ပိဋကတ်ဝတ္ထုလမ်းညွှန်-တ
သံဃရက္ခိတသာမဏေရဝတ္ထု
ဤဝတ္ထု၌ သံဃရက္ခိတသာမဏေငယ်လေးသည် ရှင်သာမဏေဝတ်သော နေ့၌ ဆံချသောခဏ၌ပင် ရဟန္တာအဖြစ်သို့ ရောက်သဖြင့် ‘‘ရှင်ရဟန်းပြုသောနေ့၌ပင် ရဟန္တာအဖြစ်သို့ရောက်ပြီး ဝေဇယန္တာပြာသာဒ်ကြီးကို လှုပ်ဖူးသော ပုဂ္ဂိုလ်ရှိ မရှိ’’ ကြံစည်ပုံ၊ ထိုကဲ့သို့ လှုပ်ဖူးသောပုဂ္ဂိုလ် မရှိသေးကြောင်း သိပြီးနောက် ဝေဇယန္တာပြာသာဒ်ကြီးကို ခြေမဖြင့်ညှပ်၍ လှုပ်သောအခါ ပြာသာဒ်ကြီး မလှုပ်သဖြင့် နတ်သမီးများက သံဃရက္ခိတသာမဏေကို ပြောင်လှောင်ပြက်ရယ်ပြုကြပုံ၊ သာမဏေငယ်က မိမိဆရာဖြစ်သော မဟာသမုဒ္ဒရာ၌ သီတင်းသုံးသည့် သာမုဒ္ဒိကမဟာနာဂထေရ်ထံ နည်းသွားခံကာ ပြာသာဒ်ကြီးကို နောက်တစ်ကြိမ်လှုပ်သည့်အခါ ပြာသာဒ်ကြီး သွက်သွက်ခါအောင် လှုပ်သဖြင့် နတ်သမီးများက တောင်းပန်ခဲ့ကြရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၁၄၈) (အံ၊ဋီ၊၃၊၂၅၉)
သံဃဝန္ဒနာဝတ္ထု
ဤဝတ္ထု၌ သိကြားမင်းသည် မာတလိနတ်သားအား ဥယျာဉ်တော်ကြည့်ရှုသွားရန်် အာဇာနည် သိန္ဓောမြင်းရထားကို ပြင်ဆင်စေပုံ၊ သိကြားမင်းသည် ဝေဇယန္တာပြာသာဒ်မှ ဆင်းသက်လာပြီး သံဃာတော်အပေါင်းအား ရှိခိုးပုံ၊ မာတလိနတ်သားက လူသားဖြစ်သော ရဟန်းများအား ရှိမခိုးသင့်ကြောင်းပြောသောအခါ သိကြားမင်းက ရဟန်းသံဃာတော်များသည် ဓုတင်စသော အကျင့်ကောင်းများကို ကျင့်ကြံနေသူများဖြစ်သဖြင့် ၎င်းတို့ကို ရှိခိုးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၂၃၇) (သံ၊ဋ္ဌ၊၁၊၃၂၂)
သံဃုပဋ္ဌာကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် အရံစောင့်ဖြစ်ခဲ့စဉ် ဝေဿဘူဘုရားရှင်၏ သာသနာတော်၌ ရဟန်းသံဃာတော်တို့အား ဆည်းကပ် လုပ်ကျွေးခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ၊ လွန်ခဲ့သော ခုနစ်ကမ္ဘာအထက်၌ သမောဒကမည်သော စကြဝတေးမင်း ခုနစ်ကြိမ် ဖြစ်ခဲ့၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၁၂)
သင်္ကပ္ပရာဂဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် ကုဋေရှစ်ဆယ်ကြွယ်သည့် ဗြာဟ္မဏမဟာသာလမျိုး၌ ဖြစ်၍ မိဘများ ကွယ်လွန်သွားသည့်အခါ ဟိမဝန္တာသို့ ဝင်၍ ရသေ့ရဟန်းပြုခဲ့ပုံ၊ တစ်နေ့တွင် ဟိမဝန္တာမှ သက်ဆင်း၍ ဗာရာဏသီသို့ ကြွလာစဉ် မင်းကြီးက ကြည်ညို၍ ဥယျာဉ်၌ ကိုးကွယ်ထားပုံ၊ ပစ္စန္တရာဇ် ထကြွပုန်ကန်သဖြင့် နှိမ်နင်းရန် မင်းကြီး စစ်ထွက်သွားသောအခါ မိဖုရားကြီးက ရသေ့ကြီးကို ပြုစုလုပ်ကျွေးပုံ၊ တစ်နေ့တွင် မိဖုရားကြီးသည် ရှင်ရသေ့အလာကို စောင့်လျက် လဲလျောင်းနေစဉ် ရသေ့လာသောအခါ အလျင်အမြန် ထသဖြင့် ထမီကျွတ်ကျပုံ၊ ရသေ့ကြီးသည် ထိုအဖြစ်အပျက်ကို မြင်တွေ့၍ ဈာန်လျှောခဲ့ရပုံ၊ ခုနစ်ရက်တိုင်အောင် ထမင်းမစားဘဲ မိဖုရားကြီးကိုသာ တမ်းတ၍ နေပုံ၊ မင်းကြီး ပြန်လာသော် ထိုအကြောင်းကို သိ၍ ရသေ့ကြီးအား သံဝေဂရစေခဲ့ပုံ၊ ရသေ့ကြီး သတိတရားရပြီး ကသိုဏ်းကို ပွားရာ ဈာန်အဘိညာဉ်ကိုပြန်လည်ရရှိခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၄၈)
သင်္ကမနတ္ထာထေရီဝတ္ထု
ဤဝတ္ထု၌ ထေရီလောင်းလျာသည် ဝိပဿီဘုရားရှင် ကြွလာတော်မူစဉ် ခြေတော်ရင်း၌ ဝပ်စင်းလျက် ပူဇော်ခဲ့ပုံ၊ ဘုရားရှင်က ဦးခေါင်းစွန်းရှိ ဆံပင်တို့ကို နင်း၍ ချီးမြှင့်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပြီး ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၉၀)
သင်္ခစက္ကဝတ္တိရာဇဝတ္ထု
ဤဝတ္ထု၌ လူတို့၏ သက်တမ်းသည် အနှစ်ရှစ်သောင်းအထိ ရှည်ကြာပုံ၊ ထိုအနှစ်ရှစ်သောင်းတမ်းတွင် မေတ္တယျဘုရားရှင် ပွင့်တော်မူလာပုံ၊ သင်္ခစကြဝတေးမင်းသည် မေတ္တယျဘုရားရှင်ထံ၌ ရဟန်းပြုကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၃၊၆၂)
သင်္ခဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်း သင်္ခပုဏ္ဏားသည် အလှူဝတ်ကို နေ့စဉ်ပြုပုံ၊ ကုန်ကူးရန် ဆိပ်ကမ်းရွာသို့ သွားစဉ် ပစ္စေကဗုဒ္ဓါတစ်ပါးအား ထီး, ဖိနပ် လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သမုဒ္ဒရာထဲ၌ သင်္ဘောနစ်စဉ် နတ်သမီးက ကယ်တင်၍ လှေတစ်စင်းပြည့် ရတနာများဖြင့် အိမ်အရောက် ပို့ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၂၉) (ဇာ၊ဋ္ဌ၊၄၊၁၅)
သင်္ခဓမဇာတက
ဤဇာတ်တော်၌ ဖခင်ဖြစ်သူသည် သားစကားကို နားမထောင်ဘဲ ခရုသင်းကို ဆက်တိုက် မှုတ်သောကြောင့် ခိုးသူများ၏ လုယက်တိုက်ခိုက်ခြင်းကို ခံခဲ့ကြရပုံ၊ ကြီးငယ်မဟူ ကြောင်းကျိုးထောက်ပြ၍ တားမြစ်ပိတ်ပင်ပါက လိုက်နာသင့်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၀၂)
သင်္ခဓမဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် နာဠန္ဒမြို့ ပါဝါရိကဥယျာဉ်၌ သီတင်းသုံးနေတော်မူစဉ် အသိဗန္ဓက၏သား နိဂဏ္ဌ၏တပည့်ဖြစ်သူ ရွာသူကြီးတစ်ဦး ရောက်ရှိလာပုံ၊ ဘုရားရှင်က နိဂဏ္ဌတို့သည် တပည့်သာဝကတို့အား အဘယ်သို့သော တရားမျိုးကိုသာ ဟောကြားသနည်းဟု နိဂဏ္ဌတို့၏ အယူဝါဒကို မေးမြန်းတော်မူပုံ၊ အသိဗန္ဓကရွာသူကြီးက နိဂဏ္ဌတို့၏ အယူဝါဒနှင့် ပတ်သက်၍ ဘုရားရှင်အား လျှောက်ထားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၂၊၅၀၂)
သင်္ခပါလဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ရာဇဂြိုဟ်ပြည် မဂဓမင်း၏သားတော် အိမ်ရှေ့မင်း ဖြစ်စဉ် ခမည်းတော် မဂဓမင်းသည် သားတော်အား ထီးနန်းလွှဲအပ်၍ ရသေ့ဝတ်ခဲ့ပုံ၊ သားတော်မဂဓမင်းသည် ခမည်းတော်ရသေ့ထံ တစ်နေ့သုံးကြိမ် ဆည်းကပ်စဉ် ရသေ့ထံ တရားနာလာသော သင်္ခပါလနဂါးမင်းကို အားကျ၍ နဂါးမင်းဘဝကို ဆုတောင်းခဲ့ပုံ၊ ဘုရားလောင်းသည် နဂါးဘဝကို ရရှိပြီးနောက် ၁၄-ရက်၊ ၁၅-ရက် ဥပုသ်နေ့များ၌ လူ့ပြည်သို့ လာ၍ ဥပုသ်စောင့်ခဲ့ပုံ၊ မုဆိုး ၁၆-ယောက်တို့၏ ဖမ်းဆီးနှိပ်စက်ခြင်းကို ခံရသောအခါ မိထိလာပြည်သား အာဠာရသူကြွယ်က ကယ်တင်၍ နဂါးပြည်သို့ ပြန်ပို့ပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၁၇၀) (ဇာ၊ဋ္ဌ၊၅၊၁၇၂) (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၂၉၇)
သင်္ခဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ ဘုရားအလောင်း သင်္ခပုဏ္ဏားသည် သားဖြစ်သော သုသီမပစ္စေကဗုဒ္ဓါ၏ စေတီတော်၌ မြက်နှုတ်ခြင်း၊ မြေပြင် ညီအောင် သဲဖြူးခြင်း၊ ဖုန်သိပ်အောင် ရေလောင်းခြင်း စသော ကောင်းမှုများကို ပြုခဲ့ပုံ၊ ထိုကောင်းမှု၏ အကျိုးဆက်ကြောင့် မြတ်စွာဘုရား ခရီးရှည်ကြွသောအခါ စသည်တို့၌ ဆူးငြောင့်ခလုပ်များ ကင်းရှင်းခြင်း စသော အကျိုးထူးများ ဖြစ်ပေါ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ခုဒ္ဒက၊ဋ္ဌ၊၁၆၆) (သုတ္တနိ၊ဋ္ဌ၊၁၊၂၉၄)
သင်္ဂရဒေဝပုတ္တဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့၏ တောင်ဘက် ဟတ္ထိဘောဂဇနပုဒ်ရှိ သင်္ဂရမည်သော ကျောင်း၌ နေသော ရဟန်းတစ်ပါးသည် မဟာဓမ္မသမာဒါနသုတ်တော်ကို ရွတ်ဖတ်ပြီးသောအခါ ရုက္ခစိုးနတ်က သာဓုခေါ်ခဲ့ပုံ၊ ဤသုတ်တော်ကို နတ်တို့ အလွန် လေးစားကြောင်း၊ မြတ်စွာဘုရားရှင် ဟောသည့်နေ့က နတ်ပရိသတ် များလွန်း၍ မိမိသည် ဤနေရာ၌ နေ၍ တရားနာခဲ့ရကြောင်း၊ မြတ်စွာဘုရား၏ အသံတော်သည် မိမိနားရင်း၌ ဟောသကဲ့သို့ ကြည်လင်ပါကြောင်း၊ မြတ်စွာဘုရား၏ ရုပ်ပုံတော်သည် တပည့်တော်ကို စိုက်ကြည့်နေသကဲ့သို့ ထင်ရပါကြောင်း လျှောက်ထားခဲ့ပုံ၊ တရားကို နာရသော နေ့မှာပင် မိမိ သောတာပန်တည်ကြောင်း လျှောက်ထားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၂၇၆)
သင်္ဂါမဇိတ္ထေရဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့သား သူဌေးသားတစ်ဦးသည် ဘုရားရှင်ထံမှ တရားနာရ၍ ရဟန်းပြုလာခဲ့ပုံ၊ ဘွဲ့တော်မှာ သင်္ဂါမဇိမထေရ် ဖြစ်၍ မကြာမီ ရဟန္တာဖြစ်ပြီး သာဝတ္ထိသို့ ပြန်လာစဉ် မိဘများ သားမယားများက လူထွက်ရန် တောင်းပန်ကြပုံ၊ မယားဟောင်းက မထေရ်ရှေ့တွင် သားငယ်ကို ချ၍ မွေးမြူပါဟု ဆိုကာ ထားသွားခဲ့ပုံ၊ မထေရ်က စက္ခုန္ဒြေချ၍ အရေးမစိုက်ဘဲ နေသဖြင့် မယားဟောင်းသည် ကလေးငယ်ကို ပြန်ယူ သွားခဲ့ပုံ၊ ဘုရားရှင်က မထေရ်အား ချီးမွမ်းတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၆၄)
သင်္ဂါမဝစရဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဆင်များကို စစ်ရေးစစ်ရာ၌ လိမ္မာကျွမ်းကျင်စေရန် သင်ကြားပြသပေးသည့် ဆင်ဆရာမျိုး၌ ဖြစ်စဉ် ဗာရာဏသီမင်း၏ ဆန့်ကျင်ဘက် ရန်သူမင်းတစ်ပါးထံ၌ ခစားဆည်းကပ်ခဲ့ပုံ၊ ဘုရားအလောင်းက မင်းကြီး၏ မင်္ဂလာဆင်တော်ကို စစ်တိုက်ကျွမ်းကျင်စေရန် ကောင်းစွာ သင်ကြားထားပုံ၊ မင်းကြီးက ဗာရာဏသီမင်းနှင့် စစ်တိုက်သောအခါ မင်္ဂလာဆင်တော်သည် သေရမည်ကြောက်သဖြင့် နောက်သို့ ဆုတ်ခွာလာပုံ၊ ထိုအခါ ဘုရားလောင်းဆင်ဆရာက မင်္ဂလာဆင်တော်အား ‘‘သူရဲကောင်းတို့မည်သည် ဤကဲ့သို့သော စစ်မြေပြင်၌ နောက်မဆုတ်သင့်ကြောင်း’’ ဆုံးမပုံ၊ ဘုရားလောင်း၏ ဆုံးမစကားတစ်ခွန်းတည်းဖြင့်ပင် မင်္ဂလာဆင်တော်သည် နောက်ပြန် လှည့်သွားပြီး ဗာရာဏသီမင်းကို အနိုင်တိုက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၈၃)
သင်္ဂါမဝတ္ထု
ဤဝတ္ထု၌ အဇာတသတ်နှင့် ပသေနဒီကောသလမင်းကြီးတို့ ဆွေမျိုးတော်စပ်ကြပုံ၊ အဇာတသတ်မင်းနှင့် ကောသလမင်းတို့ ရွာတစ်ရွာကို အကြောင်းပြု၍ စစ်တိုက်ကြပုံ၊ ထိုစစ်ပွဲ၌ အဇာတသတ်မင်း အနိုင်ရပုံ၊ အနိုင်, အရှုံးမရှိသူတို့ အကြောင်းကို မြတ်စွာဘုရားရှင် ဟောကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (သံ၊၁၊၈၃) (သံ၊ဋ္ဌ၊၁၊၁၄၁) (သံ၊ဋီ၊၁၊၁၈၆)
သင်္ဂါမဝတ္ထု
ဤဝတ္ထု၌ မစလရွာသား မဃလုလင်နှင့်တကွ သုံးကျိပ်သုံးယောက်တို့ တာဝတိံသာနတ်ပြည်သို့ ရောက်ရှိကြပုံ၊ သုရာရေသောက်ကာ ယစ်မူးပြီး အိပ်ပျော်နေကြသော အသုရာနတ်တို့ကို တာဝတိံသာနတ်တို့က မြင့်မိုရ်တောင်ခြေရင်းသို့ ပစ်ချကြပုံ၊ အသုရာနတ်များ တာဝတိံသာနတ်ပြည်ကို စစ်မတိုက်နိုင်ရန် အာလိန်ငါးဆင့်ဖြင့် အစောင့်အရှောက်ငါးမျိုး စီမံထားကြပုံ၊ အသုရာနတ်များ တာဝတိံသာနတ်ပြည်ကို စစ်တိုက်လိုလျှင် ရှေးဦးစွာ အာလိန်ငါးဆင့်ရှိ နဂါးဂဠုန် ကုမ္ဘန်ရက္ခိုသ် စသည်တို့နှင့် တိုက်ခိုက်ကြရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၃၀၉)
သင်္ဂါရဝဝတ္ထု
ဤဝတ္ထု၌ ဓနဉ္ဇာနီပုဏ္ဏေးမကြီးသည် ပုဏ္ဏားတို့ကို ထမင်းကျွေးနေစဉ် ယောင်ယမ်း၍ ‘‘နမောတဿ’’ဟု ရွတ်ဆိုမိပုံ၊ ဗြာဟ္မဏပညာရှင် သင်္ဂါရဝလုလင်က ထိုရွတ်ဆိုသံကို သဘောမကျသဖြင့် မြတ်စွာဘုရားထံ ဝါဒတင် ရှုတ်ချရန် သွားခဲ့ပုံ၊ ပြဿနာမေးရာမှ မြတ်စွာဘုရားကို သက်ဝင်ယုံကြည်သူ ဖြစ်လာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၂၊၄၂၄) (မ၊ဋ္ဌ၊၃၊၃၀၇)
သင်္ဂါရဝဝတ္ထု
ဤဝတ္ထု၌ မကောင်းမှုကို ရေသို့ ဆင်းသက် ဆေးကြောလျှင် စင်ကြယ်နိုင်၏ဟူသော သင်္ဂါရဝပုဏ္ဏားအား အယူရှိနေပုံ၊ မြတ်စွာဘုရားက အကုသိုလ်ဒုစရိုက်များကို မပြုလုပ်ခြင်း ရှောင်ကြဉ်ခြင်းဟူသော ဓမ္မရေစင်ဖြင့် ဆေးမှသာ စင်ကြယ်နိုင်သည်ဟု တရားဟောကြားတော်မူသဖြင့် သင်္ဂါရဝပုဏ္ဏား သရဏဂုံတည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၈၄) (သံ၊ဋ္ဌ၊၁၊၂၄၄)
သစ္စကပရိဗ္ဗာဇကဝတ္ထု
ဤဝတ္ထု၌ သစ္စကပရိဗိုဇ်သည် ဝေသာလီပြည်၌ လိစ္ဆဝီမင်းတို့အား ပညာသင်ပေးနေသော ဆရာကြီး ဖြစ်ခဲ့ပုံ၊ အရှင်အဿဇိထံမှ အနတ္တဝါဒအကြောင်း သိရှိရကာ ဘုရားရှင်ကို ဝါဒပြိုင်ရန် ပရိသတ်ကို ခေါ်ယူ၍ ရောက်ရှိလာပုံ၊ ဝါဒပြိုင်ကြရာ နောက်ဆုံးတွင် ‘‘ရုပ်ခန္ဓာသည် အနတ္တ’’-ပါဟု ဝန်ခံခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၁၇၀)
သစ္စံကိရဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်း ရသေ့သည်ဖြစ်ပြီး ဟိမဝန္တာ၌ နေစဉ် ဒုဋ္ဌကုမာရမည်သော ရက်စက် ကြမ်းကြုတ်သည့် မင်းသားတစ်ဦး သစ်တုံးတစ်တုံးဖြင့် မြစ်ရေအလျဉ်၌ မျောလာပုံ၊ ဘုရားအလောင်းက ထိုမင်းသားနှင့်တကွ ထိုသစ်တုံးပေါ်၌ပါရှိသော မြွေ၊ ကျေးသားနှင့် ကြွက်တို့ကိုပါ ရေမှဆယ်ယူ၍ ကယ်တင်ခဲ့ပုံ၊ နောင်အခါ ထိုမင်းသား မင်းဖြစ်သောအခါ ဘုရားအလောင်း ရသေ့အား ကျေးဇူးမဲ့စွာ သတ်ဖြတ်ရန် ကြိုးစားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၄၁)
သစ္စတပါပီဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းအရက်သမားသည် အလွန်အကျင့်ကောင်းသော သစ္စတပါပီမည်သော အဝတ်ဖြူဝတ် ရသေ့မလေးကို သီလပျက်အောင် ပြုပြီး မယားပြုလုပ်ရန် ရသေ့ဟန်ဆောင်ကာ ကြံစည်ခဲ့ပုံ၊ အလွန်သီလစင်ကြယ်သော ရသေ့မလေး လူထွက်ပြီး သားသမီးများနှင့် နေထိုင်ပုံ၊ မိန်းမဟူသည် အမြဲတမ်း သီလခိုင်မြဲအောင် ပြုနိုင်ခဲပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၄၅၉)
သစ္စတာပသဝတ္ထု
ဤဝတ္ထု၌ ဘုရားအလောင်းသည် သစ္စအမည်ရှိသော အဘိညာဉ်ရ ရသေ့ကြီး ဖြစ်ခဲ့ပုံ၊ လူသားတို့ ပါဏာတိပါတစသော အကုသိုလ်တရားတို့ကို ပြုလုပ်နေကြပြီး ကာမဂုဏ်နှင့် ပတ်သက်၍ ခိုက်ရန်ဖြစ်နေကြသည်ကို ငြိမ်းအေးစေရန် သစ္စာပြု တရားဟောကာ ကယ်တင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၂၂၃)
သစ္စသညကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝေဿဘူဘုရားရှင်ထံမှ တရားတော်ကို နာယူရ၍ နတ်ပြည်သို့ ရောက်ခဲ့ရပုံ၊ ကမ္ဘာသုံးဆယ်တို့ပတ်လုံး နတ်ပြည်၌ ကျင်လည်ခဲ့ရပုံ၊ လွန်ခဲ့သော နှစ်ဆယ့်ခြောက်ကမ္ဘာအထက်၌ ဧကဖုသိကအမည်ရှိသော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၃၄)
သဉ္စရိတ္တသိက္ခာပဒ ဝိနီတဝတ္ထူနိ
ဤဝတ္ထုများ၌ အောင်သွယ်မှုနှင့် ပတ်သက်၍ သံဃာဒိသေသ်အာပတ် သင့်/မသင့် ဆုံးဖြတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၂၁၇)
သဉ္ဇယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင့်လက်ထက်တော်၌ လူအများတို့ ကုသိုလ်ကောင်းမှု ပြုလုပ်နိုင်ရန် ကြောင့်ကြစိုက်ဆော်ဩသူ ဖြစ်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင် ပွင့်တော်မူသောအခါ ကြွယ်ဝသော ပုဏ္ဏား၏ သား ဖြစ်ခဲ့ပုံ၊ ဗြာဟ္မာယု, ပေါက္ခရသာတိ စသော ကျော်ကြားသည့် ပုဏ္ဏားတို့ ဘုရားရှင်သာသနာတော်၌ သက်ဝင်ယုံကြည်သည်ကို မြင်တွေ့ရသဖြင့် ရှင်ရဟန်းပြုခဲ့ရာ ဆံချပြီးသည်နှင့် တပြိုင်နက် ခေါင်းရိတ်ပြီးသည်၏ အဆုံး၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၅၀)
သဉ္ဇီဝဇာတက
ဤဇာတ်တော်၌ သဉ္ဇီဝမည်သော လူငယ်တစ်ဦးသည် တောထဲ၌ ကျားသေတစ်ကောင်အား အသက်သွင်းမိ၍ ထိုကျားကိုက်သဖြင့် သေဆုံးခဲ့ရပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၅၃၄)
သဉ္ဇီဝတ္ထေရဝတ္ထု
ဤဝတ္ထု၌ နိရောဓသမာပတ်ဝင်စားနေသော သဉ္ဇီဝမထေရ်ကို ‘ပရိနိဗ္ဗာန်စံဝင်ပြီ’ဟု ထင်မှတ်၍ ထင်း၊ မြက် စသည်ကိုစု၍ မီးရှို့သော်လည်း သင်္ကန်းအနားစကိုသော်မျှ မီးမလောင်ခဲ့ပုံ၊ နိရောဓသမာပတ်ဝင်စားနေသော အနာဂါမ် ရဟန္တာပုဂ္ဂိုလ်မြတ်များကို မည်သို့ပင် အန္တရာယ်ပြုသော်လည်း ဘေးဒုက္ခမရောက်ကြသည်မှာ ဉာဏဝိပ္ဖါရဣဒ္ဓိတန်ခိုး၏ အစွမ်းသတ္တိကြောင့် ဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပဋိသံ၊ဋ္ဌ၊၂၊၂၈၄) (ဝိသုဒ္ဓ၊ဋ္ဌ၊၂၊၉)
သဋ္ဌိကူဋပေတဝတ္ထု
ဤဝတ္ထု၌ ရှေးအခါက လူတစ်ယောက်သည် သုနေတ္တမည်သော ပစ္စေကဗုဒ္ဓါကို ကျောက်ခဲဖြင့် ပစ်ခဲ့ဖူးပုံ၊ ထိုအကုသိုလ်ကံကြောင့် သုံးဂါဝုတ်မျှ ခန္ဓာကိုယ်ပမာဏရှိသော ပြိတ္တာကြီး ဖြစ်ပြီး မီးတောက်လောင်နေသော သံတင်းပုတ် အလုံးခြောက်သောင်းတို့ဖြင့် ဦးခေါင်းကို ရိုက်နှက်ခံနေရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၂၃)
သဋ္ဌိကူဋပေတဝတ္ထု
ဤဝတ္ထု၌ ဆွံ့အသောသူတစ်ယောက်သည် ပညောင်ပင်အောက်၌ ထိုင်ကာ ကျောက်စရစ်ခဲများဖြင့် ညောင်ရွက်များကို ပစ်၍ ဆင်ရုပ်၊ မြင်းရုပ်၊ အလံတံခွန်၊ ရေအိုး၊ ရထားစသည်တို့ကို ပြုလုပ်လေ့ရှိပုံ၊ ဗာရာဏသီမင်းသည် ထိုပညောင်ပင်အောက် ရောက်ရှိလာ၍ ဆင်ရုပ် စသည်ကို တွေ့မြင်ပြီး ဆွံ့အသူကို နန်းတော်တွင်းသို့ ခေါ်သွားကာ စကားအလွန်များသော ပုရောဟိတ်ပုဏ္ဏား၏ ခံတွင်းသို့ ဆိတ်ချေးတုံးများ ပစ်သွင်းစေပုံ၊ သူ၏တပည့်သည်လည်း ထိုပညာတတ်မြောက်ပြီး ပစ္စေကဗုဒ္ဓကို ကျောက်ခဲဖြင့် ပစ်ခတ်ခဲ့ပုံ၊ ထိုအကုသိုလ်ကံကြောင့် ပြိတ္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၂၁၇) (ပေတ၊ဋ္ဌ၊၂၆၅)
သဋ္ဌိဝိပဿကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ သီဟိုဠ်ကျွန်းတွင် လမ်းဘေး၌ ရှိသော လယ်တောစောင့်အမျိုးသမီးသည် သီဟိုဠ်ဘာသာဖြင့် အို, နာ, သေခြင်းနှင့် စပ်ဆိုင်သော ဓမ္မဂီတကို သီဆိုနေပုံ၊ ထိုလမ်းခရီးသို့ လာရောက်ကြသော ရဟန်း(၆၀)တို့သည် ထိုဓမ္မဂီတသံကို ကြား၍ ဝိပဿနာပွားသဖြင့် ရဟန္တာဖြစ်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၂၊၁၂၄)
သတဓမ္မဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဒွန်းစဏ္ဍားမျိုး၌ ဖြစ်စဉ် အကြောင်းကိစ္စတစ်ခုဖြင့် စားနပ်ရိက္ခာများကို သေချာစွာ ထုပ်ပိုးသယ်ဆောင်လျက် ခရီးထွက်ခဲ့ပုံ၊ မည်သည့်ရိက္ခာမျှ မသယ်ဆောင်ဘဲ သတဓမ္မပုဏ္ဏားနှင့် လမ်းခရီး၌ ဆုံမိကြပုံ၊ ထမင်းစားချိန်ရောက်သောအခါ ဘုရားလောင်းဒွန်းစဏ္ဍားက ပုဏ္ဏားလုလင်အား ဖိတ်ခေါ်၍ ထမင်းကျွေးသော်လည်း ပုဏ္ဏားလုလင်က စဏ္ဍာလထမင်းကို မစားလိုကြောင်း ပြောကြားပုံ၊ ညနေစာ ထမင်းစားသောအခါ၌ကား ဘုရားလောင်းဒွန်းစဏ္ဍားက ထမင်းစားရန် မဖိတ်ခေါ်သဖြင့် ပုဏ္ဏားလုလင်သည် ဘုရားအလောင်း၏ ထမင်းကို လုယူစားသောက်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၇၄)
သတပတ္တဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ခိုးသားငါးရာတို့၏ အကြီးအမှူးဖြစ်၍ ခရီးသွားတို့ကို လုယက်ခဲ့ပုံ၊ သူကြွယ်သားသည် ဇနပုဒ်မှ အသပြာကြွေးတစ်ထောင်ကို တောင်းယူ၍ ပြန်လာစဉ် မိခင်သည် သူပြန်မရောက်မီပင် သေဆုံးကာ မြေခွေးမဘဝ၌ ဖြစ်ခဲ့ပုံ၊ မြေခွေးမသည် သားဖြစ်သူအား တောအုပ်သို့ မဝင်ရန် တားမြစ်ခဲ့ပုံ၊ သားက မိခင်မှန်း မသိသဖြင့် မောင်းထုတ်ခဲ့ပုံ၊ ခေါက်ရှာငှက်ကမူ လုလင်ကို သတ်၍ အသပြာကို လုယူရန် အော်မြည်ခဲ့ပုံ၊ ဘုရားလောင်း ခိုးသူက မလုယူတော့ဘဲ ပြန်လွှတ်လိုက်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၄၇)
သတရံသိတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကမ္ဘာတစ်သိန်းအထက်၌ ပွင့်တော်မူသော ပဒုမုတ္တရဘုရားရှင်အား လက်အုပ်ချီမိုး ရှိခိုးကန်တော့၍ ဂုဏ်တော်တို့ကို ချီးမွမ်းပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင့်သာသနာတော်ဝယ် ခုနစ်နှစ်သားမှာပင် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၁၅)
သတ္တကဒမ္ဗပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ၉၄-ကမ္ဘာအထက်၌ ပွင့်တော်မူသော ပစ္စေကဗုဒ္ဓါ(၇)ဆူတို့အား ထိန်ပွင့်(၇) ပွင့် လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ဒုဂ္ဂတိဘေးမှ ကင်းဝေး၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၆)
သတ္တဇဋိလဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ပုဗ္ဗာရုံ ကျောင်းရိပ်၌ သီတင်းသုံးနေတော်မူစဉ် ကောသလမင်းကြီးသည် ဘုရားရှင့်အနီး၌ ထိုင်နေပုံ၊ ရသေ့ခုနစ်ဦး၊ နိဂဏ္ဌခုနစ်ဦး၊ အစေလတက္ကတွန်းခုနစ်ဦး၊ ပရိဗိုဇ်ခုနစ်ဦးတို့ ကျောင်းအနီးမှ ဖြတ်သွားစဉ် ကောသလမင်းကြီး ထသွားပြီး ရှိခိုးဝတ်ချ အမည်နာမကို လျှောက်ထားပုံ၊ ထိုသူတို့သည် ရဟန္တာ, ရဟန္တာဖြစ်ရန် ကျင့်ဆောင်နေသူများ ဖြစ်ပါသည်ဟု လျှောက်ထားသောအခါ ဘုရားရှင်က ကာမဂုဏ်ခံစားနေသည့် လူများကို ရဟန္တာဟုတ်၊ မဟုတ် သိရန် ခဲယဉ်းကြောင်း၊ အချိန်ကြာကြာ လေ့လာလိုစိတ်ဖြင့် အသိဉာဏ်ဦးဆောင်ပြီး အတူတူ ပေါင်းသင်းကြည့်မှသာ သိနိုင်ကြောင်း မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၇၇) (ဥဒါန၊၁၅၅) (သံ၊ဋ္ဌ၊၁၊၁၃၆) (ဥဒါန၊ဋ္ဌ၊၃၀၀)
သတ္တပဏ္ဏိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သုမနဘုရားရှင်အား စရည်းပန်းကို လှူဒါန်းပူဇော်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိတော့ဘဲ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၃၇)
သတ္တပဒုမိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ နေသာဒမည်သောပုဏ္ဏား ဖြစ်စဉ် မြစ်ကမ်းအနီး ပဒုမ္မာကြာပန်းတို့ဖြင့် သင်္ခမ်းကျောင်းကို တန်ဆာဆင်ခဲ့ပုံ၊ ထိုအခါ သိဒ္ဓတ္ထဘုရားရှင် ကောင်းကင်ခရီးဖြင့် ကြွလာတော်မူသည်ကို တွေ့မြင်၍ ဘုရားရှင်အား ခရီးဦးကြိုဆိုပြီး သင်္ခမ်းကျောင်းသို့ ပင့်ဆောင်ခဲ့ပုံ၊ မြတ်သော ကြာပန်းတို့ဖြင့် ကြဲဖြန့်ပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော ခုနစ်ဆယ့်သုံးကမ္ဘာအထက်၌ ပါဒပဝရမည်သော စကြဝတေးမင်း လေးကြိမ်တိုင်တိုင် ဖြစ်ခဲ့၍၊ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၈၉)
သတ္တပါဋလိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် တောင်ကြား၌ သီတင်းသုံးနေတော်မူသော ဘုရားရှင်ကို ဖူးမြင်ရ၍ သခွတ်ပန်းခုနစ်ပွင့်တို့ကို တင်လှူပူဇော်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိတော့ဘဲ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၅၆)
သတ္တပုတ္တခါဒပေတိဝတ္ထု
ဤဝတ္ထု၌ ရွာတစ်ရွာရှိ လူတစ်ယောက်၏ မယားနှစ်ယောက်တို့တွင် မယားငယ် ကိုယ်ဝန်သုံးလရှိသောအခါ မယားကြီးသည် မနာလိုသဖြင့် ဆေးဆရာနှင့် ပေါင်း၍ သန္ဓေလျှောကျအောင် စီစဉ်ခဲ့ပုံ၊ လူတို့က မေးသောအခါ မိမိမပြုလုပ်ကြောင်း အကယ်၍ ပြုလုပ်ပါက နေ့တိုင်းနေ့တိုင်း သား(၇)ယောက်ကို မွေးဖွား၍ သားများ၏အသားကို ပြန်စားသူ ဖြစ်ရပါစေဟု လိမ်ညာ၍ ကျိန်ဆိုခဲ့ပုံ၊ ထိုမကောင်းမှုကံကြောင့် မယားကြီး ကွယ်လွန်သောခါ အဆင်းမလှ အပုတ်နံ့ထွက်၍ ယင်တရုံးရုံး ဝိုင်းအုံနေသော ပြိတ္တာမကြီး ဖြစ်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၃၁) (ပေတ၊ဋ္ဌ၊၃၄)
သတ္တရသဝဂ္ဂီဒါရကာဝတ္ထု
ဤဝတ္ထု၌ ဥပါလိသူငယ်၏ မိဘများသည် မိမိတို့ ကွယ်လွန်သွားသည့်အခါ သားငယ်လေး ချမ်းချမ်းသာသာ နေထိုင်နိုင်ရန် သာသနာ့ဘောင်သို့ ဝင်ရောက်စေကြပုံ၊ ဥပါလိသူငယ်က သူ၏သူငယ်ချင်းများနှင့်အတူ တိုင်ပင်၍ သူငယ်ချင်း(၁၇)ယောက် သာသနာ့ဘောင်သို့ ဝင်ရောက်ကြပုံ၊ နံနက်မိုးမလင်းမီ အစားအသောက်ကို ငိုယိုတောင်းဆိုကြသဖြင့် မြတ်စွာဘုရားက ရဟန်းပြုပေးရန် အသက်အရွယ်ကို ပိုင်းခြားတော်မူပုံ၊ ‘‘အသက်(၂၀)မပြည့်သူကို ရဟန်းခံပေးသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဦနဝီသတိဝဿ သိက္ခာပုဒ်ကို ပညတ်ပုံတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၆၉) (ဝိ၊၃၊၊၁၀၈)
သတ္တရသဝဂ္ဂီဘိက္ခုဝတ္ထု
ဤဝတ္ထု၌ သတ္တရသဝဂ္ဂီရဟန်းတို့သည် အစိရဝတီမြစ်၌ ရေကစားနေကြသည်ကို နန်းပြာသာဒ်အထက်၌ မလ္လိကာဒေဝီနှင့် အတူ နေသော ကောသလမင်းကြီး တွေ့မြင်ပုံ၊ မင်းကြီးသည် ရေကစားနေသော ထိုသတ္တရသဝဂ္ဂီရဟန်းတို့ကို ပြက်ရယ်ပြု ရှုတ်ချပုံ၊ ဘုရားရှင်က ‘‘ရေကစားသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဟသဓမ္မ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၄၈)
သတ္တရသဝဂ္ဂီဘိက္ခုဝတ္ထု
ဤဝတ္ထု၌ သတ္တရသဝဂ္ဂီရဟန်းငယ်များသည် အချင်းချင်း အလွန်ရင်းနှီးခင်မင်ကြပုံ၊ တစ်ချိန်တွင် သံဃိကပစ္စည်းများကို ခင်းအိပ်ကြပြီး မသိမ်းဆည်းဘဲ ပစ်ထားခဲ့ကြသဖြင့် ပစ္စည်းများ ခြစားခံရပုံ၊ ဘုရားရှင်က ‘‘သံဃိကကျောင်း၌ အိပ်ရာနေရာကို ခင်း၍ မသိမ်းဆည်းခဲ့သော ရဟန်းအား ပါဒိတ်အာပတ် သင့်၏’’ဟု ဒုတိယသေနာသန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၆၀)
သတ္တရသဝဂ္ဂီဘိက္ခုဝတ္ထု
ဤဝတ္ထု၌ သတ္တရသဝဂ္ဂီရဟန်းတို့သည် ကျောင်းတိုက်ကြီး၏ အစွန်၌ တည်ရှိသော ကျောင်းကြီးတစ်ကျောင်းကို ပြင်းဆင်ကြပုံ၊ ပြင်ဆင်ပြီး နေကြသော သတ္တရသဝဂ္ဂီရဟန်းတို့ကို ဆဗ္ဗဂ္ဂီရဟန်းတို့က လည်ကုပ်ကို ကိုင်ဆွဲ၍ နှင်ထုတ်ကြပုံ၊ ထိုအဖြစ်ကို အကြောင်းပြု၍ ‘‘ရဟန်းတစ်ပါးကို စိတ်ဆိုး၍ သံဃိကကျောင်းမှ နှင်ထုတ်သော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု နိက္ကဍ္ဎန သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၆၃)
သတ္တရသဝဂ္ဂီဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတိုက်၌ သီတင်းသုံးနေတော်မူစဉ် သတ္တရသဝဂ္ဂီရဟန်းတို့သည် တောင်ထိပ်ပွဲသဘင်သို့ ကြည့်ရှုရန် သွားကြပုံ၊ လူတို့က ရေမိုးချိုး လိမ်းကျံပေးပြီး စားသောက်ဖွယ်များကို ပေးလိုက်ကြပုံ၊ သတ္တရသဝဂ္ဂီရဟန်းတို့သည် ကျောင်းသို့ ယူလာကြပြီး ဆဗ္ဗဂ္ဂီရဟန်းတို့အား စားသုံးရန် ပေးကြပုံ၊ မွန်းလွဲအခါ စားသုံးကြသည်ကို လူတို့က ကဲ့ရဲ့ကြပုံ၊ ဘုရားရှင် သိတော်မူသဖြင့်‘‘နေလွဲ ညစာ စားသော ရဟန်းအား ပါစိတ် အာပတ် သင့်၏’’ဟု ဝိကာလဘောဇန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၁၄)
သတ္တရသဝဂ္ဂီဘိက္ခုဝတ္ထု
ဤဝတ္ထု၌ သတ္တရသဝဂ္ဂီရဟန်းငယ်များ၏ သပိတ်သင်္ကန်းစသော အသုံးအဆောင်များကို နောက်ပြောင်ကျီစယ်ကာ ဝှက်ထားကြသော ဆဗ္ဗဂ္ဂီရဟန်းများကို အကြောင်းပြု၍ ဘုရားရှင်က ‘‘အခြားရဟန်းများ၏ သပိတ်, သင်္ကန်းစသည်တို့ကို ဝှက်ထားသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု စီဝရအပနိဓာန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်အရာများ ပါဝင်သည်။ (ဝိ၊၂၊၁၆၁)
သတ္တလိပုပ္ဖပူဇကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝေဿဘူဘုရားရှင်အား မိုးစွေပန်းခုနစ်ပွင့်တို့ကို လှူဒါန်းပူဇော်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိတော့ဘဲ ဤဘုရားရှင့်သာသနာတော်ဝယ် ရဟန္တာခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၅၃)
သတ္တဝဿိကသာမဏေရဝတ္ထု
ဤဝတ္ထု၌ တိဿမင်းကြီးသည် တင်လဲလှည်း အစီးငါးရာတို့ကို ယူဆောင်၍ မဟာဝိဟာရ ကျောင်းတိုက်သို့ သွားပြီး တင်လဲလှည်း အစီးနှစ်ရာ့ငါးဆယ်ကို သံဃာတော်တို့အား မင်းစေတို့ကို လှူဒါန်းခိုင်းပုံ၊ အတိုင်းအတာ ပမာဏကို သိပြီး အလှူခံသော ရဟန်းသာမဏေတို့ကို တွေ့လျှင် မိမိအား ပြောကြားရန် မင်းကြီးက မင်းစေတို့အား မှာကြားထားပုံ၊ စေတိယတောင်မှ ခုနစ်နှစ်သား သာမဏေငယ်တစ်ပါးသည် မိမိ၏ ဥပဇ္ဈာယ်ဆရာက သီးသီးခန့်မျှ တင်လဲ အလိုရှိသည်ဟု ဆိုသဖြင့် ခွက်ငယ်ကို ယူ၍ တင်လဲအလှူခံ သွားခဲ့ပုံ၊ မင်းစေများက ခွက်အပြည့် လောင်းလှူသည့်အခါ လက်မခံဘဲ သီးသီးခန့်မျှကိုသာ အလှူခံခဲ့ပုံ၊ ထိုအကြောင်းအရာကို တိဿမင်းကြီးအား မင်းစေများက လျှောက်ထားသည့်အခါ မင်းကြီးက သာမဏေငယ်အား ကျန်သော တင်လဲလှည်း အစီး(၂၅၀)တို့ကို လှူဒါန်းလိုက်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၃၊၆၈)
သတ္တာဟကရဏီယဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ကောသလဇနပုဒ်နေ ဥဒေန ဥပါသကာက သံဃာအား ရည်ရွယ်မှန်းထားပြီး ကျောင်းဆောက်လုပ်ပုံ၊ ကျောင်းပြီးသောအခါ ကျောင်းလှူပွဲ တရားနာယူပွဲ ကျင်းပလို၍ ရဟန်းတို့အား ပင့်ရာ ရဟန်းတို့က ဝါတွင်းဖြစ်၍ မသွားကြပုံ၊ ဥပါသကာကြီးက ကဲ့ရဲ့သဖြင့် ရဟန်းတို့က ဘုရားရှင်အား လျှောက်ထားရာ ဝါတွင်း၌ ပင့်လျှင် ၇-ရက်အတွင်း သွားနိုင်ကြောင်း ဘုရားရှင်က ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၉၃)
သတ္တာဟပဗ္ဗဇိတတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်၏ လက်ထက်တော်၌ ဆွေမျိုးတို့၏ ပျက်စီးခြင်း၊ စည်းစိမ်ဥစ္စာ၏ ပျက်စီးခြင်းတို့နှင့် ကြုံတွေ့ခဲ့ရသဖြင့် ထိုပျက်စီးတို့ ငြိမ်းအေးစေရန် ရဟန်းအဖြစ်သို့ ကပ်ရောက်ခဲ့ပုံ၊ ဝိပဿီဘုရားရှင့်သာသနာတော်၌ ဘုရားရှင်၏ အဆုံးအမကို အလိုရှိသူဖြစ်၍ အလွန်ကောင်းမွန်စွာ နေထိုင်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့တော့ဘဲ လွန်ခဲ့သော ခြောက်ဆယ့်ခုနစ်ကမ္ဘာအထက်၌ သုနိက္ခမဟု ထင်ရှားသော စကြဝတေးမင်း ခုနစ်ကြိမ် ဖြစ်ခဲ့၍ နောက်ဆုံး ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၇၃)
သတ္တိဂုမ္ဗဇာတက
ဤဇာတ်တော်၌ ပဉ္စာလမင်းသည် တောကစားထွက်သောအခါ ခိုးသူတို့ စောင့်ရှောက်ထားသော သတ္တိဂုမ္ဗကျေးသားနှင့် တွေ့ပုံ၊ သတ္တိဂုမ္ဗကျေုးသားက ‘‘အိပ်နေသော မင်းကြီးအား သတ်၍ အဝတ်တန်ဆာတို့ကို ယူကြကုန်လော့’’ စသည်ဖြင့် ပြောဆိုပုံ၊ ပဉ္စာလမင်းကြီးသည် ထိုနေရာမှ ထွက်ခွာခဲ့ပြီး ရသေ့တို့ မွေးမြူထားသော ပုပ္ဖကကျေးသားနှင့် တွေ့ပုံ၊ ကျေးသားသည် မင်းကြီးအား ‘‘ကောင်းသော လာခြင်း ဖြစ်ပါသည်၊ ကောင်းနိုးရာရာ သစ်သီးတို့ကို သုံးဆောင်ပါ’’ဟု ပြောဆိုခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၄၃၂)
သတ္တုပ္ပလမာလိကာထေရီဝတ္ထု
ဤဝတ္ထု၌ ထေရီလောင်းလျာသည် အရုဏဝတီမြို့၌ အရုဏမင်း၏မိဖုရား ဖြစ်ခဲ့ပြီး သိခီဘုရားရှင်အား ကြာညိုပန်း(၇)ပွင့်လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၉၃)
သတ္တုဘသ္တဇာတက
ဤဇာတ်တော်၌ ဗာရာဏသီပြည်၌ ဇနကမင်းကြီး မင်းပြုစဉ် ဘုရားလောင်းသည် အကျိုးအကြောင်းကို ဆုံးမသွန်သင်ရသည့် သေနကအမည်ရှိသော မင်းဆရာအမတ် ဖြစ်ပုံ၊ ထိုတိုင်းပြည်သည် ဘုရားပွင့်သောကာလကဲ့သို့ ဒါနသီလသုစရိုက်တရားတို့ဖြင့် စည်ကားနေပုံ၊ ပုဏ္ဏားအိုတစ်ယောက်သည် အလှူခံရာမှ အပြန်တွင် မုန့်အိပ်ကို ဖွင့်ပြီး ရေသောက်ဆင်းသောအခါ ထိုမုန့်အိပ်ထဲသို့ မြွေဟောက်ဝင်နေသည်ကို ဘုရားအလောင်းက မိမိပညာစွမ်းဖြင့် သိရှိ၍ အသက်ကယ်ခဲ့ပုံ၊ ပုဏ္ဏေးမ၏ လင်ငယ်ကို ဖော်ထုတ်ပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၂၁)
သတ္ထကမ္မပဋိက္ခေပဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အာကာသဂေါတ္တမည်သော ဆေးဆရာသည် ရဟန်းတစ်ပါး၏ မြင်းသရိုက်နာကို ခွဲ၍ ကုသနေပုံ၊ ထိုဆေးဆရာသည် ဘုရားရှင် ကြွလာတော်မူသည်ကို မြင်၍ ဘုရားရှင်အား ‘‘အရှင်ဂေါတမ...လာကြည့်ပါဦး၊ ဤရဟန်း၏ ဝစ္စမဂ်သည် ဖွတ်ပါးစပ်နှင့် တူပါ၏’’ဟု ပြောင်လှောင် ပြောဆိုခဲ့ပုံ၊ ဘုရားရှင်သည် သံဃာတော်တို့အား ကျဉ်းမြောင်းရာအရပ်၏ အနီးဖြစ်သော လက်နှစ်သစ်ကွာဝေးသော အရပ်ရှိ အရေသည် သိမ်မွေ့နူးညံ့ပြီး အနာသည် အသားနုတက်ခဲ၍ ခွဲစိတ်ရန် ခဲယဉ်းကြောင်း မိန့်တော်မူကာ ဓားခွဲမှု၊ ကျပ်စည်းမှု မပြုရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၀၉)
သတ္ထစ္ဆေဒဝတ္ထု
ဤဝတ္ထု၌ ဘုရားအလောင်းသည် ပစ္စန္တရာဇ်မင်း ဖြစ်စဉ် လူမိုက်များနှင့် ပေါင်းမိပြီး သေသောက်ကြူးဖြစ်ခဲ့ပုံ၊ တစ်နေ့သောအခါ သန်လျက်ကိုကိုင်ကာ မြို့တွင်းလှည့်လည်ပြီး အပြစ်မရှိသောသူတို့အား သန်လျက်ဖြင့် ခုတ်ခဲ့ပုံ၊ ထိုအကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် နှစ်ပေါင်းများစွာ အပါယ်ငရဲ၌ ဆင်းရဲဒုက္ခ ခံခဲ့ရပုံ၊ နောက်ဆုံးဘဝ ဘုရားဖြစ်သည့်အချိန်၌ ဒေဝဒတ် ကျောက်မောင်းဆင်ချ၍ ထိခိုက်မိသော ခြေဖမိုးဒဏ်ရာကြောင့် သမားတော်ဇီဝက၏ ခွဲစိတ်ကုသမှုကို ခံယူတော်မူခဲ့ရပုံ စသောအကြောင်းအရာများ ပါဝင်ပသည်။ (အပ၊ဋ္ဌ၊၁၊၁၃၈)
သတ္ထာရဝန္ဒနာဝတ္ထု
ဤဝတ္ထု၌ သိကြားမင်းသည် မာတလိနတ်သားအား ဥယျာဉ်တော်ကို လှည့်လည် ကြည့်ရှုရန် ဝေဇယန္တာရထားကို အဆင်သင့် ပြုလုပ်စေပုံ၊ သိကြားမင်းက ဝေဇယန္တာပြာသာဒ်ပေါ်မှ ဆင်းလျက် လက်အုပ်ချီကာ ဘုရားရှင်အား ရည်မှန်း၍ ရှိခိုးခဲ့ပုံ၊ မာတလိနတ်သားက ‘‘အရှင်သိကြားမင်းက ရှိခိုးရသော ပုဂ္ဂိုလ်သည် အဘယ်သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်သနည်း၊ အဘယ်သူ့အား ရှိခိုးပါသနည်း’’ဟု မေးမြန်းပုံ၊ သိကြားမင်းက ရှိခိုးထိုက်သော ပုဂ္ဂိုလ်တို့ကို ပြောပြခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၂၃၆) (သံ၊ဋ္ဌ၊၁၊၃၂၂)
သဒ္ဒသညကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်နှစ်ကမ္ဘာအထက်၌ ဟိမဝန္တာတောင်၌ နေစဉ် ဘုရားရှင်၏ တရားသံကို ကြည်ညိုခဲ့သောကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါးသို့ လားရောက်ခြင်း မရှိခဲ့တော့ဘဲ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၄၄)
သဒ္ဓါတိဿမဟာရာဇဝတ္ထု
ဤဝတ္ထု၌ သဒ္ဓါတိဿမင်းကြီးသည် တိဿအမတ်ကို ခါသားဟင်း ချက်၍ ဆောင်ယူစေခဲ့ပုံ၊ မဟာထေရ်၏ အလုပ်အကျွေးဖြစ်သော သာမဏေငယ်အား ခါသားဟင်းကို ပေးလှူသည့်အခါ အနည်းငယ်သာ ခံယူသဖြင့် ကြည်ညိုသွားပုံ၊ မင်းကြီးက ‘‘နေ့စဉ် ဆွမ်းရှစ်ချိုင့် ပေးလှူပါ၏’’ဟု ဆိုသောအခါ ထိုဆွမ်းရှစ်ချိုင့်ကို ‘‘ဥပဇ္စျာယ်ဆရာအား တစ်ဆင့် ပေးလှူပါ၏’’ဟု ပြောဆိုခဲ့ပုံ၊ နောက်ထပ် ရှစ်ချိုင့်, ရှစ်ချိုင့်စသည့်တို့ကိုလည်း ‘‘မိမိ၏ စာချဆရာ, သီတင်းသုံးဖော်, ရဟန်းသံဃာတို့အား ပေးလှူပါ၏’’ဟု ပြောဆိုခဲ့ပုံ၊ နောက်ဆုံးရှစ်ချိုင့်ကိုသာ မိမိအတွက် အလှူခံခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၇၄)
သနင်္ကုမာရဗြဟ္မဝတ္ထု
ဤဝတ္ထု၌ တာဝတိံသာနတ်ပြည်၌ သုဓမ္မာနတ်သဘင်အခမ် အနား ကျင်းပပုံ၊ ဗြဟ္မာနှင့် နတ်ဒေဝတာတို့ ဆက်သွယ်လေ့ရှိကြပုံ၊ သနင်္ကုမာရဗြဟ္မာကြီး၏ အစွမ်းအာနုဘော်ကို ပြဆိုထားပုံ၊ သနင်္ကုမာရ ဗြဟ္မာ တရားစကား ဟောကြားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၂၊၁၆၉) (ဒီ၊ဋ္ဌ၊၂၊၂၃၃)
သနင်္ကုမာရဝတ္ထု
ဤဝတ္ထု၌ သနင်္ကုမာရဗြဟ္မာလောင်း အမျိုးကောင်းသားသည် ရှေးအတိတ် လူ့ဘဝက ဆံထုံး ငါးထုံးဖြင့် ကလေးငယ်အရွယ်၌ပင် ဈာန်ရခဲ့ပြီး ဗြဟ္မာပြည်ရောက်သောအခါ၌လည်း ကလေးငယ်အသွင်အပြင်ရှိသည့်အတွက် သနင်္ကုမာရဗြဟ္မာဟု ထင်ရှားခဲ့ပုံ၊ ထိုဗြဟ္မာသည် မြတ်စွာဘုရားအထံတော်သို့ ချဉ်းကပ်၍ ‘‘အမျိုးဇာတ်ရှိသူတို့တွင် မင်းမျိုးမင်းဇာတ်ရှိသူသည် အမြတ်ဆုံးဖြစ်၍ လူနတ်ဗြဟ္မာသတ္တဝါတို့တွင် ဝိဇ္ဇာဉာဏ်နှင့် အကျင့်စရဏသီလရှိသူသည်သာ အမြတ်ဆုံး ဖြစ်သည်’’ဟု လျှောက်ထားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၅၅) (သံ၊ဋ္ဌ၊၁၊၂၀၁)
သန္တကာယတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေထိုင်တော်မူစဉ် ရဟန်းတော်များက ‘‘သန္တကာယမထေရ်သည် ခြင်္သေ့ကဲ့သို့ တည်ငြိမ်သော ကာယိန္ဒြေရှိကြောင်း၊ သန္တကာယမထေရ် ထိုင်နေသော အခါ၌ ခြေလှုပ်ခြင်း၊ လက်လှုပ်ခြင်း၊ ကိုယ်လက်ဆန့်တန်းခြင်းတို့ကို တစ်ကြိမ်တစ်ခါမျှ မတွေ့ဖူးကြောင်း’’ ဘုရားရှင်အား လျှောက်ထားကြပုံ၊ ဘုရားရှင်က သန္တကာယမထေရ်သည် ယခင်ဘဝ၌ ခြင်္သေ့မျိုး၌ ဖြစ်ခဲ့ဖူးကြောင်း၊ သင်တို့သည်လည်း သန္တကာယမထေရ်ကဲ့သို့ ငြိမ်သက်သော ကာယိန္ဒြေ, ငြိမ်သက်သောစကား, ငြိမ်သက်သောစိတ် ရှိရမည်ဖြစ်ကြောင်း တရားဟောသဖြင့် သန္တကာယမထေရ် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၇၇)
သန္တတိမဟာမတ္တဝတ္ထု
ဤဝတ္ထု၌ ပစ္စန္တရာဇ်ဇနပုဒ်၌ သူပုန်ရန်ကို နှိမ်နင်းနိုင်ခဲ့သဖြင့် ပသေနဒီကောသလမင်းကြီးက သန္တတိ အမတ်ကြီးအား မင်းစည်းစိမ်ကို ခုနစ်ရက် အပ်နှင်းခဲ့ပုံ၊ အမတ်ကြီးသည် ကချေသည်မိန်းမ၏ ဖျော်ဖြေမှုကို ခံယူ၍ ခုနစ်ရက်ပတ်လုံး သောက်စားမူးယစ်ခဲ့ပုံ၊ ရေချိုးဆိပ်သို့ အသွား ဆွမ်းခံကြွလာတော်မူသော မြတ်စွာဘုရားကို ဆင်ပေါ်မှ ရှိခိုးပုံ၊ ထိုနေ့မှာပင် မြတ်စွာဘုရား၏ တရားကို နာကြားပြီး ရဟန္တာဖြစ်ကာ ပရိနိဗ္ဗာန်ပြုခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋီ၊၃၊၁၃၈)
သန္တတိမဟာမတ္တဝတ္ထု
ဤဝတ္ထု၌ ပုန်ကန်ထကြွနေသော ပစ္စန္တရာဇ်အရပ်ကို နှိမ်နင်းအောင်မြင်ခဲ့သော သန္တတိအမတ်ကြီးကို ကောသလမင်းကြီးက နှစ်သက်သဘောကျပြီး မင်းစည်းစိမ် ခုနစ်ရက် ခံစားခွင့် ပေးခဲ့ပုံ၊ ခုနစ်ရက်မြောက်နေ့၌ သန္တတိအမတ်ကြီးသည် သောက်စားမြူးတူးပျော်ပါးလျက် ရေချိုးဆိပ်သို့ သွားစဉ် ဆွမ်းခံကြွလာသော ဘုရားရှင်ကို တွေ့မြင်ရသဖြင့် ဆင်ပေါ်မှ ဦးခေါင်းညွတ်၍ ရှိခိုးခဲ့ပုံ၊ ဘုရားရှင်က ပြုံးတော်မူလျက် ‘‘သန္တတိအမတ်ကြီးသည် ယနေ့ပင် ရဟန္တာ ဖြစ်၍ ပရိနိဗ္ဗာန်စံဝင်လိမ့်မည် ဖြစ်ကြောင်း’’ အရှင်အာနန္ဒာမထေရ်အား မိန့်ကြားတော်မူပုံ၊ သန္တတိအမတ်ကြီးသည် ရေချိုးဆိပ်မှ ပြန်လာပြီး ဥယျာဉ်တွင်း၌ ကပွဲသဘင်ကြည့်ရှုနေစဉ် ကချေသည်မလေးတစ်ယောက် လေဖြတ်၍ ကွယ်လွန်သွားသည်ကို တွေ့မြင်လိုက်ရပုံ၊ အမတ်ကြီးသည် အလွန်အမင်း ကြောက်ရွံ့့ထိတ်လန့်ပြီး ဘုရားရှင်ထံ သွားရောက်၍ သောကငြိမ်းကြောင်း တရားကောင်းများ ဟောကြားပေးပါရန် လျှောက်ထားပုံ၊ ဘုရားရှင်က ‘‘ယံ ပုဗ္ဗေ တံ ဝိသောသေဟိ’’စသော ဂါထာကို ဟောကြားတော်မူသောအခါ ဂါထာအဆုံး၌ပင် သန္တတိအမတ်ကြီး ရဟန္တာဖြစ်၍ တန်ခိုးပြာဋိဟာ ပြလျက် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၉)
သန္ထဝဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းရသေ့သည် မီးကို ပြုစုလုပ်ကျွေးနေစဉ် ဗြဟ္မာကြီးကို ရည်ညွှန်း၍ ထောပတ်လောင်းထည့်ရာ မီးထတောက်ပြီး ကျောင်းသင်္ခမ်းပါ မီးလောင်သွားပုံ၊ မိမိကို ပူဇော်ကိုးကွယ်သော သူကိုပင် ‘‘မီးသည် မကာကွယ်နိုင်’’ဟု အမြင်မှန် ရခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၈)
သန္ဒကဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ကောသမ္ဗီပြည်၊ ဃောသိတာရုံကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်အာနန္ဒာနှင့် ရဟန်းတော်များသည် ပိလက္ခလိုဏ်ဂူ၌ နေသော သန္ဒကပရိဗိုဇ်နှင့် တပည့်ငါးရာတို့ထံ ကြွရောက်၍ အဗြဟ္မစရိယာဝါသ မိစ္ဆာဒိဋ္ဌိ(၄)မျိုးကို အရှင်အာနန္ဒာမထေရ်က ဟောပြတော်မူပုံ၊ သန္ဒကပရိဗိုဇ် သဘောကျ၍ မြတ်စွာဘုရား၏ သာသနာတော်၌ ဗြဟ္မစရိယာဝါသ ကျင့်သုံးဖို့ရန် တိုက်တွန်းခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၂၊၁၈၀) (မ၊ဋ္ဌ၊၃၊၁၅၄)
သန္ဓိတတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် စည်ပင်ပြန့်ပွားပြီး စိမ်းညိုသော အရောင်ရှိသည့် ညောင်ဗုဒ္ဓဟေဗောဓိပင်၌ ဘုရားရှင်ကို အာရုံပြု၍ ကြည်ညိုခဲ့သော ကောင်းမှုကံကြောင့် လွန်ခဲ့သော တစ်ဆယ့်သုံးကမ္ဘာအထက်၌ ဓနိဋ္ဌမည်သော စကြာမင်း ဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၃၅) (ထေရ၊ဋ္ဌ၊၁၊၄၃၁)
သန္ဓိဘေဒဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီမင်း ဖြစ်စဉ် တောမုဆိုးက ခြင်္သေ့နှင့် နွားလားတို့ အလွန်ခင်မင်ရင်းနှီးစွာ တောထဲ၌ နေထိုင်ကျက်စားကြသည်ကို တွေ့မြင်ရကြောင်း၊ နောင်အခါ မြေခွေးတစ်ကောင် ရောက်လာပြီး ကုန်းတိုက်စကား ပြောကြားသောကြောင့် အချင်းချင်း အထင်လွဲ ရန်သူဖြစ်ကာ တိုက်ခိုက် သေဆုံးကြကြောင်း လျှောက်ထားခဲ့ပုံ၊ ကုန်းတိုက်စကားသည် အလွန်အသွားထက်သည့် လှံချက်ဖြင့် ထိုးနှက်သည်နှင့် တူကြောင်း ဘုရားရှင်က မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၃၇)
သန္နိဋ္ဌာပကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် မိမိအထံသို့ ကြွလာတော်မူသော ပဒုမုတ္တရဘုရားရှင်အား မြက်အခင်းနှင့် သျှိသျှားသီးကို ပေးလှူခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ၊ လေးဆယ့်တစ်ကမ္ဘာအထက်၌ အရိန္ဒမမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၀၈)
သန္နိပါတာနုဇာနနဝတ္ထု
ဤဝတ္ထု၌ တိတ္ထိပရိဗိုဇ်တို့သည် တစ်လတွင် လဆန်း၊ လဆုတ် ၈-ရက်နေ့များနှင့် လပြည့်၊ လကွယ်ဟူသော ဤလေးရက်၌ စည်းဝေးကြပြီး တရားဟောကြသဖြင့် လူတို့သည် တရားနာကြားကြရပြီးလျှင် ချစ်ခင်လေးစား ကြည်ညိုပွားကြ၍ အင်အား အသင်းအပင်းများ တိုးပွားလာကြသည်ကို ဗိမ္ဗိသာရမင်းကြီး သတိပြုမိပုံ၊ ထိုအကြောင်းကို ဘုရားရှင်အား လျှောက်ထားတောင်းပန်သဖြင့် ဘုရားရှင်သည် သံဃာတော်တို့အား တစ်လလျှင် ၄-ကြိမ် ဥပုသ်နေ့တို့၌ စည်းဝေးကြရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၃၉)
သပရိဝါရဆတ္တဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်အား တန်ဆာဆင်ထားသော ထီးဖြူကို ဆောင်းမိုးလှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပြီး ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၀၂)
သပရိဝါရာသနတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရမြတ်စွာဘုရားအား ဆွမ်း လှူဒါန်း၍ ညစ်နွမ်းသော နေရာကို စပယ်ကြက်ရုံးပန်းတို့ဖြင့် ခြံရံဖုံးလွှမ်းခဲ့ပုံ၊ ထိုပန်းတို့ဖြင့် ခြံရံဖုံးလွှမ်းထားသော နေရာ၌ ပဒုမုတ္တရဘုရား သီတင်းသုံးတော်မူလျက် ဆွမ်းအကျိုးကို မိန့်တော်မူခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၁၉)
သပရိဝါရိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်၏ စေတီပုထိုးတော်၌ ကြည်ညိုဝမ်းမြောက်သော စိတ်ဖြင့် စန္ဒကူးပွတ်တိုင်ကို ပြုလုပ်လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ဖြစ်လေရာ လူ့ဘဝ နတ်ဘဝတို့၌ စည်းစိမ်ဥစ္စာတို့ ယုတ်လျော့ခြင်း မရှိခဲ့ပုံ၊ လွန်ခဲ့သော ကမ္ဘာတစ်ထောင့်ငါးရာထက်၌ သမတ္တမည်သော စကြဝတေးမင်း ရှစ်ကြိမ် ဖြစ်ခဲ့၍ ဤဂေါတမဘုရားသာသနာတော်ဝယ် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၈၉)
သပ္ပကတ္ထေရဝတ္ထု
ဤဝတ္ထု၌ သပ္ပကမထေရ်လောင်းလျာသည် သမာပတ်ဝင်စားနေသော သမ္ဘဝပစ္စေကဗုဒ္ဓါအား ပဒုမ္မာကြာရွက် ဆောင်းမိုးပူဇော်ခဲ့သော ကုသိုလ်ကံကြောင့် လူနတ်ချမ်းသာတို့ကို ခံစားရရှိကာ ဂေါတမဘုရားရှင်လက်ထက်တွင် သပ္ပကပုဏ္ဏား ဖြစ်လာပုံ၊ ဘုရားရှင်၏ တရားတော်ကို ကြားနာရ၍ ရဟန်းပြုကာ ဝိပဿနာ ပွားသဖြင့် ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၂၉)
သပ္ပဒါသတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်လက်ထက်၌ ရဟန်းတစ်ပါးသည် လူထွက်လိုသော်လည်း မရဲမဝံ့ ဖြစ်နေပုံ၊ မြွေကိုက်ခံ၍ သေရန် အကိုက်ခံခဲ့သော်လည်း မြွေက မကိုက်ခဲ့ပုံ၊ လည်ပင်းကို သင်ဓုန်းဓားဖြင့် လှီးဖြတ်နေစဉ် တရားဆင်ခြင်မိသောကြောင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၄၃၄)
သပ္ပဒါသတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ရှေးဘုရားရှင်၏ အထံ၌ သံသရာဝဋ်မှ လွတ်မြောက်ရန် ပြုလုပ်ခဲ့ေသော ကုသိုလ်ကံကြောင့် ဤဘုရားရှင်လက်ထက်တော်၌ ကပိလဝတ္ထုမြို့ သုဒ္ဓေါဒနမင်းကြီး၏ ပုရောဟိတ်သား ဖြစ်လာပုံ၊ နောင်တွင် သာသနာတော်သို့ ဝင်ရောက်ကာ ဝိပဿနာရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၉၇)
သပ္ပိဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လမ်းခရီး၌ ကြွသွားတော်မူသော ဖုဿဘုရားရှင်၏ သပိတ်တော်ကို ယူပြီး ထောပတ်များ လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ရခြင်း မရှိတော့ဘဲ လွန်ခဲ့သော ငါးဆယ့်ခြောက်ကမ္ဘာအထက်၌ သမောဒကမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၀၄)
သပ္ပိဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ သပ္ပိဒါယကမထေရ်လောင်း အမျိုးကောင်းသားသည် မိမိအိမ်ပြာသာဒ်အထက်၌ မိန်းမများစွာ ခြံရံလျက် ထိုင်နေစဉ် မကျန်းမမာ ဖျားနာနေသော ရဟန်းတော်တစ်ပါးကို တွေ့မြင်ရ၍ ပင့်ဖိတ်ကာ ပြုစုခဲ့ပုံ၊ ထို့နောက် မိမိမြို့သို့ ကြွလာသော သိဒ္ဓတ္ထဘုရားရှင်အား ထောပတ် ဆီဦးများကို ကပ်လှူ ပူဇော်ခဲ့ပုံ၊ တန်ခိုးတော်ဖြင့် ရွှေဟင်္သာမင်းကဲ့သို့ ကောင်းကင်၌ ကြွသွားတော်မူသော ဘုရားရှင်အား ကြည်ညိုသဒ္ဓါ ပွားခဲ့ပုံ၊ ဤကုသိုလ်ကောင်းမှုကြောင့် (၉၄)ကမ္ဘာတိုင်တိုင် အပါယ်မလားဘဲ သုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ပဋိသမ္ဘိဒါပတ္တရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၃၇)
သဗ္ဗကာမိတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ ကုသိုလ်ကောင်းမှု ပြုခဲ့သောကြောင့် နောက်ဆုံးဘဝ၌ ဝေသာလီပြည် မင်းမျိုး၌ ဖြစ်ပုံ၊ ရဟန်းပြုကာ ဝိပဿနာရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ၊ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီး နှစ်တစ်ရာအကြာတွင် ဝေသာလီပြည်သား ဝဇ္ဇီရဟန်းများကြောင့် ဖြစ်ပေါ်လာသော သာသနာတော်၏ အညစ်အကြေးကို သုတ်သင်ရာ၌ အရှင်ယသထေရ်နှင့်အတူ ဦးဆောင်ပါဝင်ခဲ့သော ဝါတော်(၁၂၀)ရှိ သဗ္ဗကာမီ မထေရ်ကြီး ဖြစ်လာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၁၂၀)
သဗ္ဗကိတ္တိကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာ ရသေ့သည် ပဒုမုတ္တရဘုရားရှင်အား အကျော်နက်နံ့သာကို သွေး၍ လိမ်းကျံပူဇော်ကာ ဂုဏ်တော်တို့ကို ဂါထာ ၁၀-ဂါထာတို့ဖြင့် ချီးကျူးပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရပြီး ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၇၈)
သဗ္ဗဂန္ဓိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား ပန်းနံ့သာနှင့် တကွ ပိုးချည်အဝတ်ပုဆိုးတို့ကို လှူဒါန်းခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ တစ်ဆယ့်ငါးကမ္ဘာအထက်၌ သုစေဠမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၈၂)
သဗ္ဗဒါဌဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗြဟ္မဒတ်မင်း၏ ပုရောဟိတ်အမတ် ဖြစ်၍ ပထဝီဇယမန္တန်ကို လေ့ကျင့်စဉ် မြေခွေးတစ်ကောင်က ထိုမန္တန်ကို ရရှိသွားပုံ၊ မန္တန်အစွမ်းဖြင့် တောတွင်းသတ္တဝါအားလုံးကို စုရုံးကာ ၁၂-ယူဇနာကျယ်ပြန့်သော သားရဲတပ်ကြီးဖြင့် ဗာရာဏသီပြည်ကို စစ်တိုက်ရန် ချီတက်လာပုံ၊ ဆင်နှစ်ကောင်၏ ကျောက်ကုန်းပေါ်သို့ ခြင်္သေ့ကို တက်စေပြီး ခြင်္သေ့ကျောပေါ်တွင် မြေခွေးက တက်ကာ နေရာယူခဲ့ပုံ၊ ခြင်္သေ့ကို ဟောက်စေသဖြင့် သတ္တဝါအားလုံး ဖရိုဖရဲ ပြေးကြသောကြောင့် အချင်းချင်း နင်းမိကာ မြေခွေးရော အခြားသတ္တဝါများပါ သေဆုံးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၂၂)
သဗ္ဗဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဥယျာဉ်ပန်းမန်၊ သားငှက်မျိုးစုံတို့ဖြင့် တင့်တယ်သော ရေကန်တို့ဖြင့် တန်ဆာဆင်ထားသော မိမိအိမ်ဗိမာန်သို့ သုမေဓာဘုရားရှင်နှင့် သံဃာတော်တစ်သိန်းတို့အား ပင့်ဖိတ်၍ ဆွမ်းကပ်ကာ သင်္ကန်းလှူခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ချမ်းသာစွာ ကျင်လည်ခဲ့ရ၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၉၀)
သဗ္ဗနီလကာဒိပဋိက္ခေပကထာဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အလုံးစုံ နီသော၊ ဝါသော၊ ညိုသော၊ ပြာသော၊ မည်းသော၊ အဆာမဖြတ်သော၊ အဆာရှည်သော၊ ပန်းပွင့်အဆာကျစ်သော၊ မြွေပါးပျဉ်းသဏ္ဌာန်အဆာရှိသော သင်တိုင်းလျှော်တေ ဦးရစ်သင်္ကန်းတို့ကို ဆောင်ကြသဖြင့် ‘‘ထိုကဲ့သို့သော အဝတ်သင်္ကန်းများကို မဝတ်ရ မဆောင်ရ’’ဟု ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၂၂)
သဗ္ဗပံသုကူလိကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် အလုံးစုံ ပံ့သကူပစ္စည်းကိုသာ ဆောင်ခဲ့ရာ လူသေခေါင်းခွံသပိတ်ကို ပိုက်၍ ဆွမ်းခံသွားပုံ၊ မိန်းမတစ်ယောက်က တွေ့၍ လန့်အော်ပုံ၊ လူတို့က ကဲ့ရဲ့သဖြင့် ‘‘အလုံးစုံ ပံ့သကူပစ္စည်း သုံးစွဲသူ မဖြစ်ရ၊ လူသေဦးခေါင်းခွံသပိတ်ကို မသုံးစွဲရ’’ဟု ဘုရားရှင်က ပညတ်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၅၁)
သဗ္ဗဖလဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်အား သစ်သီးမျိုးစုံဖြင့် လှူဒါန်းခဲ့သည့် ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရ၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၉၇)
သဗ္ဗမင်္ဂလဝတ္ထု
ဤဝတ္ထု၌ ဘာတိကမည်သော မင်းတစ်ပါးသည် မိမိဆရာအား ‘‘ရတနာသုံးပါးတို့မှ မလွတ်သော အောင်ခြင်းမင်္ဂလာဂါထာတစ်ပုဒ်ကို ရွတ်ပြပါ’’ဟု တောင်းပန်ခဲ့ပုံ၊ ဆရာသည် ပိဋကတ်သုံးပုံလာ ဘုရားစကားအားလုံးကို သုံးသပ်၍ ဒိဝါ တပတိ အာဒိစ္စော-အစရှိသော ဂါထာကို ရွတ်ဆိုပြခဲ့ပုံ၊ ဘုရင်က ဆရာ၏လက်ထဲသို့ အသပြာတစ်ထောင်ကို ပေးလှူပူဇော်ခဲ့သဖြင့် ၎င်းဂါထာသည် သဗ္ဗမင်္ဂလဂါထာ မည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၂၊၂၂၆)
သဗ္ဗမံသလာဘဇာတက
ဤဇာတ်တော်၌ သူဋ္ဌေးသားမိတ်ဆွေ လေးယောက်တို့သည် မုဆိုးတစ်ယောက်ထံမှ အသားများကို တောင်းကြပုံ၊ ထိုသူတို့၏ တောင်းဆိုပုံအလိုက် မုဆိုးက အသားအသီးသီးကို ပေးခဲ့ပုံ၊ ‘‘မိတ်ဆွေ’’ဟု ခေါ်၍ တောင်းသော ဘုရားအလောင်းအား အသားလှည်းတစ်စီးလုံး ပေးလိုက်ပုံ၊ ဘုရားအလောင်းသူဋ္ဌေးသားနှင့် မုဆိုးတို့သည် တစ်သက်လုံး ချစ်ခင်စွာ နေထိုင်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၄၅)
သဗ္ဗမိတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဤမထေရ်လောင်းလျာသည် တိဿဘုရားရှင်၏ ခြေတော်ရာစေတီသုံးဆူတို့ကို လိပ်ဆူးရွှေပန်းတို့ဖြင့် ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိမြို့ ပုဏ္ဏားမျိုး၌ ဖြစ်၍ ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၄၁)
သဗ္ဗသံဟာရကပဥှဇာတက
ဤဇာတ်တော်သည် မဟာဥမင်္ဂဇာတ်၌ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၄၉)
သဗ္ဘိဝတ္ထု
ဤဝတ္ထု၌ ကုန်သည်တစ်ဦးသည် သံဃာတော်များအား အလှူကို ပေးလှူ၊ သရဏဂုံ ဆောက်တည်၊ ငါးပါးသီလခံယူ၍ သမုဒ္ဒရာခရီး ထွက်ခဲ့ပုံ၊ သင်္ဘောပျက်သောအခါ သင်္ဘောသားခုနစ်ရာတို့အား ငါးပါးသီလ သင်ပေးခဲ့ပုံ၊ ထိုသူတို့ ကွယ်လွန်ကြသောအခါ တာဝတိံသာနတ်ပြည်၌ ဖြစ်ခဲ့ကြပုံ၊ ထိုနတ်တို့သည် ဘုရားရှင်ထံ လာရောက်၍ သူတော်ကောင်းနှင့် ပေါင်းသင်းရခြင်း၏ကြောင့် အကျိုးကို လျှောက်ထားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၅၂)
သဘိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ သဘိယမထေရ်လောင်းလျာသည် ကကုသန်ဘုရားရှင်အား ဘိနပ်တစ်ရံ လှူခဲ့သော ကောင်းမှုကံကြောင့် လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ သဘိယပရိဗိုဇ် ဖြစ်လာပုံ၊ မြတ်စွာဘုရားထံ ချဉ်းကပ်၍ ပြဿနာကို မေးလျှောက်ရာ အဖြေကို ကြားနာရ၍ ကြည်ညိုကာ ရဟန်းပြုပြီး ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၆)
သဘိယပရိဗ္ဗာဇကဝတ္ထု
ဤဝတ္ထု၌ ကဿပဘုရားလက်ထက်တော်အခါ၌ သီတင်းသုံးဖော်ရဟန်းသုံးပါးတို့ တောင်ထိပ်သို့ တက်၍ တရားအားထုတ်ကြပုံ၊ ပထမတစ်ပါးသည် ရဟန္တာဖြစ်ခဲ့ပုံ၊ ဒုတိယတစ်ပါးမှာ အနာဂါမ် ဖြစ်၍ ဗြဟ္မာဘုံသို့ ရောက်ခဲ့ပုံ၊ တတိယတစ်ပါးမှာ တရားထူးမရဘဲ ပျံလွန်တော်မူသောအခါ နတ်ပြည်၌ ဖြစ်ခဲ့ပုံ၊ ဤဂေါတမဘုရားရှင့်လက်ထက်တွင်တော်၌ သဘိယမည်သော ပရိဗိုဇ် ဖြစ်ခဲ့ပုံ၊ တရားကျင့်ဖက် ဗြဟ္မာကြီးက ပြဿနာ(၂၀)ကို သင်ပေးပြီး မြတ်စွာဘုရားထံ ချဉ်းကပ်ရန် တိုက်တွန်းခဲ့၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကာရဟန်းပြုကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊၃၅၅) (သုတ္တနိ၊ဋ္ဌ၊၂၊၁၄၅)
သမဂ္ဂဥပေါသထကမ္မဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မိမိအပေါင်းအသင်း ပရိသတ်၌သာ ဥပုသ်ပြုကြပြန်သဖြင့် ဘုရားရှင်က ညီညီညွတ်ညွတ် သံဃာတော်များ စုဝေး၍ ဥပုသ်ပြုရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၄၃)
သမဏကပ္ပအမ္ဗဖလဝတ္ထု
ဤဝတ္ထု၌ ဗိမ္ဗိသာရမင်းကြီးသည် ဥယျာဉ်တော်တွင်းရှိ သရက်သီးများကို ရဟန်းတော်များ ဘုဉ်းပေးရန် လှူဒါန်းထားပုံ၊ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သရက်သီးအစိမ်းမှစ၍ ခူးယူစားသုံးကြပုံ၊ ဘုရားရှင်က သရက်သီးမှည့်ကို စားခွင့်ပြုတော်မူပြီး သရက်သီးကို အပ်စပ်အောင် ကပ္ပိပြီးမှ စားသုံးရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၄၄)
သမဏကုဋုမ္ဗိကဝတ္ထု
ဤဝတ္ထု၌ အသက်အရွယ် ကြီးရင့်မှ ရဟန်းပြုလာသော ပုဂ္ဂိုလ်များသည် သင်္ကန်းဟောင်း၊ ကျောင်းဟောင်း စသည်တို့ကိုသာ သုံးဆောင်ရလျက် ရဟန်းပရိသတ်အစွန်အဖျား၌သာ နေထိုင်ကြရသဖြင့် စိတ်မချမ်းမသာ ဖြစ်ကြပုံ၊ လူ့ဘဝတွင် စုဆောင်းထားခဲ့သော မိမိစည်းစိမ်ဥစ္စာများကို သုံးဆောင်ခွင့် ရှိ၊ မရှိ၊ ဝိနည်းဓိုရ်ပုဂ္ဂိုလ်အား မေးမြန်းသောအခါ အပြစ်မရှိ သုံးဆောင်နိုင်ခွင့်ရှိ၏ဟု ကြားသိရသဖြင့် ကောက်ပဲသီးနှံ၊ သစ်သီးကြီးငယ်တို့ကို မိမိစိတ်ကြိုက် ချက်ပြုတ်စားသောက်ကြပုံ၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် လူ့အနှောင်အဖွဲ့ မပြတ်စဲသဖြင့် နိဗ္ဗာန်သို့ မရောက်နိုင်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၃၊၇၆)
သမဏဒေဝပုတ္တဝတ္ထု
ဤဝတ္ထု၌ သမဏနတ်သားသည် ရဟန်းဘဝ၌ တစ်မဂ်တစ်ဖိုလ် ရရန် အပြင်းအထန် ကြိုးစားအားထုတ်ခဲ့ပုံ၊ မဂ်ဖိုလ်မရဘဲ တာဝတိံသာနတ်ပြည်သို့ ရောက်ရှိသွားပုံ၊ နတ်ချမ်းသာလောက်မျှဖြင့် အားရကျေနပ်မနေဘဲ ချက်ချင်းပင် ဘုရားရှင်ထံ လာရောက်၍ မဂ်ဖိုလ်နိဗ္ဗာန်ကို ရရှိစေနိုင်သည့် နည်းကောင်းလမ်းကောင်းများကို လျှောက်ထားရာ မြတ်စွာဘုရား အထံတော်မှ ထိုနည်းများကို ကြားနာရ၍ သောတာပတ္တိဖိုလ်၌ တည်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၃၀) (သံ၊ဋ္ဌ၊၁၊၈၀)
သမာဒပကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဗန္ဓုမတီမြို့၌ ကောင်းမှုကုသိုလ်ပြုသော အသင်း၏ ဥက္ကဋ္ဌဖြစ်၍ သံဃာတော်တို့အား တန်ဆောင်းဝန်းကို ဆောက်လုပ်လှူဒါန်းရန် အသင်းသူအသင်းသားတို့အား တိုက်တွန်းခဲ့ပုံ၊ တန်ဆောင်းဝန်းပြီးသောအခါ ဝိပဿီဘုရားရှင်အား လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့တော့ဘဲ လွန်ခဲ့သော ခြောက်ဆယ့်ကိုးကမ္ဘာအထက်၌ အဒေယျမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၀၅)
သမာနသီမာဝတ္ထု
ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့ရှိ ကျောင်းတိုက်ကြီးများစွာသည် (မဟာသိမ်ဖြစ်၍) သိမ်တူများ ဖြစ်ကြပုံ၊ ငါတို့ကျောင်းသိမ်မှာ ဥပုသ်ပြုရမည်၊ သူတို့ကျောင်းသိမ်မှာ ဥပုသ်ပြုရမည်ဟု အငြင်းပွားနေကြရာ ဘုရားရှင် သိတော်မူ၍ ‘‘တစ်ညီတစ်ညွတ်တည်း စုပေါင်း ဥပုသ်ပြုရမည်၊ မထေရ်ကြီးရှိရာအရပ်၌ ပြုရမည်။ ဝဂ်ဖြစ်သော သံဃာအနေဖြင့် (သံဃာ အစု အစု ခွဲ၍) ဥပုသ်မပြုရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၄၇)
သမိတိဂုတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီမြတ်စွာဘုရားရှင်အား မြတ်လေးပန်းတို့ကို လှူဒါန်းခဲ့သော်လည်း ပစ္စေကဗုဒ္ဓါတစ်ဆူအား အနူဟု ကဲ့ရဲ့ရှုတ်ချခဲ့သောကြောင့် ငရဲ၌ ခံခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိပြည်၌ ပုဏ္ဏားတစ်ဦး ဖြစ်၍ သာသနာတော်သို့ ဝင်ရောက်လာသောအခါ နူနာရောဂါ စွဲကပ်ခံခဲ့ရပုံ၊ ထိုဝေဒနာကို ရှုပွားသဖြင့် ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၂၁)
သမိဒ္ဓိဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်း ရသေ့အား နတ်သမီးတစ်ယောက်က ငယ်ရွယ်စဉ်မှာ ကာမဂုဏ် ခံစားရန် ဖြားယောင်းခဲ့ပုံ၊ မည်သည့်အချိန် မည်သည့်အရွယ်၌ သေမည်ကို ပိုင်းခြားမသိသဖြင့် ငယ်ငယ်ရွယ်ရွယ် အချိန်မှာပင် ကာမဂုဏ်များကို ပယ်စွန့်သင့်ကြောင်း ဘုရားအလောင်းက ရှင်းပြခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၅၁)
သမိဒ္ဓိတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်အား ကြည်ညိုလှသဖြင့် လှပသောပန်းခိုင် အညှာတို့ကို ပန်းစည်းပြုလုပ်၍ လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံ၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ရာဇဂြိုဟ်မြို့၌ သူဌေးသား ဖြစ်ခဲ့ပုံ၊ ဗိမ္ဗိသာရမင်း ဘုရားရှင်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံစဉ်မှာပင် ရဟန်းပြု၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၄၇)
သမိဒ္ဓိဝတ္ထု
ဤဝတ္ထု၌ တပေါဒါရုံကျောင်းနေ အရှင်သမိဒ္ဓိမထေရ်အား နတ်သမီးက ငယ်ရွယ်စဉ် ကာမဂုဏ်ဖြင့် ပျော်ပျော်ပါးပါးနေရန် ဖြားယောင်းခဲ့ပုံ၊ မထေရ်က အချိန်မရွေး သေဘေးကြုံနိုင်သဖြင့် ငယ်စဉ်ကပင် တရား ရှာသင့်ပုံ၊ ကာမဂုဏ်တို့၏ အပြစ်ကြီးပုံကို ဟောပြခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (သံ၊၁၊၁၂၀) (သံ၊ဋ္ဌ၊၁၊၁၆၇)
သမုဂ္ဂဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဈာန်အဘိညာဉ်နှင့် ပြည့်စုံသော ရသေ့ ဖြစ်စဉ် ဒါနဝရက္ခိုသ်ဘီလူးသည် ကာသိတိုင်းသူ မိန်းမလှလေးတစ်ဦးကို ဖမ်းယူပြီး ကြုတ်ထဲထည့်ကာ ဝမ်းဗိုက်တွင် မျို၍ ပေါင်းသင်းပုံ၊ တစ်နေ့တွင် ကြုတ်ကို ဖွင့်၍ ရေချိုးပေးပြီး မိမိရေချိုးနေစဉ် ထိုမိန်းမပျိုသည် ဝါယုဿပုတ္တမည်သော ဝိဇ္ဇာဓိုရ်နှင့် ပေါင်းသင်း၍ ကြုတ်တွင်း၌ နေပုံ၊ ရသေ့ကြီးထံ ဝတ်ပြုရာ သုံးဦးစလုံး ချမ်းသာပါစေဟု ဆုပေး၍ ထိုအကြောင်းကို ရက္ခိုသ်ဘီလူး သိရပုံ၊ မိန်းမဟူသည် အာခံတွင်း၌ ငုံထားသော်လည်း စောင့်ရှောက်ရန် ခက်ခဲပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၅၀၁)
သမုဒ္ဒကဝတ္ထု
ဤဝတ္ထု၌ တာဝတိံသာနတ်တို့နှင့် စစ်ပွဲတွင် ရှံူးနိမ့်လာသော အသုရာနတ်တို့က သူတော်စင်ရသေ့တို့၏ ကျောင်းစသည်ကို ဖျက်ဆီးကြပုံ၊ ရသေ့တို့က အမ္ဗရအသုရိန်မင်းထံ ဘေးမဲ့အလှူကို တောင်းခံသော်လည်း မရကြပုံ၊ ရသေ့တို့၏ ကျိန်စာသင့်၍ အမ္ဗရအသုရိန်သည် ပြင်းထန်စွာ နာမကျန်းဖြစ်ကာ ညတွင် အိပ်မရဘဲ တုန်လှုပ်ချောက်ချားနေရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၂၂၈) (သံ၊ဋ္ဌ၊၁၊၃၁၆)
သမုဒ္ဒကာကဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် သမုဒ္ဒရာစောင့်နတ် ဖြစ်၍ ကျီးကန်းမောင်နှံတို့သည် ကမ်းစပ်၌ အစာရှာစဉ် ကျီးမ သမုဒ္ဒရာထဲသို့ ကျသွားခဲ့ပုံ ကျီးအားလုံး စုပေါင်း၍ သမုဒ္ဒရာရေကို ပါးစပ်ဖြင့် ငုံကာ ထုတ်ပစ်ပုံ၊ ထိုကျီးတို့သည် မေးရိုးများ ညောင်းညာကြ၍ သမုဒ္ဒရာရေကို မထုတ်နိုင်ကြသော် ကမ်းစပ်၌ စုဝေး၍ ကျီးမ၏ အလှအပကို ထုတ်ဖော် ချီးမွမ်းကာ ငိုယိုကြပုံ၊ ထိုအဖြစ်ကို မြင်သော ဘုရားအလောင်းက ကြောက်ဖွယ်အသွင်ကို ပြ၍ ခြောက်လှန့်မောင်းထုတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၅၂၂)
သမုဒ္ဒဇာတက
ဤဇာတ်တော်၌ ကျီးကန်းတစ်ကောင်သည် သမုဒ္ဒရာရေကို သူတစ်ကောင်တည်းသာ သောက်လိုပြီး အခြားကျီးတို့ကို အတိုင်းအတာပမာဏဖြင့်သာ သောက်ရန် ဆုံးမခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၉၈)
သမုဒ္ဒဝါဏိဇဇာတက
ဤဇာတ်တော်ကို လက်သမားတစ်ထောင်တို့သည် ကျွန်းတစ်ကျွန်းသို့ ထွက်ပြေး၍ နေထိုင်ကြပုံ၊ ၎င်းတို့သည် မစင် အညစ်အကြေးများကို စွန့်သဖြင့် နတ်တို့ စိတ်ဆိုးကြပုံ၊ နတ်ဆိုးများက ကျွန်းကို ရေလွှမ်းစေ၍ လူတို့ကို သတ်ရန် စီစဉ်ကြပုံ၊ ဓမ္မနတ်သားက ကြိုတင်ပြောသဖြင့် ဘုရားအလောင်း ဦးစီးသော လက်သမားငါးရာတို့က လှေစပ်၍ နေကြပုံ၊ ဒေဝဒတ်လောင်းလက်သမားနှင့် နောက်လိုက်များက လှေမစပ်ဘဲ အဓမ္မနတ်သားစကားအတိုင်း နေကြသဖြင့် ရေလွှမ်းခံရ၍ အသက်ဆုံးရှုံးခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၁၆၀)
သမ္ပသာဒကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်ထံ ချဉ်းကပ်၍ ‘‘အရှင်ဘုရား... တပည့်တော်သည် အရှင်ဘုရားအား ရှိခိုးပါ၏၊ အရှင်ဘုရားသည် ဆင်းရဲခပ်သိမ်းမှ ကင်းလွတ်တော်မူပါ၏၊ တပည့်တော်သည် ပျက်စီးခြင်းသို့ ရောက်လျက်ရှိပါ၏၊ အရှင်ဘုရားသည် တပည့်တော်၏ ကိုးကွယ်ရာ ဖြစ်တော်မူပါဘုရား’’ဟု လျှောက်ထားခဲ့ပုံ၊ ထိုအခါ ဘုရားရှင်က ‘‘သင်သည် ကိလေသာမြူကင်းသော လယ်မြေကောင်းသဖွယ် ဖြစ်သည့် သံဃာတော်၌ ကောင်းသော မျိုးစေ့ကို စိုက်ပျိုးလော့’’ဟု ဆုံးမတော်မူ၍ ကောင်းကင်သို့ တက်ကြွသွားတော်မူခဲ့ပုံ၊ သံဃာတော်၌ ကြည်ညိုခဲ့သော ကောင်းမှုကံကြောင့် တစ်ကမ္ဘာပတ်လုံး နတ်ပြည်၌ မွေ့လျော်ခဲ့ရ၍ အပါယ်လေးပါးသို့ လားရောက်ခြင်း မရှိခဲ့ရဘဲ၊ ဤဂေါတမဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၈၄)
သမ္ဗရိမာယာဝတ္ထု
ဤဝတ္ထု၌ သူတစ်ပါးတို့ကို လှည့်ပတ်တတ်သော မာယာအတတ်ကို သမ္ဗရိမာယာဟု ခေါ်ပုံ၊ ဝေပစိတ္တိအသုရိန်သည် ထိုမာယာဖြင့် လှည့်စားခဲ့သဖြင့် ငရဲ၌ နှစ်တစ်ရာ ကျရောက်ခဲ့ရပုံ၊ သူသည် ပြင်းထန်စွာ မကျန်းမမာဖြစ်သောအခါ သိကြားမင်းထံ ဆေးကုပေးရန် တောင်းပန်သော်လည်း သိကြားမင်းက ဆေးကုမပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၂၄၀) (သံ၊ဋ္ဌ၊၁၊၃၂၄)
သမ္ဗဟုလကုမာရကဝတ္ထု
ဤဝတ္ထု၌ လူငယ်တစ်စုတို့ မြွေတစ်ကောင်ကို ရိုက်နေသည်ကို ဘုရားရှင် မြင်တော်မူ၍ မိမိချမ်းသာကို လိုသောသူသည် သူတစ်ပါးတို့ကို ရိုက်နှက်ခြင်း မပြုသင့်ကြောင်း၊ သတ္တဝါတိုင်းသည် မိမိအသက် ချမ်းသာမှုကို လိုလားကြကြောင်း ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၃)
သမ္ဗဟုလဘိက္ခုနီဝတ္ထု
ဤဝတ္ထု၌ ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ ဟံသာဝတီပြည်သူ အမျိုးသမီးများသည် ဝေယျာဝစ္စကုသိုလ် ပြုခဲ့ကြပုံ၊ ထို့နောက် ဗောဓိဉာဏ်ကို ရရန် ဆုတောင်းခဲ့ကြ၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၈၀) (ထေရီ၊ဒီ၊၄၄၃)
သမ္ဗဟုလဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတို့သည် ဈာန်မဂ်ဖိုလ်ကို မရကြသေးဘဲ ရရှိကြပြီ-ဟု ထင်၍ ရရှိကြပြီ-ဟု ပြောဆို ဝန်ခံကြပုံ၊ ထိုအကြောင်းအရာကို မြတ်စွာဘုရား သိတော်မူ၍ ထိုရဟန်းတို့အား အာပတ်မသင့်ကြောင်း မိန့်ကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၁၁၆)
သမ္ဗဟုလဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတို့သည် ဆောင်းတွင်းကာလ၌ အခေါင်းရှိပြီး ခြောက်သွေ့နေသော သစ်တုံးကြီးကို မီးမွှေး၍ မီးလှုံကြရာ မီးကြောင့် မြွေဟောက်တစ်ကောင် ထွက်လာသဖြင့် ရဟန်းတို့ ထွက်ပြေးကြရပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ ‘‘မီးလှုံသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဇောတိက သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၅၂)
သမ္ဗဟုလဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းငယ်, သာမဏေငယ်များသည် မိမိတို့၏ စာချဆရာများကိုသာ သင်္ကန်းလျှော်ဖွပ်ပေးခြင်းစသော ဝေယျာဝစ္စများကို ဆောင်ရွက်ပေးလေ့ရှိပုံ၊ ထိုအခါ အခြားသော မထေရ်များက မိမိတို့အထံ၌ ထိုရဟန်းငယ် သာမဏေငယ်များကို သဒ္ဒါသင်ယူစေရန် ဘုရားရှင်ထံ သွားရောက် လျှောက်ထားကြပုံ၊ ဘုရားရှင်က ထိုမထေရ်များ၏ လာဘသက္ကာရ ဣဿာ မစ္ဆရိယ စိတ်ဖြင့် လျှောက်ထားသည်ကို သိတော်မူသဖြင့် တရားဟောတော်မူသောအခါ ဒေသနာအဆုံး၌ များစွာသော ရဟန်းတို့ သောတာပန်တည်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၄၆)
သမ္ဗဟုလဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတော်တို့သည် စည်းဝေးရာခန်းမ၌ ထိုင်နေကြ၍ ‘‘ဤလောက၌ ချမ်းသာသုခဟူသည် အဘယ်အရာပါနည်း’’ဟု ဆွေးနွေးကြပုံ၊ ထိုအကြောင်းကို ဘုရားရှင်အား လျှောက်ထားရာ ‘‘ဘုရားပွင့်တော်မူလာခြင်း၊ သူတော်ကောင်းတရား နာကြားရခြင်း၊ သံဃာတော်တို့ ညီညွတ်ခြင်း၊ ကောင်းသောအကျင့်ကို ညီညွတ်စွာ ဆောင်ရွက်ခြင်းသည် ချမ်းသာ၏’’ဟု ဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၆၂)
သမ္ဗဟုလဘိက္ခုဝတ္ထု
ဤဝတ္ထု၌ များစွာသော ရဟန်းတော်တို့သည် ပစ္စန္တရာဇ်မြို့ငယ်၌ ဝါကပ်တော်မူကြပုံ၊ ဝါတွင်းသုံးလတွင် ပထမလ၌သာ ချမ်းသာစွာ နေထိုင်ကြရပုံ၊ ဒုတိယလ၌ မြို့ကို ခိုးသူများ လုယက်သဖြင့် မြို့သူမြို့သားများက ခိုးသူတို့ကို တားမြစ်ရန် မြို့ကို ပြုပြင်စီရင်ကြသောကြောင့် အမှုကိစ္စများသဖြင့် ရဟန်းတော်တို့အား ဆွမ်းလုပ်ကျွေးခွင့် မရကြပုံ၊ သီတင်းဝါလကျွတ်၍ ဘုရားရှင်ထံ ရောက်သောအခါ အကျိုးအကြောင်း လျှောက်ထားကြရာ ဘုရားရှင်က လူတို့သည် မြို့ကို စောင့်ရှောက်ထိန်းသိမ်းသကဲ့သို့ ရဟန်းတို့သည်လည်း မိမိအတ္တဘောကို စောင့်ရှောက်ထိန်းသိမ်းသင့်ကြောင်း မိန့်ကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၀၄)
သမ္ဗဟုလဘိက္ခုဝတ္ထု
ဤဝတ္ထု၌ သောဏကောဋိကဏ္ဏဥပါသကာသည် အဝန္တိဇနပုဒ် အရှင်မဟာကစ္စည်းမထေရ့်ထံ၌ ရဟန်းရှားပါးသဖြင့် ခဲခဲယဉ်းယဉ်း ရဟန်းဝတ်ခဲ့ရပုံ၊ ဘုရားရှင်ကို ဖူးမြော်ရန် ယူဇနာနှစ်ရာဝေးကွာသော အရပ်မှ ဇေတဝန်ကျောင်းသို့ ကြွလာခဲ့ပုံ၊ ဘုရားရှင်က တိုက်တွန်းသဖြင့် ခုဒ္ဒကပါဌ-လာ အဋ္ဌကဝဂ်စသည်ကို ရွတ်ဆိုပြပုံ၊ ဒေသနာအဆုံး၌ ဘုရားရှင်က သာဓုခေါ်သောအခါ အဝန္တိဇနပုဒ်ရှိ မိခင်၏ အိမ်စောင့်နတ်နှင့်တကွ ဗြဟ္မာ့ပြည်တိုင်အောင်သော နတ်ဗြဟ္မာများက သာဓုခေါ်ကြပုံ၊ ထိုအကြောင်းအရာကို မထေရ်၏မိခင်ကြီး သိရှိသွားပြီး သောဏကောဋိကဏ္ဏ ပြန်ကြွလာသောအခါ မြို့တွင်း၌ မဏ္ဍပ်ကြီးဆောက်လုပ်၍ တရားပွဲကျင်းပခဲ့ပုံ၊ မထေရ်၏ မိခင်ကြီးသည် ပရိသတ်များနှင့် အတူ တရားနာယူနေစဉ် အိမ်၌ သူခိုးများ ဖေါက်ထွင်းနေကြောင်း ကျွန်မက လာရောက် ပြောကြားပုံ၊ သောဏကောဋိကဏ္ဏ၏ မိခင်ကြီးက ‘‘ခိုးသူများ ယူလိုရာယူပါစေ၊ မိမိအား ဓမ္မန္တရာယ် မပြုပါနှင့်’’ဟု ကျွန်မအား ပြောဆိုလိုက်သော်လည်း ကျွန်မက မကြာခဏ လာရောက် ပြောကြားနေသဖြင့် ကျွန်မအား အိမ်မှ နှင်ထုတ်မည်ဟု ပြောကြားလိုက်ပုံ၊ ထိုအကြောင်းအရာကို ခိုးသူဗိုလ်ကြီး သိရှိသွားသဖြင့် ပစ္စည်းများကို ပြန်ထားပြီး သောဏ၏ မိခင်ကြီးအား ဝန်ချတောင်းပန်ကာ သောဏကောဋိကဏ္ဏမထေရ့်ထံ၌ ခိုးသားကိုးရာတို့နှင့်အတူ ရဟန်းပြုကြပုံ၊ ထိုရဟန်းကိုးရာတို့ သစ်ပင်ရင်း၌ အသီးအသီး တရားအားထုတ်နေစဉ် ဘုရားရှင်က ဇေတဝန်ကျောင်းမှ တန်ခိုးတော်ဖြင့် တရားဟောကြားသဖြင့် ရဟန်းကိုးရာလုံး ပဋိသမ္ဘိဒါပတ္တ ရဟန္တာများ ဖြစ်သွားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၆၉)
သမ္ဗဟုလဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းများနှင့် ရဟန်းမများသည် သာကေတမြို့မှ သာဝတ္ထိမြို့သို့ ခရီးရှည်သွားကြသည်ရှိသော် ရဟန်းမများက အတူတကွ သွားပါရစေဟု တောင်းပန်ကြသော်လည်း ရဟန်းမများနှင့် စီစဉ်ချိန်းချက်၍ ခရီးမထွက်ရဟူသော သိက္ခာပုဒ် ပညတ်တော်မူပြီးဖြစ်၍ ရဟန်းများက ငြင်းပယ်ခဲ့ကြပုံ၊ ရဟန်းများမပါဘဲ ရဟန်းမများချည်း ခရီးထွက်ခဲ့ကြသဖြင့် လမ်းခရီးတွင် ခိုးသူတို့က လုယက်ဖျက်ဆီးကြပုံ၊ ဘုရားရှင် သိတော်မူလျှင် ဘေးရန်အန္တရာယ် စိုးရိမ်ဖွယ်ရှိလျှင် ရဟန်းများသည် ရဟန်းမများနှင့် အတူတကွ ခရီးထွက်နိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၈၇)
သမ္ဗဟုလဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဘိက္ခုနီတို့နှင့် တစ်လှေထဲ မစီးရဟု သိက္ခာပုဒ် ပညတ်ပြီး ဖြစ်သဖြင့် ရဟန်းများနှင့် ဘိက္ခုနီများ သာကေတမြို့မှ သာဝတ္ထိမြို့သို့ အလာတွင် မြစ်တစ်မြစ်ကို လှေစီး၍ ကူးရမည်ဖြစ်ရာ ရဟန်းများက ငြင်းပယ်ကြပုံ၊ အခြားလှေဖြင့် ကူးသောဘိက္ခုနီများအား ခိုးသူတို့က လုယက်ဖျက်ဆီးကြသဖြင့် ဘုရားရှင်က ဘေးအန္တရာယ် တစ်စုံတစ်ခုရှိလျှင် ရဟန်းများသည် ဘိက္ခုနီများနှင့် တစ်လှေတည်းစီးနိုင်ကြောင်း ခွင့်ပြုတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၈၉)
သမ္ဗဟုလဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတို့နှင့် ပရိဗိုဇ်တို့သည် ခရီးအတူ သွားကြစဉ် ခိုးသူတို့ ထွက်လာကာ လုယက်ကြပြီးနောက် မင်းချင်းယောကျ်ားတို့က ခိုးသူတို့ကို ခိုးရာပါပစ္စည်းများနှင့်အတူ ဖမ်းမိကြပုံ၊ ကိုယ့်သင်္ကန်းကိုယ် လာယူပါဟု အမှာပါးသောကြောင့် သွားယူကြရာ ရဟန်းတို့သည် မိမိသင်္ကန်းကို မိမိကိုယ်တိုင် မမှတ်မိသဖြင့် အကဲရဲ့ခံကြရပုံ၊ ဘုရားရှင်က ကပ္ပဗိန္ဒုအနေနှင့် သင်္ကန်းအနား၌ အမှတ်အသားထိုးရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၅၈)
သမ္ဗဟုလဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ကာသိတိုင်း ဇနပုဒ်နယ်ပယ်ဘက်တွင် အနာထပိဏ်သူဌေးကြီး၏ အလုပ်လုပ်ရာ ရွာများ ရှိပုံ၊ သူဌေးကြီး၏ မှာထားချက်အရ ထိုဒေသသို့ ရောက်လာသော ရဟန်းတော်များကို သူ၏ အလုပ်သမားခေါင်းဆောင်များက ဆွမ်းကပ်ရပုံ၊ တစ်နေ့တွင် ရဟန်းတော်တို့ ရောက်လာရာ ခေါင်းဆောင်ဒကာက ဆွမ်းကပ်စဉ် လက်စွပ်ချွတ်ထား၍ ဆွမ်းကပ်ပြီး ပြန်သွားသောအခါ မေ့ပြီး လက်စွပ် ကျန်ရစ်ခဲ့ပုံ၊ ရဟန်းတော်တို့သည် လက်စွပ်ရှိရာအရပ်တွင် စောင့်ရှောက်နေကြပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ မိမိနေရာအရပ်တွင် တွေ့ရသော ရွှေငွေများကို ကောက်ယူသိမ်းထားနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၁၁)
သမ္ဗဟုလဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတို့သည် ကောသလတိုင်း၌ လှည့်လည်ကြစဉ် ညနေချမ်းအခါ ရွာတစ်ရွာသို့ ရောက်လာသဖြင့် လူတို့က ရွာထဲဝင်ရန် ပင့်ကြပုံ၊ ဘုရားရှင်က မွန်းလွဲချိန် ရွာထဲမသွားရဟု သိက္ခာပုဒ်ပညတ်တော်မူပြီးဖြစ်၍ မဝင်ကြပုံ၊ ရွာပြင်တွင် နေကြရာ ခိုးသူတို့က လုယက်ကြပုံ၊ ဘုရားရှင် သိတော်မူသောအခါ ရဟန်းတစ်ပါးပါးကို ပန်ကြား၍ မွန်းလွဲချိန်၌ ရွာထဲဝင်နိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၁၄)
သမ္ဗဟုလဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတို့သည် သံဃာ့အလယ်၌ ငြင်းကြ ခုံကြ နှုတ်လှံထိုးကြသောကြောင့် ထိုအဓိကရုဏ်းကို ငြိှမ်းသတ်ရန် မလွယ်ကူဘဲ ရှိနေပုံ၊ ထို့အကြောင်းကို ဘုရားရှင်အား လျှောက်ထားရာ မဲဆန္ဒရေတွက်သူ ရဟန်းတစ်ပါး သမုတ်ပြီး အများစု ဓမ္မဝါဒီဆန္ဒဖြင့် ပြေငြိမ်းအောင် ဆောင်ရွက်ရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၀၄)
သမ္ဗဟုလဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတို့သည် ငြင်းခုံနေကြသဖြင့် ရဟန်းတော်တို့နှင့် မအပ်စပ်သော စကားများ ပြောကြရာ အာပတ်သင့်ကြပုံ၊ တစ်ပါးနှင့်တစ်ပါး ဤအာပတ်လေးများဖြင့် စွပ်စွဲနေလျှင် အဓိကရုဏ်းကြမ်းတမ်းလာမည်ကို စိုးရိမ်သဖြင့် ဘုရားရှင်အား လျှောက်ထားရာ လူတို့နှင့် ဆက်စပ်သော အာပတ်၊ ရုန့်ရင်းကြမ်းတမ်းသော အာပတ်မှတစ်ပါး အာပတ်ငယ်လေးများကို စက်ဆုတ်ဖွယ်ကို မြက်ဖြင့် ဖုံးသကဲ့သို့ တိဏဝတ္ထာရက ကံဖြင့် ငြိမ်းစေရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၀၈)
သမ္ဗဟုလဘိက္ခုဝတ္ထု
ဤဝတ္ထု၌ အရပ်တစ်ပါး၌ နေသော ရဟန်းသုံးဆယ်တို့သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်သို့ လာရောက်ကာ ဘုရားရှင်အား ဖူးမြော်၍ ထိုင်နေကြပုံ၊ အရှင်သာရိပုတ္တရာမထေရ်က ထိုရဟန်းသုံးဆယ်တို့ ရဟန္တာဖြစ်မည့်အကြောင်းကို မြင်တော်မူသဖြင့် ဘုရားရှင်အား သမထဝိပဿနာနှင့် ဆက်စပ်သည့် ပြဿနာကို မေးမြန်းလျှောက်ထားပုံ၊ ဘုရားရှင်၏ တရားတော် ပြီးဆုံးသောအခါ ရဟန်းသုံးဆယ်လုံး ရဟန္တာ ဖြစ်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၉၄)
သမ္ဗဟုလဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ကောသလတိုင်းသား စာတတ်ပေတတ် ရဟန်းများသည် ဘုရားရှင်ထံမှ ကမ္မဋ္ဌာန်းတောင်းပြီး တောရွာတစ်ရွာသို့ ကြွရောက်ကြသောအခါ လူအများက ကြည်ညိုသဒ္ဓါပွားကာ ခဲဖွယ်ဘောဇဉ်စသည်များကို လှူဒါန်းကြပုံ၊ ထိုရဟန်းတော်များအထဲမှ မဟာထေရ်တစ်ပါးက ဆွမ်းအနုမောဒနာတရားဟောသည့်အခါ ပိုမိုကြည်ညိုသွားပြီး ဝါတွင်းသုံးလ သီတင်းသုံးရန် လျှောက်ထားပုံ၊ သီတင်းဝါလကျွတ်၍ ရဟန်းတော်များ ပြန်ကြွသွားသည့်အခါ နတ်များ လူများ ငိုကြွေးတမ်းတကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၂၀၁) (သံ၊ဋ္ဌ၊၁၊၂၆၅)
သမ္ဗဟုလဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းများစွာတို့သည် သာကေတမြို့မှ သာဝတ္ထိမြို့အလာ လမ်းတွင် သင်္ကန်းလုယက်ခံကြရပုံ၊ ဘုရားရှင်က သင်္ကန်းတောင်းမှုကို ပညတ်ထားသဖြင့် မတောင်းဘဲ ကိုယ်တုံးလုံး လာကြပုံ၊ သာဝတ္ထိ ရောက်လျှင် ရဟန်းတော်တို့ကို ကိုယ်တုံးလုံး ရှိခိုးကြပုံ၊ အဝတ်မဝတ်သော တိတ္ထိတို့က ရှိခိုးသည် ထင်၍ ရဟန်းတို့က ချီးမွမ်းကြပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ ကိုယ်တုံးလုံး မနေရ၊ အနည်းဆုံး မြက်သစ်ရွက်ပင် ဖြစ်ဖြစ် ဖုံးထားရန်၊ လုယက်ခံရလျှင် ဆွေမျိုးမတော်သူထံ သင်္ကန်းတောင်းရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၁၃)
သမ္ဗဟုလဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် သုံးလလုံး တစ်ပါးတည်း သီတင်းသုံးနေတော်မူပုံ၊ အလုပ်အကျွေးရဟန်းမှ တစ်ပါး အခြားရဟန်းတို့ ဘုရားရှင်ထံ မသွားရဟု ရဟန်းတော်တို့ ကတိကဝတ် ထားကြပုံ၊ အရှင်ဥပသေနမှာ တပည့်အားလုံးနှင့် အတူ အာရညကင်ဓုတင်စသည် ဆောင်ထားကြပြီး ကတိကဝတ်ကို မသိဘဲ ဘုရားရှင်ထံ ဝင်ရောက် ဖူးမြော်ကြပုံ၊ ဘုရားရှင်က ဓုတင်ဆောင်ရဟန်းတို့ ဖူးမြော်လိုပါက ဖူးမြော်ခွင့်ပြုကြောင်း မိန့်တော်မူပုံ၊ ထိုစကားကို ကြား၍ ရဟန်းတော်တို့ အခင်းများကို မသိမ်းဆည်းဘဲ ပစ်ထားခဲ့ပြီး အာရညကင်ဓုတင်စသည် ဆောက်တည်ကြပုံ၊ ‘‘နိသီဒိုင်အခင်းသစ် ပြုလုပ်လိုလျှင် အဟောင်းမှ တစ်ထွာ ယူ၍ ပြုလုပ်ရမည်၊ အခင်းဟောင်းကို ပစ်မထားရ’’ဟု နိသီဒနသန္ထတသိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၃၆)
သမ္ဗဟုလဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ပါလိလေယျကတော၌ တစ်ပါးတည်း သီတင်းသုံး နေတော်မူစဉ် ပါလိလေယျကဆင်က လုပ်ကျွေးပြုစုခဲ့ပုံ၊ သီတင်းဝါလကျွတ်၍ အရှင်အာနန္ဒာ ကြွလာသောအခါ၌ ပါလိလေယျဆင်က တုတ်ကိုမြောက်ချီ၍ ပြေးလာပုံ၊ ဘုရားရှင်က ‘‘ဤရဟန်းသည် ငါ၏ အလုပ်အကျွေးရဟန်း ဖြစ်၏’’ဟု မိန့်တော်မူသောအခါ ပါလိလေယျကဆင်က ဒုတ်ကို ပစ်ချ၍ ခရီးဦးကြိုပြုခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၂၁)
သမ္ဗဟုလဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆောင်းတွင်းကာလ အချိန်တစ်ချိန်တွင် ရဟန်းများသည် နေပူဆာလှုံပြီး အိပ်ရာနေရာတို့ကို မသိမ်းဆည်းဘဲ ထားခဲ့သဖြင့် နှင်းမိုးများ စိုစွတ်ကုန်ကြပုံ၊ ထိုအကြောင်းကို ရဟန်းများက မြတ်စွာဘုရားအား လျှောက်ထားသဖြင့် မြတ်စွာဘုရားက ကဲ့ရဲ့ရှုတ်ချတော်မူပုံ၊ ‘‘သံဃိက ပစ္စည်းဖြစ်သော ခုတင် ညောင်စောင်း, ဖျာ, ခေါင်းအုံးစသည်တို့ကို လွင်တီးခေါင်တွင် အသုံးပြုပြီး မသိမ်းဆည်းခဲ့သော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ပထမသေနာသန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၅၈)
သမ္ဗဟုလသီလာဒိသမ္ပန္နဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်က သီလနှင့်ပြည့်စုံပြီး ဓူတင်ဆောင်ကာ ဗဟုသုတကြွယ်ဝသော တောကျောင်းနေ ဈာန်ရ ရဟန်းတော်များအား ဤမျှဖြင့် ကျေနပ်အားရမနေသင့်ကြောင်း မိန့်တော်မူပုံ၊ အာသဝေါ ကင်းကွာ ရဟန္တာဖြစ်သည်အထိ ဆိုက်ရောက်အောင် ကြိုးစားအားထုတ်မှသာ တစ်ကယ် အစစ်အမှန် ချမ်းသာကို ရရှိသူမည်ကြောင်း ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၅၁)
သမ္ဗဟုလအဓိမာနိကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ တောကျောင်း၌ တရားအားထုတ်နေကြသော ရဟန်းငါးရာတို့သည် မိမိတို့၏သန္တာန်၌ ကိလေသာစိတ်များ မဖြစ်တော့သဖြင့် ရဟန်းကိစ္စပြီးပြီဟု မှတ်ထင်ကာ ဘုရားရှင်အား လျှောက်ထားရန် လာရောက်ကြပုံ၊ ဇေတဝန်ကျောင်းတံခါးမုခ်ဝ၌ ရောက်နေကြသော ထိုရဟန်းငါးရာတို့အား ‘‘သူသေကောင်စွန့်ပစ်ရာ သုသာန်၌ နေထိုင်ပြီးမှ ဘုရားရှင်ကို ဖူးမြော်ရမည်ဖြစ်ကြောင်း’’ အရှင်အာနန္ဒာထေရ်အား ဘုရားရှင်က ပြောကြားခိုင်းတော်မူပုံ၊ သုသာန်ရောက်သောအခါ လောလောလတ်လတ် စွန့်ပစ်ထားသော အလောင်းကောင်များကို တွေ့မြင်ရပြီး အချို့မှာ ကိလေသာစိတ် ဖြစ်၍ အချို့မှာ ပုပ်ပွနေသော အလောင်းကောင်များကို တွေ့မြင်ရ၍ ဒေါသစိတ်များ ဖြစ်ပေါ်လာကြပုံ၊ ထိုအခါမှ မိမိတို့မှာ ကိလေသာမကုန်သေးကြောင်း ရဟန်းကိစ္စ မပြီးသေးကြောင်း သိရှိကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၇၁)
သမ္ဗုလကစ္စာနတ္ထေရဝတ္ထု
ဤဝတ္ထု၌ သမ္ဗုလကစ္စာနမထေရ်လောင်းလျာသည် ပစ္စေကဗုဒ္ဓါ တစ်ပါးအား ထန်းသီး လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် ဤဂေါတမဘုရားရှင့်လက်ထက်တော်၌ သမ္ဗုလကစ္စာနလုလင် ဖြစ်လာ၍ ရဟန်းပြုပြီးနောက် တောင်လိုဏ်ဂူအတွင်း၌ ရာသီဥတု ပြင်းထန်သည်ကို ဂရုမပြုဘဲ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၀၁)
သမ္ဗုလာဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီမင်းဖြစ်စဉ် သားတော်သောတ္ထိသေနမင်းသားကို အိမ်ရှေ့မင်းအရာပေးပြီး သမ္ဗုလာမင်းသမီးကို အိမ်ရှေ့မင်း၏ အဂ္ဂမဟေသီအရာ၌ ထားခဲ့ပုံ၊ သောတ္ထိသေနမင်းသား နူနာရောဂါ စွဲကပ်သောအခါ ဆေးကုသ၍ မရသဖြင့် သမ္ဗုလာမိဖုရားနှင့်အတူ တောထဲ၌ နေခဲ့ရပုံ၊ သမ္ဗုလာမိဖုရားက တာဝန်ဝတ္တရားကျေပွန်စွာ ပြုစုလုပ်ကျွေးစဉ် ဒါနဝဘီလူး၏ ဖမ်းယူခြင်းကို ခံခဲ့ရပုံ၊ သိကြားမင်းက လာရောက်ကယ်တင်သဖြင့် သမ္ဗုလာမိဖုရား ဒါနဝဘီလူးလက်မှ လွတ်မြောက်လာခဲ့ပုံ၊ သောတ္ထိသေနမင်းသားက သမ္ဗုလာဒေဝီကို တောလည်မုဆိုးများနှင့် ဖောက်ပြားနေသည်ဟု စွပ်စွဲသောအခါ သမ္ဗုလာဒေဝီက သစ္စာဓိဋ္ဌာန်ပြု၍ နူနာရောဂါကို ကုစားသဖြင့် သောတ္ထိသေနမင်းသား ရောဂါပျောက်ကင်းပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၉၂)
သမ္ဘဝဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် သမ္ဘဝပညာရှိဖြစ်စဉ် ဓနဉ္စယကောရဗျမင်းက ဓမ္မယာဂပြဿနာကို မေးခဲ့ပုံ၊ ဇမ္ဗူဒိပ်ကျွန်းရှိ မည်သည့်ပညာရှိမှ မဖြေနိုင်၍ (၇)နှစ်သား သမ္ဘဝပညာရှိက ဖြေဆိုပုံ၊ သမ္ဘပညာရှိသည် ဉာဏ်ပညာကြီးကြောင်း ဇမ္ဗူဒိပ်တစ်ကျွန်းလုံး၌ ထင်ရှား၍ အချီးအမွမ်းခံခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၅၈)
သမ္ဘာဝိတဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် ရဟန္တာမဟုတ်ဘဲ လောကုတ္တရာနှင့် ပတ်သက်သော တရားစကားကို ပြောနိုင်သောကြောင့် လူတို့က ရဟန္တာဟု ထင်ပြီး ပူဇော်ခဲ့ကြပုံ၊ ပျံလွန်တော်မူသော် အရိုးကို စေတီတည်ထားကြပုံ၊ သိနားလည်သူတို့က ရဟန္တာမဟုတ်သေးကြောင်း ဖြေရှင်းရာ၌ စကားများငြင်းခုံကြပုံ၊ ငြင်းခုံမှုသည် အကျိုးမရှိကြောင်း ပြဆိုထားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၄၊၂၅)
သမ္ဘူတတ္ထေရဝတ္ထု
ဤဝတ္ထု၌ သမ္ဘူတမထေရ်လောင်းလျာသည် ကိန္နရာဘဝဖြင့် ပစ္စေကဗုဒ္ဓါတစ်ပါးအား ထောက်ကြံ့ပန်း လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် ဤဂေါတမဘုရားရှင်လက်ထက်တော်၌ သမ္ဘူတ လုလင် ဖြစ်လာခဲ့ပုံ၊ အရှင်အာနန္ဒာမထေရ် ထံမှတွင် တရားနာရ၍ ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၁၈)
သမ္ဘောဂသံသဂ္ဂဝတ္ထု
ဤဝတ္ထု၌ သီဟိုဠ်ကျွန်း မရိစဝ-ဋ္ဋိမဟာဝိဟာရကျောင်းလှူပွဲ၌ (၇)နှစ်သားအရွယ် သာမဏေငယ်သည် ယာဂုပူပူကို မကိုင်နိုင်၍ သာမဏေမလေးက သပိတ်အောက်ခံခွက် ပေးခဲ့ပုံ၊ ၎င်းတို့အသက်(၆၀)အရွယ်၌ မဇ္ဈိမဒေသတွင် ပြန်လည်ဆုံတွေ့ကြသောအခါ ငယ်ရွာစဉ်က အဖြစ်အပျက်ကို အမှတ်ရပြီး လူထွက်ကြ၍ ပေါင်းသင်းခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၅၁) (စူဠနိ၊ဋ္ဌ၊၁၀၃)
သမ္မဇ္ဇကတ္ထေရဝတ္ထု
ဤဝတ္ထု၌ သမ္မဇ္ဇနမထေရ်သည် တစ်နေကုန် တစ်နေခန်း တစ်ကျောင်းပြီး တစ်ကျောင်း လှည့်လည်လျက် တံမြက်စီးလှည်းပုံ၊ အရှင်ရေဝတမထေရ်က ဝေယျာဝစ္စများဖြင့်သာ အချိန်မကုန်လွန်စေသင့်ကြောင်း၊ တရားဓမ္မများကိုလည်း ရှုမှတ်ပွားများ အားထုတ်သင့်ကြောင်း ဆုံးမဩဝါဒပေးခဲ့ပုံ၊ ထိုမထေရ်၏ဩဝါဒအတိုင်း လိုက်နာကျင့်သုံးသဖြင့် အရဟတ္တဖိုလ်ကို ရရှိသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၀၉)
သမ္မဇ္ဇကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ကျောင်းတစ်ကျောင်းနေ ရဟန်းတစ်ပါးသည် စေတီရင်ပြင်နှင့် ဗောဓိပင်ရင်ပြင်ကို တံမြက်စည်းလှည်းပြီးနောက် ရေချိုးရန် ထွက်ခွာသွားပုံ၊ နတ်တို့သည် ဤကျောင်း ဆောက်လုပ်ပြီးသည့်အချိန်မှ စ၍ ဤကဲ့သို့ တံမြက်စည်းလှည်းခြင်း ဝတ်မျိုး ပြုခဲ့ဖူးသောရဟန်း မရှိဟု ကြည်ညိုပြီး ပန်းများဖြင့် ပူဇော်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၄၊၁၇၅)
သမ္မဇ္ဇနီဝတ္ထု
ဤဝတ္ထု၌ ကျောင်းတိုက်တစ်တိုက်ရှိ ရဟန်းတို့သည် ဥပုသ်ကျောင်းဆောင်၌ တံမြက်မလှည်းကြသဖြင့် အမှိုက်များ ရှုပ်ပွနေသောကြောင့် ဘုရားရှင်က ဥပုသ်ဆောင်၌ တံမြတ်လှည်းရန် နေရာ စနစ်တကျ ခင်းရန်၊ ဆီမီးညှိထွန်းရန်၊ သောက်ရေသုံးရေ တည်ထားရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၅၈)
သမ္မုခါထဝိကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားအလောင်းတော် ဖွားမြင်တော်မူလျှင် တွေ့မြင်ရလတံ့သော နိမိတ်ကြီးများကို ဖော်ပြလျက် လောက၌ ဘုရားပွင့်တော်မူတော့မည်ဟု လှုံ့ဆော်ကြွေးကြော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရပြီး ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၇၃)
သမ္မောဒမာနဇာတက
ဤဇာတ်တော်၌ ခိုက်ရန်ဖြစ်ခြင်း ငြင်းခုံခြင်းတို့သည် မိမိတို့အချင်းချင်းစိတ်ဝမ်းကွဲကာ စည်းလုံးညီညွတ်မှု ပျက်ပြားခြင်း၏ အကြောင်းရင်းများဖြစ်ပုံ၊ စည်းလုံးညီညွတ်မှုမရှိလျှင် အကျိုးစီးပွားဆုတ်ယုတ်ပျက်ပြားတတ်ပုံ၊ ငုံးငှက်အပေါင်းတို့သည် အချင်းချင်း ငြင်းခုံခိုက်ရန် ဖြစ်ပွားလျက် စည်းလုံးညီညွတ်မှု ပျက်ပြားသောကြောင့် ငှက်မုဆိုး၏ လက်တွင်းသို့ သက်ဆင်း ကျရောက်ကာ အားလုံးပင် အသက်ဆုံးရှုံးခဲ့ကြရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၂၄)
သယနဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ သိဒ္ဓတ္ထဘုရားရှင်အား အပ်သော အိပ်ရာနေရာကို လှူဒါန်းခဲ့ပုံ၊ ဘုရားရှင်သည် အိပ်ရာမှ ထတော်မူ၍ ကောင်းကင်သို့ ကြွသွားတော်မူပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော ငါးဆယ့်တစ်ကမ္ဘာအထက်၌ ဝရကစကြဝတေးမင်းဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၀၉)
သယံပဋိဘာနိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ သယံပဋိဘာနိယမထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်အား မိမိ၏ ဉာဏ်စွမ်းရှိသလောက် ဆယ်ဂါထာတို့ဖြင့် ချီးကျူးပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်၏ အကျိုးဆက်ကြောင့် ကမ္ဘာပေါင်းများစွာ အပါယ်မလားဘဲ လူ့ချမ်းသာ နတ်ချမ်းသာတို့ကိုသာ ခံစားခဲ့ရပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ အာသဝေါကုန်ခန်း ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၄၃)
သရဏဂမနိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဤမထေရ်အလောင်း အမျိုးကောင်းသားသည် လှေစီး၍ သွားစဉ် လှေပျက်သောအခါ ရဟန်းတစ်ပါးထံမှ သရဏဂုံခံယူခဲ့သော ကုသိုလ်ကြောင့် အပါယ်ဘုံသို့ မကျရောက်ခဲ့ဘဲ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၀၂)
သရဘင်္ဂဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းသည် ဇောတိပါလဟူသောအမည်ဖြင့် ပုရောဟိတ်သား ဖြစ်စဉ် လေးအတတ်၌ တစ်ဖက်ကမ်းခတ် တတ်မြောက်သဖြင့် တစ်နေ့လျှင် အသပြာတစ်ထောင်ဖြင့် ဗာရာဏသီမင်းထံ ခစားခဲ့ပုံ၊ ဘုရားလောင်း ဇောတိပါလသည် လေးသည်တော် ခြောက်သောင်းတို့အား လေးအတတ်ပညာအစွမ်းကို ပြ၍ သရဘင်္ဂအမည် ရရှိလာပြီးနောက် တောထွက်ကာ ရသေ့ဝတ်ခဲ့ပုံ၊ ရသေ့ပရိသတ်များ အလွန်များပြားလှသဖြင့် တပည့်ကြီးရသေ့ခုနစ်ပါးတို့အား သီးခြားပရိသတ်များ ခွဲပေးလျက် အရပ်ဒေသအသီးသီးသို့ စေလွှတ်ခဲ့ပုံ၊ ဒဏ္ဍကီမင်းသည် ဘုရားလောင်း သရဘင်္ဂရသေ့၏ တပည့်ဖြစ်သူ ကိသဝစ္ဆရသေ့အား ပစ်မှားမိသဖြင့် မင်းနှင့်တကွ တစ်တိုင်းပြည်လုံး သေကြေပျက်စီးခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၃၊၄၂) (ဇာ၊ဋ္ဌ၊၅၊၁၃၃)
သရဘင်္ဂတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ရှေးဘုရားရှင်တို့အထံတော်၌ ကုသိုလ်ကောင်းမှု ပြုခဲ့ပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ရာဇဂြိုဟ်မြို့၌ ပုဏ္ဏားတစ်ဦး၏ သား ဖြစ်လာခဲ့ပုံ၊ ရသေ့ပြုပြီးနောက် ဘုရားရှင်၏ တရားတော်ကို နာယူရ၍ သာသနာတော်သို့ ဝင်ရောက်လာပြီး ရဟန်းပြုကာ ဝိပဿနာ ရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၁၄၀)
သရဘမိဂဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် သရဘမိဂသမင် ဖြစ်စဉ် ဗာရာဏသီမင်းကြီး သမင်လိုက်သွားသောအခါ မင်းကြီးဘက်မှသမင် ထွက်ပြေးခဲ့ပုံ၊ မင်းကြီးသမင်နောက်သို့ လိုက်သောအခါ အတောင် ခြောက်ဆယ်ရှိသော ချောက်ထဲသို့ ကျပြီး ဒုက္ခရောက်ခဲ့ပုံ၊ ဘုရားအလောင်း သမင်မင်းက သနား၍ ခဲယဉ်းပင်ပန်းစွာ ကယ်တင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၂၆၃) (အံ၊ဋီ၊၁၊၁၄၅)
သလလမာလိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် အရပ်မျက်နှာတို့ကို ထွန်းလင်းတောက်ပစေလျက် တောင်ကြား၌ ထိုင်နေတော်မူသော သိဒ္ဓတ္ထဘုရားရှင်ကို ဖူးမြင်ရသောအခါ ရွှင်လန်းဝမ်းမြောက်စွာဖြင့် လေးမြားဖြင့် ပွင့်ညှာနှင့် တကွ ပန်းကို ပစ်ခတ်ဖြတ်ယူ၍ ဘုရားရှင်အား ကပ်လှူပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါးသို့ လားရောက်ခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော ငါးဆယ့်တစ်ကမ္ဘာအထက်၌ ဇုတိန္ဓရစကြဝတေးမင်းဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၃၀)
သဝနသံသဂ္ဂဝတ္ထု
ဤဝတ္ထု၌ သီဟိုဠ်ကျွန်း ဂိရိရွာ၌ အမျိုးသမီးတစ်ဦး ပဒုမ္မာကြာအိုင်၌ ရေချိုးရင်း သီချင်းဆိုနေစဉ် ကောင်းကင်မှသွားသော ရဟန်းငယ် တိဿ ကြားရ၍ ရာဂစိတ်ဖြစ်ကာ ဈာန်လျှောကျ၍ ပျက်စီးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စူဠနိ၊ဋ္ဌ၊၁၀၂)
သံဝရဇာတက
ဤဇာတ်တော်၌ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီးအား သားတော်တစ်ရာရှိရာ သံဝရ မင်းသားသည် အငယ်ဆုံးသား ဖြစ်ပုံ၊ ဘုရားအလောင်းသည် သံဝရမင်းသား၏ ပညာရှိ အမတ်ဖြစ်၍ သံဝရမင်းသားအား မြို့စား ရွာစားရာထူးကို မယူစေဘဲ ခမည်းတော်အပါး၌သာ ခစားစေပုံ၊ မြို့သူမြို့သားများ၊ နန်းတွင်းအမှုလုပ်များ၊ စစ်သည်တော်များနှင့် အဆင်ပြေအောင် ဆက်ဆံရန် သင်ကြားပေးသဖြင့် သံဝရမင်းသား မင်းဖြစ်လာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၁၃၃)
သဝရဘယဝတ္ထု
ဤဝတ္ထု၌ ကောသလတိုင်း ဇနပုဒ်တစ်ခုရှိ ကျောင်းတစ်ကျောင်းတွင် ဥပုသ်နေ့၌ လူရိုင်းဘေးရန် ဖြစ်ပေါ်လာပုံ၊ ပါတိမောက်အကျယ် ပြရန် အခြေအနေမပေး ဖြစ်လာပုံ၊ ဘုရားရှင် သိတော်မူ၍ မင်းအန္တရာယ်၊ ခိုးသူ၊ မီး၊ ရေ၊ လူ၊ ဘီလူး နတ်၊ သားရဲတိရစ္ဆာန်၊ ပိုးမွှား၊ မှက်၊ ခြင်၊ အသက်၊ သာသနာတော်အတွက် အန္တရာယ်တစ်မျိုးမျိုး ပေါ်ပေါက်နေလျှင် အကျဉ်းနည်းဖြင့် ပါတိမောက်ပြနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၅၂)
သသပဏ္ဍိတဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်း ယုန်မင်း ဖြစ်စဉ် သိကြားမင်းသည် ပုဏ္ဏားယောင်ဆောင်၍ အလှူခံရန် ဘုရားအလောင်း ယုတ်မင်းအထံ လာခဲ့ပုံ၊ ဘုရားလောင်းယုန်မင်းသည် မိမိအသားကို လှူလိုသဖြင့် မီးပုံတွင်းသို့ခုန်ဆင်းခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၁၀၄) (ဇာ၊ဋ္ဌ၊၃၊၄၈)
သံသာရမောစကပေတိဝတ္ထု
ဤဝတ္ထု၌ မဂဓတိုင်း ဣဋ္ဌကဝတီ အမည်ရှိသော ရွာကြီး၌ ဣဋ္ဌကဝတီနှင့် ဒီဃရာဇိမည်သော ရွာငယ်နှစ်ရွာရှိပုံ၊ ထိုရွာသားတို့သည် သတ္တဝါ လူချွတ်မှ ကျွတ်သည်ဟူသော သံသာရ မောစကမိစ္ဆာ အယူရှိကြပုံ၊ ခြ, ပရွက်စသော များစွာသော သတ္တဝါငယ်တို့ကို သတ်ဖြတ်ကြသဖြင့် ပြိတ္တာဘုံ၌ ဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၃၈) (ပေတ၊ဋ္ဌ၊၆၂)
သဠလပုပ္ဖိကာထေရီဝတ္ထု
ဤဝတ္ထု၌ ထေရီလောင်းလျာသည် ကိန္နရီမသည် စင်္ကြံကြွနေသော ဝိပဿီဘုရားရှင်အား ထင်ရှူးပန်း လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘဝတို့၌သာ ကျင်လည်ခဲ့၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာထေရီ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၀၀)
သဠလပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာ ကိန္နရာသည် ဝိပဿီဘုရားရှင်အား ထင်းရူးပန်းကို ကပ်လှူပူဇော်ခဲ့ပုံ၊ ဤကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့တော့ဘဲ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (အပ၊၁၊၂၆၃)
သဠလမဏ္ဍပိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်အလောင်းသည် ကကုသန်ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသောအခါ ထင်းရူးပန်းတို့ဖြင့် မဏ္ဍပ်ပြုလုပ်ကာ လှူဒါန်းပူဇော်ခဲ့သော ကောင်းမှုကြောင့် တာဝတိံသာနတ်ပြည်သို့ ရောက်၍ မြတ်သော ဗိမာန်ကို ရခဲ့ပုံ၊ နေ့၌ ဖြစ်စေ၊ ည၌ ဖြစ်စေ၊ စင်္ကြံသွားလျှင် ဖြစ်စေ၊ ရပ်နေလျှင် ဖြစ်စေ အခါခပ်သိမ်း ထင်းရူးပန်းတို့ဖြင့် ဖုံးလွှမ်းခြင်းကို ခံခဲ့ရပုံ၊ ထင်းရူးပန်းလှူခဲ့သော ဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၉၀)
သာကိယဒါသကဝတ္ထု
ဤဝတ္ထု၌ သာကီဝင်မင်းသမီးတို့သည် တောကျောင်းနေ မထေရ်တို့အား ဆွမ်းဆက်ကပ်လိုသည်ဖြစ်၍ ထိုတောကျောင်းများသို့ သွားကြပုံ၊ သာကီဝင်မင်းတို့၏ ကျွန်ခိုးသူတို့က လမ်းခရီးကို ပိတ်ဆို့ကြပုံ၊ ထိုသတင်းကို ကြား၍ သာကီဝင်မင်းတို့ ထွက်ပြီးလျှင် ထိုကျွန်ခိုးသူတို့ကို ဥစ္စာထုပ်နှင့်တကွ ဖမ်းဆီးကြပုံ၊ တောကျောင်းနေ ရဟန်းများကိုလည်း ‘‘ကျောင်းအရာမ်၌ ခိုးသူတို့နေသည်ကို အဘယ့်ကြောင် မပြောကြားကုန်သနည်း’’ဟု ရဟန်းများကို သာကီဝင်မင်းများက ကဲ့ရဲ့ကြပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ စတုတ္ထ ပါဋိဒေသနီယ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဝိ၊၂၊၂၃၅)
သာကိယမဟာနာမဝတ္ထု
ဤဝတ္ထု၌ မဟာနာမ်မည်သော သာကီဝင်မင်းသည် ကပိလဝတ်မြို့တွင်းသို့ သွားလာ သည့်အခါ ခရီးသွားများ အလွန်ရှုတ်ထွေးသဖြင့် ရတနာသုံးပါး အာရုံများ သတိလွတ် သွားခဲ့ပုံ၊ ‘‘ထိုအချိန်အခါမျိုး၌ သေဆုံးခဲ့လျှင် လားရာဂတိ မည်သို့ရှိမည်နည်း’’ဟု ဘုရားရှင်အား လျှောက်ထားခဲ့ပုံ၊ ဘုရားရှင်က ကိုင်းညွှတ်နေသော သစ်ပင်၏ ဥပမာဖြင့် ဖြေကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (နေတ္တိ၊၁၁၂)
သာကိယဝံသဝတ္ထု
ဤဝတ္ထု၌ ကမ္ဘာဦးအစ သမ္မတမင်း၏သား ရောဇမင်းမှစ၍ ဘဂဒေဝမင်းတိုင်အောင် ရှစ်သောင်းလေးထောင်သော မင်းမျိုးတိ့ုကို ပြဆိုထားပုံ၊ ဘဂဒေဝမင်း နတ်ရွာစံပြီးနောက် ဩက္ကာက မင်းမျိုးစဉ်ဆက်တို့ကို ပြဆိုထားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၂၊၈၉)
သာကေတကတိဿတ္ထေရဝတ္ထု
ဤဝတ္ထု၌ သာကေတကတိဿမထေရ်သည် ပါဠိတော်သင်ခြင်း၊ အနက်အဓိပ္ပါယ်မေးခြင်းကိစ္စတို့၌ အချိန်မပေးတတ်ပုံ၊ ‘‘အရှင်ဘုရား သေဖို့ရန်အချိန်ရှိပါ၏လော’’ဟု အခြားရဟန်းတို့ကမေးသောအခါ သတိသံဝေဂရ၍ သံဃာ့အဖွဲ့အစည်းကို စွန့်ခွာပြီး ကဏိကာရဝါလိက သမုဒ္ဒကျောင်းသို့ ကြွရောက်ခဲ့ပုံ၊ ထိုကျောင်းတွင် ဝါတွင်းသုံးလပတ်လုံး ရဟန်းတော်တို့ကို ပရိယတ်စာပေ သင်ကြားပို့ချခြင်းဖြင့် အကျိုးပြုခဲ့ပုံ၊ သီတင်းကျွတ်လပြည့်နေ့၌ ကျေးရွာနေလူများအား တုန်လှုပ်စေသော တရားကို ဟောကြားပြီး မိမိ၏ ပရိယတ်ကျွမ်းကျင်မှုကို မသိစေလို၍ အဝေးသို့ ကြွသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၄၆) (အံ၊ဋ္ဌ၊၁၊၅၉)
သာကေတဇာတက
ဤဇာတ်တော်၌ ပုဏ္ဏားအိုကြီးသည် ဘုရားရှင်အား တွေ့မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် အတိတ်က အဘိုးအဖြစ်ဖြင့် ဘဝငါးရာ၊ အဖေအဖြစ်ဖြင့် ဘဝငါးရာ၊ ဦးကြီးအဖြစ်ဖြင့် ဘဝငါးရာ တော်စပ်ခဲ့ဖူးသောကြောင့် သားဟူသော ချစ်ခြင်းဖြင့် ခေါ်ဝေါ်ပြောဆိုခဲ့ပုံ၊ ပုဏ္ဏေးမကြီးကလည်း ထို့အတူ ဘဝပေါင်း ထောင့်ငါးရာတိုင်တိုင် အဖွား၊ အမေ၊ အဒေါ်အဖြစ်ဖြင့်တော်စပ်ခဲ့ပုံ၊ ဘုရားရှင်ကလည်း ပုဗ္ဗေနိဝါသဉာဏ်ဖြင့် မြင်တော်မူသဖြင့် ဆိတ်ဆိတ်နေကာ လက်ခံတော်မူခဲ့ပုံ၊ ထို့နောက် ဇရာသုတ္တန်ကို ဟောကြားပြီး ပုဏ္ဏားအိုလင်မယားတို့အား အနာဂါမ်တည်စေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၂၆)
သာကေတဇာတက
ဤဇာတ်တော်၌ သာကေတပုဏ္ဏားကြီးသည် ဘုရားရှင်ကို မြင်လျှင်မြင်ချင်း သားအရင်း ကဲ့သို့ ချစ်ခင်ခြင်း၏ အကြောင်းရင်းကို လျှောက်ထားကြပုံ၊ ဘုရားရှင်က ‘‘အတိတ်ဘဝ ပေါင်းများစွာက အတူအကွ နေထိုင်ခဲ့ဖူးသောကြောင့်လည်းကောင်း၊ ယခုဘဝ၌ ကောင်းကျိုးကို ဆောင်ရွက်သောကြောင့်လည်းကောင်း၊ ချစ်ခြင်းမေတ္တာ ဖြစ်၏’’ဟု ဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၁၅)
သာကေတပဥှဝတ္ထု
ဤဝတ္ထု၌ သာကေတမြို့သား ဥပါသကာတို့သည် ဥပုသ်ဇရပ်၌ ထိုင်နေကြစဉ် စေတနာ တစ်ခုဖြင့် ကံပြုလုပ်သည်ရှိသော် ပဋိသန္ဓေတစ်ကြိမ်သာ ဖြစ်သလော (သို့မဟုတ်) အကြိမ်များစွာ ဖြစ်သလောဟု ပြဿနာပေါ်လာသဖြင့် မထေရ်တို့ကို မေးမြန်ရာ သရက်စေ့ တစ်စေ့မှ သရက်ပင်ပေါက် တစ်ပင်သာပေါက်သကဲ့သို့ စေတနာတစ်ခုမှ ပဋိသန္ဓေတစ်ခုသာ အကျိုးပေးကြောင်း မထေရ်တို့က ဖြေဆိုကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၃၀၈)
သာဂတတ္ထေရဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားသည် စေတိယတိုင်း ဘဒ္ဒဝတိကာမြို့ အမ္ဗတိဋ္ဌရွာသို့ ကြွတော်မူစဉ် အမ္ဗတိဋ္ဌရသေ့၏ သင်္ခမ်းကျောင်း၌ နေသော အလွန်အဆိပ်ပြင်းထန်သည့် နဂါးကြီးကို အရှင်သာဂတမထေရ် ဆုံးမနိုင်ခဲ့ပုံ၊ လူတို့သည် အလွန်ကြည်ညိုကာ ခိုခြေရောင် အဆင်းရှိသည့် အရက်များကို သာဂတမထေရ်အား တိုက်ကြပုံ၊ သာဂတမထေရ် ရွာအထွက်တွင် မူးလဲသဖြင့် ကျောင်းတော်သို့ ရဟန်းများက သယ်ဆောင်သွားကြရာ ကျောင်းရောက်သောအခါ၌လည်း ဘုရားရှင်ဘက် ခြေထောက် ထိုးထားပုံ၊ ဘုရားရှင်က ကဲ့ရဲ့တော်မူ၍ ‘‘သေရည်သေရက် သောက်သော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု သုရာပါန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၄၄) (ဇာ၊ဋ္ဌ၊၁၊၃၈၁)
သာဂတတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်က တေဇောကသိုဏ်း သမာပတ် ဝင်စားသည့်အရာ၌ ဧတဒဂ်ပေးခံရသော ရဟန်းတစ်ပါးကို အားကျကာ ကုသိုလ်ပြု၍ ထိုဧတဒဂ်ရရန် ဆုတောင်းခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် သုဂတိဘုံတို့၌သာ ဖြစ်ခဲ့ရပြီး ဤဂေါတမဘုရားရှင့်လက်ထက်တော်၌ သာဝတ္ထိမြို့၌ ပုဏ္ဏားတစ်ဦး ဖြစ်၍ ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၂၅၁) (အပ၊၁၊၉၂) (အပ၊ဋ္ဌ၊၂၊၅၂)
သာဋိမတ္တိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ သာဋိမတ္တိယမထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်အား ထန်းရွက် ယပ်တောင် လှူခဲ့သော ကုသိုလ်ကံကြောင့် ဤဂေါတမဘုရားရှင့်လက်ထက်တော်၌ သာဋိမတ္တိယ ပုဏ္ဏား ဖြစ်လာပုံ၊ မြတ်စွာဘုရားအထံတော်၌ ရဟန်းပြုပြီး ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ၊ တစ်နေ့တွင် ထိုမထေရ် ဆွမ်းခံဝင်သောအခါ အလွန်ကြည်ညိုသော ဒါယကာတို့ အထင်လွဲစေရန် မာရ်နတ်သည် မထေရ်ယောင်ဖန်ဆင်း၍ ဒါယိကာမလေးတစ်ဦး၏ လက်ကို ဆွဲကိုင်ခဲ့ပုံ၊ သို့ဖြစ်၍ ဒကာများက အထင်လွဲပြီး မကြည်ညိုကြတော့ပုံ၊ ထိုအကြောင်းကို မထေရ်သိသဖြင့် မာရ်နတ် လည်ပင်းတွင် ခွေးသေကောင်ပုပ်ဆွဲ၍ လွှတ်လိုက်ပုံ၊ လူတို့က တောင်းပန်မှ ချွတ်ပေးတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၆၀)
သာဏဝါသီထေရဿ ဉာတိပေတဝတ္ထု
ဤဝတ္ထု၌ ကိတဝဿမင်းသားသည် သုနေတ္တမည်သော ပစ္စေကဗုဒ္ဓါ၏ သပိတ်ကို လုယူ၍ မြေ၌ ပစ်ချပေါက်ခွဲပစ်လိုက်ပုံ၊ ယင်းအကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် အဝီစိငရဲ၌ နှစ်ပေါင်းများစွာ ကျရောက်ခဲ့ပြီးနောက် ပြိတ္တာဘဝ ရောက်ရှိခဲ့ပုံ၊ ထိုပြိတ္တာဘဝမှ လွတ်မြောက်ပြီးနောက် ကုဂန္ဒိကမြို့အနီးရှိ တံငါရွာ တစ်ရွာ၌ ဖြစ်ခဲ့ပုံ၊ ကလေးသူငယ်ဘဝကပင် ဇာတိဿရဉာဏ်ကို ရရှိခဲ့သဖြင့် မကောင်းမှုအကုသိုလ် အလုပ်များကို ရှောင်ကြဉ်ခဲ့ပုံ၊ မိဘများက နှင်ထုတ်သဖြင့် ရှင်အာနန္ဒာနှင့် တွေဆုံပြီးရဟန်းပြုကာ ရဟန္တာ ဖြစ်ခဲ့ပုံ၊ ဆွေမျိုးများ ကွယ်လွန် သောအခါ ပြိတ္တာဘဝသို့ ရောက်ရှိသွားကြသဖြင့် မထေရ်မြတ်က ကယ်တင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၆၈) (ပေတ၊ဋ္ဌ၊၁၆၄)
သာတာဂိရဟေမဝတဝတ္ထု
ဤဝတ္ထု၌ ကဿပ မြတ်စွာဘုရားရှင်၏ သာသနာတော်၌ စာပေပရိယတ်ကျွမ်းကျင်၍ ဝိနည်း အဆုံးအဖြတ်၌ ကျွမ်းကျင်ကြကုန်သော တပည့်ငါးရာစီရှိသော မထေရ်ကြီးနှစ်ပါးတို့သည် တောကျောင်းနေ အဓမ္မဝါဒီ ရဟန်းဆိုးတစ်ပါး၏ ပစ္စည်းပစ္စယ လာဘ်လာဘများကို ငဲ့ကွက်၍ မမှန်မကန် ဆုံးဖြတ်ခဲ့ကြပုံ၊ ထိုအကုသိုလ်ကံကြောင့် ဟေမဝတနှင့် သာတာဂိရ နတ်ဘီလူးကြီးများ ဖြစ်ကျ၍ ဤဂေါတမဘုရားရှင် ပွင့်တော်မူသောအခါ ဓမ္မစကြာတရားပွဲသို့ တရားတော်နာ ရောက်လာကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၉၂)
သာဓိနဇာတက
ဤဇာတ်တော်၌ သာဓိနမင်းကြီးသည် မြို့တံခါးလေးပေါက်၊ နန်းတော်၏တံခါးမုခ်နှင့် မြို့အလယ်-ဟူသော ဤခြောက်ဌာနတို့၌ အလှူမဏ္ဍပ်များကို ဆောက်လုပ်ကာ နေ့စဉ်နေ့တိုင်း အသပြာခြောက်သိန်း အကုန်အကျခံပြီး အလှူဒါနကို ပြုလေ့ရှိပုံ၊ တိုင်းသူပြည်သားတို့လည်း ဒါနသီလကုသိုလ်များကို ပြုလုပ်သောကြောင့် ကွယ်လွန်သောအခါ တာဝတိံသာနတ်ပြည်၌ နတ်တို့ပြည့်နှက်၍ နေကြပုံ၊ တာဝတိံသာနတ်များက သာဓိနမင်းကြီးကို တောင့်တကြသဖြင့် သိကြားမင်းက မာတလိနတ်သားအား တာဝတိံသာနတ်ပြည်သို့ သာဓိန မင်းကြီးကို ပင့်ဆောင်စေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၃၅၅)
သာဓုသီလဇာတက
ဤဇာတ်တော်၌ ပုဏ္ဏားကြီး၏ သမီးလေးယောက်တို့အား အမျိုးသားလေးယောက်တို့ လာရောက် တောင်းဆိုကြပုံ၊ အဆင်းလှသူ၊ အရွယ်ကြီးသူ၊ အမျိုးမြတ်သူ၊ အကျင့်သီလရှိသူ လေးဦးတို့တွင် မည်သူနှင့် ပေးစားထိုက်သည် မပေးစားထိုက်သည်ကို မဆုံးဖြတ်နိုင်ပုံ၊ ထိုအကြောင်းကို ဘုရားရှင်အား လျှောက်ထားသောအခါ ဘုရားရှင်က အတိတ်ဇာတ်ကြောင်းကို ဆောင်ပြကာ ကိုယ်ကျင့်သီလရှိသူကိုသာ ဦးစားပေးထိုက်ကြောင်း မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၂၅)
သာနုတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်အား မျက်နှာသစ်တော်ရေ စသည် လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရ၍ ဤဘုရားရှင်လက်ထက်တော်၌ သာနုအမည်ရှိသော ရှင်သာမဏေဖြစ်၍ ခုနစ်သားအရွယ်မှာပင် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၄၂)
သာနုသာမဏေရဝတ္ထု
ဤဝတ္ထု၌ သာနုသာမဏေသည် ငယ်ရွယ်စဉ်ကပင် ကျင့်ဝတ်သီလနှင့် ပြည့်စုံပုံ၊ သရဘညသုတ်ကို ရွတ်ဆိုပြီးနောက် မယ်တော် ခမည်းတော်တို့အား အမျှပေးဝေခဲ့ပုံ၊ ဘဝဟောင်းက မိခင်ဖြစ်ခဲ့ဖူးသော ဘီလူးမကသာဓုခေါ်ခဲ့ပုံ၊ သာမဏေငယ်၏ ဘုန်းတန်ခိုးကြောင့် အခြားသောနတ်ဘီလူးများကပါ သာနုမိခင်ဘီလူးမကို ရိုသေလေးစားကြပုံ၊ သာမဏေငယ် အရွယ်ရောက်လာသောအခါ လူထွက်ရန် ကြံစည်ခဲ့ပုံ၊ ဘီလူးမက ဝင်ရောက်ပူးကပ်၍ တားမြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၁၆) (သံ၊ဋ္ဌ၊၁၊၂၇၉)
သာမဂါမဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် သက္ကတိုင်း သာမရွာ၌ သီတင်းသုံးတော်မူစဉ် နိဂဏ္ဌနာဋပုတ္တတိတ္ထိဆရာကြီး ကွယ်လွန်သွားခဲ့ပုံ၊ တိတ္ထိဆရာကြီး ကွယ်လွန်သွားသောအခါ သူ၏ တပည့်များ အချင်းချင်း အယူဝါဒရေးရာ၌ အငြင်းပွားကာ အသင်းကွဲကြပုံ၊ စုန္ဒသာမဏေသည် ထိုအကြောင်းအရာကို အရှင်အာနန္ဒာထေရ့်ထံ သွားရောက် လျှောက်ထားခဲ့ပုံ၊ အရှင်အာနန္ဒာမထေရ်က စုန္ဒသာမဏေကို ခေါ်၍ အထက်ပါအကြောင်းအရာကို ဘုရားရှင့်ထံ သွားရောက် လျှောက်ထားခဲ့ပုံ၊ ဘုရားရှင်က ဝါဒဖြစ်ခြင်းအကြောင်း ခြောက်ပါး စသည်တို့ကို ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၃၊၃၂) (မ၊ဋ္ဌ၊၄၊၂၁)
သာမညကာနိတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဤမထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား ခုတင်တစ်လုံး ပြုလုပ်လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရ၍ ဤဘုရားရှင်လက်ထက်တော်၌ ရဟန်းပြုကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၂၃)
သာမဏေရပဗ္ဗဇိတဝတ္ထု
ဤဝတ္ထု၌ အမျိုးတစ်မျိုးတွင် အလွန်ကူးစက်မြန်ပြီး အသေအပျောက်မြန်သော အဟိဝါတကခေါ် ကပ်ရောဂါဆိုးတစ်မျိုး ခံစားရသဖြင့် သားအဖနှစ်ဦးမှ လွဲ၍ တစ်မျိုးလုံး သေဆုံးခဲ့ကြပုံ၊ ထိုသားအဖတို့ ရဟန်းဘောင်ဝင်လာကြပြီး အတူ ဆွမ်းခံကြသောအခါ ဖခင်ရဟန်းကို လှူလျှင် ငယ်ရွယ်သေးသော သားငယ်က ‘‘သားကိုလည်း ပေးပါ’’ဟု ထပ်ကာထပ်ကာ တောင်းနေသည်ကို လူတို့က ကဲ့ရဲ့သဖြင့် အသက် ၁၅-နှစ် ပြည့်မှသာ ရှင်ပြုပေးရန် ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ၊ ထို့နောက် အရှင်အာနန္ဒာ၏ ဆွမ်းခံအိမ်မှ မိသားစုတို့သည် အဟိဝါတကရောဂါကြောင့် သေဆုံးကြပြီး ကလေးငယ်နှစ်ဦးသာ ကျန်ရာ ရှင်ပြုပေးလိုကြောင်း ဘုရားရှင်အား လျှောက်ထားပုံ၊ ‘‘ကျီးခြောက်နိုင်သော သူငယ်တို့ကို ရှင်ပြုပေးနိုင်သည်’’ဟု ထပ်မံ ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၀၉)
သာမဏေရဝတ္ထု
ဤဝတ္ထု၌ ပုဏ္ဏေးမကြီးသည် ရည်ညွှန်းဆွမ်းကို စီမံ၍ ပုဏ္ဏားကြီးကို ဇေတဝန်ကျောင်းသို့ လွှတ်ကာ ဗြာဟ္မဏကြီး လေးဦးတို့အား ပင့်ဖိတ်ခိုင်းခဲ့ပုံ၊ ရဟန္တာသာမဏေလေးပါးတို့ ကြွလာသောအခါ ပုဏ္ဏေးမကြီးက အထင်သေး၍ ဆက်ဆံခဲ့ပုံ၊ နောက်ထပ်အရွယ်ကြီးသော ရဟန်းတစ်ပါးကို ပင့်ဖိတ်ခိုင်း၍ အရှင်သာရိပုတ္တရာမထေရ် ကြွလာတော်မူပုံ၊ နံနက်မှ စ၍ ဆွမ်းမဘုဉ်းပေးရသေးသဖြင့် ဆာလောင်နေသော သာမဏေတို့ကို သိကြားမင်း ကူညီပုံ၊ ထိုအကြောင်းအရာကို ရဟန်းများမှ တစ်ဆင့် မြတ်စွာဘုရား သိတော်မူ၍ ဗြာဟ္မဏမည်ထိုက်သူ၏ အရည်အချင်းတို့ကို ဟောပြတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၁၆)
သာမဏ္ဍကာနိပရိဗ္ဗာဇကဝတ္ထု
ဤဝတ္ထု၌ သာမဏ္ဍကာနိမည်သော ပရိဗိုဇ်မသည် အရှင်သာရိပုတ္တရာမထေရ်အား ‘‘ချမ်းသာဟူသည် အဘယ်နည်း၊ ဆင်းရဲဟူသည် အဘယ်နည်း’’ဟု မေးမြန်းလျှောက်ထားပုံ၊ အရှင်သာရိပုတ္တရာမထေရ်က ဘဝသစ်၌ တစ်ဖန်ဖြစ်ရသည့်အခါ အေးမှု, ပူမှု, ဒုတ်လှံ စသည်တို့ဖြင့် ထိခိုက်ခံရမှု, သူတစ်ပါးတို့၏ ချုပ်ချယ်ခံရမှု, သာသနာတော်၌ မမွေ့လျော်မှု စသည်တို့သည် ဆင်းရဲခြင်းဖြစ်ကြောင်း၊ တစ်ဖန် ဘဝသစ်၌ မဖြစ်ရတော့ခြင်း, သာသနာတော်၌ မွေ့လျော်ခြင်းစသည်တို့သည် ချမ်းသာခြင်းဖြစ်ကြောင်း ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၃၊၃၅၂)
သာမာထေရီဝတ္ထု
ဤဝတ္ထု၌ ကောသမ္ဗီမြို့မှ သာမာမည်သော သတိုးသမီးသည် သာမာဝတီ သူငယ်ချင်းမ ကွယ်လွန်သဖြင့် သံဝေဂရပြီး ရဟန်းမ ပြုခဲ့ပုံ၊ သို့သော် သာမာဝတီကို လွမ်းတပူဆွေးသည့် သောကကို မဖြေဖျောက်နိုင်သဖြင့် အရိယာမဂ်ကို မရနိုင်ခဲ့ပုံ၊ အရှင်အာနန္ဒာ၏ အဆုံးအမကို နာကြားရ၍ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၄၅)
သာမာဝတီဝတ္ထု
ဤဝတ္ထု၌ သာမာဝတီမိဖုရား မြတ်စွာဘုရားအား ကိုးကွယ်နေသည်ကို မရှုစိမ့်သော မာဂဏ္ဍီမိဖုရား၏ အကောက်ကြံမှုကြောင့် ဥတေနမင်းက သာမာဝတီမိဖုရာကို လေးဖြင့် ပစ်သတ်ရန် ကြိုးစားခဲ့ပုံ၊ သာမာဝတီသည် မေတ္တာပို့နေသဖြင့် ဥတေနမင်း၏ လေးမှ မြားမထွက်နိုင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၉) (ပဋိသံ၊ဋ္ဌ၊၂၊၂၈၇)
သာမာဝတီဝတ္ထု
ဤဝတ္ထု၌ ဥတေနမင်း၏ မိဖုရား သာမာဝတီသည် မိမိ၏ ကျွန်မခုဇ္ဇုတ္တရာထံမှ တရားနာရသဖြင့် သောတာပန် ဖြစ်ခဲ့ပုံ၊ ဘုရားရှင်၏ အရိယာသာဝိကာမတစ်ဦး ဖြစ်လာပြီး ဘုရားရှင်ကို ကိုးကွယ်ခဲ့ပုံ၊ မာဂဏ္ဍီမိဖုရား အကောက်ကြံမှုကြောင့် မီးလောင် သေဆုံးခဲ့ရပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၀၃) (ဥဒါန၊ဋ္ဌ၊၃၄၆)
သာမိဒတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဤမထေရ်လောင်းလျာသည် အတ္ထဒဿီဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူ၍ တည်ထားသော သရီရဓာတုစေတီတော်၌ ပန်းတို့ကို ထီးပုံသဏ္ဌာန်အဆင့်ဆင့်ပြုလုပ် လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရ၍ ဤဘုရားရှင့်လက်ထက်တော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၃၈)
သာရမ္ဘဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းသည် ဂန္ဓာရတိုင်း တက္ကသိုလ်ပြည် ပုဏ္ဏားတစ်ဦး၏ အထံ၌ သာရမ္ဘမည်သော နွားလား ဖြစ်ခဲ့ပုံ၊ သခင်ပုဏ္ဏားကြီးအား ကျေးဇူးဆပ်လိုသဖြင့် လှည်းတစ်ရာကို ဆွဲနိုင် မဆွဲနိုင် အသပြာတစ်ထောင်ဖြင့် အလောင်းအစား ပြုလုပ်ခိုင်းပုံ၊ ပုဏ္ဏားကြီးက ဆဲဆိုကြိမ်းမောင်းပြီး မဟုတ်မမှန် ပြောဆိုကာ မောင်းနှင်သဖြင့် ဝန်ကို မရုန်းဘဲ နေသောအခါ အသပြာတစ်ထောင် ရှုံးခဲ့ရပုံ၊ သာရမ္ဘနွားလားဥသဘက အပြစ်ဒေါသကင်းစင်ပြီး ချစ်ခင်နှစ်သက်ဖွယ်သော စကားကိုသာ ပြောဆိုသင့်ကြောင်း ဆုံးမလျက် နောက်တစ်ခါ နှစ်ထောင်ဖြင့် အလောင်းအစား ပြုလုပ်ခိုင်းခဲ့ပုံ၊ ပုဏ္ဏားကြီးက ချစ်ခင်ဖွယ်စကားကို ပြောဆိုပြီး စေခိုင်းသဖြင့် အသပြာတစ်ထောင် အနိုင်ရခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၉၇)
သာရိပုတ္တတ္ထေရမာတုပေတိဝတ္ထု
ဤဝတ္ထု၌ အရှင်သာရိပုတ္တရာ၏ လွန်ခဲ့သော ငါးဘဝမြောက်က မိခင်တော်ခဲ့ဖူးသော ပုဏ္ဏေးမကြီးသည် မိမိလင်ယောက်ျား ပုဏ္ဏားကြီးတည်ခင်းထားသော အလှူအတန်း ဝတ်များကို လင်ယောက်ျားခရီးထွက်နေစဉ် ဖြတ်တောက်ပစ်ခဲ့ပုံ၊ နေရန်အတွက် ဇရပ်အစုတ်မှာ နေကြ၊ ထမင်းအဖျော်အတွက် ကျင်ကြီး၊ ကျင်ငယ် သွေးပုပ်များကို စားကြ၊ သင်တို့မိခင်၏ ဦးနှောက်ကို ဖောက်စားကြစသည်ဖြင့် ရဟန်းတို့အား စက်ဆုပ်ဖွယ် မြည်တွန်တောက်တီးခဲ့ပုံ၊ ထိုအကုသိုလ်ကံတို့ကြောင့် သူတစ်ပါးတို့ စွန့်ပစ်သော ချွေး၊ နှပ်၊ သလိပ်၊ သွေးပုပ်၊ ပြည်ပုပ် စသည်ကို စားရသော ဒုက္ခသည် ပြိတ္တာမကြီးဘဝသို့ ရောက်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၄၀) (ပေတ၊ဋ္ဌ၊၇၂)
သာရိပုတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ အဂ္ဂသာဝကနှစ်ပါးတို့သည် ကပေါတချောက်၌ သီတင်းသုံးနေတော်မူကြပုံ၊ အရှင်သာရိပုတ္တရာ၏ ဦးထိပ်ကို မိစ္ဆာဘီလူးက ပြင်းထန်စွာ ရိုက်နှက်ခဲ့ပုံ၊ ဘီလူး၏ ရိုက်ချက်အားသည် ဆင်တစ်ကောင်ဖင်ထောင်ကျလောက်အောင် ပြင်းလှသော်လည်း မထေရ်မြတ်မှာသမာပတ် ဝင်စားနေသဖြင့် ခေါင်းအနည်းငယ်နာကျင်ရုံမျှသာ ခံစားခဲ့ရပုံ၊ ထိုဘီလူးမှာ ပူလောင်သော ဝေဒနာဖြစ်ပေါ်၍ သေဆုံးကာ အဝီစိငရဲသို့ ကျရောက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊၁၂၃) (ဥဒါန၊ဋ္ဌ၊၂၂၁) (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၈) (ပဋိသံ၊ဋ္ဌ၊၂၊၂၈၂)
သာရိပုတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်သာရိပုတ္တရာမထေရ်ကြီးမှာ ကိုယ်ပူနာရောဂါ ဖြစ်သဖြင့် အရှင်မောဂ္ဂလ္လာန် မထေရ်မြတ်သည် မန္ဒာကိနီ ရေကန်သို့ ကြွတော်မူခဲ့ပုံ၊ နဂါးတစ်ကောင်သည် ကြာစွယ်ကြာရင်းတို့ကို နုတ်၍ ကောင်းစွာ ဆေးကြောပြီး အထုံးထုံးကာ ကျောင်းတော်သို့ လိုက်ပို့ခဲ့ပုံ၊ အရှင်သာရိပုတ္တရာသည် ထိုကြာစွယ်တို့ကို ဘုဉ်းပေးတော်မူရ၍ ရောဂါ ပျောက်ကင်းခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၀၈)
သာရိပုတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်သာရိပုတ္တရာမထေရ်သည် ဆွမ်းခံဝင်ချိန်၌ အခြားရဟန်းများကဲ့သို့ စောစောစီးစီး မဝင်ဘဲ ကျောင်းတိုက်ကြီးတစ်ခုလုံးကို လှည့်လည်ကြည့်ရှုလေ့ရှိတော်မူပုံ၊ တံမြက်စည်း မလှည်းရသေးလျှင် တံမြတ်စည်းလှည်းခြင်း၊ အမှိုက်စွန့်ခြင်း၊ ခုတင်ညောင်စောင်း၊ အိုးခွက်များကို စနစ်တကျသိမ်းဆည်းခြင်း၊ ဂိလာနရဟန်းတို့ထံ ကြွရောက်၍ အလိုရှိရာ မေးမြန်းစုံစမ်းခြင်း စသောဝတ်ကြီး ဝတ်ငယ်များ ပြုစုပြီးမှ ဆွမ်းခံဝင်လေ့ရှိတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၂၊၂၃၆)
သာရိပုတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် အာရညကင်ဓုတင်ဆောက်တည်သော ရဟန်းသုံးဆယ်တို့ ဘုရားရှင်ထံ လာရောက်ဖူးကြပုံ၊ ဘုရားရှင်က ထိုရဟန်းတော် သုံးဆယ်တို့၏ ရဟန္တာဖြစ်မည့်အကြောင်းကို သိမြင်တော်မူသဖြင့် အနီးတွင် ထိုင်နေသော အရှင်သာရိပုတ္တရာမထေရ်အား ဣန္ဒြေငါးပါးနှင့် ပတ်သက်သော ပြဿနာကို မေးတော်မူခဲ့ပုံ၊ အရှင်သာရိပုတ္တရာ၏ ဖြေကြားချက်ကို ဘုရားရှင်က တစ်ဖန် ထပ်ဆင့် ရှင်းလင်းဟောကြားတော်မူသဖြင့် အာရညကင်ဓုတင်ဆောင် ရဟန်းတော်သုံးဆယ်တို့ ရဟန္တာ ဖြစ်သွားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၉၅)
သာရိပုတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်သာရိပုတ္တရာ၏ အမျက်မထွက်ခြင်းဂုဏ်ကို ကြားလျှင် မယုံကြည်သော ပုဏ္ဏားတစ်ဦးက မထေရ်မြတ်ကို ထိပါးပုတ်ခတ်၍ စမ်းသပ်ပုံ၊ လက်တွေ့သိရှိပြီးနောက် မထေရ်မြတ်ကို ကြည်ညို၍ ဥပါသကာဖြစ်လာပုံ၊ အရှင်မြတ်၏ ဒကာတို့က မကျေနပ်၍ ပုဏ္ဏားကို ရိုက်နှက်ရန် ကြိုးစားကြပုံ၊ ရဟန်းတို့ကလည်း မကျေနပ်ကြောင်း၊ မြတ်စွာဘုရားရှင် သိတော်မူ၍ ရဟန္တာဗြာဟ္မဏနှင့် လူဗြာဟ္မဏတို့ကို နှိုင်းယှဉ်ပြကာ မေတ္တာတရား၏ ဂုဏ်ကို မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၉၈)
သာရိပုတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်သာရိပုတ္တရာမထေရ်သည် အရှင်အဿဇိ သီတင်းသုံးရာအရပ်သို့ လက်အုပ်ချီကာ ဦးခေါင်းထား၍ ကျိန်းလေ့ရှိတော်မူပုံ၊ မသိသော ရဟန်းတို့က မိစ္ဆာအယူရှိ၍ အရပ်မျက်နှာကို ရှိခိုး၏ဟု ထင်မှတ်ကြပုံ၊ ထိုအကြောင်းကို မြတ်စွာဘုရားရှင်သိတော်မူ၍ စစ်ဆေးမေးမြန်းကာ ဆရာသမားဖြစ်သူကို ရိုသေသင့်ကြောင်း ရှိခိုးသင့်ကြောင်း မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၀၁)
သာရိပုတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်သာရိပုတ္တရာမထေရ်၏ မယ်တော်သည် အရှင်မြတ်နှင့် နောက်ပါ တပည့်တို့ကို ရေရွတ်ပြောဆို၍ ဆွမ်းလှူဒါန်းခဲ့ပုံ၊ အရှင်သာရိပုတ္တရာမထေရ်က စိတ်ဆိုးနေသော မယ်တော်ကို မည်သို့မျှ ပြန်မပြောခဲ့ပုံ၊ အရှင်ရာဟုလာက ထိုအကြောင်းကို မြတ်စွာဘုရားရှင်ထံ လျှောက်ထားခဲ့ပုံ၊ မြတ်စွာဘုရားက ဗြာဟ္မဏမည်သော ပုဂ္ဂိုလ်တို့မှာ အမျက်ဒေါသမရှိကြောင်း ဟောပြတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၀၉)
သာရိပုတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်သာရိပုတ္တရာမထေရ်သည် ဖြစ်ပေါ်လာသော ဝါဆိုသင်္ကန်းကို မိမိအထံသို့ အပို့ခိုင်းသောကြောင့် ‘‘အရှင်မြတ်မှာ လောဘ ရှိသေး၏’’ဟု မှတ်ထင်၍ ရဟန်းများက ကဲ့ရဲ့ကြပုံ၊ မြတ်စွာဘုရား သိတော်မူ၍ အရှင်သာရိပုတ္တရာ၏ ရည်ရွယ်ချက်ကို ရှင်းပြတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၂၁)
သာရိပုတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်သာရိပုတ္တမထေရ်အလောင်း အမျိုးကောင်းသားသည် အနောမဒဿီ ဘုရားရှင်အား သစ်သီး မျိုးစုံတို့ကို လှူဒါန်း၍ ပထမအဂ္ဂသာဝကဖြစ်ရန် ဆုတောင်းခဲ့ပုံ၊ ဤဂေါတမဘုရားရှင့်လက်ထက်တော်၌ ဥပတိဿပရိဗိုဇ် ဖြစ်လာ၍ အရှင်မောဂ္ဂလ္လာန် မထေရ်အလောင်း ကောလိတပရိဗိုဇ်နှင့်အတူ တရားထူး ရှာကြပုံ၊ အရှင်အဿဇိမထေရ်နှင့် တွေ့၍ သောတာပန်တည်ခဲ့ပုံ၊ မြတ်စွာဘုရားအထံတော်သို့ ရောက်၍ ဧဟိဘိက္ခုရဟန်း ဖြစ်ကာ တစ်ဆယ့်ငါးရက်ကြာသောအခါ ရဟန္တာ ဖြစ်၍ ပညာအရာ၌ ဧတဒဂ်ဘွဲ့ ရတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၅၀) (ထေရ၊ဋ္ဌ၊၂၊၃၇၀) (အပ၊ဋ္ဌ၊၁၊၂၂၈) (သာရတ္ထ၊ဋီ၊၃၊၂၂၄)
သာရိပုတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်သာရိပုတ္တရာသည် လူ့ဘဝတုန်းက ရေမရောသည့် နို့ဃနာဖြင့် လေနာ ရောဂါပျောက်ဖူးကြောင်း ပြောဆိုသံကို ရုက္ခစိုးနတ်ကကြားခဲ့ပုံ၊ ရွာသားတစ်ဦးကို ရုက္ခစိုးက ဝင်ပူး၍ မထေရ်အားနို့ဃနာဆွမ်း လှူစေရန် စီစဉ်ခဲ့ပုံ နို့ဃနာဆွမ်းရလာသဖြင့် ဆင်ခြင်ကြည့်သောအခါ ဝစီဝိညတ်ကြောင့် ဖြစ်ပေါ်လာကြောင်း မထေရ်မြတ် သိရ၍ စွန့်ပယ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၃၉)
သာရိပုတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်သာရိပုတ္တရာမထေရ်သည် ဘုရားရှင်နှင့် အဂ္ဂသာဝကတို့ မည်သူက ရှေးဦးစွာ ပရိနိဗ္ဗာန် စံဝင်လေ့ရှိကြသနည်းဟု ဆင်ခြင်သောအခါ အဂ္ဂသာဝကတို့က ရှေးဦးစွာပရိနိဗ္ဗာန် စံဝင်လေ့ရှိကြကြောင်း သိတော်မူ၍ မိမိ၏အာယုသင်္ခါရကို ဆင်ခြင်ခဲ့ပုံ၊ ခုနစ်ရက်သာ အသက်ကြွင်းရှိတော့ကြောင်း သိတော်မူသဖြင့် ဘုရားရှင်ထံ ခွင့်ပန်ပြီး မိမိမွေးဖွားရာ နာဠကရွာသို့ ကြွတော်မူကာ ဖွားရာတိုက်ခန်း၌ သီတင်းသုံးတော်မူစဉ် နတ်မင်းကြီးလေးပါးနှင့် သိကြား၊ ဗြဟ္မာတို့ လာရောက်ဖူးမြော်ကြပုံ၊ ထိုအခြင်းရာကို မယ်တော်ပုဏ္ဏေးမကြီး တွေ့မြင်ပြီး အရှင်သာရိပုတ္တရာထေရ်အား မေးမြန်းလျှောက်ထားသောအခါ အရှင်သာရိပုတ္တရာမထေရ်ကက တရားဟောတော်မူသဖြင့် မယ်တော်ပုဏ္ဏေးမကြီး သောတာပန် တည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၁၃၉)
သာရိပုတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် တည်းခိုရာ ဇရပ်မဏ္ဍပ်စသည်တို့၌ လာရောက်တည်းခိုသော ရဟန်းသံဃာများအတွက် ဝတ်ပြုတည်ခင်းထားသော အာဝသထပိဏ္ဍကို ရဟန်းတို့သည် တစ်ရက်သာ ခံယူသုံးဆောင်ရမည်ဟု သိက္ခာပုဒ်ပညတ်ပြီးဖြစ်သဖြင့် တစ်နေ့တွင် အရှင်သာရိပုတ္တရာသည် ကောသလတိုင်း၌ ဒေသစာရီလှည့်လည်လာစဉ် ဇရပ်တစ်ခု၌တည်း၍ ထိုအာဝသထပိဏ္ဍကို ခံယူဘုဉ်းပေးပြီးနောက် ရောဂါပြင်းထန်စွာ ရပုံ၊ လူတို့က နောက်တစ်နေ့တွင် ဆွမ်းကပ်သော်လည်း မခံယူတော့ဘဲ ဆွမ်းမဘုန်းပေးဘဲ နေတော်မူခဲ့ပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ ‘‘ဂိလာနရဟန်းတို့သည် တစ်ရက်မျှမက ခံယူနိုင်သည်’’ဟု မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၉၆)
သာရိပုတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်က ရဟန်းတို့အား ကြက်သွန်ဖြူ မစားရဟု ပညတ်တော်မူပြီးနောက် အရှင်သာရိပုတ္တရာမှာ လေနာရောဂါစွဲကပ်ခဲ့ပုံ၊ ယခင်က ကြက်သွန်ဖြူနှင့် ပျောက်ကင်းကြောင်း အရှင်မောဂ္ဂလ္လာန်အား ပြောပြတော်မူသဖြင့် ဘုရားရှင်က ရောဂါအတွက် ကြက်သွန်ဖြူကို သုံးခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၈၂)
သာရိပုတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်သာရိပုတ္တရာမထေရ်ကြီး၏ ဒါယကာတစ်ဦးသည် သူ၏သားကို ရှင်ပြုပေးရန် အပ်နှံလာပုံ၊ ဘုရားရှင်က ရဟန်းတစ်ပါးသည် သာမဏေနှစ်ပါး လက်မခံရဟု သိက္ခာပုဒ်ပညတ်တော်မူထားပုံ၊ မထေရ်ကြီးမှာလည်း ကိုရင်ရာဟုလာ ရှိနှင့်ပြီးဖြစ်၍ နောက်တစ်ပါး လက်ခံရန်အတွက် အခက်အခဲ တွေ့နေပုံ၊ ဘုရားရှင်အား လျှောက်ထားရာ ဝိနည်းအရာ လိမ္မာကျွမ်းကျင်သူဖြစ်ပါက သာမဏေနှစ်ပါး လက်ခံနိုင်ကြောင်း ခွင့်ပြုတော်မူပုံ၊ သာမဏေများအတွက် သိက္ခာပုဒ် ၁၀-ပါးကို ကျင့်ဆောင်ရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၁၆)
သာရိပုတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်သာရိပုတ္တရာမထေရ်သည် ဟိမဝန္တာတောင် ချိုင့်ကြားတစ်နေရာတွင် တံမြက်မလှည်းကျင်းဘဲ နိရောဓသမာပတ် ဝင်စားနေပုံ၊ မြတ်စွာဘုရားသည် ထိုအကြောင်းကို သိတော်မူသဖြင့် တန်ခိုးတော်ဖြင့် ကြွရောက်လာပြီး မထေရ်၏ ရှေ့၌ တံမြက်မလှည်းကျင်းသော နေရာတွင် ခြေတော်ရာတို့ကို ပြ၍ ပြန်ကြွသွားတော်မူပုံ၊ မထေရ်သည် လွန်စွာ ရှက်ရွံ့ပြီး မြတ်စွာဘုရား၏ အထံတော်သို့ ချဉ်းကပ်ခဲ့ပုံ၊ မြတ်စွာဘုရားက ထိုကဲ့သို့ ပြုရန် မသင့်ကြောင်း ဆုံးမတော်မူသဖြင့် မထေရ်သည် နောင်အခါ၌ နေရာတိုင်းမှာပင် အမှိုက်လှည်းပြီးမှ ထိုင်လေ့ရှိပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၄၊၁၇၅)
သာရိပုတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်သာရိပုတ္တရာအလောင်း ဥပတိဿနှင့် အရှင်မဟာမောဂ္ဂလ္လာန်အလောင်း ကောလိတ သူငယ်ချင်းနှစ်ယောက်တို့သည် နက္ခတ်ပွဲသဘင် ကြည့်နေကြစဉ် သံဝေဂ ရကြ၍ တရားထူးတရားမြတ် ရှာဖွေရန် သိဉ္စည်းဆရာကြီးထံ၌ ပရိဗိုဇ်ဝတ်ကြပုံ၊ တစ်နေ့သောအခါ ဥပတိဿသည် အရှင်အဿဇိထေရ်နှင့် တွေ့ဆုံပြီး ထိုမထေရ့်ထံမှ ‘‘ယေ ဓမ္မာ ဟေတုပ္ပဘဝါ’’စသော တရားကို ကြားနာရ၍ သောတာပန်တည်ခဲ့ပုံ၊ မိမိတို့ရရှိထားသော တရားထူး တရားမြတ်ကို သိဉ္စည်းဆရာကြီးအား ပြောကြားလျက် ဘုရားရှင်ထံ ချဉ်းကပ်ရန် တိုက်တွန်းသော်လည်း သိဉ္စည်းဆရာကြီးက ‘‘အိုးစရည်းကြီးဘဝမှ အိုးငယ်ဘဝသို့ မကူးပြောင်းလိုတော့ကြောင်း’’ ပြောကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၅၀) (ဓမ္မ၊ဋ္ဌ၊၁၊၅၂)
သာရိပုတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ ရသေ့တစ်ထောင်ကျော်တို့သည် သစ်မြစ်သစ်ဥတို့ကို စားသုံးလျက် တောင်ခြေတစ်ခု၌ နေထိုင်ကြစဉ် ဆရာဖြစ်သူ ခေါင်းဆောင်ရသေ့ကြီးအား အနာရောဂါ ဖြစ်ပေါ်လာပုံ၊ အရှင်သာရိပုတ္တရာလောင်း တပည့်ကြီးသည် ဆရာရသေ့အတွက် သင့်လျော်မည့် ဆေးဝါးများ ရှာမှီးရန် တောရွာဇနပုဒ်များသို့ ထွက်ခွာသွားခဲ့ပုံ၊ တပည့်ကြီး ပြန်မရောက်မီ ဆရာရသေ့ ကွယ်လွန်သွားသောအခါ ကျန်တပည့်များက မိမိတို့၏ ဆရာသည် မည်သည့်တရားထူးမျှ မရကြောင်း ပြန်ရောက်လာသော အရှင်သာရိပုတ္တရာလောင်း တပည့်ကြီးအား ပြောကြားကြပုံ၊ တပည့်ကြီးက ဆရာရသေ့ ကွယ်လွန်ခါနီးတွင် ပြောကြားသွားသည့် ‘‘နတ္ထိ ကိဉ္စိ’’ဟူသည် ဘာတရားထူးမျှ မရခြင်းကို ဆိုလိုသည်မဟုတ်၊ အာကိဉ္စညာယတနသမာပတ်ရခြင်းကို ဆိုလိုကြောင်း သို့ဖြစ်၍ ဆရာရသေ့ကြီးသည် အာကိဉ္စညာယတနဘုံသို့ ရောက်နေကြောင်း ရှင်းပြခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၉၇) (သုတ္တနိ၊ဋ္ဌ၊၂၊၂၈၅)
သာရိပုတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သီတင်းဝါလကျွတ်သောအခါ အရှင်သာရိပုတ္တရာမထေရ်က ဒေသစာရီကြွချီရန် ဘုရားရှင်အား လျှောက်ထားခဲ့ပုံ၊ အရှင်သာရိပုတ္တရာမထေရ် ထသွားသောအခါ ရဟန်းတစ်ပါး၏ ခန္ဓာကိုယ်ကို သင်္ကန်းစွန်းဖြင့် ပုတ်ခတ်မိပုံ၊ ထိုရဟန်းက အရှင်သာရိပုတ္တရာအပေါ် ရန်ငြိုးဖွဲ့ကာ ‘‘အရှင်သာရိပုတ္တရာသည် တပည့်တော်အား ထိပါးပုတ်ခတ်ပြီး အပြစ်ကို မတောင်းပန်ဘဲ ဒေသစာရီကြွချီကြောင်း’’ ကဲ့ရဲ့ရှုတ်ချလျက် ဘုရားရှင်ထံ သွားရောက် လျှောက်ထားခဲ့ပုံ၊ ဘုရားရှင်က အရှင်သာရိပုတ္တရာကို ခေါ်စေတော်မူ၍ မေးစိစစ်သောအခါ အရှင်သာရိပုတ္တရာမထေရ်က ရေ၊ မြေ၊ လေ၊ မီး စသည်တို့ကို ဥပမာပြု၍ သည်းခံခွင့်လွှတ်ကြောင်း ဘုရားရှင့်ထံ လျှောက်ထားခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အံ၊၃၊၁၈၀) (အံ၊ဋ္ဌ၊၃၊၂၆၂) (ဓမ္မ၊ဋ္ဌ၊၁၊၃၉၀)
သာရိပုတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်သာရိပုတ္တရာမထေရ်သည် ဆွမ်းခံကြွရန် စောသေးသဖြင့် တိတ္ထိတို့၏ ပရိဗိုဇ်အာရာမ်သို့ ကြွတော်မူပုံ၊ တိတ္ထိတို့သည် အချင်းချင်း စည်းဝေးကြကုန်လျက် ဥပါဒါန်အကြွင်းအကျန်နှင့်တကွ သေဆုံးခဲ့လျှင် ငရဲတိရစ္ဆာန် အပါယ်ဒုဂ္ဂတိမှ မလွတ်နိုင်သေးကြောင်း ပြောဆိုနေကြပုံ၊ ထိုအကြောင်းအရာကို အရှင်သာရိပုတ္တရာမထေရ်က ဘုရားရှင်အား တစ်ဆင့် လျှောက်ထားခဲ့ပုံ၊ ဘုရားရှင်က ဥပါဒါန် အကြွင်းအကျန်နှင့် သေဆုံးသော်လည်း ငရဲတိရစ္ဆာန်စသောအပါယ်ဒုဂ္ဂတိမှ လွတ်မြောက်နိုင်သော ပုဂ္ဂိုလ်(၉)ယောက် အကြောင်း ရှင်းလင်းဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၃၊၁၈၄)
သာရိပုတ္တတ္ထေရဿ ဘာဂိနေယျဝတ္ထု
ဤဝတ္ထု၌ အရှင်သာရိပုတ္တရာမထေရ်ကြီးသည် တစ်နေ့သောအခါ မိမိ၏ တူဖြစ်သူအား ‘‘ကုသိုလ်ကောင်းမှုများ ပြုလုပ်ရဲ့လား’’ဟု မေးမြန်းတော်မူပုံ၊ တူဖြစ်သူက ‘‘တပည့်တော်လည်း လစဉ်လတိုင်း ဆိတ်တစ်ကောင် တစ်ကောင်သတ်၍ ယဇ်ပူဇော်လျက် ဗြဟ္မာ့ပြည်ရောက်ကြောင်း ဖြစ်သော ကောင်းမှုကုသိုလ်မျိုးကို ပြုလုပ်ပါကြောင်း’’ လျှောက်ထားပုံ၊ ထိုအခါ အရှင်သာရိပုတ္တရာမထေရ်ကြီးက ဘုရားရှင်ထံ တူငယ်ကို ခေါ်သွားပြီး ‘‘ဗြဟ္မာ့ပြည်ရောက်ကြောင်း နည်းလမ်းကောင်းကို ဟောကြားပါရန်’’ လျှောက်ထားခဲ့ပုံ၊ ဘုရားရှင်က ‘‘နှစ်တစ်ရာတိုင်တိုင် သူ့အသက်သတ်၍ ယဇ်ပူဇော်သော်လည်း ဗြဟ္မာ့ပြည်မရောက်နိုင်ကြောင်း၊ ဘုရားရှင်၏ တပည့်သာဝကတို့ကို ပူဇော်မှသာလျှင် ဗြဟ္မာ့ပြည်ရောက်နိုင်ကြောင်း’’ တရားဟောကြားတော်မူသဖြင့် အရှင်သာရိပုတ္တရာ၏ တူငယ် သောတာပန်တည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၄၂၁)
သာရိပုတ္တတ္ထေရဿ မာတုလဝတ္ထု
ဤဝတ္ထု၌ အရှင်သာရိပုတ္တရာမထေရ်သည် မိမိ၏ ဦးရီးဖြစ်သူ ပုဏ္ဏားကြီးထံ သွား၍ ‘‘ကုသိုလ်ကောင်းမှုများ ပြုလုပ်ပါရဲ့လား’’ဟု မေးမြန်းပုံ၊ ပုဏ္ဏားကြီးက ‘‘ဗြဟ္မာ့ပြည်ရောက်ရန် ရည်သန်တောင့်တ၍ နိဂဏ္ဌတို့အား လစဉ်လစဉ် အသပြာတစ်ထောင် စွန့်လွှတ်လှူဒါန်းပြီး ကောင်းမှုကုသိုလ်များ ပြုလုပ်ပါကြောင်း’’ လျှောက်ထားပုံ၊ ထိုအခါ အရှင်သာရိပုတ္တရာမထေရ်က ဘုရားရှင်ထံ ဦးရီးတော်ကို ခေါ်သွားပြီး ‘‘ဗြဟ္မာ့ပြည်ရောက်ကြောင်း နည်းလမ်းကောင်းကို ဟောကြားပါရန်’’ လျှောက်ထားတောင်းပန်ခဲ့ပုံ၊ ဘုရားရှင်က နိဂဏ္ဌတို့အား အသပြာတစ်ထောင် အနှစ်တစ်ရာ လှူဒါန်းသည်ထက် ဘုရားရှင်၏ တပည့်သာဝကတို့အား တစ်ဇွန်းတစ်ယောက်မ လှူဒါန်းခြင်းက ပို၍ အကျိုးများကြောင်း’’ တရားဟောကြားတော်မူသဖြင့် ပုဏ္ဏားကြီး သောတာပန် တည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၄၂၀)
သာရိပုတ္တတ္ထေရဿ သဟာယကဝတ္ထု
ဤဝတ္ထု၌ အရှင်သာရိပုတ္တရာမထေရ်သည် သူငယ်ချင်းဖြစ်သူ ပုဏ္ဏားတစ်ယောက်ထံသို့ ချဉ်းကပ်၍ ‘‘ကုသိုလ်ကောင်းမှုများ ပြုလုပ်ပါရဲ့လား’’ဟု မေးခဲ့ပုံ၊ သူငယ်ချင်းပုဏ္ဏားက ‘‘ဗြဟ္မာ့ပြည်ရောက်ရန် ရည်သန်တောင့်တ၍ ပစ္စည်းဥစ္စာ များစွာ အကုန်အကျခံလျက် နှစ်စဉ် ယဇ်ကြီးပူဇော်ကြောင်း’’ အရှင်သာရိပုတ္တရာမထေရ်အား လျှောက်ထားပုံ၊ အရှင်သာရိပုတ္တရာမထေရ်က သူငယ်ချင်းပုဏ္ဏားကို ဘုရားရှင်ထံ ခေါ်သွားပြီး ‘‘ဗြဟ္မာ့ပြည် ရောက်ကြောင်း နည်းလမ်းကောင်းကို ဟောကြားပါရန်’’ လျှောက်ထားပုံ၊ ဘုရားရှင်က နှစ်စဉ်နှစ်တိုင်း ယဇ်ကြီးပူဇော်ခြင်းသည် ရဟန်းသံဃာတို့အား တစ်ကြိမ်တစ်ခါ ရှိခိုးပူဇော်ခြင်း၏ လေးပုံတစ်ပုံကိုပင် မမီကြောင်း ဟောကြားတော်မူသဖြင့် အရှင်သာရိပုတ္တရာ၏ သူငယ်ချင်း ပုဏ္ဏား သောတာပန်တည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၄၂၂)
သာရိပုတ္တပရိနိဗ္ဗာနဝတ္ထု
ဤဝတ္ထု၌ လက်ယာတော်ရံ အဂ္ဂသာဝက အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် (၄၄) ဝါကာလပတ်လုံး ဗုဒ္ဓသာသနာတော် တိုးတက်ရေးအတွက် ဆောင်ရွက်တော်မူခဲ့ပုံ၊ ဘုရားရှင့်ထံ ပရိနိဗ္ဗာန်စံခွင့်ပြုရန် ခွင့်ပန်ကာ တန်ခိုးပြာဋိဟာပြတော်မူပုံ၊ နာဠကရွာသို့ ကြွရောက်၍ မိစ္ဆာဒိဋ္ဌိမယ်တော်ကြီးအား သောတာပန်တည်စေ၍ ပရိနိဗ္ဗာန်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၃၊၂၄၆)
သာရိပုတ္တမောဂ္ဂလ္လာနတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်သာရိပုတ္တရာအလောင်း အမျိုးကောင်းသားသည် အနောမဒဿီဘုရားရှင် လက်ထက်တော်၌ ဗြာဟ္မဏမဟာသာလမျိုး၌ သရဒလုလင်အမည်ဖြင့် ဖြစ်၍ အရှင်မောဂ္ဂလ္လာန်အလောင်း အမျိုးကောင်းသားသည် သိရိဝဍ္ဎနအမည်ဖြင့် ဂဟပတိမဟာသာလမျိုး၌ ဖြစ်ခဲ့ကြပုံ၊ သရဒလုလင်နှင့် သိရိဝဍ္ဎနသူဌေးသားတို့သည် အလွန်ချစ်ခင် ရင်းနှီးကြပြီး တစ်နေ့သောအခါ သရဒလုလင်က မအို၊ မနာ၊ မသေရာ မဂ်ဖိုလ်နိဗ္ဗာန်ကို ရှာမှီးရန်အတွက် ရသေ့ဝတ်ရန် သိရိဝဍ္ဎနသူဌေးသားအား တိုင်ပင်ခဲ့ပုံ၊ သိရိဝဍ္ဎနသူဌေးသား မလိုက်ပါသဖြင့် သရဒလုလင်သည် တပည့် (၇၄၀၀၀)နှင့်အတူ ရသေ့ဝတ်၍ အဘိညာဉ်ဈာန်သမာပတ်တို့ကို ဖြစ်စေခဲ့ပုံ၊ သရဒရသေ့သည် အနောမဒဿီဘုရားရှင်နှင့် တွေ့ဆုံပြီး အဂ္ဂသာဝကမထေရ်နှစ်ပါးကို အားကျကာ မိမိကိုယ်တိုင် အဂ္ဂသာဝကဆု ပန်၍ မိမိသူငယ်ချင်းဖြစ်သူ သိရိဝဍ္ဎနသူဌေးကိုလည်း အဂ္ဂသာဝကဆုပန်စေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၁၁၆)
သာရိပုတ္တသဟာယကဝတ္ထု
ဤဝတ္ထု၌ အရှင်သာရိပုတ္တရာ၏ လူ့ဘဝက သူငယ်ချင်းဖြစ်သူ သူဌေးသားသည် ဥစ္စာပစ္စည်း ကုဋေငါးရာ့ခြောက်ဆယ်တို့ကို စွန့်လွှတ်၍ အရှင်သာရိပုတ္တရာ့ထံ၌ ရဟန်းပြု၍ ဘုရားတရားတော်များကို သင်ယူခဲ့ပုံ၊ ထိုရဟန်းသည် ကမ္မဋ္ဌာန်းတရား အားထုတ်သော်လည်း တရားထူး မရသဖြင့် ထိုရဟန်းကို အရှင်သာရိပုတ္တက မြတ်စွာဘုရားအထံတော်သို့ ခေါ်လာခဲ့ပုံ၊ မြတ်စွာဘုရားက ထိုရဟန်းနှင့် သင့်လျော်သော တရားကို ဟောတော်မူရာ တရားတော်အဆုံး၌ သောတာပန်တည်၍ မကြာမီ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၂၊၆၅)
သာလကဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကုန်သည်မျိုး၌ ဖြစ်စဉ်၊ မြွေအလမ္ပယ်သမား တစ်ယောက်သည် မျောက်တစ်ကောင်ကို သင်ကြားပေးထားပြီး မြွေနှင့် ကစားစေလျက် အသက်မွေးခဲ့ပုံ၊ တစ်နေ့တွင် ဘုရားအလောင်းထံ မျောက်ကို အပ်နှံ၍ ဗာရာဏသီပြည်သို့ သွား၍ ပြန်လာသောအခါ ထိုမျောက်ကို ဝါးခြမ်းစိတ်ဖြင့် ရိုက်၍ ခေါ်သောကြောင့် မျောက်သည် သစ်ပင်ပေါ်သို့ တက်ပြေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၄၃)
သာလကုသုမိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ သာလကုသုမိယမထေရ်လောင်းလျာသည် ပရိနိဗ္ဗာန်စံတော်မူသော ပဒုမုတ္တရဘုရားရှင်၏ ဥတုဇရုပ်ကလာပ်အလောင်းတော်ပေါ်၌ အင်ကြင်းပန်းများ ကြဲချလှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး အပါယ်ဒုဂ္ဂတိသို့ မလားရောက်ခဲ့ဘဲ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ရဟန္တာ ဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၃၉)
သာလဂါမဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ သာလရွာသားတို့သည် ဘုရားရှင်အား ဝါဒမျိုးစုံကို မေးကြပုံ၊ ဘုရားရှင်က ဝါဒ တစ်ခုချင်း ရှင်းပြတော်မူခဲ့ပုံ၊ ‘‘နောင်ဘဝ မရှိ’’ဟု အယူရှိသူတို့သည် အကယ်၍ နောင်ဘဝရှိပါက အကုသိုလ်ကံ၏ အကျိုးဆက်ကို မလွဲမသွေ ခံစားရမည့်အပြင် ယခုဘဝ၌လည်း ကောင်းစွာ မပြုကျင့်ကြသဖြင့် နှစ်ဘဝလုံး ဆုံးရှုံးကြကြောင်း ဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၂၊၆၂)
သာလပုပ္ဖဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သားတို့သနင်း ခြင်္သေ့မင်းဖြစ်၍ ခက်ခဲသော ခရီး၌ တောသတ္တဝါကို ရှာမှီးစဉ် ဝိပဿီဘုရားရှင်ကို တွေ့မြင်ရသဖြင့် ‘‘လူအပေါင်းကို ငြိမ်းအေးစေတော်မူသော ဘုရားရှင်ကို ဆည်းကပ်ရပါမူကား ကောင်းလေစွ’’ဟု ဆင်ခြင်၍ ဘုရားရှင်ကို ချဉ်းကပ်လျက် အင်ကြင်းပင်၏ အခက်ကို ချိုးပြီး အခိုင်နှင့်တကွသော ပန်းကို ပေးလှူခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့တော့ဘဲ ကိုးကမ္ဘာအထက်၌ ဝိရောစနမည်သော စကြဝတေးမင်း သုံးကြိမ်ဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၈၆)
သာလပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် အရုဏဝတီမြို့၌ မုန့်သည် ဖြစ်စဉ် အိမ်တံခါးအနီး၌ ကြွသွားတော်မူသော သိခီဘုရားရှင်ကို ဖူးမြင်ရသောအခါ သပိတ်တော်ကို ယူ၍ အင်ကြင်းပန်းကို ပေးလှူခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့တော့ဘဲ လွန်ခဲ့သော တစ်ဆယ့်လေးကမ္ဘာ အထက်၌ အမိတဉ္ဇလမည်သော စကြာမင်းဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၄၆)
သာလမဏ္ဍပိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ သာလမဏ္ဍပိယထေရ်အလောင်း ရသေ့သည် အင်ကြင်းတော၌ နေထိုင်စဉ် အမိုးအကာမရှိဘဲ နိရောဓသမာပတ် ဝင်စားနေသော ပိယဒဿီဘုရားရှင်အား ဖူးတွေ့ခဲ့ရပုံ၊ တိုင်လေးတိုင် စိုက်ကာ အင်ကြင်းပန်းများ မိုးလျက် ခုနစ်ရက်ပတ်လုံး ပန်းမဏ္ဍပ် ဆောက်လုပ်လှူဒါန်းပေးခဲ့ပုံ၊ ဤကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် နတ်ပြည်သို့ ရောက်သောအခါ မိမိပရိသတ်ရှိသလောက် အင်ကြင်းပန်း အမိုးများ အလိုအလျောက် ပေါ်ပေါက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၇၀) (ထေရ၊ဋ္ဌ၊၁၊၉၂)
သာလိကေဒါရဇာတက
ဤဇာတ်တော်၌ သာလိဒ္ဒယရွာသား ကောသိယပုဏ္ဏားကြီးသည် ပယ်တစ်ထောင် အတိုင်းအရှည်ရှိသော လယ်မြေ၌ သလေးစပါးများကို စိုက်ထားပုံ၊ အလောင်းတော် ကျေးမင်းသည် သလေးနှံတို့ကို မိဘများအတွက် ကိုက်ယူသယ်ဆောင်သွားခဲ့ပုံ၊ လယ်စားရင်း ငှားက ကျော့ကွင်းထောင်ဖမ်း၍ မိသောအခါ ကောသိယပုဏ္ဏားကြီးထံ အပ်ပုံ၊ ပုဏ္ဏားကြီးက ကျေးမင်းအား ‘‘သင်၏ လက်ပံတော၌ စပါးကျီများ ရှိသလော’’ ဟု မေးသောအခါ ‘‘ကြွေးသစ်ချခြင်း၊ ကြွေဟောင်းဆပ်ခြင်း၊ ရွှေအိုး မြှုပ်နှံ့ခြင်းများပြုလုပ်ရပါသည်’’ဟု ဖြေကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၂၇၆)
သာလိတ္တကဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏပြည် ဗြဟ္မဒတ်မင်း၏ အမတ် ဖြစ်စဉ် စကားအလွန်များသော ပုရောဟိတ်ပုဏ္ဏားကို ဆုံးမရန် ကျောက်စရစ်ခဲ အပစ် ကျွမ်းကျင်သော သူဆွံ့တစ်ယောက်ကို ခေါ်၍ အကာအရံထဲ၌ နေစေပြီး ပုဏ္ဏား၏ ပါးစပ်ထဲသို့ ဆိတ်ချေးတုံးတစ်ပြည်သား ပစ်သွင်းစေခဲ့ပုံ၊ ထိုပုဏ္ဏားသည် ထိုနေ့မှစ၍ အရှက်ရကာ စကားမများတော့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၄၂)
သာလူကဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် မဟာလောဟိတမည်သော နွားဖြစ်၍ အရှင်အာနန္ဒာလောင်းလျာသည် စူဠလောဟိတမည်သော နွား ဖြစ်စဉ် သာလူကမည်သော ဝက်အား အိမ်ရှင်က ယာဂုထမင်းကို ကျွေးမွေးသဖြင့် ညီငယ်စူဠလောဟိတက မကျေနပ်ကြောင်း ပြောဆိုခဲ့ပုံ၊ ထိုအခါ မဟာလောဟိတက ‘‘လူတို့သည် ဟင်းလျာအတွက်သာ ဝက်များကို ယာဂုထမင်း ကျွေး၍ မွေးထားကြကြောင်း’’ ပြောပြခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၇၆)
သာသနပတိဋ္ဌာပနဝတ္ထု
ဤဝတ္ထု၌ အရှင်မဟိန္ဒမထေရ်သည် ဣဋ္ဋိယ, ဥတ္တိယစသော မထေရ်များနှင့်အတူ သီဟိုဠ်ကျွန်းသို့ သာသနာပြုကြွတော်မူခဲ့ပုံ၊ မယ်တော်နှင့် ဆွေမျိုးများရှိရာ ဝေဒိသမြို့သို့ ကြွတော်မူခဲ့ပုံ၊ မိဿကတောင်၌ ဒေဝါနံ ပိယတိဿ မင်းကြီးနှင့် တွေ့ဆုံကြပုံ၊ သုမနသာမဏေက သီဟိုဠ်ကျွန်းတစ်ကျွန်းလုံးကို တရားနာရန် နှိုးဆော်ခဲ့ပုံ၊ အရိဋ္ဌအမတ်နှင့်တကွ ငါးဆယ့်ငါးယောက်သော ညီနောင်တို့ မထေရ်မြတ်ထံ၌ ရဟန်းပြုကာ အရဟတ္တဖိုလ်သို့ ရောက်ရှိကြပုံ၊ သုမနသာမဏေသည် အသောကမင်းထံမှ ဓာတ်တော်များ ပင့်ဆောင်ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၁၊၅၂)
သာဠိယဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည် ရွာတစ်ရွာ၌ သူဌေးသား ဖြစ်စဉ် သူငယ်ချင်းများနှင့်အတူ ကစားနေပုံ၊ ဒေဝဒတ်လောင်း ဆေးဆရာ ရောက်လာပြီး ‘‘သစ်ပင်ခွကြား၌ သာလိကာတစ်ကောင် ဝပ်နေသည်၊ တက်၍ နှိုက်ပါ’’ဟု ဆိုပုံ၊ သစ်ပင်ပေါ် တက်ကြည့်ရာ မြွေဟောက်ဖြစ်နေသောကြောင့် လည်ပင်းကို မြဲစွာကိုင်၍ ပစ်ချလိုက်ရာ ဆေးဆရာလည်ပင်းကို မြွေဟောက်ပတ်မိပြီး ကိုက်သောကြောင့် ဆေးဆရာ ကွယ်လွန်ခဲ့ရပုံ၊ သူတစ်ပါး ပျက်စီးစေလိုက မိမိပင် ပျက်စီးတတ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၈၈)
သိခီဗုဒ္ဓဝံသ
ဤဇာတ်တော်၌ သိခီဘုရားရှင်သည် အရုဏဝတီနေပြည်တော်၌ ခမည်းတော် အရုဏဝတ မင်းကြီးနှင့် မယ်တော် ပဘာဝတီဒေဝီတို့မှ မွေးဖွားခဲ့ပုံ၊ သဗ္ဗကာမာမင်းသမီးနှင့် အတူ နန်းစည်းစိမ်ခံစားကာ အတုလသားတော် မွေးဖွားပြီးနောက် ဆင်ယာဉ်ဖြင့် တောထွက်တော်ခဲ့ပုံ၊ သရက်ဖြူဗောဓိပင်ရင်း၌ ဘုရားဖြစ်တော်မူခဲ့ပုံ၊ အဘိဘူမထေရ်နှင့် သမ္ဘဝမထေရ်-ဟူသော အဂ္ဂသာဝကနှစ်ပါး ရှိတော်မူပုံ၊ ခေမင်္ကရမထေရ်က ပြုစုလုပ်ကျွေးခဲ့ပုံ၊ ထိုအချိန်၌ ဂေါတမ ဗုဒ္ဓလောင်းလျာသည် အရိန္ဒမမည်သောမင်းဖြစ်၍ နိယတဗျာဒိတ်ခံယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၉) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၈၅)
သိဂ္ဂဝတ္ထေရဝတ္ထု
ဤဝတ္ထု၌ သိဂ္ဂဝမထေရ်သည် ငယ်ရွယ်စဉ်ကပင် ပိဋကသုံးပုံဆောင် ရဟန္တာတစ်ပါး ဖြစ်ခဲ့ပုံ၊ သံဃာ့မထေရ်ကြီးများ၏ တာဝန်ပေးချက်အရ မောဂ္ဂလိပုတ္တတိဿမထေရ် အလောင်းအလျာ၏ မိဘများအိမ်သို့ ဆွမ်းခံကြွပုံ၊ ဆွမ်းမရသော်လည်း ထိုမထေရ်လောင်း အသက်(၁၆)နှစ်အရွယ် ရောက်သည်အထိ ဆွမ်းခံ မှန်မှန် ကြွပြီး နောင်သာသနာတော်အတွက် အကျိုးပြုမည့်ပုဂ္ဂိုလ်ဟု မျှော်လင့် စောင့်စားခဲ့ပုံ၊ ထို့နောက် သိဂ္ဂဝမထေရ်သည် တိဿလုလင်ကို ရှင်ပြုပေး၍ သုံးဆယ့်နှစ်ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို သင်ယူစေပြီး သောတာပန် ဖြစ်စေပုံ၊ ထို့နောက် တိဿသာမဏေကို စဏ္ဍဝဇ္ဇိမထေရ်ထံသို့ စေလွှတ်၍ ပိဋကတ်ကျမ်းများကို သင်ယူစေခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၁၊၂၉) (သာရတ္ထ၊ဋီ၊၁၊၁၁၀)
သိင်္ဂါလကမာတုထေရီဝတ္ထု
ဤဝတ္ထု၌ ဤထေရီလောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ သဒ္ဓါဓိမုတ္တ ဧတဒဂ်ရသည့် ဘိက္ခုနီတစ်ပါးကို အားကျ၍ ကုသိုလ်ပြုကာ ထိုဧတဒဂ် ရရန် ဆုတောင်းခဲ့ပုံ၊ ထိုကုသုလ်ကောင်းမှုကြောင့် သုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ရာဇဂြိုဟ်မြို့သူ သူဌေးသမီး ဖြစ်၍ သာသနာတော်သို့ ဝင်ရောက်ကာ ရဟန္တာ ဖြစ်၍ သဒ္ဓါဓိမုတ္တဧတဒဂ် ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၈၅) (အံ၊ဋ္ဌ၊၁၊၂၉၃) (ထေရီ၊ဒီ၊၄၅၉)
သိင်္ဂါလကဝတ္ထု
ဤဝတ္ထု၌ သိင်္ဂါလကသတို့သား၏ ဖခင်သူဌေးကြီးသည် ကုဋေလေးဆယ်ကြွယ်ဝသော သောတာပန် အရိယာသာဝက ဖြစ်ပုံ၊ ရတနာသုံးပါး၌ ကြည်ညိုခြင်းမရှိသော မိမိသား သိင်္ဂါလကအား ဘုရား၏ ဥပါသကာ ဖြစ်စေရန် ရည်ရွယ်၍ ကွယ်လွန်ခါနီးအခါ၌ ‘‘အရပ်(၆)မျက်ကို ရှိခိုးပါ’’ စသော နောက်ဆုံးစကားတို့ကို မှာကြားသွားခဲ့ပုံ၊ ထိုမှာကြားချက်အရ သိင်္ဂါလကသည် နေ့စဉ် အရပ်မျက်နှာတို့ကို လှည့်၍ ရှိခိုးခဲ့ပုံ၊ တစ်နေ့တွင် ဘုရားရှင်နှင့်တွေ့ပြီး ဘုရားရှင့်အထံတော်မှ အရပ်မျက်နှာရှိခိုးနည်း အစစ်အမှန်ကို ကြားနာရ၍ ဥပါသကာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၃၊၁၄၆) (ဒီ၊ဋ္ဌ၊၃၊၁၂၄)
သိင်္ဂါလဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် မြေခွေးဘဝ၌ဖြစ်ပုံ၊ လူတို့သည် သေသောက်ပွဲကြီး ကျင်းပရာ မြည်းစရာ အမဲသားများ ကုန်သွားသဖြင့် အရက်သမားတစ်ယောက်သည် လက်ရိုက်ကို ကိုင်၍ သူသေဟန်ဆောင်ကာ မြေခွေးများကို သတ်ရန် လှဲအိပ်နေပုံ၊ လက်ကိုင်ကို မြေခွေးက ပါးစပ်ဖြင့် ဆွဲယူသောအခါ ခိုင်မြဲစွာ ကိုင်ထားသဖြင့် သူသေမဟုတ်ကြောင်း သိ၍ ထွက်ပြေးသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၅၁၅)
သိင်္ဂါလဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းမြေခွေးသည် ဆင်သေ တစ်ကောင်ကို စအိုပေါက်မှစ၍ ကိုက်စားပြီး ဝမ်းခေါင်းထဲဝင်နေရာ ကြာသောအခါ နေပူကြောင့် စအိုပေါက်ပိတ်၍ ထွက်ပေါက်မရှိဖြစ်နေပုံ၊ မိုးရွာချ၍ စအိုပေါက်အနည်းငယ် ပြန်ပွင့်လာသောအခါ ထိုအပေါက်မှပင် ခက်ခက်ခဲခဲ တိုးထွက်ခဲ့ပုံ၊ လောဘအလိုလိုက်မိ၍ ဤသို့ ဒုက္ခရောက်ရကြောင်း သံဝေဂ ရခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၅၂၆)
သိင်္ဂါလဇာတက
ဤဇာတ်တော်၌ မြေခွေးတစ်ကောင်သည် မြို့တွင်းသို့ဝင်၍ ငါးအမဲကို စားကာ သေအရက်ကို သောက်သဖြင့် မူးယစ်နေပြီး မိမိနေရာသို့ မပြန်နိုင် ဖြစ်နေပုံ၊ ပုဏ္ဏားတစ်ဦးအား ငွေအသပြာ (၂၀၀)ကို ပေးပါမည်၊ အပေါ်ရုံပုဆိုးနှင့် ထုပ်၍ သယ်ယူသွားပါရန် ပြောဆိုခဲ့ပုံ၊ ပုဏ္ဏားမိုက်သည် ဥစ္စာဓနကို မက်မောသဖြင့် မြေခွေးညွှန်ကြားသည့်အတိုင်း ဆောင်ရွက်ပုံ၊ မြို့ပြင်သုသာန်ကြီး၌ ပုဆိုးထုပ်ကို ချစေ၍ အပေါ်ရုံ အဝတ်ကို ဖြန့်ခင်းစေပုံ၊ သစ်ပင်ရင်း၌ ဖြန့်ခင်းထားသော အပေါ်ရုံအဝတ်ပေါ်၌ မြေခွေးက ကျင်ငယ်စွန့်ခဲ့၍ တောတွင်းသို့ ဝင်ပြေးခဲ့ပုံ၊ ဘုရားလောင်း ရုက္ခစိုးနတ်က ပုဏ္ဏားကို မြေခွေးစကား မယုံကြည်ရန် ဆုံးမခဲ့ပုံစသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၃၂၁) (ဇာ၊ဋ္ဌ၊၁၊၄၅၀)
သိင်္ဂါလဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဟိမဝန္တာတော ရွှေဂူဝယ် ခြင်္သေ့မျိုး၌ ဖြစ်ခဲ့ပုံ၊ ညီခြင်္သေ့ငယ်ခြောက်ကောင်၊ ညီမငယ်ခြင်္သေ့မတစ်ကောင်နှင့် အတူ နေစဉ် တစ်နေ့တွင် မြေခွေးတစ်ကောင်သည် ခြင်္သေ့ထီးတို့ မရှိစဉ် ခြင်္သေ့မအား ချစ်ရေးဆိုပုံ၊ မောင်ငယ်ခြင်္သေ့တို့ ပြန်ရောက်လျှင် ထိုအကြောင်းကို ဖန်ဂူထဲအိပ်နေသော မြေခွေးကို ကိုက်သတ်ရန် ခုန်ဆင်းကြရာ ရင်ကွဲ၍ သေဆုံးကြရပုံ၊ ဘုရားလောင်းကမူ ဖန်ဂူထဲဝင်ကာ တိုက်ခိုက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၅)
သိင်္ဂါလပိတုတ္ထေရဝတ္ထု
ဤဝတ္ထု၌ သိင်္ဂါလပိတုမထေရ်လောင်း အမျိုးကောင်းသားသည် သတရံသီမည်သော ပစ္စေကဗုဒ္ဓါအား မိမိလက်ထဲ၌ အဆင်သင့်ရှိနေသော ထန်းသီးကို လှူဒါန်းပုံ၊ ကဿပဘုရားရှင့်လက်ထက်တော်၌ ရှင်ရဟန်းပြုကာ အရိုးစု ကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့ပုံ၊ ဤဂေါတမဘုရားရှင့်လက်ထက်တော် သိင်္ဂါလပိတုဟူသော အမည်ဖြင့် ရဟန်းပြုကာ သံသုမာရဂီရိမြို့ရှိ ပဲစင်းငုံတော၌ အရိုးစုကမ္မဋ္ဌာန်း စီးဖြန်း၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၈၆)
သိင်္ဃပုပ္ဖဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ရသေ့တစ်ပါး ဖြစ်ခဲ့ပုံ၊ တစ်နေ့တွင် ပဒုမ္မာကြာအိုင်သို့ သွားစဉ် ကောင်းစွာပွင့်နေသော ပဒုမ္မာကြာပွင့်ကို နမ်းရှူမိပုံ၊ ကြာကန်စောင့် နတ်သမီးက ‘‘နံ့သာသူခိုး’’ဟု စွပ်စွဲခဲ့ပုံ၊ ရသေ့ကြီးက ‘‘ကြာစွယ်ကြာရင်းတို့ကို နှုတ်သူကို သူခိုးဟု မဆိုဘဲ အနံ့ရှူသူမိမိကို ဘာကြောင့် သူခိုးဟု ဆိုရပါသနည်း’’ဟု မေးမြန်းခဲ့ပုံ၊ ထိုသူတို့မှာ အကုသိုလ်ပြုရမည်ကို ဝန်မလေးကြသဖြင့်ပြော၍ အကျိုးမရှိကြောင်း အရှင်တို့မှာမူ အပြစ်ကင်းစင်သဖြင့် ထိတ်လန့်အောင်ပြောဆိုလျှင် အကျိုးရှိကြောင်း ရှင်းပြခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၈၉)
သိဒ္ဓတ္ထဗုဒ္ဓဝံသ
ဤဗုဒ္ဓဝင်၌ သိဒ္ဓတ္ထဘုရားရှင်သည် ဝေသာရမြို့တော်၌ ခမည်းတော်ဥဒေနမင်းနှင့် မယ်တော် သုဖဿာမိဖုရားကြီးတို့မှ မွေးဖွားခဲ့ပုံ၊ သောမနဿာမိဖုရားနှင့်အတူ နန်းစည်းစိမ်ခံကာ အနုပမသားတော်မွေးဖွားခဲ့ပုံ၊ ရွှေထမ်းစင်ဖြင့် တောထွက်တော်မူခဲ့ပုံ၊ မဟာလှေကားဗောဓိပင်ရင်း၌ ဘုရားဖြစ်တော်မူခဲ့ပုံ၊ သမ္ဗလမထေရ်နှင့် သုမိတ္တမထေရ်-ဟူသော အဂ္ဂသာဝကနှစ်ပါး ရှိတော်မူခဲ့ပုံ၊ ရေဝတမထေရ်က ပြုစုလုပ်ကျွေးခဲ့ပုံ၊ ထိုအချိန်၌ ဂေါတမဗုဒ္ဓလောင်းလျာသည် မင်္ဂလအမည်ရှိသော အဘိညာဉ်ရ ရသေ့ဖြစ်၍ နိယတဗျာဒိတ် ခံယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၇) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၆၃)
သိန္ဓဝဝတ္ထု
ဤဝတ္ထု၌ ဘုရင်တစ်ပါးသည် သိန္ဓောမြင်းပေါက်တစ်ကောင်ကို ရရှိသော်လည်း သိန္ဓောမြင်းဟု မသိဘဲ မြင်းအတတ် သင်ပေးရန် မြင်းဆရာထံ အပ်နှံခဲ့ပုံ၊ ထိုမြင်းဆရာသည် ခွက်စုတ်ဖြင့် ပဲနောက်စေ့များကို ကျွေးသဖြင့် မိမိနှင့် မတန်ဟု ယူဆကာ ကန်ကျောက်ပစ်သဖြင့် မြင်းယုတ်ဟု ထင်ကာ စွန့်ပစ်ထားခဲ့ပုံ တန်ဖိုးနားလည်သော မြင်းဆရာက ရွှေခွက်ဖြင့် အစာကျွေး၍ သင်ကြားပေးသဖြင့် မင်္ဂလာမြင်းတော်ဖြစ်လာခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၃၊၁၁၂)
သိရိကာဠကဏ္ဏိဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် သားမယား ကျွန်အမှုလုပ်တို့နှင့်အတူ ငါးပါးသီလ စောင့်ထိန်းသည့်အတွက် သုစိပရိဝါရသေဋ္ဌိဟု အမည်ရပုံ၊ လောကပါလနတ်မင်းကြီးနှစ်ဦး၏ သမီးများဖြစ်ကြသော ကာဠကဏ္ဏီနှင့် သိရီအမည်ရှိသော နတ်သမီးတို့သည် အနောတတ်အိုင် ဆိပ်ကမ်း၌ ပထမဆုံး ရေချိုးနိုင်သူအကြောင်းနှင့် ပတ်သက်၍ အငြင်းအခုံဖြစ်ရာ သူဌေးကြီးက ဆုံးဖြတ်ပေးပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၄၁)
သိရိကာဠကဏ္ဏိဇာတက
ဤဇာတ်တော်သည် မဟာဥမင်္ဂဇာတ်တော်၌ ပါဝင်ပြီး ဖြစ်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၀၅)
သိရိဇာတက
ဤဇာတ်တော်၌ ကျက်သရေ၏ အမှတ်လက္ခဏာကို သိသော ပုဏ္ဏားတစ်ယောက်သည် အနာထပိဏ်သူဌေးအိမ်၌ ကျက်သရေကို ခိုးယူရန် ကြံစည်ခဲ့ပုံ၊ ကျက်သရေသည် တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွေ့သဖြင့် ပုဏ္ဏားယူ၍ မရခဲ့ပုံ၊ အနာထပိဏ်သူဌေးကြီးက ဘုရားရှင်အား အကြောင်းစုံကို လျှောက်ထားသဖြင့် ဘုရားရှင်က အတိတ်အကြောင်းဆောင်၍ ဟောတော်မူခဲ့ပုံ၊ ရှေးအခါက ဗာရာဏသီမြို့၌ထင်း ခွေယောက်ျားတစ်ဦးသည် တန်ခိုးရှိသော ကြက်သားကို ရသော်လည်း ဘုန်းကံမရှိသဖြင့် မစားခဲ့ရပုံ၊ ထိုကြက်သားကို ဆင်ဆရာက စားရပြီး ဘုရင် ဖြစ်ခဲ့ပုံ၊ ကံ-ပါမှသာလျှင် ထိုက်တန်စွာ ခံစားရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၆၈)
သိရိမဏ္ဍတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ရှေးဘုရားရှင်တို့အထံတော်၌ ပြုခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၁၁၆)
သိရိမတ္ထေရဝတ္ထု
ဤဝတ္ထု၌ ပဒုမုတ္တရဘုရားရှင့်လက်ထက်တော်၌ မထေရ်လောင်းလျာသည် ရသေ့ဖြစ်စဉ် ဗေဒင်ကျမ်းများတွင် လာရှိသည့် ဘုရားဂုဏ်တော်များကို သိရှိရ၍ သဲပုံစေတီတည်ထား ကိုးကွယ်ခဲ့ပုံ၊ တပည့်များကိုလည်း ဘုရားဂုဏ်တော်များကို ပြောပြကာ သဲပုံစေတီကို ကိုးကွယ်စေခဲ့ပုံ၊ ဤဂေါတမဘုရှင်လက်ထက်တော် သိရိမလုလင် ဖြစ်လာ၍ ညီငယ်သိရိဝဍ္ဎနှင့် အတူ မြတ်စွာဘုရား အထံတော်၌ ထံတွင် ရဟန်းပြု၍ ဆဠဘိည ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၅၅)
သိရိမာဝတ္ထု
ဤဝတ္ထု၌ သိရိမာအမျိုးသမီးသည် သောတာပန်တည်ပြီးနောက် ပြည့်တန်ဆာအလုပ်ကို စွန့်လွှတ်ကာ နေ့စဉ်နေ့တိုင်း သံဃာတော်ရှစ်ပါးတို့အား ဆွမ်းလှူဒါန်းလေ့ရှိပုံ၊ ရဟန်းတစ်ပါးသည် သိရိမာအိမ်မှ ဆွမ်းခံပြန်လာပြီးနောက် သိရိမာကို စွဲလမ်းကာ မစားနိုင် မသောက်နိုင်ဘဲ သင်္ကန်းခြုံကာ ကျိန်းနေခဲ့ပုံ၊ ထိုအချိန်၌ သိရိမာ ကွယ်လွန်သွားကြောင်း ဘုရားရှင်အား ရာဇဂြိုဟ်ဘုရင်က လျှောက်ထားသောအခါ ဘုရားရှင်က သိရိမာရုပ်အလောင်းကို မီးမသဂြိုဟ်သေးဘဲ သုသာန်၌ စောင့်ရှောက်ထားရန် မိန့်ကြားတော်မူခဲ့ပုံ၊ လေးရက်ခန့် လွန်သောအခါ လူပရိသတ် ရဟန်းပရိသတ်အားလုံး သိရိမာရုပ်အလောင်းကို လာရောက်ကြည့်ရှုကြရန် မင်းကြီးက ကြေညာခဲ့ပုံ၊ ဘုရားရှင်က သိရိမာရုပ်အလောင်းအား အသပြာတစ်ထောင်ဖြင့် ယူလိုသူတို့အား ယူနိုင်ကြောင်း မင်းကြီးကို ကြေညာခိုင်းတော်မူခဲ့ပုံ၊ ပရိသတ်များက ထွီ ထွမ်-ဟု တံတွေးထွေးကာ ယူမည့်သူမရှိသောကြောင့် ငါးရာ, တစ်ရာ, ငါးဆယ် စသည်ဖြင့် နောက်ဆုံး အလကားပေးသော်လည်း ယူမည့်သူမရှိပုံ၊ ထိုအခါ ဘုရားရှင်က တရားဟောတော်မူသဖြင့် သိရိမာအပေါ် စွဲလမ်းသော ရဟန်း ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၆၆) (ဝိမာန၊ဋ္ဌ၊၆၇)
သိရိမိတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဤမထေရ်လောင်းလျာသည် ရှေးဘုရားတို့အထံတော်၌ ပြုခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ဤဘုရားရှင့်လက်ထက်တော်၌ ရာဇဂြိုဟ်မြို့၌ သူဌေးသား ဖြစ်ပြီး နာဠာဂီရိဆင်ကို ဘုရားရှင်ဆုံးမပွဲ၌ ကြည်ညို၍ သာသနာတော်သို့ ဝင်ရောက်ကာ ဝိပဿနာရှုပွားသဖြင့် မကြာမီမှာပင် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၁၅၁)
သိရိဝဍ္ဎတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီမြတ်စွာဘုရားအား ဆည်းလည်းပန်း လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘဝတို့၌သာ ကျင်လည်ခဲ့၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၃၄)
သိလာဝေဓဝတ္ထု
ဤဝတ္ထု၌ ဘုရားလောင်းနှင့် ဘုရားအလောင်း၏ညီငယ်တို့သည် ဖခင်ကွယ်လွန်သောအခါ ကျွန်များကို အကြောင်းပြု၍ ခိုက်ရန်ဖြစ်ကြပုံ၊ ဘုရားလောင်းသည် ခွန်အားဗလကြီးသဖြင့် ညီငယ်အပေါ်၌ ဖိကာ ကျောက်ခဲဖြင့် ထုခဲ့ပုံ၊ ထိုအကုသိုလ်ကံကြောင့် ကွယ်လွန်သောအခါ ငရဲ၌ ဆင်းရဲဒုက္ခခံစားရပုံ၊ နောက်ဆုံးဘဝ ဘုရားဖြစ်သည့်အခါ၌လည်း ဒေဝဒတ် ကျောက်မောင်းဆင်၍ ကျောက်တုံးကို လှိမ့်ချသဖြင့် ခြေဖမိုး၌ ကျောက်ချပ်လွှာ ထိခိုက်ခံတော်မူခဲ့ရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အပ၊ဋ္ဌ၊၁၊၁၃၅)
သိဝကတ္ထေရဝတ္ထု
ဤဝတ္ထု၌ သီဝကမထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား မုယောမုန့် လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရ၍ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၉၁) (အပ၊ဋ္ဌ၊၂၊၂၉၇)
သိဝကသာမဏေရဝတ္ထု
ဤဝတ္ထု၌ သိဝကသာမဏေအလောင်း အမျိုးကောင်းသားသည် အကြောင်းကိစ္စ တစ်ခုဖြင့် တောတွင်းသို့ ရောက်ရှိစဉ် ဝေဿဘူဘုရားရှင်ကို ဖူးမြင်ရ၍ သရက်ဖြူသီးလှူဒါန်းခဲ့ပုံ၊ ကဿပဘုရားရှင်လက်ထက်တော်၌လည်း ရှင်ရဟန်းပြုခဲ့ဖူးပုံ၊ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ဦးရီးတော် ဝနဝစ္ဆမထေရ်နှင့်အတူ တောတွင်း၌ တရားကျင့်ခဲ့ပုံ၊ ပြင်းပြင်း ထန်ထန်ရောဂါ နှိပ်စက်သော်လည်း ရွာတွင်း၌ မနေဘဲ တောတွင်း၌သာ နေကာ ဦးရီးတော်၏ အဆုံးအမကို ဦးထိပ်၌ ပန်ဆင်၍ ဝိပဿနာရှုမှတ်ခဲ့သဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၇၄)
သိဝိဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသိဝိမင်းကြီးသည် အသပြာ(၆)သိန်း အကုန်အကျခံ၍ နေ့စဉ် နေ့တိုင်း အလှူကြီးပေးခဲ့ပုံ၊ တစ်နေ့သောအခါ ‘‘မိမိ မလှူဖူးသော ဗာဟိရဝတ္ထုပစ္စည်းမည်သည် မရှိ’’ဟု ဆင်ခြင်လျက် ခန္ဓာကိုယ်တွင်း အသွေးအသားနှလုံးသားစသည်တို့ကို လှူဒါန်းလိုစိတ် ဖြစ်ပေါ်လာပုံ၊ သိကြားမင်းက အကန်းပုဏ္ဏားကြီးဟန်ဆောင်၍ အလှူခံလာသောအခါ တိုင်းသူပြည်သားတို့ တားမြစ်နေသည့်ကြားမှပင် မျက်စိကို ဖောက်၍ လှူဒါန်းခဲ့ပုံ၊ သစ္စာပြုသဖြင့် မျက်လုံးများ ပြန်လည် ကောင်းမွန်လာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၄၀၂) (စရိယာ၊ဋ္ဌ၊၆၄)
သီတဝနိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် အတ္ထဒဿီဘုရားရှင့်အထံတော်၌ ပြုခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ရာဇဂြိုဟ်မြို့ ဗြာဟ္မဏ-မဟာသာလမျိုး၌ ဖြစ်၍ သမ္ဘူတအမည်ရှိခဲ့ပုံ၊ ရဟန်းပြုသောအခါ သီတဝနတော၌ နေထိုင်သဖြင့် သီတဝနိယမထေရ်ဟု အမည်တွင်၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၅၅)
သီမာနုဇာနနဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ညီညွတ်သော သမဂ္ဂ ဧကာဝါသ သံဃာများ ဥပုသ်ပြုရမည်ဟု ပညတ်တော်မူခဲ့ရာ မည်သည့်နည်းဖြင့် သမဂ္ဂ, ဧကာဝါသဖြစ်မည်နည်းဟု လျှောက်ထားကြပုံ၊ ဘုရားရှင်က သိမ်သမုတ်ရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၄၄)
သီရိမန္တဇာတက
ဤဇာတ်တော်သည် မဟာဥမင်္ဂဇာတ်တော်၌ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၄၁၃)
သီလဝတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ရှေးဘုရားရှင်တို့အထံတော်၌ ကုသိုလ်ကောင်းမှုပြု၍ ပြုလုပ်ခဲ့ပြီး ပါရမီဖြည့်ကျင့်ခဲ့သောကြောင့် လူ့ပြည်နတ်ရွာပြည်၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင့်လက်ထက်တော်၌ ဗိမ္ဗိသာရမင်းကြီး၏ သားတော် ဖြစ်ခဲ့ပုံ၊ အဇာတသတ်မင်းက သတ်ဖြတ်ရန် ကြိုးစားသောကြောင့် သာသနာတော်သို့ ဝင်ရောက်လာကာ မကြာမီမှာပင် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၂၁၈)
သီလဝနာဂရာဇဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဟိမဝန္တာတော၌ သီလဝနာဂရာဇာ ဆင်ဖြူတော်ဖြစ်ခဲ့ပုံ၊ မုဆိုး မျက်စိလည်နေသော ဒေဝဒတ်လောင်း မုဆိုးကို ဘုရားအလောင်း ဆင်ဖြူတော်က အသက် ကယ်ခဲ့ပုံ၊ မုဆိုးသည် ကျေးဇူးကို မထောက်ဘဲ ဆင်စွယ်ပွတ်သမားတို့နှင့် ပေါင်း၍ ဆင်စွယ်တော်ကို သုံးကြိမ်တိုင်တိုင်ဖြတ်၍ အလှူခံခဲ့သောကြောင့် မြေမျိုခံခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၃၇)
သီလဝီမံသကဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗြဟ္မဒတ်မင်း၏ ပုရောဟိတ်ဖြစ်စဉ် သီလနှင့် ပြည့်စုံသဖြင့် မင်းကြီး၏ မြတ်နိုးခြင်းခံခဲ့ရပုံ မိမိအပေါ် မင်းကြီး၏မြတ်နိုးမှုကို စူးစမ်းလိုသဖြင့် မင်းအသပြာတို့ကို ခိုးယူခဲ့ပုံ၊ မင်းချင်းယောကျ်ားတို့က သူခိုးဟု ဖမ်းလေရာ စူးစမ်းလို၍ ဖြစ်ပါကြောင်း၊ အကျင့်သီလရှိသောကြောင့်သာ မြတ်နိုးသည်ဟု သိရပြီ ဖြစ်ပါကြောင်း မင်းကြီးအား လျှောက်ထား၍ တောထွက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၉၁) (ဇာ၊ဋ္ဌ၊၂၊၃၈၆)
သီလဝီမံသဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းသည် ဗာရာဏသီမင်း၏ ပုရောဟိတ်ပုဏ္ဏားတစ်ဦးဖြစ်စဉ် မိမိ၏ သီလကို စုံစမ်းလိုသဖြင့် မင်း၏ ပန်းထိမ်လုပ်ငန်းမှ တစ်နေ့လျှင် အသပြာတစ်ကျပ်ကို သုံးရက်တိုင်တိုင် ခိုးယူခဲ့ပုံ၊ မင်းချင်းယောကျ်ားတို့က ပုရောဟိတ်အား ဖမ်းဆီးလျက် မင်းကြီးထံ ပို့သောအခါ ပုရောဟိတ်က ‘‘သီလနှင့်လူ မည်သူ့ကို ပို၍ အလေးထားသနည်း’’ ဟု သိလို၍ ဤသို့ ခိုးယူကြောင်းပြောကာ ရသေ့ဝတ်ခဲ့ပုံ၊ တစ်နေ့သောအခါ သားငါးဈေးမှ အသားတုံးတစ်ခုကို စွန်တစ်ကောင်က ကိုက်ချီလာစဉ် အခြားစွန်များက ဝိုင်းဝန်းထိုးဆိတ်ကာ ဆင့်ကဲဆင့်ကဲ လုယူနေကြသည်ကို တွေ့မြင်ပြီး ‘‘ကာမဂုဏ်အာရုံများသည် သားတစ်နှင့်တူ၏’’ ဟု သံဝေဂရကာ ဈာန်တရားများကို ဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့ လားရောက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၉၂) (ဇာ၊ဋ္ဌ၊၃၊၁၇၉)
သီလဝီမံသနဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည်၌ ဒိသာပါမောက္ခဆရာကြီး၏ တပည့်ငါးရာတို့တွင် အကြီးအကဲတစ်ယောက် ဖြစ်ခဲ့ပုံ၊ ဒိသာပါမောက္ခဆရာကြီးက အရွယ်ရောက်နေသော မိမိ၏ သမီးကို အိမ်ထောင်ချပေးရန် တပည့်များ၏ ကိုယ်ကျင့်သီလကို စမ်းသပ်ချပုံ၊ တပည့်များအား မိမိတို့၏ ဆွေမျိုးများထံမှ မည်သူမှ မသိရအောင် အဝတ်အထည် လက်ဝတ်ရတနာတစ်ခုစီ ခိုးခိုင်းခဲ့ပုံ၊ ဘုရားလောင်း တပည့်ကြီးက ပစ္စည်းတစ်စုံတစ်ခုမျှ ခိုးမလာဘဲ ‘‘မကောင်းမှုဟူသည် ဆိတ်ကွယ်ရာ မရှိသဖြင့် မည်သည့်ပစ္စည်းမျှ မယူခဲ့ကြောင်း’’ ဆရာကြီးအား ပြောကြားခဲ့ပုံ၊ ဆရာကြီးက သဘောကျကာ အခြားတပည့်များ၏ ပစ္စည်းများကို ပြန်ပို့ခိုင်းပြီး အကျိုးအကြောင်း ရှင်းပြလျက် သမီးကို ဘုရားလောင်း တပည့်ကြီးနှင့်ပေးစားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၆)
သီလာနိသံသဇာတက
ဤဇာတ်တော်၌ ရတနာသုံးပါးကို ကြည်ညိုသည့် အရိယာဥပါသကာသည် ကူးတို့လှေ မရှိသဖြင့် ဘုရားရှင်ကို အာရုံပြု၍ အစိရဝတီမြစ်ကို ခြေလျင်ဖြတ်ကူးပုံ၊ ရတနာသုံးပါးတို့၏ တန်ခိုးကြောင့် ခြေထောက်ရေမမြုပ်ပုံ၊ ဇေတဝန်ကျောင်းတော်သို့ ရောက်သောအခါ ဘုရားရှင်က အဘယ်သို့လာခဲ့သနည်းဟု မေးမြန်းတော်မူခဲ့ပုံ၊ ဥပါသကာက ဗုဒ္ဓါရမ္မဏပီတိဖြင့် ရေပြင်ပေါ်မှ ဖြတ်လာခဲ့ပုံကို လျှောက်ထားရာ ဘုရားရှင်က ရှေးပညာရှိသူတော်ကောင်းတို့သည်လည်း ကဿပဘုရားရှင် လက်ထက်တွင် သီလ၏တန်ခိုး ကြောင့် သမုဒ္ဒရာကို ဖြတ်ကူးနိုင်ခဲ့ကြောင်း ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၀၁)
သီဝလိတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ လာဘ်လာဘအရာတွင် ဧတဒဂ်ရသော မထေရ်တစ်ပါးကို အားကျ၍ အလှူကြီး ပေးလှူပြီး ဆုတောင်းခဲ့ပုံ၊ ထိုကောင်းမှုကြောင့် ဘဝများစွာ လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဝိပဿီဘုရားရှင် လက်ထက်၌လည်း ပျားရည်နှင့် နို့ဓမ်းခဲတို့ကို လှူဒါန်းခဲ့ပုံ၊ ဤဘုရားရှင့်လက်ထက်တော် ရောက်သောအခါ သုပ္ပဝါသာမင်းသမီး၏ ဝမ်းတွင်း၌ (၇)နှစ်လုံးလုံး ဒုက္ခခံခဲ့ရပုံ၊ မွေးဖွားသောအခါ၌လည်း (၇)ရက်ကြာ ဒုက္ခခံ၍ မွေးဖွားခဲ့ရပုံ၊ မွေးဖွားပြီး၍ (၇)ရက်အကြာ (၇)နှစ်သားမှာပင် ရဟန္တာ ဖြစ်ခဲ့ပုံ၊ ရဟန္တာဖြစ်၍ လာဘ်လာဘအရာတွင် ဧတဒဂ်ရသော မထေရ်ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၁၉၀) (ထေရ၊ဋ္ဌ၊၁၊၁၆၉) (အပ၊ဋ္ဌ၊၂၊၂၄၅)
သီဝလိတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်သီဝလိမထေရ်၏ မယ်တော် သုပ္ပဝါသာ မင်းသမီးသည် ခုနစ်နှစ်တိုင်တိုင် ကိုယ်ဝန်ဆောင်ခဲ့ရပြီး အရှင်သီဝလိမထေရ်လောင်းကို မမွေးဖွားမီ ခုနစ်ရက်တိုင်တိုင် ဝမ်းနာသည့် ဝေဒနာကို ခံစားခဲ့ရပုံ၊ ဝမ်းနာသည့် ဝေဒနာကို ခံစားရစဉ်အတွင်း ရတနာသုံးပါးတို့၏ ဂုဏ်ကို အာရုံပြု၍ ထိုဝေဒနာကို သည်းခံနိုင်ခဲ့ပုံ၊ ထိုအကြောင်းအရာကို မိမိ၏ ခင်ပွန်းသည်အား ဘုရားရှင်ထံ လျှောက်ထားခိုင်းသောအခါ ‘‘ဘုရားရှင်က သုပ္ပဝါသာ မင်းသမီးသည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာလျက် အနာရောဂါ ကင်းသော သားလေးကို ဖွားမြင်ပါစေ’’ဟု မိန့်တော်မူလိုက်သော ခဏ၌ပင် အရှင်သီဝလိထေရ်လောင်း အမျိုးကောင်းသားလေးကို ဖွားမြင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၂၆)
သီသဒုက္ခဝတ္ထု
ဤဝတ္ထု၌ ဘုရားအလောင်းသည် တံငါရွာ၌ တံငါသည်တစ်ဦး ဖြစ်စဉ် အခြားသော တံငါသည်များနှင့် အတူ ငါးများကို ခုတ်ထစ်သတ်ဖြတ်ရာဌာနသို့ သွား၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ပုံ၊ အခြား တံငါသည်အဖေါ်များကိုလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်စေခဲ့ပုံ၊ ထိုအကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် အပါယ်ငရဲ၌ ဆင်းရဲခံစားခဲ့ရပြီး နောက်ဆုံးဘဝ ဘုရားဖြစ်သည့် အချိန်၌လည်း ဦးခေါင်းကိုက်ခဲသည့်ဝေဒနာ ခံစားတော်မူခဲ့ရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အပ၊ဋ္ဌ၊၁၊၁၃၈)
သီသူပစာလာထေရီဝတ္ထု
ဤဝတ္ထု၌ အရှင်သာရိပုတ္တရာ၏နှမ သီသူပစာလာသည် အရှင်သာရိပုတ္တရာ ရဟန်းပြုပြီးနောက် မကြာမီပင် ဘိက္ခုနီဝတ်ကာ တရားအားထုတ်သဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ၊ ထို့နောက် ‘‘အကျင့်သီလနှင့် ပြည့်စုံသော ဘိက္ခုနီသည် မည်သူတစ်ဦးတစ်ယောက်ကမျှ အဆီဩဇာထည့်မထားဘဲ သဘာဝအားဖြင့် ချိုမြိန်ကောင်းမြတ်သော အမြိုက်အရသာကို ရရှိခံစားရကြောင်း’’ ဥဒါန်းကျူးရင့်ခဲ့ပုံ၊ သီသူပစာလာထေရီ ဈာန်သမာပတ်ချမ်းသာကို ခံစားနေစဉ် မာရ်နတ် ရောက်လာပြီး သမာပတ်မှ ရွေ့လျားစေလိုသဖြင့် တာဝတိံသာ ယာမာစသော နတ်ပြည်တို့တွင် အဘယ်ဘုံ၌ ဖြစ်လိုပါသနည်း စသည်ဖြင့် မေးမြန်းခဲ့ပုံ၊ သီသူပစာလာထေရီက မည်သည့်ဘုံကိုမျှ အလိုမရှိကြောင်း၊ ထိုဘုံအားလုံးသည် ကာမဂုဏ်အနှောင်အဖွဲ့၏ နယ်ပယ် ဖြစ်၍ မာရ်နတ်၏ အလိုသို့သာ လိုက်ပါရကြောင်း၊ မည်သည့် ပါသဏ္ဍအယူဝါဒကိုမျှလည်း မနှစ်သက်ကြောင်း၊ ဘုရားရှင်၏ အဆုံးအမကိုသာ နှစ်သက်ကြောင်း ပြောကြားပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၃၅) (သံ၊ဋ္ဌ၊၁၊၁၇၇) (ထေရီ၊ဋ္ဌ၊၁၇၄)
သီဟကောတ္ထုဇာတက
ဤဇာတ်တော်၌ ခြင်္သေ့နှင့် မြေခွေးမတို့ မှီဝဲပေါင်းဖေါ်မိကြသဖြင့် မွေးဖွားလာသော မြေခွေးငယ်သည် ခြင်္သေ့ငယ်များကို အတုလိုက်၍ အော်မြည်းပုံ၊ အသွင်မှာ ခြင်္သေ့နှင့်တူသော်လည်း အသံမှာ မြေခွေးသံဖြစ်နေပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၉၈)
သီဟစမ္မဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းသည် လယ်သမားမျိုး၌ ဖြစ်ခဲ့ပုံ၊ ဒေဝဒတ်လောင်း ကုန်သည် မြည်းကို ခြင်္သေ့သားရေ ခြုံပေးလျက် သလေးမုယောစပါး ခင်းထဲသို့ လွှတ်ပေးလေ့ရှိပုံ၊ ရွာသူရွာသားများ ဝိုင်းဝန်းခြောက်လှန့်သောအခါ ခြင်္သေ့မဟုတ်ဘဲ မြည်းဖြစ်နေကြောင်း သိကြသဖြင့် ထိုမြည်းကို ဝိုင်းဝန်း ရိုက်နှက်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၉၉)
သီဟတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ကိန္နရာမျိုး၌ ဖြစ်ခဲ့ပုံ၊ အတ္ထဒဿီ မြတ်စွာဘုရားအား စန္ဒကူးနံ့သာ ပန်းများစွာတို့ဖြင့် ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရ၍ ဤဘုရားရှင်သာသနာတော် မလ္လမင်းမျိုး၌ ဖြစ်၍ ဘုရားရှင်အထံတော်၌ ရဟန်းပြုကာ ဝိပဿနာ ပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၂၅)
သီဟမိဂရာဇဝတ္ထု
ဤဝတ္ထုသည် ဒုဒ္ဒုဘဇာတ်၌ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၃၉၆)
သီဟဝတ္ထု
ဤဝတ္ထုသည် ပဒုမဗုဒ္ဓဝံသ၌ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၃)
သီဟသေနာပတိဝတ္ထု
ဤဝတ္ထု၌ သီဟစစ်သူကြီးသည် ထင်ရှားကျော်ကြားသော လိစ္ဆဝီမင်းတို့ထံမှ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို အကြိမ်များစွာ ကြားရပုံ၊ မိမိဆရာ နိဂဏ္ဌတို့အား ဘုရားရှင်ထံ သွားခွင့်ပြုရန် ပန်ကြားသော်လည်း ဆရာတို့က ခွင့်မပြုဘဲ ရှောင်လွှဲနေကြပုံ၊ မိမိသဘောဖြင့်သာ သွားခဲ့ပြီးလျှင် ဘုရားရှင်သည် အကြိယဝါဒသမား ဟုတ်, မဟုတ် မေးမြန်းလျှောက်ထားကာ တရားနာပြီးနောက် ဥပါသကာအဖြစ် ခံယူခဲ့ပုံ၊ ဘုရားရှင်အား ဆွမ်းစားပင့်ရာ ‘‘တိတ္ထိတို့က သူတစ်ပါးအသက်ကို သတ်၍ ဆွမ်းကပ်သည်’’ဟု စွပ်စွဲကြပုံ၊ ဘုရားရှင်က မြင်မှု, ကြားမှု, ယုံမှားမှု အစွန်းသုံးပါးကင်းသော ငါးနှင့် အသားများကို ဘုဉ်းပေးနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံနှင့် သီဟစစ်သူကြီး သောတာပန်တည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၂၈) (သာရတ္ထ၊ဋီ၊၃၊၃၂၂)
သီဟသေနာပတိဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ဝေသာလီပြည် မဟာဝုန်တော ကူဋာဂါရသာလာ၌ သီတင်းသုံး နေတော်မူစဉ် သီဟစစ်သူကြီး ရောက်ရှိလာပြီး ‘‘အလှူဒါနတစ်ခုသည် မျက်မှောက်ဘဝ၌ အကျိုးပေးမှု ရှိနိုင်၊ မရှိနိုင်’’ ဘုရားရှင်ထံ မေးမြန်းလျှောက်ထားခဲ့ပုံ၊ ဘုရားရှင်က အလှူဒါနတစ်ခု၏ မျက်မှောက်အကျိုးငါးမျိုးကို ရှင်းလင်းဟောကြားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၃၂) (အံ၊ဋ္ဌ၊၃၊၂၀)
သီဟာထေရီဝတ္ထု
ဤဝတ္ထု၌ သီဟာထေရီသည် သီဟသေနာပတိစစ်သူကြီး၏ တူမဖြစ်၍ သီဟသေနာပတိ နှင့်အတူ မြတ်စွာဘုရားအထံတော်မှ တရားနာရသဖြင့် ဘိက္ခုနီဝတ်ခဲ့ပုံ၊ ခုနစ်နှစ်တိုင်တိုင် တရားထူးကို မရသဖြင့် မိမိကိုယ်ကို သတ်သေမည်ဟု လည်ပင်း၌ ကြိုးကွင်းစွပ်စဉ် ဝိပဿနာဉာဏ် ရင့်ကျက်ကာ ရဟန္တာ ဖြစ်ခဲ့ပုံ၊ ကြိုးကွင်းလည်း ကျွတ်ကျသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၈၁)
သီဟာသနဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် ဓာတ်တော်တို့ကို ဌာပနာပြု၍ စေတီတည်ထားကိုးကွယ်သော သာရီရိကစေတီတော်၌ ခြင်္သေ့ခံသော ပလ္လင်ကို ပြုလုပ်လှူဒါန်းခဲ့ပုံ၊ မိုးမစိုစေရန် ထိုပလ္လင်တော်အတွက် အမိုးကျောင်း ဆောက်လုပ်လှူဒါန်းပုံ၊ ထိုကုသိုလ်ကောင်းမှုတို့ကြောင့် သုဂတိဘုံတို့၌ ကျင်လည်ခဲ့၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၆၀)
သီဟာသနဗီဇိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် တိဿဘုရားရှင်၏ ဗောဓိပင်ဖြစ်သော ပိတောက်ပင်ကို ရှိခိုးပြီး ဗောဓိပင်ရင်းရှိ သီဟာသနပလ္လင်ကို ယပ်ခတ်ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၃၃)
သီဟာသနိကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်အား မြတ်သော သီဟာသနပလ္လင် လှူဒါန်းခ၍ ဗောဓိပင်နေရာ၌လည်း နေရာများ ပြုလုပ်လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုတို့ကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဖြစ်လေရာဘဝတိုင်း၌ ရွှေ၊ ငွေ၊ ပတ္တမြား ပလ္လင်များစွာ ပေါ်ပေါက်၍ သုံးဆောင်ခဲ့ရပုံ၊ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၈)
သုကဇာကတ
ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် ဟိမဝန္တာတောင်၌ ကြက်တူရွေး ဖြစ်ခဲ့ပုံ၊ သူ၏သားသည် ပင်လယ်ထဲရှိ ကျွန်းတစ်ကျွန်းတွင် ပေါက်နေသော သရက်ပင်မှ သရက်သီးမှည့်တို့ကို အဝစားသောက်၍ သရက်သီးတစ်လုံးကို ချီကာ ပျံလာစဉ် အိပ်ငိုက်ပင်ပန်းပြီး ရေထဲကျသေဆုံးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၆၆)
သုကတာဝေဠိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် အမည်အားဖြင့် အသိတဟု ထင်ရှားသော ပန်းသည်ဖြစ်၍ နားသွယ်ပန်းကို ယူပြီး ဘုရင်မင်းမြတ်အား ဆက်သရန် သွားစဉ် သိခီဘုရားရှင်ကို လမ်းတွင် ဖူးမြင်ရ၍ ဘုရားရှင်အား နားသွယ်ပန်းကို ဝမ်းပန်းတသာ လှူခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးလားရောက်ခြင်း မရှိခဲ့ရဘဲ နှစ်ဆယ့်ငါးကမ္ဘာအထက်၌ ဝေဘာရအမည်ရှိသော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၄၃)
သုက္ကဝိသဋ္ဌိသိက္ခာပဒ ဝိနီတဝတ္ထူနိ
ဤဝတ္ထု၌ သုက္ကဝိသဋ္ဌိနှင့် ပတ်သက်၍ သံဃာဒိသေသ်အာပတ် သင့်/မသင့် ဆုံးဖြတ်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၁၆၆)
သုက္ကာထေရီဝတ္ထု
ဤဝတ္ထု၌ သုက္ကာထေရီအလောင်းအလျာသည် ဝိပဿီ, သိခီ, ဝေဿဘူ, ကကုသန္ဓ, ကောဏာဂမန, ကဿပဘုရားရှင်တို့၏ လက်ထက်တော်၌ သီလစင်ကြယ်သူ အကြားအမြင် ဗဟုသုတများသူ ဓမ္မကထိက ဖြစ်ခဲ့ပုံ၊ ဤဂေါတမမြတ်စွာဘုရားလက်ထက်တော်၌ ရာဇဂြိုဟ်မြို့တွင် သူဌေးသမီး ဖြစ်၍ ဓမ္မဒိန္နာထေရီ၏အထံ၌ ရဟန်းပြုကာ မကြာမီ ရဟန္တာ ဖြစ်ခဲ့ပုံ၊ တရားဟော ဓမ္မကထိကဟု ကျော်ကြား၍ ရုက္ခစိုးနတ်စသူတို့ကပင် ကြည်ညိုကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၅၉)
သုခဝိဟာရိဇာတက
ဤဇာတ်တော်၌ သာကီဝင်မင်း ဘဒ္ဒိယသည် ရဟန်းပြုလာသောအခါ စိတ်ချမ်းသာသည့် အရသာကို ခံစားရပုံ၊ ယခင် မင်းဖြစ်စဉ်ဘဝက အစောင့်အကြပ်များဖြင့် ခမ်းနားစွာနေသော်လည်း အမြဲတမ်း ထိတ်လန့်တုန်လှုပ်ကာ စိတ်ဆင်းရဲရပုံ၊ ရဟန်းဘဝချမ်းသာနှင့် လူ့ဘဝချမ်းသာ ကွဲပြားမှုတို့ကို ပြဆိုထားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၅၆)
သုခသာမဏေရဝတ္ထု
ဤဝတ္ထု၌ သုခသာမဏေလောင်း အမျိုးကောင်းသားသည် ဗာရာဏသီပြည်၌ သစ်ခုတ်သမား တောတွင်းသား တစ်ယောက်ဖြစ်ခဲ့စဉ် ဂန္ဓသူဌေး၏ စားတော်ပွဲကို သုံးဆောင်လိုသဖြင့် သုံးနှစ်တိုင်တိုင် ဂန္ဓသူဌေးထံ ကျွန်ခံခဲ့ပုံ၊ သုံးနှစ်ပြည့်သောအခါ သစ်ခုတ်သမား တောတွင်းသားသည် ဂန္ဓသူဌေး၏ စားတော်ပွဲကို စားသောက်ခွင့်ရသဖြင့် စားမည်ပြုစဉ် နိရောဓသမာပတ်မှ ထပြီး ဆွမ်းခံကြွလာသော ပစ္စေကဗုဒ္ဓါတစ်ပါးကို တွေ့မြင်ရပုံ၊ သစ်ခုတ်သမားသည် မိမိ၏ အာသာဆန္ဒ တဏှာလောဘကို ပယ်ဖျောက်၍ ထမင်းပွဲအားလုံးကို ပစ္စေကဗုဒ္ဓါအား လောင်းလှူလိုက်ပုံ၊ ထိုအကြောင်းအရာကို ဂန္ဓသူဌေး သိရှိသွားပြီး သစ်ခုတ်သမားအား စည်းစိမ်ဥစ္စာများကို တစ်ဝက် ခွဲပေးသဖြင့် သစ်ခုတ်သမားသည် ဘတ္တဘတိကသူဌေး ဖြစ်လာပုံ၊ ထိုကုသိုလ်ကောင်းမှု၏ အကျိုးဆက်ကြောင့် လူချမ်းသာနတ်ချမ်းသာတို့ကို ခံစားခဲ့ရပြီး ဤဂေါတမဘုရားရှင်လက်ထက်တော်၌ အရှင်သာရိပုတ္တရာမထေရ်၏ အလုပ်အကျွေးအမျိုးအိမ်၌ ‘‘သုခကုမာရ’’ဟူသော အမည်ဖြင့် ဖြစ်ခဲ့ပုံ၊ ခုနစ်နှစ်သားအရွယ် ရောက်သောအခါ ရှင်သာမဏေပြု၍ တရားအားထုတ်သဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၅၅)
သုဂန္ဓတ္ထေရဝတ္ထု
ဤဝတ္ထု၌ သုဂန္ဓမထေရ်အလောင်း အမျိုးကောင်းသားသည် တိဿဘုရားရှင်၏ ခြေတော်ရာ စေတီကို လိပ်ဆူးရွှေပန်းများဖြင့် ပူဇော်ခဲ့ပုံ၊ ကဿပဘုရားရှင့်လက်ထက်တော်၌ ဂန္ဓကုဋိကျောင်းတော်ကို စန္ဒကူးနီအမှုန့်များဖြင့် လိမ်းကျံကာ လှူဒါန်းခဲ့ပုံ၊ ဤဂေါတမဘုရားရှင့်လက်ထက်တော်၌ မိခင်ပုဏ္ဏေးမ၏ ဝမ်း၌ ပဋိသန္ဓေတည်နေသည့် အချိန်မှစ၍ပင် တစ်အိမ်လုံး မွှေးကြိုင်သင်းပျံ့နေပုံ၊ ရဟန်းပြုပြီးနောက် (၇)ရက်အတွင်း ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၉၉)
သုဂန္ဓတ္ထေရဝတ္ထု
ဤဝတ္ထု၌ ကဿပဘုရားရှင်၏ အသံတော်ကို ကြည်ညိုကာ များစွာသော စည်းစိမ်ဥစ္စာတို့ကို ပယ်စွန့်လျက် ရဟန်းပြုခဲ့ပုံ၊ ထို့နောက် ဆန်းကြယ်သော တရားစကားများကို ဟောပြောတတ်သည့် ဓမ္မကထိကရဟန်းတော်တစ်ပါး ဖြစ်ခဲ့ပုံ၊ ဓမ္မကထိကရဟန်း ဖြစ်စဉ် ဘုရားရှင်အား များစွာသော ဂုဏ်ပုဒ်တို့ဖြင့် ချီးကျူးပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် သုဂတိဘုံဘဝတို့၌ အခြံအရံ အကျော်အစော များစွာဖြင့် ကျင်လည်ခဲ့ရ၍ ဤဘုရားရှင်လက်ထက်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၀၈)
သုစိန္တိတတ္ထေရဝတ္ထု
ဤဝတ္ထု၌ သုစိန္တိတမထေရ်အလောင်း အမျိုးကောင်းသားသည် ပဒုမုတ္တရဘုရားရှင် လက်ထက်၌ လယ်သမားတစ်ဦးဖြစ်ခဲ့ပုံ၊ ကောက်ဦးအလှူကို လှူခဲ့သည့် ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘဝတို့၌ ဖြစ်၍ အပူအအေးကင်းကာ စီးပွားဥစ္စာပေါများခဲ့ပုံ၊ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၀)
သုစ္စဇဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် အမှုကိစ္စအားလုံးကို ဆောင်ရွက်ပေးနိုင်သည့် အမတ်ချုပ်ကြီးဖြစ်ခဲ့ပုံ၊ ဗာရာဏသီမင်းသည် မိဖုရားကြီးအား ချီးမြှောက်မှု မပြုသဖြင့် အမတ်ချုပ်ကြီးက မိဖုရားကြီး၏ ဂုဏ်ကျေးဇူးများကို ပြောကြားလျှောက်ထားပုံ၊ ထိုအခါမှ မင်းကြီး သတိရကာ မိဖုရားကြီးအား ချီးမြှောက်မှု ပြုခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၆၁)
သုဇာတဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီမင်း ဖြစ်စဉ် မယ်တော်သည် ရက်စက်ကြမ်းကြုတ်၍ ဆဲရေးတိုင်းထွာတတ်သော နှုတ်ထွက်ကြမ်းသူ ဖြစ်ခဲ့ပုံ၊ ဘုရားလောင်းသည် မယ်တော်ကို ဆုံးမဖြောင်းဖျရန် အခွင့်အရေးစောင့်နေပုံ၊ တစ်နေ့တွင် မင်းပရိသတ်တို့ ဥယျာဉ်သို့ ထွက်သောအခါ တစ်တီတူးအော်သံကြားရသဖြင့် ပရိသတ်တို့က ငှက်ယုတ်မာသံဟု ဆိုကာ နားပိတ်ကြပြီး၊ ဥဩတွန်သံ ကြားသောအခါ ကျေနပ်စွာ လက်ခံကြပုံကို ရှင်းပြ၍ မယ်တော်အား အေးချမ်းသာယာစွာ ပြောဆိုရန် တောင်းပန်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၁၃)
သုဇာတဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည်တွင် သုဇာတဟူသော အမည်ဖြင့် သူဌေးသားတစ်ယောက် ဖြစ်ခဲ့ပုံ၊ အရွယ်ရောက်လာချိန်တွင် အဘိုးဖြစ်သူ ကွယ်လွန်သွားသဖြင့် ဖခင် သူဌေးကြီး မအိပ်နိုင် မစားနိုင် ဖြစ်ကာ ငိုကြွေးလျက် သုသာန်သို့ သွား၍ အရိုးများကို ယူကာ မိမိအိမ်အရံအတွင်း၌ အရိုးစေတီတည်ထားပုံ၊ အဘိုးအတွက် နေ့စဉ် ရက်ဆက် ငိုကြွေးနေသော ဖခင်အား သားဖြစ်သူ သုဇာတက နွားသေတစ်ကောင်ကို အစာကျွေး ရေတိုက်လျက် တရားပြကာ သေပြီးသူသည် ဤဘဝခန္ဓာဖြင့် တစ်ဖန် ပြန်မလာ နိုင်တော့ကြောင်း သံဝေဂရစေပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၄၄)
သုဇာတဗုဒ္ဓဝံသ
ဤဗုဒ္ဓဝင်၌ သုဇာတဘုရားရှင်သည် သုမင်္ဂလနေပြည်တော်၌ ခမည်းတော် ဥဂ္ဂတမင်းကြီးနှင့် မယ်တော် ပဘာဝတီဒေဝီတို့မှ မွေးဖွားခဲ့ပုံ၊ သီရိနန္ဒာမင်းသမီးနှင့် နန်းစည်းစိမ် ခံစားကာ သားတော် ဥပသေနကို ရရှိပုံ၊ စီးတော်မြင်းယာဉ်ဖြင့် တောထွက်တော်မူကာ ဝါးဗောဓိပင်ရင်း၌ ဘုရား ဖြစ်တော်မူခဲ့ပုံ၊ သုဒဿနမထေရ်နှင့် သုဒေဝမထေရ်-ဟူသော အဂ္ဂသာဝကနှစ်ပါး ရှိတော်မူပုံ၊ နာရဒမထေရ်က လုပ်ကျွေးပြုစုပုံ၊ ထိုစဉ်က ဂေါတမဘုရားလောင်းသည် စကြဝတေးမင်း ဖြစ်ပြီး ဗျာဒိတ်ခံယူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၅) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၃၉)
သုဇာတမဟာရာဇဝတ္ထု
ဤဝတ္ထုသည် တိဿဗုဒ္ဓဝံသ၌ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၈)
သုဇာတာဇာတက
ဤဇာတ်တော်၌ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီးသည် သုဇာတာမည်သော ဆီးသီးသည်မကို မိဖုရားခေါင်ကြီးမြှောက်ခဲ့ပုံ၊ ဘဝကို မေ့၍ ဆီးသီးကို မသိလေဟန် ဆောင်သောကြောင့် နန်းတော်မှ နှင်ထုတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၉)
သုဇာတာထေရီဝတ္ထု
ဤဝတ္ထု၌ သာကေတမြို့၌ သူဌေးသမီး သုဇာတာသည် အခြံအရံများနှင့်အတူ နက္ခတ်သဘင်ပွဲမှ ပြန်လာစဉ် အဉ္ဇနတော၌ သီတင်းသုံးနေတော်မူသော မြတ်စွာဘုရား၏ တရားတော်ကို နာရ၍ ရဟန္တာ ဖြစ်ကာ ဘိက္ခုနီပြုခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၁၄၀)
သုဇာတာဝတ္ထု
ဤဝတ္ထု၌ သုဇာတာအမျိုးသမီးလောင်းလျာသည် ပဒုမုတ္တရဘုရားရှင်က ပထမဆုံး သရဏဂုံ ဆောက်တည်သူအဖြစ် အမျိုးသမီးတစ်ဦးအား ဧတဒဂ်ပေးသည်ကို အားကျ၍ ကုသိုလ်ပြု၍ ထိုဧတဒဂ်ရရန် ဆုတောင်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ဘဝများစွာ လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင့်လက်ထက်တော်၌ ဥရုဝေလတော သေနာနိဂုံး၌ သေနိယသူဌေးကတော် ဖြစ်ခဲ့ပုံ၊ ဘုရားရှင်အထံတော်မှ ပထမဆုံး သရဏဂုံ ဆောက်တည်၍ သောတာပန်ဖြစ်ကာ ပထမဆုံး သရဏဂုံ ဆောက်တည်သူအဖြစ် ဧတဒဂ် ရခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၀၉)
သုဇာတာဝတ္ထု
ဤဝတ္ထု၌ အနာထပိဏ်သူဌေး၏ချွေးမ သုဇာတာသည် လင်ယောကျ်ားနှင့် ယောက်ခမတို့အပေါ်၌ ရိုသေလေးစားခြင်းမရှိပုံ၊ ဘုရားရှင်က သုဇာတာကို ခေါ်၍ မယားခုနစ်မျိုးအကြောင်း ဟောကြားပုံ၊ သုဇာတာက ကျွန်မနှင့်တူသော မယားဖြစ်အောင် ကြိုးစားပါမည်ဟု လျှောက်ထားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၄၆၆) (အံ၊ဋ္ဌ၊၃၊၁၇၇)
သုဇာတာဝတ္ထု
ဤဝတ္ထု၌ သေနာနိဂုံး၌ သူဌေးသမီး သုဇာတာသည် အဖိုးတစ်သိန်းထိုက်သော ရွှေခွက်တွင် ဃနာနို့ဆွမ်းထည့်၍ ကဆုန်လပြည့်နေ့ နံနက်စောစောတွင် ညောင်ပင်ရင်း၌ ထိုင်နေသော ဘုရားအလောင်းကို သစ်ပင်စောင့်နတ်ဟု ထင်မှတ်၍ ရိုသေစွာ ရှိခိုးလျက် လှူဒါန်းကာ ဆုတောင်းပုံ၊ ဘုရားအလောင်းသည် ထိုရွှေခွက်ကို အလှူခံ၍ ဃနာနို့ဆွမ်းကို (၄၉)လုတ် ဘုဉ်းပေးတော်မူပြီး ရွှေခွက်ကို နေရဉ္ဇရာ မြစ်ထဲသို့ မျှောတော်မူခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဗုဒ္ဓဝံ၊ဋ္ဌ၊၈)
သုဏိသာဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့သူတစ်ဦးသည် မထေရ်တစ်ပါးအား မိမိဝေစုမှ ရသော မုန့်၏ ထက်ဝက်ကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် တာဝတိံသာနတ်ပြည်၌ နတ်သမီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၅၃)
သုဏိသာဝတ္ထု
ဤဝတ္ထု၌ ဥပါသိကာမတစ်ဦးသည် ရဟန်းတစ်ပါးအား မုယောမုန့်တို့ကို လှူဒါန်ခဲ့သည့် ကုသိုလ်ကောင်းမှုကြောင့် တာဝတိံသာနတ်ပြည်၌ နတ်သမီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၅၅)
သုတနုဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် သုတနုမည်သော ဆင်းရဲသားဖြစ်၍ မိခင်အိုကြီးကို ပြုစုလုပ်ကျွေးနေပုံ၊ ဗာရာဏသီမင်းသည် သမင်လိုက်သွားရာမှ ဘီလူးအဖမ်းခံ၍ အပိုင်စား ရထားသော ညောင်ပင်စောင့် ဘီးလူးအား ထမင်းပို့ပါမည်ဟူသော ကတိဖြင့် လွတ်လာပြီးနောက် ပို့မည့်သူကို လှည့်လည်ရှာဖွေသော် သုတနုက ငွေတစ်ထောင် ယူ၍ မိခင်အား ကန်တော့ပြီး ထမင်းပို့သွားခဲ့ပုံ၊ သုတနုသည် ဘီလူးကို ဆုံးမနိုင်သဖြင့် စစ်သူကြီးရာထူး ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၀၅)
သုတ္တပေတဝတ္ထု
ဤဝတ္ထု၌ လူငယ်တစ်ဦးသည် ပစ္စေကဗုဒ္ဓါအား ဆွမ်းကပ်ခဲ့သော ကုသိုလ်ကံကြောင့် တန်ခိုးကြီး၍ ကြီးကျယ် မြင့်မြတ်သော နတ်ပြိတ္တာဘဝသို့ရောက်ရှိသွားပုံ၊ မိမိ၏အမျိုးသမီးအပေါ် စွဲလမ်းမှုဖြစ်သဖြင့် မိမိ၏ ဘုံဗိမာန်၌ အတူ နေနိုင်ရန် ပစ္စေကဗုဒ္ဓါအား အပ်ချည်လုံး လှူစေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၆၂) (ပေတ၊ဋ္ဌ၊၁၃၅)
သုဒတ္တဝတ္ထု
ဤဝတ္ထု၌ ငယ်နာမည် သုဒတ္တ-ဟု ခေါ်သော အနာထပိဏ်သူဌေးသည် ယောက်ဖတော်သူ ရာဇဂြိုဟ်သူဌေးဝိသာလထံ ရောက်သောအခါ ဘုရားရှင် ပွင့်တော်မူပြီဖြစ်ကြောင်း ကြားသိရပုံ၊ မိုးလင်းခါနီး အချိန်၌ အိပ်ရာမှ ထ၍ ဘုရားရှင့်အထံတော်သို့ သွားခဲ့ပုံ၊ တစ်ဖန်ပြန်၍ မှောင်လာသဖြင့် ကြောက်စိတ်ဝင်လာစဉ် သုသာန်စောင့်နတ်က တိုက်တွန်းသဖြင့် ဘုရားရှင့်အထံတော်သို့ အရောက်သွားခဲ့ပုံ၊ ဘုရားရှင့်အထံတော်မှ တရားနာရ၍ သောတာပန် ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၂၈၅)
သုဒဿနတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိနတာမြစ်ကမ်းနား၌ အသီးသီးသော ညောင်ကြတ်ပင်ကို ရှာဖွေစဉ် သိခီဘုရားရှင်ကို ဖူးမြင်ရ၍ ဆပ်သွားပန်းကို ပွင့်ညှာနှင့်တကွ ဖြတ်တောက်၍ သိခီဘုရားရှင်အား လှူဒါန်းခဲ့ပုံ၊ ‘‘အရှင်ဘုရားသည် မဂ်ဉာဏ်ဖြင့် ရွှေ့လျောခြင်း မရှိသော အမြိုက်နိဗ္ဗာန်သို့ ရောက်တော်မူပါ၏။ ထိုမဂ်ဉာဏ်တော်ကို ပူဇော်ပါ၏’’ဟု လျှောက်ထားခဲ့ပုံ၊ ပန်းကို တင်လှူပူဇော်ခဲ့သော ဘဝမှစ၍ အပါယ်လေးပါးလားရောက်ခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော တစ်ဆယ့်သုံးကမ္ဘာအထက်၌ ဖလုဂ္ဂတအမည်ရှိသော စကြဝတေးမင်း တစ်ဆယ့်နှစ်ကြိမ်ဖြစ်ခဲ့၍ နောက်ဆုံး ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (အပ၊၁၊၁၈၁)
သုဒဿနရာဇဝတ္ထု
ဤဝတ္ထုသည် ဝေဿဘူဗုဒ္ဓဝံသ၌ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၇၀)
သုဒိန္နဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ဝေသာလီမြို့၌ တရားဟောတော်မူစဉ် ကလန္ဒရွာသား သုဒိန္နမည်သော သူဌေးသားတစ်ဦးသည် ဘုရားရှင်၏ တရားတော်ကို နာကြားရသဖြင့် သာသနာတော်သို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ပုံ၊ မိဘတို့အား ခွင့်ပန်ရာ မိဘတို့က ခွင့်မပြုသဖြင့် အစာငတ် ရေငတ်ခံ၍ နေသောအခါမှ သေမည့်အရေးကို မလိုလားသဖြင့် မိဘတို့က ခွင့်ပေးလိုက်ကြပုံ၊ ရဟန်းပြုလာပြီးနောက် နှစ်ပေါင်းများစွာ တရားအားထုတ်ပြီး ဝေသာလီမြို့သို့ ပြန်ကြွလာပုံ၊ သားသမီးမျိုးစေ့ အဆက်ပြတ်သွားပါက အမွေစားအမွေခံ မရှိသောပစ္စည်းကို လိစ္ဆဝီမင်းတို့ သိမ်းယူမည်စိုးသဖြင့် သားမျိုးစေ့ ပေးပါရန် မိခင်ကြီးက တောင်းပန်ပုံ၊ သိက္ခာပုဒ် မပညတ်သေးချိန်ဖြစ်၍ မိမိမယားဟောင်းအား ကာမဂုဏ်မှီဝဲခဲ့ပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူသောအခါ ‘‘ရဟန်းများ ကာမဂုဏ် မမှီဝဲရ’’ဟု ပထမပါရာဇိကသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၁၃)
သုဒ္ဓေါဒနဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်၏ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် ဘုရားရှင်နှင့် သံဃာတော် နှစ်သောင်း မိမိနိုင်ငံ ကပိလဝတ္ထုသို့ ကြွရောက်လာသောအခါ ဆွေတော်မျိုးတော်တို့နှင့် ကြိုဆိုခဲ့၍ နိဂြောဓာရုံကျောင်းတော်သို့ ပင့်ဆောင်ခဲ့ပုံ၊ ဆွေတော်မျိုးတော်တို့သည် တရားတော်ကို နာ၍ ပြန်သွားကြသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ ဆွမ်းစားမပင့်ကြသဖြင့် နောက်တစ်နေ့၌ ရှေးဘုရားရှင်တို့ အစဉ်အလာတိုင်း မြို့တော်ထဲသို့ ဆွမ်းခံကြွတော်မူပုံ၊ ဘုရားရှင်၏ ကျက်သရေကို ယသောဓရာသည် နရသီဟဆယ်ဂါထာဖြင့် ချီးမွမ်းခဲ့ပုံ၊ သားတော်ကြီးသည် သပိတ်ပိုက်၍ ဆွမ်းတောင်းခံကာ လှည့်လည်နေကြောင်း ဆွေတော်မျိုးတော်တို့ မျက်နှာငယ်ရကြောင်း မင်းကြီးထံ သံတော်ဦးတင်ကြပုံ၊ ခမည်းတော် မင်းကြီးက ဘုရားရှင့်ထံ အရောက်သွားပြီး ဆွမ်းခံမကြွရန် လျှောက်ထားခဲ့ပုံ၊ ဘုရားရှင်က ရှေးဘုရားရှင်တို့၏ အစဉ်အလာ မြင့်မြတ်သော အကျင့်ဖြစ်ကြောင်း တရားဟောတော်မူရာ ခမည်းတော် သုဒ္ဓေါဒမင်းကြီး သောတာပန်တည်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၀၅) (သာရတ္ထ၊ဋီ၊၃၊၂၄၆)
သုဒ္ဓေါဒနဝတ္ထု
ဤဝတ္ထု၌ ဘုရားလောင်း သိဒ္ဓတ္ထမင်းသား အိပ်စက်နေသော လယ်တောရှိ သပြေပင်သည် ဘုရားအလောင်းအား နေပူမှ ကာကွယ်ပေးပုံ၊ သုဒ္ဓေါဒနမင်းကြီး လယ်ထွန်ပွဲ ဆင်နွှဲပုံ၊ လူသူကင်းရှင်းသောအခါတွင် ဘုရားအလောင်းမင်းသားငယ်သည် တရားကျင့်၍ ဈာန်ကို ဖြစ်စေပုံ၊ သုဒ္ဓေါဒနမင်းကြီးက ရှိခိုးပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၁၉၁)
သုဓာပိဏ္ဍိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထ ဘုရားရှင်၏ စေတီတော်၌ ကွဲအက်သော အကြား၌ အင်္ဂတေစိုင်ကို ကြည်လင်ဝမ်းမြောက်သော စိတ်ဖြင့် လှူဒါန်းပူဇော်ခဲ့ပုံ၊ ဤကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော ကမ္ဘာသုံးဆယ်အထက်၌ ပဋိသင်္ခါရအမည်ရှိသော စကြဝတေးမင်း တစ်ဆယ့်သုံးကြိမ်ဖြစ် ခဲ့၍ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၄၇)
သုဓါဘောဇနဇာတက
ဤဇာတ်တော်၌ ဗာရာဏသီပြည်တွင် မစ္ဆရိယကောသိယသူဌေးကြီး၏ အဘ, အဘိုး စသော ဖခင်အစဉ်အဆက် ငါးယောက်တို့သည် ဗာရာဏသီမြို့၏ တံခါးလေးပေါက်, မြို့လယ်, အိမ်၏အိမ်တံခါးမုခ် ဤခြောက်ဌာနတို့၌ အလှူမဏ္ဍပ်ကြီးများကို ဆောက်လုပ်၍ နေ့စဉ်နေ့တိုင်း အသပြာခြောက်သိန်း အကုန်အကျခံလျက် အလှူဒါနဝတ်ကို ပြုလုပ်ခဲ့ကြသဖြင့် သိကြားမင်း, စန္ဒနတ်သား, သူရိယနတ်သား, မာတလိနတ်သား, ပဉ္စသီခနတ်သားတို့ ဖြစ်ခဲ့ကြပုံ၊ မစ္ဆရိယကောသိယသူဌေးလက်ထက် ရောက်သောအခါ ‘‘မိမိ၏ အဘ, အဘိုး စသောသူတို့သည် ပစ္စည်းဥစ္စာများကို အလဟဿ ဖြုန်းတီးစွန့်ပစ်နေသည်’’ဟု ဆိုပြီး အလှူမဏ္ဍပ်အားလုံးကို မီးရှို့ဖျက်ဆီး၍ အလှူခံပုဂ္ဂိုလ်များကို နှင်ထုတ်ပုံ၊ ကောသိယသူဌေးကြီးသည် မိမိကိုယ်တိုင်လည်း ဖျင်ကြမ်းအဝတ်ကို ဝတ်၍ ဆန်ကွဲထမင်းစသည်ကို စားပြီး အလွန်နှမြောဝန်တိုလေ့ရှိပုံ၊ တစ်နေ့သောအခါ ကောသိယသည် သူငယ်ချင်း သူဌေးထံ ရောက်ရှိသွားစဉ် သူငယ်ချင်းဖြစ်သူ နို့ဃနာထမင်း စားသောက်နေသည်ကို တွေ့မြင်ခဲ့ရသဖြင့် ကောသိယသန္တာန်၌ နို့ဃနာထမင်းစားလိုသော အာသာဆန္ဒပြင်းပြစွာ ဖြစ်ပေါ်လာခဲ့ပုံ၊ အခြားသူများ သိမည်စိုးသဖြင့် ဇနီးသည်နှင့် တိုင်ပင်၍ တောထဲ၌ မိမိတစ်ယောက်စာအတွက် နို့ဃနာထမင်း ချက်ခဲ့ပုံ၊ ထိုအကြောင်းအရာကို ဆွေမျိုးတော်စပ်ခဲ့ဖူးသော သိကြားမင်း, စန္ဒနတ်သား, သူရိယနတ်သားစသည်တို့က သိရှိသွားပြီး အလှူခံ ပုဏ္ဏားယောင်ဆောင်၍ သံဝေဂရအောင် ပြုလုပ်ခဲ့ကြပုံ၊ မစ္ဆရိယကောသိယသူဌေးကြီးသည် သတိသံဝေဂရရှိသွားပြီး အလှူဒါနဝတ်များကို ပြန်လည်ဆောက်တည်၍ ပစ္စည်းဥစ္စာအားလုံးကို စွန့်လွှတ်လှူဒါန်းခဲ့ပုံ၊ ပစ္စည်းဥစ္စာများ ကုန်ခန်းသွားသောအခါ ဟိမဝန္တာတောသို့ သွား၍ ရသေ့ရဟန်းဝတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၄၀၇)
သုနက္ခတ္တဝတ္ထု
ဤဝတ္ထု၌ သုနက္ခတ္တရဟန်းသည် ရှေးဦးစွာ ဘုရားရှင်ထံ ချဉ်းကပ်၍ ဒိဗ္ဗစက္ခု ပရိကမ်ကို မေးမြန်းလျှောက်ထားခဲ့ပုံ၊ သုနက္ခတ္တသည် ဒိဗ္ဗစက္ခုအဘိညာဉ်ကို ဖြစ်စေပြီး နတ်ပြည်ချမ်းသာကို တွေ့မြင်ရပုံ၊ တစ်ဖန်ဘုရားရှင်ထံ ဒိဗ္ဗသောတပရိကမ်ကို မေးမြန်းလျှောက်ထားခဲ့ပုံ၊ ဘုရားရှင်က သုနက္ခတ္တရဟန်း ဒိဗ္ဗသောတအဘိညာဉ် ရရန်အကြောင်းကို မြင်တော်မမူဖြင့် ဒိဗ္ဗသောတပရိကမ်ကို မညွှန်ပြတော်မမူသောအခါ ဘုရားရှင်အပေါ်၌ ရန်ငြိုးဖွဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋီ၊၃၊၁၃၆)
သုနက္ခတ္တဝတ္ထု
ဤဝတ္ထု၌ လိစ္ဆဝီမင်းသား သုနက္ခတ္တသည် သူငယ်ချင်း ဘဂ္ဂဝပရိဗိုဇ်ထံသို့ သွား၍ သူသည် မြတ်စွာဘုရားကို စွန့်လွှတ်လိုက်ကြောင်း ပြောဆိုပုံ၊ တစ်နေ့တွင် မြတ်စွာဘုရားသည် ဘဂ္ဂဝ၏ အရာမ်သို့ ကြွတော်မူ၍ သုနက္ခတ္တ၏ အပြစ်တင်စကားများကို ဥပမာအမျိုးမျိုးပြ၍ ဖြေရှင်းတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၃၊၁) (ဒီ၊ဋ္ဌ၊၃၊၁)
သုနက္ခတ္တဝတ္ထု
ဤဝတ္ထု၌ လိစ္ဆဝီမင်းမျိုးမှ ရဟန်းပြုလာသော သုနက္ခတ်ရဟန်းသည် လူထွက်သွားပြီးနောက် ဝေသာလီမြို့ရှိ ပရိသတ်အလယ်၌ ‘‘ရဟန်းဂေါတမ၏ သန္တာန်၌ ဥတ္တရိမနုဿဓမ္မများ မရှိကြောင်း၊ ရဟန်းဂေါတမသည် မိမိဉာဏ်၌ ထင်လာသမျှ ကြံဆ၍သာ တရားဟောခြင်းဖြစ်ကြောင်း’’ စသည်ဖြင့်ပြောကြားပုံ၊ ထိုအကြောင်းအရာကို ဝေသာလီမြို့တွင်းသို့ ဆွမ်းခံကြွတော်မူသော အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး ကြားသိတော်မူ၍ ဘုရားရှင်အား တစ်ဆင့်လျှောက်ထားခဲ့ပုံ၊ ဘုရားရှင်က သုနက္ခတ်သည် အမျက်ဒေါသအလွန်ကြီးပြီး ကြမ်းတမ်းခက်ထန်ကြောင်း၊ အမျက်ဒေါသ အာဃာတဖြင့် အထက်ပါစကားကို ပြောဆိုနေခြင်းဖြစ်ကြောင်း မိန့်ကြားတော်မူပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊၁၊၉၇) (မ၊ဋ္ဌ၊၁၊၃၂၅)
သုနခဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကာသိတိုင်း၌ ချမ်းသာကြွယ်ဝသော အမျိုး၌ ဖြစ်စဉ် လူတစ်ယောက်သည် ချစ်စရာကောင်း၍ ဝဖြိုးနေသော ခွေးတစ်ကောင်ကို ဝယ်ယူ၍ သားရေကြိုးဖြင့် ချည်ကာ ခေါ်ဆောင်သွားပြီး ဇရပ်တစ်ခု၌ အိပ်နေပုံ၊ ဘုရားအလောင်းက မြင်သဖြင့် ခွေးကို ‘‘သားရေကြိုးကို ကိုက်ဖြတ်၍ ထွက်ပြေးပါလော့’’ဟု ပြောကြားပုံ၊ ခွေးက ‘‘ထိုအကြောင်းကို သိပါသည် ခွေးဖမ်းလာသူ အိပ်ပျော်ချိန်ကို စောင့်နေပါသည်’’ ဟု ပြောဆိုကာ ထိုသူအိပ်ပျော်ချိန်၌ ကြိုးကို ကိုက်ဖြတ်၍ ထွက်ပြေးသွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၂၅)
သုနာဂတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိခီမြတ်စွာဘုရား၏ လက္ခဏာတော်ကြီးငယ်များကို ဖတ်ကြားသော ဗေဒင်ပညာရှင်ဖြစ်ခဲ့ပုံ၊ ဘုရားရှင်၏ ဉာဏ်တော်ကို ပူဇော်ခဲ့သော ကုသိုလ်ကြောင့် လူ့ပြည်နတ်ပြည်တို့၌ ကျင်လည်ခဲ့ရ၍ ဤဘုရားရှင့်လက်ထက်တော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၂၉)
သုနိက္ခိတ္တဒေဝပုတ္တဝတ္ထု
ဤဝတ္ထု၌ ကဿပဘုရားရှင် ပရိနိဗ္ဗာန်စံပြီးနောက် သရီရဓာတ်တော်တို့ကို ဌာပနာ၍ တစ်ယူဇနာဉာဏ်တော်ရှိသည့် ရွှေစေတီကြီး တည်ထားကြပုံ၊ ပန်းများကို ပူဇော်ကြရာ၌ ဖရိုဖရဲ မလှမပရှိနေသည်တို့ကို မြင်တွေ့ရသော ဥပါသကာတစ်ဦးသည် နေရာတကျ လှလှပပ ပြင်ဆင် ပူဇော်ပြီး ဘုရားဂုဏ်ကို စိတ်ဝယ်ထုံခဲ့သော ကုသိုလ်ကောင်းမှုကြောင့် တာဝတိံသာနတ်ပြည်၌ နတ်သား ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊၁၂၄) (ဝိမာန၊ဋ္ဌ၊၃၃၁)
သုနိဒ္ဒါဝတ္ထု
ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့သူ သုနိဒ္ဒါဥပါသိကာမသည် ရတနာသုံးပါးကို ကြည်ညိုပြီး ဒါနသီလနှင့် ပြည့်စုံခဲ့သော ကုသိုလ်ကာင်းမှုကြောင့် တာဝတိံသာနတ်ပြည်၌ နတ်သမီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၀၆)
သုနီတတ္ထေရဝတ္ထု
ဤဝတ္ထု၌ သုနီတမထေရ်လောင်းလျာသည် ပစ္စေကဗုဒ္ဓါအရှင်မြတ်တစ်ပါးအား ကျူးလွန်ပြစ်မှားခဲ့သော ဝစီကံကြောင့် ငရဲကျခဲ့၍ ဤဂေါတမဘုရားရှင်လက်ထက်တော် ယုတ်ညံ့သော ပန်းမှိုက်သွန်မျိုး၌ ဖြစ်ခဲ့ပုံ၊ မြတ်စွာဘုရားကိုယ်တော်တိုင် ဧဟိဘိက္ခု ရဟန်းအဖြစ် ချီးမြှောက်ခြင်းခံခဲ့ရပုံ၊ သမထဝိပဿနာ ကမ္မဋ္ဌာန်း စီးဖြန်းပွားများသဖြင့် ရဟန္တာဖြစ်ပြီး နတ်ဗြဟ္မာတို့၏ ပူဇော်ခြင်းကို ခံရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၂၂၃)
သုန္ဒရသမုဒ္ဒတ္ထေရဝတ္ထု
ဤဝတ္ထု၌ သုန္ဒရသမုဒ္ဒသတို့သားသည် ဇေတဝန်ကျောင်းတော်သို့ သွားရောက်၍ တရားနာစဉ် ရဟန်းပြုလိုစိတ် ဖြစ်ပေါ်ပုံ၊ မိဘတို့၏ ခွင့်ပြုချက်ကို ခက်ခက်ခဲခဲရယူကာ ရဟန်းပြုခဲ့ပုံ၊ မိဘတို့၏ ငိုကြွေးမြည်တမ်းခြင်းကို မြင်သော ပြည့်တန်ဆာမတစ်ဦးက မထေရ်၏သီလကို ဖျက်ဆီးခဲ့ပုံ၊ မာယာလေးဆယ်သရုပ် စသည်တို့ကို ဖော်ပြထားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၂၈) (ထေရ၊ဋ္ဌ၊၂၊၁၂၃)
သုန္ဒရိကဘာရဒွါဇဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည် ဘုရားရှင့်ထံတော်သို့ ချဉ်းကပ်၍ ‘‘ဗာဟုကမြစ်ဆိပ်၌ ရေချိုး၍ မကောင်းမှု အကုသိုလ်များကို ရေမျှော၍ ပျောက်ကင်းနိုင်ပါသလော’’ဟု မေးမြန်းခဲ့ပုံ၊ မြတ်စွာဘုရားက ယင်းသို့ပြုလုပ်၍ မပျောက်ကင်းနိုင်ဘဲ ကောင်းမှုပြုမှသာ ပျောက်ကင်းနိုင်သည်ဟု ဟောကြားတော်မူပုံ၊ ထိုပုဏ္ဏားသည် မြတ်စွာဘုရား၏ တရားတော်ကို နာရ၍ ရဟန်းပြုကာ ဝိပဿနာပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊၁၊၄၇) (မ၊ဋ္ဌ၊၁၊၁၈၁)
သုန္ဒရီထေရီဝတ္ထု
ဤဝတ္ထု၌ သုန္ဒရီထေရီလောင်း အမျိုးကောင်းသမီးသည် ဝေဿဘူဘုရားရှင့်လက်ထက်တော်၌ ဆွမ်းခံကြွလာသော ဝေဿဘူဘုရားရှင်အား ဆွမ်းများလောင်းလှူပြီး တည်ခြင်းငါးပါးဖြင့် ရှိခိုးပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကြောင့် လူ့ချမ်းသာနတ်ချမ်းသာတို့ကို ခံစားခဲ့ရပြီး ဤဘုရားရှင့်လက်ထက်တော်၌ ဗာရာဏသီပြည် သုဇာတပုဏ္ဏားကြီး၏ သမီး ဖြစ်လာပုံ၊ ရုပ်ဆင်းအင်္ဂါနှင့် ပြည့်စုံသောကြောင့် မိဘများက သုန္ဒရီ-ဟု အမည်ပေးထားပုံ၊ အရွယ်ရောက်သောအချိန်၌ မောင်ငယ် သေဆုံးသွားသဖြင့် သောကပရိဒေဝမီး တောက်လောင်နေစဉ် ဝါသေဋ္ဌီထေရီ၏ တရားစကားကို နာကြားရပြီး သောကမီးငြိမ်းခဲ့ရပုံ၊ ဖခင်ပုဏ္ဏားကိုလည်း သုန္ဒရီက ဝါသေဋ္ဌီထေရီမထံပို့၍ တရားနာယူစေသဖြင့် ဖခင်ပုဏ္ဏားကြီး သောကမီးငြိမ်းခဲ့ပုံ၊ ထို့နောက် ပုဏ္ဏားကြီးက ဝါသေဋ္ဌီထေရီအား ဘုရားရှင်ရှိရာ အရပ်ကို မေး၍ ဘုရားရှင့်ထံ အရောက်သွားပြီး ရဟန်းဝတ်ကာ တရားအားထုတ်သဖြင့် ရဟန္တာဖြစ်ခဲ့ပုံ၊ သုန္ဒရီသတိုးသမီးငယ်ကလည်း ဖခင်ကြီး ရဟန်းပြုကြောင်းသိရ၍ မိခင်ထံ ခွင့်ပန်ကာ ဖခင်ကြီးနောက် လိုက်သွားပြီး ဘိက္ခုနီဝတ်၍ တရားအားထုတ်သဖြင့် ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၂၃၆)
သုန္ဒရီနန္ဒာထေရီဝတ္ထု
ဤဝတ္ထု၌ သုန္ဒရီနန္ဒာထေရီလောင်းလျာသည် ပဒုမုတ္တရမြတ်စွာဘုရားရှင့် လက်ထက်တော်၌် ပြုခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ဤဂေါတမဘုရားရှင်လက်ထက်တွင်တော် သုဒ္ဓေါဒနမင်းကြီးနှင့် မဟာပဇာပတိဂေါတမီတို့၏ သမီးတော် သုန္ဒရီနန္ဒာ (ဇနပဒကလျာဏီ) ဖြစ်လာပုံ၊ မောင်တော်နန္ဒမင်းသားနှင့် သာကီဝင်ဆွေမျိုးတို့ သာသနာဘောင်သို့ ဝင်ရောက်ခြင်းကို အားကျ၍ ဘိက္ခုနီ ပြုခဲ့ပုံ၊ ရုပ်အဆင်းလှပမှု၌ မာန်တက်နေ၍ မြတ်စွာဘုရား၏ တရားတော်ကို နားကြားရမှ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၈၃)
သုန္ဒရီပရိဗ္ဗာဇိကာဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်၏ သာသနာတော်၌ လာဘ်ပူဇော်သက္ကာရများ အလျှံပယ်ပေါများ၍ တိတ္ထိတို့၏ သာသနာ၌ လာဘ်ပူဇော်သက္ကာရများ ဆုတ်ယုတ်နည်းပါးလာပုံ၊ ထိုအခါ လူအများ ထင်ယောင် ထင်မှားဖြစ်စေရန် တိတ္ထိများက သုန္ဒရီပရိဗိုဇ်မကို ဇေတဝန်ကျောင်းသို့ စေလွှတ်ပြီး ဘုရားရှင်၏ ဂုဏ်သတင်း ညှိုးနွမ်းအောင် မဟုတ်မမှန် လုပ်ကြံစွပ်စွဲကြပုံ၊ ထို့နောက် တိတ္ထိတို့သည် လက်စဖျောက်သည့် အနေဖြင့် သေသောက်ကြူးသမားတို့အား ငွေပေးပြီး သုန္ဒရီပရိဗိုဇ်မကို အသတ်ခိုင်းကြပုံ၊ နောင်သောအခါ အဖြစ်မှန်အားလုံး ပေါ်ပေါက်သွားပြီး တိတ္ထိတို့ အသတ်ခံခဲ့ကြရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊၁၂၈) (ဓမ္မ၊ဋ္ဌ၊၂၊၂၉၆) (သုတ္တနိ၊ဋ္ဌ၊၂၊၂၃၅)
သုပဋဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား ကောင်းမွန်သော အဝတ်တို့ကို လှူဒါန်းခဲ့ရသော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရ၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၀၄)
သုပတ္တဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းသည် ကျီးမျိုး၌ ဖြစ်စဉ် ကျီးပေါင်းရှစ်သောင်းခြံရံလျက် မင်းပြုခဲ့ပုံ၊ ကျီးမင်း၏ မိဖုရား သုဖဿာမှာ ဘုရင့်ပွဲတော်အုပ်ကို စားလိုသောချင်ခြင်းဖြစ်သဖြင့် ကျီးစစ်သူကြီးသုမုခက စားဖိုမှူး၏ မျက်နှာကို ထိုးဆိတ်၍ ပွဲတော်စာများကို သယ်ဆောင် ကျွေးမွေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၉၀)
သုပါရိစရိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်အလောင်း နတ်သားသည် ပဒုမဘုရားရှင်၏ တရားတော်ကို ကြားသိရသဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်လျက် လက်ခမောင်းခတ်၍ ဘုရားရှင်အား ဆည်းကပ်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ကမ္ဘာသုံးသောင်းတို့ ပတ်လုံး အပါယ်မလားခဲ့ရဘဲ လွန်ခဲ့သော နှစ်ထောင့်ကိုးရာ ကိုးဆယ့်ကိုးကမ္ဘာ့အထက်၌ သမလင်္ကတမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၀၁)
သုပုဋကပူဇကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဆွမ်းခံကြွတော်မူသော ဝိပဿီဘုရားရှင်အား ဆားထုပ်ကို လောင်းလှူပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ထိုဘဝမှ စ၍အပါယ်လေးပါး လားရောက်ခြင်း မရှိတော့ဘဲ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၂၇)
သုပ္ပဗုဒ္ဓကုဋ္ဌိဝတ္ထု
ဤဝတ္ထု၌ အနာရောဂါသည် သုပ္ပဗုဒ္ဓအား သိကြားမင်းက သူ၏သဒ္ဓါတရားကို စမ်းလို၍ ‘‘ဘုရားရှင်ကို ဘုရားမဟုတ်ကြောင်းပြောဆိုလျှင် ငွေပုံ၍ ပေးပါမည်’’ဟု ပြောဆိုပုံ၊ ထိုအခါ သုပ္ပဗုဒ္ဓက ပြက်ရယ်ပြု ငြင်းဆိုပြီး မိမိသည် မိမိသည် သူတော်ကောင်း ဥစ္စာ(၇)ပါးနှင့် ပြည့်စုံသူ သောတာပန် ဖြစ်၍ လူချမ်းသာဖြစ်ကြောင်း ပြောပြခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၀၂)
သုပ္ပဗုဒ္ဓကုဋ္ဌိဝတ္ထု
ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့သား သုပ္ပဗုဒ္ဓကိုယ်ရေပြားရောဂါသည်ကြီးသည် ဘုရားရှင်၏ တရားတော်ကို နာကြားရသဖြင့် သောတာပန်ဖြစ်ပြီးနောက် သားမွေးပြီးစ နွားမဝှေ့သတ်ခံရသောကြောင့် ကွယ်လွန်ခဲ့ပြီး တာဝတိံသာနတ်ပြည်သို့ ရောက်ခဲ့ပုံ၊ သူသည် အတိတ်ဘဝက ရာဇဂြိုဟ်သူဌေးသား ဖြစ်စဉ် တဂရသိခီပစ္စေကဗုဒ္ဓါအား ကိုယ်ရေပြားရောဂါသည်ကြီးဟု ကဲ့ရဲ့ရှုတ်ချခဲ့သော အကုသိုလ်ကံကြောင့် ကိုယ်ရေပြားရောဂါသည်ကြီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊၁၃၄) (သံ၊ဋ္ဌ၊၁၊၃၁၉) (ဥဒါန၊ဋ္ဌ၊၂၅၃) (သံ၊ဋီ၊၁၊၃၃၈)
သုပ္ပဗုဒ္ဓသာကိယရာဇဝတ္ထု
ဤဝတ္ထု၌ သုပ္ပဗုဒ္ဓမင်းသည် မြတ်စွာဘုရားအပေါ်၌ ရန်ငြိုးဖွဲ့လျက် ဘုရားရှင် ဆွမ်းခံကြွမည့် လမ်းကို ပိတ်၍ အရက်သောက်ပြီး ထိုင်နေပုံ၊ ဘုရားရှင်နှင့် ရဟန်းတော်များ ကြွလာကြောင်း ပြောကြားသောအခါ ငါကအသက်ကြီးသည် ဘုရားရှင်အား လမ်းမပေးနိုင်-ဟု ပြောကြားခဲ့ပုံ၊ ဘုရားရှင်သည် ထိုနေရာမှ လှည့်၍ ပြန်ကြွသွားခဲ့ပုံ၊ ခုနှစ်ရက် လွန်မြောက်သောအခါ ထိုအကုသိုလ်ကံကြောင့် သုပ္ပဗုဒ္ဓမင်းမြေမြိုခံရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၈) (အံ၊ဋီ၊၃၊၁၃၆)
သုပ္ပဝါသာဝတ္ထု
ဤဝတ္ထု၌ သုပ္ပဝါသာလောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ ပဏီတဒါယိကာ ဧတဒဂ်ရ ဥပါသိကာမတစ်ဦးအား အားကျပြီး ကုသိုလ်ပြု၍ ဆုတောင်းခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ကောလိယမြို့သူ သာကီဝင်မင်းသမီးဖြစ်၍ ဘုရားရှင့်အထံတော်မှ တရားနာရ၍ သောတာပန်ဖြစ်ကာ ပဏီတဒါယိကာ ဧတဒဂ် ရရှိခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၄၇)
သုပ္ပဝါသာဝတ္ထု
ဤဝတ္ထု၌ ကောလိယမင်းသမီး သုပ္ပဝါသာသည် ၇-နှစ်လုံးလုံး သန္ဓေသားကို လွယ်ထားရပြီး ၇-ရက်လုံးလုံး မီးမဖွားနိုင်ဘဲ မေ့မြောပင်ပန်း၍ ဒုက္ခခံနေခဲ့ရပုံ၊ ‘‘သားအမိနှစ်ဦး ချမ်းသာပါစေ’’ဟူသော ဘုရားရှင်၏ စကားတော်အရ ချမ်းသာစွာ သီဝလိသတို့သားကို မွေးဖွားနိုင်ခဲ့ပုံ၊ ရှေးဘဝက ဗာရာဏသီမင်း၏ သားတော်သည် ရန်သူကောသလမင်း သိမ်းပိုက်ထားသော မိမိ၏ နိုင်ငံဖြစ်သည့် ဗာရာဏသီမြို့ကို ပြန်လည်တိုက်ခိုက်ရာ ၇-နှစ်လုံးလုံး မြို့ကိုပိတ်ဆို့ထားသော်လည်း မရသဖြင့် မယ်တော်၏ အစီအမံအရ ထွက်ပေါက်အားလုံး ၇-ရက်တိတိ ပိတ်ထားမှ ရန်သူမင်းကို ရရှိခဲ့ပုံ၊ ထိုအကုသိုလ်ကံကြောင့် ၇-နှစ်လုံးလုံး အမိဝမ်းထဲ နေရပြီး ၇-ရက်လုံးလုံး မေ့မြောခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၁၀၇)
သုပ္ပါရကဇာတက
ဤဇာတ်တော်တွင် ဘုရားအလောင်းသည် ကုရုတိုင်း ကုရုကစ္ဆမည်သော သင်္ဘောဆိပ်ရွာတွင် သင်္ဘောသူကြီးသား ဖြစ်၍ သုပ္ပါရကအမည်ရခဲ့ပုံ၊ သင်္ဘောစီးခဲ့ရာ ဆားငန်ရေငွေ့ကြောင့် မျက်စိနှစ်ဖက်ကွယ်ခဲ့ပုံ၊ မင်းထံ အမှုထမ်း၍ ဆင်ရတနာ၊ မြင်းရတနာ၊ ပတ္တမြားရတနာတို့ကို အကဲဖြတ်ရသော ရာဖြတ်အဖြစ် အမှုထမ်းခဲ့ပုံ၊ ပညာဉာဏ်လွန်စွာ ကြီးသဖြင့် လူတိုင်း၏ ချီးမွမ်းခံခဲ့ရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၁၃၉)
သုပ္ပိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ သုပ္ပိယမထေရ်အလောင်း အမျိုးကောင်းသားသည် ပဒုမုတ္တရဘုရားရှင့်လက်ထက်တော်၌ တောနေ ရသေ့တစ်ပါးဖြစ်ခဲ့ပုံ၊ ပဒုမုတ္တရဘုရားရှင်အား သစ်သီးကြီးငယ်မျိုးစုံ လှူဒါန်းခဲ့ပုံ၊ ကဿပဘုရားရှင့်လက်ထက်တော်၌ မင်းမျိုး၌ဖြစ်ကာ ရဟန်းဝတ်ခဲ့ပြီး ပညာမာန် အမျိုးမာန်တို့ဖြင့် သူတစ်ပါးကို ရှုတ်ချခဲ့ပုံ၊ နောက်ဆုံးဘဝ ဂေါတမဘုရားရှင့်လက်ထက်တော်၌ သုဘရာဇာမျိုး၌ ဖြစ်၍ ရဟန်းပြုပြီးနောက် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၁၄)
သုပ္ပိယာဥပါသိကာဝတ္ထု
ဤဝတ္ထု၌ သုပ္ပိယာ သာကီဝင်မင်းသမီးသည် သာသနာတော်၌ အလွန်ကြည်ညိုသည်ဖြစ်၍ ဝမ်းနုတ်ဆေး ဘုဉ်းပေးထားသော ရဟန်းတစ်ပါးအတွက် အသားဟင်းချိုပို့ရန် ကတိပြုခဲ့ပုံ၊ ပံ့သကူသားကို ရှာမရခဲ့သဖြင့် မိမိ၏ပေါင်သားကို လှီးဖြတ်၍ ဟင်းချိုချက်၍ ဆက်ကပ်ခဲ့ပုံ၊ ဘုရားရှင် သိရှိတော်မူသောအခါ ‘‘ရဟန်းသည် လူသားမစားရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၁၀)
သုပ္ပိယာဥပါသိကာဝတ္ထု
ဤဝတ္ထု၌ သုပ္ပိယာလောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ သူနာပြုစုသောအရာတွင် ဧတဒဂ်ရသော ဥပါသိကာမတစ်ဦးကို အားကျ၍ ကုသိုလ်ပြု၍ ထိုဧတဒဂ် ရရန် ဆုတောင်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင့်လက်ထက်တော်၌ ဂိလာနရဟန်းတစ်ပါးအား မိမိ၏ ပေါင်သားကို ချက်ပြုတ်လှူဒါန်း၍ သူနာပြုစုသော အရာတွင် ဧတဒဂ် ရခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၄၈)
သုဗြဟ္မဒေဝပုတ္တဝတ္ထု
ဤဝတ္ထု၌ သုဗြဟ္မနတ်သားသည် နတ်သမီးတစ်ထောင်နှင့်အတူ နန္ဒဝန်ဥယျာဉ်အတွင်း၌ မြူးတူးပျော်ပါးလျက် နတ်စည်းစိမ် ခံစားနေပုံ၊ ထိုအချိန်၌ ထိုနတ်သမီး တစ်ထောင်အနက် နတ်သမီးငါးရာတို့ စုတိစိတ်ကျကာ အဝီစိငရဲ၌ ဆင်းရဲဒုက္ခကြီးစွာ ခံစားနေရသည်ကို တွေ့မြင်လိုက်ရပုံ၊ နတ်သားသည် ကြောက်ရွံ့ထိတ်လန့်ကာ ဘုရားရှင်ထံချဉ်းကပ်ခဲ့ပုံ၊ ဘုရားရှင်၏ ဒေသနာတော်အဆုံး၌ သောတာပန်တည်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၅၂) (ဒီ၊ဋ္ဌ၊၂၊၃၄၁) (မ၊ဋ္ဌ၊၁၊၂၄၀) (သံ၊ဋ္ဌ၊၁၊၁၀၃) (အံ၊ဋီ၊၃၊၁၁၁)
သုဘဒ္ဒတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပရိနိဗ္ဗာန်စံဝင်ခါနီးတော်မူသော ပဒုမုတ္တရဘုရားရှင်အား စန္ဒကူး၊ တောင်ဇလပ်ပန်း၊ ကြက်ရုံးပန်းတို့ဖြင့် ပူဇော်ခဲ့ပုံ၊ ဤကောင်းမှုကြောင့် လူ့ပြည် နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင့်သာသနာတော်၌ သုသဒ္ဒပရိဗိုဇ် ဖြစ်၍ ပရိနိဗ္ဗာန်စံဝင်ခါနီးတော်မူသော ဘုရားရှင်အား ပြဿနာများ မေးပြီး တရားအားထုတ်လေရာ ဘုရားရှင်၏ နောက်ဆုံး သမ္မုခါသာဝက ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၁၁)
သုဘဒ္ဒပရိဗ္ဗာဇကဝတ္ထု
ဤဝတ္ထု၌ အညာသိကောဏ္ဍညမထေရ်နှင့် သုဘဒ္ဒပရိဗိုဇ်တို့သည် ရှေးဘဝက ညီနောင် နှစ်ဦးဖြစ်စဉ် အလှူ လှူဒါန်းရာ၌ နောင်တော်က ဦးဦးဖျားဖျား စောစောစီးစီး လှူဒါန်း၍ ညီငယ်ကား ကျီမှ ထုတ်သောအခါ၌ လှူဒါန်းခဲ့ပုံ၊ ဤဂေါတမမြတ်စွာဘုရားရှင့်သာသနာတော်၌ နောင်တော်ဖြစ်ခဲ့ဖူးသူသည် ရှေးဦးစွာ တရားထူး ရ၍ ညီဖြစ်ဖူးသူသည် နောက်ဆုံးမှ တရားထူးရခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၂၊၁၂၃) (ဒီ၊ဋ္ဌ၊၂၊၁၇၉) (မ၊ဋ္ဌ၊၂၊၉၃) (ဓမ္မ၊ဋ္ဌ၊၂၊၂၃၉) (သာရတ္ထ၊ဋီ၊၃၊၁၆၂)
သုဘမာဏဝဝတ္ထု
ဤဝတ္ထု၌ တုဒိရွာသား တောဒေယျ၏သားကြီး သုဘလုလင်က မိမိ၏ခွေးကြီးကို တောဒေယျဟု ခေါ်ဝေါ်သုံးနှုန်းသော ဘုရားရှင်အား မကျေမနပ်ဖြစ်ခဲ့ပုံ၊ ဘုရားပေးသော နည်းလမ်း ဖြင့် မိမိဖခင်ဝင်စားသော ခွေးကြီးဖြစ်ကြောင်း သိရှိသွားသောအခါ ရတနာသုံးပါးကို ဆီးကပ်ကိုးကွယ်သော ဥပသကာအဖြစ် ခံယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၃၁၇)
သုဘမာဏဝဝတ္ထု
ဤဝတ္ထု၌ တောဒေယျပုဏ္ဏားကြီး၏သား သုဘလုလင်သည် လူချင်းတူပါလျက် အသက်တိုရှည်၊ ရောဂါနည်းများ၊ ရုပ်လှ မလှ၊ ဥစ္စာရှိ မရှိ၊ အမျိုးမြတ် မမြတ်၊ ပညာရှိ မရှိ၊ ဘုန်းကံကြီး မကြီး၊ ကွဲပြားပုံများကို ဘုရားရှင်ထံ မေးလျှောက်ပုံ၊ ဘုရားရှင်က မိမိပြုခဲ့သောကံကြောင့် ကွဲပြားရကြောင်း ဟောကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၃၊၂၄၃)
သုဘဝတ္ထု
ဤဝတ္ထု၌ တောဒေယျပုဏ္ဏား၏သား သုဘလုလင်သည် မြတ်စွာဘုရားအထံတော်သို့ ချဉ်းကပ်၍ ဗြာဟ္မဏဘာသာနှင့် ပတ်သက်၍ ဆွေးနွေးပြီး ဗြဟ္မာ့ပြည်သို့ ရောက်နိုင်သော တရားများကို မေးလျှောက်ခဲ့ပုံ၊ မြတ်စွာဘုရားက ဗြဟ္မဝိဟာရတရားလေးပါး ဟောကြားသဖြင့် ဥပါသကာအဖြစ် ခံယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၂၊၄၁၃) (မ၊ဋ္ဌ၊၃၊၃၀၂)
သုဘာကမ္မာရဓီတုထေရီဝတ္ထု
ဤဝတ္ထု၌ ရွှေပန်းထိမ်သည်၏သမီး သုဘာသည် စည်းစိမ်ဥစ္စာကို စွန့်လွှတ်၍ သာသနာ ဘောင်သို့ ဝင်ရောက်ခဲ့ပုံ၊ လာရောက်ဖြားယောင်း သွေးဆောင်ကြသော ဆွေမျိုးတစ်စုတို့ကို ကာမဂုဏ်နှင့် ပတ်သက်၍ ဟောပြတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၂၄၄)
သုဘာဇီဝကမ္ဗဝနိကာထေရီဝတ္ထု
ဤဝတ္ထု၌ သုဘာဇီဝကမ္ဗဝနိကာထေရီလောင်း အမျိုးကောင်းသမီးသည် ဘုရားရှင်၏ တရားတော်ကို ကြားနာရ၍ သံဝေဂရကာ မဟာပဇာပတိဂေါတမီထေရီ့ထံ၌ ဘိက္ခုနီဝတ်၍ ဝိပဿနာပွားသဖြင့် နှစ်ရက်သုံးရက်အတွင်း၌ပင် အနာဂါမ် ဖြစ်ခဲ့ပုံ၊ သုဘာထေရီသည် ဇီဝက၏ သရက်ဥယျာဉ်သို့ နေ့သန့်စင်ရန် သွားစဉ် ကာမဂုဏ်ကြူးသော ယောကျ်ားတစ်ယောက်က ကာမဂုဏ်မှီဝဲရန် ဖိတ်ခေါ်သောအခါ ကာမဂုဏ်၏ အပြစ်ကို ပြလျက် ဆုံးမခဲ့ပုံ၊ ကာမကြူးသော ယောကျ်ားသည် သုဘာထေရီက မည်သို့ပင် တရားဟောသော်လည်း နောက်မှ အစဉ်လိုက်လျက် ထေရီမ၏ မျက်လုံး၊ နှာခေါင်း၊ နှာတန် စသည်တို့ကို ချီးမွမ်းပြောကြားခဲ့ပုံ၊ ထိုအခါ ထေရီက မျက်လုံးကို ဖောက်ထုတ်၍ ကာမကြူးသော ယောကျ်ားအား ပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၂၅၃)
သုဘူတတ္ထေရဝတ္ထု
ဤဝတ္ထု၌ သုဘူတမထေရ်လောင်းလျာသည် ကဿပဘုရားရှင်လက်ထက်တော်၌ သရဏဂုံနှင့် ငါးပါးသီလဆောက်တည်ပြီး နံ့သာလေးပါးတို့ကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် ဖြစ်တိုင်းဖြစ်တိုင်းသော ဘဝတို့၌ ကိုယ်နံ့မွှေးကြိုင်၍ ဂေါတမဘုရားရှင့်လက်ထက်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၃၈)
သုဘူတိတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်အား ဘုရားရှင်အား ပန်းအခင်း သစ်သီးဆွမ်းတို့ကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင့်လက်ထက်တော်၌ သာဝတ္ထိမြို့ သုမနသူဌေးကြီး၏သား အနာထပိဏ်သူဌေးကြီး၏ညီ ဖြစ်၍ သာသနာတော်သို့ ဝင်ရောက်ကာ ဝိပဿနာရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၇၄) (အံ၊ဋ္ဌ၊၁၊၁၇၃) (အပ၊ဋ္ဌ၊၂၊၃၁)
သုဘူတိတ္ထေရဝတ္ထု
ဤဝတ္ထု၌ အနာထပိဏ်သူဌေးကြီး၏ညီငယ် သုဘူတိမထေရ်သည် ဆွမ်းခံဝင်သောအခါ အိမ်ရှေ့၌ ရပ်၍ မေတ္တာဈာန်ဝင်စားပြီးမှ ဝင်လေ့ရှိပုံ၊ အရဏိဝိဟာရီဧတဒဂ်နှင့် ဒက္ခိဏေယျ(မြင့်မြတ်သော အလှူခံပုဂ္ဂိုလ်)ဧတဒဂ် ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၃၁၆) (ထေရ၊ဋ္ဌ၊၁၊၁၉)
သုမင်္ဂလဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည်၌ မင်းပြုစဉ် ပစ္စေကဗုဒ္ဓါတစ်ပါး ကြွလာတော်မူ၍ မင်းဥယျာဉ်၌ သီတင်းသုံးပုံ၊ ထိုပစ္စေကဗုဒ္ဓါအား သုမင်္ဂလမည်သော ဥယျာဉ်မှူးက ပြုစုလုပ်ကျွေးခဲ့ပုံ၊ တစ်နေ့တွင် သုမင်္ဂလသည် သားကောင်ကို ပစ်ရာ ပစ္စေကဗုဒ္ဓါအား ထိ၍ မင်းပြစ်မင်းဒဏ်ကြောက်ရွံ့ကာ ထွက်ပြေးနေပြီး သုံးနှစ်ကြာမှ ဘုရင့်ထံ ပြန်လာခဲ့ပုံ၊ အကျိုးအကြောင်း လျှောက်ထားရာ ဘုရင်အမျက်ပြေ၍ ရာထူးပြန်လည် ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၄၁၇)
သုမင်္ဂလတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ရုက္ခစိုးနတ် ဖြစ်စဉ် ရေချိုးပြီး၍ သင်းပိုင်တစ်ထည်တည်းဖြင့် ရပ်နေတော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရား၏ ခန္ဓာကိုယ်တော်ကို မြင်ရ၍ ဝမ်းမြောက်ကြည်နူးစွာ လက်ပန်းပေါက်ခတ်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘဝတို့၌သာ ကျင်လည်ခဲ့ရ၍ ဤဘုရားရှင်လက်ထက်တော်၌် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၃၉)
သုမင်္ဂလတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ယဇ်အလှူကြီး လှူရန် စီစဉ်လျက် အလှူခံပုဂ္ဂိုလ်ကို စောင့်မျှော်နေစဉ် ပိယဒဿီဘုရားရှင်သည် သံဃာတော်အများခြံရံလျက် ကြွလာတော်မူပုံ၊ ဘုရားအမှူးရှိသော သံဃာတော်တို့အား ပြာသာဒ်ထက်သို့ ပင့်၍ ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရ၍ ဤဘုရားရှင့်သာသနာတော်ဝယ် ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၇၁)
သုမင်္ဂလမာတုထေရီဝတ္ထု
ဤဝတ္ထု၌ ကျူထရံရက်သမား၏ မယားဖြစ်သူ အမျိုးသမီးသည် ‘‘သုမင်္ဂလ’’မည်သော သားကို ဖွားမြင်သဖြင့် ‘သုမင်္ဂလမာတာ’ဟု အခေါ်ခံရပုံ၊ သားဖြစ်သူ သုမင်္ဂလ အရွယ်ရောက်သောအခါ ရဟန်းပြု၍ ရဟန္တာ ဖြစ်ခဲ့ပုံ၊ မိခင်သည် ဘိက္ခုနီမတို့ထံတွင် ရဟန်းပြု၍ မိမိ၏လူ့ဘဝက ဆင်းရဲတို့ကို သံဝေဂရကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၃၀)
သုမနကုမာရဝတ္ထု
ဤဝတ္ထု၌ ပဒုမုတ္တရဘုရားရှင်ပွင့်တော်မူသောအခါ ဘုရားရှင်၏ညီငယ် သုမနမင်းသားသည် မြို့တော် ဟံသာဝတီမှ ယူဇနာ (၁၂၀)ဝေးသော အရပ်၌ အုပ်ချုပ်နေပုံ၊ ဆူပူမှုဖြစ်ပွားသော ပစ္စန္တရစ်အရပ်ကို ငြိမ်သက်အောင် နှိမ်နင်းပေးသောကြောင့် ဝါတွင်းသုံးလပတ်လုံး ဘုရားရှင်အား လုပ်ကျွေးခွင့်ကို ခမည်းတော်မင်းကြီးက ပေးသနားခဲ့ပုံ၊ ဝါတွင်းသုံးလပတ်လုံး ပြုစုလုပ်ကျွေး၍ ဥပဋ္ဌာက ဆုတောင်းခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၂၊၈၃)
သုမနတာလဝဏ္ဋိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ သုမနတာလဝဏ္ဋိယ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်အား မြတ်လေးပန်းတို့ဖြင့် ဖုံးလွှမ်းထားသော ထန်းရွက်ယပ်တောင်ကြီးတစ်ချောင်းကို ပေးလှူခဲ့ပုံ၊ ထိုမြတ်လေးပန်း ထန်းရွက်ယပ်တောင်ဖြင့်ပင် ဘုရားရှင်အား နေပူမိုးရွာအခါတို့၌ ဆောင်းမိုးပေးခဲ့ပုံ၊ ယင်းကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ကိုးဆယ့်လေးကမ္ဘာတိုင်တိုင် အပါယ်မလားဘဲ နောက်ဆုံးဘဝ ဂေါတမဘုရားရှင်လက်ထက်တော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၄၁)
သုမနတ္ထေရဝတ္ထု
ဤဝတ္ထု၌ သုမနမထေရ်လောင်းလျာသည် ပစ္စေကဗုဒ္ဓါတစ်ပါးအား သျှိသျှားသီးကို လှူခဲ့သော ကုသိုလ်ကံကြောင့် ဘဝသံသရာ၌ လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပုံ၊ ဂေါတမဘုရားရှင့်လက်ထက်တော်၌ သုမနလုလင် ဖြစ်လာခဲ့ပုံ၊ ဦးကြီးတော် ရဟန္တာမထေရ်မြတ်ထံ ရဟန်းပြု၍ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၄၇)
သုမနတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိခီဘုရားရှင်အား မြတ်လေးပန်းတို့ဖြင့် ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ နောက်ဆုံးဘဝဝယ် အရှင်အနုရုဒ္ဓါမထေရ်၏ ဒါယကာတစ်ဦးအိမ်၌ ပဋိသန္ဓေယူခဲ့ပြီး (၇)နှစ်သားမှာပင် ရှင်ပြု၍ ရဟန္တာ ဖြစ်ခဲ့ပုံ၊ အနောတတ်အိုင်၌ နဂါးမင်းကို တန်ခိုးဖြင့် ဆုံးမနိုင်သောကြောင့် ကျော်ကြားသော သာမဏေ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၁၀၉)
သုမနတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်အလောင်းသည် သုမနမည်သော ပန်းသည် ဖြစ်၍ လက်နှစ်ဖက်ဖြင့် မြတ်လေးပန်းတို့ကို ယူကာ သိခီဘုရားရှင်အား ကပ်လှူပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ရခြင်း မရှိတော့ဘဲ လွန်ခဲ့သော နှစ်ဆယ့်ခြောက်ကမ္ဘာအထက်၌ စကြဝတေးမင်း လေးကြိမ် ဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၃၀)
သုမနဒါမိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်အလောင်းလျာသည် သိဒ္ဓတ္ထ ဘုရားရှင်အား မြတ်လေးပန်းဆိုင်ကို ပြုလုပ်လှူဒါန်းခဲ့သော ဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ခြင်း မရှိခဲ့ဘဲ၊ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့၍ ကျွတ်တမ်းဝင်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၃၉)
သုမနဗီဇနိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ သုမနဗီဇနိယ ထေရ်လောင်းလျာသည် သက်တော်ထင်ရှား ဘုရားရှင်ကိုယ်တော်မြတ်အား ရည်မှန်းလျက် ဗောဓိပင်ကို ယပ်ခတ်ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကံ၏ အကျိုးအာနိသင်ကြောင့် ကိုးဆယ့်တစ်ကမ္ဘာတိုင်တိုင် အပါယ်မလားဘဲ လူချမ်းသာနတ်ချမ်းသာတို့ကို ခံစားခဲ့ရပြီး ဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၄၉)
သုမနဗုဒ္ဓဝံသ
ဤဗုဒ္ဓဝင်၌ သုမနဘုရားရှင်သည် မေခလမြို့ သုဒတ္တမင်းကြီးနှင့် သိရီမာယာ မိဖုရားခေါင်ကြီးတို့မှ မွေးဖွားတော်မူခဲ့ပုံ၊ ဝဋံသိကာ မင်းသမီးနှင့် လက်ထပ်ခဲ့ပုံ၊ သားတော် အနုပမကို မွေးဖွားပြီးနောက် နိမိတ်ကြီး(၄)ပါးကို မြင်တွေ့၍ ဆင်ယာဉ်ဖြင့် တောထွက်တော်မူခဲ့ပုံ၊ (၁၀) လတိုင်တိုင် ဒုက္ကရစရိယာကျင့်တော်မူ၍ ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့ပုံ၊ သရဏမထေရ်နှင့် ဘာဝိတတ္တမထေရ်-ဟူသော အဂ္ဂသာဝကနှစ်ပါး ရှိတော်မူပုံ၊ ဥဒေနမထေရ်က ပြုစုလုပ်ကျွေးခဲ့ပုံ၊ ထိုအချိန်၌ ဂေါတမဘုရား အလောင်းမှာ အတုလနဂါးမင်း ဖြစ်၍ နိယတဗျာဒိတ် ခံယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၂) (ဗုဒ္ဓဝံ၊ဋ္ဌ၊၁၈၄)
သုမနမာလာကာရဝတ္ထု
ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့၌ သုမနပန်းသည်သည် ဘုရင်အား ဆက်နေကျ မြတ်လေးပန်းများကို မြတ်စွာဘုရားအား လှူဒါန်းခြင်းက အကျိုးအလွန်ပိုမိုကြီးမားသည်ဟု ယုံကြည်၍ ပန်း(၈)ဆုပ်တို့ကို လှူဒါန်းပုံ၊ မြတ်စွာဘုရားက သုမနပန်းသည်ကို ကြည့်၍ ပြုံးတော်မူသောအခါ အရှင်အာနန္ဒာက ပြုံးခြင်းအကြောင်းကို မေးလျှောက်ခဲ့ပုံ၊ ထိုအခါ မြတ်စွာဘုရားက နောက်ကမ္ဘာတစ်သိန်းလွန်သောအခါ သုမနိဿရပစ္စေကဗုဒ္ဓါ ဖြစ်လိမ့်မည်ဟု ဗျာဒိတ်ကြားတော်မူခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၀၆) (ခုဒ္ဒက၊ဋ္ဌ၊၁၀၈) (သုတ္တနိ၊ဋ္ဌ၊၂၊၁၄)
သုမနရာဇကုမာရဝတ္ထု
ဤဝတ္ထု၌ အရှင်အာနန္ဒာလောင်းလျာသည် ပဒုမုတ္တရဘုရားရှင်၏ မိကွဲဖတူညီငယ် သုမနမင်းသား ဖြစ်ခဲ့ပုံ၊ သုမနမင်းသားသည် ဇနပုဒ်ထ ကြွမှုကို နှိမ်နင်းနိုင်ခဲ့၍ နောင်တော် ပဒုမုတ္တရဘုရားရှင်ကို ဝါတွင်း သုံးလပတ်လုံး ပြုစုလုပ်ကျွေးခွင့်ရရှိခဲ့ပုံ၊ အလုပ်အကျွေးဆုကို တောင်းခဲ့ပုံ၊ ယင်းကုသိုလ်ကြောင့် လူ့ပြည် နတ်ပြည်တို့၌ ကျင်လည်ခဲ့ရပြီး ဤဘုရားရှင့်သာသနာတော်၌ ဂေါတမဘုရားရှင်၏ အလုပ်အကျွေးမထေရ် ဖြစ်လာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၇၉)
သုမနသာမဏေရဝတ္ထု
ဤဝတ္ထု၌ အရှင်အနုရုဒ္ဓါထေရ်အလောင်း အမျိုးကောင်းသားသည် ပဒုမုတ္တရဘုရားရှင့်ထံတော်၌ ဒိဗ္ဗစက္ခုဧတဒဂ်ဆု တောင်းခဲ့ပုံ၊ သုမနသူဌေးကြီးထံ၌ အန္နဘာရအမည်ဖြင့် မြက်ထမ်းသမားဘဝဖြင့် အသက်မွေးရစဉ် ဥပရိဋ္ဌပစ္စေကဗုဒ္ဓါအား ဆွမ်းလှူ၍ ‘‘ဤကောင်းမှုကြောင့် သူဆင်းရဲမျိုးမှ ကင်းလွတ်ပြီး မရှိဟူသောစကား ဘဝဆက်တိုင်း မကြားရပါလို’’ဟု ဆုတောင်းခဲ့ပုံ၊ သုမနသူဌေးကြီးအားလည်း ပစ္စေကဗုဒ္ဓါအရှင်မြတ်၏ ခွင့်ပြုချက်ဖြင့် အမျှအတန်း ပေးဝေခဲ့ပုံ၊ ဤဂေါတမဘုရားရှင့်လက်ထက်တော်၌ အရှင်အနုရုဒ္ဓါထေရ်က သူဌေးကြီးသုမနဖြစ်ဖူးသော စူဠသုမနသူငယ်ကို ရှာဖွေခေါ်ယူလျက် ရှင်သာမဏေပြုပေးခဲ့ပုံ၊ ခုနှစ်နှစ်သား အရွယ်မျှသာ ရှိသေးသော သုမနသူငယ်သည် ခေါင်းရိတ်နေစဉ်အချိန်အတွင်း၌ပင် ရဟန္တာ ဖြစ်ခဲ့ပုံ၊ သုမနသာမဏေသည် နဂါးမင်းနှင့် တန်ခိုးပြိုင်ကာ အနောတတ္တရေအိုင်မှ ရေများကို အရှင်အနုရုဒ္ဓါထေရ်အား ဆောင်ယူဆက်ကပ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၈၂)
သုမနာဒေဝီဝတ္ထု
ဤဝတ္ထု၌ အနာထပိဏ်သူဌေးကြီး၏ သမီးငယ် သုမနာဒေဝီသည် သကဒါဂါမ်အရိယာ ဖြစ်ပုံ၊ သူ ကွယ်လွန်ခါနီးသောအခါ မိမိအောက်တစ်ဆင့်နိမ့်သော သောတာပန် ဖခင်အနာထပိဏ်သူဌေးကြီးအား ‘‘မောင်ငယ်’’ဟု ခေါ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၉၇)
သုမနာရာဇကုမာရီဝတ္ထု
ဤဝတ္ထု၌ မင်းသမီးတစ်ပါးသည် နို့ဃနာဆွမ်းကို ရွှေခွက်တွင် ထည့်၍ မြတ်လေးပန်းကုံးဖြင့် ဖုံးအုပ်ကာ ဝိပဿီဘုရားရှင်အား လှူခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ကိုးဆယ့်တစ်ကမ္ဘာလုံး လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပုံ၊ ဤဂေါတမဘုရားရှင့်လက်ထက်တော်၌ ကောသလမင်းကြီး၏ သမီးတော် သုမနာ ဖြစ်လာပုံ၊ ခုနစ်နှစ်အရွယ်တွင် အနာထပိဏ်သူဌေးကြီး၏ ကျောင်းအလှူပွဲ၌ မြတ်စွာဘုရားအား ရေပြည့်အိုး ပန်းနံ့သာတို့ကို လှူဒါန်းခဲ့ပုံ၊ ဘုရားရှင်၏တရားတော်ကို နာကြားရသောကြောင့် သောတာပန်တည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၃၊၁၃)
သုမနာဝေဌိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လူနတ်တို့ စုပေါင်းစုဝေးကြကုန်လျက် ဝေဿဘူဘုရားရှင်အား ပူဇော်သည့် ပွဲတော်၌ ပန်းတင်ခုံကို အင်္ဂတေတို့ဖြင့် ပြုလုပ်၍ မြတ်လေးပန်းဖြင့် ဦးဆောက်ပန်းပြုလုပ်ပြီး ဘုရားရှင်၏ ရှေ့တော်မှောက်၌ တင်လှူပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် နိမ္မာနရတိနတ်ပြည်၌ ဖြစ်ခဲ့ပုံ၊ ဖြစ်တိုင်းသော လူ့ဘဝနတ်ဘဝတို့၌ သူခပ်သိမ်းတို့၏ ချစ်ခင်နှစ်သက်ခြင်းကို ခံခဲ့ရပုံ၊ ကိုယ် နှုတ် စိတ်တို့ကို စောင့်စည်းကုန်သော ရသေ့ရဟန်းတို့အား ဆဲရေးမှု လုံးဝမပြုခဲ့ဘူးခြင်းကြောင့် လူအားလုံးတို့၏ ပူဇော်မှုကို ခံခဲ့ရပုံ၊ လွန်ခဲ့သော တစ်ဆယ့်တစ်ကမ္ဘာအထက်၌ သဟဿာရမည်သော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဂေါတမ ဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၀၁)
သုမနာသေဋ္ဌိဓီတာဝတ္ထု
ဤဝတ္ထု၌ ဝိပဿီဘုရားရှင် ပွင့်တော်မူသောအခါ ခမည်းတော်မင်းကြီးသည် ဘုရားအမှူးရှိသော သံဃာတော်တို့အား မိမိတစ်ဦးတည်းသာ ကိုးကွယ်ခဲ့ပုံ၊ (၇)နှစ်၊ (၇)လ၊ (၇)ရက်ကြာသောအခါ ပြည်သူတို့ မခံမရပ်နိုင်ဖြစ်ပြီး ကိုးကွယ်ခွင့် ကိုးကွယ်ခွင့် တောင်းဆိုကြပုံ၊ ပြည်သူတို့အား ကိုးကွယ်ခွင့် ပေးသောအခါ ပထမနေ့တွင် စစ်သူကြီး၏ ဆွမ်းကျွေးပွဲသို့ ကြွလာသော ဘုရားရှင်အား သုမနာသူဌေးသမီးက ထောပတ်၊ သိကြား၊ တင်လဲများဖြင့် စီမံချက်ပြုတ်ထားသော နို့ဆွမ်းကို ရွှေခွက်တွင် ထည့်ကာ ရွှေခွက်တစ်လုံးဖြင့် အုပ်ပြီး မြတ်လေးပန်းတို့ဖြင့် ဖုံးလွှမ်း၍ ရှေ့ဦးစွာ လှူဒါန်းခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၆၅)
သုမေဓဗုဒ္ဓဝံသ
ဤဗုဒ္ဓဝင်၌ သုမေဓဘုရားရှင်သည် သုဒဿန နေပြည်တော်ရှိ ခမည်းတော် သုဒတ္တမင်းကြီးနှင့် မယ်တော် သုဒတ္တာဒေဝီတို့မှ မွေးဖွားခဲ့ပုံ၊ သုမနာဒေဝီမိဖုရားနှင့် နန်းစည်းစိမ်ခံစားကာ ပုနဗ္ဗသုမိတ္တသားတော်မွေးဖွားပြီးနောက် ဆင်ယာဉ်ဖြင့် တောထွက်တော်မူခဲ့ပုံ၊ မအူဗောဓိပင်ရင်း၌ ဘုရားဖြစ်တော်မူခဲ့ပုံ၊ သရဏမထေရ်နှင့် သဗ္ဗကာမမထေရ်-ဟူသော အဂ္ဂသာဝကနှစ်ပါး ရှိတော်မူပုံ၊ သာဂရမည်သော မထေရ်က ပြုစုလုပ်ကျွေးပုံ၊ ထိုအချိန်၌ ဂေါတမဗုဒ္ဓလောင်းလျာသည် ဥတ္တရလုလင်ဘဝဖြင့် နိယတဗျာဒိတ် ခံယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၅) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၃၄)
သုမေဓာထေရီဝတ္ထု
ဤဝတ္ထု၌ သုမေဓာထေရီလောင်း အမျိုးကောင်းသမီးလေးသည် ကောဏာဂုံဘုရားရှင်လက်ထက်တော၌် မိတ်ဆွေသူငယ်ချင်းများနှင့်အတူ ဘုရားအမှူးရှိသော သံဃာတော်တို့အား ကြီးစွာသော ဥယျာဉ်ခြံမြေကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် တာဝတိံသာ၊ ယာမာစသော နတ်ပြည်ငါးထပ်တို့၌ အစဉ်အတိုင်း နတ်မင်းကြီးတို့၏ မိဖုရား ဖြစ်ခဲ့ပုံ၊ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၈၇) (ထေရီ၊ဋ္ဌ၊၂၇၈)
သုယာမနတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီမြတ်စွာဘုရားအား အိမ်သို့ ပင်၍ ပန်းအခင်းကို ခင်းကာ ပန်းနံ့သာတို့ဖြင့် ပူဇော်၍ ဆွမ်းကပ်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ဝေသာလီမြို့၌ ပုဏ္ဏားတစ်ဦးဖြစ်၍ သာသနာတော်သို့ ဝင်ရောက်ခဲ့ရာ ခေါင်းရိတ်ပြီးချိန်မှာပင် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၀၇)
သုယောနန္ဒီဇာတက
ဤဇာတ်တော်၌ ဗာရာဏသီပြည်၌ တမ္ဗရာဇာ မင်းပြုစဉ် ဘုရားအလောင်းသည် ဂဠုန်မင်းဖြစ်၍ သေဒုမကျွန်း၌နေပုံ၊ ဂဠုန်သည် လုလင်ယောင်ဆောင်၍ ဘုရင်နှင့် ကြွေအန်ကစားပုံ၊ မိဖုရားကြီး သုယောနန္ဒီသည် လွန်စွာလှပသဖြင့် ဂဠုန်မင်းက တန်ခိုးဖြင့် ခိုးယူကာ မိမိဗိမာန်၌ ထားခဲ့ပုံ၊ မိဘုရားကြီးသည် ရေတွင် မျောလာသော စောင်းသမားသဂ္ဂကို တွေ့ပြီး ဗိမာန်၌ ဝှက်ထားကာ ဖောက်ပြားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၇၃)
သုရာဃဋဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကုဋေလေးဆယ်ကြွယ်ဝသော သူဌေး ဖြစ်၍ ကွယ်လွန်သောအခါ သိကြားမင်းဘဝဖြစ်ပုံ၊ သူဋ္ဌေး၏ ကျန်ရစ်သော တစ်ဦးတည်းသောသားသည် အရက်သောက် မိန်းမလိုက်စား အပျော်အပါး အကအခုန်တို့ဖြင့် သုံးဖြုန်းပစ်ခဲ့ပုံ၊ ဆင်းရဲမွဲတေနေသဖြင့် သိကြားမင်းဖြစ်နေသော ဖခင်က ဣစ္ဆာသယ အိုးတစ်လုံးလာပေး၍ မကွဲစေရန် ပြောဆိုမှာကြားခဲ့ပုံ၊ ဣစ္ဆာသယအိုးအစွမ်းဖြင့် သူဌေးသားသည် မူးရူးပျော်ပါးခဲ့ပုံ၊ အိုးကိုကောင်းကင်မြှောက်လိုက်ရာ အိုးကွဲ၍ ဆင်းရဲဒုက္ခ တွေ့ကြုံရပြီး မူးမူးရူးရူးဖြင့် လမ်းဘေးတွင် ကွယ်လွန်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၈၈)
သုရာဓတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိခီဘုရားရှင်အား ရှောက်သီးလှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၂၃)
သုရာပါနဇာတက
ဤဇာတ်တော်သည် သာဂတတ္ထေရဝတ္ထုနှင့်တူသည်။ (ဇာ၊ဋ္ဌ၊၁၊၃၈၁)
သုရုစိဇာတက
ဤဇာတ်တော်၌ သုရုစိမင်းသားနှင့် ဗြဟ္မဒတ္တမင်းသားတို့ တက္ကသိုလ်မှ ပညာသင်ယူပြီးအပြန် နောင်တစ်ချိန် သားသမီးများရပါက ပေးစားထိမ်းမြားကြရန် ကတိကဝတ်ထားခဲ့ကြပုံ၊ သုရုစိမင်းသားကို ဗြဟ္မဒတ်မင်း၏သမီးတော် သုမေဓာနှင့် ထိမ်းမြားလက်ထပ်ပေးခဲ့ကြပုံ၊ သားသမီးမရသဖြင့် မိဖုရားပေါင်း တစ်သောင်းခြောက်ထောင် ဆောင်ယူ၍ ပေးခဲ့ပုံ၊ ထိုအချိန်တွင် သီလနှင့် ပြည့်စုံသော သုမေဓာမိဖုရားကြီးအား သိကြားမင်းက သားဆု ပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၃၁၅)
သုရုစိဝတ္ထု
ဤဝတ္ထုသည် မင်္ဂလဗုဒ္ဓဝံသ၌ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၅၉)
သုလသာဇာတက
ဤဇာတ်တော်၌ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုစဉ် သုလသာမည်သော ပြည့်တန်ဆာမသည် ခေါင်းဖြတ်သတ်ရန် ခေါ်ဆောင်လာသော သတ္တုကမည်သော ခိုးသူကို ချစ်ခင်နှစ်သက်သဖြင့် မြို့ဝန်အား ငွေပေး၍ ရွေးထုတ်ပြီး ပေါင်းသင်းနေထိုင်ခဲ့ပုံ၊ ခိုးသူသည် သုလသာ၏ တစ်သိန်းတန်လည်ဆွဲကို လိုချင်သဖြင့် တောင်ပေါ်မှ အသူတစ်ရာ နက်သော ချောက်ထဲသို့ ပစ်ချရန် စီစဉ်ခဲ့ပုံ၊ ထိုအကြောင်းအရာကို သုလသာက သိသွားပြီး နောက်ဆုံး ရှိခိုးဟန်ဆောင်၍ ခိုးသူကြီးကို တွန်းချသတ်ဖြတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၄၁၃)
သုဝဏ္ဏကက္ကဋကဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် သာလိန္ဒိယရွာသား လယ်သမား ဖြစ်၍ ပယ်(၁၁-တင်း မျိုးကြဲသော အကျယ်အဝန်း) တစ်ထောင်မျှ ရှိသော လယ်ကွင်း၌ အလုပ်သမားတို့နှင့် အတူ လယ်လုပ်နေစဉ် ရေအိုင်တစ်အိုင်သို့ သွား၍ မျက်နှာသစ်ရာ ရွှေပုဇွန်လုံးတစ်ကောင်နှင့် ရင်းနှီးခဲ့ပုံ၊ နေ့စဉ် အဝတ်ပေါ် တင်၍ ချစ်ခင်စွာနေကြပုံ၊ တစ်နေ့တွင် ဘုရားအလောင်း၏မျက်လုံးကို စားလိုသော ကျီးမ၏ တိုက်တွန်းမှုကြောင့် ကျီးဖိုသည် မြွေတစ်ကောင်နှင့် ပေါင်းသင်းကာ ဘုရားအလောင်းကိုကိုက်၍ လဲကျစေခဲ့ပုံ၊ ကျီးနှင့် မြွေတို့ကို ရွှေပုဇွန်လုံးသည် လက်မနှင့်ညှပ်၍ အဆိပ်ကို စုပ်စေကာ ဘုရားအလောင်းကို ကယ်တင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၇၅)
သုဝဏ္ဏကက္ကဋကဝတ္ထု
ဤဝတ္ထု၌ ဘုရားအလောင်းသည် ဆင်မျိုး၌ဖြစ်၍ ဟိမဝန္တာတောအရပ်၌ နေခဲ့ပုံ၊ ဟိမဝန္တာတောအတွင်းရှိ ရေအိုင်ကြီးတစ်အိုင်၌ ကောက်နယ်တလင်းခန့် ပမာဏရှိသော ပုဇွန်လုံးကြီးတစ်ကောင်သည် ရေအိုင်ထဲသို့ ဆင်းလာသော ဆင်များကို ဖမ်းယူ စားသောက်လေ့ရှိသဖြင့် ဆင်များ ရေအိုင်ထဲသို့ မဆင်းဝံ့ကြပုံ၊ တစ်နေ့သောအခါ ဘုရားအလောင်းဆင်မင်းသည် ပုဇွန်လုံးကြီးကို နှိမ်နင်းရန် ဆင်အပေါင်းခြံရံလျက် ရေအိုင်ထဲသို့ ဆင်းခဲ့ပုံ၊ ဆင်များ ရေအိုင်တွင်း၌ လှည့်လည် ကျက်စားပြီး ကုန်းပေါ် ပြန်တက်သည့် အချိန်တွင် ပုဇွန်လုံးကြီးက ဘုရားလောင်းဆင်မင်း၏ ခြေထောက်ကို လက်မဖြင့် ညှပ်ထားပုံ၊ ဆင်မင်းက ရုန်းကန်သော်လည်း မရသဖြင့် အော်မြည်သောအခါ အခြားဆင်များ ကြောက်လန့်ပြီး ထွက်ပြေးကြပုံ၊ ဘုရားအလောင်းဆင်မင်း၏ ဇနီးဆင်မက ထွက်မပြေးဘဲ ပုဇွန်လုံးအား သာယာချေငံစွာပြောဆိုလျက် ဆင်မင်းအား လွှတ်ပေးပါရန် တောင်းပန်ပုံ၊ ပုဇွန်လုံးကြီးက ဆင်မအသံကို ကြားရသဖြင့် ဆင်မင်း၏ ခြေထောက်ကို လွှတ်လိုက်သောအခါ ဆင်မင်းက ပုဇွန်လုံး၏ ကျောက်ကုန်းကို နင်းချေ၍ သတ်လိုက်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၂၊၂၀၉) (အံ၊ဋ္ဌ၊၁၊၁၈) (ဇာ၊ဋ္ဌ၊၂၊၃၀၈)
သုဝဏ္ဏကာရတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်သာရိပုတ္တရာမထေရ်သည် မိမိ၏ တပည့် ရွှေပန်းထိမ်သည်သား ရဟန်းတစ်ပါးအား ရာဂပယ်နိုင်ရန် အသုဘကမ္မဋ္ဌာန်ကို ပေးတော်မူခဲ့ပုံ၊ ထိုရဟန်းသည် ထိုကမ္မဋ္ဌာန်းဖြင့် တရားထူး မရခဲ့ပုံ၊ သို့ဖြစ်၍ မထေရ်က ထိုရဟန်းအား မြတ်စွာဘုရားထံတော်သို့ ခေါ်သွားရာ မြတ်စွာဘုရားက ပြိုးပြိုးပြတ်ပြက်တောက်ပသော ပဒုမ္မာကြာပန်းကို ဖန်ဆင်း၍ လောဟိတကသိုဏ်း ရှုမှတ်စေတော်မူခဲ့ပုံ၊ ထိုရဟန်းသည် ထိုသို့ရှုမှတ်ရင်း ကြာပန်းညှိုးနွမ်းလာသည်ကို တွေ့ရသဖြင့် မမြဲခြင်းစသော လက္ခဏာ(၃)ပါး ထင်မြင်လာပုံ၊ နောက်ဆုံးတွင် မြတ်စွာဘုရားက တန်ခိုးတော်ဖြင့် ဂန္ဓကုဋီတိုက်မှ နေ၍ တရားဟောပြတော်မူသဖြင့် ရွှေပန်းထိမ်သည်သား ရဟန်း ရဟန္တာ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ။၂၊၂၆၆) (သုတ္တနိ၊ဋ္ဌ၊၁၊၁၄)
သုဝဏ္ဏပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဘုမ္မစိုနတ်သားသည် ဝိပဿီဘုရားရှင်၏ တရားတော်ကို ကြားနာရ၍ ရွှေပန်းလေးပွင့်တို့ကို တင်လှူခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးလားရောက်ခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော လေးဆယ့်သုံးကမ္ဘာ့အထက်၌ နေမိသမ္မတ မည်သော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဂေါတမ ဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၆၄)
သုဝဏ္ဏဗိဗ္ဗောဟနိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ဘုရားရှင်အား တစ်ခုသော နေရာနှင့် ခေါင်းအုံးတို့ကို ကိုယ်ထိလက်ရောက် သာဟတ္တိကဒါနမြောက် ပေးလှူခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော ခြောက်ဆယ့်သုံး ကမ္ဘာအထက်၌ အသမမည်သော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၆၅)
သုဝဏ္ဏမိဂဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် သမင်မျိုး၌ ဖြစ်စဉ် အားခွန်ဗလနှင့် ပြည့်စုံလျက် အလွန်ချောမောလှပခဲ့ပုံ၊ ဘုရားအလောင်း သမင်ဖို၏ ဇနီး သမင်မသည်လည်း အလွန်ချောမောလှပပုံ၊ ထိုသမင်မောင်နှံသည် သမင်ပေါင်းရှစ်သောင်း ခြံရံ၍ တောအုပ်ကြီးတစ်ခု၌ နေထိုင်ခဲ့ပုံ၊ တစ်နေ့သောအခါ ဘုရားလောင်းသမင်မင်းသည် အစာရှာထွက်စဉ် ကျော့ကွင်း၌ မိခဲ့ပုံ၊ ဘုရားလောင်းသမင်ဖိုသည် အရေအသား အကြောများ ပြတ်ထွက်သည် အထိ ရုန်းကန်ပါသော်လည်း ကျော့ကွင်းက မပြတ်သဖြင့် ကျယ်လောင်စွာ အော်မြည်ခဲ့ပုံ၊ အခြားသမင်များ ထွက်ပြေးကြသော်လည်း ဇနီးသည် သမင်မက ထွက်မပြေးဘဲ သမင်ဖို၏ အနီး၌ အားပေးစကား ပြောကြားလျက် နေခဲ့ပုံ၊ မုဆိုးကြီးရောက်လာသောအခါ သမင်ဖိုအား လွှတ်ပေးပါရန် တောင်းပန်လျက် အကယ်၍ မလွှတ်ပေးဘဲ သတ်မည်ဆိုလျှင် မိမိကိုပါသတ်ရန် ပြောကြားခဲ့ပုံ၊ မုဆိုးကြီးက သမင်မ၏ အသက်စွန့်၍ တောင်းပန်မှုကို နှစ်သက်သဘောကျပြီး သမင်ဖိုအား လွှတ်ပေးလိုက်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၆၉)
သုဝဏ္ဏဝိမာနဝတ္ထု
ဤဝတ္ထု၌ ဥပါသကာတစ်ယောက်သည် ရွှေတောင်ပေါ်၌ ရွှေကျောင်းဆောက်၍ ဘုရားရှင်အား လှူဒါန်းခဲ့ရသော ကုသိုလ်ကောင်းမှုကြောင့် တာဝတိံသာနတ်ပြည် ရွှေဗိမာန်၌ ဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊၁၀၅) (ဝိမာန၊ဋ္ဌ၊၂၈၃)
သုဝဏ္ဏသာမဇာတက
ဤဇာတ်တော်၌ ဗာရာဏသီမြို့နှင့် မနီးမဝေးသော အရပ်တွင်ရှိသော မြစ်၏ ကမ်းတစ်ဖက်စီ၌ မုဆိုးရွာနှစ်ရွာ တည်ရှိပုံ၊ ရွာလူကြီးများသည် အချင်းချင်း ခင်မင်ရင်းနှီးကြသဖြင့် မိမိတို့၏ သားသမီးများဖြစ်သော ဒုကူလနှင့် ပါရိကာကို အိမ်ထောင်ပြုပေးသောအခါ ဇနီးမောင်နှံနှစ်ယောက်တို့သည် ကာမဂုဏ်ကို စက်ဆုပ်သဖြင့် တောထွက်ကာ ရသေ့ဝတ်ကြပုံ၊ သိကြားမင်းက ဒုကူလနှင့် ပါရိကာဇနီးမောင်နှံတို့ နောင်အခါ မျက်စိကွယ်မည့် အန္တရာယ်ကို မြင်သဖြင့် သားသမီးယူရန် လာရောက်တိုက်တွန်းပုံ၊ သိကြားမင်း ပြောသည့်အတိုင်း ပါရိကာရသေ့မ ဥတုလာသောအခါ ဒုကူလက ပါရိကာ၏ ချက်ကိုလက်ဖြင့် သုံးသပ်သဖြင့် ကိုယ်ဝန်ရရှိပြီး ဘုရားလောင်း သုဝဏ္ဏသာမသတို့သားကို ဖွားမြင်ခဲ့ပုံ၊ တစ်နေ့သောအခါ မိဘနှစ်ပါး မျက်စိကွယ်သွားသဖြင့် သုဝဏ္ဏသာမသတို့သားက ပြုစုလုပ်ကျွေးစဉ် ပီဠိယက္ခမင်းက မြားဖြင့်ပစ်သောကြောင့် သုဝဏ္ဏသာမသတို့သား မေ့မြောနေပုံ၊ မိဘနှစ်ပါးတို့က သစ္စာဓိဋ္ဌာန်ပြုသဖြင့် သုဝဏ္ဏသာမသတို့သား မြားဆိပ်ကင်းကာ ဒုကူလနှင့် ပါရိကာတို့နှစ်ယောက်လုံးလည်း မျက်စိအလင်းပြန်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၆၊၈၅) (စရိယာ၊ဋ္ဌ၊၂၄၉)
သုဝဏ္ဏဟံသဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်း ပုဏ္ဏားသည် သမီးသုံးယောက် အရွယ်မရောက်မီ ကွယ်လွန်၍ ရွှေဟင်္သာ ဖြစ်ခဲ့ပုံ၊ ဘဝဟောင်းက သမီးနှင့် ဇနီးတို့ မဆင်းရဲစေရန် တစ်နေ့လျှင် ရွှေငှက်တောင် တစ်တောင်ကျ ပေးခဲ့ပုံ၊ မိသားစုဟောင်းသည် ထိုမျှဖြင့်အားမရဘဲ လောဘကြီးပြီး အမွေးအကုန် နုတ်ယူသဖြင့် ရွှေငှက်တောင်တို့ ပျောက်ကွယ်သွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၅၀၀)
သုဝပေါတကဝတ္ထု
ဤဝတ္ထု၌ ကုရုတိုင်း၌ နေကြသူတို့သည် သတိပဋ္ဌာန်တရားအားထုတ်ကြရာ လူမဆိုထားဘိ ရဟန်းမတို့မွေးထားသော တိရစ္ဆာန်ဖြစ်သော ကျေးသားငယ်သည်ပင် ကမ္မဋ္ဌာန်းတရား စီးဖြန်းပွားများ၍ သမာဓိရင့်ကျက်နေပုံ၊ တစ်နေ့သောအခါ ကျေးသားငယ်ကို စွန်တစ်ကောင် သုတ်ချီခံရစဉ် ကမ္မဋ္ဌာန်းကိုသာ နှလုံးသွင်းသဖြင့် စွန်လက်မှ လွတ်မြောက်ခဲ့ပုံ စသော အကြောင်းအရာ များပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၃၃၅) (မ၊ဋ္ဌ၊၁၊၂၃၃) (အံ၊ဋီ၊၃၊၃၁၀)
သုဝီရဝတ္ထု
ဤဝတ္ထု၌ တာဝတိံသာနတ်တို့ကို တိုက်ခိုက်ရန် ချီတက်လာသော အသုရာတို့အား တိုက်ထုတ်ရန် မိမိ၏သားဖြစ်သူ သုဝီရအား သိကြားမင်းက စေခိုင်းပုံ၊ သုဝီရနတ်သားက ကောင်းပါပြီဟု ဝန်ခံပြီး သတိမေ့နေပုံ၊ သိကြားမင်းက ‘‘လုံ့လဝီရိယမရှိဘဲ ချမ်းသာကို ရရှိနိုင်သော နေရာမျိုးရှိလျှင် သင်ကိုယ်တိုင်လည်း သွားရောက်၍ နေပါ၊ ငါ့ကိုလည်း ထိုနေရာသို့ ပို့ဆောင်ပေးပါ’’ဟု ပြောကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၂၁၈) (သံ၊ဋ္ဌ၊၁၊၃၀၉)
သုသာရဒတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်အား ချိုမြိန်သော အသီးတို့ကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌ ကျင်လည်ခဲ့ရ၍ ဤဘုရားရှင့်လက်ထက်တော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၁၀)
သုသိမတာပသဝတ္ထု
ဤဝတ္ထုသည် အတ္ထဒဿီဗုဒ္ဓဝံသ၌ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၇)
သုသီမဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ပုရောဟိတ်ကြီး၏သား ဖြစ်၍ ဆင်ပွဲသဘင် ကျင်းပပုံ၊ ဆင်ဘဏ္ဍာအားလုံးကို ပုရောဟိတ်မျိုးရိုးကသာ ရမြဲဖြစ်ပုံ၊ ဖခင်ပုရောဟိတ် ကွယ်လွန်သောအခါ ပုဏ္ဏားတို့က ဆင်ပွဲကြီးကြပ်သူအဖြစ် ဆောင်ရွက်ရန် ကြိုးစားကြပုံ၊ ဘုရားအလောင်းသည် တက္ကသိုလ်ပြည်သို့ သွား၍ အတတ်ပညာတို့ကို တစ်ညတည်းဖြင့် အတတ်သင်ခဲ့ပုံ၊ ပွဲကျင်းပသောနေ့၌ မိမိ၏ ပညာကို ပြ၍ အောင်မြင်စွာ ကြီးကြပ်နိုင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၄၀)
သုသီမဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ပုရောဟိတ်ပုဏ္ဏားမျိုး၌ ဗာရာဏသီမင်း၏ သားတော်နှင့် တစ်နေ့တည်း၌ ဖွားမြင်ခဲ့ပုံ၊ အချင်းချင်းအလွန်ချစ်ကျွမ်းဝင်ကြ၍ အရွယ်ရောက်သောအခါ တက္ကသိုလ်ပြည်၌ ပညာသင်ယူကြပုံ၊ မင်းသားသည် အိမ်ရှေ့မင်းအဖြစ်ကို ရ၍ ပုရောဟိတ်သားသည် ပုရောဟိတ်ရာထူးကို ရခဲ့ပုံ၊ မင်းသား၏ မယ်တော်သည် ပုရောဟိတ်ကို နှစ်သက် စွဲလမ်းသဖြင့် အာဟာရဖြတ်ကာ အိပ်ရာ၌ လျောင်းနေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၆၉)
သုသီမပရိဗ္ဗာဇကဝတ္ထု
ဤဝတ္ထု၌ တိတ္ထိတို့၏ တိုက်တွန်းချက်အရ သုသီမပရိဗိုဇ်သည် လာဘ်လာဘတိုးပွားရန် ရည်သန်၍ မြတ်စွာဘုရားထံ လာရောက်ခဲ့ပုံ၊ မြတ်စွာဘုရားက ထိုပရိဗိုဇ်သည် မိမိအပေါ်၌ တကယ် မကြည်ညိုဘဲ တရားတော်ကို ခိုးယူမှတ်သားရန် လာရောက်ကြောင်း သိတော်မူသော်လည်း မကြာမြင့်မီ ရဟန္တာဖြစ်မည်ကို သိတော်မူသဖြင့် ရဟန်းပြုပေးတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋီ၊၃၊၁၃၇)
သုသုမာရဂိရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့မိဂဒါဝုန် ဘေသကဠာတောကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့သည် ကောကနဒပြာသာဒ်၌ ဆွမ်းဘုဉ်းပေးကြပုံ၊ ဆွမ်းများ ဟင်းများ ပေကျံနေသော လက်ဖြင့် သောက်ရေခွက်များကို ကိုင်ကြသောကြောင့် လူတို့က ကဲ့ရဲ့ကြပုံ၊ ဘုရားရှင်က ‘‘ရဟန်းသည် ဟင်းများ ပေကျံနေသော လက်ဖြင့် သောက်ရေခွက်ကို မကိုင်ရ’’ဟု သိက္ခာပုဒ် ပညတ်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၀)
သုသုမာရဇာတက
ဤဇာတ်တော်၌ အလောင်းတော် မျောက်မင်းသည် ခွန်အားဗလနှင့် ပြည့်စုံပြီး ဂင်္ဂါမြစ် ကမ်းနား၌ ကျက်စား၍နေပုံ၊ မိကျောင်းမက မိကျောင်းဖိုအား မျောက်၏နှလုံးသားကို စားလိုကြောင်း ပူဆာခဲ့ပုံ၊ မိကျောင်းဖိုက မျောက်မင်းအား ပရိယာယ်ဆင်၍ မြစ်ထဲသို့ ခေါ်ဆောင်သွားခဲ့ပုံ၊ မြစ်ထဲရောက်သောအခါ မျောက်မင်းက နှလုံးသားများကို သဖန်းပင်ပေါ်တွင် ချိတ်ထားခဲ့ကြောင်း လှည့်ပတ် ပြောကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၄၅)
သုဟနုဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီမင်း၏ အမတ်ချုပ်ကြီးတစ်ဦးဖြစ်စဉ် တရားနှင့်အညီ ကုန်သည်တို့အား တန်ဖိုးဖြတ်ပေးလေ့ရှိပုံ၊ မင်းကြီးမှာ အတန်ငယ် လောဘကြီးသဖြင့် ဥတ္တရာပထတိုင်းမှ မြင်းကုန်သည်များ ရောက်လာသောအခါ အခြားအမတ်တစ်ယောက်ကို ခေါ်၍ မဟာသောဏမည်သော မြင်းကြမ်းကို မြင်းကုန်သည်တို့၏ မြင်းများအတွင်းသို့ လွှတ်စေလျက် ကိုက်စေခဲ့ပုံ၊ မြင်းကုန်သည်တို့၏ မြင်းများ ဒဏ်ရာအနာတရ ဖြစ်သောအခါ၌ ဈေးလျော့၍ ဝယ်ကြပုံ၊ မြင်းကုန်သည်များက ဘုရားလောင်း အမတ်ကြီးထံ လာရောက်၍ အကျိုးအကြောင်း ပြောကြသောအခါ အမတ်ကြီးက ‘‘သင်တို့လည်း မြင်းကြမ်းတစ်ကောင်ကို ဆောင်ယူခဲ့ကြကုန်’’ ဟု ဆိုသဖြင့် သုဟနုမည်သော မြင်းကြမ်းကို ခေါ်ဆောင်လာပုံ၊ ထိုမြင်းကြမ်းနှစ်ကောင်တို့ တွေ့သောအခါ၌ကား အချင်းချင်း ခန္ဓာကိုယ်ကို လျှာဖြင့် လျက်ကုန်လျက် ချစ်ခင်နေကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၇)
သုဟေမန္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် တိဿဘုရားရှင်အား ပုန်းညက်ပန်းတို့ကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရ၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၆၉)
သူကရခတလေဏဝတ္ထု
ဤဝတ္ထု၌ ကဿပဘုရားရှင်လက်ထက်တော်အခါကတည်းက တည်ရှိခဲ့သော လိုဏ်ဂူကြီးတစ်ခုသည် အချိန်ကြာမြင့်သဖြင့် မြေကြီးများ ဖုံးလွှမ်းသွားခဲ့ပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ဝက်တစ်ကောင်က လိုဏ်ဂူအနီး၌ မြေများ တူးဆွသဖြင့် မိုးရွာသောအခါ လိုဏ်ဂူအမိုးစွန်းပေါ်လာခဲ့ပုံ၊ တောလည်မုဆိုးတစ်ယောက်က တွေ့မြင်သွားပြီး၊ ‘‘ရှေးအခါက သီလရှိသော ပုဂ္ဂိုလ်များ နေထိုင်သွားသည့် နေရာဖြစ်ပေလိမ့်မည်’’ဟု ကြံစည်ကာ လိုဏ်ဂူကို သုတ်သင်ရှင်းလင်းလျက် အင်္ဂတေမြေညက်စသည်ဖြင့် လိမ်းကျံပြီး လေသောက်ပြတင်း၊ ညောင်စောင်းခုတင်စသည် ခင်းကျင်းပြင်ဆင်ကာ ဘုရားရှင်အား လှူဒါန်းခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၃၊၂၈၀)
သူကရဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ခြင်္သေ့မင်းဖြစ်၍ ရေအိုင်တစ်ခု၌ ရေသောက်ပြီး ပြန်တက်လာသောအခါ ဆူဖြိုးသော ဝက်တစ်ကောင်ကို တွေ့မြင်ရပုံ၊ ဝက် လန့်၍ ပြေးမည်စိုးသောကြောင့် ကန်တစ်ဖက်မှ ရှောင်သွားသည်ကို ဝက်က ကြောက်၍ ပြေးသည်ဟု မှတ်ထင်ကာ စစ်ထိုးရန် စိမ်ခေါ်ခဲ့ပုံ၊ ဝက်က တစ်ကိုယ်လုံးကို မစင်လူး၍ လေညာကနေသောကြောင့် ခြင်္သေသည် စက်ဆုပ်ရွံ့ရှာလှသဖြင့် ဝက်ကို အနိုင်ပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၈)
သူကရပေတဝတ္ထု
ဤဝတ္ထု၌ ဂိဇ္ဈကုဋ်တောင်တွင် လူခန္ဓာကိုယ်နှင့် ဝက်ခေါင်းပေါက်နေသော သုံးဂါဝုတ်ပမာဏရှိ ပြိတ္တာကြီးတစ်ကောင်သည် ပါးစပ်၌ အမြီးပေါက်ကာ လောက်တစ်ဖွားဖွားကျနေပုံ၊ ထိုပြိတ္တာကြီးကို အရှင်မောဂ္ဂလာန်မြင်၍ ဘုရားရှင်အား လျှောက်ထားရာ ကဿပဘုရားရှင်လက်ထက်၌ သီလစင်ကြယ်၍ လွန်စွာချစ်ခင်သော ရဟန်းတော်နှစ်ပါးကို ကွဲပြားအောင် ကုန်းတိုက်မှုကြောင့် ဤသို့ဖြစ်ရကြောင်း ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၅၈)
သူကရပေါတိကာဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင် ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံကြွစဉ် ဝက်မငယ်ကို မြင်၍ ပြုံးတော်မူပုံ၊ အရှင်အာနန္ဒာထေရ်က ပြုံးတော်မူခြင်းအကြောင်းကို မေးလျှောက်သောအခါ ကကုသန် မြတ်စွာဘုရားရှင်လက်ထက်က ဈာန်သမာပတ်ကို ရခဲ့ပြီး ဗြဟ္မာဖြစ်ခဲ့ရသည့် အမျိုးသမီးသည် ယခုအခါ ဝက်မငယ် ဖြစ်နေရကြောင်း ရှင်းလင်းဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၃၁)
သူကရမုခပေတဝတ္ထု
ဤဝတ္ထု၌ အရှင်နာရဒမထေရ်သည် ဂိဇ္ဈကုဋ်တောင်ကျောင်းမှ ရာဇဂြိုဟ်မြို့သို့ ဆွမ်းခံဝင် လာစဉ် ရွှေရောင်ခန္ဓာကိုယ်နှင့် ဝက်မျက်နှာရှိသော ပြိတ္တာကြီးကိုတွေ့၍ ထိုပြိတ္တာကြီး၏ ကံကြမ္မာကို မေးမြန်းခဲ့ပုံ၊ ထိုပြိတ္တာကြီးက မိမိသည် ကဿပဘုရားရှင် သာသနာတော်၌ ရဟန်းတစ်ပါးဖြစ်ခဲ့ပြီး ကာယကံကို လုံခြုံစွာ စောင့်ထိန်းခဲ့သော်လည်း ဝစီကံကို မစောင့်ထိန်းဘဲ ရဟန်းတို့ကို ဆဲဆို ကဲ့ရဲ့ရှုတ်ချခဲ့သော အကုသိုလ်ကံကြောင့် ငရဲ၌ ခံရပြီး ထိုကံကြွင်းကြောင့် အခုလို ပြိတ္တာကြီး ဖြစ်ပြီး ငတ်ပြတ်စွာ နေရကြောင်း လျှောက်ထားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၂၇) (ပေတ၊ဋ္ဌ၊၉)
သူစိဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ပန်းပဲရွာ၌ ပန်းပဲသမား ဆင်းရဲသားဖြစ်၍ ပန်းပဲပညာ လွန်စွာ တတ်မြောက်သူ ဖြစ်ခဲ့ပုံ၊ အခြားပန်းပဲရွာကြီးတစ်ရွာရှိ ပန်းပဲခေါင်းဆောင်ကြီး၏ သမီးမှာ လွန်စွာချောမောကြောင်း ကြားသိရသဖြင့် သံအကောင်းဆုံးကို အနူးညံ့ဆုံး အပ်ဖြစ်အောင် ပြုလုပ်၍ အပ်လုပ်သော ထိုရွာသို့ အပ်ရောင်း သွားခဲ့ပုံ၊ မိမိအပ်၏ အစွမ်းကို ပြသပြီး ပန်းပဲသမားခေါင်းဆောင်ကြီး၏ သမီးကို ရယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၆၅)
သူစိဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်အလောင်းသည် သုမေဓာဘုရားရှင်အား သင်္ကန်းချုပ်ရန်အတွက် အပ်ငါးချောင်း လှူဒါန်းခဲ့သော ကောင်းမှုကံကြောင့် သိမ်မွေ့သော အနက်ကို ရှုမြင်တတ်၍ လျင်မြန်လွယ်ကူသော အသိဉာဏ်ကို ရရှိခဲ့ပုံ၊ ဒွိပဒါဓိပတိမည်သော စကြဝတေးမင်း လေးကြိမ်ဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၃၅)
သူစိဒါယကဝတ္ထု
ဤဝတ္ထု၌ အရှင်သာရိပုတ္တရာသည် သင်္ကန်းချုပ်ရန်အတွက် အပ်ကို အလိုရှိသဖြင့် ပန်းပဲသမားထံ ကြွ၍ အလှူခံတော်မူခဲ့ပုံ၊ ဒါယကာက အပ်နှစ်ချောင်းလှူဒါန်းပြီး တည်ခြင်းငါးပါးဖြင့် ရှိခိုးကာ အနုမောဒနာတရား နာကြားခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ထိုဒါယကာသည် တာဝတိံသာနတ်ပြည်၌ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၃၂)
သူစိဒါယကဝတ္ထု
ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့သား အပ်ချုပ်သမားတစ်ဦးသည် ကျောင်းများကို လှည့်လည် ကြည့်ရှုရန် ဝေဠုဝန်ကျောင်းတိုက်သို့ သွားခဲ့ပုံ၊ ကျောင်းတွင် အပ်ဖြင့် သင်္ကန်းချုပ်နေသော ရဟန်းတစ်ပါးကို တွေ့ရ၍ အပ်ဗူးနှင့်အတူ အပ်များကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် တာဝတိံသာနတ်ပြည်၌ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၃၃)
သူစိမုခီဝတ္ထု
ဤဝတ္ထု၌ အရှင်သာရိပုတ္တရာသည် ရာဇဂြိုဟ်မြို့၌ ဆွမ်းခံတော်မူပြီး နံရံတစ်ခုကို မှီ၍ ဆွမ်းဘုဉ်းပေးနေစဉ် သုစိမုခီပရိဗိုဇ်မ ရောက်လာပြီး မထေရ်မြတ်အား မျက်နှာငုံ့၍ ဆွမ်းဘုဉ်း ပေးပါသလော၊ မျက်နှာမော့၍ ဆွမ်းဘုဉ်းပေးပါသလော၊ အရပ်ရှစ်မျက်နှာ စူးစိုက်ကြည့်၍ ဆွမ်းဘုဉ်းပေးပါသလောဟု မေးမြန်းခဲ့ပုံ၊ မထေရ်က မိစ္ဆာဇီဝ, အနေသနကင်းစွာဖြင့် သန့်ရှင်းသော ဆွမ်းကိုသာ ဘုဉ်းပေးကြောင်း ရှင်းပြတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၂၊၂၀၀)
သူစိလောမဝတ္ထု
ဤဝတ္ထု၌ ကဿပဘုရားရှင်လက်ထက်၌ ရဟန်းတစ်ပါးသည် ခရီးသွားရာမှ အပြန် ချွေးများပေကျံနေသော ခန္ဓာကိုယ်ဖြင့် သံဃိက ညောင်စောင်းခုတင်ပေါ်၌ မလေးစားသော စိတ်ဖြင့် လှဲအိပ်ခဲ့ပုံ၊ ထိုအကုသိုလ်ကံကြောင့် ဂယာရွာ အမှိုက်စွန့်ရာ အရပ်တွင် အပ်မွေးများ တစ်ကိုယ်လုံး ပေါက်နေသော သူစိလောမအမည်ရှိသော ဘီလူး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၂၇၆)
သူရမ္ဗဋ္ဌဝတ္ထု
ဤဝတ္ထု၌ သူရမ္ဗဋ္ဌသူကြွယ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်က အဝေစ္စပသန္နအရာ ဧတဒဂ်ကောင်းမှု ချီးမြှင့်ခံရသော ဒါယကာတစ်ဦးကို အားကျ၍ ကုသိုလ်ပြု၍ ထိုဧတဒဂ် ရရန် ဆုတောင်းခဲ့ပုံ၊ ထိုကုသိုလ်ကြောင့် သုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရ၍ ဤဘုရားရှင့်လက်ထက်တော်၌ သာဝတ္ထိမြို့သား သူကြွယ်တစ်ဦး ဖြစ်၍ သောတာပန် ဖြစ်ကာ အဝေစ္စပသန္န ဧတဒဂ် ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၀၅)
သူရမ္ဗဋ္ဌဥပါသကဝတ္ထု
ဤဝတ္ထု၌ သူရမ္ဗဋ္ဌဥပါသကာသည် ဘုရားရှင့်အထံတော်၌ တရားနာယူပြီး သောတာပန်ဖြစ်ကာ မိမိအိမ်သို့ ပြန်သွားခဲ့ပုံ၊ မာရ်နတ်က ဘုရားရှင် ပုံသဏ္ဌာန်တော်ဖန်ဆင်း၍ သူရမ္ဗဋ္ဌ အိမ်တံခါး၌ ရပ်တည်ခဲ့ပုံ၊ သူရမ္ဗဋ္ဌဥပါသကာက ဘုရားရှင်ဟူသော အမှတ်သညာဖြင့် ရှိခိုးသော် ဘုရားရှင် မာရ်နတ်က ‘‘ရုပ် ဝေဒနာ စသည်တို့ကို အနိစ္စဖြစ်သည်ဟု လွဲမှားပြီး ဟောမိကြောင်း, ထို့ကြောင့် ခန္ဓာငါးပါးကို နိစ္စဟု မှတ်ပါ’’ဟု လိမ်ညာ၍ ပြောကြားရာ ဥပါသကာက မာန်နတ်ကို နှင်ထုတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၃၊၄၈)
သူရိယဒေဝပုတ္တဝတ္ထု
ဤဝတ္ထု၌ နေနတ်သားကို ရာဟုအသုရိန်က ဖမ်းယူထားသောအခါ နေနတ်သားက ဘုရားရှင်ကို အောက်မေ့သတိရလျက် ‘‘နမော တေ ဗုဒ္ဓ ဝီရတ္ထု’’ စသော ဂါထာကို ရွတ်ဆိုပုံ၊ ထိုအချိန်၌ ဘုရားရှင်သည် ရာဟုအသုရိန်အား ‘‘နေနတ်သားသည် ဘုရားရှင်ကို ကိုးကွယ်ကြောင်း၊ ဘုရားရှင်များသည် လောကသားတို့ကို အစဉ်သနား စောင့်ရှောက်တတ်ကြောင်း၊ ထို့ကြောင့် ရာဟုအသုရိန်သည် နေနတ်သားကို လွှတ်ပေးရမည်ဖြစ်ကြောင်း’’ မိန့်တော်မူပုံ၊ ဘုရားရှင်၏ စကားကို ကြားသည်နှင့် တစ်ပြိုင်နက် ရာဟုအသူရိန်သည် နေနတ်သားကို လွှတ်ကာ ဝေပစိတ္တိအသုရာထံသို့ ထွက်ပြေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၄၈) (သံ၊ဋ္ဌ၊၁၊၁၀၀)
သေက္ခသမ္မတဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့၌ အိမ်တစ်အိမ်ရှိ လူတို့သည် စေတနာသဒ္ဓါအားကြီးသော်လည်း ပစ္စည်းဥစ္စာနည်းပါးကြပုံ၊ နံနက်စာများကို ရဟန်းတော်တို့အား အကုန် လှူလိုက်၍ ထမင်းမစားဘဲ နေကြပုံ၊ လူတို့က ကဲ့ရဲ့ကြသဖြင့် ဘုရားရှင် သိတော်မူ၍ ထိုကဲ့သို့သော အိမ်မျိုးကို ကမ္မဝါစာဖြင့် သေက္ခသမ္မုတိပေးစေတော်မူပုံ၊ ‘‘ထိုအိမ်မျိုးမှ ခဲဖွယ်ဘောဇဉ်ကို အလှူခံသော ရဟန်းအား ပဋိဒေသနီယ အာပတ် သင့်၏’’ဟု တတိယ ပါဋိဒေသနီယ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၃၁)
သေက္ခသမ္မုတိဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့တော်ရှိ လူတို့သည် ပွဲလမ်းသဘင်ကျင်းပ၍ ရဟန်းသံဃာတော်များအား ပင့်ဖိတ်၍ဆွမ်းကပ်ကြပုံ၊ သေက္ခသမ္မုတိရပြီးသော ထိုမိသားစုကလည်း ဆွမ်းစားပင့်ကြရာ ရဟန်းတို့က ငြင်းပယ်ကြပုံ၊ သေက္ခသမ္မုတိရသူတို့ စိတ်မကောင်းဖြစ်ကြကြောင်းကို ဘုရားရှင် သိတော်မူ၍ ‘‘ပင့်ဖိတ်လျှင်မူ အလှူခံကောင်းသည်’’ဟု ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၃၂)
သေခဝတ္ထု
ဤဝတ္ထု၌ ကပိလဝတ်ပြည်သား သာကီဝင်မင်းများသည် လွှတ်တော်ရုံးသစ် ဆောက်လုပ်သောအခါ ဘုရားရှင်အား ပင့်ဖိတ်၍ ရုံးသစ်ဖွင့်ပွဲ ကျင်းပကြပုံ၊ မြတ်စွာဘုရားသည် ကျောင်းနေရာ လှူခြင်းနှင့် ပတ်သက်၍ အကျိုးကြီးမားကြောင်း ဟောကြားတော်မူပုံ၊ အရှင်အာနန္ဒာက သေက္ခပုဂ္ဂိုလ်တို့ ကျင့်စဉ်ဖြစ်သော ပါတိမောက္ခသံဝရသီလ၊ ဘောဇနေမတ္တညုတာ စသော အကျင့်တို့ကို ပြုကျင့်သင့်ကြောင်း ဟောကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၂၊၁၆)
သေဂ္ဂုဇာတက
ဤဇာတ်တော်၌ ကုန်စိမ်းသည် ဥပါသကာသည် သမီးငယ်၏ အကျင့်စာရိတ္တကို စူးစမ်း လေ့လာခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၆၄)
သေဋ္ဌိဓီတာဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့မှ သူဌေးသမီးတစ်ယောက်သည် သူ၏နေရာပြာသာဒ်အောက်ရှိ ရက်ကန်းရုံတွင် ရက်ဖေါက်၏ ဖြောင့်မတ်စွာ လည်နေသည်ကို မှတ်သား၍ သတ္တဝါတို့သည် ရက်ဖေါက်ကဲ့သို့ ဖြောင့်မတ်သော စိတ်ရှိကြပါမူ ကောင်းလေစွဟု အကြံဖြစ်ပုံ၊ ထို့နောက် ပြာသာဒ်ထက်၌ ထိုအကြောင်းကို ကြိမ်ဖန်များစွာ ဆင်ခြင်၍ မမြဲခြင်းစသော လက္ဓဏာရေးသုံးပါးကို ဝိပဿနာပွားနေစဉ် မြတ်စွာဘုရားက တန်ခိုးတော်ဖြင့် တရားဟောတော်မူ၍ သောတာပန် ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၂၅၃)
သေဋ္ဌိပုတ္တဝတ္ထု
ဤဝတ္ထု၌ ဗာရာဏသီသူဌေးသား တစ်ဦးသည် ကျွမ်းထိုး၍ ကင်းမြီးကောက်ထောင်ကစားရာ ဝမ်းတွင်းအူထုံး၍ ထမင်းဟင်းမစားနိုင်၊ ယာဂုပင် မသောက်နိုင်၊ အလေးအပေါ့ သွားရန်ပင် မဖြစ်နိုင်အောင် ဝေဒနာ ခံစားရပုံ၊ ကြာသောအခါ ပိန်ချုံးညှိုးလျ အကြောပြိုင်းပြိုင်း ထနေပုံ၊ ဆရာဇီဝကအား ပင့်ခေါ်ပြသသောအခါ ကန့်လန့်ကာ ကာ၍ တိုင်တွင် ကပ်မှီစေကာ ဝမ်းရေကို ခွာ၍ ထုံးနေသော အူတို့ကို ထုတ်ပြီး အူထုံးကို ဖြည်ကာ အူတို့ကို နေရာမှန် ပြန်သွင်း၍ စနစ်တကျ ချုပ်ကာ ကုသခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၈၆)
သေဋ္ဌိဘရိယာဝတ္ထု
ဤဝတ္ထု၌ ဆရာဇီဝကသည် တက္ကသိုလ်ပြည်တွင် (၇)နှစ်တိုင်တိုင် ဆေးပညာသင်ယူခဲ့ပုံ၊ သာကေတရှိ သူဌေးကတော်ကြီး၏ (၇)နှစ်တိုင်တိုင် စွဲကပ်နေသော ခေါင်းကိုက်ရောဂါကြီးကို ထောပတ်တစ်လက်ခုပ်တွင် ဆေးမျိုးပေါင်း များစွာ ထည့်၍ ချက်ပြီး နှာခေါင်းမှ နှာနှပ်ကုသနည်းဖြင့် ကုသခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၈၀)
သေတကေတုဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဒိသာပါမောက္ခဆရာကြီး ဖြစ်၍ လုလင်ငါးရာတို့အား ပညာသင်ပေးနေပုံ၊ တပည့်ဖြစ်သူ ဥဒိစ္စဗြာဟ္မဏမျိုးဖြစ်သော သေတကေတုသည် ဒွန်းစဏ္ဍားနှင့် မေးခွန်းပြိုင်၍ မေးရာ ရှုံးသဖြင့် ဒွန်းစဏ္ဍားက သူ၏ ဦးခေါင်းကို ခွ၍ စီးခဲ့ပုံ၊ အရပ်မျက်နှာ၏ အဖြေစကားကို ဆရာက ဖြေကြား၍ ဆုံးမခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၁၈)
သေတုစ္ဆတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် တိဿဘုရားရှင်အား အလွန်ချိုသည့် ပိန္နဲသီးဖြင့် စီမံထားသော အုန်းမုန့်ချိုကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရ၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၆၁)
သေတုဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ သေတုဒါယကမထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်၏ စင်္ကြံဦး၌ တံတားတစ်စင်း ဆောက်လုပ်လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှု၏ အကျိုးဆက်ကြောင့် ကိုးဆယ့်တစ်ကမ္ဘာတိုင်တိုင် အပါယ်မလားဘဲ လူချမ်းသာ နတ်ချမ်းသာကို ခံစားရ၍ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၄၀)
သေနကတ္ထေရဝတ္ထု
ဤဝတ္ထု၌ သေနကမထေရ်လောင်းလျာသည် သိခီဘုရားရှင်အား ဥဒေါင်းငှက်တောင်ကို လှူခဲ့သော ကုသိုလ်ကံကြောင့် လူနတ်ချမ်းသာတို့ကို ခံစားရပြီး ဂေါတမဘုရားရှင် လက်ထက်တွင် သေနကပုဏ္ဏား ဖြစ်လာပုံ၊ ဂယာမြစ်ဆိပ်တွင် မြတ်စွာဘုရားရှင်၏ တရားတော်ကို နာယူရ၍ ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၁၅)
သေနဂိရိဝါသီတိဿတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်ကြီး ငါးဆယ်တို့သည် ဂိရိရွာ၌ ဆွမ်းခံလှည့်လည်ကြရာ တစ်စုံတစ်ခုသော ခဲဘွယ်ဘောဇဉ်ကိုမျှ မရရှိခဲ့ကြပုံ၊ တိဿရဟန်းက မထေရ်ကြီးများအား ခေတ္တဆိုင်းငံ့ပါဦးဟု တောင်းပန်လျှောက်ထားကာ ရွာထဲသို့ ဆွမ်းခံဝင်ပြီး နို့ဃနာဆွမ်းများကို ခဏချင်းဖြင့် လာရောက်လှူဒါန်းပုံ၊ မထေရ်ကြီးများ ယုံမှားသံသယဖြစ်သောအခါ သာရဏီယ ကျင့်ဝတ်ကို ဖြည့်ကျင့်ထားကြောင်း လျှောက်ထားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၁၂၄) (အံ၊ဋ္ဌ၊၃၊၉၂)
သေနာသနဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်အား သစ်ရွက်အခင်းကို ပေးလှူ၍ ပူဇော်ဖွယ်သော ပန်းကိုလည်း ထက်ဝန်းကျင်ကြဲမြောက်ပူဇော်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော ငါးခုမြောက်ကမ္ဘာ၌ တိဏသန္တရက စကြဝတေးမင်း ခုနစ်ကြိမ်ဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၅၁)
သေနာသနိကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတို့သည် လွင်တီးခေါင်၌ သင်္ကန်းချုပ်မှုစသည့် အလုပ်များကို ပြုလုပ်ကြပုံ၊ ဆဗ္ဗဂ္ဂီရဟန်းတို့သည် လေညာက ကျောင်းသန့်ရှင်းရေး လုပ်ကြရာ လေအောက်ရဟန်းတော်တို့ ဖုန်ပေကြသဖြင့် ဘုရားရှင်က သေနာသနဝတ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၈၇)
သေယျကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ အရှင်သေယျကသည် ဝိနည်းအရာ လိမ္မာကျွမ်းကျင်မှု မရှိ၊ အာပတ်များစွာ သင့်နေပြီး လူတို့နှင့် ရောနှောနေသောကြောင့် သံဃာတော်တို့က ကဲ့ရဲ့သဖြင့် ဘုရားရှင်က နိယဿကံ ပြုရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၁၃)
သေယျဇာတက
ဤဇာတ်တော်၌ ကောသလမင်းသည် အမတ်တစ်ယောက်အား မိမိအား ကျေးဇူးများသဖြင့် စည်းစိမ်ဥစ္စာများစွာကို ပေးထားပုံ၊ အခြားအမတ်များက မနာလိုဖြစ်ကာ ကုန်းတိုက်သဖြင့် ထောင်သွင်း၍ အကျဉ်းချခံခဲ့ရပုံ၊ ထောင်တွင်း၌ပင် မိမိ၏ ကိုယ်ကျင့်သီလနှင့် ပြည့်စုံခြင်းကို ဆင်ခြင်ကာ သင်္ခါရတရားတို့ကို သုံးသပ်ပွားများ၍ သောတာပန် ဖြစ်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၅၉)
သေယျဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗြဟ္မဒတ်မင်း၏ သူငယ်ချင်း ပုရောဟိတ်ပုဏ္ဏားကြီး ဖြစ်၍ ထိုရာထူးကို စွန့်လွှတ်ကာ ရသေ့ဘဝဖြင့် နေထိုင်စဉ် ဘုရင်က ထပ်မံ တာဝန် ထမ်းဆောင်ရန် တောင်းပန်ခဲ့ပုံ၊ သူတော်ကောင်းတို့မည်သည် စွန့်ပယ်ပြီးသော ကိလေသာကို ထွေးပြီးသော တံတွေးကဲ့သို့ ပြန်လည်မျိုလေ့ မရှိကြောင်း ဟောပြခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၉)
သေယျသကတ္ထေရဝတ္ထု
ဤဝတ္ထု၌ လာဠုဒါယီထေရ်၏ တပည့်ဖြစ်သူ သေယျသကရဟန်းသည် သာသနာတော်၌ မမွေ့လျော်သဖြင့် ပဌမ=သံဃာဒိသေသ် သိက္ခာပုဒ်ကို လွန်ကျူးခဲ့ပုံ၊ ဘုရားရှင် ကြားသိတော်မူသောအခါ သေယျသကရဟန်းကို ကဲ့ရဲ့လျက် သိက္ခာပုဒ် ပညတ်တော်မူပုံ၊ မကောင်းမှု အကုသိုလ်ကို မပြုလုပ်သင့်ကြောင်း၊ မကောင်းမှုများ တိုးပွားလာသည်ရှိသော် ယခုဘဝရော နောင်သံသရာပါ ဆင်းရဲဒုက္ခရောက်တတ်ကြောင်း ဘုရားရှင်က ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄)
သေယျသကဝတ္ထု
ဤဝတ္ထု၌ အရှင်သေယျသကသည် သာသနာတော်၌ မပျော်ပိုက်သဖြင့် ညိုးနွမ်းပိန်ချုံးနေပုံ၊ ထိုအကြောင်းကို အရှင်ဥဒါယီအား ပြောသောအခါ အရှင်ဥဒါယီ၏ အကြံပေးချက်အရ အလိုရှိသလောက် စားသောက်ပြီး ကာမဂုဏ်စိတ်ဖြစ်ပေါ်လာသောအခါ သုက္ကဝိဿဋ္ဌိအမှုကို ပြုလုပ်ခဲ့ပုံ၊ ထိုအကြောင်း ဘုရားရှင် သိတော်မူသောအခါ ထိုကဲ့သို့ မပြုလုပ်ရဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၁၅၁)
သေရိ၀၀ါဏိဇဇာတက
ဤဇာတ်တော်၌ ဘုရားလောင်း သေရိဝရွဲကုန်သည်နှင့် ဒေဝဒတ်လောင်း လောလရွဲကုန်သည်တို့သည် အရိဋ္ဌမြို့သို့ ရောက်ရှိလာပြီး ကုန်များကို လှည့်လည်ရောင်းချကြပုံ၊ လောလရွဲကုန်သည်သည် အိမ်တစ်အိမ်သို့ ရောက်ရှိစဉ် အိမ်ရှင်များက ခွက်ဟောင်းကြီးတစ်ခွက်ကို ရွှေခွက်-ဟု မသိသဖြင့် ရွဲများနှင့် လဲလှယ်ရန် ပြောဆိုသောအခါ ရွှေခွက်ကို အလကားလိုချင်သောကြောင့် ‘‘ဤခွက်သည် ပဲဝက်မျှပင် မတန်’’ဟု ဆိုကာ မြေ၌ ပစ်ပေါက်လျက် ထွက်ခွာသွားခဲ့ပုံ၊ ထို့နောက် သေရိဝရွဲကုန်သည် ရောက်ရှိလာပြီး အိမ်ရှင်တို့အား ရွှေခွက်ဖြစ်ကြောင်း ပြောကြားလျက် ရွဲများအားလုံးနှင့် ငွေအသပြာငါးရာ ပေးကာ ရွှေခွက်ကို ယူ၍ ထွက်ခွာသွားခဲ့ပုံ၊ ဒေဝဒတ်လောင်း လောလရွဲကုန်သည်သည် နောက်တစ်ကြိမ် ပြန်လှည့်လာပြီး ရွဲအနည်းငယ် ပေးကာ ရွှေခွက်ကို တောင်းသောအခါ အိမ်ရှင်များက အဖြစ်မှန်အားလုံး ရှင်းပြပုံ၊ ဒေဝဒတ်လောင်း ရွဲကုန်သည်သည် ချက်ချင်း ဘုရားလောင်း သေရိဝရွဲကုန်သည်နောက်သို့ လိုက်သော်လည်း မြစ်တစ်ဘက်ကမ်းသို့ ကူးသွားပြီဖြစ်သဖြင့် လိုက်မမီတော့ဘဲ သွေးအန်၍ သေဆုံးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၂၆)
သေရိဏီပေတီဝတ္ထု
ဤဝတ္ထု၌ ပြည့်တန်ဆာမတစ်ဦးသည် ဥပုသ်ပြုရန် သံဃာတော်များ စုဝေးရောက်ရှိလာစဉ် ဤဦးပြည်းခေါင်းတုံးတို့အား ပေးလှူခြင်းဖြင့် ဘာမျှအကျိုးကျေးဇူးမရှိ စသည်ဖြင့် ဝန်တိုစိတ်ဖြင့် ပြောဆိုခဲ့ပုံ၊ ထိုပြည့်တန်ဆာမ ကွယ်လွန်သောအခါ မြို့တစ်မြို့၏မြို့ရိုး ကျုံးအပြင်ဘက်၌ ပြိတ္တာမ ဖြစ်ခဲ့ပုံ၊ မိမိမြို့နေ ကုန်သည်တစ်ဦးနှင့် တွေ့ပြီး မြှုပ်နှံထားသော ပစ္စည်းဥစ္စာများကို ညွှန်ပြကာ မိမိအတွက် ကုသိုလ်ကောင်းမှု ပြုလုပ်စေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၇၅) (ပေတ၊ဋ္ဌ၊၁၈၅)
သေရီဒေဝပုတ္တဝတ္ထု
ဤဝတ္ထု၌ သေရီနတ်သားသည် ယခင်ဘဝ မင်းကြီးဖြစ်စဉ်အခါက ဆင်းရဲချမ်းသာမရွေး အလှူပေးခဲ့ပုံ၊ အထက်တန်းစားဖြစ်သော ရဟန်းပုဏ္ဏားများမှအစ ဆင်းရဲသား သူတောင်းစား များအဆုံး အားလုံးသော ပုဂ္ဂိုလ်တို့အား လူတန်းစား မခွဲခြားဘဲ ပေးလှူခဲ့ပုံ၊ ထိုကုသိုလ်၏ အကျိုးဆက်ကြောင့် နတ်ပြည်သို့ရောက်ရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၅၆) (သံ၊ဋ္ဌ၊၁၊၁၀၅)
သေရေယျကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်အလောင်းလျာသည် ပဒုမုတ္တရ ဘုရားရှင် လွင်တီးခေါင်၌ ရပ်တော်မူနေသည်ကို ဖူးမြင်ခဲ့ရပုံ၊ ထိုအခါ လိပ်ဆူးရွှေပန်းတို့ကိုယူ၍ ကြဲမြှောက်ပူဇော်ခဲ့ပုံ၊ ဘုရားရှင်၏ တန်ခိုးတော်ကြောင့် ထိုလိပ်ဆူးရွှေပန်းတို့သည် အတွင်းဘက်သို့ အညှာလှည်ကြ၍ အပသို့ မျက်နှာမူကာ ခုနစ်ရက်ပတ်လုံး အမိုးပြုပြီး နောက်မှ ကွယ်ပျောက်သွားခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ကမ္ဘာတစ်သိန်းပတ်လုံး အပါယ်သို့ လားရောက်ခြင်း မရှိခဲ့ဘဲ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (အပ၊၁၊၁၇၀)
သေလတ္ထေရဝတ္ထု
ဤဝတ္ထု၌ သေလမထေရ်အလောင်း ဂိုဏ်းဆရာကြီးသည် ပဒုမုတ္တရဘုရားရှင့်သာသနာတော်၌ ကျောင်းဆောက်လှူဒါန်းပုံ၊ ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၃၀၄)
သေလတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဟံသာဝတီမြို့၌ လမ်းမှူးဖြစ်စဉ် မြို့သူမြို့သားတို့အား ဦးဆောင်စည်းရုံး၍ ဘုရားရှင်နှင့် သံဃာတော်တို့အတွက် ဆွမ်းစားကျောင်းဆောက်လုပ်လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပြီး ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၇၀)
သေလဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ မဟာပုရိသခေါ် ယောက်ျားမြတ်တို့၏ လက္ခဏာကျမ်းစသည်တို့၌ ကျွမ်းကျင်သော သေလပုဏ္ဏားသည် ကေဏိယရသေ့ထံမှ မြတ်စွာဘုရား၏ အကြောင်းကို ကြားသိရပုံ၊ သူသည် နောက်လိုက် တပည့် (၃၀၀)တို့နှင့်အတူ မြတ်စွာဘုရားအထံတော်သို့ လာရောက်၍ ကိုယ်တော်မြတ်၏(၃၂)ပါးသော ယောက်ျားမြတ် လက္ခဏာတော်တို့ကို စူးစမ်းလေ့လာခဲ့ပုံ၊ မြတ်စွာဘုရားက တန်ခိုးဖြင့် သေလပုဏ္ဏား ကျေနပ်လောက်အောင် လက္ခဏာတော်တို့ကို ပြတော်မူပုံ၊ ဆက်လက်၍ မြတ်စွာဘုရားက တရားဟောတော်မူသဖြင့် ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၂၊၃၄၇) (သုတ္တနိ၊၃၆၃) (မ၊ဋ္ဌ၊၃၊၂၇၂) (သုတ္တနိ၊ဋ္ဌ၊၂၊၁၆၀)
သေလာထေရီဝတ္ထု
ဤဝတ္ထု၌ ထေရီလောင်းလျာသည် လွန်ခဲ့သော ကမ္ဘာတစ်သိန်း၌ ပွင့်တော်မူသော ဘုရားရှင်၏ ဗောဓိပင်မြတ်ကို ပူဇော်စဉ် ဗောဓိပင်မှ ရောင်ခြည်တော်များကို ဖူးမြင်ရပုံ၊ ဗောဓိပင်ကို ၇-ရက်လုံးလုံး ပူဇော်ကာ အလှူဒါနပြုခဲ့သော ကုသိုလ်ကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ပုံ၊ နောက်ဆုံးဘဝ၌ အာဠဝီပြည်ဘုရင်ကြီး၏ သမီးတော်ဖြစ်ပြီး သာသနာ့ဘောင်သို့ ဝင်ရောက်၍ ရဟန္တာဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၆၄)
သေလာဘိက္ခုနီဝတ္ထု
ဤဝတ္ထု၌ သေလာဘိက္ခုနီထံသို့ မာရ်နတ် လာရောက်၍ ခန္ဓာစသည်၏ ဖြစ်ခြင်း ချုပ်ခြင်းအကြောင်းကို မေးခဲ့ပုံ၊ သေလာဘိက္ခုနီက ခန္ဓာစသော တရားတို့သည် အကြောင်းကြောင့်ဖြစ်၍ အကြောင်းချုပ်လျှင် ချုပ်ပျောက်ကြကြောင်း ဖြေကြာခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (သံ၊၁၊၁၃၅) (သံ၊ဋ္ဌ၊၁၊၁၇၇)
သောဏကဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် အရိန္ဒမကုမာရဟူသော အမည်ဖြင့် ရာဇဂြိုဟ်ပြည် မဂဓမင်း၏ သားတော် ဖြစ်စဉ် ပုရောဟိတ်၏သား သောဏကနှင့်အတူ တက္ကသိုလ်ပြည်သို့ သွား၍ အတတ်ပညာများ သင်ယူကြပုံ၊ အတတ်ပညာ ပြည့်စုံပြီးနောက် မိမိနိုင်ငံသို့ အတူတကွ ပြန်လာစဉ် လမ်းခရီး၌ အရိန္ဒမမင်းသားထံ ဗာရာဏသီပြည်မှ ဖုတ်သွင်းရထား ဆိုက်ရောက်ပုံ၊ ပုရောဟိတ်သား သောဏကသည် စစ်သူကြီးမလုပ်လိုသဖြင့် အရိန္ဒမမင်းသားထံမှ ဖဲခွာ၍ ဥယျာဉ်တွင်း၌ ရှောင်တိမ်းနေစဉ် သစ်ရွက်များ ကြွေကျသည်ကို သံဝေဂယူကာ တရားရှုမှတ်သဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ၊ အရိန္ဒမမင်းသည် နှစ်ပေါင်းလေးဆယ်ကျော် မင်းစည်းစိမ် ခံစားပြီးနောက် သောဏကကို ရှာဖွေခဲ့ပုံ၊ သောဏက ပစ္စေကဗုဒ္ဓါက တရားဟောသဖြင့် ထီးနန်းစွန့်ကာ ရသေ့ဝတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၂၆၁)
သောဏကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ကာသိတိုင်း ကုန်သည်တစ်ဦး၏ သားဖြစ်သူ သောဏကသည် ကုန်ကူးသွားရင်း နောက်လိုက်လူငယ် ငါးဆယ့်ငါးယောက်တို့နှင့်အတူ ဝေဠုဝန်ကျောင်းတော်ရှိ ဒါသကမထေရ်ထံသို့ လရောက်ရှိကြပုံ၊ မိဘတို့ထံမှ ရဟန်းပြုခွင့် တောင်းယူပြီး ထိုမထေရ်ထံတွင် နောက်လိုက် လူငယ် ငါးဆယ့်ငါးယောက်တို့နှင့်အတူ ရဟန်းပြု၍ မကြာမီ ရဟန္တာ ဖြစ်ခဲ့ပုံ၊ ဒါသကမထေရ်ထံမှ ဗုဒ္ဓပိဋကတ်စာပေတို့ကို သင်ယူတတ်မြောက်၍ ဂိုဏ်းအကြီးအကဲအဖြစ်ဖြင့် စာပေပို့ချခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သာရတ္ထ၊ဋီ၊၁၊၁၁၀)
သောဏကုဋိကဏ္ဏတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်က ရဟန်းတစ်ပါးအား ကလျာဏ ဝါက္ကရဏအရာ ဧတဒဂ်ထားသည်ကို အားကျ၍ ကုသိုလ်ပြုကာ ထိုဧတဒဂ် ရရန် ဆုတောင်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၁၈၅) (ထေရ၊ဋ္ဌ၊၂၊၆၉)
သောဏကုဋိကဏ္ဏတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်မဟာကစ္စာယနမထေရ်၏ ဒါယကာသောဏသည် ခရီးသွားစဉ် ပြိတ္တာတို့ကို တွေ့မြင်၍ သံဝေဂရပုံ၊ မထေရ်၏ တရားစကားကို နာကြားဆင်ခြင်၍ သံသရာ၏ အပြစ်ကို မြင်လာပုံ၊ သောဏသည် ဆရာဖြစ်သော မထေရ်ထံ ရဟန်းခံပေးပါရန် တောင်းပန်လျှောက်ထားပုံ၊ အဝန္တိတိုင်း၌ သံဃာရှားပါးချိန်ဖြစ်သဖြင့် ကာရကသံဃာ(၁၀)ပါးပြည့်ရန် သုံးနှစ်ကြာမျှ ခဲယဉ်းစွာ စုဆောင်းပြီး ရဟန်းခံ ပေးရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊၁၄၄) (ဥဒါန၊ဋ္ဌ၊၂၇၈)
သောဏကုဋိကဏ္ဏဝတ္ထု
ဤဝတ္ထု၌ အရှင်မဟာကစ္စာနသည် အဝန္တိတိုင်း ကုရရဃရမြို့ ပပတကတောင်၌ နေတော်မူစဉ် သောဏကုဋိကဏ္ဏအား သုံးနှစ်တိုင်တိုင် သံဃာစု၍ ခဲခဲယဉ်းယဉ်း ရဟန်းခံပေးခဲ့ပုံ၊ သောဏကုဋိကဏ္ဏသည် ဝါကျွတ်သောအခါ ဘုရားရှင့်ထံ အဖူးအမြော် ရောက်လာပုံ၊ အရှင်ကစ္စာနမထေရ်၏ တောင်းပန် လျှောက်ထားချက်များကို ဘုရားရှင်အား လျှောက်ထားခဲ့ပုံ၊ ပစ္စန္တရာဇ်အရပ်၌ ရဟန်း(၅)ပါးဖြင့် ရဟန်းခံခွင့်, အလွှာများသော ဖိနပ်စီးခွင့်, နေ့စဉ် ရေချိုးခွင့် စသော အခွင့်ထူး (၅)ရပ်ကို ဘုရားရှင် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၈၃)
သောဏကုဋိကဏ္ဏဝတ္ထု
ဤဝတ္ထု၌ သောဏကုဋိကဏ္ဏဥပါသကာသည် အရှင်မဟာကစ္စာယနမထေရ်၏ ပစ္စည်းလေးပါးဒါယကာဖြစ်၍ တစ်နေ့တွင် လှည်းကုန်သည်တို့နှင့်အတူ ဥဇ္ဇေနီပြည်သို့ ကုန်ကူးသွားပုံ၊ လမ်းခရီးအကြားရှိ တောအုပ်ထဲ၌ ကောက်ကျစ်သော ကုန်သည်ဘဝမှ ဖြစ်လာသော ပြိတ္တာတစ်ကောင်ကို တွေ့မြင်ရပုံ၊ နောက်တစ်ဖန် ရဟန္တာများကို ကျိန်ဆဲခဲ့သဖြင့် ပြိတ္တာဖြစ်၍ သွေးအန်နေသော ပြိတ္တာငယ်နှစ်ကောင်ကို တွေ့ရ၍ အလွန်သံဝေဂရပုံ၊ ထို့နောက် မဟာကစ္စာယနမထေရ်ထံတွင် ရဟန်းပြု၍ ဝိပဿနာပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သာရတ္ထ၊ဋီ၊၃၊၂၉၆)
သောဏကောဠိဝိသတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ သိရီဝဍ္ဎုသူဌေး ဖြစ်ခဲ့ပုံ၊ ပဒုမုတ္တရဘုရားရှင်က ရဟန်း တစ်ပါးအား အာရဒ္ဓဝိရိယအရာ ဧတဒဂ်ထားသည်ကို အားကျ၍ ကုသိုလ်ပြုကာ ထိုဧတဒဂ် ရရန် ဆုတောင်းခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် သုဂတိဘဝတို့၌သာ ကျင်လည်ခဲ့ရ၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၁၈၁)
သောဏကောဠိဝိသတ္ထေရဝတ္ထု
ဤဝတ္ထု၌ သောဏကောဠိဝိသ မထေရ်လောင်းလျာသည် အနောမဒဿီဘုရားအား စင်္ကြံနှင့် ဇရပ် လှူခဲ့ခြင်း၊ ပစ္စေကဗုဒ္ဓါတစ်ဆူအား သစ်ရွက်မိုးကျောင်း လှူခဲ့ခြင်း စသော ကုသိုလ်ကံတို့ကြောင့် ဤဂေါတမဘုရားရှင့်လက်ထက်တော်၌ သောဏကောဠိဝိသသူဌေးသားဖြစ်ခဲ့ပုံ၊ မြတ်စွာဘုရားထံ ရဟန်းပြု၍ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၂၂၉) (အပ၊၁၊၁၀၄) (အပ၊ဋ္ဌ၊၂၊၆၇၊၁၉၉)ှ
သောဏကောဠိဝိသတ္ထေရဝတ္ထု
ဤဝတ္ထု၌ စမ္ပာမြို့သား သောဏကောဠိဝိသသည် ခြေဖဝါးအပြင်၌ အမွေးများ ပေါက်သည်အထိ နူးညံ့သူဖြစ်၍ ဘုရင်ဗိမ္ဗိသာရက သူ့ကို ခေါ်ယူ ကြည့်ရှုခဲ့ပုံ၊ ဘုရင်က ဘုရားရှင်ထံ စေလွှတ်၍ သောဏကောဠိဝိသ ရဟန်းဝတ်လာခဲ့ပုံ၊ စင်္ကြံသွား၍ ပြင်းထန်စွာ တရားအားထုတ်သည့် အတွက်ကြောင့် တရားမရနိုင်ဖြစ်နေပုံ၊ ဘုရားရှင်က ဝီရိယနှင့် သမာဓိမျှတစွာကျင့်ရန် ဆုံးမမှ တရားထူးရခဲ့ပုံ၊ အရှင်သောဏကို အကြောင်းပြု၍ ရဟန်းတို့အား တစ်ထပ် တစ်လွှာရှိသော ဖိနပ်ကို စီးခွင့်ပြုတော်မူပုံ စသည့်အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၆၅) (အံ၊၂၊၃၂၉) (အံ၊ဋ္ဌ၊၃၊၁၂၃) (သံ၊ဋီ၊၂၊၄၃၃) (ဝိသုဒ္ဓိ၊ဋီ၊၁၊၁၅၂)
သောဏတ္ထေရဝတ္ထု
ဤဝတ္ထု၌ သောဏဂိရိတောင်ခြေရှိ အစေလကျောင်း၌နေသော သောဏမထေရ်သည် ခမည််းတော်မုဆိုး အား ရဟန်းပြုပေးခဲ့ပုံ၊ ခမည်းတော်ကြီး ကွယ်လွန်ခါနီး၌ ငရဲနိမိတ်ထင်လာ၍ သားမထေရ်က စေတီတွင် ပန်းစသည်ကို ပူဇော်ပြီး ကုသိုလ်အာရုံယူစေသဖြင့် နတ်ပြည်ရောက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၄၊၈၇) (အဘိ၊ဋ္ဌ၊၂၊၄၂၀)
သောဏတ္ထေရဝတ္ထု
ဤဝတ္ထု၌ သောဏမထေရ်သည် သီတဝန်တော၌ နေ၍ ရပ်ခြင်း လမ်းလျှောက်ခြင်းဖြင့်သာ ကမ္မဋ္ဌာန်းကို ပြင်းထန်စွာအားထုတ်၍ ခြေဖဝါးပြင်များ ဖူးရောင်လာပုံ၊ ဝီရိယလွန်ကဲ၍ တရားထူး မရနိုင်သည်ကို မြတ်စွာဘုရား သိတော်မူ၍ ကြွလာတော်မူပြီး စောင်းကြိုး ဥပမာဖြင့် ဆုံးမတော်မူပုံ၊ ထိုမထေရ်သည် မြတ်စွာဘုရားဟောတော်မူသည့်အတိုင်း ဝီရိယနှင့်သမာဓိညီမျှစွာ ဝိပဿနာပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋီ၊၂၊၄၃၃) (အံ၊ဋီ၊၁၊၂၅၄) (ဝိသုဒ္ဓိ၊ဋီ၊၁၊၁၅၂)
သောဏဒဏ္ဍဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် အင်္ဂတိုင်း စမ္ပါမြို့ ဂဂ္ဂရာရေကန်ကြီး၏ ကမ်းပါး၌ သီတင်းသုံး တော်မူစဉ် စမ္ပါမြို့စား သောဏဒဏ္ဍပုဏ္ဏားကြီးသည် မြတ်စွာဘုရားထံ အဖူးအမြော်သွားရန် စီစဉ်နေကြောင်း ကြားသိရသဖြင့် ဗြာဟ္မဏဝါဒအယူသန်သူတို့က ပုဏ္ဏားကြီးသည် ဗုဒ္ဓထက် ဂုဏ်ကြီးသူဖြစ်၍ မသွားရန် တားမြစ်ကြပုံ၊ ဗုဒ္ဓသည် မိမိထက်ပို၍ ကြီးကျယ်သော ဂုဏ်ရှိကြောင်း မိန့်ဆိုကာ ပုဏ္ဏားကြီး ဘုရားရှင်ထံ သွားရောက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၁၊၁၀၄)
သောဏဒိန္နာဝတ္ထု
ဤဝတ္ထု၌ နာဠန္ဒာမြို့သူ သောဏဒိန္နာမည်သော ဥပါသိကာမ တစ်ဦးသည် သံဃာတော်တို့အား ပစ္စည်းလေးပါးဖြင့် ရိုရိုသေသေ အမြဲ ပြုစုလုပ်ကျွေးလေ့ရှိပုံ၊ မိမိကိုယ်တိုင်လည်း ရှစ်ပါးသီလကို ဖြူစင်စွာ စောင့်ထိန်းလေ့ရှိပုံ၊ တစ်နေ့သောအခါ သောဏဒိန္နာဥပါသိကာမသည် စတုသစ္စကမ္မဋ္ဌာန်းကို ပွားများရှုမှတ်သဖြင့် သောတာပန် အရိယာ ဖြစ်၍ ကွယ်လွန်သောအခါ တာဝတိံသာနတ်ပြည်၌ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၀၃)
သောဏနန္ဒဇာတက
ဤဇာတ်တော်၌ ပုဏ္ဏားသူကြွယ် ဇနီးမောင်နှံနှစ်ယောက်တို့တွင် သောဏနှင့် နန္ဒညီအစ်ကို နှစ်ယောက် ထွန်းကားလာပုံ၊ အရွယ်ရောက်သောအခါ အိမ်ထောင်ပြုရန် တိုက်တွန်းမှုကို လက်မခံဘဲ စည်းစိမ်ဥစ္စာများကို စွန့်ကြဲ လှူဒါန်းကာ မိသားစုလေးယောက်လုံး တောထွက်ပြီး ရသေ့ဝတ်ခဲ့ကြပုံ၊ ညီအစ်ကိုနှစ်ပါး သစ်သီးဝလံများ ရှာဖွေလျက် မိဘများကို ပြုစုလုပ် ကျွေးပုံ၊ နောင်တော် သောဏသည် မိမိ၏စကားကို မလိုက်နာသဖြင့် ညီငယ်နန္ဒအား ကျောင်းသင်္ခမ်းမှ နှင်ထုတ်ခဲ့ပုံ၊ ညီငယ်နန္ဒသည် တစ်ရာ့တစ်ပါးသော မင်းတို့ကို တန်ခိုးဖြင့် စည်းရုံးကာ လာရောက် တောင်းပန်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၃၃၁)
သောဏပဏ္ဍိတဝတ္ထု
ဤဝတ္ထု၌ ဘုရားအလောင်းသည် ဗြဟ္မာ့ပြည်မှ စုတေ၍ ကုဋေရှစ်ဆယ်ကြွယ်ဝသော ဗြာဟ္မဏမဟာသာလ သူဌေးကြီး၏ သားဖြစ်ပုံ၊ သောဏပဏ္ဍိတဟု အမည်တွင်၍ နောင်အခါတွင် ကာမဂုဏ်တို့ကို ရွံမုန်းပြီး တောထွက်ကာ ရသေ့ဝတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၂၀၂)
သောဏပေါဋိရိယပုတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ သောဏပေါဋိရိယမထေရ်လောင်းလျာသည် သိခီဘုရားရှင်အား ကုရဉ္ဇိယ မည်သော အသီးကို လှူဒါန်းခဲ့သောကြောင့် သံသရာ၌ လူနတ်ချမ်းသာတို့ကို ခံစားရပြီး ဤဂေါတမဘုရားရှင် လက်ထက်တော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၀၄)
သောဏာထေရီဝတ္ထု
ဤဝတ္ထု၌ သောဏာထေရီလောင်း အမျိုးကောင်းသမီးသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ အာရဒ္ဓဝီရိယအရာ၌ ဧတဒဂ်ဘွဲ့ရသော ဘိက္ခုနီတစ်ပါးကို အားကျ၍ ထိုဘွဲ့မျိုးရရှိရန် ပဒုမုတ္တရဘုရားရှင်ထံ၌ ကောင်းမှုများပြုကာ တောင်းဆုပန်ဆင်ခဲ့ပုံ၊ ယင်းကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် နတ်ပြည်လူ့ပြည်တို့၌သာ ကျင်လည်ကျက်စားခဲ့ရပြီး ဤဂေါတမဘုရားရှင့်လက်ထက်တော်၌ သာဝတ္ထိမြို့၌ ဖြစ်ကာ သားသမီးဆယ်ယောက် မွေးဖွားသဖြင့် ဗဟုပုတ္တိကာဟု အမည်တွင်ပုံ၊ လင်ယောကျ်ားရဟန်းပြုသွားသောအခါ သားသမီးများကို အိမ်ထောင်ချပြီး ပစ္စည်းအားလုံးကို အမွေခွဲပေးပုံ၊ သားသမီးများက နှစ်ရက်သုံးရက်မျှသာ ပြုစုလုပ်ကျွေးကြပြီး မိမိအပေါ် နှိပ်စက်သဖြင့် သံဝေဂရကာ ဘိက္ခုနီဖြစ်လာပုံ၊ အသက်ကြီးမှ ဘိက္ခုနီဝတ်လာသဖြင့် အပြင်းအထန် တရားအားထုတ်သောကြောင့် ရဟန္တာဖြစ်ပြီး အာရဒ္ဓဝီရိယ ဧတဒဂ်ဘွဲ့ထူး ရရှိခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၅၇) (အံ၊ဋ္ဌ၊၁၊၂၈၁) (ထေရီ၊ဋ္ဌ၊၉၈) (ထေရီ၊ဒီ၊၂၇၈)
သောဏ္ဏကောန္တရိကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်အား ရေဗူးနှင့် ရေ လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ဘဝပေါင်းများစွာ ဒုဂ္ဂတိဘဝ မကျရောက်ခဲ့ဘဲ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၄)
သောပါကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ကကုသန်မြတ်စွာဘုရားအား သစ်သီးများ လှူဒါန်းပြီး သံဃာတော်တို့အား သလာကဘတ်နှင့် နို့ဆွမ်းလှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့၍ ဤဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိမြို့ သူဆင်းရဲမ၏ ဝမ်း၌ ပဋိသန္ဓေယူကာ သုသာန်စောင့်၏ မွေးစားခံရပြီး (၇)နှစ်သားမှာပင် ဘုရားရှင်ထံ ရှင်ပြုခဲ့၍ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၁၇)
သောပါကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်လက်ထက်တော်၌ ရသေ့ဖြစ်၍ ပန်းအခင်းကို ခင်း၍ လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင် လက်ထက်တော်၌ ရာဇဂြိုဟ်မြို့၌ ဖြစ်ကာ (၇)နှစ်သားအရွယ်မှာပင် ဘုရားရှင်၏ တရားတော်ကို နာရ၍ ရဟန္တာဖြစ်ခဲ့ပုံ၊ မြတ်စွာဘုရား၏ ပြဿနာကို ဖြေနိုင်သဖြင့် ပဥှဗျာကရဏူပသမ္ပဒါဖြင့် ရဟန်းဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၁၃၅)
သောဘိတတ္ထေရဝတ္ထု
ဤဝတ္ထု၌ သောဘိတမထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်အထံတော်၌ ပုဗ္ဗေနိဝါသာနုဿတိအရာ ဧတဒဂ်ဆုကို တောင်းခဲ့ပုံ၊ သုမေဓဘုရားရှင်အား ဂါထာတို့ဖြင့် ချီးကျူးပူဇော်ခဲ့ပုံ၊ ဂေါတမဘုရားရှင် လက်ထက်တော်၌ ‘သောဘိတ’အမည်ရှိ ပုဏ္ဏားဖြစ်လာ၍ မြတ်စွာဘုရားထံမှ တရားတော်ကို နာရသဖြင့် ရဟန်းပြုကာ ရဟန္တာ ဖြစ်ခဲ့ပုံ၊ ပုဗ္ဗေနိဝါသာနုဿတိအရာ ဧတဒဂ်ဘွဲ့ ရခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၈၀) (ဝိ၊ဋ္ဌ၊၂၊၁၀၂) (အံ၊ဋ္ဌ၊၁၊၂၄၀) (ထေရ၊ဋ္ဌ၊၁၊၃၆၇) (အပ၊ဋ္ဌ၊၂၊၁၄၆)
သောဘိတဗုဒ္ဓဝံသ
ဤဗုဒ္ဓဝင်၌ သောဘိတ ဘုရားရှင်သည် သုဓမ္မမြို့တော်၌ သုဓမ္မမင်းကြီးနှင့် သုဓမ္မာဖိဖုရား ခေါင်ကြီးတို့မှ မွေးဖွားခဲ့ပြီး မခိလမင်းသမီးနှင့် လက်ဆက်ကာ သီဟကုမာရမင်းသားကို မွေးဖွားပြီးနောက် နိမိတ်ကြီး ၄-ပါးကို မြင်တွေ့၍ ပြာသာဒ်မှာပင် ရဟန်းပြုကာ ဒုက္ကရစရိယာ(၇)ရက် ကျင့်၍ ပြာသာဒ်ယာဉ်ဖြင့် တောထွက်ပြီးလျှင် ကံ့ကော်ဗောဓိပင်ရင်း၌ ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့ပုံ၊ အဘမမထေရ်နှင့် သုနေုတ္တမထေရ်-ဟူသော အဂ္ဂသာဝက နှစ်ပါး ရှိတော်မူပုံ အနောမ မထေရ်က ပြုစုလုပ်ကျွေးခဲ့ပုံ၊ ထိုစဉ်က ဂေါတမဘုရား အလောင်းသည် သုဇာတမည်သော ပုဏ္ဏားဖြစ်၍ နိယတဗျာဒိတ် ခံယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၃) (ဗုဒ္ဓဝံ၊ဋ္ဌ၊၁၉၉)
သောမဒတ္တဇာတက
ဤဇာတ်တော်၌ အလောင်းတော် သောမဒတ္တပုဏ္ဏားသည် ဗြဟ္မဒတ်မင်းကြီးထံ၌ ခစား၍နေစဉ် မိမိအိမ်၌ ခိုင်းနွားတစ်ကောင် ပျက်စီးသွားသဖြင့် မိမိဖခင်ကြီးအား ဘုရင်ကြီးထံ နွားတစ်ကောင် အတောင်းခိုင်းပုံ၊ ဖခင်ကြီးက ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ‘‘နွားနှစ်ကောင်အနက် တစ်ကောင်သေသွားသဖြင့် တစ်ကောင်ပေးပါ’’ဟု ပြောရမည့်အစား ‘‘တစ်ကောင်ကို ယူပါ’’ဟု ပြောသဖြင့် ဝိုင်းဝန်းပြောင်လှောင်ခြင်းခံခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၅၀)
သောမဒတ္တဇာတက
ဤဇာတ်တော်၌ ပုဏ္ဏားသူကြွယ်သည် ကာမဂုဏ်ကို ပယ်၍ ဟိမဝန္တာတောသို့ ဝင်ကာ ရသေ့ဝတ်လျက် သစ်သီးကြီးငယ်တို့ဖြင့် မျှတ၍နေပုံ၊ တစ်နေ့၌ ဆင်ငယ် တစ်ကောင်ကို ရရှိပြီး သောမဒတ္တဟု အမည်ပေးကာ ကျွေးမွေးစောင့်ရှောက်ထားပုံ၊ အရွယ်ရောက်သောအခါ သောမဒတ္တ သေဆုံးသွားသဖြင့် ရသေ့ကြီး ပူဆွေးသောက ရောက်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၆၇)
သောမနဿဇာတက
ဤဇာတ်တော်၌ ရေဏုမင်းသည် ချဉ်ဆားမှီဝဲရန် ကြွလာသော ရသေ့ငါးရာတို့ကို မင်းဥယျာဉ်တော်၌ ကျောင်းသင်္ခမ်းများ ဆောက်လုပ်ကာ ဝါတွင်းသုံးလပတ်လုံး ကိုးကွယ်ဆည်းကပ်ခဲ့ပုံ၊ သီတင်းဝါလကျွတ်၍ ရသေ့များ ဟိမဝန္တာသို့ ပြန်ကြွသွားသောအခါ အကြီးအကဲဖြစ်သော မဟာရက္ခိတရသေ့က မင်းကြီး၌ သားတော်တစ်ပါး ထွန်းကားမည်ဖြစ်ကြောင်း မိန့်ကြားပုံ၊ ရသေ့ စဉ်းလဲတစ်ပါးက ထိုအကြောင်းအရာကို မင်းကြီးအား ပြောကြား၍ မင်းကိုးကွယ်ခံရသေ့ အဖြစ် ဥယျာဉ်တော်အတွင်း၌ ဆက်လက်နေထိုင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၄၄၆)
သောမနဿဝတ္ထု
ဤဝတ္ထု၌ ဘုရားအလောင်းတော်သည် နတ်ပြည်မှ စုတေပြီး ကုရုမင်းကြီး၏ မိဖုရား သုဓမ္မာဒေဝီ၏ဝမ်းတိုက်၌ သောမနဿမင်းသားအဖြစ် ပဋိသန္ဓေယူခဲ့ပုံ၊ ဘုရင်ကို လိမ်ညာ၍ စီးပွားရှာနေသော ကောက်ကျစ်စဉ်းလဲသော ရသေ့၏ ကုန်းချောမှုကြောင့် မင်းကြီးက မင်းသားကို သတ်စေခဲ့ပုံ၊ ဘုရားအလောင်းသည် မင်းကြီးကို ဆုံးမကာ တောထွက် ပြီးရသေ့ ရဟန်းဝတ်၍ ဈာန်အဘိညာဉ် ရခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၁၈၁)
သောမမိတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပေါက်ပန်းပွင့်များကို ခူးယူ၍ သိခီမြတ်စွာဘုရားရှင်အား ရည်မှန်းပူဇော်ခဲ့သည့် ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင် သာသနာတော်၌ ပုဏ္ဏားမျိုး၌ ဖြစ်ပြီး ဝိမလမထေရ်ထံ ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၃၉)
သောမာထေရီဝတ္ထု
ဤဝတ္ထု၌ သောမာထေရီလောင်း အမျိုးကောင်းသမီးသည် သိခီဘုရားရှင်လက်ထက်တော်၌ အရုဏမင်းကြီး၏ မိဖုရား ဖြစ်ခဲ့ပုံ၊ မင်းကြီးက မိဖုရားကြီးအား ကြာပန်းခုနစ်ပွင့် ပန်ဆင်ရန် ပေးသောအခါ မပန်ဘဲ ဆွမ်းခံကြွလာသော ဘုရားရှင်အား လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပြီး ဤဘုရားရှင်လက်ထက်တွင် ဗိမ္ဗိသာရမင်းကြီး၏ ပုရောဟိတ်၏ သမီး ဖြစ်လာပုံ၊ ဘုရားရှင် ရာဇဂြိုဟ်ပြည်သို့ ကြွလာစဉ် သာသနာတော်ကို သက်ဝင်ယုံကြည်သွားပြီး နောင်သောအခါ သံဝေဂရကာ ဘိက္ခုနီဝတ်၍ ဝိပဿနာပွားသဖြင့် ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၆၈)
သောရေယျတ္ထေရဝတ္ထု
ဤဝတ္ထု၌ သောရေယျမထေရ်လောင်း သောရေယျသူဌေးသားသည် ချောမောလှပသော အရှင်မဟာကစ္စည်း မထေရ်ကို စိတ်ဖြင့် ပြစ်မှားမိသဖြင့် ယောက်ျားဘဝမှ မိန်းမဖြစ်သွားပုံ၊ တက္ကသိုလ်ပြည်သို့ ထွက်ပြေးကာ လင်ယူ၍ သားနှစ်ဦးမွေးပြီးမှ မထေရ်ကို ဝန်ချတောင်းပန်သဖြင့် ယောက်ျားဘဝ ပြန်ရခဲ့ပုံ၊ ထို့နောက် ရဟန်းပြု၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၀၇)
သောဝဏ္ဏကိင်္ကဏိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် အတ္ထဒဿီဘုရားရှင့်လက်ထက်တော်၌ ရသေ့ ဖြစ်ခဲ့ပုံ၊ ဘုရားရှင်ကို အာရုံပြုကာ သဲပုံစေတီတည်ပြီး ဆွဲလွဲပန်းတို့ကို လှူဒါန်းခဲ့သည့် ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားသာသနာတော်၌ ကိုယ်ရေအသား ရွှေအဆင်းကဲ့သို့ ဝါဝင်းသူဖြစ်ပြီး ရဟန်းဝတ်ကာ ဝိပဿနာပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၃)
သောဝဏ္ဏဝဋံသကိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဆင်စီး၍ ဥယျာဉ်ထွက်လတ်သော် သိခီဘုရားရှင်ကို ဖူးမြင်ရ၍ ရွှေဖြင့်ပြီးသော ဦးဆောက်ပန်းကို ဘုရားရှင်အား တင်လှူပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်းမရှိတော့ဘဲ လွန်ခဲ့သော နှစ်ဆယ်ခုနစ်ကမ္ဘာအထက်၌ မဟာပတာပမည်သော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၄၂)
ဟတ္ထကဝတ္ထု
ဤဝတ္ထု၌ သာကီဝင်မင်းသား အရှင်ဟတ္ထကသည် အယူဝါဒ ပြိုင်ဆိုင်ပြောဆိုလေ့ရှိသူ ဖြစ်ပုံ၊ တစ်နေ့တွင် တိတ္ထိတို့နှင့် စကားပြောဆိုသောအခါ ‘‘မသိဘဲ သိ၏၊ သိလျက် မသိ’’ဟု မဟုတ်မမှန် လိမ်ညာပြောဆိုသည်ကို တိတ္ထိတို့က ကဲ့ရဲ့ကြပုံ၊ ‘‘လိမ်ညာ ပြောသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု သမ္ပဇာန မုသာဝါဒ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁)
ဟတ္ထကဝတ္ထု
ဤဝတ္ထု၌ ဟတ္ထကရဟန်းသည် တိတ္ထိများနှင့် ဝါဒခြင်းပြိုင်မည်ဟုပြောကာ ချိန်းဆိုရာနေရာသို့ စောစော သွားပြီး တိတ္ထိများ မိမိကို ကြောက်သဖြင့် မလာကြောင်း လှည့်လည်ပြောဆိုလေ့ရှိပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင်ကြား သိတော်မူပြီး ဟတ္ထကရဟန်းအား ‘‘ဦးခေါင်း တုံးထားရုံမျှဖြင့် ရဟန်းမမည်ကြောင်း၊ အကြမ်း အနု အစုစုသော အကုသိုလ်များကို ငြိမ်းအေးစေမှသာ ရဟန်းမည်ကြောင်း’’ ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၄၇)
ဟတ္ထကအာဠဝကဝတ္ထု
ဤဝတ္ထု၌ ဟတ္ထကအာဠာဝက အလောင်းအလျာသည် ပဒုမုတ္တရ ဘုရားရှင်က သင်္ဂဟဝတ္ထု လေးပါးဖြင့် ပရိသတ်အား ချီးမြှောက်နိုင်သောအရာတွင် ဧတဒဂ်ထားသူ တစ်ဦးအား အားကျပြီး ကုသိုလ်ပြုကာ ထိုဧတဒဂ် ရရန် ဆုတောင်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင့်လက်ထက်တော်၌ အာဠဝီတိုင်း၊ အာဠဝီမြို့ အာဠာဝကမင်းကြီး၏ သားဖြစ်၍ အာဠာဝကဘီလူး စားသောက်ရန် ဆက်ရာမှ အသက်ချမ်းသာရခဲ့ပြီး သာသနာတော်ကို ကြည်ညိုကာ အနာဂါမ် အရိယာဖြစ်၍ သင်္ဂဟဝတ္ထုလေးပါးဖြင့် ပရိသတ်အား ချီးမြှောက်နိုင်သော အရာတွင် ဧတဒဂ် ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၂၉၉)
ဟတ္ထကအာဠဝကဝတ္ထု
ဤဝတ္ထု၌ အာဠဝီမင်းကြီးသည် တောကစားထွက်ရင်း အာဠာဝကဘီလူး၏ ဖမ်းဆီးခံရပုံ၊ မိမိအသက် ချမ်းသာရေးအတွက် ဘီလူးထံသို့ နေ့စဉ် လူတစ်ယောက် ဘီလူးစာပို့ပေးပါမည်ဟု ဝန်ခံကာ ဘီလူးထံ နေ့စဉ် မိမိတိုင်းပြည်မှ လူတစ်ယောက်ကျ ပို့ခဲ့ရပုံ၊ လူရှာမရတော့သည့် နောက်ဆုံး မိမိသားတော်ကလေးကို ပို့စေခဲ့ရပုံ၊ ထိုနေ့မှာပင် မြတ်စွာဘုရားရှင်က အာဠာဝကဘီလူးထံ ကြွရောက်တော်မူရာ ဘီလူးက တန်ခိုးအမျိုးမျိုးဖြင့် အနှောင့်အယှက်ပြုခဲ့ပုံ၊ မြတ်စွာဘုရားက မေတ္တာဖြင့် အောင်တော်မူပုံ၊ မြတ်စွာဘုရား၏ တရားကို နာကြားရသဖြင့် အာဠာဝကဘီလူး အကျွတ်တရားရ၍ သောတာပန်တည်ခဲ့ပုံ၊ အာဠဝီမင်းသားလေးသည် အနာဂါမ်တည်၍ ဟတ္ထကအာဠာဝကအမည်ဖြင့် ဧတဒဂ်ရဥပါသကာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၂၈၉)
ဟတ္ထကအာဠဝကဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် အာဠဝီပြည် အဂ္ဂါဠဝစေတီ၌ သီတင်းသုံးနေတော်မူစဉ် ဟတ္ထကအာဠဝကသည် ဥပါသကာငါးရာ ခြံရံလျက် ဘုရားရှင့်အထံတော်သို့ အဖူးမြော်ရောက်လာပုံ၊ ဘုရားရှင်က ဟတ္ထကအာဠဝကအား ‘‘သင့်ပရိသတ်သည် များပြားလှ၏၊ ပရိသတ်များကို မည်ကဲ့သို့ ချီးမြှောက်ထောက်ပံ့သနည်း’’ ဟု မေးတော်မူပုံ၊ ဟတ္ထကအာဠဝက-က သင်္ဂဟဝတ္ထုလေးပါးတို့ဖြင့် ချီးမြှောက်ထောက်ပံ့ကြောင်း ဘုရားရှင်အား လျှောက်ထားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၃၊၅၄)
ဟတ္ထကအာဠဝကဥပါသကဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် အာဠဝီပြည် အဂ္ဂါဠဝစေတီ၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းတော်တို့အား ‘‘ဟတ္ထကအာဠဝကဥပါသကာသည် အံ့ဖွယ်တရား ခုနစ်ပါးနှင့် ပြည့်စုံကြောင်း မိန့်တော်မူပုံ၊ ထို့နောက် ရဟန်းတစ်ပါးသည် ဟတ္ထကအာဠဝက၏ အိမ်သို့ ဆွမ်းခံကြွပြီး ဟတ္ထကအာဠဝကဥပါသကာကို ဘုရားရှင်က အံ့ဖွယ်တရား ခုနစ်ပါးနှင့် ပြည့်စုံသည်ဟု မိန့်တော်မူကြောင်း တစ်ဆင့်ဟောကြားပုံ၊ ဟတ္ထကအာဠဝကဥပါသကာက လူဝတ်ကြောင်ပုဂ္ဂိုလ်တို့တွင် မိမိကဲ့သို့သော ပုဂ္ဂိုလ် တစ်စုံတစ်ယောက်ရှိပါသလောဟု ရဟန်းတော်အား မေးလျှောက်သည့်အခါ ရဟန်းတော်က မရှိကြောင်း ဖြေကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၃၊၅၃)
ဟတ္ထာစရိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် ရှေးအခါက ဆင်ဆရာဖြစ်ခဲ့ဖူး၍ ဆင်ထိန်းတစ်ဦးအား ဆင်ဆုံးမနည်း သင်ကြားပေးပုံ၊ ဘုရားရှင်သိတော်မူသောအခါ ကဲ့ရဲ့ရှုတ်ချ၍ ဆင်ကို ဆုံးမခြင်းထက် မိမိကိုယ်ကို လိမ္မာယဉ်ကျေးအောင် ဆုံးမသင့်ကြောင်း ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၁၀)
ဟတ္ထာရောဟပုတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် အမျိုးကောင်းသားတစ်ယောက်ဖြစ်၍ သံဃာတော်များ ခြံရံလျက် ကြွလာတော်မူသော ဝိပဿီမြတ်စွာဘုရားအား ပန်းတို့ဖြင့် ပူဇော်ကာ တည်ခြင်းငါးပါးဖြင့် ရှိခိုး၍ အရိုအသေပြုခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌ ကျင်လည်ခဲ့ရပုံ၊ နောက်ဆုံးဘဝ၌ သာဝတ္ထိမြို့ ဆင်ဆရာမျိုး၌ ဖြစ်ပြီး မြတ်စွာဘုရားထံ ရဟန်းပြုကာ ဝိပဿနာရှုပွား၍ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၁၄)
ဟတ္ထိဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်အား ထွန်သန်သဖွယ်အစွယ်ရှိသော အလုံးရင်းနှင့့်ပြည့်စုံသည့် စီးတော်ဆင်ကို ပေးလှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး ကျရောက်ခြင်းမရှိခဲ့ဘဲ လွန်ခဲ့သော ခုနစ်ဆယ်ရှစ်ကမ္ဘာအထက်၌ သမန္တပါသာဒိကမည်သော စကြာဝတေးမင်းဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၃၃)
ဟတ္ထိပါလဇာတက
ဤဇာတ်တော်၌ ဧသုကာရီမင်းနှင့် ပုရောဟိတ်ပုဏ္ဏားတို့၌ သားသမီးတစ်ယောက်မျှ မထွန်းကားကြပုံ၊ ပုရောဟိတ်သည် သားဆုပေးသော ပညောင်ပင်အား ခုနစ်ရက်အတွင်း ဧသုကာရီ မင်းကြီးအား သားဆုမပေးလျှင် အမြစ်ရင်းမှ တူးဖြိုဖျက်ဆီးပစ်မည်ဟု ကြုံးဝါးပုံ၊ ပညောင်ပင်စောင့်နတ်သည် သိကြားမင်းထံ သွား၍ အကူအညီတောင်းပုံ၊ နတ်သားလေး ယောက် နတ်ပြည်မှ စုတေ၍ ပုဏ္ဏေးမ၏ ဝမ်း၌ ပဋိသန္ဓေနေပြီး ဟတ္ထိပါလ, အဿပါလ, ဂေါပါလ, အဇပါလ အမည်အားဖြင့် အစဉ်အတိုင်း ဖွားမြင်ပြီး အရွယ်ရောက်သောအခါ တိုင်းပြည်စွန့်၍ ရဟန်းပြုခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၄၇၈)
ဟတ္ထိသာရိပုတ္တစိတ္တဘိက္ခုဝတ္ထု
ဤဝတ္ထု၌ စိတ္တရဟန်းသည် မထေရ်ကြီးများ စကားကို ကြားဖြတ် စွက်ဖက်ပြောဆိုလေ့ရှိပုံ၊ အရှင်မဟာကောဋ္ဌိက-က မာန်မဲသဖြင့် စိတ္တ၏ တပည့်များက ဆရာဘက်မှ ကာကွယ်ပြောဆိုကြပုံ၊ အရှင်မဟာကောဋ္ဌိကက စိတ္တသည် အကြောင်းမသင့်လျှင် လူ့လောကသို့ ပြန်လည်လျှောကျနိုင်ကြောင်း မိန့်ကြားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၃၄၄) (အံ၊ဋ္ဌ၊၃၊၁၃၁) (အံ၊ဋီ၊၃၊၁၃၃)
ဟတ္ထိသာရိပုတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ ကဿပဘုရားရှင့်သာသနာတော်၌ သူငယ်ချင်းရဟန်းနှစ်ပါးသည် အတူတကွ စာပေကျမ်းဂန်များ ရွတ်အံသရဇ္ဈာယ်ခဲ့ကြပုံ၊ ရဟန်းတစ်ပါးက လူထွက်လိုစိတ်ဖြစ်ပေါ်သဖြင့် အခြားရဟန်းအား ပြောကြားသောအခါ သူငယ်ချင်းဖြစ်သော ရဟန်းက လူ့ဘဝ၏အပြစ်၊ ရဟန်းအဖြစ်၏ အကျိုးအာနိသင်များကို ပြောပြ၍ ဆုံးမခဲ့ပုံ၊ တစ်နေ့သောအခါ လူထွက်လိုသော ရဟန်းသည် မိမိ၏သပိတ်သင်္ကန်းကို သူငယ်ချင်းဖြစ်သော ရဟန်းအား ပေးပြီး လူထွက်လိုကြောင်း နောက်တစ်ကြိမ်ထပ်မံ ပြောကြားပြန်သောအခါ သပိတ်သင်္ကန်များကို ရသဖြင့် ဆုံးမဩဝါဒပေးသော ရဟန်က လူ့ဘဝ၌ အကျိုး၊ ရဟန်းဘဝ၏ အပြစ်များကို ပြောင်းလဲပြောကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋီ၊၃၊၁၃၃)
ဟရိတစဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဟရိတစမည်သော ရှင်ရသေ့ဖြစ်ပုံစဉ် တစ်နေ့တွင် ကောင်းကင်မှ ပျံကြွစဉ် ဗာရာဏသီမင်းက ကြည်ညိုသဖြင့် ဥယျာဉ်၌ နေစေ၍ ပြုစုလုပ်ကျွေးခဲ့ပုံ၊ ပစ္စန္တရာဇ်ပုန်ကန်သဖြင့် ဘုရင်ကြီး စစ်တိုက်ထွက်စဉ် မိဖုရားကြီးအား ပြုစုလုပ်ကျွေးစေခဲ့ပုံ၊ တစ်နေ့ ကောင်းကင်ခရီးဖြင့်လာစဉ် နန်းတော်ပြူတင်းပေါက် အရောက်တွင် မိဖုရားကြီး၏ မမြင်အပ်သော ဝိသဘာဂအာရုံတို့ကို မြင်တွေ့ရသဖြင့် ဈာန်လျောခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၄၇၃)
ဟရိတမဏ္ဍူကဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဖားမျိုး၌ဖြစ်စဉ် လူတို့ထောင်ထားသော မြံှုးထဲ၌ ငါးအများ မိနေပုံ၊ ထိုအချိန်၌ မြွေတစ်ကောင် ဝင်လာပုံ၊ ထိုမြွေကို ငါးတို့က ဝိုင်းဝန်းတိုက်ခိုက်ကြသဖြင့် မြွေသည်သွေးအလူးလူးဖြင့် ထွက်ပြေးရပုံ၊ ငါးတို့၏ အပြုအမူကို မတရားကြောင်း မြွေကဘုရားအလောင်းအား ပြောဆိုရာ ဘုရားအလောင်းက ‘‘သတ္တဝါဟူသမျှ မိမိတို့နေရာဌာန၌ အားရှိကြမြဲ ဖြစ်သဖြင့် ရန်သူကို စုပေါင်းအနိုင်ယူခြင်းသည် တရားပါ သည်‘’ဟု ပြောပြခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၁၈)
ဟရီတကဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်အလောင်းသည် သိဒ္ဓတ္ထဘုရားရှင် ဝေဒနာခံစားနေရသည်ကို တွေ့မြင်ရသဖြင့် ဆေးအဖြစ် သျှစ်သျှားသီးကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ဒုဂ္ဂတိဘဝတို့၌ မဖြစ်ရဘဲ ဖြစ်လေရာ ဘဝတိုင်း၌ အနာရောဂါကင်း၍ ဗျာဓိဒုက္ခမခံစားခဲ့ရပုံ၊ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၁)
ဟလိဒ္ဒိရာဂဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် သားငယ်ကို ခေါ်သွား၍ ဟိမဝန္တာတောင်၌ ရသေ့ဝတ်ခဲ့ပုံ၊ တစ်နေ့သောအခါ အမျိုးသမီးတစ်ယောက် ရောက်ရှိလာပြီး ဖခင်ရသေ့ကြီးမရှိခိုက် ရသေ့ငယ်လေးနှင့် ပျော်မြူးကာ သီလပျက်စေခဲ့ပုံ၊ ထိုမိန်းမသည် ရသေ့ငယ်ကို လူထွက်ရန် ဖြားယောင်းခဲ့ပုံ၊ ဘုရားအလောင်းက ကာမဂုဏ်တို့၏ အပြစ်ကို ပြ၍ ဆုံးမခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၄၉၈)
ဟံသဃာတကဘိက္ခုဝတ္ထု
ဤဝတ္ထုသည် ကုရုဓမ္မဇာတက၌ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၆၀)
ဟာရိတတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်ဟာရိတမထေရ်လောင်း အမျိုးကောင်းသားသည် သုဒဿနပစ္စေကဗုဒ္ဓါအား လက်ထုပ်ပန်းများဖြင့် ပူဇော်ခဲ့ပုံ၊ ဤကောင်းမှုကုသိုလ်ကံကြောင့် သုဂတိဘုံဘဝတို့၌သာ ကျင်လည်ကျက်စားခဲ့ရပုံ၊ နောက်ဆုံးဘဝ ဂေါတမဘုရားရှင် လက်ထက်တွင် ပုဏ္ဏားသူကြွယ်မျိုး၌ ဖြစ်ပြီး ရုပ်ရည်ရူပကာယ ချောမောလှပသည့် ပုဏ္ဏားမလေးတစ်ယောက်နှင့် အိမ်ထောင်ကျခဲ့ပုံ၊ ပုဏ္ဏားမလေး မြွေအကိုက်ခံရ၍ ကွယ်လွန်သွား သောအခါ သံဝေဂရကာ ရဟန်းပြု၍ နောင်တွင် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၀၈)
ဟာရိတတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဟာရိတမထေရ်လောင်းလျာသည် ပရိနိဗ္ဗာန်စံဝင်တော်မူသော ပဒုမုတ္တရ ဘုရားရှင်၏ အန္တိမဈာပနတွင် နံ့သာရေများဖြင့် ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရ၍ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ဟာရိတပုဏ္ဏား ဖြစ်လာပုံ၊ မြတ်စွာဘုရားရှင်၏ တရားတော်ကို ကြားနာရ၍ ရဟန်းဝတ်ကာ ထောင်လွှားခြင်းနှင့် စိတ်ပျံ့မှုကို ပယ်လျက် ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၈၃)
ဟာသဇနကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ကသစ်ပင်ဖျား၌ ချိတ်ဆွဲထားသော ဘုရားရှင်၏ ပံသုကူသင်္ကန်းတော်ကို အဝေးမှ ဖူးမြင်ရ၍ ရွှင်လန်းဝမ်းမြောက်ခဲ့ပုံ၊ လက်အုပ်ချီမိုး ရှိခိုးကာ ဘုရားရှင်၏ ဂုဏ်တော်တို့ကို ရွတ်ဆိုပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး မလားရောက်ရတော့ဘဲ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၉၆)
ဟိရိဇာတက
ဤဇာတ်သည် အဏတညုဇာတ်နှင့် တူ၏။ (ဇာ၊ဋ္ဌ၊၃၊၁၈၂)
ဟေမကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဟေမကမထေရ်လောင်း အမျိုးကောင်းသားသည် ပိယဒဿီဘုရားရှင်လက်ထက်တော်၌ အနောမမည်သော ဈာန်ရ ရသေ့တစ်ပါး ဖြစ်ခဲ့ပုံ၊ ပိယဒဿီဘုရားရှင်အား ရတနာခုနစ်ပါးဖြင့် ပြီးသော အင်းပျဉ်နှင့် အိုစရည်းခန့်ရှိသော ဇမ္ဗုသပြေသီးကို ပေးလှူခဲ့ပုံ၊ ထိုကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် လူမင်းနတ်မင်းအဖြစ်ကို အကြိမ်များစွာ ရရှိခဲ့ပြီး အမြဲတမ်း ရတနာမျိုးစုံတို့ဖြင့်သာ ဝန်းရံ၍ နေခဲ့ရပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၄၁၂)
ဟေရညကာနိတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရ ဘုရားရှင်၏ လက်ထက်တော်၌ သူတစ်ပါးအခစား ဖြစ်ခဲ့ပုံ၊ သုဇာတာအမည်ရှိသော မထေရ်အတွက် ပံ့သကူသင်္ကန်း ထက်ဝက်စာမျှ လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်သာသနာတော်၌ ကောသလမင်းကြီး၏ ရွာစားတစ်ဦးဖြစ်ပြီး သာသနာတော်သို့ ဝင်ရောက်ကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၃၇)
အကတညုဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည်၌ သူဌေးကြီးဖြစ်၍ သူ၏ သူငယ်ချင်း ပစ္စန္တရာဇ်သူဌေးအတွက် ကုန်များကို ရောင်းချပေးခဲ့သော်လည်း ပစ္စန္တရာဇ်သူဌေးကမူ ဘုရားအလောင်း၏ ကုန်များကို ရောင်းချမပေးသဖြင့် ဘုရားအလောင်း၏ လူများက လက်စားချေပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၀၀)
အကပ္ပိယမံသဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင် သက်တော်ထင်ရှားရှိတော်မူစဉ် လူတို့သည် ငတ်မွတ်သောကြောင့် လူသား၊ ဆင်သား၊ မြင်းသား၊ ခွေးသား၊ မြွေသား၊ ခြင်္သေ့သား၊ ကျားသား၊ ကျား၊ သစ်သား၊ ဝက်ဝံသား၊ အောင်းသားများကို စားကြပြီး ရဟန်းတော်တို့အားလည်း လှူကြပုံ၊ ထိုအခါ ထိုအသား မစားသူတို့က ကဲ့ရဲ့ကြသဖြင့် ထိုအသားကြီး(၁၀)မျိုးကို ရဟန်းတော်များ မစားသုံးရန် ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၁၂)
အကာလရာဝိဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဒိသာပါမောက္ခဆရာကြီးဖြစ်၍ လူငယ်ငါးရာကို ပညာသင်ပေးနေစဉ် အချိန်မှန်မှန် တွန်သော ကြက်တစ်ကောင် သေဆုံးသွားသဖြင့် သုသာန်မှ ကြက်တစ်ကောင်ကို ကောက်ယူမွေးထားကြပုံ၊ ၎င်းကြက်သည် အချိန်မတော်တွန်သဖြင့် လုလင်တို့ထ၍ အချိန်မတော်စာအံကြရပုံ၊ ထိုကြက်ကို စိတ်ဆိုးပြီး သတ်လိုက်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၆၁)
အကိတ္တိဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ပုဏ္ဏားအမျိုးနွယ်၌ဖြစ်၍ အကိတ္တိဟု အမည်တွင်ပုံ၊ မိဘများ ကွယ်လွန်ကြသောအခါ ဘုရားလောင်း အကိတ္တိသည် စည်းစိမ်ဥစ္စာတို့ကို စွန့်လှူ၍ နှမဖြစ်သူကို ခေါ်ပြီး ရသေ့ရဟန်းပြုကာ ကျောင်းသင်ခမ်း၌ နေပုံ၊ ပရိသတ် အခြံအရံ လဘ်လာဘ ပေါများလွန်းသဖြင့် တစ်ကိုယ်တည်း ထွက်ခွာလာခဲ့ပြီး ကံပြင်းသီး ကံပြင်းရွက်တို့ကိုသာ စားလျက် ဈာန်သမာပတ်တို့ဖြင့် မွေ့လျော်နေပုံ၊ ထိုအခါ သိကြားမင်းသည် အလှူခံပုဏ္ဏားအသွင်ဖြင့် အကိတ္တိရသေ့၏ အကျင့်သီလကို လာရောက်စုံစမ်းပုံ၊ နောက်၌ သိကြားမင်းက လိုသောဆုတောင်းရန်ပြောသောအခါ အကိတ္တိရသေ့သည် ‘‘လူမိုက်ကို မမြင်လို မကြားလို၊ စကားပင် မပြောလို’’အစရှိသော ဆုများကို တောင်းပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၂၁) (ဇာ၊ဋ္ဌ၊၄၊၂၃၇)
အက္ကနာဠစီဝရဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် မုရိုးမျှင်ဖြင့်ပြုသောသင်္ကန်း၊ သင်ပန်းမျှင်ဖြင့်ပြုသော သင်္ကန်းကို ဝတ်၍ အလိုနည်းရန်အတွက် ထိုသင်္ကန်းတို့ကို ရဟန်းတို့အား ဝတ်ခွင့်ပြုပါရန် ဘုရားရှင်အား လျှောက်ထားရာ ဘုရားရှင်က ကဲ့ရဲ့တော်မူပြီး ‘‘မုရိုးမျှင်၊ သင်ပန်းမျှင်များကို မဝတ်ရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၂၂)
အက္ကန္တသညကတ္ထေရဝတ္ထု
ဤဝတ္ထု၌ အက္ကန္တသညကမထေရ် လောင်းလျာသည် တိဿဘုရားရှင် နင်းတော်မူစေရန် ပုဆိုးနွမ်းကလေးကို ဖြန့်ခင်းလှူဒါန်းခဲ့သော ကုသိုလ်ကြောင့် ကိုးဆယ့်လေးကမ္ဘာ အပါယ်မလားရဘဲ သုနန္ဒမည်သော စကြဝတေးမင်းဖြစ်ခဲ့ပုံ၊ ဤဘုရားသာသနာတော်၌ ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၃၇)
အက္ကမနဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ အက္ကမနဒါယကမထေရ်လောင်းလျာသည် ကကုသန်မြတ်စွာဘုရားအား ခြေနင်း(ဖိနပ်)လှူဒါန်းခဲ့ရသော ကုသိုလ်ကြောင့် အပါယ်မလားခဲ့ရဘဲ ဤဘုရားသာသနာတော်၌ ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၃၄)
အက္ကောသကဘာရဒွါဇဝတ္ထု
ဤဝတ္ထု၌ အက္ကောသကဘာရဒွါဇပုဏ္ဏား၏ မရီးဖြစ်သော ပုဏ္ဏေးမသည် နှာချေသောအခါ၌ဖြစ်စေ တစ်ခုခု ချွတ်ချော်သောအခါ၌ဖြစ်စေ၊ နမော တဿကို ရွတ်ဆိုလေ့ရှိပုံ၊ တစ်နေ့တွင် ပုဏ္ဏားများအလယ်၌ ရွတ်ဆိုမိသဖြင့် ပုဏ္ဏားကြီး စိတ်ဆိုးကာ မြတ်စွာဘုရားကို အပြစ်တင်ရန် သွားပုံ၊ မြတ်စွာဘုရား၏ တရားတော်ကို နာကြားရ၍ ရဟန္တာဖြစ်ပုံ၊ ထိုအခါ ညီငယ် အက္ကောသကဘာရဒွါဇက ဘုရားရှင်အား ဆဲရေးပုံ၊ ထိုပုဏ္ဏားလည်း မြတ်စွာဘုရား၏ တရားတော်ကို နာကြားရ၍ ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၀၇)
အက္ခရုက္ခပေတဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိပြည်သား ဥပါသကာတစ်ယောက်သည် လှည်းများဖြင့် အရပ်တစ်ပါးသို့ ကုန်ရောင်းကုန်ဝယ်သွားပြီး ပြန်လာသောအခါ တောအုပ်တစ်ခုသို့ ရောက်စဉ် ၎င်း၏ လှည်းဝင်ရိုးကျိုးသွားပုံ၊ ယောကျ်ားတစ်ယောက်သည် သစ်ခုတ်ရန်အတွက် တောအုပ်ထဲရောက်သောအခါ လှည်းဝင်ရိုးကျိုးသဖြင့် စိတ်ဒုက္ခရောက်နေသော ဥပါသကာကုန်သည်ကို တွေ့မြင်ပြီး လှည်းဝင်ရိုးတပ်ပေးလိုက်ပုံ၊ သစ်ခုတ်သမားသည် ထိုကုသိုလ်ကံကြောင့် ထိုတောအုပ်အတွင်း၌ပင် ဘုမ္မစိုးနတ်ဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၂၁၆) (ပေတ၊ဋ္ဌ၊၂၅၉)
အဂါရိယဝတ္ထု
ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့သား ဇနီးမောင်နှံနှစ်ဦးတို့သည် သီလနှင့် ပြည့်စုံကြပြီး ရဟန်း, ရဟန်းမတို့၏ ရေတွင်းသဖွယ် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုပြုခဲ့သောကြောင့် စုတေသောအခါ တာဝတိံသာနတ်ပြည်၌ ဖြစ်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၆၅)
အဂါရိယဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ဇနီးမောင်နှံနှစ်ယောက်တို့ နေ့စဉ် နေ့တိုင်း ရတနာသုံးပါးကို လာရောက် ဆည်းကပ်လေ့ရှိပုံ၊ ရဟန်း ရဟန်းမများကလည်း ထိုဇနီးမောင်နှံနှစ်ယောက်တို့၏ အိမ်သို့ ဝင်ထွက်သွားလေ့ရှိပုံ၊ ၎င်းဇနီးမောင်းနှံသည် အသက်ထက်ဆုံး ရတနာသုံးပါးကို ဆည်းကပ်လျက် ကောင်းမှုကုသိုလ်များ ပြုလုပ်ပြီးနောက် သေလွန်သောအခါ တာဝတိံသာနတ်ပြည်၌ (၁၂) ယူဇနာရှိသော ရွှေဗိမာန်၌ ဖြစ်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊၉၆) (ဝိမာန၊ဋ္ဌ၊၂၆၇)
အဂ္ဂပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းသည် တောင်ကြား၌ သီတင်းသုံးနေတော်မူသော သိခီဘုရားရှင်အား အဂ္ဂဇမည်သော ပန်းကို ပေးလှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုံးဆယ့်တစ်ကမ္ဘာ အပါယ်မလားဘဲ နှစ်ဆယ်ငါးကမ္ဘာအထက်၌ အမိတောဂတမည်သော စကြဝတေးမင်းဖြစ်ခဲ့ရပုံ၊ ဤဂေါတမဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်၍ ကျွတ်တမ်းဝင်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၅၉)
အဂ္ဂမဟေသီဝတ္ထု
ဤဝတ္ထု၌ ဘုရင်တစ်ပါး၏ ကချေသည်မတစ်ယောက်သည် ရေချိုးပြီးသော ဘုရင်၏ ကိုယ်မှ ရေတို့ကို သုတ်ပေးခြင်း၊ ချွေးများကို လက်ဖြင့် သုတ်ပေးခြင်း၊ ဘုရင်နှင့် စကားပြောဆိုပြုမူခြင်းတို့ကို ပြုလုပ်ပေးရာ မနာလိုဖြစ်နေသော မိဖုရားကြီးက မီးကျီးခဲအိုးဖြင့် ထိပ်ထက်မှ သွန်လောင်းခဲ့ပုံ၊ ထိုအကုသိုလ်ကံကြောင့် ထိုမိဖုရားကြီး ကွယ်လွန်သောအခါ ပြိတ္တာဖြစ်ပြီး မီးကျီးခဲတို့ဖြင့် လောင်းချခံရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၂၊၁၀၀)
အဂ္ဂိကဘာရဒွါဇဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်း ကြွက်မင်းဖြစ်စဉ် အဂ္ဂိကဘာရဒွါဇ မည်သော မြေခွေးတစ်ကောင်သည် ကြွက်မင်းထံလာ၍ ‘‘ကြွက်တို့ကို စောင့်ရှောက်မည်ဟု ဆိုကာ သူတော်ကောင်းယောင်’’ဆောင်၍ နေ့စဉ် ကြွက်တစ်ကောင်ကျ ဖမ်းစားပုံ၊ ထိုမြေခွေးယုတ်ကို ကြွက်တို့က ဆန့်ကျင်တိုက်ခိုက် သတ်ဖြတ်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၈၇)
အဂ္ဂိကဘာရဒွါဇဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ မီးကို ကိုးကွယ်သော ဘာရဒွါဇပုဏ္ဏားသည် ဗြဟ္မာကြီးကို ပူဇော်ရန် ပြင်ဆင်နေစဉ် ကြွရောက်တော်မူလာသော ဘုရားရှင်အား စိတ်ဆိုး၍ ‘‘သူယုတ်မာ’’ဟု ခေါ်ဆိုပုံ၊ သူတစ်ပါး၏ အသက်ကို သတ်၍ ဒုစရိုက်ကျူးလွန်သူတို့သာ သူယုတ်မာဖြစ်ကြောင်း ပုဏ္ဏားကြီးအား ဘုရားရှင်က အကျယ်ဟောပြသဖြင့် ပုဏ္ဏားကြီး ဥပါသကာ ဖြစ်လာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၅၆)
အဂ္ဂိက္ခန္ဓောပမဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် များစွာသော ရဟန်းတော်များနှင့်အတူ ဒေသစာရီ ကြွချီတော်မူစဉ် အလျှံတပြောင်ပြောင် တောက်လောင်နေသော မီးပုံကြီးကို တွေ့မြင်ရပုံ၊ ဘုရားရှင်က ‘‘မီးပုံကြီးကို ပွေ့ဖက်၍ အိပ်ခြင်းနှင့် လှပနုနယ်သော အမျိုးသမီးကို ပွေ့ပိုက်၍ အိပ်ခြင်းတို့တွင် မည်သည်က ပို၍ မြတ်သနည်း’’ဟု မေးမြန်းတော်မူရာ ရဟန်းများက လှပနုနယ်သော အမျိုးသမီးကို ပွေ့ပိုက်၍ အိပ်ခြင်းက ပို၍ မြတ်ကြောင်း လျှောက်ထားပုံ၊ ဘုရားရှင်က ဥပမာ ဥပမေယျတို့ဖြင့် ဟောကြားသဖြင့် ရဟန်းအပါးခြောက်ဆယ် သွေးအန်၍ ရဟန်းအပါးခြောက်ဆယ် လူထွက်ပြီး ရဟန်းအပါးခြောက်ဆယ် ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၄၉၅) (အံ၊ဋ္ဌ၊၁၊၅၁)
အဂ္ဂိဒတ္တဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ ကောသလမင်းကြီး၏ ပုရောဟိတ်ပုဏ္ဏားသည် ရသေ့ဝတ်သွားပြီး တပည့်များစွာနှင့် အတူနေစဉ် ကာမဂုဏ်နှင့် စပ်သော အတွေးအကြံဖြစ်ပါက သဲတစ်ဆုပ်စီထမ်းရန် တပည့်တို့အား ဩဝါဒ ပေးပုံ၊ ကာလကြာသော် သဲပုံကြီးဖြစ်လာပုံ၊ ထိုသဲပုံ၌ အဟိဆတ္တမည်သော နဂါးမင်းသိမ်းပိုက်နေထိုင်ပုံ၊ ရသေ့ကြီးသည် တပည့်တို့အား ဒုက္ခမှ လွတ်မြောက်ရန် သစ်ပင်၊ တော၊ တောင်တို့အား ကိုးကွယ်ရန် ဩဝါဒ ပေးပုံ၊ ဘုရားရှင်သည် ထိုအရပ်သို့ အရှင်မဟာမောဂ္ဂလာန်ကို ကြွရောက်စေပြီး သဲပုံကြီး၌နေသော အဟိဆတ္တနဂါးမင်းအား ဆုံးမစေပုံ၊ ထို့နောက်ဘုရားရှင်ကိုယ်တော်တိုင် ကြွလာတော်မူကာ အဂ္ဂိဒတ္တဦးဆောင်သော ရသေ့တို့ကို ‘‘တော၊ တောင်၊ အာရာမ်၊ စေတီ၊ နတ်ကွန်းတို့ကို ကိုးကွယ်နေမည့်အစား ဘုရား၊ တရား၊ သံဃာတို့ကို ကိုးကွယ်ပြီး သစ္စာလေးပါးကိုသိမှ အလုံးစုံသော ဒုက္ခမှ လွတ်မြောက်မည်’’ဟု ဟောကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၅၆)
အင်္ကုရဣန္ဒကဝတ္ထု
ဤဝတ္ထု၌ အင်္ကုရမင်းသားသည် မိမိအတွက် ရရှိသော နိုင်ငံကို အစ်မအား ပေး၍ ကုန်ရောင်း ကုန်ဝယ်အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုပုံ၊ ကုန်ရောင်းသွားစဉ် မရုသဲကန္တာရအတွင်း၌ မျက်စိလည်လမ်းမှားကာ အစာငတ် ရေငတ်ဖြစ်ရပုံ၊ အင်္ကုရ၏ ကျေးဇူးရှိခဲ့ဖူးသော ဘုမ္မစိုးနတ်က ကယ်တင်ပြီး အလှူဒါန၏ အကျိုးအာနိသင်ကို ပြောကြားပုံ၊ အင်္ကုရမင်းသားသည် သာသနာပအခါ၌ ကြီးကျယ်သော အလှူဒါနကြီးများကို ရာသက်ပန် ပြုလုပ်ခဲ့၍ သေလွန်သော် တာဝတိံသာနတ်ပြည်၌ နတ်သားဖြစ်ပုံ၊ ဣန္ဒကမည်သော လုလင်ကမူ သာသနာတွင်းအခါ၌ အရှင်အနုရုဒ္ဓါမထေရ်အား ဆွမ်းတစ်ဇွန်းမျှ လောင်းလှူခဲ့ဖူး၍ သေလွန်သောအခါ တာဝတိံသာနတ်ပြည်၌ ဖြစ်ပြီး အင်္ကုရနတ်သားထက် တန်ခိုးကြီးပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၅၄) (ပေတ၊ဋ္ဌ၊၁၀၄)
အင်္ကောလကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းသည် သိဒ္ဓတ္ထဘုရားရှင်အားမှန်ကူပန်းတို့ကို အညှာနှင့်တစ်ကွ ဆွတ်ခူးပြီး လှူဒါန်းပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ကိုးဆယ့်လေးကမ္ဘာ အပါယ်မလားဘဲ သုံးဆယ့်ခြောက်ကမ္ဘာအထက်၌ ဒေဝဂဇ္ဇိတမည်သော စကြဝတေးမင်းဖြစ်ခဲ့ပုံ၊ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်၍ ကျွတ်တမ်းဝင်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၂၂)
အင်္ကောလပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းသည် ဝိပဿီဘုရားရှင်အား မှန်ကူပန်းတို့ကို လှူဒါန်းပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် (၉၁)ကမ္ဘာ အပါယ်မလားဘဲ၊ ခုနစ်ဆယ်လေးကမ္ဘာအထက်၌ ရောမသမည်သော စကြဝတေးမင်း ဖြစ်ခဲ့ပုံ၊ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်၍ ကျွတ်တမ်းဝင်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၄၂)
အင်္ဂဏိကဘာရဒွါဇတ္ထေရဝတ္ထု
ဤဝတ္ထု၌ အင်္ဂဏိကဘာရဒွါဇမထေရ်လောင်းသည် သိခီဘုရားရှင်ကို ထိခြင်းငါးပါးဖြင့် ရိုသေစွာ ရှိခိုးခဲ့သော ကုသိုလ်ကံကြောင့် လူနတ်ချမ်းသာတို့ကို ခံစားရပုံ၊ ဂေါတမဘုရားရှင် လက်ထက်၌ အင်္ဂဏိကဘာရဒွါဇပရိဗိုဇ် ဖြစ်လာပုံ၊ တရားမှန်ကို ရှာစဉ် မြတ်စွာဘုရား အထံတော်မှ တရားတော်ကို နာကြားရသဖြင့် ရဟန်းပြုကာ ဝိပဿနာရှုပွား၍ ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၃၄)
အင်္ဂုလိမာလတ္ထေရဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားသည် အင်္ဂုလိမာလအမည်ရှိသော လူသတ်ခိုးသူကြီးအား ဆုံးမတော်မူပြီး ရဟန်းပြုပေးတော်မူခဲ့ပုံ၊ ထိုအခါ လူတို့သည် အင်္ဂုလိမာလရဟန်းကို တွေ့လျှင် ထိတ်လန့် ကြောက်ရွံ့စွာ ပြေးလွှားကြပုံ၊ အိမ်တံခါးကို ပိတ်ထားကြပုံ၊ နာမည်ကြီးခိုးသူများကို ဘာကြောင့် ရဟန်းခံပေးကြကုန်သနည်းဟု ကဲ့ရဲ့ကြ သောကြောင့် ‘‘သူခိုးကို ရဟန်းခံမပေးရ’’ဟု ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၀၄)
အင်္ဂုလိမာလတ္ထေရဝတ္ထု
ဤဝတ္ထု၌ အင်္ဂုလိမာလထေရ်လောင်းလျာသည် အတိတ်ဘဝတစ်ခုတွင် လယ်သမားဖြစ်စဉ် မိုးမိသဖြင့် တစ်ကိုယ်လုံး စိုရွှဲနေသော ပစ္စေကဗုဒ္ဓါတစ်ပါးအား မီးဖိုလျက် သင်္ကန်းများ ခြောက်သွေ့သွားအောင် ခန္ဓာကိုယ် အအေးဒဏ် သက်သာအောင် ကုသိုလ်ကောင်းမှုပြုလုပ်ခဲ့ပုံ၊ ထိုကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ဖြစ်လေရာဘဝတိုင်း၌ ခွန်အား ဗလနှင့် ပြည့်စုံခဲ့ပြီး ဤဘုရားရှင် လက်ထက်တွင် မွေးဖွားသောနေ့၌ပင် တစ်နိုင်ငံလုံးရှိ လက်နက်များ အရောင်ထွက်လျက် ကြီးလာသောအခါ ဆင်ပြောင်(၇)စီး၏ ခွန်အားဗလကို ဆောင်နိုင်ပုံ၊ တက္ကသိုလ်ပြည်၌ ပညာသင်ယူစဉ် အခြားတပည့်များ၏ ကုန်းတိုက်မှုကြောင့် ဒိသာပါမောက္ခဆရာကြီးက လက်ညှိုးပေါင်း တစ်ထောင်ဖြင့် ကန်တော့ရန် အင်္ဂုလိမာလအား ပြောကြားပုံ၊ လက်ညှိုးတစ်ထောင်ပြည့်ရန် တစ်ချောင်းအလိုတွင် ဘုရားရှင်ကို တွေ့သဖြင့် ဘုရားရှင်နောက်သို့ သတ်ရန် လိုက်ပုံ၊ ဘုရားရှင်က တရားဟောသောအခါ ဧဟိဘိက္ခုရဟန်း ဖြစ်ပြီး ဝိပဿနာပွားသဖြင့် မကြာမီပင် ရဟန္တာဖြစ်ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (မ၊၂၊၃၀၁) (ဓမ္မ၊ဋ္ဌ၊၂၊၁၁၀) (ထေရ၊ဋ္ဌ၊၂၊၃၂၄)
အင်္ဂုလိမာလတ္ထေရဝတ္ထု
ဤဝတ္ထုသည် အသဒိသဒါနဝတ္ထု၌ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၅၂)
အစေလကဿပဝတ္ထု
ဤဝတ္ထု၌ စိတ္တသူကြွယ် ဥပါသကာသည် သူငယ်ချင်းဖြစ်သူ အစေလကဿပထံ ချဉ်းကပ်၍ အနှစ်သုံးဆယ်အတွင်း တရားထူး တရားမြတ်များ ရပြီလောဟု မေးမြန်းပုံ၊ အစေလကဿပက ငါ့အား အဝတ်မဝတ်ရခြင်း၊ ခေါင်းတုံးရခြင်း၊ တင်ပါး၌ ဖုံခါရန် ဥဒေါင်းမြီးစည်းကို ကိုင်ဆောင်ရခြင်းမှ တစ်ပါး တရားထူး မရှိကြောင်း ပြောကြားပုံ၊ စိတ္တသူကြွယ် ဥပါသကာက မိမိကား လူဖြစ်သော်လည်း ဈာန်လေးပါးကို ရရှိကြောင်း ပြောကြားရာ သူကြွယ်၏ စကားကြောင့် အစေလကဿပ မိစ္ဆာအယူကို စွန့်ကာ သာသနာတော်၌ ရဟန်းပြု လာပြီး ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၂၊၄၈၉)
အစေလကဠာရမဋ္ဋကဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် မဟာဝုန်တော၌ သီတင်းသုံးနေတော်မူစဉ် အစေလကဠာရမဋ္ဋကတက္ကတွန်းသည် ‘‘အသက်ရှည်နေသမျှကာလပတ်လုံး အရက်နှင့်အမဲသားကိုသာ စားသုံးမည်၊ ထမင်း၊ မုယောမုန့်တို့ကို မစားသုံး၊ မေထုန်အမှုကိုလည်း မမှီဝဲ စသော အကျင့်ခုနစ်မျိုးကို ဆောက်တည်ကျင့်သုံးသဖြင့် လာဘ်အခြံအရံများ ပေါများလျက်ရှိပုံ၊ သုနက္ခတ္တရဟန်းသည် အစေလကဠာရမဋ္ဋကတက္ကတွန်းထံ ချဉ်းကပ်ပြီး အမေးပုစ္ဆာပြဿနာများကို မေးမြန်းသောအခါ အစေလကဠာရမဋ္ဋကတက္ကတွန်းသည် လုံးဝ မဖြေနိုင်သဖြင့် အမျက်ဒေါသပြင်းစွာ ထွက်လျက်ရှိပုံ၊ သုနက္ခတ္တရဟန်း၏ သန္တာန်၌ ‘‘ငါသည် ရဟန္တာပုဂ္ဂိုလ်ကို ဖိနှိပ်ချုပ်ချယ်မိလေပြီ’’ဟု မှားယွင်းသော မိစ္ဆာအယူ ဖြစ်ပေါ်ပုံ၊ ထိုအယူကို စွန့်ပယ်ရန် ဘုရားရှင်က တရားဟောပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၃၊၇)
အစေလပါထိကပုတ္တဝတ္ထု
ဤဝတ္ထု၌ အစေလပါထိကပုတ္တသည် ဘုရားရှင်နှင့် တန်ခိုးပြိုင်မည့်အကြောင်း၊ ပညာပြိုင်မည့် အကြောင်း၊ ဘုရားရှင်က တန်ခိုးတစ်မျိုးပြလျှင် မိမိက နှစ်မျိုးပြမည်၊ ဘုရားရှင်က နှစ်မျိုး ပြလျှင် မိမိက လေးမျိုးပြမည်စသည်ဖြင့် ပရိသတ်အလယ်၌ ဝါကြွားပြောဆိုပုံ၊ ထိုအကြောင်းအရာကို သုနက္ခတ္တရဟန်းက ဘုရားရှင်ထံ လာရောက်လျှောက်ထားသောအခါ ဘုရားရှင်က ‘‘အစေလပါထိကပုတ္တသည် ထိုစကားကို မပယ်စွန့်ဘဲ ငါဘုရားမျက်မှောက်သို့ လာရောက်နိုင်လိမ့်မည်မဟုတ်’’ဟု မိန့်ကြားပုံ၊ သုနက္ခတ္တရဟန်းသည် ဘုရားရှင်နှင့် အစေလပါထိကပုတ္တတို့ တန်ခိုးပြိုင်မည့်အကြောင်း ဝေသာလီမြို့တွင်းရှိ ထင်ရှားကျော်ကြားသော မင်း ပုဏ္ဏား သူဌေး သူကြွယ်စသော ပုဂ္ဂိုလ်ကြီးများထံ သွားရောက်ပြောကြားထားပုံ၊ ဘုရားရှင်မိန့်တော်မူသည့်အတိုင်း အစေလပါထိကပုတ္တ ဘုရားရှင်ထံသို့ မလာရောက်နိုင်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၃၊၉)
အစေလဝိဟာရဝါသီသောဏတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဓမ္မကထိကရဟန်းတော် သောဏမထေရ်၏ ဖခင်သည် ခွေးဖြင့် အမဲလိုက်လေ့ရှိပုံ၊ သားရဟန်းက တားမြစ်သော်လည်း မရသဖြင့် အသက်အရွယ် ကြီးရင့်လာသောအခါ ရဟန်းပြုပေးပုံ၊ သေခါနီးအခါ၌ ခွေးနက်ကြီးများ ဝိုင်းဝန်း အကိုက်ခံရသည်ဟု ငရဲနိမိတ် ထင်ပုံ၊ သားရဟန်းတော်က ပန်း, ဆီမီး, နံ့သာ စသည်တို့ဖြင့် စေတီတော်အား ပူဇော်စေရာ ထိုခဏ၌ပင် နန္ဒဝန်ဥယျာဉ်နှင့်တကွ နတ်သမီးများ ဝိုင်းရံလာသည့် အာရုံနိမိတ် ထင်လာပြီး ကွယ်လွန်သောအခါ နတ်ပြည်သို့ ရောက်ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (အံ၊ဋ္ဌ၊၁၊၃၆၄)
အစ္စယဝတ္ထု
ဤဝတ္ထု၌ ငြင်းခုံ ခိုက်ရန်ဖြစ်ကြသော ရဟန်းနှစ်ပါးတို့ကို မြတ်စွာဘုရားက ‘‘မိမိအပြစ်ကို အပြစ်ဟု မသိသူ၊ အပြစ်ကို တောင်းပန်ပါလျက် လက်မခံသူတို့သည် လူမိုက်။ မိမိအပြစ်ကို အပြစ်ဟု သိသူ၊ အပြစ်ကို တောင်းပန်လျှင် လက်ခံသူသည် ပညာရှိ’’ဟု ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၂၄၁) (သံ၊ဋ္ဌ၊၁၊၃၂၄)
အစ္စာယိကကရဏီယဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးကို မြွေကိုက်ရာ အဖေါ်ရဟန်းတစ်ပါးသည် နေလွဲအချိန်၌ အရေးတကြီး ရွာထဲဝင်၍ မီးတောင်းခဲ့ပြီးနောက် သံသယဖြစ်၍ ဘုရားရှင်အား လျှောက်ထားရာ ဘုရားရှင်က အရေးတကြီးကိစ္စ ပေါ်ပေါက်လာလျှင် နေလွဲအချိန်၌ ရွာထဲသို့ မပန်ကြားဘဲ ဝင်နိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၁၅)
အဇကလာပကဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားသည် ပါဝါမြို့ အဇကလာပကဘီလူး၏ နတ်ကွန်း၌ သီတင်းသုံးတော်မူစဉ် နတ်သဘင်အစည်းအဝေးသို့ ရောက်နေသော အဇကလာပကဘီလူးသည် မြတ်စွာဘုရားထံ ရောက်လာပြီး နည်းမျိုးစုံ, လက်နက်မျိုးစုံဖြင့် တိုက်ခိုက်ပုံ၊ ထိုသို့ တိုက်ခိုက်ခံရသောလည်း တုန်လှုပ်ခြင်း မရှိသော ဘုရားရှင်အား ကြည်ညို၍ ဘုရားရှင်ထံ ဥပါသကာအဖြစ် ခံယူရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၅၈)
အဇဂရပေတဝတ္ထု
ဤဝတ္ထု၌ ကဿပဘုရားရှင်လက်ထက်တွင် သူခိုးတစ်ယောက်သည် သုမင်္ဂလမည်သော သူဌေးအပေါ် ရန်ငြှိုးထား၍ လယ်၊ အိမ်၊ ဘုရားသီတင်းသုံးရာ ဂန္ဓကုဋိတိုက်တို့ကို မီးရှို့ခဲ့သောကြောင့် အဝီစိငရဲ၌ ဖြစ်ရပုံ၊ ငရဲမှ လွတ်သောအခါ ဂေါတမဘုရားရှင်လက်ထက်တိုင်အောင် ဂိဇ္ဈကုဋ်တောင်ခြေ၌ မီးလောင်နေသော မြွေပြိတ္တာကြီး ဖြစ်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၉)
အဇပါလဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ပဌမသတ္တာဟ လွန်မြောက်ပြီးနောက် ဗောဓိပင်မြတ်မှ အဇပါလခေါ် ဆိတ်ကျောင်းညောင်ပင်သို့ ကြွတော်မူပုံ၊ ထိုညောင်ပင်ရင်း၌ ခုနစ်ရက်ပတ်လုံး အရဟတ္တဖိုလ်ချမ်းသာကို ခံစားတော်မူပုံ၊ ဟုံဟုင်္ကဇာတ်ရှိသူ ပုဏ္ဏားတစ်ယောက် ဘုရားရှင်ထံ ချဉ်းကပ်ပြီး ဗြာဟ္မဏမည်ပုံ မေးလျှောက်ရာ ဘုရားရှင်က ဥဒါန်းကျူးရင့်၍ ဖြေကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃)
အဇာတသတ္တုကုမာရဝတ္ထု
ဤဝတ္ထု၌ အရှင်ဒေဝဒတ်သည် အဇာတသတ်မင်းသားလေးအား မိမိတန်ခိုးကို ပြ၍ ကြည်ညိုစေခဲ့ပြီး ခမည်းတော်ဗိမ္ဗိသာရမင်းကြီးကို သတ်ရန် တိုက်တွန်းခဲ့ပုံ၊ အဇာတသတ်က ခမည်းတော်ကို သတ်ရန် ပေါင်၌ ဓားကို ချီနှောင်၍ နန်းတော်တွင်းသို့ ဝင်ခဲ့ပုံ၊ အမတ်တို့က ဖမ်းပြီး ဘုရင်ကြီးထံသို့ ပို့ရာ ဘုရင်ကြီးက မသတ်ဘဲ ဘုရင်ရာထူး လွှဲပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၅၀)
အဇာတသတ္တုရာဇဝတ္ထု
ဤဝတ္ထု၌ အဇာတသတ်မင်းကို မမွေးဖွားမီ ပဋိသန္ဓေယူစဉ်အချိန်ကပင်လျှင် ဝေဒေဟီမိဖုရားကြီး၏ သန္တာန်၌ ဗိမ္ဗိသာရမင်းကြီး၏ လက်မောင်းသွေးကို သောက်လိုသော အာသာဆန္ဒချင်ခြင်းဖြစ်ပေါ်ပုံ၊ မင်းသားလေးကို မွေးလာသောအခါ ပုဏ္ဏားများက ‘‘အဇာတသတ္တု=အဇာတသတ်(မမွေးဖွားမီကပင် ဖခင်၏ ရန်သူဖြစ်နေသူ)ဟု အမည်မှည့်ပုံ၊ အဇာတသတ်မင်းသား အရွယ်ရောက်လာသောအခါ တန်းခိုးပြာဋိဟာ ပြလျက် ဖြားယောင်းသွေးဆောင်သော ဒေဝဒတ်အပေါ် ကြည်ညိုသွားပြီး နေ့စဉ်နေ့တိုင်း ဆွမ်းအုပ်ငါးရာ ပေးပို့လှူဒါန်းလျက် ရထားငါးရာတို့ဖြင့် ချဉ်းကပ်လေ့ရှိပုံ၊ ဒေဝဒတ်သည် အဇာတသတ်နှင့် ပူပေါင်းပြီး ဘုရားရှင်နှင့် ဗိမ္ဗိသာရမင်းကြီးတို့ကို သတ်ရန် အမျိုးမျိုးကြံစည်အားထုတ်ကြပုံ၊ ဗိမ္ဗိသာရမင်းကြီး နတ်ရွာစံသွားပြီးနောက် ညစဉ် အိပ်မပျော်ဖြစ်နေသော အဇာတသတ်မင်းအား ဆရာဇီဝက-က ဘုရားရှင်ထံ ခေါ်ဆောင်သွားပုံ၊ ဘုရားရှင်က သာမညဖလသုတ် ဒေသနာတော်ကို ဟောကြားသောအခါ သာသနာတော်ကို အကြည်ညိုဆုံး ဥပါသကာတစ်ယောက်ဖြစ်သွားပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဒီ၊၁၊၄၄) (ဒီ၊ဋ္ဌ၊၁၊၁၂၂)
အဇာတသတ္တုရာဇဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင် ရာဇဂြိုဟ်မြို့ ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးနေတော်မူစဉ် ဝဇ္ဇီမင်းတို့ကို စစ်ထိုးလိုသော အဇာတသတ်မင်းသည် ဘုရားရှင်၏ အကြံဉာဏ်ကို ရယူလိုသဖြင့် ဝေဿကာရ ပုဏ္ဏားအား စေလွှတ်၍ ဥပါယ်တမျဉ်ဖြင့် မေးလျှောက်စေပုံ၊ ဘုရားရှင်က အပရိဟာနိယတရား (၇)ပါးကို ဟောတော်မူပြီး ထိုတရား(၇)ပါးနှင့် ပြည့်စုံပါက ဆုတ်ယုတ်မှု မရှိနိုင်ကြောင်း ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၂၊၆၁)
အဇာတသတ္တုရာဇဝတ္ထု
ဤဝတ္ထု၌ ပုထုဇဉ်တို့၏ သဒ္ဓါတရားဖြင့် ဘုရားရှင်အပေါ် ကြည်ညိုသောသူတို့တွင် အဇာတသတ်မင်းကို မီသောသူ မရှိပုံ၊ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူသောအခါ စတုမဓူအပြည့်ထည့်ထားသော ရွှေစားကျင်းသုံးလုံးတို့၌ အဇာတသတ်မင်းကိုထည့်၍ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူကြောင်း အမတ်တို့က လျှောက်ထားကြပုံ၊ ထိုသတင်းစကားကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် အဇာတသတ်မင်း သတိမေ့မြောလျက် ရွှေစားကျင်းခွက်ထဲ လဲကျကာ အခိုးအငွေ့များ ထွက်လာပုံ၊ မင်းကြီး သတိရပြီးနောက် စစ်အင်္ဂါလေးပါးပြင်ဆင်ကာ ဘုရားရှင်ပရိနိဗ္ဗာန်စံဝင်ရာ ကုသိနာရုံပြည်သို့သွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၁၉၈)
အဇိတတ္ထေရဝတ္ထု
ဤဝတ္ထု၌ အဇိတထေရ်လောင်း အမျိုးကောင်းသားသည် ဝိပဿီဘုရားရှင်အား သီးသီးလှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် (၉၁)ကမ္ဘာအပါယ်မလာဘဲ ဤဘုရားရှင်၏ သာသနာတော်၌ ရဟန္တာ ဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၉၀)
အဇိတတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်အရှင်လောင်းလျာသည် သစ်မည်စည်ဆီအိုးကို ယူ၍ ဆီမီးညှိထွန်းကာ ပဒုမုတ္တရဘုရားရှင်အား ပူဇော်ခဲ့သော ကောင်းမှုကြောင့် ကမ္ဘာခြောက်သောင်းတို့ ကာလပတ်လုံး နတ်ပြည်၌ ဖြစ်ခဲ့ရပုံ၊ စကြဝတေးမင်း၊ သိကြားမင်း၊ ပဒေသရာဇ်မင်းတို့ ကြိမ်ဖန်များစွာ ဖြစ်ခဲ့ရပုံ၊ အပါယ်လေးပါး မလားခဲ့ရဘဲ ဤဘုရားသာသနာတော်၌ ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၉၃)
အဇိတဗြာဟ္မဏဝတ္ထု
ဤဝတ္ထုသည် သောဘိတဗုဒ္ဓဝံသ၌ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၃)
အဇိနတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သုစိန္တိတမည်သော ပစ္စေကဗုဒ္ဓါတစ်ပါး ရောဂါ နှိပ်စက်ခံနေရသဖြင့် ဆေးအလို့ငှါ ထောပတ်ဆီဦးများကို ပေးလှူခဲ့သောကုသိုလ်ကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤ ဘုရားရှင် လက်ထက်တော်၌ သူဆင်းရဲမျိုး၌ ဖြစ်ကာ သာသနာတော်သို့ ဝင်ရောက်ခဲ့ပြီးနောက် ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၁၇)
အဇိနဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိခီဘုရားရှင်အား သားရေပိုင်းကို ဖြန့်ခင်းလှူဒါန်းခဲ့သော ကုသိုလ်ကြောင့် (၃၁)ကမ္ဘာအပါယ် မလားဘဲ သုဒါယကစကြဝတေးမင်း ဖြစ်ခဲ့ရပုံ၊ ဤဘုရား သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၃၉)
အဇေလိဖလဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ အဇ္ဇုနမည်သော ပစ္စေကဗုဒ္ဓါ အရှင်မြတ်အား အိုးစရည်းပမာဏရှိသော အဇေလိမည်သော သစ်သီးကို လှူဒါန်းခဲ့ခြင်းကြောင့် (၉၄)ကမ္ဘာအပါယ်မလားဘဲ ဤဘုရားသာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၉၀)
အဇ္ဇုနတ္ထေရဝတ္ထု
ဤဝတ္ထု၌ အဇ္ဇုနမထေရ်လောင်းလျာသည် ခြင်္သေ့မျိုး၌ ဖြစ်၍ ဝိပဿီမြတ်စွာဘုရားအား ကြည်ညိုသော စိတ်ဖြင့် အပွင့်များပြည့်နေသော အင်ကြင်းခိုင်ကို ချိုးကာ ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိမြို့ သူဌေးမျိုး၌ ဖြစ်ကာ ငယ်ရွယ်စဉ်မှာ နိဂဏ္ဌတို့ထံ ရဟန်းပြုပြီး၍ အနှစ်သာရကို ရှာဖွေခဲ့ပုံ၊ နိဂဏ္ဌတို့အထံ၌ အနှစ်သာရကို ရှာမရသဖြင့် ဗုဒ္ဓသာသနာတော်သို့ ဝင်ရောက်ကာ ဝိပဿနာရှုပွား၍ ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၃၄)
အဇ္ဇုနပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ ရှေးအခါက ပွင့်တော်မူခဲ့သော ဘုရားရှင်အား စန္ဒဘာဂမြစ်ကမ်းမှ ကိန္နရာ တစ်ဦးသည် ကြည်ညိုသော စိတ်ဖြင့် ထောက်ကြန့်ပန်းကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ဖြစ်ခဲ့ရပြီး ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၉၅)
အဉ္ဇနဝနိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက် သုဒဿနမည်သော ပန်းသည် ဖြစ်၍ မြတ်လေးပန်းတို့ဖြင့် မြတ်စွာဘုရားကို ပူဇော်ပြီး ကုသိုလ်များစွာ ပြုခဲ့သောကြောင့် သုဂတိဘဝတို့၌သာ ဖြစ်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ဝေသာလီပြည် ဝဇ္ဇီမင်းမျိုး၌ ဖြစ်၍ သာသနာတော်သို့ ဝင်ရောက်ကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၅၉)
အညတရကဿကဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားသည် အစိရဝတီမြစ်ကမ်းရှိ မုယောလယ်ကွင်း၌ ထွန်ယက်နေသော ပုဏ္ဏားထံသို့ ချီးမြှောက်လိုသဖြင့် ကြွသွားတော်မူသောအခါ ထိုပုဏ္ဏားသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်ပုံ၊ ထိုပုဏ္ဏား၏ ကောက်ပင်များ ရင့်မှည့်၍ ရိတ်သိမ်းခါနီးအချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ပျက်စီးသွားသော အခါ မြတ်စွာဘုရားသည် တရားဟောတော်မူရန် ကြွရောက်တောမူလာ၍ ပုဏ္ဏားက မိမိကောက်စပါးများ ပျက်စီး၍ စိတ်ဆင်းရဲကြောင်း လျှောက်ထားပုံ၊ ပစ္စည်းများ ပျက်စီးခြင်း ပြည့်စုံခြင်းကြောင့် ဝမ်းနည်းဝမ်းသာ မဖြစ်သင့်ကြောင်း မြတ်စွာဘုရားက ဟောပြတော်မူသောအခါ ထိုပုဏ္ဏား လင်မယားတို့ သောတာပန်တည်ကြပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၂၊၂၂၈)
အညတရကုဋုမ္ဗိကဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် သားသေ၍ သောကရောက်နေသော သူကြွယ်၏အိမ်သို့ ကြွတော်မူ၍ ‘‘သေခြင်းတရားမည်သည် တစ်နေရာ တစ်ယောက်တည်းအတွက်သာ ဖြစ်သည် မဟုတ်၊ ဘဝတစ်ခုကို ရရှိလာသော သတ္တဝါတိုင်းအတွက် ဖြစ်မြဲ ဖြစ်၏၊ သင်္ခါရတရားဟူသမျှ မခိုင်မြဲကြသဖြင့် သေခြင်းသဘောတရားသည် သေတတ်ပေ၏၊ ပျက်စီးခြင်းသဘောတရားသည် ပျက်စီးတတ်ပေ၏ဟု တရားဟောတော်မူသဖြင့် သူကြွယ် သောတာပန်တည်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၈၀)
အညတရကုလဒါရိကာဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့တွင် မိသားစု တစ်စုက ဘုရားအမှူးရှိသော သံဃာတော်များအား မင်္ဂလာဆွမ်း ဆက်ကပ်နေစဉ် ချွေးမဖြစ်သူက သံဃာတော်များအတွက် ဆွမ်းကွမ်းကိစ္စစသည်ကို စီစဉ်လျက် ခေါက်တုံ့ခေါက်ပြန် သွားလာနေပုံ၊ လင်ယောကျ်ားဖြစ်သူက ထိုချွေးမကို ကြည့်ပြီး ရာဂစိတ်များဖြစ်ပေါ်လျက် ဘုရားရှင်နှင့် သံဃာတော်များကိုပင် ဦးမချနိုင်ဘဲ ချွေးမကို ကိုင်တွယ်သုံးသပ်ရန် စိတ်အကြံဖြစ်ပေါ်ပုံ၊ ထိုအခြင်းအရာကို ဘုရားရှင် သိတော်မူပြီး တန်ခိုးတော်ဖြင့် ချွေးမကို ဖုံးကွယ်လျက် ‘‘ရာဂနှင့် တူသော မီးမည်သည် မရှိ၊ ဒေါသနှင့် တူသော အပြစ်မည်သည်လည်း မရှိ’’ စသည်ဖြင့် တရားဟောတော်မူသောအခါ ဇနီးမောင်နှံ နှစ်ယောက်တို့ သောတာပန် တည်သွားကြပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၆၈)
အညတရကုလပုတ္တဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မင်္ဂလာဆောင်ပြီးစ ဇနီးမောင်နှံ နှစ်ယောက်တို့တွင် မယားဖြစ်သူ လင်ငယ်နေသဖြင့် လင်ယောကျ်ား ဖြစ်သူသည် ရှက်လွန်း၍ ပရိသတ်ထဲ မသွားရဲမလာရဲ ဖြစ်နေပုံ၊ တစ်နေ့သောအခါ ဘုရားရှင်ထံ သွားရောက်ပြီး အကျိုးအကြောင်း လျှောက်ထားသောအခါ ဘုရားရှင်က ‘‘မိန်းမများသည် အရက်ဆိုင်၊ မြစ်၊ လမ်း၊ သောက်ရေအိုးစင်’’ စသည်နှင့် တူကြောင်း၊ ဘုံဆိုင်ဖြစ်ကြောင်း ထိုမိန်းမများအပေါ်၌ ပညာရှိတို့သည် အမျက်မထွက်သင့်ကြောင်း ‘‘ကုဏာလ ဇာတ်’’ကို အကျယ်ချဲ့ဟောသဖြင့် တရားနာရသူ များစွာတို့ သောတာပန်တည်သွားကြပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၂၂)
အညတရခီဏာသဝဝတ္ထု
ဤဝတ္ထု၌ ရဟန္တာမထေရ်တစ်ပါးသည် အလုပ်အကျွေးဒါယကာအိမ်သို့ ကြွတော်မူစဉ် ဥပါသိကာမသည် အိပ်ရာခုတင်ကို မှီ၍ နေထိုင်ပုံ၊ တံခါးဝ၌ ဆွမ်းခံရပ်လာသော ရဟန်တစ်ပါးသည် ထိုဥပါသိကာမနှင့် ရဟန္တာမထေရ်တို့ တစ်ခန်းတည်း၌ မစင်မကြယ် နေထိုင်၏ဟု ထင်မှတ်ပုံ၊ ကျောင်းသို့ ရောက်သောအခါ ဆွမ်းခံရဟန်းသည် ရဟန္တာမထေရ်ကို စွပ်စွဲအံ့ဟု လာစဉ် ရဟန္တာမထေရ်က ကောင်းကင်သို့ ပျံကြွ၍ ကျောင်းထိပ်၌ ပလ္လင်နှင့်တကွ ထိုင်နေတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၂၊၂၁၅)
အညတရဂိလာနဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဖျားနာနေသော ရဟန်းတစ်ပါးအတွက် ရဟန်းတစ်ပါးက ဆွမ်းခံပြီး ဆွမ်းကျွေးရာ ဂိလာနရဟန်းက ဆွမ်းပို့မည့်သူရှိပြီးဖြစ်၍ မစားဘဲ နေပုံ၊ နေမြင့်မှ ဆွမ်းပို့သဖြင့် လူမမာရဟန်း စိတ်တိုင်းကျ မဘုဉ်းပေးရပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိသဖြင့် ဖျားနာနေသော ရဟန်းတို့သည် ပင့်ဖိတ်ထားသော ဆွမ်းမှတစ်ပါး အခြားဆွမ်းများကိုလည်း စားနိုင်ကြောင်း ခွင့်ပြုတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၀၄)
အညတရဆပကဝတ္ထု
ဤဝတ္ထု၌ ဗာရာဏသီပြည်၌ ဒွန်းစဏ္ဍာတစ်ယောက်၏ ဇနီးသည် ကိုယ်ဝန်ရှိသဖြင့် သရက်သီးစားလိုကြောင်း ပြောကြားပုံ၊ ဘုရင့်ဥယျာဉ်တွင် အမြဲမပြတ် သရက်သီး သီးသော သရက်ပင်ကြီးတစ်ပင် ရှိသဖြင့် ဒွန်းစဏ္ဍားသည် သရက်သီး ခူးရန် သွားပြီး သစ်ပင်ပေါ် တက်နေစဉ် ဘုရင်နှင့် ပုရောဟိတ်တို့ ရောက်လာပြီး ဘုရင်က မြင့်ရာမှ နေ၍ မန္တန် သင်ယူပုံ၊ ဘုရားအလောင်း ဒွန်းစဏ္ဍားသည် ထိုအဖြစ်ကို မြင်၍ သုံးယောက်စလုံး တရားနှင့် ညီစွာ မကျင့်ဆောင်ကြကြောင်း ရှုတ်ချ ပြောဆိုခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၈)
အညတရတ္ထေရဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိပြည်တွင် မိစ္ဆာဒိဋ္ဌိအယူရှိသော ပုဏ္ဏားတစ်ယောက်သည် မိမိ၏ အပေါ်ရုံအဝတ်ကို ချွေးနံ့နံမည်စိုးသဖြင့် ချွတ်ကာ တစ်ခုသော နေရာ၌ ထားပုံ၊ ဆွမ်းစားပြီး မြို့ထဲမှ ပြန်ကြွလာသော ရဟန္တာမထေရ်တစ်ပါးက အဝတ်ပိုင်ရှင်ကို မတွေ့သဖြင့် ပံ့သကူအမှတ်ဖြင့် ကောက်ယူခဲ့ပုံ၊ ရဟန်း၏ လက်ထဲ၌ မိမိ၏ အပေါ်ရုံအဝတ်ကို မြင်သဖြင့် ပုဏ္ဏားက ဆဲရေးပုံ၊ ရဟန်းက ပိုင်ရှင်ကို မတွေ့သဖြင့် ပံ့သကူအမှတ်ဖြင့် ကောက်ယူခဲ့ကြောင်း ပြောပြကာ အဝတ်ကို ပြန်ပေးပုံ၊ အခြားရဟန်းများက ထိုရဟန်းကို ပြောင်လှောင်ကဲ့ရဲ့သောအခါ ဘုရားရှင်က ထိုရဟန်းသည် ရဟန္တာဖြစ်ကြောင်း၊ ရဟန္တာမည်သည် သူတစ်ပါးဥစ္စာကို မခိုးယူကြောင်း တရားဟောပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၂၀)
အညတရဒန္တကာရဝတ္ထု
ဤဝတ္ထု၌ ဆင်စွယ်ပွတ်သမားက အလှူခံရန် ဖိတ်ကြားထားသဖြင့် ရဟန်းတို့သည် အပ်ကျည်တောက် အပ်ဗူး အမျိုးမျိုးကို အလှူခံကြသောကြောင့် ဆင်စွယ်ပွတ်သမား မိသားစု စားဝတ်နေရေး စီးပွားရေး ပြုလုပ်ချိန်မရဘဲ တစ်မိသားစုလုံး ပင်ပန်းဆင်းရဲကြပုံ၊ ထိုအခါ မြတ်စွာဘုရားက ‘‘အရိုး အစွယ် ဦးချိုတို့ဖြင့် ပြုလုပ်ထားသော အပ်ကျည်တောက်တို့ကို ပြုလုပ်စေသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု သူစိဃရ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၁၆)
အညတရပရိဗ္ဗာဇကဝတ္ထု
ဤဝတ္ထု၌ ပရိဗိုဇ်တစ်ဦး၏ မယားသည် မီးဖွားရန် နီးကပ်လာသဖြင့် ဆီကို လိုချင်သောကြောင့် လင်ဖြစ်သူ ပရိဗိုဇ်သည် ကောသလမင်းကြီး၏ ဘဏ္ဍာတိုက်သို့ သွား၍ ဆီကို ဝအောင် သောက်ပြီး အန်ထုတ်ပေးရန် ကြိုးစားပုံ၊ အော့မရ၊ အန်မရဖြစ်သဖြင့် ဒုက္ခရောက်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊၉၁) (ဥဒါန၊ဋ္ဌ၊၁၀၃)
အညတရပါပဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ခြင်္သေ့ရေ ကျားရေ သစ်ရေ သားကောင်ကြီးများ၏ အရေအသားများကို မသုံးစွဲကြရန် တားမြစ်တော်မူသဖြင့် နွားရေတို့ကို ဆောင်ကြပုံ၊ တစ်နေ့တွင် ယုတ်ညံ့သော ရဟန်းတစ်ပါးသည် ယုတ်ညံ့သော ဒကာအိမ်သို့ ဆွမ်းခံသွားစဉ် နုနယ်လှပပြီး ကျားသစ်ငယ်ကဲ့သို့ ပြောက်ကျားသော အရေရှိသည့် နို့စို့နွားငယ်ကို စူးစိုက်ကြည့်လျှင် ဒကာက ‘‘ဘာ့ကြောင့် ကြည့်သနည်း’’ဟု မေးခဲ့ပုံ၊ နွားလေး၏ အရေကို အလိုရှိကြောင်း ပြောရာ နွားလေးကို သတ်၍ အရေခွာပေးလိုက်ပုံ၊ သားရေစိမ်းကို သင်္ကန်းဖြင့် ဖုံး၍ ယူလာရာ သားသည်အမေနွားမကြီးက လိုက်လာပုံ၊ ဘုရားရှင် သိတော်မူ၍ ကဲ့ရဲ့ရှုတ်ချတော်မူကာ သားရေအားလုံးတို့ကို မသုံးစွဲရဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၈၁)
အညတရပုရိသဝတ္ထု
ဤဝတ္ထုသည် ဒု-သ-န-သောဝတ္ထုနှင့် တူသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၈၂)
အညတရဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ သာသနာပတွင် ရဟန်းပြု၍ မိမိကို မြတ်စွာဘုရား၏ တပည့်များကဲ့သို့ ရဟန်းဟု အခေါ်ခံချင်သော ပုဏ္ဏားက မိမိကိုလည်း ရဟန်းဟု ခေါ်သင့်ကြောင်း မြတ်စွာဘုရားအား လျှောက်ထားရာ မြတ်စွာဘုရားက မကောင်းမှုပယ်ပြီး သူကိုသာ သာသနာတော်၌ ရဟန်း-ဟု ခေါ်ကြောင်း ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၉၇)
အညတရဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် အစိရဝတီမြစ်သို့ သွား၍ ရေဆင်းချိုးစဉ် ပုဏ္ဏား တစ်ယောက်သည်လည်း အသပြာငါးရာပါသော အိတ်ကို ကမ်းပေါ်၌ ထား၍ ရေဆင်းချိုးခဲ့ပုံ၊ ရေချိုးပြီးသော အခါ အသပြာအိတ်ကို မေ့ကျန်ခဲ့သဖြင့် ရဟန်းက ထိုအိတ်ကို သိမ်းဆည်း၍ ပုဏ္ဏားအား ပြန်ပေးခဲ့ပုံ၊ ပုဏ္ဏားက ဆုကြေးပေးရမည်စိုးသဖြင့် အသပြာတစ်ထောင်ပါသည်ဟု လိမ်ညာပြောဆို၍ အငြင်းပွားကြပုံ၊ ဘုရားရှင် သိတော်မူ၍ ‘ရတနာစသည်ကို ကောက်ယူသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ရတန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ၊ ထို့နောက် ဝိသာခါ၏ မဟာလတာတန်ဆာ မေ့ကျန်မှုကို အကြောင်းပြု၍ ဒါယကာတို့ မေ့ကျန်ရစ်သော ပစ္စည်းများကို ဥစ္စာရှင် တွေ့လျှင် ပြန်ပေးမည်ဟု စိတ်ထားပြီး သိမ်းထားရမည်ဟု အနုပညတ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၁၀)
အညတရဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ ပုဏ္ဏားတစ်ဦးသည် ရဟန်းတို့ ပို့ဆွမ်းဖြစ်သော ဆွမ်းကောင်း ဟင်းကောင်းများကို သုံးဆောင်နေရသည်ကို မြင်သဖြင့် ရဟန်းပြုလာခဲ့ရာ ပို့ဆွမ်းများ ပြတ်၍ ဆွမ်းခံ ထွက်ရန် ခေါ်သောအခါ ဆွမ်းမခံလိုကြောင်း ငြင်းဆိုခဲ့ပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူသောအခါ ဆွမ်းခံ၍ရသော ဆွမ်းကို အသက်ထက်ဆုံး မှီဝဲသုံးဆောင်ရမည်၊ ပံ့သကူသင်္ကန်း, သစ်ပင်ရင်းကျောင်းနေရာ, နွားကျင်ငယ်နှင့် ဖန်ခါးသီးဆေးကို မှီဝဲ သုံးဆောင်ရမည်...စသည်ဖြင့် ရဟန်းမခံမီ မှီရာကြီး လေးပါးကို ပြောပြဆုံးမရန် မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၇၂)
အညတရဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ မြစ်ကမ်းပါး၌ လယ်ထွန်နေသော မိစ္ဆာဒိဋ္ဌိလယ်သမား ပုဏ္ဏားကြီးတစ်ဦးနှင့် ဘုရားရှင်က မိတ်ဖွဲ့ခဲ့ရာ ခင်မင်နေပြီး ကောက်စပါးအောင်လျှင် တတ်နိုင်သလောက် ခွဲဝေပေးလှူမည်ဟု ပုဏ္ဏားကြီး ကြံစည်ထားပုံ၊ မိုးကြီးရွာ၍ လယ်ယာအားလုံး ပျက်စီးသွားသောအခါ သောကဝေဒနာဖိစီး၍ ဆင်းရဲဒုက္ခရောက်နေသော ပုဏ္ဏားကြီးအား ဘုရားရှင်က တဏှာ ကြောင့် သောကဖြစ်ရကြောင်း ဟောပြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၈၅)
အညတရဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ ပုဏ္ဏားတစ်ဦးသည် ရဟန်းတော်များ သင်္ကန်းရုံကြရာနေရာသည် မြက်တောကြီး ဖြစ်နေသဖြင့် သုတ်သင်ရှင်းလင်း၍ ဇရပ်ဖြစ်သည်အထိ လိုအပ်ချက်ကို အဆင့်ဆင့်ကြည့်ရှု၍ ကောင်းမှုပြုပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၁၇)
အညတရဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ အခြားသာသနာ၌ ရဟန်းပြုခဲ့သော ပုဏ္ဏားတစ်ယောက်သည် ‘‘ဆွမ်းခံစားသူသည် ဘိက္ခုမည်၏’’ဟု ဆိုလျှင် မိမိတို့လည်း ဘိက္ခု မဟုတ်လောဟု ဘုရားရှင်အား မေးမြန်းပုံ၊ ဘုရားရှင်က ကိလေသာ အနံ့ဆိုးလှိုင်လျှင် ဆွမ်းခံကာ အသက်မွေးရုံမျှဖြင့် ဘိက္ခုဟု-မခေါ်နိုင်၊ ကိလေသာကုန်ရန် ကျင့်သူကိုသာလျှင် ဘိက္ခု ခေါ်နိုင်၏ဟု ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၄၈)
အညတရဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ ပုဏ္ဏားတစ်ယောက်သည် သံဃာတော်အား နို့အဖျော်ရည် ဆက်ကပ်ရာ ရဟန်းတို့သည် ရှရူးရှရူး အသံမြည်အောင် သောက်ကြသဖြင့် ဘုရားရှင်က ‘‘ရှရူးရှရူးအသံမြည်အောင် မသုံးဆောင်ရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၅၈)
အညတရဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ ပုဏ္ဏားတစ်ယောက်တွင် နှမ်းအသစ်နှင့် ပျားရည်အသစ်တို့ ရရှိခဲ့သဖြင့် ဘုရားအမှူးရှိသော သံဃာတော်တို့အား လှူဒါန်းလိုသောကြောင့် ဆွမ်းစားပင့်၍ လှူဒါန်းခဲ့ပုံ၊ ကျောင်းသို့ ဖျဉ်းအိုးကြီးများဖြင့် သယ်ယူလာပုံ၊ ဘုရားရှင်က သံဃာတော်အား လှူဒါန်းရန် မိန့်တော်မူပုံ၊ ပုဏ္ဏားကြီးက သံဃာအား လှူသောအခါ အတိရိက်ဝိနည်းကံ မပြုဘဲ သုံးဆောင်ခွင့်ပြုကြောင်း ဘုရားရှင်က မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၀၆)
အညတရဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် နောက်လိုက်ရဟန်း (၁၂၅၀)ပါးတို့နှင့်အတူ အန္ဓကဝိန္ဒဇနပုဒ်သို့ ကြွတော်မူလာပုံ၊ ဇနပုဒ်သားလူများစွာသည် ဆန်၊ ဆီ၊ ဆား၊ ခဲဖွယ်များကို လှည်းများပေါ် တင်၍ ဘုရားအမှူးရှိသော သံဃာတော်တို့အား မိမိတို့ အလှည့်ရောက်လျှင် ဆွမ်းကပ်မည်ဟု နှလုံးပိုက်၍ နောက်ကလိုက်နေကြပုံ၊ ပုဏ္ဏားတစ်ယောက်လည်း မိမိဆွမ်းကပ်လှည့်ကို စောင့်နေခဲ့သည်မှာ နှစ်လကျော်ရှိပြီဖြစ်၍ သံဃာတော်တို့ လိုအပ်သော ပစ္စည်းကိုသာ လှူတော့မည်-ဟု စိတ်ကူးပြီး ဆွမ်းစားကျောင်းသို့ ဝင်၍ကြည့်ရာ ယာဂုနှင့်ပျားသကာ ထည့်ထားသော မုန့်ချိုတို့ လိုနေသည်ကို တွေ့၍ လှူဒါန်းခဲ့ပုံ၊ ရဟန်းတို့က သံသယရှိနေရာ ဘုရားရှင်က ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၁၄)
အညတရဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့မှ ပုဏ္ဏားတစ်ယောက်သည် မြတ်စွာဘုရား၏ အရပ်တော်ကို မတိုင်းတာနိုင်ဟု ကြားရသဖြင့် ဆွမ်းခံကြွလာတော်မူသော မြတ်စွာဘုရားကို ဝါးလုံးဖြင့် (၂)ကြိမ် တိုင်းတာကြည့်ပုံ၊ ထိုအခါ မြတ်စွာဘုရား၏ အရပ်တော်သည် ထို့ထက် နှစ်ဆမျှမကရှိပုံ၊ မြတ်စွာဘုရားသည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ခဲ့သောပါရမီတော်ကြောင့် အတုမဲ့၊ အနှိုင်းမဲ့ဖြစ်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၂၅၄) (မ၊ဋ္ဌ၊၃၊၂၈၇)
အညတရဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ပုဏ္ဏားတစ်ယောက်သည် မိမိ၏သမီးကို ထိမ်းမြားပေးသည့်အခါ မည်သူမှမသုံးဆောင်ရသေးသည့် ပန်းများဖြင့် တန်ဆာဆင်ပြီး ထိမ်းမြားပေးမည်-ဟု ကြံစည်ကာ ပန်း အရှာထွက်ပုံ၊ သာဝတ္ထိမြို့တွင်းမြို့ပြင် ရှာဖွေသော်လည်း အခြားသူများ မသုံးဆောင်ဖူးသေးသော မြက်ပန်းမျှကိုလည်း မတွေ့ပုံ၊ ပုဏ္ဏားသည် သေသောက်ကြူးများကို တွေ့သောအခါ အခြားသူတစ်ပါး မသုံးဆောင်ဖူးသေးသော ပန်းကို မေးမြန်းပုံ၊ သေသောက်ကြူးများက ပြက်ရယ်ပြုလျက် ရေသဖန်းပင်၏ အပွင့်ကို မည်သူမျှ မသုံးဆောင်ဖူးသေးကြောင်း ပြောကြားသဖြင့် ရေသဖန်းပင်၏ အပွင့်ကို ရှာဖွေပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၇)
အညတရဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ပုဏ္ဏားတစ်ယောက်သည် ဘုရားရှင်ထံ ချဉ်းကပ်ကာ မိမိတို့သည်လည်း ဇာတ်၊ အနွယ်အားဖြင့် ဗြာဟ္မဏများဖြစ်ကြောင်း လျှောက်ထားပုံ၊ ဘုရားရှင်က သာသနာတော်၌ ဇာတ်၊ အနွယ်အားဖြင့် ဗြာဟ္မဏမည်ရုံမျှဖြင့် ဗြာဟ္မဏဟု မခေါ်ဘဲ အမြတ်ဆုံး အရဟတ္တဖိုလ်သို့ ရောက်ရှိပြီး ရဟန္တာဖြစ်သည့် ပုဂ္ဂိုလ်များကိုသာ ဗြာဟ္မဏဟု ခေါ်ဆိုကြောင်း မိန့်ကြားတော်မူသော ပုဏ္ဏားကြီး သောတာပန်တည်ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၉၅)
အညတရဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ‘‘ကျွန်များကို ရဟန်းခံမပေးရ’’ဟူသော သိက္ခာပုဒ်ကို မပညတ်ရသေးမီ ပုဏ္ဏားကြီး၏ ကျွန်တစ်ယောက်သည် ထွက်ပြေးလာပြီး ဘုရားရှင်ထံ ရဟန်းဝတ်ကာ ရဟန္တာဖြစ်သွားပုံ၊ ရဟန္တာထေရ်သည် ဘုရားရှင်နှင်အတူ ဆွမ်းခံကြွသောအခါ ပုဏ္ဏားကြီးက သင်္ကန်းကို မြဲစွာ ဆုပ်ကိုင်လျက် ဘုရားရှင်အား ဤရဟန်းသည် မိမိ၏ ကျွန်ဖြစ်ကြောင်း လျှောက်ထားပုံ၊ ဘုရားရှင်က ဤရဟန်းသည် ခန္ဓာကိုယ်ဝန်ကို ချထားပြီးဖြစ်သော ရဟန္တာပုဂ္ဂိုလ်ကြီး ဖြစ်သွားပြီဖြစ်ကြောင်း မိန့်တော်မူ၍ တရားဓမ္မ ဟောပြတော်မူသောအခါ ပုဏ္ဏားကြီးသောတာပန်တည်ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၁၁)
အညတရဘိက္ခုနီဝတ္ထု
ဤဝတ္ထု၌ ဘိက္ခုနီတစ်ပါးသည် သာဝတ္ထိမြို့တွင်းမှ ဆွမ်းခံအပြန်တွင် ရဟန်းတစ်ပါးအား ဆွမ်းလှူခဲ့ပုံ၊ ထိုရဟန်းက အားလုံး ခံယူသဖြင့် ဘိက္ခုနီ ထိုနေ့၌ ဆွမ်းမစားရပုံ၊ နှစ်ရက် သုံးရက်ဆက်၍ ထိုနည်းအတိုင်း ရဟန်းက ဆွမ်းအလှူခံသဖြင့် ဘိက္ခုနီ ဆွမ်းပြတ်ခဲ့ပုံ၊ စတုတ္ထနေ့တွင် ထိုဘိက္ခုနီသည် ရထားလမ်း၌ တုန်တုန်ယင်ယင် ဆွမ်းခံထွက်စဉ် သူကြွယ်တစ်ဦးက ရထားတိုက်မိမှာစိုး၍ နောက်ဆုတ်ခိုင်းရာ ထိုဘိက္ခုနီ လဲကျခဲ့ပုံ၊ သူကြွယ်က အကြောင်းစုံကို သိ၍ ရဟန်းအား ကဲ့ရဲ့ခဲ့ပုံ၊ ဘုရားရှင် သိတော်မူသောအခါ ‘‘ဆွေမျိုးမတော်သော ဘိက္ခုနီထံမှ ဆွမ်းကို ခံယူ၍ သုံးဆောင်သော ရဟန်းအား ပါဋိဒေသနီယ အာပတ် သင့်၏’’ဟု ပထမ ပါဋိဒေသနီယ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၂၇)
အညတရဘိက္ခုနီဝတ္ထု
ဤဝတ္ထု၌ ဥပ္ပဝဏ်ထေရီ၏ တပည့် ဘိက္ခုနီမတစ်ပါးသည် ဝိနည်းကို သင်ယူရန် ဘုရားရှင့်နောက်သို့ ခုနစ်နှစ်လုံးလုံး လိုက်ခဲ့ပုံ၊ အမှတ်သတိ မကောင်းသူဖြစ်သဖြင့် မေ့လျော့သွားပုံ၊ ဘိက္ခုနီတစ်ပါးအနေဖြင့် ဘုရားရှင့်နောက် မပြတ်လိုက်ဖို့ရာ ခဲယဉ်းကြောင်း ရဟန်းတို့အား လျှောက်ထားပုံ၊ ဘုရားရှင် သိတော်မူ၍ ဘိက္ခုနီတို့သည် ရဟန်းတို့ထံမှ ဝိနည်းသင်ယူရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၄၅၂)
အညတရဘိက္ခုနီဝတ္ထု
ဤဝတ္ထု၌ မလ္လမင်းသမီးမှ ဘိက္ခုနီဝတ်လာသော ဘိက္ခုနီတစ်ပါးသည် ရထားလမ်းမတွင် အားအင်ချိနဲ့သော ရဟန်းတစ်ပါးကို တွေ့၍ ပခုံးဖြင့် တိုက်လှဲခဲ့သည့်အကြောင်းကို ဘုရားရှင် သိတော်မူ၍ ‘‘ဘိက္ခုနီသည် ရဟန်းအား မတိုက်ရ၊ ရဟန်းကို မြင်လျှင် အဝေးကပင် လမ်းဖယ်၍ ပေးရမည်’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၄၆၀)
အညတရဘိက္ခုနီဝတ္ထု
ဤဝတ္ထု၌ အမျိုးသမီးတစ်ယောက်သည် လင်ငယ်နှင့် ကိုယ်ဝန်ရသဖြင့် ထိုကိုယ်ဝန်ကို ဖျက်ချကာ ဆွမ်းခံဝင်နေကျ ဘိက္ခုနီအား သပိတ်ထဲ ထည့်၍ ယူသွားခိုင်းပုံ၊ ထိုကိုယ်ဝန်ကို သပိတ်ထဲထည့်၊ သင်္ကန်းဖြင့် ဖုံး၍ ယူလာစဉ် ပဌမဆုံးရသည့် ဆွမ်းကို လှူရန် အဓိဋ္ဌာန်ထားသော ရဟန်းနှင့် တွေ့၍ ဆွမ်းအလှူခံရန် ပြောရာမှ ထိုကိစ္စပေါ်လာပုံ၊ ဘုရားရှင် သိတော်မူ၍ ‘‘သပိတ်ထဲ ကိုယ်ဝန်သားကို မထည့်ရ’’ဟု ပညတ်တော်မူပြီး ‘‘ဘိက္ခုနီတို့သည် ရဟန်းကို တွေ့လျှင် သပိတ်ကို ထုတ်ဆောင်ပြရမည်’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၄၆၀)
အညတရဘိက္ခုနီဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့ ရထားလမ်းမ၌ ယောကျ်ားတန်ဆာပြတ်ကြီးတစ်ခုကို စွန့်ပစ်ထားရာ ဘိက္ခုနီတို့က သေသေချာချာ စူးစိုက်ကြည့်ကြသဖြင့် လူတို့က ပြက်ရယ်ပြုကြပုံ၊ ဘုရားရှင် သိတော်မူ ‘‘ဘိက္ခုနီတို့သည် ယောကျ်ားတန်ဆာကို စူးစိုက်မကြည့်ရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၄၆၁)
အညတရဘိက္ခုနီဝတ္ထု
ဤဝတ္ထု၌ ကိုယ်ဝန်တည်စ အမျိုးသမီးတစ်ဦးသည် ဘိက္ခုနီဝတ်လာရာ နောက်မှ ကိုယ်ဝန်ရင့်လာပုံ၊ ဘုရားရှင်အား လျှောက်ထားရာ သားသမီးမွေးဖွားပြီး ကလေး တတ်သိနားလည်သည့် အရွယ်အထိ စောင့်ရှောက်ရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၄၇၃)
အညတရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတို့သည် အခြားရဟန်းတို့၏ အထံ၌ နှစ်ထပ်သင်္ကန်းကြီးကို ထားခဲ့ပြီး သင်းပိုင်ဧကသီသင်္ကန်းမျှဖြင့် ရပ်ရွာဇနပုဒ်များသို့ ကြွသွားကြပုံ၊ ကြာမြင့်စွာ ထားခဲ့သော နှစ်ထပ်သင်္ကန်းကြီး မှိုတက်နေ၍ နေပူလှန်းရသည်ကို အရှင်အာနန္ဒာ မြင်သဖြင့် ကဲ့ရဲ့ရှုတ်ချသောကြောင့် နှစ်ထပ်သင်္ကန်းကြီး၊ သင်းပိုင်၊ ဧကသီတို့နှင့် တစ်ရက်မျှ ကင်း၍မနေရ၊ နေသော ရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ် သင့်၏-ဟု ဥဒေါသိတ သိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၂၉၇)
အညတရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဖျားနာနေသော ရဟန်းတစ်ပါးအား ဆွေမျိုးတို့က ပြုစုရန် ကောသမ္ဗီသို့ ပင့်ကြသော်လည်း တိစီဝရိက်နှင့် မကင်းကွာရဟူသော ပညတ်ချက်အရ မသွားနိုင်ဘဲဖြစ်နေပုံ၊ ဘုရားရှင်က ဂိလာနတို့အတွက် သမ္မုတိတောင်းပြီး ကင်းကွာ၍ နေနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၂၉၇)
အညတရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် သင်္ကန်းကာလမဟုတ်သည့်အချိန်၌ သင်္ကန်းချုပ်ရန် သင်္ကန်းလျာ အဝတ်ကို ရလာပုံ၊ ထိုရဟန်းသည် မိမိရလာသော သင်္ကန်းလျာအဝတ်မှာ သင်္ကန်း မချုပ်လောက်သဖြင့် အဝတ်ပမာဏ ကြီးလာမည် အထင်ဖြင့် အဝတ်ကို ထပ်ကာ ထပ်ကာ ဆွဲဖြန့်၍ နေသည်ကို ဘုရားရှင် တွေ့မြင်တော်မူ၍ နောက်ထပ် သင်္ကန်း ရရန် မျှော်လင့်ချက်ရှိပါက သင်္ကန်းလျာအဝတ်ကို တစ်လအထိ သိမ်းထားနိုင်ကြောင်း၊ တစ်လကျော်အောင် ထားပါက နိဿဂ္ဂိပါစိတ်အာပတ် သင့်ကြောင်း တတိယကထိနသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၀၃)
အညတရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဖျားနာနေသော ရဟန်းတစ်ပါးထံ ပြုစုလိုသော ဆွေမျိုးများက ကောသမ္ဗီသို့ ကြွလာရန် ပင့်ခေါ်ရာ အခင်းသစ်ကို ၆-နှစ် သုံးရမည်ဟူသော သိက္ခာပုဒ်အရ အခင်းကို ယူမသွားနိုင်သဖြင့် ဘုရားရှင်က ဖျားနာသမ္မုတိရလျှင် အခင်းသစ် ပြုနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၃၄)
အညတရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် ကောသလတိုင်း ဇနပုဒ်တစ်ခုမှ သာဝတ္ထိပြည်သို့ လာစဉ် ခရီးအကြား၌ သိုးမွေးများကို ရရှိပုံ၊ ၎င်းသိုးမွေးများကို အပေါ်ရုံသင်္ကန်းကြီးဖြင့် အထုပ်ထုပ်ကာ သယ်ပိုးလာသဖြင့် လူတို့က ပြောင်လှောင်ကြပုံ၊ ဤဝတ္ထုကို အကြောင်းပြု၍ သိုးမွေးများကို သုံးယူဇနာထက် ပို၍ မသယ်ရဟု ဘုရားရှင်က ဧဠကလောမ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၄၀)
အညတရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်က သပိတ်အသစ်များ တောင်းဆိုအလှူခံမှုကို ခွင့်ပြုတော်မမူတော့သဖြင့် သပိတ်ကွဲသွားသော ရဟန်းတစ်ပါးသည် လက်နှင့်ဆွမ်းခံသောကြောင့် သပိတ်ကွဲ သပိတ်ပျောက်လျှင် သပိတ်သစ် အလှူခံနိုင်ကြောင်း ဘုရားရှင်က ခွင့်ပြုတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၅၅)
အညတရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဝေသာလီပြည် မဟာဝုန်တော ကူဋာဂါရသာလာကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ် ပစ္စည်းအားလုံး ပံ့သကူပစ္စည်းများကိုသာ သုံးဆောင်သော ရဟန်းတစ်ပါးသည် သုသာန်၌သာ သီတင်းသုံးနေပုံ၊ ထိုရဟန်းသည် လူတို့က ဆက်ကပ်လှူဒါန်းသည်ကို လက်မခံဘဲ သုသာန်၊ သစ်ပင်ရင်း၊ တံခါးခုံအရပ်တို့၌ ကွယ်လွန်လေပြီးသော မိဘဘိုးဘွားတို့အား ရည်စူး၍ စွန့်ထားသော အစားအသောက်များကိုသာ ကိုယ်တိုင် ယူ၍ စားသဖြင့် လူတို့က ကဲ့ရဲ့သောကြောင့် ‘‘အကပ်မခံဘဲ အာဟာရကို စားသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဒန္တပေါန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၂၀)
အညတရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါး၏ ဦးလေးသည် စစ်တပ်ထဲ၌ ဖျားနာနေသဖြင့် ထိုရဟန်းအား ကြွရောက်ပါရန် ပင့်လျှောက်ရာ စစ်တပ်ကို ကြည့်ရှုရန် မသွားရဟု ပညတ်ပြီးဖြစ်၍ ဘုရားရှင်အား လျှောက်ထားရာ ဘုရားရှင်က အကြောင်းကိစ္စရှိလျှင် သွားနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၄၀)
အညတရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် အခွန်ကောက်ရာဌာနကို ရှောင်လွှဲသွားသည့် ကုန်သည်များနှင့် အတူ လိုက်ပါသွားပုံ၊ အခွန်ကောက်သူများက စောင့်ဆိုင်းဖမ်းကြပုံ၊ ထိုရဟန်းအား ရဟန်းကောင်းများက ကဲ့ရဲ့ကြသည်ကို အကြောင်းပြု၍ ‘‘အခွန်ရှောင်လွှဲသည့် ကုန်သည်နှင့် အတူ ခရီးသွားသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ထေယျသတ္ထ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၇၁)
အညတရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် ကောသလတိုင်း ဇနပုဒ်တစ်ခုမှ သာဝတ္ထိသို့ ခရီးထွက်ခဲ့ရာ လင်ယောက်ျားနှင့်စကားများပြီး အိမ်မှထွက်လာသော အမျိုးသမီးတစ်ယောက်နှင့် လမ်းခရီးတွင် တွေ့ဆုံပုံ၊ အမျိုးသမီးက အတူ လိုက်ပါရစေဟု တောင်းပန်သဖြင့် အတူ သွားခဲ့ကြရာ အမျိုးသမီး၏ လင်ယောက်ျား နောက်မှ လိုက်လာပြီး အထင်အမြင်လွဲကာ ရဟန်းအား ထောင်းထုပုံကို အကြောင်းပြု၍ ‘‘မာတုဂါမများနှင့် စီစဉ်ချိန်းချက်၍ ခရီးသွားသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု သံဝိဓာနသိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၇၃)
အညတရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် ကောသလတိုင်းမှ သာဝတ္ထိသို့ ကြွစဉ် ညနေချိန် ရွာတစ်ရွာသို့ ရောက်၍ လူတို့က ရွာထဲဝင်ရန် ပင့်သော်လည်း ကုက္ကုစ္စရှိ၍ မဝင်ဘဲနေပုံ၊ ခိုးသူတို့ လုယက်ခံရပုံ၊ ဘုရားရှင် သိတော်မူ၍ အနီးတွင် ရဟန်းတစ်ပါးပါး ထင်ရှားရှိလျှင် ပန်ကြား၍ နေလွဲအခါ ရွာထဲ ဝင်နိုင်သည်ဟု ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၁၅)
အညတရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် သေက္ခသမ္မုတိရသော အိမ်သို့ ကြွလေ့ရှိပုံ၊ ဆွမ်းဘုဉ်းပေးရန် လျှောက်သော်လည်း ရဟန်းက ပါဋိဒေသနီယသိက္ခာပုဒ်ဖြင့် သံသယရှိ၍ ငြင်းပယ်ခဲ့ပုံ၊ ထိုရဟန်း ဂိလာနဖြစ်၍ အခြားနေရာသို့ ဆွမ်းမခံနိုင်သောအခါ ဆွမ်းမစားရပုံကို ဘုရားရှင် သိတော်မူသဖြင့် ဂိလာနဖြစ်လျှင် သေက္ခသမ္မုတိတို့ထံမှ ဆွမ်းကို ဘုဉ်းပေးနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၃၃)
အညတရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် တောကျောင်း၌ နေစဉ် ဖျားနာနေပုံ၊ လူတို့က ဆွမ်းခဲဖွယ်များကို ယူလာကြပြီး လှူဒါန်းကြပုံ၊ စတုတ္ထပါဋိဒေသနီယ သိက္ခာပုဒ် ပညတ်ပြီးဖြစ်၍ ထိုရဟန်းက ငြင်းပယ်ခဲ့ပုံ၊ ထိုနေ့ ထိုရဟန်းဆွမ်းမစားရကြောင်းကို ဘုရားရှင် သိတော်မူသဖြင့် ဂိလာနဖြစ်လျှင် လူတို့စီမံအပ်သော ဆွမ်းကို ဘုဉ်းပေးနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၃၅)
အညတရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် လမ်းမပေါ်၌ ဆွမ်းခံကြွစဉ် ရဟန်းမတစ်ပါးအား လမ်းမပေါ်ရှိ ဆွမ်းလောင်းရာ နေရာကို ပြောပြပုံ၊ ဤသို့ဖြင့် ရဟန်းနှင့် ရဟန်းမတို့ ရင်းနှီးသွားကြရာ ရဟန်းက ရဟန်းမအား သင်္ကန်းပေးခဲ့ပုံ၊ မိမိမှာတော့ သင်္ကန်းရှားပါးသဖြင့် ဒုက္ခရောက်ရပုံ၊ ဤဝတ္ထုကို အကြောင်းပြု၍ ဘုရားရှင်က ‘‘ဆွေမျိုးမတော်သော ရဟန်းမတို့အား သင်္ကန်းပေးသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု စီဝရဒါနသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဝိ၊၂၊၈၃)
အညတရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် ရာဇဂြိုဟ်မြို့မှ ရဟန်းပြုလာပြီး ဆွေမျိုးများထံ အသွားတွင် ဆွေမျိုးများက ဆွမ်းကပ်ရာ ဘိက္ခုနီတစ်ပါးက ကြားဝင်ပြီး စီမံသဖြင့် ရဟန်းက မြတ်စွာဘုရား ပညတ်ထားပြီးဖြစ်သော ဘိက္ခုနီ စီစဉ်သော ဆွမ်းကို မခံယူရဟူသော သိက္ခာပုဒ်အရ သံသယရှိ၍ မခံယူဘဲနေပုံ၊ ထိုနေ့ ဆွမ်းမဘုဉ်းပေးရဘဲ ကျောင်းသို့ပြန်လာပြီး ဘုရားရှင်အား လျှောက်ထားရာ ရှေးဦးစွာ လူတို့စီမံပြင်ဆင်ထားပြီးဖြစ်လျှင် လက်ခံနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၉၂)
အညတရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ လုလင်တစ်ယောက်သည် ရဟန်းခံပေးရန် တောင်းပန်လာရာ ရဟန်းတို့က ကြိုတင်၍ ရဟန်းတို့ အမှီပြုရမည့် တရားများကို ပြောပြပုံ၊ ထိုလုလင်က ရဟန်းဖြစ်မှ ပြောပါမူ လိုက်နာနိုင်ကောင်းပါသည်၊ ယခုမူ ကြိုတင် သိနေရပြီ ဖြစ်၍ စက်ဆုပ်ပါသည်ဟု ဆိုကာ ရဟန်းမခံဘဲနေတော့သဖြင့် ရဟန်းခံခါနီးမှသာ မှီရာကြီးများကို ပြောပြရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၇၃)
အညတရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးကို ဆွေမျိုးတို့သည် ထိုဥပုသ်နေ့၌ပင် ဖမ်းဆီးထားကြပုံ၊ ထိုရဟန်း ဥပုသ်ပြုနိုင်ရန်အတွက် ခေတ္တခဏ ထိုရဟန်းကို လွှတ်ပေးရန် ရဟန်းတို့က ဆွေမျိုးများကို ပြောရမည်၊ သို့မဟုတ် ပါရိသုဒ္ဓိပေးနိုင်ရန် လွှတ်ပေးဖို့၊ သို့မဟုတ် ထိုရဟန်းကို သိမ်ပြင်ပသို့ ထုတ်ဆောင်သွားရန် ပြောရမည်။ ဝဂ်ဖြစ်နေသော သံဃာသည်ကား မည်သို့မျှ ဥပုသ်မပြုရဟု ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၆၄)
အညတရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် ဂိလာနဖြစ်နေသဖြင့် ရဟန်းတို့ လာရောက်ရန် သတင်းပို့လိုက်ပုံ၊ ဘုရားရှင်အား လျှောက်ထားရာ ဝါတွင်းကာလဖြစ်သော်လည်း သီတင်းသုံးဖော် ငါးဦးနှင့် ပတ်သက်လာလျှင် ပင့်သည်ဖြစ်စေ၊ မပင့်သည်ဖြစ်စေ၊ ၇-ရက်ကြာ သွားနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ၊ ထို့အတူပင် သီတင်းသုံးဖော် ငါးဦးတို့ကဲ့သို့ပင် အမိအဖတို့ ဖျားနာလျှင်လည်း သွားလာနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ၊ အစ်ကို အစ်မဆွေမျိုးတို့ ဖျားနာလျှင်မူ ပင့်မှ သွားကောင်းကြောင်း မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၉၉)
အညတရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် ဘုရားရှင်နှင့်အတူ ဆွမ်းခံဝင်သော် ကွလျက် လိုက်ပုံ၊ အလွှာများသော ဖိနပ်ကို စီးထားသော ဒကာတစ်ဦးက ဘုရားရှင်ကို ရှိခိုးရင်း ထိုရဟန်း၏ ဝေဒနာကို မေးရာ ခြေကွဲနာဖြစ်ကြောင်း သိရသဖြင့် ဖိနပ်လှူခဲ့ပုံ၊ ထိုရဟန်းက လက်မခံသဖြင့် ဘုရားရှင်က ရဟန်းတို့အား အလွှာအထပ်ထပ်ပါသော ဖိနပ်ဟောင်းကို စီးခွင့်ပြုကြောင်း ခွင့်ပြုတော်မူခဲ့ပုံစသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၇၄)
အညတရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် ခြေဖဝါး၌ တံသင်းငုတ်ကဲ့သို့ အသားပိုထွက်သော အနာ ဖြစ်နေရာ ရဟန်းတော်တို့က မ,ယူချီပိုး၍ ကျင်ကြီးကျင်ငယ် တည်ကြရပုံ၊ ဘုရားရှင် သိတော်မူ၍ ခြေဖဝါးနာ ခြေဖဝါးကွဲ အသားထွက်လျှင် ဖိနပ်စီးနိုင်ကြောင်း၊ သစ်ငုတ်၊ ဆူး မနင်းမိစေရန် ကျောင်းအတွင်း၌ ဖိနပ်စီးနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၇၆)
အညတရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် ကောသလတိုင်း ဇနပုဒ်တစ်ခုမှ ဘုရားရှင်အား ဖူးမြော်ရန် သာဝတ္ထိသို့ လာစဉ် လမ်းခရီး၌ ဖျားနာပုံ၊ လူတို့က ယာဉ်၌စီးကာ လိုက်ခဲ့ပါရန် ခေါ်သော်လည်း ငြင်းပယ်ခဲ့ပုံ၊ နောင်အခါ ဘုရားရှင် သိတော်မူသောအခါ ဂိလာနရဟန်းအား အထီးကသောယာဉ်၊ လက်ဆွဲယာဉ်၊ ထမ်းစင်၊ သန်လျင်းကို ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၈၀)
အညတရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ရဟန်းတို့အား တိစီဝရိက်ကို ခွင့်ပြုတော်မူပြီးနောက် ရဟန်းတစ်ပါး၏ သင်္ကန်းသည် ပေါက်ပြဲနေရာ ထိုရဟန်းက အဝတ်စတစ်စဖြင့် ဖာထေးထားပုံ၊ ဘုရားရှင် တွေ့တော်မူလျှင် သာဓုခေါ်တော်မူပြီး သင်္ကန်းများ ပေါက်ပြဲလျှင် ဖာထေးနိုင်ကြောင်း၊ လေးထပ်ဒုကုဋ၊် နှစ်ထပ်ကိုယ်ဝတ်၊ နှစ်ထပ်သင်းပိုင်အထိ ထပ်ပိုးနိုင်ကြောင်း ပံ့သကူသင်္ကန်း၌ အလိုရှိသမျှ ထပ်နိုင်ကြောင်း၊ ဖာထေးခြင်း၊ အပ်ဖြင့်ချုပ်ခြင်း၊ လုံး၍ချုပ်ခြင်း၊ တလုပ်အုပ်ခြင်း၊ အရိအဆွေးကို မခွာဘဲ အပေါ်၌ ထပ်ခြင်း ဖာခြင်းကို ခွင့်ပြုကြောင်း မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၀၃)
အညတရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါး သင်္ကန်းချုပ်စရာ အဝတ်များစွာ ရရှိလာသောကြောင့် မိဘတို့အား ပေးလိုသောဆန္ဒ ဖြစ်ပေါ်လာရာ ဘုရားရှင်က မိဘတို့ကို ပေးရာ၌ ပြောဆိုဖွယ်မရှိ ပေးခွင့်ပြုတော်မူခဲ့ပုံ၊ ‘‘လူတို့သဒ္ဓါ၍ လှူသောပစ္စည်းကို မဖျက်ဆီးအပ်၊ ဖျက်ဆီးသူအား သဒ္ဓါဒေယျ ဝိနိပါတ ဒုက္ကဋ်အာပတ် သင့်စေ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၁၂)
အညတရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးနှင့် သာမဏေတစ်ပါးတို့သည် ဂိလာနရဟန်းတစ်ပါးအား ပြုစုနေကြစဉ် ထိုဂိလာန ရဟန်း ပျံတော်မူသွားခဲ့ပုံ၊ သပိတ်နှင့် တိစီဝရိက်တို့ကို ရဟန်းနှင့်သာမဏေတို့ အညီအမျှ ခွဲဝေ ယူရမည်ဟု ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၂၀)
အညတရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ပစ္စည်းဥစ္စာပရိက္ခရာများသော ရဟန်းတစ်ပါး ပျံတော်မူသောအခါ ဘုရားရှင်က ‘‘တိစီဝရိက်နှင့် သပိတ်ကို ဂိလာနပြုစုသူက ယူရန်၊ လဟုဘဏ်များကို မျက်မှောက်သံဃာများက ခွဲဝေယူရန်၊ ဂရုဘဏ်များမှာမူ ရောက်လာပြီး မရောက်လာသေးသော အရပ်လေးမျက်နှာရှိ သံဃာ၏ ဥစ္စာဖြစ်၍ မစွန့်ရ မဝေရ’’ဟု ပစ္စည်းခွဲဝေရေးနှင့် ပတ်သက်၍ ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၂၀)
အညတရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် အဝတ်မဆည်း ကိုယ်လုံးတီးအနေဖြင့် ဘုရားရှင့်အထံတော်သို့ သွားကာ အလိုနည်းရန်အတွက် ရဟန်းတို့အား အဝတ်မဝတ်ဘဲ နေခွင့်ပြုပါရန် လျှောက်ထားပုံ၊ ဘုရားရှင်က ကဲ့ရဲ့တော်မူပြီး ‘‘တိတ္ထိတို့၏ အကျင့်ဖြစ်သည်ဟု ပယ်တော်မူကာ ကိုယ်လုံးတီးမနေရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၂၁)
အညတရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် မြွေကိုက်ခံရပြီး ပျံလွန်တော်မူရာ ဘုရားရှင် သိတော်မူ၍ ဤရဟန်းသည် မြွေနဂါးမင်းမျိုးတို့ကို မေတ္တာမပို့၍ မြွေကိုက်ခံရသည်၊ မေတ္တာပို့လျှင် မြွေကိုက်မခံရဟု မိန့်တော်မူကာ ခန္ဓသုတ်ကို ဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၄၅)
အညတရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် ကောသလတိုင်း ဇနပုဒ်တစ်ခုမှ သာဝတ္ထိမြို့သို့ ကြွလာစဉ် လမ်းခရီးအကြားတွင် ဆင်လိုက်ခံရပုံ၊ သစ်ပင်ရင်းသို့ ကပ်ရှောင်ပြီး သစ်ပင်မတက်ရဟူသော ပညတ်ချက်အရ သစ်ပင်မတက်ဘဲ နေခဲ့ပုံ၊ ဆင်က တခြားရှောင်သွားသဖြင့် အသက်ချမ်းသာရာရပုံကို ဘုရားရှင်အား လျှောက်ထားရာ ဘုရားရှင်က အရေးကိစ္စရှိလျှင် လက်ခုပ်တစ်ဖောင် တစ်သူလောက်ထိ တက်နိုင်ကြောင်း၊ ဘေးရန်ကြုံပါက အလိုရှိသလောက် တက်နိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၇၉)
အညတရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဗြာဟ္မဏလူမျိုး ရဟန်းတစ်ပါးသည် ကျင်ကြီးစွန့်ပြီး သန့်သက်ရေ မဆေးသောကြောင့် ဝစ္စမဂ်(စအို)၌ ပိုးကောင်များ တွယ်လာပုံ၊ ဘုရားရှင်က ရေရှိလျှင် ကျင်ကြီးစွန့်ပြီးနောက် သန့်သက်ရေ အသုံးပြုရန်၊ ကုဋိတက်ရာ၌ ဝါစဉ်အတိုင်း မဟုတ်ဘဲ အလျင်ရောက်သော ရဟန်းက အလျင်ကုဋိတက်ရန်၊ ညည်းတွားလျက် ကုဋိတက်ခြင်း စသည်ကို မပြုလုပ်ရန် ဝစ္စကုဋိဝတ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၉၀)
အညတရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ သီဟိုဠ်ကျွန်း၌ ဘာတိယမင်း အုပ်ချုပ်နေစဉ် မဟာစေတီဘုရားပွဲတော်သို့ ရဟန်းတစ်ပါး အဝတ်စတစ်စ ပခုံးတင်၍ လာရောက်ပုံ၊ လူကြပ်လှသဖြင့် အဝတ်စ ပြုတ်ကျ ကျန်ရစ်ခဲ့ပုံ၊ ပြန်ရမည်ဟု မျှော်လင့်ချက် မထားတော့ပုံ၊ တခြားရဟန်းတစ်ပါးက တွေ့၍ ခိုးလိုစိတ်ဖြင့် ယူခဲ့ပုံ၊ သံသယကို စူဠသုမနထေရ်ထံ လျှောက်ရာ သင်္ကန်းပိုင်ရှင်ကို ရှာခိုင်းပုံ၊ ရှာတွေ့သောအခါ မည်သို့ စိတ်ထားသနည်းဟု မေးရာ မျှော်လင့်ချက်မထားတော့ကြောင်း လျှောက်ပုံ၊ ဝိနည်းဓိုရ်က ပိုင်ရှင်က စွန့်ပြီးဖြစ်၍ ပါရာဇိက အာပတ် မသင့်ကြောင်း ဆုံးဖြတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၁၊၂၆၅)
အညတရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် ဘုရားရှင့်ထံမှ အရဟတ္တဖိုလ်ရောက် ကမ္မဋ္ဌာန်းကို တောင်းယူ၍ တောသို့ ဝင်ကာ ကမ္မဋ္ဌာန်းတရားကို အားထုတ်ပါသော်လည်း အရဟတ္တဖိုလ်သို့ မရောက်ဖြစ်နေပုံ၊ ‘‘အခြားကမ္မဋ္ဌာန်းကို တောင်းအံ့’’ဟု ကြံ၍ ဘုရားရှင်ထံ လာစဉ် လမ်း၌ တောမီးလောင်နေသည်ကို ကြည့်ကာ မီးသည် သစ်ပင် ကြီးငယ်များကို လောင်မြှိုက်သကဲ့သို့ ခန္ဓာကိုယ်တွင်းရှိ ကိလေသာအားလုံးကို လောင်မြှိုက်ရန် ငါ အားထုတ်သင့်သည်ဟု ဆင်ခြင်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၇၈)
အညတရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ မာတိကရွာနေ ရဟန်းတော်(၆၀)တို့သည် ထိုရွာမှ မာတိကမာတာ ဥပါသိကာမကြီး၏ ပစ္စည်းလေးပါး အထောက်အပံ့ဖြင့် တရားအားထုတ်ကြပုံ၊ ဤဥပါသိကာမကြီးသည် ထိုရဟန်းတော်တို့ထံမှ သုံးဆယ့်နှစ်ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို သင်ယူ၍ တရားအားထုတ်သဖြင့် အနာဂါမ်တည်သွားပုံ၊ ဥပါသိကာမကြီးသည် ရဟန်းတော်တို့၏ အလိုကို သိ၍ အာဟာရသပ္ပါယဖြစ်အောင် ထောက်ပံ့သဖြင့် ထိုရဟန်းတော်များသည် ဝိပဿနာပွားကာ မကြာမီ ရဟန္တာဖြစ်ကြပုံ၊ ထို့နောက် အခြားရဟန်း တစ်ပါးသည် မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းယူ၍ တရားအားထုတ်စဉ် မိမိ၏ စိတ်အကြံအစည်ကို ဥပါသိကာမကြီးက သိနေသဖြင့် ရှက်၍ မြတ်စွာဘုရားထံ ပြန်လာသောအခါ မြတ်စွာဘုရားက နှိပ်ကွပ်နိုင်ခဲသော စိတ်ကို ဆုံးမရန် ဩဝါဒပေးသဖြင့် ဝိပဿနာပွားကာ ရဟန္တာဖြစ်သွားပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၈၃)
အညတရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတော်တစ်ပါးသည် ညောင်စောင်းအင်းပျဉ် စသည့်ပရိက္ခရာများကို မိုးထဲ၊ ရေထဲ၊ နေပူထဲ၌ စွန့်ပစ်ထားသဖြင့် ခြများကိုက်ပြီး ပျက်စီးနေပုံ၊ အခြားရဟန်းများက တွေ့မြင်သဖြင့် သိုမှီးသိမ်းဆည်းထားသင့်ကြောင်း ပြောကြားသောအခါ ‘‘နည်းနည်းပါးပါးလေးပဲ အကြောင်းမဟုတ်ပါ၊ ကိစ္စမရှိပါ’’ဟု ပြောကြားပုံ၊ ထိုအကြောင်းအရာကို အခြားရဟန်းတော်များက ဘုရားရှင်အား လျှောက်ထားပုံ၊ ပရိက္ခရာများကို မသိမ်းဆည်းသော ရဟန်းအား ဘုရားရှင်က ခေါ်ယူဆုံးမသောအခါ၌လည်း ရှေးနည်းအတိုင်းပင် မထီမဲ့မြင် ပြောကြားလျှောက်ထားပုံ၊ ဘုရားရှင်က မကောင်းမှုဟူသမျှကို သေးသည်၊ ငယ်သည်၊ နည်းသည်ဟူ၍ အထင်မသေးသင့်ကြောင်း၊ တံစက်မြိတ်မှ တစ်စက်ချင်း ကျလာသော မိုးရေပေါက်သည် ကျဖန်များလာသောအခါ အိုးစရည်းကြီးများပင် ပြည့်လျှံသွားသကဲ့သို့ အနည်းငယ်မျှသော မကောင်းမှုမျိုးကိုလည်း ပြုဖန်များလာသောအခါ ထုထည်ကြီးမားလာပြီး အပါယ်ငရဲသို့ ကျရောက်စေတတ်ကြောင်း စသည်ဖြင့် ဟောပြတော်မူသောအခါ များစွာသော ရဟန်းတော်များသောတာပန်တည်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၀)
အညတရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတော်များအတွက် ကျောင်းအိပ်ရာနေရာများကို ဘုရားရှင် ခွင့်ပြုတော်မူသဖြင့် ရဟန်းတစ်ပါးသည် ကျောင်းဆောက်ရန် သစ်ပင်ကို ခုတ်လှဲသောအခါ ရုက္ခစိုးနတ်၏သားငယ့်လက်ကို ခုတ်ဖြတ်မိပုံ၊ ရုက္ခစိုးနတ်သည် ဒေါသထွက်ကာ ရဟန်းကို သတ်ရန် ကြံစည်ပြီးမှ အပါယ်ငရဲသို့ လားရောက်ရမည်ကို ကြောက်သဖြင့် ငိုယိုပြီး ဘုရားရှင်ထံ အကျိုးအကြောင်း စုံလင်စွာ လျှောက်ထားသောအခါ ဘုရားရှင်က တရားဟောသဖြင့် ရုက္ခစိုးနတ် သောတာပန်တည်သွားပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၉၄)
အညတရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတော်တစ်ပါးသည် ဘုရားရှင်ထံမှ ကမ္မဋ္ဌာန်းတောင်းပြီး တောထဲ၌ တရားအားထုတ်သောအခါ ရဟန္တာဖြစ်သွားသဖြင့် မိမိရရှိထားသော အရဟတ္တဖိုလ်တရားထူးကို ဘုရားရှင်အား လျှောက်ထားရန် တောအုပ်ထဲမှ ထွက်ခွာလာပုံ၊ ထိုစဉ် လင်ယောကျ်ားနှင့် ရန်ဖြစ်သဖြင့် မိဘအိမ်သို့ ပြန်ပြေးသည့် အမျိုးသမီး တစ်ယောက်သည် ရဟန်းတော်နောက်မှ လိုက်ပါလာပုံ၊ လင်ယောကျ်ားဖြစ်သူက မိမိအိမ်၌ ဇနီးမယားကို မတွေ့သဖြင့် နောက်မှ လိုက်သွားသောအခါ တောအုပ်ထဲ၌ ရဟန်းနှင့် ရှေ့ဆင့်နောက်ဆင့် တွေ့သဖြင့် ရဟန်းတော်အား ခြိမ်းခြောက်ရိုက်နှက် ထောင်းထုပုံ၊ ဇေတဝန်ကျောင်းသို့ ရောက်သောအခါ ထောင်းထုခံရသဖြင့် ဖူးယောင်နေသော ရဟန်းတော်အား အခြားရဟန်းများက အမျက်ဒေါသ ထွက်မထွက် မေးမြန်းပုံ၊ ရဟန်းတော်က အမျက်ဒေါသ မထွက်ကြောင်း ပြောကြားသောအခါ အခြားရဟန်းများက ဤရဟန်းသည် လိမ်ညာ၍ အရဟတ္တဖိုလ်ကို ပြောကြားနေပါသည်ဟု ဘုရားရှင်အား လျှောက်ထားကြပုံ၊ ဘုရားရှင်က ရဟန္တာပုဂ္ဂိုလ်တို့မည်သည် သတ္တဝါတို့အပေါ်၌ တုတ်ဓားစသည့် လက်နက်များကို ပစ်ချဖယ်ခွာထားပြီး ဖြစ်ကြောင်း စသည်ဖြင့် တရားဟောသောအခါ အခြားရဟန်းများ သောတာပန်တည်သွားကြပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၁၅)
အညတရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် ဂဂ္ဂရာရေအိုင်အနီး၌ နေစဉ် တဏှာ၏အလိုသို့လိုက်၍ အကုသိုလ်အကြံအစည်များကို ကြံစည်နေပုံ၊ မြတ်စွာဘုရားက ထိုရဟန်း၏ အလိုဆန္ဒကိုသိတော်မူ၍ တဏှာ၏ အပြစ်များကို ဟောတော်မူသောအခါ ထိုရဟန်းသည် သီလစောင့်ခြင်း စသည်ဖြင့် တဏှာကို ပယ်ခွာနိုင်ပြီး ရဟန္တာဖြစ်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၆)
အညတရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် ဂင်္ဂါမြစ်ကမ်း၌ နေစဉ် နွေရာသီ ရေနည်းချိန်၌ ရေအလျဉ်က ကျူတံတားကို တိုက်ယူသယ်သွားပုံကို တွေ့ရ၍ သင်္ခါရတို့၏ မမြဲခြင်းကို ထိတ်လန့်ပုံ၊ မြတ်စွာဘုရားက ထိုရဟန်း၏ အလိုဆန္ဒကိုသိတော်မူ၍ မာနနှင့် ကျူရိုးတံတား တူပုံ၊ အရဟတ္တမဂ်နှင့် ရေအလျဉ် တူပုံတို့ကို ဥပမာပြ၍ ဟောတော်မူရာ ထိုရဟန်းသည် ရဟန္တာဖြစ်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၆)
အညတရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ တော၌နေသော ရဟန်းကို မုဆိုးက မြင်ဖန်များသဖြင့် ကြည်ညိုကာ ပစ္စည်းလေးပါး လှူဒါန်းပုံ၊ ထိုသို့ လှူဒါန်းမှုကို လူတို့ မြင်၍ တစ်ဦးနှင့်တစ်ဦး မှီတွဲကာ အသက်မွေးကြသည်ဟု ကဲ့ရဲ့ကြပုံ၊ မြတ်စွာဘုရားရှင်က အသက်မွေးမှု မတူညီသော ရဟန်းနှင့် မုဆိုးတို့မှာ တခြားစီသာ ဖြစ်၏-ဟု မိန့်ကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၂၆၁)
အညတရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ မထေရ်ကြီးတစ်ပါးသည် တောကျောင်း၌ နေလျက် တရားအားထုတ်စဉ် ဘီလူးမတစ်ကောင်သည် ကျောင်း၏တံခါးဝ၌ ရပ်လျက် သီချင်းဆိုပြပုံ၊ မထေရ်ကြီးထွက်လာသောအခါ စင်္ကြံထိပ်သို့ သွား၍ သီချင်းဆိုပုံ၊ မထေရ်ကြီးက စင်္ကြံထိပ်သို့ ရောက်လာသောအခါ အလွန်တရာနက်သော ချောက်ကမ်းပါးထိပ်၌ သွားရပ်လျက် သီချင်းဆိုပုံ၊ မထေရ်ကြီးက ဆက်မလိုက်တော့ဘဲ ပြန်လှည့်သွားသောအခါ ဘီလူးမက ပြေးလာပြီး ပခုံးကို ဖမ်းဆုပ်လျက် ‘‘သင်ကဲ့သို့သော ပုဂ္ဂိုလ်မျိုး နှစ်ယောက်သုံးယောက်ကို စားဖူးပြီ’’ဟု ပြောကာကိုက်စားပုံ၊ ထိုကဲ့သို့ မလျောက်ပတ်သော ကျောင်းနေရာမျိုး၌ တရားအားမထုတ်သင့်ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၁၁၈) (သာရတ္ထ၊ဋီ၊၂၊၂၀၉)
အညတရမဟာမတ္တဝတ္ထု
ဤဝတ္ထု၌ အမတ်ကြီးတစ်ဦးသည် အရပ်တစ်ပါးရှိ စစ်မြေပြင်သို့ ခရီးထွက်နေစဉ် ရဟန်းတော်တို့ထံ ဝါကျွတ်သင်္ကန်းကို ကြွရောက် အလှူခံပါရန် တမန်စေလွှတ်လျှောက်ထားပုံ၊ ရဟန်းတို့က ဝါကျွတ်သင်္ကန်းကို ဘုရားရှင်က ဝါကျွတ်သော ရဟန်းတို့အားသာ ခွင့်ပြုထားသည်ဟု သံသယရှိကြပုံ၊ ရဟန်းတို့ အလှူခံ မသွားဘဲနေရာ အမတ်ကြီးက ကဲ့ရဲ့သဖြင့် ဘုရားရှင်က အဆောတလျင် လှူဒါန်းသော သင်္ကန်းကို လက်ခံနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၇၄)
အညတရသေဋ္ဌိပုတ္တဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့သား သူဌေးသားတစ်ဦးသည် နွေ မိုး ဆောင်း ဥတုအလိုက် ပြာသာဒ်သုံးဆောင်တို့၌ ကာမဂုဏ်စည်းစိမ် ခံစားပုံ၊ သံဝေဂရ၍ ရဟန်းပြုပုံ၊ ရဟန်းဘဝ၏ ဆင်းရဲဒုက္ခကို မခံနိုင်သောကြောင့် လူထွက်ပုံ၊ ထို့နောက် တစ်ဖန် ရဟန်းပြန်ဝတ်ပြီး လူထွက်ပြန်ပုံ၊ သုံးကြိမ်တိုင်တိုင် ရဟန်းဝတ်လိုက် လူထွက်လိုက်ပြုလုပ်ပြီး စတုတ္ထအကြိမ် ရဟန်းဝတ်သောအခါမှ ဝိပဿနာရှုပွား၍ ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၂၅၈)
အညတရအာဇီဝကဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားသည် ရဟန်းတော်တို့အား ဂဏဘောဇဉ်(သုံးပါးထက်များသော ရဟန်းများအား ထမင်း, ဟင်း စသော မအပ်စပ်သော ဝေါဟာရဖြင့် ပင့်ဖိတ်သည့် ဘောဇဉ်)ကို အလှူမခံရဟု ပညတ်ထားသဖြင့် ဗိမ္ဗိသာရမင်းကြီး၏ ဆွေမျိုး အာဇီဝက တစ်ဦးသည် ဘာသာပေါင်းစုံ ထမင်းကျွေးပွဲကြီး ကျင်းပလိုသဖြင့် ရဟန်းတို့အား ထမင်းစားဖိတ်ပုံ၊ ရဟန်းတို့က ငြင်းဆိုသောကြောင့် ဘုရားရှင်အား လျှောက်ထားသောအခါ ၎င်းသိက္ခာပုဒ်ကို အနုပညတ်ဖြင့် ပြင်ဆင် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၀၀)
အညတရဣတ္ထီဝတ္ထု
ဤဝတ္ထု၌ ရဟန်းတော်တစ်ပါးသည် ဘုရားရှင်ထံမှ ကမ္မဋ္ဌာန်းတောင်းပြီး ဥယျာဉ်တော်ကြီး တစ်ခုအတွင်းသို့ သွားကာ တရားအားထုတ်နေစဉ် ပြည့်တန်ဆာမ တစ်ယောက်သည် ယောကျ်ား တစ်ယောက်နှင့် ချိန်းဆိုပြီး ထိုဥယျာဉ်ထဲသို့ ရောက်လာပုံ၊ ပြည့်တန်ဆာမသည် မိမိနှင့် ချိန်းထားသော ယောကျ်ား ရောက်မလာသဖြင့် ဟိုဟိုသည်သည်လှည့်လည် ကြည့်ရှုသောအခါ တရားအားထုတ်နေသော ရဟန်းတော်ကို တွေ့မြင်ပုံ၊ ပြည့်တန်ဆာမသည် ရဟန်း၏ ရှေ့၌ ထဘီကို မကြာခဏ ပြင်ဝတ်လျက် လက်ခုပ်တီး၍ရယ်မောသောအခါ ရဟန်းတော်အား ထိုအကြောင်းအရာကို ဘုရားရှင် သိမြင်တော်မူပြီး တရားဟောသဖြင့် ထိုရဟန်းတော် သံဝေဂတရား ဖြစ်ပွားခဲ့ပုံ၊ တစ်ထိုင်တည်း ရဟန္တာဖြစ်ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၄၀၃)
အညတရဥက္ကဏ္ဌိတဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် ဝဋ်ဒုက္ခမှ လွတ်လိုသဖြင့် ရဟန်းပြုခဲ့ပုံ၊ ဆရာတို့က ဝိနည်း အဘိဓမ္မာ၌ လိုက်နာရမည့် ကျင့်ဝတ်များစွာကို ပြောပြသဖြင့် စိတ်ပျက်၍ လူထွက်ရန် ပြင်ဆင်နေပုံ၊ ထိုအခါ ဘုရားရှင်က ခေါ်တော်မူ၍ စိတ်တစ်ခုတည်းကိုသာ စောင့်ထိန်းရန် မိန့်တော်မူပြီး တရားဟောသဖြင့် သောတာပန်တည်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၈၉)
အညတရာထေရီဝတ္ထု
ဤဝတ္ထု၌ ထေရီမအလောင်းလျာသည် ကောဏာဂုံ မြတ်စွာဘုရားရှင်အား ပင့်ဖိတ်၍ ဆွမ်းကျွေး သင်္ကန်းလှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ဝေသာလီပြည် ခတ္တိယမဟာသာလမျိုး၌ ဖြစ်၍ မဟာပဇာပတိဂေါတမီထံ ဘိက္ခုနီပြုပြီး မီးတောက် မီးလျှံကို အာရုံပြုကာ ဝိပဿနာရှုပွား၍ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၁)
အညတရာထေရီဝတ္ထု
ဤဝတ္ထု၌ ထေရီမလောင်းလျာသည် ရှေးဘုရားတို့ထံ ဆုပန်ခဲ့သဖြင့် ဤဘုရားရှင် လက်ထက်တော်ဝယ် ဒေဝဒဟမြို့သူ မဟာပဇာပတိဂေါတမီမိဖုရား၏ နိ့ုထိန်းဖြစ်ပုံ၊ မဟာပဇာပတိဂေါတမီမိဖုရားကြီး ဘိက္ခုနီဝတ်သောအခါ အတူလိုက်၍ဘိက္ခုနီဝတ်ပြီး (၂၅)နှစ်လုံးလုံး ကမ္မဋ္ဌာန်းအားမထုတ်ဘဲ မေ့လျော့စွာ နေခဲ့ပုံ၊ ဓမ္မဒိန္နာထေရီမ၏ တရားစကားကြောင့် ကမ္မဋ္ဌာန်းအားထုတ်ခဲ့ရာ ရဟန္တာဖြစ်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၇၈)
အညတိတ္ထိယပုဗ္ဗကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရှေးယခင်က တိတ္ထိဖြစ်ဖူးသူတစ်ဦးသည် ရဟန်းဝတ်လာပြီး ဥပဇ္ဈာယ်ဆရာက ဝိနည်းအရာ သင်ပြသောအခါ အယူဝါဒကို ပြန်လှန်တင်ပြပြီး တိတ္ထိဘောင်သို့ ပြန်ဝင်သွားပုံ၊ ထို့နောက် ရဟန်းခံပေးပါရန် တောင်းပန်လာသောအခါ ဘုရားရှင်အား လျှောက်ထားကြပုံ၊ ဘုရားရှင်က တိတ္ထိဖြစ်ဖူးသူတစ်ဦးက ရဟန်းခံပေးရန် တောင်းပန်လာလျှင် လေးလကြာ ပရိဝါသ်ပေးပြီးမှ ဝိနည်းနှင့်အညီ ရဟန်းခံပေးရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၉၈)
အညာသိကောဏ္ဍညတ္ထေရဝတ္ထု
ဤဝတ္ထု၌ ကောဏ္ဍညထေရ်လောင်းလျာသည် ပဒုမုတ္တရ ဘုရားရှင်လက်ထက်၌ ဦးဦးဖျားဖျား တရားထူးရပြီး ရတ္တညူဧတဒဂ်ရာထူးရသော ရဟန်းတော်တစ်ပါးကို တွေ့မြင်ခဲ့ရသဖြင့် အားကျအတုယူလျက် ခုနှစ်ရက်တိုင်တိုင် အလှူကြီးပေးကာ ထိုဆုမျိုးကို တောင်းခံခဲ့ပုံ၊ ဝိပဿီဘုရားရှင်လက်ထက်၌ လယ်စိုက်တိုင်း စိုက်တိုင်း ကိုးကြိမ်တိုင်တိုင် ဦးဦးဖျားဖျား ပေးလှူခဲ့ပုံ၊ ထိုကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ဤဘုရားရှင့် လက်ထက်တော် ရောက်သောအခါ၌ ပထမဦးဆုံး တရားထူးရ၍ ရတ္တညူဧတဒက်ရာထူး ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၅၂) (အံ၊ဋ္ဌ၊၁၊၁၀၅) (ထေရ၊ဋ္ဌ၊၂၊၂၅၀) (အပ၊ဋ္ဌ၊၁၊၃၃၄)
အဋ္ဌသဒ္ဒဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဈာန်အဘိညာဉ်ရ ရသေ့ဖြစ်၍ မင်းဥယျာဉ်၌ နေစဉ် ဗြဟ္မဒတ်မင်းကြီးသည် သန်းခေါင်ယံ၌ ဗျိုင်းသံ၊ ကျီးသံ၊ ဃုဏ မည်သော ပိုးကောင်အသံ၊ ဥဩသံ၊ သမင်သံ၊ မျောက်သံ၊ ကိန္နရာသံ၊ ပစ္စေကဗုဒ္ဓါ၏ အသံတို့ကို ကြားရပုံ၊ ထိုအသံတို့၏ အဓိပ္ပါယ်ကို ပုဏ္ဏားတို့အား မေးရာ သဗ္ဗစတုက္ကယဇ် (ပူဇော်ဖွယ်အားလုံး လေးခုစီဖြင့် ပူဇော်သောယဇ်) ပူဇော်ရမည်ဟု သံတော်ဦးတင်ကြသဖြင့် သတ္တဝါအားလုံးကို ဖမ်းချုပ်ထားစဉ် ဘုရားအလောင်းရသေ့ကြီးက ထိုအသံတို့၏ အဓိပ္ပါယ်မှန်ကို ရှင်းပြပြီး သတ္တဝါအားလုံးအား ကယ်တင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၄၀၇)
အဋ္ဌာနဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်း သူဌေးသားသည် နေ့စဉ် ပြည့်တန်ဆာမတစ်ဦးကို အသပြာတစ်ထောင်ပေးပြီး ပျော်မြူးခဲ့ပုံ၊ တစ်နေ့တွင် ဘုရင်မင်းထံ ဝင်ရောက်ခစားရာမှ အချိန်မတော် ညဉ့်နက်သွား၍ ပိုက်ဆံမပါဘဲ ပြည့်တန်ဆာမထံ ဝင်ရောက်သွားရာ လည်ကုပ်ကိုဆွဲ၍ နှင်ထုတ်ခံရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၄၅၀)
အဋ္ဌိသေနဇာတက
ဤဇာတ်တော်၌ အဋ္ဌိသေန သတို့သားသည် အရွယ်ရောက်သောအခါ တက္ကသိုလ်ပြည်၌ အတတ်ပညာအားလုံးကို သင်ယူခဲ့ပုံ၊ ကာမဂုဏ်တို့၌ အပြစ်မြင်လျက် တောထွက်ကာ ဟိမဝန္တာ၌ ရသေ့ရဟန်းပြု၍ နေထိုင်ပုံ၊ တစ်နေ့သောအခါ ချဉ်ဆားမှီဝဲရန်အတွက် ဗာရာဏသီသို့ ကြွစဉ် မင်းကြီးက ကြည်ညိုသဖြင့် ဥယျာဉ်တွင်းသို့ ပင့်ကာ တစ်နေ့သုံးကြိမ် ဆည်းကပ်လေ့ရှိပုံ၊ အလိုရှိသောဝတ္ထုကိုတောင်းပါဟု မင်းကြီးက မကြာခဏ လျှောက်ထားသော်လည်း တောင်းရန်ဝန်လေးသဖြင့် တစ်စုံတစ်ခုမျှ တောင်းခံလေ့မရှိပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၃၀)
အဍ္ဍကရဏဝတ္ထု
ဤဝတ္ထု၌ ကောသလမင်းကြီး၏ တရားရုံးတော်၌ ရာထူးစည်းစိမ်ရှင် မင်းပုဏ္ဏား သူကြွယ်တို့သည် မမှန်သော စကားကို ပြောဆိုကြပုံ၊ တရားသူကြီးအမတ်တို့ကလည်း တံစိုးလက်ဆောင်စား၍ မမှန်မကန် ဆုံးဖြတ်ကြပုံ၊ မင်းကြီးက မြတ်စွာဘုရားထံ ထိုအကြောင်းကို လျှောက်ထားရာ မြတ်စွာဘုရားက ဉာဏ်နည်းသူ ပုထုဇဉ်တို့သည် ဆိုးဝါးသော ဆင်းရဲကို ခံကြရမည်ဟု ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၇၄) (သံ၊ဋ္ဌ၊၁၊၁၂၈)
အဍ္ဎကာသိထေရီဝတ္ထု
ဤဝတ္ထု၌ အဍ္ဎကာသိထေရီမလောင်းလျာသည် ကဿပမြတ်စွာဘုရားရှင်လက်ထက်တော်၌ ရဟန်းမတစ်ပါး ဖြစ်၍ ရဟန္တာထေရီမကို ပြည့်တန်ဆာမဟု နှုတ်ဖြင့် ပြစ်မှားခဲ့ပုံ၊ ထိုကံကြောင့် ဤဘုရားရှင့် လက်ထက်တော်၌ ပြည့်တန်ဆာမ ဖြစ်ခဲ့ရပုံ၊ မြတ်ဗုဒ္ဓ၏ တရားတော်ကို နာကြားရ၍ ရဟန်းပြုကာ ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၉၂) (ထေရီ၊ဋ္ဌ၊၃၁) (ထေရီ၊ဒီ၊၄၈၆)
အဍ္ဎကာသီဂဏိကာဝတ္ထု
ဤဝတ္ထု၌ အဍ္ဎကာသီပြည့်တန်ဆာမသည် ဘိက္ခုနီပြုလိုသဖြင့် သာဝတ္ထိပြည် ဘုရားရှင်အထံတော်သို့ သွားခဲ့ပုံ၊ အရက်သမားတို့က လမ်းတွင် စောင့်၍ နေကြပုံ၊ ထိုအကြောင်းကို အဍ္ဎကာသီ သိသဖြင့် ဘုရားရှင်အား လျှောက်ထားရာ တမန်ဖြင့် ရဟန်းခံခွင့် ပေးတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၄၇၁)
အဍ္ဎစန္ဒိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် တိဿဘုရားရှင်၏ ပိတောက်ဗောဓိပင်အား ပန်းများကို လခြမ်းသဏ္ဌာန် ပြုလုပ်လှူဒါန်းခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်မလားခဲ့ရဘဲ နှစ်ဆယ့်ငါးကမ္ဘာအထက်၌ ဒေဝလစကြဝတေးမင်းဖြစ်ခဲ့ရပုံ၊ ဤဘုရားရှင်၏ သာသနာတော်၌ ရဟန္တာဖြစ််ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၆၁)
အဍ္ဎစေလကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းသည် တိဿဘုရားရှင်အား ကိုယ်ဝတ်ပုဆိုးတစ်ပိုင်းကို ဖြစ်ခဲ့ရပုံ၊ ပေးလှူခဲ့သော (၉၂)ကမ္ဘာပတ်လုံး အပါယ်မလားခဲ့ရပုံ၊ တစ်ကမ္ဘာပတ်လုံး နတ်ပြည်၌ ဖြစ်ခဲ့ရပုံ၊ ကြွင်းသော ကမ္ဘာတို့၌ ကုသိုလ်ပြုခွင့် ရရှိခဲ့ပုံ၊ လေးဆယ့်ကိုးကမ္ဘာအထက်၌ သမန္တစ္ဆဒနမည်သော စကြဝတေးမင်း သုံးဆယ်နှစ်ကြိမ် ဖြစ်ခဲ့ပြီး နောက်ဆုံး ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာဖြစ်၍ ကျွတ်တမ်းဝင်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၄၈) (အပ၊ဋ္ဌ၊၂၊၁၁၅)
အဏ္ဍဘူတဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းသည် ဗာရာဏသီပြည်၌ မင်းပြုစဉ် ပုရောဟိတ်ပုဏ္ဏားနှင့် ကြွေအန်ကစားသောအခါ ‘‘သဗ္ဗာ နဒီ ဝင်္ကဂတီ’’စသော ဂါထာကို ရွတ်ဆိုလျက် ကြွေအန်ပစ်သောကြောင့် အမြဲတမ်းအနိုင်ရပုံ၊ ပုရောဟိတ်ပုဏ္ဏားကြီးသည် ပစ္စည်းဥစ္စာကုန်ဆုံးသွားသဖြင့် မင်းကြီး သစ္စာဆိုသော ဂါထာကို လွဲမှားအောင် ကြံစည်ပြုလုပ်လိုသောကြောင့် ယောကျ်ားတစ်ပါး မမြင်ဖူးသော မိန်းမငယ်ကို မွေးလာသည့် အချိန်မှစ၍ ထိန်းသိမ်းစောင့်ရှောက်ကာ အရွယ်ရောက်သောအခါ မယားငယ်အဖြစ် သိမ်းပိုက်ပြီး တစ်ဖန် မင်းကြီးနှင့် ကြွေအန်ကစားပုံ၊ ပုရောဟိတ်ပုဏ္ဏားကြီးကအမြဲတမ်း အနိုင်ရနေသဖြင့် အကျိုးအကြောင်းစုံစမ်းကာ ပုရောဟိတ်၏ မယားငယ်အား သေသောက်ကြူးသမားကို ဖျက်ဆီးစေပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၀၇)
အတြိစ္ဆအမစ္စဝတ္ထု
ဤဝတ္ထု၌ အလွန်လောဘကြီးသော အမတ်တစ်ယောက်သည် မိမိနိုင်ငံမှ အခြားသော နိုင်ငံသို့ ဝင်ရောက်ကျူးကျော်ခဲ့ပုံ၊ ထိုနိုင်ငံမှ ရိုက်နှက်ထောင်းထုလွှတ်လိုက်သဖြင့် ရသေ့တစ်ပါး၏ ကျောင်းသင်္ခမ်းသို့ ဝင်ရောက်၍ ဥပုသ်စောင့်ပုံ၊ ရသေ့က အကျိုးအကြောင်း မေးမြန်းစုံစမ်းသောအခါ လောဘကြီးခြင်း၏ အဖြစ်ကို နားလည်သဘောပေါက်၍ ဥပုသ်စောင့်ကြောင်း ဖြေကြားပုံ အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၂၊၄၅၄)
အတိဆတ္တိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းသည် အဆင့်ဆင့်သော ထီးတော်ကို ပြုလုပ်၍ အတ္ထဒဿီဘုရားရှင်၏ ပုထိုးစေတီတော်၌ တင်လှူပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ကမ္ဘာတစ်ထောင့်ခုနစ်ရာပတ်လုံး အပါယ်မလားဘဲ နတ်ပြည်၌ ဖြစ်ခဲ့ရပုံ၊ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်၍ ကျွတ်တမ်းဝင်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၈၈) (အပ၊ဋ္ဌ၊၂၊၁၅၃)
အတိဒေဝဗြာဟ္မဏဝတ္ထု
ဤဝတ္ထုသည် ရေဝတဗုဒ္ဓဝံသ၌ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၂)
အတိသာရဝတ္ထု
ဤဝတ္ထု၌ ဘုရားလောင်းသည် သူကြွယ်မျိုး၌ ဖြစ်စဉ် ဆေးဆရာအတတ်ဖြင့် အသက်မွေးမှု ပြုပုံ၊ တစ်နေ့သောအခါ သူဌေးသားတစ်ယောက်ကို ဆေးကုသပေးပုံ၊ သူဌေးသားသည် ရောဂါပျောက်ကင်း သွားသောအခါ ဆေးဖိုးပေးရန် မေ့လျော့နေပုံ၊ သို့ဖြစ်၍ ဘုရားလောင်း ဆေးဆရာက သူဌေးသားအား ဝမ်းလျောဆေးကို တိုက်ကျွေးပုံ၊ ထိုအကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ဖြစ်လေရာဘဝတိုင်း၌ သွေးဝမ်းသွန်သော ရောဂါဝေဒနာ ခံစားရပုံ၊ နောက်ဆုံးဘဝ သဗ္ဗညုတ ဘုရားရှင် ဖြစ်တော်မူသည့် အချိန်၌လည်း စုန္ဒပန်းထိမ်သည် ဆက်ကပ်သည့် ဝက်ပျိုသားဆွမ်းကို ဘုဉ်းပေးပြီး သွေးဝမ်းသွန်ရောဂါဝေဒနာ ခံစားရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အပ၊ဋ္ဌ၊၁၊၁၄၁)
အတုလနာဂရာဇဝတ္ထု
ဤဝတ္ထုသည် သုမနဗုဒ္ဓဝံသ၌ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၂)
အတုလနာဂရာဇဝတ္ထု
ဤဝတ္ထုသည် ဝိပဿီဗုဒ္ဓဝံသ၌ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၉)
အတုလဥပါသကဝတ္ထု
ဤဝတ္ထု၌ အတုလဥပါသကာသည် တရားမဟောဘဲ ဆိတ်ဆိတ်နေသော အရှင်ရေဝတထေရ်၊ သိမ်မွေ့နက်နဲသော အဘိဓမ္မာတရားကို ရှည်လျားစွာ ဟောကြားတော်မူသော အရှင်သာရိပုတ္တရာမထေရ်နှင့် တရားကို အနည်းငယ်မျှသာ ဟောကြားလေ့ရှိသော အရှင်အာနန္ဒာမထေရ်တို့အား ကျေနပ်မှုမရှိဘဲ ကဲ့ရဲ့ပုံကို အကြောင်းပြု၍ မြတ်စွာဘုရားက လောကတွင် အကဲ့ရဲ့မခံရသူ မရှိကြောင်း ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၀၉)
အတ္တကာမပါရိစရိယ ဝိနီတဝတ္ထူနိ
ဤဝတ္ထု၌ အတ္တကာမပါရိစရိယနှင့် ပတ်သတ်၍ သံဃဒိသေသ်အာပတ် သင့်/မသင့် ဆုံးဖြတ်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၁၉၆)
အတ္တဒဏ္ဍဝတ္ထု
ဤဝတ္ထု၌ မာဂဏ္ဍီမိဖုရားကြီးသည် မိစ္ဆာဒိဋ္ဌိတို့အား တံစိုးလက်ဆောင်ပေး၍ ဆွမ်းခံကြွလာသော ရဟန်းတော်များအား ဆဲရေးခြင်းဆယ်မျိုးတို့ဖြင့် နောက်မှလိုက်၍ ဆဲရေးစေပုံ၊ ထို့ကြောင့် အရှင်အာနန္ဒာမထေရ်က တခြားမြို့သို့ ကြွရန် ဘုရားရှင်အား လျှောက်ထားပုံ၊ ‘‘တခြားသော မြို့များ၌လည်း ဤကဲ့သို့ ဆဲရေးလျှင် မည်သို့ ပြုမည်နည်း၊ လောကဓံကြုံလာလျှင် ရင်ဆိုင်ရမည်သာ ဖြစ်သည်’’ဟု ဘုရားရှင်ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၀၈)
အတ္တဒတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ အတ္တဒတ္ထမထေရ်သည် ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ခါနီးဖြစ်သဖြင့် အခြားရဟန်းတော်များ အလွန် အလုပ်များနေချိန်တွင် မိမိ၏ တစ်မဂ်တစ်ဖိုလ်ရမည့် အရေးကိုသာ ဦးစားပေးလျက် တရားအားထုတ်နေခဲ့ပုံ၊ အခြားရဟန်းတော်များက အတ္တဒတ္ထမထေရ်အကြောင်းကို ဘုရားရှင်အား လျှောက်ထားသောအခါ ဘုရားရှင်က သာဓု အနုမောဒနာ ခေါ်တော်မူပုံ၊ လောက၌ မည်သူမဆို သူတစ်ပါးတို့၏ အရေးကိစ္စထက် မိမိ၏ မဂ်ဖိုလ်ရရေးကိစ္စကိုသာ ဦးစားပေး ဆောင်ရွက်သင့်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၀၂)
အတ္တနောပုဗ္ဗကမ္မဝတ္ထု
ဤဝတ္ထု၌ ကပ်ကြီးသုံးပါး ဆိုက်ရောက်သဖြင့် ဝေသာလီပြည်သား ဝဇ္ဇီမင်းများသည် ဘုရားရှင်အား ပင့်လျှောက်ရာ လမ်းတစ်လျှောက် အလွန်ခမ်းနားကြီးကျယ်စွာ ပြင်ဆင်၍ ပင့်ဆောင်ကြပုံ၊ ထိုသို့ အလွန်ခမ်းနားစွာ ပူဇော်ခံရခြင်းသည် ငါဘုရား၏ တန်ခိုး၊ နဂါးနတ်ဗြဟ္မာတို့၏ တန်ခိုးကြောင့်မဟုတ်၊ ငါဘုရား သင်္ခပုဏ္ဏားဘဝက ပြုခဲ့သော ကုသိုလ်ကောင်းမှု၏ အစွမ်းကြောင့် ဖြစ်သည်ဟု ဟောပြတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၇၃)
အတ္ထဒဿီဗုဒ္ဓဝံသ
ဤဗုဒ္ဓဝင်၌ အတ္ထဒဿီဘုရားရှင်သည် သောဘနနေပြည်တော်၌ ခမည်းတော်သာဂရမင်းကြီးနှင့် မယ်တော်သုဒဿနမိဖုရားကြီးတို့မှ မွေးဖွားခဲ့ပြီး ဝိသာခါမည်သော မင်းသမီးနှင့် နန်းစည်းစိမ်ခံစားခဲ့ပုံ၊ သေလမည်သော သားတော် မွေးဖွားပြီးနောက် မြင်းယာဉ်ဖြင့် တောထွက်တော်မူ၍ စကားပင်အောက်၌ ဘုရားဖြစ်တော်မူပုံ၊ သန္တနှင့် ဥပသန္တ အဂ္ဂသာဝကနှစ်ပါးရှိပုံ၊ အဘယမထေရ်က ပြုစုလုပ်ကျွေးပုံ၊ ဂေါတမဗုဒ္ဓလောင်းလျာသည် သုသီမဟူသော အဘိညာဉ်ရ ရသေ့ဘဝဖြင့် နိယတဗျာဒိတ်ခံယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၆) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၅၄)
အတ္ထသန္ဒဿကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်အလောင်း နာရဒရှင်ရသေ့သည် ဟိမဝန္တာ၌ ရဟန္တာတစ်သိန်း အခြံအရံနှင့်အတူ ပဒုမုတ္တရဘုရားရှင်ကို ဖူးမြင်ရသည့်အခါ ကြည်ညိုလှသဖြင့် ဘုရားရှင်၏ ဂုဏ်တော်တို့ကို ချီးမွမ်းပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကြောင့် အပါယ်မလားဘဲ သုမိတ္တစကြဝတေးမင်း ဖြစ်ခဲ့ရပုံ၊ ဤဘုရားသာသနာတော်၌ ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၈၄) (အပ၊ဋ္ဌ၊၂၊၁၅၀)
အတ္ထသလ္လာပိကဝတ္ထု
ဤဝတ္ထု၌ ယုန်ကလေးသည် မြေကြီးပေါ်၌ ရပ်တည်နေသူ ဖြစ်ပါလျက် မြေကြီးကို မသိဟု ဆိုသောကြောင့် မြေကြီးက ယုန်ကလေးကို အပြစ်တင်ပုံ၊ ယုန်ကလေးသည် မကျေနပ်သဖြင့် သင်နှင့် ငါ မနေလိုဟုဆိုကာ အဝေးသို့ အကြိမ်များစွာ ခုန်ထွက်သွားသော်လည်း မြေကြီးနှင့် မကင်းကွာနိုင်ဘဲ ရှိသကဲ့သို့ မိစ္ဆာဒိဋ္ဌိတို့သည်လည်း အတ္တကို စွဲမှီထားသော မိမိ၏ မှားယွင်းသော အယူအဆကို မစွန့်လွှတ်နိုင်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၃၁၉)
အတ္ထဿဒွါရဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းသည် သူဌေးဖြစ်၍ သူ၏ သားသည် (၇)နှစ်သားမှာပင် ပညာရှိဖြစ်ခဲ့ပုံ၊ ထိုသားငယ်သည် ဖခင်အား ကြီးပွားကြောင်းတရားများကို မေးသဖြင့် ဘုရားအလောင်းက ဖြေဆိုခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၈၈)
အဒိဋ္ဌပုဗ္ဗကိံသုကဝတ္ထု
ဤဝတ္ထု၌ ပစ္စန္တရာဇ်သား ရောဂါဝေဒနာခံစားနေရသူတစ်ယောက်သည် ဆေးဖော်ရန်အတွက် ပေါက်ပင်ကို အလိုရှိသော်လည်း ပေါက်ပင်ကို မမြင်ဖူးသဖြင့် မြင်ဖူးသူများကို မေးပုံ၊ အရွက်ကြွေ၍ အငုတ်ဖြစ်ချိန်ကိုသာ မြင်ဖူးသူက မီးလောင်ငုတ်နှင့် တူ၏ဟူ၍လည်းကောင်း၊ အသီးသီးချိန်ကို မြင်ဖူးသူက ကုက္ကိုပင်နှင့် တူ၏ဟူ၍လည်းကောင်း၊ အရွက်နုထွက်ချိန်ကို သိသူက ပညောင်ပင်နှင့် တူ၏ဟူ၍လည်းကောင်း၊ အပွင့်ပွင့်ချိန်ကို သိသူက သားတစ်စိုင်နှင့် တူ၏ဟူ၍လည်းကောင်း၊ တစ်ပင်တည်းကိုပင် အချိန်ကာလ လိုက်၍ အသီးသီး အမြင်ကွဲပြားစွာ ပြောဆိုကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၃၊၉၉)
အဒ္ဓါနဂမနသမယဝတ္ထု
ဤဝတ္ထု၌ လူတို့နှင့် ခရီးအတူသွားကြသော ရဟန်းတို့သည် ထိုလူတို့အား ခဏလေး စောင့်ပါဦး၊ ဆွမ်းခံဝင်ကြပါဦးမည်ဟု ပြောရာ ဆွမ်းမခံပါနှင့်၊ ဤနေရာက ဆွမ်းကိုပဲ ဘုဉ်းပေးကြပါဟု လျှောက်သော်လည်း ဂဏဘောဇဉ်ကို ဘုရားရှင် ပညတ်ပိတ်ပင်ပြီးဖြစ်၍ မခံယူကြပုံ၊ ထိုအကြောင်းကို ဘုရားရှင်သိတော်မူ၍ ခရီးရှည် ထွက်ချိန်၌ ဂဏဘောဇဉ်ကို ခံယူနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၉၉)
အဒ္ဓါနဂမနသမယဝတ္ထု
ဤဝတ္ထု၌ ၁၅-ရက်တစ်ကြိမ်သာ ရေချိုးရန် သိက္ခာပုဒ်ပညတ်တော်မူပြီးသောအခါ ခရီးရှည်သွားကြသော ရဟန်းတို့အတွက် ရေချိုးရန် လိုအပ်လာသဖြင့် ခရီးရှည်သွားသူများ ၁၅-ရက် တစ်ကြိမ်မက ရေချိုးနိုင်ကြောင်း ဘုရားရှင်က ခွင့်ပြုတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၅၆)
အဓမ္မကမ္မဝတ္ထု
ဤဝတ္ထု၌ ဝိနည်းလေးစားသော ရဟန်းတော်တို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့၏ အဓမ္မကံပြုခြင်းကို ကန့်ကွက်ကြသောအခါ ဆဗ္ဗဂ္ဂီတို့က ဝိနည်းဓိုရ်ရဟန်းတော်တို့အား ရန်ငြိုးဖွဲ့ပြီး သတ်မည်ဟုပင် ခြိမ်းခြောက်ကြပုံ၊ ဘုရားရှင် သိတော်မူ၍ ၄-၅ပါး ဖြစ်လျှင် ကန့်ကွက်ရန်၊ ၂-၃ပါးဖြစ်လျှင် ဆန္ဒကို ပြောပြရန် တစ်ပါးတည်း ဖြစ်လျှင် မိမိမထောက်ခံ မနှစ်သက်မှုကို စိတ်တွင် အဓိဋ္ဌာန်ထားရန် မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၅၅)
အဓမ္မိကကတိကဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့၌ ဝါကပ်ကြသော ရဟန်းတို့သည် ဝါတွင်းကာလတွင် ရှင်ပြုမပေးရဟု ကတိကဝတ်ပြုထားကြပုံ၊ ဝိသာခါ၏ မြေးတစ်ယောက်သည် ရဟန်းတော်တို့ထံ လာပြီး ရှင်ပြုပေးရန် တောင်းပန်ရာ ကတိကဝတ်ရှိသဖြင့် ရှင်ပြုမပေးကြပုံ၊ ဝါကျွတ်သောအခါ ရှင်ပြုရန် ခေါ်သောအခါ မဝတ်နိုင်တော့ကြောင်း ငြင်းဆိုပုံ၊ ဝိသာခါက ရှုတ်ချသဖြင့် ဘုရားရှင်က ထိုကဲ့သို့ ကတိကဝတ်မပြုရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၁၃)
အဓိမုတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ အဓိမုတ္တမထေရ်လျောင်းလျာသည် ပဒုမုတ္တရဘုရားရှင်အား လျော်တေသင်္ကန်းကို ဘုရားရှင်ခြေရင်းဝယ် ဖြန့်ခင်းကာ အကျော်ပန်းတို့ဖြင့် ပူဇော်ပြီး (၁၀)ဂါထာတို့ဖြင့် ချီးကျူးပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည် ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သာသနာတော်သို့ ဝင်ရောက်ကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ထေရ၊ဋ္ဌ၊၁၊၂၈၄)
အဓိမုတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ အဓိမုတ္တမထေရ်လောင်းလျာသည် အတ္ထဒဿီဘုရားရှင်နှင့် သံဃာတော် တို့အား မဟာဒါနအလှူကြီးကို လှူခဲ့သောကုသိုလ်ကောင်းမှုကြောင့် လူနတ်ချမ်းသာတို့ကို ခံစားရ၍ ဤဘုရားသာသနာတော်၌ အဓိမုတ္တလုလင်ဖြစ်လာပုံ၊ ဦးရီးတော် သံကိစ္စမထေရ်ထံ ရှင်ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၂၆၄)
အဓိမုတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ကြံဖြင့် မဏ္ဍပ်ဆောက်လုပ်၍ အတ္ထဒဿီဘုရားရှင်၏ တပည့်သာဝက ရဟန်းသံဃာတို့ကို ပင့်ဖိတ်၍ ဆွမ်းကပ်ခဲ့ရသော ကုသိုလ်ကောင်းမှုကြောင့် အပါယ်လေးပါးသို့ လုံးဝ လားရောက်ခြင်းမရှိဘဲ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၉၈) (အပ၊ဋ္ဌ၊၂၊၆၁)
အဓိမုတ္တသာမဏေရဝတ္ထု
ဤဝတ္ထု၌ သံကိစ္စသာမဏေ၏တူ အဓိမုတ္တသာမဏေသည် မိဘတို့ထံ သွားစဉ် သူခိုးအဖမ်းခံရပြီး သူခိုးတို့ရှိကြောင်း မည်သူကိုမျှ မပြောပါ-ဟူသော ကတိစကားဖြင့် လွတ်မြောက်ခဲ့ပုံ၊ သာမဏေသည် မိဘတို့ကိုပင် ဖွင့်မပြောကြောင်း တွေ့ရ၍ ကြည်ညိုကာ ခိုးသူအားလုံး ရဟန်းဝတ်ကြ ရဟန္တာဖြစ်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၅၄) (ဓမ္မ၊ဋ္ဌ၊၁၊၄၃၂)
အဓောပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ အဓောပုပ္ဖိယထေရ် အလောင်းသည် ကာမဂုဏ်တို့၌ အပြစ်မြင်၍ ရသေ့ဝတ်ကာ တရားအားထုတ်သဖြင့် အဘိညာဉ်ငါးပါး၊ သမာပတ်ရှစ်ပါး ရပြီး ကောင်းကင်၌ ဈာန်ယာဉ်စီးခဲ့ပုံ၊ သိခီဘုရားရှင်၏ လက်ယာရံ အဂ္ဂသာဝက ‘‘အဘိဘူ’’ရဟန်း၏ ဦးထိပ်၌ ပန်းခုနစ်ပွင့်တို့ကို ကြဲမြှောက်ပူဇော်ခဲ့သော ကောင်းမှုကြောင့် အပါယ်လေးပါးသို့ မလားရောက်ရဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၄၂) (အပ၊ဋ္ဌ၊၂၊၁၀၈)
အနဇ္ဈိဋ္ဌဝတ္ထု
ဤဝတ္ထု၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သံဃာတော်များ အလယ်တွင် တိုက်တွန်းမှု မရှိဘဲ တရားဟောကြေြုကာင်းကို ဘုရားရှင် သိတော်မူ၍ မထေရ်ကြီးသည် ကိုယ်တိုင် တရားဟောနိုင်ပြီး သူတစ်ပါးကိုလည်း တရားဟောရန် တိုက်တွန်းနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။(ဝိ၊ ၃၊ ၁၅၂) (ဝိ၊၃၊၁၅၂)
အနတိရိတ္တဝတ္ထု
ဤဝတ္ထု၌ ရဟန်းတို့သည် ဂိလာနရဟန်းတို့အတွက် စားကောင်းသောက်ဖွယ်ဆွမ်းတို့ကို ယူဆောင်လာကြသော်လည်း ဂိလာနရဟန်းတို့သည် စိတ်တိုင်းကျ အားပါးတရ မဘုဉ်းပေးနိုင်ကြသဖြင့် ပိုလျှံနေကြရာ အားလုံးကို စွန့်ပစ်ကြရပုံ၊ ခွေး, ကျီး, ငှက်တို့ ဆူညံစွာ စားသောက်သံကို ဘုရားရှင် ကြားတော်မူပုံ၊ ထိုအကြောင်းအရာ အလုံးစုံကို ဘုရားရှင်သိတော်မူ၍ ဆွမ်းစားပြီး တော်ပြီတန်ပြီဟု ပယ်မြစ်ပြီးဖြစ်သဖြင့် ပဝါရိက်သင့်ပြီးသော ရဟန်းသည် အတိရိက်ဝိနည်းကံပြု၍ ဘုဉ်းပေးနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၁၀)
အနတ္ထပုစ္ဆကဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ အကျိုးမဲ့ကို ဖြစ်စေတတ်သည့် တရားမျိုးကို ဟောပြပါရန် လျှောက်ထားလာသော ပုဏ္ဏားအား ဘုရားရှင်က နေမြင့်အောင် အိပ်ခြင်း၊ ပျင်းရိခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်း၊ အရက်ဆိုင်၊ စားသောက်ဆိုင်၊ အပျော်အပါးနေရာတို့၌ ကြာမြင့်စွာ အချိန်ဖြုန်းခြင်း၊ တစ်ဦးတည်း ခရီးသွားခြင်း၊ သူတစ်ပါးသားမယားအား ပြစ်မှားခြင်းတို့သည် အကျိုးမဲ့တရားများ ဖြစ်ကြောင်း ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၄၁၈)
အနနုသောစိယဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် သူကြွယ်မျိုး၌ ဖြစ်၍ ဇနီးသည်နှင့်အတူ တောထွက်၍ ရသေ့ဝတ်သွားခဲ့ပုံ၊ တစ်နေ့သောအခါတွင် ရာသီကြမ်း၊ အစာကြမ်း ဒဏ်ကို ခံရသဖြင့် ရသေ့မလေး ကွယ်လွန်သွားသော်လည်း ရသေ့ကြီးက မရဏာနုဿတိဘာဝနာ ဆင်ခြင်၍ မငိုပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၈၅)
အနဘိရတဘိက္ခုဝတ္ထု
ဤဝတ္ထု၌ သားရဟန်းကို ရည်မှန်း၍ သင်္ကန်းသပိတ်ဖိုး အတွက် အသပြာငွေ တစ်ရာကို သားငယ်လက်၌ ထားလျက် ဘခင်ဖြစ်သူ သေဆုံးခဲ့ပုံ၊ ညီငယ်ထံသို့ ရောက်သော် ထိုရဟန်းကို ဖခင်အပ်နှံထားသော အသပြာငွေကို လွှဲအပ်ပုံ၊ ပထမသော် လက်မခံဟု ငြင်းပယ်၍ နောက်၌ ထိုငွေတစ်ရာဖြင့် အသက်မွေးရန် လူထွက်ချင်ပုံ၊ မြတ်စွာဘုရားရှင် သိတော်မူသော် ‘‘ထိုငွေတစ်ရာဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင် မပြုနိုင်’’ စူးစမ်းစေပုံ၊ မရနိုင်ကြောင်း သိစေပြီးမှ တဏှာ၏အလိုသည် မည်သည့်အခါမျှ မပြည့်နိုင်ကြောင်း ဘုရားရှင် ဟောပြောဆုံးမပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၅၅)
အနဘိရတဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် မိမိ၏ခန္ဓာကိုယ် လေးလံထိုင်းမှိုင်းသဖြင့် တရားအားထုတ်၍ မရသောကြောင့် သာသနာတော်၌ မပျော်ပိုက်ကြောင်း ဆရာဥပဇ္ဈာယ်ထံ လျှောက်ထားပုံ၊ ဆရာဥပဇ္ဈာယ်က ထိုရဟန်းကို မြတ်စွာဘုရားထံသို့ ခေါ်လာပုံ၊ မြတ်စွာဘုရားက ထိုရဟန်းအား ဣန္ဒြေတို့ကို စောင့်ခြင်း၊ အစားအစာကို မျှတစွာ သုံးဆောင်ခြင်းစသည်ဖြင့် တရားကျင့်ရန် ဟောတော်မူပုံ၊ ထိုရဟန်းသည် မြတ်စွာဘုရား၏ ဩဝါဒအတိုင်း ကြိုးစား၍ တရားကို အားထုတ်ရာ ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၆၁)
အနဘိရတိဇာတက
ဤဇာတ်တော်၌ ဥပါသကာတစ်ယောက်သည် မိမိ၏ ဇနီးမယားဖြစ်သူက သူတစ်ပါးတို့နှင့် ဖောက်ပြန်ပျက်စီးနေသဖြင့် စိတ်သောကရောက်ကာ ဘုရားရှင်ထံ မချဉ်းကပ်နိုင်ဘဲ တစ်ပတ်ကျော်ကျော် မိမိအိမ်၌သာ နေပုံ၊ တစ်နေ့တွင် ဘုရားရှင်ထံ အဖူးမြော်ရောက်သောအခါ ဘုရားရှင်က ‘‘တစ်ပတ်လုံးလုံး အဘယ့်ကြောင့် ကျောင်း မရောက်သနည်း’’ဟု မေးမြန်းသဖြင့် အကျိုးအကြောင်း လျှောက်ထားပုံ၊ ထိုအခါ ဘုရားရှင်က သင်၏ ဇနီးသည် ယခုဘဝ၌သာ ဖောက်ပြန်သည်မဟုတ်၊ အတိတ်ဘဝတစ်ခုတွင် မိမိက ဒိသာပါမောက္ခဆရာကြီးဖြစ်ပြီး သင်ဥပါသကာက တပည့် ဖြစ်ခဲ့စဉ်အခါကလည်း သင်၏ ဇနီးမယားသည် ယခုကဲ့သို့ပင် ဖောက်ပြန်ပျက်စီးခဲ့ဖူးကြောင်း၊ မိန်းမတို့အပေါ်၌ အမျက်ဒေါသ မထွက်သင့်ကြောင်း၊ လျစ်လျူရှူသင့်ကြောင်း စသည်ဖြင့် အတိတ်ဇာတ်ကြောင်း ဆောင်၍ တရားဟောတော်မူသဖြင့် ဥပါသကာ သောတာပန်တည်သွားပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၁၉)
အနဘိရတိဇာတက
ဤဇာတ်တော်၌ ဗေဒင်သုံးပုံတွင် တစ်ဖက်ကမ်းခတ် တတ်မြောက်ထားသော ပုဏ္ဏားလုလင် တစ်ယောက်သည် အိမ်ထောင်ကျသောနေ့မှ စ၍ အိမ်မှုကိစ္စများဖြင့် ရှုပ်ထွေးနေသဖြင့် ဗေဒင်မန္တန်တို့ကို ရွတ်ဖတ်သရဇ္ဈာယ်မှု မပြုနိုင်တော့ကြောင်း ဘုရားရှင်အား လျှောက်ထားသောအခါ ဘုရားရှင်က အတိတ်ဇာတ်ကြောင်း ဆောင်၍ ဟောတော်မူပုံ၊ ဘုရားလောင်းသည် တက္ကသိုလ်ပြည်၌ ဒိသာပါမောက္ခဆရာကြီး ဖြစ်ခဲ့စဉ် များစွာသော မင်းညီမင်းသားတို့နှင့် ပုဏ္ဏားလုလင်တို့ကို ဗေဒင်သုံးပုံ သင်ကြားပို့ချ ရွတ်ဆိုစေခဲ့ပုံ၊ ဆရာအားကိုးအားထားပြုလောက်အောင် တော်သောပုဏ္ဏားလုလင် တပည့်တစ်ယောက်သည် အိမ်ထောင်ကျသွားသည့် အချိန်မှ စ၍ အိမ်မှုကိစ္စတို့ဖြင့် စိတ်နောက်ကျုသဖြင့် ဗေဒင်မန္တန်တို့ကို မရွတ်ဆိုနိုင်တော့ပုံ၊ ရေကြည်လင်နေသော စမ်းချောင်းလေး၌ ကျောက်စရစ်ခဲ အိုးခြမ်းကွဲ၊ ငါးပုဇွန်စသည်တို့ကို တွေ့မြင်ရသကဲ့သို့ စိတ်ကြည်လင်နေမှသာလျှင် မိမိအကျိုး သူတစ်ပါးအကျိုးတို့ကို တွေ့မြင်နိုင်မည်ဖြစ်ကြောင်း စသည်ဖြင့် တရားဟောသဖြင့် ပုဏ္ဏားလုလင် သောတာပန်တည်ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၉၀)
အနာထပိဏ္ဍိကဒေဝပုတ္တဝတ္ထု
ဤဝတ္ထု၌ အနာထပိဏ်သူဌေးကြီး ကွယ်လွန်ပြီးနောက် တုသိတာနတ်ပြည်၌ဖြစ်ပုံ၊ မဂ္ဂင်ရှစ်ပါး တရားအပေါင်းကြောင့်သာ သတ္တဝါတို့ ကိလေသာအညစ်အကြေးမှ ကင်းဝေး စေနိုင်ကြောင်း ဘုရားရှင်ထံ လာရောက်လျှောက်ထားပုံ၊ ပစ္စည်းဥစ္စာပြည့်စုံကြွယ်ဝမှု၊ အမျိုးအနွယ်၏စင်ကြယ်မြင့်မြတ်မှုစသော အကြောင်းများကြောင့် ကိလေသာ အညစ်အကြေးမှ မကင်းဝေး မစင်ကြယ်နိုင်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၅၃)
အနာထပိဏ္ဍိကပုတ္တကာလဝတ္ထု
ဤဝတ္ထု၌ အနာထပိဏ်သူဌေးကြီး၏သားကာလသည် ဘုရားရှင်ထံလည်း မသွား၊ ဘုရားရှင်ကြွလာသောအခါ၌လည်း ရှိမခိုး၊ တရားကိုလည်း မနာ၊ သံဃာ့ဝေယျာဝစ္စ များကိုလည်း မပြုလုပ်သဖြင့် သူဌေးကြီးက သားဖြစ်သူကာလအား ‘‘ကျောင်းတစ်ခါသွားကာ ဥပုသ်စောင့်ပြီး တရားနာလျှင် အသပြာတစ်ရာ ပေးမည်’’ဟု ပြောပုံ၊ သူဌေးသားကာလသည် ကျောင်းသို့သွားကာ ဥပုသ်စောင့်ပြီးတရားမနာဘဲ သင့်တော်ရာနေရာ၌ အိပ်လျက်ပြန်လာပုံ၊ နောက်ရက်များ၌ သူဌေးကြီးက ကာလအား အသပြာတစ်ထောင်ပေးမည် တရားတစ်ပုဒ်ရအောင် သင်ယူခဲ့ပါ’’ဟု ပြောသောအခါ တရားတစ်ပုဒ်ကို မရရအောင်နာယူမှတ်သားရင်း သောတာပန်တည်သွားပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၂၃)
အနာထပိဏ္ဍိကဝတ္ထု
ဤဝတ္ထု၌ အနာထပိဏ်သူဌေးသည် မိမိ၏ ယောက်ဖဖြစ်သော ရာဇဂြိုဟ်သူဌေးထံ သွားရောက်စဉ် ဘုရားရှင်အတွက် ဆွမ်းစားပင့်ထားကြောင်း ကြားသိရသဖြင့် ထိုညမှာပင် ဘုရားရှင်ကို ဖူးတွေ့ရန် ဆန္ဒစောလွန်းသောကြောင့် အိပ်မပျော်ခဲ့ပုံ၊ မိုးမလင်းခင်မှာပင် အိမ်မှထွက်၍ မြို့ပြင်ရှိ သီတဝန်တော၌ သီတင်းသုံးနေသော ဘုရားရှင့်အထံတော်သို့ အရောက်သွားပြီး တရားနာ၍ သောတာပန်ဖြစ်ခဲ့ပုံ၊ သာဝတ္ထိမြို့ရှိ ဇေတမင်းသား၏ ဥယျာဉ်ကို ငွေဒင်္ဂါပြားများ အပြည့် ခင်း၍ ဝယ်ယူပြီးလျှင် ဇေတဝန်ကျောင်းတော်ကိုဆောက်လုပ် လှူဒါန်းခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၀၁) (ဝိ၊ဋ္ဌ၊၄၊၆၃) (သာရတ္ထ၊ဋီ၊၃၊၃၉၆)
အနာထပိဏ္ဍိကဝတ္ထု
ဤဝတ္ထု၌ အနာထပိဏ်သူဌေးကြီး အနာရောဂါပြင်းထန်နေစဉ် အရှင်သာရိပုတ္တရာ ကြွရောက်ပြီး အဇ္ဈတ္တိကာယတန၊ ဗာဟိရာယတန စသော အာယတနတို့၌ စွဲလမ်းမှုကင်းရန် ဟောပြသဖြင့် သူဌေးကြီးသည် ဒီတရားမျိုး အခုမှ နာရလေခြင်းဟု ဝမ်းနည်းစွာ ငိုကြွေးပုံ၊ ကွယ်လွန်သောအခါ တုသိတာနတ်ပြည်၌ နတ်သားဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၃၊၃၀၁)
အနာထပိဏ္ဍိကဝတ္ထု
ဤဝတ္ထု၌ အနာထပိဏ်သူဌေးကြီးသည် ပရိဗိုဇ်ကျောင်းသို့ သွားရောက်သည့်အခါ ပရိဗိုဇ်တို့က သဿတဝါဒစသော အယူဝါဒများကို ပြောပြကြပြီး သူဌေးကြီး၏အယူဝါဒကို မေးရာ အနိစ္စ, ဒုက္ခ, အနတ္တ အယူအဆကို ရှင်းပြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၃၊၄၀၆)
အနာထပိဏ္ဍိကဝတ္ထု
ဤဝတ္ထု၌ သူဌေးကြီး အလောင်းအလျာသည် ပဒုမုတ္တရ ဘုရားရှင်လက်ထက်၌ ဒါယကာတို့တွင် အသာဆုံး ဧတဒဂ်ရသူကို အားကျပြီး ကုသိုလ်ပြုဆုတောင်းခဲ့သောကြောင့် ဤဘုရားရှင် လက်ထက်ဝယ် သာဝတ္ထိပြည် သုမနသူဌေးကြီး၏သား သုဒတ္တ သူဌေးဖြစ်ပုံ၊ ဇေတမင်းသား၏ ဥယျာဉ်မြေကို ငွေအသပြာအပြည့်ခင်းပြီး ဘုရားရှင်အား ဇေတဝန်ကျောင်း တော်ကြီး ဆောက်လုပ်လှူဒါန်းပုံ၊ ဧတဒဂ်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၂၉၅)
အနာထပိဏ္ဍိကသေဋ္ဌိဝတ္ထု
ဤဝတ္ထု၌ အနာထပိဏ်သူဌေးကြီးသည် (၅၄)ကုဋေ အကုန်အကျခံ၍ ဇေတဝန်ကျောင်းတော်ကြီးကို ဆောက်လုပ်လှူဒါန်းခြင်း၊ တစ်နေ့လျှင် သုံးကြိမ် နေ့စဉ် နေ့တိုင်း အလှူဒါနဝတ်များပြုလုပ်ခြင်း၊ မြစ်ကမ်းနား၌ မြှုပ်ထားသော (၁၈)ကုဋေမျှသော ပစ္စည်းဥစ္စာရတနာများ မဟာသမုဒ္ဒရာထဲသို့ မျောပါသွားခြင်းစသည်တို့ကြောင့် ဆင်းရဲမွဲတေသွားသောအခါ တံခါးစောင့်နတ်က ဘုရားအမှူးရှိသော သံဃာတော်များအား လှူဒါန်းမည့်အစား ငွေကြေးများကို လုပ်ငန်းထဲ၌ အသုံးချကာ စည်းစိမ်ဥစ္စာများ တိုးပွားအောင် ပြုလုပ်ရန် သတိပေးပုံ၊ အနာထပိဏ်သူဌေးကြီးသည် သောတာပန်ပုဂ္ဂိုလ် ဖြစ်သဖြင့် မိစ္ဆာဒိဋ္ဌိတံခါးစောင့်နတ်အား အိမ်မှနှင်ထုတ်လိုက်ပုံ၊ ထိုနတ်သည် နေထိုင်စရာ နေရာမရှိတော့သဖြင့် မြို့စောင့်နတ်၊ နတ်မင်းကြီးလေးပါး၊ သိကြားမင်း စသူတို့ထံ အဆင့်ဆင့် အကူညီတောင်းခံသောအခါ သိကြားမင်းက သူဌေးကြီး ပျက်စီးဆုတ်ယုတ်သွားသော ပစ္စည်းဥစ္စာ ရတနာများကို ပြန်လည် ဖော်ထုတ်ဖြည့်ဆည်းပေးပြီး ဝန်ချတောင်းပန်လျက် အပြစ်ကို သည်းခံစေကာ နေရာဌာနပြန်လည်တောင်းခံရန် အကြံပြုပုံ၊ သိကြားမင်း အကြံပြုသည့်အတိုင်း တံခါးစောင့်နတ်က ဆောင်ရွက်သဖြင့် မိမိနေရာဌာန ပြန်လည်ရရှိပြီး ဘုရားရှင်၏ တရားတော်ကို နာကြားရသောအခါ တံခါးစောင့်နတ် သောတာပန်တည်ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၇)
အနိစ္စလက္ခဏဝတ္ထု
ဤဝတ္ထု၌ ရဟန်းငါးရာတို့သည် ဘုရားရှင်ထံ ကမ္မဋ္ဌာန်းတောင်း၍ အားထုတ်သော်လည်း တစ်မဂ်တစ်ဖိုလ် မရသဖြင့် ဘုရားရှင်ထံပြန်လာကြပုံ၊ ဘုရားရှင်က ထိုရဟန်းငါးရာတို့၏ အတိတ်အကြောင်းကို ရှုတော်မူကာ သင်္ခါရတရားအားလုံးတို့သည် ဖြစ်ပြီးလျှင် ပျက်တတ်သော သဘောကြောင့် အနိစ္စ မည်ကြောင်းစသည်ဖြင့် အနိစ္စလက္ခဏာတရားကို အထူး ဟောကြားသဖြင့် ရဟန္တာဖြစ်သွားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၅၅)
အနိတ္ထိဂန္ဓကုမာရဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိပြည်သား အနိတ္ထိဂန္ဓမည်သော သူဌေးသားသည် မိဘတို့တိုက်တွန်းချက်အရ ရွှေရုပ်နှင့်တူသော သာဂလမြို့သူ သူဌေးသမီးကို ဆောင်ယူလာစဉ် ခရီးပန်းသဖြင့် ကွယ်လွန်ခဲ့ရပုံ၊ သူဌေးသမီးကွယ်လွန်သဖြင့် သောကရောက်နေသော သူဌေးသားထံ ဘုရားရှင်ကြွတော်မူ၍ ကာမတဏှာကြောင့် သောကဖြစ်ရကြောင်း ဟောကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၈၃)
အနုကုလယညဝတ္ထု
ဤဝတ္ထု၌ အနာထပိဏ်သူဌေး၏ အိမ်တွင် နေ့စဉ်နေ့တိုင်း နိစ္စဘတ်ငါးရာ၊ စာရေးတန်မဲ ငါးရာပေးလှူလေ့ရှိပုံ၊ သူဆင်းရဲ အမျိုးသမီးတစ်ယောက်သည် စာရေးတံမဲတစ်ခုကိုမျှ မပေးလှူနိုင်သဖြင့် သေတဝါဟနတိုင်းသို့ သွားပြီး ကောက်နယ်တလင်းကို ရှင်းလင်းသုတ်သင်ကာ ရရှိလာသော စပါးများဖြင့် စာရေးတံမဲကို ပေးလှူပုံ၊ ထိုအကြောင်းအရာကို မင်းကြီးကြားသိပြီး မိဖုရားအရာ၌ထားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၂၇၀)
အနုမောဒနဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆွမ်းစားကျောင်း၌ ဆွမ်းစားပြီးလျှင် မထေရ်ကြီးက အနုမောဒနာပြုရမည်ဟု ပညတ်တော်မူထားသဖြင့် အရှင်သာရိပုတ္တရာတစ်ပါးတည်း နေတော်မူခဲ့၍ အနုမောဒနာပြုခဲ့ပုံ၊ မထေရ်တစ်ပါးတည်း အဖေါ်မဲ့ ပြန်ကြွလာသည်ကို ဘုရားရှင် တွေ့တော်မူ၍ မထေရ်လေးပါး ငါးပါး စောင့်နေရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၇၉)
အနုရုဒ္ဓတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်အနုရုဒ္ဓါမထေရ်သည် ကောသလတိုင်းမှ သာဝတ္ထိမြို့သို့ ကြွတော်မူစဉ် ရွာငယ်တစ်ရွာရှိ အမျိုးသမီးတစ်ဦး ဆောက်လုပ်လှူဒါန်းထားသော တည်းခိုဇရပ်၌ တည်းခိုနေပုံ၊ နောက်ထပ် ခရီးသွားများ ရောက်လာသဖြင့် မထေရ်ကို အိမ်ပေါ်သို့ ပင့်၍ တည်းခိုစေပြီး အိမ်ရှင်အမျိုးသမီးသည် ဝတ်စားတန်ဆာ ဝတ်ဆင်၍ မထေရ်ကို ဖြားယောင်းသွေးဆောင်ပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင် သိတော်မူ၍ ‘‘အမျိုးသမီးများနှင့် တစ်မိုးတစ်ရံတည်း အိပ်သော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဒုတိယ သဟသေယျ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၈)
အနုရုဒ္ဓတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမတ္တရဘုရားရှင်လက်ထက် သူကြွယ်တစ်ဦး ဖြစ်၍ ဒိဗ္ဗစက္ခုအရာတွင် အမြတ်ဆုံးဧတဒဂ်ရရှိသော မထေရ်တစ်ပါးကို အားကျ၍ (၇)ရက်(၇)လီ အလှူကြီးပေးလှူကာ ဆုတောင်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ နောက်ဆုံးဘဝဝယ် ကပိလဝတ္ထုမြို့၌ အမိတ္တောဒန သာကီဝင်မင်း၏သား ဖြစ်၍ မြတ်စွာဘုရားရှင် ကပိလဝတ္ထုသို့ ပထမဆုံးအကြိမ် ကြွတော်မူလာစဉ် ရဟန်းဝတ်ခဲ့ပြီး ရဟန္တာတစ်ပါး ဖြစ်၍ ဒိဗ္ဗစက္ခုဧတဒဂ် ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၁၄၃)
အနုရုဒ္ဓတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်အနုရုဒ္ဓမထေရ်သည် သင်္ကန်းဟောင်းနွမ်းနေပြီဖြစ်၍ ပံ့သကူကောက်ရန် ကြွတော်မူစဉ် ဇာလိနီနတ်သမီးက နတ်ဝတ်သုံးထည် ချထားသဖြင့် မထေရ်က ကောက်ယူခဲ့ပုံ၊ ဘုရားရှင်နှင့် ရဟန်းတော်တို့က ဝိုင်းဝန်း ချုပ်လုပ်ပေးကြပုံ၊ ထိုအခါ ဘုရားရှင်နှင့် ရဟန်းသံဃာတို့အတွက် ဆွမ်းဘောဇဉ်များ ပိုလျှံ၍ နေပုံ၊ သို့ဖြစ်၍ ပုထုဇဉ်ရဟန်းတို့က ‘‘အရှင် အနုရုဒ္ဓါသည် ဒကာဒကာမများစွာရှိကြောင်း ပြ၏’’ဟု ကဲ့ရဲ့ကြသောကြောင့် ရဟန္တာတို့၌ ပစ္စည်းနှင့်ပတ်သက်၍ လှုံ့ဆော်စကား ပြောလေ့မရှိကြောင်း ဘုရားရှင်က ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၈၇)
အနုရုဒ္ဓတ္ထေရဝတ္ထု
ဤဝတ္ထု၌ အနုရုဒ္ဓထေရ်အလောင်းအလျာသည် ပဒုမုတ္တရဘုရားရှင် လက်ထက်တော်၌ ဒိဗ္ဗစက္ခုအဘိညာဉ်အရာ၌ ဧတဒဂ်ဘွဲ့ထူးရရန် ဆုပန်၍ ကောင်းမှုပြုခဲ့ပုံ၊ ကဿပ မြတ်စွာဘုရားရှင်၏ ရွှေစေတီကို ဆီမီးဖြင့် ထူးခြားစွာ ပူဇော်ခဲ့ပုံ၊ ဥပရိဋ္ဌပစ္စေကဗုဒ္ဓါ အရှင်မြတ်အား အန္နဘာရဆင်းရဲသားဘဝဖြင့် လှူဒါန်းသမှုပြုရာ ထီးချက်စောင့် နတ်သမီးက သာဓုခေါ်ခဲ့ပုံ၊ ထိုကောင်းမှုကြောင့် မဟာဓနသူဌေးဖြစ်ခဲ့ရပုံ၊ ဂေါတမမြတ်စွာဘုရားရှင် လက်ထက်တော်၌ ဘဒ္ဒိယမင်းသားတို့နှင့်တကွ ရဟန်းပြု၍ အဘိညာဉ်နှင့်တကွ ရဟန္တာဖြစ်ခဲ့ကာ ဒိဗ္ဗစက္ခုအဘိညာဉ်အရာ၌ ဧတဒဂ်ဘွဲ့ထူး ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၃၃၆)
အနုရုဒ္ဓတ္ထေရဝတ္ထု
ဤဝတ္ထု၌ အလှူဒါနတို့၏ ကျေးဇူးသည် မမျှော်မှန်း မကြံစည်နိုင်လောက်အောင် ဆန်းကြယ်ပုံ၊ အရှင်အနုရုဒ္ဓါလောင်းလျာဖြစ်သော အန္နဘာရစာရင်းငှါးသည် မိမိအတွက် ရရှိထားသော ထမင်းတစ်နပ်ကို နိရောဓသမာပတ်မှထလာသော ပစ္စေကဗုဒ္ဓါအား ပေးလှူလိုက်သဖြင့် ထိုဘဝ၌ပင် မြေထဲမှ ရွှေအိုးများ ပေါ်ထွက်လာပြီး အချမ်းသာဆုံး အကြွယ်ဝဆုံး သူဌေးဘဝသို့ ရောက်ရှိသွားပုံ၊ ဤဂေါတမဘုရားရှင် လက်ထက်၌ ‘‘မရှိ’’ဟူသော စကားကို နားမလည်မကြားဖူးလောက်အောင်ပင် အလိုရှိသမျှ ပြည့်စုံပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊ဋ္ဌ၊၁၊၃၀၀)
အနုရုဒ္ဓထ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်အနုရုဒ္ဓါထေရ်သည် တစ်ပါးတည်း ကိန်းအောင်းလျက် နေ့သန့်နေစဉ် မနာပကာယိကာနတ်သမီးများက အဆင်း၊ အသံ၊ ချမ်းသာ ဤအရာဌာနသုံးမျိုးတို့၌ မိမိတို့အလိုရှိတိုင်း ဖန်ဆင်းနိုင်ကြောင်း လာရောက်လျှောက်ထားကြပုံ၊ အညိုရောင်၊ အဖြူရောင် အဝါရောင်စသည်ဖြင့် အရှင်အနုရုဒ္ဓါ၏ စိတ်အလိုဆန္ဒအတိုင်း ဖန်ဆင်းပြပြီးနောက် ကသူက-က၊ သီချင်းဆိုသူကဆို၊ လက်ခုပ်တီးသူကတီး လုပ်ပြသောအခါ အရှင်အနုရုဒ္ဓါထေရ်က မျက်လွှာချထားသဖြင့် ထိုနေရာ၌ပင် နတ်သမီးများ ပျောက်ကွယ်သွားကြပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင်အား လျှောက်ထားသောအခါ ဘုရားရှင်က မနာပကာယိကာနတ်ဖြစ်ရန် အကြောင်း(၈)ချက်ကို ဟောကြားပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (အံ၊၃၊၉၀)
အနုလေပဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ အနုလေပဒါယကမထေရ်လောင်း အမျိုးကောင်းသားသည် အနောမဒဿီဘုရားရှင့်လက်ထက်တော်၌ သူဌေးသူကြွယ်တစ်ဦးဖြစ်ခဲ့ပုံ၊ အနောမဒဿီဘုရားရှင်၏ ဗောဓိပင်ကို ပွတ်လုံးပွတ်တိုင်များ ဝန်းရံစိုက်ထူ၍ အင်္ဂတေမြေညက်တို့ဖြင့် အချောကိုင်ပြီး ငွေဗိမာန်ပုံစံသဖွယ် ဆောက်လုပ်လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကြောင့် အပါယ်လေးပါးသို့ လားရောက်ရခြင်းမရှိဘဲ ဖြစ်လေရာဘဝတိုင်း၌ ငွေဗိမာန်စံအိမ်တို့၌ နေထိုင်ခဲ့ရပုံ၊ ဤဘုရားရှင့်သာသနာတော်၌ ရဟန်းပြု၍ ဝိပဿနာ ရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၉၀) (အပ၊ဋ္ဌ၊၂၊၁၅၈)
အနုသံသာဝကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်အလောင်းလျာသည် ဝိပဿီဘုရားရှင်အား တစ်ယောက်ချို(တစ်ဇွန်း)မျှသော ဆွမ်းကို လောင်းလှူခဲ့သည့်ကုသိုလ်ကောင်းမှုကြောင့် ကိုးဆယ့်တစ်ကမ္ဘာတိုင်တိုင် အပါယ်မလားရဘဲ ဤဘုရားရှင့်သာသနာတော်တွင် ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၈၀)
အနုသာသိကဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ငှက်တို့၏ အကြီးအမှူးဖြစ်ပုံ၊ ဟိမဝန္တာတော၌ ငှက်အပေါင်းခြံရံလျက်နေစဉ် ငှက်မတစ်ကောင်သည် ကုန်သည်တို့ သွားရာလမ်း၌ ကျရစ်သော စပါးစေ့၊ ပဲစေ့များကို စားလေ့ရှိပုံ၊ မိမိစားကျက်သို့ အခြားငှက်များ မလာစေရန် ထိုလမ်းသည် နွားဆိုး၊ လူဆိုး၊ လှည်းကြမ်းတို့ ပေါများသဖြင့် အန္တရာယ်ရှိ၏။ မသွားကြနှင့်ဟု ပြောဆို၍ မိမိတစ်ဦးတည်းသာ လမ်းလယ်၌ ကျက်စားလျက်နေစဉ် လှည်းကြိတ်၍ သေရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၅၃)
အနုဠာဒေဝီဝတ္ထု
ဤဝတ္ထု၌ ဒေဝါနံ ပိယတိဿ မင်းကြီး၏ မိဖုရား အနုဠာဒေဝီသည် ဘိက္ခုနီပြုလိုပါကြောင်း လျှောက်ထားလာသဖြင့် အရှင်မဟိန္ဒမထေရ်က သီရိဓမ္မာသောကမင်းကြီးထံ သင်္ဃမိတ္တာထေရီနှင့် ဗောဓိပင်၏ ဒက္ခိဏသာခါတို့ကို ပေးပို့ရန် တောင်းခံတော်မူခဲ့ပုံ၊ သင်္ဃမိတ္တာထေရီ ရောက်လာသဖြင့် သီဟိုဠ်ကျွန်း၌ အနုဠာဒေဝီနှင့် မင်းသမီးတစ်ထောင် ဘိက္ခုနီ ပြုကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၁၊၆၇)
အနူပမတ္ထေရဝတ္ထု
ဤဝတ္ထု၌ အနူပမမထေရ်လောင်းလျာသည် ပဒုမပစ္စေကဗုဒ္ဓါအား စက်ကတုံးပန်းများ လှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူနတ်ချမ်းသာတို့ကို ခံစားရပြီး ဂေါတမဘုရားရှင်လက်ထက်တွင် အတုမရှိ လှပသူ အနူပမလုလင် ဖြစ်လာပုံ၊ အရွယ်ရောက်သော် ရဟန်းပြုပြီး တောအရပ်တွင် မိမိစိတ်ကို ဆုံးမ၍ ဝိပဿနာရှုပွားများသဖြင့် ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၂၈)
အနေကဝဏ္ဏဒေဝပုတ္တဝတ္ထု
ဤဝတ္ထု၌ သုမေဓာဘုရားရှင်လက်ထက်ဝယ် ဘုရားရှင်၏ သရီရဓာတ်တော်တို့ကို ရတနာစေတီတည်ခဲ့သော လူတစ်ယောက်သည် ရဟန်းပြု၍ (၇) နှစ်တိုင်တိုင် ဗြဟ္မစရိယကို ကျင့်သုံးပြီးနောက် လူထွက်ခဲ့ပုံ၊ ထို့နောက် သံဝေဂများစွာဖြင့် စေတီတော်၌ တံမြက်စီးလှည်းခြင်း၊ ဥပုသ် ဆောက်တည်ခြင်း၊ တရားနာ ခြင်းစသော ကုသိုလ်များစွာ ပြုလုပ်ခဲ့ပုံ၊ ကွယ်လွန်သောအခါ တာဝတိံသာနတ်ပြည်သို့ ရောက်ရပုံ၊ ထိုမှတစ်ဖန် လူ့ပြည်နတ်ပြည်တို့၌ ကျင်လည်ကာ ထိုကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ဤဘုရားရှင်သာသနာတော်၌ တာဝတိံသာနတ်ပြည်၌ အနေကဝဏ္ဏနတ်သား ဖြစ်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊၁၁၂) (ဝိမာနဋ္ဌ၊၂၉၉)
အနောပမာထေရီဝတ္ထု
ဤဝတ္ထု၌ သာကေတမြို့ မဇ္ဈသူဌေး၏သမီး အနောပမာသည် အရွယ်ရောက်သော် များစွာသော မင်း သူဌေးတို့က လာရောက် စေ့စပ်ကြောင်းလမ်းသော်လည်း အိမ်ရာထောင်မှုကို မနှစ်သက်ပုံ၊ ဘုရားရှင် အထံသို့သွား၍ တရားနာစဉ်် ဝိပဿနာ အဆင့်ဆင့်အားထုတ်၍ အနာဂါမ်တည်ပုံ၊ ထို့နောက် ရဟန်းမ ဖြစ်၍ (၇) ရက် မြောက်နေ့၌ အရဟတ္တဖိုလ်သို့ ရောက်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၁၄၂)
အနောမဒဿီဗုဒ္ဓဝံသ
ဤဗုဒ္ဓဝင်၌ အနောမဒဿီမြတ်စွာဘုရားသည် စန္ဒဝတီနေပြည်တော်ရှိ ခမည်းတော် ယသဝါမင်းကြီး၊ မယ်တော်ယသောဓရာ မိဖုရားကြီးမှ မွေးဖွားခဲ့ပုံ၊ သိရီမာမင်းသမီးနှင့်အတူ နန်းစည်းစိမ်ခံစားပုံ၊ သားတော်ဥပဝါဟဏ မွေးဖွားပြီးနောက် ထမ်းစင်ဖြင့် တောထွက်တော်မူပြီး ထောက်ကြံ့ပင်ရင်း၌ ဘုရားဖြစ်တော်မူပုံ၊ နိသဘနှင့် အနောမ-ဟု အဂ္ဂသာဝက နှစ်ပါးရှိတော်မူပုံ၊ ဝရုဏမထေရ်က ပြုစုလုပ်ကျွေးပုံ၊ ဂေါတမဗုဒ္ဓလောင်းလျာသည် ဘီလူးစစ်သူကြီးဘဝဖြင့် ဗျာဒိတ်ခံယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၃) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၀၅)
အန္တဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် တစ်ခုသော ရွာအနီး၌ ကြက်ဆူပင်စောင့်နတ်ဖြစ်ပုံ၊ ရွာသားတို့သည် နွားသေတစ်ကောင်ကို ကြက်ဆူပင်တော၌ စွန့်ပစ်သည်ရှိသော် မြေခွေးနှင့်ကျီးတို့ ရောက်ရှိလာပြီး နွားသေသားကို စားကြပုံ၊ ကျီးကန်းက မြေခွေးကို ခြင်္သေ့နှင့် တူသည်၊ မြေခွေးက ကျီးကန်ကို ဥဒေါင်းငှက်နှင့် တူသည်ဟု အချင်းချင်း မဟုတ်မမှန် မြှောက်ပင့်ပြောကြသဖြင့် ကြက်ဆူပင်စောင့်နတ်က နှင်ထုတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၉၇)
အန္တရာယိကဓမ္မဝတ္ထု
ဤဝတ္ထု၌ ရဟန်းလောင်းအား တစ်နေရာ၌ ဆုံးမမှုပြုပြီးနောက် သံဃာ့အလယ်တွင် အန္တရာယ်ကြီး ၁၃-ပါးရှိမရှိ၊ မေးစိစစ်ရန် လိုအပ်ပုံ၊ ရောဂါကြီးများ ရှိမရှိ၊ လူယောကျ်ားဟုတ်မဟုတ်၊ ကျွန်ဟုတ်မဟုတ်၊ ကြွေးကင်းသူဟုတ်မဟုတ်၊ မင်းမှုထမ်းဟုတ်မဟုတ်၊ မိဘတို့က ရဟန်းပြုခွင့် ပေးမပေး၊ အသက် ၂၀-ပြည့်သူ ဟုတ်မဟုတ်၊ သပိတ်သင်္ကန်း ပြည့်စုံမစုံ၊ အမည်နှင့် ဥပဇ္ဈာယ်ဆရာအမည်တို့ကို မေးရန်ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၃၀)
အန္တရာယိကဝတ္ထု
ဤဝတ္ထု၌ ရဟန်းတို့သည် ကောသလတိုင်း ဇနပုဒ်ရှိ တောကျောင်း၌ ဝါကပ်နေကြစဉ် သားရဲတိရစ္ဆာန်၊ မှက်ခြင်၊ သူခိုး၊ သူဝှက်၊ မြေဘုတ်ဘီလူးတို့ နှိပ်စက်ခံကြရပုံ၊ တစ်ချို့မှာ ရွာကို မီးလောင်၊ ကျောင်းကိုမီးလောင်၊ ရေမျောကြကုန်သဖြင့် ဘုရားရှင်က အန္တရာယ်ရှိလျှင် တခြားဒေသသို့ ပြောင်းရွှေ့နိုင်ကြောင်း၊ ဝါကျိုးသော်လည်း မပြစ်မရှိကြောင်း မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၀၆)
အန္ဓဂဏဝတ္ထု
ဤဝတ္ထု၌ အရက်သမားတစ်ယောက်သည် မျက်မမြင်လူတစ်စုကို တွေ့လျှင် အစားအစာ ပေါများသော ရွာသို့ လိုက်ပို့မည်ဟု တံစိုးလက်ဆောင် ယူ၍ ခေါ်လာပုံ၊ လမ်းခရီးတွင် မျက်မမြင်လူတို့ကို စွန့်ပစ်ကာ ထွက်ပြေးသွားပုံ၊ မျက်မမြင်တို့သည် လမ်းပျောက်ကာ ငိုကြွေးရင်း ထိုနေရာတွင် သေဆုံးကြရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၃၊၂၉၀)
အန္နသံသာဝကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်အား ပင့်ဖိတ်၍ ဆွမ်းလှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် (၉၄-ကမ္ဘာ အပါယ်မလားဘဲ) ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၈၆) (အပ၊ဋ္ဌ၊၂၊၄၁)
အပဏ္ဏကဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီးလက်ထက်၌ လှည်းကုန်သည်မျိုး၌ ဖြစ်၍ လှည်းအစီးပေါင်းငါးရာနှင့် ကုန်ကူးနေပုံ၊ ဒေဝဒတ်လောင်းသည်လည်း ထိုမြို့၌ပင် လှည်းကုန်သည်ဖြစ်ပုံ၊ ဒေဝဒတ်လောင်း လှည်းကုန်သည်သည် ကန္တာရခရီးသွားစဉ် ဘီလူးတို့၏ စကားကို အမှန် ထင်၍ ရိက္ခာရေများကို စွန့်ပစ်စေသဖြင့် သေကျေဒုက္ခရောက်ရပုံ၊ ဘုရားလောင်း လှည်းကုန်သည်မှာမူ ဘီလူးစကား နားမယောင် နားမထောင်ဘဲ အမှန် ဖြစ်ပေါ်နေသည့် မိုး၊ လေ၊ တိမ် အခြေအနေကို ထောက်ဆသုံးသပ်ပြီး ရိက္ခာရေကို မစွန့်ဘဲ နေသဖြင့် အသက်ချမ်းသာ၍ ကြီးပွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၁၁)
အပတ္တကဝတ္ထု
ဤဝတ္ထု၌ ကိုယ်ပိုင်သပိတ်မရှိသူကို ရဟန်းခံပေးကြသဖြင့် ပိုင်ရှင်တို့က သပိတ်ကို ပြန်ယူသွားကြသောအခါ ရဟန်းတို့သည် လက်နှင့် ဆွမ်းကို ခံယူသောကြောင့် တိတ္ထိများကဲ့သို့ လက်နှင့် ဆွမ်းခံကြသည်ဟု လူတို့က ကဲ့ရဲ့ကြပုံ၊ ဘုရားရှင်သိတော်မူသောအခါ ‘‘ကိုယ်ပိုင်သပိတ်မရှိသူ၊ ကိုယ်ပိုင်သင်္ကန်းမရှိသူကို ရဟန်းခံမပေးရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၂၅)
အပဒါနိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဘုရားရှင်တို့၏ အကြောင်းအရာ၊ ဂုဏ်ကျေးဇူးတို့ကို မြွက်ဆိုပြီး ဦးခေါင်းဖြင့်လည်းကောင်း၊ လက်တို့ဖြင့်လည်းကောင်း ရှိခိုးခဲ့သော ကောင်းမှုကြောင့် ကိုးဆယ့်နှစ်ကမ္ဘာတိုင်တိုင် အပါယ်လေးပါး မလားရောက်ရဘဲ ဤဘုရားသာသနာတော်၌ ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၇၃)
အပရလကုဏ္ဍကဘဒ္ဒိယဝတ္ထု
ဤဝတ္ထု၌ အပရလကုဏ္ဍကဘဒ္ဒိယမထေရ်သည် ကြည်ညိုဖွယ် အမူအရာဖြင့် သတိသမ္ပဇဉ်နှင့် ပြည့်စုံစွာ ကြွသွားလေ့ရှိပုံ၊ ထိုမထေရ်သည် မိမိ၏ ရုပ်ဆင်းမလှ မတင့်တယ်ပုံကို ကဲ့ရဲ့တတ်သော ရဟန်းတို့ အကုသိုလ်မပွားစေရန် အခြားရဟန်းတို့နောက်မှသာ မရောနှောဘဲ သွားလေ့ရှိပုံ၊ မြတ်စွာဘုရားထံ ရောက်လျှင် မြတ်စွာဘုရားက ရဟန်းတို့အား ထိုမထေရ်သည် ရဟန္တာဖြစ်သောကြောင့် ကျောက်ထီးကဲ့သို့ လေးစားသင့်ကြောင်း မိန့်တော်မူပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၃၃၄)
အပရဥတ္တရတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်၏ ဓာတ်တော်များကို ပူဇော်ခဲ့သော ကုသိုလ်ကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်၏ သာသနာတော်၌ သာကေတမြို့သား ပုဏ္ဏားဖြစ်၍ သရက်ဖြူပင်ရင်း၌ တန်ခိုးပြာဋိဟာပြသည်ကို ကြည်ညိုပြီး ရဟန်းပြုခဲ့ရာ မကြာမီ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊ဋ္ဌ၊၂၊၂၉၄)
အပရာသာမာထေရီဝတ္ထု
ဤဝတ္ထု၌ အပရာသာမာထေရီလောင်းလျာ ကိန္နရာမသည် ဝိပဿီမြတ်စွာဘုရားအား ပန်းလှူခဲ့သော ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်၌သာ ကျင်လည်ခဲ့ရပုံ၊ ဂေါတမမြတ်စွာဘုရား လက်ထက်၌ သာမာဝတီ၏ မိတ်ဆွေဖြစ်၍ သာမာဝတီသေဆုံးသော် သံဝေဂရကာ ရဟန်းမပြုပြီးနောက် အရွယ်ကြီးရင့်မှ ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၄၇)
အပရာဥတ္တမာထေရီဝတ္ထု
ဤဝတ္ထု၌ ဥတ္တမာထေရီလောင်း အမျိုးသမီးသည် ဝိပဿီဘုရားရှင်လက်ထက်၌ ကျွန်မဘဝဖြင့် ကတွတ်မုန့်သုံးချပ်ကို လှူဒါန်းသော ကုသိုလ်ကောင်းမှုကြောင့် တစ်ကမ္ဘာပတ်လုံး သုဂတိ ဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ ရဟန်းပြုကာ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၅၁)
အပုတ္တကသေဋ္ဌိဝတ္ထု
ဤဝတ္ထု၌ သူဌေးကြီးတစ်ဦး ကွယ်လွန်ခဲ့ရာ အမွေခံသားသမီးမရှိသဖြင့် ကျန်ရစ်သော ဥစ္စာစည်းစိမ်တို့ကို မင်းဘဏ္ဍာအဖြစ်သိမ်းပိုက်ခဲ့ရပုံ၊ ထိုအကြောင်းကို ဘုရားရှင်အား ကောသလမင်းကြီးက မေးမြန်းလျှောက်ထားရာ ထိုသူဌေး၏ အတိတ် ကောင်းမှု မကောင်းမှုတို့ကို ဘုရားရှင် ဟောပြတော်မူပုံ၊ သားသမီးမရခြင်း၏ အကြောင်းမှာ အမွေခွဲဝေပေးရမည်ကို စိုးရွံ့ပြီး အစ်ကိုကြီးမရှိသောအခါ အစ်ကို၏ သားကို သတ်ခဲ့သော အကုသိုလ်ကံကြောင့်ဖြစ်ကြောင်း ဘုရားရှင်ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အာဂန္တုကသေဋ္ဌိဝတ္ထုကိုလည်းရှု) (သံ၊၁၊၉၂) (သံ၊ဋ္ဌ၊၁၊၁၄၇) (ဓမ္မ၊ဋ္ဌ၊၂၊၃၅၃)
အပ္ပါယုကဝတ္ထု
ဤဝတ္ထု၌ အရှင်အာနန္ဒာသည် ဘုရားရှင်၏ လွန်စွာတင့်တယ်တော်မူသော အသရေတော်ကို ဖူးမြော်ရသဖြင့် မယ်တော်မာယာသာ အသက်ရှင်လျက်ရှိလျှင် လွန်စွာ အားရပေမည်၊ မယ်တော်ကြီးသည် အသက်တိုလှပေသည်ဟု လျှောက်ထားရာ ဘုရားရှင်က ဘုရားမယ်တော်တို့၏ သဘာဝဖြစ်ကြောင်း မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၂၅၀)
အဗျာဓိကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား မီးတင်းကုပ်ကို ပေးလှူခဲ့ပုံ၊ အနာနှိပ်စက်ခံနေရသော ရဟန်းသံဃာတို့အား ကျောင်းကိုလည်းကောင်း၊ ရေနွေးခံခွက်ကိုလည်းကောင်း ပေးလှူခဲ့ပုံ၊ ဤကောင်းမှုကံကြောင့် ကိုးဆယ့်တစ်ကမ္ဘာတိုင်တိုင် အပါယ်လေးပါး မလားရဘဲ အပရာဇိတစကြဝတေးမင်း စည်းစိမ်ကို ခံစားခဲ့ရပုံ၊ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၄၁)
အဗ္ဘက္ခာနဝတ္ထု
ဤဝတ္ထု၌ ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်စဉ် ရသေ့ဝတ်ကာ ဟိမဝန္တာတောင်ခြေ၌ သစ်မြစ်သစ်သီး သစ်ဥတို့ကို စားသုံးလျက် များစွာသော လုလင်တို့ကို ဗေဒင်မန္တန်များ သင်ကြားပို့ချပေးနေပုံ၊ ထိုအချိန်၌ အဘိညာဉ်သမာပတ်နှင့် ပြည့်စုံသော ရသေ့တစ်ပါးသည် ဘုရားလောင်း၏ ရသေ့ပရိသတ်ထံ ကြွလာပုံ၊ ဘုရားလောင်းရသေ့သည် မနာလိုဝန်တိုဖြစ်ကာ မပြစ်မှားထိုက်သော ထိုဈာန်အဘိညာဉ်နှင့် ပြည့်စုံသည့် ရသေ့ကို ‘‘ဤရသေ့သည် ကာမဂုဏ်ခံစား၏၊ လိမ်ညာလှည့်ပတ်တတ်၏၊ လူလိမ်လူကောက် ဖြစ်၏’’စသည်ဖြင့် စွပ်စွဲပြောဆိုပုံ၊ ဘုရားလောင်းရသေ့၏ တပည့်များကလည်း ဝိုင်းအုံ၍ စွပ်စွဲပြောဆိုကြပုံ၊ ထိုအကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် သေလွန်သောအခါ ငရဲ၌ နှစ်ပေါင်းများစွာ ခံခဲ့ရပုံ၊ နောက်ဆုံးဘဝ ဘုရားဖြစ်သည့်အခါ၌လည်း ရှေးဦးစွာ သုန္ဒရီပရိဗိုဇ်မ၏ စွပ်စွဲခြင်းကို ခံရပုံ၊ ထို့နောက် တိတ္ထိများ၏ ဆဲရေးစွပ်စွဲခြင်းကို ခံရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အပ၊ဋ္ဌ၊၁၊၁၃၄)
အဗ္ဘဉ္ဇနဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား ခြေနယ်ဆီလှူဒါန်းခဲ့သည့် ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံ ဘဝတို့၌သာ ကျင်လည်ခဲ့ရပြီး ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၀၃)
အဗ္ဘန္တရဇာတက
ဤဇာတ်တော်၌ ယသောဓရာထေရီမအား လေနာစွဲကပ်သဖြင့် အရှင်သာရိပုတ္တရာထေရ်က ကောသလမင်းကြီးထံမှ သရက်သီးဖျော်ရည် အလှူခံပေးပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင် သိတော်မူသောအခါ အတိတ်အကြောင်းဆောင်ပြီး ဟောပုံ၊ အတိတ်ဘဝတစ်ခု၌ ဗြဟ္မဒတ်မင်း၏ မိဖုရားကြီးသည် အဗ္ဘန္တရသရက်သီးကို စားလိုသည့် ချင်ခြင်းဖြစ်ပေါ်ပုံ၊ အရှင်သာရိပုတ္တရာမထေရ်အလောင်းက ရအောင် ကြံဆောင်၍ ပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၅၂)
အဘယတ္ထေရဝတ္ထု
ဤဝတ္ထု၌ အဘယမထေရ်နှင့် အမတ်ကြီး၏သားတို့သည် ရုပ်ရည်လှပသူများအဖြစ် ထင်ရှားကျော်ကြားခဲ့ကြပုံ၊ ထိုသူနှစ်ဦးတို့တွင် အဘယမထေရ်သည် ရှေးအခါက မထေရ်ကြီးဖြစ်စဉ် ဆွမ်းခံရွာရှိ စေတီရင်ပြင်ကို တံမြက်စည်းလှည်းခဲ့ပြီး အမတ်ကြီး၏ သားမှာမူ ဥပါသကာဖြစ်ခဲ့၍ တံမြက်လှည်းထားသော အမှိုက်ပုံကို စွန့်ပစ်ခဲ့သော ကုသိုလ်ကြောင့် ထိုသို့ ရုပ်ရည်လှပသူများ ဖြစ့်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၄၊၁၇၅)
အဘယတ္ထေရဝတ္ထု
ဤဝတ္ထု၌ အဘယထေရ်အလောင်း အမျိုးကောင်းသားသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တွင် ဓမ္မကထိက ရဟန်းတော်တစ်ပါး ဖြစ်ခဲ့ပုံ၊ တရားပွဲတိုင်း၌ ဘုရားရှင်အား ဂါထာလေးပုဒ်တို့ဖြင့် ချီးကျူးပူဇော် ကန်တော့လေ့ရှိပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ကမ္ဘာတစ်သိန်း အပါယ်မလားဘဲ ဤဘုရားရှင်၏ သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၀၃) (အပ၊ဋ္ဌ၊၂၊၂၆၆)
အဘယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သုမေဓဘုရားရှင်အား ထင်းရှူးပန်း လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်သာသနာတော်၌ သာဝတ္ထိမြို့ ပုဏ္ဏားမျိုး၌ ဖြစ်ပြီး သာသနာတော်သို့ ဝင်ရောက်ကာ တရားအားထုတ်သဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၅၄)
အဘယမာတုထေရီဝတ္ထု
ဤဝတ္ထု၌ အဘယမာတုထေရီလောင်း အမျိုးကောင်းသမီးသည် ဆွမ်းခံကြွလာသော တိဿဘုရားရှင်အား ကြည်ညိုသော စိတ်ထားဖြင့် ဆွမ်းတစ်ဇွန်းမျှ လောင်းလှူခဲ့သော ကုသိုလ်ကြောင့် လူချမ်းသာ နတ်ချမ်းသာတို့ဖြင့်သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ဥဇ္ဇေနီပြည်၌ ပဒုမဝတီမည်သော အလွန်ချောမောလှပသည့် ပြည့်တန်ဆာမ တစ်ယောက် ဖြစ်လာပုံ၊ ဗိမ္ဗိသာရမင်းကြီးသည် ပဒုမဝတီ၏ သတင်းကို ကြားပြီး ဥဇ္ဇေနီပြည်သို့ သွားကာ ပဒုမဝတီနှင့် တစ်ညတာမျှ ပေါင်းသင်းဆက်ဆံခဲ့ပုံ၊ ထို့ကြောင့် ပဒုမဝတီမှာ ကိုယ်ဝန်ရလျက် ‘‘အဘယ’’ မည်သော သားတော်လေးမွေးဖွားပုံ၊ အဘယမင်းသားသည် အရွယ်ရောက်သောအခါ ရဟန်းပြု၍ ရဟန္တာဖြစ်ပုံ၊ မိခင်ဖြစ်သူ ပဒုမဝတီသည်လည်း အဘယထေရ်၏ တရားတော်ကို နာကြားရပြီး ဘိက္ခုနီဝတ်ကာ ဝိပဿနာပွားသဖြင့် ရဟန္တာဖြစ်ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (အပ၊၂၊၁၉၂) (ထေရီ၊ဋ္ဌ၊၄၀)
အဘယရာဇကုမာရဝတ္ထု
ဤဝတ္ထု၌ အဘယမင်းသားသည် နိဂဏ္ဌနာဋပုတ္တ၏ စေခိုင်းတိုက်တွန်းချက်အရ ဘုရားရှင်အား ဆွမ်းဆက်ကပ်ပြီး ‘‘မြတ်စွာဘုရားသည် သူတစ်ပါး မနှစ်သက်သော စကားမျိုးကို ပြောဆိုပါသလော’’ဟု နှစ်ဘက်အစွန်း မလွတ်သော ပြဿနာကို မေးမြန်းလျှောက်ထားခဲ့ပုံ၊ ဘုရားရှင်က ‘‘ဟုတ်မှန်ပြီး အကျိုးရှိလျှင် ပြော၍ ဟုတ်မှန်ပြီး အကျိုးမရှိလျှင် မပြောကြောင်း’’ မိန့်တော်မူခဲ့ပုံ၊ ထိုအကြောင်းအရာနှင့် စပ်လျဉ်းပြီး ဘုရားရှင်က စကားခြောက်မျိုးကို အကျယ်ချဲ့၍ ဟောကြားသဖြင့် အဘယမင်းသား ဥပါသကာအဖြစ် ခံယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၂၊၅၄) (မ၊ဋ္ဌ၊၃၊၇၆)
အဘယရာဇကုမာရဝတ္ထု
ဤဝတ္ထု၌ အဘယမင်းသားအား ဗိမ္ဗိသာရမင်းကြီးက (၇)ရက်ခန့် မင်းစည်းစိမ်ကို ခံစားခွင့်ပေးပုံ၊ မင်းစည်းစိမ်ခံစားနေစဉ် မမျှော်လင့်ဘဲ ကချေသည်မလေးတစ်ဦး လေဖြတ်၍ သေဆုံးသွားပုံ၊ ဘုရားရှင်ထံ သောကငြိမ်းကြောင်းတရားတော်ကို ဟောကြားပေးပါရန် လျှောက်ထားတောင်းပန်ခဲ့ပုံ၊ ဘုရားရှင်က ဆုံးစမထင် သံသရာတစ်ခွင်၌ ဤကချေသည်မလေးသေဆုံးသွားသဖြင့် ငိုကြွေးခဲ့ရသော သင်မင်းသား၏ မျက်ရည်တို့သည် ဤရွေ့ ဤမျှ ရှိသည်ဟူ၍ပင် မရေတွက်နိုင်တော့ကြောင်း ဟောကြားသောအခါ အပူမီးငြိမ်းလျက် သောတာပန်ဖြစ်သွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၀၈)
အဘယာထေရီဝတ္ထု
ဤဝတ္ထု၌ အဘယာထေရီလောင်းလျာသည် သိခီဘုရားရှင်အား ကြာပန်းဖြင့်ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် (၃၁)ကမ္ဘာ အပါယ်မလားဘဲ ဤဘုရားရှင်၏ သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၄၂)
အဘိဇ္ဇမာနပေတဝတ္ထု
ဤဝတ္ထု၌ မုဆိုးတစ်ယောက်သည် သေလွန်သောအခါ အဝတ်မပါ၍ ထိတ်လန့်ဖွယ်ရုပ်အဆင်းရှိသော ပြိတ္တာဘဝသို့ ရောက်ရှိပုံ၊ ဂင်္ဂါမြစ်၌ ဗိမ္ဗိသာရမင်းကြီး၏ အမတ်ချုပ်ဖြစ်သော ကောလိယ အမတ်ကြီးက တွေ့မြင်ပုံ၊ အမတ်ကြီးသည် မုဆိုးပြိတ္တာကို ရည်စူး၍ ဘုရားရှင်အား စားဖွယ်သောက်ဖွယ်များ၊ အဝတ်ပုဆိုးများကို ပေးလှူ၍ အမျှဝေသဖြင့် ထိုပြိတ္တာသည် အမျှရ၍ စားသောက်ဖွယ်များ အဝတ်ပုဆိုးများ ရရှိသွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၆၇) (ပေတ၊ဋ္ဌ၊၁၅၆)
အဘိဏှဇာတက
ဤဇာတ်တော်၌ ဗာရာဏသီမင်း၏ မင်္ဂလာဆင်တော်နှင့် ဆင်၏ စားကြွင်းစားကျန်ကို စားသော ခွေးတစ်ကောင်တို့ ခင်မင်ရင်းနှီးကာ အကျွမ်းတစ်ဝင် နေထိုင်ကြပုံ၊ တစ်နေ့သောအခါ ဆင်ထိန်းက ခွေးကို ရောင်းလိုက်သဖြင့် မင်္ဂလာဆင်တော် မစားနိုင်မသောက်နိုင် ဖြစ်ခဲ့ပုံ၊ ဘုရားအလောင်း ပညာရှိအမတ်ကြီးက ထိုအကြောင်းအရာကို စုံစမ်းသိရှိသွားပြီး ထိုခွေးပိုင်ရှင်အား ဒဏ်တပ်မည် ဖြစ်ကြောင်း ကြေညာပုံ၊ ခွေးပိုင်ရှင်က ချက်ချင်း ခွေးကို ပြန်လွွှတ်လိုက်သဖြင့် မင်္ဂလာဆင်တော်နှင့် ခွေးတို့ ပျော်ရွှင်စွာ နေထိုင်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၀၅)
အဘိဘူတတ္ထေရဝတ္ထု
ဤဝတ္ထု၌ အဘိဘူတမထေရ်လောင်းလျာသည် ပရိနိဗ္ဗာန်စံတော်မူသော ဝေဿဘူ ဘုရားရှင်၏ ရုပ်ကလာပ်မီးပုံကို နံ့သာရေဖြင့် ငြိမ်းလျက်ပူဇော်ခဲ့သော ကုသိုလ်ကံကြောင့် လူနတ်ချမ်းသာတို့ကို ခံစားရပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ အဘိဘူတမင်းသား ဖြစ်လာရပုံ၊ မြတ်စွာဘုရားထံမှ တရားတော်ကို နာကြားရ၍ ထီးနန်းစွန့်ပြီးရဟန်းပြုပုံ၊ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၇၈)
အဘိဘူထေရဝတ္ထု
ဤဝတ္ထု၌ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ သိခီမြတ်စွာဘုရား ပွင့်တော်မူပုံ၊ ဆွမ်းခံဝင်ရန် စောသေးသဖြင့် သိခီဘုရားရှင်နှင့် အဘိဘူအမည်ရှိသော အဂ္ဂသာဝကတို့ ဗြဟ္မာ့ပြည်သို့ ကြွရောက်တော်မူပုံ၊ သိခီဘုရားရှင်၏ တိုက်တွန်းချက်အရ အဘိဘူအဂ္ဂသာဝကထေရ်က ဗြဟ္မာပရိသတ်အား တရားဟောပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၅၇) (သံ၊ဋ္ဌ၊၁၊၂၀၃) (ပဋိသံ၊ဋ္ဌ၊၂၊၂၇၅)
အဘိရူပနန္ဒာထေရီဝတ္ထု
ဤဝတ္ထု၌ အရှင်အာနန္ဒာ၏နှမ နန္ဒာ၊ ခေမကသာဝင်ကီမင်း၏သမီး အဘိရူပနန္ဒာ၊ ဇနပဒကလျာဏီ နန္ဒာတို့ ဘိက္ခုနီပြုလာကြပြီး မိမိတို့၏ အလှဂုဏ်ရည်ကို သာယာနေကြသဖြင့် ဘုရားရှင်ထံ မသွားဘဲနေခဲ့ကြပုံ၊ တစ်နေ့တွင် ဘိက္ခုနီမတို့နှင့်အတူ တရားနာလာကြစဉ် ဘုရားရှင်သည် သူတို့ထက်လှပသော သတို့သမီးကို ဖန်ဆင်း၍ တဖြည်းဖြည်း အို၊ နာ၊ သေပုံကို ပြတော်မူရာ တရားထူးရကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၂၃၃)
အဘိရူပနန္ဒာထေရီဝတ္ထု
ဤဝတ္ထု၌ ထေရီလောင်းလျာသည် ဝိပဿီဘုရားရှင်၏ ဓာတုစေတီတော်ကို ရွှေထီးဖြင့် ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်၏ သာသနာတော်၌ အဘိရူပနန္ဒာထေရီ ဖြစ်၍ ရဟန္တာဖြစ်ခဲ့ပုံ စသော မကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၉၀) (ထေရီ၊ဋ္ဌ၊၂၆) (ထေရီ၊ဒီ၊၄၇၈)
အမစ္စပုတ္တဝတ္ထု
ဤဝတ္ထု၌ အမတ်သားတစ်ယောက်သည် မိမိအိမ်သို့ကြွလေ့ရှိသော ရဟန်းတော် တစ်ပါးအား ‘‘အဘယ်ပုဂ္ဂိုလ်များကို မေတ္တာပွားရမည်နည်း’’ဟု မေးလျှောက်သောအခါ မိမိချစ်ခင် မြတ်နိုးသော ပုဂ္ဂိုလ်များကို မေတ္တာပွားပါဟု ပြောကြားပုံ၊ အမတ်သားသည် တစ်ယောက်တည်း အခန်းတံခါးပိတ်လျက် မိမိအချစ်ဆုံးဖြစ်သော ဇနီးမယားအား မေတ္တာပို့သောအခါ ကိလေသာစိတ်များ ထကြွသောင်းကျန်းလာသဖြင့် တံခါးပိတ်ထားသည်ကိုပင် သတိမရတော့ဘဲ ဇနီးမယားထံသွားလိုဇောဖြင့် နံရံကို ထုရိုက်နေပုံ၊ လိင်မတူသော ဝိသဘာဂပုဂ္ဂိုလ်များအပေါ် ဩဓိသမေတ္တာမပွားသင့်ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၂၈၈)
အမရာဒေဝီပဥှဇာတက
ဤဇာတ်တော်သည် မဟာဥမင်္ဂဇာတ်၌ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၄၉)
အမောဒဖလိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်အလောင်းလျာသည် ဝိပဿီမြတ်စွာဘုရားရှင်အား အမောဒမည်သော သစ်သီးကို လှူဒါန်းခဲ့သည့် ကုသိုလ်ကြောင့် ဒုဂ္ဂတိဘဝမကျရောက်ခဲ့ဘဲ ဤဘုရားရှင် သာသနာဝယ် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၉၁)
အမ္ဗဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ရသေ့ငါးရာတို့၏ ခေါင်းဆောင်ရသေ့ကြီးဖြစ်၍ ဟိမဝန္တာ၌ နေစဉ် နွေအခါပူပြင်းခြောက်သွေ့ ရေခန်းသဖြင့် တိရစ္ဆာန်တို့ ရေငတ်ကြရပုံ၊ ရသေ့ငယ်တစ်ပါးသည် သစ်တုံးကို အခေါင်းထွင်း၍ ရေထည့်လှူရာ တိရစ္ဆာန်တို့ကလည်း ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် သစ်သီးများ ယူဆောင်လာကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၇၅)
အမ္ဗဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းသည် သိကြားမင်းဖြစ်စဉ် ရသေ့စဉ်းလဲတစ်ဦးသည် သရက်သီးတို့ကို လူဒါယကာတို့အား ပေးကမ်းလျက် မိစ္ဆာဇီဝ (မှားယွင်းသော အသက်မွေးနည်း)ဖြင့် အသက်မွေးနေပုံ၊ သူဌေးသမီး(၄)ယောက် သရက်တောသို့ ဝင်လာစဉ် သူခိုးဟု စွပ်စွဲကာ ကျိန်စာဆိုစေပြီး အရှက်ခွဲပြီးမှ ပြန်လွှတ်ပုံ၊ သိကြားမင်းသည် ထိုရသေ့ပျက်အား ခြောက်လှန့်၍ ဆုံးမပြီး နှင်ထုတ်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၂၅)
အမ္ဗဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဒွန်းစဏ္ဍားဖြစ်၍ အချိန်မရွေး သရက်ပင်ကို ချက်ချင်းသီး ချက်ချင်းမှည့်စေနိုင်စွမ်းရှိသော မန္တရားကို တတ်ပုံ၊ ဘုရားလောင်းထံမှ ထိုမန္တရားကို သင်ယူလိုသော တက္ကသိုလ်ပြန် ပုဏ္ဏားလုလင်သည် ပညာရအောင် ကြိုးပမ်းဆောင်ရွက်ပုံ၊ ပုဏ္ဏားလုလင်သည် ပညာရ၍ ပညာကို ပြသောအခါ ဘုရင်က သဘောကျ၍ ရာထူးခန့်ပုံ၊ ဘုရင်က မည်သည့်ဆရာထံမှ သင်ယူခဲ့ပါသနည်းဟု မေးရာ ပုဏ္ဏားလုလင်သည် ဆရာကို ဖော်ပြရမည်ကို ရှက်သဖြင့် လိမ်ညာပြောဆိုသောကြောင့် သရက်သီး သီးစေသော မန္တာန်ကွယ်ပုံ စသည်တို့ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၂၀၁)
အမ္ဗဋ္ဌဝတ္ထု
ဤဝတ္ထု၌ ဥက္ကဋ္ဌမြို့စား ပေါက္ခရသာတိပုဏ္ဏားကြီးသည် မြတ်စွာဘုရား၌ မဟာပုရိသလက္ခဏာကျမ်းလာ လက္ခဏာကြီး(၃၂)ပါးနှင့် ပြည့်စုံမှုရှိ မရှိ၊ စူးစမ်းရန် တပည့်အမ္ဗဋ္ဌကို စေလွှတ်ခဲ့ပုံ၊ အမ္ဗဋ္ဌက ဘုရားရှင်နှင့် တွေ့သောအခါ ပမာမခန့် လမ်းလျှောက်၍ စကားပြောရုံသာမက သကျလူမျိုးတို့ကို နှိမ်ချ၍ ဣဗ္ဘဝါဒဖြင့် ခေါ်ဝေါ်သုံးနှုန်းခဲ့သဖြင့် ဘုရားရှင်က အမ္ဗဋ္ဌကို သာကီဝင်တို့၏ ကျွန်မ၏သားဖြစ်ကြောင်း ဒါသိပုတ္တဝါဒဖြင့် ရှင်းပြပုံ ထို့နောက်တွင် အမ္ဗဋ္ဌသည် ဘုရားရှင်၏ လက္ခဏာတော်တို့ကို သိမြင်သွားပြီး ဆရာကြီးကို ပြန်တင်ပြရာ ပုဏ္ဏားကြီး ဘုရားတပည့် သာဝကအဖြစ်ခံယူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၁၊၈၂)
အမ္ဗဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းသည် အနောမဒဿီဘုရားရှင်လက်ထက်က ဟိမဝန္တာတွင် မျောက်ဖြစ်ခဲ့ပုံ၊ ထိုမျောက်သည် အနောမဒဿီဘုရားရှင်အား ပျားရည်နှင့် သရက်သီးကို လှူခဲ့သော ကုသိုလ်ကြောင့် တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်တိုင် အပါယ်မလားရဘဲ ငါးဆယ့်ခုနစ်ကမ္ဘာတိုင်တိုင် နတ်ပြည်၌ ဖြစ်ခဲ့ရပုံ၊ တစ်ရာခုနစ်ဆယ့် ခုနစ်ကမ္ဘာအထက်၌ အမ္ဗဋ္ဌဇစကြဝတေးမင်း ဖြစ်ခဲ့ရပြီး ဤဘုရားရှင်၏ သာသနာတော်၌ ရဟန္တာဖြစ််ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၂၉) (အပ၊ဋ္ဌ၊၂၊၉၄)
အမ္ဗပါလီထေရီဝတ္ထု
ဤဝတ္ထု၌ အမ္ဗပါလီထေရီမလောင်းလျာသည် ဖုဿဘုရားရှင်၏ နှမတော်ဖြစ်၍ ရုပ်ရေချောမော လှပရန် တောင်းဆုပြုခဲ့ပုံ၊ သိခီဘုရားရှင်လက်ထက် စေတီရင်ပြင်ပေါ်၌ တံတွေးထွေးချ ရဟန်းမကို ပြည့်တန်ဆာမနှင့် နှိုင်း၍ ရေရွတ်ပြောဆိုမိပုံ၊ ကဿပဘုရားရှင် လက်ထက်၌ ရဟန်းမဖြစ်ခဲ့ပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ ဝေသာလီမင်း၏ ဥယျာဉ်တော်ရှိ သရက်ပင် သစ်ကိုင်းခွကြား၌ ဥပပါတ်ပဋိသန္ဓေနေခဲ့ပြီး အမ္ဗပါလီဟု အမည်ရပုံ၊ ပြည့်တန်ဆာမဖြစ်ပြီး နောက်ဆုံးဘဝ၌ ရဟန္တာထေရီဖြစ်ကာ ဥဒါန်းကျူးရင့်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၉၅) (ထေရီ၊ဋ္ဌ၊၂၁၄) (ထေရီ၊ဒီ၊၅၀၃)
အမ္ဗပါလီဝတ္ထု
ဤဝတ္ထု၌ ပြည့်တန်ဆာမ အမ္ဗပါလီသည် ဝေသာလီပြည်သို့ ကြွရောက်လာသော မြတ်စွာဘုရားရှင်အား လိစ္ဆဝီမင်းတို့ထက် အရင်ဦးအောင် ဆွမ်းစားပင့်၍ ဆွမ်းကပ်ပြီးလျှင် မိမိပိုင် သရက်ဥယျာဉ်ကြီးကို ဘုရားအမှူးရှိသော သံဃာတော်တို့အား ပေးလှူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၂၆) (ဒီ၊၂၊၈၁)
အမ္ဗပိဏ္ဍိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်အား သရက်သီးခိုင်လှူခဲ့သည့် ကုသိုလ်ကောင်းမှုကြောင့် ကိုးဆယ့်လေးကမ္ဘာပတ်လုံး အပါယ်မလားခဲ့ဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၂)
အမ္ဗဖလိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်အား ဦးဦးဖျားဖျားသီးသော သရက်သီးတို့ကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် (၉၁)ကမ္ဘာ အပါယ်မလားဘဲ ဤဘုရားရှင့် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၃)
အမ္ဗယာဂဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား သရက်သီး လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် (၉၁)ကမ္ဘာ အပါယ်မလားဘဲ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၄၈)
အမ္ဗယာဂုဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သမာပတ်မှ ထ၍ ဆွမ်းခံကြွလာသော ‘‘သတရံသီ’’မည်သော ပစ္စေကဗုဒ္ဓါအား သရက်သီးယာဂုလှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် (၉၄)ကမ္ဘာ အပါယ်မလားဘဲ ဤဘုရားရှင်၏ သာသနာတော၌် ရဟန္တာဖြစ်ခဲ့ပုံ ကျွတ်တမ်းဝင်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၂၇)
အမ္ဗဝနပေတဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့ရှိ သူကြွယ်တစ်ယောက်အား စီးပွားလည်းပျက်၊ မယားလည်းသေဆုံး၍ သမီးတစ်ယောက်သာ ကျန်ရှိခဲ့ပုံ၊ သမီးလေးကို မိတ်ဆွေသူဌေးထံ အသပြာတစ်ရာဖြင့် ပေါင်နှံ၍ ကုန်ရောင်းကုန်ဝယ်သွားပုံ၊ လမ်းခရီး၌ သူခိုးဓါးပြများ သတ်၍သေလွန်ရပုံ၊ ပစ္စည်းဥစ္စာများအပေါ် စွဲလမ်း၍ ပြိတ္တာဖြစ်ရပုံ၊ ကျန်ရစ်သူသမီးငယ်က ဘုရားရှင်ထံ အခင်း၊ ယာဂု၊ သရက်သီးမှည့်များကို ဖခင်ကြီးအား ရည်မှန်း၍ လှူဒါန်းပုံ၊ ထိုအခါ ဖခင်ပြိတ္တာကြီးသည် သရက်ဥယျာဉ် ဗိမာန်စသည်တို့ကို ရရှိပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၂၁၅) (ပေတ၊ဋ္ဌ၊၂၅၆)
အမ္ဗဝနဝိဟာရဒါယိကာဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့သူ အမျိုးသမီးတစ်ဦးသည် နှစ်သက်ဖွယ်ကောင်းသော ကျောင်းနေရာကို ပြုလုပ်၍ ကျောင်းဝန်းကျင်၌ သရက်ပင်တို့ကို စိုက်ပျိုးလှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် စုတေသောအခါ တာဝတိံသာနတ်ပြည်၌ ဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၈၂)
အမ္ဗသက္ကရပေတဝတ္ထု
ဤဝတ္ထု၌ ဝေသာလီမြို့နေ ကုန်သည်တစ်ဦးသည် လူအများ သွားလာရာလမ်း ရွှံ့ဗွက် တစ်ခု၌ နွားဦးခေါင်းရိုးတစ်ခုကို လမ်းခင်းပေးခဲ့ပုံ၊ သူ၏ သူငယ်ချင်း ရေးချိုးရာ၌ ပြောင်လှောင်ကျီစယ်လိုသဖြင့် အဝတ်အစားများကို ဝှက်ထားပုံ၊ ယင်းကံ၏ အစွမ်းသတ္တိကြောင့် သေလွန်သောအခါ အာဇာနည်နတ်မြင်းကို ရ၍ အဝတ်မပါသော ဘုမ္မစိုးနတ်ဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၈၁) (ပေတ၊ဋ္ဌ၊၂၀၀)
အမ္ဗာဋကဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဝေဿဘူ ဘုရားရှင်အား ဂွေးသီးများ လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် (၃၁)ကမ္ဘာ အပါယ်မလားဘဲ ဤသာသနာတော်၌ ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၀)
အမ္ဗာဋကိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဝေဿဘူဘုရားရှင်အား ဂွေးသီးတို့ကို လှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် (၃၁)ကမ္ဘာ အပါယ်မလားဘဲ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (အပ၊၂၊၂၇)
အမ္ဗာရာမဝတ္ထု
ဤဝတ္ထု၌ ဆင်းရဲသား အခစားဖြစ်သော လူတစ်ယောက်သည် သရက်ဥယျာဉ်ကို စောင့်နေစဉ် နွေရာသီနေပူကျဲကျဲတွင် ချွေးတစိုစိုဖြင့် ကြွလာတော်မူသော အရှင်သာရိပုတ္တရာမထေရ်အား တွေ့၍ အလွန်ရိုသေလေးစားစွာဖြင့် ဥယျာဉ်၌ အပန်းဖြေသီတင်းသုံးရန် လျှောက်ထားပုံ၊ အရှင်သာရိပုတ္တရာထေရ်သည် သရက်ပင်အောက်၌ နားတော်မူပြီး ရေချိုးရေသောက် ခြေလက်ဆေးကြောတော်မူ၍ အနုမောဒနာတရားဟောကြားတော်မူပုံ၊ ဆင်းရဲသားသည် မထေရ်၏အနုမောဒနာတရားတော်ကို နာရသောကြောင့် သေလွန်သောအခါ တာဝတိံသာနတ်ပြည်၌ဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊၁၀၆) (ဝိမာန၊ဋ္ဌ၊၂၈၆)
အယကူဋဇာတက
ဤဇာတ်တော်၌ ဗာရာဏသီပြည်ကို ဗြဟ္မဒတ်မင်း အုပ်ချုပ်စဉ် လူတို့သည် သားကောင်များစွာကို သတ်၍ နတ်ဘီလူတို့အား ပူဇော်နေကြပုံ ထိုသို့ ပူဇော်မှုကို ဘုရားလောင်းက တားမြစ်သောအခါ ဘုရားလောင်းက တားမြစ်သောအခါ ဘုရားလောင်းအား နတ်ဘီလူးတို့က စိတ်ဆိုး၍ သံတူကြီးဖြင့် သတ်ရန် ကြံစည်ကြပုံ၊ ထိုအခါ ဘုရားလောင်းအား သိကြားမင်းက စောင့်ရှောက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၃၄)
အယျမိတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ အယျမိတ္တမထေရ်သည် ဆွမ်းခံဝင်သည်ရှိသော် ဒါယိကာမကြီးတစ်ယောက်၏ သမီးဖြစ်သူအား ‘‘သမီး၏ အစ်ကို မထေရ် ကြွလာလျှင် ဆန်ကောင်းကောင်းနှင့် ဆွမ်းချက်ကာ ဆီဦးထောပတ်တို့ဖြင့် ဆွမ်းကပ်လိုက်ပါ၊ ပိုလျှံလျှင် သမီးပါ စားနှင့်ပါ၊ အမေတော့ မနေ့က ကျန်သည့် ထမင်းကြမ်းကို ဟင်းရွက်လှော်၊ ပုန်းရည်တို့ဖြင့် စားပြီးပြီ’’ဟု မှာကြားသော စကားကို ကြားရပုံ၊ ‘‘ဆွေမတော် မျိုးမတော် ဤဒါယိကာမကြီးသားအမိသည် သင့်ကို ဤမျှ တရိုတသေ မြတ်မြတ်နိုးနိုး ပြုစုလုပ်ကျွေးနေသည်မှာ လောကီစည်းစိမ်ကို မက်မော၍ မဟုတ်ပေ၊ ရဟန်းတရားကို ချမ်းသာစွာ အားထုတ်နိုင်ရန် ပြုစုလုပ်ကျွေးခြင်းသာ ဖြစ်ပေသည်’’ဟု နှလုံးသွင်းပြီးလျှင် ဒက္ခိဏေယျ မြတ်သော အလှူခံပုဂ္ဂိုလ်မဖြစ်သမျှ ငါဆွမ်းခံမဝင်ပြီဟု ဆုံးဖြတ်ကာ သံမဏိစိတ်ဓာတ်ဖြင့် တရားအားထုတ်ရာ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၃၇၉)
အယောဃရဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်း၏ မယ်တော်သည် ဗြဟ္မဒတ်မင်း၏ မိဖုရားခေါင်ကြီး ဖြစ်ခဲ့ပုံ၊ မိဖုရားခေါင်ကြီး သားဖွားတိုင်း ဘီလူးမတစ်ကောင်က လာရောက်စားလေ့ရှိသဖြင့် ဘုရားအလောင်းကို သံလှောင်အိမ်ကြီးထဲတွင် မွေးဖွားစေခဲ့ပုံ၊ (၁၆)နှစ်ပြည့်၍ မင်းပြုရန် နန်းတော်သို့ ထုတ်ဆောင်သောအခါ ဘုရားအလောင်းသည် ‘‘ဘီလူးလက်မှ လွတ်သော်လည်း သေမင်းလက်မှ မလွတ်နိုင်’’ဟု ဆင်ခြင်ပြီး တောထွက်ကာ ရသေ့ပြုခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၁၈၉) (ဇာ၊ဋ္ဌ၊၄၊၄၉၅)
အရကဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်း အရကရသေ့သည် မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ, ဗြဟ္မဝိဟာရ တရား(၄)ပါးကို (၇)နှစ်လုံးလုံး ပွားများခဲ့သဖြင့် သံဝဋ္ဋ, ဝိဝဋ္ဋ (၂)ကပ်တိုင်တိုင် ဗြဟ္မာ့ပြည်၌ ဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၅၅)
အရညဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းသည် ဗာရာဏသီပြည် ပုဏ္ဏားမျိုး၌ ဖြစ်စဉ် မယားဖြစ်သူ ကွယ်လွန်သွားသဖြင့် သားငယ်ကို ခေါ်ကာ ဟိမဝန္တာတောသို့ သွားပြီး ရသေ့ဝတ်လျက် နေထိုင်ကြပုံ၊ သားငယ်ကို ကျောင်းသင်္ခမ်း၌ ထားခဲ့ပြီး သစ်သီးရှာ ထွက်စဉ် ရွာကို ခိုးသူများ ဖျက်ဆီးသဖြင့် ထွက်ပြေးလာသော အမျိုးသမီးငယ်တစ်ယောက် ကျောင်းသင်္ခမ်းသို့ ရောက်လာပြီး ရသေ့ငယ်ကို ဖြားယောင်းကာ ကိုယ်ကျင့်သီလ ပျက်စီးအောင် ပြုလုပ်ပုံ၊ အမျိုးသမီးငယ်က အတူတူ ထွက်ပြေးကြရန် ခေါ်သော်လည်း ဖခင်ရသေ့ကြီးကို ပန်ကြားပြီးမှ လိုက်လာမည်ဟု ပြောလျက် အမျိုးသမီးငယ်ကို အရင် သွားစေကာ ဖခင်ရသေ့ကြီး ပြန်လာသည်အထိ စောင့်ဆိုင်းနေပုံ၊ ရသေ့ကြီးပြန်လာသောအခါ အမျိုးသမီးငယ်၏ နောက်သို့ လိုက်ပါသွားတော့မည့်အကြောင်း ပန်ကြား၍စဉ် ဖခင်ရသေ့ကြီးက ဆုံးမဩဝါဒ ပေးသဖြင့် တော၌သာ နေကာ ကသိုဏ်းပရိကမ်များကို ပွားများ၍ ဈာန်အဘိဉာဉ်များကို ဖြစ်စေပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၃၆)
အရဟန္တဃာတကဝတ္ထု
ဤဝတ္ထု၌ ရဟန်းတော်တို့သည် သာကေတမြို့မှ သာဝတ္ထိမြို့သို့ လာကြစဉ် လမ်းခရီးအကြား၌ ခိုးသူတို့နှင့်တွေ့ပြီး တစ်ချို့လုယက်ခံရ၍ တစ်ချို့အသတ်ခံကြရပုံ၊ မင်းမှုထမ်းတို့ ရောက်လာပြီး ခိုးသူတို့ကို ဖမ်းဆီးသောအခါ တစ်ချို့ထွက်ပြေးကြပြီး တစ်ချို့အဖမ်းခံရပုံ၊ ထွက်ပြေးသူတို့သည် ရဟန်းတော်တို့ထံ ရောက်လာပြီး ရဟန်းဝတ်နေကြပုံ၊ ဖမ်းမိသူတို့ကို သတ်ရန် ထုတ်ဆောင်လာသည်ရှိသော် ထွက်ပြေးပြီး ရဟန်းဝတ်လာသူတို့က ‘‘ငါတို့ ထွက်ပြေးသည်မှာ ဟန်ကျသွားသည်၊ ထွက်သာ မပြေး၍ မိလျှင် ငါတို့လည်း ဤသူတို့ကဲ့သို့ အသတ်ခံရမှာ သေချာသည်’’ဟု ပြောဆိုသံကို ရဟန်းတော်တို့ ကြားကြရပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ ဤအသတ်ခံရသော ရဟန်းတို့မှာ ရဟန္တာများဖြစ်ကြသည်။ ထို့ကြောင့် ‘‘ရဟန္တာသတ်သူကို ရဟန်းခံမပေးရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၂၃)
အရိဋ္ဌဝတ္ထု
ဤဝတ္ထု၌ လင်းတတို့ကို သတ်ဖူးသော ဂဒ္ဓဗာဓိပုဗ္ဗအရိဋ္ဌရဟန်းအား မိစ္ဆာအယူဖြစ်လာပုံ၊ ဘုရားရှင်က အန္တရာယ်ရှိသည်ဟု ပညတ်ထားသော အမှုတို့ကို ပြုလုပ်သော်လည်း အန္တရာယ်မရှိအောင် ပြုလုပ်နည်းကို သူသိသည်ဟု ပြောဆိုပုံ၊ မိစ္ဆာအယူကို စွန့်ရန် ပြောသော်လည်း မရသဖြင့် ဘုရားရှင်က ရှုတ်ချတော်မူ၍ ဥက္ခေပနီယကံပြုရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၇၅) (ဝိ၊၄၊၆၈)
အရိန္ဒမရာဇဝတ္ထု
ဤဝတ္ထုသည် သိခီဗုဒ္ဓဝံသ၌ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၉)
အရိယူပဝါဒကမ္မဝတ္ထု
ဤဝတ္ထု၌ မထေရ်ကြီးတစ်ပါးနှင့် ရဟန်းငယ်တစ်ပါးတို့ ဆွမ်းခံအတူ ကြွကြစဉ် ပထမဦးဆုံး အိမ်၌ပင် ယောက်ချိုတစ်ဇွန်းစာမျှ ယာဂုပူပူလေးကို ရရှိသဖြင့် လေနာရောဂါနှင့် သင့်လျော်သောကြောင့် မထေရ်ကြီးသည် သစ်တုံးပေါ်၌ ထိုင်ကာ ဘုဉ်းပေးခဲ့ပုံ၊ ရဟန်းငယ်က မထေရ်ကြီးအား ‘‘ကိုယ်တော်ကြီးသည် အလွန်ငတ်ဘိ၏၊ ထေရ်ကြီး ဝါကြီးဖြစ်ပြီး ငါတို့အား အရှက်ရအောင် ပြု၏’’ဟု ကဲ့ရဲ့ရှုတ်ချပြောဆိုခဲ့ပုံ၊ ဆွမ်းခံပြီး ကျောင်းပြန်ရောက်သောအခါ မထေရ်ကြီးက ရဟန်းငယ်အား သာသနာတော်၌ တည်ရာမှီရာများ ရပြီလား(တရားထူးရပြီလား)ဟု မေးခဲ့ပုံ၊ ရဟန်းငယ်က သောတာပန်ဖြစ်ကြောင်း လျှောက်ထားသောအခါ ‘‘သင်သည် ရဟန္တာပုဂ္ဂိုလ်ကို ပြစ်မှားခဲ့၏၊ အထက်မဂ်ဖိုလ်အတွက် အားမထုတ်နှင့်တော့’’ဟု ဆိုသဖြင့် မထေရ်ကြီးအား ဝန်ချတောင်းပန်ခဲ့ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၁၊၁၃၄) (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၅၅)
အလမ္ဗုသာဇာတက
ဤဇာတ်တော်၌ ဣသိသိင်္ဂရသေ့သည် အလွန်အကျင့်ကောင်းသော ဈာန်ရ ရသေ့တစ်ပါး ဖြစ်ခဲ့ပုံ၊ သူ၏ သီလတန်ခိုးကြောင့် သိကြားမင်း၏ ဘုံဗိမာန် ပူနွေးခဲ့ပုံ၊ သီကြားမင်းက အလမ္ဗုသာနတ်သမီးကို စေလွှတ်၍ ရသေ့၏ သီလကို ဖျက်ဆီးစေခဲ့ပုံ၊ အလမ္ဗုသာနတ်သမီး၏ အတွေ့ကြောင့် ဣသိသိင်္ဂရသေ့ (၃)နှစ်တိုင်အောင် မေ့မြောခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၃၀၄) (ဇာ၊ဋ္ဌ၊၅၊၁၆၁)
အလီနစိတ္တဇာတက
ဤဇာတ်တော်၌ လက်သမားငါးရာတို့သည် သစ်များကိုရောင်းချ၍ အသက်မွေးစဉ် ဆင်ကြီးတစ်ကောင်သည် ရှားသစ်ငုတ်ကို နင်းမိပြီး ခြေထောက်၌ အနာဖြစ်၍ ပြည်များတည်နေသဖြင့် လက်သမားရွာအနီးသို့ ချဉ်းကပ်ကာ လှဲအိပ်နေပုံ၊ လက်သမားများက ရှားငုတ်ကို ဖယ်ထုတ်လျက် ဆေးကုသပေးသဖြင့် အနာပျောက် သွားသောအခါ လက်သမားများ၏ လုပ်ငန်းကိစ္စများကို ဝိုင်းကူလုပ်ဆောင်ပေးနေပုံ၊ အသက်အရွယ်ကြီးရင့်လာသောအခါ တောထဲမှ မိမိ၏ အာဇာနည်ဆင်ပေါက်လေးကို ခေါ်၍ လက်သမားများထံ အပ်နှင်းပုံ၊ အာဇာနည်ဆင်ပေါက်လေးသည် ဖခင်ကိုယ်စား လက်သမားများအား ပြုစုလုပ်ကျွေးစဉ် ဗာရာဏသီမင်းကြီးက လက်သမားများအား အသပြာတစ်သိန်းစီနှင့် အဝတ်အထည်များကို ပေးလျက် အာဇာနည်ဆင်ပေါက်လေးကို ဆောင်ယူပုံ၊ အာဇာနည်ဆင်(ဆင်ဖြူတော်) ရောက်လာသည့်အချိန်မှ စ၍ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကို ဗာရာဏသီမင်းအုပ်ချုပ်ရပုံ၊ မိဖုရားကြီး၏ ဝမ်း၌ ဘုရားအလောင်း ပဋိသန္ဓေနေစဉ် မင်းကြီးကွယ်လွန်သွားပုံ၊ သားတော်လေးမွေးဖွားလာသောအခါ ‘‘အလီနစိတ္တ’’ဟု အမည်မှည့်ပြီး ကောသလမင်းက စစ်လာတိုက်စဉ် အလီနစိတ္တမင်းသားလေးကို အာဇာနည်ဆင်အား ပြသလျက် စစ်တိုက်စေပုံ၊ အာဇာနည်ဆင်တော်သည် ကောသလမင်းကို ဖမ်းယူလျက် မင်းသားလေး၏ ခြေရင်း၌ ချထားကာ ဆုံးမဩဝါဒပေးပြီး ပြန်လွှတ်လိုက်ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၆)
အလီနသတ္တုဝတ္ထု
ဤဝတ္ထု၌ ဘုရားအလောင်းသည် ပဉ္စာလတိုင်း ဇယဒ္ဒိသမင်းကြီး၏ သားတော်တစ်ပါး ဖြစ်ခဲ့ပုံ၊ မင်းကြီးသည် အခြွေအရံများနှင့် တောကစားထွက်စဉ် မိမိဘေးမှ သမင် ထွက်ပြေးလွတ်မြောက်သွားသဖြင့် မိမိတစ်ဦးတည်း သမင်နောက်သို့ လိုက်ခဲ့ပုံ၊ သမင်ကို ဖမ်းမိပြီး ပြန်လာစဉ် မင်းကြီးအား ပေါရိသာဒ ဘီလူးက ဖမ်းဆီးထားခဲ့ပုံ၊ မင်းကြီးက ‘‘ပြန်လာပါမည်’’ဟု ပေါရိသာဒအား ဝန််ခံကတိပြု၍ နန်းတော်သို့ ပြန်ခဲ့ပုံ၊ ဖခင်မင်းကြီး၏ ကိုယ်စား သားတော် အလီနသတ္တုမင်းသားက ပေါရိသာဒဘီလူးထံ အစားခံရန် သွားခဲ့ပုံ၊ ဘုရားအလောင်း အလီနသတ္တုမင်းသားက ပေါရိသာဒဘီလူးအား တရားဟောသဖြင့် မင်းသားကို ပြန်လွှတ်လိုက်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၁၆၃)
အလောမဒေဝဓီတာဝတ္ထု
ဤဝတ္ထု၌ အလောင်းမာမည်သော သူဆင်းရဲမ တစ်ယောက်သည် ဆွမ်းခံကြွလာတော်မူသော မြတ်စွာဘုရားအား အဆင်းပျက်နေသည့် ဆားမပါသော မုယောမုန့် ကြွပ်ကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် တာဝတိံသာ၌ နတ်သမီး ဖြစ်ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၆၈)
အဝဋဖလိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် (၉၄)ကမ္ဘာ အပါယ်မလားဘဲ သတရံသီမည်သော ပစ္စေကဗုဒ္ဓါအား အဝဋမည်သော သစ်သီးကို ပေးလှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၄၁)
အဝဋဖလိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ သိဒ္ဓတ္ထဘုရားရှင်အား ချိုမြိန်သော သစ်သီးများကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် (၉၄)ကမ္ဘာ အပါယ်မလားဘဲ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၈၈)
အဝါရိယဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းသည် ရသေ့ဖြစ်၍ ဗြဟ္မဒတ်မင်းကြီး၏ ဥယျာဉ်၌ တစ်ဆယ့်နှစ်နှစ်ကြာ နေထိုင်ခဲ့ပုံ၊ ထိုရသေ့သည် ဂင်္ဂါမြစ်တစ်ဘက်ကမ်းသို့ ကူးတို့လှေစီး၍ ကူးသောအခါ လှေခမပေးဘဲ ဩဝါဒသဖြင့် ကူးတို့သမား၏ ရိုက်နှက်မှုခံရပုံ၊ ဩဝါဒပေးသော သူသည် ဩဝါဒကို ခံယူနိုင်သော သူကိုသာ ပေးသင့်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၁၄)
အဝိပ္ပဝါသသီမာဝတ္ထု
ဤဝတ္ထု၌ အရှင်မဟာကဿပသည် အန္ဓကဝိန္ဒအရပ်မှ ရာဇဂြိုဟ်မြို့သို့ ဥပုသ်ပြုရန် ကြွလာသောအခါ လမ်းခရီးအကြား၌ မြစ်ကို ဖြတ်ကူးစဉ် အနည်းငယ် ရေမျောပါသွားပြီး သင်္ကန်းများ ရေစိုခဲ့ပုံ၊ ဘုရားရှင် သိတော်မူသောအခါ တိစီဝရိက်သင်္ကန်းသုံးထည်နှင့် ကင်း၍ နေနိုင်သော သိမ်သမုတ်ရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၄၇)
အဝိဿဇ္ဇိယဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိနှင့် မနီးမဝေး ရွာတစ်ရွာရှိ ကျောင်းသို့ အာဂန္တုများ အရောက်များသဖြင့် ကျောင်းနေသံဃာတို့သည် နေရာထိုင်ခင်း ပေးရသောကြောင့် အလုပ်များကြပုံ၊ သံဃိကကျောင်း အသုံးအဆောင်များကို ရဟန်းတစ်ပါးအား ပေးအပ်လိုက်ပုံ၊ ဘုရားရှင်က အာရာမ်ကျောင်း ကျောင်းမြေ ခုတင် ညောင်စောင်း ခေါင်းအုံး ဘုံလျှိုစသည်တို့ကို မည်သူမျှ မဝေဖန်အပ်ကြောင်း ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၂၁)
အဝေါပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိခီဘုရားရှင်အား ပန်းအမျိုးမျိုးတို့ဖြင့် ကြဲဖြန့်ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် (၃၁)ကမ္ဘာ အပါယ်မလားဘဲ ကမ္ဘာနှစ်ဆယ်အထက်၌ သုမေဓစကြဝတေးမင်းဖြစ်ခဲ့ရပုံ၊ ဤဘုရားရှင်၏ သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၂၄) (အပ၊ဋ္ဌ၊၂၊၈၈)
အသင်္ကိယဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းရသေ့သည် ချဉ်ဆားမှီဝဲရန် လှည်းကုန်သည်များနှင့်အတူ ခရီးသွားစဉ် တောအုပ်တစ်ခု၌ ရပ်နားကြပုံ၊ ခိုးသူများက လုယက်ရန် ချောင်းမြောင်းနေသည်ကို ဘုရားအလောင်းရသေ့က သိသဖြင့် ညမအိပ်ဘဲ သစ်ပင်ရင်း၌ စင်္ကြံလျှောက်နေပုံ၊ ရသေ့ကြီး စင်္ကြံလျှောက်နေသည်ကို တွေ့မြင်သဖြင့် ခိုးသူများ လုယက်ခွင့်မရဘဲ မိုးလင်းခါနီးအချိန်၌ တင်းပုတ်၊ တုတ်၊ ဓားစသော လက်နက်များကို စွန့်ပစ်၍ ထွက်ခွါသွားကြပုံ၊ နံနက်လင်းသောအခါ လှည်းကုန်သည်များက အကြောင်းစုံကို သိရှိသွားပြီး ဘုရားအလောင်းရသေ့အား ပူဇော်သက္ကာရ ပြုကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၅၁)
အသဒိသဇာတက
ဤဇာတ်တော်၌ ဘုရားလောင်း အသဒိသမင်းသားသည် ဖခင်ဗြဟ္မဒတ်မင်းကြီး နတ်ရွာစံသွားသောအခါ မင်းမပြုလိုသဖြင့် ညီငယ်ကို မင်းအဖြစ် အပ်နှင်းထားစဉ် မင်းခစားယောကျ်ားတို့၏ ကုန်းတိုက်မှုကြောင့် အခြားတိုင်းတစ်ပါးသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပုံ၊ ထိုနိုင်ငံ၌ တစ်နှစ်လျှင် အသပြာတစ်သိန်းဖြင့် လေးသည်တော် အဖြစ် မင်းမှုထမ်းခဲ့ပုံ၊ မင်းကြီးဥယျာဉ်တော်သို့ သွားသောအခါ အပြွတ်လိုက် သီးနေသည့် သရက်သီးခိုင်ကို တွေ့မြင်ရသဖြင့် ဘုရားလောင်း လေးသည်တော်အား မြားဖြင့် ပစ်ခူးခိုင်းပုံ၊ ဘုရားလောင်း လေးသည်တော်က မြားကို နတ်ပြည်အထိ ပစ်လွှတ်လိုက်ပြီး ပြန်ကျလာသော အခါကျမှ သရက်သီးခိုင်၏ အညှာကို ဖြတ်တောက်စေလျက် သရက်သီးခိုင်နှင့် တကွ မြားကိုပါ မြေမထိစေဘဲ ဖမ်းယူပြခဲ့ပုံ၊ လူအများကောင်းချီးပေးကာ ဆုလာဘ်များပေးခဲ့ကြပုံ၊ အသဒိသမင်းသား ဗာရာဏသီပြည်၌ မရှိတော့ကြောင်း(၇)ပြည်ထောင်မင်းတို့ သိသွားသဖြင့် ဗာရာဏသီပြည်ကို လာရောက်ဝိုင်းရံထားစဉ် ညီတော်ဗာရာဏသီမင်းက အစ်ကို ဘုရားလောင်း အသဒိသမင်းသားထံ အကျိုးအကြောင်း ပြောကြားကာ အပြစ်ကို ဝန်ချတောင်းပန်ပြီး ဗာရာဏသီပြည်သို့ ပြန်ခေါ်ခဲ့ပုံ၊ အသဒိသမင်းသားက (၇)ပြည်ထောင် မင်းတို့အား လေးစွမ်းပြပြီး ထွက်ပြေးစေကာ ညီတော်ဗာရာဏသီမင်းကို မပန်ကြားဘဲ ရသေ့ဝတ်ပြီး ဈာန်အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေလျက် သေလွန်သောအခါ ဗြဟ္မာ့ပြည်သို့ လားရောက်ခဲ့ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၇၉)
အသဒိသဒါနဝတ္ထု
ဤဝတ္ထု၌ ကောသလမင်းကြီးသည် မည်သူတစ်ဦးတစ်ယောက်မျှ မလှူဖူးသော အသဒိသဒါနအလှူကြီးကို တစ်ဆယ့်လေးကုဋေ အကုန်အကျခံကာ လှူဒါန်းခဲ့ပုံ၊ ကာဠအမတ်ကြီးက မင်းဘဏ္ဍာများ အချည်းနှီး ဆုံးရှုံးပျက်စီးသည်ဟု ဝန်တိုခဲ့ပုံ၊ ဇုဏှအမတ်ကြီးကမူ မင်းကြီး၏အလှူဒါနကို နှစ်သက်သဘောကျကာ ဝမ်းမြောက်နုမော် သာဓု ခေါ်ခဲ့ပုံ၊ ဘုရားရှင်က အမတ်နှစ်ယောက်တို့၏ စိတ်အကြံကို သိကာ တစ်ဂါထာမျှသာ တရားဟောပြီး ကျောင်းတော်သို့ ပြန်ကြွတော်မူခဲ့ပုံ၊ ကောသလမင်းကြီးက ကျောင်းတော်သို့ လိုက်သွားကာ အကျိုးအကြောင်း လျှောက်ထားပုံ၊ ကာဠအမတ်ကို တိုင်းပြည်မှ နှင်ထုတ်ပြီး ဇုဏှအမတ်ကို မင်းစည်းစိမ်ခုနစ်ရက် ပေးကာ အလှူကြီးကို ခုနစ်ရက်တိုင်တိုင် ထပ်မံပြုလုပ်စေပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၁၉)
အသနဗောဓိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်အလောင်းသည် ခုနစ်နှစ်သားအရွယ်မှာပင် တိဿဘုရားရှင်ကို ကြည်ညိုဆည်းကပ်ပုံ၊ တိဿဘုရားရှင်၏ ပိတောက်ဗောဓိပင်ပျိုကို ငါးနှစ်ပတ်လုံး ပြုစု၍ ငါးနှစ်ပြည့်သောအခါ ပင်လုံးကျွတ်ပွင့်သော ပိတောက်ဗောဓိပင်ကို မြင်ရ၍ ဝမ်းမြောက် ဝမ်းသာ ဖြစ်ရပုံ၊ ထိုကောင်းမှုကြောင့် ကိုးဆယ့်နှစ်ကမ္ဘာ အပါယ်မလားဘဲ ခုနစ်ဆယ့်လေး ကမ္ဘာအထက်၌ ဒဏ္ဍသေန စကြဝတေးမင်း၊ ခုနစ်ဆယ့်သုံး ကမ္ဘာအထက်၌ သမန္တနေမိစကြဝတေးမင်း၊ နှစ်ဆယ့်ငါးကမ္ဘာ အထက်၌ ပုဏ္ဏကစကြဝတေးမင်း အသီးသီးဖြစ်ခဲ့ရပုံ၊ အပြင် ဤဘုရားရှင်၏ သာသနာတော်၌ ရဟန္တာဖြစ်၍ နိဗ္ဗာန်နန်း စံမြန်းတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၂၂) (အပ၊ဋ္ဌ၊၂၊၈၅)
အသန္ဓိမိတ္တာဝတ္ထု
ဤဝတ္ထု၌ ဓမ္မာသောကမင်းကြီး၏ မိဖုရားကြီး အသန္ဓိမိတ္တာသည် မြတ်စွာဘုရား၏ အသံတော်နှင့်တူသော အသံရှိသော ပုဂ္ဂိုလ်မှာ ကရဝိတ်ငှက် ဖြစ်ကြောင်း သိရှိ၍ မင်းကြီးအား ထိုငှက်ကို ယူဆောင်ပေးရန် တိုက်တွန်းပုံ၊ မင်းကြီးက တန်ခိုးအာဏာဖြင့် ဟိမဝန္တာတောမှ ကရဝိတ်ငှက်တစ်ကောင်ကို ရွှေလှောင်ချိုင့်ဖြင့် နန်းတော်သို့ ဆောင်ယူသော်လည်း ကရဝိတ်ငှက်သည် အသံမမြည်ဘဲနေပုံ၊ ကရဝိတ်ငှက်၏ ဘေးပတ်လည်၌ မှန်များ ကာပေးသောအခါ ၎င်း၏ ဆွေမျိုးများ လာရောက်သည်ဟု ထင်မှတ်လျက် အတောင်ကိုခတ်၍ အသံသာယာစွာ မြည်တွန်ပုံ၊ ထိုအခါ မိဖုရားကြီးသည် မြတ်စွာဘုရား၏ အသံတော်သည် ထို့ထက်အဆပေါင်းများစွာ သာယာပေမည်ဟု ဝမ်းမြောက်ဝမ်းသာ ပီတိဖြာ၍ အခြံအရံ (၇၀၀)တို့နှင့် သောတာပန် တည်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၄၄) (မ၊ဋ္ဌ၊၃၊၂၆၃)
အသမ္ပဇာနဘိက္ခုဝတ္ထု
ဤဝတ္ထု၌ အိပ််မက်ထဲ၌ သုက္ကဝိသဋ္ဌိဖြစ်သော ရဟန်းအား အာပတ်မသင့်ကြောင်း ဘုရားရှင်က မိန့်ကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၁၅၃)
အသမ္ပဒါနဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကုဋေရှစ်ဆယ်ကြွယ်ဝသော သင်္ခအမည်ရှိသည့် ရာဇဂြိုဟ်သူဌေးဖြစ်ခဲ့ပုံ ၎င်းသည် ကုဋေရှစ်ဆယ်ပင် ကြွွယ်ဝသော ပီဠိယမည်သော ဗာရာဏသီသူဌေးနှင့် သူငယ်ချင်းဖြစ်ကြပုံ၊ ပီဠိယသူဌေး ဆင်းရဲသွားသောအခါ သင်္ခသူဌေးက ပစ္စည်းဥစ္စာထက်ဝက်ခွဲ၍ ပေးခဲ့သော်လည်း သင်္ခသူဌေး ဆင်းရဲသွားသောအခါ ပီဠိယသူဌေးက စပါးဖျင်း တစ်ပြည်မှုသာ ပေးခဲ့ပုံ၊ ထိုအကြောင်းကို ဘုရင်သိ၍ ဘုရင်က ပီဠိယသူဌေးကို သင်္ခသူဌေးအား ပစ္စည်းထက်ဝက် ခွဲပေးစေခဲပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၉၁)
အသာတမန္တဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းဖြစ်သော ဒိသာပါမောက္ခဆရာကြီးသည် အသက်တစ်ရာ့နှစ်ဆယ်ရှိနေသော မိခင်အိုကြီးကို တောထဲ၌ထား၍ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် ပြုစုစောင့်ရှောက်ခဲ့ပုံ၊ ရှင်အာနန္ဒာထေရ် အလောင်း အလျာဖြစ်သော တပည့်က အသာတမန္တန်ကိုသင်ကြားပေးရန် ပြောဆိုတောင်းပန်ခဲ့ပုံ၊ ဒိသာပါမောက္ခဆရာကြီးက သူ့တပည့်အား မိခင်အိုကြီးကို ခြေဆုပ်လက်နယ်ပြုစေပြီး မိခင်၏ သဘောကို စမ်းသပ်လိုသဖြင့် ရုပ်ရည်နှင့် ပတ်သက်၍ ချီးမွမ်းစကား အမြဲမပြတ် ပြောကြားစေပုံ၊ မိခင်အိုကြီးသည် တပည့်ဖြစ်သူအပေါ် သာယာလာသောအခါ သားဖြစ်သူ ဒိသာပါမောက္ခဆရာကြီးအား သတ်ရန်ကြံစည်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၀၃)
အသာတရူပဇာတက
ဤဇာတ်တော်၌ အရှင်သီဝလိ မထေရ်လောင်းလျာသည် ဗာရာဏသီမြို့ကို ခုနစ်ရက် ခုနစ်လီ ပိတ်ဆိုခဲ့သော အကုသိုလ်ကံကြောင်း ဤနောက်ဆုံးဘဝ၌ ခုနစ်နစ် ခုနစ်ရက် ပဋိသန္ဓေနေခဲ့ရပုံ၊ ပဒုမုတ္တရမြတ်စွာဘုရားအား အလှူကြီးပေးလှူခဲ့ခြင်း၊ ဝိပဿီမြတ်စွာဘုရားအား ဒိန်ချဉ် လှူဒါန်းခဲ့ခြင်းဟူသော ကုသိုလ်ကောင်းမှုတို့ကြောင့် ဤဘုရားရှင့် သာသနာတော်၌ လာဘ်လာဘအများဆုံး ရဟန်းတော် ဖြစ်ခဲ့ရပုံစသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၃၁)
အသိတာဘူဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းသည် ဈာန်အဘိညာဉ်ရ ရသေ့ကြီးဖြစ်၍ ဟိမဝန္တာ၌ သီတင်းသုံးနေပုံ၊ ဗာရာဏသီမင်းသည် မိမိ၏သားအား နယ်နှင်ခဲ့ပုံ၊ ထိုအခါ ဟိမဝန္တာရောက်လာသော နယ်နှင်ခံမင်းသားသည် မိမိမယား အသိတာဘူကို စွန့်၍ ကိန္နရီမ နောက်သို့ လိုက်သွားခဲ့ပုံ၊ အသိတာဘူသည် ရသေ့ကြီးထံ ချဉ်းကပ်၍ ကသိုဏ်းအားထုတ်သဖြင့် ဈာန်အဘိညာဉ်ရရှိခဲ့ပုံ၊ မင်းသားမှာ ကိန္နရီမကိုလည်းမရ၊ မိဖုရားကိုလည်း ဆုံးရှုံးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၀၉)
အသိဗန္ဓကပုတ္တဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ရဟန်းသံဃာများစွာနှင့်အတူငတ်မွတ်ခေါင်းပါးသောဘေး ကြုံနေသော နာလန္ဒာမြို့သို့ ကြွတော်မူစဉ် နိဂဏ္ဌနာဋပုတ္တ၏ သင်ကြားချက်အရ အသိဗန္ဓကရွာသူကြီးသည် ‘‘သတ္တဝါတို့ကို သနားလျှင် အစာရှားပါးသော ဤအရပ်သို့ဘာ့ကြောင့် ကြွလာပါသနည်း’’ဟု လျှောက်ထားရာ သံဃာတော်တို့အား ဆွမ်းအနည်းငယ်မျှကို လောင်းလှူရုံမျှဖြင့် ဆင်းရဲဒုက္ခ ရောက်သွားသူဟူ၍ ငါဘုရား မြင်တော်မမူကြောင်း၊ မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၂၊၅၀၇)
အသိလက္ခဏဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းဖြစ်စဉ် သံလျက် ကောင်းမကောင်း ဆုံးဖြတ်ရသော အမတ်တစ်ဦးသည် တံစိုးလက်ဆောင်ယူ၍ ဆုံးဖြတ်လေ့ရှိပုံ၊ ထိုအမတ်ကို ဆုံးမလိုသော သံလျက်ကုန်သည်တစ်ဦးသည် သံလျက် အိမ်တွင် ငရုတ်မှုန့်သုတ်လိမ်းထားပုံ၊ အမတ်က မသိသဖြင့် နှာခေါင်းဖြင့် နမ်း၍ စူးစမ်းရာ နှာချေပြီး နှာခေါင်းနှစ်ခြမ်းကွဲသွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၈၀)
အသုဘဘာဝနာဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးနှင့် သာမဏေတစ်ပါး တောထဲသို့ ကြွသွားစဉ် သာမဏေသည် ရှေ့မှ သွားရာ လူသေကောင်အလောင်းတစ်ခုကို တွေ့၍ အသုဘရှုသောအခါ အနာဂါမ်တည်ပုံ၊ နောက်မှ လိုက်လာသော ရဟန်းသည်လည်း အသုဘရှု၍ဝိပဿနာအဆင့်ဆင့် ပွားများသောအခါ အနာဂါမ်ဖြစ်ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၁၆၆) (မ၊ဋ္ဌ၊၁၊၂၅၉) (သံ၊ဋ္ဌ၊၃၊၂၁၉) (အဘိ၊ဋ္ဌ၊၂၊၃၃၃)
အသုရာဝတ္ထု
ဤဝတ္ထု၌ အသုရာနှင့် သိကြားမင်းအမှူးပြုသော နတ်များ တစ်ဖက်နှင့်တစ်ဖက် စစ်မက်ဖြစ်ပွားခြင်း၏ အကြောင်းရင်းများကို ပြဆိုထားပုံ၊ အသုရာနှင့် သိကြားမင်းတို့ စစ်တိုက်ကြပုံ၊ သိကြားမင်း၏ ခံစစ်နှင့် စစ်နည်းပရိယာယ်များကို ပြဆိုထားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋီ၊၃၊၃၀၂)
အသောကကုမာရဝတ္ထု
ဤဝတ္ထု၌ ဗိန္ဒုသာရမင်းကြီး၏သား အသောကမင်းသားသည် ဥဇ္ဇေနီမြို့သို့ သွားစဉ် လမ်းခရီးကြား၌ ဝေဋိသဂိရိမြို့သို့ ရောက်ရှိပုံ၊ ထိုမြို့သူ ဝေဋိသဂိရိ သတို့သမီးကို လက်ထပ်ယူပြီး ပေါင်းသင်းခဲ့ရာ မဟိန္ဒမင်းသားနှင့် သံဃမိတ္တာမင်းသမီးတို့ကို မွေးဖွားခဲ့ပုံ၊ ဗိန္ဒုသာရမင်းကြီး နတ်ရွာစံခါနီးတွင် အသောကမင်းသား အပြင်းချီတက်လာပြီး ခမည်းတော် နတ်ရွာစံသောအခါ ထီးနန်းသိမ်းပုံ၊ ကိုးဆယ့်ကိုးယောက်သော အမေကွဲ ညီနောင်တို့ကိုသတ်၍ အဘိသိက်ခံယူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သာရတ္ထ၊ဋီ၊၁၊၁၅၄)
အသောကပူဇကတ္ထေရဝတ္ထု
ဤဝတ္ထု၌ သရက်ဖြူပင်ရင်း၌ သီတင်းသုံးနေတော်မူသော ပဒုမုတ္တရဘုရားရှင်ကို နေတိမ်းသော်လည်း သရက်ပင်အရိပ်က ရွေ့လျားစွန့်ပယ်မသွားပုံကို တွေ့မြင်ရ၍ မထေရ်အလောင်း ဥယျာဉ်စောင့်သည် သော်ကပန်းတို့ကို ဆွတ်၍ ဘုရားရှင်အား ကြဲဖြန့်ပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကြောင့် ကိုးဆယ်လေးကမ္ဘာတိုင်တိုင် အပါယ်လေးပါး မလားရောက်ခဲ့ရဘဲ သုံးဆယ့်ခုနစ်ကမ္ဘာထက်၌ အရဏဉ္ဇဟ စကြဝတေးမင်းဖြစ်ခဲ့ပြီး ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်၍ နိဗ္ဗာန်နန်း စံမြန်းတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၂၁)
အသောကရာဇဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက် နှစ်ပေါင်း(၂၀၀)ကျော်တွင် အသောကသည် ဇမ္ဗူဒိပ်ကျွန်း၌ ဧကရာဇ်မင်း ဖြစ်လာပုံ၊ မင်းဖြစ်ပြီးနောက် (၄)နှစ်အကြာတွင် သူ၏တူအရင်းဖြစ်သူ နိဂြောဓသာမဏေကို အကြောင်းပြု၍ ဗုဒ္ဓသာသနာတော်ကို ကိုးကွယ်လာပုံ၊ ဓမ္မက္ခန္ဓာရှစ်သောင်းလေးထောင်တို့ကို ရည်မှန်း၍ အသောကာရုံကျောင်းနှင့်တကွ ကျောင်း, စေတီပေါင်း(၈၄၀၀၀)စသည်တို့ကို လှူဒါန်းခဲ့ပုံ၊ မောဂ္ဂလိပုတ္တတိဿမထေရ်၏ အဆုံးအမကို ခံယူ၍ မိစ္ဆာဒိဋ္ဌိများကို နှိမ်နင်းပြီး တတိယသံဂါယနာတင်ရာ၌ သာသနာ့ဒါယကာ ဖြစ်လာခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၁၊၃၂) (သာရတ္ထ၊ဋီ၊၁၊၁၅၄)
အဿကဇာတက
ဤဇာတ်တော်၌ ရှေးယခင်က ကာသိတိုင်း ပါဋလိပုတ်မြို့တွင် အဿကမင်း စိုးစံခဲ့ပုံ၊ နတ်သမီးတမျှ ချောမောလှပသည့် မိဖုရားခေါင်ကြီး နတ်ရွာစံသွားသဖြင့် ခုနစ်ရက်တိုင်တိုင် ပူဆွေးသောက ရောက်နေပုံ၊ ဘုရားလောင်းရသေ့က မိဖုရားကြီး နွားချေးပိုးကောင်ဘဝ ရောက်နေပြီး မင်းကြီးထက် သူ့လင် ပိုးကောင်ကြီးကို ပိုချစ်ကြောင်း မိန့်တော်မူပြီး ပိုးကောင်မကို ခေါ်မေးပုံ၊ ပိုးကောင်မက သူ့လင်ပိုးကောင်ကြီးကို မင်းကြီးထက်ပိုချစ်ကြောင်း၊ မင်းကြီးကို သတ်၍ မင်းကြီး၏ လည်ချောင်းသွေးဖြင့် ပိုးကောင်ကြီး၏ ခြေထောက်ကို ဆေးပေးလိုကြောင်းပြောဆို သဖြင့် ဘုရင်ကြီးသည် မိဖုရားကြီးကို စိတ်နာကာ အလောင်းကို စွန့်ပစ်၍ တရားနှင့်အညီ မင်းပြုခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၄၂)
အဿဇိပုနဗ္ဗသုကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ကီဋာဂိရိဇနပုဒ်၌ ကျောင်းထိုင်ကြသော အဿဇိပုနဗ္ဗသုကတို့သည် ဆဗ္ဗဂ္ဂီအုပ်စုဝင်များ ဖြစ်၍ ဝိနည်းသိက္ခာကို မလေးစား၊ အရှက်အကြောက်ကင်းမဲ့သော ရဟန်းတို့ ဖြစ်ကြပုံ၊ ပန်းပင်များကို စိုက်ကာ အမျိုးသမီးကြီးငယ်တို့အား ပန်းပေးခြင်း၊ တစ်နေရာတည်း အတူနေ၊ တစ်ခုတင်တည်း အတူအိပ်၊ စောင်အတူခြုံ၊ အမွှေးနံ့သာ လိမ်းကျံ၊ သီချင်းဆို ကခုန်မြူးတူး၊ ကျားထိုး၊ ကစားမျိုးစုံ ကစားပြီး သာသနာတော်နှင့် မသင့်လျော်သည့် ကုလဒူသက အနေသနအမှုတို့ကို ပြုလုပ်နေကြပုံ၊ ဘုရားရှင်သည် အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်တို့အား ပဗ္ဗာဇနိယကံ ပြုစေ၍ အဿဇိပုနဗ္ဗသုကတို့ကို နှင်ထုတ်ခိုင်းတော်မူပုံ၊ ဘုရားရှင်သည် အဿဇိုပုနဗ္ဗသုကရဟန်းတို့ကို ကဲ့ရဲ့တော်မူ၍ ကုလဒူသကသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၂၇၄) (ဝိ၊၄၊၂၂) (ဝိ၊ဋ္ဌ၊၂၊၁၉၈) (ဓမ္မ၊ဋ္ဌ၊၁၊၃၄၈)
အဿဇိပုနဗ္ဗသုကဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင် ကီဋာဂိရိဇနပုဒ်သို့ ဒေသစာရီ ကြွတော်မူပုံ၊ အဿဇိပုနဗ္ဗသုတို့သည် ဘုရားရှင်နှင့် သံဃာတော်များ၊ အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလ္လာန်တို့ လာရောက်မည့်အကြောင်း သတင်းကြားပုံ၊ အဂ္ဂသာဝကတို့ကို မလိုမုန်းထားသော အဿဇိပုနဗ္ဗသုကတို့က သံဃိကကျောင်းကို ခွဲဝေယူထားကြသဖြင့် ဘုရားရှင်က ‘‘ကျောင်းအာရာမ်စသည်ကို ခွဲဝေမယူရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၂၂)
အဟိတုဏ္ဍိကဇာတက
ဤဇာတ်တော်၌ ဆဲရေးရိုက်ပုတ်ခံရသော သာမဏေငယ်သည် ထိုရိုက်ပုတ်သော ပုဂ္ဂိုလ်ကို မည်သည့်အခါမျှ လှည့်မကြည့်ဘဲ စွန့်ခွာသွားခဲ့ပုံ၊ ရှေးဘဝမျောက်ဖြစ်စဉ်ကလည်း ဤကဲ့သို့ပင် စွန့်ခွာသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၈၄)
အဟိပေတဝတ္ထု
ဤဝတ္ထု၌ ရှေးအခါက မိစ္ဆာဒိဋ္ဌိတစ်ယောက်သည် ပစ္စေကဗုဒ္ဓါတစ်ပါး၏ ကျောင်းကို မီးရှို့ခဲ့သောကြောင့် အဝီစိငရဲ၌ ကျရောက်ခဲ့ပုံ၊ အဝီစီငရဲမှ လွတ်လာသောအခါ ၂၅-ယူဇနာ ခန္ဓာကိုယ်ရှိသည့် တစ်ကိုယ်လုံး မီးဟုံးဟုံးတောက်လျက် ပြေးလွှားနေရသော မြွေပြိတ္တာကြီးဖြစ်နေပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၂၀)
အာကာသုက္ခိပိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်အား ကြာပန်းတစ်ပွင့်ကို ခြေတော်၌ ချထားပူဇော်၍ တစ်ပွင့်ကိုမူ ကောင်းကင်၌ ကြဲဖြန့်ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် (၉၄)ကမ္ဘာ အပါယ်မလားဘဲ သုံးဆယ့်ခြောက်ကမ္ဘာ အထက်၌ အန္တလိက္ခကရ စကြဝတေးမင်း ဖြစ်ပုံ၊ ဤဘုရားရှင်၏ သာသနာတော်ဝယ် ရဟန္တာဖြစ်၍ နိဗ္ဗာန်နန်း စံမြန်းတော်မူခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၆၀)
အာဂန္တုကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ အာဂန္တုကရဟန်းတို့သည် ကျောင်းတိုက်များသို့ ရောက်လာကြပြီး အာဝါသိကရဟန်းတို့အား မပန်ကြားဘဲ ထီးဆောင်း၊ ဖိနပ်စီး၊ သင်္ကန်းခြုံ၍ ဝင်လာကြပုံ၊ ရဟန်းတစ်ပါးသည် လူမနေသော ကျောင်းသို့ တံခါးဖွင့်ဝင်ရာ ခေါင်းပေါ်သို့ မြွေပြုတ်ကျလာသဖြင့် လန့်အော်ခဲ့ပုံ၊ အာဝါသိကရဟန်းတို့က မပြောမဆိုဘဲ ဝင်လာရသလားဟု အပြစ်တင်ကြပုံ၊ ဘုရားရှင် သိတော်မူ၍ အာဂန္တုကဝတ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၇၃)
အာဂန္တုကသေဋ္ဌိဝတ္ထု
ဤဝတ္ထုသည် မယှကဇာတက၌ ပါဝင်သည်။ (သီ၊ဋီ၊သစ်၊၃၁၀)
အာစာမဒါယိကာဝတ္ထု
ဤဝတ္ထု၌ အဟိဝါတကရောဂါဖြင့် တစ်မျိုးလုံး သေဆုံးသောကြောင့် အမျိုးသမီးတစ်ယောက်သည် နေရပ်မှ ထွက်ပြေးခဲ့ကာ သူတစ်ပါးအိမ်နောက်ဘက်၌ ကပ်ရပ်နေပြီး တောင်းရမ်း စားသောက်နေခဲ့ရပုံ၊ ရှင်မဟာကဿပမထေရ် ဆွမ်းရပ်လာသဖြင့် တောင်းရမ်းရခဲ့သည့် ထမင်းချိုးကို အရှင်မဟာကဿပမထေရ်အား လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကြောင့် နိမ္မာနရတိနတ်ပြည်၌ နတ်သမီးဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၉၀)
အာဇညဇာတက
ဤဇာတ်တော်၌ ယောကျ်ားကောင်း အာဇာနည်တို့သည် လူပျင်းတို့ကဲ့သို့ နေပူသည်၊ မိုးရွာသည်၊ ဗိုက်လေးသည်၊ ထမင်းဆာသည် စသည့်ဖြင့် ဆင်ခြေမပေးဘဲ၊ မိမိလုပ်ဆောင်ရမည့် တာဝန်ဝတ္တရား လုပ်ငန်းကိစ္စများကို အရိုးကြေကြေ အရေခန်းခန်း ကြိုးပမ်းဆောင်ရွက် တတ်ကြပုံ၊ အလောင်းတော်အာဇာနည်သိန္ဓောမြင်းသည် ထိခိုက်ဒဏ်ရာရရှိထားသဖြင့် နာကျင်နေသည်ဟူ၍ တာဝန်ကို ရှောင်လွှဲမသွားဘဲ စစ်ပွဲ အောင်နိုင်သည်အထိ အသက်စွန့်၍ ကြိုးပမ်း ဆောင်ရွက်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၉၆)
အာတုမတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား ကြည်ညိုသော စိတ်ဖြင့် နံ့သာရေ နံ့သာမှုန့်တို့ကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပြီး ဤဘုရားရှင်လက်ထက်၌ သာသနာတော်သို့ ဝင်ရောက်ကာ တရားအားထုတ်သဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၀၂)
အာဒိစ္စုပဋ္ဌာနဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းသည် ကာသိတိုင်း ပုဏ္ဏားမျိုး၌ ဖြစ်စဉ် တက္ကသိုလ်ပြည်သို့ သွားကာ အတတ်ပညာများကို သင်ယူပြီးနောက် ရသေ့ဝတ်ပြီး အဘိညာဉ်သမာပတ်တို့ကို ဖြစ်စေလျက် ရသေ့အပါင်းခြံရံကာ ဂိုဏ်းဆရာအဖြစ်ဖြင့် ဟိမဝန္တာ၌ နေထိုင်ခဲ့ကြပုံ၊ ကာလအတန်ကြာ နေထိုင်ကြပြီးနောက် ချဉ်ဆားမှီဝဲရန်အတွက် ဟိမဝန္တာတောင်မှ ဆင်းလာကြပြီး အစွန်အဖျား ရွာလေးတစ်ရွာ၌ သစ်ရွက်မိုးကျောင်း ဆောက်၍နေပုံ၊ လျှပ်ပေါ်လော်လီသော မျောက်တစ်ကောင်သည် ရသေ့များ ဆွမ်းခံသွားနေစဉ် ကျောင်းသင်္ခမ်းအတွင်း ဝင်ရောက်ဖျက်ဆီးလေ့ရှိပုံ၊ ရွာသူရွာသားများ ဆွမ်းလာပို့သည့်အခါ သီလရှိသူယောင် ဟန်ဆောင်လျက် ရသေ့တို့၏ အနီး၌ နေမင်းကို ရှိခိုးကာ ရပ်တည်နေပုံ၊ အကြောင်းမသိသော လူအများက လျှပ်ပေါ်သော မျောက်အား ချီးကျူးပြောဆို နေသည်ကို ဘုရားလောင်း ရသေ့ကြီး ကြားသိသောအခါ မျောက်၏ အကျင့်ယုတ်မာမှုများကို ထုတ်ဖေါ်ပြောကြားသဖြင့် လူအများက မျောက်၏ ယုတ်မာသော အတွင်းစရိုက်ကို သိရှိသွားပြီး ရိုက်နှက် ထောင်းထုလွှတ်ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၆၆)
အာဒိတ္တဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် သိဝိတိုင်း ရောရုဝမြို့၌ ရောရုဝမင်းကြီး ဖြစ်ခဲ့ပုံ၊ ဆင်းရဲနွမ်းပါးသူ ဖုန်းတောင်းယာစကာ စသည်တို့အား အလှူဒါနပြုရသည်ကို အားမရဘဲ မြတ်သော အလှူခံပုဂ္ဂိုလ်တို့အား ပေးလှူလိုသဖြင့် ဥပုသ်သီလစောင့်ထိန်းကာ ပန်း(၇)ဆုပ်စီ ကြဲဖြန့်၍ အရှေ့အနောက် တောင်အရပ်ရှိ ပုဂ္ဂိုလ်မြတ်တို့ကို ပင့်ဆောင်သော်လည်း မရှိသဖြင့် မကြွရောက်ပုံ၊ မြောက်အရပ်သို့ ပင့်ဖိတ်ရာ ပစ္စေကဗုဒ္ဓါ(၇)ပါးကြွ၍ အလှူခံပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၄၄၅)
အာဓာရဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်အလောင်းအလျာသည် သိခီဘုရားရှင်အား သပိတ်ခြေလှူခဲ့သော ကောင်းမှုကြောင့် (၃၁)ကမ္ဘာ အပါယ်မလားဘဲ နှစ်ဆယ့် ခုနစ်ကမ္ဘာအထက်၌ သမန္တဝရဏ စကြဝတေးမင်းဖြစ်ကာ ဤဘုရားရှင် သာသနာတော်ဝယ် ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၃၁)
အာနန္ဒတ္ထေရပရိနိဗ္ဗာနဝတ္ထု
ဤဝတ္ထု၌ သက်တော် ၁၂၀-ရှိသော ရှင်အာနန္ဒာမထေရ်သည် ဒါယကာတို့ အချင်းမများစေရန် ရည်ရွယ်၍ ပရိနိဗ္ဗာန်ပြုမည့်နေ့တွင် ရောဟိဏီမြစ်၏ အလယ် ထန်း(၇)ဆင့်မြင့်သောအရပ်၌ နေတော်မူပြီး တရားဟောတော်မူပုံ၊ ထို့နောက် ခန္ဓာကိုယ်နှစ်ခြမ်းကွဲ၍ တေဇောဓာတ်လောင်ရန် အဓိဋ္ဌာန်ပြုပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၄၂)
အာနန္ဒတ္ထေရပဥှဝတ္ထု
ဤဝတ္ထု၌ ရှင်အာနန္ဒာသည် လေစုန်၊ လေဆန် အနှံ့အပြား၊ မွှေးကြိုင်စေနိုင်သော အနံ့ရှိပါသလောဟု ဘုရားရှင်ထံ မေးလျှောက်ပုံ၊ ဘုရားရှင်က သီလရနံ့သည် အနံ့အားလုံးကို လွှမ်း၍ လေစုန်၊ လေဆန် အထက်အောက် မွှေးပျံ့နိုင်ကြောင်း မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၆၅)
အာနန္ဒတ္ထေရပဥှဝတ္ထု
ဤဝတ္ထု၌ အရှင်အာနန္ဒာမထေရ်သည် နေ့လယ်အချိန်၌ တစ်ပါးတည်း သီတင်းသုံးနေစဉ် ဝိပဿီစသော ရှေးဘုရားခုနစ်ဆူတို့၏ ဥပုသ်ပြုပုံနှင့် ဂေါတမဘုရားရှင်၏ ဥပုသ်ပြုပုံ တူညီမှုရှိ မရှိ စဉ်းစားခဲ့ပုံ၊ ထိုအကြောင်းအရာကို အရှင်အာနန္ဒာမထေရ်က ဘုရားရှင့်ထံ ချဉ်းကပ်လျှောက်ထားပုံ၊ ဘုရားရှင်က ဝိပဿီဘုရားရှင်သည် ခုနစ်နှစ်တစ်ကြိမ်၊ သိခီဘုရားရှင်သည် ခြောက်နှစ်တစ်ကြိမ် စသည်ဖြင့် ကာလအပိုင်းအခြားသာ ကွာခြား၍ ဩဝါဒပါတိမောက် ဥပုသ်ပြုပုံမှာ တူညီကြောင်း မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၅၃)
အာနန္ဒတ္ထေရပဥှဝတ္ထု
ဤဝတ္ထု၌ အရှင်အာနန္ဒာမထေရ်သည် ‘‘ဆင်အာဇာနည်၊ မြင်းအာဇာနည်၊ နွားအာဇာနည် စသည် ဖြစ်ပေါ်ရာအရပ် ထင်ရှားပါ၏၊ လူသားအာဇာနည်သည် မည်သည့်အရပ်၌ ပေါ်ပေါက်တတ်ပါသနည်း’’ ဟု ဘုရားရှင်ထံမေးလျှောက်ပုံ ဘုရားရှင်က ‘‘ယောကျ်ားအာဇာနည်ကို ရဖို့ရန်မလွယ်၊ နေရာတိုင်း၌ မပေါ်၊ ယောက်ျားအာဇာနည် ပေါ်ပေါက်ရာအရပ်သည် လူသားအားလုံးတို့ကို ချမ်းသာစေနိုင်၏’’ ဟု ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၆၁)
အာနန္ဒတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်အာနန္ဒာမထေရ်၌ သပိတ်အပိုများရှိနေ၍ အရှင်အာနန္ဒာက အရှင်သာရိပုတ္တရာ အား ထိုသပိတ်တို့ကို လှူလိုပုံ၊ အရှင်သာရိပုတ္တရာကလည်း သာကေတ၌ သီတင်းသုံးနေသဖြင့် ဘုရားရှင်အား လျှောက်ထားရာ ပိုလျှံသပိတ်များကို (၁၀)ရက်အထိ သိမ်းထားနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၅၂)
အာနန္ဒတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်အာနန္ဒာမထေရ်သည် ခဲဖွယ်ဘောဇဉ်များ ပေါများနေသဖြင့် သူတောင်းစားတို့အား တန်းစီစေလျက် တစ်ခုစီပေးပုံ၊ ပရိဗိုဇ်မတစ်ယောက်အလှည့်တွင် မုန့်နှစ်ခုကို တစ်ခုမှတ်ထင်ကာ ပေးမိပုံ၊ အနီးရှိ ပရိဗိုဇ်မတစ်ယောက်က မုန့်ဝေသော ရဟန်းသည် ‘‘သင်၏ လင်ငယ် ဖြစ်သလော’’ဟုမေးပုံ၊ ပရိဗိုဇ်မ အချင်းချင်း ခိုက်ရန် ဖြစ်ကြပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ ‘‘အစေလက စသူတို့ကို ခဲဖွယ်ဘောဇဉ် ပေးသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု အစေလက သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၂၂)
အာနန္ဒတ္ထေရဝတ္ထု
ဤဝတ္ထု၌ ပသေနဒီကောသလမင်းကြီးသည် ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်၍ ကျောင်းသို့ ရောက်လာပုံ၊ ထိုအချိန်၌ ကာဠုဒါယီမထေရ်သည် ဈာန်သမာပတ်ဝင်စား၍ ပရိသတ်အစွန်၌ ထိုင်နေပုံ၊ တစ်ချိန်တည်း၌ပင် အနောက်ဘက်အရပ်၌ နေဝင်၍ အရှေ့ဘက်အရပ်မှ လမင်းထွက်ပေါ်လာပုံ၊ အရှင်အာနန္ဒာမထေရ်က ကောသလမင်း, ကာဠုဒါယီမထေရ်တို့၏ ကိုယ်ရောင်, နေမင်း, လမင်းတို့၏ အရောင်နှင့် ဘုရားရှင်၏ ကိုယ်ရောင်တို့ကို နှိုင်းယှဉ်ကြည့်ပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင်အား လျှောက်ထားသည့်အခါ ဘုရားရှင်က ‘‘ထိုကောသလမင်း စသူတို့၏ ကိုယ်ရောင်သည် အချိန်အခါအလိုက်သာ တင့်တယ်တောက်ပ၍ ဘုရားရှင်မှာမူ အမြဲထာဝရ တင့်တယ်တောက်ပကြောင်း’’ ဒိဝါ တပတိ-စသော ဂါထာကို ဟောကြားတော်မူသဖြင့် ပရိသတ်များ သောတာပန်တည်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၉၆)
အာနန္ဒတ္ထေရဝတ္ထု
ဤဝတ္ထု၌ အာနန္ဒမထေရ်အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏ ညီတော်ဖြစ်ခဲ့ပြီး ပဒုမုတ္တရဘုရားရှင်နှင့်သံဃာတော်များအား ဆွမ်းစသည်ကိုလှူဒါန်း၍ ဘုရားတစ်ဆူဆူ၏ အလုပ်အကျွေး ဖြစ်ရလိုကြောင်း ဆုတောင်းခဲ့ပုံ၊ ဘဝများစွာတို့တွင် အလှူဒါနမျိုးစုံတို့ကို ပြုခဲ့၍ ဤဂေါတမ ဘုရားရှင်လက်ထက်တော်၌ ဖွားဖက်တော် အာနန္ဒာမင်းသား ဖြစ်လာပြီး ဘုရားရှင်ထံ ရဟန်းပြုခဲ့ပုံ၊ အရှင်မန္တာဏိပုတ္တပုဏ္ဏမထေရ်ထံမှ တရားနာယူရ၍ သောတာပန်တည်ခဲ့ပုံ၊ မြတ်စွာဘုရား၏ အလုပ်အကျွေးဖြစ်ပြီး ဧတဒဂ်ငါးတန်ရရှိခဲ့ပုံ၊ ပထမသင်္ဂါယနာတင်ခါနီး ရဟန္တာ ဖြစ်ပြီး အဖြေတာဝန်ယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၂၂၃) (ထေရ၊ဋ္ဌ၊၂၊၄၁၁) (အပ၊ဋ္ဌ၊၁၊၃၄၆)
အာနန္ဒတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်အာနန္ဒာ၏ အရှင်သာရိပုတ္တရာအား လှူလိုသော အပိုသင်္ကန်းကို အကြောင်းပြု၍ အပိုသင်္ကန်းကို ဆယ်ရက်အထိ ထားနိုင်ကြောင်း ဘုရားရှင်က ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၂၉၄)
အာနန္ဒတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် လေနာရောဂါ စွဲကပ်တော်မူလာသဖြင့် ယခင်က ပျောက်ခဲ့ဖူးသော နှမ်း၊ ဆန်၊ ပဲ သုံးမျိုး ရောနှောကျိုချက်ထားသော တေကဋုလယာဂုကို အရှင်အာနန္ဒာသည် ကိုယ်တိုင်ထောင်း၊ ကျောင်းထဲတွင် ကိုယ်တိုင်သိမ်းဆည်း၊ ကိုယ်တိုင်ချက်ပြုတ် ကပ်ရာ ဘုရားရှင်က အကပ္ပိယကုဋိအတွင်း၌ သိုမှီးထားသည်ကို မသုံးဆောင်ရ၊ ကိုယ်တိုင် မချက်ရဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၀၄)
အာနန္ဒတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ဒက္ခိဏဂိရိဇနပုဒ်သို့ ကြွတော်မူစဉ် အရှင်အာနန္ဒာအား မဂဓလယ်သမားတို့၏ ကန်သင်းအကန့်များ ဖွဲ့၍ထားသော လယ်ကွက်ကို ပြ၍ ရဟန်းတို့အတွက် သင်္ကန်းချုပ်နိုင်ပါမည်လောဟု မေးရာ အရှင်အာနန္ဒာက ချုပ်နိုင်ကြောင်း လျှောက်ထားခဲ့ပုံ၊ အနားပတ်၊ တစ်လုပ်မြောင်းရှည်၊ တစ်လုပ်မြောင်းငယ်၊ အိမ်ဝမ်းကြီး၊ အိမ်ခွဲ၊ အလယ်ခေါင်၊ ခေါင်ရံ၊ လည်ပင်းအနားပတ်၊ ခြေသလုံးအနားပတ်၊ လက်လိပ်စသည်ဖြင့် ဖြတ်တောက်စပ်ချုပ်ထားသော သင်္ကန်းချုပ်ပုံကို ပြရာ ဘုရားရှင်က ချီးမွမ်းတော်မူ၍ ဒုကုဋ်၊ ကိုယ်ဝတ်၊ သင်းပိုင်အဖြစ် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၀၀)
အာနန္ဒသေဋ္ဌိဝတ္ထု
ဤဝတ္ထု၌ အာနန္ဒာသူဌေးသည် ကုဋေလေးဆယ်ချမ်းသာကြွယ်ဝပါသော်လည်း အလွန်နှမြောတွန့်တိုလွန်းပုံ၊ မူလသိရီမည်သော သားကို ဆွေမျိုးသားချင်းများနှင့် တကွ စုဝေးစေလျက် ‘‘ပစ္စည်းဥစ္စာရတနာတွေကို များတယ်ဆိုပြီး မလှူဒါန် မပေးကမ်းသင့်ကြောင်း၊ အသစ်သစ်သော စည်းစိမ်ဥစ္စာများကိုသာ ဖြစ်ထွန်းစေသင့်ကြောင်း၊ ခြကိုပုံပြု ပျားလိုစုသင့်ကြောင်း’’ ဆုံးမဩဝါဒပေးလေ့ရှိပုံ၊ သူဌေးကြီးကွယ်လွန်သောအခါ ဒွန်းစဏ္ဍားမျိုး၌ ဖြစ်ပြီးလက်၊ ခြေ၊ မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ်တို့သည် သူ့နေရာနှင့်သူ မဟုတ်ဘဲ ကိုယ်အင်္ဂါချို့တဲ့လျက် မြေဘုတ်ဘီလူးလေး တစ်ကောင်ကဲ့သို့ အလွန်အရုပ်ဆိုး အကျည်းတန်စွာ မွေးဖွားလာပုံ၊ မိဘများက မကျွေးမွေးနိုင်တော့သဖြင့် သွားနိုင်လာနိုင် အရွယ်ရောက်သောအခါ ခွက်တစ်လုံး လက်ထဲထည့်ကာ တောင်းစားရန် လွှတ်လိုက်စဉ် သူဌေးကြီးသား မူလသိရီသူဌေးအိမ်သို့ ရောက်ရှိသွားပုံ၊ အိမ်စောင့်များ ရိုက်နှက်ပြီး အမှိုက်ပုံ၌ပစ်ထားစဉ် ဘုရားရှင် တွေ့မြင်တော်မူပြီး မူလသိရိသူဌေးကို ခေါ်စေကာ တရားဟောပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၉၇)
အာဘိဓမ္မိကဂေါဒတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် သမုဒ္ဒရာအတွင်းမှ ရရှိလာသော အုန်းမှုတ်ခွက်ကို ချောမွတ်လှပအောင် ပြုလုပ်၍ မိမိကျောင်း၌ ထားခဲ့ပြီး စေတိယတောင်သို့ ထွက်ခွာသွားခဲ့ပုံ၊ အခြားရဟန်းတစ်ပါးက ထိုအုန်းမှုတ်ခွက်ကို ခိုးယူလိုသော စိတ်ဖြင့် ကောက်ယူလျက် စေတိယတောင်သို့ပင် ထွက်ခွာသွားခဲ့ပုံ၊ ပိုင်ရှင် ရဟန်းက တွေ့၍ ငါ့ခွက်ကို ခိုးယူသည်ဟု စွပ်စွဲပြီး သံဃာ့အလယ်သို့ ဆွဲခေါ်သွားခဲ့ပုံ၊ ဝိနယဓရမထေရ်များက ခိုးမှုမြောက်သည်ဟု ဆုံးဖြတ်ကြပုံ၊ ထိုသံဃာ့အစည်းအဝေး၌ ပါဝင်သော အာဘိဓမ္မိကဂေါဒတ္တမထေရ်က အုန်းမှုတ်ခွက်၏ တန်ဖိုးကို မေးစီစစ်သောအခါ တစ်ပဲမျှသာ တန်ဖိုးရှိကြောင်း ဖြေကြားပုံ၊ မထေရ်က ပါရာဇိကအာပတ်မသင့်ဟု ဆုံးဖြတ်သောအခါ သံဃာအားလုံးက သာဓု ခေါ်ဆိုခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၁၊၂၆၆)
အာမဂန္ဓတာပသဝတ္ထု
ဤဝတ္ထု၌ အာမဂန္ဓ အမည်ရှိသော ပုဏ္ဏားတစ်ဦးသည် လုလင်ငါးရာတို့နှင့်အတူ ရသေ့ဝတ်၍ သစ်သီးများကိုသာ စားကာ သားငါးမစားဘဲ သက်သတ်လွတ်စားပုံ၊ ဘုရားရှင်ပွင့်တော်မူသောအခါ ဘုရားရှင်ကို ‘‘အာမဂန္ဓခေါ် သားငါးစားပါသလား’’ဟု မေးရာ ဘုရားရှင်က ‘‘သားငါးကို အာမဂန္ဓ ဟု မခေါ်၊ ကိလေသာ အကုသိုလ်၊ တဏှာ တရားများကိုသာ အာမဂန္ဓ’’ဟု ခေါ်ကြောင်း မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၂၉၇)
အာမဏ္ဍဖလဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ပဒုမုတ္တရဘုရားရှင်အား သျှစ်ရှားသီး လှူဒါန်းခဲ့ရသော ကုသိုလ်ကောင်းမှုကြောင့် ကမ္ဘာတစ်သိန်း အပါယ်မလားဘဲ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၀၇)
အာမိသဝတ္ထု
ဤဝတ္ထု၌ လူတို့သည် ရဟန်းတို့အား စားသောက်ဖွယ်များကို လှူကြရာ ရဟန်းတို့က ဘိက္ခုနီတို့အား ပေးကြပုံ၊ လူတို့က ကဲ့ရဲ့သောကြောင့် ဘုရားရှင်က ‘‘မိမိသုံးဆောင်ရန် လှူသောဝတ္ထုကို အခြားသူအား မလှူရ’’ဟု ပညတ်တော်မူပုံ၊ အလွန်များလျှင် သံဃာတော်အား လှူနိုင်ကြောင်း၊ အလွန့် အလွန် များပြားနေလျှင်မူ တစ်ပါးစီအားလည်း လှူဒါန်းနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၄၆၁)
အာယာဂဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်အလောင်းအလျာသည် သိခီဘုရားရှင် ပရိနိဗ္ဗာန်စံသောအခါ ပုထိုးစေတီကို ရှိခိုးခြင်း၊ ဆွမ်းစားကျောင်း ဆောက်လုပ်၍ သံဃာတော်တို့အား လှူဒါန်းခြင်း ပြုခဲ့သော ကုသိုလ်ကောင်းမှုကြောင့် (၃၁)ကမ္ဘာ အပါယ်မလားဘဲ၊ လူ့ပြည်နတ်ပြည်တို့၌သာ ဖြစ်ပုံ၊ ဖြစ်တိုင်းဖြစ်တိုင်းသော ဘဝ၌ အဆိပ်မသင့်ခြင်း၊ လက်နက်တို့ မစူးရှခြင်း၊ ရေ၌ မည်ခြင်း၊ မိုးကို အလိုရှိသော် မိုးရွာစေနိုင်ခြင်းစသော အကျိုးထူးများကို ခံစားရပုံ၊ စကြဝတေးမင်း အကြိမ်သုံးဆယ် ဖြစ်ခဲ့ရပြီး၊ ဤဘုရားသာသနာတော်၌ ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၉၉) (အပ၊ဋ္ဌ၊၂၊၆၃)
အာယာစိတဘတ္တဇာတက
ဤဇာတ်တော်၌ သူကြွယ်တစ်ယောက်သည် မိမိ၏ စီးပွားရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းသဖြင့် ယဇ်နတ်ပူဇော်ရာ ဘုရားလောင်းရုက္ခစိုးနတ်မင်းက ဤသို့ ပြုလုပ်ခြင်းသည် အကျိုးမရှိကြောင်း ပြောကြားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၈၅)
အာယုတ္တကကုမာရဝတ္ထု
ဤဝတ္ထု၌ စကြဝတေးမင်းကြီးထံ မင်းမရှိသောဒေသမှ ပြည်သူတို့ လာရောက်ပြီး မင်းလောင်းတောင်းကြရာ မင်းကြီးက သားတော်တစ်ပါးကို ပေးလိုက်ပုံ၊ ထိုမင်းသားသည် လူဆိုးတို့နှင့် ပေါင်းသင်း၍ အရက်သမားဖြစ်ကာ ဆူပူလာကြပြန်ပုံ၊ မင်းကြီးသည် ထိုမင်းသားကို ဖမ်းဆီးဆုံးမပြီး ဆုံးမ၍ မရလျှင် ခေါင်းဖြတ်သတ်ရန် အမိန့်ပေး စေလွှတ်လိုက်သောကြောင့် မင်း၏ အာဏာအတိုင်း ဆောင်ရွက်သောအခါမှ လူဆိုး၊ သူခိုးတို့ ထွက်ပြေးပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၃၊၁၀၂)
အာယုဝဍ္ဎနကုမာရဝတ္ထု
ဤဝတ္ထု၌ (၇)ရက်တိုင်တိုင် သံဃာတော်များ ပရိတ်တရားတော်များကို ရွတ်ဖတ်ပွားများပေသဖြင့် အာယုဝဍ္ဎနသတို့သား အသက်(၁၂၀)ရှည်ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၄၂၃)
အာရက္ခဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်အလောင်းအလျာသည် သိဒ္ဓတ္ထဘုရားရှင်၏ ကျောင်းတော်၌ ပွတ်တိုင်တို့ကို ပြုလုပ်ခဲ့ပြီး ဘုရားရှင်အား အစောင့်အရှောက်ကို ပေးလှူခဲ့သော ကောင်းမှုကံကြောင့် (၉၄)ကမ္ဘာအပါယ်မလားဘဲ ဖြစ်တိုင်းသော လူဘဝ နတ်ဘဝတို့၌ ကြောက်မက်ဖွယ်ဘေးကို မတွေ့ခဲ့ရပုံ၊ ခြောက်ကမ္ဘာအထက်၌ အပေဿနစကြဝတေးမင်းဖြစ်ခဲ့ပြီး ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၄၀)
အာရညကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတို့သည် ဝါကျွတ်၍ တောကျောင်းတို့၌ နေထိုင်ကြသောအခါ ကြတ္တိကာနက္ခတ်ပွဲ၌ ခိုးယူလေ့ရှိသော သူခိုးတို့သည် ရဟန်းတို့ထံမှ သင်္ကန်းများကို ခိုးယူကြပုံ၊ ထိုအကြောင်းကြောင့် ဘုရားရှင်က တိစီဝရိက်သင်္ကန်းသုံးထည်တွင် သင်္ကန်းတစ်ထည်ထည်ကို မြို့တွင်း ရွာတွင်း၌ ထားခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၇၆)
အာရညိကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ တောနေရဟန်းတို့ထံ ခိုးသူများ ရောက်လာပြီး သောက်ရေ သုံးရေ မီးစသည်ကို တောင်းကြပုံ၊ အရပ်မျက်နှာ နက္ခတ်များကို မေးရာ မပြောနိုင်ကြသဖြင့် ရဟန်းမဟုတ် ခိုးသူများဖြစ်သည်ဟု ရိုက်ပုတ်ကြပုံ၊ ဘုရားရှင် သိတော်မူ၍ တောနေရဟန်းတို့ လိုက်နာရမည့် ကျင့်ဝတ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၈၅)
အာရဒ္ဓဝိပဿကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဝိပဿနာကမ္မဋ္ဌာန်းတရား ပွားများအားထုတ်ကြသော တောကျောင်းနေ ရဟန်းတော်အပါးခြောက်ဆယ်တို့သည် ကိလေသာစိတ်များ မဖြစ်ပေါ်တော့သဖြင့် တရားထူးရပြီဟု မှတ်ထင်ကြပုံ၊ တရားကို ဆက်လက်အားမထုတ်ကြတော့ဘဲ အကျိုးအကြောင်း လျှောက်ထားရန် ဘုရားရှင်ထံ ကြွလာကြပုံ၊ ဘုရားရှင်က ဖူးမျှော်ခွင့်မပေးဘဲ သုသာန်၌ လောလောဆယ်ဆယ် သေဆုံးသွားသော သူသေကောင်များကို အသုဘဘာဝနာ ရှုပွားစေပုံ ထိုအခါ ကိေ လသာစိတ်များ ဖြစ်ပေါ်သဖြင့် ရဟန္တာမဖြစ်သေးကြောင်း သိကြရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၃)
အာရာမဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်အား အာရာမ်ကို လှူခဲ့သော ကောင်းမှုကြောင့် (၉၄)ကမ္ဘာ အပါယ် မလားဘဲ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ ကျွတ်တမ်းဝင်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၈၅)
အာရာမဒူသကဇာတက
ဤဇာတ်တော်၌ ဥယျာဉ်စောင့်တစ်ယောက်သည် ပွဲကြည့်ရန်အတွက် မြို့သို့ သွားလိုသဖြင့် မိမိမွေးထားသော မျောက်တို့ကို အပင်ငယ်တို့ကို ရေလောင်းရန် မှာကြားခဲ့ပုံ၊ အသိဉာဏ်မဲ့သော ခေါင်းဆောင်မျောက်ကြီးက ရေကို ချွေတာရန်အတွက် သစ်ပင်များကို နှုတ်ကြည့်ပြီး အမြစ်တိုလျှင် နည်းနည်းလောင်းရန်၊ အမြစ်ရှည်လျှင် များများလောင်းရန် ညွှန်ကြားသဖြင့် ဥယျာဉ်ကြီးတစ်ခုလုံး ပျက်စီးပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၉၇) (ဇာ၊ဋ္ဌ၊၂၊၃၁၁)
အာလမ္ဗဏဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်အလောင်းအလျာသည် သိဒ္ဓတ္ထဘုရားရှင်အား တံကဲပျဉ်ကို ပေးဒါန်းလှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် (၉၄)ကမ္ဘာ အပါယ်မလားဘဲ ခြောက်ဆယ့်နှစ်ကမ္ဘာအထက်၌ သမုဒ္ဒရာ ကမ်းတစ်ဖက်တိုင်အောင် ကျယ်ပြန့်သော မြေပြင်ကို အစိုးရသော ဧကပဿီစကြဝတေးမင်း သုံးကြိမ် ဖြစ်ခဲ့ပုံ၊ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၃၉)
အာလုဝဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်အလောင်းအလျာသည် ဟိမဝန္တာတောင်၌ ရှိသော သုဒဿန မြစ်၏အနီး၌ နေသည့် ရဟန္တာအား မျောက်ဥ(ပိန်းဥ)ကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် (၃၁)ကမ္ဘာ အပါယ်မလားခဲ့ဘဲ ဤဘုရားရှင်သာသနာတော်ဝယ် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၆၈)
အာဝရဏဝတ္ထု
ဤဝတ္ထု၌ ရဟန်းတို့သည် သာမဏေတို့အား ဒဏ်ပေးခွင့်ပြုတော်မူလိုက်ပြီးဖြစ်သဖြင့် ကျောင်းတိုက်ကြီးထဲသို့ မဝင်ရဟု ဒဏ်ပေးလိုက်ကြပုံ၊ သာမဏေတို့ ဒုက္ခရောက်ကာ လူထွက်ကြ၊ တိတ္ထိဘောင်သို့ ပြောင်းရွှေ့ကြသဖြင့် မိမိနေရာအရပ်သို့ မဝင်ရန်သာ ဒဏ်ထားနိုင်ကြောင်း ဘုရားရှင်က မိန့်တော်မူပုံ၊ တစ်ချို့သော ရဟန်းတို့က သာမဏေများ စားသောက်ရန် ပါးစပ်သို့ ရောက်ခါနီး အစားအစာများကို မစားရဟု ဒဏ်ပေးကြပြန်သဖြင့် သာမဏေတို့ ယာဂုပင် သောက်ခွင့်မရ၍ လူတို့က ကဲ့ရဲ့ကြသောကြောင့် အစားအစာကို မစားရန် ဒဏ်မပေးရဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၁၈)
အာသင်္ကဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းရသေ့သည် ဟိမဝန္တာတော၌ နေခဲ့ပုံ၊ တာဝတိံသာ နတ်ပြည်မှ စုတေပြီး ပဒုမ္မာကြာပန်း၌ သန္ဓေတည်သော အာသင်္ကာအမည်ရှိသော သမီးတော်အား မွေးစားထားပုံ၊ သမီးကို သိကြားမင်းဖန်ဆင်းပေးသည့် ကောင်းကင်ပျံ ဖန်ပြာသာဒ်၌ ထားပုံ၊ တစ်နေ့တွင် ဗာရာဏသီမင်း ရောက်လာပြီး ၃-နှစ်တိုင်တိုင် သူမ၏ နာမည်ကို ဖော်ထုတ်နိုင်ရန် ကြိုးစားပြီးမှ မိမိတိုင်းပြည်သို့ ဆောင်ယူသွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၃၄)
အာသနသန္ထဝိကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိခီဘုရားရှင်၏ ဥတ္တမမည်သော စေတီတော်၌ ဘုရားရှင်ကို အာရုံပြုပြီး ဘုရားရှင်၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို ချီးကျူးပူဇော်ကာ ရှိခိုးခဲ့သော ကုသိုလ်ကာင်းမှုကြောင့် (၃၁)ကမ္ဘာ အပါယ်မလားဘဲ၊ နှစ်ဆယ့်ခုနစ်ကမ္ဘာ အထက်၌ အတုလစကြဝတေးမင်း ဖြစ်ခဲ့ပုံ၊ ဤဘုရားသာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၉၀)
အာသနုပဋ္ဌာဟကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် အတ္ထဒဿီဘုရားရှင်အား မြတ်သော နေရာကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ကမ္ဘာတစ်ထောင့်ရှစ်ရာ အပါယ်မလားဘဲ ကမ္ဘာခုနစ်ရာထက်၌ သန္နိဗ္ဗာပက စကြဝတေးမင်း ဖြစ်ခဲ့ပုံ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၅၈) (အပ၊ဋ္ဌ၊၂၊၁၂၆)
အာဟုန္ဒရိကဝတ္ထု
ဤဝတ္ထု၌ ရဟန်းတို့သည် ရာဇဂြိုဟ်မြို့၌သာ နွေ၊ မိုး၊ ဆောင်း နေထိုင်ကြသဖြင့် လူတို့က ရဟန်းတို့အတွက် အရပ်မျက်နှာများသည် မှောင်ပိန်းကျဉ်းမြောင်းနေဟန်တူ၏၊ အရပ်ဒေသတို့ကို ထင်ထင်ရှားရှား သိဟန်မတူတော့ဟု ဝေဖန်ရှုတ်ချကြပုံ၊ တစ်နေ့တွင် ဘုရားရှင်သည် ဒက္ခိဏာဂိရိသို့ ဒေသစာရီလှည့်တော်မူမည်ဖြစ်၍ လိုက်ပါနိုင်ကြောင်း နှိုးဆော်ခိုင်းရာ ရဟန်းတို့က ၁၀-ဝါအတွင်း နိဿယည်းဆရာနှင့် ကင်းကွာ၍မနေရဟု ပညတ်ပြီးဖြစ်၍ မလိုက်ဘဲနေကြပုံ၊ ဘုရားရှင်က ဝိနည်းအရာ လိမ္မာကျွမ်းကျင်သူသည် ၅-ဝါထိ နိဿယည်းဆရာနှင့် နေရပြီး မကျွမ်းကျင်သူမှာ တစ်သက်လုံးနေရမည်ဟု မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၁၀)
အာဠဝကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ အာဠဝီတိုင်းသား ရဟန်းတို့သည် ကျောင်းဒါယကာမရှိဘဲ မိမိကိုယ်တိုင် ကျောင်းကြီးများကို ဆောက်လုပ်ကြသဖြင့် လူတို့ထံ ကျောင်းဆောက်လုပ်ရန် လှည်း၊ နွား၊ ပေါက်တူး၊ ပေါက်ဆိန်၊ ဓားမ စသည့် ပစ္စည်းများကို တောင်းရမ်းကြပုံ၊ ထိုအခါ လူတို့မှာ ဘုန်းကြီးကို မြင်လျှင် ထွက်ပြေးနေကြရပုံ၊ ထိုအကြောင်းစုံကို ဘုရားရှင် သိတော်မူသောအခါ ကျောင်းယကာမရှိဘဲ ကျောင်းဆောက်လျှင် ပညတ်ချက်အတိုင်းအတာ အတိုင်းသာ ဆောက်လုပ်ရန် ကုဋိကာရသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၂၁၈)
အာဠဝကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ အာဠဝီပြည်သား ရဟန်းများသည် ကျောင်းဆောက်ခြင်း စသော အမှုကိစ္စများကို ဆောင်ရွက်ကြစဉ် ပိုးမွှားရှိသော ရေထဲသို့ ပိုးမွှားရှိမှန်း သိလျက်ပင် မြက်အမှိုက်များ, မြေကြီးများကို သွန်ချကုန်သောကြောင့် ‘‘ပိုးမွှားရှိသော ရေထဲသို့ မြက်စသည်ကို သွန်းချသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု သပ္ပါဏကသိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၆၉)
အာဠဝကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ အာဠဝီပြည်သား ရဟန်းတော်များသည် ကျောင်းဆောက်ကြသောအခါ မြေကြီးကို ကိုယ်တိုင် တူးကြသဖြင့် လူတို့က ကဲ့ရဲ့သောကြောင့် ‘‘မြေကြီးကို တူးသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ပထဝီခဏန သိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၄၉)
အာဠဝကဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားသည် အာဠာဝကဘီလူး၏ ဗိမာန်သို့ ကြွတော်မူပုံ၊ အာဠာဝကဘီလူးသည် ဘုရားရှင်ကို လက်နက်မျိုးစုံ နည်းမျိုးစုံဖြင့် တိုက်ခိုက်သော်လည်း ရှုံးနိမ့်သဖြင့် ဘီလူးက မြတ်စွာဘုရားအား ပြဿနာများစွာကို မေး၍ မဖြေနိုင်လျှင် အမျိုးမျိုးနှိပ်စက်မည်ဟု ခြိမ်းခြောက်ခဲ့ပုံ၊ သူ၏ အမေးပြဿနာဟူသမျှကို မြတ်စွာဘုရားက ဖြေနိုင်သဖြင့် ဘီလူးသည် မာန်လျော့ကာ အရှုံးပေးရပုံ၊ အာဠာဝကဘီလူးသည် သောတာပန်တည်၍ မြတ်စွာဘုရားကို ချီးကျူးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၂၁၆) (သံ၊ဋ္ဌ၊၁၊၂၈၉)
အာဠဝကဝတ္ထု
ဤဝတ္ထု၌ အာဠဝီမင်းကြီးသည် သမင်လိုက်သွားရာမှ အပြန်တွင်အာဠာဝကဘီလူးအဖမ်းခံရ၍ မိမိကိုမသတ်ရန် တောင်းပန်ပြီး နေ့စဉ်နေ့တိုင်း (၁၂)နှစ်တိုင်တိုင် ဘီလူးစာ လူတစ်ယောက်စီပို့ခဲ့ရာ ဘုရင့်သားတော် ဟတ္ထာဠာဝကမင်းသားလေးပို့မည့်ညတွင် ဘုရားရှင်နှင့် အာဠဝကတို့ ပြိုင်ဆိုင်ကြရာ ဘုရားရှင် အနိုင်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၂၁၂)
အာဠိန္ဒကဝါသီမဟာဖုဿဒေဝတ္ထေရဝတ္ထု
ဤဝတ္ထု၌ မဟာဖုဿဒေဝမထေရ်သည် (၁၉)နှစ်တိုင်တိုင် ဂတပစ္စာဂတ ကျင့်ဝတ်ကို ဖြည့်ကျင့်၍ ရဟန်းတရားကို ကြိုးစားအားထုတ်သော်လည်း ရဟန္တာမ ဖြစ်သဖြင့် မျက်ရည်ကျခဲ့ပုံ၊ အနှစ်(၂၀) ပြည့်အောင် ဖြည့်ကျင့်မှသာ ရဟန္တာဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၂၆၇)
ဣဏာယိကဝတ္ထု
ဤဝတ္ထု၌ ကြွေးယူထားသော ကြွေးထူသူတစ်ဦးသည် ကြွေးများကို ပြေကျေအောင် ပြန်မဆပ်ဘဲ ထွက်ပြေးပြီး ရဟန်းဝတ်လာပုံ၊ ထိုသူ့ကို ကြွေးရှင်တို့က တွေ့၍ ဖမ်းရန်ကြိုးစားရာ မင်းတရားကြီး၏ အမိန့်တော်ကြောင့် မည်သို့မှ ပြုလုပ်မရကြပုံ၊ လူတို့က ကဲ့ရဲ့ကြသဖြင့် ဘုရားရှင်က ‘‘ကြွေးရှိသူကို ရဟန်းခံမပေးရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၀၆)
ဣန္ဒြိယဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ပုရောဟိတ်သားဘဝမှ တောထွက်၍ ရသေ့ပြုကာ ဈာန်အဘိညာဉ်ရပြီး ရသေ့ပေါင်းများစွာ ခြံရံလျက် နေပုံ၊ တပည့်ဖြစ်သော နာရဒရသေ့သည် ပြည့်တန်ဆာမတစ်ဦး၌ စွဲလမ်း၍ လူထွက်ရန် ပြင်ဆင်နေသဖြင့် ဘုရားအလောင်းရသေ့ကြီး ရောက်လာကာ ကာမသုခ၏အဆုံး၌ ငရဲဒုက္ခရှိနေကြောင်း ပြောဆိုဆုံးမပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၄၃၈)
ဣန္ဒသမာနဂေါတ္တဇာတက
ဤဇာတ်တော်၌ ဣန္ဒသမာနဂေါတ္တရသေ့ငယ်သည် ဘုရားလောင်းရသေ့ကြီး၏ စကားကို နားမထောင်ဘဲ ဆင်ပေါက်လေးတစ်ကောင်ကို မွေးမြူထားပုံ၊ ဆင်ကြီးဖြစ်လာသောအခါ ထိုရသေ့ငယ်ကို နင်းခြေသတ်ဖြတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၆)
ဣလ္လိသဇာတက
ဤဇာတ်တော်၌ ရှေးအခါက ကုဋေရှစ်ဆယ်ကြွယ်ဝသော ဣလ္လိသသူကြွယ်၏ ဖခင်သည် အလှူဒါနပြု၍ ကွယ်လွန်သောအခါ သိကြားမင်း ဖြစ်ခဲ့ပုံ၊ သူ၏သား သူဌေးမှာမူ အလွန်နှမြောတွန့်တိုလျက် မလှူရက် မတန်းရက် ဖြစ်နေပုံ၊ ထိုအခါ ဖခင်ဟောင်း သိကြားမင်း ဆင်းကာ ဣလ္လိသနှင့် ပုံတူဖန်ဆင်း၍ လှူဒါန်းရန် ဆုံးမပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၆၆)
ဣသိဒတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီမြတ်စွာဘုရားအား ချိုမြိန်ကောင်းမွန်သည့် အာမောဒမည်သော အသီးကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်သာသနာတော်၌ အဝန္တိတိုင်းသား လှည်းကုန်သည်ဖြစ်၍ မဟာကစ္စာယနမထေရ်ထံ ရဟန်းပြုပြီးနောက်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၀၂)
ဣသိဒါသီထေရီဝတ္ထု
ဤဝတ္ထု၌ ဣသိဒါသီထေရီလောင်း အမျိုးသမီးသည် ဤဂေါတမဘုရားရှင်လက်ထက်မရောက်မီ (နောက်ဆုံးဘဝမရောက်မီ) ခုနစ်ဘဝအလိုတွင် မသူတော်တို့နှင့် ပေါင်းမိသဖြင့် ပရဒါရိကကံ (သူတစ်ပါးသားမယားတို့ကို လွန်ကျူးပြစ်မှားသည့်ကံ)ကို ပြုလုပ်ခဲ့ သောကြောင့် ငရဲ၊ တိရစ္ဆာန်၊ သူဆင်းရဲဘဝတို့၌ ကျင်လည်ခဲ့ရပြီး ဤဂေါတမဘုရား ရှင်လက်ထက်တွင် ဥဇ္ဇေနီပြည်၌ ဣသိဒါသီမည်သော သူဌေးသမီးဖြစ်လာခဲ့ပုံ၊ အရွယ်ရောက်သောအခါ အိမ်ထောင်ကျပြီးနောက် လင်ယောကျ်ားဖြစ်သူက မနှစ်သက်သဖြင့် အိမ်မှ နှင်ထုတ်ခံရပုံ၊ သံဝေဂရပြီး ဘိက္ခုနီဝတ်ကာ ဝိပဿနာပွားသဖြင့် ပဋိသမ္ဘိဒါပတ္တရဟန္တာ ဖြစ်ခဲ့ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၂၆၇)
ဣသိဒိန္နတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဣသိဒိန္နမထေရ်လောင်းသည် ဝိပဿီဘုရားရှင်အား ယပ်တောင်လှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူနတ်စည်းစိမ်တို့ကို ခံစားရပြီး ဂေါတမဘုရားရှင်လက်ထက်တွင် သုနာပရန္တဇနပုဒ်၌ ဣသိဒိန္နလုလင် ဖြစ်လာပုံ၊ စန္ဒကူးကျောင်းတော် အလှူပွဲတွင် ဘုရားရှင်၏ တရားကို နာကြားရသောကြောင့် သောတာပန် တည်ခဲ့ပုံ၊ နတ်သားတစ်ဦး၏ နှိုးဆော်ချက် အရ ရဟန်းပြုကာ ဝိပဿနာရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၉၉)
ဣသိမုဂ္ဂဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် တပည့်သာဝက ရှစ်သိန်းနှင့်အတူ သီတင်းသုံးနေတော်မူသော ပဒုမုတ္တရဘုရားရှင်အား ပဲနောက်တို့ကို ကြိတ်၍ ပျားငယ်ရည်၌ ထည့်ကာ ပြုပြင်ထားသော မုန့်တို့ကို လှူဒါန်းခဲ့သော ကောင်းမှုကြောင့် ကမ္ဘာတစ်သိန်းပတ်လုံး အပါယ်လေးပါး မလားခဲ့ပုံ ကမ္ဘာလေးသောင်း အထက်၌ ဣသိမုဂ္ဂစကြဝတေးမင်း သုံးဆယ့်ရှစ်ကြိမ် ဖြစ်ခဲ့ရပြီး ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၁၅)
ဣဿပကတိတ္ထိီဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့၌ အိမ်ရှင်မတစ်ဦး၏ လင်ယောကျ်ားသည် ကျွန်မနှင့် ဖေါက်ပြန်နေပုံ၊ အိမ်ရှင်မ သိသွားသဖြင့် ကျွန်မကို ကြိုးနှင့်တုပ်ကာ နားရွက်နှာခေါင်းတို့ကို ဖြတ်ပြီး လျှို့ဝှက်တိုက်ခန်းထဲတွင် တံခါးပိတ်၍ ဝှက်ထားပုံ၊ အိမ်ရှင်မက မိမိအပြစ်ကို ဖုံးကွယ်လိုသည့်အတွက် လင်ယောကျ်ားကို ခေါ်၍ ဇေတဝန်ကျောင်း၌ တရားသွားနာနေပုံ၊ အလည်အပတ်ရောက်ရှိလာသော ဧည့်သည်ဆွေမျိုးများက အကြောင်းစုံ သိသွားပြီး တံခါးဖွင့်၍ ကျွန်မကို လွှတ်ပေးလိုက်ကြပုံ၊ ကျွန်မက ဘုရားရှင်အား အကြောင်းစုံကို လျှောက်ထားခဲ့ပုံ၊ ဘုရားရှင်က ‘‘ကိုယ်ပြုသည့် မကောင်းမှုကို မည်သူမျှမသိ-ဟူ၍ မည်သည့်အခါမှ မပြုလုပ်သင့်ကြောင်း’’ အကျယ်ချဲ့၍ တရားဟောသဖြင့် ဇနီးမောင်နှံနှစ်ယောက်တို့ သောတာပန်တည်ပြီး ကျွန်မလည်း အစေခံဘဝမှ လွတ်မြောက်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၀၃)
ဥက္ကာသတိကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဥက္ကာသတိကမထေရ်လောင်းလျာသည် ဟိမဝန္တာအတွင်းရှိ စိတ္တကုဋ်တောင်၌ နိရောဓသမာပတ်ဝင်စားနေသော ကောသိကပစ္စေကဗုဒ္ဓါအား မီးရှူးတိုင်တစ်ရာတို့ဖြင့် ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ကိုးဆယ့်လေးကမ္ဘာတိုင်တိုင် ကြီးကျယ်ခမ်းနား ထူးထွေဆန်းပြားသော လူချမ်းသာနတ်ချမ်းသာတို့ကို ခံစားခဲ့ရပုံ၊ ဤဘုရားရှင်သာသနာတော်၌ ဥက္ကာသတိကမထေရ်ဟူသော အမည်ဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၄၈)
ဥက္ခိတ္တပဒုမိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဟံသာဝတီမြို့၌ ပန်းသည်ဖြစ်ခဲ့သော မထေရ်အလောင်းသည် ပဒုမုတ္တရဘုရားရှင်ကို ဖူးမြင်ရသည့်အခါ ပဒုမုတ္တရဘုရားမှန်း မသိသော်လည်း ကြည်ညိုလှ၍ ပဒုမ္မာကြာအိုင်တွင်းသို့ ဆင်းကာ ပွင့်ချပ်တစ်ရာရှိသော ကြာပန်းကို ဆွတ်ယူပုံ၊ ဘုရားအစစ်အမှန်ဖြစ်က ကြာပန်းသည် ဦးထိပ်၌ ဆောင်းမိုးပါစေသတည်းဟု အဓိဋ္ဌာန်ပြု၍ ပစ်မြှောက်သည့်အခါ ကြာပန်းသည် အလိုလို သွား၍ ဘုရားရှင်၏ ဦးထိပ်၌ ဆောင်းမိုးနေပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် တာဝတိံသာနတ်ပြည်၌ ယူဇနာခြောက်ဆယ် မြင့်၍ ယူဇနာသုံးဆယ် ကျယ်ပြန့်သော သတပတ္တဗိမာန်ကိုရရှိခဲ့ပုံ၊ သိကြားမင်းအကြိမ် တစ်ထောင်၊ စကြဝတေးမင်း ခုနှစ်ဆယ့်ငါးကြိမ်၊ ပဒေသရာဇ်မင်းအဖြစ် မရေမတွက်နိုင်အောင်ဖြစ်ခဲ့ရပုံ၊ ကမ္ဘာတစ်သိန်း အပါယ်မလားခဲ့ရဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၁၆)
ဥက္ခေပကတဝစ္ဆတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်အတွက် တန်ဆောင်းဆောက်လုပ်ရာတွင် တိုင်တစ်တိုင်လှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်၌ သာဝတ္ထိမြို့သား ပုဏ္ဏားတစ်ဦး၏ သားဖြစ်၍ သာသနာ့ဘောင်သို့ ဝင်ရောက်ကာ မကြာမြင့်မီပင် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၈၄)
ဥဂ္ဂဂဟပတိဝတ္ထု
ဤဝတ္ထု၌ ဥဂ္ဂသူကြွယ်အလောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ မနာပဒါယကဧတဒဂ်ရသော (နှစ်သက်ဖွယ်ကို လှူသူတို့တွင် အမြတ်ဆုံးဖြစ်သော) ဥပါသကာတစ်ဦးကို အားကျ၍ ထိုဧတဒ် ရရန် ကုသိုလ်ပြုဆုတောင်းပုံ၊ ထိုဘဝမှ သေလွန်သော် သုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်ဝယ် ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်ဖြစ်၍ အနာဂါမ်အရိယာဖြစ်ကာ ထိုဧတဒဂ်ရရှိပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၀၃)
ဥဂ္ဂတဂဟပတိဝတ္ထု
ဤဝတ္ထု၌ ဥဂ္ဂတသူကြွယ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ သံဃုပဋ္ဌာက ဧတဒဂ်ရသော ဒါယကာတစ်ဦးကို အားကျ၍ ထိုဧတဒဂ် ရရန် ကုသိုလ်ပြု၍ဆုတောင်းခဲ့သောကြောင့် ဤဘုရားရှင်လက်ထက်တော်၌ ဟတ္ထိရွာသား ဥဂ္ဂတသူဌေးဖြစ်၍ ဘုရားရှင်၏ တရားတော်ကို နာရသောအခါ အနာဂါမ်အရိယာဖြစ်၍ သံဃုပဋ္ဌာကဧတဒဂ် ရရှိပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၀၄)
ဥဂ္ဂတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် အမျိုးကောင်းသားဖြစ်၍ သိခီမြတ်စွာဘုရားအား ဆပ်သွားပန်းတို့ဖြင့် ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ကောသလတိုင်း ဥဂ္ဂနိဂုံးတွင် သူဌေးသားဖြစ်၍ ဘုရားရှင်ထံ ရဟန်းပြုကာ ဥဂ္ဂမထေရ်ဟူသော အမည်ဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၁၉)
ဥဂ္ဂသေနဝတ္ထု
ဤဝတ္ထု၌ ဥဂ္ဂသေနသူဌေးသားသည် ဂျွမ်းဘားမယ်ကိုနှစ်သက်စွဲလမ်းမိသဖြင့် မိဘဆွေမျိုးများ ဝိုင်းဝန်းတားမြစ်နေစဉ်မှာပင် ဂျွမ်းဘားမယ်နောက်သို့ လိုက်ပါသွားပုံ၊ ဂျွမ်းဘားမယ်နှင့် သားတစ်ယောက် ရပြီးနောက် မယားဖြစ်သူက သားချော့သည့်အခါ ဥဂ္ဂသေနသူဌေးသားကို စောင်းမြောင်းပြက်ရယ်ပြုလျက် သီချင်းဆိုပုံ၊ ဥဂ္ဂသေနက မခံချင်စိတ်ဖြင့် ဂျွမ်းဘားပညာ သင်ယူပြီးနောက် ရာဇဂြိုဟ်မြို့၌ ဂျွမ်းဘား ကပြနေစဉ် ဘုရားရှင် ကြွလာတော်မူသဖြင့် လူအများက ဘုရားရှင်အားသာ ဝိုင်းအုံ ကြည့်ရှုဖူးမြော်ကြပုံ၊ ဘုရားရှင်က တရားဟောသဖြင့် ဂျွမ်းဘား ကပြနေစဉ် ဝါးတိုင်ထိပ်၌ပင် ဥဂ္ဂသေနသူဌေးသား ရဟန္တာဖြစ်ခဲ့ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၀၆)
ဥစ္ဆင်္ဂဇာတက
ဤဇာတ်တော်၌ တောစပ်တစ်ခုအနီး၌ တောသူတစ်ဦး၏ မောင်၊ သားနှင့် လင်ယောက်ျား သုံးဦးတို့ လယ်ထွန်နေစဉ် လူအများက သူခိုးဟု စွပ်စွဲကာ ဖမ်းချုပ်ပြီး ကောသလမင်းထံ ပို့ဆောင်ခဲ့ပုံ၊ ဇနီးတောသူသည် နန်းတော်တွင်းသို့ ဝင်ရောက်ကာ မိမိအား ‘‘အဝတ်ပုဆိုးကို ပေးကြပါကုန်’’ ဟု အော်ဟစ်တောင်းဆိုခဲ့ပုံ၊ ကောသလမင်းကြီးက အဝတ်ပုဆိုးကို ပေးသောအခါ လင်တည်းဟူသော အဝတ်ပုဆိုးကိုသာ တောင်းဆိုခြင်းဖြစ်ကြောင်း လျှောက်ထား ပြောဆိုခဲ့ပုံ၊ လင်ယောကျ်ားမရှိသော မိန်းမများသည် အဖိုးတစ်သိန်းထိုက်သော အဝတ်အထည်များကို ဝတ်ဆင်ထားသော်လည်း အချည်းအနှီး အဝတ်မစည်းသည်နှင့်သာ တူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၂၄)
ဥစ္ဆင်္ဂပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဗန္ဓုမတီမြို့၌ ပန်းသည်ဖြစ်သော မထေရ်အလောင်းသည် ဝိပဿီဘုရားရှင်အား ၎င်း၏ ခါးပိုက်မှ ပန်းကို ယူ၍ လှူဒါန်းခဲ့သော ကောင်းမှုကြောင့် (၉၁)ကမ္ဘာ အပါယ်မလားဘဲ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ် ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၄၄၀)
ဥစ္ဆိဋ္ဌဘတ္တဇာတက
ဤဇာတ်တော်၌ ကာသိတိုင်း ရွာငယ်တစ်ရွာ၌ ပုဏ္ဏားကြီးတစ်ယောက်၏ ဇနီးပုဏ္ဏေးမ အကျင့်စာရိတ္တ ဖေါက်ပြန်နေပုံ၊ ပုဏ္ဏားကြီး အပြင် ထွက်နေခိုက် သယောက်လင်နှင့် ဖေါက်ပြန်၍ သယောက်လင်အား ထမင်းကျွေးခဲ့ပုံ၊ ပုဏ္ဏားကြီး ပြန်လာသောအခါ သယောက်လင်၏ စားကြွင်းကို ပုဏ္ဏားကြီးအား ကျွေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၅၃)
ဥစ္ဆုခဏ္ဍိကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်ပွင့်တော်မူချိန်၌ ဗန္ဓုမတီ မြို့တော်၏ တံခါးစောင့်ဖြစ်ပြီး ဘုရားရှင်အား ကြံပိုင်းလှူခဲ့သည့်ကုသိုလ်ကြောင့် ထိုဘဝမှ သေလွန်သောအခါ သုဂတိဘဝ များ၌သာ ဖြစ်ခဲ့ကာ ဤသာသနာတော်၌ ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၉)
ဥစ္ဆုဒါယိကာဝတ္ထု
ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့သူတစ်ဦးသည် သံဃာတော်တို့အား ကြံပိုင်းများကို ပေးလှူသောအခါ သူ၏ ယောက္ခမက ကုလားထိုင်ဖြင့် ရိုက်သောကြောင့် ထိုခဏမှာပင် သေဆုံးခဲ့ပြီး တာဝတိံသာနတ်ပြည်၌ နတ်သမီးဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၁၃)
ဥစ္ဆုပေတဝတ္ထု
ဤဝတ္ထု၌ ယောက်ျားတစ်ယောက်သည် ကြံစည်းကို ထမ်းလျက် ကြံစုပ်၍ သွားစဉ် သီလရှိသော ဥပါသကာတစ်ဦး၏ ကလေးသူငယ်သည် ထိုကြံထမ်းသမားနောက်မှ ကြံစုပ်ရန် တောင်းပုံ၊ ကြံထမ်းယောက်ျားသည် ခက်ထန်မာကျောစွာဖြင့် ကြံပိုင်းကို နောက်ပြန် ပစ်ပေးပုံ၊ သေလွန်သောအခါ ပြိတ္တာဖြစ်ကာ ကြံတောကိုတွေ့သော်လည်း ကြံစုပ်၍မရပုံ၊ ကြံပင်များကို နောက်ပြန်နုတ်မှ ကြံစုပ်၍ရပုံ စသော အကြောင်းအရာများပါဝင်သည်။ (ပေတ၊၂၀၉) (ပေတ၊ဋ္ဌ၊၂၄၀)
ဥစ္ဆုဝိမာနဝတ္ထု
ဤဝတ္ထု၌ အရှင်မောဂ္ဂလာန်မထေရ်သည် ကြာပန်းများ ပန်ဆင်ထားသော ရွှေရောင်အဆင်းရှိသည့် နတ်သမီး တစ်ယောက်အား အဘယ်သို့သော ကောင်းမှုကုသိုလ်မျိုးကို ပြုလုပ်ခဲ့သနည်းဟု မေးမြန်းသောအခါ မိမိအိမ်သို့ ဆွမ်းခံကြွသည့် ရဟန်းတော်အား ကြည်ညိုသဒ္ဓါ ထက်သန်စွာဖြင့် ကြံပိုင်းများကို ပေးလှူခဲ့ခြင်းကြောင့်ဖြစ်ကြောင်း လျှောက်ထားပုံ၊ ယောက္ခမဖြစ်သူက ကြံပိုင်း ဘယ်ရောက်သွားသနည်းဟု မေးမြန်းပြီး အမျက်ထွက်ကါ ခဲဖြင့်၍ သေဆုံးခဲ့ရပြီး တာဝတိံသာနတ်ပြည်သို့ ရောက်ရကြောင်း လျှောက်ထားပုံစသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊၆၇) (ဝိမာန၊ဋ္ဌ၊ ၁၈၇)
ဥဇ္ဇယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်ကောင်းမှုလောင်းလျာသည် တိဿဘုရားရှင်အား ကြည်ညိုသော စိတ်ဖြင့် မဟာလှေကားပန်းတို့ကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ရာဇဂြိုဟ်ပြည်သား ပုဏ္ဏားတစ်ဦးဖြစ်၍ ဗေဒင်သုံးပုံတို့၌ အနှစ်သာရမမြင်သောကြောင့် သာသနာတော်သို့ ဝင်ရောက်ရဟန်းပြုကာ ဝိပဿနာရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၄၈)
ဥဇ္ဈာနသညိတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်ကြီးတစ်ပါးသည် အမြဲတမ်း သူတစ်ပါးတို့၏ အပြစ်ကိုသာ မြင်လေ့ရှိပုံ၊ သူတစ်ပါးတို့အပြစ်ကိုသာ ကိလေသာအာသဝတို့သာ တိုးပွားလျက် ဈာန်မဂ်ဖိုလ်မှ ဝေးကွာကြောင်း ဘုရားရှင် ဟောကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၃၉)
ဥဏှသမယအဘိဠာဟသမယဝတ္ထု
ဤဝတ္ထု၌ အတိုင်းအရှည်မသိ ရေချိုးကြသဖြင့် ၁၅-ရက်တစ်ကြိမ်သာ ရေချိုးကြရန် သိက္ခာပုဒ်ပညတ်တော်မူပြီးဖြစ်၍ ပူအိုက်သော နွေရာသီ၌ ချွေးစိုရွှဲသော ကိုယ်ခန္ဓာဖြင့် အိပ်ကြ၊ ကျောင်းသင်္ကန်းကို သုံးဆောင်ကြသဖြင့် ဘုရားရှင် သိတော်မူသောအခါ ပူချိန်အိုက်ချိန်၌ ရေချိုးနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၅၅)
ဥတ္တမာထေရီဝတ္ထု
ဤဝတ္ထု၌ ဥတ္တမာထေရီအလောင်းသည် ဝိပဿီဘုရားရှင်လက်ထက်၌ ကျွန်မတစ်ဦး ဖြစ်၍ ဥပုသ်သီတင်းဆောက်တည်ခဲ့သော ကောင်းမှုကြောင့် (၉၁)ကမ္ဘာ အပါယ်မလားဘဲ ဤဘုရားရှင်လက်ထက်တော်၌် ပဋာစာရီထေရီမထံမှ တရားနာရ၍ ရဟန်းမဘဝဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၄၈)
ဥတ္တရတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သုမေဓဘုရားရှင်အား မဟာလှေကားပန်းတို့ဖြင့် ပန်းထီးပြုလုပ်ကာ လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ကမ္ဘာသုံးဆယ်တို့ပတ်လုံး လူ့ပြည် နတ်ပြည်တို့၌ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်သာသနာ၌ ရာဇဂြိုဟ်မြို့ဝယ် မဟာသာလသူဌေးသား ဖြစ်ခဲ့ပုံ၊ ဝဿကာရပုဏ္ဏားကြီးက သမီးနှင့်လက်ထပ်ရန် တောင်းပန်သော်လည်း ငြင်းဆန်၍၊ အရှင်သာရိပုတ္တရာထံ သာမဏေဝတ်ခဲ့သဖြင့် ဝဿကာရပုဏ္ဏားက ရန်ငြိုးဖွဲ့ပုံ၊ တစ်နေ့သော နံနက်စောစောတွင် ဥတ္တရသာမဏေသည် မြို့တွင်းသို့ ဆွမ်းခံသွားစဉ် သူခိုးဟု မှားယွင်း ယိုးစွပ်ခံရပုံ၊ ဝဿကာရပုဏ္ဏားသည် အဖြစ်မှန်ကို မစစ်ဆေးတော့ဘဲ ရန်ငြိုးဖြင့် ဥတ္တရသာမဏေအား တံစို့ထိုး၍ သတ်ရန် ဆုံးဖြတ်ခဲ့ပုံ၊ တံစို့ထိုးခံရသော နေရာသို့ ဘုရားရှင်ကြွရောက်၍ တရားဟောတော်မူသဖြင့် ဥတ္တရသာမဏေ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၀၄) (အပ၊ဋ္ဌ၊၂၊၂၉၁)
ဥတ္တရတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဥတ္တရမထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်၏ ဓာတ်တော်ကို ပူဇော်ပွဲကြီး ပြုလုပ်ခဲ့သော ကောင်းမှုကြောင့် လူနတ်စည်းစိမ်တို့ကို ခံစားရပုံ၊ ဂေါတမဘုရားရှင် လက်ထက်တော်၌ ဥတ္တရလုလင် ဖြစ်ခဲ့ပုံ၊ မြတ်စွာဘုရား၏ တန်ခိုးပြာဋိဟာများကို ဖူးမြင်ရ၊ ကာဠကာရာမသုတ်ကို နာရသဖြင့် ရဟန်းပြခဲ့ပုံ၊ ရဟန်းပြုပြီးနောက် အဘိညာဉ် (၆) ပါးနှင် ပြည့်စုံသော ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၆၁)
ဥတ္တရပါလတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဥတ္တရပါလမထေရ်အလောင်းလျာသည် ဝိပဿီဘုရားရှင် ကြွတော်မူရာ လမ်း၌ တံတားဆောက်လှူသော ကုသိုလ်ကောင်းမှုကြောင့် (၉၁)ကမ္ဘာ အပါယ်မလားဘဲ ဂေါတမဘုရားရှင်လက်ထက်တော်၌ ဥတ္တရပါလပုဏ္ဏားဖြစ်လာပုံ၊ မြတ်စွာဘုရားကို ဖူးမြော်ရ၍ ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၇၆)
ဥတ္တရဗြာဟ္မဏဝတ္ထု
ဤဝတ္ထုသည် သုမေဓဗုဒ္ဓဝံသ၌ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၅)
ဥတ္တရမာဏဝဝတ္ထု
ဤဝတ္ထု၌ ပါယာသိရာဇညမင်းကြီးသည် ရဟန်းပုဏ္ဏားများနှင့် သူဆင်းရဲ၊ ခရီးသွား၊ သူတောင်းစားစသည်တို့အား ဆန်ကွဲထမင်း၊ ပအုံးရည်ဟင်း၊ ဖျင်ကြမ်းအဝတ်အထည်များကို ပေးလှူစေသောအခါ အလှူတာဝန်ခံဖြစ်သူ ဥတ္တရလုလင်က ‘‘ဤကောင်းမှုကြောင့် ပါယာသိရာဇညမင်းကြီးနှင့် ယခုဘဝ၌သာ တွေ့ဆုံပြီး နောက်တမလွန်ဘဝ၌ မတွေ့ဆုံရပါစေသား’’ဟု ဆုတောင်းပုံ၊ မင်းကြီးက အဘယ့်ကြောင့် ဤသို့ ဆုတောင်းရပါသနည်းဟု ဥတ္တရလုလင်အား မေးမြန်းစိစစ်သောအခါ မင်းကြီးကိုယ်တိုင် သုံးဆောင်ရန်မဆိုထားဘိ၊ ခြေဖြင့်ပင် မတို့ချင်သော ထိုအစားအသောက်နှင့် အဝတ်အထည်များကို ပေးလှူနေရသဖြင့် စိတ်မချမ်းသာသောကြောင့်၊ ဤကဲ့သို့ ဆုတောင်းကြောင်း လျှောက်ထားပုံ၊ ထို့နောက်မင်းကြီးက မိမိသုံးဆောင်သည့် အစားအသောက် အဝတ်အထည်မျိုးကိုသာ ပေးလှူသဖြင့် သေလွန်သောအခါ ဥတ္တရလုလင်သည် အလှူဒါနကို ရိုရိုသေသေဖြင့် ပြုလုပ်သောကြောင့် တာဝတိံသာနတ်ပြည်၌ဖြစ်ပြီး ပါယာသိရာဇမင်းကြီးသည် မရိုမသေပြုလုပ်ခဲ့သောကြောင့် စတုမဟာရာဇ်ဘုံ၌သာ ဖြစ်ရပုံစသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၂၊၂၈၀)
ဥတ္တရမာတုပေတိဝတ္ထု
ဤဝတ္ထု၌ ဥတ္တရလုလင်သည် အရှင်မဟာကစ္စည်းမထေရ်အား အမြဲမပြတ် ဆွမ်းလှူဒါန်းခဲ့ပုံ၊ အရှင်မဟာကစ္စည်းမထေရ်၏ အဆုံးအမဩဝါဒ၌တည်လျက် သောတာပတ္တိဖိုလ်သို့ ရောက်ခဲ့ပုံ၊ ဥတ္တရလုလင်၏ မိခင်သည် နှမြောတွန့်တိုလျက် လှူဒါန်းသမျှစားသောက်ဖွယ်ရာများသည် နောက်ဘဝ၌ သွေးဖြစ်ပါစေဟု ကျိန်ဆဲခဲ့ပုံ၊ ဥတ္တရလုလင်၏မိခင် သေလွန်သောအခါ ပြိတ္တာဖြစ်ပြီး ရေသောက်မည်ပြုလုပ်တိုင်း ရေက သွေးဖြစ်သွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၆၁) (ပေတ၊ဋ္ဌ၊၁၃၁)
ဥတ္တရဝဍ္ဎမာနဥပါသကဝတ္ထု
ဤဝတ္ထု၌ ဥတ္တရဝဍ္ဎမာနတောင်၌နေသော သီဟိုဠ်ကျွန်းသား လယ်သမားတစ်ယောက်သည် အမ္ဗရိယကျောင်း၌ သီတင်းသုံးသော ပိင်္ဂဗုဒ္ဓရက္ခိတမထေရ်ထံမှ သီလခံယူပြီး လယ်ထွန်နေစဉ် ၎င်း၏ နွားပျောက်သွားခဲ့ပုံ၊ နွားရှားရန် တောင်ပေါ်သို့ တက်စဉ် မြွေကြီးတစ်ကောင်၏ အဖမ်းခံရ၍ လက်တွင် ကိုင်ထားသော ပဲခွပ်ဖြင့် မြွေခေါင်းကို ဖြတ်ရန် စဉ်းစားပြီးမှ မထေရ်မြတ်အထံ၌ မိမိဆောက်တည်ထားသော သီလကို သတိရ၍ မဖြတ်ဘဲ ပဲခွပ်ကို လွှတ်ပစ်လိုက်ပုံ၊ ထိုအခါ မြွေသည်လည်း လွှတ်၍ ဆင်းသွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၂၀၇) (သံ၊ဋ္ဌ၊၂၊၁၃၉)
ဥတ္တရဝိမာနဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် အရှင်ကုမာရကဿပထေရ်သည် သံဃာအပါးငါးရာနှင့်အတူ သေတဗျနိဂုံး ရင်းတိုက်တော၌ သီတင်းသုံးနေတော်မူစဉ် ပါယာသိမင်း ရောက်လာကာ တမလွန်လောကမရှိကြောင်း မိမိ၏ မိစ္ဆာအယူကို လျှောက်ထားပုံ၊ အရှင်ကုမာရကဿပထေရ်က လ၊ နေ ဥပမာ၊ အခြားအခြားသော ဥပမာများစွာကို ပြလျက် တမလွန်လောကရှိကြောင်း ရှင်းလင်းဟောကြားသဖြင့် မိစ္ဆာအယူကို စွန့်ကာ သမ္မာဒိဋ္ဌိ ဥပါသကာတစ်ယောက်ဖြစ်လာပုံ၊ ရဟန်း ပုဏ္ဏား၊ သူဆင်းရဲ၊ ခရီးသွား စသူတို့အား မရိုမသေ ပေးလှူခဲ့သဖြင့် သေလွန်သော် အောက်ဆုံးဖြစ်သည့် စတုမဟာရာဇ် နတ်ဘုံ၌ ဖြစ်ရပြီး၊ အလှူတာဝန်ခံ ဥတ္တရလုလင်ကမူ ရိုရိုသေသေ လေးလေးစားစား မြတ်မြတ်နိုးနိုး ပြုလုပ်ခဲ့သောကြောင့် တာဝတိံသာနတ်ပြည်၌ ဖြစ်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊၁၀၂) (ဝိမာန၊ဋ္ဌ၊၂၇၇)
ဥတ္တရာထေရီဝတ္ထု
ဤဝတ္ထု၌ ထေရီမလောင်းလျာသည် ရှေးဘုရားရှင်တို့ထံ၌ ကုသိုလ်ကောင်းမှုပြုခဲ့ပုံ၊ ထိုကုသိုလ်ကံတို့ကြောင့် လူ့ပြည် နတ်ပြည်တို့၌ ကျင်လည်ခဲ့ရပုံ၊ နောက်ဆုံးဘဝ၌ သာဝတ္ထိမြို့သူ ဖြစ်ခဲ့ပုံ၊ ပဋာစာရာထေရီမထံ၌ ရဟန်းပြုကာ ကမ္မဋ္ဌာန်းအားထုတ်ခဲ့သဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသောအကြောင်းအရာများပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၁၆၇)
ဥတ္တရာထေရီဝတ္ထု
ဤဝတ္ထု၌ ဥတ္တရာထေရီသည် အသက် ၁၂၀-ပင် ရှိသော်လည်း ဆွမ်းခံကြွလေ့ရှိပုံ၊ တစ်နေ့သောအခါ ဆွမ်းခံအပြန် လမ်းခရီးအကြား၌ ရဟန်းတော်တစ်ပါးကို တွေ့မြင်သဖြင့် ဆွမ်းဖြင့် ပင့်ဖိတ်ပုံ၊ ရဟန်းက မပယ်မြစ်သဖြင့် ဥတ္တရာထေရီက မိမိရလာသော ဆွမ်းအားလုံးကို လောင်းလှူပုံ၊ ဒုတိယနေ့၊ တတိယနေ့၊ စတုတ္ထနေ့တို့၌လည်း ထိုနေရာ၌ ထိုရဟန်းကိုပင် လောင်းလှူလိုက်ရသဖြင့် ဆွမ်းအာဟာရပြတ်ခဲ့ရပုံ၊ ဘုရားရှင်နှင့် ကျဉ်းမြောင်းသော နေရာတစ်ခု၌ တွေ့သောအခါ မိမိကိုယ်ကို မထိန်းနိုင်ဘဲ သင်္ကန်းစွန်းကို နင်းမိပြီး လဲကျသွားပုံ၊ ဘုရားရှင်က တရားဟောသောအခါ ဥတ္တရာထေရီ သောတာပန်တည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၇၀)
ဥတ္တရာနန္ဒမာတုဝတ္ထု
ဤဝတ္ထု၌ ဥတ္တရာအလောင်းအလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက် ဈာန်ဝင်စားသောအရာတွင် ဧတဒဂ်ရသော ဥပါသိကာမတစ်ယောက်ကို အားကျ၍ ကုသိုလ်ပြု ဆုတောင်းခဲ့ပုံ၊ ထိုကောင်းမှုကြောင့် သုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ရာဇဂြိုဟ်ပြည် သုမနသူဌေး၏အခစား ဘဝမှ ကြွယ်ဝချမ်းသာလာသော ပုဏ္ဏသူဌေး၏ သမီး ဖြစ်လာပုံ၊ ဘုရားရှင်၏ တရားတော်ကို နာယူရသဖြင့် သောတာပန်တည်ပြီး ဧတဒဂ်ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၄၂)
ဥတ္တရာဥပါသိကာဝတ္ထု
ဤဝတ္ထု၌ ဥတ္တရာဥပါသိကာမ၏ မိဘများဖြစ်ကြသော မောင်ပုဏ္ဏဇနီးမောင်နှံတို့သည် နိရောဓသမာပတ်မှ ထသည့် အရှင်သာရိပုတ္တရာ အား ဆွမ်း, ရေချမ်း, ဒန်ပူ လှူခဲ့သော ကုသိုလ်ကြောင့် ချက်ချင်း သူဌေးဘဝရောက်ကြပုံ၊ သမီးဖြစ်သူ ဥတ္တရာသည် အယူလွဲမှားသူနှင့် အိမ်ထောင်ကျသဖြင့် ကုသိုလ်ပြုခွင့်မရရှိခဲ့ပုံ၊ စိတ်တိုင်းကျကုသိုလ်ပြု, သီတင်းစောင့်သုံးနိုင်ရန် မိမိလင်ယောကျ်ားအတွက် သီရိမာပြည့်တန်ဆာမကို အငှားထားခဲ့ပုံ၊ ဥတ္တရာသည် သံဃာတော်များအတွက် ဆွမ်းခဲဘွယ်များ ချက်ပြုတ်နေစဉ် သီရိမာက ဦးခေါင်းပေါ်သို့ ထောပတ်ဆီပူဖြင့် လောင်းချ၍ လုပ်ကြံပုံ၊ ဥတ္တရာမှာမူ မေတ္တာပွားများနေသောကြောင့် အန္တရာယ်တစ်စုံတစ်ရာမျှမဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပဋိသံ၊ဋ္ဌ၊၂၊၂၈၆) (ဓမ္မ၊ဋ္ဌ၊၂၊၁၉၆) (ဝိမာန၊ဋ္ဌ၊၅၆) (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၉)
ဥတ္တရေယျဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် တပည့်သာဝက ရဟန်းအပေါင်းခြံရံလျက် ဆွမ်းခံလှည့်လည် လာသော ပဒုမုတ္တရဘုရားရှင်အား အပေါ်ရုံအဝတ်ကို ပစ်မြှောက်လှူဒါန်းခဲ့ပုံ၊ ထိုအဝတ်သည် ဘုရားရှင်နှင့် တပည့်သာဝက အားလုံးတို့၏ အပေါ်၌ အမိုးပြုကာ ဆွမ်းခံရာသို့ လိုက်ပါလာခဲ့ပုံ၊ ထိုကောင်းမှုကြောင့် ကမ္ဘာတစ်သိန်း အပါယ်မလားခဲ့ရဘဲ လူမင်းနတ်မင်း အကြိမ်ကြိမ် ဖြစ်ခဲ့ရပုံ၊ တစ်လံမျှလောက်သော အရပ်၌ ပုဆိုးအမိုး ဆောင်းမိုးခံရပြီး မတောင်းခံရဘဲ လိုသောပစ္စည်းတို့ကို ဝတ်ရုံသုံးဆောင်ရကာ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၁၃)
ဥတ္တလိပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ ကဿပဘုရားရှင်၏ ဗောဓိပင်ဖြစ်သော ပညောင်ပင်ကို မြစ်ကိုင်းပန်းတို့ဖြင့် ပူဇော်ခဲ့သော ကုသိုလ်ကြောင့် ဒုဂ္ဂတိဘဝမကျရောက်ဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၇)
ဥတ္တိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဥတ္တိယမထေရ်လောင်း သူတော်ကောင်းသည် သိဒ္ဓတ္ထဘုရားရှင် လက်ထက်တွင် စန္ဒဘာဂါမြစ်၌ ခန္ဓာကိုယ်ကြီးမားသော မိကျောင်းကြီးတစ်ကောင် ဖြစ်ခဲ့ပုံ၊ မြစ်တစ်ဘက်ကမ်းသို့ ကူးရန် ကြွတော်မူလာသော သိဒ္ဓတ္ထဘုရားရှင်ကို ရွှင်လန်း နှစ်သက်သော စိတ်ဖြင့် ပို့ဆောင်ပေးခဲ့ပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ ပုဏ္ဏားမျိုး၌ဖြစ်ပြီး ရသေ့ရဟန်းပြုခဲ့ပုံ၊ ဝိပဿနာတရား ပွားများအားထုတ်စဉ် ဖြစ်ပေါ်လာသော အနာရောဂါပေါ်၌ သံဝေဂဉာဏ်ပွားကာ ဆက်လက်ရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲပုံ စသော အကြောင်းအရာများ ပါသည်။ (ထေရ၊ဋ္ဌ၊၁၊၁၁၀)
ဥတ္တိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သုမေဓာဘုရားရှင်အား ဘုရားတို့နှင့်သာ ထိုက်တန်သော ပလ္လင်ကို ပြုလုပ်၍ လှူဒါန်းခဲ့သောကြောင့် ကမ္ဘာသုံးဆယ်တို့ ကာလပတ်လုံး လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင် သာသနာတော်၌ သာကီဝင်မင်းမျိုး၌ဖြစ်၍၊ သာသနာတော်သို့ ဝင်ရောက်ကာ တရားအားထုတ်သဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ထေရ၊ဋ္ဌ၊၁၊၂၅၆)
ဥဒကဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင််းလျာသည် ပဒုမုတ္တရဘုရားရှင်နှင့် သံဃာတော်တို့အား ကြည်ညိုဝမ်းမြောက်သော စိတ်ဖြင့် သောက်ရေလှူခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ကမ္ဘာတစ်သိန်း အပါယ်မလားဘဲ ဖြစ်လေရာဘဝတိုင်း၌ တောင်ထိပ်၊ သစ်ပင်ဖျားနှင့် ကောင်းကင်တွင် နေပါသော်လည်း သောက်ရေတို့ အလွယ်တကူဖြစ်ပေါ်သော အကျိုးခံစားရပုံ၊ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၇၈)
ဥဒကဒါယိကာထေရီဝတ္ထု
ဤဝတ္ထု၌ ထေရီမလောင်းလျာသည် ဝိပဿီမြတ်စွာဘုရားအား ချိုးတော်ရေ လှူဒါန်းခဲ့ရသော ကုသိုလ်ကောင်းမှုကြောင့် (၉၁)ကမ္ဘာ အပါယ်မလားဘဲ လူနတ်ချမ်းသာ အမျိုးမျိုးကို ခံစားခဲ့ရပုံ၊ ဤဘုရားရှင်သာသနာတော်၌ တစ်ခုသော အမျိုး၌ဖြစ်၍ ဘိက္ခုနီသာသနာသို့ ဝင်ရောက်ကာ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၉၇)
ဥဒကပူဇကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ကောင်းကင်၌ ကြွသွားတော်မူသော ပဒုမုတ္တရဘုရားရှင်အား မြေပြင်မှ လက်ခုပ်ဖြင့် ရေကို ယူ၍ ပစ်မြှောက်ပူဇော်ရာ ဘုရားရှင်က ကောင်းကင်၌ ရပ်တည်၍ အလှူခံတော်ခဲ့ပုံ၊ ထိုကောင်းမှုကြောင့် ကမ္ဘာတစ်သိန်းပတ်လုံး အပါယ်သို့ မလားရောက်ခဲ့ဘဲ ခြောက်ထောင့်ငါးရာ ကမ္ဘာအထက်၌ သဟဿရာဇစကြဝတေးမင်း သုံးကြိမ်ဖြစ်ခဲ့ကာ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၅၇) (အပ၊ဋ္ဌ၊၂၊၁၂၄)
ဥဒကာသနဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် အာရာမ်တံခါးမှ ထွက်၍ ပျဉ်ချပ်ကို ခင်းပြီး သောက်ရေကို တည်ထားခဲ့သော ကောင်းမှုကံကြောင့် (၃၁)ကမ္ဘာ အပါယ်မလားဘဲ တစ်ဆယ့်ငါးကမ္ဘာအထက်၌ အဘိသာမ စကြဝတေးမင်းဖြစ်၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲပုံ၊ ကျွတ်တမ်းဝင်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၄၅)
ဥဒဉ္စနီဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် သားငယ်နှင့်အတူ တောထွက်၍ ရသေ့ဝတ်ခဲ့စဉ် မိန်းမတစ်ယောက်သည် ရသေ့ငယ်ကို ဖြားယောင်းလူထွက်စေပြီး အလုပ်များစွာ စေခိုင်းသဖြင့် ဘုရားအလောင်း ဖခင်ထံပြန်လာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၄၀)
ဥဒပါနဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်အလောင်းလျာသည် ဝိပဿီဘုရားရှင်အတွက် ရေတွင်း တူး၍ အိမ်သို့ ပင့်ပြီး ဆွမ်းကပ်ကာ ရေတွင်းကို လှူခဲ့သော ကောင်းမှုကြောင့် (၉၁)ကမ္ဘာ အပါယ် မလားဘဲ ဤဘုရားရှင်၏ သာသနာတော်တွင် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၀၈) (အပ၊ဋ္ဌ၊၂၊၁၇၉)
ဥဒပါနဒူသကဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းရသေ့သည် နောက်လိုက်ရသေ့တို့နှင့်အတူ ဣသိပတနအရပ်၌ နေစဉ် မြေခွေးတစ်ကောင်သည် ထိုအရပ်ရှိ ရေတွင်းကို ဖျက်ဆီးပုံ၊ ရသေ့တို့က ထိုမြေခွေးကို ဖမ်းယူပြီး ဆုံးမလွှတ်လိုက်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၂၀)
ဥဒယဘဒ္ဒဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် သုရုန္ဓနမြို့ကို အုပ်ချုပ်နေစဉ် နတ်ကညာတမျှ အလွန်လှပသော မိန်းမနှင့် တိုက်ခန်းတစ်ခန်းတည်း၌ အနှစ်(၇၀၀)အတူနေသော်လည်း တဏှာ, ရာဂစိတ်ဖြင့် ဣန္ဒြေကို ဖျက်၍ ကြည့်ရှုဖူးခြင်းမရှိပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၁၀၅)
ဥဒါယိတ္ထေရတ္ထု
ဤဝတ္ထု၌ ဥဒါယီမထေရ်လောင်းလျာသည် ရှေးဘုရားရှင်တို့၏ လက်ထက်တော်၌ နိဗ္ဗာန်ကို ရည်မှန်း၍ ကုသိုလ်များစွာပြုခဲ့သောကြောင့် လူနတ်ချမ်းသာတို့ကို ခံစားခဲ့ပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ ဥဒါယီပုဏ္ဏားဖြစ်ရပုံ၊ မြတ်စွာဘုရားရှင်၏ တန်ခိုးတော်ကို ကြည်ညိုကာ ရဟန်းပြု၍၊ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၂၅၈)
ဥဒါယိဝတ္ထု
ဤဝတ္ထု၌ အရှင်ဥဒါယီသည် မယားဟောင်းဘိက္ခုနီထံသို့ သွား၍ နှစ်ဦးစလုံး မိမိတို့၏ ဖုံးကွယ်အပ်သည်များကို ဖော်ကာ တပ်မက်သော စိတ်ဖြင့် ကြည့်ကြပုံ၊ အရှင်ဥဒါယီသည် သုက်လွတ်သဖြင့် ထိုသင်္ကန်းကို မယားဟောင်းဘိက္ခုနီကို အလျှော်ခိုင်းပုံ၊ ဘိက္ခုနီသည် အရှင်ဥဒါယီ၏ သုက်အချို့ကို ကိုယ်တွင်းသို့ ထည့်သောကြောင့် ကိုယ်ဝန်ရခဲ့ပုံ၊ ထိုအကြောင်းကို ဘုရားရှင်ကြားသိတော်မူသောအခါ ‘‘ဘိက္ခုနီကို သင်္ကန်းဟောင်းကို လျှော်ခိုင်းသော ရဟန်းအား နိဿဂ္ဂိပါစိတ် အာပတ် သင့်၏’’ဟု ပုရာဏစီဝရ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၀၆)
ဥဒါယိဝတ္ထု
ဤဝတ္ထု၌ ဥပ္ပလဝဏ်ထေရီသည် အန္ဓဝန်တောထဲ၌ သမာပတ်ဝင်စားနေစဉ် ခိုးသူတို့သည် နွားကို သတ်၍ နွားသားကို သစ်ပင်၌ ချိတ်ဆွဲပြီး ‘‘တွေ့သူတို့ ယူနိုင်ပါသည်’’ဟု ပြောဆို၍ ထားခဲ့ကြပုံ၊ ဥပ္ပလဝဏ် ထေရီသည် ထိုအသားကို ယူငင်၍ချက်ပြုတ်ပြင်ဆင်ပြီး ဘုရားရှင်ထံ လှူရန် ယူသွားပုံ၊ လမ်းတွင် အရှင်ဥဒါယီသည် ဥပ္ပလဝဏ်၏ သင်းပိုင်ကို အတင်းအလှူခံပုံ၊ ဘုရားရှင် သိတော်မူသောအခါ ‘‘ဆွေမျိုးမတော်သော ဘိက္ခုနီတို့အထံမှ သင်္ကန်းအလှူခံသော ရဟန်းအား နိဿဂ္ဂိ ပါစိတ် အာပတ် သင့်၏’’ဟု စီဝရပဋိဂ္ဂဟဏသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၀၈)
ဥဒါယိဝတ္ထု
ဤဝတ္ထု၌ ဘိက္ခုနီတစ်ပါးသည် အရှင်ဥဒါယီကို သင်္ကန်းချုပ်ခိုင်းပုံ၊ ဥဒါယီသည် ထိုသင်္ကန်း၏ အလယ်၌ ယောက်ျားပုံနှင့် မိန်းမပုံကို ဆန်းကြယ်စွာ ချုပ်လုပ်ပေးလိုက်ပုံ၊ ထိုဘိက္ခုနီ၏ သင်္ကန်းကို တွေ့မြင်သော လူတို့က ကဲ့ရဲ့ကြပုံ၊ ထိုအကြောင်းကို ဘုရားရှင် ကြားသိတော်မူ၍ ‘‘ဆွေမျိုးမတော်သော ဘိက္ခုနီအား သင်္ကန်းချုပ်ပေးသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု စီဝရသိဗ္ဗန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၈၅)
ဥဒါယိဝတ္ထု
ဤဝတ္ထု၌ အရှင်ဥဒါယီသည် မိမိ၏မယားဟောင်း ဘိက္ခုနီထံသို့ မကြာခဏ သွားပုံ၊ ဘိက္ခုနီကလည်း မကြာခဏ လာပုံ၊ ထိုသူတို့နှစ်ဦး တစ်ယောက်ချင်း ဆိတ်ကွယ်ရာအရပ်၌ ထိုင်နေကြသည်ကို ရဟန်းကောင်းတို့ မြင်သောအခါ ကဲ့ရဲ့ရှုတ်ချကြပုံ၊ ထိုအကြောင်းကို ဘုရားရှင် ကြားသိတော်မူ၍ ‘‘ဆိတ်ကွယ်ရာ၌ ဘိက္ခုနီနှင့် တစ်ယောက်ချင်းချင်း ထိုင်သော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ရဟောနိသဇ္ဇ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၉၃)
ဥဒါယိဝတ္ထု
ဤဝတ္ထု၌ အရှင်ဥဒါယီသည် မထေရ်ကြီးများ၊ ပြန်ကြွသွားသောအခါ ဓမ္မသဘင် တရားဟောပလ္လင်သို့ တက်၍နေပုံ၊ အာဂန္တုရဟန်းတို့က ပြဿနာမေးလျှောက်ကြသောအခါ မဖြေနိုင်ဖြစ်နေပုံ၊ ထို့အကြောင်းကို အာဂန္တုရဟန်းတို့က မြတ်စွာဘုရားအား လျှောက်ထားကြသောအခါ မြတ်စွာဘုရားက ယောက်မသည် ဟင်းအရသာမသိသကဲ့သို့ ပညာရှိနှင့် လူမိုက်သည် နီးကပ်စွာ နေသော်လည်း တရားကို မသိ-ဟု ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၀၀)
ဥဒါယိဝတ္ထု
ဤဝတ္ထု၌ အရှင်ဥဒါယီသည် လေးသမားတစ်ဦးဖြစ်ခဲ့ပြီး ကျီးကန်းတို့ကို အလွန်မုန်းသူဖြစ်သဖြင့် ကျီးကန်းတို့ကို ပစ်ခတ်၍ ခေါင်းဖြတ်ကာ တံစို့ထိုးသီထားပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင်သိတော်မူ၍ ‘‘တိရစ္ဆာန်၏ အသက်ကို သတ်သော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု သဉ္စိစ္စ သက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၆၃)
ဥဒါယိဝတ္ထု
ဤဝတ္ထု၌ အရှင်ဥဒါယီသည် ဒကာ,ဒကာမများအိမ်သို့ လည်ပတ်လေ့ရှိပုံ၊ တစ်နေ့တွင် ယောက်ျားအိမ်သို့ လိုက်ပါရမည့် မိန်းကလေးနှင့် ဆိတ်ကွယ်ရာအရပ််၌ တစ်ယောက်ချင်း နီးနီးကပ်ကပ် ပြောဆိုနေသည်ကို ဝိသာခါကျောင်းအမကြီး မြင်၍ ကဲ့ရဲ့ပုံ၊ ထိုကြောင့် ဘုရားရှင်က ‘‘ရဟန်းသည် ဆိတ်ကွယ်ရာ၌ မိန်းကလေးနှင့် တစ်ယောက်ချင်း နီးနီးကပ်ကပ် စကားမပြောရ’’ဟု ပထမအနိယတ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၂၈၅)
ဥဒါယီဝတ္ထု
ဤဝတ္ထု၌ အရှင်ဥဒါယီသည် ယောကျ်ားအိမ်သို့လိုက်ပါရမည့် မိန်းကလေးနှင့် ဖုံးကွယ်ရာ အရပ်မဟုတ်သော်လည်း ကာမဂုဏ်တို့နှင့်စပ်သော စကားတို့ကို ပြောဆိုနိုင်လောက်သည့် နေရာ၌ တစ်ဦးချင်း ထိုင်၍ စကားပြောနေသည်ကို ဝိသာခါကျောင်းအမကြီးက မသင့်လျော်ကြောင်း လျှောက်ထားပုံ၊ အရှင်ဥဒါယီသည် ပြောဆိုမြဲ ပြောဆိုနေသဖြင့် ဝိသာခါက ကဲ့ရဲ့ရှုတ်ချခဲ့ပုံ၊ ‘‘ရဟန်းသည် ထိုသို့သော နေရာမျိုး၌ မိန်းကလေးနှင့် တစ်ဦးချင်း စကားမပြောရ’’ဟု ဘုရားရှင်က ဒုတိယ အနိယတ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၂၈၉)
ဥဒါယီဝတ္ထု
ဤဝတ္ထု၌ အရှင်ဥဒါယီသည် ဆွမ်းခံကြွစဉ် အိမ်တစ်အိမ်သို့ ဝင်ပြီး အိမ်ရှင်ယောက္ခမ မိန်းမကြီး၏ အနားသို့ ကပ်၍ ပြောဆိုပုံ၊ တစ်ဖန် ချွေးမ၏ အနားသို့ ကပ်ကာ ပြောဆိုပြန်ပုံ၊ ထိုအခါ ချွေးမနှင့် ယောက္ခမတို့သည် တစ်ဦးနှင့်တစ်ဦး ‘‘ဤရဟန်းသည် သူ၏ လင်ငယ် ဖြစ်ဟန်တူ၏’’ဟု သံသယဝင်ပြီး အချင်းချင်း မေးကြည့်ရာ တရားဟောခြင်းသာ ဖြစ်ကြောင်း သိရသဖြင့် အရှင်ဥဒါယီကို ကဲ့ရဲ့ကြပုံ၊ ထိုအကြောင်းကို ဘုရားရှင် ကြားသိတော်မူသောအခါ ‘‘အမျိုးသမီးတို့ကို တရားဟောသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဓမ္မဒေသနာ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၃၂)
ဥဒါယီဝတ္ထု
ဤဝတ္ထု၌ အရက်သမားတို့သည် ပျော်ပွဲစားထွက်လာကြစဉ် ပြည့်တန်ဆာမတစ်ဦးကို လာရောက်ရန် မှာကြားထားကြပုံ၊ ပြည့်တန်ဆာမ မလာ၍ အရှင်ဥဒါယီက ကြားဝင်အောင်သွယ်ပေးခဲ့ပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ ‘‘ရဟန်းသည် ပြည်တန်ဆာမနှင့်ပင် အောင်သွယ်မပေးရ’’ဟု သဉ္စရိတ္တသိက္ခာပုဒ်၏ အနုပညတ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၂၀၁)
ဥဒါယီဝတ္ထု
ဤဝတ္ထု၌ အရှင်ဥဒါယီ၏ ပုဏ္ဏေးမတစ်ယောက်၌ ကာယသံသဂ္ဂပြုမှုကို အကြောင်းပြု၍ မာတုဂါမ၌ ယာယသံသဂ္ဂပြုသော ရဟန်းအား သံဃာဒိသေသ်အာပတ် သင့်၏-ဟု ဘုရားရှင်က မိန့်ကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၁၇၂)
ဥဒါယီဝတ္ထု
ဤဝတ္ထု၌ အရှင်ဥဒါယီ၏ ကျောင်းသည် လှပတင့်တယ်ရှုချင်စဖွယ်ရှိသဖြင့် များစွာသော မိန်းမတို့သည် ကျောင်းအလှကို ကြည့်ရှုရန် ရောက်လာကြပြီး လှည့်ပတ် ကြည့်ရှုကြပုံ၊ အရှင်ဥဒါယီသည် ထိုမိန်းမတို့နှင့် ဝိုင်းဖွဲ့ရောနှောထိုင်နေကာ ကာမဂုဏ်နှင့် ဆက်စပ်နေသော ရုန့်ရင်းကြမ်းတမ်းသော စကားတို့ဖြင့် လူပျို, အပျိုပြောသကဲ့သို့ ပြောဆိုခဲ့ပုံ၊ ဘုရားရှင် ကြားသိတော်မူသောအခါ ထိုကဲ့သို့ မပြောဆိုရန် သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၁၈၆)
ဥဒါယီဝတ္ထု
ဤဝတ္ထု၌ အရှင်ဥဒါယီသည် လင်သေပြီးစ ချောမောလှပသည့် အမျိုးသမီးတစ်ယောက်အား တရားဟောပြသဖြင့် ထိုအမျိုးသမီးက ကြည်ညိုကာ အလိုရှိရာ တောင်းခံပါရန် လျှောက်ထားပုံ၊ အရှင်ဥဒါယီက ကာမဂုဏ်ကို တောင်းဆိုပုံ၊ ထိုမိန်းမက ခုတင်ပေါ်သို့ လာရန် ခေါ်သောအခါတွင်မူ အရှင်ဥဒါယီသည် ကဲ့ရဲ့ရှုတ်ချ၍ ထွက်သွားခဲ့ပုံ၊ ထိုအကြောင်းကို ဘုရားရှင် ကြားသိတော်မူသောအခါ ‘‘ကာမဂုဏ်ကို မတောင်းဆိုရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၁၉၂)
ဥဒါယီဝတ္ထု
ဤဝတ္ထု၌ အရှင်ဥဒါယီ၏ အောင်သွယ်မှုကို အကြောင်းပြု၍ အောင်သွယ်မှု ပြုသော ရဟန်းအား သံဃာဒိသေသ်အာပတ် သင့်၏-ဟု ဘုရားရှင်က သဉ္စရိတ္တသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၁၉၇)
ဥဒါယီဝတ္ထု
ဤဝတ္ထု၌ အရှင်ဥဒါယီသည် ကိုယ်ခန္ဓာကြီးမားသူဖြစ်၍ ဘုရားရှင်ရှေ့တော်၌ နိသီဒိုင်ခင်း၍ ကျဉ်းကျဉ်းကျုတ်ကျုတ် ထိုင်ရပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ နိသီဒိုင်အခင်းပြုလုပ်လျှင် အလျားနှစ်ထွာ၊ အနံတစ်ထွာခွဲ ပြုလုပ်ပြီး အမြိတ်အဆာ တစ်ထွာ အနားတပ်၍ ချုပ်ရန်ခွင့်ပြုကြောင်း မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၂၁)
ဥဒုမ္ဗရဇာတက
ဤဇာတ်တော်၌ ဗာရာဏသီပြည်၌ (၇)ရက် (၇)လီမိုးကြီးရွာသည်ရှိသော် ရေမစိုသော ကျောက်လိုဏ်ဂူ၌နေသော မျောက်တစ်ကောင်ထံသို့ ရေစိုပြီး အအေးဒဏ်ဖြင့် ခိုက်ခိုက် တုန်နေသော မျက်နှာမည်း မျောက်ကြီးတစ်ကောင်ရောက်လာပုံ၊ မျောက်ကြီးသည် ‘‘အပြင်ဘက်တွင် သဖန်းသီး၊ ညောင်သီး၊ ညောင်ချဉ်သီးတို့ပေါလှသည်၊ အပြင်ဘက်သို့ထွက်၍ စားပါ’’ဟု မျောက်ကလေးကို လိမ်ညာခေါ်ယူကာ မျောက်ကလေးထွက်လာသောအခါ ထိုနေရာသို့ ဝင်၍နေပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၄၀၂)
ဥဒ္ဒါလကဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းသည် ဗြဟ္မဒတ်မင်းကြီး၏ ပုရောဟိတ်ပညာရှိတစ်ဦး ဖြစ်စဉ် ဥယျာဉ်ကစား သွားသည့်အခါ ပြည့်တန်ဆာမတစ်ဦးနှင့် တွေ့ဆုံပြီး ပေါင်းဖေါ် မှီဝဲမိပုံ၊ ပြည့်တန်ဆာမ၌ ကိုယ်ဝန်တည်ကြောင်း သိရှိကာ ဘုရားလောင်းပုရောဟိတ်ပညာရှိက သမီးလေး မွေးလာလျှင် ပြုစုစောင့်ရှောက်ရန် သားယောကျ်ားလေး မွေးလာလျှင် မိမိထံသို့ ပို့ရန် မှာကြားလျက် လက်စွပ်တစ်ကွင်းပေးထားခဲ့ပုံ၊ သားယောကျ်ားလေး မွေးဖွားလာပြီး ဥဒ္ဒါလကဟု အမည်မှည့်ပုံ၊ အရွယ်ရောက်သောအခါ တက္ကသိုလ်ပြည်၌ ပညာသင်ကြားနေစဉ် ရသေ့ဂိုဏ်းတစ်ဂိုဏ်းကိုတွေ့မြင်၍ ပညာသင်ကြားလိုသည့်အတွက် ရသေ့ဝတ်ပုံ၊ ဥဒ္ဒါလကသည် ရသေ့ငါးရာတို့တွင် အတတ်ပညာအားဖြင့် အထွတ်အထိပ်သို့ ရောက်သောအခါ ဗာရာဏသီပြည်သို့ သွားကာ မင်းဥယျာဉ် အတွင်း၌နေပုံ၊ ဗာရာဏသီမင်းနှင့် ဖခင်ဖြစ်သူ ဘုရားလောင်းပုရောဟိတ်ပုဏ္ဏားတို့ ရောက်ရှိလာကာ ရသေ့တို့၏ အကျင့်နှင့်ပတ်သက်၍ အမေးအဖြေ ပြုလုပ်စဉ် ဘုရားလောင်း ပုရောဟိတ်၏ အမေးကို ဥဒ္ဒါလကရသေ့ မဖြေဆိုနိုင်သဖြင့် လူထွက်စေလျင် လက်ထောက်ပုရောဟိတ်အရာ၌ ခန့်ထာခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၂၉၆)
ဥဒ္ဒါလကဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ကကုဇမည်သော ပစ္စေကဗုဒ္ဓါအား ငုရွှေပန်းကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် (၃၁)ကမ္ဘာ အပါယ် မလားဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၅၄)
ဥဒ္ဒါလကပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် အနောမမည်သော ပစ္စေကဗုဒ္ဓါအား ငုရွှေပန်းကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် (၃၁)ကမ္ဘာ အပါယ် မလားဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၃၂)
ဥပကာဇီဝကဝတ္ထု
ဤဝတ္ထု၌ ဥပကသည် ဘုရားဖြစ်တော်မူပြီးစ မြတ်စွာဘုရားနှင့် တွေ့ရပြီးနောက် ဝင်္ကဟာရမုဆိုးရွာ၌နေခဲ့ပုံ၊ ထိုစဉ် မုဆိုးအကြီးအကဲ၏ သမီးဆာဝါ(စာပါ)ကို ချစ်ကြိုက်သဖြင့် မုဆိုးကြီးက ပေးစားခဲ့ပုံ၊ သုဘဒ္ဒမည်သော သားတစ်ယောက်ရလျှင် ဆာဝါ(စာပါ)၏ သားချော့ရင်း ပြက်ရယ်ပြုခြင်းကို မခံနိုင်သဖြင့် မြတ်စွာဘုရားထံ သွားပုံ၊ မြတ်စွာဘုရားက ရဟန်းပြုပေးတော်မူ၍ ကမ္မဋ္ဌာန်းပေးရာ ဥပကသည် အနာဂါမ်တည်၍ သေလျှင် အဝိဟာဘုံ၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၉၄) (ဓမ္မ၊ဋ္ဌ၊၂၊၃၄၉) (သုတ္တနိ၊ဋ္ဌ၊၁၊၂၄၇) (သာရတ္ထ၊ဋီ၊၃၊၁၆၃)
ဥပက္ကိလေသဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ကောသမ္ဗီရဟန်းများအချင်းချင်း ခိုက်ရန်ဖြစ်ပွား ကြပုံ၊ ဘုရားရှင်ကြွတော်မူပြီး ခိုက်ရန် မဖြစ်ကြရန် သုံးကြိမ်တိုင်တိုင် တားမြစ်ဆုံးမသော်လည်း မနာခံသဖြင့် ကိုယ်တော်တစ်ပါးတည်း ပါစိနဝံသတောသို့ ကြွတော်မူပုံ၊ ထိုတော၌ အရှင်အနုရုဒ္ဓ၊ အရှင်ကိမိလ၊ အရှင်နန္ဒိယမထေရ် သုံးပါးတို့အချင်းချင်း ညီညီညွတ်ညွတ်ဖြင့် မေတ္တာကာယကံ ဝစီကံ မနောကံများကို ပွားများလျက် နေထိုင်ကြပုံ၊ ထိုအကြောင်းရာကို ဘုရားရှင်အား လျှောက်ထားသည့်အခါ သာဓုခေါ်တော်မူပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊၃၊၁၉၁)
ဥပစာလာထေရီဝတ္ထု
ဤဝတ္ထု၌ အရှင်သာရိပုတ္တရာမထေရ်၏ ဒုတိယမြောက်နှမတော် ဥပစာလာသည် နောင်တော်ကို အားကျအတုယူ၍ သာသနာဘောင်သို့ ဝင်ရောက်ကာ ဝိပဿနာပွား၍ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၁၇၁)
ဥပဇ္ဈာယဝတ္ထု
ဤဝတ္ထု၌ ရဟန်းတို့သည် သွန်သင်ဆုံးမမည့် ဥပဇ္ဈာယ်ဆရာ၊ အာစရိယဆရာ မရှိကြ၍ ဝတ်ပုံ၊ စားပုံ၊ သွားပုံ၊ လာပုံတို့၌ အချိုးမကျကြပုံ၊ ရဟန်းကောင်းတို့၏ အသွင်အပြင်နှင့် ညီစွာ ဆွမ်းမခံကြ၊ ဆွမ်းမစားကြသဖြင့် လူတို့က ဗြာဟ္မဏများကဲ့သို့ အချိုးမကျကြကြောင်း ကဲ့ရဲ့ရှုတ်ချကြပုံ၊ ဘုရားရှင် သိတော်မူ၍ ဆုံးမသွန်သင်ရန် ဥပဇ္ဈာယ်ဆရာ ထားရမည်-ဟု မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၅၆)
ဥပဍ္ဎဒုဿဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ သူခစား အမျိုးသားတစ်ဦးသည် ပဒုမုတ္တရဘုရားရှင်၏တပည့် အရှင်သုဇာတမထေရ်အား မိမိအဝတ်မှ တစ်ပိုင်းတစ်ဝက်ကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ဘဝများစွာ သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပြီး ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၇၆)
ဥပနန္ဒဝတ္ထု
ဤဝတ္ထု၌ အရှင်ဥပနန္ဒသည် တရားဟောကောင်းသဖြင့် သူဌေးသားတစ်ယောက်သည် တရားနာပြီးသော် အလိုရှိရာအလှူခံရန် လျှောက်သောအခါ အပေါ်ရုံကို လှူခဲ့ရန် အတင်း အလှူခံခဲ့ပုံ၊ အိမ်ရောက်မှ ပို့လိုက်ပါမည် ပြောသော်လည်းမရ၍ အပေါ်ရုံကို လှူကာ အပေါ်ရုံမပါဘဲ အိမ်ပြန်ခဲ့ရပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင် သိတော်မူ၍ ဆွေမျိုးမတော်သူတို့အထံမှ သင်္ကန်းတောင်းသော ရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ် သင့်၏-ဟု အညာတကဝိညတ္တိသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၁၁)
ဥပနန္ဒဝတ္ထု
ဤဝတ္ထု၌ ဒါယကာတစ်ယောက်သည် ‘‘အရှင်ဥပနန္ဒအား သင်္ကန်းလှူရဦးမည်’’ဟု ပြောရာ အခြားဒကာ တစ်ဦးက မိမိလည်း ‘‘အရှင်ဥပနန္ဒကို သင်္ကန်းလှူရဦးမည်’’ဟု ပြန်ပြောသည်ကို ကြားရသဖြင့် အရှင်ဥပနန္ဒသည် ထိုဒကာနှစ်ဦးထံ သွားပြီး ထိုနှစ်ဦးပေါင်း၍ သင်္ကန်းကောင်းကို မိမိအား လှူရန် စီမံပုံ၊ ဒကာတို့က ကဲ့ရဲ့ရှုတ်ချကြပုံ၊ ဘုရားရှင် ကြားသိတော်မူသောအခါ ထိုကဲ့သို့ တိုက်တွန်းစီမံမှုမျိုး မပြုလုပ်ရန် ဒုတိယ ဥပက္ခဋသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၂၀)
ဥပနန္ဒဝတ္ထု
ဤဝတ္ထု၌ အမတ်ကြီးတစ်ဦးသည် အရှင်ဥပနန္ဒအတွက် သင်္ကန်းဖိုးကို တမန်တစ်ဦးဖြင့် ပို့စေခဲ့ပုံ၊ အရှင်ဥပနန္ဒသည် ဝေယျာဝစ္စကပ္ပိယအဖြစ် လူတစ်ယောက်အား ညွှန်ပြပြီး ငွေကို လက်ခံစေခဲ့ပုံ၊ အရှင်ဥပနန္ဒသည် အလိုရှိသောနေ့တွင် ထိုဝေယျာဝစ္စကပ္ပိယထံ သင်္ကန်းဖိုးကို သွားရောက်တောင်းစေပုံ၊ တစ်ရက်မျှ ခေတ္တဆိုင်းပါဟု ပြောသော်လည်း မရ၊ အတင်းတောင်းဆိုသဖြင့် မင်းစည်းဝေးပွဲသို့ နောက်ကျ၍ရောက်သောကြောင့် ထိုဒကာ ဒဏ်ပေးခံရပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင် ကြားသိတော်မူသောအခါ ထိုကဲ့သို့ အတင်းအကျပ် မတောင်းခံရန် ရာဇသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၂၃)
ဥပနန္ဒဝတ္ထု
ဤဝတ္ထု၌ အရှင်ဥပနန္ဒ၏ ဒါယကာတစ်ဦးသည် ညနေချမ်းအခါ၌ အသားဟင်းလျာ ရသဖြင့် အရှင်ဥပနန္ဒအတွက် တစ်ဖို့ ချန်ထားပုံ၊ မနက်မိုးလင်းကာနီးတွင် သားငယ်က အသားပေးရန် ပူဆာသောကြောင့် ထိုအဖို့ကို သားငယ်အား ပေးလိုက်ရပုံ၊ အရှင်ဥပနန္ဒ ကြွလာသောအခါ ထိုအသားအဖို့အတွက် ငွေကို လှူပုံ၊ အရှင်ဥပနန္ဒက လက်ခံလိုက်ပုံ၊ ထိုအခါ ဒါယကာတို့က ကဲ့ရဲ့ကြပုံ၊ ထိုအကြောင်းကို ဘုရားရှင် ကြားသိတော်မူ၍ ‘‘ရဟန်းသည် ငွေကို လက်မခံရ’’ဟု ရူပိယသိသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၄၄)
ဥပနန္ဒဝတ္ထု
ဤဝတ္ထု၌ အရှင်ဥပနန္ဒသည် သင်္ကန်းပြုလုပ်ရန် ကျွမ်းကျင်သူဖြစ်သဖြင့် ဖျင်စတစ်စကို ကိုယ်ရုံသင်္ကန်းကြီးပြုလုပ်ကာ ကောင်းစွာဆိုး, ကောင်းစွာချုပ်လုပ်၍ ဝတ်ရုံထားပုံ၊ ထိုအချိန်၌ ပရိဗိုဇ်တစ်ယောက် ရောက်လာပြီး အဖိုးများစွာ ထိုက်တန်သည့် သူ၏ အဝတ်စဖြင့် အလဲအလှယ် ပြုလုပ်ပုံ၊ ထိုအဖြစ်ကို အကြောင်းပြု၍ ‘‘ရဟန်းသည် လဲလှယ်ရောင်းဝယ်မှု မပြုရ’’ဟု ကယဝိက္ကယသိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၄၉)
ဥပနန္ဒဝတ္ထု
ဤဝတ္ထု၌ အရှင်ဥပနန္ဒသည် မိမိအစ်ကို၏ တပည့် သင်္ကန်းမရှိသော ရဟန်းငယ်တစ်ပါးအား မိမိနှင့် ခရီးထွက်ဖို့ရန် သင်္ကန်းပေးလိုက်ပုံ၊ ထိုရဟန်းငယ်သည် ဘုရားရှင် ဒေသစာရီကြွချီရာသို့ အတူ လိုက်မည်ပြုသောအခါ အရှင်ဥပနန္ဒသည် မိမိပေးထားသော သင်္ကန်းကို ပြန်လည် လုယူသွားပုံ၊ ဘုရားရှင်် ကြားသိတော်မူ၍ ‘ပေးပြီးသော သင်္ကန်းကို ပြန်လုယူသော ရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ် သင့်၏’’ဟု စီဝရ အစ္ဆိန္ဒန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၆၇)
ဥပနန္ဒဝတ္ထု
ဤဝတ္ထု၌ ‘‘အရှင်ဥပနန္ဒအား သင်္ကန်းလှူမည်’’ဟု ဒါယကာတစ်ယောက် မိမိဇနီးသည်နှင့် ပြောဆိုနေကြောင်း အရှင်ဥပနန္ဒသည် တစ်ဆင့် ကြားသိရပုံ၊ အရှင်ဥပနန္ဒသည် သင်္ကန်းရက်လုပ်သူထံ ကြိုတင် သွား၍ အလျားအနံ ရှည်ရှည် အသား ကောင်းကောင်း ရက်လုပ်ခိုင်းပုံ၊ သင်္ကန်းရက်သူသည် မိမိအား အပ်ထားသော ချည်ဖြင့် မလောက်တော့၍ ဒါယကာထံမှ ချည်များကို ထပ်မံ၍ တောင်းရပုံ၊ ဒါယကာက အရှင်ဥပနန္ဒအား ကဲ့ရဲ့ရှုတ်ချပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ ထိုသို့ မပြုလုပ်ရန် မဟာပေသကာရသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၇၀)
ဥပနန္ဒဝတ္ထု
ဤဝတ္ထု၌ အရှင်ဥပနန္ဒသည် သံဃာဒိသေသ်အာပတ် သင့်သဖြင့် ပရိဝါသ် ဆောက်တည်နေသောကြောင့် ဆွမ်းစားကျောင်း၌ သံဃာ့အစွန်မှ ထိုင်နေရပုံ၊ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းဒကာတို့အား အရှင်ဥပနန္ဒသည် အာပတ်သင့်သဖြင့် ဝတ်ဆောက်တည်ရကြောင်း ရှုတ်ချပြောဆိုကြပုံ၊ ထိုအကြောင်းကို ဘုရားရှင် ကြားသိတော်မူ၍ ‘‘သူတစ်ပါး၏ ဒုဋ္ဌုလ္လအာပတ်ကို လူသာမဏေတို့ကို ပြောသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဒုဋ္ဌုလ္လာရောစန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၄၆)
ဥပနန္ဒဝတ္ထု
ဤဝတ္ထု၌ အရှင်ဥပနန္ဒသည် ဆွမ်းပင့်ဖိတ်ထားသည့် ဒါယကာများ အိမ်သို့ ဦးစွာ မကြွသေးဘဲ အခြားဒါယကာအိမ်သို့ ကြွရောက်နေပုံ၊ မွန်းတည့်ခါနီးအချိန်မှ ဆွမ်းဒါယကာအိမ်သို့ ကြွရောက်လာပုံ၊ ရဟန်းတော်များက အရှင်ဥပနန္ဒအား ကဲ့ရဲ့ရှုတ်ချကြသဖြင့် ‘‘ဆွမ်းစားပင့်ထားလျက် အခြားအိမ်သို့ လှည့်လည်သော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု စာရိတ္တသိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၃၁)
ဥပနန္ဒဝတ္ထု
ဤဝတ္ထု၌ အရှင်ဥပနန္ဒ၏ ဒုဋ္ဌုလ္လအာပတ်ကို ရဟန်းတစ်ပါးက ဖုံးထားခဲ့ခြင်းကို အကြောင်းပြု၍ ‘‘ထိုသို့ ဖုံးထားသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဒုဋ္ဌုလ္လသိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၆၇)
ဥပနန္ဒဝတ္ထု
ဤဝတ္ထု၌ ယောကျ်ားတစ်ယောက်သည် မိမိ၏ ဇနီးနှင့် အရှင်ဥပနန္ဒကို သင်္ကန်းကပ်လှူမည့်အကြောင်း တိုင်ပင်နေသည်ကို ဆွမ်းခံကြွလာသည့် ရဟန်းတော် တစ်ပါးက ကြားသိခဲ့ပုံ၊ ဆွမ်းခံကြွသည့် ရဟန်းက အရှင်ဥပနန္ဒကို ထိုအကြောင်းအရာ သွားပြောသဖြင့် အရှင်ဥပနန္ဒက ထိုဇနီးမောင်နှံနှစ်ယောက်တို့ထံ သွားကာ သင်္ကန်းကောင်းကောင်း ပေးလှူရန် တိုက်တွန်းစီမံပုံ၊ သင်္ကန်းလှူမည့် ဇနီးမောင်နှံနှစ်ယောက်တို့က ရဟန်းတို့အား ကဲ့ရဲ့ရှုတ်ချကြပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင် သိတော်မူ၍ ဥပက္ခဋသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၁၇)
ဥပနန္ဒဝတ္ထု
ဤဝတ္ထု၌ အရှင်ဥပနန္ဒသည် မိမိနောင်တော်၏ တပည့်တစ်ယောက်ကို ဆွမ်းခံရာသို့ ခေါ်သွားပြီး ပစ္စည်း,ဝတ္ထု တစ်စုံတစ်ရာမပေးဘဲ ပြန်လွှတ်လိုက်ပုံ၊ ရဟန်းငယ်သည် ကျောင်းပြန်ရောက်သည့်အခါ နောက်ကျနေသည့်အတွက် ဆွမ်းစား မမီတော့ပုံ၊ ထိုအကြောင်းစုံကို ဘုရားရှင် သိတော်မူသောအခါ ‘‘ထိုသို့ ခေါ်သွားပြီးမှ တစ်စုံတစ်ရာ မပေးလိုက်ဘဲ ပြန်လွှတ်သော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဥယျောဇန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဝိ၊၂၊၁၂၄)
ဥပနန္ဒဝတ္ထု
ဤဝတ္ထု၌ အရှင်ဥပနန္ဒသည် မြင့်သော ကုတင်ပေါ်၌ နေထိုင်လေ့ရှိပုံ၊ ဘုရားရှင် ကျောင်းများကို လှည့်လည်ကြည့်ရှုသောအခါ အရှင်ဥပနန္ဒသည် မိမိ၏ အိပ်ရာထိုင်ခင်းများကို ကြွရောက်ကြည့်ရှုပါရန် လျှောက်ထားပုံ၊ ဘုရားရှင်က ကြည့်တော်မမူဘဲ ပြန်ကြွတော်မူ၍ ‘‘မြင့်သော ကုတင်ကို ပြုစေသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ပဉ္စပီဌ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၁၈)
ဥပနန္ဒဝတ္ထု
ဤဝတ္ထု၌ အရှင်ဥပနန္ဒသည် ဆွမ်းခံဝင်သောအခါ သူငယ်ချင်းအိမ်သို့ ဝင်ပြီး သူငယ်ချင်းမယားနှင့် အိပ်ရာအနီး၌ စကားပြောနေစဉ် သူငယ်ချင်း ရောက်လာပြီး ဆွမ်းလောင်းကာ ပြန်ကြွရန် ပြောသော်လည်း မကြွဘဲနေပုံ၊ ထိုသူငယ်ချင်းက ကဲ့ရဲ့သောကြောင့် ‘‘လင်နှင့်မယား နှစ်ဦးရှိသောအိမ်သို့ ဝင်ပြီး အိပ်ရာနား၌ ထိုင်သော ရဟန်းအား ပါစိတ်အာပတ်သင့်၏’’ဟု သဘောဇန သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၂၆)
ဥပနန္ဒဝတ္ထု
ဤဝတ္ထု၌ အရှင်ဥပနန္ဒ၏ ဒကာတို့သည် အရှင်ဥပနန္ဒအား လှူ၍ သံဃာအားလည်း လှူမည်ဟု ရည်ရွယ်၍ မုန့်ခဲဖွယ်များကို ပို့လိုက်ရာ အရှင်ဥပနန္ဒမှာ ရွာထဲ ဆွမ်းခံဝင်နေသဖြင့် အချိန်ကျော်လွန်သွားပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ ‘‘ဆွမ်းခံကြွသော ရဟန်းသည် ဆွမ်းမစားမီနှင့် ဆွမ်းစားပြီးနောက် ဒကာတို့ထံ လှည့်ပတ်သွားနေပါက ပါစိတ်အာပတ် သင့်၏’’ဟု စာရိတ္တသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၃၂)
ဥပနန္ဒဝတ္ထု
ဤဝတ္ထု၌ အရှင်ဥပနန္ဒ၏ ဒါယကာတစ်ဦးသည် အရှင်ဥပနန္ဒကို ပြသအသိပေး၍ သံဃာအား လှူးရန် ခဲဖွယ်ကို အပို့ခိုင်းလိုက်ပုံ၊ အရှင်ဥပနန္ဒမှာ ဆွမ်းခံထွက်သွားပြီဖြစ်သဖြင့် သံဃာတို့ကို လှူခဲ့ပုံ၊ ဘုရားရှင်က ဥပနန္ဒလာသည်အထိ အကပ်ခံထားရန် မိန့်တော်မူပုံ၊ အရှင်ဥပနန္ဒမှာ နေမြင့်မှ ပြန်လာပုံ၊ ထိုအခါ ဘုရားရှင်က ရဟန်းတို့အား နံနက်အခါ၌ အကပ်ခံသော ဘောဇဉ်ကို အတိရိက်ဝိနည်းကံ မပြုဘဲ သုံးဆောင်ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၀၇)
ဥပနန္ဒဝတ္ထု
ဤဝတ္ထု၌ အာဇီဝကတစ်ဦး၏ ဒါယကာအမတ်ကြီးတစ်ဦး ဆွမ်းကပ်နေစဉ် နောက်မှရောက်လာသော အရှင်ဥပနန္ဒက ဆွမ်းစားနေဆဲ ရဟန်းတစ်ပါးအား ဝါငယ်သည်ဟု ဆိုကာ နေရာမှ ထခိုင်းခဲ့ပုံ၊ ဆွမ်းစားကျောင်း ဆူညံသွားသောကြောင့် အမတ်ကြီးက ကဲ့ရဲ့ပုံ၊ ဘုရားရှင် သိတော်မူ၍ ‘‘ဆွမ်းစားနေဆဲ ရဟန်းအား မထခိုင်းရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၁၅)
ဥပနန္ဒဝတ္ထု
ဤဝတ္ထု၌ အရှင်ဥပနန္ဒသည် သာဝတ္ထိမြို့၌ ကျောင်းနေရာ တစ်နေရာ ယူထားပြီး အခြားရွာကျောင်းတစ်ကျောင်း၌ တစ်နေရာ ထပ်ယူသောကြောင့် ရဟန်းတော်တို့က ကဲ့ရဲ့သဖြင့် ဘုရားရှင်က ‘‘တစ်ပါးတည်း ကျောင်းနေရာ နှစ်နေရာ မယူရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၁၈)
ဥပနန္ဒဝတ္ထု
ဤဝတ္ထု၌ အရှင်ဥပနန္ဒသည် ပသေနဒီကောသလမင်းကြီးအား ဝါကပ်ရန် ကတိပေးပြီးနောက် အခြား ပို၍ ပစ္စည်းပေါသော ကျောင်းတို့ကို တွေ့သဖြင့် ပထမကျောင်းသို့ မသွားတော့ဘဲ နောက်ကျောင်းများ၌ ဝါကပ်ခဲ့ပုံ၊ ဘုရင်ကြီးက ကဲ့ရဲ့ရှုတ်ချကြောင်း ဘုရားရှင် သိတော်မူ၍ ထိုသို့ မပြုရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၁၃)
ဥပနန္ဒဝတ္ထု
ဤဝတ္ထု၌ အရှင်ဥပနန္ဒသည် သူငယ်ချင်းအိမ်သို့ သွားပြီး အိမ်ရှင်မိန်းမနှင့် လူမမြင်ကွယ်ရာ အရပ်၌ စကားပြောနေသည်ကို လင်ယောကျ်ား တွေ့ရသဖြင့် ကဲ့ရဲ့သောကြောင့် ဘုရားရှင်က လူမမြင်ကွယ်ရာအရပ်၌ မာတုဂါမနှင့် အတူနေသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ရဟောပဋိစ္ဆန္နာ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၂၈)
ဥပနန္ဒဝတ္ထု
ဤဝတ္ထု၌ အရှင်ဥပနန္ဒသည် သူငယ်ချင်းအိမ်သို့ သွား၍ သူငယ်ချင်း၏ မယားနှင့် လူမမြင်ကွယ်ရာအရပ်၌ တစ်ယောက်ချင်း နေသည်ကို သူမ၏ လင်ယောကျ်ား တွေ့ရ၍ ကဲ့ရဲ့သောကြောင့် ‘‘လူမမြင်ကွယ်ရာအရပ်၌ မိန်းမနှင့် တစ်ယောက်ချင်းနေသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ရဟောနိသဇ္ဇ သိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၃၀)
ဥပနန္ဒဝတ္ထု
ဤဝတ္ထု၌ ဥပနန္ဒသည် တရားဟောအလွန်ကောင်းသော်လည်း သူကိုယ်တိုင်ကမူ ကျင့်ကြံအားထုတ်မှု မရှိပုံ၊ အပြောတစ်ခြား အလုပ်တစ်ခြား ဖြစ်နေသော အရှင်ဥပနန္ဒအား ဘုရားရှင်က ကဲ့ရဲ့တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၈၈)
ဥပနန္ဒဝတ္ထု
ဤဝတ္ထု၌ အရှင်ဥပနန္ဒသည် သာဝတ္ထိမြို့၌ ဝါဆိုပြီး အခြားရွာတစ်ရွာသို့ ခရီးသွားပုံ၊ သံဃိကသင်္ကန်းကို ခွဲဝေသောနေရာမှ မိမိအဖို့ကို ခံယူပြီး အခြား အခြားသော ရွာများမှလည်း သင်္ကန်းအဖို့ကို ထပ်မံခံယူပုံ၊ ‘‘ရဟန်းသည် မိမိဝါဆိုသောကျောင်းမှ သင်္ကန်းအဖို့ကိုသာ ခံယူရမည်၊ အခြားဒေသမှ သင်္ကန်းအဖို့ကို မခံယူရ’’ဟု ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၁၅)
ဥပဝါဏတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်ဥပဝါဏမထေရ်သည် ပရိနိဗ္ဗာန်စံလွန်ခါနီးဖြစ်သော ဘုရားရှင်၏ ရှေ့မှောက်၌ ယပ်ခတ်နေပုံ၊ ဘုရားကို ဖူးမြင်လိုသော နတ်တို့သည် အရှင်ဥပဝါဏမထေရ်က ရှေ့မှ ကွယ်ထား၍ ဘုရားရှင်ကို မဖူးမြင်ရသဖြင့် အရှင်ဥပဝါဏမထေရ်ကို ကဲ့ရဲ့ကြပုံ၊ နတ်တို့သည် အရှင်ဥပဝါဏမထေရ်၏ ခန္ဓာကိုယ်ကို ဖောက်ထွင်း၍ မမြင်နိုင်သောကြောင့် မြတ်စွာဘုရားရှင်က ဥပဝါဏမထေရ်ကို ဘေးဖယ်ခိုင်းပုံ၊ အရှင်ဥပဝါဏမထေရ်သည် ဝိပဿီမြတ်စွာဘုရားရှင်၏ ဓာတုစေတီတော်ကို ပူဇော်စောင့်ရှောက်ခဲ့သောကြောင့် ဤကဲ့သို့ တန်ခိုးကြီးမားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၂၊၁၁၄) (ဒီ၊ဋ္ဌ၊၂၊၁၇၀)
ဥပဝါဏတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဥပဝါဏမထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်၏ စေတီတော်၌ မိမိ၏ အပေါ်ရုံအဝတ်ကို ဝါးလုံးထိပ်၌ အလံတံခွန်သဖွယ် ပြုလုပ်၍ လှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူနတ်ချမ်းသာတို့ကို ဘဝများစွာ ခံစားခဲ့ရပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ ဥပဝါဏပုဏ္ဏားဖြစ်လာပုံ၊ ဇေတဝန်ကျောင်းတော်အလှူပွဲတွင် မြတ်စွာဘုရားကို ဖူးတွေ့ကြည်ညိုကာ ရဟန်းပြုခဲ့ပုံ၊ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်၍ မြတ်စွာဘုရား၏ အလုပ်အကျွေးဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၉၃) (အပ၊ဋ္ဌ၊၂၊၂၉၇)
ဥပဝါဠဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဥပဝါဠမည်သော ရဟန်းသည် သံဃာ့အလယ်၌ အာပတ်ဖြင့် စိစစ်သည်ရှိသော် ငြင်းပြီးမှ ဝန်ခံခြင်း၊ ဝန်ခံပြီးမှ ငြင်းခြင်းပြုနေသဖြင့် ရဟန်းများက ကဲ့ရဲ့ကြပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင်အား လျှောက်ထားသောအခါ ဘုရားရှင်က တဿပါပိယသိကာကံ ပြုရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၀၅)
ဥပသမ္ပဒါဝတ္ထု
ဤဝတ္ထု၌ ရဟန်းတို့တွင် နူနာ၊ အိုင်းအမာ၊ လည်ပင်းကြီးနာ၊ ယားယံနာ၊ ခယရုပ်ချောင်းဆိုးနာ၊ ရူးသွပ်သော ရောဂါရှိသူတို့ကို တွေ့မြင်နေရသဖြင့် ဘုရားရှင်အား လျှောက်ထားရာ ဘုရားရှင်က ရဟန်းလောင်းအား ရဟန်းမဖြစ်အောင် ပိတ်ပင်တတ်သည့် အန္တရာယ်ကြီး ၁၃-ပါးကို မေးရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၃၀)
ဥပသာဠကဇာတက
ဤဇာတ်တော်၌ ဥပသာဠကမည်သော ပုဏ္ဏားသားအဖသည် လူသေမမြှုပ်နှံဖူးသည့် သန့်ရှင်းသော နေရာအဖြစ် ဂိဇ္ဈကုဋ်တောင်၏ တောင်ထွတ်တစ်ခုကို ရွေးကြပုံ၊ ဘုရားရှင်က ဘဝပေါင်းသောင်းလေးထောင်လုံးလုံး ပုဏ္ဏားကြီးသေလွန်သောအခါ ဤနေရာ၌ပင် မြှုပ်နှံခံခဲ့ရကြောင်း၊ ဤမြေပြင်ဝယ် သချုႋင်းမပြုဖူးသော နေရာဟူ၍ မရှိကြောင်း ဟောပြတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၄၈)
ဥပသီဝတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်အား ပိန္နဲသီးလှူဒါန်းခဲ့ရသော ကုသိုလ်ကောင်းမှုကြောင့် ကမ္ဘာတစ်သိန်း အပါယ်မလားဘဲ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော မကြောင်းအရားများ ပါဝင်သည်။ (အပ၊၁၊၄၀၅)
ဥပသေနတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်သာရိပုတ္တရာ၏ညီငယ် ဥပသေနမထေရ်သည် ဆွမ်းစားပြီးနောက် လိုဏ်ဂူအရိပ်၌ ပြတင်းပေါက်မှ တိုက်ခတ်သော လေနုအေးဖြင့် လေညင်းခံလျက် နှစ်ထပ်သင်္ကန်းကို ချုပ်နေပုံ၊ မြွေ နှစ်ကောင်သည် လိုဏ်ဂူအမိုးပေါ်၌ ကစားနေရာမှ တစ်ကောင်ပြုတ်ကျပြီး မထေရ်၏ ပုခုံးစွန်းကို ကိုက်လိုက်ပုံ၊ ဥပသေနမထေရ်သည် ထိုမြွေဆိပ်ဖြင့် ပရိနိဗ္ဗာန်စံခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၂၊၂၆၇) (သံ၊ဋ္ဌ၊၃၊၁၄)
ဥပသေနတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်သာရိပုတ္တရာ၏ ညီငယ် အရှင်ဥပသေနမထေရ်သည် ဘုရားရှင် သိက္ခာပုဒ် မပညတ်ရသေးသဖြင့် နှစ်ဝါအရ၌ပင် ဥပဇ္ဈာယ် ဆရာပြုလုပ်၍ တပည့်တစ်ပါးကို ရဟန်းခံပေးခဲ့ပုံ၊ မိမိရဟန်းခံပေးထားသော တပည့် ရဟန်းနှင့် အတူ ဘုရားရှင့်ထံ ချဉ်းကပ်သည့်အခါ ဘုရားရှင်က ပရိသတ်အလယ်၌ အရှင်ဥပသေနမထေရ်အား ကဲ့ရဲ့တော်မူခဲ့ပုံ၊ အရှင်ဥပသေနမထေရ်သည် စိတ်ဆုတ်နစ်မှု မရှိဘဲ ပရိသတ်အလယ်၌ပင် ဘုရားရှင်၏ ချီးမွမ်းမှုခံရအောင် ကြိုးစားမည်ဟု ရည်ရွယ်၍ တရားအားထုတ်သဖြင့် ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်ခဲ့ပုံ၊ ရဟန္တာဖြစ်ပြီးနောက် ဓုတင်ဆောင် တပည့်ရဟန်းများနှင့်အတူ တစ်ဖန် ဘုရားရှင်ထံ ချဉ်းကပ်ခဲ့ပုံ၊ ဘုရားရှင်က အရှင်ဥပသေနမထေရ်အား ‘‘သမန္တပါသာဒိက’’ ဧတဒဂ်ဘွဲ့ ပေးကာ ပရိသတ်အလယ်၌ပင် ချီးမွမ်းတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊၁၃၁) (ဥဒါန၊ဋ္ဌ၊၂၄၂)
ဥပသေနတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင် လက်ထက် သမန္တပါသာဒိက ဧတဒဂ်ရ မထေရ်တစ်ပါးကို အားကျ၍ ကုသိုလ်ပြုဆုတောင်းခဲ့သောကြောင့် လူ့ပြည်၊ နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ နောက်ဆုံးဘဝ၌ အရှင်သာရိပုတ္တရာ၏ ညီ ဖြစ်၍ သာသနာဘောင်သို့ ဝင်ရောက်ခဲ့ပုံ၊ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ကာ သမန္တာပါသာဒိကဧတဒဂ်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၂၀၂)
ဥပသေနဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဝင်္ဂန္တပုဏ္ဏား၏သား အရှင်ဥပသေနသည် တစ်ဝါသာ ရသေးလျက် ဥပဇ္ဈယ်ပြု၍ အခြားရဟန်း တစ်ပါးကို ရဟန်းခံပေးခဲ့ပုံ၊ ဘုရားရှင်ထံချဉ်းကပ်သောအခါ ဘုရားရှင်က မိမိကိုယ်တိုင် အဆုံးအမခံရမည့် အချိန်ဖြစ်ပါလျက် သူတစ်ပါးကို ဆရာလုပ်ရမည်လောဟု ရှုတ်ချတော်မူ၍ ‘‘(၁၀)ဝါရမှ ရဟန်းခံပေးရမည်’’ဟု မိန့်တော်မူခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဝိ၊၃၊၇၄)
ဥပသေနဝင်္ကန္တပုတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင် လက်ထက်တော်၌ နတ်တို့ချစ်ခင်သည့်အရာ၌ ဧတဒဂ်ရသည့် ရဟန်းတစ်ပါးကို အားကျပြီး ကုသိုလ်ပြုဆုတောင်းခဲ့ပုံ၊ ထိုကုသိုလ်ကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိပြည်သား ပုဏ္ဏားတစ်ဦးဖြစ်ခဲ့ပုံ၊ ဘုရားရှင်ထံ ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၆၇) (အံ၊ဋ္ဌ၊၁၊၂၁၁) (အပ၊ဋ္ဌ၊၂၊၁၇)
ဥပဿယဒါယကဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် တောရွာ၌ ဝါဆို၍ ဝါကျွတ်သောအခါ ဘုရားရှင်ကို ဖူးမြော်ရန်ကြွလာခဲ့ပုံ၊ ခရီးလမ်းအကြား၌ ဒါယကာတစ်ဦးသည် ထိုရဟန်းကို မိမိအိမ်သို့ ပင့်၍ ကျောင်းအဖြစ်ဖြင့် သီတင်းသုံးရန် စီစဉ်လှူဒါန်းခဲ့ပုံ၊ နောက်တစ်နေ့၌ အိမ်သို့ ပင့်၍ ဆွမ်းဆက်ကပ်ပြီး အဖျော်ရည်များကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်အစုစုကြောင့် ဒါယကာသည် သေလွန်သောအခါ တာဝတိံသာနတ်ပြည်၌ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၇၀)
ဥပဿယဒါယကဝတ္ထု
ဤဝတ္ထု၌ ရဟန်းများစွာတို့သည် ရွာကျောင်း၌ ဝါဆိုကြပြီး ဝါကျွတ်သောအခါ ဘုရားရှင်ကို ဖူးတွေ့ရန်လာကြပုံ၊ ညနေချမ်းအခါ ရွာတစ်ရွာသို့ ရောက်လျှင် ဒါယကာဇနီးမောင်နှံတို့သည် မိမိအိမ်ကို ကျောင်းအဖြစ် သီတင်းသုံးရန် စီမံလှူဒါန်းကြပုံ၊ နောက်တစ်နေ့၌ ရဟန်းတို့ကို အိမ်သို့ ပင့်၍ ဆွမ်းဆက်ကပ်ပြီး အဖျော်ရည်များကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကြောင့် ဒါယကာဇနီးမောင်နှံ တာဝတိံသာနတ်ပြည်၌ဖြစ်ကြရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၇၂)
ဥပါဂတာသယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်အလောင်းသည် ကိုးဆယ့်တစ်ကမ္ဘာအထက် ဝိပဿီ ဘုရားရှင်လက်ထက်တွင် ဟိမဝန္တာတောင်၏ အလယ်၌ ကောင်းစွာ ဖန်ဆင်းအပ်သော အိုင်၌ သူတစ်ပါးကို ညှဉ်းဆဲလေ့ရှိသော အလွန်ကြောက်မက်ဖွယ် ကောင်းသော ရက္ခိုသ် ဘီလူးဖြစ်ခဲ့ပုံ၊ ဝိပဿီဘုရားရှင် ကြွလာတော်မူ၍ နေရာမှ ထွက်ကာ ဘုရားရှင်အား ရှိခိုးခဲ့ပုံ၊ ထိုကောင်းမှုကြောင့် (၉၄)ကမ္ဘာ အပါယ်မလားဘဲ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၆၃)
ဥပါလိတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်အလောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ ဝိနယဓရဧတဒဂ်ဘွဲ့ရ မထေရ်တစ်ပါးကို အားကျ၍ ကုသိုလ်ပြုဆုတောင်းခဲ့ပုံ၊ ထိုကုသိုလ်ကြောင့် ဘဝများစွာ လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ဆတ္တာသည်မျိုး၌ ဖြစ်ခဲ့ပုံ၊ သာကီဝင်မင်းသား ၆-ယောက်တို့နှင့်အတူ မြတ်စွာဘုရားထံ ရဟန်းပြုပုံ၊ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်၍ ဝိနယဓရဧတဒဂ်(ဝိနည်းကို ဆောင်သူတို့တွင် အတော်ဆုံး)ဘွဲ့ ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၂၄၁) (ထေရ၊ဋ္ဌ၊၁၊၄၆၃)
ဥပါလိတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဥပါလိမထေရ်သည် ရဟန်းပြုပြီးနောက် တောအရပ်၌ အေးအေးဆေးဆေး တစ်ပါးတည်း သီတင်းသုံးနေထိုင်ကာ တရားအားထုတ်လိုပုံ၊ သို့သော် ဘုရားရှင်က ‘‘တောထဲ၌ တစ်ပါးတည်း တရားအားထုတ်နေလျှင် ဝိပဿနာဓုရတစ်မျိုးတည်းကိုသာ ထမ်းဆောင်ရာ ရောက်ပေလိမ့်မည်’’ဟု မိန့်ကြားတော်မူပုံ၊ ဘုရားရှင်ထံ၌ နေထိုင်ပြီး ဂန္ထဓုရ ဝိပဿနာဓုရ နှစ်မျိုးလုံး ကြိုးစားအားထုတ်သင့်ကြောင်း မိန့်ကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၄၀) (အပ၊ဋ္ဌ၊၁၊၃၀၈)
ဥပါလိတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ဝိနည်းတော်၏ ဂုဏ်ကျေးဇူးစကားကို ချီးမွမ်းတော်မူပြီး အရှင်ဥပါလိကိုလည်း ချီးမွမ်းတော်မူသဖြင့်ထေရနဝ မဇ္ဈိမတို့ အရှင်ဥပါလိမထေရ်ထံ၌ ဝိနည်းကို သင်ယူကြပုံ၊ မထေရ်တို့ကို လေးစားသဖြင့် အရှင်ဥပါလိက ရပ်၍ သင်ပေးပုံ၊ မထေရ်တို့ကလည်း တရားလေးစားသောအားဖြင့် ရပ်လျက် သင်ယူရသောကြောင့် ပင်ပန်းကြောင်း ဘုရားရှင် သိတော်မူ၍ သင်ပြသူသည် နေရာတူ နေရာမြင့်တို့၌ သင်နိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၁၉)
ဥပါသိကာဝတ္ထု
ဤဝတ္ထု၌ ဥပါသိကာမတို့သည် ရဟန်းတို့အား တရားဟောရန် တိုက်တွန်းကြပုံ၊ ဘုရားရှင်က မာတုဂါမတို့အား တရား မဟောရဟု ပညတ်ထားသဖြင့် ရဟန်းတို့က တရားမဟောဘဲ ငြင်းပယ်ကြပုံ၊ ငါးခွန်း ခြောက်ခွန်းလောက်ဖြစ်ဖြစ် တရားဟောပါဟု တောင်းပန်သော်လည်း မဟောဘဲ နေကြသဖြင့် ဘုရားရှင်က မာတုဂါမတို့အား ငါးခွန်းခြောက်ခွန်းအထိ တရားဟောနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၃၃)
ဥပါဟနဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဆင်ဆရာ ဖြစ်၍ ကာသိရွာသား လူငယ်တစ်ဦးအား ဆင်အတတ်ပညာကို မချွင်းမချန် သင်ပေးခဲ့ပုံ၊ ထိုတပည့်သည် ဆရာနှင့် လစာတူ ရလိုကြောင်း မင်းထံ လျောက်ထားသဖြင့် မင်းသည် ဆင်ပညာယှဉ်ပြိုင်ပွဲ ကျင်းပစေခဲ့ပုံ၊ ဘုရားအလောင်းဆင်ဆရာသည် ဆင်တစ်ကောင်အား အမိန့်ကို ပြောင်းပြန်ဆောင်ရွက်တတ်အောင် တစ်ညတွင်းမှာပင် သင်ပြပြီး ယှဉ်ပြိုင်ခဲ့ပုံ၊ တပည့်ဖြစ်သူ ရှုံးနိမ့်သဖြင့် ပရိတ်သတ်က ခဲတို့ဖြင့် ပစ်ခတ်ကြရာ တပည့်မိုက် သေဆုံးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၀၂)
ဥပါဟနဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်အလောင်းအလျာသည် စန္ဒနမည်သော ပစ္စေကဗုဒ္ဓါအား ဖိနပ်တစ်ရန် လှူခဲ့သော ကောင်းမှုကြောင့် (၉၁)ကမ္ဘာ အပါယ်မလားဘဲ ဤဘုရားရှင် သာသနာတော်၌် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၅၇)
ဥပေါသထကမ္မဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် တစ်ပါးတည်း ကိန်းအောင်းနေတော်မူစဉ် ရဟန်းတော်တို့ ပါတိမောက်ပြခွင့်ပြုရန်အတွက် အကြံဖြစ်တော်မူပုံ၊ ထို့နောက် ဘုရားရှင်သည် ရဟန်းတော်တို့အား ဉတ်ထားပြီး ပါတိမောက်ကို ရွတ်ဆို၍ ဥပုသ်ပြုကြရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၄၀)
ဥပေါသထဒိဝသဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်က ရဟန်းတို့အား ဥပုသ်ပြုရန် ခွင့်ပြုတော်မူလိုက်သောအခါ ရဟန်းတို့သည် နေ့စဉ် ဥပုသ်ပြုကြပြန်သဖြင့် တစ်ပက္ခ၏ ဥပုသ်နေ့တို့၌ ဥပုသ်ပြုကြရန် ခွင့်ပြုတော်မူပုံ၊ ထိုအခါ တစ်ပက္ခ၌ (၃)ကြိမ် ဥပုသ်ပြုကြပြန်သဖြင့် တစ်ပက္ခ၌ တစ်ကြိမ်အနေဖြင့် လပြည့် လကွယ် (၂)ကြိမ်သာ ဥပုသ်ပြုရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၄၂)
ဥပေါသထပ္ပမုခါနုဇာနနာဝတ္ထု
ဤဝတ္ထု၌ ကျောင်းတိုက်တစ်ခုတွင် ဥပုသ်ဆောင်ကို အလွန်ကျဉ်းမြောင်းစွာ သမုတ်ထားကြပုံ၊ ဥပုသ်နေ့ ရောက်သောအခါ သံဃာတော်များစွာ ရောက်လာပုံ၊ ရဟန်းတို့သည် မသမုတ်ရသေးသော မြေပြင်ပေါ်၌ပင် ထိုင်၍ ပါတိမောက်ကို နာယူကြရပုံ၊ ရဟန်းတော်တို့မှာ ဥပုသ်ပြုမှုကံမြောက်မမြောက် သံသယရှိကြပုံ၊ ဘုရားရှင်အား လျှောက်ထားရာ ဥပုသ်ပြုမှုကံမြောက်ကြောင်း၊ သံဃာတော်သည် အလိုရှိသလောက် ကြီးကြီး ဥပုသ်ကျောင်း၏ ဥပစာကို သမုတ်နိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၄၆)
ဥပေါသထာဂါရဝတ္ထု
ဤဝတ္ထု၌ ရဟန်းတို့သည် ကျောင်းပရိဝုဏ်အလိုက် ဥပုသ်ပြုကြပုံ၊ အမှတ်အသား ချိန်းချက်မှုမရှိကြသဖြင့် အာဂန္တုရဟန်းတော်တို့အဖို့ ဥပုသ်ပြုမည့် နေရာကို မသိနိုင်ကြပုံ၊ ဘုရားရှင်အား လျှောက်ထားရာ ဥပုသ်ကျောင်းဆောင်ကို သမုတ်၍ ဥပုသ်ပြုရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၄၅)
ဥပေါသထိကာဝတ္ထု
ဤဝတ္ထုသည် သောဏဒိန္နာဝတ္ထုနှင့် တူပြီ။ (ဝိမာန၊ဋ္ဌ၊၁၀၄)
ဥပေါသထိကာဣတ္ထိဝတ္ထု
ဤဝတ္ထု၌ ဝိသာခါသည် ဥပုသ်သည် အမျိုးသမီးများအား ဥပုသ်စောင့်ခြင်း၏ ရည်ရွယ်ချက်ကို မေးကြည့်ရာ မိမိတို့၏ လောကီရည်ရွယ်ချက်များကိုသာ ဖြေဆိုကြပုံ၊ ထိုအဖြေများကို ဝိသာခါက ဘုရားရှင်အား လျှောက်ထားရာ ဘုရားရှင်က ဇရာ၊ မရဏသည် လူတို့အား သေမင်းထံသို့ မောင်းနှင်ပို့နေသဖြင့် သံသရာမှ လွတ်ရန် အားထုတ်သင့်ကြောင်း ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၇)
ဥပ္ပလဂန္ဓဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိပြည် သူဌေးသမီးတစ်ဦး၏ လင်ယောက်ျားသည် ဘုရားရှင်၏ တရားတော်ကို နာယူပြီးနောက် ပိဏ္ဍပါတိကထေရ်ထံ၌ ရဟန်းပြုပုံ၊ ပသေနဒီကောသလမင်းသည် သူဌေးသမီးကို နန်းတော်သို့ ဆောင်ယူခဲ့ပုံ၊ တစ်နေ့တွင် မင်းကြီးသည်ကြာညိုပန်း တစ်စည်းကို မိဖုရားတို့အား မျှဝေပေးခဲ့ပုံ၊ သူဌေးသမီးသည် ကြာညိုပန်းကို နမ်းရှုတ်၍ ရယ်လည်းရယ် ငိုလည်းငိုပုံ၊ မင်းကြီးသည် အဖြစ်ကို စူးစမ်းပုံ၊ ထိုအမျိုးသမီး၏ ယောကျ်ားဟောင်းသည် ရှေးဘဝက တရားတော်ကို ရိုသေစွာ နာကြား၍ ကောင်ချီးနုမော် သာဓုခေါ်ခဲ့သော ကောင်းမှုကြောင့် ယခုဘဝတွင် ခံတွင်းမှ ကြာညိုနံ့ ထွက်ကြောင်း ဘုရားရှင် ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၂၁)
ဥပ္ပလဒါယိကာထေရီဝတ္ထု
ဤဝတ္ထု၌ ထေရီမလောင်းလျာသည် အရုဏဝတီမင်းကြီး၏ မိဖုရားဖြစ်၍ ရဟန္တာတစ်ပါးကို ပိဏ္ဍပါတ်ဆွမ်း လောင်းလှူခဲ့ပုံ၊ ထိုကုသိုလ်ကံ၏ ကောင်းကျိုးကို ဘဝများစွာ ခံစားရခဲ့ပုံ၊ နောက်ဆုံးဘဝ၌ ဘုရားလောင်း သိဒ္ဓတ္ထ၏ မောင်းမတစ်ထောင်တို့၏ အကြီးအကဲဖြစ်ပုံ၊ ဘိက္ခုနီဝတ်ကာ ဝိပဿနာပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ ဥဒါန်းကျူးပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၈၃) (ထေရီ၊ဒီ၊၄၅၅)
ဥပ္ပလဝဏ္ဏာထေရီဝတ္ထု
ဤဝတ္ထု၌ ဥပ္ပလဝဏ္ဏာထေရီလောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တွင် တန်ခိုးအရာ၌ ဧတဒဂ်ဘွဲ့ထူးရရန် ကောင်းမှုပြု ဆုတောင်းခဲ့ပုံ၊ ကဿပဘုရားရှင်လက်ထက်၌ ကိကီမင်း၏ သမီး(၇)ဖော်တွင် ပါဝင်လျက် ဗြဟ္မစရိယအကျင့်ကို ကျင့်ခဲ့ပုံ၊ ဘဝတစ်ခုတွင် အမျိုးသမီးဘဝဖြင့် ပစ္စေကဗုဒ္ဓါအရှင်မြတ်အား ပေါက်ပေါက်နှင့် ကြာပန်းလှူဒါန်း၍ မိမိ ခြေလှမ်းတိုင်းလှမ်းတိုင်း ပဒုမ္မာကြာပန်းများ ပေါက်ရောက်လာပါစေ, သားပေါင်း ငါးရာ ရပါစေဟု ဆုတောင်းခဲ့ပုံ၊ ထိုသို့လှူဒါန်းရာ၌ ကြာပန်းကို ရှင်ပစ္စေကဗုဒ္ဓါ၏ သပိတ်ပေါ်မှ ပြန်လည်ယူဆောင်မိခဲ့ပုံ၊ ပဒုမဝတီမိဖုရားဖြစ်သောဘဝတွင် ဆုတောင်းအတိုင်း ပြည့်ခဲ့သော်လည်း သူတစ်ပါးတို့၏ မကောင်းကြံခြင်းကို ခံခဲ့ရပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ဥပ္ပလဝဏ္ဏာထေရီအမည်ဖြင့် ရဟန္တာဖြစ်၍ တန်ခိုးအကြီးဆုံးအရာ၌ ဧတဒဂ်ဘွဲ့ထူးရခဲ့ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (အံ၊ဋ္ဌ၊၁၊၂၆၆) (ထေရီ၊ဋ္ဌ၊၁၉၀)
ဥပ္ပလဝဏ္ဏာထေရီဝတ္ထု
ဤဝတ္ထု၌ နန္ဒလုလင်သည် ရဟန္တာဖြစ်သော ဥပ္ပလဝဏ်ထေရီမအား အတင်းအဓမ္မပြုကျင့်ပြီးနောက် မြေမျိုခံရပုံ၊ ‘‘ရဟန္တာပုဂ္ဂိုလ်တို့သည် ကာမဂုဏ်တရားကို နှစ်သက်မှုရှိကြ၏’’ဟု ထင်သော လူအပေါင်းကို ပဒုမ္မာကြာထက်၌ကျသော ရေပေါက်နှင့် ဥပမာပြ၍ ရဟန္တာပုဂ္ဂိုလ်တို့သည် ကာမဂုဏ်တို့၌ ငြိကပ်မှုမရှိကြောင်း မြတ်စွာဘုရားရှင်းပြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၄၃) (ဓမ္မ၊ဋ္ဌ၊၁၊၃၁၀) (ဓမ္မ၊ဋ္ဌ၊၂၊၄၁၀)
ဥပ္ပလဝဏ္ဏာထေရီဝတ္ထု
ဤဝတ္ထု၌ ထေရီလောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ ဝိမလာအမည်ရှိသော နဂါးမိဖုရားကြီးဖြစ်ခဲ့ပုံ၊ နဂါးဘုံ၌ စံနေစဉ် ဘုရားရှင်အား တပည့်သားသံဃာများနှင့်အတူ နဂါးဘုံသို့ ပင့်ဖိတ်၍ ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပုံ၊ နဂါးပြည်၌ ပေါက်သည့် အရုဏအမည်ရှိသော ကြာပန်းကိုလည်း လှူဒါန်းပုံ၊ သုမနာအမည်ရှိသော တန်ခိုးအရာ၌ ဧတဒဂ်ရသည့် ထေရီအား အားကျကာ ဆုတောင်းခဲ့ပုံ၊ ကဿပဘုရားရှင်လက်ထက်တော်၌ ကိကီမင်းကြီး၏သမီးတော် သမဏဂုတ္တာဖြစ်ခဲ့ပုံ၊ ကောမာရိဗြဟ္မစရိယခေါ် အပျိုစင်အကျင့်ကို နှစ်ပေါင်းနှစ်သောင်းကြာ ကျင့်သုံးခဲ့ပုံ၊ ထို့နောက် ဘဝတစ်ခုတွင် အရိဋ္ဌပုရပြည် တိရိဋိဝစ္ဆ သူဌေးကြီး၏ သမီး ဥမ္မာဒန္တီ ဖြစ်ခဲ့ပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ဥပ္ပလဝဏ်အမည်ဖြင့် ရဟန္တာထေရီဖြစ်၍၊ တန်ခိုးအရာ ဧတဒဂ်ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၂၉) (ထေရီ၊ဒီ၊၁၆၃)
ဥပ္ပလဟတ္ထိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ တိဝရပြည်ကြီး၌ နေသော မထေရ်အလောင်းပန်းသည်သည် သိဒ္ဓတ္ထဘုရားရှင်အား ကြာပန်းစည်းကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် (၉၄)ကမ္ဘာ အပါယ်မလားဘဲ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ ကျွတ်တမ်းဝင်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၅၅) (အပ၊ဋ္ဌ၊၂၊၁၂၂)
ဥဗ္ဗရီပေတဝတ္ထု
ဤဝတ္ထု၌ စူဠနီဗြဟ္မဒတ်မင်းကြီး နတ်ရွာစံသွားသောအခါ ဥဗ္ဗရီမိဖုရားကြီးသည် သုသာန်၌ သွားရောက်ငိုကြွေးခဲ့ပုံ၊ ဘုရားအလောင်းရသေ့က ‘‘သေလွန်ပြီးသော ရှစ်သောင်းလေးထောင်သော စူဠနီဗြဟ္မဒတ်မင်းတို့တွင် အဘယ်မင်းကို ရည်ရွယ်၍ ငိုသနည်း’’ဟု မေးမြန်းခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၆၅) (ပေတ၊ဋ္ဌ၊၁၄၈)
ဥဗ္ဗိရီထေရီဝတ္ထု
ဤဝတ္ထု၌ ဥဗ္ဗိရီထေရီလောင်း အမျိုးကောင်းသမီးသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ သံဃာတစ်ပါးကို ဆွမ်းလှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ဘဝများစွာ သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဂေါတမမြတ်စွာဘုရားလက်ထက် သာဝတ္ထိမြို့၌ သူကြွယ်တစ်ဦး၏ သမီး ဖြစ်ခဲ့ပုံ၊ ကောသလမင်းကြီး၏ မိဖုရားငယ်ဖြစ်ပုံ၊ သမီးငယ်သေဆုံးသဖြင့် ပူဆွေးသောကဖြစ်နေသော ဥဗ္ဗိရီကို မြတ်စွာဘုရား တရားဟောပြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၅၅)
ဥဗ္ဗေဂါပီတိဝတ္ထု
ဤဝတ္ထု၌ ပုဏ္ဏဝလ္လိကဝါသီ မဟာတိဿထေရ်သည် လပြည့်နေ့ညချမ်း အခါတွင် စေတီငယ်လေးတစ်ဆူ၏ စေတီရင်ပြင်ပေါ်သို့ ကြွရောက်၍ လရောင်ကို ကြည့်ကာ ‘‘ဤအချိန်ခါမျိုး၌ ပရိသတ် လေးမျိုးတို့သည် မဟာစေတီတော်ကို ဖူးနေကြပေလိမ့်မည်’’ဟု မျက်စိထဲမြင်ရောင်လာပုံ၊ ဘုရားလျှင် အာရုံရှိသော ဥဗ္ဗေဂါပီတိဖြစ်ပေါ်လာပြီး ကောင်းကင်ခရီးဖြင့် ပျံတက်လျက် မဟာစေတီရင်ပြင်တော်သို့ ရောက်ရှိသွားပုံ၊ ဝတ္တကာလကရွာရှိ အမျိုးသမီးငယ် တစ်ယောက်သည်လည်း မိဘများ ဘုရားသွားစဉ် မိမိ၌ကိုယ်ဝန်အရင့်အမာ ရှိနေသဖြင့် စေတီတော်ကို ဖူးမြော်ပူဇော်ခွင့်မရဘဲ အိမ်၌ကျန်ရစ်နေခဲ့ပုံ၊ လရောင်ဖြင့် ဂိရိကဏ္ဍကအရပ်ရှိ အာကာသစေတီကို ကြည့်ပြီးဥဗ္ဗေဂါပီတိဖြစ်ပေါ်လာကာ ကောင်းကင် ခရီးဖြင့် ပျံတက်ပြီး မိဘများအရင် စေတီတော်သို့ ရောက်ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၁၅၉) (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၁၃၉)
ဥဘတောဗျဉ္ဇနကဝတ္ထု
ဤဝတ္ထု၌ ဣတ္ထိလိင်၊ ပုလ္လိင် လိင်နှစ်မျိုးစလုံး ထင်ရှားရှိနေသော ဥဘတောဗျည်းတစ်ယောက် ရဟန်းဝတ်လာပုံ၊ ထိုရဟန်းသည် အခြားရဟန်းတို့ကို ကာမဂုဏ်မှီဝဲရန် အားထုတ်ပုံ၊ ကိုယ်တိုင်ကလည်း မှီဝဲခံခဲ့ပုံ၊ ထိုအကြောင်း ဘုရားရှင် သိတော်မူသောအခါ ‘‘ဥဘတောဗျည်းကို ရဟန်းခံမပေးရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၂၄)
ဥဘတောဘဋ္ဌဇာတက
ဤဇာတ်တော်၌ ဒေဝဒတ်လောင်းသည် ငါးမျှားဝါသနာပါသူတစ်ဦးခဲ့ဖြစ်ပုံ၊ တစ်နေ့တွင် သားဖြစ်သူနှင့်အတူ ငါးမျှားစဉ် ရေအောက် သစ်တုံးကြီးတွင် ငါးမျှားချိတ် ချိပ်နေရာ ငါးကြီးတစ်ကောင်မိပြီဟု မှတ်ထင်ခဲ့ပုံ၊ ငါးကြီးမိပါက အိမ်နီးချင်းတို့ကို ဝေမပေးလို၍ သားကို မယားထံသို့ စေလွတ်ပြီး မိမိမယားကို အိမ်နီးချင်းတို့နှင့် ရန်ဖြစ်ခိုင်းပုံ၊ ရွာသူကြီးက ရန်ဖြစ်မှုနှင့် ဒဏ်ငွေရိုက်ပုံ၊ မိမိကိုယ်တိုင်လည်း အားဖြင့် ငါးကို သုတ်တင်သည့််အခါ ငါးမျှားချိတ်က မျက်စိကို ဖောက်ထွင်းသွားသဖြင့် မျက်စိကန်းပုံ၊ ငါးမရသည့်အပြင် တစ်အိမ်လုံးလည်း ဒုက္ခရောက်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၅၀၈)
ဥမာပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ပြီးနောက် ပုထိုးတော် ပူဇော်ပွဲ၌ အောက်မဲညိုပန်းကို လှူဒါန်းပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် (၉၄)ကမ္ဘာ အပါယ်မလားဘဲ ကိုးကမ္ဘာအထက်၌သောမဒေဝသစကြဝတေးမင်း ဖြစ်၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၉၀) (အပ၊ဋ္ဌ၊၂၊၁၅၇)
ဥမ္မတ္တကစိတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ မဟာဒါဋ္ဌိကနဂါးမင်းသည် စေတိယတောင်ပေါ်ရှိ စေတီတော်ကို လာရောက်ပူဇော်ခဲ့ပုံ၊ တောထွက်ရဟန်းကြီး စိတ္တသည် မင်းကြီးနှင့်အတူပါလာသည့် လှပတင့်တယ်သော နဂါးမိဖုရားကို စွဲလမ်းနှစ်သက်မိခဲ့ပုံ၊ ရဟန်းသည် နဂါးမိဖုရားကို တမ်းတပြီး ရူးသွပ်နေသကဲ့သို့ ဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၁၆)
ဥမ္မာဒန္တီဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် သိဝိမင်းကြီးဖြစ်ခဲ့ပုံ၊ တိရီဋိဝစ္ဆမည်သော သူဌေးကြီး၏ သမီး ဥမ္မာဒန္တီသည် မြင်ရသူယောက်ျားများ ရူးသွပ်လောက်အောင် ချောမောလှပသူ ဖြစ်ခဲ့ပုံ၊ သူဌေးကြီးက သမီးတော်ကို သိမ်းပိုက်ရန် ဘုရင်ကြီးအား လျှောက်ထားခဲ့ပုံ၊ မင်းကြီးသည် ပုဏ္ဏားပညာရှိတို့ကို ရှေးဦးစွာ စေလွှတ်၍ ကြည့်စေပုံ၊ ပုဏ္ဏားတို့သည် ဥမ္မာဒန္တီကို မြင်လျှင် ရူးသွပ်သော အမူအရာများ ရှိကြသဖြင့် ဥမ္မာဒန္တီက ပုဏ္ဏားတို့ကို အိမ်မှ နှင်ထုတ်ခဲ့ပုံ၊ ပုဏ္ဏားတို့သည် အရှက်ရသောကြောင့် ဥမ္မာဒန္တီအား လက်မခံရန် မင်းကြီးအား တိုက်တွန်းခဲ့ပုံ၊ မင်းကြီးက လက်မခံသဖြင့် အဘိပါရကစစ်သူကြီးအား ဆက်သခဲ့ရပုံ၊ တစ်နေ့တွင် သိဝိမင်းသည် တိုင်းခန်းလှည့်လည်ပွဲတွင် ဥမ္မာဒန္တီကို တွေ့သဖြင့် စွဲလမ်းကာ ရူးသွပ်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၂၂၀)
ဥရဂဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် ဟိမဝန္တာ၌ နေသော ရသေ့ကြီး ဖြစ်ခဲ့ပုံ၊ ဗာရာဏသီပြည် ပွဲတော်ကြီးသို့ နဂါးတစ်ကောင်နှင့် ဂဠုန်တစ်ကောင်တို့သည် လူယောင်ဆောင်၍ ပွဲလာကြည့်ကြပုံ၊ အချင်းချင်းရင်ဆိုင်တွေ့ကြသောအခါ နဂါးသည် ရှေ့ကပြေးပြီး ရသေ့ကြီး၏ လျော်တေသင်္ကန်းပုံကြားသို့ ဝင်ပုန်းနေပုံ၊ ဂဠုန်က သိပြီး ရသေ့ကြီးကို ပြောပြရာ ရသေ့ကြီးက မေတ္တာအကျိုးတရားများကို ဟောကြားသဖြင့် ရန်ဘက်သတ္တဝါများပင် အချင်းချင်း ချစ်ခင်သွားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၁)
ဥရဂပေတဝတ္ထု
ဤဝတ္ထု၌ ကာသိတိုင်း ဓမ္မပါလရွာ၌ ပုဏ္ဏား, ပုဏ္ဏေးမ, သား, သမီး, ချွေးမ, ကျွန်မဟူသော (၆)ယောက်တို့သည် မရဏာနုဿတိဘာဝနာပွားများထားကြပုံ၊ တစ်နေ့တွင် သားအဖနှစ်ယောက် လယ်ထွန်နေရာမှ သားသည် မြွေကိုက်၍ သေဆုံးသွားခဲ့ပုံ၊ ကျန်ရစ်သူ မိသားစုတို့သည် ငိုယိုမှု မရှိဘဲ မီးသင်္ဂြိုဟ်နေကြသည်ကို အခြားသူတို့က မြင်၍ မေးကြပုံ၊ သေသူသည် မြွေအရေလဲသကဲ့သို့ ဘဝဟောင်းကို စွန့်၍ ဘဝသစ်သို့ ပြောင်းခြင်းသာဖြစ်ပုံ၊ မသေခင်က ကုသိုလ်ပြုထားသူအတွက် ဘဝသစ်သည် သုဂတိဘုံသာ ဖြစ်မည်ဖြစ်၍ မြေအိုးမှ ရွှေအိုးသို့ ပြောင်းသည်နှင့် တူသောကြောင့် မငိုကြောင်းပြောပြပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ပေတ၊၁၃၇) (ပေတ၊ဋ္ဌ၊၅၆) (ဇာ၊ဋ္ဌ၊၃၊၁၅၀)
ဥရုဝေလကဿပတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဥရုဝေလကဿပမထေရ်လောင်း အမျိုးကောင်းသားသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တွင် ပရိသတ်အခြံအရံများသောအရာ၌ ဧတဒဂ်ရသော ရဟန်းတော်တစ်ပါးကို အားကျလျက် ခုနစ်ရက်ပတ်လုံး ပဒုမုတ္တရဘုရားရှင်အမှူးရှိသော သံဃာတော်များအား အလှူကြီးပေးကာ ဆုတောင်းခဲ့ပုံ၊ ဖုဿဘုရားရှင်လက်ထက်၌လည်း မဟိန္ဒမင်းကြီး၏ သားတော်ဖြစ်စဉ် ဖအေတူ မအေကွဲ ညီငယ်နှစ်ယောက်နှင့် အတူ ဘုရားအမှူးရှိသော သံဃာတော်တို့အား အလှူကြီးပေးလှူကာ ဆယ်ပါးသီလ ဆောက်တည်ခဲ့ပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ညီအစ်ကိုသုံးယောက်လုံး ဿပပုဏ္ဏားအမျိုးအနွယ်၌ ဖြစ်ပြီး ဗေဒင်သုံးပုံတို့ကို သင်ကြားတတ်မြောက်ခဲ့ပုံ၊ ညီအစ်ကိုသုံးယောက်တို့သည် ဗေဒင်သုံးပုံတို့၌ မျက်မှောက်အကျိုးကိုသာ တွေ့မြင်ပြီး သံသရာအကျိုးကို မတွေ့မြင်သဖြင့် အစ်ကိုအကြီးဆုံးဖြစ်သူက အခြွေအရံငါးရာနှင့် အတူ ဥရုဝေလတောသို့ သွားကာ ရသေ့ဝတ်သောကြောင့် ဥရုဝေလကဿပဟု အမည်တွင်ပုံ၊ ညီအလတ်သည် အခြွေအရံသုံးရာနှင့် အတူ ဂင်္ဂါမြစ်အကွေ့၌ ရသေ့ဝတ်သောကြောင့် နဒီကဿပဟု အမည်တွင်ပုံ၊ ညီအငယ်ဆုံးသည် မိမိပရိသတ်နှစ်ရာနှင့် အတူ ဂယာသီသ၌ ရသေ့ဝတ်ကာ နေသောကြောင့် ဂယာကဿပဟု အမည်တွင်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၂၃၀) (ထေရ၊ဋ္ဌ၊၂၊၇၈) (အပ၊ဋ္ဌ၊၂၊၂၇၅)
ဥရုဝေလကဿပဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ဥရုဝေလတောအုပ်၌ သီတင်းသုံးတော်မူစဉ် စတုမဟာရာဇ်နတ်မင်းကြီးလေးယောက်, သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ ဘုရားရှင်ထံ ချဉ်းကပ်ကြပုံ၊ ဥရုဝေလရသေ့ မြင်၍ ‘‘တန်ခိုးသာ ကြီး၍ ရဟန္တာမဟုတ်သူ’’ဟု ဘုရားရှင်အား ထင်မှတ်ပုံ၊ သိကြားမင်းက ဘုရားရှင်၏ ဝေယျာဝစ္စကို ဆောင်ရွက်ပေးခြင်း၊ ရသေ့၏ စိတ်အကြံကို ဘုရားရှင် သိနိုင်ခြင်း-စသော တန်ခိုးများကို ဘုရားရှင်က ပြသဆုံးမသော်လည်း ‘‘တန်ခိုးသာ ကြီး၍ ရဟန္တာမဟုတ်’’-ဟုပင် ထင်မှတ်ပုံ၊ နောက်ဆုံး ဘုရားရှင်က ဥရုဝေလကဿပကို ‘‘သင်သည် ရဟန္တာ မဟုတ်၊ ရဟန္တာဖြစ်ကြောင်း အကျင့်ကို ကျင့်သူလည်း မဟုတ်’’ဟု ဆုံးမတော်မူပုံ၊ ဥရုဝေလကဿပသည် ထိတ်လန့်သံဝေဂ ရ၍ ရဟန်းပြုလိုပါကြောင်း ဘုရားရှင်အား လျှောက်ထားခဲ့ပုံ၊ ဥရုဝေလကဿပနှင့် တကွ ရသေ့ညီနောင် ရှင်တစ်ထောင်တို့ ဧဟိဘိက္ခု ရဟန္တာများ ဖြစ်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၁)
ဥလူကဇာတက
ဤဇာတ်တော်၌ ကမ္ဘာဦးကာလ ရှေးဦးလူသားတို့သည် ချောမောလှပပြီး အကျင့်စာရိတ္တနှင့် ပြည့်စုံသည့် ယောက်ျားတစ်ယောက်ကို မင်းမြှောက်ခဲ့ပုံ၊ ခြေလေးချောင်းတို့က ခြင်္သေ့ကိုလည်းကောင်း၊ ငါးတို့ကလည်း ငါးကြီးအာနန္ဒာကိုလည်းကောင်း မင်းမြှောက်ကြခဲ့ပုံ၊ ငှက်အပေါင်းတို့သည်လည်း စုဝေးကြပြီး ခင်ပုပ်ကို မင်းမြှောက်ရန် စဉ်းစားကြသောအခါ ကျီးကန်းတစ်ကောင်က ကန့်ကွက်ခဲ့ပုံ၊ ထိုအချိန်မှစ၍ ကျီးကန်းနှင့် ခင်ပုပ်တို့ ရန်သူဖြစ်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၁၇)
ဥလူကဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားသည် ဝေဒိသခဲ့ကတောင် ဣန္ဒသာလလိုဏ်ဂူ၌ နေစဉ် ခင်ပုပ်ငှက် တစ်ကောင်သည် မြတ်စွာဘုရား ဆွမ်းခံကြွစဉ် အသွားအပြန် ကြိုဆိုပုံ၊ ဘုရားရှင်နှင့် သံဃာတော်အပေါင်းကိုလည်း အတောင်နှစ်ဖက်ယှက်၍ ဦးညွတ်ကာ ရှိခိုးခဲ့ပုံ၊ ခင်ပုပ်ငှက်ငယ်သည် နောင်သောအခါ ပစ္စေကဗုဒ္ဓါဖြစ်မည့်အကြောင်း ဘုရားရှင်က ဗျာဒိတ်မြွက်ကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၃၂၂)
ဥသဘတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် နတ်သား ဖြစ်၍ သိခီမြတ်စွာဘုရားအား နတ်ပန်းတို့ဖြင့် ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ကောသလတိုင်း ကုန်သည်မျိုး၌ဖြစ်ပုံ၊ ဇေတဝန်ကျောင်းတော်ကို အလှူခံတော်မူသောနေ့တွင် (ရေစက်ချသော နေ့တွင်)ရဟန်းပြုခဲ့ပြီး ဝိပဿနာရှုပွားကာ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၇၆)
ဥသဘတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဥသဘမထေရ်အလောင်းသည် သိခီဘုရားရှင်အား ကြို့သီးလှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ဘဝအဆက်ဆက် လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ ဥသဘမင်းသား ဖြစ်လာခဲ့ပုံ၊ မြတ်စွာဘုရား၏ တန်ခိုးတော်ကို ဖူးမြင်ရ၍ ရဟန်းပြုခဲ့ပုံ၊ မိမိ မြင်မက်သော အိပ်မက်ကို အကြောင်းပြု၍ သံဝေဂရကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၀၈)
ဥဠာရဝတ္ထု
ဤဝတ္ထု၌ အလှူပေးရန် ဆန္ဒပြင်းပြသော ရာဇဂြိုဟ်မြို့သူ တစ်ဦးသည် မိစ္ဆာဒိဋ္ဌိယောက္ခမကြီး၏ မုန့်ကို ယောက္ခမကြီးအား မပန်ကြားဘဲ အရှင်မောဂ္ဂလာန်အား လှူခဲ့မိပုံ၊ ထိုသို့လှူခဲ့မိသဖြင့် ယောက္ခမကြီးကကျည်ပွေ့ဖြင့် ရိုက်၍ သေဆုံးခဲ့ရပြီး နတ်သမီးဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၀၉)
ဧကခီဏာသဝတ္ထေရဝတ္ထု
ဤဝတ္ထု၌ ရဟန္တာမထေရ်တစ်ပါးနှင့် ရဟန္တာသာမဏေတစ်ပါးတို့သည် ဝါတွင်းသုံးလ တောရ ဆောက်တည် နေထိုင်ကြသည့်အခါ ရဟန္တာမထေရ်အတွက်သာ ကျောင်းရှိပြီး ရဟန္တာသာမဏေအတွက် ကျောင်းမရှိဘဲ နေထိုင်ကြရပုံ၊ ထိုအခြင်းအရာကို ကြံစည်တွေးတောလျက် ရဟန္တာမထေရ်သည် တစ်ရက်တလေမျှ ဖလသမာပတ်မဝင်စားနိုင်ဘဲ ရဟန္တာသာမဏေက ဖလသမာပတ်ဝင်စားကာ ဝါတွင်းသုံးလကို ကျော်လွန်စေခဲ့ပုံ၊ ရဟန္တာသာမဏေက မထေရ်ကြီးအား ‘‘တောရဆောက်တည် နေထိုင်ရမှု အဆင်ပြေပါရဲ့လား ဘုရား’’ဟု လျှောက်ထားသည့်အခါ အဆင်မပြေကြောင်း မိန့်ကြားပုံ၊ ဤကဲ့သို့ အသေးအဖွဲကိစ္စလေးများကလည်း ဖလသမာပတ်ကို အနှောင့်အယှက် ပေးတတ်ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၄၊၄၆)
ဧကစမ္ပကပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် တောင်ကြား၌ သီတင်းသုံးတော်မူသော ပစ္စေကဗုဒ္ဓါအား စကားပန်းကို လှူဒါန်းခဲ့သော ကောင်းမှုကုသိုလ်ကြောင့် (၆၅)ကမ္ဘာ အပါယ်မလားဘဲ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၃၃)
ဧကစာရိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ ပဒုမုတ္တရမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်သောအခါ တာဝတိံသာ နတ်တို့သည် ‘‘ငါတို့ကား ရာဂနှင့် တကွ ဖြစ်ကုန်သေး၏’’ဟု ကြွေးကြော်ခဲ့ကြပုံ၊ မထေရ်အလောင်း တာဝတိံသာနတ်သားသည် မန္ဒာရဝနတ်ပန်းများကို ယူ၍ ဘုရားရှင်၏ အလောင်းတော်ကို ကြဲဖြန့်ပူဇော်ခဲ့ပုံ၊ ဤကောင်းမှုကြောင့် ကမ္ဘာတစ်သိန်းပတ်လုံး အပါယ်မလားခဲ့ရဘဲ ကမ္ဘာခြောက်သောင်းအထက်၌ မဟာမလ္လဇနစကြဝတေးမင်း အကြိမ်များစွာ ဖြစ်ခဲ့ရပြီး ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၁၈)
ဧကစိန္တိကတ္ထေရဝတ္ထု
ဤဝတ္ထု၌ နတ်ပြည်၌ အသက်တမ်းကုန်ခြင်းကြောင့် စုတေခါနီးသောအခါ ‘‘လူ့ပြည် သွားပါ၊ သူတော်ကောင်းတရား ကျင့်ပါ၊ နတ်ပြည်သို့ ပြန်လာပါ’’ စသောအားပေးသောအသံများ ဖြစ်တတ်ပုံ၊ မထေရ်အလောင်း နတ်သားသည် စုတေခါနီး ထိတ်လန့်ခြင်းဖြစ်ခဲ့ရာ ပဒုမုတ္တရဘုရားရှင်၏ တပည့်သာဝက သုမနရဟန်း ရောက်လာပြီး ဆုံးမစကား ဆိုခဲ့ပုံ၊ ရဟန်းတော်၏ ဆုံးမစကားကို ကြားရ၍ ပဒုမုတ္တရဘုရားအား ကြည်ညိုလှသဖြင့် အာရုံပြု၍ ရှိခိုးခဲ့သော ကောင်းမှုကံကြောင့် ကွယ်လွန်သော် ထိုနတ်ပြည်၌ ပြန်ဖြစ် ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၁၆)
ဧကဆတ္တိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဧကဆတ္တိယမထေရ်လောင်းလျာသည် လေပူနေပူတို့ကြောင့် ခြစ်ခြစ်တောက် ပူပြင်းနေသော အချိန်တွင် စင်္ကြံကြွနေတော်မူသော ပဒုမုတ္တရဘုရားရှင်အား ထီးတစ်လက် လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်၏ အကျိုးဆက်ကြောင့် ဘဝများစွာ လူချမ်းသာ နတ်ချမ်းသာကို ခံစားခဲ့ရပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ထီးဖြူတစ်လက် မိမိ၏ ဦးခေါင်းထက်တွင် အမြဲလိုက်ပါ ဆောင်းပေးလျက်ရှိပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၃၅)
ဧကဉ္ဇလိကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား လက်အုပ်တစ်ကြိမ် ချီမိုးရှိခိုးခဲ့သော ကောင်းမှုကံကြောင့် (၉၁)ကမ္ဘာ အပါယ်မလားဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၈၉)
ဧကဉ္ဇလိကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် တိဿဘုရားရှင်အား ပန်းအခင်းကို ခင်းလှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် (၉၂)ကမ္ဘာ အပါယ်မလားဘဲ တစ်ဆယ့်လေးကမ္ဘာ အထက်၌ ဧကအဉ္ဇလိကမည်သော စကြဝတေးမင်းဖြစ်ခဲ့ရပြီး ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၆၇)
ဧကတ္ထမ္ဘိကတ္ထေရဝတ္ထု
ဤဝတ္ထု၌ သိဒ္ဓတ္ထဘုရားရှင်အား ကိုးကွယ်သော အသင်းအဖွဲ့သားတို့သည် ဘုရားရှင်အတွက် တန်ဆောင်းဝန်းကို ဆောက်လုပ်ကြရာ တိုင်တစ်လုံး လိုနေသဖြင့် မထေရ်အလောင်းသည် တိုင်တစ်လုံးကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် (၉၄)ကမ္ဘာ အပါယ် မလားဘဲ ဖြစ်တိုင်းသောဘဝ၌ ဘုံခုနစ်ဆင့် ရှိသော ဗိမာန်ကို ရခဲ့ပုံ၊ ငါးဆယ့် ငါးကမ္ဘာအထက်၌ ယသောဓရ စကြဝတေးမင်း၊ နှစ်ဆယ့်တစ်ကမ္ဘာအထက်၌ ဥဒေန မည်သော စကြဝတေးမင်းဖြစ်၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၆၁) (အပ၊ဋ္ဌ၊၂၊၃)
ဧကဒဟရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းငယ်များသည် မဟာစေတီရင်ပြင်၌ စာပေကျမ်းဂန်များကို ရွတ်ဖတ်သရဇ္ဈာယ်ကြသောအခါ ရဟန်းမငယ်များသည် ထိုရဟန်းတို့၏ နောက်ဖက်မှ ကြားနာနေကြပုံ၊ ထိုအခါ ရဟန်းငယ် တစ်ပါးသည် လက်ကို ဆန့်တန်းလိုက်စဉ် ရဟန်းမငယ်၏ ကိုယ်၌ ထိမိပုံ၊ သူမသည် လက်ကို ရင်ခွင်၌ ပွေ့ပိုက်ထားပြီး ကိုယ်လက်နှီးနှောမိကြသဖြင့် နှစ်ဦးစလုံး လူထွက်သွားခဲ့ကြပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၅၂)
ဧကဒဟရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ သဒ္ဓါတိဿမင်းကြီးသည် မောင်းမအပေါင်း ခြံရံလျက် လောဟပါသာဒကျောင်းတိုက်ကြီးသို့ သွားစဉ် ရဟန်းငယ်တစ်ပါးသည် ကျောင်းတံခါးပေါက်၌ ရပ်ကာ မိန်းမတစ်ယောက်ကို ကြည့်ခဲ့ပုံ၊ ထိုမိန်းမကလည်း ရပ်လျက် ရဟန်းငယ်ကို ပြန်ကြည့်ကာ နှစ်ဦးလုံး ရာဂမီးတောက်လောင်ပြီး သေဆုံးခဲ့ကြပုံ၊ ကလျာဏီကျောင်းတိုက်၌ နေသော ရဟန်းငယ်တစ်ပါးသည်လည်း ကာလဒီဃဝါပိဂါမဒွါရကျောင်းသို့ သွား၍ စာပေပရိယတ်များကို သင်ယူပြီး ရွာတွင်းသို့ ဆွမ်းခံကြွခဲ့ပုံ၊ အဝါရောင် ဝတ်ဆင်ထားသော အမျိုးသမီးငယ်တစ်ဦးက ရဟန်းငယ်ကို ချစ်ခင်နှစ်သက်ကာ ယာဂုဆွမ်းလောင်းလှူလိုက်ပုံ၊ ထို့နောက် အမျိုးသမီးငယ်သည် မိဘတို့အား ရဟန်းငယ်ကို ရရန် ပူဆာသော်လည်း မရသဖြင့် သေဆုံးသွားခဲ့ပုံ၊ ရဟန်းငယ်သည်လည်း သေဆုံးသွားသော အမျိုးသမီးငယ်၏ အဝါရောင်အဝတ်ပိုင်းလေးကို မထေရ်ကြီးတစ်ပါးထံမှ တွေ့မြင်ပြီး အကြောင်းစုံကို မေးမြန်းသိရှိကာ ရာဂမီးတောက်လောင်၍ ပျံလွန်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၅၀) (အံ၊ဋ္ဌ၊၁၊၁၇)
ဧကဒီပိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်၏ ထင်းရူးဗောဓိပင်တွင် ဆီမီးတစ်တိုင်ကို ပေးလှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ထိုဘဝမှစ၍ အပါယ်မလားခဲ့ရဘဲ ကမ္ဘာတစ်သောင်း ခြောက်ထောင် အထက်၌ စန္ဒာဘစကြဝတေးမင်း ဖြစ်၍ ဤဘုရားရှင် သာသနာတော်တွင် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၁၀) (အပ၊ဋ္ဌ၊၂၊၁၈၂)
ဧကဒုဿဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ အဝတ်တစ်ထည်သာရှိသည့် မြက်ရိတ်သမားသည် ထိုတစ်ထည်တည်းသော အဝတ်ကို ဘုရားရှင်အား လှူခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ဘဝများစွာ သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဖြစ်လေရာဘဝ၌ အဝတ်အစားပေါများကာ ရွှေရောင်အဆင်းကဲ့သို့လှပသူဖြစ်၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂)
ဧကဓမ္မသဝနိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ မထေရ်လောင်းလျာသည် တောထဲ၌ လမ်းမှားနေသော ရဟန်းတော်တို့အား လမ်းမှန်ပြ၍ စားသောက်ဖွယ်ရာများ လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သေတဗျမြို့တွင် သူဌေးသားဖြစ်၍ သာသနာ့ဘောင်သို့ဝင်ရောက်ကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၉၀)
ဧကဓမ္မသဝနိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဈာန်ရရသေ့ ဖြစ်ခဲ့ပုံ၊ ဘုရားရှင်ကို ဖူးမြင်ကာ တရားနာခဲ့ရသည့် ကုသိုလ်ကြောင့် ဘဝအဆက်ဆက် ဒုဂ္ဂတိဘဝတို့၌ ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ မဖြစ်ခဲ့ဘဲ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၈)
ဧကပဏ္ဏဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းရသေ့သည် မင်းဥယျာဉ်၌ နေစဉ် မင်းကြီးသည် အလွန် ကြမ်းတမ်း၍ ဆုံးမရခက်သော မင်းသားကို အပ်နှံခဲ့ပုံ၊ ရသေ့ကြီးသည် မင်းသားကို တမာပင်ငယ်၏အရွက်ကို အဝါးခိုင်းပြီး ဤအပင်သည် ငယ်စဉ်ကပင် ဤမျှ ခါးေသောကြောင့် မည်သူမျှမကြိုက်သကဲ့သို့ သင်သည်လည်း ငယ်စဉ်ကပင် မိုက်မဲနေလျှင် မည်သူမျှ ချစ်ခင်ကြလိမ့်မည်မဟုတ်ကြောင်း ဆုံးမပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၅၃၀)
ဧကပတ္တဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် (၉၁)ကမ္ဘာထက်၌ ပွင့်တော်မူခဲ့သော ဘုရားရှင်အား သပိတ်လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံဘဝတို့၌သာ ကျင်လည်၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၈၇)
ဧကပဒဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည်တွင် သူဌေးမျိုး၌ ဖြစ်ပြီး ဖခင်သူဌေးကြီး ကွယ်လွန်သွားသောအခါ သူဌေးရာထူး လက်ခံရရှိခဲ့ပုံ၊ ဘုရားအလောင်းသူဌေး၏ သားငယ်က အကြောင်းအရာတစ်ခုတည်းဖြင့် များစွာသော အကျိုးကို ပြီးစေနိုင်သော အရာဝတ္ထုဟူသည် အဘယ်ပါနည်းဟု မေးမြန်းခဲ့ပုံ၊ ဖခင် ဘုရားအလောင်းသူဌေးက ဉာဏ်နှင့်ယှဉ်သော ဝီရိယတစ်ခုတည်းဖြင့် များစွာသော အကျိုးကို ပြီးစေနိုင်ကြောင်း ဖြေကြားခဲ့ပုံ၊ သားငယ်သည် ဖခင်ပြောကြားသည့်အတိုင်း ကြိုးစားအားထုတ် လုပ်ကိုင်သဖြင့် ကြီးပွားချမ်းသာခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၁၆)
ဧကပဒုမိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဇာတဿရအိုင်၌ နေသော ဟင်္သာမင်း ဖြစ်ခဲ့ပုံ၊ ပဒုမုတ္တရဘုရားရှင်က ကောင်းကင်ခရီးဖြင့် အိုင်ပေါ်သို့ ကြွလာသောအခါ ပွင့်ချပ်တစ်ရာရှိသော ပဒုမ္မာကြာပန်းကို နှုတ်သီးဖြင့် ကိုက်ချီလျက် ဘုရားရှင်အား ပူဇော်ခဲ့ပုံ၊ ဤကောင်းမှုကံကြောင့် ကမ္ဘာတစ်သိန်း ပတ်လုံး အပါယ်မလားဘဲ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၁၈)
ဧကပသာဒနိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ နာရဒဟုလည်းကောင်း၊ ကေသဝဟုလည်းကောင်း ထင်ရှားသော ရသေ့သည် အတ္ထဒဿီမြတ်စွာဘုရားထံချဉ်းကပ်၍ ကြည်ညိုစိတ်ဖြင့် ရှိခိုးခဲ့သော ကောင်းမှုကံကြောင့် ကမ္ဘာတစ်ထောင့် ခုနစ်ရာအထက်၌ အမိတ္တတာပန စကြဝတေးမင်း ဖြစ်၍ ဤဘုရားရှင် သာသနာတော်၍ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၈၅)
ဧကပိဏ္ဍပါတဒါယိကာထေရီဝတ္ထု
ဤဝတ္ထု၌ ထေရီလောင်းလျာသည် ဝိပဿီဘုရားရှင်ပွင့်တော်မူသောအခါ ဗန္ဓုမတီမြို့ ဗန္ဓုမာမင်းကြီး၏ မိဖုရား ဖြစ်ခဲ့ပုံ၊ ရဟန္တာမထေရ်တစ်ပါးအား ဆွမ်းကပ်၍ သင်္ကန်းလှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံဘဝတို့၌သာ ဖြစ်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ကပိလဝတ္ထုပြည်၌ သာကီဝင်မင်းသမီးဖြစ်၍၊ မဟာပဇာပတိဂေါတမီထံ ရဟန်းပြုကာ ရဟန္တာထေရီတစ်ပါးဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၉၁)
ဧကပုဂ္ဂလဝတ္ထု
ဤဝတ္ထု၌ လူတစ်ယောက်သည် သားဖြစ်သူ ရဟန်းငယ်အား ကော်တင်ထားသော အဝတ်သစ်ကို ရိုသေစွာ လှူဒါန်းခဲ့ပုံ၊ ကွယ်လွန်သောအခါ ဥဿဒငရဲအနီးသို့ ရောက်လျှင် ထိုလှူခဲ့ဖူးသော အဝတ်သစ်၏ ‘‘တရှပ်ရှပ်’’ မြည်သံကို အာရုံပြု သတိရသဖြင့် နတ်ပြည်၌ ဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၂၊၁၂၀)
ဧကဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ ပုဏ္ဏားတစ်ယောက်က မြတ်စွာဘုရားအား ဗြာဟ္မဏမည်ခြင်း၏ အကြောင်းကို လျှောက်ထား၍ မြတ်စွာဘုရားက ဗြဟ္မာမည်ခြင်း၏ အကြောင်းကို ဟောကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၀၅)
ဧကရာဇဝတ္ထု
ဤဝတ္ထု၌ ဘုရားအလောင်းသည် ဧကရာဇမည်သော ဗာရာဏသီမင်း ဖြစ်ခဲ့ပုံ၊ ကောသလမင်းသည် ဘုရားအလောင်းကို ဖမ်းဆီးတုပ်နှောင်ကာ နန်းတော်ခေါင်မိုးတွင် ဇောက်ထိုးဆွဲထားပုံ၊ ဘုရားအလောင်းသည် မေတ္တာပွား၍ ကသိုဏ်းအားထုတ်ရာ ဈာန်အဘိညာဉ်ရခဲ့ပုံ၊ ဘုရားလောင်း၏ မေတ္တာကို မခံယူနိုင်သော ရန်ပြုသူ ကောသလမင်း၏ ခန္ဓာကိုယ်၌ ပူလောင်ပြင်းပြသော ဝေဒနာခံစားခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၂၅၄) (ဇာ၊ဋ္ဌ၊၃၊၁၂)
ဧကဝိဟာရိကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ကဿပဘုရားရှင်ထံ၌ ရဟန်းဝတ်ခဲ့ပုံ၊ တောထဲတွင် တစ်ပါးတည်း တရားအားထုတ်ခဲ့သော ကုသိုလ်ကြောင့် သုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင် သာသနာတော်၌ ပဋိသမ္ဘိဒါပတ္တရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၆)
ဧကဝိဟာရိတ္ထေရဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် အမြဲတမ်း တစ်ပါးတည်းနေခြင်း၊ အိပ်ခြင်း၊ စင်္ကြံလျှောက် ခြင်းစသည်တို့ကို ပြုလုပ်လေ့ရှိပုံ၊ ထိုအကြောင်းအရာကို ရဟန်းတို့က ဘုရားရှင်အား လျှောက်ထားသောအခါ ဘုရားရှင်က သာဓုအနုမောဒနာ ခေါ်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၉၄)
ဧကဝိဟာရိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ရှေးဘုရားရှင်တို့လက်ထက်တော်၌ ကုသိုလ်များကို ဆည်းပူးခဲ့ပြီး ကဿပဘုရားရှင်လက်ထက်တော်၌ ရဟန်းပြု၍ တရားအားထုတ်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည် နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ နောက်ဆုံးဘဝဝယ် ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးနောက် အသောကမင်းတရားကြီး၏ ညီ တိဿမင်းသား ဖြစ်လာပြီး ယောနကတိုင်းသား အရှင်ဓမ္မရက္ခိတမထေရ်ထံ၌ ရဟန်းပြုကာ ဝိပဿနာရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၁၇၄)
ဧကသင်္ခိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်လက်ထက်တွင် ဗောဓိပင်ကို ခရုသင်းမှုတ်၍ ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၇)
ဧကအဋ္ဋကာရကဝတ္ထု
ဤဝတ္ထု၌ လူတစ်ယောက်သည် တရားတွေ့ရန် ရွာမှ မြို့သို့ သွားရောက်စဉ် တရားရုံး၌ မိမိသည် မင်းနှင့်အမတ်တို့အား မည်သည့်စကားတို့ကို ပြောမည်ဟု ကြံစည်ကာသွားပုံ၊ မင်း၏ ရှေ့တော်တွင် ကြိုတင်ကြံဆထားသည့်အတိုင်း ပြောဆိုသဖြင့် တရားရုံး၌ သူသည် တရားကို အနိုင်ရခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၂၊၁၅၂)
ဧကအနာဂါမိတ္ထေရဝတ္ထု
ဤဝတ္ထု၌ အနာဂါမ်မထေရ်တစ်ပါး ပျံလွန်ခါနီးတွင် တပည့်တို့က တရားထူးကို မေးကြပုံ၊ မထေရ်သည် ‘ရဟန္တာဖြစ်မှ ပြောမည်’ဟု နှလုံးပိုက်၍ ဆိတ်ဆိတ်နေလျက်ပင် ပျံလွန်တော်မူခဲ့ပုံ၊ ရဟန်းတို့က ဘုရားရှင်အား ဆက်လက်လျှောက်ထားကြရာ ဘုရားရှင်က သင်တို့ဆရာသည် သုဒ္ဓါဝါသဗြဟ္မာ့ဘုံသို့ ရောက်သွားပြီဟု မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၈၈)
ဧကအမစ္စဝတ္ထု
ဤဝတ္ထု၌ အမတ်ကြီးတစ်ယောက်သည် မြတ်လေးပန်းများ အပြည့်ထည့်ထားသော အိုးဖြင့် မဟာစေတီတော်အား လှူဒါန်းပူဇော်ပြီးနောက် ယမမင်းအား ကုသိုလ်ကောင်းမှု၏ အဖို့ဘာဂကို အမျှအတန်းပေးဝေခဲ့ပုံ၊ အမတ်ကြီးသည် အခြားအကုသိုလ်ကံကြောင့် ငရဲရောက်သောအခါ ယမမင်းထံ အပို့ခံရပုံ၊ ယမမင်းက ‘‘သင်သည် မဟာစေတီတော်အား မြတ်လေးပန်းအိုးဖြင့် လှူဒါန်းပူဇော်စဉ် ငါးအား အမျှအတန်းပေးဝေခဲ့သည် မဟုတ်လော’’ဟု ကုသိုလ်ကောင်းမှုကို အမှတ်ရစေသဖြင့် နတ်ပြည်သို့ ရောက်သွားရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၄၊၁၆၆) (အံ၊ဋ္ဌ၊၂၊၁၂၀)
ဧကအရိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရိယာမထေရ်တစ်ပါးသည် မဟာစေတီတော်ကို အင်္ဂတေလိမ်းကျံရန်အတွက် မဟာစေတီတော်သို့ တက်ရောက်လာပုံ၊ ထိုအခါ၌ ကိုယ်ခန္ဓာ ကြံ့ခိုင်သော ရဟန်းတစ်ပါးသည် ထိုအရိယာမထေရ်၏ အနီးသို့ရောက်လာခဲ့ပုံ၊ အရိယာမထေရ်က အခြားသူတစ်ဦးတစ်ယောက်ရှိလျှင် ကြန့်ကြာမည်ဖြစ်သောကြောင့် အခြားနေရာသို့ ရွှေ့သွားပုံ၊ အရိယာ မထေရ်တို့သည် မိမိပြုလုပ်ရမည့်ကိစ္စ၌ မပေါ့မဆ ထက်ထက်သန်သန် ပြင်းပြသော လုလ္လဝီရိယရှိကြပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၃၀၀)
ဧကဥပါသကဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားသည် အာဠဝီမြို့၌ ဆွမ်းခံကြွတော်မူစဉ် ဆင်းရဲသားတစ်ယောက်သည် နွားပျောက်ရှာရင်း အိမ်မပြန်သေးဘဲ ဘုရားရှင်ထံ တရားနာရန် လာခဲ့ပုံ၊ ဘုရားရှင်က ဆွမ်းဒကာတို့ကို ထိုသူဆင်းရဲအား ထမင်းကျွေးရန် မိန့်တော်မူခဲ့ပုံ၊ ထိုသူဆင်းရဲထမင်းဝသောအခါမှ တရားဟောတော်မူရာ သူဆင်းရဲ သောတာပန်ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၆၉)
ဧကာယက္ခိနီဝတ္ထု
ဤဝတ္ထု၌ ဘီလူးမတစ်ကောင်သည် ကလေးနှစ်ကောင်တို့ကို ထူပါရုံစေတီတံခါးဝ၌ ထားခဲ့ပြီး မြို့ထဲသို့ အစာရှာရန် သွားခဲ့ပုံ၊ ထိုဘီလူးမ၏ ကလေးများက ဆွမ်းခံကြွသော မထေရ်အား သူတို့၏ မိခင်ကို အစာအမြန်လာပို့ဖို့ ပြောရန်လျှောက်ထားကြပုံ၊ မထေရ်သည် သူတို့ပေးလိုက်သော နာနာဘာဝတို့ကို မြင်နိုင်သော ဆေးမြစ်ကို ယူ၍ ဘီလူးမထံ သွား၍ ထိုအကြောင်းကို ပြောသောအခါ ဘီလူးမက ထိုဆေးမြစ်ကို ပြန်၍ လုယူသွားပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၃၊၁၈၇)
ဧကာသနဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်ပွင့်တော်မူချိန်၌ နာရဒရသေ့ ဖြစ်ခဲ့ပုံ၊ ဘုရားရှင်အား ညောင်စောင်းငယ် ခင်း၍ နေရာလှူရသော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဖြစ်လေရာ ဘဝတို့၌ ပလ္လင်နေရာတို့သည် အဆင်သင့် ပေါ်ပေါက်ခဲ့ပြီး ဤသာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၄)
ဧကာသနဒါယိကာထေရီဝတ္ထု
ဤဝတ္ထု၌ ထေရီလောင်းလျာသည် ပဒုမုတ္တရဘုရားရှင် ပွင့်တော်မူစဉ် ဟံသာဝတီမြို့၌ ကလေးသူငယ်မ ဖြစ်ခဲ့ပြီး ရဟန္တာမထေရ်တစ်ပါးအား လှပဆန်းကြယ်သော အမွေးရှည် ကော်ဇောကို ခင်းပေးပြီး ဆွမ်းလှူဒါန်းခဲ့ရသော ကုသိုလ်ကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိပြည် ကောသလမင်း၏ မိဖုရားဥဗ္ဗိရီ ဖြစ်ခဲ့ပုံ၊ ဘုရားရှင်၏ တရားတော်ကို နာရသဖြင့် သာသနာသို့ဝင်ကာ ရဟန္တာထေရီ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၀၂)
ဧကုဒါနတ္ထေရခီဏာသဝဝတ္ထု
ဤဝတ္ထု၌ ဧကုဒါနရဟန္တာမထေရ်မြတ်ကြီးသည် တောအုပ်တစ်ခုတွင် တစ်ပါးတည်း ဥဒါန်းဂါထာတစ်ခုကိုသာ အမြဲတမ်း ရွတ်ဆိုလေ့ရှိရာ တောစောင့်နတ်တို့က အမြဲတမ်း သာဓု ခေါ်ကြပုံ၊ တိပိဋကမထေရ်ကြီးတို့ တရားဟောသော်လည်း နတ်တို့ သာဓုမခေါ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၄၃)
ဧကုဒါနိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်အလောင်းအလျာသည် အတ္ထဒဿီဘုရားရှင်လက်ထက်တော်၌ ဘီလူးစစ်သူကြီး ဖြစ်ခဲ့ပုံ၊ ဘုရားရှင် ပရိနိဗ္ဗာန်စံသောအခါ ဘုရားရှင်၏ သရီရဓာတုစေတီတော်ကို (၅)နှစ်တိုင် ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ စည်းစိမ်နှင့် ပြည့်စုံသော ပုဏ္ဏားမျိုး၌ ဖြစ်၍ သာသနာတော်သို့ ဝင်ရောက်ကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၉၂)
ဧကူပေါသထိကာထေရီဝတ္ထု
ဤဝတ္ထု၌ ထေရီလောင်းလျာသည် ဝိပဿီဘုရားရှင် ပွင့်တော်မူသောအခါ ကျွန်မတစ်ဦးဖြစ်ခဲ့ပြီး တစ်ရက်မျှ ဥပုသ်စောင့်ခဲ့ရသော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိမြို့၌ သူဌေးသမီးဖြစ်ခဲ့ကာ (၇)နှစ်အရွယ်မှာပင် ရဟန္တာထေရီဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၉၉)
ဧရကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထမြတ်စွာဘုရားရှင် ကြွရောက်တော်မူမည့် လမ်းကို ရှင်းလင်းသုတ်သင် ခင်းကျင်း၍ အညီအညွတ် ပြုလုပ်ထားပုံ၊ ဘုရားရှင် နင်းကြွတော်မူသည်ကို တွေ့မြင်ပြီး ဝမ်းမြောက်ဝမ်းသာ လက်အုပ်ချီမိုး ရှိခိုးခဲ့သော ကုသိုလ်ကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်ဝယ် သာဝတ္ထိမြို့သား သူကြွယ်ဖြစ်၍ သာသနာတော်သို့ ဝင်ရောက်ကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ရပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၄၃)
ဧရကပတ္တနာဂရာဇဝတ္ထု
ဤဝတ္ထု၌ ကဿပဘုရားရှင့်လက်ထက်တော်၌ ရဟန်းငယ်တစ်ပါးသည် ပြိတ်မြက်ပင်အရွက်ကို ဆွဲကိုင်၍ ဂင်္ဂါမြစ်အတွင်းရှိ လှေပေါ်သို့ အဆောတလျင် တက်လိုက်စဉ် ပြိတ်မြက်ပင် အရွက်ပြတ်သွားခဲ့ပုံ၊ သေးငယ်သော အာပတ်(အပြစ်)ဟု သဘောထားပြီး ဒေသနာမကြားဘဲ နေခဲ့သဖြင့် အနှစ်နှစ်သောင်းတိုင်တိုင် တောထဲ၌ ရဟန်းတရား အားထုတ်သော်လည်း တရားထူး မရခဲ့ပုံ၊ ပျံလွန်တော်မူခါနီးအချိန်၌ ထိုအပြစ်ကို သတိရ၍ ဒေသနာပြောကြားလိုသော်လည်း သီတင်းသုံးဖေါ် အခြားရဟန်းတစ်ပါးမျှ မရှိသဖြင့် မိမိကိုယ်ကို သီလမစင်ကြယ်-ဟု နှလုံးမသာမယာဖြင့် ပျံလွန်တော်မူသွားခဲ့ပုံ၊ ထိုနှလုံးမသာယာမှုကြောင့် နောက်ဘဝတွင် ဧရကပတ္တမည်သော နဂါးကြီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၄၉)
ဧရာဝဏဒေဝပုတ္တဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့နေ ဓမ္မိကဥပါသကာသည် ပိဋကတ်သုံးပုံဆောင် အနာဂါမ်ပုဂ္ဂိုလ် ဖြစ်ပုံ၊ တစ်နေ့ တစ်ထပ်သာ စားပြီး ရှစ်ပါးသီလစောင့်၍ အဖော်ဥပါသကာတို့နှင့်အတူ သမာပတ်ဝင်စားလေ့ရှိပုံ၊ မြတ်စွာဘုရားထံ သိလိုသော ပြဿနာများကို မေးလျှောက်လေ့ရှိပုံ၊ မေးလျှောက်သော အကြောင်းအရာများတွင် သိကြားမင်းထံ စီးတော်ဆင်အဖြစ် အမှုထမ်းလေ့ရှိသော ဧရာဝဏ်နတ်သားအကြောင်း ပါရှိပုံ၊ ထိုနတ်သားသည် သိကြားမင်း ဥယျာဉ်ကစားထွက်သောအခါ ယူဇနာ(၁၅၀)ရှိသော ကိုယ်ကို ဖန်ဆင်း၍ ဦးကင်းပေါင်း(၃၃)ခု၊ အစွယ်ပေါင်း(၆၆)ချောင်း၊ အစွယ်တစ်ခု၌ ရေကန်(၇)ခုစီ၊ ရေကန်တစ်ခု၌ ပဒုမ္မာကြာရုံ(၇)ပွင့်စီ၊ တစ်ပွင့်၌ ကြာပတ် (၇)ပတ်စီ စသည်ဖန်ဆင်း၍ အမှုထမ်းလေ့ရှိပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၂၊၁၀၀)
ဧဠိကကုမာရဇာတက
ဤဇာတ်တော်၌ ဗြဟ္မဒတ်မင်းသည် ကောသလနိုင်ငံကို သိမ်းယူပြီး ကောသလမင်းကို သတ်ကာ ကိုယ်ဝန်ရှိနေသော ထိုမင်း၏ မိဖုရားကြီးကို သိမ်းပိုက်ခဲ့ပုံ၊ မိဖုရားကြီးသည် သားတော်ကို မွေးလျှင် ရန်သူ့သား ဖြစ်၍ သတ်ရန် နို့ထိန်းလက် အပ်နှံ့ခဲ့ပုံ၊ ကောသလမင်းသည် နတ်ရွာစံသောအခါ နတ်ဖြစ်ပြီး သားတော်လေးကို စောင့်ရှောက်လျက် သိုးထိန်းအိမ်ဝ၌ ပစ်ထားရန် တန်ခိုးဖြင့် စီစဉ်ခဲ့ပုံ၊ ထိုသားတော်သည် သိုးထိန်းကြီး၏ မွေးမြူမှုကို ခံရ၍ အသက်ရှည်ခဲ့ရပုံ၊ ၁၆-နှစ်သားတွင် ဘုရင့်သမီးတော် ကုရုင်္ဂနှင့် ချစ်ကြိုက်ပြီး နောင်အခါ မင်းဖြစ်လာပုံ၊ ကုရုင်္ဂဒေဝီသည် ဘုရားအလောင်းစစ်သူကြီး ဆဠင်္ဂကုမာရနှင့် ဖေါက်ပြားပြီး စစ်သူကြီး၏တပည့် ဓနန္တေဝါသီနှင့်လည်း ဖောက်ပြားခဲ့ပုံ၊ မိန်းမဟူသည် အကျင့်စာရိတ္တပျက်ပြား၊ သီလတရားကင်းမဲ့ ဖောက်ပြန်ယုတ်မာသော အကျင့်ရှိသူများ ဖြစ်ကြောင်း ကုဏာလငှက်မင်းက ဟောပြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၄၆၁)
ဩက္ကာကရာဇဝံသဝတ္ထု
ဤဝတ္ထု၌ ကမ္ဘာဦးကာလ သမ္မတမင်းမှ စ၍ ဩက္ကာကမင်းမျိုးတိုင်အောင် မင်းဆက်များကို ပြဆိုထားပုံ၊ တတိယမြောက် ဩက္ကာကမင်း၌ မိဖုရားငါးယောက် ရှိပြီး မိဖုရားတစ်ယောက်စီတွင် အခြံအရံငါးရာစီထားပုံ၊ အကြီးဆုံးမိဖုရား၌ သားလေးယောက်၊ သမီးငါးယောက် မွေးဖွားပုံ၊ ဩက္ကာကမင်းကြီးသည် ချောမောလှပသော အခြားမင်းတစ်ပါး၏ သမီးတော်ကို အဂ္ဂမဟေသီအရာ၌ ထားသောအခါ ဇန္တုမည်သော သားတော်လေး မွေးဖွားပုံ၊ သားတော်လေးကို မင်းကြီးအား ပြသသောအခါ လိုရာဆုတောင်းပါဟု ဆိုသဖြင့် မင်းအဖြစ်ကို တောင်းပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၂၃၀)
ဩဒ္ဓဋ္ဌလိစ္ဆဝီဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ဝေသာလီပြည် မဟာဝုန်တော၌ သီတင်းသုံးနေတော်မူစဉ် ဩဒ္ဓဋ္ဌလိစ္ဆဝီသည် ပရိသတ်များနှင့်အတူ ရောက်ရှိလာပြီး အရှင်နာဂိတထေရ်ထံ ချဉ်းကပ်ကာ မြတ်စွာဘုရား အဘယ်မှာပါနည်းဟု မေးမြန်းလျှောက်ထားပုံ၊ ထိုအချိန်၌ သီဟသာမဏေရောက်ရှိလာပြီး ကောသလတိုင်း၊ မဂဓတိုင်းတို့မှ ပုဏ္ဏားတမန်များလည်း ရောက်နေကြောင်း ပြောကြားကာ ဘုရားရှင်ထံ အကျိုးအကြောင်းလျှောက်ထားကြပုံ၊ ဩဒ္ဓဋ္ဌလိစ္ဆဝီက သုနက္ခတ္တရဟန်း၏ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတအဘိညာဉ်နှင့် ပတ်သက်၍ မေးမြန်းလျှောက်ထားသဖြင့် ဘုရားရှင်က ရှင်းလင်းဟောကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၁၊၁၄၄) (ဒီ၊ဋ္ဌ၊၁၊၂၇၆)