရားဆယ်ပါးနှင့် ပြည့်စုံသော ရဟန်းတော်များကို အရိုအသေ အလေးအမြတ်ပြု၍ နေထိုင်ကြကြောင်း ဂေါပကမောဂ္ဂလာန်ပုဏ္ဏားအား မိန့်ကြားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၃၊၅၈)
ဂေါပကသီဝလိဝတ္ထု
ဤဝတ္ထု၌ ဂေါပကသီဝလိသည် တာလပိဋ္ဌိကကျောင်း၌ စေတီတည်ခဲ့ပုံ၊ သေခါနီးကာလ၌ ထိုစေတီ ကမ္မနိမိတ်ထင်လာ၍ နတ်ပြည်သို့ ရောက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၂၊၁၄၈)
ဂေါပါလဝတ္ထု
ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့သား နွားကျောင်းသားတစ်ယောက်သည် နံနက်စာအတွက် ပုဆိုးခါးပုံစတွင် မုယောမုန့်ကို ထည့်၍ နွားကျောင်းရန် သွားခဲ့ပုံ၊ အရှင်မောဂ္ဂလာန်သည် ထိုနွားကျောင်းသား သေမည့်ဘေးကို မြင်သဖြင့် သူ၏ အနီးသို့ ကြွသွားတော်မူပုံ၊ နွားကျောင်းသားသည် မထေရ်အား မုယောမုန့် လှူဒါန်းပြီးနောက် မြွေကိုက်ခံရပုံ၊ သေဆုံးသောအခါ တာဝတိံသာ၌ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊၁၀၇) (ဝိမာန၊ဋ္ဌ၊၂၈၉)
ဂေါပိကာဝတ္ထု
ဤဝတ္ထု၌ သာကီဝင်မင်းသမီးဂေါပိကာသည် ရဟန်းတော်တို့အား ဆွမ်းကွမ်းလှူဒါန်းပြီး သီလ ဆောက်တည် ဝတ်ကြီးဝတ်ငယ်ပြုကာ ယောင်္ကျားဘဝ တောင့်တခဲ့သဖြင့် တာဝတိံသာနတ်ပြည် သိကြားမင်း၏ သားတော် ဂေါပကနတ်သား ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၂၊၂၁၆) (ဒီ၊ဋ္ဌ၊၂၊၂၉၈)
ဂေါမယပိဏ္ဍဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် ဘုရားရှင်ထံ ချဉ်းကပ်၍ ‘‘ရုပ်, ဝေဒနာ, သညာ, သင်္ခါရတို့သည် ခိုင်မြဲမှု ရှိပါသလော’’ ဟု မေးပုံ၊ ဘုရားရှင်က ကုသဝတီနေပြည်တော်ကြီးဝယ် မြို့ပေါင်း ၈၄၀၀၀, ပြာသာဒ်ပေါင်း ၈၄၀၀၀-စသည်ဖြင့် အံ့မခန်း အထင်အရှား တည်ရှိ ခဲ့သော်လည်း ယခုအခါဝယ် အားလုံး ပျက်စီးပျောက်ကွယ်သွားကြပြီဖြစ်၍ သင်္ခါရဟူသမျှ မမြဲကြောင်း ဟောကြားပုံ စသော အကြောင်းအရာများပါဝင်သည်။ (သံ၊၂၊၁၁၇)
ဂေါရဝိန္ဒဇာတက
ဤဝတ္ထု၌ ဂေါရဝိန္ဒသူဌေးကြီးသည် ဝိဒေဟတိုင်း မိထိလာမြို့၌ ကုဋေရှစ်ဆယ်ကြွယ်ဝသော သူဌေးကြီး ဖြစ်ခဲ့ပုံ၊ ရှေးကုသိုလ်ကံကြောင့် ဥစ္စာရှင်ဖြစ်သော်လည်း ရုပ်ရည် လွန်စွာ ဆိုးဝါးပုံ၊ သားသမီးလည်း မရှိ၊ မည်သည့် အတတ်ပညာကိုမျှလည်း မတတ်ပုံ၊ ထိုသူဌေးကြီး စကားပြောရန် ပါးစပ်ဟလိုက်လျှင် အာပုပ်ရည်တို့သည် ပါးစပ်မှ ထွက်ကျလာပြီး မေးစေ့တလျှောက် စီးကျလာပုံ၊ ထိုအာပုပ်ရည်များကို နတ်သမီးတမျှ လှပလှသည့် အပျိုလေးနှစ်ဦးက ဝတ်စားတန်ဆာ ပြည့်စုံစွာ ဆင်ယင်လျက် ကြာညိုပန်းများဖြင့် ခံယူကာ ပြတင်းပေါက်မှ စွန့်ပစ်ရပုံ၊ အရက်သမား သေသောက်ကြူးတို့သည် ကြာပန်းကို လိုချင်ကြသဖြင့် သူဌေးကြီး-ဟု အိမ်အောက်ကခေါ်လျှင် အမောင်တို့-ဟု ထူးသောအခါ ပါးစပ်မှ အရည်များ ကျလာပြီး ကြာပန်းနှင့် ခံကာ စွန့်ပစ်ကြပုံ၊ ထိုကြာပန်းကို အရက်သမားတို့ ကောက်ယူဆေးကြော သုံးစွဲကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၆၊၁၉၇)
ဂေါသာလတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဂေါသာလမထေရ်လောင်း အမျိုးကောင်းသားသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ပစ္စေကဗုဒ္ဓါတစ်ပါး၏ ပံ့သကူသင်္ကန်းကို ပန်းများဖြင့် ပူဇော်ခဲ့ပုံ၊ ထိုကောင်းမူကြောင့် တာဝတိံသာနတ်ပြည်၌ ဖြစ်ခဲ့ပြီး ဤဘုရားရှင့်လက်ထက်တော်၌ ‘‘ဂေါသာလ’’ဟူသော အမည်ဖြင့် မဂဓတိုင်း သူကြွယ်မျိုး၌ ဖြစ်ခဲ့ပုံ၊ သူငယ်ချင်းဖြစ်သူ သောဏကုဋိကဏ္ဏ ရဟန်းပြုသွားကြောင်း ကြားသိရသဖြင့် သံဝေဂရပြီး ဘုရားရှင်ထံ သွား၍ ရဟန်းပြုခဲ့ပုံ၊ မိခင်ကြီးလှူဒါန်းသော နို့ဆွမ်းကို ဘုဉ်းပေးပြီး ဝိပဿနာရှုမှတ် ပွားများသဖြင့် ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၉၇)
ဂေါသီသနိက္ခေပကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်အလောင်းသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာမြောက်၌ ကျောင်းတံခါးအနီး ရဟန်း သံဃာနှင့် လူအများသွားရာ လမ်းမ၌ နွားဦးခေါင်းရိုးကို ခင်းခဲ့သော ကုသိုလ်ကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ ဖြစ်တိုင်းသောဘဝ၌ ယာဉ်ရထားများကို အလိုရှိတိုင်း ရရှိခံစားရပုံ၊ သာသနာပ၌ ပြုသော ကုသိုလ်ကံသည် သာသနာတော်တွင်း ရဟန်းသံဃာတို့၌ ပြုသောကံ၏ တစ်ဆယ့်ခြောက်စိတ်စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်ပုံ၊ ခုနစ်ဆယ့်ငါးကမ္ဘာအထက်၌ သုပ္ပတိဋ္ဌိတစကြဝတေးမင်း ဖြစ်ခဲ့ရ၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၇၈)
ဃဋဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း ဖြစ်စဉ် နန်းတွင်း၌ ဖောက်ပြန်သော အမတ်အား နိုင်ငံမှ နှင်ထုတ်လိုက်ပုံ၊ ထိုအမတ်က သာဝတ္ထိပြည် ဓင်္ကမင်းထံ ခိုလှုံပြီး ဗာရာဏသီပြည်ကို သိမ်းယူခဲ့ပုံ၊ ဘုရားအလောင်းသည် ဖမ်းဆီးချုပ်နှောင်ခံနေရစဉ် ဈာန်ရအောင် အားထုတ်နိုင်ခဲ့ပုံ၊ ရန်သူမင်း ပူလောင်ပြီး ဝန်ခံတောင်းပန်ခဲ့ပုံ၊ ဘုရားအလောင်းသည် နိုင်ငံကို အမတ်တို့အား အပ်နှင်း၍ တောထွက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၅၆)
ဃဋပဏ္ဍိတဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဃဋပဏ္ဍိတမင်းသား ဖြစ်ပုံ၊ နောင်တော် ဝါသုဒေဝမင်းသည် သားသေ၍ သောကစိတ် ပြင်းထန်နေရာ ဘုရားအလောင်းက ဆုံးမသဖြင့် သောကကင်းဝေးသွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၈၀)
ဃဋာသနဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ငှက်မင်းဖြစ်စဉ် ငှက်အပေါင်းခြံရံလျက် ဇာတဿရအိုင်ကမ်းစပ်ရှိ သစ်ပင်ကြီးတစ်ပင်ကို အမှီပြု၍ နေပုံ၊ ထိုရေအိုင်ထဲ၌ အလွန်ကြမ်းတမ်း ခက်ထန်သော နဂါးကြီးတစ်ကောင်လည်း နေထိုင်ပုံ၊ ငှက်များက စားကြွင်းစားကျန်များနှင့် မစင်အညစ်အကြေးများကို ရေအိုင်ထဲသို့ စွန့်ပစ်ကြပုံ၊ နဂါးကြီးက ဒေါသထွက်၍ ရေများကို ပွက်ပွက်ဆူစေလျက် သစ်ပင်နှင့်တကွ ငှက်များပါ သေစေရန် အခိုးလွှတ်ခဲ့ပုံ၊ ဘုရားအလောင်းငှက်မင်းက ရေအိုင်အတွင်းမှ ရေများ ပွက်ပွက်ဆူပြီး နီရဲလာသည်ကို တွေ့မြင်ရသဖြင့် ငှက်များကို ခေါ်ယူ၍ အခြားအရပ်တစ်ပါးသို့ ပြောင်းရွှေ့သွားခဲ့ပုံ၊ ဘုရားအလောင်းငှက်မင်း၏ စကားကို နားမထောင်သော ငှက်များသည် နဂါးကြီး၏ ဘေးရန်ကြောင့် သေကျေပျက်စီးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၉၆)
ဃဋိကာရဝတ္ထု
ဤဝတ္ထု၌ အိုးထိန်းသည် ဃဋိကာရသည် ဇာတိမာန်တက်နေသော ဘုရားအလောင်း ဇောတိပါလ လုလင်အား ကဿပဘုရားရှင်ထံ ခေါ်သွား၍ ရဟန်းပြုစေပုံ၊ ဃဋိကာရသည် မြတ်စွာဘုရား၏ အမြတ်ဆုံး အလုပ်အကျွေးဖြစ်ကာ မြတ်စွာဘုရားနှင့် ရင်းနှီးကျွမ်းဝင်ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (မ၊၂၊၂၃၆) (မ၊ဋ္ဌ၊၃၊၁၉၃)
ဃတမဏ္ဍဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဃတမဏ္ဍဒါယကထေရ်လောင်း အမျိုးကောင်းသားသည် လွန်ခဲ့သော ၉၄-ကမ္ဘာမြောက်၌ ပွင့်တော်မူသော သုစိန္တိတ ပစ္စေကဗုဒ္ဓါအရှင်မြတ် လေနာရောဂါ ခံစားနေရသည်ကို တွေ့၍ ထောပတ်ကြည်ကို လှူခဲ့ပုံ၊ ယင်းကုသိုလ်ကြောင့် သုဂတိဘုံဘဝတို့၌သာ ဖြစ်ခဲ့ရပြီး အရသာထူးများကို သုံးဆောင်ခဲ့ရ၍၊ ဤသာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၈)
ဃောဋမုခဝတ္ထု
ဤဝတ္ထု၌ အရှင်ဥဒေနထံ ဃောဋမုခပုဏ္ဏား ရောက်လာပြီး တရားနှင့်အညီ နေသော ရဟန်းများ မရှိဟု သူ၏အကြံအစည်ကို လျှောက်ထားရာ အရှင်ဥဒေနက ပုဂ္ဂိုလ်လေးယောက် ရှိပုံကိုလည်းကောင်း၊ ပရိသတ်နှစ်မျိုး ရှိပုံကိုလည်းကောင်း၊ တရားနှင့် ညီသော ရဟန်းတို့ ရှိပုံကိုလည်းကောင်း ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၂၊၃၆၄) (မ၊ဋ္ဌ၊၃၊၂၈၁)
ဃောသသညကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းသည် သိခီဘုရားရှင်ထံမှ တရားတော်ကို နာကြားခဲ့ရသော ကုသိုလ်ကောင်းမှုကြောင့် အပါယ်လေးပါးသို့ မလာရောက်ခဲ့ရဘဲ၊ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (အပ၊၂၊၉၇)
ဃောသိတသေဋ္ဌိဝတ္ထု
ဤဝတ္ထု၌ ဃောသိတသူဋ္ဌေးသည် ပစ္စေကဗုဒ္ဓါတစ်ပါးထံတွင် ပြုလုပ်ခဲ့ဖူးသော ကောင်းမှုကြောင့် ဤဂေါတမဘုရားရှင် ပွင့်တော်မူသောအခါ၌ ကောသမ္ဗီမြို့၌ သူဌေးဖြစ်ခဲ့ပုံ၊ မွေးဖွားပြီးစဖြစ်သော ဃောသိတသူဌေးအလောင်းကို အမှိုက်ပုံ၌ လွှင့်ပစ်ထားရာ ကောသမ္ဗီသူဌေးက ကောက်ယူ မွေးစားထားပုံ၊ မွေးစားပြီးနောက်မှ မွေးဖွားသော မိမိရင်သွေးကို အမွေပေးလိုသဖြင့် ဃောသိတကို ခုနစ်ကြိမ်တိုင်အောင် သေကြောင်းကြံသော်လည်း မအောင်မြင်ခဲ့ပုံ၊ သူဌေး၏ သားအရင်းသည် အစ်ကိုဖြစ်သူ ဃောသိတ၏ အမှုကိစ္စကို ကိုယ်စား ဆောင်ရွက်ပေးရာ အသက်ဆုံးရှုံးခဲ့ရပုံ၊ ဃောသိတသူဌေးလောင်းသည် ရွာသူဌေး၏ သမီးနှင့် လက်ဆက်ခဲ့ရပုံ၊ ကောသမ္ဗီသူဌေးကြီး သေဆုံးသော် ဃောသိတသူဌေး ဖြစ်လာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပဋိသံ၊ဋ္ဌ၊၂၊၂၉၅)
ဃောသိတသေဋ္ဌိဝတ္ထု
ဤဝတ္ထု၌ ဃောသိတသူဌေးလောင်းသည် သားမယားနှင့်တကွ အငတ်ဘေးကြောင့် အစာရလွယ်သော အရပ်သို့ ခရီးသွားစဉ် မိမိသားအရင်းကို မသယ်ဆောင်နိုင်သဖြင့် စွန့်ပစ်ခဲ့ရပုံ၊ သေလွန်သော် ခွေးဖြစ်၍ မိမိသခင် နွားကျောင်းသား၏ ကိုးကွယ်ရာဖြစ်သော အရှင်ပစ္စေကဗုဒ္ဓါအား နူးညံ့သော စိတ်ဖြင့် စောင့်ရှောက်ခဲ့ပုံ၊ ပစ္စေကဗုဒ္ဓါအရှင်မြတ်အား ဆွမ်းစားပင့်ခြင်း၊ လမ်းခရီး၌ ကြမ်းတမ်းသော သားကောင်တို့ကို ပြေးစေရန် အသံပေးခြင်းတို့ကို ပြုခဲ့ပုံ၊ ထိုကောင်းမှုတို့ကြောင့် သေလွန်သော် နတ်ပြည်၌ ဖြစ်ရပုံ၊ ဃောသကနတ်သားဟု အမည်တွင်လျက် နတ်ပြည်မှ စုတေသော် ကောသမ္ဗီမြို့၌ ဖြစ်ရပုံ၊ သားသမီးမရှိသော သူဌေးကြီးက သားအဖြစ် မွေးစားပုံ၊ ထိုဃောသိတသူဌေးအလောင်းသည် ဘုန်းကံရှိသူ ဖြစ်သောကြောင့် ခုနစ်ကြိမ်တိုင်အောင် သေကြောင်းကြံခံရပါလျက် အသက်မသေဘဲ နောက်ဆုံး၌ သူဌေးသမီးတစ်ဦး၏ ထက်မြက်သော ဉာဏ်စွမ်းကြောင့် အသက်ရှည်ခဲ့ရပုံ၊ နောင်၌ မွေးစားဖခင် သူဌေးကြီး ကွယ်လွန်ပြီးနောက် ဃောသိတသူဌေး ဖြစ်ခဲ့ပုံ၊ ဟိမဝန္တာမှ ကြွလာသော ရသေ့ငါးရာတို့သည် အနာထပိဏ်သူဌေး၏ အလုပ်အကျွေးဖြစ်ခဲ့ဖူးသော ရုက္ခစိုးနတ်၏ ပြောဆိုချက်ကြောင့် ဘုရားပွင့်တော်မူကြောင်း သိရှိကာ ဒါယကာသူဌေးတို့အား ပြောကြားပုံ၊ ကောသမ္ဗီရှိ သူဌေးသုံးဦးတို့ မြတ်စွာဘုရားအား ကျောင်းဆောက်၍ လှူဒါန်းခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၂၈၃) (မ၊ဋ္ဌ၊၂၊၂၈၈) (သာရတ္ထ၊ဋီ၊၂၊၃၃၈)
စက္ကနဥပါသကဝတ္ထု
ဤဝတ္ထု၌ သီဟိုဠ်ကျွန်းသား စက္ကနဥပါသကာ သည် ရောဂါဖြစ်နေသော မိခင်အတွက် ယုန်သားရှာရန် ထွက်ခဲ့ရာ ယုန်ကို ရခဲ့ပုံ၊ ကြောက်ရွံ့ထိတ်လန့်နေရှာသော ယုန်ကို စာနာသနားစိတ် ဝင်လာ၍ ပြန်လွှတ်လိုက်ပုံ၊ အိမ်သို့ ပြန်ရောက်သောအခါ သစ္စာစကားမြွက်ကြား၍ မိခင်၏ရောဂါ ပျောက်ကင်းချမ်းသာစေပုံ စသော အကြောင်းအရာများပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၂၀၇) (သံ၊ဋ္ဌ၊၂၊၁၃၈) (အဘိ၊ဋ္ဌ၊၁၊၁၄၆)
စက္ကဝတ္တိရာဇဝတ္ထု
ဤဝတ္ထုသည် သုဇာတဗုဒ္ဓဝံသ၌ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၆)
စက္ကဝါကဇာတက
ဤဇာတ်တော်၌ အစားအသောက်၌ လော်လီသော ကျီးကန်းတစ်ကောင်သည် ဆင်သေကောင်ကို စားရသော်လည်း မတင်းတိမ်ဘဲ ဂင်္ဂါမြစ်ကမ်းသို့ ပြန်ကာ ငါးသေများကို စားခဲ့ပုံ၊ ဟိမဝန္တာသို့ ဝင်ရောက်ကာ သစ်သီးမျိုးစုံကို စားသုံးခဲ့ပုံ၊ ရေအိုင်ကြီးတစ်အိုင်သို့ အရောက်တွင် မှော်များကိုသာ စား၍ ရွှေရောင်အဆင်းတို့ဖြင့် လှပနေသော စက္ကဝါက်ငှက်များအား ကြည့်ပြီးလျှင် လှပခြင်း၏ အကြောင်းရင်းကို မေးခဲ့ပုံ၊ စက္ကဝါက်ငှက်များသည် အသားကို မစား၊ သူတစ်ပါးကို မညှဉ်းဆဲသောကြောင့် လှပနေကြောင်း ဖြေကြားခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၄၉၃) (ဇာ၊ဋ္ဌ၊၄၊၇၀)
စက္ခုပါလတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင် ပရိနိဗ္ဗာန်စံသည်ရှိသော် သရီရဓာတ်တော်များကို စေတီတည်ပူဇော်သောအခါ၌ နှမ်းကြတ်ပန်းများကို ပူဇော်ခဲ့သော ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်တွင် သာဝတ္ထိမြို့၌ မဟာသုဝဏ္ဏသူကြွယ်၏သား ဖြစ်၍ သာသနာတော်သို့ ဝင်ရောက်ကာ ရဟန်းတရားအားထုတ်သဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၄၇)
စက္ခုပါလတ္ထေရဝတ္ထု
ဤဝတ္ထု၌ ပါလညီနောင်တို့ မွေးဖွားပုံ၊ မဟာပါလသတို့သား ရဟန်းဖြစ်ပြီးနောက် ပြင်းပြင်းထန်ထန် တရားအားထုတ်ခဲ့ပုံ၊ နေသဇ္ဇိကဓုတင် ပျက်မည်စိုး၍ မျက်စိရောဂါကို ဂရုမထားဘဲ မျက်စိအကွယ်ခံသည်အထိ ဆင်းရဲခဲ့ကာ တရားအားထုတ်သဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ၊ ရှေးက မကောင်းမှုပြုမိခဲ့သောကြောင့် မထေရ် မျက်စိ ကွယ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂)
စင်္ကမနဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲသော တစ်ထောင့်ရှစ်ရာကမ္ဘာအထက်၌ အတ္ထဒဿီဘုရားရှင်အား အစောက်အားဖြင့် ငါးတောင် အလျားအားဖြင့် အတောင်တစ်ရာရှည်သော စင်္ကြံကို အုတ်တို့ဖြင့် စီ၍ ပြုလုပ် လှူဒါန်းခဲ့သော ကောင်းမှုကံကြောင့် သုံးကမ္ဘာတို့ပတ်လုံး နတ်မင်းဖြစ်၍ နတ်သမီးတို့ ခြံရံလျက် နတ်စည်းစိမ်ကို ခံစားခဲ့ရပုံ၊ လူ့ပြည်၌ စကြဝတေးမင်း သုံးကြိမ် ဖြစ်ခဲ့ရပုံ၊ စင်္ကြံလှူဒါန်းခဲ့သော ဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ခြင်းမရှိဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၁၀)
စင်္ကီဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားသည် ကောသလတိုင်း ဩပါသာဒမည်သော ဗြာဟ္မဏရွာသို့ ကြွရောက်တော်မူပုံ၊ စင်္ကီပုဏ္ဏားကြီးနှင့် ပရိသတ်တို့အား ဗြာဟ္မဏဝါဒသည် မျက်ကန်းများ လမ်းလျှောက်ထွက်သည်နှင့် တူကြောင်း ဘုရားရှင်ဟောပြတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၂၊၃၇၅) (မ၊ဋ္ဌ၊၃၊၂၈၃)
စင်္ကောဋကိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ သိဒ္ဓတ္ထဘုရားရှင်အား ပန်း ကလာပ်ကို ပြုလုပ်၍ လှူဒါန်းခဲ့သော ကောင်းမှုကံကြောင့် နတ်ပြည်၌ တစ်ကမ္ဘာပတ်လုံး ပျော်မွေ့ခဲ့ရပုံ၊ ပန်းကလာပ်ကို လှူခဲ့သော ဘဝမှစ၍ အပါယ်လေးပါး လားရောက်ခဲ့ခြင်းမရှိဘဲ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၆၆)
စဏ္ဍမဟိံသီဝတ္ထု
ဤဝတ္ထု၌ သူငယ်တစ်ဦးသည် မိခင်၏ စကားကို နားမထောင်ဘဲ တောထဲသို့ သွားသောအခါ မိခင်က တား၍ မရသဖြင့် ‘‘နင့်ကို ကျွဲရိုင်းမကြီး လိုက်ခတ်ပါစေ’’ဟု ကျိန်ဆိုခဲ့ပုံ၊ တောထဲရောက်သောအခါ အမှန်တကယ်ပင် ကျွဲရိုင်းမကြီး လိုက်သဖြင့် သူငယ်က ‘‘ငါ၏မိခင် နှုတ်က ပြောသည့်စကားအတိုင်း မဖြစ်ဘဲ စိတ်ထဲက ကြံစည်သည့်အတိုင်းသာ ဖြစ်ပါစေ’’ဟု သစ္စာဆိုခဲ့ပုံ၊ ထိုအခါ ကျွဲရိုင်းမကြီးသည် ချည်တိုင်၌ ချည်ထားသကဲ့သို့ ရပ်နေပြီး ရှေ့ဆက် မလိုက်တော့ပုံ၊ မိဘဆရာသမားတို့သည် နှုတ်ထွက်ကြမ်းသော်လည်း စိတ်စေတနာ နူးညံ့ သိမ်မွေ့သဖြင့် ဖရုသဝါစာ မဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၇၃) (မ၊ဋ္ဌ၊၁၊၂၀၄) (သံ၊ဋ္ဌ၊၂၊၁၃၆) (အဘိ၊ဋ္ဌ၊၁၊၁၄၃) (သာရတ္ထ၊၁၊၃၄၅)
စဏ္ဍာလိဝတ္ထု
ဤဝတ္ထု၌ စဏ္ဍာလိသူတောင်းစားမကြီးသည် အရှင်မောဂ္ဂလာန်၏ တိုက်တွန်းချက်အရ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးခဲ့သည့် ကုသိုလ်ကောင်းမှုကြောင့် တာဝတိံသာနတ်ပြည်၌ နတ်သမီး ဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၉၄)
စတုဂိဟိသဟာယကဝတ္ထု
ဤဝတ္ထု၌ ယသသတို့သား၏ ငယ်သူငယ်ချင်းများ ဖြစ်ကြသော ဝိမလ, သုဗာဟု, ပုဏ္ဏဇိ, ဂဝံပတိ သူဌေးသားတို့သည် ‘‘ယသ ရဟန်းပြုသော သာသနာတော်သည် မြင့်မြတ်သော သာသနာတော် ဖြစ်ရမည်’’ဟု ဆုံးဖြတ်ကာ ရဟန်းပြုလာကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၅)
စတုတ္ထပါရာဇိက ဝိနီတဝတ္ထူနိ
ဤဝတ္ထု၌ ဈာန်မဂ်ဖိုလ်ကို ပြောကြားမှုနှင့် ပတ်သက်၍ စတုတ္ထပါရာဇိက အာပတ် သင့်/မသင့် ဆုံးဖြတ်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၁၃၉)
စတုဒွါရဇာတက
ဤဝတ္ထုသည် မိတ္တဝိန္ဒကဇာတကနှင့် တူသည်။ (ဇာ၊ဋ္ဌ၊၄၊၁)
စတုနိဿယဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်က ရဟန်းတော်တို့အား ရဟန်းခံကိစ္စဆောင်ရွက်ပြီးလျှင် ပြီးချင်း ထိုခဏ၌ပင် အရိပ်ဖဝါးတိုင်းခြင်း၊ ဥတုအချိန်အခါ ပြောဆိုမှတ်တမ်းတင်ခြင်း၊ နေ့ရက် မှတ်တမ်းတင်ခြင်း၊ ရဟန်းခံသည့် ကိစ္စတွင် ပါဝင်သော သံဃာတို့ကို မှတ်တမ်းတင်ခြင်း၊ မှီရာလေးပါး ပြောပြခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရဟန်းဟူသည် ဆွမ်းခံစားခြင်း၊ ပံ့သကူသင်္ကန်း ဝတ်ရုံခြင်း၊ သစ်ပင်ရင်းဟူသော နေရာကျောင်း၌ အားပြုနေထိုင်ခြင်း၊ နွားကျင်ငယ်ပုပ်ရည်၌ ဖန်ခါးသီးစိမ်ထားသော ဆေးကို သုံးဆောင်ခြင်းတို့ကို အားပြု၍ အသက်ထက်ဆုံး ရဟန်းပီပီ သီလစင်ကြယ်စွာ ကျင်သုံးရမည်ဖြစ်ကြောင်း ဆုံးမရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၃၃)
စတုပေါသထိကဇာတက
ဤဇာတ်တော်သည် ဝိဓုရဇာတက၌ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၁၅)
စတုမဋ္ဌဇာတက
ဤဇာတ်တော်၌ ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းကြီး မင်းပြုစဉ် ဘုရားအလောင်းသည် ရုက္ခစိုးနတ်ဖြစ်၍ ရွှေဟင်္သာငှက်နှစ်ကောင်နှင့် ခင်မင်ရင်းနှီးစွာ တရားစကား ပြောလေ့ရှိပုံ၊ တစ်နေ့တွင် ဘုရားအလောင်းနှင့် ရွှေဟင်္သာတို့ စကားပြောနေစဉ် မြေခွေးအိုတစ်ကောင် ရောက်လာပြီး ‘‘သစ်ပင်အောက်သို့ ဆင်း၍ စကားပြောကြပါ၊ သားတို့သနင်း ငါမြေခွေးမင်းကလည်း နားထောင်လိုပါသည်၊ ဆွေးနွေးလိုပါသည်’’ဟု ဝင်ရောက် ပြောဆိုသဖြင့် ရွှေဟင်္သာတို့မှာ မြေခွေးကို စက်ဆုပ်ရွံရှာပြီး စိတ္တကုဋ်တောင်သို့ ထွက်ခွာသွားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၉၇)
စတုအကရဏီယဝတ္ထု
ဤဝတ္ထု၌ ရဟန်းတော်တို့သည် ရဟန်းတစ်ပါးကို ရဟန်းခံပေးပြီးနောက် တစ်ပါးတည်း ထားရစ်ခဲ့ရာ မယားဟောင်းက တွေ့ပြီး ‘‘ရဟန်းဖြစ်လျှင် မေထုန်မှုပြုရန် မလွယ်တော့၊ လာပါ၊ မေထုန်မှီဝဲသွားပါ’’ဟု ဆိုခဲ့ပုံ၊ ထိုရဟန်းသစ်ကလည်း မှီဝဲခဲ့ပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူသောအခါ အဖော်မပါဘဲ မထားခဲ့ရ၊ ရဟန်းဖြစ်သူတို့ ဧကန်ရှောင်ကြဉ်ရမည့် တရားလေးပါးဖြစ်သည့် မေထုန်မှီဝဲမှု၊ ခိုးမှု၊ လူသတ်မှု၊ ဈာန်မဂ်ဖိုလ်ရပြီးဖြစ်သည်ဟု ကြွားဝါပြောဆိုမှုတို့ကို ထာဝရ ရှောင်ကြဉ်ရန် သွန်သင်ပြသထားရမည်ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၃၄)
စန္ဒကိန္နရီဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကိန္နရာမျိုး၌ ဖြစ်စဉ် စန္ဒာမည်သော ကိန္နရီမနှင့် ညားပြီး ဟိမဝန္တာရှိ ငွေတောင်၌ နေထိုင်ကြပုံ၊ မိုးလေးလ လွန်မြောက်သောအခါ စန္ဒကိန္နရီ ဇနီးမောင်နှံတို့ မြစ်ငယ်တစ်ခု၌ လာရောက် ပျော်မြူးနေကြပုံ၊ ထိုအချိန်၌ တောကစားထွက်လာသော ဗာရာဏသီမင်းကြီး ရောက်ရှိလာပြီး ကိန္နရီမကို နှစ်သက်သဘောကျသဖြင့် ဘုရားအလောင်းကိန္နရာကို ချောင်းမြောင်း၍ မြားဖြင့် ပစ်ခဲ့ပုံ၊ ကိန္နရာ လဲကျသွားသဖြင့် စန္ဒကိန္နရီက ပွေ့ဖက်၍ ငိုကြွေးနေပုံ၊ ထိုအခါ ဗာရာဏသီမင်းကြီးက စန္ဒကိန္နရီကို အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး တင်မြှောက်မည်ဖြစ်ကြောင်း၊ အခြွေအရံပေါင်း တစ်သောင်းခြောက်ထောင် ပေးထားမည်ဖြစ်ကြောင်း ပြောကြားပုံ၊ စန္ဒကိန္နရီက လက်မခံဘဲ မိမိပါ ဘုရားအလောင်းကိန္နရာနှင့် အတူ လိုက်သေမည်ဖြစ်ကြောင်း မင်းကြီးအား ပြောကြားသဖြင့် ဗာရာဏသီမင်းကြီး လက်လျှော့၍ ထွက်ခွာသွားခဲ့ရပုံ၊ စန္ဒကိန္နရီက ဘုရားအလောင်းကိန္နရာကို ပွေ့ဖက်ငိုကြွေး မြည်တမ်းနေစဉ် သိကြားမင်း လာရောက်ကယ်မသဖြင့် ဘုရားအလောင်းကိန္နရာ အသက်ချမ်းသာရပြီး ငွေတောင်၌ ကိန္နရီမောင်နှံ ပျော်ရွှင်စွာ နေထိုင်သွားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၂၈၂)
စန္ဒကုမာရဇာတက
ဤဇာတ်တော်၌ ခဏ္ဍဟာလပုဏ္ဏားကြီးသည် ယုတ်မာသော စိတ်ထားဖြင့် ဘုရားလောင်းစန္ဒကုမာရကို သတ်ဖြတ် ယဇ်ပူဇော်ရန် ကြံစည်ပုံ၊ ဘုရားအလောင်း စန္ဒကုမာရအတွက် စန္ဒာဒေဝီမိဖုရားက သစ္စာအဓိဋ္ဌာန်ပြုသဖြင့် သူတော်ကောင်း နတ်ကောင်းမခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၅၉) (ဇာ၊ဋ္ဌ၊၇၊၇၁)
စန္ဒနတ္ထေရဝတ္ထု
ဤဝတ္ထု၌ စန္ဒနမထေရ်လောင်းလျာသည် ရုက္ခစိုးနတ်ဘဝက သုဒဿနပစ္စေကဗုဒ္ဓါအား လက်ထုတ်ပန်းများကို လှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပုံ၊ ဂေါတမ ဘုရားရှင်လက်ထက်တွင် သူဌေးသား စန္ဒနလုလင် ဖြစ်လာပုံ၊ အိမ်ထောင်ပြုပြီး ဘုရားရှင်ထံမှ တရားတော်ကို နာကြားရသဖြင့် လူ့ဘဝဖြင့် သောတာပန်ဖြစ်ပုံ၊ ရဟန်းပြုပြီးနောက် ဆက်လက်၍ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၂၄)
စန္ဒနမာလိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ စန္ဒနမာလိယမထေရ် လောင်းလျာရသေ့သည် ဥစ္စာကုဋေရှစ်ဆယ်ကို စွန့်လွှတ်ကာ ရသေ့ ရဟန်းပြုခဲ့ပုံ၊ ကာယဒုစရိုက်စသော မကောင်းမှုများကို ရှောင်ကြဉ်ကာ တရားဓမ္မများကို ကြိုးစားအားထုတ်နေခဲ့ပုံ၊ ထိုအချိန်၌ သုမေဓာဘုရားရှင် ကြွရောက်တော်မူလာပုံ၊ တောင်ပေါ်သို့တက်ကာ သရက်သီး စန္ဒကူးနံ့သာ စသည်တို့ကို ခူးယူပြီး ဘုရားရှင်အား ဆက်ကပ် လှူဒါန်းခဲ့ပုံ၊ ဘုရားရှင်အား ကြည်ညိုသဒ္ဓါစိတ်ဖြင့် စန္ဒကူးနံ့သာတို့ဖြင့် လိမ်းကျံခဲ့ပုံ၊ ထိုကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် လူ့ပြည်နတ်ပြည်တို့၌ လူချမ်းသာ နတ်ချမ်းသာတို့ကို ကမ္ဘာပေါင်းများစွာ ခံစားခဲ့ရပုံ၊ လူ့ပြည်တွင် မိခင်ဝမ်း၌ ကိန်းအောင်းစဉ် သန္ဓေသား၏ ဘုန်းကံကြောင့် မိခင်အား လိုရာဆန္ဒဟူသမျှ ပြည့်ဝခဲ့ရပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တွင် ငါးနှစ်သားအရွယ်၌ ရဟန်းပြုကာ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၆၁)
စန္ဒပူဇနကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်အလောင်းသည် လွန်ခဲ့သော တစ်ထောင့်ရှစ်ရာကမ္ဘာအထက်၌ စန္ဒဘာဂါမြစ်ကမ်းနား၌ ကိန္နရာ ဖြစ်ခဲ့ပုံ၊ ကောင်းကင်ခရီးဖြင့် ကြွသွားတော်မူသော ဘုရားရှင်ကို ဖူးတွေ့ရ၍ ရွှင်လန်းဝမ်းမြောက်ခဲ့ပုံ၊ ဘုရားရှင်သည် ကိန္နရာကို ချီးမြှောက်လိုသဖြင့် ကောင်းကင်မှ ဆင်းသက်တော်မူ၍ ဒုကုဋ်သင်္ကန်းတော်ကို ဖြန့်ခင်းကာ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူစဉ် ကိန္နရာက စန္ဒကူးဖြင့် ပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါးသို့ လားရောက်ခြင်းမရှိဘဲ လွန်ခဲ့သော တစ်ထောင့်လေးရာကမ္ဘာအထက်၌ ရောဟဏီအမည်ရှိသော စကြဝတေးမင်း သုံးကြိမ် ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၈၁)
စန္ဒာထေရီဝတ္ထု
ဤဝတ္ထု၌ ထေရီလောင်းလျာသည် ရှေးဘုရားရှင်တို့ထံ၌ ကောင်းမှုပြု၍ ရဟန္တာဖြစ်ရန် ဆုပန်ခဲ့ပုံ၊ ဤဘုရားရှင်လက်ထက်၌ ဗြာဟ္မဏရွာတစ်ရွာတွင် မွေးဖွားခဲ့၍ ဆင်းရဲငြိုငြင်စွာ အသက်ရှင်ခဲ့ရပုံ၊ ပဋာစာရာထေရီမထံ ဘိက္ခုနီပြုကာ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၁၂၃)
စန္ဒာဘဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်း ဆရာရသေ့နှင့် အရှင်သာရိပုတ္တရာအလောင်း တပည့်ရသေ့ကြီးတို့သည် ရသေ့များ ခြံရံလျက် တောတွင်း၌ နေထိုင်ခဲ့ကြပုံ၊ ဆရာရသေ့ ကွယ်လွန်သွားသောအခါ တပည့်ငယ်များက ‘‘ဆရာရသေ့ ဘယ်ဘုံရောက်နေပါသလဲ’’ဟု မေးသဖြင့် တပည့်ကြီးဖြစ်သူ အရှင်သာရိပုတ္တရာလောင်း ရသေ့က အာဘဿရဘုံရောက်နေကြောင်း ဖြေကြားခဲ့ပုံ၊ တပည့်ငယ် ရသေ့များက တပည့်ကြီးဖြစ်သူ အရှင်သာရိပုတ္တရာလောင်း ရသေ့၏စကားကို လက်မခံ မယုံကြည်ဘဲ ရှိနေသဖြင့် ဘုရားလောင်းသည် အာဘဿရဘုံမှ ဆင်းလာပြီး ကောင်းကင်၌ ရပ်ကာ တပည့်ကြီး၏ ဂုဏ်ကို ပြောကြားလျက် ဖြေရှင်းပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၉၉)
စန္ဒာဘတ္ထေရဝတ္ထု
ဤဝတ္ထု၌ စန္ဒာဘထေရ်အလောင်း အမျိုးကောင်းသားသည် ကဿပဘုရားရှင်၏ ရွှေစေတီတော် ဌာပနာတိုက်အတွင်းပိုင်းကို စန္ဒကူးနံ့သာတို့ဖြင့် လိမ်းကျံပူဇော်ခဲ့ပုံ၊ ယင်းကုသိုလ်ကောင်းမှု၏ အကျိုးဆက်ကြောင့် ဤဂေါတမဘုရားရှင်လက်ထက်တွင် ဗြာဟ္မဏမဟာသာလပုဏ္ဏားမျိုး၌ ဖြစ်ပြီး ချက်ဝန်းမှ လရောင်နှင့်တူသော အရောင်များ ထွက်ပေါ်လာကာ စန္ဒာဘသတို့သားဟု အမည်တွင်ပုံ၊ အသပြာငွေတစ်ရာ၊ တစ်ထောင်စသည်ပေးမှ စန္ဒာဘသတို့သားက မိမိချက်ကို ကိုင်ခွင့်ပြုပုံ၊ ဘုရားရှင်နှင့် တွေ့ဆုံသောအခါ စန္ဒာဘပုဏ္ဏား၏ ချက်မှ အရောင်များ ပျောက်ကွယ်သွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၂၃) (သုတ္တနိ၊ဋ္ဌ၊၂၊၂၃၉)
စမ္ပကပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော သုံးဆယ့်တစ်ကမ္ဘာအထက်၌ ရသေ့ဖြစ်ခဲ့ပြီး တောင်ကြား၌ သီတင်းသုံးနေတော်မူသော ဝေဿဘူဘုရားရှင်အား ဉာဏ်တော်ကို ရည်မှန်း၍ စကားပန်းပွင့်ခုနစ်ပွင့်ကို လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိဘဲ လွန်ခဲ့သော နှစ်ဆယ့်ကိုးကမ္ဘာအထက်၌ ဝိပုလာဘအမည်ရှိသော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်ဝယ် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၈၄)
စမ္ပေယျဇာတက
ဤဇာတ်တော်၌ အင်္ဂတိုင်းနှင့် မဂဓတိုင်းတို့သည် မကြာမကြာ စစ်ဖြစ်လေ့ရှိပုံ၊ နဂါးမင်း၏ အကူအညီကြောင့် မဂဓမင်းသည် အင်္ဂတိုင်းကို အနိုင်ရပုံ၊ ဘုရားအလောင်းသည် သူဆင်းရဲမျိုး၌ ဖြစ်စဉ် စမ္ပေယျနဂါးမင်း၏ စည်းစိမ်ကို တောင့်တလျက် ကုသိုလ်ကောင်းမှုပြုလုပ်ပြီး ကွယ်လွန်သောအခါ စမ္ပေယျနဂါးမင်း၏ နေရာတွင် ဖြစ်ပုံ၊ နဂါးပြည်၌ နဂါးမတို့ နှောင့်ယှက်သဖြင့် တစ်ဆယ့်ငါးရက်တစ်ကြိမ် ဥပုသ်ဆောက်တည်ရန် လူ့ပြည်သို့ သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၄၅၇)
စမ္ပေယျနာဂရာဇဝတ္ထု
ဤဝတ္ထု၌ တန်ခိုးကြီးမားသော စမ္ပေယျနဂါးမင်းသည် ကာမဂုဏ်စည်းစိမ် မခံစားဘဲ လူ့ဘုံသို့ လာ၍ သီလပါရမီ ဖြည့်ကျင့်ခဲ့ရာ အလမ္ပာယ်ဆရာနှင့် တွေ့၍ မိမိတန်ခိုးကို အသုံးမပြုဘဲ သည်းခံ၍ သီလပါရမီဖြည့်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၁၂၅) (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၂၉၇)
စမ္မသာဋကဇာတက
ဤဇာတ်တော်၌ ဆိတ်တစ်ကောင်သည် ပရိဗိုဇ်တစ်ယောက်ကို ဝှေ့ရန် နောက်သို့ ဆုတ်၍ အရှိန် ယူသည်ကို ပရိဗိုရ်က မသိဘဲ ‘‘ငါ့ကို ပူဇော်ရန် ပြုလုပ်သည်၊ အလွန်လိမ္မာသည်’’ဟု သဘောကျကာ ရပ်၍ အပူဇော်ခံနေပုံ၊ ဆိတ်သည် ပြေးလာပြီး ပရိဗိုဇ်ပေါင်ကို ချိုဖြင့် ဝှေ့သဖြင့် ပရိဖိုဇ်သည် လဲကျ၍ ဒုက္ခရောက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၇၅)
စာဋိအရဟန္တဝတ္ထု
ဤဝတ္ထု၌ အံ့ဖွယ်သရဲကို ဖြစ်စေတတ်သော ရဟန်းတစ်ပါးသည် မိမိနေထိုင်သီတင်းသုံးရာ တိုက်ခန်းအတွင်း၌ အိုးစရည်းကြီးတစ်လုံးကို မြှုပ်၍ ထားပုံ၊ လူများ လာသောအခါ အိုးစရည်းကြီးထဲ ဝင်၍ ပုန်းနေပုံ၊ လူအများက မထေရ် မရှိပါဟု ပြောဆိုပြီး ထွက်သွားသောအခါ မထေရ်သည် တိုက်ခန်းအတွင်း၌သာ နေ၏ဟု အသံပြုလျက် ထိုအိုးစရည်းမှ ထွက်ကာ အင်းပျဉ်၌ ထိုင်နေပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၂၊၄၅၈)
စာတုမဝတ္ထု
ဤဝတ္ထု၌ စာတုမရွာ ဆီးဖြူတော၌ သီတင်းသုံးနေတော်မူသော မြတ်စွာဘုရားထံသို့ အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်တို့ အမှူးပြုသော ရဟန်းငါးရာတို့ အဖူးအမြော် လာရောက်ကြပုံ၊ ထိုရဟန်းတို့ ဆူညံကျယ်လောင်စွာ စကားပြောဆိုခြင်းကြောင့် မြတ်စွာဘုရားက နှင်ထုတ်ပုံ၊ သာကီဝင်မင်းများနှင့် သဟမ္ပတိဗြဟ္မာတို့က မြတ်စွာဘုရားထံ တောင်းပန် လျှောက်ထားသဖြင့် ထိုရဟန်းတို့ကို မြတ်စွာဘုရားက ပြန်လည်လက်ခံခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၂၊၁၁၉)
စာတုရိတ္ထိဒေဝဓီတုဝတ္ထု
ဤဝတ္ထု၌ ကဿပဘုရားရှင်လက်ထက် ဧသိကာတိုင်း ပဏ္ဏကတမြို့ အိမ်တစ်အိမ်၌ ဖြစ်ကြသော အမျိုးသမီးလေးယောက်တို့သည် ဆွမ်းခံကြွလာသော ရဟန်းတော်တစ်ပါးကို ကြည်ညိုသော စိတ်ဖြင့် အမျိုးသမီးတစ်ယောက်က ငုရွှေပန်းစည်းကို လှူပြီး တစ်ယောက်က ကြာညိုပန်း၊ အခြားတစ်ယောက်က ပဒုမ္မာကြာပန်း၊ နောက်တစ်ယောက်က မြတ်လေးငုံပန်းကုံးတို့ကို လှူခဲ့သော ကုသိုလ်ကြောင့် ကွယ်လွန်သောအခါ တာဝတိံသာဘုံ၌ လေးယောက်စလုံး နတ်သမီး ဖြစ်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၇၉)
စာပါထေရီဝတ္ထု
ဤဝတ္ထု၌ ဝင်္ဂဟာရဇနပုဒ်သူ စာပါနှင့် ဥပကတက္ကတွန်းတို့ ဖူးစာဆုံခဲ့ပုံ၊ ဥပကတက္ကတွန်း ဘုရားထံ ရောက်ရှိခဲ့ပုံ၊ အကျီစားသန်၍ လင်ပစ်ခံရသော စာပါသည် ဘုရားရှင်ထံသို့ ရောက်ရှိပြီး ရဟန်းမ ဝတ်လျက် တရားထူးရကာ ဥဒါန်းကျူးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၂၂၈)
စာလာထေရီဝတ္ထု
ဤဝတ္ထု၌ ထေရီလောင်းလျာသည် ရှေးဘုရားတို့ထံ ဆုပန်ခဲ့ပြီး ပါရမီ ဖြည့်ကျင့်ခဲ့ပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ မဂဓတိုင်း နာလကရွာ ရူပသာရီပုဏ္ဏေးမကြီး၏သမီး၊ အရှင်သာရိပုတ္တရာ၏ ညီမငယ် ဖြစ်ခဲ့ပုံ၊ သာသနာ့ဘောင်သို့ ဝင်ရောက်၍ ဘိက္ခုနီမ ပြုခဲ့ပြီး ရဟန္တာထေရီ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၁၆၈)
စိဉ္စမာဏဝိကာဝတ္ထု
ဤဝတ္ထု၌ စိဉ္စမာဏဝိကာမိန်းမယုတ်သည် တစ်လောကလုံး၏ အမြတ်ဆုံးဖြစ်သော ဘုရားရှင်ကို မိမိနှင့် ဖေါက်ပြန်ခဲ့ဟန် ပရိသတ်အလယ်၌ စွပ်စွဲခဲ့ပုံ၊ စိဉ္စမာဏမိန်းမယုတ်သည် ဇေတဝန်ကျောင်းတော်မှ ပြန်အထွက် မြေမြိုခံရကာ အဝီစိငရဲသို့ ကျရောက်ပုံ၊ နောက်ဘဝမရှိဟု လက်ခံယုံကြည်ထားသူတို့အတွက် မည်သည့် မကောင်းမှုမျိုးကိုမဆို ပြုလုပ်ရဲပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၁၆) (ဣတိဝုတ်၊ဋ္ဌ၊၈၂)
စိတကနိဗ္ဗာပကတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်စိတကနိဗ္ဗာပက မထေရ်လောင်းလျာသည် ဝေဿဘူမြတ်စွာဘုရား၏ ဥတုဇရုပ်ကလာပ်အလောင်းတော်ကို မီးသင်္ဂြိုဟ်သောအခါ နံ့သာရေမွှေးတို့ဖြင့် မီးငြိှသတ်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် (၃၁)ကမ္ဘာ အပါယ်မလားဘဲ ဤဂေါတမဘုရားရှင်၏ သာသနာတော်၌ အာသဝေါကုန်ခန်း၍ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၄၀)
စိတကပူဇကတ္ထေရဝတ္ထု
ဤဝတ္ထု၌ စိတကပူဇက မထေရ်လောင်းလျာသည် ပရိနိဗ္ဗာန်စံဝင်တော်မူသွားသော သိခီဘုရားရှင်၏ ဥတုဇရုပ်ကလာပ်အလောင်းပေါ်ရှိ နံ့သာထင်းပုံပေါ်သို့ စကားဝါပန်းရှစ်ပွင့်ကို ကြဲ၍ လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ဘဝများစွာ အပါယ်ငရဲမှ ကင်းဝေးခဲ့ရပုံ၊ ဤဂေါတမဘုရားရှင်သာသနာတော် အာသဝေါကုန်ခန်းကာ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၃၉)
စိတကပူဇကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲသော သုံးဆယ့်တစ်ကမ္ဘာအထက်၌ လင်းလွန်းပင်စောင့်နတ် ဖြစ်၍ အခြံအရံပရိသတ်နှင့်တကွ လင်းလွန်းပင်၌ နေခဲ့ပုံ၊ သိခီဘုရားရှင်၏ လောင်တိုက်တော်ထင်းပုံ၌ နံ့သာပန်းတို့ကို ကြဲမြှောက် ပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ရခြင်းမရှိဘဲ လွန်ခဲ့သော နှစ်ဆယ့်ကိုးကမ္ဘာအထက်၌ ဥဂ္ဂတမည်သော စကြဝတေးမင်း တစ်ဆယ့်ခြောက်ကြိမ် ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်ဝယ် ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၆၅)
စိတ္တကတ္ထေရဝတ္ထု
ဤဝတ္ထု၌ စိတ္တကမထေရ်လောင်းလျာ ဒါယကာသည် ဝိပဿီဘုရားရှင်လက်ထက်တော်၌ သင်းပျံ့မွှေးကြိုင် ရနံ့လှိုင်သော ပန်းမျိုးစုံဖြင့် ဘုရားရှင်အား လှူဒါန်းပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်၊ နတ်ပြည်တို့၌သာ လူ့စည်းစိမ် နတ်စည်းစိမ်တို့ကို ခံစားခဲ့ရပုံ၊ နောက်ဆုံးဘဝ ဂေါတမဘုရားရှင်လက်ထက်တော်၌ ပုဏ္ဏားသူကြွယ်မျိုး၌ ဖြစ်ပုံ၊ ဘုရားရှင်ထံ ရဟန်းပြုကာ တောအရပ်၌ တရားအားထုတ်ပြီး ရဟန္တာဖြစ်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၉၆)
စိတ္တဂဟပတိဝတ္ထု
ဤဝတ္ထု၌ အရှင်အာနန္ဒာက ‘‘စိတ္တသူကြွယ်အား ဘုရားရှင်ထံ လာရောက်စဉ် အခါ၌သာ လာဘ်ပူဇော်သက္ကာရ ဖြစ်သလော သို့မဟုတ် အခြားသူများထံသို့ သွားသောအခါများ၌လည်း လာဘ်ပူဇော်သက္ကာရ ဖြစ်သလော’’ဟု ဘုရားရှင်အား မေးမြန်းလျှောက်ထားပုံ၊ ဘုရားရှင်က သဒ္ဓါသီလနှင့် ပြည့်စုံသော သူအား သွားလေရာရာ ရောက်လေရာရာ အရပ်၌ လာဘ်ပူဇော် သက္ကာရဖြစ်ကြောင်း မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၈၉)
စိတ္တဂဟပတိဝတ္ထု
ဤဝတ္ထု၌ သူကြွယ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ ဓမ္မကထိကအရာ ဧတဒဂ်ရသူတစ်ဦးကို အားကျပြီး ကုသိုလ်ပြု၍ဆုတောင်းခဲ့ပုံ၊ သူသည် သုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရပြီး ဤဘုရားရှင်လက်ထက်တော်၌ မဂဓတိုင်း၊ မစ္ဆိကာသဏ္ဍမြို့၌ သူကြွယ်ဖြစ်ခဲ့ပုံ၊ မဟာနာမ်မထေရ်ထံမှ တရားနာရ၍ အနာဂါမ် ဖြစ်ကာ ဓမ္မကထိကအရာ ဧတဒဂ်ရခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၂၉၆)
စိတ္တဂဟပတိဝတ္ထု
ဤဝတ္ထု၌ အရှင်သုဓမ္မသည် မစ္ဆိကာသဏ္ဍအရပ်၌ စိတ္တသူကြွယ် ဆောက်လုပ်သော ကျောင်း၌ ကျောင်းထိုင်ပုဂ္ဂိုလ် ဖြစ်ပုံ၊ အရှင်သာရိပုတ္တရာအစရှိသော မထေရ်ကြီးတို့ ထိုကျောင်းသို့ ရောက်သောအခါ စိတ္တသူကြွယ် လာရောက် တရားနာယူပြီး ဆွမ်းစားပင့်ပုံ၊ အရှင်သုဓမ္မက သူ့ကို ဂရုမစိုက်ဟု အထင်လွဲကာ သူကိုယ်တိုင် ဆွမ်းစားမကြွဘဲ နေပုံ၊ ဆွမ်းပြင်ထားသော ဆွမ်းပွဲသို့ လာရောက်ကြည့်၍ နှမ်းပျစ်သည်သားဖြစ်သော စိတ္တသူကြွယ်ကို နှိမ်လိုသဖြင့် ‘‘နှမ်းပျစ်မပါပါလား’’ဟု ဆိုခဲ့ပုံ၊ နောင်အခါ ဘုရားရှင် သိတော်မူ၍ သုဓမ္မမထေရ်အား ဝန်ချတောင်းပန်စေတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၇) (ဓမ္မ၊ဋ္ဌ၊၁၊၃၂၇)
စိတ္တဂုတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ စိတ္တဂုတ္တမထေရ်မြတ်သည် မျက်လွှာအောက်ချ၍ စက္ခုန္ဒြေကို စောင့်စည်းခဲ့ပုံ၊ မထေရ်သီတင်းသုံးရာ ကုရဏ္ဍက လိုဏ်ဂူကြီး၌ ဘုရား(၇)ဆူတို့ တောထွက်ပုံပန်းချီကားရှိသော်လည်း မထေရ်ကြီးသည် တစ်ခါမှ မော့မကြည့်ပုံ၊ တစ်နေ့တွင် လိုဏ်ဂူသို့ အလည်ရောက်လာသော ရဟန်းတို့ ပြောပြမှ သိရပုံ၊ အနှစ်(၆၀)နေလာခဲ့သော်လည်း တစ်ခါမှ မော်မကြည့်ဖူးပုံ၊ မထေရ်၏ ဂုဏ်သတင်းကို ဘုရင်က ကြား၍ ပင့်သော်လည်း တရားအလုပ် ပျက်မည်စိုး၍ မသွားခဲ့ပုံ၊ ဘုရင်က ‘‘မထေရ်မကြွလျှင် ကလေးများ နို့မစို့စေရ’’ဟု အမိန့်ထုတ်ထား၍ ကြွသွားတော်မူပုံ၊ မိမိထံ လာရောက်ရှိခိုးသူတို့ကိုလည်း ဣန္ဒြေဖျက်၍ မကြည့်ဘဲ ကျားမ မခွဲခြား တစ်သားတည်း ဆုပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၃၆)
စိတ္တလတာဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့သား ဥပါသကာတစ်ဦးသည် ဆင်းရဲသဖြင့် သူတစ်ပါးတို့၏ အလုပ်ကို အခစားလုပ်၍ အသက်မွေးရသော်လည်း မိအိုဖအိုကြီးတို့ကို ပြုစုလုပ်ကျွေးပုံ၊ ငါးပါးသီလစောင့်ကာ ဥပုသ်သီလကျင့်သုံးပြီး တတ်နိုင်သလောက် ဒါနမှု ပြုပုံ၊ ကွယ်လွန်သည်ရှိသော် တာဝတိံသာနတ်ပြည် စိတ္တလတာဗိမာန်၌ နတ်သားဖြစ်ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဝိမာန၊၁၀၃) (ဝိမာန၊ဋ္ဌ၊၂၇၉)
စိတ္တလပဗ္ဗတဝါသိတ္ထေရဝတ္ထု
ဤဝတ္ထု၌ စိတ္တလတောင်တွင် သီတင်းသုံးတော်မူသော ရဟန္တာမထေရ်ကြီးတစ်ပါးသည် အလုပ်အကျွေး တောထွက်ရဟန်းကြီးနှင့်အတူ ဆွမ်းခံကြွတော်မူပုံ၊ သပိတ်သင်္ကန်းကိုယူလျက် နောက်ကလိုက်နေသော တောထွက်ကြီးက မထေရ်ကို ‘‘အရိယာဆိုတာ ဘယ်လိုသူပါလဲ’’ဟုမေးလျှောက်ပုံ၊ မထေရ်က ‘‘တစ်ချို့ပုဂ္ဂိုလ်များသည် အရိယာနှင့်အတူနေ အရိယာတို့၏ ဝတ်ကြီး ဝတ်ငယ်ကိုပြုနေပါလျက် အရိယာမှန်းမသိလောက်အောင် အရိယာ အသိခက်ပေ၏’’ဟု မိန့်တော်မူပုံ စသော အကြောင်းအရာ များပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၃၆၄) (မ၊ဋ္ဌ၊၁၊၂၃) (သံ၊ဋ္ဌ၊၂၊၂၃၂) (အဘိ၊ဋ္ဌ၊၁၊၃၈၅) (စူဠနိ၊ဋ္ဌ၊၇၁)
စိတ္တလပဗ္ဗတဝါသီတိဿတ္ထေရဝတ္ထု
ဤဝတ္ထု၌ စိတ္တလပဗ္ဗတဝါသီ တိဿထေရ်သည် ရှစ်ဝါရသောအခါ သာသနာတော်၌ ပျင်းရိ ငြီးငွေ့မှုကို မပယ်ဖျောက်နိုင်ကြောင်း မိမိ၏ ဥပဇ္ဈာယ်မထေရ်အား လျှောက်ထားခဲ့ပုံ၊ ဥပဇ္ဈာယ်ထေရ်သည် တိဿရဟန်း အရဟတ္တမဂ် အရဟတ္တဖိုလ် ရမည့်အကြောင်းကို တွေ့မြင်သဖြင့် မိမိအတွက် ကမ္မဋ္ဌာန်းကျောင်းသစ်တစ်လုံးကို ဆောက်လုပ်စေပုံ၊ ကျောင်းသစ် ဆောက်လုပ်ပြီးသွားသောအခါ ဥပဇ္ဈာယ်မထေရ်က တိဿရဟန်းကိုသာလျှင် ထိုကျောင်း၌ နေစေခဲ့ပုံ၊ တိဿရဟန်းသည် မိမိနှင့် သပ္ပါယဖြစ်သော ထိုကျောင်းသစ်၌ နေကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၄)
စိတ္တလပဗ္ဗတဝါသီတ္ထေရဝတ္ထု
ဤဝတ္ထု၌ သီဟိုဠ်ကျွန်း စိတ္တလတောင်၌ နေသော မထင်ရှားသော မထေရ်တစ်ပါးသည် ဝေဒနာပြင်းထန်စွာ ခံစားရသဖြင့် ညည်းညူလျက် လူးလှိမ့်နေစဉ် ရဟန်းငယ်တစ်ပါးက သည်းခံ၍ ဝေဒနာရှုရန် လျှောက်ထားခဲ့ပုံ၊ မထေရ်ကြီးသည် သတိရသဖြင့် ဝေဒနာဒဏ်ကို ကြံ့ကြံ့ခံ၍ ရှုမှတ်ခဲ့ပုံ၊ ဝမ်းတွင်းရှိ လေတို့သည် နှလုံးသားကို ဖောက်ထွင်းကာ ဝမ်းဗိုက်ကို ခွဲဖြတ်၍ အူအခွေတို့သည် ခုတင်ပေါ်သို့ စုပြုံကျလာပုံ၊ မထေရ်ကြီးသည် ဝေဒနာဒဏ်ကို ကြိုးစားရှုမှတ်သဖြင့် ပဋိသမ္ဘိဒါပတ္တရဟန္တာအဖြစ်သို့ ရောက်ကာ သမသီသီရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၂၇၉) (အဘိ၊ဋ္ဌ၊၂၊၂၅၁)
စိတ္တလပဗ္ဗတဝါသီပဓာနိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ စိတ္တလတောင်၌ နေသော ပဓာနိယမထေရ်သည် ညဉ့်အခါ ကမ္မဋ္ဌာန်းတရား အားထုတ်စဉ် လေထိုးလေအောင့်ရောဂါ ဖြစ်ပေါ်သဖြင့် တပြောင်းပြန်ပြန် လူးလှိမ့်၍ နေပုံ၊ ပိဏ္ဍပါတိယထေရ်က ရဟန်းမည်သည် သည်းခံအပ်သော အလေ့အကျင့် ရှိအပ်သည်မဟုတ်လောဟု ဆုံးမသောအခါ တုန်လှုပ်ခြင်းမရှိဘဲ သည်းခံခဲ့ပုံ၊ ထိုမထေရ်သည် ထိုဝေဒနာကို သည်းခံ၍ ဝိပဿနာရှုပွားသဖြင့် မကြာမီ အနာဂါမ်ဖြစ်ကာ နောင်တွင် ပရိနိဗ္ဗာန်ပြုခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၈၂) (မ၊ဋီ၊၁၊၁၇၀) (အံ၊ဋီ၊၃၊၁၃၀)
စိတ္တလပဗ္ဗတဝါသီဘိက္ခုဝတ္ထု
ဤဝတ္ထု၌ စိတ္တလပဗ္ဗတတောင်နေ ရဟန်းတစ်ပါးသည် မုခ်လေးခုရှိ ဇရပ်အနီး၌ သံဃာတော်များအတွက် မုန့်ကြော်ရန် နေရာကို အလှူရှင်တို့ ကြိုတင်သိစေရန် ပြုလုပ်ထားပုံ၊ နောက်တစ်နေ့တွင် သံဃာတော်များ မုန့်ဆွမ်းဘုဉ်းပေးရန် စုဝေး ကြွရောက်လာသောအခါ လိမ္မာပါးနပ်သော ဒကာတစ်ယောက်က သံဃာ့မထေရ်ကြီးအား ရှေးက ဤကဲ့သို့ ကြိုတင်သိစေမှု မရှိခဲ့ကြောင်း လျှောက်ထားပုံ၊ မထေရ်ကြီးနှင့် တကွ သံဃာအားလုံးသည် ထိုမုန့်ကို ကြိုတင်သိစေ၍ ရခြင်းဖြစ်သောကြောင့် အလှူမခံကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၂၊၂၆၀)
စိတ္တသမ္ဘူတဇာတက
ဤဇာတ်တော်၌ ဒွန်းစဏ္ဍားအမျိုးဖြစ်သော စိတ္တနှင့် သမ္ဘူတတို့ ပုဏ္ဏားယောင် ဆောင်ထားသော်လည်း သတိမထားသဖြင့် အမျိုးမှန် ပေါ်ပေါက်ခဲ့ပုံ၊ ထိုညီနောင် နှစ်ယောက်တို့ ရသေ့ဘဝဖြင့် ကွယ်လွန်ပြီးနောက် သမင်မျိုး၊ ဝံလိုငှက်မျိုးတို့၌ ဖြစ်၍ ချစ်ခင်ရင်းနှီးခဲ့ကြပုံ၊ လူဘဝသို့ ရောက်သော် တစ်ယောက်က ပုရောဟိတ်သားဖြစ်၍ တစ်ယောက်က မင်းသားဖြစ်ခဲ့ကြပုံ၊ ပုရောဟိတ်သား ရသေ့က မင်းအား ဆုံးမခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၃၉၀)
စိတ္တဟတ္ထတ္ထေရဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့သား အမျိုးသားတစ်ဦးသည် နွားပျောက်ကို ရှာရာမှ ကျောင်းတော်သို့ ရောက်ပြီး အစားအသောက် ပိုလျှံပေါများမှုကို သဘောကျကာ ရဟန်းဝတ်ခဲ့ပုံ၊ ငြီးငွေ့သဖြင့် လူထွက်ပြန်ပြီးလျှင် လူ့ဘဝ၌ အစာရှားသဖြင့် ရဟန်းပြန်ဝတ်ပုံ၊ ထိုသို့ (၆)ကြိမ်တိုင် ဝတ်လိုက် ထွက်လိုက် နေပုံ၊ (၇)ကြိမ်မြောက်၌ အိပ်ပျော်နေသော သူ့ဇနီးသည်၏ ရွံရှာဖွယ်အသွင်ကို တွေ့ရသဖြင့် အပြီးတိုင် ရဟန်းဝတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၃၁၂) (ဓမ္မ၊ဋ္ဌ၊၁၊၁၉၄)
စိတ္တာထေရီဝတ္ထု
ဤဝတ္ထု၌ လွန်ခဲ့သော ၉၄-ကမ္ဘာထက်၌ ပွင့်တော်မူသော ပစ္စေကဗုဒ္ဓါတစ်ပါးအား ထေရီမလောင်းလျာ ကိန္နရီမလေးသည် ကျူပန်းတို့ဖြင့် ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပြီး ဤဘုရားရှင်သာသနာတော်၌ မဟာပဇာပတိဂေါတမီထေရီထံ၌ ဘိက္ခုနီပြု၍ ရဟန္တာထေရီ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၃၄)
စီဝရကမ္မဝတ္ထု
ဤဝတ္ထု၌ ရဟန်းတော်တို့သည် သင်္ကန်းချုပ်လုပ်မှု၊ ဆေးဆိုးမှုများကို ပြုလုပ်ကြစဉ် အပ်၊ အပ်ချည်၊ ချည်၊ ဓါးငယ်စသည်တို့ကို လိုချင်ကြသော်လည်း ဘုရားရှင်၏ ပညတ်ချက်အရ မြို့ရွာတွင်းရှိ အိမ်များသို့ ကြွရန် သံသယရှိကြသောကြောင့် မကြွကြပုံ၊ ဘုရားရှင် သိတော်မူ၍ သင်္ကန်းချုပ်လုပ်ရာအခါ၌ အိမ်များသို့ ကြွခွင့်ပြုကြောင်း မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၃၃)
စီဝရကာရကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ဂဏဘောဇဉ်ကို တားမြစ်တော်မူပြီးဖြစ်၍ သင်္ကန်းချုပ်လုပ် ဆေးဆိုးပြုပြင်ချိန်၌ သံဃာတော်တို့အား ဆွမ်းဖြင့် ဖိတ်မန်ရာ ရဟန်းများက လက်မခံဘဲ ငြင်းပယ်ကြပုံ၊ ဘုရားရှင် သိတော်မူ၍ သင်္ကန်းပြုလုပ်ရာ အချိန်၌ ဂဏဘောဇဉ်ကို ခံယူနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၉၈)
စီဝရကာရကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်က ပရမ္ပရဘောဇဉ်ကို ပယ်တော်မူပြီးဖြစ်သဖြင့် သင်္ကန်းချုပ်လုပ် ဆေးဆိုးနေသော ရဟန်းတို့အား ဆွမ်းစားပင့်ကြရာ ရဟန်းများက လက်မခံကြပုံ၊ ဘုရားရှင် သိတော်မူ၍ သင်္ကန်းချုပ်ရာအချိန်၌ ပရမ္ပရဘောဇဉ်ကို ခံယူခွင့်ပြုကြောင်း မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၀၄)
စီဝရဒါနသမယဝတ္ထု
ဤဝတ္ထု၌ ဒကာတစ်ဦး ပင့်ဖိတ်ထားသော ဆွမ်းအပြင် အခြားဆွမ်းများကို မဘုဉ်းပေးရဟု ဘုရားရှင်သည် ပရမ္ပရဘောဇဉ်ကို တားမြစ်တော်မူပြီးချိန်၌ လူတို့က သင်္ကန်းကပ်ဆွမ်းကျွေး စီစဉ်ပြီး ဆွမ်းစားပင့်သော်လည်း ရဟန်းတို့က သံသယရှိကာ ငြင်းပယ်ကြပုံ၊ ဘုရားရှင် သိတော်မူသောအခါ သင်္ကန်းလှူရာအခါ၌ လက်ခံ ဘုဉ်းပေးနိုင်ကြောင်း မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၀၄)
စီဝရဒါနသမယဝတ္ထု
ဤဝတ္ထု၌ ဂဏဘောဇဉ်ကို ဘုရားရှင်က တားမြစ်တော်မူပြီးဖြစ်၍ လူတို့က သင်္ကန်းလှူလိုသဖြင့် သံဃာတော်တို့အား သင်္ကန်လှူ၍ ဆွမ်းကပ်ကြရာ ရဟန်းများက သံသယရှိ၍ ငြင်းပယ်ခဲ့ကြပုံ၊ ဘုရားရှင် သိတော်မူ၍ သင်္ကန်းကို လှူရာအခါမျိုး၌ ဂဏဘောဇဉ်ကို ခံယူခွင့်ပြုကြောင်း မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၉၈)
စီဝရဒါနသမယဝတ္ထု
ဤဝတ္ထု၌ သင်္ကန်းလှူမည့်အချိန်အခါ၌ ရဟန်းတို့သည် စာရိတ္တသိက္ခာပုဒ်ကြောင့် သံသယရှိကြပြီး အိမ်များသို့ မကြွကြသဖြင့် သင်္ကန်းမရကြပုံ၊ သင်္ကန်းလှူသည့်ကာလ၌ ကြွခွင့်ပြုကြောင်း ဘုရားရှင်က မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၃၃)
စုန္ဒကမ္မာရပုတ္တဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားသည် ပါဝါမြို့ ရွှေပန်းထိမ်သည် စုန္ဒ၏ အိမ်၌ ဝက်ပျိုသားကို နောက်ဆုံးဆွမ်းအဖြစ် ဘုဉ်းပေးတော်မူရာ နတ်တို့က နတ်ဩဇာ ထည့်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၂၊၁၅၈)
စုန္ဒတ္ထေရဝတ္ထု
ဤဝတ္ထု၌ စုန္ဒထေရ်သည် အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး ပရိနိဗ္ဗာန် စံဝင်တော်မူသွားပြီဖြစ်ကြောင်း အရှင်အာနန္ဒာအား ရှေးဦးစွာ ပြောကြားခဲ့ပုံ၊ အရှင်အာနန္ဒာထေရ်နှင့်အတူ ဘုရားရှင်ထံ ဝင်ရောက်လျှောက်ထားကြပုံ၊ ဘုရားရှင်က ချစ်ရခင်ရ ကြင်နာရသူတို့နှင့် သေကွဲ ရှင်ကွဲ ကွဲကြရခြင်းသည် သင်္ခါရတရားတို့၏ သဘော ဓမ္မတာသာ ဖြစ်ကြောင်း စသည်ဖြင့် တရားဟောပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၃၊၁၃၉) (သံ၊ဋ္ဌ၊၃၊၂၄၅)
စုန္ဒတ္ထေရဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားသည် ဂိဇ္ဈကုဋ်တောင်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အဆိပ်လေကို ရှူမိ၍ ဖျားနာတော်မူရာ အရှင်စုန္ဒမထေရ်၏ ဗောဇ္ဈင်တရားကို နာရ၍ ရောဂါပျောက်ကင်းခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၃၊၇၃)
စုန္ဒတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက် သိဒ္ဓတ္ထဘုရားရှင်အား မုလေးပန်းတို့ဖြင့် ပန်းစေတီ ပြုလုပ်ပူဇော်ခဲ့ပုံ၊ သိဒ္ဓတ္ထဘုရားရှင်က မထေရ်လောင်းအား ‘‘သင်သည် ဤကောင်းမှုကံကြောင့် မုလေးပန်းတို့ဖြင့် ပြွမ်းသော နတ်ပြည်သို့ ရောက်လတ္တံ့၊ ရွှေဗိမာန် ထင်ရှားဖြစ်လတ္တံ့၊ ခုနစ်ဆယ်လေးကြိမ် နတ်မင်း ဖြစ်လတ္တံ့၊ ဧကရာဇ်မင်း အကြိမ်သုံးရာ၊ စကြဝတေးမင်း ခုနစ်ဆယ့်ငါးကြိမ် ဖြစ်လတ္တံ့’’ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့ပုံ၊ ထိုဘုရားရှင်၏ ဗျာဒိတ်တော်အတိုင်း ဖြစ်၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ ကျွတ်တမ်းဝင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၁၃)
စုန္ဒဝတ္ထု
ဤဝတ္ထု၌ ရွှေပန်းထိမ်သည်သား စုန္ဒသည် ဝက်ပျိုသားဟင်းဖြင့် မြတ်စွာဘုရားအား ဆွမ်းဆက်ကပ်ခဲ့ပုံ၊ မြတ်စွာဘုရား ဝမ်းသွေးသွန်ခြင်း၏ အဓိကအကြောင်းသည် ဝက်သားဟင်းကြောင့် မဟုတ်၊ အတိတ်ဝိပါက်တော်ကြောင့်ဖြစ်ပုံ၊ ဝက်သားဟင်း၏ စွမ်းရည် ထက်မြက်ပုံ၊ မြတ်ဗုဒ္ဓ၏အာနုဘော် ကြီးမားပုံနှင့် ဆွမ်းဒါယကာ စုန္ဒအပေါ် လူအများ၏ အပြစ်တင်ကဲ့ရဲ့မှုကို မြတ်စွာဘုရား တားမြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၃၆၁)
စုန္ဒသူကရိကဝတ္ထု
ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့တွင် ဝက်သတ်သမား စုန္ဒသည် ဝက်တို့ကို ရက်ရက်စက်စက် သတ်ဖြတ် စားသောက်ခဲ့ပုံ၊ မသေမီ (၇)ရက်လုံးလုံး လူးလှိမ့်ပူလောင် အော်ဟစ်ကာ ဝေဒနာပြင်းစွာ ခံစားရပြီး ကွယ်လွန်သော အခါ၌ အဝီစိငရဲသို့ ရောက်ခဲ့ရပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၈၀)
စူဠကတ္ထေရဝတ္ထု
ဤဝတ္ထု၌ စူဠကမထေရ်လောင်းလျာသည် သိခီဘုရားရှင်အား စရည်းသီးများကို လှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူနတ်ချမ်းသာတို့ကို ခံစားရပြီး ဂေါတမဘုရားရှင်လက်ထက်တော်၌ စူဠကပုဏ္ဏား ဖြစ်လာပုံ၊ မြတ်စွာဘုရားရှင်ထံ ရဟန်းပြုပြီး နပဲပင်လိုဏ်ဂူ၌ ဝိပဿနာပွားကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၂၅)
စူဠကာလဥပါသကဝတ္ထု
ဤဝတ္ထု၌ စူဠကာလဥပါသကာသည် ညဘက်တွင် ဇေတဝန်ကျောင်းတော်၌ တရားနာပြီး နံနက်စောစော ထပြန်လာစဉ် သူခိုးတို့သည် ဥစ္စာထုပ်ကို ထမ်း၍ ပြေးလာရာ နောက်က လူတို့ လိုက်လာသဖြင့် ဥပါသကာ၏ ရှေ့၌ အထုပ်ကိုချကာ ထွက်ပြေးကြပုံ၊ လူတို့က ဥပသကာကို ဝိုင်းဝန်းရိုက်နှက်ကြရာ ကျွန်မတို့က သူခိုးမဟုတ်ကြောင်း ဝိုင်းဝန်းပြောဆို၍ လွတ်လာပုံ၊ ဘုရားရှင် သိတော်မူလျှင် ကျွန်မတို့ကလည်း ပြော၊ ကိုယ်ကိုယ်တိုင်ကလည်း စင်ကြယ်၍သာ လွတ်ခြင်း ဖြစ်ကြောင်း၊ ကိုယ်ကောင်းမှသာ အပြစ်ကင်းနိုင်ကြောင်း မိန့်တော်မူပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၀၁)
စူဠကာလိင်္ဂဇာတက
ဤဇာတ်တော်၌ ကလိင်္ဂတိုင်း ဒန္တပုရမြို့၌ ကာလိင်္ဂမင်းသည် စစ်အင်အားကြီးသူ ဖြစ်ပြီး တစ်ပါးနိုင်ငံများကို သိမ်းလိုသဖြင့် သမီးလေးယောက်ကို နိုင်ငံများသို့ စေလွှတ်ပုံ၊ အဿကတိုင်းဘုရင်သည် အမတ်နန္ဒိသေန၏ အစီအစဉ်အရ မင်းသမီးများကို သိမ်းယူပုံ၊ ကာလိင်္ဂဘုရင် စစ်တပ်ကြီးနှင့် ချီလာပုံ၊ နယ်စပ်တွင် စစ်ထိုးရန် ပြင်ရာ ဘုရားအလောင်းရသေ့ထံ အနိုင်အရှုံး မေးကြပုံ၊ ရသေ့က သိကြားမင်းကို မေးရာ သိကြားမင်းက ကာလိင်္ဂမင်း နိုင်မည်ဟု ဆိုပုံ၊ နန္ဒိသေနအမတ်သည် ရသေ့ကို ထပ်မံ မေးရာ မင်းနှစ်ပါး၏ ကိုယ်စောင့်နတ်တို့ တိုက်ပွဲ ဝင်ကြမည့်အကြောင်းကို သိရပုံ၊ နန္ဒိသေနအမတ်၏ အစီအစဉ်အရ ကာလိင်္ဂမင်း၏ ကိုယ်စောင့်နတ်ကို ရဲဝံ့စွာ ထိုးသတ်ပြီး ကာလိင်္ဂမင်းကို အနိုင်ယူလိုက်ပုံ၊ သိကြားမင်းကို ရသေ့ကြီးက မမှန်မကန် ပြောသည်ဟု အပြစ်တင်ရာ သိကြားမင်းက လူတို့၏ ကြိုးစားအားထုတ်မှုကို နတ်တို့ပင် မတားဆီးနိုင်ကြောင်း ပြောကြားပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁)
စူဠကုဏာလဇာတက
ဤဇာတ်တော်သည် ကုဏာလဇာတ်၌ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၁၄၇)
စူဠကောကာလိကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ အဂ္ဂသာဝကနှစ်ပါးအပေါ် အထင်လွဲကာ ပြစ်မှားသော ကောကာလိကရဟန်းသည် မြတ်စွာဘုရားရှင်က ‘‘မဟုတ်နိုင်ပါ’’ဟု တားမြစ်ရှင်းပြပါလျက် မနာယူဘဲ အထင်လွဲမြဲ လွဲကာ ပြစ်မှားပုံ၊ အရိယူပဝါဒကံ၏ ဆိုးကျိုးကို မျက်မှောက်ဘဝ၌ပင် ကိုယ်လုံးအနှံ့အိုင်းအမာအနာဆိုးကြီးများ ပြင်းထန်စွာဖြစ်ပွားကွဲကျ ခံစားရ၍ သေဆုံးသော် ပဒုမငရဲသို့ ရောက်ရပုံ၊ ပဒုမငရဲ၏ နှစ်ပရိစ္ဆေဒအသင်္ချေ အသင်္ချော ကြာညောင်းလှသည့် သက်တမ်းကို မြတ်စွာဘုရား ဟောကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊၃၇၉) (သုတ္တနိ၊ဋ္ဌ၊၂၊၁၉၄)
စူဠဂေါသိင်္ဂဝတ္ထု
ဤဝတ္ထု၌ ဆိတ်ငြိမ်အေးချမ်းမှုကို မြတ်နိုးတော်မူကြသော အရှင်အနုရုဒ္ဓါ၊ အရှင်နန္ဒိယ၊ အရှင်ကိမိလ မထေရ်သုံးပါးတို့သည် ဂေါသိင်္ဂအင်ကြင်းတော၌ ညီညွတ်စွာ တရားကျင့်နေကြပုံ၊ မြတ်စွာဘုရားသည် ထိုမထေရ်တို့ကို ချီးမြှင့်လိုသဖြင့် ထိုမထေရ်တို့ထံသို့ တစ်ပါးတည်း ကြွတော်မူခဲ့ပုံ၊ မြတ်စွာဘုရားကို ထိုမထေရ်တို့က ခရီးဦး ကြိုဆိုကြပုံ၊ မြတ်စွာဘုရားက ထိုမထေရ်တို့၏ နေကြပုံကို မေးတော်မူရာ မထေရ်တို့က မိမိတို့သည် မေတ္တာဖြင့် ညီညွတ်စွာ နေကြပါကြောင်း လျှောက်ထားရာ မြတ်စွာဘုရားက သာဓုခေါ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၉၇) (မ၊၁၊၂၆၆) (မ၊၃၊၁၉၉) (မ၊ဋ္ဌ၊၂၊၁၃၈) (မ၊ဋ္ဌ၊၃၊၁၁၇)
စူဠဇနကဇာတက
ဤဇာတ်တော်သည် မဟာဇနကဇာတ်၌ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၈၅)
စူဠဓနုဂ္ဂဟဇာတက
ဤဇာတ်တော်၌ ဗာရာဏသီပြည်သား ဗြာဟ္မဏလူငယ်တစ်ဦးသည် ဒိသာပါမောက္ခဆရာကြီးထံတွင် လေးအတတ်ပညာကို သင်ရာ ထူးချွန်လှသဖြင့် ဆရာကြီးက သူ၏ သမီးနှင့် လက်ထပ်ပေးလိုက်ပုံ၊ ခိုးသားငါးဆယ်ရှိသော တောအုပ်ကို ဖြတ်ကျော်ရာတွင် လေးဆယ့်ကိုးယောက်ကို မြားဖြင့် ပစ်သတ်ပြီး ခိုးသူကြီးနှင့် နပန်းလုံးရာ ခိုးသူကြီးကို ရင်ဘတ်ပေါ် ခွစီးပြီး မယားထံ ဓားတောင်းပုံ၊ မယားက ခိုးသူကြီးကို စွဲမက်ပြီး လုလင်ကို ဓားသွားဘက်၊ ခိုးသူကြီးကို ဓားရိုးဘက် ပေးသဖြင့် လုလင် အသတ်ခံရပုံ၊ မိန်းမတို့မည်သည် သစ္စာမရှိကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၀၅)
စူဠဓနုဂ္ဂဟပဏ္ဍိတဝတ္ထု
ဤဝတ္ထု၌ စူဠဓနုဂ္ဂဟပဏ္ဍိတသည် တက္ကသိုလ်ပြည် ဒိသာပါမောက္ခဆရာကြီးအထံ၌ ပညာသင်ကြားစဉ် ဒိသာပါမောက္ခဆရာကြီးက အလွန်နှစ်သက် သဘောကျသဖြင့် စူဠဓနုဂ္ဂဟပဏ္ဍိတအား မိမိ၏ သမီးနှင့် ထိမ်းမြားလက်ထပ်ပေးခဲ့ပုံ၊ စူဠဓနုဂ္ဂဟပဏ္ဍိတ, က ဒိသာပါမောက္ခဆရာကြီး၏ သမီးကို ခေါ်၍ ဗာရာဏသီပြည်သို့ ပြန်စဉ် တောအုပ်တစ်ခုသို့ ရောက်သောအခါ ခိုးသားငါးဆယ်တို့က ဝိုင်းဝန်းတိုက်ခိုက်ကြပုံ၊ စူဠဓနုဂ္ဂဟပဏ္ဍိတ, က ခိုးသားလေးဆယ့်ကိုးယောက်တို့ကို တိုက်ခိုက်သတ်ဖြတ်ပြီး နောက်ဆုံး ခိုးသား ဓါးပြဗိုလ်ကြီးကို မြေ၌ လှဲဖိထားစဉ် မိမိ၏ ဇနီးသည်ထံမှ ဓါးသန်လျက်ကို တောင်းခဲ့ပုံ၊ ဇနီးသည်က ခိုးသားဓါးပြဗိုလ်ကြီးကို မြင်မြင်ချင်း ချစ်ကြိုက် နှစ်သက်သဖြင့် ခိုးသားဗိုလ်ကြီး၏ လက်သို့ ဓားရိုးကမ်းပေးပုံ၊ ခိုးသားဓါးပြဗိုလ်ကြီးက စူဠဓနုဂ္ဂဟပဏ္ဍိတကို သတ်ဖြတ်ပြီး စူဠဓနုဂ္ဂဟပဏ္ဍိတ၏ ဇနီးသည်အား ခေါ်ဆောင်သွားခဲ့ပုံ၊ မြစ်တစ်စင်းသို့ ရောက်သောအခါ ခိုးသူဗိုလ်ကြီးက ဤမိန်းမသည် နောက်တစ်ယောက်တွေ့လျှင်လည်း မိမိအား သတ်လိမ့်မည်ဟု ယူဆပြီး ဇနီးသည်ထံမှ ပစ္စည်းဥစ္စာများကို သိမ်းယူကာ မြစ်တစ်ဘက်ကမ်း၌ စွန့်ပစ်ထားခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၄၅)
စူဠဓမ္မပါလဇာတက
ဤဇာတ်တော်၌ ဒေဝဒတ်လောင်း ဗာရာဏသီဘုရင်၏ မိဖုရား စန္ဒာဒေဝီသည် ရင်ခွင်မှ ခုနစ်လသားအရွယ် ဘုရားအလောင်း ဓမ္မပါလမင်းသားကို ချော့မြှူလျက် နေပုံ၊ မင်းကြီးက ‘‘မိဖုရားသည် ဒီကလေးကြောင့် ငါ့ကိုကို ဂရုမစိုက်’’ဟု မိုက်လုံးကြီးစွာ တွေးပြီး ရန်သူထက်ပင် ဆိုးဝါးစွာ ဓမ္မပါလမင်းသားကို လက်ဖြတ် ခြေဖြတ် ခေါင်းဖြတ် သတ်ပြီး အလောင်းကောင်ကို မိုးပေါ်မြှောက် အောက်က သန်လျက်နှင့် ခံကာ အသားများ တစ်စစီ ပြန့်ကျဲအောင် ရက်ရက်စက်စက် အသိမာလကခေါ် သန်လျက်ပန်းကစားခဲ့ပုံ၊ ဓမ္မပါလမင်းသားက ငိုယိုမှုမရှိ သည်းခံခဲ့ပုံ၊ ဘုရင် မြေမျို၍ အသေဆိုး သေခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၆၅)
စူဠနန္ဒိယဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် မျောက်မျိုး၌ ဖြစ်စဉ် မဟာနန္ဒိယအမည်ရှိ၍ ညီငယ် စူဠနန္ဒိယနှင့်အတူ မျောက်အပေါင်းရှစ်သောင်း ခြံရံလျက် ဟိမဝန္တာ၌ နေခဲ့ပုံ၊ မျက်မမြင်မိခင်အိုကြီးကို လွတ်လပ်စွာ လုပ်ကျွေးနိုင်ရန် မျောက်အုပ်ကို စွန့်၍ ညောင်ပင်ကြီးတစ်ပင်၌ သုံးယောက်သား နေကြပုံ၊ ပုဏ္ဏားတစ်ယောက်သည် မိခင်မျောက်မကြီးကို လေးဖြင့် ပစ်ရန် ချိန်ရွယ်သဖြင့် မဟာနန္ဒိယက မိခင်အစား အပစ်ခံပုံ၊ ထို့နောက် စူဠနန္ဒိယကို ပစ်၍ နောက်ဆုံးတွင် မျောက်အိုမကြီးကိုပါ သတ်၍ သယ်ယူသွားပုံ၊ ပုဏ္ဏားသည် မြေမျို၍ အဝီစိသို့ ရောက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၈၃)
စူဠနာဂတ္ထေရဝတ္ထု
ဤဝတ္ထု၌ သတိပဋ္ဌာန်သုတ်ရှိ ‘‘ဧကာယနော အယံ မဂ္ဂေါ’’ဟူသောပုဒ်တွင် မဂ်အရကောက်ပုံ၌ ပိဋကတ်ကျွမ်းကျင်သူတို့ပင် လွဲမှားတတ်ပုံ၊ ဆရာ၏ မှားယွင်းမှုကို တပည့်ဖြစ်သူ စူဠနာဂထေရ်က ထောက်ပြရာ၌ ဆရာဖြစ်သူ စူဠသုမ-မထေရ်က လက်ခံခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၂၃၅)
စူဠနာရဒဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကာသိတိုင်း၌ ချမ်းသာကြွယ်ဝသော ပုဏ္ဏားဖြစ်၍ ပုဏ္ဏေးမ တစ်ယောက်နှင့် အိမ်ထောင်ပြုပြီး သားတစ်ယောက် ရရှိခဲ့ပုံ၊ ထိုအချိန်၌ ဇနီးဖြစ်သူ ပုဏ္ဏေးမ ကွယ်လွန်သွားသဖြင့် သံဝေဂရပြီး သားငယ်ကို ခေါ်၍ ဟိမဝန္တာတော၌ ရသေ့ရဟန်းပြုကာ အဘိညာဉ် ဈာန်သမာပတ်တို့ကို ဖြစ်စေခဲ့ပုံ၊ တစ်နေ့သောအခါ ပစ္စန္တရာဇ်သူခိုးများက ရွာတစ်ရွာကို ဖျက်စီးလုယက်၍ သုံ့ပန်းများကို ခေါ်ဆောင်လာကြပုံ၊ ထိုသုံ့ပန်းများထဲမှ အလွန်ချောမောလှပပြီး လှည့်ပတ်တတ်သောမာယာနှင့် ပြည့်စုံသော အမျိုးသမီးတစ်ယောက်က ခိုးသူကြီးကို လှည့်ပတ်ပြောဆို၍ ထွက်ပြေးလွတ်မြောက်သွားပုံ၊ သုံ့ပန်းအမျိုးသမီးသည် ဘုရားအလောင်းရသေ့ သားအဖနေထိုင်သည့် ကျောင်းသင်္ခမ်းသို့ ရောက်ရှိလာပြီး ဘုရားအလောင်းရသေ့ကြီး မရှိခိုက် ရသေ့ငယ်အား ကာမဂုဏ်ဖြင့် ဖြားယောင်းဖျက်စီးကာ မြို့သို့ ခေါ်ဆောင်နေပုံ၊ ထိုအချိန်၌ ဘုရားအလောင်းရသေ့ကြီး ရောက်ရှိလာပြီး အကြောင်းစုံကို သိရှိသွားကာ တရားဟောသဖြင့် ရသေ့ငယ် သတိသံဝေဂ ရရှိလျက် မြို့သို့ မလိုက်တော့ဘဲ မိမိ၏ ကျောင်းသင်္ခမ်း၌သာ ဈာန်အဘိညာဉ် သမာပတ်တို့ကို ပြန်လည်ဖြစ်စေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၂၁၉)
စူဠပဒုမဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းသည် ပဒုမအမည်ဖြင့် ဗာရာဏသီမင်း၏ သားတော်ခုနစ်ယောက်တို့တွင် အကြီးဆုံး သားတော်တစ်ယောက် ဖြစ်ခဲ့ပုံ၊ မင်းကြီးသည် သားတော်များ အရွယ်ရောက်လာသောအခါ ထီးနန်းလုယူမည်စိုးသဖြင့် မိမိကွယ်လွန်သောအခါကျမှ တိုင်းပြည်သို့ ပြန်လာကြရန် ပြောကြားပြီး မယားများနှင့် တကွ တိုင်းပြည်မှ နှင်ထုတ်ခဲ့ပုံ၊ တိုင်းပြည်မှ ထွက်ခွာလာပြီး သဲကန္တာရရောက်သောအခါ အစာရေစာပြတ်သဖြင့် ညီအငယ်ဆုံး မယားမှစ၍ အလှည့်ကျ သတ်စားကြပုံ၊ ပဒုမမင်းသား၏ မယားအလှည့်ရောက်သောအခါ ညီငယ်များ ညအိပ်နေစဉ် လင်မယားနှစ်ယောက် ထွက်ပြေးလွတ်မြောက်သွားပြီး ဂင်္ဂါမြစ်ကမ်းနား၌ နေကြပုံ၊ တစ်နေ့သောအခါ မင်းပြစ်မင်းဒဏ်သင့်သဖြင့် ခြေ-လက် အဖြတ်ခံရကာ ဂင်္ဂါမြစ်အတွင်း မျောပါလာသော ရာဇဝတ်သား ခိုးသားတစ်ယောက်ကို ကယ်တင်ပြီး ပြုစုစောင့်ရှောက်ထားပုံ၊ ပဒုမမင်းသား၏ မယားသည် ထိုရာဇဝတ်သား လက်တိုပေါင်တိုကို ချစ်ကြိုက်သွားပြီး ဘုရားလောင်း ပဒုမမင်းသားအား သေကြောင်းကြံခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၀၅)
စူဠပန္ထကတ္ထေရဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိသူဌေးကြီး၏ သမီးတစ်ဦးသည် ကျွန်တစ်ယောက်နှင့် ဖောက်ပြားပြီး တောရွာသို့ ထွက်ပြေး၍ သား(၂)ယောက်မွေးဖွားခဲ့ပုံ၊ သူဋ္ဌေးကြီးသည် သမီးကို လက်မခံဘဲ သားငယ်နှစ်ယောက်ကိုမူ လက်ခံသဖြင့် သားငယ်နှစ်ယောက် သာဝတ္ထိမြို့ရှိ အဘိုးဖြစ်သော သူဌေးကြီးထံ ရောက်ရှိပြီးနောက် ဘုရားသာသနာတော်၌ ရဟန်းပြုကြသဖြင့် ရဟန္တာ အရှင်မဟာပန္ထကနှင့် စူဠပန္ထကမထေရ်တို့ ဖြစ်လာကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၃၊၆၈) (ဓမ္မ၊ဋ္ဌ၊၁၊၁၅၃)
စူဠပန္ထကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဘိက္ခုနီများကို ဆုံးမရန် အရှင်စူဠပန္ထကမထေရ်၏ အလှည့် ကျရောက်လာပုံ၊ ‘‘အရှင်စူဠပန္တကသည် ဥဒါန်းစကားတစ်ခုကိုသာ ထပ်ကာထပ်ကာ ဟောတတ်သည်’’ဟု ဘိက္ခုနီတို့က ဝေဖန်ကြပုံ၊ ထိုအခါ အရှင်စူဠပန္တကသည် တန်ခိုးများစွာ ပြ၍ နေဝင်သည်အထိ တရားများစွာ ဟောကြားခဲ့ပုံ၊ ထိုအခါ မြို့တံခါး ပိတ်သွားသည်ကို အကြောင်းပြု၍ နေဝင်သည့်တိုင်အောင် ရဟန်းမတို့ကို မဆုံးမရန် အတ္ထင်္ဂတ သိက္ခာပုဒ်ကို မြတ်စွာဘုရားက ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၇၇)
စူဠပန္ထကတ္ထေရဝတ္ထု
ဤဝတ္ထု၌ စူဠပန္ထကအလောင်း၊ မဟာပန္ထကအလောင်း သူကြွယ်ညီနောင် နှစ်ယောက်တို့ကို ပဒုမုတ္တရမြတ်စွာဘုရား ဗျာဒိတ်ကြားပုံ၊ ဂေါတမမြတ်စွာဘုရားရှင်လက်ထက်တော်၌ ဓနသေဋ္ဌိ သူဌေးကြီး၏ မြေးများဖြစ်ခဲ့ကြပုံ၊ သူဌေးကြီးကြောင့် သာသနာ့ဘောင်သို့ ရောက်ခဲ့ကြပုံ၊ စူဠပန္ထကထေရ်သည် ဉာဏ်ထိုင်းသော်လည်း မြတ်စွာဘုရား၏ ဥပါယ်တံမျဉ်ဖြင့် နည်းပေးသောကြောင့် ပဋိသမ္ဘိဒါပတ္တရဟန္တာဖြစ်ပုံ၊ ဖန်ဆင်းတတ်သော ပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံးနှင့် ရူပဈာန်ကို ဝင်စားခြင်း၌ အမြတ်ဆုံးဖြစ်ခဲ့ကြပုံစသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၁၆၄) (ပဋိသံ၊ဋ္ဌ၊၂၊၂၆၈) (ထေရ၊ဋ္ဌ၊၂၊၁၈၉) (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၁၆)
စူဠပလောဘနဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗြဟ္မဒတ်မင်း၏ မိဖုရားဝမ်း၌ ဖြစ်လေရာ မိန်းမများ ထိတွေ့၊ ကိုင်တွယ်၊ နို့တိုက်မရသဖြင့် အနိတ္ထိဂန္ဓကုမာရဟု အမှည်မှည့်ခံရပုံ၊ ကချေသည်မတစ်ဦး၏ ဖြားယောင်းမှုကြောင့် ယောက်ျားဟူသမျှကို လိုက်လံနှောင့်ယှက်သဖြင့် ကချေသည်မနှင့်အတူ တိုင်းပြည်မှ နှင်ထုတ်ခံခဲ့ရပုံ၊ တောထဲတွင် ကချေသည်မသည် ဈာန်ရ ရသေ့တစ်ပါးကို ဖြားယောင်း၍ ကာမဂုဏ်ပျော်မြူးခဲ့ပုံ၊ ဘုရားလောင်းက မိန်းမနှင့် ပတ်သက်၍ သံဝေဂရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၉၆)
စူဠပိဏ္ဍပါတိယတိဿတ္ထေရဝတ္ထု
ဤဝတ္ထု၌ စူဠပိဏ္ဍပါတိယတိဿမထေရ်သည် မိမိဆွမ်းခံရွာ မီးလောင်သောအခါ အခြားသော ကုလူပက ရဟန်းတို့ကဲ့သို့ သွားရောက် မေးမြန်းခြင်း မရှိပုံ၊ ထိုမထေရ်သည် ဝိနည်းတော်နှင့် လျော်ညီစွာ စင်ကြယ်သော လှူဖွယ်ပစ္စည်းတို့ကိုသာ ခံယူတတ်သော မြတ်သော အလှူခံပုဂ္ဂိုလ် ဖြစ်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၅၂)
စူဠဗောဓိဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကာသိတိုင်း သူကြွယ်ပုဏ္ဏားမျိုး၌ ဖြစ်ပြီး အိမ်ထောင်ပြုလိုစိတ် မရှိပုံ၊ မိဘတို့ ဆန္ဒအရ အမျိုးတူ အမျိုးသမီးနှင့် ထိမ်းမြားခဲ့သော်လည်း မေထုန်မှု ကင်းစင်ကြပုံ၊ မိဘတို့ ကွယ်လွန်သောအခါ ရသေ့ဝတ်ကြပုံ၊ ဘုရင်သည် ရသေ့မလေး၏ အလှကို မက်မောပြီး အတင်း သိမ်းယူပုံ၊ ရသေ့ကြီး စိတ်မဆိုးဘဲ သည်းခံခွင့်လွှတ်ပုံ၊ ရသေ့မလေးကို မည်သို့မျှ ဖြားယောင်းမရသဖြင့် ရသေ့ကြီးထံ လာရောက် စုံစမ်းရာ အမျက်ဒေါသမထွက်ကြောင်း တရားနာရသဖြင့် ဘုရင် သတိသံဝေဂရပုံ၊ ရသေ့နှစ်ပါး ချမ်းသာစွာ နေရပုံ၊ ဒေါသအမျက်သည် အကျိုးမဲ့ကို ဖြစ်စေတတ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ။၁၃၁) (ဇာ၊ဋ္ဌ၊၄၊၂၂)
စူဠရထဝတ္ထု
ဤဝတ္ထု၌ အဿကတိုင်း ပေါတလိမြို့နေ အဿကမင်း၏သား သုဇာတမင်းသားသည် သမင်လိုက်သွားစဉ် အရှင်မဟာကစ္စည်း၏ ကျောင်းသို့ ရောက်ရှိခဲ့ပုံ၊ မထေရ်က မင်းသား၏ သက်တမ်း အလွန်တိုလျှနေကြောင်း၊ ငါးလမျှသာ ကျန်ရှိတော့ကြောင်း သတိပေးတော်မူသဖြင့် မင်းအဖြစ်ကို ပယ်စွန့်ကာ ကျောင်းဆောက်လုပ်ပြီး သရဏဂုံဆောက်တည်၊ သီလတို့ကို ဖြည့်ကျင့်သဖြင့် ကွယ်လွန်သောအခါ တာဝတိံသာနတ်ပြည်၌ဖြစ်ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၄၁)
စူဠဝစ္ဆတ္ထေရဝတ္ထု
ဤဝတ္ထု၌ စူဠဝစ္ဆမထေရ်လောင်း အမျိုးကောင်းသားသည် ပဒုမုတ္တရဘုရားရှင် လက်ထက်တော်၌ သူဆင်းရဲမျိုး၌ ဖြစ်၍ ကူလီထမ်းကာ အလုပ်ကြမ်းသမားဘဝဖြင့် ဆင်းရဲပင်ပန်းစွာ အသက်မွေးခဲ့ရပုံ၊ ပံ့သကူသင်္ကန်းရှာဖွေနေသည့် အရှင်သုဇာတမထေရ်မြတ်ကို ဖူးတွေ့ရပြီး ကြည်ညိုသဒ္ဓါစိတ်များ တဖွားဖွားဖြစ်ကာ အဝတ်သင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ပုံ၊ ဤကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် သိကြားမင်း၊ စကြာမင်း၊ ပဒေသရာဇ် မင်းစည်းစိမ် ချမ်းသာကို ကြိမ်ဖန်များစွာ ခံစားခဲ့ရပုံ၊ နောက်ဆုံးဘဝ ဂေါတမဘုရားရှင်လက်ထက်တော်၌ ပုဏ္ဏားမျိုး၌ ဖြစ်၍ ရဟန်းပြုခဲ့ပုံ၊ ကောသမ္ဗီပြည်သား ရဟန်းတော်များ ခိုက်ရန်ဖြစ်ပွားနေချိန်၌ မိမိ၏ ဝိပဿနာကမ္မဋ္ဌာန်း အလုပ်ကိုသာ ကြိုးစားအားထုတ်ပြီး ရဟန္တာအဖြစ်သို့ ရောက်ရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၆၈)
စူဠသကုလုဒါယီဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် တစ်နေ့၌ ဘုရားရှင်သည် စူဠသကုလုဒါယီပရိဗိုဇ်၏ မောရနိဝါပပရိဗိုဇ်အရာမ်သို့ ကြွတော်မူပြီး တရားဟောတော်မူပုံ၊ သကုလုဒါယီပရိဗိုဇ်သည် မြတ်စွာဘုရား၏ တရားတော်ကို နှစ်သက်၍ ရဟန်းပြုခွင့် တောင်းပန်သော်လည်း တပည့်ပရိဗိုဇ်တို့က ဝိုင်းဝန်း ကန့်ကွက်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၃၊၁၈၆)
စူဠသမုဒ္ဒတ္ထေရဝတ္ထု
ဤဝတ္ထု၌ သီဟိုဠ်ကျွန်းမှနေ၍ ပါဋလိပုတ်မြို့သို့ဆွမ်းခံကြွတော်မူသော စူဠသမုဒ္ဒမထေရ်မြတ်ကြီး၏ အာနုဘော်ကြီးမားပုံ၊ နောက်မှလိုက်ပါကြသော ရဟန်းများ မဟာသမုဒ္ဒရာကို မြောင်းငယ်အဖြစ် ထင်မှတ်၍ ကူးဖြတ်ခဲ့ကြသော်လည်း မဟာသမုဒ္ဒရာမှန်း မသိကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၃၂)
စူဠသာရိဝတ္ထု
ဤဝတ္ထု၌ အရှင်သာရိပုတ္တရာထေရ်၏ တပည့်ဖြစ်သူ စူဠသာရိရဟန်းသည် လူအများအား ဆေးကုပေးသဖြင့် ရရှိလာသော မွန်မြတ်သော ဆွမ်းဘောဇဉ်များကို အရှင်သာရိပုတ္တရာထေရ်အား လှူဒါန်းလိုပါကြောင်း လျှောက်ထားပုံ၊ အရှင်သာရိပုတ္တရာမထေရ်က လက်မခံဘဲ ဆွမ်းခံကြွသွားပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင် သိတော်မူပြီး ‘‘အနေသနအမှုဖြင့် အသက်မွေးမှုပြုသော ရဟန်းသည် အရှက်မရှိသော ကျီးနှင့် တူကြောင်း’’ စသည်ဖြင့် ကဲ့ရဲ့ရှုတ်ချကာ တရားဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၂၄)
စူဠသုဂန္ဓတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ကဿပဘုရားရှင်လက်ထက်တော်၌ ဂန္ဓကုဋိကျောင်းတော်အား နံ့သာလိမ်းကျံ လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌ ဖြစ်ခဲ့ပုံ၊ ဖြစ်လေရာဘဝတို့၌ ကိုယ်အနံ့ မွှေးကြိုင်ပုံ၊ ဤဘုရားရှင်သာသနာတော်၌ ဇေတဝန်ကျောင်းတော်တင်လှူပွဲဝယ် ရဟန်းပြုခဲ့ပြီး ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊ဋ္ဌ၊၂၊၂၆၉)
စူဠသုတသောမဇာတက
ဤဇာတ်တော်၌ စူဠသုတသောမမင်းကြီးသည် ဆံဖြူတစ်ပင်မြင်ရုံမျှဖြင့် သံဝေဂယူကာ တောထွက်ရန် စီမံခဲ့ပုံ၊ နန်းတွင်းရှိလူအပေါင်းက အမျိုးမျိုး တားမြစ်ခဲ့ကြပုံ၊ လူများစွာတို့သည် ဘုရားအလောင်းတော်ကို အတုလိုက်၍ ရသေ့ဝတ်ခဲ့ကြပုံ၊ စူဠသုတသောမက တရားစကား ဟောကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၁၈၉)
စူဠသုဘဒ္ဒါဝတ္ထု
ဤဝတ္ထု၌ အနာထပိဏ်သူဌေးနှင့် ဥဂ္ဂသူဌေးတို့ ကတိကဝတ် ထားခဲ့ကြသည့်အတိုင်း ဥဂ္ဂသူဌေး၏သားနှင့် အနာထပိဏ်သူဌေးသမီး စူဠသုဘဒ္ဒါကို လက်ထပ်ပေးကြပုံ၊ ယောက္ခမအိမ် ရောက်သောအခါ အစေလကတက္ကတွန်းတို့ကို ရှိခိုးစေရာ ရှိမခိုးသောကြောင့် စူဠသုဘဒ္ဒါကို နှင်ထုတ်ခဲ့ပုံ၊ စူဠသုဘဒ္ဒါက လွယ်လွယ်နှင့် မဆင်းဘဲ အပြစ်ဖော်ပြခိုင်းပြီးနောက် အပြစ်ကင်းကြောင်း လူသိထင်ရှား ဖြစ်စေလျက် ဘုရားရှင်နှင့် သာဝကတို့၏ ဂုဏ်ကို ထုတ်ဖော်ကာ အဝေးမှ ပင့်ဖိတ်ခဲ့ပုံ၊ မြတ်စွာဘုရား ကြွရောက်တော်မူလာပြီး တရားဓမ္မ ဟောပြတော်မူသောကြောင့် လူအများ သောတာပန်တည်ကာ ဥဂ္ဂမြို့၌ သာသနာစတင်ထွန်းကားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၉၀)
စူဠသုဝဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကျေးမင်း ဖြစ်စဉ် ဟိမဝန္တာတောရှိ ဂင်္ဂါမြစ်ကမ်းအနီး ရေသဖန်းပင်ကြီး၌ ကျေးပေါင်းများစွာ ခြံရံလျက် နေထိုင်ခဲ့ပုံ၊ သဖန်းသီးများ ကုန်သွားသောအခါ အခြားအခြား ကျေးငှက်များက သဖန်းပင်ကို စွန့်ပစ်ထွက်ခွာ သွားကြသော်လည်း ဘုရားအလောင်းကျေးမင်းက မစွန့်ခွာဘဲ အညွန့်အရွက် အခေါက်အပွေးတို့ကိုသာ စား၍ တစ်ကောင်တည်း ရောင့်ရဲတင်းတိမ်၍ နေပုံ၊ ဘုရားလောင်းကျေးမင်း၏ အပိစ္ဆတာဂုဏ်၊ သန္တုဋ္ဌိဂုဏ်တို့ကြောင့် သိကြားမင်း၏ ဘုံဗိမာန် တုန်လှုပ်လာသဖြင့် သိကြားမင်းက ဟင်္သာငှက်ယောင် ဆောင်၍ အသီးအရွက်တို့ဖြင့် ဝေဆာနေသော အခြားတောအုပ်ရှိ ရေသဖန်းပင်သို့ ပြောင်းရွှေ့ရန် လာရောက် ပြောကြားပုံ၊ ဘုရားလောင်းကျေးမင်းက ဤသဖန်းပင်သည် မိမိ၏ ကျေးဇူးရှင် ဖြစ်သည့်အတွက် ရိုးတံချည်းသာ ကျန်သော်လည်း မစွန့်ခွာနိုင်ကြောင်း ပြောကြားပုံ၊ ထိုအခါ သိကြားမင်းက ကိုယ်ထင်ပြ၍ ရိုးတံချည်းသာ ရှိသော ရေသဖန်းပင်ကို အသီးအပွင့် အရွက်တို့ဖြင့် ဝေဝေဆာဆာ ဖြစ်အောင် ပြုလုပ်ဖန်ဆင်းပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၄၇၁)
စူဠသေဋ္ဌိဇာတက
ဤဇာတ်တော်၌ ပညာရှိ စူဠသေဋ္ဌိသူဌေးသည် ဗြဟ္မဒတ်မင်းကြီးထံ အခစားဝင်ရန် နန်းတော်သို့ သွားစဉ် လမ်းခရီး၌ ကြွက်သေတစ်ကောင်ကို တွေ့သဖြင့် နက္ခတ်ကို ရေတွက်လျက် ‘‘မျက်စိ အမြင်ကျယ်သော ယောကျ်ားသည် ဤကြွက်သေကို အရင်းပြု၍ ကြီးပွားချမ်းသာနိုင်ကြောင်း’’ ပြောကြားပုံ၊ စူဠသေဋ္ဌိသူဌေး၏ စကားကို သူဆင်းရဲ ယောကျ်ားတစ်ယောက်က ကြားသိသွားပြီး ကြွက်သေကို ကြောင်စာအဖြစ် ဈေး၌ ရောင်းရာ အသပြာတစ်ချင်ရွေးရ ရှိပုံ၊ ထိုအသပြာတစ်ချင်ရွေးကို အရင်းအနှီးပြု၍ စီးပွားရှာရာ လေးလအတွင်း၌ပင် အသပြာနှစ်သိန်းကို ရရှိခဲ့ပုံ၊ အသပြာတစ်သိန်းကို ကျေးဇူးဆပ်သည့်အနေဖြင့် စူဠသေဋ္ဌိသူဌေးအား ဖြစ်ကြောင်းကုန်စင် ပြောပြလျက် သွားရောက် ပေးအပ်သောအခါ စူဠသေဋ္ဌိသူဌေးကြီးက သမီးဖြစ်သူနှင့် ထိမ်းမြားပေးခဲ့ပုံ၊ ထိုယောကျ်ားသည် စူဠသေဋ္ဌိသူဋ္ဌေးကြီး ကွယ်လွန်ပြီးနောက် သူဌေးရာထူး ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၃၀)
စူဠသေဋ္ဌိပေတဝတ္ထု
ဤဝတ္ထု၌ စူဠသူဌေးသည် သဒ္ဓါတရားမရှိ နှမြောဝန်တိုသဖြင့် သေလွန်သောအခါ အရိုးအကြော အရေမျှသာရှိသည့် ပြိတ္တာဘဝသို့ ရောက်ပုံ၊ သမီးဖြစ်သူက မိခင်ဖခင်တို့အား ရည်စူး၍ ဒုဿီလပုဏ္ဏားတို့အား ပေးလှူသဖြင့် ကုသိုလ်ကောင်းမှုအဖို့ဘာဂကို မရရှိပုံ၊ အဇာတသတ်မင်းနှင့် တွေ့ပြီး ဘုရားအမှူးရှိသော သံဃာတော်တို့အား အလှူဒါန ပေးလှူကာ အမျှပေးဝေစေသဖြင့် ပြိတ္တာဘဝမှ ကျွတ်လွတ်လျက် နတ်စည်းစိမ် စသော ကောင်းမှုအကျိုးကို ခံစားရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၅၂) (ပေတ၊ဋ္ဌ၊၉၉)
စူဠဟံသဇာတက
ဤဇာတ်တော်၌ ဒေဝဒတ်သည် ဘုရားရှင်အား သတ်ရန် အမျိုးမျိုး ကြံစည်ပုံ၊ နာဠာဂီရိဆင်ဖြင့် လွှတ်၍ တိုက်သောအခါ အရှင်အာနန္ဒာမထေရ် အသက်စွန့်၍ ဘုရားရှင်၏ ရှေ့မှ ကာကွယ်ပုံ၊ အတိတ်ဘဝ ဟင်္သာမျိုး၌ ဖြစ်စဉ် ဘုရားအလောင်း ဓတရဋ္ဌဟင်္သာမင်း ကျော့ကွင်း၌ မိစဉ်ကလည်း အာနန္ဒာလောင်း သုမုခဟင်္သာစစ်သူကြီးက မုဆိုးလက်မှ အသက်စွန့်၍ ကယ်တင်ခဲ့ပုံ၊ သုမုခက ဘေးရန်နှင့် ကြုံတွေ့သောအခါ မစွန့်သော သူသည် မိတ်ဆွေစစ် မည်ကြောင်း ပြောကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၃၅၅)
စူဠဟံသဇာတက
ဤဇာတ်တော်၌ ဗဟုပုတ္တကမင်း၏မိဖုရားကြီး ခေမာသည် ရွှေဟင်္သာမင်း၏တရားကို နာယူလိုမှု ချင်ခြင်း ဖြစ်ပေါ်ပုံ၊ မင်းကြီးက ခေမာမည်သော ရေကန်ကို တူးစေပြီး စပါးအမျိုးမျိုးတို့ စိုက်ပျိုးကာ ဘေးမဲ့ ကြွေးကြော်စေပုံ၊ မုဆိုးတစ်ယောက်အား ရွှေဟင်္သာမင်းကို ဖမ်းရန် စေခိုင်းခဲ့ပုံ၊ ရွှေဟင်္သာမင်း ညွှတ်ကွင်းမိသောအခါ သုမုခရွှေဟင်္သာစစ်သူကြီးကလည်း ဟင်္သာမင်းနှင့် သေအတူရှင်မကွာ နေထိုင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၄၂၄)
စူဠေကသာဋကဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ အဝတ်တစ်ထည်သာရှိသော ပုဏ္ဏားကြီးသည် ဘုရားရှင်၏ တရားတော်ကို ကြားနာရ၍ ထိုတစ်ထည်တည်းသော အဝတ်ကိုပင် လှူဒါန်းခဲ့သောကြောင့် ချက်ချင်း အကျိုးပေး၍ ချမ်းသာသွားပုံ၊ ကုသိုလ်စိတ် ဖြစ်ပေါ်လာလျှင် ချက်ချင်း ကုသိုလ်ပြုသင့်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁)
စေတိကဇာတက
ဤဇာတ်တော်၌ ဒေဝဒတ်အလောင်း စေတိယမင်းသည် စေတိယတိုင်း သောတ္ထိယမြို့၌ မင်းပြုစဉ် ဘုရားအလောင်းသည် ကပိလမည်သော ပုရောဟိတ်ပုဏ္ဏားကြီး ဖြစ်ခဲ့ပုံ၊ ကပိလပုရောဟိတ်သည် အသက်အရွယ်ကြီးရင့်လာသောအခါ ညီငယ်ကောရကလမ္ဗအား ပုရောဟိတ်ရာထူး မပေးဘဲ သားဖြစ်သူကိုသာ ထုံးတမ်းစဉ်လာအရ ပုရောဟိတ်ရာထူး လွှဲအပ်ပေးပြီး ရသေ့ဝတ်သွားပုံ၊ စေတိယမင်းသည် ကောရကလမ္ဗနှင့် အကျွမ်းဝင်ပြီး ကောရကလမ္ဗကိုသာ ပုရောဟိတ်ရာထူး ပေးလိုသဖြင့် ‘‘ဘုရားအလောင်း ကပိလပုရောဟိတ်သည် ညီငယ်၊ ကောရကလမ္ဗသည် အစ်ကို ဖြစ်သည်’’ဟု တိုင်းသူပြည်သားတို့အား လိမ်ညာ၍ ပြောပုံ၊ စေတိယမင်းသည် ပထမဆုံးအကြိမ် မုသာဝါဒပြောဆိုလိုက်သည်နှင့် တပြိုင်နက် ကောင်းကင်၌ ရပ်တည်နိုင်ခြင်းစသော တန်ခိုးများ ကွယ်ပျောက်သွားပြီး နောက်ဆုံးအကြိမ်၌ မြေမျိုခံရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၄၃၁)
စေလပ္ပဋိကဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်က အဝတ်အခင်းကို မနင်းရန် သိက္ခာပုဒ် ပညတ်ပြီးနောက် အမျိုးသမီးတစ်ဦးသည် အဝတ်ကို ခင်းပြီး ‘‘မင်္ဂလာကျက်သရေရှိရန် နင်းပါ’’ဟု သံဃာတော်တို့အား လျှောက်ထားပုံ၊ သံဃာတော်တို့က မနင်းဘဲ နေကြရာ ကဲ့ရဲ့သဖြင့် ဘုရားရှင်က မင်္ဂလာရှိရန်အတွက် လျှောက်ထားလျှင် နင်းခွင့်ပြုကြောင်း မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၆၇)
စောဒနာဝတ္ထု
ဤဝတ္ထု၌ သီလကို မြတ်နိုးကြ၊ ဝိနည်းကို လေးစားကြကုန်သော ရဟန်းတော်တို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့အား ခွင့်တောင်း၍ အာပတ်ဖြင့် စောဒနာကြကုန်သည်ရှိသော် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဝိနည်း နည်းလမ်းအတိုင်း ဒေသနာမကြား မကုစားကြဘဲ ရန်ငြိုးဖွဲ့ကြပုံ၊ ရဟန်းတော်တို့ကို မကြည်ဖြူကြဘဲ သတ်ပစ်မည်ဟုပင် ခြိမ်းခြောက်ကြပုံ၊ ဘုရားရှင် သိတော်မူ၍ ခွင့်ပြုချက်ရသော်လည်း ပုဂ္ဂိုလ်ကို ချိန်ဆ၍ စောဒနာကြရန် မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၅၄)
ဆတ္တဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ မထေရ်လောင်းလျာသည် ရဟန်းပြုသွားသော သားတော်ကို လိုက်လံရှာဖွေရာ သားတော်ရဟန်းသည် ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံယူတော်မူပုံ၊ သားတော် မီးသင်္ဂြိုဟ်ရာထင်းပုံကိုသာ ဖူးမြင်ရ၍ ရှိခိုးကန်တော့ပြီး ထီးဖြူကို ထင်းပုံပေါ်တွင် စိုက်ထူပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် အပါယ်လေးပါးလားရောက်ရခြင်း မရှိဘဲ လွန်ခဲ့သော နှစ်ဆယ့်ငါးကမ္ဘာအထက်၌ ‘‘မဟာရဟ’’ဟု အမည်တူ စကြဝတေးမင်း ခုနစ်ကြိမ် ဖြစ်ခဲ့ဖူးပုံ၊ ဤဘုရားရှင်သာသနာတော် ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၇၇)
ဆတ္တပါဏိဥပါသကဝတ္ထု
ဤဝတ္ထု၌ အနာဂါမ်တိပိဋကဓရ ဆတ္တပါဏိဥပါသကာသည် ဘုရားရှင်ထံ ချဉ်းကပ်၍ တရားနာယူနေစဉ် ကောသလမင်းကြီး ရောက်ရှိလာပုံ၊ ဘုရားရှင်က ဆတ္တပါဏိ၏ ဂုဏ်ပုဒ်တို့ကို ကောသလမင်းကြီးအား မိန့်ကြားသဖြင့် မင်းကြီးက ဆတ္တပါဏိဥပါသကာအား နန်းတွင်း၌ စာပေပရိယတ်များ သင်ကြားပို့ချပေးရန် ပြောကြားပုံ၊ ဆတ္တပါဏိဥပါသကာက ‘‘ထိုကိစ္စသည် ရဟန််းတော်များနှင့်သာ သင့်လျော်ပါကြောင်း’’ မင်းကြီးအား လျှောက်ထားပုံ၊ မင်းကြီးက တစ်ဖန် ဘုရားရှင်ထံ လျှောက်ထားသည့်အခါ ဘုရားရှင်က အရှင်အာနန္ဒာမထေရ်အား နန်းတွင်းသူ နန်းတွင်းသားများကို စာပေပို့ချရန် တာဝန်ပေးတော်မူပုံ၊ အရှင်အာနန္ဒာမထေရ်က နန်းတွင်း၌ စာပေသင်ကြားပို့ချသည့်အခါ ဝါသဘခတ္တိယာမိဖုရားက ရိုရိုသေသေ လေးလေးစားစား သင်ယူလေ့ မရှိပုံ၊ ထိုအကြောင်းအရာကို အရှင်အာနန္ဒာမထေရ်က ပရိသတ်အလယ်၌ ဘုရားရှင်ထံ လျှောက်ထားသည့်အခါ ဘုရားရှင်က တရားတော်ကို ရိုရိုသေသေ မနာယူ မမှတ်သားသော သူသည် အဆင်းသာရှိ၍ အနံ့မရှိသော ပန်းနှင့်တူကြောင်း၊ ရိုသေလေးစားစွာ နာယူမှတ်သားသော သူသည်သာ အဆင်းအနံ့နှင့် ပြည့်စုံသော ပန်းနှင့်တူကြောင်း တရားဟောကြားတော်မူသောအခါ ပရိသတ်များ သောတာပန်တည်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၄၀)
ဆတ္တမာဏဝကဝတ္ထု
ဤဝတ္ထု၌ သေတဗျမြို့သား ပုဏ္ဏားတစ်ဦး၏သား ဆတ္တမာဏဝကသည် ဥက္ကဋ္ဌမြို့နေ ပေါက္ခရသာတိပုဏ္ဏားကြီးထံ၌ ပညာသင်ပြီးပုံ၊ ပညာသင်ပြီး၍ ဆရာကန်တော့ရန် ငွေကြေး တစ်ထောင်ကို ယူပြီး ဆရာ့ထံ အပြန်တွင် ဘုရားရှင် ကြွရောက်ပြီး သရဏဂုံနှင့် ငါးပါးသီလတို့ကို ခံယူစေပုံ၊ ဆက်လက်သွားစေရာ ခိုးသူတို့ သတ်ဖြတ်သဖြင့် သေဆုံးပြီး တာဝတိံသာ၌ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၁၂)
ဆဒ္ဒန္တဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဟိမန္တာတောရှိ ဆဒ္ဒန္တအိုင်ကြီးအနီး၌ ဆဒ္ဒန္တဆင်မင်း ဖြစ်စဉ် စူဠသုဘဒ္ဒါ၊ မဟာသုဘဒ္ဒါ ဆင်မိဖုရားနှစ်စီး ခြံရံလျက် စံစားနေပုံ၊ စူဠသုဘဒ္ဒါသည် မိမိအပေါ် ကြဲချသော အင်ကြင်းပန်းတွင် ခါချဉ်ကောင် ပါလာသဖြင့် အလွန်သေးငယ်သည့် အပြစ်ကလေးကြောင့် ဆဒ္ဒန်ဆင်မင်းအပေါ် ရန်ငြိုးဖွဲ့ပုံ၊ မကြာမီ စူဠသုဘဒ္ဒါ သေဆုံး၍ နောက်ဘဝ၌ ကာသိမင်း၏ မိဖုရားကြီးဖြစ်ကာ အတောင်တစ်ရာ့နှစ်ဆယ်ရှိသည့် ဆင်မင်း၏ အစွယ်တော်ကို ဖြတ်ပေးရန် မိမိလင်တော်မောင် ကာသိမင်းအား တောင်းဆိုခဲ့ပုံ၊ မင်းကြီးက သောနုတ္တိုရ်မုဆိုးအား ဖြတ်ခိုင်းပုံ၊ ဆင်မင်းကို မြေတွင်းလိုဏ်ခေါင်းတူး၍ မြားဖြင့် ပစ်ပုံ၊ မြားဒဏ်ရာ အလူးအလဲ ခံစားရင်း စွယ်တော်ကို ဖြတ်၍လှူကာ သဗ္ဗညုတဉာဏ်ရရေး ဆုပန်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၃၇)
ဆန္နတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးနေတော်မူစဉ် အရှင်ဆန္နမထေရ်သည် အာပတ်သင့်စေမည့် အလုပ်များကို ပြုလုပ်သဖြင့် ရဟန်းတော်တို့က အာပတ်ဖြင့် စိစစ်ကြသောအခါ ဘယ်သူ အာပတ်သင့်သလဲ၊ ဘယ်အာပတ် သင့်သလဲ၊ ဘာ့ကြောင့် သင့်သလဲစသဖြင့် လှီးလွှဲပြောဆိုနေသောကြောင့် ‘‘ထိုသို့ လှီးလွှဲ ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဘုရားရှင်က အညဝါဒက သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၅၃)
ဆန္နတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဖွားဖက်တော် ဆန္နမထေရ်သည် အဂ္ဂသာဝကမထေရ်ကြီးတို့ကို မရှုစိမ့်နိုင်ဘဲ ‘‘နောက်မှ ရောက်လာသည့် ရွှေကြာပင်များ’’ဟု ဆဲရေးခဲ့ပုံ၊ ဘုရားရှင် တားမြစ်သော်လည်း မရခဲ့ပုံ၊ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးနောက် ဗြဟ္မဒဏ်ပေးခံရသောအခါမှ သတိရ၍ တရားအားထုတ်ရာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၄၈၇) (ဓမ္မ၊ဋ္ဌ၊၁၊၃၅၀)
ဆန္နတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်ဆန္နမထေရ်၏ ဒါယကာတစ်ဦးက ကျောင်းဆောက်လှူဒါန်းလိုသဖြင့် အရှင်ဆန္နသည် ကျောင်းနေရာကို ရှင်းလင်းခဲ့ပုံ၊ တိုင်းသူပြည်သားတို့ စေတီအဖြစ် ကိုးကွယ်ထားသော သစ်ပင်ကြီးတစ်ပင်ကို ခုတ်လှဲမှုကြောင့် လူတို့က ကဲ့ရဲ့ကြပုံ၊ ဘုရားရှင်က ကျောင်းဆောက်ရန် မြေနေရာကို ရဟန်းတို့အား ပင့်ဖိတ်၍ ပြောကြားပြသရန်၊ ကျောင်းမြေနေရာအဖြစ် သမုတ်ထိုက်သော နေရာကိုသာ ရွေးချယ်ရန် ဝိဟာရကာရသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၂၃၇)
ဆန္နတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်ဆန္နသည် ဝိနည်းနှင့် မလျော်သော အပြုအမူတို့ကို ပြုကျင့်သဖြင့် ရဟန်းတို့က ရဟန်းတော်တို့နှင့် မအပ်စပ်ကြောင်း ပြောကြားကြပုံ၊ အရှင်ဆန္နက ‘‘သင်တို့က ငါ့ကို ပြောရမည့်သူ ထင်နေသလား ငါကသာ သင်တို့ကို ပြောရမည်၊ ဘုရားရှင်သည် ငါ၏ အရှင့်သား ဖြစ်သည်၊ သင်တို့သည် အမျိုးအနွယ်မျိုးစုံမှ ဝင်ရောက်လာသည့် ရဟန်းများသာ ဖြစ်သည်’’ စသည်ဖြင့် ပြန်လည် ပြောဆိုခဲ့ပုံ၊ ဘုရားရှင်သည် အရှင်ဆန္နအား ကဲ့ရဲ့တော်မူ၍ ဒုဗ္ဗစသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၂၇၁)
ဆန္နတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်ဆန္နမထေရ်၏ အလုပ်အကျွေး အမတ်ကြီးတစ်ဦးသည် အရှင်ဆန္နမထေရ်အတွက် ဆောက်လုပ်ပေးထားသော ကျောင်းကြီးကို အထပ်ထပ်မိုး၊ အထပ်ထပ်လိမ်းကျံသဖြင့် ကျောင်းပြိုကျခဲ့ပုံ၊ ပုဏ္ဏားတစ်ဦး၏ လယ်တွင် မြက်များ, သစ်သားများကို စွန့်ပစ်သောကြောင့် ထိုပုဏ္ဏားက ကဲ့ရဲ့ရှုတ်ချခဲ့ပုံ၊ ထိုသို့ကဲ့ရဲ့ရှုတ်ချမှုကို အကြောင်းပြု၍ ကျောင်းကြီးဆောက်လုပ်ရာ၌ အထပ်ထပ်မိုးခြင်း စသည် မပြုလုပ်ရန် မဟလ္လကဝိဟာရ သိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၆၇)
ဆန္နတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်အား နူးညံ့သော အတွေ့အထိရှိသည့် သစ်ရွက်အခင်းကို ခင်းပေးပြီး ပတ်ဝန်းကျင်မှ ပန်းတို့ဖြင့် ကြဲဖြန့် ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင် လက်ထက်၌ သုဒ္ဓေါဒနမင်းကြီး၏ နန်းတော်တွင် ကျွန်မ၏သား ဘုရားအလောင်း၏ ဖွားဖက်တော် ဆန္န ဖြစ်ပုံ၊ သာသနာတော်သို့ ဝင်ရောက်ကာ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၉၅)
ဆန္နတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်ဆန္နမထေရ်သည် ရဟန်းတော်တို့နှင့် မသင့်လျော်သော အမှုကိစ္စများကို ပြုလုပ်နေသဖြင့် ရဟန်းတို့က မအပ်စပ်ကြောင်း ပြောပြရာ မလေးမစား ပြုမူသဖြင့် ‘‘မလေးမစား ပြုမူသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု အနာဒရိယ သိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၄၉)
ဆန္နတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်ဆန္နသည် ရဟန်းတို့နှင့် မအပ်စပ်သော အပြုအမူတို့ကို ပြုကျင့်သဖြင့် ရဟန်းတို့က ဆုံးမရာ အခြားဝိနည်းဓိုရ်တို့ကို မေးပြီးမှ လက်ခံမည်စသည်ဖြင့် ပြောဆိုလွှတ်သောကြောင့် ဘုရားရှင်က ‘‘တရားနည်းလမ်းတကျ ဆုံးမလျက် မနာခံသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု သဟဓမ္မိက သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၈၅)
ဆန္နတ္ထေရဝတ္ထု
ဤဝတ္ထု၌ ကောသမ္ဗီပြည်၌ နေသော အရှင်ဆန္နသည် အာပတ်သင့်သော်လည်း ထိုအာပတ်ကို မရှုလိုသောကြောင့် သံဃာတော်တို့က ကဲ့ရဲ့သဖြင့် ဘုရားရှင်က ဥက္ခေပနီယကံ ပြုရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၄၇)
ဆန္နတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်ဆန္နသည် အာပတ်သင့်သည်ရှိသော် ထိုအာပတ်ကို ကုစားဖို့ရန် မလိုလားသောကြောင့် ရဟန်းတို့က ကဲ့ရဲ့ရာ ဘုရားရှင် သိတော်မူ၍ ဥက္ခေပနီယကံ ပြုရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၅၈)
ဆဗ္ဗဂ္ဂိယဘိက္ခုနီဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီဘိက္ခုနီများ၏ စီစဉ်မှုကို ဆဗ္ဗဂ္ဂီရဟန်းများ လက်ခံသာယာခြင်းနှင့် စပ်လျဉ်း၍ ဘုရားရှင်က ထိုသို့စီမံသော ဘိက္ခုနီကို နှင်ထုတ်စေတော်မူပုံ၊ ‘‘ထိုသို့စီမံမှုမျိုးကို သာယာသော ရဟန်းများအား ပါဋိဒေသနီယ အာပတ်သင့်၏’’ဟု ဒုတိယ ပါဋိဒေသနီယ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၂၉)
ဆဗ္ဗဂ္ဂိယဘိက္ခုနီဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီဘိက္ခုနီတို့သည် ရဟန်းတို့အား ကိုယ်ကို လှန်ပြ၊ ရင်သားကို လှန်ပြ၊ ပေါင်၊ အင်္ဂါဇာတ်တို့ကို လှန်ပြ၊ ရိပ်၍ ချိတ်၍ ပြောဆိုကြသဖြင့် ဘုရားရှင်က ထိုကဲ့သို့ မပြရန် မပြောရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၄၅၃)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆရာဥပဇ္ဈာယ်တို့ကို မပန်ကြားဘဲ သာမဏေတို့အား ကျောင်းထဲ မလာရန် ဒဏ်ပေးကြပုံ၊ သာမဏေများကို မတွေ့၍ ဆရာတို့က ရှာသောအခါ ဒဏ်ထားခံရကြောင်း သိရပုံ၊ ဘုရားရှင်က ‘‘ဆရာဥပဇ္ဈာယ်များကို မပန်ကြားဘဲ ကိုရင်များကို ဒဏ်မပေးရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၁၇)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မထေရ်ကြီးများ၏ တပည့်ကိုရင်များကို လှည့်ပတ်သိမ်းသွင်း စည်းရုံးထားကြသောကြောင့် မထေရ်ကြီးတို့သည် ကိုယ်တိုင်ပင် ဒန်ပူ၊ မျက်နှာသစ်ရေတို့ကို ခပ်ယူကြရသဖြင့် ပင်ပန်းကြကြောင်းကို ဘုရားရှင် သိတော်မူ၍ ‘‘အခြားသူ၏ တပည့်ပရိသတ်များကို လှည့်ပတ်စည်းရုံးခြင်း မပြုရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၁၈)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့၌ အသင်းတစ်သင်းသည် သံဃာတော်အား ဆွမ်းကပ် သင်္ကန်းပါ လှူရန် စီစဉ်ထားပုံ၊ ‘‘ဆဗ္ဗဂ္ဂီရဟန်းတို့က သံဃာတော်မှာ ပေါများပါသည်၊ ငါတို့အားသာ လှူပါ’’ဟု ဖိအားပေးကြသဖြင့် သံဃာတော်တို့အား လှူမည့်သင်္ကန်းကို ဆဗ္ဗဂ္ဂီတို့အား လှူလိုက်ရသဖြင့် ကဲ့ရဲ့ရှုတ်ချကြပုံ၊ ဘုရားရှင်က ‘‘သံဃိကလာဘ်ကို မိမိသို့ ညွှတ်စေသော ရဟန်းအား နိဿဂ္ဂိပါစိတ် အာပတ် သင့်၏’’ဟု ပရိဏတသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၇၉)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ငွေအဖြစ် သုံးစွဲရန် သတ်မှတ်ထားသော ရွှေတုံးရွှေခဲများ၊ ငွေစက္ကူများ၊ ကြေးပိုက်ဆံများ၊ သစ်သားပိုက်ဆံများ၊ ချိပ်ဖြင့် ပြုလုပ်ထားသော ပိုက်ဆံများကို နည်းမျိုးစုံဖြင့် ကိုင်တွယ်၍ ပစ္စည်းဖြင့် လဲလှယ်မှု ပြုကြသဖြင့် လူတို့ ကဲ့ရဲ့ကြသောကြောင့် ဘုရားရှင်က ‘‘ရွှေ,ငွေဖြင့် ဝယ်ယူလဲလှယ်ခြင်း မပြုရ’’ဟု ရူပိယသံဝေါဟာရသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၄၇)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ သာဝတ္တိမြို့တော်ရှိ ဘာသာရေးအသင်းအဖွဲ့တစ်ခုသည် သံဃာတော်များအတွက် သင်္ကန်းကပ်လှူရန် စီစဉ်နေပုံ၊ ဆဗ္ဗဂ္ဂီရဟန်းများ ရှေးဦးစွာ ရောက်ရှိလာပြီး အလှူခံကြပုံ၊ အသင်းဒကာများက သံဃာတော်များကို ရှေးဦးစွာ ကပ်လှူပြီးမှ လှူဒါန်းမည်ဖြစ်ကြောင်း လျှောက်ထားကြပုံ၊ ဆဗ္ဗဂ္ဂီရဟန်းများက အတင်းအကျပ် အလှူခံသဖြင့် ၎င်းတို့ကို ရှေးဦးစွာ လှူဒါန်းလိုက်ရပုံ၊ ဘုရားရှင်က ‘‘သံဃာအတွက် ရည်မှန်းထားသော လာဘ်လာဘကို ပုဂ္ဂိုလ်ကို လွှဲပြောင်းလှူစေသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ပရိဏာမန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၀၃)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် တောထဲ၌ ရှိသော ခဝါသည်တို့ ဆေးဆိုးရာနေရာမှ ခဝါထုပ်ကို ခိုးယူ၍ ဝေခြမ်း သုံးစွဲကြပုံ၊ ဘုရားရှင် သိတော်မူသောအခါ ‘‘ရဟန်းဟူသည် တောမှဖြစ်စေ၊ မြို့မှဖြစ်စေ မည်သည့်နေရာမှမဆို ပစ္စည်းများကို ပိုင်ရှင်မပေးက ခိုးမယူရ’’ဟု ဒုတိယပါရာဇိကသိက္ဓာပုဒ်၏ အနုပညတ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၅၅)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဖျားနာနေသော ဥပါသကာတစ်ဦး၏ လှပသော မိန်းမကို နှစ်သက်ကြသောကြောင့် သူ၏ ယောက်ျား သေချင်လာအောင် နည်းမျိုးစုံဖြင့် သေခြင်း၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းကြပုံ၊ ထိုသူသည် မသင့်သော အစားအစာများကို စားသဖြင့် သေဆုံးရပုံ၊ ထိုအကြောင်းစုံကို ဘုရားရှင် သိတော်မူသောအခါ ‘‘သေခြင်း၏ ဂုဏ်ကျေးဇူးကို မချီးမွမ်းရ’’ဟု တတိယပါရာဇိကသိက္ခာပုဒ်၏ အနုပညတ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၉၀)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မိမိအတွက် ထောပတ်ဆီဦး၊ ပျားရည်၊ ငါး၊ အသား၊ နို့၊ နို့ဓမ်း စသည်တို့ကို တောင်းရမ်းအလှူခံ၍ စားသုံးကြပုံ၊‘‘ အကောင်းကို မည်သူ မကြိုက်ဘဲ ရှိမည်နည်း၊ အားလုံး အကောင်းကြိုက်ကြသည်’’စသည်ဖြင့် လူတို့က ကဲ့ရဲ့ကြပုံ၊ ထိုအကြောင်းကြောင့်‘‘ ထောပတ် စသော မွန်မြတ်သော ဘောဇဉ်ကို တောင်း၍ စားသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ပဏီတဘောဇန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၁၈)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် တရားစာပေများကို ပြိုင်တူ လူတို့နှင့် ရွတ်ဆိုကြပုံ၊ လူတို့သည် ရဟန်းတို့အပေါ် ကြည်ညိုလေးစားမှု လျော့နည်းကာ သူငယ်ချင်းပေါင်း ပေါင်းလာကြပုံ၊ ထိုအကြောင်းကြောင့် ‘‘လူတို့နှင့် တရားကို ပြိုင်တူ ရွတ်ဆိုသော ရဟန်းအား ပါစိတ် အာပတ် သင့်၏’’ဟု ပဒသောဓမ္မ သိက္ခာပုဒ်ကို ပညတ်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဘိက္ခုနီတို့ကို ဆုံးမဩဝါဒပေးသော မထေရ်ကြီးတို့ လာဘ်လာဘပေါများသည်ကို မြင်တွေ့၍ မိမိတို့အထံသို့လည်း ဩဝါဒခံရန် လာရောက်ဖို့ ဘိက္ခုနီတို့အား ပြောဆိုကြပုံ၊ ဘိက္ခူနီများ ဩဝါဒခံရန် လာရောက်ခဲ့ရာ တရားစကား အနည်းငယ်သာ ပြောကြားပြီး တစ်နေ့လုံး တိရစ္ဆာနကထာများကိုသာ ပြောနေကြပုံ၊ ထို့ကြောင့် ဘုရားရှင်က ‘‘သမုတ်မထားဘဲ ဘိက္ခုနီတို့အား မဆုံးမရ’’ဟု ဩဝါဒ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၇၁)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဘိက္ခုနီတို့ကို ဆုံးမဩဝါဒပေးသော မထေရ်ကြီးတို့သည် သင်္ကန်း ဆွမ်း ကျောင်း ဆေး ပစ္စည်း(၄)ပါး များစွာ ရကြသည်ကို ဆဗ္ဗဂ္ဂီရဟန်းများက မနာလိုသဖြင့် ‘‘မထေရ်တို့သည် ပစ္စည်းများများ ရရန်် ဘိက္ခုနီများကို ဆုံးမကြကုန်၏’’ဟု ပုတ်ခတ် စွပ်စွဲကြပုံ၊ ထိုအကြောင်းကြောင့် ဘုရားရှင်က ‘‘ထိုသို့ ပုတ်ခတ်စွပ်စွဲသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု အာမိသသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၈၁)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဘိက္ခုနီတို့နှင့် ချိန်းချက်စီရင်၍ လှေစီးပြီး ခရီးသွားကြပုံ၊ လူတို့က‘‘ငါတို့သည် သားမယားတို့နှင့်အတူ လှေစီး၍ ခရီးသွားကြသကဲ့သို့ ရဟန်းတို့သည် ဘိက္ခုနီတို့နှင့်အတူ လှေစီး၍ မသွားသင့်ပါ’’ဟု ကဲ့ရဲ့ကြသောကြောင့် ဘုရားရှင်က ‘‘ဘိက္ခုနီတို့နှင့်အတူ လှှှေှစီး၍ သွားသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု နာဝါဘိရုဟန သိက္ခာပုဒ်ကို ပညတ်တော်ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဝိ၊၂၊၈၉)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဘိက္ခုနီတို့နှင့်အတူ ချိန်းချက်စီရင်၍ ခရီးရှည် ထွက်ကြသောကြောင့် ‘‘ငါတို့သည် သားမယားနှင့်အတူ ခရီးလှည့်လည်ကုန်ကြသကဲ့သို့ ရဟန်းတို့သည် ဘိက္ခုနီတို့နှင့်အတူ စီစဉ်ချိန်းချက်၍ ခရီးမထွက်သင့်ပါ’’ဟု လူတို့က ကဲ့ရဲ့ကြပုံ၊ ဘုရားရှင်က ‘‘ဘိက္ခုနီတို့နှင့် ချိန်းချက်၍ သွားသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု သံဝိဓာန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၈၆)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သင်္ကန်းချုပ်ရာ အချိန်အခါ၌ ချည်များကို များစွာ တောင်းကြပြီး သင်္ကန်းချုပ်ပြီးသော်လည်း ချည်များစွာ ကျန်နေသေးပုံ၊ ရက္ကန်းသည်တို့နှင့် ပေါင်းကာ ချည်များကို ထပ်မံတောင်းကြပြီး သင်္ကန်းရက်ကြသဖြင့် လူတို့က ကဲ့ရဲ့ကြပုံ၊ ဘုရားရှင်က ကိုယ်တိုင် ချည်ကို အလှူမခံရန် သုတ္တဝိညတ္တိ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၆၈)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားသည် ရဟန်းတို့အား တိစီဝရိတ်သင်္ကန်း ခွင့်ပြုလိုက်သဖြင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် အခြားတိစီဝရိတ်သင်္ကန်းဖြင့် ရွာထဲသို့ ဝင်၍ အခြား တိစီဝရိတ် သင်္ကန်းဖြင့် ကျောင်း၌ နေကြပုံ၊ အခြားတိစီဝရိတ်သင်္ကန်းဖြင့် ရေချိုးကြပုံ၊ ‘‘ပိုလွန်သော သင်္ကန်းကို ဆောင်သော ရဟန်းအား နိဿဂ္ဂိပါစိတ် အာပတ်သင့်၏’’ဟု ပထမ ကထိနသိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၂၉၄)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သင်္ကန်းလုယက်ခံရသော ရဟန်းတို့အတွက် သင်္ကန်းများစွာကို တောင်းယူကြပုံ၊ လူတို့က ကဲ့ရဲ့ကြပုံ၊ ထိုအကြောင်းကြောင့် ဘုရားရှင်က ‘‘အတိုင်းအရှည် မသိဘဲ နှစ်ထည်ထက် ပို၍ သင်္ကန်းတောင်းသော ရဟန်းအား နိဿဂ္ဂိပါစိတ် အာပတ် သင့်၏’’ဟု တတုတ္တရိသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၁၅)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ပိုးထည်ရက်လုပ်သော သူတို့ထံ သွား၍ ‘‘ပိုးချည် ထုတ်လုပ်ပေးသော ပိုးဥ၊ ပိုးကောင်၊ ပိုးအိမ်များကို များများ ပြုတ်ကြပြီး ငါတို့အတွက်လည်း ပိုးချည်နှင့် ရောနှောရက်ထားသော အခင်းများကို လှူကြပါ’’ဟု ပြောဆိုသည်ကို ပိုးချည်ရက်သမားတို့က ကဲ့ရဲ့ကြသဖြင့် ဘုရားရှင်က ပိုးချည်ရောသော အခင်းကို မပြုလုပ်ရန် ကောသိယသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၂၈)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အနက်ရောင်သက်သက်ဖြင့် ရက်ထားသော သိုးမွေးအခင်းတို့ကို သုံးဆောင်ကြပုံ၊ ‘‘ကာမဂုဏ်ခံစားသည့် လူများကဲ့သို့ အနက်ရောင် သိုးမွေးအခင်းများကို သုံးကြသည်’’ဟု ရဟန်းတို့အား လူတို့က ကဲ့ရဲ့ကြပုံ၊ ထိုအကြောင်းကြောင့် ‘‘အနက်ရောင်သက်သက် သိုးမွေးအခင်းကို မပြုလုပ်ရ’’ ဟု ဘုရားရှင်က သုဒ္ဓကာဠကသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၃၀)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ‘‘သိုးမွေးအနက်ထည် သက်သက်ကို မသုံးစွဲရ’’ဟု ပညတ်တော်မူ သဖြင့် အဖြူရောင်အနည်းငယ်ရောကာ ရက်လုပ်ကြပုံ၊ ဘုရားရှင် သိတော်မူ၍ အနက်နှစ်ဆ၊ အဖြူတစ်ဆ၊ အခြားအရောင်တစ်ဆ ရောနှော ရက်လုပ်ကြရန် ဒွေဘာဂသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၃၁)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဘိက္ခူနီတို့အား သိုးမွေးများကို အဖွပ်ခိုင်း၊ ဆေးဆိုးခိုင်း၊ ရှင်းလင်းခိုင်းကြပုံ၊ ဘိက္ခူနီတို့သည် ထိုအမှုဖြင့် စာပေ မသင်ရ၊ ဝိပဿနာ အားမထုတ်ရ ဖြစ်ကြရပုံ၊ ထိုအကြောင်းကို မဟာပဇာပတိ ဂေါတမီထေရီက ဘုရားရှင်အား လျှောက်ထားပုံ၊ ဘုရားရှင်က ရဟန်းမတို့အား ထိုသို့ မခိုင်းရန် ဧဠကလောမဓောဝါပန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၄၂)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သပိတ်ပေါင်းများစွာ သိုမှီးသိမ်းဆည်းထားကြပုံ၊ လူတို့က သပိတ်ကုန်သည်ကြီးများဟု ပြောင်လှောင်ရှုတ်ချကြသောကြောင့် သပိတ်များစွာ မထားရန် ပတ္တသိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၅၂)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အချင်းချင်း ခိုက်ရန်ဖြစ်ကာ မတည့်ကြပုံ၊ ရဟန်းတို့ ကွဲပြားစေရန် ရည်ရွယ်၍ တစ်ဦးထံမှ စကားကို တစ်ဦးထံသို့ ပို့ဆောင်ကြပုံ၊ ထိုအကြောင်းကြောင့် ပို၍ အငြင်းအခုံ ဖြစ်လာပုံ၊ ‘‘ကုန်းတိုက်စကား ပြောသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ပေသုည သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၉)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဆဗ္ဗဂ္ဂီရဟန်းတို့သည် အကျင့်သီလရှိကုန်သော ရဟန်းတော်တို့နှင့်အတူ ခိုက်ရန်ဖြစ်ကြပုံ၊ ဆဗ္ဗဂ္ဂီတို့က ယုတ်ညံ့စွာ အမျိုးမျိုး ဆဲရေးကြပုံ၊ ထိုအကြောင်းကြောင့် နန္ဒိဝိသာလဇာတ်တော်ကို ဟောပြတော်မူကာ ‘‘ဆဲရေးသော ရဟ်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဩမသဝါဒ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၆)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် သက္ကတိုင်း ကပိလဝတ္ထုမြို့ နိဂြောဓာရုံကျောင်းတိုက်၌ သီတင်းသုံးတော်မူစဉ် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆဗ္ဗဂ္ဂီဘိက္ခူနီတို့ရှိရာ ဘိက္ခူနီကျောင်းသို့ သွား၍ ဆုံးမကြပုံ၊ နောင်တွင် ဆဗ္ဗဂ္ဂီဘိက္ခူနီတို့သည် အခြားရဟန်းတို့အထံသို့ အဆုံးအမခံ သွားရန် မလိုက်ကြသည်ကို အကြောင်းပြု၍ ဘုရားရှင်က ‘‘ဘိက္ခူနီကျောင်းသို့ သွား၍ ဆုံးမသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဘိက္ခုနုပဿယ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၇၉)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် မြို့နှင့် မနီးမဝေးအရပ်၌ အသင်းတစ်သင်းသည် ဧည့်သည်တို့ တည်းခိုရန် ဇရပ်တစ်ဆောင် ဆောက်ထားပြီး ဆွမ်းကျွေးသော ဝတ်ကို တည်ထောင်ထားပုံ၊ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထိုနေရာ၌ တည်းခိုပြီး ထိုဆွမ်းကိုသာ စားသုံးနေကြပုံ၊ ထိုအကြောင်းကို ဘုရားရှင် ကြားသိတော်မူသောအခါ ‘‘ခွင့်ပြုထားသော အချိန်မှအပ ထိုဆွမ်းမျိုးကို စားသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု အာဝသထပိဏ္ဍ သိက္ခာပုဒ်ကို ပညတ်တော််မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၉၅)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ မိုးတွင်းကာလ၌ ဝတ်ရန် ခွင့်ပြုတော်မူခဲ့သော မိုးရေခံသင်္ကန်းကို မိုးမကျမီ အချိန်ကပင် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ကြိုတင် ချုပ်လုပ်ကြပြီး ဝတ်ဆင်ကြပုံ၊ မိုးကာလ ရောက်လာသောအခါ သင်္ကန်းစုတ်ပြတ်နေကြသဖြင့် ကိုယ်တုံးလုံး ရေချိုးကြသည်ကို လူတို့ ကဲ့ရဲ့ကြပုံ၊ ဘုရားရှင်က ‘‘မိုးရေခံသင်္ကန်းကို အချိန်မကျရောက်ဘဲ မရှာမှီးရ၊ မဝတ်ရုံရ’’ဟု ဝဿိကသာဋိက သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၆၄)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် စစ်တိုက်ရန် ထွက်လာသော ပသေနဒီကောသလမင်း၏ စစ်တပ်သို့ သွားရောက်ကြည့်ရှုပုံ၊ ကောသလမင်းကြီးက‘‘စစ်တပ်ကို ကြည့်ရှု၍ အဘယ်အကျိုးရှိအံ့နည်း’’ဟု လျှောက်ထားပုံ၊ လူအများကလည်း ကဲ့ရဲ့ရှုတ်ချကြပုံ၊ ဘုရားရှင်က ‘‘စစ်တပ်သို့ ကြည့်ရှုရန် သွားသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဥယျုတ္တသေနာ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၃၉)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် စစ်တပ်အတွင်း၌ သုံးညထက် ပိုလွန်၍ ညဉ့်အိပ်ညဉ့်နေ တည်းခိုကြပုံ၊ လူများက ကဲ့ရဲ့ရှုတ်ချကြပုံ၊ မြတ်စွာဘုရား ကြားသိတော်မူသောအခါ ‘‘စစ်တပ်၌ သုံးညဉ့်ထက် ပို၍ နေသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု သေနာဝါသ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၄၁)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းများသည် စစ်တိုက်ရာသို့လည်းကောင်း၊ ဆင်တပ်, မြင်းတပ်ရှိရာသို့လည်းကောင်း သွားရောက်ကြည့်ရှုကြပုံ၊ စစ်တိုက်ရာသို့ သွားရောက်ကြည့်ရှုစဉ် ရဟန်းတစ်ပါး မြားပစ်ခံရပုံ၊ ဘုရားရှင်က ‘‘စစ်ဆင်ရာ စသည့်အရပ်သို့ သွားသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဥယျောဓိက သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၄၂)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းများသည် သတ္တရသဝဂ္ဂီအုပ်စုဝင် ရဟန်းငယ်တစ်ပါးကို ‘ကလိ’ထိုး ကစားကာ ရယ်မောအောင် ပြုလုပ်ကြပုံ၊ ရဟန်းငယ်တစ်ပါး အရယ်လွန်ကာ အသက်သေဆုံးခဲ့ရပုံ၊ ရဟန်းကောင်းများက ကဲ့ရဲ့ရှုတ်ချကြပုံ၊ ဘုရားရှင်က ‘‘ကလိထိုးသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု အင်္ဂုလိပတောဒက သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၄၇)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ တရားနှင့် အညီ ငြိမ်းအေးပြီးသော အဓိကရုဏ်းကို ဆဗ္ဗဂ္ဂီရဟန်းတို့သည် နောက်ထပ် ဖြစ်ပေါ်စေရန် လှုံ့ဆော်တိုက်တွန်းကြပုံ၊ ထိုအကြောင်းကြောင့် ဘုရားရှင်က ‘‘ငြိမ်းအေးပြီးသော အဓိကရုဏ်းကို ပြန်လည်ဖြစ်ပေါ်စေရန် လှုံ့ဆော်သော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဥက္ကောဋန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၆၅)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်က ဥပါလိမထေရ်အား ဝိနည်းအကြောင်းအရာနှင့် ပတ်သက်၍ ချီးကျူးတော်မူခဲ့ပုံ၊ မထေရ်ကြီး, မထေရ်လတ်, မထေရ်ငယ်များက ဥပါလိမထေရ်ထံတွင် ဝိနည်းသင်ယူကြပုံ၊ ဆဗ္ဗဂ္ဂီရဟန်းများက ဝိနည်းသင်ယူနေကြသည့် ရဟန်းတော်များအား သိက္ခာပုဒ်သေးသေးငယ်ငယ်များကို သင်ယူခြင်းဖြင့် အကျိုးမရှိကြောင်း ပြောကြားကြပုံ၊ ဘုရားရှင်က ‘‘သိက္ခာပုဒ်များကို ရှုတ်ချသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဝိလေခန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဝိ၊၂၊၁၈၇)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရဟန်းတစ်ပါးကို အခြေအမြစ်မရှိဘဲ သံဃာဒိသိသ်အာပတ်ဖြင့် စွပ်စွဲကြပုံ၊ ရဟန်းကောင်းများက ဆဗ္ဗဂ္ဂီရဟန်းများကို ကဲ့ရဲ့ရှုတ်ချပြီး ဘုရားရှင်အား လျှောက်ထားကြပုံ၊ ဘုရားရှင်က အခြေအမြစ်မရှိဘဲ ထိုသို့ စွပ်စွဲသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု အမူလက သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၉၄)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် တရားနှင့်ညီသော သံဃာ့ကံများကို တရားနှင့်ညီကြောင်း၊ သဘောတူကြောင်း အသိအမှတ်ပြုပြီးနောက်မှ ရှုတ်ချကဲ့ရဲ့ကြပုံ၊ ထိုအကြောင်းကြောင့် ဘုရားရှင်က ‘‘သဘောတူကြောင်း ဆန္ဒပေးပြီးနောက်မှ ကဲ့ရဲ့ ရှုတ်ချသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ကမ္မပဋိဗာန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဝိ၊၂၊၁၉၉)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဝိနည်းကံ အမှုကိစ္စပြုနေစဉ် ဆန္ဒမပေးဘဲ နေရာမှ ထပြန်သွားကြပုံ၊ ဘုရားရှင်က ‘‘ဆန္ဒမပေးဘဲ ထပြန်သွားသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဆန္ဒံ အဒတွာ ဂမန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၀၀)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့၏ နေလွဲအခါ၌ ရွာထဲ ဝင်ခြင်းကို အကြောင်းပြု၍ ‘‘နေလွဲအခါ၌ ရွာထဲ ဝင်သော ရဟန်းအား ပါစိတ်အာပတ်သင့်၏’’ဟု ဝိကာလ ဂါမပ္ပဝိသန သိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ၊ နောင်အခါ ရွာထဲသို့ မဝင်ရောက်ကြဘဲ ရွာအပြင်၌ နေကြသော ရဟန်းများ ဓားပြတိုက်ခံကြရခြင်းကို အကြောင်းပြု၍ နေလွဲအချိန်၌ ရွာထဲ ဝင်ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၁၃)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် လဲမှို့သွတ်ထားသော အင်းပျဉ် ညောင်စောင်းစသည်ကို ပြုလုပ်အသုံးပြုကြပုံ၊ မြတ်စွာဘုရားရှင်က ‘‘လဲမှို့သွတ်ထားသော အင်းပျဉ် ညောင်စောင်းတို့ကို ပြုစေသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု တူလောနဒ္ဓ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၁၉)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းများသည် ဘုရားရှင်က ‘‘နိသီဒိုင်အခင်းများ ခွင့်ပြုထားသည်’’ ဟု ဆိုကာ အတိုင်းအရှည်မရှိသော နိသီဒိုင်အခင်းများကို ပြုလုပ်ကြပုံ၊ အဆိုပါ ရှည်လျား ကြီးမားသော နိသီဒိုင်အခင်းများကို ညောင်စောင်း အင်းပျဉ်စသည်တို့၏ ရှေ့နောက်တို့၌ တွဲလျားချကာ ခင်းထားကြပုံ၊ ဘုရားရှင်က နိသီဒိုင်၏ အတိုင်းအရှည် ပမာဏကို သတ်မှတ်၍ ‘‘ထိုပမာဏကို မကျော်လွန်စေသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု နိသီဒန သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၂၁)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အနာလွှမ်းအဝတ်ကို အတိုင်းအတာမသိ ပြုလုပ်ကြပုံ၊ မြတ်စွာဘုရားက အတိုင်းအတာနှင့် ညီညွတ်သော အနာလွှမ်းအဝတ်ကို သုံးစွဲရန် ကဏ္ဍုပ္ပဋိစ္ဆာဒိ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၂၂)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းများသည် သီလကို မြတ်နိုးသော ရဟန်းကောင်းများနှင့် ငြင်းခုံခိုက်ရန် ဖြစ်ကြပုံ၊ ရဟန်းကောင်းများ တိုင်ပင်နှီးနှောရာ ဌာနသို့ ဆဗ္ဗဂ္ဂီရဟန်းများ ချောင်းမြောင်း နားထောင်ကြပုံ၊ ဘုရားရှင်က ထိုသို့ ‘‘ချောင်း၍ နားမထောင်ရ’’ဟု ဥပဿုတိ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၉၇)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းများသည် သံဃာတော်များ ဆွမ်းကွမ်းဆိုင်ရာ စီမံရာဖြစ်သော ဆွမ်းစားကျောင်း၌ အသံကျယ်ကျယ် စကားများများ ပြောဆို၍ ဆူညံနှောင့်ယှက်နေပုံ၊ ဘုရားရှင်အား လျှောက်ထားသောအခါ ‘‘စကားများခြင်းဖြင့် သူတစ်ပါးကို နှိပ်စက်သူသည် ပညာရှိ မဟုတ်’’ ဟု ဟောကြားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၄၂)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဇေတဝန်ကျောင်းတော်ရှိ နေရာကောင်း နေရာသန့် မှန်သမျှကို ဦးယူထားကြပုံ၊ မထေရ်ကြီးများက နေရာကောင်းများမှ ဖယ်ခိုင်းကြသောအခါ မထေရ်ကြီးများ၏ အကြားတွင် တိုးဝှေ့အိပ်ကြပုံ၊ ဘုရားရှင်က ‘‘ရှေးဦးစွာ ရောက်နှင့်သော ရဟန်းကို အလိုဆန္ဒဆိုးဖြင့် တိုးဝှေ့အိပ်သော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု အနုပခဇ္ဇသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၆၂)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းများသည် သတ္တရသဝဂ္ဂီရဟန်းငယ်တို့အား ‘‘သင်တို့သည် အသက် နှစ်ဆယ် မပြည့်သော ရဟန်းငယ်များ ဖြစ်ကြ၏၊ ရဟန်းစစ်စစ် ဖြစ်ကြပါ၏လော’’-စသည်ဖြင့် စိတ်ပူပန်အောင် ပြောဆိုကြပုံ၊ သတ္တရသဝဂ္ဂီရဟန်းငယ်များ စိတ်ပူပန်လျက် ငိုကြွေးမြည်တမ်းကြပုံ၊ ဘုရားရှင်က ‘‘အလိုဆန္ဒဆိုးဖြင့် အခြားရဟန်းတစ်ပါးအား သို့လော သို့လော တွေးတောမှုဖြစ်စေသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု သဉ္စိစ္စ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဝိ၊၂၊၁၉၅)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ သပိတ်ကွဲ, သပိတ်ပျောက်လျှင် သပိတ်သစ်အလှူခံနိုင်ကြောင်း ခွင့်ပြုချက်ရသဖြင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် အနည်းငယ် သပိတ်ကွဲရုံမျှဖြင့် သပိတ်အသစ်များကို တောင်းပြန်ကြသောကြောင့် ကွဲရာကို ၅-ချက်ချုပ်ပြီး သုံးမရမှသာလျှင် အသစ်တောင်းရမည်ဟု ဦးနပဉ္စဗန္ဓန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၅၆)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် မာတုဂါမတို့အား ငါးခွန်းခြောက်ခွန်း တရားဟောခွင့် ပြုပြီဟု သိလျှင် ဆဗ္ဗဂ္ဂီရဟန်းတို့သည် သိနားလည်သော ယောကျ်ားတစ်ဦးတစ်လေ အနားမှာ မထားဘဲ မာတုဂါမတို့အား တရားဟောကြပြန်သဖြင့် သိနားလည်သော ယောကျ်ားတစ်ယောက် အနားမှာ မထားဘဲ မာတုဂါမများကို ငါးခွန်းခြောက်ခွန်းမျှ တရားကိုပင် မဟောရဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၃၃)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဘိက္ခုနီတို့အား ဆုံးမရန် သမ္မုတိရသော မထေရ်ကြီးတို့သည် လာဘ်လာဘပေါများကြသည်ကို တွေ့ရသဖြင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် သိမ်တွင်မဟုတ်ဘဲ အခြားနေရာတွင် မိမိတို့ကိုယ်ကို ဩဝါဒသမ္မုတိအဖြစ် သမုတ်ကြပြီး ဘိက္ခုနီတို့ကို ဆုံးမကြပုံ၊ တရားစကား နည်းနည်းပြောပြီး တိရစ္ဆာနကထာများကိုသာ ပြောဆိုကြသဖြင့် ဘုရားရှင်က အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ရဟန်းကိုသာ ဘိက္ခုနောဝါဒက သမ္မုတိ ပေးရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၇၂)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သတ္တရသဝဂ္ဂီရဟန်းတို့အား ခြောက်လှန့်ကြသဖြင့် ‘‘ရဟန်းတစ်ပါးကို ခြောက်လှန့်သော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု အနာဒရိယသိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၅၁)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ပိုးမွှားများပါသော ရေကို သုံးစွဲကြသဖြင့် ‘‘ပိုးမွှားပါသော ရေကို သုံးစွဲသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု သပ္ပါဏက သိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၆၄)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဘုရားရှင်၏ အယူတော်ကို ဆန့်ကျင်နေသော အရိဋ္ဌရဟန်းအား ပေါင်းသင်းဆက်ဆံ၍ အားပေးအားမြှောက် ပြုနေသဖြင့် ‘‘ထိုကဲ့သို့သော ရဟန်းနှင့် ပေါင်းသင်းဆက်ဆံသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဥက္ခိတ္တသံမ္ဘောဂ သိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၇၉)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မအပ်စပ်သော အမှုတို့ကို ပြုကျင့်ကြသဖြင့် ရဟန်းတို့က ဆုံးမပြောဆိုကြသောအခါ သိက္ခာပုဒ်ပညတ်ထားကြောင်း၊ ပါတိမောက်ထဲပါဝင်ကြောင်း ယခုမှ သိရပါသည်ဟု ပြောဆိုကြပုံ၊ ထို့ကြောင့် ဘုရားရှင်က ‘‘ထို့သို့ပြောဆိုသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု မောဟန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၈၉)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်က မိုးရေခံသင်္ကန်း သုံးစွဲခွင့်ကို ခွင့်ပြုတော်မူလျှင် ဆဗ္ဗဂ္ဂီရဟန်းတို့သည် အတိုင်းအတာမရှိ ချုပ်ကြပုံ၊ သင်္ကန်းကြီးများကို ရှေ့မှနောက်မှ ဒရွတ်ဆွဲပြီး ကြည်ညိုဖွယ်မရှိ သွားလာနေကြပုံ၊ ဘုရားရှင် သိတော်မူ၍ မိုးရေခံသင်္ကန်းကို အတိုင်းအတာ ပမာဏအတိုင်းသာ ချုပ်ရမည်ဟု ဝဿိကသာဋိက သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၂၄)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သင်းပိုင်ကိုဝတ်သောအခါ ရှေ့တွဲလွဲ နောက်တွဲလွဲ မညီမညာ ဖရိုဖရဲ ဝတ်ကြသဖြင့် လူတို့က ကဲ့ရဲ့ကြသောကြောင့် ‘‘ဒူးဆစ်နှင့်ချက် ဖုံးလွှမ်းပြီး သင်းပိုင်ကို အဝန်းညီစွာ ဝတ်ရမည်’’ဟု ဘုရားရှင်က သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၃၉)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဧကသီကို မညီမညာ ရုံကြသဖြင့် ‘‘ဧကသီကို ညီညာစွာ ရုံရမည်’’ဟု ဘုရားရှင်က သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၄၀)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခန္ဓာကိုယ်ကိုဖေါ်၍ မြို့ရွာတွင်း၌ သွားလာနေကြသောကြောင့် ‘‘မြို့ရွာတွင်း၌ ခန္ဓာကိုယ်ကို ကောင်းစွာဖုံးလျက် သွားရမည်’’ဟု ဘုရားရှင်က သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၄၀)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခန္ဓာကိုယ်ကို ဖေါ်၍ မြို့ရွာတွင်း၌ ထိုင်ကြသောကြောင့် ‘‘မြို့ရွာတွင်း၌ ခန္ဓာကိုယ်ကို ကောင်းစွာ ဖုံးလွှမ်းလျက် ထိုင်ရမည်’’ဟု ဘုရားရှင်က သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၄၀)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာတွင်း၌ လက်ခြေတို့ကို လှုပ်ရမ်းလျက် သွားကြသောကြောင့် ‘‘မြို့ရွာတွင်း၌ လက်ခြေတို့ကို လှုပ်ရမ်းလျက် မသွားရ’’ဟု ဘုရားရှင်က သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၄၁)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာတွင်း၌ လက်ခြေတို့ကို လှုပ်ရမ်းလျက် ထိုင်နေကြသောကြောင့် ‘‘မြို့ရွာတွင်း၌ လက်ခြေတို့ကို လှုပ်ရမ်းလျက် မထိုင်ရ’’ဟု ဘုရားရှင်က သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၄၁)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့တွင်းရွာတွင်း၌ ဟိုဟိုသည်သည် ငေးမောကြည့်ရှုလျက် သွားကြသောကြောင့် ‘‘မြို့ရွာတွင်း၌ မျက်လွှာချ၍ သွားရမည်’’ဟု ဘုရားရှင်က သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၄၁)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတိုသည် မြို့တွင်းရွာတွင်း၌ ဟိုဟိုသည်သည် ငေးမော ကြည့်ရှုလျက် ထိုင်နေကြသောကြောင့် ‘‘မြို့ရွာတွင်း၌ မျက်လွှာချ၍ ထိုင်နေရမည်’’ဟု ဘုရားရှင်က သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၄၂)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သင်္ကန်းကို မလျက် သင်းပိုင်ဧကသီများကို အထက်သို့ ပင့်ကာ, ပင့်ကာ စွန်တောင်ဆွဲကာ မြို့ရွာတွင်း၌ သွားလာနေထိုင်ကြသဖြင့် ‘‘မြို့ရွာတွင်း၌ သင်္ကန်းကို မ,လျက် မသွားရ၊ မထိုင်ရ’’ဟု ဘုရားရှင်က သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၄၂)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့တွင်းရွာတွင်း၌ ကျယ်ကျယ်လောင်လောင် တဝါးဝါး တဟားဟား ရယ်မောပြောဆိုလျက် သွားကြ, နေထိုင်ကြသောကြောင့် ‘‘မြို့ရွာတွင်း၌ ပြင်းထန်စွာ ရယ်မောလျက် မသွားရ၊ မနေထိုင်ရ’’ဟု ဘုရားရှင်က သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၄၃)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့တွင်းရွာတွင်း၌ ကျယ်ကျယ်လောင်လောင် စူးစူးဝါးဝါး အော်ဟစ်ပြောဆိုကြသောကြောင့် ‘‘မြို့ရွာတွင်း၌ တိုးတိုးညင်သာ စကားပြောဆိုလျက် သွားလာနေထိုင်ရမည်’’ဟု ဘုရားရှင်က သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၄၄)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့တွင်းရွာတွင်း၌ ခန္ဓာကိုယ်ကို လှုပ်ရမ်း၍ သွားလာနေကြသောကြောင့် ‘‘မြို့ရွာတွင်း၌ ခန္ဓာကိုယ်ကို လှုပ်ရမ်း၍ မသွားရ’’ဟု ဘုရားရှင်က သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၄၄)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာတွင်း၌ လက်ရုံးကို လှုပ်ရမ်း၍ သွားလာနေထိုင်ကြသောကြောင့် ‘‘မြို့ရွာတွင်း၌ လက်ရုံးကို လှုပ်ရမ်း၍ မသွားရ၊ မနေထိုင်ရ’’ဟု ဘုရားရှင်က သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၄၅)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာအတွင်း၌ ဦးခေါင်းကို လှုပ်ရမ်း၍ သွားလာ နေထိုင်ကြသောကြောင့် ‘‘မြို့ရွာတွင်း၌ ဦးခေါင်းကို လှုပ်ရမ်းလျက် မသွားရ၊ မနေထိုင်ရ’’ဟု ဘုရားရှင်က သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၄၆)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာတွင်း၌ လက်တစ်ဖက် ခါးထောက်၍လည်းကောင်း၊ လက်နှစ်ဖက်လုံး ခါးထောက်၍လည်းကောင်း မလေးစားသောအမူအရာဖြင့် မြို့ရွာတွင်း၌ သွားလာ နေထိုင်ကြသောကြောင့် ‘‘မြို့ရွာတွင်း၌ ခါးထောက်၍ မသွားရ၊ မနေထိုင်ရ’’ဟု ဘုရားရှင်က သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၄၇)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာတွင်း၌ ဦးခေါင်းကို ခြုံလျက် သွားလာနေထိုင်ကြသောကြောင့် ‘‘မြို့ရွာတွင်း၌ ခေါင်းမြီးခြုံလျက် မသွားရ၊ မနေထိုင်ရ’’ဟု ဘုရားရှင်က သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၄၇)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာတွင်း၌ ဖဝါးစွန်းနင်းလျက် သွားလာကြသောကြောင့် ‘‘မြို့ရွာတွင်း၌ ဖဝါးစွန်းနင်းလျက် မသွားရ’’ဟု ဘုရားရှင်က သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၄၈)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာတွင်း၌ ဒူးနှစ်ဖက်ကို ထောင်၍ လက်အဝတ်တို့ဖြင့် ပတ်ဖွဲ့လျက် ထိုင်ကြသောကြောင့် ‘‘မြို့ရွာတွင်း၌ လက်အဝတ်တို့ဖြင့် ပတ်ဖွဲ့လျက် မထိုင်ရ’’ဟု ဘုရားရှင်က သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၄၈)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းကို ခံယူသောအခါ မရိုမသေ မလေးမစား ခံယူကြပုံ၊ စွန့်ပစ်မည့်ပုံမျိုး ခံယူကြပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ ‘‘ဆွမ်းကို တရိုတသေ တလေးတစား ခံယူရမည်’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၄၉)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဟိုဟိုသည်သည် ငေးမောလျက် ဆွမ်းကို ခံယူကြပုံ၊ ဆွမ်းလောင်းပြီး၊ မပြီးကိုပင် မသိလိုက်ကြပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ ‘‘သပိတ်၌သာ အာရုံစိုက် သတိထား၍ ဆွမ်းကို ခံယူရမည်’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၄၉)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းခံသောအခါ ဟင်းကို များစွာ ခံယူကြသဖြင့် ဘုရားရှင်က ‘‘ဆွမ်းနှင့်ဟင်း မျှတစွာ ခံယူရမည်’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၄၉)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းကို ခံယူသောအခါ ပြည့်မောက် ပိုလျှံနေအောင် ခံယူကြသဖြင့် ဘုရားရှင်က ‘‘သပိတ်အတွင်း အနားရေးနှင့် အညီသာ ဆွမ်းကို ခံယူရမည်’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၀)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ မစားချင်သည့်ပုံမျိုးနှင့် မလေးမစား စားကြသောကြောင့် ဘုရားရှင်က ‘‘ဆွမ်းကို လေးလေးစားစား သတိနှင့် စားရမည်’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၀)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ ဟိုဟိုသည် ငေးမောကြည့်ရှုလျက် စားကြပုံ၊ ထို့ကြောင့် ဘုရားရှင်က ‘‘မိမိသပိတ်၌သာ စိတ်ရော မျက်စိပါ ထားပြီး သတိရှိရှိ ဣန္ဒြေသိက္ခာပြည့်ဝစွာ သုံးဆောင်ရမည်’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၀)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ သပိတ်ထဲရှိ ဆွမ်းများကို ဟိုနေရာ သည်နေရာမှ ဆွမ်းနှင့်ဟင်းကို ဖောက်နှိုက်၍ ဖရိုဖရဲ စားသောက်ကြသောကြောင့် ဘုရားရှင်က ‘‘ဆွမ်းစားလျှင် မိမိဘက် အခြမ်းမှစ၍ အစဉ်အတိုင်း စားသောက်ရမည်၊ သပ်ရပ်စွာ စားရမည်’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၁)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ ဟင်းကိုသာ အများအပြား စားသုံးကြသဖြင့် ဘုရားရှင်က ‘‘ဆွမ်းနှင့်ဟင်း မျှတစွာ စားသုံးရမည်’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၁)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ အလယ်တည့်တည့်မှ နှိုက်၍ စားကြသောကြောင့် ဘုရားရှင်က ‘‘ဆွမ်းစားသောအခါ အလယ်တည့်တည့်မှ ဖောက်၍ နှိုက်၍ မစားရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၁)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ ဟင်းများများ ရယူလိုသဖြင့် ပဲဟင်းနှင့် အခြားဟင်းများကို ဆွမ်းနှင့် ဖုံးဖိ၍ ထားကြသောကြောင့် ဘုရားရှင်က ‘‘ဟင်းများကို ဆွမ်းနှင့် ဖုံးဖိ၍ မထားရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၂)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မိမိအတွက် ဆွမ်းနှင့် ဟင်းကို တောင်း၍ စားသောက်ကြသောကြောင့် ဘုရားရှင်က ‘‘မိမိအတွက် ဆွမ်းနှင့် ဟင်းကို တောင်း၍ မစားရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၂)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ တောင်းရမ်း၍ မစားသောက်ရန် သိက္ခာပုဒ် ပညတ်ပြီးဖြစ်၍ ဂိလာနရဟန်းတို့သည် မတောင်းဘဲ စားကြသဖြင့် အာဟာရ မပြည့်ဝကြသောကြောင့် ဘုရားရှင်က ဂိလာနရဟန်းတော်များ တောင်း၍ စားသောက်နိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၃)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ကဲ့ရဲ့ရှုတ်ချလိုသော စိတ်ထားဖြင့် ဆွမ်းစားနေသော အခြားရဟန်းများ၏ သပိတ်များကို ကြည့်ကြသောကြောင့် ဘုရားရှင်က ‘‘ကဲ့ရဲ့လိုစိတ်ဖြင့် သူတစ်ပါးသပိတ်ကို မကြည့်ရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၄)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အလွန်ကြီးသည့် ဆွမ်းလုတ်ကြီးများကို လုပ်၍ စားသုံးကြသောကြောင့် ဘုရားရှင်က ‘‘အလွန်ကြီးသည့် ဆွမ်းလုတ်ကြီးများကို လုပ်၍ မစားရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၄)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းလုတ်ရှည်ကြီးများကို စားကြသောကြောင့် ဘုရားရှင်က ‘‘ဆွမ်းလုတ်ကို ခပ်ဝိုင်းဝိုင်း ပြုပြင်၍ စားရမည်’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၄)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းလုတ် မရောက်လာမီ ကြိုတင်၍ ပါးစပ်ကို ဖွင့်ထားကြသောကြောင့် ဘုရားရှင်က ‘‘ဆွမ်းလုတ် မရောက်မီ ပါးစပ်ပေါက်ကို ဖွင့်မထားရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၅)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ လက်ငါးချောင်းလုံးကို ပါးစပ်ထဲ ထည့်၍ စားကြသောကြောင့် ဘုရားရှင်က ‘‘လက်ငါးချောင်းလုံးကို ပါးစပ်ထဲ ထည့်၍ ဆွမ်းမစားရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၅)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ပါစပ်ထဲ၌ ဆွမ်းလုတ်ရှိစဉ် စကားပြောကြသောကြောင့် ဘုရားရှင်က ‘‘ပါးစပ်ထဲ၌ ဆွမ်းလုတ်ရှိစဉ် စကားမပြောရဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၅)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းလုတ်ကို မြှောက်၍ မြှောက်၍ ပါးစပ်ထဲသို့ သွင်းကြ စားကြသောကြောင့် ဘုရားရှင်က ‘‘ဆွမ်းလုတ်ကို မြှောက်၍ မြှောက်၍ ပါစပ်ထဲသို့ မသွင်းရ၊ မစားရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၆)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းလုတ်ကို ကိုက်ဖြတ်၍ စားကြသောကြောင့် ဘုရားရှင်က ‘‘ဆွမ်းလုတ်ကို ကိုက်ဖြတ်၍ မစားရ’’ဟု သိက္ခာပုဒ်ပ ညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၆)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မျောက်ကဲ့သို့ ပါးစောင်း၌ ထား၍ စားသောက်ကြသဖြင့် ဘုရားရှင်က မျောက်ကဲ့သို့ ပါးစောင်၌ ထား၍ မစားရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၆)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ လက်တွင် ပေကျံနေသော ဆွမ်းလုံးများကို ခါ၍ခါ၍ စားကြသောကြောင့် ဘုရားရှင်က ‘‘လက်ကို ခါ၍ ဆွမ်း မစားရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၇)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းလုံးများ ပြန့်ကျဲဖိတ်စင်အောင် စားကြသောကြောင့် ဘုရားရှင်က ‘‘ဆွမ်းလုံးများ ပြန့်ကျဲဖိတ်စင်အောင် မစားရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၇)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ လျှာကို ထုတ်၍ စားကြသောကြောင့် ဘုရားရှင်က ‘‘လျှာထုတ်၍ ဆွမ်း မစားရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၇)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ ပျတ်ပျတ်စပ်စပ်အသံမြည်အောင် စားကြသောကြောင့် ဘုရားရှင်က ‘‘ပျတ်ပျတ် စပ်စပ် အသံမြည်အောင် ဆွမ်းမစားရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၈)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ ဟင်းများပေကျံနေသော လက်ချောင်းများကို လျှာဖြင့် လျက်၍ စားကြသောကြောင့် ဘုရားရှင်က ‘‘လက်ကို လျက်၍ မစားရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၉)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားပြီးသောအခါ သပိတ်ကို ခြစ်၍ စားသောက်ကြသောကြောင့် ဘုရားရှင်က ‘‘သပိတ်ကို ခြစ်၍ မစားရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၉)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ နှုတ်ခမ်းကို လျက်၍ စားကြသောကြောင့် ဘုရားရှင်က ‘‘နှုတ်ခမ်းကို လျက်၍ မစားရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၀)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထီးဆောင်းထားသောသူအား တရားဟောပြကြသဖြင့် ဘုရားရှင်က ‘‘ထီးဆောင်းထားသူအား တရားမဟောရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၁)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ မဖျားမနာဘဲ တုတ်ကိုင်ထားသူအား ဆဗ္ဗဂ္ဂီရဟန်းတို့ တရားဟောကြသဖြင့် ဘုရားရှင်က ‘‘မဖျားမနာဘဲ တုတ်ကိုင်ထားသူအား တရားမဟောရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၃)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ မဖျားမနာဘဲလျက် ဓားလက်နက် ကိုင်ထားသူအား ဆဗ္ဗဂ္ဂီရဟန်းတို့ တရားဟောကြသဖြင့် ဘုရားရှင်က ‘‘မဖျားမနာဘဲ ဓားလက်နက်ကိုင်ထားသူအား တရားမဟောရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၃)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ မဖျားမနာဘဲ လက်နက် ကိုင်ထားသူအား ဆဗ္ဗဂ္ဂီရဟန်းတို့ တရားဟောကြသဖြင့် ဘုရားရှင်က ‘‘မဖျားမနာဘဲ လက်နက်ကိုင်ထားသူအား တရားမဟောရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၃)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ မဖျားမနာဘဲ ခြေနင်းစီးထားသူအား ဆဗ္ဗဂ္ဂီရဟန်းတို့ တရားဟောကြသဖြင့် ‘‘မဖျားမနာဘဲ ခြေနင်းစီးထားသူအား တရားမဟောရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၄)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ မဖျားမနာဘဲ ဖိနပ်စီးထားသူအား ဆဗ္ဗဂ္ဂီရဟန်းတို့ တရားဟောကြသဖြင့် ဘုရားရှင်က‘‘မဖျားမနာဘဲ ဖိနပ်စီးထားသူအား တရားမဟောရ’’ဟု သိက္ခာပုဒ်ပညတ်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၄)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ မဖျားမနာဘဲ ယဉ်စီးထားသူအား ဆဗ္ဗဂ္ဂီရဟန်းတို့ တရားဟောကြသဖြင့် ဘုရားရှင်က ‘‘ယာဉ်စီးနေသူအား တရားမဟောရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၅)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ မဖျားမနာဘဲ အိပ်ရာ၌ နေသူအား ဆဗ္ဗဂ္ဂီရဟန်းတို့ တရားဟောကြသဖြင့် ဘုရားရှင်က ‘‘မဖျားမနာဘဲ အိပ်ရာ၌ နေသူအား တရားမဟောရ’’ဟု သိက္ခာပုဒ် ပညတ်တော်ခူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၅)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ မဖျားမနာဘဲ လက်အာယောဂပတ် ပုဆိုးအဝတ်အာယောဂပတ်ဖွဲ့၍ ထိုင်နေသောသူအား ဆဗ္ဗဂ္ဂီရဟန်းတို့ တရားဟောကြသဖြင့် ဘုရားရှင်က ‘‘မဖျားမနာဘဲ လက်အာယောဂပတ် ပုဆိုးအာယောဂပတ် ဖွဲ့၍ ထိုင်နေသူအား တရားမဟောရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၅)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ မဖျားမနာဘဲ ခေါင်းပေါင်းထားသူအား ဆဗ္ဗဂ္ဂီရဟန်းတို့ တရားဟောကြသဖြင့် ဘုရားရှင်က ‘‘မဖျားမနာဘဲ ဦးပေါင်းပေါင်းထားသူအား တရားမဟောရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၆)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ မဖျားမနာဘဲ ခေါင်းမြီးခြုံထားသူအား ဆဗ္ဗဂ္ဂီရဟန်းတို့ တရားဟောကြသဖြင့် ဘုရားရှင်က ‘‘မဖျားမနာဘဲ ခေါင်းမြီးခြုံထားသူအား တရားမဟောရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၆)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မိမိတို့ကိုယ်တိုင် မြေကြီးမှာ ထိုင်ကြပြီး မဖျားမနာဘဲ နေရာ၌ ထိုင်နေကြသူအား တရားဟောကြသဖြင့် ဘုရားရှင်က ‘‘မြေကြီးမှာ ထိုင်ပြီး မဖျားမနာဘဲ နေရာမှာ ထိုင်နေသူအား တရားမဟောရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၇)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မိမိတို့ကိုယ်တိုင် နိမ့်ကျသောနေရာမှာ ထိုင်နေကြပြီး မဖျားမနာဘဲ မြင့်သောနေရာမှာ ထိုင်နေကြသူများအား တရားဟောကြသဖြင့် ဘုရားရှင်က ‘‘နိမ့်သောနေရာ၌ ထိုင်၍ မဖျားမနာဘဲ မြင့်သောနေရာ၌ ထိုင်နေသူအား တရားမဟောရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၇)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မိမိကိုယ်တိုင်က ရပ်လျက် မဖျားမနာဘဲ ထိုင်နေသော သူအား တရားဟောကြသဖြင့် ဘုရားရှင်က ‘‘ရပ်လျက် မဖျားမနာဘဲ ထိုင်နေသူအား တရားမဟောရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၈)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ မဖျားမနာဘဲ ရှေ့က သွားနေသူအား ဆဗ္ဗဂ္ဂီရဟန်းတို့ နောက်က လိုက်၍ တရားဟောကြသဖြင့် ဘုရားရှင်က ‘‘နောက်ကသွားသူသည် မဖျားမနာဘဲ ရှေ့ကသွားနေသူအား တရားမဟောရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၉)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ မဖျားမနာဘဲ လမ်းပေါ်၌ သွားနေသူအား ဆဗ္ဗဂ္ဂီရဟန်းတို့ လမ်းဘေးမှ လိုက်၍ တရားဟောကြသဖြင့် ဘုရားရှင်က ‘‘လမ်းဘေးမှ လိုက်နေသော ရဟန်းသည် မဖျားမနာဘဲ လမ်းပေါ်၌ သွားနေသူအား တရားမဟောရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၉)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မဖျားမနာဘဲ မတ်တတ်ရပ်လျက် ကျင်ကြီးကျင်ငယ် စွန့်ကြသဖြင့် ဘုရားရှင်က ‘‘မဖျားမနာဘဲ မတ်တတ်ရပ်လျက် ကျင်ကြီးကျင်ငယ် မစွန့်ရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၇၀)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မဖျားမနာဘဲ စိမ်းစိုရှင်သန်နေသော မြက်သစ်ပင်တို့ ရှိရာအရပ်၌ ကျင်ကြီးကျင်ငယ် စွန့်ကြသဖြင့် ဘုရားရှင်က ‘‘မဖျားမနာဘဲ စိမ်းသောမြက်သစ်ပင်ရှိရာ နေရာ၌ ကျင်ကြီးကျင်ငယ် မစွန့်ရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၇၀)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မဖျားမနာဘဲ ရေထဲ၌ ကျင်ကြီးကျင်ငယ် တံတွေးများကို စွန့်ပစ်ကြသဖြင့် ဘုရားရှင်က ‘‘မဖျားမနာဘဲ ရေထဲ၌ ကျင်ကြီးကျင်ငယ် တံတွေး မစွန့်ရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၇၀)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အညို၊ အဝါ၊ အနီ၊ အမောင်း၊ အမည်း၊ လိမ္မော်၊ ဖက်ရွက်ရော်ရောင် ဖိနပ်တို့ကို စီးကြပုံ၊ သဲကြိုးအရောင်စုံတပ်သော ဖိနပ်၊ ဖနောင့်အဖုံးတပ်သော ဖိနပ်၊ ခြေသလုံးဖုံးသော ဖိနပ်၊ ဖမိုးဖနောင့်ဖုံးသော ဖိနပ်၊ လဲမှို့သွပ်သော ဖိနပ်၊ ခါတောင်ကဲ့သို့ သဲကြိုးပြောက်ကျားတပ်သော ဖိနပ်၊ ဆိတ်ချိုကဲ့သို့ သဲကြိုးတပ်သော ဖိနပ်၊ ကင်းမြီးကောက်လက်မကဲ့သို့ သဲကြိုးတပ်သော ဖိနပ်၊ ဥဒေါင်းမွေးတို့ဖြင့် ချုပ်သော ဖိနပ်၊ ဆန်းကြယ်သော ဖိနပ်တို့ကို စီးကြပုံ၊ ကာမဂုဏ်ခံစားသော လူတို့နှင့် တူကုန်၏ဟု လူတို့က ကဲ့ရဲ့ကြသဖြင့် ဘုရားရှင်က ထိုဖိနပ်မျိုးတို့ကို မစီးရန် သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၇၂)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခြင်္သေ့ရေအနားပတ်သော ဖိနပ်၊ ကျားရေ၊ သစ်ရေ၊ သစ်နက်ရေ၊ ဖျံရေ၊ ကြောင်ရေ၊ ရှဉ့်နက်ရေ၊ ရှူးပျံရေအနားပတ်သော ဖိနပ်တို့ကို စီးကြပုံ၊ လူတို့က ‘‘ကာမဂုဏ်ခံစားသည့် လူတို့နှင့် မခြား တူလှသည်’’ဟု ကဲ့ရဲ့ကြသဖြင့် ဘုရားရှင်က ထိုဖိနပ်မျိုးကို မစီးရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၇၄)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် လွင်တီးခေါင်၌ ဖိနပ်မစီးဘဲ လမ်းလျှောက်နေပုံ၊ မထေရ်ကြီးတို့ကလည်း ဖိနပ်မစီးဘဲ လျှောက်နေကြပုံ၊ ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဘုရားရှင်နှင့် မထေရ်ကြီးတို့ ဖိနပ်မပါဘဲ လမ်းလျှောက်နေပါလျက် ဖိနပ်စီးလျက် လမ်းလျှောက်ကြပုံ၊ ဘုရားရှင် သိတော်မူ၍ လူတို့သည်ပင် အသက်မွေးဝမ်းကျောင်းသင်ပေးသော မိမိတို့၏ ဆရာကို လေးစားသမှု ပြုကြပါလျက် သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့က ဆရာသမား ဆရာသမားအရွယ် မထေရ်ကြီးတို့ကို မရိုမသေ ပြုခြင်းသည် မသင့်လျော်ပေဟု မိန့်တော်မူကာ ကျောင်းတွင်း၌ ဖိနပ်မစီးရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၇၅)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ဗာရာဏသီပြည် ဣသိပတနမိဂဒါဝုန်တော၌ သီတင်းသုံးတော်မူစဉ် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထန်းပင်ပေါက်များကို ဖြတ်၍ ထန်းပပ်ဖိနပ်၊ ဝါးပင်ငယ်တို့ကို ဖြတ်၍ ဝါးပပ်ဖိနပ်များကို ပြုလုပ် စီးနင်းကြသောကြောင့် ထန်းပင်ငယ် ဝါးပင်ငယ်တို့ ညှိုးနွမ်းသေကျေ ပျက်စီးကြပုံ၊ လူတို့က သစ်ပင်၌ အသက်ရှိ၏ဟု မှတ်ထင်ကာ ကဲ့ရဲ့ကြသောကြောင့် ထိုဖိနပ်မျိုး မစီးရန် ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၇၇)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အစိရဝတီမြစ်၌ မြစ်ကို ဖြတ်ကူးကြကုန်သော နွားမတို့၏ ဦးချို၊ နားရွက်၊ လည်ပင်း၊ မြီးထူးတို့ကို ကိုင်ကြပြီး ကျောက်ကုန်းထက်၌ တက်စီးကြ၊ တပ်မက်သောစိတ်ဖြင့် နွားမတို့၏ ယောနိမဂ်ကို မိမိတို့၏ အင်္ဂါဇာတ်ဖြင့် တို့ထိကြ၊ နွားငယ်တို့ကို ရေနှစ်သတ်ကြသောကြောင့် ဘုရားရှင်က ‘‘ဦးချိုစသည်ကို မကိုင်ရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၇၉)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ယောကျ်ားမောင်းသော ယာဉ်၊ မိန်းမမောင်းသော ယာဉ်တို့ကို စီးကြသဖြင့် လူတို့က ကဲ့ရဲ့ကြသောကြောင့် ဘုရားရှင်က ‘‘ယာဉ်မစီးရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၈၀)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြင့်လွန်းသော ညောင်စောင်းအင်းပျဉ်၊ ခြေထောက်၌ သားရဲရုပ်ရှိသော ပလ္လင်၊ မွေးရှည်ကော်ဇောကြီး၊ ဆန်းကြယ်သော သားမွေးအခင်း၊ ဖြူသော သားမွေးအခင်း၊ ပန်းပြောက်ခြယ် သားမွေးအခင်း၊ လဲသွတ်အခင်း၊ ရုပ်ပုံခြယ် သားမွေးအခင်း၊ တစ်ဖက်မွေးရှိအခင်း၊ နှစ်ဖက်မွေးရှိအခင်း၊ ရွှေချည်ထိုးအခင်း၊ ပိုးချည်အခင်း၊ သားမွေးအခင်းကြီး၊ ဆင်ကုန်းနှီး၊ မြင်းကုန်းနှီး၊ ရထားခင်းနှီး၊ သစ်နက်ရေအခင်း၊ ဝံပိုင့်ရေအခင်း၊ နီသော မျက်နှာကြက်ရှိ၍ အုံးနီနှစ်ဖက်ရှိ မြင့်သောနေရာ မြတ်သောနေရာတို့ကို သုံးစွဲကြသောကြောင့် လူတို့က ကဲ့ရဲ့ကြသဖြင့် ဘုရားရှင်က ထိုအရာများကို မသုံးစွဲရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၈၀)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရေချိုးကြသောအခါ ကျောင်းတိုင်များ သစ်ပင်များ၌ ကိုယ်ကို ပွတ်တိုက်ကြ၊ ပေါင်၊ လက်မောင်း၊ ရင်ဘတ်၊ ကျောက်ကုန်းတို့ကို ပွတ်တိုက်ကြသဖြင့် လူတို့က ကဲ့ရဲ့ကြသောကြောင့် ဘုရားရှင်က ထိုသို့ မပွတ်တိုက်ရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၃၉)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆံပင်ရှည် ထားကြရာ လူတို့က ကဲ့ရဲ့ကြသဖြင့် ဆံပင်ရှည် မထားဘဲ နှစ်လကြာ၊ သို့မဟုတ် လက်နှစ်သစ်ရှည်ရှည် ထားနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၄၁)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မှန်ထဲ ရေပြည့်ခွက်ထဲ၌ မိမိမျက်နှာပုံသဏ္ဌာန်ကို ကြည့်ကြရာ လူတို့က ကဲ့ရဲ့ကြသဖြင့် ဘုရားရှင်က မှန်မကြည့်ရန် ပညတ်တော်မူခဲ့ပုံ၊ အနာပေါက်လျှင် ကြည့်ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၄၂)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရာဇဂြိုဟ်မြို့ တောင်ထိပ်ပွဲသို့ သွားရောက်ကြည့်ရှုကြရာ လူတို့က ကဲ့ရဲ့ကြသဖြင့် ကပွဲများသို့ မသွားရန် ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၄၃)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အသံဆွဲ၍ ဂီတသံဖြင့် တရားဟောကြရာ လူတို့က ကဲ့ရဲ့ကြသောကြောင့် ဘုရားရှင်က အသံဆွဲ၍ တရားဟောခြင်းအပြစ်ကို ဟောပြတော်မူကာ ‘‘သံရှည်ဆွဲ၍ ဂီတသံဖြင့် တရားမဟောရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၄၃)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထီးဆောင်းလျက် ခရီးသွားနေရာ ဥပါသကာတစ်ယောက်နှင့် အာဇီဝကတို့ အဝေးက ထီးဆောင်းလာသူသည် ရဟန်း သို့မဟုတ် ပရိဗိုဇ်ဟု အလောင်းအစားပြု၍ စောင့်ကြည့်ကြပုံ၊ ရဟန်းများ ဖြစ်နေသဖြင့် ဥပါသကာက ကဲ့ရဲ့သောကြောင့် ‘‘မဖျားမနာဘဲ ထီးမဆောင်းရ’’ဟု ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ၊ ကျောင်းတွင်း၌ကား ထီးဆောင်းခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၆၉)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သစ်ပင်တက်ကြပြီး တစ်ပင်မှတစ်ပင် ကူးနေကြရာ မျောက်များနှင့် တူသည်ဟု လူတို့က ကဲ့ရဲ့ကြပုံ၊ ဘုရားရှင်က ရဟန်းတို့ သစ်ပင်မတက်ရဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၇၉)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရဟန်းမတို့အား တပ်မက်သောစိတ်ဖြင့် ရွှံ့ရေဖြင့် လောင်းကြရာ ဘုရားရှင် သိတော်မူသောကြောင့် ‘‘ရဟန်းသည် ရဟန်းမအား၊ ရဟန်းမသည် ရဟန်းအား ရွှံ့ရေဖြင့် မလောင်းရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၄၅၂)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဘိက္ခုနီတို့အား ခန္ဓာကိုယ်ကို ဖေါ်၍ ပြကြပုံ၊ ပေါင်၊ အင်္ဂါဇာတ်တို့ကို ပြကြပုံ၊ ရိပ်၍ ချိတ်၍ ပြောဆိုကြပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ ထိုသို့ မဖော်ပြရ၊ မပြောရ၊ ပြသော ပြောသောရဟန်းအား ဘိက္ခုနီတို့က ရှိမခိုးရဟူသော ဒဏ်ခတ်မှု ပြုလုပ်နိုင်ကြောင်း ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၄၅၃)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်က သိမ်သမုတ်ရန် ခွင့်ပြုတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အလွန်ကြီးမားသော သိမ်ကြီးများကို သမုတ်ကြပုံ၊ (၄) (၅) (၆) ယူဇနာထိ ကြီးမားကြသဖြင့် ရဟန်းတို့ ဥပုသ်ပြုရန် လာကြသည်ရှိသော် ပါတိမောက်ရွတ်နေဆဲ ရွတ်ဆိုပြီးမှ ရောက်လာကြပုံ၊ ဘုရားရှင်အား ထိုအကြောင်းကို လျှောက်ထားရာ ဘုရားရှင်က ‘‘အလွန်ဆုံး အကြီးဆုံး သိမ်သည် (၃) ယူဇနာထက် ပို၍ မကြီးရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၄၄)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သိမ်အချင်းချင်း ယှဉ်စပ်၍ ဖွဲ့ကြသမုတ်ကြပြန်သဖြင့် ဘုရားရှင်အား လျှောက်ထားကြပုံ ဘုရားရှင်က ‘‘ပဌမ သမုတ်သော သိမ်သည် အောင်မြင်ပြီး နောက်သမုတ်သော သိမ်သည် မအောင်မြင်သောကြောင့် သိမ်ချင်းစပ်၍ မသမုတ်ရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၅၀)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သိမ်အချင်းချင်း လွှမ်းမိုး၍ သမုတ်ကြပြန်သဖြင့် ဘုရားရှင် သိတော်မူ၍ ‘‘သိမ်ချင်း ထိစပ်လွှမ်းမိုး၍ မသမုတ်ရ။ သိမ်တစ်ခုနှင့် တစ်ခုကြား၌ အပိုင်းအခြားထားပြီး သိမ်သမုတ်ရမည်’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၅၀)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဝါတွင်းကာလ၌ ဝါဆိုကြသော်လည်း ဝါတွင်းကာလမှာပင် ခရီးထွက်ကြပြန်သဖြင့် လူတို့က ကဲ့ရဲ့သောကြောင့် ဘုရားရှင်က ‘‘ဝါကပ်ပြီးနောက် ဝါတွင်းသုံးလလုံး မနေဘဲ ခရီးမထွက်ရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၉၂)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းများသည် သတ္တရသဝဂ္ဂီရဟန်းများကို အိပ်ရာနေရာ ဖယ်မပေးသဖြင့် ရိုက်နှက်ကြပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင် ကြားသိတော်မူ၍ ‘‘ရဟန်းကို ရိုက်နှက်သော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ပဟာရဒါနသိက္ခာပုဒ်ကို ပညတ်တော်မူပုံ၊ သတ္တဝါတို့သည် ကိုယ်နှင့်အသက်ကို ချစ်ခင်မြတ်နိုးကြသဖြင့် ကိုယ်ချင်းစာတရားထားကာ သူတစ်ပါးကို မနှိပ်စက်သင့်ကြောင်း ဘုရားရှင် တရားဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၉၂) (ဓမ္မ၊ဋ္ဌ၊၂၊၃၁)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းများသည် သတ္တရသဝဂ္ဂီရဟန်းများကို ‘‘ငါတို့က သိက္ခာဝါကြီးသည် နေရာဖယ်ပေးကြ’’ ဟု ဆိုကာ လက်ဝါးပြင်ဖြင့် ရိုက်နှက်ရန် ရွယ်ကြပုံ၊ သတ္တရသဝဂ္ဂီရဟန်းငယ်များ အောင်ဟစ်ငိုကြွေးကြသဖြင့် ဘုရားရှင် ကြားသိတော်မူ၍ ‘‘ထိုသို့ ရွယ်သော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု တလသတ္တိကသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၉၃) (ဓမ္မ၊ဋ္ဌ၊၂၊၃၂)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရား ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဆဗ္ဗဂ္ဂီရဟန်းများသည် သစ်သားခြေနင်းများကိုစီးလျက် တခွပ်ခွပ်ဖြင့် ကျောက်ပြားပေါ်၌ စင်္ကြံလျှောက်နေကြပုံ၊ ထိုအသံကို ဘုရားရှင် ကြားတော်မူပြီး ထိုသို့ မပြုလုပ်ရန် သိက္ခာပုဒ် ပညတ်ကာ ‘‘ရဟန်းမည်သည် ကာယိန္ဒြေစသည်တို့ကို စောင့်ထိန်းသင့်ကြောင်း’’ တရားဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၇၆) (ဓမ္မ၊ဋ္ဌ၊၂၊၂၁၁)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မျက်မှောက်တွင် မရှိကြသော ရဟန်းတို့အား တဇ္ဇနီယကံ ပဗ္ဗာဇနီယကံစသည်တို့ကို ပြုကြရာ ရဟန်းတို့က ကဲ့ရဲ့ကြသဖြင့် ဘုရားရှင်က ‘‘မျက်ကွယ်ရဟန်းတို့အား တဇ္ဇနီယကံစသည်ကို မပြုရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၁၈၈)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အာပတ်ကို ဝန်မခံကြသော ရဟန်းတို့အား တဇ္ဇနီယကံစသည်ကို ပြုကြရာ ဘုရားရှင်က အာပတ်ကို ဝန်မခံသူအား တဇ္ဇနီယကံ စသည် မပြုရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၀၂)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ဝေသာလီမှ သာဝတ္ထိသို့ ကြွတော်မူစဉ် ဆဗ္ဗဂ္ဂီရဟန်းတို့သည် နေရာကောင်းများကို ဦးထားကြသဖြင့် နေရာမရှိသောကြောင့် အရှင်သာရိပုတ္တရာမထေရ် သစ်ပင်အောက်၌ တစ်ညလုံး နေရပုံ၊ နံနက်စောစော ဘုရားရှင် ကျိန်းစက်ရာမှ ထတော်သောအခါ ထိုအကြောင်းကို သိတော်မူ၍ သိက္ခာဝါ ကြီးငယ်အလိုက် နေရာယူကြရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၀၉)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ သတ္တရသဝဂ္ဂီရဟန်းတို့သည် ကျောင်းတိုက်ကြီး၏ အစွန်တစ်နေရာရှိ ကျောင်းတစ်ကျောင်းကို ပြင်ဆင်သန့်ရှင်းပြီးကာမှ ဆဗ္ဗဂ္ဂီရဟန်းတို့ ရောက်လာပြီး သူတို့အတွက် ဖြစ်သည်ဟု ဆိုကာ ယူငင်သိမ်းပိုက်ကြပုံ၊ သတ္တရသဝဂ္ဂီတို့၏ လည်ကုပ်ကို ကိုင်ဆောင်၍ နှင်ထုတ်ကြသောကြောင့် သတ္တရသဝဂ္ဂီ ရဟန်းတို့ ငိုယိုနေကြပုံ၊ ဘုရားရှင်က ‘‘သံဃိကကျောင်းမှ ရဟန်းတို့ကို နှင်မထုတ်ရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၁၆)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မိမိတို့အတွက် ကောင်းသောဆွမ်းလှည့်တို့ကို ယူ၍ အခြားရဟန်းတို့အတွက် မကောင်းသော ညံ့သော ဆွမ်းတို့ကို အလှည့်ချကြသောကြောင့် ဘုရားရှင်က ဘတ္တုဒ္ဒေသက=ဆွမ်းလှည့်ချရဟန်းတစ်ပါး သမုတ်ထားရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၃၀)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ချွေးဇရုံးအိမ်၌ မထေရ်ကြီးတို့က တားမြစ်ကြပါသော်လည်း ပမာမခန့် ပြုကြပြီး ထင်းများစွာ ထည့်၍ မီးတောက်အောင် ပြုကြပုံ၊ တံခါးကို ပိတ်၍ တံခါး၌ စုပြုံထိုင်နေကြပုံ၊ မထေရ်တို့ အပူဒဏ် ပြင်းစွာ ခံရသဖြင့် မူးဝေလဲကျကြသောကြောင့် ဘုရားရှင်က ဇန္တာဃရဝတ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၈၉)
ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဆဗ္ဗဂ္ဂီရဟန်း တို့သည် ဟင်းနှင့် ဆွမ်းများကို မိမိအတွက် တောင်းရမ်း၍ စားသုံးကြသဖြင့် လူတို့က ကဲ့ရဲ့ကြသောကြောင့် ရဟန်းသည် မိမိအတွက် ဆွမ်းနှင့် ဟင်းများကို တောင်းရမ်း မစားသောက်ရဟု သိက္ခာပုဒ် ပညတ်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၂)
ဆဗ္ဗဂ္ဂီယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် လောကာယတကျမ်းတို့ကို သင်ယူကြပုံ၊ လူတို့က ကဲ့ရဲ့ကြပုံ၊ ဘုရားရှင်က လောကာယတကျမ်းတွေကို တန်ဖိုးထား အနှစ်အသားပါလှသည်ဟု ထင်နေကြသူတို့သည် သာသနာတော်၌ မကြီးပွားနိုင်ကြောင်း၊ ဓမ္မဝိနယဗုဒ္ဓစာပေကို ရတန်ဖိုးထားသူတို့သည် လောကာယတကျမ်းတို့ကို မသင်ယူကြကြောင်း၊ ထို့ကြောင့် ရဟန်းတို့သည် လောကီလောကုတ္တရာ နှစ်ဖြာအကျိုးမရှိသည့် မိစ္ဆာဒိဋ္ဌိကျမ်းများကို မသင်ရဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၈၀)
ဆဝဇာတက
ဤဇာတ်တော်၌ ပုရောဟိတ်ထံမှ မန္တန်ကို သင်ယူသော ဘုရင်က မြင့်ရာမှနေ၍ သင်ယူ နေသည်ကို ပေါက်ပင်ခွကြား၌ ပုန်းနေသော ဘုရားအလောင်းဒွန်းစဏ္ဍား တွေ့ရသဖြင့် ကဲ့ရဲ့ပုံ၊ ဆက်လက်၍ လောကီ၊ လောကုတ္တရာ စာပေပညာများကို မည်သူ့ထံမှ သင်ယူသည် ဖြစ်စေ၊ အမျိုးဇာတ် အဆင့်အတန်း၊ ရာထူးနိမ့်မြင့်ကို မကြည့်ဘဲ ဆရာက မြင့်ရာမှသာ နေ၍ သင်ရမည်ဖြစ်ကြောင်း ဟောကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၆)
ဆသကျပဗ္ဗဇိတဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် မလ္လတိုင်း အနုပိယနိဂုံး၌ သီတင်းသုံးနေတော်မူစဉ် မဟာနာမ် သာကီဝင်မင်းနှင့် ညီတော်အနုရုဒ္ဓါမင်းသားတို့ သာသနာ့ဘောင် ဝင်ရောက်ရန် တိုင်ပင်ကြပုံ၊ အနုရုဒ္ဓါမင်းသား၏ မိခင်ကြီးက ဘဒ္ဒိယမင်းသားနှင့်အတူ ရဟန်းဝတ်ခွင့် ပြုခဲ့ပုံ၊ သာကီဝင်မင်းသားများဖြစ်သော အနုရုဒ္ဓါ၊ အာနန္ဒာ၊ ဘဒ္ဒိယ၊ ဘဂု၊ ကိမိလ၊ ဒေဝဒတ်နှင့် ဥပါလိဆတ္တာသည် ပေါင်းခုနစ်ယောက်တို့သည် ရဟန်းဝတ်ရန် ဘုရားရှင်အထံတော်သို့ ချဉ်းကပ်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၃၆)
ဇဂတိကာရကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော တစ်ထောင့်ရှစ်ရာကမ္ဘာအထက်၌ အတ္ထဒဿီဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူ၍ ထိုဘုရားရှင်၏ စေတီတော်မြတ်၌ ပန်းတင်ခုံကို ပြင်ဆင်ပြုလုပ်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၄၈)
ဇဂတိဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဇဂတိဒါယကမထေရ်လောင်းလျာသည် ဓမ္မဒဿီဘုရားရှင်၏ ဗောဓိပင်ဖြစ်သော ရေခံတက်ပင်ခြေရင်း၌ အကျည်(ပန်းတင်ခုံ) ပြုလုပ်လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ဒုဂ္ဂတိဘဝ မရောက်ခဲ့ရဘဲ ဘဝတိုင်း၌ အပူဇော်ခံရပုံ၊ သူခိုးဓားပြတို့ မနှိပ်စက်နိုင်သူဖြစ်ပြီး ဤသာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၃၂)
ဇစ္စန္ဓပီဌသပ္ပိဝတ္ထု
ဤဝတ္ထု၌ အကျိုးနှင့်အကန်းတို့သည် မြို့တံခါးဝဇရပ်တစ်ခု၌ ထိုင်နေကြစဉ် အကျိုးက အကန်းကို စားနပ်ရိက္ခာပေါများသော အရပ်တစ်ခုသို့ သွားရန် ပြောဆိုရာ ငါ့မှာ မျက်စိမမြင်ဟု ဆိုပုံ၊ အကန်းက အကျိုးကိုလည်း ထိုသို့ပြောသောအခါ အကျိုးကလည်း ငါ့မှာခြေမကောင်းဟု ဆိုလေလျှင် အကျိုးနှင့်အကန်း ပေါင်း၍ ထိုအရပ်သို့ သွားကာ ချမ်းသာစွာ နေရပုံကဲ့သို့ ရုပ်နှင့်နာမ်ပေါင်းကာ ခန္ဓာဖြစ်ပေါ်လာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၃၂၀)
ဇဋိလဂဟပတိဝတ္ထု
ဤဝတ္ထု၌ ဇဋိလသူကြွယ်လောင်းသည် ကဿပဘုရားရှင်၏ ဓာတုစေတီတော်၌ ကုသိုလ်ပြုခဲ့သဖြင့် ဇဋိလသူဌေး ဖြစ်လာပုံ၊ တက္ကသိုလ်ပြည်မှ သူဌေးသမီးနှင့် လက်ထပ်ကာ အိမ်ဆောက်ပုံ၊ အိမ်သစ်သို့ တက်ရန် တံခါးခုံကို ကျော်မိလျှင်ပင် အတောင်(၈၀)ဆယ်ရှိ ရွှေတောင်ကြီး ပေါ်ပေါက်လာခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပဋိသံ၊ဋ္ဌ၊၂၊၂၉၃)
ဇဋိလတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဗာရာဏသီသူဌေးသမီးသည် အလွန်ချောမောလှပပြီး ဘုံစဉ်ခုနစ်ထပ်ရှိသော ပြာသာဒ်၏ အပေါ်ဆုံး ကျက်သရေတိုက်ခန်း၌ အစောင့်အရှောက် ဆွေမျိုးကျွန်မတစ်ယောက်နှင့် အတူနေပုံ၊ တစ်နေ့သောအခါ ကောင်းကင်ခရီးဖြင့် လှည့်လည်သွားလာနေသော ဝိဇ္ဇာဓိုရ်တစ်ဦးက သူဌေးသမီးကို တွေ့မြင်ချစ်ကြိုက်ပြီး ပေါင်းဖော်မှီဝဲသဖြင့် ဇဋိလသတို့သားကို ဖွွားမြင်ခဲ့ပုံ၊ သူဌေးသမီးက လူသိမခံလိုသဖြင့် ဇဋိလသူငယ်အား ရေအိုးထဲ ထည့်၍ ဂင်္ဂါမြစ်အတွင်း မျှောပစ်သည့်အခါ တက္ကသိုလ်ပြည်မှ အရှင်ကစ္စည်းမထေရ်၏ ဒကာတစ်ဦးအိမ်သို့ ရောက်ရှိသွားခဲ့ပုံ၊ အရှင်ကစ္စည်းမထေရ်က ဒကာအား ဇဋိလသူငယ်ကို စောင့်ရှောက်မွေးမြူထားရန် မိန့်ကြားခဲ့ပုံ၊ ဇဋိလသူငယ် အရွယ်ရောက်သောအခါ ဒကာက သူ၏သမီးနှင့် ထိမ်းမြား လက်ထပ်ပေးပြီး ဇဋိလတို့ ဇနီးမောင်နှံ နေထိုင်ရန် သီးသန့်အိမ်သစ်တစ်လုံး ဆောက်လုပ်ပေးခဲ့ပုံ၊ ဇဋိလတို့ဇနီးမောင်နှံ အိမ်သစ်တက်ပွဲ မင်္ဂလာ ကျင်းပသောနေ့၌ အိမ်နောက်ဘက်တွင် အတောင်ရှစ်ဆယ်ရှိသော ရွှေတောင်ကြီး ပေါ်ပေါက်လာသဖြင့် မင်းကြီးက ဇဋိလကို သူဌေးရာထူး ချီးမြှင့်ခဲ့ပုံ၊ ဇဋိလသူဌေးကြီး သားသုံးယောက်ရသောအခါ ရွှေတောင်ကြီးနှင့် စည်းစိမ်ဥစ္စာများကို သားသုံးယောက်တို့အား ခွဲဝေပေးခဲ့ပြီး မိမိက ဘုရားရှင်ထံ သွား၍ ရဟန်းပြုခဲ့ပုံ၊ ဇဋိလသူဌေးကြီးသည် ရဟန်းပြုပြီး နှစ်ရက်သုံးရက် အတွင်း၌ပင် အာသဝေါကုန်ခန်း၍ ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၃၁)
ဇဋိလဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဇဋိလပုဏ္ဏားကြီး ရောက်ရှိလာပြီး မိမိသည် အမိဘက်အဖဘက်နှစ်မျိုးလုံး ပုဏ္ဏားမျိုးဖြစ်ကြောင်း၊ ရဟန်းဂေါတမသည် တပည့် သာဝကများကို အကယ်၍ ဗြာဟ္မဏဟု ခေါ်လျှင် မိမိကိုလည်း ဗြာဟ္မဏ ဟုပင် ခေါ်ဆိုသင့်ကြောင်း ဘုရားရှင်အား လျှောက်ထားပုံ၊ ထိုအခါ ဘုရားရှင်က ‘‘ဆံကျစ်ထုံးထားရုံမျှ၊ အမျိူးဇာတ် အနွယ်အားဖြင့် ပုဏ္ဏားဖြစ်ရုံမျှဖြင့် ဗြာဟ္မဏဟု မခေါ်ကြောင်း၊ သစ္စာလေးပါး မြတ်တရားကို ထိုးထွင်းသိမြင်သူကိုသာလျှင် ဗြာဟ္မဏဟု ခေါ်ကြောင်း တရားဟောသဖြင့် ဇဋိလပုဏ္ဏားကြီးနှင့် တကွ ပရိသတ်များ သောတာပန်တည်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၀၁)
ဇဋိလမဟာရာဇဝတ္ထု
ဤဝတ္ထုသည် ပဒုမုတ္တရဗုဒ္ဓဝံသ၌ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၄)
ဇဋိလဝတ္ထု
ဤဝတ္ထု၌ အယူလွဲမှားသူတို့သည် ဂယာဆိပ်ကမ်း၌ ရေငုပ်ကြပုံ၊ ရေငုပ်ယင်း အသက်ဆုံး ကြရပုံ၊ ရေဖြင့် မကောင်းမှု အကုသိုလ်ကို မပယ်နိုင်ကြောင်း ဘုရားရှင်က ဟောပြတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၆၇)
ဇတုကဏ္ဏိတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဇတုကဏ္ဏိမထေရ်အလောင်း အမျိုးကောင်းသားသည် ပဒုမုတ္တရဘုရားရှင်လက်ထက် ဟံသာဝတီမင်းနေပြည်၌ သူဌေးသားတစ်ဦးဖြစ်စဉ် ကာမဂုဏ်စည်းစိမ်ချမ်းသာကို အပြည့်အစုံ ခံစား၍ နေပုံ၊ ချဉ်းကပ်လာသူ သမဏဗြာဟ္မဏခရီးသွား၊ သူတောင်းစား၊ တက္ကတွန်းစသည်တို့အားလည်း ပေးကမ်းလှူဒါန်းထောက်ပံ့ပုံ၊ တိုင်းပြည်အတွက် လိုအပ်သော ပစ္စည်းဥစ္စာစပါးစသည်တို့ကိုလည်း အာနန္ဒာမင်းကြီးအား ထောက်ပံ့လှူဒါန်းပုံ၊ တစ်နေ့သောအခါ ရဟန္တာတစ်သိန်းခြံရံလျက် ကြွရောက်လာသော ပဒုမုတ္တရဘုရားရှင်အား မိမိအိမ်သို့ ပင့်ဆောင်ကာ ဆွမ်းဘောဇဉ် စသည်တို့ကို ဆက်ကပ်လှူဒါန်းလျက် တူရိယာတို့ဖြင့် တီးမှုတ်ပူဇော်ခဲ့ပုံ၊ ဤကုသိုလ်ကောင်းမှု၏ အကျိုးဆက်ကြောင့် အပါယ်ဒုဂ္ဂတိနှင့် ဆင်းရဲသော အမျိုးတို့၌ တစ်ရံတစ်ခါမျှ မဖြစ်ခဲ့ရဘဲ လူချမ်းသာ နတ်ချမ်းသာဘဝတို့ဖြင့်သာ ကျင်လည်ခဲ့ရကာ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၄၁၉)
ဇနပဒကလျာဏီရူပနန္ဒာထေရီဝတ္ထု
ဤဝတ္ထု၌ ဇနပဒကလျာဏီရူပနန္ဒာထေရီသည် သာသနာတော်သို့ ဝင်ရောက်ခဲ့သော်လည်း ရုပ်အလှကို အပြစ်ပြောလေ့ရှိသော အစ်ကိုတော်ဘုရားထံ မသွားဘဲ နေခဲ့ပုံ၊ အများသူငါ ဘုရားဂုဏ်ကို ချီးမွမ်းကြသဖြင့် တိုးတိုးတိတ်တိတ် သွားပြီး အများနောက်က တရားနာခဲ့ပုံ၊ ဘုရားရှင်က မိန်းမလှတစ်ဦး ဖန်ဆင်းကာ ယပ်ခတ်စေပြီး ပျိုရာမှ အို၊ အိုရာမှ နာ၊ နာရာမှ သေ ပိုးလောက်တဖွားဖွား ဒွါရကိုးပေါက်မှ ယိုစီးကျဟန် ဖန်ဆင်းပြပုံ၊ ခန္ဓာကိုယ်အပြစ်ကို မြင်သိပြီးဖြစ်သော ဇနပဒကလျာဏီအား ခန္ဓာကောင်ပုပ်မှ ရွံရှာဖွယ်အရည်တို့ ယိုထွက်အံကျနေကြောင်း၊ လူမိုက်တို့ကသာ တွယ်တာနေကြောင်း ဘုရားရှင် ဟောပြတော်မူရာ ဇနပဒကလျာဏီ ရဟန္တာ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၇၂)
ဇနဝသဘဒေဝပုတ္တဝတ္ထု
ဤဝတ္ထု၌ နာတိကရွာသားတို့က ကွယ်လွန်သွားကြပြီးသော ရွာသားတို့၏ လားရာဂတိကို မြတ်စွာဘုရားအား မေးလျှောက်ကြပုံ၊ အရှင်အာနန္ဒာက အခြားအင်္ဂတိုင်း မဂဓတိုင်းစသည့် အရပ်ဒေသရှိ သူများ၏ လားရာဂတိကိုလည်း မိန့်ကြားရန် လျှောက်ထားပုံ၊ ဗိမ္ဗိသာရမင်း၏ လားရာဂတိကို ဘုရားရှင်အား လျှောက်ထားရာ စတုမဟာရာဇ်နတ်ပြည်၌ ဇနဝသဘနတ်သား ဖြစ်နေကြောင်း ဟောကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၂၊၁၆၂) (ဒီ၊ဋ္ဌ၊၂၊၂၃၀)
ဇနသန္ဓဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းသည် ဗာရာဏသီပြည်၌ ဇနသန္ဓမင်းဖြစ်ပြီး တိုင်းသူ ပြည်သားတို့အား တရားနှင့်အညီ အုပ်ချုပ်သဖြင့် တိုင်းပြည် သာယာဝပြောခဲ့ပုံ၊ တိုင်းပြည်အုပ်ချုပ်သူသည် ပြည်သူပြည်သားတို့၏ မိဘသဖွယ်ဖြစ်သဖြင့် အဂတိကင်းရှင်းသင့်ပုံ၊ တိုင်းပြည်ခေါင်းဆောင်မင်းတို့ တရားနှင့်အညီ အုပ်ချုပ်လျှင် တိုင်းသူပြည်သားတို့လည်း တရားနှင့်အညီ လုပ်ဆောင်ကြသဖြင့် ပစ္စက္ခ တမလွန်ချမ်းသာပြည့်ဝကြပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၁၇၇)
ဇန္တုဒေဝပုတ္တဝတ္ထု
ဤဝတ္ထု၌ ရဟန်းဟူသည် အမည်ခံရဟန်းသာ မဖြစ်သင့်ဘဲ စိတ်ရောကိုယ်ပါ ရဟန်းဖြစ်ပါမှ လူနတ်တို့ ကြည်ညိုကြပုံ၊ စိတ်မတည်ကြည် လော်လည်ဖောက်ပြန်သော ရဟန်းတို့ကို သတိပေးလို၍ ဇန္တုနတ်သားက ဥပုသ်နေ့သံဃာစည်းဝေးနေစဉ် လျှောက်ထားပုံ၊ ထိုနတ်သားက ချီးမွမ်းခံရသော ရဟန်းအမျိုးအစားနှင့် ကဲ့ရဲ့ရှုတ်ချခံရသော ရဟန်းအမျိုးအစားတို့ကို ခွဲခြားလျှောက်ထားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၆၀) (သံ၊ဋ္ဌ၊၁၊၁၀၆)
ဇမ္ဗုကဇာတက
ဤဝတ္ထု၌ ဘုရားအလောင်းသည် ခြင်္သေ့ဖြစ်စဉ် ခြသေ့င်္စားကြွင်းကို စားရသဖြင့် ဝဖြိုးနေသော မြေခွေးတစ်ကောင်သည် မိမိကိုယ်ကို အထင်ကြီးလာပုံ၊ ခြင်္သေ့ကို အတုလိုက်၍ ဆင်တစ်ကောင်ကို ခုန်အုပ်ရာမှ ဆင်နင်း၍ အသက်ဆုံးရှုံးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၀၃)
ဇမ္ဗုကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဇမ္ဗုကမထေရ်လောင်းလျာသည် ကဿပမြတ်စွာဘုရားရှင်လက်ထက်တော်၌ ရဟန္တာပုဂ္ဂိုလ်အား ဆဲရေး စွပ်စွဲမိခဲ့သော အကုသိုလ်ကံကြောင့် အဝီစိငရဲ၌ ကျရောက်ခဲ့ပုံ၊ ငရဲမှ လွတ်လာသောအခါ၌လည်း တက္ကတွန်းဘဝဖြင့် မစင်များကို ခိုးစားလေ့ရှိပုံ၊ ဇမ္ဗုကမထေရ်ကဲ့သို့ ဧဟိဘိက္ခုဖြစ်မည့် ပုဂ္ဂိုလ်သော်မှ ဝစီဘေဒ, အရိယူပဝါဒကံ၏ အကျိုးပေးကို ခါးသီးစွာ ခံစားခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၁၃)
ဇမ္ဗုကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဇမ္ဗုကမထေရ်လောင်းလျာသည် တိဿဘုရားရှင်ကို ရည်မှန်းလျက် ဗောဓိပင်ကို ယပ်ခတ်ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ဂေါတမဘုရားရှင်လက်ထက်တော်၌ ဇမ္ဗုကပရိဗိုဇ် ဖြစ်လာပုံ၊ သူသည် မြတ်စွာဘုရား၏ တရားတော်ကို နာကြားရရန် သောတာပန် ဖြစ်ခဲ့ပုံ၊ ရဟန်းပြုပြီးနောက် ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၁၂)
ဇမ္ဗုခါဒကဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် သပြေပင်တော၌ ရုက္ခစိုးနတ် ဖြစ်စဉ် ကျီးတစ်ကောင်က သပြေသီးစားနေသည်ကို မြင်သဖြင့် မြေခွေးက ကျီးကို ‘‘ဥဒေါင်းငှက်ကဲ့သို့ လှပသော ငှက်ငယ်’’ ဟု ခေါ်ပြီး ကျီးကန်းက မြေခွေးကို ‘‘ကျားပေါက်ကလေး နှင့်တူသော ခွေးမင်း’’ ဟု မမှန်မကန် မြှောက်ပင့်နေကြပုံ၊ ထိုအခါ ရုက္ခစိုးနတ်က ၎င်းတို့ကို မောင်းထုတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၉၅)
ဇမ္ဗုဂါမိယပုတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ လွန်ခဲ့သော သုံးဆယ့်တစ်ကမ္ဘာအထက်၌ ပွင့်တော်မူသော ဝေဿဘူဘုရားရှင်လက်ထက်တော်၌ ဇမ္ဗုဂါမိယပုတ္တမထေရ်လောင်းလျာသည် နီရဲစွာ ပွင့်နေသော ပေါက်ပန်းများစွာကို ခူးဆွတ်လျက် ဘုရားရှင်အား ရည်မှန်းကာ ကောင်းကင်ထက်သို့ ပစ်လွှတ်ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ဘဝ နတ်ဘဝတို့၌ ကျင်လည်ခဲ့ရပုံ၊ ဤနောက်ဆုံးဘဝ ဂေါတမဘုရားရှင်လက်ထက်တော်၌ စမ္ပာမြို့နေ ဇမ္ဗုဂါမိယ ဥပါသကာ၏ သားဖြစ်လာပြီး ရဟန်းဝတ်ခဲ့ပုံ၊ ဖခင်ကြီးက သာသနာတော်၌ ပျော်မပျော် သားတော်ကို စုံစမ်းလေ့လာခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၀၇)
ဇယဒ္ဒိသဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကပိလတိုင်း ဥတ္တရပဉ္စာလမြို့၌ ဇယဒ္ဒိသမင်းကြီး၏ သားတော် အလီနသတ္တုမင်းသား ဖြစ်ခဲ့ပုံ၊ ဇယဒ္ဒိသမင်းကြီးသည် တောကစားထွက်သောအခါ မြို့တံခါးဝ၌ နန္ဒပုဏ္ဏားနှင့် တွေ့သဖြင့် နန္ဒပုဏ္ဏားက မင်းကြီးအား သဟဿာရဟလေးဂါထာကို နာယူရန် လျှောက်ထားပုံ၊ မင်းကြီးက တောကစားထွက်ပြီး ပြန်လာသောအခါ နာယူပါမည်ဟု ပြောပြီး တောကစားထွက်စဉ် ပေါရိသာဒ၏ ဖမ်းဆီးခြင်းကို ခံရပုံ၊ မင်းကြီးက သဟဿာရဟလေးဂါထာကို နာယူပြီးနောက် ပေါရိသာဒထံ ပြန်လာပါမည်ဟူသော ဝန်ခံကတိစကားဖြင့် တိုင်းပြည်သို့ ပြန်လာခဲ့ပုံ၊ တိုင်းပြည် ပြန်ရောက်သောအခါ သားတော်အလီနဝတ္တုမင်းသားက အကြောင်းစုံ သိရှိသွားပြီး ခမည်းတော်၏ ကိုယ်စား ဘီလူးစားခံရန် ပေါရိသာဒထံ သွားပုံ၊ ပေါရိသာဒနှင့် တွေ့သောအခါ ဘုရားအလောင်း အလီနသတ္တုမင်းသားက ပေါရိသာဒကို တရားဟောဆုံးမသဖြင့် ပေါရိသာဒ သံဝေဂရ၍ ရသေ့ရဟန်းပြုခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၂၂)
ဇရသိင်္ဂါလဝတ္ထု
ဤဝတ္ထု၌ ညီနောင်(၇)ယောက်တို့သည် လယ်ထွန်နေကြပုံ၊ ညီအငယ်ဆုံးသည် နွားကျောင်းနေသောအခါ မြေခွေးအိုကြီးတစ်ကောင်ကို ဖမ်းယူထားသော စပါးကြီးမြွေကို မြင်၍ ကြိမ်လုံးဖြင့် စပါးကြီးမြွေကို ရိုက်ခဲ့ပုံ၊ ထိုအခါ စပါးကြီးမြွေက မြေခွေးကို လွှတ်၍ သူငယ်ကို ဖမ်းယူပုံ၊ ကျေးဇူးသိသော မြေခွေးက လယ်ထဲမှ ပဲခွပ်ကို ပါးစပ်ဖြင့် ကိုက်ချီ၍ သူငယ်ထံ ပြေးလာ၍ ကူညီပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၂၊၂၁၃)
ဇရသိင်္ဂါလဝတ္ထု
ဤဝတ္ထု၌ ခြင်္သေ့မင်းသည် ကြောက်ကြောက်လန့်လန့်ဖြင့် ထွက်ပြေးသွားသော မြေခွေးအိုကို သနားသဖြင့် မိမိ၏အနီးအပါး၌ ခစားရန် ပြောကြားပြီး အမဲသားငါးစသည့် စားကြွင်းစားကျန်များကို ယူဆောင်လာကာ ကျွေးမွေးထားပုံ၊ မြေခွေးအိုသည် တစ်ပတ် နှစ်ပတ်အတွင်း၌ပင် ဆူဖြိုးလာပြီး မိမိကိုယ်ကို ခြင်္သေ့ဟု ထင်မှတ်ကာ ခြင်္သေ့မင်းကဲ့သို့ ဟိန်းဟောက်သောအခါ မြေခွေးအသံသာ ထွက်ပေါ်လာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၃၊၁၉) (ဒီ၊ဋ္ဌ၊၃၊၁၂)
ဇရာဓမ္မဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ပုဗ္ဗာရုံကျောင်းတိုက် ဝိသာခါပြာသာဒ်ဆောင်၏ အနောက်ဘက်၌ နေပူစာလှုံတော်မူပုံ၊ အရှင်အာနန္ဒာက မြတ်စွာဘုရား၏ အရေအဆင်းတော်သည် စင်ကြယ်မှုမရှိ၊ အရေတွန့်ပြီး ရှေ့သို့ အနည်းငယ် ကိုင်းညွတ်နေကြောင်း လျှောက်ထားခဲ့ပုံ၊ ဘုရားရှင်က နုပျိုခြင်း သဘောရှိလျှင် အိုမင်းခြင်းသဘောရှိကြောင်း မိန့်ကြားတောမူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၃၊၁၉၀) (သံ၊ဋ္ဌ၊၃၊၂၇၅)
ဇရူဒပါနဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည် ကုန်သည်မျိုး၌ ဖြစ်စဉ် အခြား ခြားသော ကုန်သည်များကို ခေါ်၍ လှည်းများဖြင့် ကုန်ရောင်းဝယ်သွားကြပုံ၊ ကန္တာရခရီးခဲတစ်ခုသို့ ရောက်သောအခါ ရေခန်းနေသော နဂါးနေထိုင်ရာ ရေတွင်းပျက်ကြီးတစ်ခုကို တွေ့မြင်ရပုံ၊ ခရီးသွားကုန်သည်များသည် ရေဆာလွန်းသဖြင့် စုပေါင်း၍ ရေတွင်းပျက်ကြီးကို တူးဖော်ကြသောအခါ များစွာသော ရတနာများကို ရရှိကြပုံ၊ ထိုအခါ ဘုရားလောင်းကုန်သည်က ဆက်လက်၍ မတူးဖေါ်ကြရန်၊ ဤမျှလောက်ဖြင့် ရောင့်ရဲတင်းတိမ်ကြရန်၊ အခြားကုန်သည်များအား ပြောကြားခဲ့ပုံ၊ အခြားကုန်သည်များက ဘုရားလောင်း၏ စကားကို နားမထောင်ဘဲ လောဘတကြီး အလွန်အကဲ တူးကြသောအခါ နဂါး၏ဗိမာန် ပျက်စီးသွားပုံ၊ ထိုအခါ နဂါးမင်းက ဒေါသထွက်ပြီး အဆိပ်ငွေ့ဖြင့် မှုတ်သဖြင့် ဘုရားအလောင်းကုန်သည်မှတစ်ပါး အခြားကုန်သည်များအားလုံး သေကြေပျက်စီးကြပုံ၊ ဘုရားအလောင်းကုန်သည်က ရတနာအားလုံးကို ယူဆောင်၍ တစ်ဦးတည်း ဗာရာဏသီပြည်သို့ ပြန်လာခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၆၈)
ဇဝနဟံသဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဇဝနဟင်္သာမင်းဖြစ်ပြီး အလွန်လျင်မြန်စွာ ပျံသန်းနိုင်ပုံ၊ ညီငယ်နှစ်ဦးတို့ နေနှင့်အပြိုင် ပျံကြစဉ် ခြေကုန်လက်ပန်းကျ၍ နေသည်ကို ကယ်တင်ခဲ့ပြီး သူငယ်ချင်း ဗာရာဏသီမင်းထံ လာရောက်လည်ပတ်ပုံ၊ မင်းပရိသတ်အား မိမိ၏ ပျံသန်းနိုင်မှုအစွမ်းကို လက်တွေ့ပျံသန်း၍ ပြပုံ၊ လောကတွင် လျင်မြန်သောအရာ အားလုံးထက် အဆရာထောင်မက လျင်မြန်သောအရာမှာ သေခြင်းဖြစ်ကြောင်း၊ ထိုမျှမြန်သော သေခြင်းတရား မရောက်လာမီ ကြိုတင်၍ ဒါနသီလစသော ကုသိုလ်ဓမ္မကို အမြဲပြုကျင့်မှသာ အကျိုး ရှိမည်ဖြစ်ကြောင်း မင်းကြီးအား ဆုံးမခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၂၊၂၀၇) (ဇာ၊ဋ္ဌ၊၄၊၂၁၂)
ဇဝဟံသကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ်လေးကမ္ဘာအထက်၌ စန္ဒဘာဂါမြစ်ကမ်းအနီး၌ တောမုဆိုး ဖြစ်ခဲ့ပုံ၊ သိဒ္ဓတ္ထဘုရားရှင်ကို ကောင်းကင်၌ ကြွတော်မူစဉ် ဖူးမြင်ရ၍ လက်အုပ်ချီပြီး ရှိခိုးပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးလားခြင်း မရှိဘဲ နောက်ဆုံးဘဝ ဤဂေါတမဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ၊ ကျွတ်တမ်းဝင်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၆၂)
ဇာဂရဇာတက
ဤဇာတ်တော်၌ သောတာပန်အရိယာဥပါသကာတစ်ဦးသည် ကုန်သည်တစ်ဦးနှင့်အတူ ခရီးအတူသွားစဉ် တစ်ညလုံး မအိပ်ဘဲ နေခဲ့ပုံ၊ လုယက်လိုသော ဓားပြတို့ လုယက်ရန် အခွင့်မရနိုင်၍ ကုန်သည်တို့ ချမ်းသာရာ ရခဲ့ပုံ၊ ရှေးအခါကလည်း ဘုရားအလောင်းရသေ့ကြီးသည် အိပ်စက်မှုမရှိဘဲ နေခဲ့သဖြင့် ရွာသားတို့ ချမ်းသာခဲ့ပုံ၊ နိုးနိုးကြားကြားနေခြင်းသည် အကျိုးရှိပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၈၁)
ဇာဏုေဿာဏိဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့၌ မြတ်စွာဘုရား သီတင်းသုံးတော်မူစဉ် ဇာဏုေဿာဏိပုဏ္ဏားသည် (၆)လတစ်ကြိမ် မြို့ကို လှည့်ပတ်ကြည့်ရှုတတ်ပုံ၊ သူစီးမည့် မြင်းရထားကို ထီးဖြူမိုး၍ အဖြူရောင်အဝတ်တန်ဆာ ပန်းနံ့သာများ ပြင်ဆင်ပြီး ဗြဟ္မယာနဟု ခေါ်ဝေါ်ပုံ၊ ထိုအကြောင်းကို အရှင်အာနန္ဒာ သိ၍ မြတ်စွာဘုရားကို လျှောက်ထားရာ မြတ်စွာဘုရားက အရိယာမဂ်သည်သာလျှင် ဗြဟ္မယာဉ်အစစ် ဖြစ်ကြောင်း ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၃၊၄) (သံ၊ဋ္ဌ၊၃၊၁၅၆)
ဇာဏုေဿာဏိဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ ဇာဏုေဿာဏိပုဏ္ဏားကြီးက မေထုန်ရှောင်ကြဉ်သော အကျင့်နှင့် ပတ်သက်၍ မြတ်စွာဘုရားကို မေးမြန်းပုံ၊ ဤတစ်လောကလုံး၌ မေထုန်ရှောင်ကြဉ်မှု၌ မကျိုးပေါက်သော ပုဂ္ဂိုလ်ကို ညွှွှန်ပြသော် မြတ်စွာဘုရားရှင်ကို ညွှန်ပြပါမှ မှန်ကန်ကြောင်း ဘုရားရှင်က မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၄၃၈) (အံ၊ဋ္ဌ၊၃၊၁၆၇)
ဇာဏုေဿာဏိဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ ဇာဏုေဿာဏိပုဏ္ဏားသည် ဗြာဟ္မဏတို့၏ ပစ္စောရောဟဏီခေါ် မကောင်းမှု နှင်ထုတ်ပွဲကို ကျင်းပရန် ဦးထိပ်မှစ၍ တစ်ကိုယ်လုံး ရေရွှဲရွှဲစိုအောင် ရေချိုးပြီး၊ ခေါမတိုင်း အဝတ်သစ်ဝတ်ကာ သမန်းမြက်စိမ်းများ ကိုင်၍ ဘုရားရှင်ထံ ရောက်လာပုံ၊ ဘုရားရှင်က အရိယာသာသနာတော်တွင် ပစ္စောရောဟဏီမှာ ခုရောနောင်ပါယုတ်ညံ့သော အကျိုးပေးတတ်သည် မိစ္ဆာဒိဋ္ဌိကို ပယ်ခြင်း၊ မိစ္ဆာသင်္ကပ္ပ၊ မိစ္ဆာဝါစာ၊ မိစ္ဆာကမ္မန္တ၊ မိစ္ဆာအာဇီဝ၊ မိစ္ဆာဝါယာမ၊ မိစ္ဆာသတိ၊ မိစ္ဆာသမာဓိ၊ မိစ္ဆာဉာဏ်၊ မိစ္ဆာဝိမုတ္တိကို ပယ်ခြင်း စသည်တို့ ဖြစ်ကြောင်း ဟောတော်မူပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အံ၊၃၊၄၄၇)
ဇာတိပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဇာတိပုပ္ဖိယမထေရ်လောင်း အမျိုးကောင်းသားသည် ပဒုမုတ္တရဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူသောအခါ ဘုရားရှင်၏ ခန္ဓာကိုယ်ပေါ်၌ ဦးဆောက်ပန်းများကို တင်လှူပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှု၏ အကျိုးဆက်ကြောင့် နိမ္မာနရတိနတ်ပြည်၌ ဖြစ်စဉ် အမြဲ ပန်းမိုးများ ရွာသွန်းနေပုံ၊ လူ့ပြည်၌ မင်းအဖြစ်ကို ရသောအခါ၌လည်း အခြံအရံများ လွန်စွာ ပေါများလျက် မိုးကောင်းကင်မှ ပန်းမိုးများ အမြဲ ရွာသွန်းနေပုံ၊ နောက်ဆုံးဘဝ ဤဂေါတမဘုရားရှင် သာသနာတော်၌ ရဟန်းပြု၍ တရားရှုမှတ်သဖြင့် ပဋိသမ္ဘိဒါပတ္တရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၃၆)
ဇာတိပူဇကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဇာတိပူဇကမထေရ်လောင်း အမျိုးကောင်းသားသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ဖွားမြင်စ ဝိပဿီဘုရားလောင်းအား နိမိတ်ဖတ်သူ ပုဏ္ဏားတို့က ‘‘ဘုရားစင်စစ် ဧကန်ဖြစ်မည်’’ဟု ပြောကြားသဖြင့် ဝိပဿီဘုရားလောင်းကို ကလေးသူငယ်ဘဝ၌ပင် သဗ္ဗညုဘုရားရှင်ကဲ့သို့ ကြီးစွာသော ပူဇော်မှုကို ပြုခဲ့ပုံ၊ ဝိပဿီသတို့သား မင်းသားအရွယ်နှင့် ဘုရားဖြစ်သော အချိန်အခါတို့၌လည်း ကြီးစွာသော ပူဇော်မှုတို့ကို ပြုလုပ်ခဲ့ပုံ၊ ထိုကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် အပါယ်ဒုဂ္ဂတိဘေးမှ ကင်းဝေးကာ စကြာမင်းအဖြစ်ကို အကြိမ်သုံးဆယ်ကျော် ရရှိခဲ့၍ ဤဂေါတမဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၆၈)
ဇာလိနီဒေဝဓီတုဝတ္ထု
ဤဝတ္ထု၌ အရှင်အနုရုဒ္ဓါ၏ လွန်ခဲ့သော ဘဝက မိဖုရားဟောင်း ဇာလိနီသည် မထေရ်ထံ လာရောက်၍ တံမြက်လှည်းခြင်း၊ ဆွမ်းလှူဒါန်းခြင်း၊ ပံ့သကူသင်္ကန်းစွန့်လှူခြင်း စသည်တို့ကို ပြုလုပ်၍ သွေးဆောင်ပုံ၊ မထေရ်က ရဟန္တာဖြစ်ပြီးဖြစ်၍ တဏှာကို ပယ်သတ်ပြီး ဖြစ်ကြောင်း စသည် တို့ကို ဟောပြတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၂၆၇)
ဇီဝကပဥှဝတ္ထု
ဤဝတ္ထု၌ ဒေဝဒတ်သည် ဘုရားရှင်အား ဂိဇ္ဈကုဋ်တောင်မှ ကျောက်တုံးဖြင့် လှိမ့်ချသဖြင့် ဘုရားရှင်၏ ခြေမတော်၌ ကျောက်ချပ်လွှာ ထိမှန်ပြီး သွေးခြေဥပုံ၊ သမားတော်ကြီး ဇီဝက-က ဆေးပတ်တီး စည်းပေးပြီး မိမိပြန်ရောက်မှ ပတ်တီးဖြေမည်ဟု လျှောက်ထားကာ မြို့တွင်းသို့ သွားခဲ့ပုံ၊ ညနေချမ်းအချိန်၌ မြို့တံခါး ပိတ်ထားသဖြင့် ပတ်တီးဖြေရမည့်အချိန်၌ ဇီဝက မရောက်လာနိုင်ကြောင်း သိသဖြင့် ဘုရားရှင်က ဖြေခိုင်းတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၈၂)
ဇီဝကဝတ္ထု
ဤဝတ္ထု၌ ဝေသာလီပြည်တွင် အမ္ဗပါလီပြည့်တန်ဆာမ ရှိသကဲ့သို့ ရာဇဂြိုဟ်ပြည်တွင်လည်း သာလဝတီပြည့်တန်ဆာမကို ထားရှိခဲ့ပုံ၊ မကြာမြင့်မီမှာပင် သားကလေး မွေးဖွားသည့်အတွက် အမှိုက်ပုံတွင် စွန့်ပစ်ခဲ့ပုံ၊ အဘယမင်းသား ကောက်ယူမွေးထားသောကြောင့် ကောမာရဘစ္စဟု အမည်ရပုံ၊ တက္ကသိုလ်တွင် ပညာသင်၍ နောင်သော် ဆေးဆရာဇီဝက ဖြစ်လာခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဝိ၊၃၊၃၇၇)
ဇီဝကဝတ္ထု
ဤဝတ္ထု၌ ဇီဝက-က မြတ်စွာဘုရားသည် ‘‘မိမိအတွက် ရည်ရွယ်၍ သတ်သော အသားကို ဘုဉ်းပေးသုံးဆောင်၏’’ဟု မဟုတ်မမှန် စွပ်စွဲပြောဆိုသော စကားကို ကြားရကြောင်း လျှောက်ထားပုံ၊ မိမိကို ရည်မှန်းလျက် သတ်ဖြတ်အပ်သည်ကို မြင် ကြား ယုံမှားလျှင် ထိုအသားတို့ကို မစားအပ်ကြောင်း မြတ်စွာဘုရားက မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၃၊၃၂)
ဇီဝကဝတ္ထု
ဤဝတ္ထု၌ သမားတော်ကြီး ဇီဝကလောင်းလျာသည် ပုဂ္ဂလပ္ပသန္နအရာ ဧတဒဂ် ထားခြင်းခံရသော ဒါယကာတစ်ဦးကို အားကျ၍ ကုသိုလ်ပြုဆုတောင်းခဲ့ပုံ၊ ယင်းကုသိုလ် အကျိုးဆက်ကြောင့် သုဂတိဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ရာဇဂြိုဟ်မြို့ အဘယမင်းသားနှင့် သာလဝတီပြည့်တန်ဆာမတို့မှ ဖွားမြင်ခဲ့ပြီး ဘုရားရှင်၏ တရားတော်ကို နာရသောအခါ အရိယာသာဝကဖြစ်၍ ကုလပ္ပသန္နအရာ ဧတဒဂ်ရခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၀၆)
ဇီဝကဝတ္ထု
ဤဝတ္ထု၌ ပဇ္ဇောတမင်းသည် အရေအဆင်း ဖျော့တော့သော ရောဂါ ပြင်းထန်စွာ ခံစားရသဖြင့် ဆရာ ဇီဝကကို ပြသခဲ့ပုံ၊ ဇီဝကသည် ထောပတ်ကို မနှစ်သက်သော မင်းကြီးအား ထောပတ်နံ့မထွက်အောင် ဆေးကျိုချက်၍ ဆက်ကပ်ခဲ့ပုံ၊ မင်းကြီးသည် လေချဉ်တက်သောအခါ ထောပတ်ဆေးမှန်း သိ၍ ဆရာဇီဝကအား သတ်မိန့်ပေးခဲ့ပုံ၊ ဆရာဇီဝကလည်း မင်းကြီးမသိမီပင် ရာဇဂြိုဟ်သို့ ဆင်ဖြင့် ထွက်ပြေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၈၇)
ဇီဝကဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်အား အထိုင်များတော်မူသဖြင့် ဝမ်းချုပ်တော်မူပုံ၊ ဆရာဇီဝကသည် ကြာပွင့်သုံးပွင့်တွင် ဆေးမျိုးစုံ ထည့်၍ ဘုရားရှင်အား ရှူတော်မူရန် ဆက်ကပ်ခဲ့ပုံ၊ ထိုသို့ရှူလျှင် အကြိမ်သုံးဆယ် ဝမ်းသွားမည့်အကြောင်း လျှောက်ထား၍ ပြန်သွားခဲ့ပုံ၊ နောက်နေ့တွင် ဘုရားရှင်ထံ ရောက်လာပြီး ပံ့သကူသင်္ကန်းသာ သုံးဆောင်ရသော ရဟန်းတော်တို့အား လူတို့လှူဒါန်းသော သင်္ကန်းဖြစ်သည့် ဂဟပတိစီဝရကို ခွင့်ပြုတော်မူရန် လျှောက်ထားတောင်းပန်ခဲ့ပုံ၊ ထိုနောက် ဆရာဇီဝကသည် မိမိအား စန္ဒပဇ္ဇောတမင်းက လက်ဆောင်ပေးသော သိဝေယျကတိုင်းဖြစ် သင်္ကန်းတော်ကို ဘုရားရှင်အား ဆက်ကပ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၉၀)
ဇုဏှဇာတက
ဤဇာတ်တော်၌ အရှင်အာနန္ဒာသည် မြတ်စွာဘုရားအား ပြုစုရန်အတွက် ပယ်လိုသော ဆုလေးပါး၊ ရယူလိုသော ဆုလေးပါးတောင်းဆိုခဲ့ပုံ၊ သမ္ပဒါတရား(၇)ပါးတို့နှင့် ပြည့်စုံပုံ၊ အရှင်အာနန္ဒာသည် ရှေးဘဝ ဇုဏှမင်းသားဖြစ်စဉ် ကလည်း မိမိ၏ ရယူလိုသော ဆုကို တောင်းဆိုခဲ့ဖူးပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၉၆)
ဇေန္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် နတ်သားဖြစ်၍ သိခီမြတ်စွာဘုရားအား လိပ်ဆူးရွှေပန်းဖြင့် ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ဖြစ်ခဲ့ပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ မဂဓတိုင်း ဇေန္တရွာ ဘုရင်ငယ်တစ်ပါး၏သား ဖြစ်ပြီး သာသနာတော်သို့ ဝင်ရောက်ခဲ့ကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၇၈)
ဇေန္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ရှေးဘုရားရှင်တို့အထံ၌ ကုသိုလ်ပြုခဲ့ပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိမြို့ ကောသလမင်းကြီး၏ ပုရောဟိတ်သား ဖြစ်ခဲ့ပုံ၊ တရားပွဲတစ်ပွဲ၌ ‘‘မည်သူ့အပေါ် မာန်မာန မထားသင့်ပါသနည်း’’ဟု မေးလာသည်ကို ဘုရားရှင် ဖြေကြားတော်မူခဲ့ပုံ၊ တရားအဆုံး၌ သောတာပန်ဖြစ်ပြီး ရဟန်းဝတ်ကာ ဝိပဿနာပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၁၀၆)
ဇောတိကဂဟပတိဝတ္ထု
ဤဝတ္ထု၌ ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့ထံ၌ ပြုလုပ်ခဲ့သော ကုသိုလ်ကံကြောင့် ဇောတိက သူဌေးဖြစ်လာပြီး ဘုံ(၇)ဆင့်ရှိ ပြာသာဒ်ကြီးနှင့်အတူ ပဒေသာပင် (၆၄)ပင်၊ ရွှေအိုးကြီး (၄)လုံး၊ မြောက်ကျွန်းသူ ဇနီးသည်အတုလကာရီတို့ ပေါ်ပေါက်လာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပဋိသံ၊ဋ္ဌ၊၂၊၂၉၂)
ဇောတိကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဇောတိကသူဌေး၏ ရှေးဘဝ သူဌေးဖြစ်ကြောင်း ကောင်းမှုနှင့် တောင်းဆုပြုခဲ့ပုံ၊ ဝိပဿီဘုရားရှင်လက်ထက်တော်၌ မေဏ္ဍကသူဌေးလောင်းနှင့် ဇောတိကသူဌေးအလောင်းတို့ ကောင်းမှုများ ပြုခဲ့ပုံ၊ မိမိဥစ္စာကို သူတစ်ပါး မယူနိုင်အောင် မီးမလောင်နိုင်အောင် ဆုတောင်းခဲ့သဖြင့် ဂေါတမဘုရားရှင်လက်ထက် ဇောတိကသူဌေးဘဝ၌ အဇာတသတ်၏ အကြံဆိုးကို ကာကွယ်နိုင်ခဲ့ပုံ၊ ကံ၏အကျိုး စွမ်းအင်ကြီးမားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၄၆)
ဇောတိဒါသတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိခီမြတ်စွာဘုရားအား သရက်ဖြူသီးများကို ပေးလှူခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ဘဝအဆက်ဆက် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ပါဒိယတ္ထဇနပုဒ်၌ ပစ္စည်းဥစ္စာကြွယ်ဝသော ပုဏ္ဏား၏သား ဖြစ်ပုံ၊ သာသနာ့ဘောင်သို့ ဝင်ရောက်ကာ ဝိပဿနာရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၃၄)
ဇောတိပါလမာဏဝဝတ္ထု
ဤဝတ္ထုသည် ကဿပဗုဒ္ဓဝံသ၌ ဝါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၇၁)
ဇောတိပါလဝတ္ထု
ဤဝတ္ထု၌ ဂေါဝိန္ဒပုဏ္ဏား၏သား ဇောတိပါလလုလင် မွေးဖွားသောနေ့၌ တစ်နိုင်ငံလုံးရှိ လက်နက်အားလုံး ထွန်းလင်းတောက်ပလျက် အရောင်များ ထွက်ပေါ်လာပုံ၊ ဒိသမ္ပတိမင်းကြီးသည် မိမိ၏ မင်္ဂလာလက်နက် (သံလျက်)တော် အရောင်ထွက်သဖြင့် ကြောက်လန့်ကာ အိပ်မပျော်ဘဲနေပုံ၊ ဂေါဝိန္ဒပုဏ္ဏားက ‘‘မင်းကြီးအတွက် အန္တရာယ်တစ်စုံတစ်ရာ မရှိကြောင်း၊ ဤဇမ္ဗူဒိပ်ကျွန်း၌ ပညာအရာတွင် တူသူမရှိနိုင်သည့် မိမိ၏သားတော်လေး မွေးဖွားကြောင်း’’ လျှောက်ထားသောအခါ မင်းကြီးက နို့ဖိုးအသပြာတစ်ထောင် ဆုချပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၂၅၃)
ဇောတိပါလဝတ္ထု
ဤဝတ္ထု၌ ဘုရားလောင်းသည် ကဿပဘုရားရှင်လက်ထက်၌ ဇောတိပါလပုဏ္ဏားလုလင် ဖြစ်စဉ် သာသနာတော်ကို မကြည်ညိုပုံ၊ ကဿပဘုရားရှင်ကို ‘‘ဤဦးပြည်းရဟန်းအား ဘယ်လိုလုပ်ပြီး ဗောဓိဉာဏ် ရနိုင်မလဲ၊ သဗ္ဗညုတဗောဓိဉာဏ်ဆိုတာ အလွန့်အလွန် ရနိုင်ခဲဘိ၏’’ဟု ကဲ့ရဲ့ပြစ်တင် ရှုတ်ချ ပြောဆိုခဲ့ပုံ၊ ထိုအကုသိုလ်ကံကြောင့် ဘဝများစွာ ဆင်းရဲဒုက္ခ ခံစားခဲ့ရပုံ၊ ထို့နောက် ဂေါတမဗုဒ္ဓဖြစ်မည့် ဤနောက်ဆုံးဘဝ၌လည်း သဗ္ဗညုတဗောဓိဉာဏ် ရရန်အတွက် ခြောက်နှစ်ကြာအောင် ဒုက္ကရစရိယာအကျင့်ကို ခက်ခက်ခဲခဲ သေလုနီးပါး ကျင့်ကြံကြိုးကုတ် အားထုတ်ခဲ့ရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အပ၊ဋ္ဌ၊၁၊၁၂၈)
ဇောတိဝတ္ထု
ဤဝတ္ထု၌ ရဟန်းတို့သည် မီးထွန်းရာ မီးမွှေးရာ ချွေးဇရုံးအိမ်စသည်တို့၌ အပ် မအပ် သံသယရှိကြသဖြင့် ဘုရားရှင်အား လျှောက်ထားရာ အကြောင်းရှိလျှင် မီးမွှေးနိုင်ကြောင်း ဘုရားရှင်က ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၅၃)
ဈာနသောဓနဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် တောထဲ၌ ရသေ့ဝတ်ကာ တပည့်များနှင့်အတူ ဈာန်သမာပတ်များကို ဖြစ်စေလျက် နေထိုင်ခဲ့ပုံ၊ ဘုရားလောင်းရသေ့ စုတေသွားသောအခါ တပည့်ကြီးဖြစ်သူ အရှင်သာရိပုတ္တရာလောင်းရသေ့၏ ‘‘ဆရာရသေ့ကြီး အာဘဿရဘုံသို့ ရောက်ကြောင်း’’ ပြောစကားကို တပည့်ရသေ့များက လက်မခံ မယုံကြည်ကြပုံ၊ ထိုအခါ ဘုရားလောင်းသည် အာဘဿရဘုံမှ ဆင်းသက်လာပြီး တပည့်ရသေ့ငယ်များကို တရားဟောပုံ၊ ဘုရားအလောင်းသည် တပည့်ကြီး၏ ဂုဏ်ကို ထုတ်ဖော်ချီးကျူးလျက် ဗြဟ္မာ့ပြည်သို့ ပြန်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၉၈)
ဉာဏတ္ထဝိကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဉာဏထဝိကမထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင် ပွင့်တော်မူချိန်၌ ရသေ့ ဖြစ်ခဲ့ပုံ၊ ဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်ကို ချီးကျူးပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ဘဝအဆက်ဆက် ဒုဂ္ဂတိဘဝတို့၌ မဖြစ်ရဘဲ ဤဘုရားသာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၉)
ဉာဏထဝိကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဉာဏထဝိကမထေလောင်းရသေ့သည် ဟိမဝန္တာတောထဲ၌ တရားအား ထုတ်ကာ ဆရာကောင်းဆရာမြတ်ကို ရှာဖွေ နေထိုင်ခဲ့ပုံ၊ ထိုအချိန်၌ သုမေဓာဘုရားရှင် ပွင့်တော်မူခဲ့ပုံ၊ ဘုရားရှင်ထံ သွားရောက် ဖူးမြော်ကာ ဂါထာတို့ဖြင့် သုမေဓာဘုရားရှင်၏ ဂုဏ်တော်တို့ကို ပရိသတ်အလယ်၌ ချီးမွမ်းလျှောက်ထားခဲ့ပုံ၊ ထိုကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ခုနစ်ဆယ့်ခုနစ်ကမ္ဘာတိုင်တိုင် လူချမ်းသာ နတ်ချမ်းသာတို့ဖြင့် ကျင်လည်ခဲ့ရပုံ၊ နောက်ဆုံးဘဝ ဂေါတမဘုရားရှင်လက်ထက်တော်၌ ခုနစ်နှစ်သားအရွယ်၌ပင် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၅၈)
ဉာဏသညိကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ သိဒ္ဓတ္ထဘုရားရှင် ခရီးလမ်းမ၌ ကြွသွားတော်မူစဉ် ဖူးမြင်ခဲ့ရ၍ ကြည်ညိုမှုအမှတ်သညာ ပြုခဲ့သော ဘဝမှစပြီး အပါယ်လေးပါးသို့ လားရောက်ခြင်း မရှိခဲ့သည့်အပြင် ခုနစ်ဆယ့်သုံးကမ္ဘာအထက်၌ နရုတ္တမမည်သော စကြဝတေးမင်း တစ်ဆယ့်ခြောက်ကြိမ် ဖြစ်ခဲ့ရပုံ၊ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၅၄)
ဉာတိကလဟဝူပသမနဝတ္ထု
ဤဝတ္ထု၌ ကပိလဝတ်နှင့် ကောလိယနှစ်ပြည်ထောင်တို့သည် ရောဟိဏီမြစ်ရေကို ခွဲဝေယူရေးနှင့် ပတ်သက်၍ အချင်းများကြပြီး စစ်ပွဲဖြစ်မည်ကဲ့သို့ ရှိနေပုံ၊ မြတ်စွာဘုရားသည် ဆွေတော်မျိုးတော်များ ခိုက်ရန်ဖြစ်မှုကို အေးငြိမ်းစေခဲ့ပုံ၊ နှစ်ပြည်ထောင်ဖက်မှ သာကီဝင် မင်းသား(၅၀၀)တို့ကို ရဟန်းပြုပေးပြီး တရားထူးရစေတော်မူခဲ့ပုံ၊ မဟာဝုန်တော၌ ရဟန္တာ (၅၀၀)နှင့် စုဝေးရောက်လာသော နတ်ဗြဟ္မာတို့အား မဟာသမယသုတ်ကို ဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၂၆၆) (သံ၊ဋ္ဌ၊၁၊၆၄) (ဓမ္မ၊ဋ္ဌ၊၂၊၁၆၅) (သုတ္တနိ၊ဋ္ဌ၊၂၊၈၉)
ဌိတဉ္ဇလိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်နှစ်ကမ္ဘာအထက်၌ မုဆိုးဖြစ်ခဲ့၍ တောအရပ်၌ တိဿဘုရားရှင်ကို ဖူးမြင်ခဲ့ရပုံ၊ မိုးကြိုးကျ၍ သေအံ့ဆဲဆဲအချိန်၌ ဘုရားရှင်ကို မှန်းကာ လက်အုပ်ချီခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားခဲ့ရခြင်း မရှိဘဲ ငါးဆယ့်လေးကမ္ဘာအထက်၌ မိဂကေတုမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်ဝယ် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၃၆)
တက္ကပဏ္ဍိတဇာတက
ဤဇာတ်တော်၌ ဘုရားလောင်း တက္ကပဏ္ဍိတရသေ့သည် လူတို့နှင့်ဝေးရာ ဂင်္ဂါမြစ်ကမ်းတစ်နေရာ၌ တရားဓမ္မများ ရှုမှတ်ပွားများ၍ ဈာန်အဘိညာဉ် ရရှိနေသူတစ်ဦး ဖြစ်ခဲ့ပုံ၊ ညဉ့်တစ်ညဉ့်၌ အမျိုးသမီးတစ်ယောက် ရေထဲ မျောပါလာသဖြင့် ဆယ်ယူကယ်တင်ပြီး ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့ပုံ၊ အမျိုးသမီးက ရသေ့၏ အစွမ်းထက်သော ဈာန်အဘိညာဉ်တန်ခိုးများကို ဖျက်ဆီးကာ အစွန်အဖျားကျသော ရွာတစ်ရွာသို့ ခေါ်ဆောင်သွားခဲ့ပုံ၊ တစ်နေ့သောအခါ ခိုးသူဓါးပြများ ဝင်ရောက်လုယက်လျက် တက္ကပဏ္ဍိတ၏ဇနီးကို ခေါ်ဆောင်သွားခဲ့ပုံ၊ ခိုးသူကြီးကို တက္ကပဏ္ဍိတ၏ ဇနီးသည်က ကြိုက်နှစ်သက်သဖြင့် တက္ကပဏ္ဍိတအား သတ်ရန် ပရိယာယ်ဆင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၁၃)
တက္ကလဇာတက
ဤဇာတ်တော်၌ ပဝိဋ္ဌကအမည်ရှိသူတစ်ဦးသည် မိဘကို လုပ်ကျွေးနေပုံ၊ အိမ်ထောင်ပြုပြီး သောအခါ မိန်းမစကားနားယောင်၍ ဖခင်အိုကြီးကို သုသာန်ထုတ် မြေမြှုပ်သတ်ရန် သွားပြီး ကျင်းတူနေပုံ၊ ထိုအခါ အတူလိုက်ပါလာသော (၇)နှစ်သားအရွယ် သားငယ်ကလည်း ကျင်းတစ်ခု အသစ်တူးနေပုံ၊ သားငယ်ကို မေးသောအခါ အဖေ့ကို ကြီးသောအခါ မြှုပ်သတ်ရန် ဖြစ်ကြောင်း ပြန်ပြောသဖြင့် သတိရသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၄၃)
တက္ကာရိယဇာတက
ဤဇာတ်တော်၌ အစွယ်ခေါခေါ မျက်စေ့ကြောင်ကြောင် ပုရောဟိတ်ပုဏ္ဏားသည် မိမိဇနီးနှင့် ဖောက်ပြားသူ အခြားပုဏ္ဏားတစ်ယောက်ကို ပရိယာယ်ဖြင့် သတ်ရန် ကြံစည်ခဲ့ပုံ၊ နှုတ်မစောင့်ဘဲ ဇနီးအား ကြိုတင်ပြောမိသဖြင့် မိမိသာ အသတ်ခံရမည်ကဲ့သို့ ကြုံလာခဲ့ပုံ၊ သူ၏တပည့် တက္ကာရိယလုလင်က ပြောဆိုချိန် မရောက်ဘဲ စကားပြောခြင်း၏ အပြစ်တို့ကို ပြ၍ ဆုံးမခဲ့ပုံ၊ လိမ္မာသော တပည့်က ဆရာ၏ အသက်ကို ကယ်ဆယ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၂၄၃)
တစသာရဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည် ရွာတစ်ရွာမှ သူကြွယ်သားဖြစ်၍ ဆေးဆရာကို မြွေဟောက်ဖြင့် သတ်မှုအတွက် လူငယ်စုနှင့်အတူ အဖမ်းခံရပြီး ဘုရင့်ထံအပို့ခံရပုံ၊ ဘုရားအလောင်းသူငယ်က ရဲရင့်တည်ကြည်စွာ ဣန္ဒြေမပျက် အမှန်ထွက်ဆိုသောကြောင့် ဘုရင်က လေးစားကာ အမှုမှ လွှတ်ပြီး ဘုရင့်အတိုင်ပင်ခံ အမတ်အဖြစ် ခန့်အပ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၉၀)
တစ္ဆသူကရဇာတက
ဤဇာတ်တော်သည် ဝဍ္ဎကီသူကရဇာတ်နှင့် အကြောင်းအရာအားလုံး တူ၏။ (ဇာ၊ဋ္ဌ၊၄၊၃၄၂)
တဏ္ဍုလနာဠိဇာတက
ဤဇာတ်တော်ကို ဗာရာဏသီပြည်၌ အလိုလောဘကြီးသော ဗြဟ္မဒတ်မင်းတစ်ပါး အုပ်စိုးစဉ် ဘုရားလောင်းသည် မင်း၏ ရာပြတ်ဘဝဖြင့် တိကျမှန်ကန်စွာ တာဝန်ထမ်းဆောင်ခဲ့ပုံ၊ မင်းကြီးသည် အလိုလောဘကြီးသဖြင့် ဘုရားလောင်း ရာပြတ်နေရာ၌ ဘာမှနားမလည်သည့် ရွာသားတစ်ယောက်ကို ရာပြတ်ခန့်ထားပုံ၊ ရွာသား ရာပြတ်သည် မင်းကြီးအလိုကျအတိုင်း ပစ္စည်းဥစ္စာများကို ဆုံးဖြတ်လေ့ရှိသဖြင့် ဥတ္တရာပထတိုင်းမှလာသော မြင်းကုန်သည်တို့၏ မြင်းအကောင်ငါးရာကို ဆန်တစ်ကွမ်းစားမျှသာ ထိုက်တန်ကြောင်း ဆုံးဖြတ်ပုံ၊ မြင်းကုန်သည်များက ဘုရားလောင်း ရာဖြတ်ထံသွားကာ အကြံဉာဏ်တောင်း၍ ရွာသား ရာပြတ်ကို တံစိုးလက်ဆောင်ပေးပြီး ဆန်တစ်ကွမ်းစားကို တန်ဖိုးဖြတ်ခိုင်းပုံ၊ ရွာသား ရာပြတ်သည် ကုန်သည်တို့ထံမှ လက်ဆောင်များ ရရှိထားသဖြင့် မင်းကြီးထံ၌ ဆန်တစ်ကွမ်းစားကို ဗာရာဏသီတစ်ပြည်လုံး ထိုက်တန်ကြောင်း တန်ဖိုးဖြတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၃၉)
တတိယပါရာဇိက ဝိနီကဝတ္ထူနိ
ဤဝတ္ထု၌ သတ်မှုနှင့် ပတ်သက်၍ ပါရာဇိအာပတ် သင့်/မသင့် ဆုံးဖြတ်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၁၀၀)
တတိယသင်္ဂါယနာဝတ္ထု
ဤဝတ္ထု၌ ဗြာဟ္မဏအယူကို ယူခဲ့သော အသောကမင်းကြီးသည် တူတော်သူ နိဂြောဓ သာမဏေကို ဖူးတွေ့ရပြီး တရားနာယူသဖြင့် ဗုဒ္ဓသာသနာတော်ကို ကြည်ညိုလာပုံ၊ အသောကာရုံကျောင်းတိုက်ကြီးကို လှူဒါန်းပြီး ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ကို ရည်ရွယ်၍ စေတီ၊ ကျောင်း၊ ရေတွင်းရေကန်ပေါင်း (၈၄၀၀၀)စီ စသည်ဖြင့် အလှူကြီးပေးခဲ့ပုံ၊ မောဂ္ဂလိပုတ္တတိဿမထေရ်ထံမှ ဩဝါဒကို ခံယူ၍ သားတော်မဟိန္ဒနှင့် သမီးတော် သံဃမိတ္တာတို့ကို သာသနာတော်တွင် ရှင်ရဟန်း ပြုပေးခဲ့ပုံ၊ မိစ္ဆာဒိဋ္ဌိတို့ကို နှိမ်နင်းကာ သံဃာတော် ခြောက်သန်းတို့ အစည်းအဝေးကျင်းပ၍ အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ်က ကထာဝတ္ထုကျမ်းကို ဟောတော်မူခဲ့ပုံ၊ ထိုမထေရ်ဦးစီးသော ပိဋကတ်သုံးပုံဆောင် ပဋိသမ္ဘိဒါပတ္တ ရဟန္တာတစ်ထောင်တို့ တတိယသင်္ဂါယနာတင်ပွဲကို ကိုးလကြာ ကျင်းပတော်မူခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၁၊၂၉)
တပုဿဘလ္လိကဝတ္ထု
ဤဝတ္ထု၌ ကုန်သည်ညီနောင်တို့သည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ ပထမဦးဆုံး သရဏဂုံတည်သူတို့တွင် ဧတဒဂ်ရရန် ကုသိုလ်ပြု ဆုတောင်းခဲ့ သောကြောင့် သုဂတိဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်ဝယ် အသိတဉ္ဇနမြို့၌ ဖြစ်ကြပုံ၊ လှည်းငါးရာတို့ဖြင့် ကုန်ကူးထွက်ပုံ၊ လင်းလွန်းပင်အောက်၌ စံနေတော်မူသော ဘုရားရှင်အား မုန့်ဆွမ်းဆက်ကပ်ရပြီး ဆံတော်ရှစ်ဆူ ပူဇော်ရန်ရရှိပုံ၊ ဘုရားရှင်ထံ၌ အစဦးဆုံး ဒွေဝါစိကသရဏဂုံ ဆောက်တည်ခဲ့သဖြင့် နောင်သောအခါ ပထမဦးဆုံးသရဏဂုံ တည်သူတို့တွင် ဧတဒဂ်ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၂၉၃)
တပေါကမ္မဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားအား အကျိုးမဲ့ကို ဖြစ်စေတတ်သော ဒုက္ကရစရိယာကျင့်ခြင်းမှ လွန်မြောက်၍ သဗ္ဗညုတဉာဏ်ရခြင်းသည် ကောင်းလေစွဟု စိတ်အကြံဖြစ်ပုံ၊ အတ္တကိလမထအကျင့်ကို မာရ်နတ်က ချီးကျူးပုံ၊ ‘‘ကုန်းမြေထက်၌ လှော်တက်သည် အချည်းနှီးတည်း’’ဟု ဘုရားရှင်က မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၀၄) (သံ၊ဋ္ဌ၊၁၊၁၅၅)
တမာလပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော သုံးဆယ့်တစ်ကမ္ဘာအထက်၌ သိခီဘုရားရှင်အား ပန်းညိုပန်း လှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်းမရှိဘဲ လွန်ခဲ့သော ကမ္ဘာနှစ်ဆယ်အထက်၌ စန္ဒတိတ္ထမည်သော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်ဝယ် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၂၀)
တမ္ဗဒါဌိကစောရဃာတကဝတ္ထု
ဤဝတ္ထု၌ တမ္ဗဒါဌိကသည် ဘုရင်၏ လူသတ်သမားကြီးအဖြင့် ၅၅-နှစ်တိုင်တိုင် အသက်ပေါင်းများစွာ သတ်ခဲ့ပုံ၊ အရှင်သာရိပုတ္တရာမထေရ်အား ဆွမ်းကပ်၍ တရားနာခဲ့သော အာသန္နကံ ကုသိုလ်၏ အစွမ်းကြောင့် ကွယ်လွန်သောအခါ တုသိတာနတ်ပြည်၌ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၄၀၅)
တမ္ဗပဏ္ဏိဒီပမဟာဗောဓိရုက္ခဝတ္ထု
ဤဝတ္ထု၌ အသောကမင်းကြီးသည် သီဟိုဠ်ကျွန်းသို့ မဟာဗောဓိပင်တစ်ပင် တင်ပို့လိုသဖြင့် မခုတ်ဖြတ်ထိုက်သော ဗောဓိပင်မှ လက်ယာကိုင်းကို ရရန် ရဟန်းတော်တို့၏ စီမံချက်ဖြင့် အဓိဋ္ဌာန်ပြုခဲ့ပုံ၊ ဗောဓိပင်ကြီး၏ ပင်စည်မှ လက်ယာဘက်အကိုင်းသည် လေးတောင်လောက်သာ ကျန်၍ အားလုံး ပျောက်ကွယ်သွားပုံ၊ ဒက္ခိဏသာခါသည် ရတနာရွှေခွက်၌ တည်ရှိလာပုံ၊ ဒက္ခိဏသာခါကို မင်းစည်းစိမ်ဖြင့် ခမ်းနားစွာ ပူဇော်ပြီး သီဟိုဠ်ကျွန်းသို့ ပင့်၍ သီဟိုဠ်ကျွန်း၌ စိုက်ပျိုးပူဇော်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၁၊၆၈)
တမ္ဗပဏ္ဏိဒီပဝါသိတ္ထေရဝတ္ထု
ဤဝတ္ထု၌ တမ္ဗပဏ္ဏိကျွန်းနေ မထေရ်တစ်ပါးကို ခိုးသူတို့က ဆင်သမနွယ်ဖြင့် တုပ်နှောင်၍ လှဲချထားခဲ့ကြပုံ၊ ထိုမထေရ်သည် တောမီးလောင်လာသောအခါ နွယ်ကြိုးတို့ကို မဖြတ်တောက်ဘဲ ဘူတဂါမသိက္ခာပုဒ်တော်ကို အသက်စွန့်၍ ထိန်းသိမ်းစောင့်ရှောက်ပြီး ဝိပဿနာပွားသဖြင့် အာသဝေါကုန်ခန်း ရဟန္တာဖြစ်သည်နှင့် တစ်ပြိုင်နက် ပရိနိဗ္ဗာန်ပြုပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၃၅)
တမ္ဗပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ သူတစ်ပါး၏ အမှုလုပ်ဖြစ်ခဲ့ပြီး မှားယွင်းစွာ ဆောင်ရွက်မှုကြောင့် တောသို့ ထွက်ပြေးခဲ့ရပုံ၊ နီသောပန်းတို့ကို ဆွတ်ခူး၍ ဝိပဿီဘုရားရှင်၏ သခွတ်ဗောဓိပင်၌ ကြဲဖြန့်ပူဇော်ခဲ့ပုံ၊ မထေရ်အလောင်း သွားရာလမ်းကို ရှာကုန်သော သူတို့ မထေရ်အလောင်းထံ ရောက်သောအခါ မထေရ်အလောင်းသည် ဘုရားရှင်၏ဗောဓိပင်ကို အောက်မေ့ဆင်ခြင်ခဲ့ပုံ၊ ထိုနောက် တောင်ချောက်ကြားမှ လိမ့်ကျသေဆုံးခဲ့ပုံ၊ နီသောပန်းကို လှူခဲ့သောကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ရခြင်းမရှိခဲ့ဘဲ လွန်ခဲ့သော သုံးကမ္ဘာအထက်၌ သုသညတမည်သော စကြဝတေးမင်းဖြစ်ခဲ့၍၊ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၉၄)
တယောဇနပဗ္ဗဇိတဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိပြည်ဝယ် သားတစ်ဦးတည်းသာရှိသော မိသားစုသုံးယောက်တို့သည် အလွန်ချစ်ခင်ကြသဖြင့် မခွဲမခွာနေလေ့ရှိပုံ၊ တစ်နေ့တွင် သားသည် တရားနာရသဖြင့် ရဟန်းပြုသွားရာ မိခင်ရော ဖခင်ပါ ရဟန်းပြုပြီး ရဟန်းဝတ်နှင့် သုံးဦးစလုံးမခွဲမခွာ နေကြပြန် သောကြောင့် ထိုသို့ မနေကြရန် ဘုရားရှင် တရား ဟောတော်မူရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၇၈)
တယောဇနဝတ္ထု
ဤဝတ္ထု၌ နွားကို မီးရှို့သတ်ခဲ့၍ ကျီးကန်းလည်ပင်း မီးကွင်းစွပ်ပုံ၊ ခွေးကို သဲအိုးဆွဲ ရေနှစ် သတ်ခဲ့၍ လှေသူကြီးကတော် သမုဒ္ဒရာထဲ ပစ်ချခံရပုံ၊ ဖွတ်တွင်းကို ပိတ်ခဲ့၍ ရဟန်းတို့ လိုဏ်ခေါင်း အတွင်း၌ အပိတ်ခံရပုံ၊ မည်သည့်နေရာ၌ပင်နေနေ အကုသိုလ်ဝဋ်ဘေးမှ ပြေးမလွတ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၄)
တယောဓမ္မဇာတက
ဤဇာတ်တော်၌ ဒေဝဒတ်အလောင်းမျောက်သည် ဟိမဝန္တာတောင်၌ မျောက်အပေါင်းကို အုပ်ချုပ်လျက် ခေါင်းဆောင်မျောက်မင်းအဖြစ်ဖြင့် နေထိုင်ခဲ့ပုံ၊ မိမိအုပ်စုတွင်း၌ မွေးလာသမျှသော မျောက်လေးများ ကြီးလာလျှင် ရာထူးလုမည်စိုးသဖြင့် ဝှေးစေ့ကို ကိုက်ဖောက်ပစ်ပုံ၊ ဘုရားလောင်းမျောက်ငယ်၏ မိခင်သည် မိမိ၏ သားငယ်အား အခြားတောအုပ်၌ မွေးဖွားကာ အရွယ်ရောက်သည်အထိ ကြီးပြင်းစေခဲ့ပုံ၊ ဘုရားလောင်းမျောက်မင်း အရွယ်ရောက်လာသောအခါ ဒေဝဒတ်မျောက်မင်းက သတ်ရန် အမျိုးမျိုးကြံစည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ဇာ၊ဋ္ဌ၊၁၊၂၉၈)
တယောမဓုဝါဏိဇကာဝတ္ထု
ဤဝတ္ထုသည် အသောကရာဇဝတ္ထု၌ ပါဝင်သည်။ (သာရတ္ထ၊ဋီ၊၁၊၁၂၉)
တရဏိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ တရဏိယမထေရ်လောင်းလျာသည် အတ္ထဒဿီဘုရားရှင်လက်ထက်တော်၌ ဝိနတာမြစ်ထဲတွင် ကြီးမားသော လိပ်မင်းကြီးဖြစ်ခဲ့ပုံ၊ တစ်နေ့သောအခါ အတ္ထဒဿီဘုရားရှင် ကမ်းတစ်ဖက်သို့ ကူးမည်ကြံစဉ် အားရရွှင်လန်းနှစ်သက်စွာဖြင့် ဘုရားရှင်အား မိမိကျောက်ကုန်းထက်သို့ တင်ကာ တစ်ဖက်ကမ်းသို့ ပို့ဆောင်ပေးခဲ့ပုံ၊ ဤကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ဘဝများစွာ သံသရာပတ်လုံး အပါယ်ဒုဂ္ဂတိဘေးမှ ကင်းဝေးခဲ့ပုံ၊ ဂေါတမဘုရားရှင်လက်ထက်၌ တစ်ထိုင်တည်းဖြင့် ရဟန္တာဖြစ်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၆၇)
တရဏိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ အများပြည်သူအသုံးပြုရန် တံတားပြုလုပ် လှူဒါန်းခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့သည့်အပြင် ငါးဆယ့်ငါးကမ္ဘာအထက်၌ သမောဂဓ စကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်ဝယ် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၆၉)
တရုဏပသန္နမဟာမတ္တဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ယာဂုကို ခွင့်ပြုတော်မူပြီဟု ကြားရ၍ လူများစွာတို့သည် ယာဂုနှင့် ပျားရည်ထည့်ထားသည့် မုန့်ချိုတို့ကို စောစောစီးစီး ကပ်ကြပုံ၊ တစ်နေ့တွင် သာသနာတော်ကို ကြည်ညိုခါစ အမတ်ကြီးတစ်ဦးသည် ဘုရားအမှူးရှိသော သံဃာတော်တို့အတွက် ဆွမ်းစားပင့်ထားပုံ၊ ရဟန်းတစ်ပါးလျှင် အသားဟင်းတစ်ခွက် အပြည့်အစုံ ဘုဉ်းပေးရန် စီစဉ်ထားပုံ၊ ဆွမ်းကပ်ရာ၌ ရဟန်းတို့က နည်းနည်းသာ ခံယူသဖြင့် အများအပြား ခံယူရန် လျှောက်ထားပုံ၊ ရဟန်းတို့က ယာဂုသောက်ထားသောကြောင့် မဆာ၍ အလှူမခံကြောင်း ပြောရာ ‘‘တပည့်တော် ပင့်ထားပါလျက် အခြားသူ၏ ဆွမ်းကို စားရမည်လော’’ဟု စိတ်ဆိုးကာ သပိတ်ထဲ လောင်းထည့်ခဲ့ပုံ၊ ဘုရားရှင်က တစ်ဦးပင့်ဖိတ်ထားလျှင် နောက်ပင့်သူ၏ ယာဂုစသည်ကို မသောက်ရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၁၆)
တလင်္ဂရဝါသီဓမ္မဒိန္နတ္ထေရဝတ္ထု
ဤဝတ္ထု၌ တလင်္ဂရအရပ်တွင် သီတင်းသုံးနေထိုင်သော ဓမ္မဒိန္နရဟန္တာမထေရ်သည် ‘‘မိမိ၏ ဆရာသမားဖြစ်သော မဟာနာဂထေရ်သည် ရဟန်းကိစ္စ ပြီး၊ မပြီး ဆင်ခြင်ကြည့်သောအခါ ပုထုဇဉ်အဖြစ်၌သာ တည်ရှိသေးကြောင်း’’ တွေ့မြင်ရပုံ၊ အကယ်၍ မိမိသာ မကယ်လျှင် ပုထုဇဉ်အဖြစ်ဖြင့်သာ ပျံလွန်တော်မူမည်ကို တွေ့မြင်သဖြင့် ကောင်းကင်ခရီးဖြင့် မဟာနာဂထေရ်ထံသို့ သွားခဲ့ပုံ၊ မိမိကိုယ်ကို ရဟန္တာဖြစ်ပြီးပြီဟု ထင်နေသော မဟာနာဂထေရ်အား ကြောက်မက်ဖွယ်ရာ ဆင်ဖြူကြီးတစ်ကောင် ဖန်ဆင်းရန် လျှောက်ထားခဲ့ပုံ၊ ထို့နောက် ဆင်ဖြူကြီးက မဟာနာဂထေရ်ကို ထိုးသတ်ရန် ရှေးရှုပြေးဝင်လာဟန်ကို ဖန်ဆင်းခိုင်းသောအခါ မဟာနာဂထေရ် ကြောက်လန့်ပြီး ပြေးမည်ပြုသောကြောင့် ဓမ္မဒိန္နထေရ်က တားမြစ်ပုံ၊ ထိုအခါ မဟာနာဂထေရ်သည် မိမိကိုယ်ကို ပုထုဇဉ်ဘဝသာ ရှိသေးကြောင်း သိရှိသွားကာ တရားရှုမှတ်သဖြင့် ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၁၈၈) (အဘိ၊ဋ္ဌ၊၂၊၄၇၀) (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၂၇၀)
တဠင်္ဂရဝါသီ ဓမ္မဒိန္နတ္ထေရဝတ္ထု
ဤဝတ္ထု၌ တဠင်္ဂရအရပ်၌ နေသော ဓမ္မဒိန္နမထေရ်သည် တိဿကျောင်းတိုက်ကြီးရှိ စေတီရင်ပြင်၌ လူတို့အား အပဏ္ဏကသုတ်တော်ကို ဟောပြစဉ် လောကဝိဝရဏတန်ခိုးတော်ဖြင့် ကြောက်ရွံ့ထိတ်လန့်အောင် ငရဲဘုံများကို ပြပုံ၊ ရွှင်လန်းအားတက်အောင် နတ်ဘုံများကို ပြ၍ တရားဟောပြတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၂၁) (သာရတ္ထ၊ဋီ၊၁၊၁၃၄)
တာယနဒေဝပုတ္တဝတ္ထု
ဤဝတ္ထု၌ တာယနနတ်သားသည် မိစ္ဆာဒိဋ္ဌိအယူရှိသူ၊ မိစ္ဆာအယူဝါဒကို တည်ထောင်ခဲ့သူ တစ်ဦးပင်ဖြစ်သော်လည်း ကမ္မဝါဒီဖြစ်သဖြင့် အများကောင်းကျိုးအတွက် ရေတွင်းရေကန်များတူးဖော်ခြင်း၊ အပန်းဖြေနားနေရန် ဇရပ်စသည့် အဆောက်အဦများ ဆောက်လုပ်ခြင်း၊ ဆင်းရဲဒုက္ခရောက်နေသူတို့အား ကူညီစောင့်ရှောက်ခြင်း စသည်ဖြင့် ကောင်းမှုကုသိုလ်များ ပြုလုပ်ခဲ့ပုံ၊ ထိုကုသိုလ်၏အကျိုးဆက်ကြောင့် သေလွန်သောအခါ နတ်ပြည်သို့ရောက်ရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၄၆) (သံ၊ဋ္ဌ၊၁၊၉၉)
တာလပုဋတ္ထေရဝတ္ထု
ဤဝတ္ထု၌ တာလပုဋမထေရ်လောင်းသည် ရှေးဘုရားရှင်များလက်ထက်၌ နိဗ္ဗာန် ရည်မှန်း၍ ကုသိုလ်များစွာပြုခဲ့ပုံ၊ ဂေါတမဘုရားရှင်လက်ထက်တွင် ထင်ရှားသော ဇာတ်ဆရာကြီး ဖြစ်ခဲ့ပုံ၊ မြတ်စွာဘုရားရှင်ထံမှ သူ၏ရှေးဆရာများ၏ မိစ္ဆာအယများမှားယွင်းကြောင်း သိရှိရ၍ နောင်တရကာ ရဟန်းပြု၍ ဝိပဿနာပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၂၊၄၉၄) (ထေရ၊ဋ္ဌ၊၂၊၄၅၇)
တာလဖလဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ၉၄-ကမ္ဘာထက်အထက်၌ ပွင့်တော်မူသော သတရံသီမည်သော ပစ္စေကဗုဒ္ဓါ အရှင်မြတ်အား ထန်းသီးလှူခဲ့ဖူးသော ကုသိုလ်ကြောင့် ဘဝအဆက်ဆက် အပါယ်မကျရောက်ခဲ့ဘဲ ဤဘုရား သာသနာတော်ဝယ် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၉၁)
တာလဝဏ္ဋဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲသော ကိုးဆယ့်နှစ်ကမ္ဘာအထက်၌ တိဿဘုရားရှင်အား ထန်းရွက် ယပ်ဝန်းကို လှူဒါန်းခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်းမရှိခဲ့ပုံ၊ ခြောက်ဆယ့်သုံးကမ္ဘာအထက်၌ မဟာနာမ်မည်သော စကြဝတေးမင်းဖြစ်ခဲ့ပြီး ဤဘုရားရှင် သာသနာတော်ဝယ် ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၃၆)
တိကဏိကာရပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာ ဝိဇ္ဇာဓိုရ်သည် သုမေဓဘုရားရှင်အား မဟာလှေ၌ကားပန်း သုံးပွင့်တို့ဖြင့် ပူဇော်ခဲ့သော ကုသိုလ်ကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင် သာသနာတော်ဝယ် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၈၄)
တိကဏ္ဏိပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ နတ်သားဖြစ်ခဲ့၍ နတ်သမီးအပေါင်း ခြံရံသည့် ရှေးကောင်းမှုကံကို အောက်မေ့ပြီး ဘုရားရှင်ကို အမှတ်ရခဲ့ပုံ၊ ဆည်းလည်းပန်းကို ယူ၍ ဝိပဿီဘုရားရှင်ထံ သွားရောက်ပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်းမရှိခဲ့ဘဲ ခုနစ်ဆယ့်သုံးကမ္ဘာအထက်၌ ရမုတ္တမမည်သော စကြဝတေးမင်း လေးကြိမ် တိုင်တိုင်ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (အပ၊၁၊၂၁၇)
တိကိင်္ကဏိပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား ဆည်းလည်းပန်းသုံးပွင့် လှူခဲ့သော ကုသိုလ်ကြောင့် ဒုဂ္ဂတိဘဝတို့၌ မဖြစ်ခဲ့ဘဲ၊ ဤဘုရားသာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၇၄)
တိကိင်္ကဏိပူဇကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော သုံးဆယ့်တစ်ကမ္ဘာအထက်၌ ဟိမဝန္တာတောင်အနီး ဘူတဂဏတောင်ထိပ်ရှိ သစ်ပင်ဖျား၌ ကပ်ငြိနေသော ပံ့သကူသင်္ကန်းကို ဖူးမြင်ရပုံ၊ ဆည်းလည်းပန်း သုံးပွင့်ကို ခူးကာ ထိုသင်္ကန်းတော်အား ပူဇော်ခဲ့သော ကောင်းမှုကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါးသို့ လားရောက်ခဲ့ခြင်းမရှိဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၂၀)
တိကိစ္ဆကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ဗန္ဓုမတီမြို့၌ ဆေးအတတ်ကို ကောင်းစွာတတ်ကျွမ်းသော ဆေးဆရာ ဖြစ်ခဲ့၍ ဝိပဿီဘုရားရှင်၏ အလုပ်အကျွေးဖြစ်ခဲ့ပုံ၊ အသောကအမည်ဖြင့် ထင်ရှားသော ရဟန်းတော်တစ်ပါးသည် မကျန်းမမာ ရောဂါနှိပ်စက်ခြင်းကို ခံနေရ၍ မထေရ်အလောင်း ဆေးဆရာ၏ ကုသပေးမှုကြောင့် ရောဂါပျောက်ကင်းခဲ့ရပုံ၊ မထေရ်လောင်းဆေးဆရာသည် ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်းမရှိခဲ့တော့ဘဲ့ လွန်ခဲ့သော ရှစ်ကမ္ဘာအထက်၌ သဗ္ဗောသဓမည်သော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (အပ၊၁၊၂၁၁)
တိစမ္ပကပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ဟိမဝန္တာတောင်အနီး ဝိကတမည်သော တောင်၌ သီတင်းသုံးတော်မူသော ရဟန်းတော်အား စကားဝါပန်းသုံးပွင့်ကို ယူ၍ ကြဲမြှောက်ပူဇော်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခဲ့ရခြင်းမရှိဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၅၆)
တိစီဝရဏာနုဇာနနဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ဂဟပတိစီဝရကို ခွင့်ပြုတော်မူလျှင် လူတို့သည် သင်္ကန်းများစွာ လှူကြပုံ၊ ရဟန်းတို့သည် ရာဇဂြိုဟ်နှင့် ဝေသာလီကြား ခရီးထွက်ကြစဉ် သင်္ကန်းထုပ်ကြီးများကို ထမ်း၍လည်းကောင်း၊ ရွက်၍လည်းကောင်း၊ ပိုး၍လည်းကောင်း မြင်မကောင်းအောင် သယ်ပိုးကြသဖြင့် လူတို့က အထည်ကုန်သည်ကြီးများဟု ပြောင်လှောင်ကြပုံ၊ တစ်ပါးစာ လုံလောက်သော သင်္ကန်း သတ်မှတ်ရန် ဘုရားရှင် စဉ်းစားတော်မူပုံ၊ ဝေသာလီမြို့ ဂေါတမကစေတီ၌ သီတင်းသုံးတော်မူစဉ် ဆောင်းတွင်းကာလ အအေးဆုံး ရှစ်ရက်အတွင်း နှင်းကျလျက် အေးမြသည့် ညတစ်ညတွင် ပထမယံ၌ သင်္ကန်းတစ်ထည်၊ မဇ္ဈိမယံ၌ နှစ်ထည်၊ ပစ္ဆိမယံ၌ သုံးထည်၊ မိုးလင်းခါနီးအချိန်၌ လေးထည် ဝတ်ရုံစမ်းသပ်တော်မူပြီး အလွန်းအအေးကြောက်သူပင် သင်္ကန်းလေးထည်ဆိုလျှင် လုံလောက်ပြီဟု တိစီဝရိတ်သင်္ကန်းကို ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၀၁)
တိဏကုဋိဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ဗန္ဓုမတီမြို့၌ သူတစ်ပါး၏ အမှုလုပ် အစေအပါးဖြစ်ခဲ့ပုံ၊ ‘‘လောက၌ ဘုရားရှင်ပွင့်တော်မူခဲ့၏၊ ငါ့အား ကုသိုလ်ကောင်းမှုမရှိချေ၊ ငရဲနှင့်တွေ့ရခြင်းသည် ဆင်းရဲလှ၏’’ဟု ကြံစည်ခဲ့ပုံ၊ အလုပ်ရှင်ထံ တစ်ရက် ခွင့်တောင်း၍ တောသို့ သွားကာ သစ်ဝါးတို့ကိုရှာဖွေ၍ သစ်ရွက်မိုးကျောင်းဆောက်လုပ်ပြီး သံဃာတော်အား လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး မလားရောက်ခဲ့ရဘဲ တာဝတိံသာနတ်ပြည်၌ ဖြစ်ခဲ့ရပုံ၊ ဘုံဆင့်တစ်ရာ၊ နန်းဦးပြာသာဒ်တစ်သိန်းရှိသော ဗိမာန်ထင်ရှားဖြစ်ပေါ်လာခဲ့ပုံ၊ ခြင်္သေ့၊ ကျားစသော သားရဲများ၊ ဘုတ် ပြိတ္တာ၊ နဂါး၊ ဂဠုန်စသော သတ္တဝါများ ရှောင်ကွင်းခဲ့ကြပုံ၊ ဤဘုရားရှင်သာသနာတော်ဝယ် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၁၁)
တိဏမုဋ္ဌိဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် မုဆိုးတစ်ဦးဖြစ်စဉ် စင်္ကြံကြွနေတော်မူသော တိဿဘုရားရှင် ထိုင်တော်မူရန်အတွက် မြက်ဆုပ်များကို ရိတ်ဖြတ်လှူဒါန်းခဲ့သည့် ကုသိုလ်ကြောင့် သုဂတိဘုံဘဝတို့၌သာ ဖြစ်ခဲ့ရပြီး ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၀၁)
တိဏသန္ထရကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ သိဒ္ဓတ္ထဘုရာရှင်အား ထန်းရွက် မိုးကျောင်းငယ်ကို ဆောက်လုပ်လှူဒါန်းခဲ့သော ကုသိုလ်ကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ခဲ့ရခြင်းမရှိခဲ့ဘဲ လွန်ခဲ့သော ခြောက်ဆယ့်ငါးကမ္ဘာအထက်၌ စကြဝတေးမင်း လေးကြိမ်ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၂၀)
တိဏသန္ထရဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်အလောင်းရသေ့သည် လွန်ခဲ့သော ကိုးဆယ့်နှစ်ကမ္ဘာအထက်၌ ဟိမဝန္တာတောင်အနီး ကြာပန်းတို့ဖြင့် ဖုံးလွှမ်း၍ ငှက်အမျိုးမျိုးတို့ ပျော်မွေ့ဖွယ်ရာရေအိုင်ကြီး၌ နေခဲ့ပုံ၊ တိဿဘုရားရှင်သည် ကောင်းကင်ခရီးဖြင့် ကြွသွားတော်မူစဉ် ကောင်းကင်မှ ဆင်းသက်တော်မူ၍ မထေရ်အလောင်းလှူဒါန်းသော နေထိုင်ရာမြက်အခင်းကို အလှူခံတော်မူပုံ၊ ထိုကောင်းမှုကံကြောင့် နိမ္မာနရတိဘုံသို့ ရောက်ခဲ့ရပုံ၊ ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်းမရှိခဲ့ရဘဲ ဒုတိယမြောက်ကမ္ဘာ၌ မိဂသမ္မတစကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်ဝယ် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၃၄)
တိဏသူလကဆာဒနိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်နှစ်ကမ္ဘာအထက်၌ ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းဆင်းရဲတို့ကို ဆင်ခြင်မိ၍ တောထွက်ကာ ရသေ့ရဟန်းပြုခဲ့ပုံ၊ ဂင်္ဂါမြစ်ကမ်း၌ သင်္ခမ်းကျောင်းဆောက်၍ နေပုံ၊ တစ်နေ့သောအခါ ခြင်္သေ့ဟောက်သံကြား၍ ခြင်္သေ့ကိုရှာဖွေသော် တိဿဘုရားရှင်ကို ဖူးတွေ့ရပုံ၊ တိဿဘုရားရှင်၏ ဂုဏ်ကျေးဇူးတို့ကို ချီးကျူးပူဇော်၍ ကြက်ရုံးပန်းတို့ဖြင့် ဖုံးလွှမ်းပူဇော်ခဲ့ပုံ၊ တိဿဘုရားရှင်က ‘‘ဤရသေ့သည် နှစ်ဆယ့်ငါးကြိမ်တိုင်တိုင် နတ်မင်း၊ ခုနစ်ဆယ့်ငါးကြိမ်တိုင်တိုင် စကြဝတေးမင်း၊ ပဒေသရာဇ်မင်းအဖြစ်ကား မရေမတွက်နိုင်အောင် ဖြစ်လတ္တံ့’’ဟု ဗျာဒိတ်စကား မိန့်ကြားခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်းမရှိခဲ့ဘဲ ဤဘုရားရှင် လက်ထက်တော် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၄၃၅)
တိဏသူလကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်အလောင်းရှင်ရသေ့သည် လွန်ခဲ့သော သုံးဆယ့်တစ်ကမ္ဘာအထက်၌ ဟိမဝန္တာတောင်အနီး ဘူတဂဏမည်သော တောင်၌ သီတင်းသုံးနေတော်မူသည့် သိခီဘုရားရှင်အား စပယ်ပန်းကို လှူခဲ့သော ကောင်းမှုကံကြောင့် အပါယ်လေးပါးသို့ လားရောက်ခဲ့ရခြင်းမရှိဘဲ တစ်ဆယ့်တစ်ကမ္ဘာအထက်၌ ဓရဏီရုဟ အမည်ရှိသော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်ဝယ် ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၉၇)
တိဏုက္ကဓာရိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်၏ ဗောဓိပင်ခြေရင်း၌ မီးရှူးတိုင် သုံးတိုင် ထွန်းညှိလှူဒါန်းခဲ့သော ကုသိုလ်ကြောင့် ဒုဂ္ဂတိဘဝတို့၌ မကျင်လည်ခဲ့ရဘဲ ဤဘုရား သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၃၄)
တိတ္တိရဇာတက
ဤဇာတ်တော်၌ ရှေးအခါက ဟိမဝန္တာတော၌ ဆင်, မျောက်, ခါ သတ္တဝါ(၃)ဦးတို့သည် အသက်ကြီးသူကို အရိုအသေပြုကြပုံ၊ အသက်သိက္ခာကြီးသူတို့အား အလေးအမြတ်ပြုလျှင် ယခုဘဝလည်း ချီးမွမ်းခံရ၍ နောင်ဘဝတို့၌လည်း သုဂတိဘုံသို့ ရောက်နိုင်ကြောင်း ဘုရားရှင်က ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၁၀) (ဇာ၊ဋ္ဌ၊၁၊၂၃၃)
တိတ္တိရဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ရသေ့ဖြစ်စဉ် မုဆိုး၏ တည်ခါတစ်ကောင်သည် မိမိကိုယ်တိုင် စိတ်မပါဘဲ မိမိအမျိုးများ ပျက်စီးအောင် လုပ်ဆောင်နေရသဖြင့် အပြစ်ရှိ မရှိ ဘုရားအလောင်းအား မေးခဲ့ပုံ၊ သင်၏စိတ်သည် ထိုမကောင်းမှု၌ မညွတ်၍ စိတ်မပါလျှင် အပြစ်မရှိဟု ဘုရားအလောင်းက ဖြေကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၅၉) (သာရတ္ထ၊ဋီ၊၁၊၁၄၁)
တိတ္တိရဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် အဘိညာဉ်ရ ရသေ့ကြီးဖြစ်၍ ရသေ့တပည့်ငါးရာနှင့်အတူ ဈာန်ကစား၍ နေပုံ၊ စကားများ၍ ဆရာလုပ်လိုသော ရသေ့တစ်ပါးသည် အခြားရသေ့တစ်ပါး ထင်းခွဲနေစဉ် ဆရာသွားလုပ်ပုံ၊ ထိုရသေ့က ဆရာလုပ်သော ရသေ့ကို စိတ်ဆိုးကာ ပုဆိန်ဖြင့် ခုတ်သတ်သဖြင့် အသက်ဆုံးရှုံးခဲ့ရပုံ၊ ထိုကျောင်းအနီး တောင်ပို့၌နေသော ခါတစ်ကောင်သည်လည်း တွန်သံပေးသဖြင့် မုဆိုး၏အသတ်ခံရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၅၆)
တိတ္ထဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗြဟ္မဒတ်မင်း၏ အမတ်ကြီးဖြစ်စဉ် မင်္ဂလာမြင်းတော်ကို ရေချိုးရန် ရေချိုးဆိပ်သို့ ဆောင်ယူပြီး မြစ်တွင်းသို့ မောင်းချသော်လည်း ရေချိုးမဆင်းဘဲ နေသဖြင့် ဘုရားလောင်း စုံစမ်းပုံ၊ ထိုဆိပ်တွင် အခြားမြည်းတစ်ကောင် ရေချိုးသွားခဲ့သဖြင့် သိန္ဓောမြင်း ရွံရှာ၍ ရေချိုးမဆင်းကြောင်း မိမိပညာဖြင့် ဖေါ်ထုတ်နိုင်ပုံ၊ သိန္ဓောမြင်းကို အခြားဆိပ်သို့ ပြောင်း၍ ရေချိုးပေးမှ ရေချိုးရန် ဆင်းပုံ၊ ပညာရှိသည် တိရစ္ဆာန်များ၏ ဆန္ဒကိုပင် သိနိုင်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၉၈)
တိတ္ထိယဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်က ဆွမ်းစားပြီးလျှင် ဆွမ်းအနုမောဒနာတရားဟောပြရန် ခွင့်ပြုသဖြင့် ရဟန်းတို့ တရားဟောကြပုံ၊ တိတ္ထိတို့က ရဟန်းကောင်းဟူသည် စကားမပြော တုဏှိဘော ဆိတ်ဆိတ်နေရသည်ဟု ရှုတ်ချသောကြောင့် ဘုရားရှင်က စကားမပြော တုဏှိဘောနေရုံဖြင့် မုနိမဖြစ်သေး၊ ပြောဟောသင့်သော တရားစကားများကို ပြောပြရသေး၏၊ မိမိသန္တာန်၌ အကုသိုလ်ကင်းငြိမ်းမှသာ မုနိမည်၏ဟု မိန့်တော်မူပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၄၉)
တိတ္ထိယသာဝကဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိပြည် ဇေတဝန်ကျောင်းအနီးတွင် တိတ္ထိတို့၏ သားသမီးငယ်များနှင့် ဗုဒ္ဓဘာသာဝင် ဥပါသကာတို့၏ သားသမီးငယ်များ အတူတကွ ကစားလေ့ရှိကြပုံ၊ တိတ္ထိများက မိမိတို့၏ သားငယ်သမီးငယ်တို့ ရဟန်းများအား ရှိမခိုးရန်၊ ဇေတဝန်ကျောင်းအတွင်း ရေဝင်မသောက်ရန် ပြောဆိုတားမြစ်ထားကြပုံ၊ တစ်နေ့သောအခါ ကလေးသူငယ်များ အတူတကွ ကစားနေကြစဉ် ရေဆာကြသဖြင့် ဗုဒ္ဓဘာသာဝင်ကလေးများက ဇေတဝန်ကျောင်းအတွင်းသို့ ဝင်၍ ဘုရားရှင်အား ရှိခိုးပြီး ရေသောက်ကြပုံ၊ ထို့နောက် သူငယ်ချင်းဖြစ်သူ တိတ္ထိတို့၏ သားသမီးငယ်များက ရေယူခဲ့ရန် မှာကြားလိုက်သဖြင့် ‘‘သောက်ရေ ခပ်ယူသွားလိုကြောင်း’’ ဘုရားရှင်အား ခွင့်ပန်လျှောက်ထားကြပုံ၊ ဘုရားရှင်က တိတ္ထိတို့၏ သားသမီးငယ်များကို ကိုယ်တိုင်လာသောက်ခိုင်းရန် မိန့်ကြားပုံ၊ တိတ္ထိတို့၏ ကလေးငယ်များ ရေသောက်ပြီးသောအခါ ဘုရားရှင်က တရားစကား ပြောကြားတော်မူသဖြင့် တိတ္ထိငယ်လေးများ သရဏဂုံတည်သွားကြပုံ၊ နောင်သောအခါ ဘုရားရှင်၏ တရားတော်ကို ထပ်ခါထပ်ခါ နာကြားရသဖြင့် သောတာပန်တည်သွားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၀၆)
တိန္ဒုကဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းသည် မျောက်မျိုး၌ ဖြစ်စဉ် မျောက်အပေါင်းရှစ်သောင်း ခြံရံလျက် ဟိမဝန္တာအရပ်၌ နေပုံ၊ ဟိမဝန္တာအနီးရှိ ရွာငယ်လေး၏ အလယ်၌ ချိုမြိန်ကောင်းမြတ်သော အသီးတို့ဖြင့် ဝေဆာနေသော တည်ပင်တစ်ပင် ရှိပုံ၊ မျောက်အပေါင်းက တည်သီးစားရန်အတွက် ဘုရားလောင်းမျောက်မင်းထံ ပြောကြားသောအခါ လူများနေထိုင်ရာအရပ် ဖြစ်နေသဖြင့် မသွားသင့်ကြောင်း၊ လူတို့သည် အလွန်မာယာများကြောင်း ပြောကြားပုံ၊ ညအခါ လူခြေတိတ်လျက် လူတွေအိပ်သောအခါ သွားစားမည်ဟု မျောက်များက ပြောပုံ၊ ညအချိန် သွားရောက်စားသောက်ကြသောအခါ ယောကျ်ားတစ်ယောက်က တွေ့မြင်သွားပြီး ရွာသားများနှင့်အတူ မျောက်များကို ဖမ်းဆီးသတ်ဖြတ်ရန် ကြံစည်ပုံ၊ ဟိမဝန္တာတော၌ ကျန်ရစ်ခဲ့သော တူဖြစ်သူ သေနကမျောက်က ကယ်တင်သဖြင့် မျောက်အားလုံး အသက်ချမ်းသာရာ ရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၆၉)
တိန္ဒုကဖလဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ တောင်ကြား၌ ထိုင်နေတော်မူသော ဝိပဿီဘုရားရှင်ကို ဖူးမြင်ရ၍ ဝမ်းမြောက်ဝမ်းသာဖြစ်ကာ တည်သီးကို အခိုင်လိုက်ချိုး၍ လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခဲ့ခြင်းမရှိဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၂၃)
တိပဒုမိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကမ္ဘာတစ်သိန်းအထက်၌ ဟံသာဝတီမြို့တော်၌ အာနန္ဒာမင်းကြီး၏ ပန်းတော်ဆက်ဖြစ်ခဲ့ရပုံ၊ အာနန္ဒာမင်းကြီးအား ဆက်သရန် ပဒုမ္မာကြာပန်းသုံးပွင့်ကို ယူဆောင်လာစဉ် လမ်းခရီး၌ ပဒုမုတ္တရဘုရားရှင်ကို ဖူးတွေ့ရ၍ ‘‘ငါသည် ဤပန်းကို အာနန္ဒာမင်းကြီးအား ဆက်သလျှင် ရွာကိုသော်လည်းကောင်း၊ ဆုတော်ငွေတစ်ထောင်ကိုသော်လည်းကောင်း ရနိုင်၏၊ ထိုဆုတော်ငွေဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ဘုရားရှင်အား လှူဒါန်းပူဇော်ပါက အမြိုက်နိဗ္ဗာန်တည်းဟူသော ဥစ္စာကို ရလတ္တံ့’’ဟု ကြံစည်ပြီးလျှင် ဘုရားရှင်အား လှူဒါန်းခဲ့ပုံ၊ ထိုအခါ ဘုရားရှင်က ‘‘ဤပန်းတော်ဆက်သည် ဤကောင်းမှုကံကြောင့် ကမ္ဘာသုံးသောင်းတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရလတ္တံ့၊ အာယုကပ်သုံးဆယ်တို့ကာလပတ်လုံး သိကြားမင်းဖြစ်လတ္တံ့၊ နတ်၌ဖြစ်သော ပန်းမိုး အခါခပ်သိမ်းရွာသွန်းလတ္တံ့၊ ပဒုမ္မာကြာပန်းတို့ ဘုံဗိမာန်ကို ဝန်းရံကုန်၍ နတ်ပန်းရနံ့တို့ လှိုင်လတ္တံ့၊ ခုနစ်ဆယ့်ငါးကြိမ် စကြဝတေးမင်းဖြစ်လတ္တံ့’’ဟု ဗျာဒိတ်စကား မိန့်ကြားပုံ၊ ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်းမရှိဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၃၇)
တိပလ္လတ္ထမိဂဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် သမင်မျိုး၌ ဖြစ်ပြီး၍ သမင်အပေါင်း ခြံရံလျက် တော၌နေစဉ် နှမဖြစ်သူ သမင်မသည် သူ၏သားငယ်ကို ခေါ်ဆောင်၍ အစ်ကိုတော်သူ သမင်ကြီးထံ မိဂမာယာအတတ်ကို သင်ကြားပေးရန် အပ်နှံပုံ၊ ဦးရီးတော် သမင်ကြီးက ‘‘ဤမည်သော အချိန်၌ လာရောက်သင်ယူပါ’’ ဟု မှာကြားသောအခါ တူတော်မောင်သမင်လေးသည် အချိန်အပိုင်းအခြားကို မကျော်လွန်ဘဲ သေချာကျနစွာ သင်ယူပုံ၊ တစ်နေ့သောအခါ မိခင်သမင်မက မိမိသားငယ် ကျော့ကွင်းမိနေကြောင်း အစ်ကိုဖြစ်သူ သမင်ကြီးထံ သွားရောက်ပြောကြားသောအခါ သမင်ကြီးက ‘‘သင်၏ သားငယ်ကို မိဂမာယာ အတတ်ပညာ ကောင်းစွာ သင်ပေးထားပြီးဖြစ်ကြောင်း၊ မကြာမီပင် မြူးတူးခုန်ပေါက်လျက် ပြန်ရောက်လာမည်ဖြစ်ကြောင်း ပြောကြားပုံ၊ ပြောသည့်အတိုင်း မကြာမီ အချိန်၌ပင် ကျော့ကွင်းမှ လွတ်ကာ မြူးတူးခုန်ပေါက် ပြေးလွှားကာ ပြန်ရောက်လာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၇၇) (အံ၊ဋီ၊၁၊၁၆၉)
တိပိဋကစူဠာဘယတ္ထေရဝတ္ထု
ဤဝတ္ထု၌ သီဟိုဠ်ကျွန်း မဟာဝိဟာရကျောင်းတိုက်၌ သီတင်းသုံးနေထိုင်သော သောတာပန် တိပိဋကစူဠာဘယမထေရ်သည် အဋ္ဌကထာကျမ်းများကို မသင်ယူဘဲ ပိဋကတ်သုံးပုံကို သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း စည်တီး၍ ကြေညာစေပုံ၊ ထိုအခါ အဘယမထေရ်၏ ဥပဇ္စßာယ်ဆရာများက ပါဠိတော်၏ ပုဒ်ပါဌ်အနက်အဓိပ္ပါယ် အဆုံးအဖြတ်များကို အဘယမထေရ်အား မေးမြန်းသည့်အခါ မှန်ကန်စွာ မဖြေနိုင်သဖြင့် ရောဟဏဇနပုဒ်ရှိ မဟာဓမ္မရက္ခိတမထေရ်ထံ အဋ္ဌကထာ သင်ယူရန် အဘယမထေရ်အား စေလွှတ်ခဲ့ပုံ၊ မဟာဓမ္မရက္ခိတမထေရ်က အဘယမထေရ်အား ပါဠိတော်များကို ညအခါ၌ ရွတ်ဆို၍ နေ့အခါ၌ အဋ္ဌကထာအဖွင့်ကို ပို့ချခဲ့ပုံ၊ မဟာဓမ္မရက္ခိတမထေရ်က အဘယမထေရ်အား အဋ္ဌကထာများကို သင်ကြားပေးပြီးသောအခါ အဘယမထေရ်ထံ၌ပင် ကမ္မဋ္ဌာန်းတောင်း၍ တရားအားထုတ်သဖြင့် ရဟန္တာဖြစ်ခဲ့ပုံ၊ ဤကဲ့သို့သော မထေရ်မြတ်များအတွက် စာပေကျမ်းဂန်သည် ပလိဗောဓ မဖြစ်ကြောင်း ရှင်းလင်းပြဆိုထားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၉၂)
တိပိဋကစူဠာဘယတ္ထေရဝတ္ထု
ဤဝတ္ထု၌ တိပိဋကစူဠာဘယမထေရ်သည် ကြေးပြာသာဒ်၏ အောက်ထပ်၌ ရဟန်းတို့အား ဝိနည်းကို ပို့ချပြီးနောက် ညနေချမ်းအချိန်၌ ထွက်ခွာခဲ့ရာ ဆန့်ကျင်ဘက် ရဟန်းနှစ်ပါးတို့ ငြင်းခုံနေသည်ကို တွေ့တော်မူပုံ၊ အပြစ်ရှိသူ ရဟန်းသည် အပြစ်ကို ဝန်မခံဘဲ ငြင်းဆန်နေပုံ၊ ဝိနည်းဓိုရ်မထေရ်က ယပ်ရိုးဖြင့် ခေါက်၍ သတိပေးပြီး ထိုအမှုကိစ္စကို မဆုံးဖြတ်ဘဲ အခြားဝိနည်းဓိုရ်ပုဂ္ဂိုလ်အား ဆုံးဖြတ်ရန် ပြောကြားပုံ၊ ထိုအခါ အပြစ်ရှိသူ ရဟန်း၏ ခန္ဓာကိုယ်မှာ ပူလောင်လာသောကြောင့် ထိုရဟန်းက ‘‘အရှင်ဘုရားသည် ဝိနည်းဓိုရ်ပုဂ္ဂိုလ် အမှန်ဖြစ်ပါ၏၊ အရှင်ဘုရားကို ညှင်းဆဲမိသည့် အတွက် ခွင့်လွှတ်ရန် တောင်းပန်ပါ၏’’ဟု လျှောက်ထား၍ အဝတ်ဖြူကို ဝတ်ကာ ထွက်ခွာသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၂၊၁၇၆)
တိပိဋကစူဠာဘယတ္ထေရဝတ္ထု
ဤဝတ္ထု၌ တိပိဋကစူဠာဘယထေရ်သည် အနုရာဓမြို့၏ တံခါးမုခ်ဦး လေးပေါက်တို့တွင် သုံးပေါက်ကို ပိတ်ထားစေလျက် နံနက်အခါ မြို့တွင်းမှ ထွက်သွားကုန်သော လူတို့၏ အမည်ကို မေးမြန်းမှတ်သားထားပုံ၊ ညနေအချိန်တွင် မြို့တွင်း ပြန်ဝင်လာသောအခါ ထိုလူအပေါင်း၏ အမည်ကို မမေးဘဲ မှန်ကန်စွာ ပြောဆိုနိုင်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၁၂၀)
တိပိဋကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ သီဟိုဠ်ကျွန်းတွင် စဏ္ဍာလတိဿခိုးသူဘေးကြီး ကျရောက်သောအခါ ရဟန်းတော်(၆၀)တို့သည် ဤသီဟိုဠ်ကျွန်း ဒက္ခိဏမလယဇနပုဒ်မှာပင် နေ၍ ပိဋကသုံးပုံကို စောင့်ရှောက်ကြမည်ဟု ကတိကဝတ်ပြုကြပုံ၊ ထိုရဟန်းတို့သည် သစ်ဥ၊ သစ်မြစ်၊ သစ်ရွက်တို့ကိုသာ သုံးဆောင်ကြ၍ သဲများကို စုပုံခေါင်းအုံးပြီးလျှင် အဋ္ဌကထာနှင့်တကွ ပိဋကသုံးပုံကို (၁၂)နှစ်တိုင်တိုင် မပျောက်ပျက်အောင် ဆောင်ထားကြပုံ၊ တစ်ဖန် ကလ္လဂါမဇနပုဒ် မဏ္ဍလာရာမကျောင်းမှ ပိဋကသုံးပုံဆောင် ရဟန်း(၇၀၀)ထံသို့ ထိုပိဋကသုံးပုံဆောင် ရဟန်း(၆၀)တို့လာရောက် ညှိနှိင်းကြရာ အက္ခရာ ပုဒ်ဗျည်းတစ်စုံတရာ ကွဲလွဲမှုမရှိ မှန်ကန်နေပုံ၊ ထိုအရပ်မှာပင် ပရိယတ္တိနှင့် ပဋိပတ္တိသည် မည်သည်က သာသနာတော်၏ အရင်းမူလဖြစ်ကြောင်း စိစစ်တော်မူကြရာ ပရိယတ္တိကသာ အရင်းမူလဖြစ်ကြောင်း မိန့်တော်မူကြပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သာရတ္ထ၊ဋီ၊၃၊၉၁)
တိပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ သားမုဆိုးဖြစ်ခဲ့ပုံ၊ သခွတ် ဗောဓိပင်ကို ဖူးမြင်ရ၍ ပန်းသုံးပွင့်ကို ကြဲမြှောက်ပူဇော်ခဲ့သော ကောင်းမှုကံကြောင့်လည်းကောင်း၊ ကြွေကျသော ဗောဓိရွက်တို့ကို အပြင်အပ၌ စွန့်ပစ်ခဲ့သော ကောင်းမှုကံကြောင့်လည်းကောင်း၊ ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်းမရှိဘဲ သုံးဆယ့်သုံးကမ္ဘာအထက်၌ သမန္တပါသာဒိက စကြဝတေးမင်း တစ်ဆယ့်သုံးကြိမ်ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်ဝယ် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၅၀) (အပ၊ဋ္ဌ၊၂၊၁၁၇)
တိမိရပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ စန္ဒဘာဂါမြစ်ကမ်း အောက်အခြေ၌ သိဒ္ဓတ္ထဘုရားရှင်ကို ဖူးတွေ့ရလေလျှင် ကျည်းပန်းကို ယူ၍ ဘုရားရှင်အား ကြဲဖြန့် ပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်းမရှိဘဲ ငါးဆယ့်ခြောက်ကမ္ဘာအထက်၌ စကြဝတေးမင်းခုနစ်ကြိမ် ဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၄၀) (အပ၊ဋ္ဌ၊၂၊၁၀၅)
တိရံသိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်အလောင်းရသေ့သည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ တောင်ကြား၌ သီတင်းသုံးနေတော်မူသော သိဒ္ဓတ္ထဘုရားရှင်ကို ဖူးတွေ့ခဲ့ရပုံ၊ ရှင်ရသေ့သည် သစ်နက်ရေကို ပခုံး တစ်ဖက်၌တင်၍ ‘‘လောက၌ အမိုက်မှောင်ကို ပယ်ဖျောက်၍ အလင်းရောင်ကို ပြုတတ်ကုန်သော အရာတို့သည် လမင်း၊ နေမင်းနှင့် လူတို့၏ ရှေ့သွားဖြစ်တော်မူသော မြတ်စွာဘုရား ဤသုံးမျိုးတို့သာတည်း’’ဟု ဥပမာပြ၍ ဘုရားရှင်ကို ချီးကျူးခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ ခြောက်ဆယ့်တစ်ကမ္ဘာအထက်၌ ဉာဏဓရစကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်၍ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၉၂)
တိရီဋဝစ္ဆဇာတက
ဤဇာတ်တော်၌ တိရိဋဝစ္ဆသတို့သားသည် မိခင်ဖခင်များ ကွယ်လွန်သောအခါ တောထွက်၍ ရသေ့ရဟန်းပြုပုံ၊ ဗာရာဏသီမင်းသည် စစ်ရှုံးသဖြင့် ထွက်ပြေးလာရာ ရေငတ်သဖြင့် ရသေ့၏ ကျောင်းသင်္ခမ်းအနီးရှိ ရေတွင်းသို့ ဆင်းပုံ၊ ရေတွင်းမှ ပြန်မတက်နိုင်ဘဲ ရှိစဉ် တိရိဋဝစ္ဆရသေ့ ရောက်လာပြီး ကယ်တင်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၈၄)
တိရောကုဋ္ဋပေတဝတ္ထု
ဤဝတ္ထု၌ လွန်ခဲ့သော ၉၂-ကမ္ဘာအထက်၌ ဖုဿဘုရားရှင် ပွင့်တော်မူရာ ညီနောင်သုံးဦးတို့သည် ပစ္စန္တရစ်ကို ငြိမ်းအေးအောင် ပြုလုပ်ခဲ့သည့်အတွက် ဆုလာဘ်အဖြစ် ဘုရားရှင်အား ဝါတွင်းသုံးလ လုပ်ကျွေးခွင့်ရပုံ၊ မိမိတို့၏ ဇနပုဒ်ခေါင်းဆောင်ကို အလှူအတန်းအတွက် တာဝန်ပေးပုံ၊ အချို့သူတို့က သံဃာ့ပစ္စည်းများကို ယူငင်သုံးဆောင်ပြီး တချို့လူမိုက်တို့မှာ ဆွမ်းစားကျောင်းပစ္စည်းသိုလှောင်ရာ ဂိုဒေါင်များကို မီးရှို့ဖျက်ဆီးကြသဖြင့် ထိုလူတို့သေလွန်ကြသော် ငရဲ၌ ခံရပုံ၊ ထိုမှ လွတ်သော် ဤဘုရားရှင်လက်ထက်တော်အထိ ပြိတ္တာဖြစ်နေကြပြီး ၎င်းတို့၏ဆွေမျိုး ဗိမ္ဗိသာရမင်းကြီး အလှူအတန်းပြု အမျှအတန်းဝေမှ ကျွတ်လွတ်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၂၉) (ပေတ၊ဋ္ဌ၊၁၈)
တိလဒက္ခိဏဝတ္ထု
ဤဝတ္ထု၌ အမျိုးသမီးတစ်ယောက် သေလျှင် ငရဲသို့ ကျတော့မည်ကို ဘုရားရှင် ဉာဏ်တော်ဖြင့် မြင်တော်မူ၍ ထိုအမျိုးသမီးအထံ ကြွရောက်ကာ ဆွမ်းရပ်တော်မူပုံ၊ ထိုအမျိုးသမီးသည် နှမ်းတစ်လက်ခုပ် လှူဒါန်းလိုက်သောကြောင့် တာဝတိံသာနတ်ပြည်၌ နတ်သမီးဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၄၇)
တိလမုဋ္ဌိဇာတက
ဤဇာတ်တော်၌ ဗြဟ္မဒတ်မင်းသည် သားတော်လေးကို ဒိသာပါမောက္ခဆရာကြီးထံ အတတ်ပညာသင်ယူရန်စေလွှတ်ပုံ၊ မင်းသားငယ်သည် ရေချိုးသွားစဉ် အဖွားအို လှန်းထားသော နှမ်းများကို တစ်နေ့ လက်တစ်ဆုပ် ယူစားပုံ၊ အဖွားအိုက ဒိသာပါမောက္ခ ဆရာကြီးအား တိုင်ကြားသောကြောင့် ဝါးခြမ်းစိတ်ဖြင့် သုံးချက်ရိုက်၍ ဆုံးမပုံ၊ ရှင်ဘုရင် ဖြစ်သောအခါ ထိုအငြိုးကြောင့် ဆရာအား သတ်ရန် ကြိုးစားသဖြင့် ဆရာက ပြုပြင် ဆုံးမခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၅၃)
တိလမုဋ္ဌိဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ လွန်ခဲ့ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ပွင့်တော်မူခဲ့သော ဝိပဿီဘုရားရှင်သည် မထေရ်အလောင်းကို ချီးမြှောက်တော်မူလို၍ မထေရ်အလောင်းထံ ကြွလာတော်မူခဲ့ပုံ၊ မထေရ်အလောင်းသည် အားရဝမ်းသာစွာဖြင့် ဘုရားရှင်အား နှမ်းဆုပ်ကို ပေးလှူခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးလားရခြင်း မရှိခဲ့ဘဲ တစ်ဆယ့်ခြောက်ကမ္ဘာအထက်၌ တန္တိသစကြဝတေးမင်း ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၆၅)
တိဝဏ္ဋိပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကမ္ဘာတစ်ထောင့်ရှစ်ရာအထက်၌ အနာနှိပ်စက်ခြင်းခံရ၍ အနီးနေတပည့်တို့သည် မထေရ်အလောင်းထံ လာရောက်ကြည့်ရှုကုန်စဉ် ပူလောင်ခြင်းပြင်းစွာ နှိပ်စက်ခံခဲ့ရပုံ၊ ထိုအချိန်၌ ဓမ္မဒဿီဘုရားရှင်၏ တပည့်သာဝက သုနန္ဒရဟန်းသည် မထေရ်လောင်းထံ ကြွလာတော်မူ၍ ချီးမြှောက်တော်မူပုံ၊ ထိုသုနန္ဒရဟန်းတော်အား ပန်းများကို လှူဒါန်းပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စုတေသော် နတ်ပြည်သို့ ရောက်ခဲ့ပုံ၊ ထိုဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ခြင်း မရှိဘဲ ကမ္ဘာတစ်ထောင့်သုံးရာအထက်၌ ဓူမကေတုစကြဝတေးမင်း ရှစ်ကြိမ်တိုင်တိုင် ဖြစ်ခဲ့၍၊ ဤဘုရားရှင်သာသနာတော်ဝယ် ရဟန္တာဖြစ်၍ ကျွတ်တမ်းဝင်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၁၉)
တိံသဘိက္ခုဝတ္ထု
ဤဝတ္ထု၌ အရပ်ဒေသအသီးသီးမှ ကြွရောက်တော်မူလာကြသော ရဟန်းတော် အပါးသုံးဆယ်တို့သည် ဘုရားရှင်ထံ ရောက်သောအခါ တရားတော်ကို နာကြားရပြီး ရဟန္တာအဖြစ် ရောက်ရှိသွားကြပုံ၊ အရှင်အာနန္ဒာမထေရ်က ရဟန်းတော်များ ဘုရားရှင်ထံ ဝင်ရောက်သွားသည်ကိုသာ မြင်ရပြီး ပြန်ကြွသွားသည်ကို မမြင်လိုက်ရသဖြင့် ရဟန်းတော်အပါးသုံးဆယ်တို့ ဘယ်ပုံ ဘယ်နည်း ဘယ်ခရီးဖြင့် ပြန်ကြွသွားကြပါသနည်းဟု မေးမြန်းလျှောက်ထားပုံ၊ ဘုရားရှင်က ဣဒ္ဓိပါဒ်လေးပါး ပွားများပြီးသော ရဟန္တာပုဂ္ဂိုလ်များသည် ကောင်းကင်ခရီးဖြင့်လည်း သွားလာနိုင်ကြောင်း မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၁၅)
တိံသဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတော်အပါး သုံးဆယ်တို့ ကမ္မဋ္ဌာန်းတရားကို ကြိုးစားပမ်းစား အားထုတ်ကြပုံ၊ ရဟန်းတို့ကို ကျားလာဆွဲပုံ၊ ထိုရဟန်းတို့အထဲမှ ရဟန်းငယ်တစ်ပါး ကျားဆွဲခံရစဉ် ဝေဒနာနုပဿနာရှုမှတ်၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာတို့ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၃၃၉) (မ၊ဋ္ဌ၊၁၊၂၃၈)
တိံသဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ကလျာဏီမဟာစေတီကို ဖူးမြော်ပြီး တောလမ်းဖြင့် ပြန်ကြသော ရဟန်း(၃၀)တို့သည် မီးလောင်ပြင် လယ်ကွင်း၌ မီးသွေးများ ပေကျံကာ ထင်းခွေနေသော ယောကျ်ားတစ်ယောက်ကို တွေ့ရ၍ ရဟန်းငယ်များက ထိုသူကို ပြောင်လှောင်ကြပုံ၊ ထိုလူသည် ထင်းစည်းကို ချ၍ ရဟန်းငယ် တို့ကို ရှိခိုးပုံ၊ ထိုသူက မိမိသည် ဈာန်တန်ခိုးကြီးမားသော ရဟန်းတစ်ပါး ဖြစ်ခဲ့စဉ် မေ့လျော့ခဲ့သောကြောင့် ဈာန်များလျှောကျခဲ့ရပုံ၊ ရဟန်းတော်တို့အား ထင်းခွေသမား ယောကျ်ားက မမေ့မလျော့ကြရန် ဆုံးမသဖြင့် ထိုရဟန်းတော်တို့သည် သံဝေဂရ၍ ဝိပဿနာပွားသဖြင့် ထိုနေရာမှာပင် ရဟန္တာ ဖြစ်ကြပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၃၊၁၇၂) (အဘိ၊ဋ္ဌ၊၂၊၂၈၂)
တိံသမတ္တပါဝေယျကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ကပ္ပါသိကတောအုပ်၌ ဘဒ္ဒဝဂ္ဂီ ညီနောင်သုံးကျိပ်တို့သည် ဘုရားရှင်နှင့်တွေ့ခဲ့ပြီး ရဟန်းဝတ်ကာ မကြာမြင့်မီမှာပင် ရဟန္တာဖြစ်ခဲ့ကြပုံ၊ တရားထူးရမြန်ပုံကို ချီးမွမ်းကြ သောကြောင့် မဟာတုဏ္ဍိလဝက်မင်းဘဝက အရက်သမားတို့အား တရားဟောခဲ့ရာ တစ်ထိုင်တည်း၌ပင် ငါးပါးသီလမြဲသွားခဲ့ဖူးကြောင်း ဘုရားရှင် မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၀၁)
တိံသမတ္တာထေရီဝတ္ထု
ဤဝတ္ထု၌ သုံးဆယ်သော ထေရီလောင်းလျာတို့သည် ရှေးရှေး ဘုရားရှင်တို့အထံ၌ ကောင်းမှုကုသိုလ်များကို ဆည်းပူးပြုလုပ် အားထုတ်ခဲ့ကြပုံ၊ ယင်းကုသိုလ်ကံကြောင့် လူ့ချမ်းသာ၊ နတ်ချမ်းသာတို့ဖြင့် ကျင်လည်ခဲ့ပြီးနောက် ဤဘုရားရှင်လက်ထတ်တော်၌ ပဋာစာရာထေရီထံ၌ ဘိက္ခုနီဝတ်ကာ ကျင့်ဝတ်ပဋိပတ်များကို ဖြည့်ကျင့်ကြပုံ၊ တစ်နေ့သောအခါတွင် ပဋာစာရာထေရီ၏ ဩဝါဒ၌ တည်လျက် ဝိပဿနာပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊၃၉၂) (ထေရီ၊ဋ္ဌ၊၁၂၁)
တိသရဏဂမနီယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်အလောင်းသည် လွန်ခဲ့သော တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းအထက်၌ မျက်မမြင် အမိနှင့်အဖကို လုပ်ကျွေးနေသော သားကောင်းတစ်ယောက် ဖြစ်ခဲ့ပုံ၊ မိဘကို လုပ်ကျွေးနေရသဖြင့် ရဟန်းပြုခွင့် မရ၍ အနောမဒဿီဘုရားရှင်၏ လက်ယာတော်ရံအဂ္ဂသာဝက နိသဘမထေရ်အထံ၌ သရဏဂုံကို ဆောက်တည်ခံယူခဲ့ပုံ၊ ထိုဘဝမှ စုတေသော် တာဝတိံသာနတ်ပြည်သို့ ရောက်ခဲ့၍ သိကြားမင်းအဖြစ် အကြိမ်ရှစ်ဆယ်၊ စကြဝတေးမင်းအဖြစ် ခုနစ်ဆယ့်ငါးကြိမ်၊ ပဒေသရာဇ်မင်းအဖြစ် မရေမတွက်နိုင်အောင် ဖြစ်ခဲ့ပုံ၊ ထိုဘဝမှ စ၍ အပါယ်လေးပါးလားရောက်ခြင်း မရှိခဲ့ဘဲ ဤဘုရားရှင်သာသနာတော်၌ ခုနစ်နှစ်သားအရွယ်ဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၈၂) (အပ၊ဋ္ဌ၊၂၊၃၉)
တိဿတ္ထေရဝတ္ထု
ဤဝတ္ထု၌ တိဿသာမဏေ၏ ဥပဇ္ဈာယ်ဆရာသည် တိဿကျောင်းတိုက်ကြီး၌ သီတင်းသုံးနေတော်မူစဉ် စိတ္တလတောင်သို့ တိဿသာမဏေနှင့် အတူကြွကာ ထိုစိတ္တလဘောင်၌ လိုဏ်ကျောင်း ပြုလုပ်စေပုံ၊ တိဿသာမဏေသည် သံယုတ္တနိကာယ် ကျက်မှတ်မှု, တောင်လိုဏ်ခေါင်းသုတ်သင်မှု, တေဇောကသိုဏ်း အားထုတ်မှုတို့ကို ပြုလုပ်ခဲ့ပုံ၊ ထို့နောက်် တိဿသာမဏေသည် ဥတုသပ္ပာယမျှတမှုကို ရ၍ ထိုလိုဏ်ဂူ၌ပင် ရဟန္တာဖြစ်ခဲ့ပုံ၊ ပရိနိဗ္ဗာန်ပြုသောအခါ သူ၏ ဓာတ်တော်များကို စေတီအဖြစ် တည်ထားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၃၉၅)
တိဿတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဤနေ့မှ (၄)ရက်လွန်လျှင် ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော့မည်ဟု သိရသဖြင့် အခြားရဟန်းတို့ ငိုယိုပူဆွေး နေကြသော်လည်း တိဿရဟန်းမှာမူ ဘုရားရှင်အား ပူဇော်ရန် အပြင်းအထန် ကမ္မဋ္ဌာန်းတရား အားထုတ်နေသောကြောင့် ဘုရားရှင်က သာဓုခေါ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၇၃)
တိဿတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် တိဿဘုရားရှင်၏ ဗောဓိပင်အောက်၌ အရွက်ဟောင်းတို့ကို သယ်ထုတ်၍ သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ခဲ့သော ကုသိုလ်ကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ကပိလဝတ္ထုမြို့၌ ဘုရားဘထွေးတော်၏သား တိဿ ဖြစ်လာ၍၊ ရဟန်းပြုပြီးနောက် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၃၁)
တိဿတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီမြတ်စွာဘုရားအား စန္ဒကူးသားဖြင့် အင်းပျဉ်ပြုလုပ်၍ လှူဒါန်းခဲ့သော ကုသိုလ်ကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင် သာသနာတော်၌ ရောရုဝမြို့တွင် မင်းမျိုး၌ဖြစ်၍ သာသနာတော်သို့ ဝင်ရောက်ကာ ကမ္မဋ္ဌာန်းအားထုတ်သဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၅၂)
တိဿတ္ထေရဝတ္ထု
ဤဝတ္ထု၌ တိဿမထေရ်အလောင်းသည် နိရောဓသမာပတ်ဝင်စားတော်မူသော ပိယဒဿီဘုရားရှင်အား အင်ကြင်းပန်းခိုင်တို့ဖြင့် ခုနစ်ရက်ပူဇော်ခဲ့သော ကုသိုလ်ကြောင့် သုဂတိဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ တိဿအမည်ဖြင့် ပုဏ္ဏားဆရာကြီးဖြစ်၍ အခြံအရံလာဘ်ပေါများပုံ၊ မြတ်စွာဘုရားကို ဖူးမြော်ရသဖြင့် ကြည်ညိုကာ ရဟန်းပြု၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၄၆)
တိဿတ္ထေရဝတ္ထု
ဤဝတ္ထု၌ သီဟိုဠ်ကျွန််းတွင် ဗြဟ္မဏတိဿခိုးသူဘေးကြီး ဆိုက်ရောက်နေစဉ် မဟာတိပိဋကမထေရ်က မဟာရက္ခိတမထေရ်အား စတုနိကာယိကတိဿမထေရ်ထံ၌ မဟာနိဒ္ဒေသကျမ်းကို သင်ယူရန် ပြောဆိုတိုက်တွန်းပုံ၊ မဟာရက္ခိတမထေရ်က ‘‘တိဿမထေရ်သည် သီလမစင်ကြယ်သဖြင့် မသင်ယူလိုကြောင်း’’ ပြန်လည် လျှောက်ထားပုံ၊ မဟာတိပိဋကမထေရ်က ‘‘ငါသည် သင်၏ အနီး၌ ထိုင်နေပြီး စောင့်ရှောက်ပေးပါမည်၊ သင်ယူပါ’’ဟု ဆိုသဖြင့် တိဿမထေရ်ထံ၌ မဟာနိဒ္ဒေသကို သင်ယူပုံ၊ သင်ယူမှုပြီးဆုံးသောနေ့၌ တိဿမထေရ်၏ ညောင်းစောင်းအောက်၌ မိန်းမတစ်ယောက်ကို တွေ့မြင်ရပုံ၊ ထိုသို့ပင် ဖြစ်သော်လည်း တရားတော်ကို ချီးမြှောက်သည့်အနေဖြင့် သင်ယူသင့်ကြောင်း ဖွင့်ဆိုထားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၂၊၂၇၄)
တိဿတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် အသောကမင်းကြီး၏ညီ အိမ်ရှေ့မင်း ဖြစ်ခဲ့ပုံ၊ သူသည် တစ်နေ့တွင် တော၌ သားသမင်များ ပျော်မြူးနေသည်ကို တွေ့ရ၍ စားကောင်းသောက်ဖွယ်များကို သုံးဆောင်နေရသော ရဟန်းတော်များသည်လည်း အလားတူ ဖြစ်မည်ဟု မိမိ၏ အကြံကို မင်းကြီးအား လျှောက်ထားပုံ၊ မင်းကြီးက ၎င်းအား ထီးနန်း(၇)ရက်အပ်၍ ထိုရက်ကျော်လျှင် သတ်မည်ဟု ဆုံးမသည်ကို အကြောင်းပြု၍ သာသနာတော်ကို ကြည်ညိုလာပုံ၊ ယောနက မဟာဓမ္မရက္ခိတ မထေရ်ထံတွင် ရဟန်းပြုခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၁၊၄၁)
တိဿတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဒေဝီလရသေ့နှင့် နာရဒရသေ့တို့ ဇရပ်တစ်ခုတွင် တည်းခိုရာ ညအခါ တံခါးပေါက်အလယ်၌ အိပ်နေသော ဒေဝီလရသေ့၏ ဆံကျစ်ကို နာရဒရသေ့က မတော်တဆ နင်းမိပုံ၊ နာရဒရသေ့က တောင်းပန်သော်လည်း ဒေဝီလရသေ့ မကျေအေးနိုင်ဘဲ ကျိန်ဆိုပုံ၊ မင်းနှင့်တကွ တိုင်းသူပြည်သားတို့က ဒေဝီလရသေ့ကို ဝိုင်းဝန်းတောင်းပန်ခိုင်းသော်လည်း မရခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၅)
တိဿတ္ထေရဝတ္ထု
ဤဝတ္ထု၌ တိဿရဟန်းသည် သင်္ကန်းသစ်ကို ရရှိသဖြင့် လွန်စွာ နှစ်သက်အားရ ကျေနပ်လျက် ထိုသင်္ကန်းအသစ်ကို သင်္ကန်းတန်းပေါ်၌ တင်ထားစဉ် အစာမကြေရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး သင်္ကန်းအသစ်အပေါ် စွဲလမ်းမှုတဏှာကြောင့် သင်္ကန်းခေါက်အတွင်း၌ သန်းကြီးတစ်ကောင် ဖြစ်ခဲ့ပုံ၊ ရဟန်းတော်များ သင်္ကန်းဝေဖန်မှု ပြုသောအခါ ‘မိမိသင်္ကန်းကို ရဟန်းတော်များ လာရောက်လုယက်နေကြသည်’ဟု အော်ဟစ်မြည်တမ်းလျက် ဟိုဟိုသည်သည် ပြေးသွားနေပုံ၊ သန်း၏ အော်မြည်သံကို ဘုရားရှင် ဒိဗ္ဗသောတဖြင့် ကြားရပြီး တိဿရဟန်း၏ သင်္ကန်းကို ခုနစ်ရက်တိုင်တိုင် မကိုင်ဘဲ ထားရန် မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၁၈)
တိဿတ္ထေရဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့သား တိဿသူကြွယ်သည် ငွေကုဋေလေးဆယ်ကို စွန့်၍ ရဟန်းပြုခဲ့ပုံ၊ ခယ်မက ခိုးသားငါးရာတို့အား ငွေပေး၍ မထေရ်ကို အသတ်ခိုင်းခဲ့ပုံ၊ ခိုးသူတို့ထံ တစ်ညတာ ခွင့်ပေးပါရန် တောင်းပန်ပြီး ခိုးသူတို့ ယုံကြည်စေရန် ပေါင်နှစ်ဖက်ကို ကျောက်ခဲကြီးဖြင့် ထုချိုးပုံ၊ တစ်ညလုံး ပြင်းထန်သော ဝေဒနာကို ဝိပဿနာရှုပွားရာ အရုဏ်တက်ချိန်၌ ရဟန္တာဖြစ်ခဲ့ပုံ၊ ရာဂတန်းလန်းနှင့် သေရမည်ကို ကြောက်ရွံ့စက်ဆုပ်ပါကြောင်း ဥဒါန်းကျူးရင့်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၃၃၉) (မ၊ဋ္ဌ၊၁၊၂၃၈) (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၄၆) (အံ၊ဋီ၊၁၊၈၆)
တိဿတ္ထေရဝတ္ထု
ဤဝတ္ထု၌ လေဏဂိရိတောင်နေ တိဿမထေရ်သည် သာရဏီယကျင့်ဝတ် ဖြည့်ကျင့်ခဲ့ပုံ၊ အမြတ်ဆုံးဘဏ္ဍာပူဇော်ပွဲကို ဘုရင်မင်းမြတ် ဦးစီး၍ ကျင်းပရာ အမွန်မြတ်ဆုံး အဝတ်အထည်နှစ်ခုကို သက်ကြီးဝါကြီး မထေရ်များအား လှူဒါန်းရန် ရည်မှန်းထားပုံ၊ ထေရ်စဉ်ဝါလိုက် ပေးလှူသောအခါ ထိုအထည်နှစ်ခုတို့သည် မထေရ်ကြီးများ လက်ထဲသို့ မရောက်လာဘဲ မထေရ်ငယ်ဖြစ်သော တိဿမထေရ်သာ ရရှိပုံ၊ ဤကဲ့သို့ ရရှိခြင်းမှာ လောကုတ္တရာတရားထူး ရရှိခဲ့ခြင်းကြောင့် မဟုတ်ဘဲ သာရဏီယကျင့်ဝတ်ကို (၁၂)နှစ် ဖြည့်ကျင့်ခဲ့ခြင်းကြောင့် ဖြစ်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၂၉၅) (သာရတ္ထ၊ဋီ၊၃၊၄၆၂)
တိဿဒတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်တိဿဒတ္တမထေရ်သည် မဟာဗောဓိမဏ္ဍိုင်၌ ရွှေစာရေးတန်မဲကို ကိုင်ကာ ဘာသာရပ်တစ်ဆဲ့ရှစ်ခုတို့တွင် မည်သည့်ဘာသာဖြင့် ဟောပြောရပါမည်နည်းဟု ပရိသတ်တို့အား ဖိတ်မန္တကပြုပုံ၊ ထိုသို့ဖိတ်မန္တကပြုရာ၌ ရဟန္တာဖြစ်သောကြောင့် ပဋိသမ္ဘိဒါဉာဏ်ဖြင့် ဖိတ်ခြင်းမျိုး မဟုတ်ဘဲ၊ မိမိသင်ယူတတ်မြောက်ထားသည့်အတွက်ကြောင့်သာ ထိုသို့ဖိတ်မန်ခြင်းဖြစ်ကြောင်း အမိန့်ရှိပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၂၊၃၇၁)
တိဿဒတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်မြတ်သည် မဟာဗောဓိပင်ကို ဖူးမြော်ရန် မဇ္ဈိမဒေသသို့ သွားစဉ် သင်္ဘောအထက်၌ သီတင်းသုံးလျက် အဆုံးအပိုင်းအခြားမရှိသော သမုဒ္ဒရာကြီးကို ကြည့်၍ ပဋ္ဌာန်းကျမ်းနှင့် မဟာသမုဒ္ဒရာ မည်သည့်အရာက ပိုမိုကျယ်ဝန်းပါသနည်းဟု တွေးခေါ်ပုံ၊ သမုဒ္ဒရာမှာ အပိုင်းအခြားရှိပြီး ‘‘ပဋ္ဌာန်းကျမ်းမှာ အပိုင်းအခြားမရှိ ကျယ်ဝန်းကြောင်း စဉ်းစားတွေးခေါ်လျက် အဆင့်ဆင့် ဝိပဿနာကို ရှုပွား၍ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၁၂)
တိဿဒဟရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ တိဿရဟန်းငယ်သည် ဇမ္ဗုကောလစေတီရင်ပြင်ကို တံမြက်လှည်း၍ အမှိုက်ကျုံးနေပုံ၊ ထိုခဏ၌ တိဿဒတ္တမထေရ်သည် လှေမှ ဆင်းသက်၍ လာရောက်ရာ စေတီရင်ပြင်ကို တံမြက်လှည်းထားသည်ကို တွေ့ရ၍ ဘာဝနာစိတ်ဖြင့် အမေးပုစ္ဆာတစ်ထောင်ကို မေးခဲ့ပုံ၊ တိဿရဟန်းငယ်က အားလုံး ဖြေကြားနိုင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၄၊၁၇၄)
တိဿဒဟရဝတ္ထု
ဤဝတ္ထု၌ တိဿဒဟရမည်သောရဟန်းသည် အရာရာကို ကဲ့ရဲ့ရှုတ်ချတတ်ပြီး အနာထပိဏ် ဝိသာခါတို့၏ ဒါနကိုလည်း ကဲ့ရဲ့ပုံ၊ ကောသလမင်း၏ အသဒိသဒါနကိုပင် ကဲ့ရဲ့ကာ မိမိ၏ မင်းမျိုးများကိုမူ မဟုတ်မမှန် ချီးမွမ်းလေ့ရှိပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၂၇)
တိဿဗြဟ္မဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးနေတော်မူစဉ် ညဉ့်အခါ၌ နတ်သားတစ်ယောက်နှင့် တိဿဗြဟ္မာ ရောက်ရှိလာပြီး မဟာပဇာပတိဂေါတမီ၏ အခြံအရံဖြစ်သော ရဟန်းမငါးရာတို့ ကိလေသာမှ ကောင်းစွာ လွတ်မြောက်သွားပြီဖြစ်ကြောင်း ဘုရားရှင်အား လျှောက်ထားပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင်က ရဟန်းတို့အား မိန့်ကြားသည့်အခါ အရှင်မောဂ္ဂလာန်ထေရ်သည် တိဿဗြာဟ္မာထံ သွား၍ သဥပါဒိသေသ အနုပါဒိသေသနှင့် ပတ်သက်သော အကြောင်းအရာများကို မေးမြန်းပုံ၊ တိဿဗြဟ္မာက ပညာဝိမုတ္တ ကာယသက္ခီ စသောပုဂ္ဂိုလ်တို့နှင့် ပတ်သက်၍ ရှင်းလင်းလျှောက်ထားခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၄၅၃) (အံ၊ဋ္ဌ၊၃၊၁၇၃)
တိဿဗုဒ္ဓဝံသ
ဤဗုဒ္ဓဝင်၌ တိဿဘုရားရှင်သည် ခေမနေပြည်တော်၌ ခမည်းတော်ဇနသန္ဓမင်းကြီးနှင့် မယ်တော်ပဒုမာဒေဝီမိဖုရားကြီးတို့မှ မွေးဖွားခဲ့ပြီး သုဘဒ္ဒါမင်းသမီးနှင့်အတူ နန်းစည်းစိမ် ခံစားပုံ၊ အာနန္ဒမည်သော သားတော မွေးဖွားပြီးနောက် မြင်းယာဉ်ဖြင့် တောထွက်၍ ပိတောက်ဗောဓိပင်ရင်း၌ ဘုရားဖြစ်တော်မူပုံ၊ အဂ္ဂသာဝက နှစ်ပါးမှာ ဗြဟ္မဒေဝမထေရ်နှင့် ဥဒယမထေရ်တို့ ဖြစ်ခဲ့ကြပုံ၊ အလုပ်အကျွေးမထေရ်မှာ သမဂ်မထေရ် ဖြစ်ခဲ့ပုံ၊ ထိုအချိန်၌ ဂေါတမဗုဒ္ဓလောင်းလျာသည် သုဇာတမင်းအဖြစ်ဖြင့် နိယတဗျာဒိတ် ခံယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၈) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၆၇)
တိဿဘူတိတ္ထေရဝတ္ထု
ဤဝတ္ထု၌ တိဿဘူတိမထေရ်သည် ရွာတွင်းသို့ ဆွမ်းခံကြွစဉ် ဝိသဘာဂအာရုံကို ကြည့်မိပြီး ကိလေသာ ရာဂဖြစ်မိသဖြင့် ရပ်တည်ဆဲခြေထောက်ကို မကြွဘဲ အလုပ်အကျွေးသာမဏေ၏ သပိတ်အတွင်းသို့ ယာဂုဆွမ်းကို လောင်းထည့်ကာ ထိုနေရာမှ ပြန်လှည့်ခဲ့ပုံ၊ ဆရာသမားထံသို့ ရောက်သောအခါ မိမိ၏အနာရောဂါကို ဆေးကုလိုကြောင်း လျှောက်ထားသဖြင့် မလယဇနပုဒ်၌ နေသော မဟာသံဃရက္ခိတထေရ်ထံသို့ စေလွှတ်ခဲ့ပုံ၊ မထေရ်ကြီးက အသုဘကမ္မဋ္ဌာန်းကို ပေးတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၀)
တိဿမဟာရာဇဝတ္ထု
ဤဝတ္ထု၌ တိဿမင်းကြီးသည် စေတိယတောင်၌ သီတင်းသုံးနေထိုင်သော ရဟန်းတော်တို့အား နေ့စဉ်နေ့တိုင်း လှူဒါန်းမှုပြုလုပ်ပုံ၊ ဇနပုဒ်သားတို့က အနုရာဓမြို့၌နေသော ရဟန်း တို့အားလည်း ပေးလှူသင့်ကြောင်း လျှောက်ထားကြပုံ၊ အနုရာဓမြို့နေ ရဟန်းတော်များသည် အတိုင်းအရှည်ကို မသိဘဲ အလှူခံခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၂၊၄၅၅)
တိဿမေတ္တယျဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့သား တိဿနှင့်မေတ္တေယျ သူငယ်ချင်းနှစ်ယောက်တို့ တရားတော်ကို နာရသဖြင့် ရဟန်းပြုလာကြပုံ၊ ဥပဇ္ဈာယ်ဆရာက တရားအားထုတ်ရန် တောအရပ်သို့ ကြွသောအခါ မေတ္တေယျလည်း လိုက်သွားပြီး အားထုတ်သဖြင့် ဆရာနှင့်အတူ ရဟန္တာဖြစ်ပုံ၊ တိဿမှာမူ ဆွေမျိုးများ၏ သွေးဆောင်မှုကြောင့် လူထွက်ခဲ့ပုံ၊ ထိုသူနေသော ရွာသို့ ဘုရားရှင်နှင့် သံဃာတော်တို့ ကြွရောက်တော်မူလာကြသောအခါ မေတ္တေယျမထေရ်၏ ခေါ်ယူမှုကြောင့် တိဿသည် ဘုရားရှင်ထံ ရောက်လာပြီး တရားနာ၍ သောတာပန်ဖြစ်ခဲ့ပုံ၊ နောင်အခါ ရဟန်းပြုကာ တရားအားထုတ်၍ ရဟန္တာဖြစ်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၂၊၂၄၉)
တိဿမေတ္တေယျတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန််ခဲ့သော ကမ္ဘာတစ်သိန်းအထက်၌ သောဘိတမည်သော ရသေ့ဖြစ်၍ တောင်ကြား၌ နေကာ အလိုလို ကြွေကျသော သစ်သီးကိုသာ စားပြီး မီးကို လုပ်ကျွေးပူဇော်ခဲ့ပုံ၊ ပဒုမုတ္တရဘုရားရှင်သည် ရသေ့ထံ ကြွလာပြီး ချီးမြှောက်ပုံ၊ ရသေ့က ဘုရားရှင်အား မီးပူဇော်ရန် ထင်းယူခိုင်းရာ ဘုရားရှင်က ယူပေးခဲ့ပုံ၊ သို့သော် တန်ခိုးတော်ဖြင့် ရသေ့ကြီး မီးညှိမရအောင် တားမြစ်ထားပြီး ‘‘ရှင်ရသေ့ သင့်မီးသည် မတောက်ပါ၊ မီးပူဇော်ရာ မမည်ပါ၊ မီးပူဇော်ခြင်းဖြင့် အကျိုးမရှိပါ၊ ငါ၏ မီးကို လုပ်ကျွေးပါဦးလော့၊ ငါ၏ မီးပူဇော်ခြင်းကား အကြောင်းတရား ချုပ်ငြိမ်းခြင်းငှာ၊ ကိလေသာငြိမ်းအေးခြင်းငှာ၊ ငြူစူမှု-ဣဿာ၊ ဝန်တိုမှု-မစ္ဆရိယတို့ကို ပယ်စွန့်ခြင်းငှာ ဖြစ်ပါသည်’’ဟု ဘုရားရှင်က အမိန့်ရှိခဲ့ပုံ၊ ရသေ့ကြီး သဘောကျသွားပြီး သစ်နက်ရေကို ဖြန့်ခင်း၍ ဘုရားရှင်အား နေရာထိုင်ခင်းပေးကာ သစ်သီးကို ပျားရည်နှင့် ရောစပ်၍ လှူဒါန်းခဲ့ပုံ၊ ဘုရားရှင်က ရသေ့ကြီးအား ‘‘နတ်မင်းအဖြစ် နှစ်ဆယ့်ငါးကြိမ်၊ စကြဝတေးမင်းအဖြစ် အကြိမ်တစ်ထောင်ဖြစ်လတံ့’’ဟု ဗျာဒိတ်စကား မြွက်ကြားတော်မူပုံ၊ ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ နောက်ဆုံး ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၉၇)
တိဿဝတ္ထု
ဤဝတ္ထု၌ ဓမ္မိကတိဿမင်းကြီးသည် ခါသားကို စားလိုသဖြင့် လူတို့ကို ပြောဆိုပါက ခါမျိုးတုံးအောင် ဖမ်းယူကြမည်ကို စိုးရိမ်သောကြောင့် (၃)နှစ်လုံးလုံး မပြောဆိုဘဲ ထိန်းသိမ်းခဲ့ပုံ၊ နောက်ဆုံးတွင် တိဿအမည်ရှိသော ပြုစုလုပ်ကျွေးသူကို စေခိုင်းသောအခါမှ အစွန်းသုံးပါး လွတ်သော ခါသားကို စားခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၃၊၆၈)
တိဿာထေရီဝတ္ထု
ဤဝတ္ထု၌ တိဿာထေရီလောင်းလျာသည် ရှေးရှေးဘုရားရှင်များအထံ၌ ကောင်းမှုကုသိုလ်များကို ဆည်းပူးပြုလုပ် အားထုတ်ခဲ့ပြီးနောက် ဤဘုရားရှင် လက်ထက်တော်၌ ကပိလဝတ်ပြည် သာကီဝင် မင်းမျိုး၌ ဖြစ်ခဲ့ပုံ၊ မဟာပဇာပတိ ဂေါတမီနှင့် အတူ တောထွက်ပြီး ဘိက္ခုနီဝတ်ကာ ဝိပဿနာတရား ကြိုးစားအားထုတ်စဉ် ‘‘ချစ်သမီး တိဿာ...သိက္ခာသုံးပါးအကျင့်မြတ်တရားကို ကောင်းစွာ ကျင့်ကြံကြိုးကုတ် အားထုတ်လော့’’စသော ဘုရားရှင်၏ တရားစကားတော်ကို ကြားနာရပြီး ဝိပဿနာပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊၃၇၇) (ထေရီ၊ဋ္ဌ၊၁၁)
တီဏုပ္ပလမာလိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်နှစ်ကမ္ဘာအထက်၌ စန္ဒဘာဂါမြစ်ကမ်း၌ မျောက်ဖြစ်ခဲ့ပုံ၊ တောင်ကြား၌ သီတင်းသုံးနေတော်မူသော ဖုဿဘုရားရှင်ကို ဖူးတွေ့ရ၍ ဝမ်းမြောက်ဝမ်းသာဖြင့် ကြာပန်းသုံးပွင့်တို့ကို ပေးလှူပူဇော်ခဲ့ပုံ၊ ပန်းတို့ကို ပူဇော်ပြီးနောက် တောင်ကြားသို့ ကျ၍ ကွယ်လွန်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် တာဝတိံသာနတ်ပြည်သို့ ရောက်ခဲ့ရပုံ၊ သံသရာကျင်လည်ရာ၌ အပါယ်လေးပါးသို့ မရောက်ခဲ့ပုံ၊ နတ်မင်းအဖြစ် အကြိမ်သုံးရာ၊ စကြဝတေးမင်းအဖြစ် အကြိမ်ငါးရာ ဖြစ်ခဲ့ရပြီးနောက် ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၃၆)
တီဏုပ္ပလမာလိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် စန္ဒဘာဂါမြစ်ကမ်း၌ မျောက် ဖြစ်ခဲ့ပုံ၊ တောင်ကြား၌ သီတင်းသုံးနေတော်မူသော ဝိပဿီဘုရားရှင်ကို ဖူးတွေ့ရ၍ ဝမ်းမြောက်ဝမ်းသာဖြင့် ကြာပန်းသုံးပွင့်တို့ကို ပေးလှူပူဇော်ခဲ့ပုံ၊ ပန်းတို့ကို ပူဇော်ပြီးနောက် တောင်ကြားသို့ကျ၍ ကွယ်လွန်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် တာဝတိံသာနတ်ပြည်သို့ ရောက်ခဲ့ရပုံ၊ သံသရာကျင်လည်ရာ၌ အပါယ်လေးပါးသို့ မရောက်ခဲ့ရဘဲ နတ်မင်းအကြိမ်သုံးရာ၊ စကြဝတေးမင်း အကြိမ်ငါးရာဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၁၉)
တုဏ္ဍိလဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းသည် ဝက်မျိုး၌ဖြစ်၍ မဟာတုဏ္ဍိလ အမည်ရပုံ၊ စူဠတုဏ္ဍိလ ဝက်ညီအစ်ကို(၂)ဦးကို ၎င်း၏ ညီငယ်မှာ စူဠတုဏ္ဍိလ ဖြစ်၍ ၎င်းတို့ညီနောင်ကို အဖွားကြီးတစ်ဦးက သားအဖြစ်မွေးထားပုံ၊ တစ်နေ့တွင် အရက်သမားတို့က အရက်တိုက် ငွေပေးပြီး ချော့မော့ဝယ်ယူသဖြင့် စူဠတုဏ္ဍိလကို ရောင်းရန်အတွက် အဖွားကြီးက ခေါ်သည်ရှိသော် စူဠတုဏ္ဍိလသည် သေမည့်ဘေးကြောင့် တုန်လှုပ်ကြောက်ရွံ့ပုံ၊ ဘုရားလောင်း မဟာတုဏ္ဍိလက တရားဟောပြပုံ၊ ဘုရင်အပါအဝင် ပြည်သူတို့ရောက်ရှိလာပြီး ဘုရားအလောင်း၏ တရားကို နာယူကာ ဝက်ညီအစ်ကိုတို့အား ဘေးမဲ့ပေး၍ စောင့်ရှောက် မွေးမြူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၆၉)
တုရိတစာရိကာဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ရဟန္တာပေါင်းနှစ်သောင်း ခြံရံလျက် ဝနဝါသီတိဿသာမဏေထံသို့ ခရီးရှည်ကြွတော်မူပုံ၊ ဒကာ ဒကာမများက ဝနဝါသီတိဿသာမဏေထံ ဘုရားရှင်ကြွလာတော်မူသည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ကြပုံ၊ တိဿသာမဏေက ဘုရားရှင်အား ဝတ်ကြီးဝတ်ငယ်ပြုပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၂၁၄)
တုဝရဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ တော၌သားမုဆိုးဖြစ်ခဲ့ပုံ၊ ကတုံကနက်စေ့ (ပဲနောက်၊ ကုလားပဲတို့နှင့်တူသော ပဲစေ့တစ်မျိုး)ကို လှော်၍ သံဃာတော်များအား ပေးလှူခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်းမရှိခဲ့ဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၅၀) (အပ၊ဋ္ဌ၊၂၊၁၈၈)
တေကိစ္ဆကာရိတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်လက်ထက်တော်၌ ဆေးဆရာဖြစ်၍ ကုသိုလ်ကောင်းမှုပြုလုပ်ခဲ့သောကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပြီး ဤဘုရားရှင် လက်ထက်ဝယ် သုဗုဒ္ဓ ပုဏ္ဏား၏သား ဖြစ်၍ သာဏဝါသီမထေရ်ထံ ရှင်ရဟန်းပြုကာ ဝိပဿနာပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၈၅)
တေမိယဝတ္ထု
ဤဝတ္ထုသည် မူဂပက္ခဇာတကနှင့် တူသည်။ (စရိယာ၊ဋ္ဌ၊၂၀၈)
တေလကန္ဒရိကဝတ္ထု
ဤဝတ္ထု၌ ရဟန်းနှစ်ပါးတို့သည် ကျေးရွာတစ်ရွာရှိ နားနေရာ ဇရပ်၌ ထိုင်နေစဉ် မိန်းမငယ်တစ်ယောက်ကို တွေ့မြင်ပုံ၊ ထိုရဟန်းတို့က ဤမိန်းမငယ်သည် သူ့မိခင်ကဲ့သို့ပင် သဒ္ဓါတရား ထက်သန်သူ ဖြစ်ပြီး ထောပတ်ကို အိုးလိုက်လှူလေ့ရှိကြောင်း မြှောက်ပင့် ပြောကြားပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၂၊၄၆၅)
တေလကာနိတ္ထေရဝတ္ထု
ဤဝတ္ထု၌ တေလကာနိမထေရ်လောင်းလျာသည် ဘဝများစွာ၌ ကောင်းမှုများစွာ ပြုခဲ့ပုံ၊ ဤဂေါတမဘုရားရှင် လက်ထက်တော်၌ ပရိဗိုဇ်ဝတ်၍ နိဗ္ဗာန်နှင့်ပတ်သက်သော မေးခွန်းကို ပညာရှိအမည်ခံ မြတ်သော ပုဂ္ဂိုလ်တို့အား မေးမြန်းရသော်လည်း သဘောမကျ ဖြစ်နေရပုံ၊ ထို့နောက် ဘုရားရှင်နှင့် တွေ့ဆုံပြီးနောက် တရားနာကြားကာ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၂၈၀)
တေလပတ္တဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီမင်း၏ သားတော်တစ်ရာအနက် အငယ်ဆုံးသား ဖြစ်ပြီး ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့၏ မိန့်ဆိုချက်အရ ယူဇနာ ၁၂၀-ဝေးသော တက္ကသိုလ်ပြည်၌ မင်းအဖြစ်ကို ရယူရန် ဘီလူးမများပေါသော တောအုပ်ကြီးကို ဖြတ်ကျော်စဉ် မင်းသား၏ လူများကို ဘီလူးမတို့က ဖမ်းစားပုံ၊ ဘုရားအလောင်းတစ်ဦးသာလျှင် လွတ်မြောက်ပြီး မင်းဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၁၇)
တေလမက္ခိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းသည် သိဒ္ဓတ္ထဘုရားရှင် ပရိနိဗ္ဗာန် စံလွန်တော်မူသည်ရှိသော် မဟာလှေကားဗောဓိပင်၏ ဝရံတာ(ပွတ်တိုင်)၌ ဆီကို လိမ်းကျံပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး မလားရောက်ခဲ့ရဘဲ သုစ္ဆဝိမည်သော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၆၀)
တေသကုဏဇာတက
ဤဇာတ်တော်၌ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီးသည် သားသမီး မထွန်းကားသဖြင့် မင်္ဂလာဥယျာဉ်ထဲရှိ ငှက်သိုက်ထဲမှ ငှက်ဥသုံးလုံးကို ယူ၍ မွေးမြူခဲ့ပုံ၊ ထိုဥတို့မှ ခင်ပုပ်ငှက်၊ ဆက်ရက်ငှက်၊ ကျေးငှက်တို့ ပေါက်ပွားလာပုံ၊ ထိုငှက်တို့ကို မင်းကြီးက သားသမီးကဲ့သို့ မွေးစားပုံ၊ ထိုငှက်တို့က ဘုရင်ကြီးအား မုသားစကားပြောဆိုခြင်း၊ အမျက်ထွက်ခြင်း၊ အပျော်ကျူးခြင်းစသော မကောင်းမှုတို့ကို ရှောင်ကြဉ်ပြီး မင်းကျင့်တရားနှင့်အညီ အုပ်ချုပ်ရန် ဆုံးမပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၁၁၄)
တောဒေယျတ္ထေရဝတ္ထု
ဤဝတ္ထု၌ တောဒေယျမထေရ်လောင်း အမျိုးကောင်းသားသည် အဇိကသဉ္ဇယမင်းက သူပုန်ခြောက်သောင်းတို့အား တံကျင်လျှို၍ သတ်သည်ကို တွေ့မြင်ပြီး ထိတ်လန့်သံဝေဂရကာ ရသေ့ဝတ်ခဲ့ပုံ၊ ဈာန်အဘိညာဉ်တို့ကို ဖြစ်စေပြီးနောက် ကျောင်းသင်္ခမ်းအနီးရှိ ရုက္ခစိုးနတ်မင်းက လောက၌ သုမေဓာဘုရားရှင် ပွင့်တော်မူနေကြောင်း ပြောကြားသဖြင့် ဘုရားရှင်ထံ သွားရောက်ချဉ်းကပ်ကာ စန္ဒကူးနံ့သာများဖြင့် ပူဇော်ပုံ၊ ဤကုသိုလ်ကောင်းမှု၏ အကျိုးဆက်ကြောင့် စကြာမင်း၊ နတ်မင်း၊ ပဒေသရာဇ်မင်း အဖြစ်တို့ကို အကြိမ်များစွာ ရရှိခဲ့ပြီး ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၄၁၅)
ထမ္ဘာရောပကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဓမ္မဒဿီ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုသည်ရှိသော် ထိုဘုရား၏ စေတီတော်၌ တံခွန်တိုင်စိုက်ထူ၍ လှေကားပြုလုပ်ကာ မြတ်လေးပန်းတို့ဖြင့် ပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ ကိုးဆယ့်လေးကမ္ဘာအထက်၌ ထူပသီခအမည်ရှိသော စကြဝတေးမင်း တစ်ဆယ့်ခြောက်ကြိမ် ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၈၈) (အပ၊ဋ္ဌ၊၂၊၁၅၄)
ထုလ္လနန္ဒာဘိက္ခုနီဝတ္ထု
ဤဝတ္ထု၌ ထုလ္လနန္ဒာဘိက္ခုနီသည် မိမိဆွမ်းခံအိမ်မှ ဒါယကာတစ်ဦးထံ သွား၍ ‘‘အရှင်သာရိပုတ္တရာ, အရှင်မောဂ္ဂလ္လာန်, အရှင်မဟာကစ္စည်း, အရှင်ကောဋ္ဌိက, အရှင်မဟာကပ္ပိန, အရှင်မဟာစုန္ဒ, အရှင်အနုရုဒ္ဓါ, အရှင်ရေဝတ, အရှင်ဥပါလိ, အရှင်အာနန္ဒာ, အရှင်ရာဟုလာ စသော မထေရ်ကြီးတို့အစား အရှင်ဒေဝဒတ်, အရှင်ကောကာလိက, အရှင်ကဋမောဒကတိဿ, အရှင်ခဏ္ဍဒေဝိယာပုတ္တ, အရှင်သမုဒ္ဒဒတ္တတို့အား လှူသင့်သည်’’ဟု ဆွမ်းကွမ်းအတွက် စီစဉ်ပုံကို အကြောင်းပြု၍ ‘‘ဘိက္ခုနီ စီစဉ်သော ဆွမ်းကို စားသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ပရိပါစိတ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၉၁)
ထုသဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် တက္ကသိုလ်ပြည်၌ ဒိသာပါမောက္ခဆရာကြီး ဖြစ်ပုံ၊ ဗာရာဏသီမင်းသား မင်းအဖြစ်ကို ရသောအခါတွင် အန္တရာယ်ကြုံမည်ကို မြင်သဖြင့် နေရာဌာနသတ်မှတ်၍ ဂါထာလေးပုဒ် ရွတ်ဆိုရန် သင်ပေးလိုက်ပုံ၊ ဗာရာဏသီမင်းသား မင်းအဖြစ်ကို ရရှိပြီးနောက် သူ၏သားက သတ်ဖြတ်ရန် လေးကြိမ်တိတိ ကြံစည်ပုံ၊ ဒိသာပါမောက္ခဆရာကြီး သင်ပေးလိုက်သော ဂါထာကို ရွတ်ဆိုခြင်းကြောင့် လေးကြိမ်လုံးလုံး အသက်ဘေးမှ လွတ်ကင်းခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၁၁)
ထူဏေယျကဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် မလ္လတိုင်း ထူဏပုဏ္ဏားရွာသို့ ကြွရောက်တော်မူစဉ် ဘုရားကို မကြည်ညိုကြသော ရွာသားတို့သည် ရေတွင်းကို ပိတ်၍ ထားကြပုံ၊ ဘုရားရှင် သောက်သုံးရန် ရေခပ်သွားသောအခါ ပိတ်ထားသောရေတွင်းမှ ရေစင်ရေကောင်းတို့ လျှံထွက်လာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊၁၇၄) (ဥဒါန၊ဋ္ဌ၊၃၄၂)
ထေယျသံဝါသကဝတ္ထု
ဤဝတ္ထု၌ ဆွေကြီးမျိုးကြီးမှ တိမ်ကောလာပြီး တစ်ကောင်ကြွက်ဖြစ်နေသော နုနယ်သူ အမျိုးသားတစ်ယောက်သည် မပင်မပန်း သက်တောင့်သက်သာ အသက်မွေးဝမ်းကျောင်းပြုရန် ရည်ရွယ်ချက်ဖြင့် သာသနာတော်သို့ ဝင်ရန် ဆုံးဖြတ်၍ ကိုယ်တိုင် သင်္ကန်းရှာ ဝတ်ရုံနေခဲ့ပုံ၊ ရဟန်းတော်တို့နှင့်အတူ ရောနှောနေထိုင်သော်လည်း ဘွဲ့မရှိ၊ မိမိဝါကိုပင် မသိပုံ၊ ရဟန်းကောင်းတို့၏ တိုက်တွန်းချက်အရ အရှင်ဥပါလိက မေးစိစစ်သောအခါ ကိုယ့်ဘာသာ ကိုယ် သင်္ကန်းဝတ်လာကြောင်း သိရပုံ၊ ဘုရားရှင်က ‘‘သာသနာတော်သို့ ခိုးဝင်ပြီး ရဟန်းကောင်းတို့နှင့် ပေါင်းသင်းနေထိုင်သူကို ရဟန်းခံမပေးရ၊ တိတ္ထိဘောင်မှ ခိုးဝင်ပြောင်းရွှေ့လာသူကို ရဟန်းခံမပေးရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၂၀)
ထေရနာမကဝတ္ထု
ဤဝတ္ထု၌ ထေရနာမကအမည်ရသော ရဟန်းတစ်ပါးသည် တစ်ပါးတည်း နေထိုင်ကာ တစ်ပါးတည်း နေခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုပုံ၊ တစ်ပါးတည်းသာ ဆွမ်းခံဝင် နေထိုင် စင်္ကြံသွားလျက်ရှိသည်ကို ရဟန်းတို့က ဘုရားရှင်ထံ လျှောက်ကြားပုံ၊ ဘုရားရှင်က ထိုရဟန်းတော်အား အတိတ်အနာဂတ်ကို မစွဲယူမူ၍ ပစ္စုပ္ပန်ဘဝတွင် ဆန္ဒရာဂ ပယ်စွန့်နိုင်မှသာ ဧကဝိဟာရီအဖြစ် အပြည့်အစုံ ကျင့်နိုင်ကြောင်း မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၄၆၉)
ထောမကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် နတ်ပြည်၌ တည်ရှိစဉ် ဝိပဿီဘုရားရှင်၏ တရားတော်ကို နာယူခဲ့ရ၍ ‘‘ယောကျ်ားဇာနည်ဖြစ်တော်မူသော မြတ်စွာဘုရား... အရှင်ဘုရားအား ရှိခိုးပါ၏၊ အရှင်ဘုရားသည် သေခြင်းကင်းသော နိဗ္ဗာန်ကို ဟောတော်မူလျက် လူအပေါင်းကို ကယ်တင်တော်မူခဲ့ပါပေ၏’’ဟု ချီးကျူးစကား မြွက်ဆိုခဲ့ပုံ၊ ထိုချီးကျူးခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါးလားရောက်ခြင်း မရှိခဲ့ဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၅၅) (အပ ၊ဋ္ဌ၊၂၊၁၈၉)
ဒကရက္ခသဇာတက
ဤဇာတ်တော်သည် မဟာဥမင်္ဂဇာတ်၌ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၇၈) (ဇာ၊ဋ္ဌ၊၆၊၃၁၈)
ဒဏ္ဍကမ္မဝတ္ထု
ဤဝတ္ထု၌ သာမဏေတို့သည် ရဟန်းတော်တို့အပေါ် မရိုမသေ မလေးမစား ပြုမူဆက်ဆံကြသဖြင့် ဘုရားရှင်က အင်္ဂါငါးပါးနှင့် ပြည့်စုံသော သာမဏေအား သဲဒဏ်၊ ရေဒဏ် ပေးရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၁၇)
ဒဏ္ဍကီရာဇဝတ္ထု
ဤဝတ္ထုသည် သရဘင်္ဂဇာတက၌ ပါဝင်သည်။ (မ၊ဋ္ဌ၊၃၊၄၂)
ဒဏ္ဍဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဒဏ္ဍဒါယကမထေရ်လောင်း အမျိုးကောင်းသားသည် သစ်ခုတ်သမားဖြစ်စဉ် တောထဲသို့ သွားကာ ဝါးလုံးများကို ဖြတ်တောက်လျက် တုတ်တောင်ဝှေးများ ပြုလုပ်ပြီး သံဃာတော်များအား ဆက်ကပ်လှူဒါန်းခဲ့ပုံ၊ ဤကုသိုလ်ကောင်းမှု၏ အကျိုးဆက်ကြောင့် ကိုးဆယ့်လေးကမ္ဘာတိုင်တိုင် အပါယ်မလားဘဲ သုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သာသနာတော်တွင်း ဝင်ရောက်ကာ ဒဏ္ဍဒါယကမထေရ်ဟူသောအမည်ဖြင့် ရဟန္တာဖြစ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၀၄)
ဒတ္တဒဟရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဒတ္တမည်သော ရဟန်းငယ်တစ်ပါးသည် လောကန္တရိက်ကျောင်း၌ နေလျက် စေတီရင်ပြင်ကို တံမြက်စည်းလှည်းပုံ၊ မိမိတံမြက်လှည်းထားသော နေရာကို ကြည့်၍ ဩဒါတကသိုဏ်းကို ရရှိပုံ၊ ထို့နောက် သမာပတ်ရှစ်ပါးကို ဖြစ်စေလျက် ဝိပဿနာပွားများသောအခါ အနာဂါမိဖိုလ်သို့ ရောက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၄၊၁၇၄)
ဒဒ္ဒရဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်း ခါမင်းသည် ဗေဒင်သုံးပုံတို့ကို နားဖြင့် ကြား၍ တတ်မြောက်ထားပုံ၊ ဒိသာပါမောက္ခဆရာကြီး ကွယ်လွန်သော် ဘုရားအလောင်း ခါမင်းက တပည့်တို့ကို ဆက်လက်ပို့ချနေပုံ၊ တောသတ္တဝါ အားလုံးကလည်း ခါမင်းကို ကြည်ညိုကြပုံ၊ တစ်နေ့တွင် ရသေ့စဉ်းလဲတစ်ပါး ရောက်လာပြီး ခါမင်းကို သတ်၍ စားသဖြင့် ကျားတစ်ကောင်က ထိုရသေ့စဉ်းလဲကို ကိုက်သတ်ပစ်လိုက်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၅၁၁)
ဒဒ္ဒရဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် ဟိမဝန္တာအရပ်ရှိ ဒဒ္ဒရတောင်ခြေတွင် မဟာဒဒ္ဒရအမည်ဖြင့် ဒဒ္ဒရနဂါးမင်း၏သားတော် ဖြစ်ခဲ့ပုံ၊ ညီငယ်စူဠဒဒ္ဒရသည် အမျက်ထွက်လွယ်ပြီး နဂါးလုလင်တို့အား နှိပ်စက်ညှဉ်းပန်းသဖြင့် ဒဒ္ဒရနဂါးမင်းက စူဠဒဒ္ဒရကို တိုင်းပြည်မှ နှင်ထုတ်သည့်အခါ အစ်ကိုဖြစ်သူ မဟာဒဒ္ဒရက နှစ်ကြိမ်တိုင်တိုင် တောင်းပန်ခဲ့ပုံ၊ သုံးကြိမ်မြောက်၌ ညီအစ်ကိုနှစ်ကောင်လုံး နဂါးပြည်မှ သုံးနှစ်တိုင်တိုင် နှင်ထုတ်ခံရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၄)
ဒဒ္ဒရဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းသည် ခြင်္သေ့မျိုး၌ ဖြစ်စဉ် ဟိမဝန္တာတော၌ ခြင်္သေ့အပေါင်း ခြံရံလျက် ရတနာကျောက်ဂူ၌ နေပုံ၊ ထိုရတနာကျောက်ဂူနှင့် မနီးမဝေးအရပ်၌ မြေခွေးတစ်ကောင်လည်း နေထိုင်ပုံ၊ ခြင်္သေ့ငယ်များက မြူးတူးပျော်ပါးလျက် ဟိန်းဟောက်သောအခါ မြေခွေးကလည်း အတုလိုက်၍ ဟောက်ပုံ၊ ထိုအခါ မြေခွေးမှာ ဟောက်သံမထွက်ဘဲ ခွေးအူသံသာ ထွက်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၆၀)
ဒဒ္ဒလ္လဝတ္ထု
ဤဝတ္ထု၌ နာဠကရွာသား အရှင်ရေဝတ၏အလုပ်အကျွေး ဒါယကာသူကြွယ်တစ်ဦးတွင် ဘဒ္ဒါနှင့် သုဘဒ္ဒါ ညီအမနှစ်ဦး ရှိပုံ၊ ရတနာသုံးပါးနှင့် သံဃာတော်တို့အား ဆွမ်းလုပ်ကျွေးခဲ့သည့် ကုသိုလ်ကြောင့် ကွယ်လွန်သောအခါ ဘဒ္ဒါက တာဝတိံသာ၌ ဖြစ်၍ သုဘဒ္ဒါက နိမ္မာနရတိနတ်ပြည်၌ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၃၅)
ဒဓိဝါဟနဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် ဒဓိဝါဟနမင်းကြီး၏ ပညာရှိအမတ်တစ်ဦး ဖြစ်ခဲ့ပုံ၊ မင်းကြီးသည် ကဏ္ဏမုဏ္ဍအိုင်မှ နတ်တို့သုံးဆောင်သော သရက်သီးတစ်လုံးကို ရရှိသဖြင့် ဥယျာဉ်တော်အတွင်း၌ စိုက်ပျိုးစေကာ အသီးသီးသောအခါ အခြားသောမင်းတို့အား သရက်သီးလက်ဆောင် ပေးပုံ၊ သရက်သီး၏ အစေ့များကိုမူ စူးဖြင့် ထိုးဖောက်ထားသဖြင့် အခြားမင်းများ ထိုသရက်မျိုးစေ့ကို စိုက်ပျိုး၍ မရပုံ၊ ထိုအခါ မင်းတစ်ပါးက ဥယျာဉ်စောင့်ကို ခေါ်၍ ဒဓိဝါဟနမင်း၏ သရက်ပင်ကို အရသာပျက်အောင် တမာ, ခွေးတောက်စသော အပင်များနှင့် ရောလျက် စိုက်ပျိုးစေပုံ၊ သရက်သီးအရသာ ပျက်၍ အခါးအရသာများ ပေါ်ထွက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၉၂)
ဒန္တိကာထေရီဝတ္ထု
ဤဝတ္ထု၌ ဒန္တိကာထေရီလောင်းလျာသည် ကိန္နရီဖြစ်စဉ်က ပစ္စေကဗုဒ္ဓါတစ်ဆူထံတွင် အင်ကြင်းပန်းလှူခဲ့ဖူးပုံ၊ ထိုကုသိုလ်ကံကြောင့် ဂေါတမဘုရားရှင်လက်ထက်၌ ဘိက္ခုနီပြုကာ ရဟန္တာထေရီဖြစ်ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၅၃)
ဒဗ္ဗတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဒဗ္ဗထေရ်လောင်းလျာသည် ပဒုမုတ္တရ ဘုရားရှင်ထံပါးဝယ် ကုသိုလ်ပြု ဆုတောင်းခဲ့ပြီး ကဿပဘုရားရှင် သာသနာနောက်ပိုင်း၌ တောင်ထိပ်သို့ တက်ကာ ရဟန်းခုနစ်ပါး တရားအားထုတ်ရာတွင် တစ်ပါးအပါအဝင် ဖြစ်ခဲ့ပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ မလ္လမင်းသား ဒဗ္ဗမထေရ်ဖြစ်လာကာ သေနာသနပညာပကဧတဒဂ် ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၂၁၃) (ဥဒါန၊ဋ္ဌ၊၃၈၇) (ထေရ၊ဋ္ဌ၊၁၊၄၈) (အပ၊ဋ္ဌ၊၂၊၂၂၇) (အပ၊၂၊၁၂၁)
ဒဗ္ဗမလ္လပုတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ သံဃာတော်များသည် သံဃိကသင်္ကန်းကို မလ္လမင်းသား အရှင်ဒဗ္ဗအား ပေးလှူကြပုံ၊ မျက်နှာလိုက်ကြောင်း ဆဗ္ဗဂ္ဂီရဟန်းတို့က ပြောဆိုကဲ့ရဲ့ကြပုံ၊ ‘‘ထိုသို့ ပြောဆိုကဲ့ရဲ့သော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဒုဗ္ဗလသိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၀၁)
ဒဗ္ဗမလ္လပုတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်ဒဗ္ဗမလ္လပုတ္တသည် (၇)နှစ်သားအရွယ်မှာပင် ရဟန္တာ ဖြစ်ခဲ့ပုံ၊ သံဃာတော်တို့အတွက် နေရာချခြင်းနှင့် ဆွမ်းစားထည့်ခြင်းတာဝန်ကို ယူရပုံ၊ ကလျာဏဘတ္တိကမည်သော သူကြွယ်သည် ကျောင်းသို့ ရောက်လာပြီး အရှင်ဒဗ္ဗနှင့် တွေ့၍ ဆဗ္ဗဂ္ဂီရဟန်းတို့ နက်ဖြန်ခါ သူ့အိမ်၌ ဆွမ်းလှည့်ကျကြောင်း ကြားရသောအခါ ဆဗ္ဗဂ္ဂီတို့ကို မကြည်ညိုသဖြင့် ဆန်ကွဲဆွမ်းနှင့် ပုံးရည်ဟင်းကိုသာ ကပ်ခဲ့ပုံ၊ ဆဗ္ဗဂ္ဂီတို့က ဒဗ္ဗမထေရ် ပြော၍ ဤသို့ ဖြစ်ရသည်ဟု မထေရ်အား ရန်ငြိုးဖွဲ့ပြီး ပါရာဇိကအာပတ်ဖြင့် စွပ်စွဲကြပုံ၊ ထိုအကြောင်းကို ဘုရားရှင်သိတော်မူ၍ ‘‘ရဟန်းတစ်ပါးကို ပါရာဇိကအာပတ်ဖြင့် စွပ်စွဲသော ရဟန်းအား သံဃာဒိသေသ်အာပတ် သင့်၏’’ဟု ဒုဋ္ဌဒေါသသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၂၄၃)
ဒဗ္ဗမလ္လပုတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ မလ္လမင်းသား ဒဗ္ဗမထေရ်သည် သံဃာတော်တို့အတွက် ကျောင်းအိပ်ရာနေရာ စီစဉ်ပေးရပြီး ဆွမ်းလှည့်ချရသော တာဝန်ကျမထေရ် ဖြစ်ပုံ၊ ဆွမ်းလှည့်ချရာတွင် ဘုန်းကံနည်းပါး၍ သိက္ခာ ဝါငယ်ကြကုန်သော မေတ္တိယဘူမဇကရဟန်းတို့အတွက် နေရာချ စီစဉ်သောအခါ မကောင်းသော ဆွမ်းများ, ကျောင်းများကိုသာ ကျသဖြင့် မတရားလုပ်သည်ဟု ပုတ်ခတ်စွပ်စွဲကြပုံ၊ ထိုအကြောင်းကြောင့် မြတ်စွာဘုရားက ‘‘ထိုသို့ စွပ်စွဲသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဥဇ္ဈာပနက သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၅၆)
ဒဗ္ဗမလ္လပုတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ မလ္လမင်းသား ဒဗ္ဗမထေရ်သည် (၇)နှစ်သားအရွယ်ကပင် ရဟန္တာ ဖြစ်ခဲ့ပုံ၊ မိမိအတွက် ပြုလုပ်ဖွယ်ကိစ္စမရှိသောကြောင့် သံဃာတော်တို့ အကျိုးရှိစေရန် သံဃာတော်တို့အား ကျောင်းအိပ်ရာ နေရာချထားသည့် တာဝန်နှင့် သံဃာတော်တို့အား အလှည့်ကျ ဆွမ်းလှည့်ချသည့်တာဝန်ကို ယူထားပုံ၊ အကာလ ညအခါ ရောက်လာသော အာဂန္တုကတို့အတွက် နေရာချထားမှုကို တေဇောကသိုဏ်း ဝင်စား၍ အရောင်အဝါဖြစ်စေလျက် ဆောင်ရွက်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၁၉၁) (သာရတ္ထ၊ဋီ၊၂၊၃၄၂)
ဒဗ္ဘပုပ္ဖဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် သစ်ပင်စောင့်နတ် ဖြစ်ပုံ၊ မြေခွေးတစ်ကောင်သည် မာယာဝီအမည်ရှိသော မိမိမယားနှင့် ထိုမြစ်ကမ်းပါးတွင် အတူနေစဉ် တစ်နေ့တွင် ဂဗ္ဘီရစာရီနှင့် အနုတီရစာရီအမည်ရှိသော ဖျံနှစ်ကောင်တို့သည် ငါးကြင်းကြီးတစ်ကောင်ကို အတူဖမ်းမိကြပြီး အဝေမတဲ့ဖြစ်နေကြသဖြင့် မြေခွေးအား အဝေခိုင်းပုံ၊ အနုတီရစာရီကို အမြီးပိုင်း ဂဗ္ဘီရစာရီကို ခေါင်းပိုင်းပေးပြီး ဝေပေးရသူ ဝေစုအဖြစ် မြေခွေးက အလယ်ပိုင်းကို ယူပုံ၊ အချင်းချင်း မညီညွတ်သဖြင့် အခြားသူက အမြတ်ထုတ်သွားတတ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၁၂)
ဒမိဠဒေါဝါရိကဝတ္ထု
ဤဝတ္ထု၌ မဓုအင်္ဂဏရွာသား ဒမိဠလူမျိုး တံခါးစောင့်တစ်ယောက်သည် ငါးမျှားချိတ်ဖြင့် ငါးတို့ကို သတ်ဖြတ်ရောင်းချအသက်မွေး၍ နှစ်ပေါင်းငါးဆယ်အထိ နေခဲ့ပုံ၊ အသက်အရွယ်ကြီးရင့်၍ သေခါနီး အိပ်ရာထဲတွင် ရောဂါဒဏ်ကို ခံစားနေစဉ် ဂိရိကျောင်းနေ စူဠပိဏ္ဍပါတိကတိဿမထေရ်သည် သူ၏အိမ်အတွင်းသို့ ကြွရောက်လာပြီး သရဏဂုံသုံးပါးနှင့် ငါးပါးသီလကို ရှေ့မှချပေးပုံ၊ ငါးပါးသီလရွတ်ဆိုဆဲမှာပင် သူသည် ကွယ်လွန်သဖြင့် စာတုမဟာရာဇ်နတ်ဘုံသို့ ရောက်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၂၊၁၀၇)
ဒရီမုခဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗြဟ္မဒတ်မင်းသားဖြစ်၍ ပုရောဟိတ်သား ဒရီမုခနှင့် ငယ်သူငယ်ချင်းဖြစ်ကာ တက္ကသိုလ်ပြည်မှ အပြန်တွင် ဖုတ်သွင်းရထားဆိုက်သဖြင့် ဘုရင်ဖြစ်ခဲ့ပုံ၊ ဒရီမုခမှာ စစ်သူကြီးအရာကို စွန့်၍ ရသေ့ပြုခဲ့ပုံ၊ နောင်အခါတွင် ဘုရားအလောင်းအား တောထွက်ရန် ဟောပြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၂၃)
ဒလိဒ္ဒကမ္မကာရကဝတ္ထု
ဤဝတ္ထု၌ ဝေသာလီပြည်သားတို့ သံဃာတော်တို့အား အလှည့်ကျ ဆွမ်းကပ်နေသည်ကို သူဆင်းရဲတစ်ယောက်သည် တွေ့ရသဖြင့် အလုပ်ရှင်ထံမှ လုပ်ခကို ထုတ်ယူခဲ့ပြီး ဘုရားအမှူးရှိသော သံဃာတော်တို့အား ဆွမ်းကပ်ခဲ့ပုံ၊ သံဃာတော်တို့က ဆွမ်းခံစားပြီးဖြစ်၍ အနည်းငယ်သာ ခံယူကြသောကြောင့် သူဆင်းရဲက ကဲ့ရဲ့သဖြင့် ‘‘အခြားသူက ဆွမ်းစားပင့်ထားပါလျင် ဆွမ်းစားပင့်သူမှ တစ်ပါး အခြားနေရာ၌ ဆွမ်းစားခဲ့သော ရဟန်းအား ပါစိတ်အာပတ်သင့်၏’’ဟု ပရမ္ပရဘောဇန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၀၂)
ဒလိဒ္ဒဝတ္ထု
ဤဝတ္ထု၌ လူဆင်းရဲတစ်ယောက်သည် သဒ္ဓါ,သီလ,သုတ,စာဂ,ပညာ စသော သူတော်ကောင်းတရားများ ရှိခဲ့ပုံ၊ လူ့ဘဝမှ သေလွန်လျှင် တာဝတိံသာနတ်ပြည်တွင် ဖြစ်ရပြီး အခြားသော နတ်တို့ထက် အဖက်ဖက်မှ သာလွန်ပုံ၊ သူတော်ကောင်းတရားတို့ကို အားထုတ်သင့်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၂၃၃) (သံ၊ဋ္ဌ၊၁၊၃၁၉)
ဒွါဒသဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတော် ၁၂-ပါးတို့သည် တောအရပ်၌ ကမ္မဋ္ဌာန်းအားထုတ်နေစဉ် ရဟန်းတစ်ပါးသည် နေဝင်စအချိန် စင်္ကြံလျှောက်ရာ ခြေဖမိုး ပေါက်ထွက်သွားအောင် ဆူးစူးခဲ့ပုံ၊ အခြားရဟန်းတို့အား ကမ္မဋ္ဌာန်းအားထုတ်မှု အနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်၍ အသိမပေး အကြောင်းမကြားဘဲ ကိုယ်တွင်းရှိ ကိလေသာဆူးကိုသာ နုတ်မည်ဟု ကြံစည်ကာ အပြင်းအထန် ဝေဒနာရှုပွားခဲ့ပုံ၊ မိုးလင်းမှ အခြားရဟန်းများကို အသိပေးခဲ့ပုံ၊ ထိုသို့ဝေဒနာရှုသဖြင့် အရိယာအဖြစ်သို့ ရောက်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၂၊၂၇၂)
ဒွါရပါလကဝတ္ထု
ဤဝတ္ထု၌ ရာဇဂြိုဟ်ပြည်သား ဥပါသကာတစ်ဦးသည် သံဃာတော်တို့အတွက် နိစ္စဘတ်(ထာဝရဆွမ်း) တည်ခင်းထားပုံ၊ သူ၏ အိမ်မှာ မြို့အစွန်၌ ရှိသဖြင့် သူခိုးရန် စိုးရိမ်ရသောကြောင့် တစ်ခါတစ်ရံ တံခါးပိတ်ထားလေ့ရှိပုံ၊ ရဟန်းတော်တို့ ဆွမ်းမရဘဲ ပြန်ရမည်ကို စိုးရိမ်သောကြောင့် တံခါးစောင့် တစ်ယောက် ငှားထားပုံ၊ ဥပါသကာ ကွယ်လွန်လျှင် ယာမာနတ်ပြည်၌ ဖြစ်ပြီး သံဃာတို့ ကြွလာသော် ဝေယျာဝစ္စပြုလုပ် ပေးရသည့် တံခါးစောင့်မှာ တာဝတိံသာနတ်ပြည်၌ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၂၈)
ဒွေထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်နှစ်ပါးတို့သည် မလယအရပ်၌ နေသော မဟာဒေဝမထေရ်ထံ၌ ကမ္မဋ္ဌာန်းတောင်းယူကြပုံ၊ မထေရ်ကြီးက သုံးဆယ့်နှစ်ကောဋ္ဌာသပါဠိကို သင်ပေးသောအခါ မထေရ်နှစ်ပါးတို့သည် လိမ္မာကျွမ်းကျင်စွာ ရွတ်ဖတ်သရဇ္ဈာယ်ကြသဖြင့် သောတာပန်တည်ခဲ့ကြပုံ၊ ကမ္မဋ္ဌာန်းဆရာက တပည့်တို့ကို နှုတ်ဖြင့် ရှေးဦးစွာ သရဇ္ဈာယ်ရန် ပြောကြားသင့်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၂၃၃)
ဒွေထေရဝတ္ထု
ဤဝတ္ထု၌ စိတ္တလတောင်တံတိုင်းနှစ်ထပ်ရှိ ကျောင်းတွင်း၌ မထေရ်နှစ်ပါးတို့ သီတင်းသုံးကြစဉ် လကွယ်ဥပုသ်နေ့ တစ်နေ့၌ မိုးတိမ်များ ထူထပ်ပြီး ညအချိန်၌ မဲမှောင်နေပုံ၊ မထေရ်တစ်ပါးက စေတီရင်ပြင်၌ ပန်းအရောင် ငါးမျိုးနိမိတ်ထင်လာကြောင်း၊ အခြားတစ်ပါးက သမုဒ္ဒရာ၌ ငါးလိပ်များ နိမိတ်ထင်လာကြောင်း အချင်းချင်းပြောကြားပုံ၊ ထိုအာရုံနိမိတ်မျာသည် မဂ်ဖိုလ်တရားအစစ်မဟုတ်ဘဲ ဝိပဿနာညစ်ညူကြောင်း တရားများသာဖြစ်ကြောင်း မိန့်ဆိုထားပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၂၇၀)
ဒွေဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ ပုဏ္ဏားနှစ်ယောက်တို့သည် ‘‘သူ့နွားက အားသန်သည်၊ ငါ့နွားက အားသန်သည်’’ စသည်ဖြင့် ငြင်းခုံကာ နွားနှစ်ကောင်ကို သဲများ အပြည့်တင်ထားသော လှည်းကို ယှဉ်ပြိုင်၍ ဆွဲစေပုံ၊ လှည်းက မလှုပ်ဘဲ သားရေလွန်ကြိုးများသာ ပြတ်ကုန်သည်ကို ရဟန်းတော်များ တွေ့မြင်ရသဖြင့် ထိုအကြောင်းအရာကို ဘုရားရှင်အား လျှောက်ထားသောအခါ ဘုရားရှင်က အပြင်ကြိုးထက် မိမိ၏ ကိုယ်တွင်းသန္တာန်၌ဖြစ်သော (ကောဓ) အမျက်ဒေါသကြိုး၊ တဏှာလောဘကြိုးများကိုသာ ဖြတ်တောက်သင့်ကြောင်း စသည်ဖြင့် တရားဟောတောမူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၀၆)
ဒွေဘာတိကတ္ထေရဝတ္ထု
ဤဝတ္ထု၌ စိတ္တလတောင်၌ သီတင်းသုံးနေထိုင်သော ရဟန္တာညီနောင် မထေရ်နှစ်ပါးတို့တွင် တစ်ပါးသော မထေရ်က လပြည့်ဥပုသ်နေ့တွင် ပါတိမောက်ပြပြီးနောက် လပြည့်ဝန်းကို ကြည့်ကာ မိမိအာယုသင်္ခါရ အသက်အပိုင်းအခြားကို ဆင်ခြင်ပုံ၊ ထို့နောက် ရဟန်းသံဃာတော်တို့အား ‘‘အဘယ်သို့သော ပုံစံမျိုးဖြင့် ပရိနိဗ္ဗာန်စံဝင်သော ရဟန်းတို့ကို မြင်ဖူးကြသနည်း’’ ဟု မေးမြန်းပုံ၊ အချို့ရဟန်းများက ထိုင်လျက် ပရိနိဗ္ဗာန်စံဝင်သည်ကို မြင်ဖူးကြောင်း၊ အချို့ရဟန်းများက လျောင်းလျက် ပရိနိဗ္ဗာန်ပြုသည်ကို မြင်ဖူးကြောင်း လျှောက်ထားကြပုံ၊ ထိုအခါ မထေရ်က ‘‘စင်္ကြံသွားလျက် ပရိနိဗ္ဗာန်စံဝင်ပြမည်’’ ဟု ဆိုကာ စင်္ကြံသွားစဉ် ပရိနိဗ္ဗာန်စံတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၂၈၄) (သာရတ္ထ၊ဋီ၊၂၊၂၄၈)
ဒွေဘာတိကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ညီငယ်ဖြစ်သော အလုပ်အကျွေးရဟန်းက အစ်ကိုကြီးသုံးဆောင်ရန် ကြံပိုင်းများကို ဆွမ်းစားပြီးခါစ ပလုပ်ကျင်းချိန်၌ ဆက်ကပ်ပုံ၊ အစ်ကိုကြီးဖြစ်သူက တော်ပြီဟု တားမြစ်ပုံ၊ ထိုအခါ ညီငယ်က ‘‘ဧကာသနိက်ဓုတင် ဆောင်ပါသလား’’ဟု မေးမြန်းလျှောက်ထားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၄၆) (အံ၊ဋ္ဌ၊၁၊၅၉)
ဒွေဘာတိကဝတ္ထု
ဤဝတ္ထု၌ နွားသတ်သမား ညီအစ်ကိုနှစ်ယောက်တို့သည် နွားသတ်ပြီးနောက် အမဲသားများကို ဝေစုနှစ်စုခွဲထားပုံ၊ ညီငယ်ဖြစ်သူက မိမိ၌ ကလေးတွေများသဖြင့် အသားအကြွင်းအကျန် အတိုအစများကို ပေးရန်တောင်းပုံ၊ အစ်ကိုဖြစ်သူက ဝေစုနှစ်စု အညီအမျှ ခွဲဝေပြီးဖြစ်သဖြင့် မပေးနိုင်ဟုဆိုကာ ညီငယ်အား ရိုက်နှက်သောကြောင့် ညီငယ်ဖြစ်သူ သေဆုံးပုံ၊ အစ်ကိုဖြစ်သူသည်လည်း စိတ်နှလုံး မသာမယာဖြစ်ကာ အရိုးပေါ် အရေဖုံးလျက် ပိန်ချုံးပြီး သေလွန်သောအခါ ငရဲသို့ ရောက်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၂၊၅) (ဣတိဝုတ်၊ဋ္ဌ၊၉၈)
ဒွေဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရွာတစ်ရွာတွင် အမျိုးသမီးနှစ်ယောက်တို့ ထိုင်၍ ချည်ငင်နေကြပုံ၊ ရဟန်းငယ် နှစ်ပါးတို့ ကြွလာစဉ် ရဟန်းတစ်ပါးက အမျိုးသမီးတစ်ယောက်ကို ကြည့်ပုံ၊ အခြားအမျိုးသမီး တစ်ယောက်က ‘‘ဤရဟန်းသည် အဘယ်ကြောင့် သင့်ကို ကြည့်ရှုဘိသနည်း’’ဟု ပြောသောအခါ ကြည့်သောရဟန်းငယ်က ငါသည် ဖောက်ပြန်သောစိတ်ဖြင့် ကြည့်ရှုသည်မဟုတ်၊ နှမငယ်ဟူသော အမှတ်သညာဖြင့် ကြည့်ခြင်းသာဖြစ်ကြောင်း ပြောကြားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၂၊၁၉)
ဒွေဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ကျောင်းတစ်ကျောင်း၌ ရဟန်းနှစ်ပါးတို့သည် အထက်ထပ်တွင် တစ်ပါး၊ အောက်ထပ်တွင် တစ်ပါး နေထိုင်ကြပုံ၊ ကျောင်းအထက်ထပ်သည် ပျဉ်မခင်းရသေးသည့် အတွက် အပေါ်ထပ်နေ ရဟန်းက ခုတင်ကို ဖိ၍ တက်လိုက်ရာ ခုတင်ခြေထောက် ပြုတ်၍ အောက်ထပ်နေ ရဟန်းခေါင်းပေါ်သို့ ကျသွားခဲ့ပုံ၊ ထိုသို့သော ခုတင်ပေါ်၌ ထိုသို့ မထိုင်ရန် ဝေဟာသကုဋိသိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၆၆)
ဒွေရတနိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ တော၌ သားမုဆိုးဖြစ်ခဲ့ပုံ၊ ဝိပဿီဘုရားရှင်ကို တော၌ ဖူးမြင်ခဲ့ရ၍ အသားတစ်ကို ပေးလှူခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် သက်ရှိ၊ သက်မဲ့ ရတနာများဖြစ်ပေါ်လာခဲ့ပုံ၊ ထိုဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ခြင်းမရှိခဲ့ဘဲ လွန်ခဲ့သော လေးကမ္ဘာအထက်၌ မဟာရောဟိတအမည်ရှိသော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၄၀)
ဒွေသဟာယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ သူငယ်ချင်း အမျိုးကောင်းသားနှစ်ယောက်တို့သည် အနုရာဓမြို့ ထူပါရုံကျောင်း၌ ရဟန်းဝတ်ကြပြီး တစ်ပါးက ပါစီနခဏ္ဍရာဇိအရပ်သို့ ကြွကာ သီတင်းသုံးနေထိုင်ပုံ၊ ပါစီနခဏ္ဍရာဇိအရပ်၌ သီတင်းသုံးသော ရဟန်းသည် ကြာမြင့်စွာ နေထိုင်ပြီးနောက် ပစ္စည်းလေးပါး ပေါများပြည့်စုံသဖြင့် ထူပါရုံရှိ သူငယ်ချင်းရဟန်းထံ အကြောင်းကြားရန် လာခဲ့ပုံ၊ ထူပါရုံ ရဟန်းထံ ရောက်သောအခါ ယောက်ချိုတစ်ဇွန်းစာမျှသော ယာဂုကို နှစ်ပါး မျှတ၍ ဘုဉ်းပေးရပုံ၊ ထိုအခါ ပါစီနခဏ္ဍရာဇိအရပ်၌ သီတင်းသုံးနေသော ရဟန်းက ထူပါရုံရဟန်းကို မိမိနှင့်အတူ လိုက်ပါသီတင်းသုံးရန် ခေါ်ဆောင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၈၇)
ဒွေသဟာယကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့သား (၂)ဦးတို့သည် ရဟန်းဝတ်လာကြပြီး တစ်ဦးက စာသင်ခဲ့ပုံ၊ တစ်ဦးက ကမ္မဋ္ဌာန်းအားထုတ်၍ ရဟန္တာဖြစ်ခဲ့ပုံ၊ ၂-ဦးသား ပြန်လည်ဆုံတွေ့ရာတွင် စာပေတတ်သည့် ရဟန်းက ပဋိပတ်ရဟန်းအား ကဲ့ရဲ့ပုံ၊ ဘုရားရှင်က ပရိယတ္တိရဟန်းသည် နွားအခစား ကျောင်းသူနှင့် တူ၍ ပဋိပတ္တိရဟန်းမှာမူ နွားပိုင်ရှင်နှင့်တူကြောင်း မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၉၉)
ဒွေသဟာယကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ကဿပဘုရားရှင်လက်ထက်တွင် အလှူဒါနပြု၍ သာရဏီယကျင့်ဝတ် ဖြည့်ကျင့်သော ရဟန်းနှင့် ဝေယျာဝစ္စပြုရန် ဘတ္တဂ္ဂကျင့်ဝတ် ဖြည့်ကျင့်သော သူငယ်ချင်း ရဟန်းနှစ်ပါးတို့ အတူတကွ နေထိုင်ကြစဉ် သာရဏီယ ရဟန်းက ဘတ္တဂ္ဂရဟန်းကို ‘‘မိမိကဲ့သို့ပင် သာရဏီယ ကျင့်ဝတ်ဖြည့်ကျင့်ရန် တိုက်တွန်းခဲ့ပုံ၊ ဘတ္တဂ္ဂရဟန်းက မိမိကျင့်ဝတ်ကိုသာ မိမိဖြည့်ကျင့်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပုံ၊ ထိုသူငယ်ချင်းရဟန်းတော်နှစ်ပါး ပျံလွန်တော်မူပြီးနောက် နတ်ပြည်၌ ဖြစ်ကြသောအခါ သာရဏီယရဟန်းက ဘတ္တဂ္ဂရဟန်းထက် အာယု, ဝဏ္ဏ, သုခ, ယသ, အာဓိပစ္စ ဟူသော အကျိုးငါးပါးတို့ကို သာလွန်ခံစားရပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ သာရဏီယရဟန်းသည် ကောသလမင်းကြီး၏ မိဖုရားခေါင်ကြီးထံ၌ ဖွားမြင်ခဲ့ပြီး ထိုနေ့၌ပင် ဘတ္တဂ္ဂရဟန်းသည် မိဖုရားကြီး၏ အလုပ်အကျွေးမိန်းမထံ၌ ဖွားမြင်ခဲ့ပုံ၊ နာမည်မှည့်သောနေ့၌ ကောသလမင်းကြီး၏ သားတော်ကို ထီးဖြူမိုး ကမ္ဗလာခြုံ၍ ပုခက်၌ ထားပြီး အလုပ်အကျွေး မိန်းမသားငယ်ကို စောင်ကြမ်းဖြင့် ပတ်၍ ကြမ်းပြင်၌ ထားပုံ၊ ကလေးငယ်နှစ်ယောက်တို့သည် ဇာတိဿရဉာဏ်ကို ရရှိကြသဖြင့် ကောသလမင်းကြီး၏ သားငယ်က အလုပ်အကျွေး မိန်းမသားငယ်ကို ‘‘သင်သည် ငါ့စကားကို နားမထောင်သည့်အတွက် ဤကဲ့သို့ ကြမ်းတမ်းသော အသုံးအဆောင်များကို ခံစားရ၏’’ဟု ပြစ်တင်နှိမ့်ချ ပြောဆိုပုံ၊ ထိုအခါ အလုပ်အကျွေးမိန်းမသားငယ်က ‘‘သင်သည် မင်းစည်းစိမ်ကို အမှီပြု၍ မာန်မာနမထောင်သင့်၊ သင်ခြုံထားသော ကမ္ဗလာခြုံထည်တို့သည်လည်းကောင်း၊ ငါ့ထံ၌ ရှိသော စောင်ကြမ်း စသည်တို့သည်လည်းကောင်း ပထဝီဓါတ်ချည်းသာ ဖြစ်ကြ၏’’ဟု ပြန်လည်ချေပခဲ့ပုံ၊ ထိုစကားကို သုမနာမင်းသမီး ကြားသိသောအခါ ဘုရားရှင်အား အကြောင်းစုံ လျှောက်ထားပုံ၊ ဘုရားရှင်က ‘‘လူ၌ ဖြစ်စေ၊ နတ်၌ ဖြစ်စေ၊ ဗြဟ္မာ၌ ဖြစ်စေ အလှူဒါန သာရဏီယဝတ် ဖြည့်ကျင့်သောသူသည် ဝေယျာဝစ္စ ဘတ္တဂ္ဂဝတ် ဖြည့်ကျင့်သောသူထက် အာယု ဝဏ္ဏ စသော အကျိုးငါးမျိုးတို့ဖြင့် သာလွန်၏၊ မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုရာ၌ကား အတူတူပင် ဖြစ်၏‘‘ဟု တရားဒေသနာကို ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၃၊၁၅)
ဒွေအဂ္ဂသာဝကဝတ္ထု
ဤဝတ္ထု၌ အရှင်သာရိပုတ္တရာမထေရ်လောင်းလျာနှင့် အရှင်မောဂ္ဂလာန်လောင်းမထေရ်လျာ သူငယ်ချင်းနှစ်ဦးတို့သည် တစ်နေ့တည်း၌ မွေးဖွားလာကြပုံ၊ သူငယ်နှစ်ဦးတို့သည် ကစားဖော် ကစားဖက်ဖြစ်ခဲ့ကြပုံ၊ တစ်ယောက်လျှင် အခြံအရံ ငါးရာစီရှိကြပုံ၊ ပွဲလမ်းသဘင် ကြည့်ရှု ပြီးနောက် သံဝေဂရကာ အမြိုက်တရားကို ရှာမှီးခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (သုတ္တနိ၊ဋ္ဌ၊၂၊၆၀)
ဒွေဣသိဝတ္ထု
ဤဝတ္ထု၌ ဂန္ဓာရမင်းနှင့် ဝိဒေဟမင်းတို့သည် ထီးနန်းကို စွန့်၍ ရသေ့ရဟန်းပြုကာ တော၌ နေကြပုံ၊ ဆားရှားပါးသော တောရွာမှ ဆားအလှူခံကြပြီး ဆားကို သိမ်းဆည်းထားခြင်းနှင့် ပတ်သက်၍ တစ်ဦးနှင့်တစ်ဦး အပြစ်တင်ငြင်းခုန်ကြပုံ၊ နောက်မှ အချင်းချင်း တောင်းပန်ကြကာ ချစ်ခင်စွာ နေထိုင်ပြီး ခြိုးခြံသော အကျင့်ကို ကျင့်ကြံကြ၍ ကွယ်လွန်ကြသောအခါ ဗြဟ္မာပြည်သို့ ရောက်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၂၈၁)
ဒွေဣသိဝတ္ထု
ဤဝတ္ထု၌ ဇာတိမာရသေ့နှင့် မာတင်္ဂရသေ့နှစ်ဦးတို့ အိုးထိန်းသည် ဇရပ်တွင် တစ်ညတာ တည်းခိုစဉ် ညအိပ်ရာဝင်သောအခါ မာတင်္ဂရသေ့သည် ဇာတိမာရသေ့၏ ရင်ဘတ်ကို နင်းမိပုံ၊ မာတင်္ဂရသေ့က တောင်းပန်သော်လည်း မရဘဲ ဇာတိမာရသေ့က နေထွက်လာလျှင် ဦးခေါင်းခုနစ်စိတ် ကွဲပါစေသားဟု ကျိန်ဆဲပုံ၊ မာတင်္ဂရသေ့သည် ဈာန်အဘိညာဉ်နှင့်ပြည့်စုံပြီး ဘုန်းတန်ခိုးကြီးသူဖြစ်သဖြင့် နေမထွက်အောင် တားထားပုံ၊ မင်းနှင့်တကွ တိုင်းသူပြည်သားများက ဇာတိမာရသေ့အား မာတင်္ဂရသေ့ထံ ဝန်ချတောင်းပန်ခိုင်းပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၂၊၂၂၁)
ဒွေဣသိဝတ္ထု
ဤဝတ္ထုသည် မဏိကဏ္ဌဇာတက၌ ပါဝင်သည်။ (ဝိ၊၁၊၂၂၀)
ဒွေဥပသမ္ပဒါပေက္ခဝတ္ထု
ဤဝတ္ထု၌ အရှင်မဟာကဿပမထေရ်ကြီးတွင် ရဟန်းလောင်းနှစ်ဦး ပြိုင်တူရဟန်းခံရန် ဖြစ်ပေါ်လာ၍ နှစ်ဦးစလုံးကို တစ်ကြိမ်တည်းဖြင့် ရဟန်းခံနိုင်ကြောင်း ဘုရားရှင်က ခွင့်ပြုတော်မူခဲ့ပုံ၊ ရဟန်းလောင်းနှစ်ဦး သုံးဦးကို ရဟန်းခံရာ၌ ဥပဇ္ဈာယ်ဆရာတစ်ဦးတည်း တူညီရမည် ဖြစ်ကြောင်း ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာျား ပါဝင်သည်။ (ဝိ၊၃၊၁၂၉)
ဒွေဥပေါသထာဂါရဝတ္ထု
ဤဝတ္ထု၌ ကျောင်းတိုက်ကြီး တစ်တိုက်တွင် ဥပုသ်ကျောင်းဆောင် နှစ်ဆောင် သမုတ်ထားကြပုံ၊ ရဟန်းတော်တို့သည် နှစ်ဆောင်လုံး၌ စုဝေးနေကြပုံ၊ ထိုအကြောင်းကို ဘုရားရှင်သိတော်မူ၍ ကျောင်းတိုက်တစ်တိုက်တည်း ဥပုသ်ဆောင် နှစ်ဆောင် မသမုတ်ရ၊ တစ်ဆောင်ကို ပြန်နုတ်ပြီး တစ်ဆောင်တည်း၌သာ ဥပုသ်ပြုရမည်ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၄၅)
ဒသဗြာဟ္မဏဇာတက
ဤဇာတ်တော်၌ ကောသလမင်းကြီးသည် အလှူခံပုဂ္ဂိုလ်ဖြစ်သော ဘုရား ရဟန္တာအရှင်မြတ်တို့ကို ရွေးချယ်၍ အသဒိသဒါနပြုသကဲ့သို့ ရှေးအခါကာလ ကုရုတိုင်း ဣန္ဒပတ္တနဂိုရ်မြို့ ယုဓိဋ္ဌိလအနွယ် ကောရဗျဘုရင်သည် ဘုရားလောင်း ဝိဓုရ ပညာရှိနှင့် တိုင်ပင်၍ အလှူကြီးပေးပုံ၊ အလှူခံပုဂ္ဂိုလ်များထဲတွင် ငါးပါးသီလရှိသူပင် တစ်ဦးမျှ မပါဝင်သဖြင့် မြတ်သော အလှူခံပုဂ္ဂိုလ်ကို ရှာဖွေကြပုံ၊ ဗြာဟ္မဏများသည် အမည်အားဖြင့်သာ ဗြာဟ္မဏခေါ်နေရသော်လည်း တကယ်မှာမူ သီလစင်ကြယ်သော အလှူခံပုဂ္ဂိုလ်များ မဟုတ်ကြပုံ၊ မင်းနှင့်တကွ ပြည်သူများ ဥပုသ်စောင့်ကာ ပင့်ဖိတ်သဖြင့် ပစ္စေကဗုဒ္ဓါအပါး ၅၀၀-ကြွ၍ အလှူခံကြပုံ၊ သီလစင်ကြယ်သူကိုသာ ရွေးချယ်လှူဒါန်းသင့်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၃၆၁)
ဒသမဂဟပတိဝတ္ထု
ဤဝတ္ထု၌ အရှင်အာနန္ဒာသည် ဗေလုဝရွာ၌ နေစဉ် အဋ္ဌကမြို့သား ဒသမသူကြွယ်သည် အရှင်အာနန္ဒာထံ လာရောက်၍ နိဗ္ဗာန်သို့ ရောက်စေနိုင်သော တစ်ခုတည်းသော တရားကို မေးမြန်းခဲ့ပုံ၊ အရှင်အာနန္ဒာက ထိုတရားကို ရှင်းလင်းဟောပြခဲ့ပုံ၊ ထို့ကြောင့် အရှင်အာနန္ဒာအမှူးပြုသော ရဟန်းသံဃာအပေါင်းကို ပင့်ဖိတ်၍ ဆွမ်းသင်္ကန်းတို့ကို လှူဒါန်းပြီးလျှင် အရှင်အာနန္ဒာအတွက် ကျောင်းပေါင်းငါးရာတို့ကို ဆောက်လုပ်လှူဒါန်းပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၂၊၁၂) (အံ၊၃၊၅၄၂) (မ၊ဋ္ဌ၊၂၊၈)
ဒသရထဇာတက
ဤဝတ္ထု၌ ဗာရာဏသီပြည် ဒသရထမင်းကြီးတွင် ရာမ၊ လက္ခဏ၊ သီတာဒေဝီနှင့် ဖအေတူမအေကွဲ ဘာရတမင်းသားတို့ ရှိကြပုံ၊ ဘာရတ၏မိခင် အကောက်ကြံသဖြင့် မင်းသားမင်းသမီးတို့ တောသို့ ထွက်သွားရပုံ၊ ခမည်းတော်ကွယ်လွန်ကာမှ အလောင်းတော် ရာမမင်းသားသည် ဗာရာဏသီပြည်၌ မင်းပြုရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၁၂၆)
ဒသဝဂ္ဂဝတ္ထု
ဤဝတ္ထု၌ ရဟန်းတို့သည် နှစ်ပါးတစ်စု၊ သုံးပါးတစ်စုဖြင့် စုဝေး၍ ရဟန်းခံပေးကြကြောင်း ဘုရားရှင် သိတော်မူ၍ ဆယ်ပါး၊ ဆယ်ပါးထက်ပိုသော သံဃာအစုအဝေးဖြင့်သာလျှင် ရဟန်းခံကိစ္စ ဆောင်ရွက်ရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၇၄)
ဒသဝဿဝတ္ထု
ဤဝတ္ထု၌ ၁၀-ဝါရမှသာ ရဟန်းခံမှုကိစ္စ ဆောင်ရွက်နိုင်ကြောင်း ခွင့်ပြုတော်မူချက်ကို အကြောင်းပြု၍ အချို့ရဟန်းများသည် ၁၀-ဝါရပြီး ဝိနည်းအရာ မလိမ္မာမကျွမ်းကျင်ကြဘဲ ရဟန်းခံပေးကြပုံ၊ ဥပဇ္ဈာယ်ဆရာတို့က မလိမ္မာမကျွမ်းကျင်ဘဲ တပည့်တို့က ကျွမ်းကျင်လိမ္မာကြပုံ၊ ယခင်က တိတ္ထိဖြစ်ဖူးသူတစ်ဦးသည် ဆရာဖြစ်သူနှင့် တရားဆွေးနွေးရာ ဆရာက ကျေနပ်အောင် မပြောပြနိုင်၍ တိတ္ထိဘောင်သို့ ပြန်သွားခဲ့ပုံ၊ ထို့ကြောင့် ဘုရားရှင်က ‘‘၁၀-ဝါရပြီး ဝိနည်းအရာ လိမ္မာကျွမ်းကျင်မှသာ ရဟန်းခံမှုကိစ္စ ဆောင်ရွက်ရမည်’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၇၅)
ဒသသဟဿတာပသဝတ္ထု
ဤဝတ္ထု၌ ဘုရားမပွင့်မီ ရှေးအခါက တစ်ထောင်သော အမျိုးကောင်းသားတို့သည် ရသေ့ဝတ်၍ ဥရုဝေလအရပ်၌ နေကြပုံ၊ တစ်နေ့တွင် သူတို့သည် စုဝေးတိုင်ပင်ကြ၍ ကာမဂုဏ်ခံစားရန်, သူတစ်ပါးတို့ကို ဖျက်ဆီးရန်, ညှဉ်းဆဲရန် ကြံစည်ပါက မိမိကိုယ်ကို အပြစ်ဒဏ်ပေးသည့်အနေဖြင့် သစ်ရွက်ခွက်ဖြင့် သဲပုံ, ပုံကြရန် ကတိပြုကြပုံ၊ အချိန်ကြာလာသောအခါ ထိုနေရာ၌ သဲပုံကြီး ဖြစ်လာသဖြင့် နောက်ခေတ်လူတို့က ထိုနေရာ၌ စေတီတည်ထားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၃၊၂၃၄) (အံ၊ဋ္ဌ၊၂၊၂၆၃) (ဥဒါန၊ဋ္ဌ၊၂၄)
ဒဟရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ခေါင်းရိတ်ပြီးစ ရဟန်းငယ်အား ဝိသာခါ၏မြေးမငယ်က ခေါင်းတုံးဟု ပြောကြားပုံ၊ ရဟန်းငယ်နှင့် ဝိသာခါ၏မြေးမငယ်တို့ အချင်းချင်း စကားများကြပုံ၊ ဘုရားရှင်ကိုယ်တိုင် တရားပြကာ ဖြေရှင်းပေးသဖြင့် ရဟန်းငယ် သောတာပန်တည်ပုံ၊ သူတစ်ပါးတို့၏ အားနည်းချက် ပျော့ညံ့ချက်များကို မပြောကြားသင့်ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၀၄)
ဒဟရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းငယ်တစ်ပါးသည် မိမိဆရာကို ရည်မှန်း၍ မေတ္တာပွားသော်လည်း ပွာ၍မရသဖြင့် မထေရ်ကြီးအား မေးလျှောက်သောအခါ မထေရ်ကြီးက နိမိတ်ကို ရှာလော့ဟု မိန့်ဆိုတော်မူပုံ၊ နိမိတ်ကို ရှာသောအခါ ရဟန်းငယ်သည် ဆရာသမားပျံလွန်တော်မူခြင်းကို သိရ၍ အခြားပုဂ္ဂိုလ်ကို ရည်မှန်း၍ မေတ္တာပွားသော် မေတ္တာဈာန်သမာပတ်ရပုံ၊ သေသူကို မေတ္တာပွားများ၍ ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၂၈၈)
ဒဟရဝတ္ထု
ဤဝတ္ထု၌ ကောသလမင်းကြီးက မြတ်စွာဘုရားအား တရားအားလုံးကို ထိုးထွင်းသိမြင်တော်မူသော သဗ္ဗညူဟု ဝန်ခံပါသလောဟု လျှောက်ထားပုံ၊ ဘုရားရှင်က မိမိအား သဗ္ဗညူဗုဒ္ဓဟု ပြောဆိုမှသာလျှင် စစ်မှန်စွာ ပြောဆိုရာရောက်ကြောင်း ရှင်းလင်းဟောကြားပုံ၊ တိတ္ထိဆရာကြီးခြောက်ယောက်တို့သည် သဗ္ဗညူဗုဒ္ဓဟု ဝန်မခံရဲကြပုံ၊ ငယ်ပင်ငယ်သော်လည်း မထီမဲ့မြင် မပြုသင့်သောအရာ ၆-မျိုးတို့ကို ဘုရားရှင်က အကျယ်တဝင့် ရှင်းလင်းဟောကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၆၈) (သံ၊ဋ္ဌ၊၁၊၁၁၉)
ဒဟရသာမဏေရဝတ္ထု
ဤဝတ္ထု၌ ရဟန္တာမထေရ်ကြီးတစ်ပါးသည် မဟာစေတီ မဟာဗောဓိကို ဖူးမြော်ရန် တစ်ပါးတည်း ကြွလာတော်မူပုံ၊ သာမဏေငယ်က နောက်မှလိုက်လာပြီး အလွန်ကြည်ညိုစွာ စေတီတော်ကို ဖူးမြော်နေသော မထေရ်ကြီးကို တွေ့မြင်ရသဖြင့် ဟိမဝန္တာတောသို့ တန်ခိုးဖြင့် ချက်ချင်း သွားကာ ပန်းများယူဆောင်ပေးပုံ၊ မထေရ်ကြီးသည် စေတီတော် ရင်ပြင်ပတ်ပတ်လည် ပန်းများဖြင့် ပူဇော်သော်လည်း ပန်းများ မကုန်သေးပုံ၊ မထေရ်ကြီးက သာမဏေငယ်၏ ဈာန်တန်ခိုးများ ကြာရှည်တည် မတည် ဆင်ခြင်သောအခါ ဈာန်တန်ခိုးပျက်မည်ကို မြင်သဖြင့် သတိပေး ဆုံးမသော်လည်း သာမဏေငယ်က ‘‘ငါ၏ ဆရာသည် ဘာတွေလာပြောနေမှန်းမသိ’’ ဟု ဆိုကာ နားမထောင်ပုံ၊ နောင်သောအခါ ဈာန်လျှောကာ ရက်ကန်းသည်မနှင့် ညားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၃၊၁၆၉) (အဘိ၊ဋ္ဌ၊၂၊၂၇၈)
ဒဠှဓမ္မဇာတက
ဤဇာတ်တော်၌ ဥတေနမင်းသည် ဘဒ္ဒဝတိကာဆင်မကို နုပျိုစဉ်အခါ၌ များစွာသော စည်းစိမ်အခြံအရံ ပေးလျက် အိုမင်းမစွမ်းရှိလာသောအခါ၌မူ အဆောင်အယောင်အားလုံးကို ဖြတ်တောက်ကာ တော၌ စွန့်ပစ်ပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင်အား လျှောက်ထားသောအခါ ဥတေနမင်းကို ဘုရားရှင်က ဆုံးမဩဝါဒပေးသဖြင့် ဆင်မအား မူလစည်းစိမ်များကို ပြန်လည်ပေးအပ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၆၂)
ဒဠှနေမိစက္ကဝတ္တိရာဇဝတ္ထု
ဤဝတ္ထု၌ ဒဠှနေမိစကြဝတေးမင်းကြီးသည် သားတော်ကြီးအား ထီးနန်းလွှဲအပ်၍ ရသေ့ဝတ်သွားသောအခါ စကြာရတနာ ပျောက်ကွယ်သွားပုံ၊ စကြာရတနာ ပေါ်ထွက်လာရေးအတွက် စကြဝတေးမင်းတို့ ကျင့်ဆောင်ရမည့် ကျင့်ဝတ်သီလတို့ကို သားတော်မင်းက ခမည်းတော်ရသေ့မြတ်အား မေးမြန်းပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၃၊၄၈)
ဒါရုသာကဋိကပုတ္တဝတ္ထု
ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့တွင် သမ္မာဒိဋ္ဌိအယူရှိသောသူနှင့် မိစ္ဆာဒိဋ္ဌိအယူရှိသူတို့၏ သားနှစ်ယောက်တို့သည် အမြဲတမ်း ဂုံညင်းထိုး ကစားလေ့ရှိကြပုံ၊ သမ္မာဒိဋ္ဌိအယူရှိသူ၏သားသည် နမော ဗုဒ္ဓဿဟု ရွတ်ဆို၍ ဒိုးကစားသောအခါ အမြဲတမ်းနိုင်လေ့ရှိသဖြင့် အားကျကာ မိစ္ဆာဒိဋ္ဌိကလေးကပါ နမောဗုဒ္ဓဿကို ရွတ်ဆိုလေ့ရှိပုံ၊ တစ်နေ့သောအခါ မိစ္ဆာဒိဋ္ဌိအယူရှိကြသူ သားအဖနှစ်ယောက်တို့ တောအုပ်အတွင်းသို့ ထင်းခွေသွားကြရာ နွားများ မြို့တွင်းဝင်သွားသဖြင့် သားတစ်ယောက်တည်း မြို့ပြင်၌ ကျန်နေခဲ့ပုံ၊ ညအခါ မိစ္ဆာဒိဋ္ဌိ ဘီလူးက သူငယ်ကိုစားရန် ခြေထောက်လာဆွဲပုံ၊ ကလေးငယ်က ‘‘နမော ဗုဒ္ဓဿ’’ဟု ရွတ်ဆိုသဖြင့် ဘီလူးသည် ကြောက်ရွံ့ထိတ်လန့်ပြီး လွှတ်လိုက်ပုံ၊ သမ္မာဒိဋ္ဌိဘီလူး၏ စေခိုင်းချက်အရ ထိုဘီလူးက မင်း၏ ပွဲတော်ရွှေခွက်ကို ကလေးငယ်အတွက် ယူပေးရပုံ၊ သူငယ်သည် မြတ်စွာဘုရား၏တရားကို နာရ၍ မိဘများနှင့်အတူ ဝိပဿနာပွားကာ ရဟန္တာဖြစ်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၈၄)
ဒါသကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဒါသကမထေရ်အလောင်း အမျိုးကောင်းသားသည် အဇိတပစ္စေကဗုဒ္ဓါအား စားချင်စဖွယ်ရှိသော သရက်သီးများကို လှူဒါန်းခဲ့ပုံ၊ ကဿပဘုရားရှင်လက်ထက်တော်၌ ရဟန္တာမထေရ်တစ်ပါးအား မထေရ်လောင်းကလူမှု လုပ်ငန်းကိစ္စတစ်ခု ခိုင်းစေခဲ့ဖူးသဖြင့် ဂေါတမဘုရားရှင်လက်ထက်တော်၌ အနာထပိဏ်သူဌေး၏ ကျွန်မဝမ်း၌ ပဋိသန္ဓေတည်ခဲ့ရပုံ၊ အရွယ်ရောက်လာသောအခါ ဇေတဝန်ကျောင်းတော် စောင့်ရှောက်ရေးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ခဲ့ရပုံ၊ သူဌေးကြီးက ကျွန်အဖြစ်မှ လွှတ်ပေးသောအခါ ရဟန်းပြုခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၈၅)
ဒါသကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဝေသာလီမြို့၌ ဒါသကမည်သော ပုဏ္ဏားလုလင်သည် အသက်တစ်ဆယ့်နှစ်နှစ်အရွယ်ကပင် ဗေဒင်သုံးပုံ၌ ပါရဂူဖြစ်ပုံ၊ သူသည် တပည့်တို့နှင့်အတူ အရှင်ဥပါလိမထေရ်ထံ၌ ဗေဒင်ဆိုင်ရာ ပြဿနာများကို မေးရာ မထေရ်က ကောင်းစွာ ဖြေဆိုတော်မူပုံ၊ ဗုဒ္ဓမန္တန်ကို သင်ယူလိုသဖြင့် မထေရ်ထံ၌ နောက်လိုက်တပည့်သုံးရာတို့နှင့်အတူ ရဟန်းပြုသဖြင့် ရဟန္တာဖြစ်ပြီး ရဟန္တာတစ်ထောင်တို့အား ပိဋကသုံးပုံကို ပို့ချခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သာရတ္ထ၊ဋီ၊၁၊၁၀၉)
ဒါသဝတ္ထု
ဤဝတ္ထု၌ ကျွန်တစ်ယောက်သည် အိမ်မှ ထွက်ပြေး၍ ရဟန်းဝတ်နေသည်ကို သခင်တို့က တွေ့သောအခါ ဖမ်းခေါ်မည် ပြုကြပုံ၊ ‘‘ရဟန်းတို့အား မည်သူမျှ မထိပါးရန် ဘုရင်က အမိန့်ထုတ်ပြီးဖြစ်၍ ဖမ်းခွင့်မရှိ’’ဟု ငြင်းဆိုကြပုံ၊ လူတို့က ကဲ့ရဲ့သဖြင့် ‘‘ကျွန်တို့ကို ရဟန်းခံမပေးရ’’ဟု ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဝိ၊၃၊၁၀၇)
ဒါသီဝတ္ထု
ဤဝတ္ထု၌ အမျိုးသမီးတစ်ယောက်သည် လူ့ဘဝတုန်းက ကျွန်မ ဖြစ်ခဲ့ရသော်လည်း သံဃာတော်တို့အား ကောင်းစွာ ချက်ပြုတ်၍ ဆွမ်းလှူခဲ့ခြင်း၊ သီလစောင့်ခဲ့ခြင်း၊ သရဏဂုံခံယူခဲ့ခြင်းကြောင့် ကွယ်လွန်သောအခါ တာဝတိံသာဘုံ၌ နတ်သမီးဖြစ်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၈၂)
ဒီဃဇယန္တဒမိဠဝတ္ထု
ဤဝတ္ထု၌ ဒီဃဇယန္တမည်သော ကျေးတောသားလေးတစ်ယောက်သည် သုမနဂိရိကျောင်းအတွင်းရှိ အာကာသစေတီ၌ အနီရောင်ပုဆိုးကို လှူဒါန်းပူဇော်ခဲ့ပုံ၊ ကွယ်လွန်သောအခါ ဥဿဒငရဲအနီး၌ ဖြစ်၍၊ ငရဲမီးအရောင်နှင့် မီးတောက်အသံကို မြင်ရကြားရ၍ မိမိလှူဒါန်းခဲ့သော အနီရောင်ပုဆိုးကို သတိရသဖြင့် နတ်ပြည်သို့ ရောက်သွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၄၊၁၆၆) (အံ၊ဋ္ဌ၊၂၊၁၂၀)
ဒီဃနခဘိက္ခုဝတ္ထု
ဤဝတ္ထု၌ လက်သည်းရှည်ထားသော ရဟန်းတော်တစ်ပါး ဆွမ်းခံကြွစဉ် အမျိုးသမီးတစ်ယောက်က မေထုန်မှီဝဲရန် ဖိတ်ခေါ်ပုံ၊ ထိုရဟန်းက ဤအမှုကိစ္စမျိုးသည် ရဟန်းတော်များနှင့် မအပ်စပ်ကြောင်း ပြောကြားပုံ၊ အမျိုးသမီးက မိမိ၏အလိုဆန္ဒကို မလိုက်လျောလျှင် မိမိကိုယ်ကို လက်သည်းဖြင့် ကုတ်ဖဲ့၍ ‘‘ဤရဟန်းသည် မိမိကို အလိုမတူဘဲ ဖောက်ပြန်စွာ ပြုကျင့်၏’’ဟု တိုင်ပြောမည်ဖြစ်ကြောင်း ပြောကြားပုံ၊ ရဟန်းတော်ကလည်း အော်ချင်အော်, ပြောချင်ပြော မလိုက်လျောနိုင်’’ဟု ပြောကြားပုံ၊ ဤအကြောင်းအရာကို ဘုရားရှင် သိတော်မူ၍ ရဟန်းများ လက်သည်းရှည် မထားရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၇၃)
ဒီဃဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ ဒီဃပုဏ္ဏားသည် ပုဏ္ဏားတို့ကို ထမင်းငါးခွက် ငါးခွက်စီ ပေးလှူသော်လည်း အလှူခံပုဏ္ဏားတို့မှာ ရောင့်ရဲမှုမရှိပုံ၊ တစ်နေ့သောအခါ ရဟန်းတော်များသည် အလိုနည်း၏ ဟူသော စကားကို စုံစမ်းရန် ရဟန်းအပါးသုံးဆယ် ဆွမ်းစားနေစဉ် ဆွမ်းတစ်ချိုင့်ကို ယူ၍ သံဃာ့ထေရ်ကြီးအား ဆက်ကပ်ပုံ၊ မထေရ်ကြီးသည် အနည်းငယ်ကိုသာ ယူပုံ၊ အခြား အခြားသော ရဟန်းတော်များကလည်း အနည်းငယ်မျှစီကိုသာ ယူသဖြင့် အပါးသုံးဆယ် ဆွမ်းတစ်ချိုင့်ဖြင့် ကပ်လှူရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၇၄)
ဒီဃဘာဏက အဘယတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဒီဃဘာဏကအဘယထေရ်သည် မှတ်ဉာဏ်အလွန်ကောင်းပုံ၊ မိမိမွေးဖွားပြီး (၉)ရက်မြောက်နေ့၌ မိခင်ဖြစ်သူက နမ်းရှုတ်ရန် ခေါင်းငုံ့လိုက်စဉ် ဆံထုံးပြေသွားကြောင်းကို သတိရပုံ၊ ထိုဆံထုံးပေါ်မှ မြတ်လေးပန်းများ မိမိရင်ဘတ်ပေါ်သို့ ကျသဖြင့် ဆင်းရဲဒုက္ခရောက်ရကြောင်းကို သတိရပုံ၊ ထိုအချိန်မှစ၍ မိမိအသက် ထင်ရှားရှိနေချိန်အထိ အမှတ်သတိရနေကြောင်း အဘယထေရ်က အမိန့်ရှိပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၁၂၀)
ဒီဃဘာဏက အဘယတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဒီဃဘာဏကအဘယထေရ်သည် ပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်းတစ်ပါးကို ရဟန္တာလော ပုထုဇဉ်လောဟု မခွဲခြား မဆုံးဖြတ်နိုင်သဖြင့် သူငယ်တစ်ယောက်အား ပိဏ္ဍပါတိကမထေရ် မြစ်ဆိပ်၌ ရေဆင်းချိုးသည့်အခါ ရေငုပ်သွားပြီး ခြေထောက်ကို ဆွဲရန် စေခိုင်းပုံ၊ သူငယ်သည် ညနေချမ်းအခါ၌ ပိဏ္ဍပါတိကမထေရ် မြစ်ဆိပ်သို့ ရေချိုးဆင်းလာသည်ကို မြင်သဖြင့် ရေငုပ်သွားကာ မထေရ်၏ ခြေထောက်ကို ဆွဲပုံ၊ မထေရ်က မိချောင်းဆွဲသည်ဟု မှတ်ထင်ကာ ကြောက်လန့်ပြီး ကျယ်လောင်စွာ အော်ဟစ်ပုံ၊ ထိုအခါ ဒီဃဘာဏကမထေရ်က ပိဏ္ဍပါတိကမထေရ်ကို ပုထုဇဉ်မျှသာ ရှိသေးကြောင်း ဆုံးဖြတ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၄၊၆၆)
ဒီဃဘာဏကအဘယတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဒီဃဘာဏကအဘယမထေရ်သည် ပစ္စည်းလေးပါးတို့ကို ရောင့်ရဲခြင်း၌ မွေ့လျော်ပုံ၊ မဟာအရိယဝံသအကျင့်ကို ဟောကြားသောအခါ ကြီးစွာသော လာဘ်ပူဇော်သက္ကာရ ဖြစ်ပုံ၊ အခြားမထေရ်တစ်ပါးသည် သည်းမခံနိုင်သဖြင့် ဆဲရေးပုံ၊ မထေရ်နှစ်ပါးတို့သည် တစ်ဂါဝုတ်မျှသော အရပ်သို့ ခရီးတစ်ခုတည်း အတူ ကြွသောအခါ၌လည်း အခြားမထေရ်တစ်ပါးသည် ဆဲရေးလျက်သာ လိုက်ပါခဲ့ပုံ၊ လမ်းခွဲရောက်သောအခါ၌ ဒီဃဘာဏက မထေရ်က ဆဲရေးလျက် လိုက်ပါလာသော မထေရ်အား ရှိခိုးကန်တော့ကာ လမ်းခရီးကို ညွှန်ပြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၈၂) (အံ၊ဋီ၊၃၊၁၂၉)
ဒီဃဘာဏကအဘယတ္ထေရဝတ္ထု
ဤဝတ္ထု၌ အဘယခိုးသူကြီးသည် နောက်လိုက်နောက်ပါ ငါးရာတို့နှင့် အတူ သစ်တုံးခံတပ် ဖွဲ့၍ ပတ်ဝန်းကျင်သုံးယူဇနာအတွင်း အသွားအလာမရှိအောင် ဆောင်ရွက်ထားကြပုံ၊ အနုရာဓမြို့သူမြို့သားတို့သည် ဒီဃဘာဏကအဘယမထေရ့်ထံ ခိုးသူကြီး၏ အကြောင်းကို လျှောက်ထားကြရာ မထေရ်က သံဃာအတွက် ယူဆောင်လာသော ထောပတ်၊ တင်လဲ၊ ဆန် စသည်တို့ကို ခိုးသူတို့ထံ အပို့ခိုင်းပုံ၊ ခိုးသူတို့သည် မထေရ့်အပေါ်၌ ကြည်ညိုကြသဖြင့် ထိုအချိန်မှ စ၍ အလှူရှင်တို့ထံမှ မလုယက်တော့ဘဲ ရဟန်းတော်တို့ကျောင်းသို့ အသွားအပြန် လိုက်လံပို့ဆောင်ကြပုံ၊ လူတို့က ရဟန်းတို့၏ ဆွမ်းကျန်၊ ဟင်းကျန်များကို ခိုးသူတို့အား ကျွေးမွေးကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၂၊၆၈)
ဒီဃာဝုဥပါသကဝတ္ထု
ဤဝတ္ထု၌ ဒီဃာဝုဥပါသကာသည် မကျန်းမမာ ဖျားနာနေစဉ် ဖခင်ဖြစ်သူ ဇောတိကသူဌေးကြီးအား ဘုရားရှင်ထံ စေလွှတ်၍ ပင့်လျှောက်ခိုင်းပုံ၊ ဘုရားရှင် ကြွရောက်တော်မူလာပြီး သောတာပတ္တိမဂ်အင်္ဂါ တရားလေးပါးနှင့် ခြောက်ပါးသော ဝိဇ္ဇာဘာဂီယတရားတို့ကို ပွားများရန် ဟောကြားပြီး ပြန်ကြွသွားပုံ၊ ဒီဃာဝုဥပါသကာသည် ဘုရားရှင် ပြန်ကြွသွားပြီးနောက် ဝိဇ္ဇာဘာဂီယတရားခြောက်ပါးကို ပွားများလျက် ဩရမ္ဘာဂိယသံယောဇဉ်ငါးပါးကို ပယ်ကာ ကွယ်လွန်သွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၃၊၂၉၉) (သံ၊ဋ္ဌ၊၃၊၃၀၈)
ဒီဃီတိကောသလဇာတက
ဤဇာတ်တော်၌ စစ်အင်အားကောင်းသော ဗြဟ္မဒတ်မင်းကြီးသည် စစ်အင်အားနည်းသော ဒီဃီတိမင်းကြီးအား တိုက်ခိုက်ရာ ဒီဃီတိမင်းသည် မိဖုရားနှင့်အတူ မထင်မရှား ထွက်သွား၍ ပုန်းရှောင်နေရပုံ၊ ဒီဃာဝုမင်းသားကို မွေးဖွားပြီးနောက် တစ်နေ့သောအခါတွင် ဗြဟ္မဒတ်မင်းသည် ဒီဃီတိမင်းနှင့် မိဖုရားတို့အား ဖမ်းဆီးမိ၍ သတ်ရန် ကားစင်တင်ထားစဉ် ဒီဃီတိမင်းကြီးသည် ရန်ကို ရန်ချင်း မတုံ့လျှင်းရန် ဒီဃာဝုအား မှာထားခဲ့ပုံ၊ မယ်တော်ခမည်းတော်တို့ ကွပ်မျက်ခံရပြီးသောအခါ လက်စားချေခွင့် ဒီဃာဝုမင်းသားသည် ဗြဟ္မဒတ်မင်းထံ လူယုံအဖြစ် ဝင်ရောက်ခစားပုံ၊ နောင်တွင် သတ်ခွင့်ကြုံသော်လည်း လက်စားမချေသဖြင့် နောက်ဆုံးတွင် မင်းအဖြစ်ကို ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၈၇) (ဇာ၊ဋ္ဌ၊၃၊၁၉၇)
ဒီပင်္ကရဗုဒ္ဓဝံသ
ဤဗုဒ္ဓဝင်၌ ဒီပင်္ကရာမင်းသားသည် မင်းစည်းစိမ်ခံစားခဲ့ပုံ၊ နိမိတ်ကြီးလေးပါးကို မြင်၍ ဆင်ယာဉ်စီးကာ တောထွက်တော်မူခဲ့ပုံ၊ (၁၀)လတိုင်တိုင် ဒုက္ကရစရိယာကျင့်ပြီးနောက် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့ပုံ၊ သုမေဓာရှင်ရသေ့အား ဂေါတမဗုဒ္ဓဖြစ်လိမ့်မည်ဟု နိယတဗျာဒိတ်ပေးတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဗုဒ္ဓဝံ၊ဋ္ဌ၊၁၄၄)
ဒီပရာဇဝတ္ထု
ဤဝတ္ထု၌ သီဟဠမင်းသည် သားတော်လေး ဖွားမြင်သော မိဖုရားအား သဘောကျနှစ်သက်သောကြောင့် ဆုပေးမည်ဟု ပြောဆိုခဲ့ပုံ၊ သားတော်လေးမှာ ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်၌ ကြက်တိုက်ရင်း မျက်စိတစ်ဖက် ကွယ်ခဲ့ပုံ၊ မိဖုရားက သားတော်လေးအတွက် ရှင်ဘုရင်ဆုကို တောင်းခဲ့ပုံ၊ ကိုယ်အင်္ဂါချို့တဲ့သောကြောင့် နဂါးကျွန်းကိုသာ ထီးနန်းအုပ်ချုပ်ခွင့်ပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၂၊၄၂၅)
ဒီပဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့သားတို့ ဥပုသ်စောင့် တရားနာကြစဉ် မိုးချုပ်သွားခဲ့ပုံ၊ အမျိုးသမီးတစ်ဦးသည် ဆီမီးထွန်းညှိ လှူဒါန်းခဲ့ပုံ၊ ထိုအမျိုးသမီး ကွယ်လွန်သောအခါ တာဝတိံသာနတ်ပြည် ဇောတိရသဗိမာန်၌ အရောင်တောက်ပသော နတ်သမီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၄၄)
ဒီပိဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ရသေ့ဖြစ်၍ ရာဇဂြိုဟ်မြို့အနီး တောင်နံရံ၌ သစ်ခက်တဲ ဆောက်လုပ်၍ နေထိုင်ခဲ့ပုံ၊ သိုးအုပ်ထဲမှ သိုးတစ်ကောင်သည် နောက်ကျ ကျန်ရစ်ခဲ့ပြီး ကျားသစ်တစ်ကောင်နှင့် တွေ့ပုံ၊ သိုးသည် ချိုသာစွာ ပြောဆိုပါသော်လည်း အသက်ဆုံးရှုံးခဲ့ရပုံ၊ သူယုတ်မာနှင့် တွေ့သောအခါ သာယာချေငံ ဆက်ဆံ၍ မရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၄၅၅)
ဒု-သ-န-သောဝတ္ထု
ဤဝတ္ထု၌ ကောသလမင်းကြီးသည် မြို့တော်ကို လှည့်လည်စဉ် လှပသော အမျိုးသမီးတစ်ဦးကို တွေ့မြင်ခဲ့ပြီး ထိုအမျိုးသမီးကို သိမ်းပိုက်လိုသဖြင့် သူမ၏ယောက်ျားအား သတ်ရန် စီစဉ်ထားသော ညတွင် ဒု၊ သ၊ န၊ သော ဟူသော အသံကြီးလေးသံကို ကြား၍ ကြောက်လန့်ပုံ၊ ပုရောဟိတ်ပုဏ္ဏား၏ အကြံပေးချက်အရ သဗ္ဗသတ (သတ္တဝါတစ်ရာစီ) ယဇ်ပူဇော်ရန် သတ္တဝါများကို ဖမ်းထားစဉ် ဘုရားရှင်ထံ အကျိုးအကြောင်းလျှောက်ထားရန် မလ္လိကာဒေဝီ၏ အကြံပေးမှုကြောင့် ဘုရားရှင်ထံလျှောက်ထားရာ ဘုရားရှင်၏ တရားဟောပြအမှုကြောင့် သတ္တဝါများ အသက်ချမ်းသာရာ ရခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၇၅) (ပေတ၊၂၁၆) (သံ၊ဋ္ဌ၊၁၊၁၃၀) (ပေတ၊ဋ္ဌ၊၂၆၂)
ဒုက္ခလက္ခဏဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် အတိတ်ဘဝက ဒုက္ခလက္ခဏာရှုမှတ်ခဲ့ဖူးသော ရဟန်းတို့အား ခန္ဓာငါးပါးတို့သည် အနီးကပ်နှိပ်စက်တတ်သော သဘောရှှိသောကြောင့် ဒုက္ခမည်ကုန်၏- ဟု ဒုက္ခလက္ခဏာကို အထူးပြု၍ ဟောကြားတော်မူသဖြင့် ထိုရဟန်းတို့ ရဟန္တာ ဖြစ်သွားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၅၅)
ဒုစ္စရိတဖလပီဠိတဝတ္ထု
ဤဝတ္ထု၌ အရှင်မောဂ္ဂလ္လာန်နှင့် အရှင်လက္ခဏ မထေရ်နှစ်ပါးတို့သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လာစဉ် အရှင်မောဂ္ဂလာန်မထေရ်က အရိုးစုပြိတ္တာကို မြင်တော်မူပုံ၊ ထိုအကြောင်းအရာကို မြတ်စွာဘုရားအား လျှောက်ထားသောအခါ မြတ်စွာဘုရားက ‘‘ထိုပြိတ္တာသည် ရာဇဂြိုလ်မြို့၌ နွားသတ်သမား ဖြစ်ခဲ့၏’’ဟု မိန့်ကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၁၄၄) (ဝိ၊ဋ္ဌ၊၂၊၉၆) (ဓမ္မ၊ဋ္ဌ၊၂၊၂၉၈)
ဒုဋ္ဌဂါမဏိအဘယရာဇဝတ္ထု
ဤဝတ္ထု၌ ဒုဋ္ဌဂါမဏိမင်းသည် စစ်ပွဲတွင် ရှုံးနိမ့်သဖြင့် မြင်းမတစ်ကောင်ကို စီး၍ နောက်လိုက်တိဿအမတ်နှင့်အတူ တောအုပ်တစ်ခုထဲသို့ ထွက်ပြေးခဲ့ပုံ၊ ဆာလောင်သဖြင့် တိဿအမတ်ယူလာသော ထမင်းထုပ်မှ ထမင်းကို လေးပုံခွဲ၍ အလှူခံပုဂ္ဂိုလ်ကို သုံးကြိမ်ကြွေးကြော်၍ ပင့်ဖိတ်ခဲ့ပုံ၊ ထိုပင့်ဖိတ်သံကို ဗောဓိမာတုမဟာတိဿမထေရ်က ဒိဗ္ဗသောတအဘိညာဉ်ဖြင့် ကြားသိရ၍ ကြွရောက်အလှူခံခဲ့ပုံ၊ မင်းကြီး, တိဿအမတ်, မြင်းမအားလုံးတို့က မိမိတို့၏ ဝေစုအားလုံးကို ‘‘ဘယ်တော့မှ အစားအစာ အခက်အခဲ မတွေ့ရပါစေနှင့်’’ဟု ဆုတောင်း၍ မထေရ်အား လှူလိုက်ကြပုံ၊ ထိုမထေရ်က သံဃာတော်အား လှူပြီး ဆွမ်းကျန်ဟင်းကျန်တို့ကို မိမိတန်ခိုးဖြင့် မင်းကြီးနှင့် အဖော်(၂)ဦးတို့ကို ကျွေးမွေးပုံ၊ ဒုဋ္ဌဂါမဏိမင်းကြီး နတ်ရွာစံခါနီးတွင် ကောင်းမှုစာရင်းကို ဖတ်ကြားစေရာ ထိုဆွမ်းအလှူအကြောင်းကို သတိရပြီး နတ်ရွာစံသော် တုသိတာနတ်ဘုံ၌ ဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၂၊၁၀၅)
ဒုဋ္ဌုလ္လဝါစာသိက္ခာပဒ ဝိနီတဝတ္ထူနိ
ဤဝတ္ထု၌ ဒုဋ္ဌုလ္လဝါစာနှင့် ပတ်သက်၍ သံဃာဒိသေသ်အာပတ် သင့်/မသင့် ဆုံးဖြတ်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၁၉၀)
ဒုတိယပါရာဇိက ဝိနီတဝတ္ထူနိ
ဤဝတ္ထု၌ ခိုးမှုနှင့် ပတ်သတ်၍ ပါရာဇိကအာပတ် သင့်/မသင့် ဆုံးဖြတ်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၇၀)
ဒုတိယရံသိသညကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်အလောင်းသည် ဟိမဝန္တာတောင်၌ ရသေ့ဖြစ်ခဲ့ပုံ၊ ထိုအခါ ဟိမဝန္တာတောင်၌ ဈာန်ဝင်စားတော်မူသော ဘုရားရှင်ကို ဖူးမြင်ရ၍ ထိုဘုရားရှင်၏ ရောင်ခြည်တော်ကို ကြည့်ညိုခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါးလားရောက်ခြင်း မရှိခဲ့ဘဲ နောက်ဆုံးဘဝ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၄၃) (အပ၊ဋ္ဌ၊၂၊၁၁၀)
ဒုတိယသင်္ဂါယနာဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက် အနှစ်(၁၀၀)ကြာသောအခါ ဝေသာလီပြည်သား ဝဇ္ဇီရဟန်းတို့သည် အကပ္ပိယဝတ္ထု (၁၀)ပါးတို့ကို အပ်စပ်၏ဟု ဟောပြောလျက် သံဃာတော်တို့အတွက် ရွှေငွေအလှူခံကြပုံ၊ အရှင်ယသမထေရ်က ဝိနည်းတော်နှင့် မညီကြောင်း ဟောပြောသဖြင့် အဓမ္မဝါဒီများက အရှင်ယသမထေရ်ကို ဥက္ခေပနီယကံပြုရန် စုဝေးလာကြစဉ် အရှင်ယသမထေရ်သည် ကောင်းကင်မှ ပြန်ကြွ၍ အရှင်သမ္ဘူတ, အရှင်ရေဝတ အစရှိသော မထေရ်ကြီးတို့ထံ ကြွသွားကာ ဓမ္မဝါဒီတို့ အားရှိရန် စုရုံးခဲ့ပုံ၊ ဝါလိကာရုံကျောင်း သံဃာ့စည်းဝေးပွဲကြီး၌ အရှင်အာနန္ဒာ၏ တပည့် ဝါတော်၁၂၀-ရှိ အရှင်သဗ္ဗကာမီမထေရ်ကြီးအား အကပ္ပိယဝတ္ထုဆယ်ပါးကို အပ် မအပ် မေး၍ ဆုံးဖြတ်ချက်ခံယူကာ ရဟန္တာအပါး(၇၀၀)တို့ စုပေါင်းညီညာ သံဂါယနာတင်တော်မူခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၄၉၁) (ဝိ၊ဋ္ဌ၊၁၊၂၅) (သာရတ္ထ၊ဋီ၊၃၊၄၅၂)
ဒုဒ္ဒဒဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းသည် ကာသိတိုင်း ပုဏ္ဏားမျိုး၌ ဖြစ်စဉ် အရွယ်ရောက်လာသောအခါ တက္ကသိုလ်ပြည်သို့ သွားပြီး အတတ်ပညာများကို သင်ယူလျက် လူ့ဘောင်ကိုစွန့်၍ ရသေ့ဝတ်ခဲ့ပုံ၊ ရသေ့အပေါင်း ခြံရံလျက် ဟိမဝန္တာ၌ ကြာမြင့်စွာ နေထိုင်ပြီးနောက် ချဉ်ဆားမှီဝဲရန် ဗာရာဏသီမင်း၏ ဥယျာဉ်တော်သို့ ကြွလာခဲ့ကြပုံ၊ မြို့တွင်းသို့ ရသေ့အပေါင်း ဆွမ်းခံကြွသောအခါ လူအများက မြတ်နိုးကြည်ညိုစွာဖြင့် လောင်းလှူကြသဖြင့် ဘုရားလောင်း ရသေ့ကြီးက လူအပေါင်းအား ‘‘ဒုဒ္ဒဒံ ဒဒမာနာနံ’’ စသော ဂါထာများကို ဟောခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၇၇)
ဒုဒ္ဒုဘဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ခြင်္သေ့ဖြစ်၍ ယုန်ကလေးတစ်ကောင်သည် ဥသျှစ်ပင်အောက်ရှိ ထန်းရွက်အောက်၌ အိပ်နေစဉ် ထန်းရွက်ပေါ်သို့ ဥသျှစ်သီး ကြွေကျသည်ကို မြေပြိုသည်ဟု တွေးထင်၍ ထွက်ပြေးခဲ့ပုံ၊ တောသတ္တဝါအားလုံးလည်း ယုန်လေး၏စကားကြောင့် ထွက်ပြေးကြပုံ၊ ဘုရားအလောင်းခြင်္သေ့မင်း၏ စူးစမ်းမှုကြောင့် တောသတ္တဝါ အသက်ချမ်းသာရာ ရခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၃၉၆) (ဇာ၊ဋ္ဌ၊၃၊၆၉)
ဒုဗ္ဗစဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် လှံခုန်ကစားသော အမျိုး၌ ဖြစ်ခဲ့ပုံ၊ တစ်နေ့တွင် သူ၏ ဆရာသည် အရက်သေစာသောက်စားပြီး လှံ၄-ချောင်းသာ ခုန်နိုင်ပါလျက် ၅-ချောင်းခုန်ပြမည်ဟု ပရိသတ်တို့အား ကြေညာပုံ၊ ဘုရားအလောင်းက ၅-ချောင်းမခုန်ရန် ပြောသော်လည်း မရဘဲ ခုန်ပြသဖြင့် ရင်ဝလှံစူး၍ သေရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၅၅)
ဒုဗ္ဗစဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတော်တစ်ပါးသည် စေတနာမပါဘဲ မြက်ပင်တစ်ပင်ကို ဖြတ်မိပုံ၊ အခြားရဟန်း တစ်ပါးထံသို့ ချဉ်းကပ်၍ ‘‘ ငါ့အား အဘယ်အပြစ် ရောက်ပါသနည်း’’ ဟု မေးမြန်းပုံ၊ အခြားရဟန်းက‘‘ မြက်ကို ဖြတ်ရာ၌ တစ်စုံတစ်ရာ ကြီးမားသော အပြစ်မရှိ၊ ဒေသနာကြားလျှင် အပြစ်မှ လွတ်၏’’ ဟုဆိုကာ လက်နှစ်ဘက်ဖြင့် မြက်ကို နှုတ်ပြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၀၁)
ဒုဗ္ဗဏ္ဏိယဝတ္ထု
ဤဝတ္ထု၌ ရုပ်ဆိုးဆိုး ဗိုက်ပူပူ ပုကွကွ နတ်သားတစ်ယောက် သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ ကျောက်ဖျာပေါ်၌ လာရောက်ထိုင်နေခဲ့ပုံ၊ တာဝတိံသာနတ်တို့က ကဲ့ရဲ့ရှုတ်ချကြလေ, ပိုမို၍ အဆင်းလှလာလေ ဖြစ်ပုံ၊ ထိုအကြောင်းကို တာဝတိံသာနတ်သားများက သိကြားမင်းထံ သွားရောက် လျှောက်ထားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၂၃၉) (သံ၊ဋ္ဌ၊၁၊၃၂၃)
ဒုဗ္ဗလကဋ္ဌဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဟိမဝန္တာ၌ ရုက္ခစိုးနတ် ဖြစ်နေစဉ် ဗာရာဏသီမင်းသည် မိမိ၏ မင်္ဂလာဆင်တော်ကို ကြိုးတုပ်၍ လှံတို့ဖြင့် ထိုးသတ်ဟန်၊ ဓါးဖြင့်ခုတ်ဟန် စသည်ဖြင့် စစ်မြေပြင်၌ ကြောက်ရွံ့တုန်လှုပ်မှု မရှိစေရန် လေ့ကျင့်ပေးပုံ၊ တစ်နေ့တွင် ဆင်တော်သည် လေ့ကျင့်ရင်း လွတ်သွားပြီး တောထဲတွင် အစစအရာရာကို ကြောက်ရွံ့၍တုန်လှုပ်နေပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၃၉)
ဒုဗ္ဘိယမက္ကဋဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်၍ ဗာရာဏသီပြည် ကာသိရွာငယ်လေးတစ်ရွာ၌ အိမ်ထောင်ကျကာ နေထိုင်ခဲ့ပုံ၊ တစ်နေ့သောအခါ အကြောင်းကိစ္စတစ်ခုဖြင့် ခရီးသွားစဉ် မျောက်တစ်ကောင် ရေဆာလွန်းသဖြင့် ရေတွင်းအနီးတွင် ရေရှာဖွေနေသည်ကို တွေ့မြင်ရပုံ၊ ဘုရားလောင်းပုဏ္ဏားသည် ရေတွင်းမှ ရေများကို ခပ်ယူကာ မျောက်သောက်ရန် အိုးစကျင်းထဲသို့ လောင်းထည့်ပေးလိုက်ပုံ၊ မျောက်သည် အားရပါးရ ရေသောက်ပြီးနောက် အမောဖြေနေသော ဘုရားလောင်း ပုဏ္ဏားကြီးပေါ်သို့ မစင်စွန့်ချကာ တောထဲသို့ ဝင်သွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၆၄)
ဒုမ္မုခပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထုသည် ကုမ္ဘကာရဇာတက၌ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၅၇)
ဒုမ္မေဓဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကြန်အင်လက္ခဏာနှင့် ပြည့်စုံသော မင်္ဂလာဆင်တော် ဖြစ်ခဲ့ပုံ၊ ဆင်ပွဲတွင် ပြည်သူတို့သည် ဆင်ဖြူတော်၏ တင့်တယ်ပုံကို ချီးကျူးကြသဖြင့် ဘုရင်သည် မနာလိုဖြစ်ကာ ဝေပုလ္လတောင်ထိပ်သို့ တက်၍ လိမ့်ကျသေစေရန် ခြေတစ်ချောင်းထောက် ရပ်ခိုင်းပုံ၊ ထိုအခါ ဆင်ဖြူတော်သည် ဗာရာဏသီပြည်သို့ ကောင်းကင်မှ ပျံသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၆၉)
ဒုမ္မေဓဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းဗြဟ္မဒတ္တမင်းသားသည် ဆိတ်၊ သိုးစသော သတ္တဝါများကို သတ်၍ နတ်သစ်ပင်၌ ယဇ်ပူဇော်နေကြသော တိုင်းသူပြည်သားများကို တားမြစ်လိုသည့်အတွက် ပန်းနံ့သာတို့ဖြင့် နတ်သစ်ပင်၌ ပူဇော်ပုံ၊ ဖခင်ဗြဟ္မဒတ်မင်းကြီး နတ်ရွာစံ သွားသဖြင့် ဘုရားလောင်းဗြဟ္မဒတ္တမင်းသား မင်းအဖြစ်ကို ရရှိသောအခါ ပြည်သူတို့အား ‘‘မိမိသည် မင်းသားဘဝက နတ်မင်းကြီးအား ဘုရင်ဖြစ်အောင် မစရန် ဆုတောင်းခဲ့သည်။ ဆုတောင်းပြည့်လျှင် ငါးပါးသီလမလုံခြုံသူတို့ကို သတ်၍ ပူဇော်ပါမည်ဟု ကတိပြုခဲ့သည်။ ယခု ဘုရင်ဖြစ်ပြီ, ဆုတောင်းပြည့်ပြီဖြစ်၍ မ စ သောနတ်မင်းကို ကတိအတိုင်း သီလမရှိသော သူတို့အား နတ်သစ်ပင်၌ ယဇ်ပူဇော်မည် ဖြစ်ကြောင်း ကြေညာမောင်းခတ်ပုံ၊ ထိုအချိန်မှစ၍ တိုင်းသူပြည်သားများသည် ဒုဿီလအမှုမှ ရှောင်ကြဉ်ပြီး ကုသိုလ်ကောင်းမှုများကို ပြုလုပ်ကြသဖြင့် ကွယ်လွန်ကြသောအခါ နတ်ပြည်သို့ ရောက်ခဲ့ကြပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၇၆)
ဒုရာဇာနဇာတက
ဤဇာတ်တော်၌ ရတနာသုံးပါးကို ဆည်းကပ်လေ့ရှိသော သူတော်ကောင်း ဥပါသကာသည် မိမိမိန်းမ၏ စိတ်အလိုသဘောကို မသိသဖြင့် စိတ်ဆင်းရဲပြီး ဘုရားရှင်ထံ မချဉ်းကပ်နိုင်ခဲ့ပုံ၊ တစ်နေ့တွင် ဘုရားရှင်ထံ ရောက်သောအခါ အကျိုးအကြောင်း လျှောက်ထားပြသဖြင့် ဘုရားရှင်က အတိတ်ဇာတ်ကြောင်း ဆောင်ကာ တရားဟောသောကြောင့် သောတာပန် တည်သွားခဲ့ပုံ၊ ရေ၌ သွားသောငါး, လေ၌ ပျံသောငှက်တို့၏ လမ်းကြောင်းကို သိနိုင်ခဲသကဲ့သို့ မိန်းမတို့၏ အတွင်းသဘောနှင့် အလိုဆန္ဒကို သိနိုင်ခဲပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ဇာ၊ဋ္ဌ၊၁၊၃၁၇)
ဒုဿီလဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် သာဝတ္ထိမြို့ ဝိသာခါ၏ ပုဗ္ဗာရုံကျောင်းတော်၌ ဥပုသ်နေ့တွင် ရဟန်း သံဃာအပေါင်း ခြံရံလျက် ထိုင်နေတော်မူပုံ၊ ပထမယာမ် မဇ္ဈိမယာမ် ပစ္ဆိမယာမ် ကုန်ခါနီး အရုဏ်တက်သည်အထိ ဘုရားရှင်သည် ဩဝါဒပါတိမောက် ပြတော်မမူဘဲ ဆိတ်ဆိတ်နေတော်မူသောကြောင့် အရှင်အာနန္ဒာက တောင်းပန်ရာ ပရိသတ်မသန့်ရှင်းကြောင်း မိန့်တော်မူပုံ၊ အရှင်မောဂ္ဂလ္လာန်သည် စေတောပရိယအဘိညာဉ်ဖြင့် ကြည့်တော်မူ၍ ဒုဿီလရဟန်းအား နှင်ထုတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၄၁၈) (အံ၊၃၊၄၄) (ဥဒါန၊ဋ္ဌ၊၂၆၈) (ဥဒါန၊၁၃၈)
ဒူတဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် ဗာရာဏသီပြည်တွင် ဘောဇနသုဒ္ဓိကမင်း ဖြစ်စဉ် ပွဲတော်တည်သည့်အခါ လူအများကို ကြည့်ရှုစေလျက် အသပြာတစ်သိန်း ထိုက်တန်သော ရွှေခွက်၌ ရသာမျိုးစုံထည့်ကာ စားလေ့ရှိပုံ၊ တစ်နေ့သောအခါ ယောကျ်ားတစ်ယောက်သည် မွတ်သိပ်ဆာလောင်မှုကို မတားဆီး မမျိုသိပ်နိုင်သဖြင့် ‘‘တမန်တော် တမန်တော်’’ ဟု အော်ဟစ်ကာ မင်းကြီးထံ သွား၍ ပွဲတော်အုပ်ထဲမှ ထမင်းကို နှိုက်စားပုံ၊ မင်းကြီးက တမန်တော်အကြောင်း မေးသည့်အခါ တဏှာ၏ တမန် ဖြစ်ကြောင်း လျှောက်ထားသဖြင့် မင်းကြီးက နှစ်ခြိုက်သဘောကျကာ အခြွေအရံဆုလာဘ်များ ပေးသနားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၈၈)
ဒူတဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကာသိတိုင်း ပုဏ္ဏားမျိုး၌ ဖြစ်၍ တက္ကသိုလ်ပြည် ဒိသာပါမောက္ခဆရာကြီးထံ ပညာသင်ကြားပြီး ဆရာကို ကန်တော့ရန်် ရွာစဉ်လှည့်၍ အလှူခံရာ ရွှေခုနစ်နိက္ခ ရှိခဲ့ပုံ၊ ဆရာ့ထံ ပူဇော်ရန် လာစဉ် လှေပေါ်အတက်တွင် လှေစောင်း၍ ရွှေအားလုံး ရေထဲ ကျသွားခဲ့ပုံ၊ ဘုရားအလောင်းသည် သောင်ပြင်ဝယ် စကားလည်း မပြော ၇-ရက်လုံးလုံး အစာလည်း မစားဘဲ နေခဲ့ပုံ၊ လူတို့က မေးသော်လည်း စကားမပြောသဖြင့် နောက်ဆုံးတွင် ဘုရင်ကိုယ်တိုင် လာ၍ မေးရပုံ၊ မိမိဒုက္ခကို မကူညီနိုင်သူတို့ထံ ပြောပြအကူအညီတောင်း၍ အကျိုးမရှိနိုင်၊ ယခု ဘုရင်ကြီးမှာမူ ဒုက္ခကို ကူညီနိုင်သူ ဖြစ်၍ ပြောပါမည်ဟု ဆိုကာ အကူအညီတောင်းပုံ၊ ရွှေများ ရသောအခါ ဆရာကို ပူဇော်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၂၂၄)
ဒေဝတာပဥှဇာတက
ဤဇာတ်တော်သည် မဟာဥမင်္ဂဇာတ်၌ ပါဝင်ပြီးဖြစ်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၄၀)
ဒေဝတာပိယမနာပဝတ္ထု
ဤဝတ္ထု၌ တောင်ကြားကျောင်းနေ ရဟန်းတစ်ပါး မဟာသမယသုတ်ကို ရွတ်ဆိုသဖြင့် နတ်သမီးက ကောင်းချီးပေးခဲ့ပုံ၊ တန်ခိုးမှေးမှိန်သော နတ်များသည် တန်ခိုးကြီးသော နတ်များ လာရောက်သောအခါ နေရာဖယ်ရှားပေးရပုံ၊ ဘုရားရှင် မဟာသမယသုတ်ကို ဟောတော်မူသော နေ့၌ နတ်သမီးသည် သောတာပန်တည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၂၈၈)
ဒေဝတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဒေဝမထေရ်သည် မဇ္ဈိမနိကာယ်ကို ဆောင်ထားပြီး မလယအရပ်၌ သီတင်းသုံးသော မထေရ်ကြီးတစ်ပါးထံ ကမ္မဋ္ဌာန်းတောင်းပြီး အားထုတ်ခဲ့ပုံ၊ (၁၉)နှစ်အကြာတွင် ရဟန္တာ ဖြစ်ခဲ့ပုံ၊ ကမ္မဋ္ဌာန်းထိုင်ခဲ့စဉ်အချိန်က ရွတ်ဆိုသရဇ္ဈာယ်မှု မပြုခဲ့သော မဇ္ဈိမနိကာယ်ကို ပြန်လည်ရွတ်ဆိုရာ တစ်လုံး တစ်ပါဒမျှ မှားယွင်းမှု မရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၉၂)
ဒေဝဒတ္တဝတ္ထု
ဤဝတ္ထု၌ ဒေဝဒတ်နှင့် ပတ်သက်၍ မြတ်စွာဘုရား ကြိုတင်ဟောကြားထားခြင်းကို အတိအကျ သိလိုသော နတ်သားတစ်ယောက်သည် မြတ်စွာဘုရားထံ လာ၍ ‘‘ဘုရားရှင်သည် သိမြင်တော်မူ၍ မိန့်တော်မူခြင်း ဖြစ်ပါသလော၊ သို့မဟုတ် မသိမမြင်ဘဲ မှန်း၍ မိန့်ဆိုခြင်း ဖြစ်ပါသလော’’ဟု မေးလျှောက်ခဲ့ပုံ၊ မြတ်စွာဘုရားက ကြိုတင်မိန့်ကြားရခြင်း၏ အကြောင်းရင်းများကို ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၃၅၂) (အံ၊ဋ္ဌ၊၃၊၁၃၄)
ဒေဝဒတ္တဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားရှင် ရဟန်းပြုသောအခါ ဆွေတော်မျိုးတော်တို့ လိုက်ပါရဟန်းပြုရန် ဆုံးဖြက်ချက်အရ ဘဂု၊ ကိမိလ၊ အာနန္ဒာ၊ အနုရုဒ္ဓ ဘဒ္ဒိယတို့နှင့်အတူ ဒေဝဒတ္တမင်းသားရဟန်းပြုလာခဲ့ပုံ၊ ဒေဝဒတ်သည် ဈာဉ်အဘိဉာဏ် ရရှိပြီးနောက် မနာလိုဣဿာစိတ်ကြောင့် သံဃာသင်းခွဲခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၈၆)
ဒေဝဒတ္တဝတ္ထု
ဤဝတ္ထု၌ အလှူဒါနကို ကိုယ်တိုင်သာပြုပြီး သူတစ်ပါးကို မတိုက်တွန်းလျှင် ပစ္စည်းပေါပြီး အခြွေအရံနည်းတတ်ပုံ၊ သူတစ်ပါးကိုသာ တိုက်တွန်းပြီး မိမိကမူ မလှူဒါန်းလျှင် အခြွေအရံပေါပြီး ပစ္စည်းရှားတက်ပုံ၊ မိမိလည်းလှူ သူတစ်ပါးကိုလည်းတိုက်တွန်းလျှင် ပစ္စည်းလည်းပေါ အခြွေအရံလည်းများတတ်ပုံ၊ မိမိလည်း မလှူ သူတစ်ပါးကိုလည်း မတိုက်တွန်းလျှင် ပစ္စည်းမရှိ၊ အခြွေအရံမရှိ သူတောင်းစားဖြစ်တက်ပုံ၊ စသောဒါန၏ အကျိုးတရားများကို အရှင်သာရိပုတ္တရာ ဟောကြားထားပုံ၊ ထိုတရားတော်ကိုသဘောကျသော ဒါယကာတစ်ယောက်က ဒေဝဒတ်သည် အဖိုးတန်အဝတ်သင်္ကန်းကို ဝတ်ရုံသွားလာရာ၌ အကြောင်းရင်းမှန် သိသူများက ‘‘မတန်မလျော်’’ဟု ကဲ့ရဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၄၉)
ဒေဝဒတ္တဝတ္ထု
ဤဝတ္ထု၌ အရှင်ဒေဝဒတ်သည် လာဘ်လာဘ ပူဇော်သက္ကာရ ဆုတ်ယုတ်နေသည်ဖြစ်၍ တပည့်ပရိသတ်များနှင့်အတူ ဒကာဒကာမအိမ်များသို့ ကပ်ရောက်၍ တောင်းရမ်း စားသောက် နေသောကြောင့် လူတို့က ကဲ့ရဲ့ရှုတ်ချကြပုံ၊ ထိုအကြောင်းကြောင့် ဘုရားရှင်က ဂဏဘောဇန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၉၇) (ဝိ၊ဋ္ဌ၊၃၊၇၈)
ဒေဝဒတ္တဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ကောသမ္ဘီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်သည် အဇာတသတ်မင်းသားကို တန်ခိုးပြ၍ ဖြားယောင်းသိမ်းသွင်းခဲ့ပုံ၊ အရှင်ဒေဝဒတ်သည် လာဘ်ပူဇော်သက္ကာရ များပြားလာပြီး ဈာန်လျှောခဲ့ပုံ၊ အရှင်ဒေဝဒတ် ဈာန်လျှောသွားကြောင်း ကကုဓနတ်သားက အရှင်မောဂ္ဂလ္လာန်ကို လျှောက်ထားခဲ့ပုံ၊ အရှင်ဒေဝဒတ်က ဘုရားရှင့်ထံ သံဃာအုပ်ချုပ်ခွင့် တောင်းခဲ့ပုံ၊ သံဃာတော်များက အရှင်ဒေဝဒတ်အား ပကာသနိယကံပြုကြပုံ၊ အရှင်ဒေဝဒတ်က ဘုရားရှင်အား သတ်ရန် ကြံစည်ခဲ့ပုံ၊ အရှင်ဒေဝဒတ်သည် ဘုရားရှင်ထံဝတ္ထုငါးမျိုး တောင်းဆို၍ သံဃာသင်းခွဲခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၄၁)
ဒေဝဒတ္တဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားရှင်အား ဒေဝဒတ်သည် လုပ်ကြံရန်အတွက် ဂိဇ္ဈကုဋ်တောင်ထွဋ်မှ ကျောက်တုံးဖြင့် လှိမ့်ချရာ ကျောက်လွှာငယ်တစ်ခုကြောင့် ဘုရားရှင်၏ ခြေမ,တော် သွေးစိမ်းတည်ခြင်းဝေဒနာ ဖြစ်ရပုံ၊ ထိုဝေဒနာကြောင့် မြတ်စွာဘုရား၏ စိတ်တော်ဖေါက်ပြန်မှု မရှိပုံ၊ ပိုမို၍ တင့်တယ်နေမှုကို နတ်သားတို့က အံ့ဩချီးကျူးခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၇၃)
ဒေဝဒတ္တဝတ္ထု
ဤဝတ္ထု၌ ဒေဝဒတ်သည် သံဃာသင်းခွဲ၍ နောက်လိုက်သံဃာ(၅၀၀)ကို ခေါ်ဆောင်သွားခဲ့ပုံ၊ သဟမ္ပတိဗြဟ္မာက မြတ်စွာဘုရားထံ လာရောက်၍ လာဘ်ပူဇော်သက္ကာရသည် ဒေဝဒတ်ကဲ့သို့သော လူယုတ်မာကို ဖျက်ဆီးကြောင်း လျှောက်ထားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၅၅) (သံ၊ဋ္ဌ၊၁၊၂၀၁)
ဒေဝဒတ္တဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် မင်းအပါအဝင် ပရိသတ်များစွာကို တရားဟောနေတော်မူစဉ် အရှင်ဒေဝဒတ်သည် သံဃာတော်များကို သူ့အား လွှဲအပ်ပါရန် လျှောက်ထားခဲ့ပုံ၊ ဘုရားရှင်က ငြင်းပယ်တော်မူသဖြင့် ဘုရားရှင်အပေါ် ရန်ငြိုးဖွဲ့ခဲ့ပုံ၊ ဘုရားရှင်က ရာဇဂြိုဟ်မြို့သားတို့အား ဒေဝဒတ်နှင့် ဘုရားတရားသံဃာ မဆိုင်၊ ဒေဝဒတ်လုပ်ဆောင်မှုသည် သံဃာတို့နှင့် မပတ်သက်ကြောင်း ပကာသနီယကံ ပြုစေတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၄၇)
ဒေဝဒတ္တဝတ္ထု
ဤဝတ္ထု၌ ဒေဝဒတ်သည် အဇာတသတ်မင်းထံ ကပ်ရောက်ပြီး လေးသမားတို့ကို ပေးအပ်ရန် တောင်းဆိုခဲ့ပုံ၊ လေးသမားတို့ကို အဆင့်ဆင့် စေလွှတ်၍ ဘုရားရှင်ကို လေးဖြင့် ပစ်သတ်ရန် စီမံထားပုံ၊ လေးသမားတို့ ဘုရားရှင်နှင့် တွေ့၍ သောတာပန်တည်သွားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၅၁)
ဒေဝဒတ္တဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ဂိဇ္ဈကုဋ်တောင်ရိပ်တွင် စင်္ကြံကြွနေတော်မူစဉ် ဒေဝဒတ်သည် ဂိဇ္ဈကုဋ်တောင်သို့ တက်ပြီးလျှင် ရဟန်းဂေါတမကို သတ်အံ့ဟု ကြံစည်၍ ကျောက်တုံးကြီးတစ်တုံးကို လှိမ့်ချခဲ့ပုံ၊ တောင်ထွဋ်နှစ်ခုက ခံလိုက်၍ ကျောက်လွှာလေးတစ်ခု စင်ကျလာပြီး ဘုရားရှင်၏ ခြေမတော်ကို ထိကာ ခြေမတော်၌ သွေးစိမ်းတည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၅၄)
ဒေဝဒတ္တဝတ္ထု
ဤဝတ္ထု၌ ဒေဝဒတ်သည် ဘုရင်၏ ဆင်တင်းကုပ်သို့ သွား၍ အလွန်ကြမ်းကြုတ်သော နာဠာဂိရိဆင်ကို ဘုရားကြွလာချိန်၌ လွှတ်လိုက်ရန် စီမံထားပုံ၊ ဆင်ကြီးသည် ဘုရားရှင်ထံ ပြေးလာပုံ၊ ဘုရားရှင်က ဘုရားရှင်၏အသက်ကို မည်သူမျှ မသတ်နိုင်ကြောင်း မိန့်တော်မူပုံ၊ ဘုရားရှင်၏ မေတ္တာစိတ်ကြောင့် ဆင်ကြီးသည် ဘုရားရှင့်ထံ ဦးတိုက်၍ ဝပ်တွားလာပြီး ယဉ်ကျေး လိမ္မာသွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၅၆)
ဒေဝဒတ္တဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်က ရဟန်းတို့အား ရှေးအခါက အိုင်ကြီးတစ်အိုင်ကို မှီ၍ ဆင်အပေါင်းတို့ နေကြပုံ၊ ဆင်ကြီးတို့သည် ရေအိုင်မှ ကြာစွယ်ကြာရင်းတို့ကို နုတ်၍ ရွှံ့ညွှန်စင်ကြယ်အောင် အထပ်ထပ် လှုပ်ခါဆေးပြီးမှ စားသုံးကြသဖြင့် အားရှိကြပုံ၊ ဆင်ပေါက်တို့သည် ဆင်ကြီးတို့ကို အတုလိုက်၍ စင်ကြယ်အောင် မဆေးဘဲ စားသုံးကြသဖြင့် သေကျေကြပုံ၊ ထို့အတူ ဒေဝဒတ်သည်လည်း ဘုရားရှင်ကို အတုလိုက်ပြီး ဘုရားတုပြုလုပ်သောကြောင့် အားကိုးရာမဲ့ သေရမည်ဖြစ်ကြောင်း မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၆၄)
ဒေဝဒတ္တဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ ဓမ္မသဘင်၌ ရဟန်းတော်များက ‘‘ဒေဝဒတ်သည် သီလမရှိ၊ ယုတ်မာသော အလိုဆိုးဖြင့် အဇာတသတ်မင်းကို သိမ်းသွင်းပြီး လာဘ်လာဘပေါများအောင် ပြုလုပ်ကြောင်း၊ အဇာတသတ်မင်းအား ဖခင်ဗိမ္ဗိသာရမင်းကြီးကို သတ်ရန်စေခိုင်းကြောင်း၊ မိမိကိုယ်တိုင်ကမူ ဘုရားရှင်အား သတ်ဖြတ်ရန် အားထုတ်ကြောင်းစသည်ဖြင့် ပြောဆိုနေကြပုံ၊ ထိုအချိန်၌ ဘုရားရှင် ကြွရောက်တော်မူလာပြီး ဒေဝဒတ်သည် ရှေးရှေးအတိတ်ဘဝများ၌လည်း မိမိအားသတ်ရန် အားထုတ်ခဲ့ဖူးကြောင်း အတိတ်ဇာတ်ကြောင်း ဆောင်၍ ဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၉၇)
ဒေဝဒတ္တဝတ္ထု
ဤဝတ္ထု၌ အရှင်ဒေဝဒတ်သည် ကောကာလိကနှင့်အတူ မြတ်စွာဘုရားအထံတော်သို့ ချဉ်းကပ်၍ ရဟန်းတော်အားလုံး တောကျောင်း၌သာ နေရန်၊ ဆွမ်းခံ၍သာ စားရန်၊ ပံ့သကူသင်္ကန်းကိုသာ ဝတ်ရန်၊ သစ်ပင်အောက်၌သာ နေရန်၊ ငါး, အသား ရှောင်ကြဉ်ရန်ဟူသော အချက် (၅)ချက်ကို တောင်းဆိုခဲ့ပုံ၊ ဘုရားရှင်က ခွင့်ပြုတော်မမူသဖြင့် ဒေဝဒတ်က သံဃာသင်းခွဲရန် ကြိုးစားခဲ့ပုံ၊ သံဃာသင်းခွဲရန် ကြိုးစားမှုကို အကြောင်းပြု၍ ‘‘သံဃာသင်းခွဲရန် ကြိုးစားသော ရဟန်းအား သံဃာဒိသေသ် အာပတ် သင့်၏’’ဟု ဘုရားရှင်က သံဃဘေးဒသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဝိ၊၁၊၂၆၃) (ဣတိဝုတ်၊ဋ္ဌ၊၆၄)
ဒေဝဓမ္မဇာတက
ဤဇာတ်တော်၌ ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်း မင်းပြုစဉ် ဘုရားအလောင်းသည် ထိုမင်း၏ သား မဟိသာသကုမာရ ဖြစ်ခဲ့ပုံ၊ စန္ဒကုမာရညီအရင်းနှင့် ညီဝမ်းကွဲ သူရိယကုမာရတို့ရှိကြပုံ၊ ညီအစ်ကိုသုံးယောက် တောထွက်ကြစဉ် ဘီလူးစောင့်သော ရေအိုင်သို့ ညီငယ်၂-ယောက်ဆင်းရာ ကန်စောင့်ဘီလူးက ဖမ်းထားပုံ၊ ထိုညီငယ်နှစ်ယောက်တို့ကို ဘီလူးက ဒေဝဓမ္မဟူသည် ဘယ်အရာနည်းဟု မေးရာ မဖြေနိုင်ကြပုံ၊ ဘုရားအလောင်း လိုက်သွားသောအခါ ထိုဘီလူးက ဒေဝဓမ္မကိုမေးရာ ဟိရီနှင့် ဩတ္တပ္ပတို့ဖြစ်ကြောင်း ဖြေပြမှ ဘီလူး သဘောကျ၍ အားလုံးကို လွှတ်လိုက်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၄၂)
ဒေဝသဘတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ခိုငှက်မျိုး၌ ဖြစ်၍ သိခီမြတ်စွာဘုရားအား လွန်သီးကို ဆက်ကပ်လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ နယ်စားဘုရင်ဖြစ်၍ တိုင်းပြည်ကို ပယ်စွန့်ကာ ရဟန်းဝတ်လာပြီးလျှင် ဝိပဿနာပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၃၆)
ဒေဝသဘတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိခီမြတ်စွာဘုရားအား မိုးစွေပန်း, ခေါင်ရန်းပန်းတို့ကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည် နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ကပိလဝတ်မြို့ သာကီဝင်မင်းမျိုး၌ ဖြစ်ကာ သာသနာတော်သို့ ဝင်ရောက်ခဲ့ပြီး ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၅၈)
ဒေဝဟိတဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ဇေတဝန်ကျောင်း၌ သီတင်းသုံး နေထိုင်တော်မူစဉ် လေနာရောဂါ ဖြစ်ပွားသဖြင့် ဥပဝါဏမထေရ်ကို ရေနွေးအလှူခံရန် ဒေဝဟိတပုဏ္ဏားကြီးထံ စေလွှတ်တော်မူခဲ့ပုံ၊ ပုဏ္ဏားကြီးက ရွှင်လန်းဝမ်းမြောက်စွာ ရေနွေးနှင့် တင်လဲများကို ဘုရားရှင်အတွက် ဥပဝါဏမထေရ်အား ဆက်ကပ်လှူဒါန်းလိုက်ပုံ၊ ဘုရားရှင်သည် ရေနွေးနှင့် တင်လဲများကို သုံးဆောင်ရသဖြင့် ဘုရားရှင်၏ လေနာရောဂါ ချက်ချင်း ပျောက်ကင်းခဲ့ပုံ၊ တစ်နေ့သောအခါ ဒေဝဟိတပုဏ္ဏားကြီးက အဘယ်ပုဂ္ဂိုလ်မျိုးအား ပေးလှူအပ်သော အလှူသည် အကျိုးကြီးမြတ်ပါသနည်းဟု ဘုရားရှင်အား မေးမြန်းလျှောက်ထားပုံ၊ ဘုရားရှင်က ကိလေသာကုန်ခန်းပြီးသော ဘုရား ရဟန္တာပုဂ္ဂိုလ်တို့အား ပေးလှူအပ်သော အလှူသည် အကျိုးကြီးမြတ်ကြောင်း ဟောကြားတော်မူသဖြင့် ဒေဝဟိတပုဏ္ဏားကြီး သရဏဂုံတည်ပြီး ဥပါသကာအဖြစ် ခံယူသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၂၃၇) (ဓမ္မ၊ဋ္ဌ၊၂၊၄၅၃)
ဒေဝါသုရသင်္ဂါမဝတ္ထု
ဤဝတ္ထု၌ တာဝတိံသာနတ်တို့နှင့် အသူရာတို့ စစ်ဖြစ်ကြရာ တာဝတိံသာနတ်တို့သည် စစ်ရှုံးသော် မိမိတို့ နတ်မြို့ရှိရာ မြောက်အရပ်သို့ ပြေး၍ အသုရာတို့က စစ်ရှုံးသော် တောင်အရပ်သို့ ပြေးကြပုံ၊ အသုရာတို့သည် သခွတ်ပန်းများ ပွင့်ချိန်တွင် နတ်ပြည်၌ ရှိသော ပင်လယ်ကသစ်ပန်းတို့ကို အမှတ်ရကာ တာဝတိံသာနတ်တို့နှင့် စစ်တိုက်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၃၊၂၂၈) (အံ၊ဋ္ဌ၊၃၊၂၈၁)
ဒေဝေါရောဟဏဝတ္ထု
ဤဝတ္ထု၌ ရာဇဂြိုဟ်သူဌေးသည် အတောင်ခြောက်ဆယ်မြင့်သော ဝါလုံးတိုင်ထိပ်၌ စန္ဒကူးသပိတ်ကို ချည်ထားကာ တန်ခိုးဣဒ္ဓိပါဒ်ဖြင့် ယူနိုင်သော ပုဂ္ဂိုလ်တို့အား ပေးမည်ဟု ကြေညာပုံ၊ နိဂဏ္ဌတို့သည် အမျိုးမျိုး ဟန်ရေးပြကာ လိမ်ညာ၍ စန္ဒကူးသပိတ်ကို တောင်းခဲ့ကြပုံ၊ အရှင်ပိဏ္ဍောလဘာရဒွါဇထေရ်က ရာဇဂြိုဟ်မြို့တစ်မြို့လုံး တန်ခိုးပြလျက် စန္ဒကူးသပိတ်ကို ယူခဲ့ပုံ၊ ဘုရားရှင် သိတော်မူသောအခါ တပည့်ရဟန်းတို့အား တန်ခိုးပြာဋိဟာများ မပြရန် သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ၊ ဘုရားရှင်သည် သာဝတ္ထိပြည် သရက်ဖြူပင်ရင်း၌ တန်ခိုးပြာဋိဟာအမျိုးမျိုး ပြသတော်မူပြီး တာဝတိံသာနတ်ပြည်သို့ ကြွတော်မူခဲ့ပုံ၊ ဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ ဝါကပ်တော်မူကာ အဘိဓမ္မာတရား ဟောတော်မူပြီး သင်္ကဿမြို့တံခါး၌ ဆင်းသက်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၃၀) (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၁၉)
ဒေသကိတ္တကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းသည် ဥပသာလကမည်သော ပုဏ္ဏား ဖြစ်ခဲ့ပုံ၊ တောသို့ ဝင်တော်မူသော ဘုရားရှင်ကို ဖူးတွေ့ရ၍ ဘုရားရှင်၏ ခြေတော်တို့ကို ရှိခိုးခဲ့ပုံ၊ တောမှ ထွက်သည့်အခါ ဘုရားရှင်ကို အောက်မေ့သတိရ၍ ထိုအရပ်ကို ချီးကျူးခဲ့ပုံ၊ ထိုသို့ ချီးကျူးခဲ့သော ဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ခြင်းမရှိခဲ့ဘဲ ဤဘုရားရှင်သာသနာတော်ဝယ် ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၇၉)
ဒေသပူဇကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းသည် ကောင်းကင်သို့ တက်၍ ကောင်းကင်ခရီးဖြင့် ကြွသွားတော်မူသော အတ္ထဒဿီဘုရားရှင်ကို ဖူးမြင်ခဲ့ရပုံ၊ ဘုရားရှင်ကောင်းကင်သို့ တက်ရာအရပ်ကို ကြည်ညိုသော စိတ်ဖြင့် ရှိခိုးပူဇော်ခဲ့သော အခါမှစ၍ အပါယ်လေးပါးသို့ မလားရောက်ခဲ့ရတော့ဘဲ တစ်ရာ့တစ်ဆယ်ကမ္ဘာအထက်၌ ဂေါသုဇာတမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ပုံ၊ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၀၂) (အပ၊ဋ္ဌ၊၂၊၁၇၁)
ဒေါဏဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ ဒေါဏပုဏ္ဏားသည် မြတ်စွာဘုရားအား အသက်အရွယ်ကြီးရင့်နေပြီးသော ပုဏ္ဏားအိုကြီးများကို အရိုအသေပေးသင့်ကြောင်း လာရောက်လျှောက်ထားခဲ့ပုံ၊ ဘုရားရှင်က ဒေါဏပုဏ္ဏားအား ‘‘သင့်ကိုယ်သင် ပုဏ္ဏားတစ်ဦးဖြစ်ကြောင်း ဝန်ခံသလော’’ဟု မေးမြန်းတော်မူခဲ့ပုံ၊ ဘုရားရှင်က ဗြဟ္မာနှင့် တူသောပုဏ္ဏား စသော ပုဏ္ဏားငါးမျိုးတို့ကို အကျယ်ချဲ့၍ ဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၁၉၆)
ဒေါဏဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူသောအခါ ဒေါဏပုဏ္ဏားကြီးသည် ဓာတ်တော်ကို ယူရန် လာကြသည့် မင်းတို့၏ အဓိကရုဏ်းကို ဖြေရှင်းပေးခဲ့ပုံ၊ ဒေါဏပုဏ္ဏားကြီးသည် ဓာတ်တော်များကို ရှစ်စုခွဲဝေပြီး လက်ယာစွယ်တော်ကို မိမိခေါင်းပေါင်းထဲ၌ ဝှက်ထားခဲ့ပုံ၊ သိကြားမင်းက ဒေါဏပုဏ္ဏား၏ ခေါင်းပေါင်းထဲမှ စွယ်တော်ကို တစ်ဆင့် ယူ၍ နတ်ပြည်၌ စူဠာမဏိစေတီ တည်ထားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၂၀၀)
ဒေါသဂ္ဂိဝတ္ထု
ဤဝတ္ထု၌ မနောပဒေါသိကာနတ်တို့သည် နက္ခတ်ကစား သွားကြစဉ် နတ်သားတစ်ယောက်က အခြားနတ်သားတစ်ယောက်ကို အထင်သေး၍ ရှုတ်ချပြောဆိုခဲ့ပုံ၊ အပြောခံရသော နတ်သားက စိတ်ဆိုးပြီး ပြန်ပြောခဲ့ပုံ၊ နတ်သားနှစ်ယောက် ဒေါသပြင်းထန်စွာ ထွက်ကြပြီး ပြောဆိုကြရာမှ ဒေါသမီးလောင်မြိုက်သဖြင့် အလွန်နုနယ်သော နတ်တို့၏ ခန္ဓာကိုယ် ပျက်စီးကာ နတ်သက်ကြွေကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သာရတ္ထ၊ဋီ၊၃၊၂၁၁)
ဓဇဂ္ဂဝတ္ထု
ဤဝတ္ထု၌ တာဝတိံသာနတ်နှင့် အသုရာနတ်တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ခဲ့ဖူးပုံ၊ ကြောက်ရွံ့ ထိတ်လန့်ကုန်သော တာဝတိံသာနတ်တို့အား သိကြားမင်းက မိမိအောင်လံတံခွန်ကို ကြည့်ရန် ပြောကြားခဲ့ပုံ၊ ဝေဇယန္တာရထား၏ အောင်လံတံခွန်သည် ယူဇနာနှစ်ရာ့ငါးဆယ်ရှည်လျားပုံ၊ အကယ်၍ သိကြားမင်း၏ အောင်လံတံခွန်ကို မကြည့်မိလျှင် ပဇာပတိနတ်မင်း, ဝရုဏ နတ်မင်းစသူတို့၏ အောင်လံတံခွန်များကို ကြည့်ရှုရန် ပြောကြားခဲ့ပုံ၊ မြတ်စွာဘုရားက ရဟန်းတို့အား ကြောက်ရွံ့ထိတ်လန့်မှုမဖြစ်ရန် ဘုရား, တရား, သံဃာဂုဏ်တော်များကို အစဉ်သတိရရန် ဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၂၂၀) (သံ၊ဋ္ဌ၊၁၊၃၁၁)
ဓဇဂ္ဂသုတ္တဖလဝတ္ထု
ဤဝတ္ထု၌ ရဟန်းငယ်တစ်ပါး စေတီတော်ကို အင်္ဂတေသုတ်လိမ်းနေစဉ် အောက်သို့ ပြုတ်ကျခဲ့ပုံ၊ အခြား ရဟန်းတော်များက ဓဇဂ္ဂသုတ်ကို အောက်မေ့ဆင်ခြင်ရန် သတိပေးကြပုံ၊ ရဟန်းတော်က ဓဇဂ္ဂသုတ်ပရိတ်တော်သည် မိမိ၏ အသက်အန္တရာယ်ကို ကယ်မပါစေသတည်း’’ဟု အဓိဋ္ဌာန်ပြုပုံ၊ စေတီတော်လုံးပတ်မှ အုပ် ၂-ချပ် ထွက်ပေါ်လာပြီး ရဟန်းတော် အား ခံယူထားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၃၁၂)
ဓဇဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကမ္ဘာတစ်သိန်းအထက်၌ ပဒုမုတ္တရဘုရားရှင်၏ မြတ်သော ထင်းရှူးဗောဓိပင်၌ ရွှင်ပျသောစိတ်ဖြင့် တံခွန်ကို တင်လှူပူဇော်ခဲ့ပုံ၊ ဘုရားရှင်က မထေရ်လောင်း၏ တံခွန်လှူဒါန်းခြင်းနှင့် ဆည်းကပ်ခဲ့ခြင်းတို့ကြောင့် ‘‘ဤပုဂ္ဂိုလ်သည် ကမ္ဘာတစ်သိန်းပတ်လုံး အပါယ်လေးပါးသို့ မလားရောက်ရ၊ နတ်ပြည်၌ နတ်၏ တင့်တယ်ခြင်းကို အတိုင်းမသိ ခံစားရလတ္တံ့’’ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့ပုံ၊ မထေရ်လောင်းသည် တစ်ထောင့်ငါးဆယ့်တစ်ကမ္ဘာအထက်၌ ဥဂ္ဂတအမည်ရှိသော စကြာမင်း၊ တစ်ထောင့်ငါးဆယ်သော ကမ္ဘာ၌ မေဃမည်သော စကြမင်းတို့ဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၂၀) (အပ၊ဋ္ဌ၊၂၊၈၄)
ဓနဉ္ဇာနီဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ အရှင်သာရိပုတ္တရာသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် သစ်ပင်ရင်း နေ့သန့်ချိန်၌ ဓနဉ္ဇာနီပုဏ္ဏားသည် အရှင်သာရိပုတ္တရာထံသို့ လာရောက်၍ တရားစကားလျှောက်ထား ဆွေးနွေးခဲ့ပုံ၊ အရှင်သာရိပုတ္တရာက ထိုပုဏ္ဏားအား ‘‘မေ့မေ့လျော့လျော့ နေပါသလော’’ဟု မေးရာ ပုဏ္ဏားကြီးက မိဘသားမယားဆွေမျိုး စသည်တို့နှင့် မိမိအတွက် ပြုဖွယ်ကိစ္စများ လုပ်ကိုင်ဆောင်ရွက် နေရသော်လည်း မမေ့မလျော့ကြောင်း လျှောက်ထားခဲ့ပုံ၊ အရှင်သာရိပုတ္တရာက ယင်းကိစ္စတို့အတွက် ပြုမူဆောင်ရွက်ရာတွင် တရားနှင့်မညီပါက ငရဲသို့ ကျရောက်တတ်ကြောင်း အကျယ်ဟောပြတော်မူခဲ့ပုံ၊ ပုဏ္ဏားကြီးသည် မကြာမီ ရောဂါပြင်းထန်စွာ ခံစားရ၍ ကွယ်လွန်သွားရာ ဗြဟ္မာ့ပြည်သို့ ရောက်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊၂၊၃၉၅) (မ၊ဋ္ဌ၊၃၊၂၉၃)
ဓနဉ္ဇာနီဝတ္ထု
ဤဝတ္ထု၌ ဓနဉ္ဇာနီ ပုဏ္ဏေးမကြီးသည် ဘုရားရှင်အား အလွန်ကြည်ညိုသည့် သောတာပန် ဒကာမတစ်ဦး ဖြစ်ပုံ၊ လင်ယောက်ျားဖြစ်သည့် ပုဏ္ဏားကြီးကမူ သာသနာတော်မှ အပဖြစ်သည့် ဗြာဟ္မဏများကိုသာ ကြည်ညိုဆည်းကပ်လေ့ရှိပုံ၊ ဓနဉ္ဇာနီပုဏ္ဏေးမကြီးသည် ချေဆတ်သည့် အခါ၌ဖြစ်စေ တစ်စုံတစ်ခုနှင့် တိုက်မိသည့် အခါ၌ဖြစ်စေ ‘‘နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ’’ဟု ဥဒါန်းကျူးလေ့ရှိပုံ၊ ပုဏ္ဏားကြီး အလှူလုပ်သည့်အခါ ဓနဉ္ဇာနီပုဏ္ဏေးမကြီးက ‘‘နမော တဿ’’ဟု ရွတ်ဆိုမိသဖြင့် ဗြဟ္မဏဆရာများ ချက်ချင်း ထပြန်သွားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၆၂) (သံ၊ဋ္ဌ၊၁၊၂၀၇)
ဓနပါလသေဋ္ဌိပေတဝတ္ထု
ဤဝတ္ထု၌ ဓနပါလသူဌေးသည် မိစ္ဆာဒိဋ္ဌိအယူရှိ၍ သဒ္ဓါတရားကင်းမဲ့ခဲ့ပုံ၊ သူကွယ်လွန်သောအခါ သဲကန္တာရအတွင်း၌ ကျောက်မက်ဖွယ် အဆင်းရှိသော ပြိတ္တာကြီးဖြစ်ပုံ၊ ငါးဆယ့် ငါးနှစ်ပတ်လုံး ထမင်းတစ်လုံး ရေတစ်ပေါက်မျှ မစားသောက်ရပုံ၊ သာဝတ္ထိပြည်မှ လှည်းကုန်သည်များနှင့် တွေ့သောအခါ မိမိဘဝဇာတ်ကြောင်းကို ပြောပြ၍ သတိသံဝေဂ ရစေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၅၁) (ပေတ၊ဋ္ဌ၊၉၄)
ဓနိယကုမ္ဘကာရပုတ္တဝတ္ထု
ဤဝတ္ထု၌ အရှင်ဓနိယသည် ဂိဇ္ဈကုဋ်တောင် ဣသိဂိလိတောင်နံပါး၌ မြက်မိုးကျောင်းဖြင့် နေစဉ် ထင်းခွေသမားတို့က ကျောင်းကို ဖျက်၍ ယူသွားကြသဖြင့် မြေကို မီးဖုတ်၍ လှပသောကျောင်းကို ဆောက်ပုံ၊ ဘုရားရှင်က ရဟန်းတို့နှင့် မအပ်စပ်ဟု မိန့်တော်မူကာ ဖျက်ခိုင်းတော်မူပုံ၊ ထို့နောက် ဘုရင်၏ သစ်တို့ကိုယူ၍ ကျောင်းဆောက်ပုံ၊ သစ်တာဝန်ခံ သစ်ပျောက်မှုဖြင့် အဖမ်းခံရပုံ၊ အရှင်မပေးသော သစ်တို့ကို ယူ၍ အရှင်ဓနိယအား လူတို့က ကဲ့ရဲ့ကြပုံ၊ ဘုရားရှင်က ‘‘အရှင်မပေးသော ပစ္စည်းကို မယူရ’’ဟု ဒုတိယပါရာဇိက သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၅၀)
ဓနိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဓနိယမထေရ်လောင်း အမျိုးကောင်းသားသည် သိခီဘုရားရှင်အား ကြည်ညိုသဒ္ဓါ ထက်သန်စွာဖြင့် ကျူပန်းများကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ဘဝနတ်ဘဝတို့၌သာ ကျင်ခဲ့ရပြီး ဤဂေါတမဘုရားရှင့်လက်ထက်တော်၌ ရာဇဂြိုလ်ပြည် အိုးထိန်းသည်မျိုး၌ ဖြစ်ပုံ၊ မြတ်စွာဘုရား၏ ဓာတုဝိဘင်္ဂသုတ်ကို ကြားနာရပြီးနောက် သဒ္ဓါတရားဖြင့် သာသနာတွင်းသို့ ဝင်ရောက်ရဟန်းပြုကာ ဝိပဿနာ ရှုမှတ်ပွားများသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၄၄)
ဓနိယဝတ္ထု
ဤဝတ္ထု၌ မဟီမြစ်ကမ်းမှ နွားမွေးမြူရေးလုပ်ငန်းဖြင့် ချမ်းသာနေသော ဓနိယသူဌေးနှင့် မြတ်စွာဘုရားတို့ မိုးနှင့် ပတ်သက်၍ အပြန်အလှန် ပြောဆိုကြပုံ၊ ဓနိယနှင့် အတူ ဇနီးနှင့်သမီးနှစ်ယောက်တို့ သောတာပန်တည်ပြီး သာသနာ့ဘောင်တို့ ဝင်ရောက်လာကြပုံ၊ ထို့နောက် ဇနီးမောင်နှံတို့ ရဟန္တာ ဖြစ်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၂၄)
ဓမ္မစက္ကိကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထမြတ်စွာဘုရား၏ မျက်မှောက်တော်၌ ရတနာများစီခြယ်လျက် ခြင်္သေ့ရုပ်တပ်ဆင်သော တရားဟောပလ္လင်ကို ထားရှိလှူဒါန်းခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိတော့ဘဲ၊ တစ်ဆယ့်တစ်ကမ္ဘာအထက်၌ သဟဿရာဇမည်သော စကြဝတေးမင်း ရှစ်ကြိမ်တိုင်တိုင်ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၀၀) (အပ၊ဋ္ဌ၊၂၊၆၄)
ဓမ္မဒဿီဗုဒ္ဓဝံသ
ဤဗုဒ္ဓဝင်၌ ဓမ္မဒဿီဘုရားလောင်း အမျိုးကောင်းသားသည် ဘုရားဖြစ်ရန် ပါရမီဆယ်ပါး အကျင့်မြတ်တရားတို့ကို ဖြည့်ကျင့်ပြီးနောက် သရဏမင်းကြီး၏ မိဖုရား သုနန္ဒာဒေဝီ၏ ဝမ်းကြာတိုက်၌ ပဋိသန္ဓေယူကာ ဖွားမြင်ခဲ့ပုံ၊ ဘုရားလောင်း ဖွားမြင်သောနေ့၌ အဓမ္မိကဝေါဟာရများ အလိုလို ငြိမ်းပျောက်ပြီး ဓမ္မိကဝေါဟာရများသာ တည်ရှိသဖြင့် ဘုရားလောင်းအမည်တော်ကို ‘‘ဓမ္မဒဿီ’’ဟု အမည်မှည့်ပုံ၊ ဓမ္မဒဿီဘုရားလောင်းသည် အနှစ်ရှစ်ထောင် လူ့ဘောင်၌ နေပြီး သူအို သူနာ သူသေ ရဟန်း ဟူသော နိမိတ်ကြီးလေးပါးကို မြင်ကာ ပြာသာဒ်ယာဉ်ဖြင့် တောထွက်၍ ရဟန်းပြုခဲ့ပုံ၊ ခုနစ်ရက်မျှ ဒုက္ကရစရိယာအကျင့်ကို ကျင့်ပြီး သဗ္ဗညုတဘုရားရှင်အဖြစ်သို့ ရောက်ရှိခဲ့ပုံ၊ ဂေါတမဗုဒ္ဓလောင်းလျာသည် ထိုအချိန်၌ သိကြားမင်း ဖြစ်၍ နိယတဗျာဒိတ် ခံယူခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဗုဒ္ဓဝံ၊၃၅၅) (အဘိ၊ဋ္ဌ၊၁၊၆၇) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၅၉)
ဓမ္မဒိန္နာထေရီဝတ္ထု
ဤဝတ္ထု၌ ဝိသာခဥပါသကာသည် အနာဂါမ်ဖြစ်ပြီးနောက် ဇနီးသည် ဓမ္မဒိန္နာအား စည်းစိမ်ဥစ္စာကို လွှဲအပ်ခဲ့ပုံ၊ ဓမ္မဒိန္နာက လက်မခံတော့ဘဲ ဘိက္ခုနီပြုလိုကြောင်း ပြောသဖြင့် ဘိက္ခုနီမကျောင်းသို့ ပို့ဆောင်ခဲ့ပုံ၊ မကြာမီရဟန္တာဖြစ်၍ ရာဇဂြိုဟ်မြို့သို့ ကြွသော ထေရီမကို လင်ဖြစ်ဖူးသော ဝိသာခက မဂ်ဖိုလ်လေးပါး မေးစစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၅၁)
ဓမ္မဒိန္နာထေရီဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဝိသာခ မည်သော ဥပါသကာသည် ဓမ္မဒိန္နာထေရီ ရဟန္တာမကြီးထံ ချဉ်းကပ်၍ သက္ကာယ သက္ကာယသမုဒယ, သက္ကာယနိရောဓ, သက္ကာယနိရောဓဂါမိနီပဋိပဒါ ပြဿနာများကို မေးမြန်းပုံ၊ ဓမ္မဒိန္နာထေရီက မိမိဖြေဆိုလိုက်သော အဖြေများကို ဝိသာခဥပါသကာအား ဘုရားရှင်ထံ စေလွှတ်၍ အဆုံးအဖြတ် ခံစေပုံ၊ ဘုရားရှင်က သာဓုခေါ်အတည်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၁၊၃၇၃) (မ၊ဋ္ဌ၊၂၊၂၅၅)
ဓမ္မဒိန္နာထေရီဝတ္ထု
ဤဝတ္ထု၌ ဓမ္မဒိန္နာထေရီ အလောင်းသည် ပဒုမုတ္တရမြတ်စွာဘုရားရှင်လက်ထက်တော်၌ ကျွန်မဖြစ်ခဲ့ပုံ၊ ဓမ္မကထိကဧတဒဂ်ရရန် ကောင်းမှုပြု ဆုတောင်းခဲ့ပုံ၊ ဖုဿဘုရားရှင် လက်ထက်တော်၌ အလှူခံပုဂ္ဂိုလ်တို့အပေါ် စေတနာထားခဲ့ပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ လင်ယောကျ်ားဖြစ်သူ ဝိသာခသူဌေး အနာဂါမ်ဖြစ်သောနေ့၌ ပြောင်းလဲမှုကို တွေ့မြင်ကာ ရဟန်းပြုခဲ့ပုံ၊ ရဟန္တာဖြစ်ပြီးနောက် ရာဇဂြိုဟ်သို့ ရောက်သော် ခင်ပွန်းဟောင်း ဝိသာခကို ဝေဒလ္လသုတ်ကို ဟောကြားခဲ့ပုံ၊ ဓမ္မကထိက ဧတဒဂ်ဘွဲ့ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၄၇) (အံ၊ဋ္ဌ၊၁၊၂၇၈) (ထေရီ၊ဋ္ဌ၊၁၆) (ထေရီ၊ဒီ၊၂၄၂)
ဓမ္မဒေဝပုတ္တဇာတက
ဤဇာတ်တော်၌ ဘုရားလောင်း ဓမ္မနတ်သားသည် နတ်ပရိသတ်များ ခြံရံလျက် လပြည့်ဥပုသ်နေ့တို့၌ လူတို့အား ကုသလကမ္မပထတရားဆယ်ပါးနှင့် ပြည့်စုံရန် တိုက်တွန်းနှိုးဆော်ပုံ၊ ဒေဝဒတ်လောင်း အဓမ္မနတ်သားသည် မိမိ၏ နတ်ပရိသတ်များ ခြံရံလျက် သတ္တဝါတို့အား သူ့အသက်သတ်ခြင်းစသော အကုသလကမ္မပထတရားများကို ပြုလုပ်ကြရန် တိုက်တွန်းနှိုးဆော်ပုံ၊ တစ်နေ့သောအခါ ဓမ္မနတ်သားနှင့် အဓမ္မနတ်သားတို့ ကောင်းကင်ခရီး၌ နတ်ရထားခြင်း ထိပ်တိုက်တွေ့ဆုံကြပုံ၊ တစ်ဦးနှင့်တစ်ဦး လမ်းဖယ်ပေးရန် ငြင်းခုံပြောဆိုကြစဉ် ဒေဝဒတ်လောင်း အဓမ္မနတ်သားက ရထားခြင်းတိုက်ပြီး ရှုံးတဲ့သူက လမ်းဖယ်ပေးရန် ပြောဆိုပုံ၊ ဘုရားလောင်း ဓမ္မနတ်သားက ရထားပေါ်မှဆင်းပြီး လမ်းဖယ်ပေးသောအခါ အဓမ္မနတ်သားရထားပေါ်မှ ဂျွန်းထိုးမှောက်ခုံကျပြီး အဝီစိငရဲ၌ ကျရောက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၁၅၇) (ဇာ၊ဋ္ဌ၊၄၊၁၀၁)
ဓမ္မဓဇဇာတက
ဤဇာတ်တော်၌ ဗာရာဏသီပြည်၌ ယသပါဏိအမည်ရှိသောမင်း မင်းပြုစဉ် ဘုရားအလောင်းသည် ဓမ္မဓဇမည်သော ပုရောဟိတ် ဖြစ်ခဲ့ပုံ၊ ကာဠစစ်သူကြီးသည် တံစိုးလာဘ်စား၍ မတရားဆုံးဖြတ်ထားသော အမှုများကို ဘုရားလောင်းက အမှန်အတိုင်းဖြစ်အောင် စီရင်ပေးပုံ၊ စစ်သူကြီးသည် ရန်ငြိုးဖွဲ့ ကုန်းတိုက်ပြီး ဓမ္မဓဇကို သတ်ရန် ကြိုးပမ်းသော်လည်း နတ်သိကြားတို့ ကူညီကြသဖြင့် မသေဆုံးပုံ၊ နောက်ဆုံးတွင် ကာဠစစ်သူကြီးကို ပြည်သူတို့က ရိုက်နှက်သတ်ဖြတ်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၇၀)
ဓမ္မဓဇဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ငှက်မျိုး၌ ဖြစ်၍ သမုဒ္ဒရာအလယ် ကျွန်းတစ်ကျွန်း၌ နေထိုင်ပုံ၊ သမုဒ္ဒရာသွားသော လှေမှ အရပ်မျက်နှာကို ပျံသန်းကြည့်သည့် ကျီးတစ်ကောင်သည် လှေပျက်သောအခါ ထိုကျွန်းသို့ ရောက်လာပုံ၊ ထိုကျီးသည် ငှက်ဥများနှင့် ငှက်ပေါက်ကလေးကို စားရန်အတွက် သူတော်ကောင်းယောင်ဆောင်ပုံ၊ ဘုရားလောင်းငှက်မင်း သိရှိ၍ ထိုကျီးကို ငှက်အပေါင်းကဝိုင်းကာ ထိုးနှက်တိုက်ခိုက် သတ်ဖြတ်လိုက်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၅၂)
ဓမ္မပါလတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဓမ္မပါလမထေရ်အလောင်းလျာသည် အတ္ထဒဿီဘုရားရှင်အား ညောင်ကြပ်သီးကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် လူနတ်ချမ်းသာတို့ကို ခံစားရပြီး ဂေါတမ ဘုရားရှင် လက်ထက်တွင် ဓမ္မပါလပုဏ္ဏား ဖြစ်လာခဲ့ပုံ၊ တက္ကသိုလ်ပြည်မှ ပညာသင်ပြီး ပြန်လာစဉ် လမ်းခရီးအကြားရှိ ကျောင်းတစ်ကျောင်းနေ မထေရ်မြတ် တစ်ပါးထံမှ တရားတော်ကို နာကြားရ၍ ကြည်ညိုကာ ရဟန်းပြုခဲ့ပုံ၊ ဝိပဿနာပွားသဖြင့် အဘိညာဉ် (၆)ပါးနှင့် ပြည့်စုံသော ရဟန္တာ ဖြစ်ခဲ့ပုံ၊ သစ်ပင်ပေါ်မှ ကျသော သာမဏေ (၂)ပါး၏အသက်ကို တန်ခိုးဖြင့် ကယ်ဆယ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၁၆)
ဓမ္မဘာသနဝတ္ထု
ဤဝတ္ထု၌ ရဟန်းတို့သည် ဘုရားရှင်က တစ်လ (၄) ဥပုသ် စည်းဝေးရန် ခွင့်ပြုတော်မူသဖြင့် စည်းဝေးကြသော်လည်း တရားမဟော စကားမပြော တုဏှီဘောနေကြပုံ၊ လူတို့က တရားနာရန် လာသောအခါ တရားမဟောကြသဖြင့် ဝက်အ, ကြီးတွေလိုဘဲ စကားမပြောကြ၊ တရားမဟောကြဟု ရှုတ်ချကြသောကြောင့် ဘုရားရှင်က ရောက်လာသော ပရိသတ်အား တရားဟောပြရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၄၀)
ဓမ္မရတနပူဇကဝတ္ထု
ဤဝတ္ထု၌ ပုဏ္ဏားတစ်ယောက်သည် ဘုရားရတနာနှင့် သံဃာရတနာတို့ကို လှူဒါန်းပူဇော်မှုသည် ထင်ရှားလွယ်ကူသော်လည်း တရားရတနာကို မည်ကဲ့သို့ လှူဒါန်းပူဇော်ရပါမည်နည်းဟု စိတ်အကြံဖြစ်ပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင်ထံ သွားရောက် လျှောက်ထားပုံ၊ ဘုရားရှင်က စာပေပရိယတ္တိဗဟုသုတရှိသော ရဟန်းတစ်ပါးအား လှူဒါန်းပူဇော်ရန် မိန့်ကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၃၊၉၁) (မ၊ဋ္ဌ၊၂၊၁၅၃) (သာရတ္ထ၊ဋီ၊၂၊၃၈၄)
ဓမ္မရုစိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဓမ္မရုစိယမထေရ်လောင်းလျာသည် မိတ်ဆွေယုတ်နှင့် ပေါင်းဖေါ်မိပြီး အမိကိုပင် သတ်ခဲ့ပုံ၊ အာနန္တရိယကံကို ကျူးလွန်ခဲ့မိကာ အဝီစိငရဲ၌ ကျရောက်ခဲ့ရပုံ၊ မိတ်ဆွေ ယုတ်နှင့် မပေါင်းသင်းမီ ရှေးအဖို့၌ သုမေဓာ ရှင်ရသေ့နှင့် အလွန်အကျွမ်းဝင်ကာ အတူတကွ ရသေ့ရဟန်းပြုခဲ့ကြပုံ၊ ဤဘဒ္ဒကမ္ဘာ၌ မဟာသမုဒ္ဒရာ အတွင်း ယူဇနာ တစ်ထောင်မျှ ကြီးမားသော တိမင်္ဂလငါးကြီးဘဝ ရောက်ရှိစဉ် လှေသင်္ဘောတစ်စီးအား အစာအမှတ်ဖြင့် စားသောက်ရန် ချဉ်းကပ်သွားရောက်ခဲ့ပုံ၊ လှေသားများက ကြောက်လန့်ပြီး ‘‘ဂေါတမဘုရားရှင် ကယ်တော်မူပါ’’စသည်ဖြင့် အော်ဟစ်ပြောဆိုသံများကို ကြားခဲ့ရသဖြင့် ရှေးဘဝဖြစ်စဉ်များကို အောက်မေ့သတိရပြီး ဖဲရှောင်သွားခဲ့ပုံ၊ ထို့နောက် သာဝတ္ထိမြို့ ပုဏ္ဏားမျိုး၌ ဖြစ်၍ (၇)နှစ် သားမှာပင် ရဟန်းဝတ်၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၆၈)
ဓမ္မသညကတ္ထေရဝတ္ထု
ဤဝတ္ထု၌ လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ဝိပဿီဘုရားရှင်၏ သခွတ်ပင်မဟာဗောဓိ ပူဇော်ပွဲ ဖြစ်ခဲ့ပုံ၊ ထိုပူဇော်ပွဲ၌ ဘုရားရှင်သည် သံဃာတော်များခြံရံလျက် တရားဟောတော်မူခဲ့ရာ ဤထေရ်လောင်းသည် တရားနာခဲ့ရပုံ၊ ထိုတရားနာခဲ့ရသော ဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်းမရှိခဲ့ဘဲ သုံးဆယ့်သုံးကမ္ဘာအထက်၌ သုတဝါ-ဟုထင်ရှားသော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော် ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၈၃)
ဓမ္မသဝတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်တော်၌ သုဝစ္ဆရသေ့ ဖြစ်၍ ဘုရားရှင်ကို ကံ့ကော်ပန်းတို့ဖြင့် ကြဲဖြန့်ပူဇော်ကာ လက်အုပ်မိုး၍ ရှိခိုးခဲ့ပုံ၊ ထိုကောင်းမှုကုသိုလ်ကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင် သာသနာတော်၌ မဂဓတိုင်း ပုဏ္ဏားမျိုး၌ ဖြစ်၍ သာသနာတော်သို့ ဝင်ရောက်ကာ ဝိပဿနာပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံစသော အကြောင်း အရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၇၂)
ဓမ္မသဝနိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဓမ္မသဝနိယထေရ်လောင်း အမျိုးကောင်းသားသည် ပဒုမုတ္တရဘုရားရှင် လက်ထက်၌ ကောင်းကင်ခရီးဖြင့် ဈာန်ပျံကြွနိုင်သော ရသေ့တစ်ပါးဖြစ်ပုံ၊ တစ်နေ့သောအခါ ပဒုမုတ္တရဘုရားရှင် တရားဟောနေသဖြင့် အထက်ကောင်းကင်ခရီးမှ ဖြတ်ကျော်ကာ ဈာန်ပျံ၍ မရတော့ပုံ၊ ဘုရားရှင်ထံ ဝင်ရောက် တရားနာယူခဲ့ရသဖြင့် သေလွန်သောအခါ တာဝတိံသာနတ်ပြည်သို့ ရောက်ပုံ၊ ထိုဓမ္မသဝနကုသိုလ်၏ အကျိုးဆက်ကြောင့် အပါယ်ဒုဂ္ဂတိသို့ မလားရောက်ရဘဲ လူမင်းနတ်မင်း စည်းစိမ်တို့ကို အကြိမ်များစွာ ခံစားခဲ့ရပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တွင် ဘုရားရှင်၏ အနိစ္စနှင့် စပ်သော တရားတော်ကို နာကြားရပြီး ခုနစ်နှစ်သားအရွယ်ဖြင့် ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၁၄)
ဓမ္မသဝပိတုတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဘူတဂဏတောင်၌ သီတင်းသုံးတော်မူသော ပစ္စေကဗုဒ္ဓါတစ်ပါးကို ဖူးမြင်ရပြီး ကြည်ညိုစိတ်ဖြစ်ကာ စံပယ်ပန်းတို့ဖြင့် ပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကုသိုလ်ကြောင့် သုဂတိဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင် လက်ထက်တော်၌ မဂဓတိုင်း ပုဏ္ဏားမျိုး၌ ဖြစ်၍ သူ၏သား ဓမ္မသဝထေရ် ရဟန်းပြုသောအခါ သူပါလိုက်၍ ရဟန်းပြုခဲ့ပုံ၊ အသက် (၁၂၀) အရွယ်တွင် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၇၃)
ဓမ္မဿဝနဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့တွင် တစ်လမ်းတည်း အတူနေ လူတို့သည် စုပေါင်း၍ အလှူဒါန ပြုလုပ်ကြပြီး ညတရားပွဲ၌ တရားဆုံးအောင် မနာယူနိုင်ကြဘဲ တစ်ချို့က ကာမဂုဏ်ကိစ္စအတွက် အိမ်ပြန်ကြပုံ၊ တစ်ချို့က အိပ်ငိုက်ကြပုံ၊ တစ်ချို့က ရန်ဖြစ်ကြပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူသောအခါ ဘုရားရှင်က ထိုတရားမနာယူကြသောသူတို့သည် ဘုံဘဝတို့၌ ကပ်ငြိသူတို့သာ ဖြစ်ကြောင်း မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၇၉)
ဓမ္မာထေရီဝတ္ထု
ဤဝတ္ထု၌ ဓမ္မာထေရီလောင်းလျာသည် ခင်ပွန်းဖြစ်သူထံတွင် ဘိက္ခုနီပြုခွင့်တောင်းရာ မရသဖြင့် ခင်ပွန်း ကွယ်လွန်မှ ဘိက္ခုနီပြုခွင့်ရပုံ၊ တစ်နေ့တွင် ဆွမ်းခံပြန်လာစဉ် လဲကျသွားပုံ၊ ထိုလဲကျသော အာရုံကို ဝိပဿနာပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၂၄)
ဓမ္မာရာမတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူတော့မည်ကို သိသော ရဟန်းများသည် ငိုယိုကြကာ ဝမ်းနည်းနေကြစဉ်မှာပင် ဓမ္မာရာမထေရ်သည် ကမ္မဋ္ဌာန်းတရားကို ပြင်းစွာအားထုတ်နေပုံ၊ ထိုအကြောင်းကို ဘုရားရှင်အား လျှောက်ထားကြသောအခါ သာဓုခေါ်တော်မူပြီး ‘‘ငါဘုရားကို ချစ်ခင်မြတ်နိုး ပူဇော်လိုသူသည် ဓမ္မာရာမကဲ့သို့ ဓမ္မဖြင့် ပူဇော်မှသာ ပူဇော်ရာရောက်ပေ၏၊ ပစ္စည်းများဖြင့် ပူဇော်မှုသည် ငါဘုရားအား တလေးတစား ပူဇော်ရာ မရောက်ပေ’’ဟု ဘုရားရှင် ချီးကျူးတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၆၄)
ဓမ္မိကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဓမ္မိကဥပါသကာသည် တရားသဖြင့် စီးပွားရှာကာ အိမ်ထောင်ကို ထိန်းသိမ်း ပြီးနောက် မိမိသား အရွယ်ရောက်သောအခါ မိမိကိုယ်တိုင် ရဟန်းပြု၍ ရဟန္တာ ဖြစ်ခဲ့ပုံ၊ သူ၏ ဇနီးဟောင်းနှင့် သားတို့ကိုပါ သာသနာတော်သို့ သွတ်သွင်းပြီး ဝဋ်ဆင်းရဲမှ ကင်းအောင် ကြံဆောင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၇၇)
ဓမ္မိကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဓမ္မိကမထေရ်လောင်းလျာသည် သားလိုက်မုဆိုးဘဝဖြင့် သိခီဘုရားရှင်၏ တရားသံကို နာကြားခဲ့ရသော ကုသိုလ်ကံကြောင့် လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပုံ၊ ဂေါတမဘုရားလက်ထက်တွင် ဓမ္မိကပုဏ္ဏားဖြစ်လာပုံ၊ ရဟန်းဖြစ်သော်လည်း သည်းမခံနိုင်ပုံ၊ မြတ်စွာဘုရားရှင်က ဆုံးမတရား ဟောကြားတော်မူစဉ် ထိုင်လျက်တရားနာရင်း ဝိပဿနာပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၂၆)
ဓမ္မိကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ကြမ်းတမ်းရုန့်ရင်းသော ကိုယ်နှုတ်စိတ်ရှိသည့် ဓမ္မိကရဟန်းကို ဒါယကာတို့က နှင်ထုတ်ကြပုံ၊ ကျောင်းသာ ပြောင်း၍ အမူအကျင့် မပြောင်းသဖြင့် အာဂန္တုရဟန်းများ စိတ်ဆင်းရဲကြရပုံ၊ မြတ်စွာဘုရားက ဥပမာအကြောင်းတို့ဖြင့် ဆုံးမတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၃၂၁) (အံ၊ဋ္ဌ၊၃၊၁၂၀)
ဓမ္မိကဥပါသကဝတ္ထု
ဤဝတ္ထု၌ ဓမ္မိကဥပါသကာသည် သား(၇)ယောက်၊ သမီး(၇)ယောက်တို့ဖြင့် ပျော်ပျော်ပါးပါး ဒါနသီလအမှုတို့ကို ဆောင်ရွက်ခဲ့ပုံ၊ သေခါနီးကာလ၌ နတ်ပြည် ၆-ထပ်မှ နတ်ရထား ၆-စင်းရောက်ရှိလာပုံ၊ မိမိနှစ်သက်သော တုသိတာနတ်ရထားတွင် ပန်းကုံး စွပ်ပေးလိုက်ပြီးနောက် တုသိတာနတ်ပြည်၌ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၈၃)
ဓမ္မိကဥပါသကဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရား လက်ထက်တော်အခါက ဓမ္မိက ဥပါသကာသည် သီလနှင့်ပြည့်စုံသူ, ပိဋကသုံးပုံဆောင်သူ, အနာဂါမ်တည်သူ, အဘိညာဉ်ရ၍ ကောင်းကင်ပျံနိုင်သူ ဖြစ်ခဲ့ပုံ၊ သူသည် နောက်လိုက်နောက်ပါ ဥပါသကာငါးရာတို့နှင့်အတူ မြတ်စွာဘုရားထံ ချဉ်းကပ်၍ လူ့ကျင့်ဝတ် ရဟန်းကျင့်ဝတ်တို့ကို မေးလျှောက်ရာ မြတ်စွာဘုရားက ကောင်းစွာ ဖြေကြားတော်မူခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၂၊၉၉)
ဓာတုပူဇကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဓာတုပူဇကထေရ်အလောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူသောအခါ ဆွေမျိုးအပေါင်းကို ခေါ်ယူလျက် ဓာတ်တော်ပူဇော်မှု ပြုခဲ့ပုံ၊ ဤကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ကိုးဆယ့်လေးကမ္ဘာတိုင်တိုင် အပါယ်မလားဘဲ သုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၆၃)
ဓာတုပူဇကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ သိဒ္ဓတ္ထဘုရားရှင် ပရိနိဗ္ဗာန် စံလွန်တော်မူသောအခါ ထိုဘုရားရှင်၏ ဓာတ်တော်တစ်ဆူကို ပူဇော်ခွင့်ရခဲ့ပုံ၊ မထေရ်အလောင်းသည် ထိုဓာတ်တော်ကို သက်တော်ထင်ရှား ဘုရားရှင်အမှတ်ဖြင့် ငါးနှစ်တိုင်တိုင် ပူဇော်ခဲ့ပုံ၊ ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ရခြင်း မရှိခဲ့ဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၅၂)
ဓာတုဝိဝဏ္ဏပေတဝတ္ထု
ဤဝတ္ထု၌ အဇာတသတ်မင်းသည် မိမိအတွက် ဝေစုရသော ဓာတ်တော်များကို (၇) နှစ်၊ (၇) လ၊ (၇) ရက် ပူဇော်ပွဲ ကျင်းပသဖြင့် သာသနာတော်ကို ကြည်ညိုသော ပုဂ္ဂိုလ်များ နတ်ပြည်နတ်ရွာသို့ လားရောက်ကြပုံ၊ ရာဇဂြိုဟ်မြို့၌ သူဌေးကတော်တစ်ယောက်သည် ဓာတ်တော်များကို သွားရောက် ပူဇော်ရန်အတွက် ပန်းနံ့သာစသည်များကို စီစဉ်နေစဉ် သူဌေးကြီးက ‘‘အရိုးများကို ပူဇော်ခြင်းဖြင့် ဘာအကျိုးရှိမည်နည်း’’ဟု ပြစ်တင် ကြိမ်းမောင်းခဲ့ပုံ၊ သူဌေးကတော်က သူဌေးကြီး၏ စကားကို နားမထောင်ဘဲ ဓာတ်တော်များကို သွားရောက်ပူဇော်ခဲ့ပုံ၊ သူဌေးဇနီးမောင်နှံနှစ်ယောက်တို့ ကွယ်လွန်ကြသောအခါ သူဌေးကြီးမှာ အပုပ်နံ့လှိုင်နေသည့် ပြိတ္တာဘဝ ရောက်ရှိသွားပြီး၊ သူဌေးကတော်ကြီးမှာ နတ်ပြည်၌ ဖြစ်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၇၉) (ပေတ၊ဋ္ဌ၊၁၉၆)
ဓီရာဒိထေရီဝတ္ထု
ဤဝတ္ထု၌ ဓီရာ, ဝီရာ, မိတ္တာ, ဘဒြာ, ဥပသမာ ဟူသော ထေရီငါးပါးတို့သည် ကပိလဝတ်ပြည် သာကီဝင်မင်းမျိုး၌ မွေးဖွားလာကြပြီး မဟာပဇာပတိဂေါတမီနှင့် အတူ တောထွက်၍ ဘိက္ခုနီပြုခဲ့ကြပုံ၊ ဘုရားရှင်အထံတော်မှ အဆုံးအမဩဝါဒများကို နာယူလျက် ဝိပဿနာပွားသဖြင့် အရဟတ္တဖိုလ်သို့ ရောက်ရှိခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊၃၇၈) (ထေရီ၊ဋ္ဌ၊၁၂)
ဓူပဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းသည် သိဒ္ဓတ္ထဘုရားရှင်အား ကြည်ညိုလှသဖြင့် ဘုရားရှင်၏ ဂန္ဓကုဋိ၌ မွှေးကြိုင်သော အခိုးအထုံတို့ကို ပေးလှူပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးလားရောက်ခြင်းမရှိခဲ့တော့ဘဲ ဖြစ်တိုင်းသော နတ်ဘဝ၊ လူဘဝတို့၌ လူခပ်သိမ်းတို့၏ ချစ်ခင်နှစ်သက်ခြင်းကို ခံခဲ့ရ၍ ဤဂေါတမဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၈၇)
ဓူမကာရီဇာတက
ဤဇာတ်တော်၌ ကုရုတိုင်း ဣ န္ဒပတ္တနဂိုရ်မြို့၌ ဓနဉ္စယမည်သော ကောရဗျမင်း မင်းပြုစဉ် ဘုရားအလောင်းသည် ဝိဓူရဟူသော အမည်ဖြင့် ပုရောဟိတ် ဖြစ်ခဲ့ပုံ၊ ထိုမင်းသည် စစ်သားဟောင်းကြီးများကို မချီးမြှောက်ဘဲ စစ်သားသစ်များကို ချီးမြှောက်သဖြင့် စစ်ပွဲ၌ ရှုံးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၇၈)
ဓောတကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဓောတကမထေရ်လောင်း အမျိုးကောင်းသားသည် ဟံသာဝတီ မင်းနေပြည်၌ ဆဠင်္ဂပုဏ္ဏားဖြစ်စဉ် တပည့်အပေါင်း တစ်ထောင့်ရှစ်ရာ ခြံရံလျက် ဂင်္ဂါမြစ်ကမ်းနားသို့ သွားရောက်ခဲ့ပုံ၊ ဂင်္ဂါမြစ်ကို ဆင်းရဲပင်ပန်းစွာ ဖြတ်ကူးနေကြသော သံဃာတော်များကို တွေ့မြင်ရ၍ ဂင်္ဂါမြစ်ကို ဖြတ်ကျော်သော မြစ်ကူးတံတား ဆောက်လုပ်လှူဒါန်းခဲ့ပုံ၊ ဤကုသိုလ်၏ အကျိုးဆက်ကြောင့် ဘဝတိုင်း၌ ဆင်၊ မြင်း စသော ယာဉ်ရထားများကို အလိုရှိတိုင်း၊ တောင်းတတိုင်း ရရှိခဲ့၍၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၄၀၃)
နကုလဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ရသေ့ဖြစ်စဉ် ကျောင်းအနီး တောင်ပို့တစ်ခု၌ မြွေပါတစ်ကောင်နှင့် မြွေတစ်ကောင်တို့ နေထိုင်ကြ၍ အမြဲ ရန်ဖြစ်နေကြပုံ၊ ဘုရားအလောင်း၏ မေတ္တာစကား နာကြားရပြီးနောက် အချင်းချင်း ချစ်ခင်စိတ်ဖြင့် ငြိမ်းချမ်းသွားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၄၇)
နကုလပိတာဝတ္ထု
ဤဝတ္ထု၌ နကုလပိတာ မကျန်းမမာဖြစ်နေရာ သမားတော်လက်လျော့သဖြင့် ဇနီးဖြစ်သူက မိမိကိုယ်နှင့် မြတ်စွာဘုရားရှင်ကို တိုင်တည်ကာ သစ္စာတရားဖြင့် ကာကွယ်စောင့်ရှောက်ပုံ၊ မြတ်စွာဘုရားရှင်က ချီးမွမ်း စကားပြောဆိုပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၂၆၁) (အံ၊ဋ္ဌ၊၃၊၉၇)
နကုလပိတုဝတ္ထု
ဤဝတ္ထု၌ သူကြွယ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်၏ ဝိဿာသကအရာ ဧတဒဂ် ချီးမြှင့်ခံရသော ဥပါသကာတစ်ယောက်ကို အားကျ၍ ကုသိုလ်ပြု ဆုတောင်းခဲ့ကြပုံ၊ ထိုကုသိုလ်ကံကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပြီး ဤဘုရားရှင်လက်ထက်တော်၌ ဘဂ္ဂတိုင်း သုသုမာရဂိရိမြို့၌ သူဌေးဖြစ်ပုံ၊ လင်မယားနှစ်ဦးတို့သည် ဘုရားရှင်အား သားအမှတ်သညာဖြင့် ကိုးကွယ်ခဲ့ပြီး သောတာပန်အရိယာများ ဖြစ်ခဲ့ကြ၍ ဝိဿာသကဧတဒဂ် ရရှိပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၀၇)
နကုလပိတုဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သံသုမာရဂိရမြို့ ဘေသကဠာ မိဂဒါဝုန်တော၌ သီတင်းသုံးတော်မူပုံ၊ အိုမင်းပြီဖြစ်၍ ဘုရားရှင်နှင့် သံဃာတော်တို့ထံ အဖူးအမြော် မကြာခဏ မလာရောက်နိုင်သော နကုလပိတာ ဥပါသကာသည် နိဗ္ဗာန်အထိ ရောက်စေနိုင်သည့် တရားတို့ကို ဟောပါရန် ဘုရားရှင်ထံ လျှောက်ထားခဲ့ပုံ၊ ဘုရားရှင်က ‘‘ခန္ဓာကိုယ်သည် အိုမင်း၍ နာကျင်ကိုက်ခဲသော်လည်း ငါ၏စိတ်မှာမူ နာကျင်မှု ကင်းအောင် ကျင့်ကြံမည်’’ ဟု အမြဲ နှလုံးသွင်းရန် ဆုံးမတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၂၊၁)
နကုလမာတာဝတ္ထု
ဤဝတ္ထု၌ နကုလမာတာမလောင်းလျာသည် ပဒုမုတ္တရ ဘုရားရှင်က ဥပါသိကာမ တစ်ဦးအား ဝိဿာသိက ဧတဒဂ်အရာထားသည်ကို အားကျလျက် ကုသိုလ်ပြုဆုတောင်းခဲ့ပုံ၊ ဤကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ နကုလပိတာနှင့် အိမ်ထောင်ကျပြီး သောတာပန်တည်၍ ဝိဿသိကဧတဒဂ် ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၅၁)
နက္ခတ္တဇာတက
ဤဇာတ်တော်၌ ဗာရာဏသီမြို့သား မိဘနှစ်ပါးတို့သည် ဇနပုဒ်သား မိဘနှစ်ပါးတို့ထံ သမီးတောင်းရန် နေ့ရက်သတ်မှတ်ပြီးမှ မိမိတို့အိမ်ကြွနေကျဖြစ်သည့် အာဇီဝက တက္ကတွန်းထံ မင်္ဂလာကိစ္စအတွက် နေ့ရက်မေးမြန်းပုံ၊ အာဇီဝကသည် ဒေါသထွက်ကာ နက္ခတ်မကောင်းသေးကြောင်း၊ သင်တို့ သတ်မှတ်ထားသော နေ့ရက်၌ မင်္ဂလာကိစ္စအမှု ပြုလျှင် ကြီးစွာသော ပျက်စီးခြင်းနှင့် ကြုံတွေ့ရလိမ့်မည်ဖြစ်ကြောင်း ပြောဆိုသဖြင့် ချိန်းထားသောနေ့၌ မသွားဘဲနေကြပုံ၊ ဇနပုဒ်သားတို့က ချိန်းထားသောနေ့၌ သမီးလာမတောင်းသဖြင့် အမျက်ထွက်ကာ အခြားသူတစ်ယောက်နှင့် ထိမ်းမြားလိုက်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၇၄)
နဂ္ဂဇိပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထုသည် ကုမ္ဘကာရဇာတက၌ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၅၆)
နင်္ဂလကုလတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်မြတ်သည် လူ့ဘဝက ထွန်တုံးဖြင့် လယ်ထွန်ကာ ဆင်းရဲစွာ အသက်မွေးခဲ့ရပုံ၊ ရဟန်းတစ်ပါးက ရဟန်းပြုရန် တိုက်တွန်းသဖြင့် ထွန်တုံးကို ယူကာ သစ်ပင်၌ ထောင်ထားပြီး ရဟန်းပြုခဲ့ပုံ၊ လူထွက်လိုစိတ် ဖြစ်လာသောအခါ ထွန်တုံးရှိရာ သစ်ပင်သို့ သွား၍ ‘‘ဆင်းရဲတွင်းနက်လှသည့် လူ့ဘဝသို့ ပြန်သွားလျှင် ထွန်တုံးနှင့် မိတ်ဆွေဖွဲ့ရပြီး ပင်ပန်းဆင်းရဲပေဦးမည်’’ဟု မိမိကိုယ်ကို ဆုံးမခဲ့ပုံ၊ ထွန်တုံးရှိရာ သစ်ပင်သို့ အခါခါသွား၍ မိမိကိုယ်ကို ဆုံးမသည်ကို အခြားရဟန်းများက မြင်၍မေးသော် ဆရာ့အထံ သွားသည်ဟု ဖြေကြားပုံ၊ ‘‘မိမိသည်ပင် မိမိ၏ကိုးကွယ်ရာ အားထားရာဖြစ်ပေ၏’’ ဟု ဆုံးဖြတ်ကာ ဝိပဿနာပွား၍ ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၇၈)
နင်္ဂလီသဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းသည် ဒိသာပါမောက္ခဆရာကြီးဖြစ်၍ တပည့်ငါးရာကို ပညာသင်ပေးပုံ၊ မိမိအပေါ် အလွန်ကျေးဇူးများသော်လည်း ဉာဏ်အလွန်ထိုင်းသော လာဠကလုလင် တပည့်တစ်ဦးအတွက် လက်လျှော့၍ ပြန်လွှတ်လိုက်ရပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ဇာ၊ဋ္ဌ၊၁၊၄၇၂)
နင်္ဂုဋ္ဌဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်း ရသေ့သည် တစ်နေ့တွင် နွားတစ်ကောင်ကို အလှူခံရခဲ့ပုံ၊ မီးကို နွားသားလှူမည်၊ ဆားရှာဦးမည်ဟု စဉ်းစားကာ ရွာသို့သွားစဉ် မုဆိုးအုပ်စု ရောက်လာပြီး နွားကိုသတ်၍ အရိုးအရင်း အမြီး ခြေထောက်များကိုသာ ချန်ထားခဲ့ကြပုံ၊ ‘‘မီးသည် မိမိအား လှူဒါန်းထားသော ပစ္စည်းကိုပင် မကာကွယ်နိုင်ပါတကား၊ အခြားသူများကို ကာကွယ်မှုပေးနိုင်ရန်မှာမူ ဝေးစွတကား’’ဟု သံဝေဂရကာ မီးကိုပူဇော်သော ဒိဋ္ဌိဝါဒကို စွန့်လွှတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၅၁၉)
နစ္စဇာတက
ဤဇာတ်တော်၌ ဇေတဝန်ကျောင်း၌ ပစ္စည်းဥစ္စာများစွာ စုဆောင်းထားရှိသော ရဟန်းတော်တစ်ပါးကို ပရိသတ်အလယ်၌ ဘုရားရှင်က မေးမြန်းစိစစ်သောအခါ ရဟန်းက ဒေါသထွက်လျက် ကိုယ်ဝတ်သင်္ကန်းများကို အားလုံးချွတ်ချကာ ကိုယ်တုံးလုံးဖြင့် ရပ်နေပုံ၊ လူအများက စက်ဆုပ်သဖြင့် ထွီထွီ-ဟု တံတွေးဖြင့် ထွေးသောအခါကျမှ ဇေတဝန်ကျောင်းတော်မှ ထွက်ပြေးကာ လူထွက်ပုံ၊ ထိုအကြောင်းအရာကို ရဟန်းများ အချင်းချင်း ပြောဆိုနေစဉ် ဘုရားရှင်ကြွရောက်တော်မူလာပြီး ‘‘ထိုရဟန်းသည် ယခုမှသာ အရှက်အကြောက် ကင်းမဲ့သည်မဟုတ်၊ အတိတ်ဘဝကလည်း အရှက်အကြောက် ကင်းခဲ့သဖြင့် ဇနီးတစ်ယောက် ဆုံးရှုံးခဲ့ဖူးကြောင်း အတိတ်ဇာတ်ဆောင်၍ဟောပုံ၊ ဘုရားအလောင်းတော်သည် ဟိမဝန္တာတောင်၌ ဟင်္သာမင်းဖြစ်စဉ် သမီးတော် ဟင်္သာမငယ်ကို လင်ပေးစားရန်အတွက် ငှက်အပေါင်းကို စုဝေး၍ သမီးစိတ်ကြိုက် ရွေးချယ်စေသောအခါ ဒေါင်းငှက်ကို ရွေးချယ်သဖြင့် ဒေါင်းငှက်က အတောင်ဖြန့်၍ကပုံ၊ ဒေါင်းငှက်သည် အတောင်ဖြန့်၍ ကပြသောအခါ အင်္ဂါဇာတ်ကြီးငယ်ကို ဖော်ပြသကဲ့သို့ဖြစ်သဖြင့် ဟင်္သာမင်းက ‘‘ဤဒေါင်းငှက်သည် ဟိရီ ဩတ္တပ္ပ မရှိ’’ ဟု ဆိုကာ မပေးစားတော့ဘဲ တူတော် ဟင်္သာငယ်တစ်ကောင်နှင့် ပေးစားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၂၂)
နဋပုတ္တကတ္ထေရဝတ္ထု
ဤဝတ္ထု၌ လူ့ဘဝက ကချေသည် ဖြစ်ခဲ့ဖူးသော ရဟန်းသည် အခြားမြူးတူး ကခုန်နေသူတို့ကို တွေ့မြင်ပါသော်လည်း ‘‘စိတ်မဝင်စား’’ဟု ဆိုသည်ကို ရဟန်းတို့က မယုံကြည်ပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင်အား လျှောက်ထားသောအခါ ဘုရားရှင်က ‘‘ဤရဟန်းသည် လူ၌ဖြစ်သော ကာမဂုဏ်နှင့် နတ်၌ဖြစ်သော ကာမဂုဏ်အာရုံ ဟူသမျှကို ပယ်စွန့်ပြီးသော ဗြာဟ္မဏ ဖြစ်ပေ၏’’ဟုမိန့်ဆိုပုံ၊ ‘‘ဗြာဟ္မဏ’’ဟု ခေါ်ထိုက်သော ဂုဏ်အရည်အချင်းကို ဟောကြားထားပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၄၇)
နဋပုတ္တကတ္ထေရဝတ္ထု
ဤဝတ္ထု၌ လူဘဝက သဘင်သည်ဖြစ်ခဲ့ဖူးသော နဋပုတ္တက မထေရ်သည် ‘‘ကခုန်မှုကို မနှစ်သက်’’ဟု ဖြေဆိုသဖြင့် ရဟန်းတို့က ဘုရားရှင်အား လျှောက်ထားပုံ၊ ဘုရားရှင်က ‘‘ဤရဟန်းသည် ကာမဂုဏ်တို့၌ ပျော်ပိုက်မှု တောတောင်ထဲ၌ ငြီးငွေ့မှု စသော လောကီအာရုံများကို လွှမ်းမိုးပယ်စွန့်၍ နေထိုင်သော ဗြာဟ္မဏ ဖြစ်ပေ၏’’ဟု မိန့်တော်မူပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၄၈)
နဒီကဿပတ္ထေရဝတ္ထု
ဤဝတ္ထု၌ နဒီကဿပ မထေရ်လောင်းလျာသည် ပဒုမုတ္တရ ဘုရားရှင်အား သရက်သီးမှည့် လှူခဲ့ဖူးပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ နဒီကဿပ ရသေ့ဖြစ်လာပုံ၊ မြတ်စွာဘုရားရှင်၏ ဧဟိဘိက္ခု အခေါ်ခံ ရဟန်းဖြစ်လာပုံ၊ တရားတော်ကိုနာကြားပြီး ဝိပဿနာ ပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာ များပါဝင်သည်။ (အပ၊၂၊၁၇၁) (ထေရ၊ဋ္ဌ၊၂၊၅၂) (အပ၊ဋ္ဌ၊၂၊၂၇၅)
နဒီပါရသီမဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြစ်တစ်ဘက်ကမ်း၌ သိမ်ကို သမုတ်ကြပုံ၊ ဥပုသ်ပြုရန် လာကြသော ရဟန်းတို့သည် ရေတွင် မျောပါ၍ သပိတ်များ ရေတွင် မျောကြ၊ သင်္ကန်းများ ရေမျောကြပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင်အား လျှောက်ထားရာ ထိုမြစ်ကို အမြဲ ကူးနိုင်သော တံတား၊ ကူးတို့လှေ ရှိမှသာ မြစ်ကူးသိမ်ကို ခွင့်ပြုတော်မူကြောင်း မိန့်ကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၄၅)
နဒုဗ္ဘိယဝတ္ထု
ဤဝတ္ထု၌ သိကြားမင်းသည် မိမိ၏ ရန်သူ ဝေပစိတ္တိအသုရာကို တန်ခိုးဖြင့် ချုပ်နှောင်ထား ပုံ၊ နောင်မပြစ်မှားနိုင်အောင် သိကြားမင်းက ကျိန်စာဆိုခိုင်းပုံ၊ ဝေပစိတ္တိအသုရာက ‘‘ရှေးခေတ် ဒေဝဒတ်စသော သူယုတ်မာလေးယောက်တို့ကဲ့သို့ မကောင်းမှုအကျိုး ထိရောက်ပါစေ’’ဟု ကျိန်ဆိုခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၂၂၆) (သံ၊ဋ္ဌ၊၁၊၃၁၅)
နန္ဒကတ္ထေရဝတ္ထု
ဤဝတ္ထု၌ နန္ဒကမထေရ်အလောင်းသည် သိခီဘုရားရှင်၏ စင်္ကြံလမ်းကို သဲများခင်းလှူခဲ့သောကြောင့် လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ သူကြွယ်သား နန္ဒကလုလင် ဖြစ်ခဲ့ပုံ၊ အစ်ကို ဘာရတနှင့်အတူ ရဟန်းပြုကြပြီးနောက် မိမိအရင် ရဟန္တာဖြစ်သော အစ်ကိုဘာရတ မထေရ်ထံမှ ဝန်တင်နွားဥပမာ တရားကို နာကြားရသဖြင့် ဝိပဿနာပွားကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၈၁)
နန္ဒကတ္ထေရဝတ္ထု
ဤဝတ္ထု၌ နန္ဒကမထေရ်အလောင်းသည် ပဒုမုတ္တရဘုရားရှင်အား အဖိုးတစ်သိန်းတန် အဝတ်ကို လှူဒါန်း၍ ဘိက္ခုနောဝါဒက ဧတဒဂ်ဆုကို တောင်းခဲ့ပုံ၊ ထိုကောင်းမှုကြောင့် လူနတ်ချမ်းသာတို့ကို ခံစားရပြီး ဂေါတမ ဘုရားရှင်လက်ထက်တော်၌ နန္ဒကလုလင် ဖြစ်လာပုံ၊ မြတ်စွာဘုရားထံတွင် ရဟန်းဝတ်ကာ ဝိပဿနာပွားသဖြင့် ရဟန္တာ ဖြစ်၍ ဘိက္ခုနောဝါဒက ဧတဒဂ် စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၅၄) (မ၊ဋ္ဌ၊၄၊၂၄၀) (အံ၊ဋ္ဌ၊၁၊၂၄၂) (ထေရ၊ဋ္ဌ၊၂၊၁၀) (အပ၊ဋ္ဌ၊၂၊၂၅၇)
နန္ဒကတ္ထေရဝတ္ထု
ဤဝတ္ထု၌ နန္ဒကမထေရ်၏ တရားဟောကြားမှုကို သဘောကျတော်မူသဖြင့် မြတ်စွာဘုရားရှင်သည် စည်းဝေးရာဇရပ်တံခါးမုခ်၌ ရပ်တော်မူကာ နားတောင်မူခဲ့ပုံ၊ မြတ်စွာဘုရားက နန္ဒကမထေရ်၏ တရားတော်ကို ချီးမွမ်းတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၃၊၁၆၉)
နန္ဒကပေတဝတ္ထု
ဤဝတ္ထု၌ ပိင်္ဂလမင်း၏ စစ်သူကြီးဖြစ်သူ နန္ဒကသည် မိစ္ဆာအယူရှိသဖြင့် ‘‘လှူဒါန်းမှုသည် အကျိုးမရှိ’’ စသည်ဖြင့် ပြောဆိုလေ့ရှိပုံ၊ စစ်သူကြီး၏ သမီးသည် ဥတ္တရအမည်ရှိသော ဥပါသကာနှင့် ထိမ်းမြားလက်ထပ်ခဲ့ပုံ၊ စစ်သူကြီးကွယ်လွန်သောအခါ ညောင်ပင်ကြီးတစ်ပင်၌ ဝေမာနိကပြိတ္တာ ဖြစ်ခဲ့ပုံ၊ သမီးဥတ္တရာသည် မုန့်၊ ဆွမ်း၊ ခဲဖွယ်တို့ဖြင့် ရဟန္တာတစ်ပါးအား ဖခင်ကြီးကို ရည်မှန်း၍ အလှူအတန်းပြု အမျှအတန်းပေးဝေခဲ့ပုံ၊ နန္ဒကပြိတ္တာသည် ကုသိုလ်ကောင်းမှု၏ အဖို့ဘာဂကို ရရှိပြီးနောက် ပိင်္ဂလမင်းအား မိစ္ဆာအယူမှ ကျွတ်လွတ်စေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၂၀၁) (ပေတ၊ဋ္ဌ၊၂၂၇)
နန္ဒကောဝါဒဝတ္ထု
ဤဝတ္ထု၌ အရှင်နန္ဒကမထေရ်သည် ဘိက္ခုနီမများကို ဩဝါဒပေးရန် မိမိအလှည့် ရောက်နေသော်လည်း ဩဝါဒမပေးဘဲ နေခဲ့ပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင်ကြားသိတော်မူပြီး အရှင်နန္ဒကကို ခေါ်ကာ ဘိက္ခုနီမများကို ဩဝါဒအပေးခိုင်းပုံ၊ အရှင်နန္ဒကမထေရ်က ဘိက္ခုနီမများထံ သွားကာ ယုံမှားသံသယရှိလျှင် မေးနိုင်ကြောင်း အမိန့်ရှိပုံ၊ ထို့နောက် ဘိက္ခုနီမတို့အား စက္ခုသောတ စသောအာယတနခြောက်ပါးတို့သည် မြဲသလော၊ မမြဲသလော၊ ချမ်းသာလော၊ ဆင်းရဲလော စသည်ဖြင့် မေးမြန်းကာ တရား ဟောခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊၃၊၃၁၄) (မ၊ဋ္ဌ၊၄၊၂၃၉)
နန္ဒဂေါပါလကဝတ္ထု
ဤဝတ္ထု၌ အနာထပိဏ်သူဌေးကြီး၏ နွားထိန်းကြီး နန္ဒသည် ဘုရားရှင်အား ပင့်ဖိတ်၍ နို့ဆွမ်း ဆက်ကပ်ပြီး တရားနာခဲ့ရာ သောတာပန်ဖြစ်ခဲ့ပုံ၊ နွားဝှေ့ခံရ၍ သေဆုံးခဲ့ရပုံ၊ အတိတ်ကံကြောင့် အသတ်ခံရခြင်းဖြစ်ကြောင်း ဘုရားရှင်ဟောပြတော်မူပုံ စသော အကြောင်းအရာ များ ပါဝင်သည်။ (ဥဒါန၊၁၂၂) (ဥဒါန၊ဋ္ဌ၊၂၁၈) (ဓမ္မ၊ဋ္ဌ၊၁၊၂၀၅)
နန္ဒဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းသည် သူကြွယ်တစ်ဦးဖြစ်ခဲ့ပုံ၊ သူ့သူငယ်ချင်းသည် အသက်ကြီးမှ အိမ်ထောင်ကျ၍ သားတစ်ယောက် မွေးဖွားပုံ၊ သူငယ်ချင်းသူကြွယ်သည် သားအတွက် ဥစ္စာများကို တော၌ မြှုပ်နှံထားပြီး ကျွန်နန္ဒကိုသာ အသိပေးထားပုံ၊ ဖခင်ကွယ်လွန်သောအခါ သားသည် နန္ဒကို ခေါ်၍ ဥစ္စာယူရန် တောသို့ သွားရာ နန္ဒသည် ဥစ္စာပုံပေါ်ရပ်၍ ဥစ္စာမာန်တက်ကာ သူဌေးသားကို ကြိမ်းမောင်းပုံ၊ ဘုရားအလောင်း၏ အကြံပေးချက်အရ နန္ဒရပ်နေသော နေရာကို တူးဖေါ်ယူရာ ဥစ္စာများကို ရခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၄၁)
နန္ဒတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်နန္ဒမထေရ်သည် ဘုရားရှင် အရပ်တော်အောက် လက်လေးသစ်ခန့်သာ နိမ့်သဖြင့် ဘုရားရှင် ဝတ်ရုံတော်မူသည့် သင်္ကန်းပမာဏကို ဝတ်ရုံနိုင်ပုံ၊ ဘုရားရှင်နှင့် ညီအစ်ကို တော်စပ်သဖြင့် ဘုရားရှင်နှင့် ဆင်ဆင်တူရကား အရှင်နန္ဒထေရ် ကြွလာသည့်အခါ ‘‘ဘုရားရှင် ကြွလာသည်’’ဟု မထေရ်ကြီးများက ထင်မှတ်လျက် နေရာမှ ထပေးကြပုံ၊ အရှင်နန္ဒ အနီးသို့ ရောက်လာသောအခါ ဘုရားရှင်၏ သင်္ကန်းပမာဏအတိုင်း ဝတ်ရုံသော အရှင်နန္ဒအား မထေရ်ကြီးများက ကဲ့ရဲ့ကြပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ ‘‘ဘုရားရှင်၏ သင်္ကန်းပမာဏအတိုင်း သင်္ကန်းကို ချုပ်စေသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု နန္ဒသိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဝိ၊၂၊၂၂၅)
နန္ဒတ္ထေရဝတ္ထု
ဤဝတ္ထု၌ နန္ဒမထေရ်အလောင်းသည် ပဒုမုတ္တရဘုရားရှင့်ထံတော်၌ ကောင်းမှုများပြုကာ ဣန္ဒြေစောင့်စည်းမှုအရာ ဧတဒဂ်ဆုကို တောင်းခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် သုဂတိဘဝတို့တွင်သာ ကျင်လည်ခဲ့ရ၍ ဂေါတမဘုရားရှင် လက်ထက်တော်၌ မြတ်စွာဘုရား၏ ညီတော်နန္ဒမင်းသားဖြစ်လာပုံ၊ လက်ထပ်မင်္ဂလာ ပြုမည့်နေ့တွင် မြတ်စွာဘုရားက ခေါ်ယူ ရဟန်းပြုပေးတောမူခဲ့ပုံ၊ သာသနာတော်တွင် မပျော်ပိုက်သည်ကို မြတ်စွာဘုရားက ဥပါယ်ဖြင့် တရားပြသဖြင့် ကြိုးစားအားထုတ်ပြီး ရဟန္တာဖြစ်ခဲ့ပုံ၊ ဣန္ဒြေစောင့် စည်းမှုအရာ၌ ဧတဒဂ်ဘွဲ့ ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၂၄၄) (ထေရ၊ဋ္ဌ၊၁၊၃၅၁)
နန္ဒတ္ထေရဝတ္ထု
ဤဝတ္ထု၌ နန္ဒမထေရ်သည် မျက်နှာကို လိမ်းကျံခြယ်သ၍ သစ်လွင်တောက်ပြောင်သော အဝတ်သင်္ကန်း သပိတ်တို့ကို ဆောင်ခဲ့ပုံ၊ မြတ်စွာဘုရားရှင်က သဒ္ဓါတရားဖြင့် ရဟန်းပြုသူအတွက် ဤသို့ပြုလုပ်သုံးဆောင်ခြင်းမှာ မသင့်လျော်ကြောင်း မိန့်တော်မူခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (သံ၊၁၊၄၆၈)
နန္ဒတ္ထေရဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရား ကပိလဝတ် နေပြည်တော်သို့ ကြွတော်မူပုံ၊ နန္ဒမင်းသား သာသနာ့ဘောင်သို့ ရောက်လာပုံ၊ လူထွက်လိုသော နန္ဒမင်းသားအား ဘုရားရှင်သည် တာဝတိံသာသို့ ခေါ်ဆောင်ပြီး နတ်သမီးတို့ကို ပြတော်မူရာ မိမိစွဲလမ်းနေသော ဇနပဒ-ကလျာဏီသည် နတ်သမီးတို့နှင့် နှိုင်းယှဉ်လျှင် မျောက်အိုမနှင့်သာ တူတော့ပေ၏ ပမာတူလှပါပေ၏ ဟု ရှုမြင်ပုံ၊ နန္ဒရဟန်းသည် နတ်သမီးများကို ရလိုမှုဖြင့် တရားအားထုတ်ခဲ့ပုံ၊ အခြားရဟန်းများက ပြောင်လျောင်ကဲ့ရဲ့သဖြင့် သံဝေဂရကာ တရားအားထုတ်သောအခါ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၇၃) (ဥဒါန၊ဋ္ဌ၊၁၅၀) (သုတ္တနိ၊ဋ္ဌ၊၁၊၂၅၉)
နန္ဒတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကမ္ဘာတစ်သိန်းအထက်၌ ပဒုမုတ္တရဘုရားရှင်အား ခေါမတိုင်းဖြစ် အဝတ်အထည်တို့ကို လှူဒါန်းခဲ့ပုံ၊ ဘုရားရှင်က ‘‘သင်သည် ဤကုသိုလ်ကံကြောင့် လူနတ်စည်းစိမ်တို့ကို ခံစားပြီးလျှင် ဂေါတမဘုရားရှင်၏ ညီတော်ဖြစ်လတ္တံ့၊ ဂေါတမဘုရားရှင် တိုက်တွန်းနှိုးဆော်အပ်သည်ဖြစ်၍ ရဟန်းပြုလတ္တံ့’’ဟု ဗျာဒိတ်စကား မြွက်ကြားတော် မူခဲ့ပုံ စေဠအမည်ရှိသော စကြာမင်း လေးကြိမ်၊ ဥပစေဠမည်သော စကြာမင်း လေးကြိမ်၊ ဝေဠမည်သော စကြာမင်း လေးကြိမ် ဖြစ်ခဲ့ပုံ၊ ဤဘုရားရှင်သာသနာတော်၌ ဘုရားရှင်၏ ညီတော်ဖြစ်၍ ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၆၂) (အပ၊ဋ္ဌ၊၂၊၅)
နန္ဒနဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့သား ဥပါသကာတစ်ယောက်သည် ဆင်းရဲသားဖြစ်၍ သူတစ်ပါးတို့၏အလုပ်ကို လုပ်ကိုင် အသက်မွေးရသူ ဖြစ်ခဲ့ပုံ၊ သားမယားများနှင့်အတူ မိအိုဖအိုကြီးတို့ကို ပြုစုလုပ်ကျွေးခဲ့ပုံ၊ ငါးပါးသီလ၊ ရှစ်ပါးသီလတို့ကို စောင့်ထိန်းလျက် ဆွမ်းအဖျော်တို့ကို တတ်နိုင်သလောက် လှူဒါန်းခဲ့သော ကုသိုလ်ကြောင့် တာဝတိံသာနတ်ပြည် နန္ဒနဗိမာန်၌ နတ်သားဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊၁၀၃) (ဝိမာန၊ဋ္ဌ၊၂၈၁)
နန္ဒနဝတ္ထု
ဤဝတ္ထု၌ တာဝတိံသာရှိ နန္ဒဝန်ဥယျာဉ်သည် အလွန်သာယာလှသဖြင့် သေဘေးကြုံ နေရသော နတ်တို့သည်ပင် သေဘေးကို မေ့ပျောက်ပုံ၊ ‘‘နန္ဒဝန်ဥယျာဉ်သည် အချမ်းသာဆုံး နေရာဖြစ်သည်’’ဟု ပုထုဇဉ်နတ်တို့က ပြောဆိုကြပုံ၊ ‘‘အရိယာနတ်သမီးတစ်ဦးက နိဗ္ဗာန်သည်သာ အချမ်းသာဆုံး’’ဟု ပြောဆိုပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၂၈)
နန္ဒမာတုဝတ္ထု
ဤဝတ္ထု၌ အနာဂါမ်အရိယာ နန္ဒမာတာသည် ဖလသမာပတ်ဝင်စား၍ ပါရာယနသုတ်ကို ရွတ်ဖတ်သရဇ္ဈာယ်ပုံ၊ ခရီးလှည့်လည်သွားကာနေသော ဝေဿဝဏ်နတ်မင်းကြား၍ ရိုသေစွာ နာယူကာ ကောင်းချီးပေးပုံ၊ ဝေဿဝဏ်နတ်မင်းက ဓမ္မကထိကပူဇာဖြင့် ပူဇော်၍ သတင်းထူးပေးခဲ့သဖြင့် အဂ္ဂသာဝကနှစ်ပါးတို့နှင့်တကွ နောက်ပါသံဃာတော်များအတွက် ကြိုတင်စီမံနိုင်ပုံ စသည်တို့ ပါဝင်သည်။ (အံ၊၂၊၄၄၄) (အံ၊ဋ္ဌ၊၃၊၁၆၉)
နန္ဒရာဇဝတ္ထု
ဤဝတ္ထု၌ ရှေးအခါက ဗာရာဏသီပြည်သား သူကြွယ်တစ်ဦးသည် ပစ္စေကဗုဒ္ဓါအရှင်အား အဝတ်လှူခဲ့သည့် ကုသိုလ်ကြောင့် ဗာရာဏသီပြည်၌ အမတ်တစ်ယောက်၏ သား ဖြစ်လာပုံ၊ မင်္ဂလာကျောက်ဖျာထက်တွင် အိပ်နေစဉ် ဖုတ်သွင်းရထားဆိုက်၍ နန္ဒအမည်ရှိသော ဘုရင်ဖြစ်ကာ အရပ်လေးမျက်နှာသို့ ရွှေကရားဖြင့် ရေသွန်းလောင်းသည်ရှိသော် ပဒေသာပင် (၃၂)ပင် ပေါ်ပေါက်လာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊ဋ္ဌ၊၆၈)
နန္ဒာထေရီဝတ္ထု
ဤဝတ္ထု၌ ဇနပဒကလျာဏီဘွဲ့ရ နန္ဒာထေရီအလောင်းသည် ပဒုမုတ္တရ ဘုရားရှင်လက်ထက်၌ ဈာန်ကစားခြင်းဖြင့် မွေ့လျော်မှု၌ ဧတဒဂ်ဘွဲ့ရသော ရဟန်းမကို အားကျကာ ဆုပန်ခဲ့ပုံ၊ ဘဝသံသရာကျင်လည်ခဲ့ပြီးနောက်၊ ဂေါတမမြတ်စွာဘုရားရှင် လက်ထက်ဝယ် ကပိလဝတ်၌ သုဒ္ဓေါဒနမင်းကြီး၏ သမီးတော်ဖြစ်ခဲ့ပုံ၊ ရဟန်းဝတ်ပြီးနောက် ရဟန်းမ ဘဝဖြင့် မာန်မချ၍ မြတ်စွာဘုရားက အလွန်လှပသော အမျိုးသမီးပုံ ဖန်ဆင်းကာ တဖြည်းဖြည်းနှင့် ရင့်ရော်အိုမင်း သေခြင်းသို့ ရောက်သည့်တိုင် ဖန်ဆင်း၍ တရားပြပုံ၊ မြတ်စွာဘုရားရှင်၏ တရားပြုမှုကြောင့် ရဟန္တာဖြစ်ခဲ့ကာ ဈာန်နှင့် ပျော်မွေ့သောအရာ၌ ဧတဒဂ်ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၅၃) (အံ၊ဋ္ဌ၊၁၊၂၈၀) (ထေရီ၊ဒီ၊၂၆၁)
နန္ဒာပေတိဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့အနီး ရွာတစ်ရွာ၌ နန္ဒိသေနမည်သော ဥပါသကာသည် သဒ္ဓါ တရားနှင့် ပြည့်စုံ၍ သူ၏ဇနီး နန္ဒာမှာမူ ရတနာသုံးပါးကို မကြည်ညိုဘဲ မနာလိုမှု ဝန်တိုမှု များပုံ၊ ထိုမိန်းမသည် ရက်စက်သူ, ကြမ်းကြုတ်သူ, နှုတ်ထွက်ကြမ်းတမ်းသူ, ဆဲရေးပုတ်ခတ် ပြောဆိုတတ်သူ ဖြစ်ပြီး ကွယ်လွန်သောအခါ အဆင်းမလှမပ၊ ကြောက်စရာ ရုပ်သွင်ရှိသည့် ပြိတ္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၄၄) (ပေတ၊ဋ္ဌ၊၈၄)
နန္ဒိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ နန္ဒိယမထေရ်လောင်း အမျိုးကောင်းသားသည် ပရိနိဗ္ဗာန် စံလွန်တော်မူသော ပဒုမုတ္တရဘုရားရှင်၏ စေတီတော်မြတ်အား စန္ဒကူးနှစ် ပွတ်လုံးပွတ်တိုင်များဖြင့် ဝရန်တာ ပြုလုပ်ကာ လှူဒါန်းပူဇော်ခဲ့ပုံ၊ ထိုဘဝမှစ၍ လိုရာဆန္ဒမှန်သမျှ အားလုံး ပြည့်စုံခဲ့ရပုံ၊ ဂေါတမဘုရားရှင် လက်ထက်တော်၌ အနုရုဒ္ဓါမင်းသား အစရှိသော သာကီဝင် မင်းသားများ ဘုရားရှင်သာသနာသို့ ဝင်ရောက်သည်ကို အားကျပြီး ရဟန်းပြုခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၀၁)
နန္ဒိယမိဂရာဇဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် နန္ဒိယသမင် ဖြစ်၍ မိဘများကို လုပ်ကျွေးခဲ့ပုံ၊ သမင်သားကို နှစ်သက်သော ကောသလမင်းကြီးအတွက် တောထဲရှိ သမင်များကို ခြောက်လှန့် မောင်းနှင်ကြသောကြောင့် အခြံအရံများနှင့်တကွ မင်းဥယျာဉ်ထဲသို့ ပို့ဆောင်ခံရပုံ၊ မင်းကြီးက တစ်နေ့ တစ်ကောင် လေးဖြင့် ပစ်သတ်၍ အလှည့်ကျ စားသောက်နေခဲ့ပုံ၊ ဘုရားလောင်း အလှည့်တွင် မြားမထွက်သဖြင့် ဘုရားအလောင်း၏ ဂုဏ်ကို နားလည်ကာ အဆင့်ဆင့် သတ္တဝါများကို ဘေးမဲ့ပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၅၅)
နန္ဒိယဝတ္ထု
ဤဝတ္ထု၌ ဗာရာဏသီပြည်သား နန္ဒိယဥပါသကာသည် ဘုရားအမှူးရှိသော သံဃာတော်တို့အတွက် ကျောင်းတော်ကြီးနှင့် ခုတင်ညောင်စောင်း စသည်တို့ကို လှူဒါန်းခဲ့သော ကုသိုလ်ကြောင့် သူ မကွယ်လွန်မီမှာပင် သူ့အတွက် တာဝတိံသာနတ်ပြည်၌ ယူဇနာ (၁၂၀)ကျယ်ဝန်းပြီး ယူဇနာ (၁၀၀)မြင့်သော ရတနာခုနစ်ပါးဖြင့် ပြီးသည့် နတ်ဗိမာန်ကြီးပေါ်ပေါက်လာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၈၉)
နန္ဒိဝိသာလဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် နန္ဒိဝိသာလနွားလား ဖြစ်စဉ် အရွယ်ရောက်သောအခါ သခင်ဖြစ်သူ ပုဏ္ဏားကြီးအား ‘‘အသပြာတစ်ထောင်ကြေးဖြင့် လှည်းတစ်ရာကို ဆွဲနိုင်၊ မဆွဲနိုင် အလောင်းအစား ပြုခိုင်းပုံ၊ သူဌေးတစ်ယောက်နှင့် အလောင်းအစား ပြုလုပ်သောအခါ ပုဏ္ဏားကြီးက နန္ဒိဝိသာလအား ‘‘ကောက်ကျစ်သော နွားလား... သွားလော့၊ ဝန်ကို ရုန်းလော့’’ ဟု မဟုတ်မမှန် ရုန့်ရင်းကြမ်းတမ်းသော စကားတို့ဖြင့် ပြောဆိုစေခိုင်းသောအခါ နန္ဒိဝိသာလနွားလားက ဝန်ကို မရုန်းဘဲ ရပ်နေသဖြင့် ပုဏ္ဏားကြီး အသပြာတစ်ထောင် ဆုံးရှုံးပုံ၊ နန္ဒိဝိသာလ နွားလားက မိမိအား ရုန့်ရင်းကြမ်းတမ်းသော စကားတို့ဖြင့် မဟုတ်မမှန် မပြောဆိုရန် ပုဏ္ဏားကြီးအား ပြောဆိုပြီး နောက်ထပ်တစ်ကြိမ် အသပြာနှစ်ထောင်ကြေး အလောင်းအစား ပြုခိုင်းပုံ၊ ပုဏ္ဏားကြီးက ‘‘ချစ်သား...ကောင်းသော နွားလား... သွားလော့၊ ဝန်ကို ဆောင်လော့’’ ဟု ပြောဆို စေခိုင်းသောအခါ တစ်ချီတည်းဖြင့် ဝန်တင်လှည်းတစ်ရာကို ဆွဲနိုင်သောကြောင့် အသပြာနှစ်ထောင် ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၇) (ဇာ၊ဋ္ဌ၊၁၊၂၀၇)
နန္ဒုတ္တရာထေရီဝတ္ထု
ဤဝတ္ထု၌ နန္ဒုတ္တရာထေရီလောင်းလျာသည် သပြေခက်ကို ကိုင်ကာ ဝါဒပြိုင်သူကို ရှာခဲ့ပုံ၊ အရှင်မောဂ္ဂလာန်မထေရ်နှင့် တွေ့ရပြီး သာသနာ့ဘောင်သို့ ဝင်ရောက်ရာ ရဟန္တာထေရီဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၈၉)
နန္ဒောပနန္ဒဝတ္ထု
ဤဝတ္ထု၌ မိစ္ဆာဒိဋ္ဌိအယူရှိသော နန္ဒောပနန္ဒနဂါးမင်းကို ဆုံးမရန် အရှင်မောဂ္ဂလာန်မထေရ်အား ဘုရားရှင်က ရွေးချယ်ခွင့်ပြုပုံ၊ အရှင်မောဂ္ဂလာန်သည် ထိုနဂါးထက်ကြီးသော နဂါးကြီးအသွင် ဖန်ဆင်း၍ မြင်းမိုရ်တောင်နှင့် ဖိညှပ်ကာ တန်ခိုးပြပုံ၊ ထို့နောက် နဂါးမင်း၏ ဝမ်းတွင်းသို့ ဝင်၍ အပြန်ပြန် အလှန်လှန် လမ်းလျှောက်ပြပုံ၊ နဂါးမင်းက ကိုက်စားမည်ကြံလျှင် မထေရ်သည် အပြင်သို့ ထွက်လာပုံ၊ နဂါးမင်းက နှာခေါင်းလေဖြင့် မှုတ်သောအခါ မထေရ်သည် ဂဠုန်ယောင်ဖန်ဆင်း၍ လိုက်ပုံ၊ နဂါးမင်းသည် လုလင်ပျိုအသွင် ဖန်ဆင်းကာ အရှုံးပေးသဖြင့် မြတ်စွာဘုရားထံ အရှင်မောဂ္ဂလာန်က ခေါ်သွားရာ နဂါးမင်း သရဏဂုံတည်သွားပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၂၇)
နဝကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် အာဠဝီပြည် အဂ္ဂါဠဝစေတီနတ်ကွန်း၌ သီတင်းသုံးတော်မူစဉ် တရားနာယူပြီး ကျောင်းမှာအိပ်ကြသော ဥပါသကာတို့နှင့်အတူ ရဟန်းငယ်တို့သည် သတိလက်လွတ် အိပ်ကြသဖြင့် ဥပါသကာတို့က ကဲ့ရဲ့သောကြောင့် လူသာမဏေတို့နှင့်အတူ မအိပ်ရဟု ဘုရားရှင်က သိက္ခာပုဒ်ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆)
နဝကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ကျောင်းတိုက်တစ်တိုက်တွင် ဥပုသ်နေ့ရောက်သောအခါ ဝါငယ်သော ရဟန်းတော်တို့ ပဌမ ရောက်လာကြပြီး မထေရ်ကြီးများရောက်လာကြမည် မဟုတ်ဟု ထင်ကာ တစ်နေရာသို့ သွားနေကြပုံ၊ အချိန်မတော်မှ မထေရ်ကြီးများ ဥပုသ်ပြုကြရကြောင်း ဘုရားရှင် သိတော်မူလျှင် ဥပုသ်နေ့၌ မထေရ်ကြီးတို့က ရှေးဦးစွာ စုဝေးကြွရောက်ရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၄၇)
နဝရဋ္ဌသာသနပတိဋ္ဌာပနဝတ္ထု
ဤဝတ္ထု၌ တတိယသံဂါယနာတင်ပြီးနောက် အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်သည် ရဟန်းတော်ငါးပါးတစ်စု ငါးပါးတစ်စုစီကို ကိုးတိုင်းကိုးဌာနသို့ သာသနာပြု စေလွှတ်တော်မူခဲ့ပုံ၊ မဇ္ဈန္တိကမထေရ်သည် ကသ္မီရ္ထ, ဂန္ဓာရတိုင်း၌ သာသနာထွန်းကားပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့ပုံ၊ သောဏနှင့် ဥတ္တရမထေရ်တို့သည် သုဝဏ္ဏဘူမိအရပ်၌ သာသနာ ပြန့်ပွားစေတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၁၊၄၈)
နှာတကမုနိတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ရှေးဘုရားရှင်တို့ လက်ထက်၌ ပြုခဲ့သော ကုသိုလ် ကြောင့် နောက်ဆုံးဘဝ၌ ရာဇဂြိုဟ်မြို့ ပုဏ္ဏားမျိုး၌ ဖြစ်ခဲ့ပုံ၊ ရသေ့ပြုကာ ကြိတ်ဆန် (နတ်ကောက်ဆန်)တို့ကို စားပြီး မီးကို ပြုစုလုပ်ကျွေးခဲ့ပုံ၊ ဘုရားရှင် ကြွရောက်တော်မူ၍ တရားဟောတော်မူရာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၁၁၁)