မာတိကာသို့ ခုန်သွားရန်

ပိဋကတ်သုံးပုံပါဠိတော်ကျမ်းများ မိတ်ဆက်

ဝီကီရင်းမြစ် မှ
5708ပိဋကတ်သုံးပုံပါဠိတော်ကျမ်းများ မိတ်ဆက်ပိဋကတ်သုံးပုံပါဠိတော်ကျမ်းများ မိတ်ဆက်ဘိက္ခု သကျလောကပဏ္ဍိတ

ပဉ္စနိကာယ

[ပြင်ဆင်ရန်]

(ပိဋကတ်သုံးပုံပါဠိတော်ကျမ်းများ မိတ်ဆက်)

ဘိက္ခု သကျလောကပဏ္ဍိတ

Shwenanthar Publishing House

---

မာတိကာ

[ပြင်ဆင်ရန်]
  • ဗုဒ္ဓဝင်အကျဉ်း
  • အိန္ဒိယနိုင်ငံ ပါဠိစာပေသမိုင်း
  • သီဟိုဠ်နိုင်ငံ ပါဠိစာပေသမိုင်း
  • မြန်မာနိုင်ငံ ပါဠိစာပေသမိုင်း
  • သံဂါယနာမှတ်တမ်းတင်ပွဲများ
  • သမိုင်းအကျဉ်းချုပ်
  • ပါဠိတော်ကျမ်းများ မိတ်ဆက်
   * (က) ဝိနယပိဋကကျမ်းများ
   * (ခ) သုတ္တန္တပိဋကကျမ်းများ
   * (ဂ) အဘိဓမ္မာပိဋကကျမ်းများ
  • ပါဠိတော်ကျမ်းများ နောက်ပေါ်ပေါက်ခဲ့သော အဖွင့်ကျမ်းအမျိုးမျိုး
  • နောက်ဆက်တွဲ
   * (က) ပါဠိတော်ကျမ်းများစာရင်း
   * (ခ) အဋ္ဌကထာအဖွင့်ကျမ်းများစာရင်း
   * (ဂ) ဋီကာအဖွင့်ကျမ်းများစာရင်း

---

အမှာစကား

[ပြင်ဆင်ရန်]

"အယူသမ္မာ၊ တော်ဖြောင့်စွာလျှင်၊ ပညာရှိပေါင်း၊ သူမြတ်လောင်းတို့၊ လမ်းကြောင်းကျင့်နည်း၊ နိဿရည်းကို၊ ဆည်းဆည်းပူးပူး၊ ဘုရားဖူးသို့၊ ကြားဖူးနားဝ၊ များအပ်စွရှင့်၊ သုတလောက်ငံ၊ စုံပြည့်လျှံအောင်၊ နာခံမှတ်သား၊ မပြတ်ငြားနှင့်၊ သင်ကြားကြံပေး၊ ဆွေးနွေးဆောင်ပြု၊ ရတိုင်းစုလော့" မန်လည်ဆရာတော် (၁၂၀၃-၁၂၈၂)

"ဘုရားတရား၊ ဤနှစ်ပါးတွင်၊ တရားမြင်၊ ချစ်ရှင်ကိုလည်း တွေ့သတည်း။ တရားမမြင်၊ ဘုရားဝင်၊ ချစ်ရှင်မတွေ့၊ ယောင်ဝေ့ဝေ့"။ လယ်တီဆရာတော် (၁၂၀၈-၁၂၈၅)

---

ဝန်ခံစကား

[ပြင်ဆင်ရန်]

မိမိသည် ဗုဒ္ဓစာပေပညာရှင်၊ သုတေသနပညာရှင်၊ သမိုင်းပညာရှင်၊ မည်သည့်ပညာရှင်မှလည်း မဟုတ်ပါ။ ထို့အပြင် စာရေးဆရာလည်း မဟုတ်ပါ။ ဒီစာအုပ်ရဲ့တစ်ဝက်က ကူးယူဖော်ပြထားပြီး၊ တစ်ဝက်က ပညာရှင်ကြီးများ၏ မှုကို ကျောရိုးယူပြီး တုထားတာပါ။ ထိုထိုပညာရှင်များနှင့် တီးမိခေါက်မိပြီးသူများအတွက် မရည်ရွယ်ရဲပါ။ ပါဠိစာပေကို လုံးဝမရင်းနှီးသေးတဲ့ ဒါယကာများ၊ ပါဠိတော်ကျမ်းတွေ သင်ခွင့်မရသေးတဲ့ ကိုရင်၊ သိက္ခာရှင်များ သူတို့အတွက် မိတ်ဆက်ပါ။ အဲတော့ ဘာပြောမလဲ တံ သုဏာထ-နာကြကုန်၊ ဖတ်ကြကုန်သတည်းပေါ့။ မရည်ရွယ်တဲ့ အမှားတစ်ခုခု ပါသွားရင် မိမိရဲ့မပြည့်စုံမှုနဲ့ ညံ့ဖျင်းမှုသာဖြစ်ကြောင်း ကြိုတင်ဝန်ခံပါတယ်။
(ဘိက္ခု သကျလောကပဏ္ဍိတ)

---

ဗုဒ္ဓဝင်အကျဉ်း

[ပြင်ဆင်ရန်]

ဘီစီ ၆ ရာစုအချိန်သည် အိန္ဒိယလူမျိုးတို့၏ အတွေးအခေါ် အယူအဆများ တိုးတက်နေသောအချိန်ဖြစ်သည်။ ရှေးခေတ်က လက်ခံခဲ့သော ဘာသာရေးအယူအဆများကို ဝေဖန်သုံးသပ်လာကြသည်။ အစဉ်အလာ ယူဆချက်များအပေါ် သံသယဖြစ်လာကြသည်။ ဝေဒအယူအဆဖြစ်သော ယဇ်ပူဇော်ခြင်းနည်းများဖြင့် ချမ်းသာသုခ ရနိုင်မည်ဆိုခြင်းကို လက်ခံလိုစိတ် မရှိကြတော့ပေ။ သို့ဖြစ်၍ အတွေးအခေါ်ပိုင်းကို ဦးစားပေးလိုက်စားလာကြသည်။ အမှန်တရားကို ကိုယ်တိုင်ကျင့်ကြံအားထုတ်၍ ရှာဖွေကြ၏။ တောထွက်၍ အားထုတ်ရှာဖွေကြ၏။

ထိုသို့ပြုကျင့်ခြင်းဖြင့် အဖိုးတန်ခဲဖွယ် အမြောက်အများကို အကုန်အကျခံ၍ ယဇ်ပူဇော်ရခြင်းတည်းဟူသော ဒုက္ခအပေါင်းမှလည်း ကင်းဝေးလာရ၏။ အမှန်တရားကို ကိုယ်တိုင်ကျင့်ကြံအားထုတ်ခြင်းအတွက် ကိုယ်ကျင့်တရားသည် အဓိကအရေးကြီးသော သော့ချက်တစ်ခု ဖြစ်ကြောင်းကိုလည်း သိရှိလာကြသည်။ ဤအယူအဆ ပြောင်းလဲချက်များသည် ဗုဒ္ဓမတိုင်မီ ဥပနိသျှအတွေးအခေါ်များတွင်လည်း တွေ့ရှိရပေသည်။

ဗုဒ္ဓလောင်းလျာဖြစ်သော သိဒ္ဓတ္ထကို ခရစ်မပေါ်မီ ဘီစီ ၆ ရာစုတွင် အိန္ဒိယပြည် အရှေ့မြောက်ဘက် ဟိမဝန္တာတောင်ခြေရှိ ကပိလဝတ်ပြည်၌ ဖွားမြင်ခဲ့သည်။ ခမည်းတော်မှာ ကပိလဝတ်ပြည့်ရှင် ဘုရင် သုဒ္ဓေါဒနဖြစ်၍ မယ်တော်မှာ မဟာမာယာဖြစ်သည်။ မဟာမာယာသည် သိဒ္ဓတ္ထကိုဖွားမြင်ပြီး ၇-ရက်အကြာတွင် ကွယ်လွန်ခဲ့သည်။ အရွယ်ရောက်သောအခါ မောင်နှမဝမ်းကွဲတော်စပ်သော ဒေဝဒဟတ်ပြည့်ရှင် ဘုရင့်သမီးတော် ယသော်ဓရာနှင့် လက်ထပ်ထိမ်းမြားခဲ့သည်။

သိဒ္ဓတ္ထသည် အသက် ၁၆ နှစ်အရွယ်မှ အသက် ၂၉ နှစ်အရွယ်အထိ ၁၃ နှစ်တိုင်တိုင် မိဖုရားများစွာဖြင့် လောကစည်းစိမ်ကို ခံစားနေထိုင်ခဲ့သည်။ ရာဟုလာအမည်ရှိ သားတော်တစ်ယောက် ထွန်းကားခဲ့သည်။ အသက် ၂၉ နှစ်တွင် သူအို၊ သူနာ၊ သူသေ၊ ရဟန်းတည်းဟူသော နိမိတ်ကြီးလေးပါးကို မြင်တွေ့ရ၍ သတိသံဝေဂရပြီး တောထွက်ခဲ့သည်။ သိဒ္ဓတ္ထသည် ၆ နှစ်ပတ်လုံး ဒုက္ကရစရိယာတည်းဟူသော ပြင်းထန်ဆင်းရဲသော အကျင့်ကို ကျင့်ကြံအားထုတ်ခဲ့သည်။ ထို့နောက်တွင်မှ ပြင်းထန်လွန်းသော အကျင့်ကို စွန့်ပယ်ကာ မဇ္ဈိမပဋိပဒါဟူသော အလယ်အလတ်လမ်းစဉ်သို့ ကူးပြောင်းအားထုတ်ခဲ့သည်။

ထိုသို့ ၆ နှစ်ကြာသော အကျင့်၏အဆုံးတွင် ဆရာမရှိဘဲ သိမြင်၍ သဗ္ဗညုတဉာဏ်ကိုရရှိပြီး ဘုရားအဖြစ်သို့ ရောက်ရှိခဲ့သည်။ ဗုဒ္ဓအဖြစ်သို့ ရောက်ရှိချိန်တွင် အသက်အားဖြင့် ၃၅ နှစ်သာ ရှိသေးသည်။ ၃၅ နှစ်မှသည် သက်တော် ၈၀ အထိ ၄၅ နှစ်ကာလပတ်လုံး ဗုဒ္ဓသည် တစ်နေရာမှတစ်နေရာသို့ လှည့်လည်၍ တရားများကို ဟောကြားတော်မူခဲ့သည်။ ဗုဒ္ဓဟောကြားခဲ့သော တရားများကို ပိဋကတ်သုံးပုံဟု ဖွဲ့စည်းခေါ်ဝေါ်သည်။ အချို့ကလည်း နိကာယ်ငါးရပ်အဖြစ် ငါးစုဖွဲ့စည်းယူကြသည်။ မြတ်ဗုဒ္ဓသည် သစ္စာတရားကို မိမိကိုယ်တော်တိုင် အကြွင်းမရှိ သိမြင်တော်မူသည်။ သတ္တဝါများကိုလည်း သိမြင်စေတော်မူခဲ့သည်။ ဤသို့ ၄၅ နှစ်လုံးလုံး သတ္တဝါတို့၏အကျိုးအတွက် တရားဓမ္မများကို လှည့်လည် ဟောကြားတော်မူပြီး သက်တော် ၈၀ အရွယ်တွင် ပရိနိဗ္ဗာန်ပြုတော်မူခဲ့လေသည်။

ပရိနိဗ္ဗာန်စံတော်မူပြီးနောက် အယူအဆများ ကွဲလွဲကြ၍ ဂိုဏ်းအမျိုးမျိုး ပေါ်ပေါက်လာရပေသည်။ ထင်ရှားသော ဂိုဏ်းကြီးနှစ်ဂိုဏ်းမှာ ဟိနယာန (သို့မဟုတ်) ထေရဝါဒဂိုဏ်းကြီးနှင့် မဟာယာနဂိုဏ်းကြီးတို့ ဖြစ်ကြသည်။ ထေရဝါဒသည် သီရိလင်္ကာ၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့တွင် ပြန့်ပွားလျက် မဟာယာနဂိုဏ်းသည် မြောက်ပိုင်းနိုင်ငံများဖြစ်သော တိဗက်၊ တရုတ်နှင့် ဂျပန်နိုင်ငံတို့တွင် ပျံ့ပွားလာကြောင်း တွေ့ရှိရသည်။

---

အိန္ဒိယနိုင်ငံ ပါဠိစာပေသမိုင်း

[ပြင်ဆင်ရန်]

ပါဠိစာပေသည် အလွန်ကျယ်ဝန်းသော စာပေကြီးတစ်ရပ်ဖြစ်ရကား ၎င်း၏သမိုင်းကို အကျယ်ရေးသားရန် မဖြစ်နိုင်ပေ။ အရေးကြီးသည့် အစိတ်အပိုင်းများကိုသာ အကျဉ်းချုပ်၍ ရေးသားဖော်ပြလိုက်ပေသည်။

“ပါဠိစာပေ” ဟူသောစကားဖြင့် ပါဠိဘာသာ (ဝါ) မာဂဓဘာသာဖြင့် ရေးသားထားသမျှသော စာပေအားလုံးကိုပင် ဆိုလိုသည်။ သို့ရာတွင် ပါဠိနှင့် တိုင်းရင်းသားဘာသာ ရောစပ်၍ ရေးသားအပ်သည့် နိဿယကဲ့သို့သောကျမ်းစာမျိုးနှင့် ပါဠိပိဋကတ်ကို အမှီပြု၍ တိုင်းရင်းသားဘာသာဖြင့် ရေးသားအပ်သည့် ကျမ်းဂန်မျိုးတို့ကိုလည်း ပါဠိစာပေ၌ပင် ထည့်သွင်း ရေတွက်အပ်ပေသည်။ ပါဠိစာပေ၌ အကျုံးဝင်သော ကျမ်းဂန်များကို အမျိုးအစားအားဖြင့် ခွဲဝေကြည့်လျှင်...

  • ပါဠိတော်
  • အဋ္ဌကထာ
  • ဋီကာ
  • အနုဋီကာ
  • မဓု
  • လက်သန်း
  • ဂဏ္ဌိ
  • ယောဇနာ
  • ဒီပနီ
  • နိဿယ
  • အရကောက် စသည်ဖြင့် များစွာ ရှိလေသည်။

ပါဠိတော်ဟူသည်မှာ မြတ်စွာဘုရားရှင် သာမုက္ကံသိကဒေသနာအဖြစ်ဖြင့် ဟောတော်မူအပ်သော တရားတော်များနှင့် သာဝကစသည်တို့ ဟောသော တရားတော်များကို ပြသောစကားရပ်တို့ကို ဆိုလိုပေသည်။

အဋ္ဌကထာဟူသည်မှာ ပါဠိတော်၏အနက်အဓိပ္ပာယ်ကို ဖွင့်ပြသော ကျမ်းဖြစ်လေသည်။ ဤကျမ်းမျိုးတွင် ပါဠိတော်၏ပုဒ်အနက်ကို သာမကဘဲ ပါဠိတော်နှင့် ဆက်စပ်၍ သိသင့်သိထိုက်သော ခက်ခဲနက်နဲသော အဆုံးအဖြတ်များ၊ ပုံပြင်သက်သေများကိုပါ ထည့်သွင်း၍ ဖွင့်ပြလေ့ရှိသည်ကို တွေ့ရသည်။ များသောအားဖြင့် ဤကျမ်းမျိုးတို့သည် ကျမ်းဦးအစ၌ အကျယ်ဖွင့်ဆိုပြီး နောက်ပိုင်းတွင် အသိခက်သော အရာတို့ကိုသာ ဖွင့်ဆိုလေ့ရှိကြသည်။

ဋီကာဟူသည်မှာ အဋ္ဌကထာကိုပင် လိုအပ်၍ ဆက်လက်ဖွင့်ပြသော ကျမ်းမျိုးဖြစ်လေသည်။ အဋ္ဌကထာကျမ်းဖွင့်နည်းကိုပင် အတုယူ၍ ဖွင့်ပြသောကျမ်းဖြစ်လေရာ ၎င်းတွင် အဋ္ဌကထာ၌ အသိခက်သော အရာများကို ဖွင့်ပြခြင်း၊ တိမ်မြုပ်နေသော အဓိပ္ပာယ်တို့ကို ပေါ်လွင်စေခြင်း၊ အချို့အရာတို့၌ အဋ္ဌကထာလာအယူအဆတို့ကို ဝေဖန်စိစစ်ခြင်း စသည်များကို တွေ့ရှိနိုင်ပေသည်။

အနုဋီကာဟူသည်မှာ ဋီကာကျမ်းကိုပင် ထပ်ဆင့်၍ ဖွင့်ပြသော ကျမ်းဖြစ်လေသည်။ ပါဠိစာပေတွင် ကျမ်းအမျိုးအစားတစ်ခုအနေဖြင့် အသိများသော်လည်း အမှန်မှာ အဘိဓမ္မာမူလဋီကာ၏ အဖွင့်တစ်ကျမ်းကိုသာ အနုဋီကာဟု ခေါ်ဆိုခြင်းဖြစ်လေသည်။

မဓုဟူသည်မှာ ဋီကာရင်းဖြင့် အနက်အဓိပ္ပာယ်မကုန်၍ ကြွင်းကျန်သည်ကိုလည်းကောင်း၊ မသိသာသည်ကိုလည်းကောင်း ကုန်စင်သိသာအောင် ဋီကာရင်းနှင့်ပေါင်း၍ ပြသောကျမ်း ဖြစ်လေသည်။ ယင်းသို့ပြလိုက်သောကြောင့် မြိန်မြတ်လှသောကြောင့်လည်းကောင်း ၎င်းကျမ်းမျိုးကို မဓုဒီပနီဟု ခေါ်လေသည်။

လက်သန်းဟူသည်မှာ ပါဠိတော်၊ အဋ္ဌကထာ စသည်တို့၌ လာသော အနက်အဓိပ္ပာယ်တို့ကို မှတ်သားဆောင်လွယ်စေရန် အဋ္ဌကထာစသည်တို့ကဲ့သို့ ပုဒ်အစဉ်တိုင်း မဖွင့်ဆိုတော့ဘဲ တိမ်မြုပ်ခဲခက် အသိခက်၍ အဖုအထစ်သဖွယ်ဖြစ်နေသော ပုဒ်များကိုသာ ဖွင့်ပြသည့် နက်နဲသောဉာဏ်၏ ကျက်စားရာကျမ်းမျိုး ဖြစ်လေသည်။

ယောဇနာဟူသည်မှာ အဋ္ဌကထာစသည်တို့၏ အနက်ကို လွယ်ကူသောနည်းဖြင့် ဖွင့်ပြသောကျမ်းမျိုး ဖြစ်လေသည်။ ဤကျမ်းမျိုးတို့တွင် အကျယ်တဝင့် ဖွင့်ဆိုချက်များကို များစွာမတွေ့ရဘဲ အဋ္ဌကထာစသည်၏ ပုဒ်အနက်၊ ဝါကျအနက်စသည်ကိုသာ ဖွင့်ပြသည်ကို တွေ့ရှိရပေသည်။

ဒီပနီဟူသည်မှာ အနက်အဓိပ္ပာယ်ကို ထင်ရှားစွာ ဖွင့်ပြသော ကျမ်းမျိုး ဖြစ်လေသည်။ ဤကျမ်းမျိုးမှာ အချို့အရာ၌ အကြောင်းအရာတစ်ခုတည်းကိုပင် အကျယ်တဝင့် ရေးသားသော ကျမ်းမျိုးဖြစ်၍ အချို့နေရာ၌ကား ဋီကာကျမ်းတို့ကဲ့သို့ ဖွင့်ပြသောကျမ်း ဖြစ်လေသည်။

နိဿယ (နိသျ) ဟူသည်မှာ ပါဠိတော်စသည်တို့ကို ပါဠိတစ်ပုဒ်၊ မြန်မာတစ်ပုဒ်ပြန်နည်းအားဖြင့် အနက်မြန်မာပြန်သော ကျမ်းမျိုးဖြစ်လေသည်။ ဤကျမ်းမျိုးတို့တွင် အနက်မြန်မာပြန်များသာမကဘဲ ဆိုင်ရာအမှာထား အဆုံးအဖြတ်များကိုပါ တွေ့ရှိနိုင်မည်ဖြစ်၍ ပါဠိကျမ်းတို့ကို လေ့လာရာတွင် အားကိုးအားထားအပြုရဆုံး ကျမ်းမျိုးဖြစ်လေသည်။ ထို့ကြောင့် ဤကျမ်းမျိုးကို “နိဿယ (နိသျ) - မှီရာ၊ အားကိုးရာကျမ်း” ဟု ခေါ်ဆိုရခြင်း ဖြစ်ပေသည်။

အရကောက်ဟူသည်မှာ ပါဠိတော်စသည်တို့တွင် ပါရှိသည့် ပုဒ်တစ်ပုဒ်စီဖြစ်စေ၊ စာပိုဒ်တစ်ပိုဒ်စီဖြစ်စေ ရသင့်ရထိုက်သော တရားများကို ကောက်၍ ပြသောကျမ်းမျိုးဖြစ်လေသည်။ အထူးသဖြင့် အဘိဓမ္မာဆိုင်ရာတွင် ကျေးဇူးအများဆုံးပြုသောကျမ်းတို့ဖြစ်လေသည်။ ဤအရကောက်ကျမ်းများ မရှိလျှင် အဘိဓမ္မာပါဠိတော်တို့ကို နားလည်ခြင်းငှာ မဖြစ်နိုင်ပေ။

အထက်ပါတို့တွင် ပါဠိတော်စာပေသည် ပါဠိဘာသာ (ဝါ) မာဂဓဘာသာကို သာမုက္ကံသိကဒေသနာတော်အဖြစ် ဘုရားရှင် အသုံးပြု ဟောကြားသည့်အချိန်ကစ၍ ဖြစ်ပေါ်ခဲ့ပြီး အခါအခွင့်သင့်တိုင်း ဟောကြားခြင်းအားဖြင့် တစ်စတစ်စ အဆင့်ဆင့်တိုးပွားပြန့်ကျယ်လာခဲ့ပေသည်။ ယင်းသာမုက္ကံသိကဒေသနာတော်အားလုံးကို ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက အရှင်အာနန္ဒာတစ်ပါးတည်းသာ အနက်အဓိပ္ပာယ်နှင့်တကွ ကြွင်းမဲ့ဥဿုံ အာဂုံဆောင်ခဲ့ပေသည်။ အခြားသော မထေရ်တို့တွင်ကား အချို့က ပိဋကတစ်ပုံကိုသော်လည်းကောင်း၊ အချို့က နိကာယ်ငါးရပ်ကိုသော်လည်းကောင်း မိမိတို့စွမ်းအားရှိသမျှ အနက်အဓိပ္ပာယ်နှင့်တကွ အာဂုံဆောင်ခဲ့ကြသည်။

သို့ရာတွင် ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် ၃-လခန့်အကြာတွင် အရှင်မဟာကဿပအမှူးရှိသော ရဟန္တာမထေရ် ၅၀၀-တို့ ပထမသံဂါယနာတင်ပွဲကို ဆင်နွှဲကြလေရာ ၎င်းပထမသံဂါယနာတင်ပွဲ အပြီးတွင် မြတ်စွာဘုရား၏ သာမုက္ကံသိကဒေသနာတော်များ မပျက်မစီး အရှည်တည်တံ့စေလိုသော ငှာ ရဟန္တာမထေရ်တို့သည် အစုလိုက်ခွဲဝေ၍ တာဝန်ယူပြီးလျှင် တရားတော်များကို နှုတ်တက်အာဂုံဆောင်တော်မူခဲ့ကြပေသည်။ ထိုသို့တာဝန်ယူကြရာတွင် အရှင်ဥပါလိနှင့် တပည့်တို့အား ဝိနယပိဋကကိုလည်းကောင်း၊ အရှင်အာနန္ဒာနှင့်တပည့်တို့အား ဒီဃနိကာယ်ကိုလည်းကောင်း၊ အရှင်သာရိပုတ္တရာ၏ တပည့်တို့အား မဇ္ဈိမနိကာယ်ကိုလည်းကောင်း၊ အရှင်မဟာကဿပနှင့် တပည့်တို့အား သံယုတ္တနိကာယ်ကိုလည်းကောင်း၊ အရှင်အနုရုဒ္ဓါနှင့် တပည့်တို့အား အင်္ဂုတ္တရနိကာယ်ကိုလည်းကောင်း အသီးအသီး တာဝန်ခွဲဝေပေးကြောင်းကို သီလက္ခန်အဋ္ဌကထာနိဒါန်းတွင် မိန့်ဆိုထားသည်။

ယင်းသို့ မထေရ်တို့ အဆက်ဆက်ဆောင်ယူခဲ့ကြရာ ပါဠိတော်၏ အနက်အဓိပ္ပာယ်ကို ဖွင့်ပြသောကျမ်းများ လိုအပ်လာ၍ ပါဠိတော်၏အဖွင့်ဖြစ်သည့် အဋ္ဌကထာခေါ် ကျမ်းများ၊ တစ်ဖန် အဋ္ဌကထာ၏အဖွင့်ဖြစ်သည့် ဋီကာခေါ် ကျမ်းများ ပေါ်ပေါက်လာခဲ့ပြန်သည်။ ထိုတွင် ဘုရားရှင်ကိုယ်တော်တိုင် ဟောတော်မူခဲ့သော တရားတော်များကိုလည်းကောင်း၊ ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်နှင့် ဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူပြီးမှ ထိုထိုသာဝကတို့ ဟောအပ်သည့်တရားများကိုလည်းကောင်း ပါဠိတော်ဟူ၍ ခေါ်ရပေသည်။ ၎င်းပါဠိတော်များကား ဆဋ္ဌသံဂါယနာတင်မူအရ စာအုပ်ရေ ၄၀ ရှိလေသည်။ ထိုအုပ်ရေ ၄၀ ရှိသော ပါဠိတော်သည်...

  • ရသအားဖြင့် ၁ မျိုး
  • ဓမ္မဝိနယအားဖြင့် ၂ မျိုး
  • ဝစနအားဖြင့် ၃ မျိုး
  • ပိဋကတ်အားဖြင့် ၃ မျိုး
  • နိကာယ်အားဖြင့် ၅ မျိုး
  • အင်္ဂါအားဖြင့် ၉ မျိုး
  • ဓမ္မက္ခန္ဓာအားဖြင့် ၈၄၀၀၀ ရှိလေသည်။

၎င်းတို့တွင် ရသအားဖြင့် ၁ မျိုးဟူသည်မှာ ဗောဓိပင်နှင့် ရွှေပလ္လင်ကို အောင်မြင်တော်မူ၍ သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်တော်မူသည်မှ အစပြုလျက် ပရိနိဗ္ဗာန်စံဝင်တော်မူသည့်တိုင်အောင် ၄၅ ဝါပတ်လုံး နတ်လူဗြဟ္မာသတ္တဝါတို့အား ဟောညွှန်ဆုံးမတော်မူသော တရားတော် ဟူသမျှသည် ဝိမုတ္တိရသအားဖြင့် တစ်မျိုးတည်းသာ ဖြစ်ပေသည်။ ဆိုလိုသည်မှာ ဘုရားရှင် ဟောတော်မူခဲ့သမျှ တရားတော်တို့သည် ကိလေသာတို့မှ လွတ်သော အရဟတ္တဖိုလ်ချမ်းသာကို ရွက်ဆောင်ခြင်းအားဖြင့် (သို့မဟုတ်) ကိလေသာတို့မှ လွတ်သော မဂ်ဖိုလ်ဟူသော အကျိုးကို ရွက်ဆောင်ခြင်းအားဖြင့် (သို့မဟုတ်) ကိလေသာတို့မှ လွတ်သော မဂ်ဖိုလ်ကို ဖြစ်စေ၊ ပြီးစေခြင်းကိစ္စအားဖြင့် ရေတွက်လျှင် ဝိမုတ္တိရသ တစ်မျိုးတည်းသာ ဖြစ်သည်ဟု ဆိုလိုသည်။

ယင်းတစ်မျိုးတည်းကိုပင် ဓမ္မ၊ ဝိနယအားဖြင့် တစ်ဖန်ခွဲသော် ၂ မျိုး ဖြစ်ပြန်သည်။ ဘုရားရှင်၏စကားတော်အားလုံးသည်ပင် ကိလေသာကို ပယ်ဖျောက်တတ်သောကြောင့် ဝိနယလည်း မည်သည်။ ဆုံးမသည့်အတိုင်း ကျင့်ကြံလိုက်နာသူတို့ကို အပါယ်စသော ဘေးဒုက္ခတို့သို့ မကျအောင် ဆောင်ထားတတ်သောကြောင့် ဓမ္မလည်း မည်တော့သည်။

တစ်ဖန် ဝစနအားဖြင့်ခွဲသော် ပထမဗုဒ္ဓဝစန၊ မဇ္ဈိမဗုဒ္ဓဝစန၊ ပစ္ဆိမဗုဒ္ဓဝစန ဟူ၍ ၃ မျိုးဖြစ်ပြီးလျှင် ပိဋကအားဖြင့်ခွဲသော် ဝိနယပိဋက၊ သုတ္တန္တပိဋက၊ အဘိဓမ္မာပိဋကဟု ၃ မျိုးရှိပြန်သည်။ ထိုသုံးမျိုးတွင် ဝိနယပိဋက၌-

  1. ပါရာဇိကပါဠိ (ဥဘတောဝိဘင်္ဂ)
  2. ပါစိတ္တိယပါဠိ
  3. မဟာဝဂ္ဂပါဠိ (ခန္ဓက)
  4. စူဠဝဂ္ဂပါဠိ
  5. ပရိဝါရပါဠိ

သုတ္တန္တပိဋက၌-

  1. ဒီဃနိကာယ်
  2. မဇ္ဈိမနိကာယ်
  3. သံယုတ္တနိကာယ်
  4. အင်္ဂုတ္တရနိကာယ်
  5. ခုဒ္ဒကနိကာယ်

ဟု ငါးမျိုးရှိလေသည်။

၁။ ဒီဃနိကာယ်၌-

  1. သီလက္ခန္ဓဝဂ်
  2. မဟာဝဂ်
  3. ပါထိကဝဂ်

အားဖြင့် ပေါင်း (၃) ကျမ်း

၂။ မဇ္ဈိမနိကာယ်၌-

  1. မူလပဏ္ဏာသ
  2. မဇ္ဈိမပဏ္ဏာသ
  3. ဥပရိပဏ္ဏာသ

အားဖြင့် ပေါင်း (၃) ကျမ်း

၃။ သံယုတ္တနိကာယ်၌-

  1. သဂါထာဝဂ္ဂသံယုတ်
  2. နိဒါနဝဂ္ဂသံယုတ်
  3. ခန္ဓဝဂ္ဂသံယုတ်
  4. သဠာယတနဝဂ္ဂသံယုတ်
  5. မဟာဝဂ္ဂသံယုတ်

အားဖြင့် ပေါင်း (၅) ကျမ်း

၄။ အင်္ဂုတ္တရနိကာယ်၌-

  1. ဧကကနိပါတ်
  2. ဒုကနိပါတ်
  3. တိကနိပါတ်
  4. စတုက္ကနိပါတ်
  5. ပဉ္စကနိပါတ်
  6. ဆက္ကနိပါတ်
  7. သတ္တကနိပါတ်
  8. အဋ္ဌကနိပါတ်
  9. နဝကနိပါတ်
  10. ဒသကနိပါတ်
  11. ဧကာဒသကနိပါတ်

အားဖြင့် ပေါင်း (၁၁) ကျမ်း

၅။ ခုဒ္ဒကနိကာယ်၌-

  1. ခုဒ္ဒကပါဌ်
  2. ဓမ္မပဒ
  3. ဥဒါန
  4. ဣတိဝုတ္တက
  5. သုတ္တနိပါတ်
  6. ဝိမာနဝတ္ထု
  7. ပေတဝတ္ထု
  8. ထေရဂါထာ
  9. ထေရီဂါထာ
  10. ဇာတက
  11. နိဒ္ဒေသ
  12. ပဋိသမ္ဘိဒါမဂ်
  13. အပဒါန
  14. ဗုဒ္ဓဝံသ
  15. စရိယာပိဋက

ဟု ပေါင်း (၁၅) ကျမ်း အသီးသီးရှိလေသည်။

၆။ အဘိဓမ္မာပိဋက၌ကား—

  1. ဓမ္မသင်္ဂဏီ
  2. ဝိဘင်္ဂ
  3. ဓာတုကထာ
  4. ပုဂ္ဂလပညတ္တိ
  5. ကထာဝတ္ထု
  6. ယမက
  7. ပဋ္ဌာန

ဟု ပေါင်း (၇) ကျမ်း ရှိလေသည်။

ယင်းပိဋကတ် ၃-ပုံကိုပင် နိကာယ်အားဖြင့် ရေတွက်သောအခါ သုတ္တန္တပိဋကသည်ဆိုခဲ့ပြီး နိကာယ်ငါးရပ်၌ အကျုံးဝင်ပြီး ဝိနည်းပိဋကနှင့် အဘိဓမ္မာပိဋကတို့သည် ခုဒ္ဒကနိကာယ်၌ အကျုံးဝင်ကြသည်။ နိကာယ်ငါးရပ်၊ ပိဋကတ်သုံးပုံဟူသော ပါဠိတော်ကိုပင် အင်္ဂါအားဖြင့် ရေတွက်သော်-

  1. သုတ္တ
  2. ဂေယျ
  3. ဝေယျာကရဏ
  4. ဂါထာ
  5. ဥဒါန
  6. ဣတိဝုတ္တက
  7. ဇာတက
  8. အဗ္ဘုတဓမ္မ
  9. ဝေဒလ္လ

ဟု အင်္ဂါ (၉) တန် ဖြစ်ပြန်သည်။

ဓမ္မက္ခန္ဓာအားဖြင့်သော်ကား ဒွါသီတိ ဗုဒ္ဓတော ဂဏ္ဌိ၊ ဒွေ သဟဿာနိ ဘိက္ခုတော။ စတုရာသီတိ သဟဿာနိ၊ ယေ မေ ဓမ္မာ ပဝတ္တိနော။ (ထေရ၊ ၃၄) ဟူသော အာနန္ဒတ္ထေရဂါထာနှင့်အညီ (၈၄၀၀၀) များမြောင် ကျယ်ဝန်းလှပေသည်။ (ဝစန၊ အင်္ဂါ၊ ဓမ္မက္ခန္ဓာ ရေတွက်ပုံကို သီလက္ခန်အဋ္ဌကထာ၌ ကြည့်ရန်)

ဤသို့လျှင် သာမုက္ကံသိကဗုဒ္ဓဝစနကိုပင် ရသအားဖြင့် တစ်မျိုး၊ ဓမ္မဝိနယအားဖြင့် နှစ်မျိုး၊ ဝစနအားဖြင့် ၃ မျိုး၊ ထို့အတူ ပိဋကတ်အားဖြင့် ၃ မျိုး၊ နိကာယ်အားဖြင့် ၅ မျိုး၊ ဓမ္မက္ခန္ဓာအားဖြင့် ၈၄၀၀၀ ဟူ၍ ပထမသံဂါယနာတင်ပွဲ၌ အရှင်မဟာကဿပ အမှူးရှိသော ၅၀၀ သော အရှင်မြတ်တို့ အသီးအသီး ပိုင်းခြားသတ်မှတ်၍ သံဂါယနာတင်ခဲ့ကြခြင်း ဖြစ်ပေသည်။

သို့ရာတွင် ပိဋကတ်တော်များ၌ ပထမသံဂါယနာတင်ပွဲနောက်မှ ထည့်သွင်းထားသော စကားရပ်များ၊ သုတ်များ၊ ကျမ်းဂန်များကိုလည်း အတော်များများပင် တွေ့ရှိရပေသည်။ ဝိနယပိဋက၊ စူဠဝါပါဠိတော်၌ လာသော ပထမသံဂါယနာတင်ပွဲအကြောင်းကိုပြသည့် ပဉ္စသတိကက္ခန္ဓကနှင့် ဒုတိယသံဂါယနာတင်ပွဲအကြောင်းကိုပြသော သတ္တသတိကက္ခန္ဓကတို့သည် ပထမသံဂါယနာတင်စဉ်က မပါဝင်နိုင်ခဲ့ကြပေ။ နောင် ဒုတိယ၊ တတိယသံဂါယနာတင်သောအခါကျမှသာ ထည့်သွင်းထားခြင်းဖြစ်ကြောင်း သိသာလှပေသည်။

မှန်ပေသည်၊ သံဂါယနာတင်မထေရ် အဆက်ဆက်တို့သည် ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးနောက်၌ ထိုထိုတပည့်သာဝကတို့ ဟောသောသုတ်များကိုလည်း ဘုရားရှင်ပေးသောနည်း၌ တည်လျက် ဟောအပ်သည်ဖြစ်ရကား ဘုရားစကားတော်ပင်မည်သောကြောင့် ပါဠိတော်၌ ထည့်သွင်း၍ သံဂါယနာတင်ရိုး ပြုတော်မူကြသည်ကို ထိုထိုကျမ်းဂန်တို့၌ တွေ့ရှိရပေမည်။

သီလက္ခန်ပါဠိတော်လာ သုဘသုတ်၊ သုတ်မဟာဝါပါဠိတော်လာ ပါယာသိရာဇညသုတ်၊ ဥပရိပဏ္ဏာသပါဠိတော်လာ ဂေါပကမောဂ္ဂလာနသုတ်တို့သည် ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီး မကြာမီ အရှင်အာနန္ဒာစသော သာဝကကြီးတို့ ဟောသော သုတ်များဖြစ်ပေသည်။ ထို့အတူပင် ဝိမာနဝတ္ထုပါဠိတော်လာ မလ္လိကာဝိမာန၊ ဝိသာလက္ခိဝိမာန၊ ပီတဝိမာန၊ စူဠရထဝိမာန၊ ဥတ္တရ (ပါယာသိ) ဝိမာနဝတ္ထုတို့သည် ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးနောက်မှ ဖြစ်ပေါ်ခဲ့၍ ပထမသံဂါယနာတင်စဉ်ကာလ၌ သံဂါယနာတင်မထေရ်တို့ ထည့်သွင်းခဲ့သော ပါဠိများပင် ဖြစ်သည်။

မည်သည့်အချိန်ကာလ၌ ဟောသည်ဟု အတိအကျပြဆိုချက်မပါသော်လည်း ဘုရားရှင်ပရိနိဗ္ဗာန်စံပြီး အတော်ကြာမှ ဟောသည်ဟု ယူဆနိုင်သောသုတ်များလည်း ရှိသေးသည်။ ယင်းတို့ကား မဇ္ဈိမပဏ္ဏာသပါဠိတော်လာ မဓုရသုတ်နှင့် ဃောဋမုခသုတ်တို့ ဖြစ်သည်။ ယင်းသုတ်တို့တွင် သုဘသုတ်၊ ဂေါပကမောဂ္ဂလာနသုတ်တို့ကဲ့သို့ “အစိရပရိနိဗ္ဗုတေ ဘဂဝတိ-ဘုရားရှင်ပရိနိဗ္ဗာန်စံ၍ မကြာမီ” ဟု မပါသည်ကို ထောက်လျှင် ဘုရားရှင် ပရိနိဗ္ဗာန်စံပြီး အတော်ကြာမှ ဟောသောသုတ်များဟု မှတ်ယူရမည်။ ထိုသို့မှတ်ယူပါက ယင်းသုတ်များသည် ပထမသံဂါယနာတင်စဉ်က မပါဝင်ဘဲ ဒုတိယသံဂါယနာ စသည်တို့မှသာ ထည့်သွင်းသံဂါယနာတင်ခဲ့သောသုတ်များဟု မှတ်ယူနိုင်ပေတော့သည်။

ပထမသံဂါယနာတင်စဉ်က ဧကန်မုချမပါဟုဆိုနိုင်သော သုတ်တစ်သုတ်ကိုလည်း တွေ့ရှိရသေးသည်။ ယင်းသုတ်ကား ဥပရိပဏ္ဏာသပါဠိတော်လာ ဗာကုလသုတ်ပင် ဖြစ်သည်။ ဗာကုလမထေရ်သည် လူ့ဘောင်၌ အသက် (၈၀)၊ ရဟန်းဘောင်၌ ဝါတော် (၈၀) ဤသို့အားဖြင့် အသက် (၁၆၀) ရှည်တော်မူသည်။ အသက် (၈၀) ပြည့်နှစ်၌ ရဟန်းပြု၍ (၈)-ရက်မြောက်နေ့၌ ရဟန္တာအဖြစ်သို့ ရောက်သည်။

ယင်းသို့ဖြစ်ခြင်းကြောင့် ဓမ္မစကြာတရားဟောအပြီး အစဉ်သဖြင့် ဒေသစာရီကြွတော်မူရာ ကောသမ္ဗီပြည်သို့ ဆိုက်ရောက်တော်မူသော ဘုရားရှင်ထံ ဆည်းကပ်၍ တရားတော်ကို နာရသောကြောင့် ဖြစ်သည်။ ရဟန်းဘောင်တွင် ဝါတော် (၈၀) သီတင်းသုံး၍ လူ့ဘောင်က ရောင်းရင်းဖက်ဖြစ်ခဲ့သော အစေလကကဿပ (ခ) တက္ကဒွန်းရဟန်းကို တရားဟောချေချွတ်ပြီးမှ ပရိနိဗ္ဗာန်ပြုသည်။ ဤဆိုခဲ့သည့်အကြောင်းအရာများကိုထောက်သော် အရှင်ဗာကုလ၏ ရဟန်းပြုရာကာလကို အစောဆုံးအားဖြင့် ဘုရားရှင်ဘုရားအဖြစ်ရောက်တော်မူသည့်နှစ်မှာ ထားဘိဦး ဘုရားရှင်သည် ဝါတော် (၄၅)၌ ပရိနိဗ္ဗာန်စံတော်မူရာ အရှင်ဗာကုလ၏ ပရိနိဗ္ဗာန်ပြုသည့်နှစ်မှာ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ၃၅ နှစ် (သို့မဟုတ်) ၃၆ နှစ် ဖြစ်ပေမည်။

ထိုအခါမှ ဖြစ်ပေါ်ခဲ့သော အဖြစ်အပျက်ကို မှတ်တမ်းတင်ထားသည့် ဤဗာကုလသုတ်သည် ပထမသံဂါယနာတွင် မပါဝင်နိုင်သည်မှာ အလွန်ပင် ထင်ရှားနေပေသည်။ သို့ဖြစ်ရကား ဤဗာကုလသုတ်ကို ဒုတိယသံဂါယနာကျမှ ထည့်သွင်း၍ သံဂါယနာတင်ခဲ့သည်ဟု မှတ်ယူရပေမည်။ ထို့အတူပင် ပေတဝတ္ထုပါဠိတော်လာ ဥတ္တရမာတုပေတိဝတ္ထုသည်လည်း ပထမသံဂါယနာတင်ပြီးနောက်မှ အဖြစ်အပျက်ကို ပြဆိုထားသောဝတ္ထုပင် ဖြစ်သည်။ ၎င်းဝတ္ထုကို ဒုတိယသံဂါယနာကျမှ ထည့်သွင်းခဲ့ကြောင်းကို ပေတဝတ္ထုအဋ္ဌကထာ၌ ထင်ရှားစွာပင် ပြဆိုထားလေသည်။

ဒုတိယသံဂါယနာတင်ပြီးနောက်မှ ဖြစ်ပေါ်လာသော အဖြစ်အပျက်ကိုလည်း ပေတဝတ္ထုပါဠိတော်၌ပင် တွေ့ရသေးသည်။ ယင်းကား နန္ဒကပေတဝတ္ထုပင် ဖြစ်သည်။ ၎င်းအဖြစ်အပျက်သည် ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် အနှစ် (၂၀၀) ကျော် အသောကမင်းလက်ထက်၌ ဖြစ်ပျက်ခဲ့ပေရာ တတိယသံဂါယနာမတင်မီ ဖြစ်၍ ဤဝတ္ထုကို တတိယသံဂါယနာတွင် ထည့်သွင်းခဲ့ကြောင်း ၎င်းအဋ္ဌကထာအရ သိရပေသည်။

အထက်ပါအဖြစ်အပျက်မျိုးနှင့် အရှေးမနှောင်း ဖြစ်သော အဖြစ်အပျက်တစ်ခုကိုလည်း ထေရဂါထာပါဠိတော်တွင် တွေ့ရပြန်သည်။ ယင်းကား အခြားမဟုတ်၊ အသောကမင်းကြီး၏ ညီတော် တိဿမင်းသားအကြောင်းပင် ဖြစ်သည်။ ၎င်းထေရဂါထာအဖွင့်၌ တိဿမင်းသား ရဟန်းပြုကြောင်း၊ ရဟန်းပြုပြီးနောက် ပဋိပတ်အားထုတ်ကြောင်းနှင့် ပရိနိဗ္ဗာန်စံကြောင်းအထိ ပြဆိုထားသည်ကို တွေ့ရသည်။ ယင်းသို့ဖြစ်ရကား ညီတော်တိဿမထေရ်၏အကြောင်းကို ပြဆိုသော ဂါထာများသည် ပထမ၊ ဒုတိယသံဂါယနာတို့တွင် မပါဝင်ခဲ့ဘဲ တတိယသံဂါယနာတင်မှ ဖြစ်စေ၊ ထိုနောက်မှ ဖြစ်စေ ထည့်သွင်းထားသော ဂါထာများဖြစ်ကြောင်း ထင်ရှားပေသည်။

ကထာဝတ္ထုကျမ်းသည်လည်း ပထမသံဂါယနာတင် အဘိဓမ္မာကျမ်းစာရင်းတွင် ပါဝင်သော်လည်း အဋ္ဌကထာများအဆိုအရ ထိုစဉ်က မာတိကာအစဉ်မျှသာ ရှိခဲ့သည်။ နောင်အခါ အသောကမင်းလက်ထက် တတိယသံဂါယနာတင်ခါနီးအခါမှ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်ဟောခဲ့သောကျမ်း ဖြစ်လေသည်။

ဤကား အရှင်မဟာဗုဒ္ဓဃောသ၏ အဋ္ဌကထာတို့၌ ဖော်ပြထားသော သံဂါယနာသုံးတန်စာရင်းတွင် ပါဝင်သော ပါဠိတော်တို့ကို လေ့လာစိစစ်ချက်တည်း။ အဆိုပါသံဂါယနာသုံးတန်စာရင်းတွင် မပါဝင်သော်လည်း ပါဠိတော်စာရင်းဝင်အဖြစ် ရှေးမထေရ်အဆက်ဆက်တို့ သတ်မှတ်လက်ခံ၍ ပါဠိတော်၌ထည့်သွင်းထားသော ကျမ်းများလည်း ရှိသေးသည်။ ယင်းကျမ်းတို့ကား နေတ္တိပါဠိတော်၊ ပေဋကောပဒေသပါဠိတော်နှင့် မိလိန္ဒပဉှာကျမ်းတို့ပင် ဖြစ်သည်။ ထိုသုံးကျမ်းတို့တွင် နေတ္တိကျမ်းနှင့်ပတ်သက်၍ နေတ္တိအဋ္ဌကထာ၌ အောက်ပါအတိုင်း ဖြေရှင်းထားသည်ကို တွေ့ရသည်။ “ဤ နေတ္တိကျမ်းကို မဟာသာဝက (အရှင်မဟာကစ္စာယန) ဟောအပ်၍ ဘုရားရှင် အနုမောဒနာပြုအပ်၏” ဟု အဘယ်သို့ သိအပ်ပါသနည်း? ဟူမူ ပါဠိအားဖြင့်ပင် သိသည်။ ထိုစကားမှန်၏။ ပါဠိတော်ထက်သာ၍ ပမာဏမြောက်သော အခြားကျမ်းမည်သည် မရှိပေ။

ပဒေသ (၄) ပါးတို့နှင့် မဆန့်ကျင်သော အကြင်ပါဠိသည် ရှိ၏။ ထိုပါဠိသည် ပမာဏမြောက်ပေ၏။ မှန်၏။ မကဲ့ရဲ့အပ်သော ဆရာစဉ်အဆက်ဆက်သည် ပေဋကောပဒေသကျမ်းကဲ့သို့ ဤနေတ္တိကျမ်းကို ဆောင်ခဲ့၏။ ယင်းသို့ဖြစ်လျှင် အဘယ်ကြောင့် နေတ္တိကျမ်း၌ နိဒါန်းကို မဟောအပ်သနည်း? သာဝကဘာသိတဖြစ်သော သုဘသုတ်၊ အနင်္ဂဏသုတ်၊ ကစ္စာယနသံယုတ်စသည်တို့၏နိဒါန်းကို ဟောကြားအပ်သည် မဟုတ်လောဟူမူ ဤနိဒါန်းကိုဟောခြင်း၊ မဟောခြင်းသည် ဧကန္တိကမဟုတ်ပေ။ အကြောင်းကား သာဝကဘာသိတဖြစ်သော ပဋိသမ္ဘိဒါမဂ်၊ နိဒ္ဒေသစသည်တို့၏လည်းကောင်း၊ ဗုဒ္ဓဘာသိတတို့တွင် ဓမ္မပဒ၊ ဗုဒ္ဓဝံသစသည်တို့၏လည်းကောင်း နိဒါန်းကို မဟောအပ်သောကြောင့်ဖြစ်ပေသည်။ နိဒါန်းမပါသောကြောင့်လည်း ယင်းကျမ်းတို့ ပမာဏမမြောက်မဟုတ်ကြပေ။ ထိုအတူပင် ဤနေတ္တိကျမ်း၌လည်း မှတ်အပ်၏။ တစ်နည်းလည်း ပါဠိတော်၏အနက်ကို ဖွင့်ပြရာကျမ်းဖြစ်သောကြောင့် ဤနေတ္တိကျမ်း၏ နိဒါန်းကို သီးခြားဆိုဖွယ်မလိုတော့ပေ။ ပဋိသမ္ဘိဒါမဂ်၊ နိဒ္ဒေသစသည်တို့၏ နိဒါန်းကို ဆိုဖွယ်မလိုသကဲ့သို့တည်း။ ဤသို့ မှတ်အပ်၏။

ထို့အပြင် နေတ္တိကျမ်း၏အဆုံး၌ “ဧတ္တာဝတာ သမတ္တာနေတ္တိယာ အာယသ္မတာ မဟာကစ္စာယနေနဘာသိတာ ဘဂဝတာ အနုမောဒိတာ မူလသင်္ဂီယံ သင်္ဂီတာတိ” ဟုလာရှိသော နိဂုံးဝါကျကို ထောက်ဆလျှင် ဤနေတ္တိကျမ်းကို မူလ (ပထမ) သံဂါယနာတင်အပ်သည်ဟု မှတ်ယူဖွယ် ရှိပြန်သည်။

ယင်းသို့ပင် ပါဠိတော်နိဂုံးဝါကျနှင့် နေတ္တိအဋ္ဌကထာဆရာ အရှင်ဓမ္မပါလမထေရ်တို့ကဆိုသော်လည်း နေတ္တိကျမ်းနှင့်ပတ်သက်၍ ဆင်ခြင်ဖွယ်အချက်များကား မရှိမဟုတ်၊ ရှိကြသည်။ နေတ္တိကျမ်းကဲ့သို့ ထင်ရှားသောကျမ်းကို မဟာသာဝက အရှင်မဟာကစ္စာယနမထေရ်ဟောသည်ဖြစ်ခဲ့လျှင် “ထိုမထေရ်၏ အတ္ထုပ္ပတ္တိကို ပြဆိုသော အမြောက်ဆုံးဖြစ်သည့် အင်္ဂုတ္တိုရ်အဋ္ဌကထာ၌ ပြဆိုသင့်ပါလျက် ယင်းကို မပြဆိုခြင်း၊ ပထမသံဂါယနာ၌ သံဂါယနာတင်ခဲ့သည်မှန်လျှင် အရှင်မဟာဗုဒ္ဓဃောသထုတ်ပြသော ပထမသံဂါယနာဝင်ကျမ်းများ၌ ပါဝင်သင့်ပါလျက် မပါဝင်ခဲ့ခြင်း၊ အဋ္ဌသာလိနီအဋ္ဌကထာနိဒါန်းဝယ် ကထာဝတ္ထုကျမ်းကို သာဝကဘာသိတဖြစ်သော်လည်း ဘုရားဟောနှင့်တူစွာ လေးစားထိုက်သည်ကိုပြရာ၌ ဤနေတ္တိကျမ်းကို ပုံစံအဖြစ် ထုတ်ပြထိုက်ပါလျက် ဤကျမ်းကို ထုတ်မပြဘဲ မဓုပိဏ္ဍိကသုတ်ကို ထုတ်ပြခဲ့ခြင်း” စသည်တို့ကို ဆင်ခြင်ထောက်ထားလျှင် နေတ္တိကျမ်းကို မဟာသာဝကအရှင်မဟာကစ္စာယနမထေရ်ဟော၍ ဘုရားရှင် အနုမောဒနာပြုသည်ဟုလည်းကောင်း၊ ပထမသံဂါယနာ၌ ယင်းကျမ်းပါဝင်သည်ဟုလည်းကောင်း အဋ္ဌကထာဆရာ အရှင်မဟာဗုဒ္ဓဃောသမထေရ် ယူဆဟန်မရှိခဲ့ပေ။

သို့ပင်ဖြစ်သော်လည်း နေတ္တိကျမ်းသည် အရှင်မဟာဗုဒ္ဓဃောသခေတ်မတိုင်မီက ပေါ်ရှိခဲ့သည်မှာကား ထင်ရှားပေသည်။ အကြောင်းကား ပါရာဇိကဏ်အဋ္ဌကထာ၊ ဝေရဉ္ဇကဏ္ဍဝယ် ‘သာတ္ထံ၊ သဗျဉ္ဇနံ’ ပုဒ်တို့ကိုဖွင့်ရာ၌ နေတ္တိကျမ်းလာ အတ္ထပဒ ၆-ပါး၊ ဗျဉ္ဇနပဒ ၆-ပါးတို့ကိုလည်းကောင်း၊ မူလပဏ္ဏာသအဋ္ဌကထာ၊ မူလပရိယာယသုတ်အဖွင့် (၃၂)၌ နေတ္တိကျမ်းလာဂါထာနှင့်တကွ လက္ခဏဟာရကိုလည်းကောင်း ယူ၍ ဖွင့်ဆိုထားသည်ကို တွေ့ရသောကြောင့်တည်း။

ယင်းသို့ အရှင်မဟာဗုဒ္ဓဃောသခေတ်မတိုင်မီက ရှိခဲ့သော်လည်း နေတ္တိကျမ်းကို အရှင်မဟာကစ္စာယနဟော၍ ဘုရားရှင် အနုမောဒနာပြုပြီး ပထမသံဂါယနာ၌ သံဂါယနာတင်ခဲ့သည်ဟူသော အယူအဆကို မည်သည့်အချိန်က ပေါ်ပေါက်ခဲ့သည်ဟု အတိအကျ ဖော်ပြရန်ကား မဖြစ်နိုင်ပေ။ အရှင်မဟာဗုဒ္ဓဃောသခေတ်နောက်ပိုင်း အရှင်ဓမ္မပါလမပေါ်မီခေတ်အတွင်း တစ်ချိန်ချိန်မှာ ထိုအယူအဆ ပေါ်ပေါက်လာသည်ဟုသာ မှတ်ယူအပ်ပေသည်။

မူလသင်္ဂီတိယံသင်္ဂီတာ” ဟူသော နေတ္တိကျမ်းလာ နိဂုံးစကားနှင့် နေတ္တိအဋ္ဌကထာ၌ ရှင်းပြချက်တို့ကို အရှင်မဟာဗုဒ္ဓဃောသ၏အယူအဆနှင့် ညီညွတ်စေရန် ဤသို့လည်း နှီးနှော၍ ယူဆကြသေးသည်။ ယူဆကြပုံကား “အရှင်မဟာဗုဒ္ဓဃောသ၏ အဋ္ဌကထာတို့၌ သံဂါယနာသုံးတန်စာရင်းဝင်ကျမ်းအဖြစ်ဖြင့် ဖော်ပြထားသော (၁၅) ကျမ်းတို့အနက် နိဒ္ဒေသကျမ်းကဲ့သို့ပင် ပါဠိတော်တို့၏အဖွင့်ဖြစ်သောကြောင့် ဤနေတ္တိကျမ်းကို အသီးအခြား မပြတော့ဘဲ နိဒ္ဒေသကျမ်းကိုသာ နိဒဿနနည်းအားဖြင့် ပြတော်မူခဲ့သည်။ သို့ဖြစ်၍ ဤနေတ္တိကျမ်းကိုလည်း နိဒ္ဒေသကျမ်းကဲ့သို့ပင် သံဂါယနာသုံးတန်ဝင်ကျမ်းဟု မှတ်ယူရမည်” ဟူ၏။ ဤယူဆချက်ကို လက်ခံနိုင်လျှင်ကား အထူးစိစစ်ဖွယ် မရှိတော့ပြီ။

ပေဋကောပဒေသကျမ်းမှာလည်း အရှင်မဟာကစ္စာယနမထေရ်ပင် ဟောကြောင်း ၎င်းကျမ်းနိဂုံးစကားများက ဆိုပေသည်။ ဤကျမ်းလည်း အဋ္ဌကထာတို့တွင် ဈာန်ခန်းအဖွင့်တို့၌ “ပေဋကေ” ဟု အကိုးပါရှိရာ ယင်းပေဋကအရ ဋီကာများဖွင့်သည့်အတိုင်း ပေဋကောပဒေသကျမ်းကို ယူရသောကြောင့် နေတ္တိကျမ်းအတူပင် အရှင်မဟာဗုဒ္ဓဃောသခေတ်မတိုင်မီက ရှိခဲ့သောကျမ်းဖြစ်ကြောင်း မှတ်ယူအပ်ပေသည်။

မိလိန္ဒပဉှာကျမ်းသည်လည်း အလွန်နောက်ကျသော ခေတ်မှ ပေါ်လာသောကျမ်း ဖြစ်ပေသည်။ အရှင်နာဂသိန်နှင့် မိလိန္ဒဘုရင်တို့သည် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက် အနှစ် (၅၀၀) ကျော်မှ ပေါ်ခဲ့ကြသော ပုဂ္ဂိုလ်တို့ ဖြစ်ကြသည်။ ၎င်းတို့၏အဖြစ်အပျက်ကပင် အနှစ်ငါးရာကျော်လျှင် ဤမိလိန္ဒပဉှာကျမ်း ပေါ်ပေါက်ရာခေတ်မှာ ထို့ထက်ပင် နောက်ကျပေဦးမည်။ သို့ဖြစ်၍ မိလိန္ဒပဉှာကျမ်းသည် ဝဋ္ဋဂါမဏိမင်းလက်ထက်၊ ပိဋကတ်တော်တို့ကို ပေထက်အက္ခရာတင်ပြီးသည်မှ နောက်မှ ပေါ်လာသောကျမ်းဖြစ်သည်ဟု ဧကန်မှတ်သင့်ပေသည်။

ထိုသို့နောက်ကျသော ကာလမှ ပေါ်လာသောကျမ်းဖြစ်သော်လည်း မိလိန္ဒပဉှာကျမ်းသည် ဗုဒ္ဓဝါဒဆိုင်ရာ ခဲရာခဲဆစ်အဖုအထစ်သဖွယ်ဖြစ်သော အရာဌာနတို့ကို ဘုရားရှင်အလိုကျဖြေရှင်းပြသောကျမ်းဖြစ်၍ ဘုရားဟောနှင့်မခြား အလားတူပင် အလေးပြုခြင်းကို ခံခဲ့ရပေသည်။ အဋ္ဌကထာဆရာ အရှင်မဟာဗုဒ္ဓဃောသသည်လည်း မိမိအဋ္ဌကထာတို့တွင် အရေးတကြီးဖြေရှင်းဖွယ်ရှိသော နေရာဌာနတို့၌ မိလိန္ဒပဉှာကျမ်းကိုပင် ထုတ်ဖော်ကိုးကားဖြေရှင်းခဲ့သည်များကို တွေ့ရပေသည်။ ဤကျမ်း၏နောက်၌ကား ပါဠိတော်ကဲ့သို့ အသိအမှတ်ပြုထိုက်သည့် ကျမ်းများ မပေါ်ထွက်တော့ချေ။ ပါဠိတော်စာပေခေတ်မှာလည်း မိလိန္ဒပဉှာကျမ်းဖြင့် အဆုံးသတ်နိဂုံးချုပ်သွားသည်ဟုပင် ဆိုရပေမည်။

ဤသို့လျှင် ခုဒ္ဒကနိကာယ်ဝင် ပါဠိတော်အရေအတွက်မှာ အဋ္ဌကထာ၌ပြအပ်သည့် (၁၅) ကျမ်းအပြင် နေတ္တိကျမ်း၊ ပေဋကောပဒေသကျမ်း၊ မိလိန္ဒပဉှာကျမ်းတို့ကို ပေါင်းထည့်သော် (၁၈) ကျမ်း ဖြစ်လာလေတော့သည်။ ယင်း (၁၈) ကျမ်းကိုပင် သုတ္တန္တပိဋက၊ ခုဒ္ဒကနိကာယ်ဝင် ပါဠိတော်အဖြစ်ဖြင့် သတ်မှတ်၍ ပဉ္စမသံဂါယနာ၊ ဆဋ္ဌသံဂါယနာတို့၌ သာသနာ့ဝန်ဆောင်ဆရာတော်တို့ သံဂါယနာတင်တော်မူခဲ့ကြလေသည်။

အထက်၌ ဖော်ပြခဲ့သည့် ပါဠိတော်ကျမ်းတို့သည် သီဟိုဠ်ကျွန်းသို့ရောက်မှ ပေထက်အက္ခရာတင်အဖြစ်သို့ ရောက်ခဲ့သော်လည်း ဇမ္ဗူဒိပ် (ခ) အိန္ဒိယပြည်၌ ဖြစ်ပေါ်ခဲ့ကြသော ကျမ်းဂန်များဖြစ်၍ အိန္ဒိယပါဠိစာပေများပင် ဖြစ်ပေသည်။ သီဟိုဠ်ကျွန်းသို့ ဗုဒ္ဓသာသနာရောက်ပြီးနောက်မှ ပေါ်လာသော သာသနာဆိုင်ရာကျမ်းဂန်တို့ကိုကား သီဟိုဠ်ပါဠိစာပေဟုပင်ခေါ်ရပေမည်။ ၎င်းသီဟိုဠ်ပါဠိစာပေခေတ်ဆိုင်ရာ ကျမ်းဂန်တို့ကား အဋ္ဌကထာ၊ ဋီကာ၊ အနုဋီကာစသည်ဖြင့် များစွာရှိလေသည်။

---

သီဟိုဠ်နိုင်ငံ ပါဠိစာပေသမိုင်း

[ပြင်ဆင်ရန်]

သီဟိုဠ်ကျွန်းသို့ ဗုဒ္ဓသာသနာရောက်ရှိပြီးနောက်မှ ပေါ်လာသော သာသနာတော်ဆိုင်ရာကျမ်းဂန်တို့ကား သီဟိုဠ်စာပေဟုပင် ခေါ်ရပေမည်။ ၎င်းသီဟိုဠ်ပါဠိစာပေခေတ်ဆိုင်ရာ ကျမ်းဂန်တို့ကား အဋ္ဌကထာ၊ ဋီကာ၊ အနုဋီကာစသည်ဖြင့် များစွာရှိလေသည်။

၎င်းတို့တွင် အဋ္ဌကထာသည် မြတ်စွာဘုရားရှင်လက်ထက်ကပင် ရှိခဲ့သည်။ သို့သော် အဋ္ဌကထာဟူသောအမည်ဖြင့် မထင်ရှားခဲ့ဘဲ “ပကိဏ္ဏကဒေသနာ-အထွေထွေတရားတော်” ဟူသောအမည်ဖြင့်သာ ရှိခဲ့လေသည်။ မြတ်စွာဘုရားရှင်သည် တရားတော်တို့ကို ဟောတော်မူပြီးနောက် ၎င်းတရားတော်တို့တွင် ခက်ခဲသောနေရာများကို သိသာထင်ရှားအောင် ထပ်မံဖွင့်ပြလျက် အကျယ်ဟောတော်မူအပ်သည့် ဒေသနာမျိုးများရှိခဲ့ရာ ယင်းဒေသနာတော်သည် ပါဠိတော်ဟူသော အမည်တွင် မပါဝင်ခဲ့ဘဲ သီးခြားရှိနေခဲ့သည်။ ထိုသီးခြားဒေသနာတော်ဖြစ်သည့် ပကိဏ္ဏကဒေသနာကိုလည်း မထေရ်အဆက်ဆက်တို့ သံဂါယနာတင်ကာ ထိန်းသိမ်းခဲ့ကြသည်။

တတိယသံဂါယနာတင်ပြီးနောက် အရှင်မဟိန္ဒမထေရ်သည် သီဟိုဠ်ကျွန်းသို့ သာသနာပြုကြွသောအခါ ပါဠိတော်များနှင့်တကွ အဋ္ဌကထာဟု ခေါ်နိုင်သည့် ပကိဏ္ဏကဒေသနာများကိုပါ ယူဆောင်သွားခဲ့သည်။ ၎င်းအဋ္ဌကထာတို့ သီဟိုဠ်ကျွန်းသို့ ရောက်သောအခါ သီဟိုဠ်ဘာသာသို့ သာသနာ့ဝန်ဆောင်မထေရ်တို့က ဘာသာပြန်ခဲ့ကြသည်။ ကာလကြာမြင့်လာသောအခါ သီဟိုဠ်ဘာသာဖြင့် အဋ္ဌကထာအမျိုးမျိုးတို့ ပေါ်ပေါက်လာပြန်သည်။ သီဟိုဠ်ဘာသာဖြင့်သာမက အိန္ဒိယနိုင်ငံ တောင်ပိုင်းဘာသာတို့ဖြင့် ရေးသားအပ်သော အဋ္ဌကထာတို့လည်း ရှိပြန်လေသည်။ အရှင်မဟာဗုဒ္ဓဃောသသည် သီဟိုဠ်ကျွန်းသို့ကြွပြီးနောက် အဋ္ဌကထာအသစ်များကို ပြုစုသောအခါ ၎င်းအဋ္ဌကထာများကိုပင် မှီငြမ်းကာ ရေးသားခဲ့ခြင်း ဖြစ်လေသည်။

အရှင်မဟာဗုဒ္ဓဃောသ၏ အဋ္ဌကထာသစ်များမပေါ်မီ ရှေးယခင်က ပေါ်နှင့်နေသော အဋ္ဌကထာတို့ကား-

  • မဟာအဋ္ဌကထာ
  • မဟာပစ္စရီအဋ္ဌကထာ
  • စူဠပစ္စရီအဋ္ဌကထာ
  • ကုရုန္ဒီအဋ္ဌကထာ
  • အန္ဓကအဋ္ဌကထာ
  • အရိယအဋ္ဌကထာ
  • သင်္ခေပအဋ္ဌကထာ စသည်တို့ ဖြစ်လေသည်။

ယင်းတို့တွင်လည်း မဟာဝိဟာရဝါသီအရှင်တို့၏အယူကို အမှန်တိုင်း ထုတ်ဖော်ပြသည့် မဟာအဋ္ဌကထာသည် အရှင်မဟာဗုဒ္ဓဃောသ၏ အလေးစားဆုံး အဋ္ဌကထာ ဖြစ်လေသည်။ မိမိ၏အဋ္ဌကထာသစ်များကို ပြုစုရာ၌ မဟာအဋ္ဌကထာကို အထည်ကိုယ်ပြု၍ အခြားသော မဟာပစ္စရီအဋ္ဌကထာစသည်တို့ကိုကား အကြောင်းအားလျော်စွာ ရံခါရံခါမှသာ ဖော်ပြကိုးကား ရေးသားထားသည်ကို တွေ့ရပေသည်။

၎င်းအဋ္ဌကထာတို့တွင် မဟာအဋ္ဌကထာ၊ မဟာပစ္စရီအဋ္ဌကထာ၊ ကုရုန္ဒီအဋ္ဌကထာဟူသော ဤအဋ္ဌကထာ (၃) စောင်ကို သီဟဠအဋ္ဌကထာဟူ၍လည်း ခေါ်သည်။ ၎င်းတို့တွင် အရှင်မဟိန္ဒ ဆောင်ယူခဲ့သော မူလအဋ္ဌကထာကိုပင် မဟာအဋ္ဌကထာဟု ခေါ်သည်။ မဟာပစ္စရီအဋ္ဌကထာကား ဖောင်ပေါ်၌နေလျက် ရေးသားပြုစုအပ်သော အဋ္ဌကထာ ဖြစ်သည်။ ကုရုန္ဒီအဋ္ဌကထာကိုကား ကုရုန္ဒီဝလ္လမည်သော ကျောင်း၌ ရေးသားအပ်သောကြောင့် ယင်းသို့ ခေါ်ဆိုအပ်လေသည်။ စူဠပစ္စရီအဋ္ဌကထာ၊ သင်္ခေပအဋ္ဌကထာတို့ကား အထက်ပါအကျယ်ဖြစ်သော အဋ္ဌကထာတို့၏ အကျဉ်းချုပ်များပင်ဖြစ်ဟန်တူပေသည်။ အန္ဓကအဋ္ဌကထာဟူသည်မှာကား အိန္ဒိယနိုင်ငံတောင်ပိုင်းဘာသာတစ်ခုခုဖြင့် ရေးသားအပ်သော အဋ္ဌကထာ ဖြစ်ပေမည်။

ဖော်ပြခဲ့ပြီးသော အဋ္ဌကထာများအပြင် အရှင်မဟာဗုဒ္ဓဃောသသည် သီဟိုဠ်ကျွန်းဝယ် ပရိယတ်၊ ပဋိပတ်ကျော်ကြားသော မထေရ်တို့၏ အယူဝါဒများ၊ ထေရသလ္လာပခေါ် စာတတ်မထေရ်တို့ ဆွေးနွေးချက်များ၊ ဇမ္ဗူဒိပ်၌ ထင်ရှားသော မထေရ် (ပရသမုဒ္ဒဝါသီထေရ်) တို့၏ အယူအဆများ၊ ရှေးဆရာတို့၏ အယူအဆများနှင့် ထိုထိုနိကာယ်ဆောင် ဘာဏကမထေရ်တို့၏ ဝါဒများကိုပါ ကြည့်ရှုလေ့လာတိုက်ဆိုင်၍ အဋ္ဌကထာသစ်များကို ရေးသားခဲ့သည်ကိုလည်း တွေ့ရပေသည်။ အထက်ပါအဋ္ဌကထာများနည်းတူပင် ဒီပဝံသခေါ်သော ကျမ်းတစ်စောင်လည်း အရှင်မဟာဗုဒ္ဓဃောသ၏ကျမ်းများ မပေါ်မီက ပေါ်နှင့်နေသော ကျမ်း ဖြစ်ခဲ့သည်။ ၎င်းကျမ်းကား ဗုဒ္ဓသာသနာတော်နှင့်ပတ်သက်သည့် အိန္ဒိယနှင့် သီဟိုဠ်ရာဇဝင်သမိုင်းကို ဂါထာတို့ဖြင့် ရေးသားထားသည့် ကျမ်းတစ်ကျမ်းဖြစ်သည်။ ကျမ်းပြုဆရာကား အမည်မထင်ရှားခဲ့ပေ။ အမည်မသိမထေရ်တစ်ပါးပါးသော်လည်းကောင်း၊ မထေရ်အများသော်လည်းကောင်း ရေးသားခဲ့သည်ဟု ခန့်မှန်းရသည်။

၎င်းဒီပဝံသကျမ်းကို သာသနာနှစ် ၈၀၈ မှ ၈၃၅ (အေဒီ ၃၂၅ မှ ၃၅၂) ခုနှစ်တိုင် သီဟိုဠ်ကျွန်း၌ မင်းပြုသည့် မဟာသေနမင်း၏ အကြောင်းနှင့် အဆုံးသတ်ထားသည်ကို တွေ့ရသဖြင့် ၎င်းကျမ်းသည် အေဒီ ၄ ရာစုနှစ်အတွင်း ပြုစုခဲ့သောကျမ်းဟု မှတ်ယူနိုင်သည်။ ဤကျမ်းသည် ရှေးခေတ်အိန္ဒိယပြည်နှင့် သီဟိုဠ်ကျွန်းဆိုင်ရာ ရာဇဝင်၊ သာသနာဝင်နှင့် ပတ်သက်၍ ဗဟုသုတများစွာ ပေးနိုင်သောကျမ်းဖြစ်၍ အဋ္ဌကထာဆရာတို့ကပင် အလေးထားရသောကျမ်း ဖြစ်သည်။ ထို့ကြောင့်လည်း အရှင်မဟာဗုဒ္ဓဃောသသည် ဝိနည်းအဋ္ဌကထာ၏ နိဒါန်းဝယ် အိန္ဒိယနှင့် သီဟိုဠ်ကျွန်းဆိုင်ရာ သာသနာဝင်တို့ကို ပြဆိုရာ၌လည်းကောင်း၊ ကထာဝတ္ထုအဋ္ဌကထာ၏ အစဝယ် အဓမ္မဝါဒီဂိုဏ်းများ ပေါ်ပေါက်လာပုံကို ပြဆိုရာ၌လည်းကောင်း ဤဒီပဝံသကျမ်းကိုပင် မှီငြမ်းပြု၍ ရေးသားထားသည်ကို တွေ့ရပေသည်။

ဤဒီပဝံသကျမ်းနှင့် ဆက်စပ်၍ မဟာဝံသကျမ်းကိုလည်း သိထားသင့်သည်။ ၎င်းကျမ်းကား အရှင်မဟာဗုဒ္ဓဃောသ၏ အဋ္ဌကထာကျမ်း ပေါ်ပေါက်လာပြီးနောက်မှ ပေါ်လာသော ကျမ်းတစ်ကျမ်း ဖြစ်သည်။ ဤကျမ်း၌ ဖော်ပြပါရှိသော ကာလအပိုင်းအခြားသည် ဒီပဝံသကျမ်း၌ ပါရှိသော ကာလအပိုင်းအခြားနှင့် အတူတူပင်ဖြစ်လျက် မဟာသေနမင်းအကြောင်းဖြင့်ပင် အဆုံးသတ်ထားသည်ကို တွေ့ရသည်။ သို့သော်လည်း ဤကျမ်း၏ ထူးခြားချက်မှာ ဒီပဝံသကျမ်း၌ တွေ့ရသော စာပေအပြစ်အနာဆာများကို ပယ်ထုတ်လျက် စာပေဂုဏ်မြောက်အောင် ရေးသားထားသောကျမ်း ဖြစ်လေသည်။ ကျမ်းပြုဆရာကား အရှင်မဟာနာမဖြစ်၍ ၎င်းမထေရ်သည် အေဒီ ၆ ရာစု အစဦးပိုင်းခန့်တွင် ဤကျမ်းကို ရေးသားခဲ့သည်ဟု ခန့်မှန်းကြသည်။ ဤကျမ်း၏အဆက်ကိုလည်း နောက်ဆရာတို့ ဆက်လက်ရေးသားခဲ့ကြသည်။ ၎င်းအဆက်ကိုပင် ယခုအခါ၌ ‘စူဠဝံသ’ဟု ခေါ်လေသည်။ ၎င်းကျမ်းတွင် သီဟိုဠ်ကျွန်း၌ အင်္ဂလိပ်တို့ သိမ်းယူသည်အထိ အဖြစ်အပျက်တို့ ပါဝင်လေသည်။

အရှင်မဟာဗုဒ္ဓဃောသသည် မိမိ၏အဋ္ဌကထာသစ်များ၏ ကျမ်းဦးစကားရပ်တို့၌ မိမိသည် သီဟိုဠ်ကျွန်းသို့ အရှင်မဟိန္ဒမထေရ်ဆောင်ယူလာသော သံဂါယနာသုံးတန်တင် ပကိဏ္ဏကဒေသနာခေါ် မူလအဋ္ဌကထာကို ဘာသာပြန်ဆိုထားသည့် သီဟိုဠ်အဋ္ဌကထာကို မူရင်းပြုကာ သီဟိုဠ်ဘာသာကို ပယ်ပြီး မာဂဓဘာသာသို့ ပြန်ဆိုရုံသာ ပြုအပ်ကြောင်း” မိန့်ဆိုရေးသားထားသည်တို့ကို တွေ့ရပေသည်။ အထူးသဖြင့် ဝိနည်းအဋ္ဌကထာကို ရေးသားရာ၌ မဟာအဋ္ဌကထာကို မူလအထည်ကိုယ်ပြု၍ ၎င်းမှသီဟိုဠ်ဘာသာကိုသာ ပယ်ပြီးလျှင် ကြွင်းသော ကုရုန္ဒီစသော ရှေးအဋ္ဌကထာတို့မှ ယူသင့်သည့် အဆုံးအဖြတ်များကိုယူ၍ ရေးသားထားကြောင်း မိန့်ဆိုလျက်ရှိပေသည်။

ယင်းသို့ မိမိကိုယ်ကို နှိမ့်ချမိန့်ဆိုခဲ့သော်လည်း အဋ္ဌကထာသစ်များကို ကြည့်ရှုလေ့လာသောအခါ မထေရ်သည် ဘာသာပြန်ရုံသက်သက်မျှသာ မဟုတ်သေးဘဲ မိမိ၏ပင်ကိုဉာဏ်ကို အသုံးပြု၍လည်း ရေးသားခဲ့သည့်နေရာများကို အများအပြားပင် တွေ့ရှိနိုင်သည်။ မထေရ်မြတ်ပြုစုခဲ့သောကျမ်းတို့ကား ဝိနယပိဋက၊ ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်၊ သံယုတ္တနိကာယ်၊ အင်္ဂုတ္တရနိကာယ်၊ အဘိဓမ္မာပိဋက၊ ခုဒ္ဒကပါဌ်၊ ဓမ္မပဒ၊ သုတ္တနိပါတ်၊ ဇာတ်နှင့်ပါတိမောက်၏ အဖွင့်အဋ္ဌကထာများအပြင် ဝိသုဒ္ဓိမဂ်အဋ္ဌကထာတို့ဖြစ်၍ ဆဋ္ဌသံဂါယနာတင်မူအရ စာအုပ်ပေါင်း (၃၅) အုပ်၊ စာမျက်နှာပေါင်း (၁၃၀၀၀) ကျော်မျှ ရှိလေသည်။

မထေရ်သည် သာသနာနှစ် ၉၀၀ မှ ၁၀၀၀ အတွင်း ထွန်းကားခဲ့သောပုဂ္ဂိုလ်ကြီးဖြစ်ပေရာ ထိုမထေရ်ကြီးနှင့်ခေတ်ပြိုင်ဟု ယူဆရသော အခြားမထေရ်ဆရာတော်တစ်ပါးလည်း ရှိသေးသည်။ ထိုဆရာကား အရှင်ဗုဒ္ဓဒတ္တပင် ဖြစ်ပေသည်။ ဤမထေရ်သည် အရှင်မဟာဗုဒ္ဓဃောသ မဖွင့်ဆိုဘဲ ထားခဲ့သောကျမ်းများမှ ‘ဗုဒ္ဓဝံသပါဠိတော်ကို ရွေးနှုတ်၍ ‘ဗုဒ္ဓဝံသအဋ္ဌကထာ’ကို ရေးသားခဲ့လေသည်။ မထေရ်သည် ၎င်းကျမ်းအပြင် “အဘိဓမ္မာဝတာရ၊ ဝိနယဝိနိစ္ဆယ၊ ဥတ္တရဝိနိစ္ဆယ” စသော ကျမ်းပေါင်းများစွာကိုလည်း ရေးသားပြုစုခဲ့လေသည်။

၎င်းဆရာနှစ်ဦး ရေးသားခဲ့သော ပါဠိတော်များမှ ကြွင်းကျန်ခဲ့သော ပါဠိတော်များကို အဋ္ဌကထာများရေးသားခဲ့သော ဆရာတော်ကား အာစရိယဓမ္မပါလ (ခ) အရှင်ဓမ္မပါလ ဖြစ်လေသည်။ မထေရ်သည် “ဥဒါန်း၊ ဣတိဝုတ်၊ ဝိမာနဝတ္ထု၊ ပေတဝတ္ထု၊ ထေရဂါထာ၊ ထေရီဂါထာ၊ စရိယာပိဋက၊ နေတ္တိပါဠိတော်များ၏ အဋ္ဌကထာကျမ်းများ”ကို ရေးသားခဲ့လေသည်။ ကြွင်းကျန်သည့် ပါဠိတော်တို့တွင်ကား နိဒ္ဒေသပါဠိတော်၏အဋ္ဌကထာကို အရှင်ဥပသေနကလည်းကောင်း၊ ပဋိသမ္ဘိဒါမဂ်ပါဠိတော်အဋ္ဌကထာကို အရှင်မဟာနာမကလည်းကောင်း ရေးသားစီရင်ခဲ့၍ အပါဒါန်ပါဠိတော်၏ အဋ္ဌကထာကိုကား နှောင်းခေတ်ပေါ် အမည်မသိမထေရ်တစ်ပါး ဖွင့်ဆိုရေးသားခဲ့လေသည်။

ပါဠိတော်စာပေသည် အဖွင့်ကျမ်းများဖြစ်သော အဋ္ဌကထာကျမ်းတို့ဖြင့် ထွန်းကားစည်ပင်ခြင်းသို့ရောက်ပြီးနောက် အဋ္ဌကထာကျမ်းတို့၌ပါသော ခက်ခဲနက်နဲသောနေရာများကို ထပ်မံဖွင့်ဆိုမည့်ကျမ်းများ လိုအပ်လာပြန်သည်။ ထိုလိုအပ်နေသေးသော ကွက်လပ်ကို အရှင်အာနန္ဒာစသော ရှေးမထေရ်တို့ကပင် ဖြည့်ခဲ့လေသည်။ ထိုကျမ်းတို့ကို “ဋီကာကျမ်း”ဟု ခေါ်ကြသည်။ ဋီကာကျမ်းတို့တွင် ရှေးအကျဆုံး ဋီကာကျမ်းမှာ အဘိဓမ္မာအဋ္ဌကထာ (၃) ကျမ်း၏ အဖွင့်ဖြစ်သော “မူလဋီကာကျမ်း”ပင် ဖြစ်သည်။ ယင်းကျမ်းကို ရေးသားသူမှာ အရှင်အာနန္ဒာဖြစ်သည်။ ယင်းကျမ်းသည် အဘိဓမ္မာဆိုင်ရာ အယူအဆများတွင် လွန်စွာပြောင်မြောက်ပြီး အရေးအသားပိုင်းတွင် ကျစ်လျစ်သိပ်သည်းသောကြောင့် သာသနာနယ်ပယ်တွင် အခက်အခဲဆုံးကျမ်းအဖြစ် အသိအမှတ်ပြုခံရသော ကျမ်းတစ်ကျမ်း ဖြစ်လေသည်။

မူလဋီကာကျမ်း၏နောက်တွင် ဥဒါန်းအဋ္ဌကထာစသည်ကို ရေးသားသော အရှင်ဓမ္မပါလမထေရ်၊ အရှင်သာရိပုတ္တရာမထေရ်တို့က သုတ္တန်ဋီကာများကို ရေးသားခဲ့ကြသည်။ ၎င်းတို့တွင် ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်နှင့် သံယုတ္တနိကာယ်အဋ္ဌကထာတို့၏ဋီကာများနှင့် အင်္ဂုတ္တိုရ်ဋီကာ တစ်ပိုင်းတစ်စကို အရှင်ဓမ္မပါလမထေရ် ရေးသားခဲ့၍ အင်္ဂုတ္တိုရ်ဋီကာသစ်ကို အရှင်သာရိပုတ္တရာမထေရ် ရေးသားခဲ့သည်။ ဝိနယပိဋကဋီကာကျမ်းများကား သုံးကျမ်း ရှိလေသည်။ ထိုတွင် ဝဇီရဗုဒ္ဓိဋီကာကို အရှင်ဝဇီရဗုဒ္ဓိမထေရ်ကလည်းကောင်း၊ သာရတ္ထဒီပနီဋီကာကို အရှင်သာရိပုတ္တရာမထေရ်ကလည်းကောင်း၊ ဝိမတိဝိနောဒနီဋီကာကို အရှင်ကဿပမထေရ်ကလည်းကောင်း အသီးအသီး ရေးသားခဲ့ကြလေသည်။ နေတ္တိဋီကာဟောင်းနှင့် ဝိသုဒ္ဓိမဂ်မဟာဋီကာကိုလည်း အထက်၌ဆိုခဲ့သည့် အရှင်ဓမ္မပါလမထေရ်ကပင် ရေးသားတော်မူခဲ့သည်။

ဋီကာကျမ်းများကို ထပ်မံဖွင့်ဆိုသောကျမ်းများကို “အနုဋီကာကျမ်း”ဟု ခေါ်ကြောင်း ဖော်ပြခဲ့ပြီး ဖြစ်သည်။

---

ပါဠိစာပေသမိုင်း

[ပြင်ဆင်ရန်]

ဋီကာကျမ်းတိုင်းတွင် အနုဋီကာကျမ်း မရှိပါ။ အဘိဓမ္မာအဋ္ဌကထာ၏ အဖွင့်ကျမ်းဖြစ်သော “မူလဋီကာကျမ်း”၌သာ အနုဋီကာကျမ်း ရှိပါသည်။ ထိုအနုဋီကာကျမ်းကိုလည်း အရှင်ဓမ္မပါလမထေရ်ကပင် ရေးသားခဲ့သည်။

ဋီကာကျမ်း၊ အနုဋီကာကျမ်းတို့နှင့် တစ်ပြိုင်နက်သော်လည်းကောင်း၊ မရှေးမနှောင်းသော်လည်းကောင်း၊ ကြာနှောင်းသောကာလမှသော်လည်းကောင်း ပေါ်ပေါက်ခဲ့သော သာသနာဆိုင်ရာပါဠိကျမ်းစာအမျိုးအစားများလည်း ရှိသေးသည်။ ထိုကျမ်းများမှာ ဂဏ္ဌိကျမ်းများ၊ လက်သန်းကျမ်းများ၊ သဒ္ဒါဆိုင်ရာကျမ်းများ၊ အလင်္ကာကျမ်း၊ ဆန်းကျမ်း၊ အဘိဓာန်ကျမ်းများ စသည်ဖြင့် များစွာပင်ရှိပါသည်။

၎င်းတို့အနက် ဝိနည်းအဋ္ဌကထာ၏ ဂဏ္ဌိဖြစ်သော ကျမ်းများမှာ ဂဏ္ဌိပဒ၊ မဟာဂဏ္ဌိပဒ၊ မဇ္ဈိမဂဏ္ဌိပဒ၊ စူဠဂဏ္ဌိပဒ တို့ ဖြစ်သည်။ ၎င်းတို့အနက် ဂဏ္ဌိပဒကျမ်းမှာ မာဂဓဘာသာရေးဖြစ်၍ ကျန်သုံးကျမ်းမှာ သီဟိုဠ်ဘာသာရေးကျမ်း ဖြစ်သည်။ ထိုကျမ်းများသည် မြန်မာနိုင်ငံသို့ ရောက်လာဟန်မရှိကြပေ။ သီဟိုဠ်နိုင်ငံမှာလည်း ယခုအခါ မတွေ့ရတော့ပေ။ ဝဇီရဗုဒ္ဓိဋီကာ၊ သာရတ္ထဒီပနီဋီကာ လာစကားရပ်တို့ကို ထောက်ထား၍သာ သိရခြင်း ဖြစ်သည်။ ၎င်းတို့အနက် မဟာ၊ မဇ္ဈိမ၊ စူဠဂဏ္ဌိပဒ သုံးစောင်ကို အရှင်ဇောတိပါလက ရေးသားခဲ့သည်ဟု ပိဋကတ်တော်သမိုင်းစာအုပ်၌ ဆိုထားသည်။

ဂဏ္ဌိဟူသော အမည်ဖြင့် ယနေ့တွင် မြင်တွေ့နေရသော အခြားကျမ်းနှစ်ကျမ်းလည်း ရှိသေးသည်။ ၎င်းတို့မှာ ဝိသုဒ္ဓိမဂ္ဂဂဏ္ဌိပဒနှင့် ပဋိသမ္ဘိဒါမဂ္ဂဂဏ္ဌိပဒကျမ်းတို့ ဖြစ်သည်။ နှစ်ကျမ်းလုံးပင် မာဂဓဘာသာဖြင့် ရေးသားထားသော ကျမ်းများ ဖြစ်ကြသည်။ ထိုတွင် ဝိသုဒ္ဓိမဂ္ဂဂဏ္ဌိပဒမှာ ဝိသုဒ္ဓိမဂ္ဂစူဠဋီကာဟုလည်းကောင်း၊ ပဋိသမ္ဘိဒါမဂ္ဂဂဏ္ဌိပဒမှာ ပဋိသမ္ဘိဒါမဂ္ဂဋီကာဟုလည်းကောင်း ထင်ရှားသည်။ ၎င်းကျမ်းတို့အနက် ပဋိသမ္ဘိဒါမဂ္ဂဂဏ္ဌိပဒကို သိရိပရက္ကမဗာဟုမင်း လက်ထက် မဟာထူပဝင်ကျမ်းကို ရေးသားသည့် မထေရ်ရေးသားသည်ဟု ဆိုသဖြင့် သီဟိုဠ်ဖြစ်ကျမ်းဖြစ်သည်။ ဝိသုဒ္ဓိမဂ္ဂဂဏ္ဌိပဒကျမ်းကိုကား ပုဂံမြို့ အရှင်သဒ္ဓမ္မဇောတိပါလ ရေးသားသည်ဟု ပိဋကတ်တော်သမိုင်းကျမ်း၌ ဆိုထားသောကြောင့် မြန်မာပြည်ဖြစ်ကျမ်းဖြစ်သည်။

လက်သန်းကျမ်းများကား ဝိနည်းလက်သန်းနှင့် အဘိဓမ္မာလက်သန်းဟု ကျမ်းနှစ်မျိုးရှိရာ ပိဋကတ်တော်သမိုင်းကျမ်းစာအုပ်အရ ဝိနည်းလက်သန်းအဋ္ဌကထာမှာ ကျမ်းအရေအတွက်အားဖြင့် (၂၀) ရှိသည်။ ၎င်းတို့အနက် ထင်ရှားသောကျမ်းအချို့မှာ အရှင်သာရိပုတ္တရာမထေရ်ရေးသားသော ဝိနယသင်္ဂဟအဋ္ဌကထာအရှင်ဗုဒ္ဓဒတ္တ ရေးသားသည့် ဝိနယဝိနိစ္ဆယနှင့် ဥတ္တရဝိနယဝိနိစ္ဆယအရှင်သဒ္ဓမ္မသိရီရေးသားသည့် ခုဒ္ဒကသိက္ခာအရှင်မဟာသာမိရေးသားသည့် မူလသိက္ခာ စသည်တို့ ဖြစ်သည်။

အဘိဓမ္မာလက်သန်းအဋ္ဌကထာများမှာလည်း ပိဋကတ်တော်သမိုင်းကျမ်းအရ (၁၀) ကျမ်း ရှိသည်။ ထိုတွင် အရှင်အနုရုဒ္ဓါ‘အဘိဓမ္မတ္ထသင်္ဂဟကျမ်း (သင်္ဂြိုဟ်ကျမ်း)’၊ ပရမတ္ထဝိနိစ္ဆယကျမ်း၊ နာမရူပပရိစ္ဆေဒကျမ်းအရှင်ဗုဒ္ဓဒတ္တအဘိဓမ္မာဝတာရကျမ်းအရှင်ကဿပမောဟဝိစ္ဆေဒနီကျမ်းအရှင်ဓမ္မပါလသစ္စသံခိပ်ကျမ်းတို့မှာ ထင်ရှားသောကျမ်းများ ဖြစ်ကြသည်။ နောင်အခါတွင် ယင်းကျမ်းများ၏ အဖွင့်ဋီကာကျမ်းများလည်း ထွက်ပေါ်လာကြပြန်သည်။ ၎င်းကျမ်းတို့ကိုလည်း လက်သန်းအဋ္ဌကထာတို့၏ ဋီကာများဖြစ်၍ ‘လက်သန်းဋီကာ’ဟု ခေါ်ကြသည်။

ဗုဒ္ဓသာသနာရေးနှင့်ဆိုင်သော ပါဠိကျမ်းဂန်များ ပေါများလာသည်နည်းတူ ပါဠိဘာသာကို ထိန်းသိမ်းစောင့်ရှောက်သည့် သဒ္ဒါဆိုင်ရာကျမ်းလည်း ပေါ်ထွက်လာပြန်သည်။ ယင်းကျမ်းအမျိုးအစားတို့အနက် ယနေ့တိုင် အထင်ရှားဆုံးနှင့် အသုံးပြုဆဲဖြစ်သော ကျမ်းမှာ အရှင်ကစ္စည်းမထေရ် ရေးသားခဲ့သော “ကစ္စည်းသဒ္ဒါကြီး (ခ) ကစ္စာယနဗျာကရုဏ်းကျမ်း” ဖြစ်သည်။ ဤကျမ်းကို ခရစ် ၁၀၀ ကျော် ၂၀၀ အတွင်း (သို့မဟုတ်) နောက်အကျဆုံး ၄၀၀ အတွင်း (သာသနာ ၆၀၀၊ ၇၀၀၊ ၉၀၀ အတွင်း) ခန့်တွင် ရေးသားခဲ့သည်ဟု ယခုခေတ်ပညာရှင်များက ယူဆကြသည်။ သို့ဖြစ်လျှင် အိန္ဒိယပြည်ဖြစ်ကျမ်းဖြစ်ရပေမည်။ ဤကျမ်း၏ အခြံအရံဖြစ်သော ကျမ်းများမှာလည်း များစွာရှိသည်။ ယင်းတို့အနက် နျာသကျမ်း၊ ရူပသိဒ္ဓိကျမ်းစာကိုယ်နှင့် ဋီကာ၊ ဗာလာဝတာရကျမ်းတို့ကား ထင်ရှားသောကျမ်းများ ဖြစ်သည်။

ကစ္စည်းကျမ်း၏ အရံမဟုတ်ဘဲ မိမိ၏သီးခြားပုံစံဖြင့် တည်ရှိနေသော မောဂ္ဂလာနဗျာကရဏ (ခ) မောဂ္ဂလာန်သဒ္ဒါကျမ်းလည်း ရှိသေးသည်။ ဤကျမ်းသည်လည်း မောဂ္ဂလာနပစ္ဆိကာကျမ်း၊ သုသဒ္ဒသိဒ္ဓိကျမ်း၊ ယောဂနိစ္ဆယ (ခ) သမ္ဗန္ဓစိန္တာကျမ်း၊ ပဉ္စကာပဒီပကျမ်း၊ ပဒသာဓနကျမ်း၊ ပယောဂသိဒ္ဓိကျမ်း စသည်ဖြင့် ခြံရံအပ်ပြီး တည်ရှိနေသောကြောင့် သာသနာတော်တွင် ထင်ရှားသည်။

သီဟိုဠ်ပါဠိစာပေခေတ်မှာပင် ပါဠိစာပေအရေးအသားကို ပြဆိုသည့် “အလင်္ကာကျမ်း”၊ ဂါထာစီကုံးဖွဲ့နည်းတို့ကို ပြဆိုသော “ဆန်းကျမ်း”၊ “အဘိဓာန်ကျမ်း” တို့လည်း ပေါ်ထွက်ခဲ့သည်။ ၎င်းကျမ်းတို့အပြင် ဒီပဝံသကျမ်း၊ မဟာဝံသကျမ်း၊ မဟာဗောဓိဝံသကျမ်း၊ မဟာထူပဝံသကျမ်း စသည်ဖြင့် ဝံသကျမ်း အမျိုးမျိုးတို့လည်း ပေါ်ထွန်းခဲ့သည်။

ဤသို့ဖြင့် အရှင်မဟိန္ဒမထေရ် သီဟိုဠ်ကျွန်းသို့ ဗုဒ္ဓသာသနာတော်ကို ဆောင်ယူလာခဲ့သည်မှစ၍ တဟုန်ထိုးကြီးပွားလာခဲ့သော သီဟိုဠ်ပါဠိစာပေခေတ်သည် အေဒီ ၁၅ ရာစု (သာသနာ ၂၀၀၀ ခန့်) တိုင်အောင်ပင် ရောက်ရှိခဲ့သည်။ ဤခေတ်မှနောက်တွင်ကား ပြောပလောက်သော ပါဠိစာပေဆိုင်ရာကျမ်းဂန်များ မပေါ်ထွက်လာတော့ချေ။

---

မြန်မာနိုင်ငံ ပါဠိစာပေသမိုင်း

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ ပါဠိစာပေခေတ်ကို လေ့လာရာ၌ ဗုဒ္ဓသာသနာ မည်သည့်အချိန်လောက်က ရောက်ရှိလာသည်ကို ထည့်သွင်းစဉ်းစားရမည်။ ရာဇဝင်သမိုင်းကျမ်းဂန်တို့အရ ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်ကပင် မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာရောက်လာသည်ဟု ဆိုနိုင်သော်လည်း ခိုင်လုံသောသက်သေသာဓကများ လိုအပ်လျက်ရှိသေးသည်။ ရှေးဟောင်းသုတေသနဌာန၏ တူးဖော်တွေ့ရှိချက်များအရဆိုသော် ဗုဒ္ဓသာသနာသည် မြန်မာနိုင်ငံသို့ ခရစ်နှစ်ဦးပိုင်းလောက်ကပင် ရောက်ရှိခဲ့သည်ကို တွေ့ရသည်။ ယင်းဌာန၏ တူးဖော်တွေ့ရှိချက်ဟူသည်မှာလည်း အခြားမဟုတ် ခရစ်နှစ် ၁၈၉၇ ခုနှစ်တွင် ပြည်ခရိုင်၊ မော်ဇာမြို့အနီး မောင်ကန်ကုန်းနှင့် ခင်ဘကုန်းတို့၌ တွေ့ရှိရသော ရွှေပေစာချပ်များပင် ဖြစ်သည်။

၎င်းတို့၌ ရေးသားထားသော အက္ခရာအရေးအသားများသည် ခရစ်နှစ် ၅ ရာစုအတွင်းက ထင်ရှားခဲ့သော အိန္ဒိယနိုင်ငံတောင်ပိုင်း ကဒမ္ဗအက္ခရာမျိုး ဖြစ်သည်ကို တွေ့ရပေရာ ၎င်းရွှေပေစာများလည်း ခရစ်နှစ် ၅၀၀ ခန့်ကပင် ဖြစ်နိုင်ကြောင်း ခန့်မှန်းကြသည်။ ရွှေပေစာများပေါ်၌ ရေးသားထားသော စာများမှာကား ဝိနည်းမဟာဝါပါဠိတော်မှ “ယေဓမ္မာဟေတုပ္ပဘဝါ”အစရှိသော ဂါထာ၊ နိကာယ်ကြီးလေးရပ်နှင့် အဘိဓမ္မာပါဠိတော်မှ “စတ္တာရော ဣဒ္ဓိပါဒါ၊ စတ္တာရော သမ္မပ္ပဓာနာ” စသော တရားတော်များ၊ “ဣတိပိသော ဘဂဝါ အရဟံ” စသော ရတနာသုံးပါး၏ ဂုဏ်တော်များ ဖြစ်သည်။ ၎င်းတို့ကို ပါဠိဘာသာဖြင့် ရေးသားထားသည်ကို တွေ့ရသဖြင့် ပါဠိဘာသာသည်လည်း ခရစ်နှစ်ဦးပိုင်းကပင် မြန်မာပြည်သို့ ရောက်ရှိနေသည်မှာ ထင်ရှားသည်။

ထိုသို့ အလွန်စောစွာ မြန်မာနိုင်ငံသို့ ပါဠိဘာသာ ရောက်လာခဲ့သော်လည်း ပုဂံခေတ်မတိုင်မီဖြစ်သော ပျူခေတ်၊ မွန်ခေတ်တို့၌ ပါဠိဘာသာ ထွန်းကားခဲ့သည်ဟု အတိအကျယူဆရန်ကား ခဲယဉ်းလျက်ရှိသည်ကို တွေ့ရသည်။ သထုံပြည်၊ မနုဟာမင်း (အေဒီ ၁၂ ရာစု) ထံ၌ ပိဋကတ်သုံးပုံပါဠိတော်များ ရှိကြောင်း ရာဇဝင်များအရ သိရသည်။ ပါဠိတော်ကျမ်းများ ရှိလျှင် အဋ္ဌကထာ၊ ဋီကာတို့လည်း ရှိရမည်ပင် ဖြစ်သည်။ ယင်းတို့ရှိလျှင် ယင်းတို့ကို အမှီပြု၍ ထိုခေတ်ပညာရှိကြီးတို့သည် ပါဠိဘာသာဖြင့် ကျမ်းဂန်များကို ရေးသားပြုစုခဲ့မည်ပင်ဖြစ်သည်။ သို့သော်လည်း ၎င်းစာပေကျမ်းဂန်တို့သည် အနိစ္စသဘောအရ ပျက်စီးပျောက်ဆုံးကုန်သည့်အတွက် နှောင်းခေတ်လူများလက်သို့ မရောက်ရှိခဲ့ခြင်းသာ ဖြစ်တန်ရာပေသည်။ ကျမ်းအမည်မျှပင် ကြွင်းကျန်ခဲ့ခြင်း မရှိဘဲ လုံးဝပျောက်ကွယ်သွားကြသည်မှာ မြန်မာနိုင်ငံပါဠိစာပေအဖို့ ဆုံးရှုံးမှုတစ်ရပ်ဟုပင် အသိအမှတ်ပြုရပေတော့မည်။

ယင်းသို့ ခေတ်ဦးပိုင်း မြန်မာနိုင်ငံပါဠိစာပေအမွေအနှစ်ကို မရလိုက်သော်လည်း ပါဠိစာပေသမိုင်းအတွက် အားကိုးစရာအဖြစ်ဖြင့် ပုဂံခေတ်မှစ၍ ပေါ်ပေါက်ခဲ့သော ပါဠိစာပေကျမ်းဂန်များနှင့်တကွ ဂန္ထဝံသ၊ သာသနာလင်္ကာရစာတမ်း၊ ပိဋကတ်တော်သမိုင်း စသော ကျမ်းတို့ကား (စာလုံးပြန်ပြင်ပေးပြီးပါပြီ။ ဤနေရာတွင် စာကြောင်းပြတ်သွားသောကြောင့် မည်သည့်ကျမ်းများဖြစ်ကြောင်း ဆက်လက်ရှင်းလင်းရန် လိုအပ်ပါသည်။)

ဤခေတ်တွင် ပါဠိစာပေလေ့လာမှုမှာ ရဟန်းတော်များသာမက ဘုရင်စသော လူပုဂ္ဂိုလ်တို့သို့ပါ ပျံ့နှံ့သွားခဲ့သည်။ ထို့ကြောင့်လည်း ပိဋကတ်စာပေတတ်မြောက်သည်ဟု မြန်မာရာဇဝင်တွင် ကျော်ကြားသော ကျစွာမင်းကြီးသည် ပရမတ္ထဗိန္ဒုကျမ်းနှင့် သဒ္ဒဗိန္ဒုကျမ်းတို့ကိုလည်းကောင်း၊ သံပျင်အမတ်သည် နျာသကျမ်း၏ အဖွင့်ဖြစ်သော နျာသပ္ပဒီပိကာ (ခေါ်) သံပျင်ဋီကာကိုလည်းကောင်း ရေးသားနိုင်ခဲ့ခြင်း ဖြစ်သည်။ နိဿယကျမ်းစာများလည်း ပုဂံခေတ်က အစပြုခဲ့သည်ကို တွေ့ရသည်။ မှန်၏၊ ပုဂံခေတ်နောက်ပိုင်း သက္ကရာဇ် ၆၈၇ ခုနှစ် ပုဂံမြို့တွင် နန်းတက်သော စောမွန်နစ်မင်း၏ ညီတော် ရာဇသူနှင့် မြောက်သားတော် စောမြတ်လှတို့က မွေးဖွားသော ညောင်ရမ်း၊ သာဂရနှစ်မြို့စား ဂုဏ္ဏန္တရာဇ်မင်းသားက ပုဂံမြို့တွင် ရွှေကျောင်းကြီး ဆောက်လုပ်လှူဒါန်း ကိုးကွယ်သည့် အရှင်ဂုဏဝဋံသကာသည် ဒီဃနိကာယ်ပါဠိတော်သုံးကျမ်း၏ မြန်မာနိဿယများကို ရေးသားခဲ့ကြောင်းဖြင့် ပိဋကတ်တော်သမိုင်းတွင် လာရှိသည်။

ပုဂံခေတ်၏နောက် စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ဟံသာဝတီခေတ်တို့တွင်လည်း ပါဠိစာပေသည် တိုးတက်ခဲ့သည်။ ဤခေတ်များတွင် ပါဠိကျမ်းဂန်အများအပြား ပေါ်ပေါက်ခဲ့ရာ ၎င်းတို့အနက် ထင်ရှားသော ကျမ်းဂန်အချို့ကား အရှင်သဒ္ဓမ္မပါလသိရိမဟာဓမ္မရာဇဂုရုဆရာတော်နေတ္တိဝိဘာဝနီဋီကာကျမ်းအရှင်ဉာဏကိတ္တိမထေရ်ပါရာဇိကဏ်ယောဇနာနှင့် အဘိဓမ္မာယောဇနာကျမ်းများအရှင်မဟာဝိဇိတာဝီကစ္စာယနဝဏ္ဏနာကျမ်းနှင့် ဝါစကောပဒေသသဒ္ဒါငယ်ကျမ်း၊ ဆူးတွင်းပစ်ဆရာတော်ဟု ထင်ရှားသော အရှင်နာဂိတမထေရ်သဒ္ဒသာရတ္ထဇာလိနီသဒ္ဒါငယ်ကျမ်း၊ ပင်းယ စတုရင်္ဂဗလအမတ်ကြီးအဘိဓာန်ဋီကာကျမ်းအရှင်အရိယဝံသမထေရ်မဏိသာရမဉ္ဇူသာဋီကာကျမ်းမဏိဒီပဋီကာကျမ်းဂန္ထာဘရဏကျမ်းနှင့် ဇာတ်ဋီကာသစ်ကျမ်း

စစ်ကိုင်းအရှင်တေဇောသာရပရိတ်ကြီးဋီကာကျမ်းအရှင်တိလောကဂုရုဓာတုကထာဋီကာဝဏ္ဏနာကျမ်းအရှင်သဒ္ဓမ္မကိတ္တိဝရဧကက္ခရကောသကျမ်း၊ တောင်ဖီလာဆရာတော်၏ ဝိနယာလင်္ကာရဋီကာကျမ်း၊ ဟံသာဝတီခေတ် အရှင်မဟာနာမမထေရ်မဓုဋီကာ (ခေါ်) မဓုသာရတ္ထဒီပနီဋီကာကျမ်း စသည်တို့ ဖြစ်သည်။

ဆိုခဲ့ပြီးခေတ်တို့တွင် ပါဠိသက်သက်စာပေသာမကဘဲ ပါဠိ+မြန်မာရောသော စာပေနှင့် ပါဠိကို အမှီပြုသော မြန်မာစာပေတို့လည်း ထွန်းကားခဲ့သည်။ ရွှေဥမင်ဆရာတော်၏ ဝိနည်းပါဠိတော်နိဿယနှင့် အဋ္ဌကထာနိဿယများအရှင်မဟာသီလဝံသနေတ္တိပါဠိတော်နိဿယ၊ နန်းကျောင်းဆရာတော်၊ ဒက္ခိဏာဝန်ဆရာတော်တို့၏ သဒ္ဒါကြီးနိဿယများ၊ ထိုထိုဆရာတော်တို့၏ မာတိကာအရကောက်စသော အရကောက်ကျမ်းများ၊ အရှင်မဟာသီလဝံသ၊ အရှင်မဟာရဋ္ဌသာရတို့၏ ပျို့၊ လင်္ကာကျမ်းများစသည်တို့ကား ယခုခေတ်တိုင်အောင် ထင်ရှားသောကျမ်းအချို့ ဖြစ်သည်။

ဤခေတ်အတွင်းမှာပင် စာဏကျနီတိစသော သက္ကတနီတိတို့နှင့် အလားတူဖြစ်သော ပါဠိ+နီတိကျမ်းတို့ ပေါ်ထွက်ခဲ့သည်ကို တွေ့ရသည်။ ၎င်းတို့အနက် စတုရင်္ဂဗလအမတ်ကြီး ရေးသားသည်ဆိုသော လောကနီတိနှင့် အရှင်မဟာသီလဝံသမဟာရဟနီတိတို့မှာ ထင်ရှားကျော်ကြား အသိများသော နီတိကျမ်းတို့ ဖြစ်သည်။ ၎င်းနောက် ကုန်းဘောင်ခေတ်တွင်လည်း အလားတူစာပေတို့ တိုးတက်ခဲ့သည်။ ဤခေတ်တွင် ယခင်ခေတ်ဟောင်းကျမ်းများကဲ့သို့ အရည်အသွေးမြောက်သော ပါဠိကျမ်းဂန်များ ပေါ်ထွက်ခဲ့သည်ကို တွေ့ရသည်။ ၎င်းကျမ်းတို့ကား မောင်းထောင်သာသနာပိုင်ဆရာတော်၏ သီလက္ခန်ဋီကာသစ်ကျမ်းနှင့် ပေဋကာလင်္ကာရ (ခေါ်) နေတ္တိမဟာဋီကာသစ်ကျမ်းတို့အပြင် ဆရာတော်ဦးဗုဓ်၏ နိရုတ္တိဘေဒသင်္ဂဟသဒ္ဒါငယ်ကျမ်း၊ ပထမငါးခုန်ဆရာတော်၏ ခုဒ္ဒကပါဌဋီကာ၊ သမ္ဗန္ဓစိန္တာဋီကာသစ်ကျမ်းများ စသည်တို့ ဖြစ်သည်။ ဘုရားကြီးဆရာတော်၏ ပါစိတျာဒိယောဇနာကျမ်း၊ သစ်စိမ့်ဆရာတော်၏ ကင်္ခါယောဇနာမဟာဋီကာကျမ်းတို့သည်လည်း ဤခေတ်နောက်ပိုင်း၌ ထင်ရှားသော ပါဠိကျမ်းတို့ ဖြစ်သည်။

ဤခေတ်တွင် နိဿယ၊ အရကောက်စသော ပါဠိအမှီပြုစာပေတို့ ပိုမိုမြောက်များစွာ ထွန်းကားခဲ့သည်ကိုလည်း တွေ့ရသည်။ ထိုတွင် တောင်တွင်းကြီးဆရာတော် ခင်ကြီးဖျော်ပုဒ်စစ်ကျမ်း၊ ဉာတ်အရကောက်ကျမ်း၊ ယမိုက်ခက်စစ်နှင့် ပဋ္ဌာန်းအရကောက်ကျမ်းများ၊ ဆရာတော်ဦးဗုဓ်၏ ရူပသိဒ္ဓိနိဿယ၊ သဒ္ဒနီတိနိဿယ၊ ဘိက္ခုပါတိမောက်၊ ဘိက္ခုနီပါတိမောက်နှင့် ခုဒ္ဒသိက္ခာနိဿယများနှင့် နေတ္တိဟာရတ္ထဒီပနီကျမ်းတို့အပြင် တောင်ဖီလာဆရာတော်၏ မာတိကာအရကောက်ကျမ်း စသည်တို့ ပါဝင်သည်။

၎င်းအပြင် ဤခေတ်၌ မြန်မာနိုင်ငံသာသနာဝင်နှင့် ဂန္ထဝင်ကို ပဓာနထား၍ ရေးသားအပ်သော မင်းတိုင်ပင်အမတ်ကြီး မဟာဓမ္မသင်္ကြံ“သာသနာလင်္ကာရစာတမ်း”ခေါ် ကျမ်းစာတစ်စောင် ပေါ်ထွက်ခဲ့သည်။ ဤကျမ်းကား ရတနာပုရစတုတ္ထမြို့တည်၊ နန်းတည် ဘဝရှင်မင်းတရားကြီး (ဘကြီးတော်ဘုရား)၏ အမိန့်တော်ဖြင့် အတွင်းဝန်ကြီး သိရိမဟာနန္ဒသင်္ကြံ မေးဆိုချက်ကို အမတ်ကြီး မဟာဓမ္မသင်္ကြံ ရေးသားဖြေဆိုအပ်သော ကျမ်းဖြစ်၍ ဤကျမ်း၌ ပထမသံဂါယနာမှစ၍ ဘကြီးတော်ဘုရားလက်ထက်တိုင်အောင် သာသနာဝင်ဆိုင်ရာ မှတ်သားဖွယ် အဖြစ်အပျက်တို့ကို ပြဆိုထားသည်ကို တွေ့ရသည်။

ဤသာသနာလင်္ကာရစာတမ်းကိုပင် ကုန်းဘောင်ခေတ်နောက်ပိုင်းဖြစ်သည့် ရတနာပုံခေတ်၌ မောင်းထောင်ဆရာတော် အရှင်ပညာသာမိမထေရ်သည် သီဟိုဠ်ကျွန်း၊ ရာမညနိကာယကို စတင်တည်ထောင်သော သရဏင်္ကရဟူသော အမည်ဟောင်းရှိသော ဣန္ဒာသဘဝရဉာဏသာမိမထေရ်နှင့် အခြားမထေရ်တို့၏ တောင်းပန်ချက်ဖြင့် ပါဠိဘာသာသို့ ပြန်ဆိုရေးသားခဲ့သည်။ မန္တလေးမြို့တည်၊ နန်းတည်၊ ပဉ္စမသံဂါယနာတင် ဘဝရှင်မင်းတရားကြီး (မင်းတုန်းမင်း)လက်ထက်တိုင်အောင်သော သာသနာဝင်ကိုပါ ထည့်သွင်း၍ ရေးသားထားသဖြင့် ပိုမိုစုံလင်သော သာသနာဝင်ကျမ်းတစ်စောင် ဖြစ်သည်။

ကျမ်းစာ၏အမည်ကိုလည်း “သာသနဝံသပ္ပဒီပိကာ” ဟု မှည့်ခေါ်သည်။ ဤကျမ်းသည် ပါဠိဘာသာဖြင့် ရေးသားအပ်သဖြင့် နိုင်ငံခြားသားပါဠိပညာရှင်တို့ပါ ကြည့်ရှုနိုင်သောကျမ်းဖြစ်ရကား သာသနာ့သမိုင်း၊ ပါဠိစာပေသမိုင်းတို့နှင့်ပတ်သက်၍ ၎င်းပညာရှင်တို့ မကြာခဏ ကိုးကားဖော်ပြခြင်းကိုခံရသော ကမ္ဘာသိမြန်မာဖြစ် ပါဠိကျမ်းတစ်စောင် ဖြစ်သည်။ ဤရတနာပုံခေတ်တွင် မိမိ၏ ကိုယ်ပိုင်သုတ်၊ ဝုတ္တိ၊ ဥဒါဟရုဏ်များဖြင့် ရေးသားအပ်သည့် သီးခြားပါဠိသဒ္ဒါကျမ်းတစ်စောင် ထွက်ပေါ်ခဲ့သည်ကို တွေ့ရသည်။ ၎င်းကား ယောအတွင်းဝန် ဦးဘိုးလှိုင် ရေးသားအပ်သည့် “သဒ္ဒသင်္ဂဟကျမ်း” ဖြစ်သည်။ ၎င်းကျမ်းမှာ သိဒ္ဓန္တကောမုဒီခေါ် သက္ကတသဒ္ဒါကျမ်းကို များစွာအမှီပြု၍ ရေးသားအပ်သော ကျမ်းဖြစ်သဖြင့် အသုံးအနှုန်းများမှာ သက္ကတဆန်နေသည်ကို တွေ့ရသည်။ ယောမင်းကြီး၏ လက်ရာဖြစ်သည့်အတိုင်း တိကျပြတ်သားသော ဆုံးဖြတ်ချက်များကိုလည်းကောင်း၊ ရှေးသဒ္ဒါကျမ်းတို့၏ အဆိုအမိန့် စိစစ်ချက်တို့ကိုလည်းကောင်း တွေ့ရှိရသည်။ ၎င်းကျမ်းမှာ ပုံနှိပ်စာအုပ်အဖြစ်သို့ မရောက်ခဲ့သဖြင့် အသိများသောကျမ်းအဖြစ်သို့ မရောက်ခဲ့ပေ။ ရတနာပုံခေတ်ပေါ် သီးခြားပါဠိသဒ္ဒါကျမ်းတစ်စောင်ဖြစ်သဖြင့် မြန်မာတို့ ဂုဏ်ယူဖွယ်ရာကျမ်းတစ်စောင် ဖြစ်ခဲ့သည်။

ဂဏ္ဌိကျမ်းများနှင့် ဝိနိစ္ဆယကျမ်းများလည်း ဤခေတ်တွင် အများအပြားပေါ်ထွက်ခဲ့ရာ ဆရာတော်ဦးသုတ၏ ပါရာဇိကဏ်ဂဏ္ဌိသစ်သည် ထင်ရှားသောကျမ်း ဖြစ်သည်။ ဤခေတ်၌ ပေါ်ထွက်ခဲ့သော နိဿယတို့အနက် ပြည်ဆရာတော်၏ အဋ္ဌသာလိနီအဋ္ဌကထာနိဿယနှင့် ဝိသုဒ္ဓိမဂ်အဋ္ဌကထာနိဿယတို့မှာ ယနေ့တိုင်အောင် ကျော်ကြားနေသော နိဿယကျမ်းများ ဖြစ်သည်။

ဤခေတ်မှနောက် မျက်မှောက်ခေတ်တိုင်အောင် ပါဠိစာပေသည် မြန်မာပြည်၌ ထွန်းကားလျက်ရှိရာ ပါဠိဆိုင်ရာစာပေကျမ်းဂန်များလည်း အမြောက်အများ ပေါ်ထွက်ခဲ့သည်။ ထိုများစွာသောကျမ်းတို့တွင် လယ်တီဆရာတော်ပရမတ္ထဒီပနီ (ပါဠိ) ကျမ်းမှာ ကမ္ဘာကျော်ကျမ်းတစ်ကျမ်းပင် ဖြစ်သည်။ ဆရာတော်၏ ထင်ရှားသောအခြားပါဠိကျမ်းမှာ နိရုတ္တိဒီပနီကျမ်း ဖြစ်သည်။ မြန်မာဘာသာဖြင့် ရေးသားအပ်သော ဆရာတော်၏ ဒီပနီကျမ်းများစွာတို့သည်လည်း သာသနာဝင် ရှင်လူအပေါင်းတို့၏ လောကီ၊ လောကုတ်အကျိုးကို ယနေ့တိုင်အောင် ဆောင်လျက်ရှိသည်။ ဆရာတော်၏ ပရမတ္ထဒီပနီ ထွက်ပေါ်ပြီးနောက် တလိုင်းကုန်းဆရာတော်၏ အနုရဋီကာ၊ ဆရာတော် အရှင်ဉာဏိန္ဒာသဘဝိဘာဝိနီယောဇနာ စသော ကျမ်းဂန်တို့လည်း အများအပြား ပေါ်ထွက်ခဲ့သည်။

ဤခေတ်တွင် ပါဠိကို အမှီပြုသော ပျို့လင်္ကာများလည်း အသင့်အတင့် ထွန်းကားသည်ကို တွေ့ရသည်။ ၎င်းတို့အနက် လောကီ၊ လောကုတ်ဗဟုသုတအဖြာဖြာတို့နှင့် ပြည့်စုံကြွယ်ဝ၍ အကျယ်ဝန်းဆုံး၊ အပြည့်စုံဆုံးဟု ဆိုနိုင်သောကျမ်းမှာ မန်လည်ဆရာတော်၏ မဃဒေဝလင်္ကာသစ်ကျမ်းကြီးပင် ဖြစ်သည်။ ယင်းကျမ်းကြီးသည် မြန်မာပျို့၊ ကဗျာစာပေသမိုင်းတွင် နောက်ဆုံးတောက်ထွန်းခဲ့သော မီးရှူးတန်ဆောင်ကြီးပင် ဖြစ်ပေတော့သည်။ ဆိုခဲ့ပြီးကျမ်းစာများမှတစ်ပါး အခြားအခြားသော ကျမ်းတတ်အကျော်အမော်ဖြစ်သည့် ထိုထိုဆရာတော်တို့ ရေးသားအပ်သော ကျမ်းဂန်များကိုကား ဤနေရာတွင် ပြည့်စုံအောင် ထုတ်ပြနိုင်မည်မဟုတ်၍ ဤမျှဖြင့်ပင် ပါဠိစာပေသမိုင်းအကျဉ်းကို အဆုံးသတ်အပ်ပေတော့သတည်း။

မှတ်ချက်။ ဤပါဠိစာပေသမိုင်းအကျဉ်းကို တိပိဋက ပါဠိ+မြန်မာ အဘိဓာန်ကျမ်း၊ အတွဲ ၁ နိဒါန်းမှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

---

သံဂါယနာမှတ်တမ်းတင်ပွဲများ သမိုင်းအကျဉ်းချုပ်

[ပြင်ဆင်ရန်]

ဝိနယပိဋက၊ သုတ္တန္တပိဋက၊ အဘိဓမ္မပိဋကအားဖြင့် ပိဋကတ်တရားတော်တို့ကို အမှားအယွင်းမရှိအောင် သံဃာတော်များ စုပေါင်း၍ ရွတ်ဆိုအတည်ပြုခြင်းကို သံဂါယနာတင်သည်ဟု ဆိုပါသည်။ သံဂါယနာမှတ်တမ်းကျေးဇူးများကြောင့် ယနေ့တိုင်အောင် ဗုဒ္ဓစာပေသည် မူရင်းမပျက် တည်ရှိနေပါသည်။

---

ပထမသံဂါယနာတင်ပွဲ

[ပြင်ဆင်ရန်]
  • သာသနာနှစ်: (၁) နှစ်၊ B.C. 544၊ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီး (၃) လအကြာ
  • နေရာ: ရာဇဂြိုဟ်ပြည်၊ ဝေဘာရတောင်၊ သတ္တပဏ္ဏိလှိုင်ဂူ (အိန္ဒိယနိုင်ငံ)
  • တင်ရခြင်းအကြောင်း: သုဘဒ္ဒတောထွက်ရဟန်းကြီး၏ ဘုရားရှင် ပညတ်ချက်များနှင့်ပတ်သက်၍ ဝေဖန်ပုတ်ခတ်ခြင်းကိစ္စ။
  • ဦးဆောင်မထေရ်: အရှင်မဟာကဿပ၊ အရှင်ဥပါလိ၊ အရှင်အာနန္ဒာ။
  • သံဃာအရေအတွက်: ရဟန္တာသံဃာတော် (၅၀၀)
  • အထောက်အပံ့ဒါယကာ: အဇာတသတ်မင်း
  • ကြာမြင့်ချိန်: (၇) လ
  • သံဂါယနာအမျိုးအစား: နှုတ်ဖြင့် ရွတ်ဆိုစောင့်ရှောက်မှု

---

ဒုတိယသံဂါယနာတင်ပွဲ

[ပြင်ဆင်ရန်]
  • သာသနာနှစ်: (၁၀၀) နှစ်
  • နေရာ: ဝေဠုကာရုံကျောင်း (ဝေသာလီပြည်၊ အိန္ဒိယနိုင်ငံ)
  • တင်ရခြင်းအကြောင်း: ဝိနည်းဆိုင်ရာ အဓမ္မဝတ္ထု (၁၀) ပါး ပေါ်ပေါက်လာမှုကိစ္စ
  • ဦးဆောင်မထေရ်: အရှင်ယသ
  • သံဃာအရေအတွက်: ရဟန္တာသံဃာတော် (၇၀၀)
  • အထောက်အပံ့ဒါယကာ: ကာလာသောကမင်း
  • ကြာမြင့်ချိန်: (၈) လ
  • သံဂါယနာအမျိုးအစား: နှုတ်ဖြင့် ရွတ်ဆိုစောင့်ရှောက်မှု

---

တတိယသံဂါယနာတင်ပွဲ

[ပြင်ဆင်ရန်]
  • သာသနာနှစ်: (၂၃၅) နှစ်
  • နေရာ: အသောကာရုံကျောင်း (ပါဋလိပုတ်ပြည်၊ အိန္ဒိယနိုင်ငံ)
  • တင်ရခြင်းအကြောင်း: ဘာသာခြားတိတ္ထိ (၆၀၀၀၀) တို့ သာသနာတွင်း စိမ့်ဝင်ပြီး အဓမ္မဝါဒများ သွတ်သွင်းဟောပြောမှုများကိစ္စ
  • ဦးဆောင်မထေရ်: အရှင်မဟာမောဂ္ဂလိပုတ္တတိဿ
  • သံဃာအရေအတွက်: ရဟန္တာသံဃာ (၁၀၀၀)
  • အထောက်အပံ့ဒါယကာ: သီရိဓမ္မာသောကမင်း
  • ကြာမြင့်ချိန်: (၉) လ
  • သံဂါယနာအမျိုးအစား: နှုတ်ဖြင့် ရွတ်ဆိုစောင့်ရှောက်မှု

---

စတုတ္ထသံဂါယနာတင်ပွဲ

[ပြင်ဆင်ရန်]
  • သာသနာနှစ်: (၄၅၀) နှစ်
  • နေရာ: မလယဇနပုဒ်၊ သီဟိုဠ်ကျွန်း (သီရိလင်္ကာနိုင်ငံ)
  • တင်ရခြင်းအကြောင်း: နိုင်ငံအတွင်း ငတ်မွတ်ခေါင်းပါးခြင်း၊ ပြည်တွင်းစစ်ဖြစ်မှုတို့နှင့် ကြုံရခြင်းကိစ္စ
  • ဦးဆောင်မထေရ်: အရှင်မဟာဓမ္မရက္ခိတ
  • သံဃာအရေအတွက်: ရဟန္တာသံဃာ (၅၀၀)
  • အထောက်အပံ့ဒါယကာ: ဝဋဂါမဏိမင်း
  • ကြာမြင့်ချိန်: (၁) နှစ်
  • သံဂါယနာအမျိုးအစား: ပေထက်အက္ခရာတင်စောင့်ရှောက်မှု

---

ပဉ္စမသံဂါယနာတင်ပွဲ

[ပြင်ဆင်ရန်]
  • သာသနာနှစ်: (၂၄၁၅) နှစ်
  • နေရာ: ရတနာပုံနေပြည်တော်၊ မန္တလေးမြို့၊ အထက်မြန်မာပြည်
  • တင်ရခြင်းအကြောင်း: ပိဋကတ်တော်များကို ပေပုရပိုက်များပေါ်၌ ရေးသားထားခြင်းကြောင့် ကြာရှည်စွာ မခိုင်မြဲနိုင်ခြင်း၊ မူဝါဒအမျိုးမျိုး ကွဲပြားနေခြင်းကိစ္စ
  • ဦးဆောင်မထေရ်: အရှင်ဇာဂရာဘိဝံသ
  • သံဃာအရေအတွက်: (၂၄၀၀)
  • အထောက်အပံ့ဒါယကာ: မင်းတုန်းမင်း
  • ကြာမြင့်ချိန်:
   * နှုတ်ဖြင့်ရွတ်ဆိုချိန်: (၇) နှစ်၊ (၆) လ၊ (၁၄) ရက်
   * ကျောက်ထက်အက္ခရာတင်ချိန်: (၅) လ၊ (၃) ရက်
  • သံဂါယနာအမျိုးအစား: ကျောက်ထက်အက္ခရာတင်စောင့်ရှောက်မှု

---

ဆဋ္ဌသံဂါယနာတင်ပွဲ

[ပြင်ဆင်ရန်]
  • သာသနာနှစ်: (၂၄၉၈) နှစ်
  • နေရာ: ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်မြို့ (မြန်မာနိုင်ငံ)
  • တင်ရခြင်းအကြောင်း: ဘာသာ၊ သာသနာနှင့် လူမျိုးများ ကိုလိုနီခေတ်၊ သူ့ကျွန်ဘဝတွင် နှစ် (၁၀၀) ခန့်နေခဲ့ရ၍ သာသနာတော် သန့်ရှင်းစင်ကြယ်စေရန်ကိစ္စ
  • ဦးဆောင်မထေရ်: ညောင်ရမ်းဆရာတော် အရှင်ရေဝတ၊ မဟာစည်ဆရာတော် အရှင်သောဘဏ၊ မင်းကွန်းဆရာတော် အရှင်ဝိစိတ္တသာရာဘိဝံသ
  • သံဃာအရေအတွက်: (၂၅၀၀)
  • အထောက်အပံ့ဒါယကာ: ဝန်ကြီးချုပ်ဦးနုအစိုးရနှင့် ပြည်သူ/ပြည်သားများ
  • အချိန်ကာလ: (၂) နှစ်
  • သံဂါယနာအမျိုးအစား: ပုံနှိပ်စက္ကူအက္ခရာတင်စောင့်ရှောက်မှု

---

ပါဠိတော်ကျမ်းများ မိတ်ဆက်

[ပြင်ဆင်ရန်]

က. ဝိနယပိဋကကျမ်းများ

[ပြင်ဆင်ရန်]

ပိဋကတ်သုံးပုံ ဖွဲ့စည်းမှုတွင် ဝိနယပိဋကကို ရှေ့ဆုံးတင် ဖွဲ့စည်းထားသည်။ ဝိနယပိဋကကို အောက်ပါကျမ်းငါးကျမ်းဖြင့် ဖွဲ့စည်းသတ်မှတ်ထားသည်။

  1. ပါရာဇိကပါဠိ
  2. ပါစိတ္တိယပါဠိ
  3. မဟာဝဂ္ဂပါဠိ
  4. စူဠဝဂ္ဂပါဠိ
  5. ပရိဝါရပါဠိ

ရဟန်းတော်များ၏ နေထိုင်မှုပုံစံနှင့် ရဟန်းတော်အဖွဲ့အစည်းများကို ပြိုကွဲမသွားစေရန်အတွက် ဤဝိနည်းပိဋကကျမ်းများတွင် ထိရောက်သောလမ်းညွှန်ချက်များ ပါဝင်နေသည်ကို တွေ့ရသည်။ ပိဋကတ်သုံးပုံတွင် ဝိနယပိဋကသည် “သာသနာတော်၏ အသက်ဖြစ်ကြောင်း၊ ဝိနည်းတည်နေလျှင် သာသနာတော်လည်း တည်နေသည်ဟု ဆိုနိုင်ကြောင်း” ဗုဒ္ဓဘာသာဝင်များက ဂုဏ်ယူတင်စား ပြောဆိုလေ့ရှိကြသည်။ သို့သော် ဝိနည်းတော်များသည် ရဟန်းတော်များ၏ ဘဝနှင့် ၎င်းတို့၏အဖွဲ့အစည်းများအတွက် လွန်စွာ အရေးပါအရာရောက်သည်ဟု ဆိုသော်လည်း မြတ်ဗုဒ္ဓ၏ ကနဦးအစောပိုင်းကာလများတွင် ဝိနည်းစည်းကမ်းများကို သတ်မှတ်ပညတ်ခဲ့သည်မဟုတ်ပေ။ မြတ်ဗုဒ္ဓသည် ဘုရားအဖြစ်သို့ ရောက်ပြီး ဝါတော် (၂၀) ကြာမှ စတင်ပညတ်ခဲ့သည်။ ဝိနည်းတော်များနှင့် ပတ်သက်၍ လိုက်နာကျင့်ကြံကြရာတွင် မြောက်ပိုင်းမဟာယာနဗုဒ္ဓဘာသာရဟန်းတော်များထက် တောင်ပိုင်းထေရဝါဒဗုဒ္ဓဘာသာရဟန်းတော်အဖွဲ့အစည်းများက ပိုမိုအလေးဂရုပြုကြကြောင်း ထင်ရှားကျော်ကြားသည်။

---

၁. ပါရာဇိကပါဠိ

[ပြင်ဆင်ရန်]

ဝိနည်းပိဋကတော်၏ ပထမဦးဆုံး ဝေရဉ္ဇကဏ္ဍ၌ ဝိနည်းသိက္ခာပုဒ်များ စတင်ပညတ်ရန်အတွက် အားထုတ်မှုတစ်ရပ်အနေဖြင့် ဝေရဉ္ဇာပြည်တွင် အရှင်သာရိပုတ္တရာမထေရ်မြတ်မှ မြတ်စွာဘုရားရှင်အား တောင်းပန်ပုံ အဖြစ်အပျက်နိဒါန်းအဖြစ်လည်းကောင်း၊ တစ်နည်းအားဖြင့် ဝိနယပိဋကစတင်ပေါ်ပေါက်လာပုံ သမိုင်းအခြေခံအဖြစ်လည်းကောင်း လေ့လာနိုင်သည်။ မြတ်စွာဘုရားရှင်သည် ဝိနည်းသိက္ခာပုဒ်များကို ပညတ်ခဲ့သော်လည်း “မလိုအပ်ဘဲ စည်းကမ်းဥပဒေများကို ထုတ်ပြန်ခြင်းမျိုး”ကို လိုလားဟန်မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဝိနည်းသိက္ခာပုဒ်များကို ဝါတော် (၂၀) ရှိမှ စတင်ပညတ်ခြင်းကို ထောက်ဆ၍သော်လည်းကောင်း၊ ထို့အပြင် အောက်ပါ ဝေရဉ္ဇကဏ္ဍလာ စကားရပ်ကို ထောက်ဆ၍သော်လည်းကောင်း သိသာနိုင်သည်။ “သာရိပုတ္တရာ! ဤသာသနာတော်၌ အာသဝေါတရားလျှင် တည်ရာရှိကုန်သော လွန်ကျူးမှုတရားတို့သည် ရဟန်းအဖွဲ့အစည်းများ၌ ထင်ရှားမဖြစ်ပေါ်သေးသမျှ ကာလပတ်လုံး မြတ်စွာဘုရားရှင်သည် တပည့်တို့အား သိက္ခာပုဒ်တို့ကို ပညတ်တော်မမူချေ၊ ပါတိမောက်ကို ပြတော်မမူချေ”

ထို့နောက် ပါရာဇိကကဏ္ဍ-ရဟန်းတော်တို့အတွက် သိက္ခာပုဒ်တို့တွင် အရေးကြီးဆုံး လိုက်နာရန်နှင့် အပြင်းထန်ဆုံး ပါရာဇိကအာပတ် (သာသနာတော်မှ ရွေ့လျောကျခြင်း) လေးမျိုးတို့ကို ပြဆိုထားသည်။

ပါရာဇိကအာပတ်လေးမျိုးသည် ရဟန်းတော်တို့၏ ဝိနည်းစည်းကမ်းများတွင် အရေးကြီးဆုံးဖြစ်သကဲ့သို့ ကျူးလွန်မိသော ရဟန်းသည်လည်း ယခုဘဝတွင်ပင် အလိုအလျောက်သိက္ခာကျပြီးသားဖြစ်သွားပြီး မဂ်ဖိုလ်နိဗ္ဗာန်မှ လွဲချော်နိုင်သည်အထိ အပြစ်ကြီးလေးလှပေသည်။ ပါရာဇိကအာပတ်သို့ ရောက်သော ရဟန်းတစ်ပါးကို ဦးခေါင်းပြတ်သွားသောလူ၊ ကြွေကျသွားသောသစ်ရွက်၊ နှစ်လွှာကွဲသောကျောက်ဖြာ၊ လည်ဆစ်ပြတ်သွားသောထန်းပင်တို့နှင့် တင်စားလေ့ရှိသည်။ အဆိုပါအပြစ်ကြီးလေးမျိုးမှာ-

  1. မေထုန်မှီဝဲမှု (အနိမ့်ကျဆုံး တိရစ္ဆာန်နှင့်မေထုန်မှီဝဲမှု)
  2. ခိုးယူမှု (အနိမ့်ကျဆုံး တစ်မတ်၊ တစ်မတ်တန်သော သူတစ်ပါးဥစ္စာကို ခိုးယူမှု)
  3. လူသတ်မှု (အနိမ့်ကျဆုံး ကိုယ်ဝန်ပျက်ကျဆေးပေးမှု)
  4. လူအထင်ကြီးစေလိုသောဆန္ဒဖြင့် တရားထူး၊ တရားမြတ်တို့ကို မရရှိသေးဘဲ ကြွားဝါမှုတို့ ဖြစ်သည်။

ပထမပါရာဇိကအခန်းတွင် မိမိစိတ်ဆန္ဒမပါဘဲ မိသားစုကိစ္စကြောင့် နောင်တရခဲ့ရသော အရှင်သုဒိန်၏ ကြေကွဲဖွယ်ဇာတ်လမ်းနှင့် မေထုန်နှင့်စပ်သော သတ်မှတ်ချက်များ၊ ဖြတ်ထုံးများကို လေ့လာနိုင်သည်။ ပထမပါရာဇိကအာပတ်နှင့် ပတ်သက်၍ အလွယ်ကူဆုံးချုပ်၍ဆိုရလျှင် “မည်သည့်နည်း၊ မည်သည့်ပုံစံနှင့် ကျူးလွန်သည်ဖြစ်စေ အာပတ်မှမလွတ်”ဟု အလွယ်တကူ မှတ်သားနိုင်သည်။

ရဟန်းတော်များအတွက် ဒုတိယပါရာဇိကအာပတ်မှ လွဲလျှင် ကျန်သုံးမျိုးမှာ ရှောင်ကြဉ်ရန် လွယ်ကူသိသာလှသော်လည်း ဒုတိယပါရာဇိကအာပတ်မှာမူ နေရာဒေသ၊ ယဉ်ကျေးမှုနှင့် ခေတ်အခြေအနေများကို လိုက်၍ အငြင်းပွားရမှု မကြာခဏဖြစ်ရပြီး ဖြေရှင်းချက်များ မကြာခဏ ပေးရလေ့ရှိသည်ကို တွေ့ရသည်။ ဥပမာ- နိုင်ငံတော်က တရားဝင်သတ်မှတ်ထားသော အကောက်အခွန်ဆိုင်ရာ ဥပဒေများနှင့် မညီညွတ်သောပစ္စည်းများကို ရဟန်းတော်များ ပါဝင်ပတ်သက်သုံးစွဲရာ၌ မည်ကဲ့သို့ ဆုံးဖြတ်မည်နည်း? ဟူသော ပြဿနာမျိုးသည် ရဟန်းတော်များအတွက် သိမ်မွေ့နူးညံ့ပြီး သတိလည်း ထားရသောကိစ္စမျိုးဖြစ်သည်။

ပါရာဇိကအာပတ်လေးပါးကို ခြုံ၍ကြည့်လျှင် ရဟန်းတစ်ပါးသည် အထက်ပါပြစ်မှုကြီးလေးမျိုးကို မည်သည့်နည်းနှင့်မျှ ဥပဒေလက်တစ်လုံးခြားလုပ်၍ အပြစ်မှလွတ်နိုင်ခြင်း မရှိကြောင်းကို လေ့လာတွေ့ရှိရသည်။ သို့သော်လည်း ချွင်းချက်အနေဖြင့် ရူးသွပ်နေသော ရဟန်း၊ အစလက်ဦးကျူးလွန်သော ရဟန်းစသူတို့မှာ အပြစ်မှလွတ်ငြိမ်းခွင့် ပေးထားသည်ကိုလည်း တွေ့ရှိရသည်။

သံဃာဒိသေသကဏ္ဍ-အာပတ်သင့်လျှင် သံဃာအများပါဝင်သော သံဃကံဖြင့် ကုစားရသော သံဃာဒိသိသ်အာပတ်အမျိုးအစား (၁၃) မျိုးပါဝင်သည်။ ဤကဏ္ဍလာ ကုလဒူသကသိက္ခာပုဒ် (ဒါယကာတို့၏ ယုံကြည်မှုကို ဖျက်ဆီးမှု) တွင် ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်တို့၏ ဆရာ+ဒကာဆက်ဆံရေးတွင် သတိထားသင့်သော အချက်များ ပါဝင်သည်။ သတိမထားမိပါက မသိမသာဖြင့် နှစ်ဦးနှစ်ဖက် အကျိုးယုတ်စေနိုင်သော အန္တရာယ်အစွန်းများ ရှိကြောင်း တွေ့ရှိနိုင်သည်။

အနိယတကဏ္ဍ-အာပတ်ကျူးလွန်သူဝန်ခံချက်အတိုင်း ဆုံးဖြတ်ရသည့် အနိယတသိက္ခာပုဒ် (၂) မျိုးပါဝင်သည်။ ဤသိက္ခာပုဒ်နှစ်ပုဒ်ကား ရဟန်းတော်နှင့် အမျိုးသမီးဆက်ဆံရာတွင် နေရာဒေသနှင့် ပတ်သက်၍ သတိပေးချက်များသာ ဖြစ်သည်။

နိဿဂ္ဂိယကဏ္ဍ-အာပတ်သင့်ပစ္စည်းကို ရှေးဦးစွာစွန့်ပြီးမှ ကုစားရသော ပညတ်ချက်အမျိုးအစား (၃၀) တို့ကို ပြဆိုထားသည်။ ဤကဏ္ဍတွင် ယေဘုယျအားဖြင့် ရဟန်းတော်တို့အတွက် သင်္ကန်း၊ သပိတ်နှင့် ပတ်သက်၍ သတိပေး၊ တားမြစ်ချက်များကို အများဆုံး ပညတ်ထားသည်။

---

၂. ပါစိတ္တိယပါဠိ

[ပြင်ဆင်ရန်]

ဤကျမ်းတွင် ရဟန်းယောက်ျား (ဘိက္ခု) တို့အတွက် ပါစိတ္တိယကဏ္ဍ-ကုသိုလ်စိတ်မှ လျောကျစေတတ်သော သိက္ခာပုဒ်အမျိုးအစား (၉၂) မျိုးနှင့် ပါဋိဒေသနီယကဏ္ဍ၊ သေခိယကဏ္ဍတို့ ပါဝင်သည်။ ဤကျမ်းတွင် ရဟန်းယောက်ျား (ဘိက္ခု) များအတွက် စည်းမျဉ်းများနှင့် နောက်ပိုင်းတွင် ရဟန်းမ (ဘိက္ခုနီ) တို့အတွက် စည်းမျဉ်းများ ပါဝင်သည်။

ဤကျမ်းသည် စာပေဗဟုသုတရှာဖွေလိုသူများအနေဖြင့် အနည်းငယ် ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော်လည်း အချို့သောသိက္ခာပုဒ်များ ဖြစ်ပေါ်လာရခြင်း၏ နောက်ခံအကြောင်းရင်းကို လေ့လာရသောအခါ မြတ်စွာဘုရားရှင်လက်ထက်တော်အခါက ရဟန်းတော်များနှင့် လူဒါယကာတို့၏ ဆက်ဆံရေးအခြေအနေ တစိတ်တဒေသကိုသော်လည်းကောင်း၊ ရဟန်းများနှင့် ရဟန်းမတို့၏ ဆက်ဆံရေးအခြေအနေများကိုလည်းကောင်း လေ့လာအကဲခတ်နိုင်သည်။

အစေလကဝဂ်လာ၊ အစေလကသိက္ခာပုဒ်နှင့် သဘောဇနသိက္ခာပုဒ်တို့ ဖြစ်ပေါ်လာရခြင်း၏ အကြောင်းကို ဖတ်ရှုရသောအခါ မထေရ်မြတ်အရှင်အာနန္ဒာနှင့် အရှင်ဥပနန္ဒတို့၏ လူမှုရေးဒုက္ခများကို ကိုယ်ချင်းစာ၊ နားလည်ရသည်။ မြတ်စွာဘုရားရှင်၏ အမိန့်တော်ဖြင့် မထေရ်မြတ်အရှင်အာနန္ဒာသည် စားကြွင်းစားတို့အား ဆွမ်းကျန်ကွမ်းကျန်များ ပေးဝေခဲ့သည်။ မထေရ်လည်း ပရိဗိုဇ်မတစ်ယောက်အား မုန့်နှစ်ခုကို တစ်ခုအမှတ်အဖြစ်ဖြင့် ပေးမိသောကြောင့် ပရိဗိုဇ်မနှင့် ပေးစားခံရသောဒုက္ခနှင့် ရာဂစိတ်ဖြင့် ယစ်နေသော မိတ်ဆွေဒါယကာအိမ်သို့ ဆွမ်းခံကြွမိရာတွင် ဆွမ်းလောင်းပြီးသောအခါ အတင်းပြန်ကြွခိုင်းနေသော ဒါယကာနှင့် ယောက်ျား၏အခြေအနေကို ရိပ်မိသောဒါယိကာမက အတင်းတားနေရာ အရှင်ဥပနန္ဒမှာ ထိုင်ရမလို၊ ထရမလိုဖြစ်နေသော မထေရ်မြတ်တို့၏ အစားတစ်လုပ်၊ ဒုက္ခထုပ်တို့ကို ကိုယ်ချင်းစာနားလည်ရသည်။

နောက်ပိုင်း သေခိယသိက္ခာပုဒ်အချို့မှာ ရဟန်းတော်များသာမက လူပုဂ္ဂိုလ်များအနေဖြင့်လည်း လိုက်နာသင့်သောသိက္ခာပုဒ်များ ဖြစ်သည်။ လူကြီးလူကောင်းပီသစွာ သွားလာနေထိုင်မှုနှင့် အစားအသောက်ဆိုင်ရာ ယဉ်ကျေးမှုများကို နှိုက်နှိုက်ချွတ်ချွတ်ပညတ်ထားသည်မှာ အားကျနည်းယူဖွယ် ကောင်းလှသည်။

ရဟန်းတော်တို့၏ “နှစ်ရာ့နှစ်ဆယ်၊ ခုနှစ်သွယ်” သော သိက္ခာပုဒ်အားလုံး အထက်ပါနှစ်ကျမ်းလုံးတွင် ပါဝင်ဖွဲ့စည်းထားသည်ကို တွေ့ရပေမည်။ ဤရဟန်းတော်တို့၏သိက္ခာပုဒ်များနှင့်ပတ်သက်၍ (၂၂၇) ပုဒ်ရှိသည်ဟု လက်ခံထားကြသော်လည်း အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ သမဏဝဂ်၊ ဝဇ္ဇီပုတ္တသုတ်“အရှင်ဘုရားတို့! တစ်ရာ့ငါးဆယ်သော သိက္ခာပုဒ်တို့ကို ရွတ်ဆိုရန် အချိန်တန်ပါပြီ” ဟူသောစကားရပ်နှင့် မိလိန္ဒပဥှာကျမ်း၊ အနဝသေသသိက္ခာပဒပဉှာ“ရဟန်းကောင်းဟူသည် တစ်ရာ့ငါးဆယ်သော သိက္ခာပုဒ်တို့၌ ကျွမ်းကျင်သူ” စသောစကားရပ်တို့ကို ထောက်ဆ၍ “မူလကသိက္ခာပုဒ်အရေအတွက်မှာ (၁၅၀) သာရှိပြီး နောက်ပိုင်းမှ သေခိယသိက္ခာပုဒ် (၇၅) ပုဒ်ကို ထည့်သွင်း၍ (၂၂၇) ပုဒ် ဖြစ်လာသည်” ဟုယူဆသော သုတေသီပညာရှင်များလည်း ရှိသေးသည်။ အဋ္ဌကထာဆရာ၊ အရှင်မဟာဗုဒ္ဓဃောသ၏ အဆိုရမူ အင်္ဂုတ္တိုရ်၊ တိကနိပါတ်လာစကားရပ်ကို “ထိုအချိန်က သိက္ခာပုဒ်ပေါင်း (၁၅၀) သာရှိ၍ ထိုကဲ့သို့ဆိုကြောင်း” ဖြေရှင်းချက် ထုတ်ထားသည်။ သို့သော် အထက်ပါ ဖြေရှင်းချက်သည် လက်ခံနိုင်စရာအကြောင်းရှိသော်လည်း ဘုရားရှင်ပရိနိဗ္ဗာန်စံပြီး ကာလအတန်ကြာမှ ဗုဒ္ဓစာပေအတွင်းသို့ ဝင်ရောက်လာသော မိလိန္ဒပဉှာကျမ်း၌လည်း သိက္ခာပုဒ် (၁၅၀) ဟုသာ ဆိုထားခြင်းမှာလည်း ပညာရှင်များအနေဖြင့် သုတေသနပြုဖွယ် ကောင်းလှသည်။

ပါစိတ္တိယပါဠိကျမ်းနောက်ပိုင်းတွင် အမျိုးသမီးရဟန်း (ဘိက္ခုနီ) တို့အတွက် သတ်မှတ်ပြဋ္ဌာန်းထားသော သိက္ခာပုဒ်များကို ပြဆိုထားသည်။ သိက္ခာပုဒ်များကို ဤကျမ်းတွင် ထည့်သွင်းအသိအမှတ်ပြုထားသေးသော်လည်း လက်ရှိရဟန်းတော်တို့၏ အယူအဆအားဖြင့်မူ မြတ်စွာဘုရားရှင်ပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်းလေးရာကျော်ငါးရာခန့်ကပင် ဘိက္ခုနီသာသနာ ကွယ်ခဲ့ပြီဖြစ်ကြောင်း လက်ခံထားကြသည်။ အမျိုးသမီးရဟန်းတော်များ လိုက်နာရသည့် စည်းကမ်းများသည် အမျိုးသားရဟန်းတော်များထက် ပိုမိုများပြားကြောင်းကိုလည်း တွေ့ရှိရသည်။

---

၃. မဟာဝဂ္ဂပါဠိ

[ပြင်ဆင်ရန်]

ဝိနယပိဋကတွင် တတိယမြောက်ကျမ်းဖြစ်သော ဤကျမ်းတွင် မဟာခန္ဓက၊ ဥပေါသထခန္ဓက စသောအားဖြင့် အပိုင်း (၁၀) ပိုင်းဖြင့် ဖွဲ့စည်းထားသည်။ မဟာခန္ဓကအပိုင်းတွင် ရဟန်းတော်အဖွဲ့အစည်းကြီး စတင်ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းချုပ်နှင့် အဖွဲ့အစည်းအတွင်း အတူနေဆရာ၊ တပည့်တို့ လိုက်နာရမည့်ကျင့်ဝတ်များ၊ ရဟန်းဘောင်သို့ ဝင်ရောက်လာသူများနှင့်ပတ်သက်၍ လိုက်နာရမည့်စည်းကမ်းဥပဒေများ ပါဝင်သည်။ ဥပေါသထခန္ဓကအပိုင်းတွင် ဘုရင် ဗိမ္ဗိသာရသည် မြတ်ဗုဒ္ဓအား သာသနာပအဖွဲ့အစည်းများ၏ မကြာခဏစည်းဝေးမှုကြောင့် စည်းလုံးညီညွတ်မှုရှိပုံနှင့် ဗုဒ္ဓသာသနာကို နှိုင်းယှဉ်ထောက်ပြလာ၍ ဘုရားရှင်ဥပုသ်ပြုခြင်းကိစ္စ ခွင့်ပြုခြင်း၊ ဥပုသ်ပြုအခမ်းအနားနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းများအကြောင်းကို လေ့လာနိုင်သည်။

နောက်ပိုင်း ခန္ဓကအပိုင်းများတွင် မိုးတွင်းကာလ ဝါကပ်ပုံ၊ ဝါကျွတ်ပဝါရဏာပြုပုံ၊ ရဟန်းတော်တို့၏အသုံးအဆောင်များဖြစ်သော ဖိနပ်၊ ယဉ်၊ ဆေး၊ သင်္ကန်းအသုံးအဆောင်များ၊ ရဟန်းတော်အချင်းချင်း အငြင်းပွားဖွယ် ကိစ္စတစ်ခုခုကြုံလာလျှင် ပြုလုပ်သင့်သည့်နည်းလမ်းများ (ဝိနည်းကံအမျိုးမျိုး) တို့ ပါဝင်သည်။

---

၄. စူဠဝဂ္ဂပါဠိ

[ပြင်ဆင်ရန်]

စူဠဝဂ္ဂပါဠိတော်သည် မဟာဝဂ္ဂပါဠိတော်နှင့် ကျမ်းတွင် ပါဝင်သောအကြောင်းအရာများ မတူညီကြသော် ကျမ်းဖွဲ့စည်းပုံသဘောသဘာဝအားဖြင့်မူ တူညီသည်ကို တွေ့ရသည်။ ဤကျမ်းတွင်လည်း ကမ္မက္ခန္ဓက၊ ပါရိဝါသိက္ခန္ဓက၊ သမုစ္စယက္ခန္ဓက စသောအားဖြင့် ခန္ဓကအပိုင်း (၁၂) ပိုင်းဖြင့် ဖွဲ့စည်းထားသည်။

ရှေ့ပိုင်း ခန္ဓက (၄) ပိုင်းတွင် ဝိနည်းကံအမျိုးမျိုးနှင့် ပရိဝတ်ဆောက်တည်မှုဆိုင်ရာများ၊ အဓိကရုဏ်းငြိမ်းကြောင်းများ ပါဝင်သည်။ သမုစ္စယက္ခန္ဓက အဆုံးပိုင်းနိဂုံးပိုင်းတွင် သမိုင်းမှတ်တမ်းသက်သေတန်ဖိုးအနေဖြင့် အောက်ပါမှတ်ချက်ပါဝင်နေသည်။ “စင်ကြယ်သောအားဖြင့် တစ်ဆယ့်ငါးဝါရ သီဟိုဠ်ကျွန်းသူ၊ ကျွန်းသားတို့ကို ကြည်ညိုစေနိုင်ကုန်သော ပုဒ်ဝါကျတို့ကို ဝေဖန်တော်မူနိုင်ကုန်သော မဟာဝိဟာရကျောင်းနေဆရာတို့သည် သူတော်ကောင်းတရား တည်တံ့နိုင်ရန် ဤပို့ချစဉ်ကို ထားအပ်၏”

အမှတ်စဉ် ၅ မှ ၉ ခန္ဓကများတွင် (၁၁၀) သော ခုဒ္ဒကဝတ္ထုများ၊ ရတနာသုံးပါးအား အန္တရာယ်ပေးလာလျှင် သပိတ်မှောက်ကံဆိုင်ရာများ၊ ရဟန်းတော်တို့အတွက် နေရာထိုင်ခင်းများ၊ ရဟန်းတော်အချင်းချင်း ပြုကျင့်ရမည့် ကျင့်ဝတ်များ၊ ပါတိမောက်ပြရာ၌ ပရိသတ်မစင်ကြယ်လျှင် ပြုလုပ်ရန် လုပ်ထုံးလုပ်နည်းများ ပါဝင်သည်။

ခုဒ္ဒကဝတ္ထုများ၏ တစ်နေရာတွင် သုတေသီစိတ်ဝင်စားကြလေ့ရှိသော “ဗြဟ္မဏမျိုးရိုး ရဟန်းညီနောင်တို့က မြတ်ဗုဒ္ဓ၏ တရားတော်တို့ကို သက္ကတဘာသာဖြင့် မှတ်တမ်းတင်ထားရန် ကိစ္စအကြောင်း” ပါဝင်သည်။

အမှတ် (၁၀) ဘိက္ခုနီက္ခန္ဓကအပိုင်းတွင် သာသနာအတွင်းသို့ မိန်းမရဟန်းတော်များ (ဘိက္ခုနီ) စတင်ရောက်ရှိလာပုံ သမိုင်းအကျဉ်းနှင့် ကျင့်ဝတ်ဝတ္တရားများ ပါဝင်သည်။

အမှတ် (၁၁) နှင့် (၁၂) အပိုင်းသည် ဗုဒ္ဓစာပေများအတွက် အရေးကြီးအရာရောက်ခဲ့သော ပထမသံဂါယနာတင်ပွဲနှင့် ဒုတိယသံဂါယနာတင်ပွဲများ သမိုင်းမှတ်တမ်းများသာ ဖြစ်ပါသည်။

---

၅. ပရိဝါရပါဠိ

[ပြင်ဆင်ရန်]

ဝိနယပိဋက၏ နောက်ဆုံးဖြစ်သော ဤကျမ်းကား ရှေ့ပိုင်းဝိနည်းကျမ်းကြီးလေးကျမ်းလောက် ရဟန်းတော်အဖွဲ့အစည်းများအတွက် အရေးပါအရာရောက်သော ကျမ်းမဟုတ်တော့ဟု ဆိုနိုင်သည်။ နောက်ပိုင်း သီဟိုဠ်မထေရ်တစ်ပါးပါးက ပြုစုခဲ့သောကျမ်း ဖြစ်သည်။ ဤကျမ်းသည် ရှေ့ဝိနည်းကျမ်းကြီးများကဲ့သို့ လိုက်နာရန်စည်းမျဉ်းများကို ထုတ်ဖော်သတ်မှတ်ပြခြင်းမျိုးထက် ရှေ့ကျမ်းကြီးများ၌ပါဝင်ပြီးဖြစ်သော သိက္ခာပုဒ်များကိုပင် သံဂါယနာတင် ထုံးတင်နည်းနှင့်အညီ မှတ်တမ်းတင်ခြင်းမျိုးဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ ကျမ်း၏ရည်ရွယ်ရင်းမှာ သံဂါယနာတင်နည်းမှတ်တမ်းနှင့်တကွ ဝိနယပိဋက၏ အရေးကြီးပုံကို ဂုဏ်တင်လိုသော ရည်ရွယ်ရင်းဖြစ်ဖွယ်ရှိသည်။ ကျမ်း၏တစ်နေရာတွင် ဝိနည်းဆိုင်ရာ “သေဒမောစနဂါထာ (၄၃) ဂါထာ (ချွေးထွက်အောင် အဖြေရှာရသော ဂါထာများ)” ပါဝင်သည်။ ရဟန်းတော်များကို ဝိနည်းနှင့်ပတ်သက်၍ ပိုမိုကျွမ်းကျင်စေလိုသော ဆန္ဒဖြင့် စီစဉ်ထားဟန်ရှိသည်။

ဥပမာ-

  • အမေး။ “ဉတ်လည်းမထား၊ ကမ္မဝါစာလည်း မရွတ်၊ မြတ်စွာဘုရားကလည်း ‘ဧဟိဘိက္ခု’ မခေါ်၊ သရဏဂုံဆောက်တည်ခြင်းလည်း မရှိ၊ သူ၏ပဉ္စင်းအဖြစ်သည်လည်း မပျက်စီး၊ ဤအမေးကို ပညာရှိတို့ ကြံအပ်၏”?
  • အဖြေ။ ဂရုဓမ်ရှစ်ပါးဖြင့် ရဟန်းဖြစ်ခဲ့သော မဟာပဇာပတိဂေါတမီရဟန်းမ!

သုတ္တန္တပိဋကကျမ်းများ

[ပြင်ဆင်ရန်]

သုတ္တန္တပိဋကတွင် နိကာယ်ကြီး (၅) ခု ရှိပါတယ်။ ၎င်းတို့မှာ -

  • ၁။ ဒီဃနိကာယ်
  • ၂။ မဇ္ဈိမနိကာယ်
  • ၃။ သံယုတ္တနိကာယ်
  • ၄။ အင်္ဂုတ္တရနိကာယ်
  • ၅။ ခုဒ္ဒကနိကာယ် တို့ပဲ ဖြစ်ပါတယ်။

---

၁။ ဒီဃနိကာယ် (ရှည်လျားသောသုတ်များအစု)

[ပြင်ဆင်ရန်]

ဒီဃနိကာယ်မှာ သုတ်ပေါင်း (၃၄) သုတ်ရှိပြီး စာအုပ် (၃) အုပ်နဲ့ ဖွဲ့စည်းထားပါတယ်။

(က) သီလက္ခန္ဓဝဂ္ဂပါဠိ

[ပြင်ဆင်ရန်]

ဒီကျမ်းမှာ သုတ်ပေါင်း (၁၃) သုတ် ပါဝင်ပါတယ်။ ဦးဆုံး ဗြဟ္မဇာလသုတ် မှာ တစ်ချိန်က အိန္ဒိယနိုင်ငံမှာ ပေါ်ပေါက်ခဲ့တဲ့ အယူဝါဒ၊ အတွေးအခေါ်နဲ့ ကျင့်စဉ်အမျိုးမျိုးကို လေ့လာနိုင်ပါတယ်။ သုတ်ရဲ့ ရှေ့ပိုင်း သီလအခန်းများ မှာတော့ ရှေးဟောင်းအိန္ဒိယနိုင်ငံက ယုံကြည်ချက်နဲ့ လှူဒါန်းတဲ့ လှူဖွယ်ပစ္စည်းတွေကို သုံးဆောင်ခံစားပြီး အကျင့်ပျက်နေတဲ့ သမဏ၊ ဗြာဟ္မဏအချို့ရဲ့ အခြေအနေတွေနဲ့ ရှေးဟောင်းအိန္ဒိယယဉ်ကျေးမှုဆိုင်ရာ လေ့လာစရာတွေကို တွေ့ရှိနိုင်ပါတယ်။ ဒီသုတ်မှာ ပါဝင်တဲ့ (၆၂) မျိုးသော အယူဝါဒတွေဟာ မြတ်ဗုဒ္ဓရဲ့ အယူအဆနဲ့ ဆန့်ကျင်ပေမဲ့ အယူဝါဒတွေကို လေ့လာလိုတဲ့ သုတေသီတွေအတွက်တော့ အကောင်းဆုံး လမ်းစတွေပဲ ဖြစ်ပါတယ်။

ဒုတိယမြောက် သာမညဖလသုတ် မှာတော့ မြတ်ဗုဒ္ဓရဲ့ သာသနာတော်ထဲကို ဝင်ရောက်လာတဲ့ တပည့်ရဟန်းတွေ ရရှိနိုင်တဲ့ အကျိုးတရားတွေနဲ့ ဗုဒ္ဓနဲ့ ခေတ်ပြိုင် ဘာသာရေးဆရာကြီး (၆) ဦးရဲ့ အတွေးအခေါ်၊ အယူအဆတွေကို လေ့လာနိုင်ပါတယ်။ တတိယမြောက် အမ္ဗဋ္ဌသုတ် မှာတော့ မြတ်စွာဘုရားရှင်နဲ့ ဗြာဟ္မဏတို့ရဲ့ ဆက်ဆံရေးအခြေအနေနဲ့ ဇာတ်ခွဲခြားမှုစနစ်နဲ့ ပတ်သက်လို့ မြတ်စွာဘုရားရှင်ရဲ့ သဘောထားတစ်စွန်းတစ်စကို အကဲခတ်နိုင်ပါတယ်။

သောဏဒဏ္ဍသုတ်၊ ဗုဒ္ဓဂုဏကထာ မှာတော့ မြတ်စွာဘုရားရှင်ရဲ့ ဘဝတစ်စိတ်တစ်ဒေသကို အကဲခတ်နိုင်ပါတယ်။ တစ်နည်းအားဖြင့် ဗြာဟ္မဏတို့ ပြောပြတဲ့ မြတ်ဗုဒ္ဓရဲ့ လူမှုဆက်ဆံရေးဘဝသရုပ်အမှန်ကိုလည်း တွေ့ရှိရပါတယ်။

ဒီဗုဒ္ဓဂုဏကထာမှာ ပါတဲ့ မြတ်စွာဘုရားရှင်ရဲ့ “လာလော့၊ ကောင်းသောလာခြင်းတည်း” လို့ ဆိုလေ့ရှိတာ၊ နူးညံ့သောစကားရှိတာ၊ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်တတ်တာ၊ ရွှင်လန်းသောမျက်နှာရှိတာ၊ ပေါ့ပါးသောနှုတ်ရှိတာ၊ ရှေးဦးစွာဆိုလေ့ရှိတာ စတဲ့ လူမှုဆက်ဆံရေးယဉ်ကျေးမှုတွေကို လေ့လာရတဲ့အခါ ကျွန်ုပ်တို့ သိထားကြည်ညိုနေတဲ့ ဘုရားရှင်ဟာ နတ်တန်ခိုးရှင်ကြီးတစ်ပါးပုံစံထက် လူသားဆန်တဲ့ ပုံစံကို ပိုမိုတွေ့ရှိပြီး လေးစားကြည်ညိုရပါတယ်။

ဒါ့အပြင် မြတ်စွာဘုရားရှင်နဲ့ သောဏဒဏ္ဍပုဏ္ဏားတို့ ဆွေးနွေးတဲ့ သီလနဲ့ ပညာ တို့ရဲ့ အရေးကြီးပုံကိုလည်း လေ့လာနိုင်ပါတယ်။ ဒီကျမ်းမှာ ပါတဲ့ သုတ်တော်အများစုဟာ ယေဘုယျအားဖြင့် ကြည့်မယ်ဆိုရင် ဘာသာခြားတို့ရဲ့ တရားတွေနဲ့ ဆန့်ကျင်ပြီး ဘုရားရှင်ရဲ့ အဓိကမူဝါဒဖြစ်တဲ့ သီလ၊ သမာဓိ၊ ပညာ တို့ကို အကျယ်တဝင့် ဟောပြချက်တွေသာ ဖြစ်တယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။

(ခ) မဟာဝဂ္ဂပါဠိ

[ပြင်ဆင်ရန်]

ဒီကျမ်းမှာ သုတ်ပေါင်း (၁၀) သုတ် ပါဝင်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေအတွက် အရေးကြီးပြီး လူသိများတဲ့ သုတ်တွေဖြစ်တဲ့ မဟာနိဒါနသုတ်၊ မဟာပရိနိဗ္ဗာနသုတ်၊ မဟာသတိပဋ္ဌာနသုတ် တို့ကို လေ့လာခွင့်ရကြပါလိမ့်မယ်။ မဟာနိဒါနသုတ် မှာ ဗုဒ္ဓဝါဒရဲ့ အရေးကြီးဆုံးတရားတွေထဲက တစ်ခုဖြစ်တဲ့ အကြောင်း+အကျိုးဆက်တရားတော် (ပဋိစ္စသမုပ္ပါဒ်တရားတော်) နဲ့ မဟာသတိပဋ္ဌာနသုတ်တော် မှာ သတိပဋ္ဌာန်တရားလေးပါး အကြောင်းတွေကို အကျယ်တဝင့် ဝေဖန်ဆွေးနွေးထားပါတယ်။ မဟာပရိနိဗ္ဗာနသုတ်တော် ကတော့ တရားဓမ္မတစ်ခုခုကို ဦးတည်ဆွေးနွေးတာမျိုးထက် မြတ်ဗုဒ္ဓရဲ့ နောက်ဆုံးခရီးမှတ်တမ်းရှည် ဒေသနာလို့ ဆိုနိုင်ပါတယ်။ မြတ်ဗုဒ္ဓရဲ့ နောက်ဆုံးဘဝဖြစ်စဉ်နဲ့ ပတ်သက်လာရင် သုတေသီတွေ အလေးထားလေ့လာလေ့ရှိတဲ့ သုတ်တော်ကြီးလည်း ဖြစ်ပါတယ်။

(ဂ) ပါထိကဝဂ္ဂပါဠိ

[ပြင်ဆင်ရန်]

ပါထိကဝဂ္ဂကျမ်းမှာ သုတ်ပေါင်း (၁၁) သုတ်နဲ့ ဖွဲ့စည်းထားပါတယ်။ ဒီကျမ်းထဲက စက္ကဝတ္တိသုတ်၊ အဂ္ဂညသုတ်၊ သိင်္ဂါလသုတ် တို့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် တန်ဖိုးထားခံရတဲ့ သုတ်တွေ ဖြစ်ပါတယ်။ လူမှုကိုယ်ကျင့်တရားဆိုင်ရာ ပြုပြင်ရေးသမားတွေအနေနဲ့ စက္ကဝတ္တိသုတ်တော် ကို အခြေခံပြီး လေ့လာသင့်ပါတယ်။ ဒီသုတ်တော်မှာ အတိတ်တစ်ချိန်က ပြီးပြည့်စုံခဲ့တဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ နောင်အနာဂတ်က စံပြလူ့အဖွဲ့အစည်းတွေကို ထုတ်ပြပြီး လူ့အဖွဲ့အစည်းတွေ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းတို့ရဲ့ အခြေခံအကြောင်းတရားတွေကို ထုတ်ဖော်ဆွေးနွေးထားတာဟာ များစွာ စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ တစ်ဖန် မြတ်ဗုဒ္ဓက လူ့အဖွဲ့အစည်းတွေရဲ့ အတက်အကျတွေကြားမှာ မိမိကိုယ်သာ အားကိုးတတ်ဖို့နဲ့ နေတတ်ထိုင်တတ်ရှိဖို့ သူ့ရဲ့တပည့်သားရဟန်းတော်တွေကို သင်ကြားပြသခဲ့ပါတယ်။

အဂ္ဂညသုတ် မှာ ကမ္ဘာကြီးနဲ့ လူသားတွေ စတင်ပေါ်ပေါက်လာပုံ၊ လူ့အဖွဲ့အစည်းတွေ စတင်ပေါ်ပေါက်လာပုံတွေကို ပြဆိုထားတာဟာလည်း စိတ်ဝင်စားဖွယ် ကောင်းလှပါတယ်။ သိင်္ဂါလသုတ်တော် ကတော့ အများသိကြတဲ့အတိုင်း မြန်မာနိုင်ငံလူမှုကိုယ်ကျင့်တရားနီတိအတွက် မင်္ဂလသုတ်တော် ပြီးရင် ဒုတိယမြောက် အမှီငြမ်းအခံရဆုံးနဲ့ ကျေးဇူးများတဲ့ သုတ်ဖြစ်လို့ များစွာတန်ဖိုးထားခြင်း ခံရပါတယ်။

---

၂။ မဇ္ဈိမနိကာယ် (မတိုမရှည်၊ အလယ်အလတ်သုတ်များ)

[ပြင်ဆင်ရန်]

ဒီနိကာယ်မှာ သုတ်ပေါင်း (၁၅၂) သုတ်၊ ကျမ်းပေါင်း (၃) ကျမ်းနဲ့ ဖွဲ့စည်းထားပါတယ်။ မူလပဏ္ဏာသ နဲ့ မဇ္ဈိမပဏ္ဏာသ မှာ ဝဂ်ပေါင်း (၅) ဝဂ်စီ ပါဝင်ပြီး သုတ်ပေါင်း (၅၀) စီ ပါဝင်ပါတယ်။ ဥပရိပဏ္ဏာသ မှာ ဝဂ် (၅) ဝဂ် ပါဝင်ပြီး သုတ်ပေါင်း (၅၂) သုတ် ပါဝင်ပါတယ်။ ဒီနိကာယ်မှာ ပါတဲ့ သုတ်တွေနဲ့ ပတ်သက်လို့ ပါဠိတော်မြန်မာပြန်ကျမ်းများ၊ ကျမ်းဦးမှတ်ဖွယ်မှာ “ဒီမဇ္ဈိမနိကာယ် (၃) ကျမ်းလာ (၁၅၂) သုတ်တို့ဟာ ဒီဃနိကာယ်လာ (၃) ဖြာသော သီလတို့နဲ့ တန်ဆာဆင်ပြီး၍ သီလသမ္ပဒါဂုဏ်နဲ့ ပြည့်စုံတော်မူကြတဲ့ အရိယာသာဝကတို့ဟာ ဒီလိုနည်းလမ်းဥပါယ်နဲ့ သမာဓိသိက္ခာ၊ သမာဓိဘာဝနာကို ကျင့်ဖြည့်နိုင်ကြစေဖို့ ရည်ရွယ်ပြီး ဗုဒ္ဓရှင်တော်မြတ် ဟောကြားတော်မူခဲ့တဲ့ သုတ်တော်များ” လို့ မှတ်ချက်ပေးထားပါတယ်။

ဒီနိကာယ်မှာ သုတ်တော်တွေ ဟောပုံပုံစံကို ယေဘုယျခြုံကြည့်မယ်ဆိုရင် ဥပမာတွေနဲ့ တင်စားပြီး ဟောတာ ဟာ ဒီနိကာယ်ရဲ့ ကိုယ်ပိုင်ဟန်လို့တောင် တင်စားနိုင်ပါတယ်။ ဒါ့အပြင် ဝမ္မိကသုတ်၊ စူဠသစ္စကသုတ်၊ ဥပါလိသုတ်၊ စူဠမာလုကျသုတ်၊ ရဋ္ဌပါလသုတ်၊ အဿလာယနသုတ်၊ သုဘသုတ်၊ ဂဏကမောဂ္ဂလ္လာနသုတ်၊ စူဠကမ္မဝိဘင်္ဂသုတ် တို့ဟာ လေ့လာသူတွေကို အခြားသုတ်တော်တွေထက် ပိုမိုဆွဲဆောင်နိုင်ပါတယ်။ ဥပါလိသုတ် ဟာ မိမိအပေါ် စတင်ကြည်ညိုယုံကြည်လာတဲ့ ဂုဏ်သရေရှိ လူကြီးလူကောင်းဥပါသကာတွေနဲ့ ပတ်သက်လို့ လေးစားဖွယ် စိတ်ဓာတ်ကို ပြသပြီး စူဠမာလုကျသုတ် ကတော့ မိမိရဲ့ မူဝါဒနဲ့ ပတ်သက်လို့ လွတ်လပ်မှုအပေါ် အကြပ်ကိုင်တောင်းဆိုလာသူတွေနဲ့ ပတ်သက်လာရင် မြတ်စွာဘုရားရှင်ရဲ့ ပြတ်သားတဲ့ သဘောထားတွေကို ပေါ်လွင်စေပါတယ်။

ဒီနိကာယ်ဟာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ ဒီဃနိကာယ်နဲ့ အကြောင်းအရာတွေ မတူညီပေမဲ့ ကျမ်းဂန်ဖွဲ့စည်းပုံအနေနဲ့တော့ တူညီမှုရှိတယ်ဆိုတာ တွေ့ရပါတယ်။ ဒါကြောင့် အထက်ပါ ပါဠိတော်မြန်မာပြန်ကျမ်းများ၊ ကျမ်းဦးမှတ်ဖွယ်ရဲ့ မှတ်ချက်စကားဟာ များစွာသင့်တော်လှတယ်လို့ပဲ ဆိုရပါလိမ့်မယ်။

---

၃။ သံယုတ္တနိကာယ် (စုပေါင်းထားသောသုတ်များ)

[ပြင်ဆင်ရန်]

ဒီနိကာယ်မှာ ကျမ်းအနေနဲ့ (၅) ကျမ်း ရှိပြီး စာအုပ်အနေနဲ့ (၃) အုပ် ရှိပါတယ်။ ၎င်းတို့မှာ -

  • ၁။ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်
  • ၂။ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်
  • ၃။ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်
  • ၄။ သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်
  • ၅။ မဟာဝဂ္ဂသံယုတ်ပါဠိတော် တို့ ဖြစ်ပါတယ်။

ကျမ်း (၅) ကျမ်းလုံးမှာ သံယုတ်ပေါင်း (သုတ်အစုအဝေးပေါင်း) (၅၆) စု၊ သုတ်ပေါင်း (၇၇၆၂) သုတ် ပါဝင်ပါတယ်။ သံယုတ်ကျမ်းတို့ဟာ သုတ်အရေအတွက် များပြားတဲ့အတွက် အကြောင်းအရာတွေလည်း စုံလင်လှပါတယ်။ ဒါပေမဲ့ ဒီကျမ်းတွေရဲ့ ဖွဲ့စည်းပုံကို ခွဲခြားကြည့်မယ်ဆိုရင် “ပုဂ္ဂိုလ်တစ်ဦးဦး၊ အကြောင်းအရာတစ်ခုခု (သို့မဟုတ်) တရားဓမ္မတစ်မျိုးမျိုး” ကို မူတည်ပြီး သုတ်တွေကို စုစည်းထားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် (၅၆) စုသော သံယုတ်တွေကို ယေဘုယျခြုံကြည့်မယ်ဆိုရင် အထက်ပါ တစ်မျိုးမျိုးရဲ့ ပုံစံခွက်အတွင်းကို ဝင်တဲ့ ဒေသနာတွေသာ ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။

ပုဂ္ဂိုလ်တစ်ဦးဦးကို အကြောင်းပြုပြီး (သို့မဟုတ်) ပုဂ္ဂိုလ်တစ်ဦးဦးက လျှောက်ထားလို့ ဖြစ်ပေါ်လာတဲ့ သံယုတ်တွေကို လေ့လာကြည့်မယ်ဆိုရင် နတ်အမျိုးမျိုး၊ ဗြဟ္မာအမျိုးမျိုး၊ ဘီလူး၊ နဂါး၊ ဂဠုန်၊ ရဟန်း၊ ရဟန်းမ၊ ပရိဗိုဇ်၊ မင်း၊ ပုဏ္ဏား၊ သူဌေး၊ အကြီးအကဲတစ်ဦးဦး စသည်ဖြင့် ပုဂ္ဂိုလ်အမျိုးအစားတွေဟာ များပြားလှတယ်ဆိုတာ တွေ့ရှိရပါလိမ့်မယ်။

သဂါထာဝဂ္ဂသံယုတ်ပါဠိတော် ကလွဲလို့ ကျန်သံယုတ်ပါဠိတော် (၄) ကျမ်းကို ယေဘုယျချုပ်ကြည့်မယ်ဆိုရင် ဒေသနာတစ်ခုမှာ ဘယ်လိုပဲ ဟောထားသည်ဖြစ်စေ နောက်ဆုံး အနှစ်ချုပ်တရားတော်တစ်ခုခုဆီကိုပဲ ဦးတည်လာတာကိုလည်း တွေ့ရပါတယ်။ ဥပမာ - နိဒါနဝဂ္ဂသံယုတ်ပါဠိတော် က အကြောင်း+အကျိုးဆက်တရား (ပဋိစ္စသမုပ္ပါဒ်တရား)ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် က ခန္ဓာတရားများသဠာယတနသံယုတ်ပါဠိတော် က အာယတနတရားများမဟာဝဂ္ဂသံယုတ်ပါဠိတော် ကတော့ မဂ္ဂင်၊ ဗောဇ္ဈင်၊ သတိပဋ္ဌာန်၊ ဣန္ဒြေ၊ သမ္မပ္ပဓာန်၊ ဗိုလ်၊ ဣဒ္ဓိပါဒ်၊ ဈာန်၊ အာနာပါန၊ သောတာပတ္တိ၊ သစ္စာတရား စသည်ဖြင့် တစ်မျိုးမျိုးမှာ အကျုံးဝင်တာချည်းသာ ဖြစ်ပါတယ်။

---

၄။ အင်္ဂုတ္တရနိကာယ် (အကြောင်းအရာတိုးပွားနည်းဖြင့် စီရင်ထားသော သုတ်များ)

[ပြင်ဆင်ရန်]

ဒီနိကာယ်မှာလည်း ကျမ်းအနေနဲ့ (၁၁) ကျမ်း ရှိပြီး စာအုပ်အနေနဲ့ (၃) အုပ်နဲ့ ဖွဲ့စည်းထားပါတယ်။ ဒီနိကာယ်ရဲ့ ဖွဲ့စည်းပုံဟာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သံယုတ္တနိကာယ်နဲ့ ခပ်ဆင်တူပြီး မြတ်ဗုဒ္ဓရဲ့ တရားတော်တွေကို သရုပ်အရေအတွက်အစဉ်နဲ့ အဓိကထား ဖွဲ့စည်းထားတာကြောင့် လေ့လာသူတွေအဖို့ တရားတော်သရုပ်အရေအတွက်ကို သိထားရင် ရှာဖွေရလွယ်ကူတဲ့ အားသာချက်ရှိပါတယ်။ ဥပမာအားဖြင့် ကေသီမြင်းဆရာကို မြတ်စွာဘုရားရှင်က မြင်းဆရာအတွေ့အကြုံနဲ့ နှိုင်းယှဉ်ဟောပြတဲ့ ဆုံးမနည်း (၄) မျိုးကို လေ့လာချင်ရင် စတုက္ကနိပါတ် (လေးပါးအစုအဝေး) မှာ လွယ်ကူစွာ ရှာဖွေနိုင်ပါတယ်။ အချို့က ဒီကျမ်းကြီးကို “ဗုဒ္ဓဝါဒသရုပ်ပြဒေသနာကျမ်းကြီး” အဖြစ် တင်စားကြပါတယ်။ ပထမအုပ်မှာ ဧကကနိပါတ် (တစ်ပါးစု) ကနေ စတုက္ကနိပါတ် (လေးပါးစု)၊ ဒုတိယအုပ်မှာ ပဉ္စကနိပါတ် (ငါးပါးစု) ကနေ သတ္တကနိပါတ် (ခုနှစ်ပါးစု)၊ တတိယအုပ်မှာ အဋ္ဌကနိပါတ် (ရှစ်ပါးစု) ကနေ ဧကာဒသကနိပါတ် (တစ်ဆယ့်တစ်ပါးစု) တို့ ပါဝင်ပါတယ်။

တိကနိပါတ်၊ ပလောကသုတ် မှာ “လူသားတို့ရဲ့ တရားမျှတမှု မရှိတဲ့ လိုအပ်ချက်တွေ၊ အတောမသတ်နိုင်တော့တဲ့ လိုအပ်ချက်တွေနဲ့ ပျက်စီးယိုယွင်းလာတဲ့ ကိုယ်ကျင့်တရားတွေကြောင့် စစ်ပွဲတွေနဲ့ ရာသီဥတုတွေ ဖောက်ပြန်ပြီး လူ့အဖွဲ့အစည်းတွေအတွင်း လူဦးရေတွေ နည်းပါးသွားပုံ၊ လူ့ယဉ်ကျေးမှု အဆောက်အဦတွေ ပျက်စီးဆုံးရှုံးသွားပုံ” တို့ကို ထောက်ပြဟောပြထားတာဟာ ယနေ့ခေတ် လက်နက်တွေ ထိန်းချုပ်ရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စတွေမှာ ယနေ့အချိန်အထိ အငြင်းပွားနေရဆဲ ရှိတာကြောင့် ကျွန်ုပ်တို့အနေနဲ့ များစွာ သတိထားစရာ ကောင်းလှပါတယ်။

နာမည်ကျော် ကေသမုတ္တိသုတ် မှာလည်း ဘာသာရေးဆရာအမျိုးမျိုးတို့ရဲ့ စကားကြောင့် ဘယ်သူ့စကားကို ယုံကြည်ရမှန်းမသိဖြစ်နေတဲ့ ကာလာမမင်းသားတို့ကို မြတ်ဗုဒ္ဓက “သင်တို့ဟာ ယုံမှားသင့်၊ စဉ်းစားသင့်တဲ့ ကိစ္စမှာ ယုံမှားမှုဖြစ်သင့်ကြောင်း” ထောက်ခံတော်မူပြီး ဘာသာရေးယုံကြည်မှုမှာ တိုင်းတာသင့်တဲ့ စံ (၁၀) ချက်ကို ထုတ်ပြတော်မူကာ ကိုယ်တိုင်သိအောင် လုပ်သင့်ကြောင်း အကြံပေးတော်မူပါတယ်။ “မကောင်းတဲ့၊ အပြစ်ရှိတဲ့၊ ပညာရှင်တို့ မနှစ်သက်တဲ့၊ အကျိုးမရှိတဲ့ လောဘ၊ ဒေါသ၊ မောဟတရားတို့မှ ကင်းလွတ်ပြီး ဗြဟ္မစိုရ်တရား လက်ကိုင်ထားကာ နေထိုင်သူတစ်ယောက်ဟာ တမလွန်လောကဟာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့နဲ့ ပတ်သက်လို့ ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ မိမိကိုယ်ကို ကောင်းမွန်အောင် နေထိုင်ပြီးဖြစ်လို့ ခုဘဝမှာပဲ စိတ်ချလက်ချ နေထိုင်သွားနိုင်ကြောင်း” ဟောကြားတော်မူပါတယ်။ အထက်ပါ ဟောပြောချက်တွေကို စဉ်းစားကြည့်ရင် ဘာသာမဲ့တွေနဲ့ ဘာသာရေးအပေါ် သံသယရှိတဲ့သူတွေဟာ မြတ်ဗုဒ္ဓရဲ့ ဘာသာရေးယုံကြည်မှုအမြင်နဲ့ ပတ်သက်လို့ လေ့လာသင့်ကြောင်း ကျွန်ုပ်တို့ အကြံပြုနိုင်ပါတယ်။

ပဉ္စကနိပါတ်၊ ကာမသုတ် မှာ မြတ်စွာဘုရားရှင်ဟာ မိမိကိုယ်ကို ကလေးထိန်းတစ်ယောက်ကဲ့သို့ ဥပမာပေး ဟောကြားခဲ့တာဟာ ကျွန်ုပ်တို့ကို မြတ်ဗုဒ္ဓအပေါ် ဖခင်တစ်ယောက်လို လေးစားကြည်ညိုစေပါတယ်။ အဆိုပါသုတ်မှာ “ကလေးထိန်းရဲ့ ပေါ့လျော့မှုကြောင့် လည်ချောင်းအတွင်းသို့ သစ်သားစ၊ အိုးခြမ်းစတစ်ခုခု ကျသွားရင် လိုအပ်ပါက လည်ချောင်းကိုညှစ်ပြီး ထုတ်ယူရသလို မိမိရဲ့ တပည့်သားဟာ ကောင်းမှုကောင်းရာ ကိစ္စတို့မှာ မိမိကိုယ်ကို ယုံကြည်မှု၊ အရှက်နဲ့ အကြောက်တရား၊ ကြိုးစားမှုနဲ့ ပညာတို့ မရှိသေးသမျှ ကလေးကို ရက်ရက်စက်စက် ပြုမူပြီး စောင့်ရှောက်ရသကဲ့သို့ ရက်စက်ရမှာပဲ ဖြစ်ကြောင်း” ဟောကြားခဲ့ပါတယ်။

တစ်ခါတစ်ရံ မြတ်စွာဘုရားရှင်ဟာ တရားမရသေးတဲ့ သတ္တဝါတွေအတွက် တရားဓမ္မတွေကို ဟောကြားနေရတာကြောင့် တစ်ဖက်မှာ မိမိအတွက် အေးအေးချမ်းချမ်း မနေရဘဲ ပရိသတ်နဲ့ ကျော်စောမှုဒဏ်တွေကို ခံစားရကာ ရွံ့ရှာတော်မူပုံရပါတယ်။ ဆက္ကနိပါတ်၊ နာဂိတသုတ် မှာ မြတ်ဗုဒ္ဓဟာ မိမိနဲ့ ရဟန်းတော်တို့ကို ဆွမ်းလှူဒါန်းဖို့ ရောက်ရှိနေတဲ့ ဣစ္ဆာနင်္ဂလရွာသားတို့ ဆူညံအော်ဟစ်နေကြရာမှာ အနီးနေ အလုပ်အကျွေး အရှင်နာဂိတကို အောက်ပါအတိုင်း မိန့်ကြားတော်မူပါတယ်။

“နာဂိတ ! ငါးတို့ကို လုယက်ရာ၌ တံငါသည်တို့ကဲ့သို့ ပြင်းပြကျယ်လောင်သော အသံရှိသူတို့ကား အဘယ်သူတို့နည်း” “အရှင်ဘုရား ! ဒီသူတို့ဟာ ဣစ္ဆာနင်္ဂလရွာသား ပုဏ္ဏားနဲ့ အမျိုးသားတို့ပါပဲ” “နာဂိတ ! ငါဟာ အခြံအရံ (အကျော်အစော) နဲ့ မဆက်ဆံလို၊ အခြံအရံ (အကျော်အစော) ဟာလည်း ငါနဲ့ မဆက်ဆံစေလင့်”

ထို့နောက် “ရပ်ရွာနဲ့နီးတဲ့ကျောင်းမှာ သမာဓိရှိရှိနဲ့ နေထိုင်နိုင်တဲ့ရဟန်းထက် တောကျောင်းမှာ အိပ်ငိုက်နေတဲ့ ရဟန်းတစ်ပါးရဲ့အဖြစ်ကို ပိုမိုနှစ်သက်ကြောင်း” မိန့်ကြားတော်မူပြီး အနိမ့်ဆုံးအဆင့်အနေနဲ့ အောက်ပါအတိုင်းပင် ခပ်ရှင်းရှင်း မိန့်ကြားခဲ့ပါတယ်။

“နာဂိတ ! ငါဟာ ခရီးရှည်သွားသည်ရှိသော် ရှေ့မှဖြစ်စေ၊ နောက်မှဖြစ်စေ တစ်စုံတစ်ယောက်ကိုမျှ မတွေ့မမြင်ရတဲ့အခါ ငါ့အယုတ်သဖြင့် ကျင်ကြီး၊ ကျင်ငယ်ကို စွန့်ရန်ပင် ချမ်းသာ၏”။

သတ္တကနိပါတ်၊ ပစလာယမာနသုတ် မှာ ငိုက်မျဉ်းနေတဲ့ လက်ဝဲရံတပည့်ကြီး အရှင်မဟာမောဂ္ဂလာန်ကို အိပ်ငိုက်ပျောက်နည်း (၇) နည်း ပေးတော်မူခဲ့ပါတယ်။ အဲဒီထဲမှာ နားရွက်နှစ်ဖက်ကို ဆွဲပြီး ခန္ဓာကိုယ်ကို လက်နဲ့ သုံးသပ်သင့်ကြောင်း၊ အဲဒီလိုနည်းနဲ့မှ အိပ်ငိုက်မပျောက်သေးရင် မျက်နှာသစ်ပြီး ကောင်းကင်ကို မော့ကြည့်သင့်ကြောင်း၊ နောက်ဆုံး ဘယ်နည်းနဲ့မှ အဆင်မပြေရင် အရိယာတို့ရဲ့ အိပ်ခြင်းဖြင့်သာ အိပ်ပစ်သင့်ကြောင်း အကြံပေးတော်မူပါတယ်။ သာမန်ရဟန်းငယ်တွေ မဆိုထားဘဲ လက်ဝဲရံတပည့်ကြီးကိုပင် အချည်းအနှီး အချိန်မကုန်စေလိုတဲ့ မြတ်စွာဘုရားရှင်ရဲ့ နိုးကြားမှုနဲ့ စေတနာတွေဟာ ကျွန်ုပ်တို့အနေနဲ့ များစွာ အံ့ဩရပါတယ်။

အရကသုတ် မှာ ယခင်ခေတ်တွေက လူသားတွေဟာ ရောဂါဘယနည်းပါးပြီး သက်တမ်းရှည်ကြတဲ့အတွက် ခုအခါမှာ သက်တမ်းတွေ တိုလာကြလို့ ကုသိုလ်တရားတွေနဲ့ သူတော်ကောင်းတရားတွေကို ခပ်မြန်မြန်ကျင့်ကြနိုင်ဖို့အတွက် တိုတောင်းလှတဲ့လူ့သက်တမ်းကို တစ်ရာတမ်းသတ်မှတ်ပြီး အောက်ပါအတိုင်း တွက်ပြတော်မူပါတယ်။

| လူ့သက်တမ်း (၁၀၀) နေထိုင်ရသောသူသည် | | :---------------------------------- | | ဥတုပေါင်း: ၃၀၀ | | လပေါင်း: ၁၂၀၀ | | လဝက်ပေါင်း: ၂၄၀၀ | | ညပေါင်း: ၃၆၀၀၀ | | ထမင်းစားသည့်အကြိမ်ပေါင်း: ၇၂၀၀၀ |

ထို့နောက် အောက်ပါအတိုင်း မိန့်တော်မူပါတယ်။

“ရဟန်းတို့ တပည့်သာဝကတို့ရဲ့ အစီးအပွားကိုရှာသော၊ သနားစောင့်ရှောက်တဲ့ ဆရာဖြစ်သော ငါဟာ သင်တို့ကို သနားစောင့်ရှောက်မှုကို အစွဲပြု၍ ပြုလုပ်ဖွယ်ကိစ္စကို ပြုလုပ်အပ်ပြီ”။ “ရဟန်းတို့ ဒီဟာတွေဟာ သစ်ပင်ရင်းတွေပဲ၊ ဒီဟာတွေဟာ ဆိတ်ငြိမ်ရာအရပ်တွေပဲ၊ (ထိုအရပ်တို့သို့ ချဉ်းကပ်ကြကုန်လော့) ရဟန်းတို့ တစိမ်းစိမ်းရှုကြကုန်လော့၊ မမေ့မလျော့ကြကုန်လင့်၊ နောက်မှ နှလုံးမသာမယာမှု မဖြစ်ကြကုန်လင့်၊ ဒါတွေဟာ သင်တို့ကို ငါဆုံးမတာပဲ” လို့ မိန့်တော်မူပါတယ်။

သတ္ထုသာသနသုတ် မှာ အရှင်ဥပါလိမထေရ်ကို တရားမှန်သမျှဟာ “ဝဋ်ဆင်းရဲမှ ငြီးငွေ့ဖို့၊ တပ်ခြင်းကင်းဖို့၊ ကိလေသာချုပ်ငြိမ်းဖို့၊ ထူးတဲ့ဉာဏ်နဲ့ သိဖို့၊ သစ္စာလေးပါးကို သိဖို့ မဟုတ်တဲ့၊ နိဗ္ဗာန်အကျိုးငှာ မဟုတ်တဲ့ တရားတွေဟာ ဓမ္မ၊ ဝိနယ မမည်ကြောင်း၊ မြတ်စွာဘုရားရှင်ရဲ့ အဆုံးအမ မဖြစ်နိုင်ကြောင်း” အကျဉ်းချုပ်အားဖြင့် ဟောပြတော်မူတာဟာ မြတ်ဗုဒ္ဓရဲ့ တရားတွေကို နားမလည်သေးသူတွေအနေနဲ့ များစွာ မှတ်သားဖွယ် ကောင်းလှပါတယ်။

မြတ်ဗုဒ္ဓ ဟောကြားတဲ့တရားတွေဟာ ယေဘုယျခြုံကြည့်ရင် သံသရာလွတ်မြောက်ရေးတရားတော်တွေသာ ဖြစ်ပေမဲ့ တစ်ခါတစ်ရံ အခါသင့်ရင် သင့်သလို လောကီကြီးပွားရေးတရားတွေကို ဟောကြားတာကိုလည်း တွေ့ရတတ်ပါတယ်။ အထက်ပါတရားမျိုးကို အဋ္ဌကနိပါတ်၊ ဒီဃဇာဏုသုတ် မှာ တွေ့ရပါတယ်။ အဆိုပါသုတ်မှာ အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်ဖို့အတွက် အခြေခံ (၄) ချက်ကို ညွှန်ပြတော်မူပါတယ်။

  • ဥဋ္ဌာနသမ္ပဒါ - လုပ်ငန်းရဲ့သဘောကို ကျွမ်းကျင်မှုနဲ့ စီမံခန့်ခွဲတတ်မှု၊ တက်ကြွမှုနဲ့ စျေးကွက်ကို နားလည်မှု
  • အာရက္ခသမ္ပဒါ - လုပ်ငန်းရဲ့အာမခံချက်နဲ့ မိမိလုပ်ငန်းကို ရေရှည်ထိန်းထားနိုင်မှု
  • ကလျာဏမိတ္တတာ - မိမိရှေ့က အောင်မြင်ပြီးသား စီးပွားရေးသမားတွေကို “စံ” ထားမှု
  • သမဇီဝိတာ - ဝင်ငွေထွက်ငွေကို ထိန်းချုပ်နိုင်မှု

အထက်ပါလေးပါးနဲ့ ပြည့်စုံရင် အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက် ဖြစ်နိုင်ကြောင်းနဲ့ အောင်မြင်လာရင် မိန်းမကိစ္စရှုပ်ပွေမှု၊ မူးယစ်ဆေးဝါးနဲ့ လောင်းကစားကိစ္စ၊ မိတ်ဆွေယုတ်တို့ကို ရှောင်ကြဉ်ရမှာဖြစ်ကြောင်း ဆက်လက်မိန့်မှာတော်မူပါတယ်။

မြတ်ဗုဒ္ဓဟာ မိမိရဲ့ နောက်လိုက်တပည့်သာဝကတွေကို မိမိအပေါ် ပုဂ္ဂိုလ်ရေးကြည်ညိုမှုထက် မိမိရဲ့လမ်းစဉ်ဖြစ်တဲ့ တရားတော်မှာသာ ပိုမိုအာရုံစိုက်ဖို့ အမြဲတမ်းသတိပေးတော်မူလေ့ရှိပါတယ်။ အထက်ပါ သဘောတရားကို ပေါ်လွင်စေတဲ့ သုတ်တော်တွေကတော့ နဝကနိပါတ်၊ မေဃိယသုတ် နဲ့ နန္ဒကသုတ် တို့ပဲ ဖြစ်ပါတယ်။

မေဃိယသုတ် မှာ အနီးနေအလုပ်အကျွေးဖြစ်တဲ့ အရှင်မေဃိယဟာ ကြည်နူးဖွယ်ကောင်းတဲ့ သရက်တောတစ်ခုကို တရားသွားကျင့်လိုကြောင်း ခွင့်တောင်းရာ မြတ်စွာဘုရားရှင်က “ခုအချိန်မှာ မိမိတစ်ပါးတည်းသာ ဖြစ်နေသေးလို့ နောက်ထပ် အလုပ်အကျွေးရဟန်းတစ်ပါး မရောက်သေးသရွေ့ ခေတ္တဆိုင်းငံ့ပေးဖို့” ပြောဆိုရာ အရှင်မေဃိယဟာ (၃) ကြိမ်တိုင်တိုင် ငြင်းပယ်ခဲ့ပါတယ်။ မြတ်စွာဘုရားရှင်ဟာ တားမရတဲ့အဆုံး ခွင့်ပြုတော်မူပြီး ‘တရားအားထုတ်ဖို့’ လို့ ဆိုတဲ့သင့်ကို ငါ ဘာတတ်နိုင်မည်နည်း၊ သွားဖို့ ကိစ္စဟာ သင့်ဆန္ဒအတိုင်းသာ ဖြစ်ကြောင်း မိန့်ကြားတော်မူပါတယ်။

နန္ဒကသုတ် မှာလည်း ဇရပ်တစ်ခုအတွင်း ရဟန်းတော်တွေကို တရားဟောနေစဉ် မြတ်စွာဘုရားရှင် ကြွတော်မူလာရာ တံခါးမခေါက်ဘဲ အပြင်ဘက်မှာ တရားဟောပြီးအောင် ရပ်ပြီး စောင့်နေတော်မူပါတယ်။ တရားဟောပြီးမှ တံခါးခေါက်ဝင်ပြီး အောက်ပါအတိုင်း မိန့်တော်မူပါတယ်။ “နန္ဒက ! သင်ရဲ့ ရှည်လျားစွာသော ဒီတရားဒေသနာတော်ဟာ ရဟန်းတော်တို့အား ထင်၏။ စင်စစ် တရားစကား ပြီးဆုံးခြင်းကို ဆိုင်းငံ့လျက် တံခါးမုခ်မှာ ရပ်နေတဲ့ ငါ့ကျောက်ကုန်းဟာ ညောင်းညာ၏” လို့ မိန့်ပါတယ်။ အရှင်နန္ဒကလည်း မြတ်စွာဘုရားရှင်ကို အားနာရှက်နိုးတော်မူပြီး မြတ်စွာဘုရား ရောက်နေမှန်းသိရင် ဒီမျှလောက် တရားရှည်စရာအကြောင်း မရှိပါကြောင်း တောင်းပန်လျှောက်ထားရာ မြတ်စွာဘုရားရှင်က “ယုံကြည်ချက်နဲ့ ရဟန်းဝတ်နေတဲ့ သင်တို့အတွက် ခုလို တရားဓမ္မနဲ့ မွေ့လျော်ကြခြင်းဟာ ကောင်းပါကြောင်း၊ သာဓုခေါ်ပါကြောင်း” ပြန်လည်မိန့်ကြားတော်မူခဲ့ပါတယ်။

---

၅။ ခုဒ္ဒကနိကာယ် (အတိုအထွာတရားတော်များအစုအဝေး)

[ပြင်ဆင်ရန်]

နိကာယ်ကြီး (၅) ခုလုံးမှာ ဒီနိကာယ်ဟာ ကျမ်းအရေအတွက် အများဆုံးဖြစ်ပြီး ဝိနယပိဋကနဲ့ အဘိဓမ္မပိဋကတို့ကိုလည်း ထည့်သွင်းရေတွက်ထားပါတယ်။ သုတ္တန်ဆိုင်ရာကျမ်းပေါင်း (၁၈) ကျမ်း ပါဝင်ပါတယ်။ ဒါပေမဲ့ အဋ္ဌကထာဆရာ အရှင်မဟာဗုဒ္ဓဃောသရဲ့ အဋ္ဌကထာတွေမှာ မိလိန္ဒပဉှာကျမ်း၊ နေတ္တိကျမ်း၊ ပေဋကောပဒေသကျမ်းတို့ကို ကျမ်းကိုးအဖြစ် ကိုးကားလေ့ရှိပေမဲ့ သုတ္တန်ဆိုင်ရာကျမ်းတွေကို ရေတွက်ပြရာမှာတော့ အထက်ပါ (၃) ကျမ်းကို ထည့်သွင်းရေတွက်တာကို မတွေ့ရပါဘူး။ အထက်ပါ ကိစ္စနဲ့ ပတ်သက်လို့ ရှေ့ပိုင်းမှာ ဖော်ပြပြီးဖြစ်ပါတယ်။ သုတ္တန်ဆိုင်ရာ (၁၈) ကျမ်းကတော့ -

  • ၁။ ခုဒ္ဒကပါဌပါဠိတော်
  • ၂။ ဓမ္မပဒပါဠိတော်
  • ၃။ ဥဒါနပါဠိတော်
  • ၄။ ဣတိဝုတ္တကပါဠိတော်
  • ၅။ သုတ္တနိပါတပါဠိတော်
  • ၆။ ဝိမာနဝတ္ထုပါဠိတော်
  • ၇။ ပေတဝတ္ထုပါဠိတော်
  • ၈။ ထေရဂါထာပါဠိတော်
  • ၉။ ထေရီဂါထာပါဠိတော်
  • ၁၀။ အပဒါနပါဠိတော်
  • ၁၁။ ဗုဒ္ဓဝံသပါဠိတော်
  • ၁၂။ စရိယာပိဋကပါဠိတော်
  • ၁၃။ ဇာတကပါဠိတော်
  • ၁၄။ နိဒ္ဒေသပါဠိတော်
  • ၁၅။ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်
  • ၁၆။ နေတ္တိပါဠိတော်
  • ၁၇။ ပေဋကောပဒေသပါဠိတော်
  • ၁၈။ မိလိန္ဒပဉှာပါဠိတော် တို့ ဖြစ်ပါတယ်။

---

၁။ ခုဒ္ဒကပါဌပါဠိတော် (တရားတိုများ)

[ပြင်ဆင်ရန်]

ဒီကျမ်းငယ်ရဲ့ ဖွဲ့စည်းပုံဟာ တစ်မူထူးခြားပါတယ်။ ပါဠိတော်ကျမ်းတွေအားလုံးထဲမှာ အသေးငယ်ဆုံးကျမ်း ဖြစ်ပါတယ်။ သရဏဂုံသုံးပါး၊ ဆယ်ပါးသီလ၊ သုံးဆယ့်နှစ်ကောဋ္ဌာသ၊ ကုမာရပဥှာ စသည်ဖြင့် အကြောင်းအရာတရားစု (၉) မျိုးနဲ့ ဖွဲ့စည်းထားပါတယ်။ အချို့ဗုဒ္ဓစာပေပညာရှင်တွေက “ဗုဒ္ဓဘာသာပါဠိတော်ဖတ်စာ”၊ “သာမဏေလက်စွဲ၊ ဘုရားရှိခိုးစာအုပ်” လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ကျမ်းဖွဲ့စည်းပုံဟာ ပြဋ္ဌာန်းကျမ်းစာပုံစံ ပေါက်နေတာကြောင့် တင်စားကြခြင်း ဖြစ်ပါလိမ့်မယ်။ ရှေးခေတ်တစ်ချိန်ချိန်က ပြဋ္ဌာန်းကျမ်းစာ ဖြစ်ခဲ့သည်ဟုတ်၊ မဟုတ်ကိုတော့ ဘယ်သူမှ အတတ်မပြောနိုင်ကြသေးတာကြောင့် သုတေသီတွေ စိတ်ဝင်စားလေ့ရှိတဲ့ ကျမ်းဖြစ်တာကိုလည်း တွေ့ရပါတယ်။

ဒီကျမ်းဟာ ငယ်ပေမဲ့ ပါဝင်တဲ့ အကြောင်းအရာတရားစုတွေဟာ ဗုဒ္ဓဘာသာယဉ်ကျေးမှု ဘာသာရေးထုံးစံတွေအတွက် အသုံးချအစီအစဉ်တွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။ ယနေ့အချိန်အထိ မြန်မာနိုင်ငံ ဘုန်းတော်ကြီးကျောင်းတွေမှာ ဝတ်ရွတ်စဉ်အနေနဲ့ ကုမာရပဥှာ၊ တိရောကုဋသုတ်၊ နိဓိကဏ္ဍသုတ် တို့မှလွဲရင် ကျန်အစိတ်အပိုင်းတွေကို ရွတ်ဖတ်နေဆဲဖြစ်တာကို တွေ့ရပါတယ်။ သီရိလင်္ကာနိုင်ငံမှာလည်း ဒီကျမ်းကို “လက်စွဲပရိတ်စာအုပ်” အဖြစ် အသုံးပြုကြောင်း သိရပါတယ်။

---

၂။ ဓမ္မပဒပါဠိတော် (တရားပေါင်းချုပ်)

[ပြင်ဆင်ရန်]

ဓမ္မပဒပါဠိတော်ရဲ့ ဖွဲ့စည်းပုံကတော့ ဂါထာတွေသက်သက်ချည်း ဖြစ်ပြီး ဝဂ်ပေါင်း (၂၆) ဝဂ်၊ ဝတ္ထု၊ ဂါထာပေါင်း (၄၂၄) ခုနဲ့ ဖွဲ့စည်းထားပါတယ်။ ဂါထာတွေဟာ တစ်ဂါထာချင်း ကျစ်လစ်နက်နဲတဲ့ တရားသဘော အဓိပ္ပါယ်တွေ ပါဝင်ပါတယ်။ ဒီကျမ်းကို လေ့လာရာမှာ ပါဠိတော်ကျမ်းသက်သက်ကို လေ့လာတာထက် အဖွင့်ကျမ်းဖြစ်တဲ့ အဋ္ဌကထာကျမ်းနဲ့ တွဲဖက်လေ့လာပါမှ ပိုမိုပြည့်စုံနိုင်ပါလိမ့်မယ်။ ဓမ္မပဒကျမ်းဟာ ဗုဒ္ဓဘာသာရဲ့ ဂုဏ်သိက္ခာနဲ့ ပြန့်ပွားရေးအတွက် အမြဲတမ်း အရေးကြီးတဲ့ နေရာကနေခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ ကိုယ်တိုင် မကြာခဏ ကိုးကားပြောဆိုရေးသားတတ်ကြသလို ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့နိုင်ငံတွေမှာလည်း ဘာသာအမျိုးမျိုးနဲ့ ပြန်ဆိုခြင်း ခံရတဲ့ ကျမ်းလည်း ဖြစ်ပါတယ်။ ဓမ္မပဒကျမ်းရဲ့ အဖွင့်အဋ္ဌကထာကျမ်းဟာ (၂) တွဲရှိပြီး ကျမ်းရေးသားပုံကတော့ အခြားအဖွင့်ကျမ်းတွေလို လေးလေးပင်ပင်ကြီး မဟုတ်ဘဲ ဝတ္ထုဇာတ်ကြောင်းတွေနဲ့တကွ ပြေပြစ်သွက်လက်တာကြောင့် ရဟန်း၊ သာမဏေတွေဟာ စာသင်ကြားလို့ ငြီးငွေ့လာရင် ဒီအဖွင့်ကျမ်းကို အပျော်ဖတ်အနေနဲ့ ဖတ်ရှုလေ့ရှိကြတဲ့အထိ ဆွဲဆောင်မှု အောင်မြင်ပါတယ်။ ဒီကျမ်းမှာ ပါဠိဓမ္မပဒမူအပြင် အခြားသော သက္ကတဓမ္မပဒ၊ ပြာကတဓမ္မပဒ စတဲ့ မူကွဲတွေလည်း ရှိသေးကြောင်း သိရှိရပါတယ်။

---

၃။ ဥဒါနပါဠိ (ကျူးရင့်သံများ)

[ပြင်ဆင်ရန်]

ဥဒါနပါဠိတော်ဟာ ဖြစ်ပေါ်လာတဲ့ အကြောင်းအရာတစ်ခုခုကို အခြေပြုပြီး စိတ်ထဲဖြစ်ပေါ်လာတဲ့ ခံစားမှုကို ထုတ်ဖော်ကျူးရင့်သံတွေပဲ ဖြစ်ပါတယ်။ ဝဂ်ပေါင်း (၈) ဝဂ်ပါရှိပြီး သုတ်ပေါင်း (၈၀) နဲ့ ဖွဲ့စည်းထားပါတယ်။ သုတ်တော်တွေရဲ့ ဖွဲ့စည်းပုံဟာ အကြောင်းအရာတွေ ကွဲပြားပေမဲ့ ဖွဲ့စည်းပုံနည်းတွေကတော့ ပုံသေနည်းတွေ ရှိပါတယ်။ “အကျွန်ုပ်သည် ဤသို့ကြားနာခဲ့ရပါသည်—အခါတစ်ပါး၌ မြတ်စွာဘုရားသည်” ဤသို့ စသည်ဖြင့် သုတ်တော်တွေကို စတင်ထားပြီး “ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိတော်မူသော အချိန်၌ (. . .) ဟု ဤဥဒါန်းကို ကျူးရင့်တော်မူသည်” လို့ ကျူးရင့်သော ဂါထာဖြင့် အဆုံးသတ်ထားမြဲ ဖြစ်ပါတယ်။ နမူနာအဖြစ် အောက်ပါသုတ်တို့ကို ဖော်ပြလိုက်ပါတယ်။

မိသားစုကို စွန့်ခဲ့ပြီး ရဟန်းဝတ်သွားတဲ့ သာဝတ္ထိပြည်သား ရဟန္တာအရှင် သင်္ဃာမဇိဟာ ဘုရားရှင်ကို ဖူးမြင်ဖို့ ပြန်လာရာ ဇနီးဟောင်းက လူဝတ်ပြန်လဲပြီး မိသားစုကို ပြန်လည်စောင့်ရှောက်ဖို့ (၃) ကြိမ်တိတိ ပြောဆိုခဲ့ပါတယ်။ ဘာစကားမျှ ပြန်မပြောတဲ့အတွက် ကလေးကို အရှင်မြတ်ရဲ့ ရှေ့မှာ ချထားခဲ့ပြီး ထွက်သွားကာ ခပ်လှမ်းလှမ်းကနေ အကဲခတ်နေပါတယ်။ မထေရ်ဟာ ကလေးကို ကြည့်လည်းမကြည့်၊ စကားလည်း တစ်ခွန်းမှ ပြန်မပြောတဲ့အတွက် ကလေးကို ပြန်ခေါ်ပြီး သွားလေတယ်။ ထိုအခါ မြတ်စွာဘုရားသည် ဒီအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -

“လာသွားသောမယားဟောင်းကို မနှစ်သက်၊ ပြန်သွားသည်ကို မစိုးရိမ်၊ ကပ်ငြိတွယ်တာခြင်းမှလွတ်သော သင်္ဂါမဇိရဟန်းကို ဗြာဟ္မဏ (ရဟန္တာ) ဟု ငါဘုရားဟော၏” ဟု ဤဥဒါန်းကို ကျူးရင့်တော်မူသည်။ (သင်္ဃာမသုတ်)

မြတ်စွာဘုရားရှင်ဟာ ဆွမ်းခံကြွရင်း သာဝတ္ထိမြို့နဲ့ ဇေတဝန်ကျောင်းကြားလမ်းမှာ မြွေကို တုတ်ဖြင့် ဝိုင်းရိုက်နေတဲ့ ကလေးငယ်တစ်သိုက်ကို တွေ့မြင်တော်မူပါတယ်။ ထိုအခါ မြတ်စွာဘုရားသည် ဒီအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -

“အကြင်သူသည် မိမိရဲ့ ချမ်းသာကို ရှာမှီးသည်ဖြစ်၍ ချမ်းသာကို အလိုရှိကုန်သောသတ္တဝါတို့ကို တုတ်လှံကန် စသည်ဖြင့် ရိုက်နှက်ညှဉ်းဆဲ၏၊ ထိုသူသည် တမလွန်ဘဝ၌ ချမ်းသာကို မရနိုင်” ဟု ဤဥဒါန်းကို ကျူးရင့်တော်မူသည်။ (ဒဏ္ဍသုတ်)

တစ်ခါမှာလည်း အဆိုပါလမ်းမှာပဲ ကလေးငယ်တစ်သိုက် ငါးဖမ်းနေကြရာ “သူငယ်တို့ သင်တို့ဟာ ဆင်းရဲကို မနှစ်သက်ကြဘူးလား၊ ဆင်းရဲမှ ကြောက်ကြရဲ့လား” လို့ မေးတော်မူရာ “မှန်ပါတယ် အရှင်ဘုရား၊ အရှင်ဘုရားတပည့်တော်တို့ဟာ ဆင်းရဲကို မနှစ်သက်ကြပါဘူး၊ ဆင်းရဲမှ ကြောက်ကြပါတယ်” လို့ ပြန်လည်လျှောက်ထားကြပါတယ်။ ထိုအခါ မြတ်စွာဘုရားသည် ဒီအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -

“သင်တို့ဟာ ဆင်းရဲမှ ကြောက်ကြကုန်မူ၊ ဆင်းရဲကို မနှစ်သက်ကြကုန်မူ မျက်မှောက်မှာဖြစ်စေ၊ မျက်ကွယ်မှာဖြစ်စေ မကောင်းမှုကို မပြုကြကုန်လင့်၊ သင်တို့ဟာ ယုတ်မာသောမကောင်းမှုကံကို ခုလည်းပြု၊ နောင်လည်းပြုမယ်ဖြစ်ကြမူ ဖဲရှောင်ထွက်ပြေးကုန်သော်လည်း သင်တို့အား ဆင်းရဲမှ လွတ်မြောက်မှု မရှိနိုင်” ဟု ဤဥဒါန်းကို ကျူးရင့်တော်မူသည်။ (ကုမာရကသုတ်)

မြတ်စွာဘုရားရှင်ဟာ တစ်ချိန်မှာ အရှင်နာဂသမာလနဲ့အတူ ကောသလတိုင်းမှာ ခရီးကြွတော်မူရာ လမ်းခွဲတစ်ခုအရောက်မှာ အရှင်နာဂသမာလက “ဘုန်းတော်ကြီးသောမြတ်စွာဘုရား ! ဒါက လမ်းကောင်းပါတည်း၊ ဒီလမ်းဖြင့် သွားပါကုန်အံ့” လို့ လျှောက်ထားပါတယ်။ မြတ်စွာဘုရားရှင်က (၃) ကြိမ်တိုင်တိုင်ပင် မသွားဖို့ တားမြစ်ရာ မထေရ်ဟာ စကားနားမထောင်ဘဲ မြတ်စွာဘုရားရှင်ရဲ့ သပိတ်နဲ့ သင်္ကန်းကို မြေကြီးပေါ်မှာ ချထားခဲ့ပြီး ဇွတ်ထွက်သွားလေတယ်။ မထေရ်ဟာ ရှေ့မှာ လူဆိုးဓားပြတွေနဲ့ တွေ့ကာ နှိပ်စက်ခံရပြီး ပြန်ရောက်လာပါတယ်။ ထိုအခါ မြတ်စွာဘုရားသည် ဒီအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌ -

“ရေရောသောနို့ရည်ကို သောက်သော ကြိုးကြာဟာ ရေကို စွန့်သကဲ့သို့ (သစ္စာတရားကို) သိခြင်းသို့ ရောက်သော ပညာရှိဟာ အကျိုးရှိသည်၊ မရှိသည်ကို မသိသူနဲ့ အတူတကွသွားသော်လည်းကောင်း၊ အတူတကွနေသော်လည်းကောင်း၊ ရောနှောသော်လည်းကောင်း မကောင်းမှုကို စွန့်၏” ဟု ဤဥဒါန်းကို ကျူးရင့်တော်မူသည်။

---

၄။ ဣတိဝုတ္တကပါဠိတော် (တစ်ဆင့်ဟောတရားများ)

[ပြင်ဆင်ရန်]

ဣတိဝုတ္တကပါဠိတော်ဟာ ဥဒါနပါဠိတော်နဲ့ ဖွဲ့စည်းပုံချင်း တူညီပါတယ်။ ထူးခြားချက်တစ်ခုကတော့ မြတ်စွာဘုရား ဟောကြားချက်တွေကို သာဓက ထုတ်ပြပြီး တစ်ဆင့်ဟောကြားမှုတွေ ဖြစ်ခြင်းပဲ ဖြစ်ပါတယ်။ ဧကကနိပါတ်၊ ဒုကနိပါတ်၊ တိကနိပါတ်၊ စတုက္ကနိပါတ် အားဖြင့် နိပါတ် (၄) ခုရှိပြီး သုတ်ပေါင်း (၁၁၂) သုတ်နဲ့ ဖွဲ့စည်းထားပါတယ်။

သုတ်တော်တွေရဲ့ ဖွဲ့စည်းပုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ “ဒီဒေသနာကို ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်၊ (. . .) ဒီအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဒီအနက်သဘောကို - (. . .) ဟု ဒီဂါထာဖြင့် ဆိုအပ်၏။ ဒီအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ်ကြားနာခဲ့ရပါသည်”။

နမူနာအနေနဲ့ အောက်ပါသုတ်ကို ဖော်ပြလိုက်ပါတယ်။ “ဒီဒေသနာကို ဘုန်းတော်ကြီးသောမြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရားဟောတော်မူ၏ဟု အကျွန်ုပ်ကြားနာခဲ့ရပါသည်၊ ရဟန်းတို့ ! တစ်ခုသောတရားကို ကျူးလွန်၍တည်သော ပုဂ္ဂိုလ်အား တစ်စုံတစ်ရာသော မကောင်းမှုကို မပြုလုပ်ဟူ၍ ငါဘုရားမဟော၊ တစ်ခုသောတရားဟူသည် အဘယ်နည်း၊ ရဟန်းတို့ ! ယင်းတစ်ခုသောတရားဟူသည် သိလျက်ချွတ်ယွင်းသောစကားကို ပြောဆိုမှု ‘မုသာဝါဒ’ တရားပင်တည်း။ ဒီအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဒီအနက်သဘောကို -

“တမလွန်လောကကို စွန့်လွှတ်ပြီးသော တစ်ခုသောတရားကို လွန်ကျူးသော၊ မုသားပြောဆိုလေ့ရှိသောပုဂ္ဂိုလ်အား မည်သည့်မကောင်းမှုကိုမျှ မပြုလုပ်နိုင်ဟူ၍ မရှိတော့ပေ” ဟု ဤဂါထာဖြင့် ဆိုအပ်၏။ ဒီအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ်ကြားနာခဲ့ရပါသည်။

---

၅။ သုတ္တနိပါတပါဠိတော် (သုတ်အစုအဝေးများ)

[ပြင်ဆင်ရန်]

သုတ္တနိပါတ်ပါဠိတော်ဟာ အခြားကျမ်းတွေနဲ့ ယှဉ်ရင် လူသိနည်းပါတယ်။ ဒါပေမဲ့ ဒီကျမ်းဟာ လူသိနည်းသလောက် ခက်ခဲနက်နဲတဲ့တရားတွေနဲ့ ပြည့်နှက်နေတာကြောင့် များစွာ စိတ်ဝင်စားဖွယ် ကောင်းလှပါတယ်။ ဝဂ်ပေါင်း (၅) ဝဂ်ပါဝင်ပြီး နောက်ဆုံးဝဂ်တွေဖြစ်တဲ့ အဋ္ဌကဝဂ် နဲ့ ပါရာယနဝဂ် တို့ကို မဟာနိဒ္ဒေသ နဲ့ စူဠနိဒ္ဒေသ ဟူသော အမည်များဖြင့် အရှင်သာရိပုတ္တရာမထေရ်မြတ်က ထပ်မံဖွင့်ဆို ဟောကြားထားတာကိုလည်း တွေ့ရပါလိမ့်မယ်။

ခဂ္ဂဝိသာဏသုတ် (ကြံ့ချိုပမာ) မှာ တစ်ယောက်တည်း ကျင့်သင့်ရာကို ထုတ်ဖော်ပြတဲ့ ဂါထာတွေဟာ ဖတ်ရှုရသူတွေအဖို့ လွတ်လပ်တဲ့ ရဟန်းရဲ့ဘဝကို အားကျစရာ ဖြစ်လာနိုင်ပါတယ်။ “အချို့သော ရဟန်းတို့ကိုလည်းကောင်း၊ အချို့သော ဒါယကာတို့ကိုလည်းကောင်း ချီးမြှောက်ရန် ခဲယဉ်းလှကုန်၏၊ ဒါကြောင့် သူတစ်ပါးသားသမီးတို့မှာ ကြောင့်ကြမဲ့ဖြစ်၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏”။ (ဂါထာအမှတ် ၉) “အောက်သို့ မျက်လွှာချသည်ဖြစ်၍ ခြေထောက်လျှပ် မပေါ်ဘဲ စောင့်ရှောက်သောဣန္ဒြေ၊ စောင့်စည်းသောစိတ် ရှိသဖြင့် ကိလေသာမိုးမစိုစွတ်၊ ကိလေသာမီးလည်းမလောင်မြိုက်မူ၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (ဂါထာအမှတ် ၂၉) “တစ်ရံတစ်ခါ ဆန့်ကျင်ဘက်တို့မှ လွတ်မြောက်သော မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့ကို မှီဝဲလျက်လောကနဲ့ မဆန့်ကျင်မူ၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏”။ (ဂါထာအမှတ် ၃၉)

ကသိဘာရဒွါဇသုတ် မှာ ကသိဘာရဒွါဇပုဏ္ဏားဟာ မိမိထံ ဆွမ်းခံလာရပ်တဲ့ မြတ်စွာဘုရားရှင်ကို “မိမိဟာ ထွန်ယက်စိုက်ပျိုး၍ စားရကြောင်း၊ သင်လည်း ထွန်ယက်စိုက်ပျိုးစားသောက်သင့်ကြောင်း” ပြစ်တင်ပြောဆိုပါတယ်။ မြတ်စွာဘုရားရှင်ကလည်း သာသနာတော်မှာ မိမိရဲ့နည်း၊ မိမိဟန်ဖြင့် ထွန်ယက်စိုက်ပျိုးစားသောက်ပုံကို မိန့်ကြားတော်မူရာ ကြည်ညိုသွားပြီး ရွှေခွက်နဲ့ နို့ဃနာတွေ ထည့်၍ လှူဒါန်းပါတယ်။ ဒါပေမဲ့ မြတ်စွာဘုရားရှင်က “ပုဏ္ဏား ! ငါ့အား ဂါထာတို့ကို သီဆို၍ ရအပ်သော ဘောဇဉ်တို့ကို စားခြင်းငှာ မထိုက်” လို့ဆိုကာ ယဉ်ကျေးစွာပင် ငြင်းပယ်တော်မူပါတယ်။

အာဠာဝကသုတ် မှာ အကြမ်းနည်းနဲ့ရော၊ အနုနည်းဖြင့်ပါ တိုက်ခိုက်တဲ့ အာဠာဝကဘီလူးရဲ့ အမေးပုစ္ဆာတွေဟာလည်း စိတ်ဝင်စားဖွယ် ကောင်းလှပါတယ်။ မိမိရဲ့ ဘုံဗိမာန်အတွင်း ဝင်ရောက်နေတဲ့ မြတ်စွာဘုရားရှင်ကို (၃) ကြိမ် (၃) ခါတိတိ ဝင်လိုက်ထွက်လိုက် လုပ်ခိုင်းရာ မြတ်စွာဘုရားရှင်ကလည်း ငြင်းတော်မမူပါဘူး။ (၄) ကြိမ်မြောက်မှာတော့ “ဒါယကာဘီလူး ! သင်လုပ်ချင်သလိုသာလုပ်တော့၊ ငါမထွက်တော့အံ့” လို့ဆိုကာ ငြင်းပယ်တော်မူပါတယ်။ ဒါကြောင့် ဘီလူးက အကြမ်းနည်းနဲ့ မခြိမ်းခြောက်နိုင်တော့တဲ့အခါ ပြဿနာတွေ မေး၍ တိုက်ခိုက်ပြန်ပါတယ်။ လောကမှာ ယောက်ျားတစ်ယောက်အတွက် တန်ဖိုးထားအပ်တဲ့ ဥစ္စာ၊ ချမ်းသာစီးပွားကို ဆောင်နိုင်တဲ့ အလေ့အကျင့်၊ အရသာတကာတို့မှာ အချိုမြိန်ဆုံးအရသာ၊ တန်ဖိုးရှိတဲ့ ရှင်သန်မှု စတဲ့ ပြဿနာရပ်တွေကို မေးမြန်းရာ ကြေလွယ်အောင် ဖြေဆိုနိုင်တဲ့အတွက် “ငါဟာ ဒီနေ့မှစ၍ မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကိုလည်းကောင်း ဦးထိပ်ထားလျက် တစ်ရွာဝင်တစ်ရွာထွက် လှည့်လည်ပါတော့အံ့” လို့ ဝန်ခံကတိသစ္စာပြုသွားပါတယ်။

မြတ်ဗုဒ္ဓဟာ မင်းမျိုးမင်းနွယ်မှ ပေါက်ဖွားလာရခြင်းဟာ သူ့ရဲ့ဘဝအတွက် ကံကောင်းတယ်လို့တောင် ကျွန်ုပ်တို့ ကိုယ်ချင်းစာရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မြတ်ဗုဒ္ဓရဲ့ဘဝတစ်လျှောက်လုံးမှာ သူ မယုံကြည်တဲ့ လူတန်းစားခွဲခြားဆက်ဆံခံရမှုပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့်ပဲ ဖြစ်ပါတယ်။

သုန္ဒရီကဘာရဒွါဇသုတ် မှာ လူမှားပြီး ‘ကတုံးစုတ်’ လို့တောင် တိုင်းထွာခြင်းခံရပါတယ်။ ဖြစ်ပုံကတော့ တစ်ချိန်မှာ မြတ်ဗုဒ္ဓဟာ ကောသလတိုင်း၊ သုန္ဒရိကာမြစ်ကမ်းနား သစ်ပင်ရင်းတစ်ခုမှာ သင်္ကန်းကို ဦးခေါင်းနဲ့တကွရုံပြီး ထိုင်နေတော်မူပါတယ်။ မြစ်အတွင်း ရေသပ္ပါယ်ပြီး အပူငွေ့ ပြန်ရရန် ထိုင်နေခြင်းဖြစ်ပုံရပါတယ်။ အဲဒီအချိန်မှာ သုန္ဒရိကဘာရဒွါဇပုဏ္ဏားဟာ မီးပူဇော်ရာမှ ကြွင်းကျန်တဲ့ နို့ဃနာတွေကို ဘယ်သူ့ကို ပေးရပါ့မလဲလို့ လိုက်ကြည့်ရာ ဦးခေါင်းခြုံပြီး ထိုင်နေတဲ့ မြတ်စွာဘုရားရှင်ကို တွေ့မြင်ပြီး ပုဏ္ဏားတစ်ယောက်လို့ မှတ်ထင်ကာ ချဉ်းကပ်လာပါတယ်။ အနီးနားရောက်စဉ် မြတ်စွာဘုရားရှင်ကလည်း ခြေသံကြားလို့ ဦးခေါင်းသင်္ကန်းရုံကို ဖွင့်လိုက်ရာ “ကတုံးစုတ်ပဲ” လို့ဆိုကာ ပြန်ထွက်သွားလေတယ်။ နောက်မှ တချို့ပုဏ္ဏားတွေလည်း ခေါင်းရိတ်လေ့ရှိတာပဲ၊ ဇာတ်ကို မေးကြည့်ရင် ကောင်းမှာပဲလို့ အတွေးပေါက်ပြီး ဘယ်ဇာတ်က ဖြစ်ကြောင်း မေးလေတော့တယ်။

မြတ်ဗုဒ္ဓက “မိမိဟာ ဘယ်အမျိုးဇာတ်မှ မဟုတ်ကြောင်း၊ ပုထုဇဉ်တို့ရဲ့အနွယ်ကို ပိုင်းခြားသိပြီးဖြစ်လို့ လွတ်လွတ်လပ်လပ် မိမိရဲ့ပညာဖြင့် လှည့်လည်နေထိုင်သူဖြစ်ကြောင်း၊ သင်္ကန်းဝတ်ပြီး တဏှာတည်းဟူသော အိမ်မရှိဘဲ အေးချမ်းစွာဖြင့် လူတို့နဲ့မရောနှောဘဲ နေသော ငါ့ကို လူတန်းစားပြဿနာနဲ့ ပတ်သက်လို့ မမေးသင့်ကြောင်း” ပြတ်သားစွာပင် မိန့်တော်မူပါတယ်။ ကျွန်ုပ်တို့ သာမန်လူသားအမြင်ဖြင့် ကြည့်မယ်ဆိုရင် မင်းမျိုးမင်းနွယ်တွေဟာ ရာဇမာန်ခက်ထန်လေ့ရှိရာ မြတ်စွာဘုရားရှင်ရဲ့ နှိမ့်ချမှုနဲ့ ရိုးသားမှုတို့ကို များစွာ အံ့ဩလေးစားရပါတယ်။ ဒီနေရာမှာလည်း အထက်ပါ ကသိဘာရဒွါဇသုတ် မှာကဲ့သို့ပင် နို့ဃနာကို လှူဒါန်းရာ ငြင်းပယ်တော်မူပါတယ်။ အဆုံးမှာ ပုဏ္ဏားလည်း ရဟန္တာတစ်ပါး ဖြစ်သွားခဲ့ပါတယ်။

---

၆။ ဝိမာနဝတ္ထုပါဠိတော် (ဘုံဗိမာန်အကြောင်းများ)

[ပြင်ဆင်ရန်]

ဝိမာနဝတ္ထုကျမ်းဟာ ယေဘုယျအားဖြင့် ကြည့်မယ်ဆိုရင် မြတ်စွာဘုရားရှင်ရဲ့တပည့်ကြီး အရှင်မဟာမောဂ္ဂလာန်ကိုယ်တိုင် တွေ့ကြုံခဲ့ရတဲ့ နတ်သား၊ နတ်သမီးတို့ရဲ့ နတ်ဘဝ၊ နတ်စည်းစိမ်များအကြောင်းပဲ ဖြစ်ပါတယ်။ အမေးအဖြေပုံစံဖြင့် တည်ရှိပြီး မထေရ်က ဒီစည်းစိမ်တွေကို ဘယ်လိုရခဲ့ကြောင်း မေးမြန်းတဲ့အခါ အမေးခံနတ်သား၊ နတ်သမီးက ဝမ်းမြောက်ဝမ်းသာဖြင့် မိမိပြုခဲ့တဲ့ ရှေးဘဝကုသိုလ်ကောင်းမှုအကြောင်းကို အကျဉ်းချုပ်ဖြင့် ဖြေကြားပုံတွေပဲ ဖြစ်ပါတယ်။

ဝိမာနဝတ္ထုကျမ်းနဲ့ ပတ်သက်လို့ ဒီကျမ်းရဲ့မြန်မာပြန်ကျမ်းဦးမှတ်ဖွယ်မှာ အောက်ပါအတိုင်း မှတ်ချက်ပြုထားပါတယ်။

“ဒီလိုနဲ့ ဝိမာနဝတ္ထုတွေဟာ လူ့ပြည်လောကမှာ ထင်ရှားလာပြီး လူ့ဘဝရဲ့ မွန်မြတ်ပုံ၊ ဘဝပဒေသာပင်ကြီးဖြစ်ပုံတို့ကို ပေါ်လွင်စေရုံသာမက “ဘဝဟာ ပြတ်တယ်” ဟူသော ဥစ္ဆေဒဝါဒ၊ “ကောင်းမှု၊ မကောင်းမှုတို့ရဲ့ အကျိုးဟာ မရှိ” ဟူသော နတ္ထိကဝါဒ စတဲ့ အယူမှားသူတွေကိုလည်း နှိမ်နှင်းသကဲ့သို့ ဖြစ်တာကြောင့် ဒီဝိမာနဝတ္ထုတရားဒေသနာဟာ အလွန်အကျိုးရှိတဲ့ ဒေသနာတော်တွေထဲမှာ အပါအဝင် ဖြစ်နေပါတော့တယ်”။

အချို့သောဝတ္ထုတွေဟာ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံပြီး အတော်ကြာမှ ဒီကျမ်းအတွင်းကို ဝင်ရောက်လာတာကိုလည်း ထူးခြားချက်အနေနဲ့ တွေ့ရပါတယ်။ ဒီဝတ္ထုကတော့ သေရီသကဝိမာနဝတ္ထု ပဲ ဖြစ်ပါတယ်။ ဒီလို ဝင်ရောက်နေခြင်းနဲ့ ပတ်သက်လို့ မြန်မာပြန်၊ ကျမ်းဦးမှတ်ဖွယ်မှာ အောက်ပါအတိုင်း မှာထားပါတယ်။

“၎င်းအတ္ထုပ္ပတ္တိကို နှစ်ပေါင်းအတော်ကြာမှ လှည်းကုန်သည်တို့နဲ့ စပ်၍ မထေရ်များ သိကြရသဖြင့် ဒုတိယသံဂါယနာတင်ပွဲမှာမှ အရှင်မဟာယသ အမှူးရှိသော မထေရ်များက မှတ်တမ်းတင်ခဲ့ကြရပါတယ်။ ဝိမာနဝတ္ထုအားလုံးတို့ထဲမှာ ဒီသေရီသကဝိမာနဝတ္ထုဟာ ဒုတိယသံဂါယနာမှာ ထည့်သွင်းသောဝတ္ထုဖြစ်လို့ ထူးခြားတယ်လို့ ဆိုသင့်ပါတယ်”။

၇။ ပေတဝတ္ထုပါဠိတော် (ပြိတ္တာအကြောင်းများ)

[ပြင်ဆင်ရန်]

ဤကျမ်းသည် ဝိမာနဝတ္ထုကျမ်းနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ယေဘုယျအားဖြင့် ပြိတ္တာဘဝများ၏ ဆင်းရဲဒုက္ခအဖုံဖုံကို ပြိတ္တာများနှင့် ထိတွေ့သော ပုဂ္ဂိုလ်တစ်ဦးဦးက မေးမြန်း၍ အတိတ်ဘဝက အကုသိုလ်ကံ အကြောင်းကို ပြန်ပြောပြခြင်းများ ဖြစ်ပါသည်။ ကျမ်းကို "ပြိတ္တာများအကြောင်း" ဟု အမည်ပေးထားသော်လည်း ပြိတ္တာများအကြောင်းသာမက ငရဲဘုံ၊ လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာ့ဘုံများသို့ ရောက်ရှိသွားသူများအကြောင်းကိုလည်း တွေ့ရပေမည်။

ပြိတ္တာဖြစ်ရခြင်း၏ အကြောင်းရင်းတို့သည် များပြားလှပါသည်။ “ကိုယ်နှုတ် မစောင့်စည်းမှု၊ မဟုတ်မမှန် ကျိန်ဆဲမှု၊ အလှူဒါနတို့၌ ဝန်တိုနှောင့်ယှက်မှုများ၊ လင်ယောက်ျားအပေါ် မရိုသေမှု၊ အိမ်ထောင်ရေး ဖောက်ပြန်မှု၊ မမှန်သက်သေထွက်ဆိုမှု၊ သူတော်ကောင်းများကို ပြစ်မှားမှု” စသည်ဖြင့် များပြားလှသည်။ ခံစားရသော ဒုက္ခပုံစံများလည်း များပြားထူးဆန်းလှပါသည်။ “ခန္ဓာကိုယ်က ရွှေရောင်ထွက်နေပြီး မျက်နှာက ဝက်မျက်နှာ၊ ရုပ်ချောသလောက် ပါးစပ်က ပိုးလောက်များ ကျနေသော ပြိတ္တာ၊ မိမိမွေးသော သားတို့ကို ပြန်စားနေသော ပြိတ္တာ၊ သံပြားအဝတ်ကို ဝတ်နေရသော ပြိတ္တာ၊ အညစ်အကြေးများကို စားနေရသော ပြိတ္တာ၊ (၅၅) နှစ်တိုင်တိုင် အစာမစားရသော ပြိတ္တာ၊ နေ့စံညခံပြိတ္တာ၊ ရေသောက်မည်ကြံတိုင်း ရေခန်း၊ လေတိုက်လျှင် မီးသို့ပူလောင်၊ အရပ်ခိုလျှင် အရိပ်ပျောက်ပြိတ္တာ” စသည်ဖြင့် စုံလင်လှပါသည်။

---

၈+၉။ ထေရဂါထာပါဠိတော်၊ ထေရီဂါထာပါဠိတော် (မထေရ်များနှင့် မထေရ်မတို့၏ ကျူးရင့်သံများ)

[ပြင်ဆင်ရန်]

ဤနှစ်ကျမ်းသည်လည်း ဥဒါန်းပါဠိတော်၌ မြတ်စွာဘုရားရှင် ကျူးရင့်သကဲ့သို့ပင် မထေရ်များနှင့် မထေရ်မတို့၏ အတွေ့အကြုံ ကျူးရင့်သံများပင် ဖြစ်ပါသည်။ ကျူးရင့်သော ဂါထာအများစုသည် မိမိတို့၏ ပုဂ္ဂိုလ်ရေးအတွေ့အကြုံများကို ထုတ်ဖော်ကျူးရင့်သံများ ဖြစ်သည်။ မထေရ်မြတ်တို့၏ ကျူးရင့်သံများတွင် မိမိတို့တွေ့ကြုံရသော သဘာဝပတ်ဝန်းကျင် အတွေ့အကြုံများကို အခြေခံသည်ကများပြီး မထေရ်မတို့၏ ကျူးရင့်သံများတွင်မူ ပုဂ္ဂိုလ်ရေးခံစားချက်အတွေ့အကြုံများ လွှမ်းမိုးနေသည်ကိုလည်း တွေ့ရပေမည်။

ရဟန်းတစ်ပါး၏ ဆိတ်ငြိမ်စွာ နေထိုင်တတ်မှုနှင့် ဥပေက္ခာတရားတို့သည် ကျွန်ုပ်တို့သာမန်လူသားများအနေဖြင့် ကြည့်လျှင် “နေနိုင်လွန်းသည်” ဟုပင် ထင်လာစရာ ရှိသည်။ သို့သော်လည်း တစ်နည်းအားဖြင့် ပြန်ကြည့်လျှင် ရဟန္တာတစ်ပါး၏ စိတ်ခံစားမှုနှင့် နိဗ္ဗာန်၏ အရသာကို မထေရ်မြတ်တို့၏ နှလုံးသားများမှတစ်ဆင့် သံဖမ်းရိပ်ဖမ်း နားလည်ရသည်ဟု ဆိုနိုင်ပါသည်။ အောက်ပါကျူးရင့်သံများဖြင့် ထင်ရှားပါသည်။ “ငါသည် ဆိတ်ငြိမ်မှု (ဝိဝေက) ကိုပွားစေလိုသည်ဖြစ်၍ မြေဇာမြက်ကိုလည်းကောင်း၊ သမန်းမြက်ကိုလည်းကောင်း၊ ဆူးခြုံကိုလည်းကောင်း၊ ပန်းရင်းမြက်ကိုလည်းကောင်း၊ ဖြူဆံမြက်၊ ပြိတ်မြက်ကိုလည်းကောင်း ရင်ဖြင့် ဖယ်ရှား၍ သွားပါအံ့”။ (လောမသကဂီယတ္ထေရဂါထာ) “တောအုပ်ကြီး၌ မှက်၊ ခြင်တို့တွေ့ထိကိုက်ခဲခံရသည်ရှိသော် စစ်မြေဦးဝယ် ကျက်စားသော ဆင်ပြောင်ကြီးကဲ့သို့ ထိုတောအုပ်ကြီး၌ သတိရှိသည်ဖြစ်၍ သည်းခံနေရ၏”။ (ဂဟွရတီရိယတ္ထေရဂါထာ) “လှံဖြင့် အထိုးခံရသူကဲ့သို့လည်းကောင်း၊ ဦးခေါင်း မီးလောင်ခံရသူကဲ့သို့လည်းကောင်း ထို့အတူ ရဟန်းသည် ဘဝရာဂကို ပယ်ခြင်းငှာ သတိနှင့် ပြည့်စုံသည်ဖြစ်၍ နေရာ၏”။ (ဝဍ္ဎမာနတ္ထေရဂါထာ) “မျက်စိအမြင်နှင့် ပြည့်စုံသော်လည်း သူကန်းကဲ့သို့ ဖြစ်ရာ၏၊ နားအကြားနှင့် ပြည့်စုံသော်လည်း နားပင်းသူကဲ့သို့ ဖြစ်ရာ၏၊ ပညာရှိသော်လည်း သူအကဲ့သို့ ဖြစ်ရာ၏၊ အားအစွမ်းနှင့် ပြည့်စုံသော်လည်း နည်းသူကဲ့သို့ ဖြစ်ရာ၏၊ ထိုမှတစ်ပါး (မလိုလားအပ်သော) အကြောင်းကိစ္စ ဖြစ်ပေါ်လတ်သော် သူသေအိပ်သကဲ့သို့ အိပ်နေရာ၏”။ (မဟာကစ္စာယနတ္ထေရဂါထာ) “သဘောတရားသည် ယခုအခါ၌သာ ဖြစ်သည်မဟုတ်၊ အံ့ဖွယ်သရဲလည်း မရှိ၊ အထူးအဆန်းဖြစ်သည်လည်း မဟုတ်၊ အကြင်သင်္ခါရလောက၌ ဖြစ်လည်းဖြစ်ဖူးရာ၏၊ သေလည်းသေရာ၏၊ ထိုဖြစ်ခြင်း၊ သေခြင်းသဘောရှိသော သင်္ခါရလောက၌ အဘယ့်ကြောင့်လျှင် အထူးအဆန်း ဖြစ်ရာအံ့နည်း”။ (မဟာကပ္ပိနတ္ထေရဂါထာ) “ငါသည် သေခြင်းကိုလည်း မနှစ်သက်၊ အသက်ရှည်ခြင်းကိုလည်း မနှစ်သက်၊ သူရင်းငှားသည် လုပ်ခရရန်အတွက် နေ့ကုန်မည့်အချိန်ကိုသာ ငံ့လင့်စောင့်မြှော်သကဲ့သို့ ငါသည် ပရိနိဗ္ဗာန်ပြုရမည့်အချိန်ကိုသာ ငံ့လင့်စောင့်မျှော်၏”။ (သံကိစ္စတ္ထေရဂါထာ)

ထေရဂါထာများသည် ကျူးရင့်သံများဟု ဆိုသော်လည်း နောင်လာနောက်သားတို့ ဆောင်ရန်၊ ရှောင်ရန်အတွက် သင်္ခန်းစာများကိုလည်း ထုတ်ယူသတိထားနိုင်ပါသည်။ ထိုတွင် အထင်ရှားဆုံးအနေဖြင့် ပါရာပရိယတ္ထေရဂါထာများ (ထေရ၊ မြန်၊ ၁၃၆) နှင့် ပဏ္ဍရသေ့ကမေးမြန်း၍ ဖုဿမထေရ် (ထေရ၊ မြန်၊ ၁၄၀) ဟောကိန်းထုတ်ထားသော အနာဂတ်သာသနာရေး အခြေအနေများကိုလည်း လေ့လာနိုင်သည်။

ယခုအခါ သာသနာတော်တွင် မိန်းမသား ရဟန်းတော်တို့ကို မတွေ့မြင်ရတော့သော်လည်း တစ်ချိန်တစ်ခါက ကြည်ညိုဖွယ် ရဟန်းမများအကြောင်းကို စာပေများမှတစ်ဆင့်သာ ကြည်ညိုနိုင်တော့သည်။ ဘိက္ခုနီသာသနာ ကွယ်ပျောက်သွားခဲ့ပြီဖြစ်သော်လည်း မထေရ်မများကို အထင်အမြင် မသေးသင့်ချေ။ အဘယ့်ကြောင့်ဆိုသော် ဇာတ်ခွဲခြားမှု ပြင်းထန်ပြီး မိန်းမဆိုလျှင် အထင်မကြီးသော မဇ္ဈိမဒေသ၏ လူမှုရေးအခက်အခဲများကြားမှ ရဟန်းပြုခဲ့ကြရခြင်း၊ ရဟန်းယောကျ်ားများထက် ပိုမိုတင်းကြပ်သော ဝန်ခံကတိပြုချက်များ၊ စည်းကမ်းများကြားမှ ရဟန်းပြုခဲ့ကြရခြင်းတို့ကြောင့် ဖြစ်ပါသည်။ အခြေအနေအမျိုးမျိုးကြားအတွင်းမှ ရဟန်းဘဝ ခံယူခွင့်ရကြသောအခါတွင်လည်း ယောကျ်ားသားရဟန်းတော်များလောက် လှူဒါန်းထောက်ပံ့မည့်သူ နည်းပါးခြင်း၊ ယောကျ်ားသားတို့၏ မထိတထိအစော်ကားခံရခြင်းတို့နှင့် အခက်အခဲအမျိုးမျိုးများကြားတွင် တရားဓမ္မများကို အားထုတ်ခဲ့ကြရသည်။ ထိုကဲ့သို့သော အခြေအနေများကြားမှပင် တရားထူးတရားမြတ်တို့ကို ရဟန်းယောက်ျားများနည်းတူ ရယူနိုင်ခဲ့ကြသည်။ ထို့ကြောင့် မထေရ်မတို့ကို အထင်အမြင် မသေးသင့်ချေ။

မိသားစုကို စွန့်ခွာပြီး ရဟန်းဝတ်လာကြသော မထေရ်မတို့၏ ဘဝအခြေအနေများကား စုံလင်လှသည်။ မုတ္တာထေရီမသည် “ငါသည် တကုန်းကုန်းဖြင့် ထောင်းထုလုပ်ကိုင်ရသော ဆုံမှလည်းကောင်း၊ ကျည်ပွေ့မှလည်းကောင်း၊ ခါးကုန်းသော လင်မှလည်းကောင်း လွတ်မြောက်သဖြင့် အလွတ်မြောက်ကြီး လွတ်မြောက်သူဖြစ်ကြောင်း” ကျူးရင့်တော်မူသည်။ သုမင်္ဂလမာတာထေရီမသည် “ငါသည် ကျည်ပွေ့မှလည်းကောင်း၊ အရှက်မရှိသော လင်မှလည်းကောင်း၊ ထီးလုပ်ငန်းကိုလည်းကောင်း၊ ရေမြွေနံ့ရသော ထမင်းအိုးမှလည်းကောင်း၊ နှီးတို့၏ တဖျစ်ဖျစ်မည်သံတို့မှလည်းကောင်း လွတ်မြောက်သွားပြီဖြစ်၍ ချမ်းသာစွာ ဈာန်ဝင်စားနိုင်ကြောင်း” ကျူးရင့်တော်မူသည်။ မထေရ်မတစ်ပါးက “လူ့ဘဝပြည် တန်ဆာဖြစ်ခဲ့ပြီး မပြသင့်သော အင်္ဂါကြီးငယ်တို့ကို ပြသကာ မာယာထောင်ချောက်တို့ကို ထောင်ဖမ်းရခြင်း ဒုက္ခမှ ယခုအခါ အေးငြိမ်းကြောင်း”၊ မထေရ်မတစ်ပါးက “သူသည် လူ့ဘဝက သားသမီးမရှိ၊ ဆွေမျိုးများလည်းမရှိ၊ မုဆိုးမလည်း ဖြစ်သောကြောင့် (၇) နှစ်ပတ်လုံး တောင်းရမ်းစားသောက်ခဲ့ရပြီး ပဋာစာရာမထေရီမနှင့် တွေ့ခဲ့ရ၍ ရဟန္တာမတစ်ပါး ဖြစ်နေကြောင်း” စသည်ဖြင့် ကျူးရင့်တော်မူကြသည်။

လူ့ဘဝက နာမည်ကြီး အလှဘုရင်မ ဖြစ်ခဲ့သော အမ္ဗပါလီထေရီမ၏ အိုမင်းသောအခါ မိမိ၏ ခန္ဓာကို ပြန်လည်သုံးသပ်၍ “မြတ်စွာဘုရားရှင်၏ စကားသည် မှန်ကြောင်း ဂါထာများသည်လည်း ဖွဲ့နွဲ့တင်စားရာ၌ ပြောင်မြောက်လှသည်။ “ငယ်စဉ်က ပိတုန်းရောင်ကေသာတို့သည် ယခုအခါတွင် လျှော်မျှင်များကဲ့သို့ ဖြစ်နေပြီ”၊ “လက်ရာမြောက်သော ပန်းချီဆရာဆွဲထားသကဲ့သို့သော မျက်ခုံးတို့သည် ယခုအခါ နဖူးတွန့်များကြား ပျောက်ကွယ်သွားပြီ”၊ “မျက်နှာပေါက်နှင့် လိုက်ဖက်ညီခဲ့သော နှာတံသည် ယခုအခါ သားရေကြိုးထုံးကဲ့သို့ ဖြစ်ခဲ့ပြီ” “လက်စွပ်ကလေးဖြင့် လိုက်ဖက်ခဲ့သော လက်ချောင်းများသည် ယခုအခါ မုန်လာဥအမြစ်ကဲ့သို့ ဖြစ်ခဲ့ပြီ” “ပြည့်ဖြိုးမို့မောက်နေခဲ့သော ရင်နှစ်လွှာသည် ယခုအခါ ရေမရှိသော ရေစစ်ကဲ့သို့ တွဲကျနေပြီ”၊ “ဆင်နှာမောင်းနှင့်တူခဲ့သော ပေါင်တို့သည် ယခုအခါ ဝါးအနုပိန်ကဲ့သို့ ဖြစ်ခဲ့ပြီ” “ရွှေခြေကျင်းများနှင့် တင့်တယ်ခဲ့သော ခြေသလုံးလှများသည် ယခုအခါ နှမ်းရိုးခြောက်ငုတ်တို့ကဲ့သို့ ဖြစ်ခဲ့ပြီ” စသည်ဖြင့် တရားပြထားသည်မှာ မထေရ်မ၏ အတိတ်တစ်ချိန် ပျိုရွယ်စဉ်က ယောကျ်ားသားများ ဝိုင်းဝိုင်းလည်ခဲ့သောအဖြစ်ကို ထိတ်လန့်ဖွယ် ဓမ္မသံဝေဂများ ဖြစ်စေပါသည်။

စိတ်ဓာတ်ကြံ့ခိုင်ပြီး သတ္တိရှိလှသော သုဘာထေရီမ၏ ဖြစ်ရပ်ကလည်း များစွာ ကြည်ညိုဖွယ်ကောင်းလှသည်။ မထေရ်မသည် ဇီဝက၏ ဥယျာဉ်သို့ အသွားလမ်းတစ်နေရာတွင် မိန်းမလိုက်စား လူရမ်းကားတစ်ယောက်သည် လမ်းပိတ်ရပ်ပြီး အမျိုးမျိုးမြူဆွယ်နှောင့်ယှက်ရာ မထေရ်မက နှစ်သက်သော ခန္ဓာကိုယ်အစိတ်အပိုင်းကို ပြခိုင်းလေသည်။ “သမင်မျက်လုံးကဲ့သို့သော မျက်လုံးအစုံသည် သူ့အတွက် အစွဲဆောင်နိုင်ဆုံး ဖြစ်ပါကြောင်း” ပြောဆိုသောအခါတွင် မထေရ်မသည် မျက်လုံးအစုံကို ချက်ချင်း ထုတ်ယူ၍ ပေးလေသည်။ လူရမ်းကားလည်း ကြောက်လန့်တောင်းပန်ပြီး နောင်အခါ ဤသို့သော မကောင်းမှုကို မလုပ်တော့ပါကြောင်း ဝန်ခံလျှောက်ထားသွားလေသည်။

---

၁၀။ အပဒါနပါဠိတော် (အတ္ထုပ္ပတ္တိများ)

[ပြင်ဆင်ရန်]

ဤကျမ်းတွင် ဗုဒ္ဓအပဒါန်၊ ပစ္စေကဗုဒ္ဓအပဒါန် အပါအဝင် မထေရ်မြတ်တို့၏ အတ္ထုပ္ပတ္တိများနှင့် မထေရ်မတို့၏ အတ္ထုပ္ပတ္တိများ ပါဝင်သည်။ ထေရအပဒါန်တွင် ဝဂ်ပေါင်း (၅၆) ဝဂ်ဖြင့် ဖွဲ့စည်းထားပြီး ထေရီအပဒါန်တွင် ဝဂ်ပေါင်း (၄) ဝဂ်ဖြင့် ဖွဲ့စည်းထားသည်။ ဤကျမ်းသည် အမှန်အားဖြင့် ထေရဂါထာ၊ ထေရီဂါထာပါဠိတော်များနှင့် ဆက်စပ်လျက်ရှိသည်ကို တွေ့ရပေမည်။ ကျမ်း၏ သဘောကို ယေဘုယျခြုံကြည့်လျှင် ရှေးဘုရားရှင်တစ်ဆူဆူထံတွင် ကုသိုလ်ကောင်းမှုတစ်ခုခုကို ပြုလုပ်သဖြင့် နောင်တစ်ချိန်တွင် တရားတော်ကို နားကြားလတ္တံ့ စသည်ဖြင့် ဗျာဒိတ်စကားရပြီး ထိုဗျာဒိတ်စကားတော်အတိုင်း ရောက်ရှိဖြစ်ပေါ်လာပုံတို့ကို ပြန်လည်ဟောကြားဟန်ဖြင့် ဖွဲ့စည်းထားသည်။

နဂါး၊ ဂဠုန်၊ ကိန္နရာ၊ စက္ကဝါက်ငှက်၊ ခို၊ ရေကြက်၊ ဝံလိုငှက်၊ ဟင်္သာ၊ လိပ်၊ မိကျောင်း၊ ခြင်္သေ့၊ မျောက်၊ ဆင် ဖြစ်ခဲ့ရသော မထေရ်များ၊ ရသေ့၊ ဝိဇ္ဇာဓိုရ်၊ ဘုရင်၊ သူဌေး၊ တရားသူကြီး၊ တံခါးမှူး၊ ဆေးဆရာ၊ လမ်းလူကြီး၊ ဘာသာရေးအသင်းဥက္ကဋ္ဌလုပ်ခဲ့သော မထေရ်များနှင့် လယ်သမား၊ ကူးတို့သမား၊ စာရင်းငှား၊ ပန်းသည်၊ ပန်းပဲသမား၊ မုဆိုး၊ လက်သမား၊ ဥယျာဉ်စောင့်၊ အိုးလုပ်ငန်းလုပ်သူ၊ မုန့်သည်၊ ထရံယက်သူ၊ ဆေးသုတ်သမား၊ မြက်ထမ်းရောင်းသူ၊ ခြံစောင့်၊ ဝက်သတ်သမား၊ သူတောင်းစား စသည်ဖြင့် ကျင်လည်လုပ်ကိုင်ခဲ့ရသော ဘဝတို့ကား စုံလင်လှသည်။ ဤကျမ်းလာအတ္ထုပ္ပတ္တိများကို ဖတ်ရှုရသဖြင့် မထေရ်၊ မထေရ်မတို့သည် နောက်ဆုံးဘဝတွင် ပုဂ္ဂိုလ်ထူးများအဖြစ်ဖြင့် ကျွတ်တန်းဝင်ရသော်လည်း အတိတ်တစ်ချိန်က ဘဝမျိုးစုံကို ပြန်လည်သိခွင့်ရသည်။ ထို့အပြင် သံသရာ၏ ရှည်လျားကျယ်ပြန့်ပုံနှင့် မိမိတို့အနေဖြင့်လည်း မည်မျှအထိ ပြေးလွှားရဦးမည်ကို စဉ်းစားမိရင်း မရင့်ကျက်သေးသော ကိုယ်ကျင့်တရားများ၊ ဉာဏ်ပညာများနှင့် တွန့်ဆုတ်သော ဝီရိယတို့ကို မလိုအားမရဖြစ်မိသည်။

ထေရီအပဒါန်တွင် ထူးခြားချက်အနေဖြင့် မဟာပဇာပတိဂေါတမီထေရီမ၊ ယသောဓရာထေရီမ စသော မထေရ်မအချို့တို့၏ ပရိနိဗ္ဗာန်စံဝင်ခန်းများကိုပါ ထည့်သွင်းဖော်ပြထားသည်။ မထေရ်မများ ပရိနိဗ္ဗာန်စံခါနီး မြတ်စွာဘုရားရှင်အား ခွင့်ပန်ခန်းများတွင် တရားဓမ္မများဖြင့် ထုံမွှမ်းထားသော အရိယာတို့၏ နှလုံးသားများမှာ မတုန်လှုပ်ကြသော်လည်း ကံကိလေသာမကုန်သေးသော ပုထုဇဉ်လူသားများမှာမူ ရင်ဘတ်စည်းတီး၊ အငိုကြီးငိုခဲ့ကြရသည်။

မဟာပဇာပတိဂေါတမီသည် ချုံးပွဲချငိုကြွေးနေသော အမျိုးသမီး ပရိသတ်ကို “သင်တို့အား ယခုအချိန်သည် ငိုကြွေးရမည့်အစား၊ ရွှင်ပြုံးရမည့်အချိန်ဖြစ်ကြောင်း၊ ငါ့အပေါ်တွင် သနားကြင်နာခြင်းများ၊ ကျေးဇူးတရားများရှိတယ်ထင်လျှင် သူတော်ကောင်းတရားကို ကျင့်ကြံနေရစ်ကြဖို့ လိုကြောင်း၊ ဘုရားရှင်ထံ ငါတောင်းဆိုခဲ့လို့ မိန်းမသားတို့အား ရဟန်းပြုခွင့်ပေးခဲ့ကြောင်း၊ ထို့ကြောင့် ငါနှစ်သက်သဘောကျသည့်အတိုင်း ကြိုးစားရစ်ကြဖို့ လိုကြောင်း” နှစ်သိမ့်တော်မူခဲ့သည်။

ထို့အပြင် မထေရ်မသည် ရဟန္တာမကြီးပင်ဖြစ်လင့်ကစား မိခင်ဆန်သော နှလုံးသားကိုလည်း တစိတ်တဒေသအနေဖြင့် ထိတွေ့ခံစားရသည်။ “ယခုအချိန်သည် သာသနာတော်လည်း စည်ပင်နေပြီ ဖြစ်၍ ရဟန်းတော်အဖွဲ့အစည်းသည်လည်း ညီညွတ်နေပြီး ဆန့်ကျင်ဘက်အဖွဲ့အစည်းတို့၏ နှောင့်ယှက်မှုလည်း မရှိတော့သည့်အချိန် ဖြစ်ကြောင်း၊ အရှင်ကောဏ္ဍည၊ အရှင်အာနန္ဒာ၊ အရှင်နန္ဒစသူတို့သည်လည်းကောင်း၊ အရှင်ရာဟုလာနှင့် မြတ်စွာဘုရားရှင်သည်လည်းကောင်း တည်ရှိနေပြီ ဖြစ်ကြောင်း၊ ဩက္ကာကအနွယ် (သာကီဝင်မင်းမျိုးစု) တို့၏ ဂုဏ်သတင်းကို ဆိုက်ထူနိုင်ပြီးဖြစ်၍ မာန်မာနကိုလည်း ချထားနိုင်ပြီဖြစ်ကြောင်း၊ ဒါ့ကြောင့် ငါ့အား ပရိနိဗ္ဗာန်စံချိန်မဟုတ်လော” စသည်ဖြင့် မိန့်မှာကာ နှစ်သိမ့်ထားသည်။

ထို့နောက် မြတ်စွာဘုရားရှင်ထံ ချဉ်းကပ်ပြီး ဤစကားများကို လျှောက်ထားတော်မူသည်။ “မိမိသည် အရှင်ဘုရား၏ မယ်တော်ဖြစ်၍ အရှင်ဘုရားသည်ကား တပည့်တော်၏ ခမည်းတော်ဖြစ်ပါကြောင်း၊ အရှင်ဘုရားကို ခဏတာငြိမ်းအေးစေသော နို့ကိုတိုက်ကျွေးခဲ့၍ အရှင်ကား ထာဝရငြိမ်းအေးသော နို့ရည်ကို တိုက်ကျွေးသူဖြစ်ပါကြောင်း၊ မိမိ၏နို့ဖိုးသည် သံယောဇဉ်များနှင့် ရစ်ပတ်ခြင်းကြောင့် အရှင်ဘုရားအား အကြွေးမရှိတော့ပါကြောင်း၊ မိမိတောင်းဆုဆိုခဲ့သော ဘုရားမယ်တော် ဟူသော ဘွဲ့ကိုလည်း ရပြီးဖြစ်၍ အရှင်ဘုရားကြောင့် အစစအရာရာ ပြည့်စုံပါပြီဖြစ်ကြောင်း” လျှောက်ထားတော်မူသည်။

ထို့နောက် နောက်ဆုံး ဖူးမြင်ရှိခိုးခြင်းအနေဖြင့် မြတ်စွာဘုရားရှင်၏ ခြေဖဝါးတော်နှင့် ခန္ဓာကိုယ်ကို ဦးတိုက်ဖူးမြင်ခွင့်ကို တောင်းဆိုရာ မြတ်စွာဘုရားရှင်က လိုက်လျောတော်မူသည်။ ရှိခိုးဦးတိုက်ပြီးသောအခါ မိမိမှာ မိန်းမသားဖြစ်သည့်အတွက် တစ်စုံတစ်ရာသော အပြစ်ရှိခဲ့ပါမူ ခွင့်လွှတ်ပါရန်၊ ဘိက္ခုနီသာသနာ တည်ထောင်ခွင့်ကိစ္စနှင့် ရဟန်းမတို့အား အရှင်၏ ခွင့်ပြုချက်ဖြင့် ဆုံးမရာတွင် တစ်စုံတစ်ရာ အမှားအယွင်းများရှိခဲ့လျှင် ခွင့်လွှတ်ပါရန် တောင်းပန်လေသည်။ ထိုအခါ မြတ်စွာဘုရားရှင်က “သည်းခံဖွယ်မလိုသော ကိစ္စတို့၌ သည်းခံဖွယ် အဘယ်မှာရှိပါမည်နည်း၊ ပရိနိဗ္ဗာန်ပြုဖို့ သွားတော့မည်ဆဲဆဲဖြစ်သော မိထွေးတော်အား အဘယ်မှာ တုံ့ပြန်ပြောရပါတော့အံ့နည်း”၊ “လမင်းကြီးသည် မိုးသောက်လာ၍ အသီးသီး ကွယ်ပျောက်ကုန်သော ကြယ်တို့ကိုကြည့်ရင်း မိမိလည်း မကြာမီ ကမ္ဘာကြီးကို နှုတ်ဆက်ထွက်ခွာခဲ့ရသကဲ့သို့ ငါဘုရားလည်း ထွက်ခွာသွားရလတ္တံ့” ဟု မိန့်တော်မူပါသည်။

ထို့နောက် မထေရ်မသည် ရဟန်းတော်များနှင့် အရှင်ရာဟုလာ၊ အရှင်အာနန္ဒာ၊ အရှင်နန္ဒတို့ကို နှုတ်ဆက်ပန်ကြားရာ သေက္ခဖြစ်သော အရှင်အာနန္ဒာမှာ သနားစဖွယ် ငိုကြွေးတော်မူသည်။ ငိုကြွေးနေသော အရှင်အာနန္ဒာကို “သားချစ်အာနန္ဒာ သားမောင် တိုက်တွန်းသောကြောင့် အကျွန်ုပ်တို့အား သာသနာတွင် ရဟန်းပြုခွင့်ရခဲ့ကြသည်၊ သားချစ်၏ အပင်ပန်းခံကြိုးစားမှုသည် အလကားမဖြစ်ခဲ့၍ စိတ်မကောင်းမဖြစ်သင့်ပါကြောင်း” စသည်ဖြင့် လျှောက်ထားနှစ်သိမ့်တော်မူသည်။ မထေရ်မ၏ ဈာပနပွဲကို မြတ်စွာဘုရားရှင်ကိုယ်တိုင် စီရင်ပေးပြီး ဈာပနပွဲသည် မြတ်စွာဘုရားရှင်၏ ဈာပနပွဲထက် အံ့ဩဖွယ်ကောင်းအောင် စည်ကားသည်ဟု ဆိုပါသည်။

---

၁၁။ ဗုဒ္ဓဝံသပါဠိတော် (ဗုဒ္ဓဝင်များ)

[ပြင်ဆင်ရန်]

ဤကျမ်းသည် ဂေါတမမြတ်စွာဘုရားရှင်၏ ဖြစ်တော်စဉ် အကျဉ်းနှင့် (၂၄) ဆူသော ဘုရားရှင်တို့၏ ဖြစ်တော်စဉ် အကျဉ်းတို့ကို ဖော်ပြထားပါသည်။ ဘုရားလောင်းတို့ ဗျာဒိတ်ရပြီးချိန် အောက်ပါ နိမိတ်သင်္ကေတတို့ ဖြစ်ပေါ်လေ့ရှိသည်ဟု ဆိုပါသည်။ “ပူခြင်း၊ အေးခြင်း မရှိခြင်း၊ တစ်သောင်းသော လောကဓာတ်၌ တိတ်ဆိတ်သွားခြင်း၊ လေပြင်းတို့ မတိုက်ခတ်ခြင်း၊ မြစ်ရေတို့ ရပ်တန့်သွားခြင်း၊ ကုန်းပန်းရေပန်းအားလုံး ပွင့်ကြခြင်း၊ သစ်ပင်အားလုံး သီးကြခြင်း၊ ကောင်းကင်မြေကြီးရှိ ရတနာအားလုံး တောက်ပခြင်း၊ လူ့ပြည်နတ်ပြည်ရှိ တူရိယာအားလုံး အလိုလို မြည်ကြခြင်း၊ ပန်းမိုးများ ရွာချခြင်း၊ ငလျင်လှုပ်ခြင်း၊ မဟာသမုဒ္ဒရာရေပြင်သည် ဝဲလှည့်ခြင်း၊ ငရဲမီးအားလုံး ငြိမ်းခြင်း၊ နေမင်းနှင့် ကြယ်တာရာတို့ တောက်ပခြင်း၊ မိုးမရွာသောအချိန်တွင် မြေမှရေများ ပန်းထွက်ခြင်း၊ တွင်းအောင်းချောက်အောင်း သတ္တဝါတို့ ထွက်လာကြခြင်း၊ သတ္တဝါတို့ ပျင်းရိခြင်းမဖြစ်ခြင်း၊ အနာရောဂါတို့ ငြိမ်းနေခြင်း၊ အရူပဗြဟ္မာများမှလွဲ၍ နတ်၊ ဗြဟ္မာတို့ကို တွေ့မြင်ရခြင်း၊ ငရဲဘုံတို့ကို တွေ့မြင်ရခြင်း၊ အကာအကွယ်ဟူသမျှတို့ ဟင်းလင်းပွင့်ခြင်း၊ သတ္တဝါတို့၏ ပဋိသန္ဓေနေခြင်း၊ စုတေခြင်းမရှိခြင်း” စသည့် နိမိတ်သင်္ကေတတို့ ဖြစ်ပေါ်လာသည်။

ဘုရားဆုပန် အလောင်းတော်သည် အောက်ပါအလေ့အကျင့် (ပါရမီ) တို့ကို ရဲဝံ့စွာ ဖြည့်ဆည်းရသည်။ မှောက်ထားသော အိုးကဲ့သို့ ပေးကမ်းခြင်းအလေ့ (ဒါနပါရမီ) ကို ဖြည့်ကျင့်ရမည်။ စာမရီသားကောင်သည် မြီးဆံကို အသက်ပေးစောင့်ရှောက်သကဲ့သို့ ကိုယ်ကျင့်တရား (သီလပါရမီ) အတွက် အသက်ပေးရဲရမည်။ နှစ်ရှည်လများ အကျဉ်းကျနေသူသည် လွတ်လမ်းကို ရှာဖွေနေသကဲ့သို့ တောထွက်ခြင်းအလေ့ (နေက္ခမ္မပါရမီ) ရှိရမည်။ ဆွမ်းခံရဟန်းသည် အယုတ်အမြတ်မရွေး၊ အိမ်စဉ်မလပ် ကြွသကဲ့သို့ ပညာရှိမှန်သမျှကို ချဉ်းကပ်၍ ပညာဆည်းပူးလေ့ (ပညာပါရမီ) ရှိရမည်။

ခြင်္သေ့သည် အမြဲတမ်း နိုးကြားတက်ကြွနေသကဲ့သို့ အမြဲတမ်း ကြိုးစားလေ့ (ဝီရိယပါရမီ) ရှိရမည်။ မိမိကို ကောင်းကောင်းမွန်မွန် ဆက်ဆံခံရသောအခါ၊ မထီမဲ့မြင်အပြုခံရသောအခါတို့၌ မြေကြီးကဲ့သို့ ကျင့်ရမည်။ (ခန္တီပါရမီ) သောက်ရှူးကြယ်သည် ဥတုသုံးပါးလုံး သွားမြဲလမ်းက မရွေ့သကဲ့သို့ မှန်သောစကားကိုသာ ပြောဆိုရမည်။ (သစ္စာပါရမီ)၊ လေပြင်းမုန်တိုင်းတို့ကို မမှုသော ကျောက်တောင်ကဲ့သို့ တည်ငြိမ်သူဖြစ်ရမည်။ (အဓိဋ္ဌာနပါရမီ)၊ မေတ္တာတရားကို ရေသည် လူကောင်း၊ လူဆိုးအားလုံးကို အေးမြစေသကဲ့သို့ ကျင့်ရမည်။ (မေတ္တာပါရမီ)၊ မြေကြီးသည် မိမိအပေါ် ဘာပဲပစ်ချပစ်ချ ပစ်ချသူအပေါ် ချစ်ခြင်းမုန်းခြင်း မရှိသကဲ့သို့ ဥပေက္ခာပြုလေ့ရှိရမည်။ (ဥပေက္ခာပါရမီ)

---

၁၂။ စရိယာပိဋကပါဠိတော် (ပါရမီဖြည့်ခန်းများ)

[ပြင်ဆင်ရန်]

ဤကျမ်းကို “လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ပတ်လုံးအတွင်း၌ ပါရမီတို့ကို ဖြည့်ကျင့်ခဲ့၏၊ အကျင့်အားလုံးသည် သမ္မာသမ္ဗောဓိဉာဏ်ကို ရင့်ကျက်စေခဲ့သည်။ လွန်လေပြီးသော ကမ္ဘာတို့ဝယ် ကျင့်ခဲ့သောအကျင့်တို့ကို ချန်ထား၍ ဤဘဒ္ဒကမ္ဘာ၌ ကျင့်ခဲ့သောအကျင့်ကိုသာလျှင် မိန့်ဆိုပေအံ့၊ ငါ၏စကားကို နာလော့” ဟု ကျမ်းကို နိဒါန်းအနေဖြင့် ဖွင့်ထားပြီး (၃၅) ဇာတ်သော ဇာတ်တို့ကို ပြန်လည်ဟောပြတော်မူသည်။ ဤကျမ်း၌ ပါဝင်ဟောပြသော ဇာတ်တော်အားလုံးသည် ‘ဇာတကပါဠိတော်’ ၌ ပါဝင်သော ဇာတ်တော်များပင် ဖြစ်သည်။ သို့သော် ဤကျမ်းပါ ဇာတ်တော်တို့ကို အကျဉ်းချုပ်သဘောဖြင့် အတိုချုံးဟောသောကြောင့် ဇာတကပါဠိတော်၌ ပါသော ဇာတ်တော်များလောက် မရှည်လျားတော့သည်ကိုလည်း တွေ့ရပေမည်။

အကိတ္တိဝဂ်၊ ဟတ္ထိနာဂဝဂ်၊ ယုဓဉ္စယဝဂ်အားဖြင့် သုံးဝဂ်ပါဝင်ပြီး ဒါနပါရမီဆိုင်ရာဇာတ်တော် ၁၀ ဇာတ်၊ သီလပါရမီဆိုင်ရာ ဇာတ်ပေါင်း ၁၀ ဇာတ်၊ နေက္ခမ္မပါရမီဆိုင်ရာ ဇာတ်ပေါင်း ၅ ဇာတ်၊ အဓိဋ္ဌာနပါရမီဆိုင်ရာ ဇာတ်ပေါင်း ၁ ဇာတ်၊ သစ္စာပါရမီဆိုင်ရာ ဇာတ် ၆ ဇာတ်၊ မေတ္တာပါရမီဆိုင်ရာ ဇာတ် ၂ ဇာတ်နှင့် ဥပေက္ခာပါရမီဆိုင်ရာ ဇာတ် ၁ ဇာတ်တို့ ပါဝင်သည်။ ပညာပါရမီ၊ ဝီရိယပါရမီနှင့် ခန္တီပါရမီဆိုင်ရာ ဇာတ်တို့မူ မပါဝင်ကြပေ။ ဤကိစ္စနှင့်ပတ်သက်၍ မြန်မာပြန်၊ ကျမ်းဦးမှတ်ဖွယ်တွင် “အဘယ့်ကြောင့် ဤပါရမီ ၃-ပါးဆိုင်ရာ ဇာတ်တော်များ မပါရှိကြောင်း၊ အဋ္ဌကထာလည်း ဖွင့်ပြမထားခဲ့သဖြင့် အတိအကျသိခွင့်မရှိဟု ဆိုရပေမည်။ ပညာပါရမီ၊ ဝီရိယပါရမီနှင့် ခန္တီပါရမီတော်တို့မှာ ဒါန၊ သီလစသော ပါရမီတော်တို့တွင် မပါလျှင် မပြီး၊ ပါနိုင်သော ပါရမီချည်းပင်ဖြစ်သဖြင့် အထူးဟောတော် မမူခဲ့လေသလောမသိ၊ ဤစရိယာပိဋကပါဠိတော်၌ မပါရှိခဲ့သည်ကိုကား အထူးသတိချပ်၍ မှတ်သားဖွယ်ရာပင် ဖြစ်ပေသည်” ဟု မှာထားသည်။

အလောင်းတော်ဘဝတွင် ပါရမီတို့ကို ရဲရင့်ပြောင်မြောက်စွာ ကျင့်ပုံတို့ကို အထက်ပါ ဇာတ်တော်များအတွင်း လေ့လာနိုင်သည်။ အကိတ္တိရသေ့ဘဝတွင် မိမိစားဖို့ ရှာထားသော ဆီမပါ၊ ဆားမပါသော ကံပြင်းရွက်ဟင်းကို သုံးရက်တိတိ အလှူခံရောက်လာ၍ မိမိမစားဘဲ လှူဒါန်းခဲ့ပုံ၊ သိဝိမင်းဘဝတွင် မျက်စိကို ထုတ်၍ လှူဒါန်းခဲ့ပုံ၊ ဝေဿန္တရာမင်းဘဝတွင် ပြည်သူတို့၏ အငြိုအငြင်ခံရသည်တိုင်အောင် ဆင်ဖြူတော်နှင့် နောက်ဆုံး မိမိသား၊ သမီးများကိုပင် လှူဒါန်းခဲ့ပုံ၊ သသပဏ္ဍိတဇာတ် ယုန်ဘဝတွင် မီးပုံအတွင်း ခုန်ဆင်း၍ မိမိအသားကို လှူဒါန်းခဲ့ပုံတို့ကို ပြဆိုထားသည်။

စူဠဗောဓိဇာတ်တွင် မိမိချစ်လှစွာသော အတူတရား ကျင့်ဖက်ဇနီးကို ဘုရင်က အတင်းအဓမ္မ ခေါ်ဆောင်သွားရာ အမျက်ဒေါသ ထွက်စဉ် ထိုဒေါသကို ထိန်းချုပ်၍ သီလကို ဖြည့်ကျင့်ခဲ့ကြောင်း၊ ကျွဲမင်းဘဝတွင်လည်း မျောက်တစ်ကောင်သည် အမြဲတမ်းလာ၍ မိမိဦးခေါင်းပေါ် တက်ပြီး ကျင်ကြီးကျင်ငယ် စွန့်သည်ကို မည်သို့မျှ မတုံ့ပြန်ဘဲ သီလပါရမီ ဆောက်တည်ခဲ့ပုံ၊ ဆတ်မင်းဘဝတွင် အကြွေးတို့ဖြင့် ဝိုင်းနေသော ယောကျ်ားတစ်ယောက်သည် မိမိကိုယ်ကို အဆုံးစီရင်သည့်အနေဖြင့် မြစ်အတွင်း ခုန်ချရာ သနားစဖွယ် ဟစ်အော်နေသဖြင့် ညကြီးမင်းကြီး မြစ်အတွင်းဆင်းကာ ကယ်တင်ပြီး သီလကျင့်ခဲ့ပုံတို့ကို ပြဆိုထားသည်။ ဤသို့စသည်ဖြင့် လောကဓံများနှင့် ကြုံလာတိုင်း မိမိသည် မခံစားရသည်မဟုတ်၊ ခံစားရသည်။ သို့သော်လည်း မိမိ၏ပုဂ္ဂိုလ်ရေး ခံစားချက်ထက် သတ္တဝါတို့ အကျိုးအတွက် အနစ်နာခံ ဖြည့်ကျင့်ခဲ့ပုံများကို လေ့လာနိုင်သည်။

ကျမ်း၏ နောက်ဆုံးပိုင်းတွင် ပျင်းရိခြင်း၊ ငြင်းခုံခြင်း၊ မေ့မေ့လျော့လျော့နေခြင်းတို့ကို တိုးတက်မှု၏ အန္တရာယ်အဖြစ် လက်ခံပြီး မဂ္ဂင်တရား (၈) ပါးကို တက်တက်ကြွကြွ ကြိုးစားကြရန်နှင့် ညီညွတ်ကြသူများ၊ ပြေပြေလည်လည်ရှိသူများ ဖြစ်ကြဖို့ တိုက်တွန်းပြီး ကျမ်းကို နိဂုံးချုပ်ထားသည်။

---

၁၃။ ဇာတကပါဠိတော် (ဗုဒ္ဓ၏အတိတ်ဘဝဇာတ်ကြောင်းများ)

[ပြင်ဆင်ရန်]

ဤဇာတကပါဠိတော်သည်လည်း ဓမ္မပဒပါဠိတော်ကဲ့သို့ပင် ပါဠိတော်သက်သက် လေ့လာသည်ထက် အဖွင့်ကျမ်း (အဋ္ဌကထာ) နှင့်ပါ တွဲဖက်လေ့လာမှ ပိုမိုပြည့်စုံနိုင်ပေမည်။ ဇာတ်တော်ပေါင်း (၅၄၇) ဇာတ်ကို ဖွင့်ဆိုရာ အဖွင့်ကျမ်းတွင် အတွဲ (၇) တွဲအထိ ရှိသည်။ ဇာတ်တော်များကို ဗုဒ္ဓဘာသာဝင် မိသားစုများတွင် လူကြီးသူမများက ကလေးငယ်များအား စာရိတ္တပြုပြင်ရေးပုံပြင်လက်စွဲအဖြစ် အသုံးပြုလေ့ရှိပြီး “ငါးရာ့ငါးဆယ်၊ နိပါတ်တော်များ” စသည်ဖြင့် ခေါ်ဝေါ်လေ့ရှိသည်။ ဤကျမ်းသည် သာမန်လူများပင် အသိများ နှစ်ခြိုက်သလောက် ပညာရှင်များအနေဖြင့်လည်း စာပေရှုထောင့်မှ ကြည့်လျှင်မူ သုတေသနပြု၍ ကုန်ဖွယ်မရှိသော လေ့လာစရာများနှင့် ပြည့်နှက်နေသည်။ တစ်နည်းအားဖြင့် ယဉ်ကျေးမှု ကြွယ်ဝခဲ့သော အိန္ဒိယနိုင်ငံ၏ စာပေသမိုင်းကြောင်းကို အသံတိတ် ပြောပြနေသကဲ့သို့ ရှိပါသည်။

အဖွင့်ကျမ်းသည် များပြားကျယ်ဝန်းလှသော်လည်း ဖွဲ့စည်းပုံအနေဖြင့်မူ ပုံသေနည်းများ ရှိသည်။
(က) ပစ္စုပ္ပန်ဝတ္ထု (ဇာတ်တော်ကိုဟောရခြင်း၏ နောက်ခံအဖြစ်အပျက်နိဒါန်း)
(ခ) အတိတ်ပြန်ဆောင်ဝတ္ထု (အတိတ်တစ်ချိန်ဘဝက ဘုရားလောင်းပါဝင် ဖြစ်ပျက်ခဲ့ပုံ ဇာတ်စာကိုယ်)
(ဂ) ဇာတ်ပေါင်းခန်း (မည်သူက မည်သူဖြစ်ခဲ့ပုံ နိဂုံးချုပ်) ဤနည်းဖြင့် ဇာတ်တော်များကို ဖွဲ့စည်းဖွင့်ဆိုထားသည်။ ပါဠိတော်ကျမ်းများကို ဖွင့်ဆိုခဲ့သော အဖွင့်ကျမ်းအသီးသီးတွင် ဤဇာတကအဋ္ဌကထာကျမ်းကြီးနှင့် ဓမ္မပဒအဋ္ဌကထာကျမ်းတို့မှာ ဘာသာပြန်ဆိုခြင်းအခံရဆုံးနှင့် လူသိအများဆုံး ကျမ်းများလည်း ဖြစ်သည်။ အချို့ပညာရှင်များက ဇာတ်တော်များသည် ဗုဒ္ဓစာပေအတွက်သာ အကျိုးများသည်မဟုတ်၊ ကမ္ဘာ့စာပေအတွက်ပါ အကျိုးများကြောင်း မှတ်ချက်ပေးကြသည်။ ဇာတ်တော်များအကြောင်းနှင့် ဇာတ်တော်များကို ဟောရခြင်း၏ ရည်ရွယ်ချက်ကို ကောင်းကောင်းသဘောမပေါက်သော အချို့မိုက်မဲသူများက ယုတ္တိယုတ္တာမရှိသော စာပေများအဖြစ် အထင်အမြင်သေးခြင်းသည် များစွာ မိုက်မဲရာကျကြောင်း ကျွန်ုပ်တို့အနေဖြင့်လည်း မှတ်ချက်ပြုရပေမည်။ အဘယ့်ကြောင့်ဆိုသော် ကလေးငယ်များ ဘာသာရေး ကိုင်းရှိုင်းမှုနှင့် ကိုယ်ကျင့်တရား ပြုပြင်ရေးကိစ္စများမှအစ ပိဋကတ်တော်များမှ ခက်ခဲနက်နဲသော သဘောတရားများကို ရှင်းပြရာတွင် ဓမ္မကထိကများ၊ ဗုဒ္ဓစာပေပညာရှင်များကိုယ်တိုင် လက်မလွှတ်နိုင်ကြသေးသောကြောင့် ဖြစ်ပါသည်။

---

၁၄။ နိဒ္ဒေသပါဠိတော် (ရှင်းလင်းညွှန်ပြချက်များ)

[ပြင်ဆင်ရန်]

ဤကျမ်းကို အရှင်သာရိပုတ္တရာမထေရ်က သုတ္တနိပါတပါဠိတော်၌ ပါရှိပြီးသော အဋ္ဌကဝဂ်လာ၊ ကာမသုတ်စသော သုတ်ပေါင်း (၁၆) သုတ်၊ ပါရာယနဝဂ်နှင့် ခဂ္ဂဝိသာဏသုတ်တို့ကို အခြေခံကာ ထပ်မံရှင်းလင်းချက်များဖြင့် ဟောကြားခဲ့သည်။ မူရင်းပါဠိဓမ္မများကို အခြေခံကာ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ပရိယာယ်လှယ်ပုဒ်များ စသည်ဖြင့် ဝေဝေဆာဆာ ဖွင့်ဆိုဟောကြားထားသည်။ ဥပမာ- “ကာမာ” ဟူသော ပုဒ်ကို “ကာမာတိ ဥဒ္ဒါနတော ဒွေကာမာ ဝတ္ထုကာမာစ ကိလေသာကာမာစ”၊ “သမိဇ္ဈတိ” ဟူသော ပုဒ်ကို “သမိဇ္ဈတီတိ ဣဇ္ဈတိ သမိဇ္ဈတိ လဘတိ ပဋိလဘတိ” စသည်ဖြင့် ဟောကြားဖွင့်ဆိုထားသည်။ ပါဠိတော်အဖွင့်ကျမ်းများ (အဋ္ဌကထာကျမ်းများ) ၏ ရှေ့ပြေးကျမ်းဟု ဆိုနိုင်မည်ထင်ပါသည်။ အချို့ပညာရှင်များက အဘိဓာန်ကျမ်းများ၏ အခြေခံအုတ်မြစ်ဖြစ်သည်ဟု တင်စားကြသည်။ ဤကျမ်းကို မဟာနိဒ္ဒေသနှင့် စူဠနိဒ္ဒေသဟူ၍ နှစ်ကျမ်းခွဲ စီစဉ်ထားသည်။ ---

၁၅။ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် (အသေးစိတ်ရှင်းလင်းချက်များ)

[ပြင်ဆင်ရန်]

ဤကျမ်းကိုလည်း အရှင်သာရိပုတ္တရာမထေရ်ပင် ဟောကြားပြီး မဟာဝဂ်၊ ယုဂနဒ္ဓဝဂ်၊ ပညာဝဂ် အားဖြင့် ဝဂ်သုံးဝဂ်ဖြင့် ဖွဲ့စည်းထားပါသည်။ တစ်ဝဂ်လျှင် အပိုင်း (ကထာ) ပေါင်း (၁၀) ပိုင်းစီ ပါဝင်သည်။ အမှန်အားဖြင့် ဤကျမ်းသည် သုတ္တန္တပိဋကတွင် ပါဝင်သော်လည်း ဟောပုံဟောနည်းများသည် သုတ္တန်ဟန်ထက် အဘိဓမ္မာဟန် ပို၍ ပေါက်နေသည်။ သုတ္တန်ဟန်ဖြစ်သော အချို့သော ကထာများ၏ အစတွင် “ဧဝံ မေ သုတံ-ဧကံသမယံ သာဝတ္ထိယံ ဝိဟရတိ” စသည်ဖြင့် နိဒါန်းပျိုးများ ပါဝင်သည်။ ကျမ်း၏ ယေဘုယျသဘောကို ခြုံကြည့်ပါက မူတည်ခံတရားဓမ္မများသည် အဘိဓမ္မာသဘောသဘာဝများဖြစ်သည်ကလွဲလျှင် နိဒ္ဒေသပါဠိတော် နှင့် သဘောသွားတူသည်ဟု ဆိုနိုင်ပါသည်။

  • မဟာဝဂ်တွင် ဉာဏ်၊ အယူ၊ အာနာပါန၊ ဣန္ဒြေ၊ ကိလေသာမှ လွတ်မြောက်မှု၊ ပဋိသန္ဓေနေခြင်း၊ ကံ၊ ဖောက်ပြန်ခြင်းအမျိုးမျိုး၊ မဂ်၊ အကြည်အမျိုးမျိုးများ။
  • ယုဂနဒ္ဓဝဂ်တွင် အစုံတွဲ၍ ပွားများနည်း၊ သစ္စာ၊ ဗောဇ္ဈင်၊ မေတ္တာအကြောင်း၊ တပ်ခြင်းကင်းခြင်း၊ ထိုးထွင်း၍ သိခြင်း၊ ဓမ္မစကြာ၊ လောကုတ္တရာတရား၊ ဗိုလ်ငါးပါး၊ ဆိတ်သုဉ်းခြင်းတရားများ။
  • ပညာဝဂ်တွင် ပညာ၊ တန်ခိုးအမျိုးမျိုး၊ ထိုးထွင်း၍ သိခြင်း၊ ကင်းဆိတ်ခြင်း၊ ဖြစ်ခြင်း၊ ပယ်စွန့်ခြင်း၊ ငြိမ်းအေးခြင်းအလေ့၊ သတိပဋ္ဌာန်တရားလေးပါး၊ ဝိပဿနာ၊ မာတိကာ။

ဤသို့လျှင် ဝဂ်ပေါင်း (၃) ဝဂ်၊ အပိုင်း (ကထာ) ပေါင်း (၃၀) တို့ဖြင့် ဖွဲ့စည်းထားသည်။ အထက်ပါ တရားဓမ္မများအကြောင်းကို အသေးစိတ်ရှင်းလင်းချက်များ၊ အမေး + အဖြေပုံစံများဖြင့် ထုတ်ဖော်ဟောကြားထားပါသည်။ ထို့အပြင် ကျမ်း၏အဆုံးတွင် ဤကျမ်း၏ဂုဏ်ရည်အနေဖြင့် အောက်ပါအတိုင်း ညွှန်းဆိုထားပါသည်။

“အပိုင်းအခြားမရှိ များစွာသောနည်းရှိသော မဂ်တို့၌ ဤကျမ်းသည် နက်နဲ၏၊ သမုဒ္ဒရာလျှင် ဥပမာရှိ၏၊ ကြယ်တာရာတို့ဖြင့် ပွင့်သော ကောင်းကင်နှင့်လည်း တူ၏၊ ဇာတဿရအိုင်ကြီးနှင့်လည်း တူ၏၊ ပို့ချသူ ‘ကထိက’ တို့၏ ဉာဏ်ပြန့်ပြောခြင်းငှာ ဖြစ်၏၊ အားထုတ်သူ ‘ယောဂီ’ တို့၏ ဉာဏ်ကို ထွန်းပြောင်စေတတ်၏”။

---

၁၆+၁၇။ နေတ္တိပါဠိတော်၊ ပေဋကောပဒေသပါဠိတော် (တရားအမှန်နည်းညွှန်ကျမ်းနှင့် ပိဋကတ်ဥပဒေသကျမ်း)

[ပြင်ဆင်ရန်]

ဤနှစ်ကျမ်းသည် အဋ္ဌကထာဆရာ အရှင်မဟာဗုဒ္ဓဃောသ၏ ပါဠိတော်စာရင်းတွင် မပါဝင်သည်ကို တွေ့ရပါသည်။ အဋ္ဌကထာဆရာ အရှင်ဓမ္မပါလ၏ အလိုအရမူ အရှင်မဟာကစ္စာယနမထေရ် ဟောကြား၍ ဘုရားရှင် အနုမောဒနာပြုသောကြောင့် ပါဠိတော်စာရင်းဝင်ပင် ဖြစ်ပါသည်။ ထို့အပြင် ဤကျမ်းတို့ နိဂုံးများတွင် ဟောကြားသူအမည် အတိအလင်းပါဝင်သောကြောင့်လည်းကောင်း၊ နေတ္တိပါဠိတော်၏ နိဂုံးတွင် ‘မူလသင်္ဂီယံ သင်္ဂီတာ’ ဟု ဆိုထားသောကြောင့်လည်းကောင်း ပါဠိတော်စာရင်းတွင် သွင်းယူခြင်းက ပိုမိုသင့်လျော်သည်ဟု ယူဆကြသောကြောင့် ပဉ္စမ နှင့် ဆဋ္ဌသံဂါယနာ များတွင် ပါဠိတော်စာရင်းသွင်းခဲ့ကြဟန်တူသည်။ ဤကျမ်းတို့၏ ရည်ရွယ်ရင်းမှာလည်း နိဒ္ဒေသပါဠိတော်၊ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် တို့ကဲ့သို့ပင် ပိဋကတ်တော်ဆိုင်ရာ တရားဓမ္မများကို ပိုမိုနားလည်စေရေး ဖြစ်ဟန်ရှိပါသည်။

---

၁၈။ မိလိန္ဒပဉှာပါဠိတော် (မိလိန္ဒမင်း၏ ပုစ္ဆာများ)

[ပြင်ဆင်ရန်]

ဤကျမ်းသည်လည်း အရှင်မဟာဗုဒ္ဓဃောသ၏ အလိုအရမူ ပါဠိတော်စာရင်းဝင် မဟုတ်ပေ။ သို့သော် အရှင်မဟာဗုဒ္ဓဃောသသည် သူ၏ အဋ္ဌကထာကျမ်းများ ရေးသားရာတွင် ဤကျမ်းသုံးကျမ်းလုံးမှ အကိုးယူလေ့ရှိသည်ကိုမူ တွေ့ရပေမည်။ အထူးသဖြင့် မိလိန္ဒပဉှာကျမ်း ကို ပိုမိုကိုးကားလေ့ရှိသည်။ ပါဠိတော်စာရင်းဝင်အဖြစ် သတ်မှတ်ထားသော်လည်း ဤကျမ်းသည် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံပြီး နှစ် (၅၀၀) ကျော်မှ ပေါ်ပေါက်ခဲ့သော ကျမ်းဖြစ်သည်။ မိလိန္ဒမင်းကြီးမှ သူမရှင်းလင်းသော ဗုဒ္ဓဝါဒဆိုင်ရာ အယူအဆ မေးခွန်းများကို အရှင်နာဂသေနမထေရ် က ဖြေရှင်းခဲ့ခြင်း ဖြစ်သည်။ နောက်ပေါ်ကျမ်းဖြစ်သော်လည်း ဗုဒ္ဓဝါဒဆိုင်ရာ ခဲရာခဲဆစ်တို့ကို ဖြေရှင်းပြထားသောကြောင့် အများလေးစားခံရသော ကျမ်းဖြစ်သည်။ ဤကျမ်းသည် ပါဠိတော်ကျမ်းများတွင် နောက်ဆုံးပေါ်ကျမ်းဖြစ်သော်လည်း ကျမ်း၏ထည်ဝါမှုအရ ဘာသာရေးစာပေ စိတ်ဝင်စားသူများ အလေးထားဖတ်ရှုခံရလေ့ရှိပြီး မြန်မာနိုင်ငံ စာပေလောကတွင်လည်း ဤကျမ်း၏ ထုတ်နှုတ်ချက်စာအုပ်များကိုလည်း များစွာတွေ့မြင်ရပေမည်။

---

အဘိဓမ္မာပိဋကကျမ်းများ

[ပြင်ဆင်ရန်]

ဤပိဋကတော်သည် ပိဋကအမည်အားဖြင့် အဘိဓမ္မာပိဋက ဟု အမည်ပေါက်သော်လည်း နိကာယ်အနေဖြင့်မူ ခုဒ္ဒကနိကာယ် ဝင်ကျမ်းများပင် ဖြစ်ပါသည်။ အဘိဓမ္မာဆိုင်ရာ ပါဠိတော်ကျမ်းပေါင်း (၇) ကျမ်းရှိပါသည်။ ၎င်းတို့မှာ-

  • ၁။ ဓမ္မသင်္ဂဏီပါဠိတော်
  • ၂။ ဝိဘင်္ဂပါဠိတော်
  • ၃။ ဓာတုကထာပါဠိတော်
  • ၄။ ပုဂ္ဂလပညတ္တိပါဠိတော်
  • ၅။ ကထာဝတ္ထုပါဠိတော်
  • ၆။ ယမကပါဠိတော်
  • ၇။ ပဋ္ဌာနပါဠိတော်

ဝိနယပိဋက၊ သုတ္တန္တပိဋကများနည်းတူ အဘိဓမ္မာပိဋကအတွက် အဘယ်အရပ်၌ ဟောသည်၊ အဘယ်ပုဂ္ဂိုလ်တို့အား ဟောသည် စသော အချက်အလက်တို့ ခိုင်ခိုင်လုံလုံမရှိဟု မှတ်ထင်ကြကာ “အဘိဓမ္မာသည် ဘုရားဟောမဟုတ်” ဟု ယူဆသူများ ရှေးကပင် ရှိခဲ့ကြောင်းကို အဋ္ဌသာလိနီအဋ္ဌကထာ၊ နိဒါနကထာ ဖြေရှင်းချက်များအရ သိရသည်။ ရှေးဆရာတော်ကြီးများသည် “အဘိဓမ္မာသည် ဘုရားဟောဖြစ်ကြောင်း” ကို ပါဠိတော်တိုက်ရိုက် အကိုးအကားအနေဖြင့် အောက်ပါပါဠိတော်ကို ထုတ်ဆောင်ကိုးကားလေ့ရှိကြပါသည်။

၃၁၇။ “ယောကျ်ားမြတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် အကြင်အခါ တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာ အမည်ရှိသော ကျောက်ဖျာ၌ သီတင်းသုံးတော်မူလေသည်။ ၃၁၈။ တစ်သောင်းသော လောကဓာတ်တို့၌ (နေကုန်သော) နတ်၊ ဗြဟ္မာတို့သည် စည်းဝေးကုန်၍ မြင့်မိုရ်တောင်ထိပ်၌ သီတင်းသုံးတော်မူသော မြတ်စွာဘုရားကို ဆည်းကပ်ကြကုန်၏။” (အနုရပေတဝတ္ထု-၁၆၀၊ ပေတဝတ္ထုပါဠိတော်)

“အဘိဓမ္မာပါဠိတော်သည် ဘုရားဟောမဟုတ်ဟု အယူရှိသော ဓမ္မကထိကရဟန်းတစ်ပါးကို ရဟန်းတော်တစ်ပါးက ဝိနယပိဋကကို ကောင်းစွာ မသင်ကြားခဲ့ဘူး၍သာ အဘိဓမ္မာသည် ဘုရားဟောမဟုတ်ဟု ယူဆဟန်တူကြောင်း စသည်တို့ကို မိန့်ဆိုတော်မူကာ (အောက်ပါ) ဝိနည်းပါဠိတော်လာ စကားရပ်များအရ ဘုရားဟောဖြစ်ကြောင်းကို ရှင်းလင်းမြွက်ကြားတော်မူခဲ့ဖူးလေသည်။ အကြင်ရဟန်းသည် ကဲ့ရဲ့လို၍ မဟုတ်ဘဲ “ငါ့ရှင် တိုက်တွန်းပါ၏၊ သင်သည် သုတ္တန်ကိုလည်းကောင်း၊ ဂါထာတို့ကိုလည်းကောင်း၊ အဘိဓမ္မာကိုလည်းကောင်း (ဝိနည်းမှ ရှေးဦးစွာ) သင်ယူပါလော့၊ နောက်၌လည်း ဝိနည်းကို သင်ရပေလတ္တံ့” ဟု ဆိုပါက ထိုရဟန်းအား အာပတ်မသင့်။ (ပါစိတ္တိယပါဠိတော်၊ ၁၈၉) အကြင်ရဟန်းမိန်းမသည် သုတ္တန်ကို မေးမြန်းရန်အခွင့်တောင်းပြီးလျှင် ဝိနည်းကိုဖြစ်စေ၊ အဘိဓမ္မာကိုဖြစ်စေ မေးမြန်း၏၊ ထိုဘိက္ခုနီမအား ပါစိတ်အာပတ်သင့်၏၊ ဝိနည်းကို မေးမြန်းရန် ခွင့်တောင်းပြီးလျှက် သုတ္တန်ကိုဖြစ်စေ၊ အဘိဓမ္မာကိုဖြစ်စေ မေးမြန်းအံ့၊ ပါစိတ်အာပတ်သင့်၏။ (ပါစိတ္တိယပါဠိတော်၊ ၄၆၀)

ထို့အပြင် မဟာဂေါသိင်္ဂသုတ်၊ မူလပဏ္ဏာသပါဠိတော် လာ စကားရပ်တို့ကို ထောက်ဆ၍လည်း သက်သေပြလေ့ရှိသည်။ အဆိုပါ သုတ်တော်တွင် မြတ်စွာဘုရားရှင်က “အဘိဓမ္မာတတ်မြောက်နားလည်သော ရဟန်းတို့သည်သာလျှင် ဓမ္မကထိကအစစ်ဖြစ်ကြောင်း၊ အဘိဓမ္မာ မတတ်မြောက်သော ရဟန်းတို့သည် တရားဟောကုန်သော်လည်း ဓမ္မကထိကအစစ်ဟု မဆိုနိုင်ကြောင်း” မိန့်တော်မူပါသည်။

အထက်ပါ ကျမ်းကိုး၊ အထောက်အထားများကို ထောက်ဆ၍ အဘိဓမ္မာသည် ဘုရားဟောအစစ်ဖြစ်ကြောင်း ခိုင်လုံပြီး ဖြစ်ကြောင်း ဆိုကြပါသည်။

---

၁။ ဓမ္မသင်္ဂဏီပါဠိတော် (သဘာဝဓမ္မများကို အကျဉ်းချုပ်ဟောကြားချက်များ)

[ပြင်ဆင်ရန်]

ဤကျမ်း၌ ဖဿစသော တရားများ၊ ပထဝီစသော တရားများ၏ အနက်အဓိပ္ပာယ်တို့ကို အမျိုးမျိုးသော စကားပရိယာယ်ပုဒ်တို့ဖြင့် ထပ်ဆင့်၍ ဆန်းကြယ်စွာ ဝေဖန်ဖွင့်ပြဟောကြားတော်မူထားပါသည်။ ဤကျမ်း၌ ပရမတ္ထဓမ္မ များကို အကျဉ်းပေါင်းချုပ်၍ ပြသည်ဟုဆိုသော်လည်း အစဉ်အလာသမားရိုးကျ အကျဉ်းပေါင်းချုပ်ခြင်းမျိုးမဟုတ်၊ တိက (သုံးပုဒ်စု)၊ ဒုက (နှစ်ပုဒ်စု) နည်းတို့ဖြင့် အကျဉ်းချုပ်မှုကို ရည်ရွယ်၍သာဆိုခြင်း ဖြစ်ပါသည်။ အဘိဓမ္မာကျမ်းများသည် တစ်ကျမ်းနှင့်တစ်ကျမ်း ဆက်စပ်နေသည့်အတွက် ဤကျမ်းသည် အဘိဓမ္မာကျမ်းများ၏ ပင်ရင်းအကျဆုံးနှင့် အရေးကြီးသောကျမ်းလည်း ဖြစ်ပါသည်။

---

၂။ ဝိဘင်္ဂပါဠိတော် (ခွဲခြမ်းစိတ်ဖြာနည်းဖြင့် အကျယ်တဝင့်ဟောကြားချက်များ)

[ပြင်ဆင်ရန်]

ဤကျမ်းတွင် ခန္ဓာစသော တရားတို့ကို သုတ္တန်နည်း၊ အဘိဓမ္မာနည်း၊ အမေး + အဖြေနည်းတို့ဖြင့် အကျယ်တဝင့် ဟောကြားထားပါသည်။ အမှန်အားဖြင့် ဝိဘင်္ဂပါဠိတော် သည် ဓမ္မသင်္ဂဏီပါဠိတော် ၌ ဟောအပ်ပြီးသော တရားများကိုပင် ထပ်မံ၍ အကျယ်ချဲ့ကာ ခွဲခြမ်းစိတ်ဖြာ ဟောကြားခြင်းဖြစ်သည်။ ခန္ဓဝိဘင်း၊ အာယတနဝိဘင်း စသောအားဖြင့် ကဏ္ဍ (၁၈) ပိုင်းဖြင့် ခွဲခြမ်းဟောကြားထားပါသည်။

---

၃။ ဓာတုကထာပါဠိတော် (ဓာတ်သဘောတို့ဖြင့် ဟောကြားချက်များ)

[ပြင်ဆင်ရန်]

ဤကျမ်းတွင် ခန္ဓာအစ၊ အရဏအဆုံးရှိသော ဓာတ်တရားတို့ကို ပိုင်းခြား၍ ဟောကြားထားပါသည်။ “သင်္ဂဟော အသင်္ဂဟော” စသည်ဖြင့် (၁၄) ပါးသာနယတို့ကို အခြေခံကာ အမေး + အဖြေပုံစံဖြင့် ဟောကြားထားပါသည်။ ရဟန်းတော်များ ပညာရေးလောကတွင် နားလည်ရန် ခက်ခဲသောကျမ်းများရှိရာ “ကျမ်းကြီးပဋ္ဌာန်း၊ ကျမ်းငယ်ဆန်း၊ ကျမ်းလတ်ဓာတုကထာ” ဟု ပြောစမှတ်ရှိကြပါသည်။ “ကျမ်းလတ်ဓာတုကထာ” ဆိုသည်မှာ ဤ ဓာတုကထာပါဠိတော် ကို ဆိုခြင်း ဖြစ်ပါသည်။

---

၄။ ပုဂ္ဂလပညတ္တိပါဠိတော် (ပုဂ္ဂိုလ်အမျိုးမျိုးဖြင့် ဟောကြားချက်များ)

[ပြင်ဆင်ရန်]

ဓမ္မသင်္ဂဏီပါဠိတော် စသော ကျမ်းတို့၌ ခန္ဓာစသော တရားတို့ကို ဟောကြားတော်မူပြီး ဖြစ်သော်လည်း ပုဂ္ဂိုလ်များအကြောင်းကို အကျယ်တဝင့် ဟောကြားတော်မမူသေးချေ။ ထို့ကြောင့် ဤကျမ်း၌ အကျယ်တဝင့် ဟောကြားတော်မူလေသည်။ ရှေ့လေးကျမ်းဖြင့် သဘာဝဓမ္မတို့ကို သူ့နည်းသူ့ဟန်ဖြင့် ဟောကြားတော်မူခဲ့ပြီး ဖြစ်ပေသည်။ သို့သော် ဤသို့ ဟောကြားချက်များသည်လည်း လောကဝေါဟာရအသုံးအနှုန်းဖြစ်သော ပညတ် သဘောများနှင့် ကင်းနိုင်မည်မဟုတ်ချေ။ ထို့အပြင် လောကီဘုံအတွင်း၌ ဟောကြားခြင်းဖြစ်သဖြင့်လည်း ပုဂ္ဂိုလ်၊ သတ္တဝါတို့နှင့် မကင်းစကောင်းပေ။ သတ္တဝါဟု ပညတ်အပ်သော ပုဂ္ဂိုလ်တို့သည်လည်း စင်စစ် ပရမတ္ထဓမ္မ ဖြစ်သော ရုပ်နာမ်တို့နှင့် မကင်းနိုင်ချေ။ ထိုကဲ့သို့သော အခြေအနေများကြောင့် ပုဂ္ဂိုလ်သတ္တဝါတို့၏ အမျိုးအစား၊ အဆင့်အတန်း၊ အခြေအနေ စသည်တို့ကို ဝေဖန်ရန်လိုနေခြင်းကိစ္စကို ဖြည့်စွက်ပြည့်စုံရန်အတွက် ဤကျမ်းကို ဟောရခြင်း ဖြစ်ပါသည်။

ပုဂ္ဂိုလ်အမျိုးအစားတို့ကို ထုတ်ပြရာတွင် ပုဂ္ဂိုလ်တစ်ဦးအမည် (ဧကပုဂ္ဂလပညတ္တိ) မှ ပုဂ္ဂိုလ်ဆယ်ဦးအမည် (ဒသကပုဂ္ဂလပညတ္တိ) အထိ စဉ်ထားပြီး ကျမ်း၏ဟန်မှာ အဘိဓမ္မာ၏ ထုံးစံအတိုင်း အမေး + အဖြေပုံစံဖြင့် ဖွဲ့စည်းထားပါသည်။ အခြားအဘိဓမ္မာကျမ်းများနှင့် နှိုင်းယှဉ်ကြည့်လျှင် ဤကျမ်းသည် သုတ္တန်ကျမ်းများနှင့် အသွင်သဏ္ဍာန် အနည်းငယ်တူညီပါသည်။ ထူးခြားချက်အနေဖြင့် ဤကျမ်းကို ဟောကြားရာတွင် ဥပမာများကို မကြာခဏ ထည့်သွင်းဟောကြားချက်များ ပါရှိခြင်း ဖြစ်ပါသည်။ ဥပမာအနေဖြင့် “မစင်၊ ပန်း၊ ပျားနှင့်တူသော စကားရှိသော ပုဂ္ဂိုလ်၊ အိုင်းအမာ၊ လျှပ်စစ်၊ မိုးကြိုးနှင့်တူသော စိတ်ရှိသော ပုဂ္ဂိုလ်၊ မိုးတိမ်၊ ကြွက်၊ သရက်သီး၊ အိုး၊ ရေအိုင်၊ နွား၊ မြွေ၊ သစ်ပင်၊ စစ်သည်တော်နှင့်တူသော ပုဂ္ဂိုလ်” စသည်ဖြင့် နှိုင်းယှဉ်ဟောကြားချက်များမှာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။

“ကမ္ဘာကို တည်စေနိုင်သော ‘ဌိတိကပ္ပီပုဂ္ဂိုလ်’ ဟူသည် အဘယ်နည်း? သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုဖို့ရန် ကျင့်ခိုက်လည်းဖြစ်၏၊ ကမ္ဘာသည် မီးလောင်တော့မည့်အချိန်လည်း ဖြစ်၏၊ သောတာပတ္တိဖိုလ်ကို မျက်မှောက်မပြုနိုင်သေးသမျှ ကာလအတွင်း မီးမလောင်နိုင်၊ ဤပုဂ္ဂိုလ်ကို ကမ္ဘာကို တည်စေနိုင်သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ ထို့အတူ မဂ်နှင့်ပြည့်စုံသော ပုဂ္ဂိုလ်အားလုံးလည်း ကမ္ဘာကို တည်စေနိုင်သော ပုဂ္ဂိုလ်တို့ဟူ၍ ဆိုအပ်၏။”

---

၅။ ကထာဝတ္ထုပါဠိတော် (ဝါဒရေးရာဖြေရှင်းချက်များ)

[ပြင်ဆင်ရန်]

ဤကျမ်းကို ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်း (၂၁၈) နှစ်၊ အသောကမင်းကြီးလက်ထက်၊ တတိယသံဂါယနာ ခေတ်ရောက်သောအခါမှ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ် က ဟောကြားခဲ့ခြင်း ဖြစ်သည်။ တတိယသံဂါယနာပွဲတွင် မထေရ်မြတ်နှင့် အသောကမင်းကြီးတို့ တိုင်ပင်ပြီး ထေရဝါဒဗုဒ္ဓသာသနာတော်နှင့် အရောရောအနှောနှောဖြစ်နေသော အယူအဆအမှားများကို သန့်စင်ရေးကိစ္စသည် ဤကျမ်းဖြစ်ပေါ်လာရခြင်း၏ အကြောင်းရင်းပင် ဖြစ်ပေသည်။ ဤကျမ်းကို နောက်ပေါ်ကျမ်းဖြစ်ခြင်းကြောင့် အဘိဓမ္မာပိဋကတွင် မထည့်သွင်းသင့်ကြောင်း အငြင်းပွားဖူးကြသည်ဟု ဆိုပါသည်။ သို့သော် မထေရ်သည် မိမိအာဘော်ဖြင့် ဟောခြင်းမဟုတ်ဘဲ မြတ်ဗုဒ္ဓ ထားတော်မူခဲ့သည့် မာတိကာ ကို အခြေခံကာ ဟောတော်မူခြင်းဖြစ်သည်။ ထို့အပြင် ဤကျမ်းကို ဟောလိမ့်မည်ဖြစ်ကြောင်း မြတ်ဗုဒ္ဓ၏ စကားရှိခဲ့သည်ဟုလည်း ဆိုပါသည်။ ထိုအကြောင်းပြချက်နှစ်ချက်ကြောင့် ယခုအချိန်အထိ အဘိဓမ္မာပိဋက စာရင်းဝင်ကျမ်းအဖြစ် လက်ခံထားကြဆဲ ရှိပါသည်။

မည်သို့ပင်ဖြစ်စေ ဤကျမ်းသည် ဗုဒ္ဓသာသနာတော်အတွင်း ပေါ်ပေါက်ခဲ့သော အယူအဆအမှားများ၊ ဂိုဏ်းကွဲများ သမိုင်းကြောင်းနှင့် ပတ်သက်လျှင် တန်ဖိုးဖြတ်မရသော ကျမ်းတစ်ကျမ်း ဖြစ်ပါသည်။ ဤကျမ်းကို အဖွင့်ကျမ်း (အဋ္ဌကထာ) နှင့် တွဲဖက်လေ့လာလျှင် ပိုမိုပြည့်စုံနိုင်ပါမည်။ အချို့ပညာရှင်များက ဂိုဏ်းကွဲများနှင့် ပတ်သက်လျှင် ဤကျမ်းကို တိဗက်၊ တရုတ်မှတ်တမ်းများနှင့် ပေါင်းစပ်လေ့လာပါက ပိုမိုတန်ဖိုးရှိကြောင်း မှတ်ချက်ပေးကြပါသည်။

---

၆။ ယမကပါဠိတော် (စုံတွဲနည်းတို့ဖြင့် ဟောကြားချက်များ)

[ပြင်ဆင်ရန်]

ဤကျမ်းတွင် မေးခွန်းအားလုံးကို နှစ်နည်းလှည့်မေး၍ နှစ်နည်းလှည့်ဖြေထားသည့်အတွက် အစုံ (ယမက) ဟူသော အမည်ကို ရခြင်းဖြစ်သည်။ ဥပမာ- (က) ကုသိုလ်မည်သော တရားအားလုံးသည် ကုသိုလ်မူလမည်သလော? (အမေးအားလျော်စွာ ဖြေ) (ခ) ကုသိုလ်မူလမည်သော တရားအားလုံးသည် ကုသိုလ်မည်သလော? (အမေးအားလျော်စွာ ဖြေ) ယင်း ယမကပါဠိတော် ကျမ်း၌-

  • ၁။ မူလယမိုက်
  • ၂။ ခန္ဓယမိုက်
  • ၃။ အာယတနယမိုက်
  • ၄။ ဓာတုယမိုက်
  • ၅။ သစ္စယမိုက်
  • ၆။ သင်္ခါရယမိုက်
  • ၇။ အနုသယယမိုက်
  • ၈။ စိတ္တယမိုက်
  • ၉။ ဓမ္မယမိုက်
  • ၁၀။ ဣန္ဒြိယယမိုက်

ဟူ၍ ယမက (၁၀) မျိုးဖြင့် ခွဲခြမ်းစိတ်ဖြာ၍ ဟောတော်မူသည်။ ဤယမက (၁၀) မျိုးမှ အခြားသော တရားဓမ္မများသည်လည်း ယမက ဖြစ်သင့်သေးလျှက် အဘယ့်ကြောင့် ထည့်သွင်းဟောတော်မမူပါသနည်း? စသော မေးခွန်းများကို မစ္စရိုက်ဒေးဗစ် (လန်ဒန်ပါဠိဒေဝီ) မှ လယ်တီဆရာတော်အား မေးလျှောက်ခဲ့၍ ဆရာတော်မှ ဖြေဆိုခဲ့ရဖူးသည်။

---

၇။ ပဋ္ဌာနပါဠိတော် (အကြောင်းအမျိုးမျိုးဆက်တို့ဖြင့် ဟောကြားချက်များ)

[ပြင်ဆင်ရန်]

ဤကျမ်းတွင် ရုပ်အချင်းချင်း၊ နာမ်အချင်းချင်း၊ ရုပ်နှင့်နာမ်တို့၏ ဆက်သွယ်ပုံတို့ကို မူလဇစ်မြစ်အကြောင်းရင်းအဖြစ်ဖြင့် ဆက်သွယ်ကျေးဇူးပြုပုံ (ဟေတုပစ္စယော)၊ အာရုံ + အာရမ္မဏိကအဖြစ်ဖြင့် ဆက်သွယ်ကျေးဇူးပြုပုံ (အာရမ္မဏပစ္စယော) စသည်ဖြင့် (၂၄) မျိုးသော အကြောင်းဆက်တို့ဖြင့် ဝေဖန်ဟောကြားတော်မူထားပါသည်။ မြတ်ဗုဒ္ဓသည် ဘုရားအဖြစ်သို့ ရောက်ပြီးစအချိန်တွင် အဘိဓမ္မာ (၇) ကျမ်းကို သုံးသပ်ဆင်ခြင်ရာ ရှေ့ပိုင်းကျမ်းများတွင် ခန္ဓာကိုယ်တော်မှ ရောင်ခြည်တော်များ ထွက်တော်မမူဘဲ ဤ ပဋ္ဌာန်းကျမ်းကြီး ရောက်သောအခါမှသာ ရောင်ခြည်တော်များ ထွက်ခဲ့သည်ဟု အဆိုရှိပါသည်။

(ယခုခေတ်တွင် အဘိဓမ္မာဆိုင်ရာကျမ်းတို့ကို လေ့လာထိန်းသိမ်းမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် ထိပ်တန်းနေရာတွင် ရှိပါသည်။ ပုဂံခေတ်မှ စတင်၍ ခေတ်အဆက်ဆက် လေ့လာခဲ့ကြရာ ကုန်းဘောင်ခေတ်ဦးမှ စတင်ကာ နောက်ပိုင်းခေတ်များတွင် ပိုမိုအားကောင်းခဲ့သည်။ ကုန်းဘောင်ခေတ်ဦးပိုင်းမှစ၍ ပြုစုခဲ့ကြသော အဘိဓမ္မာဆိုင်ရာ အထွေထွေကျမ်းပေါင်း (၃၃၃) ကျမ်းကျော်ရှိကြောင်း သိရသည်။ အဘိဓမ္မာလေ့လာမှုနှင့်ပတ်သက်လာလျှင် မြန်မာနိုင်ငံသည် နိုင်ငံတကာမှ လေးစားရသောဌာနဖြစ်ကြောင်းကို အသိအမှတ်ပြုထားကြလေသည်။)

---

ပါဠိတော်ကျမ်းများနောက် ပေါ်ပေါက်ခဲ့သော အဖွင့်ကျမ်းအမျိုးမျိုး

[ပြင်ဆင်ရန်]

ထုံးစံအတိုင်း မူရင်းကျမ်းထက် အဖွင့်ကျမ်းတို့က ပိုမိုများပြားလေ့ရှိရာ ကျွန်ုပ်တို့၏ ဗုဒ္ဓစာပေတွင်လည်း အဖွင့်ကျမ်းများသည် အရေအတွက်ရော၊ အမျိုးအစားပါ များပြားလှကြောင်း တွေ့ရပေမည်။ အဖွင့်ကျမ်းအမျိုးအစားများမှာ အဋ္ဌကထာ၊ ဋီကာ၊ အနုဋီကာ၊ မဓု စသည်ဖြင့် များပြားလှသော်လည်း အရေးကြီးဆုံးနှင့် အလေးစားခံရဆုံး အမျိုးအစားများမှာ အဋ္ဌကထာ နှင့် ဋီကာကျမ်း တို့ဖြစ်သည်။ အဋ္ဌကထာ ဟူသည်မှာ မူရင်းပါဠိတော်များကို နားလည်ရန်အတွက် ဖွင့်ပြထားသောကျမ်းအမျိုးအစား ဖြစ်၍ ဋီကာ ဟူသည်မှာ အဋ္ဌကထာအဖွင့်ကျမ်းများကိုပင် လိုအပ်၍ ဆက်လက်ဖွင့်ပြသော ကျမ်းအမျိုးအစား ဖြစ်ပါသည်။ အဋ္ဌကထာကျမ်းကို ဖွင့်ပြသောကျမ်းဖြစ်သော်လည်း မူရင်းရည်ရွယ်ချက်မှာ ပါဠိတော်ကိုပင် နားလည်ရေး ရည်ရွယ်ချက်ဖြစ်သဖြင့် ပါဠိတော်၏ အဖွင့်ကျမ်းဟုသာ ဆိုမည်ဆိုနိုင်သည်။

အဖွင့်ကျမ်းအမျိုးမျိုးတို့တွင် ဦးဆုံး ပေါ်ပေါက်လာသော အဖွင့်ကျမ်းအမျိုးအစားမှာ အဋ္ဌကထာကျမ်း တို့ ဖြစ်လေသည်။ အဖွင့်ကျမ်းများသည် ရှေးယခင်ကပင် ရှိခဲ့သော်လည်း မြိုင်မြိုင်ဆိုင်ဆိုင်နှင့် များများစားစား ပေါ်ပေါက်ခဲ့သောကာလမှာ အေဒီ ၅ ရာစု နှင့် နှောင်းပိုင်းကာလတို့ ဖြစ်သည်။ အဆိုပါရာစုများတွင် အဖွင့်ကျမ်းဆရာကြီးများ ပေါ်ပေါက်ခဲ့ပြီး ယနေ့အချိန်အထိ မထေရ်ကြီးတို့၏ စာပေလက်ရာများ၊ အရှိန်အဝါများကို တန်ဖိုးထားခံနေရဆဲ ရှိပါသည်။ ထင်ရှားသော အဖွင့်ကျမ်းဆရာကြီးအချို့မှာ-

  • ၁။ အရှင်မဟာဗုဒ္ဓဃောသ (အေဒီ ၅ ရာစု)
  • ၂။ အရှင်ဗုဒ္ဓဒတ္တ (အေဒီ ၅ ရာစု)
  • ၃။ အာစရိယဓမ္မပါလ (အေဒီ ၆ ရာစုနှောင်းပိုင်း)
  • ၄။ အရှင်အာနန္ဒာ (အေဒီ ၇ ရာစုနောက်ပိုင်း)
  • ၅။ အရှင်သာရိပုတ္တရာ (အေဒီ ၁၂ ရာစုနှောင်းပိုင်း)

စသူတို့ ဖြစ်သည်။

ဤအဖွင့်ကျမ်းဆရာကြီးများနှင့် ပတ်သက်၍ ထူးခြားချက်တစ်ခုမှာ ထင်ရှားသော အဖွင့်ကျမ်းဆရာကြီးအများစုသည် အိန္ဒိယနိုင်ငံသားများဖြစ်ပြီး သီဟိုဠ်ကျွန်း၌ အဖွင့်ကျမ်းများ ရေးသားခြင်း (သို့မဟုတ်) သီဟိုဠ်ကျွန်း၌ ပညာများလေ့လာသင်ကြား ပတ်သက်ခဲ့ကြခြင်းတို့ ဖြစ်သည်။ ထိုခေတ်များတွင် ထေရဝါဒပိဋကတ်စာပေသည် အိန္ဒိယနိုင်ငံထက် သီဟိုဠ်ကျွန်းက ပိုမိုပြည့်စုံခြင်းကြောင့်ဟု ဆိုပါသည်။ မည်သို့ပင်ဆိုစေ အဆိုပါဆရာကြီးများ၏ စာပေလက်ရာများကြောင့် ထေရဝါဒမီးရှူးတိုင်သည် ပိုမိုထွန်းလင်းခဲ့သည်ဟု ဆိုနိုင်သည်။

မြန်မာနိုင်ငံ၊ ဆဋ္ဌသံဂါယနာမူအရ အဋ္ဌကထာအဖွင့်ကျမ်းပေါင်း (၅၁) ကျမ်းနှင့် ဋီကာအဖွင့်ကျမ်းပေါင်း (၂၆) ကျမ်း ရှိပါသည်။ ထိုဆဋ္ဌမူမှ အခြားသော အဖွင့်ကျမ်းပေါင်း မြောက်များစွာလည်း ရှိပါသေးသည်။ အဖွင့်ကျမ်းများ၏ သဘောသဘာဝနှင့် လိုအပ်ချက်ကို ကောင်းစွာနားမလည်သူ အချို့က မေးခွန်းအမျိုးမျိုးထုတ်လေ့ရှိသော်လည်း ဗုဒ္ဓစာပေပညာရှင်အများစုက အောက်ပါအတိုင်း မှတ်ချက်ပေး လက်ခံလေ့ရှိသည်။ “အဖွင့်ကျမ်းများကို မေ့ထားလျှင် ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် အဘိဓမ္မာလမ်းကြောင်းဆိုင်ရာ အဖြစ်အပျက်မှန် မြင်ကွင်းအချက်အလက်များကို ဆုံးရှုံးခံရမည်ဖြစ်ကြောင်း၊ ဓမ္မဆိုင်ရာ ရှင်းလင်းပုံရှင်းလင်းနည်းများအနက် တစ်ခုခုကို လက်လွှတ်ဆုံးရှုံးရမည်ဖြစ်ကြောင်း၊ အဖွင့်ကျမ်းများမှတစ်ဆင့် ရှေးခေတ်အိန္ဒိယ၊ သီဟိုဠ်နိုင်ငံတို့၏ လူမှုရေး၊ ဘာသာရေး၊ သမိုင်း၊ ဒဿန ထင်ဟပ်ချက်တို့ကို တွေ့မြင်ရမည်ဖြစ်ကြောင်း” စသည်ဖြင့် သတိပေးလေ့ရှိပါသည်။

ပါဠိတော်ကျမ်းများစာရင်း

[ပြင်ဆင်ရန်]
စဉ် ကျမ်းအမည် ပိဋက နိကာယ် သင်္ကေတ
:---- :------------ :------------ :------------ :------------
၁။ ပါရာဇိကကဏ္ဍပါဠိ ဝိနယပိဋက ခုဒ္ဒကနိကာယ် ဝိ၊၁
၂။ ပါစိတ္တိယပါဠိ ဝိနယပိဋက ခုဒ္ဒကနိကာယ် ဝိ၊၂
၃။ မဟာဝဂ္ဂပါဠိ ဝိနယပိဋက ခုဒ္ဒကနိကာယ် ဝိ၊၃
၄။ စူဠဝဂ္ဂပါဠိ ဝိနယပိဋက ခုဒ္ဒကနိကာယ် ဝိ၊၄
၅။ ပရိဝါရပါဠိ ဝိနယပိဋက ခုဒ္ဒကနိကာယ် ဝိ၊၅
၆။ သီလက္ခန္ဓဝဂ္ဂပါဠိ သုတ္တန္တပိဋက ဒီဃနိကာယ် ဒီ၊၁
၇။ မဟာဝဂ္ဂပါဠိ သုတ္တန္တပိဋက ဒီဃနိကာယ် ဒီ၊၂
၈။ ပါထိကဝဂ္ဂပါဠိ သုတ္တန္တပိဋက ဒီဃနိကာယ် ဒီ၊၃
၉။ မူလပဏ္ဏာသပါဠိ သုတ္တန္တပိဋက မဇ္ဈိမနိကာယ မ၊၁
၁၀။ မဇ္ဈိမပဏ္ဏာသပါဠိ သုတ္တန္တပိဋက မဇ္ဈိမနိကာယ မ၊၂
၁၁။ ဥပရိပဏ္ဏာသပါဠိ သုတ္တန္တပိဋက မဇ္ဈိမနိကာယ မ၊၃
၁၂။ သဂါထာဝဂ္ဂသံယုဂ်ပါဠိ သုတ္တန္တပိဋက သံယုတ္တနိကာယ သံ၊၁
၁၃။ ခန္ဓဝဂ္ဂ၊ နိဒါနဝဂ္ဂသံယုဂ်ပါဠိ သုတ္တန္တပိဋက သံယုတ္တနိကာယ သံ၊၂
၁၄။ သဠာယတနဝဂ္ဂ၊ မဟာဝဂ္ဂသံယုဂ်ပါဠိ သုတ္တန္တပိဋက သံယုတ္တနိကာယ သံ၊၃
၁၅။ အင်္ဂုတ္တရပါဠိ (ပ) သုတ္တန္တပိဋက အင်္ဂုတ္တရနိကာယ အံ၊၁
၁၆။ အင်္ဂုတ္တရပါဠိ (ဒု) သုတ္တန္တပိဋက အင်္ဂုတ္တရနိကာယ အံ၊၂
၁၇။ အင်္ဂုတ္တရပါဠိ (တ) သုတ္တန္တပိဋက အင်္ဂုတ္တရနိကာယ အံ၊၃
၁၈။ ခုဒ္ဒကပါဠိ သုတ္တန္တပိဋက ခုဒ္ဒကနိကာယ ခုဒ္ဒက
၁၈။ ဓမ္မပဒပါဠိ သုတ္တန္တပိဋက ခုဒ္ဒကနိကာယ ဓမ္မပဒ
၁၈။ ဥဒါနပါဠိ သုတ္တန္တပိဋက ခုဒ္ဒကနိကာယ ဥဒါန
၁၈။ ဣတိဝုတ္တကပါဠိ သုတ္တန္တပိဋက ခုဒ္ဒကနိကာယ ဣတိဝုတ္တက
၁၈။ သုတ္တနိပါတပါဠိ သုတ္တန္တပိဋက ခုဒ္ဒကနိကာယ သုတ္တနိ
၁၉။ ဝိမာနဝတ္ထုပါဠိ သုတ္တန္တပိဋက ခုဒ္ဒကနိကာယ ဝိမာန
၁၉။ ပေတဝတ္ထုပါဠိ သုတ္တန္တပိဋက ခုဒ္ဒကနိကာယ ပေတ
၁၉။ ထေရဂါထာပါဠိ သုတ္တန္တပိဋက ခုဒ္ဒကနိကာယ ထေရ
၁၉။ ထေရီဂါထာပါဠိ သုတ္တန္တပိဋက ခုဒ္ဒကနိကာယ ထေရီ
၂၀။ အပဒါနပါဠိ (ပ) သုတ္တန္တပိဋက ခုဒ္ဒကနိကာယ အပ၊၁
၂၁။ အပဒါနပါဠိ (ဒု) သုတ္တန္တပိဋက ခုဒ္ဒကနိကာယ အပ၊၂
၂၁။ ဗုဒ္ဓဝံသပါဠိ သုတ္တန္တပိဋက ခုဒ္ဒကနိကာယ ဗုဒ္ဓဝံသ
၂၁။ စရိယာပိဋကပါဠိ သုတ္တန္တပိဋက ခုဒ္ဒကနိကာယ စရိယာ
၂၂။ မဟာနိဒ္ဒေသပါဠိ သုတ္တန္တပိဋက ခုဒ္ဒကနိကာယ မဟာနိ
၂၃။ စူဠနိဒ္ဒေသပါဠိ သုတ္တန္တပိဋက ခုဒ္ဒကနိကာယ စူဠနိ
၂၄။ ဇာတကပါဠိ (ပ) သုတ္တန္တပိဋက ခုဒ္ဒကနိကာယ ဇာ၊၁
၂၅။ ဇာတကပါဠိ (ဒု) သုတ္တန္တပိဋက ခုဒ္ဒကနိကာယ ဇာ၊၂
၂၆။ ပဋိသမ္ဘိဒါမဂ္ဂပါဠိ သုတ္တန္တပိဋက ခုဒ္ဒကနိကာယ ပဋိသံ
၂၇။ နေတ္တိပါဠိ သုတ္တန္တပိဋက ခုဒ္ဒကနိကာယ နေတ္တိ
၂၇။ ပေဋကောပဒေသပါဠိ သုတ္တန္တပိဋက ခုဒ္ဒကနိကာယ ပေဋကော
၂၈။ မိလိန္ဒပဉှာပါဠိ သုတ္တန္တပိဋက ခုဒ္ဒကနိကာယ မိလိန္ဒ
၂၉။ ဓမ္မသင်္ဂဏီပါဠိ အဘိဓမ္မပိဋက အဘိ၊ဓ
၃၀။ ဝိဘင်္ဂပါဠိ အဘိဓမ္မပိဋက အဘိ၊ဝိ
၃၁။ ဓာတုကထာပါဠိ အဘိဓမ္မပိဋက ဓာတုကထာ
၃၁။ ပုဂ္ဂလပညတ္တိပါဠိ အဘိဓမ္မပိဋက အဘိ၊ပု
၃၂။ ကထာဝတ္ထုပါဠိ အဘိဓမ္မပိဋက အဘိ၊က
၃၃။ ယမကပါဠိ (ပ) အဘိဓမ္မပိဋက ယမက၊၁
၃၄။ ယမကပါဠိ (ဒု) အဘိဓမ္မပိဋက ယမက၊၂
၃၅။ ယမကပါဠိ (တ) အဘိဓမ္မပိဋက ယမက၊၃
၃၆။ ပဋ္ဌာနပါဠိ (ပ) အဘိဓမ္မပိဋက ပဋ္ဌာန၊၁
၃၇။ ပဋ္ဌာနပါဠိ (ဒု) အဘိဓမ္မပိဋက ပဋ္ဌာန၊၂
၃၈။ ပဋ္ဌာနပါဠိ (တ) အဘိဓမ္မပိဋက ပဋ္ဌာန၊၃
၃၉။ ပဋ္ဌာနပါဠိ (စ) အဘိဓမ္မပိဋက ပဋ္ဌာန၊၄
၄၀။ ပဋ္ဌာနပါဠိ (မ) အဘိဓမ္မပိဋက ပဋ္ဌာန၊၅

အဋ္ဌကထာအဖွင့်ကျမ်းများစာရင်း

[ပြင်ဆင်ရန်]
စဉ် ကျမ်းအမည် ကျမ်းပြုဆရာ သင်္ကေတ
၁။ ပါရာဇိကဏ်အဋ္ဌကထာ (သမန္တပါသာဒိကာအဋ္ဌကထာ) အရှင်မဟာဗုဒ္ဓဃောသ ဝိ၊ဋ္ဌ၊၁
၂။ ပါစိတျာဒိ အဋ္ဌကထာ (သမန္တပါသာဒိကာအဋ္ဌကထာ) အရှင်မဟာဗုဒ္ဓဃောသ ဝိ၊ဋ္ဌ၊၂
၃။ စူဠဝဂ္ဂါဒိအဋ္ဌကထာ (သမန္တပါသာဒိကာအဋ္ဌကထာ) အရှင်မဟာဗုဒ္ဓဃောသ ဝိ၊ဋ္ဌ၊၃
၄။ ပါတိမောက်အဋ္ဌကထာ (ကင်္ခါဝိတရဏီအဋ္ဌကထာ) အရှင်မဟာဗုဒ္ဓဃောသ ကင်္ခါ၊ဋ္ဌ
၅။ ဝိနယသင်္ဂဟ အဋ္ဌကထာ (ပါဠိမုတ္တကဝိနိစ္ဆယသင်္ဂဟအဋ္ဌကထာ) အရှင်သာရိပုတ္တရာ ဝိ၊သင်္ဂဟ
၆။ သီလက္ခန်အဋ္ဌကထာ (သုမင်္ဂလဝိလာသိနီအဋ္ဌကထာ) အရှင်မဟာဗုဒ္ဓဃောသ ဒီ၊ဋ္ဌ၊၁
၇။ မဟာဝဂ္ဂအဋ္ဌကထာ (သုမင်္ဂလဝိလာသိနီအဋ္ဌကထာ) အရှင်မဟာဗုဒ္ဓဃောသ ဒီ၊ဋ္ဌ၊၂
၈။ ပါထိကအဋ္ဌကထာ (သုမင်္ဂလဝိလာသိနီအဋ္ဌကထာ) အရှင်မဟာဗုဒ္ဓဃောသ ဒီ၊ဋ္ဌ၊၃
၉။ မူလပဏ္ဏသအဋ္ဌကထာ (ပ) (ပပဉ္စသူဒနီအဋ္ဌကထာ) အရှင်မဟာဗုဒ္ဓဃောသ မဋ္ဌ၊၁
၁၀။ မူလပဏ္ဏသအဋ္ဌကထာ (ဒု) (ပပဉ္စသူဒနီအဋ္ဌကထာ) အရှင်မဟာဗုဒ္ဓဃောသ မဋ္ဌ၊၂
၁၁။ မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ (ပပဉ္စသူဒနီအဋ္ဌကထာ) အရှင်မဟာဗုဒ္ဓဃောသ မဋ္ဌ၊၃
၁၂။ ဥပရိပဏ္ဏာသအဋ္ဌကထာ (ပပဉ္စသူဒနီအဋ္ဌကထာ) အရှင်မဟာဗုဒ္ဓဃောသ မဋ္ဌ၊၄
၁၃။ သံယုဂ်အဋ္ဌကထာ (ပ) (သာရတ္ထပ္ပကာသနီအဋ္ဌကထာ) အရှင်မဟာဗုဒ္ဓဃောသ သံ၊ဋ္ဌ၊၁
၁၄။ သံယုဂ်အဋ္ဌကထာ (ဒု) (သာရတ္ထပ္ပကာသနီအဋ္ဌကထာ) အရှင်မဟာဗုဒ္ဓဃောသ သံ၊ဋ္ဌ၊၂
၁၅။ သံယုဂ်အဋ္ဌကထာ (တ) (သာရတ္ထပ္ပကာသနီအဋ္ဌကထာ) အရှင်မဟာဗုဒ္ဓဃောသ သံ၊ဋ္ဌ၊၃
၁၆။ အင်္ဂုတ္တရအဋ္ဌကထာ (ပ) (မနောရထပူရဏီအဋ္ဌကထာ) အရှင်မဟာဗုဒ္ဓဃောသ အံ၊ဋ္ဌ၊၁
၁၇။ အင်္ဂုတ္တရအဋ္ဌကထာ (ဒု) (မနောရထပူရဏီအဋ္ဌကထာ) အရှင်မဟာဗုဒ္ဓဃောသ အံ၊ဋ္ဌ၊၂
၁၈။ အင်္ဂုတ္တရအဋ္ဌကထာ (တ) (မနောရထပူရဏီအဋ္ဌကထာ) အရှင်မဟာဗုဒ္ဓဃောသ အံ၊ဋ္ဌ၊၃
၁၉။ ခုဒ္ဒကပါဌအဋ္ဌကထာ (ပရမတ္ထဇောတိကာအဋ္ဌကထာ) အရှင်မဟာဗုဒ္ဓဃောသ ခုဒ္ဒကဋ္ဌ
၂၀။ ဓမ္မပဒအဋ္ဌကထာ (ပ) (ပရမတ္ထဇောတိကာအဋ္ဌကထာ) အရှင်မဟာဗုဒ္ဓဃောသ ဓမ္မ၊ဋ္ဌ၊၁
၂၁။ ဓမ္မပဒအဋ္ဌကထာ (ဒု) (ပရမတ္ထဇောတိကာအဋ္ဌကထာ) အရှင်မဟာဗုဒ္ဓဃောသ ဓမ္မ၊ဋ္ဌ၊၂
၂၂။ ဥဒါနအဋ္ဌကထာ (ပရမတ္ထဒီပနီအဋ္ဌကထာ) အရှင်ဓမ္မပါလ ဥဒါန၊ဋ္ဌ
၂၃။ ဣတိဝုတ္တကအဋ္ဌကထာ (ပရမတ္ထဒီပနီအဋ္ဌကထာ) အရှင်ဓမ္မပါလ ဣတိဝုတ္တဋ္ဌ
၂၄။ သုတ္တနိပါတအဋ္ဌကထာ (ပ) (ပရမတ္ထဇောတိကာအဋ္ဌကထာ) အရှင်မဟာဗုဒ္ဓဃောသ သုတ္တနိ၊ဋ္ဌ၊၁
၂၅။ သုတ္တနိပါတအဋ္ဌကထာ (ဒု) (ပရမတ္ထဇောတိကာအဋ္ဌကထာ) အရှင်မဟာဗုဒ္ဓဃောသ သုတ္တနိ၊ဋ္ဌ၊၂
၂၆။ ဝိမာနဝတ္ထုအဋ္ဌကထာ (ပရမတ္ထဒီပနီအဋ္ဌကထာ) အရှင်ဓမ္မပါလ ဝိမာနဋ္ဌ
၂၇။ ပေတဝတ္ထုအဋ္ဌကထာ (ပရမတ္ထဒီပနီအဋ္ဌကထာ) အရှင်ဓမ္မပါလ ပေတဋ္ဌ
၂၈။ ထေရဂါထာအဋ္ဌကထာ (ပ) (ပရမတ္ထဒီပနီအဋ္ဌကထာ) အရှင်ဓမ္မပါလ ထေရ၊ဋ္ဌ၊၁
၂၉။ ထေရဂါထာအဋ္ဌကထာ (ဒု) (ပရမတ္ထဒီပနီအဋ္ဌကထာ) အရှင်ဓမ္မပါလ ထေရ၊ဋ္ဌ၊၂
၃၀။ ထေရီအဋ္ဌကထာ (ပရမတ္ထဒီပနီအဋ္ဌကထာ) အရှင်ဓမ္မပါလ ထေရီ၊ဋ္ဌ
၃၁။ အပဒါနအဋ္ဌကထာ (ပ) (ဝိသုဒ္ဓဇနဝိလာသိနီအဋ္ဌကထာ) (အမည်မသိ) အပ၊ဋ္ဌ၊၁
၃၂။ အပဒါနအဋ္ဌကထာ (ဒု) (ဝိသုဒ္ဓဇနဝိလာသိနီအဋ္ဌကထာ) (အမည်မသိ) အပ၊ဋ္ဌ၊၂
၃၃။ ဗုဒ္ဓဝံသအဋ္ဌကထာ (မဓုရတ္ထဝိလာသိနီအဋ္ဌကထာ) အရှင်ဗုဒ္ဓဒတ္တ ဗုဒ္ဓဝံ၊ဋ္ဌ
၃၄။ စရိယာပိဋကအဋ္ဌကထာ (ပရမတ္ထဒီပနီအဋ္ဌကထာ) အရှင်ဓမ္မပါလ စရိယာ၊ဋ္ဌ
၃၅။ ဇာတကအဋ္ဌကထာ (ပ) အရှင်မဟာဗုဒ္ဓဃောသ ဇာ၊ဋ္ဌ၊၁
၃၆။ ဇာတကအဋ္ဌကထာ (ဒု) အရှင်မဟာဗုဒ္ဓဃောသ ဇာ၊ဋ္ဌ၊၂
၃၇။ ဇာတကအဋ္ဌကထာ (တ) အရှင်မဟာဗုဒ္ဓဃောသ ဇာ၊ဋ္ဌ၊၃
၃၈။ ဇာတကအဋ္ဌကထာ (စ) အရှင်မဟာဗုဒ္ဓဃောသ ဇာ၊ဋ္ဌ၊၄
၃၉။ ဇာတကအဋ္ဌကထာ (မ) အရှင်မဟာဗုဒ္ဓဃောသ ဇာ၊ဋ္ဌ၊၅
၄၀။ ဇာတကအဋ္ဌကထာ (ဆ) အရှင်မဟာဗုဒ္ဓဃောသ ဇာ၊ဋ္ဌ၊၆
၄၁။ ဇာတကအဋ္ဌကထာ (သ) အရှင်ဥပသေန ဇာ၊ဋ္ဌ၊၇
၄၂။ မဟာနိဒ္ဒေသအဋ္ဌကထာ (သဒ္ဓမ္မပ္ပဇ္ဇောတိကာအဋ္ဌကထာ) အရှင်ဓမ္မပါလ မဟာနိ၊ဋ္ဌ
၄၃။ စူဠနိဒ္ဒေသအဋ္ဌကထာ (သဒ္ဓမ္မပ္ပဇ္ဇောတိကာအဋ္ဌကထာ) အရှင်ဓမ္မပါလ စူဠနိ၊ဋ္ဌ
၄၄။ နေတ္တိအဋ္ဌကထာ (သဒ္ဓမ္မပ္ပဇ္ဇောတိကာအဋ္ဌကထာ) အရှင်ဓမ္မပါလ နေတ္တိ၊ဋ္ဌ
၄၅။ ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ (ပ) (သဒ္ဓမ္မပ္ပကာသိနီအဋ္ဌကထာ) အရှင်မဟာနာမ ပဋိသံ၊ဋ္ဌ၊၁
၄၆။ ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ (ဒု) (သဒ္ဓမ္မပ္ပကာသိနီအဋ္ဌကထာ) အရှင်မဟာနာမ ပဋိသံ၊ဋ္ဌ၊၂
၄၇။ ဓမ္မသင်္ဂဏီအဋ္ဌကထာ (အဋ္ဌသာလိနီအဋ္ဌကထာ) အရှင်မဟာဗုဒ္ဓဃောသ အဘိ၊ဋ္ဌ၊၁
၄၈။ ဝိဘင်္ဂအဋ္ဌကထာ (သမ္မောဟဝိနောဒနီအဋ္ဌကထာ) အရှင်မဟာဗုဒ္ဓဃောသ အဘိ၊ဋ္ဌ၊၂
၄၉။ ပဉ္စပကရဏအဋ္ဌကထာ အရှင်မဟာဗုဒ္ဓဃောသ အဘိ၊ဋ္ဌ၊၃
၅၀။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ပ) အရှင်မဟာဗုဒ္ဓဃောသ ဝိသုဒ္ဓိ၊ဋ္ဌ၊၁
၅၁။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဒု) အရှင်မဟာဗုဒ္ဓဃောသ ဝိသုဒ္ဓိ၊ဋ္ဌ၊၂

ဋီကာအဖွင့်ကျမ်းများစာရင်း

[ပြင်ဆင်ရန်]
စဉ် ကျမ်းအမည် ကျမ်းပြုဆရာ သင်္ကေတ
၁။ ဝဇိရဗုဒ္ဓိဋီကာ အရှင်ဝဇိရဗုဒ္ဓိ ဝဇိရ၊ဋီ
၂။ သာရတ္ထဒီပနီဋီကာ (ပ) အရှင်သာရိပုတ္တရာ သာရတ္ထ၊၁
၃။ သာရတ္ထဒီပနီဋီကာ (ဒု) အရှင်သာရိပုတ္တရာ သာရတ္ထ၊၂
၄။ သာရတ္ထဒီပနီဋီကာ (တ) အရှင်သာရိပုတ္တရာ သာရတ္ထ၊၃
၅။ ဝိမတိဝိနောဒနီဋီကာ (ပ) အရှင်စောဠိယကဿပ ဝိမတိ၊၁
၆။ ဝိမတိဝိနောဒနီဋီကာ (ဒု) အရှင်စောဠိယကဿပ ဝိမတိ၊၂
၇။ သီလက္ခန်ဋီကာ (ဟောင်း) (လီနတ္ထပ္ပကာသနာဋီကာ) အရှင်ဓမ္မပါလ ဒီ၊ဋီ၊၁
၈။ သီလက္ခန်ဋီကာ (သစ်) (သာဓုဇနဝိလာသိနီဋီကာ) မောင်းထောင်သာသနာပိုင် သီ၊ဋီ၊သစ်၊၁
၉။ သီလက္ခန်ဋီကာ (သစ်) (သာဓုဇနဝိလာသိနီဋီကာ) မောင်းထောင်သာသနာပိုင် သီ၊ဋီ၊သစ်၊၂
၁၀။ သုတ်မဟာဝါဋီကာ (လီနတ္ထပကာသနာဋီကာ) အရှင်ဓမ္မပါလ ဒီ၊ဋီ၊၂
၁၁။ ပါထိကဋီကာ (လီနတ္ထပကာသနာဋီကာ) အရှင်ဓမ္မပါလ ဒီ၊ဋီ၊၃
၁၂။ မူလပဏ္ဏာသဋီကာ (ပ) (လီနတ္ထပကာသနာဋီကာ) အရှင်ဓမ္မပါလ မ၊ဋီ၊၁
၁၃။ မူလပဏ္ဏာသဋီကာ (ဒု) (လီနတ္ထပကာသနာဋီကာ) အရှင်ဓမ္မပါလ မ၊ဋီ၊၂
၁၄။ မဇ္ဈိမနှင့်ဥပရိပဏ္ဏာသဋီကာ (လီနတ္ထပကာသနာဋီကာ) အရှင်ဓမ္မပါလ မ၊ဋီ၊၃
၁၅။ သံယုတ္တဋီကာ (ပ) (လီနတ္ထပကာသနာဋီကာ) အရှင်ဓမ္မပါလ သံ၊ဋီ၊၁
၁၆။ သံယုတ္တဋီကာ (ဒု) အရှင်ဓမ္မပါလ သံ၊ဋီ၊၂
၁၇။ အင်္ဂုတ္တရဋီကာ (ပ) (သာရတ္ထမဉ္ဇူသာဋီကာ) အရှင်သာရိပုတ္တရာ အံ၊ဋီ၊၁
၁၈။ အင်္ဂုတ္တရဋီကာ (ဒု) (သာရတ္ထမဉ္ဇူသာဋီကာ) အရှင်သာရိပုတ္တရာ အံ၊ဋီ၊၂
၁၉။ အင်္ဂုတ္တရဋီကာ (တ) (သာရတ္ထမဉ္ဇူသာဋီကာ) အရှင်သာရိပုတ္တရာ အံ၊ဋီ၊၃
၂၀။ ဓမ္မသင်္ဂဏီမူလဋီကာ (ပ) အရှင်သာရိပုတ္တရာ မူဋီ၊၁
၂၀။ ဓမ္မသင်္ဂဏီအနုဋီကာ (ပ) အရှင်အာနန္ဒာ အနု၊ဋီ၊၁
၂၁။ ဝိဘင်္ဂမူလဋီကာ (ဒု) အရှင်သာရိပုတ္တရာ မူလ၊ဋီ၊၂
၂၁။ ဝိဘင်္ဂအနုဋီကာ (ဒု) အရှင်အာနန္ဒာ အနု၊ဋီ၊၂
၂၂။ ပဉ္စပကရဏမူလဋီကာ (တ) အရှင်သာရိပုတ္တရာ မူလ၊ဋီ၊၃
၂၂။ ပဉ္စပကရဏအနုဋီကာ (တ) အရှင်အာနန္ဒာ အနု၊ဋီ၊၃
၂၃။ ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ (ပ) (ပရမတ္ထမဉ္ဇူသာမဟာဋီကာ) အရှင်ဓမ္မပါလ ဝိသုဒ္ဓိ၊ဋီ၊၁
၂၄။ ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ (ဒု) (ပရမတ္ထမဉ္ဇူသာမဟာဋီကာ) အရှင်ဓမ္မပါလ ဝိသုဒ္ဓိ၊ဋီ၊၂
၂၅။ ကင်္ခါဋီကာဟောင်း (အမည်မသိ) ကင်္ခါ၊ဋီ
၂၅။ ကင်္ခါဋီကာသစ် အရှင်ဗုဒ္ဓနာဂ ကင်္ခါ၊ဋီ၊သစ်
၂၆။ နေတ္တိဋီကာ (လီနတ္တဝဏ္ဏနာဋီကာ) အရှင်ဓမ္မပါလ နေတ္တိဋီ
၂၆။ နေတ္တိဝိဘာဝနီ အရှင်သဒ္ဓမ္မပါလ နေတ္တိဝိဘာ