ပိဋကတ်ဝတ္ထုလမ်းညွှန်-ဒု
နဠကုဋိဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် နာရဒဘုရားရှင်အား စင်္ကြံလမ်းနှင့် ကျူထရံကာ မြက်မိုးကျောင်း လှူခဲ့ရသော ကုသိုလ်ကြောင့် ဒုဂ္ဂတိဘဝသို့ မရောက်ခဲ့ဘဲ ဤသာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၈၁)
နဠပါနဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် မျောက်မင်းဖြစ်၍ ထောင်ပေါင်းများစွာသော မျောက် အပေါင်းခြံရံလျက် တောင်ခြေတစ်ခု၌ နေပုံ၊ ဘီလူးသိမ်းပိုက်ထားသော ရေကန်မှ ရေကို ကန်တွင်းသို့ မဆင်းဘဲ သောက်နိုင်ရန် ကျူပင်ရှည်ကြီးများကို ယူပုံ၊ အဖျားတစ်ဖက်စွန်းမှ မှုတ်သည်ရှိသော် အားလုံးအဆစ်များ ပေါက်၍ ရေသောက်ရန် အဆင်သင့်ဖြစ်ပုံ၊ ဘုရားလောင်းမျောက်မင်းသည် ဘဝများစွာ သံသရာက ဖြည့်ကျင့်လာခဲ့သော ပါရမီကုသိုလ်တော်တို့ကို ဆင်ခြင်လျက် သစ္စာဓိဋ္ဌာန်ပြုသဖြင့် ကျူရိုးအားလုံး ဟောင်းလောင်းပေါက်ဖြစ်သွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၃၊၁၂၄) (ဇာ၊ဋ္ဌ၊၁၊၁၈၆)
နဠမာလိကာထေရီဝတ္ထု
ဤဝတ္ထု၌ ထေရီလောင်းလျာသည် လွန်ခဲ့သော ၉၄-ကမ္ဘာအထက်၌ ပွင့်တော်မူခဲ့သော ပစ္စေကဗုဒ္ဓါအရှင်မြတ်တစ်ပါးအား စန္ဒဘာဂါ မြစ်ကမ်း၌ ကိန္နရီဘဝဖြင့် လက်အုပ်ချီမိုး ရှိခိုးပြီးလျှင် ကျူပန်းကို လှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ သုံးဆယ့်တစ်ကမ္ဘာ တိုင်တိုင် လူချမ်းသာ နတ်ချမ်းသာ စသော ကောင်းကျိုးများကိုသာ ခံစားခဲ့ရပုံ၊ နောက်ဆုံးဘဝ၌ ရာဇဂြိုဟ်မြို့၌ ပုဏ္ဏာအမည်ရှိသော သူဌေးသမီး ဖြစ်၍ မဟာပဇာပတိ ဂေါတမီထေရီမ,ကြီးထံ ဘိက္ခုနီ,ပြုပြီး ရဟန္တာဖြစ်ခဲ့ပုံစသော အကြောင်းအရာ များပါဝင်သည်။ (အပ၊၂၊၁၉၀) (ထေရီ၊ဒီ၊၄၃)
နဠမာလိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ၃၁-ကမ္ဘာထက်၌ ပွင့်တော်မူသော ဘုရားရှင်အား ကြည်ညိုထက်သန်သည့် စိတ်ဖြင့် ကျူပန်းတို့ကို ပေးလှူခဲ့သည့် ကုသိုလ်ကောင်းမှုကြောင့် ဒုဂ္ဂတိဘဝ မကျရောက်ခဲ့ရဘဲ ဤဘုရားရှင်၏ သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၄၆)
နဠာဂါရိကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဟိမဝန္တာတောင်၏အနီး ဟာရိတတောင်ပေါ် သစ်ပင်တစ်ပင်အရင်း၌ ထိုင်နေတော်မူသော နာရဒဘုရားရှင်အား သစ်ရွက်မိုးကျောင်းကို ဆောက်လုပ်လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် တစ်ဆယ့်လေးကမ္ဘာတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ခဲ့ရပုံ၊ နတ်မင်း (၇၄) ကြိမ်၊ စကြာမင်း (၇၄) ကြိမ် ပဒေသရာဇ်မင်းအဖြစ်ကား မရေမတွက်နိုင်ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၂၁)
နဠိနကေသရိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဇာတဿရရေအိုင်၏ အလယ်၌ ရေကြက်ဖြစ်ခဲ့ပုံ၊ ကောင်းကင်၌ ကြွသွားတော်မူသော တိဿဘုရားရှင်ကို ဖူးမြင်ရ၍ နှုတ်သီးဖြင့် ကြာပန်းကို ယူပြီး ဘုရားရှင်အား လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ရခြင်းမရှိခဲ့ဘဲ ခုနစ်ဆယ့်သုံးကမ္ဘာအထက်၌ ကေသရမည်သော စကြဝတေးမင်းဖြစ်ခဲ့ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၅၁)
နာဂကေသရိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ကံ့ကော်ဝတ်ဆံကို လက်နှစ်ဖက်ဖြင့် ယူပြီး ဦးခေါင်းထက်၌ လက်အုပ်ချီလျက် တိဿဘုရားရှင်အား လှူဒါန်းပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးသို့ မကျရောက်ခဲ့ရဘဲ ခုနစ်ဆယ့်သုံးကမ္ဘာအထက်၌ စကြဝတေးမင်း ခုနစ်ကြိမ်တိုင်တိုင် ဖြစ်ခဲ့ရ၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၅၀)
နာဂဒေဝဓီတုဝတ္ထု
ဤဝတ္ထု၌ ဗာရာဏသီမြို့သူ အမျိုးသမီးသည် ဘုရားရှင်အား ရည်မှန်း၍ အဝတ်အစုံကို ရက်လုပ်ဆေးဆိုးကာ ဘုရားရှင်အား လှူဒါန်းပုံ၊ မြတ်စွာဘုရားရှင် ဟောကြားသော တရားတော်ကို နာကြားရသဖြင့် သောတာပန်ဖြစ်ပြီး ကွယ်လွန်သောအခါ တာဝတိံသာ၌ နတ်သမီး ဖြစ်ခဲ့ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၆၅)
နာဂဒေဝပုတ္တဝတ္ထု
ဤဝတ္ထု၌ ကဿပဘုရားရှင်၏ တစ်ယူဇနာရှိသော သရီရဓာတုရွှေစေတီတော်ကို မင်းနှင့်တကွသော ပြည်သူတို့သည် တန်ဖိုးရှိသော ပန်းများကို ရွေး၍ လှူဒါန်းကြပုံ၊ ဥပါသကာတစ်ဦးသည် ပန်းရှစ်ပွင့်တို့ကို စေတီ၌လှူခဲ့သည့် ကုသိုလ်ကြောင့် တာဝတိံသာ နတ်ပြည်၌ ဖြစ်ခဲ့ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၃၄)
နာဂဒေဝပုတ္တဝတ္ထု
ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့သား ဥပါသကာတစ်ဦးသည် ငါးပါးသီလမြဲ၍ ဥပုသ်နေ့တို့၌ ဥပုသ်သီလ ဆောက်တည်လေ့ရှိပုံ၊ ရဟန်းတော်တို့အား လှူဒါန်ပူဇော်၍ တရားနာယူခဲ့သော ကုသိုလ်အစုစုကြောင့် တာဝတိံသာနတ်ပြည်၌ ဖြစ်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၃၆)
နာဂဒေဝပုတ္တဝတ္ထု
ဤဝတ္ထု၌ ရဟန္တာမထေရ်ကြီးသုံးပါးတို့သည် ရွာငယ်တစ်ရွာ၌ ဝါဆိုခဲ့ကြ၍ ဝါကျွတ်သောအခါ ရာဇဂြိုဟ်သို့ ကြွလာကြပုံ၊ လမ်းခရီးအကြား၌ မိစ္ဆာဒိဋ္ဌိပုဏ္ဏား၏ ကြံခင်းကို စောင့်ရသော ကြံခင်းစောင့်ဒကာက တစ်ညတာ တည်းခိုရန် သစ်ခက်သစ်ကိုင်းများဖြင့် နေရာပြုလုပ် လှူဒါန်းခဲ့ပုံ၊ မိမိဝေစုကြံကိုလည်း လှူဒါန်းခဲ့ပုံ၊ ပိုင်ရှင်ပုဏ္ဏားက တူရွင်းဖြင့် ရိုက်သဖြင့် ကြံစောင့်ဒကာစုတေ၍ တာဝတိံသာနတ်ပြည်၌ နတ်သားဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၃၈)
နာဂပလ္လဝတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဗန္ဓုမတီမြို့တော် မင်းဥယျာဉ်၌ နေသော ရသေ့ဖြစ်ခဲ့စဉ် ၎င်း၏သင်္ခမ်းကျောင်းအနီး ထိုင်နေတော်မူသော ဘုရားရှင်အား ကံ့ကော်ညွန့်ကို ပေးလှူခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခဲ့ရခြင်းမရှိခဲ့ဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၄၃၈)
နာဂပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား ကံ့ကော်ပန်းတို့ကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကြောင့် သုဂတိဘုံ တို့၌သာ ကျင်လည်ခဲ့၍ ဤဘုရားရှင်သာသနာတော်ဝယ် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၉၅)
နာဂပေတဝတ္ထု
ဤဝတ္ထု၌ ဗာရာဏသီပြည်၌ မိစ္ဆာဒိဋ္ဌိပုဏ္ဏားလင်မယားအား သား(၂)ယောက်နှင့် သမီး(၁)ယောက် ရှိကြပုံ၊ သံကိစ္စမထေရ်၏ တရားစကားကြောင့် သားသမီးတို့မှာ ဗုဒ္ဓဘာသာ ဖြစ်လာကြပုံ၊ အသီးသီး ကွယ်လွန်ကြသောအခါ သားသမီးတို့မှာ ဘုမ္မစိုးနတ်များဖြစ်ကာ ဆင်ယာဉ် မြင်းယာဉ်စသည်တို့ဖြင့် လှည့်လည်ရပုံ၊ မိစ္ဆာဒိဋ္ဌိ ပုဏ္ဏားလင်မယားမှာမူ ကုသိုလ်မပြု သီလမစောင့် ရတနာသုံးပါးတို့အပေါ်၌ မကြည်ညိုကြသောကြောင့် ကွယ်လွန်သောအခါ ပြိတ္တာကြီးများ ဖြစ်နေကြပုံ၊ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို ရှုတ်ချ အပုပ်ချ ကဲ့ရဲ့ပြောဆိုခဲ့သောကြောင့် တစ်ဦးနှင့်တစ်ဦး သံတူကြီးများ ဖြင့် ထု၍ အနာဖုကြီးများမှ ကွဲကျယိုစီးလာသော သွေးပြည်ပုပ်တို့ကို သောက်၍ နေကြရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၃၅) (ပေတ၊ဋ္ဌ၊၅၀)
နာဂမဟာဝိဟာရိကမဟာထေရဝတ္ထု
ဤဝတ္ထု၌ ရောဟဏအရပ် နာဂမဟာဝိဟာရကျောင်းနေ မထေရ်ကြီးတစ်ပါးသည် ရဟန်းသံဃာကို မပန်ကြားဘဲ ကံ့ကော်ပင်တစ်ပင်ကို ခုတ်လှဲစေပုံ၊ ထိုအခါ သစ်ပင်စောင့်နတ်သည် ထိုမထေရ်အပေါ် စိတ်ဆိုး၍ (၇)ရက်မြောက်နေ့တွင် ဘုရင်မင်းမြတ် နတ်ရွာစံလိမ့်မည်ဟု မမှန်မကန် အိပ်မက်ကို မထေရ်အား ပေးပုံ၊ မထေရ်က ထိုအိပ်မက်အကြောင်းကို မောင်းမမိဿံတို့အား ပြောကြားရာ ယင်းတို့မှ တစ်ဆင့် မင်းကြီးကြားသိသဖြင့် မင်းကြီးသည် (၇)ရက်ပြည့်လျှင် မထေရ်၏ လက်ခြေတို့ကို ဖြတ်ခိုင်းပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သာရတ္ထ၊ဋီ၊၂၊၃၁၂)
နာဂဝတ္ထု
ဤဝတ္ထု၌ နဂါးတစ်ကောင်သည် နဂါးဘဝကို စက်ဆုပ်ရွံမုန်းပြီး ထိုဘဝမှ လွတ်မြောက်ရန်နှင့် လူ့ဘဝကို အမြန်ရရန် ရည်ရွယ်၍ လုလင်အသွင် ဖန်ဆင်းကာ ရဟန်းပြုခဲ့ပုံ၊ အစွန်ကျသောကျောင်း၌ ရဟန်းတစ်ပါးနှင့်အတူနေစဉ် စိတ်လွတ်ကိုယ်လွတ် အိပ်ပျော်သွားသောကြောင့် နဂါးအသွင်ဖြစ်ပေါ်လာပြီး နဂါးဖြစ်ကြောင်း သိကြရပုံ၊ ဘုရားရှင်က ‘‘တိရစ္ဆာန်ကို ရဟန်းခံ မပေးရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၂၀)
နာဂဝတ္ထု
ဤဝတ္ထု၌ ကိုယ်ဝန်ရှိသော နဂါးမတို့သည် မြစ်ကြီး (၅) သွယ်တို့သို့ ဆန်တက်၍ ဂဠုန်ငှက်များ မရောက်နိုင်သော ရွှေ၊ ငွေ၊ ပတ္တမြား လိုဏ်ဂူတို့၌ ခိုအောင်းကြပြီးလျှင် နဂါးငယ်များကို မွေးဖွားကြပုံ၊ ရေတိမ်သော နေရာတို့၌ ရေကူးနည်းများကို သင်ကြားပေးကြပုံ၊ နဂါးငယ်တို့သည် ရေလှိုင်းအဟုန်၊ ဂဠုန်ငှက်အဟုန်တို့ကို ခံနိုင်သော အရွယ်သို့ ရောက်ကြသောအခါ ရွှေလှေ၊ ငွေလှေတို့ကို ဖန်ဆင်း၍ မြစ်ကြီးငါးသွယ်တို့မှ စုန်ဆင်းကာ မဟာသမုဒ္ဒရာသို့ ဆိုက်ရောက်လာကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၃၊၁၇၁)
နာဂဝတ္ထု
ဤဝတ္ထု၌ တောနက်ကြီးတစ်ခုရှိ ရေအိုင်ကြီးကို ဆင်များစွာ မှီခိုနေရာ ဆင်ကြီးတို့သည် ရေကန်ထဲဆင်းပြီး ကြာစွယ်ကြာရင်းကို နှုတ်၍ ရွှံ့ညွန်ကို စင်အောင် ဆေး၍ စားကြသဖြင့် အားအင်တိုးကာ အသက်ရှည်ကြပုံ၊ နည်းလမ်းစနစ်တကျ မရသော ဆင်ငယ်တို့မှာ ကြာစွယ်ကြာရင်းကို နှုတ်ပြီး စင်ကြယ်အောင် မဆေးဘဲ ရွှံ့ညွန်များနှင့်အတူ စားကြသဖြင့် အားအင်ဆုတ်ကာ သေကျေကြပုံ၊ ထို့အတူ ရဟန်းငယ်တို့သည်လည်း ပစ္စည်းလေးပါးကို ခံယူပြီး မထေရ်ကြီးတို့က ပစ္စဝေက္ခဏာဆင်ခြင်စားသဖြင့် ဝဋ်ဒုက္ခမှ လွတ်ကြသော်လည်း ရဟန်းငယ်တို့မှာမူ မဆင်ခြင်ဘဲ စားကြသဖြင့် ဆင်းရဲဒုက္ခရောက်ရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၄၅၉)
နာဂသမာလတ္ထေရဝတ္ထု
ဤဝတ္ထု၌ နာဂသမာလမထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်အား ထီးလှူခဲ့သော ကုသိုလ်ကံကြောင့် လူနတ်ချမ်းသာတို့ကို ခံစားရပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ နာဂသမာလမင်းသား ဖြစ်လာပုံ၊ မြတ်စွာဘုရားရှင်၏ တန်ခိုးတော်များကို ဖူးမြင်ပြီး ကြည်ညိုကာ ရဟန်းပြုလာခဲ့ပုံ၊ ကချေသည်မ၏ ကပြမှု၌ ဝါယောဓာတ်ကို ဉာဏ်တင်ကာ ဝိပဿနာ ရှုသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၁)
နာဂသမာလတ္ထေရဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရား၏ အလုပ်အကျွေးဖြစ်သော နာဂသမာလသည် မိမိစိတ်အလိုအတိုင်း ကျင့်၍ မြတ်စွာဘုရား၏ စကားကို လိုက်နာခြင်းမရှိပုံ၊ မြတ်စွာဘုရား၏ သပိတ် သင်္ကန်းကိုပင် မြေ၌ ချထားကာ လမ်းခွဲသွားခဲ့ပုံ၊ ခိုးသူတို့၏ ရိုက်နှက်လုယက်မှုကို ခံရပုံ၊ မြတ်စွာဘုရားထံ ပြန်ရောက်လာသောအခါ ဘုရားရှင်က ဘုရားရှင်တို့သည် အဆိုးအကောင်းကို ခွဲခြားသိနိုင်ကြောင်း မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၃၈၂)
နာဂသမာလတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် မြို့လယ်လမ်းမကြီး၌ စွန့်ပစ်ထားသော သခွတ်ပန်းကို ယူ၍ သိခီဘုရားရှင်၏ စေတီတော်၌ ရိုသေစွာ တင်လှူ ပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားခဲ့ရခြင်း မရှိသည့်အပြင် တစ်ဆယ့်ငါးကမ္ဘာအထက်၌ ဘူမိယမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၃၂) (အပ၊ဋ္ဌ၊၂၊၉၇)
နာဂိတတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင် သံဃာတော်အပေါင်း ခြံရံလျက် ကြွလာတော်မူသည်ကို မြင်ရသဖြင့် ကြည်ညိုသောစိတ်ဖြင့် သုံးဂါထာတို့ဖြင့် ချီးကျူးပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကြောင့် လူ့ပြည် နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ နောက်ဆုံးဘဝ၌ ဤဘုရားရှင် သာသနာတော်သို့ ဝင်ရောက်၍ ဝိပဿနာပွားကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ထေရ၊ဋ္ဌ၊၁၊၂၃၁)
နာဂိတတ္ထေရဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားသည် ကောသလတိုင်း ဣစ္ဆာနင်္ဂလပုဏ္ဏားရွာ၌ သီတင်းသုံးတော်မူစဉ် ဣစ္ဆာနင်္ဂလရွာသားတို့ စုပြုံရောက်ရှိလာကြပုံ၊ အလှူဒါနပြုရန် ကျောင်းတံခါးမုခ်အနီး၌ ဆူညံစွာ ပြောဆိုနေသံကို ဘုရားရှင် ကြားတော်မူ၍ ရွံ့ရှာဖွယ်ချမ်းသာ၊ ငိုက်မြည်းမှုချမ်းသာဖြစ်သော လာဘ်လာဘ ပူဇော်သက္ကာရတို့ကို ဘုရားရှင်တို့ အလိုမရှိကြောင်း၊ စားမျိုလိုက်သော အစားအစာသည် ကျင်ကြီးကျင်ငယ်သာ ဖြစ်သွားသဖြင့် စွဲလမ်းမှုကင်းစွာ ရှုမှတ်နေထိုင်ရမည့်အကြောင်း မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၂၅)
နာဂိတတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဣစ္ဆာနင်္ဂလ ရွာသားများသည် မြတ်စွာဘုရားကို ဖူးမြော်ခွင့် ရရန်အတွက် အရှင်နာဂိတမှ တစ်ဆင့်လျှောက်ထားသည်ကို အကြောင်းပြု၍ မြတ်စွာဘုရားက လူသူစသည်နှင့် မရောယှက် တစ်ဦးတည်း သက်သက် နေရခြင်းသည်သာ ချမ်းသာကြောင်း မိန့်ကြားတော်မူပုံ၊ မြူးတူးပျော်ပါး ဝလင်စွာ စား၍ တရားအားမထုတ်ဘဲ တော၌ နေကြသော တောကျောင်းနေ ရဟန်းတိုင်းကို မြတ်စွာဘုရားက မချီးမွမ်းပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၃၊၁၅၄)
နာဂိတဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားသည် ကောသလတိုင်း ဣစ္ဆာနင်္ဂလရွာအနီးရှိ တောအုပ်၌ ရဟန်းသံဃာအပေါင်းနှင့်အတူ သီတင်းသုံးနေတော်မူပုံ၊ မြတ်စွာဘုရား၏ ဂုဏ်ကို ကြည်ညိုကြသော ထိုရွာသားတို့က မွန်မြတ်သော ခဲဖွယ်ဘောဇဉ်တို့ကို လှူဒါန်းရန် လာကြစဉ် ကျယ်လောင်ဆူညံနေသံကို မြတ်စွာဘုရားက ကဲ့ရဲ့တော်မူပုံ၊ အလုပ်အကျွေးရဟန်းဖြစ်သူ အရှင်နာဂိတက သည်းခံတော်မူရန် လျှောက်ထားသောအခါ မြတ်စွာဘုရားက အေးချမ်းစွာနေ၍ ကိလေသာငြိမ်းအေးရန် အားထုတ်သော ပုဂ္ဂိုလ်အတွက် အခြံအရံလာဘ်လာဘတို့ကို မနှစ်သက်သင့်ဟု ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၂၉၉)
နာနာဆန္ဒဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် ခမည်းတော်ဗြဟ္မဒတ်မင်းကြီး နတ်ရွာစံသွားသဖြင့် မင်းအဖြစ်ရရှိကာ တိုင်းပြည်အတွင်းသို့ လှည့်လည်စုံစမ်းပုံ၊ သေသောက်ကြူးများက မင်းကြီးကို ဖမ်းဆီး၍ အပေါ်ရုံကို ယူပြီးလျှင် ပြန်လွှတ်လိုက်ပုံ၊ ရာထူးမှ အချခံထားရသော ပညာရှိပုရောဟိတ်က နက္ခတ်ကို ကြည့်၍ မင်းကြီး ရန်သူ့လက်၌ အဖမ်းခံရမှုနှင့် လွတ်မြောက်မှုတို့ကို သိရှိပုံ၊ နန်းတော်ရှိ ပုရောဟိတ်များအား မင်းကြီးက ယမန်နေ့ည နက္ခတ် အကြောင်းမေးရာ နက္ခတ်ကို အမှန်တကယ် မကြည့်ခဲ့ကြဘဲ မဟုတ်မမှန်ပြောကြသဖြင့် တတ်ယောင်ကား ပုရောဟိတ်များကို နှင်ထုတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၈၄)
နာနာတိတ္ထိယဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် သာဝတ္ထိမြို့၌ သီတင်းသုံးတော်မူစဉ် ကောသလမင်းကြီး၏ နန်းတော်၌ တိတ္ထိဆရာကြီးများ စုဝေးကြ၍ မိမိတို့၏ အယူဝါဒမျိုးစုံကို တင်ပြကြပုံ၊ ထိုအခါ မင်းကြီးသည် မျက်မမြင်များကို စုဝေးစေပြီး ဆင်ကြီးကို ပြသောအခါ နှာမောင်းကိုင်သူက ထွန်သံနှင့်တူသည်ဟုလည်းကောင်း၊ အစွယ်ကိုင်သူက တိုင်နှင့်တူသည် စသည်ဖြင့် လည်းကောင်း ပြောဆိုနေကြသည်ကို လက်ညှိုးညွှန်ပြကာ တိတ္ထိတို့သည်လည်း မျက်မမြင် များနှင့် တူပေ၏ဟု ပြောဆိုပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင် ကြားသိတော်မူ၍ ‘‘မျက်မမြင်တို့သည် ဆင်ကို ပီပြင်စွာ မသိသကဲ့သို့ တိတ္ထိတို့သည်လည်း သံသရာမှ လွတ်မြောက်ရေးတရားကို မသိကြသဖြင့် မှားယွင်းစွာ ယူဆနေကြကုန်၏’’ဟု မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၃၀၇) (သုတ္တနိ၊ဋ္ဌ၊၂၊၂၄၄)
နာနာဝေရဇ္ဇကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဒေသအသီးသီးတွင် ဝါဆိုကြပြီး ဝါကျွတ်သောအခါ ဘုရားရှင်အား ဖူးမြော်ရန် ရောက်လာကြသော အတိုင်းတိုင်းအပြည်ပြည်မှ သံဃာတော်တို့အား ဒကာတို့က ဆွမ်းစားဖိတ်ကြသော်လည်း ဂဏဘောဇဉ်ကို ဘုရားရှင် သိက္ခာပုဒ်ပညတ်ထားပြီး ဖြစ်သဖြင့် မခံယူဘဲနေကြပုံ၊ ထိုအကြောင်းကို ဘုရားရှင်သိတော်မူသောအခါ မဟာသမယခေါ် ရဟန်းများစွာ စုဝေးရာအချိန်၌ ဂဏဘောဇဉ်ကို ခံယူခွင့်ပြုကြောင်း မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၀၀)
နာမသိဒ္ဓိဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဒိသာပါမောက္ခဆရာကြီးဖြစ်စဉ် တပည့်တစ်ဦးသည် မိမိ၏ အမည်မှာ ပါပက(မောင်ယုတ်မာ)ဖြစ်သဖြင့် နာမည်ပြောင်းရန် ဆရာကြီးထံ ပြောဆိုလာပုံ၊ဆရာကြီးက နာမည်ဟူသည် ပညတ်မျှသာဖြစ်၍ တကယ်အကျိုးပေးမှု မရှိကြောင်း မိန့်ဆိုပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၂၆)
နာရဒဗုဒ္ဓဝံသ
ဤဗုဒ္ဓဝင်၌ နာရဒဘုရားရှင်သည် ဓညဝတီမြို့ရှိ ခမည်းတော် သုဒေဝမင်းကြီး၊ မယ်တော် အနောမာမိဖုရားကြီးတို့မှ မွေးဖွားခဲ့ပုံ၊ ဝိဇိတသေနာမည်သော မင်းသမီးနှင့် စည်းစိမ် ခံစားကာ နန္ဒုတ္တရမင်းသား မွေးဖွားပြီးနောက် ခြေလျင် တောထွက်တော်မူပုံ၊ ကြောင်လျှာဗောဓိပင်ရင်း၌ ဘုရားဖြစ်တော်မူပုံ၊ ဘဒ္ဒသာလနှင့် ဇိတမိတ္တဟူသော အဂ္ဂသာဝက နှစ်ပါးရှိတော်မူပုံ၊ ဝါသေဋ္ဌ မထေရ်က လုပ်ကျွေးပြုစုခဲ့ပုံ၊ ထိုအချိန်၌ ဂေါတမဗုဒ္ဓအလောင်းအလျာသည် အဘိညာဉ်ရ ရသေ့ဖြစ်ကာ ဗျာဒိတ်ခံယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၄) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၁၇)
နာလကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ နာလကမထေရ်လောင်း အမျိုးကောင်းသားသည် ပဒုမုတ္တရဘုရားရှင်၏ တပည့်သာဝကတစ်ပါး မောနေယျအကျင့် ဖြည့်ကျင့်သည်ကို တွေ့မြင်အားကျကာ ထိုအချိန်မှစ၍ ကမ္ဘာတစ်သိန်းကာလပတ်လုံး ပါရမီကောင်းမှုများကို ဖြည့်ကျင့်ခဲ့ပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ အမျိုးကောင်းသားသည် အသိတရသေ့၏တူ နာလကရသေ့ဖြစ်လာကာ ဘုရားရှင် ဓမ္မစက္ကပဝတ္တနသုတ်တော်ကို ဟောကြားပြီးနောက် ခုနစ်ရက်မြောက်နေ့တွင် မောနေယျအကျင့်အကြောင်းကို ဘုရားရှင်အား မေးမြန်းလျှောက်ထား၍ ကျင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၂၊၂၀၂)
နာဝါဘိရုဟနသမယဝတ္ထု
ဤဝတ္ထု၌ ရဟန်းတော်တို့သည် လူတို့နှင့်အတူ လှေစီး၍ ခရီးသွားကြစဉ် ‘‘ဒကာတို့... ခဏလေးလောက် မြစ်ကမ်းသို့ ကပ်ပေးကြပါ၊ ဆွမ်းခံကြပါဦးမည်’’ဟု ဆိုသဖြင့် ဤလှေထဲမှာပဲ ဆွမ်းကပ်ပါမည်ဟု လျှောက်ကြပုံ၊ ဘုရားရှင်က ဂဏဘောဇဉ်ကို ပညတ်ပြီးဖြစ်သဖြင့် ရဟန်းတို့က မခံယူကြပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူသောအခါ လှေစီး၍ ခရီးသွားချိန်၌ ဂဏဘောဇဉ်ကို ခံယူနိုင်ကြောင်း မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၉၉)
နာဝါဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့သူ ဒါယိကာမကြီးတစ်ဦးသည် ခရီးပင်ပန်းပြီး ရေငတ်သဖြင့် နွမ်းနယ်နေသော ရဟန်းတစ်ပါးအား နေရာပေး၊ ယပ်ခတ်ပေး၊ ခြေနယ်ဆီလူးပေးပြီး ချိုမြိန်အေးမြသည့် ဖျော်ရည်ကို လှူခဲ့ပုံ၊ ထိုကုသိုလ်ကြောင့် တာဝတိံသာနတ်ပြည်၌ နတ်သမီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၃၈)
နာဝါဝတ္ထု
ဤဝတ္ထု၌ ထူဏရွာသား ပုဏ္ဏားတို့သည် ရေတွင်းရေကန်များကို ဖျက်ဆီးပြီး ဘုရားရှင်အား ဆွမ်း၊ ရေ၊ လှူဒါန်းရန် တားမြစ်ထားပုံ၊ ပုဏ္ဏားတစ်ဦး၏အစေခံ မိန်းကလေး တစ်ဦးသည် ဘုရားရှင်အား ရေလှူသဖြင့် အရိုက်ခံရ၍ သေဆုံးခဲ့၍ တာဝတိံသာနတ်ပြည်၌ နတ်သမီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၄၀)
နာဝါဝတ္ထု
ဤဝတ္ထု၌ ရဟန်းတော် ၁၆-ပါးတို့ ဘုရားရှင်အား ဖူးမြင်ရန် လာစဉ် ရေငတ်နွမ်းနယ်နေကြရာ အမျိုးသမီးတစ်ဦးက ရေလှူသဖြင့် ချမ်းသာစွာ ရေသောက်ကြရပုံ၊ ထိုကုသိုလ်ကြောင့် ထိုအမျိုးသမီးသည် တာဝတိံသာနတ်ပြည်၌ နတ်သမီး ဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၃၄)
နာဠာဂီရိဝတ္ထု
ဤဝတ္ထု၌ ဘုရားအလောင်းသည် တစ်ခုသောဘဝ၌ ဆင်ဦးစီးတစ်ယောက် ဖြစ်ခဲ့ပုံ၊ ဆင်ဦးစီးသည် ဆင်စီး၍ သွားစဉ် လမ်းမကြီးတစ်ခု၌ ပစ္စေကဗုဒ္ဓါတစ်ပါးကို တွေ့မြင်ပုံ၊ ဆင်ဦးစီးက ‘‘ဤဦးပြည်းရဟန်းသည် ဘယ်သွားမှာလဲ’’ဟု ဒေါသထွက်ကာ ဆင်ဖြင့် တိုက်ပုံ၊ ဘုရားအလောင်းသည်ထိုအကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် နှစ်ပေါင်းများစွာ အပါယ်ငရဲ၌ ဆင်းရဲဒုက္ခခံစားရပုံ၊ နောက်ဆုံးဘဝ ဘုရားဖြစ်သည့် အချိန်၌ နာဠာဂီရိဆင်ဖြင့် အတိုက်ခံရပုံ၊ ဘုရားရှင်၏ မေတ္တာတော်အစွမ်းသတ္တိကြောင့် နာဠာဂီရိ ဆင်ကြီး ဘုရားရှင်၏ ခြေတော်ရင်း၌ တုပ်ဝပ်စင်းရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အပ၊ဋ္ဌ၊၁၊၁၃၇)
နာဠိကိရရာဇဝတ္ထု
ဤဝတ္ထု၌ ရသေ့ငါးရာတို့သည် နာဠိကိရမင်း၏ ဥယျာဉ်ထဲ၌ ခေတ္တ သီတင်းသုံးနေကြစဉ် မင်းနှင့်တကွ ပြည်သူများသည် ထိုရသေ့တို့ထံ ချဉ်းကပ်၍ တရားနာယူကြပုံ၊ ရသေ့တို့က ငါးပါးသီလ၏ အကျိုးအပြစ်များကို ဟောပြသောအခါ မိမိကို ထိခိုက်၍ ဟောသည်ဟု မင်းကြီး စိတ်ဆိုးသွားပုံ၊ နောက်တစ်နေ့တွင် မင်းကြီးသည် ရသေ့တို့ကို နန်းတော်သို့ ပင့်ဖိတ်၍ အိုးကြီးများတွင် ထည့်ထားသော မစင်တို့ဖြင့် ရသေ့တို့အား သွန်လောင်းစေပုံ၊ လက်ပန်းသည်တို့ကို တင်းပုတ်တို့ဖြင့် ရိုက်နှက်စေပြီး ခွေးများဖြင့် ကိုက်သတ်စေသဖြင့် ရသေ့အားလုံး ကွယ်လွန်သွားကြပုံ၊ ထိုနောက် နာဠိကိရတိုင်းပြည်သည် ယူဇနာ(၆၀)ရှိသော သဲများ ဖုံးလွှမ်းသွားသဖြင့် ပျက်စီးသွားပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၃၊၄၆)
နာဠိကေရဖလဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား ကြည်ညိုသော စိတ်ဖြင့် အုန်းသီးကို လှူခဲ့သည့် ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရ၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၉၂)
နိဂဏ္ဌနာဋပုတ္တဝတ္ထု
ဤဝတ္ထု၌ နိဂဏ္ဌ နာဋပုတ္တသည် စိတ္တသူကြွယ်အား ‘‘ဝိတက် ဝိစာရတို့၏ ချုပ်ခြင်းသည် ရှိ၏ဟု ယုံကြည်သလော’’ဟု မေးမြန်းပုံ၊ စိတ္တသူကြွယ်က ‘‘သာသနာတော်သို့ ဝိတက် ဝိစာရ ချုပ်ခြင်းသည် ရှိ၏ဟု ယုံကြည်ခြင်း သဒ္ဓါတရား သက်သက်ဖြင့်သာ ဆည်းကပ်သူ မဟုတ်ပါ၊ အမှန်မှာမူ မိမိကိုယ်ပိုင်ဉာဏ်ဖြင့် ထိုးထွင်းသိမြင်၍ ဆည်းကပ်သူ ဖြစ်ပါသည်’’ဟု ပြောကြားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၂၊၄၈၇)
နိဂဏ္ဌနာဋပုတ္တဝတ္ထု
ဤဝတ္ထု၌ ဥပါလိသူကြွယ်က နိဂဏ္ဌနာဋပုတ္တတိတ္ထိဆရာကြီးအား ဆယ်ဂါထာတို့ဖြင့် ဘုရားရှင်၏ ဂုဏ်တော်များကို ချီးကျူးဟောပြောသောအခါ တိတ္ထိဆရာကြီးသွေးအန်ပြီး ကွယ်လွန်ခဲ့ပုံ၊ တိတ္ထိဆရာကြီးမကွယ်လွန်မီက တပည့်များကို တစ်ယောက်တစ်မျိုး မိမိ၏ အယူဝါ၏ အနှစ်သာရကို ပြောကြားခဲ့ပုံ၊ တိတ္ထိဆရာကြီး သေလွန်ပြီးနောက် တပည့်များ အချင်းချင်း ခိုက်ရန်ငြင်းခုံဖြစ်ကာ ကွဲပြားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၃၊၈၉)
နိဂဏ္ဌဝတ္ထု
ဤဝတ္ထု၌ ရဟန်းတော်များက နိဂဏ္ဌတို့သည် အဝတ်မဝတ်သော အစေလကတက္ကတွန်းတို့ထက် သာလွန်ကောင်းမြတ်ကြောင်း ပြောကြားကြပုံ၊ နိဂဏ္ဌတို့က မြေမှုန်, မြူစသည်တို့သည် အသက်ရှိ၏ဟု ယူဆကြပုံ၊ ရဟန်းတော်များနှင့် နိဂဏ္ဌတို့ အချင်းချင်းငြင်းခုံကြပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင်အား လျှောက်ထားသောအခါ နိဂဏ္ဌတို့သည် မရှက်သင့်သည့်အရာ၌ ရှက်ပြီး ရှက်သင့်သည့်အရာ၌ မရှက်ကြသူများ ဖြစ်၍ ဒုဂ္ဂတိဘုံသို့သာ ရောက်ကြပေလိမ့်မည်ဟု ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၀၅)
နိဂမဝါသီတိဿတ္ထေရဝတ္ထု
ဤဝတ္ထု၌ နိဂမဝါသီတိဿမထေရ်သည် အနာထပိဏ်သူဌေး၊ ကောသလမင်းစသော ပုဂ္ဂိုလ်များက အလှူကြီးပေးလှူပါသော်လည်း မကြွဘဲ မိမိ သီတင်းသုံးရာ ဆွေမျိုးရွာ၌သာ ဆွမ်းခံစားသဖြင့် အခြားရဟန်းများက ‘‘နိဂမဝါသီတိဿရဟန်းသည် ဆွေမျိုးများနှင့်သာ ရောနှော၍နေကြောင်း‘’ ဘုရားရှင်အား လျှောက်ထားကြပုံ၊ ဘုရားရှင်က နိဂမဝါသီတိဿရဟန်းအား ခေါ်ယူမေးမြန်းသည့်အခါ ‘‘ မိမိသည် မျှတရုံ အာဟာရ ရရှိပြီးဖြစ်သည့်အတွက် အစားအစာ ရှာမှီးရန် ကြောင့်ကြမစိုက်တော့ကြောင်း၊ ဆွေမျိုးများနှင့်လည်း နှီးနှောမှုမရှိကြောင်း’’ ဘုရားရှင်အား လျှောက်ထားပုံ၊ ဘုရားရှင်က သာဓုခေါ်ကာ နိဂမဝါသီတိဿရဟန်း၏ အလိုနည်းပုံကို အတိတ်ဇာတ်ကြောင်းဆောင်၍ ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၇၉)
နိဂြောဓ ပရိဗ္ဗာဇကဝတ္ထု
ဤဝတ္ထု၌ နိဂြောဓပရိဗိုဇ်က ဘုရားရှင်သည် ပရိသတ်ထဲ မဝင်ရဲသဖြင့် တောကြို တောင်ကြား အစွန်အဖျား၌ ကျင်လည်ကျက်စားနေသူဖြစ်ကြောင်း, ဗောဓိပင်ရင်း၌ ရရှိခဲ့သော မဖြစ်စလောက် အသိဉာဏ်လေးသည်လည်း တောထဲ၌သာနေသဖြင့် ပျောက်ပျက်သွားပြီဖြစ်ကြောင်း, ဘုရားရှင်ကို မေးခွန်းတစ်ချက် ထုတ်ရုံမျှဖြင့် သွက်သွက်ခါ တုန်လှုပ် ချောက်ချားပြီး ပတ်ချာလည်သွားစေမည် ဖြစ်ကြောင်း, နှိမ်ချပြောဆိုပုံ၊ ဘုရားရှင်နှင့် ရင်ဆိုင်တွေ့ဆုံသောအခါ၌ကား နိဂြောဓပရိဗိုဇ်သည်သာ ကြက်ကြီး လည်လိမ်ခံထားရသကဲ့သို့ ဘာတစ်ခွန်းမျှ တုံ့ပြန်ဖြေဆိုနိုင်ခြင်းမရှိဘဲ ခေါင်းငိုက်စိုက်ချကာ ငေးမှိုင်နေခဲ့ရပုံ၊ ဘုရားရှင်က နိဂြောဓပရိဗိုဇ်၏ အယူဝါဒ, အကျင့်, စရိုက်များ၏ ပျော့ကွက်ဟာကွက်များကို ထောက်ပြတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၃၊၃၀) (ဒီ၊ဋ္ဌ၊၃၊၁၆)
နိဂြောဓဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်း နိဂြောဓမင်းသားသည် တက္ကသိုလ်မှ ပညာသင်၍ ပြန်လာစဉ် ‘‘သိဒ္ဓိရှိသော ကြက်သားကို စားရလျှင် ဘုရင် ဖြစ်မည်’’ဟု ကြက်အချင်းချင်း ပြောသံကို ကြားရပုံ၊ သူငယ်ချင်း ပေါတ္ထိကသည် အပင်ပေါ်တက်၍ ကြက်ကို ဖမ်းပြီး သတ်၍ အသားကို ကျွေးသဖြင့် ဘုရင် ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၃၇)
နိဂြောဓမိဂဇာတက
ဤဇာတ်တော်ကို ဘုရားရှင် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကုမာရကဿပမထေရ်၏ မိခင် ဘိက္ခုနီဘဝဖြင့် ကိုယ်ဝန်တည်မှုကို အကြောင်းပြု၍ ဟောတော်မူပုံ၊ ဤဇာတ်တော်၌ ဘုရားလောင်း နိဂြောဓသမင်မင်းနှင့် ဒေဝဒတ်လောင်း သာခသမင်တို့သည် အခြွေအရံ ငါးရာစီဖြင့် တော၌နေစဉ် ဗာရာဏသီမင်းအတွက် နိဂုံးဇနပုဒ်သားတို့က ဥယျာဉ်ကြီးပြည့်အောင် သမင်များကို ဖမ်းထည့်ထားပေးပုံ၊ မင်းကြီးသည် သမင်များကို လာရောက်ကြည့်ရှုပြီး ရွှေရောင်အဆင်းရှိသည့် နိဂြောဓသမင်နှင့် သာခသမင်တို့ကို ဘေးမဲ့ပေးကာ ကျန်သမင်များကို တစ်နေ့တစ်ကောင် အလှည့်ကျ စားတော်တည်ပုံ၊ သာခသမင်အုပ်စုအလှည့်တွင် ကိုယ်ဝန်အရင့်အမာရှိနေသော သမင်မက မိမိအလှည့်ကို ကျော်၍ အခြားသမင်တစ်ကောင် အစားထိုးပေးရန် သာခသမင်ကို တောင်းပန်သော်လည်း မရသဖြင့် နိဂြောဓသမင်မင်းထံ လာရောက် အကူအညီတောင်းသောအခါ နိဂြောဓသမင်မင်းက မိမိကိုယ်တိုင် အသတ်ခံရန်သွားပုံ၊ ထို့နောက် မင်းကြီး ရောက်ရှိလာသောအခါ သတ္တဝါအားလုံးကို ဘေးမဲ့ပေးရန် နိဂြောဓသမင်မင်းက တရားဟောခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၆၂)
နိဂြောဓသာမဏေရဝတ္ထု
ဤဝတ္ထုသည် အသောကရာဇာဝတ္ထု၌ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၁၊၃၄) (သာရတ္ထ၊ဋီ၊၁၊၁၂၆)
နိဂ္ဂုဏ္ဍိပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ဝိပဿီဘုရားရှင်၏ အရံစောင့်ဖြစ်ခဲ့ပုံ၊ ကြောင်ပန်းပွင့်ကို ယူ၍ ဘုရားရှင်အား လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး မလားခဲ့ရတော့ဘဲ လွန်ခဲ့သော နှစ်ဆယ့်ငါးကမ္ဘာအထက်၌ မဟာပတာပအမည်ရှိသော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၂၉)
နိတကတ္ထေရဝတ္ထု
ဤဝတ္ထု၌ နိတက မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား အုန်းသီးလှူခဲ့သော ထိုကုသိုလ်ကံကြောင့် လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပုံ၊ ဂေါတမဘုရားရှင် လက်ထက်တော်၌ နိတကပုဏ္ဏား ဖြစ်လာပုံ၊ ဘုရားရှင်၏ တရားတော်ကို နာကြားရသဖြင့် ရဟန်းပြုကာ ဝိပဿနာပွား၍ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၀၃)
နိဒ္ဒါဝတ္ထု
ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့သူ နိဒ္ဒါမည်သော ဥပါသိကာမသည် ရတနာသုံးပါးကို ကြည်ညိုသူ, ဒါနသီလနှင့်ပြည့်စုံသူ ဖြစ်၍ ဥပုသ်သီလအမြဲစောင့်သောကြောင့် တာဝတိံသာနတ်ပြည်၌ နတ်သမီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၀၆)
နိပန္နဉ္ဇလိကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သစ်ပင်ရင်း၌ ထိုင်နေစဉ် ပြင်းထန်သော အနာရောဂါ နှိပ်စက်ခံခဲ့ရ၍ သားရဲတိရစ္ဆာန်ပေါသော တော၌ အားကိုးရာမဲ့ဖြစ်ခဲ့ရပုံ၊ ထိုအခါ တိဿဘုရားရှင်က ကြွလာ၍ ကယ်မတော်မူပုံ၊ မထေရ်လောင်းလျာသည် လျောင်းလျက်သာလျှင် ဦးခေါင်း၌ လက်အုပ် တင်၍ ရှိခိုးခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခဲ့ရခြင်းမရှိဘဲ ငါးကမ္ဘာအထက်၌ မဟာသီခမည်သော စကြဝတေးမင်း ငါးကြိမ်ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၄၁) (အပ၊ဋ္ဌ၊၂၊၁၀၇)
နိမိဇာတက
ဤဇာတ်တော်၌ မဃဒေဝမင်းကြီးသည် မိမိဦးထိပ်၌ ဆံဖြူတစ်ပင်ကို တွေ့၍ တောထွက်တော်မူခဲ့ပုံ၊ နေမိမင်း ပဋိသန္ဓေနေတော်မူခဲ့ပုံ၊ ‘‘အလှူပေးခြင်းနှင့် ဥပုသ်သီလ ဆောက်တည်ခြင်းတို့တွင် မည်သည့်အရာက ပို၍အကျိုးကြီးသနည်း’’ဟု စိတ်အကြံဖြစ်တော်မူပုံ၊ ဥပုသ်သီတင်းသီလ ဆောက်တည်ခြင်းက ပို၍အကျိုး ကြီးမြတ်ကြောင်း သိကြားမင်း လာရောက်ဖြေကြားပုံ၊ မာတလိနတ်သားက နေမိမင်းကြီးအား နတ်ပြည်သို့ ပင့်ဆောင်ပုံ၊ ‘‘တာဝတိံသာ နတ်ပြည်သို့ မည်သည့်လမ်းကြောင်းဖြင့် ကြွလိုတော်မူသနည်း’’ဟု မေးမြန်းလျှောက်ထားပုံ၊ ငရဲပြည်ကို ကြည့်ရှုပြီးမှ နတ်ပြည်သို့ သွားလိုကြောင်းကို ပြောကြားပုံ၊ မာတလိနတ်သားက ကြိမ်ပိုက်ချောင်းငရဲ၊ ခွေးနက်၊ ခွေးကျားကြီးများ ကိုက်စားခံရသောငရဲ၊ မီးကျီးတွင်းငရဲ၊ သံအိုးကင်းငရဲ စသည်တို့ကို ပြခဲ့ပုံ၊ ထို့နောက် ဗီရဏီနတ်သမီးဘုံဗိမာန် စသည်တို့ကိုပြပုံ၊ စတုမဟာရာဇ်နတ်ပြည်ကို ပြပုံ၊ တာဝတိံသာနတ်ပြည်သို့အဝင် စိတ္တကုဋ်တံခါးမုခ်သို့ ရောက်ရှိပုံ၊ သုဓမ္မာနတ်သဘင်ကို ပြပုံ၊ သိကြားမင်းက တာဝတိံသာ နတ်ချမ်းသာဖြင့် ဖိတ်မန်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၅၂) (ဇာ၊ဋ္ဌ၊၆၊၁၁၉)
နိမိတ္တဗျာကရဏိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ နိမိတ္တဗျာကရဏိယမထေရ်လောင်းသည် နက္ခတ် ဗေဒင်အရာ၌ ကျွမ်းကျင်သူ ဆရာကြီးတစ်ဆူ ဖြစ်ခဲ့ပုံ၊ တော်လဲသံကြီးများ ပြင်းထန်စွာ မြည်ဟီးလျက် မြေငလျင်ကြီး အပြင်းအထန် တုန်လှုပ်သည့်အခါ သုံးလောကထွဋ်ထား မြတ်စွာဘုရားသခင် ပွင့်တော်မည့် နိမိတ်ကောင်းများ ဖြစ်ကြောင်း ပြောကြားလျက် လူအပေါင်းအား ကိုယ်ကျင့်သီလများကို လုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်စေခဲ့ပုံ၊ ဘုရားရှင်ပွင့်တော်မူမည့်အကြောင်း ဗေဒင်နိမိတ်ဟောကြားခြင်း ကုသိုလ်ကောင်းမှုကံ၏ အကျိုးအာနိသင်ကြောင့် ကမ္ဘာပေါင်းများစွာ အပါယ်ဒုဂ္ဂတိဘေးမှ ကင်းဝေးခဲ့ရပုံ၊ ဤဂေါတမဘုရားရှင် လက်ထက်တော်၌ အာသဝေါကုန်ခန်းကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၄၄)
နိမိတ္တသညကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် စန္ဒဘာဂါမြစ်ကမ်းရှိ သစ်ပင်ကျောင်း၌ နေခဲ့ပုံ၊ တော၌ ရွှေသမင်ကို မြင်ခဲ့ရ၍ ဘုရားရှင်ကို သတိရပုံ၊ ‘‘ပွင့်ပြီး၊ ပွင့်ဆဲ၊ ပွင့်လတ္တံ့သော ဘုရားရှင်တို့သည် ရွှေသမင်ကဲ့သို့ တင့်တယ်တော်မူကြပါကုန်၏’’ဟု အောက်မေ့ခဲ့ပုံ၊ ဘုရားဟူသော အမှတ်သညာကို ရသော ထိုဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ခြင်းမရှိခဲ့ဘဲ နှစ်ဆယ့်ခုနစ်ကမ္ဘာ အထက်၌ အရညသတ္တမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၉၇)
နိမိပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထုသည် ကုမ္ဘကာရဇာတက၌ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၅၇)
နိသဘတ္ထေရဝတ္ထု
ဤဝတ္ထု၌ နိသဘမထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား ‘‘သီးသီး’’ လှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူနတ်ချမ်းသာတို့ကို ခံစားရပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ နိသဘလုလင်ဖြစ်လာပုံ၊ မြတ်စွာဘုရားထံမှ တရားနာယူရ၍ ရဟန်းပြုကာ ဝိပဿနာ ပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၀၆)
နိသီဒနာဒိအနုဇာနနဝတ္ထု
ဤဝတ္ထု၌ ရဟန်းတို့သည် အစားကောင်းများကို သုံးဆောင်ရပြီး သတိလက်လွတ် အိပ်စက်ကြသဖြင့် အိပ်မက်ထဲ၌ သုက်လွတ်ကြရာ ကျောင်းသည် သုက်တို့ဖြင့် ညစ်ပေနေပုံ၊ ဘုရားရှင် ကျောင်းလှည့်လည်စဉ် ထိုသို့သော အဖြစ်မျိုးကို မြင်ရသဖြင့် သုက်ကြောင့် ကျောင်းမညစ်ညမ်းစေရန် နိသီဒိုင်အခင်းကို ခင်းရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၀၉)
နိဠိနိကာဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် အဘိညာဉ်ရ ရသေ့ဖြစ်၍ ဣသိသိင်္ဂအမည်ရသော သားငယ်ရသေ့နှင့်အတူ ဟိမဝန္တာ၌ နေခဲ့ပုံ၊ ဣသိသိင်္ဂရသေ့၏ ပြင်းထန်သော ဈာန်တန်ခိုးကို ဖျက်ဆီးလိုသော သိကြားမင်းသည် ဗြဟ္မဒတ်မင်း၏ အကူအညီဖြင့် မင်း၏ သမီးတော် နိဠိနိကာကို စေလွှတ်ခဲ့ပုံ၊ ဝံကိုက်သော အနာကို ဆေးကုပေးရန် ပြောဆိုပြီး ဖြားယောင်း သွေးဆောင်၍ သီလပျက်စီးစေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၂၀၃)
နိေဿဏိဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ကောဏ္ဍည ဘုရားရှင်အား ပြာသာဒ်သို့ တက်ရန်အလို့ငှာ လှေကားကို ပြုလုပ်လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် စည်းစိမ်ချမ်းသာ၏ ပြည့်စုံခြင်းကို အစဉ်ခံစားခဲ့ရပုံ၊ လွန်ခဲ့သော ကမ္ဘာသုံးသောင်းအထက်၌ သမ္ဗဟုလမည်သော စကြဝတေးမင်း သုံးကြိမ်ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၀၇)
နီတတ္ထတ္ထေရဝတ္ထု
ဤဝတ္ထု၌ နိတတ္ထထေရ်လောင်း အမျိုးကောင်းသားသည် အမျိုးဇာတ် ယုတ်နိမ့်သော ပန်းမှိုက်သွန်(မစင်ကျုံးသည့်) အမျိုးဖြစ်သော်လည်း ရဟန်းဘောင်သို့ ဝင်ရောက်၍ အရဟတ္တဖိုလ်၌ တည်ပုံ၊ အရိယဝံသအကျင့် ဓုတင်ကို ဖြည့်ကျင့်ရန် ကြံစည်နေသော အရှင်နီတတ္ထအား ဗြဟ္မာတို့က ရှိခိုးကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၂၊၂၇၃)
နီတတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သုနန္ဒအမည်ရှိသော ပုဏ္ဏားဖြစ်၍ ယဇ်ပူဇော်ရန် စီစဉ်နေစဉ် ဘုရားရှင်ကောင်းကင်၌ စင်္ကြံကြွနေသည်ကို တွေ့မြင်ရသဖြင့် ပန်းတို့ဖြင့် ပစ်မြှောက်ပူဇော်ခဲ့ပုံ၊ ဤကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင် သာသနာ တော်၌ သာဝတ္ထိမြို့၌ ပုဏ္ဏားအမျိုးသားဖြစ်၍ ရဟန်းပြုကာ ဝိပဿနာပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၂၇)
နေမိတ္တိကဝတ္ထု
ဤဝတ္ထု၌ မင်းတစ်ပါးသည် လက်ထဲတွင် ပုလဲသုံးလုံးကို ဝှက်ထားပြီး ပုရောဟိတ်အား ‘‘ဘယ်အရာရှိသနည်း’’ဟု မေးပုံ၊ ပုရောဟိတ်က ထိုအချိန်တွင် အိမ်မြှောင်တစ်ကောင်သည် ယင်ကောင်တစ်ကောင်ကို ဖမ်းရာ မမိဘဲ လွတ်သွားသဖြင့် မုတ္တဟူသော ပါဠိစကားမှာ ပုလဲ၊ လွတ်မြောက်ခြင်းဟု အဓိပ္ပါယ်ထွက်၍ ပုလဲဟု ဖြေပုံ၊ ‘‘ပုလဲ ဘယ်နှစ်လုံးလဲ’’ ဟု ထပ်မေးလျှင် ပုရောဟိတ်သည် မနီးမဝေးမှ ကြက်သုံးကြိမ်တွန်သံကို နိမိတ်ကောက်ယူ၍ သုံးလုံးဟု မှန်ကန်စွာ ဖြေဆိုခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၃၊၇၀) (အံ၊ဋ္ဌ၊၂၊၁၅၂)
နေရုဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ရွှေဟင်္သာမျိုး၌ ဖြစ်၍ ညီငယ်နှင့်အတူ စိတ္တကူဋ တောင်မှ နေရုမည်သော ရွှေတောင်သို့ ရောက်ကြသောအခါ ရွှေတောင်၏ အရောင်ကြောင့် သတ္တဝါအားလုံး ရွှေအဆင်းရှိနေပုံ၊ ဤဒေသသည် ‘‘အယုတ်၊ အလတ်၊ အမြတ်ခွဲခြားမှု မရှိ၊ ထို့ကြောင့် ဤအရပ်တွင် မနေသင့်’’ဟု ညီငယ်အား ဆုံးမခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၃၁)
နေသဇ္ဇိကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ညီအစ်ကို မထေရ်နှစ်ပါးတို့သည် တစ်ကျောင်းတည်း၌ နေကြစဉ် အစ်ကိုမထေရ်မှာ နေသဇ္ဇိက(မအိပ်ဘဲ နေသောအကျင့်) ဓုတင်ကို ဆောင်သော်လည်း အခြားသူများကို အသိမပေးလိုပုံ၊ တစ်ညတွင် နိသဇ်ဓုတင်ကျင့်နေခိုက် လျှပ်စီးအလင်းရောင်ဖြင့် ညီဖြစ်သူက တွေ့မြင်သွားသောအခါ ထိုမထေရ်သည် နောက်မှ ပြန်ဆောက်တည်မည်ဟု နှလုံးသွင်းကာ ချက်ချင်းပင် လှဲအိပ်လိုက်၍ ဓုတင်ဖျက်လိုက်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋီ၊၁၊၉၁)
ပက္ကဂေါဓဇာတက
ဤဇာတ်တော်၌ မုဆိုးတစ်ယောက်သည် မီးကင်ပြီးသား ဖွတ်တစ်ကောင်ကို ခရီးပန်းလာသော မင်းသား ဇနီးမောင်နှံတို့အား ပေးခဲ့ပုံ၊ ရေအိုင်အနီးသို့ ရောက်သောအခါ မင်းသားက ညောင်ပင်ရင်း၌ ထိုင်နေလျက် မင်းသမီးကို ဖွတ်သား စားရန် ရေခပ်ခိုင်းပုံ၊ မင်းသမီး ရေသွားခပ်နေစဉ် မင်းသားက ဖွတ်တစ်ကောင်လုံး စားသောက်ပြီး အမြီးဖျားလေးကိုသာ ချန်ထားကာ မင်းသမီး ပြန်လာသောအခါ ဖွတ် တောင်ပို့ထဲသို့ ဝင်ပြေးသဖြင့် လိုက်ဖမ်းရာ အမြီးလေးသာ ဖမ်းမိကြောင်း ပြောကြားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၉၈)
ပက္ခဂဏနာဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် စောဒနာဝတ္ထုအရပ်မှ ရာဇဂြိုဟ်သို့ ကြွတော်မူသောအခါ ဆွမ်းခံဝင်သော ရဟန်းတို့ကို လူတို့က ရက်လ ပက္ခများကို မေးမြန်းကြပုံ၊ မသိပါဟု ဖြေကြားသံကို လူတို့ ကြားရသောအခါ နေ့ရက်ကိုမျှ မသိကြ၊ အခြားမြင့်မြတ်သည့် တရားများကိုအဘယ်မှာ သိနိုင်ကြမည်နည်းဟု ကဲ့ရဲ့ကြသဖြင့် နေ့ရက်၊ နှစ်၊ လ၊ ပက္ခများကို သင်ကြားထားကြရန် ဘုရားရှင်က မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၅၇)
ပက္ခတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဘီလူးစစ်သူကြီး ဖြစ်စဉ် ဝိပဿီမြတ်စွာဘုရားအား နတ်အဝတ်အစား သင်္ကန်းတို့ဖြင့် ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သက္ကတိုင်း ဒေဝဒဟမြို့ သာကီဝင်မင်းမျိုး၌ ဖြစ်ခဲ့ပုံ၊ ဘုရားရှင် ကပိလဝတ္ထုမြို့သို့ ပထမဆုံးအကြိမ် ကြွလာတော်မူသောအခါ သံဝေဂရကာ ရဟန်းပြုလာပြီးနောက် ဝိပဿနာရှုပွားကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၈၀)
ပစ္စယတ္ထေရဝတ္ထု
ဤဝတ္ထု၌ ပစ္စယမထေရ်အလောင်းသည် ဝိပဿီဘုရားရှင်ထံ ရေသဖန်းသီးခဲ့လှူခြင်း၊ ကဿပဘုရားရှင် လက်ထက်တော်၌ ဝိပဿနာရှုပွားခြင်း ကုသိုလ်တို့ကြောင့် ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ပစ္စယမင်း ဖြစ်လာပုံ၊ ဘုရားရှင်ထံမှ တရားတော် နာရ၍ ထီးနန်းစွန့်ရန် ဆုံးဖြတ်ချက်ချပြီး ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၃၇)
ပစ္စာဂမနိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိန္ဓုမြစ်ကမ်းနား၌ စက္ကဝါက်ငှက် ဖြစ်ခဲ့ပုံ၊ နှုတ်သီးဖြင့် အင်ကြင်းပန်းကို ချီ၍ ဝိပဿီဘုရားရှင်အား ကပ်လှူပူဇော်ခဲ့ပုံ၊ ငှက်တိရစ္ဆာန် ဖြစ်ပါလျက် ကုသိုလ်မျိုးစေ့ကို စိုက်ပျိုးခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ခြင်းမရှိခဲ့ဘဲ လွန်ခဲ့သော တစ်ဆယ့်ခုနစ်ကမ္ဘာအထက်၌ သုစာရုဒဿနမည်သော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၂၅)
ပစ္စုဂ္ဂမနီယတ္ထေရဝတ္ထု
ဤဝတ္ထု၌ ပစ္စုဂ္ဂမနီယထေရ်လောင်း အမျိုးကောင်းသားသည် တစ်လောကလုံး၏ မီးရှုးတန်ဆောင်သဖွယ် ဖြစ်တော်မူ၍ ခြင်္သေ့မင်း၏ တင့်တယ်ခြင်းမျိုးဖြင့် ကြွလာတော်မူသော သိဒ္ဓတ္ထဘုရားရှင်အား ကြည်ညိုလေးစားသော စိတ်ထားဖြင့် ခရီးဦးကြို ပြုခဲ့ပုံ၊ ဤကုသိုလ်ကောင်းမှု၏ အကျိုးဆက်ကြောင့် ဒုဂ္ဂတိဘုံဘဝများသို့ မရောက်ခဲ့ဘဲ လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤကမ္ဘာမှ ပြန်၍ ရေတွက်သော် (၃၇) ကမ္ဘာအထက်၌ သပရိဝါရဟူသော အမည်ဖြင့် စကြဝတေးမင်း ဖြစ်ခဲ့ပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ပဋိသမ္ဘိဒါပတ္တရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၇၁) (အပ၊ဋ္ဌ၊၂၊၁၉၃)
ပစ္စုပဋ္ဌာနသညကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ပစ္စုပဋ္ဌာနသညကမထေရ်လောင်း အမျိုးကောင်းသားသည် အတ္ထဒဿီဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူသွားပြီးနောက် စည်းစိမ်အခြံအရံနှင့် ပြည့်စုံသော ဘီလူးမျိုး၌ ဖြစ်ခဲ့ပုံ၊ စည်းစိမ်အခြံအရံနှင့် ပြည့်စုံသော်လည်း ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်သွားပြီဖြစ်သဖြင့် အလှူဒါန မပြုရ၍ စိတ်သောကရောက်နေစဉ် သာဂရမထေရ် ရောက်ရှိလာပြီး ‘‘သက်တော်ထင်ရှား မြတ်စွာဘုရား၌လည်းကောင်း၊ မုန်ညင်းစေ့မျှရှိသော ဘုရားရှင်၏ ဓာတ်တော်၌လည်းကောင်း၊ စိတ်ထားတူညီစွာ ထား၍ ကုသိုလ်ကောင်းမှုပြုလျှင် အကျိုးပေး အတူတူပင် ဖြစ်ကြောင်း’’ တရားဟောပုံ၊ ထို့နောက် ဘီလူးသည် ဘုရားရှင်၏ ဓာတ်တော်များကို စေတီတည်ကာ ငါးနှစ်ပတ်လုံး ကုသိုလ်ကောင်းမှု ပြုခဲ့ပုံ၊ ထိုကုသိုလ်၏ အကျိုးဆက်ကြောင့် သုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရပြီး ဤဘုရားရှင်လက်ထက်တော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၆၇)
ပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထု၌ ဗာရာဏသီမင်းတစ်ပါးသည် ပစ္စေကဗုဒ္ဓါအရှင်သူမြတ်တို့အား ‘‘အရှင်ဘုရားတို့သည် အဘယ်သူတို့ပါနည်း’’ဟု မေးမြန်းလျှောက်ထားသောအခါ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ရသမျှသော ဆွမ်းဘောဇဉ်တို့ကို ရွံရှာခြင်း ကင်းစွာ သုံးဆောင်တတ်သည့် အနဝဇ္ဇဘောဇီများ ဖြစ်ကြောင်း မိန့်ကြားတော်မူကြပုံ၊ မင်းကြီးက စမ်းသပ်လိုသဖြင့် ပဌမတစ်ရက် နှစ်ရက်တို့၌ မကောင်းသော ဆန်ကွဲထမင်း ပအုံးရည်ဟင်းတို့ဖြင့် ဆက်ကပ်ပြီး နောက်ရက်များ၌ အလွန်ဆန်းကြယ်ကောင်းမွန်သော ဆွမ်းခဲဖွယ်တို့ဖြင့် ဆက်ကပ်ပုံ၊ ပစ္စေကဗုဒ္ဓါအရှင်သူမြတ်များက ခဲဖွယ်ဘောဇဉ်ကောင်းသည့်နေ့၌ဖြစ်စေ၊ မကောင်းသည့်နေ့၌ဖြစ်စေ ရွံရှာခြင်းကင်းစွာ ဘုဉ်းပေးတော်မူကြပုံ၊ မင်းကြီးသည် ထိုအခြင်းအရာကို တွေ့မြင်ပြီး သံဝေဂရကာ ရဟန်းပြုပြီး ဝိပဿနာပွားသဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၈၃) (အပ၊ဋ္ဌ၊၁၊၁၉၂)
ပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထု၌ ဗြဟ္မာ့ပြည်မှ စုတေလာသူ ဗာရာဏသီမင်းသားသည် အိမ်ထောင်ပြုလိုစိတ်မရှိခဲ့ပုံ၊ ခမည်းတော် မယ်တော်တို့၏ တိုက်တွန်းမှုကြောင့် ရွှေရုပ်နှင့်တူသော အမျိုးသမီးကို ရှာခိုင်းခဲ့ပုံ၊ မဒ္ဒရာဇ်ပြည် သာဂလမြို့မှ မင်းသမီးလေးကို တွေ့၍ ဆောင်ယူလာစဉ် ကွယ်လွန်ခဲ့သည်ကို ဆင်ခြင်ရာ သံဝေဂရပြီး ပစ္စေကဗုဒ္ဓါ ဖြစ်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၆၀) (အပ၊ဋ္ဌ၊၁၊၁၇၁)
ပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထု၌ ပစ္စေကဗုဒ္ဓါလောင်း အမျိုးကောင်းသားနှစ်ယောက်တို့သည် ကဿပဘုရားရှင်လက်ထက်တော်၌ သာသနာတော်တွင်းသို့ ဝင်ရောက် ရဟန်းပြုပြီး အနှစ်နှစ်သောင်းကာလပတ်လုံး ဂတပစ္စာဂတဝတ် ဖြည့်ကျင့်ခဲ့သဖြင့် ကွယ်လွန်သောအခါ နတ်ပြည်၌ ဖြစ်ကြပုံ၊ နတ်ပြည်မှ စုတေသောအခါ အကြီးဖြစ်သူက ဗာရာဏသီမင်း၏ သားဖြစ်ပြီး အငယ်ဖြစ်သူက ပုရောဟိတ်၏ သားဖြစ်ကာ အတတ်ပညာ ရှာဖွေကြပုံ၊ တိုင်းပြည်၏ အစွန်အဖျား အရပ်သို့ ရောက်သောအခါ လူအများက ပစ္စေကဗုဒ္ဓါအရှင်မြတ်ငါးပါးတို့အား ရိုသေစွာ ဆွမ်းလုပ်ကျွေးသည်ကို တွေ့မြင်ရသဖြင့် ပစ္စေကဗုဒ္ဓါတို့ထံ ပညာသင်ရန် ရဟန်းပြုကြပုံ၊ ပုရောဟိတ်၏သားသည် ရဟန်းဝတ်ပြီး မကြာမီပင် ဈာန်ရသော်လည်း မင်းသားရဟန်းမှာမူ ပျင်းရိငြီးငွေ့သဖြင့် ပုရောဟိတ်သားရဟန်းထံ မကြာခဏ လာလေ့ရှိပုံ၊ တစ်နေ့သောအခါ ပုရောဟိတ်သားရဟန်းက အတွေ့မခံတော့ဘဲ တစ်ယောက်တည်း တောထဲသွားကာ တရားအားထုတ်သဖြင့် ပစ္စေကဗုဒ္ဓါဖြစ်ခဲ့ပုံ၊ မင်းသားရဟန်းလည်း သံဝေဂရကာ တရားအားထုတ်သဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၈၁) (အပ၊ဋ္ဌ၊၁၊၁၉၀)
ပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထု၌ ပါဒလောလဗြဟ္မဒတ်မင်းကြီးသည် စောစောစီးစီး ယာဂုထမင်း စသည်တို့ကို စားသောက်ကာ ပြာသာဒ်သုံးဆောင်သို့ လှည့်လည်ကြည့်ရှုလေ့ရှိပုံ၊ တစ်နေ့သောအခါ မင်းကြီးသည် ကချေသည်အငယ်လေးများ ကပြအသုံးတော်ခံသည့် ပြာသာဒ်သို့ သွားရောက်ကြည့်ရှုစဉ် သဘောကျနှစ်ခြိုက်မှုမရှိသဖြင့် ကချေသည်သက်လတ်အရွယ်များ နေထိုင်သည့် ပြာသာဒ်သို့ သွားပုံ၊ ထိုပြာသာဒ်ရှိ ကချေသည်များက နတ်သမီးများကဲ့သို့ အစွမ်းကုန် ကပြသော်လည်း မင်းကြီးသည် ပျင်းရိငြီးငွေ့ကာ ကချေသည်ကြီးများ နေထိုင်သည့် ပြာသာဒ်သို့ တစ်ဖန်သွားပုံ၊ ထိုပြာသာဒ်၌လည်း ငြီးငွေ့မှုဖြစ်သဖြင့် မင်းအဖြစ်ကို စွန့်လွှတ်ပြီး ရဟန်းဝတ်ကာ ဝိပဿနာပွားသဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၀၁) (အပ၊ဋ္ဌ၊၁၊၂၀၉)
ပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထု၌ ဗာရာဏသီ၌ ပိုလျှံသော စပါးဟောင်းများကို လူတို့က သယ်ထုတ်စွန့်ပစ်နေကြပုံ၊ ဘုရင်က မေးသော် စပါးအသစ်ထည့်ရန်် အဟောင်းများကို စွန့်ပစ်ကြောင်း ဖြေကြားကြပုံ၊ ဘုရင်က မဏ္ဍပ်ထိုးပြီး အလှူပေးရန် အမိန့်ပေးသော်လည်း မိစ္ဆာဒိဋ္ဌိအမတ်က ‘‘လှူဒါန်းမှုသည် အကျိုးမရှိ’’ဟု ဆိုကာ ဘုရင့်အမိန့်ကို မလိုက်နာကြပုံ၊ ဘုရင်သည် ‘‘ယုတ်မာသောသူတို့နှင့် ပေါင်းသင်းဆက်ဆံနေသဖြင့် အကျိုးမရှိပေ’’ဟု ဆုံးဖြတ်ကာ တောထွက် ဝိပဿနာရှုပွား၍ ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၉၇) (အပ၊ဋ္ဌ၊၁၊၂၀၅)
ပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထု၌ အနိဝတ္တမင်းသည် ဥယျာဉ်သို့ သွားရာ တောမီးသည် မြက်အားလုံးကို နောက်မဆုတ်ဘဲ ရှေ့သို့သာ တိုး၍ လောင်ကျွမ်းသကဲ့သို့ သတ္တဝါတို့အား မီး(၁၁)ပါးတို့က လောင်ကျွမ်းခြင်းကို နိမိတ်ယူ၍ အရိယာမဂ်ဉာဏ်ဖြင့် ကိလေသာတို့ကို ပယ်ဖြတ်ရန် ဆန္ဒရှိပုံ၊ ထို့နောက် ပိုက်ကွန်ကို ဖောက်ထွက်သွားသော ငါးကို နိမိတ်ယူ၍ အရိယာမဂ်ဉာဏ်ဖြင့် တဏှာ ဒိဋ္ဌိပိုက်ကွန်ကို ဖျက်ခွဲမည်ဟု ကြံ၍ ရဟန်းပြုကာ ဝိပဿနာပွားသဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၀၂) (အပ၊ဋ္ဌ၊၁၊၂၁၀)
ပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထု၌ ဧကပုတ္တကဗြဟ္မဒတ်မည်သော ဗာရာဏသီမင်းအား အလွန်ချစ်ခင်အပ်သော သားတစ်ယောက်ရှိ၍ သွားရာနေရာတိုင်း ခေါ်သွားလေ့ရှိပုံ၊ သို့သော် တစ်နေ့တွင် ဥယျာဉ်သို့ သွားရာ၌ ထိုသားကို ထားခဲ့ရာ သားသည် ရုတ်တရက် သေဆုံးသွားသဖြင့် အမတ်များက မင်းအား အသိမပေးဘဲ သင်္ဂြိုဟ်လိုက်ကြပုံ၊ မင်းသည်ဥယျာဉ်၌ အရက်သေစာ မူးယစ်နေခြင်းကြောင့် မေ့လျော့နေရာ နောက်တစ်နေ့ရောက်မှ ထိုအကြောင်းကို သိရပုံ၊ မင်းသည် သောကကို ပြင်းစွာ ခံစားရပြီး နောက်ဆုံး၌ ဖြစ်လျှင်ပျက်ရမြဲဟူသော သဘောကို သုံးသပ်ရှုပွားသောကြောင့် ပစ္စေကဗုဒ္ဓါ ဖြစ်ရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၇၅) (အပ၊ဋ္ဌ၊၁၊၁၈၅)
ပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထု၌ ဧကဝဇ္ဇိကဗြဟ္မဒတ်မင်းသည် သိမ်မွေ့နူးညံ့သူ ဖြစ်၍ အမတ်များစွာတို့ကမူ အလွန်လောဘကြီးသူများ ဖြစ်ကြသောကြောင့် မိမိတို့ လိုရာကို အသီးသီး တောင်းဆိုကြသဖြင့် မင်းကြီးသည် ငြီးငွေ့ကာ ရဟန်းပြုခဲ့ပုံ၊ တစ်ဖန် အမတ်အချို့က နယ်မြေရရှိရေးနှင့် ပတ်သက်၍ ငြင်းခုံတိုင်တန်းကြသဖြင့် သူတို့၏ အလိုလောဘအပြစ်ကို မြင်ပြီး ဝိပဿနာပွားသဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၇၄) (အပ၊ဋ္ဌ၊၁၊၁၈၄)
ပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထု၌ စက္ခုလောလဗြာဟ္မဒတ်အမည်ရှိသော မင်းသည် ကချေသည်များကို ကြည့်ရှုရာ၌ အလွန်နှစ်သက်မြတ်နိုး၍ တဏှာရာဂ တိုးပွားလေ့ရှိပုံ၊ တစ်နေ့တွင် ကချေသည်များကို ကြည့်ရန် လာသော သူကြွယ်၏ မယားတစ်ယောက်ကို မြင်၍ တဏှာရာဂ တိုးပွားရာမှ နောင်တရပြီး ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၀၃) (အပ၊ဋ္ဌ၊၁၊၂၁၁)
ပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထု၌ စာတုမာသိကဗြဟ္မဒတ်မင်းသည် ဥယျာဉ်တော်သို့ သွားသောအခါ နွေဦးရာသီ၌ စိမ်းစိုသော အရွက်များနှင့် လှပတင့်တယ်သော အပွင့်ရှိသော ပင်လယ်ကသစ်ပင်ကို တွေ့ရပုံ၊ နွေနှောင်းရာသီတွင် တစ်ဖန် သွားသောအခါတွင်မူ အရွက်များ ကြွေကျ၍ သစ်ခြောက်ပင်ကဲ့သို့ ဖြစ်နေသော ပင်လယ်ကသစ်ပင်ကို တွေ့ရသောအခါ သက်မဲ့ရုပ်တရားတို့သည်ပင် ရင့်ရော်ဆွေးမြေ့ခြင်းသဘော ရှိကြောင်းကို သံဝေဂယူပုံ၊ မင်းကြီးသည် ရဟန်းဘဝကို တောင့်တ၍ ဝိပဿနာပွားသဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၈၀) (အပ၊ဋ္ဌ၊၁၊၁၈၉)
ပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထု၌ မင်းတစ်ပါးသည် မေတ္တာဈာန် စသည်ကို ရခဲ့၍ မင်းအဖြစ်သည် ဈာန်ချမ်းသာခံစားခြင်း၏ အန္တရာယ် ဖြစ်သည်ဟု သိမြင်၍ ရဟန်းပြုကာ ဝိပဿနာပွားသဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၁၅)
ပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထု၌ ဗာရာဏသီမင်းတစ်ပါးသည် အမတ်တို့က မတရားသဖြင့် ဆုံးဖြတ်သောကြောင့် မိမိကိုယ်တိုင် တရားရုံးထိုင်သည်ရှိသော် လူတို့၏ ဆူဆူညံညံအသံကို ငြီးငွေ့ပုံ၊ မင်းအဖြစ်ကို စွန့်လွှတ်ကာ မြင့်မြတ်သော ရဟန်းဘဝကို ခံယူခဲ့ပုံ၊ တရား၌ စိတ်စိုက်သဖြင့် ပါရမီဉာဏ် ရင့်သန်သူ ဖြစ်သောကြောင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၆၄) (အပ၊ဋ္ဌ၊၁၊၁၇၅)
ပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထု၌ ဗာရာဏသီမင်းတစ်ပါးသည် သူ၏ခန္ဓာကိုယ်တွင် အနာကြီးပေါက်ရာ ဤရုပ်ခန္ဓာကြီးကို အမှီပြု၍ ကာမဂုဏ်တို့သည် သတ္တဝါတို့အတွက် ဘေးရန်နှင့် အိုင်းအမာဖြစ်ကြောင်း ဆင်ခြင်ပုံ၊ ကာမဂုဏ်တို့၏ အပြစ်ကို ဆင်ခြင်၍ ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာ များပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၈၉) (အပ၊ဋ္ဌ၊၁၊၁၉၇)
ပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထု၌ သီတာလုကမည်သော ဗာရာဏသီမင်းတစ်ပါးသည် ရဟန်းပြု၍ တော၌ နေစဉ် ဆင်းရဲဒုက္ခမျိုးစုံတို့ကို တွေ့ရ၍ စိတ်အားလျော့ပုံ၊ နောင်အခါ၌ စိတ်၏ အလိုသို့ မလိုက်ဘဲ သည်းခံ၍ ကျင့်ကြံသောကြောင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၉၀) (အပ၊ဋ္ဌ၊၁၊၁၉၈)
ပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထု၌ ဗာရာဏသီမင်းတစ်ပါးသည် အနှစ် (၂၀) မင်းပြုခဲ့ပြီး ကွယ်လွန်သောအခါ ငရဲကျ၍ ငရဲမှ လွတ်သော် ဟိမဝန္တာတော၌ ဆင် ဖြစ်ခဲ့ပုံ ၊ မင်းအဖြစ် ပြုရခြင်းသည် ပြုမူလုပ်ကိုင်ပုံ မှားယွင်းက ငရဲသို့ ယိမ်းတတ်ပုံ၊ ဆင်မင်းသည် တော၌ ဆင်အပေါင်းအဖော်ကို ငြီးငွေ့၍ တစ်ကောင်တည်းနေရန် ကြံစည်ပြီး မြေးဖြစ်သော ဗြဟ္မဒတ်မင်း၏ ဥယျာဉ်သို့ သွားခဲ့ပုံ၊ ဗြဟ္မဒတ်မင်းကြီးသည် ဆင်ကြီး၏ ပြောပြချက်အရ သတိရကာ တောထွက်ပြီး ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၉၁) (အပ၊ဋ္ဌ၊၁၊၁၉၉)
ပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထု၌ ပစ္စန္တရာဇ်မင်းတစ်ပါးသည် တိုင်းပြည်ငယ်တစ်ခု၌ မင်းပြုလုပ်သော်လည်း ပညာကြွယ်သောကြောင့် ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကို အုပ်ချုပ်နိုင်ပုံ၊ သူရဲကောင်းရွေးချယ်ရာ၌ နည်းပရိယာယ် ကြွယ်ဝပုံ၊ လောကီ၌သာကျက်စားရသော မိမိဉာဏ်ပညာကို အားမရငြီးငွေ့၍ ရဟန်းပြုကာ ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၀၈) (အပ၊ဋ္ဌ၊၁၊၂၁၅)
ပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထု၌ မင်းတစ်ပါးသည် တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေစဉ် မေတ္တာဈာန်ကို ရရှိပုံ၊ ထိုဈာန်မလျှောစေရန် မင်းအဖြစ်ကို စွန့်လွှတ်ကာ တောထွက်၍၊ ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊ဋ္ဌ၊၁၊၂၂၁)
ပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထု၌ ဂေါတမမြတ်ဗုဒ္ဓမတိုင်မီ နောက်ဆုံး ပစ္စေကဗုဒ္ဓါအဖြစ် ပွင့်တော်မူခဲ့သော မာတင်္ဂပစ္စေကဗုဒ္ဓါသည် သိဒ္ဓတ္ထမင်းသား ဖွားမြင်သောအခါ နတ်အပေါင်းတို့ ဘုရားလောင်းကို ပူဇော်ရန် သွားသည်ကို တွေ့မြင်ရပြီး ဘုရားပွင့်တော်မူတော့မည်ကို သိတော်မူသဖြင့် ဟိမဝန္တာတော၌ ပရိနိဗ္ဗာန် ပြုတောမူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၁၆) (အပ၊ဋ္ဌ၊၁၊၂၂၂)
ပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထု၌ ပစ္စေကဗုဒ္ဓါလောင်း အမျိုးကောင်းသားတစ်ယောက်သည် ကဿပဘုရားရှင်လက်ထက်တော်၌ သာသနာတော်သို့ ဝင်ရောက် ရဟန်းပြုကာ ဂတပစ္စာဂတကျင့်ဝတ်ကို နှစ်ပေါင်း နှစ်သောင်းတိုင်တိုင် ဖြည့်ကျင့်ခဲ့ပုံ၊ ထိုကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် နတ်ပြည်တို့၌ ဖြစ်ကာ ထိုမှ စုတေသောအခါ ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းအဖြစ်ကို ရရှိခဲ့ပုံ၊ မင်းကြီးသည် တိုင်းပြည်အုပ်ချုပ် မင်းလုပ်လျက်ရှိစဉ်ပင် အဘိညာဉ်သမာပတ်တို့ကို ရရှိခဲ့ပုံ၊ တစ်နေ့သောအခါ တရားစီရင်ဆုံးဖြတ်နေစဉ် ဆူညံသောအသံများကို ကြားရသဖြင့် အမတ်ကြီးတစ်ယောက်အား တရားနှင့်အညီ တိုင်းပြည်အုပ်ချုပ်ရန် မှာကြားပြီး မည်သူ့ကိုမျှ တွေ့ခွင့်မပေးဘဲ ပြာသာဒ်အပေါ်ဆုံးအထပ်သို့ တက်ကာ သမာပတ်ချမ်းသာဖြင့် နေခဲ့ပုံ၊ မိဖုရားကြီးက အမတ်ကြီးအား ‘‘တိုင်းပြည်ကို လက်ခံလျှင် မိမိကိုလည်း လက်ခံရမည်ဖြစ်ကြောင်း’’ ခြိမ်းခြောက်ပြောဆိုကာ မိဖုရားကြီးနှင့် အမတ်ကြီးတို့ ဖေါက်ပြန်ပျက်စီးကြပုံ၊ ထိုအကြောင်းအရာကို မင်းကြီး သိရှိသွားပြီး အမတ်ကြီးနှင့် မိဖုရားကြီးတို့ကို တိုင်းပြည်မှ နှင်ထုတ်ကာ မေတ္တာဈာန်ကို အခြေခံလျက် တရားရှုမှတ်သဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၅၂) (အပ၊ဋ္ဌ၊၁၊၁၆၄)
ပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထု၌ ပစ္စေကဗုဒ္ဓါလောင်း အမျိုးကောင်းသားတစ်ယောက်သည် ကဿပဘုရားရှင်လက်ထက်တော်၌ သာသနာတော်တွင်း ဝင်ရောက်ကာ ကမ္မဋ္ဌာန်းအားထုတ်လျက် ကွယ်လွန်သောအခါ သူဌေးမျိုး၌ ဖြစ်ခဲ့ပုံ၊ သူဌေးသားသည် သူတစ်ပါးသားမယားများကို ဖောက်ပြားလွန်ကျူးသဖြင့် သေလွန်သောအခါ ငရဲကျပြီး ငရဲမှ လွတ်လာသောအခါ သူဌေးသမီးတစ်ယောက်ဖြစ်လာခဲ့ပုံ၊ အရွယ်ရောက်သောအခါ မိဘများက အခြားသူဌေးသားတစ်ယောက်နှင့် ထိမ်းမြားပေးကြပုံ၊ လင်ယောကျ်ားနှင့်တကွ ယောက္ခမများ၏ မျက်မုန်းကျိုးခြင်း၊ မုန်းတီးခြင်း ခံရပုံ၊ နိရောဓသမာပတ်မှ ထလာသော ပစ္စေကဗုဒ္ဓါတစ်ပါးအား အနံ့အရသာနှင့် ပြည့်စုံသော ဆွမ်းဘောဇဉ်များ လှူဒါန်းပြီးနောက် အားလုံးတို့၏ ချစ်ခင်မှုကို ခံယူရကာ ကွယ်လွန်သောအခါ နတ်ပြည်၌ နတ်သား ဖြစ်ခဲ့ပုံ၊ နတ်ပြည်မှ စုတေသောအခါ ဗာရာဏသီမင်း၏ သားတော်ဖြစ်လျက် ပစ္စေကဗုဒ္ဓါတစ်ပါး၏ ချီးမြှောက်မှုကြောင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၆၈) (အပ၊ဋ္ဌ၊၁၊၁၇၇)
ပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထု၌ ဗာရာဏသီမင်း၏ မိဖုရားကြီး နတ်ရွာစံသွားသဖြင့် အမတ်များက မိဖုရားတစ်ပါး တင်မြှောက်ရန် ရှာဖွေကြပုံ၊ ထိုအချိန်တွင် အနီးအပါး တိုင်းပြည်၌လည်း မင်းကြီးသေဆုံးသွားသဖြင့် ကိုယ်ဝန်နှင့်တကွ မိဖုရားကြီးတစ်ပါး ကျန်ရှိခဲ့ပုံ၊ ဗာရာဏသီမင်းနှင့် ထိုမိဖုရားကြီးကို အမတ်များက အဘိသိက်သွန်းကာ ထိမ်းမြားပေးပြီးနောက် သားတော်လေးတစ်ယောက် ဖွားမြင်ခဲ့ပုံ၊ မောင်းမ အခြွေအရံများက မင်းကြီးနှင့် သားတော်လေးကို သွေးထိုးမြှောက်ပင့် ပြုလုပ်သဖြင့် မင်းကြီး၏အထံသို့ သားတော်လေး မချဉ်းကပ်ပုံ၊ မင်းကြီး ငြီးငွေ့ကာ တိုင်းပြည်ကို စွန့်လွှတ်၍ ရဟန်းပြုခဲ့ပုံ၊ ရဟန်းဝတ်သောအခါ၌လည်း နန်းတွင်းမှ လိုက်ပါလာသော ပရိသတ်များ၏ တစ်ယောက်တစ်ပေါက် ငြူစူပြောဆိုမှုကြောင့် တစ်ပါးတည်း တောထဲသွားကာ တရားအားထုတ်သဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၇၈) (အပ၊ဋ္ဌ၊၁၊၁၈၈)
ပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထု၌ စားဖိုသည်က ဆုတော်လာဘ်တော်များ ရလိမ့်မည် ဟူသော ရည်ရွယ်ချက်ဖြင့် ဗာရာဏသီမင်းအား အကောင်းဆုံးသော စားဖွယ်သောက်ဖွယ်များကို ချက်ပြုတ်ဆက်ကပ်သော်လည်း မင်းကြီးက သူတစ်ပါး ကဲ့ရဲ့မည်စိုးသဖြင့် စားဖိုသည်အား တစ်စုံတစ်ခုမျှ ချီးမြှောက်မှု မပြုပုံ၊ နောက်တစ်နေ့တွင် စားဖိုသည်က အရသာမရှိသော ထမင်းဟင်းများကို ဆက်ကပ်သောအခါ၌လည်း မင်းကြီးက တစ်စုံတစ်ရာပြောဆိုခြင်း မရှိသဖြင့် ‘‘စားဖိုသည်က မင်းကြီးသည် ကောင်း မကောင်း အရသာကို မသိ’’ ဟု မှတ်ထင်ကာ ဖြစ်သလိုသာ ချက်ပြုတ်ကျွေးပုံ၊ မင်းကြီးသည် သံဝေဂရကာ တိုင်းပြည်ကို စွန့်၍ ရဟန်းဝတ်ပြီး တရားအားထုတ်သဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၉၅) (အပ၊ဋ္ဌ၊၁၊၂၀၃)
ပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထု၌ ဗာရာဏသီမင်းသည် ဥယျာဉ်သို့ တောကစားသွားစဉ် ခြင်္သေ့မတစ်ကောင်သည် ခြင်္သေ့ငယ်ကို ထားခဲ့ပြီး အစာရှာထွက်သွားသည်ကို မြင်ရပုံ၊ မင်းကြီးက ‘‘ခြင်္သေ့တို့သည် မည်သည့်အရာကိုမျှ မကြောက်လန့်’’ ဟူသောစကား မှန်၊ မမှန် စူးစမ်းရန် စည်တော်၊ မောင်း၊ ကြေးနင်းစသည်တို့ကို တီးခတ်စေသောအခါ ခြင်္သေ့ငယ်သည် ခေါင်းမျှပင် ထောင်မကြည့်ဘဲ အိပ်မြဲ အိပ်နေပုံ၊ သုံးကြိမ်တိုင်တိုင် တီးခတ်သောအခါ၌ကား ခေါင်းထောင်ကြည့်ကာ ပြန်၍ အိပ်နေသည်ကို တွေ့မြင်ရသဖြင့် ‘‘ငါလည်းပဲ ဘယ်သောအခါကျမှ တဏှာဒိဋ္ဌိတို့၏ ခြိမ်းခြောက်မှုကို မကြောက်မလန့်ဘဲ နေရပါအံ့နည်း’’ဟု သံဝေဂရပုံ၊ ထို့နောက် တံငါသည်တို့သည် သစ်ကိုင်း၌ ပိုက်ကွန်များကို ချိတ်လျက် ဖြန့်လှန်းထားပုံနှင့် ကြာရွက်၌ ရေမကပ်ငြိပုံတို့ကို တွေ့မြင်ကာ သံဝေဂရပြီး တိုင်းပြည်ကို စွန့်လွှတ်လျက် ရဟန်းဝတ်ကာ ဝိပဿနာပွားသဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၁၂) (အပ၊ဋ္ဌ၊၁၊၂၁၉)
ပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထု၌ ဗာရာဏသီမင်းတပါးသည် ဝေဒနာပြင်းထန်စွာ ခံစားနေရစဉ် အမတ်များက ‘‘ဤမင်းသည် အသက်ရှည်လိမ့်မည် မဟုတ်တော့၊ ကိုးကွယ်အားထားရာ အခြားမင်းတစ်ပါးကို ရှာမှီးအံ့’’ဟု ဆိုကာ ဗာရာဏသီမင်းထံမှ ဖဲခွာသွားကြပုံ၊ မင်းကြီးနေကောင်းလာသောအခါ အမတ်များကို မမြင်၍ မေးမြန်းစုံစမ်းပြီး အကျိုးအကြောင်း အားလုံးသိရှိကာ ဆိတ်ဆိတ်နေပုံ၊ ဗာရာဏသီမင်းထံမှ ထွက်ခွာသွားသော အမတ်များသည် အခြားမင်းတို့၏ ချီးမြှောက်ထောက်ပံ့မှုကို မရသဖြင့် ဗာရာဏသီမင်းထံ ပြန်၍ ချဉ်းကပ်ကြပုံ၊ မင်းကြီးက အမတ်များ၏ စိတ်ကို စမ်းသပ်လိုသဖြင့် ရှေးယခင်အတိုင်းပင် နေမကောင်းဟန်၊ ဝေဒနာပြင်းစွာ ခံစားနေရဟန် ဆောင်သောအခါတို့၌လည်း အမတ်များက ထွက်ခွာသွားလေ့ရှိပုံ၊ နောက်ဆုံးအကြိမ်၌ မင်းကြီးသည် သံဝေဂရကာ ငြီးငွေ့လျက် တောထွက်၍ ရဟန်းပြုပြီး ဝိပဿနာပွားသဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၁၇) (အပ၊ဋ္ဌ၊၁၊၂၂၃)
ပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထု၌ စာတုမာသိကဗြဟ္မဒတ်မည်သော မင်းသည် ဥယျာဉ်ကစားထွက်စဉ် အသီးသီးသော သစ်ပင်ကို လူတို့ ခူးယူချိုးဖဲ့ပြီး အသီးမသီးသော သစ်ပင်ကိုမူ အန္တရာယ် မပြုသည်ကို တွေ့ရသဖြင့် မင်းစည်းစိမ်သည် အပွင့်ဝေစည်သော သစ်ပင်ကြီးကဲ့သို့ လူတို့ မက်မောကြောင်း၊ ရဟန်းဘဝသည်ကား အရွက်သာဝေ၍ အပွင့်မရှိသော သစ်ပင်နှင့် တူကြောင်း၊ ဆင်ခြင်တတ်သောသူသည် တစ်ယောက်တည်းသာ တောထွက်၍ ကျင့်သင့်ကြောင်း ဆင်ခြင်မိ၍ ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံစသော အကြောင်းအရာများပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၀၄)
ပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထု၌ သုတဗြဟ္မဒတ်မင်းကြီးသည် ဗဟုသုတပစ္စေကဗုဒ္ဓါအရှင်မြတ်များကို ဆွမ်းစားပင့်လျှောက်ကာ ဆန်းကြယ်သော တရားစကားများ နာကြားရတော့မည်ဟု ဝမ်းမြောက်ဝမ်းသာဖြင့် မထေရ်ကြီးအား တရားဟောရန် လျှောက်ထားပုံ၊ သံဃာ့ထေရ်ကြီးက ‘‘သုခိတော ဟောတု မဟာရာဇ၊ ရာဂက္ခယော ဟောတု’’ ဟု နှစ်ပါဒမျှကိုသာ ဟောကာ ပြန်ကြွသွားပုံ၊ မင်းကြီးက ဤသံဃာ့ထေရ်သည် ဗဟုသုတရဟန်းမဟုတ်၊ ဒုတိယမြောက် ရဟန်းသည်သာ ဗဟုသုတရဟန်းဖြစ်လိမ့်မည်ဟု မှတ်ထင်ပုံ၊ ဒုတိယရဟန်းကလည်း ‘‘ဒေါသက္ခယော ဟောတု၊ မောဟက္ခယော ဟောတု’’ စသည်ဖြင့် အစဉ်အတိုင်း ရဟန်းတော်များက တစ်ပုဒ်တစ်ပါဒမျှစီကိုသာ ဟော၍ ပြန်ကြွသွားလေ့ရှိပုံ၊ ထို့နောက် သုတဗြဟ္မဒတ်မင်းကြီးသည် ပစ္စေကဗုဒ္ဓါများ ဟောကြားသည့် တရားများကို ဆင်ခြင်ကာ မင်းအဖြစ်ကို ပယ်စွန့်၍ ရဟန်းပြုပြီး ဝိပဿနာပွားသဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၉၈) (အပ၊ဋ္ဌ၊၁၊၂၀၆)
ပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထု၌ ဗာရာဏသီမင်းသည် ငယ်စဉ်ကပင် ရဟန်းပြုလိုသော်လည်း မိဖုရားနှင့် အမတ်များက သားတော်တစ်ပါးရသည်အထိ ဆိုင်းငံ့ပါရန် တောင်းပန်ကြပုံ၊ သားတော်မွေးဖွားသောအခါ သားတော်ကို ထီးနန်းအပ်ကာ တောထွက်၍ ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၈၅) (အပ၊ဋ္ဌ၊၁၊၁၉၄)
ပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထု၌ ဗာရာဏသီမင်းတစ်ပါးသည် ပထမဈာန်ကို ရခဲ့၍ ထိုဈာန်ကို ဆက်လက် စောင့်ရှောက်ရန် မင်းစည်းစိမ်ကို စွန့်လွှတ်ခဲ့ပုံ၊ ရဟန်းပြုကာ ဝိပဿနာပွားသဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၀၇)
ပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထု၌ ဗာရာဏသီမင်းတစ်ပါးသည် ရဟန်းပြုပြီး မင်းဥယျာဉ်၌ သီတင်းသုံးနေစဉ် ပရိသတ်များ ဆူညံနေပြီး တရားအားထုတ်၍မရ ဖြစ်နေပုံ၊ အာဒိစ္စဗန္ဓုအမည်ရှိသော ပစ္စေကဗုဒ္ဓါတစ်ပါး၏ ဆုံးမမှုကြောင့် တောသို့ ဝင်ပြီး တရားအားထုတ်သောအခါ ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၉၂) (အပ၊ဋ္ဌ၊၁၊၂၀၁)
ပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထု၌ ဗာရာဏသီမင်းသည် မြို့ကို လှည့်လည်စဉ် လင်ရှိမယားတစ်ယောက်ကို တွေ့၍ တဏှာရာဂ ဖြစ်ပေါ်ခဲ့ပုံ၊ မင်းသည် ‘‘ငါ့တွင် နတ်သမီးတမျှ လှပတင့်တယ်သော မိဖုရားနှစ်သောင်း ရှိပါလျက် သူတစ်ပါး မိန်းမကို တပ်မက်မိလေပြီ၊ ထိုတဏှာသည် အပါယ်သို့ ဆွဲချတတ်သဖြင့် ယခုပင် ပယ်သတ်အံ့’’ဟု ကြံကာ ဝိပဿနာရှုပွားဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၁၁) (အပ၊ဋ္ဌ၊၁၊၂၁၈)
ပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထု၌ ဗာရာဏသီမင်းတစ်ပါးသည် စစ်ထွက်စဉ် ခြင်္သေ့နှင့်တွေ့၍ ခြင်္သေ့ဟောက်သံ ကြောင့် ဆင်၊ မြင်း၊ ရဲမက်ဗိုလ်ပါတို့ တောသို့ ဝင်ပြေးကြသည်ကို မြင်တွေ့ရပုံ၊ ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့မှာမူ အကြောက်တရား မရှိသည်ကို အတုယူကာ ဝိပဿနာရှုပွားသဖြင့် အကြောက်တရားတို့မှ လွန်မြောက်ကာ ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၁၄) (အပ၊ဋ္ဌ၊၁၊၂၂၀)
ပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထု၌ ဗာရာဏသီပြည် သူဌေးသားတစ်ဦးသည် ရဟန်းပြုလို၍ မိဘတို့ကို ခွင့်တောင်းကာ ရဟန်းပြုပြီးနောက် အစားအစာ၊ အနေအထိုင် ဆင်းရဲဒုက္ခဒဏ် မခံနိုင်သဖြင့် လူထွက်ခဲ့ပုံ၊ ထို့နောက်တွင်လည်း ရဟန်းပြု၍ လူထွက်ပြန်ပုံ၊ တတိယအကြိမ်တွင်မူ ပျော်ရွှင်စွာ တရားအားထုတ်၍ ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၈၇) (အပ၊ဋ္ဌ၊၁၊၁၉၆)
ပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထု၌ ဗာရာဏသီမင်းသည် ထိတ်လန့်ကြောက်ရွံ့မှုရောဂါ ဖြစ်နေသဖြင့် အမတ်တို့က ထိုရောဂါပျောက်ကင်းစေရန် ယဇ်ပူဇော်ဖို့ တိုက်တွန်းကြပုံ၊ တစ်ချိန်က ပါရမီဖြည့်ဖက် ပစ္စေကဗုဒ္ဓါ(၄)ပါးတို့က မင်း၏ အကျိုးကို လိုလားကြသဖြင့် ယဇ်မပူဇော်မီ နန်းတော်သို့ ကြွရောက်လာကြပုံ၊ ပစ္စေကဗုဒ္ဓါတို့က ကြောက်ရွံ့မှု မရှိစေရန် အရပ်(၄)မျက်နှာတို့၌ မေတ္တာပွားရန် ဆုံးမကြပုံ၊ မင်းကြီးသည် မေတ္တာ စသောဗြဟ္မဝိဟာရတရား(၄)ပါးကို ကျင့်၍ ဝိပဿနာပွားသဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၇၆) (အပ၊ဋ္ဌ၊၁၊၁၈၆)
ပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထု၌ ဗာရာဏသီမင်းတစ်ပါးသည် ဝဋ်ဆင်းရဲကင်းပြတ်ကြောင့်ကို သိလို၍ အမတ်တို့အား မေးမြန်းရာ အမတ်တို့က မိစ္ဆာဒိဋ္ဌိအယူဝါဒအကြောင်းများကိုသာ ဖြေကြားကြပုံ၊ မင်းကြီးသည် ၎င်းတို့၏ အယူအဆ မမှန်ကန်ကြောင်းကို သိ၍ မိမိကိုယ်တိုင် ဝဋ်ကင်းပြတ်ကြောင့်ကို ရှာမည်ဟု ရည်ရွယ်၍ ရဟန်းပြုကာ ဝိပဿနာပွားသဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၉၄) (အပ၊ဋ္ဌ၊၁၊၂၀၂)
ပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထု၌ ဗာရာဏသီမင်းတစ်ပါးသည် စတုတ္ထဈာန်ကို ရခဲ့၍ ထိုဈာန်ကို ဆက်လက် စောင့်ရှောက်ရန် မင်းစည်းစိမ်ကို စွန့်၍ ရဟန်းပြုကာ ဝိပဿနာပွားသဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၀၇)
ပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထု၌ ဗာရာဏသီမင်းတစ်ပါးသည် အမတ်များ ခြံရံလျက် သိလာပဋ္ဋရေကန်၌ ရေကစားခဲ့ပုံ၊ စားဖိုသည်က မင်းကြီးအား အလွန်ကောင်းမွန်သော အစာအာဟာရများကို ချက်ပြုတ်လျက် ဆက်ကပ်ပုံ၊ မင်းကြီးသည် အရသာကောင်းလွန်းသဖြင့် စားသောက်ဖွယ်ရာများကို မည်သူ့ကိုမျှ မပေးဘဲ မိမိတစ်ပါးတည်းသာ သုံးဆောင်ခဲ့ပုံ၊ ထို့နောက် မင်းကြီးသည် ရသတဏှာ၏ လွှမ်းမိုးနှိပ်စက်မှုကို သံဝေဂရကာ ရဟန်းဝတ်ပြီး ဝိပဿနာရှုမှတ်ပွားများသဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၀၅) (အပ၊ဋ္ဌ၊၁၊၂၁၂)
ပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထု၌ ဝိဘူသကမည်သော ဗာရာဏသီမင်းသည် စားချိန် အိပ်ချိန်မှ လွဲလျှင် တစ်နေကုန် အဝတ်တန်ဆာ ဆင်ယင်ခြင်း၊ မှန်ကြည့်ခြင်း၊ လဲလှယ်ဝတ်ဆင်ခြင်းဖြင့်သာ အချိန်ကုန်နေပုံ၊ ထို့နောက် ကျောအောင့်သော ရောဂါရပြီး တဏှာလောဘသဘောကို ဆင်ခြင်၍ ရဟန်းပြုကာ တရားအားထုတ်သဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၀၀) (အပ၊ဋ္ဌ၊၁၊၂၀၇)
ပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထု၌ ကဿပဘုရားရှင်လက်ထက်တွင် ရဟန်းတော်သုံးပါးသည် ဂတပစ္စာဂတဝတ်ကို ဖြည့်ကျင့်ခဲ့ကြပြီး နောင်ဘဝတွင် မင်းဖြစ်ခဲ့ကြပုံ၊ ဗာရာဏသီမင်းသည် ပစ္စေကဗုဒ္ဓါတို့ကို ဖူးမြင်ရ၍ ဝိပဿနာတရား ကြားနာရှုပွားရာ ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၆၆) (အပ၊ဋ္ဌ၊၁၊၁၇၇)
ပစ္စေကဗုဒ္ဓဝတ္ထု
ဤဝတ္ထု၌ ဘယ်ဘက်တွင် လက်ကောက်တစ်ကွင်း၊ ညာဘက်တွင် လက်ကောက်နှစ်ကွင်း ဝတ်ဆင်ထားသော ကိုယ်လုပ်မောင်းမငယ်တစ်ဦးသည် ဗာရာဏသီမင်းကြီး၏ အနီး၌ စန္ဒကူးနံ့သာ သွေးနေပုံ၊ မင်းကြီးသည် မောင်းမငယ်၏ လက်ကောက်နှစ်ကွင်း အချင်းချင်း ရိုက်ခတ်နေသည်ကို ကြည့်၍ ‘‘တစ်ခုတည်း ရှိလျှင် အသံမထွက်၊ နှစ်ခုရှိလျှင် အသံထွက်၏’’ဟု သံဝေဂရပြီး တစ်ယောက်တည်းသာ နေထိုင်လိုစိတ် ဖြစ်ပေါ်လာပုံ၊ ထိုအချိန်၌ မိဖုရားကြီး ရောက်ရှိလာပြီး ကိုယ်တိုင် နံ့သာသွေးသည့်အခါ လက်ကောက်များ အချင်းချင်း ထိခိုက်သည့်အသံများ ဆူညံစွာ ထွက်ပေါ်လာပုံ၊ ဗာရာဏသီမင်းကြီးသည် ထိုအခြင်းအရာကို ကြည့်၍ လွန်စွာ ငြီးငွေ့သွားပြီး ဝိပဿနာ ရှုမှတ်ပွားများသဖြင့် ထိုနေရာ၌ပင် ပစ္စေကဗုဒ္ဓါ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၈၅) (အပ၊ဋ္ဌ၊၁၊၁၉၃)
ပဇ္ဇောတရာဇဝတ္ထု
ဤဝတ္ထု၌ ဘုရားမပွင့်မီကာလ၌ အမျိုးသားတစ်ယောက်သည် ထမင်းစားရန် ထိုင်နေစဉ် ပစ္စေကဗုဒ္ဓါတစ်ပါး ကြွလာသဖြင့် မိမိအတွက် စီစဉ်ထားသော ထမင်းအားလုံးကို လှူဒါန်းပြီး ဤကောင်းမှုကြောင့် ဖြစ်လေရာဘဝတိုင်း၌ လျင်မြန်သော ဝန်ဆောင်နိုင်သူ ဖြစ်ရပါလို၏ဟု ဆုတောင်းခဲ့ပုံ၊ ထိုအမျိုးသားသည် ဤဂေါတမဘုရားရှင်လက်ထက်တော်၌ လျှင်မြန်သော ဝန်ဆောင်နိုင်သူ ပဇ္ဇောတမင်း ဖြစ်လာခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၃၊၃၉၉)
ပဉ္စဂ္ဂဒါယက ဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ ဦးဦးဖျားဖျား လှူဒါန်းမှုငါးမျိုးကို ပုဏ္ဏားကြီး လှူဒါန်းခဲ့ပုံ၊ တွန့်တိုသော ပုဏ္ဏေးမကြီးသည် မြတ်စွာဘုရားကို ပုဏ္ဏားကြီး မမြင်စေရန် ကွယ်ကာထားသော်လည်း ရောင်ခြည်တော်ကို ဖူးမြင်ရသဖြင့် ပုဏ္ဏားကြီး သိရှိကာ ကြည်ညိုသဒ္ဓါဖြစ်ပေါ်၍ လှူဒါန်းခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၆၇) (သုတ္တနိ၊ဋ္ဌ၊၁၊၂၅၆)
ပဉ္စဂ္ဂဠလေဏဝါသီတိဿဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ပဉ္စဂ္ဂဠလိုဏ်ဂူ၌ သီတင်းသုံးနေထိုင်သော တိဿရဟန်းငယ်သည် ကောင်းကင်၌ ဈာန်ပျံလာစဉ် ပဒုမ္မာကြာအိုင်၌ ရေချိုးရင်း ကြာပန်းတို့ကို ပန်၍ အသံသာယာစွာ သီချင်းဆိုနေကြသော ဂိရိဝါမရွာနေ ပန်းပဲသမား၏ သမီးနှင့်မိန်းမပျို (၅) ဦးတို့၏ အသံကို ကြားရသောကြောင့် ကာမရာဂဖြင့် တပ်မက်မောမိ၍ ထိုရဟန်းငယ်သည် ဈာန်လျှောခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၅၀)
ပဉ္စင်္ဂုလိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်နှစ်ကမ္ဘာအထက်၌ ရနံ့မွှေးကြိုင်သော ပန်းကို ယူ၍ တိဿဘုရားရှင်အား လှူဒါန်းခဲ့သည့်အပြင် ဘုရားရှင်၌ လက်ငါးချောင်းဖြင့် နံ့သာလိမ်းကျံပေးခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး မလားရောက်ခဲ့ရဘဲ လွန်ခဲ့သော ခုနစ်ဆယ့်နှစ်ကမ္ဘာအထက်၌ သယမ္ပဘ မည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ နောက်ဆုံး ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၀၆)
ပဉ္စဒီပကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကမ္ဘာတစ်သိန်းအထက်ပုံ၊ ဘုရားရှင်၏ တရားတော်ကို ယုံကြည်သော ဥပါသကာတစ်ဦး ဖြစ်ခဲ့ပုံ၊ ပဒုမုတ္တရဘုရားရှင်၏ ထင်းရှူးဗောဓိပင်ကို ခြံရံ၍ ဆီမီးအလှူကို ပေးလှူခဲ့သောကြောင့် လူ့ဘဝ နတ်ဘဝတို့၌ ကောင်းကင်၌ ဆီမီးအရောင်ကို ဆောင်ခဲ့ပုံ နံရံ၊ ကျောက်တောင်၊ မြေတောင်တို့ကို ကျော်လွန်၍ ထက်ဝန်းကျင် ယူဇနာ တစ်ရာတိုင်တိုင် မြင်နိုင်စွမ်းရှိပုံ၊ လွန်ခဲ့သော သုံးထောင့်လေးရာကမ္ဘာအထက်၌ သတစက္ခုအမည်ရှိသော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၁၉)
ပဉ္စဒီပဒါယိကာထေရီဝတ္ထု
ဤဝတ္ထု၌ ပဉ္စဒီပဒါယိကာထေရီလောင်း အမျိုးကောင်းသမီးသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ လကွယ်နေ့ည၌ ဗောဓိပင်ရင်း၌ ထိုင်ကာ ‘‘ဘုရားရှင်သည် အကယ်၍ မနှိုင်းယှဉ်အပ်သော ဂုဏ်များနှင့် ပြည့်စုံပြီး အတုမရှိသောပုဂ္ဂိုလ် ဖြစ်ပါက ဤဗောဓိပင်သည် တန်ခိုးပြာဋိဟာ ပြပါစေ’’ဟု အဓိဋ္ဌာန်ပုံ၊ အဓိဋ္ဌာန်ပြုသည်နှင့် တစ်ပြိုင်နက် ဗောဓိပင်သည် ထွန်းလင်းတောက်ပကာ တန်ခိုးပြသဖြင့် အမျိုးသမီးက ဆီမီးတိုင်ငါးတိုင်တို့ဖြင့် ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် တာဝတိံသာနတ်ပြည်၌ ယူဇနာခြောက်ဆယ်မြင့်သော ပဉ္စဒီပဗိမာန်၌ ဖြစ်ခဲ့ပုံ၊ စကြာမင်း၏မိဖုရား အကြိမ်များစွာ ဖြစ်ခဲ့ရပြီး ဤဘုရားရှင်၏ လက်ထက်တော်၌ ခုနစ်နှစ်သမီးအရွယ်ဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၀၄)
ပဉ္စဒီပိကာထေရီဝတ္ထု
ဤဝတ္ထု၌ ထေရီလောင်းလျာသည် ပဒုမုတ္တရဘုရားရှင်၏ ဗောဓိပင်မှ တန်ခိုးပြာဋိဟာ ပြသည်ကို ကြည်ညို၍ မီးတိုင်(၅)တိုင် ထွန်းညှိပူဇော်ကာ (၇)ရက်လုံးလုံး ပူဇော်ခဲ့သည့် ကုသိုလ်ကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပြီး၊ ဤဘုရားရှင်လက်ထက်တော်၌ အာဠဝီပြည် အာဠဝိကမင်းကြီး၏ သမီး သေလာအမည်ရှိသော မင်းသမီး ဖြစ်ခဲ့ပုံ၊ အာဠဝကဘီလူးကို ဆုံးမနှိမ်နင်းသည့် အောင်ပွဲအပြီးတွင် ဘုရားရှင်အား ကြည်ညို၍ ဘိက္ခုနီပြုကာ ဝိပဿနာရှုပွားသဖြင့် ခုနစ်နှစ်သမီးအရွယ်ကပင် ရဟန္တာ ဖြစ်ခဲ့ပုံ၊ ရှေးဘဝက ဆီမီးတိုင် (၅)တိုင် လှူခဲ့သဖြင့် ပဉ္စဒီပဒါယိကာထေရီ ဟူ၍လည်းကောင်း (ထေရီ၊ အပ၊ ဒီ၊ ၈၆) အာဠဝီမင်းကြီး၏သမီးတော် ဖြစ်၍ အာဠဝိကာထေရီဟူ၍လည်းကောင်း (ထေရီ၊ဋ္ဌ၊ ၆၄) ခေါ်ဝေါ်ကြပုံ စသော အကြောင်းအရာများပါဝင်သည်။ (အပ၊၂၊၁၉၅) (ထေရီ၊ဒီ၊၆၁)
ပဉ္စပဏ္ဍိတဇာတက
ဤဇာတ်တော်သည် မဟာဥမင်္ဂဇာတ်၌ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၄၇၈)
ပဉ္စပတိကာကဏှာဒေဝီဇာတက
ဤဇာတ်တော်၌ ဗြဟ္မဒတ်မည်သော ကာသိမင်းတစ်ပါးသည် ကောသလနိုင်ငံကို တိုက်ခိုက်သိမ်းယူပြီး ဘုရင်ကို သတ်ကာ ကိုယ်ဝန်ရှိသော မိဖုရားကို သိမ်းယူခဲ့ပုံ၊ နောင်အခါ သမီးတော်တစ်ဦး မွေးဖွားခဲ့သဖြင့် ဘုရင်ကြီးက ဆုပေးခဲ့ပုံ၊ ထိုသမီးတော်ကို ကဏှာဒေဝီဟု အမည်ပေးခဲ့ပြီး ဆုအဖြစ် မိမိနှစ်သက်သူကို လက်ထပ်နိုင်ခွင့် ပေးခဲ့ပုံ၊ ၁၆ - နှစ်အရွယ် ရောက်သောအခါ နန်းရင်ပြင်၌ ပန်းကုံးစွပ်ပွဲ ဆင်နွှဲချိန်တွင် ပဏ္ဍုမင်းမျိုးမှ အဇ္ဇုန, နကုလ, ဘီမသေန, ယုဓိဋ္ဌိလ, သဟဒေဝိ မင်းသားညီနောင်ငါးဦးတို့ကို နှစ်သက်သဖြင့် ငါးဦးစလုံးကို ပန်းကုံးစွပ် ရွေးချယ်ခဲ့ပုံ၊ ကဏှာဒေဝီသည် ဘုံခုနစ်ဆင့်ပြာသာဒ်တွင် ထိုမင်းသားငါးဦးနှင့် ကာမဂုဏ်စည်းစိမ် ခံစားနေရသော်လည်း မတင်းတိမ်နိုင်ဘဲ မင်းသားတို့၏ အလုပ်အကျွေး ခါးကုန်းငဆွံ့နှင့်ပါ ဖောက်ပြားပုံ၊ ထိုအကြောင်းကို မင်းသားတို့ သိ၍ မိန်းမဟူသည် ယုတ်မာလှပေ၏ဟု ဆိုကာ တောထွက်၍ ရသေ့ရဟန်းပြုခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၄၅၆)
ပဉ္စပါပီဇာတက
ဤဇာတ်တော်၌ ဗာရာဏသီပြည်၌ ဗကမည်သောမင်းကြီး မင်းပြုစဉ် အတိတ်ဘဝက ပစ္စေကဗုဒ္ဓါတစ်ပါးအား စိတ်ဆိုးပြီး နောက်မှ ကြည်ညိုစိတ်ဖြင့် မြေကြီးခဲများ လှူခဲ့သော ကုသိုလ်ကြောင့် ဤဘဝ၌ အဆင်းမလှ အရုပ်ဆိုးအကျည်းတန်သလောက် ခန္ဓာကိုယ်အတွေ့အထိ အလွန်ကောင်းမွန်သော ပဉ္စပါပီအမည်ရှိသော အမျိုးသမီး သူဆင်းရဲမတစ်ဦး ဖြစ်ခဲ့ပုံ၊ မင်းကြီးသည် မထင်ရှားသောအသွင်ဖြင့် တိုင်းခန်းလှည့်လည်စဉ် ပဉ္စပါပီ၏လက်ကို အမှတ်မထင် ကိုင်ဆွဲမိပုံ၊ အတွေ့အထိကောင်းလွန်းလှသဖြင့် မခွာရက်နိုင်ဖြစ်ကာ လက်ထပ်၍ ပေါင်းသင်းနေခဲ့ပုံ၊ ပဉ္စပါပီ ဖခင်အတွက် နို့ဃနာပို့ သွားရာ ဘုရင့်ပတ္တမြားဆံထိုးကို ထည့်ပေးပြီး ခိုးသူအဖြစ် ဖမ်းပုံ၊ ပဉ္စပါပီက သူ့ယောကျ်ားကို ညမှာသာ လာ၍ မမှတ်မိပါ၊ လက်ကို စမ်းကြည့်ကသိပါသည်ဟုဆို၍ နန်းရင်ပြင်ဝယ် ကန့်လန့်ကာတွင်းထား၍ ယောကျ်ားတိုင်း လက်ကို အစမ်းခံကြရာမှ နတ်သမီးတစ်မျှ ကောင်းမွန်လှသည့် အတွေ့အထိကို သိကြပုံ၊ ဘုရင်က မိဖုရားခေါင်ကြီးမြှောက်ပုံ၊ ဘုရင်ကြီးသည် ပဉ္စပါပီနှင့်သာ ပျော်မြူးနေသဖြင့် အခြားမိဖုရားတို့သည် မနာလိုကြပုံ၊ ပုဏ္ဏားတို့နှင့် တိုင်ပင်စီစဉ်ပြီး ကုန်းတိုက်သောကြောင့် ရေတွင်မျှောရာ အခြားမင်းတစ်ပါးက သိမ်းပိုက်ပုံ၊ မင်းနှစ်ပါးတို့ မခွဲနိုင် မခွာရက် (၇)ရက် တစ်လှည့်စီ ပေါင်းသင်းဆက်ဆံနေပုံ၊ မင်းနှစ်ပါးတို့ (၇)ရက်စေ့၍ အပြောင်းတွင် လှေတော်ပေါ်၌ လှေသမားခါးကုန်းအဖိုးအို တံငါသည်ကြီးနှင့် ပဉ္စပါပီတို့ ဖောက်ပြန်ပုံ၊ ဤမျှအထိ ကာမဂုဏ်ခံစားရသော်လည်း မိန်းမတို့သည် အားမရနိုင်ကြောင်း၊ အကျင့်ဖောက်ပြန် ယုတ်မာကြောင်းကို ကုဏာလငှက်မင်း ဟောပြခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၄၇၅)
ပဉ္စပုညဝန္တပုဂ္ဂလဝတ္ထု
ဤဝတ္ထု၌ မေဏ္ဍကသူဌေးစသော ဘုန်းကံကြီးမားသူငါးဦးတို့ ပေါ်ပေါက်ခဲ့ပုံ၊ မေဏ္ဍက သူဌေးကြီးသည် တစ်ထောင့်နှစ်ရာ့ငါးဆယ်သော ကျီတို့ကို သုတ်သင်ရှင်းလင်းစေပြီး ကောင်းကင်သို့ မော့ကြည့်ရုံဖြင့် သလေးစပါးတို့ဖြင့် ကျီများ ပြည့်သွားပုံ၊ မေဏ္ဍကသူဌေးကြီး၏ ဇနီး စန္ဒပဒုမာသည် တစ်ကွမ်းစားချက်မျှလောက်သော ထမင်းဟင်းလျာတို့ဖြင့် တစ်နေကုန် လှူဒါန်းသော်လည်း မကုန်ခန်းနိုင်ပုံ၊ မေဏ္ဍကသူဌေးကြီး၏သားသည် အသပြာတစ်ထောင်ဆံ့သော အိတ်ဖြင့် လာလာသမျှသောသူတို့အား တစ်နေကုန် လှူဒါန်းသော်လည်း မကုန်ခန်းနိုင်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပဋိသံ၊ဋ္ဌ၊၂၊၃၀၁)
ပဉ္စပုတ္တခါဒကပေတိဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့အနီး ရွာတစ်ရွာရှိ သူကြွယ်တစ်ဦး၏ ဇနီးသည် အမြုံမဖြစ်သဖြင့် သူကြွယ်က အခြားအမျိုးသမီးတစ်ယောက်ကို ယူလေရာ ကိုယ်ဝန်ရှိလေလျှင် မနာလိုစိတ်ဖြင့် ကိုယ်ဝန်ပျက်အောင် ပြုလုပ်ခဲ့ပုံ၊ စစ်ဆေးမေးမြန်းသောအခါ ထိုသူကြွယ်၏ အမြုံမဇနီးက ကိုယ်ဝန်ပျက်အောင် မပြုလုပ်ရကြောင်း, အကယ်၍ ပြုလုပ်မိလျှင် ‘‘သားငါးယောက်မွေး၍ ကိုယ့်သားများကို ကိုယ်ပြန်စားရသူ ဖြစ်ပါစေ’’ဟု မဟုတ်မမှန် လုပ်ကြံလည်ဆယ်၍ ကျိန်ဆိုခဲ့ပုံ၊ အမြုံမ ကွယ်လွန်သောအခါ နေ့တိုင်းနေ့တိုင်း ကိုယ့်သားကိုယ်သတ်၍ စားရသော အပုပ်နံ့လှောင်နေသည့် ပြိတ္တာမ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၃၀) (ပေတ၊ဋ္ဌ၊၂၉)
ပဉ္စဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်ငါးပါးတို့သည် စက္ခုစသော ဒွါရငါးပါးကို တစ်ခုစီ အသီးသီးထိန်းသိမ်းစောင့်ရှောက်ကြပုံ၊ အချင်းချင်းဆုံမိသောအခါ ‘‘ငါသည် စောင့်ရှောက်ရန် အခက်ဆုံးဒွါရကို စောင်ရှောက်၏’’ဟု ဆိုကာ ငြင်းခုံကြပုံ၊ ဘုရားရှင်ထံ အဆုံးအဖြတ်ခံရန် သွားကြရာ ဘုရားရှင်က ဒွါရငါးမျိုးလုံးကို မစောင့်စည်းသည့်အတွက် ရှေးကလည်း သင်တို့ငါးဦးစလုံး အသက်ဆုံးရကြောင်း ညွှန်ပြ၍ ဆုံးမပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၈၂)
ပဉ္စမဟလ္လကတ္ထေရဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိပြည်သား သူကြွယ်များသည် အသက်ကြီးသောအခါ လူ့ဘဝကို စွန့်၍ ရဟန်းပြုလာကြပြီး ဇေတဝန်ကျောင်းတိုက်၏ အစွန်တွင် စုပေါင်းနေထိုင်ကြကာ လူ့ဘဝတုန်းက မိမိတို့အိမ်များသို့ ဆွမ်းစားကြွလေ့ရှိပုံ၊ အချက်အပြုတ်ကောင်းသော ဒကာမကြီးတစ်ဦး ကွယ်လွန်သဖြင့် စုပေါင်းငိုကျွေးနေကြပုံ စသော အကြောင်းအရာများပါဝင် သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၆၄)
ပဉ္စရာဇဝတ္ထု
ဤဝတ္ထု၌ ပသေနဒီကောသလမင်း အမှူးပြုသော မင်းငါးပါးတို့သည် ငါးဖြာအာရုံ ကာမဂုဏ်တို့တွင် မည်သည့် အာရုံသည် အကောင်းမွန်ဆုံးဖြစ်ကြောင်း အချင်းချင်း ဆွေးနွေးနေကြပုံ၊ ဘုရားရှင်ထံ ထိုအကြောင်းကို သွားရောက်၍ တင်ပြလျှောက်ထားကြရာ ဘုရားရှင်က မိမိတို့၏ စိတ်အလိုအကြိုက်နှင့် ကိုက်ညီသော အာရုံသည်သာလျှင် မိမိအတွက် အသာဆုံး အမြတ်ဆုံးဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းဟောကြားပုံ၊ စန္ဒနင်္ဂလိက ဥပါသကာက မိမိ၏အယူအဆကို ဝင်ရောက်လျှောက်ထားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၇၉) (သံ၊ဋ္ဌ၊၁၊၁၃၈) (သံ၊ဋီ၊၁၊၁၈၃)
ပဉ္စဝဂ္ဂိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဘုရားအလောင်း ဖွားမြင်သောအခါ မယ်တော်မာယာ အိပ်မက် မြင်မက်သောအခါ စသည်တို့၌ လက္ခဏာ ဖတ်တတ်သည့် ရာမ၊ ဓဇ၊ လက္ခဏ စသည့် ပုဏ္ဏားရှစ်ယောက် သုဒ္ဓေါဒနမင်းကြီးထံတွင် ရှိပုံ၊ ထိုရှစ်ယောက်တို့တွင် ပုဏ္ဏားသုံးယောက်တို့က ဘုရားလောင်းအား လူ့ဘောင်၌ နေလျှင် စကြာမင်းဖြစ်မည်၊ ရဟန်းဝတ်လျှင် ဘုရား ဖြစ်မည်ဟု နှစ်မျိုးဟောကြပုံ၊ ကောဏ္ဍညစသော ကျန်ပုဏ္ဏား ငါးယောက်တို့က ဘုရားလောင်းသည် လူ့ဘောင်၌ မနေဘဲ ဧကန်စင်စစ် ဘုရားဖြစ်မည်ဟု ဟောကြပုံ၊ ထိုပုဏ္ဏားငါးယောက်တို့သည် ‘‘အသက်အရွယ် ကြီးလာလျှင် သားသမီးဇနီးမယားသံယောဇဉ်ကို ဖြတ်ရန် ခဲယဉ်းသည်’’ဟု ကြံစည်ကာ ဘုရားရှင်ကို စောင့်မျှော်လျက် ငယ်ငယ်ရွယ်ရွယ်ဖြင့် ရဟန်းပြုခဲ့ကြပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သာရတ္ထ၊ဋီ၊၃၊၁၆၁)
ပဉ္စဝဂ္ဂိယဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် သဟမ္ပတိဗြဟ္မာကြီးအား တရားဟောရန် ဝန်ခံတော်မူပြီးနောက် တရားထူးရနိုင်သူကို စူးစမ်းတော်မူသောအခါ ကာလာမအနွယ် အာဠာရရသေ့နှင့် ရာမ၏သား ဥဒကရသေ့တို့ကို ဟောရန် အကြံတော်ဖြစ်သော်လည်း ကွယ်လွန်ခဲ့ကြပြီးဖြစ်၍ ပဉ္စဝဂ္ဂီတို့ကို ဟောရန် တွေ့မြင်တော်မူပုံ၊ ပဉ္စဝဂ္ဂီတို့ရှိရာ ဗာရာဏသီမြို့ ဣသိပတနမိဂဒါဝုန်သို့ ကြွတော်မူရာ လမ်းခရီးတွင် ဥပကတက္ကတွန်းနှင့် တွေ့တော်မူခဲ့ပုံ၊ ပဉ္စဝဂ္ဂီတို့က ဘုရားရှင်ကို ‘‘ကမ္မဋ္ဌာန်းကို စွန့်ပြီး ပစ္စည်းလေးပါးပေါရန် လှည့်လည်နေသူ’’ဟု အထင်မှားကြပြီး မကြိုဆိုရန် ကတိကဝတ် ပြုထားကြသော်လည်း အနီးရောက်သောအခါ ဝတ်ပြုကြိုဆိုကြပုံ၊ ဘုရားရှင်၏ သာသနာတော်တွင် ပထမဆုံး တရားဦးဖြစ်သော ဓမ္မစကြာသုတ်တော်ကို ဟောပြရာ အရှင်ကောဏ္ဍည သောတာပန်အရိယာ ဖြစ်ပုံ၊ သဗ္ဗညုဘုရားဖြစ်ကြောင်း နတ်ဗြဟ္မာတို့အလယ်တွင် ဝန်ခံတော်မူခဲ့ပုံ၊ ပဉ္စဝဂ္ဂီ ငါးဦးလုံး သောတာပန်ဖြစ်ပြီးနောက် အနတ္တလက္ခဏသုတ်တော်ကို ဟောတော်မူရာ အားလုံး ရဟန္တာ ဖြစ်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၀)
ပဉ္စသတဒါရကဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် မထေရ်ကြီးအပါး (၈၀)အပါအဝင် ရဟန်းငါးရာနှင့်အတူ ရာဇဂြိုဟ်မြို့သို့ ဆွမ်းခံဝင်တော်မူစဉ် လူငယ်ငါးရာတို့သည် ပွဲလမ်းသဘင်ကျင်းပရန် မုန့်တောင်းကြီးများကို မ၍ ထွက်လာကြပုံ၊ ဘုရားရှင်နှင့် သံဃာတော်တို့အား တွေ့ပါသော်လည်း မလှူဒါန်းဘဲ အရှင်မဟာကဿပမထေရ်မြတ်ကိုသာ မုန့်အားလုံး လှူခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၈၇)
ပဉ္စသတဘိက္ခုဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားရှင်သည် ဝါတွင်း(၃)လပတ်လုံး တာဝတိံသာ၌ အဘိဓမ္မာတရား ဟောတော်မူစဉ် မြောက်ကျွန်းသို့ ဆွမ်းခံကြွ၍ ဆွမ်းအာဟာရ မျှတတော်မူပုံ၊ တရားစစ်သူကြီး အရှင်သာရိပုတ္တရာအား အကျဉ်းအားဖြင့် အဘိဓမ္မာတရား ဟောကြားတော်မူပုံ၊ ကဿပဘုရားရှင်လက်ထက်တော်၌ အဘိဓမ္မာရွတ်ပွားသံကို ကြားနာရင်း စုတေခဲ့ကြကုန်သော လင်းနို့ငါးရာတို့သည် ဤဂေါတမဘုရားရှင်လက်ထက်တော်၌ လူ့ဘဝကိုရလာပြီး ရဟန်းပြုလာကြပုံ၊ ထိုရဟန်းတို့အား အဘိဓမ္မာတရားကို အရှင်သာရိပုတ္တရာက ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၁၇)
ပဉ္စသတဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဟိမဝန္တာတောနှင့် တစပ်တည်းရှိသော တောအုပ်တစ်ခု၌ တရားအားထုတ်နေသော ရဟန်းတို့အား တောစောင့်နတ်တို့က ခြောက်လှန့်သဖြင့် ဘုရားရှင်က မေတ္တာသုတ်တော်ကို အရံအတားဖြစ်စေရန်နှင့် မဂ်ဖိုလ်ရစေရန် ဟောကြားတော်မူခဲ့ပုံစသော အကြောင်းအရာများ ပါဝင် သည်။ (ခုဒ္ဒက၊ဋ္ဌ၊၁၉၈) (ဓမ္မ၊ဋ္ဌ၊၁၊၁၉၉)
ပဉ္စသတဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်နှင့်အတူ ဒေသစာရီလှည့်လည်ရာမှ ပြန်ရောက်လာသော ရဟန်းတို့သည် မိမိတို့ သွားခဲ့သော လမ်းခရီးကြောင်း ကောင်းမကောင်း ပြောဆိုနေကြရာ ဘုရားရှင် ကြွလာတော်မူပြီး ရဟန်းဟူသည် ပြင်ပလမ်းကြောင်းထက် နိဗ္ဗာန်ရောက်ကြောင်း အရိယာမဂ်လမ်းကောင်းအောင်သာ ဆောင်ရွက်ရမည်ဟု ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၅၃)
ပဉ္စသတဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ငါးရာသောရဟန်းတို့သည် ဘုရားရှင်ထံမှ ကမ္မဋ္ဌာန်းတရား သင်ယူပြီး တရားအားထုတ်နေကြစဉ် နံနက်စောစောပွင့်လာသော မုလေးပန်းတို့သည် ညနေချမ်းအခါ အညှာမှ ကျွတ်လွတ်ကြွေကျကုန်သည်ကို မြင်၍ မုလေးပန်းများ မကြွေမီ ရာဂစသော ကိလေသာတို့မှ လွတ်အောင် ကြိုးစားမည်ဟု ဆုံးဖြတ်ကြပုံ၊ မုလေးပန်းတို့၏ ဖြစ်ပျက်ပုံကို ရှုမြင်ဆင်ခြင်ကာ တရားအားထုတ်ကြသော ရဟန်းငါးရာကို မြတ်စွာဘုရား ချီးကျူးတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၇၇)
ပဉ္စသတဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ဝေရဉ္ဇာပြည်၌ ဝါကပ်စဉ် ဒုဗ္ဘိက္ခန္တရကပ်နှင့် ကြုံနေသဖြင့် မြင်းကုန်သည်တို့ ဆက်ကပ်လှူဒါန်းသည့် တစ်ကွမ်းစားမျှသော မုယောဆန်ကြမ်းကို ဘုဉ်းပေးတော်မူရပုံ၊ ဘုရားရှင်နှင့် အတူလိုက်ပါလာသည့် ရဟန်းတော်ငါးရာတို့သည်လည်း ညည်းညူမှုမရှိဘဲ အလိုဆိုးကို စွန့်လွှတ်ကာ သီတင်းသုံးနေကြပုံ၊ သီတင်းဝါလ ကျွတ်သဖြင့် ဇေတဝန်ကျောင်းတော်သို့ ပြန်ရောက်သောအခါ မွန်မြတ်သော ဆွမ်းဘောဇဉ်များကို ဘုဉ်းပေးရသော်လည်း ဖောက်ပြန်မှုမရှိဘဲ ငြိမ်းအေးစွာ တရားအားထုတ်လျက် သီတင်းသုံးနေထိုင်ကြပုံ၊ ရဟန်းငါးရာတို့၏ စားကြွင်းစားကျန်များကို စားသောက်ကြသူ ငါးရာတို့သည်ကား အစားကောင်း အသောက်ကောင်းများကို စားသောက်ရသဖြင့် မြူးတူးပျော်ပါးကုန်လျက် ဖောက်ပြန်ပျက်စီးကြသောကြောင့် ဘုရားရှင်က အတိတ်ဇာတ်ကြောင်းဆောင်၍ ဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၇၅)
ပဉ္စသတမတ္တာထေရီဝတ္ထု
ဤဝတ္ထု၌ အိမ်ထောင်ရှင် အမျိုးသမီးငါးရာတို့သည် သားယောက်ျားအသီးသီး မွေးဖွားကြ၍ ထိုသားတို့ ကွယ်လွန်သွားကြသဖြင့် ပူဆွေးသောကဖြစ်ကာ ပဋါစာရာထေရီထံ ရောက်လာကြပုံ၊ ပဋါစာရာထေရီက သောကငြိမ်းကြောင်း တရားဟောရာ အားလုံး ဘိက္ခုနီ ပြုကြပုံ၊ ဝိပဿနာတရား ပွားများကြသဖြင့် ရဟန္တာ ဖြစ်ခဲ့ကြပုံစသော အကြောင်း အရာများပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၁၂၆)
ပဉ္စသတမိဂလုဒ္ဒကဝတ္ထု
ဤဝတ္ထု၌ ရဟန်းငါးရာတို့သည် ရှေးဘဝက တောမုဆိုးငါးရာ ဖြစ်ကြ၍ တော၌ နေကာ သားငှက်များကို ပျော်ပျော်ပါးပါး သတ်ပြီး အသက်မွေးခဲ့သော အကုသိုလ်ကံကြောင့် ငရဲ၌ ဖြစ်ခဲ့ကြပြီး ဤဘုရားရှင့်လက်ထက်တော်၌ လူ့ဘဝကို ရလာကြပုံ၊ ရဟန်းဝတ်လာကြပြီးနောက် ဘုရားရှင်ထံမှ အသုဘကမ္မဋ္ဌာန်း နာရ၍ ခန္ဓာကိုယ်ကို စက်ဆုပ်သောကြောင့် မိဂလဏ္ဍိကကို အသတ်ခိုင်းကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၂၊၄)
ပဉ္စသတလိစ္ဆဝီရာဇပုတ္တဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ဝေသာလီမြို့တွင်းသို့ ဆွမ်းခံကြွတော်မူစဉ် သာရန္ဒဒစေတီ နတ်ကွန်း၌ လိစ္ဆဝီမင်းသားငါးရာတို့ စုဝေး ရောက်ရှိနေကြပုံ၊ ဆင်ရတနာ မြင်းရတနာ စသည့် ရတနာငါးမျိုး ဖြစ်ပေါ်ရန် ခဲယဉ်းသကဲ့သို့ ရဖို့ရန်လည်း မလွယ်ကူကြောင်း အချင်းချင်း ပြောဆိုနေကြပုံ၊ ထိုအချိန်၌ ဘုရားရှင် ကြွရောက်တော်မူလာပြီး အမှန်တကယ်ဖြစ်ပေါ်ရန် ခဲယဉ်းသည့် ရတနာငါးမျိုးကို ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၁၄၈)
ပဉ္စသတဝိပဿကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ တောမှီရဟန်းငါးရာတို့သည် တောထဲ၌ တရားကျင့်ကြစဉ် ဖြစ်ပျက်တရားများကို မဆင်ခြင် မသုံးသပ်မိသဖြင့် တရားထူးမရရှိကြပုံ ဘုရားရှင်ထံသို့ သွားရောက်၍ ကမ္မဋ္ဌာန်းတရားထူးကို တစ်ဖန်တောင်းခံကြဦးမည်ဟု ကြံ၍ ပြန်လာကြပုံ၊ ဇေတဝန်ကျောင်းတိုက် အဝင်ဝ၌ မိုးကြီးရွာသွန်းမှုနှင့် ကြုံရပြီး မိုးရေကြောင့် ရေအိုင်ငယ်အတွင်း၌ ပလုံစီ၍ထလာသော ရေမြှုပ်ရေပွက်ငယ်လေးများကို ကြည့်၍ ဝိပဿနာရှုပွားကာ တရားထူး ရခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၀၇)
ပဉ္စသတအာဂန္တုကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ကောသလတိုင်းသား ရဟန်းငါးရာတို့သည် စရိုက်အမျိုးမျိုး ကွဲပြားနေကြသည်ကို မြတ်စွာဘုရားရှင် သိတော်မူ၍ အားလုံးလိုက်နာရန်် အကုသိုလ်ကို ပယ်၍ ကုသိုလ်ကို ပွားရမည်ဟု အတိုချုပ် ဟောကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၈၀)
ပဉ္စသံသဂ္ဂဝတ္ထု
ဤဝတ္ထု၌ သီဟိုဠ်ကျွန်း ကာဠဒီဃဝါပီရွာ သူဌေးသမီးတစ်ဦးသည် ကလျာဏီကျောင်းတိုက်မှ ရဟန်းငယ်တစ်ပါးကို မြင်၍ စွဲလမ်းစိတ်ဖြစ်သဖြင့် မိဘတို့က သမီးကို ယူရန် ရဟန်းငယ်အား လျှောက်ထားကြပုံ၊ ရဟန်းငယ်က လက်မခံသောအခါ သူဌေးသမီးသည် စိတ်ထိခိုက်၍ ကွယ်လွန်ခဲ့ပုံ၊ သူမ၏အဝတ်ကို နိသီဒိုင်ချုပ်၍ လှူပုံ၊ ထိုအခါ ရဟန်းငယ်သည် ထိုနိသီဒိုင်ကို မြင်၍ စိတ်ထိခိုက်ပြီး ပျံလွန်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊ဋ္ဌ၊၁၊၁၇၃) (စူဠနိ၊ဋ္ဌ၊၁၀၂)
ပဉ္စသိခဒေဝပုတ္တဝတ္ထု
ဤဝတ္ထု၌ ပဉ္စသီခနတ်သားသည် လူ့ပြည်၌ ဖြစ်စဉ်အခါက ကလေးငယ်အရွယ်တွင် ဦးစွန်းဖုတ်(ကြက်တောင်စီး) ငါးခုထားပြီး အခြားကလေးသူငယ်များကို ခေါ်ကာ ရွာအပြင်ဘက်ရှိ လမ်းလေးခွအရပ်တို့၌ ဇရပ်ဆောက်ခြင်း၊ ရေကန်တူးခြင်း၊ လမ်းပြင်ခြင်း၊ တံတားခင်းခြင်း စသော ကုသိုလ်များကို ဦးဆောင်၍ ပြုလုပ်ခဲ့ပုံ၊ ငယ်ငယ်ရွယ်ရွယ်အချိန်၌ပင် သေဆုံးသွားပြီး စာတုမဟာရာဇ်နတ်ပြည်၌ ဦးစွန်းဖုတ်ငါးခုပါရှိသော ပဉ္စသိခနတ်သား ဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၂၄၀)
ပဉ္စသီလသမာဒနိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းအထက်၌ စန္ဒဝတီမြို့၌ သူခစား ဖြစ်ခဲ့ပုံ၊ ‘‘ဘုရားရှင်သာသနာနှင့် တွေ့သော်လည်း လှူဒါန်းစရာမရှိ၊ သီလစောင့်ရှောက်ရမူ ကောင်းလေစွ’’ဟု အကြံဖြစ်ပုံ၊ အနောမဒဿီဘုရားရှင်၏ တပည့်သာဝက နိသဘမထေရ်ထံ ချဉ်းကပ်၍ ငါးပါးသီလစောင့်ခဲ့ပုံ၊ သေခါနီးတွင် နတ်မြင်းတစ်ထောင်ကသော နတ်ရထားဆိုက်လာခဲ့ပုံ၊ သိကြားမင်းအဖြစ် အကြိမ်သုံးဆယ်၊ စကြဝတေးမင်းအဖြစ် ခုနစ်ဆယ့်ငါးကြိမ် ဖြစ်ခဲ့ရပုံ၊ ထိုဘဝမှ စ၍ အပါယ်လေးပါး မလားခဲ့ရတော့ဘဲ နောက်ဆုံး ဝေသာလီပြည်၌ အလွန်ကြွယ်ဝသော မဟာသာလမျိုး၌ ဖြစ်ကာ မွေးဖွားသည်မှ ငါးနှစ်သား အရွယ်တွင် အမိအဖတို့ ငါးပါးသီလ ဆောက်တည်ကြသောအခါ သီလကထာကို ကြားရသည်နှင့်တစ်ပြိုင်နက် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၈၄)
ပဉ္စဟတ္ထိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကမ္ဘာသုံးသောင်းအထက်၌ ကြာငါးလက်တို့ကို သုမေဓာဘုရားရှင်အား လှူဒါန်းခဲ့ပုံ၊ ကြာငါးလက်သည် ဘုရားရှင်၏ အထက်၌ အမိုးသဖွယ်ဖြစ်၍ တည်နေခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး မလားခဲ့ရဘဲ လွန််ခဲ့သော ကမ္ဘာနှစ်ထောင်အထက်၌ ဟတ္ထိယမည်သော စကြဝတေးမင်း ငါးကြိမ် ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၀၈)
ပဉ္စဥပါသကဝတ္ထု
ဤဝတ္ထု၌ ဥပါသကာသီတင်းသည်ငါးယောက်တို့သည် ငါးပါးသီလကို တစ်ယောက်လျှင် တစ်ပါးစီ ခွဲဝေစောင့်ရှောက်ကြပုံ၊ မိမိဆောက်တည်သော သိက္ခာပုဒ်သည်သာ မွန်မြတ်သည်ဟု ငြင်းခုံကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၂၆)
ပဉ္စဥပါသကဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင် တရားဟောတော်မူနေစဉ် ပရိသတ်ထဲမှ ငိုက်နေသူ၊ မြေကြီးကို လက်ဖြင့် ခြစ်နေသူ၊ သစ်ပင်ကို လှုပ်နေသူ၊ ကောင်းကင်ကို မော်ကြည့်နေသူ (၄)ယောက်တို့ကို တွေ့မြင်ရပုံ၊ အရှင်အာနန္ဒာက ထိုသူတို့၏အကြောင်းကို မြတ်စွာဘုရားအား မေးလျှောက်ရာ မြတ်စွာဘုရားက ‘‘သူတို့သည် မြွေဘဝ၊ တီဘဝ၊ မျောက်ဘဝ၊ နက္ခတ်ဆရာဘဝမှ လာကြကြောင်း’’ ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၂၉)
ပဉ္စာဗာဓဝတ္ထု
ဤဝတ္ထု၌ မဂဓတိုင်း၌ နူနာ၊ အိုင်းအမာနာ၊ ယားနာ၊ ချောင်းဆိုးသွေးပါနာ၊ ရူးသွပ်သောအနာဟူသော အနာကြီးငါးပါး အဖြစ်များနေရာ လူတို့သည် ဆရာဇီဝကထံ အကုသခံရန် သွားကြသော်လည်း ဘုရင်နှင့်ဘုရားအမှူးရှိသော သံဃာတော်တို့အား ကုသပေးနေရသဖြင့် မကုသနိုင်ကြောင်း ပြောသောကြောင့် အနာကြီးရောဂါသည်တို့ သာသနာတော်သို့ ဝင်ရောက်လာကြပုံ၊ အနာရောဂါပျောက်သော် လူပြန်ထွက်ကြသဖြင့် ဆရာဇီဝကက လျှောက်ထားသောကြောင့် ဘုရားရှင်က အနာကြီးငါးမျိုးရှိသူအား ရဟန်းခံမပေးရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်း အရာများပါဝင်သည်။ (ဝိ၊၃၊၁၀၁)
ပဉ္စာလစဏ္ဍဇာတက
ဤဇာတ်တော်၌ ကောသလမင်းသည် ဗာရာဏသီပြည်ကို တိုက်ခိုက်သိမ်းယူပြီး မင်းကို သတ်ကာ ကိုယ်ဝန်ရှိနေသော မိဖုရားကြီးကို မိဖုရားမြှောက်ပုံ၊ သားတော်လေး မွေးဖွားလာသောအခါ ထိုသားလေးကို ခမည်းတော်အမွေအဖြစ် ဗာရာဏသီပြည်ကို ပေးအပ်ပုံ၊ မယ်တော်မိဖုရားကြီးသည် သားတော်အထံ လာသောအခါ ပဉ္စာလစဏ္ဍပုဏ္ဏားလုလင်နှင့် တွေ့၍ ဖောက်ပြန်ပုံ၊ မကြာမကြာ ‘‘သားတော်ထံ လာသည်’’ဟု အကြောင်းပြကာ ထိုလုလင်နှင့် ဖောက်ပြန်သဖြင့် အားလုံးသိကာ အရှက်ရကြပုံ၊ မိန်းမဟူသည် အကျင့်စာရိတ္တမကောင်း၊ လိမ်ညာလှည့်လည်တတ်သူများ ဖြစ်ကြောင်း ကုဏာလငှက်မင်းက ဟောပြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၄၆၀)
ပဉ္စာဝုဓဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းပဉ္စာဝုဓမင်းသားသည် အလွန်တရာကြီးမားသော ဘီလူးကြီးနှင့် ယှဉ်ပြိုင်ကာ ရင်ဆိုင်တိုက်ခိုက်ခဲ့ပုံ၊ လက်နက်များ ကုန်သွားပြီး မိမိ၏ ခန္ဓာကိုယ်တစ်ခုလုံး ဘီလူးကြီးလက်ထဲ ရောက်ရှိနေသော်လည်း ရဲစွမ်းသတ္တိနှင့် လုံ့လဝီရိယကို မလျော့ဘဲ စကားဖြင့် တိုက်ပွဲဆင်ပုံ၊ ဘီလူးကြီးသည် ဘုရားလောင်း၏ ရဲရင့်သော တိုက်ခိုက်မှုနှင့် ရဲဝံ့စွာ ပြောကြားချက်များကို ယုံကြည်ကာ ပြန်လွှတ်လိုက်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၉၀)
ပဉ္စုပေါသထဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် ပုဏ္ဏားသူဌေးမျိုး၌ ဖြစ်ပြီး အရွယ်ရောက်သောအခါ တောထွက်၍ ရသေ့ရဟန်းပြုခဲ့ပုံ၊ ရသေ့၏ ကျောင်းသင်္ခမ်းအနီး၌ ခိုငှက်၊ မြေခွေး၊ မြွေ၊ ဝံ၊ သတ္တဝါလေးကောင်တို့ နေထိုင်ကြ၍ ဘုရားလောင်းရသေ့ထံ တရားနာယူလေ့ ရှိကြပုံ၊ ထိုသတ္တဝါလေးဦးတို့သည် ဘေးဒုက္ခအမျိုးမျိုး ကြုံတွေ့ရသဖြင့် ရာဂ၊ ဒေါသ စသည်တို့ကို နှိပ်ကွပ်ရန် ဥပုသ်လာစောင့်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၃၂၅)
ပညာသဂိဟိသဟာယကဝတ္ထု
ဤဝတ္ထု၌ ယသသတို့သား ရဟန်းပြုသွားကြောင်း ကြားရသောအခါ ငယ်သူငယ်ချင်းငါးဆယ်တို့သည် ‘‘ယသ ရဟန်းပြုသွားသော သာသနာတော်သည် အမှန်ပင် မြင့်မြတ်ရမည်’’ဟု ဆုံးဖြတ်ကြပြီး သာသနာတော်သို့ ဝင်ရောက်ကာ ရဟန်းပြုကြသဖြင့် ရဟန္တာ ဖြစ်ကြပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဝိ၊၃၊၂၆)
ပဋင်္ဂပါဏကဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ မှောင်နေသော လွင်ပြင်တွင် ထိုင်နေတော်မူစဉ် ဆီမီးတိုင်တို့ကို ထွန်းညှိထားကြပုံ၊ ထိုမီးတိုင်များသို့ ပိုးဖလံကောင်လေးများ ရောက်လာကြပြီး မီးလျှံရောင်ကို ရွှေရောင်သဖွယ် မှတ်ထင်၍ ဝင်ရောက် တိုးဝင်ကြပုံ၊ ထိုပိုးဖလံတို့ သေပွဲဝင်ကြရပုံ၊ ဘုရားရှင်က ထိုအဖြစ်ကို ကြည့်တော်မူ၍ မိစ္ဆာဒိဋ္ဌိတို့သည်လည်း မီးဆယ့်တစ်မီး တောက်လောင်နေသော ဘဝသုံးပါး မီးပုံကြီးထဲသို့ အထင်လွဲ အယူလွဲ၍ ပြေးဝင်နေကြသည်ဟု ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၃၂၂)
ပဋာစာရာထေရီဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့သူ သူဌေးသမီး ပဋာစာရာသည် ကျွန်တစ်ယောက်နှင့် ချစ်ကြိုက်လိုက်ပြေးပြီး သားနှစ်ယောက် မွေးဖွားပြီးနောက် မိဘအိမ် ပြန်လာပုံ၊ လမ်းခရီးတွင် သားငယ်စွန်ချီ၊ သားကြီး ရေနစ်၊ လင်ကို မြွေကိုက်ခြင်းနှင့် တွေ့ကြုံရပုံ၊ မိဘများရှိရာသို့ ရောက်သောအခါ မိဘနှင့်မောင်တို့ တိုက်ပိ၍ သေဆုံးကြောင်း ကြားသိသဖြင့် အရူးမဘဝ ရောက်ခဲ့ရပုံ၊ ဘုရားရှင်နှင့် တွေ့၍ ရဟန္တာဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၃၆) (အံ၊ဋ္ဌ၊၁၊၂၇၅) (ဓမ္မ၊ဋ္ဌ၊၁၊၄၃၇) (ထေရီ၊ဋ္ဌ၊၁၁၁) (ထေရီ၊ဒီ၊၁၉၃)
ပဋာစာရာဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားရှင်သည် ပဋာစာရာအား ‘‘သားအစရှိသော သူတို့သည် တမလွန်လောကသို့ သွားသောသူအတွက် ကိုးကွယ်လဲလျောင်း ပုန်းအောင်းရာ မဖြစ်ကုန်၊ ထို့ကြောင့် သားနှင့်လင်တို့ သက်ရှိထင်ရှားရှိသော်လည်း မရှိသကဲ့သို့ ဖြစ်ကုန်၏။ ပညာရှိသူမည်သည် သီလကို စောင့်ထိန်း၍ နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းကို သုတ်သင်သင့်ပေ၏‘‘ဟု ဟောပြတော်မူပုံ၊ ပဋာစာရာ သောတာပန်တည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၇၁)
ပဋိဂ္ဂဟဝတ္ထု
ဤဝတ္ထု၌ ရဟန်းတို့သည် စားကြွင်းစားကျန် ဟင်းအရိုးများ၊ လက်ဆေးရေများကို သပိတ်နှင့် ဆောင်ယူကြရာ လူတို့က ဤရဟန်းတို့အတွက် မိမိတို့၏ စားရာခွက်သည်ပင် စွန့်စရာထည့်သည့် ထွေးခံခွက် ဖြစ်နေ၏ဟု ကဲ့ရဲ့ကြသဖြင့် ဘုရားရှင်က ထိုစားကြွင်းစားကျန်တို့ကို သပိတ်ထဲ ထည့်မထားရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၅၁)
ပဋ္ဋိပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင် ပရိနိဗ္ဗာန်စံဝင်၍ အလောင်းတော်ကို ပင့်ဆောင်လာစဉ် ကြပိုင်ပွင့်ဖြင့် ပူဇော်ခဲ့သော ကုသိုလ်ကြောင့် ဘဝအဆက်ဆက် ဒုဂ္ဂတိဘဝ မလားရောက်ရပုံ၊ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သြည်။ (အပ၊၂၊၃၇)
ပဏ္ဍကဝတ္ထု
ဤဝတ္ထု၌ ပဏ္ဍုက်တစ်ယောက်သည် ရဟန်းဝတ်လာပြီး ရဟန်းငယ်များကို သူနှင့် အကျင့်ဖောက်ပြား ပျော်ပါးရန် မြှူဆွယ်ခဲ့ပုံ၊ ရဟန်းငယ်တို့က မာန်မဲလွှတ်ပုံ၊ ထိုအခါ ပဏ္ဍုက်သည် ဆူဖြိုးသော သာမဏေကြီးများကို သွေးဆောင်ဖြားယောင်းပြီး ပျော်ပါးရန် မြှူဆွယ်သော်လည်း မာန်မဲခံရပြန်ပုံ၊ ထို့နောက် ပဏ္ဍုက်သည် ဆင်ထိန်းမြင်းထိန်းတို့နှင့် ဖောက်ပြားပျော်ပါးပုံ၊ ဘုရားရှင် သိတော်မူ၍ ‘‘ပဏ္ဍုက်ကို ရဟန်းခံမပေးရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၁၉)
ပဏ္ဍရနာဂရာဇဇာတက
ဤဇာတ်တော်၌ ဗာရာဏသီပြည်သား ကုန်သည်ငါးရာတို့သည် လှေသင်္ဘောဖြင့် သမုဒ္ဒရာတစ်ဘက်ကမ်းသို့ ကုန်ရောင်းကုန်ဝယ်သွားကြစဉ် သင်္ဘောပျက်ပြီး ကုန်သည်တစ်ယောက်သာ အသက်ရှင်လျက် ကရမ္ပိယမည်သော သင်္ဘောဆိပ်သို့ ရောက်ခဲ့ပုံ၊ ကုန်သည်ယောကျ်ားသည် အဝတ်မပါဘဲ ထမင်းတောင်းစားစဉ် လူအများက ‘‘အလိုနည်းသော ရဟန်း’’ဟု ချီးမွမ်းကာ ပူဇော်သက္ကာရ ပြုကြသဖြင့် ‘‘ကရမ္ပိယ အစေလ’’ဟု ထင်ရှားကျော်ကြားပုံ၊ ကရမ္ပိယ အစေလ တက္ကတွန်းထံသို့ နဂါးမင်းနှင့် ဂဠုန်မင်းတို့ ချဉ်းကပ်ခစားစဉ် ဂဠုန်မင်းက နဂါးတို့၏ လျှို့ဝှက်ချက်ကို သိလိုသဖြင့် ကရမ္ပိယတက္ကတွန်းအား စုံစမ်းခိုင်းပုံ၊ တက္ကတွန်းက မည်သူ့ကိုမျှ မပြောပါဟု ဝန်ခံကတိပြုပြီး နဂါးတို့၏ လျှို့ဝှက်ချက်ကို မရမက မေးသဖြင့် နဂါးမင်းက ပြောပြသောအခါ ဂဠုန်မင်းအား တစ်ဖန်ပြန်ပြောပုံ၊ ထို့နောက် နဂါးမင်းကို ဂဠုန်မင်းက သုတ်ချီသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၇၈)
ပဏ္ဍိတသာမဏေရဝတ္ထု
ဤဝတ္ထု၌ ဆင်းရဲသား မဟာဒုက်သည် ကဿပဘုရားရှင်အား ငါးကြင်းသားဖြင့် ဆွမ်းကပ်ခဲ့ပုံ၊ ထိုကောင်း မှုကြောင့် ထိုဘဝမှာပင် ချက်ချင်း ချမ်းသာခဲ့ပုံ၊ ဤဘုရားရှင် သာသနာတော်၌ (၇)နှစ်သားမှာပင် ရဟန္တာဖြစ်ခဲ့သော ပဏ္ဍိတသာမဏေ ဖြစ်လာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၅၉)
ပဏ္ဍုကလောဟိတကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ပဏ္ဍုကလောဟိတကရဟန်းတို့သည် မိမိတို့ကိုယ်တိုင် ခိုက်ရန်ဖြစ်ပွားကာ သံဃာတော်တို့၌ အဓိကရုဏ်း ပြုလုပ်တတ်ကြသူများ ဖြစ်၍ ထိုသို့ ပြုလုပ်တတ်သော အခြားရဟန်းတို့ကိုလည်း ‘‘မကြောက်ကြနှင့် ငါတို့သည် သင်တို့နှင့် တစ်ဖွဲ့တည်း တပေါင်းတည်း ဖြစ်ကြသည်’’ဟု မြှောက်ပင့် အားပေးကြသောကြောင့် ဘုရားရှင်က တဇ္ဇနီယကံ ပြုရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၁)
ပဏ္ဏကဇာတက
ဤဇာတ်တော်၌ ဗာရာဏသီပြည်၌ မဒ္ဒဝမင်းကြီး မင်းပြုစဉ် ဘုရားအလောင်းသည် သေနကအမည်ရှိသော အမတ် ဖြစ်ခဲ့ပုံ၊ မင်းကြီးသည် မိမိမိဖုရားကြီးကို ပုရောဟိတ်သား စွဲလမ်းနေကြောင်း သိသဖြင့် (၇)ရက်ပေါင်းသင်းခွင့် ပေးခဲ့ပုံ၊ ထိုအခါ အခြားအရပ်သို့ ခိုးပြေးသွားသည့်အတွက် မင်းကြီးမှာ သောကဖြစ်ရပုံ၊ ပွဲသဘင်တစ်ခုပြုလုပ်ပြီး ‘‘လက်(၃၂)သစ် ရှည်သော သံလျက်ကို မျိုသူထက် မိမိမယား အခိုးခံရသူ၏ ဒုက္ခက ပို၍ ကြီးမားကြောင်း’’ ပြောကြားခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၁၇)
ပဏ္ဏဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ ဟိမဝန္တာတောင်၌ လျှော်တေသင်္ကန်းကို ဝတ်၍ ဆားမပါသော သစ်ရွက်ကို စားကာ မြတ်သောအကျင့်ကို ကျင့်သုံးသည့် ရသေ့ ဖြစ်ခဲ့ပုံ၊ သစ်ရွက်ကို စားနေစဉ် သိဒ္ဓတ္ထဘုရားရှင် ကြွလာတော်မူ၍ သစ်ရွက်ကို လှူဒါန်းခဲ့ပုံ၊ ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော နှစ်ဆယ့်ခုနစ်ကမ္ဘာအထက်၌ သဒတ္ထိယမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၅၈)
ပဏ္ဏိကဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် ဗာရာဏသီပြည်ရှိ တောအုပ်တစ်အုပ်၌ ရုက္ခစိုးနတ် ဖြစ်စဉ် ဗာရာဏသီပြည်သား ဥပါသကာတစ်ယောက်သည် ဟင်းသီးဟင်းရွက်များကို ရောင်း၍ အသက်မွေးလေ့ရှိပုံ၊ ဥပါသကာ၏ သမီးငယ်သည် အလွန်ချောမောလှပပြီး အကျင့်သီလနှင့် ပြည့်စုံ၍ အမြဲတမ်း ပြုံးလျက် နေပုံ၊ ဥပါသကာက တောထဲသို့ သမီးငယ်ကို ခေါ်သွားပြီး ‘‘အမျိုးများ စောင့်ထိန်းရမည့် ကျင့်ဝတ်သီလနှင့် ပြည့်စုံမှု ရှိ၊ မရှိ’’ စုံစမ်းခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၃၅)
ပတိပူဇိကကုမာရီဝတ္ထု
ဤဝတ္ထု၌ မာလဘာရီနတ်သား၏ အခြွေအရံနတ်သမီးတစ်ယောက်သည် အခြားနတ်သမီးများနှင့်အတူ ပန်းခူးနေစဉ် စုတိစိတ်ကျကာ သာဝတ္ထိပြည်ရှိ အမျိုးတစ်မျိုး၌ ဖြစ်ခဲ့ပုံ၊ အမျိုးသမီးငယ်သည် ဇာတိဿရဉာဏ် ရသဖြင့် နတ်ပြည်ရှိ မာလဘာရီနတ်သားကို အမြဲတမ်း သတိရလျက် နတ်ပြည်ကို တောင့်တ၍သာ ကုသိုလ်ကောင်းမှု ပြုလေ့ရှိပုံ၊ အိမ်ထောင် ကျပြီးနောက် သားသမီးလေးယောက် ဖွားမြင်ပြီး သေလွန်သောအခါ မာလဘာရီနတ်သားအထံ၌ပင် နတ်သမီး ပြန်ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၂၉)
ပတိဗ္ဗတာဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့သူတစ်ယောက်သည် ရတနာသုံးပါးကို ကြည်ညို၍ ဒါနသီစသော ပြုလုပ်လေ့ရှိ၍ မယားဝတ္တရား ကျေပွန်သောကြောင့် သေလွန်သောအခါ တာဝတိံသာနတ်ပြည်၌ နတ်သမီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၄၉)
ပတိဗ္ဗတာဝတ္ထု
ဤဝတ္ထု၌ ဥပါသိကာမတစ်ဦးသည် ငါးပါးသီလကို လုံခြုံစွာ စောင့်ထိန်းပြီး သံဃာတော်တို့ကို ဆွမ်းအဖျော်များကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် တာဝတိံသာနတ်ပြည်၌ ကျောက်မျက်ရွဲတံတိုင်းတို့ဖြင့် ဆန်းကြယ်သည့် ဗိမာန်၌ နတ်သမီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၅၂)
ပတ္တဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ သိဒ္ဓတ္ထဘုရားရှင်အား သပိတ်လှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် အပါယ်လေးပါး မလားခဲ့ရဘဲ နောက်ဆုံး ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ် ကျွတ်တမ်းဝင်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၅၂)
ပတ္တဓေါဝနဝတ္ထု
ဤဝတ္ထု၌ ကောကနဒပြာသာဒ်၌ ဆွမ်းဘုဉ်းပေးပြီး၍ ပြန်ကြွလာသော ရဟန်းတို့သည် ဆွမ်းလုံးများပါသော သပိတ်ဆေးရေကို မြို့တွင်းရွာတွင်း၌ စွန့်ပစ်ကြသောကြောင့် ဘုရားရှင်က ‘‘ဆွမ်းလုံးပါသော သပိတ်ဆေးရေကို မြို့တွင်းရွာတွင်း၌ မစွန့်ပစ်ရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၁)
ပတ္တဝိညာပနဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ကပိလဝတ်မြို့သား အိုးထိန်းသည်တစ်ဦးသည် ရဟန်းတို့ကို သပိတ်အလှူခံရန် ဖိတ်မံထားသဖြင့် ရဟန်းတို့သည် အတိုင်းအရှည်မသိဘဲ သပိတ်အမျိုးမျိုးကို အလှူခံကြပုံ၊ ဘုရားရှင် ကြားသိတော်မူသဖြင့် ‘‘သပိတ်အလှူမခံရ’’ဟု တားမြစ်တော်မူခဲ့ပုံ၊ နောင်သော် ရဟန်းတို့ သပိတ်ကွဲပေါက်သောအခါ သပိတ်-ကွဲပေါက်လျှင် အလှူခံနိုင်သည်ဟု ပြင်ဆင် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဝိ၊၁၊၃၅၅)
ပတ္တောဒနဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ တောလုပ်ငန်းပြုလုပ်သူ ဖြစ်ခဲ့ပုံ၊ တစ်ကွမ်းစားချက်ထမင်းကို ယူ၍ တောသို့ ဝင်ခဲ့ရာ ပစ္စေကဗုဒ္ဓါတစ်ဆူကို ဖူးတွေ့ရ၍ ၎င်းစားမည့်ထမင်းကို လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ကွယ်လွန်သော် တာဝတိံသာနတ်ပြည်သို့ ရောက်ခဲ့ရပုံ၊ သိကြားမင်းအဖြစ် သုံးဆယ့်ခြောက်ကြိမ်၊ စကြဝတေးမင်းအဖြစ် သုံးဆယ့်သုံးကြိမ်၊ ပဒေသရာဇ်မင်းအဖြစ် မရေမတွက်နိုင်အောင် ဖြစ်ခဲ့ရပုံ၊ တစ်ကွမ်းစားချက်ထမင်းကို လှူဒါန်းခဲ့သော ဘဝမှစ၍ အပါယ်လေးပါး လားရောက်ခဲ့ရခြင်း မရှိတော့ဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၄၄၃)
ပထမပါရာဇိက ဝိနီတဝတ္ထူနိ
ဤဝတ္ထု၌ ကာမဂုဏ်နှင့် ပတ်သက်၍ ပါရာဇိကအာပတ် သင့်/မသင့် ဆုံးဖြတ်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၄၂)
ပထမသင်္ဂါယနာဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားသည် မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ပရိနိဗ္ဗာန်ပြုတော်မူပြီးနောက် အစည်းအဝေး ရောက်လာကြကုန်သော ရဟန်း(၇)သိန်းတို့အား သံဃာ့ထေရ်ကြီးဖြစ်သော အရှင်မဟာကဿပက သုဘဒ္ဒ တောထွက်ရဟန်းကြီး၏ သာသနာ့အန္တရာယ်စကားရပ်ကို ပြန်လည်မိန့်ကြားတော်မူပုံ၊ ဘုရားရှင်၏ တရားတော်များကို စနစ်တကျ စုစည်းထားနိုင်ရန် သင်္ဂါယနာတင်ဖို့ အမိန့်ရှိတော်မူပြီး သံဃာ့ခေါင်းဆောင် ရဟန္တာ မထေရ်ကြီးအပါး(၅၀၀)ကို ရွေးချယ်တော်မူခဲ့ပုံ၊ အဇာတသတ်မင်း၏ အထောက်အပံ့ကို ရယူကာ ရာဇဂြိုဟ်မြို့တွင် သင်္ဂါယနာတင်သောအခါ အရှင်မဟာကဿပမထေရ်က ပုစ္ဆကတာဝန် ယူပြီး ဝိနည်းပိဋကတ်ကို အရှင်ဥပါလိကလည်းကောင်း၊ သုတ္တန္တပိဋကနှင့် အဘိဓမ္မပိဋကတို့ကို အရှင်အာနန္ဒာကလည်းကောင်း ဝိသဇ္ဇက တာဝန်ယူကြပြီး ရဟန္တာကြီးများက စုပေါင်းရွတ်ဆိုကာ သင်္ဂါယနာတင်တော်မူခဲ့ကြပုံ၊ ပိဋကတ်သုံးပုံ, နိကာယ်ငါးရပ်, ဗုဒ္ဓပါဝစနစသည်တို့ကို စနစ်တကျ စီစဉ်တော်မူပြီး (၇)လတိုင်တိုင် သင်္ဂါယနာတင်တော်မူခဲ့ကြပုံ၊ မဟာသက္ကရာဇ်ကို ဖျက်သိမ်း၍ သာသနာတော်သက္ကရာဇ် (၁)မှစ၍ ရေတွက်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၄၈၀) (ဝိ၊ဋ္ဌ၊၁၊၄) (ခုဒ္ဒက၊ဋ္ဌ၊၇၆) (သာရတ္ထ၊ဋီ၊၃၊၄၄၆)
ပထဝိကထာပသုတပဉ္စသတဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတော်တို့သည် သူတို့ရောက်ရှိရာ ဒေသများရှိ မြေကြီးနှင့် ပတ်သက်သော စကားတို့ကို ပြောဆိုနေကြပုံ၊ ဘုရားရှင် ကြွတော်မူလာပြီး ဗာဟိရပထဝီထက် ခန္ဓာကိုယ်တွင်းရှိ အဇ္ဈတ္တိကပထဝီကို လေ့လာပွားများသင့်ကြောင်း ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၁၂)
ပဒကုသလမာဏဝဇာတက
ဤဇာတ်တော်၌ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုစဉ် ဘီလူးမတစ်ယောက်သည် လူတို့ကို ဖမ်းယူစားသောက်ပုံ၊ တစ်နေ့၌ ပုဏ္ဏားတစ်ယောက်ကို ဖမ်းယူပြီး ချစ်ခင်နှစ်သက်သဖြင့် လင်အဖြစ် ပေါင်းသင်းနေစဉ် ဘုရားအလောင်းကို မွေးဖွားခဲ့ပုံ၊ မိခင် ဘီလူးမ မရှိခိုက် သားအဖနှစ်ယောက် ထွက်ပြေးပုံ၊ မိခင်ဘီလူးမ၏ ပိုင်နက်ကို ကျော်လွန်သောအခါ မီလာပြီး ပြန်ခေါ်သော်လည်း မလိုက်ကြသဖြင့် ခိုးသူ၏ ခြေရာကို သိနိုင်သော ပဒကုသလမန္တန်ကို သင်ပေးလိုက်ပုံ၊ ထိုမန္တန်ဖြင့် ဘုရင့်ထံ ခစားနေရာ တစ်နေ့တွင် ဘုရင်နှင့် ပုရောဟိတ်တို့ ဝှက်ထားသော ရတနာထုပ်ကို ဖော်ထုတ်နိုင်ပုံ၊ ပြည်သူတို့က ဘုရားအလောင်းကို မင်းအဖြစ် တင်မြှောက်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၄၇၇)
ပဒပူဇကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ သိဒ္ဓတ္ထဘုရားရှင်အား မြတ်လေးပန်းကို ပေးလှူခဲ့ပြီး ဘုရားရှင်၏ ခြေတော်တို့၌ ပန်းခုနစ်ပွင့်ကို ကြဲမြှောက်ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သမန္တဂန္ဓမည်သော စကြာမင်းတစ်ဆယ့်သုံးကြိမ် ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်ဝယ် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၅၆)
ပဒသညကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်နှစ်ကမ္ဘာအထက်၌ တိဿဘုရားရှင် နင်းသွားတော်မူသော ခြေတော်ရာကို ဖူးမြင်ရ၍ ခြေတော်ရာဟူသော အမှတ်ကို ရခဲ့သောဘဝမှ စပြီး အပါယ်လေးပါး လားရောက်ရခြင်း မရှိတော့ဘဲ ခုနစ်ကမ္ဘာအထက်၌ သုမေဓမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၃၂)
ပဒီပဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်အလောင်းသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ နတ်သားဖြစ်ခဲ့၍ လူ့ပြည်သို့ ဆင်းသက်ကာ ဘုရားရှင်အား ဆီမီးငါးတိုင်တို့ကို ပေးလှူခဲ့သော ကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ ငါးဆယ့်ငါးကမ္ဘာအထက်တွင် သမန္တစက္ခုမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်ဝယ် ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၆၁)
ပဒုမကူဋာဂါရိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ ပဒုမကူဋာဂါရိယမထေရ်လောင်း အမျိုးကောင်းသားသည် သားလိုက်မုဆိုးတစ်ဦး ဖြစ်ခဲ့စဉ် ပဒုမုတ္တရဘုရားရှင်ကို ဖူးမြင်ရသဖြင့် ပဒုမ္မာကြာပန်းကြာရွက်များ မိုးကာ ကျောင်းငယ်ဆောက်လုပ်လှူဒါန်းပုံ၊ ဘုရားရှင်က ထိုကြာပန်းမိုးထားသော ကျောင်း၌ ခုနစ်ရက် နိရောဓသမာပတ် ဝင်စားပုံ၊ ထိုကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် အပါယ်မလားဘဲ ဤဂေါတမဘုရားရှင်သာသနာ၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၈၂)
ပဒုမကေသရိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ်တစ်ကမ္ဘာအထက်၌ ပစ္စေကဗုဒ္ဓါတို့၏ အနီး၌ မာတင်္ဂဆင်ကြီး ဖြစ်ခဲ့ပုံ၊ ထိုဆင်ကြီးသည် ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့အား ကြည်ညိုလှသဖြင့် ပဒုမ္မာကြာ ဝတ်ဆံတို့ကို ကြဲဖြန့်ပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် မထေရ်လောင်း မာတင်္ဂဆင်သည် ထိုဘဝမှ စ၍ အပါယ်လေးပါးသို့ မလားရောက်တော့ဘဲ ဤဂေါတမဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၈၂)
ပဒုမစ္ဆဒနီယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ဝိပဿီဘုရားရှင် ပရိနိဗ္ဗာန် စံဝင်လေသော် ဘုရားရှင်ကို မီးသင်္ဂြိုဟ်ရာ ထင်းပုံ၌ ပဒုမ္မာကြာပန်းကို တင်လှူပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိတော့ဘဲ လွန်ခဲ့သော လေးဆယ့်ခုနစ်ကမ္ဘာအထက်၌ ပဒုမိဿရမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၀၉)
ပဒုမဇာတက
ဤဇာတ်တော်၌ သူဌေးသား(၃)ယောက်တို့သည် ပွဲလမ်းသဘင်၌ ကြာပန်းများ အသုံးပြုရန် ပဒုမ္မာကြာပန်းများရှိသော ရေကန်သို့ သွားကြ၍ နှာခေါင်းပြတ်နေသော ကန်စောင့်ကို ‘ဆံပင်၊ မုတ်ဆိတ်များ ပြတ်သွားလျှင် ပြန်ရှည်လာသကဲ့သို့ သင်၏ နှာခေါင်းသည်လည်း ပြန်ရှည် လာပါစေ’ စသည်ဖြင့် သူဌေးသား နှစ်ယောက်တို့က မဟုတ်မမှန် မြှောက်ပင့်တောင်းသဖြင့် ကန်စောင့်က ကြာပန်း မပေးပုံ၊ ချိုသာစွာ အမှန်အတိုင်း ပြောဆိုတောင်းသူ သူဌေးသားအား ကြာပန်း ပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၉၀)
ပဒုမတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကမ္ဘာတစ်သိန်းအထက်၌ ပဒုမုတ္တရဘုရားအား တစ်ကောသ ဝက်မျှဝေးသော နေရာမှ နေ၍ ပဒုမ္မာကြာပန်းတို့ကို ကြဲမြှောက်ပူဇော်ခဲ့ပုံ၊ ကြာပန်းတို့သည် ဘုရားရှင်၏ တန်ခိုးတော်ကြောင့် လေထဲ၌ ဝဲပျံပူဇော်နေပုံ၊ ဘုရားရှင်က လက်တော်ဖြန့်တန်း ခံယူခဲ့၍ ‘‘ကမ္ဘာသုံးဆယ်တို့ပတ်လုံး သိကြားမင်း အကြိမ်ခုနစ်ရာ ဧကရာဇ်မင်း ပဒုမ္မာချပ်အရေအတွက်မျှ စကြဝတေးမင်း ဖြစ်လတ္တံ့’’ဟု ဗျာဒိတ်စကား မိန့်ကြားခဲ့ပုံ၊ ထိုဘဝမှစ၍ အပါယ်လေးပါး မလားခဲ့ရတော့ဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၂၁)
ပဒုမဒေဝီဝတ္ထု
ဤဝတ္ထု၌ ပဒုမဒေဝီလောင်း အမျိုးကောင်းသမီးသည် လယ်တဲစောင့်နေစဉ် ပစ္စေကဗုဒ္ဓါတစ်ပါးအား ပေါက်ပေါက်ပွင့်ငါးရာနှင့် ပဒုမ္မာကြာပန်းတစ်ပွင့်ကို ဆက်ကပ်လှူဒါန်းပြီး သားယောကျ်ားလေးငါးရာ မွေးဖွားရလိုကြောင်း ဆုတောင်းခဲ့ပုံ၊ ထိုခဏ၌ပင် သားမုဆိုးငါးရာတို့ကလည်း နူးညံ့သော အမဲသားဟင်းများကို ပစ္စေကဗုဒ္ဓါအား လှူဒါန်းပြီး ပဒုမဒေဝီလောင်း အမျိုးသမီး၏ သားငါးရာ ဖြစ်ရလိုကြောင်း ဆုတောင်းကြပုံ၊ ဤကောင်းမှုကြောင့် နတ်ပြည်တို့၌ ဖြစ်ကာ စုတေပြီးနောက် ဇာတဿရအိုင်အတွင်းရှိ ပဒုမ္မာကြာပွင့်၌ မွေးဖွားခဲ့ပုံ၊ ရသေ့တစ်ပါးက တွေ့မြင်ပြီး ကျွေးမွေးပြုစု စောင့်ရှောက်ထားပုံ၊ ပဒုမဝတီအမျိုးသမီးငယ်သည် ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း ပဒုမ္မာကြာပန်းများ ပေါ်ပေါက်လာကြောင်း ဗာရာဏသီမင်းကြီး ကြားသိပြီး မိဖုရားအရာ တင်မြှောက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၄၊၉၀) (ဥဒါန၊ဋ္ဌ၊၂၆၃) (သာရတ္ထ၊ဋီ၊၂၊၁၁၃) (သံ၊ဋီ၊၁၊၃၂၁)
ပဒုမဓာရိကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်း အမျိုးကောင်းသားသည် ၃၁-ကမ္ဘာထက်၌ပွင့်တော်မူခဲ့သော သမ္ဘဝပစ္စေကဗုဒ္ဓါအရှင်မြတ်အား ပဒုမ္မာကြာကို ယူ၍ ဆောင်းမိုးပေးခဲ့ပုံ၊ ထိုကုသိုလ်ကြောင့် သုဂတိဘုံတို့၌ ချမ်းသာစွာ ကျင်လည်ခဲ့ရ၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (အပ၊၂၊၁၀၀)
ပဒုမပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်နှစ်ကမ္ဘာအထက်၌ ကြာတောသို့ ဝင်၍ ပဒုမ္မာကြာကို ချိုးစဉ် ဖုဿဘုရားရှင်ကို ဖူးမြင်ရ၍ ကြာပန်းတို့ကို ကောင်းကင်၌ မြှောက်၍ ပူဇော်ခဲ့ပုံ၊ ထိုဘုရားရှင်သာသနာတော်၌ ရဟန်းပြု၍ ဝစီဒုစရိုက်ကို စွန့်လွှတ်ကာ အာဇီဝပါရိသုဒ္ဓိသီလကို စင်ကြယ်စေခဲ့ပုံ၊ ပန်းလှူခဲ့သော ဘဝမှ စ၍ အပါယ်လေးပါး မလားခဲ့ရတော့ဘဲ တစ်ဆယ့်ရှစ်ကမ္ဘာတို့၌ ပဒုမာဘာသမည်သော စကြဝတေးမင်း တစ်ဆယ့်ရှစ်ကြိမ် ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၄၅)
ပဒုမပူဇကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ဟိမဝန္တာတောင်အနီး နဂါးအပေါင်းတို့၏ နေရာဖြစ်သော ဂေါတမမည်သော တောင်၌ ကျောင်းသင်္ခမ်း ဆောက်လုပ်၍ တပည့်ရသေ့များနှင့် နေခဲ့ပုံ၊ တပည့်ရသေ့တို့ ဆောင်ယူလာသော ကြာပန်းတို့ကို လက်ခံရယူ၍ ဘုရားရှင်အား လှူဒါန်းပူဇော်ခဲ့ပုံ၊ ကြာပန်းလှူခဲ့သော ဘဝမှစ၍ အပါယ်လေးပါး လားရောက်ခဲ့ခြင်း မရှိတော့ဘဲ လွန်ခဲ့သော ငါးဆယ့်တစ်ကမ္ဘာအထက်၌ ဇလုတ္တမမည်သော စကြဝတေးမင်း ဖြစ်ခဲ့ပုံ၊ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၇၉)
ပဒုမဗုဒ္ဓဝံသ
ဤဗုဒ္ဓဝင်၌ ပဒုမဘုရားရှင်သည် စမ္ပကနေပြည်တော်၌ ခမည်းတော် အသမမင်းကြီးနှင့် မယ်တော် အသမာဒေဝီမှ မွေးဖွားခဲ့ပြီး ဥတ္တရာမင်းသမီးနှင့် အတူ နန်းစည်းစိမ် ခံစားခဲ့ပုံ၊ ရမ္မမင်းသား မွေးဖွားပြီးနောက် တောထွက်တော်မူခဲ့ပုံ၊ ကြောင်လျှာဗောဓိပင်ရင်း၌ ဘုရားဖြစ်တော်မူ၍ သာလ, ဥပသာလ အဂ္ဂသာဝကနှစ်ပါး ရှိတော်မူခဲ့ပုံ၊ ဝရုဏမထေရ်က ပြုစုလုပ်ကျွေးခဲ့ပုံ၊ ထိုစဉ်က ဂေါတမဗုဒ္ဓလောင်းလျာသည် ခြင်္သေ့မင်းဖြစ်ပြီး နိယတဗျာဒိတ် ခံယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၃) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၁၁)
ပဒုမုတ္တရဗုဒ္ဓဝံသ
ဤဗုဒ္ဓဝင်၌ ပဒုမုတ္တရဘုရားရှင်သည် ဟံသာဝတီနေပြည်တော်ရှိ ခမည်းတော် အာနန္ဒာမင်းကြီးနှင့် မယ်တော် သုဇာတာဒေဝီတို့မှ မွေးဖွားခဲ့ပုံ၊ ဝိသုဒတ္တာမင်းသမီးနှင့် နန်းစည်းစိမ် ခံစားကာ ဥတ္တရမည်သော သားတော် မွေးဖွားပြီးနောက် တောထွက်တော်မူခဲ့ပုံ၊ ထင်းရှူးဗောဓိပင်ရင်း၌ ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့ပုံ၊ ဒေဝလနှင့် သုဇာတ အဂ္ဂသာဝကနှစ်ပါး ရှိတော်မူခဲ့ပုံ၊ သုမနထေရ်က ပြုစုလုပ်ကျွေးခဲ့ပုံ ဂေါတမဗုဒ္ဓလောင်းလျာသည် ထိုစဉ်က ဇဋိလ အမည်ရှိသော မင်းဖြစ်၍ နိယတဗျာဒိတ် ခံယူတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၄) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၂၆)
ပဓာနကမ္မိကတိဿတ္ထေရဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိပြည်သား အမျိုးသားငါးရာတို့သည် မြတ်စွာဘုရားထံ၌ ရဟန်းပြုကြပြီး ကမ္မဋ္ဌာန်းယူကာ တောအရပ်သို့ ကြွကြစဉ် ရဟန်းတစ်ပါးသည် ပျင်းရိသဖြင့် ကျန်ရစ်ခဲ့ပုံ၊ ထိုရဟန်းတို့ ရဟန္တာဖြစ်သောအခါမှ ညတွင်းချင်း ရဟန္တာဖြစ်ရန် ကြိုးစားရာ စင်္ကြံလမ်းမှ ချော်ကျ၍ ပေါင်ကျိုးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၅၆)
ပဓာနိကတိဿတ္ထေရဝတ္ထု
ဤဝတ္ထု၌ ပဓာနိကတိဿမထေရ်သည် မိမိကိုယ်တိုင်က တရားအားမထုတ်ဘဲ အခြားသော ရဟန်းတို့အား ညလုံးပေါက် တရားအားထုတ်ခိုင်းပုံ၊ ဝါတွင်းသုံးလ ကုန်ဆုံးသွားသော်လည်း အအိပ်အစားမမှန်၊ ဣရိယာပုတ်များ ပျက်ယွင်းသဖြင့် ရဟန်းတော်များ တရားထူး မရကြပုံ၊ သူတစ်ပါးကို ဆုံးမသည့်နည်းအတိုင်း မိမိကိုယ်တိုင် ရှေးဦးစွာ စံပြအဖြစ် လိုက်နာကျင့်သုံးအပ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၉၀)
ပဓာနိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ ပဓာနိယမထေရ်သည် ခဏ္ဍစေလကျောင်း၌ အရိယဝံသတရားတော်ကို နာယူနေစဉ် အဆိပ်ပြင်းသော မြွေအကိုက်ခံရပုံ၊ ပဓာနိယထေရ်သည် မြွေကိုက်ခံရမှန်း သိသော်လည်း စိတ်ကြည်ကြည်လင်လင်ဖြင့်ပင် တရားတော်ကို နာကြားနေပုံ၊ ရဟန်းဖြစ်သည့် အချိန်မှ စ၍ မိမိ၏ ကိုယ်ကျင့်သီလကို ဆင်ခြင်သောအခါ စင်ကြယ်သော သီလရှိကြောင်း သိမြင်ရပြီး နှစ်သက်အားရမှုပီတိ ဖြစ်ရပုံ၊ ပီတိ၏အစွမ်းကြောင့် မြွေဆိပ်များ အပြင်သို့ ပြန်ထွက်ပြီး မြေကြီးပေါ်သို့ ထွက်ကျခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၈၂) (မ၊ဋီ၊၁၊၁၇၀) (အံ၊ဋီ၊၃၊၁၂၉)
ပနသဖလဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော သုံးဆယ်တစ်ကမ္ဘာအထက်၌ ဟိမဝန္တာတောင်၌ သီတင်းသုံးနေတော်မူသော အဇ္ဇုနအမည်ရှိသော ပစ္စေကဗုဒ္ဓါအား အိုးမျှလောက်ရှိသော ပိန္နဲသီးကို ကပ်လှူပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး မလားရောက်ခဲ့ရဘဲ နောက်ဆုံး ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၄၅)
ပဗ္ဗတရာဇဝတ္ထု
ဤဝတ္ထုသည် ကောဏာဂမနဗုဒ္ဓဝံသ၌ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၇၀)
ပဗ္ဗတူပတ္ထရဇာတက
ဤဇာတ်တော်၌ ကောသလမင်း၏ အမတ်တစ်ယောက်နှင့် နန်းတွင်းသူတစ်ယောက်တို့ ဖောက်ပြန်မှုကို အကြောင်းပြု၍ ဤပဗ္ဗတူပတ္ထရဇာတ် ဖြစ်ပေါ်လာပုံ၊ အတိတ်ဘဝတစ်ခုတွင် ဘုရားအလောင်းတော်သည် အမတ်မျိုး၌ ဖြစ်ခဲ့ပုံ၊ ဗြဟ္မဒတ်မင်း၏ အမတ်တစ်ယောက်သည် နန်းတွင်းသူတစ်ယောက်နှင့် ဖေါက်ပြန်သဖြင့် ဘုရားလောင်းအမတ်ထံ မင်းကြီးက အကြံဉာဏ်တောင်းခံပုံ၊ ကျေးဇူးများသောသူ ချစ်ခင်နှစ်သက်သူတို့အပေါ်၌ ခွင့်လွှတ်သင့်ကြောင်း ဘုရားအလောင်းက အကြံဉာဏ်ပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၁၄)
ပဗ္ဘာရဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော တစ်ထောင့်ရှစ်ရာ ကမ္ဘာအထက်၌ ပိယဒဿီဘုရားရှင်၏ လိုဏ်ဂူကို သုတ်သင်ပြီး ဘုရားရှင်အတွက် ရေအိုးကို တည်ထားခဲ့သော ကောင်းမှုကြောင့် ဘုံဆင့်တစ်ရာရှိ၍ ရွှေဖြင့်ပြီးသော ပြာသာဒ်ကို ရရှိခဲ့ပြီး တစ်ကမ္ဘာလုံး နတ်ပြည်၌ ပျော်မွေ့ခဲ့ရပုံ၊ လွန်ခဲ့သော သုံးဆယ်နှစ်ကမ္ဘာအထက်၌ သုသုဒ္ဓမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၈၇)
ပဗ္ဘာရဝါသီတိဿတ္ထေရဝတ္ထု
ဤဝတ္ထု၌ တိဿမထေရ်သည် နတ်သားအမိ စောင့်သော လိုဏ်ခေါင်းသို့ ရောက်လာပြီး နှစ်သက်၍ ဘာဝနာအားထုတ်ရန် နေရာသတ်မှတ်ပုံ၊ သီလရှိသော ရဟန်းနှင့် တစ်နေရာတည်း၌ မနေနိုင်သော နတ်သားအမိတို့က နေရာကို ဖယ်ပေးရပုံ၊ တိဿရဟန်း ကြာရှည်နေမည်ကို မှန်းဆမိ၍ မထေရ်၏ အရှိန်အစော်မဲ့အောင် နတ်သမီး ကြံဆပုံ၊ နတ်သမီးက မထေရ်ကို ကဲ့ရဲ့၍ ဆေးကုသော ရဟန်းဟု စွပ်စွဲသောအခါ မထေရ်သည် မိမိ၏သီလကို ဆင်ခြင်၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၁၂)
ပဘင်္ကရတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကမ္ဘာတစ်သိန်းအထက်၌ တောလုပ်ငန်းလုပ်ကိုင်သူ ဖြစ်ခဲ့၍ သားရဲတိရစ္ဆာန်တို့ ပေါများသော တောအတွင်း၌ ခြုံနွယ်တို့ ဖုံးအုပ်ကာ ပျက်စီးနေသော ပဒုမုတ္တရဘုရားရှင့် စေတီတော်ကို ဖူးတွေ့ခဲ့ရပုံ၊ ထိုစေတီတော်၌ ခြုံနွယ်တို့ကို သုတ်သင်ရှင်းလင်း၍ ရှစ်ကြိမ်တိုင်တိုင် ရှိခိုးပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စုတေသော် တာဝတိံသာနတ်ပြည်သို့ ရောက်ခဲ့ပြီး ရွှေဖြင့်ပြီး၍ ပြိုးပြိုးပြက်ပြက် အရောင်ထွက်ကာ အမြင့်ယူဇနာခြောက်ဆယ်၊ အကျယ်ယူဇနာသုံးဆယ်ရှိသော ဗိမာန်၌ နေခဲ့ရပုံ၊ ဖြစ်တိုင်းသော ဘဝတို့၌ ဆူးငြောင့်ခလုတ်ကင်း၍ အိုင်းအမာပွေးညှင်း စသော နူနာများ မဖြစ်ခဲ့ရပုံ၊ ထိုဘဝမှစ၍ အပါယ်လေးပါး မလားခဲ့ရဘဲ ဤဘုရားရှင်သာသနာတော်၌ တစ်ထိုင်တည်းဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၀၉)
ပဘဿရဝတ္ထု
ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့သား ဥပါသကာတစ်ဦးနှင့် သူ၏ သမီးတို့သည် အရှင်မောဂ္ဂလာန်ကို အလွန်ကြည်ညိုကြပြီး ဆွမ်းခံကြွလာသော အရှင်မောဂ္ဂလ္လာန်မထေရ်အား မြတ်လေးပန်းဖြင့် ပူဇော်၍ ထန်းလျက်ခဲတို့ဖြင့် သပိတ်အပြည့် လှူဒါန်းခဲ့သော ကောင်းမှုကြောင့် တာဝတိံသာနတ်ပြည်၌ ဖြစ်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၆၃)
ပမတ္တာပမတ္တဒွေသဟာယကဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိပြည်သား ရဟန်းနှစ်ပါးတို့သည် ဘုရားရှင်ထံ ကမ္မဋ္ဌာန်းတောင်း၍အားထုတ်ကြပုံ၊ တစ်ပါးက အမှန်တကယ် အားထုတ်၍ ရဟန္တာ ဖြစ်ခဲ့ပုံ၊ ရဟန္တာဖြစ်ကြောင်း ကြားသိမှ အခြားတစ်ပါးသည် ကမ္မဋ္ဌာန်းတရား ကြိုးစားအားထုတ်ခဲ့ပုံ၊ ဘုရားရှင်သိတော်မူသောကြောင့် ‘‘အားနှင့်ပြည့်စုံသော အာဇာနည်မြင်းသည် အားကုန်ချည့်နဲ့သည့် မြင်းအိုကြီးကို ပယ်စွန့်၍ သွားသည်နှင့် တူသည်’’ ဟု မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၆၆)
ပရန္တပဇာတက
ဤဇာတ်တော်၌ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုစဉ် ဘုရားအလောင်းသည် ထိုမင်း၏ သားတော် ဖြစ်၍ တက္ကသိုလ်ပြည်မှ သဗ္ဗရုတဇာနနမန္တန်ကို သင်ယူခဲ့သဖြင့် သတ္တဝါတို့၏ ပြောစကားကို နားလည်ခဲ့ပုံ၊ နိုင်ငံတော်သို့ ပြန်ရောက်ပြီး ဖခင်မင်းကြီးသည် သားတော်ကို သေစေရန် ရန်သူမင်းကို စစ်တိုက်ထွက်ခိုင်းခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၉၃)
ပရပ္ပသာဒကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ပရပ္ပသာဒကထေရ်လောင်း အမျိုးကောင်းသားသည် သိဒ္ဓတ္ထဘုရားရှင်လက်ထက်၌ သေနမည်သော ပုဏ္ဏားတစ်ဦး ဖြစ်ခဲ့ပုံ၊ သိဒ္ဓတ္ထဘုရားရှင်အား ဂါထာလေးပုဒ်တို့ဖြင့် ချီးကျူးပူဇော်ခဲ့ပုံ၊ ဤကောင်းမှုကြောင့် အပါယ်ဘေးမှ ကင်းဝေးခဲ့ကာ ဤဘုရားရှင်လက်ထက်တော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၂၆)
ပရမန္နဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ဝိပဿီဘုရားရှင်အား မွန်မြတ်သော ဆွမ်းကို ပေးလှူခဲ့ပုံ၊ ထိုဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ခြင်း မရှိခဲ့ဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၈၃)
ပရာဘဝပဥှဝတ္ထု
ဤဝတ္ထု၌ နတ်ဗြဟ္မာများသည် သတ္တဝါတို့ ကြီးပွားချမ်းသာကြောင်း မင်္ဂလသုတ်တော်ကို ထောက်ဆ၍ သတ္တဝါတို့ ပျက်စီးဆုတ်ယုတ်ကြောင်း တရားများကို ဟောပြပါရန် တောင်းပန်လျှောက်ထားသောကြောင့် ဘုရားရှင်သည် ဤသုတ်တော်ကို ဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၁၄၉)
ပရိဇိဏ္ဏဗြာဟ္မဏပုတ္တဝတ္ထု
ဤဝတ္ထု၌ အသပြာရှစ်သိန်းချမ်းသာသော ပုဏ္ဏားကြီးသည် သားသမီးလေးယောက်တို့အား ထိမ်းမြားလက်ထပ်ပေးပြီး တစ်သိန်းစီ ခွဲဝေပေးကာ သားလေးယောက်တို့အိမ်၌ အလှည့်ကျ လှည့်လည်နေထိုင်ခဲ့ပုံ၊ သားသမီးများက အသက်ထက်ဆုံး ပြုစုလုပ်ကျွေးပါမည်ဟု ပြောကာ ကျန်အသပြာလေးသိန်းကို ခွဲဝေယူကြပုံ၊ နှစ်ရက်သုံးရက်ခန့်စီသာ ပြုစုလုပ်ကျွေးကြပြီး ပုဏ္ဏားကြီးအား လက်မခံကြတော့ပုံ၊ ပုဏ္ဏားအိုကြီးသည် ဘုရားထံသို့ ချဉ်းကပ်ပြီး အကျိုးအကြောင်း လျှောက်ထားသောအခါ ဘုရားရှင်က ဂါထာတော်များကို သင်ကြားပေးလိုက်သဖြင့် သားသမီးများက ပုဏ္ဏားအိုကြီးအား တစ်ဖန်ပြုစုကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၁၁)
ပရိပုဏ္ဏကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဓမ္မဒဿီဘုရားရှင်၏ သရီရစေတီတော်ကို ပန်းမျိုးစုံတို့ဖြင့် အလေးအမြတ် ပူဇော်ခဲ့သောကုသိုလ်ကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်သာသနာတော်၌ ကပိလဝတ္ထုမြို့ သာကီဝင်မင်းမျိုး၌ ဖြစ်၍ ဟင်းခွက်တစ်ရာ စားသောက်နေထိုင်သည့်ဘဝကို စွန့်လွှတ်ကာ သာသနာတော်သို့ ဝင်ရောက်ပြီး ဝိပဿနာပွားကာ ရဟန္တာ ဖြစ်ခဲ့ပုံ၊ မြတ်စွာဘုရားထံ၌ တရားတော်ကိုနာကြားရသဖြင့် ပုဏ္ဏားအိုကြီးသားလေးယောက်နှင့် ချွေးမလေးယောက်တို့ သောတာပန်တည်ကြပုံ စသော အကြောင်းအရာများပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၄၀)
ပရိဿာဝနဝတ္ထု
ဤဝတ္ထု၌ ရဟန်းနှစ်ပါး ကောသလတိုင်း၌ ခရီးသွားနေစဉ် တစ်ပါးက မအပ်စပ်သည်ကို ပြုသဖြင့် ကျန်တစ်ပါးက တားမြစ်ရာ မအပ်စပ်သည်ကို ပြုသော ရဟန်းက တားမြစ်သော ရဟန်းအား ရန်ငြိုးဖွဲ့ခဲ့ပုံ၊ ထိုတားမြစ်ဖူးသော ရဟန်းက ရေစစ်တောင်းသောအခါ ရန်ငြိုးဖွဲ့သော ရဟန်းက မပေးဘဲနေသောကြောင့် ရေငတ်၍ ပျံတော်မူပုံ၊ ဘုရားရှင် သိတော်မူ၍ ‘‘ရေစစ်တောင်းသော် မပေးဘဲ မနေရ၊ ရေစစ်မပါဘဲ ခရီးမသွားရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၅၅)
ပရောသတဇာတက
ဤဇာတ်တော်သည် သာရိပုတ္တထေရဝတ္ထု၌ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၃၅)
ပရောသဟဿဇာတက
ဤဇာတ်တော်သည် သာရိပုတ္တထေရဝတ္ထု၌ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၃၀)
ပလာယိတဇာတက
ဤဇာတ်တော်၌ ပလာယိတပရိဗိုဇ်သည် ဝါဒပြိုင်ရန် ဇမ္ဗူဒိပ်တစ်ကျွန်းလုံး လှည့်လှည်ခဲ့သော်လည်း ပြိုင်ဘက်ကို မရသဖြင့် သာဝတ္ထိပြည်သို့ ရောက်သောအခါ ဘုရားရှင်သတင်းကို ကြားရ၍ ဝါဒပြိုင်ရန် ဇေတဝန်သို့ လာခဲ့ပုံ၊ ထိုစဉ် ဇေတမင်းသားသည် ကိုးကုဋေအကုန်အကျခံ၍ ဆောက်လုပ်ထားသော ဇေတဝန်ကျောင်းမုခ်ဝကို တွေ့မြင်လျှင်ပင် တုန်လှုပ်၍ နောက်ပြန်ဆုတ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၉၈)
ပလာယိတဇာတက
ဤဇာတ်တော်၌ ပလာယိတပရိဗိုဇ်သည် ဝါဒပြိုင်ရန် ဇေတဝန်ကျောင်းတိုက်သို့ ဝင်လာသည်ရှိသော် လူအများခြံရံလျက် တန်ဆာဆင်အပ်သော တရားပလ္လင်၌ တရားဟောနေသော လပြည့်ဝန်းကြီးသဖွယ် တင့်တယ်သောမျက်နှာတော်ရှိသည့် ဘုရားရှင်ကို မြင်တွေ့ရသဖြင့် ဤကဲ့သို့သော ယောက်ျားမြတ်ကို မည်သူသည် အနိုင်ရနိုင်ပါမည်နည်းဟု ပြောဆိုကာ နောက်ပြန်ဆုတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၀၀)
ပလာသဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ပေါက်ပင်စောင့်နတ် ဖြစ်ပြီး မိမိကို ဗလိနတ်စာ ပူဇော်သောသူအား ရွှေအိုးကြီးများ မ,စကျေးဇူးပြုခဲ့ပုံ၊ သူ့ကျေးဇူးကို ပြန်လည်ဆပ်သင့်ကြောင်း ဟောကြားခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၁)
ပလာသဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ရွှေဟင်္သာငှက်မျိုး၌ ဖြစ်စဉ် စိတ္တကုဋ်တောင် ရွှေလိုဏ်ဂူ၌ နေထိုင်လျက် ဟိမဝန္တာသို့ သွား၍ အလိုအလျောက် ပေါက်နေသော သလေးစပါးများကို စားလေ့ရှိပုံ၊ ရွှေဟင်္သာမင်းသည် စိတ္တကုဋ်တောင်နှင့် ဟိမဝန္တာလမ်းခရီး အကြားရှိ ပေါက်ပင်ကြီးတစ်ပင်၌ အသွားအပြန် အပန်းဖြေ နားလေ့ရှိသဖြင့် ပေါက်ပင်စောင့်နတ်နှင့် ခင်မင်ရင်းနှီးကြပုံ၊ အခြားငှက်များက ညောင်သီးစားပြီး ပေါက်ပင်ခွကြား၌ မစင်စွန့်ထားသဖြင့် ထိုပေါက်ပင်ခွကြားတွင် ညောင်ပင်ငယ်လေးများ ပေါက်လာပုံ၊ ဘုရားအလောင်း ရွှေဟင်္သာမင်းက ညောင်ပင်ငယ်လေးများကို တွေ့မြင်သဖြင့် ပေါက်ပင်စောင့်နတ်အား ‘‘ဤညောင်ပင်ငယ်လေးများသည် သင်၏ ဗိမာန်အတွက် အန္တရာယ်ကြီး၏၊ ယခုကတည်းက ဖယ်ရှားနုတ်ပစ်သင့်၏’’ဟု ပြောကြားခဲ့ပုံ၊ ဘုရားအလောင်း ရွှေဟင်္သာငှက်မင်း၏ စကားကို ပေါက်ပင်စောင့်နတ်က နားမထောင်ခဲ့ပုံ၊ နောင်သောအခါ ပေါက်ပင်ကို ညောင်ပင်က မျိုသဖြင့် ပေါက်ပင်နှင့်တကွ ဗိမာန်ပါ ပျက်စီး ဆုံးရှုံးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၉၄)
ပလ္လင်္ကဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကမ္ဘာသုံးသောင်းအထက်၌ သုမေဓာဘုရားရှင်အား ဗိတာန်မျက်နှာကြက်၊ အိပ်ရာလွှမ်းနှင့်တစ်ကွသော ပလ္လင်ကို ပေးလှူပူဇော်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ခြင်း မရှိတော့ဘဲ ဖြစ်တိုင်းသော လူ့ဘဝ၊ နတ်ဘဝတို့၌ ရတနာဖြင့်ပြီးသော ပလ္လင် ဖြစ်ပေါ်ခဲ့ပုံ၊ လွန်ခဲ့သော ကမ္ဘာနှစ်သောင်းအထက်၌ သုဝဏ္ဏာဘာမည်သော စကြဝတေးမင်း သုံးကြိမ် ဖြစ်ခဲ့၍ နောက်ဆုံး ဤဂေါတမဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၉၃)
ပလ္လင်္ကဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိပြည်သား ဥပါသကာတစ်ဦး၏ သမီးသည် အမျိုးသားတစ်ဦးနှင့် အိမ်ထောင်ကျပြီးနောက် ငါးပါးသီလမြဲ၍ ဥပုသ်သီလကို ရိုရိုသေသေ ဆောက်တည်သောကြောင့် တာဝတိံသာနတ်ပြည်၌ ရွှေပလ္လင်ပိုင်နတ်သမီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၁၆)
ပဝါရဏာဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးကို ပဝါရဏာပြုမည့်အချိန်၌ ဆွေမျိုးများ၊ မင်းများ၊ သူခိုးများ၊ အရက်သမားများ၊ ရန်သူများက ဖမ်းလျှင် ထိုရဟန်း ပဝါရဏာပြုပြီးသည်အထိ ဆိုင်းငံ့ရန်၊ သို့မဟုတ် ထိုသူတို့ကို သိမ်ပြင်ပ ထွက်နေရန်၊ သို့မဟုတ် ထိုရဟန်းကို သိမြ်ပင်ခေါ်သွားရန် ပြောဆိုရပုံ၊ ထိုသို့ပြော၍ မရလျှင် သံဃာအုပ်စုကွဲသော (ဝဂ်ဖြစ်နေသော) သံဃာတော်တို့က ပဝါရဏာမပြုရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၂၇)
ပဝါရိတဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ပုဏ္ဏားတစ်ယောက်သည် ရဟန်းတော်များကို ပင့်ဖိတ်၍ ဆွမ်းကပ်ပုံ၊ ရဟန်းတို့သည် ပုဏ္ဏားအိမ်၌ ဆွမ်းစားပြီးသော်လည်း မိမိဆွေမျိုးများအိမ်သို့ ရောက်သောအခါ ဆွမ်းစားကြပြန်သဖြင့် ပုဏ္ဏားကြီးက ကဲ့ရဲ့ပုံ၊ ထိုအကြောင်းကြောင့် ‘တော်ပြီ တန်ပြီ’ဟု တားမြစ်ပြီးနောက် အခြားနေရာ၌ ဆွမ်းစားသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ပထမ-ပဝါရဏာ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဝိ၊၂၊၁၀၉)
ပဝါရိတဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ပဝါရိတ်သင့်ပြီးသော ရဟန်းအား အခြား ရဟန်းတစ်ပါးက ဘောဇဉ် ကျွေးခြင်းကို အကြောင်းပြု၍ ‘‘ထိုသို့ ကျွေးသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဒုတိယ ပဝါရဏာ သိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၁၂)
ပဝိဋ္ဌတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ကေသာမည်သောရသေ့ ဖြစ်စဉ် အတ္ထဒဿီဘုရားရှင်ထံ ချဉ်းကပ်ပြီး ဝမ်းမြောက်ဝမ်းသာ တရားနာ၍ လက်အုပ်ချီမိုး ရှိခိုးအရိုအသေ ပြုခဲ့ပုံ၊ ထိုကုသိုလ်ထူးကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ မဂဓတိုင်းပုဏ္ဏားမျိုး၌ ဖြစ်ကာ ပရိဗိုဇ်ဘဝဖြင့် နေစဉ် ဥပတိဿ ကောလိတတို့ ဗုဒ္ဓသာသနာတော်သို့ ဝင်ရောက်သည်ကို ကြားရသဖြင့် အားကျ၍ သာသနာတော်သို့ ဝင်ရောက်ကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၃၃)
ပသာဒဗဟုလဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ အကြည်ညိုလွန်ကဲသော ပုဏ္ဏားကြီးက မိမိအိမ်သို့ ကြွရောက်သော ရဟန်းတို့ကို ရဟန္တာဟု ခေါ်ဝေါ်သုံးနှုန်းပုံ၊ ပုထုဇဉ်ရဟန်းနှင့် ရဟန္တာအရှင်မြတ်တို့က ဝိနယကုက္ကုစ္စဖြစ်၍ ထိုပုဏ္ဏားအိမ်သို့ မကြပုံ၊ မြတ်စွာဘုရား သိတော်မူ၍ ‘‘ရဟန္တာဟု ခေါ်ဝေါ်မှုကို ရရှိသော ရဟန်းတို့အား အာပတ်မသင့်’’ဟု မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၉၃)
ပံသုကူလပူဇကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ၉၁-ကမ္ဘာအထက်၌ ရဟန္တာတို့၏ အလံတံခွန်သဖွယ်ဖြစ်သော ပံ့သကူသင်္ကန်းကို တွေ့မြင်ရသဖြင့် ဆည်းလည်းပန်း သုံးပွင့်တို့ဖြင့် ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပြီး ဤဘုရားရှင်လက်ထက်တော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၇၄)
ပံသုကူလသညကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ပံသုကူလသညကမထေရ်လောင်းလျာသည် တိဿဘုရားရှင့်လက်ထက်တော်၌ တောလိုက်မုဆိုးတစ်ယောက် ဖြစ်ခဲ့ပုံ၊ တောထဲ၌ သစ်ပင်ဖျားတွင် ချိတ်ထားသော ပံ့သကူသင်္ကန်း တစ်ထည်ကို တွေ့မြင်ပြီး ဘုရားရှင်ကို အာရုံပြုကာ ရိုသေလေးမြတ်စွာ ရှိခိုးကန်တော့ခဲ့ပုံ၊ ထိုကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ကိုးဆယ့်နှစ်ကမ္ဘာတိုင် အပါယ်မလားဘဲ သုဂတိဘုံဘဝတို့၌သာ ကျက်စားခဲ့၍ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ အရဟတ္တဖိုလ် ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၅၅)
ပံသုကူလိကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ပံသုကူလိကမထေရ်သည် စေတီတော်ကို ရှိခိုးပြီးနောက် ‘‘လူအများနေရာ ဌာန၌ ပံ့သကူသင်္ကန်း ရနိုင်သည်’’ဟု စိတ်အကြံ ဖြစ်ခဲ့ပုံ၊ မဟာဝိဟာရသို့ သွား၍ မထေရ်ကြီးအား ရှိခိုးပြီး ရွာတံခါးသို့ အတူ သွားခဲ့ကြပုံ၊ မဟာဗောဓိတံခါးမုခ်ဦး၌ ရပ်လျက် လူချမ်းသာတို့ နေရာအရပ်၌ ပံ့သကူသင်္ကန်းကောင်းများ ရလိမ့်မည်ဟု ကြံစည်ခဲ့ပုံ၊ မိမိ၏စိတ်အကြံသည် မစင်ကြယ်သဖြင့် ထိုနေရာမှပင် ပြန်လှည့်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၃၊၁၉၃)
ပသူရပရိဗ္ဗာဇကဝတ္ထု
ဤဝတ္ထု၌ ပသူရပရိဗိုဇ်သည် အရှင်သာရိပုတ္တရာအား ဝါဒယှဉ်ပြိုင်ပြီးနောက် လာဠုဒါယီထံ၌ ရဟန်းဝတ်၍ ဗုဒ္ဓကို ဝါဒပြိုင်ရန် သွားရောက်ခဲ့ပုံ၊ သင်္ကပ္ပရာဂနှင့် ပတ်သက်၍ ဘုရားရှင်အား ဝါဒတင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၂၊၂၅၂)
ပသေနဒိကောသလရာဇဝတ္ထု
ဤဝတ္ထု၌ ပသေနဒီကောသလမင်းကြီးသည် ဥယျာဉ်စောင့်ယောက်ျားတစ်ယောက်အား ဥယျာဉ်တော်ကို ရှင်းလင်းခိုင်းရာ ထိုဥယျာဉ်အတွင်း၌ ဘုရားရှင် သီတင်းသုံးနေတော်မူသည်ကို ဥယျာဉ်စောင့်က တွေ့မြင်ပုံ၊ ကောသလမင်းကြီး ရောက်လာသောအခါ ဥပါသကာတစ်ယောက်နှင့် တရားဆွေးနွေးတော်မူနေသော ဘုရားရှင်က ကောသလမင်းကြီးအား ဤဥပါသကာသည် စာပေပရိယတ်၌ ကျွမ်းကျင်တတ်မြောက်သူဖြစ်ကြောင်း မိန့်တော်မူပုံ၊ ကောသလမင်းကြီးက နန်းတွင်းသူ နန်းတွင်းသားများကို စာပေပရိယတ်သင်ကြားစေရန် ပြောဆိုသောအခါ ရဟန်းတော်တို့နှင့်သာ သင့်လျော်ပါကြောင်း ဥပါသကာက ပြန်လည်သံတော်ဦးတင်ခဲ့ပုံ၊ မင်းကြီးက ဘုရားရှင်အား လျှောက်ထား၍ ဘုရားရှင်က အရှင်အာနန္ဒာအား သင်ကြားစေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၀၅)
ပသေနဒိကောသလရာဇဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် သကျတို့၏ နိဂုံးရွာ မေဓာဠုပ၌ သီတင်းသုံးတော်မူစဉ် နဂရကမြို့သို့ ရောက်နေသော ကောသလမင်းကြီးသည် မြတ်စွာဘုရားထံ ရောက်လာပြီး မြတ်စွာဘုရား၏ ခြေတော်တို့ကို ပါးစပ်ဖြင့် စုပ် လက်တို့ဖြင့် ဆုပ်နယ်ပြီး မြတ်စွာဘုရားအပေါ် သူ၏ ကြည်ညိုမှုတို့ကို လျှောက်ထားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၂၊၃၂၀)
ပသေနဒိကောသလရာဇဝတ္ထု
ဤဝတ္ထု၌ ကောသလမင်းကြီးက ဘုရားရှင်အား အမျိုးလေးပါးခွဲခြားမှုသည် နောင်တမလွန်ဘဝ၌ ထူးခြားမှု ရှိ၊ မရှိ မေးလျှောက်ရာ ဘုရားရှင်က ကျွန်းသားထင်း၊ အင်ကြင်းသားထင်း၊ သရက်သားထင်း၊ ရေသဖန်းသားထင်းတို့သည် အပင်ဘဝ၊ ထင်းရှူးဘဝတုန်းက အမည်အမျိုးမျိုး ကွဲပြားသော်လည်း မီးမွှေး၍ မီးတောက်သောအခါ အခိုး၊ အလျှံ အပူရှိန် ကွဲပြားမှု မရှိသကဲ့သို့ မင်း၊ ပုဏ္ဏား၊ ကုန်သည်၊ ဆင်းရဲသား၊ အမျိုးလေးပါးတို့သည်လည်း အင်္ဂါငါးပါးနှင့်အညီ တရားအားထုတ်သည်ရှိသော် ရရှိမည့်အကျိုးထူးသည် အတူတူပင် ဖြစ်၍ လူမျိုးကွဲပြားမှု မရှိကြောင်း ဖြေကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (မ၊၂၊၃၂၇)
ပသေနဒိကောသလရာဇဝတ္ထု
ဤဝတ္ထု၌ ကောသလမင်းကြီး အဇာတသတ်ကို စစ်နိုင်ခြင်းအကြောင်းနှင့် ကောသလ မင်းကြီး အစားလျှော့စားပုံ၊ ကောသလမင်းကြီးက မြတ်စွာဘုရားကို ကျေးဇူးဥပကာရတင်ရှိကြောင်း လျှောက်ထားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၃၊၃၀၅)
ပသေနဒိကောသလဝတ္ထု
ဤဝတ္ထု၌ ပသေနဒီကောသလမင်းကြီးသည် ဆန်တစ်စိတ်ချက်ထမင်းနှင့် ထိုထမင်းအား လျော်သော ဟင်းလျာများကို သုံးဆောင်ပြီး ဘုရားရှင်ထံ ချဉ်းကပ်ခဲ့ပုံ၊ ဘုရားရှင်ထံ ရောက်သောအခါ ထမင်းဆီယစ်သဖြင့် မသက်မသာ နေထိုင်ခဲ့ရပုံ၊ ဘုရားရှင်က အစားလွန်ခြင်း၌ အပြစ်ကို ဟောကြားပုံ၊ အတိုင်းအရှည်ကို သိ၍ စားသောက်သူအား ဝေဒနာနည်းပါးပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၇၁) (ဓမ္မ၊ဋ္ဌ၊၂၊၃၁၅) (သီ၊ဋီ၊သစ်၊၂၊၂၁၃) (အံ၊ဋီ၊၃၊၃၂၇)
ပါဋလိဂါမဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့မှ ပါဋလိရွာသို့ ကြွလာတော်မူသောအခါ ရွာသားတို့သည် မိမိတို့၏ ရွာဦးဓမ္မာရုံကို အခင်းအပြည့်ခင်း၍ ဆီမီးညှိထွန်းကာ တရားဟောပင့်ကြပုံ၊ မြတ်စွာဘုရားသည် သီလမရှိသူ၏ အပြစ်ငါးမျိုးနှင့် သီလနှင့်ပြည့်စုံသူ၏ အကျိုးငါးမျိုးကို ဟောပြတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၂၁) (ဒီ၊၂၊၇၁) (ဥဒါန၊ဋ္ဌ၊၃၆၇) (ဒီ၊၂၊၇၁)
ပါဋလိပုတ္တနဂရမာပနဝတ္ထု
ဤဝတ္ထု၌ သုနိဓနှင့် ဝဿကာရအမတ်ကြီးနှစ်ယောက်တို့သည် ဝဇ္ဇီမင်းတို့၏ ဘေးရန်ကို ကာကွယ်ရန်အတွက် ပါဋလိပုတ်မြို့သစ် တည်ဆောက်ရန် စီမံကြပုံ၊ နတ်များက မိမိတို့ အဆင့်အတန်းအလိုက် ရှေးဦးစွာ နေရာသတ်မှတ်ကြပုံ၊ နတ်တို့ သတ်မှတ်ထားသည့် နေရာအတိုင်းပင် အမတ်ကြီးနှစ်ယောက်တို့က နေရာချထားပုံ၊ မြို့သစ် တည်ဆောက်ပြီးနောက် ဘုရားရှင်အား ဆွမ်းစားပင့်ဖိတ်သောအခါ ဘုရားရှင်က မြို့သစ်၊ ရွာသစ်၊ အိမ်သစ်၊ ရာသစ်တည်ဆောက်ရာ၌ ပြုလုပ်ရမည့် အစီအစဉ်ကို ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၂၃) (ဒီ၊၂၊၇၄) (သရတ္ထ၊ဋီ၊၃၊၃၁၇)
ပါဋလိပုတ္တပေတဝတ္ထု
ဤဝတ္ထု၌ ပါဋလိပုတ္တမြို့သား ကုန်သည်တစ်ဦးသည် သုဝဏ္ဏဘူမိသို့ လှေဖြင့် ကုန်ရောင်းသွားစဉ် မိန်းမအပေါ်၌ စွဲလမ်းသောစိတ်ဖြင့် သေဆုံးခဲ့ရပုံ၊ သမုဒ္ဒရာအလယ်၌ ဗိမာန်ရှင်ပြိတ္တာ ဖြစ်ရ၍ ထိုအမျိုးသမီး ပင်လယ်ခရီးဖြင့် လာသောအခါ လှေကို တားထားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၂၁၅) (ပေတ၊ဋ္ဌ၊၂၅၄)
ပါဋလိပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်နှစ်ကမ္ဘာအထက်၌ ချမ်းသာကြွယ်ဝသော သူဌေးသား ဖြစ်ခဲ့ရပုံ၊ တိဿဘုရားရှင်အား သခွတ်ပန်းကို လှူခဲ့သော ဘဝမှ စ၍ အပါယ်လေးပါး လားရောက်ရခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော ခြောက်ဆယ့်သုံးကမ္ဘာအထက်၌ အဘိသမ္မတမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၃၅)
ပါဋိဟီရသညကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင် ဆွမ်းခံဝင်တော်မူစဉ် တူရိယာတို့သည် မတီးမမှုတ်ဘဲ သာယာစွာ မြည်၍ ပူဇော်သည်ကို တွေ့သဖြင့် ‘‘ဘုရားရှင်သည် လွန်စွာ အံ့ဩဖွယ် ရှိပေစွ’’ဟု အမှတ်သညာပြု ပူဇော်ခဲ့သည့် ကုသိုလ်ကြောင့် သုဂတိဘဝတို့၌သာ ကျင်လည်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (အပ၊၂၊၁၈)
ပါတိမောက္ခပရိယာပုဏနဝတ္ထု
ဤဝတ္ထု၌ ကျောင်းတစ်ကျောင်းရှိ ရဟန်းတို့သည် ဥပုသ်ကံ၌ မကျွမ်းကျင်ကြပုံ၊ ပါတိမောက်ပြနိုင်သူ တစ်ပါးမှ မရှိပုံ၊ ထိုရဟန်းတို့သည် ရဟန်းတစ်ပါးပါးကို အနီးအပါးသို့ ပါတိမောက်အကျဉ်းပြ၊ အကျယ်ပြနည်းများ သင်ယူရန် စေလွှတ်ရမည်ဟု ဘုရားရှင်က မိန့်တော်မူပုံ၊ ထိုသို့ စေလွှတ်သောအခါ မထေရ်ကြီးက စေခိုင်းလျှင် ဂိလာနမှ တစ်ပါး သွားရမည်ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၅၇)
ပါဒဉ္ဇလိဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီမင်း၏ ပညာရှိအမတ်ကြီး ဖြစ်စဉ် မင်းကြီးနတ််ရွာစံသောအခါ ပါဒဉ္ဇလီမည်သော အသိဉာဏ်ကင်းမဲ့သည့် မင်းသားကို မင်းမြှောက်ရန် စူးစမ်းပုံ၊ မင်းသားသည် မှားသည် မှန်သည်ကို မသိ၊ အမြဲတမ်း နှုတ်ခမ်းကိုက်လျက် နေပုံ၊ ထို့ကြောင့် အမတ်ကြီးတို့က ဘုရားလောင်းအား မင်းမြှောက်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၄၀)
ပါဒပိဋ္ဌိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သုမေဓာဘုရားရှင်အား ခြေဆေးအင်းပျဉ် လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံဘဝတို့၌သာ လားရောက်ခဲ့ရပုံ၊ ဖြစ်လေရာဘဝတိုင်းတို့၌ ခြေချတိုင်း ရွှေအင်းပျဉ် ခံလာပြီး ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများပါဝင်သည်။ (အပ၊၂၊၂၈)
ပါဒပူဇကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ဟိမဝန္တာတောင်၌ ကိန္နရာဖြစ်ခဲ့၍ ဝိပဿီဘုရားရှင်၏ ခြေတော်ရင်း၌ စန္ဒကူးနှင့် တောင်ဇလပ်ပန်းတို့ကို ကြဲဖြန့်ပူဇော်ခဲ့ပုံ၊ ခြေတော်တို့ကို ပူဇော်ခဲ့သော ဘဝမှစ၍ အပါယ်လေးပါး လားရောက်ခဲ့ရခြင်း မရှိဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၇၉)
ပါဒဖလိယထ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည်ဝိပဿီမြတ်စွာဘုရားရှင်အား ပါဒဖလခေါ် ခြေရာသီးများကို လှူဒါန်းခဲ့သော ကုသိုလ်ကြောင့် ဒုဂ္ဂတိဘဝ မရောက်ခဲ့ရဘဲ ဤဘုရားသာသနာ၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၈၉)
ပါနဓိဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ လိုအပ်နေသော အချိန်အခါမျိုး၌ လိုအပ်ချက်ကို ဖြည့်စွက်လှူဒါန်းခြင်းသည် အလွန်အကျိုးရှိလှပုံ၊ အခြေအနေနှင့် အချိန်အခါလိုက် ထိုက်သင့်သလို ပေးလှူခြင်းကိုသာ ကာလဒါနဟု ခေါ်ပုံ၊ ပါနဓိထေရ်လောင်းလျာသည် လမ်းခရီး၌ ဖိနပ်မပါဘဲ ဒေသစာရီ ကြွချီ တော်မူလာသော အနောမဒဿီဘုရားရှင်ကို ဖူးတွေ့လိုက်ရသောအခါ သဒ္ဓါတရားများ ဖြစ်ပေါ်လာပြီး မိမိတွင် အပိုပါသော ဖိနပ်အသစ်တစ်ရံကို လှူဒါန်းခဲ့ပုံ၊ ဤကုသိုလ်၏ အကျိုးဆက်ကြောင့် သိကြားမင်းဘဝ အကြိမ်ငါးဆယ်၊ စကြာမင်းဘဝ အကြိမ်တစ်ထောင်၊ ပဒေသရာဇ်မင်းအဖြစ် မရေမတွက်နိုင်အောင် ရရှိခဲ့ပုံ၊ ယာဉ်အမျိုးမျိုးကို ပိုင်ဆိုင်ပြီး သွားလေရာရာ ယာဉ်ဖြင့်သာ သွားလာခဲ့၍ ဤဘုရားရှင် လက်ထက်တော်၌ ရဟန္တာ ဖြစ်ကာ ကျွတ်တမ်းဝင်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (အပ၊၂၊၅၂)
ပါနီယဇာတက
ဤဇာတ်တော်၌ ကာသိတိုင်း ကာသိရွာသား (၅)ဦးတို့သည် မိမိတို့၏ အလုပ်ကိစ္စ အသီးသီးကို လုပ်ကိုင်ကြရင်း လောဘဒေါသစသော ကိလေသာတို့၏ အပြစ်ကို ကိုယ်တွေ့ သိရှိကြပုံ၊ သံဝေဂယူကာ ဝိပဿနာရှုပွားကြသဖြင့် ပစ္စေကဗုဒ္ဓါဖြစ်ကြပုံ၊ ထိုပစ္စေကဗုဒ္ဓါ(၅)ပါးတို့သည် ဗာရာဏသီမင်း၏ နန်းတော်သို့ ကြွရောက်၍ မင်းကြီးအား တရားဟောရာ မင်းကြီးလည်း ထီးနန်းစွန့်၍ ရသေ့ပြုခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၁၁၅)
ပါနီယထာလကဝတ္ထု
ဤဝတ္ထု၌ ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ ဘေသကဠာမိဂဒါဝုန်တော၌ ဘုရားရှင် သီတင်းသုံးနေထိုင်တော်မူစဉ် ကောကနဒပြာသာဒ်၌ ဆွမ်းစားကြသော ရဟန်းတို့သည် ထမင်းဟင်းပေကျံနေသော လက်ဖြင့် သောက်ရေခွက်များကို ကိုင်ကြသောကြောင့် ဘုရားရှင်က ‘‘ပေကျံနေသော လက်ဖြင့် သောက်ရေခွက်ကို မကိုင်ရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၆၀)
ပါပနိဝါရိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်နှစ်ကမ္ဘာအထက်၌ တိဿဘုရားရှင်အား ထီးတစ်လက်ကို လှူဒါန်းခဲ့ပုံ၊ ကုသိုလ်၏ ပြည့်စုံခြင်းကြောင့် မကောင်းမှုကို ပိတ်ဆို့ရာရောက်ခဲ့ပုံ၊ ထီးလှူခဲ့သော ဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်းမရှိခဲ့ဘဲ လွန်ခဲ့သော ခုနစ်ဆယ့်နှစ်ကမ္ဘာအထက်၌ မဟာနိဒါနမည်ရှိသော စကြဝတေးမင်း ရှစ်ကြိမ်တိုင်တိုင်ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၃၂)
ပါယသဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ယဇ်ကြီးကို ပူဇော်လို၍ ကြီးစွာသော ရွှေလင်ပန်း၌ နို့ဃနာဆွမ်းကို ထည့်ပြီး ယူဆောင်လာခဲ့ရာ ဝိပဿီဘုရားရှင်သည် အကာအကွယ်မရှိသော ကောင်းကင်၌ စင်္ကြံကြွနေသည်ကို မြင်ခဲ့ရပုံ၊ ကြက်သီးမွေးညင်းထလောက်အောင် မဖြစ်စဘူး ထူးကဲသော အံ့ဩဖွယ်ရာကို ဖူးမြင်ရသောကြောင့် ရွှေခွက်ကို ချထားပြီး ဘုရားရှင်ကို ရှိခိုးခဲ့ပုံ၊ ဘုရားရှင်သည် မထေရ်အလောင်း၏ အကြံကို သိ၍ အလှူခံခဲ့ပုံ၊ နို့ဃနာဆွမ်းကို လှူဒါန်းခဲ့သော ဘဝမှ စ၍ အပါယ်လေးပါးလားရောက်ခဲ့ရခြင်း မရှိဘဲ လွန်ခဲ့သော လေးဆယ့်တစ်ကမ္ဘာအထက်၌ ဗုဒ္ဓမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊ ၁၇၂)
ပါယာသိဒေဝပုတ္တဝတ္ထု
ဤဝတ္ထု၌ အရှင်ဂဝမ္ပတိမထေရ်သည် သေရီသကဗိမာန်၌ သီတင်းသုံးနေထိုင်စဉ် ပါယာသိမင်းဘဝမှ နတ်ရွာစံပြီး စတုမဟာရာဇ်နတ်ပြည်၌ ဖြစ်နေသော ပါယာသိနတ်သားက လာရောက်ရှိခိုးပုံ၊ မထေရ်က အသင် ဘယ်သူလဲဟု မေးသောအခါ ပါယာသိနတ်သား ဖြစ်ကြောင်း လျှောက်ထားခဲ့ပုံ၊ အရှင်ဂဝမ္ပတိမထေရ်က ‘‘သင်သည် လူ့ပြည်၌ ဖြစ်စဉ်အခါက တမလွန်လောက မရှိကြောင်း၊ ကောင်းမှု၊ မကောင်းမှုတို့၏ အကျိုးပေးမှုမရှိကြောင်း အယူရှိခဲ့သည် မဟုတ်လော’’ဟု မေးခဲ့ပုံ၊ ထိုအယူကို အရှင်ကုမာရကဿပထေရ်က ဖြေရှင်းပေးခဲ့သည့်အတွက် စွန့်လွှတ်ခဲ့ကြောင်း လျှောက်ထားခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၂၊၂၈၁)
ပါယာသိရာဇညဝတ္ထု
ဤဝတ္ထု၌ အရှင်ကုမာရကဿပမထေရ်သည် သေတဗျမြို့၌ သီတင်းသုံးနေတော်မူစဉ် ပါယာသိ မြို့စားသည် မထေရ်ထံ လာ၍ တမလွန်လောက မရှိ၊ ကံကံ၏အကျိုး မရှိ ဟူသော အယူကို တင်ပြသောအခါ မထေရ်က နေနှင့်လကို ဥပမာပေး၍ တမလွန်လောကရှိကြောင်း နည်းမျိုးစုံဖြင့်ရှင်းပြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၂၊၂၅၃) (ဝိမာန၊၁၁၆) (ပေတ၊၁၉၃) (ဒီ၊ဋ္ဌ၊၂၊၃၉၆) (ဝိမာန၊ဋ္ဌ၊၃၁၁) (ပေတ၊ဋ္ဌ၊၂၂၇)
ပါရာပရိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် မုဆိုးဖြစ်၍ တော၌ လှည့်လည်စဉ် သမာပတ်ဝင်စားနေသော ပိယဒဿီမြတ်စွာဘုရားအား အလွန်ကြည်ညိုစွာဖြင့် သက်ကယ်မဏ္ဍပ် ဆောက်၍ ပဒုမ္မာကြာပန်းတို့ဖြင့် အထွဋ်တင်ကာ ညှိုးနွမ်းသော ပန်းတို့ကို ပန်းသစ်တို့ဖြင့် လဲလှယ်လျက် ခုနစ်ရက်တိုင်တိုင် ပူဇော်ခဲ့ပြီး တရားနာခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ပုဏ္ဏားမျိုး၌ ဖြစ်ကာ သာသနာတော်သို့ ဝင်ရောက်ခဲ့ပြီး ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံစသော အကြောင်းအရာများပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၉၁)
ပါရာပရိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ ပါရာပရိယအရှင်မြတ်သည် ရှေးဘုရားတို့အထံ၌ ကုသိုလ်ကောင်းမှု ပြုခဲ့သောကြောင့် သုဂတိဘုံဘဝတို့၌သာကျင်လည်ခဲ့ရပြီး ဤဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိမြို့ ဗြဟ္မာဏမဟာသာလမျိုး၌ဖြစ်ခဲ့ပုံ၊ ဣန္ဒြိယဘာဝနာသုတ်ကို နာကြားရသောအခါ လူ့ဘဝကို စွန့်၍ ရဟန်းပြုလာပြီး ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၃၄၈) (ထေရ၊ဋ္ဌ၊၂၊၂၇၁)
ပါရာယနဝတ္ထု
ဤဝတ္ထု၌ ကဿပဘုရားရှင် လက်ထက်တော်၌ ဗာရာဏသီမင်းနှင့် ကဋ္ဌဝါဟနမင်း နှစ်ပါးတို့ ချစ်ခင်စွာ အပြန်အလှန် လက်ဆောင်ပို့ကြပုံ၊ ဗာရာဏသီမင်းထံမှ လောကတွင် ဘုရားပွင့်ကြောင်း သတင်းစကားကို ကဋ္ဌဝါဟနမင်းကြီး ကြားသိရ၍ တမန်များ စေလွှတ်ပြီး စုံစမ်းစေပုံ၊ ကဿပမြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီဖြစ်၍ ပရိဘောဂများနှင့် ရဟန်းတစ်ပါးကို ပင့်ခဲ့ကြပြီး ကိုးကွယ်ခဲ့ကြပုံ၊ ကဋ္ဌဝါဟနမင်းသည် ဂေါတမဘုရားရှင် လက်ထက်တော်၌ ဗာဝရီ ပုဏ္ဏားကြီး ဖြစ်လာပြီး တောထွက်၍ ရသေ့ပြုခဲ့ပုံ၊ သူ၏ တပည့်တို့ကို မြတ်စွာဘုရားထံ မေးခွန်းများကို အမေးခိုင်းခဲ့ပုံ တပည့်ရသေ့တို့တွင် ပိင်္ဂိယရသေ့သည် မြတ်စွာဘုရားဟောသော ပါရာယနသုတ်ကို ကြားနာရသဖြင့် အနာဂါမ် တည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၂၊၂၉၁)
ပါရာဝတဇာတက
ဤဇာတ်တော်သည် ကပေါတဇာတကနှင့် တူသည်။ (ဇာ၊ဋ္ဌ၊၃၊၂၉၅)
ပါရိစ္ဆတ္တကဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့သား ဥပါသကာတစ်ဦးသည် ဘုရားအမှူးရှိသော သံဃာတော်တို့အားပင့်ဖိတ်၍ မိမိအိမ်ရှေ့တွင် အလှူမဏ္ဍပ်ထိုးကာ တင်းတိမ်ကန့်လန့်ကာ ကာရံ၍ မျက်နှာကျက်များ၊ အလံတံခွန်များ၊ ပန်းဆိုင်းပန်းကုံးများ ချိတ်ဆွဲ၍ နေရာခင်းပြီး ဆွမ်းကပ်ခဲ့ပုံ၊ ထိုစဉ် ထင်းခွေသူမတစ်ဦး ရောက်လာပြီး သော်ကပန်းခိုင်တို့ဖြင့် ပန်းနေရာခင်းကာ ဘုရားရှင်အား လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုတို့ကြောင့် တာဝတိံသာနတ်ပြည်၌ ဖြစ်ခဲ့ကြပုံစသော အကြောင်း အရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၅၇)
ပါရိဝတ္တကစီဝရဝတ္ထု
ဤဝတ္ထု၌ ရဟန်းတို့သည် ဘိက္ခုနီတို့ လဲလှယ်သော သင်္ကန်းကို လက်မခံကြသဖြင့် ဘုရားရှင်က ဘိက္ခုနီတို့ လဲလှယ်သော သင်္ကန်းကို လက်ခံနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၁၀)
ပါရိဝတ္တကစီဝရဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ဆွေမျိုးမတော်သော ဘိက္ခုနီအား သင်္ကန်းမပေးရဟု သိက္ခာပုဒ်ပညတ်ပြီး ဖြစ်၍ ဘိက္ခုနီတို့နှင့် သင်္ကန်းလဲလှယ်မှု မပြုကြသောကြောင့် ဘုရားရှင်က လဲလှယ်ခွင့် ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၈၃)
ပါရိဝါသိကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ပရိဝါသ်ဆောက်တည်နေကြသော ရဟန်းတို့သည် ပကတတ်ရဟန်းတို့၏ ရှိခိုးမှု၊ ခရီးဦးကြိုဆိုမှု၊ လက်အုပ်ချီမှုစသည့်တို့ကို လက်ခံသာယာကြသဖြင့် ဘုရားရှင်က ပရိဝါသ် ဆောက်တည်နေသော ရဟန်းတို့သည် ထိုသို့မသာယာကြရန် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၈၂)
ပါရိသုဒ္ဓိဒါနကထာဝတ္ထု
ဤဝတ္ထု၌ ရဟန်းတို့ ဥပုသ်ပြုရန် စုဝေးကြသည်ရှိသော် ဖျားနာနေသော ရဟန်းတစ်ပါး မလာရောက်နိုင်၍ ပါရိသုဒ္ဓိပေးရန် ဘုရားရှင်က ခွင့်ပြုတော်မူပုံ၊ ပါရိသုဒ္ဓိမပေးလျှင် ဂိလာနရဟန်းကို ခုတင်နှင့် တကွ ယူဆောင်၍ ဥပုသ်ပြုရန် ခေါ်ဆောင်ရမည်၊ ရောဂါပြင်းထန်၍ မသယ်ဆောင်နိုင်လျှင် သံဃာတော်တို့သည် ထိုဂိလာနရှိရာသို့ သွား၍ ဥပုသ်ပြုရမည်။ ဝဂ်ဖြစ်သော သံဃာတော်သည် မည်သို့မျှ ဥပုသ်မပြုရဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၆၁)
ပါရောဟအရဟန္တဝတ္ထု
ဤဝတ္ထု၌ အံ့ဖွယ်သရဲကို ဖြစ်စေတတ်သော ရဟန်းတစ်ပါးသည် တောင်ထိပ်တွင် သစ်ရွက်မိုးကျောင်းလေးတစ်ကျောင်းကို ဆောက်၍ သီတင်းသုံးနေထိုင်ခဲ့ပုံ၊ ဒကာဒကာမများ ဆွမ်းပင့်ဖိတ်သည့်အခါ လမ်းရိုးဖြင့် မကြွဘဲ ညောင်ကြပ်ပင်၏ မြစ်ပျဉ်းဖြင့် တောင်ထိပ်မှ သက်ဆင်း၍ ရွာတံခါးအနီး၌ တည်နေခဲ့ပုံ၊ ဒကာ ဒကာမများက ဘယ်လမ်းဖြင့် ကြွလာပါသနည်းဟု မေးသောအခါ ‘‘ရဟန်းတို့သွားလာသော လမ်းကို မေးခြင်းငှာ မသင့်’’ဟု မိမိကိုယ်ကို ရဟန္တာယောင် ဟန်ဆောင်ကာ ပြောကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၂၊၄၅၈)
ပါလိလေယျကဝတ္ထု
ဤဝတ္ထု၌ ကောသမ္ဗီပြည်သား ရဟန်းများသည် အချင်းချင်း ခိုက်ရန်ဖြစ်ပွား ကြသဖြင့် ဘုရားရှင်တရားဟောသော်လည်း မရသောကြောင့် ဘုရားရှင်တစ်ပါးတည်း သီတင်းသုံးရန် ပါလိလေယျကတောသို့ ကြွတော်မူသောအခါ ပလလဲဆင်မင်းသည် ဘုရားရှင်၏ ဝတ်ကြီးဝတ်ငယ်ကို ပြုစုခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၂၊၂၈၀) (ဥဒါန၊ဋ္ဌ၊၂၂၅)
ပါဝေယျကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ပါဝေယျကတိုင်းသား ရဟန်းသုံးဆယ်တို့သည် အာရညကင်ဓုတင်၊ ပိဏ္ဍပါတ်ဓုတင်၊ ပံသကူဓုတင်၊ တိစီဝရိက်ဓုတင် ဆောင်ကြကုန်လျက် သာဝတ္ထိမြို့သို့ ဘုရားရှင်ကို ဖူးရန် လာကြပုံ၊ ဝါလနီးကာမှ လာခဲ့ကြသောကြောင့် အချိန်မမီသဖြင့် သာကေတတွင် ဝါဆိုရပုံ၊ ဝါကျွတ်လျှင်ကျွတ်ချင်း မိုးရေ ရွှံ့ညွန် ပေကျံလျက် ဆင်းဆင်းရဲရဲဖြင့် ဘုရားရှင့်ထံ ရောက်လာကြသောကြောင့် ဘုရားရှင်က ကထိန်သင်္ကန်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဝိ၊၃၊၃၅၁)
ပါဝေယျကဟတ္ထိဝတ္ထု
ဤဝတ္ထု၌ ပါဝေယျကဆင်သည် ငယ်ရွယ်နုပျိုစဉ်အခါက ခွန်အားဗလနှင့် ပြည့်စုံလျက် ရဲစွမ်းသတ္တိ အပြည့်အဝရှိခဲ့ပုံ၊ အိုမင်းလာသောအခါ၌ ညွန်နစ်စဉ် မရုန်းနိုင်ဘဲရှိပုံ၊ ဆင်ဆရာက စစ်မြေပြင်၌ တီးသော စည်ကို တီးစေလျက် ညွန်မှ ရုန်းထစေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၂၀)
ပါဝေယျကာဇီဝကဝတ္ထု
ဤဝတ္ထု၌ ပါဝေယျက တက္ကတွန်းတစ်ယောက်ကို အိမ်ပိုင်ရှင် အမျိုးသမီးကြီးတစ်ဦးက သားအဖြစ် မွေးစားကိုးကွယ်ထားပုံ၊ ဘုရားရှင်ဂုဏ်တော်ကို ကြားရ၍ ဆွမ်းစားပင့်လိုသော စိတ်ဖြစ်ပေါ်လာသောအခါ ထိုတက္ကတွန်းကို တိုင်ပင်လျှင် ထိုတက္ကတွန်းသည် မနာလိုစိတ်ဖြင့် တားမြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၃၇)
ပိင်္ဂိယာနီ ဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရား ဝေသာလီပြည်အနီး မဟာဝုန်တောအုပ်ကြီး၌ သီတင်းသုံးနေထိုင်တော်မူစဉ်၊ လိစ္ဆဝီမင်းသား ငါးရာတို့ အဝါရောင်၊ အဖြူရောင်၊ အနီရောင်၊ အညိုရောင်စသည်ဖြင့် အရောင်မျိုးစုံ အရောင်တူ ဝတ်ဆင်လျက် ဘုရားရှင့်ထံ ချဉ်းကပ်လာကြပုံ၊ ထိုပရိသတ်ထဲမှ ပိင်္ဂိယာနီမည်သော ပုဏ္ဏားသည် ရုတ်တရက် ထလျက် ဘုရားရှင်၏ ဂုဏ်တော်တို့ကို ဂါထာပါဠိတို့ဖြင့် ချီးကျူးလျှောက်ထားခဲ့ပုံ၊ လိစ္ဆဝီမင်းသား ငါးရာတို့က ပိင်္ဂိယာနီအား အပေါ်ရုံခြုံထည်ငါးရာတို့ဖြင့် ချီးမြှောက်ဂုဏ်ပြုကြပုံ၊ ဘုရားရှင်က လောက၌ အလွန်ရခဲသော ရဟန်းငါးမျိုးရှိကြောင်း ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၂၀၈) (အံ၊ဋ္ဌ၊၃၊၇၀)
ပိင်္ဂိယာနီဇာတက
ဤဇာတ်တော်၌ ဗြဟ္မဒတ်မင်းကြီး၏ မိဖုရားခေါင်ကြီး ပိင်္ဂိယာနီသည် ပြတင်းပေါက်မှ ကြည့်သည်ရှိသော် မင်္ဂလာမြင်းမြတ်ကို ထိန်းသိမ်းရသည့် မြင်းထိန်းကြီးအား တွေ့ပြီး စွဲမက်ခဲ့ပုံ၊ ညအခါ ဘုရင်ကြီး စက်တော်ခေါ်ချိန်တွင် တိတ်တဆိတ် သွား၍ မြင်းထိန်းနှင့် ဖောက်ပြားကာ ပြန်လာပြီး ရေချိုး အမွှေးနံ့သာလူးပြီး ဘုရင်နှင့်အတူ မွေ့လျော်ခဲ့ပုံ၊ ညသန်းခေါင်အချိန်တွင် မိဖုရားကြီး၏ ကိုယ်ခန္ဓာ အေးစက်နေပုံကို သတိထားမိရာမှ စူးစမ်းသည်ရှိသော် မြင်းထိန်းနှင့် ဖောက်ပြားမှုကို လက်ပူးလက်ကြပ် ဖမ်းမိပြီး မိဖုရားကြီးအဖြစ်မှ ပယ်ကာ နှင်ထုတ်လိုက်ပုံ၊ မိန်းမဟူသည် အကျင့်စာရိတ္တ နိမ့်ကျယုတ်မာသူများဖြစ်ကြောင်း ကုဏာလငှက်မင်းက ဟောပြခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၄၈၀)
ပိဋ္ဌဓီတလိကပေတဝတ္ထု
ဤဝတ္ထု၌ အနာထပိဏ်သူဌေးကြီး၏မြေးသည် သမီးအဖြစ်မှတ်ယူထားသော မုန့်ညက် အရုပ်မလေး ကျကွဲသွားသည်ကို မိမိ၏ သမီး သေပြီ-ဟု စွဲလန်းယုံကြည်ကာ အငိုမတိတ်ဘဲဖြစ်နေပုံ၊ အနာထပိဏ်သူဌေးကြီးသည် သူ့မြေးမလေးအား ရင်ခွင်၌ထား၍ ကျကွဲ သေဆုံးသွားသော အရုပ်ကို ရည်စူးလျက် ဆွမ်းကျွေးခဲ့ပုံ၊ ကွယ်လွန်လေပြီးသော မိဘဘိုးဘွားများ အိမ်စောင့်နတ်၊ ခြံစောင့်နတ်များ၊ လောကပါလနတ်ကောင်း နတ်မြတ်များကို အမျှအတမ်းဝေလျှင် အကျိုးရှိနိုင်ကြောင်း ဘုရားရှင် ဟောတော်မူခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ပေတ၊၁၂၈) (ပေတ၊ဋ္ဌ၊၁၅)
ပိဋ္ဌိဒုက္ခဝတ္ထု
ဤဝတ္ထု၌ ဘုရားအလောင်းသည် သူကြွယ်မျိုး၌ ဖြစ်စဉ် အရပ်ပုသော်လည်း ခွန်အားဗလနှင့် ပြည့်စုံသူတစ်ဦး ဖြစ်ခဲ့ပုံ၊ နပန်းသတ်သမားတစ်ယောက်သည် ဘုရားလောင်း နေထိုင်ရာမြို့သို့ ရောက်ရှိလာပြီး နပန်းသတ်ရန် ကြွေးကြော်ခဲ့ပုံ၊ ဘုရားလောင်းက မိမိနှင့် နပန်းသတ်ရန် ပြောဆိုသောအခါ နပန်းသမားကြီးက ‘‘သင်ကဲ့သို့သော လူပုလေးကို တစ်ချက်စာမျှ ကိုင်ပေါက်စရာမရှိ’’ဟု ပြက်ရယ်ပြောင်လှောင်ပြောဆိုခဲ့ပုံ၊ ထို့နောက် ဘုရားလောင်းနှင့် နပန်းယှဉ်သတ်သောအခါ ဘုရားလောင်းက နပန်းသမားကြီးကို ကောင်းကင်သို့ မြှောက်တင်ကာ ခါးရိုးကို ရိုက်ချိုးခဲ့ပုံ၊ ဤအကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ဖြစ်လေရာဘဝတိုင်း၌ ခါး ဦးခေါင်းစသော ခန္ဓာကိုယ် နာကျင်သည့် ဆင်းရဲဝေဒနာ ခံစားရပုံ၊ နောက်ဆုံးဘဝ ဘုရားဖြစ်တော်မူသည့် အချိန်၌လည်း ခါး(ကျောက်ကုန်း) နာကျင်သည့် ဝေဒနာခံစားတော်မူရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အပ၊ဋ္ဌ၊၁၊၁၄၀)
ပိဏ္ဍစာရိကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားရှင် ကပိလဝတ္ထုနေပြည်တော်၌ သီတင်းသုံးနေတော်မူစဉ် ‘‘ရှေးဦးစွာသောတာပန်ဖြစ်သူ လူပုဂ္ဂိုလ်အား နောက်မှ သောတာပန်ဖြစ်သူ ရဟန်းက ရှိခိုးထိုက်သည်’’ဟူသောစကားကို ဆွမ်းခံကြွသော ရဟန်းတစ်ပါး ကြား၍ ဘုရားရှင်အား မေးလျှောက်ပုံ၊ သာမဏေ ရဟန်း စသော ပုဂ္ဂိုလ်တို့သည် ကိုးကွယ်ထိုက်သော အသွင်အပြင် သင်္ကန်းများကို ဝတ်ရုံထားသဖြင့် လူဝတ်ကြောင်အရိယာ ပုဂ္ဂိုလ်က ထိုနေ့၌ ရှင်ဖြစ်သော သာမဏေငယ်ကိုပင် ရှိခိုးသင့်ကြောင်း မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၂၆၁)
ပိဏ္ဍစာရိကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဆွမ်းခံဝင်သော ရဟန်းတစ်ပါးသည် မှတ်သားမထားဘဲ အိမ်တစ်အိမ်သို့ ဆွမ်းခံဝင်သောအခါ အိပ်ခန်းတစ်ခုထဲသို့ ရောက်သွားပုံ၊ ထိုအချိန်တွင် အမျိုးသမီးတစ်ယောက် အဝတ်မရှိ၊ ကိုယ်လုံးတီး အိပ်ပျော်နေသည်ကို တွေ့၍ ပြန်လှည့်ခဲ့ပုံ၊ ယောကျ်ားဖြစ်သူက သူ၏ဇနီးနှင့် ဖောက်ပြားသည်ဟု ထင်ကာ ထိုးကြိတ်ခဲ့ပုံ၊ ထိုအမျိုးသမီး နိုးလာပြီး အပြစ်မရှိကြောင်း ပြောပြမှ ရဟန်းကို လွှတ်လိုက်ပုံ၊ ဘုရားရှင် သိတော်မူ၍ ဆွမ်းခံရဟန်းတို့ လိုက်နာရမည့် ကျင့်ဝတ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၈၃)
ပိဏ္ဍပါတိကတိဿတ္ထေရဝတ္ထု
ဤဝတ္ထု၌ သူဆင်းရဲ ဇနီးမောင်နှံနှစ်ယောက်တို့သည် ထင်းခုတ်ရောင်း၍ အသက်မွေးရသဖြင့် နိစ္စဘတ်ဆွမ်း(ထာဝရဆွမ်း) မလှူနိုင်သောကြောင့် ပက္ခိကဆွမ်း(ဆယ်ငါးရက် တစ်ကြိမ်လှူသောဆွမ်း) လှူရန် တိုင်ပင်ကြပုံ၊ ပက္ခိကဆွမ်း လောင်းလှူစဉ် သာမဏေငယ်များသည် ‘‘ဟင်းမကောင်း’’ဟု ဆိုကာ ရှေ့၌ သွန်ပစ်ကြသောကြောင့် ဆွမ်းဟင်းကောင်းများ လောင်းလှူနိုင်ရန် သူဌေးထံတွင် သမီးငယ်ကို အသပြာတစ်ဆယ့်နှစ်ကျပ်ဖြင့် အိမ်စေအဖြစ် အပ်နှံပုံ၊ သူဆင်းရဲယောက်ျားသည် ကြံကြိတ်စက်၌ ခြောက်လတိုင်တိုင် အလုပ်လုပ်၍ အသပြာ တစ်ဆယ့်နှစ်ကျပ် ရရှိခဲ့ပုံ၊ သမီးကို ရွေးရန်သွားစဉ် လမ်းခရီး၌ ပိဏ္ဍပါတိကတိဿမထေရ်နှင့် တွေ့၍ ဆွမ်းစားချိန်ရောက်နေသဖြင့် တစ်ပဲမျှပင် မတန်သော ဆွမ်းကို တစ်ဆယ့်နှစ်ကျပ်ပေး၍ ဝယ်ယူကာ မထေရ်အား ဆွမ်းကပ်လှူဒါန်းခဲ့ပုံ၊ ထိုဆွမ်းကို မထေရ်မြတ်က အကျိုးရှိစေရန် ရဟန္တာဖြစ်အောင် အားထုတ်ပြီး ပရိနိဗ္ဗာန်စံဝင်သောအခါ ထိုဒါယကာ၏ လက်နှင့်ပင့်သောအခါမှ ကြွမြောက်စေရန်အဓိဋ္ဌာန်ခဲ့ပုံ၊ ကာကဝဏ္ဏတိဿမင်းကြီးသည် ထိုအကြောင်းကို သိသဖြင့် ထိုဒါယကာအား ကြီးကျယ်ခမ်းနားစွာ ချီးမြှောက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၉၅)
ပိဏ္ဍပါတိကတ္ထေရဝတ္ထု
ဤဝတ္ထု၌ လွန်ခဲ့သော ကိုးဆယ့်နှစ်ကမ္ဘာအထက်၌ မထေရ်အလောင်းနတ်သားသည် တုသိတာနတ်ပြည်မှ လူ့ပြည်သို့ လာ၍ တိဿဘုရားရှင်အား ဆွမ်းလှူခဲ့သော ဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ခြင်း မရှိခဲ့ဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၂၉)
ပိဏ္ဍောလဘာရဒွါဇတ္ထေရဝတ္ထု
ဤဝတ္ထု၌ ကောသမ္ဘီပြည့်ရှင် ဥတေနသည် ဥယျာဉ်ကစားထွက်ပြီး အရက်သေစာ သောက်စားမူးယစ်ကာ အမျိုးသမီးတစ်ဦး၏ ပေါင်ပေါ်တွင် အိပ်ပျော်နေစဉ် အခြားအမျိုးသမီးတို့သည် ဥယျာဉ်ထဲ၌ သီတင်းသုံးနေသော ပိဏ္ဍေလဘာရဒွါဇမထေရ်မြတ်ထံ သွားရောက်၍ တရားနာနေကြပုံ၊ ဘုရင်အိပ်ရာမှနိုးလာသောအခါ မထေရ်ထံသွား၍ ဝိဝေကအကြောင်းကိုမေးလျှင် ကာမဂုဏ် အပျော်ကြူးသော ဥတေနမင်းအား တရားကိုမဟောကြားဘဲ ဆိတ်ဆိတ်နေသဖြင့် ဥတေနမင်း စိတ်ဆိုးပြီး မထေရ်အပေါ် ခါချဉ်ထုပ်နှင့်ပစ်ချရာ မထေရ်ကို ခါချဉ်မကိုက်ဘဲ ဘုရင်ကိုသာ ကိုက်ပုံ၊ ထိုအခါမှ သတိရပြီး ဥပါသကာအဖြစ် ခံယူခဲ့ပုံ၊ ထို့နောက် မထေရ်သည် ကောင်းကင် ခရီးဖြင့် မြတ်စွာဘုရား၏ ဂန္ဓကုဋိအရောက် ပြန်ကြွခဲ့ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (အံ၊ဋ္ဌ၊၁၊၁၅၃) (သံ၊ဋ္ဌ၊၃၊၃၈) (သုတ္တနိ၊ဋ္ဌ၊၂၊၂၃၁)
ပိဏ္ဍောလဘာရဒွါဇတ္ထေရဝတ္ထု
ဤဝတ္ထု၌ ပိဏ္ဍောလဘာရဒွါဇထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ ခြင်္သေ့မျိုး၌ ဖြစ်၍ ဘုရားရှင် ခုနစ်ရက်တိုင်တိုင် နိရောဓသမာပတ် ဝင်စားနေစဉ် အခြားသော သားရဲတိရစ္ဆာန်များ မလာစေရန် တစ်နေ့လျှင် သုံးကြိမ် စောင့်ရှောက်ခဲ့ပုံ၊ ဤ ဂေါတမဘုရားရှင်လက်ထက် ရဟန္တာဖြစ်သောအခါ၌ မည်သူမဆို မဂ်ဖိုလ်အရာ၌ ယုံမှားသံသယတစ်စုံတစ်ရာ ရှိခဲ့လျင် မေးနိုင်ကြောင်း မိန့်ကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၅၄) (ထေရ၊ဋ္ဌ၊၁၊၃၁၀) (အပ၊ဋ္ဌ၊၁၊၃၃၉)
ပိဏ္ဍောလဘာရဒွါဇတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်ပိဏ္ဍောလဘာရဒွါဇသည် စီးပွားရေးပျက်စီးကုန်ဆုံးချိန်မှ ရဟန်းတော်တို့၏ လာဘ်လာဘပေါများမှုကို အားကျကာ ရဟန်းဝတ်လာခဲ့ပုံ၊ ခွက်ကြီးတစ်ခုကို သပိတ်အဖြစ် သတ်မှတ်ကာ ထိုခွက်အပြည့် ယာဂုသောက် ဆွမ်းစား ပြုလုပ်ခဲ့ပုံ၊ ဘုရားရှင်၏ စီစဉ်ပေးမှုကြောင့် ထိုခွက်ကြီးကို ခုတင်အောက်တွင် ထားပြီး အထုတ်အသွင်း ပြုလုပ်ရာ နခမ်းကို တိုက်စားသဖြင့် တစ်ကွမ်းစားဆွမ်းဆံ့သော သပိတ် ဖြစ်လာပုံ၊ နောင်အခါဝယ် ဣန္ဒြေတို့ကိုစောင့်ထိန်းပြီး ဓုတင်တို့ကိုဆောင်ကာ ဝိပဿနာပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၂၂၈)
ပိဏ္ဍောလဘာရဒွါဇဝတ္ထု
ဤဝတ္ထု၌ ရာဇဂြိုဟ်သူဌေးသည် အဖိုးများစွာ ထိုက်တန်သော စန္ဒကူးတုံးကို ရရှိသဖြင့် ထိုစန္ဒကူးတုံးကို သပိတ်ထုကာ ဆိုင်းဖြင့်ချိတ်ပြီး ဝါးလုံးများနှင့် ဆက်ကာ ကောင်းကင်တွင် ထောင်၍ တန်ခိုးရှိသော ရဟန္တာပုဂ္ဂိုလ်တို့ လာရောက်အလှူခံပါရန် ကြေညာပုံ၊ မက္ခလိဂေါသာလစသော တိတ္ထိတို့က လာရောက် အလှူခံကြပုံ၊ အရှင်ပိဏ္ဍောလဘာရဒွါဇက ကောင်းကင် မှကြွရောက် အလှူခံသောအခါ ပြည်သူအားလုံးတို့ အုတ်အုတ်ကျက်ကျက် ကြည်ညိုကြပုံ၊ ဘုရားရှင် သိတော်မူလျှင် သိက္ခာပုဒ်ပညတ်၍ သစ်သားသပိတ်မသုံးရန် တားမြစ်တော်မူပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဝိ၊၄၊၂၄၆) (သာရတ္ထ၊ဋီ၊၃၊၃၈၄)
ပိဏ္ဍောလဘာရဒွါဇဝတ္ထု
ဤဝတ္ထု၌ အရှင်ပိဏ္ဍောလဘာရဒွါဇသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးတော်မူစဉ် ဥဒေနမင်းကြီးရောက်လာ၍ အသက်ငယ်ငယ် အရွယ်ကောင်းကောင်း အားအစွမ်းရှိချိန်၌ ရဟန်းဝတ်လာကြပြီး ဗြဟ္မစရိယ သိက္ခာပုဒ်ကို ဖြူစင်သန့်ရှင်းစွာ ထိန်းသိမ်းနိုင်ရခြင်း၏အကြောင်းကို လျှောက်ထားပုံ၊ မထေရ်မြတ်က ရဟန်းတော်တို့သည် အမိအရွယ်တို့၌ အမိစိတ်ထား၍ နှမအရွယ် သမီးအရွယ်တို့၌ နှမစိတ် သမီးစိတ်ထားပြီး ၃၂-ကောဋ္ဌာသပွားများကာ စက္ခုန္ဒြေ-စသော ဣန္ဒြေတို့ကို စောင့်ထိန်းနေသောကြောင့် ထိုကဲ့သို့ ဖြူစင်သန့်ရှင်းစွာ နေနိုင်ခြင်း ဖြစ်ကြောင်း မိန့်ကြားခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (သံ၊၂၊၃၂၈) (သံ၊ဋ္ဌ၊၃၊၃၈)
ပိယဂါမိကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ပိယဂါမိကအမည်ရှိသော ရဟန်းတစ်ပါးသည် ဓုတင်ဆောင်ရဟန်းတို့ လာဘ်လာဘပေါများသည်ကို အားကျ၍ သုသာန်ဓုတင်ဆောင်ပြီး သုသာန်၌နေခဲ့ပုံ၊ တစ်နေ့တွင် နွားအိုကြီးတစ်ကောင်သည် ညအခါ ထိုသုသာန်ရှိ ပန်းချုံကို ခေါင်းတင်၍ ညဉ်းတွားလျက် ရှိနေပုံ၊ ပိယဂါမိကမထေရ်က တောစောင့်နတ်တို့ ခြောက်လှန့်သည် ထင်ပြီး လက်အုပ်ချီမိုး ရှိခိုးကာ တစ်ညလုံး တောင်းပန်ခယခဲ့ပုံ၊ နံနက်လင်း၍ နေထွက်သောအခါမှ နွားအိုကြီးကို မြင်တွေ့ရပြီး တောင်ဝှေးဖြင့် ရိုက်ထုတ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၁၂၀)
ပိယင်္ကရဝတ္ထု
ဤဝတ္ထု၌ အရှင်အနုရုဒ္ဓါသည် ဇေတဝန်ကျောင်းအစွန် ကောသမ္ဗကကုဋိကျောင်း၌ နေတော်မူ၍ ဓမ္မပဒ အပ္ပမာဒဝဂ်ကို သံနေသံထားဖြင့် ရွတ်ဆိုနေစဉ် ပိယင်္ကရဘီလူးမသည် သားငယ်ကို ရင်ခွင်ပိုက်၍ အစာရှာထွက်လာခိုက် မထေရ်၏ တရားသံကို ကြားသဖြင့် ရပ်၍ တရားနာယူခဲ့ပုံ၊ သားငယ်က ဗိုက်ဆာသဖြင့် ရပ်မနေရန် ပြောခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၂၈၂)
ပိယဉ္ဇဟတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဟိမဝန္တာ၌ ရုက္ခစိုးနတ် ဖြစ်ခဲ့ပုံ၊ ဝိပဿီဘုရားရှင် တရားဟောတော်မူစဉ် ဘုန်းတန်ခိုးနည်းသည့်အတွက်ကြောင့် ပရိသတ်အစွန်မှထိုင်ကာ တရားနာခဲ့ရပုံ၊ ဘုရားဂုဏ်တော်ကို ပွားများခဲ့သည့် ကုသိုလ်ကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ဝေသာလီပြည် လိစ္ဆဝီမင်းမျိုး၌ဖြစ်ကာ သာသနာတော်သို့ ဝင်ရောက်ခဲ့ပြီး ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၁၂)
ပိယဒဿီဗုဒ္ဓဝံသ
ဤဗုဒ္ဓဝင်၌ ပိယဒဿီဘုရားရှင်သည် သုဓညမည်သော နေပြည်တော်မှ ခမည်းတော် သုဒတ္တမင်းကြီးနှင့် မယ်တော်သုစန္ဒာဒေဝီတို့မှ မွေးဖွားကာ ဝိမလာဒေဝီမင်းသမီးနှင့် နန်းစည်းစိမ်ခံစားပြီး ကဉ္စနဝေဋသားတော် တစ်ပါးမွေးဖွားပြီးနောက် အာဇာနည်မြင်းရထားဖြင့် တောထွက်တော်မူခဲ့ပုံ၊ ရေခံတက်ဗောဓိပင်ရင်း၌ ပွင့်တော်မူပြီး ပါလိတနှင့် သဗ္ဗဒဿီ အဂ္ဂသာဝကနှစ်ပါးရှိတော်မူခဲ့ပုံ၊ သောဘိတမထေရ်က ပြုစုလုပ်ကျွေးခဲ့ပုံ၊ ဂေါတမဗုဒ္ဓလောင်းလျာသည် ကဿပမည်သော ပုဏ္ဏားဘဝဖြင့် နိယတဗျာဒိတ်ခံယူခဲ့ပုံစသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၆) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၄၅)
ပိယာလပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ တော၌ သားလိုက်မုဆိုးဖြစ်ခဲ့ပုံ၊ ဘုရားရှင်ကြွတော်မူရာလမ်း၌ လွန်ပွင့်ကို ပစ်ချပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး မလားခဲ့ရတော့ဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၄၈)
ပိယာလဖလဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ လွန်ခဲ့သော ၃၁-ကမ္ဘာထက်၌ ပွင့်တော်မူသည့် သိခီဘုရားရှင်အား ကြည်ညိုသော စိတ်ဖြင့် လွန်သီးကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် သုဂတိဘုံတို့၌ ကျင်လည်ရပြီး ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၈၂)
ပိလက္ခဖလဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဤပိလက္ခဖလဒါယကထေရ်လောင်းလျာသည် အတိတ်ဘဝတစ်ခု၌ တောတွင်းတစ်နေရာ၌ ရောက်ရှိနေစဉ် အခြံအရံများစွာဖြင့် ကြွလာတော်မူသော အတ္ထဒဿီ ဘုရားရှင်ကို ဖူးမြင်လိုက်ရသောအခါ ညောင်ကြတ်သီးကို လှူဒါန်းခဲ့ပုံ၊ ဤကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ကမ္ဘာပေါင်းများစွာ အပါယ်မလားခဲ့ရဘဲ ဂေါတမဘုရားရှင်လက်ထက်တော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၄၂)
ပိလိန္ဒဝစ္ဆတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ နတ်တို့ချစ်သည့်အရာ၌ ဧတဒဂ်ရသည့်ရဟန်းတစ်ပါးကို အားကျပြီး ကုသိုလ်ပြု၍ ဆုတောင်းခဲ့ပုံ၊ သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိပြည်သား ပုဏ္ဏားတစ်ဦး ဖြစ်၍ ဘုရားရှင်ထံ ရဟန်းပြုခဲ့ပုံ၊ ရှေးဘဝ စကြဝတေမင်းဖြစ်စဉ် လူတို့အား သီလစောင့်ထိန်းရန် တိုက်တွန်းအားပေးခဲ့ဖူးပုံ၊ ထိုသူတို့ ကွယ်လွန်သောအခါ နတ်ပြည်သို့ ရောက်ကြပုံ၊ မထေရ်၏ ကျေးဇူးကို အောက်မေ့သဖြင့် မထေရ်ကို ချစ်ကြည်ညိုကြပုံ၊ ထို့ကြောင့် ဒေဝါနံ ပိယမနာပဧတဒဂ် ရရှိခဲ့ပုံ စသောအကြောင်းအရာများပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၂၁၅) (ထေရ၊ဋ္ဌ၊၁၊၆၃)
ပိလိန္ဒဝစ္ဆတ္ထေရဝတ္ထု
ဤဝတ္ထု၌ ရဟန္တာဖြစ်သော်လည်း ဝါသနာကို မပယ်နိုင်ပုံ၊ နှုတ်ထွက်ကြမ်းတမ်းတတ်ပုံ၊ ပိလိန္ဒမထေရ်သည် အတိတ်ဘဝ ငါးရာတို့၌ ပုဏ္ဏားမျိုးတွင် ဖြစ်ခဲ့ပြီး ဇာတိမာန်ဖြင့် နှုတ်ကြမ်းစွာ ပြောဆိုခဲ့ဖူးပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၁၇၃)
ပိလိန္ဒဝစ္ဆတ္ထေရဝတ္ထု
ဤဝတ္ထု၌ ပိလိန္ဒဝစ္ဆမထေရ်သည် စကားပြောကြမ်းတမ်း၍ ရဟန်းတို့က မြတ်စွာဘုရားအား လျှောက်ထားကြပုံ၊ အလေ့အကျင့် အထုံဝါသနာသည် ကာလရှည်စွာ စွဲမြဲတတ်ကြောင်း ရဟန္တာ ပုဂ္ဂိုလ်ဖြစ်သော်လည်း အလေ့အကျင့်အထုံဝါသနာ၏ အစွမ်းဖြင့် ဤသို့ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုတတ်ကြောင်း ဘုရားရှင် ဟောပြတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၁၉)
ပိလိန္ဒဝစ္ဆတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကမ္ဘာသုံးသောင်းအထက်၌ သုမေဓာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူသောအခါ စေတီတော်အား အမွှေးနံ့သာတို့ဖြင့် ပူဇော်ခဲ့သည့်အပြင် ပရိနိဗ္ဗာန်စံဝင်ရာ ထိုအရပ်သို့ ရဟန္တာထေရ်ဟူသမျှတို့ကို ပင့်ဖိတ်၍ သံဃာတော်တို့အား ဆွမ်းလှူခြင်းသံဃဘတ်ကို ပြုခဲ့ပုံ၊ ထိုအခါ သုမေဓာဘုရားရှင်၏ အလုပ်အကျွေး သုမေဓာဟု ထင်ရှားသည့် မထေရ်က အနုမောဒနာပြုခဲ့ပုံ၊ ထိုဆွမ်းလှူသော ကောင်းမှုကံကြောင့် ရှစ်သောင်းခြောက်ထောင်သော နတ်သမီးတို့ခြံရံလျက် နတ်ဗိမာန်၌ နေထိုင်ခံစားခဲ့ရပုံ၊ အခြားနတ်တို့ထက် အသက် အဆင်းစသည်အားဖြင့် လွန်ကဲတင့်တယ်ခဲ့ပုံ၊ နှစ်ဆယ့်ငါးကမ္ဘာအထက်၌ ဝရုဏမည်သော စကြဝတေးမင်းဖြစ်ခဲ့ပုံ၊ အမွှေးနံ့သာဖြင့် ဘုရားရှင်ကို ပူဇော်ခဲ့သော အချိန်မှစ၍ အပါယ်လေးပါးလားရောက်ခြင်း မရှိခဲ့ရဘဲ ဤဘဒ္ဒကမ္ဘာ၌ တန်ခိုးအားနုဘော်ကြီးမားသော စကြဝတေးမင်းဖြစ်ခဲ့ပုံ၊ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၆၅)
ပိလိန္ဒဝစ္ဆတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်ပိလိန္ဒဝစ္ဆမထေရ်သည် ရာဇဂြိုဟ်မြို့၌ လိုဏ်ဂူတစ်ခု ပြုလုပ်လိုသဖြင့် ရှင်းလင်းနေစဉ် ဗိမ္ဗိသာရမင်းကြီး ရောက်လာပြီး အာရာမ်စောင့် အလိုရှိလိုပါသလား-ဟု မေးရာ ဘုရားရှင်က ခွင့်ပြု၊ မပြု မသိကြောင်း မိန့်လျှင် ဘုရားရှင် ခွင့်ပြုက အမိန့်ရှိပါဟု လျှောက်ထားသွားပုံ၊ ဘုရားရှင်က ခွင့်ပြုကြောင်း မထေရ်က ဘုရင်ကြီးကို မိန့်ဆိုတော်မူပုံ၊ ဘုရင်ကြီး ထိုစကားကို အမှတ်မရဘဲ နေရာ ကြာမြင့်မှ သတိရသဖြင့် အမတ်ကြီးကို မေးရာ ရက်ငါးရာ ကြာခဲ့ကြောင်း သိရပုံ၊ ထို့ကြောင့် လူငါးရာ လှူသဖြင့် ရွာကြီးတစ်ရွာ ဖြစ်လာပုံ၊ မထေရ် ဆွမ်းခံကြွစဉ် ကလေးမတစ်ဦး ပူဆာနေသဖြင့် ကရွတ်ခွေကို ရွှေပန်းကုံး ဖန်ဆင်းပေးခဲ့ပုံ၊ မင်းကြီးက ကလေးမကို ဖမ်းသောအခါ မထေရ်က နန်းတော်တစ်ခုလုံးကို ရွှေနန်းတော် ဖန်ဆင်းပြမှ သဘောကျ၍ ပြန်လွှတ်ခဲ့ပုံ၊ ထို့ကြောင့် လူတို့က ထောပတ်၊ ဆီဦး၊ ဆီ၊ ပျားရည်၊ တင်လဲတို့ကို လှူကြပုံ၊ များလွန်းသဖြင့် ပြန့်ကျဲနေပုံ၊ ဘုရားရှင် သိတော်မူ၍ ‘‘ဆေးပစ္စည်းကို ခုနစ်ရက်သာ သိမ်းဆည်းရမည်’’ဟု ဘေသဇ္ဇသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၆၀) (ဝိ၊၃၊၂၉၉)
ပိလောတိကတိဿတ္ထေရဝတ္ထု
ဤဝတ္ထု၌ ပိလောတိကဿတိမထေရ်သည် မိမိစွန့်ပစ်ခဲ့သော ပုဆိုးပိုင်း အစုတ်နှင့် အိုးကင်းခွက်ငယ်ကို စွဲနေမိ၍ မိမိကိုယ်ကိုဆုံးမကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၅၃)
ပီဌဇာတက
ဤဇာတ်တော်၌ ဇနပုဒ်သားရဟန်းတစ်ပါးသည် ဇေတဝန်ကျောင်းတော်သို့ ရောက်ရှိလာပြီး အနာထပိဏ်သူဌေးနှင့် ဝိသာခါတို့အိမ်သို့ အခြားရဟန်းများ ဆွမ်းခံမဝင်မီ အလွန် စောစီးစွာ ဆွမ်းခံကြွသဖြင့် ဆွမ်းမကျက်သေးသောကြောင့် ဆွမ်းမရခဲ့ပုံ၊ နောက်တစ်ဖန် တစ်ကြော့ပြန်၍ ထိုအိမ်များသို့ ဆွမ်းခံဝင်သောအခါ အလွန် နောက်ကျနေပြီဖြစ်၍ ဆွမ်းမရ ဖြစ်ခဲ့ရပုံ၊ ထိုရဟန်းက ကျောင်းသို့ ရောက်သောအခါ ကျောင်းဒကာ ဒကာမတို့ သဒ္ဓါတရား နည်းပုံကို ပြောဆိုနေသဖြင့် ဘုရားရှင်က ထိုရဟန်း၏ အတိတ်အကြောင်းကို ပြန်ပြောင်း ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၀၉)
ပီဌဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့သူ အမျိုးသမီးတစ်ဦးသည် မထေရ်တစ်ပါးအား ညောင်စောင်းခုတင်ခင်းကို အဝါရောင်အဝတ်သစ်ဖြင့် ပြင်ဆင်ကာ လှူဒါန်းပြီး ဆွမ်းကပ်၍ တရားနာခဲ့ပုံ၊ ထိုကုသိုလ်ကြောင့် ထိုဘဝမှ စုတေသောအခါ တာဝတိံသာနတ်ပြည် ၁၂-ယူဇနာရှိသော ရွှေဗိမာန်၌ နတ်သမီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၅)
ပီဌဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့သူ ဥပါသိကာမတစ်ဦးသည် ရဟန်းတော်တစ်ပါးအား အဝတ်ညို ဖြင့်ခင်းထားသော အင်းပျဉ်ညောင်စောင်းကို လှူဒါန်းပြီး ရိုသေစွာ ဆွမ်းကပ်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် တာဝတိံသာ နတ်ပြည်၌ သွားလိုရာ သွားနိုင်သော ကျောက်မျက်ရွဲပလ္လင်ပျံပိုင်ရှင် နတ်သမီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၂)
ပီဌဝတ္ထု
ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့နေ ဒါယိကာမကြီးတစ်ဦးသည် မထေရ်တစ်ပါးအား အင်းပျဉ် တစ်ခုကို အဝါရောင်အဝတ်ခင်း၍ လှူဒါန်းခဲ့ပုံ၊ ထိုဘဝမှ ကွယ်လွန်သော်တာဝတိံသာနတ်ပြည်၌ နတ်သမီးဖြစ်ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၃)
ပီဌဝတ္ထု
ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့သူ အမျိုးသမီးတစ်ယောက်သည် ရဟန်းတစ်ပါးအား အညိုရောင် အဝတ်သစ်တို့ဖြင့် ခင်းထားသော ညောင်စောင်းတစ်ခုကို လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကြောင့် တာဝတိံသာ နတ်ပြည်၌ ကျောက်မျက်ရွဲဗိမာန်၌ နတ်သမီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၆)
ပီတဒေဝဓီတုဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသောအခါ သည်ရှိသော် အဇာတသတ်မင်းသည် မိမိဝေစု သရီရဓာတ်တော်တို့ကို ယူဆောင်၍ ပူဇော်ပွဲကျင်းပလျက် စေတီ တည်ခဲ့ပုံ၊ အမျိုးသမီးတစ်ဦးသည် ‘‘စေတီတော်ကို ပူဇော်အံ့’’ဟု ပန်းတို့ကို ယူဆောင်၍လာစဉ် သားရှိသော နွားမကြီး ဝှေ့၍ ကွယ်လွန်ကာ တာဝတိံသာနတ်ပြည်၌ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၈၄)
ပီတမလ္လတ္ထေရဝတ္ထု
ဤဝတ္ထု၌ နပန်းသတ်သမားတစ်ယောက်သည် တိုင်းပြည်သုံးခုတို့၌ အလံတံခွန် ရယူ၍ လှည့်လည်လာရာ သီဟိုဠ်ကျွန်းသို့ ရောက်ရှိ၍ မင်း၏ ချီးမြှောက်မှုကို ခံရပုံ၊ တစ်နေ့တွင် သူသည် ‘‘ရုပ်ဝေဒနာစသည်တို့သည် အနတ္တ- ငါပိုင်မဟုတ်’’ စသော မြတ်စွာဘုရား၏ တရားစကားကို သိရှိရ၍ မဟာဝိဟာရကျောင်း၌ ရဟန်းပြုပြီး အဖေါ်ရဟန်းသုံးဆယ်တို့ကို ခေါ်၍ သဲသောင်ပြင်၌ ရဟန်းတရား ကျင့်ခဲ့ပုံ၊ ညဉ့်အချိန်၌ မုဆိုးက သားသမင်ဟု ထင်မှတ်ကာ လှံဖြင့် ထိုးသဖြင့် ပေါက်သွားသောဒဏ်ရာကို မြက်ထုံးဖြင့် ပိတ်ဆို့ကာ ဝိပဿနာပွားသဖြင့် ပဋိသမ္ဘိဒါလေးပါးရ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၃၄၀) (မ၊ဋ္ဌ၊၁၊၂၃၉) (အံ၊ဋီ၊၁၊၈၆)
ပုက္ကုသမလ္လဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားသည် ကုသိနာရုံမြို့ ကကုဓာမြစ်၌ ရေသပ္ပါယ်တော်မူပုံ၊ မလ္လမင်းသား ပုက္ကုသသည် ရွှေအရောင်အဆင်း တောက်ပဝါဝင်းသော ကမ္ဗလာထည်ကို မြတ်စွာဘုရားအား လှူဒါန်းခဲ့ပုံ၊ အလွန် စင်ကြယ်သော ခန္ဓာကိုယ်တော်နှင့် ကမ္ဗလာထည် လိုက်ဖက်လှပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၂၊၁၀၈)
ပုက္ကုသာတိရာဇဝတ္ထု
ဤဝတ္ထု၌ တက္ကသိုလ်ပြည့်ရှင် ဘုရင်ပုက္ကုသာတိမင်းကြီးသည် အဆွေတော် ဗိမ္ဗိသာရ မင်းကြီး ရေးသားပေးပို့သော စာအရ ကသိုဏ်းရှုရာ ဈာန်ရခဲ့ပုံ၊ ဘုရားရှင်ရှိရာ ၁၉၂-ယူဇနာ ဝေးကွာသည့် သာဝတ္ထိသို့ လာခဲ့စဉ် ဘဂ္ဂဝအိုးထိန်းသည်၏ တဲ၌ ဘုရားရှင်နှင့် တွေ့ပြီး အနာဂါမ် ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၄၊၁၉၄)
ပုစိမန္ဒဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းသည် ဗာရာဏသီမြို့၏ သုသာန်တစ်ခုတွင် ပေါက်နေသော တမာပင်၌ ရုက္ခစိုးနတ် ဖြစ်ခဲ့ပုံ၊ သူခိုးတစ်ယောက်သည် မြို့တွင်းမှ ပစ္စည်းများ ခိုးယူလာပြီး တမာပင်ရင်း၌ အထုပ်ချကာ အိပ်နေပုံ၊ တမာပင်စောင့် ရုက္ခစိုးက သူခိုးမှန်း သိသဖြင့် ခြောက်လှန့်လျက် ထွက်ပြေးစေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၁)
ပုဋဒူသကဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည် ပုဏ္ဏားမျိုး၌ ဖြစ်စဉ် ကိစ္စတစ်ခုဖြင့် မျောက်များ နေထိုင်ရာ ဥယျာဉ်သို့ ရောက်ရှိသွားပုံ၊ ဥယျာဉ်စောင့်က အရွက်ကြီးကြီးရှိသော သစ်ပင်သို့ တက်၍ အသီးအပွင့်တို့ကို ထည့်ရန်အတွက် ဖက်ခွက်များ ပြုလုပ်ပြီး သစ်ပင်အောက်သို့ ပစ်ချပုံ၊ ဥယျာဉ်စောင့် ပစ်ချသမျှသော ဖက်ခွက်တို့ကို မျောက်ကြီးက ဖျက်စီးပစ်ပုံ၊ ထိုအခြင်းအရာကို ဘုရားအလောင်းပုဏ္ဏားကြီးက တွေ့မြင်ပြီး မျောက်အပေါင်းကို ကဲ့ရဲ့ကာ ဥယျာဉ်တွင်းမှ ထွက်ခွာသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၅၀)
ပုဋဘတ္တဇာတက
ဤဇာတ်တော်၌ ဘုရင်တစ်ပါးသည် နန်းလုမည် စိုးသောကြောင့် မိမိ၏သားတော်ကိုအဝေးသို့ ပို့ထားပုံ၊ ဘုရင်ကြီး နတ်ရွာစံသောအခါ ထိုမင်းသားသည် မင်းအဖြစ်ကို ရယူရန် သူ၏ ဇနီးနှင့်အတူ လာရောက်ခဲ့ပုံ၊ လမ်းခုလတ်၌ ထမင်းထုပ်ကို မိမိတစ်ယောက်တည်းသာ စားခဲ့ပုံ၊ မင်းဖြစ်သော အခါ၌လည်း သူ၏ ဇနီးကို မိဖုရားကြီးအရာသာ ပေးပြီး ချီးမြှောက်မှု မပြုခဲ့ပုံ၊ ထိုအကြောင်းကို ဘုရားအလောင်းအမတ်ကြားသိ၍ ထိုမင်းအား ဆုံးမခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၈၆)
ပုဏ္ဏကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သောကိုးဆယ့်တစ်ကမ္ဘာအထက်၌ ရသေ့ဖြစ်ခဲ့၍ ၎င်း၏ သင်္ခမ်းကျောင်းအနီး တောင်ဝှမ်းကို အမှီပြု၍ တောင်ကြား၌ နေတော်မူသော ပစ္စေကဗုဒ္ဓါတစ်ပါးသည် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သဖြင့် မီးသင်္ဂြိုဟ်ခြင်း ပြုခဲ့ပုံ၊ အလောင်းတော်ကို မီးသင်္ဂြိုဟ်ပြီး၍ နံ့သာရေကို ဖျန်းသောအခါ နတ်သားတစ်ပါးသည် ကောင်းကင်၌ တည်လျက် ‘‘ရသေ့...သင်သည် ပစ္စေကဗုဒ္ဓါအား မီးသင်္ဂြိုဟ်ခြင်းကို ပြုဘိ၏၊ ထိုနေ့မှ စ၍ သင်သည် ပုဏ္ဏကဟူသော အမည်ဖြင့် အခါခပ်သိမ်း ထင်ရှားပေလိမ့်မည်’’ဟု ပြောကြားခဲ့ပုံ၊ ထိုဘဝမှ စုတေ၍ နတ်ပြည်ရောက်သော် ပုဏ္ဏကနတ်သားဟူသော အမည်ဖြင့် ထင်ရှားခဲ့ပုံ၊ လူ့ဘဝ၊ နတ်ဘဝတို့၌ လည်းကောင်း၊ ဤနောက်ဆုံးဘဝ၌လည်းကောင်း၊ ပုဏ္ဏကဟုသာ ထင်ရှားခဲ့ပုံ၊ ပစ္စေကဗုဒ္ဓါကို မီးသင်္ဂြိုဟ်ခဲ့သော ဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ ဤဂေါတမဘုရားရှင် သာသနာတော်၌ ပုဏ္ဏကထေရ်ဟူသော အမည်ဖြင့်ပင် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၉၉)
ပုဏ္ဏတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်အညာသိကောဏ္ဍည၏တူ မန္တာနီပုဏ္ဏေးမကြီး၏သား ထူနရွာသား အရှင်ပုဏ္ဏသည် ရဟန္တာ ဖြစ်ခဲ့ပုံ၊ ဝိသုဒ္ဓိခုနစ်ပါးနှင့် ပတ်သက်၍ ဟောပြောပုံ ကောင်းလှသဖြင့် ဓမ္မကထိကဧတဒဂ် ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၄) (အပ၊ဋ္ဌ၊၁၊၃၀၅)
ပုဏ္ဏတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ၉၁-ကမ္ဘာထက်၌ ရသေ့ပြု၍နေစဉ် ပရိနိဗ္ဗာန်စံဝင်သွားသော ပစ္စေကဗုဒ္ဓါတစ်ပါး၏ ကိုယ်ခန္ဓာအလောင်းတော်ကို ကောင်းမွန်စွာ ဖုတ်ကျည်းသင်္ဂြိုဟ်ခဲ့ပုံ၊ ထိုကုသိုလ်ကြောင့် သုဂတိဘုံတို့၌သာလျှင်ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သုနာပရန္တတိုင်း သုပ္ပါရကဆိပ်ကမ်းရွာ၌ ကုန်သည် ဖြစ်ခဲ့ပုံ၊ သာသနာတော်သို့ ဝင်ရောက်ခဲ့ကာ ဝိပဿနာရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၉၇)
ပုဏ္ဏဒါသီဝတ္ထု
ဤဝတ္ထု၌ ဝါကျွတ်၍ ပဝါရဏာပြုပြီးနောက် ဒက္ခိဏဂီရိအရပ်သို့ ဒေသစာရီကြွချီမည်ပြုတော်မူသော မြတ်စွာဘုရားကို အနာထပိဏ်သူဌေး စသည်တို့က မကြွတော်မမူရန် လျှောက်ထား၍ မရသော်လည်း ပုဏ္ဏာမည်သောကျွန်မက မိမိသည် သရဏဂုံဆောက်တည်ပြီး ငါးပါးသီလခံယူလိုပါ၍ မကြွတော်မမူရန် လျှောက်ထားသောအခါ မြတ်စွာဘုရားရှင်သည် မကြွတော့ဘဲ ဇေတဝန်ကျောင်းတော်သို့ ပြန်ကြွတော်မူလာပုံ၊ ပုဏ္ဏာသည် ကျွန်မအပြစ်မှ လွတ််၍ ရဟန်းမ ပြုခွင့်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၃၊၁၆၉) (အံ၊ဋီ၊၃၊၁၇၅)
ပုဏ္ဏဒါသီဝတ္ထု
ဤဝတ္ထု၌ ရာဇဂြိုဟ်သူဌေး၏ ကျွန်မပုဏ္ဏာသည် အလုပ်ကိစ္စကြောင့် အိပ်မရသေးဘဲ ဖြစ်နေချိန်တွင် အရှင်ဒဗ္ဗမလ္လပုတ္တသည် သံဃာတော်တို့အတွက် နေရာချရန် မိမိ၏ လက်ညိုးကို အရောင်လင်းစေပြီး ကြွချီနေသည်ကို တွေ့ရပုံ၊ မိုးလင်းသောအခါ မြတ်စွာဘုရားအား မုန့်လှူဒါန်း၍ ရဟန်းများ ညက မကျိန်းကြခြင်း၏ အကြောင်းကို လျှောက်ထားခဲ့ပုံ၊ မြတ်စွာဘုရားထံမှ တရားတော်ကို နာကြားရသဖြင့် ကျွန်မပုဏ္ဏား သောတာပန်တည်ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၀၆)
ပုဏ္ဏနဒီဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဖခင်ပုရောဟိတ်ပုဏ္ဏားကြီး ကွယ်လွန်သွားသဖြင့် ပုရောဟိတ်ရာထူးကို ဆက်ခံရရှိပုံ၊ ဗြဟ္မဒတ်မင်းကြီးအား ကုန်းတိုက်ကြသဖြင့် ပုရောဟိတ်အမတ်ကို အထင်လွဲကာ တိုင်းပြည်မှ နှင်ထုတ်ပုံ၊ မင်းကြီးက သတိရသဖြင့် ကျီးကန်းသားကို ပေးပို့စေကာ ပြန်ခေါ်စေခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၅၈)
ပုဏ္ဏပါတိဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီသူဌေးဖြစ်၍ မင်းကြီးထံ ခစားရန် နန်းတော်သို့ သွားခဲ့ပုံ၊ သေသောက်ကြူးများက မေ့ဆေးခပ်ထားသော အရက်ကို ဗာရာဏသီသူဌေးကြီးအား အလွန်ကောင်းသော အရက်ဖြစ်ကြောင်း လိမ်ညာပြောဆိုလျက် တိုက်ရန် ကြံစည်ခဲ့ကြပုံ၊ သူဌေးကြီးက သေသောက်ကြူးများ၏ အကြံအစည်ကို ရိပ်မိပြီး နန်းတော်မှ ပြန်လာသောအခါ၌ သောက်မည်ဟု ပြောကြားပုံ၊ နန်းတော်မှ ပြန်လာသောအခါ သူဌေးကြီးက အရက်ခွက်၊ အရက်ပုလင်းများ လက်ရာမပျက် တည်ရှိနေသည်ကို ညွှန်ပြ၍ ‘‘ဤအရက်ခွက်များ၌ မေ့ဆေးအဆိပ်များ ခပ်ထည့်ထားကြောင်း ’’ပြောကြားပြီး သေသောက်ကြူးတို့အား ခြိမ်းခြောက်မောင်းလွှတ်သဖြင့် သေသောက်ကြူးများ ထွက်ပြေးကြရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၈၆)
ပုဏ္ဏမာသတ္ထေရဝတ္ထု
ဤဝတ္ထု၌ ပုဏ္ဏမာသမထေရ်လောင်း အမျိုးကောင်းသားသည် ဝိပဿီဘုရားရှင် လက်ထက်တော်၌တွင် စက္ကဝက်ငှက်မျိုး၌ ဖြစ်ခဲ့ရပုံ၊ ဘုရားရှင် ဒေသစာရီ ကြွချီတော်မူလာစဉ် အင်ကြင်းပန်းတို့ကို နှုတ်သီးဖြင့် ကိုက်ချီ၍ လှူဒါန်းခဲ့ပုံ၊ ဤကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌ လူ့ချမ်းသာ နတ်ချမ်းသာတို့ကို ခံစားရပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ သမိဒ္ဓိပုဏ္ဏား၏ သား ဖြစ်ခဲ့ပုံ၊ ဖွားမြင်သောနေ့၌ပင် ဟာလာဟင်းလင်းဖြစ်နေသော အိုးများ၌ ရွှေပဲစေ့များ ပြည့်နေပုံ၊ အချိန်တန် အရွယ်ရောက်သောအခါ အိမ်ထောင်ပြု၍ သားတစ်ယောက် ထွန်းကားလာပြီးနောက် သာသနာ့ဘောင်ဝင်ရောက်ခဲ့ပုံ၊ မဟားဟောင်းက သားငယ်ကိုလက်ဆွဲကာ ဖြားယောင်းခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၆၆)
ပုဏ္ဏမာသတ္ထေရဝတ္ထု
ဤဝတ္ထု၌ ပုဏ္ဏမာသမထေရ်လောင်းလျာသည် တောအရပ်၌ တိဿဘုရားရှင်၏ ‘ပံ့သကူ သင်္ကန်းတော်’ကို ဂုဏ်တော်မှန်းကာ ဦးချခဲ့၍ လူနတ်ချမ်းသာကို ခံစားခဲ့ရပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ ‘ရွှေပဲစေ့’များရသူ ပုဏ္ဏမာသသူဌေးသား ဖြစ်ခဲ့ပုံ၊ အိမ်ထောင်ပြု၍ သား တစ်ယောက်ရသောအခါ ရဟန်းပြု၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၇၈)
ပုဏ္ဏသေဋ္ဌိဝတ္ထု
ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့၌ ပုဏ္ဏအမည်ရှိသော ဆင်းရဲသားတစ်ဦးသည် သုမနသူဌေးကြီး အိမ်၌ လယ်ယာ လုပ်ကိုင်ခဲ့ပုံ၊ အရှင်သာရိပုတ္တရာအား မျက်နှာသစ်ရေနှင့် ဒန်ပူ လှူဒါန်းခဲ့ပုံ၊ ပုဏ္ဏ၏ ဇနီးသည်ကလည်း မထေရ်မြတ်အား ဆွမ်းလောင်းလှူခဲ့ပုံ၊ ထိုနေ့၌ပင် မိမိထွန်ခဲ့သော ထွန်စာခဲအားလုံး ရွှေတုံးကြီးများ ဖြစ်နေ၍ သူဌေး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၄၊၃)
ပုဏ္ဏာထေရီဝတ္ထု
ဤဝတ္ထု၌ ပုဏ္ဏာထေရီလောင်းလျာသည် ကိန္နရာမဖြစ်စဉ်က ပစ္စေကဗုဒ္ဓါတစ်ဆူအား ကျူပန်းလှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ဂေါတမဘုရားရှင်လက်ထက်တော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၁၀)
ပုဏ္ဏာထေရီဝတ္ထု
ဤဝတ္ထု၌ ပုဏ္ဏာထေရီလောင်းလျာသည် ရှေးဘုရားရှင်များလက်ထက်တော်၌ သီလရှိ၍ ဗဟုသုတကြွယ်ဝသော ဓမ္မကထိကဖြစ်ခဲ့သော်လည်း မာနထောင်လွှားခဲ့သဖြင့် မဂ်ဖိုလ် တရားထူးမရပုံ၊ ဂေါတမမြတ်စွာဘုရားလက်ထက်တော်၌ အနာထပိဏ်သူဌေး၏ အိမ်၌ ကျွန်မ ဖြစ်၍ မြတ်စွာဘုရားထံမှ သီဟနာဒသုတ်ကို ကြားနာရသဖြင့် သောတာပန် တည်ခဲ့ပုံ၊ မိစ္ဆာဒိဋ္ဌိအယူရှိသော ပုဏ္ဏားတစ်ယောက်ကို အယူမှန်ရောက်အောင် တရားဟောပြနိုင်ခြင်းကြောင့် ကျွန်မအဖြစ်မှ ကင်းလွတ်ကာ ဘိက္ခုနီဖြစ်၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (အပ၊၂၊၂၉၃) (ထေရီ၊ဋ္ဌ၊၂၀၇) (ထေရီ၊ဒီ၊၄၉၂)
ပုတ္တမံသူပမဝတ္ထု
ဤဝတ္ထု၌ လင်မယားနှစ်ဦးတို့သည် သားငယ်ကို ချီပိုးလျက် ရိက္ခာအနည်းငယ်ဖြင့် သဲကန္တာရကြီးကို ဖြတ်ကျော်စဉ် ရိက္ခာကုန်သွားသောကြောင့် သားငယ်ကို သတ်၍ စားကြပုံ၊ ထိုသားသေ၏ အသားကို စားလျက် ကန္တာရမှ လွတ်မြောက်ရန် ကြိုးစားကြပုံ၊ ရဟန်းတို့လည်း ထိုဥပမာအတိုင်း အဟာရကို ဆင်ခြင်၍ စားသုံးသင့်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၃၂၂) (မ၊ဋ္ဌ၊၁၊၂၁၅) (သံ၊ဋ္ဌ၊၂၊၉၆)
ပုနဗ္ဗသုကုဋုမ္ဗိကတိဿတ္ထေရဝတ္ထု
ဤဝတ္ထု၌ ပုနဗ္ဗသုသူကြွယ်သား တိဿမထေရ်သည် သီဟိုဠ်ကျွန်းမှ မဇ္ဈိမဒေသသို့ ကြွ၍ ယောနကဓမ္မရက္ခိတမထေရ့်ထံ ဗုဒ္ဓစာပေများကို သင်ယူ၍ ပြန်လာပုံ၊ သင်္ဘောဆိပ် တစ်နေရာသို့ရောက်လျှင် ယုံမှားခြင်းဖြစ်၍ ဆရာမထေရ်ထံပြန်လာစဉ် သူကြွယ်တစ်ဦးက တစ်သိန်းတန်ကမ္ဗလာကို လှူဒါန်းခဲ့ပုံ၊ ထိုကမ္ဗလာကို ဆရာမထေရာအား ထပ်ဆင့်လှူဒါန်းခဲ့ပုံ၊ ထိုမထေရ် သည် ဆရာ့ထံမှ ထွက်ခွာလာပြီး စေတီရင်ပြင်၌ တံမြက်လှည်းနေရင်း ရဟန္တာ ဖြစ်ခဲ့ပုံစသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၂၊၃၇၂)
ပုနဗ္ဗသုဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ တရားဟောတော်မူစဉ် ပုနဗ္ဗသုမာတာမည်သော ဘီလူးမသည် ပုနဗ္ဗသုမည်သောသားနှင့် ဥတ္တရာမည်သော သမီးတို့ကို ရင်ဝယ်ပွေ့ချီ၍ အစာရှာထွက်လာပုံ၊ ဘုရားရှင်တရားဟောနေသံကို နာကြားရသဖြင့် တရားနာခဲ့ရာ သားနှင့်မိခင်တို့ သောတာပန်ဖြစ်ပုံ၊ သားအမိသုံးဦးစလုံး နတ်စည်းစိမ် ခံစားရကာ ဂန္ဓကုဋိတိုက်၏ အနီး သစ်ပင်၌ အမြဲနေထိုင်စရာ ရရှိခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၂၈၃)
ပုန္နာဂပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်နှစ်ကမ္ဘာအထက်၌ တောမုဆိုးဖြစ်၍ တောသို့ ဝင်သောအခါ ပုန်းညက်ပန်းကို မြင်သဖြင့် ဘုရားရှင်ကိုအောက်မေ့ခဲ့ပုံ၊ သဲပုံစေတီပြုလုပ်၍ ဘုရားရှင်ကို ရည်မှန်းကာ ပုန်းညက်ပန်းတို့ဖြင့် ပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး မလားရောက်ခဲ့ရတော့ဘဲ လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ တမောနုဒမည်သော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၉၈)
ပုပ္ဖစင်္ကောဋိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော သုံးဆယ်တစ်ကမ္ဘာအထက်၌ သိခီဘုရားရှင်ကို ဖူးမြင်ရ၍ ကြည်ညိုသော စိတ်ဖြင့် လိပ်ဆူးရွှေပန်းတို့ကို ကြဲမြှောက်၍ ဘုရားရှင်အားပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကုသိုလ်ကြောင့် အပါယ်လေးပါး လားရောက်ခြင်းမရှိခဲ့ဘဲ ကမ္ဘာသုံးဆယ်ပြည့်သောအခါ ဒေဝဘူတိဟုထင်ရှားသော စကြဝတေးမင်း ငါးကြိမ် ဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (အပ၊၁၊၁၃၀)
ပုပ္ဖစ္ဆတ္တိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ သိဒ္ဓတ္ထဘုရားရှင်အား ပွင့်ချပ် တစ်ရာရှိသော ပဒုမ္မာကြာပန်းကို ဆောင်ယူ၍ ပန်းထီးပြုလုပ် လှူဒါန်းပူဇော်ခဲ့ပုံ၊ ဘုရားရှင်က အနုမောဒနာပြုတော်မူ၍ ရဟန်းသံဃာတို့ခြံရံလျက် ကောင်းကင်သို့ တက်ကြွတော်မူသောအခါ ပန်းထီးကလည်း မြင့်တက်ကာ ဘုရားရှင်အား ဆောင်းမိုး၍ လိုက်ပါသွားခဲ့ပုံ၊ ပန်းထီးလှူခဲ့သော ဘဝမှစ၍ အပါယ်လေးပါးလားရောက်ခဲ့ခြင်း မရှိခဲ့ဘဲ ခုနစ်ဆယ့်လေးကမ္ဘာအထက်၌ ဇလသိခမည်သော စကြဝတေးမင်း ရှစ်ကြိမ်တိုင်တိုင် ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၀၁)
ပုပ္ဖစ္ဆဒနိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သောကမ္ဘာတစ်သိန်းအထက်၌ ဗေဒင်သုံးပုံကို တစ်ဖက်ကမ်းရောက် တတ်မြောက်၍ သုနန္ဒဟု ထင်ရှားသော ပုဏ္ဏားဖြစ်ခဲ့ပုံ၊ တပည့်အခြံအရံနှင့်တကွ ဝါဇပေယျယဇ်ကို ပူဇော်နေခဲ့ပုံ၊ ထိုအချိန်၌ ပဒုမုတ္တရဘုရားရှင်သည် ကောင်းကင်၌ စင်္ကြံကြွတော်မူ၍ သတ္တဝါတို့အား မေတ္တာဖြန့်တော်မူခဲ့ပုံ၊ ပုဏ္ဏားသည် ဘုရားရှင်ကို စင်္ကြံကြွနေစဉ် ဖူးမြင်ရသည့်အခါ တပည့်အားလုံးတို့ကို တစ်ပေါင်းတည်း စုရုံးစေ၍ ပန်းတို့ကို ကောင်းကင်သို့ ကြဲမြှောက် ပူဇော်စေခဲ့ပုံ၊ မြို့ကျယ်သလောက် ပန်းအတိပြီးသော ပန်းအမိုးဖြစ်၍ ခုနစ်ရက်ပတ်လုံး မညှိုးနွမ်း မပျက်စီးခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် စည်းစိမ်ချမ်းသာတို့ကို ဘဝဆက်တိုင်း ခံစားရပြီး တစ်ရာ့တစ်ဆယ်ကမ္ဘာအထက်၌ အမ္ဗရံသမည်သော စကြဝတေးမင်း သုံးဆယ့်ငါးကြိမ်ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်ဝယ် ရဟန္တာဖြစ်၍ ကျွတ်တမ်းဝင်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၈၂)
ပုပ္ဖထူပိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကမ္ဘာတစ်သိန်းအထက်၌ ဟိမဝန္တာတောင်အနီး ကုက္ကုရမည်သော တောင်၌ ငါးထောင်သော တပည့်တို့ ခြံရံလျက် နေခဲ့ပုံ၊ တပည့်ပုဏ္ဏားတို့သည် ဆရာပုဏ္ဏားကြီးအား ဘုရားရှင်ပွင့်တော်မူကြောင်း၊ ထိုဘုရားရှင်တွင် လက္ခဏာတော်ကြီးသုံးဆယ့်နှစ်ပါး၊ လက္ခဏာတော်ငယ် ရှစ်ဆယ်တို့ရှိကြောင်း ပြောလေလျှင် မထေရ်အလောင်း ဆရာပုဏ္ဏားကြီးသည် ဗေဒင်သုံးပုံကို တစ်ဖက်ကမ်းရောက် တတ်မြောက်သူ ဖြစ်၍ ဘုရားရှင်ရှိရာသို့ ရည်မှန်းရှိခိုးခဲ့ပုံ၊ တပည့်များနှင့် အတူ ဘုရားရှင်ထံ သွားခဲ့ကြရာ လမ်းတွင် ဖျားနာ၍ ထိုအရပ်၌ပင် ကွယ်လွန်ခဲ့ရာ ပန်းတို့ဖြင့် စေတီတည်၍ ပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါးသို့ လားရောက်ခြင်းမရှိခဲ့ဘဲ လွန််ခဲ့သော ကမ္ဘာလေးသောင်းအထက်၌ အဂ္ဂိသမဟု ထင်ရှားသော စကြဝတေးမင်း တစ်ဆယ့်ခြောက်ကြိမ်ဖြစ်ခဲ့ရပုံ၊ နောက်ဆုံး ဤဘုရားရှင် သာသနာတော်ဝယ် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၇၁)
ပုပ္ဖဓာရကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ လျှော်တေသင်္ကန်းကို ဆောင်၍ သစ်နက်ရေကို ဝတ်ရုံပြီး အဘိညာဉ်ငါးပါးနှင့် ပြည့်စုံသည့် ရှင်ရသေ့ ဖြစ်ခဲ့ပုံ၊ ကြွလာတော်မူသော ဝိပဿီဘုရားရှင်အား ပင်လယ်ကသစ်ပန်းကို ထီးသဖွယ် ဆောင်းမိုး ကပ်လှူခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားခဲ့ရခြင်းမရှိဘဲ လွန်ခဲ့သော ရှစ်ဆယ့်ခုနစ်ကမ္ဘာအထက်၌ သမန္တဓာရဏမည်သော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၇၆)
ပုပ္ဖရတ္တဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် အာကာသစိုးနတ် ဖြစ်စဉ် တစ်နေ့တွင် ဆင်းရဲသားတစ်ယောက်သည်် ကြတ္တိကာနက္ခတ်ပွဲတွင် ဝတ်ဆင်ရန် သူ၏ မိန်းမက ပူဆာလွန်းသဖြင့် ဘုရင်၏ အဝတ်ကောင်းများကို ခိုးခဲ့ပုံ၊ အစောင့်တို့က ဖမ်းမိပြီး ကားစင် တင်ထားစဉ် မိမိဆင်းရဲကို ထည့်မတွက်ဘဲ မယားအတွက် အဝတ်မရ၍ ငိုကြွေး ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ဇာ၊ဋ္ဌ၊၁၊၅၂၅)
ပုပ္ဖါသနဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ ရသေ့ ဖြစ်ခဲ့၍ မနီးမဝေး၌ သိဒ္ဓတ္ထဘုရားရှင် ကြွသွားတော်မူသည်ကို ဖူးမြင်ရသောအခါ ၎င်း၏ သင်္ခမ်းကျောင်းသို့ ပင့်ဆောင်၍ ပန်းမွေ့ရာကို လှူဒါန်းခဲ့ပုံ၊ ‘‘ဤကောင်းမှုကံကြောင့် သာသနာတော်၌ ကိလေသာအညစ်အကြေး ကင်းသူ ဖြစ်ရပါလို၏’’ဟု ဆုတောင်းခဲ့ပုံ၊ ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခဲ့ခြင်း မရှိဘဲ ဤဘုရားရှင့်သာသနာတော်ဝယ် ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၉၀)
ပုဗ္ဗင်္ဂမိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ကြောင့်ကြမရှိကုန်ဘဲ ရဟန်းပြုကြသည့် ရှစ်သောင်းလေးထောင်ကုန်သော အမျိုးသားတို့၏ ရှေ့သွားခေါင်းဆောင်ဖြစ်ပုံ၊ သစ္စာလေးပါးတရားတို့ကို သိတော်မူကြကုန်သော ရဟန္တာနှင့် မြတ်စွာဘုရားတို့အား လုပ်ကျွေးခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှ စုတေသော် နတ်ပြည်သို့ ရောက်ခဲ့ကြပုံ၊ ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၇၄)
ပုလိနစင်္ကမိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဤပုလိနစင်္ကမိယမထေရ်လောင်း အမျိုးကောင်းသားသည် အတိတ်ဘဝ တစ်ခုတွင် သားလိုက်မုဆိုး ဖြစ်ခဲ့ပုံ၊ တောကျောင်း၌ မညီမညွတ်သော စင်္ကြံလမ်း၌ စင်္ကြံကြွနေသော ဘုရားရှင်ကို တွေ့မြင်သောအခါ သဲများကို ကျူံးယူပြီး စင်္ကြံလမ်းကို ချောမောညီညာ ပြေပြစ်အောင် ပြုလုပ်ပေးခဲ့ပုံ၊ ထိုကုသိုလ်ကံ၏ အကျိုးအာနိသင်ကြောင့် သုံးဆယ့် တစ်ကမ္ဘာ အပါယ်မလားခဲ့ပုံ၊ လူချမ်းသာ နတ်ချမ်းသာတို့ဖြင့်သာ ကျင်လည်ခဲ့ရ ဤဂေါတမဘုရားရှင် လက်ထက်တော်၌ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (အပ၊၂၊၅၃)
ပုလိနထူပိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် နာရဒမည်သော ရသေ့ဖြစ်၍ ပွင့်တော်မူပြီးသော ဘုရားရှင်တို့ကို အာရုံပြုကာ သဲပုံစေတီတည်ပြီး ရွှေချကာ ပန်းတို့ဖြင့် ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘဝတို့၌သာ ကျင်လည်ခဲ့ပုံ၊ ဖြစ်လေရာဘဝတိုင်း၌ မြူမှုန်မကပ်၊ ချွေးမထွက်ဘဲ ကောင်းကျိုးခံစားခဲ့ရပုံ၊ ဤဘုရားရှင် သာသနာတော်၌ (၇)နှစ်သားဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၇၉)
ပုလိနပူဇကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သောကိုးဆယ့်တစ်ကမ္ဘာအထက်၌ ဝိပဿီဘုရားရှင်၏ သခွတ်ဗောဓိပင်၌ သဲဟောင်းကို စွန့်ပယ်၍ သဲသစ်ကို ဖြန့်ခင်းခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော ကမ္ဘာသုံးဆယ်အထက်၌ မဟာပုလိနမည်သော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင့် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၈၇)
ပုလိနုပ္ပါဒကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ပုလိနုပ္ပါကမထေရ်လောင်းလျာ ရသေ့သည် သဲပုံစေတီတည်ပြီး ပန်းအမျိုးမျိုးဖြင့် ပူဇော်ခဲ့ပုံ၊ တပည့်အပေါင်းတို့က ‘‘သဲပုံကို ရှိခိုးခြင်းဖြင့် အဘယ်သို့သော အကျိုးကျေးဇူး အထူးကို ရရှိစေနိုင်သနည်း’’စသည်ဖြင့် မေးမြန်းပုံ၊ ဘုရားရှင်အား စိတ်ညွတ်ထားလျက် ရှိခိုးပူဇော်မှုပြုလျှင် သက်တော်ထင်ရှား မြတ်စွာဘုရားကို ရှိခိုးပူဇော်သည်မည်ကြောင်း၊ ညီတူ ညီမျှ အကျိုးပေးကြောင်း စသည်ဖြင့် ရှင်းပြခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (အပ၊၂၊၆၄)
ပူတိဂတ္တတိဿတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ရှေးဘဝ ငှက်မုဆိုးဖြစ်စဉ် ဖမ်းမိလာသော ငှက်တို့ကို ရောင်းစားပြီး ကျန်ငှက်တို့ကို ကြာကြာခံစေရန် အတောင်ချိုး၊ ခြေချိုးခဲ့ပုံ၊ ထိုအကုသိုလ်ကံကြောင့် ဤဘုရားရှင်လက်ထက်၌ မထေရ်၏ ခန္ဓာကိုယ်၌ အနာကြီးငယ်တို့ ပေါ်ပေါက်လာပုံ၊ သွေးပြည်များ ယိုစီးကျပြီး အရိုးအဆစ်တို့ ကျိုးကြေကွဲအက်သော ဝေဒနာကို ခံစားခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၀၂)
ပူတိမံသဇာတက
ဤဇာတ်တော်၌ ပူတိမံသမည်သော မြေခွေးသည် မိမိမယားနှင့်အတူတကွ သိုးများကို ဖမ်းယူ စားသောက်ခဲ့ပုံ၊ သိုးများနည်းလာသဖြင့် မြေခွေးမကို သိုးများထံ စေလွှတ်ပြီး သိုးမ တစ်ကောင်ကို မိမိလင်မြေခွေး သေဆုံးသဖြင့် အကူအညီပေးရန် ခေါ်လာပြီး လှည့်ပတ်ကိုက်သတ်ရန် စီစဉ်ထားပုံ၊ သေဟန်ဆောင်နေသော မြေခွေးသည် အနီးသို့ရောက်လာသော သိုးမအား အချိန်မတန်မီ ကြည့်မိသဖြင့် ခေါ်လာသောသိုးမ ထွက်ပြေးသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၅၀၆)
ပူတိမုခပေတဝတ္ထု
ဤဝတ္ထု၌ ကဿပဘုရားရှင်လက်ထက်တော်၌ ရဟန်းတော်နှစ်ပါးတို့သည် အကျင့်သီလနှင့် ပြည်စုံကြ၍ အလွန်ချစ်ခင်ရင်းနှီးစွာနေကြပုံ၊ ရဟန်းတစ်ပါး ရောက်လာပြီး ထိုရွာနှင့် ထိုကျောင်းကို သဘောကျကာ မထေရ်နှစ်ပါး ကွဲပြားအောင် ကုန်းတိုက်ခဲ့ပုံ၊ ထိုအကုသိုလ်ကံကြောင့် ငရဲ၌ ခံခဲ့ရပုံ၊ ငရဲမှ လွတ်သော်လည်း ဤဘုရားရှင့်လက်ထက်အထိ ရာဇဂြိုဟ်မြို့အနီး၌ ပါးစပ်ပုပ်ပြီး လောက်တဖွားဖွားကျနေသည့် အနံ့ အလွန်ဆိုးဝါးသော ငတ်ပြတ်နေသည့် ပြိတ္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ပေတ၊၁၂၈) (ပေတ၊ဋ္ဌ၊၁၁)
ပူရဏကဿပဝတ္ထု
ဤဝတ္ထု၌ ပူရဏကဿပသည် သူဌေးတစ်ယောက်အိမ်တွင် ကျွန်တစ်ရာမြောက်တို့၏ ပြည့်ကြောင်းဖြစ်သဖြင့် ပူရဏအမည်ရပြီး မင်္ဂလာကျွန်အဖြစ်ထားခြင်းခံရပုံ၊ သူဌေးအိမ်မှ ထွက်ပြေးသောအခါ ခိုးသူတို့က အဝတ်အစားများကို လုယူလိုက်သဖြင့် မြက်, သစ်ရွက်, အဝတ်မျှကိုပင် မဝတ်ဘဲ မိမွေးတိုင်း၊ ဖမွေးတိုင်း ကိုယ်တုံးလုံးသာနေသည်ကို လူအများက ခေါင်းပါးစွာ ကျင့်သော ပုဂ္ဂိုလ်တို့တွင် ဤပုဂ္ဂိုလ်နှင့် တူသူ မရှိ၊ ရဟန္တာ ဖြစ်၏ဟု မှတ်ယူကာ လှူဒါန်းကိုးကွယ် ဆည်းကပ်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၁၃၀) (မ၊ဋ္ဌ၊၂၊၁၃၆) (သာရတ္ထ၊ဋီ၊၃၊၃၈၂)
ပေသကာရဓီတာဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် အာဠဝီပြည်၌ တရားဟောတော်မူစဉ် ရက်ကန်းသည်မလေးတစ်ဦးအား ဘယ်ကလာသနည်း၊ ဘယ်သို့သွားမည်နည်း၊ သိသလော၊ မသိသလောဟူသော ပြဿနာလေးချက်ကို မေးမြန်းပုံ၊ ရက်ကန်းသည်မလေး၏ အဖြေကို ပရိသတ်ကသဘောမပေါက်သဖြင့် ဘုရားရှင်က ရှင်းလင်းဟောကြားသောအခါ ရက်ကန်းသည်မလေး သောတာပန်တည်၍ တရားနာပရိသတ်များ တရားထူးရရှိကြပုံ၊ တရားနာပြီး အိမ်ပြန်သွားသော ရက်ကန်းသည်မလေးအား ဖခင်ဖြစ်သူက အလွန်ကြာမြင့်စွာ နေသဖြင့် အမျက်ထွက်ကာ လွန်းဖြင့် ပစ်ပေါက်လိုက်ရာ ရက်ကန်းသည်မလေးဝမ်းဗိုက်ပေါက်၍ ကွယ်လွန်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၁၁) (သုတ္တနိ၊ဋ္ဌ၊၁၊၂၅၄)
ပေသလာထေရီဝတ္ထု
ဤဝတ္ထု၌ ထေရီလောင်းလျှာသည် ကဿပဘုရားရှင်လက်ထက်တော်၌ ပြုခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ဂေါတမ ဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိသူဌေးသမီးဖြစ်၍ ရဟန်းမပြုကာ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၉၆) (ထေရီ၊ဒီ၊၅၊၅၁၂)
ပေသဝတီဝတ္ထု
ဤဝတ္ထု၌ ပေသဝတီလောင်း အမျိုးကောင်းသမီးသည် ကဿပဘုရားရှင်၏ ရွှေစေတီတော်၌ မိမိ၏ ရွှေဆွဲကြိုးကို ဖြုတ်၍ သဒ္ဓါတရား ထက်သန်စွာဖြင့် လှူဒါန်းခဲ့ပုံ၊ ဤကောင်းမှု၏ အကျိုးဆက်ကြောင့် လူ့ပြည် နတ်ပြည် သုဂ္ဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရပြီး ဤဂေါတမဘုရားရှင်လက်ထက်တော်၌ အရှင်သာရိပုတ္တရာ၏ မွေးဇာတိရွာဖြစ်သော နာလကရွာ၌ဖြစ်ပုံ၊ တစ်နေ့သောအခါ ဈေးသို့ သွားစဉ် သူဌေးသားတစ်ယောက်သည် မိမိ၏ အကုသိုလ်ကံကြောင့် ရွှေငွေပုလဲကျောက်သံ ပတ္တမြားအဖြစ်မှ ကျောက်စရစ်ခဲ အိုးခြမ်းကွဲအဖြစ်သို့ ပြောင်းလဲသွားသော ပစ္စည်းများကို ဈေး၌ ချရောင်းနေသည်ကို တွေ့မြင်ရပုံ၊ ပေသဝတီအမျိုးသမီးက ကျောက်စရစ်ခဲ အိုးခြမ်းကွဲအဖြစ် မတွေ့မြင်ရဘဲ ပင်ကိုမူလ ရွှေငွေပုလဲ ကျောက်သံပတ္တမြားအဖြစ်ဖြင့်သာ မြင်တွေ့ရသဖြင့် သူဌေးသားက ထိမ်းမြားလက်ထပ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၄၂)
ပေါက္ခရသာတိဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားရှင်သည် ကောသလတိုင်း ဥက္ကဋ္ဌမြို့ ဣစ္ဆာနင်္ဂလအရပ်၌ သီတင်းသုံးတော်မူစဉ် ဥက္ကဋ္ဌမြို့စား ပေါက္ခရသာတိပုဏ္ဏားကြီးသည် မိမိတပည့် အမ္ဗဋ္ဌ လုလင်အား မြတ်စွာဘုရား၏ လက္ခဏာတော်ကြီး ၃၂-ပါးကို လေ့လာရန် စေလွှတ်ခဲ့ပုံ၊ အမ္ဗဋ္ဌ၏ ကိုယ်တွေ့လေ့လာတွေ့ရှိချက်များကို ကြားသိရပြီးနောက် မိမိကိုယ်တိုင် ဘုရားရှင်ထံ ရောက်ရှိကာ ကောသောဟိတဝတ္ထဂုယှ လက္ခဏာတော်နှင့် ပဟူတဇိဝှါလက္ခဏာတော်ကြီးနှစ်ပါးကို လေ့လာခွင့်ရပြီး ဥပါသကာ ဖြစ်လာခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၂၁၇)
ပေါဋ္ဌိလဝတ္ထု
ဤဝတ္ထု၌ ပေါဋ္ဌိလရဟန်းကြီးသည် ဘုရားရှင် ခုနစ်ဆူတို့၏ အထံ၌ ပိဋကသုံးပုံဆောင်ကာ ရဟန်းငါးရာတို့အား စာပေပရိယတ် ပဋိပတ်တရားများကို သင်ကြားပို့ချခဲ့ပုံ၊ ဘုရားရှင်က ပေါဋ္ဌိလရဟန်းကြီး ရဟန္တာ မဖြစ်သေးသဖြင့် သံဝေဂ ရစေရန် ပေါဋ္ဌိလရဟန်းကြီးအား ‘‘မောဃပေါဋ္ဌိလ၊ တုစ္ဆပေါဋ္ဌိလ’’ဟု ခေါ်ဝေါ်ပြောဆိုပုံ၊ ပေါဋ္ဌိလရဟန်းကြီးက ‘‘မိမိသည် ရဟန်းငါးရာနှင့် ဂိုဏ်းကြီး ဆယ့်ရှစ်ဂိုဏ်းတို့အား စာပေပရိယတ် ပဋိပတ်တရားများ သင်ကြားပို့ချနေပါလျက် ဘုရားရှင်က ‘‘မောဃပေါဋ္ဌိလ၊ တုစ္ဆပေါဋ္ဌိလ-အလကား ဘာမှအသုံးမကျသည့် ပေါဋ္ဌိလကြီး’’ဟု ပြောဆိုခြင်းသည် ဈာန်မဂ်ဖိုလ်တရားများ မရရှိသေးသဖြင့် ပြောခြင်းဖြစ်သည်’’ဟု သံဝေဂရကာ သံဃာ့ပရိသတ်မှ ဖဲခွာပြီး ယူဇနာ ၁၂၀-ဝေးကွာသော တောအုပ်အရပ်သို့ သွား၍ တရားအားထုတ်ခဲ့ပုံ၊ ထိုတောအုပ်ရှိ ရဟန္တာ အပါး(၃၀)တို့တွင် အငယ်ဆုံး ခုနစ်နှစ်သား သာမဏေငယ်ထံ၌ မာနကို နှိမ့်ချကာ တရားတောင်း၍ အားထုတ်သဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၆၂)
ပေါတလိပုတ္တပရိဗ္ဗာဇကဝတ္ထု
ဤဝတ္ထု၌ အရှင်သမိဒ္ဓိသည် တောကျောင်း၌ သီတင်းသုံးနေသော အရှင်သမိဒ္ဓိအထံသို့ ပေါတလိပုတ္တပရိဗိုဇ် ရောက်လာပြီး ကံနှင့်ပတ်သက်သော မေးခွန်းကိုမေးမြန်းခဲ့ပုံ၊ အရှင်သမိဒ္ဓိသည် ခွဲခြမ်းစိတ်ဖြာ၍ မဖြေကြား လိုက်ဘဲ အတိုချုပ်သာ ဖြေကြားလိုက်ပုံ၊ အရှင်သမိဒ္ဓိသည် အရှင်အာနန္ဒာနှင့်အတူ ဘုရားရှင်ထံ ကြွရောက်၍ သွားပြီး နှစ်ပါးအတူ ဘုရားရှင်ကို လျှောက်ထားသောအခါ ဘုရားရှင်က ကံနှင့်ပတ်သက်၍ အကျယ်ဝေဖန်ဟောပြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၃၊၂၅၀) (မ၊ဋ္ဌ၊၄၊၁၈၁)
ပေါတလိယဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားသည် မဟီမြစ်အနီးအင်္ဂတိုင်း အာပဏနိဂုံးနှင့် မနီးမဝေးရှိ တော၌ သီတင်းသုးနေတော်မူစဉ် ပေါတလိသူကြွယ်ကို သူကြွယ်ဟူသော ဝေါဟာရဖြင့် ပြောတော်မူပုံ၊ သူကြွယ်က မကျေနပ်သဖြင့် သူသည် လူမှုရေးအားလုံးကို ပယ်စွန့်ထားပြီးဖြစ်၍ ဗြာဟ္မဏမည်ကြောင်း ရှောက်ထားပုံ၊ မြတ်စွာဘုရားက သာသနာတော်၌ သမဏဗြာဟ္မဏမည်ကြောင်း ရှစ်ပါးကို အကျယ်ရှင်းလင်း ဟောပြတော်မူပုံ စသော အကြောင်းအရာများပါဝင်သည်။ (မ၊ဋ္ဌ၊၃၊၂၄)
ပေါတ္ထကဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို အာရုံပြု၍ အလှူခံပုဂ္ဂိုလ်အား လျှော်တေအဝတ်ကို ပေးလှူခဲ့သော ကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ ဤဘုရားရှင့်သာသနာတော်ဝယ် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၆၇)
ပေါသိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် တိဿဘုရားရှင်လက်ထက်တော်၌ တောမုဆိုးဖြစ်၍ ဘုရားရှင်ထိုင်ရန် မြက်ဆုပ်များကို ယူဆောင်၍ အခင်းပြုလုပ် လှုဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည် နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိမြို့ သင်္ဂါမဇိတမထေရ်၏ ညီငယ်သူဌေးသား ဖြစ်၍ ရဟန်းပြုကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၂၀)
ဖဂ္ဂုနဝတ္ထု
ဤဝတ္ထု၌ မကျန်းမာသော အရှင်ဖဂ္ဂုနမထေရ်အထံ မြတ်စွာဘုရားရှင် ကြွတော်မူခဲ့ပုံ၊ အရှင်ဖဂ္ဂုနသည် ဝေဒနာကို ပြင်းထန်စွာ ခံစားနေရပုံ၊ မြတ်စွာဘုရားရှင်၏ တရားစကားကို နာကြားရသောကြောင့် အရိယာ ဖြစ်သွားခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (အံ၊၂၊၃၃၃)
ဖန္ဒနဇာတက
ဤဇာတ်တော်၌ ရောဟိဏီမြစ်ရေလုကြသော ဆွေတော်မျိုးတော်တို့၏ ရန်ပွဲကို အကြောင်းပြု၍ ကြို့ပင်စောင့်နတ်နှင့် ဝက်ဝံတို့ ရန်ငြိုးထားခဲ့ကြပုံ ရန်ကို ရန်ချင်းတုံ့ပြန်သဖြင့် ပျက်စီးရပုံတို့ကို ဘုရားရှင် ဟောကြားတော်မူပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၂၀၈)
ဖလဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်နှစ်ကမ္ဘာအထက်၌ ကြမ်းတမ်းသော သစ်နက်ရေကို ဆောင်သော ရသေ့ဘဝဖြင့် ဖုဿဘုရားရှင်အား သစ်သီးပေးလှူခဲ့သော ကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ နောက်ဆုံးဘဝ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၄၄)
ဖလဒါယကဝတ္ထု
ဤဝတ္ထု၌ ဗိမ္ဗိသာရမင်းကြီး၏ ဥယျာဉ်စောင့်တစ်ဦးသည် အချိန်မတိုင်မီ သရက်သီး သီးစေရန် ကြိုးပမ်းစီစဉ်ခဲ့ပုံ၊ သရက်သီးမှည့် လေးလုံးရရှိပြီး မင်းကြီးအား ဆက်သရန် ယူလာစဉ် အရှင်မောဂ္ဂလာန်မထေရ်အား တွေ့သဖြင့် လှူဒါန်းလိုက်ပုံ၊ မထေရ်က ဘုရားရှင်ကို ထပ်ဆင့်လှူဒါန်းခဲ့ပုံ၊ ဥယျာဉ်စောင့်သည် ထိုကုသိုလ်ကံကြောင့် တာဝတိံသာနတ်ပြည်၌ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၆၇)
ဖါရုသဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ခရီးလမ်းမ၌ ကြွသွားတော်မူသော ဘုရားရှင်အား ဖက်သက်သီးကို ပေးလှူခဲ့သော ကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ နောက်ဆုံးဘဝ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၄၃)
ဖုသိတ ကမ္ပိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကမ္ဘာတစ်သိန်းအထက်၌ သစ်နက်ရေကို ဝတ်လျက် လျှော်တေသင်္ကန်းကို ဆောင်သော ရသေ့ဖြစ်ခဲ့ပုံ၊ ဘုရားရှင်အား ပန်းနံ့သာရေတို့ဖြင့် သွန်းဖျန်းခဲ့သော ကောင်းမှုကံကြောင့် နံ့သာရေပေါက် ငါးထောင်နှင့်အမျှ နှစ်ထောင့်ငါးရာသော ဘဝ၌ နတ်မင်းအဖြစ်၊ နှစ်ထောင့်ငါးရာသော ဘဝ၌ စကြဝတေးမင်းအဖြစ်ခံစားခဲ့ရပုံ၊ ဖြစ်တိုင်းသော ဘဝ၌ စန္ဒကူးအနံ့ ကိုယ်မှ တစ်ကောသခွဲ တိုင်တိုင်လှိုင်ပုံ၊ ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၀၈)
ဖုဿတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဖုဿမထေရ်လောင်းလျာသည် ရှေးဘုရားရှင်တို့ထံ၌ နိဗ္ဗာန်ကိုရည်မှန်း၍ ကုသိုလ်ပြုခဲ့ပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ ဖုဿမင်းသား ဖြစ်လာပုံ၊ မဟာထေရ်မြတ်တစ်ပါးထံ ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၃၅၈)
ဖုဿဒေဝတ္ထေရဝတ္ထု
ဤဝတ္ထု၌ ကဋအန္ဓကာရအရပ်နေ ဖုဿဒေဝမထေရ်သည် စေတီရင်ပြင်ကို တံမြက်လှည်းရင်း ဘုရားအာရုံ၌ နှစ်သက်ဝမ်းမြောက်နေပုံ၊ မာရ်နတ်သည် မျောက်ညိုကြီးယောင် ဆောင်၍လည်းကောင်း၊ နွားအိုကြီးယောင် ဆောင်၍လည်းကောင်း နွားချေးများကို ဖြန့်ကြဲနှောင့်ယှက်ပုံ၊ တစ်ဖန် ခြေကောက်သူအသွင် ဖန်ဆင်း၍ အမှိုက်များကို ဖရိုဖရဲဖြစ်အောင် ပြုလုပ် နှောင့်ယှက်ပုံ၊ ထိုမထေရ်က နှောင့်ယှက်သူမှာ မာရ်နတ်ဟု သိ၍ မြတ်စွာဘုရား ရုပ်ပုံတော်ကို ဖန်ဆင်းခိုင်းပုံ၊ မာရ်နတ်က ထိုကဲ့သို့ ဖန်ဆင်းပြသောအခါ ‘‘ရာဂစသည် မကင်းသော မာရ်နတ်ဖန်ဆင်းပြသော ရုပ်ပုံတော်သည် ဤမျှတင့်တယ်သေးလျှင် ရာဂစသည်ကင်းပြီးသော မြတ်စွာဘုရားသည်ကား ထိုထက်ပို၍ တင့်တယ်ပေမည်’’ဟု ဘုရားအာရုံရှိသော နှစ်သက်ခြင်းပီတိကို ရ၍ ဆက်လက်ပြီး ဝိပဿနာပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၄၊၁၇၄) (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၂၂၁)
ဖုဿဗုဒ္ဓဝံသ
ဤဗုဒ္ဓဝင်၌ ဖုဿဘုရားရှင်သည် ကာသိကနေပြည်တော်မှ ခမည်းတော် ဇယသေနမင်းကြီးနှင့် မယ်တော်သိရိမာတို့မှ ဖွားမြင်ခဲ့ပုံ၊ ကိသာဂေါတမီမင်းသမီးနှင့် နန်းစည်းစိမ်ခံစားခဲ့ပုံ၊ အနူပမမည်သော သားတော်မွေးဖွားပြီးနောက် ဆင်ယာဉ်ဖြင့်တောထွက်တော်မူခဲ့ပုံ၊ သျှစ်သျှားဗောဓိပင်ရင်း၌ ဘုရားဖြစ်တော်မူခဲ့ပုံ၊ သုရက္ခိတနှင့် ဓမ္မသေန အဂ္ဂသာဝက နှစ်ပါးရှိတော်မူခဲ့ပုံ၊ အဘိဃမထေရ်က ပြုစုလုပ်ကျွေးခဲ့ပုံ၊ ဂေါတမဗုဒ္ဓလောင်းလျာသည် ဝိဇိတာဝီ မည်သော မင်းဖြစ်လျက် နိယတဗျာဒိတ် ခံယူခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၈) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၇၃)
ဗကဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် အိုင်ကြီးတစ်အိုင်၌ ငါးမင်း ဖြစ်ခဲ့ပုံ၊ မတုန်မလှုပ် ငြိမ်သက်စွာ ချောင်းနေသော ဗျိုင်းတစ်ကောင်ကို ငါးတို့က ဗျိုင်းသူတော် ထင်၍ သွားရန် ပြင်ဆင်ကြပုံ၊ ဘုရားအလောင်းက တားမြစ်သဖြင့် မသွားဘဲနေခဲ့ကြပုံစသော အကြောင်းအရာ များပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၁၄)
ဗကဇာတက
ဤဇာတ်တော်၌ ဗကဗြဟ္မာက ‘‘ဗြဟ္မာ့ဘုံများသည် နိစ္စ ဓုဝ သဿတ ဖြစ်၏၊ အို, နာ, သေမှုမှ လွန်မြောက်၏’’ဟု ဆိုပုံ၊ ဘုရားရှင်သည် ဗကဗြဟ္မာအား အဝိဇ္ဇာ ဖုံးအုပ်ထား၏ဟု မိန့်တော်မူပုံ၊ ဗကဗြဟ္မာက မိမိ(ဗကဗြဟ္မာ)၏ အကျင့်သီလကို မေးသဖြင့် ဘုရားရှင်က ဖြေကြားတော်မူခဲ့ပုံ၊ ဗကဗြဟ္မာသည် တစ်ခုသောကမ္ဘာ၌ ရသေ့ဖြစ်စဉ် သဲကန္တာရ၌ မျက်စိလည်သော လှည်းသား ငါးရာတို့အား သောက်သုံးရေစသည်တို့ကိုဆောင်ယူ၍ ပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၃၇)
ဗကဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် တောအုပ်ကြီးအတွင်းရှိ ရေခတက်ပင်၌ ရုက္ခစိုးနတ် ဖြစ်စဉ် ဗျိုင်းတစ်ကောင်သည် ရေခန်းသော အိုင်မှငါးများကို အခြားရေအိုင်တစ်အိုင်သို့ ပို့ပေးမည်ဟု လိမ်ညာပြောဆိုကာ ရေခတက်ပင်ပေါ်သို့ ချီလာပြီး စားသောက်လေ့ရှိပုံ၊ ငါးများ ကုန်သွားသောအခါ လယ်ပုဇွန် (ဂဏန်း) တစ်ကောင်ကို ရှေးနည်းအတိုင်းပင် ပဒုမ္မာကြာပန်းများဖြင့် အလွန်တင့်တယ် ကောင်းမွန်သော ရေအိုင်ကြီးသို့ ပို့ပေးမည်ဖြစ်ကြောင်း ပြောဆိုပုံ၊ ပုဇွန်လုံးက မယုံကြည်သဖြင့် ဗျိုင်း၏ လည်ပင်းကို လက်မဖြင့် ညှပ်၍ လိုက်ပါစဉ် ရေခတက်ပင်ပေါ် ရောက်သောအခါ ‘‘ဘာ့ကြောင့် ရေအိုင်သို့ မပို့ဘဲ ရေခတက်ပင်ပေါ် ခေါ်လာရသနည်း’’ ဟု ပုဇွန်လုံးက မေးပုံ၊ ဗျိုင်းက လိမ်ညာ၍ ခေါ်ယူလာခြင်းသာဖြစ်ကြောင်း၊ သင့်ကိုလည်း စားမည်ဖြစ်ကြောင်း ပြောဆိုသောအခါ ပုဇွန်လုံးက ‘‘ယခင်ငါးများသည် အ၍သာ ခံရသည်။ ယခု ကျွန်ုပ်ကိုမူ သင်စား၍မရ၊ သင်သာ သေပေတော့’’ ဟု ဆိုကာ လည်ပင်းကို လက်မဖြင့် ပြင်းထန်စွာ ညှပ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၃၇)
ဗကဗြဟ္မာဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားရှင်သည် ဥက္ကဋ္ဌမြို့သုဘဂတောရှိ အင်ကြင်းပင်အရင်း၌ သီတင်းသုံးနေတော်မူစဉ် မိစ္ဆာအယူရှိသော ဗကဗြဟ္မာကြီးကို ချေချွတ်ရန် ဗြဟ္မာ့ပြည်သို့ ကြွရောက်တော်မူခဲ့ပုံ၊ နှစ်ပရိစ္ဆေဒ များပြားကြာညောင်းလှသဖြင့် မိမိဘုံနှင့် ဘဝကို ထာဝရ မြဲသည်ဟု အယူမှားနေသော ဗကဗြဟ္မာကြီးအား ဤဘုံနှင့် ဤဘဝသည် မမြဲကြောင်း ဟောတော်မူပုံ၊ ဗကဗြဟ္မာက ကိုယ်ဖျောက်ပြသော်လည်း မပျောက်ဘဲ ဘုရားရှင်က ကိုယ်တော်ကို ဖျောက်၍ အသံဖြင့်သာ တရားဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (မ၊၁၊၄၀၃) (မ၊ဋ္ဌ၊၂၊၃၀၂)
ဗကဗြဟ္မာဝတ္ထု
ဤဝတ္ထု၌ မိမိဘုံသည် မြဲ၏၊ မိမိအသက်သည် မြဲ၏ဟု အယူရှိသော ဗကဗြဟ္မာကြီးထံ ဘုရားရှင် ကြွတော်မူ၍ ဤဘုံသည်မမြဲ၊ သင်၏အ သက်သည် နိရဗ္ဗုဒသက်တမ်းမျှသာ ရှည်၏။ သင်သည် သတ္တဝါတို့ကို ရေတိုက် အသက်ကယ်ခဲ့သောကြောင့်လည်းကောင်း၊ ဓားပြတိုက်သူတို့ကို အဘိညာဉ်တန်ခိုးဖြင့် ကယ်တင်ခဲ့သော ကြောင့်လည်းကောင်း၊ သက်တမ်းရှည်၏ဟု အတိတ်ဘဝအကြောင်းကို ဟောပြနိုင်သဖြင့် ဘုရားရှင်အား ယုံကြည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၄၄) (သံ၊ဋ္ဌ၊၁၊၁၉၀)
ဗကုလာထေရီဝတ္ထု
ဤဝတ္ထု၌ ဗကုလာထေရီလောင်းလျာသည် ပဒုမတ္တရဘုရားရှင်လက်ထက်တော် ဒိဗ္ဗစက္ခုအဘိညာဉ်နှင့် ပြည့်စုံသော ရဟန်းမတစ်ပါးအား ဧတဒဂ်ထားသည်ကို မြင်၍ အားကျ ဆုပန်ခဲ့ပုံ၊ နောင်အခါ ဂေါတမဘုရားရှင် လက်ထက်တော်၌ ရဟန္တာထေရီဖြစ်ကာ ဒိဖ္ဗစကူဧတဒဂ် ဘွဲ့ထူး ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၂၈၃)
ဗန္ဓနမောက္ခဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် ဗြဟ္မဒတ်မင်းကြီး၏ ပုရောဟိတ် ဖြစ်ခဲ့ပုံ၊ တစ်နေ့တွင် မင်းကြီးသည် ပစ္စန္တရာဇ်အရပ်၌ ပုန်ကန်ထကြွနေသဖြင့် စစ်တိုက်ထွက်သွားရာ မိဖုရားကြီးသည် စစ်မှုထမ်းတို့နှင့် ဖောက်ပြန်ပုံ၊ ဘုရားအလောင်းကိုလည်း လွန်ကျူးရန် ပြောဆိုသည်ကို ငြင်းဆိုသဖြင့် ဘုရင်ကြီးအား မာယာဖြင့် ပြောပြ၍ ဘုရားလောင်း အဖမ်းခံခဲ့ရပုံ၊ ဘုရားအလောင်းက အမှန်အတိုင်း ရှင်းပြသဖြင့် အချုပ်အနှောင်မှ လွတ်မြောက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၆၂)
ဗန္ဓနဝတ္ထု
ဤဝတ္ထု၌ ကောသလမင်းကြီးထံ၌ ရှစ်ထောင့်ရှစ်မြှောင့်ပါရှိသော နန်းစဉ်ပတ္တမြားကြီး တစ်လုံးရှိခဲ့ပုံ၊ တစ်နေ့သောအခါ ပတ္တမြားရတနာကြီး အခိုးခံရပုံ၊ အရှင်အာနန္ဒာထေရ်၏ အကြံပေးချက်အတိုင်း ပြုလုပ်ရာ ပတ္တမြားရတနာကို ရှာဖွေတွေ့ရှိခဲ့ပုံစသော အကြောင်းအရာ များ ပါဝင်သည်။ (သံ၊၁၊၇၆) (သံ၊ဋ္ဌ၊၁၊၁၃၄)
ဗန္ဓနာဂါရဇာတက
ဤဇာတ်တော်၌ ကောသလမင်းကြီးသည် ခိုးသူများအား အချုပ်ထောင်ချခြင်း၊ ကြိုးဖြင့် ချည်နှောင်တုပ်ဖွဲ့ထားခြင်း၊ သံခြေချင်းခတ်ခြင်း စသည်ဖြင့် ချည်နှောင်ထားပုံ၊ ရဟန်းတော် များက အနှောင်အဖွဲ့တို့တွင် မည်သည့်အနှောင်အဖွဲ့သည် အခိုင်ခံ့ဆုံးဖြစ်ပါသနည်းဟု မေးမြန်းလျှောက်ထားကြရာ ဘုရားရှင်က ကိလေသာအနှောင်အဖွဲ့သည်သာလျှင် အခိုင်အမာ ဆုံးဖြစ်ကြောင်း အတိတ်ဝတ္ထုကိုဆောင်၍ ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၃၇) (ဇာ၊ဋ္ဌ၊၂၊၁၂၇)
ဗန္ဓုဇီဝကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော သုံးဆယ့်တစ်ကမ္ဘာအထက်၌ ခေါင်ရန်းပန်းတို့ကို ချည်ဖြင့် သီကုံး၍ သိခီဘုရားရှင်အား တင်လှူပူဇော်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ ခုနစ်ကမ္ဘာအထက်၌ သမန္တစက္ခု မည်သော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၉၄)
ဗန္ဓုရတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် နန်းတွင်းအစောင့်ဖြစ်၍ ရဟန်းသံဃာအပေါင်း ခြံရံလျက် မင်းရင်ပြင်၌ ကြွသွားတော်မူသော သိဒ္ဓတ္ထဘုရားရှင်အား ကုလားဆလပ်ပန်းတို့ကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သီလဝတီမြို့၌ သူဌေးသားဖြစ်၍ သာသနာတော်သို့ ဝင်ရောက်လာသောအခါ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၆၃)
ဗဗ္ဗုဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကျောက်ဆစ်သမားမျိုး၌ ဖြစ်ပုံ၊ ထိုရွာရှိ သူဌေးကြီးတစ်ဦး၏ ဇနီး ကွယ်လွန်သောအခါ ငွေကို စွဲလမ်းသဖြင့် ကြွက်မ ဖြစ်နေပုံ၊ ကြွက်မသည် ဘုရားလောင်းကို နေ့စဉ် ငွေတစ်ကျပ်ပေး၍ အမဲသားဝယ်စားနေရာမှ ကြောင်ဖမ်းခံရသဖြင့် အမဲသားကို ဝေစုခွဲဝေပေးရပုံ၊ ဘုရားလောင်း၏ အကြံပြုချက်အရ ဖန်အုပ်ဆောင်းအတွင်း ဝင်နေသော ကြွက်မကို ဝေစုမရသော ကြောင်တို့က ခုန်ဖမ်းသဖြင့် ကြောင်တို့ရင်ကွဲ၍ သေခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၅၀၂)
ဗျဂ္ဃဇာတက
ဤဇာတ်တော်၌ ရှေးအခါက ဘုရားလောင်း ရုက္ခစိုးနတ်၏ မိတ်ဆွေရုက္ခစိုးနတ် နေသော တောအုပ်၌ ခြင်္သေ့ကျားတို့နေသဖြင့် လူတို့က ထိုတောအုပ်ကို မဖျက်ဆီးရဲကြပုံ၊ ထိုရုက္ခစိုးက ‘‘ခြင်္သေ့၊ ကျားတို့၏ စားကြွင်းကြောင့် အပုပ်နံ့နံသည်’’ဟု ခြင်္သေ့ကျားတို့ကို ခြောက်လှန့်နှင်ထုတ်ပုံ၊ ထိုအခါ လူတို့ကထိုတောအုပ်ကို ဖျက်ဆီးကြ၍ ထွန်ယက်စိုက်ပျိုးကြ သဖြင့် ရုက္ခစိုးနတ်မှာ နေစရာမရှိ ဖြစ်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၂၁)
ဗျတ္တပဋိဗလဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ရာဇဂြိုဟ်မြို့မှ စောဒနာဝတ္ထုဒေသသို့ ကြွတော်မူသည်ရှိသော် ထိုဒေသရှိ ကျောင်းကြီးတစ်ကျောင်း၌ သံဃာများစွာ သီတင်းသုံးနေထိုင်ကြပုံ၊ သံဃာ့မထေရ်ကြီးမှာ ဝိနည်းအရာ မကျွမ်းကျင် ဥပုသ်ကံအကြောင်း နားမလည်ဖြစ်နေရာ ဘုရားရှင် သိတော်မူ၍ ထေရာဓိကံ ပါတိမောက္ခံ (ပါတိမောက်၌ မထေရ်ကြီး အဓိကဖြစ်သည်)ဟု ပညတ်တော်မူထားသော်လည်း မထေရ်ကြီး မကျွမ်းကျင်လျှင် ရဟန်းငယ်တို့သာ ဦးဆောင်နိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၅၆)
ဗြဟာဆတ္တဇာတက
ဤဇာတ်တော်၌ ဗြဟ္မဒတ်မင်းကြီးသည် ကောသလတိုင်းကို မတရားသဖြင့် သိမ်းယူပြီး ရရှိသော ဥစ္စာဘဏ္ဍာတို့ကို အိုးကြီးတွေထဲ၌ သိမ်းထားပုံ၊ ထိုဥစ္စာများကို ကောသလမင်း၏သားက ပြန်လည် ယူဆောင်သွားသောအခါ ဗြဟ္မဒတ်မင်းကြီး ဥစ္စာရူး ရူးသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ဇာ၊ဋ္ဌ၊၃၊၁၀၅)
ဗြဟ္မဒတ္တဇာတက
ဤဝတ္ထု၌ ဘုရားအလောင်းသည် ရသေ့ဖြစ်၍ ဥတ္တရပဉ္စာလမင်းကြီး၏ ဥယျာဉ်၌ သီတင်းသုံးခဲ့ပုံ၊ မိုးလကုန်၍ ဟိမဝန္တာသို့ ပြန်လိုသောအခါ လွှာချင်းဖိနပ်တစ်ရံနှင့် ထီးတစ်ချောင်းကို ဘုရင်ထံ အလှူခံလိုသော်လည်း တောင်းခြင်းသည် ငိုခြင်းမည်သဖြင့် တောင်းရမ်းမှုကို ဝန်လေးနေကာ ၁၂-နှစ်ကြာခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၇၂)
ဗြဟ္မဒတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ရှေးဘုရားရှင်များအထံ၌ သံသရာမှ ထွက်မြောက်ကြောင်း ကုသိုလ်များကို ပြုခဲ့၍ နောက်ဆုံးဘဝ ဤဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိမြို့ ကောသလမင်း၏ သား ဖြစ်၍ ဇေတဝန်ကျောင်း လှူဒါန်းပွဲတွင် ဘုရားရှင်၏တန်ခိုးအာနုဘော်ကို ကြည်ညိုသဖြင့် ရဟန်းပြုကာ ဝိပဿနာရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၁၁၃)
ဗြဟ္မဒေဝတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဗြဟ္မဒေဝအမည်ရှိသော ရဟန္တာမထေရ်ကြီးသည် မိမိ၏ မိခင်ပုဏ္ဏေးမကြီးထံ ဆွမ်းခံကြွခဲ့ပုံ၊ မိခင်သည် သားဖြစ်သူ မထေရ်အား ဆွမ်းတစ်ဇွန်းမျှ မလောင်းသေးဘဲ သူတို့ကိုးကွယ်သည့် ဗြဟ္မာကြီးကို ပူဇော်သည့်အနေဖြင့် နို့ဃနာထမင်းကို မီး၌ထည့်ပြီး ဗလိနတ်စာကျွေးနေပုံ၊ ထိုအခါ သဟမ္ပတိဗြဟ္မာကြီးကိုယ်တိုင်ဆင်းလာပြီး အလွန်ဝေးကွာသည့် ဗြဟ္မာ့ပြည်မှ ဗြဟ္မာတို့သည် အစားအစာအတွက် လူပြည်သို့ မလာကြကြောင်း၊ ဗြဟ္မာတို့သည် ဈာန်ပီတိကိုသာ စားသုံးကြကြောင်း၊ လူတို့ကျွေးသော ဗလိနတ်စာကို မနှစ်သက်ကြကြောင်း ပြောပြ၍ ဆုံးမခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၄၂) (သံ၊ဋ္ဌ၊၁၊၁၈၇)
ဗြဟ္မယာစနဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် စတုတ္ထသတ္တာဟ လွန်ပြီးနောက် လင်းလွန်းပင်ရင်းမှ အဇပါလဆိတ်ကျောင်း ညောင်ပင်သို့ ကပ်ရောက်တော်မူ၍ ‘‘ငါဘုရား ခဲရင်းစွာ ရရှိခဲ့သော တရားတော်က ခက်ခဲနက်နဲလှသည်။ သတ္တဝါတွေက ရာဂ ဒေါသများပြားလှသည်။ တရားဟောလျှင်လည်း ငါ ပင်ပန်းရုံသာ ရှိမည်’’ဟု ကြံစည်တော်မူပုံ၊ သဟမ္ပတိဗြဟ္မာသည် ဘုရားရှင်၏ အကြံကို သိ၍ ဘုရားရှင်ထံတော်မှောက် လာရောက်ကာ ‘‘ကိလေသာမြူ နည်းပါးသော သူများ ရှိပါသေးသည်။ တရားတော်ကို မနာကြားရလျှင် နစ်နာပါလိမ့်မည်။ တရားထူးကို သိသူများ ပေါ်လာနိုင်ပါသည်။ ဘုရားရှင် တရားဟောတော်မူပါ’’ဟု တောင်းပန်သဖြင့် သတ္တဝါများကို ငဲ့ညှာသနားသောအားဖြင့် တရားဟောရန် ဆုံးဖြတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၅) (သံ၊၁၊၁၃၈) (သံဋ္ဌ၊၁၊၁၇၉) (သာရတ္ထ၊ဋီ၊၃၊၁၅၀)
ဗြဟ္မလောကဝတ္ထု
ဤဝတ္ထု၌ သုဗြဟ္မာနှင့် ပစ္စေကဗြဟ္မာတို့သည် မေ့လျော့၍နေသော ဗြဟ္မာတစ်ဦးထံ ချဉ်းကပ်၍ မြတ်စွာဘုရားထံ ဆည်းကပ်ဖို့ သွားရန် တိုက်တွန်းကြပုံ၊ ထိုဗြဟ္မာက ဗြဟ္မာတစ်ထောင် ဖန်ဆင်း၍ သူ့လိုတန်ခိုးကြီးသော ဗြဟ္မာက လူသားဘုရားထံ သွားဖို့မလိုကြောင်းပြောဆိုပုံ၊ သုဗြဟ္မာဗြဟ္မာကြီးက ဗြဟ္မာနှစ်ထောင်ဖန်ဆင်းပြပြီး ဘုရားရှင်သည် ဗြဟ္မာအားလုံးတို့ထက်ပို၍ တန်ခိုးကြီးသဖြင့် ဆည်းကပ်သင့်ကြောင်း ပြောပြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၄၈) (သံ၊ဋ္ဌ၊၁၊၁၉၆)
ဗြဟ္မာယုဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားရှင်သည် ဝိဒေဟတိုင်း၌ ဒေသစာရီ လှည့်လည်တော်မူစဉ် မိထိလာမြို့၌နေသော အသက် (၁၂၀)ရှိ ဗြဟ္မာယုပုဏ္ဏားကြီးသည် မိမိတပည့် ဥတ္တရလုလင်ကို စေလွှတ်ကာ (၃၂)ပါးသော ယောက်ျားမြတ် လက္ခဏာများနှင့် ညီညွတ်မှုရှိမရှိ စူးစမ်းရန် စေလွှတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၂၊၃၃၄) (မ၊ဋ္ဌ၊၃၊၂၄၉)
ဗြဟ္မာလိတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဗြဟ္မာလိမထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား သစ်မြစ်သစ်သီးတို့ကို ကြည်ညိုစွာ လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် လူနတ်စည်းစိမ်တို့ကို ခံစားခဲ့ရပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ဗြဟ္မာလိပုဏ္ဏားဖြစ်လာပုံ၊ မိတ်ဆွေကောင်းကို မှီ၍ သာသနာတော်၌ ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၁၈)
ဗြာဟ္မဏဓမ္မိကဝတ္ထု
ဤဝတ္ထု၌ ပုဏ္ဏားမျိုးတို့၏ ရှေးဦးပုဏ္ဏားတို့သည် (၄၈)နှစ်တိုင်တိုင် ငါးပါးသီလကို လုံခြုံစွာ ထိန်းသိမ်းကြပြီး အဗြဟ္မစရိယသိက္ခာပုဒ်ကို လုံခြုံစွာ စောင့်ရှောက်ကြပုံ၊ ထို့နောက်မှ အမျိုးအနွယ် မပြတ်စေရန် အိမ်ထောင်ပြုကြပုံ၊ နောင်အခါ တဖြည်းဖြည်းနှင့် ကောင်းသော ပုဏ္ဏားအကျင့်တို့ တိမ်ကော ပျက်စီးရပုံ၊ မကောင်းသော အကြံ, အမှု, အပြောတို့ ထွန်းကား လာ၍ ဗေဒင်ဝေဒကျမ်းဟောင်းများ ပျက်စီးကွယ်ပျောက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၂၊၄၈)
ဗြာဟ္မဏမဟာသာလဝတ္ထု
ဤဝတ္ထု၌ တိဿလုလင်သည် မိခင်ဖခင်တို့ ကွယ်လွန်သောအခါ ကုဋေရှစ်ဆယ်သော ဥစ္စာတို့ကို စွန့်လွှတ်၍ ဟိမဝန္တာသို့ ဝင်ကာ ရသေ့ပြုခဲ့ပုံ၊ ထိုအချိန်၌ ဘုရားရှင် ပွင့်တော်မူနေပြီဖြစ်၍ တိဿလုလင်သည် ဘုရားရှင်ထံ လာရောက်ကာ ပြဿနာ (၄)ရပ်ကို မေးမြန်းလျှောက်ထားခဲ့ပုံ၊ ဘုရားရှင် ဖြေဆိုပြီးချိန်၌ ပဋိသမ္ဘိဒါပတ္တရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၃၀၉)
ဗဟုပုတ္တိကတ္ထေရီဝတ္ထု
ဤဝတ္ထု၌ သား(၇)ယောက်၊ သမီး(၇)ယောက်ရှိ မိခင်ကြီးသည် ဖခင်ကွယ်လွန်သောအခါ အမွေ ဝေပေးလိုက်သဖြင့် ခိုကိုးရာမဲ့ဖြစ်သွားသောကြောင့် ဘိက္ခုနီမပြု၍ ဝိပဿနာတရား ကြိုးစားအားထုတ်ရာ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၄၄၆)
ဗဟုဘဏ္ဍိကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိပြည်သား သူဌေးတစ်ယောက်သည် မယားကွယ်လွန်သွားသဖြင့် သာသနာတော်တွင်းသို့ ဝင်ရောက်ရဟန်းပြုခဲ့ပုံ၊ ထိုရဟန်းသည် မိမိသုံးဆောင်ရန်အတွက် တိုက်ခန်း၊ ရေချိုးခန်း၊ စားဖိုဆောင်၊ ဘဏ္ဍာတိုက်စသည်တို့ကို ဆောက်လုပ်လျက် မိမိ၏ အခိုင်းအစေများကို ခေါ်ကာ စိတ်ကြိုက်ချက်ပြုတ်စေလျက် သုံးဆောင်ခံစား၍နေပုံ၊ သင်္ကန်းများကိုလည်း နေ့တစ်ထည် ညတစ်ထည် လဲလှယ်ဝတ်ရုံလေ့ရှိပုံ၊ တစ်နေ့တွင် ထိုရဟန်း၏ ပစ္စည်းအသုံးအဆောင်များလွန်းသည်ကို ဘုရားရှင် သိတော်မူပြီး ဆုံးမသည့်အခါ စိတ်ဆိုးပြီး အပေါ်ရုံ ဧကသီသင်္ကန်းကို စွန့်ပစ်လျက် သင်းပိုင်တစ်ထည်တည်းဖြင့် ပရိသတ်အလယ်၌ ထိုင်နေပုံ၊ ဘုရားရှင်က ‘‘သင်သည် ရေစောင့်ဘီလူးဘဝဖြစ်စဉ်အခါက တစ်ဆယ့်နှစ်နှစ်ကာလပတ်လုံး ဟိရီဩတ္တပ္ပတရားများကို ရှာမှီးနေပါလျက် ယခုအခါ အရှက်အကြောက် ကင်းမဲ့စွာဖြင့် ပရိသတ်အလယ်၌ အဘယ့်ကြောင့် ထိုင်နေဘိသနည်း’’ ဟု ဆုံးမတော်မူကာ အတိတ်ဇာတ်ကြောင်း ဆောင်၍ တရားဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၅)
ဗဟုယာစကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းတို့သည် နှစ်စဉ် နှစ်တိုင်း အခင်းများ ပြုလုပ်လိုသဖြင့် ဒါယကာတို့ထံ ချဉ်းကပ်ကာ သိုးမွေးများကို တောင်းခံကြပုံ၊ အတောင်းအရမ်း များလာသောကြောင့် လူတို့က ‘ငါတို့သည် အခင်းတစ်ခုကို ကြွက်များကိုက်ပြီး သားသမီးများက ဖျက်ဆီးကြသော်လည်း ၅-နှစ်၊ ၆-နှစ် အသုံးပြုကြရသေး၏။ သားသမီးမရှိသော ရဟန်းတို့ကမူ နှစ်စဉ် ချုပ်စရာ လိုမည်မထင်ပါ’ဟု ဝေဖန်ကဲ့ရဲ့ကြပုံ၊ ထိုအခါ ဘုရားရှင်က ‘‘ရဟန်းသည် အခင်းသစ်ကို (၆)နှစ် အသုံးပြုရ မည်’’ဟု ဆဗ္ဗဿသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၃၃၃)
ဗာကုလတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းအထက်၌ ပွင့်တော်မူသော အနောမဒဿီမြတ်စွာဘုရားရှင် လေနာရောဂါခံစားနေရသည်ကို သိ၍ ဆေးများကို ရှာဖွေစုဆောင်း လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ကောသမ္ဗီသူဌေးမဝမ်း၌ သန္ဓေယူ မွေးဖွားခဲ့ပြီး ကလေးငယ်ဘဝ၌ ရေချိုးပေးနေစဉ် ငါးတစ်ကောင်က မျိုလိုက်ပုံ၊ ငါးမိသူသည် ဗာရာဏသီသူဌေးမထံ သွားရောက်ရောင်းချရာ ထိုငါးကို ဝယ်ယူခဲ့ပြီး အသက်ရှင်လျက်သားကလေးကို တွေ့ရသဖြင့် မွေးမြူခဲ့သောကြောင့် အမျိုးနှစ်မျိုးအိမ်တွင် ချမ်းသာစွာ ကြီးပြင်းရပုံ၊ အသက်(၈၀)အရွယ်တွင် ဘုရားရှင်ထံ ရဟန်းပြုခဲ့ပုံ၊ ရဟန္တာဖြစ်ခဲ့ပြီးနောက် အသက် (၁၆၀)တိုင်တိုင် အနာရောဂါ ကင်းရှင်းစွာဖြင့် နေထိုင်ခဲ့ရ၍ အပ္ပာဗာဓဧတဒဂ် ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၈၅) (မ၊ဋ္ဌ၊၄၊၁၃၅) (အံ၊ဋ္ဌ၊၁၊၂၃၆) (ပဋိသံ၊ဋ္ဌ၊၂၊၂၇၉) (ထေရ၊ဋ္ဌ၊၁၊၄၃၉) (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၇)
ဗာရာဏသီရာဇဝတ္ထု
ဤဝတ္ထု၌ ဗာရာဏသီမင်းသည် ‘‘မီးကင်အပ်သော အသားကို စားအံ့’’ဟု ကြံ၍ မိဖုရားကို ခေါ်ပြီး တောသို့ ဝင်သွားပုံ၊ မင်းကြီးသည် ကိန္နရီမကို မြင်သဖြင့် မိဖုရားကို ထားခဲ့ကာ ကိန္နရီမနောက်သို့ ခြေရာခံ၍ လိုက်သွားပုံ၊ မိဖုရားကြီးသည် ကျောင်းသင်္ခမ်းတစ်ခုသို့ ဝင်၍ ကသိုဏ်း ပရိကမ်ကိုပြုကာ အဘိညာဉ်သမာပတ်ကို ဖြစ်စေလျက် ဗာရာဏသီမင်း မိမိထံသို့ ပြန်လာစဉ် ကောင်းကင်သို့ ပျံတက်သွားပုံ စသော အကြောင်းအရာများပါဝင်သည်။ (အဘိ၊ဋ္ဌ၊၂၊၄၅၂)
ဗာရာဏသီသေဋ္ဌိဝတ္ထု
ဤဝတ္ထု၌ ဇမ္ဗူဒိပ်တစ်ကျွန်းလုံး ငတ်မွတ်ခေါင်းပါးသည့် ကပ်ဘေးကြီး ဆိုက်ရောက်စဉ် ဗာရာဏသီသူဌေးထံ၌လည်း စားနပ်ရိက္ခာများ ပြတ်တောက်လျက် နောက်ဆုံးပိတ် ထမင်း တစ်နပ်စာမျှလောက်သာ ရှိတော့ပုံ၊ ထိုအချိန်၌ ဆွမ်းခံကြွလာသော ပစ္စေကဗုဒ္ဓါအား အသက် စွန့်၍ ဆွမ်းလှူဒါန်းပုံ၊ ယင်းကုသိုလ်ကြောင့် ချက်ချင်းလက်ငင်း စပါးကျီများ ပြည့်လျှံသွား ပြီး တစ်တိုင်းပြည်လုံး ချမ်းသာခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊ဋ္ဌ၊၁၊၂၂၆)
ဗာလနက္ခတ္တသင်္ဃုဋ္ဌဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့၌ ဗာလနက္ခတ်ပွဲ(၇)ရက်လုံးလုံး ကျင်းပလေ့ရှိပုံ၊ ညစ်ညမ်း မိုက်ရိုင်းသော စကားများကို အရှက်မရှိ ပြောဆိုကာ လှည့်လည်နေလေ့ရှိကြပုံ၊ ဘုရားရှင်က မေ့လျော့သူတို့သည် ပညာမဲ့ လူမိုက် လူအန္ဓများဖြစ်ကြောင်း ဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၆၃)
ဗာလိသိကဝတ္ထု
ဤဝတ္ထု၌ အရိယာဟု ခေါ်သော ငါးမျှားသူတစ်ဦးအား ဘုရားရှင်က သူ့အသက်သတ်မှု အစရှိသည်တို့ကို ပြုလုပ်နေသူသည် အရိယာမဟုတ် သတ္တဝါအားလုံးတို့ကို မညှဉ်းဆဲ မသတ်ဖြတ်သူသာ အရိယာမည်ကြောင်း ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၅၀)
ဗာလောဝါဒဇာတက
ဤဇာတ်တော်၌ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး မင်းပြုစဉ် ဘုရားအလောင်းသည် ရသေ့ဖြစ်၍ ချဉ်, ဆား, မှီဝဲရန် ဗာရာဏသီပြည်သို့ ကြွလာခဲ့ပုံ၊ သူကြွယ်တစ်ဦးသည် ဆွမ်းပင့်ကပ်၍ ‘‘ဤအသားဟင်းသည် အရှင့်အတွက် ရည်ရွယ်သတ်ဖြတ် ချက်ပြုတ်ခြင်းဖြစ်၍ အရှင်လည်း အကုသိုလ်ဖြစ်နိုင်သည်’’ဟု ပြောဆိုလျှောက်ထားပုံ၊ ဘုရားအလောင်းက ‘‘သင်၏ သားကို သတ်ပြီး ချက်ပြုတ်လှူဒါန်းသော်လည်း တဏှာစွဲကင်းပြီး ခန္တီ, မေတ္တာနှင့် ယှဉ်ကာ စားသုံးလျှင် စားသုံးသူ၌ အကုသိုလ်မဖြစ်’’ဟု ဖြေကြားခဲ့ပုံစသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၃၉)
ဗာဝေရုဇာတက
ဤဇာတ်တော်၌ တိတ္ထိတို့သည် ဘုရားရှင် ပွင့်တော်မမူမီ အချိန်ကသာလျှင် လာဘ်လာဘပေါများပြီး ဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်လာသောအခါ လာဘ်လာဘများ ဆုတ်ယုတ်ပျက်စီးသွားပုံကို အကြောင်းပြု၍ အတိတ်ဇာတ်ကို ဟောတော်မူပုံ၊ အတိတ်ဘဝတစ်ခု၌ ဘုရားလောင်းသည် ဥဒေါင်းငှက်မျိုး၌ ဖြစ်ပုံ၊ ကုန်သည်တို့သည် အရပ်မျက်နှာကို ညွှန်ပြတတ်သည့် ကျီးငှက်ကို ဖမ်းယူကာ လှေသင်္ဘောဖြင့် ဗာဝေရုတိုင်းသို့ ကုန်ရောင်းကုန်ဝယ် သွားကြပုံ၊ ဗာဝေရုတိုင်း၌ ငှက်များမရှိသဖြင့် အထူးအဆန်းဖြစ်ကာ တိုင်းသူပြည်သားများက ကျီးငှက်ကို အသပြာတစ်ရာပေး၍ ဝယ်ယူကြပုံ၊ အသားငါးနှင့် သစ်သီးကြီးငယ်များကို ကျွေးပြီး ကျီးငှက်ကို အမြတ်တနိုး မွေးမြူထားပုံ၊ ကုန်သည်များသည် နောက်တစ်ကြိမ်တွင် ဥဒေါင်းငှက်မင်းကို ယူဆောင်သွားသောအခါ ဗာဝေရုတိုင်းသားများက အသပြာတစ်ထောင်ဖြင့် တောင်းပန်၍ ဝယ်ယူကြပုံ၊ ဥဒေါင်းမင်း ရောက်လာသည့်အချိန်မှစ၍ ကျီးငှက်ကို အစာကျွေးမည့်သူ မရှိတော့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၁၅)
ဗာဟိတိကဝတ္ထု
ဤဝတ္ထု၌ ကောသလမင်းကြီးသည် အစိရဝတီမြစ်ကမ်းသို့ အရှင်အာနန္ဒာအား ပင့်ဖိတ်၍ သမဏဗြာဟ္မဏတို့ အပြစ်တင်အပ်သော ကိုယ်နှုတ်စိတ်အကျင့်တရားများနှင့် သမဏဗြာဟ္မဏတို့ ချီးမွမ်းအပ်သော ကိုယ်နှုတ်စိတ် အကျင့်တရားများကို မေးလျှောက်ပုံ၍ အရှင်အာနနန္ဒာက ဖြေကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၂၊၃၁၄)
ဗာဟိယဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း၏ အမတ်ဖြစ်စဉ် ကျေးတောသူ တစ်ဦးသည် မင်းရင်ပြင်အနီး၌ ခရီးသွားသည်ရှိသော် ကျင်ကြီးစွန့်လို သဖြင့် ဝတ်သောအဝတ်ဖြင့် ကိုယ်ကိုခြုံလျက် ကျင်ကြီးစွန့်ရန် ထိုင်သည်ကို မင်းကြီးမြင်၍ အရှက်အကြောက်ရှိပေသည်ဟု တွေးတောကာ မိဖုရားမြှောက်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၄၅)
ဗာဟိယဒါရုစိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဗာဟိယမထေရ်လောင်း အမျိုးကောင်းသားသည် ပဒုမုတ္တရဘုရားရှင် လက်ထက်တော်၌ ခိပ္ပါဘိညဧတဒဂ်ဘွဲ့ရရှိသော ရဟန်းတော်တစ်ပါးကို အားကျ၍ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကာ ထိုဧတဒဂ်ရရန် ဆုတောင်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှု၏ အကျိုးဆက်ကြောင့် သုဂတိဘဝတို့၌သာ ကျင်လည်ခဲ့ရပြီး ကဿပဘုရားရှင်၏ သာသနာတော်နောက်ပိုင်း၌ သီတင်းသုံးဖော် ရဟန်းတော်ခြောက်ပါးနှင့်အတူ တောင်ထိပ်ပေါ် တက်၍ လှေကားကို ဖြုတ်ချပြီး တရားအားထုတ်ခဲ့ကြပုံ၊ ရဟန်းတော်ခုနစ်ပါးတို့တွင် မထေရ်ကြီးသည် ရဟန္တာဖြစ်၍ ဒုတိယမထေရ်သည် အနာဂါမ်ဖြစ်ကာ ဗြဟ္မာ့ပြည်သို့ ရောက်ရှိသွားပြီး ကျန်မထေရ်ငါးပါးတို့သည် နတ်ပြည်၌ ဖြစ်ခဲ့ကြပုံ၊ ဤဘုရားရှင့်လက်ထက်တော်၌ ဗာဟိယသည် ကုန်သည်မျိုး၌ ဖြစ်စဉ် သင်္ဘောဖြင့် ကုန်ကူးသွားသောအခါ သင်္ဘောပျက်၍ သီဟိုဠ်ကျွန်း သုပ္ပါရကဆိပ်ကမ််းသို့ ရောက်ရှိသွားပုံ၊ ဝတ်စရာ မရှိသဖြင့် သစ်ရွက်သစ်သား ပျဉ်ချပ်တို့ဖြင့် မိမိကိုယ်ကို ဖုံးလွှမ်းဝတ်ဆင်ထားသည်ကို လူအများက ‘‘ရဟန္တာ’’ဟု ထင်မှတ်ပြီး အစားအသောက် အဝတ်အထည်များကို လှူဒါန်းကြပုံ၊ လူအများက ရဟန္တာဟု သမုတ်သဖြင့် ဗာဟိယသည် မည်သည့်တရားထူးမျှ မရှိဘဲ မိမိကိုယ်ကို ရဟန္တာဟု ထင်မှတ်နေပုံ၊ ထိုအချိန်၌ ကဿပဘုရားရှင့်လက်ထက်တော်၌ အတူတရားအားထုတ်ခဲ့ဖူးသော အနာဂါမ်ဗြဟ္မာကြီး ရောက်ရှိလာပြီး သံဝေဂရစေလျက် ဘုရားရှင်ထံ သွားရန် ညွှန်ပြခဲ့ပုံ၊ ဗာဟိယသည် တစ်ညဉ့်တည်းဖြင့် ဘုရားရှင်ထံ အရောက်သွား၍ ဘုရားရှင်ထံမှ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ-စသော တရားတိုလေးကို နာကြားရသဖြင့် ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်စံဝင်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၂၇) (အံ၊ဋ္ဌ၊၁၊၂၁၇) (ဓမ္မ၊ဋ္ဌ၊၁၊၄၀၈) (ဥဒါန၊ဋ္ဌ၊၇၀) (အပ၊ဋ္ဌ၊၂၊၂၃၂)
ဗာဠှဂိလာနမဟာထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်ကြီး တစ်ပါးသည် ပြင်းထန်စွာ နာမကျန်းဖြစ်သဖြင့် မိမိလက်ဖြင့် အစားအစာကို မသုံးဆောင်နိုင်ဘဲ ကျင်ကြီးကျင်ငယ်ထဲတွင် လိမ်းကျံညစ်ပေစွာ လဲနေရှာပုံ၊ ရဟန်းငယ် တစ်ပါးက အသက်မွေးရခြင်းသည်ကား ဆင်းရဲလှကြောင်း ပြောဆိုသောအခါ မထေရ်ကြီးသည် သံဝေဂရကာ မိမိရောဂါကို ရှုဆင်ခြင်လျက် ဝိပဿနာပွားသဖြင့် ရဟန္တာ ဖြစ်သွားပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၄၆)
ဗိမ္ဗိဇာလိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကမ္ဘာတစ်သိန်း အထက်၌ ပဒုမုတ္တရဘုရားရှင်အား လိပ်ဆူးရွှေပွင့်တို့ကို အမျိုးမျိုးပြုလုပ်၍ လှူဒါန်းပူဇော်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ခြင်း မရှိခဲ့ဘဲ ခြောက်ဆယ့်ရှစ်ကမ္ဘာအထက်၌ ကိဉ္ဇကေသရ မည်သော စကြဝတေးမင်း လေးကြိမ်တိုင်တိုင် ဖြစ်ခဲ့၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၅၃)
ဗိမ္ဗိသာရဉာတိပေတဝတ္ထု
ဤဝတ္ထု၌ လွန်ခဲ့သော ကိုးဆယ့်နှစ်ကမ္ဘာအထက်၌ ကာသိနေပြည်တော်၌ ဖုဿဘုရားရှင် ပွင့်တော်မူသောအခါ ဘုရားရှင်၏ ခမည်းတော် ဇယသေနမင်းကြီးနှင့်တကွ သားတော်များက ဘုရားအမှူးရှိသော သံဃာတော်တို့အား နေ့စဉ်နေ့တိုင်း အလှူကြီးပေးလှူကြပုံ၊ ထိုအလှူပွဲကြီး၌ ဝေယျာဝစ္စဆောင်ရွက်ကြသော ဇနပုဒ်သားတို့သည် သံဃာတော်များအတွက် လှူဒါန်းထားသော ပစ္စည်းများကို ကိုယ်ကျိုးအတွက် သုံးစွဲကြပြီး အလှူဒါနဝတ်ကို မရိုမသေ ပြုလုပ်ခဲ့ကြသဖြင့် သေလွန်သောအခါ ငရဲ၌ တစ်ဘုံပြီးတစ်ဘုံ ဆင်းရဲမျိုးစုံ ခံစားကြရပုံ၊ ကဿပဘုရားရှင်လက်ထက် ရောက်သောအခါ ငရဲမှ လွတ်မြောက်ပြီးနောက် ပြိတ္တာဘဝ ရောက်ရှိခဲ့ကြပုံ၊ ကဿပဘုရားရှင်က ဇနပုဒ်သား ပြိတ္တာများအား ‘‘သင်တို့သည် ဂေါတမဘုရားရှင်လက်ထက်တော်၌ သင်တို့၏ ဆွေမျိုး ဗိမ္ဗိသာရမင်းကြီး အလှူဒါနပြုလုပ်သောအခါ သင်တို့အား အမျှအတန်း ဝေသဖြင့် ကျွတ်လွတ်ကြလိမ့်မည်’’ဟု မိန့်တော်မူခဲ့ပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ဗိမ္ဗိသာရမင်းကြီးက အလှူဒါနပြုလုပ်သောအခါ ဆွေမျိုးပြိတ္တာတို့အား အမျှမပေးဝေမိသဖြင့် ညအချိန်တွင် မင်းကြီးအား အမျိုးမျိုး ခြောက်လှန့်ပြကြပုံ၊ နံနက်လင်းသောအခါ မင်းကြီးက ဘုရားရှင်ထံ ထိုအကြောင်းအရာကို လျှောက်ထားပုံ၊ ဘုရားရှင်က ဗိမ္ဗိသာရမင်းကြီးအား ဇနပုဒ်သား ပြိတ္တာများ၏ ဖြစ်ပျက်ခဲ့ပုံ အကြောင်းစုံကို ရှင်းလင်းဟောကြားပုံ၊ ထိုအခါ ဗိမ္ဗိသာရမင်းကြီးက အလှူဒါန နောက်ထပ်တစ်ကြိမ် ပြုလုပ်ပြီး ဆွေမျိုးပြိတ္တာတို့အား အမျှအတန်း ပေးဝေသဖြင့် ပြိတ္တာဘဝမှ ကျွတ်လွတ်သွားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ခုဒ္ဒက၊ဋ္ဌ၊၁၆၉)
ဗိမ္ဗိသာရရာဇဝတ္ထု
ဤဝတ္ထု၌ ရဟန်းတော်များ တပေါဒါမြစ်အတွင်း၌ ရေချိုးကြပုံ၊ ဗိမ္ဗိသာရမင်းကြီး ခေါင်းဆေး မင်္ဂလာပြုရန် တပေါဒါမြစ်ဆိပ်သို့ သွားရောက်သည့်အခါ ရဟန်းတော်များ ရေချိုးနေသည်ကို တွေ့ရသဖြင့် စောင့်ဆိုင်းနေရပုံ၊ အချိန်လင့်မှ မင်းကြီး ခေါင်းဆေးရသဖြင့် မြို့တံခါးပိတ်သွားသောကြောင့် မြို့ပြင်မှာ နေထိုင်ရပုံ၊ ထိုအကြောင်းကြောင့် နဟာနသိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၅၄)
ဗိမ္ဗိသာရရာဇဝတ္ထု
ဤဝတ္ထု၌ ဆရာဇီဝကသည် ဗိမ္ဗိသာရမင်းကြီးတွင် ဖြစ်နေသော သွေးတစိုစိုထွက်နေသည့် (ဘရင်ဂျီ)နာကို ဆေးတစ်ခါလိမ်းရုံမျှဖြင့် ပျောက်ကင်းစေခဲ့ပုံ၊ မင်းကြီးသည် ဝမ်းမြောက်ဝမ်းသာဖြင့် ဆရာဇီဝကအား အမျိုးသမီး ငါးရာ ပေးအပ်ခဲ့ပုံ၊ နန်းတော်သုံး ဆေးဆရာကြီးရာထူးနှင့် ဘုရားရှင်နှင့် သံဃာတော်တို့အတွက် ဆေးကုသမှုတာဝန်ကို ပေးအပ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၈၂)
ဗိမ္ဗိသာရဝတ္ထု
ဤဝတ္ထု၌ ဗိမ္ဗိသာရမင်းကြီးသည် ဝါကို ငင်လို၍ ရဟန်းတော်တို့ထံသို့ လာမည့်လကွယ်နေ့မှ ဝါကပ်လျှင် ပို၍ ကောင်းပါမည်ဘုရားဟု သတင်းပို့လျှောက်ထားလာရာ ဘုရားရှင်က မင်းတို့၏ အလိုအတိုင်း လိုက်လျောပြုကျင့်ရန် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၉၃)
ဗိမ္ဗိသာရသမာဂမဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ဥရုဝေလကဿပခေါင်းဆောင်သည့် ရဟန္တာတစ်ထောင်တို့နှင့်အတူ ရာဇဂြိုဟ်ပြည် သုပ္ပတိဋ္ဌစေတီရှိရာ ထန်းတောဥယျာဉ်သို့ ကြွတော်မူပုံ၊ ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်ဗိမ္ဗိသာရသည် ပုဏ္ဏားသူကြွယ် ပရိသတ် တစ်သိန်း နှစ်သောင်းနှင့် ကြိုဆိုခဲ့ပုံ အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၅)
ဗိလာရကောသိယဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီသူဌေးဖြစ်၍ အလှူဒါနများစွာ ပြုသဖြင့် သိကြားမင်း ဖြစ်ခဲ့ပုံ၊ မျိုးရိုးစဉ်လာအတိုင်း ကုသိုလ်ပြုကြသဖြင့် သားဖြစ်သူများလည်း စန္ဒနတ်သား စသည် ဖြစ်ကြပုံ၊ ပဉ္စသီခ၏ သားမှာမူ ဒါနဝတ်ကို ဖျက်၍ လှူဒါန်းမှုမပြုဘဲ နေခဲ့သောကြောင့် သိကြားမင်း၊ စန္ဒ၊ သူရိယ၊ ပဉ္စသီခတို့ လာရောက်ဆုံးမပုံ၊ ပဉ္စသိခ၏ သားမှာ ထိုအခါမှ စ၍ လှူဒါန်းမှု၌ ပြန်လည်ပျော်မွေ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၆၃)
ဗိလ္လိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာ ရှင်ရသေ့သည် ကကုသန္ဓမြတ်စွာဘုရားအား ဥသျှစ်သီးများ လှူဒါန်းခဲ့ခြင်းကြောင့် သုဂတိဘုံတို့၌သာ ဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၅)
ဗိဠာရဝတ္ထု
ဤဝတ္ထု၌ ရဟန်းတော်တစ်ပါးသည် အမျိုးအိမ်တို့၌ အချိန်မတော် လှည့်လည်နေသဖြင့် အခြားရဟန်းများက ဘုရားရှင်ထံ လျှောက်ထားကြပုံ၊ ဘုရားရှင်က အစာရှာထွက်သော ကြွက်ကို ကြောင်က ဖမ်းယူစားသောက်သည့် ဥပမာကို ပြ၍ ကိုယ်နှုတ်စိတ် မစောင့်စည်းဘဲ ဆွမ်းခံကြွသောရဟန်းအား ရာဂမီး အဖျက်ဆီးခံရသဖြင့် သေလုမျောပါး ဆင်းရဲဒုက္ခရောက်တတ်ကြောင်း ရှင်းလင်းဟောကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၄၅၉)
ဗိဠာလပါဒကသေဋ္ဌိဝတ္ထု
ဤဝတ္ထု၌ ပညာရှိယောကျ်ားတစ်ယောက်သည် ဘုရားရှင်၏ ဒါနနှင့်စပ်သော တရားတော်ကို ကြားနာရပြီး မိမိလည်းလှူ၍ သူတစ်ပါးတို့ကိုလည်း လှူစေရန် တစ်ရွာလုံး နှိုးဆော်တိုက်တွန်းပြီး အလှူခံကာ ဘုရားအမှူးရှိသော သံဃာတော်များကို ဆွမ်းပင့်ကပ်ပုံ၊ ဗိဠာလပါဒကသူဌေးသည် ပညာရှိယောကျ်ားအား မိမိကိုယ်တိုင် မလှူနိုင်ဘဲ သံဃာအများကြီး ပင့်ဖိတ်ရကောင်းလားဟု အမျက်ထွက်ကာ ဆန်၊ ပျားရည်၊ တင်လဲစသည်တို့ကို အနည်းငယ်စီမျှကိုသာ ထည့်ကာ အလှူဒါနပါဝင်ပုံ၊ ပညာရှိယောကျ်ားက အနည်းအများ အားလုံး စုပေါင်း၍ လှူဒါန်းခြင်းဖြစ်ကြောင်း ဘုရားရှင်အား လျှောက်ထားပုံ၊ ဘုရားရှင်က ကုသိုလ်ကောင်းမှုကို ‘‘သေးငယ်သည်၊ နည်းသည်’’ ဟု အထင်မသေးသင့်ကြောင့် ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၁)
ဗိဠာလိဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဟိမဝန္တာတောင်၏ အနီး သစ်ရွက်အခင်း၌ နေကာ အစားအသောက် အအိပ်အနေတို့ကို တပ်မက်ခဲ့၍ မျောက်ဥ၊ သင်းတောက်ဥ၊ ပိန်းဥ၊ အိမ်ဆီးသီး၊ စောင်းလျားသီး၊ ဥသျှစ်သီးတို့ကို စားဖို့ရန် ရှာဖွေရ ဆောင်း၍ ထားခဲ့ပုံ၊ ပဒုမုတ္တရဘုရားရှင်သည် မထေရ်လောင်း၏ စိတ်အကြံကို သိ၍ မထေရ်လောင်းထံ ချဉ်းကပ်ခဲ့ရာ မထေရ်လောင်းက ပိန်းဥကို ယူပြီး သပိတ်တော်၌ လောင်းလှူခဲ့ပုံ၊ ဘုရားရှင်က မထေရ်လောင်းအား ‘‘သင်သည် ပိန်းဥကို ပေးလှူခဲ့သော ကောင်းမှုကံကြောင့် ကမ္ဘာတစ်သိန်းပတ်လုံး အပါယ်လေးပါးသို့ မလားရောက်ရလတ္တံ့’’ဟု မိန့်တော်မူခဲ့ပုံ၊ ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ ငါးဆယ့်လေးကမ္ဘာအထက်၌ သုမေခလိယ စကြာမင်းဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၅၉)
ဗိဠာလိဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဟိမဝန္တာ တောင်အနီး ရောမသမည်သော တောင်၌ သီတင်းသုံးနေတော်မူသော မြတ်စွာဘုရားအား ပိန်းဥတို့ကို လှူဒါန်းခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘ ဤဘုရားရှင် သာသနာတော် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၆၁)
ဗီဠာရဝတဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကြွက်ရာပေါင်းများစွာတို့၏ ခေါင်းဆောင်ဖြစ်၍ ဝက်ပေါက်စ တစ်ကောင်မျှ အရွယ်ရှိပုံ၊ ထိုအကြွက်အပေါင်းတို့သည် ဘုရားလောင်းနှင့်တကွ မြေခွေးတစ်ကောင်ကို ညနေတိုင်းဝတ်ပြုသွားခဲပုံ၊ မိမိ၏ကြွက်များ အရေအတွက် လျော့ပါးလာသဖြင့် စူးစမ်းရာ ထိုသူတော်ယောင်ဆောင်သော မြေခွေးသည် ကြွက်တစ်ကောင်စီ ဖမ်းစားနေသည်ကို သိရပုံ၊ ဘုရားအလောင်းကြွက်သည် မြေခွေး၏ လည်ချောင်းကို ခုန်၍ ကိုက်သတ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၈၅)
ဗုဒ္ဓပိတုဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားသည် သာကေတမြို့သို့ ဒေသစာရီကြွ၍ ဆွမ်းခံတော်မူစဉ် သာကေတမြို့သား ပုဏ္ဏားအိုကြီး တစ်ယောက်သည် မြတ်စွာဘုရားကို တွေ့လျှင်တွေ့ချင်း သားကဲ့သို့ အလွန်ချစ်ခင်၍ မြတ်စွာဘုရားနောက်မှ အစဉ်တစိုက် လိုက်နေပုံ၊ အိမ်သို့ ပင့်ဖိတ်သောအခါတွင်လည်း ပုဏ္ဏေးမကြီးက အလားတူ ချစ်ခင်၍ ဆွမ်းဆက်ကပ်ကြပုံ၊ မြတ်စွာဘုရားက တရားဟောသောအခါ နှစ်ဦးစလုံး သောတာပန်တည်ကြ၍ မြို့သူမြို့သားတို့က ဘုရားခမည်းတော် မယ်တော်ဟု ခေါ်ကြပုံ၊ ထို့နောက် ၎င်းတို့သည် ရဟန်းတော်တို့ထံမှ တရားနာရ၍ ရဟန္တာများ ဖြစ်ကြကာ ပရိနိဗ္ဗာန် စံခဲ့ကြပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၀၄) (သုတ္တနိ၊ဋ္ဌ၊၂၊၂၄၆)
ဗုဒ္ဓရက္ခိတတ္ထေရဝတ္ထု
ဤဝတ္ထု၌ ရဟန်း(၈)ဝါမျှရှိသော ဗုဒ္ဓရက္ခိတမထေရ်သည် နာမကျန်းဖြစ်နေသော မဟာရောဟနဂုတ္တမထေရ်ကြီးအား အလုပ်အကျွေးပြုစုနေကြသော ရဟန်းတော်များ အလယ်တွင် ထိုင်နေစဉ် နဂါးမင်းသည် ထိုမထေရ်ကြီးအတွက် ယာဂုဆွမ်းကပ်ရန် လာရောက်ခဲ့ပုံ၊ ကောင်းကင်မှ ဂဠုန်မင်းက နဂါးမင်းကို ဖမ်းမည်လာစဉ် ဗုဒ္ဓရက္ခိတမထေရ်သည် တစ်ခဏချင်းပင် တောင်ကို ဖန်ဆင်း၍ နဂါးမင်းကို တောင်ထဲသို့ သွင်း၍ ကယ်ဆယ်လိုက်ပုံ၊ မထေရ်ကြီးက ဗုဒ္ဓရက္ခိတမထေရ်ကို ချီးမွမ်းတော်မူခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၁၅၀)
ဗုဒ္ဓဝစနဝတ္ထု
ဤဝတ္ထု၌ ယမေဠနှင့် ကေကုဋ အမည်ရှိကြသော ဗြာဟ္မဏအမျိုးဇာတ်ရှိသူ ရဟန်းညီနောင်တို့သည် ဘုရားဟောတရားတော်များကို သက္ကတဘာသာဖြင့် တင်ထားရန် လျှောက်ထားရာ ဘုရားရှင်က ကဲ့ရဲ့ရှုတ်ချတော်မူပြီး ဘုရားတရားတော်ကို သက္ကတဘာသာဖြင့် မတင်ထားရ၊ မိမိတို့ လူမျိုးအလိုက် ဘာသာစကားများဖြင့် တရားတော်ကို သင်ယူနိုင်ကြောင်း မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၈၀)
ဗုဒ္ဓသညကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဗုဒ္ဓသညကမထေရ်အလောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်လက်ထက်တော်၌ ဗေဒင်သုံးပုံနှင့်လက္ခဏာကျမ်း စသည်တို့၌ တစ်ဖက်ကမ်းခတ် တတ်မြောက်ကျွမ်းကျင်ပုံ၊ ရသေ့ဝတ်ကာ တပည့်အပေါင်းကို နေ့ညမပြတ် သင်ကြားပို့ချပေးပုံ၊ တစ်နေ့သောအခါတွင် တပည့်တစ်ယောက် ပြောပြချက်အရ ဘုရားရှင်ပွင့်တော်မူကြောင်း ကြားသိခဲ့ရပုံ၊ သိဒ္ဓတ္ထဘုရားရှင်အား ဖူးမြော်ရန် တပည့်အပေါင်းကို ခေါ်ယူလျက် ခရီးရှည်ထွက်ခဲ့ပုံ၊ ဘုရားရှင်ထံ မရောက်မီ တစ်ယူဇနာခွဲအလိုတွင် ဖျားနာပြီး၊ ဘုရားဟူသော အမှတ်သညာဖြင့် ကွယ်လွန်ခဲ့ပုံ၊ ထိုကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ကိုးဆယ့်လေးကမ္ဘာတိုင်တိုင် အပါယ်မလားခဲ့ဘဲ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ဗုဒ္ဓသညကထေရ်ဟူသောအမည်ဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၅၅)
ဗုဒ္ဓုပဋ္ဌာကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီ ဘုရားရှင်၏ အထံတော်၌ခရုသင်းမှုတ်သူ၊ ဘုရားရှင်အား အမြဲဆည်းကပ်ခစားသူ ဖြစ်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါးသို့ လားရောက်ခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော နှစ်ဆယ့်လေးကမ္ဘာအထက်၌ မဟာနိဂ္ဃေါသ မည်သော စကြဝတေးမင်း တစ်ဆယ့် ခြောက်ကြိမ်တိုင်တိုင် ဖြစ်ခဲ့၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၅၂)
ဗုဒ္ဓုပဋ္ဌာယိကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော သုံးဆယ့်တစ်ကမ္ဘာအထက်၌ ဝေဋဗ္ဘိနီ မည်သော သူငယ်ဖြစ်ခဲ့ပုံ၊ ဖခင်က ဝေဋမ္ဘိနီကို လက်ဆွဲ၍ ဘုရားရှင်ထံ ခေါ်ဆောင်ခဲ့ပုံ၊ ဝေဋဗ္ဘိနီသည် ကြည်လင်ဝမ်းမြောက်သော စိတ်ဖြင့် ဘုရားရှင်အား ကိုယ်ထိလက်ရောက် ပြုစုလုပ်ကျွေးခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး မလားရောက်ရတော့ဘဲ လွန်ခဲ့သော နှစ်ဆယ့်သုံးကမ္ဘာအထက်၌ သမဏုပဋ္ဌာကအမည်ဖြင့် စကြဝတေးမင်း လေးကြိမ်တိုင်တိုင် ဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၇၄)
ဗေလဋ္ဌကစ္စာနဝတ္ထု
ဤဝတ္ထု၌ ရာဇဂြိုဟ်နှင့် အန္ဓကဝိန္ဒကြား၌ တင်လဲကုန်သည်ကြီး ဗေလဋ္ဌကစ္စာနသည် တင်လဲအိုးတို့ဖြင့် ပြည့်နေသော လှည်းငါးရာတို့နှင့်လာစဉ် နောက်လိုက်ရဟန်းတစ်ထောင့်နှစ်ရာ့ငါးဆယ်နှင့် တကွ ဒေသစာရီကြွတော်မူသော ဘုရားရှင်ကို ဖူးတွေ့ပြီး ရဟန်းတို့အား တင်လဲအလိုရှိသလောက် လှူဒါန်းပုံ၊ သူတောင်းစား ငါးရာတို့အားလည်း ပေးခဲ့ပုံ၊ လှူ၍ မကုန်သဖြင့် ထိုတင်လဲတို့ကို ရေထဲသွန်ခိုင်းပုံ၊ ထိုတင်လဲထဲ၌ နတ်ဩဇာသွင်းထားသဖြင့် အခြားသူတို့စားလျှင် အစာမကြေနိုင်ပုံ၊ တင်လဲတို့သည် ရေနှင့်တွေ့သောအခါ အခိုးအငွေ့ ထွက်ကြပုံ၊ ဘုရားရှင်၏ တရားအနုမောဒနာတရားအဆုံး၌ ဗေလဋ္ဌကစ္စာန သောတာပန်တည်ခဲ့ပုံ၊ ရဟန်းတော်တို့အား တင်လဲသုံးဆောင်ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၁၈) (ဝိ၊ဋ္ဌ၊၃၊၃၇၇)
ဗေလဋ္ဌသီသတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်ဗေလဋ္ဌသီသမှာ ဈာန်သမာပတ် ချမ်းသာဖြင့် အချိန်များစွာ နေလိုသောကြောင့် ဆွမ်းတစ်ခါခံပြီးလျှင် ထိုဆွမ်းကို အခြောက်လှန်း၍ သိုမှီးသိမ်းဆည်းကာ ဘုဉ်းပေးလေ့ရှိပုံ၊ နောက်တစ်ခါ ဈာန်ပြန်ဝင်စားပြီး ချမ်းသာစွာ နေလေ့ရှိပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ ‘‘ခဲဖွယ် ဘောဇဉ်ကို သိုမှီးသိမ်းဆည်း၍ စားသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု သန္နိဓိကာရက သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၁၆) (ဓမ္မ၊ဋ္ဌ၊၁၊၃၈၆)
ဗေလဋ္ဌသီသတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဗေလဋ္ဌသီသ ထေရ်လောင်း အမျိုးကောင်းသားသည် ပဒုမုတ္တရဘုရားရှင်ထံ ရဟန်းပြုခဲ့သော်လည်း တရားထူး မရခဲ့ပုံ၊ ဝေဿဘူဘုရားရှင််အား သံပုရာသီး လှူဒါန်းခဲ့ပုံ၊ ဂေါတမဘုရားရှင့်သာသနာတော်၌ ပုဏ္ဏားမျိုး၌ ဖြစ်၍ ဥရုဝေလကဿပထံ၌ ရသေ့ဝတ်ခဲ့ပုံ၊ ဘုရားရှင် ဟောကြားတော်မူသော အာဒိတ္တပရိယာယသုတ် အဆုံး၌ ရသေ့ညီနောင် ရှင်တစ်ထောင်နှင့်အတူ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၈၃)
ဗေလဋ္ဌသီသတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်အာနန္ဒာ၏ ဥပဇ္ဈာယ်ဆရာ အရှင်ဗေလဋ္ဌသီသအား ဝဲကြီးနာ စွဲကပ်နေသဖြင့် သင်္ကန်းတို့သည် အနာစေးများဖြင့် ကိုယ်၌ ကပ်နေပုံ၊ ရဟန်းတို့က ရေဆွတ်၍ ခွာကြရသည်ကို ဘုရားရှင် မြင်တော်မူ၍ လည်ပင်းကြီးနာ၊ ထွတ်မြင်းနာ၊ အရည်တရွှဲရွှဲ ယိုနေသော အနာ၊ ဝဲကြီးနာရှိနေလျှင် အမာလွှမ်းသင်္ကန်းကို အသုံးပြုနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၁၀)
ဗေလဋ္ဌာနိကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝေဿဘူမြတ်စွာဘုရားအား ရသေ့ဘဝဖြင့် ဖူးမြင်ရပြီး မြတ်စွာဘုရား၏ ဉာဏ်တော်တို့ကို ရည်မှန်း၍ ပန်းတို့ဖြင့် ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့၍ ဤဘုရားရှင်လက်ထက်တော်၌ တရားအားထုတ်ကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၅၉)
ဗောဓိဃရဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်၏ ဗောဓိပင်၌ အဆောက်အအုံ ဆောက်လုပ် လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကြောင့် ဘဝအဆက်ဆက် အပူအအေးဒဏ်နှင့် မတွေ့ကြုံခဲ့ဘဲ ဤသာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၃၀)
ဗောဓိရာဇကုမာရဝတ္ထု
ဤဝတ္ထု၌ ဘဂ္ဂတိုင်း၊ သုသုမာရဂိရမြို့၊ သမင်တို့ကို ဘေးမဲ့ပေးရာဖြစ်သော ဘေသကဠာ တော၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ် ဗောဓိမင်းသားသည် ကောကနဒမည်သော မည်သူမျှ အသုံး မပြုရသေးသည့် ပြာသာဒ်သစ်သို့ ဘုရားရှင်အား ဆွမ်းစားပင့်ခဲ့ပုံ၊ ဘုရားရှင် နင်းရန်အတွက် အဝတ်ဖြူအခင်းတို့ကို ခင်းထားသည်ကို ဘုရားရှင်က နင်းတော်မမူပုံ၊ ရဟန်းတို့အားလည်း နင်းခွင့်ပြုတော်မမူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၆၅) (သာရတ္ထ၊ဋီ၊၃၊၃၈၉)
ဗောဓိရာဇကုမာရဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ ဘေသကဠာတောအုပ်၌ သီတင်းသုံးတော်မူစဉ် ဗောဓိမင်းသား၏ ပြာသာဒ်သို့ကြွတော်မူပုံ၊ ဘုရားမဖြစ်မီ အာဠာရနှင့် ဥဒကရသေ့ကြီးတို့ထံ လောကီဈာန် အဘိညာဉ်များ လေ့လာခဲ့ ကြောင်း ဟောပြတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၂၊၂၇၇)
ဗောဓိရာဇကုမာရဝတ္ထု
ဤဝတ္ထု၌ ဗောဓိရာဇကုမာရသည် သားသမီး ရလိုသဖြင့် ဘုရားရှင်ထံ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကာ အဓိဋ္ဌာန်ပုံ၊ ဇနီးမောင်နှံနှစ်ယောက်လုံး တစ်ခုသော အတိတ်ဘဝ၌ ငှက်ဥများ စားသောက်ခဲ့ကြပုံ၊ ဘုရားရှင်က ထိုအကုသိုလ်ကံ၏ အကျိုးဆက်ကို မြင်သဖြင့် သားသမီး ဆုပန်ကာ အဓိဋ္ဌာန်ဖြင့် ခင်းထားသောပုဆိုးခင်းကို နင်းတော်မမူပုံ၊ ဘုရားရှင်သော်မှ အကုသိုလ်ကံ၏ အကျိုးဝိပါက်ကို မဖယ်ရှား မတားမြစ်နိုင်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၈၅)
ဗောဓိဝန္ဒကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာ အထက်၌ သခွတ် ဗောဓိပင်ကို မြင်၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ ကိုယ်ရုံကို တင်၍ လက်အုပ်ချီပြီး ရှိခိုးခဲ့ပုံ၊ ဝိပဿီဘုရားရှင်ကို မျက်မှောက်၌ ရှိခိုးရသကဲ့သို့ စိတ်ထဲတွင် ခံစားရပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၃၅)
ဗောဓိသတ္တဝတ္ထု
ဤဝတ္ထု၌ ဘုရားအလောင်းသည် တရားကို ပြင်းထန်စွာ အားထုတ်သဖြင့် စင်္ကြံ၌ လဲကျသွားပုံ၊ ထိုစင်္ကြံအနီး၌ နေသော နတ်သားက သုဒ္ဓေါဒနမင်းကြီးထံ သွားရောက်၍ ‘‘သင်၏သား သေဆုံးသွားပြီ’’ဟု ပြောသောအခါ မင်းကြီးက မိမိ၏သားသည် ဘုရားမဖြစ်ဘဲ မသေနိုင်ဟု ပြန်ပြောပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၁၉၀)
ဗောဓိသတ္တဣသိဝတ္ထု
ဤဝတ္ထု၌ ဂေါတမဘုရားအလောင်းသည် နာရဒဘုရားရှင်လက်ထက်၌ အဘိညာဉ်သမာပတ်ရသော ရသေ့ဖြစ်ခဲ့၍ ဘုရားအမှူးရှိသော သံဃာအား စန္ဒကူးနီဖြင့် ပူဇော်ခဲ့ပုံ၊ ထိုဘုရားရှင်ထံမှ ဗျာဒိတ် ခံယူခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၄)
ဗောဓိသမ္မဇ္ဇကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဗောဓိသမ္မဇ္ဇကမထေရ်လောင်း အမျိုးကောင်းသားသည် စေတီရင်ပြင်၌ စွန့်ပစ်ထားသော ဗောဓိရွက်များကို ကောက်ယူ၍ အပသို့ စွန့်ပစ်ခဲ့ပုံ၊ ထိုကုသိုလ်ကံ၏ အကျိုးအာနိသင်ကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ လူ့ပြည်၌ ဖြစ်စဉ် ရွှေအဆင်းကဲ့သို့ ဝါဝင်းလှပခဲ့ပုံ၊ ခန္ဓာကိုယ်၌ ဖြစ်သော အညစ်အကြေးများ မငြိကပ်မလိမ်းကျံပုံ စသောအကြောင်းအရာများပါဝင်သည်။ (အပ၊၂၊၁၀၅)
ဗောဓိသိဉ္စကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ရဟန်းဘဝဖြင့် ဝိပဿီဘုရားရှင်၏ ဗောဓိပင်မြတ်ပူဇော်ပွဲသို့ သွားရောက်ခဲ့ပုံ၊ ပန်းဖြင့် ထုံထားသော ရေကို ယူ၍ ဗောဓိပင်၌ သွန်းလောင်းပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိဘဲ သုံးဆယ့်သုံးကမ္ဘာအထက်၌ ဥဒကသိဉ္စနမည်သော စကြဝတေးမင်း ရှစ်ကြိမ်ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၄၄) (အပ၊ဋ္ဌ၊၂၊၁၁၂)
ဗောဓိဥပဋ္ဌာကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ရမ္မာဝတီမြို့၌ မုရိုးစည်တီးတတ်သူ ဖြစ်ခဲ့ပုံ၊ ဘုရားရှင်၏ ဗောဓိပင်သို့ သွားလျက် အမြဲမပြတ် ဆည်းကပ်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော ကမ္ဘာတစ်ထောင့်ငါးရာ အထက်၌ မုရဇမည်သော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၁၆)
ဘဂုတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဘဂုမထေရ်လောင်းလျာသည် ပရိနိဗ္ဗာန်စံဝင်တော်မူသော ပဒုမုတ္တရဘုရားရှင်၏ ဓာတ်တော်များကို ပန်းမျိုးစုံတို့ဖြင့် ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ ဘဂုမင်းသား ဖြစ်လာ၍ သာသနာတော်၌ ရဟန်းပြုပြီး စင်္ကြံသွားစဉ် ချော်လဲခြင်းကို သတိဖြင့် ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၄)
ဘဂ္ဂဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကာသိတိုင်း ပုဏ္ဏားမျိုး၌ ဖြစ်ခဲ့ပုံ၊ ဖခင်နှင့်အတူ ကုန်ရောင်းကုန်ဝယ်သွားစဉ် ဗာရာဏသီမြို့ပြင်ရှိ ဘီလူးစောင့်သော ဇရပ်တစ်ခု၌ တည်းခိုမိကြပုံ၊ ထိုဘီလူးသည် ဝေဿဝဏ်နတ်မင်းထံမှ နှာချေသူတို့ ‘‘အသက်ရှည်ပါစေ’’ဟု အပြန်အလှန် ဆုမတောင်းသူတို့အား စားခွင့်ရထားပုံ၊ ဖခင်ပုဏ္ဏားသည် နှာချေသောအခါ သားဖြစ်သူက အသက်ရှည်ပါစေဟု မဆိုသဖြင့့် ဘီလူး စားမည်ကြံ၍ ဆင်းလာစဉ် သားဖြစ်သူက ‘‘နှစ် (၁၂၀) အသက်ရှည်ပါစေ’’ဟု ဆိုသဖြင့် ဘီလူး မဖမ်းစားနိုင်ပုံ၊ ဖခင်ကလည်း ထိုသို့ ‘‘အသက် ၁၂၀-ရှည်ပါစေ’’ဟု ဆိုသဖြင့် ဘီလူးစားခွင့် မရခဲ့ပုံ၊ နှာချေသည့်အခါ ထိုသို့ အပြန်အလှန် ပြောဆိုမှု ဓလေ့ စတင် ပေါ်ပေါက်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၄)
ဘဒြကဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် မလ္လတိုင်း၊ ဥရုဝေလကပ္ပမည်သော နိဂုံးရွာကြီး၌ သီတင်း သုံးတော်မူစဉ် ဘဒြမည်သော ရွာသူကြီးသည် ဘုရားရှင်ထံ ရောက်လာပြီး ‘‘အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် အမြဲထာဝရ ဒုက္ခရောက်နေရသည်မှာ အဘယ့်ကြောင့်ပါသနည်း’’ဟု မေးလျှောက်ရာ ဘုရားရှင်က ‘‘အလိုဆန္ဒကြောင့် ဒုက္ခ ဖြစ်နေသည်’’ဟု ဟောပြတော်မူခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (သံ၊၂၊၅၁၀)
ဘဒ္ဒကစ္စာနာထေရီဝတ္ထု
ဤဝတ္ထု၌ ထေရီလောင်းလျာသည် ပဒုမုတ္တရ ဘုရားရှင်လက်ထက်တော်၌ အဘိညာဉ်အရာ ဧတဒဂ်ရသော ထေရီတစ်ပါးကို အားကျ၍ ကုသိုလ်ပြု၍ ဆုတောင်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော် သုပ္ပဗုဒ္ဓသာကီဝင်မင်း၏ သမီး, ဘုရားအလောင်း၏ ကြင်ယာတော်, အရှင်ရာဟုလာ၏ မယ်တော် ဖြစ်ခဲ့ပုံ၊ သာသနာတော်သို့ ဝင်ရောက်ကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ပြီး အဘိညာဉ်တရား ဧတဒဂ် ရခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၂၈၉)
ဘဒ္ဒကာပိလာနီထေရီဝတ္ထု
ဤဝတ္ထု၌ ထေရီလောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ ပုဗ္ဗေနိဝါသ အဘိညာဉ်အရာ ဧတဒဂ်ရဘိက္ခုနီ တစ်ပါးကို အားကျသဖြင့် ကုသိုလ်ပြုဆုတောင်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက် ပိပ္ပလိလုလင်နှင့် လက်ထပ်ကာ နှစ်ဦးသဘောတူ တောထွက်ကြ၍ ဘိက္ခုနီဘဝသို့ ဝင်ရောက်ခဲ့ပြီး ရဟန္တာထေရီဖြစ်၍ ပုဗ္ဗေနိပါသအဘိညာဉ်အရာ ဧတဒဂ် ရရှိခဲ့ပုံ စသော အကြောင်းအရာ များပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၂၈၈)
ဘဒ္ဒကာပိလာနီထေရီဝတ္ထု
ဤဝတ္ထု၌ ဘဒ္ဒါကာပိလာနိထေရီလောင်းလျာသည် မိဘတို့၏စီစဉ်ပေးချက်အရ အရှင်မဟာကဿပအလောင်း ပိပ္ပလိလုလင်နှင့် ထိမ်းမြားလက်ထပ်ခဲ့ရပုံ၊ လင်ဖြစ်သူ ပိပ္ပလိလုလင်သည် မြတ်စွာဘုရား ထံတော်တွင် ရဟန်းပြုသောအခါ ဘဒ္ဒါကာပိလာနီလည်း မဟာပဇာပတိဂေါတမီထေရီထံတွင် ဘိက္ခုနီပြု၍ ရဟန္တာဖြစ်ခဲ့ပုံ၊ မြတ်စွာဘုရားက ရှေးဘဝအစဉ်ကို အောက်မေ့သိရှိနိုင်သော အရာ၌ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှင့်တော်မူခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၇၀)
ဘဒ္ဒကာပိလာနီဝတ္ထု
ဤဝတ္ထု၌ ဘဒ္ဒကာပိလာနီထေရီလောင်း အမျိုးသမီးသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ ပုဗ္ဗေနိဝါသာနုဿတိဧတဒဂ်ရသော ဘိက္ခုနီတစ်ပါးကို အားကျ၍ ကောင်းမှုများ ပြုလုပ်ကာ ထိုဧတဒဂ်ရရန် ဆုတောင်းခဲ့ပုံ၊ ထိုကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် နတ်ပြည်လူ့ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ တစ်ခုသောဘဝ၌ ဗာရာဏသီမင်းကြီး၏ သမီးတော်ဖြစ်စဉ် ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့အား ပစ္စည်းလေးပါးတို့ဖြင့် ကြာမြင့်စွာ ပြုစုလုပ်ကျွေးခဲ့ပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သာဂလမြို့ ကောသိယပုဏ္ဏားမျိုး၌ ဖြစ်ပြီး မဟာပဇာပတိဂေါတမီထေရီထံ၌ ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၅၉) (ထေရီ၊ဒီ၊၂၈၆)
ဘဒ္ဒဇိတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဘဒ္ဒဇိမထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားအား ပျားရည်၊ ထောပတ်နှင့် နို့ရည်များ လှူဒါန်းခဲ့ပုံ၊ ဝိပဿီဘုရားအား သင်္ကန်းသုံးထည် လှူဒါန်းပုံ၊ ပစ္စေကဗုဒ္ဓါတို့အား သင်္ကန်းစသော ပစ္စည်း(၄)ပါး တို့ကို လှူခဲ့ပုံ၊ ဂေါတမဘုရားရှင်လက်ထက်တွင် ဘဒ္ဒဇိလုလင် ဖြစ်လာပြီး ဘုရားအလောင်း သိဒ္ဓတ္ထမင်းသားကဲ့သို့ အခြွေအရံ စည်းစိမ်ဥစ္စာပြည့်စုံသော သူဌေးသားဖြစ်ခဲ့ပုံ၊ ဘုရားရှင်၏ တရားတော်ကို နာရသဖြင့် အဝတ်တန်ဆာ ရတနာများ ဝတ်ဆင်လျက် လူဝတ်ကြောင် ဘဝဖြင့် ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၆၃)
ဘဒ္ဒဇိတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရ မြတ်စွာဘုရားအား ပျားရည်၊ ကြာစွယ် ကြာရင်းနှင့် ထောပတ်တို့ကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင့်သာသနာတော်၌ ဘဒ္ဒိယမြို့သားဖြစ်ပြီး မြတ်စွာဘုရား၏ တရားတော်ကို နာရ၍ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊ဋ္ဌ၊၂၊၂၉၄)
ဘဒ္ဒတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်နှင့် သံဃာတော်တို့အား သင်္ကန်းစသော ပစ္စည်းလေးပါး လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ နောက်ဆုံး ဘဝဝယ် သာဝတ္ထိမြို့၌ သူဌေးသား ဖြစ်ပြီး (၇)နှစ်သားမှာပင် ရဟန်းပြုကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၁၃၂)
ဘဒ္ဒဝဂ္ဂိယဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ဗာရာဏသီမှ ဥရုဝေလသို့ ကြွတော်မူစဉ် ပျောက်သောမိန်းမကို ရှာဖွေနေကြသော ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်တို့အား တရားဟောတော်မူရာ ထိုဘန္ဒဝဂ္ဂီညီနောင် သုံးကျိပတို့ ဧဟိဘိက္ခု ရဟန်းများ ဖြစ်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၀)
ဘဒ္ဒသာလဝတ္ထု
ဤဝတ္ထု၌ ကောသလနန်းတော်၌ သံဃာများအတွက် အဆင်သင့် ဆွမ်းပြင်ထားသော်လည်း ရဟန်းများ ကောသလမင်းကြီး၏ နန်းတော်သို့ ဆွမ်းခံကြွရုံသာ ကြွ၍ ဆွမ်းကိုယူကာ အခြားနေရာသို့ သွား၍ ဘုန်းပေးကြပုံ၊ ကောသလမင်းကြီး ထိုအကြောင်းကို ကြားသိရ၍ သာကီဝင်ရဟန်းများနှင့် ရင်းနှီးစေရန်အတွက် ဘုရားရှင်နှင့် ဆွေမျိုးတော်စပ်လိုပုံ၊ သာကီဝင်မင်းတို့၏ သဘောထားအမျိုးမာန်မှာ အခြားလူမျိုးကွဲများနှင့် လက်ထပ်ရန် မလိုလားပုံ၊ ဝိဋဋူဘက မိမိနှင့် သာကီဝင်တို့ ဆက်ဆံရေးကို သိရှိပုံ၊ ကောသလမင်းကြီးကို မဆန့်ကျင်လိုသဖြင့် ကျွန်မသမီး ဝါသဘခတ္တိဟာကို မင်းကြီးအတွက် ပေးလိုက်ပုံ၊ မင်းကြီးက မိဖုရားကြီး မြှောက်သဖြင့် သားတော် ဝိဋဋူဘကို မွေးဖွားခဲ့ပုံ၊ ဝိဋဋူဘအရွယ်ရောက်၍ ကပိလသို့ သွားသောအခါ ကောင်းစွာပြုစုသော်လည်း ကျွန်မသားဖြစ်ကြောင်း သိရှိရ၍ သာကီဝင်တို့ကို စစ်တိုက်၍ သတ်ဖြတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာဋ္ဌ၊၄၊၁၄၇)
ဘဒ္ဒါကုဏ္ဍလကေသာထေရီဝတ္ထု
ဤဝတ္ထု၌ သူဌေးသမီးဘဒ္ဒါသည် မင်းအာဏာအရ သတ်ရန် သုသာန်သို့ခေါ်ယူလာသော ခိုးသူသတ္တုကကို တပ်နှစ်သက်သဖြင့် လူသတ်သမားတို့ထံမှ ငွေတစ်ထောင်ပေး၍ ခေါ်ယူပေါင်းသင်းခဲ့ပုံ၊ သတ္တုကသည် သူမထံမှ ရတနာတို့ကို ရယူလိုသဖြင့် လှည့်စားကာ သတ်ဖြတ်ရန် ကြံစည်ခဲ့ပုံ၊ သူမသည် မိန်းမမာယာဖြင့် သတ္တုကကို တောင်ပေါ်မှ တွန်းချခဲ့ပုံ၊ နိဂဏ္ဌတက္ကတွန်းတို့ထံ ရဟန်းပြု၍ ဘဒ္ဒါကုဏ္ဍလကေသာ အမည်ရ၍ အရှင်သာရိပုတ္တရာနှင့် ဝါဒယှဉ်ပြိုင်ရာ ရှုံးနိမ့်ခဲ့ပုံ၊ မြတ်စွာဘုရားအထံတော်မှ တရားနာရ၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၁၀၂)
ဘဒ္ဒါလိတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဘဒ္ဒါလိမထေရ်လောင်း အမျိုးကောင်းသားသည် သုမေဓာဘုရားရှင်လက်ထက်တော်၌ ရသေ့ဖြစ်စဉ် ဟိမဝန္တာတော၌ နိရောဓသမာပတ်ဝင်စားနေသော သုမေဓာဘုရားရှင်ကို ဖူးတွေ့ရသဖြင့် မဏ္ဍပ်ဆောက်လုပ်ပြီး အင်ကြင်းပန်းများ မိုးကာလျက် လှူဒါန်းခဲ့ပုံ၊ ဘုရားရှင်နိရောဓသမာပတ်မှ ထတော်မူသည့်နေ့၌ ဘုရားရှင်ထံ ရဟန်းသံဃာတော်များ စုဝေးရောက်ရှိလာသောအခါ ဘဒ္ဒါလိထေရ်လောင်း ရသေ့အား ‘‘ဘဝများစွာတို့၌ စည်းစိမ်အခြံအရံ လွန်စွာ ပေါများကြွယ်ဝသူ တစ်ဦး၊ ဆင်၊ မြင်း၊ ရထား စသည်တို့ ခြောက်သောင်းစီ အမြဲတမ်း ခြံရံလျက်ရှိသူတစ်ဦးဖြစ်မည့် အကြောင်း’’ စသည်ဖြင့် ဗျာဒိတ်စကား မိန့်ကြားပုံ၊ ရသေ့သည် ထိုကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် အပါယ်ဒုဂ္ဂတိသို့ မလားရောက်တော့ဘဲ ဤဂေါတမဘုရားရှင်၏ သာသနာ၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၄၂၉)
ဘဒ္ဒိတ္ထိဝတ္ထု
ဤဝတ္ထု၌ ကိမိလမြို့ ရောဟကသူဌေးသား၏ဇနီးဖြစ်သူ ဘဒ္ဒါအမျိုးသမီးသည် သဒ္ဓါသီလတို့နှင့် ပြည့်စုံ၍ ဥပုသ်သီလ စောင့်ထိန်းသဖြင့် တာဝတိံသာနတ်ပြည်၌ နတ်သမီး ဖြစ်ခဲ့ပုံ၊ ရောင်စုံ ရတနာပန်းထီးကြီး ထိုအမျိုးသမီးအား အမြဲဆောင်းမိုးနေပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၉၇)
ဘဒ္ဒိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ သူဌေးတစ်ဦး ဖြစ်ခဲ့ပုံ၊ အမျိုးမြတ်သော အရာ၌ ဧတဒဂ်ထားခံရသော ရဟန်းတော်တစ်ပါးကို အားကျ၍ (၇)ရက်တိုင် အလှူကြီးပေးလှူကာ ဆုတောင်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ နောက်ဆုံးဘဝဝယ် သာကီဝင်မင်းမျိုး၌ ဖြစ်၍ မင်းအဖြစ်ကိုစွန့်လွှတ်ကာ ရဟန်းပြု၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၁၅၀)
ဘဒ္ဒိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ ကာဠီဂေါဓာသာကီဝင်မင်းသမီး၏သား ကပိလဝတ္ထုတိုင်းပြည်၏ ဘုရင်ဖြစ်သော ဘဒ္ဒိယမင်းသည် အနုရုဒ္ဓါ မင်းသား၏ တိုက်တွန်းမှုအရ ရဟန်းပြုလာပြီးနောက် မကြာမီမှာပင် ရဟန္တာ ဖြစ်ခဲ့ပုံ၊ ဓုတင်(၁၃)ပါး ဆောင်၍ နေတော်မူသည်ရှိသော် လွန်စွာချမ်းသာလှသဖြင့် ဘုရင်ဘဝက ကိုယ်ရံတော်တို့ဖြင့် အမြဲမပြတ် ခြံရံထားရသော မင်းချမ်းသာနှင့် နှိုင်းယှဉ် ကြည့်ကာ ‘‘ချမ်းသာလှပေစွ၊ ချမ်းသာလှပေစွ’’ဟု ဥဒါန်းကျူးရင့်တော်မူပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၁၄၃)
ဘဒ္ဒိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရမြတ်စွာဘုရားနှင့် သံဃာတော်တို့အား ပင့်ဖိတ်၍ လှူဒါန်းရန် သူတပါးတို့အား တိုက်တွန်းခဲ့ပုံ၊ ၎င်းကိုယ်တိုင်လည်း ကော်ဇောကြီးဖြင့် ခင်းအပ်သော တစ်သိန်းသော ရွှေပလ္လင်၊ လဲအခင်း၊ သားမွေးအခင်း၊ ခေါမပုဆိုး၊ ဝါချည်ပုဆိုးတို့ဖြင့် စီမံထားအပ်သော နေရာ၊ ဆွမ်းခဲဖွယ်တို့ကို ပေးလှူခဲ့ပုံ၊ ထိုကောင်းမှုကြောင့် ထိုဘဝမှစ၍ အပါယ်သို့ မလားခဲ့ပုံ၊ ခုနှစ်ဆယ့်လေးကြိမ် သိကြားမင်း၊ အကြိမ်တစ်ထောင် ပဒေသရာဇ် မင်း၊ ငါးဆယ့်တစ်ကြိမ် စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင့်သာသနာတော်၌ ဘဒ္ဒိယဟူသော အမည်ဖြင့် ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၀၆) (ထေရ၊ဋ္ဌ၊၂၊၃၂၀) (အပ၊ဋ္ဌ၊၂၊၆၈)
ဘဒ္ဒိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ဘဒ္ဒိယမြို့ မုလေးတော၌ သီတင်းသုံးတော်မူစဉ် ဘဒ္ဒိယမြို့သား ရဟန်းတို့သည် ခြေနင်းမျိုးစုံတို့ကို တန်ဆာဆင်လျက် စီးကြပုံ၊ ဖြူဆံမြက်ခြေနင်း၊ ပြိတ်မြက်ခြေနင်း၊ သင်ပေါင်းရွက်ခြေနင်း၊ ကမလမြက်ခြေနင်း၊ ကမ္ဗလာခြေနင်းတို့ကို တန်ဆာဆင်စီးနင်းလျက် ရဟန်းတရား အားမထုတ်ဘဲ နေကြသောကြောင့် ဘုရားရှင် သိတော်မူ၍ ထိုသို့သော ခြေနင်းတို့ကို မစီးရဟု သိက္ခာပုဒ် ပညတ်တော်မူပြီး၊ ရွှေ၊ ငွေ၊ ပတ္တမြား၊ ကြောက်မျက်ရွဲ၊ ဖန်၊ ကြေးဖြူ၊ ကြေးနီ၊ စဉ့်၊ သလွဲစင်၊ ခဲမဖြူ၊ သလွဲမည်း၊ ခဲပုပ်၊ ကြေးနီခြေနင်းတို့ကိုပါ မစီးရဟု သိက္ခာပုဒ်ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၇၈)
ဘဒ္ဒိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဘဒ္ဒိယမြို့နေ ရဟန်းတို့သည် ပရိယတ် ပဋိပတ်ကို အားမထုတ်ကြဘဲ ခြေနင်းကို တန်ဆာဆင်ခြင်း အလုပ်ကိုသာ မပြတ်အားထုတ်နေကြပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူသောအခါ ‘‘သင်တို့သည် မိမိ၏ ပဓာနအလုပ်ကို အားမထုတ်ကြဘဲ အရေးမပါ အကျိုးမရှိသည့် အလုပ်ဖြင့် အချိန်ဖြုန်းနေကြပေ၏’’ဟု ကဲ့ရဲ့ရှုတ်ချ၍ တရားဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၈၂)
ဘရတတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဘရတမထေရ်လောင်းလျာသည် အနောမဒဿီဘုရားရှင်အား နူးညံ့ ကောင်းမွန်သော ဖိနပ်တစ်ရံကို လှူခဲ့သော ကောင်းမှုကြောင့် လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ဘရတမထေရ် ဖြစ်လာခဲ့ပုံ၊ အရှင်အာနန္ဒာသည် ထိုမထေရ်အား ‘‘ခရီးပန်းသဖြင့် ချော်လဲကျသွားသည့် ဝန်ဆောင်နွားလား’’ကို သာဓက ဆောင် ဆုံးမတော်မူ၍ ရဟန္တာဖြစ်အောင် ကူညီစွမ်းဆောင် ပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၈၃)
ဘရုဇာတက
ဤဇာတ်တော်၌ တိတ္ထိတို့သည် ကောသလမင်းကြီးအား အသပြာတစ်သိန်း လာဘ်ထိုး၍ ဇေတဝန်ကျောင်းအနီး၌ ကျောင်းဆောက်ကြပုံ၊ အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်တို့ နန်းတော်သို့ ကြွသွားသော်လည်း အတွေ့မခံပုံ၊ နောက်ဆုံး ဘုရားရှင်ကိုယ်တော်တိုင် ကြွ၍ အတိတ်ဇာတ်ကြောင်းဆောင်ကာ တရားဟောတော်မူပုံ၊ တန်ခိုးကြီး ရသေ့နှစ်ပါးတို့ အငြင်း ပွားကာ ပညောင်ပင်ကို လုကြပုံ၊ စကြာမင်းများသာ စီးထိုက်သော ရထား၏ ရထားအိမ်ကို ရသေ့အုပ်စုတစ်စုက လက်ဆောင်ပေးသကဲ့သို့ အခြားရသေ့အုပ်စုတစ်စုကလည်း ရထားဘီးများကို လက်ဆောင်ပေးသဖြင့် ထိုတံစိုးလက်ဆောင်ကို ယူကာ မတရားဆုံးဖြတ်သော ဘရုနိုင်ငံမင်းကြီးအား နတ်တို့က စိတ်ဆိုးပြီး သီလရှိသူတို့ အချင်းချင်း ခိုက်ရန်ဖြစ်အောင် ပြုလုပ်မှုအတွက် ယူဇနာသုံးရာရှိသော နိုင်ငံတစ်ခုလုံးကို ရေနှစ်မြှုပ်ပစ်လိုက်ကြသဖြင့် ဘုရင်ကို အမှီပြု၍ တစ်တိုင်းပြည်လုံး ပျက်စီးခဲ့ရဖူးပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၅၅) (သံ၊ဋ္ဌ၊၃၊၃၁၄)
ဘလ္လာတဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာ ရှင်ရသေ့သည် အတ္ထဒဿီဘုရားရှင်အား မိမိကျောင်း သင်္ခမ်းသို့ ပင့်၍ မြက်အခင်းလှူကာ ဆွမ်း၊ ချေးသီးတို့ကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ဘဝအဆက်ဆက် ဒုဂ္ဂတိဘဝတို့သို့ မရောက်ခဲ့ရဘဲ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်း အရာများပါဝင်သည်။ (အပ၊၂၊၂၆)
ဘလ္လာတိယဇာတက
ဤဇာတ်တော်၌ ကောသလမင်းကြီးနှင့် မလ္လိကာမိဖုရားတို့ အငြင်းအခုံဖြစ်ပြီး ကောသလမင်းကြီးက မလ္လိကာမိဖုရားကြီးကို စကားမပြောပုံ၊ ထိုအကြောင်းကို ဘုရားရှင်သိတော်မူ၍ နန်းတော်သို့ ကြွတော်မူကာ ဘလ္လာတိယဇာတ်ကို ဟောတော်မူခဲ့ပုံ၊ ဘလ္လာတိယမင်းသည် တိုင်းပြည်ကို လွှဲအပ်ကာ ဟိမဝန္တာတောသို့ တောကစားသွားစဉ် ကိန္နရီ ကိန္နရာ ဖိုမနှစ်ကောင်တို့ အချင်းချင်း လည်ဖက်လျက် နမ်းရှုပ်ငိုကြွေး မြည်တမ်းနေကြသည်ကို မြင်တွေ့ရ၍ မေးကြည့်ရာ ချောင်းရေကျသဖြင့် တစ်ဦးနှင့် တစ်ဦး တစ်ညကွဲသွားသည်ကို သတိရတိုင်း နှစ်ပေါင်း (၇၀၀)တိုင်တိုင် ဆွေးနေရကြောင်း ပြောပြခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၄၃၉)
ဘလ္လိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သုမနပစ္စေကဗုဒ္ဓါအား သစ်သီးများ လှူဒါန်းခဲ့ပုံ၊ သိခီ မြတ်စွာဘုရားအား ဥဇိတနှင့် ဩဇိတကုန်သည်ညီနောင်တို့က ဆွမ်းဦးလှူသည်ကို အားကျ၍ ကုသိုလ်ပြု ဆုတောင်းခဲ့ပုံ၊ ဤဘုရားရှင် သာသနာတော်၌ တပုဿနှင့် ဘလ္လိကကုန်သည် ညီနောင်တို့တွင် ညီငယ်ဘလ္လိယ ဖြစ်၍ မြတ်စွာဘုရားအား ပဌမဦးဆုံးဆွမ်းအဖြစ်ဆွမ်းဦးလှူခဲ့ပုံ၊ နောင်အခါ ဘလ္လိယမထေရ် ဖြစ်၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၅၉)
ဘာဂိနေယျဒဟရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ကောရဏ္ဍကဝိဟာရဝါသီမထေရ်၏ တူဖြစ်သော ရဟန်းငယ်တစ်ပါးသည် စာပေပရိယတ်သင်ယူရန် ရောဟနဇနပုဒ်သို့ ကြွသွားခဲ့ပုံ၊ ကာလကြာမြင့်သောအခါ မထေရ်ကြီးက ရဟန်းငယ်ကို ခေါ်ရန် ရောဟနဇနပုဒ်သို့ ကြွလာစဉ် ရဟန်းငယ်ကလည်း မရောက်တာ ကြာပြီဖြစ်သဖြင့် မိဘဆရာသမားများထံ ပြန်ကြွလာသောအခါ ဂင်္ဂါမြစ်ကမ်း၌ ဆုံမိကြပုံ၊ မထေရ်ကြီးက နောက်မှ လိုက်ကြွလာတော့မည်-ဟု ဆိုကာ ရဟန်းငယ်ကို အရင် စေလွှတ်လိုက်ပုံ၊ ရဟန်းငယ်သည် ဝါတွင်းသုံးလပတ်လုံးမိဘတို့အိမ်၌ ဆွမ်းခံကြွသော်လည်း သားရဟန်းဖြစ်ကြောင်း မပြောကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၈၈)
ဘာဂိနေယျသံဃရက္ခိတသာမဏေရဝတ္ထု
ဤဝတ္ထု၌ သံဃရက္ခိတသာမဏေသည် ‘‘ပစ္စည်းလေးပါးကို သုံးဆောင်သောအခါ ပစ္စဝေက္ခဏာမဆင်ခြင်ဘဲ မသုံးစွဲနှင့်၊ လျှာကို အပူမလောင်စေနှင့်’’ ဟူသော စကား၏ အတိမ် အနက်ကို ဆင်ခြင်ခဲ့ပုံ၊ သံဝေဂဖြစ်ပေါ်၍ ကြိုးစားအားထုတ်သဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ အရဟတ္တဖိုလ်ကိုလိုလားသော် သင့်တင့်မျှတစွာ ဆင်ခြင်၍ ပစ္စည်းလေးပါး သုံးဆောင်သင့်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၄၃)
ဘာဂိနေယျုပါလိတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဘာဂိနေယျုပါလိမထေရ်လောင်း အမျိုးကောင်းသားသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ ရသေ့ ဖြစ်ခဲ့ပုံ၊ တစ်ပါးတည်း ကိန်းအောင်းရန်အတွက် တောထဲသို့ ကြွလာသော ပဒုမုတ္တရဘုရားရှင်အား ဖူးတွေ့ရသောအခါ ဘုရားရှင်၏ ဉာဏ်တော်ကို ဥပမာအမျိုးမျိုးဖြင့် ချီးမွမ်းပူဇော်ခဲ့ပုံ၊ ဘုရားရှင်က ရသေ့အား ‘‘ဂေါတမ ဘုရားရှင်လက်ထက်တော်၌ ဝိနယဓရ ဧတဒဂ်ဘွဲ့ထူး ရရှိမည်ဖြစ်ကြောင်း’’ စသည်ဖြင့် ဗျာဒိတ်ပေးတော်မူပုံ၊ ဤဂေါတမဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်၍ ဝိနယဓရဧတဒဂ်ဘွဲ့ထူး ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၀၂)
ဘာဇနပါလကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော သုံးဆယ့်တစ်ကမ္ဘာအထက်၌ ဗန္ဓုမတီမြို့၌ အိုးထိန်းသည်ဖြစ်ခဲ့၍ ရဟန်းသံဃာတို့၏ သပိတ်တို့ကို စောင့်ရှောက်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ခဲ့ခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော ငါးဆယ့်သုံးကမ္ဘာအထက်၌ အနန္တဇာလိအမည်ရှိသော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင်၏ သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၄၅)
ဘာတရဂါမဝါသီ နာဂတ္ထေရီဝတ္ထု
ဤဝတ္ထု၌ ဗြဟ္မဏတိဿသူပုန်ဘေးကြောင့် သီဟိုဠ်ကျွန်း ဘာတရရွာ၌ နေထိုင်ကြသော ရွာသူရွာသားများသည် နာဂထေရီမကြီးအား မပြောကြားနိုင်ဘဲ ရွာမှ ထွက်ပြေးတိမ်ရှောင်သွားကြပုံ၊ ရွာ၌ အသံများ တိတ်ဆိတ်နေသဖြင့် တပည့်များအား စုံစမ်းကြည့်ရှုခိုင်းသောအခါ သူပုန်ဘေးကြောင့် ထွက်ပြေးကုန်သဖြင့် ရွာထဲ၌ တစ်ဦးတစ်ယောက်မျှ မကျန်တော့ကြောင်း သိရှိရပုံ၊ နာဂထေရီမကြီးက မိမိတပည့်များအား မိမိတို့၏ ပရိယတ်, ပဋိပတ် အလုပ်များကိုသာ ပုံမှန်အားထုတ်ကြရန် ပြောကြားပြီး ဆွမ်းချိန်ရောက်သောအခါ ဘာတရရွာတံခါးရှိ ညောင်ပင်စောင့်နတ်ထံ သွား၍ တပည့်ဘိက္ခုနီ ဆယ့်နှစ်ပါးအတွက် ဆွမ်းခံကျွေးမွေးခဲ့ပုံ၊ သူပုန်ဘေးကို တိမ်းရှောင်ရန် မောင်ငယ်ဖြစ်သူ နာဂထေရ်နှင့်အတူ ရဟန်းဆယ့်နှစ်ပါးတို့ ကြွရောက်လာသော အခါ၌လည်း ရှေးနည်းအတိုင်းပင် ညောင်ပင်စောင့်နတ်ထံမှ ဆွမ်းခံ၍ ကျွေးခဲ့ပုံ၊ ထေရီမကြီးသည် သာရဏီယကျင့်ဝတ် ဖြည့်ကျင့်ထားသဖြင့် ခုနစ်နှစ်ပတ်လုံး ရဟန်းဆယ့်နှစ်ပါးနှင့် ဘိက္ခုနီဆယ့်နှစ်ပါးတို့ကို ပြုစုစောင့်ရှောက်နိုင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၁၂၅) (မ၊ဋ္ဌ၊၂၊၂၉၆) (အံ၊ဋ္ဌ၊၃၊၉၃) (သာရတ္ထ၊၃၊၄၆၃)
ဘာတိယမဟာရာဇဝတ္ထု
ဤဝတ္ထု၌ ဘာတိယမင်းသည် ‘‘ပန်းတို့တွင် မြတ်လေးပန်းမြတ်၏’’ ဟူသော မြတ်စွာဘုရားရှင်၏ စကားကို စူးစမ်းလိုသဖြင့် တိုက်ခန်းတစ်ခုထဲတွင် နံ့သာလေးမျိုးတို့နှင့် မွှေးကြိုင်သော ပန်းတို့ ဝန်းရံထားစေ၍ သေတ္တာတစ်ခု၏ အလယ်၌ မြတ်လေးပန်းဆုပ်ကို ထားစေပုံ၊ တံခါးပိတ်၍ အပြင်သို့ ခဏထွက်ပြီး တံခါးပြန်ဖွင့်လျှင် မြတ်လေးပန်းရနံ့သာ ပထမဦးဆုံး မွှေးကြိုင်ပုံ၊ မြတ်စွာဘုရား၏ စကားမှန်သဖြင့် ကြည်ညိုကာ မြတ်စွာဘုရားကို ရည်မှန်း၍ စေတီတော်ကို ရှိခိုးပူဇော်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၃၊၂၉၀) (သံ၊ဋ္ဌ၊၃၊၁၇၀)
ဘာတုဇာယာယမိစ္ဆာစာရဝတ္ထု
ဤဝတ္ထု၌ ညီအစ်ကိုနှစ်ယောက်ရှိရာ ညီဖြစ်သူနှင့် အစ်ကို၏ မယားတို့ ဖောက်ပြန် နေကြပုံ၊ မရီးက မတ်ဖြစ်သူအား သူ၏ အစ်ကိုကို သတ်ရန် တိုက်တွန်းသောကြောင့် ညီက ရေဆိပ်၌ ရေချိုးနေသော အစ်ကိုကို ပုန်းအောင်းရာမှ ထွက်လာကာ သတ်ဖြတ်လိုက်ပုံ၊ သေဆုံးသွားသော အစ်ကိုသည် အစွဲတဏှာကြောင့် သူ့မယား၏ အိမ်မှာပင် ထန်းမြွေကြီးဖြစ်၍ အသတ်ခံရပုံ၊ နောက်ခွေးဖြစ်လည်း အသတ်ခံရ၊ နွားကလေးဖြစ်လည်း အသတ်ခံရပြီး နောက်ဆုံး မယား၏ဝမ်းတွင် ဇာတိဿရဉာဏ်ရသော ကလေးဖြစ်၍ မွေးဖွားလာပုံ၊ မိခင်ရင်းအပေါ်တွင် အပြစ်မြင်ကာ အရွယ်ရောက်လျှင် အဘိုးဖြစ်သူနှင့်အတူ ရဟန်းပြုကြ၍ ရဟန္တာ ဖြစ်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၂၊၁၈၉)
ဘာရဒွါဇတ္ထေရဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားသည် ဘာရဒွါဇပုဏ္ဏား၏ လူမှုရေးအခက်အခဲကို ဖြေရှင်းပေးမှ ထိုပုဏ္ဏားအနေဖြင့် စိတ်အေးချမ်းသာ၍ တရားထူးရမည်ဟု သိတော်မူသဖြင့် ကောသလမင်း၏ အကူအညီဖြင့် ဖြေရှင်းပေးတော်မူပုံ၊ ထိုကြောင့် ထိုပုဏ္ဏားသည် တရားထူးရကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၇၂) (သံ၊ဋ္ဌ၊၁၊၂၁၈)
ဘာရဒွါဇတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဘာရဒွါဇမထေရ်လောင်းလျာသည် သုမနပစ္စေကဗုဒ္ဓါအား နွယ်သီးမှည့်များကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပြီး ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ဘာရဒွါဇပုဏ္ဏား ဖြစ်လာခဲ့ပုံ၊ သားဖြစ်သူ ကဏှဒိန္နအား တက္ကသိုလ်သို့ ပညာသင်စေလွှတ်လိုက်ရာ ကဏှဒိန္နသည် လမ်းခုလတ်တွင် ဖူးတွေ့ရသည့် မထေရ်မြတ်တစ်ပါးထံ ရဟန်းပြု ဝိပဿနာရှုကာ ရဟန္တာ ဖြစ်ခဲ့ပုံ၊ ဖခင်ဖြစ်သူ ဘာရဒွါဇပုဏ္ဏားသည်လည်း မြတ်စွာဘုရားအထံတော်မှ တရားနာရ၍ ဝိပဿနာရှုပွားကာ ရဟန္တာ ဖြစ်ခဲ့ပုံ၊ သားအဖနှစ်ဦး ဘုရားရှင်၏ ရှေ့မှောက်တွင် ရဟန္တာ အဖြစ်ဖြင့် ဝမ်းမြောက်ဝမ်းသာ တွေ့ဆုံကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၈၅)
ဘာရဒွါဇဝတ္ထု
ဤဝတ္ထု၌ ဗုဒ္ဓဘုရားရှင်သည် နေ့စဉ် မဟာကရုဏာတော်ဖြင့် အကျွတ်တရားရထိုက်သူထံသို့ ကြွရောက် ချေချွတ်လေ့ရှိပုံ၊ ဘာရဒွါဇပုဏ္ဏားသည် ကိုယ်စိတ်အေးချမ်းစွာ ရှိတော်မူ သော မြတ်စွာဘုရားထံ ချဉ်းကပ်ကာ မိမိ၏ဒုက္ခကို လျှောက်ထားပုံ၊ မြတ်စွာဘုရားက သူနှင့် သင့်တော်သောတရားကို ဟောကြား၍ ချေချွတ်တော်မူလေရာ ဘာရဒွါဇပုဏ္ဏား ရဟန်းပြုလာပုံ၊ သူ့ထံ၌ တင်ရှိနေသော ကြွေးမြီးများကို ကောသလမင်းကြီးက ဆပ်ပေးသဖြင့် ကြွေးကင်းသောအခါမှ တည်ငြိမ်စွာ တရားအားထုတ်နိုင်သဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (သံ၊၁၊၁၇၂) (သံ၊ဋ္ဌ၊၁၊၂၁၈)
ဘိက္ခာဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ သိဒ္ဓတ္ထဘုရားရှင်အား တစ်ယောက်မမျှသော ဆွမ်းကို လှူဒါန်းခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော ရှစ်ဆယ့်ခုနစ်ကမ္ဘာအထက်၌ မဟာရေဏုဟူသော အမည်ဖြင့် စကြဝတေးမင်း ခုနစ်ကြိမ်ဖြစ်ခဲ့၍၊ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၅၄) (အပ၊ဋ္ဌ၊၂၊၁၂၀)
ဘိက္ခာဒါယကဝတ္ထု
ဤဝတ္ထု၌ ခရီးသွားရဟန်းတစ်ပါးသည် ရွာတစ်ရွာသို့ ဆွမ်းခံဝင်စဉ် လူတစ်ယောက်သည် ထမင်းစားရန် လက်ဆေးပြီး ပန်းကန်ထဲသို့ ထမင်းတို့ကို ထည့်နေစဉ် ထိုခရီးသွားရဟန်းကို တွေ့၍ ဆွမ်းအားလုံးကို လောင်းလှူခဲ့ပုံ၊ ထိုသူသည် မိမိလှူဒါန်းမှုအပေါ် ဝမ်းမြောက်သောစိတ်ဖြင့် ကွယ်လွန်သောအခါ တာဝတိံသာ နတ်ပြည်၌ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၇၂)
ဘိက္ခာဒါယိကာဝတ္ထု
ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့သူ အမျိုးသမီးတစ်ဦးသည် ရဟန္တာမထေရ်တစ်ပါးအား ရိုသေစွာ ဆွမ်းကပ်ခဲ့သည့် ကုသိုလ်ကြောင့် တာဝတိံသာနတ်ပြည်၌ နတ်သမီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၀၈)
ဘိက္ခာဒါယိကာဝတ္ထု
ဤဝတ္ထု၌ သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးသမီးတစ်ယောက်သည် ရာဇဂြိုဟ်မြို့တွင်း ဆွမ်းခံကြွလာသော ရဟန္တာထေရ်တစ်ပါးကို မိမိအိမ်သို့ ပင့်ကာ ဆွမ်းလှူဒါန်းခဲ့သော ကုသိုလ်ကံကြောင့် ကွယ်လွန်သောအခါ တာဝတိံသာနတ်ပြည်၌ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊၃၂) (ဝိမာန၊ဋ္ဌ၊၁၀၈)
ဘိက္ခာဒါယိကာဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ဥတ္တရမဓုရာမြို့၌ အသက်တမ်းကုန်ပြီး ကွယ်လွန်သောအခါ အပါယ်ငရဲကျရောက်မည့် အမျိုးသမီးတစ်ယောက်ကို ဒိဗ္ဗစက္ခုဉာဏ်ဖြင့် မြင်တော်မူသဖြင့် ကယ်တင်တော်မူရန် တစ်ပါးတည်း ထိုအရပ်သို့ ဆွမ်းခံကြွတော်မူပုံ၊ ထိုအမျိုးသမီးသည် ထမင်းချက်ပြီးနောက် မြစ်ဆိပ်သို့ သွားကာ ရေချိုးပြီး ပြန်လာစဉ် လမ်း၌ ဘုရားရှင်နှင့် တွေ့သောအခါ ‘‘ဆွမ်းရခဲ့ပြီလား ဘုရား’’ဟု လျှောက်ထားခဲ့ပုံ၊ ဆွမ်းမရသေးကြောင်း သိသဖြင့် မိမိအိမ်သို့ ပင့်ကာ ဆွမ်းလှူဒါန်းပြီး တရားနာယူကာ ဘုရားရှင်ပြန်ကြွသွားသောအခါ မျက်စိတစ်ဆုံး ဖူးမြော်ကြည်ညိုလျက် ရပ်တည်နေပုံ၊ ထို့နောက် နှစ်ရက်သုံးရက် လွန်၍ ကွယ်လွန်သောအခါ နတ်သမီးတစ်ထောင် အခြံအရံဖြင့် တာဝတိံသာနတ်ပြည်၌ နတ်သမီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊၃၁) (ဝိမာန၊ဋ္ဌ၊၁၀၇)
ဘိက္ခာပရမ္ပရဇာတက
ဤဇာတ်တော်၌ သူကြွယ်တစ်ယောက်သည် တရားရတနာကို ပူဇော်သက္ကာရပြုရန် ဘုရားရှင်အား လျှောက်ထားရာ ဘုရားရှင်က တရားဘဏ္ဍာစိုးဖြစ်သော အရှင်အာနန္ဒာအား ပူဇော်သက္ကာရ အမှုကို ပြုလော့ဟု မိန့်တော်မူပုံ၊ အရှင်အာနန္ဒာထေရ်က မိမိကိုယ်တိုင် မသုံးဆောင်ဘဲ တရားစစ်သူကြီး အရှင်သာရိပုတ္တရာအား တစ်ဆင့် လှူဒါန်းပုံ၊ အရှင်သာရိပုတ္တရာကလည်း မိမိကိုယ်တိုင် မသုံးဆောင်ဘဲ တရားပိုင်ရှင်ဖြစ်တော်မူသော ဘုရားရှင်အား လှူဒါန်းခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၃၆၉)
ဘိက္ခုနီဒူသကဝတ္ထု
ဤဝတ္ထု၌ ဘိက္ခုနီတို့သည် သာကေတမြို့မှ သာဝတ္ထိမြို့သို့ လာကြစဉ် လမ်းခရီးအကြား၌ ခိုးသူတို့နှင့် တွေ့ပြီး အဖျက်ဆီးခံကြရ၊ လုယက်ခံကြရပုံ၊ မင်းမှုထမ်းတို့က ခိုးသူတို့ကို ဖမ်းဆီးကြသောအခါ တစ်ချို့က ထွက်ပြေးလွတ်မြောက်သွားကြပြီး တစ်ချို့အဖမ်းခံကြရပုံ၊ ထွက်ပြေးသူတို့သည် ရဟန်းတို့ထံ ချဉ်းကပ်ပြီး ရဟန်းဝတ်ပေးပါရန် တောင်းပန်၍ ရဟန်းဝတ်ခဲ့ကြပုံ၊ ဖမ်းမိသူတို့ကို သတ်ရန် ထုတ်ဆောင်လာသောအခါ ထွက်ပြေးသူရဟန်းတို့က ‘‘ငါတို့ မိလျှင်လည်း ဤကဲ့သို့ပင် အသတ်ခံရပေမည်၊ ငါတို့ ထွက်ပြေးသည်မှာ မှန်ပေ၏’’ဟု ပြောသံကို အခြားရဟန်းတို့က ကြားသဖြင့် ဘုရားရှင်ထံ လျှောက်ထားရာ ဘုရားရှင်က ‘‘ဘိက္ခုနီကို ကျူးလွန်ဖျက်ဆီးသူ၊ သံဃာကိုသင်းခွဲသူ၊ ဘုရားရှင်အား သွေးစိမ်းတည်အောင် ပြုမူသူတို့အား ရဟန်းခံမပေးရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၂၃)
ဘိက္ခုနီဝိဘင်္ဂဝတ္ထူနိ
ဤဝတ္ထုများ၌ အကြောင်းအမျိုးမျိုးကြောင့် ဘိက္ခုနီပါတိမောက် သိက္ခာပုဒ်များကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၇၃)
ဘိသဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် ကုဋေရှစ်ဆယ်ကြွယ်ဝသော ဗြာဟ္မဏမဟာ သာလအမျိုး၌ ဖြစ်၍ မဟာကဉ္စနသတိုးသားအမည်ရှိခဲ့ပုံ၊ အရွယ်ရောက်သောအခါ မိဘတို့ အိမ်ထောင်ပြုပေးမှုကို ငြင်းပယ်ခဲ့ပုံ၊ မိခင် ဖခင်တို့ ကွယ်လွန်သည့်အခါ သူဆင်းရဲတို့အား ကုဋေရှစ်ဆယ် စွန့်လွှတ် လှူဒါန်း၍ ညီငယ်ခြောက်ဦး၊ နှမငယ်တစ်ယောက်၊ ကျွန်တစ်ယောက်၊ ကျွန်မ တစ်ယောက်တို့နှင့်အတူ ဟိမဝန္တာသို့ဝင်၍ ရသေ့ရဟန်းပြုကြပုံ၊ သိကြားမင်းက ၎င်းတို့၏ အကျင့်ကို လာရောက် စမ်းသပ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊၄၁၀) (စရိယာ၊ဋ္ဌ၊၁၉၃) (ဇာ၊ဋ္ဌ၊၄၊၃၀၄)
ဘိသဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဘိသဒါယကမထေရ်အလောင်း ရသေ့သည် ရေကန်ထဲ ဆင်းပြီး ကြာစွယ်များ နှုတ်ယူနေစဉ် ကောင်းကင်ခရီးဖြင့် ကြွလာသော ပဒုမုတ္တရဘုရားရှင်ကို တွေ့မြင်လိုက်သဖြင့် ကြာစွယ်ဆွမ်းကို အလှူခံပါရန် လျှောက်ထား တောင်းပန်ခဲ့ပုံ၊ ဘုရားရှင်က ချီးမြှောက်သည့် အနေဖြင့် အလှူခံတော်မူပြီး အနုမောဒနာပြုတော်မူပုံ၊ ရသေ့သည် မိမိ၏ အလှူဒါနကို အားရ နှစ်သက် ကျေနပ်ဝမ်းမြောက်လျက် ကြာစွယ်များကို တစိမ့်စိမ့်ကြည့်ရင်း ကုသိုလ်များတိုးပွားနေစဉ် လေပြင်းမုန်တိုင်းကျကာ မိုးကြိုးထိမှန်ပြီး ကွယ်လွန်သွားခဲ့ပုံ၊ ထိုကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် တုသိတာနတ်ပြည်၌ နတ်သမီးပေါင်း ရှစ်သောင်းခြံရံလျက် နတ်စည်းစိမ်ကို ခံစားခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၅၇)
ဘိသမုဠာလဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်နှစ်ကမ္ဘာအထက်၌ ဖုဿဘုရားရှင်အား ကြာစွယ်ကြာရင်းကို လှူဒါန်းပူဇော်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါးသို့ လားရောက်ခြင်းမရှိခဲ့ဘဲ ဤဘုရားရှင့်သာသနာတော်ဝယ် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၃၁)
ဘိသာလုဝဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ဝိပဿီဘုရားရှင်အား ကြာစွယ်၊ ပိန်းဥကိုလည်းကောင်း၊ လက်ဆေးတော်ရေကိုလည်းကောင်း ပေးလှူ၍ ခြေတော်တို့ကို ဦးခေါင်းဖြင့် ရှိခိုးပူဇော်ခဲ့သော ကောင်းမှုကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ ဘိသအမည်ရှိသော စကြဝတေးမင်း ဖြစ်ခဲ့ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၃၃) (အပ၊ဋ္ဌ၊၂၊၁၀၀)
ဘီမသေနဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် လေးအတတ်ပညာ တစ်ဖက်ကမ်းခတ် တတ်မြောက် သော်လည်း ကိုယ်ခန္ဓာမှာ ပုကွကွ ဖြစ်ခဲ့ ဘီမသေနခေါ် လှပတင့်တယ်သူ တစ်ဦးနှင့် တွဲ၍ ဘုရင့်လေးသမားတော် ရာထူးကို ဆောင်ရွက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၇၇)
ဘီရုကဇာတက
ဤဇာတ်တော်သည် တေလပတ္တဇာတကနှင့် တူသည်။ (ဇာ၊ဋ္ဌ၊၁၊၄၉၄)
ဘုသပေတဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့အနီး ရွာတစ်ရွာ၌ ကောက်ကျစ်စဉ်းလဲသော ကုန်သည်တစ်ဦးသည် ချိန်စဉ်းလဲ တောင်းစဉ်းလဲတို့ဖြင့် ရောင်းချ၍ အသက်မွေးဝမ်းကျောင်း ပြုခဲ့ပုံ၊ ကုန်သည်၏ ချွေးမသည် အိမ်သားအားလုံးအတွက် ထားသော အသားများကို ခိုးဝှက်စားခဲ့ပုံ၊ ကုန်သည်၏ မယားသည် မမှန်သောစကားဖြင့် ကျိန်ဆိုလေ့ရှိပုံ၊ ကုန်သည်၏ သားသည် မိခင်ဦးခေါင်းကို သားရေကြိုးဖြင့် ရိုက်ခဲ့ပုံ၊ ကွယ်လွန်ကြသောအခါ လေးဦးစလုံး ပြိတ္တာဖြစ်ပြီး အလွန်ပြင်းထန် ခါးသီးသော ဆိုးဝါးလှသည့် အကျိုးကို ခံစားရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၇၂) (ပေတ၊ဋ္ဌ၊၁၇၆)
ဘူတတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်လက်ထက်တော်၌ ပုဏ္ဏား ဖြစ်၍ ကြည်ညိုသော စိတ်ဖြင့် ဘုရားရှင်ကို ချီးမွမ်းခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် လူ့ပြည်နတ်ပြည်တို့သာ ကျင်လည်ခဲ့၍ ဤဘုရားရှင့်လက်ထက်တော်၌ သာကေတမြို့၏ အနီး ရွာတစ်ရွာ၌ သူဌေးသား ဖြစ်ခဲ့ပုံ၊ မြတ်စွာဘုရားထံမှ တရားတော်ကို နာယူရသဖြင့် ရှင်ရဟန်းပြုလျက် အဇကရဏီမည်သော မြစ်ကမ်းပါးလိုဏ်ငယ်၌ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၁၅၉)
ဘူတနိရောဓေသကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ မဟာဘုတ်လေးပါး၏ ချုပ်ငြိမ်းရာကို စူးစမ်းမေးမြန်းသော ရဟန်းတစ်ပါးသည် စတုမဟာရာဇ်နတ်တို့မှ စ၍ မဟာဗြဟ္မာတိုင်အောင် မေးမြန်းတွေ့ဆုံခဲ့သော်လည်း နတ်ဗြဟ္မာတို့ မဖြေနိုင်သဖြင့် ပင်လယ်ကူးသင်္ဘောသားတို့၏ ကမ်းကြည့်ငှက် ကမ်းမတွေ့၍ ပြန်ခဲ့ရသည့်ပမာ မြတ်စွာဘုရားထံသို့သာ ပြန်ရောက်ရှိခဲ့ပုံ၊ ဤလောက၌ မြတ်စွာဘုရားထက် သာလွန်သော ပညာရှိပုဂ္ဂိုလ်မရှိနိုင်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၁၊၂၀၈)
ဘူတပါလတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဘူတပါလသတို့သားသည် ဖခင်နှင့်အတူ တောထဲသို့ ထင်းခုတ်လိုက်သွားပြီး ညနေချမ်းအခါ မြို့တံခါးအနီး၌ နွားများကို ခေတ္တလွှတ်ထားပုံ၊ နွားများ မြို့တွင်းသို့ ဝင်သွားသဖြင့် ဖခင်ဖြစ်သူက နွားများ၏ နောက်သို့ လိုက်သွားစဉ် မြို့တံခါးပိတ်သွားခဲ့ပုံ၊ ဘူတပါလသတို့သားသည် တစ်ယောက်တည်းသာ လှည်းအောက်၌ အိပ်ခဲ့ပုံ၊ ထိုနေရာသည် သုသာန်နှင့် နီးကပ်ပြီး ဘီလူးများ အလွန်ပေါသောနေရာ ဖြစ်သော်လည်း ပစ္ဆိမဘဝိကပုဂ္ဂိုလ်ဖြစ်သောကြောင့် ဘီလူးများအနှောင့်အယှက် မပေးနိုင်ကြပုံ၊ နောင်အခါ ရဟန်းဝတ်၍ ဘူတပါလမထေရ် ဟူသော အမည်ဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ပဋိသံ၊ဋ္ဌ၊၂၊၂၈၁) (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၈)
ဘူတဝေဇ္ဇကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ပယောဂကုသော ရဟန်းတစ်ပါးသည် မြေဘုတ်ဘီလူးကို အသက်သေအောင် ပြုလုပ်ခဲ့သဖြင့် ထုလ္လစ္စဉ်းအာပတ်သင့်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၁၀၉)
ဘူမိစာလဝတ္ထု
ဤဝတ္ထုသည် အာယုသင်္ခါရဝတ္ထုနှင့်တူသည်။ (အံ၊၃၊၁၂၈)
ဘူရိဒတ္တဇာတက
ဤဇာတ်တော်၌ ဗာရာဏသီမင်း၏ သားတော် ဗြဟ္မဒတ္တမင်းသားသည် နဂါးမနှင့်ညား၍ သာဂရဗြဟ္မဒတ္တသားတော်နှင့် သမုဒ္ဒဇာသမီးတော်တို့ကို ဖွားမြင်ပုံ၊ ဖခင် ဗာရာဏသီမင်း နတ်ရွာစံသောအခါ ဗြဟ္မဒတ္တမင်းသား ဗာရာဏသီမင်းအဖြစ်ကို ရရှိခဲ့ပုံ၊ သမီးတော် သမုဒ္ဒဇာကို ဓတရဋ္ဌနဂါးမင်းနှင့် ထိမ်းမြားလက်ထပ်ပေးသောအခါ သုဒဿန, ဒတ္တ, သုဘောဂ, အရိဋ္ဌဟူသော နဂါးသားတော် လေးယောက် ဖွားမြင်ခဲ့ပုံ၊ ဓတရဋ္ဌနဂါးမင်းက သားတော်လေးယောက်တို့အား ယူဇနာတစ်ရာစီ နယ်မြေပိုင်းခြားကာ အခြွေအရံများနှင့်တကွ မင်းအဖြစ်ကို ပေးခဲ့ပုံ၊ ထိုလေးယောက်တို့တွင် ဘုရားလောင်း ဒတ္တနဂါးမင်းသည် မဟာပထဝီမြေကြီးနှင့်တူစွာ ကြီးကျယ်ပြန့်ပြောသော ဉာဏ်ပညာရှိသောကြောင့် ‘‘ဘူရိဒတ္တ’’ အမည်ရခဲ့ပုံ၊ ဘုရားလောင်း ဘူရိဒတ္တနဂါးမင်းသည် လူ့ပြည်သို့ လာ၍ ဥပုသ်သီလ စောင့်ထိန်းစဉ် မြွေအလမ္ပာယ်ဆရာတစ်ယောက်၏ ဖမ်းဆီးခြင်းကို ခံရပြီး ထိုထို မြို့ဇနပုဒ်များသို့ လှည့်လည် ကပြရပုံ၊ အစ်ကိုဖြစ်သူ သုဒဿနနဂါးမင်းက ညီငယ်ဘူရိဒတ္တကို ကယ်ဆယ်၍ နဂါးပြည်သို့ ခေါ်ဆောင်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၁၁၆) (ဇာ၊ဋ္ဌ၊၇၊၁)
ဘေဒါနုဝတ္တကဝတ္ထု
ဤဝတ္ထု၌ အရှင်ဒေဝဒတ်သည် သံဃာသင်းခွဲရန် အားထုတ်နေသဖြင့် ဒေဝဒတ်ကို အဓမ္မဝါဒီဖြစ်ကြောင်း သံဃာများက ကဲ့ရဲ့ရှုတ်ချကြပုံ၊ ကောကာလိက စသော ဒေဝဒတ်၏တပည့်များက ဒေဝဒတ်သည် မိမိတို့နှင့် ဆန္ဒတူ ပြုလုပ်သဖြင့် ဓမ္မဝါဒီသာ ဖြစ်ကြောင်း ပြောကြားကြပုံ၊ ဘုရားရှင်က သံဃာသင်းခွဲသူ၏ နောက်သို့ မလိုက်ရန် ဘေဒါနုဝတ္တကသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၂၆၇)
ဘေရိဝါဒကဇာတက
ဤဇာတ်တော်၌ သားအဖနှစ်ယောက် ခိုးသူဓါးပြပေါများသော တောအုပ်အတွင်းသို့ ရောက်ရှိသွားခဲ့စဉ် ဖခင်က တားမြစ်သော်လည်း သားဖြစ်သူက စည်ကြီးကို အဆက်မပြတ် တီးခတ်ပုံ၊ ခိုးသူများက စည်ကြီးသံ ကြားရသဖြင့် လာရောက်တိုက်ခိုက် ဖျက်ဆီး၍ ပစ္စည်းဥစ္စာများကို လုယက်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၀၀)
ဘောဂသံဟရဏပေတိဝတ္ထု
ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့နေ အမျိုးသမီးလေးယောက်တို့သည် မမှန်မကန် ပြုလုပ်ထားသော ချိန်ခွင်တင်းတောင်းတို့ဖြင့် ရောင်းဝယ်ဖောက်ကား ပြုလုပ်ပြီး အသက်မွေးကြ၍ ကွယ်လွန်ကြသောအခါ မြို့တံခါး ကျုံးအပြင်၌ ပြိတ္တာမများ ဖြစ်ကြပုံ၊ ထိုပြိတ္တာမတို့သည် ညအခါ ဆင်းရဲနှိပ်စက်ခံကြရသဖြင့် ကြောက်မက်ဖွယ်အသံတို့ဖြင့် ငိုကြွေးမြည်တမ်းကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၂၁၆) (ပေတ၊ဋ္ဌ၊၂၆၁)
ဘောဇနဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော သုံးဆယ့်တစ်ကမ္ဘာအထက်၌ ဝေဿဘူဘုရားရှင်အား အထူးကြည်လင်သော စေတနာဖြင့် ဆွမ်းဘောဇဉ်ကို ပေးလှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော နှစ်ဆယ့်ငါးကမ္ဘာအထက်၌ အမိတ္တကမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၈၈)
ဘောဇာဇာနိယဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် ဘောဇာဇာနိယသိန္ဓောမြင်းမျိုး၌ ဖြစ်စဉ် ဗာရာဏသီမင်းထံ၌ မင်္ဂလာမြင်းအဖြစ်ဖြင့် အသပြာတစ်သိန်းထိုက်တန်သော ရွှေခွက်ဖြင့် စားခဲ့ရပုံ၊ နံ့သာလိမ်းကျံထားသော မြေ၌ အိပ်ရ၍ အမြဲထွန်းညှိထားသော နံ့သာဆီမီးတိုင်များဖြင့် နေထိုင်ခဲ့ရပုံ၊ တစ်နေ့သောအခါ ခုနစ်ပြည်ထောင်မင်းများက စစ်တိုက်ရန် ကြေညာသဖြင့် မြင်းစီးသူရဲက ဘောဇာဇာနိယသိန္ဓောမြင်းကို စီး၍ ခုနစ်ပြည်ထောင်မင်းတို့အား တစ်ယောက်ပြီး တစ်ယောက် အရှင်ဖမ်းဆီးကာ ဗာရာဏသီမင်းကြီးထံ ပေးအပ်ခဲ့ပုံ၊ ခြောက်ယောက်မြောက် မင်းကို ဖမ်းယူသောအခါ၌ သိန္ဓောမြင်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့သော်လည်း အသက်အသေခံ၍ ခုနစ်ယောက်မြောက်မင်းကို ရအောင် ဖမ်းယူစေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၉၄)
မကသဇာတက
ဤဝတ္ထု၌ ဖခင်ဖြစ်သူ လက်သမားဆရာကြီး၏ နဖူး၌ ကိုက်နေသော မှက် ခြင်ကို သားဖြစ်သူက ပုဆိန်ဖြင့် ထုသတ်ပုံ၊ သားလက်ချက်ကြောင့် မှက်ခြင်သာမက ဖခင်ဖြစ်သူပါ သေဆုံးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၆၄)
မက္ကဋဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်စဉ် အရွယ်ရောက်သောအခါ ဗာရာဏသီပြည် ကာသိရွာငယ်လေး၌ အိမ်ထောင်ကျခဲ့ပုံ၊ သားယောကျ်ားလေးတစ်ယောက် မွေးဖွားပြီး သူငယ်ပြေးလွှား ဆော့ကစားနိုင်သော အရွယ်တွင် မိခင်သေဆုံးသွားသဖြင့် သားငယ်ကိုခေါ်ကာ ဟိမဝန္တာတောသို့ သွား၍ ရသေ့ဝတ်ကြပုံ၊ မိုးဥတုအချိန်၌ မျောက်တစ်ကောင်သည် ချမ်းအေးလွန်းသည့်အတွက် ရသေ့အဝတ်အစားများကို ဝတ်ကာ မီးလှုံရန် ရသေ့ငယ်ထံသို့ ချဉ်းကပ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၆၂)
မက္ကဋီဝတ္ထု
ဤဝတ္ထု၌ ဝေသာလီပြည်သား ရဟန်းတစ်ပါးသည် အစားအစာဖြင့် ဖြားယောင်း၍ မျောက်မတစ်ကောင်အား ကာမဂုဏ် မှီဝဲနေလေ့ရှိပုံ၊ ထိုအဖြစ်ကို ကျောင်းစဉ် လှည့်လည် ကြည့်ကြသော ရဟန်းတို့က သိမြင်သွားကြသောအခါ ကဲ့ရဲ့ရှုတ်ချပြီး ဘုရားရှင်အား လျှောက်ထားကြပုံ၊ ‘‘ရဟန်းသည် တိရစ္ဆာန်အပါအဝင် မည်သည့်အမသတ္တဝါအားမဆို ကာမဂုဏ် မမှီဝဲရ’’ဟု ပထမပါရာ ဇိကသိက္ခာပုဒ်၏ အနုပညတ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၂၅)
မက္ခလိဂေါသာလဝတ္ထု
ဤဝတ္ထု၌ သူဌေးတစ်ဦး၏ နွားခြံမှာမွေးသဖြင့် ဂေါသာလအမည်ရှိသော ကျွန်သည် ဆီခွက်ကိုယူလာစဉ် ရွှံ့ညွန်ရှိသဖြင့် မာခလိ မချော်စေနှင့်ဟု ပြောနေစဉ်၌ပင် ချော်လဲ၍ အိုးလည်း ကွဲခဲ့ရပုံ၊ ထွက်ပြေးရန် ပြင်ဆင်ရာ လိုက်ဖမ်းသူတို့က အဝတ်ပုဆိုးကို ဆွဲမိသဖြင့် ကိုယ်တုံးလုံးထွက်ပြေးခဲ့ပုံ၊ လူတို့က ‘‘ရဟန္တာ အလိုနည်း သူ’’ဟု ထင်မှတ်၍ ပူဇော်ကိုးကွယ်ခဲ့ကြပုံ၊ ကြားသောအခါ မက္ခလိဂေါသာလ ဂိုဏ်းဆရာကြီး ဖြစ်လာခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၁၃၁) (မ၊ဋ္ဌ၊၂၊၁၃၆) (အံ၊ဋီ၊၂၊၂၁၈) (သာရတ္ထ၊ဋီ၊၃၊၃၈၃)
မဂ္ဂဒတ္တိကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း အထက်၌ လွင်ပြင်၌ စင်္ကြံကြွနေတော်မူသော အနောမဒဿီဘုရားရှင်အား ပန်းကို ကြဲဖြန့်ပူဇော်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါးသို့ လားရောက်ခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော ကမ္ဘာနှစ်သောင်းအထက်၌ ပုပ္ဖစ္ဆဒနိယမည်သော စကြဝတေးမင်း ငါးကြိမ်တိုင်တိုင် ဖြစ်ခဲ့၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၀၉) (အပ၊ဋ္ဌ၊၂၊၁၈၁)
မဂ္ဂဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ သိဒ္ဓတ္ထ ဘုရားရှင် ကြွလာသည်ကို ဖူးမြင်ရ၍ ပေါက်တူး၊ ခြင်းတောင်းတို့ကို ယူပြီး ဘုရားကြွတော်မူရာ လမ်းခရီးကို ညီညွတ်အောင် ပြုခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော ငါးဆယ့်ခုနစ်ကမ္ဘာ အထက်၌ သုပ္ပဗုဒ္ဓမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၉၁) (အပ၊ဋ္ဌ၊၂၊၁၅၈)
မဂ္ဂသညကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကမ္ဘာတစ်သိန်း အထက်၌ နတ်သားဖြစ်ခဲ့၍ ပဒုမုတ္တရဘုရားရှင်၏ တပည့်သာဝကများသည် တောကြီးအတွင်း၌ မျက်စိလည် လမ်းမှား၍ သူကန်းတို့ကဲ့သို့ ကြွေးကြော်နေကြစဉ် မထေရ်အလောင်း နတ်သားသည် ထိုရဟန်းတို့အား လမ်းမှန်ကို ညွှန်ကြားခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိတော့ဘဲ လွန်ခဲ့သော ကမ္ဘာငါးရာအထက်၌ သစက္ခုအမည်ဖြင့် စကြဝတေးမင်း တစ်ဆယ့်နှစ်ကြိမ်ဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ခုနစ်နှစ်သား အရွယ်ဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၆၇)
မဃဒေဝဇာတက
ဤဇာတ်တော်၌ လူ့တို့သက်တမ်း ရှည်လွန်းသောကာလ၌ မင်းပြုခဲ့သော ဘုရားလောင်း မဃဒေဝမင်းကြီးသည် ဆံဖြူတစ်ပင် ဦးခေါင်း၌ ပေါက်သည်ကို မြင်သဖြင့် သေမင်းတမန်သည် ငါ့ဦးခေါင်း၌ အလံစိုက်လာပြီဟု သတိသံဝေဂရကာ တောထွက်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၂၊၂၆၂) (မ၊ဋ္ဌ၊၃၊၂၁၃) (ဇာ၊ဋ္ဌ၊၁၊၁၅၄)
မဃဝတ္ထု
ဤဝတ္ထုသည် ကုလာဝကဇာတကနှင့် တူသည်။ (ဒီ၊ဋ္ဌ၊၂၊၃၀၂)
မဃဝတ္ထု
ဤဝတ္ထု၌ ဝေသာလီပြည်သား မဟာလိလိစ္ဆဝီသည် ဘုရားရှင်အား ‘‘သိကြားမင်းကို မြင်တွေ့ ဖူးပါ၏လော’’ ဟု မေးလျှောက်ခဲ့ပုံ၊ မြတ်စွာဘုရားရှင်က သိကြားမင်းကို မြင်တွေ့ဖူးရုံသာမက မိမိကိုယ်တိုင်ပင် မဃလုလင်ဘဝ၌ သိကြားဖြစ်ရန် အကျင့်များကို ကျင့်၍ သိကြားမင်း ဖြစ်ခဲ့ဖူးကြောင်း မိန့်ကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၆၇)
မဃဝပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ နမ္မဒါမြစ်ကမ်းအနီး၌ နိရောဓသမာပတ် ဝင်စားနေတော်မူသော မြတ်စွာဘုရားကို ဖူးတွေ့ခဲ့ရ၍ ဖက်ထုပ်ပန်း(မဃဝပန်း)ဖြင့် ပူဇော်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၇၂)
မင်္ဂလဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် မဂဓတိုင်း ပုဏ္ဏားမျိုး၌ ဖြစ်စဉ် အရွယ်ရောက်သောအခါ ရသေ့ဝတ်၍ အဘိညာဉ်သမာပတ်တို့ကို ဖြစ်စေပြီး ဟိမဝန္တာ၌ နေခဲ့ပုံ၊ တစ်နေ့သောအခါ မြို့တွင်းသို့ ဆွမ်းခံကြွစဉ် မဂဓမင်းကြီးက ကြည်ညိုသွားပြီး မင်းဥယျာဉ်အတွင်း၌ သီတင်းသုံးနေထိုင်ရန် ပင့်ဖိတ်ခဲ့ပုံ၊ ကောတူဟလ မင်္ဂလာအယူရှိသော မိစ္ဆာဒိဋ္ဌိ ဒုဿလက္ခဏပုဏ္ဏားသည် သေတ္တာထဲ၌ ထည့်ထားသော မိမိ၏ ပုဆိုးတစ်စုံကို ကြွက်ကိုက်သွားသဖြင့် သားဖြစ်သူအား သုသာန်၌ စွန့်ပစ်ခိုင်းပုံ၊ ဘုရားအလောင်းရသေ့က ပံ့သကူသင်္ကန်းအဖြစ် ကောက်ယူသုံးဆောင်သဖြင့် ဒုဿလက္ခဏပုဏ္ဏားက ဘုရားအလောင်း ရသေ့ထံသွား၍ ‘‘ထိုကြွက်ကိုက်ထားသော အဝတ်အစားများကို မသုံးဆောင်သင့်ကြောင်း၊ သုံးဆောင်သောသူသည် အစစအရာရာ ဆုတ်ယုတ်ပျက်စီးတတ်ကြောင်း’’ ပြောဆိုတားမြစ်ပုံ၊ ဘုရားအလောင်းရသေ့က ပုဏ္ဏားကြီးအား ‘‘ဘုရားပစ္စေကဗုဒ္ဓါ အရိယာသူတော်ကောင်းများသည် ကောတူဟလမင်္ဂလာကို မယုံကြည်ကြကြောင်း၊ သင်ပုဏ္ဏားကြီးလည်း ပညာရှိတစ်ဦးဖြစ်သဖြင့် ထိုအယူကို မယုံကြည်သင့်ကြောင်း’’ တရားဟောသဖြင့် ဒုဿလက္ခဏပုဏ္ဏားကြီး ကောတူဟလ မင်္ဂလာအယူကို စွန့်လွှတ်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၉၄)
မင်္ဂလတာပသဝတ္ထု
ဤဝတ္ထုသည် သိဒ္ဓတ္ထဗုဒ္ဓဝံ၌ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၇)
မင်္ဂလဗုဒ္ဓဝံသ
ဤဗုဒ္ဓဝင်၌ မင်္ဂလဘုရားအလောင်းသည် ဥတ္တရမင်းကြီးနှင့် ဥတ္တရာဒေဝီမိဖုရားတို့မှ ဖွားမြင်တော်မူလာပြီး အရွယ်ရောက်သောအခါ ယသဝတီဒေဝီနှင့် ထိမ်းမြားခဲ့ပုံ၊ သီဝလမည်သော သားတော်လေးကို ရရှိသောအခါ သံဝေဂရ၍ တောထွက်ပြီး တရားကျင့်သဖြင့် မင်္ဂလဘုရားရှင်အဖြစ်သို့ ရောက်ရှိခဲ့ပုံ၊ မင်္ဂလဘုရားရှင်သည် ဘုရားလောင်းဘဝဖြင့် ပါရမီဖြည့်ခဲ့စဉ် သားနှင့်သမီးတို့ကို ခရဒါဌိကဘီလူးအား လှူဒါန်းသည့်အခါ ဘီလူးက မိမိရှေ့၌ပင် ချိုးဖဲ့ကိုက်စား ဝါးမျိုသဖြင့် ဘီလူး၏ ပါးစပ်မှ မီးတောက်မီးလျှံကဲ့သို့ သွေးသံရဲရဲ ထွက်ကျသည်ကို တွေ့မြင်ခဲ့ရပုံ၊ထိုအခါ ဘုရားလောင်းသည် ဒေါသထွက်ခြင်းမရှိဘဲ ဤကောင်းမှုကြောင့် ဘုရားအဖြစ်ကို ရရှိသည့်အခါ ရောင်ခြည်တော်များ အမြဲထွက်ပါစေသားဟု တောင်းဆုပြုခဲ့ပုံ၊ တစ်ဖန် ဘုရားရှင်တစ်ဆူ၏ စေတီတော်ကို ဖူးမြင်ရသည့်အခါ ကြည်ညိုလွန်းသဖြင့် မိမိခန္ဓာကိုယ်ကို မီးစာဖြင့် ပတ်၍ မီးရှို့ပြီး ဆီမီးခွက်များကိုလည်း ခေါင်းဖြင့် ရွက်ကာ စေတီတော်မြတ်အား တစ်ညဉ့်လုံး လှည့်ပတ်ပူဇော်ခဲ့ပုံ၊ ဤကောင်းမှုများ၏ အကျိူးဆက််ကြောင့် သဗ္ဗညုဘုရားရှင်အဖြစ်သို့ ရောက်သောအခါ မင်္ဂလဘုရားရှင်၏ ခန္ဓာကိုယ်မှ ရောင်ခြည်တော်များသည် လရောင်နေရောင်တို့ကို ဖုံးလွှမ်း၍ လောကဓါတ်တစ်သောင်း ပျံ့နှံ့၍ အမြဲတည်နေပုံ၊ မင်္ဂလဘုရားရှင် ပွင့်တော်မူရာ ခေတ်အခါ၌ ဘိက္ခု ဘိက္ခုနီ စသော တပည့်သာဝကများ အားလုံး ရဟန္တာချည်းသာ ဖြစ်ကြပုံ၊ မင်္ဂလဘုရားရှင်သည် အနှစ်၉-သောင်း ကာလပတ်လုံး လူနတ်ဗြဟ္မာ သတ္တဝါတို့အား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးလျက် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၁) (ဗုဒ္ဓဝံ၊ဋ္ဌ၊၁၇၀)
မစ္ဆဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ရေအိုင်ကြီးတစ်အိုင်၌ ငါးမင်း ဖြစ်ခဲ့ပုံ၊ မိုးခေါင်သဖြင့် ရေအိုင် ခန်းခြောက်၍ ငါးအပေါင်းတို့ သေကြေပျက်စီးကြရပုံ၊ ဘုရားအလောင်းငါးမင်းသည် ဆွေမျိုးတို့အား ကယ်တင်ရန် သစ္စာပြုသောကြောင့် သည်းထန်စွာ မိုးရွာခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၂၂၉) (ဇာ၊ဋ္ဌ၊၁၊၃၄၈)
မစ္ဆဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း၏ ပုရောဟိတ်ဆရာကြီး ဖြစ်ခဲ့ပုံ၊ မြစ်အတွင်း၌ ငါးကြီးတစ်ကောင်သည် ကိလေသာစိတ်မွှန်ကာ ငါးမနောက်သို့ လိုက်စဉ် တံငါသည်တို့၏ ပိုက်ကွန်အတွင်း၌ အဖမ်းခံရပုံ၊ တံငါသည်တို့က ငါးကြီးကို မသတ်သေးဘဲ သဲသောင်ပြင်အပေါ်၌ ပစ်ထားစဉ် ငါးကြီးက ‘‘မိမိအား တံငါသည်တို့သည် တံကျင်ဖြင့် ထိုးမည့်ဒုက္ခ၊ မီးကျီးခဲ၌ ကင်မည့်ဒုက္ခကို မစိုးရိမ်မပူပန်ကြောင်း၊ ငါးမသည် မိမိကို မတွေ့တော့သဖြင့် အခြား ငါးမနောက်သို့ လိုက်ပါသွားပြီလား-ဟုသာ တွေး၍ စိုးရိမ်ပူပန်ကြောင်း’’ ပြောဆိုလျက် ငိုကြွေးနေပုံ၊ ထိုအချိန်၌ ဘုရားလောင်း ပုရောဟိတ်ပုဏ္ဏား ရောက်ရှိလာပြီး တံငါသည်တို့ထံမှ ငါးကြီးကို တောင်းခံကာ မြစ်အတွင်းသို့ ပြန်လွှတ်ပေးခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၂၆) (ဇာ၊ဋ္ဌ၊၂၊၁၆၂)
မစ္ဆဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ စန္ဒဘာဂါမြစ်ကမ်းအနီး၌ ဝံလိုငှက် ဖြစ်ခဲ့ပုံ၊ ကြီးမားသော ငါးတစ်ကောင်ကို ရ၍ သိဒ္ဓတ္ထဘုရားရှင်အား လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၆၂)
မစ္ဆရိယကောသိယသေဋ္ဌိဝတ္ထု
ဤဝတ္ထု၌ မစ္ဆရိယကောသိယသူဌေးသည် ကုဋေရှစ်ဆယ် ကြွယ်ဝချမ်းသာသော်လည်း မည်သူအားမျှ မပေးလှူဘဲ နှမြောတွန့်တိုလှပုံ၊ တစ်နေ့တွင် မုန့်အိုးကင်းကို စားလိုသဖြင့် ဘုံခုနစ်ဆင့်သို့တက်ကာ တံခါးကို အလုံပိတ်၍ မယားကို အကြော်ခိုင်းပုံ၊ အရှင်မောဂ္ဂလာန်သည် တန်ခိုးဖြင့်ကြွရောက်လာပြီး အလှူခံရာမှစ၍ သာသနာတော်၌ ကြည်ညိုလာခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၃၂)
မစ္ဆုဒ္ဒါနဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် သူကြွယ်မျိုး၌ ဖြစ်၍ ကုန်ရောင်းကုန်ဝယ် သွားသည့်အခါ ဂင်္ဂါမြစ်အတွင်းရှိ ငါးများကို အစာကျွေး၍ မြစ်စောင့်နတ်အား အမျှအတန်း ပေးဝေပုံ၊ ညီငယ်ဖြစ်သူက အကောက်ကြံ၍ အသပြာထောင်ထုပ်ကို ကျောက်စရစ်ခဲထုပ်ဖြင့် လဲထားပြီး ကျောက်စရစ်ခဲထုပ်ဟု ထင်မှတ်ကာ အသပြာထုပ်ကို ဂင်္ဂါမြစ်အတွင်းသို့ ပစ်ချပုံ၊ မြစ်စောင့်နတ်၏ ကူညီစောင့်ရှောက်မှုကြောင့် ငါးကြီးတစ်ကောင်၏ ဝမ်းဗိုက်မှတစ်ဆင့် အသပြာတစ်ထောင် ပြန်လည်ရရှိသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၈၁)
မဇ္ဈန္တိကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မဇ္ဈန္တိကရဟန္တာမထေရ်ကြီးသည် အဖိုးတစ်မတ်မျှသာ ထိုက်တန်သည့် သပိတ် သင်္ကန်းတို့ကို သုံးဆောင်လေ့ရှိပုံ၊ အသောကမင်းကြီး၏ ကျောင်းလှူပွဲ၌ သံဃထေရ်ဖြစ်ခဲ့ပုံ၊ အလွန်ဆင်းရဲ နွမ်းပါးသည်ကို တွေ့မြင်ပြီး လူအများက အထင်အမြင်သေးကာ အပြင်အပ၌ ခဏစောင့်ခိုင်းကြပုံ၊ ရဟန္တာမထေရ်ကြီးက မြေလျှိုးလျက် ဆွမ်းကို အလှူခံပြီး တစ်ဖန်မြေပြင်၌ ရပ်၍ကြွသွားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၅၈)
မဉ္စဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား ညောင်စောင်းတစ်ခု ပြုလုပ်လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရ၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၀၂)
မဉ္ဇရိပူဇကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်နှစ်ကမ္ဘာအထက်၌ ဖုဿဘုရား ရှင်ကို ဖူးမြင်ရသောအခါ ပန်းခိုင်ကို ပြုလုပ်၍ လက်နှစ်ဖက်ဖြင့် ကိုယ်ထိလက်ရောက် ဘုရားရှင်အား လှူဒါန်းပူဇော်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်းမရှိခဲ့ဘဲ လွန်ခဲ့သော ခုနစ်ဆယ့်သုံးကမ္ဘာအထက်၌ ဇောတိယမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၅၇)
မဉ္ဇိဋ္ဌကဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့သား ဥပါသကာတစ်ဦးသည် ဘုရားအမှူးရှိသော သံဃာတော်တို့အား မိမိအိမ်သို့ ပင့်ဖိတ်၍ ခမ်းနားသော မဏ္ဍပ်ကြီးထိုးကာ ဆွမ်းကပ်ခဲ့ပုံ၊ ကျွန်မတစ်ဦးသည် အန္ဓဝန်တောထဲမှ အင်ကြင်းပန်းများ ခူးလာပြီး ရောင်ခြည်တော်ခြောက်သွယ်တို့ဖြင့် တင့်တယ်လှသော ဘုရားရှင်အား ကြည်ညိုလှသဖြင့် ပန်းများကို ဖြန့်ကျဲပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ထိုကျွန်မ ကွယ်လွန်သောအခါ တာဝတိံသာနတ်ပြည်၌ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၆၀)
မဋ္ဌကုဏ္ဍလီဒေဝပုတ္တဝတ္ထု
ဤဝတ္ထု၌ အဒိန္နပုဗ္ဗက အမည်ရှိသော ပစ္စည်းဥစ္စာပေါများပြီး သဒ္ဓါတရားခေါင်းပါးသော မိစ္ဆာဒိဋ္ဌိပုဏ္ဏားကြီးသည် ရောဂါကျွမ်းနေသောကြောင့် သေငယ်ဇောဖြင့် မျောနေသည့် မဋ္ဌကုဏ္ဍလီ အမည်ရှိသော သားအား အိမ်ပြင်သို့ ထုတ်ထားခဲ့ပုံ၊ ထိုအခါ မိမိအနီးသို့ ကြွရောက်တော်မူလာသော ဘုရားရှင်အား လက်အုပ်ချီ ရှိခိုးရသော ကုသိုလ်ကောင်းမှုကြောင့် တာဝတိံသာနတ်ပြည်၌ ဖြစ်ပြီး မိမိဖခင်အား ရတနာသုံးပါးကို ကိုးကွယ်ရန်တိုက်တွန်းသဖြင့် ဖခင် ပုဏ္ဏားကြီး ဗုဒ္ဓဘာသာဝင် ဖြစ်လာခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဝိမာန၊၁၁၃) (ဓမ္မ၊ဋ္ဌ၊၁၊၁၆) (ဝိမာန၊ဋ္ဌ၊၃၀၃) (ပေတ၊ဋ္ဌ၊၈၇) (ဇာ၊ဋ္ဌ၊၄၊၅၉)
မဏိကဏ္ဌဇာတက
ဤဇာတ်တော်၌ အာဠဝီတိုင်းသား ရဟန်းတော်များသည် ကိုယ်တိုင်ကျောင်းငယ်များ ဆောက်လုပ်ရန်အတွက် လူဒါယကာများထံမှ သစ်ဝါးစသည်များကို ကြိမ်ဖန်များစွာ တောင်းခံလေ့ရှိကြပုံ၊ လူဒါယကာများသည် ရဟန်းများကိုမြင်သည်နှင့် ကြောက်လန့်၍ ပြေးလွှားပုန်းအောင်းကြပုံ၊ ဘုရားရှင်က အတိတ်ဇာတ်ကြောင်းကိုဆောင်၍ သိက္ခာပုဒ်ပညတ် တော်မူပုံ၊ တောင်းရမ်းမှုကို လူမဆိုထားနှင့် တိရစ္ဆာန်များပင် မနှစ်သက်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၂၂၀) (ဇာ၊ဋ္ဌ၊၂၊၂၅၇)
မဏိကာရကုလူပကတိဿတ္ထေရဝတ္ထု
ဤဝတ္ထု၌ တိဿမထေရ်သည် ကျောက်သွေးသမား ဒကာ၏ အိမ်ထဲသို့ ဆွမ်းခံကြွစဉ် ဒကာသည် ဘုရင့်ပတ္တမြားကို သွေးနေရာမှ ထသွားသောအခါ ကြိုးကြာက ပတ္တမြားကိုမျိုခဲ့ပုံ၊ ဒကာသည် မထေရ်ကို ‘‘ပတ္တမြားခိုးသူ’’ဟု စွပ်စွဲ၍ ရိုက်နှက်စစ်မေးပုံ၊ မထေရ်ထံမှ ယိုစီးလာသော သွေးကို သောက်ရန်လာသော ကြိုးကြာအား ဒါယကာက ကန်လိုက်၍ သေသောအခါမှ ပတ္တမြားကိုပြန်ရပုံ၊ မထေရ်သည် ပတ္တမြားကို ကြိုးကြာမျိုလိုက်ကြောင်း မပြောခဲ့သည်မှာ ကြိုးကြာအသက်ခံရမှာစိုး၍ ဖြစ်ပုံ၊ အိမ်သို့ ဝင်၍ ဆွမ်းခံရပ်သည်ထက် သလုံးမြင်းခေါင်း ကိုသာ အားပြု၍ ဆွမ်းခံရပ်သည်က အန္တရာယ်ကင်းကြောင်း မှတ်သားသင့်ပုံ စသော အကြောင်း အရာများပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၂)
မဏိကုဏ္ဍလဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီမင်းဖြစ်စဉ် နန်းတွင်း၌ ပျက်စီးနေသော အမတ်တစ်ယောက်သည် ကောသလမင်းကို ခေါ်ဆောင်ကာ ကာသိတိုင်းကို သိမ်းစေ၍ ဘုရားအလောင်း ဗာရာဏသီမင်းကို ဖမ်း၍ အကျဉ်းချစေခဲ့ပုံ၊ ဘုရားအလောင်း ဗာရာဏသီမင်းက ဈာန်ရအောင် အားထုတ် ၍ကောင်းကင်၌ ထိုင်နေသောအခါ ခိုးသူမင်း တစ်ကိုယ်လုံး ပူလောင်ပြင်းပြ ခံစားရပုံ၊ ဘုရားအလောင်းက တရားဟောပြသောအခါ ခိုးသူမင်းက ဝန်ချတောင်းပန်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၄၂)
မဏိစူဠကဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ‘‘ရဟန်းတို့အား ရွှေငွေသည် အပ်စပ်သည်’’ဟု နန်းတွင်းပရိသတ်တို့က ပြောဆိုနေကြသဖြင့် မဏိစူဠကရွာသူကြီးက မအပ်စပ်ကြောင်း ငြင်းဆိုပုံ၊ ဘုရားရှင်ထံရောက်လာပြီး လျှောက်ထား သောအခါ ဘုရားရှင်က ‘‘ရွှေငွေသည် ရဟန်းတို့အား မအပ်၊ ရွှေငွေအပ်လျှင် ကာမဂုဏ် ငါးပါးလည်း အပ်သည်သာ၊ မည်သည့်ပရိယာယ်နှင့်မျှ ရွှေငွေကို မသာယာအပ်’’ဟု ဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၂၊၅၀၉)
မဏိစောရဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် သူကြွယ်မျိုး၌ဖြစ်၍ နတ်သမီးတမျှ ချောမောလှပသည့် သုဇာတာ အမျိုးသမီးနှင့် ထိမ်းမြားလက်ထပ်ခဲ့ပုံ၊ တစ်နေ့သောအခါ မိဘထံသို့သွားစဉ် ဗာရာဏသီမင်းနှင့် တွေ့ဆုံခဲ့ပုံ၊ မင်းကြီးက သုဇာတာကို စွဲလန်းနှစ်သက်သဖြင့် ဘုရားအလောင်းအား ပတ္တမြားဥသျှောင်သူခိုးဟု စွပ်စွဲလျက် သတ်မိန့်ပေးပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၁၀)
မဏိထူဏဝတ္ထု
ဤဝတ္ထု၌ ရဟန်းတော်တို့သည် တောကျောင်း၌ သီတင်းသုံးကြစဉ် ဆွမ်းခံဝင်ရာ ရွာလမ်းကို ဥပါသကာတစ်ယောက်သည် ညီညာအောင် ဆူးများ ခြုံပုတ်များ မရှိအောင် ရှင်းလင်း ပြုပြင်ခဲ့ပုံ၊ ရေကြီးချိန်၌ မြောင်းကျော်တံတားထိုးပြီးလျှင် အပင်မရှိသော နေရာ၌ အရိပ်ရပင်များကို စိုက်ပျိုးကာ ဆိပ်ကမ်းများကို ပြုပြင်ခဲ့ပုံ၊ ထိုကုသိုလ် ကောင်းမှုတို့ကြောင့် တာဝတိံသာနတ်ပြည် ရွှေဗိမာန်ကြီး၌ နတ်သား ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဝိမာန၊၁၀၄) (ဝိမာန၊ဋ္ဌ၊၂၈၂)
မဏိပူဇကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဤမဏိပူဇကမထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်အား မိမိဦးခေါင်း၌ ပန်ဆင်ထားသော ပတ္တမြားရတနာကို ဖြုတ်၍ လှူဒါန်းခဲ့ပုံ၊ မြတ်နိုးဖွယ်ရာဝတ္ထုကို လှူဒါန်းလျှင် မြတ်နိုးဖွယ်ရာ အကျိုးထူးကို ခံစားရပုံ၊ ထိုကုသိုလ်၏ အကျိုးဆက်ကြောင့် သိကြားမင်း ဘဝ ကမ္ဘာခြောက်ဆယ်, စကြာမင်းဘဝ မရေတွက်နိုင်အောင် ရရှိခဲ့ပုံ၊ ဖြစ်လေရာ ဘဝတိုင်း၌ မိမိခန္ခာကိုယ်၌ ပတ္တမြားရောင်လွှမ်းနေခဲ့ပုံ၊ ကမ္ဘာတစ်သိန်း အပါယ်မလားဘဲ လူချမ်းသာ တစ်လှည့် နတ်ချမ်းသာတစ်လှည့် ခံစားခဲ့ရပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော် ရောက်သောအခါ၌ အာသဝေါကုန်ခန်း၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၄၆)
မဏိသူကရဇာတက
ဤဇာတ်တော်၌ တိတ္ထိများသည် လာဘ်လာဘရှားပါးလာသဖြင့် သုန္ဒရီပရိဗိုဇ်မနှင့် ပေါင်းကာ ဘုရားရှင်၏ အကျော်အစောမဲ့ကို ကြံစည်ပြုလုပ် အားထုတ်ကြပုံ၊ သုန္ဒရီပရိဗိုဇ်မ အသတ်ခံရသဖြင့် ကောသလမင်းကြီး စုံစမ်းစစ်ဆေးခဲ့ပုံ၊ ကောသလမင်းကြီး အဖြစ်မှန်ကို သိသွားသဖြင့် တိတ္ထိများအား သတ်မိန့်ပေးခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၇၃)
မဏ္ဍပဒါယိကာထေရီဝတ္ထု
ဤဝတ္ထု၌ ထေရီလောင်းလျာသည် ကောဏာဂုံဘုရားရှင်အား ဆွမ်းနှင့် တိစိဝရိတ်သင်္ကန်း ဆက်ကပ် လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ဝေသာလီပြည် လိစ္ဆဝီ မင်းသမီး ဖြစ်၍ ဘိက္ခုနီပြုကာ ရဟန္တာထေရီ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (အပ၊၂၊၁၈၉)
မဏ္ဍူကဒေဝပုတ္တဝတ္ထု
ဤဝတ္ထု၌ ဂဂ္ဂရာရေကန် အနီး၌ ဘုရားရှင် တရားဟောတော်မူသောအခါ ဖားငယ်တစ်ကောင်သည် ဘုရားရှင်၏ သာယာသော အသံတော်ကို နာကြားနေပုံ၊ နွားကျောင်းသားက တုတ်နှင့်ထောက်သဖြင့် ဖားငယ်သေဆုံးခဲ့ပုံ၊ တိရစ္ဆာန်ပင်ဖြစ်သော်လည်း တရားတော်ကို ရိုသေစွာ နာကြားရခြင်းကြောင့် နတ်ပြည်သို့ ရောက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၁၊၉၄) (ဝိမာန၊ဋ္ဌ၊၂၀၁) (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၂၀၂)
မတကဘတ္တဇာတက
ဤဇာတ်တော်၌ ဒိသာပါမောက္ခပုဏ္ဏား ဆရာကြီးသည် သိုးတစ်ကောင်ကို ခေါင်းဖြတ်၍ မတကဘတ် (ကွယ်လွန်သူကို ရည်မှန်၍ ဆွမ်းလှူခြင်း) ပြုလုပ်ခဲ့သဖြင့် ဘဝငါးရာပတ်လုံး ခေါင်းဖြတ်အသတ်ခံခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၈၂)
မတရောဒနဇာတက
ဤဇာတ်တော်၌ သူဌေးမျိုး၌ဖြစ်သော ဘုရားအလောင်း၏ အစ်ကိုကြီး ကွယ်လွန်သဖြင့် မိသာစုအားလုံး ငိုကြသော်လည်း ဘုရားအလောင်းက မငိုခဲ့ပုံ၊ သို့ဖြစ်၍ လူအများက မေးမြန်းကြသောအခါ ဘုရားလောင်းက သင်္ခါရတရားများသည် အမြဲမရှိကြ ချုပ်ပျက်တတ်ကြ၏ ငိုကြွေးခြင်းသည် အပိုသာ ဖြစ်၏၊ မသေမီ ကုသိုလ်တရားများကို ပြုလုပ်ထားသင့်၏-ဟု ဟောပြခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၅၂)
မတသန္တကဝတ္ထု
ဤဝတ္ထု၌ ရဟန်းနှစ်ပါးသည် ကောသလတိုင်း၌ လှည့်လည်နေစဉ် ကျောင်းတစ်ကျောင်း၌ ဖျားနာနေသော ရဟန်းကို တွေ့၍ ပြုစုကြပုံ၊ ထိုရဟန်း ပျံတော်မူသောအခါ ထိုရဟန်း၏ သပိတ်သင်္ကန်းကို သံဃာပိုင်သော်လည်း ကျေးဇူးများသည့် ပြုစုသူတို့အား တိစီဝရိက်နှင့် သပိတ်ကို ပေးနိုင်ကြောင်း ဘုရားရှင်က ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၁၉)
မတ္တာပေတိဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့သား သူကြွယ်တစ်ဦးသည် သဒ္ဓါတရားနှင့် ပြည့်စုံ၍ သူ၏ မိန်းမမှာမူ သဒ္ဓါတရားနည်းပါးသူ ဖြစ်ခဲ့ပုံ၊ အမည်မှာ မတ္တာဖြစ်၍ မာယာပရိယာယ်များသူ ဖြစ်ခဲ့ပုံ၊ သူကြွယ်သည် သားသမီးမရသဖြင့် တိဿာအမည်ရှိသော အမျိုးသမီးကို ထပ်မံယူခဲ့ရာ တိဿာသည် သဒ္ဓါတရားရှိပြီး သံဃာတော်တို့ကို အမြဲဆွမ်းကပ်လေ့ရှိပုံ၊ မယားဟောင်းသည် မနာလို၍ တိဿာ၏ ဦးခေါင်းပေါ်သို့ အမိုက်များကို သွန်ချခဲ့ပုံ၊ ထိုအကုသိုလ်ကြောင့် ကွယ်လွန်သောအခါ ပြိတ္တာ ဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ပေတ၊၁၄၁) (ပေတ၊ဋ္ဌ၊၇၆)
မဓုဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိန္ဓုမြစ်ကမ်းအနီး သင်္ခမ်းကျောင်း၌ တပည့်ရသေ့တို့အား ဝေဒကျမ်းများ ပို့ချသော ဆရာရသေ့ကြီး ဖြစ်ခဲ့ပုံ၊ လောက၌ သုမေဓဘုရားရှင် ပွင့်တော်မူလာပြီး ထိုရသေ့တို့ထံ ကြွလာတော်မူပုံ၊ ဆရာရသေ့ကြီးသည် ဘုရားရှင်အား မြက်အခင်း လှူဒါန်းပြီး ပျားရည်ကိုပါ လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် အပါယ်လေးပါး မလားခဲ့ရဘဲ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၈၀)
မဓုပိဏ္ဍိကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ သိဒ္ဓတ္ထဘုရားရှင်အား ပျားရည်ကို လှူဒါန်းခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော သုံးဆယ့်လေးကမ္ဘာအထက်၌ သုဒဿနမည်သော စကြဝတေးမင်းလေးကြိမ် ဖြစ်ခဲ့ပုံ၊ ထိုသို့ သုဒဿနမင်းဖြစ်သောအခါ ထိုမင်းအတွက် ပျားရည်သည် ကြာစွယ်တို့မှ ယိုစီးခဲ့ပုံ၊ စားသုံးသောအခါ၌လည်း ပျားရည်မိုးရွာသကဲ့သို့ ပျားရည်များ ယိုထွက်လာခဲ့ပုံ၊ သံသရာ၌ ထိုသို့ ကောင်းကျိုးများ ခံစားပြီးနောက် ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၅၀)
မဓုမံသဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ဗန္ဓုမတီမြို့တွင် ဝက်သားသည် ဖြစ်ခဲ့ပုံ၊ သံဃာ့အစည်းအဝေးသို့ သွား၍ သပိတ်တစ်လုံးယူခဲ့ပြီး ကောင်းမြတ်သော အသားတို့ကို ထည့်ကာ ရဟန်းသံဃာတို့အား ပေးလှူခဲ့ပုံ၊ ထိုအစည်းအဝေးမှ မထေရ်ကြီးသည် ‘‘ဤကောင်းမြတ်သော အသားဖြင့် ပြည့်သော သပိတ်တော်ကို လှူရခြင်းကြောင့် ပြန့်ပြောသော ချမ်းသာကို ရစေသော’’ဟု ဆုပေးခဲ့ပုံ၊ ထိုဘဝမှ စုတေသောအခါ တာဝတိံသာနတ်ပြည်သို့ ရောက်၍ ပြန့်ပြောသော ချမ်းသာကို ခံစားခဲ့ရပုံ၊ ထိုဝက်သားလှူခဲ့သော ဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၄၃၇)
မဓုရဝတ္ထု
ဤဝတ္ထု၌ အရှင်မဟာကစ္စည်းအထံ အဝန္တီမင်းသမီး၏သား မဓုရာမင်း ရောက်ရှိလာပြီး ‘‘အမျိုးလေးပါးတို့တွင် ဗြာဟ္မဏမျိုး အမြတ်ဆုံး ဖြစ်သည်ဟူသော စကားကို လက်ခံပါသလော’’ဟု မေးလျှောက်ခဲ့ပုံ၊ မထေရ်က ရာထူး၊ အာဏာ၊ ရွှေ၊ ငွေရှိသူသာ မြတ်၏-ဟု တစ်လောကလုံးက ယူဆကြကြောင်း ဥပမာပြ၍ ဟောတော်မူပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (မ၊၂၊၂၇၀)
မဓုဝါဏိဇကဝတ္ထု
ဤဝတ္ထု၌ ပျားရည်ကုန်သည် ညီနောင်သုံးဦးတို့သည် ညီအငယ်ဆုံးက ပျားရည်ရောင်းပြီး အစ်ကိုလတ်နှင့် အစ်ကိုကြီးက တောထဲ၌ ပျားရည်ရှာကြပုံ၊ အားနည်းသော အနာရောဂါအတွက် ပျားရည်အလှူခံကြွလာသော ပစ္စေကဗုဒ္ဓါတစ်ပါးအား ရေခပ်လာသောကျွန်မက ပျားရည် ရနိုင်သည့်ဌာနကို လမ်းညွှန်ပြခဲ့ပုံ၊ ညီအငယ်ဆုံးသည် ပျားရည်များကို သပိတ်အပြည့် လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကြောင့် ညီအငယ်မှာ သိရိဓမ္မာသောကမင်းဖြစ်၍ အကိုလတ်သည် သီဟိုဠ်ကျွန်းဒေဝါနံပိယတိဿမင်း၊ နောင်တော်ကြီးမှာ နိဂြောဓသာမဏေဖြစ်ခဲ့ကြ၍၊ ရေခပ်သည့် ကျွန်မမှာ အသန္ဓိမိတ္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သာရတ္ထ၊ဋီ၊၁၊၁၂၉)
မနောဇဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်း ခြင်္သေ့၏သား မနောဇသည် အရွယ်ရောက်သောအခါ မိဘနှင့် နှမတို့အား အစာရှာ၍ကျွေးမွေးခဲ့ပုံ၊ တစ်နေ့တွင် မနောဇသည် မြေခွေးတစ်ကောင်နှင့်ပေါင်းသင်းမိပုံ၊ အောက်ကျသော မြေခွေးနှင့် အပေါင်းအသင်း မလုပ်ရန် ဖခင်က တားမြစ်သည်ကို မနာယူခဲ့ပုံ၊ တစ်နေ့မှာ မြင်းသား စားရန် မြေခွေးက တိုက်တွန်းသဖြင့် ဘုရင်၏ မြင်းများကို နန်းတော်တွင်းသို့ဝင်၍ ကိုက်ချီ သတ်စားရာ ဆိပ်လူးမြား အပစ်ခံရ၍ သေဆုံးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၀၂)
မန္တာဏီပုတ္တပုဏ္ဏတ္ထေရဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရား ဖွားတော်မူရာ ဇာတိဘူမကအရပ်၌ သီတင်းသုံးနေသော မန္တာဏီပုဏ္ဏေးမ၏သား အရှင်ပုဏ္ဏမထေရ်သည် အမေးပုစ္ဆာပြဿနာများကို ဆန်းကြယ်စွာ ဟောပြောတတ်ကြောင်း ကြားသိရသဖြင့် အရှင်သာရိပုတ္တရာမထေရ်သည် အရှင်ပုဏ္ဏမထေရ်ထံ သွားရောက်တွေ့ဆုံပြီး ဝိသုဒ္ဓိ (၇)ပါးအကြောင်း မေးမြန်းတော်မူခဲ့ပုံ၊ အရှင်ပုဏ္ဏမထေရ်က ရထာ ခုနစ်စီးဥပမာဖြင့် လျှောက်ထားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၁၊၁၉၉) (မ၊ဋ္ဌ၊၂၊၄၀)
မန္တာဏီပုတ္တပုဏ္ဏတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်ပုဏ္ဏမထေရ်သည် ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်တော်အခါ၌ ဂေါတမ ရသေ့ဖြစ်၍ ဘုရားရှင်ကို ဆည်းကပ်ကာ ကောင်းမှုပြု၍ တောင်းဆုပြုခဲ့ပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ အညာသိကောဏ္ဍည မထေရ်၏တူဖြစ်၍ သာသနာတော်သို့ ဝင်ရောက်ခဲ့ပုံ၊ ဓမ္မကထိက ဧတဒဂ်ရ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၁၅၆)
မန္ဒာရဝပုပ္ဖပူဇကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော သုံးဆယ့်တစ်ကမ္ဘာအထက်၌ နတ်သားဖြစ်၍ သိခီဘုရားရှင်အား မန္ဒာရဝနတ်ပန်းဖြင့် လှူဒါန်းပူဇော်ခဲ့ပုံ၊ နတ်ပန်းသည် ခုနစ်ရက်ပတ်လုံး ဘုရားရှင်၌ အမိုးဖြစ်ခဲ့ပုံ၊ မန္ဒာရဝနတ်ပန်းလှူဒါန်းခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်သို့ လားရောက်ခြင်းမရှိခဲ့ဘဲ လွန်ခဲ့သော ဆယ်ကမ္ဘာအထက်၌ ဇုတိန္ဓရအမည်ရှိသော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၉၆)
မန္ဒာရဝပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာ နတ်သားသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ တာဝတိံသာနတ်ပြည်မှ မန္ဒာရဝနတ်ပန်းကို ယူ၍ လူ့ပြည်သို့ ဆင်းလာပြီး သမာပတ်ဖြင့် နေတော်မူသော ဝိပဿီဘုရားရှင်၏ ဦးခေါင်းတောကို ဆောင်းမိုးလှူဒါန်းခဲ့ပုံ၊ ခုနစ်ရက်ပတ်လုံး ဆောင်းမိုးပေးခဲ့ပြီး နတ်ပြည်သို့ ပြန်လာခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိတော့ဘဲ ဤဘုရားရှင့် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၃၀)
မန္ဓာတုဇာတက
ဤဇာတ်တော်၌ ကမ္ဘာဦးကာလက မဟာသမ္မတမင်း၏ သားတော်အစဉ်အဆက်တို့ ရှိခဲ့ကြပုံ၊ ဥပေါသထမင်း၏ သားတော်သည် မန္ဓာတုမင်းမည်ပုံ၊ မန္ဓာတုမင်းသည် လူ့ပြည်၌ ကာမဂုဏ်အလိုဆန္ဒ မပြည့်ဝသဖြင့် စတုမဟာရာဇ် နတ်ပြည်သို့ တက်သွားခဲ့ပုံ၊ စတုမဟာရာဇ် နတ်ပြည်၌လည်း အားရတင်းတိမ်းမှုမရှိသဖြင့် တာဝတိံသာနတ်ပြည်သို့တက်သွားခဲ့ပုံ၊ သိကြားမင်းကိုပင် သတ်လျက် တာဝတိံသာနတ်ပြည် တစ်ခုလုံးကို အုပ်ချုပ် မင်းလုပ်မည်ဟု ကြံစည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၇၂) (မ၊ဋ္ဌ၊၁၊၂၃၀) (ဓမ္မ၊ဋ္ဌ၊၂၊၁၅၅) (ဇာ၊ဋ္ဌ၊၂၊၂၈၁)
မယှကဇာတက
ဤဇာတ်တော်၌ သာဝတ္ထိပြည်သား အာဂန္တုကသူဌေးသည် ဥစ္စာများစွာ ကြွယ်ဝသော်လည်း ကောင်းသော အာဟာရကို မစားသောက်ဘဲ ပုန်းရည်ဟင်းနှင့် ဆန်ကွဲထမင်းကိုသာ စားလေ့ရှိပုံ၊ အဝတ်ကောင်း၊ ရထားကောင်း၊ ထီးကောင်း၊ ပစ္စည်းကောင်းကိုလည်း မသုံးဆောင်နိုင်ပုံ၊ ကုသိုလ်ကောင်းမှု တစ်စုံတစ်ခုမျှ မပြုဘဲ ကွယ်လွန်သောအခါ ရောရုဝငရဲ၌ ဖြစ်ခဲ့ပုံ၊ ပစ္စည်းအားလုံး မင်းဘဏ္ဍာ ဖြစ်ခဲ့ရပုံ၊ ထို့အကြောင်းကို ကောသလမင်းက ဘုရားရှင်အား မေးမြန်းလျှောက်ထားသောအခါ၊ ရှေးဘဝ ဗာရာဏသီသူဌေးဖြစ်စဉ်က တဂရသိခီပစ္စေကဗုဒ္ဓါအား ဆွမ်းလှူဒါန်းခဲ့သည့် ကုသိုလ်ကြောင့် ဥစ္စာပေါများသော်လည်း လှူပြီးသောဆွမ်းကို ကြည့်၍ အပရစေတနာ ချိုးတဲ့ခဲ့သောကြောင့် မသုံးဆောင်ရက်ကြောင်း ဘုရားရှင်က ဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၈၀)
မရီစိကမ္မဋ္ဌာနိကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် ခန္ဓာကိုယ်အတ္တဘောကို တံလျှပ်၊ ရေမြှုပ်တို့နှင့် နှိုင်းယှဉ်၍ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၁၃)
မရုကန္တာရဝတ္ထု
ဤဝတ္ထု၌ ဗကဗြဟ္မာလောင်းလျာ ရသေ့ကြီးသည် ဂင်္ဂါမြစ်ကမ်း၌ နေတော်မူစဉ် လှည်းကုန်သည်တစ်ဦးသည် လှည်းပေါင်းငါးရာဖြင့် သဲကန္တာရကို ဖြတ်သွားပုံ၊ ကုန်သည်များ လမ်းမှားပြီး အစာရေစာငတ်မွတ်နေချိန်၌ ရသေ့ကြီးက အစာရေစာများ ဖန်ဆင်းပေးပြီး ကယ်တင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၁၉၂)
မရုကန္တာရဝတ္ထု
ဤဝတ္ထု၌ အမျိုးသမီးတစ်ဦးသည် သဲကန္တာရခရီးထွက်ခွာစဉ် အတူလာသော လှည်းကုန်သည်တို့နှင့် ကွဲကွာ၍ ကျန်ရစ်ခဲ့ပုံ၊ နေ့အခါရောက်သောအခါ နေမင်းကြီးပေါ်ထွက်လာချိန်၌ သဲတို့ တဖြည်းဖြည်း ခြစ်ခြစ်တောက်ပူလာ၍ ခြေမချနိုင်တော့ဘဲ ခေါင်းမှ တောင်းကို ချ၍ နင်းထားရပုံ၊ အပူပြင်းထန်လာသဖြင့် အဝတ်အစားများနှင့် ရင်ခွင်မှ သားငယ်ကို ဝမ်းလျားမှောက် ချကာ တက်နင်းပြီးနေရပုံ၊ အပူပြင်းလွန်းသဖြင့် ထိုနေရာမှာပင် နောက်ဆုံးတွင် သေဆုံးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၂၊၂၆၈)
မလိတဝမ္ဘတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဟိမဝန္တာတော ဇာတဿရအိုင်ကြီး၌ ငှက် ဖြစ်ခဲ့ပုံ၊ ထိုစဉ်က ပဒုမုတ္တရဘုရားရှင်အား ကုမုဒြာကြာတို့ဖြင့် လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ကုရုကစ္ဆမြို့ ပုဏ္ဏားမျိုး၌ ဖြစ်ခဲ့ပုံ၊ ပစ္ဆာဘူမထေရ်ကြီးထံ ကပ်ရောက်၍ ရဟန်းဖြစ်လာခဲ့ပြီးနောက် ဝိပဿနာတရား ရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၆၇)
မလိယဒေဝတ္ထေရဝတ္ထု
ဤဝတ္ထု၌ မလိယဒေဝမထေရ်သည် ရဟန်းသုံးဝါအရတွင် ကလ္လရွာငယ်ရှိ မဏ္ဍလာရာမ ကျောင်းတိုက်ကြီး၌ စာပေသင်ယူခြင်း, ဝိပဿနာပွားများခြင်းတို့ကို အားထုတ်လေ့ရှိပုံ၊ ကလ္လရွာသူ ဥပါသိကာမကြီးက စာပေကျမ်းဂန် သင်ယူနေသမျှ ကာလ ပတ်လုံး အမြဲတမ်း ဆွမ်းခံကြွရန် ပင့်ဖိတ်ခဲ့ပုံ၊ ဆွမ်းအနုမောဒနာ ပြုတိုင်း‘‘သုခံ ဟောတု ဒုက္ခာ မုစ္စတု ချမ်းသာပါစေ- ဆင်းရဲမှ လွတ်ကင်းပါစေ’’ဟူသော စကားနှစ်ခွန်းကိုသာ ဟောပြောလေ့ရှိပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၂၉)
မလ္လိကာဒေဝီဝတ္ထု
ဤဝတ္ထု၌ မလ္လိကာမိဖုရားကြီးသည် ရေချိုးအိမ်အတွင်း၌ အကျွမ်းတဝင် မွေးထားသော ခွေးတစ်ကောင်နှင့် ပြစ်မှားကျူးလွန်နေစဉ် ကောသလမင်းကြီး တွေ့မြင်သဖြင့် အဘယ့်ကြောင့် ဤမျှလောက် ယုတ်မာသောအမှုကို ပြုရသနည်းဟု ပြောကြားခဲ့ပုံ၊ မလ္လိကာမိဖုရားကြီးက မဟုတ်ရပါကြောင်း ငြင်းဆိုပြီး ကောသလမင်းကြီးကို ရေချိုးအိမ်အတွင်း ဝင်စေကာ ဆိတ်မတစ်ကောင်နှင့် လွန်ကျူးနေကြောင်း လိမ်ညာ၍ စွပ်စွဲပြောဆိုခဲ့ပုံ၊ ကွယ်လွန်သောအခါ ထိုမကောင်းမှုကို သတိရနေသဖြင့် အဝီစိငရဲ၌ ခုနစ်ရက် ခံစားခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၇၅)
မလ္လိကာဝတ္ထု
ဤဝတ္ထု၌ မလ္လလိကာမိဖုရားကြီးသည် မိဖုရားမဖြစ်မီ ရှေးအဖို့က ပန်းသည်မလေးဘဝဖြင့် ကျင်လည်ကျက်စားခဲ့ပုံ၊ တစ်နေ့သောအခါ ဘုရားရှင် ဆွမ်းခံကြွလာစဉ် မိမိစားရန် ယူလာသောမုန့်ကို ဘုရားရှင်အား လှူဒါန်းခဲ့ပုံ၊ ထိုနေ့၌ပင် ကောသလမင်းကြီးနှင့် တွေ့ပြီး မိဖုရားမြောက်ခြင်း ခံခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၇၄) (သံ၊ဋ္ဌ၊၁၊၁၂၉) (သံ၊ဋီ၊၁၊၁၇၈)
မလ္လိကာဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သူကြွယ်တစ်ယောက်သည် မိမိ၏ တစ်ဦးတည်းသောသား ကွယ်လွန်သွားသဖြင့် စားမဝင် အိပ်မပျော်ဖြစ်ကာ သုသာန်သို့သွားလျက် ငိုကြွေးလေ့ရှိပုံ၊ ဘုရားရှင်က သူကြွယ်ကို ‘‘သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ’’ တရားတို့သည် အချစ်ကြောင့် ဖြစ်ပေါ်လာကြောင်း မိန့်ကြားတော်မူပုံ၊ သူကြွယ်က အချစ်ကြောင့် နှစ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းတို့ ဖြစ်ပေါ်လာကြောင်း ပြန်လည်လျှောက်ထားပုံ၊ ထိုအကြောင်းအရာကို ကောသလမင်းကြီး သိရှိသွားပြီး မလ္လိကာအား တစ်ဆင့်ပြောကြားခဲ့ပုံ၊ မိလ္လိကာမိဖုရားကြီးက ဘုရားရှင်ဟောကြားလျှင် ဟောကြားသည့်အတိုင်းသာ မှန်ကန်ကြောင်း ကောသလမင်းကြီးအား ဥပမာအမျိုးမျိုးတို့ဖြင့် ရှင်းပြခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၂၊၃၀၉) (မ၊ဋ္ဌ၊၃၊၂၃၇)
မလ္လိကာဝတ္ထု
ဤဝတ္ထု၌ မလ္လိကာမိဖုရားကြီး သမီးရတနာလေး ဖွားမြင်၍ ကောသလမင်းကြီး စိတ် မချမ်းမသာ ဖြစ်ခဲ့ရပုံ၊ ဘုရားရှင်က အသိအလိမ္မာ ဉာဏ်ပညာရှိပြီး မိဘယောက္ခမကို နတ်ကဲ့သို့ ရိုသေလေးစားကာ လင်ယောက်ျားကို ချစ်ခင်ယုယစွာ ပြုစုလုပ်ကျွေးသော သမီးမိန်းကလေးသည် အသိအလိမ္မာ ဉာဏ်ပညာ မဖွံ့ဖြိုးသော သားယောက်ျားလေးထက် သာလွန်မွန်မြတ်ကြောင်း ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၈၆) (သံ၊ဋ္ဌ၊၁၊၁၄၂)
မလ္လိကာဝတ္ထု
ဤဝတ္ထု၌ ဗန္ဓုလ စစ်သူကြီး၏ကတော် မလ္လမင်းသမီး မလ္လိကာဒေဝီသည် မဟလ္လတာတန်းဆာကို ပရိနိဗ္ဗာန်စံဝင်တော်မူသော ဘုရားရှင်၏ ကိုယ်တော်ပေါ်၌ ဖုံးလွှမ်းလှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ကွယ်လွန်သောအခါ တာဝတိံသာနတ်ပြည်၌ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၅၀)
မလ္လိကာဝတ္ထု
ဤဝတ္ထု၌ မလ္လိကာသည် မိဖုရားမဖြစ်မီ သာဝတ္ထိမြို့တွင် ဆင်းရဲနွမ်းပါးသော ပန်းသည်မတစ်ဦး ဖြစ်ခဲ့ပုံ၊ တစ်နေ့သောအခါ ဈေးထဲမှ မုန့်များကို ဝယ်ယူလာပြီး ပန်းခင်းထဲရောက်မှ စားမည်ဟုကြံကာ ပန်းခင်းသို့သွားစဉ် ရဟန်းသံဃာတော်များ ခြံရံလျက် ဆွမ်းခံကြွလာသော ဘုရားရှင်အား ဖူးမြင်ရပုံ၊ မလ္လိကာသည် သဒ္ဓါကြည််ညိုစိတ်များ တဖွားဖွားဖြစ်ပေါ်လာပြီး မုန့်များကို ဘုရားရှင်အား ပေးလှူလိုက်ပုံ၊ ဘုရားရှင်က ‘‘မလ္လိကာသည် ဤကောင်းမှုကြောင့် ယနေ့ပင် ကောသလမင်းကြီး၏ မိဖုရားကြီး ဖြစ်လိမ့်မည်’’ဟု အရှင်အာနန္ဒာအား မိန့်ကြားတော်မူပုံ၊ ထိုနေ့၌ပင် ကောသလမင်းကြီးသည် စစ်ရှုံးသဖြင့် စစ်သည်ဗိုလ်ပါများနှှင့် ကွဲပြီး မလ္လိကာ၏ ပန်းခင်းထဲသို့ ရောက်ရှိလာပုံ၊ မလ္လိကာက ခရီးဦးကြိုပြုပြီး ချစ်ဖွယ်သော စကားတို့ဖြင့် ပြောဆို၍ ဧည့်ဝတ်ပြုသဖြင့် မင်းကြီးက မလ္လိကာအား နှစ်သက်သဘောကျကာ နန်းတော်တွင်းသို့ ခေါ်ဆောင်သွားပြီး အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး အရာ၌ ထားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၂၄၈)
မဟာကစ္စာယနတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်ကစ္စည်းမထေရ်အလောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်၌ ကောင်းမှုပြု၍ အကျဉ်းတရားကို အကျယ်ဟောရာ၌ ဧတဒဂ် ရရန် ဆုတောင်းခဲ့ပုံ၊ ကဿပဘုရားရှင်လက်ထက် ပရိနိဗ္ဗာန်စံတော်မူသော ဘုရားရှင်၏စေတီကို ရွှေအုတ်ဖြင့် ပူဇော်ခဲ့ပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ ကစ္စာယနပုဏ္ဏား ဖြစ်၍ စန္ဒပဇ္ဇောတမင်းထံ ခွင့်ပန််ကာ ရဟန်းပြုခဲ့၍ အကျဉ်းတရားကို အကျယ်ဟောရာ၌ ဧတဒဂ် ရခဲ့ပုံ စသော အကြောင်းအရာတို့ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၁၆၀)
မဟာကစ္စာယနတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း၌ မဟာသာဝကကြီးများ ခြံရံလျက် သီတင်းသုံး ထိုင်နေတော်မူစဉ် မဟာသာဝကကြီးများက အရှင်မဟာကစ္စာယနထေရ်အတွက် နေရာချန်လှပ်၍ ထားကြပုံ၊ ထိုအချိန်၌ သိကြားမင်းသည် နတ်ပရိသတ်နှင့် အတူလာရောက်၍ မြတ်စွာဘုရားအား ပန်းနံ့သာစသည်တို့ဖြင့် ပူဇော်ပြီးလျှင် အရှင်မဟာကစ္စာယနမထေရ်ကို မတွေ့ရသဖြင့် အရှင်မဟာကစ္စာယနမထေရ် ကြွလာလျှင် ကောင်းမှာပဲဟု စိတ်အကြံဖြစ်ပုံ၊ ထိုခဏ၌ပင်လျှင် အရှင်မဟာကစ္စာယနမထေရ် ကြွလာပြီး မိမိအတွက် ချန်ထားသောနေရာ၌ ထိုင်နေစဉ် သိကြားမင်းက မထေရ်၏ ခြေထောက်နှစ်ဖက်ကို လက်ဖြင့် ဆုပ်နယ်လျက် နတ်ပန်းစသည်တို့ဖြင့် ပူဇော်ခဲ့ပုံ၊ ရဟန်းတော်များက သိကြားမင်းသည် မျက်နှာလိုက်ပြီး ပူဇော်မှုပြုကြောင်း ကဲ့ရဲ့ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၈၉) (ထေရ၊ဋ္ဌ၊၂၊၁၄၄) (အပ၊ဋ္ဌ၊၂၊၂၁၂)
မဟာကဏှဇာတက
ဤဇာတ်တော်၌ ကဿပဘုရားရှင်၏ သာသနာနောက်ပိုင်းကာလ ဗာရာဏသီပြည်၌ ဥသီနကမင်း မင်းပြုသည်ရှိသော် ရဟန်းတို့သည် မသင့်လျော်သော ရှာမှီးခြင်း (၂၁) မျိုးဖြင့် ယုတ်ညံ့စွာ အသက်မွေးခဲ့ကြပုံ၊ ရဟန်းတို့သည် လူတို့နှင့် ရောနှောကာ နေကြသကဲ့သို့ လူတို့သည်လည်း ဒုစရိုက်တရား (၁၀)ပါးဖြင့် အသက်မွေးနေကြပုံ၊ ငရဲပြည်၌ ပြည့်ကြပ်ကာ နတ်ပြည်တို့ ခြောက်ကပ်နေပုံကို တွေ့ရသဖြင့် ဘုရားအလောင်းသိကြားမင်းသည် မာတလိနတ်သားကို ခွေးနက်ကြီးယောင် ဆောင်စေခဲ့ပုံ၊ သိကြားမင်းက မုဆိုးကြီးယောင် ဆောင်ခဲပုံ၊ ခွေးနက်ကြီးသည် နန်းတော်သို့ ရောက်လာပြီး ကြောက်မက်စဖွယ် ဟောင်ခဲ့ပုံ၊ မင်းကြီးက သိကြားမင်းမုဆိုးအား ခွေးနက်ကြီးဟောင်ခြင်း၏ အကြောင်းကို မေး၍ သိကြားမင်း မုဆိုးက အကုသိုလ်ဒုစရိုက်သမားများကို ကိုက်ဝါးလိုသောကြောင့် ခွေးနက်ကြီး ဟောင်နေကြောင်း ပြောပြသဖြင့် မင်းနှင့်ပြည်သူတို့ ကြောက်လန့်ကာ သုစရိုက်တရားများကို ပြုကျင့်ခဲ့ကြပုံ စသောအကြောင်း အရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၁၈၁)
မဟာကပိဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းမျောက်မင်းသည် မျောက်ရှစ်သောင်း အခြံအရံဖြင့် ဟိမဝန္တာတော၌ နေခဲ့ပုံ၊ ဂင်္ဂါမြစ်ကမ်းနားရှိ အိုးစရည်းပမာဏခန့် အသီးသီးသော သရက်ပင်ကြီးကို အမှီပြု၍ မျောက်တို့ နေထိုင်ခဲ့ကြပုံ၊ ဂင်္ဂါမြစ်အတွင်း မျောလာသော သရက်သီးကို ဗာရာဏသီမင်း စားသောက်ရပြီး မင်းပရိသတ်နှင့်တကွ ဟိမဝန္တာတောသို့ လာခဲ့ပုံ၊ သရက်သီးစားရန် ရောက်လာကြသော မျောက်တို့ကို စစ်သည်တော်များ ဝိုင်းရံထားသဖြင့် နောက်လိုက်မျောက်များ လွတ်မြောက်စေရန် ဘုရားအလောင်းက အသက်စွန့်၍ ကြိုးစားအားထုတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၄၉)
မဟာကပိဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် မျောက်မင်းဖြစ်၍ နွားပျောက်ရှာရင်း အတောင် (၆၀)ရှိသော ချောက်ထဲသို့ ကျနေသော ပုဏ္ဏားတစ်ဦးအား ကယ်တင်ခဲ့ပုံ၊ မျောက်မင်းမှေးစက် နေစဉ် ပုဏ္ဏားသည် ကျောက်ခဲဖြင့် မျောက်မင်း၏ ခေါင်းကို ထုခဲပုံ မိတ်ဆွေစစ်အား ပြစ်မှားသော ပုဏ္ဏားယုတ်ကိုပင် မျောက်မင်းက စိတ်မဆိုးဘဲ မိမိဦးခေါင်းမှ စီးကျလာသော သွေးစက်များဖြင့် လမ်းပြ၍ ကူညီခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၆၉)
မဟာကပ္ပိနတ္ထေရဝတ္ထု
ဤဝတ္ထု၌ မဟာကပ္ပိနမထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်ထံတော်၌ ကောင်းမှု ပြုခဲ့ပုံ ဘဝတစ်ခု၌ ဗာရာဏသီပြည် ယက္ကန်းသည်ရွာ၌ ဖြစ်စဉ် ပစ္စေကဗုဒ္ဓါ တစ်ထောင်တို့အား တစ်အိမ်တစ်ပါးစီ သစ်ရွက်မိုးကျောင်းငယ်များ ဆောက်လုပ်စေကာ ဆွမ်းသင်္ကန်းများကိုပါ လှူဒါန်းစေခဲ့ပုံ၊ ကဿပဘုရားရှင် လက်ထက်၌လည်း အထွဋ်တစ်ထောင်ရှိသော မဟာပရိဝုဏ်ဆောက်လုပ်လှူဒါန်းခဲ့ပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ မဟာကပ္ပိနမင်း ဖြစ်၍ ဘုရားရှင် ပွင့်တော်မူကြောင်း ကြားသိရသည်နှင့် တစ်ပြိုင်နက် ထီးနန်းနှင့် တိုင်းပြည်ကို စွန့်လွှတ်ကာ မြစ်ချောင်းများကို ကျော်ဖြတ်ပြီး ယူဇနာများစွာ ဝေးကွာသောအရပ်မှ ဘုရားရှင်ထံ အရောက် လာခဲ့ပုံ၊ ဘုရားရှင်၏ တရားတော်ကို နာယူပြီး မိမိပရိသတ်နှင့် အတူတကွ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်း အရာများပါဝင်သည်။ (အပ၊၂၊၁၁၈) (သံ၊ဋ္ဌ၊၂၊၂၂၃) (အံ၊ဋ္ဌ၊၁၊၂၄၆) (ဓမ္မ၊ဋ္ဌ၊၁၊၃၅၁) (ထေရ၊ဋ္ဌ၊၂၊၁၇၉) (အပ၊ဋ္ဌ၊၂၊၂၁၈)
မဟာကပ္ပိနတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်မဟာကပ္ပိနမထေရ်သည် ‘‘မိမိမှာ ရဟန္တာဖြစ်ကာ အလွန်စင်ကြယ်ပြီး ဖြစ်၍ ဥပုသ်ပြုဖို့ သံဃာကံဆောင်ဖို့ သွားရန် မလိုတော့’’ဟု အကြံဖြစ်ပုံ၊ ဘုရားရှင် ကြွလာတော်မူ၍ ‘‘သင်တို့ကဲ့သို့သော ရဟန္တာပုဂ္ဂိုလ်ကြီးများကမှ အလေးဂရုမပြုလျှင် မည်သူတို့က အလေးဂရု ပြုမည်နည်း၊ ဥပုသ်ပြု သွားပါ’’ဟု တိုက်တွန်းတော်မူခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဝိ၊၃၊၁၄၃)
မဟာကဿပတ္ထေရပိဏ္ဍပါတဒိန္နဝတ္ထု
ဤဝတ္ထု၌ သိကြားမင်းသည် သာသနာပတွင် ကုသိုလ်ပြုခဲ့သဖြင့် သိကြားမင်းဖြစ်ရသော်လည်း သာသနာ တွင်း ကုသိုလ်ရှင်ဘဝမှလာသော နတ်တို့ထက် တန်ခိုးနည်းပုံ၊ သိကြားမင်းနှင့် သုဇာမိဖုရားတို့သည် အဖိုးအို၊ အဖွားအိုဟန်ဆောင်၍ အရှင်မဟာကဿပ မထေရ်ကြီးအား ဆွမ်းလောင်းလှူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊၁၁၀) (ဓမ္မ၊ဋ္ဌ၊၁၊၂၆၈) (ဥဒါန၊ဋ္ဌ၊၁၇၆)
မဟာကဿပတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဂိဇ္ဈကုဋ်တောင်ခြေရှိ အဆိပ်ပန်းတို့မှ အဆိပ်လေကို ရှူမိသဖြင့် အရှင်မဟာ ကဿပမထေရ်ကြီးအား ရောဂါ ရခဲ့ပုံ၊ ဘုရားရှင်၏ ဗောဇ္ဈင်တရားကို နာရ၍ ရောဂါ ပျောက်ကင်းပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (သံ၊၃၊၇၁)
မဟာကဿပတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်မဟာကဿပမထေရ်လောင်းလျာသည် လွန်ခဲ့သော ကမ္ဘာတစ်သိန်းအထက်၌ ပဒုမုတ္တရဘုရားရှင်လက်ထက်တွင် နိသဘမထေရ် ဓုတင်္ဂဝါဒအရာ ဧတဒဂ်ရသည်ကို အားကျ၍ ယာဂုဆွမ်းသင်္ကန်းတို့ကို လှူဒါန်းပြီး ဆုတောင်းခဲ့ပုံ၊ ၉၁ ကမ္ဘာအထက် ဝိပဿီဘုရားရှင်အား အပေါ်ရုံကိုယ်ဝတ်ကို လှူဒါန်းခဲ့ပုံ၊ ကောဏာဂုံနှင့် ကဿပဘုရားရှင် နှစ်ဆူအကြားတွင် ပစ္စေကဗုဒ္ဓါတို့အား ဆွမ်းလှူခဲ့ပုံ၊ ဂေါတမဘုရားရှင် လက်ထက်တော်၌ မဟာတိဿရွာ၍ ကပိလပုဏ္ဏား၏သား ပိပ္ပလိလုလင်ဖြစ်၍ ဘဒ္ဒါကာပိလာနီ အမျိုးသမီးနှင့် လက်ထပ်ခဲ့ပုံ၊ နောင်အခါ စည်းစိမ်ကို စွန့်၍ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ပုံ၊ အရှင်မဟာကဿပဟူသော ဘွဲတော်ဖြင့် ရဟန္တာ ဖြစ်၍ ဓုတင်္ဂဝါဒဧတဒဂ်ဘွဲ့ ရခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၂၊၁၆၇) (အံ၊ဋ္ဌ၊၁၊၁၂၆) (ထေရ၊ဋ္ဌ၊၂၊၄၂၉) (အပ၊ဋ္ဌ၊၁၊၂၈၂)
မဟာကဿပတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်မဟာကဿပမထေရ်သည် ဒိဗ္ဗစက္ခုအဘိဉာဏ်ဖြင့် စုတေသူ၊ ပဋိသန္ဓေ နေသူစသည်တို့ကို ကြည့်ရှုတော်မူပုံ၊ ဘုရားရှင်က ‘‘ဤသို့ ကြည့်ရှုခြင်းသည် ဘုရားရှင်တို့ အရာသာဖြစ်သည်၊ မမေ့မလျော့ ကျင့်ကြံနေရန်သာ လိုအပ်သည်’’ဟု ဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၆၄)
မဟာကဿပတ္ထေရဝတ္ထု
ဤဝတ္ထု၌ ကောင်းကင်အလယ်ရှိ လမင်းကြီးသည် တွယ်တာကပ်ငြိမှုမရှိဘဲ တည်ရှိသကဲ့သို့ အရှင်မဟာကဿပမထေရ်သည် ပစ္စည်း(၄)ပါးတို့၌ ငြိကပ်တွယ်တာမှုမရှိပုံ၊ မြေ၌ နေသည့် ငှက်သည် မြေကိုမတွယ်တာဘဲ ကောင်းကင်သို့သာ လွတ်လပ်စွာပျံသွားသကဲ့သို့ ကျင့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၈၃)
မဟာကဿပတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်မဟာကဿပမထေရ်သည် ပါဝါမြို့မှ ကုသိနာရုံပြည်သို့ တပည့် သံဃာအပါးငါးရာတို့နှင့်အတူ ခရီးရှည်ကြွစဉ် မန္ဒာရဝပန်းကို ယူဆောင်လာသည့် အာဇီဝကတက္ကတွန်းတစ်ယောက်နှင့် တွေ့ဆုံသောအခါ ထိုတက္ကတွန်းအား ‘‘ဘုရားရှင်ကို သိပါသလား’’ဟု မေးမြန်းခဲ့ပုံ၊ အာဇီဝကတက္ကတွန်းက ကောင်းစွာသိကြောင်း၊ ယနေ့သည် ဘုရားရှင်ပရိနိဗ္ဗာန်စံဝင်သည့်နေ့မှစ၍ ခုနစ်ရက်မြောက်နေ့ဖြစ်ကြောင်း၊ ဤမန္ဒာရဝပန်းကို ထိုဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူရာ ကုသိနာရုံမှ ယူဆောင်ခဲ့ခြင်းဖြစ်ကြောင်း လျှောက်ထားခဲ့ပုံ၊ ထိုအကြောင်းအရာကို တပည့်ရဟန်းတော်များ ကြားသိရပြီး ပုထုဇဉ်ရဟန်းတော်များ ငိုကြွေးခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၂၊၁၃၃)
မဟာကဿပတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်မဟာကဿပမထေရ်ကြီးသည် ပိပ္ပလိဂူ၌ သီတင်းသုံးတော်မူစဉ် အပြင်းအထန်ရောဂါဝေဒနာ ခံစားခဲ့ရပုံ၊ ဗောဇ္ဈင်သုတ်ကို ဘုရားရှင်ထံမှ နာရ၍ ရောဂါပျောက်ကင်းခဲ့ပုံ၊ တာဝတိံသာမှ နတ်သမီးငါးရာတို့သည် ဆွမ်းအုပ်ငါးရာဖြင့် လာရောက်ဆက်ကပ်သော်လည်း ပယ်ခဲ့ပြီး ဆင်းရဲသားတို့ကို စောင့်ရှောက်ကယ်မရန် ဖျာရက်သူတို့နေရာ ဆင်းရဲသားရပ်ကွက်သို့ ဒုက္ခခံကာ ဆွမ်းခံဝင်ပုံ၊ ထိုအကြောင်းအရာကို ဘုရားရှင် သိမြင်တော်မူပြီး ချီးမွမ်းတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၅၄)
မဟာကဿပတ္ထေရသဒ္ဓိဝိဟာရိကဝတ္ထု
ဤဝတ္ထု၌ အရှင်မဟာကဿပမထေရ်ကြီး၏ တပည့်နှစ်ပါးတို့တွင် တစ်ပါးသည် ဝတ်ကြီးဝတ်ငယ်များကို နေ့စဉ်နေ့တိုင်း ပြုလုပ်လေ့ရှိပုံ၊ အခြားတစ်ပါးသည် သူများ ဖြည့်ကျင့်ထားသော ဝတ်များကို မိမိပြုလုပ်ထားသယောင် ဟန်ဆောင်ကာ ပြုကျင့်လေ့ရှိပုံ၊ ဟန်ဆောင်ကာ လိမ်ညာတတ်သော တပည့်၏ အကျင့်စရိုက်များကို အရှင်မဟာကဿပမထေရ်ကြီး သိရှိသွားသောအခါ ထိုသို့မပြုလုပ်ရန် ဆုံးမဩဝါဒပေးခဲ့ပုံ၊ ဆုံးမဩဝါဒ အပေးခံရသော ဟန်ဆောင်တပည့်သည် အမျက်ထွက်ကာ အရှင်မဟာကဿပမထေရ်နှင့် လိမ္မာသောတပည့်တို့ ဆွမ်းခံကြွနေစဉ် သစ်ရွက်မိုးကျောင်းငယ်ကို မီးရှို့လျက် ကျောင်းအသုံးဆောင်ပစ္စည်းများကိုပါ ရိုက်ခွဲဖျက်ဆီးပြီး ထွက်ပြေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၉၃)
မဟာကာလဥပါသကဝတ္ထု
ဤဝတ္ထု၌ မဟာကာလဥပါသကာသည် မျက်မှောက်ဘဝ၌ တကယ့်သူတော်ကောင်း စစ်ကြီးဖြစ်ပြီး သောတာပန်အဆင့်သို့ ရောက်ရှိနေသူဖြစ်ပုံ၊ ဥပုသ်သီတင်း စောင့်သုံးလျက် ညလုံးပေါက် တရားနာ တရားမှတ်ကာ သူတော်ကောင်းတရားကိုသာ အားထုတ်နေပုံ၊ တစ်ခုသောအတိတ်ဘဝ၌ သူ့မယားလိုချင်သဖြင့် သူ့လင်အား ‘ပတ္တမြားသူခိုး’ဟု စွပ်စွဲကာ သတ်ဖြတ်ခဲ့ပုံ၊ ထိုအကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ယခုဘဝ၌ သူ့အား မြို့သူမြို့သားများက ‘သူခိုး’ဟု စွပ်စွဲကာ ရိုက်သတ်ခဲ့ကြပုံ၊ မိမိပြုအပ်သော မကောင်းမှုသည် မိမိနောက်သို့ အရိပ်ပမာ လိုက်ပါလေ့ရှိပုံစသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၉၅)
မဟာကာဠတ္ထေရဝတ္ထု
ဤဝတ္ထု၌ မဟာကာဠမထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာထက်၌ သစ်ပင်ပေါ်တွင်ရှိသော ပံသကူသင်္ကန်းကို ဆွဲလဲပန်းတို့ဖြင့် ပူဇော်ခဲ့၍ လူနတ်စည်းစိမ်တို့ကို ခံစားရပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ လှည်းကုန်သည်ဖြစ်၍ မြတ်စွာဘုရားထံမှ တရားနာရသဖြင့် ရဟန်းပြုခဲ့ပုံ၊ သုသာန်ဓုတင်ဆောင်၍ အပိုင်းပိုင်းပြတ်နေသော လူသေကောင်ကို မြင်သောအခါ ဝိပဿနာရှုကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၄၄)
မဟာကာဠတ္ထေရဝတ္ထု
ဤဝတ္ထု၌ မဟာကာဠသည် ဘုရားရှင်၏ တရားတော်ကို ကြားနာရပြီး ရဟန်းပြုခဲ့ပုံ၊ ညီငယ်စူဠကာဠက အစ်ကိုကြီး မဟာကာဠကို လူထွက်ဖို့ နားချရန်အတွက် ရဟန်းဝတ်ခဲ့ပုံ၊ မဟာကာဠသည် သုသာန်ဓုတင်ဆောက်တည်လျက် ရဟန်းတရား ကြိုးစား အားထုတ်ရာ ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်ခဲ့ပုံ၊ ညီငယ်စူဠကာဠကို မယားဟောင်းတို့က ဖြားယောင်းသွေးဆောင်ကာ လူဝတ် လဲစေ သဖြင့် လူ့ဘဝသို့ ရောက်ရှိသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၄၂)
မဟာကောဋ္ဌိတတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်က ပဋိသဗ္ဘိဒါပတ္တဧတဒဂ် ထားတော်မူသော ရဟန်းတစ်ပါးကို အားကျကာ ကောင်းမှု ပြု၍ ထိုဧတဒရရန် တောင်းဆု ပြုခဲ့ပုံ၊ ထိုကိုသိုလ်ကောင်းမှုကြောင့် ဘဝများစွာ လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိမြို့၌ ပုဏ္ဏားတစ်ဦး ဖြစ်ပြီး ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်၍ ပဋိသမ္ဘိဒါပတ္တ ဧတဒဂ် ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၃၁) (အံ၊ဋ္ဌ၊၁၊၂၂၂) (ထေရ၊ဋ္ဌ၊၁၊၃၄) (အပ၊ဋ္ဌ၊၂၊၂၃၉)
မဟာဂတိမ္ဗယအဘယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်သုံးပါးတို့ အမှတ်သညာကောင်းပုံကို ပြဆိုထားပုံ၊ မဟာဂတိမ္ဗယ အဘယထေရ်သည် မွေးဖွားပြီး ငါးရက်မြောက်နေ့တွင် ‘‘ဟုံဟုံ’’ဟု ကျီးကန်းချောက်သည့်အသံမှစ၍ တစ်သက်တာ အကြောင်းအရာ အားလုံးကို သတိရနေကြောင်း ပြောကြားပုံ၊ ဒီဃဘာဏကအဘယထေရ်သည် မွေးပြီး ကိုးရက်မြောက်နေ့မှစ၍ တသက်တာ အကြောင်းအရာ အားလုံးကို သတိရနေကြောင်း ပြောကြားပြီး တိပိဋကစူဠာဘယထေရ်သည် အနုရာဓမြို့တံခါး သုံးပေါက်ကို ပိတ်စေပြီး ကျန်တံခါးပေါက်မှ ထွက်လာသမျှသော လူတို့၏ အမည်ကို နံနက်အခါ၌ မေးမြန်းထားပြီး ညနေ မြို့တွင်းပြန်ဝင်လာသောအခါ မည်သူမည်ဝါဖြစ်ကြောင်း မှန်ကန်စွာ ပြောဆိုနိုင်သည့်အထိ အမှတ်အသားကောင်းကြောင်း ပြောဆိုပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၁၂၀)
မဟာဂေါဝိန္ဒဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ ဘုရားအလောင်းသည် မဟာဂေါဝိန္ဒ အမည်ရှိသော ပုရောဟိတ်ပုဏ္ဏားကြီး ဖြစ်ခဲ့ပုံ၊ ရေဏုမင်းသား မင်းဖြစ်သောအခါ နိုင်ငံတော်ကို ခုနစ်ပုံ ပုံ၍ မင်းခုနစ်ဦး အုပ်ချုပ်ပုံ၊ မဟာဂေါဝိန္ဒ ပုရောဟိတ်၏ အဆုံးအမ၌ တည်ကြသဖြင့် နိုင်ငံတိုင်း ကြီးပွား တိုးတက်ပုံ၊ မဟာဂေါဝိန္ဒသည် ကသိုဏ်းကို အားထုတ်သဖြင့် ဈာန်ရခဲ့ပုံ၊ မဟာဂေါဝိန္ဒ၏ ဟောပြောမှုကြောင့် မင်းပရိသတ်အားလုံးတို့ တောထွက်ခဲ့ကြပုံ၊ မဟာဂေါဝိန္ဒ၏ အဆုံးအမ၌ တည်သဖြင့် ဗြဟ္မာ့ပြည်, နတ်ပြည်များသို့ ရောက်ရှိခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၂၊၁၈၆) (ဒီ၊ဋ္ဌ၊၂၊၂၅၂)
မဟာဂေါဝိန္ဒဝတ္ထု
ဤဝတ္ထု၌ ဘုရားအလောင်းတော်သည် (ရ)ပြည်ထောင် မင်းတို့ကို ဆုံးမရသော မဟာဂေါဝိန္ဒ အမည်ရှိသော မင်းဆရာ ပုရောဟိတ် ဖြစ်ခဲ့ပုံ၊ တိုင်းသူပြည်သားတို့အား ဒါန သီလ စသောကောင်းမှု ပြုရန် လှည့်လည်ဟောကြားပြီး မိမိကိုယ်တိုင် များစွာသော စည်းစိမ် ဥစ္စာတို့ကို စွန့်၍ ရဟန်းပြုကာ ပါရမီဖြည့်ကျင့်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၂၊၁၈၆) (စရိယာ၊ဋ္ဌ၊၄၆)
မဟာစုန္ဒတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် အိုးထိန်းသည်မျိုး၌ဖြစ်၍ ဝိပဿီမြတ်စွာဘုရားအား မြေသပိတ်တစ်လုံး ပြုလုပ်လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင့်သာသနာတော်၌ မဂဓတိုင်း နာလကရွာ ရူပသာရီပုဏ္ဏေးမကြီး၏သား အရှင်သာရိပုတ္တရာ၏ ညီအငယ် ဖြစ်၍ သာသနာဘောင်သို့ ဝင်ရောက်ခဲ့ကာ ဝိပဿနာရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၃၁)
မဟာဇနကဇာတက
ဤဇာတ်တော်၌ မိထိလာနိုင်ငံ၌ အရိဋ္ဌဇနကမင်းကြီး မင်းပြုစဉ် ညီတော် ပေါလဇနကမင်းသားက အိမ်ရှေ့အရာ ရရှိခဲ့ပုံ၊ အမတ်တစ်ဦး၏ ကုန်းတိုက်မှုကြောင့် ညီနောင်နှစ်ပါး စိတ်ဝမ်းကွဲ၍ စီးချင်းတိုက်ကြရာ အရိဋ္ဌဇနကမင်း ကျဆုံးခဲ့ပုံ၊ မိဖုရားကြီးသည် ကိုယ်ဝန် အရင့်အမာကြီးဖြင့် ကာလစမ္ပါမြို့သို့ထွက်ပြေးစဉ် ဒိသာပါမောက္ခဆရာကြီးတစ်ဦးက နှမရင်းကဲ့သို့ ပြုစုစောင့်ရှောက်ထားခဲ့ပုံ၊ မကြာမီမှာပင် သားတော်မွေးဖွားပြီး မဟာဇနကဟု အမည်မှည့်ကာ စောင့်ရှောက်မွေးမြူခဲ့ပြီး (၁၆)နှစ်သားတွင် ကုန်ကူးထွက်ခဲ့ရာ သင်္ဘောပျက်၍ သမုဒ္ဒရာထဲ၌ လက်ပစ်ကူးနေစဉ် မဏိမေခလာနတ်သမီးက ကယ်တင်ခဲ့ပုံ၊ မင်္ဂလာကျောက်ဖြာ၌ အိပ်စက်စေပြီးနောက် ဖုတ်သွင်းရထားဆိုက်ရောက်၍ မိထိလာနိုင်ငံ၌ မင်းအဖြစ်ရရှိပုံ၊ နှမတော် သီဝလိဒေဝီနှင့် နန်းစည်းစိမ်ခံစားပြီး တောထွက်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၆၊၃၉)
မဟာတိဿတ္ထေရဝတ္ထု
ဤဝတ္ထု၌ မဟလ္လကတိဿမထေရ်သည် လဲလျောင်းအိပ်စက်မှု လုံးဝမပြုဘဲ တရား အားထုတ်သဖြင့် ဆယ်နှစ်ကြာသောအခါ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၃၀၄)
မဟာတိဿတ္ထေရဝတ္ထု
ဤဝတ္ထု၌ မဟာတိဿမထေရ်သည် တစ်ဝါမျှမရသေးမီ အချိန်ကပင်လျှင် သမာပတ််ရှစ်ပါး ရရှိခဲ့ပုံ၊ သမာပတ်ကို ခွာထားသောအခါတွင်လည်း ကိလေသာစိတ်များ မဖြစ်သဖြင့် နှစ်ပေါင်း ခြောက်ဆယ်လုံးလုံး မိမိ၏ ပုထုဇဉ်အဖြစ်ကို မသိခဲ့ပုံ၊ ဓမ္မဒိန္နမထေရ်က တစ်ဆယ့်ခြောက် နှစ်အရွယ် မိန်းမငယ်ကို ဖန်ဆင်းခိုင်းပြီး သုဘအားဖြင့် နှလုံးသွင်းခိုင်းသောအခါ ကိလေသာ စိတ်ဖြစ်ပေါ်လာသဖြင့် မိမိ၏ ပုထုဇဉ်အဖြစ်မျှသာ ရှိသေးကြောင်း သိမြင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၂)
မဟာတိဿတ္ထေရဝတ္ထု
ဤဝတ္ထု၌ ပုဏ္ဏဝလ္လိက အရပ်နေ မဟာတိဿမထေရ်သည် လပြည့်နေ့တစ်နေ့ညနေချမ်းတွင် မဟာစေတီသို့ ကြွရောက်စဉ် လရောင်အောက်တွင် စေတီတော်ကို ကြည်ညိုဖွယ် ဖူးမြင်ရ၍ ဘုရားအာရုံနှင့်ယှဉ်သော နှစ်သက်မှုပီတိဖြစ်ပေါ်လာပုံ၊ ထိုမထေရ်သည် လေဗူဗောင်းကဲ့သို့ ကောင်းကင်သို့ ပျံတက်၍ စေတီရင်ပြင်ပေါ်သို့ ရောက်ရှိလာခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၁၃၉)
မဟာတိဿတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဒုဗ္ဘိက္ခန္တရကပ်ကြီး ဆိုက်ရောက်နေစဉ် မဟာတိဿမထေရ်သည် ခရီးထွက်သောအခါ ဆွမ်းမစားရဘဲ ခရီးပင်ပန်းလွန်းသဖြင့် သရက်သီးများမှည့်နေသော သစ်ပင်ရင်း၌ လဲလျောင်း၍ နေခဲ့ပုံ၊ သရက်သီးမှည့်များ တဖြုတ်ဖြုတ် ကြွေကျနေသော်လည်း ဝိနည်းလေးစားသဖြင့် ကောက်ယူဘုဉ်းပေးခြင်း မပြုခဲ့ပုံ၊ ထိုနေရာသို့ ဥပါသကာကြီး တစ်ယောက် ရောက်လာပြီး မဟာတိဿမထေရ် ပင်ပန်းနေကြောင်း သိသဖြင့် သရက်သီးဖျော်ရည် ဆက်ကပ်ကာ မဟာတိဿမထေရ်ကို ကျောပိုးလျက် သွားစဉ် မဟာတိဿမထေရ်က ‘‘အမေအဖေလည်း မဟုတ်၊ ဆွေမျိုးလည်း မတော်စပ်ဘဲ ဤကဲ့သို့ ပြုစုခြင်းသည် သီလ စောင့်ထိန်းခြင်းကြောင့် ဖြစ်၏’’ဟု မိမိကိုယ်ကို ဆုံးမ၍ တရားရှုမှတ်သောအခါ ပခုံးပေါ်၌ပင် ရဟန္တာ ဖြစ်ခဲ့ပုံ စသောအကြောင်း အရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၄၄) (ဝိသုဒ္ဓိ၊ဋီ၊၁၊၇၀)
မဟာတိဿတ္ထေရဝတ္ထု
ဤဝတ္ထု၌ မဟာတိဿမထေရ်သည် စေတိယတောင်မှ အနုရာဓမြို့သို့ ဆွမ်းခံကြွစဉ် လင်ယောကျ်ားနှင့် ခိုက်ရန်ဖြစ်ပြီး မိမိဆွေမျိုးများအိမ်သို့ ထွက်ခွာလာသော အလွန်ချောမောလှပသည့် အမျိုးသမီးတစ်ယောက်နှင့် လမ်းခရီးအကြား၌ တွေ့ဆုံပုံ၊ အမျိုးသမီးက မဟာတိဿထေရ်အပေါ် စိတ်ဝင်စားပြီး သွားပေါ်အောင် ပြုံးပြခဲ့ပုံ၊ မထေရ်က သွားအရိုးတို့ကို အသုဘသညာပွားသဖြင့် အရဟတ္တဖိုလ်သို့ ရောက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၂၀)
မဟာတိဿဘူတတ္ထေရဝတ္ထု
ဤဝတ္ထု၌ မဟာတိဿဘူတမထေရ်သည် မဏ္ဍလာရာမကျောင်း၌ ပါဠိသင်ယူနေပုံ၊ ရွာထဲသို့ ဆွမ်းခံဝင်သောအခါ ဆန့်ကျင်ဘက်အာရုံကြောင့် ဖြစ်ပေါ်လာသော ကိလေသာကို ဝိပဿနာပွား၍ သံဝေဂယူကာ ပယ်ဖျောက်ခဲ့ပုံ၊ မိမိနေရာကျောင်းမှ ထွက်ခွာ၍ မဟာသံဃရက္ခိတမထေရ်ထံ၌ ရာဂ၏ ဆန့်ကျင်ဘက် အသုဘကမ္မဋ္ဌာန်းကို သင်ယူပြီး ကြိုးစားအားထုတ်ရာ အနာဂါမ်တည်ခဲ့ပုံ၊ နောက်တစ်နေ့တွင် မိမိဆရာ့ထံ ပြန်လာ၍ ပါဠိကို ဆက်လက်သင်ယူနိုင်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၆၈) (မ၊ဋီ၊၁၊၁၅၁)
မဟာထေရဝတ္ထု
ဤဝတ္ထု၌ သီဟိုဠ်ကျွန်း၌ သီတင်းသုံးသော မထေရ်တစ်ပါးသည် တပည့်များနှင့် စကား ပြောနေစဉ် ရုတ်တရက် လက်ကိုကွေးမိပုံ၊ သတိရသောအခါ ထိုလက်ကို မူလနေရာ ပြန်ထားပြီးမှ တဖြည်းဖြည်း အမှတ်ဖြင့် ကွေးပုံခဲ့ပုံ၊ တပည့်တို့က အကျိုးအကြောင်းမေးမြန်းကြသောအခါ ကမ္မဋ္ဌာန်းတရား စတင်အားထုတ်သည့်နေ့မှစ၍ ကမ္မဋ္ဌာန်းသတိလွတ်ကာ အကွေးအဆန့် မလုပ်ခဲ့ဖူးကြောင်း၊ ယခုအချိန်မှာမူ စကားပြောနေစဉ်ဖြစ်၍ သတိလက်လွတ်ဖြစ်ကာ ကွေးမိသွားကြောင်း မိန့်ဆိုပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၂၆၉) (သံ၊ဋ္ဌ၊၃၊၂၂၈) (အဘိ၊ဋ္ဌ၊၂၊၃၄၃)
မဟာဒတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ မဟာဒတ္တမထေရ်ကြီး၏ သီလတန်ခိုးကြောင့် မထေရ်ထိုင်သော သစ်ပင်ရှိ ရုက္ခစိုးနတ်သမီး၏ သားသမီးငယ်တို့ ကြောက်လန့်ကြပုံ၊ ရုက္ခစိုးနတ်သမီးက မထေရ်ကို ခြောက်လှန့်ခဲ့ပုံ၊ မထေရ်ရုက္ခစိုးနတ်သမီးက ဒါယကာ အသွင်ဖန်ဆင်း၍ တောင်းပန်းခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၁၆၅) (အံ၊ဋီ၊၃၊၃၄၅)
မဟာဓနဝါဏိဇဝတ္ထု
ဤဝတ္ထု၌ မဟာဓနသူဌေးကုန်သည်သည် ကုန်ရောင်းသွားရာတွင် ခိုးသူဓားပြတို့သည် အသွားလမ်း အပြန်လမ်းနှစ်ဖက်တို့ကို စောင့်နေသည့်သတင်းကို ကြားရသောအခါ ကုန်သည်သည် အန္တရာယ်ရှိသော ထိုလမ်းကို ရှောင်လွှဲသွားပုံ၊ မြတ်စွာဘုရားက ကုန်သည်သည် အန္တရာယ်ရှိသောလမ်းကို ရှောင်ကြဉ်သကဲ့သို့၎င်း၊ အသက်ရှည်လိုသူသည် အဆိပ်ကို ရှောင်ကြဉ်သကဲ့သို့၎င်း၊ ပညာရှိသူသည် မကောင်းမှုများကို ရှောင်ကြဉ်ရမည်ဟု ဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၄)
မဟာဓနဝါဏိဇဝတ္ထု
ဤဝတ္ထု၌ ဗာရာဏသီပြည်မှ ပိုးကုန်သည်တစ်ဦးသည် အဝတ်များကို ရောင်းချရန် ဗာရာဏသီမှ သာဝတ္ထိသို့ လာ၍ နှစ်ပတ်လည် နေထိုင်ရောင်းချရန် စီစဉ်နေပုံ၊ ဘုရားရှင်က ‘‘တရားအလုပ်ကို အချိန်ဆွဲမနေဘဲ ယနေ့ပင် လုပ်ပါ၊ နက်ဖြန်ခါ သေနိုင်သည်ဟု မည်သူမျှ မသိနိုင်ပါ၊ မည်သူမျှ သေမင်းနှင့် နေ့ရက်ချိန်းချက်မှုမရှိပါ’’ဟု ဟောတော်မူပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၆၈)
မဟာဓနသေဋ္ဌိပုတ္တဝတ္ထု
ဤဝတ္ထု၌ ဗာရာဏသီပြည်တွင် သူဌေးသားတစ်ယောက်သည် မိဘများက ကုဋေရှစ်ဆယ် ချမ်းသာကြွယ်ဝသဖြင့် မည်သည့်အလုပ်အကိုင်မျှမလုပ်ဘဲ သီဆို, ကခုန်မှုတို့ကိုသာ ပြုလုပ်လေ့ရှိပုံ၊ အခြားသော သူဌေးသမီး တစ်ယောက်သည်လည်း ကုဋေရှစ်ဆယ် ချမ်းသာသဖြင့် မည်သည့်အလုပ်မျှမလုပ်ဘဲ သီဆို, ကခုန်မှုတို့ဖြင့်သာ အချိန်ကုန်နေခဲ့ပုံ၊ အရွယ်ရောက်သောအခါ မိဘများက ထိုသားသမီးနှစ်ယောက်တို့ကို ထိမ်းမြားလက်ထပ်ပေးပြီး ကွယ်လွန်သွားကြပုံ၊ တစ်နေ့သောအခါ သေသောက်ကြူးများက သူဌေးသားကို အရက် အနည်းငယ်တိုက်၍ မြှူဆွယ်ကြပုံ၊ သူဌေးသား အရက် ကြိုက်သွားသောအခါ အခြားအခြားသော သေသောက်ကြူးများကိုပါ ခေါ်၍ နေ့စဉ်နေ့တိုင်း အရက်ဝိုင်းဖြင့်သာ အချိန်ကုန်လျက် ကုဋေတစ်ရာ့ခြောက်ဆယ်တို့ကို သုံးဖြုန်းပစ်ပုံ၊ ထိုသူဌေးဇနီးမောင်နှံတို့သည် အသက်အရွယ် ကြီးရင့်လာသောအခါ ပစ္စည်းဥစ္စာများလည်း အားလုံး ကုန်ဆုံးသွားပြီဖြစ်သဖြင့် အိုးခြမ်းကွဲကို ကိုင်၍ သူတစ်ပါးတို့ထံ ထမင်းကျန် ဟင်းကျန်များကို တောင်းစားရသော သူတောင်းစားဘဝဖြင့် သေဆုံးသွွားကြရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၈၁)
မဟာဓမ္မပါလဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကာသိတိုင်း ဓမ္မပါလရွာ ဓမ္မပါလအမျိုး၌ ဖြစ်စဉ် အရွယ်ရောက်သောအခါ တက္ကသိုလ်ပြည်သို့ သွား၍ အတတ်ပညာများကို သင်ယူခဲ့ပုံ၊ တစ်နေ့သောအခါ ဒိသာပါမောက္ခဆရာကြီး၏သား သေဆုံးသွားသဖြင့် တပည့်များနှင့် ဆွေမျိုးများက ဝိုင်းအုံငိုကြွေးကြသော်လည်း ဘုရားအလောင်း ဓမ္မပါလလုလင် တစ်ဦးတည်းသာ မငိုကြွေးဘဲနေပုံ၊ ထိုအကြောင်းအရာကို ဆရာကြီးသိရှိသွားပြီး ဓမ္မပါလလုလင်ကို ခေါ်ယူမေးမြန်းသည့်အခါ ဓမ္မပါလလုလင်က ‘‘မိမိတို့အရပ်ဒေသ၌ ဆွေစဉ်မျိုးဆက် အသက်အရွယ် ငယ်ငယ်ဖြင့် သေဆုံးလေ့မရှိကြောင်း၊ ထို့ကြောင့် မငိုကြွေးကြောင်း’’ ဒိသာပါမောက္ခ ဆရာကြီးအား ပြောကြားပုံ၊ ဆရာကြီးက ထိုအကြောင်းအရာ မှန်မမှန် စုံစမ်းရန်အတွက် ဆိတ်ရိုးများကို ယူ၍ ဓမ္မပါလလုလင်၏ မိဘများထံသွားပြီး ဆိတ်ရိုးများကို ပြသလျက် ဓမ္မပါလသေဆုံးကြောင်း ပြောကြားပုံ၊ ဓမ္မပါလ၏ မိဘများက ပြက်ရယ်ပြုလျက် ‘‘မိမိတို့ ဓမ္မပါလမျိုးရိုးသည် ငါးပါးသီလ လုံခြုံကြပြီး ကုသလကမ္မပထတရား(၁၀)ပါးကို ကျင့်သုံးကြသည့်အတွက် ဆွေမျိုးခုနစ်ဆက်တိုင်တိုင် ငယ်ငယ်ရွယ်ရွယ်ဖြင့် မသေဆုံးဖူးကြောင်း၊ ဤအရိုးသည် အခြားသူငယ်၏ အရိုးသာဖြစ်ကြောင်း’’ ဆရာကြီးအား ပြောကြားပုံ၊ ဒိသာပါမောက္ခ ဆရာကြီးက ဓမ္မပါလ၏ မိဘများအား ဝန်ချတောင်းပန်ပြီး ဖြစ်ရပ်မှန်ကို ပြောပြကာ တက္ကသိုလ်ပြည်သို့ ပြန်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၄၉)
မဟာနာဂတ္ထေရဝတ္ထု
ဤဝတ္ထု၌ မဟာနာဂထေရ်သည် တစ်ဆယ့်ခြောက်နှစ်တို့ပတ်လုံး ကမ္မဋ္ဌာန်းဖြင့် ဆွမ်းခံဝတ် ဖြည့်ကျင့်ခဲ့ပုံ၊ ကမ္မဋ္ဌာန်းအာရုံ မပျံ့လွင့်စေရန်နှင့် စကားမပြောမိစေရန် ရေကိုအမြဲတမ်း ငုံထားခဲ့ပုံ၊ ပြဿနာကို မေးသောအခါ၌သာလျှင် ရေငုံကို မျိုချ၍သော်လည်းကောင်း၊ ထွေးအန်၍သော်လည်းကောင်း ပြောကြားခဲ့ပုံစသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၁၇၀) (မ၊ဋ္ဌ၊၁၊၂၆၃) (သံ၊ဋ္ဌ၊၃၊၂၂၂) (အဘိ၊ဋ္ဌ၊၂၊၃၃၇) (သုတ္တနိ၊ဋ္ဌ၊၁၊၅၁) (အပ၊ဋ္ဌ၊၁၊၁၆၂)
မဟာနာဂတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ကကုသန္ဓမြတ်စွာဘုရားအား သလဲသီး လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ဘဝပေါင်းများစွာ သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ နောက်ဆုံးဘဝ၌ သာကေတမြို့ မဓုဝါသေဋ္ဌမည်သော ပုဏ္ဏား၏သား ဖြစ်ပြီး အရှင်ဂဝမ္ပတိမထေရ်ထံ ရဟန်းပြုကာ ဝိပဿနာပွား၍ ရဟန္တာ ဖြစ်ခဲ့ ပုံစသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၈၉) (အပ၊ဋ္ဌ၊၁၊၁၆၂)
မဟာနာဂတ္ထေရဝတ္ထု
ဤဝတ္ထု၌ မဟာနာဂမထေရ် နိရောဓသမာပတ် ဝင်စားနေစဉ် မထေရ်၏ကျောင် မီးလောင်ခဲ့ပုံ၊ မိမိအဓိဋ္ဌာန်ပြုမထားသော ကျောင်းစသော ပစ္စည်းများ မီးလောင်ပျက်စီးသော်လည်း မထေရ်အား အန္တရာယ် တစ်စုံတစ်ခုမျှ မဖြစ်ခဲ့ပုံ၊ မီးငြှိမ်းသတ်သူများက မထေရ်ကို ကြည်ညိုနေစဉ် သမာပတ်မှ ထပြီးနောက် ကျော်စောမှုကို မလိုလားသဖြင့် ပိယင်္ဂုကျွန်းသို့ ကြွသွားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၃၄၈)
မဟာနာဂဝိဟာရဝါသီထေရဝတ္ထု
ဤဝတ္ထု၌ ရောဟနဇနပုဒ် မဟာနာဂကျောင်းတိုက်ကြီး၌ မထေရ်ကြီးတစ်ပါးသည် ရဟန်းအပေါင်းကို မပန်ကြားဘဲ ကန့်ကော်ပင်တစ်ပင်ကို ခုတ်ဖြတ်ခိုင်းပုံ၊ သစ်ပင်စောင့် ရုက္ခစိုးနတ်သည် အမျက်ထွက်ကာ ရှေးဦးစွာ မှန်ကန်သော အိပ်မက်တို့ဖြင့် မထေရ်ကြီးအား ထင်ရှားကျော်စောစေပုံ၊ နောက်ဆုံးအကြိမ်၌ မင်းကြီး ခုနစ်ရက်အတွင်း နတ်ရွာစံလိမ့်မည်ဟု မဟုတ်မမှန် အိပ်မက်ပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၂၊၃၉၀) (အံ၊ဋီ၊၃၊၆၉)
မဟာနာမတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သုမေဓာဘုရားရှင်၏ လက်ထက်တော်၌ ရသေ့ဖြစ်၍ ဘုရားရှင်အား ပျားရည် ဆက်ကပ်လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ဘဝအဆက်ဆက် သုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ပုဏ္ဏားမျိုး၌ ဖြစ်၍ သာသနာတော်သို့ ဝင်ရောက်ကာ ရဟန်းတရားအားထုတ်သဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၈၈)
မဟာနာမဝတ္ထု
ဤဝတ္ထု၌ မဟာနာမ်သာကီဝင်မင်းသားသည် ရဟန်းတော်တို့အား ဆေးပစ္စည်းဖြင့် ဝါတွင်းသုံးလ ဖိတ်မန်ထားပုံ၊ ရဟန်းတော်များက အနည်းငယ်မျှသာ အလှူခံကြပုံ၊ နောက်ထပ် တစ်ဖန် လေးလဆေးပစ္စည်းဖြင့် ဖိတ်မန်သောအခါ၌လည်း ရဟန်းတော်များက အနည်းငယ်မျှကိုသာ အလှူခံကြပုံ၊ နောက်တပ်တစ်ဖန် တစ်သက်တာပတ်လုံး ဆေးပစ္စည်းဖြင့် ဖိတ်မန်ပုံ၊ မဟာနာမ်အပေါ်ရန်ငြိုးဖွဲ့ထားသော ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထောပတ်ကုန်နေသည်ကို သိ၍ မဟာနာမ်ထံ ထောပတ်အလှူခံကြပုံ၊ မဟာနာမ်သာကီဝင်မင်းသားက တစ်ရက်မျှ သည်းခံစောင့်ဆိုင်းရန် လျှောက်ထားသည်ကို လက်မခံကြ၍ မဟာနာမ်က ကဲ့ရဲ့ပုံ၊ ဘုရားရှင် သိတော်မူ၍ ‘‘မနာမဖျားသူသည် လေးလတစ်ကြိမ် ဖိတ်မန်ထားသော ဒါယကာထံမှ အဆင်သင့်မရှိသော ဆေးပစ္စည်းကို အလှူမခံရ၊ စောင့်ဆိုင်းရမည်၊ မစောင့်ဆိုင်းသော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု မဟာနာမ သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၃၅)
မဟာနာမဝတ္ထု
ဤဝတ္ထု၌ ပဒုမုတ္တရဘုရားရှင် လက်ထက်တော်၌ မဟာနာမ်လောင်းလျာသည် ဒါယကာ တစ်ဦး ပဏီတဒါယက ဧတဒဂ်ရသည်ကို အားကျ၍ ကုသိုလ်ပြု၍ဆုတောင်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ဘဝများစွာ သုဂတိဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ကပိလဝတ္ထုမြို့ သာကီဝင်မင်းမျိုး၌ ဖြစ်ခဲ့ပုံ၊ ဘုရားရှင်ကို ပထမအကြိမ်ဖူးတွေ့ရသောအခါမှာပင်၊ သောတာပန်တည်၍ ပဏီတဒါယကဧတဒဂ် ရရှိပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၃၀၂)
မဟာနာရဒကဿပဇာတက
ဤဇာတ်တော်၌ ဝိဒေဟတိုင်း မိထိလာမြို့ကို အုပ်ချုပ်သော အင်္ဂတိမင်းကြီးသည် ကုသိုလ်ကောင်းမှုများကို အားသွန်ခွန်စိုက် ပြုလုပ်ခဲ့၍၊ ဂုဏတက္ကတွန်းထံရောက်ကာ မိစ္ဆာဒိဋ္ဌိ အယူကို ယူခဲ့၍၊ အကုသိုလ်အားလုံးကို ပြုလုပ်ခဲ့ပုံ၊ သမီးတော် ရုစာမင်းသမီး၏ အဓိဋ္ဌာန် တောင်းပန်ချက်ကြောင့် ဘုရားအလောင်း နာရဒဗြဟ္မာ ဆင်းသက်လာကာ မိစ္ဆာဝါဒကို ချေဖျက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၇၊၁၀၅)
မဟာပဇာပတိဂေါတမီထေရီဝတ္ထု
ဤဝတ္ထု၌ မဟာပဇာပတိဂေါတမီထေရီလောင်းလျာသည် ပဒုမုတ္တရဘုရားရှင့်လက်ထက်တော်၌ ရတ္တညူဧတဒဂ်ရသော ဘိက္ခုနီတစ်ပါးကို အားကျ၍ ကုသိုလ်ကောင်းမှု ပြုကာ ဧတဒဂ် ရရန် ဆုတောင်းခဲ့ပုံ၊ သာသနာပကာလတို့၌ ပစ္စေကဗုဒ္ဓါတို့အား ကျောင်းအိပ်ရာနေရာ သင်္ကန်း၊ ဆွမ်း စသည်တို့ကို ထက်သန်စွာ လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုတို့ကြောင့် ဘဝများစွာ လူနတ်ချမ်းသာမျိုးစုံတို့ကို ခံစားခဲ့ရပုံ၊ ဂေါတမဘုရား၏ မိထွေးတော်အဖြစ်ဖြင့် ပထမဆုံး ဘိက္ခုနီပြုခွင့်ရ၍ ရဟန္တာ ဖြစ်ကာ ရတ္တဥဥုဧတဒဂ်ရရှိခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (အပ၊၂၊၂၀၆) (အံ၊ဋ္ဌ၊၁၊၂၆၁) (ထေရီ၊ဋ္ဌ၊၁၄၄) (ထေရီ၊ဒီ၊၉၂)
မဟာပဇာပတိဂေါတမီဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ကပိလဝတ္ထုမြို့ နိဂြောဓာရုံကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် မိထွေးတော်ဂေါတမီသည် အမျိုးသမီးများကို ရဟန်းပြုခွင့်ပေးရန် တောင်းပန်ခဲ့ပုံ၊ ခွင့်ပြုချက် မရသဖြင့် မိမိတို့ကိုယ်တိုင် ဆံပင်ကိုပယ်၊ သင်္ကန်းကို ဝတ်ပြီး ဘုရားရှင်ရှိရာ ဝေသာလီမြို့သို့ ပင်ပန်းဆင်းရဲကြီးစွာ လိုက်လာပုံ၊ အရှင်အာနန္ဒာမထေရ်က တောင်းပန်လျှောက်ထားသဖြင့် အမျိုးသမီးများကို ရဟန်းပြုခွင့် ပေးတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၄၄၂) (အံ၊၃၊၁၀၁) (သာရတ္ထ၊ဋီ၊၃၊၄၃၆)
မဟာပဇာပတိဂေါတမီဝတ္ထု
ဤဝတ္ထု၌ မိထွေးတော် မဟာပဇာတိဂေါတမီသည် မိမိကိုယ်တိုင် ဝါချည်ကို ဝယ်၍ ရက်လုပ်အပ်သော သင်္ကန်းကို ဘုရားရှင်အား လှူဒါန်းခဲ့ပုံ၊ ဘုရားရှင်က သံဃာတော်ကို လှူဒါန်းရန် မိန့်တော်မူခဲ့ပုံ၊ အလှူခံ တစ်ကျိပ်လေးယောက် ရှိပုံ၊ ထိုအလှူခံအလိုက် အကျိုးပေးပုံ စသော အကြောင်းအရာများပါဝင်သည်။ (မ၊၃၊၂၉၅) (မ၊ဋ္ဌ၊၄၊၂၁၉)
မဟာပဇာပတိဂေါတမီဝတ္ထု
ဤဝတ္ထု၌ မဟာပဇာပတိ ဂေါတမီသည် ဂရုဓမ်ရှစ်ပါးကို ခံယူ၍ ရဟန်းဖြစ်ခဲ့သော်လည်း ဥပဇ္ဈာယ်ဆရာ မထင်ရှားပုံ၊ အခြားရဟန်းမတို့က ဥပုသ်၊ ပဝါရဏာကံ အတူမပြုပုံ၊ မြတ်စွာဘုရားရှင် သိတော်မူ၍ မဟာပဇာပတိ ဂေါတမီ၏ ဥပဇ္ဈာယ်ဆရာကို ဖော်ပြကာ ရဟန္တာပုဂ္ဂိုလ်၌ သံသယမရှိသင့်ကြောင်း မိန့်တော်မူပုံ၊ ဗြာဟ္မဏဟု ခေါ်ဆိုရခြင်း အကြောင်းရင်းတို့ကို ဖော်ပြထားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၀၀)
မဟာပဇာပတိဂေါတမီဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ရဟန်းတို့အား ဘိက္ခုနီကျောင်းသို့သွား၍ တရားမဟောရဟု သိက္ခာပုဒ် ပညတ်တော်မူထားပြီး ဖြစ်၍ မဟာပဇာပတိဂေါတမီ နေမကောင်း၍ သတင်းသွားမေးကြသော ရဟန်းတို့အား ‘‘တရားနာလိုပါသည်၊ တရားဟောပြပါ’’ဟု တောင်းပန်သော်လည်း ရဟန်းတို့က ငြင်းပယ်ကြသောကြောင့် ဖျားနာနေသော ဘိက္ခုနီတို့အား တရားဟောရန် ခွင့်ပြုကြောင်း ဘုရားရှင်က မိန့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၇၉)
မဟာပဇာပတိဂေါတမီဝတ္ထု
ဤဝတ္ထု၌ မဟာပဇာပတိဂေါတမီထေရီသည် အရှင်အာနန္ဒာထံ ချဉ်းကပ်၍ ဘိက္ခု ဘိက္ခုနီတို့ အချင်းချင်း ဝါစဉ်အလိုက် ရှိခိုးမှုကို ပညတ်ပေးပါရန် ဘုရားရှင်ထံ လျှောက်ထားခိုင်းရာ ဘုရားရှင်က ‘‘တိတ္ထိတွေသော်မှ မာတုဂါမကို ရှိမခိုးကြ၊ သာသနာ့ဝန်ထမ်း ရဟန်းတို့မှာ ဘိက္ခုနီတို့ကို ရှိမခိုးရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၄၄၈)
မဟာပဒုမဇာတက
ဤဇာတ်တော်၌ ဗြဟ္မဒတ်မင်းကြီးသည် မိဖုရားကြီး နတ်ရွာခံသွားသောအခါ ပဒုမမင်းသားကို အိမ်ရှေ့မင်းအရာ ပေး၍ အခြားမိဖုရားငယ် တစ်ယောက်ကို မိဖုရားခေါင်ကြီး မြှောက်ထားပုံ၊ တစ်နေ့သောအခါ ပစ္စန္တရာဇ်အရပ်၌ ပုန်ကန်ထကြွသောင်းကျန်းသဖြင့် သားတော်မဟာပဒုမမင်းသားကို နန်းတွင်းရေးရာ အပ်နှင်းကာ ဗြဟ္မဒတ်မင်းကြီးကိုယ်တိုင် သွားရောက်နှိမ်နှင်းခဲ့ပုံ၊ ဖခင်ဗြဟ္မဒတ်မင်းကြီး မရှိခိုက် ပဒုမမင်းသားက မိဖုရားကြီးထံ သွား၍ မည်သည့်အမှုကိစ္စများ ဆောင်ရွက်ပေးရပါမည်နည်းဟု မေးမြန်းခဲ့ပုံ၊ မိဖုရားကြီးက ပဒုမမင်းသားကို တပ်မက်စိတ်ဖြစ်ကာ အတူမွေ့လျော်ပျော်ပါးရန် အိပ်ရာပေါ်သို့ တက်ခိုင်းခဲ့ပုံ၊ မဟာပဒုမမင်းသားက မသင့်လျော်ကြောင်း ပြောဆိုလျက် ငြင်းဆန်ခဲ့ပုံ၊ ဗြဟ္မဒတ်မင်းကြီး ပြန်လာသောအခါ မင်းသားက မိမိအား ဗလက္ကာရပြုကြောင်း လိမ်ညာ၍ တိုင်တမ်းခဲ့ပုံ၊ မင်းကြီးက မစုံစမ်းဘဲ မင်းသားကို တောင်ထိပ်မှ ပစ်ချရန် အမိန့်ပေးခဲ့ပုံ၊ မင်းသား၏ ကံကြောင့် မကွယ်လွန်ဘဲ နောင်အခါ၌ ရသေ့ဝတ်ပုံ၊ စုံစမ်းသောအခါ မိဖုရား၏ ဖေါက်ပြန်မှုကို သိရသဖြင့် မင်းကြီးသည် မိဖုရားကို တောင်ထိပ်မှ ပစ်ချကွပ်မျက်လိုက်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၁၈၈)
မဟာပနာဒဇာတက
ဤဇာတ်တော်၌ ဘုရားရှင်သည် ဘဒ္ဒဇိသတို့သားကို ချီးမြှောက်ရန် ဘဒ္ဒိယမြို့၌ ဝါတွင်းသုံးလ သီတင်းသုံးတော်မူလျက် ဘဒ္ဒဇိသတို့သား၏ ဉာဏ်ရင့်သန်မှုကို စောင့်ဆိုင်းတော်မူပုံ၊ သီတင်းဝါလကျွတ်သောအခါ ဘဒ္ဒိယသူဌေးသား ဘဒ္ဒဇိသည် ဘုရားရှင်၏ တရားတော်ကို ကြားနာရပြီး တရားပွဲအဆုံး၌ ရဟန္တာ ဖြစ်ခဲ့ပုံ၊ မိဘများက ဘဒ္ဒဇိသတို့သားကို ရဟန်းပြုစေလျက် ခုနစ်ရက်တိုင်တိုင် အလှူကြီး ပေးပုံ၊ ဘုရားရှင်က ဘဒ္ဒဇိရဟန်းကို ခေါ်၍ ကောဋိရွာသို့ ကြွတော်မူခဲ့ပုံ၊ ဂင်္ဂါမြစ်အတွင်း၌ ဘုရားရှင်နှင့် အတူ တစ်လှေတည်း စီးစဉ် ဘုရားရှင်၏ တိုက်တွန်းချက်အရ ဘဒ္ဒဇိရဟန်း မဟာပနာဒမင်း ဖြစ်စဉ်အခါက ဂင်္ဂါမြစ်အတွင်း၌ နစ်မြုပ်နေသော (၂၅)ယူဇနာရှိသော ပြာသာဒ်ကြီးကို ဘဒ္ဒဇိရဟန်းက တန်ခိုးဖြင့် ဖော်ထုတ်ပြသခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၉၉)
မဟာပနာဒရာဇဝတ္ထု
ဤဝတ္ထု၌ ကျူထရံသည်၊ သားအဖနှစ်ယောက်တို့သည် ပစ္စေကဗုဒ္ဓါတစ်ပါးအား ကျူရွက်ကို မိုးကာ ရေသဖန်းသားတို့ဖြင့် သစ်ရွက်မိုးကျောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းပြီး ပစ္စည်းလေးပါးတို့ဖြင့် ပြုစုလုပ်ကျွေးခဲ့ပုံ၊ သားအဖနှစ်ယောက် ကွယ်လွန်သောအခါ နတ်ပြည်၌ ဖြစ်ခဲ့ကြပုံ၊ သားဖြစ်သူသည် ထိုနတ်ပြည်မှ စုတေကာ သုမေဓာမိဖုရားကြီး၏ ဝမ်း၌ ပဋိသန္ဓေနေ၍ ဖွားမြင်လာသောအခါ မဟာပနာဒမင်းသားဟု အမည်တွင်ခဲ့ပုံ၊ အရွယ်ရောက်သောအခါ မင်းအဖြစ်ကို ရရှိပြီး သူ၏ ဘုန်းကံကြောင့် သိကြားမင်းက ဝိသကြုံနတ်သားကို စေလွှတ်ကာ ရတနာခုနစ်ပါးဖြင့်ပြီးသော အထပ်တစ်ရာရှိသည့် ပြာသာဒ်ကြီးကို ဆောက်လုပ်စေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၃၊၃၉)
မဟာပန္ထကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ သညာဝိဝဋ္ဋ ကုသလ ဧတဒဂ် ချီးမြှင့်ခံရသော ရဟန်းတစ်ပါးကို အားကျပြီး ကုသိုလ်ပြု၍ ထိုဧတဒဂ် ရရန် ဆုတောင်းခဲ့ပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ရာဇဂြိုဟ်ပြည် ဓနသေဋ္ဌိ၏ သမီးနှင့် ကျွန်တို့မှ မွေးဖွားခဲ့၍ သာသနာတော်သို့ ဝင်ရောက်ခဲ့ကာ ဝိပဿနာ အားထုတ်သဖြင့် ရဟန္တာဖြစ်၍ သညာဝိဝဋ္ဋကုသလဧတဒဂ် ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၁၅၄)
မဟာပန္ထကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မဟာပန္ထကမထေရ်သည် ညီငယ် စူဠပန္ထကအား ဂါထာတစ်ပုဒ်ကို လေးလတိုင်တိုင် အာဂုံရအောင် ကျက်ခိုင်းသည်ကို မရသဖြင့် ကျောင်းပေါ်မှ နှင်ချပြီး တံခါးပိတ်ထားပုံ၊ ရဟန်းများက မဟာပန္ထကထေရ်သည် ရဟန္တာ ဖြစ်ပါလျက် အမျက်ဒေါသထွက်သေးကြောင်း ပြောဆိုနေသံကို ဘုရားရှင် ကြားသိတော်မူသောအခါ ‘‘မဟာပန္ထကမထေရ်သည် အမျက်ဒေါသ ထွက်ခြင်းကြောင့် နှင်ထုတ်သည်မဟုတ်၊ စူဠပန္ထကထေရ်၏ အကျိုးကို လိုလားသောကြောင့်သာ နှင်ထုတ်ခြင်းဖြစ်ကြောင်း’’ ဘုရားရှင် မိန့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၁၉)
မဟာပရိဝါရကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ဘီလူးခေါင်းရှစ်သောင်းလေးထောင် အခြံအရံရှိသည့် ဘီလူးမင်းဖြစ်ခဲ့ပုံ၊ ရဟန်းတော်ပေါင်းခြောက်သောင်းရှစ်ထောင်နှင့်တကွ ဝိပဿီဘုရားရှင် ဗန္ဓုမတီပြည်သို့ ဝင်တော်မူသည်ကို ဖူးတွေ့ခဲ့ရပုံ၊ ဘီလူးမင်းသည် ဘုံဗိမာန်မှ ထွက်၍ အပေါ်ရုံပုဆိုးကို မြှောက်ချီကာ ဦးခေါင်းဖြင့် ဘုရားရှင်ကို ရှိခိုးခဲ့ပုံ၊ ထိုအပေါ်ရုံပုဆိုးကိုလည်း လှူခဲ့ပုံ၊ ကြက်သီးမွေးညင်းထလောက်အောင် မမြင်စဖူးထူးကဲသော ဘုရားရှင်၏ အံဖွယ်တို့ကို တွေ့မြင်ရ၍ ကြည်ညို၍ အခြံအရံ ဘီလူးပရိသတ်နှင့် တကွ ဘုရားရှင်ကို ဆည်းကပ်ခဲ့ကြပုံ၊ ပူဇော်မှုကို ပြုခဲ့သော ဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခဲ့ခြင်း မရှိတော့ဘဲ လွန်ခဲ့သော တစ်ဆယ့်ငါးကမ္ဘာအထက်၌ သုဝါဟနမည်သော စကြဝတေးမင်း တစ်ဆယ့်ခြောက်ကြိမ်ဖြစ်ခဲ့၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်၍ ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၆၁)
မဟာပလောဘနဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗြဟ္မာ့ပြည်မှ စုတေခဲ့ပြီး အနိတ္ထိဂန္ဓမည်သော သတို့သား ဖြစ်ခဲ့ပုံ၊ အနိတ္ထိဂန္ဓသတို့သားသည် မိန်းမတို့ကို အကပ်မခံပုံ၊ ကာသိမင်းကြီးက နန်းတွင်းသူ ကချေသည်သတို့သမီးငယ် တစ်ယောက်နှင့် ဖြားယောင်းသိမ်းသွင်းခဲ့ပုံ၊ အနိတ္ထိဂန္ဓသတို့သားသည် ကချေသည်၌ စွဲလမ်းတပ်မက်ပြီး ငါမှတစ်ပါး အခြားသော ယောက်ျားများသည် မိန်းမများကို မပိုင်ဆိုင်စေရဟု ဆိုကာ သတ်ဖြတ်ရန် ကြိုးစားသဖြင့် နိုင်ငံမှ နှင်ထုတ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၄၇၂)
မဟာပိင်္ဂလဇာတက
ဤဇာတ်တော်၌ ဒေဝဒတ်လောင်းသည် မဟာပိင်္ဂလအမည်ရှိသော မင်းဖြစ်၍ တိုင်းပြည်ကို ကြမ်းတမ်းစွာ အုပ်ချုပ်ခဲ့ပုံ၊ သို့ဖြစ်ခဲ့ပုံ၊ သို့ဖြစ်၍ တစ်တိုင်းပြည်လုံး ကျိန်မီးအုံးသကဲ့သို့ ဒုက္ခခံစားခဲ့ကြရပုံ၊ ထိုမင်းသေဆုံး(နတ်ရွာစံ)ချိန်တွင် သားတော်ဖြစ်သူ ဘုရားအလောင်းအား မင်းမြှောက်၍ ပျော်ရွှင်နေကြပုံ၊ ထိုအခါတံခါးစောင့်က မဟာပိင်္ဂလမင်း သေရွာမှ ပြန်လာလျှင် အားလုံး ဒုက္ခရောက်ကြမည်ကို စိုးရိမ်၍ ငိုကြွေးနေသဖြင့် တံခါးစောင့်အား စိုးရိမ်မှု မရှိရန် ဘုရားလောင်းက တရားဟောခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၁၉)
မဟာပုဏ္ဏတ္ထေရဝတ္ထု
ဤဝတ္ထု၌ သုနာပရန္တတိုင်း ဝါဏိဇဂါမရွာမှ ကုန်သည်ညီနောင်တို့သည် လှည်းအစီး ငါးရာတို့ဖြင့် ကုန်ကူးရင်း သာဝတ္ထိပြည် ဇေတဝန်ကျောင်းသို့ ရောက်ရှိကာ တရားနာခဲ့ကြပုံ၊ မဟာပုဏ္ဏသူကြွယ် သာသနာတော်သို့ ဝင်ရောက်ခဲ့ပြီး သုနာပရန္တတိုင်း၊ ဝါဏိဇဂါမ ရွာသို့ကြွရောက်ကာ ကမ္မဋ္ဌာန်းအားထုတ်သဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ၊ ထိုအရှင်ပုဏ္ဏမထေရ်ပင့်ဖိတ် မှုကြောင့် ဘုရားရှင် ဝါဏိဇဂါမရွာသို့ ကြွရောက်တော်မူခဲ့၍ စန္ဒကူးကျောင်းတော်ကို အလှူခံတော်မူခဲ့ပုံ၊ သစ္စဗန္ဓရသေ့ တောင်းပန်သောကြောင့် နမ္မဒါမြစ်ကမ်း၌ ခြေတော်ရာ ချတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၂၊၂၈၅) (မ၊ဋ္ဌ၊၄၊၂၃၄) (သံ၊ဋ္ဌ၊၃၊၁၉)
မဟာပေသကာရပေတိဝတ္ထု
ဤဝတ္ထု၌ ရက်ကန်းသည်ရွာတစ်ရွာ၌ ရက်ကန်းသည်တို့သည် ဝါဆိုသံဃာတော်တို့အား ကောင်းမွန်စွာ လှူဒါန်းပူဇော်ကြပုံ၊ ရက်ကန်းသည်ခေါင်းဆောင်၏ မယားမှာမူ မိစ္ဆာဒိဋ္ဌိဖြစ်၍ ရဟန်းတို့အား အမြဲတမ်း ကျိန်ဆဲလေ့ရှိပုံ၊ ကွယ်လွန်ကြသောအခါ လင်ယောက်ျားက ရုက္ခစိုးနတ်မင်းဖြစ်၍ သူ့မယားက ပြိတ္တာမကြီးခဲ့ပုံ၊ ရုက္ခစိုးပေးသမျှ နတ်ဝတ်နတ်စားများသည် ပြိတ္တာမကြီးထံ ရောက်လျှင် ကျင်ကြီး၊ ကျင်ငယ်၊ သွေးပုပ်နှင့် မီးတောက်လောင်နေသော သံပြားကြီးများ ဖြစ်သွားကြပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ပေတ၊၁၃၃) (ပေတ၊ဋ္ဌ၊၄၀)
မဟာဖုဿဒေဝတ္ထေရဝတ္ထု
ဤဝတ္ထု၌ မဟာဖုဿဒေဝမထေရ်သည် အနှစ်နှစ်ဆယ်ကာလပတ်လုံး ဂတပစ္စာဂတဝတ်ကို ဖြည့်ကျင့်လျက် ကမ္မဋ္ဌာန်းတရားအားထုတ်ခဲ့ပုံ၊ လယ်သမား၊ ခရီးသွားစသည်တို့က မထေရ်အား ‘‘မျက်စိလည် လမ်းမှားနေသူ’’ဟု ထင်မှတ်ပြောဆိုလေ့ရှိပုံ၊ မဟာဖုဿဒေဝမထေရ်က ထိုသူတို့၏ စကားကို ဂရုမစိုက်ဘဲ ကမ္မဋ္ဌာန်းတရားကိုသာ ကြိုးစားအားထုတ်ခဲ့သဖြင့် အနှစ်နှစ်ဆယ်အတွင်း၌ ရဟန္တာ ဖြစ်ခဲ့ပုံ၊ မထေရ်ရဟန္တာဖြစ်သောနေ့၌ နတ်မင်းကြီးလေးယောက်၊ သိကြားမင်းနှင့် သဟမ္ပတိဗြဟ္မာစသည်တို့ လာရောက်ဆည်းကပ်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၁၇၀) (မ၊ဋ္ဌ၊၁၊၂၆၂) (သံ၊ဋ္ဌ၊၃၊၂၂၂) (သုတ္တနိ။ဋ္ဌ၊၁၊၅၀) (အပ၊ဋ္ဌ၊၁၊၁၆၁)
မဟာဗောဓိဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် မဟာဗောဓိမည်သော ပရိဗိုဇ်ဖြစ်၍ ဗာရာဏသီ မင်း၏ဥယျာဉ်သို့ ကြွလာစဉ် မင်းမိဖုရားနှစ်ဦးတို့သည် အလွန်ကြည်ညိုခဲ့ကြပုံ၊ အဟေတုကဝါဒ၊ ဣဿရနိမ္မာနဝါဒ၊ ပုဗ္ဗေကတဟေတုဝါဒ၊ ခေတ္တဝိဇ္ဇဝါဒ၊ ဥစ္ဆေဒဝါဒရှိကုန်သော အမတ်(၅)ယောက်တို့က ဘုရားအလောင်း ထွက်သွားအောင် မင်းကြီးအား ကုန်းတိုက်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၂၄၀)
မဟာဗောဓိဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ဥရုဝေလတော နေရဉ္ဇရာမြစ်နဖူးရှိ မဟာဗောဓိပင်ရင်း၌ သဗ္ဗညုတဘုရားရှင်အဖြစ်သို့ ရှေးဦး ပထမ ရောက်တော်မူပုံ၊ ဗောဓိပင်ရင်း၌ ခုနစ်ရက်ပတ်လုံး တင်ပလ္လင်ခွေလျက် အရဟတ္တဖိုလ်ချမ်းသာကို ခံစားတော်မူပုံ၊ ထိုည၌ ပဋိစ္စသမုပ္ပါဒ်တရားတော်ကို အနုလုံ ပဋိလုံ ဆင်ခြင်သုံးသပ်တော်မူပြီး ဥဒါန်းကျူးရင့်တော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁)
မဟာဘိနိက္ခမနဝတ္ထု
ဤဝတ္ထု၌ ဘုရားအလောင်းတော်သည် ဓမ္မသံဝေဂရ၍ ကပိလဝတ်နေပြည်တော်မှ မြတ်သော တောထွက်တော်မူခြင်းဖြင့် တောထွက်တော်မူကာ ဥရုဝေလတော၌ ဒုက္ကရစရိယာအကျင့်ကို ခြောက်နှစ် ကျင့်ခဲ့ပုံ၊ ကဆုန်လပြည့်နေ့ နံနက်ပိုင်းတွင် သုဇာတာလှူသော ဃနာနို့ဆွမ်းကို ဘုဉ်းပေးပြီး ညနေပိုင်းတွင် မဟာဗောဓိပင်ရင်း၌ မာရ်နတ်ကို အောင်နိုင်ခဲ့ပုံ၊ သဗ္ဗညုဘုရားဖြစ်၍ ဗောဓိပင်အနီး (၇)ဌာနတို့၌ (၄၉)ရက် သီတင်းသုံးနေခဲ့ပုံ၊ လောကစောင့်နတ်တို့ လှူသောသပိတ်ဖြင့် တပုဿဘလ္လိကတို့ လှူသော မုန့်ဆွမ်းကို ဘုဉ်းပေးတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၈၇)
မဟာမင်္ဂလဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဟိမဝန္တာတော၌ ဈာန်ရရသေ့ကြီးဖြစ်ပြီး တပည့်ရသေ့ငါးရာတို့နှင့်အတူနေစဉ် တပည့်တို့သည် ဗာရာဏသီမင်း၏ ဥယျာဉ်သို့ ကြွရောက် သီတင်းသုံးကြပုံ၊ ထိုအခါ မင်းပရိသတ်၌ မင်္ဂလာဟူသော စကားနှင့် ပတ်သက်၍ အငြင်းအခုံဖြစ်ကြရာ ရသေ့တို့ထံ အဆုံးအဖြတ်ခံရန် ရောက်လာကြပုံ၊ ဘုရားအလောင်း ရသေ့ကြီးက မင်္ဂလာတရားကို ဖြေဆိုဟောကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၇၃)
မဟာမိတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ နို့အိုင်းနာ ဖြစ်နေမယ်တော်ကြီးအား မဟာမိတ္တမထေရ်က ရဟန်း ဖြစ်သည့်နေ့မှစ၍ လောဘစိတ်ဖြင့် ဣန္ဒြေကိုဖျက်ကာ မာတုဂါမကို မကြည့်စဖူးပါ၊ ဤသစ္စာ စကားကြောင့် မိခင်ရောဂါပျောက်ပါစေဟု သစ္စာဆို၍ ကုသပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၃၈)
မဟာမိတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ မဟာမိတ္တမထေရ်သည် ကဿကလိုဏ်ဂူ၌ သီတင်းသုံးနေစဉ် ဂေါစရဂါမ်ရွာကို အမှီပြု၍ တရားအားထုတ်နေပုံ၊ တစ်နေ့သောအခါ မိမိကို အမြဲတမ်း ဆွမ်းဝတ်ပြုနေသော ဥပါသိကာမကြီးက တောထဲ မသွားမီ သမီးငယ်အား မဟာမိတ္တထေရ် ကြွလာသည့်အခါ ထောပတ်၊ ဆီဦး၊ နွားနို့စသည့် ကောင်းမွန်သော ဘောဇဉ်များကို လောင်းလှူရန် မှာကြားနေပုံ၊ မိမိတို့ကမူ မနေ့က ကျန်သော ထမင်းကြမ်းခဲနှင့် ပအုံးရည်ဟင်း၊ ကန်စွန်းရွက်ဟင်းဖြင့် စားသောက်ကြမည်-ဟု ပြောဆိုနေသည့် အသံကို မဟာမိတ္တထေရ် ကြားသိရပုံ၊ မထေရ်သည် မိမိကိုယ်ကို ဆုံးမကာ လိုဏ်ဂူသို့ ပြန်ပြီး တစ်မဂ်တစ်ဖိုလ် မရမချင်း ဆွမ်းခံမထွက်ဟု ဆုံးဖြတ်ချက်ချလျက် တရားအားထုတ်ခဲ့ပုံ၊ နေမွန်းမတည့်မီပင် ရဟန္တာဖြစ်ပြီး ဥပါသကာမကြီးအိမ်သို့ ဆွမ်းခံကြွတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၂၉၈) (သံ၊ဋ္ဌ၊၃၊၁၉၆) (အံ၊ဋ္ဌ၊၁၊၃၉၃) (အဘိ၊ဋ္ဌ၊၂၊၂၆၆)
မဟာမောဂ္ဂလာနတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဂိဇ္ဈကုဋ်တောင်ခြေရှိ အဆိပ်ပန်းတို့မှ လေကိုရှူမိသဖြင့် မဟာမောဂ္ဂလ္လယန်မထေရ် မကျန်းမမာဖြစ်နေရာ ဘုရားရှင်ထံမှ ဗောဇ္ဈင်တရားကို နာရ၍ ရောဂါပျေက်ကင်းပုံစသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၃၊၇၂)
မဟာမောဂ္ဂလာနတ္ထေရဝတ္ထု
ဤဝတ္ထု၌ တိတ္ထိများသည် ‘‘ဘုရားရှင်သာသနာတော်၌ လာဘ်လာဘများ ပေါများနေခြင်းသည် အရှင်မောဂ္ဂလာန်ထေရ်ကြောင့် ဖြစ်သည်’’ဟု ဆိုကာ ခိုးသားငါးရာတို့ကို အသပြာတစ်ထောင် ပေး၍ လုပ်ကြံစေခဲ့ပုံ၊ အရှင်မဟာမောဂ္ဂလ္လာန်ထေရ်ကြီးသည် ပထမလ၊ ဒုတိယလတို့၌ တန်ခိုးတော်ဖြင့် ရှောင်၍လွတ်မြောက်သော်လည်း တတိယမြောက်လ၌ကား မိမိ၏ အတိတ်ဘဝအကုသိုလ်ကံ ဝဋ်ကြွေးကြောင့် ရှောင်၍မရတော့ဘဲ လုပ်ကြံခံတော်မူခံရပုံ၊ အဇာတသတ်မင်းကြီးက လူသတ်တရားခံ တိတ္ထိငါးရာနှင့် ခိုးသားငါးရာတို့ကို တွင်းတူးပြီး မီးရှို့သတ်ရန် အမိန့်ပေးခဲ့ပုံ၊ အရှင်မဟာမောဂ္ဂလာန်မထေရ်ကြီးသည် အတိတ်ဘဝတစ်ခု၌ မိခင်ဖခင်တို့အား မယား၏ ကုန်းတိုက်စကားကြောင့် သတ်ခဲ့မိသဖြင့် ယခုနောက်ဆုံးဘဝ၌ ဤကဲ့သို့ လုပ်ကြံခံတော်မူရခြင်းဖြစ်ကြောင်း ဘုရားရှင်က ဟောပြတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၁)
မဟာမောဂ္ဂလာနတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်မဟာမောဂ္ဂလ္လာန်မထေရ်သည် နတ်ပြည်သို့ကြွ၍ နတ်သမီးတို့အား ‘‘မည်သို့သော ကုသိုလ်ကောင်းမှုကြောင့် ဤကဲ့သို့သော နတ်စည်းစိမ်တို့ကို ရရှိသနည်း’’ ဟု မေးမြန်းတော်မူပုံ၊ တစ်ချို့သော နတ်သမီးများက မည်သည့်ကုသိုလ်ထူးမျှ မပြုလုပ်ခဲ့ဖူးဘဲ မှန်ကန်သော သစ္စာစကားမျှကိုသာ ဆိုခဲ့ဖူးကြောင်း၊ တစ်ချို့က မိမိလင်ယောကျ်ားအပေါ် အမျက်ဒေါသ မထွက်ရုံမျှ ထိန်းသိမ်းခဲ့ဖူးကြောင်း၊ တစ်ချို့က တည်သီးတစ်လုံး သခွားသီးတစ်လုံးမျှကိုသာ လှူခဲ့ဖူးကြောင်း စသည်ဖြင့် လျှောက်ထားခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၀၃)
မဟာမောဂ္ဂလ္လာနတ္ထေရဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားသည် ရဟန္တာအပါး ငါးရာနှင့်အတူ ဣသိဂိလိတောင်နံပါး၌ သီတင်းသုံးနေတော်မူပုံ၊ အရှင်မဟာမောဂ္ဂလ္လာန်မထေရ်သည် ထိုရဟန္တာအပါးငါးရာတို့၏ ဥပဓိကင်းကွာ ကိလေသာမှ လွတ်မြောက်ပြီးသောစိတ်ကို မိမိ၏စိတ်ဖြင့် ဆင်ခြင်သုံးသပ်ခဲတော်မူပုံ၊ ထိုအကြောင်းအရာကို အရှင်ဝင်္ဂီသထေရ်က ဘုရားရှင်၏ ရှေ့တော်၌ အလွန်ကောင်းမွန်သော ဂါထာတို့ဖြင့် ချီးမွမ်းတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၉၆) (သံ၊ဋ္ဌ၊၁၊၂၆၀)
မဟာမောဂ္ဂလ္လာနဝတ္ထု
ဤဝတ္ထု၌ အရှင်မောဂ္ဂလ္လာန်မထေရ်လောင်း အမျိုးကောင်းသားသည် အနောမဒဿီဘုရားရှင် လက်ထက်တော်၌ ဝရုဏနဂါးမင်းဖြစ်၍ ဘုရားရှင်နှင့်တကွ သံဃာတော်တို့အား အလှူကြီးပေးလှူ၍ ဒုတိယအဂ္ဂသာဝကဆုကို တောင်းခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် သိကြားမင်းအဖြစ် (၇၇)ကြိမ်၊ စကြာမင်းအဖြစ် (၅၅)ကြိမ်၊ ချမ်းသာသုခခံစားခဲ့ရပုံ၊ တစ်ခုသောဘဝ၌ ကာမဂုဏ်နောက်လိုက်ပြီး မယားမိုက်၏ ကုန်းတိုက်စကားကြောင့် မိခင်အို၊ ဖခင်အိုတို့အား သတ်ခဲ့မိပုံ၊ ထိုအကုသိုလ်ကံကြောင့် ငရဲ၌ နှစ်ပေါင်းများစွာ ကျရောက်ခဲ့ရပြီး ဤနောက်ဆုံးဘဝ ဒုတိယအဂ္ဂသာဝကမထေရ်ကြီးဖြစ်စဉ် ခိုးသားငါးရာတို့၏ ဖမ်းဆီးရိုက်နှက် သတ်ဖြတ်ခြင်းကို ခံရ၍ ပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၄၈၀)
မဟာမောရဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် ဥဒေါင်းငှက်မျိုး၌ဖြစ်၍ ရွှေရောင်အဆင်းရှိသဖြင့် အခြားသော ဥဒေါင်းငှက်တို့ထက် ချောမောလှပုံ၊ အပေါင်းအဖေါ်များနှင့်ခွဲခွာလျက် ဟိမဝန္တာတော၌ တစ်ကောင်တည်း နေကာ နေထွက် နေဝင်တို့၌ ပရိတ်ရွတ်လျက် အန္တရာယ်ကင်းရှင်းစွာ နေထိုင်ခဲ့ရပုံ၊ မင်းခုနစ် ဆက် မုဆိုးခုနစ်ဆက်တို့ဖမ်းဆီးကြသော်လည်း ဖမ်းဆီး၍ မရခဲ့ကြပုံ၊ ဥဒေါင်းငှက်မလေး၏ အသံကြောင့် ပရိတ်မရွတ်မိဘဲ ပြန်ဆင်းလာရာ ညွတ်ကွင်း၌ မိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၃၃၃)
မဟာရထဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား ရွှေပန်းတို့ဖြင့် ပူဇော်ခဲ့ပုံ၊ ကဿပ ဘုရားရှင်လက်ထက်တော်၌ သိဝိမင်းကြီး၏ ဇနီး ဥရစ္ဆဇမာလာ၏ဆရာ ဂေါပါလပုဏ္ဏား ဖြစ်ခဲ့ပုံ၊ ကဿပဘုရားရှင် အမှူးရှိသော သံဃာတော်တို့အား အသဒိသဒါန လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်အစုစုကြောင့် တာဝတိံသာနတ်ပြည်၌ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၅၁)
မဟာရာဟုလောဝါဒဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်၏သားတော် အရှင်ရာဟုလာသည် ဆရာသမားတို့၏ စကားကို လေးစားစွာ ကျင့်သုံးလိုက်နာသူဖြစ်ပုံ၊ ဘုရားရှင်သည် အရှင်ရာဟုလာ အသက်နှစ်ဆယ်ပြည့်၍ ရဟန်းဖြစ်လာသောအခါ ဣန္ဒြေရင့်သည်ကို သိတော်မူ၍ ကမ္မဋ္ဌာန်းအားထုတ်ရန် မဟာရာဟုလောဝါဒသုတ်ကို ဟောပြတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၃၊၉၁)
မဟာလိလိစ္ဆဝီဝတ္ထု
ဤဝတ္ထု၌ မဟာလိလိစ္ဆဝီမင်းသည် ဘုရားရှင်အား သိကြားမင်းကို မြင်ဖူးပါသလောဟု မေးမြန်းလျှောက်ထားခဲ့ပုံ၊ ဘုရားရှင်က မြင်ဖူးပါ၏ဟု မိန့်တော်မူသောအခါ သိကြားအစစ်ကို မြင်ဖို့ရန် ခဲယဉ်းကြောင်း၊ ဘုရားရှင်မြင်ဖူးသည့် သိကြားမင်းသည် အတုသာ ဖြစ်နိုင်ကြောင်း လျှောက်ထားပုံ၊ ဘုရားရှင်က သိကြားမည်ကြောင်းနှင့် သိကြားမင်းဖြစ်ကြောင်း အကျင့်များကို ရှင်လင်းဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၂၃၁) (သံ၊ဋ္ဌ၊၁၊၃၁၈)
မဟာလိလိစ္ဆဝီဝတ္ထု
ဤဝတ္ထု၌ နာဂိတမထေရ်၏ တူတော်သူ သီဟသာမဏေသည် မဟာလိလိစ္ဆဝီနှင့် ကောသလတိုင်း၊ မဂဓတိုင်းတို့မှ ပုဏ္ဏားပရိသတ်များ ဘုရားရှင်အား ဖူးမြော်ကန်တော့ရန် ရောက်လာကြကြောင်း ဘုရားရှင်ထံ သွားရောက်လျှောက်ထားပုံ၊ မဟာလိလိစ္ဆဝီက သုနက္ခတ္တရဟန်းသည် ဒိဗ္ဗစက္ခုအဘိညာဉ်ကိုသာ ရ၍ ဒိဗ္ဗသောတအဘိညာဉ်ကို မရကြောင်း ဘုရားရှင်အား လျှောက်ထားပုံ၊ ဘုရားရှင်က ‘‘ရဟန်းတော်များသည် ဈာန်အဘိညာဉ်ထက် မြင့်မြတ်သာလွန်သော မဂ်ဖိုလ်နိဗ္ဗာန်တရားများကို မျက်မှောက်ပြုနိုင်ရေးအတွက်သာ ငါဘုရား၏ အထံ၌ မြတ်သောအကျင့်ကို ကျင့်ခြင်းဖြစ်ကြောင်း’’ မဟာလိအား မိန့်ကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၁၊၁၄၃)
မဟာလောမဟံသဝတ္ထု
ဤဝတ္ထု၌ ဘုရားအလောင်း မဟာလောမဟံသသည် စည်းစိမ်ဥစ္စာများစွာကို စွန့်လွှတ်၍ တောထွက်ခဲ့ပုံ၊ လူတို့၏ ပူဇော်သက္ကာရပြုမှုကို ရွံရှာပြီ ဥပေက္ခာပါရမီကို အစွမ်း ကုန်ဖြည့်ကျင့်လိုသဖြင့် အရှက်အကြောက်လုံရုံ အဝတ်စုတ်များကိုဝတ်ကာ ရွာစဉ်လှည့်လည်ပုံ၊ မိမိကို ပူဇော်သူတို့ကိုလည်း အလေးမထား၊ ရှုတ်ချကဲ့ရဲ့၊ နှပ်တံတွေးဖြင့် ထွေးသူတို့ကိုလည်း မုန်းစိတ်မဝင်၊ ချစ်မုန်းကင်းသည့် ဥပေက္ခာစိတ်ဖြင့် နေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၂၅၉)
မဟာဝစ္ဆတ္ထေရဝတ္ထု
ဤဝတ္ထု၌ မဟာဝစ္ဆမထေရ်အလောင်း အမျိုးကောင်းသားသည် ပဒုမုတ္တရဘုရားရှင် ရဟန်းသံဃာတော်တို့အား သောက်တော်ရေများ လှူဒါန်း ဆက်ကပ်ခဲ့ပုံ၊ သိခီဘုရားရှင်လက်ထက်တော်၌လည်း ရတနာသုံးပါးကို ဆည်းကပ်သော ဥပါသကာတစ်ဦး ဖြစ်ခဲ့ပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ မဂဓတိုင်း နာဠကရွာ၌ ဗြာဟ္မဏမဟာသာလတစ်ဦး ဖြစ်လာပြီး သာသနာတွင်း ဝင်ရောက်၍ ရဟန္တာ ဖြစ်ခဲ့ပုံစသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၇၀)
မဟာဝတ္တနိအဋဝိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မဟာဝတ္တနိတောအုပ်နေ မထေရ်တစ်ပါးကို ခိုးသူများက နွယ်ကြိုးတို့ဖြင့် တုပ်နှောင်ပြီး လှဲချထားခဲ့ကြပုံ၊ ထိုမထေရ်သည် နွယ်ကြိုးကို ဖြတ်လျှင် အာပတ်သင့်မည် ဖြစ်သဖြင့် သိက္ခာပုဒ်တော်ကို အသက်နှင့်လဲ၍ စောင့်ထိန်းကာ လှဲအိပ်လျက် (၇)ရက်လုံးလုံး ဝိပဿနာပွား၍ အနာဂါမ်တည်ကာ ထိုနေရာမှာပင် ပျံလွန်တော်မူ၍ ဗြဟ္မာ့ပြည်၌ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၃၄)
မဟာဝါစကာလဥပါသကဝတ္ထု
ဤဝတ္ထု၌ ဤဥပါသကာသည် သောတာပတ္တိမဂ်ကို ရလို၍ နှစ်ပေါင်းသုံးဆယ်တိုင်တိုင် သုံးဆယ့်နှစ်ပါးသော ကောဋ္ဌာသကမ္မဋ္ဌာန်းကို ရွတ်ဆိုခဲ့ပုံ၊ ထို့နောက် သူသည် ဤမျှလောက်ကြာအောင် ထိုကမ္မဋ္ဌာန်းကို ရွတ်ဆိုပါသော်လည်း တရားထူးရရန် အရိပ်အယောင်မျှပင် မဖြစ်စေနိုင်ခဲ့သဖြင့် ဗုဒ္ဓသာသနာတော်သည် သံသရာမှ ထွက်မြောက်ကြောင်း မဟုတ်နိုင်ဟု အယူဖောက် ပြန်ပျက်စီးကာ ကွယ်လွန်၍ ဂင်္ဂါမြစ်ထဲ၌ ခန္ဓာကိုယ် ကိုး ဥသဘအတိုင်းအရှည်ရှိသော မိကျောင်းပြိတ္တာကြီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၂၊၁၀၈)
မဟာဝါဏိဇဇာတက
ဤဇာတ်တော်၌ လှည်းကုန်သည် ငါးရာတို့သည် သဲကန္တာရခရီး၌ မျက်စိလည် လမ်းပျောက်၍ နဂါးသိမ်းပိုက်ထားသော စိမ်းလန်းစိုပြေသည့် ပညောင်ပင်ကြီးတစ်ပင်ကို တွေ့ရှိကြပုံ၊ ကုန်သည်တို့သည် ပညောင်ပင်ရင်း၌ နားနေပြီး အပင်ပေါ်သို့ တက်ကာ သစ်ကိုင်းတို့ကို ဖြတ်ကြသောအခါ ရေနှင့်တကွ စားဖွယ်သောက်ဖွယ်များ၊ ပတ္တမြားနားတောင်းစသည့် ရတနာများ၊ ဝတ်စားဆင်ယဉ် အလှပြင်ထားသည့် မိန်းမငယ်များကို ရရှိခဲ့ကြပုံ၊ ရုက္ခစိုးနတ်မင်း၏ ရှေးကုသိုလ်ကံကြောင့် ဖြစ်ပေါ်လာသော ထိုပစ္စည်းဥစ္စာများကို သယ်ဆောင်ကာ ပြန်သင့်သော်လည်း လောဘအတောမသတ် ကျေးဇူးကန်းသူများဖြစ်သဖြင့် ညောင်မြစ်ကိုပါ တူး၍ ညောင်ပင်ကြီးကို လှဲရန် စီစဉ်ကြပုံ၊ ထိုအခါ ဘုရားလောင်းလှည်းကုန်သည်မှူးက ကျေးဇူးရှင်ကို မပြစ်မှားရန် တားမြစ်ခဲ့ပုံ၊ ရုက္ခစိုးနတ်မင်း အမျက်ထွက်၍ ဘုရားလောင်းမှတစ်ပါး လှည်းသားအားလုံးကို သတ်ပစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၃၅၀)
မဟာသကုဏသံဃဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် ဟိမဝန္တာတောင်နံဘေးရှိ တောအုပ်တစ်အုပ်၌ သီတင်းသုံး နေထိုင်ပုံ၊ ငှက်ပေါင်းများစွာတို့သည် ကျောင်း၏အနီး အိုင်ကြီးထဲ၌ ကျက်စားပြီးလျှင် ထိုတောအုပ်သို့ လာရောက် အိပ်စက်ကြသဖြင့် ငှက်တို့၏ ဆူညံသံကြောင့် တရားအားမထုတ်နိုင်ကြောင်း ထိုရဟန်းက ဘုရားရှင်အား လျှောက်ထားပုံ၊ ဘုရားရှင်က ငှက်တို့ထံမှ ငှက်မွေးကို တောင်းခိုင်းသဖြင့် ထိုရဟန်းသည် နေ့စဉ် ငှက်မွှေးကို တောင်းသောကြောင် ငှက်တို့ ထိုတောအုပ်ကို စွန့်ခွာသွားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၂၂၂)
မဟာသကုလုဒါယီဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် မောရနိဝါပပရိဗိုဇ်၏ အရာမ်သို့ ကြွတော်မူပြီး ပရိဗိုဇ်တို့နှင့် တရား ဆွေးနွေးတော်မူပုံ၊ ပုရာဏကဿပအစရှိသော တိတ္ထိဆရာကြီး (၆)ဦးတို့သည် ထင်ရှားသော ဂိုဏ်းဆရာကြီးများဖြစ်ပြီး တပည့်ပရိသတ်များရှိကြသော်လည်း သူတို့၏ တပည့်တို့က လေးမြတ်မှု မရှိကြပုံ၊ ဘုရားရှင်၏ တပည့်ပရိသတ်က ဘုရားရှင်အပေါ် လေးမြတ်မှုရှိပုံ စသော အကြောင်းအရာများပါဝင်သည်။ (မ၊၂၊၁၉၄) (မ၊ဋ္ဌ၊၃၊၁၆၃)
မဟာသံဃရက္ခိတတ္ထေရဝတ္ထု
ဤဝတ္ထု၌ အကျင့်သီလနှင့် ပြည့်စုံသော မထေရ်ကြီးသည် အရိမေတ္တယျဘုရားရှင်အား ဖူးတွေ့လိုသော ဆန္ဒဖြင့် ဝိပဿနာတရား ကြိုးစားအားထုတ်မှု မပြုခဲ့ပုံ၊ အလုပ်အကျွေးမထေရ်၏ လျှောက်ထားချက်အရ ပျံလွန်တော်မူခါနီးအချိန်ကျမှ အားထုတ်လိုက်ရာ ချက်ခြင်းပင် ရဟန္တာ ဖြစ်သွားခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၄၅)
မဟာသဋ္ဌိဝဿတ္ထေရဝတ္ထု
ဤဝတ္ထု၌ သီဟိုဠ်ကျွန်း ကန္ဒရသာလာကျောင်း၌ သီတင်းသုံးနေထိုင်သော ဝါတောခြောက်ဆယ်ရမထေရ်ကြီးသည် သေရာညောင်စောင်း၌ လဲလျောင်းနေစဉ် ဝေဒနာ ပြင်းထန်စွာ နှိပ်စက်ခံရသဖြင့် ညည်းညူ၍နေပုံ၊ ထိုအချိန်၌ တိဿမင်းကြီးသည် မထေရ်ကြီးကို ဖူးမြော်ရန် ရောက်ရှိလာစဉ် ညည်းညူသံကို ကြားရသဖြင့် ‘‘ဝါတော်ခြောက်ဆယ် ရနေပါလျက် ဝေဒနာ သိမ်းဆည်းမှုကိုမျှ မပြုလုပ်နိုင်သော မထေရ်ကို ရှိမခိုးတော့’’ ဟု ဆိုကာ ပြန်လှည့်သွားပုံ၊ ထိုအကြောင်းအရာကို မထေရ်ကြီး သိရှိသွားပြီး ချက်ချင်း ဝိပဿနာ ရှုမှတ်ပွားများရာ ရဟန္တာဖြစ်သွားပြီး တိဿမင်းကြီးအား ရှိခိုးစေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၂၆၀) (အံ၊ဋီ၊၃၊၃၄၆)
မဟာသာရဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီမင်း၏ အမတ်ဖြစ်စဉ် တစ်နေ့တွင် မင်းနှင့် မိဖုရားတို့ ဥယျာဉ်တော်သို့သွား၍ ရေချိုးကြစဉ် မိဖုရားကြီး၏ လည်ဆွဲပုလဲသွယ် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဇနပုဒ်သား၊ သူဌေး၊ ပြည့်တန်ဆာမ၊ စောင်းသမား၊ ပုရောဟိတ် စသည်တို့ကို ဖမ်းဆီးထားရာ ဘုရားအလောင်း၏ ပညာစွမ်းကြောင့် ထိုသူတို့ အချုပ်မှ လွတ်မြောက်ပြီး လည်ဆွဲရတနာ ပြန်ရခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၀၄)
မဟာသာလဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ မဟာသာလပုဏ္ဏားကို သူ၏သားများက အမွေအားလုံး မိမိတို့ချည်း ပိုင်ဆိုင်လိုကြသဖြင့် နောက်အိမ်ထောင် ပြုခွင့် မပေးဘဲ အလှည့်ကျ ပြုစုလုပ်ကျွေးခဲ့ကြပုံ၊ သားများကို အမွေ ပစ္စည်းအားလုံး ပေးလိုက်သဖြင့် တောင်းစားရသောအဖြစ်သို့ ရောက်ရှိခဲ့ပုံ၊ သို့သော် မြတ်စွာဘုရားရှင်၏ သွန်သင်လမ်းညွှန်ချက်ကြောင့် ချမ်းသာစွာ နေခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၇၈) (သံ၊ဋ္ဌ၊၁၊၂၃၈)
မဟာသိဝတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဂိုဏ်းကြီး (၁၈)ဂိုဏ်းတို့၏ ဆရာဖြစ်သော မဟာသီဝမထေရ်သည် မိမိထံ၌ ဆည်းကပ်လာကြကုန်သော တပည့်ရဟန်းသံဃာသုံးသောင်းတို့ကို နံနက်မိုးလင်းသည့်အချိန်မှ စ၍ ညနေနေဝင်မိုးချုပ်သည့်အချိန်အထိ စာပေပရိယတ်များကို သင်ကြားပို့ချပေးပုံ၊ မဟာသီဝမထေရ်၏ အဆုံးအမဩဝါဒ၌ တည်လျက် ကျင့်ကြံအားထုတ်သော တပည့်ရဟန်းသုံးသောင်းတို့ ရဟန္တာ ဖြစ်ကြပုံ၊ တပည့်ရဟန္တာတစ်ပါးက မိမိဆရာ ပုထုဇဉ်အဖြစ်၌သာ ရှိသေးကြောင်း သိသဖြင့် တရားအားထုတ်ရန် သတိပေးခဲ့ပုံ၊ မဟာသီဝမထေရ်သည် ‘‘ငါကဲ့သို့သော စာတတ်ပေတတ် ပုဂ္ဂိုလ်မျိုးအတွက် နှစ်ရက်သုံးရက်မျှလောက် တရားအားထုတ်လိုက်လျှင် မဂ်ဖိုလ်ကိစ္စပြီးနိုင်သည်’’ ဟု မိမိကိုယ်ကို အထင်ကြီးကာ တရားအားထုတ်စဉ် နှစ်ပေါင်းသုံးဆယ် ကြာသွားသော်လည်း ရဟန္တာ မဖြစ်သေးသဖြင့် ဝမ်းနည်းကာ ငိုကြွေးနေပုံ၊ ထိုအချိန်၌ နတ်သမီးတစ်ယောက်သည် မထေရ်၏ အနီး၌ လာရောက်ငိုကြွေးနေသဖြင့် အဘယ့်ကြောင့် ငိုနေရသနည်းဟု မေးသောအခါ ‘‘ငိုလျှင် မဂ်ဖိုလ်နိဗ္ဗာန်ကို ရမည်ထင်၍ ငိုကြွေးကြောင်း’’ လျှောက်ထားပုံ၊ မဟာသီဝမထေရ်သည် နတ်သမီး၏ အပြောင်အလှောင်ကို ခံရသဖြင့် သတိသံဝေဂ ရကာ တရားအားထုတ်သောအခါ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၂၊၃၁၉)
မဟာသီလဝဇာတက
ဤဇာတ်တော်၌ မဟာသီလဝမင်းသည် အလှူမဏ္ဍပ်ကြီး ခြောက်ခု ဆောက်၍လုပ်ကာ အမြဲတမ်း အလှူအတန်းများ ပြုလုပ်ပုံ၊ ဥပုသ်သီတင်း စောင့်သုံး၍ တိုင်းပြည်ကို မေတ္တာကရုဏာဖြင့် သိမ်မွေ့ နူးညံ့စွာ အုပ်ချုပ်ပုံ၊ ကောသလမင်းက ဥပါယ်တံမျဉ်ဖြင့် မဟာသီလဝ မင်း၏ နိုင်ငံကို တိုက်ခိုက်သိမ်းယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၇၉)
မဟာသုတသောမဇာတက
ဤဇာတ်တော်၌ ကောရဗျမင်း၏သား ဘုရားလောင်း သုတသောမမင်းသားသည် တက္ကသိုလ်ပြည်သို့ ပညာသင်သွားစဉ် လမ်းခရီးအကြား၌ ဗာရာဏသီမင်း၏သားတော် ဗြဟ္မဒတ္တမင်းသားနှင့် တွေ့ဆုံပြီး မိတ်ဆွေဖြစ်သွားကြပုံ၊ တစ်ရာ့တစ်ပါးသော မင်းသားတို့နှင့်အတူ ဒိသာပါမောက္ခဆရာကြီးထံ အတတ်ပညာများ သင်ယူသောအခါ သုတသောမမင်းသားသည် ဒိသာပါမောက္ခဆရာကြီး၏ တပည့်ကြီးအရာ၌ တည်လျက် ဗြဟ္မဒတ္တမင်းသားကို အတတ်ပညာများ သင်ပေးခဲ့ပုံ၊ တစ်ရာ့တစ်ပါးသော မင်းညီမင်းသားတို့ မိမိနိုင်ငံသို့ ပြန်ရောက်သောအခါ အသီးသီး မင်းအဖြစ်ကို ရရှိကြပုံ၊ ထို့နောက် ဗာရာဏသီမင်းသည် လူသားစားသဖြင့် ကာဠဟတ္ထိစစ်သူကြီးနှင့်တကွ တိုင်းသူပြည်သားများက မင်းကြီးကို တိုင်းပြည်မှ နှင်ထုတ်လိုက်ကြပုံ၊ ဗာရာဏသီမင်းသည် ပေါရိသာဒအမည်ခံလျက် တောထဲ၌နေကာ လူများကို ဖမ်းဆီးသတ်ဖြတ် စားသောက်နေပုံ၊ ပေါရိသာဒသည် တစ်ရာ့တစ်ပါးသော မင်းတို့ကို ဖမ်းဆီးလျက် ညောင်ပင်စောင့်နတ်အား ယဇ်ပူဇော်မည်ပြုစဉ် ဘုရားလောင်း မဟာသုတသောမမင်းက တရားဟော ဆုံးမပြီး တစ်ရာ့တစ်ပါးသော မင်းတို့ကို မိမိတို့နိုင်ငံသို့ အသီးသီး ပြန်လွှတ်စေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၄၉၅)
မဟာသုဒဿနဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ပရိနိဗ္ဗာန်စံရန် ကုသိနာရုံမြို့သို့ ကြွတော်မူစဉ် အရှင်အာနန္ဒာက ကုသိနာရုံသည် မြို့ငယ်မြို့သိန်လေး-ဟု ပြောဆိုသည်ကို ဘုရားရှင်က တားမြစ်တော်မူပြီး ဤနေရာသည် မဟာသုဒဿနမင်းကြီး၏ တစ်ဆယ့်နှစ်ယူဇနာ ရတနာတံတိုင်း ကာအပ်သော မင်းနေပြည်တော်ကြီး ဖြစ်ခဲ့ဖူးကြောင်း၊ ထိုမင်းသည် ရှေ့ကရဟန်းတစ်ပါးကို ကျောင်းဆောက်လှူဒါန်းမှုပြုခဲ့သော ကောင်းမှုကြောင့် သုဒဿနမင်းဖြစ်သောအခါ ဤမျှခမ်းနားကြီးကျယ်သော နေပြည်တော်ကြီးကို ပိုင်ဆိုင်ခဲ့ကြောင်း ဟောတော်မူပုံ၊ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၂၊၁၃၉) (ဒီ၊ဋ္ဌ၊၂၊၂၀၈) (စရိယာ၊ဋ္ဌ၊၄၀) (ဇာ၊ဋ္ဌ၊၁၊၄၁၅)
မဟာသုပိနဇာတက
ဤဇာတ်တော်၌ ကောသလမင်းကြီးသည် ၁၆-ချက်သော အိပ်မက်တို့ကို မြင်မက်ပုံ၊ အကျိုးအပြစ်ကို ပုဏ္ဏားတို့အား မေးရာ မင်းကြီးအတွက် အသက်အန္တရာယ်ရှိသည်။ အန္တရာယ်ကင်းလိုပါက သတ္တဝါများစွာ၏ အသက်ကို သတ်၍ ယဇ်ပူဇော် ရမည်ဟုဆိုကာ သတ္တဝါများကို ဖမ်းဆီးထားပုံ၊ မလ္လိကာဒေဝီ၏ တိုက်တွန်းချက်အရ ဘုရားရှင်ထံ သွားရောက် လျှောက်ထားရာ ဘုရားရှင်က နောင်အခါ မတရားမင်းတို့၏ လက်ထက်၌ ဖြစ်ပျက်မည့်နိမိတ်များဖြစ်ကြောင်း မိန့်ကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၅၃)
မဟာသုဝဇာတက
ဤဇာတ်တော်၌ ဟိမဝန္တာတောင်ခြေ ဂင်္ဂါမြစ်ကမ်းပါးရှိ ရေသဖန်းတော၌ သိန်းပေါင်းများစွာသော ကျေးတို့ နေကြပုံ၊ ကျေးမင်းသည် အသီးတို့ကုန်သော်လည်း အညွန့်၊ အရွက်၊ အခွံ၊ အခေါက်တို့ကိုစားကာ အစားအသောက်လောဘမကြီးဘဲ အခြားကျေးတို့ စွန့်ခွာသော်လည်း မိမိနေရာသဖန်းပင်ကြီးကို မစွန့်ခွာဘဲ နေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၄၆၇)
မဟာသောဏတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဗြာဟ္မဏတိဿသူပုန်ဘေးကြီး ဆိုက်ရောက်စဉ် စိတ္တလတောင်နှင့် တိဿကျောင်းတိုက်ကြီးတို့၌ ရဟန်းတော်ပေါင်း တစ်သောင်းနှစ်ထောင်စီ သီတင်းသုံးနေထိုင်ကြပုံ၊ ရဟန်းတော်တို့အတွက် သုံးနှစ်စာ သိုလှောင်ထားသော စပါးများကို ကြွက်ကြီးများ တစ်ညဉ့်တည်းဖြင့် စားသောက်ဖျက်ဆီးခဲ့ကြပုံ၊ ရဟန်းပေါင်းနှစ်သောင်း လေးထောင်တို့ တောနက်အတွင်းသို့ ဝင်၍ တရားအားထုတ်ရင်း ခန္ဓာချုပ်ငြိမ်းကြပုံ၊ သိကြားမင်းက သမုဒ္ဒရာတစ်ဖက်ကမ်းရှိ အိန္ဒိယဘက်သို့ ရဟန်းတော်များကို ပို့ဆောင်ခဲ့ပုံ၊ မဟာသောဏထေရ်မှာ သီဟိုဠ်ကျွန်း၌သာ နေရစ်ခဲ့ပုံ၊ ရုက္ခစိုးနတ်မင်းက လူယောင်ဆောင်၍ မထေရ်အား စောင့်ရှောက်ခဲ့ပုံ၊ သစ်မယ်ဇယ်သီး အခွံ ကြာရိုးကြာစွယ်စသည်တို့ကိုသာ ဘုဉ်းပေးသုံးဆောင်လျက် သာသနာပြုခဲ့ကြရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၂၊၄၂၆)
မဟာဟံသဇာတက
ဤဇာတ်တော်၌ ခေမာမိဖုရားကြီးသည် အိပ်မက်ထဲ၌ ရွှေဟင်္သာတို့၏ တရားကို နာယူရပုံ၊ ‘‘ရွှေဟင်္သာတို့၏ တရားကို နာယူလိုသော ချင်ခြင်း ဖြစ်သည်’’ဟု မင်းကြီးအား လျှောက်ထားပုံ၊ မင်းကြီးက ရွှေဟင်္သာတို့ လာရောက်စေရန် ဘေးမဲ့တော, ဘေးမဲ့ရေကန်စသည်တို့ကို စီရင်ပုံ၊ စိတ္တကုဋ်တောင်မှ ရွှေဟင်္သာတို့ လာရောက်ကြပုံ၊ ရွှေဟင်္သာမင်း ကျော့ကွင်းမိကာ မုဆိုးလက်သို့ ကျရောက်ခဲ့ပုံ၊ သုမုခဟင်္သာစစ်သူကြီးက တရားဟောသဖြင့် ရွှေဟင်္သာတို့ကို ပြန်လွှတ်လိုက်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၃၇၇)
မဟာအရိဋ္ဌတ္ထေရဝတ္ထု
ဤဝတ္ထု၌ ထူပါရုံကျောင်းတိုက်ကြီး၌ ရဟန္တာ သံဃာတော်ပေါင်း ခြောက်သောင်းရှစ်ထောင်တို့ စုဝေးကြပုံ၊ အရှင်မဟိန္ဒမထေရ်၏ တိုက်တွန်းချက်အရ အရှင်အရိဋ္ဌမထေရ်သည် တရားဟောပလ္လင်၌ ထိုင်တော်မူပုံ၊ မဟိန္ဒမထေရ် အမှူးရှိသော သံဃာတော်ပေါင်း ခြောက်သောင်းရှစ်ထောင်တို့ တရားဟောပလ္လင်ကို ဝန်းရံ၍ ထိုင်နေကြပုံ၊ မတ္တာဘယမထေရ်နှင့် အခြားသံဃာ ငါးရာတို့ကလည်း ဝိနည်းကို သင်ယူရန် ဝန်းရံကြပုံ၊ ထိုအချိန်၌ အရှင်မဟာအရိဋ္ဌမထေရ်သည် ‘‘တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဝေရဉ္ဇာယံ ဝိဟရတိ’’ စသည်ဖြင့် ဝိနည်း၏ နိဒါန်းကို စတင် ရွတ်ဆိုတော်မူပုံ၊ ဝိနည်းနိဒါန်းကို စတင် ရွတ်ဆိုသည်နှင့် တစ်ပြိုင်နက် မြေငလျင် တုန်လှုပ်ပုံ၊ အရိဋ္ဌမထေရ်မှ စ၍ ဝိနည်းပိဋကကို ဆရာတပည့်အစဉ်အဆက် ယနေ့တိုင်အောင် ဆောင်တော်မူခဲ့ကြပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၁၊၇၆)
မဟာအဿာရောဟဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီမင်းဖြစ်စဉ် တရားနှင့်အညီ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ခဲ့ပုံ၊ တစ်နေ့သောအခါ တိုင်းစွန်ပြည်ဖျားအရပ်၌ ပုန်ကန်ထကြွသောကြောင့် သွားရောက်နှိမ်နင်းစဉ် စစ်ရှုံးသဖြင့် တောရွာတစ်ရွာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပုံ၊ ရွာသားယောကျ်ားက မင်းကြီးအား မင်းကြီးမှန်း မသိဘဲ အစစအရာရာ လိုလေသေးမရှိရအောင် ကူညီစောင့်ရှောက်ပေးခဲ့ပုံ၊ ကျေးရွာ၌ အခွန်အတုပ်များ နှိပ်စက်သဖြင့် ရွာသားယောကျ်ား မြို့တက်ပြီး မင်းကြီးနှင့်တွေ့ကာ ကျေးရွာအခွန်အတုပ်များ လျော့ပါးသွားအောင် ဆောင်ရွက်ခဲ့ပုံ၊ မင်းကြီးထံ ရောက်သောအခါ မင်းကြီးက မင်းစည်းစိမ်တစ်ဝက် ခွဲဝေပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၈)
မဟာဥက္ကုသဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ခြင်္သေ့မင်းဖြစ်စဉ် တောအုပ်တစ်ခုအတွင်းရှိ ဇာတဿရရေအိုင်ကြီးအနီး၌ နေထိုင်ပုံ၊ ထိုရေအိုင်၏ ဘေးပတ်ပတ်လည်၌ ဝံလိုငှက်၊ သိမ်းစွန်ငှက်၊ လိပ်တို့လည်း နေထိုင်ကြလျက် ဘေးရန်ကြုံတွေ့သည့်အခါ အချင်းချင်း ကူညီနိုင်ရန် မိတ်ဆွေဖွဲ့ထားကြပုံ၊ တစ်နေ့သောအခါ မုဆိုးတို့သည် တောထဲမှ မည်သည့်သားကောင်ကိုမျှ မရခဲ့ကြသဖြင့် ရေအိုင်ထဲမှ ငါး၊ လိပ်တို့ကို ဖမ်းမည်ဟု ကြံကာ ရေအိုင်ကြီးအနီးသို့ ရောက်ရှိလာကြပုံ၊ မုဆိုးများသည် သိမ်းစွန်ငှက်မိသားစု နေထိုင်သည့် သစ််ပင်အောက်၌ ခေတ္တခဏ လှဲအိပ် အပန်းဖြေနေကြစဉ် ခြင်များကိုက်သဖြင့် သစ်ရွက်များကို စု၍ မီးခိုးမှိုင်းတိုက်ကြပုံ၊ မီးခိုးမှိုင်းဒဏ်ကြောင့် သစ်ပင်ပေါ်ရှိ ငှက်ပေါက်လေးများ အော်သံကို ကြားရသဖြင့် မုဆိုးများက ငှက်ပေါက်လေးများကို တက်ဖမ်း၍မီးကင်စားရန် တိုင်ပင်ကြပုံ၊ မုဆိုးတို့၏ ပြောဆိုသံကို သိမ်းစွန်ငှက် ဇနီးမောင်နှံ ကြားသိရသဖြင့် ခြင်္သေ့မင်းနှင့် တကွသော မိတ်ဆွေများထံ အကူအညီတောင်းခံပုံ၊ ခြင်္သေ့မင်း၊ ဝံလိုငှက်၊ လိပ်တို့က စုပေါင်းတိုက်ခိုက်သဖြင့် မုဆိုးများထွက်ပြေးသွားကြရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၂၈၈)
မဟိစ္ဆဒဟရဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ရဟန်းငယ်၏ မယ်တော်သည် သားရဟန်း အလှူခံခြင်း၌ အတိုင်းအရှည်ကို သိမသိ စမ်းသပ်ပုံ၊ ရဟန်းငယ်သည် လှူသမျှမုန့်အားလုံးကို ခံယူခဲ့ပုံ၊ မိခင်ကြီးက ‘‘သားရဟန်း သည် ဝါတွင်းသုံးလစာကို တစ်နေ့တည်းဖြင့် ဘုဉ်းပေးသည်’’ဟု လျှောက်ထားခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၂၊၄၅၅)
မဟိန္ဒတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဤမထေရ်လောင်း မဟိန္ဒမင်းသားသည် အသောကမင်းကြီး၏ သားဖြစ်၍ အသက်(၂၀)တွင် မောဂ္ဂလိပုတ္တတိဿမထေရ်အထံ၌ ရဟန်းပြု၍ ထိုရဟန်းပြုသော သိမ်မှာပင် ရဟန္တာ ဖြစ်ခဲ့ပုံ၊ ပိဋကသုံးပုံကို အဋ္ဌကထာနှင့်တကွ ကောင်းစွာ သင်ယူတတ်မြောက်ပြီး ရဟန်း(၁၀၀၀)တို့၏ အကြီးအကဲဖြစ်လာပုံ၊ တတိယသင်္ဂါယနာတင်ပွဲ အပြီးတွင် သီဟိုဠ်ကျွန်းသို့ သာသနာပြု ကြွရာတွင် ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၁၊၃၈)
မဟိံသရာဇဇာတက
ဤဇာတ်တော်၌ ရှေးအခါက ဘုရားလောင်းသည် ကျွဲမျိုး၌ဖြစ်၍ ဟိမဝန္တာတောင်ခြေ တောအုပ်၌ နေခဲ့ပုံ၊ လျှပ်ပေါ်သော မျောက်တစ်ကောင်သည် ထိုကျွဲ၏ ကျောပေါ်တက်၍ ကျင်ကြီးကျင်ငယ်စွန့်ခြင်းစသည်ဖြင့် စော်ကားသော်လည်း ကျွဲမင်းက ရန်တုံ့မပြန်ဘဲ သည်းခံခဲ့ပုံ၊ ထိုကျွဲမင်းသည် အခြားအရပ်ဒေသသို့ ပြောင်းရွှေ့သောအခါ အခြားကြမ်းတမ်းသော ကျွဲတစ်ကောင် ရောက်လာပုံ၊ ကြမ်းတမ်းသော ကျွဲက ထိုမျောက်ပျက်ကို ချိုဖြင့်ခတ်၍ သတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၁၃၈) (ဇာ၊ဋ္ဌ၊၂၊၃၄၅)
မဟိဠာမုခဇာတက
ဤဇာတ်တော်၌ မဟိဠာမုခ မင်္ဂလာဆင်တော်သည် ယဉ်းကျေးလိမ္မာသော ဆင်ယဉ်တစ်စီးဖြစ်ခဲ့ပုံ၊ ညဘက်ဆင်တင်းကုပ်တွင် လာရောက်စုဝေးတိုင်ပင်ကြသော ခိုးသူတို့၏ ကြမ်းတမ်းသောစကားများကို ကြားဖန်များလာသောအခါ မြင်မြင်သမျှသူတို့ကို သတ်ဖြတ်တတ်သည့် ဆင်ရိုင်းကြီးအဖြစ်သို့ ရောက်ရှိသွားပုံ၊ တစ်ဖန် ရဟန်းတော်များ၏ တရားစကားများ တရားဆွေးနွေးပွဲများ နေ့စဉ်နေ့တိုင်း နာကြားရသဖြင့် ယဉ်ကျေးလိမ္မာ သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၀၁)
မဟောသဓဇာတက
ဤဇာတ်တော်၌ ဝိဒေဟတိုင်း မိထိလာမြို့၌ ဝေဒေဟ မည်သောမင်းကြီး မင်းပြုစဉ် သေနက၊ ပက္ကုသ၊ ကာမိန္ဒ၊ ဒေဝိန္ဒ၊ ပညာရှိအမတ်ကြီး(၄)ဦးရှိခဲ့ပုံ၊ (၅)ယောက်မြောက် ပညာရှိအဖြစ် အရှေ့ယဝမဇ္ဈဂုံးရွာ သီရိဝဍ္ဎုန သူဌေးကြီးနှင့် သုမနဒေဝီတို့မှ မဟော်သဓာသတို့သားသည် နတ်ဆေးကို ယူဆောင်၍ မွေးဖွားလာပုံ၊ သူငယ်ဖော် တစ်ထောင်နှင့် ပျော်ရွှင်စွာ ကစားရင်း ပညာစွမ်းပြနိုင်သဖြင့် ဘုရင်ထံမှောက်သို့ ရောက်ရှိကာ အမှုထမ်းခဲ့ပုံ၊ ထို့နောက် ဘုရင်မင်းထံပါးတွင် ခစားရင်း ပတ္တမြားထုတ်ယူခြင်းပြဿနာ၊ ဥဒုမ္ဗရဒေဝီနှင့်ပတ်သက်၍ ကျက်သရေရှိ ကျက်သရေမဲ့သူတို့၏ ပြဿနာစသည်တို့ကို ဖြေရှင်းနိုင်ခဲ့ပုံ၊ အမရာဒေဝီနှင့် လက်ထပ်ခဲ့ပုံ၊ စူဠနီဗြဟ္မဒတ်မင်းကြီးက မိမိနိုင်ငံကို သိမ်းသွင်းရန် ကေဝဋ်အမတ်အား စေလွှတ်သောအခါ စကားစစ်ထိုး၍ အနိုင်ယူခဲ့ပုံ၊ ဗြဟ္မဒတ်မင်းကြီး၏ သမီးတော်နှင့် ဝိဒေဟရာဇ်မင်းကြီး လက်ထပ်ရေးအတွက် အံ့ဩဆန်းကြယ် ရှုချင်စဖွယ် ဥမင်လိုဏ်ခေါင်းမြို့တော်ကြီး တည်ဆောက်ခဲ့ပုံ၊ နှစ်ဘက်နိုင်ငံမှ လူများ၏ အသက်မသေစေဘဲ အောင်မြင်စွာ အနိုင်ယူခဲ့ပုံ၊ မိမိ၏ ပညာစွမ်းဖြင့် တစ်ရာ့တစ်ပါးသောမင်းတို့ ငြိမ်းချမ်းစွာ အုပ်ချုပ်နိုင်စေရန် စီမံခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၆၊၁၆၃)
မာဂဏ္ဍိယဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားသည် ကုရုတိုင်း ကမ္မာသဒမ္မနိဂုံး ဘာရဒွါဇအနွယ်ပုဏ္ဏား၏ မီးတင်းကုပ်ရှိ မြက်အခင်း၌ နေတော်မူ၍ မာဂဏ္ဍိယပရိဗိုဇ်အား တရားဟောတော်မူပုံ၊ မာဂဏ္ဍိယပရိဗိုဇ်သည် မြတ်စွာဘုရားထံ ရှင်ရဟန်းအဖြစ်ကို တောင်းပန်၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (မ၊၂၊၁၆၉) (မ၊ဋ္ဌ၊၃၊၁၄၆)
မာဂဏ္ဍီဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ ရွှေအဆင်းကဲ့သို့ ဝါဝင်းလှပ တုမမျှသော အဆင်းရှိသော မိမိသမီးကို အကျင့်ကောင်းရှိသော ရသေ့ရဟန်းအား ပေးလှူလိုသောကြောင့် ဖခင်ပုဏ္ဏုားကြီးသည် ဘုရားရှင့်ထံ လာရောက်ပြီး မာဂဏ္ဍီကို ပေးအပ်ပုံ၊ ဘုရားရှင်က ငြင်းပယ်ပြီး ကာမဂုဏ်၏ အပြစ်ကို ဟောပြသဖြင့် ပုဏ္ဏားကြီးလင်မယား အရိယာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၂၊၂၅၇)
မာဏဝတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လက္ခဏာဖတ်သော ပုဏ္ဏားဖြစ်၍ ဝိပဿီဘုရား အလောင်းအား နည်းမျိုးစုံဖြင့် ချီးမွမ်းသော ကုသိုလ်ကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိမြို့ ဗြာဟ္မဏမဟာသာလမျိုး၌ ဖြစ်၍ သာသနာ တော်သို့ ဝင်ရောက်ကာ ရဟန်းတရားကြိုးစား အားထုတ်၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၀၄)
မာတင်္ဂဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီမြို့ပြင်၌ မာတင်္ဂမည်သော ဒွန်းစဏ္ဍားတစ်ဦး ဖြစ်ခဲ့ပုံ၊ ဒိဋ္ဌမင်္ဂလိကာသတို့သမီး၏ မာနကို နှိမ်နင်းပြီး ဒွန်းစဏ္ဍားမယားအဖြစ် ခေါ်ဆောင်သွားပုံ၊ ဒိဋ္ဌမင်္ဂလိကာ၏ မာနကို ပယ်ရှားပြီးနောက် ရသေ့ဝတ်ကာ ဈာန်အဘိညာဉ်ရခဲ့ပုံ၊ မဟာဗြဟ္မာကြီးအဖြစ် ဖန်ဆင်း၍ ဒိဋ္ဌမင်္ဂလိကာကို လူတို့၏ ကိုးကွယ်ရာဖြစ်အောင် မ,စခဲ့ပုံ၊ သားတော် ပေးလို၍ ချက်ကို လက်ချောင်းဖြင့် သပ်၍ ကိုယ်ဝန်တည်စေခဲ့သဖြင့် မဏ္ဍဗျသတို့သား မွေးဖွားခဲ့ပုံ၊ ပုဏ္ဏားတို့အား ဆွမ်းဝတ်ပြုနေသဖြင့် သီလရှိသူတို့အားသာ အလှူပြုသင့်ကြောင်း ဆုံးမခဲ့ပုံ၊ ရသေ့တို့၏ မာန်မာနကို နှိမ်နင်းဆုံးမခဲ့ပုံ၊ နောက်ဆုံးတွင် ဆွမ်းစားနေခိုက် မဇ္ဈမင်း၏ မင်းချင်းယောက်ျားတို့က ချောင်းမြောင်း လုပ်ကြံသဖြင့် မာတင်္ဂ ကွယ်လွန်ခဲ့ရပုံ၊ နတ်တို့ စိတ်ဆိုးသဖြင့် မဇ္ဈနိုင်ငံ ပြာပူမိုးရွာချ၍ ဖျက်ဆီးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၁၄၉) (ဇာ၊ဋ္ဌ၊၄၊၃၇၆)
မာတင်္ဂပုတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ မာတင်္ဂပုတ္တမထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်အား ပတ္တမြားလှူခဲ့သော ကုသိုလ်ကံကြောင့် လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပုံ၊ ဂေါတမ ဘုရားရှင်လက်ထက်တော်၌ မာတင်္ဂပုတ္တ သူဌေးသား ဖြစ်၍ မြတ်စွာဘုရားထံမှ တရား နာရသဖြင့် ရဟန်းပြုကာ ဝိပဿနာရှုပွားပြီး ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၄၆)
မာတာပုတ္တဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့၌် သားဖြစ်သူ ရဟန်းနှင့် မိခင်ဖြစ်သူ ရဟန်းမတို့သည် အတူနေထိုင်ကြပုံ၊ တွေ့ဖန်မြင်ဖန် များသဖြင့် အကျွမ်းဝင်ကြရာမှ သိက္ခာမချပဲ မေထုန်မှီဝဲခဲ့ကြပုံ၊ ရဟန်းတော်များက မြတ်စွာဘုရားထံ လျှောက်ထားကြရာ မြတ်စွာဘုရားရှင်က မိန်းမတို့သည် ယောကျ်ားတို့၏ စိတ်ကို ယူကျုံးဆွဲဆောင်နိုင်ကြောင်း၊ မာရ်နတ်၏ ကျော့ကွင်း ဖြစ်ကြောင်း နိဗ္ဗာန်ရောက်ရန် အန္တရာယ်ဖြစ်ကြောင်း ဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၅၉) (သုတ္တနိ၊၃၀၉) (သုတ္တနိ၊ဋ္ဌ၊၁၊၂၄၄)
မာတုဃာတကဝတ္ထု
ဤဝတ္ထု၌ လူငယ်တစ်ယောက်သည် မိခင်ကို သတ်ပြီး ထိုအမှုကြီးကို ထိတ်လန့်ကြောက်ရွံ့ စက်ဆုပ်ကာ ရဟန်းဝတ်လိုသဖြင့် ရဟန်းတို့အား ရဟန်းခံပေးရန် တောင်းပန်လာပုံ၊ ရဟန်းတို့က အရှင်ဥပါလိအား စစ်ဆေးခိုင်း၍ အဖြစ်မှန်ကို သိလာရပုံ၊ ဘုရားရှင်အား လျှောက်ကြားရာ ‘‘မိခင်သတ်သူ၊ ဖခင်သတ်သူအား ရဟန်းခံမပေးရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၂၁)
မာတုပေါသကဂိဇ္ဈဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းသည် လင်းတငှက်မျိုး၌ ဖြစ်ကာ မျက်မမြင်မိဘနှစ်ပါးတို့ကို အစာရှာဖွေ လုပ်ကျွေးနေပုံ၊ သုသာန်၌ မုဆိုးတစ်ယောက် ထောင်ထားသော ကျော့ကွင်း၌ မိသောအခါ မိမိအတွက် မပူပင်၊ မိခင်ဖခင်အိုတို့အတွက် ပူပင်၍ ငိုကြွေးနေပုံ၊ ငိုကြွေးသံကို မုဆိုးကြားသိသဖြင့် ကျော့ကွင်းမှ လွှတ်လိုက်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၃၁၀)
မာတုပေါသကဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းသည် ကြန်အင်လက္ခဏာနှင့် ပြည့်စုံသော ဆင်ဖြူတော်ဖြစ်၍ မျက်မမြင် မိခင်ဆင်မကြီးကို ပြုစုလုပ်ကျွေးနေစဉ် မျက်စိလည် လမ်းမှားပြီး တောထဲမှ ပြန်မထွက်နိုင်သော မုဆိုးတစ်ယောက်ကို ကျောက်ကုန်းပေါ်တင်လျက် လူသွားလမ်းသို့ ပို့ပေးခဲ့ပုံ၊ ထိုအချိန်၌ ဗာရာဏသီမင်း၏ မင်္ဂလာဆင်တော် ကံကုန်သွားသဖြင့် မင်းကြီးက မုဆိုး၏ ပြောပြချက်အရ ဆင်ဖြူတော်ကို ဖမ်းယူစေလျက် မင်္ဂလာဆင်တော်အဖြစ် ချီးမြှောက်ထားပုံ၊ ဆင်ဖြူတော်က မိမိသည် မျက်မမြင် မိခင်ဆင်မကြီးအား ပြုစုလုပ်ကျွေးနေကြောင်း၊ မိခင်ကြီးသည် အစာရှာမစားနိုင်ကြောင်း မင်းကြီးကို ပြောကြားလျက် တောထဲသို့ ပြန်ခွင့်ပြုရန် ပြောဆိုပုံ၊ မင်းကြီးက ဘုရားလောင်း ဆင်ဖြူတော်အား ကြည်ညိုကာ တောတွင်းသို့ ပြန်ပို့ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၁၁၁) (ဇာ၊ဋ္ဌ၊၄၊၉၁)
မာတုလနဂရဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် မာတုလမြို့သူမြို့သား ရှစ်သောင်းလေးထောင်တို့ တရားထူးရနိုင်သည်ကို သိမြင်တော်မူသဖြင့် ရဟန်းတော်နှစ်သောင်းခြံရံလျက် မာတုလမြို့သို့ ကြွတော်မူခဲ့ပုံ၊ ဘုရားရှင်သည် ဆွမ်းကိစ္စပြီးသောအခါ နေရာဌာန ကျဉ်းနေသဖြင့် တရားမဟောဘဲ မြို့ပြင်သို့ ကြွကာ မာတုလသစ်ပင်ရင်း၌ သီတင်းသုံးနေထိုင်တော်မူလျက် လိုက်ပါလာသော ပရိသတ်အား တရားဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၃၊၂၉)
မာတုလုင်္ဂဖလဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ၃၁-ကမ္ဘာထက်တွင် ပွင့်တော်မူသော သိခီဘုရားရှင်အား ရှောက်သီးကို လှူဒါန်းပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် အပါယ်လေးပါးသို့ မကျရောက်ခဲ့ရဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၈၉)
မာနထဒ္ဓဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ပုဏ္ဏားမျိုးမှ ရဟန်းပြုလာ၍ ပညာမာန်ယစ်နေကြသော ရဟန်းငါးရာတို့အား ပညာမာန်ကို ချိုးနှိမ်ရန်အတွက် မူလပရိယာယသုတ်ကို ဟောတော်မူပုံ၊ ပုဏ္ဏားမျိုးရဟန်းငါးရာတို့သည် မူလပရိယာယသုတ်၏ အနက်အဓိပ္ပါယ်ကို မသိကြသဖြင့် ဝမ်းမြောက်ဝမ်းသာမဖြစ်ဘဲ ဆိတ်ဆိတ်နေကြပုံ၊ ဘုရားရှင်သည် ရှေးလွန်လေပြီးသော အတိတ်ဘဝ ဒိသာပါမောက္ခဆရာကြီး ဖြစ်ခဲ့စဉ်ကလည်း ဆရာ့ခြေရာကို တိုင်းသော ဤတပည့်ငါးရာတို့အား ပညာမာန်ကို ချိုးနှိမ်ဆုံးမခဲ့ဖူးကြောင်း အတိတ်ဇာတ်ကြောင်းကို ဆောင်၍ ဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၅၈)
မာရတဇ္ဇနီယဝတ္ထု
ဤဝတ္ထု၌ မာရ်နတ်သည် ဘဂ္ဂတိုင်း သုသုမာရမြို့ ဘေသကဠတော၌ စင်္ကြံကြွနေတော်မူသော အရှင်မဟာမောဂ္ဂလာန်၏ ဝမ်းတွင်းသို့ ဝင်ရောက်နေပုံ၊ အရှင်မဟာမောဂ္ဂလာန်က မာရ်နတ်ကို အထွက်ခိုင်းသောအခါ မာရ်နတ်သည် သစ်ရွက်မိုးကျောင်း၏ အပြင်တံခါးရွက်ကို မှီ၍နေပုံ၊ အရှင်မဟာမောဂ္ဂလာန်က မြတ်စွာဘုရားနှင့် တပည့်သာဝကတို့ကို ညှဉ်းဆဲသော သူသည် ဆင်းရဲတာရှည်တတ်ကြောင်း၊ မဟာနိရယငရဲသို့ ကျရောက်၍ နှစ်ပေါင်းများစွာ ဆင်းရဲခံရကြောင်း ဟောပြတော်မူသဖြင့် မာရ်နတ်သည် စိတ်ပျက်၍ ထွက်ခွာသွားပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊၁၊၄၀၇) (မ၊ဋ္ဌ၊၂၊၃၁၂)
မာရဓီတရဝတ္ထု
ဤဝတ္ထု၌ မာဂဏ္ဍီပုဏ္ဏားကြီးသည် ကုရုတိုင်းတစ်တိုင်းလုံးတွင် သူ့သမီးနှင့်ထိုက်တန်သော ယောက်ျားကို ရှာမတွေ့ပုံ၊ ဘုရားရှင်နှင့် တွေ့သောအခါ ယောက်ျားမြတ်တို့၏ လက္ခဏာ ကြီးငယ်နှင့် ပြည့်စုံသည့်အဖြစ်ကို သိပြီး သမီးမာဂဏ္ဍီကို အပ်နှင်းခဲ့ပုံ၊ ဘုရားရှင်က ရွှေတုံး ရွှေခဲတမျှ ချောမောလှပသော မာန်နတ်သမီးတို့၌ပင် စိတ်ညွတ်တော်မမူခဲ့ကြောင်း ဘုရားရှင်တို့၏ သန္တာန်၌ တဏှာတည်းဟူသော ကိလေသာစိတ်ကင်းရှင်းပြီးဖြစ်ကြောင်း စသည်ဖြင့် တရား ဟောသောအခါ မာဂဏ္ဍီပုဏ္ဏားကြီး ဇနီးမောင်နှံ နှစ်ယောက်လုံး အနာဂါမ်တည်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၂၆)
မာရဓီတရဝတ္ထု
ဤဝတ္ထု၌ မာရ်နတ်သည် ဘုရားရှင်ကို ယှဉ်ပြိုင်၍ အံတုခဲ့ရာ စစ်ရှုံးသဖြင့် ကြံရာမရဖြစ်ကာ စိတ်ပျက်လက်ပျက်ဖြင့် ထိုင်၍ မြေကြီးကို တုတ်ဖြင့် ခြစ််နေပုံ၊ ထိုအချိန်၌ မာရ်နတ်၏ သမီးသုံးယောက်တို့သည် ဖခင်ထံ ရောက်ရှိလာကြပုံ၊ ‘‘ဘုရားရှင်အား တဏှာကျော့ကွင်းဖြင့် မိမိတို့၏ အလိုဆန္ဒသို့ လိုက်ပါလာအောင် ဆွဲဆောင်မည်’’ဟု ပြောကြားကြပုံ၊ တစ်ယောက်လျှင် မိန်းမပျို-မိန်းမငယ်-မိန်းမလတ်-မိန်းမကြီး တစ်ရာစီ ဖန်ဆင်းကြပြီး ဘုရားရှင်အား ပြုစုလုပ်ကျွေးလိုကြောင်း လျှောက်ထားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၂၅) (သံ၊ဋ္ဌ၊၁၊၁၇၁)
မာရဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းများစွာတို့ ဘုရားရှင်အား ဖူးမြော်ရန် ရောက်လာကြပုံ၊ ည ကျိန်းစက်ချိန် ရောက်သောအခါ အရှင်ရာဟုလာနေရာ၌ အခြားအာဂန္တုရဟန်းတော်များက ကျိန်းစက်နေကြပုံ၊ အရှင်ရာဟုလာထေရ်က အခြားအိပ်ရန်နေရာ ရှာမတွေ့သဖြင့် ဂန္ဓကုဋီမုခ်ဦး၌ သွားရောက်ကျိန်းစက်နေပုံ၊ မာရ်နတ်က ဆင်ကြီိးယောင်ဖန်ဆင်းပြီး အရှင်ရာဟုလာထေရ်၏ ဦးခေါင်းကို နှာမောင်းဖြင့်မ, ချီ၍ ကျယ်လောင်စွာ အော်ခဲ့ပုံ၊ မာရ်နတ်အော်သံကို ဂန္ဓကုဋီကျောင်းအတွင်းမှ ဘုရားရှင်က ကြားသိတော်မူ၍ ‘‘သင်ကဲ့သို့သော မာရ်နတ်ပေါင်း တစ်သိန်းဖြစ်သော်လည်း ရာဟုလာတစ်ပါးတည်းကိုပင် ခြောက်လှန့်ရန် မစွမ်းနိုင်ပေ၊ ရာဟုလာသည် အာသဝေါ ကုန်ခန်းသည့် ရဟန္တာတစ်ပါးဖြစ်ပေ၏’’ဟု မာရ်နတ်အား မိန့်ကြားတော်မူပုံ၊ မာရ်နတ်သည် ‘‘ငါ့အား ဘုရားရှင်က သိတော်မူ၏’’ဟု ကြံစည်၍ ထိုနေရာ၌ပင် ပျောက်ကွယ်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၄၈)
မာရဝတ္ထု
ဤဝတ္ထု၌ မာရ်နတ်က ယောက်ျားတစ်ယောက်အသွင် ဖန်ဆင်းပြီး ဘုရားရှင်အား ဟိုဘက်ကမ်း အကြောင်းကို မေးလျှောက်ရာ ဘုရားရှင်က သံသရာ၏ ဟိုဘက်ကမ်းသို့ တဏှာကုန်ခန်း ရဟန္တာပုဂ္ဂိုလ်တို့သာ ရောက်နိုင်ကြောင်း မိန့်ကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၉၄)
မာရဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် အမျိုးသမီးငယ်ငါးရာတို့ သောတာပန်ဖြစ်သည်ကို မြင်တော်မူသဖြင့် ပဉ္စသာလာမည်သော ပုဏ္ဏားရွာသို့ ဆွမ်းခံကြွတော်မူစဉ် မာရ်နတ်က ရွာသားများအား ပူးဝင်တားမြစ် နှောက်ယှက်ထားပုံ၊ ဘုရားရှင်သည် ဆွမ်းတစ်ဇွန်းမျှ မရခဲ့ဘဲ ရွာအပြင်တံခါးမုခ်သို့ ရောက်တော်မူခဲ့ပုံ၊ မာရ်နတ်က ဘုရားရှင်အား ‘‘ဆွမ်း ရခဲ့ပါသလား’’ဟု မေးလျှောက်သောအခါ ဘုရားရှင်က သင်မာရ်နတ် ဝင်ပူးတားမြစ် နှောက်ယှက်ထားသဖြင့် ဆွမ်းမရခဲ့ကြောင်း မိန့်တော်မူပုံ၊ မာရ်နတ်က ပြောင်လှောင်ပြက်ရယ်ပြုပြီး ‘‘နောက်တစ်ကြိမ် ဆွမ်းခံကြွဦးမည်လော၊ ဆွမ်းဆာလွန်းသဖြင့် ဒုက္ခရောက်နေပြီလော’’ဟု ဘုရားရှင်အား မေးခဲ့ပုံ၊ ထိုခဏ၌ပင် အမျိုးသမီးငယ် ငါးရာတို့ ရောက်ရှိလာပြီး ဘုရားရှင်အား ရှိခိုးကာ ထိုင်နေကြပုံ၊ ဘုရားရှင်က မာရ်နတ််အား ‘‘ငါသည် ဆွမ်းတစ်ဇွန်း တစ်ယောက်မမျှ မရသော်လည်း အာဘဿရာ မဟာဗြဟ္မာကြီးများကဲ့သို့ ဈာနပီတိသုခဖြင့် မျှတတော်မူနိုင်၏’’ စသည်ဖြင့် တရားဟောတော်မူသဖြင့် အမျိုးသမီးငါးရာတို့ သောတာပန်တည်ကြပုံ၊ မာရ်နတ်လည်း ထိုနေရာမှ ချက်ချင်းပျောက်ကွယ်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၆၇)
မာရဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားသည် ဟိမဝန္တာအရပ်ရှိ တောကျောင်းတစ်ကျောင်း၌ သီတင်းသုံးနေထိုင်တော်မူစဉ် တရားမစောင့်သော မင်းများက တိုင်းသူပြည်သားများကို ညှဉ်းပန်းနှိပ်စက်၍ အုပ်ချုပ်နေသည်ကို မြင်တော်မူသဖြင့် ‘‘ငါသည် မညှဉ်းပန်းမနှိပ်စက်ဘဲ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ခြင်းငှါ စွမ်းနိုင်သလော’’ဟု ကြံစည်တော်မူပုံ၊ ထိုအခါ မာရ်နတ်က ဘုရားရှင်၏ စိတ်အကြံကို သိပြီး တိုင်းပြည်အုပ်ချုပ် မင်းပြုလုပ်ရန် ဘုရားရှင်အား လျှောက်ထားပုံ၊ ဘုရားရှင်က မာရ်နတ်အား ‘‘အဘယ်ကြောင့် မိမိကိုယ်ကို မင်းပြုစေလိုသနည်း’’ဟု မေးသောအခါ မာရ်နတ်က ‘‘ဘုရားရှင်သည် ဣဒ္ဓိပါဒ်လေးပါးကို ပွားများပြီးသူဖြစ်သဖြင့် ဤဟိမဝန္တာတောင်ကြီးကို ရွှေဖြစ်စေသတည်းဟု အဓိဋ္ဌာန်လျှင် တစ်တောင်လုံးရွှေဖြစ်နိုင်ကြောင်း၊ ထိုရွှေများဖြင့် တိုင်းသူပြည်သားများကို ချမ်းသာအောင် ပြုလုပ်နိုင်ကြောင်း’’ လျှောက်ထားပုံ၊ ထိုအခါ ဘုရားရှင်က ‘‘လောကအားလုံး၏ ချမ်းသာစစ်၊ ချမ်းသာမှန်သည် အရဟတ္တဖိုလ်နိဗ္ဗာန်သာ ဖြစ်ကြောင်း’’ တရားဟောတော်မူသဖြင့် ဒေသနာတော်အဆုံး၌ နတ်ဗြဟ္မာများ တရားထူးရရှိကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၂၄)
မာရဝတ္ထု
ဤဝတ္ထု၌ မာရ်နတ်သည် ခုနစ်နှစ်ပတ်လုံး မြတ်စွာဘုရား၏ ချွတ်ယွင်းချက်တို့ကို ရှာဖွေ သော်လည်း မတွေ့ရပုံ၊ မြတ်စွာဘုရားရှင်ကို မေးခွန်းများစွာမေး၍ နှောင့်ယှက်ပုံ၊ မြတ်စွာဘုရားက သူ၏ အမေးဟူသမျှကို ရှင်းလင်းဖြေကြားပုံ၊ နောက်ဆုံးတွင် မာရ်နတ်မှာ အရှက်ရလျက် မာန်လျှော့၍ ထွက်ခွာသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၂၃) (သံ၊ဋ္ဌ၊၁၊၁၇၀)
မာလုကျပုတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ရှေးဘုရားရှင်တို့အထံ ကုသိုလ်ကောင်းမှုပြုလုပ်ခဲ့ပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိမြို့၌ ဖြစ်၍ ပရိဗိုဇ်ပြုလုပ်နေစဉ် ဘုရားရှင်၏ တရားတော်ကို နာကြားရသဖြင့် ရဟန်းပြုကာ ဝိပဿနာရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၉၄)
မာလုကျပုတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ မာလုကျပုတ္တမထေရ်သည် ဘုရားရှင်ထံ ချဉ်းကပ်၍ တရားအကျဉ်းဟောပါရန် လျှောက်ထားတောင်းပန်ခဲ့ပုံ၊ ဘုရားရှင်က အာရုံငါးပါးတို့၌ မြင်လျှင် မြင်ကာမတ္တ၊ ကြားလျှင် ကြားကာမျှမတ္တ၊ တွေ့ထိလျှင် တွေ့ထိကာမတ္တ၊ သိလျှင် သိကာမတ္တ ထား၍ ရှုမှတ်ရမည်၊ ထို မြင်, ကြား, တွေ့ထိ, သိမှုအပေါ်၌ ချစ်ခြင်း, မုန်းခြင်း, လိုချင်တပ်မက်ခြင်းစသည် မဖြစ်ရအောင် ရှုမှတ်ရမည်ဟု ဟောကြားတော်မူခဲ့ပုံ၊ ဘုရားရှင်ထံမှ တရားအကျဉ်းကို နာကြားရပြီး မကြာမီပင် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၃၀၀)
မာလုတဇာတက
ဤဇာတ်တော်၌ တစ်ခုသော တောင်ခြေ၌ ခြင်္သေ့နှင့်ကျား သူငယ်ချင်းနှစ်ဖော်တို့ ဂူတစ်ခုတည်း၌ အတူတကွနေထိုင်ကြပုံ၊ တစ်နေ့တွင် ကျားက လဆုတ်ပက္ခ၌ အေးကြောင်း ပြောသောအခါ ခြင်္သေ့က လဆန်းပက္ခ၌သာ အေးကြောင်း အငြင်းအခုံဖြစ်ကြပုံ၊ မိမိတို့၏ အငြင်းပွားမှုပြဿနာကို မိမိတို့ကိုယ်တိုင် မဆုံးဖြတ်နိုင်သဖြင့် တောင်ခြေအနီး၌ သီတင်းသုံးနေထိုင်သော ဘုရားလောင်း ရသေ့ထံသို့ သွား၍ အဆုံးအဖြတ်ခံယူကြပုံ၊ ဘုရားလောင်းရသေ့က လဆုတ်၌ ဖြစ်စေ၊ လဆန်း၌ဖြစ်စေ၊ လေတိုက်သောအခါ၌သာ အေးကြောင်း အဆုံးအဖြတ် ပေးခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၈၁)
မာလေယျဒေဝတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဆဆက္ကသုတ်တော်ကို ဘုရားရှင်ဟောတော်မူရာ၌ ရဟန်းတော်ပေါင်း (၆၀) ရဟန္တာဖြစ်သကဲ့သို့၊ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊ အသီတိမဟာသာဝကကြီးများ ဟောကြားသောအခါ၌လည်း ရဟန်း(၆၀)စီ ရဟန္တာ ဖြစ်ခဲ့ကြပုံ၊ သီဟိုဠ်ကျွန်း၌ မာလေယျဒေဝထေရ်သည် လောဟပါသာဒ၌ ဤသုတ်ကို ဟောတော်မူသောအခါ၌လည်း ရဟန်း (၆၀)ရဟန္တာ ဖြစ်ခဲ့ပုံ၊ ထိုမထေရ်သည် မဟာမဏ္ဍပ၊ မဟာဝိဟာရ၊ စေတိယ ပဗ္ဗတစသော နေရာ (၆၀)၌ ဤသုတ်တော်ကို ဟောတော်မူသောအခါလည်း တစ်နေရာတွင် ရဟန္တာအပါး (၆၀)စီ ဖြစ်ခဲ့ပုံ၊ မြတ်စွာဘုရားရှင်သည် အရိယဝံသတရားတော်ကို ဂုဏ်ပုဒ် (၉)မျိုး၊ မဟာသတိပဌာနသုတ်တော်ကို ဂုဏ်ပုဒ်(၇)မျိုး၊ မဟာအဿပုရသုတ်တော်ကို ဂုဏ်ပုဒ် (၇)မျိုးတို့ဖြင့် ချီးမွမ်းသကဲ့သို့ ဤသုတ်တော်ကိုလည်း ဂုဏ်ပုဒ် (၉)မျိုးတို့ဖြင့် ချီးမွမ်းတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၄၊၂၄၆)
မိဂဇာလတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ရှေးဘုရားရှင်တို့အထံ၌ ပါရမီဖြည့်ခဲ့သောကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင် လက်ထက်တော်၌ သာဝတ္ထိမြို့ ဝိသာခါကျောင်းအမကြီး၏သား ဖြစ်ခဲ့ပုံ၊ တရားနာရသဖြင့် သဒ္ဓါတရားပေါ်ပေါက်လာကာ ရှင်ရဟန်းပြုပြီး ဝိပဿနာပွားရှု၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၁၀၃)
မိဂပေါတကဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် သိကြားမင်းဖြစ်စဉ် ရသေ့တစ်ပါးသည် မိခင်သေသော သမင်ငယ်လေးတစ်ကောင်ကို ကျွေးမွေးထားရာ သမင်ငယ်လေး အစာမကြေ၍ သေဆုံးသွားခဲ့ပုံ၊ ထိုအခါ ရသေ့အကြီးအကျယ် ငိုကျွေးနေသောကြောင့် သိကြားမင်းက တရားပြခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၉၉)
မိဂလဏ္ဍိကဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ဝေသာလီပြည် မဟာဝုန်တော ကူဋာဂါရသာလာကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းတို့အား အသုဘဘာဝနာကို အကျယ် ဟောပြတော်မူခဲ့ပုံ၊ ဘုရားရှင်သည် လဝက်ခန့် တစ်ပါးတည်း ကိန်းအောင်းတော်မူစဉ် ရဟန်းတို့သည် ခန္ဓာကိုယ်ကို စက်ဆုပ်ရွံရှာ ငြီးငွေ့ပြီး ကိုယ်တိုင်လည်း သတ်၍ သေကြပုံ၊ အချင်းချင်းလည်း သတ်သေကြပုံ၊ မိလဂဏ္ဍိက ရဟန်းယောင်ကိုလည်း အသတ်ခိုင်းကြပုံ၊ ဘုရားရှင် ကိန်းအောင်းရာမှ ထတော်မူသောအခါ ထိုအကြောင်းကို သိတော်မူပြီး ‘‘ရဟန်းသည် လူ့အသက်ကို မသတ်ရ’’ဟု တတိယပါရာဇိကသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၈၆) (သံ၊၃၊၂၇၈) (ဝိ၊ဋ္ဌ၊၂၊၇) (သံ၊ဋ္ဌ၊၃၊၂၉၆) (သံ၊၃၊၂၇၈)
မိဂလုဒ္ဒကဝတ္ထု
ဤဝတ္ထု၌ သားသတ်မုဆိုးတွင် မိတ်ဆွေဥပါသကာ တစ်ဦးရှိပုံ၊ မိတ်ဆွေဥပါသကာက မုဆိုးအား ညအခါ၌ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်မှုသီလကို ဆောက်တည်စေခဲ့ပုံ၊ ထိုမုဆိုး ကွယ်လွန်သောအခါ နေ့အခါ၌ ဆင်းရဲကြီးစွာ ခံစားရပြီး ည၌အာရုံငါးပါး ကာမဂုဏ်ချမ်းသာများကို ခံစားခဲ့ရပုံ စသော အကြောင်းအရာများပါဝင်သည်။ (ပေတ၊၁၇၆) (ပေတ၊ဋ္ဌ၊၁၈၉)
မိဂလုဒ္ဒကဝတ္ထု
ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့တွင် သားသတ်မုဆိုးတစ်ဦးကို သူငယ်ချင်းဥပါသကာက သတိပေး ဆုံးမသော်လည်း နားမထောင်ဘဲနေပုံ၊ သူငယ်ချင်းဥပါသကာသည် ရဟန္တာတစ်ပါးကို အကျိုး အကြောင်း လျှောက်ထား၍ တရားဟောစေခဲ့ပုံ၊ မုဆိုးသည် ညအခါ၌ ပါဏာတိပါတစသည်မှ ရှောင်ကြဉ်ခဲ့သောကြောင့် နောက်ဘဝ၌ ညအခါ ကာမဂုဏ်ချမ်းသာ ခံစားခဲ့ရပုံ စသော အကြောင်းအရာများပါဝင်သည်။ (ပေတ၊၁၇၇) (ပေတ၊ဋ္ဌ၊၁၉၂)
မိဂလုဒ္ဒကဝတ္ထု
ဤဝတ္ထု၌ သမင်လိုက်မုဆိုးသည် သမင်တို့၏ နေထိုင်ကျက်စားရာ နေရာကို မှတ်သား၍ ထိုလမ်းကြောင်းကို ပိတ်ထားပြီးလျှင် လမ်းသစ်တစ်ခုကို ဖွင့်၍ တည်သမင်(၂)ကောင်ကို ထားပြီး မိမိကမူ ပုန်းကွယ်ရာ၌ လှံကိုင်၍ စောင့်နေပုံ၊ ညနေချမ်းတွင် သမင်အပေါင်းသည် ထိုအရပ်သို့ လာရောက်ကြရာ တည်သမင်(၂)ကောင်ကို တွေ့မြင်ကြသဖြင့် မကြောက်မရွံ့ကြဘဲ လမ်းသစ်ဖြင့်သာ ဝင်ရောက်လာကြပုံ၊ နောက်ဆုံး၌ ထွက်ပေါက်မရှိတော့သဖြင့် မုဆိုးသည် ထိုသမင်အားလုံးကို နောက်မှစောင့်၍ အားလုံးကို သတ်ဖြတ်လိုက်ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၃၈၉)
မိဂသာလာဥပါသိကာဝတ္ထု
ဤဝတ္ထု၌ မိဂသာလာ ဒါယိကာမကြီးသည် အရှင်အာနန္ဒာမထေရ်အား ဗြဟ္မစရိယ သိက္ခာပုဒ်ကျင့်သုံးသူနှင့် မကျင့်သုံးသူတို့ နောက်ဘဝ၌ ဘုံတူ ဘဝတူ အဆင့်တူဖြစ်ရကြောင်းဟူသော စကားကို နားမလည်နိုင်ပုံ၊ သူမ၏ ဖခင်ပူရဏသည် မေထုန်မှရှောင်ကြဉ်သူဖြစ်ပြီး ကွယ်လွန်သောအခါ သကဒါဂါမ်ဖြစ်၍ တုသိတာနတ်ဘုံ၌ဖြစ်သည်ဟု ဘုရားဟောတော်မူခဲ့ပုံ၊ အဘိုးဖြစ်သူ ဣသိဒတ္တမှာ သားမယားအိမ်ထောင်သည်နှင့် အတူနေပြီး သကဒါဂါမ်ဖြစ်၍ တုသိတာနတ်ပြည်၌ဖြစ်သည်ဟု ဘုရားဟောတော်မူပုံ၊ ထိုသို့ ဗြဟ္မစရိယ အဗြဟ္မစရိယ ကွဲပြားပါလျက် ဘာ့ကြောင့်နတ်ဘုံခြင်း တူရကြောင်း သူမသိနိုင်အောင် ဖြစ်နေပါသည်ဟု လျှောက်ထားခဲ့ပုံ၊ အရှင်အာနန္ဒာက မြတ်စွာဘုရားကိုတစ်ဆင့် မေးလျှောက်သဖြင် မြတ်စွာဘုရားကပူရဏသည် သီလအားဖြင့် ထူးခြားမှုရှိ၍ ဣသိဒတ္တမှာ ပညာအားဖြင့် ထူးခြားမှုရှိသောကြောင့် ထိုနှစ်ဦးတို့သည် တရားဓမ္မအဆင့်အတန်း တူညီး ကြသဖြင့် ကွယ်လွန်ပြီးနောက် လားရာဂတိလည်း အညီအမျှ တုသိတာနတ်ဘုံ၌ ချည်း ဖြစ်ရကြောင်း ရှင်းပြတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၃၊၃၆၅)
မိဂသိရတ္ထေရဝတ္ထု
ဤဝတ္ထု၌ မိဂသိရမထေရ်အလောင်းသည် ကဿပဘုရားရှင်အား စာရေးတံဆွမ်းရှစ်ကြိမ် လှူခဲ့၍ လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပြီး ဂေါတမဘုရားရှင်လက်ထက်၌ မိဂသိရပုဏ္ဏားဖြစ်လာပုံ၊ ဆဝသီသမန္တန် တတ်သဖြင့် သူ့အား လာဘ်လာဘ ပေါများပုံ၊ မြတ်စွာဘုရားထံတွင် ရဟန်းပြု၊ သမထဝိပဿနာ ရှုပွားသဖြင့် ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၈၉)
မိဂါလောပဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် အပနန္ဒမည်သော လင်းတငှက်မင်းဖြစ်စဉ် သူ၏သားဖြစ်သူ မိဂါလောပသည် ကောင်းကင်တွင် အလွန်မြင့်စွာ ပျံသန်းတတ်ပုံ၊ ထိုသို့မပျံရန် ဘုရားလောင်းက ဆုံးမသော်လည်း မနာယူဘဲ မြင့်မားစွာ ပျံသဖြင့် အသက်ဆုံးရှုံးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၃၉)
မိဉ္ဇဝဋံသကိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော သုံးဆယ့်တစ်ကမ္ဘာအထက်၌ ပရိနိဗ္ဗာန်စံဝင်တော်မူပြီးသော သိခီဘုရားရှင်၏ သရက်ဖြူမဟာဗောဓိပင်အား ဦးဆောက်ပန်းတို့ဖြင့် ရောပြွမ်းလျက် ပူဇော်ခြင်းကို ပြုခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ရဘဲ လွန်ခဲ့သော နှစ်ဆယ့်ခြောက်ကမ္ဘာအထက်၌ မေဃဗ္ဘမည်သော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၄၃)
မိတစိန္တီဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် မိတစိန္တီမည်သော ငါးဘဝ၌ဖြစ်စဉ် ဗဟုစိန္တီ၊ အပ္ပစိန္တီဟူသော ငါးနှစ်ကောင်နှင့်အတူ ဗာရာဏသီမြစ်အတွင်း၌ နေကြပုံ၊ တစ်နေ့သောအခါ ဘုရားအလောင်း မိတစိန္တီငါးက အခြားငါးနှစ်ကောင်တို့အား လူတို့နှင့် နီးသောအရပ်သည် ဘေးရန်များသဖြင့် လူတို့နှင့်ဝေးရာ အခြားအရပ်တစ်ပါးသို့ သွားရန် ပြောဆိုပုံ၊ ဗဟုစိန္တီနှင့် အပ္ပစိန္တီငါးတို့က ‘‘ဒီနေ့ သွားမည်၊ မနက်ဖြန် သွားမည်‘’ဟုဆိုပြီး နေ့ရွှေ့လရွှေ့ဖြင့် သုံးလကျော်ကြာမြင့်ခဲ့ပုံ၊ တစ်နေ့သောအခါ အစာရှာသွားစဉ် ဗဟုစိန္တီနှင့် အပ္ပစိန္တီငါးနှစ်ကောင်တို့ ပိုက်ကွန်အတွင်း၌ မိနေပုံ၊ တံငါသည် ရောက်လာသောအခါ ဘုရားအလောင်း မိတစိန္တီငါးက ပိုက်ကွန်အပြင်မှ နေ၍ ပိုက်ကွန် ကွဲထွက်ဟန်ဆောင်ပြီး ခုန်ထွက်ပြပုံ၊ တံငါသည်များက ပိုက်ကွန်ကွဲနေသည်ဟု မှတ်ထင်ပြီး ပိုက်ကွန်ကိုခါချသဖြင့် ဗဟုစိန္တီနှင့် အပ္ပစိန္တီငါးနှစ်ကောင်တို့ အသက်ဘေးမှ ချမ်းသာရာရခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၅၁)
မိတ္တဝိန္ဒကဇာတက
ဤဇာတ်တော်၌ ကဿပဘုရားရှင်လက်ထက်တွင် မိတ္တဝိန္ဒကသူဌေးသားသည် ရတနာသုံးပါးကို မကြည်ညိုသဖြင့် မိခင်ဖြစ်သူက အသပြာတစ်ထောင်ပေး၍ ကျောင်း၌ တရားနာယူစေခဲ့ပုံ၊ မိတ္တဝိန္ဒကသည် ကျောင်းသို့ သွားပြီး တရားဟောပလ္လင်အောက်တွင် အိပ်ကာ ပြန်လာလေ့ရှိပုံ၊ စီးပွားရှာရန်အတွက် သမုဒ္ဒရာတစ်ဖက်ကမ်းသို့ လှေသင်္ဘောဖြင့် ခရီးထွက်ရန် ကြံစည်သောအခါ မိခင်ကြီးက တားမြစ်သဖြင့် မိခင်ကြီးကို ခြေဖြင့် ကန်ကျောက်ကာ ပင်လယ်ခရီးထွက်ခဲ့ပုံ၊ ပင်လယ်ထဲ၌ လှေသင်္ဘော ရပ်နေသဖြင့် သူယုတ်မာမဲချရာ သုံးကြိမ်တိုင်တိုင် မဲကျသောကြောင့် မိတ္တဝိန္ဒကကို ပင်လယ်ထဲသို့ ပစ်ချခဲ့ကြပုံ၊ ထိုနောက် ကျွန်းငယ်တစ်ခုသို့ ရောက်ရှိသွားပြီး နတ်သမီး ပြိတ္တာမများနှင့် ပျော်ပါးပုံ၊ နောက်ဆုံးတွင် ငရဲသားတစ်ယောက်၏ ဦးခေါင်းတွင် ရွက်ထားသော သင်တုန်းဓားစက်ကို ပဒုမ္မာကြာပန်းမှတ်ထင်၍ မရမက တောင်းယူပန်ဆင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၃၊၁၇၇) (အဘိ၊ဋ္ဌ၊၂၊၄၅၃) (ဇာ၊ဋ္ဌ၊၁၊၃၈၄) (ဇာ၊ဋ္ဌ၊၁၊၄၃၈) (ဇာ၊ဋ္ဌ၊၃၊၁၉၂) (အံ၊ဋီ၊၃၊၁၇၀)
မိတ္တာကာဠီထေရီဝတ္ထု
ဤဝတ္ထု၌ ပုဏ္ဏေးမလေးတစ်ယောက်သည် သတိပဋ္ဌာန်တရားကို ကြားနာရ၍ ဘိက္ခုနီပြုခဲ့ပုံ၊ လာဘ်လာဘခုံမင်သဖြင့် ခုနစ်နှစ်ပတ်လုံး တရားမရဘဲ သွားလာခဲ့ပုံ၊ ခုနစ်နှစ် ကျော်လွန်သောအခါ သံသရာ၌ ထိတ်လန့်မှုဖြစ်၍ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်း အရာများပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၉၂)
မိတ္တာထေရီဝတ္ထု
ဤဝတ္ထု၌ မိတ္တာထေရီလောင်းလျာသည် ဝိပဿီဘုရားရှင်လက်ထက်တော်၌ ရဟန္တာထေရီတစ်ဦးအား ဆွမ်းခဲဖွယ်နှင့် အပေါ်ရုံတဘက်အစုံကို ကြည်ညိုစွာ လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် ဤဂေါတမဘုရားရှင်လက်ထက်တော် သာကီဝင်မင်းမျိုး ဥပါသိကာမ တစ်ယောက် ဖြစ်ရခဲ့ပုံ၊ မဟာပဇာပတိဂေါတမီထံ၌ ဘိက္ခုနီပြုကား ဝိပဿနာရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၃၇)
မိတ္တာမိတ္တဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်း ရသေ့သည် အဘိညာဉ်သမာပတ်ရသော ဂိုဏ်းဆရာကြီး တစ်ဦးဖြစ်ခဲ့ပုံ၊ တပည့်ရသေ့အား ဆင်ပေါက် ကလေးကို မမွေးမြူရန် တားမြစ်သော်လည်း တပည့်ရသေ့က မလိုက်နာခဲ့ပုံ၊ စကား နားမထောင်သည့် ရသေ့ ဆင်နင်းခံခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၁၉)
မိတ္တာမိတ္တဇာတက
ဤဇာတ်တော်၌ အတ္ထစရကအမတ်ကြီးသည် ကောသလမင်းကြီးနှင့် အလွန်အကျွမ်းတဝင်ရှိပုံ၊ တခြားအမတ်များက မနာလိုဝန်တိုဖြစ်ကာ မင်းကြီးနှင့် ကွဲအောင် ကုန်းတိုက်ကြပုံ၊ ကောသလမင်းကြီးသည် အတ္ထစရကအမတ်၏ အပြစ်ကို မမြင်သဖြင့် မိတ်ဆွေအစစ် အတုခွဲခြားနိုင်ရန် ဘုရားရှင်ထံ သွားရောက် လျှောက်ထားပုံ၊ ဘုရားရှင်က အတိတ်ဇာတ်ကြောင်း ဆောင်၍ တရားဟောတော်မူခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၁၉၇)
မိနေလပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော သုံးဆယ့်တစ်ကမ္ဘာအထက်၌ စင်္ကြံကြွနေတော်မူသော သိခီဘုရားရှင်အား မိနေလပန်းတို့ဖြင့် လှူဒါန်းပူဇော်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့တော့ဘဲ လွန်ခဲ့သော နှစ်ဆယ့်ကိုးကမ္ဘာအထက်၌ သုမေဃဿနမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၂၇)
မိလကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မိလကမထေရ်လောင်းလျာသည် ကျော့ကွင်းတစ်ရာ၊ ဘိတစ်ရာကို ထောင်လျက် သူ့အသက် သတ်ခြင်း မုဆိုးအလုပ်ဖြင့် အသက်မွေးပုံ၊ တစ်နေ့သောအခါ မီးကင်ပြီးသော အသားကို စားလျက် ရေဆာသဖြင့် တောကျောင်းသို့ ဝင်၍ ရေသောက်ပုံ၊ သောက်ရေအိုးများ၌ ရေအပြည့်ရှိနေသော်လည်း အကုသိုလ်ကံကြောင့် ရေကို မမြင်ရပုံ၊ တောကျောင်းနေရဟန်းများက ရေခပ်ပေးမှ ရေသောက်ရသဖြင့် မိမိဘဝကို ထိတ်လန့်ကာ ရဟန်းပြုခဲ့ပုံ၊ ရဟန်းပြုပြီးနောက် တရားအားထုတ်၍ မရသဖြင့် လူထွက်မည်ကြံသောအခါ အဝီစိငရဲမီး၏ ပြင်းထန်စွာ ပူလောင်မှုကို တွေ့မြင်ရပြီး မရပ်မနား တရားအားထုတ်သောကြောင့် အနာဂါမ်တည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၂၊၂၅၁)
မိလက္ခတိဿတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ရောဟနဇနပုဒ်တွင် မုဆိုးမျိုး၌ ဖြစ်ခဲ့ပုံ၊ အရွယ်ရောက်လာသော အခါ အိမ်ထောင်ကျ၍ မုဆိုးအလုပ်ဖြင့်ပင် အသက်မွေးဝမ်းကျောင်းပြုလျက် များစွာသော အကုသိုလ်အမှုတို့ကို ပြုလုပ်ခဲ့ပုံ၊ တစ်နေ့သောအခါ ကျော့ကွင်း၌ မိနေသော သမင်ကို သတ်၍ မီးကင်စားပြီးလျှင် ရဟန်းတော်များ သီတင်းသုံးသည့် ကျောင်းတိုက်အတွင်းသို့ ရေဝင်သောက်ပုံ၊ သောက်ရေအိုး ဆယ်လုံး၌ ရေအပြည့်ရှိသော်လည်း ရေကို မတွေ့မြင်ရသဖြင့် ထိတ်လန့်ကာ ရဟန်းပြုခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၂၇)
မိလိန္ဒဝတ္ထု
ဤဝတ္ထု၌ ကဿပဘုရားရှင်၏ သာသနာတော်၌ ကျင့်ဝတ်ပဋိပတ်နှင့် ပြည့်စုံသော ရဟန်းတော်များ ဂင်္ဂါမြစ်အနီး ကျောင်းတိုက်ကြီးတစ်တိုက်အတွင်း၌ စုပေါင်းနေထိုင်ကြပုံ၊ ရဟန်းတော်တစ်ပါးက တံမြက်စည်းလှည်းပြီး စုပုံထားသော အမှိုက်ပုံကို သာမဏေငယ်တစ်ပါးအား စွန့်ပစ်ရန်ပြောသောအခါ သာမဏေငယ်က မကြားဟန်ပြု၍ နေသဖြင့် ရဟန်းက တံမြက်စည်းရိုးဖြင့် ရိုက်ကာ အမှိုက်သွန်ခိုင်းခဲ့ပုံ၊ သာမဏေငယ်က အမှိုက်သွန်နေစဉ် ‘‘ဤကုသိုလ် ကောင်းမှုကြောင့် နေမင်းကဲ့သို့ ဘုန်းတန်ခိုးကြီးပြီး လှိုင်းတံပိုးများကဲ့သို့ သူတစ်ပါးက မချေဖျက်နိုင်သော ဉာဏ်ပညာနှင့် ပြည့်စုံရပါစေသား’’ဟု ဆုတောင်းခဲ့ပုံ၊ တံမြက်စည်းလှည်းသော ရဟန်းက ရေချိုးရန် လာစဉ် သာမဏေငယ် ဆုတောင်းစကားကို ကြားပြီး ‘‘ဤသာမဏေငယ် မေးသမျှအရာအားလုံးကို ဖြေရှင်းနိုင်သော ပုဂ္ဂိုလ် ဖြစ်ရပါစေသား’’ ဟု ပြန်လည် ဆုတောင်းခဲ့ပုံ၊ ဤဂေါတမဘုရားရှင် သာသနာတော်၌ သာမဏေငယ်သည် ဘုန်းတန်ခိုး အာဏာကြီးမားပြီး ဉာဏ်ပညာထက်မြက်သော မိလိန္ဒမင်းကြီး ဖြစ်လာ၍ တံမြက်လှည်းသော ရဟန်းမှာ အရှင်နာဂသိန်ထေရ် ဖြစ်လာခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မိလိန္ဒ၊၃)
မုခပုဉ္ဆနာနုဇာနနဝတ္ထု
ဤဝတ္ထု၌ ဝိသာခါကျောင်းအမကြီးသည် မျက်နှာသုတ်ပဝါကို ယူဆောင်ပြီး ဘုရားရှင်အား ဆက်ကပ်ရာ ဘုရားရှင်က လက်ခံတော်မူပြီး ရဟန်းတော်တို့အား မျက်နှာသုတ်ပဝါ ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၁၀)
မုစလိန္ဒဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ဒုတိယသတ္တာဟ လွန်ပြီးနောက် အဇပါလညောင်ပင်ရင်းမှ မုစလိန္ဒရေအိုင်သို့ ချဉ်းကပ်တော်မူပုံ၊ မုစလိန္ဒအိုင်အနီး ကျည်းပင်ရင်း၌ ခုနစ်ရက်ပတ်လုံး အရဟတ္တဖိုလ်သမာပတ် ဝင်စားတော်မူပုံ၊ ခုနစ်ရက်ပတ်လုံး အခါမဲ့ မိုးကြီး ရွာပြီး လေအေးများ တိုက်ခတ်နေသဖြင့် မုစလိန္ဒနဂါးမင်းသည် ဘုရားရှင်၏ ကိုယ်တော်ကို ခုနစ်ခွေ ပတ်ကာလျက် ဦးထိပ်တော်ထက်၌ ပါးပျဉ်းကြီး ကာမိုး ပူဇော်ခဲ့ပုံ၊ ခုနစ်ရက် လွန်မြောက်ပြီးနောက် နဂါးအသွင် ဖျောက်၍ လုလင်အသွင် ဖန်ဆင်းကာ ရှိခိုးလျက် နေချိန်တွင် ဘုရားရှင်က ဥဒါန်းကျူးရင့်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃) (ဥဒါန၊ဋ္ဌ၊၈၉)
မုဋ္ဌိပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကမ္ဘာတစ်သိန်းအထက်၌ သုဒဿနမည်သော အမည်ဖြင့် ပန်းသည်ဖြစ်ခဲ့၍ မြတ်လေးပန်းကို ပဒုမုတ္တရဘုရားရှင်အား လှူဒါန်းခဲ့သောကောင်းမှုကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်းမရှိတော့ဘဲ လွန်ခဲ့သော သုံးဆယ်ခြောက်ကမ္ဘာအထက်၌ ဒေဝုတ္တရမည်သော စကြဝတေးမင်း တစ်ဆယ့်ခြောက်ကြိမ် ဖြစ်ခဲ့၍ နောက်ဆုံး ဤဂေါတမဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၅၆)
မုဋ္ဌိပူဇကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကမ္ဘာသုံးသောင်းအထက်၌ စင်္ကြံကြွနေတော်မူသော သုမေဓာဘုရားရှင်အား ဂိရိနေလမည်သော ပန်းဆုပ်ကို လှူဒါန်းပူဇော်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော နှစ်ထောင့်သုံးရာ ကမ္ဘာအထက်၌ သုနေလမည်သော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၂၄)
မုဏ္ဍရာဇဝတ္ထု
ဤဝတ္ထု၌ မုဏ္ဍမင်းသည် ချစ်ခင်မြတ်နိုးလှသော ဘဒ္ဒါအမည်ရှိ မိဖုရားသေဆုံးသွားသဖြင့် မင်း၏ကိစ္စတို့ကို မဆောင်ရွက်ဘဲ စွဲလမ်းနေပုံ၊ မိဖုရား၏ အလောင်းကို ဆီထည့်ထားသော သံခေါင်းတွင် ထည့်စိမ်ကာ ကြာရှည်စွာ ထားစေခဲ့ပုံ၊ ဘဏ္ဍာစိုး ပိယက၏ အကြံပေးချက်အရ မုဏ္ဍမင်းသည် ကုက္ကုဋာရုံကျောင်းရှိ အရှင်နာရဒမထေရ်ထံ သွားရောက်သောအခါ အရှင်နာရဒက ထိုမင်းအား သောကငြိမ်းအေးကြောင်း တရားဟောတော်မူသဖြင့် စိတ်အေးချမ်းသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၅၀)
မုတ္တာထေရီဝတ္ထု
ဤဝတ္ထု၌ မုတ္တာထေရီအလောင်းလျာသည် ဝိပဿီဘုရားရှင်အား လှည်းရထားလမ်းပေါ်တွင် မိမိခန္ဓာကိုယ်ကို မှောက်အိပ်ကာ တံတားသဖွယ် ပူဖော်ခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် လူနတ်ချမ်းသာမျိုးစုံကို ခံစားခဲ့ရပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ မဟာပဇာပတိဂေါတမီ ထေရီမထံတွင် ဘိက္ခုနီပြု၍ မြတ်စွာဘုရား၏ တရားတော်ကို နာရသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၈)
မုတ္တာထေရီဝတ္ထု
ဤဝတ္ထု၌ ထေရီလောင်းလျာသည် ရှေးဘုရားရှင်များအထံ၌ ဆုပန်ခဲ့ပြီး ဤဘုရားရှင့် လက်ထက်တော်၌ ကောသလဇနပုဒ်တွင် သူဆင်းရဲပုဏ္ဏား၏ သမီး ဖြစ်လာပုံ၊ အရွယ်ရောက်သော် မိဘများက ခါးကုန်းသော ပုဏ္ဏားတစ်ယောက်နှင့် ပေးစားခဲ့ပုံ၊ ထို့နောက် လင်ယောကျ်ားထံ ခွင့်ပန်၍ ရဟန်းပြုကာ ဝိပဿနာ ရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၁၄)
မုဒိတတ္ထေရဝတ္ထု
ဤဝတ္ထု၌ မုဒိတမထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား ညောင်စောင်း လှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူနတ်ချမ်းသာတို့ကို ခံစားရပြီး ဤဂေါတမဘုရားရှင်လက်ထက်တော်၌ မုဒိတသူကြွယ် ဖြစ်လာပုံ၊ မင်းဘေးမှ တိမ်းရှောင်ထွက်ပြေးစဉ် တောနေ ရဟန္တာမထေရ် တစ်ပါးထံ ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၃၂)
မုဒုပါဏိဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းဖြစ်စဉ် မိမိတို့အမျိုး ကျယ်ပြန့်ရန်ခဲ့ မိမိ၏တူတော်ကို သမီးတော်နှင့် မပေးစားဘဲ အခြားမင်းသမီး တစ်ဦးနှင့် ပေးစားရန် စီစဉ်ခဲ့ပုံ၊ တူနှင့်သမီးတို့မှာ အချင်းချင်း ချစ်ကြိုက်နေသဖြင့် ဘုရင်ကြီးကို လှည့်စား၍ ထွက်ပြေးကြပုံ စသော အကြောင်းအရာများပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၉၂)
မုဒုလက္ခဏဇာတက
ဤဇာတ်တော်၌ အလောင်းတော်ရသေ့သည် လူသူမနီတောကြီးအလယ်၌ ဈာန်ချမ်းသာဖြင့် သီတင်းသုံးနေထိုင်ခဲ့ပုံ၊ တစ်နေ့သောအခါ အလောင်းတော်ရသေ့သည် ချဉ်ဆားမှီဝဲရန် ဗာရာဏသီနန်းတော်တွင်းသို့ ချဉ်းကပ်ခဲ့ပုံ၊ မင်းကြီးက ဘုရင့်ဥယျာဉ်တော်အတွင်း၌သာ သီတင်းသုံးရန် လျှောက်ထားတောင်းပန်ခဲ့ပုံ၊ မင်းကြီးစစ်တိုက်သွားစဉ် အလောင်းတော်ရသေ့ကို ကောင်းမွန်စွာ ဆွမ်းပြုစုလုပ်ကျွေးရန် မုဒုလက္ခဏမိဖုရားကြီးအား မှာထားခဲ့ပုံ၊ တစ်နေ့တွင် မိဖုရားကြီး၏ ထမီစ လျှောကျသွားသည်ကို အလောင်းတော်ရသေ့ တွေ့မြင်ရသဖြင့် ဈာန်လျှောကျသွားခဲ့ပုံ၊ မင်းကြီးနှင့် မိဖုရားကြီးတို့က အလောင်းတော် ရသေ့အား ရသေ့ဘဝ ပြန်လည်သတိရစေရန် စီမံဆောင်ရွက်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၂၀)
မုနာဠိဓုတ္တဝတ္ထု
ဤဝတ္ထု၌ ဘုရားအလောင်းသည် သူဆင်းရဲမျိုး၌ မုနာဠိမည်သော သေသောက်ကြူးဖြစ်စဉ် မိမိအနီးသို့ ကြွရောက်လာသော သုရဘိမည်သော ပစ္စေကဗုဒ္ဓါ အရှင်မြတ်အား ‘‘ဤရဟန်းသည် သီလမရှိ၊ ယုတ်မာသော အကျင့်သာရှိ၏’’စသည်ဖြင့် စွပ်စွဲပြောဆိုခဲ့ပုံ၊ ထိုအကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် နှစ်ပေါင်းများစွာ ငရဲ၌ ဆင်းရဲဒုက္ခခံစားခဲ့ရပုံ၊ ဂေါတမဗုဒ္ဓဖြစ်တော်မူရာ ဤနောက်ဆုံးဘဝ၌လည်း ပရိသတ်အလယ်၌ တိတ္ထိတို့၏ တပည့်မဖြစ်သူ စိဉ္စမာဏဝိကာ အမျိုးသမီး၏ မဟုတ်မမှန် စွပ်စွဲ ပြောဆိုခြင်းကို ခံခဲ့ရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အပ၊ဋ္ဌ၊၁၊၁၂၉)
မုနာဠိဓုတ္တဝတ္ထု
ဤဝတ္ထု၌ ဘုရားအလောင်းသည် မထင်ရှားသော အမျိုးအနွယ်တစ်ခု၌ မုနာဠိမည်သော သေသောက်ကြူး ဖြစ်စဉ် အခြားသော လူမိုက်များနှင့် ပေါင်းပြီး သုရဘိပစ္စေကဗုဒ္ဓါအရှင်မြတ်အား ‘‘ဤရဟန်းသည် ကိုယ်ကျင့်သီလမရှိ၊ အကျင့်ယုတ်၏’’ စသည်ဖြင့် ဆဲရေးခဲ့ပုံ၊ ထိုအကုသိုလ်ဝစီကံကြောင့် နှစ်ပေါင်းများစွာ ငရဲ၌ ကျရောက်ခဲ့ရပုံ၊ ဂေါတမဗုဒ္ဓဖြစ်တော်မူရာ ဤနောက်ဆုံးဘဝ၌လည်း သုန္ဒရီပရိဗိုဇ်မ၏ စွပ်စွဲပြောဆိုခြင်း ဆဲရေးတိုင်းထွာခြင်း ခံခဲ့ရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အပ၊ဋ္ဌ၊၁၊၁၃၃)
မုနိကဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် ရွာတစ်ရွာရှိ သူဌေးအိမ်တစ်အိမ်တွင် မဟာလောဟိတအမည်ဖြင့် ဝန်ဆောင်နွားလားဖြစ်စဉ် ညီငယ်စူဠလောဟိတက ‘‘အိမ်ရှင်တို့သည် မုနိကမည်သောဝက်ကို ထမင်းယာဂုစသည်ဖြင့် အစားကောင်း အသောက်ကောင်းများ ကျွေးပြီး မိမိတို့အား မြက်ကောက်ရိုးမျှကိုသာ ကျွေးသဖြင့် ဘယ်သောအခါကျမှ ထိုကဲ့သို့သော အစားကောင်းများ စားရပါမည်နည်း’’ ဟု အစ်ကိုကြီး မဟာလောဟိတအား ပြောဆိုပုံ၊ မဟာလောဟိတက ဝက်သည် သေထမင်း သေဟင်းကို စားနေသဖြင့် ဝက်ကို အားမကျသင့်ကြောင်း၊ မကြာမီ ဝက်သည် လူတို့၏ စားသောက်ဖွယ် ဟင်းလျာအဖြစ် သေဆုံးရတော့မည်ဖြစ်ကြောင်း ပြောဆိုပုံ၊ နှစ်ရက် သုံးရက်လွန်သောအခါ၌ပင် မင်္ဂလာဆောင်အတွက် မုနိကမည်သော ဝက်ကို သတ်၍ လက်သုပ်ဟင်းလျာအဖြစ် စီမံကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၁၂)
မူဂပက္ခဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် တာဝတိံသာနတ်ပြည်မှ စုတေ၍ စန္ဒာဒေဝီ၏ ဝမ်းတိုက်၌ ပဋိသန္ဓေယူခဲ့ပုံ၊ ဘုရားအလောင်းမွေးဖွားသောအခါ တေမိယမင်းသားဟု နာမည်မှည့်ကြပုံ၊ ဖခင် ဘုရင်ကြီး၏ ရင်ခွင်၌ နေစဉ် တရားစီရင်ခန်းကို ကြားရသောအခါ ရှေးယခင် မိမိဘုရင်ဘဝက ငရဲကျခဲ့ရသည်ကို သတိရကာ ဘုရင်မလုပ်လိုသဖြင့် (၁၆)နှစ်တိုင်တိုင် ဆွံ့အဟန်ဆောင်ခဲ့ပုံ၊ နောက်ဆုံးတွင် တောထွက်ကာ နိက္ခမပါရမီဖြည့်ကျင့်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၆၊၁)
မူလပရိယာယဇာတက
ဤဇာတ်တော်၌ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး မင်းပြုစဉ် ဘုရားအလောင်းသည် ဒိသာပါမောက္ခ ဆရာကြီးဖြစ်၍ လုလင်(၅၀၀)တို့အား ပညာကုန် သင်ကြားပေးပုံ၊ လုလင်တို့သည် ဆရာတတ်သလောက် ငါတို့လည်း တတ်ပြီဟု မာနရောက်ကာ မလေးမစားနေကြပုံ၊ ထိုအခါ ဆရာကြီးသည် တပည့်တို့အား ပြဿနာတစ်ရပ်ကို မေးပြီး မာနကင်းအောင် ဆုံးမခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၃၆)
မူလုပ္ပလဝါပီဝိဟာရဝါသိတ္ထေရဝတ္ထု
ဤဝတ္ထု၌ ရဟန္တာမထေရ်တစ်ပါးသည် အလုပ်အကျွေးဒါယကာအိမ်သို့ ကြွတော်မူစဉ် ဥပါသိကာမသည် အိပ်ရာခုတင်ကို မှီ၍ နေထိုင်ပုံ၊ တံခါးဝ၌ ဆွမ်းခံရပ်လာသော ရဟန်း တစ်ပါးသည် ထိုဥပါသိကာမနှင့် ရဟန္တာမထေရ်တို့ တစ်ခန်းတည်း၌ မစင်မကြယ်နေထိုင်၏ဟု ထင်မှတ်ပုံ၊ ကျောင်းသို့ ရောက်သောအခါ ဆွမ်းခံရဟန်းသည် ရဟန္တာမထေရ်ကို စွပ်စွဲအံ့ဟု လာသောအခါ ရဟန္တာမထေရ်က ကောင်းကင်သို့ ပျံကြွ၍ ကျောင်းထိပ်၌ ပလ္လင်နှင့်တကွ ထိုင်နေတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၂၈၃)
မူသိကဇာတကဝတ္ထု
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဒိသာပါမောက္ခဆရာကြီးဖြစ်စဉ် ဗာရာဏသီမင်း၏သား ယဝကုမာရသည် ပညာသင်ကိစ္စပြီး၍ ပြည်တော်သို့ ပြန်ရန် ကန်တော့စဉ် မင်းသား၏ သားက လုပ်ကြံမည့်အဖြစ်ကို သိမြင်၍ ဂါထာလေးပုဒ်ကို သင်ပေးလိုက်ပုံ၊ ယဝကုမာရ မင်းဖြစ်ပြီးနောက် သားတော်က သတ်ရန်စီစဉ်သောအခါ ရေချိုးကန်သို့ အသွားတွင် ပထမဂါထာဆို၍ အသက်ဘေးမှ လွတ်ခဲ့ပုံ၊ စောင်းတန်းခြေရင်း၌ တစ်ကြိမ်၊ စားတော်ဆောင်၌ တစ်ကြိမ် သားတော်က လုပ်ကြံရန် ကြိုးစားသော်လည်း ဂါထာရွတ်၍ လွတ်မြောက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၀၁)
မေခလဒါယိကာထေရီဝတ္ထု
ဤဝတ္ထု၌ ထေရီလောင်းလျာသည် သိဒ္ဓတ္ထမြတ်စွာဘုရားအား ရည်မှန်း၍ ပုထိုးစေတီတော် ပြုလုပ်ရန် ခါးကြိုးတန်ဆာကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာကျင်လည်ခဲ့ရပုံ၊ ဂေါတမဘုရားရှင် ပွင့့်တော်မူသောအခါ ရာဇဂြိုဟ်မြို့၌ ချမ်းသာသော ပုဏ္ဏားသူငယ်မ ဖြစ်ခဲ့ပုံ၊ မဟာပဇာပတိဂေါတမီထံ ဘိက္ခုနီပြုပြီးနောက် ရဟန္တာထေရီ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၈၉)
မေဃိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသောအခါ ကြည်ညို လေးမြတ်သော စိတ်ဖြင့် ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည် နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သာကီဝင်မင်းမျိုး၌ဖြစ်၍ ရဟန်းပြုကာ ဝိပဿနာ ရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၈၇)
မေဃိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်၏ အလုပ်အကျွေး မေဃိယမထေရ်သည် သာယာသော သရက်ဥယျာဉ်ကို မြင်တွေ့ရ၍ ‘တရားအားထုတ်ရန်’ဟု အကြောင်းပြကာ ဘုရားရှင်တားမြစ်ပါလျက် သရက်ဥယျာဉ်၌ နေရစ်ခဲ့ပုံ၊ မကြာမီမှာပင် အကုသိုလ်ဝိတက်သုံးပါး အကြံများသာ ဖြစ်ပေါ်လာသဖြင့် ဘုရားရှင်နောက်သို့ ပြန်လိုက်လာပုံ၊ ဘုရားရှင်က ဝိပဿနာဉာဏ် ရင့်သန်စေပြီး ကိလေသာမှလွတ်စေရန် ရင့်ကျက်စေကြောင်း နည်းလမ်းငါးမျိုး ဟောပြတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၃၊၁၆၆) (ဓမ္မ၊ဋ္ဌ၊၁၊၁၈၂) (ဥဒါန၊ဋ္ဌ၊၁၉၆)
မေဏ္ဍကဂဟပတိဝတ္ထု
ဤဝတ္ထု၌ ဘဒ္ဒိယမြို့သား မေဏ္ဍကသူဌေးကြီးသည် ခေါင်းလျော်ပြီး စပါးကျီကို တံမြက်စည်းလှည်းစေကာ စပါးကျီ၏ တံခါးအပြင်ဘက်၌ ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်မှ စပါးများ စပါးကျီပြည့်အောင် ကျလာပုံ၊ မေဏ္ဍကသူဌေးကတော်ကလည်း ဆန်တစ်ပြည်ချက် ထမင်းအိုးအနီး၌ ထိုင်လျက် လာလာသမျှ ကျွန်အမှုလုပ်သမားစသည် တို့အား ထိုင်နေရာမှ မထမချင်း ထမင်းနှင့် ဟင်းများကို မကုန်နိုင် မခမ်းနိုင်အောင် ပေးဝေနိုင်ပုံ၊ သားကလည်း ရှေးကောင်းမှုကံကြောင့် တစ်ထောင်တန် အိပ်တစ်လုံး၌ ပေး၍ မကုန်အောင်ရှိပုံ၊ ထိုသူဌေးကြီးထံ ဗိမ္ဗိသာရမင်းကြီး ကိုယ်တိုင် လာရောက်စုံစမ်းခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၃၇)
မေဏ္ဍကပဥှဇာတက
ဤဇာတ်တော်သည် မဟာဥမင်္ဂဇာတက၌ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၄၊၁၈၈)
မေဏ္ဍကသေဋ္ဌိဝတ္ထု
ဤဝတ္ထု၌ မေဏ္ဍကသူဌေးကြီး၏ ရှေးဘဝကုသိုလ်ကံကြောင့် အိမ်နောက်ဘက် ရှစ်ပယ်မျှသော နေရာတွင် ရွှေဆိတ်ရုပ်များ ပေါ်ပေါက်လာပြီး ထိုဆိတ်များ၏ ပါးစပ်ထဲမှ မိမိလိုသော ပစ္စည်းအားလုံး ထွက်ပေါ်လာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပဋိသံ၊ဋ္ဌ၊၂၊၂၉၅)
မေဏ္ဍကသေဋ္ဌိဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားရှင်သည် မေဏ္ဍကသူဌေး၊ သူဌေးကတော် စန္ဒပဒုမ၊ သား ဓနဉ္စယ၊ ချွေးမ သုမနဒေဝီ၊ မြေး ဝိသာခါ၊ ကျွန် ပုဏ္ဏတို့၏ သောတာပန်ဖြစ်မည့် အကြောင်းကို မြင်တော်မူ၍ ဘဒ္ဒိယမြို့နေ မေဏ္ဍကသူဌေးကြီးထံ ကြွရောက်ပြီး တရားဟောတော်မူခဲ့ပုံ စသောအကြောင်းအရာများပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၃၂)
မေဏ္ဍသိရတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ၉၁-ကမ္ဘာထက်၌ ပွင့်တော်မူသော ဘုရားရှင်အား ပန်းတို့ဖြင့် ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့၍ ဤဘုရားရှင် လက်ထက်တော်၌ သာကေတမြို့သူကြွယ်မျိုး၌ ဖြစ်ပြီး ဘုရားရှင်ထံ ရဟန်းပြုကာ ဝိပဿနာရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၁၆)
မေတ္တဂုတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဟိမဝန္တာတောင်အနီး အသောကတောင်၌ ရသေ့အဖြစ်ဖြင့်နေထိုင်ခဲ့ပုံ၊ ထိုအချိန်တွင် လောက၌ သုမေဓာဘုရားရှင် ပွင့်တော်မူလာသဖြင့် ဘုရားရှင်သည် ရသေ့ထံ ကြွရောက်တော်မူလာပုံ၊ ရသေ့သည် ဘုရားရှင်အား ထောပတ်များ လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘဝတို့၌သာ ချမ်းသာစွာ ကျင်လည်ခဲ့ရပြီး ဤဘုရားရှင်သာသနာတော်၌ ရဟန္တာဖြစ်ကာ ပရိနိဗ္ဗာန် စံဝင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၄၀၀)
မေတ္တဇိတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် အနောမဒဿီမြတ်စွာဘုရား၏ ဗောဓိပင်ကို အုတ်တို့ဖြင့် တံတိုင်းပြုလုပ်၍ အင်္ဂတေဖြင့် အချောကိုင်လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်သာသနာတော်၌ မဂဓတိုင်း ပုဏ္ဏားမျိုး၌ဖြစ်၍ သာသနာတော်သို့ ဝင်ရောက်ပြီး ဝိပဿနာရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၄၆)
မေတ္တာဘာဝနာဝတ္ထု
ဤဝတ္ထု၌ ရဟန်းတို့သည် မိမိတို့၏ စရိုက်အလိုက် ကမ္မဋ္ဌာန်းများကို သင်ယူပြီး ဟိမဝန္တာတောနှင့် တစ်ဆက်တည်းဖြစ်သော တောကျောင်းတစ်ကျောင်း၌ ကမ္မဋ္ဌာန်းအားထုတ်နေကြပုံ၊ ရဟန်းတို့၏ သီလတန်ခိုးကြောင့် သစ်ပင်ပေါ်မှ ဆင်းပေးရသော နတ်တို့က ခြောက်လှန့်ကြပုံ၊ ရဟန်းတို့ မြတ်စွာဘုရားထံ သွားရောက် လျှောက်ထားကြသောအခါ မြတ်စွာဘုရားက မေတ္တသုတ်ကို ဟောတော်မူပြီး သတ္တဝါများကို အထူးသဖြင့် ရုက္ခစိုးနတ်များကို မေတ္တာပို့ရန် ညွှန်ပြတော်မူခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (ခုဒ္ဒက၊ဋ္ဌ၊၁၉၇) (သုတ္တနိ၊ဋ္ဌ၊၁၊၁၇၅)
မေတ္တိကာထေရီဝတ္ထု
ဤဝတ္ထု၌ မေတ္တိကာထေရီလောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်အား ရတနာခါးကြိုးတန်ဆာကို လှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ဘဝများစွာ လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပုံ၊ ဤဂေါတမဘုရားရှင် လက်ထက်တော်၌ မေတ္တိကာထေရီ ဖြစ်၍ ပဋိဘာဂတောင်ထွတ်၌် ရဟန္တာ ဖြစ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၃၆)
မေတ္တိယဘူမဇကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ မေတ္တိယဘူမဇကရဟန်းတို့သည် သေနာသနပညာပကသမ္မုတိရသော အရှင်ဒဗ္ဗမထေရ်အား ရှုတ်ချကြ၊ အပုပ်ချကြပြန်သောကြောင့် ကဲ့ရဲ့မှု၊ ရှုတ်ချမှုမပြုရဟု ဥဇ္ဈာပနက သိက္ခာပုဒ်၏ အနုပညတ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၅၆)
မေတ္တိယဘူမဇကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ မေတ္တိယဘူမဇက ရဟန်းတို့သည် ဆိတ်တစ်ကောင်ကို ဒဗ္ဗမလ္လပုတ္တမထေရ်၊ ဆိတ်မတစ်ကောင်ကို မေတ္တိယဘိက္ခုနီဟု အမည်ပေး၍ ဆိတ်နှစ်ကောင် ကာမဂုဏ်ခံစားနေသည်ကို ‘‘မထေရ်နှင့် ဘိက္ခုနီ ကာမဂုဏ်ခံစားနေကြ၏’’ဟု ပါရာဇိကဖြင့် စွပ်စွဲကြပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ ‘‘ထိုသို့ စွပ်စွဲသော ရဟန်းအား သံဃာဒိသေသ် အာပတ် သင့်၏’’ဟု ဒုတိယ ဒုဠဒေါသသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ဝိ၊၁၊၂၅၅)
မေဠဇိနတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သုမေဓာဘုရားရှင်အား ချိုမြိန်ကောင်းမြတ်သည့် အာမောဒမည်သော အသီးများကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည် တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ဗာရာဏသီမင်းမျိုး၌ ဖြစ်၍ သာသနာတော်သို့ ဝင်ရောက်ကာ ဝိပဿနာရှုပွား၍ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာ များပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၂၀)
မောဂ္ဂလိပုတ္တတိဿတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်လောင်းလျာသည် ဗြဟ္မာ့ပြည်မှ စုတေ၍ မောဂ္ဂလိပုဏ္ဏားကြီးအိမ်၌ မွေးဖွားလာပုံ၊ သံဃာ့မထေရ်ကြီးများ၏ တာဝန်ပေးချက်အရ သိဂ္ဂဝမထေရ်သည် ထိုမထေရ်လောင်းကို သာသနာ့ဘောင် ရောက်အောင် စောင့်ရှောက်ခဲ့ပုံ၊ ထိုမထေရ်လောင်း အသက်(၁၆)နှစ် အရွယ်တွင် သာမဏေပြုပေးရာ သောတာပန်တည်ခဲ့ပုံ၊ သိဂ္ဂဝမထေရ်၏ စေလွှတ်ချက်အရ တိဿသာမဏေသည် စဏ္ဍဝဇ္ဇိမထေရ်ထံတွင် ပိဋကသုံးပုံကို အဋ္ဌကထာနှင့်တကွ ကောင်းစွာ သင်ယူတတ်မြောက်၍ ပိဋကသုံးပုံဆောင်ဖြစ်လာပြီး မကြာမီပင် ဝိပဿနာပွား၍ ရဟန္တာဖြစ်တော်မူခဲ့ပုံ၊ အသောကမင်းကြီး လက်ထက်တွင် အသောကာရုံကျောင်းတိုက်၌ သံဃာတစ်သိန်း ပါဝင်သော အစည်းအဝေးပြုလုပ်ပြီး မောဂ္ဂလိပုတ္တတိဿမထေရ်သည် မိစ္ဆာဒိဋ္ဌိအယူကို နှိမ်နင်းလျက် ကထာဝတ္ထုကျမ်းကို ဟောတော်မူခဲ့ပုံ၊ ထို့နောက် အသောကမင်းကြီး၏ ပစ္စည်းလေးပါး အထောက်အပံ့ဖြင့် ရဟန္တာတစ်ထောင်တို့ကို ဦးဆောင်၍ တတိယသံဂါယနာတင်တော်မူခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၁၊၂၇)
မောဂ္ဂလ္လာနတ္ထေရဝတ္ထု
ဤဝတ္ထုသည် သာရိပုတ္တတ္ထေရ်ဝတ္ထု (ဓမ္မ၊ဋ္ဌ၊၂၊၄၂၁)နှင့် တူသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၂၂)
မောဂ္ဂလ္လာနတ္ထေရဝတ္ထု
ဤဝတ္ထု၌ ရဟန်းတော်တို့သည် ပုဗ္ဗာရုံကျောင်းတော်၌ တရားအားမထုတ်ဘဲ မေ့မေ့ လျော့လျော့ နေကြသဖြင့် သံဝေဂစိတ်ဖြင့် ထိတ်လန့်စေရန် ဘုရားရှင်က အရှင်မောဂ္ဂလ္လာန်အား တိုက်တွန်းတော်မူပုံ၊ အရှင်မောဂ္ဂလ္လာန်သည် ပြာသာဒ်ကို အထက်အောက်တုန်လှုပ်စေသောအခါမှ ထိတ်လန့်ကြ၍ တရားဟောရန် ဘုရားရှင်အားတောင်းပန်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၃၊၂၃၅) (သံ၊ဋ္ဌ၊၃၊၂၈၈) (သုတ္တနိ၊ဋ္ဌ၊၂၊၇၀)
မောဃရာဇတ္ထေရဝတ္ထု
ဤဝတ္ထု၌ မောဃရာဇမထေရ်လောင်း အမျိုးကောင်းသားသည် ပဒုမုတ္တရဘုရားရှင် လက်ထက်တော်၌ လူခစီဝရဓရ ဧတဒဂ်ဘွဲ့ထူး ချီးမြှင့်ခြင်းခံရသော ရဟန်းတော်တစ်ပါးကို အားကျကာ ထိုဧတဒဂ်ကို ရရှိရန် ကောင်းမှုကုသိုလ်များ ပြုလုပ်၍ ဆုတောင်းခဲ့ပုံ၊ အတ္ထဒဿီဘုရားရှင်လက်ထက်၌ ပုဏ္ဏားမျိုးတွင်ဖြစ်ကာ ဘုရားအမှူးရှိသော သံဃာတော်တို့အား ပျားရည်များ ဆက်ကပ်လှူဒါန်းပြီး ‘‘ ယာဝတော ရူပိနော သတ္တာ’’စသော ခြောက်ဂါထာတို့ဖြင့် ချီးကျူးပူဇော်ခဲ့ပုံ၊ ကဿပဘုရားရှင်လက်ထက်တော်၌ ကဋ္ဌဝါဟနမင်း၏ အမတ်ကြီးတစ်ဦး ဖြစ်ခဲ့ပြီး ဘုရားရှင်၏ တရားတော်ကို နာကြားရသဖြင့် ရဟန်းပြုကာ နှစ်ပေါင်းနှစ်သောင်းတိုင်တိုင် တရားအားထုတ်ခဲ့ပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ရဟန္တာဖြစ်ပြီး လူခစီဝရဓရ ဧတဒဂ်ဘွဲ့ ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၃၉) (အံ၊ဋ္ဌ၊၁၊၂၅၆) (ထေရ၊ဋ္ဌ၊၁၊၄၂၀)
မောဒကထာလိကဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် သေဒကမည်သော နိဂုံးတွင် သီတင်းသုံး နေထိုင်တော်မူစဉ် ရဟန်းတို့အား ခေါ်တော်မူ၍ ‘‘ဝါးတိုင်ကို ထမ်းကာ ဆပ်ကပ်ပြသော ဆရာတပည့်နှစ်ယောက်ကို ဥပမာပေးလျက် တရားဟောတော်မူပုံ၊ ဝါးတိုင်ကို ထမ်းထားသော ဆရာနှင့် ဝါးတိုင်ထိပ်တက်ကာ ဆပ်ကပ်ပြရသော တပည့်တို့သည် အချင်းချင်း ကူညီစောင့်ရှောက်မှသာလျှင် ဘေးရန်ကင်းကွာ ချမ်းသာရာရသကဲ့သို့ မေတ္တာ၊ ကရုဏာ၊ ခန္တီ၊ အဝိဟိံသာတရားများကို ပွားများသော ရဟန်းသည်လည်း သူတစ်ပါးတို့ကို မသတ်ဖြတ် မညှင်းဆဲဘဲ စောင့်ရှောက်သောအားဖြင့် မိမိကိုယ်ပါ စောင့်ရှောက်ပြီးဖြစ်သောကြောင့် မိမိရော သူတစ်ပါးပါ ချမ်းသာကြောင်း ဟောပြတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၃၊၁၄၆) (သံ၊ဋ္ဌ၊၃၊၂၅၈)
မောဒကဒါယိကာထေရီဝတ္ထု
ဤဝတ္ထု၌ ထေရီလောင်းလျာသည် ဝိပဿီဘုရားရှင်၏ သာသနာတော်၌ ရဟန်းတော်တစ်ပါးအား ဖူးတွေ့ရ၍ ကတွတ်မုန့်(၃)ခုကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကြောင့် သုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ကောသလဇနပုဒ်တွင် ပုဏ္ဏားမျိုး၌ ဖြစ်ပုံ၊ ဘုရားရှင်၏ တရားတော်ကို နာရသဖြင့် ဘိက္ခုနီသာသနာသို့ ဝင်ရောက် ကာ ရဟန္တာထေရီဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၀၁)
မောရဇာတက
ဤဇာတ်တော်သည် မဟာမောရဇာတက၌ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၉)
မောရဟတ္ထိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ၃၁-ကမ္ဘာထက်၌ ပွင့်တော်မူသော ဘုရားရှင်အား ဒေါင်းမြီးယပ် လှူခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ဒုဂ္ဂတိဘဝ မရောက်ခဲ့ရဘဲ ဖြစ်လေရာဘဝတိုင်း ငြိမ်းအေးစွာ နေခဲ့ရ၍ ဤသာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၃၂)
မောဠိယဂါမိကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်တစ်ပါး မောဠိယရွာ၌ ဆွမ်းခံဝင်ပြီး ထိုရွာမှ ပြန်ထွက်သွားသည်ကို အခြားအကြောင်းကို စိတ်ကူးနေသော မိန်းမငယ်က မတွေ့မြင်ဘဲရှိပုံ၊ မထေရ်သည် ရွာတံခါးတွင် ရပ်၍ ပြန်လှည့်၍ကြည့်ကာ စဉ်းစားသွားရင်း ‘‘မိန်းကလေးသည် ဘာလုပ်နေသောကြောင့် မမြင်ပါလိမ့်’’ ဟု ပြောလျှင် အနီး၌ ရှိသော ယောကျ်ားတစ်ယောက်က ‘‘အရှင်ဘုရား...မောဠိယရွာမှာ ဆွမ်းခံခဲ့ပါသလား’’ဟု လျှောက်ထားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၂၊၁၅၃)
မောဠိယဖဂ္ဂုနဝတ္ထု
ဤဝတ္ထု၌ မောဠိယဖဂ္ဂုနမထေရ်သည် ရဟန်းကောင်းတို့နှင့် ဆန့်ကျင့်ဘက်ပြု၍ ရဟန်းမတို့နှင့် ရင်းရင်းနှီးနှီး ရောနှောနေထိုင်ပုံ၊ မြတ်စွာဘုရားက ကာမဂုဏ်ကိုမှီ၍ ဖြစ်သော အလိုဆန္ဒတို့ကို ပယ်စွန့်ရန် ဟောကြား တော်မူခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၂)
ယက္ခသေနာပတိဝတ္ထု
ဤဝတ္ထုသည် အနောမဒဿီဗုဒ္ဓဝံသ၌ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၃)
ယဇမာနဝတ္ထု
ဤဝတ္ထု၌ အင်္ဂတိုင်းနှင့် မဂဓတိုင်းသားများသည် လှည်းအစီး(၆၀)တိုက်ခန့်ရှိ ထင်းပုံကြီးကို မီးရှို့လျက် ထောပတ်၊ တင်လဲ၊ ပျားရည် စသည်တို့ကို လောင်းထည့်ကာ မဟာဗြဟ္မာကြီးအား ယဇ်ပူဇော်ကြပုံ၊ သိကြားမင်းသည် မဟာဗြဟ္မာကြီးအသွင် ဖန်ဆင်းလျက် ဆင်းလာသောအခါ ပုဏ္ဏားများက မဟာဗြဟ္မာကြီးကိုယ်တိုင် အလှူခံရန် ဆင်းသက်လာသည်ဟု မှတ်ထင်ယူဆကြပုံ၊ သိကြားမင်းက ဘုရားရှင်နှင့် သံဃာတော်များအား လှူဒါန်းပူဇော်ခြင်းက ပို၍ အကျိုးကြီးမြတ်ကြောင်း ပြောကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၂၃၄) (သံ၊ဋ္ဌ၊၁၊၃၂၁)
ယညသာမိကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်လေးကမ္ဘာအထက်၌ ခုနစ်နှစ်သား အရွယ်သာ ရှိသေးလျက် ဗေဒင်တို့၌ တစ်ဖက်ကမ်းရောက် တတ်မြောက်ပြီး အမျိုးအနွယ်၏ ကျင့်ဝတ်ကို ဆောင်ခဲ့ပုံ၊ ရှစ်သောင်းလေးထောင်သော သားကောင်တို့ကို ယဇ်ပူဇော်ရန်အတွက် တိုင်၌ ချည်နှောင်ထားစဉ် သိဒ္ဓတ္ထဘုရားရှင် ကြွလာတော်မူခဲ့ပုံ၊ ဘုရားရှင်က မထေရ်အလောင်းအား ‘‘သတို့သား... သတ္တဝါတို့အား မညှဉ်းဆဲခြင်းကို ငါဘုရား နှစ်သက်တော်မူ၏။ ခိုးခြင်း၊ သူတစ်ပါးသားမယားများကို လွန်ကျူး၍ ကျင့်ခြင်း၊ သေရည်သေရက်သောက်စားခြင်းတို့မှ ရှောင်ကြဉ်ခြင်းကိုလည်း ငါဘုရား နှစ်သက်တော်မူ၏။ မြတ်သော အကျင့်၌ မွေ့လျော်ခြင်း၊ အကြားအမြင်များခြင်း၊ သူတစ်ပါးကျေးဇူးကို သိတတ်ခြင်းတို့ကို ငါဘုရား နှစ်သက်တော်မူ၏။ ဤတရားတို့သည် မျက်မှောက်၊ တမလွန် ချီးမွမ်းအပ်၏’’ဟု မိန့်တော်မူကာ သတို့သားရှေ့၌ပင် ကောင်းကင်သို့ တက်ကြွသွားတော်မူပုံ၊ မထေရ်အလောင်းသတို့သားသည် စိတ်ကြည်လင်ပြီး ဘုရားဟူသော အမှတ်သညာကို ရခဲ့ပုံ၊ ထိုဘဝမှ စ၍ အပါယ်လေးပါးသို့ လားရောက်ခြင်းမရှိခဲ့တော့ဘဲ နောက်ဆုံး ဤဘုရားရှင်သာသနာတော်ဝယ် ရဟန္တာဖြစ်၍ ကျွတ်တမ်းဝင်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၉၆)
ယမကဝတ္ထု
ဤဝတ္ထု၌ ယမကအမည်ရှိသော ရဟန်းတစ်ပါး၌ မှားယွင်းသော အယူဝါဒဖြစ်ပေါ် လာသဖြင့် ထိုရဟန်းကို ရဟန်းများက အရှင်သာရိပုတ္တရာထံ ခေါ်သွားကြရာ အရှင်သာရိပုတ္တရာက ခန္ဓာငါးပါးတို့၏ မမြဲကြောင်း ခန္ဓာငါးပါးသည် ချမ်းသာကြွယ်ဝသော သူဌေးသားတစ်ဦးကို ပေါင်းသင်းကာ သတ်သောလူယုံနှင့် တူကြောင်း ဟောကြားတော်မူပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (သံ၊၂၊၈၉)
ယမရာဇဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် သုစရိုက်တရားဆယ်ပါးနှင့် ပြည့်စုံသောသူတို့သည် နတ်ပြည်နတ်ရွာသို့ လားရောက်ကြရပြီး ဒုစရိုက်တရားဆယ်ပါးနှင့် ပြည့်စုံသောသူတို့သည် အပါယ်ဒုဂ္ဂတိငရဲသို့ ရောက်ကြရပုံကို ဒိဗ္ဗစက္ခုဉာဏ်ဖြင့် သိမြင်တော်မူပုံ၊ ငရဲကျရောက်သောသူတို့အား ငရဲသားတို့က ဆွဲခေါ်၍ ယမမင်းထံပို့ပုံ၊ ယမမင်းက ငရဲကျသောသူအား ဒေဝဒူတခေါ် နတ်တမန် (သေမင်းတမန်)ငါးမျိုးကို မေးစိစစ်ပြီးနောက် လောဟကုမ္ဘီငရဲသို့ ပစ်ချခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၃၊၂၁၆)
ယဝကလာပိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော သုံးဆယ့်တစ်ကမ္ဘာအထက်၌ အရုဏဝတီမြို့၌ မုယောခင်းစောင့် ဖြစ်၍ လမ်းခရီး၌ သိခီဘုရားရှင်ကို ဖူးမြင်ရသောအခါ မုယောစည်းကို ခင်းထားပုံ၊ သိခီဘုရားရှင်သည် မထေရ်လောင်း မုယောခင်းစောင့်၏ စိတ်အကြံကို သိ၍ ထိုမုယောအခင်း၌ ထိုင်နေတော်မူခဲ့ပုံ၊ မုယောခင်းစောင့်သည် ထိုင်နေသော ဘုရားရှင်ကို တွေ့မြင်ရလျှင် လွန်မင်းစွာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ပြီး ထိုအရပ်၌ပင် စုတိစိတ်ကျခဲ့ပုံ၊ မုယောစည်းကို ခင်း၍ လှူဒါန်းခဲ့သော ဘဝမှ စ၍ အပါယ်လေးပါးသို့ လားရောက်ခြင်း မရှိခဲ့တော့ဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၂၅)
ယဝခါဒနဝတ္ထု
ဤဝတ္ထု၌ ဘုရားအလောင်းသည် မထင်ရှားသော အမျိုးတစ်ခု၌ ဖြစ်စဉ် ဖုဿဘုရားရှင်၏ တပည့်များ ချိုမြိန်ကောင်းမွန်သော အဖျော်ရည်များနှင့် သလေးဆွမ်းများ ဘုဉ်းပေးသုံးဆောင်နေသည်ကို တွေ့မြင်ရပုံ၊ ထိုအချိန်၌ ဘုရားအလောင်းသည် အသိဉာဏ်နည်းပါးသဖြင့် ဖုဿဘုရားရှင်၏ တပည့်များအား ‘‘အို...ဦးပြည်းရဟန်းတို့ သလေးဆွမ်းကို မစားကြနှင့်၊ မုယောဆန်ကြမ်းထမင်းကိုသာ စားကြကုန်’’ဟု ဆဲရေးခဲ့ပုံ၊ ထိုအကုသိုလ်ကံကြောင့် နှစ်ပေါင်းများစွာ အပါယ်လေးဘုံတို့၌ ဆင်းရဲဒုက္ခ ခံစားရပုံ၊ နောက်ဆုံးဘဝ ဘုရားဖြစ်တော်မူသည့် အချိန်၌လည်း ဝေရဉ္ဇာပြည်၌ ဝါကပ်တော် မူစဉ် မာရ်နတ် နှောင့်ယှက်သဖြင့် ဝါတွင်းသုံးလပတ်လုံး မုယောဆန်ကြမ်းဆွမ်းကို ဘုဉ်းပေးသုံးဆောင်တော်မူခဲ့ရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အပ၊ဋ္ဌ၊၁၊၁၃၉)
ယဝပါလကဒေဝပုတ္တဝတ္ထု
ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့သား ဆင်းရဲသားတစ်ဦးသည် မုယောခင်းကို စောင့်စဉ် နံနက်စာအဖြစ် မုယောမုန့်ကို ယူသွားပုံ၊ မွန်းတည့်ခါနီးအချိန်တွင် ဆွမ်းမဘုဉ်းပေးရသေးသော ရဟန္တာမထေရ်ကြီးအား မိမိစားမည့်မုန့်ကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကြောင့် တာဝတိံသာနတ်ပြည်၌ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၂၇၄)
ယသတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဗာရာဏသီသူဌေးသား ယသလုလင်သည် ကာမဂုဏ်တို့ကို စက်ဆုပ်သဖြင့် ညအချိန်၌ပင် ဘုရားရှင်သီတင်းသုံးရာ ဣသိပတနမိဂဒါဝုန်တောသို့ ထွက်သွားခဲ့ပုံ၊ ဘုရားရှင်နှင့် တွေ့၍ တရားနာရပြီး သောတာပန်တညခဲ့ပုံ၊ သားပျောက်ကို လိုက်ရှာသော ဖခင်သူဌေးကြီးအား ဘုရားရှင်က တရားဟောတော်မူစဉ် ယသမထေရ်က နားကြားရ၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၁)
ယသတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သုမေဓဘုရားရှင်လက်ထက်တော်၌ တန်ခိုးကြီးသော နဂါးမင်း ဖြစ်၍ ဘုရားအမှူးရှိသော သံဃာတော်တို့အား နဂါးဘုံသို့ ပင့်၍ အလှူကြီးလှူခဲ့ပုံ၊ သိဒ္ဓတ္ထဘုရားရှင်လက်ထက်တော်၌ ဗောဓိမဏ္ဍိုင်ကို ရတနာ(၇)ပါးဖြင့် ပူဇော်ခဲ့ပုံ၊ ကဿပဘုရားရှင်လက်ထက်ဝယ် ရဟန်းပြု၍ တရားအားထုတ်ခဲ့သော ကုသိုလ်ကြောင့် သုဂတိဘုံ တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင် လက်ထက်တော်၌ ဗာရာဏသီသူဌေးနှင့် သုဇာတာတို့၏ သားဖြစ်၍ သာသနာတော်သို့ ဝင်ရောက်ကာ ရဟန်းတရား ကြိုးစားအားထုတ်၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၉၅) (အပ၊ဋ္ဌ၊၂၊၂၇၀)
ယသဒတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ ယသဒတ္တမထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်၏ ဂုဏ်တော်များကို ကျူးရင့် သီဆိုပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူနတ်ချမ်းသာကို ခံစားခဲ့ရပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ မလ္လမင်းသား ယသဒတ္တ ဖြစ်လာ၍ မြတ်စွာဘုရား အထံတော်မှ သဘိယသုတ္တန်ဒေသနာကို ကြားနာရပြီး ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၆၇)
ယသဒါရကဝတ္ထု
ဤဝတ္ထု၌ ယသမထေရ်အလောင်း အမှူးပြုသော (၅၅)ယောက်သော အပေါင်းအဖော်တို့သည် ကိုးကွယ်ရာမဲ့သူတို့အတွက် စောင့်ရှောက်ရန် လှည့်လည်နေကြစဉ် ကိုယ်ဝန်သည်မအလောင်းကို တွေ့သဖြင့် သင်္ဂြိုဟ်ရန် သုသာန်သို့ ဆောင်ယူလာကြပုံ၊ ယသမထေရ်အလောင်းလုလင်သည် ထိုအလောင်းကောင်ကို အပြန်အလှန် ထိုးဆွ၍ မီးသင်္ဂြိုဟ်စဉ် အသုဘသညာ ရရှိပုံ၊ ထို့နောက် သူသည် ကျန်သော သူငယ်ချင်းများနှင့် မိဘ ဇနီးမယားတို့အား ထိုအကြောင်းကို ပြောကြားရာ ထိုသူတို့အားလုံး အသုဘသညာ ရရှိသွားကြပုံ၊ ထိုဥပနိဿယ၏ ပြည်စုံမှုကြောင့် ဤနောက်ဆုံးဘဝ၌ အားလုံး တရားထူး ရခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၃၊၂၄၇)
ယသောဇတ္ထေရဝတ္ထု
ဤဝတ္ထု၌ ယသောဇမထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား တောင်ပိန္နဲသီးမှည့်ကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် ဘဝအဆက်ဆက် လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပုံ၊ ဂေါတမဘုရားရှင် လက်ထက်တော်၌ ယသောဇလုလင် ဖြစ်လာပုံ၊ အဖော်များနှင့်အတူ မြတ်စွာဘုရားရှင်ထံ ရဟန်းပြုခဲ့ပုံ၊ ပရိသတ်များနှင့်အတူ ဆူညံခြင်းကို အကြောင်းပြု၍ မြတ်စွာဘုရားက နှင်ထုတ်တော်မူခဲ့ပုံ၊ သံဝေဂရရှိကာ ဝိပဿနာတရား ကြိုးစားရှုပွားများသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၅၇)
ယသောဇတ္ထေရဝတ္ထု
ဤဝတ္ထု၌ ကဿပဘုရားရှင်လက်ထက်တော်၌ တောနေရဟန်းတစ်ပါး၏ ဟောပြမှုကြောင့် သူခိုးငါးရာတို့ သီလဆောက်တည်ကြပြီး ကွယ်လွန်ကြသောအခါ နတ်ပြည်၌ ဖြစ်ကြပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိမြို့အနီး တံငါရွာ၌ ဖြစ်ကြပြီး ယသောဇမှာ အကြီးအမှူး ဖြစ်ခဲ့ပုံ၊ ရွှေအဆင်းရှိ ငါးကြီးတစ်ကောင် မိ၍ ဘုရင့်ထံ ပို့ကြပုံ၊ ထိုမှတစ်ဆင့် ဘုရားရှင်ထံ ရောက်၍ ကပိလရဟန်းကြီး ငါးဖြစ်နေကြောင်း တရားတော်ကို နာရသဖြင့် အားလုံး ရဟန်းပြုကြပုံ၊ နောင်အခါ ရဟန္တာ ဖြစ်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊၁၀၄) (ဥဒါန၊ဋ္ဌ၊၁၆၁)
ယသောဓရဥပါသကဝတ္ထု
ဤဝတ္ထု၌ ကဿပဘုရားရှင်လက်ထက်တော်၌ ယသောဓရဥပါသကာသည် စေတီတော် တည်ဆောက်ရန်အတွက် ငွေကြေးဥစ္စာပစ္စည်းအစုစုတို့ကို ရှာဖွေစုဆောင်းခဲ့ပုံ၊ စေတီတော်အတွက် ရှင်ဘုရင်က မုခ်ဦးတစ်ခု၊ မင်းညီမင်းသားများက မုခ်ဦးတစ်ခု၊ အမတ်ကြီးများနှင့်တကွ စစ်သူကြီးများက မုခ်ဦးတစ်ခု၊ သူဌေးသူကြွယ်များနှင့် တိုင်းသူပြည်သားများက မုခ်ဦးတစ်ခု အသီးသီး တာဝန်ယူ၍ ဆောက်လုပ်လှူဒါန်းကြပုံ၊ တိုင်းသူပြည်သားများ တာဝန်ယူထားသော မုခ်ဦးအတွက် ပစ္စည်းဥစ္စာ မပြည့်စုံသဖြင့် ယသောဓရဥပါသကာက ရွှေငွေကျောက်သံပတ္တမြားစသော ရတနာပစ္စည်းများကို အလှူခံကာ ဆောက်လုပ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၁၇၄) (သံ၊ဋီ၊၁၊၂၂၃)
ယသောဓရာထေရီဝတ္ထု
ဤဝတ္ထု၌ ယသောဓရာထေရီသည် ရှေးဘဝများစွာက ဗုဒ္ဓ၏ ပါရမီဖြည့်ဖက်ဖြစ်ခဲ့ပုံ၊ ဒီပင်္ကရာမြတ်စွာဘုရားရှင်လက်ထက်တော်၌ သုမေဓာရသေ့ ဗျာဒိတ်ခံစဉ် ယသောဓရာအမျိုးသမီးလောင်း သုမိတ္တာသည် ကြာပန်းလှူ၍ ရှင်ရသေ့နှင့် ဘဝတိုင်း ပေါင်းဆုံမိရန် ဆုတောင်းခဲ့ပုံ၊ နောင်ဆုံးဘဝ၌ ဘုရားလောင်း သိဒ္ဓတ္ထ၏ ကြင်ရာတော် ယသောဓရာဖြစ်လာပုံ၊ ရဟန်း ပြုခဲ့၍ ရဟန္တာ ဖြစ်ကာ ဥဒါန်းကျူးရင့်ခဲ့ပုံ၊ ပရိနိဗ္ဗာန်စံသောအခါ၌ တန်ခိုးပြခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၆၄) (ထေရီ၊ဒီ၊၃၂၇)
ယသောဓရာပမုခဘိက္ခုနီဝတ္ထု
ဤဝတ္ထု၌ ဘုရားအလောင်းဗျာဒိတ်ခံယူသော ဒီပင်္ကရာဘုရားရှင်၏ ထံတော်မှောက်တွင် ယသောဓရာအလောင်း သုမိတ္တာသည် ပါရမီဖြည့်ဖက်အဖြစ် တောင်းဆုပြုချိန်၌ ပုဏ္ဏားသမီးပျို တစ်သောင်းရှစ်ထောင်တို့သည်လည်း ရောက်ရှိလာကာ ကောင်းမှုတို့ကို ပြု၍ အလုပ်အကျွေး ဇနီးဖြစ်ရန် ဆုတောင်းခဲ့ကြပုံ၊ ယခုဘဝ ကပိလဝတ်နန်းတော်တွင် ယသောဓရာမိဖုရားကြီး၏ အနီး၌ နန်းတွင်းသူများ ဖြစ်လာကြပုံ၊ နောက်ဆုံး ရဟန်းပြု၍ ရဟန္တာ ဖြစ်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (အပ၊၂၊၂၇၃) (အပ၊၂၊၂၇၉) (အပ၊၂၊၂၇၂) (ထေရီ၊ဒီ၊၄၃၇) (ထေရီ၊ဒီ၊၄၄၀) (ထေရီ၊ဒီ၊၄၃၃)
ယာဂုဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကမ္ဘာသုံးသောင်းအထက်၌ ခရီးသွားယောကျ်ား ဖြစ်ခဲ့ပုံ၊ ဆန်၊ ဆီ၊ ရိက္ခာအပြည့်အစုံဖြင့် ခရီးထွက်စဉ် မြစ်ရေလျှံသဖြင့် ဆွမ်းခံမထွက်နိုင်သော သံဃာတော်တို့အား မိမိတွင် ပါသော ရိက္ခာဆန်ဖြင့် ယာဂုကျိုကာ လှူဒါန်းခဲ့ပုံ၊ ဤကောင်းမှုကြောင့် သုဂတိဘုံသို့သာ လားရောက်ခဲ့ရပြီး ဤဘုရားရှင်သာသနာတော်၌ ခေါင်းရိတ်စဉ်၌ပင် ရဟန္တာ ဖြစ်၍ ကျွတ်တမ်းဝင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၄၄၁)
ယုဓဉ္စယဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်း ယုဓဉ္စယမင်းသားသည် မင်္ဂလာဥယျာဉ်သို့ ထွက်စဉ် သစ်ပင်အဖျား၌ နံနက်ခင်းမှာ ဆီးနှင်းပေါက်တို့ရှိ၍ ညနေချမ်းမှာ ဆီးနှင်းပေါက်တို့ ပျောက်ကွယ်သွားသည်ကို ဥပမာထား၍ သတ္တဝါတို့အသက်၏ မမြဲပုံကို သံဝေဂ ယူကာ တောထွက်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၁၇၇) (ဇာ၊ဋ္ဌ၊၄၊၁၂၁)
ယူထိကပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် စန္ဒဘာဂါမြစ်ကမ်းမှ အောက်အကြေသို့ သွားသော် သိဒ္ဓတ္ထဘုရားရှင်ကို ဖူးတွေ့ရ၍ ဇွန်ပန်းကို ယူပြီး ဘုရားရှင်ထံ ချဉ်းကပ်လှူဒါန်းခဲ့ပုံ၊ ဤကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့တော့ဘဲ ခြောက်ဆယ့်ခုနစ်ကမ္ဘာအထက်၌ သာမုဒ္ဓရမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၀၄)
ယောဓာဇီဝဝတ္ထု
ဤဝတ္ထု၌ ယောဓာဇီဝ စစ်ဗိုလ်မှူးကြီးသည် ‘‘စစ်ပွဲ၌ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ပြီး ရန်သူ့ လက်ချက်ဖြင့် အသက်ဆုံးရှုံးသွားသော စစ်သည်တစ်ယောက် ပရဇိတမည်သော နတ်တို့၏ အသင်းအပင်း၌ ဖြစ်၏ ဟူသည် မှန်ပါသလားဘုရား’’ဟု ဘုရားရှင်ထံ မေးမြန်းလျှောက်ထားခဲ့ပုံ၊ ဘုရားရှင်က ဤအကြောင်းအရာကို မမေးပါနှင့်ဟု သုံးကြိမ်တိုင်တိုင် တားမြစ်ခဲ့ပုံ၊ တားမရသဖြင့် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် သေလွန်ပြီးနောက် ပရဇိတမည်သော ငရဲသို့ ကျရောက်ရ၏ဟု ဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၂၊၄၉၅)
ရက္ခိတတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်၏ တရားတော်ကို နာကြားပြီးလျှင် ဒေသနာတော်ဉာဏ်ကို အဖန်ဖန်ချီးကျူးကာ ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့ပုံ၊ ယင်းကုသိုလ်၏ အကျိုးဆက်ကြောင့် လူ့ပြည်နတ်ပြည်တို့၌ ကျင်လည်ခဲ့ရပြီး ဤဘုရားရှင်ပွင့်တော်မူသောအခါ၌ ဒေဝဒဟတိုင်း သာကီဝင်မင်းမျိုး၌ ဖြစ်၍ ဘုရားရှင်အထံတော်၌ ရဟန်းပြုကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၁၇)
ရဇ္ဇဝတ္ထု
ဤဝတ္ထု၌ သူတစ်ပါးတို့အား မညှဉ်းဆဲ, မသတ်ဖြတ်, ပူဆွေးဒုက္ခ မရောက်စေဘဲ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သောသူရှိနိုင် မရှိနိုင် ဘုရားရှင်စဉ်းစားတော်မူခဲ့ပုံ၊ မာရ်နတ်က ဘုရားရှှင်အား မင်းလုပ်ရန် လျှောက်ထားတောင်းပန်ပုံ၊ ဘုရားရှင်သည် တန်ခိုးတော်ဖြင့် ဟိမဝန္တာ တစ်တောင်လုံးကို ရွှေဖြစ်အောင် အဓိဋ္ဌာန်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၁၇) (သံ၊ဋ္ဌ၊၁၊၁၆၆)
ရဇ္ဇုမာလာဝတ္ထု
ဤဝတ္ထု၌ ကဿပဘုရားရှင်လက်ထက်တော်၌ အိမ်ရှင်မတစ်ယောက်သည် ကျွန်မတစ်ယောက်အား နှိပ်စက်ခဲ့သဖြင့် ကျွန်မက ပြန်လည် လက်စားချေရန် ဆုတောင်းခဲ့ပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ရှေးဘဝက ကျွန်မသည် ဂယာရွာ ပုဏ္ဏားမျိုး၌ သူဌေးသမီးဖြစ်ပြီး ယခင်ဘဝက သခင်မ ဖြစ်ခဲ့ဖူးသော ယခုဘဝ မိမိ၏ ကျွန်မကို နည်းမျိုးစုံဖြင့် နှိပ်စက်ပြန်ပုံ၊ ကျွန်မသည် ဘုရားရှင်၏ တရားကို နာရ၍ ကျွန်မသည် သောတာပန်ဖြစ်ပြီး စုတေသောအခါ တာဝတိံသာနတ်ပြည်၌ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၉၀)
ရဋ္ဌပါလကုလပုတ္တဝတ္ထု
ဤဝတ္ထု၌ ရဋ္ဌပါလအမျိုးကောင်းသား၏ ဖခင်က ရဋ္ဌပါလအား အလိုရှိသောပစ္စည်းများကို သူ့ထံမှ တောင်းရန် ပြောဆိုပုံ၊ ရဋ္ဌပါလက ‘‘တောင်းရမ်းသူကို လူတို့က မချစ် မနှစ်သက်ကြ၊ မုန်းကြသည်၊ တောင်းသူကလည်း မရလျှင် ပြန်၍ မုန်းသည်၊ တောင်းရမ်းခြင်းသည် တောင်းသူ၊ အတောင်းခံရသူ နှစ်ဦးလုံးအတွက် အကျိုးမရှိသဖြင့် မတောင်းရမ်းပါ’’ဟု ပြောကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၂၂၃)
ရဋ္ဌပါလတ္ထေရဝတ္ထု
ဤဝတ္ထု၌ ရဋ္ဌပါလမထေရ်အလောင်းသည် ပဒုမုတ္တရဘုရားရှင် မပွင့်ပေါ်မီကာလက ဟံသာဝတီပြည် သူကြွယ်သားဘဝဖြင့် ပစ္စည်းဥစ္စာအပေါ် စက်ဆုပ်၍အပြစ်မြင်ပုံ၊ ပဒုမုတ္တရ ဘုရားရှင်ပွင့်တော်မူစဉ် သဒ္ဓါပဗ္ဗဇိတ ဧတဒဂ်ရရန် ဆုပန်ပုံ၊ ဖုဿဘုရားရှင်နှင့် ဖတူမိကွဲညီအစ်ကို တော်စပ်ခဲ့ပုံ၊ ဤဂေါတမဘုရား လက်ထက်တော်၌ ခက်ခဲစွာ ရဟန်းပြုခွင့်ရပြီးနောက် ရဟန္တာ ဖြစ်၍ သဒ္ဓါပဗ္ဗဇိတ ဧတဒဂ် ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၁၉၇) (ထေရ၊ဋ္ဌ၊၂၊၂၈၈) (အပ၊ဋ္ဌ၊၂၊၃၀၀)
ရဋ္ဌပါလဝတ္ထု
ဤဝတ္ထု၌ ကုရုတိုင်း ထုလ္လကောဋ္ဌိက ရွာသား အရှင်ရဋ္ဌပါလသည် ရဟန်းပြုပြီးနောက် ရဟန္တာ ဖြစ်ခဲ့ပုံ၊ ငယ်ရွယ်စဉ်မှာပင် တဏှာ၏ ကျေးကျွန်အဖြစ်မှ လွတ်ရန် ရဟန်းပြုခဲ့ကြောင်း ကောရဗျမင်းကြီးအား မိန့်ကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၂၊၂၄၄) (မ၊ဋ္ဌ၊၃၊၁၉၉)
ရတနသုတ္တဒေသနာဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်လက်ထက်တော်တွင် ဝေသာလီပြည်သည် မင်းပေါင်း(၇၇၇၇)ယောက် အလှည့်ကျ အုပ်ချုပ်သည့် အလွန်ဖွံ့ဖြိုးသော နိုင်ငံတော်ကြီး ဖြစ်ခဲ့ပုံ၊ အခါတစ်ပါးတွင် မိုးခေါင်၍ ငတ်မွတ်ခေါင်းပါးသဖြင့် ဘီလူးတို့ ဝင်ရောက်ကာ သတ္တဝါများကို စားသောက်ကြသဖြင့် ဘေးကြီးသုံးပါး ဆိုက်ရောက်နေသောကြောင့် ဘုရားရှင်ကို ပင့်ကြပုံ၊ ဘုရားရှင် ကြွရောက်တော်မူလာသောအခါ မိုးရွာပြီး အနံ့ဆိုးများ ကင်းစင်ကာ ဘီလူးသားရဲတို့ ထွက်ပြေးကြပုံ၊ ဘေးဒုက္ခအားလုံး ကင်းဝေးစေရန် ရတနသုတ် ဒေသနာတော်ကို ဘုရားရှင် ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ခုဒ္ဒက၊ဋ္ဌ၊၁၃၃) (သုတ္တနိ၊ဋ္ဌ၊၁၊၂၆၅)
ရတ္တိပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်အလောင်း သားမုဆိုးသည် ရွှင်လန်းဝမ်းမြောက်စွာဖြင့် လက်ထုတ်ကြီးပန်းကို အမြစ်နှင့်တကွ တူးယူပြီးလျှင် ဝိပဿီဘုရားရှင်အား လှူဒါန်းပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော ရှစ်ကမ္ဘာအထက်၌ သုပ္ပသန္နမည်သော စကြဝတေးမင်းဖြစ်ခဲ့ရပုံ၊ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၀၈)
ရထကာရပေတီဝတ္ထု
ဤဝတ္ထု၌ ကဿပဘုရားရှင်လက်ထက်တော်၌ အမျိုးသမီးတစ်ဦးသည် ကိုယ်ကျင့်သီလနှင့် ပြည့်စုံ၍ ရဟန်းတော်များအား ကျောင်းသင်္ကန်းဆွမ်းတို့ဖြင့် ပြုစုလုပ်ကျွေးပုံ၊ ကွယ်လွန်သောအခါ ဟိမဝန္တာတောင်တန်းရှိ ရထကာရ ရေအိုင်အနီး၌ နတ်ပြိတ္တာ ဖြစ်ခဲ့ပုံ၊ လုလင်တစ်ဦးနှင့် တွေ့ဆုံပြီး မိမိဘုံဗိမာန်သို့ ရောက်စေရန် ကုသိုလ် ကောင်းမှုများကို ပြုစေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၇၁) (ပေတ၊ဋ္ဌ၊၁၇၂)
ရထလဋ္ဌိဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗြဟ္မဒတ်မင်း၏ ဝိနိစ္ဆယအမတ်ကြီးတစ်ဦး ဖြစ်စဉ် မင်း၏ ပုရောဟိတ်သည် မိမိ၏ မြင်းရထားဖြင့် ဘောဂရွာသို့ ခရီးထွက်ခဲ့ပုံ၊ လမ်းခရီးအကြား၌ အခြားသော လှည်းတစ်စီးနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့သောအခါ လမ်းဖယ်ခိုင်း၍မရသဖြင့် ကြိမ်လုံးဖြင့် လှည်းဦးကို ရိုက်ခဲ့ပုံ၊ ကြိမ်လုံးက ပြန်ကန်လာပြီး မိမိ၏နဖူးကို ရိုက်မိပုံ၊ ပုရောဟိတ်သည် မင်းကြီးအား ‘‘မိမိကို လှည်းသမားများက ရိုက်နှက်သဖြင့် နဖူးတွင် ဘုသီးထနေကြောင်း’’ လျှောက်ထားသောအခါ မင်းကြီးက လှည်းသမားတို့အား အပြစ်ဒဏ်ပေးခဲ့ပုံ၊ ဝိနိစ္ဆယအမတ်ကြီးက သေချာစွာ မေးမြန်းစိစစ်၍ ဆုံးဖြတ်သင့်ကြောင်း မင်းကြီးအား လျှောက်ထားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၉၆)
ရမဏီယကုဋိကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ရမဏီယကုဋိကမထေရ်သည် မိမိတရားအားထုတ်ရာ ကမ္မဋ္ဌာန်းကျောင်းလေးကို အင်္ဂတေမြေညက်စသည်တို့ဖြင့် ချောမွေ့ သန့်ရှင်းနေအောင် စီမံထားပုံ၊ ကျောင်းပရိဝုဏ်အတွင်း၌လည်း စိတ်ချမ်းမြေ့ဖွယ်ရာ နှစ်လိုစရာရှိအောင် လှလှပပ ပြုပြင်စီမံထားပုံ၊ မိမိကမ္မဋ္ဌာန်းကျောင်း၏ သန့်ရှင်းစင်ကြယ်မှုကို ကြည့်ရှုရင်း တရားပွားများသောအခါ မကြာမီပင် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၆၆)
ရမဏီယဝိဟာရိတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီမြတ်စွာဘုရားအား တည်ခြင်းငါးပါးဖြင့် ရှိခိုးပြီး လိပ်ဆူးရွှေပန်းတို့ဖြင့် ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘဝတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ရာဇဂြိုဟ်မြို့သား သူဌေးသား ဖြစ်၍ ရှင်ရဟန်းပြုကာ ဝိပဿနာပွားများသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၄၅)
ရံသိသညကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ဟိမဝန္တာတောင်၌ သစ်နက်ရေကို ဝတ်ဆင်လျက် ရသေ့ဘဝဖြင့် နေခဲ့စဉ် ဝိပဿီဘုရားရှင်ကို ဖူးမြင်ရ၍ ထိုဘုရားရှင်၏ ရောင်ခြည်တော်ကို ကြည်ညို၍ ဘုရားရှင်အား ဆောင့်ကြောင့်ထိုင်ကာ လက်အုပ်မိုး ရှိခိုးခြင်းကို ပြုခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၄၃)
ရံသိသညကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် တောင်ကြား၌ သုဇာတဘုရားရှင်ကို ဖူးမြင်ခဲ့ရ၍ ထိုဘုရားရှင်၏ ရောင်ခြည်တော်ကို ကြည်ညှိခဲ့သော ကောင်းမှုကံကြောင့် တစ်ကမ္ဘာပတ်လုံး နတ်ပြည်၌ မွေ့လျော်ခဲ့ရပုံ၊ လွန်ခဲသော ငါးဆယ့်ခုနစ်ကမ္ဘာအထက်၌ သုဇာတမည်သော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၃၅)
ရဟောသညကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာပုဏ္ဏားကြီးသည် ဟိမဝန္တာတောင်အနီး ဝသဘမည်သော တောင်၌ သင်္ခမ်းကျောင်း ဆောက်လုပ်၍ နေခဲ့ပုံ၊ တပည့်ပုဏ္ဏားသုံးထောင်တို့ကို ဗေဒင်ပညာ ပို့ချ၍ နေခဲ့ရာမှ တစ်ခါသော် ထိုတပည့်သုံးထောင်တို့ကို စွန့်ပယ်၍ သင့်တင့်ရာ အရပ်သို့ ဝင်ခဲ့ပုံ၊ ပုဏ္ဏားကြီးသည် သင့်တင့်ရာအရပ်၌ တစ်ယောက်တည်း ထိုင်နေပြီး ဗုဒ္ဓဗေဒင်ကို ရှာမှီးလျက် ဘုရားရှင်၏ ဉာဏ်တော်၌ ကြည်ညိုစိတ်ပွားခဲ့ပုံ၊ ထိုဉာဏ်တော်၌ ကြည်ညိုစိတ်ပွားသော ကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ လွန်ခဲ့သော နှစ်ဆယ့်ခုနစ်ကမ္ဘာအထက်၌ သိရိဓရမည်သော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၈၃)
ရာဂဂ္ဂိဝတ္ထု
ဤဝတ္ထု၌ ဘိက္ခုနီလေးတစ်ဦးသည် စိတ္တလတောင်ကျောင်းရှိ ဥပုသ်ကျောင်းသို့ သွားခဲ့ရာ တံခါးစောင့်အရုပ်ကို ကြည့်ပြီး ရာဂမီး ပြင်းထန်စွာ တောက်လောင်လာခဲ့ပုံ၊ နှလုံးသား လောင်ကျွမ်းပြီး ထိုနေရာမှာပင် ရပ်လျက်သား ပျံတော်မူခဲ့ပုံ၊ အခြားဘိက္ခုနီတို့က လက်ဆွဲခေါ်ငင်ရာ ပျံတော်မူနေသည်ကို တွေ့ကြရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၃၊၁၇၆) (အဘိ၊ဋ္ဌ၊၂၊၄၈၀) (သာရတ္ထ၊ဋီ၊၃၊၂၁၁)
ရာဇကုမ္ဘဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီမင်း၏ အမတ်ကြီးတစ်ဦးဖြစ်စဉ် ဗာရာဏသီမင်းသည် အလွန်အပျင်းထူပုံ၊ တစ်နေ့သောအခါ အမတ်အပေါင်း ခြံရံလျက် ဥယျာဉ်တော်သို့ သွားစဉ် တစ်နေ့လုံး လက်တစ်သစ် လက်နှစ်သစ်မျှသာ ရွေ့ရှားသွားလာသော (ရာဇကုမ္ဘ)မည်သော ဆင်ဦးကင်းသတ္တဝါကို တွေ့မြင်ရပုံ၊ မင်းကြီးက ဘုရားလောင်း အမတ်ကြီးအား ‘‘ဤသတ္တဝါသည် အဘယ်ကဲ့သို့သော သတ္တဝါမျိုး ဖြစ်သနည်း’’ ဟု မေးမြန်းပုံ၊ ဘုရားလောင်း အမတ်ကြီးက ရာဇကုမ္ဘသတ္တဝါအကြောင်း ရှင်းပြလျက် အပျင်းမကြီးရန် မင်းကြီးအား ဆုံးမဩဝါဒပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၂၈)
ရာဇဂဟဒုဗ္ဘိက္ခဝတ္ထု
ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့၌ ငတ်မွတ်ခေါင်းပါးမှု ကြုံတွေ့နေသဖြင့် လူတို့က ဆန်၊ ဆီ၊ ဆား၊ ခဲဖွယ်တို့ကို ကျောင်းသို့ ပို့ထားကြပုံ၊ ကျောင်းအတွင်း၌ မထားရသဖြင့် ကျောင်းပြင်ပ၌ ထားကြရာ ကြောင်၊ ကြွက်၊ ဖွတ်၊ မြွေပါတို့က စားကြ၊ သူခိုးများ ခိုးကြသောကြောင့် ကျောင်းတွင်း၌ သိုမှီးခွင့် ပြုတော်မူခဲ့ပုံ၊ ကျောင်းတွင်း၌ သိုမှီး၍ ပြင်ပ၌ ချက်စေရာ စားကြွင်းစားတို့ ဝိုင်းရံနေသဖြင့် ရွံရှာကြသောကြောင့် ကျောင်းတွင်း၌ ချက်ခွင့်ပြုတော်မူပုံ၊ ကပ္ပိယတို့ကို ချက်ခိုင်းရာ ရဟန်းတို့အတွက် နည်းနည်းပေးပြီး သူတို့က များများ ယူကြသောကြောင့် ကိုယ်တိုင် ချက်ပြုတ်ခြင်းကို ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၀၅)
ရာဇဂဟသေဋ္ဌိဝတ္ထု
ဤဝတ္ထု၌ ရာဇဂြိုဟ်သူဌေးအား (၇)နှစ်တိုင်တိုင် ခေါင်းကိုက်ရောဂါ စွဲကပ်နေပုံ၊ ဆရာများစွာ ပြသခဲ့ရာ တစ်ချို့က (၅)ရက်၊ တစ်ချို့က (၇)ရက်ကြာလျှင် သေမည်ဟု ပြောဆိုကြပုံ၊ ဆရာဇီဝကကို ပြရာ သူဌေးကြီးကို ခုတင်ပေါ်တွင် အိပ်စေပြီး ဦးခေါင်းရေကို ခွာကာ ဦးခေါင်းဆက်(အုတ်ဆက်)ကို ဖွင့်၍ ပိုးနှစ်ကောင်ကို ထုတ်ပြီး ကုသခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၈၃)
ရာဇဒတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ ရာဇဒတ္တမထေရ်လောင်းလျာသည် ပစ္စေကဗုဒ္ဓါတစ်ပါးကို အလွန်သန့်စင် လတ်ဆတ်သော ဂွေးသီးများ လှူခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ရာဇဒတ္တကုန်သည်ဖြစ်လာပုံ၊ ဘုရားရှင်၏ တရားတော်ကို နာကြားရ၍ ရဟန်းပြုပြီး ဓုတင်အကျင့်ကို ဆောက်တည်ကာ သုသာန်၌ နေခဲ့ပုံ၊ ပြည့်တန်ဆာမအလောင်းကောင်ကို အသုဘ နိမိတ်တင်၍ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၃၅)
ရာဇပုတ္တပေတဝတ္ထု
ဤဝတ္ထု၌ ကိတဝမင်းသားသည် ဆွမ်းခံကြွလာသော သုနေတ္တပစ္စေကဗုဒ္ဓါ၏ သပိတ်ကို ယူ၍ ခွဲကာ ပြောင်လှောင်ပြက်ရယ် ပြုခဲ့ပုံ၊ မင်းသားသေလွန်သောအခါ အဝီစိငရဲ၌ ဆင်းရဲကြီးစွာ ခံစားရပြီးနောက် ငရဲမှလွတ်သောအခါ၌လည်း ပြိတ္တာဘဝရောက်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၂၁၁) (ပေတ၊ဋ္ဌ၊၂၄၆)
ရာဇဘဋဝတ္ထု
ဤဝတ္ထု၌ ဗိမ္ဗိသာရမင်း၏ စစ်သားတို့သည် ရဟန်းတို့ထံ ရဟန်းပြုကြသဖြင့် စစ်တိုက်ရန် စီစဉ်သောအခါ စစ်သားမရှိကြပုံ၊ တရားသူကြီး အမတ်တို့က မင်းမှုထမ်းယောက်ျားများကို ရဟန်းခံပေးလျှင် ဥပဇ္ဈာယ်ဆရာအား ခေါင်းဖြတ်၊ အနုသာသကဆရာအား လျှာဖြတ်၊ ကာရကသံဃာများအား နံရိုး ရိုက်ချိုးရန် စီမံကြပုံ၊ ထိုအကြောင်းကို ဘုရားရှင်အား လျှောက်ထားသဖြင့် မင်းမှုထမ်းများကို ရဟန်းခံမပေးရန် ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၀၃)
ရာဇာယတနဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် တတိယသတ္တာဟ လွန်ပြီးနောက် မုစလိန္ဒရေအိုင်မှ လင်းလွန်းပင်ရင်းသို့ ကြွတော်မူကာ ခုနစ်ရက်လုံး ဝိမုတ္တိသုခ ခံစားတော်မူပုံ၊ ဥက္ကလာဇနပုဒ်မှ တပုဿ၊ ဘလ္လိကကုန်သည် ညီနောင်တို့ ရောက်လာပြီး မုန့်ကြွက်ကျစ်နှင့် ပျားဆုပ်မုန့်တို့ကို လှူဒါန်းဆက်ကပ်၍ ဒွေဝါစိက သရဏဂုံ ဆောက်တည်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄)
ရာဇောဝါဒဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းသည် ဗာရာဏသီမင်း ဖြစ်၍ တရားနှင့်အညီ အုပ်ချုပ်ပုံ၊ ဗလ္လိကမည်သော ကောသလမင်းသည်လည်း တရားနှင့်အညီ တိုင်းပြည်ကို အုပ်ချုပ်ပုံ၊ တစ်နေ့တွင် နိုင်ငံတွင်း လှည့်လည်စုံစမ်းစဉ် လှည်းတစ်စီးသာ သွားနိုင်သည့် ခရီး၌ ဆုံကြရာ တိုင်းပြည်အုပ်ချုပ်ပုံနှင့် ပတ်သက်၍ အနုနည်းဖြင့် ဘုရားလောင်း၏ အုပ်ချုပ်ပုံကို ကြားရသောကြောင့် ဗလ္လိကကောသလမင်းသည် လမ်းဘေး ဖယ်ပေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁)
ရာဇောဝါဒဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည် ပုဏ္ဏားမျိုး၌ဖြစ်စဉ်် အရွယ်ရောက်သောအခါ ရသေ့ရဟန်းဝတ်၍ အဘိညာဉ်သမာပတ်တို့ကို ဖြစ်စေလျက် ဟိမဝန္တာတော၌ နေထိုင်ခဲ့ပုံ၊ ဗာရာဏသီမင်းကြီးသည် တိုင်းပြည်ရေးရာ စုံစမ်းစဉ် ဘုရားအလောင်းရသေ့ထံ ရောက်ရှိလာပုံ၊ ဘုရားအလောင်းရသေ့က ချိုမြိန်ကောင်းမြတ်သော အရသာရှိသော ညောင်သီးများကို မင်းကြီးအား ကျွေးခဲ့ပုံ၊ မင်းကြီးက ဤညောင်သီးသည် အလွန်အရသာရှိကြောင်း၊ ချိုမြိန်ကောင်းမြတ်ကြောင်း ဘုရားအလောင်းရသေ့အား လျှောက်ထားသောအခါ ဘုရားအလောင်းရသေ့က ‘‘တိုင်းပြည်အုပ်ချုပ်သော မင်းကြီး တရားစောင့်သည့်အတွက် ချိုမြိန်ခြင်းဖြစ်ကြောင်း’’ မိန့်ကြားခဲ့ပုံ၊ မင်းကြီးက ထိုအကြောင်းအရာ မှန် မမှန် စုံစမ်းရန်အတွက် တိုင်းပြည်ပြန်ရောက်သောအခါ တရားမစောင့်ဘဲနေခဲ့ပုံ၊ မင်းကြီးသည် နှစ်, လအတန်ကြာသောအခါ ဟိမဝန္တာရှိ ဘုရားအလောင်းရသေ့ထံ တစ်ဖန်သွားခဲ့ပုံ၊ ရှေးယခင်အတိုင်းပင် ဘုရားအလောင်းရသေ့က ညောင်သီးမှည့်များကို ချကျွေးခဲ့ပုံ၊ ညောင်သီးများ အလွန်ခါးသဖြင့် မင်းကြီးက ‘‘ထွီ’’ဟု ထွေးထုတ်ပြီး ဤညောင်သီးသည် အလွန်ခါးကြောင်း ဘုရားအလောင်းရသေ့အား လျှောက်ထားပုံ၊ ဘုရားအလောင်းရသေ့က ‘‘တိုင်းပြည်အုပ်ချုပ်သော မင်းသည် တရားမစောင့်တော့သည့်အတွက် အသီးများ အရသာ ကင်းမဲ့သွားခြင်းဖြစ်ကြောင်း’’ မင်းကြီးအား ပြောကြားပုံ၊ ထိုအခါ မင်းကြီးက ‘‘မိမိသည် ဗာရာဏသီမင်းဖြစ်ကြောင်း၊ သစ်သီးများအရသာရှိအောင် အရသာကင်းအောင်, ပြုလုပ်သူသည် မိမိသာဖြစ်ကြောင်း၊ နောက်နောင် တရားနှင့်အညီသာ အုပ်ချုပ်တော့မည်ဖြစ်ကြောင်း’’ ဘုရားအလောင်းရသေ့အား လျှောက်ထား၍ တိုင်းပြည်သို့ ပြန်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၀၀)
ရာဓဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် ရာဓဟူသော အမည်ဖြင့် ကြက်တူရွေးမျိုး၌ ဖြစ်ခဲ့ပုံ၊ ပုဏ္ဏားကြီးသည် ရာဓနှင့် ညီငယ် ပေါဌပါဒတို့ကို အတူကျွေးမွေးပြုစု စောင့်ရှောက်ခဲ့ပုံ၊ ပုဏ္ဏားကြီး ကုန်ရောင်း ကုန်ဝယ်သွားသောအခါ ပုဏ္ဏေးမ၏ အကျင့်စာရိတ္တကို စောင့်ကြည့်ရန် ကျေးညီနောင်နှစ်ကောင်တို့အား အစစအရာရာ မှာကြားထားခဲ့ပုံ၊ ပုဏ္ဏေးမကြီးဖောက်ပြန်ပျက်စီးနေသည်ကို ညီငယ် ပေါဌပါဒက တားမြစ်ပြော ဆိုခဲ့မိသဖြင့် အသတ်ခံခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၂၁) (ဇာ၊ဋ္ဌ၊၁၊၅၂၁)
ရာဓတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ ပဋိဘာနေယျက ဧတဒဂ်ရ မထေရ်တစ်ပါးကို အားကျ၍ ကုသိုလ်ပြုကာ ထိုတေဒဂ် ရရန် ဆုတောင်းခဲ့ပုံ၊ ဤဘုရားရှင်သာသနာတော်၌ အရှင်သာရိပုတ္တရာမထေရ့်အထံတော်၌ ရဟန်းပြု ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ကာ ပဋိဘာနေယျက ဧတဒဂ် ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၃၇) (အံ၊ဋ္ဌ၊၁၊၂၅၃) (ဓမ္မ၊ဋ္ဌ၊၁၊၃၄၆) (ထေရ၊ဋ္ဌ၊၁၊၃၂၁)
ရာဓတ္ထေရဝတ္ထု
ဤဝတ္ထု၌ ရာဓပုဏ္ဏားကြီးသည် ရဟန်းတို့ထံ ချဉ်းကပ်၍ ရှင်ရဟန်း ပြုပေးပါရန် တောင်းပန်ခဲ့ပုံ၊ ရဟန်းတို့က ရဟန်းပြုမပေးကြသဖြင့် စိတ်ဆင်းရဲကာ ပိန်ချုံးနေစဉ် ဘုရားရှင်သည် ထိုပုဏ္ဏားကြီး၏ ကျေးဇူးကို မည်သူအမှတ်ရသနည်းဟု ရဟန်းတော်တို့ကို မေးတော်မူပုံ၊ ထိုအခါ အရှင်သာရိပုတ္တရာသည် မိမိအား ပုဏ္ဏားကြီး ဆွမ်းတစ်ဇွန်း လောင်းခဲ့ဖူးကြောင်း လျှောက်ထား၍ ပုဏ္ဏားကြီးအား ရဟန်းခံပေးတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၇၀) (ဓမ္မ၊ဋ္ဌ၊၁၊၃၄၆)
ရာမဏေယျကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိခီဘုရားရှင်ကို ဖူးတွေ့ရ၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကာ ပန်းများဖြင့် ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိပြည်တွင် ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၅၁)
ရာဟုလတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် အာဠဝီပြည် အဂ္ဂါဠဝနတ်ကွန်း၌ သီတင်းသုံးတော်မူစဉ် ‘‘ရဟန်းတို့သည် လူသာမဏေတို့နှင့်အတူ မအိပ်ရ’’ဟု သိက္ခာပုဒ် ပညတ်ထားတော်မူပုံ၊ ဘုရားရှင်သည် ကောသမ္ဗီပြည် ဗဒရိကာရုံကျောင်းတိုက်၌ သီတင်းသုံးတော်မူစဉ် ကိုရင် ရာဟုလာသည် ရဟန်းတို့နှင့်အတူ မအိပ်ရသဖြင့် ဘုရားရှင်၏ ဝစ္စကုဋီထဲ၌ အိပ်ရပုံ၊ ဘုရားရှင် သိတော်မူသောအခါ ရဟန်းသည် လူ သာမဏေတို့နှင့်အတူ သုံးညဉ့်ထက် ပို၍ မအိပ်ရဟု သိက္ခာပုဒ်ကို ပြင်ဆင် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၇)
ရာဟုလတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်ရာဟုလာထေရ်လောင်း အမျိုးကောင်းသားသည် ပဒုမုတ္တရဘုရားရှင် လက်ထက်တော်၌ သိက္ခာကာမ ဧတဒဂ်ဘွဲ့ ချီးမြှင့်ခြင်းခံရသော ရဟန်းတော်တစ်ပါးကို အားကျကာ ထိုဧတဒဂ် ရရှိရန်အတွက် ကျောင်းဆောင်များ သန့်ရှင်းခြင်း၊ ဆီမီးပူဇော်ခြင်းစသော ကုသိုလ်ကောင်းမှုများကို ပြုလုပ်လျက် ဆုတောင်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ယသော်ဓရာ၏ ဝမ်းကြာတိုက်၌ ပဋိသန္ဓေယူကာ ‘‘သားတော်ရာဟုလာ’’အဖြစ် မွေးဖွားလာပုံ၊ ဘုရားရှင်၏ အထံမှ များစွာသော တရားဒေသနာတော်တို့ကို ကြားနာရပြီးနောက် ရဟန္တာဖြစ်ကာ သိက္ခာကာမ ဧတဒဂ်ဘွဲ့ထူး ရရှိပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၁၉၇) (ထေရ၊ဋ္ဌ၊၂၊၂၀)
ရာဟုလဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် သက္ကတိုင်း ကပိလဝတ္ထုမြို့ နိဂြောဓာရုံကျောင်း၌ သီတင်းသုံးတော်မူစဉ် အမွေတောင်းလာသော သားတော်ရာဟုလာအား အရှင်သာရိပုတ္တရာထံ အပ်နှံ၍ ရှင်သာမဏေပြုစေတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၁၅) (ဝိ၊ဋ္ဌ၊၃၊၂၈၆) (သာရတ္ထ၊ဋီ၊၃၊၂၄၄)
ရာဟုလောဝါဒနဝတ္ထု
ဤဝတ္ထု၌ အရှင်မောဂ္ဂလာန်မထေရ်သည် အရှင်ရာဟုလာအား အမျိုးအနွယ် စသည်တို့ကို အမှီပြု၍ မာန်ယစ်ခြင်း မရှိသင့်ကြောင်း အမြဲမပြတ် ဆုံးမခဲ့ပုံ၊ ဘုရားရှင်ကလည်း အရှင်ရာဟုလာအား ပညာရှိတို့ကို မထီမဲ့မြင် မပြုသင့်ကြောင်း ဆုံးမတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၂၊၇၃)
ရာဟုအသုရိန္ဒဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားရှင်၏ မေတ္တာစိတ်ဖြင့် တောင်းဆိုမှုကို မည်မျှတန်ခိုးကြီးသူ ဖြစ်ပါစေ မလွန်ဆန်ဝံ့ကြပုံ၊ ရာဟုအသူရိန်ကို လဗိမာန်ကို လွှတ်ရန် မြတ်စွာဘုရားက မိန့်တော်မူသဖြင့် ရာဟုအသူရိန် နတ်မင်း ကြောက်လန့်တုန်လှုပ်ကာ အဆောတလျင် လွှတ်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၄၈) (သံ၊ဋ္ဌ၊၁၊၁၀၀)
ရာဟုအသုရိန္ဒဝတ္ထု
ဤဝတ္ထု၌ ရာဟုအသုရိန်သည် မိမိခန္ဓာကိုယ် ကြီးမားမှုကြောင့် မြတ်စွာဘုရားကို ငုံ့၍ ဖူးရမည်ဟု ထင်သဖြင့် မလာရောက်ဘဲ နေခဲ့ပုံ၊ တစ်နေ့တွင် ဖူးမြော်မည်ဟု လာစဉ် မြတ်စွာဘုရားက သူ၏စိတ်အကြံကို သိတော်မူ၍ ဂန္ဓကုဋိပရိဝုဏ်ရှိ ညောင်စောင်းပေါ်တွင် တန်ခိုးတော်ဖြင့် လဲလျောင်း၍ ပြတော်မူပုံ၊ ရာဟုအသုရိန်သည် လည်ကိုမော့လျက် ကောင်းကင်မှာရှိသော လမင်းကို ကြည့်သကဲ့သို့ မြတ်စွာဘုရားကို ဖူးမြော်ရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၂၅၄) (မ၊ဋ္ဌ၊၃၊၂၈၇)
ရုက္ခဆိန္ဒကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားသည် အာဠဝီပြည် အဂ္ဂါဠဝစေတီ၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းတစ်ပါးသည် ကျောင်းဆောက်ရန်အတွက် သစ်ပင်များကို ခုတ်လှဲပုံ၊ တစ်ခုသောသစ်ပင်၌ ရုက္ခစိုးနတ်က သားသမီးငယ်များရှိနေ၍ မရွှေ့ပြောင်းနိုင်သဖြင့် မိမိ၏သစ်ပင်ကို မခုတ်ဖြတ်ရန် ရဟန်းအား လျှောက်ထားပုံ၊ ရဟန်းက ရုက္ခစိုးနတ်၏ စကားကို နားမထောင်ဘဲ သစ််ပင်ကို ခုတ်ဖြတ်သဖြင့် ထိုရုက္ခစိုးနတ်၏ ကလေးငယ်လက်မောင်းကို ခုတ်ဖြတ်မိပုံ၊ ရုက္ခစိုးနတ်က ရဟန်းအား သတ်မည်ကြံပြီးမှ နောင်တရလျက် ဘုရားရှင်ထံ အကြောင်းစုံလျှောက်ထားသဖြင့် ဘုရားရှင်က ရဟန်းတော်များ သစ်ပင်မခုတ်ရ-ဟု သိက္ခာပုဒ်ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သုတ္တနိ၊ဋ္ဌ၊၁၊၃) (သာရတ္ထ၊ဋီ၊၃၊၁၆)
ရုက္ခဓမ္မဇာတက
ဤဇာတ်တော်၌ သိကြားမင်းသည် ဝေဿဝဏ်နတ်မင်း စုတေသွားသဖြင့် အခြားသော ဝေဿဝဏ်နတ်မင်းတစ်ပါးကို ပြောင်းလွဲခန့်ထားစဉ် ဝေဿဝဏ်နတ်မင်း အသစ်က ‘‘သစ်ပင် ချုံ နွယ်စောင့်နတ်များသည် မိမိတို့ ကြိုက်နှစ်သက်ရာ ဗိမာန်များကို ယူကြကုန်’’ဟု ဝေဿဝဏ်နတ်အပေါင်းတို့အား အမှာစကား ပြောကြားပုံ၊ ထိုအချိန်၌ ဘုရားအလောင်းသည် ဟိမဝန္တာတောင်၌ အင်ကြင်းပင်စောင့်နတ်ဖြစ်နေသဖြင့် မိမိ၏ အနီးအနားတွင် ဝိုင်းရံနေသော ဗိမာန်များကို ယူကြရန် ဆွေမျိုးများအား ပြောကြားပုံ၊ အချို့ရုက္ခစိုးနတ်များသည် ဘုရားအလောင်း အင်ကြင်းပင်စောင့်နတ်၏ စကားကို နားမထောင်ဘဲ လူများနှင့် နီးကပ်ရာ လွင်တီးခေါင်အရပ်ရှိ သစ်ပင်တို့၌ ဗိမာန်များကို ယူကြသဖြင့် လေကြီးမိုးကြီး ကျသောအခါ သစ်ပင်များ ပြိုလဲပျက်စီးသွားသောကြောင့် ဗိမာန်များပါ ပျက်စီးပြီး ဆင်းရဲဒုက္ခရောက်ကြရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၄၆)
ရုရုမိဂရာဇဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ရုရုမိဂသမင်မင်း ဖြစ်၍ အလွန်တင့်တယ် ရှုချင်စဖွယ်ရှိပုံ၊ တစ်နေ့တွင် ကြွေးထူသဖြင့် ဂင်္ဂါမြစ်ထဲသို့ ခုန်ဆင်း၍ မျောပါလာသော လူတစ်ယောက်ကို ကယ်ဆယ်ခဲ့ပုံ၊ မိမိနေရာကို မပြောရန် ထိုသူအား မှာကြားလိုက်ပုံ၊ ကျေးဇူးမဲ့သူကား ဘုရင်အား ပြောကြားသဖြင့် ရုရုမိဂသမင်ကို ဘုရင်က လာရောက် ဖမ်းဆီးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၁၄၁) (ဇာ၊ဋ္ဌ၊၄၊၂၅၆)
ရုဟကဇာတက
ဤဇာတ်တော်၌ ဗာရာဏသီပြည့်ရှင် ဗြဟ္မဒတ်မင်းကြီး နတ်ရွာစံသောအခါ ဘုရားလောင်းမင်းသားသည် မင်းအဖြစ်ကို ရရှိခဲ့ပုံ၊ ဘုရားလောင်းထံ၌ အသိဉာဏ်နည်းသော ရုဟကမည်သော ပုရောဟိတ်တစ်ယောက် ရှိခဲ့ပုံ၊ မင်းကြီးက ပုရောဟိတ်ပုဏ္ဏားအား က,ကြိုးတန်ဆာအစုံအလင်ဖြင့် မြင်းတစ်ကောင်ကို ချီးမြှင့်ထားပုံ၊ လူအပေါင်းက မြင်းကိုသာ လှပတင့်တယ်ကြောင်း ချီးမွမ်းကြသဖြင့် ပုရောဟိတ်က မကျေမနပ် ဖြစ်ခဲ့ပုံ၊ ထိုအခါ ပုဏ္ဏေးမကြီးက ပုရောဟိတ်ပုဏ္ဏားကြီးအား မြင်း၏ ကကြိုး တန်ဆာများကို ဝတ်ဆင်ပြီး မင်းကြီးထံ ချဉ်းကပ်ရန် ပြောဆိုခဲ့ပုံ၊ ပုဏ္ဏားမကြီး ပြောသည့် အတိုင်း မြင်း၏ ကကြိုးတန်ဆာများကို ဝတ်ဆင်ကာ သွားသဖြင့် လူအများက ပြောင်လှောင် ကဲ့ရဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၀၃)
ရူပူပဇီဝီဝတ္ထု
ဤဝတ္ထု၌ ဗာရာဏသီပြည်၌ စောင်းသမားတစ်ယောက်သည် ပြည့်တန်ဆာမတစ်ဦးထံ အသပြာတစ်ထောင်ဖြင့် ချဉ်းကပ်ခဲ့ပုံ၊ ပြည့်တန်ဆာမက လက်မခံဘဲ ပြောင်လှောင်ပြက်ရယ်ပြုကာ ပြန်လွှတ်လိုက်ပုံ၊ စောင်းသမားက မကျေမနပ်ဖြစ်ကာ အိမ်တံခါး၌ ထိုင်လျက် စောင်းတီးစဉ် ပြည့်တန်ဆာမသည် ဂီတသံ၌ စွဲငြိပြီး တံခါးပေါက်မှ ကျကာ အသက်ဆုံးရှုံးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၂၁)
ရေဏုပူဇကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်ကို ဖူးမြင်ရ၍ ကံ့ကော်ပန်းကို ဆွတ်ယူပြီး ပန်းဝတ်မှုန်တို့ဖြင့် ဘုရားရှင်အား ကြဲဖြန့်ပူဇော်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့ဘဲ ရေဏုမည်သော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (အပ၊၁၊၁၆၀)
ရေဝတတ္ထေရဝတ္ထု
ဤဝတ္ထု၌ ရေဝတသာမဏေ၏ လာဘ်လာဘပေါများခြင်းကို အကြောင်းပြု၍ ‘‘ရှေးဘုန်း ရှေးကံရှိ၏’’ဟု ရဟန်းတို့က ပြောကြသဖြင့် ဘုရားရှင်က ရဟန္တာပုဂ္ဂိုလ်မှာ ကုသိုလ်နှင့် အကုသိုလ်မရှိကြောင်း ကုသိုလ်၊ အကုသိုလ်နှစ်မျိုးလုံးကို ပယ်ပြီးဖြစ်ကြောင်း ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၂၃)
ရေဝတဗုဒ္ဓဝံသ
ဤဗုဒ္ဓဝင်၌ ရေဝတဘုရားရှင်သည် သုဓညဝတီ နေပြည်တော်ကို အုပ်ချုပ်သော ဝိပုလမင်းကြီးနှင့် ဝိပုလာမိဖုရားတို့မှ မွေးဖွားခဲ့ပြီး သုဒဿနာမည်သော ကြင်ရာတော်နှင့် ထိမ်းမြားခဲ့ပုံ၊ ဝရုဏမည်သော သားတော်ကို မွေးဖွားပြီး အာဇာနည်ကသော မြင်းရထားဖြင့် တောထွက်တော်မူကာ ကံ့ကော်ဗောဓိပင်ရင်း၌ ဘုရားအဖြစ်သို့ ရောက်တော်မူပုံ၊ ဝရုဏမထေရ်နှင့် ဗြဟ္မဒေဝမထေရ်-ဟူသော အဂ္ဂသာဝကနှစ်ပါး ရှိတော်မူပုံ၊ သမ္ဘဝမထေရ်က ပြုစုလုပ်ကျွေးခဲ့ပုံ၊ ထိုအချိန်၌ ဂေါတမ ဘုရားအလောင်းသည် အတိဒေဝအမည်ရှိသော ပုဏ္ဏားဖြစ်ကာ နိယတဗျာဒိတ်ခံယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၂) (ဗုဒ္ဓဝံ၊ဋ္ဌ၊၁၉၂)
ရေဝတီဒေဝဓီတုဝတ္ထု
ဤဝတ္ထု၌ ရေဝတီ အမျိုးသမီးသည် အရှင်သာရိပုတ္တရာထေရ်၏ ဈာပနပွဲတော်၌ ရွှေပန်းများ စိုက်ထိုးထားသော ရွှေပန်းအိုး သုံးလုံးကို လှူဒါန်းခဲ့ပုံ၊ အခြွေအရံများနှင့် ဆင်းသက်လာစဉ် လူအများ ဝိုင်းအုံ ကြည့်ရှုကြ၍ လူအုပ်ကြားထဲတွင် လဲကျသေဆုံးခဲ့ရပုံ၊ ချက်ချင်းပင် တာဝတိံသာနတ်ပြည်၌ ရွှေဗိမာန်နှင့်တကွ ရွှေခန္ဓာကိုယ်ကို ရရှိခဲ့ပုံ၊ နတ်ပြည်မှ ဆင်းလာကာ ဈာပနပွဲသဘင်၌ လူအများအား ကုသိုလ်ကံ၏ အကျိုးပေးထူးခြားလှပုံကို ရွှေဗိမာန်နှင့်တကွ ထင်ရှားပြခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၃၊၂၅၂)
ရေဝတီဝတ္ထု
ဤဝတ္ထု၌ ဗာရာဏသီပြည်သား နန္ဒိယဥပါသကာသည် သာသနာတော်ကို အလွန်ကြည်ညိုလေးစားသဖြင့် ဣသိပတနကျောင်းတော်ကြီးကို ဆောက်လုပ်ပြီး သံဃာတော်တို့အား ဆွမ်းဝတ်ကို မပြတ်လှူဒါန်းခဲ့သောကြောင့် မသေခင်ကပင် သူ့အတွက် နတ်ပြည်၌ ရွှေဗိမာန်ပေါက်နေပုံ၊ သူ၏မယား ရေဝတီမှာမူ သံဃာတော်တို့အား ရိုသေလေးစားမှု မရှိ၊ ဆွမ်းဝတ်များကို ပျက်စီးအောင်ပြုလုပ်ပြီး သံဃာတော်တို့အား ဆဲဆိုကြိမ်းမောင်းသဖြင့် ဝေဿဝဏ်နတ်မင်းကြီးလွှတ်လိုက်သော ဘီလူးနှစ်ကောင်က လက်နှစ်ဘက်ဆွဲဲ၍ အသက်ရှင်လျက်ပင် ဥဿဒငရဲ၌ ပစ်ချမည့်အကြောင်း ပြောဆိုခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ဝိမာန၊ဋ္ဌ၊၂၀၄)
ရောဇမလ္လဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင် ကုသိနာရုံသို့ ကြွတော်မူသောအခါ ကြိုဆိုခြင်းမပြုသူတို့အား ဒဏ်ငွေငါးရာ တပ်ရိုက်မည်ဟု ဆုံးဖြတ်ထားသောကြောင့် အရှင်အာနန္ဒာ၏ သူငယ်ချင်း ရောဇမလ္လမင်းသည် ဘုရားရှင်ကို စိတ်ကမပါသော်လည်း ကြိုဆိုခဲ့ရပုံ၊ ဘုရားရှင်သည် ရောဇအပေါ် မေတ္တာစိတ် ဖြန့်နှံ့ပို့လွှတ်ရာ ဘုရားရှင်၏ မေတ္တာကြောင့် မိခင်ပျောက်သည့် နွားငယ်သည် မိခင်ကို မတွေ့တွေ့အောင်ရှာသည့်ပမာ ရောဇမလ္လသည် ဘုရားရှင်ထံ ချဉ်းကပ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၄၅) (သာရတ္ထ၊ဋီ၊၃၊၃၃၁)
ရောမကဇာတက
ဤဇာတ်တော်၌ ရှေးအခါက ဘုရားအလောင်းသည် ခိုမျိုး၌ဖြစ်၍ လိုဏ်ဂူတစ်ခု၌ နေစဉ် သူတော်ကောင်းရသေ့ထံ ဆည်းကပ်လေ့ရှိပုံ၊ အခြားကောက်ကျစ်သော ရသေ့တစ်ပါး ရောက်ရှိလာပြီး ရွာသားတို့လှူသော ခိုသားကို စားမိသောအခါ ခိုသားစားလိုသဖြင့် ခိုတို့ကို သတ်မည်ပြုပုံ၊ ဘုရားအလောင်း ခိုက သိရှိသောအခါ ရသေ့စဉ်းလဲကို ဆုံးမကာ ထွက်ပြေးစေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၄၂)
ရောဟိဏီဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် ဗာရာဏသီပြည်တွင် သူဌေးတစ်ဦးဖြစ်စဉ် အသိဉာဏ်ကင်းမဲ့သည့် ရောဟိဏီမည်သော ကျွန်မတစ်ယောက်ရှိခဲ့ပုံ၊ ရောဟိဏီ၏ မိခင်သည် ရောဟိဏီ စပါးလုံး ကောက်ရာနေရာသို့ လာပြီး တုံးလုံးလှဲနေစဉ် ယင်ကောင်များ လာနားသဖြင့် ယင်ခြောက်ရန် ပြောဆိုပုံ၊ သမီးဖြစ်သူ ရောဟိဏီကျွန်မက မိခင်၏ ကိုယ်၌ နားနေသော ယင်များကို ကျည်ပွေ့ဖြင့် ရိုက်သတ်သဖြင့် မိခင်ပါ အသက်ဆုံးရှုံးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၆၆)
ရောဟိတဒေဝပုတ္တဝတ္ထု
ဤဝတ္ထု၌ ရောဟိတရသေ့သည် စိတ်သွားတိုင်းကိုယ်ပါ၍ လိုရာပြီးစီးစေနိုင်သော တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည့်စုံပုံ၊ ဈာန်အဘိညာဉ်တန်ခိုးဖြင့် တစ်စက္ကန့်လျှင် တစ်ကမ္ဘာနှုန်းသွား ရောက်ကာ စကြဝဠာကမ္ဘာအဆုံးကို ရှာဖွေခဲ့ပုံ၊ မဆုံးနိုင်သော ကမ္ဘာအဆုံးကို မရှာဖွေဘဲ အဆုံးသတ်နိုင်သော ခန္ဓာကိုယ်၏အဆုံး မဂ်ဖိုလ်နိဗ္ဗာန်ကိုသာ ရှာဖွေသင့်ကြောင်းဘုရားရှင်က မိန့်တော်မူပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (သံ၊၁၊၆၀) (သံ၊ဋ္ဌ၊၁၊၁၀၈)
ရောဟိနီထေရီဝတ္ထု
ဤဝတ္ထု၌ ရောဟိနီထေရီလောင်းလျာသည် ဝိပဿီိမြတ်စွာဘုရားအား မုန့်ဆွမ်းလှူခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ဂေါတမမြတ်စွာဘုရား လက်ထက်တွင် မြတ်စွာဘုရားထံမှ တရားတော်နာပြီး သောတာပန်တည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၂၂၂)
ရောဟိနီဝတ္ထု
ဤဝတ္ထု၌ အရှင်အနုရုဒ္ဓါထေရ်၏ ညီမငယ် ရောဟိနီသည် ကိုယ်ရေပြားရောဂါစွဲကပ်နေသဖြင့် အနုရုဒ္ဓါထေရ်က ရောဟိနီအား ဆွမ်းစားကျောင်း ဆောက်လုပ်လှူဒါန်းစေကာ တံမြက်လှည်းခြင်းစသော ကုသိုလ်ကောင်းမှုများ ပြုလုပ်စေခဲ့ပုံ၊ ရောဟိနီသည် တံမြက်လှည်းခြင်းစသော သံဃာ့ဝေယျာဝစ္စပြုလုပ်သောအခါ ကိုယ်ရေပြားရောဂါများ ညှိုးနွမ်းသွားပုံ၊ ကျောင်းရေစက်ချပွဲ၌ ဘုရားရှင်က ‘‘ရောဟိနီသည် အတိတ်ဘဝ၌ နန်းတွင်းသူ ကချေသည်တစ်ဦးအား ရန်ငြိုးဖွဲ့ကာ ခွေးလှေးယားသီးများဖြင့် ကြဲချသည့်အကုသိုလ်ကံကြောင့် ဤဘဝ၌ ယခုကဲ့သို့ ကိုယ်ရေပြားရောဂါ ခံစားရကြောင်း’’ စသည်ဖြင့် ဟောကြားသည့်အခါ ရောဟိနီသည် ရောဂါပျောက်ကင်းပြီး သောတာပန်တည်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၉၂)
လကုဏ္ဍကဘဒ္ဒိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့သား ဖြစ်သော လကုဏ္ဍကဘဒ္ဒိယသည် ပစ္စည်း ဥစ္စာ ချမ်းသာကြွယ်ဝသော်လည်း အရုပ်ဆိုး၍ ပုကွသူ ဖြစ်ခဲ့ပုံ၊ သူသည် ဇေတဝန်ကျောင်းတော်ရှိ မြတ်စွာဘုရားထံတော်မှ တရားတော်ကို နာကြား၍ သဒ္ဓါထက်သန်စွာ ရဟန်းပြုပြီး ဝိပဿနာပွားရာ သောတာပန်တည်ခဲ့ပုံ၊ ထို့နောက် အရှင်သာရိပုတ္တရာထံမှ တရားတော်ကို နာကြားရသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၃၂၇)
လကုဏ္ဍကဘဒ္ဒိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင့်လက်ထက်တော်၌ အလှူကြီးပေးလှူ၍ သာယာသော အသံရှိသော ရဟန်းတို့တွင် အမြတ်ဆုံးဘွဲ့ထူး ရရှိရန် ဆုတောင်းခဲ့ပုံ၊ ယင်းကုသိုလ်ကံကြောင့် သုဂတိဘုံတို့၌ ကျင်လည်ခဲ့ရပုံ၊ ဘုရင်ဖြစ်စဉ်အခါက အဘိုးကြီး အဖွားကြီးများကို ရွံ့ရှာစက်ဆုပ်လျက် ပြက်ရယ် ပြောင်လှောင် ကစားခဲ့သော အကုသိုလ်ကံကြောင့်လည်းကောင်း၊ ကဿပဘုရားရှင်၏ ဓာတ်တော်တို့ကို စေတီတည်ရာ၌ အတိုင်းအရှည်ကို ယုတ်လျော့အောင် ပြုလုပ်ခဲ့သောကြောင့်လည်းကောင်း ကိုယ်ခန္ဓာ ပုကွခဲ့ပုံ၊ ဤဂေါတမဘုရားရှင်သာသနာတော်၌ ရဟန်းပြု၍ ရဟန္တာဖြစ်ပြီးနောက် သာယာသော အသံရှိသော ရဟန်းတို့တွင် အမြတ်ဆုံး ဘွဲ့ထူး ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၄၃) (သံ၊ဋ္ဌ၊၂၊၂၁၇) (အံ၊ဋ္ဌ၊၁၊၁၅၂) (ဓမ္မ၊ဋ္ဌ၊၁၊၃၇၁) (ဥဒါန၊ဋ္ဌ၊၃၂၇၊၃၃၄) (ထေရ၊ဋ္ဌ၊၂၊၁၂၅) (အပ၊ဋ္ဌ၊၂၊၂၄၃)
လကုဏ္ဍကဘဒ္ဒိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ အာဂန္တုရဟန်းတော်များ ဘုရားရှင်ထံ ချဉ်းကပ်နေကြစဉ် လကုဏ္ဍကဘဒ္ဒိယမထေရ် မြတ်စွာဘုရားအနီးမှ ဖြတ်သန်းသွားခဲ့ပုံ၊ မိဘတို့ကို ညှဉ်းဆဲ သတ်ဖြတ်လျက် ဆင်ရဲခြင်းမရှိသော ဤရဟန်းကို ကြည့်ကြကုန်လော့ဟု ဘုရားရှင်က မိန့်တော်မူသောအခါ ရဟန်းတို့ အဓိပ္ပါယ်မသိနိုင်သဖြင့် အဝိဇ္ဇာနှင့် တဏှာသည် သတ္တဝါတို့၏ မိဘနှစ်ပါးနှင့် တူ၏ဟု ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၈၃)
လကုဏ္ဍကဘဒ္ဒိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ ကိုရင်လေးပမာ သေးငယ်ပုကွသော လကုဏ္ဍကဘဒ္ဒိယမထေရ်ကို အကြောင်းပြု၍ အသက်အရွယ်ကြီးပြီး မထေရ်ကြီးတို့နေရာတွင် ထိုင်နေရုံမျှဖြင့် ထေရဟု မခေါ်နိုင်ကြောင်း၊ သစ္စာလေးပါးကိုသိ၍ လူများအပေါ် နှိပ်စက်မှုကင်းဝေးသူသာလျှင် ထေရမည်ကြောင်း မြတ်စွာဘုရား ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၄၄)
လကုဏ္ဍကဘဒ္ဒိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ သောတာပန်ဖြစ်ပြီးသော အရှင်လကုဏ္ဍကဘဒ္ဒိယသည် အရှင်သာရိပုတ္တရာထံမှ ပထမဩဝါဒကို ကြားနားရုံမျှဖြင့်ပင် တစ်ထိုင်တည်းဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ၊ သို့သော် အရှင်သာရိပုတ္တရာသည် ထိုကဲ့သို့ ရဟန္တာဖြစ်ကြောင်းကို မဆင်ခြင်မိသဖြင့် တရားကို အကျယ်ချဲ့၍ ဟောကြားနေရာ အရှင်လကုဏ္ဍက အန္ဒိယမထေရ်က သည်းခံ၍ နာယူနေပုံ၊ မြတ်စွာဘုရားသည် ထိုအကြောင်းကို သိတော်မူ၍ ဂန္ဓကုဋိမှနေ၍ တန်ခိုးတော်ဖြင့် ထိုမထေရ် ရဟန္တာဖြစ်ပြီးကြောင်း အရှင်သာရိပုတ္တရာအား အသိပေးတော်မူခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၃၂၉)
လက္ခဏမိဂဇာတက
ဤဇာတ်တော်၌ လက္ခဏနှင့်ကာဠ သမင်ညီနောင် နှစ်ကောင်တို့ရှိရာ လက္ခဏသည် လူ့ရပ်ရွာ စပါးပေါ်ချိန်၌ အချိန်အခါကို ကြည့်၍ သွားလာလှည့်လည်သောကြောင့် ပရိသတ်ဖြင့် ပြည့်နှက်တင့်တယ်ပုံ၊ ကာဠမှာမူ အချိန်အခါကို မသိသဖြင့် သမင်တို့ အသတ်ခံရကာ ပရိသတ်ကင်းမဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၅၉)
လက္ခဏာဟတဝတ္ထု
ဤဝတ္ထု၌ ယောကျ်ားတစ်ယောက်သည် အမှတ်တံဆိပ် ခတ်နှိပ်ခံရပြီးနောက် ရဟန်းဝတ်လာရာ လူတို့က ကဲ့ရဲ့ကြသဖြင့် ဘုရားရှင်က ‘‘အမှတ်တံဆိပ် ခတ်နှိပ်ခံရသူအား ရဟန်းခံမပေးရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၀၆)
လခုမာဝတ္ထု
ဤဝတ္ထု၌ လခုမာ အမည်ရှိသော အမျိုးသမီးတစ်ယောက်သည် သံဃာတော်တို့အား ဆွမ်းတစ်ယောက်မ နေ့စဉ် လှူဒါန်းခဲ့ပုံ၊ ထမင်း၊ မုန့်၊ ဟင်းရွက်ချက်တို့ကိုလည်း လှူဒါန်း၍၊ သရဏဂုံ ဆောက်တည်ပြီး ငါးပါးသီလနှင့် ပြည့်စုံပုံ၊ ထိုကောင်းမှုတို့ကြောင့် တာဝတိံသာနတ်ပြည်၌ နတ်သမီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၈၈)
လင်္ကာဒီပဂမနဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီး ကိုးလမြောက်၌ ဘီလူးများ အုပ်စိုးရာ လင်္ကာဒီပကျွန်းသို့ ပထမအကြိမ် ကြွတော်မူပုံ၊ လင်္ကာဒီပကျွန်းရှိ ဘီလူးအပေါင်းအား တန်ခိုးတော်ဖြင့် ကြောက်ရွံ့ ထိတ်လန့်စေတော်မူပုံ၊ ထို့နောက် စုဝေးရောက်ရှိလာသော ဘီလူးအပေါင်းအား တရားဟောသဖြင့် သတ္တဝါများစွာတို့ တရားထူး ရရှိကြပုံ၊ တစ်ဖန် ဘုရားဖြစ်တော်မူပြီး ငါးနှစ်မြောက်၌လည်း စူဠောဒရနှင့် မဟောဒရနဂါးမင်းတို့ကို အကြောင်းပြု၍ လင်္ကာဒီပသို့ ကြွတော်မူခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သာရတ္ထ၊ဋီ၊၁၊၁၇၅)
လဋုကိကဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းသည် ဆင်မျိုး၌ ဖြစ်စဉ် ဆင်ရှစ်သောင်း ခြံရံလျက် ဟိမဝန္တာအရပ်၌ နေပုံ၊ နှံစုတ်ငှက်မတစ်ကောင်သည် ဆင်သွားရာလမ်း၌ အသိုက်ပြုလုပ်ကာ ငှက်ငယ်တို့ကို မွေးဖွားထားပုံ၊ ဘုရားလောင်းဆင်မင်း အစာရှာလှည့်လည်လာသောအခါ နှံစုတ်ငှက်မက မိမိ၏ သားသမီးများ မသေကျေ မပျက်စီးစေရန် ဘုရားလောင်းဆင်မင်းအား ရှိခိုး တောင်းပန်ပုံ၊ ဆင်မင်း၏ စောင့်ရှောက်မှုကြောင့် ငှက်ငယ်များ အသက်ချမ်းသာရာ ရပုံ၊ ဒေဝဒတ်လောင်း ဆင်ကြမ်းကြီး လာသောအခါ၌လည်း နှံစုတ်ငှက်မသည် ရှေးနည်းအတိုင်း ရှိခိုးတောင်းပန်ပုံ၊ ဒေဝဒတ်လောင်း ဆင်ကြမ်းကြီးသည် ဂရုမစိုက်ဘဲ ငှက်ငယ်များကို နင်းချေ ဖျက်ဆီးသွားပုံ၊ နှံစုတ်ငှက်မက ကျီး၊ ဖား၊ ယင်မတို့နှင့် မိတ်ဖွဲ့ကာ ဒေဝဒတ်လောင်း ဆင်ကြမ်းကြီးကို ကလဲ့စားချေ သတ်ဖြတ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၆၁)
လတာဒေဝဓီတုဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိမြို့သား ဥပါသကာတစ်ဦး၏သမီး လတာသည် ဥပုသ်သီလအမြဲ စောင့်ထိန်းပုံ၊ ကွယ်လွန်သောအခါ ဝေဿဝဏ်နတ်မင်းကြီး၏သမီး သိကြားမင်း၏ ကချေသည်ခေါင်းဆောင် ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၂၀)
လဗုဇဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဗန္ဓုမတီမြို့၌ ခြံစောင့် ဖြစ်ခဲ့၍ ကောင်းကင်၌ ကြွသွားတော်မူသော မြတ်စွာဘုရားရှင်ကို ဖူးတွေ့ခဲ့ရပုံ၊ ထိုအခါ မထေရ်လောင်းလျာသည် ၎င်းအလွန်နှစ်သက်သည့် တောင်ပိန္နဲသီးကို ယူ၍ ဘုရားရှင်အား လှူဒါန်းခဲ့ရာ ဘုရားရှင်က ကောင်းကင်၌ ရပ်တည်လျက်ပင် အလှူခံတော်မူခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် နှစ်သက်မှုပီတိ၊ ကြီးကျယ်ပြန့်ပြောသော စည်းစိမ်တို့ကို ရရှိခံစားခဲ့ရပုံ၊ ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်းမရှိခဲ့ဘဲ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၄၁)
လဗုဇဖလဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ လဗုဇဖလဒါယကမထေရ်လောင်းလျာသည် ဥယျာဉ်စောင့်ဘဝ၌ ကောင်းကင်ခရီးဖြင့် ကြွလာသော ဝိပဿီဘုရားရှင်အား ကြည်ညိုသဒ္ဓါ ထက်သန်စွာဖြင့် တောင်ပိန္နဲသီးများကို လှူဒါန်းခဲ့ပုံ၊ ဘုရားရှင်သည် ကောင်းကင်၌ ရပ်တည်လျက်ပင် အဆိုပါ သစ်သီးများကို အလှူခံခဲ့ပုံ၊ ဥယျာဉ်စောင့်သည် ဝမ်းမြောက်အံ့ဩဖွယ်ရာကောင်းသော မိမိကုသိုလ်ကို အစဉ်သတိရအောက်မေ့လျက်ရှိပုံ၊ ထိုကုသိုလ်၏ အကျိုးဆက်ကြောင့် လူချမ်းသာ နတ်ချမ်းသာတို့ကိုသာ ကိုးဆယ့်တစ်ကမ္ဘာတိုင်တိုင် လှည့်လည်ခံစားခဲ့ရပုံ၊ ဖြစ်လေရာဘဝ တိုင်း၌လည်း စည်းစိမ်ဥစ္စာရတနာတို့ကို လိုတိုင်းတလျှင် အလွယ်တကူရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၄၂)
လသုဏဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ဟိမဝန္တာတောင်အနီး၌ ရသေ့ဖြစ်ခဲ့၍ ဝိပဿီဘုရားရှင်၏ သာသနာတော်၌ ရဟန်းသံဃာတော်များအား လေးတင်းဝင် ပုတ်ဖြင့် ကြက်သွန်ဖြူတို့ကို ပေးလှူခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် တစ်ကမ္ဘာပတ်လုံး နတ်ပြည်၌ မွေ့လျော်ခဲ့၍၊ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၉၈)
လသုဏဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ပရိသတ်များစွာအား တရားဟောကြားနေတော်မူစဉ် ကြက်သွန်ဖြူ စားထားသော ရဟန်းတစ်ပါးသည် ရဟန်းတို့ အနံ့ဆိုးမနံစေရန် ခွဲ၍ နေထိုင်ပုံ၊ အနံ့ဆိုးသော အရာများကို စားသုံးပြီး တရားပွဲပြင်ပ နေရသည်အထိ ဆိုးဝါးသော ကြက်သွန်ဖြူကို မစားရဟု ဘုရားရှင် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၈၁)
လာဇဒေဝဓီတုဝတ္ထု
ဤဝတ္ထု၌ အရှင်မဟာကဿပ မထေရ်ကြီးသည် ပိပ္ပလိဂူ၌ နိရောဓသမာပတ်ဝင်စားရာမှ ထတော်မူသောအခါ သလေးခင်းစောင့် အမျိုးသမီး တစ်ဦးကို ချီးမြောက်ရန် သလေးခင်းသို့ ကြွတော်မူခဲ့ပုံ၊ ထိုအမျိုးသမီးသည် ပေါက်ပေါက်များလှော်နေစဉ် မထေရ်ကို မြင်သဖြင် ပေါက်ပေါက်များကို လှူဒါန်းခဲ့ပုံ၊ အပြန်လမ်းတွင် ထိုအမျိုးသမီးသည် မြွေကိုက်ခံရ၍ ပေါက်ပေါက်လှူရသော ကုသိုလ်ကြောင့် နတ်ပြည်၌ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၅)
လာဘဂရဟဇာတက
ဤဇာတ်တော်၌ အရှင်သာရိပုတ္တရာထေရ်က အတူနေ တပည့်အား လာဘသက္ကာရ ဖြစ်ပေါ်ခြင်း၏ အကြောင်းလေးပါးကို မိန့်ကြားတော်မူပုံ၊ တပည့်ရဟန်းက ထိုလာဘသက္ကာရ ဖြစ်ပေါ်ကြောင်း အကျင့်ကို ကဲ့ရဲ့ရှုတ်ချခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၇၈)
လာလုဒါယိဝတ္ထု
ဤဝတ္ထု၌ အရှင်လာလုဒါယီသည် အရှင်သာရိပုတ္တရာ, အရှင်မောဂ္ဂလာန်မထေရ်တို့၏ ဂုဏ်ကျေးဇူးကို လူအများက ချီးမွမ်းသောအခါ မနာလို မရှုစိမ့်ဖြစ်ပုံ၊ မိမိကိုယ်ကို လူအထင်ကြီး စေရန် ဝါကြွား၍ လက်တွေ့၌ကား အရည်အချင်းမရှိသဖြင့် မစင်တွင်းသို့ ကျရောက်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၂၀)
လာဠုဒါယီဝတ္ထု
ဤဝတ္ထု၌ လာဠုဒါယီမထေရ်လောင်း အဂ္ဂိဒတ္တပုဏ္ဏားကြီးသည် မိမိ၏ နွားနှစ်ကောင်တို့တွင် တစ်ကောင်သေဆုံးသွားသဖြင့် မိမိ၏သားဖြစ်သူ သောမဒတ္တအား ဗာရာဏသီမင်းထံ နွားနှစ်ကောင် တောင်းခိုင်းခဲ့ပုံ၊ သားဖြစ်သူ သောမဒတ္တက ဖခင်ကြီးကိုယ်တိုင်တောင်းခံရန် ပြောကြားပြီး ‘‘လယ်ထွန်နေသော နွားနှစ်ကောင်တို့တွင် တစ်ကောင်သေဆုံးသွားသဖြင့် ဒုတိယနွားတစ်ကောင်ကို ပေးသနားတော်မူပါ’’ဟု မင်းကြီးထံ တောင်းပုံကိုပါ သင်ကြားပေးပုံ၊ အဂ္ဂိဒတ္တပုဏ္ဏားကြီးက မင်းကြီးထံ ရောက်သောအခါ ‘‘မိမိ၌ လယ်ထွန်နေသော နွားနှစ်ကောင်တို့တွင် တစ်ကောင်သေဆုံးသွားသဖြင့် ဒုတိယနွားတစ်ကောင်ကို ယူတော်မူပါ’’ဟု လျှောက်ထားပုံ၊ ဗာရာဏသီမင်းကြီးက ပုဏ္ဏားကြီးအယောင်ယောင် အမှားမှားဖြင့် လျှောက်ထားသည်ကို သိသဖြင့် ပြုံးရွှင်ရယ်မောလျက် ‘‘သင် ပုဏ္ဏားကြီး၏ အိမ်၌ နွားများ ပေါများစွာရှိနေသည်ထင်၏’’ဟု ပြောဆိုပြီး နွားတစ်ဆယ့်ခြောက်ကောင်နှင့် ရွာစားရာထူးကို ပေးလိုက်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၇၇)
လိခိတကစောရဝတ္ထု
ဤဝတ္ထု၌ လူတစ်ယောက်သည် ခိုးမှုကို ကျူးလွန်ပြီး ထွက်ပြေးကာ ရဟန်းဝတ်နေပုံ၊ ‘‘ထိုသူ့ကို တွေ့ရာအရပ်၌ သတ်စေ’’ဟု ဝရမ်းထုတ်ထားပုံ၊ လူတို့က ထိုသူ့ကို တွေ့သောအခါ သတ်မည်ဟု ကြံရွယ်ကြပုံ၊ မင်းတရားကြီး၏ အမိန့်ကြောင့် သတ်ခွင့်မရပုံ၊ ဘုရားရှင် သိတော်မူ၍ ‘‘သတ်ဝရမ်းထုတ်ထားသည့် ဝရမ်းပြေးများကို ရဟန်းခံမပေးရ’’ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၀၅)
လိစ္ဆဝီကုမာရကဝတ္ထု
ဤဝတ္ထု၌ ဝေသာလီမြို့အနီး မဟာဝုန်တော၌ နေ့သန့်၍ သီတင်းသုံးနေထိုင်တော်မူသော မြတ်စွာဘုရားအထံတော်သို့ လိစ္ဆဝီမင်းသားငယ်များ လေးမြားကိုင်ဆောင်လျက် ခွေးများနှင့်အတူ ရောက်လာ၍ ရိုသေစွာ ရှိခိုးပြီး တိတ်ဆိတ်စွာနေကြပုံ၊ ထိုအချိန်၌ မဟာနာမမည်သော လိစ္ဆဝီသည် မြတ်စွာဘုရားကို ရှိခိုးပြီး ထိုင်နေလျက် လိစ္ဆဝီတို့ ကြီးပွားကြလိမ့်မည်ဟု ကျူးရင့်ပုံ၊ ထိုအခါ မြတ်စွာဘုရားက လူတို့၏ ကြီးပွားကြောင်းတရား ငါးပါးတို့ကို ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၆၆)
လိစ္ဆဝီဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ရဟန်းတော်များနှင့် ဆွမ်းခံကြွစဉ် လှပစွာ ဝတ်ဆင်ထားသော လိစ္ဆဝီမင်းသားတို့ကို တွေ့တော်မူ၍ တာဝတိံသာနတ်တို့ကို မတွေ့ဖူးလျှင် ဤသူတို့ကိုပင် ကြည့်ကြဟု မိန့်တော်မူပြီး ကြွသွားတော်မူပုံ၊ လိစ္ဆဝီမင်းသားတို့သည် ပြည့်တန်ဆာမ တစ်ဦးကို အကြောင်းပြု၍ အချင်းချင်း ရိုက်နှက်ကြကြောင်း ဘုရားရှင် ကြားသိတော်မူသောအခါ တဏှာစွဲမက်မှုကြောင့် ဆင်းရဲဒုက္ခ ရောက်ကြရကြောင်း ဟောကြားတော်မူပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၈၂)
လိတ္တဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကုန်သည်မျိုးရိုး၌ ဖြစ်၍ ကြွေအန်ကစားလေ့ရှိပုံ၊ ဘုရားလောင်းနှင့်အတူ ကြွေအန်ကစားသော သူသည် သူနိုင်လျှင် ကစားပွဲမဖျက်ဘဲ ရှုံးလျှင် ကြွေအန်ကို ပါးစပ်တွင်းငုံ၍ ကြွေအန်ပျောက်ပြီဟု ဆိုကာ ကစားပွဲဖျက်လေ့ရှိပုံ၊ ဘုရား အလောင်းသည် ကြွေအန်ကို အဆိပ်လူး၍ ထိုသူကို ဆုံးမခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၀၂)
လေဏဂိရိဝါသီတိဿတ္ထေရဝတ္ထု
ဤဝတ္ထု၌ လေဏဂီရိအရပ်၌ နေတော်မူသော တိဿမထေရ်သည် မဟာခီရရွာကြီးကို အမှီပြု၍ သီတင်းသုံးနေပုံ၊ တစ်နေ့တွင် မထေရ်ငါးဆယ်တို့သည် နာဂဒီပကျွန်းရှိ စေတီတော်ကို ပူဇော်ရန် ခီရဂါမရွာသို့ ဆွမ်းခံဝင်သော်လည်း အနည်းငယ်မျှ မရကြဘဲ ထွက်လာကြပုံ၊ တိဿမထေရ် ဆွမ်းခံဝင်သည်ရှိသော် နို့ဆွမ်းသပိတ်တစ်လုံး ရခဲ့၍ မထေရ်ငါးဆယ်တို့ ဘုဉ်းပေးသော်လည်း မကုန်ခန်းနိုင်ဖြစ်ပုံ၊ သာရဏီယဓမ္မ ကျင့်ဝတ်ကို ဖြည့်ကျင့်ခြင်းကြောင့် ဤသို့ ဖြစ်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၂၉၅) (သာရတ္ထ၊ဋီ၊၃၊၄၆၁)
လောကစိန္တာဝတ္ထု
ဤဝတ္ထု၌ ယောကျ်ားတစ်ယောက်သည် ရာဇဂြိုဟ်မြို့မှ ထွက်လာပြီး သုမာဂဓ ရေကန်အနီး၌ ထိုင်ကာ ‘‘လနေတို့ကို မည်သူ ဖန်ဆင်းသနည်း၊ မဟာသမုဒ္ဒရာနှင့် ဤမဟာပထဝီမြေကြီးကို မည်သူ ပြုလုပ်ထားသနည်း’’စသည်ဖြင့် လောကကြီးအကြောင်းကို ကြံစည်နေပုံ၊ ထိုအချိန်၌ အင်္ဂါလေးပါးရှိသော စစ်တပ်ကြီးသည် ကြာရိုးကြာစွယ်အပေါက်တို့မှ ဝင်သွားကြသည်ကို တွေ့မြင်ရပုံ၊ ထို့နောက် ထိုယောကျ်ားသည် လောက၌ သူတစ်ပါးတို့ မတွေ့မြင်ဖူးသော အရာကို တွေ့မြင်ရသဖြင့် ‘‘ငါ ရူးသွားပြီ’’ဟု လူအများအား ပြောကြားပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သံ၊၃၊၃၉၀)
လောမသကင်္ဂိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ လောမသကင်္ဂိယမထေရ်အလောင်း အမျိုးကောင်းသားသည် လွန်ခဲ့သော ကိုးဆယ့်တစ်ကမ္ဘာ အထက်၌ ဝိပဿီဘုရားရှင်အား ပန်းမျိုးစုံဖြင့် မြတ်နိုးကော်ရော် ပူဇော်ခဲ့ပုံ၊ ကဿပဘုရားရှင် လက်ထက်တော်၌ ဘဒ္ဒေကရတ္တပဋိပဒါကို ရှင်းလင်းပြောဆိုနိုင်သော ပုဂ္ဂိုလ်ဖြစ်ရလိုကြောင်း ဆုတောင်းခဲ့ပုံ၊ နောက်ဆုံးဘဝ ဤဂေါတမဘုရားရှင့်လက်ထက်တော်၌ သူငယ်ချင်းဖြစ်ခဲ့ဖူးသူ စန္ဒနနတ်သားက မထေရ်ထံ ဘဒ္ဒေကရတ္တပဋိပဒါကို လာရောက်မေးမြန်း၍ မထေရ်က ရှင်လင်းဟောပြခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၀၅)
လောမသကင်္ဂီယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ကဿပဘုရားရှင်လက်ထက်တော်၌ ရဟန်းပြုခဲ့ပြီး သီလစင်ကြယ်သော ရဟန်းဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ သာကီဝင်မင်းမျိုး၌ ဖြစ်ခဲ့ပြီးနောက် ဆွေတော်မျိုးတော်တို့အား တန်ခိုးပြာဋိဟာပြပွဲတွင် ရဟန်းပြု၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊ဋ္ဌ၊၂၊၂၆၇)
လောမသကဿပဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် လောမသကဿပအမည်ရှိသော ရသေ့ဖြစ်၍ အကျင့် အလွန်ကောင်းပုံ၊ သိကြားမင်းသည် မိမိစည်းစိမ်အတွက် ထိတ်လန့်ကာ ဗာရာဏသီမင်းနှင့် ပေါင်း၍ ‘‘ယဇ်ပူဇော်လျှင် သမီးတော် စန္ဒဝတီကို ပေးမည်’’ဟု ပြောဆိုစေပုံ၊ ဗာရာဏသီမင်းသည် သမီးတော်စန္ဒဝတီနှင့် ဖြားယောင်းကာ ရသေ့ကြီးကို ဈာန်လျောအောင် ပြုလုပ်ခဲ့ပုံ၊ ယဇ်ပူဇော်ရန် စီစဉ်နေစဉ် သတ္တဝါတို့၏ သနားဖွယ်အော်ဟစ်သံကြောင့် ပြန်လည်သတိ ရရှိကာ ကာမဂုဏ်တို့ကို စွန့်၍ ပြန်လည် တောထွက်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၄၈၈)
လောမသနာဂတ္ထေရဝတ္ထု
ဤဝတ္ထု၌ လောမသနာဂအမည်ရှိသော မထေရ်သည် လောကန္တရိတ်ငရဲ၏ အေးမြပုံကို ဆင်ခြင်လျက် လွင်တီးခေါင်၌ ကမ္မဋ္ဌာန်းတရား အားထုတ်နေပုံ၊ နွေရာသီရောက်သောအခါ မထေရ်၏ လက်ကတီးကြား ချိုင်းကြားတို့မှ ချွေးများ ယိုစီးကျလာသဖြင့် တပည့်များက ထိုနေရာမှ ပြောင်းရွှေ့၍ ကမ္မဋ္ဌာန်းတရား အားထုတ်ရန် လျှောက်ထားခဲ့ကြပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၈၁) (မ၊ဋီ၊၁၊၁၇၀) (အံ၊ဋီ၊၃၊၁၂၈)
လောမဟံသဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် လွန်ခဲ့သော ၉၁-ကမ္ဘာအထက်၌ ‘‘သာသနာ ပြင်ပ အကျင့်များကို စုံစမ်းမည်’’ဟု ကြံစည်ကာ အာဇီဝက တက္ကတွန်းပြုလုပ်၍ အဝတ်မဝတ်ဘဲ ကျင့်ခဲ့ရာ စုတေခါနီးအခါတွင် ငရဲနိမိတ်ထင်လာပုံ၊ ‘‘ဤမိစ္ဆာအကျင့်သည် အကျိုးမရှိ’’ဟု စွန့်လွှတ်ပြီး သမ္မာဒိဋ္ဌိအယူကို ယူခဲ့၍ နတ်ပြည်၌ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၁၃)
လောလဇာတက
ဤဇာတ်တော်သည် ကပေါတဇာတကနှင့် တူသည်။ (ဇာ၊ဋ္ဌ၊၂၊၃၂၉)
လောလဇာတက
ဤဇာတ်တော်သည် ကပေါတဇာတ်နှင့် တူသည်။ (ဇာ၊ဋ္ဌ၊၂၊၃၂၆)
လောသကတိဿဇာတက
ဤဇာတ်တော်၌ လောသကတိဿသည် ကောသလတိုင်း တံငါရွာတစ်ရွာတွင် တံငါသည်မတစ်ယောက်၏ ဝမ်း၌ ပဋိသန္ဓေနေပုံ၊ လောသကတိဿ ပဋိသန္ဓေနေသည့်အချိန်မှစ၍ ထိုရွာ၌ မီးဘေးခုနစ်ကြိမ်၊ မင်းဘေးခုနစ်ကြိမ် သင့်ခဲ့ပုံ၊ နောက်ဆုံး သူယုတ်မာမဲ ကျ၍ လောသကတိဿ၏ မိဘများကို ရွာမှ နှင်ထုတ်ကြပုံ၊ မိဘများက ဆင်းရဲပင်ပန်းကြီးစွာ မွေးဖွားပြီးနောက် သွားနိုင်လာနိုင် အရွယ်တွင် စွန့်ပစ်ခြင်း ခံရပုံ၊ တစ်နေ့သောအခါ အရှင်သာရိပုတ္တရာမထေရ်ကြီးက တွေ့မြင်ပြီး ရှင်သာမဏေ ပြုပေးတော်မူခဲ့ပုံ၊ အသက်(၂၀)ပြည့်သောအခါ ရဟန်းခံပေးတော်မူခဲ့ပုံ၊ နောင်သောအခါ ဝိပဿနာရှုမှတ်ပွားများလျက် ရဟန္တာဖြစ်ပုံ၊ ရဟန္တာဖြစ်သော်လည်း ဘဝတစ်လျှောက်လုံး ဝမ်းဝအောင် မဘုဉ်းပေးခဲ့ရပုံ၊ လောသကတိဿရဟန်းသည် ကဿပဘုရားရှင် လက်ထက်၌ ကျောင်းထိုင်ဆရာတော်တစ်ပါး ဖြစ်စဉ် အာဂန္တုရဟန္တာမထေရ်ကြီးတစ်ပါး၏ လာဘ်လာဘကို ကုလမစ္ဆရိယစိတ်ဖြင့် ဖျက်ဆီးခဲ့ပုံ၊ ယင်း၏ အကျိုးဆက်ကြောင့် နှစ်သိန်းပေါင်းများစွာ ငရဲ၌ ခံစားရပြီး ဘဝပေါင်းများစွာ အငတ်ငတ်အပြတ်ပြတ် ဖြစ်ခဲ့ရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၅၁)
လောဟကုမ္ဘီဇာတက
ဤဇာတ်တော်သည် ဒု-သ-န-သောဝတ္ထုနှင့် တူသည်။ (ဇာ၊ဋ္ဌ၊၃၊၄၁)
လောဟိစ္စဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ အရှင်မဟာကစ္စာနမထေရ်သည် အဝန္တီတိုင်း၌ သီတင်းသုံးတော်မူစဉ် လောဟိစ္စပုဏ္ဏား၏ တပည့်များစွာတို့သည် မထေရ်၏ ကျောင်းအနီးသို့ ထင်းခွေလာရင်း သံဃာတော်တို့ကို ဆူညံစွာ ပုတ်ခတ်ပြောနေသံကြားသဖြင့် မထေရ်က ခေါ်ယူ တရားဟောပုံ၊ လူငယ်တို့က စိတ်ဆိုးပြီး သူတို့၏ဆရာ လောဟိစ္စကို ပြောကြားရာ လောဟိစ္စကိုယ်တိုင် လိုက်လာပြီး မေးသောအခါ ဣန္ဒြေတို့ကို စောင့်စည်းမှု၏ အကျိုးအပြစ်များကို ဟောပြခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၂၊၃၃၄)
လောဟိစ္စဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် သံဃာတော်အပါးငါးရာတို့နှင့် အတူ ကောသလတိုင်းအတွင်း၌ ဒေသစာရီ လှည့်လည်တော်မူစဉ် သာလဝတိကာမည်သော ရွာကြီးတစ်ရွာသို့ ရောက်ရှိခဲ့ပုံ၊ လောဟိစ္စပုဏ္ဏားကြီးသည် မြတ်စွာဘုရား၏ ဂုဏ်သတင်းကို ကြားပြီး ရောသိကအား ဘုရားရှင်ထံ စေလွှတ်ကာ ဆွမ်းစားအပင့်ခိုင်းပုံ၊ ဘုရားရှင်သည် လောဟိစ္စပုဏ္ဏားကြီး၏အိမ်သို့ ဆွမ်းစားကြွတော်မူပြီးနောက် လောဟိစ္စပုဏ္ဏားကြီး၏ မိစ္ဆာဒိဋ္ဌိအယူနှင့် ပတ်သက်၍ ရှင်းလင်းဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၁၊၂၁၄) (ဒီ၊ဋ္ဌ၊၁၊၃၂၇)
ဝကဇာတက
ဤဇာတ်တော်၌ သစ်ကျုတ်တစ်ကောင်သည် ဂင်္ဂါမြစ်ကမ်း ကျောက်ဆောင်တစ်ခု၌ နေစဉ် ရေကြီးလာသဖြင့် ကျောက်ဆောင်ကို ရေဝိုင်းနေသောအခါ အစာရှာမရ၍ ဥပုသ်စောင့်နေပုံ၊ ဘုရားအလောင်း သိကြားမင်းက ဆိတ်ယောင်ဆောင် ပြသောအခါ သစ်ကျုတ်က ထလိုက်ပုံ၊ မမိသောအခါ ပြန်အိပ်၍ ဥပုသ်စောင့်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၄၀၆)
ဝက္ကလိတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ သဒ္ဓါဓိမုတ္တဧတဒဂ် ရရှိသော ရဟန်းတစ်ပါးကို အားကျ၍ ကုသိုလ်ပြုကာ ထိုဧတဒဂ် ရရန် ဆုတောင်းခဲ့ပုံ၊ ထိုကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်သာသနာတော်၌ သာဝတ္ထိမြို့သား ပုဏ္ဏားတစ်ဦး ဖြစ်ကာ သာသနာတော်သို့ ဝင်ရောက်ခဲ့ပုံ၊ ဘုရားရှင်၏ ရူပကာယတော်ကို အမြဲမပြတ် ကြည့်ရှုကြည်နူးနေသဖြင့် ဘုရားရှင်က ‘‘ဖယ်ခွာလော့’’ဟု မိန့်တော်မူပုံ၊ မြတ်စွာဘုရားက ပြင်းပြင်းထန်ထန် ကဲ့ရဲ့၍ နှင်ထုတ်တော်မူခဲ့ပုံ၊ စိတ်ပျက် ဝမ်းနည်း၍ ဂိဇ္ဈကုဋ်တောင်မှ ခုန်ချရန် ပြင်ဆင်နေစဉ် ဘုရားရှင်ကို ဖူးမြင်ရပြီး ဝိပဿနာရှုရာ ရဟန္တာ ဖြစ်၍ သဒ္ဓါဓိမုတ္တ ဧတဒဂ်ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁၁၅) (အံ၊ဋ္ဌ၊၁၊၁၉၄) (ထေရ၊ဋ္ဌ၊၂၊၅၇) (အ၊ပ၊ဋ္ဌ၊၂၊၂၁၄) (မ၊ဋီ၊၁၊၃၈၃) (အံ၊ဋီ၊၁၊၂၅၄)
ဝက္ကလိတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဝက္ကလိမထေရ်သည် ဝေဒနာ ပြင်းထန်စွာ ခံစားနေရသဖြင့် ဘုရားရှင်ကို မိမိထံ ကြွရောက်ပါရန် အလုပ်အကျွေး ရဟန်းတို့အား ပင့်လျှောက်ခိုင်းပုံ၊ ဘုရားရှင်က ဝက္ကလိမထေရ်ထံသို့ ရောက်သည့်အခါ ကျင့်ဝတ်သီလသိက္ခာပုဒ်များ၌ သံသယရှိ မရှိမေးစိစစ်ပြီးနောက် ‘‘ ဤခန္ဓာကိုယ် အပုပ်ကောင်ကြီးကို ဖူးမြင်နေရခြင်းဖြင့် အကျိုးမရှိကြောင်း၊ တရားကိုမြင်လျှင် ငါဘုရားကို မြင်သည်မည်ကြောင်း’’ စသည်ဖြင့် တရားဟောတော်မူခဲ့ပုံ၊ ဘုရားရှင် ပြန်ကြွသွားပြီးနောက် တရားအားထုတ်သောအခါ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၂၊၉၇) (သံ၊ဋီ၊၂၊၄၃၃)
ဝဂ္ဂုမုဒါတီရိယဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဝဂ္ဂုမုဒါမြစ်ကမ်းပါးတွင် ရဟန်းများစွာတို့ ဝါကပ်နေကြစဉ် ဝဇ္ဇီတိုင်း၌ မိုးခေါင်ရေရှား အစားအစာ ငတ်မွတ်ခေါင်းပါးသဖြင့် ဆွမ်းခံစားရန် မလွယ်ကူဖြစ်နေကြပုံ၊ ရဟန်းတို့သည် ဈာန်မဂ်ဖိုလ်ကို မရရှိကြဘဲ ရရှိကြ၏-ဟု ပြောဆို၍ လာဘ်လာဘပေါများအောင် ကြိုးစားကြပုံ၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ ‘‘ထိုသို့ ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ်သင့်၏’’ဟု စတုတ္ထပါရာဇိကသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၁၁၂) (ဝိ၊၂၊၃၅) (ဓမ္မ၊ဋ္ဌ၊၂၊၂၉၉)
ဝင်္ဂီသတ္ထေရဝတ္ထု
ဤဝတ္ထု၌ ရဟန်းပြုစဖြစ်သော အရှင်ဝင်္ဂီသကို ကာမဂုဏ်အာရုံတို့က တိုက်ခိုက်ပုံ၊ ပညာသတိရှိသော အရှင်ဝင်္ဂီသက အရှင်အာနန္ဒာမထေရ်ကို အသိပေးလျှောက်ထားခဲ့ပုံ၊ အရှင်အာနန္ဒာမထေရ်၏ တရားဟောကြားမှုကြောင့် အရှင်ဝင်္ဂီသမထေရ်၏ ကာမစိတ်တို့ ငြိမ်းအေးခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၈၈) (သံ၊ဋ္ဌ၊၁၊၂၄၈)
ဝင်္ဂီသတ္ထေရဝတ္ထု
ဤဝတ္ထု၌ ရဟန်းသစ်ဖြစ်သော အရှင်ဝင်္ဂီသမထေရ်သည် ကျောင်းတိုက်အာရာမ်အတွင်း လှည့်လည်ကြည့်ရှုကြသော မာတုဂါမတို့နှင့် တွေ့ဆုံရပုံ၊ အရှင်ဝင်္ဂီသမထေရ်သည် ကာမရာဂနှင့် ပတ်သက်၍ မိမိကိုယ်ကို မိမိဆုံးမပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၈၇) (သံ၊ဋ္ဌ၊၁၊၂၄၆) (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၃၆)
ဝင်္ဂီသတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဝင်္ဂီသ-သတို့သားသည် ဆဝသီသအတတ်ပညာဖြင့် သူသေ၏ ဦးခေါင်းကို ခေါက်၍ လားရာဂတိပြောကြားပုံ၊ လူတို့က ချီးမွမ်းစကားပြောကြားလျက် ဥစ္စာများကို ပေးကြပုံ၊ ဘုရားရှင်က ဝင်္ဂီသအား ပရိနိဗ္ဗာန်ပြုသွားသော ရဟန္တာမထေရ်တစ်ပါး၏ လားရာဂတိကို မေးမြန်းတော်မူပုံ၊ ဝင်္ဂီသ-သတို့သား မဖြေနိုင်သဖြင့် စုတိပဋိသန္ဓေ၌ ကျွမ်းကျင်သော ပညာကို သင်ကြားပေးရန် ဘုရားရှင်အား လျှောက်ထားတောင်းပန်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၁၊၁၉၇) (သံ၊ဋ္ဌ၊၁၊၂၆၀) (ဓမ္မ၊ဋ္ဌ၊၂၊၄၄၉) (သုတ္တနိ၊ဋ္ဌ၊၂၊၇၈)
ဝင်္ဂီသတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဝင်္ဂီသမထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင့်အထံတော်၌ ကုသိုလ်ပြု၍ ပဋိဘာန(ကဗျာလင်္ကာဖွဲ့ဆိုမှု)အရာ ဧတဒဂ်ဆုကို တောင်းခဲ့ပုံ၊ ယင်းကုသိုလ်ကံကြောင့် လူနတ်ချမ်းသာတို့ကို ခံစား၍ ဤဂေါတမဘုရားရှင့်လက်ထက်တော်၌ ဗေဒင်ပဏ္ဍိတ်ဖြစ်ခဲ့ပုံ၊ ဆဝသီသမန္တန်ကို တတ်သိသဖြင့် ထင်ရှားကျော်ကြားခဲ့ပုံ၊ မြတ်စွာဘုရားထံတွင် (၃၂) ကောဋ္ဌါသကမ္မဋ္ဌာန်းကို သင်ယူပြီး ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်၍ ပဋိဘာနအရာ၌ ဧတဒဂ်ဘွဲ့ ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၁၊၂၀၈) (ထေရ၊ဋ္ဌ၊၂၊၅၀၈) (အပ၊ဋ္ဌ၊၂၊၂၅၃)
ဝစ္ဆဂေါတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဗန္ဓုမတီမြို့သား ဖြစ်၍ ဝိပဿီမြတ်စွာဘုရားအား ဘုရင်၊ မြို့သူ မြို့သားတို့နှင့်အတူ စုပေါင်းပူဇော်မှုပြုလုပ်ခဲ့ပုံ၊ ထိုကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ရာဇဂြိုဟ်မြို့သား ပုဏ္ဏား သူဌေးသားဖြစ်၍ ဗြာဟ္မဏပညာရပ်တို့၌ လွတ်မြောက်မှုကို ရှာမရ၊ အနှစ်သာရကို မတွေ့ရသဖြင့် သာသနာတော်၌ ရှင်ရဟန်းပြုကာ ဝိပဿနာရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၈၁)
ဝစ္ဆနခဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ရသေ့ဖြစ်ပြီး၊ ချဉ်ဆားမှီဝဲရန် ဗာရာဏသီသို့ ကြွလာစဉ် သူဌေးက ကိုးကွယ်ထားပုံ၊ ခင်မင်လွန်းသဖြင့် ‘‘စည်းစိမ်ထက်ဝက် ပေးမည်၊ ကာမဂုဏ်ခံစားရန် လူထွက်ပါ’’ဟု ပြောဆိုရာ ရသေ့ကြီးက ကာမဂုဏ်တို့၏ အပြစ်ကို ဟောပြခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၁၂)
ဝစ္ဆပါလတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီမြတ်စွာဘုရားအား နို့ဃနာဆွမ်း လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ရာဇဂြိုဟ်မြို့၌ ချမ်းသာသော ပုဏ္ဏားကြီး ဖြစ်ပုံ၊ ဗိမ္ဗိသာရမင်းကြီး၏ ဘုရားရှင်အား ကြိုဆိုပွဲတွင် သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ပြီး ဝိပဿနာရှုပွားကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၀၀)
ဝဇ္ဇိတတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဝဇ္ဇိတမထေရ်လောင်းလျာသည် ဥပသန္တပစ္စေကဗုဒ္ဓါအား စကားဝါပန်းများ လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပုံ၊ ဤဂေါတမဘုရားရှင့်လက်ထက်တော်၌ အမျိုးသမီးများကို ရှောင်ကြဉ်သူ ဝဇ္ဇိတလုလင် ဖြစ်လာပုံ၊ မြတ်စွာဘုရားအထံတော်၌ ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၃၀)
ဝဇ္ဇိပုတ္တကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဝဇ္ဇီမင်းသားတစ်ယောက်သည် မိမိအတွက် အလှည့်ရောက်လာသော မင်းအဖြစ်ကို စွန့်လွှတ်လျက် ရဟန်းဝတ်ကာ တောအုပ်တစ်ခုအတွင်း၌ တောရဆောက်တည်နေထိုင်ခဲ့ပုံ၊ ဝေသာလီမြို့တွင်း၌ တန်ဆာဆင်လျက် ပွဲလမ်းသဘင် ကြီးကြီးကျယ်ကျယ် ဆင်ယင်ကျင်းပနေသောအခါ တောရဆောက်တည်နေသော ဝဇ္ဇီပုတ္တကရဟန်းသည် အဆင်တန်းဆာအခြွေရံကင်းမဲ့နေသည့် မိမိကိုယ်ကို ကြည့်ကာ ပျင်းရိငြီးငွေ့ပုံ၊ တောစောင့်နတ်က သံဝေဂရစေသဖြင့် ဘုရားရှင်ထံ ချဉ်းကပ်၍ အကျိုးအကြောင်းလျှောက်ထားသောအခါ ဘုရားရှင်က အိမ်ရာတည်ထောင် လူတို့ဘောင်၏ ဆင်းရဲဒုက္ခများကို ဟောကြားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၈၇)
ဝဇ္ဇိပုတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီမြတ်စွာဘုရားရှင်အား ကံ့ကော်ပန်းဝတ်ဆံ တို့ဖြင့် ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၇၈)
ဝဇ္ဇိယမာဟိတဂဟပတိဝတ္ထု
ဤဝတ္ထု၌ ဝဇ္ဇိယမာဟိတသူကြွယ် ပရိဗိုဇ်ကျောင်းသို့ ရောက်သောအခါ ပရိဗိုဇ်တို့ အနေအထိုင် ပြင်ဆင်၍ မြတ်စွာဘုရား၏ ဝါဒသဘောထားကို ဝေဖန်ပြောဆိုကြပုံ၊ မြတ်စွာဘုရားသည် မြင်မြင်သမျှကို ကဲ့ရဲ့တတ်သူမဟုတ်ကြောင်း သူကြွယ်က ပြောကြားပုံ၊ မြတ်စွာဘုရား ကိုယ်တော်တိုင် ဟောကြားထားသော ချီးမွမ်းထိုက်သော အကျင့်၊ ကဲ့ရဲ့ထိုက်သော အကျင့်တို့ကို ပရိဗိုဇ်တို့အား သူကြွယ်က ဆက်လက်ရှင်းပြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၃၊၄၀၉)
ဝဇ္ဇီပုတ္တကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဝေသာလီပြည်သား ဝဇ္ဇီပုတ္တကရဟန်းတို့သည် စိတ်တိုင်းကျ စားကြ၊ သောက်ကြ၊ ရေချိုးကြ၊ အိပ်စက်ကြပြီး တရားတော်ကို နှလုံးမသွင်းကြဘဲ သိက္ခာမချမူ၍ ကာမဂုဏ် မှီဝဲကြပုံ၊ ဝဇ္ဇီပုတ္တကရဟန်းတော်များသည် နောင်အခါတွင် ဗျသနတရားငါးပါး နှိပ်စက်ခံရသောကြောင့် မြတ်စွာဘုရားအား လျှောက်ထားကြသောအခါ သိက္ခာချ၍ လူထွက်ရန် မြတ်စွာဘုရားက ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၂၇)
ဝဇ္ဇီပုတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ၉၄-ကမ္ဘာထက်၌ ပစ္စေကဗုဒ္ဓါ တစ်ပါးအား ငှက်ပျောသီးများကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ဝေသာလီပြည် လိစ္ဆဝီမင်းသား ဖြစ်၍ သာသနာတော်သို့ ဝင်ရောက်ခဲ့ကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၀၀) (အပ၊ဋ္ဌ၊၂၊၂၉၀)
ဝဉ္စနဝတ္ထု
ဤဝတ္ထု၌ မုဆိုးတစ်ယောက်သည် သမင်မကြီးနှင့် သမင်ငယ်လေးတို့ကို ထမ်း၍လာစဉ် အရက်သမားတစ်ယောက်က တန်ဖိုးမေးသဖြင့် အကြီးက (၂)ကျပ်၊ အငယ်က (၁)ကျပ်ဟု ဆိုပုံ၊ အရက်သမားက ငွေတစ်ကျပ်ပေးပြီ အငယ်ကို ယူသွားပုံ၊ ခေတ္တသွားပြီး ပြန်လှည့်လာ၍ သမင်မကြီးကို ယူမည်ဆိုကာ သမင်လေး ပြန်ပေးပုံ၊ မုဆိုးက ထပ်မံငွေတောင်းရာ အရက်သမားက ယခင်က (၁)ကျပ်ပေးပြီးဖြစ်သည်၊ ယခုသမင်ငယ်လေးကို ပြန်ယူလျှင် (၂)ကျပ် ဖြစ်သွား၍ ထမ်မံပေးစရာမလိုတော့ဟု လှည့်စားကာ သမင်မကြီး ယူသွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၁၊၇၈) (မ၊ဋ္ဌ၊၂၊၁၁၅) (သံ၊ဋ္ဌ၊၃၊၃၃၈) (အံ၊ဋ္ဌ၊၂၊၃၇၉) (အဘိ၊ဋ္ဌ၊၃၊၉၁) (သာရတ္ထ၊ဋီ၊၂၊၁၆၁)
ဝဋံသကိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် တောအုပ်ကြီးသို့ ဝင်တော်မူသော သုမေဓာဘုရားရှင်ကို ဖူးတွေ့ရသောအခါ ပွင့်နေသော ထင်းရူးပန်းတို့ကို ဦးဆောက်ပန်းကုံး သီကုံးပြီး ဘုရားရှင်အား ဝမ်းသာရွှင်လန်းစွာဖြင့် လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိတော့ဘဲ လွန်ခဲ့သော ကမ္ဘာတစ်ထောင့်ကိုးရာအထက်၌ သုနိမ္မိတမည်သော စကြဝတေးမင်း တစ်ဆယ့်ခြောက်ကြိမ်ဖြစ်ခဲ့ရပုံ၊ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၉၂)
ဝဋ္ဋကဇာတက
ဤဇာတ်တော်၌ ကျီးတစ်ကောင်သည် ဆူဖြိုးလှပနေသော ဘုရားအလောင်းငုံးမင်းကို ကြည့်ပြီး ‘‘မည့်သည့်အစားအသောက်များကို စားသောက်ရ၍ ဆူဖြိုးနေပါသနည်း’’ဟု မေးမြန်းပုံ၊ ဘုရားလောင်းက အစာအာဟာရ၌ တပ်မက်မှုနည်းပါးခြင်း, အစားကောင်းများကိုသာ တွေးတောမနေခြင်း, အဝေးသို့သွားကာ အစာမရှာဖွေခြင်း, ရသမျှ အစာဖြင့် ရောင်ရဲခြင်း, အစာအာဟာရ၏ အတိုင်းအရှည်ကို သိခြင်းတို့ကြောင့် ဝဖြိုးလှပကြောင်း ရှင်းပြခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၉၃)
ဝဋ္ဋဇာတက
ဤဇာတ်တော်၌ ငုံးမျိုး၌ ဖြစ်သော ဘုရားအလောင်းကို ငှက်မုဆိုးက ရောင်းချရန်် ဖမ်းယူသွားခဲ့ပုံ၊ အစာရေစာမစားဘဲ နေ၍ ပိန်ချုံးနေသောကြောင့် ဝယ်သူမရှိ ဖြစ်နေပုံ၊ မုဆိုးသည် လက်ပေါ်တင်၍ ကြည့်နေ့စဉ် ပျံတက်ပြေး၍ လွတ်မြောက်သွားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၅၈)
ဝဋ္ဋဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် မဂဓတိုင်း တောအုပ်တစ်ခုတွင် ဥခွံမှ ထွက်ပြီးခါစ ငုံးငယ်လေးဖြစ်ပုံ၊ တောမီးကြီး လောင်လာသောအခါ မိဘတို့ စွန့်ခွာပြေးသွားသောကြောင့် သီလသစ္စာတို့ကို ဆင်ခြင်ကာ ပွင့်တော်မူပြီးသော ဘုရားရှင်တို့၏ ဂုဏ်ကို အာရုံပြုလျက် သစ္စာဆိုခဲ့သည့်အတွက် တောမီးကြီးကွင်းသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၂၂၅) (ဇာ၊ဋ္ဌ၊၁၊၂၂၈)
ဝဍ္ဎကီသူကရဇာတက
ဤဇာတ်တော်၌ အမြဲတမ်း စစ်ရှုံးနေသော ကောသလမင်းသည် ဓနုဂ္ဂဟတိဿမထေရ်၏ အစီအစဉ်ဖြင့် စစ်ထိုးသောအခါ အဇာတသတ်မင်းကို အနိုင်ရရှိပုံ၊ အဆိုပါ ဓနုဂ္ဂဟတိဿ မထေရ်သည် အတိတ်ဘဝတစ်ခု၌ လက်သမားတစ်ယောက် မွေးမြူထားသော ဝက်မျိုး၌ ဖြစ်စဉ် ကျားစဉ်းလဲကို တိုက်ခိုက်၍ အောင်မြင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၆၂)
ဝဍ္ဎတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဝဍ္ဎမထေရ်လောင်းလျာသည် ရှေးဘုရားရှင်တို့အထံတော်၌ နိဗ္ဗာန်ရည်မှန်းကာ ကုသိုလ်များစွာ ပြုခဲ့ပုံ၊ ဂေါတမဘုရားရှင်လက်ထက်တွင် ဝဍ္ဎလုလင်ဖြစ်လာပုံ၊ အရှင်ဝေဠုဒန္တမထေရ်ထံတွင် ရဟန်းပြု၍ ဓမ္မကထိကဖြစ်လာပုံ၊ မိခင်ဘိက္ခုနီ ရဟန္တာထေရီထံ သွားစဉ် မိခင်က ပြစ်တင်ဆုံးမမှုကို သံဝေဂယူ၍ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၅၀)
ဝဍ္ဎမာတုထေရီဝတ္ထု
ဤဝတ္ထု၌ ဝဍ္ဎမာတာအမည်ရှိသော အမျိုးသမီးသည် ဘိက္ခုနီတို့အထံမှ တရားနာရသဖြင့် မိမိ၏သားငယ်ကို ဆွေမျိုးတို့ထံ၌ အပ်နှံကာ ဘိက္ခုနီတို့ကျောင်း၌ ရဟန်းပြု၍ ရဟန္တာ ဖြစ်ခဲ့ပုံ၊ သားဖြစ်သူ ဝဍ္ဎသည် ရဟန်းပြု၍ မိခင်ဟောင်းဖြစ်သူ ဝဍ္ဎမာတာဘိက္ခုနီထံသို့ လာခဲ့ပုံ၊ မိခင်ဖြစ်သူ ဝဍ္ဎမာတာက သားဝဍ္ဎကို ဆုံးမဩဝါဒ ပေး၍ သားဝဍ္ဎသည် သံဝေဂယူကာ တရားအားထုတ်သဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၁၇၇)
ဝဍ္ဎမာနတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် တိဿဘုရားရှင်အား သရက်သီးမှည့်များကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင် လက်ထက်တော်၌ ဝေသာလီပြည် လိစ္ဆဝီမင်းမျိုး၌ ဖြစ်၍ ရဟန်းပြုကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၃၃)
ဝဍ္ဎလိစ္ဆဝီဝတ္ထု
ဤဝတ္ထု၌ ဝဍ္ဎလိစ္ဆဝီသည် ဆဗ္ဗဂ္ဂီရဟန်းတို့တွင် အပါအဝင်ဖြစ်သော မေတ္တိယနှင့် ဘူမဇကရဟန်းတို့၏ အပေါင်းအသင်းဖြစ်ပုံ၊ ‘‘ထိုရဟန်းတို့၏ တိုက်တွန်းချက်အရ မိမိ၏ မယားကို အရှင်ဒဗ္ဗသည် ဖျက်ဆီးလွန်ကျူးခဲ့ပါသည်’’ဟု အရှင်ဒဗ္ဗမလ္လပုတ္တအား မဟုတ်မမှန် လုပ်ကြံစွပ်စွဲပုံ၊ သံဃာတော်တို့က ဝဍ္ဎအား သပိတ်မှောက်ပုံ၊ ဝဍ္ဎ-က တောင်းပန်သဖြင့် သပိတ်မှောက်မှုကို ရုပ်သိမ်းခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၆၂) (သာရတ္ထ၊ဋီ၊၃၊၃၈၈)
ဝဏ္ဏကာရတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော သုံးဆယ့်တစ်ကမ္ဘာအထက်၌ အရုဏဝတီမြို့၌ ဆေးဆိုးပန်းရိုက်သမားဖြစ်ခဲ့၍ စေတီတော်၌ ရှိသော ပုဆိုးဘဏ္ဍာအဝတ်တို့ကို အရောင်အမျိုးမျိုး ဆိုးပေးခဲ့ပုံ၊ ဤကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်းမရှိတော့ဘဲ လွန်ခဲ့သော နှစ်ဆယ့်သုံးကမ္ဘာအထက်၌ ဝဏ္ဏသမအမည်ရှိသော စကြဝတေးမင်း ဖြစ်ခဲ့ရ၍ ဤဂေါတမဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၄၇)
ဝဏ္ဏာရောဟဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းသည် ရုက္ခစိုးနတ် ဖြစ်စဉ် မိမိသစ်ပင်အနီးရှိ ကျောက်တောင်ဂူ၌ နေသော မြေခွေးတစ်ကောင်သည် ခြင်္သေ့အသားနှင့် ကျားအသားကို စားလိုသဖြင့် ခြင်္သေ့နှင့် ကျားတို့အား ရန်ဖြစ်အောင် ကုန်းတိုက်စကား ပြောကြားပုံ၊ ခြင်္သေ့နှင့် ကျားတို့သည် အချင်းချင်း စိတ်ဝမ်းမကွဲဘဲ ညီညွတ်စွာ နေထိုင်သည်ကို မြေခွေး တွေ့မြင်သောအခါ ထိုနေရာမှ ထွက်ပြေးခဲ့ရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၇၆)
ဝဏ္ဏုပထဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်း လှည်းကုန်သည်မှူးသည် ပူပြင်းလှသည့် သဲကန္တာရ ထဲတွင် ညဘက်၌ ခရီးသွားခဲ့ရာ တစ်နေ့တွင် လမ်းပြ အိပ်ပျော်သွားသဖြင့် နောက်ကြောင်းသို့ ပြန်ရောက်ခဲ့ကြပုံ၊ ကန္တာရထဲ၌ ရေဒုက္ခရောက်နေသဖြင့် ရေတွင်းတူးရာ ခံနေသော ကျောက်ဖျာကို ဝီရိယရှိသော သူငယ်က ထုခွဲရာ ရေရရှိခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၂၂)
ဝတ္တဗ္ဗကနိဂြောဓတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဗြာဟ္မဏတိဿ သူပုန်ဘေးကြီဆိုက်ရောက်စဉ် ဝတ္တဗ္ဗနိဂြောဓသာမဏေနှင့် ၎င်း၏ဥပဇ္ဈာယ်ဆရာတို့ အိန္ဒိယတစ်ဖက်ကမ်းသို့ မလိုက်ပါဘဲ ဟင်းရွက်စားသော လူတို့ကို အမှီပြု၍ သီဟိုဠ်ကျွန်း၌သာ နေရစ်ခဲ့ကြပုံ၊ ဆရာတပည့်နှစ်ယောက်တို့ ထန်းသီးခူးစား၍ ပိဋကသုံးပုံ ဆောင်ယူခဲ့ရပုံ၊ ဝတ္တဗ္ဗနိဂြောဓသာမဏေသည် တောထဲ၌သာ အာရုဏ်တက် စေခဲ့ပုံ၊ သူပုန်ဘေးကြီး ငြိမ်းအေးသွားသောအခါ၌ ဝတ္တဗ္ဗနိဂြောဓသာမဏေအား သမုဒ္ဒရာ တစ်ဖက်ကမ်း အိန္ဒိယမှ ပြန်လာသော ရဟန်းများက ပူဇော်ခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၂၊၄၃၀)
ဝတ္ထဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ငှက်မျိုး ဖြစ်၍ ဂဠုန်တို့ကို အစိုးရသော ဂဠုန်မင်း ဖြစ်ခဲ့ပုံ၊ ဂန္ဓမာဒနတောင်သို့ ကြွတော်မူလာသော အတ္ထဒဿီဘုရားရှင်ကို ဖူးမြင်ခဲ့ရပုံ၊ ထိုအခါ ဂဠုန်အသွင်ကို စွန့်၍ လုလင်အသွင်ကို ဆောင်ကာ အဝတ်တစ်ထည်ကို ဘုရားရှင်အား လှူဒါန်းခဲ့ပုံ၊ ဘုရားရှင်က ‘‘လုလင်၊ သင်သည် အဝတ်ပုဆိုးကို လှူဒါန်းသော ကောင်းမှုကံကြောင့် ဂဠုန်မျိုးကို စွန့်၍ နတ်ပြည်သို့ ရောက်လတံ့’’ဟု မိန့်တော်မူကာ အဝတ်အလှူကို ချီးမွမ်းတော်မူ၍ မြောက်အရပ်သို့ ရှေ့ရှုကြွတော်မူခဲ့ပုံ၊ ထိုဘဝမှ စုတေသော် နတ်ပြည်သို့ ရောက်၍ ဖြစ်တိုင်းသော လူ့ဘဝ၊ နတ်ဘဝတို့၌ အဝတ်ပုဆိုးပြည့်စုံခဲ့ပုံ လွန်ခဲသော သုံးဆယ့်ခြောက်ကမ္ဘာအထက်၌ အရုဏဝမည်သော စကြဝတေးမင်းဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင် သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၂၈)
ဝနကောရဏ္ဍိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သိဒ္ဓတ္ထဘုရားရှင်အား လိပ်ဆူးရွှေတောပန်းကို လှူဒါန်းခဲ့သည့် ကုသိုလ်ကောင်းမှုကြောင့် အပါယ်မလားရောက်ဘဲ ဤဘုရားသာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၃၄)
ဝနဝစ္ဆတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ကဿပဘုရားရှင့်အထံတော်၌ ရဟန်းဖြစ်ခဲ့ပြီး ကုသိုလ်ကောင်းမှု ပြုခဲ့ပုံ၊ ဤဘုရားရှင်သာသနာတော်၌ ကပိလဝတ္ထုမြို့ ပုဏ္ဏားမျိုး၌ ဖြစ်ခဲ့ပုံ၊ အရှင်မဟာကဿပထံ ရဟန်းပြုခဲ့ကာ မကြာမြင့်မီပင် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊ဋ္ဌ၊၂၊၂၆၈)
ဝနဝစ္ဆတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်လက်ထက်တော် သူတစ်ပါးတို့၏ လုပ်ငန်းကို လုပ်ကိုင်လျက် အသက်မွေးရပုံ၊ အမှားပြုလုပ်မိ၍ ထွက်ပြေးခဲ့ရစဉ် ဗောဓိပင်ကို သော်ကပန်းတို့ဖြင့် ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ နောက်ဆုံးဘဝ၌ ရာဇဂြိုဟ်မြို့၌ ပုဏ္ဏားသူဌေး ဖြစ်၍၊ ရဟန်းပြုကာ ဝိပဿနာရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၈၂)
ဝနဝစ္ဆတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဝနဝစ္ဆမထေရ်အလောင်း အမျိုးကောင်းသားသည် အတ္ထဒဿီဘုရားရှင့်လက်ထက်တော်၌ ဝိနတာမြစ်အတွင်း၌ လှေငယ်ပမာဏမျှ ခန္ဓာကိုယ်ရှိသည့် လိပ်ကြီး တစ်ကောင်ဖြစ်ခဲ့ပုံ၊ မြစ်ကမ်း၌ ရပ်နေတော်မူသော အတ္ထဒဿီဘုရားရှင်ကို မိမိကျောကုန်းထက်သို့တင်ကာ ရွှင်လန်း ဝမ်းမြောက်စွာ တစ်ဖက်ကမ်းသို့ ပို့ဆောင်ပေးခဲ့ပုံ၊ ဘဝပေါင်းများစွာ ရသေ့ဝတ်လျက် တောအရပ်၌သာ နေလေ့ရှိပုံ၊ ကဿပဘုရားရှင် လက်ထက်တော်၌ ခိုငှက်မျိုး၌ ဖြစ်ခဲ့ရပုံ၊ ဤဂေါတမဘုရားရှင့်လက်ထက်တော်၌ ပုဏ္ဏားမျိုး၌ ဖြစ်ပြီး ရဟန်းဝတ်ကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၇၁)
ဝနဝါသီတိဿသာမဏေရဝတ္ထု
ဤဝတ္ထု၌ မဟာသေနပုဏ္ဏားကြီးသည် အရှင်သာရိပုတ္တရာအား အဝတ်တစ်ထည်နှင့် နို့ဃနာဆွမ်းလှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် တိဿအမည်ရှိသော သူဌေးသား ဖြစ်ခဲ့ပုံ၊ (၇)နှစ်သား အရွယ်မှာပင် ဆွမ်းအုပ်တစ်ထောင်၊ ကမ္ဗလာထည် တစ်ထောင်ရရှိကာ ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၃၃)
ဝနဝါသီတိဿသာမဏေရဝတ္ထု
ဤဝတ္ထု၌ ဝနဝါသီတိဿသာမဏေသည် သာဝတ္ထိမြို့မှ ယူဇနာနှစ်ရာနှင့် သုံးဂါဝုတ် ဝေးကွာသော တောကျောင်း၌ နေခဲ့ပုံ၊ ထိုရွာသို့ မြတ်စွာဘုရားသည် ဆဠဘိညရဟန္တာ နှစ်ထောင် ခြံရံလျက် ကောင်းကင်ခရီးဖြင့် ကြွသွားတော်မူပုံ၊ ယူဇနာနှစ်ရာ ခရီးအထက်တွင် ရှိသော ဂေါစရဂါမ်ရွာ၌ မြတ်စွာဘုရားနှင့် သံဃာတော်များ ဆွမ်းခံ၍ ဆွမ်းဘုဉ်းပေးပြီးသောအခါ တိဿသာမဏေသည် မြတ်စွာဘုရားကို ကြိုဆိုဖူးမြော်ပုံ၊ ထို့နောက် မြတ်စွာဘုရားက တိဿသာမဏေကို သူ၏နေရာ ရွာသို့ ခရီးလမ်းညွှန်အဖြစ် ရှေ့မှ သွားစေ၍ လိုက်ပါတော်မူပုံ၊ မြတ်စွာဘုရားက တောအရပ်၌ အေးချမ်းစွာ နေပုံကို ချီးမွမ်းပြီး ရဟန်းတော်များကို စုဝေးစေကာ ရဟန်းခံပေး၍ ချီးမြှောက်တော်မူခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၅၅)
ဝန္ဒနဒေဝဓီတုဝတ္ထု
ဤဝတ္ထု၌ ရဟန်းများစွာတို့သည် ရွာကျောင်း၌ ဝါကပ်ကြပြီး ဝါကျွတ်၍ ပဝါရဏာပြုပြီးသောအခါ ဘုရားရှင်ကို ဖူးမြော်ရန် ကြွလာတော်မကြပုံ၊ အမျိုးသမီးတစ်ဦးသည် ထိုရဟန်းတို့အား ကြည်ညိုသော စိတ်ဖြင့် တည်ခြင်းငါးပါးဖြင့် ရှိခိုးခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ကွယ်လွန်သောအခါ တာဝတိံသာ နတ်ပြည်၌ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၈၉)
ဝပ္ပတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ ကုသိုလ်ကောင်းမှုပြုခဲ့သောကြောင့် လူ့ပြည်နတ်ပြည်တို့၌ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်၌ ကပိလဝတ္ထုမြို့ ဝါသေဋ္ဌပုဏ္ဏားကြီး၏သား ဝပ္ပအမည်ရှိသူဖြစ်၍ ပဉ္စဝဂ္ဂီ(၅)ဦးတွင် ပါဝင်ကာ ဓမ္မစကြာတရားဦးဟောရာတွင် သောတာပန်ဖြစ်ပြီး အနတ္တလက္ခဏသုတ်ဟောရာတွင် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ထေရ၊ဋ္ဌ၊၁၊၁၇၅)
ဝရုဏဇာတက
ဤဇာတ်တော်၌ ကုဋုဗ္ဘိယတိဿမထေရ်သည် ချမ်းသာကြွယ်ဝသော အမျိုးမှ ရဟန်းပြုလာသူ ဖြစ်သဖြင့် ဆွမ်းခံ၍ပင် မစားချင်လောက်အောင် အလွန်ပျင်းရိခဲ့ပုံ၊ မိမိ၏ သီတင်းသုံးဖော်များ ရဟန္တာဖြစ်သွားသောအခါကျမှ မိမိလည်း ရဟန္တာဖြစ်လိုသဖြင့် မအိပ်မနေ အပြင်းအထန် အားထုတ်စဉ် အိပ်ငိုက်ပြီး လဲကျကာ ပေါင်ကျိုးသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၃၄)
ဝလာဟကဿဇာတက
ဤဇာတ်တော်၌ မိန်းမတို့သည် အာရုံငါးပါးတို့ဖြင့် ဖြားယောင်းတတ်ပုံ၊ သီဟိုဠ်ကျွန်းတွင် သိရီသဝတ္ထုခေါ်သော ဘီလူးမြို့တစ်မြို့ ရှိခဲ့ပုံ၊ သင်္ဘောပျက်၍ ထိုဘီလူးမြို့သို့ ရောက်ရှိလာသည့် ကုန်သည်တို့အား ဘီလူးတို့သည် ချောမောလှပသော မိန်းမများယောင် ဆောင်၍ သတ်စားတတ်ကြပုံ၊ ဝလာဟကနတ်မြင်းက ပညာရှိကုန်သည်များကို ကယ်ဆယ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၁၆)
ဝလ္လိကာရဖလဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဝလ္လိကာရဖလဒါယကမထေရ်လောင်းလျာသည် သုမနဘုရားရှင်အား နွယ်သီးများကို ပေးလှူခဲ့သောကြောင့် သုံးဆယ့်တစ်ကမ္ဘာ အပါယ်မလားရဘဲ လူ့ချမ်းသာ နတ်ချမ်းသာတို့ကိုသာ ခံစားခဲ့ရပြီး ဤဂေါတမဘုရားရှင် လက်ထက်တော်၌ အာသဝေါကုန်ခန်း၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၅၁)
ဝလ္လိဖလဒါယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် တောသို့ သစ်သီးရှာသွားရာ ဘုရားရှင်ကို ဖူးမြင်ရ၍ ကြည်ညိုသော စိတ်ဖြင့် နွယ်သီးကို ပေးလှူခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါးသို့ လားရောက်ခြင်း မရှိတော့ဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၄၄)
ဝလ္လိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် နာရဒပစ္စေကဗုဒ္ဓါအား ကျူဝါးတို့ဖြင့် ယာယီကျောင်း ဆောက်လုပ်ပေးခဲ့ပုံ၊ စင်္ကြံကြွရာလမ်း၌ကို သုတ်သင်ရှင်းလင်း၌ သဲခင်းခဲ့ပုံ၊ ယင်းကုသိုလ်ကြောင့် လူ့ပြည် နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပြီး ဤဘုရားရှင်လက်ထက်၌ သာဝတ္ထိပြည် ဗြာဟ္မဏ မဟာသာလမျိုး၌ ဖြစ်ခဲ့ပုံ၊ ရဟန်းပြုကာ ဝိပဿနာရှုပွား၍ ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၁၃)
ဝလ္လိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဝလ္လိယမထေရ်လောင်းလျာသည် သုမေဓာဘုရားရှင်အား ပန်းနံ့သာ သစ်သီးစသည်တို့ကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် ဘဝများစွာ လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ကဏှမိတ္တပုဏ္ဏား ဖြစ်လာပုံ၊ မြတ်စွာဘုရားကို ဖူးရသဖြင့် အရှင်မဟာကစ္စည်းထံ ရဟန်းပြုပြီး အရှင်ဝလ္လိယဟု အမည်ရပုံ၊ ဆရာဖြစ်သူ အရှင်ဝေဏုဒတ္တထံမှ သင့်လျော်သော ကမ္မဋ္ဌာန်းကို ယူ၍ တရားအားထုတ်သဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ထေရ၊ဋ္ဌ၊၁၊၃၇၁)
ဝသဘတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဘုရားမပွင့်ရာ သုညကမ္ဘာ၌ လူ့ဘောင်မှ ခွာရှောင်၍ ရသေ့ပြုကာ ဈာန်အဘိညာဉ် ရခဲ့ပုံ၊ ရှေးဘုရားရှင်တို့ကို ရည်မှန်း၍ ရွှေဖြင့်ပြီးသော စေတီကို ဖန်ဆင်းပြီး ရွှေပန်းသုံးထောင်တို့ဖြင့် နေ့စဉ် ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင် လက်ထက်တော်၌ ဝေသာလီပြည် လိစ္ဆဝီမင်းမျိုး၌ ဖြစ်၍ သာသနာတော်သို့ ဝင်ရောက်ကာ မကြာမီ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၂၆)
ဝသဘရာဇဝတ္ထု
ဤဝတ္ထု၌ ဝသဘမင်းကြီးသည် မထေရ်တစ်ပါးကို ရဟန္တာဖြစ် မဖြစ် စုံစမ်းလိုသဖြင့် နန်းတော် သို့ပင့်ပြီး မထေရ်၏ ရှေ့တွင် ဆီးမှုန့်ဖြင့် ဖျော်ထားသော မုန့်ကို နယ်ပြခဲ့ပုံ၊ ထိုအခိုက် မထေရ်သည် တံတွေးရည်ကျလာသဖြင် ရသတဏှာ မပယ်နိုင်သေး၍ ရဟန္တာ မဖြစ်သေးကြောင်း သိရှိရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သာရတ္ထ၊ဋီ၊၂၊၂၈၅)
ဝသာဠနဂရဝါသီဒွေဘာတိကဝတ္ထု
ဤဝတ္ထု၌ ဝသာဠမြို့သား ညီနောင်နှစ်ယောက်တို့သည် ရဟန်းပြုလာကြ၌ ‘‘စူဠနာဂနှင့် မဟာနာဂထေရ်’’ဟု ထင်ရှားခဲ့ပြီး စိတ္တလတောင်၌ နှစ်ပေါင်းသုံးဆယ်တိုင်တိုင် တရား အားထုတ်ကြသဖြင့် ရဟန္တာဖြစ်ခဲ့ကြပုံ၊ ထို့နောက် မိခင်နှင့် တွေ့ရန် မိခင်ရွာသို့ ဆွမ်းခံဝင်ကြသောအခါ မိခင်ကြီးက အရှင်မဟာနာဂကို မေးရာ ‘‘နောက်က မထေရ်ကို မေးပါ’’ဟု ပြောဆိုပြီး နောက်က မထေရ်ကို မေးသောအခါ၌လည်း ‘‘ရှေ့က မထေရ်ကြီးကို မေးပါ’’ဟု ဆိုကာ မိခင်နှင့်ပင် အဆက်အသွယ် မလုပ်ချင်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၂၊၁၅၅)
ဝဿကာရဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ ဝဿကာရပုဏ္ဏားကြီးသည် အဇာတသတ်မင်း၏ အမိန့်အရအရ ဝဇ္ဇီမင်းတို့နှင့် စစ်တိုက်မည့်အကြောင်း ဘုရားရှင်ထံ လျှောက်ထားခဲ့ပုံ၊ ဘုရားရှင်က အနီးတွင် ထိုင်နေသော အရှင်အာနန္ဒာထေရ်အား အပရိဟာနိယတရားခုနစ်ပါးကို ဟောကြားတော်မူပုံ၊ ဝဇ္ဇီမင်းတို့သည် အပရိယာနိယတရားခုနစ်ပါးနှင့် ပြည့်စုံနေသည့်အတွက် အချင်းချင်းကွဲပြားအောင် ကုန်းချောခြင်း၊ လိမ်ညာလှည့်ပတ် ဖြားယောင်းခြင်းအမှုတို့ကို ရှေးဦးစွာ ပြုလုပ်ပြီးမှသာ စစ်တိုက်သင့်ကြောင်း ဝဿကာရပုဏ္ဏားက အဇာတသတ်မင်းအား ပြန်ကြားလျှောက်ထားပုံ၊ ဝဿကာရပုဏ္ဏားသည် ဝဇ္ဇီမင်းများကို အချင်းချင်း ကွဲပြားအောင် ပြုလုပ်ပြီးနောက် အဇာတသတ်မင်းကို ဝဇ္ဇီမင်းတို့အား လာရောက်တိုက်ခိုက်ရန် အကြောင်းကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၂၊၄၀၉) (ဒီ၊ဋ္ဌ၊၂၊၁၀၆) (အံ၊ဋ္ဌ၊၃၊၁၅၅)
ဝဿဝလာဟကဒေဝပုတ္တဝတ္ထု
ဤဝတ္ထု၌ မိုးနတ်သားတစ်ဦးသည် တလကူဋကအရပ်၌ သီတင်းသုံးတော်မူသော ရဟန္တာ မထေရ်ကြီးတစ်ပါးထံ ချဉ်းကပ်၍ ရှိခိုးသောအခါ မထေရ်ကြီးက ‘‘အသင်နတ်တို့ စိတ်တန်ခိုးကြောင့် မိုးရွာပုံကို ကြည့်လိုပါသည်’’ဟု မိန့်တော်မူပုံ၊ မထေရ်ကြီးကို ခြေဆေး၊ ကျောင်းသင်္ခမ်းထဲ ဝင်စေပြီးနောက် နတ်သားက သီချင်းတစ်ပုဒ် သီဆို၍ လက်ကို မြှောက်လိုက်ရာ သုံးယူဇနာ ဝန်းကျင်၌ တခဲနက် မိုးရွာခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၂၊၃၂၂) (အံ၊ဋီ၊၂၊၃၀) (အံ၊ဋီ၊၃၊၇၁)
ဝဿိကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဝဿိကမထေရ်လောင်းလျာသည် အတ္တဒဿီဘုရားရှင်အား ညောင်ကြပ်သီးလှူခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပုံ၊ ဂေါတမဘုရားရှင် လက်ထက်တော်၌ ဝဿိကပုဏ္ဏား ဖြစ်လာပုံ၊ မြတ်စွာဘုရားထံ ရဟန်းပြု၍ တရားအားထုတ်စဉ် အနာရောဂါ ခံစားရပြီး ထိတ်လန့်သံဝေဂရကာ ဝိပဿနာရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၅၅)
ဝဿူပဂတဋ္ဌာနဝတ္ထု
ဤဝတ္ထု၌ ရဟန်းတို့သည် သစ်ခေါင်း၊ သစ်ပင်ခွကြား၊ လွင်တီးခေါင်၊ ကျောင်းမရှိသော အရပ်ဒေသ၊ သုသာန်ဇရပ်၊ ထီးအမိုးအောက်၊ အိုးစရည်းထဲစသည်တို့၌ ဝါကပ်ကြသဖြင့် ထိုအရပ်ဒေသမျိုးတို့၌ ဝါမကပ်ကြရန် ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၁၂)
ဝဿူပဂတဋ္ဌာနဝတ္ထု
ဤဝတ္ထု၌ ရဟန်းတို့သည် သစ်ခေါင်း၊ သစ်ပင်ခွကြား၊ လွင်တီးခေါင်၊ ကျောင်းမရှိသော အရပ်ဒေသ၊ သုသာန်ဇရပ်၊ ထီးအမိုးအောက်၊ အိုးစရည်းထဲစသည်တို့၌ ဝါကပ်ကြသဖြင့် ထိုအရပ်ဒေသမျိုးတို့၌ ဝါမကပ်ကြရန် ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၁၂)
ဝဿူပဂမနဝတ္ထု
ဤဝတ္ထု၌ ရဟန်းတစ်ပါးသည် နွားခြံ၌ ဝါကပ်ရာ နွားခြံပြောင်းရွှေ့ရာ အရပ်သို့ လိုက်၍ ဝါကပ်နိုင်ကြောင်း ဘုရားရှင်က ခွင့်ပြုတော်မူခဲ့ပုံ၊ လှေဖြင့် ခရီးသွားစဉ် လှေထဲ၌ ဝါကပ်နိုင်ကြောင်း၊ လှည်းကုန်သည်တို့နှင့် ခရီးသွားစဉ် လှည်းစခန်း အတိုင်း ဝါကပ်နိုင်ကြောင်း ဘုရားရှင်က ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၂၁၁)
ဝါတကာဠကဝတ္ထု
ဤဝတ္ထု၌ ရာဇဂြိုဟ်မြို့မှ ဝါတကာဠကမည်သော ခိုးသူသတ်ယောကျ်ားသည် အနှစ်(၅၀)တို့ ကာလပတ်လုံး ခိုးသူသတ်အလုပ်ကို လုပ်ခဲ့ပုံ၊ ရာထူးမှ အနားယူခွင့်ရသဖြင့် မိမိကိုယ်ကို သန့်စင်စေရန် ရေချိုး အဝတ်သစ်တို့ကိုဝတ်၊ ပန်းနံ့သာလိမ်းကျံ၍ ပြန်လာစဉ် အရှင်သာရိပုတ္တရာမထေရ်ကို ဖူးတွေ့ရပုံ၊ မထေရ်ကို အိမ်သို့ပင့်ဆောင်ကာ မွန်မြတ်သော အဖျော်ယမကာတို့ကို ဆက်ကပ်ပြီး တရားနာယူပုံ၊ မထေရ်ကို လိုက်ပို့၍ အပြန်တွင် သားငယ်ရှိသော နွားမကဝှေ့သဖြင့် ကွယ်လွန်ရာ တာဝတိံသာနတ်ဘုံ၌ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋ္ဌ၊၂၊၁၀၉)
ဝါတဂ္ဂသိန္ဓဝဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဝါတဂ္ဂသိန္ဓော ဟူသော အမည်ဖြင့် ဘုရင်၏ မင်္ဂလာမြင်း ဖြစ်ခဲ့ပုံ၊ ဘဒ္ဒါလီမည်သော မြည်းမတစ်ကောင်သည် မင်္ဂလာမြင်းကို ကြိုက်နှစ်သက်၍ အစာမစားနိုင်ဘဲ ပိန်ချုံးနေသဖြင့် မြည်းမ၏သားက ထိုအကြောင်းကို သိပြီး ဘုရားလောင်းအား တောင်းပန်ပုံ၊ ဘုရားအလောင်းက ထိုမြည်းမထံ ချဉ်းကပ်သွားသောအခါ ပရိယာယ်မာယာလွန်ပြီး ခြေနှင့်ကန်သဖြင့် ဘုရားအလောင်း အရှက်ရကာ စွန့်ခွာသွားသောကြောင့် မြည်းမ အသက်ဆုံးရှုံးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (ဇာ၊ဋ္ဌ၊၂၊၃၀၅)
ဝါတမိဂဇာတက
ဤဇာတ်တော်၌ တောသမင်ပျံတစ်ကောင်သည် လူတို့ကို အလွန်ကြောက်ရွံ့သော်လည်း ပျားရည်လူးသော မြက်ဖြင့် ဖြားယောင်းသဖြင့် နန်းတော်ထဲထိ ရောက်ရှိခဲ့ပုံ၊ ရသတဏှာသည် လောကတွင် ကြောက်စရာအကောင်းဆုံး ဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၁၇၂)
ဝါတဝုဋ္ဌိသမယဝတ္ထု
ဤဝတ္ထု၌ ၁၅-ရက်ခွဲတစ်ကြိမ်သာ ရေချိုးရန် သိက္ခာပုဒ်ပညတ်ပြီးသောအခါ လွင်တီးခေါင်၌ သင်္ကန်းချုပ်လုပ် ဆေးဆိုးကြသော ရဟန်းတို့အတွက် ရေချိုးရန် လိုအပ်လာသဖြင့် ရေချိုးရန် ဘုရားရှင်က ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၅၆)
ဝါနရဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် မျောက်မျိုး၌ ဖြစ်စဉ် အရွယ်ရောက်သောအခါ ဂင်္ဂါမြစ်ကမ်းနားရှိ ရေသဖန်းပင်ကြီး၌ နေထိုင်ပုံ၊ ဂင်္ဂါမြစ်တွင်းရှိ မိကျောင်းမသည် ဘုရားအလောင်းမျောက်မင်း၏ နှလုံးသားကို စားလိုကြောင်း ဒေဝဒတ်အလောင်း မိကျောင်းဖိုအား ပြောကြားပုံ၊ မိကျောင်းဖိုက ဘုရားအလောင်း မျောက်မင်းနှင့် မိတ်ဆွေဖွဲ့ပြီး ဂင်္ဂါမြစ်တစ်ဘက်ကမ်း၌ သစ်သီးဝလံများ အလွန်ပေါများကြောင်း၊ မျောက်မင်းအား လိုက်ပို့ပေးမည် ဖြစ်ကြောင်း လိမ်ညာ၍ ပြောပုံ၊ ဘုရားအလောင်းမျောက်မင်းက အမှန်အကန်ဟု ထင်မှတ်၍ မိကျောင်းဖို၏ ကျောက်ကုန်းပေါ်၌ ထိုင်လိုက်သွားပုံ၊ ဂင်္ဂါမြစ်လယ် ရောက်သောအခါ မိကျောင်းဖိုက မျောက်မင်းအား ‘‘သင်၏ နှလုံးသားကို မိကျောင်းမက စားသောက်လိုကြောင်း ပူဆာသဖြင့် သင့်အား လိမ်ညာ၍ ခေါ်ယူလာခြင်း ဖြစ်ကြောင်း’’ ပြောကြားပုံ၊ ထိုအခါ မျောက်မင်းက နီရဲဝင်းမှည့်နေသော ရေသဖန်းသီးများကို ညွှန်ပြလျက် ‘‘မိမိ၏နှလုံးသားကို ရေသဖန်းသီးပင်၌ ချိတ်ထားကြောင်း၊ သင်အလိုရှိလျှင် ပေးမည် ဖြစ်ကြောင်း’’ ပြောကြားလျက် ရေသဖန်းပင်သို့ ပြန်ပို့ခိုင်းပုံ၊ ရေသဖန်းပင်သို့ ရောက်သောအခါ ဘုရားအလောင်း မျောက်မင်းက သဖန်းသီးမှည့်များကို ပစ်ချပေးပြီး ထိုနေရာ၌ မနေတော့ဘဲ တောတွင်းသို့ ဝင်ရောက်သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၂၁)
ဝါနရိန္ဒဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းမျောက်မင်းသည် ကျောက်ဖျာထက်၌ တက်၍ ဝပ်နေသော မိကျောင်းအား လှည့်ပတ်ပြောဆိုကာ တစ်ဖက်ကမ်းသို့ ကူးသွားခဲ့ပုံ၊ ရန်အောင် ကြောင်းလေးမျိုးကို ကျွမ်းကျင်လိမ္မာစွာ တတ်မြောက်ထားသူသည် ဧကန်မုချ ရန်သူကို အောင်မြင်ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၉၆)
ဝါရဏတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဝါရဏမထေရ်လောင်းလျာသည် တိဿဘုရားရှင်ပွင့်မည့် ရှေ့ဖြစ်နိမိတ်ကို လူတို့အား ဟောကြား၍ နှစ်သက်ဝမ်းမြောက်ခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပုံ၊ ဤဂေါတမဘုရားရှင် လက်ထက်တော်၌ တောနေရဟန်းတစ်ပါးထံမှ တရားနာရသဖြင့် ရဟန်းပြုကာ မြတ်စွာဘုရားထံမှ ဩဝါဒခံယူပြီး ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၅၂)
ဝါရုဏိဒူသကဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည်၌ သူဌေးတစ်ဦးဖြစ်စဉ် သေရည်ကုန်သည်တစ်ယောက်သည် သူဌေးကို အမှီပြု၍ အသက်မွေးခဲ့ပုံ၊ တစ်နေ့သောအခါ ကုန်သည်က အကောင်းစား အရက်ကို ချက်၍ တပည့်ဖြစ်သူအား ရောင်းခိုင်းပြီး မြစ်ဆိပ်သို့ ရေချိုးသွားခဲ့ပုံ၊ အရက်ကုန်သည်ဖြစ်သူ ဆရာ ရေချိုးသွားနေစဉ် တပည့်ဖြစ်သူက အရက်ထဲသို့ ဆားများခပ်ထည့်လိုက်သဖြင့် အကောင်းစား အရက်များ ပျက်စီးသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၆၉)
ဝါလောဒကဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီမင်း၏ အမတ်ချုပ်ကြီးတစ်ဦး ဖြစ်စဉ် ပစ္စန္တရာဇ်အရပ်တို့၌ ပုန်ကန်ထကြွသဖြင့် သိန္ဓောမြင်းငါးရာတို့ကို ကစေလျက် စစ်အင်္ဂါလေးပါးတို့ဖြင့် သွားရောက်နှိမ်နင်းပုံ၊ စစ်တိုက်ရာမှ ပြန်လာသော သိန္ဓောမြင်းတို့အား မင်းကြီးက မုဒရက်ရေများကို တိုက်ကျွေးစေပုံ၊ အကြွင်းအကျန်များကို မြည်းများအား တိုက်ကျွေးစေသောအခါ သိန္ဓောမြင်းများက ငြိမ်သက်နေကြသော်လည်း သိန္ဓောမြင်းများ၏ စားကြွင်းကိုစားသော မြည်းများသည် မူးယစ်ကာ မြူးတူးအော်ဟစ်လျက် မင်းနန်းတော်ရင်ပြင်၌ ပြေးလွှားခုန်ပေါက်နေကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၈၇)
ဝါသိဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ်လေးကမ္ဘာအထက်၌ တိဝရာပြည်၌ ပန်းပဲသမား ဖြစ်ခဲ့ပုံ၊ မြတ်စွာဘုရားရှင်အား ပဲကွပ်တစ်ခုကို လှူဒါန်းခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်းမရှိရတော့ဘဲ ဤဂေါတမဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၄၉)
ဝါသေဋ္ဌဘာရဒွါဇဝတ္ထု
ဤဝတ္ထု၌ ဝါသေဋ္ဌပုဏ္ဏားနှင့် ဘာရဒွါဇပုဏ္ဏားနှစ်ဦးတို့သည် ဗြာဟ္မဏ(မြင့်မြတ်သူ) ဟူသော အသုံးအနှုန်း အမည်နာမနှင့် ပတ်သက်၍ အကြောင်းရင်းမှန်ကို ဆွေးနွေးကြပုံ၊ အဖြေရှာ မရသဖြင့် မြတ်စွာဘုရားထံ ချဉ်းကပ်ကာ မေးလျှောက်သောအခါ မြတ်စွာဘုရားက ဗြာဟ္မဏ၏အကြောင်းကို ပြည့်စုံစွာ ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင် သည်။ (သုတ္တနိ၊၃၇၂) (သုတ္တနိ၊ဋ္ဌ၊၂၊၁၈၃)
ဝါသေဋ္ဌဘာရဒွါဇဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း၌ သီတင်းသုံး နေထိုင်တော်မူစဉ် ဝါသေဋ္ဌနှင့် ဘာရဒွါဇ ရှင်သာမဏေနှစ်ပါး ဘုရားရှင်ထံ တရားနာရန် ချဉ်းကပ်ကြပုံ၊ ဘုရားရှင်က ပုဏ္ဏားမျိုးမှ သာသနာ့ဘောင် ဝင်ရောက်လာကြသဖြင့် အခြားပုဏ္ဏားများက သင်တို့အား မဆဲရေးပါသလောဟု မေးတော်မူပုံ၊ သာမဏေနှစ်ပါးက ‘‘တပည့်တော်တို့အား အခြားပုဏ္ဏားများက အမျိုးမျိုးအဖုံဖုံ ဆဲရေးကြကြောင်း’’ လျှောက်ထားပုံ၊ ဘုရားရှင်က ‘‘ပုဏ္ဏားများကို မဟာဗြဟ္မာကြီး ဖန်ဆင်းထားသည်၊ ဗြဟ္မာကြီး၏ ခံတွင်းမှ ဖြစ်သည်’’ စသော အယူဝါဒများသည် မဟုတ်မမှန်ကြောင်း၊ ပုဏ္ဏေးမများ ကိုယ်ဝန်တည်ကာ ပုဏ္ဏားလေးများကို မွေးဖွားလာသည့်အတွက် မဟာဗြဟ္မာကြီး၏ ခံတွင်းဟူသည် မိန်းမတို့၏ ယောနိဟု စွပ်စွဲရာ ရောက်ကြောင်း ဟောကြားတော်မူပုံ၊ ထို့နောက် ဝါသေဋ္ဌနှင့် ဘာရဒွါဇတို့အား အမျိုးတော်မူခဲ့ လေးပါးဖြစ်ပေါ်လာပုံ၊ ကမ္ဘာဖြစ်ပုံ၊ ပျက်ပုံ၊ လ-နေ စသည်တို့ ဖြစ်ပေါ်လာပုံ စသည်တို့ကို ဟောကြားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၃၊၆၆) (ဒီ၊ဋ္ဌ၊၃၊၄၃)
ဝါသေဋ္ဌီထေရီဝတ္ထု
ဤဝတ္ထု၌ ဝေသာလီမြို့မှ ဝါသေဋ္ဌီဟု အမည်ရှိသော အမျိုးသမီးတစ်ယောက်၏ သားကလေးသည် ပြေးလွှားဆော့ကစားသည့်အရွယ်၌ ကွယ်လွန်သွားပုံ၊ ဝါသေဋ္ဌီသည် ပူဆွေးသောကရောက်ကာ အရူးတစ်ပိုင်း ဖြစ်ခဲ့ပုံ၊ လင်နှင့်ဆွေမျိုးများ မသိခိုက် ထွက်ပြေးရာ ခရီးလမ်းအကြား၌ မြတ်စွာဘုရားကိုတွေ့မြင်၍ မြတ်စွာဘုရားက တရားအကျဉ်း ဟောသဖြင့် သတိသံဝေဂရပြီး ဘိက္ခုနီပြုကာ တရားအားထုတ်၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၁၂၈)
ဝိကဏ္ဏကဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည်၌ မင်းပြုစဉ် မင်္ဂလာ ရေကန်၌ အတီးအမှုတ်ပွဲ ကျင်းပသောအခါ ငါးများသည် ဂီတသံကြောင့် ပေါ်လာသည်ကို ကျေနပ်သဖြင့် နေ့စဉ် စည်သံပေး၍ အစာကျွေးခဲ့ပုံ၊ မိကျောင်းတစ်ကောင်သည် ထိုငါးတို့ကို လာစားသဖြင့် မိချောင်းအား မြှားနှင့်ပစ်ခဲ့ပုံ၊ မြားဒဏ်ရာရထားသော မိကျောင်း ဆင်းရဲဒုက္ခ ရောက်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၀၇)
ဝိကပ္ပနဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်နှင့် အရှင်အာနန္ဒာမထေရ်တို့သည် အိမ်တစ်အိမ်သို့ ကြွတော်မူကြစဉ် လူတို့က ဆွမ်းကပ်ကြသောအခါ အရှင်အာနန္ဒာမှာ အခြားပင့်ပြီးသူ ရှိနေသဖြင့် အကပ်မခံဘဲ နေပုံ၊ ထိုအခါ ဘုရားရှင်က အခြားရဟန်းတစ်ပါးအား မိမိအတွက် ဆွမ်းစားပင့်မှုကို စွန့်ခြင်းဝိကပ္ပနာပြုပြီး ဘုဉ်းပေးနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၀၅)
ဝိကပ္ပနဝတ္ထု
ဤဝတ္ထု၌ အရှင်ဥပနန္ဒသည် မိမိတပည့်အား ဝိကပ္ပနာပြုပြီး ပစ္စုဒ္ဓိုရ်မပြုဘဲ သုံးစွဲသောကြောင့် ‘‘ထိုသို့ သုံးစွဲသော ရဟန်းအာ ပါစိတ်အာပတ် သင့်၏’’ဟု ဝိကပ္ပန သိက္ခာပုဒ်ကို ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၁၅၉)
ဝိဂတိစ္ဆဇာတက
ဤဇာတ်တော်၌ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုစဉ် ဘုရားအလောင်းရသေ့သည် ဟိမဝန္တာတော ဂင်္ဂါမြစ်ကမ်းပါး၌ နေခဲ့ပုံ၊ ပရိဗိုဇ်တစ်ယောက်သည် ဘုရားလောင်းထံ ရောက်လာပြီး ဝါဒပြိုင်ရာ ရှုံးနိမ့်သဖြင့် ထွက်ပြေးခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၃၅)
ဝိဃာသာဒဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် သိကြားမင်း ဖြစ်စဉ် ကာသိရွာသား ညီနောင် (၇)ယောက်တို့သည် ရသေ့ဝတ်ကြ၍ တရားအားမထုတ်ဘဲ ပြောင်လှောင် ပျော်ပါးပြီး ခြင်္သေ့တို့၏ စာကြွင်းစားကျန်များကို ချက်ပြုတ်စားသောက်ကာ မြူးတူးပျော်ပါးလျက် အချိန်ဖြုန်းနေကြပုံ၊ ထိုအခါ သိကြားမင်းက ကျေးယောင်ဆောင်၍ ထိတ်လန့်အောင် ဆုံးမခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၉၁)
ဝိဇယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပိယဒဿီမြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်သောအခါ သရီရဓာတုစေတီတော်၌ ရတနာမျိုးစုံ စီခြယ်ထားသော ပွတ်လုံးပွတ်တိုင်တို့ကို ပြုလုပ်လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ နောက်ဆုံးဘဝ၌ သာဝတ္ထိမြို့ ပုဏ္ဏားမျိုး၌ဖြစ်ပြီး ရသေ့ဝတ်၍ ဈာန်ရခဲ့ပုံ၊ တစ်နေ့တွင် ဘုရားပွင့်တော်မူကြောင်း ကြားသိရ၍ ဘုရားရှင်ထံ လာရောက်၍ တရားနာကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၄၂)
ဝိဇယာထေရီဝတ္ထု
ဤဝတ္ထု၌ ခေမာမိဖုရား သာသနာ့ဘောင်သို့ ဝင်ရောက်ကြောင်း ကြားရသဖြင့် သူငယ်ချင်း ဖြစ်သူ ဝိဇယာသည် အားကျကာ သာသနာ့ဘောင်ဝင်လိုစိတ် ထက်သန်လာပုံ၊ ခေမာဘိက္ခုနီထံ လာရောက်၍ ဘိက္ခုနီပြုခွင့် တောင်းခဲ့ပုံ၊ ခေမာထေရီက တရားဟောပြသဖြင့် ဘိက္ခုနီဝတ်ပြီး ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၁၆၄)
ဝိဇယာရာမဝါသိတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဝိဇယာရာမဝါသီ ရဟန္တာမထေရ်ကြီးတစ်ပါးသည် ရဟန်းနှစ်ပါးတို့အား ကမ္မဋ္ဌာန်းပေးတော်မူစဉ် ရဟန်းတစ်ပါးက ‘‘သမုဒ္ဓေါ’’ ဟု ဓနိတသံဖြင့် ရွတ်ဆိုပုံ၊ ထိုအသံကို ကြားပြီး မထေရ်ကြီးက ‘‘သမုဒ္ဓေါ’’-ဟုပဲ ရွတ်ရွတ်၊ ‘‘သမုဒ္ဒေါ’’ဟု ပဲရွတ်ရွတ် ဆားငံရေတို့ဖြင့် ပြည့်နေသော မဟာသမုဒ္ဒရာကိုသာ လူအများက သိရှိကြောင်း မိန့်ကြားတော်မူပုံ၊ ထို့နောက် မထေရ်ကြီးက ‘‘သင်တို့သည် အနှစ်သာရဖြစ်သည့် အနက်အဓိပ္ပါယ်ကို မရှာမှီးဘဲ သဒ္ဒါကိုသာ ရှာမှီးလိုကြလျှင် သဒ္ဒါသင်ပေးသည့် မဟာဝိဟာရကျောင်းတိုက်များသို့ သွားကြကုန်’’ ဟု ကမ္မဋ္ဌာန်းမပေးတော့ဘဲ ပြန်လွှတ်လိုက်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၄၊၁၉)
ဝိဇိတသေနတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဝိဇိတသေနမထေရ်လောင်းလျာသည် အတ္ထဒဿီဘုရားရှင်အား သစ်သီးမျိုးစုံကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် လူနတ်ချမ်းသာတို့ကို ခံစားရပုံ၊ ဂေါတမဘုရားရှင် လက်ထက်တော်၌ ဝိဇိတသေန လုလင် ဖြစ်လာပုံ၊ အရှင်သေနနှင့်ဥပသေန ရဟန္တာမထေရ်မြတ် နှစ်ပါးတို့ထံတွင် ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၆၄)
ဝိဇိတာဝီစက္ကဝတ္တိဝတ္ထု
ဤဝတ္ထုသည် ကောဏ္ဍညဗုဒ္ဓဝံသ၌ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၅၆)
ဝိဇိတာဝီမဟာရာဇဝတ္ထု
ဤဝတ္ထုသည် ဖုဿဗုဒ္ဓဝံသ၌ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၈)
ဝိဇ္ဇာဓရဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် သိကြားမင်းဖြစ်စဉ် ဝိဇ္ဇာဓိုရ်တစ်ဦးသည် မန္တန်ကို ရွတ်ဖတ်၍ ညအခါ မိဖုရားခေါင်ကြီးနှင့် အတူ လာရောက်ပျော်ပါးပုံ၊ စုံစမ်းသောအခါ နေ့အခါ ရဟန်းဝတ်နှင့် နေသည်ကို တွေ့ရသောကြောင့် ရှင်ဘုရင်က ရဟန်းအားလုံးကို နိုင်ငံမှ နှင်ထုတ်ခဲ့ပုံ၊ ပြည်သူတို့ နတ်ပြည်မ သွားဘဲ အပါယ်လားရပုံ၊ သိကြားမင်းသည် ပစ္စေကဗုဒ္ဓါတစ်ပါးကို ပင့်ပြီး ကောင်းကင်မှ ကြွလာကာ ရှင်းပြမှ ရှင်ဘုရင်သည် ရဟန်းတော်တို့ကို နိုင်ငံတွင်းသို့ ဝင်ခွင့်ပြုခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၈၅)
ဝိဋဋူဘဝတ္ထု
ဤဝတ္ထု၌ ပသေနဒီကောသလမင်းသည် ဘုရားရှင်နှင့် ချစ်ကျွမ်းဝင်လို၊ အမျိုးတော်စပ်လိုသဖြင့် သာကီဝင်မင်းမျိုးတို့ထံမှ သမီးကညာတောင်းခံခဲ့ပုံ၊ သာကီဝင်များက မဟာနာမ်သာကီဝင်မင်း၏သမီး ဝါသဘခတ္တိယာကို ပေးအပ်ခဲ့ပုံ၊ ဝါသဘခတ္တိယာမှ ဝိဋဋူဘ သားတော်လေး ဖွားမြင်ခဲ့ပုံ၊ ဝိဋဋူဘမင်းသား အရွယ်ရောက်လာသောအခါ သာကီဝင်မင်းများက မတူမတန် ဆက်ဆံသည်ကို အကြောင်းပြု၍ ရန်ငြိုးထားခဲ့ပုံ၊ ဝိဋဋူဘမင်းသား ဘုရင်ဖြစ်လာသောအခါ သာကီဝင်မင်းမျိုးတို့အား တစ်ယောက်မကျန် သတ်ဖြတ်ခဲ့ပုံ၊ ဝိဋဋူဘနှင့်တကွ စစ်သည်ပရိသတ်များ ယခုဘဝ၊ ရှေးဘဝ အကုသိုလ်ကံများကြောင့် သမုဒ္ဒရာအတွင်းသို့ မျောပါသွားကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၁၄)
ဝိဓုရဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းသည် ကုရုတိုင်း ဣန္ဒပတ္တမြို့၌ ဓနဉ္စယကောရဗျမင်း၏ ဝိဓုရပဏ္ဍိတဟူသော အမည်ဖြင့် ပညာရှိအမတ်ကြီး ဖြစ်ခဲ့ပုံ၊ သိကြားမင်းနှင့် ဝရုဏနဂါးစသည်တို့အား အမတ်ကြီးက တရားဆုံးဖြတ်ပေးသဖြင့် နှစ်သက်သဘောကျကာ ဝိဓုရပဏ္ဍိတအမတ်ကြီးကို ဆုလာဘ်များ အသီးသီးပေးကြပုံ၊ ဝရုဏနဂါးမင်း၏ မိဖုရား ဝိမလာဒေဝီက ဝိဓုရပဏ္ဍိတ၏ တရားစကားကို နာကြားလိုသဖြင့် ဝိဓုရအမတ်ကြီး၏ နှလုံးသည်းပွတ်ကို ရယူလိုကြောင်း နဂါးမင်းထံ တောင်းဆိုခဲ့ပုံ၊ နဂါးမင်း၏သမီး ဣရန္ဓတီက ဝိဓုရနှလုံးသည်းပွတ်ကို ယူဆောင်ပေးသူအား နဂါးဖြစ်စေ၊ ဂန္ဓဗ္ဗနတ်ဖြစ်စေ၊ မိမိခင်ပွန်းအဖြစ် လက်ခံမည်ဖြစ်ကြောင်း ပြောကြားခဲ့ပုံ၊ ထိုအကြောင်းအရာကို ပုဏ္ဏကဘီလူး စစ်သူကြီးက ကြားသိသွားသောအခါ ကောရဗျမင်းနှင့် ကြွေအန်ကစားပြီး အနိုင်ရသဖြင့် ဝိဓုရအမတ်ကြီးအား နဂါးပြည်သို့ ခေါ်ဆောင်သွားခဲ့ပုံ၊ ပုဏ္ဏကဘီလူးက ဝိဓုရအမတ်ကြီးအား တောင်စောင်း၊ သစ်ပင်စသည်တို့နှင့် ရိုက်ပုတ်လျက် အသက်သေအောင် အမျိုးမျိုးသတ်သော်လည်း ဘုရားလောင်းဝိဓုရအမတ်ကြီး၏ ပါရမီတော် တန်ခိုးကြောင့် အသက်မသေပုံ၊ ပုဏ္ဏကနတ်ဘီလူး စစ်သူကြီးအား ဝိဓုရအမတ်ကြီးက သာဓုနရဓမ္မတရားတော်ကို ဟောကြားသဖြင့် ပုဏ္ဏကနတ်ဘီလူး ကြည်ညိုသွားပြီး နဂါးပြည်သို့ ပို့ဆောင်ပေးခဲ့ပုံ၊ နဂါးပြည်ရောက်သောအခါ ဝရုဏနဂါးမင်းနှင့် ဝိမလာဒေဝီစသော နဂါးပရိသတ်အား တရားဟောပြီး လူ့ပြည်သို့ ပြန်လည်ရောက်ရှိလာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၇၊၁၅၁)
ဝိဓူပနဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကမ္ဘာတစ်သိန်းအထက်၌ ပဒုမုတ္တရဘုရားရှင်အား ရတနာဖြင့် ပြီးသော ယပ်ကို လှူဒါန်းပူဇော်၍ လက်အုပ်ချီမိုး ရှိခိုးကာ မြောက်အရပ်သို့ ရှေ့ရှုဖဲသွားခဲ့ပုံ၊ ဘုရားရှင်သည် ယပ်ကို ကိုင်၍ ရဟန်းသံဃာတို့၏ အလယ်၌ ရပ်တော်မူလျက် ‘‘ဤပုဂ္ဂိုလ်သည် ယပ်အလှူကြောင့်လည်းကောင်း၊ စိတ်၏တောင်းတမှုကြောင့်လည်းကောင်း၊ ကမ္ဘာတစ်သိန်းပတ်လုံး ဖရိုဖရဲကျရာ အပါယ်လေးပါးသို့ မရောက်လတံ့’’ဟု မိန့်တော်မူခဲ့ပုံ၊ ကမ္ဘာခြောက်သောင်းအထက်၌ ဗီဇမာနအမည်ရှိသော စကြဝတေးမင်း တစ်ဆယ့်မြောက်ကြိမ်ဖြစ်ခဲ့ပုံ၊ ဤဂေါတမဘုရားရှင် သာသနာတော်၌ ခုနစ်နှစ်သားအရွယ်တွင် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၁၅)
ဝိနယဓရဝတ္ထု
ဤဝတ္ထု၌ ကျောင်းတိုက်ကြီး တစ်တိုက်လုံးရှိ ရဟန်းတို့သည် ဝိနည်းအရာ မကျွမ်းကျင်ကြ၊ ကံကြီး ကံငယ် အသွယ်သွယ်ကို မဆောင်ရွက်နိုင်ကြပုံ၊ ထိုကျောင်းတိုက်သို့ ဗဟုဿုတရှိပြီး ဝိနည်းကျွမ်းကျင်ပညာရှိ လဇ္ဇီသူမွန် ရဟန်းတစ်ပါး ကြွရောက်လာလျှင် ထိုအာဂန္တုရဟန်းကို ဝိုင်းဝန်းကူညီ ပြုစုလုပ်ကျွေး အားပေးရမည်ဖြစ်ပြီး ဝတ်ကြီးဝတ်ငယ် အသွယ်သွယ် ပြုစုကာ ပျော်အောင် ထားရမည်ဟု ဘုရားရှင်က မိန့်တော်မူခဲ့ပုံ၊ ထိုသို့ မပြုစုပါက ဒုက္ကဋ် အာပတ်သင့်စေဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၆၀)
ဝိနိစ္ဆကမဟာမတ္တဝတ္ထု
ဤဝတ္ထု၌ ရဟန်းတော်တို့သည် ဆွမ်းစားအပြန် မိုးရွာချသဖြင့် တရားရုံးသို့ မိုးဝင်ခိုကြပုံ၊ တရားသူကြီးတို့သည် လာဘ်စားကြပြီး မဟုတ်မတရား ဆုံးဖြတ်နေသည်ကို တွေ့ကြရပုံ၊ ကျောင်းရောက်သောအခါ ဘုရားရှင်အား လျှောက်ထားကြပုံ၊ ဘုရားရှင်က အဂတိကင်း ဆင်ခြင်ခြင်း အပြည့်ဖြင့် စစ်ဆေးမှသာ တရားနည်းလမ်းကျသော တရားသူကြီးများဖြစ်နိုင်ကြောင်း ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၄၁)
ဝိနီလဇာတက
ဤဇာတ်တော်၌ ဟင်္သာနှင့် ကျီးမတို့ နှီးနှောရာမှ မွေးဖွားလာသော ဝိနီလသည် ဘဝကို မေ့ကာ မတုပသင့်သူနှင့် တုပနေသဖြင့် ကျီးတို့ ပျော်ရာ မစင်ပုံအမှိုက်ပုံသို့သာ ပြန်ပို့ခံခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၃၄)
ဝိပက္ခသေဝကဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဝေဠုဝန်ကျောင်းနေ ရဟန်းတစ်ပါးသည် မိတ်ဆွေဖြစ်သူ ဒေဝဒတ်၏တပည့် ရဟန်းတစ်ပါးနှင့် ပေါင်းသင်းကာ ဒေဝဒတ်၏ လာဘ်လာဘများကို သုံးဆောင်မီီှဝဲပုံ၊ ထိုအကြောင်းအရာကို ရဟန်းတော်များ သိကြ၍ ဘုရားရှင်ထံ သွားရောက်လျှောက်ထားကြပုံ၊ ဘုရားရှင်က ဝိပက္ခသေဝကရဟန်းကို အကြောင်းပြု၍ မဟိဠာမုခဇာတ်ကို ဟောကြားသဖြင့် ရဟန်းတော်များ တရားထူးရကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၆၆)
ဝိပဿီဗုဒ္ဓဝံသ
ဤဗုဒ္ဓဝင်၌ ဝိပဿီဘုရားရှင်သည် ဗန္ဓုမတီနေပြည်တော်ရှိ ခမည်းတော် ဗန္ဓုမမင်းကြီးနှင့် မယ်တော်ဗန္ဓုမတီဒေဝီတို့မှ မွေးဖွားခဲ့ပုံ၊ သုတနုဒေဝီနှင့် နန်းစည်းစိမ်ခံစားကာ သမဝဋ္ဋက္ခန္ဓ သားတော်မွေးဖွားခဲ့ပုံ၊ အာဇာနည်မြင်းရထားဖြင့် တောထွက်ကာ သခွတ်ဗောဓိပင်ရင်း၌ ဘုရားဖြစ်တော်မူပုံ၊ ခဏ္ဍမထေရ်နှင့် တိဿမထေရ်-ဟူသော အဂ္ဂသာဝကနှစ်ပါး ရှိတော်မူပုံ၊ အသောကမထေရ်က ပြုစုလုပ်ကျွေးခဲ့ပုံ၊ ထိုအချိန်၌ ဂေါတမဗုဒ္ဓလောင်းလျာသည် အတုလနဂါမင်းဘဝဖြင့် နိယတဗျာဒိတ် ခံယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၂၊၉) (အဘိ၊ဋ္ဌ၊၁၊၆၉) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၇၇)
ဝိဗ္ဘန္တဘိက္ခုဝတ္ထု
ဤဝတ္ထု၌ အရှင်မဟာကဿပမထေရ်၏ တပည့် ရဟန်းတစ်ပါးသည် ကမ္မဋ္ဌာန်းတရားအားထုတ်ပြီး စတုတ္ထဈာန်ကို ရရှိခဲ့ပုံ၊ တစ်နေ့သောအခါ ရွှေပန်းထိမ်သည်၏ သမီးကို ချစ်ခင်စွဲလမ်းပြီး လူထွက်ခဲ့ပုံ၊ ရဟန်းလူထွက်သည် အလုပ်မလုပ်ဘဲ ပျင်းရိလွန်းသဖြင့် အိမ်မှ နှင်ထုတ်ခံရသောအခါ ခိုးသူများနှင့် ပေါင်းသင်းပြီး အသက်မွေးဝမ်းကျောင်း ပြုခဲ့ပုံ၊ တစ်နေ့သောအခါ ခိုးမှုဖြင့် အဖမ်းခံရပြီး သတ်မိန့်ကျသဖြင့် ရဟန်းလူထွက် သူခိုးအား သူသတ်ကုန်းသို့ ခေါ်ဆောင်သွားစဉ် အရှင်မဟာကဿပမထေရ်နှင့် တွေ့ဆုံခဲ့ပုံ၊ အရှင်မဟာကဿပမထေရ်က ယခင် အားထုတ်ခဲ့ဖူးသော ကမ္မဋ္ဌာန်းတရားကို ရှုမှတ်ပွားများရန် သတိပေးသဖြင့် ရှုမှတ်ပွားများရာ ရဟန်းလူထွက်သူခိုး စတုတ္ထဈာန်ကို တစ်ဖန် ရရှိပြီး အချုပ်အနှောင်မှ လွတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၃၅)
ဝိဘီတကမိဉ္ဇိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဝိဘီတကမိဉ္ဇိယမထေရ်လောင်း အမျိုးကောင်းသားသည် ကကုသန္ဓ မြတ်စွာဘုရားအား သစ်ဆိမ့်သီးအစေ့တို့ကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့၍ ဤဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၄)
ဝိမလကောဏ္ဍညတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်အား ရွှေပန်း(၄)ပွင့်တို့ကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘဝတို့၌သာ ဖြစ်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ဗိမ္ဗိသာရမင်းနှင့် အမ္ဗပါလိပြည့်တန်ဆာမတို့၏သား ဖြစ်ခဲ့ပုံ၊ ဝေသာလီပြည်သို့ ဘုရားရှင် ကြွရောက်လာစဉ် သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့၍ မကြာမီ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၈၂)
ဝိမလတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီဘုရားရှင်ကို ဖူးတွေ့ရ၍ ကြည်ညိုသော စိတ်ဖြင့် ခရုသင်းမှုတ်ကာ ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ ရာဇဂြိုဟ်မြို့သားတစ်ဦး ဖြစ်ပြီး ရဟန်းပြုကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၁၅၃)
ဝိမလတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဝိမလမထေရ်လောင်းလျာသည် ပရိနိဗ္ဗာန်စံလွန်တော်မူသော ပဒုမုတ္တရ ဘုရားရှင်၏ အန္တိမဈာပနသဘင် ကျင်းပရာနေရာ၌ မြတ်လေးပန်းများဖြင့် ပူဇော်ခဲ့ပုံ၊ ထိုကုသိုလ်ကံကြောင့် လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပုံ၊ ဤဂေါတမဘုရားရှင့်လက်ထက်တော်၌ ဝိမလပုဏ္ဏား ဖြစ်လာပုံ၊ အရှင်သောမိတ္တမထေရ်ထံ ရဟန်းပြု၍ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၈၄)
ဝိမလာထေရီဝတ္ထု
ဤဝတ္ထု၌ ဝေသာလီမြို့မှ ပြည့်တန်ဆာမတစ်ဦးဖြစ်သူ ဝိမလာသည် ဆွမ်းခံကြွလာသော အရှင်မဟာမောဂ္ဂလာန်ကို နှစ်သက်စွဲလမ်း၍ သီတင်းသုံးရာကျောင်းသို့ လိုက်ပြီး ဖြားယောင်းခဲ့ပုံ၊ အရှင်မဟာမောဂ္ဂလာန်က ခန္ဓာကိုယ်၏မတင့်တယ်ပုံကို ပြ၍ ဆုံးမသဖြင့် သူမသည် အရှက်အကြောက်ဝင်ကာ သံဝေဂရ၍ ဘိက္ခုနီဝတ်ကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊ဋ္ဌ၊၇၉)
ဝိရဝပုပ္ဖိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ရဟန္တာတစ်ထောင်နှင့်တကွ ကြွသွားတော်မူသော ဘုရားရှင်ကို ဖူးမြင်ရ၍ ကြည်ညို သဒ္ဓါစိတ်ဖြစ်ကာ ဝိရဝမည်သောပန်းကို ယူ၍ ဘုရားရှင်အား လှူဒါန်းပူဇော်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ရခြင်းမရှိဘဲ ဤဂေါတမဘုရားရှင့် သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၂၅၁)
ဝိရောစဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ကေသရာဇာခြင်္သေ့မင်း ဖြစ်၍ရွှေဂူ၌ နေစဉ် မြေခွေးတစ်ကောင်သည် ခြင်္သေ့မင်းကို မှီခိုနေ၍ ခြင်္သေ့မင်း၏ စားကြွင်းများကို စားကာ မာန်တက်ပုံ၊ ခြင်္သေ့ကို အတုလိုက်၍ အမုန်ယစ်နေသော ဆင်ကို ဖမ်းအုပ်ရန် ရွှေဂူပေါ်မှ ခုန်လိုက်ရာ ဆင်၏ ခြေရင်း၌ကျကာ ဆင်နင်းခံရပြီး သေဆုံးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၅၁၆)
ဝိဝဏ္ဏပေတဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီးနောက် အဇာတသတ်မင်းသည် မိမိအတွက် ဝေစုရသော ဘုရားရှင်၏ ဓာတ်တော်များကို ရက်ရှည်လများ ပူဇော်ခဲ့ပုံ၊ ရာဇဂြိုဟ်မြို့ရှိ သူကြွယ်တစ်ဦး၏ ဇနီးမယားနှင့် သမီးချွေးမတို့က ဓာတ်တော်ပူဇော်ရန် သွားကြပုံ၊ သူကြွယ်က ‘‘အရိုးကို ပူဇော်ခြင်းဖြင့် အဘယ်အကျိုးရှိမည်နည်း’’ဟု ပြောကြားခဲ့သဖြင့် ပြိတ္တာဘဝ ရောက်ခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပေတ၊၁၇၉) (ပေတ၊ဋ္ဌ၊၁၉၆)
ဝိသယှဇာတက
ဤဇာတ်တော်၌ ဘုရားလောင်း ဝိသယှသူဌေးသည် မြို့တံခါးလေးပေါက်၊ မြို့လယ်၊ မိမိ၏ အိမ်တံခါး ဤခြောက်ပါးသောဌာနတို့၌ အလှူဇရပ်များကို ဆောက်လုပ်ကာ နေ့စဉ်နေ့တိုင်း အသပြာခြောက်သိန်း အကုန်ကျခံ၍ အလှူဒါန ပြုလုပ်ခဲ့ပုံ၊ သိကြားမင်းက မိမိ၏ ဘုံဗိမာန် ဝိသယှသူဌေးထံ ရောက်မည်စိုးသဖြင့် သူဌေးကြီး၏ ပစ္စည်းဥစ္စာအားလုံးကို ကွယ်ဝှက်ထားခဲ့ပုံ၊ သူဌေးဇနီးမောင်နှံ နှစ်ယောက်တို့သည် အလှူဒါနဝတ်ကို မဖြတ်လိုသဖြင့် မြက်ရိတ်ရောင်းကာ အလှူဒါန ပြုခဲ့ကြပုံ၊ ခုနစ်ရက်မြောက်သောနေ့၌ အစာအာဟာရပြတ်ပြီး လဲနေသောအခါ သိကြားမင်းက ‘‘နောက်နောင် အလှူဒါန မပြုလုပ်တော့ပါ’’ ဟု ကတိပြုလျှင် ပစ္စည်းဥစ္စာများ ပြန်ပေးမည်ဖြစ်ကြောင်း ပြောကြားပုံ၊ ဝိသယှသူဌေးက လက်မခံဘဲ ဆက်လက်၍ လှူမြဲလှူမည်ဖြစ်ကြောင်း၊ မိမိ၏ အလှူဒါနသည် သိကြား၊ ဗြဟ္မာဖြစ်ဖို့ရန်အတွက် မဟုတ်၊ သဗ္ဗညုဉာဏ် ရဖို့ရန်သာ ရည်ရွယ်ကြောင်း ပြောကြားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၁၈)
ဝိသဝန္တဇာတက
ဤဇာတ်တော်၌ အရှင်သာရိပုတ္တရာလောင်း မြွေဟောက်ဘဝ၌ ဖြစ်စဉ် လူတစ်ယောက်ကို ကိုက်မိသဖြင့် ဆေးဆရာက မန္တန်ဖြင့် မြွေဟောက်ကို ခေါ်ပြီး အဆိပ်ကို ပြန်စုပ်ခိုင်းပုံ၊ မြွေဟောက်က အသက်သာ အသေခံမည်၊ စွန့်ပြီးသားအဆိပ်ကို ပြန်မမြိုဟု ဆိုကာ ဆေးဆရာစီမံထားသော မီးပုံကြီးဆီသို့ ဦးတည် သွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၃၂၈)
ဝိသာခတ္ထေရဝတ္ထု
ဤဝတ္ထု၌ ပါဋလိပုတ်ပြည်သား ဝိသာခသူဌေးသည် ‘‘သီဟိုဠ်ကျွန်းသည် စေတီတော်များဖြင့် ပြည့်နှက်၍ သင်္ကန်းရောင်တို့ဖြင့် ဝင်းဝင်းပြောင်လျက် ရှိ၏။ ဥတုသပ္ပါယစသည်နှင့် ပြည့်စုံ၍ တရားဓမ္မနာယူ ပွားများအားထုတ်ရန်လည်း လွယ်ကူ၏’’ ဟု ကြားသိကာ ပစ္စည်းဥစ္စာများကို သားမယားတို့အား အပ်နှင်းပြီး သီဟိုဠ်ကျွန်းသို့ သွားခဲ့ပုံ၊ သီဟိုဠ်ကျွန်းသို့ ရောက်သောအခါ မဟာဝိဟာရသို့ သွားကာ ရဟန်းဝတ်၍ တစ်နေရာ၌ လေးလမျှသာ နေထိုင်သီတင်းသုံးလေ့ရှိပုံ၊ စိတ္တလတောင်ပေါ်ကျောင်း၌ လေးလနေထိုင်ပြီး တခြားနေရာသို့ ပြောင်းရွှေ့မည်ပြုစဉ် သပြေပင်စောင့်နတ်က ငိုယိုလျက် လျှောက်ထားတောင်းပန်သဖြင့် ထိုတောင်၌ပင် ပရိနိဗ္ဗာန်စံသည်အထိ သီတင်းသုံးနေထိုင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊ဋီ၊၃၊၃၅၉) (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၃၀၅)
ဝိသာခပဉ္စာလပုတ္တတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဝိသာခပဉ္စာလပုတ္တမထေရ်လောင်းလျာသည် ပစ္စေကဗုဒ္ဓါတစ်ပါးကို သပျစ်သီ, သခွားသီ, ဖရဲသီး စသည်တို့ကို လှူဒါန်းခဲ့ပုံ၊ ထိုကုသိုလ်ကြောင့် လူနတ်ချမ်းသာတို့ကို ခံစားခဲ့ရပုံ၊ ဂေါတမဘုရားရှင်လက်ထက်၌ ဝိသာခပဉ္စာလပုတ္တမင်း ဖြစ်လာပုံ၊ မြတ်စွာဘုရားအထံမှ တရားနာရပြီး ရဟန်းပြုကာ ဝိပဿနာရှုပွား၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၄၂၃)
ဝိသာခါယသဟာယိကာဝတ္ထု
ဤဝတ္ထု၌ ဝိသာခါ၏သူငယ်ချင်း အမျိုးသမီးငါးရာတို့သည် သုရာပွဲသဘင်၌ မိမိတို့၏ ခင်ပွန်းများအတွက် သေရည်အရက် စီရင်ပေးကြပုံ၊ ဥယျာဉ်ကစား သွားပါဦးမည်ဟု ဝိသာခါထံ ခွင့်ပန်ကာ အရက်အကြွင်းအကျန်များကို ဥယျာဉ်အတွင်း၌ သောက်စားမူးယစ်ကြသဖြင့် ဝိသာခါ သိရှိပြီး နောင်အခါ ဥယျာဉ်ကစားခွင့် မပြုတော့ပုံ၊ ထိုအကြောင်းအရာကို ထိုအမျိုးသမီးတို့၏ ခင်ပွန်းများ သိရှိသွားပြီး ရိုက်နှက်ကြပုံ၊ တစ်နေ့သောအခါ ဝိသာခါနှင့်အတူ ဇေတဝန်ကျောင်းတော်သို့ သွားစဉ် အရက်များကို ဝှက်ယူလာပြီး ကျောင်းတွင်း၌ အရက်ခိုးသောက်သဖြင့် အရက်မူးပြီး ဘုရားရှင်၏ တရားပွဲသဘင်အတွင်း၌ လက်ခုပ်တီးကာ ကခုန်ကြပုံ၊ ဘုရားရှင်က တန်ခိုးပြကာ အမူးပြေစေပြီး တရားဟောသဖြင့် ဝိသာခါ၏ သူငယ်ချင်း အမျိုးသမီးငါးရာတို့ သောတာပန် တည်သွားခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၆၄)
ဝိသာခါဝတ္ထု
ဤဝတ္ထု၌ ဝိသာခါလောင်းလျာ အမျိုးသမီးသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌တွင် အဖိုးတစ်သိန်းထိုက်တန်သော အလှူဒါနကို ပေးလှူခဲ့ပုံ၊ ထိုကုသိုလ်ကောင်းမှုကြောင့် မြတ်သောအလုပ်အကျွေးဒါယိကာမဆုကို ကမ္ဘာတစ်သိန်း ကာလပတ်လုံး လူချမ်းသာ နတ်ချမ်းသာတို့ဖြင့် ကျင်လည်လှည့်လည်ခဲ့ရ၍ ဤဂေါတမဘုရားရှင်လက်ထက်တော် ဘုရားရှင်နှင့် ပထမဦးဆုံး တွေ့ရသည့်အချိန်၌ပင် သောတာပန် တည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊ဋ္ဌ၊၁၊၁၃၆)
ဝိသာခါဝတ္ထု
ဤဝတ္ထု၌ ဝိသာခါလောင်းလျာ အမျိုးသမီးသည် ပဒုမုတ္တရဘုရားရှင် ခြေတော်ရင်း၌ ကောင်းမှုပြုကာ ဆုတောင်းမှု ပြုခဲ့ပုံ၊ ဂေါတမဘုရားရှင်လက်ထက်တော်၌ ဝိသာခါဒါယိကာမ ဖြစ်ခဲ့ပုံ၊ မဟာလတာတန်ဆာကို ရောင်းချ၍ ကျောင်းဆောက် လှူဒါန်းခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၂၊၁၉၆)
ဝိသာခါဝတ္ထု
ဤဝတ္ထု၌ ဝိသာခါသည် ဘုရားရှင်အား ဆွမ်းစားပင့်ပြီးနောက် ကျွန်မတစ်ယောက်ကို ဆွမ်းစားချိန် လျှောက်ခိုင်းခဲ့ပုံ၊ လေးကျွန်းအနှံ့ မိုးကြီးရွာသောကြောင့် ရဟန်းတို့ ကိုယ်တုံးလုံး ရေချိုးနေသည်ကို တွေ့မြင်ခဲ့သဖြင့် ကျွန်မသည် ဝိသာခါကို ပြန်ပြောပြပုံ၊ ဝိသာခါသည် ဘုရားရှင်ထံ ဆု(၈)ပါးတောင်းပြီး ကိုယ်တုံးလုံး ရေချိုးခြင်းသည် စက်ဆုတ်ရွံရှာဖွယ် ဖြစ်၍ ကြည်ညိုဖွယ် မကောင်းကြောင်း၊ ထို့ကြောင့် သံဃာတော်အား တစ်သက်လုံး မိုးရေခံသင်္ကန်း လှူခွင့်ပြုရန် လျှောက်ထားသဖြင့် ဘုရားရှင် ခွင့်ပြုသောကြောင့် မိုးရေခံသင်္ကန်း လှူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၀၄)
ဝိသာခါဝတ္ထု
ဤဝတ္ထု၌ ဝိသာခါလောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ ဒါယိကာမအရာ ဧတဒဂ်ရသော ဥပါသိကာမတစ်ဦးကို အားကျ၍ ကုသိုလ်ပြုကာ ထိုဧတဒဂ်ရရန် ဆုတောင်းခဲ့ပုံ၊ ထိုကုသိုလ်ကံ အကျိုးဆက်ကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ အင်္ဂတိုင်း ဘဒ္ဒိယမြို့ မေဏ္ဍကသူဌေး၏မြေး၊ ဓနဉ္စယသူဌေး၏သမီး ဖြစ်၍ အသက်(၇)နှစ်အရွယ်၌ပင် သောတာပန် ဖြစ်ခဲ့ပုံ၊ ပုဗ္ဗာရုံကျောင်းကြီးကို ဆောက်လုပ်လှူဒါန်း၍ ဒါယိကာမအရာ ဧတဒဂ်ရရှိခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၃၊၄၃) (အံ၊ဋ္ဌ၊၁၊၃၁၁)
ဝိသာခါဝတ္ထု
ဤဝတ္ထု၌ ဝိသာခါအတွက် ပေးပို့လိုက်သော ပစ္စည်းဥစ္စာရတနာများအပေါ် ကောသလမင်း၏ အကောက်ခွန်ဝန်ထမ်းများက အခွန်အခ ပိုမိုကောက်ခံခဲ့ပုံ၊ ဝိသာခါသည် ကောသလမင်းကို တိုင်ကြားရန် နန်းတော်ကြီးသို့ သွားခဲ့ပါသော်လည်း အချိန်သာကုန်ဆုံး၍ မင်းနှင့် မတွေ့ဆုံခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၁၄၀)
ဝိသာခါဝတ္ထု
ဤဝတ္ထု၌ ဝိသာခါကျောင်းအမကြီး၏သားမှ မွေးဖွားသော မြေးမလေးသည် လိမ္မာရေးခြားရှိပုံ၊ အိမ်သို့ ကြွလာသော သံဃာတော်တို့၏ ဝတ်ကြီးဝတ်ငယ်အသွယ်သွယ်တို့ကို ဖြည့်ကျင့်တတ်၍ ဝိသာခါအပြင်ထွက်ရာ၌လည်း အားကိုးရသော အဖော်မွန် ဖြစ်ခဲ့ပုံ၊ တစ်နေ့တွင် ထိုမြေးမလေး ရောဂါဖြင့် ကွယ်လွန်သောကြောင့် သောတာပန် ဝိသာခါ သောကရောက်ရပုံ၊ မြတ်စွာဘုရားက ‘‘ချစ်မြတ်နိုးမှုကြောင့် သောကဖြစ်ပေါ်ရသည်၊ ချစ်မြတ်နိုးမှု ကင်းမှ သောက ကင်းမည်’’ဟု ဟောတော်မူပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဥဒါန၊ဋ္ဌ၊၃၈၄) (ဓမ္မ၊ဋ္ဌ၊၂၊၁၈၁)
ဝိသာခါဝတ္ထု
ဤဝတ္ထု၌ ဝိသာခါသည် မိန်းမတို့၌ ရှိသင့်သော ကောင်းခြင်းငါးသွယ်နှင့် ပြည့်စုံပုံ၊ ဝိသာခါသတို့သမီး၏ မင်္ဂလာဆောင်ပွဲ ဆင်နွှဲရာ၌ ကြီးကျယ်ခမ်းနားပုံ၊ မဟာလတာတန်ဆာ၌ ပါဝင်သော ရတနာ ပစ္စည်းများနှင့် တန်ဖိုးများကို ဖော်ပြထားပုံ၊ ဝိသာခါအတွက် ဖခင်က အမွေပေးပုံ၊ အမျိုးသမီးတိုင်း လိုက်နာသင့်သော ဝိသာခါအတွက် အဆုံးအမဩဝါဒဆယ်ချက်ကို ဖော်ပြထားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၄၂)
ဝိသာခါဝတ္ထု
ဤဝတ္ထု၌ ဝိသာခါကျောင်းအမကြီးသည် ဥယျာဉ်သို့ သွားရန် ဝတ်စားဆင်ပြင်၍ ထွက်လာစဉ် ဘုရားရှင်ထံ ချဉ်းကပ်ရန် စိတ်ကူးရပြီး လက်ဝတ်ရတနာများကို အထုပ်ထုပ်၍ ကျွန်မအား အပ်ထားပြီး ဘုရားရှင်ထံ ချဉ်းကပ်၍ တရားနာပုံ၊ တရားနာရာမှ အပြန်တွင် ရတနာထုပ်ကို ကျွန်မက မေ့ကျန်ရစ်ခဲ့ပုံ၊ ရဟန်းတော်တို့က တွေ့၍ ဘုရားရှင်အား လျှောက်ထားရာ ကျောင်းတွင်း၌ တွေ့ရသော ရတနာများကို သိမ်းထားရမည်ဟု ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၂၊၂၁၀)
ဝိသာလက္ခီဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးနောက် ဓာတ်တော်ပူဇော်ပွဲမှ သရီရဓါတ်တော်များကို ယူဆောင်၍ အဇာတသတ်မင်းသည် ဓာတ်တော်ပူဇော်ပွဲနှင့် စေတီတည်ပွဲ ကျင်းပခဲ့ပုံ၊ ရာဇဂြိုဟ်မြို့သူ ရွှေပန်းတိမ်သည်၏သမီး သုနန္ဒာမည်သော ဥပါသိကာမသည် စေတီတော်ကို ပန်းများဖြင့် ပူဇော်ခဲ့သည့် ကုသိုလ်ကံကြောင့် တာဝတိံသာနတ်ပြည်၌ ဖြစ်ခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (ဝိမာန၊ဋ္ဌ၊၁၅၄)
ဝိဿာသဂဟဏဝတ္ထု
ဤဝတ္ထု၌ ရောဇမလ္လမင်းသားသည် အရှင်အာနန္ဒာ၏သူငယ်ချင်း ဖြစ်ရာ ရောဇသည် ခေါမတိုင်းဖြစ် အဝတ်အဟောင်းကို မထေရ်ထံ အပ်ထားပုံ၊ မထေရ်မှာလည်း ထိုအဝတ်ကို လိုအပ်နေသဖြင့် ဘုရားရှင်အား လျှောက်ထားရာ ခင်မင်သောအားဖြင့် ယူနိုင်ကြောင်း ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၄၁၁)
ဝိဿာသဘောဇနဇာတက
ဤဇာတ်တော်၌ ခြင်္သေ့တစ်ကောင်သည် သမင်မ၌ ချစ်ကျွမ်းဝင်နေသည်ကို နွားကျောင်းသားက သိသဖြင့် သမင်မကို ပိုက်ဖြင့် ဖမ်းယူပြီး ထိုသမင်မတစ်ကိုယ်လုံးကို အဆိပ်သုပ်လိမ်းထားပုံ၊ ခြင်္သေ့ရှိရာသို့ လွှတ်လိုက်၍ ခြင်္သေ့က ချစ်နှစ်သက်စွာဖြင့် ထိုသမင်မကိုယ်ကို လျက်သောအခါ အသက်ဆုံးရှုံးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၁၁)
ဝိဟာရဝတ္ထု
ဤဝတ္ထု၌ ဝိသာခါကျောင်းအမကြီးသည် ပွဲလမ်းသဘင်သွားရန် ဖီးလိမ်းပြင်ဆင်ပြီးနောက် ပွဲမသွားတော့ဘဲ ဇေတဝန်ကျောင်းတော်သို့ သွားကာ တရားနာယူခဲ့ပုံ၊ ကျောင်းတော်မှ အပြန်တွင် မဟာလတာ တန်ဆာမေ့ကျန်ခဲ့သဖြင့် ထိုမဟာလတာတန်ဆာကို ၉-ကုဋေဖြင့် ရောင်းကာ ကျောင်းဆောက်လှူဒါန်းခဲ့ပုံ၊ ကျောင်းရေစက်ချပွဲတော်၌လည်း ၉-ကုဋေအကုန်အကျခံကာ လှူဒါန်းပြီး မိမိ၏ သူငယ်ချင်း ငါးထောင်တို့အား ဝမ်းမြောက်ဝမ်းသာ အမျှအတန်းဝေပုံ၊ သူငယ်ချင်း ငါးထောင်တို့သည် ကွယ်လွန်ကြသောအခါ တာဝတိံသာနတ်ပြည်၌ ဖြစ်ပြီး ဝိသာခါမှာမူ နိမ္မာနရတီနတ်ပြည်၌ သုနိမ္မိတနတ်မင်း၏ နတ်မိဘုရားကြီး ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိမာန၊၆၀) (ဝိမာန၊ဋ္ဌ၊၁၇၁)
ဝိဟာရာနုဇာနနဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ကျောင်းကို ခွင့်မပြုသေးသဖြင့် တောထဲ၊ တောင်ထဲ၊ သစ်ပင်အောက်၊ လိုဏ်ဂူ၊ သုသာန်၊ ကောက်ရိုးပုံ၊ လွင်တီးခေါင်တို့၌ နေထိုင်၍ စောစောစီးစီး ထကာ ကြည်ညိုဖွယ်ရာ ဆွမ်းခံဝင်ကြပုံကို ရာဇဂြိုဟ်သူဋ္ဌေး တွေ့မြင်ပြီး ကြည်ညိုလာကာ ကျောင်းလှူလိုစိတ် ဖြစ်ပေါ်လာပုံ၊ ဘုရားရှင်အား လျှောက်ထားရာ ခွင့်ပြုတော်မူသဖြင့် ကျောင်းအလုံးခြောက်ဆယ် ဆောက်၍ လှူခဲ့ပုံ၊ ဘုရားရှင်က စာတုဒ္ဒိသသံဃိကကျောင်းအဖြစ် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၉၀)
ဝီဏာထူဏဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် သူဌေးမျိုး၌ ဖြစ်၍ မိမိ၏သားအတွက် ဗာရာဏသီ သူဌေးသမီးနှင့် ထိမ်းမြားရန် စီစဉ်ထားပုံ၊ ထိုသူဌေးသမီးသည် ဘို့ထနေသော နွားလားဥသဘကို လူတို့မြတ်နိုးသည်ကို မြင်၍ ခါးကုန်းပြီး ကျောတွင် ဘုပါသော လူတစ်ယောက်အား ယောက်ျားမြတ်ဟု ထင်မှတ်ကာ ထိုယောကျ်ားနှင့် လိုက်ပြေးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၀၅)
ဝီတသောကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဝီတသောကမထေရ်လောင်းရသေ့သည် သိဒ္ဓတ္ထဘုရားရှင်ကို အဖူးမြော်လာစဉ် ဘုရားအာရုံဖြင့် စုတေခဲ့ပုံ၊ သူသည်ဂေါတမဘုရားရှင်၏ သာသနာတော်၌ တတိယသင်္ဂါယနာတင် သီရိဓမ္မာသောက မင်းကြီး၏ ညီတော် ဖြစ်လာပုံ၊ လူ့ဘဝဖြင့် သုတ္တန်နှင့် အဘိဓမ္မာပိဋကတို့၌ ကျွမ်းကျင်ပုံ၊ မုတ်ဆိတ်ရိတ်စဉ် မှန်ထဲတွင် ဆံပင်ဖြူများ ပေါက်နေသည်ကို သံဝေဂယူကာ ဘာဝနာကမ္မဋ္ဌာန်းစီးဖြန်းသဖြင့် လူ့ဘဝဖြင့် သောတာပန်ဖြစ်ပုံ၊ နောင်တွင် ဂီရိဒတ္တမထေရ်ထံတွင် ရဟန်းပြုကာ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၃၇၅)
ဝီထိသမ္မဇ္ဇကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော ကိုးဆယ်တစ်ကမ္ဘာအထက်၌ မြို့သူမြို့သားတို့နှင့်အတူ လမ်းများကို တံမြက်လှည်းခြင်း၊ ရှင်းလင်းခြင်းအမှုကို ပြုခဲ့ပုံ၊ ခြောက်သောင်းတစ်ထောင်သော ရဟန္တာတို့ ခြံရံလျက် ကြွတော်မူလာသော သိခီဘုရားရှင်ကို ဖူးမြင်ရ၍ အထူးကြည်လင်သော စိတ်ဖြင့် ဘုရားရှင်ကြွလာသောလမ်းကို တံမြက်လှည်း၍ တံခွန်ကို စိုက်ထူပူဇော်ခဲ့ပုံ၊ ထိုကောင်းမှုကံကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး မလားရောက်ရတော့ဘဲ လွန်ခဲ့သောလေးကမ္ဘာအထက်၌ သုဓဇဟုထင်ရှားသော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၉၅)
ဝီရကဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဟိမဝန္တာတောတွင်း တစ်နေရာ၌ ရေအိုင်တစ်ခုကို အမှီပြုနေထိုင်သော တင်ကျီးငှက် ဖြစ်စဉ်၊ ဒေဝဒတ်လောင်းကျီးကန်း ရောက်ရှိလာပြီး ဘုရားလောင်း တင်ကျီးထံ ဆည်းကပ်ခစားခဲ့ပုံ၊ တင်ကျီးကို တုသဖြင့် ကျီးကန်း ရေနစ်သေဆုံးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၂၊၁၃၆)
ဝီရတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီမြတ်စွာဘုရားအား ပန်းတို့ဖြင့်ပူဇော်ခဲသော ကုသိုလ်ကောင်းှုကြောင့် လူ့ပြည်နတ်ပြည်တို့၌ ကျင်လည်ခဲ့၍ သာသနာတော်၌ ဝီရမထေရ်-ဟူသော အမည်ဖြင့် (ထေရ၊ဋ္ဌ၊၁၊၆၁)
ဝုဍ္ဎပဗ္ဗဇိတဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် သံဃာတော်ပေါင်း (၁၂၅၀)တို့နှင့်အတူ အာတုမာမြို့သို့ ကြွရောက်တော်မူခဲ့ပုံ၊ ဆတ္တာသည်ဖြစ်ခဲ့ဖူးသော တောထွက်ရဟန်းကြီးတစ်ပါးသည် မိမိ၏သားနှစ်ဦးဖြစ်သော ကိုရင်ငယ်တို့ကို စေလွှတ်၍ အိမ်စဉ်လှည့်ကာ ဆန်, ဆီ, ဆား စသည်တို့ကို စုဆောင်းစေပုံ၊ ယာဂုကျို၍ ဘုရားရှင်အား ဆက်ကပ်သောအခါ မအပ်စပ်၍ ဘုရားရှင်က ငြင်းပယ်လိုက်သဖြင့် တောထွက်ရဟန်းကြီးက ရန်ငြိုးဖွဲ့ခဲ့ပုံ၊ ဘုရားရှင်က ‘‘ရဟန်းတို့သည် မအပ်စပ်သော နည်းဖြင့် စားဖွယ်သောက်ဖွယ်များကို မစုဆောင်းရ’’ဟု ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၃၄၇) (ဒီ၊ဋ္ဌ၊၂၊၁၉၁) (သာရတ္ထ၊ဋီ၊၁၊၂၉) (သာရတ္ထ၊ဋီ၊၃၊၃၃၂) (သီ၊ဋီ၊သစ်၊၁၊၄၀)
ဝုဍ္ဎပဗ္ဗဇိတသုမနာထေရီဝတ္ထု
ဤဝတ္ထု၌ ဝုဍ္ဎပဗ္ဗဇိတသုမနာထေရီလောင်းလျာသည် ရှေးရှေးဘုရားရှင်တို့အထံ၌ ကောင်းမှုကုသိုလ်များ ပြုလုပ်အားထုတ် ဆည်းပူးခဲ့၍ ဤဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိပြည် မဟာကောသလမင်းကြီး၏နမ ဖြစ်လာပုံ၊ ကောသလမင်းကြီးအား ဘုရားရှင်က ‘‘ငယ်ရွယ်သော်လည်း အထင်မသေးသင့်၊ မထီမဲ့မြင် မပြုသင့်သောအရာ လေးမျိုးအကြောင်း’’ ရှင်းလင်းဟောကြားသော တရားတော်ကို ကြားနာရသောအခါ သရဏဂုံသီလဆောက်တည်ပြီး ဘိက္ခုနီဝတ်လိုသော်လည်း အဖွားကို ပြုစုစောင့်ရှောက်နေရသဖြင့် မဝတ်ခဲ့ရပုံ၊ အဖွားဖြစ်သူ ကွယ်လွန်သောအခါ ဇေတဝန်ကျောင်းတော်သို့ သွား၍ အဝတ်အခင်းခြုံထည်များကို သံဃာတော်များအား ပေးလှူစဉ် ဘုရားရှင်၏ တရားတော်ကို နာကြားရသဖြင့် အနာဂါမ်တည်ကာ ဘိက္ခုနီ ဝတ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရီ၊၃၇၉) (ထေရီ၊ဋ္ဌ၊၂၃)
ဝေဒဗ္ဗဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းတော်သည် တစ်ခုသောရွာငယ်၌ ဝေဒဗ္ဗပုဏ္ဏားကြီး၏ တပည့်တစ်ဦး ဖြစ်ခဲ့ပုံ၊ တစ်နေ့သောအခါ မိမိရွာမှ ထွက်၍ စေတတိုင်းသို့ သွားစဉ် လမ်းခရီးအကြား၌ ခိုးသူတို့၏ ဖမ်းဆီးနှောင်ဖွဲ့ခံခဲ့ရပုံ၊ ခိုးသူများက တပည့်ကို ငွေရှာရန် ပြန်လွှတ်လိုက်ပြီး ဆရာဖြစ်သူ ဝေဒဗ္ဗပုဏ္ဏားကြီးကို ဖမ်းထားပုံ၊ တပည့်ဖြစ်သူ ဘုရားအလောင်းက မိမိဆရာအား မကြာမီရက်အတွင်း၌ ရတနာမိုးရွာသွန်းစေနိုင်သော နက္ခတ်နှင့် ယှဉ်တော့မည်ဖြစ်ကြောင်း၊ ဝေဒဗ္ဗမန္တန်ကို မရွတ်ဆိုဖို့ အကြောင်း၊ ရွတ်ဆိုလျှင် အားလုံးသေကျေပျက်စီးကြမည်ဖြစ်ကြောင်း အတန်တန် မှာကြားသော်လည်း နားမထောင်ဘဲ ပုဏ္ဏားသည် နက္ခတ်နှင့် ယှဉ်သောအခါ ဝေဒဗ္ဗမန္တန်ကို ရွတ်ဆိုပြီး ရတနာမိုးကိုရွာသွန်းစေသဖြင့် ခိုးသားတစ်ထောင်နှင့်တကွ မိမိပါ သေကျေပျက်စီးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၇၀)
ဝေဒိကာရကတ္ထေရဝတ္ထု
ဤဝတ္ထု၌ ဤမထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရား၏ ဗောဓိပင်အောက်ခြေ မြေအရပ်၌ ပွတ်လုံး ပွတ်တိုင် ပြုလုပ်လှူဒါန်းခဲ့ပုံ၊ ထိုကောင်းမှုကြောင့် ဒုဂ္ဂတိဘုံသို့ မလားရောက်ခဲ့ရဘဲ ဘဝတိုင်း၌ ကောင်းကင်မှ ပစ္စည်းမျိုးစုံတို့ အလိုလို ကျရောက်လာပုံ၊ ဤဂေါတမဗုဒ္ဓလက်ထက်ဝေဒိကာမထေရ်-ဟူသော အမည်ဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၂၉)
ဝေဒေဟိကာဝတ္ထု
ဤဝတ္ထု၌ သာဝတ္ထိပြည်၌ ဝေဒေဟိကာအမည်ရှိသော အိမ်ရှင်မတစ်ယောက်သည် နူးညံ့သိမ့်မွေ့ပြီး သူမ၏ကောင်းသတင်းသည် တစ်မြို့လုံး၌ပျံ့နှံ့ခဲ့ပုံ၊ အိမ်မှုကိစ္စကျွမ်းကျင်သော ကာဠီအမည်ရှိသော ကျွန်မတစ်ယောက်သည် ဝေဒေဟိကာ၏ ကောင်းသတင်း တကယ်ရှိ မရှိ စုံစမ်းရာ သုံးရက်မြောက်နေ့၌ ဝေဒေဟိကာက ကာဠီ၏ ဦးခေါင်းကို ရိုက်ခွဲခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၁၊၁၇၆) (မ၊ဋ္ဌ၊၂၊၅)
ဝေနသာခဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် တက္ကသိုလ်ပြည်၌ ဒိသာပါမောက္ခဆရာကြီး ဖြစ်စဉ် ဗာရာဏသီမင်း၏ သား ဗြဟ္မဒတ္တမင်းသားကို အတတ်ပညာများ သင်ကြားပေးပြီးနောက် ‘‘သူတစ်ပါးတို့အား အနိုင်အထက် မပြုသင့်ကြောင်း၊ ကောင်းမှုပြုလျှင် ကောင်းကျိုး၊ မကောင်းမှုပြုလျှင် မကောင်းကျိုးကို ခံစားရမည် ဖြစ်ကြောင်း’’ ဆုံးမဩဝါဒပေးလိုက်ပုံ၊ ဗြဟ္မဒတ္တမင်းသားသည် ဗာရာဏသီမင်းအဖြစ်ကို ရရှိလာသောအခါ ဒေဝဒတ်လောင်း ပိင်္ဂိယပုရောဟိတ်နှင့်ပေါင်း၍ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကို အုပ်ချုပ်ရန် မင်းပေါင်းတစ်ထောင်တို့အား တိုက်ခိုက်ဖမ်းယူပုံ၊ ဗြဟ္မဒတ္တမင်းသည် တက္ကသိုလ်ပြည်ကိုပါ တိုက်ခိုက်သိမ်းပိုက်ရန် သွားစဉ် ဘုရားအလောင်းက မြို့ကို အခိုင်အခံ့ စီမံထားသဖြင့် တိုက်ခိုက်၍ မရပုံ၊ ထိုအခါ ပိင်္ဂိယပုရောဟိတ်၏ အကြံပေးချက်အရ ဗြဟ္မဒတ္တမင်းက ဖမ်းထားသော မင်းတစ်ထောင်တို့၏ မျက်လုံးများကို ဖောက်ထုတ်၍ ဂင်္ဂါမြစ်ကမ်းအနီးရှိ ညောင်ပင်ကြီးတစ်ပင်၌ ယဇ်ပူဇော်ပုံ၊ တက္ကသိုလ်ပြည်၏ ပြအိုး(ပစ္စင်)မှ ဘီလူးတစ်ကောင် ရောက်ရှိလာပြီး ဗြဟ္မဒတ္တမင်း၏ ညာဘက်မျက်လုံးကို ဖောက်ထုတ်ပုံ၊ ဗြဟ္မဒတ္တမင်းကြီးသည် ဆင်းရဲဝေဒနာ ပြင်းစွာခံစားရလျက် ညောင်ပင်ရင်း၌ ပက်လက်အိပ်နေစဉ် လင်းတတစ်ကောင် ချီလာသော အမဲရိုးပြုတ်ကျပြီး မင်းကြီး၏ ဘယ်ဘက်မျက်လုံးကို ထိုးဖေါက်သွားပုံ၊ ထိုအချိန်ကျမှ ဒိသာပါမောက္ခဆရာကြီး၏ ဩဝါဒစကားကို သတိရပြီး ယောင်ယမ်းမြည်တမ်းပြောဆိုလျက် သေဆုံးသွားခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၁၄၆)
ဝေပစိတ္တိအသုရိန္ဒဝတ္ထု
ဤဝတ္ထု၌ အသုရာနှင့် နတ်တို့ စစ်ပွဲဖြစ်ပွားကြသောအခါ အသုရာတို့က တာဝတိံသာနတ်တို့အား စစ်နိုင်လျှင် နတ်တို့သနင်း သိကြားမင်းကို ဖမ်းဆီး၍ လည်ပင်း၌ ကြိုးကွင်းစွပ်ကာ ဆွဲခေါ်ခဲ့ရန် အမိန့်ပေးပုံ၊ သိကြားမင်းကလည်း တာဝတိံသာနတ်တို့ကို အသုရာတို့အား စစ်နိုင်လျှင် ဝေပစိတ္တိအသုရာကို လည်ပင်းကြိုးကွင်းတပ်၍ ဖမ်းခဲ့ရန် အမိန့်ပေးထားပုံ၊ တစ်ခါတွင် တာဝတိံသာနတ်တို့က စစ်နိုင်သဖြင့် ဝေပစိတ္တိအသုရာကို လည်ပင်းကြိုးကွင်းတပ်၍ ဖမ်းလာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၂၊၄၀၄)
ဝေမာနိကပေတီဝတ္ထု
ဤဝတ္ထု၌ ကဿပဘုရားရှင်လက်ထက်တော်၌ သောတာပန်ဥပါသကာသည် မိမိ၏ ဇနီး သူတစ်ပါးနှင့် ဖောက်ပြန်နေသည်ကို တွေ့မြင်ကာ မေးမြန်း စစ်ဆေးခဲ့ပုံ၊ ဥပါသကာ၏ဇနီး ကွယ်လွန်သည့်အခါ ကဏ္ဍမုဏ္ဍကရေအိုင်အနီး၌ ဝေမာနိကပြိတ္တာမ ဖြစ်ပြီး ညစဉ်ညတိုင်း ခွေးစားခံရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဒီ၊ဋ္ဌ၊၃၊၁၇၈) (အံ၊ဋီ၊၃၊၁၇၁)
ဝေယျာဝစ္စကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် မိမိ၌ လှူဖွယ်ပစ္စည်းမရှိ၍ ကုသိုလ်ရေးအသင်းအဖွဲ့များတွင် အလုံးစုံသော ကိစ္စတို့၌ ကြောင့်ကြစိုက်ကာ (ဝေယျာဝစ္စ)တို့ကို စိတ်ပါလက်ပါ ဆောင်ရွက်ခဲ့ပုံ၊ ဤကုသိုလ်ကောင်းမှုကြောင့် ထိုဘဝမှစ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့တော့ဘဲ ရှစ်ခုမြောက်ကမ္ဘာ၌ သုစိန္တိတမည်သော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဂေါတမဘုရားရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများပါဝင်သည်။ (အပ၊၁၊၁၅၂)
ဝေရဉ္ဇဗြာဟ္မဏဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ဝေရဉ္ဇာမြို့ နဠေရုတမာပင်ရင်း၌ သီတင်းသုံးတော်မူစဉ် ဝေရဉ္ဇပုဏ္ဏားကြီး ရောက်လာပြီး ဘုရားရှင်အား အယူအဆများနှင့် ပတ်သက်၍ ပြစ်တင်ရှုတ်ချပုံ၊ ဘုရားရှင်၏ ရှင်းပြချက်ကြောင့် ကျေနပ်နားလည်ပြီး ဝေရဉ္ဇာ၌ ဝါကပ်ရန် ပင့်သွားပုံ၊ ဘုရားရှင် ဝေရဉ္ဇာတွင် သံဃာငါးရာနှင့် ဝါကပ်စဉ် ဝေရဉ္ဇာမြို့ အစာရေစာငတ်မွတ်ခေါင်းပါးဘေး ဆိုက်ရောက်ပုံ၊ မြင်းကုန်သည်တို့ထံမှ မြင်းစာ ဂျုံကြမ်းများကို ဆုံဖြင့် ဖွပ်၍ ဘုဉ်းပေးကြရပုံ၊ အရှင်သာရိပုတ္တရာမထေရ်က သာသနာတော် အရှည်တည်ရန် သိက္ခာပုဒ် ပညတ်ရန် လျှောက်ထားခဲ့ပုံ၊ ဘုရားရှင်က ခေတ္တဆိုင်းငံ့ရန် မိန့်တော်မူပုံ၊ ဝါကျွတ်သောအခါ ဝေရဉ္ဇပုဏ္ဏားကြီးကို ပန်ကြား၍ ဝေသာလီသို့ ကြွတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၁၊၁) (အံ၊၃၊၁၈)
ဝေရဟစ္စာနိဝတ္ထု
ဤဝတ္ထု၌ အရှင်ဥဒါယီမထေရ်သည် ကာမဏ္ဍမြို့ တောဒေယျပုဏ္ဏား၏ သရက်ဥယျာဉ်၌ သီတင်းသုံးတော်မူစဉ် ဝေရဟစ္စာနိပုဏ္ဏေးမ၏ တပည့်ပုဏ္ဏေးမက ဆွမ်းစားပင့်ခဲ့ပုံ၊ ထိုပုဏ္ဏေးမသည် ဖိနပ်စီးပြီး မြင့်သော နေရာ၌ နေလျက် ခေါင်းမြီးခြုံကာ တရားဟောရန် လျှောက်ထားသဖြင့် ဥဒါယီမထေရ်က တရားမဟောဘဲ ပြန်ကြွတော်မူခဲ့ပုံ၊ နောက်တစ်ကြိမ် ဖိနပ်ချွတ်ကာ နိမ့်သော နေရာ၌ နေလျက် ခေါင်းမြီးခြုံကို ဖွင့်၍ တရားဟောရန် တောင်းပန်သောအခါမှ တရားဟောတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၂၊၃၃၇)
ဝေရိဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် ဗာရာဏသီပြည်၌ သူဌေးကြီး ဖြစ်စဉ် ရွာငယ်တစ်ရွာမှ ထမင်းစားဖိတ်သဖြင့် သွားခဲ့ရာ လမ်းတွင် ခိုးသူတို့ကို တွေ့မြင်ရပုံ၊ ‘‘ခိုးသူတို့လက်မှ လွတ်ရန် မိမိအိမ်သို့ အမြန်ပြန်ခြင်းသည် အကောင်းဆုံးဖြစ်သည်’’ဟု ဆုံးဖြတ်၍ ပြန်ခဲ့ပုံ၊ မိမိအိမ်၌ အရသာရှိသော အစားအစာကို စား၍ အိပ်ယာ၌ နေလျက် ဥဒါန်းကျူးရင့်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၄၃၇)
ဝေလာမဗြဟ္မဏဝတ္ထု
ဤဝတ္ထု၌ ဘုရားအလောင်းသည် ဗာရာဏသီပြည် ပုရောဟိတ်မျိုး၌ ဝေလာမသတို့သား ဟူသောအမည်ဖြင့် ဖြစ်ခဲ့ပုံ၊ ဝေလာမသတို့သားသည် ဗာရာဏသီမင်းသားနှင့် အတူ တက္ကသိုလ်ပြည် ဒိသာပါမောက္ခဆရာကြီးထံ၌ တစ်ဆယ့်ခြောက်နှစ်တိုင်တိုင် သင်ယူရမည့် ပညာရပ်များကို သုံးနှစ်တည်းဖြင့် သင်ယူတတ်မြောက်ခဲ့ပုံ၊ ဒိသာပါမောက္ခဆရာကြီးက ဝေလာမသတို့သားကို အခြားသော မင်းညီမင်းသားတို့အား ပညာသင်ပေးရန် တာဝန်လွှဲအပ်သဖြင့် ရှစ်သောင်းလေးထောင်သော မင်းသားတို့အား ဆရာကြီးကိုယ်စား ပညာသင်ပေးခဲ့ရပုံ၊ ဗာရာဏသီပြည် ပြန်ရောက်သောအခါ ဗာရာဏသီမင်းသားက မင်းအဖြစ်ကို ရရှိပြီး ဝေလာမ သတို့သားက ပုရောဟိတ်ရာထူး ရရှိခဲ့ပုံ၊ ရှစ်သောင်းလေးထောင်သော မင်းများက ဝေလာမ ပုရောဟိတ်ပုဏ္ဏားကြီးထံ နှစ်စဉ်နှစ်တိုင်း လာရောက်ဆည်းကပ်ကြပြီး အလိုရှိရာကို ပြောကြားရန် ဝေလာမပုဏ္ဏားအား ဖိတ်ကြားထားပုံ၊ ဝေလာမပုဏ္ဏားကြီးက တစ်ဆယ့်နှစ်ယူဇနာ ရှည်လျားသော မီးဖိုကြီးများ၊ အလှူမဏ္ဍပ်ကြီးများကို စီမံ၍ မိမိအလှူကို လာရောက်သုံးဆောင်ကြရန် တစ်တိုင်းပြည်လုံးသို့ ကြေညာပုံ၊ ဝေလာမပုဏ္ဏားကြီးသည် မလှူဖူးသောအလှူ မရှိရလေအောင် ပြုစီမံလျက် ခုနစ်နှစ်, ခုနစ်လတိုင်တိုင် အလှူကြီး ပေးပုံ၊ ထိုအလှူပွဲကြီး၌ (ဒက္ခိဏေယျ) မြတ်သော အလှူခံပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မျှ မပါဝင်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အံ၊၃၊၁၉၅) (အံ၊ဋ္ဌ၊၃၊၂၆၇)
ဝေသာလီဘိက္ခုဝတ္ထု
ဤဝတ္ထု၌ ဝေသာလီပြည်၌ ရဟန်းတို့သည် ကောင်းမွန်သည့် ဆွမ်းဘောဇဉ်တို့ကို မှီဝဲရသဖြင့် ခန္ဓာကိုယ် ဝဖြိုး၍ အဆီပိတ် ထုံထိုင်းနေသောကြောင့် ဆရာဇီဝကက စင်္ကြံလျှောက် ချွေးထုတ်စေရန် လျှောက်ထားခဲ့ပုံ၊ ဘုရားရှင်က ရဟန်းတော်တို့အား စင်္ကြံလမ်းနှင့် ချွေးဇရုံးအိမ်ကို ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၂၅၆)
ဝေသာလီဝတ္ထု
ဤဝတ္ထု၌ ရှေးအခါက ဗာရာဏသီပြည့်ရှင် ဘုရင်ကြီး၏ မိဖုရားခေါင်ကြီးဝမ်းမှ နီတွေးသော သန္ဓေသားတစ် မွေးသဖြင့် အိုး၌ ထည့်၍ မျှောလိုက်ရာ ဂင်္ဂါမြစ်ကမ်းတွင် နေထိုင်သော ရသေ့ကြီး တွေ့၍ ဆယ်ယူ မွေးစားထားပုံ၊ (၁၅)ရက်ကြာသောအခါ သားတစ် (၂)ခု ဖြစ်လာပြီး နောင်အခါ သားနှင့်သမီး မွေးဖွားလာပုံ၊ ထိုကလေးတို့ကို လိစ္ဆဝီဟု အမည်ပေးကာ မြို့သစ် တည်ထောင်ကြပုံ၊ သူတို့နှစ်ဦး စုံဖက်စေလျက် နိုင်ငံကို အဆင့်ဆင် တည်ဆောက်စေသောကြောင့် နိုင်ငံတော် ကျယ်ပြန့်ပြီး မြို့ရိုးသုံးထပ်ရှိသော ဝေသာလီနိုင်ငံတော်ကြီး ဖြစ်လာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊ဋ္ဌ၊၁၊၃၂၅) (သုတ္တနိ၊ဋ္ဌ၊၁၊၂၆၃) (ခုဒ္ဒက၊ဋ္ဌ၊၁၃၃) (သာရတ္ထ၊၂၊၁၆၉)
ဝေဿန္တရဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် သိဝိတိုင်း ဇေတုတ္တရာမြို့ သဉ္စယမင်းကြီးနှင့် ဖုဿတီဒေဝီတို့မှ မွေးဖွားသော ဝေဿန္တရာအမည်ရှိ မင်းသား ဖြစ်ခဲ့ပုံ၊ မွေးသည့်နေ့မှာပင် ဒါနပြုရန် လက်ဖြန့်တောင်းခံခဲ့ပြီး နေ့စဉ်ရက်ဆက် အလှူဒါနများကို မပြတ်ပြုလုပ်ကာ (၁၆)နှစ်သားအရွယ်တွင် မဒ္ဒီဒေဝီနှင့် လက်ထက်ခဲ့ပုံ၊ ဇာလီနှင့် ကဏှာဇိန် သားသမီးနှစ်ဦး ရရှိခဲ့ပုံ၊ ဘုရားလောင်း၏ ဘုန်းကံကြောင့် ပစ္စယဆင်ဖြူတော်ကို ရရှိခဲ့ပြီး သိဝိတိုင်းကို အစိုးရခဲ့ပုံ၊ အိမ်နီးချင်း ကလိင်္ဂတိုင်းတွင် မိုးခေါင်၍ ငတ်မွတ်ခေါင်းပါးနေသောကြောင့် ဆင်ဖြူတော်ကို အလှူခံလာကြရာ အဖိုးမဖြတ်နိုင်သော ဆင်ဝတ်တန်ဆာမျိုးစုံနှင့်အတူ မင်္ဂလာဆင်တော်ကို ပေးလှူခဲ့သဖြင့် ပြည်သူပြည်သားတို့ စိတ်ဆိုးကာ ဝေဿန္တရာကို နန်းတော်မှ နှင်ထုတ်ခဲ့ကြပုံ၊ ဇနီးမယား သမီးသားများနှင့်အတူ ဟိမဝန္တာတော ဝင်္ကတောင်သို့ ထွက်ခဲ့ကာ ရသေ့ဝတ်ဖြင့် နေထိုင်ခဲ့ကြပုံ၊ ဇူဇကာပုဏ္ဏားသည် ဝေဿန္တရာမင်းကြီးထံ ရောက်လာပြီး ဇာလီနှင့် ကဏှာဇိန်တို့ကို အလှူခံသဖြင့် ပေးလှူခဲ့ပုံ၊ သိကြားမင်းသည် ပုဏ္ဏားအိုယောင်ဆောင်၍ မဒ္ဒီဒေဝီကို အလှူခံရာ ပေးလှူခဲ့ပုံ၊ နောက်ဆုံးတွင် သိကြားမင်းက ဆုများပေးရာ မိဘဆွေမျိုးဇနီးမယား သမီးသားတို့နှင့် အတူ သိဝိတိုင်းထီးနန်းကို ပြန်လည်ရရှိပြီး အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုများကို ပြုလုပ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (စရိယာ၊ဋ္ဌ၊၇၆) (ဇာ၊ဋ္ဌ၊၇၊၂၄၁)
ဝေဿဘူဗုဒ္ဓဝံသ
ဤဗုဒ္ဓဝင်၌ ဝေဿဘူဘုရားရှင်သည် အနောမနေပြည်တော်မှ ခမည်းတော် သုပ္ပတိတမင်းကြီးနှင့် မယ်တော်ယသဝတီမိဖုရားကြီးတို့မှ မွေးဖွားခဲ့ပုံ၊ သုစိတ္တာမင်းသမီးနှင့်အတူ နန်းစည်းစိမ်ခံစားကာ သုပ္ပဗုဒ္ဓ သားတော် ရရှိခဲ့ပုံ၊ ရွှေထမ်းစင်ဖြင့် တောထွက်တော်မူကာ အင်ကြင်းဗောဓိပင်ရင်း၌ ဘုရားဖြစ်တော်မူပုံ၊ သောဏမထေရ်နှင့် ဥတ္တရမထေရ်-ဟူသော အဂ္ဂသာဝက နှစ်ပါး ရှိတော်မူပုံ၊ ဥပသန္တမထေရ်က ပြုစုလုပ်ကျွေခဲ့ပုံ၊ ထိုအချိန်၌ ဂေါတမဗုဒ္ဓလောင်းလျာသည် သုဒဿနမည်သောမင်း ဖြစ်၍ နိယတဗျာဒိတ် ခံယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အဘိ၊ဋ္ဌ၊၁၊၆၉) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၉၀)
ဝေဠုကဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းရသေ့သည် အဘိညာဉ်သမာပတ်တို့ကို ဖြစ်စေလျက် ရသေ့ငါးရာ အခြံအရံဖြင့် ဟိမဝန္တာတော၌ နေပုံ၊ ရသေ့တစ်ပါးသည် ကျောင်းသင်္ခမ်းအတွင်းသို့ ဝင်လာသော မြွေဟောက်ငယ်လေးတစ်ကောင်ကို သားအရင်းပမာ ချစ်ခင်လျက် ဝါးဆစ်ထဲသို့ ထည့်ကာ ပြုစု ကျွေးမွေးထားပုံ၊ မြွေဟောက်ငယ်ကို ‘‘ဝေဠုက’’ဟု အမည်ပေးပြီး မြွေဟောက်ကို မွေးထားသည့် ရသေ့ကို ‘‘ဝေဠုကပိတာ’’ဟု အမည်ပေးကြပုံ၊ ထိုအကြောင်းအရာကို ဘုရားအလောင်းရသေ့ ကြားသိသောအခါ အဆိပ်ပြင်းသော သတ္တဝါနှင့် အကျွမ်းမဝင်သင့်ကြောင်း ဆုံးမသော်လည်း မနာခံသဖြင့် နောင်အခါ မိမိမွေးထားသော မြွေဟောက်ကိုက်၍ သေဆုံးခဲ့ရပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၆၂)
ဝေဠုဒွါရေယျကဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ကောသလတိုင်းသို့ ဒေသစာရီ ကြွချီတော်မူသောအခါ ဝေဠုဒွါရမည်သော ပုဏ္ဏားရွာတစ်ရွာသို့ ရောက်ရှိခဲ့ပုံ၊ ပုဏ္ဏားသူကြွယ်တို့သည် မြတ်စွာဘုရား၏ ကောင်းသော ဂုဏ်သတင်းကို ကြားကြ၍ ဘုရားရှင်ထံ ချဉ်းကပ်ကြပုံ၊ ပုဏ္ဏားသူကြွယ်များက ယခုဘဝ၌လည်း ချမ်းချမ်းသာသာ နေထိုင်ရပြီး ကွယ်လွန်သောအခါ၌လည်း နတ်ပြည်နတ်ရွာ၌ ဖြစ်စေနိုင်သည့် တရားများကို ဟောကြားရန် ဘုရားရှင်ထံ လျှောက်ထားကြ၊ ဘုရားရှင်က ‘‘ဒုစရိုက်တရားများကို မိမိက သူတစ်ပါးတို့အပေါ် ကျူးလွန်လျှင် သူတစ်ပါးတို့က မကြိုက်မနှစ်သက်သလို မိမိအပေါ် သူတစ်ပါးတို့က ကျူးလွန်လျှင်လည်း မိမိက မကြိုက်မနှစ်သက်သောကြောင့် ရှောင်ရှားရမည်’’ဒုစရိုက်တရားများကို ရှောင်ရှားလိုက်လျှင် ခုရောနောင်ပါ ချမ်းသာမည် ဖြစ်ကြောင်း ဟောကြားတော်မူပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (သံ၊၃၊၃၀၆) (သံ၊ဋ္ဌ၊၃၊၃၁၁)
သကစိန္တနိယတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် သဲပုံစေတီပြု၍ မျက်မှောက်၌ မြတ်စွာဘုရားရှင်ကို ဖူးမြင်ရသကဲ့သို့ အာရုံပြုကာ အမျိုးမျိုးသော ပန်းတို့ဖြင့် ကြဲဖြန့်ပူဇော်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါးလားရောက်ခြင်း မရှိခဲ့တော့ဘဲ လွန်ခဲ့သော ကမ္ဘာရှစ်ဆယ်အထက်၌ လေးကျွန်းလုံးကို အစိုးရသော စကြဝတေးမင်း ဖြစ်ခဲ့၍ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၁၂၄)
သကလိကာဝေဓဝတ္ထု
ဤဝတ္ထု၌ ဘုရားအလောင်းသည် တစ်ခုသောအမျိုး၌ ဖြစ်၍ ကလေးသူငယ်ဘဝ လမ်းမကြီးတစ်ခု၌ အခြားကလေးများနှင့် ကစားနေစဉ် ပစ္စေကဗုဒ္ဓါအရှင်မြတ်တစ်ပါး ဆွမ်းခံကြွလာပုံ၊ ဘုရားလောင်းသူငယ်က ‘‘ဒီ ဦးပြည်းရဟန်း ဘယ်သွားမှာလဲ’’ဟု ဆိုကာ ကျောက်ခဲအပိုင်းအစဖြင့် ပစ်ခတ်ခဲ့ပုံ၊ ထိုကျောက်ခဲအပိုင်းအစသည် ပစ္စေကဗုဒ္ဓါ၏ ခြေဖမိုးကို ထိမှန်၍ သွေးထွက်ခဲ့ပုံ၊ ထိုအကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ငရဲ၌ ဘဝများစွာ ဆင်းရဲဒုက္ခ ခံစားရခဲ့ပုံ၊ နောက်ဆုံးဘဝ ဘုရားဖြစ်သည့်အချိန်၌လည်း ဒေဝဒတ် ကျောက်မောင်းဆင်၍ လှိမ့်ချမှုကြောင့် ကျောက်ချပ်လွှာထိခိုက်ခံရ၍ ခြေဖမိုး၌ သွေးစိမ်းတည်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (အပ၊ဋ္ဌ၊၁၊၁၃၆)
သံကိစ္စဇာတက
ဤဇာတ်တော်၌ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုစဉ် ဘုရားလောင်းသည် ပုရောဟိတ်ကြီး၏သား သံကိစ္စအမည်ရှိသူ ဖြစ်ခဲ့ပုံ၊ အိမ်ရှေ့မင်းသားနှင့် ငယ်သူငယ်ချင်းဖြစ်လေရာ တစ်နေ့တွင် အိမ်ရှေ့မင်းသားသည် ခမည်းတော်မင်းကြီးကို လုပ်ကြံရန် တိုင်ပင်ခဲ့ပုံ၊ သံကိစ္စသည် ရသေ့ပြုသွားပြီး စိတ်မသက်သာဖြစ်နေသော သူငယ်ချင်း ဘုရင်အား စိတ်သက်သာမှု ရစေရန် တရားဟောခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၅၊၂၇၈)
သံကိစ္စတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ရှေးဘုရားရှင်တို့လက်ထက်တော်၌ ဝဋ်ဒုက္ခမှ လွတ်မြောက်ကြောင်း ကုသိုလ်များကို ပြုလုပ်ပြီးလျှင် ဆုတောင်းခဲ့ပုံ၊ ဘဝများစွာ သုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင် လက်ထက်တော်ဝယ် သာဝတ္ထိမြို့၌ ဖြစ်၍ မမွေးဖွားမီပင် မိခင်သေဆုံးသဖြင့် သုသာန်၌ မွေးဖွားကြီးပြင်းခဲ့ပုံ၊ သာသနာတော်သို့ ဝင်ရောက်လာပြီး ဆံချ၍ မပြီးဆုံးမီမှာပင် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၂၊၂၁၃) (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၈)
သံကိစ္စတ္ထေရဝတ္ထု
ဤဝတ္ထု၌ အရှင်သံကိစ္စမထေရ်လောင်း အမျိုးကောင်းသားသည် သာဝတ္ထိပြည်၌ ချမ်းသာကြွယ်ဝသော အမျိုးသမီးတစ်ဦး၏ ဝမ်းကြာတိုက်၌ ပဋိသန္ဓေယူခဲ့ပုံ၊ သူ၏မိခင်သည် ကိုယ်ဝန်ရင့်မာချိန်၌ အနာရောဂါတစ်ခုဖြင့် ကွယ်လွန်သွားခဲ့ပုံ၊ သံကိစ္စမထေရ်သည် ပစ္ဆိမဘဝိကပုဂ္ဂိုလ်ဖြစ်သဖြင့် သုသာန်၌ မီးသင်္ဂြိုဟ်သော်လည်း မီးမလောင်ခဲ့ပုံ၊ ဆွေမျိုးများက ကောက်ယူမွေးစားကာ အရွယ်ရောက်သောအခါ အရှင်သာရိပုတ္တရာမထေရ်ထံ အပ်နှံ၍ ရှင်သာမဏေပြုပေးကြပုံ၊ အရှင်သာရိပုတ္တရာမထေရ်က သူငယ်ကို ဆံချပေးစဉ် သူငယ်သည် တစပဉ္စကကမ္မဋ္ဌာန်းကို ဆင်ခြင်၍ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ပဋိသံ၊ဋ္ဌ၊၂၊၂၈၀)
သံကိစ္စသာမဏေရဝတ္ထု
ဤဝတ္ထု၌ (၇)နှစ်သားအရွယ်၌ အရှင်သာရိပုတ္တရာအထံတော်၌ ရှင်သာမဏေ ဝတ်၍ ရဟန္တာဖြစ်ခဲ့သော သံကိစ္စသာမဏေသည် ရဟန်းတော် (၃၀)ကိုယ်စား သူခိုးများထံ သွားရောက်ခဲ့ပုံ၊ မိမိအား ခုတ်သော ဓားများ ခွေလိပ်အောင် တန်းခိုးဖြင့် မေတ္တာပွားနိုင်ခဲ့ပုံ၊ သူခိုးအားလုံး ရဟန်းဝတ်ကာ ဘုရားရှင်၏ တရားတော်ကို နာရ၍ ရဟန္တာ ဖြစ်သွားခဲ့ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၄၂၅)
သကိံသမ္မဇ္ဇကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ဝိပဿီမြတ်စွာဘုရားပွင့်တော်မူရာ သခွတ်ဗောဓိပင်ကို လေးစားစွာ ပြုစုခဲ့၊ တံမြက်စည်းလှည်းခဲ့သည့် ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘဝတို့၌ ဖြစ်ခဲ့ရပြီး၊ အနာ အဖု၊ အပိမ့်၊ နူနာ၊ အိုင်းအမာစသော ရောဂါမခံစားခဲ့ရဘဲ ဤဘုရာရှင့်သာသနာတော်၌ ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၂၊၁) (အပ၊ဋ္ဌ၊၂၊၂၀၈)
သကုဏဂ္ဃိဇာတက
ဤဇာတ်တော်သည် လာပသကုဏဝတ္ထုနှင့် တူသည်။ (ဇာ၊ဋ္ဌ၊၂၊၅၃)
သကုဏဂ္ဃိဇာတက
ဤဇာတ်တော်၌ ဗီလုံးငှက်ငယ်ကို သိမ်းငှက်က ဖမ်းယူသုတ်ချီသွားသောအခါ ဗီလုံးငှက်ငယ်က မိမိကျက်စားရာနေရာ မဟုတ်ဘဲ သွားလာမိသဖြင့် ဤကဲ့သို့ သိမ်းငှက်၏အဖမ်းခံရကြောင်း၊ အကယ်၍ မိမိကျက်စားရာ နေရာ၌ ဖြစ်ခဲ့လျှင် ဤသိမ်းငှက်နှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ကြောင်း ငိုကြွေးမြည်တမ်းလျက် ပြောဆိုပုံ၊ ထိုစကားကို သိမ်းငှက်ကြားသဖြင့် ငှက်ငယ်ကို ကျက်စားနေကျ ထွန်စာ ကြားသို့ လွှတ်ပေးပြီး အဟုန်ပြင်းစွာ ဖမ်းယူလေရာ ထွန်စာခဲနှင့် တိုက်မိပြီး ရင်ကွဲ၍ သိမ်းငှက် သေဆုံးခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (သံ၊၃၊၁၂၇) (ဒီ၊ဋ္ဌ၊၃၊၃၀) (သံ၊ဋ္ဌ၊၃၊၂၃၄)
သကုဏဇာတက
ဤဇာတ်တော်၌ ဘုရားလောင်းပညာရှိငှက်သည် မိမိအမြဲနေထိုင်ရာ သစ်ပင်ကြီး မီးစွဲလောင်မည့်ဘေးကို ကြိုတင် သိမြင်ခဲ့ပုံ၊ သင့်လျော်ရာအရပ်တစ်ပါးသို့ ဖဲခွာသွားသောကြောင့် အသက်ဘေးမှ ကင်းဝေးခဲ့ရပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၁၊၂၃၁)
သကုဏဇာတက
ဤဇာတ်တော်၌ ဘုရားအလောင်းသည် သစ်တောက်ငှက် ဖြစ်၍ ဒေဝဒတ်လောင်း ခြင်္သေ့၏ သွားကြား၌ ညပ်နေသော အရိုးကို ထုတ်ပစ်ကူညီခဲ့ဖူးပုံ၊ ကျေးဇူးကိုသိ မသိ စမ်းသပ်ရန် ခြင်္သေ့ထံမှ အသားများကို တောင်းကြည့်သောအခါ ဒေဝဒတ်လောင်းခြင်္သေ့က ကျေးဇူးကန်းစွာဖြင့် မပေးဘဲ နေခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဇာ၊ဋ္ဌ၊၃၊၂၄)
သကုလာထေရီဝတ္ထု
ဤဝတ္ထု၌ သကုလာထေရီလောင်းလျာသည် ပဒုမုတ္တရမြတ်စွာဘုရားထံတော်၌ ဒိဗ္ဗစက္ခုအရာ ဧတဒဂ်ဆု တောင်းခဲ့ပုံ၊ ကဿပဘုရားရှင်၏ စေတီတော်၌ တစ်ညလုံး ဆီမီးပူဇော်ခဲ့ပုံ၊ ဤကောင်းမှုကံကြောင့် ဖြစ်လေရာဘဝတိုင်း၌ တံတိုင်းနံရံစသည်ကို ဖောက်ထွင်းမြင်နိုင်ခဲ့ပုံ၊ ဤဂေါတမဘုရားရှင်လက်ထက်တော်၌ ရဟန္တာမထေရ်တစ်ပါး၏ တရားကို နာကြားရပြီး ရဟန်းပြုကာ ရဟန္တာ ဖြစ်၍ ဒိဗ္ဗစက္ခုအရာ ဧတဒဂ်ဘွဲ့ ရခဲ့ပုံ စသော အကြောင်း အရာများ ပါဝင်သည်။ (အပ၊၂၊၂၅၀) (ထေရီ၊ဋ္ဌ၊၉၃) (ထေရီ၊ဒီ၊၂၅၃)
သကောသက ကောရဏ္ဍဒါယကတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် လွန်ခဲ့သော သုံးဆယ့်တစ်ကမ္ဘာအထက်၌ သိခီဘုရားရှင်၏ ခြေတော်ရာကို ဖူးတွေ့ရ၍ သစ်နက်ရေကို လက်ဝဲတစ်ဖက် ပခုံးထက်၌ တင်ကာ ရိုသေစွာ ရှိခိုး၍ လိပ်ဆူးရွှေပန်းတို့ဖြင့် ပူဇော်ခဲ့သော ကောင်းမှုကံကြောင့် ထိုဘဝမှ စ၍ အပါယ်လေးပါး လားရောက်ခြင်း မရှိခဲ့တော့ဘဲ ဤဘုရားရှင်သာသနာတော်၌ ရဟန္တာ ဖြစ််ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (အပ၊၁၊၃၂၆)
သက္ကဒေဝရာဇဝတ္ထု
ဤဝတ္ထုသည် ဓမ္မဒဿီဗုဒ္ဓဝံသ၌ ပါဝင်သည် (အဘိ၊ဋ္ဌ၊၁၊၆၇)
သက္ကပဥှဝတ္ထု
ဤဝတ္ထု၌ တာဝတိံသာနတ်တိ့ု မေးခွန်းလေးမျိုးကိုကြံဆပုံ၊ အဆင့်ဆင့် မေးမြန်းကြ၍ နောက်ဆုံး သိကြားမင်းထံ ရောက်လာပုံ၊ သိကြားမင်းက မြတ်စွာဘုရားရှင်ကို မေးလျှောက်၍ အမြတ်တရားလေးမျိုးကို မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၅၀)
သက္ကပဥှဝတ္ထု
ဤဝတ္ထု၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်၏ အရှေ့ဘက်ရှိ အမ္ဗသဏ္ဍပုဏ္ဏားရွာ၏ မြောက်ဘက် ဝေရိယကတောင်ခြေ ဣန္ဒသာလခေါ် နပဲပင်ပေါက်ရာလိုဏ်ဂူ၌ သီတင်းသုံးနေတော်မူပုံ၊ သိကြားမင်းသည် နိမိတ်ငါးပါးကို တွေ့မြင်ပြီး သေဘေးမှ ကြောက်သဖြင့် ပဉ္စသိခနတ်သားကို ခေါ်ကာ ဘုရားရှင်ထံ ချဉ်းကပ်လျက် ‘‘အဘယ်သံယောဇဉ် အနှောင်အဖွဲ့ကြောင့် လူနတ်နဂါး အသုရာ စသော သတ္တဝါများ ဖြစ်ကြရပါသနည်း’’ စသည်ဖြင့် မေးမြန်းလျောက်ထားခဲ့ပုံ၊ ဘုရားရှင်က သိကြားမင်း မေးမြန်းလျှောက်ထားသော ပြဿနာ(၁၄)ချက်ကို ရှင်းလင်းဟောကြားတော်မူသောအခါ သိကြားမင်းသည် သောတာပန်တည်၍ ထိုနေရာ၌ပင် စုတေကာ ထိုနေရာ၌ပင် သိကြားမင်းအဖြစ်ကို အသစ်တစ်ဖန် ပြန်လည်ရရှိခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ (ဒီ၊၂၊၂၁၁) (ဒီ၊ဋ္ဌ၊၂၊၂၉၀)
သက္ကရာဇဝတ္ထု
ဤဝတ္ထု၌ သိကြားမင်းသည် ဥယျာဉ်ကစားရန် သွားစဉ် ဥယျာဉ်တံခါးသို့ အရောက်တွင် သတိရမိသော အမေးပြဿနာတစ်ရပ်ကို မမေ့မီ ဖြေရှင်းနိုင်ရန် ဘုရားရှင့်ထံ လာရောက်ပြီး မေးလျှောက်ပုံ၊ ဘုရားရှင်က ဖြေကြားတော်မူပုံ၊ သိကြားမင်း၏ကောင်းချီးပေး သာဓုခေါ်သံကို အရှင်မောဂ္ဂလ္လာန် ကြားသဖြင့် တကယ် နားလည်၍ သာဓုခေါ်ခြင်း ဟုတ်, မဟုတ် စုံစမ်းရန် သိကြားမင်းထံ လိုက်သွားပုံ၊ သိကြားမင်းသည် နတ်သမီးများနှင့် ဝေဇယန္တာပြာသာဒ်၌ နတ်စည်းစိမ်ခံစားပြီး တရားတော်ကို မေ့လျော့နေသဖြင့် မထေရ်က ပြာသာဒ်ကို ခြေမနှင့် ညှပ်၍ ဝှေ့ရမ်းပုံ၊ နတ်တို့ ထိတ်လန့်ကာ တရားတော်ကို နာလာကြသဖြင့် ဘုရားရှင် ဟောခဲ့သည့် တဏှာကုန်ကြောင်းတရားများကို နှလုံးသွင်းရန် ကာမဂုဏ်၌သာ မေ့လျော့မနေရန် ဆုံးမပြီး နတ်ပြည်မှ ပြန်ကြွလာခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (မ၊၁၊၃၁၈) (မ၊ဋ္ဌ၊၂၊၁၉၆)
သက္ကရာဇဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်ကို အမှီပြု၍ သိကြားမင်းဘဝဟောင်းမှ သိကြားမင်းဘဝသစ်ကို ရရှိခဲ့သော သောတာပန်သိကြားမင်းသည် ဘုရားရှင် အာယုသင်္ခါရလွှတ်၍ ဝမ်းသွေးသွန်ရောဂါ ဖြစ်သောအခါ မရွွံမရှာ နှာခေါင်းမရှုတ်ဘဲ ဘုရားရှင်၏ ကျင်ကြီးခွက်ကို ဦးထိပ်၌ ရွက်၍ နံ့သာခွက်ကဲ့သို့ ဆောင်ယူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၇၅)
သံခိတ္တပါတိမောက္ခုဒ္ဒေသဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင်သည် ရဟန်းတော်တို့အား အကျဉ်းနည်းဖြင့် ပါတိမောက်ပြနိုင်ကြောင်း ခွင့်ပြုတော်မူသဖြင့် ရဟန်းတို့သည် အမြဲတမ်းပင် အကျဉ်းနည်းဖြင့်သာ ပါတိမောက်ပြကြသောကြောင့် ‘‘အန္တရာယ်ဆယ်ပါးတို့တွင် တစ်ပါးပါးမရှိလျှင် အကျဉ်းနည်းဖြင့် ပါတိမောက် မပြရ’’ဟု ဘုရားရှင်က ပညတ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၅၁)
သဂဟဋ္ဌပရိသဝတ္ထု
ဤဝတ္ထု၌ အရှင်ဒေဝဒတ်သည် လူများရှိသော ပရိသတ်ကြား၌ ဥပုသ်ပြုသဖြင့် ဘုရားရှင်က လူဝတ်ကြောင်များ ရောနှောနေသော ပရိသတ်ထဲ၌ ဥပုသ်မပြုရန် တားမြစ်တော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၃၊၁၅၅)
သံဃဘတ္တာဒိအနုဇာနနဝတ္ထု
ဤဝတ္ထု၌ ဘုရားရှင် ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ရာဇဂြိုဟ်မြို့သည် အစာရေစာရှားပါးသဖြင့် ရဟန်းတို့သည် သံဃာ့ဘတ်တစ်ခုတည်းကိုသာ အားကိုးသမှု မပြုနိုင်ကြသောကြောင့် ဘုရားရှင်က သံဃာ့ဘတ် သလာကဘတ် ပက္ခိကဘတ် ဥဒ္ဒေသဘတ် နိမန္တဘတ်စသည်ကို ရဟန်းတို့အတွက် ခွင့်ပြုတော်မူခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဝိ၊၄၊၃၂၉)
သံဃဘေဒ ပရိသက္ကနဝတ္ထု
ဤဝတ္ထု၌ ဒေဝဒတ်နှင့် ဒေဝဒတ်၏ အပေါင်းအသင်းများသည် ဘုရားရှင်အား အမြဲတမ်း မကောင်းကြံလျက် သံဃာသင်းခွဲခြင်းစသော သာသနာတော်၏ အစီးအပွားမဲ့ ဖြစ်သည့် မကောင်းသော အလုပ်မျိုးကိုသာ ကြံစည်ပြုလုပ်အားထုတ်ကြပုံ၊ သူယုတ်မာသည် သူယုတ်မာအချင်းချင်းသာ ပေါင်းသင်း၍ သူတော်ကောင်းသည် သူတော်ကောင်းအချင်းချင်းသာ ပေါင်းသင်းဆက်ဆံလေ့ရှိကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၉၈)
သံဃမိတ္တာထေရီဝတ္ထု
ဤဝတ္ထုသည် အသောကရာဇဝတ္ထု၌ ပါဝင်သည်။ (ဝိ၊ဋ္ဌ၊၁၊၃၈)
သံဃရက္ခိတတ္ထေရဝတ္ထု
ဤဝတ္ထု၌ မထေရ်လောင်းလျာသည် ပစ္စေကဗုဒ္ဓါ(၇)ပါးတို့အား ကြည်ညိုသော စိတ်ဖြင့် မအူပန်း (ထိန်ပန်း)တို့ဖြင့် ပူဇော်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘဝတို့သာ ကျင်လည်ခဲ့ရပုံ၊ ဤဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိပြည် ကုန်သည်မျိုး၌ ဖြစ်၍ သာသနာတော်သို့ ဝင်ရောက်ကာ ဝိပဿနာရှုပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ထေရ၊ဋ္ဌ၊၁၊၂၇၄)
သံဃရက္ခိတဘာဂိနေယျဝတ္ထု
ဤဝတ္ထု၌ သံဃရက္ခိတမထေရ်၏တူ ရဟန်းတစ်ပါးသည် ဝါဆိုသင်္ကန်းနှစ်ထည်ရသဖြင့် ဦးလေးတော် မထေရ်ကြီးအား တစ်ထည် ကပ်လှူပုံ၊ မထေရ်ကြီးက လက်မခံသဖြင့် ထိုသင်္ကန်းကို ရောင်းပြီး လူထွက် အိမ်ထောင်ပြု၊ ကလေးရ၊ မထေရ်ကြီးထံ လာကန်တော့စသည်ဖြင့် စိတ်ကူးယဉ်ခဲ့ပုံ၊ စိတ်ကူးယဉ်လျက် မိမိမယားအား စိတ်ဆိုးပြီး ရိုက်ရာ လက်တွေ့တွင်မူ မိမိဦးရီးတော် မထေရ်၏ ဦးထိပ်ကို ယပ်တောင်ဖြင့် ရိုက်မိပုံ၊ အရှက်ရ၍ ထွက်ပြေးရန် ကြံစည်ပုံ၊ အခြားရဟန်းသာမဏေများက မြတ်စွာဘုရားအထံတော်သို့ခေါ်လာရာ မြတ်စွာဘုရား၏တရားကို နာရ၍ သောတာပန်တည်ခဲ့ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၉၁)