မာတိကာသို့ ခုန်သွားရန်

ပိဋကတ်တော် မြန်မာပြန်

ဝီကီရင်းမြစ် မှ
(ပိဋကတ်သုံးပုံ မြန်မာပြန် မှ ပြန်ညွှန်းထားသည်)

ဝိနယပိဋက

[ပြင်ဆင်ရန်]

ဒီဃနိကာယ

[ပြင်ဆင်ရန်]

မဇ္ဈိမနိကာယ

[ပြင်ဆင်ရန်]

သံယုတ္တနိကာယ

[ပြင်ဆင်ရန်]

အင်္ဂုတ္တရနိကာယ

[ပြင်ဆင်ရန်]

ခုဒ္ဒကနိကာယ

[ပြင်ဆင်ရန်]

အဘိဓမ္မပိဋက

[ပြင်ဆင်ရန်]

ပိဋကတ်တော် မြန်မာပြန်

နိဒါန်း

ဘုန်းတော်ခြောက်ပါးသခင် အစိန္တေယျ အာနုဘာဝ (မကြံစည်နိုင်သော တန်ခိုးဂုဏ်) နှင့် ပြည့်စုံတော်မူသော ဘုရားရှင်၏ သာပုက္ကံသိက ကိုယ်တော်တိုင် ထုတ်ဆောင် ဟောကြားတော်မူသော ပါဠိတော်ဓမ္မသည်-

  • ဓမ္မဂမ္ဘီရ၊ အကြောင်း၏ နက်နဲခြင်း။
  • အတ္ထဂမ္ဘီရ၊ အကျိုး၏ နက်နဲခြင်း။
  • ဒေသနာဂမ္ဘီရ၊ ပညတ်တင်ထား ဟောကြားပုံ၏ နက်နဲခြင်း။
  • ပဋိဝေဓဂမ္ဘီရ၊ ထိုးထွင်းသိမြင်သော အသိဉာဏ်၏ နက်နဲခြင်း ဟု ဆိုအပ်သော ဂမ္ဘီရလေးပါး၊

သဒ္ဒဂမ္ဘီရ၊ သဒ္ဒါ၏ နက်နဲခြင်း။
အတ္ထဂမ္ဘီရ၊ အနက်၏ နက်နဲခြင်း။
သဒ္ဒတ္ထဂမ္ဘီရ၊ သဒ္ဒါအနက် ၂-ပါးစုံ၏ နက်နဲခြင်း။ အဓိပ္ပါယဂမ္ဘီရ၊ အဓိပ္ပါယ်၏ နက်နဲခြင်း ဟု ဆိုအပ်သော ဂမ္ဘီရလေးပါး တည်းဟူသော အစိန္တေယျ (မကြံစည်နိုင်သော) ဂုဏ်နှင့် ပြည့်စုံတော်မူပေ၏၊ ဤသို့လျှင် အစိန္တေယျ အာနုဘာဝဂုဏ်နှင့် ပြည့်စုံတော်မူသော ဒေသက (တရားဟော ပုဂ္ဂိုလ်) ဖြစ်သော ဘုရားရှင်၏ ဒေသဗ္ဗဓမ္မ (ဟောအပ်သောတရား) ဖြစ်သော-

နာနာနယဝိစိတြ ပါဠိတော်ဓမ္မကို ယထာဘူတ (ဟုတ်တိုင်းမှန်စွာ) ယထာသဘာဝ (သဘာဝအားလျော်စွာ) ဒေသကအာဘော်ကျအောင် ထင်ရှား သိရှိနိုင်ရန်မှာ လွယ်ကူသော အရာ မဟုတ်ပါပေ။

ထိုသို့ မလွယ်ကူသည့်အားလျော်စွာ ထိုထိုပါဠိတော်များ၏ အဖွင့်ဖြစ်သော အဋ္ဌကထာ ဋီကာ ဝဏ္ဏနာ ဒီပနီ အလီလီအစုစု အနုမဓုတခန်း လင်္ကာသန်း ယောဇနာ အဖြာဖြာသော ဂဏ္ဌိကျမ်းတို့ကို အပန်းတကြီးပင် ဆင့်ကာဆင့်ကာ နောင်လာနောက်သားတို့အတွက် ဖွင့်ဆို ရေးသားတော်မူခဲ့ကြပေသည်။ ပါဠိတော်ဓမ္မနှင့် တကွ ဖွင့်ဆိုရေးသားတော်မူခဲ့ကြသော အဖွင့်သံဝဏ္ဏနာ အဖြာဖြာသော ကျမ်းတို့မှာလည်း အနန္တကမ္ဘာတို့၌ သေဋ္ဌဘာသာ (အမြတ်ဆုံးသောဘာသာ)၊ မူလဘာသာ (အမြစ်အရင်းဖြစ်သော ဘာသာ) ဟု ခေါ်ဆိုအပ်သော ပါဠိမာဂဓဘာသာဖြင့်သာ အစဉ်မပြတ် တည်ရှိခဲ့ကြသဖြင့် မိမိတို့ဒေသအလိုက် ဘာသာအသီးအသီး ရှိနေကြသောသူတို့မှာ မိမိတို့ မျိုးရိုးဘာသာဖြင့် အားပါးတရ သဘာဝကျကျ သိရှိနိုင်ခွင့်ကို စင်စစ်မရရှိခဲ့ကြချေ။

ဘုရားရှင် ကရုဏာရွှန်းထားလျက် ဟောကြားတော်မူအပ်သော ပိဋကတ်သုံးပုံ ပါဠိတော်ဓမ္မတို့မှာ “အရဟတ္တေန ဒေသနာယ ကုဋံ ဂဏ္ဌိ” ဟူသော ဓမ္မပဒ အဋ္ဌကထာ မိန့်ဆိုချက်နှင့်အညီ ဝိမုတ္တိ ဝိမုတ္တိဉာဏဒဿန အနုပါဒိသေသ နိဗ္ဗာန် မျက်မှောက်ပြုရေးကိုသာ ရည်ရွယ်ချက်ထားရင်း ရှိသည်ကား မှန်၏။ သို့ရာတွင် ထိုဝိမုတ္တိ ဝိမုတ္တိဉာဏဒဿန အနုပါဒိသေသ နိဗ္ဗာန် မျက်မှောက်ပြုရေး၌ များစွာ အထောက်အပံ့ ဖြစ်သော ကျန်းမာရေး ချမ်းသာရေး ကြီးပွါးရေး စီးပွါးရေး ပေါင်းသင်းဆက်ဆံရေး နေထိုင်စားသောက်ရေး အသိတရားလုံလောက်ရေး လိမ္မာရေး အစရှိသည့် မျက်မှောက်ဘဝ ကောင်းစားရေး ပေါင်းများစွာတို့သည်လည်း ထိုပိဋကတ်တော် တည်းဟူသော ပါဠိဓမ္မ၌ပင် အပြည့်အစုံ ပါဝင်ပြီးဖြစ်သဖြင့် မည်သူမဆို လောက၏ လုံလောက်သော အကျိုးတရားများကို ခံစားလိုပါက ဘုရားဟော ပိဋကတ်တော်ကိုလည်း မျက်နှာလွှဲထား သင့်သည်မဟုတ်ပေ။

သို့သော်လည်း ယင်းဘုရားဟောပိဋကတ်တော်များမှာ ပါဠိဘာသာဖြင့်သာ တည်ရှိနေသောကြောင့် ပါဠိဘာသာကို မတတ်မြောက်သော ပြည်ထောင်စု မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင် လူများစု အဖို့မှာကား ပိဋကတ်တော်က ညွှန်ပြထားသော လောကကောင်းစားရေးနှင့် လောကနှင့် မဆက်စပ်သော ဘဝလွတ်မြောက်ရေးများအတွက် ပါဠိတတ်ပုဂ္ဂိုလ်တို့၏ တဆင့်ဟောချက်မျှဖြင့်သာ တင်းတိမ် ရောင့်ရဲလျက် သိသင့်သမျှကိုပင် စုံလင်စွာမသိရပဲ ရှိခဲ့လေသည်။

သို့ဖြစ်၍ ဘုရားဟော ပိဋကတ်တော် အရသာများကို လွယ်ကူစွာ သုံးဆောင် မှီဝဲနိုင်ကြစေရန်၎င်း၊ ပါဠိမာဂဓ ပိဋကတ်ကျမ်းဂန်များကို သင်ယူလေ့လာပို့ချရာတွင် လွယ်ကူစွာ သင်ယူပို့ချ နားလည်နိုင်ကြစေရန်၎င်း၊ ရှေးရှေး ဆရာကြီးများသည် မြန်မာပြန်မှီရာ နိကာယ် ခေါ် နိဿယကျမ်းများကို မိမိတို့ရိုးရာ ဒေသဘာသာဖြင့် ရေးသား ပြန်ဆိုတော်မူခဲ့ကြသည်၊ ရှေးရှေး ဆရာကြီးများ၏ ကျေးဇူးသည် အထူးကြီးမားလှပေစွ။

ပါဠိဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုနည်း

ထိုထို နိဿယ ဘာသာပြန်တို့မှာ—

  1. ပါဠိတချက် အနက်တချက်ဖြင့် ပြန်ဆိုနည်း။
  2. ပါဠိမဖက် မြန်မာသက်သက်ဖြင့် ပြန်ဆိုနည်း။

ဟူ၍ နှစ်မျိုးရှိခဲ့ရာ ပဌမနည်းသည် ထိုထိုပါဠိ အဋ္ဌကထာ ဋီကာ နိဿယကျမ်းမျိုးပင် ဖြစ်၍ ဒုတိယနည်းမှာမူ ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထု ဇာတ်ကြီးဆယ်ဘွဲ့ဝတ္ထု၊ မိလိန္ဒပဉှာဝတ္ထု စသော ကျမ်းမျိုးပင် ဖြစ်သည်။ ထိုနှစ်နည်းတွင် ပါဠိတချက် အနက်တချက် ပြန်ဆိုသော ပဌမနည်းမှာ ဗာလလူမိုက် ပဏ္ဍိတပညာရှိဟု နှုတ်တွင်တက်၍ အဘိဓာန်ကျမ်းကြီး တစ်စောင်ကို အာဂုံဆောင် ကျက်၍ ထားရသကဲ့သို့ ပါဠိမာဂဓ ဘာသာကို သင်ယူရာ၌ အလွန် ကျေးဇူးများခဲ့ရကား ရဟန်း သာမဏေများ ယနေ့ထက်တိုင် သင်ယူပို့ချ လေ့လာနေကြဆဲပင် ဖြစ်သည်၊ ထိုသင်ပုံနည်းဖြင့်ပင် ပါဠိပိဋကတ်ကျမ်းဂန်များကို တတ်မြောက်လိမ္မာတော်မူခဲ့ကြလေသည်။

သီဟိုဠ် ယိုးဒယား ကမ္ဗောဒီးယား စသော ဗုဒ္ဓဘာသာဝင် နိုင်ငံများ၌လည်း မိမိတို့ရိုးရာ ဒေသဘာသာဖြင့်ပင် ပိဋကတ်ကျမ်းဂန်များကို သင်ယူပို့ချ လေ့လာခြင်းဖြင့် တတ်မြောက် လိမ္မာတော်မူခဲ့ကြလေသည်။ ဒုတိယနည်းမှာ သင်ယူပို့ချရာ၌ အသုံးနည်း၍ အများအားဖြင့် ပါဠိမာဂဓဘာသာကို မတတ်မြောက် မကျွမ်းကျင်ကြသော လူပုဂ္ဂိုလ်များ ကြည့်ရှုစာအဖြစ်ဖြင့် အသုံးပြုခဲ့ကြလေသည်။

ဘာသာပြန်နည်းတမျိုး

ဘာသာတပါးမှ ဘာသာတပါးသို့ ပြန်ဆိုရာ၌—

  1. တိုက်ရိုက် ပြန်ဆိုနည်း။
  2. ဆီလျော်အောင် ပြန်ဆိုနည်း။

ဟူ၍ နှစ်မျိုးရှိပြန်ရာ ပဌမနည်းမှာ နိဿယ ပြန်ဆိုနည်းပင် ဖြစ်၍ (ပါဠိကို ဖြုတ်ထားသော ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထု ပြန်နည်းမျိုးလည်း ပါဝင်သည်) ဒုတိယနည်းမှာကား သံဝေဂဝတ္ထု၊ မာလာလင်္ကာရ ဝတ္ထု စသည်နှင့် ပါဠိ အဋ္ဌကထာ ဋီကာတို့မှ ဆီလျော်အောင် အဓိပ္ပါယ်ကို ယူ၍ ကိုးကား ရေးသားထားသော ထိုထို ဒီပနီ ပကာသနီ စသော စကားပြေ ကျမ်းမျိုးပင် ဖြစ်သည်။

ဤဘာသာပြန်ဖြစ်ပေါ်လာရခြင်း၏အကြောင်း

ပြဆိုခဲ့သည့်အတိုင်း မြတ်စွာဘုရား ဟောကြားတော်မူအပ်သော မာဂဓ ပါဠိပိဋကတ်တော်တွင် မဂ်ဖိုလ်နိဗ္ဗာန်သို့ ရောက်ကြောင်း နည်းလမ်းကောင်းများအပြင် ပစ္စုပ္ပန် သံသရာ နှစ်ဖြာသော ဘဝတို့၌ အကျိုးများပြားစေနိုင်သည့် လောကရေး ဓမ္မရေး ရာဇရေးတို့တွင် အလေးဂရုပြု၍ လိုက်နာ ကျင့်သုံးရန်အတွက် အချက်အလက်တို့လည်း အကြောင်းသက်ဆိုင်ရာ အများအပြား ပါဝင်လျက်ရှိသော်လည်း ပါဠိဘာသာကို မတတ်ကျွမ်းမှု ပါဠိဘာသာ၌ မကျွမ်းကျင်မှုကြောင့် ရတနာထုပ် လက်ဝယ်ထား၍ မသုံးဆောင် မခံစားနိုင်သကဲ့သို့ ဖြစ်နေရသော ဗုဒ္ဓဘာသာဝင် သူတော်စင် အများတို့အား ရတနာ ပတ္တမြားလုံးကို မြေဖုံးနေရာမှ အများသုံးဘို့ ထုတ်ဖော်ပေးသည့်အလား ထိုပိဋကတ်သုံးပုံ ပါဠိတော် အစေ့စေ့ကို မိမိတို့ ရိုးရာဖြစ်သော မြန်မာဘာသာ သက်သက်ဖြင့် ပြန်ဆိုရေးသားစေရပါမူ ထိုပါဠိဘာသာ၌ မကျွမ်းကျင်နိုင်သော ဗုဒ္ဓဘာသာဝင် သူတော်စင် အများတို့အတွက် အလွန် အကျိုးများလေရာ၏ ဟု သဒ္ဓါတရား သမ္မာဆန္ဒတရား ရှေ့ထားကာ ကောင်းစွာ စဉ်းစားဆင်ခြင်မိသော ပြည်ထောင်စု မြန်မာနိုင်ငံတော် ဝန်ကြီးချုပ် ဦးနုသည် ၁၃၁၂-ခု ဒုတိယဝါဆိုလတွင် မိမိနေအိမ်၌ သိဒ္ဓိမင်္ဂလာ ပရိတ်တော်အဖွဲ့ကို ဖွဲ့စည်းတည်ထောင်ရန် တိုင်ပင်ဆွေးနွေးကြစဉ် အခါကပင် ပိဋကတ်ပါဠိတော်များကို အကုန်အစင် မြန်မာဘာသာ ပြန်ဆိုခြင်း ဗုဒ္ဓဝင်ကျမ်းကြီးကို ရေးသားခြင်း ပိဋကတ်သုံးပုံ ပါဠိမြန်မာ အဘိဓာန်ကျမ်းကြီး စီရင်ခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ရန်အတွက် စီမံစေလိုကြောင်းနှင့် သာသနာရေးဝန်ကြီး ဦးဝင်းအား တိုက်တွန်းစကား ပြောကြားသည့်အတိုင်း သာသနာရေးဝန်ကြီး၏ အစီအမံဖြင့် နိုင်ငံတော်အစိုးရ၏ ဆုံးဖြတ်ချက်အရ ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတကြီးက ပိဋကတ်တော် မြန်မာပြန် စီစဉ်ရေး ကော်မတီ တရပ်ကို သတ်မှတ်ဖွဲ့စည်းလိုက်လေသည်။

ထို ကော်မတီတွင်—

  • (၁) အဂ္ဂမဟာပဏ္ဍိတ မဟာစည် ဆရာတော် (နာယက)။
  • (၂) အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဦးလင်း (ပဌမဥက္ကဋ္ဌ)။
  • (၃) သာသနာ့ညွှန်ကြားရေးဝန် ပဌမကျော် ဦးကြီးဖေ (ဒုတိယဥက္ကဋ္ဌ)။
  • (၄) ပါဠိပါမောက္ခ စာပြင်မှူးချုပ် ဆရာဉာဏ်။
  • (၅) သာသနာရေး အထူးအရာရှိ ဦးဘဆွေ (အကျိုးတော်ဆောင်)။
  • (၆) ပရိယတ္တိ သာသနဟိတ ဓမ္မာစရိယ ကျမ်းပြုဆရာကြီး မေဓာဝီ ဆရာဆိုင်။
  • (၇) ပဌမကျော် ဦးသန့်စင်။
  • (၈) သာသနဓဇ သိရီပဝရ ဓမ္မာစရိယ သာသနာရေး အရာရှိ ဦးခင်မောင်လင်း (တွဲဖက်အကျိုးဆောင်) တို့ ပါဝင်ကြသည်။

ထိုကော်မတီသည် (၇) ကြိမ်တိုင်တိုင် စည်းဝေး ဆွေးနွေး တိုင်ပင်ကြပြီးမှ ပိဋကတ်တော်ကို မြန်မာဘာသာသို့ ပြန်ဆိုရန် ဗုဒ္ဓဝင်ကျမ်းကြီး ရေးသားပြုစုရန်နှင့် ပိဋကတ်သုံးပုံလာ ပါဠိမြန်မာ အဘိဓာန် ကျမ်းကြီးကို စီရင်ရန် သင့်လျော်ကြောင်းတို့ကို တညီတညွတ်တည်း ဆုံးဖြတ်ချက်ချကြ၍ မည်သို့ မည်ပုံ ပြန်ဆိုရေးသား ပြုစုရမည်ဟူသော စီမံကိန်းအသီးသီးနှင့်တကွ ထိုဆုံးဖြတ်ချက်ကို နိုင်ငံတော်ဝန်ကြီးချုပ်ထံ တင်ပြရာ၊ ဝန်ကြီးချုပ်ကလည်း သဘောတူညီသဖြင့် ထိုကိစ္စအရပ်ရပ်ကို ကောင်းစွာ ဆောင်ရွက်နိုင်မည့် စာပြုစာတည်း ဆရာများ ရရှိရေးအတွက် အောက်ပါ ပုဂ္ဂိုလ်ငါးဦး ပါဝင်သော ရွေးချယ်ရေး အဖွဲ့ငယ် တရပ်ကို သတ်မှတ်ဖွဲ့စည်းခဲ့လေသည်။

  1. သာသနာရေး ဝန်ကြီး ဦးဝင်း။
  2. နိုင်ငံတော် တရားဝန်ကြီးချုပ် သတိုးသီရိသုဓမ္မ ဦးသိမ်းမောင်။
  3. အဂ္ဂမဟာပဏ္ဍိတ ဆရာလင်း။
  4. သာသနာ့ညွှန်ကြားရေးဝန် ပဌမကျော် ဦးကြီးဖေ (အကျိုးဆောင်)။
  5. သာသနာရေး အထူးအရာရှိ ဦးဘဆွေ။

ဤအဖွဲ့ငယ်က ရှေးဦးစွာ အယ်ဒီတာချုပ် ရာထူးအတွက် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဦးလင်းအား ရွေးချယ် တင်မြှောက်၍ ကျန် စာပြု စာတည်း ဆရာများ ရွေးချယ်ခန့်ထားရေးကိစ္စကိုမူ နိုင်ငံတော်အစိုးရ ရာထူးဝန် အဖွဲ့သို့ လွှဲအပ်ခဲ့ရာ ရာထူးဝန်အဖွဲ့က အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဦးလင်း ပဌမကျော် ဦးကြီးဖေ တို့နှင့် တိုင်ပင်၍ စာမေးပွဲ ပြုလုပ်စမ်းသပ်ကာ အဆိုပါ စာပြု စာတည်း ဆရာများကို ရွေးချယ်ခဲ့လေသည်။ ထို့နောက် ၁၉၅၁-ခု၊ အောက်တိုဘာလ ၁-ရက်နေ့မှ စ၍ ပိဋကတ်တော် မြန်မာပြန်ဌာနကို တည်ထောင်ဖွင့်လှစ်ခဲ့လေသည်။

မြန်မာ့ဂတိသို့ လိုက်၍ ပြန်ဆိုသင့်ခြင်း

ဘာသာပြန်ဆိုသည်ကား ဘာသာတပါးမှ ဘာသာတပါးသို့၎င်း၊ ဝေါဟာရတပါးမှ ဝေါဟာရ တပါးသို့၎င်း၊ ပြောင်းလွှဲ ပြန်ဆိုရေးသားထားခြင်းမျိုးပင် ဖြစ်လေသည်။ ဘာသာတမျိုးမျိုး၌ ၎င်းတို့၏ ဓလေ့ထုံးစံ အသုံးအနှုန်း ဝေါဟာရ တမျိုးစီ ရှိကြမြဲဖြစ်ရာ၊ ပါဠိမှာ ပါဠိအသွား မြန်မာမှာ မြန်မာအသွား အင်္ဂလိပ်မှာ အင်္ဂလိပ်အသုံး စသည်ဖြင့် ကိုယ့်ဂတိနှင့်ကိုယ်၊ သူ့အလိုလိုပင် ဝေါဟာရ သိရှိပြီး ဖြစ်နေတော့၏။ ထို့ကြောင့် ပါဠိကို မြန်မာအသွားသော်၎င်း၊ မြန်မာကို ပါဠိအသွားသော်၎င်း၊ ပြန်ဆိုရေးသားပါလျှင် အဆီအငေါ်မတည့် ဖြစ်ပေမည်။

ဥပမာဆိုသော် “စီဝရေန တံ အစ္ဆာဒေသာမိ” ဟူသော ပါဠိတော်ကို ပါဠိဂတိသို့ လိုက်၍ “ထိုရဟန်းကို သင်္ကန်းဖြင့် ဖုံးလွှမ်းအံ့” ဟု ပြန်ဆိုလျှင် ဓာတ်ပစ္စည်း ဝိဘတ်နှင့် သဒ္ဒါ၏အနက်အရ ပါဠိအချိုးအစား ကျမည်ဖြစ်သော်လည်း မြန်မာ့နားတွင်ကား ထွေးလုံးရစ်ပတ်သာ ဖြစ်နေ၍ “ထိုရဟန်းအား သင်္ကန်းလှူအံ့၊ သင်္ကန်းလှူမည်” ဟု မြန်မာအသွားကျ ပြန်ဆိုမှသာ အလွယ်တကူ နားလည်ကြလိမ့်မည်ဖြစ်သကဲ့သို့တည်း။ ထို့ကြောင့် ဘာသာပြန်ဆိုရာ၌ မူရင်းဘာသာ အသုံးအနှုန်းသို့ မလိုက်ပဲ ပြောင်းလဲပြန်ဆိုရမည့် ဘာသာအသုံးအနှုန်းအတိုင်းသာ ဘာသာပြန်ဆိုဘို့ရန်မှာ အရေးအကြီးဆုံးပင် ဖြစ်သည်ဟု ကြိုတင် သတိချပ်ထားသင့်ပါသည်။

ဤဘာသာပြန်ကို ပြန်ဆိုရခြင်း

ရှေးရှေး ဆရာကြီးများသည် မြန်မာဘာသာပြန် အမျိုးမျိုးတို့ကို ပြန်ဆိုရေးသားကြပြီးဖြစ်၍ ဤဘာသာပြန်ကို ပြန်ဆိုရေးသားဘို့ လိုပါသေးသလော စောကြောမေးမြန်းဖွယ် ရှိလေသည်။ ပြန်ဆိုပြီးရှိသည်မှာ မှန်ပေသည်၊ သို့ရှိပြီးဖြစ်သော်လည်း ရှေးကျသော ပေါရာဏ အသုံးအနှုန်းတို့ဖြင့် ပြန်ဆိုထားခြင်းကြောင့် ကျေနပ်ရောင့်ရဲခြင်း မရှိသေး၍ ဤဘာသာပြန်ကို ထပ်မံ၍ ပြန်ဆိုရခြင်း ဖြစ်သည်ဟု တိုတိုပင် ဖြေဆိုရပေမည်။ ထိုစကား မှန်ပေသည် ဝေါဟာရ စကားအသုံးအနှုန်းတို့မည်သည်....

“ဝေါဟာရဝိသယော သဒ္ဓေါ၊ ဘူတာ ဘူတတ္ထဝါစကော။
လောကသင်္ကေတသာဓနတ္ထာ၊ သဒ္ဓေါ နေကန္တ ဘူတိကော”။

ဟု သတ္ထဘေဒစိန္တာ ဆရာ ဆိုသည့်အတိုင်း ပုံသေကားချ တနေရာတည်းဖြင့် တည်နေရိုးမရှိခဲ့ပေ၊ အစဉ်အမြဲ ပြောင်းလဲ ဖောက်ပြန် ရွှေ့လျော လှုပ်ရှား၍သာ နေရိုးဓမ္မတာ ဖြစ်ပေသည်။ ရှေးခေတ်အခါက ခေါ်ဝေါ်သုံးစွဲခဲ့သော စကားအသုံးအနှုန်းများမှာ ရှေးခေတ် လူများအတွက် လွယ်ကူစွာ နားလည်သဘောပေါက်ခဲ့ကြသော်လည်း ယခုခေတ်လူများအတွက်မှာမူကား စကားထူး စကားဆန်း ဖြစ်ပြီး၊ နားလည်သဘောပေါက်ဘို့ လွယ်ကူခြင်း မရှိခဲ့ချေ။ ထို့ကြောင့်ပင် (ဥပ္ပဋိပါဋိယာ၊ ကျိတကျု အားဖြင့်၊ ပါမင်္ဂံ၊ ဦးညွှတ်) ဟု ပြန်ဆိုထားသော ရှေးခေတ်ဘာသာပြန် နိဿယများကို ယခုခေတ်လူတို့အနေနှင့် နားလည်သဘောပေါက်ဘို့ရန် မလွယ်ကူကြောင်း အကဲခတ်နိုင်ကြပေသည်။ ထို့ကြောင့်လည်း ရှေးခေတ် နိဿယကြီးများကို ယခုခေတ်အသုံးအနှုန်းဖြင့် ပြန်လည် ရေးသားကြရအချိန်တန်ပြီ ဟု ဆရာ့ဆရာကြီးများ အကြံဖြစ်ခဲ့ကြဖူးလေပြီ။ သို့ဖြစ်၍ ဋီကာကျော်ခေါ် အဘိဓမ္မတ္ထဝိဘာဝနီ ကျမ်းပြုဆရာသည်—

ပေါရာဏေဟိ အနေကာပိ၊ ကတာ ယာ ပန ဝဏ္ဏနာ။
န တာဟိ သက္ကာ သဗ္ဗတ္ထ၊ အတ္ထော ဝိညာတဝေ ဣဓ။
တသ္မာ လီနပဒါနတ္ထ၊ သာဓိပ္ပါယံ မဟာပယံ။
ဝိဘာဝေန္တော သမာသေန၊ ရစယိဿာမိ ဝဏ္ဏနံ။

(ရှေးဆရာကြီးတို့သည် အဘိဓမ္မတ္ထသင်္ဂဟကျမ်း၏ အဖွင့်ဋီကာ ကျမ်းများစွာတို့ကို ရေးသားခဲ့ကြသော်လည်း ထိုဋီကာကျမ်းတို့ဖြင့် ဤအဘိဓမ္မတ္ထသင်္ဂဟကျမ်း၏ အနက်အဓိပ္ပါယ်တို့ကို လွယ်ကူစွာ သိဘို့ရန် မစွမ်းနိုင်ခဲ့၊ ထို့ကြောင့်ပင် ဤအဘိဓမ္မတ္ထသင်္ဂဟကျမ်း၌ ကွယ်ဝှက်သော ပုဒ်တို့၏ အနက်အဓိပ္ပါယ်ကို ပေါ်လွင် ထင်ရှားစွာ ဖော်ပြ၍ အကျဉ်းချုပ်အားဖြင့် ဋီကာသစ် (ဋီကာကျော်) ကို ရေးသားမည်) ဟု မိန့်ဆိုခဲ့ရသည် မဟုတ်ပါလော။

ဤသို့သော အကြောင်းတို့ကို ထောက်ထား၍ ခေတ်အားလျော်စွာ ပိဋကတ်အရသာများကို သုံးဆောင် ခံစားနိုင်ကြစေရန် ဤဘာသာပြန်ကို ပြန်ဆိုရေးသားရခြင်း ဖြစ်လေသည်။

ဌာနပြောင်းလွှဲခြင်း

ဖော်ပြခဲ့ပြီးသော ပိဋကတ်တော် မြန်မာပြန် စီစဉ်ရေး ကော်မတီကို ဖွဲ့စည်း၍ ၎င်းကော်မတီက ရေးဆွဲသော စီမံကိန်းများအရ ပိဋကတ်တော် မြန်မာပြန်ဌာနကို တည်ထောင်ဖွင့်လှစ်ပြီးမှ ဤဌာနကို

  • (၁) သတိုးသီရိသုဓမ္မ သူဌေးကြီး ဆာဦးသွင် (ပဌမဥက္ကဋ္ဌ)၊
  • (၂) သတိုးသီရိသုဓမ္မ နိုင်ငံတော် တရားဝန်ကြီးချုပ် ဦးသိမ်းမောင် (ဒုတိယဥက္ကဋ္ဌ)၊
  • (၃) သတိုးမဟာသရေစည်သူ တရားဝန်ကြီး ဦးချန်ထွန်း (အကျိုးတော်ဆောင်)၊
  • (၄) သာသနာရေး အထူးအရာရှိ ဦးဘဆွေ (တွဲဖက်အကျိုးတော်ဆောင်) စသည်တို့ ပါဝင်သော နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့ကြီးသို့ လွှဲပြောင်းအပ်နှင်းခဲ့လေသည်။

ပိဋကတ်တော် မြန်မာပြန်ဌာနတွင်လည်း သတ်မှတ်ထားရင်း ဖြစ်သော ဆောင်ရွက်ရမည့် ကိစ္စကြီးသုံးရပ် ရှိလေရာ ထိုသုံးရပ်လုံး၌ပင် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဦးလင်းအား ကျေနပ်စွာ စီမံအုပ်ချုပ်စေရန် တာဝန်လွှဲအပ်ချက်အရ စာပြုစာတည်း အယ်ဒီတာ အစုံအလင်ဖြင့် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဦးလင်းကိုယ်တိုင် တာဝန်ခံ၍ အစစ မလစ်ဟင်းစေရပဲ အားထုတ်ပြုစု တည်းဖြတ်လာခဲ့ကြလေသည်။

ဤနိဒါန်း စာမျက်နှာ (၃-၄) တွင် ဖော်ပြခဲ့ပြီးသော ဘာသာပြန်နည်းအမျိုးမျိုးတို့တွင် ပိဋကတ်တော် မြန်မာပြန်ဌာနက ပြန်ဆိုသော ဤဘာသာပြန်ကား တိုက်ရိုက် ပြန်ဆိုနည်း မြန်မာသက်သက် ပြန်ဆိုနည်းမျိုးပင် ဖြစ်သည်။ သို့ပြန်ဆိုရာ၌—

  1. ပါဠိတော်၏ သဘော အဓိပ္ပါယ်ကို ထိရောက်စေခြင်း။
  2. မြန်မာအသွားနှင့် နီးကပ်နိုင်သမျှ နီးကပ်စေခြင်း။
  3. ဝေါဟာရကျဉ်း၍ အဓိပ္ပါယ်ပေါ်လွင်စေခြင်း။
  4. စကားအသုံးအနှုန်း ထယ်ဝါ ခန့်ညားစေခြင်း။

ဟူသော အချက်များကို အဓိကထား၍ ပြန်ဆိုခဲ့လေသည်။ ဤနည်းဖြင့် ဘာသာပြန်ဆိုလာခဲ့ကြရာ ပြီးစီးသမျှသော ပိဋကတ်တော် မြန်မာပြန်များကို ထပ်မံ သုံးသပ်ပြင်ဆင်တော်မူနိုင်ကြစေရန် ကျေးဇူးရှင် အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆဋ္ဌသံဂါယနာ မဟာနာယက ညောင်ရမ်း ဆရာတော်ဘုရားကြီး ကြီးမှူးတော်မူသော (ပြည်ထောင်စု မြန်မာနိုင်ငံတော် အရပ်ရပ်ရှိ ပိဋကတ္တယဆေက ပိဋကတ္တယပါရဂူ ဓမ္မာစရိယ ဆရာတော်တို့ ပါဝင်သည့်) ဆဋ္ဌသံဂါယနာ ဝန်ဆောင်သံဃအဖွဲ့သို့ တင်သွင်းခဲ့လေသည်။

အဆိုပါ ဝန်ဆောင်သံဃအဖွဲ့ဝင် ဆရာတော်ဘုရားတို့ကလည်း ဤပိဋကတ်တော် မြန်မာပြန်များကို အကြောင်းအားလျော်စွာ သံဂါယနာပင် တင်နိုင်ကြရန် ရည်သန်တော်မူကြပြီးလျှင် “ကောင်းစေလိုလျှင် အကြိမ်ကြိမ် တည်းဖြတ်ပြင်ဆင်ရမည်” ဟူသော ထုံးအရ မြန်မာပြန် ပဋိဝိသောဓကအဖွဲ့အား အကူအညီပေးသော ဝေါဟာရ စီစဉ်ရေးအဖွဲ့နှင့် မြန်မာပြန် ပဋိဝိသောဓကအဖွဲ့ ခေါ် (တဖန်ပြန်လည် ပြင်ဆင်သော) စာပြင်အဖွဲ့ကို အသီးသီး ဖွဲ့စည်းစေပြီး၍ တဖန် ပြင်ဆင်တော်မူခဲ့ကြသည်။ ထိုမြန်မာပြန် ပဋိဝိသောဓကအဖွဲ့ဝင် ဆရာတော်များ သုတ်သင်ပြင်ဆင်ပြီးမူကိုပင် အဆုံးသတ် ပြင်ဆင်သော သဘောဖြင့် ပိဋကတ်တော် မြန်မာပြန် ဩသာနသောဓေယျ ပတ္ထပါဌကအဖွဲ့ကိုလည်း ပါဠိမြန်မာ နှစ်ဘာသာ ကျွမ်းကျင်၍ ပြင်ဆင်ရေးဘက်က အားထားလောက်သော ဆရာတော်များကို ရွေးကောက် ဖွဲ့စည်းစေပြီးလျှင် အဆုံးသတ် ပြင်ဆင်တော်မူခဲ့ကြသည်။

ထိုသို့ ဩသာနအဖွဲ့ဝင် ဆရာတော် အရှင်မြတ်တို့က အဆုံးသတ် ပြင်ဆင်တော်မူကြရာ၌ ကာလရှည်ဝေး၍ ယခုခေတ်သိဘို့ရန် မလွယ်ကူသော ပေါရာဏစကား အသုံးအနှုန်းများကို နည်းနိုင်သမျှ နည်းပါးစေလျက်—

  1. အသိလွယ်ကူခြင်း။
  2. အများသုံးဖြစ်ခြင်း။
  3. အသင့်လျော်ဆုံးဖြစ်ခြင်း။

တို့ကို အရေးထား၍ စဉ်းစားလက်ခံခဲ့ကြလေသည်။ ဝေါဟာရ အသုံးအနှုန်းမှာလည်း မယဉ်ကျေးခြင်း နားမသာ (သုတိမသာ) ခြင်း၊ စကားသိမ်ဖျင်းသေးနုပ်ခြင်းတို့ကို အထူးသတိပြု၍ ရှောင်ရှားခဲ့ကြသည်။ လိုအပ်သော မြန်မာဘာသာ သတ်ပုံသတ်ညွှန်းဘက်ကလည်း ပြည့်စုံလုံလောက်ခြင်း ရှိစေရန် စာမျက်နှာ (၁၁) တွင် ဖော်ပြထားသော ရဟန်းပုဂ္ဂိုလ် ၆ ပါး၊ လူပုဂ္ဂိုလ် ၉ ဦးတို့ပါဝင်သည့် သတ်ပုံသတ်ညွှန်းကော်မတီ၏ ကူညီမှုကို လက်ခံသုံးသပ်တော်မူခဲ့ကြသည်။

ပိဋကတ်ပါဠိတော်များကို ဆဋ္ဌသံဂါယနာတင်ရန် အဖွဲ့အသီးသီးတို့က အထပ်ထပ် ပြင်ဆင်သည့်နည်းတူ ဤပိဋကတ်တော် မြန်မာပြန် စာမူကိုလည်း ထိုထိုအဖွဲ့အသီးသီးတို့က အထပ်ထပ် အလီလီ ပြင်ဆင်ပြီးမှသာလျှင် စက်တင် ပုံနှိပ်ခြင်း ပြုလုပ်ကြလေသည်။

ပန်းဝတ်ရည်ကို စားသုံးကြမည့် ပျားပိတုန်းတို့အလား သဗ္ဗညုမြတ်စွာဘုရား ဟောကြားတော်မူအပ်သည့် တရားဒေသနာ တည်းဟူသော ပိဋကတ်တော် အရသာကို မြိန်ရှက်စွာ စားသုံးလိုကြသည့် မာဂဓဘာသာ ပါဠိစကား၌ ကျွမ်းကျင်သက်ဝင်နိုင်စွမ်း မရှိကြသော နိုင်ငံတော်သူ နိုင်ငံတော်သား ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် ကံအားလျော်စွာ အနှစ်တထောင်ကြာမှ တကြိမ်သာပွင့်သော အာသာဝတီနတ်ပန်းကဲ့သို့၎င်း၊ ကမ္ဘာဦးအခါက ကမ္ဘာသူ ကမ္ဘာသားတို့၏ အာသာဆန္ဒအားလျော်စွာ ကမ္ဘာသူ ကမ္ဘာသားတို့၏ အာသာဆန္ဒကို ပြည့်စေသောအားဖြင့် ဖြစ်ထွန်းပေါ်ပေါက်လာသော နေ လ နက္ခတ်တာရာတို့ကဲ့သို့၎င်း နိုင်ငံတော်သူ နိုင်ငံတော်သားတို့၏ ကုသိုလ်ကံနှင့် အာသာဆန္ဒအားလျော်စွာ အကြိမ်ကြိမ်အဖန်ဖန် ကြံစည်ကြိုးကုတ် တည်ထွင် စီရင်ရေးသား ပြန်ဆိုသဖြင့် အလွန်ခဲယဉ်းငြိုငြင်စွာ ဖြစ်ထွန်း ပေါ်ပေါက် ပြီးစီးအောင်မြင်ခြင်းသို့ ရောက်လာသော ဤပိဋကတ်တော် မြန်မာပြန်တို့ကို လိုလိုချင်ချင် အာသာထက်သန်ပြင်းစွာ ကြည့်ရှုမှတ်သား လေ့လာ သွားခြင်းဖြင့် ပိဋကတ်တော် အရသာများကို လွယ်လွယ်ကူကူ မပင်မပန်း ချမ်းချမ်းသာသာ အားပါးတရ သုံးဆောင်ခံစားနိုင်ကြ၍ သဗ္ဗညုမြတ်စွာဘုရား ရည်ရွယ်တော်မူရင်း ဖြစ်သော အမတပြည်နိဗ္ဗာန်နန်းသို့ မကြာမတင် တက်လှမ်းနိုင်ကြပါစေကုန်သတည်း။

အဖွဲ့အသီးသီး

ပိဋကတ်တော် မြန်မာပြန် အဖွဲ့

  • ဆရာကြီး ဒေါက်တာဦးလင်း၊ အယ်ဒီတာချုပ်၊ အဂ္ဂမဟာပဏ္ဍိတ မဟာဝိဇ္ဇာ စာပေပါရဂူဘွဲ့ရ။
  • ဆရာဉာဏ်၊ ဒုတိယ အယ်ဒီတာချုပ် (၁)၊ ပရိယတ္တိ သာသနာနုဂ္ဂါဟက- ပဌမကျော် ပါဠိပါမောက္ခ ဂန္ထကာရက (ဟောင်း)။
  • ဦးဘမှီ၊ ဒုတိယ အယ်ဒီတာချုပ် (၁)၊ ပရိယတ္တိသာသနဟိတဓမ္မာစရိယ (သစ်)။
  • ဦးအောင်မိုး၊ ဒုတိယအယ်ဒီတာချုပ် (၂)၊ ပရိယတ္တိသာသနဟိတဓမ္မာစရိယ နှင့် သာသနဓဇသိရီပဝရဓမ္မာစရိယ (ဟောင်း)။
  • ဆရာအုပ်၊ ဒုတိယအယ်ဒီတာချုပ် (၂)၊ ပရိယတ္တိသာသနဟိတ ဓမ္မာစရိယ (သစ်)။
  • ဦးအုန်းရွှေ၊ အယ်ဒီတာချုပ်များအဖွဲ့၏ အတွင်းရေးမှူး၊ မူလဓမ္မာစရိယ (ဂန္ထကာရက)။

စာတည်းအယ်ဒီတာများ

  • ဆရာဆိုင်၊ ပရိယတ္တိသာသနဟိတဓမ္မာစရိယ (ဂန္ထကာရက)။
  • ဦးထွန်းအောင်၊ မူလဓမ္မာစရိယ (ဂန္ထကာရက)။
  • ဦးစိန်၊ ပရိယတ္တိ သာသန ဟိတ ဓမ္မာစရိယနှင့် သာသနဓဇ သိရီပဝရ ဓမ္မာစရိယ။
  • ဦးကြင်မောင်၊ သာသနဓဇသိရီပဝရဓမ္မာစရိယ။
  • ဦးကျော်ထွတ်၊ ပရိယတ္တိသာသနဟိတ ဓမ္မာစရိယနှင့် သာသနဓဇ သိရီပဝရ ဓမ္မာစရိယ။
  • ဦးအေးမောင်၊ ပရိယတ္တိ သာသနဟိတ ဓမ္မာစရိယနှင့် သာသနဓဇ သိရီပဝရ ဓမ္မာစရိယ။
  • ဦးစံတင်၊ သာသနဓဇသိရီပဝရဓမ္မာစရိယ။

စာပြုအယ်ဒီတာများ

  • ဦးဗိုလ်မောင်၊ ပရိယတ္တိသာသနဟိတ ဓမ္မာစရိယနှင့် သာသနဓဇသိရီပဝရဓမ္မာစရိယ။
  • ဦးစိုးဝင်း၊ စေတိယင်္ဂဏ ပရိယတ္တိ ဓမ္မာစရိယ ဂဏဝါစကနှင့် သာသနဓဇ သိရီပဝရဓမ္မာစရိယ။
  • ဦးမောင်ကြီး၊ ပရိယတ္တိ သာသနဟိတ ဓမ္မာစရိယ။
  • ဦးမြင့်သိန်း၊ စေတိယင်္ဂဏ ပရိယတ္တိ ဓမ္မာစရိယ ဂဏဝါစက။
  • ဦးမျိုးမြင့်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ။
  • ဦးတင်ဦး၊ မူလဓမ္မာစရိယ။
  • ဦးဟန်ထွန်း၊ စေတိယင်္ဂဏ ပရိယတ္တိ ဓမ္မာစရိယ ဂဏဝါစက နှင့် သာသနဓဇ သိရီပဝရ ဓမ္မာစရိယ။
  • ဦးအုန်းဖေ၊ ပရိယတ္တိသာသနဟိတ ဓမ္မာစရိယနှင့် သာသနဓဇ သိရီပဝရ ဓမ္မာစရိယ။
  • ဦးတင်မြင့်၊ စေတိယင်္ဂဏပရိယတ္တိဓမ္မာစရိယ ဂဏဝါစက နှင့် သာသနဓဇ သိရီပဝရ ဓမ္မာစရိယ။
  • ဆရာတင်၊ စေတိယင်္ဂဏ ပရိယတ္တိ ဓမ္မာစရိယ ဂဏဝါစက။
  • ဦးသန်းမော်၊ ပရိယတ္တိ သာသနဟိတဓမ္မာစရိယနှင့် သာသနဓဇသိရီပဝရ ဓမ္မာစရိယ။
  • ဦးဖေမြင့်၊ ပရိယတ္တိသာသနဟိတ ဓမ္မာစရိယနှင့် သာသနဓဇ သိရီပဝရ ဓမ္မာစရိယ။
  • ဦးတင်ရွှေ၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ။
  • ဦးစိန်မောင်၊ စေတိယင်္ဂဏ ပရိယတ္တိ ဓမ္မာစရိယ ဂဏဝါစကနှင့် သာသနဓဇ သိရီပဝရ ဓမ္မာစရိယ။
  • ဦးညိုမြ၊ ပရိယတ္တိသာသနဟိတ ဓမ္မာစရိယနှင့် သာသနဓဇ သိရီပဝရ ဓမ္မာစရိယ။
  • ဦးဝင်း (၁)၊ မူလဓမ္မာစရိယ။
  • ဦးထွန်းကြည်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ။

ပိဋကတ်တော် မြန်မာပြန် ဝေါဟာရ စိစစ်ရေးအဖွဲ့

ပါဠိတော်များ၌ အထပ်ထပ်ပါသော ပါဠိဝါကျများကို ပိဋကတ် မြန်မာပြန်ဌာနမှ ထုတ်နှုတ်ပေါင်းစု၍ တင်ပြရာ၊ ထိုတင်ပြသည့် ဝါကျများအနက် တပုဒ်စီ တအုပ်စီ၏ မြန်မာပြန်များကို စိစစ်ဆွေးနွေးသည့် ပါဠိမြန်မာ ဝေါဟာရအစည်းအဝေးကို ၅၉ ကြိမ် စည်းဝေး ဆွေးနွေးခဲ့ပါသည်။ ထိုပါဠိမြန်မာ ဝေါဟာရအစည်းအဝေးသို့ ကြွရောက်ဆွေးနွေး အကြံဉာဏ်ပေးကြသော ပညာရှင်များမှာ—

  1. ဆရာတော်ဦးဉာဏတ္တရ၊ မူလဓမ္မာစရိယ၊ ပဲခူး။
  2. ဦးချန်ထွန်း၊ နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့ အကျိုးတော်ဆောင်စာရင်းစစ်၊ တရားဝန်ကြီး။
  3. ဆရာဉာဏ်၊ နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့၊ စာပုံနှိပ်တိုက် ပါဠိပါမောက္ခ စာပြင်မှူးချုပ်။
  4. ဦးဘမှီ၊ ပိဋကတ်တော်မြန်မာပြန်ဌာန ဒုတိယအယ်ဒီတာချုပ် (၁)။
  5. ဆရာအုပ်၊ ပိဋကတ်တော်မြန်မာပြန်ဌာန ဒုတိယအယ်ဒီတာချုပ် (၂)။
  6. ဦးဘိုးလတ် (ဝိဇ္ဇာ)၊ ယဉ်ကျေးမှုဌာနအတွင်းဝန်။
  7. ဦးအေးမောင် (မဟာဝိဇ္ဇာ)၊ တက္ကသိုလ် မြန်မာစာပါမောက္ခ။
  8. ဦးဘလေး (မဟာဝိဇ္ဇာ)၊ တက္ကသိုလ်ပါဠိပါမောက္ခ။
  9. ဦးသာမြတ် (ဝိဇ္ဇာ)၊ ယဉ်ကျေးမှုဌာန ညွှန်ကြားရေးဝန်။
  10. ဦးအုန်းရွှေ၊ ပိဋကတ်တော် မြန်မာပြန်ဌာန အယ်ဒီတာချုပ်များ၏ အတွင်းရေးမှူး။
  11. ဆရာဆိုင်၊ ပိဋကတ်တော်မြန်မာပြန်ဌာန စာတည်း။
  12. ဦးထွန်းအောင်၊ ၎င်း။
  13. ဦးစိန်၊ ၎င်း။
  14. ဦးကြင်မောင်၊ ၎င်း။
  15. ဦးအေးမောင်၊ ၎င်း။
  16. ဦးကျော်ထွတ်၊ ၎င်း။
  17. ဦးစံတင်၊ ၎င်း။

ဝိနည်းမြန်မာပြန် ပဋိဝိသောဓက ဆရာတော်များ

အမှတ် ဘွဲ့တော် ဂုဏ်ထူး ကျောင်းတိုက် မြို့နေရပ်
၁။ ဆရာတော်ဦးဉေယျ မူလဓမ္မာစရိယ လယ်တီစံကျောင်း ပျဉ်းမနားမြို့။
၂။ ။ ဦးဥက္ကဋ္ဌ မူလဓမ္မာစရိယ ဗုဒ္ဓတက္ကသိုလ် တောင်တွင်းကြီးမြို့။
၃။ ။ ဦးဥတ္တမဗုဒ္ဓိ မူလဓမ္မာစရိယ မဟာဇေတဝန်ကျောင်း မုံရွေး။
၄။ ။ ဦးကေသရ မူလဓမ္မာစရိယ ကျောက်ကာတိုက် ရွှေဘိုမြို့။
၅။ ။ ဦးကုဏ္ဍလ မူလဓမ္မာစရိယ လောကုတ္တရာသိမ်ဦးတိုက် တောင်ငူမြို့။
၆။ ။ ဦးပါလိတ မူလဓမ္မာစရိယ မင်းကျောင်း မြစ်သားမြို့။
၇။ ပဋ္ဌာန်းဆရာတော်-ဦးဝိသုဒ္ဓ သကျသီဟမူလဓမ္မာစရိယ ပါဠိကျောင်း မစိုးရိမ်တိုက် မန္တလေးမြို့။
၈။ ဆရာတော် ဦးစန္ဒဇောတိ အစိုးရဓမ္မာစရိယ ကန်ကြီးကျောင်း မလှိုင်မြို့။
၉။ ။ ဦးရာဇိန္ဒ မူလဓမ္မာစရိယ စကဝါပင်ကျောင်း သရက်တောတိုက် ရန်ကုန်မြို့။
၁၀။ ။ ဦးပညာကိတ္တိ အစိုးရဓမ္မာစရိယ မင်္ဂလာမဏ္ဍိုင်ကျောင်း ဗဟန်း ရန်ကုန်မြို့။
၁၁။ ။ ဦးသုဇာတာလင်္ကာရ ပဌမကျော် သကျသီဟနှင့် အစိုးရဓမ္မာစရိယ သီရိမန္တလာကျောင်း ဥယျာဉ်တိုက် ကြည့်မြင်တိုင် ရန်ကုန်မြို့။
၁၂။ ။ ဦးဇောတိက မူလဓမ္မာစရိယ ဇမ္ဗူ မိတ်ဆွေကျောင်း ရွှေပိန္နဲကုန်းတိုက် ရန်ကုန်မြို့။
၁၃။ ။ ဦးအရိယဝံသ အစိုးရဓမ္မာစရိယ အေးစေတီကျောင်း ရန်ကုန်မြို့။
၁၄။ ။ ဦးတိက္ခ မူလဓမ္မာစရိယ ပိုးစာတောတိုက် ဟင်္သာတမြို့။

မြန်မာပြန် ဩသာနသောဓေယျ ပတ္ထပါဌကအဖွဲ့အား အကူအညီပေးသော သတ်ပုံသတ်ညွှန်း ကော်မတီအဖွဲ့

  1. မုံရွေးဆရာတော် ဦးဥတ္တမဗုဒ္ဓိ-မူလဓမ္မာစရိယ၊ ဝိနည်းမြန်မာပြန် ပဋိဝိသောဓကအဖွဲ့ဝင်၊ မုံရွေး။
  2. ဦးဉာဏတ္တရ-မူလဓမ္မာစရိယ၊ ဒီဃနိကာယ် မြန်မာပြန် ပဋိဝိသောဓကအဖွဲ့ဝင်၊ ပဲခူးမြို့။
  3. ဦးဝိသုဒ္ဓ၊ ပဌမကျော် သကျသီဟဓမ္မာစရိယ၊ ဝိဇ္ဇာလင်္ကာရ ဆရာတော် ဝန်ဆောင်သံဃအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့။
  4. ဦးဝိသုဒ္ဓ၊ ပဋ္ဌာန်းဆရာတော်၊ သကျသီဟ မူလဓမ္မာစရိယ၊ ပါဠိကျောင်း၊ မစိုးရိမ်တိုက် မန္တလေးမြို့။
  5. ဦးဓမ္မာနန္ဒ၊ မူလဓမ္မာစရိယ၊ ဝန်ဆောင်သံဃအဖွဲ့ဝင် ဆရာတော်၊ မြောင်းမြကျောင်း၊ ပုသိမ်မြို့။
  6. ဦးသုဇာတာလင်္ကာရ၊ မြန်မာပြန် ဩသာန သောဓေယျ အဖွဲ့ တာဝန်ခံ၊ ပဌမကျော် သကျသီဟ ဓမ္မာစရိယနှင့် အစိုးရဓမ္မာစရိယ ဆရာတော်၊ ဥယျာဉ်တိုက်၊ ကြည့်မြင်တိုင်၊ ရန်ကုန်မြို့။
  7. ဦးချန်ထွန်း နိုင်ငံတော်တရားဝန်ကြီး (သတိုးမဟာသရေစည်သူ)။
  8. ဦးလူဖေဝင်း (မဟာဝိဇ္ဇာ) ကမ္ဗည်းကျောက်စာဝန် (သိပ္ပံပျံချီ)။
  9. ဦးအေးမောင်၊ (မဟာဝိဇ္ဇာ) (သီရိပျံချီ) မြန်မာစာပါမောက္ခ၊ တက္ကသိုလ်၊ ရန်ကုန်မြို့။
  10. ဦးသာမြတ်၊ (ဝိဇ္ဇာ) (သီရိပျံချီ) ယဉ်ကျေးမှုညွှန်ကြားရေးဝန်။
  11. ဦးဝန်၊ (မဟာဝိဇ္ဇာ) (ဝဏ္ဏကျော်ထင်) စာတည်းမှူး၊ ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန၊ ရန်ကုန်မြို့။
  12. ဦးသိန်းဟန် (မဟာဝိဇ္ဇာ) ပိဋကတ်တိုက်မှူး၊ တက္ကသိုလ်၊ ရန်ကုန်မြို့။
  13. ဦးဘိုးလတ် (ဝိဇ္ဇာ) ယဉ်ကျေးမှုအတွင်းဝန်ဟောင်း။
  14. ဦးသာတင်၊ သာသနာ့ရောင်ခြည် အယ်ဒီတာ။
  15. ဦးဘသန်း (အကျိုးဆောင်)၊ ပရိယတ္တိ သာသနာနုဂ္ဂဟက အမျိုးသား ပဌမကျော် မူလဓမ္မာစရိယ အထက်တန်း မြန်မာဘာသာနှင့် ပါဠိဆရာဟောင်း၊ ဒုတိယစာပြင်မှူးချုပ်၊ နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့၊ ပုံနှိပ်တိုက်ဌာန။

ပိဋကတ်တော် မြန်မာပြန် ဩသာန သောဓေယျ ပတ္ထပါဌက အဖွဲ့ဝင် ဆရာတော်များ

  1. ဦးဓမ္မာနန္ဒ၊ မူလဓမ္မာစရိယ၊ ဝန်ဆောင်သံဃအဖွဲ့ဝင် ဆရာတော်၊ မြောင်းမြကျောင်းတိုက် ပုသိမ်မြို့။
  2. ဦးဝိသုဒ္ဓ၊ ပဋ္ဌာန်းဆရာတော်၊ သကျသီဟ မူလဓမ္မာစရိယ၊ ပါဠိကျောင်း၊ မစိုးရိမ်တိုက်၊ မန္တလေးမြို့။
  3. ဦးသုဇာတာ လင်္ကာရ၊ ပဌမကျော် သကျသီဟ ဓမ္မာစရိယံနှင့် အစိုးရဓမ္မာစရိယ၊ ဥယျာဉ်တိုက်၊ ကြည့်မြင်တိုင်၊ ရန်ကုန်မြို့။
    (ထိုအဖွဲ့တွင် ဦးသုဇာတလင်္ကာရ ဆရာတော်က အဖွဲ့၏ တာဝန်ခံအဖြစ်ဖြင့် ဆောင်ရွက်၍ ဒုတိယစာပြင်မှူးချုပ် ဆရာဦးဘသန်းက အကျိုးဆောင်အဖြစ်ဖြင့် ဆောင်ရွက်သည်)။