မာတိကာသို့ ခုန်သွားရန်

ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်-တထဒဓန

ဝီကီရင်းမြစ် မှ
6144ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်-တထဒဓန — ဓမ္မဗိမာန်စာပေပညာရှင်များ

တံ ဇီဝံ တံ သရီရံ ဒိဋ္ဌိကို ဖြစ်စေသော တရား ၅ ပါး

၁။ ရုပ်ကို အမှား နှလုံးသွင်းသောကြောင့် တံဇီဝံ တံ သရီရံ ဒိဋ္ဌိ ဖြစ်၏၊
၂။ ဝေဒနာကို အမှား နှလုံးသွင်းသောကြောင့် တံ ဇီဝံ တံ သရီရံ ဒိဋ္ဌိ ဖြစ်၏၊
၃။ သညာကို အမှား နှလုံးသွင်းသောကြောင့် တံ ဇီဝံ တံ သရီရံ ဒိဋ္ဌိ ဖြစ်၏၊
၄။ သင်္ခါရကို အမှား နှလုံးသွင်းသောကြောင့် တံ ဇီဝံ တံ သရီရံ ဒိဋ္ဌိ ဖြစ်၏၊
၅။ ဝိညာဏ်ကို အမှား နှလုံးသွင်းသောကြောင့် တံ ဇီဝံ တံ သရီရံ ဒိဋ္ဌိ ဖြစ်၏။ (သံ၊၂၊၁၇၆။) (သံ၊မြန်၊၂။၁၆၇)♦

တက္ကတွန်း နိဂဏ္ဌတို့၏ ပညတ်ချက် ဒဏ် ၃ မျိုး

၁။ မကောင်းမှုကို ပြုခြင်းနှင့် စပ်၍ ကိုယ်ဖြင့် ပြုအပ်သော မကောင်းမှု ကာယဒဏ်၊
၂။ နှုတ်ဖြင့် ပြုအပ်သော မကောင်းမှု ဝစီဒဏ်၊
၃။ စိတ်ဖြင့် ပြုအပ်သော မကောင်းမှု မနောဒဏ်။ (မ၊၂၊၃၅။) (မ၊မြန်၊၂။၄၁။)♦

တက္ကတွန်း အာဇီဝကတို့ မှတ်ထားသော ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သူ ၃ ဦး

၁။ နန္ဒဝစ္ဆ၊
၂။ ကိသသံကိစ္စ၊
၃။ မက္ခလိဂေါသာလ။ (မ၊၂၊၁၉၃။) (မ၊မြန်၊၂။၂၀၅။)♦

တက္ကတွန်းတို့၏ ခြိုးခြံသော အကျင့် ၇၃ ပါး

၁။ အဝတ်မဝတ်ဘဲ နေခြင်း၊
၂။ အမျိုးကောင်းသား တို့၏ အလေ့အထဟူသမျှကို ပယ်ကာ မတ်တတ်ရပ်ပြီး ကျင်ကြီးကျင်ငယ်စွန့်ခြင်း၊
၃။ လက်ဖြင့် မစင်ကို သုတ်လေ့ရှိခြင်း၊
၄။ အရှင် လာပါလော့ဟု ဆိုသူ၏ ဆွမ်းကို မခံခြင်း၊
၅။ အရှင် ရပ်ပါဦးလော့ဟု ဆိုသူ၏ ဆွမ်းကို မခံခြင်း၊
၆။ မိမိ မရောက်မီ ယူဆောင်လာသော ဆွမ်းကို မခံခြင်း၊
၇။ ရည်စူး၍ ပြုသော ဆွမ်းကို မခံခြင်း၊
၈။ ပင့်ဖိတ်ဆွမ်းကို မခံခြင်း၊
၉။ အိုးဝမှ ကော်၍လောင်းသော ဆွမ်းကို မခံခြင်း၊
၁၀။ တောင်းဝမှ ကော်၍ လောင်းသော ဆွမ်းကို မခံခြင်း၊
၁၁။ တံခါးခုံခြား၍ ကျော်လောင်းသော ဆွမ်းကို မခံခြင်း၊
၁၂။ တုတ်ခြား၍ ကျော်လောင်းသော ဆွမ်းကို မခံခြင်း၊
၁၃။ ကျည်ပွေ့ခြား၍ ကျော်လောင်းသော ဆွမ်းကို မခံခြင်း၊
၁၄။ နှစ်ယောက်စားနေစဉ်မှ လောင်းသော ဆွမ်းကို မခံခြင်း၊
၁၅။ ကိုယ်ဝန်ဆောင် မိန်းမဆွမ်းကို မခံခြင်း၊
၁၆။ နို့တိုက်ဆဲ မိန်းမဆွမ်းကို မခံခြင်း၊
၁၇။ ယောကျ်ားနှင့် နှီးနှောနေသော မိန်းမ၏ ဆွမ်းကို မခံခြင်း၊
၁၈။ ဆော်ဩစုဆောင်း၍ လောင်းသော ဆွမ်းကို မခံခြင်း၊
၁၉။ ခွေးမျှော်နေရာမှ ဆွမ်းကို မခံခြင်း၊
၂၀။ ယင်အုံရာမှ ဆွမ်းကို မခံခြင်း၊
၂၁။ ငါးမစားခြင်း၊
၂၂။ အမဲမစားခြင်း၊
၂၃။ သေအရက်မသောက်ခြင်း၊
၂၄။ ဖွဲ၌ မြှုပ်ထားသော ဝီရကမည်သော ဆေးရည်ကို မသောက်ခြင်း၊
၂၅။ တစ်အိမ်တည်း၌သာ ဆွမ်းခံခြင်း၊
၂၆။ တစ်လုတ်သာ စားခြင်း၊
၂၇။ နှစ်အိမ်၌သာ ဆွမ်းခံခြင်း၊
၂၈။ နှစ်လုတ်သာ စားခြင်း၊
၂၉။ ခုနစ်အိမ်၌သာ ဆွမ်းခံခြင်း၊
၃၀။ ခုနှစ်လုတ်သာ စားခြင်း၊
၃၁။ ဆွမ်းလောင်းခွက်ငယ် တစ်ခုစာဖြင့် ရောင့်ရဲခြင်း၊
၃၂။ ဆွမ်းလောင်းခွက်ငယ် နှစ်ခုစာဖြင့် ရောင့်ရဲခြင်း၊
၃၃။ တစ်ရက် ခြားလည်း အစာစားခြင်း၊
၃၄။ နှစ်ရက်ခြားလည်း အစာစားခြင်း၊
၃၅။ ခုနစ်ရက်ခြားလည်း အစာစားခြင်း၊
၃၆။ လခွဲတစ်ကြိမ်တိုင်အောင် ရက်ပိုင်းခြား၍ အစာစားခြင်း၊
၃၇။ ဟင်းရွက် စိမ်းကို စားနေခြင်း၊
၃၈။ ပြောင်းဆန်ကို စားနေခြင်း၊
၃၉။ ကျိတ်သီးဆန်ကို စားနေခြင်း၊
၄၀။ သားရေဖတ် အစအနကို စားနေခြင်း (တစ်နည်း) မှော်ကို စားနေခြင်း၊
၄၁။ ရှေးရှု ဆောင်ခဲ့သော ဆွမ်းကိုသာ စားခြင်း၊
၄၂။ ဖွဲနု ဆန်ကွဲကို စားနေခြင်း၊
၄၃။ ထမင်းချိုးကို စားခြင်း၊
၄၄။ မြက်ကို စားခြင်း၊
၄၅။ နှမ်းဖတ်ကို စားနေခြင်း၊
၄၆။ နွားချေးကို စားနေခြင်း၊
၄၇။ တောသစ်မြစ် တောသစ်သီးကို စား၍ မျှတခြင်း၊
၄၈။ ကြွေကျသော သစ်သီးကို စား၍ မျှတခြင်း၊
၄၉။ ပိုက်ဆံလျှော်အဝတ်ကို ဝတ်ခြင်း၊
၅၀။ ပိုက်ဆံလျှော်နှင့် ရောနှော ယက်သော အဝတ်ကို ဝတ်ခြင်း၊
၅၁။ သူသေကောင်မှ အဝတ်တို့ကို ဝတ်ခြင်း၊
၅၂။ ပံသုကူ အဝတ်တို့ကို ဝတ်ခြင်း၊
၅၃။ သစ်ခေါက်အဝတ်တို့ကို ဝတ်ခြင်း၊
၅၄။ သစ်နက်ရေ အဝတ်ကို ဝတ်ခြင်း၊
၅၅။ သစ်နက်ရေအဝတ်ကို ဝတ်ခြင်း၊
၅၆။ သမန်းမြက်အဝတ်ကို ဝတ်ခြင်း၊
၅၇။ လျှော်တေအဝတ်ကို ဝတ်ခြင်း၊
၅၈။ ပျဉ်ချပ်အဝတ်ကို ဝတ်ခြင်း၊
၅၉။ ဆံခြည်ကမ္ဗလာကို ဝတ်ခြင်း၊
၆၀။ သားမြီးကမ္ဗလာကို ဝတ်ခြင်း၊
၆၁။ ခင်ပုပ်ငှက်တောင်အဝတ်ကို ဝတ်ခြင်း၊
၆၂။ ဆံမုတ်ဆိတ်ကို နုတ်ခြင်း၊ ဆံမုတ်ဆိတ်နုတ်ခြင်းအမှုကို အားထုတ်ခြင်း၊
၆၃။ ထိုင်ရန် နေရာကို ပယ်ကာ ရပ်လျက်နေခြင်း၊
၆၄။ ဆောင့်ကြောင့်ထိုင်နေခြင်း၊ ဆောင့်ကြောင့်ထိုင် နေခြင်းကို အားထုတ်ခြင်း၊
၆၅။ ဆူးအခင်းပေါ်၌ နေခြင်း၊
၆၆။ ဆူးအခင်းပေါ်၌ အိပ်ခြင်း၊
၆၇။ နံပါးတစ်ဖက်တည်းဖြင့် အိပ်ခြင်း၊
၆၈။ ပျဉ်းပြားပေါ်၌ အိပ်ခြင်း၊
၆၉။ ကြမ်းတမ်းသော မြေပြင်ပေါ်၌ အိပ်ခြင်း၊
၇၀။ မြူအညစ်အကြေးကို ဆောင်ခြင်း၊
၇၁။ လွင်တီးခေါင်၌ နေလေ့ ရှိခြင်း၊
၇၂။ ရေ မသောက်ဘဲ နေခြင်း၊ ရေမသောက်ခြင်းအမှုကို အားထုတ်ခြင်း၊
၇၃။ တစ်နေ့ သုံးကြိမ် မကောင်းမှု ဆေးကြောရန် ရေသို့ သက်ဆင်းခြင်း အမှုကို အားထုတ်ခြင်း။ (ဒီ၊၁၊၁၅၇။) (ဒီ၊မြန်၊၁။၁၉၀။)♦

တက္ကီပုဂ္ဂိုလ် ၄ မျိုး (ကြံဆလျက် မိစ္ဆာအယူကို ယူသော တက္ကီပုဂ္ဂိုလ် ၄ မျိုး)

၁။ တစ်ဆင့်စကား ကြား၍ အတ္တသည် မြဲ၏ဟု ကြံဆလျက် မိစ္ဆာအယူကို ယူသော အနုဿုတိကတက္ကီ ပုဂ္ဂိုလ်၊
၂။ ဘဝဟောင်းကို အောက်မေ့နိုင်၍ အတ္တသည် မြဲ၏ဟု ကြံဆလျက် မိစ္ဆာအယူကို ယူသော ဇာတိဿရ တက္ကီပုဂ္ဂိုလ်၊
၃။ ရူပါရုံ, သဒ္ဒါရုံ အစရှိသော အာရုံရသဖြင့် ကြံဆ၍ မိစ္ဆာအယူကို ယူသော လာဘီတက္ကီပုဂ္ဂိုလ်၊
၄။ ကြံဆခြင်းသက်သက်မျှဖြင့်သာ မိစ္ဆာအယူကို ယူသော သုဒ္ဓတက္ကီပုဂ္ဂိုလ်။ (ဒီ၊ဋ္ဌ၊၁၊၉၉။) (ဒီ၊ဋ္ဌ၊မြန်၊၁။၁၉၁။)♦

တက်ကပ် အသက်တမ်းရှစ်သောင်း၌ ဖြစ်ပေါ်လာသော အနာရောဂါ ၃ မျိုး

၁။ ဣစ္ဆာ- ထမင်းကို အလိုရှိသော အနာရောဂါ (ထမင်းဆာသော ရောဂါ)၊
၂။ အနသနံ- ထမင်း မစားချင်သော အနာရောဂါ၊ (တစ်နည်း) ထမင်းကို အလွန်စားခြင်းကြောင့်ဖြစ်သော ကိုယ်၏ ပျင်းသည်၏အဖြစ်ဟု ဆိုအပ်သော အနာရောဂါ၊
၃။ ဇရာ- ပေါ်လွင်ထင်ရှားသော အိုမင်း ရင့်ရော်ခြင်း အနာရောဂါ။ (ဒီ၊၃၊၆၂။) (ဒီ၊မြန်၊၃။၆၅။)♦

တံခွန် လှူရကျိုး ၁၀ ပါး

၁။ ဆင်, မြင်း, ရထား, ခြေလျင် ဟူသော အင်္ဂါ လေးပါးရှိသော စစ်သည်တို့ အမြဲတမ်း ဝန်းရံစောင့်ရှောက်ခြင်း၊
၂။ တူရိယာ ခြောက်သောင်းနှင့် တကွ ကောင်းစွာ တန်ဆာဆင်အပ်သော စည်တို့သည် အမြဲတမ်း ဝန်းရံခြင်း၊
၃။ ပတ္တမြား, ပုတီး, နားတောင်း တို့ဖြင့် ကောင်းစွာ တန်ဆာဆင်လျက် ပြုံးရွှင်စွာ ပြောဆိုတတ်ကုန်သော သေးသွယ်သော ခါးရှိသော ရှစ်သောင်းခြောက်ထောင်သော မိန်းမတို့သည် အမြဲတမ်း ဝန်းရံခြင်း၊
၄။ ကမ္ဘာ သုံးသောင်းပတ်လုံး နတ်ပြည်၌ မွေ့လျော်ရခြင်း၊
၅။ အကြိမ်ရှစ်ဆယ်တိုင်တိုင် သိကြားနတ်မင်း အဖြစ်ကို ရခြင်း၊
၆။ အကြိမ်တစ်ထောင် စကြာမင်းအဖြစ်ကို ရခြင်း၊
၇။ ပဒေသရာဇ် မင်းအဖြစ်ကို မရေမတွက်နိုင်အောင် ရခြင်း၊
၈။ စကြာမင်းဖြစ်သောအခါ သုံးယူဇနာ တိုင်အောင် ထက်ဝန်းကျင်မှ တံခွန်များ စိုက်ထောင်နေခြင်း၊
၉။ တံခွန်လှူသည့်အခါမှ စ၍ ကမ္ဘာတစ်သိန်း တိုင်အောင် ဒုဂ္ဂတိဘဝများသို့ မလားရခြင်း၊
၁၀။ နောက်ဆုံးဘဝ၌ ကိလေသာကုန်ခန်း ရဟန္တာ ဖြစ်ရခြင်း။ (အပ၊၂၊၁၈၂။) (အပ၊မြန်၊၂။၁၇၆။)♦

တံခါး ၈ မျိုး

၁။ ပရိဝတ္တကဒွါရ၊
၂။ ရုက္ခသူစိဒွါရ၊
၃။ ကဏ္ဋကဒွါရ၊
၄။ စက္ကလကယုတ္တဒွါရ၊
၅။ ဥဂ္ဃါဋနကိဋိကဒွါရ၊
၆။ သံသရဏကိဋိကဒွါရ၊
၇။ သလာကဟတ္ထကဒွါရ၊
၈။ ဒုဿ သာဏိဒွါရ။ (ဝိ၊ဋ္ဌ၊၁၊၂၄၄။)♦

တံခါးခေါက်ပုံ ကျင့်ဝတ် ၃ မျိုး

၁။ နတ်ဘီလူးတို့သည် တံခါး၏ အပေါ်ပိုင်း၌ ခေါက်တတ် ကြကုန်၏၊
၂။ တိရစ္ဆာန်တို့သည် တံခါး၏ အောက်ပိုင်း၌ ခေါက်တတ်ကြကုန်၏၊
၃။ လူတို့သည် တံခါး၏ အလယ်ပိုင်း၌ ခေါက်တတ်ကြကုန်၏။ (သာရတ္ထ၊ဋီ၊၃၊၃၃၁။) (ဒီ၊ဋ္ဌ၊၁၊၂၂၅)♦

တစည်းသမား၏ အင်္ဂါ ၂ ပါး

၁။ သစ်ရွေသမား (တစည်းသမား) သည် တံမျဉ်းချည်ကို လိုက်လျော ညီညွတ်စေ၍ သစ်ကို ရွေခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ဘုရားအဆုံးအမ တည်းဟူသော သာသနာတော်အား လိုက်လျောညီညွတ်စေ၍ သီလတည်းဟူသော မြေ၌ တည်လျက် သဒ္ဓါတည်းဟူသော လက်ဖြင့် ပညာတည်းဟူသော ပဲခွပ်ကို ကိုင်၍ ကိလေသာတို့ကို ရွေအပ်ခြင်း)၊
၂။ သစ်ရွေသမား(တစည်းသမား) သည် အကာကို ပယ်၍ အနှစ်ကို ယူခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် သဿတဒိဋ္ဌိအယူ, ဥစ္ဆေဒဒိဋ္ဌိအယူ စသော အယူတို့ကို စွန့်ပယ်၍ သင်္ခါရတို့၏ သဘောကို ယူခြင်း)။ (မိလိန္ဒ၊၃၉၉။) (မိလိန္ဒ၊မြန်။၄၂၁။)♦

တစ်စိတ်တစ်ဒေသကို ပြီးစေနိုင်သော ပုဂ္ဂိုလ် ၃ မျိုး

၁။ သောတာပန်ပုဂ္ဂိုလ်၊
၂။ သကဒါဂါမ် ပုဂ္ဂိုလ်၊
၃။ အနာဂါမ်ပုဂ္ဂိုလ်။ (အံ၊ဋ္ဌ၊၂၊၂၁၇။)♦

တစ်ထောင်တန် ဂါထာ ၄ ပုဒ်

၁။ သကိဒေဝ သုတသောမ၊ သဗ္ဘိ ဟောတိ သမာဂမော။ သာ နံ သင်္ဂတိ ပါလေတိ၊ နာသဗ္ဘိ ဗဟုသင်္ဂမော။
၂။ သဗ္ဘိရေဝ သမာသေထ၊ သဗ္ဘိ ကုဗ္ဗေထ သန္ထဝံ၊ သတံ သဒ္ဓမ္မမညာယ၊ သေယျော ဟောတိ န ပါပိယော၊
၃။ ဇီရန္တိ ဝေ ရာဇရထာ သုစိတ္တာ၊ အထော သရီရမ္ပိ ဇရံ ဥပေတိ၊ သတဉ္စ ဓမ္မော န ဇရံ ဥပေတိ၊ သန္တော ဟဝေ သဗ္ဘိ ပဝေဒယန္တိ၊
၄။ နဘံ စ ဒူရေ ပထဝီ စ ဒူရေ၊ ပါရံ သမုဒ္ဒဿ တဒါဟု ဒူရေ၊ တတော ဟဝေ ဒူရတရံ ဝဒန္တိ၊ သတဉ္စ ဓမ္မော အသတဉ္စ ရာဇ။ (ဇာတက၊၂၊၁၃၆-၁၃၇။)♦

တစ်ပါးတည်း နေသင့်သော ရဟန်း၏ တရား ၅ ပါး

၁။ ရတတ်သမျှသော သင်္ကန်းဖြင့် ရောင့်ရဲခြင်း၊
၂။ ရတတ်သမျှသော ဆွမ်းဖြင့် ရောင့်ရဲခြင်း၊
၃။ ရတတ်သမျှသော ကျောင်း အိပ်ရာ နေရာဖြင့် ရောင့်ရဲခြင်း၊
၄။ ရတတ်သမျှသော သူနာ၏ အထောက်အပံ့ ဆေး အသုံးအဆောင်ဖြင့် ရောင့်ရဲခြင်း၊
၅။ ကာမဂုဏ်တို့၌ အကြံအစည်များလျက် မနေခြင်း။ (အံ၊၂၊၁၂၈။) (အံ၊မြန်၊၂။ ၁၅၉-၁၆၀။)♦

တစ်ပါးတည်း မနေသင့်သော ရဟန်း၏ အင်္ဂါ ၅ ပါး

၁။ ရတတ်သမျှသော သင်္ကန်းဖြင့် မရောင့်ရဲ နိုင်ခြင်း၊
၂။ ရတတ်သမျှသော ဆွမ်းဖြင့် မရောင့်ရဲနိုင်ခြင်း၊
၃။ ရတတ်သမျှသော ကျောင်း အိပ်ရာ နေရာဖြင့် မရောင့်ရဲနိုင်ခြင်း၊
၄။ ရတတ်သမျှသော သူနာ၏ အထောက်အပံ့ ဆေး အသုံးအဆောင်ဖြင့် မရောင့်ရဲနိုင်ခြင်း၊
၅။ ကာမဂုဏ်တို့၌ အကြံအစည်များလျက် နေခြင်း။ (အံ၊၂၊၁၂၈။) (အံ၊မြန်၊၂။၁၅၉။)♦

တစ်ဖက်စွန်းရောက် အယူမှား ၁၀ ပါး

၁။ လောကသည် မြဲ၏ဟု ယူခြင်း၊
၂။ လောကသည် မမြဲဟု ယူခြင်း၊
၃။ လောကသည် အဆုံးရှိ၏ဟု ယူခြင်း၊
၄။ လောကသည် အဆုံးမရှိဟု ယူခြင်း၊
၅။ အသက်သည် ကိုယ်တည်းဟု ယူခြင်း၊
၆။ အသက်တစ်ခြား ကိုယ်တစ်ခြားဟု ယူခြင်း၊
၇။ သတ္တဝါသေပြီးနောက် ဖြစ်လည်း ဖြစ်၊ မဖြစ်လည်း မဖြစ်ဟု ယူခြင်း၊
၈။ သတ္တဝါ သေပြီး နောက် ဖြစ်၏ဟု ယူခြင်း၊
၉။ သတ္တဝါ သေပြီးနောက် မဖြစ်ဟု ယူခြင်း၊
၁၀။ သတ္တဝါ သေပြီး နောက် ဖြစ်သည်လည်းမဟုတ် မဖြစ်သည်လည်း မဟုတ်ဟု ယူခြင်း။ (အဘိ၊ဝိ၊၄၀၆။) (အဘိ၊ဝိ၊မြန်၊၂။၅၁၃။)♦

တဇ္ဇနီယကံ ငြိမ်းအေးခြင်း၏ စလယ်ဆုံး ၃ ပါး

၁။ ကောင်းစွာ ကျင့်ခြင်းသည် တဇ္ဇနီယကံ ငြိမ်းအေးခြင်း၏ အစတည်း၊
၂။ ဉတ်သည် တဇ္ဇနီယကံ ငြိမ်းအေးခြင်း၏ အလယ်တည်း၊
၃။ ကမ္မဝါစာသည် တဇ္ဇနီယကံ ငြိမ်းအေးခြင်း၏ အဆုံးတည်း။ (ဝိ၊၅၊၂၅၂။) (ဝိ၊မြန်၊၅။၃၄၄။)♦

တဇ္ဇနီယကံ ပြုနိုင်သော အင်္ဂါ ၃ ပါး

၁။ အထူးအားဖြင့် ခိုက်ရန်ပြုတတ်ခြင်း၊
၂။ အမြဲမပြတ် အာပတ်သင့်ခြင်း၊
၃။ ကုလဒူသကအမှုကို ပြုခြင်း။ (ဝိ၊ဋ္ဌ၊၄၊၂။)♦

တဇ္ဇနီယကံ ပြုလိုက ပြုနိုင်ကြောင်း အင်္ဂါ ၃ ပါး

၁။ မျက်ကွယ် မျက်မှောက် ငြင်းခုံလျက် ဆန့်ကျင်ဘက်ပြော၍ သံဃာ၌ အဓိကရုဏ်းကို ပြုတတ်ခြင်း၊
၂။ မိုက်မဲမလိမ္မာ အာပတ် များပြားခြင်း၊
၃။ မလျော်သော လူမူဆက်ဆံရေးတို့ဖြင့် လူတို့နှင့် ရောနှော၍ နေခြင်း။ (ဝိ၊၅၊၂၁၉။) (ဝိ၊မြန်၊၅။၃၀၆။)♦

တဇ္ဇနီယကံ မငြိမ်းစေနိုင်သော အကြောင်း ၁၈ ပါး

၁။ တဇ္ဇနီယကံ ထိုက်သော ရဟန်းသည် ဥပဇ္ဈာယ်ဆရာပြုလုပ်၍ ရဟန်းခံပေးခြင်း၊
၂။ နိဿယည်းပေးခြင်း၊
၃။ သာမဏေကို ပြုစု လုပ်ကျွေးစေခြင်း၊
၄။ ရဟန်းမတို့အား ဆုံးမရန်သမုတ်ခြင်းကို သာယာနှစ်သက်ခြင်း၊
၅။ သမ္မုတိရ၍ ရဟန်းမတို့ကို ဆုံးမခြင်း၊
၆။ တဇ္ဇနီယကံပြုကြောင်း အာပတ်သို့ ရောက်ခြင်း၊
၇။ အလားတူဖြစ်သော အခြားအာပတ်သို့ ရောက်ခြင်း၊
၈။ ထို့ထက် ရုန့်ရင်းကြမ်းတမ်းသော အာပတ်သို့ ရောက်ခြင်း၊
၉။ တဇ္ဇနီယကံကို ကဲ့ရဲ့ခြင်း၊
၁၀။ တဇ္ဇနီယကံပြုသော ရဟန်းတို့ကို ကဲ့ရဲ့ခြင်း၊
၁၁။ ပကတတ်ရဟန်း၏ ဥပုသ်ကို ဆိုင်းငံ့ထားခြင်း၊
၁၂။ ပဝါရဏာကို ဆိုင်းငံ့ ထားခြင်း၊
၁၃။ ဆုံးမမှုကို ပြုလုပ်ခြင်း၊
၁၄။ အကြီးအမှူးအရာကို ယူခြင်း၊
၁၅။ အခွင့်ရေး တောင်းဆို ခြင်း၊
၁၆။ စောဒနာခြင်း၊
၁၇။ အောက်မေ့စေခြင်း၊
၁၈။ ပကတတ်ရဟန်းတို့နှင့် ရောယှက်ခြင်း။ (ဝိ၊၄၊၁၀။) (ဝိ၊မြန်၊၄။၁၀။)♦

တဇ္ဇနီယကံ၌ ကျင့်ဝတ် ၁၈ ပါး

၁။ ဥပဇ္ဈာယ်ဆရာ ပြုလုပ်၍ ရဟန်းခံ မပေးရခြင်း၊
၂။ နိဿယည်းမပေးရခြင်း၊
၃။ သာမဏေကို မလုပ်ကျွေးစေရခြင်း၊
၄။ ရဟန်းမတို့အား ဆုံးမရန် သမုတ်ခြင်းကို မသာယာ မနှစ်သက်ရခြင်း၊
၅။ သမုတ်ခံရသော်လည်း၊ (ဩဝါဒသမ္မုတိ ရသော်လည်း) ရဟန်းမတို့ကို ဩဝါဒမပေးရခြင်း၊
၆။ တဇ္ဇနီယကံ ပြုထိုက်သော အာပတ်သို့ မရောက်ရခြင်း၊ ၇-၈။ အလားတူ အခြားအာပတ်သို့လည်းကောင်း, ထို့ထက် ရုန့်ရင်း ကြမ်းတမ်းသော အာပတ်သို့လည်းကောင်း မရောက်ရခြင်း၊
၉။ တဇ္ဇနီယကံကို မကဲ့ရဲ့ရခြင်း၊
၁၀။ တဇ္ဇနီယကံပြုသော ရဟန်းတို့ကို မကဲ့ရဲ့ရခြင်း၊
၁၁။ ပကတတ်ရဟန်း၏ ဥပုသ်ကို ဆိုင်းငံ့၍ မထားရခြင်း၊
၁၂။ ပဝါရဏာကို ဆိုင်းငံ့၍ မထားရခြင်း၊
၁၃။ ဆုံးမမှုကို မပြုလုပ် ရခြင်း၊
၁၄။ အကြီးအမှူးအရာ၌ မထားရခြင်း၊
၁၅။ အခွင့်ရေး မတောင်းခံရခြင်း၊
၁၆။ မစောဒနာ ရခြင်း၊
၁၇။ မအောက်မေ့စေရခြင်း၊
၁၈။ ပကတတ်ရဟန်းတို့နှင့် မရောယှက်ရခြင်း။ (ဝိ၊၄၊၁၀။) (ဝိ၊မြန်၊၄။၁၀။)♦

တဇ္ဇနီယကံ၏ စ လယ် ဆုံး ၃ ပါး

၁။ တဇ္ဇနီယကံ၏ အကြောင်းဝတ္ထုနှင့် ပုဂ္ဂိုလ်သည် အစတည်း၊
၂။ ဉတ်သည် အလယ်တည်း၊
၃။ ကမ္မဝါစာသည် အဆုံးတည်း။ (ဝိ၊၅၊၂၅၂။) (ဝိ၊မြန်၊၅။၃၄၄။)♦

တဇ္ဇနီယကံကို ငြိမ်းစေနိုင်ကြောင်း ၁၈ ပါး

၁။ တဇ္ဇနီယကံထိုက်သော ရဟန်းသည် ဥပဇ္ဈာယ် ဆရာ ပြုလုပ်၍ ရဟန်းခံမပေးခြင်း၊
၂။ နိဿယည်းမပေးခြင်း၊
၃။ သာမဏေကို မလုပ်ကျွေး မပြုစု စေခြင်း၊
၄။ ရဟန်းမတို့အား ဆုံးမရန် သမုတ်ခြင်းကို မနှစ်သက်ခြင်း၊
၅။ သမုတ်ခံရ သော်လည်း (ဩဝါဒသမ္မုတိ ရရှိသော်လည်း) ရဟန်းမတို့ကို ဩဝါဒမပေးခြင်း၊
၆။ တဇ္ဇနီယ ကံ ပြုကြောင်းအာပတ်သို့ မရောက်ခြင်း၊
၇။ အလားတူဖြစ်သော အခြားအာပတ်သို့ မရောက်ခြင်း၊
၈။ ထို့ထက် ရုန့်ရင်းကြမ်းတမ်းသော အာပတ်သို့ မရောက်ခြင်း၊
၉။ တဇ္ဇနီယကံကို မကဲ့ရဲ့ခြင်း၊
၁၀။ တဇ္ဇနီယကံပြုသော ရဟန်းတို့ကို မကဲ့ရဲ့ခြင်း၊
၁၁။ ပကတတ်ရဟန်း၏ ဥပုသ်ကို ဆိုင်းငံ့မထားခြင်း၊
၁၂။ ပဝါရဏာကို ဆိုင်းငံ့မထားခြင်း၊
၁၃။ ဆုံးမမှုကို မပြုလုပ်ခြင်း၊
၁၄။ အကြီးအမှူးအရာကို မယူခြင်း၊
၁၅။ အခွင့်ရေးမတောင်းခံခြင်း၊
၁၆။ မစောဒနာခြင်း၊
၁၇။ မအောက်မေ့စေခြင်း၊
၁၈။ ပကတတ်ရဟန်းတို့ုနှင့် မရောယှက်ခြင်း။ (ဝိ၊၄၊၁၁။) (ဝိ၊မြန်၊၄။၁၁။)♦

တဇ္ဇနီယကံပြုလိုက ပြုနိုင်သော အကြောင်း ၆ ပါး

၁။ မျက်မှောက် မျက်ကွယ်၌ ငြင်းခုံလျက် သံဃာ၌ အဓိကရုဏ်း ပြုလုပ်ခြင်း၊ အာပတ်များပြား အပိုင်းအခြားမရှိခြင်း၊ လူတို့နှင့် ရောယှက် နေထိုင်ခြင်း၊
၂။ မြင့်မြတ်သော သီလအရာ၌ သီလပျက်စီးခြင်း၊ အကျင့်အရာ၌ အကျင့် ပျက်စီးခြင်း၊ အယူဝါဒအရာ၌ အယူဝါဒ ပျက်စီးခြင်း၊
၃။ ဘုရားရှင်၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊ တရားတော်၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊ သံဃာတော်၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊
၄။ ရဟန်း တစ်မျိုးသည် မျက်မှောက်၌ ငြင်းခုံတတ်လျက် သံဃာ၌ အဓိကရုဏ်း ပြုလုပ်တတ်ခြင်း၊ အာပတ်များပြားသူ ဖြစ်ခြင်း၊ လူတို့နှင့်ရောယှက် နေထိုင်ခြင်း၊
၅။ မြင့်မြတ်သော သီလ အရာ၌ သီလပျက်စီးခြင်း၊ အကျင့်အရာ၌ အကျင့်ပျက်စီးခြင်း၊ အယူဝါဒအရာ၌ အယူဝါဒ ပျက်စီးခြင်း၊
၆။ ဘုရားရှင်၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊ တရားတော်၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊ သံဃာတော်၏ကျေးဇူးမဲ့ကို ပြောဆိုခြင်း။ (ဝိ၊၄၊၉။) (ဝိ၊မြန်၊၄။၉-၁၀။)♦

တဏှာ ၁၀၈ မျိုး

၁။ ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာ တည်းဟူသော တဏှာ ၃ မျိုးကို တည်၊
၂။ ရူပတဏှာ၊ သဒ္ဒတဏှာ၊ ဂန္ဓတဏှာ၊ ရသတဏှာ၊ ဖောဋ္ဌဗ္ဗတဏှာ၊ ဓမ္မတဏှာ တည်းဟူသော တဏှာ ၆ မျိုးတို့နှင့် မြှောက် (၆×၃=) ၁၈ မျိုး၊
၃။ ယင်းတဏှာ ၁၈ မျိုးကို အဇ္ဈတ္တရုပ်သန္တာန်, ဗဟိဒ္ဓရုပ်သန္တာန် တည်းဟူသော တဏှာ ၂ မျိုးနှင့် မြှောက် (၁၈×၂=) ၃၆ မျိုး၊
၄။ ယင်းတဏှာ ၃၆ မျိုးကို အတိတ်, အနာဂတ်, ပစ္စုပ္ပန် တည်းဟူသော တဏှာ ၃ မျိုးနှင့် မြှောက် (၃၆×၃=) တဏှာ ၁၀၈ ဖြစ်၏။ (မ၊ဋ္ဌ၊၁၊၂၂၄။) (သံ၊ဋ္ဌ၊၂၊၁၄။) (အဘိ၊ဋ္ဌ၊၂၊၁၇၀။) (ပဋိသံ၊ဋ္ဌ၊၂၊၃၅။) (သာရတ္ထ၊ဋီ၊၁၊၃၁၀။)♦

တဏှာ ၂ မျိုး

၁။ ဆိတ်သွားရာလမ်း, တံသင်းရှိရာလမ်း ခရီး စသည်တို့ကို သွား၍ စည်းစိမ် ဥစ္စာတို့ကို ရှာဖွေတတ်သော တဏှာ (ဧသနတဏှာ)၊
၂။ ရှာဖွေရအပ်ပြီးသော စည်းစိမ်ဥစ္စာတို့၌ ဖြစ်သော တဏှာ (ဧသိတတဏှာ) (ဒီ၊ဋ္ဌ၊၂၊၈၉။) (အံ၊ဋ္ဌ၊၃၊၂၇၃။) (သာရတ္ထ၊ဋီ၊၃၊၄၇၉။) (ဒီ၊ဋ္ဌ၊မြန်၊၂။၁၆၅။)♦

တဏှာ ၃ မျိုး

၁။ ကာမတဏှာ- ကာမဂုဏ်အာရုံ၌ သာယာသည်၏ အစွမ်းအားဖြင့် ဖြစ်သော တဏှာ၊
၂။ ဘဝတဏှာ- ဘဝသည် (အတ္တသည်) မြဲ၏ဟု ယူသော သဿတဒိဋ္ဌိနှင့် တကွ ဖြစ်သော တဏှာ၊
၃။ ဝိဘဝတဏှာ- ဘဝသည် (အတ္တသည်) သေလျှင် ပြတ်၏ဟု ယူသော ဥစ္ဆေဒဒိဋ္ဌိနှင့် တကွဖြစ်သော တဏှာ။ (ဝိ၊၃၊၁၅။) (ဒီ၊၂၊၅၂။) (ဒီ၊၃၊၁၈၁။) (သံ၊၂၊၄၅၁။) (သံ၊၃၊၅၃။) (အဘိ၊ဝိ၊၁၀၆။) (အဘိ၊ဝိ၊၃၇၉။) (ခုဒ္ဒက၊၂၂၉။) (သံ၊ဋ္ဌ၊၂၊၁၀၄။) (ပဋိသံ၊ဋ္ဌ၊၁၊၁၀၉။) (ဝိသုဒ္ဓိ၊၂၊၂၀၂။) (ဝိ၊မြန်၊၃။၁၆။) (ဒီ၊မြန်၊၂။၅၉။) (ဒီ၊မြန်၊၃။၂၀၁။) (သံ၊မြန်၊၂။၄၄၇။) (သံ၊မြန်၊၃။၅၇။) (အဘိ၊ဝိ၊မြန်၊၁။၃၆၇။) (အဘိ၊ဝိ၊မြန်၊၁။၃၆၇။) (ခုဒ္ဒက၊မြန်။၂၁၄။)♦

တဏှာ ၃ မျိုး

၁။ ကာမဂုဏ် ငါးပါးတို့နှင့် ယှဉ်သော တပ်မက်မောခြင်း ကာမတဏှာ၊
၂။ ရူပဘဝ, အရူပဘဝတို့၌ ဖြစ်သော ဆန္ဒရာဂ, သဿတဒိဋ္ဌိနှင့် တကွဖြစ်သော တပ်ခြင်းရာဂ ဘဝတဏှာ၊
၃။ ဥစ္ဆေဒဒိဋ္ဌိနှင့် တကွဖြစ်သော တပ်မက်မောခြင်း ဝိဘဝတဏှာ။ (ဣတိဝုတ်၊ဋ္ဌ၊၁၈၉။)♦

တဏှာ ၃ မျိုး (တစ်နည်း)

၁။ ကာမတဏှာ- ကာမဘုံ၌ တပ်မက်မှု၊
၂။ ရူပတဏှာ- ရူပဘုံ၌ တပ်မက်မှု၊
၃။ အရူပတဏှာ- အရူပဘုံ၌ တပ်မက်မှု။ (ဒီ၊၃၊၁၈၁။) (အဘိ၊ဝိ၊၃၈၀။) (ဒီ၊မြန်၊၃။၂၀၁။) (အဘိ၊ဝိ၊မြန်၊၂။၃၇၅။)♦

တဏှာ ၃ မျိုး (တစ်နည်း)

၁။ ရူပတဏှာ- ရူပဘုံ၌ တပ်မက်မှု၊
၂။ အရူပတဏှာ- အရူပဘုံ၌ တပ်မက်မှု၊
၃။ နိရောဓတဏှာ- ဘဝချုပ်ငြိမ်းခြင်း၌ တပ်မက်မှု။ (ဒီ၊၃၊၁၈၁။) (အဘိ၊ဝိ၊၃၈၀။) (ဒီ၊မြန်၊၃။၂၀၁။) (အဘိ၊ဝိ၊မြန်၊၂။၄၇၆။)♦

တဏှာ ၆ မျိုး

၁။ ရုပ်အဆင်း, ရူပါရုံ၌ တပ်မက်မှု ရူပတဏှာ၊
၂။ အသံ- သဒ္ဒါရုံ၌ တပ်မက်မှု သဒ္ဒ တဏှာ၊
၃။ အနံ့-ဂန္ဓာရုံ၌ တပ်မက်မှု ဂန္ဓတဏှာ၊
၄။ အရသာ- ရသာရုံ၌ တပ်မက်မှု ရသတဏှာ၊
၅။ အထိအတွေ့- ဖောဋ္ဌဗ္ဗာရုံ၌ တပ်မက်မှု ဖောဋ္ဌဗ္ဗတဏှာ၊
၆။ ဓမ္မာရုံ၌ တပ်မက်မှု ဓမ္မတဏှာ။ (ဒီ၊၃၊၂၀၂။) (သံ၊၁၊၂၄၅။) (ဣတိဝုတ်၊ဋ္ဌ၊၁၉၀။) (ဝိသုဒ္ဓိ၊၂၊၂၀၂။) (ဒီ၊မြန်၊၃။၂၂၅။) (သံ၊မြန်၊၁။၂၂၉။)♦

တဏှာ စသည်တို့ကို ပယ်ကြောင်းတရား ၈ ပါး

၁။ မှန်ကန်သော အမြင်- သမ္မာဒိဋ္ဌိ၊
၂။ မှန်ကန်သော အကြံ- သမ္မာသင်္ကပ္ပ၊
၃။ မှန်ကန်သော စကား- သမ္မာဝါစာ၊
၄။ မှန်ကန်သော အလုပ်- သမ္မာကမ္မန္တ၊
၅။ မှန်ကန်သော အသက်မွေးမှု- သမ္မာအာဇီဝ၊
၆။ မှန်ကန်သော အားထုတ်မှု- သမ္မာဝါယာမ၊
၇။ မှန်ကန်သော အောက်မေ့မှု- သမ္မာသတိ၊
၈။ မှန်ကန်သော တည်ကြည်မှု- သမ္မာသမာဓိ။ (သံ၊၂၊၄၅၂။) (သံ၊မြန်၊၂။၄၄၈။)♦

တဏှာ၏ ဖြစ်ကြောင််း ၄ ပါး (တစ်နည်း)

၁။ သင်္ကန်းဟူသော အကြောင်းကြောင့် တဏှာဖြစ်ခြင်း၊
၂။ ဆွမ်းဟူသော အကြောင်းကြောင့် တဏှာဖြစ်ခြင်း၊
၃။ ကျောင်းဟူသော အကြောင်းကြောင့် တဏှာဖြစ်ခြင်း၊
၄။ အထူးသဖြင့် မြတ်သော ဆီ, ပျား, တင်လဲ စသော အကြောင်းကြောင့် တဏှာဖြစ်ခြင်း။ (ဒီ၊၃၊၁၉၁။) (ဒီ၊မြန်၊၃။၂၁၃။)♦

တဏှာ၏ ရေအယဉ်နှင့် တူပုံ ၄ မျိုး

၁။ အစဉ်သဖြင့် တိုးပွားလာခြင်း၊
၂။ အဆက်မပြတ် ဖြစ်ခြင်း၊
၃။ အောက်သို့ နစ်မြုပ်စေခြင်း၊
၄။ ကူးမြောက်နိုင်ခဲခြင်း။ (ဣတိဝုတ်၊ဋ္ဌ၊၃၂၇။)♦

တဏှာကာယ ၆ မျိုး

၁။ ရူပါရုံ၌ တပ်မက်မှု- ရူပတဏှာ၊
၂။ သဒ္ဒါရုံ၌ တပ်မက်မှု- သဒ္ဒ တဏှာ၊
၃။ ဂန္ဓာရုံ၌ တပ်မက်မှု- ဂန္ဓတဏှာ၊
၄။ ရသာရုံ၌ တပ်မက်မှု- ရသတဏှာ၊
၅။ ဖောဋ္ဌဗ္ဗာရုံ၌ တပ်မက်မှု- ဖောဋ္ဌဗ္ဗတဏှာ၊
၆။ ဓမ္မာရုံ၌ တပ်မက်မှု- ဓမ္မတဏှာ။ (ဒီ၊၃၊၂၃၇။) (မ၊၁၊၆၃။) (အဘိ၊ဝိ၊၃၉၅။) (ပဋိသံ၊ဋ္ဌ၊၁၊၁၁၀။) (ပဋိသံ၊ဋ္ဌ၊၂၊၂၅။) (သာရတ္ထ၊ဋီ၊၁၊၂၂၀။) (သာရတ္ထ၊ဋီ၊၁၊၃၀၈။) (ဒီ၊မြန်၊၃။၂၆၀။) (မ၊မြန်၊၁။၆၈။) (အဘိ၊ဝိ၊မြန်၊၂။၅၀၀။)♦

တဏှာကို စွဲမှီ၍ ဖြစ်ပေါ်လာသော တရား ၉ ပါး

၁။ လိုချင်မှု တဏှာကို စွဲမှီ အကြောင်းပြု၍ ရှာမှီးရခြင်း၊
၂။ ရှာမှီးခြင်းကို အကြောင်းပြုစွဲ မှီ၍ ရရှိလာခြင်း၊
၃။ ရရှိလာခြင်းကို စွဲမှီ၍ အသုံးချရန် စိတ်ပိုင်းဖြတ်ရခြင်း၊
၄။ စိတ်ပိုင်းဖြတ်ခြင်းကို စွဲမှီ၍ နှစ်သက် တပ်မက်မှု ဆန္ဒရာဂ ဖြစ်ခြင်း၊
၅။ ဆန္ဒရာဂကို စွဲမှီ၍ ငါ ငါ့ဥစ္စာဟု မြဲမြံစွာ ဆုံးဖြတ်ခြင်း၊
၆။ မြဲမြံစွာ ဆုံးဖြတ်ခြင်းကို စွဲမှီ၍ သိမ်းဆည်းရခြင်း၊
၇။ သိမ်းဆည်းခြင်းကို စွဲမှီ၍ နှမြောဝန်တိုမှု ဖြစ်ခြင်း၊
၈။ ဝန်တိုမှု ဖြစ်ခြင်းကို စွဲမှီ၍ စောင့်ရှောက်ရခြင်း၊
၉။ စောင့်ရှောက်ရခြင်း ဟူသော အကြောင်းကြောင့် တုတ်, ဓား စသော လက်နက်ကိုင်ဆောင်ရခြင်း, ခိုက်ရန်ဖြစ်ရခြင်း, ငြင်းခုံရခြင်း, မခံသာအောင် ပြောဆိုခြင်း, ကုန်းတိုက်ခြင်း, မဟုတ်မမှန် ပြောခြင်း ဟူသော များစွာသော အကုသိုလ်များ ဖြစ်ပွားရခြင်း။ (ဒီ၊၃၊၂၅၃။) (အံ၊၃၊၂၀၁။) (အဘိ၊ဝိ၊၄၀၄။) (ဝိ၊ဋ္ဌ၊၄၊၁၈၁။) (ပဋိသံ၊ဋ္ဌ၊၁၊၁၁၁။) (သာရတ္ထ၊ဋီ၊၁၊၃၀၈။) (ဝိသုဒ္ဓိ၊ဋီ၊၁၊၂၅၄။) (နေတ္တိ၊ဝိဘာ၊၁၅၇။) (ဒီ၊မြန်၊၃။၂၇၇။) (အံ၊မြန်၊၃။၂၀၁။) (အဘိ၊ဝိ၊မြန်၊၂။၅၁၁။)♦

တဏှာစရိုက်ရှိသူ ၂ ဦး

၁။ နူးညံ့သော ဣန္ဒြေရှိသော တဏှာစရိုက်ရှိသူ၊
၂။ ထက်သော ဣန္ဒြေ ရှိသော တဏှာစရိုက်ရှိသူ။ (မ၊ဋီ၊၁၊၁၃၉။)♦

တဏှာဖြစ်ကြောင်း ၄ ပါး

၁။ သင်္ကန်း ဟူသော အကြောင်းကြောင့် တဏှာ ဖြစ်ခြင်း၊
၂။ ဆွမ်းဟူသော အကြောင်းကြောင့် တဏှာ ဖြစ်ခြင်း၊
၃။ ကျောင်းဟူသော အကြောင်းကြောင့် တဏှာ ဖြစ်ခြင်း၊
၄။ အမှတ်မထား တစ်ပါးပါးသော အကြောင်းကြောင့် (ဝါ) ဤသို့ဖြစ်ခြင်း, မဖြစ်ခြင်းဟူသော အကြောင်းကြောင့် တဏှာ ဖြစ်ခြင်း။ (ခုဒ္ဒက၊၂၆၈။) (ခုဒ္ဒက၊မြန်။ ၂၅၄။)♦

တဏှာဖြစ်ကြောင်း ၄ ပါး (တစ်နည်း)

၁။ သင်္ကန်းဟူသော အကြောင်းကြောင့် တဏှာ လောဘ ဖြစ်ခြင်း၊
၂။ ဆွမ်းဟူသော အကြောင်းကြောင့် တဏှာလောဘ ဖြစ်ခြင်း၊
၃။ ကျောင်းဟူသော အကြောင်းကြောင့် တဏှာလောဘ ဖြစ်ခြင်း၊
၄။ သင်္ကန်းစသည်တို့၏ နည်းခြင်း, များခြင်း ဟူသော အကြောင်းကြောင့် တဏှာလောဘ ဖြစ်ခြင်း။ (အဘိ၊ဝိ၊၃၉၀။) (အဘိ၊ဝိ၊မြန်၊၂။၄၉၂။)♦

တဏှာမူလက တရား ၉ ပါး

တဏှာအရင်းခံရှိသော တရား ၉ ပါး တဏှာကို စွဲမှီ၍ ဖြစ်ပေါ် လာသော တရား ၉ ပါး၊ ပယ်အပ်သော တရား ၉ ပါး၊ ပဟာတဗ္ဗတရား ၉ ပါး တို့နှင့် တူသည်။ ♦

တဏှာအပေါင်း ၆ မျိုး တဏှာ ၆ မျိုး၊

ပယ်အပ်သော ပဟာတဗ္ဗတရား ၆ ပါး၊ တဏှာကာယ ၆ မျိုးတို့နှင့် တူသည်။ ♦

တဏှာအရင်းခံရှိသော တရား ၉ ပါး

တဏှာမူလက တရား ၉ ပါး၊ တဏှာကို စွဲမှီ၍ ဖြစ်ပေါ် လာသော တရား ၉ ပါး၊ ပယ်အပ်သော တရား ၉ ပါး၊ ပဟာတဗ္ဗတရား ၉ ပါး တို့နှင့် တူသည်။ ♦

တတိယကထိနသိက္ခာပုဒ်၌ အင်္ဂါ ၅ မျိုး

၁။ သင်္ကန်းသည် မိမိ ကိုယ်ပိုင်သင်္ကန်း ဖြစ်ခြင်း၊
၂။ သင်္ကန်း ပမာဏနှင့် ကိုက်ညီခြင်း၊
၃။ ပလိဗောဓ ပြတ်ပြီးသည် ဖြစ်ခြင်း၊
၄။ ပိုလွန်သော သင်္ကန်းဖြစ်ခြင်း၊
၅။ တစ်လ ဟူသော အပိုင်းအခြား လွန်သွားခြင်း။ (သာရတ္ထ၊ဋီ၊၂၊၃၉၈။) (ဝိမတိ၊၁၊၃၂၂။)♦

တတိယဈာန်၌ ရှိသော တရား ၁၄ မျိုး

၁။ ချမ်းသာခြင်း သုခ၊
၂။ အမှတ်ရခြင်း သတိ၊
၃။ ကောင်းစွာ သိခြင်း သမ္ပဇည၊
၄။ စိတ်တည်ငြိမ်ခြင်း စိတ္တေကဂ္ဂတာ၊
၅။ တွေ့ထိခြင်း ဖဿ၊
၆။ ခံစားခြင်း ဝေဒနာ၊
၇။ မှတ်ခြင်း သညာ၊
၈။ စေ့ဆော်ခြင်း စေတနာ၊
၉။ စိတ်၊
၁၀။ အလိုဆန္ဒ၊
၁၁။ ဆုံးဖြတ်ခြင်း အဓိမောက္ခ၊
၁၂။ လုံ့လပြုခြင်း ဝီရိယ၊
၁၃။ လျစ်လျူရှုခြင်း ဥပေက္ခာ၊
၁၄။ နှလုံးသွင်းခြင်း မနသိကာရ။ (မ၊၃၊၇၆။) (မ၊မြန်၊၃။၈၀။)♦

တတိယပါဋိဒေသနီယသိက္ခာပုဒ်၌ အင်္ဂါ ၃ ပါး

၁။ သေက္ခဟု သမုတ်ခံထားသူ ဖြစ်ခြင်း၊
၂။ အိမ် ဥပစာ၌ မပင့်ဖိတ်ထားခြင်း၊
၃။ ဂိလာနရဟန်း၏ နိစ္စဘတ်မဟုတ်သော ဆွမ်းစသည်ကို ယူ၍ စားခြင်း။ (ဝိမတိ၊၂၊၅၈။)♦

တတိယပါဋိဒေသနီယသိက္ခာပုဒ်၌ အင်္ဂါ ၅ မျိုး

၁။ သေက္ခဟု သမုတ်ခံထားသူ ဖြစ်ခြင်း၊
၂။ ရှေး၌ ပင့်ဖိတ်ထားသူ မဟုတ်ခြင်း၊
၃။ ကျန်းမာသူ ဖြစ်ခြင်း၊
၄။ အိမ်ဥပစာသို့ သက်ရောက်ခြင်း၊
၅။ နိစ္စဘတ် စသည်တို့ကို ထား၍ အခြားသော အာမိသကို ယူ၍ စားသုံးခြင်း။ (သာရတ္ထ၊ဋီ၊၃၊၁၀၃။)♦

တတိယပါရာဇိက၏ ဖြစ်ကြောင်း သမုဋ္ဌာန် ၃ ပါး

၁။ ရံခါ ကိုယ်ကြောင့်လည်းကောင်း စိတ်ကြောင့် လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်၊
၂။ ရံခါ နှုတ်ကြောင့်လည်းကောင်း စိတ်ကြောင့် လည်းကောင်း ဖြစ်၏၊ ကိုယ်ကြောင့် မဖြစ်၊
၃။ ရံခါ ကိုယ်ကြောင့်လည်းကောင်း နှုတ်ကြောင့် လည်းကောင်း စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ (ဝိ၊၅၊၃၅၉။) (ဝိ၊မြန်၊၅။၄၆၃။)♦

တတိယဩက္ကာကမင်း မိဖုရားကြီး ဟတ္ထာ၏ သားတော် ၄ ယောက်

၁။ ဩက္ကာမုခ၊
၂။ ဟရကဏ္ဍု၊
၃။ ဟတ္ထိနိက၊
၄။ သိနိသူရ။ (ဒီ၊ဋ္ဌ၊၁၊၂၃၀။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၅၄။)♦

တတိယဩက္ကာကမင်း၏ မိဖုရား ၅ ပါး

၁။ ဟတ္ထာမိဖုရား၊
၂။ စိတ္တာမိဖုရား၊
၃။ ဇန္တုမိဖုရား၊
၄။ ဇာလိနီ မိဖုရား၊
၅။ ဝိသာခါမိဖုရား။ (ဒီ၊ဋ္ဌ၊၁၊၂၃၀။) (သုတ္တနိ၊ဋ္ဌ၊၂၊၈၅။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၅၄။)♦

တံတိုင်း ၃ မျိုး (ခွင့်ပြုအပ်သော တံတိုင်း ၃ မျိုး)

၁။ အုတ်တံတိုင်း၊
၂။ ကျောက်တံတိုင်း၊
၃။ သစ်သားတံတိုင်း။ (ဝိ၊၂၊၃၄၈။) (ဝိ၊မြန်၊၂။၃၉၄။) (ဝိ၊၄၊၂၅၈-၂၉၉။) (ဝိ၊မြန်၊၄။၂၅၈၊၃၀၄။)♦

တတုတ္တရိသိက္ခာပုဒ်၌ အင်္ဂါ ၄ မျိုး

၁။ အတိုင်းအတာထက် ပိုလွန်စွာ သာယာခြင်း၊
၂။ လုယူ အပ်သည်၏အဖြစ် အစရှိသော အကြောင်း ရှိခြင်း၊
၃။ ဆွေမျိုးမတော်သူထံမှ တောင်းယူခြင်း၊
၄။ ထိုသို့ တောင်းယူခြင်းကြောင့် ရရှိခြင်း။ (သာရတ္ထ၊ဋီ၊၂၊၄၀၅။) (ဝိမတိ၊၁၊၃၂၆။)♦

တထတရား ၄ ပါး

၁။ ဤကား ဒုက္ခတည်း ဟူသော စကားသည် အမှားမဟုတ် အမှန်ဖြစ်ခြင်း၊
၂။ ဤကား ဒုက္ခဖြစ်ကြောင်းတည်း ဟူသော စကားသည် အမှားမဟုတ် အမှန်ဖြစ်ခြင်း၊
၃။ ဤကား ဒုက္ခချုပ်ရာနိဗ္ဗာန်တည်း ဟူသော စကားသည် အမှားမဟုတ် အမှန်ဖြစ်ခြင်း၊
၄။ ဤကား ဒုက္ခချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်တည်း ဟူသော စကားသည် အမှား မဟုတ် အမှန်ဖြစ်ခြင်း။ (ပဋိသံ၊၂၉၃။) (ပဋိသံ၊မြန်။၃၅၀။)♦

တထာဂတမည်ကြောင်း ၈ မျိုး

၁။ ထိုဝိပဿီစသော ရှေးဘုရားတို့ ကြွလာတော်မူပုံ အခြင်းအရာ အားဖြင့် ကြွလာတော်မူပြီးသောကြောင့် တထာဂတ မည်၏၊
၂။ ထိုဝိပဿီစသော ရှေးဘုရား ရှင်တို့ ကြွသွားတော်မူပုံ အခြင်းအရာအားဖြင့် ကြွသွားတော်မူပြီးသောကြောင့် တထာဂတ မည်၏၊
၃။ မှန်ကန်သော လက္ခဏာသို့ ရောက်တော်မူပြီးသောကြောင့် တထာဂတ မည်၏၊
၄။ မှန်ကန်သော တရားတို့ကို ဟုတ်မှန်သောအားဖြင့် ထိုးထွင်း၍ သိတော်မူပြီးသောကြောင့် တထာဂတ မည်၏၊
၅။ မှန်ကန်သောအတိုင်း မြင်တော်မူလေ့ ရှိသည်၏ အဖြစ်ကြောင့် တထာဂတ မည်၏၊
၆။ ဟုတ်မှန်သော စကားကို မိန့်တော်မူလေ့ ရှိသည်၏ အဖြစ်ကြောင့် တထာဂတ မည်၏၊
၇။ ထိုနှုတ်ဖြင့် မြွက်ဆိုတော်မူသည့်အတိုင်း ပြုလုပ်တော်မူလေ့ ရှိသည်၏ အဖြစ်ကြောင့် တထာဂတ မည်၏၊
၈။ ခပ်သိမ်းသော သတ္တဝါတို့ကို သီလ စသည်တို့ဖြင့် လွှမ်းမိုးတော်မူသည်၏ အဖြစ်ကြောင့် တထာဂတ မည်၏။ (ဒီ၊ဋ္ဌ၊၁၊၅၉။) (မ၊ဋ္ဌ၊၁၊၄၇။) (အံ၊ဋ္ဌ၊၁၊၈၀။) (ပဋိသံ၊ဋ္ဌ၊၁၊၁၉၀။) (ဥဒါန၊ဋ္ဌ၊၁၁၂။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၁၈။) (ဒီ၊ဋ္ဌ၊မြန်၊၁။၁၁၁။)♦

တန်ခိုး ၁၀ မျိုး

၁။ အဓိဋ္ဌာနာဣဒ္ဓိ- အဓိဋ္ဌာန်ခြင်း၏ အစွမ်းအားဖြင့် ပြီးသော တန်ခိုး၊
၂။ ဝိကုဗ္ဗနာ ဣဒ္ဓိ- အထူးထူးသော ရုပ်အဆင်းကို ဖန်ဆင်းခြင်းဟု ဆိုအပ်သော တန်ခိုး၊
၃။ မနောမယ ဣဒ္ဓိ- ဈာန်စိတ်ဖြင့် ပြီးသော ခန္ဓာကိုယ်ကို ဖြစ်စေတတ်သော တန်ခိုး၊
၄။ ဉာဏဝိပ္ဖါရာ ဣဒ္ဓိ- ဖြစ်လတ္တံ့သော အရဟတ္တမဂ်ဉာဏ်၏ ပျံ့နှံ့ခြင်း အရှိန်အဟုန်ကြောင့် ဖြစ်သော တန်ခိုး၊
၅။ သမာဓိဝိပ္ဖါရာဣဒ္ဓိ- သမာဓိ၏ ပျံ့နှံ့ခြင်း အရှိန်အဟုန်ကြောင့် ဖြစ်သော တန်ခိုး၊
၆။ အရိယာဣဒ္ဓိ- အရိယာတို့၏ ဥစ္စာဖြစ်သော တန်ခိုး၊
၇။ ကမ္မဝိပါကဇဣဒ္ဓိ- ကံ၏ အကျိုးကြောင့် ဖြစ်သော တန်ခိုး၊
၈။ ပုညဝတောဣဒ္ဓိ- လွန်ကဲသော ဘုန်းကံရှိသော ပုဂ္ဂိုလ်တို့၌ ဖြစ်သောတန်ခိုး၊
၉။ ဝိဇ္ဇာမယာဣဒ္ဓိ- အာထဗ္ဗဏကျမ်းလာ ဝိဇ္ဇာအတတ် ပညာကြောင့် ဖြစ်သော တန်ခိုး၊
၁၀။ တတ္ထ တတ္ထ သမ္မာပယောဂပစ္စယာ ဣဒ္ဓိ- သကဋဗျူဟာ, စက္ကဗျူဟာ စသော အစီအရင်ကြောင့်ဖြစ်သော တန်ခိုးအထူး, ဂဏန်းအတတ်, စောင်းအတတ်, အယုတ်အားဖြင့် လယ်ထွန်ခြင်းစသော အမှုတို့ကိုစွဲ၍ ပြီးမြောက်သော တန်ခိုးအထူး။ (ပဋိသံ၊မြန်။၄၄၇။)♦

တန်ခိုး ၅ မျိုး

၁။ သီလတန်ခိုး၊
၂။ ဂုဏ်တော်တန်ခိုး၊
၃။ ပညာတန်ခိုး၊
၄။ ကောင်းမှုတန်ခိုး၊
၅။ တရားဓမ္မတန်ခိုး။ (ဓမ္မ၊ဋ္ဌ၊၂၊၃၉၆။)♦

တန်ခိုး အစီအရင် ၂ ပါး

ဣဒ္ဓိဝိဓ ၂ ပါး နှင့် တူသည်။ ♦

တန်ခိုး၏ တည်ရာ ၄ ပါး

၁။ ဆန္ဒကြီးမှူးသော သမာဓိအားထုတ်ခြင်း (ဆန္ဒိဒ္ဓိပါဒ)၊
၂။ စိတ် ကြီးမှူးသော သမာဓိအားထုတ်ခြင်း (စိတ္တိဒ္ဓိပါဒ)၊
၃။ ဝီရိယလွန်ကဲသော သမာဓိ အားထုတ်ခြင်း (ဝီရိယိဒ္ဓိပါဒ)၊
၄။ ပညာလွန်ကဲသော သမာဓိအားထုတ်ခြင်း (ဝီမံသိဒ္ဓိပါဒ)။ (ပဋိသံ၊၃၈၄။) (ပဋိသံ၊မြန်။၄၄၇။)♦

တန်ခိုး၏ ဘူမိ ၄ မျိုး

၁။ ပထမဈာန်ဟု ဆိုအပ်သော ဝိဝေကဇဘူမိ၊
၂။ ဒုတိယဈာန်ဟု ဆိုအပ်သော ပီတိသုခဘူမိ၊
၃။ တတိယဈာန်ဟု ဆိုအပ်သော ဥပေက္ခာသုခဘူမိ၊
၄။ စတုတ္ထဈာန်ဟု ဆိုအပ်သော အဒုက္ခမသုခဘူမိ။ (ပဋိသံ၊၃၈၄။) (ဝိသုဒ္ဓိ၊၂၊၁၃။) (ပဋိသံ၊မြန်။၄၄၇။)♦

တန်ခိုး၏ မူလ ၁၆ ပါး

၁။ မတွန့်ဆုတ်သော စိတ်သည် ပျင်းရိခြင်းကြောင့် မတုန်လှုပ်ခြင်း၊
၂။ မပျံ့လွင့်သော စိတ်သည် ဥဒ္ဓစ္စကြောင့် မတုန်လှုပ်ခြင်း၊
၃။ မကပ်ငြိသော စိတ်သည် ရာဂကြောင့် မတုန်လှုပ်ခြင်း၊
၄။ မထိပါးသော စိတ်သည် ဗျာပါဒကြောင့် မတုန်လှုပ်ခြင်း၊
၅။ မမှီသော စိတ်သည် ဒိဋ္ဌိကြောင့် မတုန်လှုပ်ခြင်း၊
၆။ မစပ်သော စိတ်သည် ဆန္ဒရာဂ ကြောင့် မတုန်လှုပ်ခြင်း၊
၇။ ကင်းလွတ်သော စိတ်သည် ကာမရာဂကြောင့် မတုန်လှုပ်ခြင်း၊
၈။ မယှဉ်သော စိတ်သည် ကိလေသာကြောင့် မတုန်လှုပ်ခြင်း၊
၉။ ကင်းသော ကိလေသာ အပိုင်းအခြားကို ပြုတတ်သော စိတ်သည် ကိလေသာ အပိုင်းခြားကြောင့် မတုန်လှုပ်ခြင်း၊
၁၀။ အာရုံတစ်ခုတည်း၌ ဖြစ်သော စိတ်သည် အထူးထူးသော အာရုံတို့ကြောင့် မတုန် လှုပ်ခြင်း၊
၁၁။ သဒ္ဓါဖြင့် သိမ်းဆည်းအပ်သော စိတ်သည် သဒ္ဓါမရှိခြင်းကြောင့် မတုန် လှုပ်ခြင်း၊
၁၂။ ဝီရိယဖြင့် သိမ်းဆည်းအပ်သော စိတ်သည် ပျင်းရိခြင်းကြောင့် မတုန်လှုပ်ခြင်း၊
၁၃။ သတိဖြင့် သိမ်းဆည်းအပ်သော စိတ်သည် မေ့လျော့ခြင်းကြောင့် မတုန်လှုပ်ခြင်း၊
၁၄။ သမာဓိဖြင့် သိမ်းဆည်းအပ်သော စိတ်သည် ဥဒ္ဓစ္စကြောင့် မတုန်လှုပ်ခြင်း၊
၁၅။ ပညာဖြင့် သိမ်းဆည်းအပ်သော စိတ်သည် အဝိဇ္ဇာကြောင့် မတုန်လှုပ်ခြင်း၊
၁၆။ ပညာအလင်း ရောက်သော စိတ်သည် အဝိဇ္ဇာအမိုက်မှောင်ကြောင့် မတုန်လှုပ်ခြင်း။ (ပဋိသံ၊၃၈၄-၃၈၅။) (ပဋိသံ၊မြန်။၄၄၈။)♦

တန်ခိုးကြီးကြောင်း တရား ၃ ပါး

၁။ ဒါန- ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်း၊
၂။ ဒမ- စက္ခု စသော ဣန္ဒြေတို့ကို ဆုံးမခြင်း၊ ဣန္ဒြေတို့ကို ဆုံးမကြောင်း ဥပုသ်စောင့်သုံးခြင်း၊
၃။ သံယမ- ငါးပါးသီလ, အာဇီဝဋ္ဌမကသီလဟု ဆိုအပ်သော ကိုယ်နှုတ် စောင့်စည်းမှုနှင့် ပြည့်စုံခြင်း။ (ခုဒ္ဒက၊၂၀၅။) (ခုဒ္ဒက၊မြန်။၁၈၉။)♦

တန်ခိုးကြီးစေသော တရား ၄ ပါး

၁။ မှန်ကန်သော သစ္စာစကားကိုသာ ပြောဆိုခြင်း၊
၂။ ဣန္ဒြေတို့ကို ဆုံးမခြင်း၊
၃။ ပေးကမ်း စွန့်ကြဲခြင်း၊
၄။ တရားဓမ္မကို ကျင့်ခြင်း။ (ဇာတက၊၂၊၂၆၉။)♦

တန်ခိုးကြီးသူ ၄ ဦး

၁။ အရှင်သာရိပုတ္တရာ၊
၂။ အရှင်မောဂ္ဂလ္လာန်၊
၃။ အရှင်ဗာကုလထေရ်၊
၄။ ဘဒ္ဒကစ္စာနာထေရီ၊ (အံ၊ဋ္ဌ၊၁၊၂၈၉။)♦

တန်ခိုးပြာဋိဟာ ၃ ပါး

၁။ ဣဒ္ဓိပါဋိဟာရိယ- မြေလျှိုးမိုးပျံခြင်း စသော အမျိုးမျိုးသော တန်ခိုး၊
၂။ အာဒေသနာပါဋိဟာရိယ- သင်၏စိတ်သည် ဤသို့ ဖြစ်နေ၏ စသည်ဖြင့် အတတ် ပြောနိုင်သော တန်ခိုး၊
၃။ အနုသာသနီပါဋိဟာရိယ- ‘ဤသို့ မကြံစည်ကြကုန်လင့်” စသည်ဖြင့် ပြောဆိုဆုံးမသော တန်ခိုး။ (ဒီ၊၃၊၁၈၄။) (အံ၊၁၊၁၇၀။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၅၁။) (ဒီ၊မြန်၊၃။၂၀၅။) (အံ၊မြန်၊၁။၁၈၉။)♦

တန်ခိုးပြာဋိဟာ ၄ မျိုး (ကမ္ဘာပတ်လုံးတည်မည့် တန်ခိုးပြာဋိဟာ ၄ မျိုး)

၁။ လ၌ ယုန်အမှတ် တံဆိပ်သည် ကမ္ဘာပတ်လုံး တည်ခြင်း၊
၂။ ဝဋ္ဋဇာတ်၌ မီးလောင်ရာ အရပ်သည် ကမ္ဘာပတ်လုံး မီးမလောင်ခြင်း၊
၃။ အိုးထိန်းသည်၏ နေအိမ်တည်ရာအရပ်သည် ကမ္ဘာပတ်လုံး မိုးမစိုခြင်း၊
၄။ ဘုရားအလောင်း မျောက်မင်း အဓိဋ္ဌာန်ပြု၍ အခေါင်းဖြစ်သွားသော ကျူတောမှ အဆက်ဆက်ပေါက်ကြသော ကျူတို့သည် အဆစ်အတားအပိတ်အဆို့ မရှိကြဘဲ အခေါင်း အဖြစ်သာ ပေါက်ကြခြင်းသည် ကမ္ဘာပတ်လုံး တည်ခြင်း။ (ဇာ၊ဋ္ဌ၊၁၊၁၈၈။)♦

တန်ခိုးပြာဋိဟာ ၅ ပါး (ကောရက္ခတ္တိယနှင့် ပတ်သက်၍ သုနက္ခတ္တအား ဘုရားရှင် ပြတော်မူ အပ်သော တန်ခိုးပြာဋိဟာ ၅ ပါး)

၁။ ခုနစ်ရက်မြောက်နေ့၌ သေလိမ့်မည်ဟု ဘုရားရှင် မိန့်တော် မူသည့်အတိုင်းပင် ကောရက္ခတ္တိယသည် သေခြင်း၊
၂။ အစာမကြေသော ရောဂါဖြင့် သေလိမ့်မည်ဟု ဘုရားရှင် မိန့်တော်မူသည့်အတိုင်း သေခြင်း၊
၃။ ကာလကဉ္စိကာအသုရာ တို့၌ ဖြစ်လိမ့်မည်ဟု ဘုရားရှင် မိန့်တော်မူသည့်အတိုင်း ကာလကဉ္စိကာ အသုရာတို့၌သာ ဖြစ်ခြင်း၊
၄။ ဗီရဏတ္ထမ္ဗကသုသာန်၌ စွန့်ပစ်လိမ့်မည်ဟု ဘုရားရှင် မိန့်တော်မူသည့်အတိုင်း ထိုသုသာန်၌ပင် စွန့်ပစ်ခံရခြင်း၊
၅။ ဖြစ်ရာအရပ်မှ လာ၍ သုနက္ခတ္တနှင့်တကွ စကားပြော မည်ဟု ဘုရားရှင် မိန့်တော်မူသည့်အတိုင်း စကားလာပြောခြင်း။ (ဒီ၊ဋ္ဌ၊၃၊၇။)♦

တန်ခိုးဖန်ဆင်းသော ယောဂီပုဂ္ဂိုလ် ဝင်စားရမည့် အခြင်းအရာ ၁၄ မျိုး

၁။ ကသိဏာနု လောမတော- ကသိုဏ်းတို့ကို အစဉ်အတိုင်း ဝင်စားရခြင်း၊
၂။ ကသိဏပဋိလောမတော- ကသိုဏ်းတို့ကို အပြန်အားဖြင့် (ပြောင်းပြန်အားဖြင့်) ဝင်စားရခြင်း၊
၃။ ကသိဏာနုလောမ ပဋိလောမတော- ကသိုဏ်းတို့ကို အစဉ်အတိုင်းအားဖြင့်လည်းကောင်း၊ ပြောင်းပြန်အားဖြင့် လည်းကောင်း ဝင်စားရခြင်း၊
၄။ ဈာနာနုလောမတော- ဈာန်တို့ကို (အနုလုံ) အစဉ်အတိုင်း အားဖြင့် ဝင်စားရခြင်း၊
၅။ ဈာနပဋိလောမတော- ဈာန်တို့ကို (ပဋိလုံ) အပြန်အားဖြင့် ဝင်စားရခြင်း၊
၆။ ဈာနာနုလောမပဋိလောမတော- ဈာန်တို့ကို အနုလုံ-ပဋိလုံအားဖြင့် ဝင်စားရခြင်း၊
၇။ ဈာနုက္ကန္တိကတော- အစဉ်အတိုင်းရှိနေသော ဈာန်တို့ကို ခုန်ကျော်သော အားဖြင့် ဝင်စားရခြင်း၊
၈။ ကသိဏုက္ကန္တိကတော- ကသိုဏ်းတို့ကို ခုန်ကျော်သောအားဖြင့် ဝင်စားရခြင်း၊
၉။ ဈာနကသိဏုက္ကန္တိကတော- ဈာန်ကသိုဏ်းတို့ကို ခုန်ကျော်သောအားဖြင့် ဝင်စားရခြင်း၊
၁၀။ အင်္ဂသင်္ကန္တိတော- ဈာန်အင်္ဂါကို လွန်သောအားဖြင့် ဝင်စားရခြင်း၊
၁၁။ အာရမ္မဏသင်္ကန္တိတော- အာရုံကို လွန်သောအားဖြင့် ဝင်စားရခြင်း၊
၁၂။ အင်္ဂါရမ္မဏ သင်္ကန္တိတော- ဈာန်အင်္ဂါနှင့်အာရုံကို လွန်သောအားဖြင့် ဝင်စားရခြင်း၊
၁၃။ အင်္ဂ ဝဝတ္ထာပနတော- ဈာန်အင်္ဂါကို ပိုင်းခြားမှတ်သားသောအားဖြင့် ဝင်စားရခြင်း၊
၁၄။ အာရမ္မဏ ဝဝတ္ထာပနတော- အာရုံကို ပိုင်းခြားမှတ်သားသောအားဖြင့် ဝင်စားရခြင်း။ (ဝိသုဒ္ဓိ၊၂၊၂။)♦

တန်ခိုးသဖွယ်ဖြစ်သော အရာ ၅ မျိုး

၁။ အောင်လံတံခွန်သည် ရထား၏ တန်ခိုး၊
၂။ မီးခိုးသည် မီး၏ တန်ခိုး၊
၃။ ရှင်ဘုရင်သည် တိုင်းပြည်၏ တန်ခိုး၊
၄။ အတတ်ပညာသည် ယောကျ်ားတို့၏ တန်ခိုး၊
၅။ လင်ယောကျ်ားသည် မိန်းမတို့၏ တန်ခိုး။ (ဇာတက၊၂၊၃၂၇။)♦

တန်ဆာ ၂ မျိုး

၁။ မျိုအပ်သော အစာသည် အသား၌ ဆင်သော တန်ဆာ၊
၂။ ပန်း, နံ့သာ အစရှိသည်တို့သည် အရေ၌ဆင်သော တန်ဆာ။ (ဇာ၊ဋ္ဌ၊၇၊၁၅၄။)♦

တန်ဆာဆင်ခြင်း ၂ ပါး

၁။ အိမ်ရာထောင်သော လူ၏ တန်ဆာဆင်ခြင်း (အဂါရိယဝိဘူသာ)၊
၂။ ရဟန်း၏ တန်ဆာဆင်ခြင်း (ပဗ္ဗဇ္ဇိတဝိဘူသာ) ။ (မဟာနိ၊၂၉၆။)♦

တပည့်က ကမ္မဋ္ဌာန်းဆရာအား ကပ်ဆောင်ထိုက်သော ဒန်ပူ ၃ မျိုး

၁။ သေးငယ်သော ဒန်ပူ၊
၂။ အလယ်အလတ် ဒန်ပူ၊
၃။ ကြီးသော ဒန်ပူ။ (သာရတ္ထ၊ဋီ၊၂၊၂၀၅။)♦

တပည့်ကျင့်ဝတ် ၅ ပါး

၁။ နေရာမှ ထ၍ ခရီးဦးကြိုခြင်း၊
၂။ ခစားဆည်းကပ်ခြင်း၊
၃။ စကားကို နာယူခြင်း၊
၄။ အရိုအသေ လုပ်ကျွေးခြင်း၊
၅။ အတတ်ပညာကို ရိုသေစွာ သင်ကြား လေ့ကျက်ခြင်း။ (ဒီ၊၃၊၁၅၄။) (ဒီ၊မြန်၊၃။၁၇၂။)♦

တပုဿ, ဘလ္လိက, စိတ္တ စသော သူကြွယ်တို့၏ အင်္ဂါ ၆ ပါး (ဘုရားရှင်၌ ဆုံးဖြတ်ခြင်းသို့ ရောက်လျက် နိဗ္ဗာန်ကို မျက်မှောက်ပြု၍ နေနိုင်သော တပုဿ, ဘလ္လိက, စိတ္တ စသော သူကြွယ် တို့၏ အင်္ဂါ ၆ ပါး)

၁။ မြတ်စွာဘုရား၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း၊
၂။ တရားတော်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း၊
၃။ သံဃာတော်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း၊
၄။ မြတ်သော အရိယာသီလနှင့် ပြည့်စုံခြင်း၊
၅။ မြတ်သော ဉာဏ်အမြင်နှင့် ပြည့်စုံခြင်း၊
၆။ မြတ်သော လွတ်မြောက်မှုနှင့် ပြည့်စုံခြင်း။ (အံ၊၂၊၃၉၂။) (အံ၊မြန်၊၂။၄၉၆။)♦

တံပူခဲခြင်း အကျိုး ၅ ပါး

၁။ မျက်စိ ကြည်လင်ခြင်း၊
၂။ ခံတွင်းအနံ့ ကောင်းခြင်း၊
၃။ အရသာကို ဆောင်တတ်သော အကြောတို့ စင်ကြယ်ကုန်ခြင်း၊
၄။ သည်းခြေ သလိပ်သည် အစာကို မမြှေးယှက်ခြင်း၊
၅။ ထမင်းမြိန်ခြင်း။ (အံ၊၂၊၂၁၉။) (အံ၊မြန်၊၂။၂၇၅။)♦

တံပူမခဲခြင်း အပြစ် ၅ မျိုး

၁။ မျက်စိ မကြည်လင်ခြင်း၊
၂။ ခံတွင်းအနံ့ မကောင်းခြင်း၊
၃။ အရသာကို ဆောင်တတ်သော အကြောတို့ မစင်ကြယ်ကုန်ခြင်း၊
၄။ သည်းခြေသလိပ်သည် အစာကို မြှေးယှက်ခြင်း၊
၅။ ထမင်း မမြိန်ခြင်း။ (အံ၊၂၊၂၁၉။) (အံ၊မြန်၊၂။၂၇၅။)♦

တပ်မက်ခြင်း ရာဂကို ထူးသော ဉာဏ်ဖြင့် သိကြောင်း တရား ၂ ပါး

၁။ သမထကမ္မဋ္ဌာန်း၊
၂။ ဝိပဿနာကမ္မဋ္ဌာန်း။ (အံ၊၁၊၉၈။) (အံ၊မြန်၊၁။၁၁၅။)♦

တပ်မက်မှုအပေါင်း ၆ ပါး

တဏှာကာယ ၆ ပါးနှင့် တူသည်။ ♦

တမန်ညွှန်ပြအပ်သော ကပ္ပိယ ၄ မျိုး

၁။ တမန်မျက်မှောက်၌ ညွှန်ပြအပ်သော ကပ္ပိယ တစ်မျိုး၊
၂။ တမန်၏ မျက်မှောက်မဟုတ်သည်၌ ညွှန်ပြအပ်သော ကပ္ပိယ ၃ မျိုး။ (ဝိ၊ဋ္ဌ၊၂၊၂၅၅။)♦

တမန်အဖြစ်ဖြင့် သွားထိုက်သော ရဟန်း၏ အင်္ဂါ ၈ ပါး

၁။ သတင်းပေးသော သူ၏ စကားကို နားထောင်တတ်ခြင်း၊
၂။ တစ်ဖန် ကြားသိစေတတ်ခြင်း၊
၃။ ကောင်းစွာနာယူမှတ်သား တတ်ခြင်း၊
၄။ မမေ့မပျောက်အောင် ကောင်းစွာ ဆောင်ထားနိုင်ခြင်း၊
၅။ ထိုသတင်းအမှာ စကား၏ အနက်အဓိပ္ပါယ်ကို ကိုယ်တိုင်လည်း သိနားလည်ခြင်း၊
၆။ သူတစ်ပါးကိုလည်း သိနားလည်စေနိုင်ခြင်း၊
၇။ သင့်လျော်သော စကား, မသင့်လျော်သော စကား၌ ကျွမ်းကျင် လိမ်မာခြင်း၊
၈။ ခိုက်ရန်ဖြစ်ပွားမှု မပြုတတ်ခြင်း။ (ဝိ၊၄၊၃၆၄။) (အံ၊၃၊၃၇။) (သာရတ္ထ၊ဋီ၊၃၊၃၆၂။) (ဝိမတိ၊၂၊၂၁၀။) (အံ၊မြန်၊၃။၃၈။) (ဝိ၊မြန်၊၄၊၃၇၀။) (ဝဇီရ၊၅၀၅။)♦

တံမြက်စည်း လှည်းရကျိုး ၂၁ ပါး

၁။ စိတ်နောက်ကျုမှု မရှိခြင်း၊
၂။ စိတ်ဓာတ် စင်ကြယ်ခြင်း၊
၃။ အခါခပ်သိမ်း စိတ်ထားဖြူစင်ခြင်း၊
၄။ စိတ်ကို ပူလောင်စေတတ်သည့် သောကတည်း ဟူသော ငြောင့် မရှိသူဖြစ်ခြင်း၊
၅။ နူနာ မရှိခြင်း၊
၆။ အိုင်းအမာ မရှိခြင်း၊
၇။ ဝဲကြီးနာ မရှိခြင်း၊
၈။ ဝက်ရူးရောဂါ မရှိခြင်း၊
၉။ ပွေးနာ မရှိခြင်း၊
၁၀။ ယားနာ မရှိခြင်း၊
၁၁။ စိုးရိမ်မှု မရှိခြင်း၊
၁၂။ ငိုကြွေးမှုမရှိခြင်း၊
၁၃။ စိတ်တုန်လှုပ်မှုမရှိခြင်း၊
၁၄။ စိတ်ထားဖြောင့်မတ်ခြင်း၊
၁၅။ ဈာန် သမာဓိတို့၌ မမေ့လျော့ခြင်း၊
၁၆။ စိတ်သန့်ရှင်းခြင်း၊
၁၇။ အလိုရှိအပ်သော သမာဓိကို ပြည့်စုံစွာ ရရှိခြင်း၊
၁၈။ နှစ်သက်ဖွယ်အာရုံ၌ မနှစ်သက်ခြင်း၊
၁၉။ အမျက်ထွက်ဖွယ်အာရုံ၌ အမျက်မထွက်ခြင်း၊
၂၀။ တွေဝေဖွယ်အာရုံ၌ မတွေဝေခြင်း၊
၂၁။ ဒုဂ္ဂတိဘုံဘဝများသို့ မလား မရောက်ရခြင်း။ (အပ၊၂၊၁။) (အပ၊မြန်၊၂။၁)♦

တံမြက်စည်း လှည်းရကျိုး ၅ ပါး

၁။ မိမိစိတ် ကြည်လင်ခြင်း၊
၂။ သူတစ်ပါးစိတ် ကြည်လင်ခြင်း၊
၃။ နတ်တို့ နှစ်သက်ကုန်ခြင်း၊
၄။ ကြည်ညိုခြင်းကို ဖြစ်စေတတ်သော ကုသိုလ်ကံကို ဆည်းပူးခြင်း၊
၅။ သေသည်၏ အခြားမဲ့၌ နတ်ပြည်သို့ ရောက်ခြင်း။ တစ်နည်း ၅ ပါး
မိမိစိတ် ကြည်လင်ခြင်း၊
၂။ သူတစ်ပါးစိတ် ကြည်လင်ခြင်း၊
၃။ နတ်တို့ နှစ်သက်ကုန်ခြင်း၊
၄။ မြတ်ဘုရားသာသနာကို ပြုရာရောက်ခြင်း၊
၅။ နောင်လာနောက်သားတို့ ကောင်းမြတ်သော အယူဖြင့် အတုလိုက်ခြင်း။ (ဝိ၊၅၊၂၃၁။) (ဝိ၊မြန်၊၅။၃၂၁။)♦

တမလွန်ကို မကြောက်ကြောင်း တရား ၄ ပါး

၁။ သဒ္ဓါတရားနှင့် ပြည့်စုံခြင်း၊
၂။ ကိုယ်နှုတ်စိတ် သုံးပါးလုံး (နူးညံ့ခြင်း)၊
၃။ ခွဲခြမ်း ဝေဖန်လေ့ရှိခြင်း၊
၄။ ပြောဆိုခြင်း၌ ကျွမ်းကျင်ခြင်း။ (သံ၊၁၊၄၀။) (သံ၊မြန်၊၁။၃၉။)♦

တမလွန်ဘဝ၌ စီးပွားချမ်းသာဖြစ်ကြောင်း တရား ၄ ပါး

၁။ သဒ္ဓါတရားနှင့် ပြည့်စုံခြင်း၊
၂။ အကျင့်သီလနှင့် ပြည့်စုံခြင်း၊
၃။ ပေးကမ်းစွန့်ကြဲမှုနှင့် ပြည့်စုံခြင်း၊
၄။ အဖြစ်အပျက်ကို ထိုးထွင်းသိသော ပညာနှင့် ပြည့်စုံခြင်း။ (အံ၊၃၊၁၁၀၊၁၁၃။) (အံ၊မြန်၊၃။၁၀၉၊၁၁၂။)♦

တမလွန်ဘဝ၌ မစိုးရိမ် မပူပန်ရကြောင်း တရား ၄ ပါး

၁။ ဝစီသစ္စာ- ပရမတ္ထသစ္စာနှင့် ပြည့်စုံခြင်း၊
၂။ ကုသိုလ် အကုသိုလ် စသည်တို့ကို ခွဲခြားသိသော ပညာနှင့် ပြည့်စုံခြင်း၊
၃။ လုံ့လဝီရိယနှင့် ပြည့်စုံခြင်း၊
၄။ စွန့်ကြဲကြောင်း စေတနာနှင့် ပြည့်စုံခြင်း။ (သံ၊၁၊၂၁၇။) (သုတ္တနိ၊၃၀၇။) (သံ၊မြန်၊၁။၂၀၁။) (သုတ္တနိ၊မြန်။၂၉၀။)♦

တမလွန်လောက၌ အောင်မြင်ရန် ကျင့်သော မိန်းမ၏ အင်္ဂါ ၄ ပါး

၁။ သဒ္ဓါတရားနှင့် ပြည့်စုံခြင်း၊
၂။ အကျင့်သီလနှင့် ပြည့်စုံခြင်း၊
၃။ ပေးကမ်းစွန့်ကြဲမှုနှင့် ပြည့်စုံခြင်း၊
၄။ ဉာဏ်ပညာနှင့် ပြည့်စုံခြင်း။ (အံ၊၃၊၉၇၊၉၉။) (အံ၊မြန်၊၃။၉၇၊၉၉။)♦

တမလွန်လောကကို မကြောက်သော သူ၏ အင်္ဂါ ၄ ပါး

၁။ သဒ္ဓါတရားနှင့် ပြည့်စုံသူ ဖြစ်ခြင်း၊
၂။ မကောင်းမှုတို့ကို မပြုလုပ်ဘဲ နူးညံ့ပျော့ပျောင်းသော ဣန္ဒြေရှိခြင်း၊
၃။ သူတစ်ပါးတို့အား ခွဲခြမ်းဝေဖန်လျက် သုံးဆောင်လေ့ရှိခြင်း၊
၄။ တောင်းခံလာသော သူတို့၏ ပြောဆိုအပ်သော စကားကို သိလေ့ရှိခြင်း။ (နေတ္တိ၊ဋ္ဌ၊၁၆၁။)♦

တရား ၂ ပါး အစု

၁။ နာမ်တရား, ရုပ်တရား၊
၂။ အဝိဇ္ဇာ, ဘဝတဏှာ၊
၃။ ဘဝဒိဋ္ဌိ, ဝိဘဝဒိဋ္ဌိ၊
၄။ အဟိရီက, အနောတ္တပ္ပ၊
၅။ ဟိရီ, ဩတ္တပ္ပ၊
၆။ ဆုံးမခက်ခြင်း, မကောင်းသော အဆွေခင်ပွန်း ရှိခြင်း၊
၇။ ဆုံးမလွယ်ခြင်း, ကောင်းသော အဆွေခင်ပွန်းရှိခြင်း၊
၈။ အာပတ်၌ ကျွမ်းကျင်ခြင်း, အာပတ်မှ ထခြင်း၌ ကျွမ်းကျင်ခြင်း၊
၉။ သမာပတ်၌ ကျွမ်းကျင်ခြင်း, သမာပတ်မှ ထခြင်း၌ ကျွမ်းကျင်ခြင်း၊
၁၀။ ဓာတ်၌ ကျွမ်းကျင်ခြင်း, နှလုံးသွင်းခြင်း၌ ကျွမ်းကျင်ခြင်း၊
၁၁။ အာယတန၌ ကျွမ်းကျင်ခြင်း, ပဋိစ္စသမုပ္ပါဒ်၌ ကျွမ်းကျင်ခြင်း၊
၁၂။ အကြောင်း ဟုတ်သည်၌ ကျွမ်းကျင်ခြင်း, အကြောင်းမဟုတ်သည်၌ ကျွမ်းကျင်ခြင်း၊
၁၃။ ဖြောင့်မတ်ခြင်း, နူးညံ့သိမ်မွေ့ခြင်း၊
၁၄။ သည်းခံခြင်း, တရား၌ မွေ့လျော်ခြင်း၊
၁၅။ သိမ်မွေ့ပြေပြစ်ခြင်း, စေ့စပ်ခြင်း၊
၁၆။ မညှဉ်းဆဲခြင်း, စင်ကြယ်ခြင်း၊
၁၇။ လွတ်သော သတိရှိခြင်း, ပညာအဆင်အခြင် မရှိခြင်း၊
၁၈။ သတိရှိခြင်း, ပညာအဆင်အခြင် ရှိခြင်း၊
၁၉။ ဣန္ဒြေတို့၌ မလုံသော တံခါး ရှိခြင်း, အစားအစာ၌ အတိုင်းအရှည် မသိခြင်း၊
၂၀။ ဣန္ဒြေတို့၌ လုံသော တံခါးရှိခြင်း, အစားအစာ၌ အတိုင်းအရှည် သိခြင်း၊
၂၁။ ဆင်ခြင်ခြင်းအား, ပွားများခြင်းအား၊
၂၂။ သတိအား, သမာဓိအား၊
၂၃။ သမထတရား, ဝိပဿနာတရား၊
၂၄။ သမထအာရုံ, ဝီရိယအာရုံ၊
၂၅။ ဝီရိယ တရား, မပျံ့လွင့်ခြင်း၊
၂၆။ သီလပျက်ခြင်း, အာရုံ ပျက်ခြင်း၊
၂၇။ သီလနှင့် ပြည့်စုံခြင်း, အယူနှင့် ပြည့်စုံခြင်း၊
၂၈။ သီလစင်ကြယ်ခြင်း, အယူစင်ကြယ်ခြင်း၊
၂၉။ စင်ကြယ်သော ဉာဏ်အမြင်, ဉာဏ်အမြင်အားလျော်သော ဝီရိယ၊
၃၀။ ထိတ်လန့်သင့်သော အရာတို့၌ ထိတ်လန့်ခြင်း, ထိတ်လန့်သော ပုဂ္ဂိုလ်၏ ဉာဏ်နှင့်ယှဉ်သော ဝီရိယ၊
၃၁။ ကုသိုလ်တရားတို့၌ မရောင့်ရဲခြင်း, ကမ္မဋ္ဌာန်း၌ မဆုတ်မနစ်ခြင်း၊
၃၂။ ဝိဇ္ဇာတရား, ကိလေသာမှ လွတ်ခြင်း၊
၃၃။ ကိလေသာကုန်ရာ အရဟတ္တမဂ်ဉာဏ်, အရဟတ္တဖိုလ်ဉာဏ်။ (ဒီ၊၃၊၁၇၈-၁၈၀။) (ဒီ၊မြန်၊၃။၁၉၈-၁၉၉။)♦

တရား ၂ မျိုး

၁။ ယှဉ်ဖက်တရားတို့ကို ချီးမြှောက်တတ်သော ပဂ္ဂဟတရား၊
၂။ စိတ်၏ မပျံ့လွင့်မှု အဝိက္ခေပတရား၊ (တစ်နည်း)
နာမ်တရား၊
၂။ ရုပ်တရား၊ (တစ်နည်း)
သစ္စာလေးပါးကို သိတတ်သော ဝိဇ္ဇာတရား၊
၂။ ကိလေသာမှ လွတ်မြောက်သော ဝိမုတ္တိတရား၊ (တစ်နည်း)
ဘဝမြဲ၏ဟု ယူသော ဘဝဒိဋ္ဌိတရား၊
၂။ ဘဝပြတ်၏ဟု ယူသော ဝိဘဝဒိဋ္ဌိတရား၊ (တစ်နည်း) ၁။ဒုစရိုက်တို့မှ မရှက်ခြင်း အဟိရီကတရား၊
၂။ ဒုစရိုက်တို့မှ မလန့်ခြင်း အနောတ္တပ္ပ တရား၊ (တစ်နည်း) ၁။ဒုစရိုက်တို့မှ ရှက်ခြင်း ဟိရီတရား၊
၂။ ဒုစရိုက်တို့မှ လန့်ခြင်း ဩတ္တပ္ပ တရား၊ (တစ်နည်း)
ဆိုဆုံးမခက်ခြင်း ဒေါဝစဿတာတရား၊
၂။ အဆွေခင်ပွန်းကောင်း ရှိခြင်း ကလျာဏမိတ္တတာတရား၊ (တစ်နည်း)
တစ်ဆယ့်ရှစ်ပါးသော ဓာတ်တို့၌ ကျွမ်းကျင်ခြင်း ဓာတုကုသလတာတရား၊
၂။ တစ်ဆယ့်ရှစ်ပါးသော ဓာတ်တို့ကို အနိစ္စစသော အားဖြင့် နှလုံးသွင်းခြင်း၌ ကျွမ်းကျင်ခြင်း မနသိကာရကုသလတာတရား၊ (တစ်နည်း)
အာပတ်တို့၌ ကျွမ်းကျင်ခြင်း အာပတ္တိကုသလတတရား၊
၂။ အာပတ်တို့မှ ထခြင်း၌ ကျွမ်းကျင်ခြင်း အာပတ္တိဝုဋ္ဌာန ကုသလတာတရား။ (အံ၊၁၊၈၁-၈၂။) (အံ၊မြန်၊၁။၉၆။)♦

တရား ၂ မျိုး (တစ်နည်း)

၁။ မိမိ၏ စိတ်ဖြူစင်ခြင်း၊
၂။ လောက၌ တစ်စုံတစ်ရာကို မစွဲလမ်းခြင်း၊ (တစ်နည်း)
အမျက်ထွက်ခြင်း ကောဓ၊
၂။ ရန်ငြိုးဖွဲ့ခြင်း ဥပနာဟ၊ (တစ်နည်း)
အမျက်ထွက်ခြင်းကို ပယ်ဖျောက်ခြင်း၊
၂။ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ခြင်း။ (အံ၊၁၊၉၀။) (အံ၊မြန်၊၁။၁၀၅။)♦

တရား ၂ မျိုး (တစ်နည်း)

၁။ ဖြောင့်မတ်ခြင်း အဇ္ဇဝ၊
၂။ နူးညံ့ခြင်း မဒ္ဒဝ၊ (တစ်နည်း) ၁။သည်းခံခြင်း ခန္တီ၊
၂။ ကောင်းသော အကျင့်ဖြင့် မွေ့လျော်ခြင်း သောရစ္စ၊ (တစ်နည်း)
နူးညံ့ပြေပြစ်သော စကားရှိခြင်း သာခလျ၊
၂။ အစေ့အစပ် အဆက်အသွယ်ကောင်းခြင်း ပဋိသန္ထာရ၊ (တစ်နည်း)
မညှဉ်းဆဲခြင်း အဟိံသာ၊
၂။ စင်ကြယ်ခြင်း သောစေယျ၊၊ (တစ်နည်း)
ဣန္ဒြေတို့၌ မဆို့ပိတ်အပ်သော တံခါးရှိခြင်း ဣန္ဒြိယေသု အဂုတ္တဒွါရတာ၊
၂။ အစားအစာတို့၌ အတိုင်း အရှည်ကို မသိခြင်း ဘောဇနေ အမတ္တညုတာ၊ (တစ်နည်း)
ဣန္ဒြေတို့၌ ဆို့ပိတ်အပ်သော တံခါးရှိခြင်း ဣန္ဒြိယေသု ဂုတ္တဒွါရတာ၊
၂။ အစားအစာတို့၌ အတိုင်းအရှည်ကို သိခြင်း ဘောဇနေ မတ္တညုတာ၊ (တစ်နည်း)
နီဝရဏတို့ ငြိမ်းစေခြင်း သမထ၊
၂။ သင်္ခါရတို့ကို ရှုမှတ် သိမ်းဆည်းခြင်း ဝိပဿနာ၊ (တစ်နည်း)
ဉာဏ်အမြင် အယူ၏ စင်ကြယ်ခြင်း ဒိဋ္ဌိဝိသုဒ္ဓိ၊၂၊ ဉာဏ်အမြင် အယူအားလျော်စွာ အားထုတ်ခြင်း ယထာဒိဋ္ဌိပဓာန၊ (တစ်နည်း)
ကုသိုလ် တရားတို့၌ မရောင့်ရဲနိုင်ခြင်း၊
၂။ တရားအားထုတ်ရာ၌ ဆုတ်နစ်မှု မရှိခြင်း၊ (တစ်နည်း)
သတိတရား ကင်းလွတ်ခြင်း မုဋ္ဌဿစ္စ၊
၂။ ဆင်ခြင်ဉာဏ် ကင်းမဲ့ခြင်း အသမ္ပဇည၊ (တစ်နည်း)
အောက်မေ့ခြင်း သတိ၊
၂။ ဆင်ခြင်ခြင်း သမ္ပဇည။ (အံ၊၁၊၉၃-၉၄။) (အံ၊မြန်၊၁။၁၁၁။)♦

တရား ၉ မျိုး

ဆုတ်ယုတ်သော အဖို့ရှိသော တရား ၉ ပါး၊ ရန်ဖြစ်ကြောင်း ၉ ပါးတို့နှင့် တူသည်။ ♦

တရား၏ ကောင်းခြင်း ၃ မျိုး

၁။ အာဒိကလျာဏ- အစ၏ကောင်းခြင်း၊
၂။ မဇ္ဈေကလျာဏ- အလယ်၏ကောင်းခြင်း၊
၃။ ပရိယောသာနကလျာဏ- အဆုံး၏ကောင်းခြင်း။ (ဝိ၊ဋ္ဌ၊၁၊၉၈။)♦

တရားကို ဆောက်တည်ခြင်း ၄ ပါး

၁။ ယခုပစ္စုပ္ပန်၌လည်း ဆင်းရဲသော နောင်အခါ၌ ဆင်းရဲသော အကျိုးကို ပေးတတ်သော တရားကို ဆောက်တည်ခြင်း၊
၂။ ယခုပစ္စုပ္ပန်၌ ဆင်းရဲသော နောင်အခါ၌ ချမ်းသာသော အကျိုးကို ပေးတတ်သော တရားကို ဆောက်တည်ခြင်း၊
၃။ ယခုပစ္စုပ္ပန်၌ ချမ်းသာသော နောင်အခါ၌ ဆင်းရဲသော အကျိုးကို ပေးတတ်သော တရားကို ဆောက်တည်ခြင်း၊
၄။ ယခုပစ္စုပ္ပန်၌လည်း ချမ်းသာသော နောင်အခါ၌လည်း ချမ်းသာသော အကျိုးကို ပေးတတ်သော တရားကို ဆောက်တည်ခြင်း။ (ဒီ၊၃၊၁၉၁။) (မ၊၁၊၃၇၉။) (မ၊၁၊၃၈၅။) (ဒီ၊မြန်၊၃။၂၁၃။) (မ၊မြန်၊၁။၃၉၂။) (မ၊မြန်၊၁။၃၉၂။)♦

တရားကို ဆောင်သူ ၂ မျိုး

၁။ အနည်းငယ်မျှသော တရားကို နာပြီး၍ တရားတော်အတိုင်း လိုက်နာ ကျင့်သုံး၍ နာမကာယဖြင့် ဒုက္ခစသည်တို့ကို ပိုင်းခြား၍ သိလျက် သစ္စာလေးပါး တရားကို မြင်သူ၊
၂။ အားထုတ်အပ်သော လုံ့လရှိသည်ဖြစ်၍ ယနေ့၌ပင်လျှင် ထိုးထွင်း သိခြင်းကို အလိုရှိလျက် တရားကို မမေ့မလျော့သော သူ။ (ဓမ္မ၊ဋ္ဌ၊၂၊၂၄၄။)♦

တရားဂုဏ်တော် ၆ ပါး

၁။ ဘုရားရှင်ကောင်းစွာဟောကြားထားတော်မူခြင်း၊
၂။ ကိုယ်တိုင် သိမြင်ထိုက်သော တရားဖြစ်ခြင်း၊
၃။ သိမြင်သည်၏ အခြားမဲ့၌ အချိန်အခါမဆိုင်းငံ့ဘဲ မဂ်ဖိုလ်စသောအကျိုးကို ပေးနိုင်ခြင်း၊
၄။ လာလှည့်ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်သော တရားဖြစ်ခြင်း၊
၅။ မိမိစိတ်၌ မပြတ်ကပ်ဆောင်ထိုက်သော တရားဖြစ်ခြင်း၊
၆။ ကိုယ်တိုင်ကိုယ်ကျ သိထိုက် ခံစားထိုက်သော တရားဖြစ်ခြင်း။ (ဒီ၊၂၊၈၀၊၁၇၅။)(ဒီ၊၃၊၄၊၁၉၀။)(မ၊၁၊၄၅။)(သံ၊၁၊၂၂၁၊၂၉၈။)(သံ၊၂၊၄၆၄၊၄၇၁၊၄၉၂။)(သံ၊၃၊၂၉၈။)(အံ၊၁၊၁၄၇၊၃၆၇။)(အံ၊၂၊၁၈၆၊၂၅၂။)(အံ၊၃၊၂၀၆၊၄၀၅၊၅၃၁။)(နေတ္တိ၊၄၇။)(ဝိသုဒ္ဓိ၊၁၊၂၀၆။)♦

တရားထူး ၂ မျိုး

၁။ သမထ၏ အစွမ်းအားဖြင့် ဖြစ်သော ပုဗ္ဗာပရိယဝိသေသ၊
၂။ ဝိပဿနာ၏ အစွမ်းအားဖြင့် ဖြစ်သော ပုဗ္ဗာပရိယဝိသေသ။ (ဥဒါန၊ဋ္ဌ၊၂၉၂။)♦

တရားထူး မရကြောင်း တရား ၅ ပါး (တစ်နည်း)

၁။ ကျောင်း၌ ဝန်တိုခြင်းကို မပယ်ခြင်း၊
၂။ ဒါယကာ၌ ဝန်တိုခြင်းကို မပယ်ခြင်း၊
၃။ လာဘ်၌ ဝန်တိုခြင်းကို မပယ်ခြင်း၊
၄။ ဂုဏ်အဆင်း၌ ဝန်တိုခြင်းကို မပယ်ခြင်း၊
၅။ သူ့ကျေးဇူးကို မသိခြင်း, ထင်စွာ မပြုခြင်း။ (အံ၊၂၊၂၄၀။) (အံ၊မြန်၊၂။၃၀၇-၃၀၈။)♦

တရားထူး မရကြောင်း တရား ၆ ပါး (တစ်နည်း)

၁။ သတိလွတ်ကင်းခြင်း၊
၂။ ဆင်ခြင်ဉာဏ် မရှိခြင်း၊
၃။ ဣန္ဒြေတို့၌ တံခါးကို ပိတ်မထားခြင်း၊
၄။ စားသောက်ဖွယ်တို့၌ အတိုင်းအရှည်ကို မသိခြင်း၊
၅။ ပလွှားဝါကြွားခြင်း၊
၆။ မြှောက်ပင့်ရှုတ်ချ၍ ဟောပြောခြင်း။ (အံ၊၂၊၃၇၅။) (အံ၊မြန်၊၂။၄၇၃။)♦

တရားထူး မရနိုင်သော ပုဂ္ဂိုလ် ၁၆ ယောက်

၁။ တိရစ္ဆာန်ဘုံ၌ ဖြစ်သော သတ္တဝါ၊
၂။ ပြိတ္တာဘုံ၌ ဖြစ်သော သတ္တဝါ၊
၃။ မိစ္ဆာဒိဋ္ဌိအယူရှိသော ပုဂ္ဂိုလ်၊
၄။ ကောက်ကျစ်စဉ်းလဲသော ပုဂ္ဂိုလ်၊
၅။ အမိသတ်သော ပုဂ္ဂိုလ်၊
၆။ အဖသတ်သော ပုဂ္ဂိုလ်၊
၇။ ရဟန္တာသတ်သော ပုဂ္ဂိုလ်၊
၈။ သံဃာ သင်းခွဲသော ပုဂ္ဂိုလ်၊
၉။ ဘုရားရှင်အား သွေးစိမ်းတည်အောင် ပြုသော ပုဂ္ဂိုလ်၊
၁၀။ ရဟန်းအသွင် ခိုး၍ နေသောပုဂ္ဂိုလ်၊
၁၁။ တိတ္ထိဘောင်သို့ ပြောင်းရွှေ့သွားသော ပုဂ္ဂိုလ်၊
၁၂။ ဘိက္ခုနီမကို ဖျက်ဆီးသော ပုဂ္ဂိုလ်၊
၁၃။ သံဃာဒိသိသ်အာပတ် သင့်ပြီးနောက် ယင်းအာပတ်မှ မထသေးသော ပုဂ္ဂိုလ်၊
၁၄။ ပဏ္ဍုက်ဖြစ်သော ပုဂ္ဂိုလ်၊
၁၅။ ဥဘတော ဗျည်းဖြစ်သော ပုဂ္ဂိုလ်၊
၁၆။ အသက် ခုနစ်နှစ်အောက် ငယ်သော ပုဂ္ဂိုလ်။ (မိလိန္ဒ၊၂၉၈။) (မိလိန္ဒ၊မြန်။၃၂၀။)♦

တရားထူး ရကြောင်း တရား ၅ ပါး

၁။ ကျောင်း၌ ဝန်တိုခြင်းကို ပယ်ခြင်း၊
၂။ ဒါယကာ၌ ဝန်တို ခြင်းကို ပယ်ခြင်း၊
၃။ လာဘ်၌ ဝန်တိုခြင်းကို ပယ်ခြင်း၊
၄။ ဂုဏ်အဆင်း၌ ဝန်တိုခြင်းကို ပယ်ခြင်း၊
၅။ တရား၌ ဝန်တိုခြင်းကို ပယ်ခြင်း။ (အံ၊၂၊၂၃၉။) (အံ၊မြန်၊၂။၃၀၆။)♦

တရားထူး ရကြောင်း တရား ၅ ပါး

၁။ ကျောင်း၌ ဝန်တိုခြင်းကို ပယ်ခြင်း၊
၂။ ဒါယကာ၌ ဝန်တို ခြင်းကို ပယ်ခြင်း၊
၃။ လာဘ်၌ ဝန်တိုခြင်းကို ပယ်ခြင်း၊
၄။ ဂုဏ်အဆင်း၌ ဝန်တိုခြင်းကို ပယ်ခြင်း၊
၅။ သူ့ကျေးဇူးကို သိခြင်း, ထင်စွာပြုခြင်း။ (အံ၊၂၊၂၄၀။) (အံ၊မြန်၊၂။၃၀၉။)♦

တရားထူး ရကြောင်း တရား ၆ ပါး

၁။ ဤတရားတို့ကား ဆုတ်ယုတ်သော အဖို့ရှိကုန်ဟု ဟုတ်တိုင်း မှန်စွာ သိခြင်း၊
၂။ ဤတရားတို့ကား တည်သော အဖို့ရှိကုန်၏ဟု ဟုတ်တိုင်းမှန်စွာ သိခြင်း၊
၃။ ဤတရားတို့ကား ထူးသော အဖို့ ရှိကုန်၏ဟု ဟုတ်တိုင်းမှန်စွာ သိခြင်း၊
၄။ ဤတရား တို့ကား ကိလေသာတို့ကို ဖောက်ခွဲခြင်းအဖို့ ရှိကုန်၏ဟု ဟုတ်တိုင်းမှန်စွာ သိခြင်း၊
၅။ ကောင်းမွန်ရိုသေစွာ ပြုအပ်သည်ကို ပြုလေ့ရှိခြင်း၊
၆။ သင့်လျော် လျောက်ပတ် သည်ကို ပြုလေ့ရှိခြင်း။ (အံ၊၂၊၃၇၂။) (အံ၊မြန်၊၂။၄၆၉။)♦

တရားထူးကို မျက်မှောက် ပြုနိုင်ကြောင်း တရား ၆ ပါး

တရားထူးရကြောင်း တရား ၆ ပါးနှင့် တူသည်။ ♦

တရားထူးကို မျက်မှောက် မပြုနိုင်ကြောင်း တရား ၆ ပါး

တရားထူး မရကြောင်း တရား ၆ ပါး နှင့် တူသည်။ ♦

တရားထူးမရကြောင်း တရား ၅ ပါး

၁။ ကျောင်း၌ ဝန်တိုခြင်းကို မပယ်ခြင်း၊
၂။ ဒါယကာ၌ ဝန်တိုခြင်းကို မပယ်ခြင်း၊
၃။ လာဘ်၌ ဝန်တိုခြင်းကို မပယ်ခြင်း၊
၄။ ဂုဏ်အဆင်း၌ ဝန်တို ခြင်းကို မပယ်ခြင်း၊
၅။ တရား၌ ဝန်တိုခြင်းကို မပယ်ခြင်း။ (အံ၊၂၊၂၃၉။) (အံ၊မြန်၊၂။၃၀၆။)♦

တရားထူးမရကြောင်း တရား ၆ ပါး

၁။ ဤတရားတို့ကား ဆုတ်ယုတ်သော အဖို့ရှိကုန်၏ ဟူ၍ ဟုတ်တိုင်းမှန်စွာ မသိခြင်း၊
၂။ ဤတရားတို့ကား တည်သော အဖို့ရှိကုန်၏ဟူ၍ ဟုတ်တိုင်း မှန်စွာ မသိခြင်း၊
၃။ ဤတရားတို့ကား ထူးသော အဖို့ရှိကုန်၏ ဟူ၍ ဟုတ်တိုင်းမှန်စွာ မသိခြင်း၊
၄။ ဤတရားတို့ကား ကိလေသာတို့ကို ဖောက်ခွဲခြင်း အဖို့ရှိကုန်၏ ဟူ၍ ဟုတ်တိုင်းမှန်စွာ မသိခြင်း၊
၅။ ကောင်းမွန် ရိုသေစွာ ပြုအပ်သည်ကိုလည်း ပြုလေ့မရှိခြင်း၊
၆။ သင့်လျော် လျောက်ပတ်သည်ကိုလည်း ပြုလေ့မရှိခြင်း။ (အံ၊၂၊၃၇၂။) (အံ၊မြန်၊၂။၄၆၉။)♦

တရားထူးရကြောင်း တရား ၆ ပါး (တစ်နည်း)

၁။ သတိလွတ်ကင်းခြင်းကို ပယ်ခြင်း၊
၂။ ဆင်ခြင် ဉာဏ်နှင့် ပြည့်စုံခြင်း၊
၃။ ဣန္ဒြေတို့၌ တံခါးကို လုံခြုံစွာ ပိတ်ထားခြင်း၊
၄။ စားသောက် ဖွယ်တို့၌ အတိုင်းအရှည်ကို သိခြင်း၊
၅။ ပလွှားဝါကြွားခြင်းကို ပယ်ခြင်း၊
၆။ မြှောက်ပင့်, ရှုတ်ချ၍ ဟောပြောမှုကို ပယ်ခြင်း။ (အံ၊၂၊၃၇၅။) (အံ၊မြန်၊၂။၄၇၄။)♦

တရားထူးရသည်ဟု ဝန်ခံသော ပုဂ္ဂိုလ်အား မေးစစ်ပုံ ၆ မျိုး

၁။ ကိံ တေ အဓိဂတံ- အဘယ် ဈာန်ကို ရသနည်း စသည်ဖြင့် ရအပ်သော ဈာန်ကို မေးခြင်း၊
၂။ ကိန္တိ တေ အဓိဂတံ- သမထ ဝိပဿနာ နှစ်မျိုးတို့တွင် ဘယ်တရားကို နှလုံးသွင်းအားထုတ်သဖြင့် ရသနည်း စသည်ဖြင့် တရားထူးရခြင်း၏ အကြောင်းကို မေးခြင်း၊
၃။ ကဒါ တေ အဓိဂတံ- တရားထူးရရာ အချိန် အခါကို မေးခြင်း၊
၄။ ကတ္ထ တေ အဓိဂတံ- တရားထူးရသည့် နေရာအရပ်ကို မေးခြင်း၊
၅။ ကတမေ တေ ကိလေသာ ပဟီနာ- ဘယ်ကိလေသာတွေကို ပယ်ပြီး ဖြစ်သနည်း စသည်ဖြင့် ပယ်အပ်ပြီးသော ကိလေသာများကို မေးခြင်း၊
၆။ ကတမေသံ တွံ ဓမ္မာနံ လာဘီ- မဂ်ကို ရလျှင် အဘယ်မဂ်ကို ရသနည်း, သောတာပတ္တိမဂ်ကို ရသလော, သကဒါဂါမိမဂ်ကို ရသလော စသည်ဖြင့် မေးခြင်း။ (ဝိ၊ဋ္ဌ၊၂၊၈၂။)♦

တရားနှင့် မညီသော စာရေးတံမဲ ယူခြင်း ၁၀ ပါး

၁။ အဓိကရုဏ်းသည် သေးငယ်လည်း သေးငယ်၍ ငြင်းခုံကာမျှသာ ဖြစ်ခြင်း၊
၂။ နှစ်ကြိမ် သုံးကြိမ် ဆုံးဖြတ်ပြီးလည်း မဟုတ်ခြင်း၊
၃။ နှစ်ကြိမ်သုံးကြိမ် အမှုသည် ရဟန်းတို့ကို အောက်မေ့စေအပ်, အခြားသော ရဟန်းတို့ ကိုလည်း အောက်မေ့စေအပ်သည် မဟုတ်ခြင်း၊
၄။ အဓမ္မဝါဒီရဟန်းတို့ အလွန်များပြားကုန်၏ဟု သိခြင်း၊
၅။ အဓမ္မဝါဒီရဟန်းတို့ အလွန်များပြားကုန်တန်ရာ၏ဟု သိခြင်း၊
၆။ သံဃာ ကွဲပြားလိမ့်မည်ဟု သိခြင်း၊
၇။ သံဃာကွဲပြားတန်ရာ၏ဟု သိခြင်း၊
၈။ မတရားသဖြင့် စာရေးတံ မဲကို ယူခြင်း၊
၉။ တကွဲတပြားစီ မဲကို ယူခြင်း၊
၁၀။ မိမိတို့၏ အယူအဆအတိုင်း မဲကို မယူခြင်း။ (ဝိ၊၄၊၂၀၅။) (ဝိ၊မြန်၊၄။၂၀၀။)♦

တရားနှင့် မညီသော တဿပါပိယသိကဝိနည်းကံ ၁၂ ပါး

မတရားသော တဇ္ဇနီယဝိနည်းကံ ၁၂ ပါးနှင့် တူ၏။ ♦

တရားနှင့် မညီသော ပါတိမောက်ထားခြင်း ၁၀ မျိုး

၁။ ပါရာဇိကကျသော ပုဂ္ဂိုလ်သည် ထိုပရိသတ်၌ ထိုင်မနေခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၂။ ပါရာဇိကစကားသည် မပြီးပြတ်သေးသည် မဟုတ်ခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၃။ သိက္ခာချသူသည် ထိုပရိသတ်၌ ထိုင်မနေ ခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၄။ သိက္ခာချသော စကားသည် မပြီးပြတ်သေးသည် မဟုတ်ခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၅။ တရားနှင့်လျော်သော ညီညွတ်ခြင်းသို့ ကပ်ရောက် ခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၆။ တရားနှင့်လျော်သော ညီညွတ်ခြင်းကို တစ်ဖန် မယူခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၇။ တရားနှင့်လျော်သော ညီညွတ်ခြင်းကို တစ်ဖန်ယူရန် စကားသည် မပြီးပြတ်သေးသည် မဟုတ်ခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၈။ သီလပျက်စီး ခြင်းဖြင့် မြင်ခြင်း ကြားခြင်း ယုံမှားခြင်းတို့ မရှိခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၉။ အကျင့် ပျက်စီးခြင်းဖြင့် မြင်ခြင်း ကြားခြင်း ယုံမှားခြင်းတို့ မရှိခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၁၀။ အယူ ပျက်စီးခြင်းဖြင့် မြင်ခြင်း ကြားခြင်း ယုံမှားခြင်းတို့ မရှိခြင်းဖြင့် ပါတိမောက်ထားခြင်း။ (ဝိ၊၄၊၄၂၈။) (ဝိ၊မြန်၊၄၊၄၂၉။)♦

တရားနှင့် မညီသော ပါတိမောက်ထားခြင်း ၂ မျိုး

၁။ အကြောင်းရင်း မရှိသော သီလပျက်စီး ခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၂။ အကြောင်းရင်းမရှိသော အကျင့်ပျက်စီးခြင်းဖြင့် ပါတိမောက် ထားခြင်း။ (ဝိ၊၄၊၄၂၆။) (ဝိ၊မြန်၊၄၊၄၂၆။)♦

တရားနှင့် မညီသော ပါတိမောက်ထားခြင်း ၃ မျိုး

၁။ အကြောင်းရင်း မရှိသော သီလပျက်စီး ခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၂။ အကြောင်းရင်းမရှိသော အကျင့်ပျက်စီးခြင်းဖြင့် ပါတိမောက် ထားခြင်း၊
၃။ အကြောင်းရင်းမရှိသော အယူပျက်စီးခြင်းဖြင့် ပါတိမောက် ထားခြင်း။ (ဝိ၊၄၊ ၄၂၆။) (ဝိ၊မြန်၊၄၊၄၂၇။)♦

တရားနှင့် မညီသော ပါတိမောက်ထားခြင်း ၄ မျိုး

၁။ အကြောင်းရင်း မရှိသော သီလပျက်စီး ခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၂။ အကြောင်းရင်းမရှိသော အကျင့်ပျက်စီးခြင်းဖြင့် ပါတိမောက် ထားခြင်း၊
၃။ အကြောင်းရင်းမရှိသော အယူပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၄။ အကြောင်းရင်းမရှိသော အသက်မွေးမှု ပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း။ (ဝိ၊၄၊၄၂၆။) (ဝိ၊မြန်၊၄၊၄၂၇။)♦

တရားနှင့် မညီသော ပါတိမောက်ထားခြင်း ၅ မျိုး

၁။ အကြောင်းရင်းမရှိသော ပါရာဇိက အာပတ်ဖြင့် ပါတိမောက်ထားခြင်း၊
၂။ အကြောင်းရင်းမရှိသော သံဃာဒိသိသ်အာပတ်ဖြင့် ပါတိမောက်ထားခြင်း၊
၃။ အကြောင်းရင်းမရှိသော ပါစိတ်အာပတ်ဖြင့် ပါတိမောက်ထားခြင်း၊
၄။ အကြောင်းရင်းမရှိသော ပါဋိဒေသနီအာပတ်ဖြင့် ပါတိမောက်ထားခြင်း၊
၅။ အကြောင်းရင်း မရှိသော ဒုက္ကဋ်အာပတ်ဖြင့် ပါတိမောက် ထားခြင်း။ (ဝိ၊၄၊၄၂၆။) (ဝိ၊မြန်၊၄၊၄၂၇။)♦

တရားနှင့် မညီသော ပါတိမောက်ထားခြင်း ၆ မျိုး

၁။ မဆုံးဖြတ်အပ်သေးသော အကြောင်းရင်း မရှိသော သီလပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၂။ ဆုံးဖြတ်အပ်ပြီးသော အကြောင်းရင်း မရှိသော သီလပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၃။ မဆုံးဖြတ်အပ်သေးသော အကြောင်း ရင်းမရှိသော အကျင့်ပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၄။ ဆုံးဖြတ်အပ်ပြီးသော အကြောင်းရင်းမရှိသော အကျင့်ပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၅။ မဆုံးဖြတ် အပ်သေးသော အကြောင်းရင်းမရှိသော အယူပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၆။ ဆုံးဖြတ်အပ်ပြီးသော အကြောင်းရင်းမရှိသော အယူပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း။ (ဝိ၊၄၊၄၂၇။) (ဝိ၊မြန်၊၄၊၄၂၈။)♦

တရားနှင့် မညီသော ပါတိမောက်ထားခြင်း ၇ မျိုး

၁။ အကြောင်းရင်း မရှိသော ပါရာဇိက အာပတ်ဖြင့် ပါတိမောက်ထားခြင်း၊
၂။ အကြောင်းရင်းမရှိသော သံဃာဒိသိသ်အာပတ်ဖြင့် ပါတိမောက်ထားခြင်း၊
၃။ အကြောင်းရင်းမရှိသော ထုလ္လစ္စဉ်းအာပတ်ဖြင့် ပါတိမောက် ထားခြင်း၊
၄။ အကြောင်းရင်းမရှိသော ပါစိတ်အာပတ်ဖြင့် ပါတိမောက်ထားခြင်း၊
၅။ အကြောင်းရင်း မရှိသော ပါဋိဒေသနီအာပတ်ဖြင့် ပါတိမောက် ထားခြင်း၊
၆။ အကြောင်းရင်း မရှိသော ဒုက္ကဋ်အာပတ်ဖြင့် ပါတိမောက်ထားခြင်း၊
၇။ အကြောင်းရင်း မရှိသော ဒုဗ္ဘာသီ အာပတ်ဖြင့် ပါတိမောက်ထားခြင်း။ (ဝိ၊၄၊၄၂၇။) (ဝိ၊မြန်၊၄၊၄၂၈။)♦

တရားနှင့် မညီသော ပါတိမောက်ထားခြင်း ၈ မျိုး

၁။ မဆုံးဖြတ်အပ်သေးသော အကြောင်းရင်း မရှိသော သီလပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၂။ ဆုံးဖြတ်အပ်ပြီးသော အကြောင်းရင်း မရှိသော သီလပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၃။ မဆုံးဖြတ်အပ်သေးသော အကြောင်းရင်း မရှိသော အကျင့်ပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၄။ ဆုံးဖြတ်အပ် ပြီးသော အကြောင်းရင်းမရှိသော အကျင့်ပျက်စီးခြင်းဖြင့် ပါတိမောက် ထားခြင်း၊
၅။ မဆုံးဖြတ် အပ်သေးသော အကြောင်းရင်းမရှိသော အယူပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၆။ ဆုံးဖြတ်အပ်ပြီးသော အကြောင်းရင်းမရှိသော အယူပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၇။ မဆုံးဖြတ်အပ်သေးသော အကြောင်းရင်းမရှိသော အသက်မွေးမှု ပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၈။ ဆုံးဖြတ်အပ်ပြီးသော အကြောင်းရင်းမရှိသော အသက်မွေးမှု ပျက်စီး ခြင်းဖြင့် ပါတိမောက်ထားခြင်း။ (ဝိ၊၄၊၄၂၇။) (ဝိ၊မြန်၊၄၊၄၂၈။)♦

တရားနှင့် မညီသော ပါတိမောက်ထားခြင်း ၉ မျိုး

၁။ မဆုံးဖြတ်အပ်သေးသော အကြောင်းရင်း မရှိသော သီလပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၂။ ဆုံးဖြတ်အပ်ပြီးသော အကြောင်း ရင်းမရှိသော သီလပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၃။ ဆုံးဖြတ်အပ်ပြီး မဆုံးဖြတ်အပ် သေးသော အကြောင်းရင်းမရှိသော သီလပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၄။ မဆုံးဖြတ် အပ်သေးသော အကြောင်းရင်းမရှိသော အကျင့်ပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၅။ ဆုံးဖြတ်အပ်ပြီးသော အကြောင်းရင်းမရှိသော အကျင့်ပျက်စီးခြင်းဖြင့် ပါတိမောက် ထားခြင်း၊
၆။ ဆုံးဖြတ်အပ်ပြီး, မဆုံးဖြတ်အပ်သေးသော အကြောင်းရင်းမရှိသော အကျင့် ပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊ ၇။မဆုံးဖြတ်အပ်သေးသော အကြောင်းရင်း မရှိသော အယူပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၈။ ဆုံးဖြတ်အပ်ပြီးသော အကြောင်းရင်း မရှိသော အယူပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊ ၉။ဆုံးဖြတ်အပ်ပြီး မဆုံးဖြတ်အပ် သေးသော အကြောင်းရင်း မရှိသော အယူပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း။ (ဝိ၊၄၊ ၄၂၈။) (ဝိ၊မြန်၊၄၊၄၂၉။)♦

တရားနှင့် မညီသော ဝန်ခံသဖြင့် ပြုခြင်း ၅ ပါး

၁။ ပါရာဇိကအာပတ်လွန်ကျူးသော ရဟန်းကို ပါရာဇိကအာပတ်ဖြင့် စောဒနာသောအခါ သံဃာဒိသိသ်အာပတ်သင့်၏ဟု ဝန်ခံသဖြင့် ထိုရဟန်းအား သံဃာက သံဃာဒိသိသ်အာပတ်ဖြင့် ဆုံးဖြတ်ခြင်း၊
၂။ ပါရာဇိကအာပတ် လွန်ကျူးသော ရဟန်းကို ပါရာဇိကအာပတ်ဖြင့် စောဒနာသောအခါ ပါစိတ်အာပတ်စသည် သင့်၏ဟု ဝန်ခံသဖြင့် ထိုရဟန်းအား သံဃာက ပါစိတ်အာပတ်စသည်ဖြင့် ဆုံးဖြတ်ခြင်း၊
၃။ သံဃာဒိသိသ်အာပတ် လွန်ကျူးသော ရဟန်းကို သံဃာဒိသိသ်အာပတ်ဖြင့် စောဒနာသော အခါ ပါစိတ်အာပတ်စသည် သင့်၏ဟု ဝန်ခံသဖြင့် ရဟန်းအား သံဃာက ပါစိတ်အာပတ် စသည်ဖြင့် ဆုံးဖြတ်ခြင်း၊
၄။ သံဃာဒိသိသ်အာပတ်စသည်ကို လွန်ကျူးသော ရဟန်းကို သံဃာဒိသိသ်အာပတ်စသည်ဖြင့် စောဒနာသောအခါ ပါရာဇိကအာပတ်သင့်၏ဟု ဝန်ခံ သဖြင့် ထိုရဟန်းအား သံဃာက ပါရာဇိကအာပတ်ဖြင့် ဆုံးဖြတ်ခြင်း၊
၅။ ဒုက္ကဋ်အာပတ် လွန်ကျူးသော ရဟန်းကို ဒုက္ကဋ်အာပတ်ဖြင့် စောဒနာသောအခါ သံဃာဒိသိသ်စသည် သင့်၏ဟု ဝန်ခံသဖြင့် ထိုရဟန်းအား သံဃာက သံဃာဒိသိသ်အာပတ် စသည်ဖြင့် ဆုံးဖြတ်ခြင်း။ (ဝိ၊၅၊၃၂၆) (ဝိ၊မြန်၊၅။၄၂၇။)♦

တရားနှင့် မညီသော ဝိနည်း ဖြေဆိုခြင်း ၅ မျိုး

၁။ တရား မဟုတ်သည်ကို တရားဟု ဆိုခြင်း၊
၂။ တရားဟုတ်သည်ကို တရား မဟုတ်ဟု ဆိုခြင်း၊
၃။ ဝိနည်း မဟုတ်သည်ကို ဝိနည်းဟု ဆိုခြင်း၊
၄။ ဝိနည်းဟုတ်သည်ကို ဝိနည်းမဟုတ်ဟု ဆိုခြင်း၊
၅။ မပညတ်ရသေးသည်ကို ပညတ်ခြင်း၊ ပညတ်ထားပြီးသည်ကို နုတ်ပယ်ခြင်း။ (ဝိ၊၅၊၃၅၅။) (ဝိ၊မြန်၊၅။၄၅၈။)♦

တရားနှင့် မညီသော အကပ်ခံခြင်း အင်္ဂါ ၅ ပါး

၁။ ကိုယ်ဖြင့် ပေးအပ်သည်ကို ကိုယ်ဖြင့် မခံယူခြင်း၊
၂။ ကိုယ်ဖြင့် ပေးအပ်သည်ကို ကိုယ်နှင့် စပ်သောဝတ္ထုဖြင့် မခံယူခြင်း၊
၃။ ကိုယ်နှင့် စပ်သောဝတ္ထုဖြင့် ပေးအပ်သည်ကို ကိုယ်ဖြင့် မခံယူခြင်း၊
၄။ ကိုယ်နှင့် စပ်သောဝတ္ထုဖြင့် ပေးအပ်သည်ကို ကိုယ်နှင့် စပ်သောဝတ္ထုဖြင့် မခံယူခြင်း၊
၅။ စွန့်လွှတ်၍ ပေးအပ် သည်ကို ကိုယ်ဖြင့် လည်းကောင်း, ကိုယ်နှင့်စပ်သောဝတ္ထုဖြင့် လည်းကောင်း မခံယူခြင်း။ (ဝိ၊၅၊၃၂၅။) (ဝိ၊မြန်၊၅။၄၂၅။)♦

တရားနှင့် မညီသော အယူကို ထင်စွာ ပြုခြင်း ၅ ပါး

၁။ အာပတ်မသင့်သည်၌ အာပတ် သင့်သည်ဟူသော အယူကို ထင်စွာ ပြုခြင်း၊
၂။ ဒေသနာဂါမ်မဟုတ်သော အာပတ်ဖြင့် အယူကို ထင်စွာ ပြုခြင်း၊
၃။ ဒေသနာကြားအပ်ပြီးသော အာပတ်ဖြင့် အယူကို ထင်စွာပြုခြင်း၊
၄။ ရဟန်း လေးပါး ငါးပါးတို့ဖြင့် အယူကို ထင်စွာ ပြုခြင်း၊
၅။ မနဟု ဆိုအပ်သော စိတ်ဖြင့် အယူကို ထင်စွာ ပြုခြင်း။ (ဝိ၊၅၊၃၂၄။) (ဝိ၊မြန်၊၅။၄၂၄။)♦

တရားနှင့် မညီသော အယူကို ထင်စွာ ပြုခြင်း ၅ ပါး (တစ်နည်း)

၁။ နာနာသံဝါသက ပုဂ္ဂိုလ်ထံ၌ အယူကို ထင်စွာပြုခြင်း၊
၂။ သိမ်အသီးသီး၌ တည်သူအထံ၌ အယူကို ထင်စွာ ပြုခြင်း၊
၃။ ပကတိသီလ မရှိသူအထံ၌ အယူကို ထင်စွာပြုခြင်း၊
၄။ ရဟန်းလေးပါး ငါးပါး တို့ဖြင့် အယူကို ထင်စွာပြုခြင်း၊
၅။ မနဟု ဆိုအပ်သော စိတ်ဖြင့် အယူကို ထင်စွာပြုခြင်း၊ မှတ်ချက်။ ။ တရားနှင့် လျော်သော အယူကို ထင်စွာ ပြုခြင်း (၅) ပါးကို အထက်က (၅) ပါးနှင့် အပြန်အားဖြင့် သိလေ။ (ဝိ၊၅၊၃၂၅။) (ဝိ၊မြန်၊၅။၄၂၅။)♦

တရားနှင့် မညီသော အလှူ ၉ မျိုး

၁။ သံဃာ၏ အထံသို့ ညွတ်ပြီးသော လာဘ်ကို အခြား သံဃာ အထံသို့လည်းကောင်း, စေတီအထံသို့လည်းကောင်း, ပုဂ္ဂိုလ်အထံသို့လည်းကောင်း ညွတ် စေခြင်း၊
၂။ စေတီအထံသို့ ညွတ်ပြီးသော လာဘ်ကို အခြားစေတီအထံသို့လည်းကောင်း, သံဃာ အထံသို့လည်းကောင်း, ပုဂ္ဂိုလ်အထံသို့လည်းကောင်း ညွတ်စေခြင်း၊
၃။ ပုဂ္ဂိုလ် တစ်ပါးပါး အထံသို့ ညွတ်ပြီးသော လာဘ်ကို အခြားပုဂ္ဂိုလ် တစ်ပါးထံသို့လည်းကောင်း, သံဃာအထံသို့ လည်းကောင်း, စေတီအထံသို့လည်းကောင်း ညွတ်စေခြင်း။ (ဝိ၊ဋ္ဌ၊၄၊၁၈၂။)♦

တရားနှင့် လျော်ညီသော ကံ ၄ မျိုး

၁။ မြတ်စွာဘုရား၏ အဆုံးအမနှင့် အညီ ပြုလုပ်အပ်သော အပလောကနကံ၊
၂။ မြတ်စွာဘုရား၏ အဆုံးအမနှင့်အညီ ပြုလုပ်အပ်သော ဉတ္တိကံ၊
၃။ မြတ်စွာ ဘုရား၏ အဆုံးအမနှင့် အညီ ပြုလုပ်အပ်သော ဉတ္တိဒုတိယကံ၊
၄။ မြတ်စွာဘုရား၏ အဆုံးအမနှင့် အညီ ပြုလုပ်အပ်သော ဉတ္တိစတုတ္ထကံ။ (ဝိ၊၂၊၁၉၉။) (ဝိ၊မြန်၊၂။၂၂၄။)♦

တရားနှင့် လျော်ညီသော စာရေးတံမဲ ယူခြင်း ၁၀ ပါး

၁။ အဓိကရုဏ်းသည် သေးလည်း မသေး ငယ်ခြင်း၊
၂။ နှစ်ကြိမ်သုံးကြိမ် ဆုံးဖြတ်ပြီးလည်း ဖြစ်ခြင်း၊
၃။ နှစ်ကြိမ်သုံးကြိမ် အမှုသည် ရဟန်းတို့ကို အောက်မေ့စေအပ်၊ အခြားရဟန်းတို့ကိုလည်း အောက်မေ့စေအပ်ခြင်း၊
၄။ ဓမ္မဝါဒီ ရဟန်းတို့ အလွန်များကုန်၏ဟု သိခြင်း၊
၅။ ဓမ္မဝါဒီရဟန်းတို့ အလွန်များကုန်တန်ရာ၏ဟု သိခြင်း၊
၆။ သံဃာ မကွဲပြားမည်ကို သိခြင်း၊
၇။ သံဃာ မကွဲပြားတန်ရာ၏ဟု သိခြင်း၊
၈။ တရားသဖြင့် စာရေးတံမဲကို ယူခြင်း၊
၉။ ညီညွတ်စွာ စာရေးတံမဲကို ယူခြင်း၊
၁၀။ မိမိတို့ အယူအဆအတိုင်း စာရေးတံမဲကို ယူခြင်း။ (ဝိ၊၄၊၂၀၅။) (ဝိ၊မြန်၊၄။၂၀၀။)♦

တရားနှင့် လျော်ညီသော တဿပါပိယသိကကံ ဝိနည်းကံ ၁၂ ပါး

တရားသော တဇ္ဇနီယဝိနည်းကံ ၁၂ ပါးနှင့် တူ၏။ ♦

တရားနှင့် လျော်ညီသော ပါတိမောက်ထားခြင်း ၂ မျိုး

၁။ အကြောင်းရင်း ရှိသော သီလ ပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၂။ အကြောင်းရင်းရှိသော အကျင့်ပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း။ (ဝိ၊၄၊၄၂၆။) (ဝိ၊မြန်၊၄၊၄၂၆။)♦

တရားနှင့် လျော်ညီသော ပါတိမောက်ထားခြင်း ၃ မျိုး

၁။ အကြောင်းရင်း ရှိသော သီလ ပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၂။ အကြောင်းရင်းရှိသော အကျင့်ပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၃။ အကြောင်းရင်းရှိသော အယူပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း။ (ဝိ၊၄၊၄၂၆။) (ဝိ၊မြန်၊၄၊၄၂၇။)♦

တရားနှင့် လျော်ညီသော ပါတိမောက်ထားခြင်း ၄ မျိုး

၁။ အကြောင်းရင်းရှိသော သီလ ပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၂။ အကြောင်းရင်းရှိသော အကျင့်ပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၃။ အကြောင်းရင်းရှိသော အယူပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၄။ အကြောင်းရင်းရှိသော အသက်မွေးမှု ပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း။ (ဝိ၊၄၊၄၂၆။) (ဝိ၊မြန်၊၄၊၄၂၇။)♦

တရားနှင့် လျော်ညီသော ပါတိမောက်ထားခြင်း ၅ မျိုး

၁။ အကြောင်းရင်း ရှိသော ပါရာဇိက အာပတ်ဖြင့် ပါတိမောက်ထားခြင်း၊
၂။ အကြောင်းရင်းရှိသော သံဃာဒိသိသ်အာပတ်ဖြင့် ပါတိမောက်ထားခြင်း၊
၃။ အကြောင်းရင်းရှိသော ပါစိတ်အာပတ်ဖြင့် ပါတိမောက်ထားခြင်း၊
၄။ အကြောင်းရင်းရှိသော ပါဋိဒေသနီအာပတ်ဖြင့် ပါတိမောက်ထားခြင်း၊
၅။ အကြောင်းရင်း ရှိသော ဒုက္ကဋ်အာပတ်ဖြင့် ပါတိမောက်ထားခြင်း။ (ဝိ၊၄၊၄၂၇။) (ဝိ၊မြန်၊၄၊၄၂၇။)♦

တရားနှင့် လျော်ညီသော ပါတိမောက်ထားခြင်း ၆ မျိုး

၁။ မဆုံးဖြတ်အပ်သေးသော အကြောင်းရင်း ရှိသော သီလပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၂။ ဆုံးဖြတ်အပ်ပြီးသော အကြောင်းရင်း ရှိသော သီလပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၃။ မဆုံးဖြတ်အပ်သေးသော အကြောင်း ရင်းရှိသော အကျင့်ပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၄။ ဆုံးဖြတ်အပ်ပြီးသော အကြောင်းရင်းရှိသော အကျင့်ပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၅။ မဆုံးဖြတ်အပ် သေးသော အကြောင်းရင်းရှိသော အယူပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၆။ ဆုံးဖြတ် အပ်ပြီးသော အကြောင်းရင်းရှိသော အယူပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း။ (ဝိ၊၄၊၄၂၇။) (ဝိ၊မြန်၊၄၊၄၂၈။)♦

တရားနှင့် လျော်ညီသော ပါတိမောက်ထားခြင်း ၇ မျိုး

၁။ အကြောင်းရင်း ရှိသော ပါရာဇိက အာပတ်ဖြင့် ပါတိမောက်ထားခြင်း၊
၂။ အကြောင်းရင်းရှိသော သံဃာဒိသိသ် အာပတ်ဖြင့် ပါတိမောက်ထားခြင်း၊
၃။ အကြောင်းရင်းရှိသော ထုလ္လစ္စဉ်းအာပတ်ဖြင့် ပါတိမောက် ထားခြင်း၊
၄။ အကြောင်းရင်းရှိသော ပါစိတ်အာပတ်ဖြင့် ပါတိမောက်ထားခြင်း၊
၅။ အကြောင်းရင်း ရှိသော ပါဋိဒေသနီအာပတ်ဖြင့် ပါတိမောက်ထားခြင်း၊
၆။ အကြောင်းရင်းရှိသော ဒုက္ကဋ် အာပတ်ဖြင့် ပါတိမောက်ထားခြင်း၊
၇။ အကြောင်းရင်းရှိသော ဒုဗ္ဘာသီအာပတ်ဖြင့် ပါတိမောက် ထားခြင်း။ (ဝိ၊၄၊၄၂၇။) (ဝိ၊မြန်၊၄၊၄၂၈။)♦

တရားနှင့် လျော်ညီသော ပါတိမောက်ထားခြင်း ၈ မျိုး

၁။ မဆုံးဖြတ်အပ်သေးသော အကြောင်းရင်း ရှိသော သီလပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၂။ ဆုံးဖြတ်အပ်ပြီးသော အကြောင်းရင်း ရှိသော သီလပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၃။ မဆုံးဖြတ်အပ်သေးသော အကြောင်း ရင်းရှိသော အကျင့်ပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၄။ ဆုံးဖြတ်အပ်ပြီးသော အကြောင်း ရင်းရှိသော အကျင့်ပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၅။ မဆုံးဖြတ်အပ်သေးသော အကြောင်းရင်းရှိသော အယူပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၆။ ဆုံးဖြတ်အပ် ပြီးသော အကြောင်းရင်းရှိသော အယူပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၇။ မဆုံးဖြတ် အပ်သေးသော အကြောင်းရင်းရှိသော အသက်မွေးမှု ပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၈။ ဆုံးဖြတ်အပ်ပြီးသော အကြောင်းရင်းရှိသော အသက်မွေးမှု ပျက်စီးခြင်းဖြင့် ပါတိမောက် ထားခြင်း။ (ဝိ၊၄၊၄၂၇။) (ဝိ၊မြန်၊၄၊၄၂၈။)♦

တရားနှင့် လျော်ညီသော ပါတိမောက်ထားခြင်း ၉ မျိုး

၁။ မဆုံးဖြတ်အပ်သေးသော အကြောင်းရင်း ရှိသော သီလပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၂။ ဆုံးဖြတ်အပ်ပြီးသော အကြောင်းရင်း ရှိသော သီလပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၃။ ဆုံးဖြတ်အပ်ပြီး, မဆုံးဖြတ်အပ် သေးသော အကြောင်းရင်းရှိသော သီလပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၄။ မဆုံးဖြတ် အပ်သေးသော အကြောင်းရင်းရှိသော အကျင့်ပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၅။ ဆုံးအပ်ဖြတ်ပြီးသော အကြောင်းရင်းရှိသော အကျင့်ပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၆။ ဆုံးဖြတ်အပ်ပြီး, မဆုံးဖြတ်အပ်သေးသော အကြောင်းရင်းရှိသော အကျင့်ပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၇။ မဆုံးဖြတ်အပ်သေးသော အကြောင်းရင်း ရှိသော အယူပျက်စီး ခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၈။ ဆုံးဖြတ်အပ်ပြီးသော အကြောင်းရင်း ရှိသော အယူပျက်စီး ခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၉။ ဆုံးဖြတ်အပ်ပြီး, မဆုံးဖြတ်အပ်သေးသော အကြောင်းရင်း ရှိသော အယူပျက်စီးခြင်းဖြင့် ပါတိမောက်ထားခြင်း။ (ဝိ၊၄၊၄၂၈။) (ဝိ၊မြန်၊၄၊၄၂၉။)♦

တရားနှင့် လျော်ညီသော ပါတိမောက်ထားခြင်းအကြောင်း ၁၀ မျိုး

၁။ ပါရာဇိကကျသော ပုဂ္ဂိုလ်သည် ထိုပရိသတ်၌ ထိုင်နေခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၂။ ပါရာဇိကစကားသည် မပြီးပြတ်သေးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၃။ သိက္ခာချသူသည် ထိုပရိသတ်၌ ထိုင်နေ ခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၄။ သိက္ခာချသော စကားသည် မပြီးပြတ်သေးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၅။ တရားနှင့် လျော်သော ညီညွတ်ခြင်းသို့ မကပ်ရောက်ခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၆။ တရားနှင့်လျော်သော ညီညွတ်ခြင်းကို တစ်ဖန်ယူခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၇။ တရားနှင့်လျော်သော ညီညွတ်ခြင်းကို တစ်ဖန် ယူရန် စကားသည် မပြီးပြတ်သေးခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၈။ သီလပျက်စီးခြင်းဖြင့် မြင်ခြင်း, ကြားခြင်း, ယုံမှားခြင်းတို့ ရှိခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၉။ အကျင့်ပျက်စီးခြင်းဖြင့် မြင်ခြင်း, ကြားခြင်း, ယုံမှားခြင်းတို့ ရှိခြင်းဖြင့် ပါတိမောက်ထားခြင်း၊
၁၀။ အယူ ပျက်စီးခြင်းဖြင့် မြင်ခြင်း, ကြားခြင်း, ယုံမှားခြင်းတို့ ရှိခြင်းဖြင့် ပါတိမောက်ထားခြင်း။ (ဝိ၊၄၊၄၂၈။) (ဝိ၊မြန်၊၄၊၄၂၉။)♦

တရားနှင့် လျော်ညီသော ဝန်ခံမှုဖြင့် ပြုခြင်း ၅ ပါး

၁။ ရဟန်းသည် ပါရာဇိကသို့ ရောက်၏၊ ပါရာဇိကဖြင့် စောဒနာအပ်သော် ပါရာဇိကသို့ ရောက်၏ဟု ဝန်ခံ၏၊ ထိုရဟန်းကို သံဃာသည် ပါရာဇိကအာပတ်ဖြင့် ဆုံးဖြတ်အံ့၊ တရားနှင့်လျော်သော ဝန်ခံမှုဖြင့် ပြုခြင်း မည်၏၊
၂။ ရဟန်းသည် သံဃာဒိသိသ်သို့ ရောက်၏၊ သံဃာဒိသိသ်ဖြင့် စောဒနာအပ်သော် သံဃာဒိသိသ်သို့ ရောက်၏ဟု ဝန်ခံ၏၊ ထိုရဟန်းကို သံဃာသည် ထိုသံဃာဒိသိသ် အာပတ်ဖြင့် ဆုံးဖြတ်အံ့၊ တရားနှင့်လျော်သော ဝန်ခံမှုဖြင့် ပြုခြင်း မည်၏၊
၃။ ရဟန်းသည် ပါစိတ်သို့ ရောက်၏၊ ပါစိတ်ဖြင့် စောဒနာအပ်သော် ပါစိတ်သို့ ရောက်၏ဟု ဝန်ခံ၏၊ ထိုရဟန်းကို သံဃာသည် ပါစိတ်အာပတ်ဖြင့် ဆုံးဖြတ်အံ့၊ တရားနှင့်လျော်သော ဝန်ခံ မှုဖြင့် ပြုခြင်း မည်၏၊
၄။ ရဟန်းသည် ပါဋိဒေသနီသို့ ရောက်၏၊ ပါဋိဒေသနီဖြင့် စောဒနာ အပ်သော် ပါဋိဒေသနီသို့ ရောက်၏ဟု ဝန်ခံ၏၊ ထိုရဟန်းကို သံဃာသည် ပါဋိဒေသနီ အာပတ်ဖြင့် ဆုံးဖြတ်အံ့ တရားနှင့်လျော်သော ဝန်ခံမှုဖြင့် ပြုခြင်း မည်၏၊
၅။ ရဟန်းသည် ဒုက္ကဋ်သို့ ရောက်၏၊ ဒုက္ကဋ်ဖြင့် စောဒနာအပ်သော် ဒုက္ကဋ်သို့ ရောက်၏ဟု ဝန်ခံ၏၊ ထိုရဟန်းကို သံဃာသည် ဒုက္ကဋ်အာပတ်ဖြင့် ဆုံးဖြတ်အံ့၊ တရားနှင့် လျော်သော ဝန်ခံမှုဖြင့် ပြုခြင်း မည်၏။ (ဝိ၊၅၊၃၂၆။) (ဝိ၊မြန်၊၅။၄၂၇။)♦

တရားနှင့် လျော်ညီသော ဝိနည်း ဖြေဆိုခြင်း ၅ မျိုး

၁။ တရားမဟုတ်သည်ကို တရားမဟုတ်ဟု ဆိုခြင်း၊
၂။ တရား ဟုတ်သည်ကို တရားဟုတ်သည်ဟု ဆိုခြင်း၊
၃။ ဝိနည်းမဟုတ်သည်ကို ဝိနည်း မဟုတ်ဟု ဆိုခြင်း၊
၄။ ဝိနည်း ဟုတ်သည်ကို ဝိနည်း ဟုတ်၏ဟု ဆိုခြင်း၊
၅။ မပညတ်ရ သေးသည်ကို မပညတ်ဘဲ ပညတ်ပြီးသည်ကို မပယ်နှုတ်ခြင်း။ (ဝိ၊၅၊၃၅၅။) (ဝိ၊မြန်၊၅။၄၅၈။)♦

တရားနှင့် လျော်ညီသော အကပ်ခံခြင်း အင်္ဂါ ၅ ပါး

၁။ ကိုယ်ဖြင့် ပေးအပ်သည်ကို ကိုယ်ဖြင့် ခံယူခြင်း၊
၂။ ကိုယ်ဖြင့် ပေးအပ်သည်ကို ကိုယ်နှင့် စပ်သောဝတ္ထုဖြင့် ခံယူခြင်း၊
၃။ ကိုယ်နှင့် စပ်သောဝတ္ထုဖြင့် ပေးအပ်သည်ကို ကိုယ်ဖြင့် ခံယူခြင်း၊
၄။ ကိုယ်နှင့် စပ်သောဝတ္ထုဖြင့် ပေးအပ်သည်ကို ကိုယ်နှင့် စပ်သောဝတ္ထုဖြင့် ခံယူခြင်း၊
၅။ ပစ်လွှတ်၍ ပေးအပ် သည်ကို ကိုယ်ဖြင့်လည်းကောင်း, ကိုယ်နှင့် စပ်သောဝတ္ထုဖြင့်လည်းကောင်း ခံယူခြင်း။ (ဝိ၊၅၊၃၂၅။) (ဝိ၊မြန်၊၅။၄၂၆။)♦

တရားနှင့် လျော်ညီသော အယူကို ထင်စွာပြုခြင်း ၅ ပါး

၁။ အာပတ်သင့်သည်၌ အာပတ်သင့်၏ ဟူသော အယူကို ထင်စွာပြုခြင်း၊
၂။ ဒေသနာဂါမ် ဖြစ်သော အာပတ်ဖြင့် အယူကို ထင်စွာ ပြုခြင်း၊
၃။ ဒေသနာ မကြားအပ်သေးသော အာပတ်ဖြင့် အယူကို ထင်စွာပြုခြင်း၊
၄။ ရဟန်း လေးပါး ငါးပါးတို့ဖြင့် အယူကို ထင်စွာမပြုခြင်း၊
၅။ စိတ်ဖြင့် အယူကို ထင်စွာမပြုခြင်း။ (ဝိ၊၅၊၃၂၄။) (ဝိ၊မြန်၊၅။၄၂၅။)♦

တရားနှင့် လျော်ညီသော အယူကို ထင်စွာပြုခြင်း အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ သမာနသံဝါသက ပုဂ္ဂိုလ်တို့၏ အထံ၌ အယူကို ထင်စွာ ပြုခြင်း၊
၂။ သိမ်တစ်ခုတည်း၌ တည်သူထံ၌ အယူကို ထင်စွာ ပြုခြင်း၊
၃။ ပကတတ်ရဟန်းထံ၌ အယူကို ထင်စွာပြုခြင်း၊
၄။ ရဟန်း လေးပါး ငါးပါး တို့ဖြင့် အယူကို ထင်စွာ မပြုခြင်း၊
၅။ မန မာနသဟု ဆိုအပ်သော စိတ်ဖြင့် အယူကို ထင်စွာ မပြုခြင်း။ (ဝိ၊၅၊၃၂၅။) (ဝိ၊မြန်၊၅။၄၂၅။)♦

တရားနှင့် လျော်ညီသော အလှူ ၃ မျိုး

၁။ သံဃာအား ညွတ်ပြီးသော လာဘ်ကို သံဃာ အားသာ ပေးလှူခြင်း၊
၂။ စေတီအား ညွတ်ပြီးသော လာဘ်ကို စေတီအားသာ ပေးလှူခြင်း၊
၃။ ပုဂ္ဂိုလ်အား ညွတ်ပြီးသော လာဘ်ကို ပုဂ္ဂိုလ်အားသာ ပေးလှူခြင်း။ (ဝိ၊ဋ္ဌ၊၄၊၁၈၂။)♦

တရားနာခြင်း တရားဆွေးနွေးခြင်း အကျိုး ၅ ပါး

၁။ မြတ်စွာဘုရားအား လေးစား မြတ်နိုးခြင်း၊
၂။ ပါဠိကို ထိုးထွင်း၍ သိခြင်း၊ အနက်ကို ထိုးထွင်း၍ သိခြင်း၊
၃။ တရား၌ နက်နဲသော အနက်ကို ပညာဖြင့် ထိုးထွင်း၍ သိခြင်း၊
၄။ မချွတ်ဧကန် အရဟတ္တဖိုလ်သို့ ရောက်ပြီး ရောက်လတ္တံ့ ဖြစ်၏ဟု ချီးမွမ်းခံရခြင်း၊
၅။ အရဟတ္တဖိုလ်သို့ ရောက်ပြီးသော ပုဂ္ဂိုလ်သည် မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေမှုကိုသာ အားထုတ်လျက် နေခြင်း။ (အံ၊၃၊၁၇၁။) (အံ၊မြန်၊၃။၁၇၃။)♦

တရားနာရကျိုး ၅ ပါး

၁။ မကြားဖူးသည်ကို ကြားနာရခြင်း၊
၂။ ကြားဖူးသည်ကို ဖြူစင် စေခြင်း၊
၃။ ယုံမှားမှုကို လွန်မြောက်နိုင်ခြင်း၊
၄။ အယူကို ဖြောင့်မတ်နိုင်ခြင်း၊
၅။ စိတ်ကြည်လင်ခြင်း။ (အံ၊၂၊၂၁၆။) (အံ၊မြန်၊၂။၂၇၂။)♦

တရားနာရကျိုး ၅ ပါး (တစ်နည်း) (နှုတ်ဖြင့် လေ့ကျက်အပ်, စိတ်ဖြင့် နှလုံးသွင်းအပ်, ပညာဖြင့် ထိုးထွင်း၍သိအပ်သော- သောတာနုဂတတရားတို့၌ ရရှိအပ်သော အကျိုး ၅ ပါး)

၁။ မျက်မှောက်ဘဝ၌ပင် တရားထူးကို ရရှိနိုင်ခြင်း၊
၂။ မကျန်းမာသောအခါ တရားထူး ရနိုင်ခြင်း၊
၃။ သေခါနီးအခါ၌ တရားထူး ရနိုင်ခြင်း၊
၄။ နတ်ပြည်ရောက်သော အခါ၌ တရားထူး ရနိုင်ခြင်း၊
၅။ ပစ္စေကဗောဓိဉာဏ်သို့ ရောက်နိုင်ခြင်း (ပစ္စေကဗုဒ္ဓါ ဖြစ်နိုင်ခြင်း)။ (ပေဋကော၊၁၈၇။)♦

တရားနာရကျိုး ၆ ပါး

၁။ အောက်ပိုင်းသံယောဇဉ် ငါးပါးတို့မှ မလွတ်သေးသော ရဟန်းသည် သေခါနီးအခါ၌ မြတ်စွာဘုရားအား ဖူးမြော်ခွင့်ရရှိပြီး အစ အလယ် အဆုံး ကောင်းခြင်းရှိသော အနက်သဒ္ဒါနှင့် ထက်ဝန်းကျင်ပြည့်စုံသော တရားတော်ကို ကြားနာရသောကြောင့် အောက်ပိုင်း သံယောဇဉ်တို့မှ ကင်းလွတ်ခြင်း၊
၂။ အောက်ပိုင်းသံယောဇဉ် ငါးပါးတို့မှ မလွတ်သေးသော ရဟန်းသည် သေခါနီးအခါ၌ ဘုရားရှင်၏ တပည့်သာဝက တစ်ပါးပါးကို ဖူးမြော်ခွင့်ရရှိပြီး ထိုသာဝက၏ အစ အလယ် အဆုံး ကောင်းခြင်းရှိသော အနက်သဒ္ဒါနှင့် ထက်ဝန်းကျင် ပြည့်စုံသော တရားကို ကြားနာရသောကြောင့် အောက်ပိုင်းသံယောဇဉ်တို့မှ ကင်းလွတ်ခြင်း၊
၃။ အောက်ပိုင်းသံယောဇဉ် ငါးပါးတို့မှ မလွတ်သေးသော ရဟန်းသည် သေခါနီး အခါ၌ ကြားနာ သင်ယူခဲ့ဖူးသည့်အတိုင်း တရားတော်ကို စိတ်ဖြင့် အဖန်ဖန် ကြံစည်, သုံးသပ်, ရှုမြင်သောကြောင့် အောက်ပိုင်းသံယောဇဉ်တို့မှ ကင်းလွတ်ခြင်း၊
၄။ အောက်ပိုင်း သံယောဇဉ် ငါးပါးတို့မှ လွတ်သော်လည်း အရဟတ္တဖိုလ်ဖြင့် မလွတ်မြောက်သေးသော ရဟန်းသည် သေခါနီးအခါ၌ ဘုရားရှင်အား ဖူးမြော်ခွင့် ရရှိပြီး အစ အလယ် အဆုံး ကောင်းခြင်းရှိသော အနက် သဒ္ဒါနှင့် ထက်ဝန်းကျင် ပြည့်စုံသော တရားတော်ကို ကြားနာရသောကြောင့် ဥပဓိကုန်ရာ နိဗ္ဗာန်၌ အရဟတ္တဖိုလ်ဖြင့် လွတ်မြောက်ခြင်း၊
၅။ အောက်ပိုင်းသံယောဇဉ် ငါးပါးမှ လွတ် သော်လည်း အရဟတ္တဖိုလ်ဖြင့် မလွတ်သေးသော ရဟန်းသည် သေခါနီးအခါ၌ ဘုရားရှင်၏ တပည့်သာဝက တစ်ပါးပါးကို ဖူးမြော်ခွင့်ရပြီး ထိုသာဝက၏ တရားကို ကြားနာရသောကြောင့် ဥပဓိကုန်ရာနိဗ္ဗာန်သို့ အရဟတ္တဖိုလ်ဖြင့် လွတ်မြောက်ခြင်း၊
၆။ အောက်ပိုင်း သံယောဇဉ် ငါးပါးမှ လွတ်သော်လည်း အရဟတ္တဖိုလ်ဖြင့် မလွတ်သေးသော ရဟန်းသည် သေခါနီးအခါ၌ ကြားနာ သင်ယူခဲ့ဖူးသည့်အတိုင်း တရားတော်ကို စိတ်ဖြင့် အဖန်ဖန် ကြံစည်, သုံးသပ်, ရှုမြင်သောကြောင့် ဥပဓိကုန်ရာနိဗ္ဗာန်သို့ အရဟတ္တဖိုလ်ဖြင့် လွတ်မြောက်ခြင်း။ (အံ၊၂၊၃၃၅။) (အံ၊မြန်၊၂။၄၂၆။)♦

တရားနာသော် မဂ်ရကြောင်း တရား ၅ ပါး

၁။ သူ၏ ဂုဏ်ကို ချေဖျက်လိုစိတ် မရှိဘဲ တရားနာခြင်း၊
၂။ အပြစ်တင်လိုစိတ် မရှိဘဲ တရားနာခြင်း၊
၃။ တရားဟောပုဂ္ဂိုလ်ကို ထိပါး ပုတ်ခတ်လိုစိတ် မရှိခြင်း၊
၄။ ပညာရှိ၍ မမိုက်မဲ မဆွံ့အခြင်း၊
၅။ မိမိ မသိသောအရာ၌ သိ၏ဟု မှတ်ထင်လေ့ မရှိခြင်း။ (အံ၊၂၊၁၅၄။) (အံ၊၂၊၁၅၅။) (အံ၊မြန်၊၂။၁၉၆။) (အံ၊မြန်၊၂။၁၉၇။)♦

တရားနာသော် မဂ်ရကြောင်း တရား ၅ ပါး (တစ်နည်း)

၁။ တရားကို မထီမဲ့မြင် မပြုခြင်း၊
၂။ တရားဟောပုဂ္ဂိုလ်ကို မထီမဲ့မြင် မပြုခြင်း၊
၃။ မိမိကိုယ်ကို မထီမဲ့မြင် မပြုခြင်း၊
၄။ စိတ်တည် ကြည်လျက် တရားနာခြင်း၊
၅။ သင့်သောအားဖြင့် နှလုံးသွင်းခြင်း။ (အံ၊၂၊၁၅၄။) (အံ၊မြန်၊၂။၁၉၅။)♦

တရားနာသော်လည်း မဂ် မရကြောင်း တရား ၅ ပါး

၁။ ဟောကြားသော တရားကို မထီမဲ့မြင် ပြုခြင်း၊
၂။ တရားဟောပုဂ္ဂိုလ်ကို မထီမဲ့မြင် ပြုခြင်း၊
၃။ မိမိကိုယ်ကို မထီမဲ့မြင် ပြုခြင်း၊
၄။ ပညာမရှိခြင်း၊ မိုက်မဲခြင်း၊ ဆွံ့အခြင်း၊
၅။ မသိသော အရာ၌ သိ၏ဟု မှတ်ထင်ခြင်း။ (အံ၊၂၊၁၅၄။) (အံ၊မြန်၊၂။၁၉၆။)♦

တရားနာသော်လည်း မဂ် မရကြောင်း တရား ၅ ပါး (တစ်နည်း)

၁။ သူ၏ ဂုဏ်ကို ချေဖျက် လိုစိတ်ဖြင့် တရားနာခြင်း၊
၂။ အပြစ်တင်လိုစိတ်ဖြင့် တရားနာခြင်း၊
၃။ တရားဟောပုဂ္ဂိုလ်ကို ထိပါး ပုတ်ခတ်လိုစိတ် ရှိခြင်း၊ ၄၊ ပညာမဲ့၍ မိုက်မဲ ဆွံ့အခြင်း၊
၅။ မိမိမသိသော အရာ၌ သိ၏ဟု မှတ်ထင်လေ့ရှိခြင်း။ (အံ၊၂၊၁၅၅။) (အံ၊မြန်၊၂။၁၉၇။)♦

တရားနာသော်လည်း မဂ် မရကြောင်းတရား ၅ ပါး (တစ်နည်း)

၁။ ဟောအပ်သော တရားကို မထီမဲ့မြင် ပြုခြင်း၊
၂။ တရားဟော ပုဂ္ဂိုလ်ကို မထီမဲ့မြင် ပြုခြင်း၊
၃။ မိမိကိုယ်ကို မထီမဲ့မြင် ပြုခြင်း၊
၄။ စိတ်မတည်ကြည်ဘဲ တရားနာခြင်း၊
၅။ မသင့်သော အားဖြင့် နှလုံးသွင်းခြင်း။ (အံ၊၂၊၁၅၄။) (အံ၊မြန်၊၂။၁၉၅။)♦

တရားမှန်တော်ကြီး ၄ ချပ်

ဓမ္မာဒါသ ၄ ပါးနှင့် တူသည်။ ♦

တရားမဲ့ ကျင့်မှု၏ အခြေခံတရား ၅ ပါး

၁။ လောဘ၊
၂။ ဒေါသ၊
၃။ မောဟ၊
၄။ မသင့်မတင့် နှလုံးသွင်းမှု၊
၅။ မှားယွင်းစွာ ထားသော စိတ်။ (အံ၊၃၊၃၂၄။) (အံ၊မြန်၊၃။၃၂၃။)♦

တရားသဖြင့် ကျင့်မှု၏ အခြေခံတရား ၅ ပါး

၁။ အလောဘ၊
၂။ အဒေါသ၊
၃။ အမောဟ၊
၄။ သင့်တင့်စွာ နှလုံးသွင်းမှု၊
၅။ မှန်ကန်စွာ ထားသော စိတ်။ (အံ၊၃၊၃၂၄။) (အံ၊မြန်၊၃။၃၂၃။)♦

တရားသော တဇ္ဇနီယ ဝိနည်းကံ ၁၂ ပါး

၁။ မျက်မှောက်၌ ပြုလုပ်ခြင်း၊ မေးမြန်း၍ ပြုလုပ်ခြင်း၊ ဝန်ခံ၍ ပြုလုပ်ခြင်း၊
၂။ အာပတ်သင့်သဖြင့် ပြုလုပ်ခြင်း၊ ဒေသနာကြား၍ စင်ကြယ်သော အာပတ်ဖြင့် ပြုလုပ်ခြင်း ဒေသနာမကြားအပ်သေးသော အာပတ်ဖြင့် ပြုလုပ်ခြင်း၊
၃။ ဒေသနာ ကြား၍ ပြုလုပ်ခြင်း၊ အောက်မေ့စေ၍ ပြုလုပ်ခြင်း၊ အာပတ်သို့ တင်၍ ပြုလုပ်ခြင်း၊
၄။ မျက်မှောက်၌ ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း၊
၅။ မေးမြန်း၍ ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း၊
၆။ ဝန်ခံသဖြင့် ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း၊
၇။ အာပတ် သင့်သဖြင့် ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း၊
၈။ ဒေသနာ ကြား၍ စင်ကြယ်သော အာပတ်ဖြင့် ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း၊
၉။ ဒေသနာမကြားအပ်သေးသော အာပတ်ဖြင့် ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း၊
၁၀။ စောဒနာ၍ ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း၊
၁၁။ အောက်မေ့စေ၍ ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း၊
၁၂။ အာပတ်သို့ တင်၍ ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း ပေါင်း ၁၂ ပါး။ (ဝိ၊၄၊၇။) (ဝိ၊မြန်၊၇ မှ ၉။)♦

တရားသော နိယဿဝိနည်းကံ ၁၂ ပါး

၁။ မျက်မှောက်၌ ပြုလုပ်ခြင်း၊ မေးမြန်း၍ ပြုလုပ်ခြင်း၊ ဝန်ခံသဖြင့် ပြုလုပ်ခြင်း၊
၂။ အာပတ်သင့်သဖြင့် ပြုလုပ်ခြင်း၊ ဒေသနာဂါမ်ဖြစ်သော အာပတ်ဖြင့် ပြုလုပ်ခြင်း၊ ဒေသနာ မကြားအပ်သေးသော အာပတ်ဖြင့် ပြုလုပ်ခြင်း၊
၃။ စောဒနာ၍ ပြုလုပ်ခြင်း၊ အောက်မေ့စေ၍ ပြုလုပ်ခြင်း၊ အာပတ်သို့ တင်၍ ပြုလုပ်ခြင်း၊
၄။ မျက်မှောက်၌ ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း၊
၅။ မေးမြန်း၍ ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း၊
၆။ ဝန်ခံသဖြင့် ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့်ပြုလုပ်ခြင်း၊
၇။ အာပတ်သင့်သဖြင့် ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း၊
၈။ ဒေသနာဂါမ် အာပတ်ဖြင့် ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း၊
၉။ ဒေသနာ မကြားအပ်သေးသော အာပတ်ဖြင့် ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း၊
၁၀။ စောဒနာ၍ ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း၊
၁၁။ အောက်မေ့စေ၍ ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း၊
၁၂။ အာပတ်သို့ တင်၍ ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း။ (ဝိ၊၄၊၁၆။) (ဝိ၊မြန်၊၄။၁၆။)♦

တရားသော ပဋိသာရဏီယကံ ၁၂ ပါး

၁။ မျက်မှောက်၌ ပြုလုပ်ခြင်း၊ မေးမြန်း၍ ပြုလုပ်ခြင်း၊ ဝန်ခံသဖြင့် ပြုလုပ်ခြင်း၊
၂။ အာပတ်သင့်သဖြင့် ပြုလုပ်ခြင်း၊ ဒေသနာဂါမ်ဖြစ်သော အာပတ်ဖြင့် ပြုလုပ်ခြင်း၊ ဒေသနာမကြားရသေးသော အာပတ်ဖြင့် ပြုလုပ်ခြင်း၊
၃။ စောဒနာ၍ ပြုလုပ်ခြင်း၊ အောက်မေ့စေ၍ ပြုလုပ်ခြင်း၊ အာပတ်သို့ တင်၍ ပြုလုပ်ခြင်း၊
၄။ မျက်မှောက်၌ ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း၊
၅။ မေးမြန်း၍ ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း၊
၆။ ဝန်ခံသဖြင့် ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း၊
၇။ အာပတ်သင့် သဖြင့် ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း၊
၈။ ဒေသနာဂါမ် ဖြစ်သော အာပတ်ဖြင့် ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း၊
၉။ ဒေသနာမကြားရသေးသော အာပတ်ဖြင့် ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း၊
၁၀။ စောဒနာ၍ ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း၊
၁၁။ အောက်မေ့စေ၍ ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း၊
၁၂။ အာပတ်သို့ တင်၍ ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း။ (ဝိ၊၄၊၄၁။) (ဝိ၊မြန်၊၄။၄၀။)♦

တရားသော ပဗ္ဗာဇနီယကံ ၁၂ ပါး

၁။ မျက်မှောက်၌ ပြုလုပ်ခြင်း၊ မေးမြန်း၍ ပြုလုပ်ခြင်း၊ ဝန်ခံ၍ ပြုလုပ်ခြင်း၊
၂။ အာပတ်သင့်သဖြင့် ပြုလုပ်ခြင်း၊ ဒေသနာဂါမ်ဖြစ်သော အာပတ်ဖြင့် ပြုလုပ်ခြင်း၊ ဒေသနာမကြားအပ်သေးသော အာပတ်ဖြင့် ပြုလုပ်ခြင်း၊
၃။ စောဒနာ၍ ပြုလုပ်ခြင်း၊ အောက်မေ့စေ၍ ပြုလုပ်ခြင်း၊ အာပတ်သို့ တင်၍ ပြုလုပ်ခြင်း၊
၄။ မျက်မှောက်၌ ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း၊
၅။ မေးမြန်း၍ ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း၊
၆။ ဝန်ခံ၍ ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း၊
၇။ အာပတ်သင့်သဖြင့် ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း၈။ ဒေသနာဂါမ်ဖြစ်သော အာပတ်ဖြင့် ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း၊
၉။ ဒေသနာ မကြားအပ်သေးသော အာပတ်ဖြင့် ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း၊
၁၀။ စောဒနာ၍ ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း၊
၁၁။ အောက်မေ့စေ၍ ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း၊
၁၂။ အာပတ်သို့ တင်၍ ပြုလုပ်ခြင်း၊ တရားသဖြင့် ပြုလုပ်ခြင်း၊ ညီညွတ်သဖြင့် ပြုလုပ်ခြင်း။ (ဝိ၊၄၊၃၀။) (ဝိ၊မြန်၊၄။၃၀။)♦

တရားဟောပုဂ္ဂိုလ် ၄ မျိုး

ဓမ္မကထိက ၄ မျိုး နှင့် တူသည်။ ♦

တရားဟောရန် အစီအစဉ် ၃ မျိုး

၁။ ပါဠိကိုသာ ရွတ်ပြခြင်း- ဩသာရဏ၊
၂။ ပါဠိတော်၏ အနက်အဓိပ္ပါယ်ကို ပြောပြခြင်း အဋ္ဌကထာကဲ့သို့ ဖွင့်ပြခြင်း- ကထန၊
၃။ ပါဠိတော်ကို လည်းကောင်း ပါဠိတော်၏ အနက်အဓိပ္ပါယ်ကိုလည်းကောင်း အသံနေအသံထားဖြင့် ရွတ်ပြခြင်း- သရဘည။ (သာရတ္ထ၊ဋီ၊၃၊၂၇၇။) (ဝိမတိ၊၂၊၁၇၀။)♦

တရားဟောသင့်ကြောင်း ၃ မျိုး

၁။ တရားဟောသူ အနက်ကိုလည်း သိ၍ ပါဠိကိုလည်း သိခြင်း၊
၂။ တရားနာသူ အနက်ကိုလည်း သိ၍ ပါဠိကိုလည်း သိခြင်း၊
၃။ တရားဟော တရားနာ နှစ်ယောက်လုံး အနက်ကိုလည်း သိ၍ ပါဠိကိုလည်း သိခြင်း။ (အံ၊၁၊၁၄၉။) (အံ၊မြန်၊၁။၁၆၈။)♦

တရားအစု ၄ ပါး

၁။ အလောဘဟူသော တရားအစု၊
၂။ အဒေါသဟူသော တရားအစု၊
၃။ သမ္မာ သတိဟူသော တရားအစု၊
၄။ သမ္မာသမာဓိဟူသော တရားအစု။ (ဒီ၊၃၊၁၉၁။) (ဒီ၊မြန်၊၃။၂၁၃။)♦

တရားအားထုတ်ရဟန်း၏ ဘေးရန် ၅ မျိုး

၁။ အအိပ်ကြူးခြင်း၊
၂။ ပျင်းရိခြင်း၊
၃။ ကိုယ်လက် တဆန့်ကျင်ကျင် ရှိခြင်း၊
၄။ ရဟန်းတရား၌ မမွေ့လျော်ခြင်း၊
၅။ အစားအစာ၌ အတိုင်း အရှည်ကို မသိဘဲ စားခြင်းကြောင့် ထမင်းအဆီ ယစ်ခြင်း။ (ဇာတက၊၂၊၁၇၀။)♦

တရုဏဝိပဿနာဉာဏ် ၄ ပါး

၁။ နာမ်, ရုပ်ကို ပိုင်းခြား၍ ယူတတ်သော ဉာဏ်၊
၂။ အကြောင်း တရားကို သိမ်းဆည်းတတ်သော ဉာဏ်၊
၃။ ရုပ်နာမ်တရားတို့ကို အနိစ္စ, ဒုက္ခ, အနတ္တ အားဖြင့် သုံးသပ်တတ်သော ဉာဏ်၊
၄။ ခရီးမဂ်, အကြောင်းမဂ် ဟုတ်သည်, မဟုတ်သည်ကို သိတတ်သော ဉာဏ်။ (အံ၊ဋီ၊၃၊၁၁၆။)♦

တလသတ္တိက သိက္ခာပုဒ်၌ အင်္ဂါ ၃ မျိုး

၁။ အမျက်ထွက်သည် ဖြစ်ခြင်း၊
၂။ လွတ်မြောက်ခြင်း၌ အလိုရှိသူ မဟုတ်ခြင်း၊
၃။ ရိုက်မည့်ဟန် အမူအရာဖြင့် လက်ဝါးပြင်ကို ရွယ်ပြခြင်း။ (သာရတ္ထ၊ဋီ၊၃၊၉၄။)♦

တွေ့ထိခြင်း ၃ မျိုး

၁။ ချမ်းသာစွာ ခံစားအပ်သော တွေ့ထိခြင်း၊
၂။ ဆင်းရဲစွာ ခံစားအပ်သော တွေ့ထိခြင်း၊
၃။ အလယ်အလတ် ခံစားအပ်သော တွေ့ထိခြင်း။ (နေတ္တိ၊ဋ္ဌ၊၂၁၃။)♦

တွေ့ထိမှုအပေါင်း ၆ ပါး

၁။ မျက်စိနှင့် တွေ့ထိခြင်း စက္ခုသမ္ဖဿ၊
၂။ နားနှင့် တွေ့ထိခြင်း သောတ သမ္ဖဿ၊
၃။ နှာခေါင်းနှင့် တွေ့ထိခြင်း ဃာနသမ္ဖဿ၊
၄။ လျှာနှင့် တွေ့ထိခြင်း ဇိဝှါသမ္ဖဿ၊
၅။ ကိုယ်ခန္ဓာနှင့် တွေ့ထိခြင်း ကာယသမ္ဖဿ၊
၆။ စိတ်နှင့် တွေ့ထိခြင်း မနောသမ္ဖဿ။ (မ၊၁၊၆၄။) (မ၊မြန်၊၁။၇၀။)♦

တဿပါပိယသိကကံ ပြုခြင်းအကြောင်း ၅ ပါး

၁။ မစင်ကြယ်သော ကာယကံ ဝစီကံနှင့် ပြည့်စုံခြင်း၊
၂။ အလဇ္ဇီပုဂ္ဂိုလ်၏ လက္ခဏာနှင့် ပြည့်စုံခြင်း၊
၃။ စွပ်စွဲခြင်းနှင့်တကွ ဖြစ်ခြင်း၊
၄။ သံဃာဖြင့် ပြုခြင်း၊
၅။ တရားနှင့် အညီအညွတ် ပြုခြင်း။ (ဝိ၊ဋ္ဌ၊၄၊၃၈။)♦

တဿပါပိယသိကကံ အပြုခံရသောရဟန်း ကျင့်ရမည့် တရား ၈ ပါး

၁။ ရဟန်းပဉ္ဇင်း မပြုပေး ရခြင်း၊
၂။ နိဿရည်း မပေးရခြင်း၊
၃။ အလုပ်အကျွေး သာမဏေများ မထားရခြင်း၊
၄။ ရဟန်းမ များအား ဆုံးမသူဟု သမုတ်ခြင်း၊ ဘိက္ခုနောဝါဒကသမ္မုတိကို မသာယာအပ်ခြင်း၊
၅။ ဩဝါဒ သမ္မုတိ ရသော်လည်း ရဟန်းမတို့ကို မဆုံးမအပ်ခြင်း၊၊
၆။ မည်သည့် သံဃသမ္မုတိကိုမျှ မသာယာအပ်ခြင်း၊
၇။ တစ်စုံတစ်ခုသော သီးခြားဌာန၌ အကြီးအကဲအရာ မထားအပ်ခြင်း၊
၈။ ထိုကံပြုခံရသော ရဟန်းကို အမှူးပြု၍ အာပတ်မှ မထစေအပ်ခြင်း။ (အံ၊၃၊၁၅၉။) (အံ၊မြန်၊၃။၁၆၁။)♦

တဿပါပိယသိကဝိနည်းကံ ပြုလိုက ပြုနိုင်သော အကြောင်း ၆ ပါး

တဇ္ဇနီယဝိနည်းကံ ပြုလိုက ပြုနိုင်သော အကြောင်း ၆ ပါးနှင့် တူသည်။ ♦

တဿပါပိယသိကဝိနည်းကံ၌ ကျင့်ဝတ် ၁၈ ပါး

ခြိမ်းချောက်မှု တဇ္ဇနီယဝိနည်းကံ၌ ကျင့်ဝတ် ၁၈ ပါးနှင့် တူသည်။ ♦

တာဒီ မည်ကြောင်း ၅ ပါး

၁။ ဣဋ္ဌာရုံ အနိဋ္ဌာရုံတို့၌ သည်းခံနိုင်ခြင်း (ဣဋ္ဌာနိဋ္ဌေ တာဒီ)၊
၂။ ရာဂ စသော ကိလေသာကို စွန့်နိုင်ခြင်း (စတ္တာဝီ)၊
၃။ ဩဃ စသည့် တရားတို့ကို လွန်နိုင်ခြင်း (တိဏ္ဏာဝီ)၊
၄။ ရာဂ စသော ကိလေသာမှ လွတ်နိုင်ခြင်း (မုတ္တာဝီ)၊
၅။ ထိုသဒ္ဓါ သီလ စသည်ဖြင့် ညွှန်းဆိုနိုင်ခြင်း (တံနိဒ္ဒေသ) ။ (မဟာနိ၊၃၆၅။)♦

တားမြစ်ခြင်း ၁၂ ပါး

၁။ ကံသည် ပြု၍ မပြီးသေးခြင်း၊
၂။ ကံသည် မကောင်းသဖြင့် ပြုအပ်သော ကံ ဖြစ်ခြင်း၊
၃။ တစ်ဖန် ပြုထိုက်သော ကံ ဖြစ်ခြင်း၊ ၄။(ပါဠိတော် စသည်ဖြင့်) မဆောင် အပ်ခြင်း၊ ၅။(ပါဠိတော်စသည်ဖြင့်) မကောင်းသဖြင့် ဆောင်အပ်ခြင်း၊
၆။ တစ်ဖန် ပါဠိတော် စသည်ဖြင့် ဆောင်ထိုက်ခြင်း၊
၇။ မဆုံးဖြတ်အပ်သေးခြင်း၊
၈။ မကောင်းသဖြင့် ဆုံးဖြတ် အပ်ခြင်း၊
၉။ တစ်ဖန် ဆုံးဖြတ်ထိုက်ခြင်း၊
၁၀။ မငြိမ်းစဲသေးခြင်း၊
၁၁။ မကောင်းသဖြင့် ငြိမ်းစဲခြင်း၊
၁၂။ တစ်ဖန် ငြိမ်းစဲထိုက်ခြင်း။ (ဝိ၊၅၊၂၆၄။) (ဝိ၊မြန်၊၅။၃၅၆။)♦

တားမြစ်ခြင်း ၂ မျိုး

၁။ ကိုယ်ဖြင့် တားမြစ်ခြင်း၊
၂။ နှုတ်ဖြင့် တားမြစ်ခြင်း။ (ဝိ၊၅၊၂၁၄။) (ဝိ၊မြန်၊၅။၂၉၈။)♦

တားမြစ်ခြင်း ဖြစ်ပွားကြောင်း အခြင်းအရာ ၁၀ ပါး

၁။ ထိုကျောင်း၌ ဖြစ်သော အဓိကရုဏ်းကို တားမြစ်ခြင်း၊
၂။ ထိုကျောင်း၌ ဖြစ်သော ငြိမ်းသော အဓိကရုဏ်းကို တားမြစ်ခြင်း၊
၃။ လမ်းခရီး အကြား၌ အဓိကရုဏ်းကို တားမြစ်ခြင်း၊
၄။ လမ်းခရီးအကြား၌ ငြိမ်းသော အဓိ ကရုဏ်းကို တားမြစ်ခြင်း၊
၅။ ဝိနည်းဓိုရ်ရှိရာသို့ ရောက်ပြီးသော အဓိကရုဏ်းကို တားမြစ်ခြင်း၊
၆။ ထိုဝိနည်းဓိုရ်ရှိရာသို့ ရောက်ပြီးသော ငြိမ်းသော အဓိကရုဏ်းကို တားမြစ်ခြင်း၊
၇။ သတိ ဝိနည်းကို တားမြစ်ခြင်း၊
၈။ အမူဠှဝိနည်းကို တားမြစ်ခြင်း၊
၉။ တဿပါပိယသိကာ သမထကို တားမြစ်ခြင်း၊
၁၀။ တိဏဝတ္ထာရကသမထကို တားမြစ်ခြင်း။ (ဝိ၊၅၊၂၆၅။) (ဝိ၊မြန်၊၅။၃၅၇။)♦

တာဝတိံသာနတ်တို့၏ ထူးခြားမှု ၃ မျိုး

၁။ အသက်အားဖြင့် သာလွန်ခြင်း၊
၂။ အဆင်းအားဖြင့် သာလွန်ခြင်း၊
၃။ ချမ်းသာအားဖြင့် သာလွန်ခြင်း။ (အံ၊၃၊၁၉၈။) (အံ၊မြန်၊၃။၁၉၈။)♦

တာဝတိံသာနတ်ပြည်သို့ လူ့ခန္ဓာကိုယ်ဖြင့် ရောက်ခဲ့သော ပုဂ္ဂိုလ် ၄ ဦး

၁။ မန္ဓာတုစကြာမင်း၊
၂။ နေမိမင်း၊
၃။ သာဓိနမင်း၊
၄။ ဂုတ္တိလစောင်းသမား။ (မိလိန္ဒ၊၁၂၀။) (မိလိန္ဒ၊မြန်။၁၂၉။) (မိလိန္ဒ၊မြန်။၃၀၁။) (မိလိန္ဒ၊၂၈၁။)♦

တာဝန်ခံနိုင်သူမဲ့ တရား ၄ မျိုး

၁။ မအိုစေအံ့ဟူ၍ တာဝန်ခံနိုင်သူ တစ်စုံတစ်ယောက်မျှ မရှိ။၂။ မနာစေအံ့ဟူ၍ တာဝန်ခံနိုင်သူ တစ်စုံတစ်ယောက်မျှ မရှိ၊
၃။ မသေစေအံ့ဟူ၍ တာဝန်ခံ နိုင်သူ တစ်စုံတစ်ယောက်မျှ မရှိ၊
၄။ ကံတို့၏ အကျိုးကို မဖြစ်စေအံ့ဟူ၍ တာဝန်ခံနိုင်သူ တစ်စုံတစ်ယောက်မျှ မရှိ။ (အံ၊၁၊၄၉၁။) (အံ၊မြန်၊၁။၅၀၆။)♦

တိကဘောဇဉ်ကို ပညတ်ခြင်း အကျိုးထူး ၃ ပါး

၁။ သီလမရှိသော ပုဂ္ဂိုလ်တို့ကို နှိပ်ခြင်း အကျိုး၊
၂။ သီလရှိသော ရဟန်းတို့၏ ချမ်းသာစွာ နေရခြင်းအကျိုး၊
၃။ ဒါယကာတို့၏ ကြည်ညို ခြင်းကို စောင့်ရှောက်ခြင်း အကျိုး။ (ဝိ၊၅၊၂၂၂။) (ဝိ၊မြန်၊၅။၃၁၀။)♦

တိက်, ဒုက် ၂ စု

၁။ တိက်ပုဒ်, ဒုက်ပုဒ်တို့ဖြင့် မရေတွက်အပ်သော ကြွင်းကျန်သော ပရမတ်တရား အစိတ်ရှိသော တိက်, ဒုက် ဟူသော သပ္ပဒေသတိက်, ဒုက်၊
၂။ တိက်ပုဒ်, ဒုက်ပုဒ်တို့ဖြင့် မရေတွက်အပ်သော ကြွင်းကျန်သော ပရမတ်တရား အစိတ်မရှိသော တိက်, ဒုက်ဟူသော နိပ္ပဒေသ တိက်, ဒုက်။ (အဘိ၊ဋ္ဌ၊၁၊၈၀။)♦

တိစီဝရိက် ဓုတင် ၃ မျိုး

၁။ ဥက္ကဋ္ဌ တိစီဝရိက်ဓုတင်၊
၂။ မဇ္ဈိမ တိစီဝရိက်ဓုတင်၊
၃။ မုဒုက တိစီဝရိက်ဓုတင်။ (ဝိသုဒ္ဓိ၊၁၊၆၂။)♦

တိစီဝရိက်ဓုတင်ဆောင် ရဟန်း ၅ မျိုး

၁။ ပညာနုံ့၍ မိုက်မဲတွေဝေသောကြောင့် ဆောက်တည်ခြင်း၊
၂။ ယုတ်မာသော အလိုဆိုး နှိပ်စက်သောကြောင့် ဆောက်တည်ခြင်း၊
၃။ စိတ်ပျံ့လွင့်ရူးသွပ်သောကြောင့် ဆောက်တည်ခြင်း၊
၄။ ဘုရားရှင်နှင့် ဘုရားရှင်၏ တပည့်တို့သည် ချီးမွမ်းအပ်၏ဟု ဆောက်တည်ခြင်း၊
၅။ အလိုနည်းမှု, ရောင့်ရဲမှု, ခေါင်းပါးမှု, ဆိတ်ငြိမ်မှုတို့ကို အမှီပြု၍ ကောင်းသော အကျင့်ကို အလိုရှိသောကြောင့် ဆောက်တည်ခြင်း။ (ဝိ၊၅၊၂၃၃။) (ဝိ၊၅၊၃၃၆။) (အဘိ၊ပု၊၁၈၀။) (ဝိ၊မြန်၊၅။၃၂၃။) (ဝိ၊မြန်၊၅။၄၃၈။) (အဘိ၊ပု၊မြန်။၈၄။)♦

တိစီဝရိက်နှင့် ကင်း၍ မနေရသော အရပ် ၁၅ မျိုး

၁။ ဥပစာတူ, ဥပစာထူးရှိသော (ဥပစာ မတူသော) ရွာ၊
၂။ ဥပစာမတူသော အိမ်၊
၃။ ဥပစာမတူသော ဘဏ္ဍာတိုက်၊
၄။ ဥပစာ မတူသော ပြအိုး၊
၅။ ဥပစာမတူသော တန်ဆောင်း၊
၆။ ဥပစာမတူသော ပြာသာဒ်၊
၇။ ဥပစာ မတူသော ပြာသာဒ်ဦးပြည်း၊
၈။ ဥပစာမတူသော လှေ၊ ဥပစာမတူသော လှည်းကုန်သည်, လှည်းဝိုင်း၊
၁၀။ ဥပစာမတူသော လယ်၊
၁၁။ ဥပစာမတူသော ကောက်နယ်တလင်း၊
၁၂။ ဥပစာ မတူသော အရံ၊
၁၃။ ဥပစာမတူသော ကျောင်း၊
၁၄။ ဥပစာမတူသော သစ်ပင်ရင်း၊
၁၅။ ဥပစာတူ, ဥပစာထူးရှိသော (ဥပစာမတူသော) လွင်တီးခေါင်, ဟင်းလင်းပြင်။ (ဝိ၊၁၊၂၉၉။) (ဝိ၊မြန်၊၁။၃၁၆။)♦

တိတ္ထိတို့ သတ်မှတ်ထားအပ်သော ပဝိဝေက ၃ မျိုး

၁။ စီဝရပဝိဝေက- ပိုက်ဆံလျှော်ချည် စသည်ဖြင့် ရက်လုပ်အပ်သော သင်္ကန်းကို ဝတ်ရုံခြင်း၊
၂။ ပိဏ္ဍပါတပဝိဝေက- ဟင်းရွက် မြက်သီးဆန် ကျိတ်ဆန် သားရေဖတ် စသည်တို့ကို စားသုံးခြင်း၊
၃။ သေနာသနပဝိဝေက- သစ်ပင်ရင်း, သုသာန် စသည်၌ နေထိုင်ခြင်း။ (အံ၊၁၊၂၄၂။) (အံ၊မြန်၊၁။၂၆၀။)♦

တိတ္ထိတို့၏ အကျင့် ၄ မျိုး

၁။ သဗ္ဗဝါရိဝါရိတ- ရေအေးအားလုံး သုံးစွဲခြင်းကို တားမြစ်ခြင်း၊
၂။ သဗ္ဗဝါရိယုတ္တ- မကောင်းမှုအားလုံးကို တားမြစ်ခြင်းနှင့် ယှဉ်ခြင်း၊
၃။ သဗ္ဗဝါရိဓုတ- မကောင်းမှုအားလုံးကို လှုပ်ခါချပြီး ဖြစ်ခြင်း၊
၄။ သဗ္ဗဝါရိဖုဋ- မကောင်းမှုအားလုံးကို တားမြစ်သောအားဖြင့် အမြဲ တွေ့ထိအပ်ခြင်း။ (သံ၊ဋ္ဌ၊၁၊၁၁၆။)♦

တိတ္ထိတို့၏ အယူမှား ပေါက်ဖွားရာ ၃ မျိုး

၁။ ပုဗ္ဗကမ္မဝါဒ- ရှေးက ပြုခဲ့ဖူးသော ကံကြောင့် သာလျှင် ဖြစ်၏ဟု အယူရှိခြင်း၊
၂။ ဣဿရနိမ္မာနဝါဒ- လောကကို အစိုးရသော ဗြဟ္မာကြီး ဖန်ဆင်းမှုကြောင့် ဖြစ်၏ဟု အယူရှိခြင်း၊
၃။ အဟေတုကဝါဒ- အကြောင်း, အထောက်အပံ့ မရှိဘဲ ဖြစ်၏ဟု အယူရှိခြင်း။ (အဘိ၊ဝိ၊၃၈၂။) (အဘိ၊ဝိ၊မြန်၊၂။၄၇၉။)♦

တိတ္ထိဖြစ်ခဲ့ဖူးသော သာမဏေတို့ ဖြည့်ကျင့်ရမည့် ကျင့်ဝတ် ၈ ပါး

၁။ အလွန် စောလွန်းသော အခါ၌ ရွာတွင်းသို့ မဝင်ဘဲ အလွန် နေမြင့်သော အချိန်ကျမှ ရွာထဲမှ မပြန်ရခြင်း၊
၂။ ပြည့်တန်ဆာမ အစရှိသူတို့ ကျက်စားရာအရပ်၌ မလှည့်လည်ရခြင်း၊
၃။ သီတင်းသုံးဖော် တို့၏ အမှုကိစ္စတို့၌ လိမ္မာကျွမ်းကျင်ရခြင်း၊
၄။ ပါဠိစာပေ ရွတ်အံခြင်း စသည်တို့၌ ထက်သန်သော ဆန္ဒရှိသူ ဖြစ်ရခြင်း၊
၅။ တိတ္ထိတို့၏ ဆန့်ကျင်ဘက်အပြစ်ကို ပြောဆိုခြင်း၌ နှစ်သက်ဝမ်းမြောက်သူ ဖြစ်ရခြင်း၊
၆။ ဘုရား စသည်တို့၏ အပြစ်ကို ပြောဆိုရာ၌ မနှစ်သက် ဝမ်းမမြောက်ရခြင်း၊
၇။ တိတ္ထိတို့၏ ဂုဏ်ကျေးဇူးကို ပြောဆိုရာ၌ မနှစ်သက် ဝမ်းမမြောက်ရခြင်း၊
၈။ ဘုရား စသည်တို့၏ ဂုဏ်ကျေးဇူးကို ပြောဆိုရာ၌ နှစ်သက် ဝမ်းမြောက်ရခြင်း။ (ဝိ၊ဋ္ဌ၊၃၊၂၇၅။)♦

တိရစ္ဆာနကထာ ၂၇ မျိုး (မဂ်ဖိုလ်နိဗ္ဗာန်၏ ဖီလာကန့်လန့်ဖြစ်သော စကား၂၇ မျိုး)

၁။ ရာဇကထာ- မင်းကို အကြောင်းပြု၍ ပြောဆိုအပ်သော စကား၊
၂။ စောရကထာ- ခိုးသား ဓားပြ သူပုန် တို့ကို အကြောင်းပြု၍ ပြောဆိုအပ်သော စကား၊
၃။ မဟာမတ္တကထာ- မှူးကြီး, မတ်ကြီး တို့၏ အကြောင်းကို ပြောသော စကား၊
၄။ သေနကထာ- စစ်တပ်အကြောင်းကို ပြောသော စကား၊
၅။ ဘယကထာ- ဘေးကြီး ဘေးငယ် အသွယ်သွယ်အကြောင်းကို ပြောသော စကား၊
၆။ ယုဒ္ဓကထာ- စစ်တိုက်ခြင်းအကြောင်းကို ပြောသော စကား၊
၇။ အန္နကထာ- စားဖွယ် အကြောင်းကို ပြောသော စကား၊
၈။ ပါနကထာ- သောက်ဖွယ်အကြောင်းကို ပြောသော စကား၊
၉။ ဝတ္ထကထာ- အဝတ်အထည်အကြောင်းကို ပြောသော စကား၊
၁၀။ သယနကထာ- အိပ်ရာနေရာအကြောင်းကို ပြောသော စကား၊
၁၁။ မာလာကထာ- ပန်းအကြောင်း ပြောသော စကား၊
၁၂။ ဂန္ဓကထာ- နံ့သာအကြောင်း ပြောသော စကား၊
၁၃။ ဉာတိကထာ- ဆွေမျိုး အကြောင်း ပြောသော စကား၊
၁၄။ ယာနကထာ- ယာဉ်အကြောင်း ပြောသော စကား၊
၁၅။ ဂါမကထာ- ရွာအကြောင်း ပြောသော စကား၊
၁၆။ နိဂမကထာ- နိဂုံးအကြောင်း ပြောသော စကား၊
၁၇။ နဂရကထာ- မြို့အကြောင်း ပြောသော စကား၊
၁၈။ ဇနပဒကထာ- ဇနပုဒ် အကြောင်း ပြောသော စကား၊
၁၉။ ဣတ္ထိကထာ- မိန်းမအကြောင်း ယောကျ်ားအကြောင်း ပြောသော စကား၊
၂၀။ သူရကထာ- သူရဲကောင်းအကြောင်း ပြောသော စကား၊
၂၁။ ဝိသိကာ ကထာ- လမ်းဆုံလမ်းခွ လမ်းမအကြောင်း ပြောသော စကား၊
၂၂။ ကုမ္ဘဋ္ဌာနကထာ- ရေခပ်ဆိပ် ရေချိုးဆိပ်ကို အကြောင်းပြု၍ ပြောဆိုအပ်သော စကား၊
၂၃။ ပုဗ္ဗပေတကထာ- ရှေးရှေးက သေလွန်ပြီးသော ဆွေမျိုးတို့အကြောင်းပြောသော စကား၊
၂၄။ နာနတ္တကထာ- ဆိုခဲ့ပြီး ဆိုအပ်လတ္တံ့မှ တစ်ပါးသော အမျိုးမျိုးသော သဘောရှိသော စကား၊
၂၅။ လောကက္ခာယိက ကထာ- လောကကြီးအကြောင်းကို ပြောသော စကား၊
၂၆။ သမုဒ္ဒက္ခာယိကကထာ- သမုဒ္ဒရာ အကြောင်း ပြောသော စကား၊
၂၇။ ဣတိဘဝါဘဝကထာ- တိုးပွားကြောင်း ဆုတ်ယုတ်ကြောင်း ပြောဆိုသော စကား။ (ဒီ၊၁၊၁၆၇။) (ဒီ၊၁၊၇၊၆၂။) (ဒီ၊၃၊၃၀။) (သံ၊၃၊၃၆၈။) (ဒီ၊မြန်၊၁။၂၀၃။) (ဒီ၊မြန်၊၁။၇၊၇၅။) (ဒီ၊မြန်၊၃။၂၉။) (သံ၊မြန်၊၃။၃၇၃။)♦

တိရစ္ဆာနကထာ ၂၈ မျိုး

မဂ်ဖိုလ်နှင့် ဖီလာဖြစ်သော စကား ၂၈ မျိုးနှင့် တူသည်။ ♦

တိရစ္ဆာနကထာ ၃၂ မျိုး

၁။ မင်းနှင့် စပ်သော စကား (ရာဇကထာ)၊
၂။ ခိုးသူနှင့် စပ်သော စကား (စောရကထာ)၊
၃။ အမတ်ကြီးတို့နှင့် စပ်သော စကား (မဟာမတ္တကထာ)၊
၄။ စစ်သည်နှင့် စပ်သော စကား (သေနာကထာ)၊
၅။ ဘေးနှင့် စပ်သော စကား (ဘယကထာ)၊
၆။ စစ်ထိုး ခြင်းနှင့် စပ်သော စကား (ယုဒ္ဓကထာ)၊
၇။ ထမင်းနှင့် စပ်သော စကား (အန္နကထာ)၊
၈။ အဖျော်ယမကာနှင့် စပ်သော စကား (ပါနကထာ)၊
၉။ အဝတ်အထည်နှင့် စပ်သော စကား (ဝတ္ထကထာ)၊
၁၀။ ယာဉ်ရထားနှင့် စပ်သော စကား (ယာနကထာ)၊
၁၁။ အိပ်ရာ နေရာနှင့် စပ်သော စကား (သယနကထာ)၊
၁၂။ ပန်းနှင့် စပ်သော စကား (မာလာကထာ)၊
၁၃။ နံ့သာနှင့် စပ်သော စကား (ဂန္ဓကထာ)၊
၁၄။ ဆွေမျိုးတို့နှင့် စပ်သော စကား (ဉာတိကထာ)၊
၁၅။ ရွာနှင့် စပ်သော စကား (ဂါမကထာ)၊
၁၆။ နိဂုံးနှင့် စပ်သော စကား (နိဂမကထာ)၊
၁၇။ မြို့နှင့် စပ်သော စကား (နဂရကထာ)၊
၁၈။ ဇနပုဒ်နှင့် စပ်သော စကား (ဇနပဒကထာ)၊
၁၉။ မိန်းမနှင့် စပ်သော စကား (ဣတ္ထိကထာ)၊
၂၀။ ယောကျ်ားနှင့် စပ်သော စကား (ပုရိသကထာ)၊
၂၁။ သူရဲ သူခက်နှင့် စပ်သော စကား (သူရကထာ)၊
၂၂။ လမ်းဆုံ လမ်းခွနှင့်ဆိုင်သော စကား (ဝိသိခါ ကထာ)၊
၂၃။ ရေဆိပ်နှင့် ဆိုင်သော စကား (ကုမ္ဘဋ္ဌာနကထာ)၊
၂၄။ ရှေး၌ ဖြစ်ဖူးသည်ကို ဆိုသော စကား(ပုဗ္ဗပေတကထာ)၊
၂၅။ အထူးထူး အပြားပြားစကား (နာနတ္တကထာ)၊
၂၆။ သံသရာကို ရှည်စေတတ်သော စကား ( လောကက္ခာယိကကထာ)၊
၂၇။ သမုဒ္ဒရာနှင့် စပ်သော စကား (သမုဒ္ဒက္ခာယိကကထာ)၊
၂၈။ သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိတို့နှင့် စပ်သော စကား (ဣတိဘဝါဘဝ ကထာ) (၂၈ မှ ၃၂ အထိ ဣတိဘဝါဘဝကထာ (၅) ပါး) ။ (မဟာနိ၊၂၈၆။)♦

တိဿဘုရားရှင်၏ ဓမ္မာဘိသမယ ၃ ကြိမ်

၁။ ဓမ္မစကြာတရားဦး ဟောတော်မူသောအခါ၌ လူ နတ် ဗြဟ္မာ ကုဋေတစ်ရာ တရားထူး ရကြသည်၊
၂။ ဒုတိယအကြိမ် တရားဟောတော် မူသောအခါ လူနတ်ဗြဟ္မာ ကုဋေကိုးဆယ် တရားထူး ရကြသည်၊
၃။ တတိယအကြိမ် တရား ဟောတော်မူသောအခါ လူနတ်ဗြဟ္မာ ကုဋေခြောက်ဆယ်တို့ တရားထူးရပြီး ကျွတ်တမ်း ဝင်ကြသည်။ (အပ၊၂၊၃၅၉။) (အပ၊မြန်၊၂။၃၅၆။)♦

တိဿဘုရားရှင်၏ သာဝကအစည်းအဝေး ၃ ကြိမ်

၁။ ပဌမအစည်းအဝေး၌ ရဟန်း ကုဋေတစ်ရာ၊
၂။ ဒုတိယအစည်းအဝေး၌ ရဟန်း ကုဋေကိုးဆယ်၊
၃။ တတိယအစည်းအဝေး၌ ရဟန်း ကုဋေ ရှစ်ဆယ်။ (အဘိ၊ဋ္ဌ၊၁၊၆၈။) (အပ၊၂၊၃၅၉။) (ဇာ၊ဋ္ဌ၊၁၊၄၈။) (အပ၊မြန်၊၂။၃၅၇။)♦

တိဿဘုရားရှင်၏ အဂ္ဂသာဝက ၂ ပါး

၁။ ဗြဟ္မဒေဝထေရ်၊
၂။ ဥဒယထေရ်။ (အဘိ၊ဋ္ဌ၊၁၊၆၈။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၇၁။) (ဇာ၊ဋ္ဌ၊၁၊၄၉။)♦

တိဿဘုရားရှင်၏ အဂ္ဂသာဝိကာမ ၂ ပါး

၁။ ဖုဿာထေရီ၊
၂။ သုဒတ္တာထေရီ၊ (အဘိ၊ဋ္ဌ၊၁၊၆၈။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၇၁။) (ဇာ၊ဋ္ဌ၊၁၊၄၉။)♦

တိဿဘုရားအလောင်း၏ ပြာသာဒ် ၃ ဆောင်

၁။ ရဟာသေလ မည်သော ပြာသာဒ်ဆောင်၊
၂။ နာရိသယမည်သော ပြာသာဒ်ဆောင်၊
၃။ နိသဘမည်သော ပြာသာဒ်ဆောင်။ (အပ၊၂၊၃၆၀။) (အပ၊မြန်၊၂။၃၅၈။)♦

တိဟိတ်ကုသိုလ်ဝေဒနာ ၂ မျိုး

၁။ သသင်္ခါရိက တိဟိတ်ကုသိုလ်ဝေဒနာ၊
၂။ အသင်္ခါရိက တိဟိတ်ကုသိုလ်ဝေဒနာ။ (အဘိ၊ဋ္ဌ၊၂၊၁၆။)♦

တိုင် လှူရကျိုး ၅ ပါး

၁။ မေတ္တာကြောင့် မတုန်မလှုပ်သူ ဖြစ်ခြင်း၊
၂။ မယုတ်လျော့သော ကိုယ်အင်္ဂါ ရှိသူ ဖြစ်ခြင်း၊
၃။ ယုံကြည်ထိုက် နာယူထိုက်သော စကားရှိသူ ဖြစ်ခြင်း၊
၄။ စိတ်တုန်လှုပ်မှု မရှိခြင်း၊
၅။ တစ်စုံတစ်ယောက်၏ ငြောင့်တံသင်းမှ ကင်းသူ ဖြစ်ခြင်း။ (အပ၊၁၊၃၇၆။) (အပ၊မြန်၊၁။၃၈၇။)♦

တိုင်ပင်မှုကို ဖျက်ဆီးတတ်သော ပုဂ္ဂိုလ် ၈ ယောက်

၁။ ရာဂကြီးသူ၊
၂။ ဒေါသကြီးသူ၊
၃။ မောဟ စရိုက်ရှိသူ၊
၄။ မာန်မာနကြီးသူ၊
၅။ လာဘ်လာဘ၌ လိုချင်တက်မက်မှု ကြီးသူ၊
၆။ ပျင်းရိသူ၊
၇။ အကြံအစည် တစ်ခုတည်းကိုသာ စူးစိုက်ကြံစည်တတ်သူ၊
၈။ ငယ်ရွယ် မိုက်မဲသူ။ (မိလိန္ဒ၊၉၉။) (မိလိန္ဒ၊မြန်။၁၀၇။)♦

တိုးပွားကြောင်း ၂ မျိုး

၁။ အကျိုးမဲ့ ဆုတ်ယုတ်ခြင်းကြောင့်၊
၂။ အကျိုးစီးပွား ဖြစ်ထွန်း ခြင်းကြောင့်။ (အဘိ၊ဋ္ဌ၊၂၊၃၉၆။)♦

တိုးပွားခြင်း ၁၀ မျိုး

၁။ လယ်ယာတို့ဖြင့် တိုးပွားခြင်း၊
၂။ ဥစ္စာစပါးတို့ဖြင့် တိုးပွားခြင်း၊
၃။ သားမယားတို့ဖြင့် တိုးပွားခြင်း၊
၄။ ကျွန်အမှုလုပ်ယောကျ်ားတို့ဖြင့် တိုးပွားခြင်း၊
၅။ အခြေ လေးချောင်းရှိသော သတ္တဝါတို့ဖြင့် တိုးပွားခြင်း၊
၆။ သဒ္ဓါဖြင့် တိုးပွားခြင်း၊
၇။ သီလဖြင့် တိုးပွားခြင်း၊
၈။ သုတဖြင့် တိုးပွားခြင်း၊
၉။ စာဂဖြင့် တိုးပွားခြင်း၊
၁၀။ ပညာဖြင့် တိုးပွားခြင်း။ (အံ၊၃၊၃၆၅။) (အံ၊မြန်၊၃။၃၆၂။)♦

တိုးပွားခြင်း ၃ မျိုး

၁။ သဒ္ဓါတရား၏ တိုးပွားခြင်း၊
၂။ သီလတရား၏ တိုးပွားခြင်း၊
၃။ ပညာ၏ တိုးပွားခြင်း။ (အံ၊၁၊၂၉၁။) (အံ၊မြန်၊၁။၃၀၈။)♦

တုန်လှုပ်ခြင်း ၅ မျိုး

၁။ တဏှိဉ္ဇိတ- တဏှာကြောင့် တုန်လှုပ်ခြင်း၊
၂။ ဒိဋ္ဌိဉ္ဇိတ- ဒိဋ္ဌိကြောင့် တုန်လှုပ်ခြင်း၊
၄။ မာနိဉ္ဇိတ- မာနကြောင့် တုန်လှုပ်ခြင်း၊
၄။ ကိလေသိဉ္ဇိတ- ကိလေသာ ကြောင့် တုန်လှုပ်ခြင်း၊
၅။ ကာမိဉ္ဇိတ- ကာမကြောင့် တုန်လှုပ်ခြင်း။ (စူဠနိ၊၄၁၊၅၉။)♦

တုန်လှုပ်ခြင်း ၉ မျိုး

၁။ ဤအရာသည် ဖြစ်၏ဟု တုန်လှုပ်ခြင်း၊
၂။ ငါဖြစ်၏ဟု တုန်လှုပ်ခြင်း၊
၃။ ဤဟာ ငါဖြစ်၏ဟု တုန်လှုပ်ခြင်း၊
၄။ ဖြစ်လတ္တံ့ဟု တုန်လှုပ်ခြင်း၊
၅။ ရုပ်ရှိသည် ဖြစ်လတ္တံ့ဟု တုန်လှုပ်ခြင်း၊
၆။ နာမ်ရှိသည် ဖြစ်လတ္တံ့ဟု တုန်လှုပ်ခြင်း၊
၇။ သညာရှိသည် ဖြစ်လတ္တံ့ဟု တုန်လှုပ်ခြင်း၊
၈။ သညာမရှိသည် ဖြစ်လတ္တံ့ဟု တုန်လှုပ်ခြင်း၊
၉။ သညာ ရှိသည်လည်း မဟုတ် သညာမရှိသည်လည်း မဟုတ်ဟု တုန်လှုပ်ခြင်း။ (အဘိ၊ဝိ၊၄၀၄။) (အဘိ၊ဝိ၊မြန်၊၂။၅၁၁။)♦

တုန်လှုပ်တတ်သော တရား ၇ ပါး

၁။ ရာဂိဉ္ဇိတ- ရာဂတည်းဟူသော တုန်လှုပ်တတ်သော တရား၊
၂။ ဒေါသိဉ္ဇိတ- ဒေါသတည်းဟူသော တုန်လှုပ်တတ်သော တရား၊
၃။ မောဟိဉ္ဇိတ- မောဟတည်းဟူသော တုန်လှုပ်တတ်သော တရား၊
၄။ မာနိဉ္ဇိတ- မာနတည်းဟူသော တုန်လှုပ်တတ်သော တရား၊
၅။ ဒိဋ္ဌိဉ္ဇိတ- ဒိဋ္ဌိတည်းဟူသော တုန်လှုပ်တတ်သော တရား၊
၆။ ကိလေသိဉ္ဇိတ- ကိလေသာတည်းဟူသော တုန်လှုပ်တတ်သော တရား၊
၇။ ဒုစ္စရိတိဉ္ဇိတ- ဒုစရိုက်တည်း ဟူသော တုန်လှုပ်တတ်သော တရား။ (အံ၊ဋ္ဌ၊၂၊၁၀၁။)♦

တုပ်ဝပ်ရိုကျိုး ရှိခိုးမှု ၄ မျိုး

၁။ ဆွေမျိုးဖြစ်၍ တုပ်ဝပ်ရိုသေမှု ပြုခြင်း၊
၂။ ကြောက်၍ တုပ်ဝပ် ရိုသေမှု ပြုခြင်း၊
၃။ ဆရာဖြစ်၍ တုပ်ဝပ်ရိုသေမှု ပြုခြင်း၊
၄။ အလှူခံထိုက်သော မြင့်မြတ်သော ပုဂ္ဂိုလ်ဖြစ်၍ တုပ်ဝပ်ရိုသေမှု ပြုခြင်း (နံပါတ်(၄) ရိုသေခြင်းသည်သာ သရဏဂုံဖြစ်၏။ (ဒီ၊ဋ္ဌ၊၁၊၂၀၇။) (မ၊ဋ္ဌ၊၁၊၁၃၇။) (အံ၊ဋ္ဌ၊၂၊၁၈။) (သာရတ္ထ၊ဋီ၊၁၊၄၁၈။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၀၇။)♦

တူရိယာ ၅ မျိုး

၁။ အာတတ- အိုးစည်, စည်ပုတ် အစရှိသော တစ်ဖက်ပိတ်စည်၊
၂။ ဝိတတ- မုရိုးစည် အစရှိသော နှစ်ဖက်မျက်နှာပြင်ရှိသော စည်၊
၃။ အာတတဝိတတ- ထက်စည် အစရှိသော အလုံးစုံ သားရေဖြင့် ကြက်အပ်သော စည်၊
၄။ သုသိရ- နှဲ ပလွေ ခရုသင်း အစရှိသော အပေါက် အခေါင်းရှိသော စည်၊
၅။ ဃန- တစ်ခဲနက် အပေါက်အခေါင်း မရှိသော ဘားစည်, သစ်သားချပ် ဝါးလက်ခုပ် စသော စည်။ (မ၊ဋ္ဌ၊၂၊၂၀၀။) (အံ၊ဋ္ဌ၊၃၊၂၃၃။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၁၂၅။)♦

တူလောနဒ္ဓသိက္ခာပုဒ်၌ အင်္ဂါ ၂ မျိုး

၁။ လဲပါသော အခင်းရှိသော ညောင်စောင်း အင်းပျဉ် ဖြစ်ခြင်း၊
၂။ မိမိအတွက် ပြုလုပ်ခြင်း, ပြုလုပ်စေပြီး၍ ရရှိခြင်း။ (သာရတ္ထ၊ဋီ၊၃၊၁၀၁။)♦

တူသော ပေါင်းသင်းမှုရှိသူ ဖြစ်ကြောင်း ၂ ပါး

၁။ မိမိကိုယ်တိုင် တူသော ပေါင်းသင်းမှု ရှိသည်ကို ပြုခြင်း၊
၂။ ညီညွတ်သော သံဃာက အာပတ်ကို မရှုခြင်း, မကုစားခြင်း, အယူကို မစွန့် ခြင်းကြောင့် နှင်ထုတ်ခံရသော ရဟန်းကို သံဃာဘောင်သို့ သွင်းခြင်း။ (ဝိ၊၃၊၄၈၅။) (ဝိ၊မြန်၊၃။၄၉၂။)♦

တေဇ ၅ ပါး

၁။ သီလ တည်းဟူသော စရဏတေဇ၊
၂။ သမာဓိတည်းဟူသော ဂုဏတေဇ၊
၃။ ဝိပဿနာ တည်းဟူသော ပညာတေဇ၊
၄။ အရိယကုသိုလ်တည်းဟူသော ပုညတေဇ၊
၅။ ဘုရားစကားတော် တည်းဟူသော ဓမ္မတေဇ။ (ပဋိသံ၊၉၉။) (ပဋိသံ၊မြန်။၁၃၁။)♦

တေဇောဓာတ် ၂ ပါး

၁။ အတွင်းသန္တာန်၌ ဖြစ်သော အဇ္ဈတ္တတေဇောဓာတ်၊
၂။ အပသန္တာန်၌ ဖြစ်သော ဗဟိဒ္ဓတေဇောဓာတ်။ (မ၊၁၊၂၄၅။) (မ၊၂၊၈၅။) (အဘိ၊ဝိ၊၈၅။) (မ၊မြန်၊၁။၂၅၄။) (မ၊မြန်၊၂။၉၂။) (အဘိ၊ဝိ၊မြန်၊၁။၃၀၀။)♦

တေဇောဓာတ် ၄ မျိုး (မိမိသန္တာန်၌ ဖြစ်သော တေဇောဓာတ် ၄ မျိုး)

၁။ ပူလောင်စေသော တေဇောဓာတ်၊
၂။ ဆွေးမြည့်စေသော တေဇောဓာတ်၊
၃။ လောင်မြိုက်စေသော တေဇောဓာတ်၊
၄။ စားဖွယ် သောက်ဖွယ် ခဲဖွယ် လျက်ဖွယ်ကို ကောင်းစွာ ကျက်ခြင်းသို့ ရောက်စေသော တေဇောဓာတ်။ (မ၊၂၊၈၅။) (မ၊မြန်၊၂။၉၂။)♦

တေမိမင်းသား၏ အကျင့် ၃ မျိုး

၁။ တစ်ဆယ့်ခြောက်နှစ်တိုင် မအပါဘဲလျက် သူအအသွင် ကျင်ြ့ခင်း၊
၂။ တစ်ဆယ့်ခြောက်နှစ်တိုင် နားမပင်းပါဘဲလျက် နားပင်းသူအသွင် ကျင့်ခြင်း၊
၃။ တစ်ဆယ့်ခြောက်နှစ်တိုင် မဆွံ့ပါဘဲလျက် ဆွံ့သော (မသွားနိုင်သော) ပုဂ္ဂိုလ်အသွင် ကျင့်ခြင်း။ (အပ၊၂၊၄၁၂-၄၁၃။) (ဇာ၊ဋ္ဌ၊၆၊၅။) (အပ၊မြန်၊၂။၄၁၁-၄၁၂။)♦

တေမိမင်းသားကို စုံစမ်းမှုအကြီးစား ၁၆ မျိုး

၁။ တစ်နှစ်သား အရွယ်တွင် မုန့်ခဲဖွယ်ဖြင့် စုံစမ်းခြင်း၊
၂။ နှစ်နှစ်သားအရွယ်တွင် သစ်သီးကြီးငယ်ဖြင့် စုံစမ်းခြင်း၊
၃။ သုံးနှစ်သား အရွယ်တွင် ကစားစရာ အရုပ်မျိုးစုံဖြင့် စုံစမ်းခြင်း၊
၄။ လေးနှစ်သားအရွယ်တွင် စားဖွယ်မျိုးစုံတို့ဖြင့် စုံစမ်းခြင်း၊
၅။ ငါးနှစ်သားအရွယ်တွင် မီးဖြင့် စုံစမ်းခြင်း၊
၆။ ခြောက်နှစ်သားအရွယ်တွင် မုန်ယိုဆင်ဖြင့် စုံစမ်းခြင်း၊
၇။ ခုနစ်နှစ်သားအရွယ်တွင် မြွေဖြင့် စုံစမ်းခြင်း၊
၈။ ရှစ်နှစ်သား အရွယ်တွင် ကပွဲသဘင်ဖြင့် စုံစမ်းခြင်း၊
၉။ ကိုးနှစ်သားအရွယ်တွင် သန်လျက်ဖြင့် စုံစမ်းခြင်း၊
၁၀။ ဆယ်နှစ်သားအရွယ်တွင် ခရုသင်းမှုတ်သံဖြင့် စုံစမ်းခြင်း၊
၁၁။ ဆယ့်တစ်နှစ်သား အရွယ်တွင် စည်သံဖြင့် စုံစမ်းခြင်း၊
၁၂။ ဆယ့်နှစ်နှစ်သားအရွယ်တွင် ဆီမီးရောင်ဖြင့် စုံစမ်းခြင်း၊
၁၃။ ဆယ့်သုံးနှစ်သားအရွယ်တွင် တင်လဲဖြင့် စုံစမ်းခြင်း၊
၁၄။ ဆယ့်လေးနှစ်သား အရွယ်တွင် မစင်ဖြင့် စုံစမ်းခြင်း၊
၁၅။ ဆယ့်ငါးနှစ်သားအရွယ်တွင် မီးကျီးဖြင့် စုံစမ်းခြင်း၊
၁၆။ ဆယ့်ခြောက် နှစ်သားအရွယ်တွင် နတ်သမီးကဲ့သို့ ချောမောလှပ ကုန်သော ကချေသည် မိန်းမတို့ဖြင့် စုံစမ်းခြင်း။ (ဇာ၊ဋ္ဌ၊၆၊၆။)♦

တေမိယမင်းသား ဆောက်တည်သော အဓိဋ္ဌာန် ၃ မျိုး

တေမိမင်းသား၏ အကျင့် ၃ မျိုးနှင့် တူသည်။ ♦

တော ၄၀

၁။ အနိစ္စတော- ခန္ဓာငါးပါး၌ အနိစ္စအားဖြင့် သုံးသပ်ခြင်း၊
၂။ ဒုက္ခတော- ခန္ဓာ ငါးပါး၌ ဒုက္ခအားဖြင့် သုံးသပ်ခြင်း၊
၃။ ရောဂတော- မူလ အနာရောဂါနှင့် တူသောအားဖြင့် သုံးသပ်ခြင်း၊
၄။ ဂဏ္ဍတော- အိုင်းအမာနှင့် တူသောအားဖြင့် သုံးသပ်ခြင်း၊
၅။ သလ္လတော- ဆူးငြောင့်နှင့် တူသောအားဖြင့် သုံးသပ်ခြင်း၊
၆။ အဃတော- အစီးအပွားမဲ့ကို ဆောင်သောအားဖြင့် သုံးသပ်ခြင်း၊
၇။ အာဗာဓတော- ပြင်းထန်သော အနာရောဂါအားဖြင့် သုံးသပ်ခြင်း၊
၈။ ပရတော- ပြင်ပသူစိမ်းနှင့် တူသောအားဖြင့် သုံးသပ်ခြင်း၊
၉။ ပလောကတော- ဇရာ ဗျာဓိ မရဏတို့ဖြင့် ပရမ်းပတာ ပျက်စီးတတ်သောအားဖြင့် သုံးသပ်ခြင်း၊
၁၀။ ဤတိတော- များစွာသော ပျက်စီးခြင်းကို ဆောင်တတ်သည်၏ အဖြစ်ကြောင့် ပျက်စီးကြောင်းအားဖြင့် သုံးသပ်ခြင်း၊
၁၁။ ဥပဒ္ဒဝတော- မင်းဘေး မင်းဒဏ် စသော ဥပဒ္ဒဝေါတို့၏တည်ရာဝတ္ထုအားဖြင့် သုံးသပ်ခြင်း၊
၁၂။ ဘယတော- ခပ်သိမ်းသော ဘေးတို့၏ တည်ရာအားဖြင့် သုံးသပ်ခြင်း၊
၁၃။ ဥပသဂ္ဂတော- အကျိုးမဲ့ခြင်းတို့သည် အစဉ်လိုက်အပ်သည် ဖြစ်၍ ငြိတွယ်သောအားဖြင့် သုံးသပ်ခြင်း၊
၁၄။ စလတော- လောကဓံတရားတို့ကြောင့် တုန်လှုပ်သော အားဖြင့် သုံးသပ်ခြင်း၊
၁၅။ ပဘင်္ဂုတော- ပျက်ခြင်းသို့ ရောက်သောအားဖြင့် သုံးသပ်ခြင်း၊
၁၆။ အဒ္ဓုဝတော- မြဲမြံခိုင်ခန့်သောသဘော မရှိသောအားဖြင့် သုံးသပ်ခြင်း၊
၁၇။ အတာဏတော- မစောင့်ရှောက်နိုင်သောအားဖြင့် သုံးသပ်ခြင်း၊
၁၈။ အလေဏတော- မှီခို ပုန်းအောင်းရာ မဟုတ်သောအားဖြင့် သုံးသပ်ခြင်း၊
၁၉။ အသရဏတော- ကိုးကွယ်ရာ မဟုတ်သောအားဖြင့် သုံးသပ်ခြင်း၊
၂၀။ ရိတ္တတော- ဓုဝ, သုဘ, သုခ, အတ္တတို့မှ ဆိတ်သော အားဖြင့် သုံးသပ်ခြင်း၊
၂၁။ တုစ္ဆတော- အချည်းနှီးအားဖြင့် သုံးသပ်ခြင်း၊
၂၂။ သုညတော- သာမီ, နိဝါသီ, ကာရက, ဝေဒက, အဓိဋ္ဌာယကဟု တိတ္ထိတို့ ကြံဆအပ်သော အတ္တမှ ဆိတ်သောအားဖြင့် သုံးသပ်ခြင်း၊
၂၃။ အနတ္တတော- တိတ္ထိတို့ ကြံဆအပ်သော အတ္တ၏ ဆန့်ကျင်ဘက်အားဖြင့် သုံးသပ်ခြင်း၊
၂၄။ အာဒီနဝတော- အပြစ်အားဖြင့်လည်းကောင်း, အထီးကျန် ကပဏမနုဿနှင့် တူသောအားဖြင့်လည်းကောင်း သုံးသပ်ခြင်း၊
၂၅။ ဝိပရိဏာမ ဓမ္မတော- ဇရာ, မရဏတည်းဟူသော နှစ်ပါးသော အဖို့တို့ဖြင့် ဖောက်ပြန်ခြင်းသဘော ရှိသောအားဖြင့် သုံးသပ်ခြင်း၊
၂၆။ အသာရကတော- အနှစ်မဟုတ် အကာနှင့် တူသော အားဖြင့် သုံးသပ်ခြင်း၊
၂၇။ အဃမူလတော- မကောင်းမှု၏အကြောင်းမူလအားဖြင့် သုံးသပ်ခြင်း၊
၂၈။ ဝဓကတော- အကျွမ်းဝင်သော သူကို သတ်တတ်သော ရန်သူနှင့် တူသောအားဖြင့် သုံးသပ်ခြင်း၊
၂၉။ ဝိဘဝတော- အစီးအပွား ကင်းသောအားဖြင့် သုံးသပ်ခြင်း၊
၃၀။ သာသဝတော- အာသဝေါတရားတို့၏ အာရုံအားဖြင့် သုံးသပ်ခြင်း၊
၃၁။ သင်္ခတတော- အကြောင်းတရားတို့သည် ပြုပြင်အပ်သောအားဖြင့် သုံးသပ်ခြင်း၊
၃၂။ မာရာမိသတော- မစ္စုမာရ်, ကိလေသမာရ်တို့၏ အစာ အာမိသအားဖြင့် သုံးသပ်ခြင်း၊
၃၃။ ဇာတိဓမ္မတော- ဖြစ်ခြင်းသဘော ရှိသောအားဖြင့် သုံးသပ်ခြင်း၊
၃၄။ ဇရာဓမ္မတော- အိုမင်း ရင့်ရော်ခြင်း သဘော ရှိသောအားဖြင့် သုံးသပ်ခြင်း၊
၃၅။ ဗျာဓိဓမ္မတော- နာခြင်းသဘော ရှိသော အားဖြင့် သုံးသပ်ခြင်း၊
၃၆။ မရဏဓမ္မတော- သေကြေပျက်စီးခြင်းသဘော ရှိသောအားဖြင့် သုံးသပ်ခြင်း၊
၃၇။ သောကဓမ္မတော- စိုးရိမ်ခြင်းသဘော ရှိသောအားဖြင့် သုံးသပ်ခြင်း၊
၃၈။ ပရိဒေဝဓမ္မတော- ငိုကြွေးခြင်း သဘောရှိသောအားဖြင့် သုံးသပ်ခြင်း၊
၃၉။ ဥပါယာသ ဓမ္မတော- ပြင်းစွာ ပင်ပန်းခြင်းသဘော ရှိသောအားဖြင့် သုံးသပ်ခြင်း၊
၄၀။ သံကိလေသိက ဓမ္မတော- တဏှာ, ဒိဋ္ဌိ, ဒုစ္စရိတ သံကိလေသာတို့၏ အာရုံတို့၏ အဖြစ်တည်းဟူသော သဘောအားဖြင့် သုံးသပ်ခြင်း။ (ဝိသုဒ္ဓိ၊၂၊၂၄၆။)♦

တောကျောင်း အင်္ဂါ ၅ ပါး

၁။ ရွာနှင့် မဝေးလွန်း မနီးလွန်းမူ၍ သွားလာလွယ်ကူလျက် အသံတိတ် ဆိတ်ပြီး မှက် ခြင် ကင်း သန်းစသည် နည်းပါးရခြင်း၊
၂။ ထိုကျောင်း၌ နေသော ရဟန်းအား ပစ္စည်းလေးပါးတို့ မငြိုမငြင်ဘဲ ရရှိခြင်း၊
၃။ ထိုကျောင်း၌ အကြားအမြင် များကုန်သော တရားတော်ကို ဆောင်ကုန်သော မထေရ်ကြီးတို့ နေထိုင်ကြခြင်း၊
၄။ ထိုမထေရ်ကြီးတို့ထံ ချဉ်းကပ်၍ တရားတော်၏ အနက်အဓိပ္ပာယ်ကို မေးမြန်းလျှောက်ထား နိုင်ခြင်း၊
၅။ မထေရ်ကြီး များက မပေါ်လွင်သည်ကို ပေါ်လွင်အောင်ပြုလျက် ယုံမှားသံသယများကို ပယ်ဖျောက် ပေးခြင်း။ (အံ၊၃၊၂၆၈။) (အံ၊မြန်၊၃။၂၆၉။)♦

တောကျောင်း၌ မနေထိုက်သော အင်္ဂါ ၄ ပါး

၁။ ကာမဝိတက်နှင့် ပြည့်စုံခြင်း၊
၂။ ဗျာပါဒ ဝိတက်နှင့် ပြည့်စုံခြင်း၊
၃။ ဝိဟိံသာဝိတက်နှင့် ပြည့်စုံခြင်း၊
၄။ ပညာမရှိ မိုက်၍ မသန့်ရှင်းသော နှုတ်ရှိသူ ဖြစ်ခြင်း။ (အံ၊၁၊၅၇၅။) (အံ၊မြန်၊၁။၅၈၈။)♦

တောကျောင်းနေ ရဟန်း၏ အင်္ဂါ ၅ ပါး

၁။ သဒ္ဓါတရားရှိလျက် ဘုရားရှင်၏ သဗ္ဗညုတဉာဏ် အရဟတ္တမဂ်ဉာဏ်ကို ယုံကြည်ခြင်း၊
၂။ အနာရောဂါကင်း၍ ကမ္မဋ္ဌာန်းအားထုတ်ရန် ခံ့သော ဝမ်းမီးနှင့် ပြည့်စုံသူ ဖြစ်ခြင်း၊
၃။ ကောက်ကျစ်စဉ်းလဲမှု မရှိဘဲ ဆရာ၌လည်းကောင်း ကျွမ်းကျင်လိမ္မာသော သီတင်းသုံးဖော်တို့၌လည်းကောင်း မိမိကိုယ်ကို ထင်စွာ ပြုတတ်သူ ဖြစ်ခြင်း၊
၄။ အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့ကို ဖြစ်စေရန် ထက်သန်သော လုံ့လ, အားအစွမ်းနှင့် ပြည့်စုံခြင်း၊
၅။ အဖြစ်အပျက်ကို သိ၍ ကိလေသာတို့ကို ဖောက်ခွဲလျက် နိဗ္ဗာန်ကို ရောက်စေတတ်သော ပညာနှင့် ပြည့်စုံခြင်း။ (အံ၊၃၊၂၆၈။) (အံ၊မြန်၊၃။၂၆၉။)♦

တောကျောင်းနေရဟန်း ပြည့်စုံရမည့် တရား ၅ ပါး

၁။ သီလရှိပြီး သိက္ခာပုဒ်တို့ကို ဆောက်တည်၍ ကျင့်ခြင်း၊
၂။ အကြားအမြင်များလျက် ဉာဏ်ဖြင့် ထိုးထွင်း၍ သိခြင်း၊
၃။ ထက်သန်သော လုံ့လရှိသည်ဖြစ်၍ နေခြင်း၊
၄။ ရူပါဝစရဈာန် ၄ ပါးကို အလိုရှိတိုင်း ရခြင်း၊
၅။ လွတ် မြောက်သော အရဟတ္တဖိုလ်ပညာကို ယခုဘဝ၌ပင် မျက်မှောက်ပြု၍ နေခြင်း။ (အံ၊၂၊၁၁၉။) (အံ၊မြန်၊၂။၁၄၇။)♦

တောင် ၃ မျိုး

၁။ မြေကြီးသက်သက်ရှိသော တောင်၊
၂။ ကျောက်သက်သက်ရှိသော တောင်၊
၃။ မြေနှင့် ကျောက်ရောသော တောင်။ (ဝိ၊ဋ္ဌ၊၃၊၃၁၈။)♦

တောင် ၅ လုံး(ရာဇဂြိုဟ်မြို့ကို ဝန်းရံတည်ရှိသော တောင် ၅ လုံး)

၁။ပဏ္ဍဝတောင်၊
၂။ ဂိဇ္ဈ ကူဋတောင်၊
၃။ ဝေဘာရတောင်၊
၄။ ဣသိဂိလိတောင်၊
၅။ ဝေပုလ္လတောင်။ (သုတ္တနိ၊ဋ္ဌ၊၂၊၁၁၁။)♦

တောင်၏ အင်္ဂါ ၅ ပါး

၁။ တောင်သည် မရွေ့ရွား, မတုန်လှုပ်, မယိမ်းယိုင်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် အလိုရှိအပ်သော အာရုံ အလိုမရှိအပ်သော အာရုံတို့၌ မတုန်လှုပ်)၊
၂။ တောင်သည် တင်းမာသည်ဖြစ်၍ တစ်စုံတစ်ခုနှင့်မျှ မရောနှော မတွဲစပ်ခြင်း (ထို့အတူ ယောဂီ ပုဂ္ဂိုလ်သည် တင်းမာသည်ဖြစ်၍ တစ်စုံတစ်ယောက်နှင့်မျှ မရောနှော မတွဲစပ်ရခြင်း။)၊
၃။ တောင်၌ မျိုးစေ့မပေါက်နိုင်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် မိမိ၏စိတ်၌ ကိလေသာ တို့ကို မပေါက်စေခြင်း)၊
၄။ တောင်သည် တစ်ဆင့် ထက်တစ်ဆင့် မြင့်တက်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ဝိပဿနာဉာဏ်ဖြင့် တစ်ဆင့်ထက်တစ်ဆင့် မြင့်တက်ခြင်း)၊
၅။ တောင်သည် (ပကတိထက်) မမြင့်မောက် မနိမ့်ရှိုင်းခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် လောကဓံတရားတို့ကြောင့် စိတ်ကို တက်ကြွမှု နိမ့်ကျမှု မပြုလုပ် ရခြင်း) ။ (မိလိန္ဒ၊၃၆၉။) (မိလိန္ဒ၊မြန်။၃၉၂။)♦

တောင်ကြီး ၇ လုံး

၁။ ယုဂန္ဓရ တောင်ကြီး၊
၂။ ဤသဓရ တောင်ကြီး၊
၃။ ကရဝီက တောင်ကြီး၊
၄။ သုဒဿန တောင်ကြီး၊
၅။ နေမိန္ဓရ တောင်ကြီး၊
၆။ ဝိနတက တောင်ကြီး၊
၇။ အဿကဏ္ဏ တောင်ကြီး။ (အဘိ၊ဋ္ဌ၊၁၊၃၃၇။) (ဇာတက၊၂၊၂၀၁။) (ဇာ၊ဋ္ဌ၊၆၊၁၅၆။)♦

တောင်စဉ် ၇ ထပ်

တောင်ကြီး ၇ လုံးနှင့်တူသည်။ ♦

တောင့်တ၍ မရကောင်းသော အရာ ၅ မျိုး

၁။ အိုတတ်သော သဘောတရားသည် ‘‘မအိုပါ စေလင့်’’ဟု တောင့်တ၍ မရခြင်း၊
၂။ နာတတ်သော သဘောတရားသည် ‘‘မနာဖျားပါ စေလင့်’’ ဟု တောင့်တ၍ မရခြင်း၊
၃။ သေတတ်သော သဘောတရားသည် ‘‘မသေပါစေလင့်’’ဟု တောင့်တ၍ မရခြင်း၊
၄။ ကုန်တတ်သော သဘောတရားသည် ‘‘မကုန်ဆုံးပါစေလင့်’’ဟု တောင့်တ၍ မရခြင်း၊
၅။ ပျက်စီးတတ်သော သဘောတရားသည် ‘‘မပျက်စီးပါစေလင့်’’ဟု တောင့်တ၍ မရခြင်း။ (အံ၊၂၊၄၇။) (အံ၊မြန်၊၂။၅၉။) (အံ၊၂၊၅၀။) (အံ၊မြန်၊၂။၅၉။)♦

တောင့်တခြင်း ၂ မျိုး

ပတ္ထနာ ၂ မျိုးနှင့် တူသည်။ ♦

တောင့်တခြင်း ၂ မျိုး

၁။ တဏှာဟူသော တောင့်တခြင်း၊
၂။ ကုသိုလ်ပြုလိုခြင်းဟူသော တောင့်တခြင်း။ (ဣတိဝုတ်၊ဋ္ဌ၊၅၈။)♦

တောင့်တမှု ၅ မျိုး (ဗိမ္ဗိသာရမင်းကြီး အိမ်ရှေ့မင်းသား ဖြစ်စဉ် တောင့်တမှု ၅ မျိုး)

၁။ ဗိမ္ဗိသာရ မင်းကြီးသည် ရှေးအခါ အိမ်ရှေ့မင်းသားဖြစ်စဉ် ‘‘ငါ့ကို မင်းအဖြစ်၌ အဘိသိက် သွန်းပါမူ ကောင်းလေစွ’’ဟု တောင့်တခြင်း၊
၂။ မင်းဖြစ်ပြီးသော အကျွန်ုပ်နိုင်ငံသို့ မြတ်စွာ ဘုရား ကြွရောက်လာမူ ကောင်းလေစွဟု တောင့်တခြင်း၊
၃။ မြတ်စွာဘုရားကို ဆည်းကပ် ရမူ ကောင်းလေစွဟု တောင့်တခြင်း၊
၄။ မြတ်စွာဘုရားသည် အကျွန်ုပ်အား တရားဟောမူ ကောင်းလေစွဟု တောင့်တခြင်း၊
၅။ မြတ်စွာဘုရား၏ တရားတော်ကို ငါသိရပါမူ ကောင်းလေစွဟု တောင့်တခြင်း။ (ဝိ၊၃၊၄၇။) (ဝိ၊မြန်၊၃။၅၁။)♦

တောင်ထွတ်၏ ဂုဏ် ၅ ပါး

၁။ အထက်သို့ အလွန် မြင့်တက်ခြင်း၊
၂။ မတုန်မလှုပ် တည်ခြင်း၊
၃။ တက်ရောက်ဖို့ရန် ခဲယဉ်းခြင်း၊
၄။ မျိုးစေ့အားလုံးတို့၏ ပေါက်ရောက်ကြီးပွားရာ မဖြစ်ခြင်း၊
၅။ ချစ်ခြင်း, မုန်းခြင်းမှ ကင်းလွတ်ခြင်း။ (မိလိန္ဒ၊၃၀၈။) (မိလိန္ဒ၊မြန်။၃၃၀။)♦

တောင်ဝှေး လှူရကျိုး ၆ ပါး

၁။ သားသမီးများစွာ ထွန်းကားခြင်း၊
၂။ ထိတ်လန့်ကြောက်ရွံ့မှု မရှိခြင်း၊
၃။ သူတစ်ပါးတို့ မလွှမ်းမိုး မနှိပ်စက်အပ်ခြင်း၊
၄။ အလုံးစုံသော အစောင့်အရှောက် တို့ဖြင့် စောင့်ရှောက်ခံရခြင်း၊
၅။ မှားယွင်းချွတ်ချော်မှု မရှိခြင်း၊
၆။ စိတ်တုန်လှုပ်မှု မရှိခြင်း။ (အပ၊၁၊၃၆၄။) (အပ၊မြန်၊၁။၃၇၃။)♦

တောထွက်ရဟန်း ၅ မျိုး (တစ်နည်း) (ရခဲသော တောထွက်ရဟန်း ၅ မျိုး)

၁။ ဆိုဆုံးမ လွယ်သော တောထွက်ရဟန်း၊
၂။ ကောင်းသော အယူကို ယူတတ်သော တောထွက်ရဟန်း၊
၃။ ဆုံးမစကားကို အမြတ်တနိုး ခံယူတတ်သော တောထွက်ရဟန်း၊
၄။ တရားဟောတတ်သော တောထွက်ရဟန်း၊
၅။ ဝိနည်းဓိုရ် တောထွက်ရဟန်း။ (အံ၊၂၊၆၉။) (အံ၊မြန်၊၂။၈၄။)♦

တောထွက်ရဟန်း ၅ မျိုး (ရခဲသော တောထွက်ရဟန်း ၅ မျိုး)

၁။ သိမ်မွေ့သော တောထွက် ရဟန်း၊
၂။ ရဟန်းအသွင်အပြင်နှင့် ပြည့်စုံသော တောထွက်ရဟန်း၊
၃။ အကြားအမြင် ဗဟုဿုတနှင့် ပြည့်စုံသော တောထွက်ရဟန်း၊
၄။ တရားဟောတတ်သော တောထွက်ရဟန်း၊
၅။ ဝိနည်းဓိုရ် တောထွက်ရဟန်း။ (အံ၊၂၊၆၉။) (အံ၊မြန်၊၂။၈၄။)♦

တောဒေယျပုဏ္ဏား၏ စကား ၃ ခွန်း

၁။ မျက်စဉ်းတို့၏ တစ်စစ ကုန်သွားပုံကို ကြည့်၍ လည်းကောင်း၊
၂။ တောင်ပို့တို့၏ တစ်စစ စုပုံလာပုံကို ကြည့်၍လည်းကောင်း၊
၃။ ပျားကောင် တို့၏ စုပေါင်းဆောင်ရွက်ပုံကို ကြည့်၍လည်းကောင်း ပညာရှိသူသည် အိမ်၌ နေရာ၏။ (ဒီ၊ဋ္ဌ၊၁၊၃၁၇။) (ဒီ၊ဋ္ဌ၊မြန်၊၁။၆၁၄။)♦

တောနေရဟန်း ၅ မျိုး

၁။ ပညာဉာဏ် နုန့်သည်၏ အဖြစ် တွေဝေသည်၏ အဖြစ်ကြောင့် တော၌ နေခြင်း၊
၂။ ယုတ်ညံ့သော အလိုရှိသည်ဖြစ်၍ အလိုဆိုး နှိပ်စက်အပ်သောကြောင့် တော၌ နေခြင်း၊
၃။ ရူးသွပ်ခြင်း စိတ်ပျံ့လွင့်ခြင်းကြောင့် တော၌ နေခြင်း၊
၄။ ဘုရားရှင်တို့သည် လည်းကောင်း, ဘုရားရှင်၏ တပည့်သာဝကတို့သည် လည်းကောင်း ချီးမွမ်းအပ်၏ဟု နှလုံးသွင်း၍ တော၌ နေခြင်း၊
၅။ အလိုနည်းခြင်း ရောင့်ရဲခြင်း, ခေါင်းပါးခြင်း စသော ဤအကျင့်ဖြင့် အကျိုးရှိခြင်းကို မှီ၍ တော၌ နေခြင်း။ (အံ၊၂၊၁၉၃။) (အံ၊မြန်၊၂။၂၄၅။)♦

တောနေရဟန်း၏ ကျင့်ဝတ် ၁၈ ပါး

၁။ သံဃာအထံသို့ ရောက်သော သံဃာ့အလယ်၌ နေသော တောနေရဟန်းသည် သီတင်းသုံးဖော်တို့၌ ရိုသေခြင်း တုပ်ဝပ်မှု ရှိရခြင်း၊
၂။ တောနေ ရဟန်းသည် နေရာထိုင်ခင်း၌ လိမ်မာ ကျွမ်းကျင်ရခြင်း၊
၃။ တောနေရဟန်းသည် သံဃာနှင့် အတူ နေသော် မြတ်သော အကျင့်ဟု ဆိုအပ်သော ဝတ်ကြီး ဝတ်ငယ်တရားကို သိရခြင်း၊
၄။ အလွန်စောသော (နံနက်)အခါ၌ ရွာသို့ မဝင်ထိုက်၊ အလွန်နေမြင့်မှ ပြန်မလာထိုက်၊
၅။ ဆွမ်း၏ ရှေ့အဖို့၌ သော်လည်းကောင်း ဆွမ်း၏နောက်အဖို့၌သော်လည်းကောင်း ဒါယကာ အိမ်တို့၌ လှည့်လည်သွားခြင်း မပြုရ၊
၆။ တောနေရဟန်းသည် ပျံ့လွင့်မှု လျှပ်ပေါ်လော်လည်မှု မရှိရ၊
၇။ တောနေရဟန်းသည် နှုတ်ကြမ်းတမ်းမှု စကားရောဖောရောမှု မရှိရ၊
၈။ တောနေ ရဟန်းသည် ဆိုဆုံးမလွယ်သူ မိတ်ဆွေကောင်းရှိသူ ဖြစ်ရခြင်း၊
၉။ မျက်စိ စသော ဣန္ဒြေ တို့၌ လုံခြုံသည့် တံခါးရှိရခြင်း၊
၁၀။ ဘောဇဉ်စားသုံးခြင်း၌ အတိုင်းအရှည် ရှိရခြင်း၊
၁၁။ နိုးနိုးကြားကြား ရှိရခြင်း၊
၁၂။ အားထုတ်မှု လုံ့လ ရှိရခြင်း၊
၁၃။ သတိကောင်းသူ ဖြစ်ရခြင်း၊
၁၄။ တည်ကြည်သော သမာဓိရှိသူ ဖြစ်ရခြင်း၊
၁၅။ ပညာကြွယ်သူ ဖြစ်ရခြင်း၊
၁၆။ ဝိနည်း အဘိဓမ္မာတို့၌ အားထုတ်မှု ပြုရခြင်း၊
၁၇။ အရူပသမာပတ်တို့၌ အားထုတ်မှု ပြုရခြင်း၊
၁၈။ လောကုတ္တရာတရား၌ အားထုတ်မှု ပြုရခြင်း။ (မ၊၂၊၁၃၃။) (မ၊မြန်၊၂။၁၄၃-၁၄၄-၁၄၅-၁၄၆။)♦

တောနေရဟန်း၏ အဆောင်အယောင် ၄ မျိုး

၁။ သီလကို စောင့်ရှောက်ခြင်း၊
၂။ ရောင့်ရဲတင်းတိမ် တတ်ခြင်း၊
၃။ စက္ခု စသော ဣန္ဒြေတို့ကို စောင့်ရှောက်တတ်ခြင်း၊
၄။ သတိနှင့် အကျိုးရှိ, မရှိ သိတတ်သော ဉာဏ်ပညာ ရှိခြင်း။ (မ၊ဋီ၊၂၊၁၆၁။) (အံ၊ဋီ၊၂၊၃၇၈။)♦

တောရကျောင်း၌ နေရခြင်း အကျိုး ၂ ပါး

၁။ မိမိ၏ မျက်မှောက်အတ္တဘော၌ ချမ်းသာစွာ နေထိုင် ရခြင်း၊
၂။ နောင်လာနောင်သား လူအများကို အစဉ်သနားစောင့်ရှောက်ရခြင်း။ (အံ၊၁၊၆၂။) (အံ၊မြန်၊၁။၇၄။)♦

တောလိုက်မုဆိုးနှင့် ကိန္နရီမတို့မှ ဖွားမြင်လာသော မထေရ် ၂ ပါး

၁။ ကောန္တပုတ္တ တိဿ မထေရ်၊
၂။ သုမိတ္တမထေရ်။ (သာရတ္ထ၊ဋီ၊၁၊၁၃၅။)♦

တောအုပ်ကြီး ၂ မျိုး

၁။ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်က မစိုက်မပျိုးအပ်ဘဲ အလိုလို ပေါက် နေသော အပိုင်းအခြားရှိသော တောအုပ်ကြီး တစ်မျိုး၊
၂။ ကပိလဝတ်ပြည်၏ အနီး၌ ရှိသော တစ်ဖက်မှ သမုဒ္ဒရာနှင့် ဆက်စပ်ပြီး တစ်ဖက်မှ ဟိမဝန္တာတောင်နှင့် ဆက်စပ်နေ သောကြောင့် အပိုင်းအခြားမရှိသော တောအုပ်ကြီး တစ်မျိုး။ (ဝိ၊ဋ္ဌ၊၂၊၁။) (မ၊ဋ္ဌ၊၁၊၁၂။)♦

တောအုပ်နှင့် ယောဂီ တူပုံ ၅ ပါး

၁။ တောအုပ်သည် မစင်ကြယ်သော လူအပေါင်းကို ဖုံးလွှမ်းခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် သူတစ်ပါးတို့၏ အပြစ်တို့ကို ဖုံးလွှမ်းရခြင်း)၊
၂။ တောအုပ်သည် များစွာသော လူတို့မှ ဆိတ်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ရာဂ, ဒေါသ, မောဟ, မာန ဒိဋ္ဌိကွန်ရက်တို့မှ လည်းကောင်း၊ အလုံးစုံသော ကိလေသာတို့မှ လည်းကောင်း ကင်းဆိတ်ရခြင်း)၊
၃။ တောအုပ်သည် လူတို့ဖြင့် ကျဉ်းမြောင်းခြင်းမှ ကင်းသည်ဖြစ်၍ ဆိတ်ငြိမ်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် အရိယာတို့၏ ဥစ္စာမဟုတ်သော ယုတ်ညံ့သော အကုသိုလ်တရားတို့မှ ကင်းဆိတ်ရခြင်း)၊
၄။ တောအုပ်သည် ငြိမ်သက်၍ သန့်ရှင်း စင်ကြယ်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ရာဂစသည် ငြိမ်းအေး၍ မာနကို ဖယ်ပြီးခြင်း)၊
၅။ တောအုပ်သည် အရိယာဖြစ်သော သူတော်ကောင်းတို့ အမြဲ မှီဝဲအပ်ခြင်း (ထို့အတူ ယောဂီ ပုဂ္ဂိုလ်သည် အရိယာသူတော်ကောင်းတို့ အမြဲ မှီဝဲအပ်ခြင်း)။ (မိလိန္ဒ၊၃၉၄။) (မိလိန္ဒ၊မြန်။ ၄၁၆။)♦

ထက်သောပညာ ရကြောင်း တရား ၄ ပါး

၁။ သူတော်ကောင်းကို မှီဝဲခြင်း၊
၂။ သူတော်ကောင်း တရားကို ကြားနာခြင်း၊
၃။ သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်း၊
၄။ တရားအားလျော်သော အကျင့်ကို ကျင့်ခြင်း။ (သံ၊၃၊၃၅၉။) (သံ၊၃၊၃၆၁။) (သံ၊မြန်၊၃။၃၆၄ ၃၆၇။) (သံ၊မြန်၊၃။၃၆၄ ၃၆၇။)♦

ထင်ရှားကြောင်း ၄ မျိုး

၁။ ရထား၏ ထင်ရှားကြောင်းကား တံခွန်(အလံ)၊
၂။ မီး၏ ထင်ရှားကြောင်းကား အခိုးအငွေ့၊
၃။ တိုင်းပြည်၏ ထင်ရှားကြောင်းကား မင်း၊
၄။ မိန်းမ၏ ထင်ရှားကြောင်းကား လင်။ (သံ၊၁၊၃၉)♦

ထန်းရွက်ယပ် လှူရကျိုး ၈ ပါး

၁။ အအေးအပူကို မသိရခြင်း၊
၂။ ပူလောင် ပူအိုက်မှု မရှိခြင်း၊
၃။ ကိုယ်စိတ်နှစ်ပါး ပူပန်မှု မရှိခြင်း၊
၄။ ရာဂမီးငြိမ်းသူ ဖြစ်ခြင်း၊
၅။ ဒေါသမီးငြိမ်းသူ ဖြစ်ခြင်း၊
၆။ မောဟမီး ငြိမ်းသူ ဖြစ်ခြင်း၊
၇။ မာနမီးငြိမ်းသူ ဖြစ်ခြင်း၊
၈။ ဒိဋ္ဌိမီးငြိမ်းသူ ဖြစ်ခြင်း။ (အပ၊၁၊၃၆၀။) (အပ၊မြန်၊၁။၃၆၉။)♦

ထပ်တူတပ်မျှမရှိသော အရာ ၄ မျိုး

၁။ မိမိ၏ ကိုယ်ခန္ဓာနှင့် ထပ်တူထပ်မျှ ချစ်အပ်သော အရာ မည်သည် မရှိ၊
၂။ ဆန်စပါးနှင့် ထပ်တူထပ်မျှ တူညီသော ဥစ္စာမည်သည် မရှိ၊
၃။ ပညာနှင့် ထပ်တူထပ်မျှ တူညီသော အရောင်အလင်းမည်သည် မရှိ၊
၄။ မိုးရွာခြင်းနှင့် ထပ်ထူထပ်မျှ တူညီသော မြစ်မည်သည်် မရှိ။ (နေတ္တိ၊ဋ္ဌ၊၁၆၀။)♦

ထမင်းမစားနိုင်သော သူ ၅ မျိုး

၁။ အိပ်ငိုက်နေသူ၊
၂။ ဆင်းရဲမှု နှိပ်စက်ခံနေရသူ၊
၃။ အနာရောဂါ နှိပ်စက်ခံနေရသူ၊
၄။ ဥပုသ်စောင့်သူ၊
၅။ လာဘ်မရသူ။ (အံ၊၂၊၅၀၃။) (အံ၊မြန်၊၂။၆၂၈။)♦

ထွက်မြောက်ကြောင်း ဓာတ် ၆ ပါး

၁။ ကိလေသာမှ လွတ်သော မေတ္တာနှင့် ယှဉ်သော စိတ်သည် ဒေါသမှ ထွက်မြောက်ခြင်း၊
၂။ ကိလေသာမှ လွတ်သော ကရုဏာနှင့် ယှဉ်သောစိတ်သည် ဝိဟေသတရားမှ ထွက်မြောက်ခြင်း၊
၃။ ကိလေသာမှ လွတ်သော မုဒိတာနှင့် ယှဉ်သော စိတ်သည် မမွေ့လျော်ခြင်း အရတိမှ ထွက်မြောက်ခြင်း၊
၄။ ကိလေသာမှ လွတ်သော ဥပေက္ခာနှင့် ယှဉ်သော စိတ်သည် စွဲမက်ခြင်းရာဂမှ ထွက်မြောက်ခြင်း၊
၅။ ကိလေသာမှ လွတ်သော ရာဂစသော အစွဲအမှတ် နိမိတ်မရှိသော အရဟတ္တဖိုလ်စိတ်သည် ရာဂစသော နိမိတ်တို့မှ လွတ် မြောက်ခြင်း၊
၆။ ငါဟူသော မာနကို အကြွင်းမဲ့ဖြတ်ခြင်းသည် ယုံမှားခြင်း ဝိစိကိစ္ဆာငြောင့်မှ ထွက်မြောက်ခြင်း။ (ဒီ၊၃၊၂၀၅-၂၀၆။) (ဒီ၊မြန်၊၃။၂၂၈။)♦

ထွက်လေ ဝင်လေ ရှုရာ၌ ဘာဝနာ ပြီးစီးကြောင်း တရား ၃ ပါး

၁။ နိမိတ္တ- မှတ်သားကြောင်း ဖြစ်သော နှာခေါင်းဖျား အထက်နှုတ်ခမ်းဖျား အရပ်၊
၂။ အဿာသ- ထွက်လေ၊
၃။ ပဿာသ- ဝင်လေ။ (ဝိ၊ဋ္ဌ၊၂၊၂၅။)♦

ထွက်သက် ဝင်သက်ကို ရှုမှတ်ပုံ အခြင်းအရာ ၉ မျိုး

၁။ တိုသော ရှည်သော ထွက်သက် ဝင်သက်၏ အစွမ်းဖြင့် ထွက်သက်ကိုသာ ကောင်းစွာ မှတ်နိုင်သူ၊ ဝင်သက်ကိုသာ ကောင်းစွာ မှတ်နိုင်သူ၊ ထွက်သက် ဝင်သက် နှစ်မျိုးလုံးကို ကောင်းစွာ မှတ်နိုင်သူဟူ၍ ၃ မျိုး၊
၂။ ဘာဝနာ၌ လွန်စွာအားထုတ်လိုခြင်း လက္ခဏာရှိသော ကုသိုလ်ဆန္ဒ၏ အစွမ်းအားဖြင့် ထွက်သက်ကိုသာ ကောင်းစွာ မှတ်နိုင်သူ၊ ဝင်သက်ကိုသာ ကောင်းစွာ မှတ်နိုင်သူ၊ ထွက်သက် ဝင်သက် နှစ်မျိုး လုံးကို ကောင်းစွာ မှတ်နိုင်သူဟူ၍ ၃ မျိုး၊
၃။ ဝမ်းမြောက်ခြင်း ပါမောဇ္ဇ၏ အစွမ်းအားဖြင့် ထွက်သက်ကိုသာ ကောင်းစွာ မှတ်နိုင်သူ အစရှိသော ပုဂ္ဂိုလ် ၃ မျိုးအားဖြင့် ၃ မျိုး။ (ဝိမတိ၊၁၊၂၁၁။။)♦

ထာဝရဒါနကုသိုလ် ၆ မျိုး

၁။ အာရာမရောပ- သစ်သီးဥယျာဉ် ပန်းဥယျာဉ်စိုက်ပျိုး လှူဒါန်းခြင်း၊
၂။ ဝနရောပါ- သစ်ပင်ကြီးများစိုက်ပျိုး၍ ဖြစ်စေ၊ သစ်တောကို အပိုင်းအခြား သတ်မှတ်၍ ဖြစ်စေ လှူဒါန်းခြင်း၊
၃။ တံတားဆောက်လုပ်လှူဒါန်းခြင်း၊
၄။ ရေအိုးစင်တည်ဆောက် လှူဒါန်းခြင်း၊
၅။ ရေတွင်းလှူဒါန်းခြင်း၊
၆။ ကျောင်းဇရပ်ဆောက်လုပ်လှူဒါန်းခြင်း။ (သံ၊၁၊၈၃။)♦

ထိတ်လန့်ဖွယ် အကြောင်း ၈ မျိုး

သံဝေဂဝတ္ထု ၈ ပါးနှင့် တူသည်။ ♦

ထိနမိဒ္ဓနီဝရဏ ပယ်ကြောင်း တရား ၆ ပါး

ထိနမိဒ္ဓပယ်ကြောင်း တရား ၆ ပါးနှင့် တူသည်။ ♦

ထိနမိဒ္ဓပယ်ကြောင်း တရား ၆ ပါး

၁။ အလွန်စားခြင်းကြောင့် ထိနမိဒ္ဓဖြစ်မှု မဖြစ်မှု အကြောင်း နိမိတ်ကို မှတ်သားခြင်း၊
၂။ ဣရိယာပုတ်တို့ကို ပြောင်းရွှေ့ပေးခြင်း၊
၃။ အာလောကသညာကို နှလုံးသွင်းခြင်း၊
၄။ လွင်တီးခေါင် ဟင်းလင်းပြင်၌ နေခြင်း၊
၅။ ထိနမိဒ္ဓကို ပယ်ပြီးသော မိတ်ဆွေကောင်းတို့ကို မှီဝဲခြင်း၊
၆။ ဓုတင်အကျင့်၌ မှီသော လျောက်ပတ်သော စကားကို ပြောဆိုခြင်း။ (ဒီ၊ဋ္ဌ၊၂၊၃၇၀။) (မ၊ဋ္ဌ၊၁၊၂၈၈။) (သံ၊ဋ္ဌ၊၃၊၂၀၃။) (အံ၊ဋ္ဌ၊၁၊၃၈။) (အဘိ၊ဋ္ဌ၊၂၊၂၆၀။) (ဣတိဝုတ်၊ဋ္ဌ၊၃၄၁။) (ဒီ၊ဋီ၊၁၊၂၆၁။) (ဒီ၊ဋ္ဌ၊မြန်၊၂။၆၈၆။) (ဒီ၊ဋ္ဌ၊မြန်၊၂။၆၈၆။)♦

ထိုင်ခြင်း၌ အပြစ် ၆ မျိုး

၁။ ရိုသေလေးစားထိုက်သော ပုဂ္ဂိုလ်မြတ်နှင့် အလွန်ဝေးရာ နေရာ၌ ထိုင်ခြင်း၊
၂။ အလွန်နီးကပ်ရာ နေရာ၌ ထိုင်ခြင်း၊
၃။ အထက်လေညာအရပ်၌ ထိုင်ခြင်း၊
၄။ ရိုသေလေးစားထိုက်သော ပုဂ္ဂိုလ်မြတ်၏ နေရာထက် မြင့်ရာနေရာ အရပ်၌ ထိုင်ခြင်း၊
၅။ ရိုသေ လေးစားထိုက်သော ပုဂ္ဂိုလ်မြတ်၏ မျက်နှာချင်းဆိုင်ရာ နေရာ၌ ထိုင်ခြင်း၊
၆။ ရိုသေ လေးစားထိုက်သော ပုဂ္ဂိုလ်မြတ်၏ နောက်ကျောနေရာ၌ ထိုင်ခြင်း။ (ဝိ၊ဋ္ဌ၊၁၊၁၀၁။) (ဒီ၊ဋ္ဌ၊၂၊၇၄။) (မ၊ဋ္ဌ၊၁၊၁၁၄။) (သံ၊ဋ္ဌ၊၁၊၁၅။) (အံ၊ဋ္ဌ၊၂၊၁၃။) (ပဋိသံ၊ဋ္ဌ၊၂၊၂၃၈။) (မဟာနိ၊ဋ္ဌ၊၂၆၈။) (ဒီ၊ဋ္ဌ၊မြန်၊၂။၁၃၇။)♦

ထိုင်ခြင်း၌ အပြစ် ၈ မျိုး

၁။ ရိုသေ လေးစားထိုက်သော ပုဂ္ဂိုလ်၏ နောက်ကျောဘက်နေရာ၌ ထိုင်ခြင်း၊
၂။ ရိုသေလေးစားထိုက်သော ပုဂ္ဂိုလ်၏ မျက်နှာချင်းဆိုင်ရှေ့တည့်တည့် နေရာ၌ ထိုင်ခြင်း၊
၃။ ရိုသေလေးစားထိုက်သော ပုဂ္ဂိုလ်နှင့် အလွန်နီးကပ်ရာ နေရာ၌ ထိုင်ခြင်း၊
၄။ အလွန်ဝေးလွန်းသော နေရာ၌ ထိုင်ခြင်း၊
၅။ ရိုသေလေးစားထိုက်သော ပုဂ္ဂိုလ်၏ လေအောက် အရပ်၌ ထိုင်ခြင်း၊
၆။ အထက်လေညာအရပ်၌ ထိုင်ခြင်း၊
၇။ ရိုသေလေးစားထိုက်သော ပုဂ္ဂိုလ်၏ နေရာထက် နိမ့်သော နေရာ၌ ထိုင်ခြင်း၊
၈။ မြင့်ရာနေရာ အရပ်၌ ထိုင်ခြင်း၊ (ခုဒ္ဒက၊ဋ္ဌ၊၉၉။) (သုတ္တနိ၊ဋ္ဌ၊၂၊၈။၄၉။)♦

ထိုင်ခုံ ၄ မျိုး

အင်းပျဉ် ၄ မျိုးနှင့် တူသည်။ ♦

ထိုးထွင်း၍ သိနိုင်ခဲသော တရား ၁၀ ပါး

၁။ ကာမစ္ဆန္ဒ၊ ဒေါသ၊ ထိုင်းမှိုင်းခြင်း၊ ပျံ့လွင့်ခြင်း၊ ယုံမှားခြင်း အင်္ဂါ (၅) ပါးကို ပယ်၏၊
၂။ မျက်စိဖြင့် ရူပါရုံမြင်သော် ဝမ်းမသာ ဝမ်းမနည်း လျစ်လျူရှု၍သာ နေ၏၊ နားဖြင့် အသံကို ကြားသော် ဝမ်းမသာ ဝမ်းမနည်း လျစ်လျူရှု၍သာ နေ၏၊ နှာခေါင်းဖြင့် အနံ့ကို နံသော် ဝမ်းမသာ ဝမ်းမနည်း လျစ်လျူရှု၍သာ နေ၏၊ လျှာဖြင့် အရသာကို လျက်သော် ဝမ်းမသာ ဝမ်းမနည်း လျစ်လျူရှု၍သာ နေ၏၊ ကိုယ်ဖြင့် အတွေ့အထိကို တွေ့ထိသော် ဝမ်းမသာ ဝမ်းမနည်း လျစ်လျူရှု၍သာ နေ၏၊ စိတ်ဖြင့် သဘော တရားကို သိသော် ဝမ်းမသာ ဝမ်းမနည်း လျစ်လျူရှု၍သာ နေ၏၊ ဤသို့ အင်္ဂါ (၆) ပါးရှိသော ဥပေက္ခာနှင့် ပြည့်စုံ၏၊
၃။ သတိတည်းဟူသော တစ်ခုသော စောင့်ရှောက်ခြင်း ရှိ၏၊
၄။ ဆင်ခြင်၍ အချို့ကို မှီဝဲ၏၊ ဆင်ခြင်၍ အချို့ကို သည်းခံ၏၊ ဆင်ခြင်၍ အချို့ကို ပယ်ဖျောက်၏၊ ဆင်ခြင်၍ အချို့ကို ရှောင်ကြဉ်၏ ဟူသော လေးပါးသော မှီရာ ရှိ၏၊
၅။ သမဏ ဗြာဟ္မဏတို့၏ များစွာသော အသီးသီးသော သစ္စာတို့ကို ပယ်အပ်ကုန်၏၊
၆။ ကာမဂုဏ် ရှာမှီးခြင်း၊ ဘဝရှာမှီးခြင်း၊ မြတ်သော အကျင့်ကို ရှာမှီးခြင်းဟူသော အလုံးစုံသော ရှာမှီးခြင်း တို့ကို ပယ်အပ်ကုန်၏၊
၇။ ကာမဂုဏ်နှင့် ကြံခြင်းကို ပယ်၏၊ ပျက်စီးစေလိုခြင်းကို ပယ်၏၊ ညှဉ်းဆဲခြင်း၌ ကြံခြင်းကို ပယ်၏၊ ဤသို့ ကြည်လင်သော အကြံ ရှိ၏၊
၈။ ငြိမ်းသော ကာယသင်္ခါရ ရှိ၏၊
၉။ ကိလေသာတို့မှ လွတ်သော စိတ်ရှိ၏၊
၁၀။ ကိလေသာတို့မှ လွတ်သော ပညာရှိ၏။ (ဒီ၊၃၊၂၅၇။) (ဒီ၊မြန်၊၃။၂၈၁။)♦

ထိုးထွင်း၍ သိနိုင်ခဲသော တရား ၂ ပါး

၁။ သတ္တဝါတို့၏ ညစ်ညူးခြင်းအကြောင်း၊
၂။ သတ္တဝါ တို့၏ စင်ကြယ်ခြင်းအကြောင်း။ (ဒီ၊၃၊၂၂၉။) (ဒီ၊မြန်၊၃။၂၅၁။)♦

ထိုးထွင်း၍ သိနိုင်ခဲသော တရား ၃ ပါး

၁။ ကာမတရားတို့မှ အလုံးစုံ ထွက်မြောက်ကြောင်း ဖြစ်သော (အနာဂါမိမဂ်) နေက္ခမ္မဓာတ်၊
၂။ ရုပ်တရားတို့မှ အလုံးစုံ ထွက်မြောက်ကြောင်း ဖြစ်သော (အရဟတ္တမဂ်၏ အခြေခံ) အရူပဓာတ်၊
၃။ သင်္ခတတရားတို့၏ ချုပ်ငြိမ်းကြောင်း ဖြစ်သော (အရဟတ္တဖိုလ်) နိရောဓဓာတ်။ (ဒီ၊၃၊၂၃၀။) (ဒီ၊မြန်၊၃။၂၅၂။)♦

ထိုးထွင်း၍ သိနိုင်ခဲသော တရား ၄ ပါး

၁။ ယုတ်သော အဖို့ရှိသော သမာဓိ၊
၂။ မတိုးမဆုတ် တန့်ရပ်သော အဖို့ရှိသော သမာဓိ၊
၃။ ထူးသော အဖို့ရှိသော သမာဓိ၊
၄။ သံသရာ၌ငြီးငွေ့သော အဖို့ရှိသော (နိဗ္ဗာန်နှင့် စပ်သော။) သမာဓိ။ (ဒီ၊၃၊၂၃၁။) (ဒီ၊မြန်၊၃။၂၅၃။)♦

ထိုးထွင်း၍ သိနိုင်ခဲသော တရား ၅ ပါး

၁။ ကာမဂုဏ်တို့မှ လွတ်မြောက်ခြင်း၊
၂။ ဗျာပါဒမှ လွတ်မြောက်ခြင်း၊
၃။ ညှဉ်းဆဲခြင်း ဝိဟေသမှ လွတ်မြောက်ခြင်း၊
၄။ ရုပ်တရားတို့မှ လွတ် မြောက်ခြင်း၊
၅။ ဥပါဒါနက္ခန္ဓာအပေါင်း သက္ကာယမှ လွတ်မြောက်ခြင်း။ (ဒီ၊၃၊၂၃၃။) (ဒီ၊မြန်၊၃။၂၅၅။)♦

ထိုးထွင်း၍ သိနိုင်ခဲသော တရား ၆ ပါး

၁။ ကိလေသာမှ လွတ်သော မေတ္တာနှင့် ယှဉ်သော စိတ်သည် ဒေါသမှ ထွက်မြောက်ခြင်း (မေတ္တာစေတောဝိမုတ္တိ)၊
၂။ ကိလေသာမှ လွတ်သော ကရုဏာနှင့် ယှဉ်သော စိတ်သည် ‘ဝိဟေသတရား’မှ ထွက်မြောက်ခြင်း (ကရုဏာစေတောဝိမုတ္တိ)၊
၃။ ကိလေသာမှ လွတ်သော မုဒိတာနှင့် ယှဉ်သော စိတ်သည် မမွေ့လျော်ခြင်း ‘အရတိတရား’မှ ထွက်မြောက်ခြင်း (မုဒိတာစေတောဝိမုတ္တိ)၊
၄။ ကိလေသာမှ လွတ်သော ဥပေက္ခာနှင့် ယှဉ်သော စိတ်သည် စွဲမက်ခြင်း ‘ရာဂ’မှ ထွက်မြောက်ခြင်း (ဥပေက္ခာစေတောဝိမုတ္တိ)၊
၅။ အရဟတ္တ ဖိုလ်စိတ်သည် အလုံးစုံသော ရာဂ စသော နိမိတ်တို့မှ ထွက်မြောက်ခြင်း (အနိမိတ္တစေတော ဝိမုတ္တိ)၊
၆။ ငါဟူသော ‘မာန’ကို အကြွင်းမဲ့ ဖြတ်ခြင်းသည် ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ငြောင့်မှ ထွက်မြောက်ခြင်း (အသ္မိမာနသမုဂ္ဃါတ) ။ (ဒီ၊၃၊၂၃၈။) (ဒီ၊မြန်၊၃။၂၆၁။)♦

ထိုးထွင်း၍ သိနိုင်ခဲသော တရား ၇ ပါး

၁။ ပါဠိကို သိခြင်း၊
၂။ အနက်ကို သိခြင်း၊
၃။ မိမိကိုယ်ကို သိခြင်း၊
၄။ အတိုင်းအရှည်ကို သိခြင်း၊
၅။ အခါကို သိခြင်း၊
၆။ ပရိသတ်ကို သိခြင်း၊
၇။ ပုဂ္ဂိုလ်ကို သိခြင်း။ (ဒီ၊၃၊၂၄၂။) (ဒီ၊မြန်၊၃။၂၆၅။)♦

ထိုးထွင်း၍ သိနိုင်ခဲသော တရား ၈ ပါး

၁။ လောက၌ ဘုရားပွင့်တော်မူ၏၊ သစ္စာ ၄ ပါး တရား ကိုလည်း ဟောတော်မူ၏၊ သို့သော် ပုဂ္ဂိုလ်သည် ငရဲဘုံသို့ ရောက်နေ၏၊ ဤကား မြတ်သော အကျင့်ကို ကျင့်ခြင်းငှာ အခွင့်မဟုတ်သော ရှေးဦးစွာသော အက္ခဏတည်း၊
၂။ လောက၌ ဘုရား ပွင့်တော်မူ၏၊ သစ္စာ (၄) ပါး တရားကိုလည်း ဟောတော်မူ၏၊ သို့သော် တိရစ္ဆာန်ဘုံသို့ ရောက်နေ၏၊ ဤကား မြတ်သော အကျင့်ကို ကျင့်ခြင်းငှာ အခွင့်မဟုတ်သော နှစ်ခုမြောက်သော အက္ခဏတည်း၊
၃။ လောက၌ ဘုရားပွင့်တော်မူ၏၊ သစ္စာ (၄) ပါး တရားကိုလည်း ဟောတော် မူ၏၊ သို့သော် ပြိတ္တာဘုံသို့ ရောက်နေ၏၊ ဤကား သုံးခုမြောက်သော အက္ခဏတည်း၊
၄။ လောက၌ ဘုရားပွင့်တော်မူ၏၊ သစ္စာ (၄) ပါး တရားကိုလည်း ဟောတော်မူ၏၊ သို့သော် အသက်ရှည်သော အရူပဘုံ အသညသတ်ဘုံသို့ ရောက်နေ၏၊ ဤကား လေးခုမြောက်သော အက္ခဏတည်း၊
၅။ လောက၌ ဘုရားပွင့်တော်မူ၏၊ သစ္စာ (၄) ပါး တရားကိုလည်း ဟောတော်မူ၏၊ သို့သော် ပစ္စန္တရစ်ဇနပုဒ်အရပ် လူရိုင်းတို့အတွင်း၌ မွေးဖွား၏၊ ဤကား ငါးခုမြောက်သော အက္ခဏတည်း၊
၆။ လောက၌ ဘုရား ပွင့်တော်မူ၏၊ သစ္စာ (၄) ပါး တရားကိုလည်း ဟောတော်မူ၏၊ သို့သော် မှားသော အယူ၊ ဖောက်ပြန်သော အယူရှိ၏၊ ဤကား ခြောက်ခုမြောက်သော အက္ခဏတည်း၊
၇။ လောက၌ ဘုရား ပွင့်တော်မူ၏၊ သစ္စာ (၄) ပါး တရားကိုလည်း ဟောတော်မူ၏၊ သို့သော် ပညာမရှိ၊ စိတ်ဖောက်ပြန်သူ ဖြစ်၏၊ ဆွံ့အနေသူ ဖြစ်၏၊ ဤကား ခုနစ်ခုမြောက်သော အက္ခဏတည်း၊
၈။ လောက၌ ဘုရားမပွင့်၊ သစ္စာ (၄) ပါး တရားကိုလည်း မဟော၊ ဤကား ရှစ်ခုမြောက်သော အက္ခဏတည်း။ (ဒီ၊၃၊၂၄၈။)(ဒီ၊မြန်၊၃။၂၇၁။)♦

ထိုးထွင်း၍ သိနိုင်ခဲသော တရား ၉ ပါး

၁။ ဓာတ်ထူးခြင်းကို စွဲ၍ ဖဿထူးခြင်း၊
၂။ ဖဿ ထူးခြင်းကို စွဲ၍ ဝေဒနာထူးခြင်း၊
၃။ ဝေဒနာထူးခြင်းကို စွဲ၍ ကာမသညာ စသည် ထူးခြင်း၊
၄။ ကာမသညာ စသည် ထူးခြင်းကို စွဲ၍ အကြံထူးခြင်း၊
၅။ အကြံထူးခြင်းကို စွဲ၍ လိုချင် ဆန္ဒထူးခြင်း၊
၆။ လိုချင်ဆန္ဒထူးခြင်းကို စွဲ၍ ပူလောင်မှု ထူးခြင်း၊
၇။ ပူလောင်မှု ထူးခြင်းကို စွဲ၍ ရှာမှီးမှု ထူးခြင်း၊
၈။ ရှာမှီးမှု ထူးခြင်းကို စွဲ၍ ရမှု ထူးခြင်း၊
၉။ ရမှု ထူးခြင်းကို စွဲ၍ မှတ်ထင်မှု ထူးခြင်း။ (ဒီ၊၃၊၂၅၄။) (ဒီ၊မြန်၊၃။၂၇၈။)♦

ထိုးထွင်းသိသောပညာ ရကြောင်းတရား ၄ ပါး

၁။ သူတော်ကောင်းကို မှီဝဲခြင်း၊
၂။ သူတော်ကောင်း တရားကို ကြားနာခြင်း၊
၃။ သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်း၊
၄။ တရားအားလျော်သော အကျင့်ကို ကျင့်ခြင်း။ (သံ၊၃၊၃၅၉။) (သံ၊၃၊၃၆၁။) (သံ၊မြန်၊၃။၃၆၄-၃၆၇။) (သံ၊မြန်၊၃။၃၆၄ ၃၆၇။)♦

ထီး ၃ မျိုး (ဘုရားရှင် ခွင့်ပြုအပ်သော ထီး ၃ မျိုး)

၁။ သေတစ္ဆတ္တ- ထီးဖြူ၊
၂။ ကိလဉ္ဇစ္ဆတ္တ- ဖျာရက်သကဲ့သို့ နှီးဖြင့် ပြုလုပ်ထားသော ထီး (ဖျာထီး။)၊
၃။ ပဏ္ဏစ္ဆတ္တ- သစ်ရွက်ထီး။ (ဝိ၊၂၊၂၆၂။) (ဝိ၊၂၊၄၅၁။) (ဝိ၊ဋ္ဌ၊၃၊၃၈၅။) (ဝိ၊မြန်၊၂။၂၉၇။) (ဝိ၊မြန်၊၂။၅၁၃။)♦

ထီးနှင့် ယောဂီ အင်္ဂါ ၃ ပါး

၁။ ထီးသည် ဦးထိပ်ထက်၌ တည်လျက် လှည့်လည်ကျက်စားခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ကိလေသာတို့၏ ဦးထိပ်အထက်၌ တည်လျက် လှည့်လည် ကျက်စားရခြင်း)၊
၂။ ထီးသည် ဦးထိပ်၌ ထောက်ပံ့တတ်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းဟူသော အထောက်အပံ့ ရှိရခြင်း)၊
၃။ ထီးသည် လေပူ နေပူ မိုးပေါက်တို့ကို ပယ်ဖျောက်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် အထူးထူး အပြားပြားသော သမဏဗြာဟ္မဏတို့၏ အယူဟူသော လေ, ရာဂ ဒေါသ မောဟတည်းဟူသော မီးပူ, ကိလေသာ တည်းဟူသော မိုးရေပေါက်တို့ကို ပယ်ဖျောက်ရခြင်း)။ (မိလိန္ဒ၊၄၀၂။) (မိလိန္ဒ၊ မြန်။၄၂၄။)♦

ထီးလှူရကျိုး ၈ ပါး

၁။ အအေးကို မသိရခြင်း၊
၂။ အပူကို မသိရခြင်း၊
၃။ မြူမှုန် အညစ်အကြေး မလိမ်းကျန် မကပ်ငြိခြင်း၊
၄။ ဥပါဒ်ဘေးရန် အန္တရာယ် မရှိခြင်း၊
၅။ အမြဲတမ်း ရိုသေမြတ်နိုး ပူဇော်မှု ခံရခြင်း၊
၆။ သိမ်မွေ့နူးညံ့သော အရေအဆင်း ရှိခြင်း၊
၇။ စိတ်ဓာတ် သန့်ရှင်း ကြည်လင်ခြင်း၊
၈။ တန်ဆာဆင်အပ်သော ထီးတစ်သိန်းတို့သည် ဦးထိပ်၌ ဆောင်းမိုး ထားခြင်း။ (အပ၊၁၊၃၅၈။) (အပ၊မြန်၊၁။၃၆၆။)♦

ထူးမြတ်သော တရား ၂ ပါး

၁။ လူ့ဘောင်မှ ထွက်ခွာ၍ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်း ပြုပြီး ရဟန်းသာမဏေတို့အား သင်္ကန်း, ဆွမ်း, ကျောင်း, ဆေး ပစ္စည်းလေးပါးတို့ကို စွန့်လွှတ် လှူဒါန်းခြင်း၊
၂။ လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်သို့ ဝင်ရောက်ရဟန်းပြုပြီး ခပ်သိမ်းသော ဥပဓိတို့ကို စွန့်လွှတ်လျက် တဏှာကုန်ရာ အရဟတ္တဖိုလ်နိဗ္ဗာန်သို့ ရောက်ခြင်း။ (နေတ္တိ၊ဋ္ဌ၊၁၃၈။)♦

ထူးသော ဉာဏ်ဖြင့် သိ၍ ပယ်အပ်သော တရား ၂ ပါး

၁။ အဝိဇ္ဇာ၊
၂။ ဘဝတဏှာ။ (သံ၊၃၊၄၈။) (သံ၊မြန်၊၃။၅၁။)♦

ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုအပ်သော တရား ၂ ပါး

၁။ ဝိဇ္ဇာ- ဝိဇ္ဇာ ၃ ပါး, ဝိဇ္ဇာ ၈ ပါး၊
၂။ ဝိမုတ္တိ- ကိလေသာမှ လွတ်သော အရဟတ္တဖိုလ်။ (သံ၊၃၊၄၈။) (သံ၊မြန်၊၃။၅၁။)♦

ထူးသော ဉာဏ်ဖြင့် သိအပ်သော တရား ၁၀ ပါး

၁။ မှန်သော အယူရှိသူအား မှားသော မိစ္ဆာအယူသည် ပျက်စီး၏၊
၂။ မှန်သော အကြံရှိသူအား မှားသော အကြံသည် ပျက်စီး၏၊
၃။ မှန်စွာပြောဆိုသူအား မှားသော စကားသည် ပျက်စီး၏၊
၄။ မှန်သောအမှုကို ပြုသူအား မှားသော အမှုကို ပြုခြင်းသည် ပျက်စီး၏၊
၅။ မှန်သော အသက်မွေးခြင်းရှိသူအား မှားသော အသက်မွေးခြင်းသည် ပျက်စီး၏၊
၆။ မှန်သော အားထုတ်ခြင်းရှိသူအား မှားသော အားထုတ် ခြင်းသည် ပျက်စီး၏၊
၇။ မှန်သော အောက်မေ့ခြင်းရှိသူအား မှားသော အောက်မေ့ခြင်းသည် ပျက်စီး၏၊
၈။ မှန်သော တည်ကြည်ခြင်းရှိသူအား မှားသော တည်ကြည်ခြင်းသည် ပျက်စီး၏၊
၉။ မှန်သော အသိဉာဏ်ရှိသူအား မှားသော အသိဉာဏ်သည် ပျက်စီး၏၊
၁၀။ မှန်သော လွတ်မြောက်ခြင်းရှိသူအား မှားသော လွတ်မြောက်ခြင်းသည် ပျက်စီး၏။ (ဒီ၊၃၊၂၅၉။) (ဒီ၊မြန်၊၃။၂၈၃။)♦

ထူးသော ဉာဏ်ဖြင့် သိအပ်သော တရား ၂ ပါး

၁။ ပြုပြင်အပ်သော သင်္ခတဓာတ်၊
၂။ မပြုပြင် အပ်သော အသင်္ခတဓာတ်။ (ဒီ၊၃၊၂၂၉။) (ဒီ၊မြန်၊၃။၂၅၁။)♦

ထူးသော ဉာဏ်ဖြင့် သိအပ်သော တရား ၃ ပါး

၁။ ကာမဓာတ်၊
၂။ ရူပဓာတ်၊
၃။ အရူပဓာတ်။ (ဒီ၊၃၊၂၃၀။) (ဒီ၊မြန်၊၃။၂၅၂။)♦

ထူးသော ဉာဏ်ဖြင့် သိအပ်သော တရား ၄ ပါး

၁။ ဆင်းရဲခြင်းဟု အရိယာတို့ သိအပ်သော အမှန်တရား- ဒုက္ခအရိယသစ္စာ၊
၂။ ဆင်းရဲဖြစ်ကြောင်းဟု အရိယာတို့သိအပ်သော အမှန် တရား- ဒုက္ခသမုဒယအရိယသစ္စာ၊
၃။ ဆင်းရဲချုပ်ရာ နိဗ္ဗာန်ဟု အရိယာတို့ သိအပ်သော အမှန်တရား- ဒုက္ခနိရောဓအရိယသစ္စာ၊
၄။ ဆင်းရဲချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်ဟု အရိယာတို့သိအပ်သော အမှန်တရား- ဒုက္ခနိရောဓဂါမိနိမဂ္ဂအရိယသစ္စာ။ (ဒီ၊၃၊၂၃၁။) (ဒီ၊မြန်၊၃။၂၅၃။)♦

ထူးသော ဉာဏ်ဖြင့် သိအပ်သော တရား ၅ ပါး

ကိလေသာမှ လွတ်မြောက်ကြောင်း ၅ ပါးနှင့် တူသည်။ ♦

ထူးသော ဉာဏ်ဖြင့် သိအပ်သော တရား ၆ ပါး

၁။ အမြတ်ဆုံးသော မြင်ရခြင်း၊
၂။ အမြတ် ဆုံးသော ကြားရခြင်း၊
၃။ အမြတ်ဆုံးသော လာဘ်ရခြင်း၊
၄။ အမြတ်ဆုံးသော အကျင့်ကို ကျင့်ရခြင်း၊
၅။ အမြတ်ဆုံးသော လုပ်ကျွေးခြင်း၊
၆။ အမြတ်ဆုံးသော အောက်မေ့ခြင်း။ (ဒီ၊၃၊၂၃၉။) (ဒီ၊မြန်၊၃။၂၆၂။)♦

ထူးသော ဉာဏ်ဖြင့် သိအပ်သော တရား ၇ ပါး

၁။ သိက္ခာ (၃) ပါးကို စောင့်ထိန်းခြင်း၌ ထက်သော ဆန္ဒရှိခြင်းနှင့် သိက္ခာ (၃) ပါးကို စောင့်ထိန်းခြင်း၌ မကင်းသော တောင့်တခြင်း ရှိ၏၊
၂။ တရားကို ဆင်ခြင်ခြင်း၌ ထက်သော ဆန္ဒရှိခြင်းနှင့် တရားကို ဆင်ခြင်ခြင်း၌ မကင်းသော တောင့်တခြင်း ရှိ၏၊
၃။ တဏှာကို ဖျက်ဆီးခြင်း၌ ထက်သော ဆန္ဒရှိခြင်းနှင့် တဏှာကို ဖျက်ဆီးခြင်း၌ မကင်းသော တောင့်တခြင်း ရှိ၏၊
၄။ တစ်ယောက်ထီးတည်း နေခြင်း၌ ထက်သော ဆန္ဒရှိခြင်းနှင့် တစ်ယောက်ထီးတည်း နေခြင်း၌ မကင်းသော တောင့်တခြင်း ရှိ၏၊
၅။ သမ္မပ္ပဓာန် လုံ့လကို ချီးမြှောက်ခြင်း၌ ထက်သော ဆန္ဒရှိခြင်းနှင့် သမ္မပ္ပဓာန်လုံ့လကို ချီးမြှောက်ခြင်း၌ မကင်းသော တောင့်တခြင်း ရှိ၏၊
၆။ သတိပညာ၌ ထက်သော ဆန္ဒ ရှိခြင်းနှင့် သတိပညာ၌ မကင်းသော တောင့်တခြင်း ရှိ၏၊
၇။ အရိယာမဂ်ကို သိမြင်ခြင်း၌ ထက်သော ဆန္ဒရှိခြင်းနှင့် အရိယာမဂ်ကို သိမြင်ခြင်း၌ မကင်းသော တောင့်တခြင်း ရှိ၏။ (ဒီ၊၃၊၂၄၂။) (ဒီ၊မြန်၊၃။၂၆၅။)♦

ထူးသော ဉာဏ်ဖြင့် သိအပ်သော တရား ၈ ပါး

၁။ မိမိသန္တာန်၌ အဆင်းရုပ်ကို ရှုမှတ်၍ အပသန္တာန်၌ ကောင်းသောအဆင်း မကောင်းသော အဆင်းရှိသော ငယ်သော (ကသိုဏ်း) ရုပ်ကို ရှု၏၊ ထိုရုပ်တို့ကို လွှမ်းမိုး၍ သိသည် မြင်သည်ဟု အမှတ်သညာရှိ၏၊ ဤကား ပဌမ အဘိဘာယတနဈာန်တည်း၊
၂။ မိမိသန္တာန်၌ အဆင်းရုပ်ကို ရှုမှတ်၍ အပသန္တာန်၌ ကောင်းသော အဆင်း မကောင်းသော အဆင်းရှိသော ကြီးသော (ကသိုဏ်း) ရုပ်ကို ရှု၏၊ ထိုရုပ် တို့ကို လွှမ်းမိုး၍ သိသည် မြင်သည်ဟု အမှတ်သညာ ရှိ၏၊ ဤကား ဒုတိယ အဘိဘာယတန ဈာန်တည်း၊
၃။ မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်၊ အပသန္တာန်၌ ကောင်းသော အဆင်း မကောင်းသော အဆင်းရှိသော ငယ်သော (ကသိုဏ်း) ရုပ်ကို ရှု၏၊ ထိုရုပ်တို့ကို လွှမ်းမိုး၍ သိသည် မြင်သည်ဟု အမှတ်သညာ ရှိ၏၊ ဤကား တတိယ အဘိဘာယတနဈာန်တည်း၊
၄။ မိမိသန္တာန်၌ အဆင်းရုပ်ကို ရှုမှတ်၍ အပသန္တာန်၌ ကောင်းသော အဆင်း မကောင်းသော အဆင်းရှိသော ကြီးသော (ကသိုဏ်း) ရုပ်ကို ရှု၏၊ ထိုရုပ်တို့ကို လွှမ်းမိုး၍ သိသည် မြင်သည်ဟု အမှတ်သညာ ရှိ၏၊ ဤကား စတုတ္ထ အဘိဘာယတန ဈာန်တည်း၊
၅။ မိမိသန္တာန်၌ အဆင်း ရုပ်ကို မရှုမှတ်၊ အပသန္တာန်၌ ညိုသော အဆင်း ညိုသော (ကသိုဏ်း) ရုပ်ကို ရှု၏၊ ထိုရုပ်တို့ကို လွှမ်းမိုး၍ သိသည် မြင်သည်ဟု အမှတ်သညာ ရှိ၏၊ ဤကား ပဉ္စမ အဘိဘာယတန ဈာန်တည်း၊
၆။ မိမိသန္တာန်၌ အဆင်း ရုပ်ကို မရှုမှတ်၊ အပသန္တာန်၌ ဝါရွှေသော အဆင်း ဝါရွှေသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ထိုရုပ်တို့ကို လွှမ်းမိုး၍ သိသည် မြင်သည်ဟု အမှတ်သညာ ရှိ၏၊ ဤကား ဆဋ္ဌ အဘိဘာယတနဈာန်တည်း၊
၇။ မိမိသန္တာန်၌ အဆင်းကို မရှုမှတ်၊ အပသန္တာန်၌ နီသောအဆင်း နီသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ထိုရုပ်တို့ကို လွှမ်းမိုး၍ သိသည် မြင်သည်ဟု အမှတ်သညာရှိ၏၊ ဤကား သတ္တမ အဘိဘာယတန ဈာန်တည်း၊
၈။ မိမိသန္တာန်၌ အဆင်းကို မရှုမှတ်၊ အပသန္တာန်၌ ဖြူသောအဆင်း ဖြူသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ထိုရုပ်တို့ကို လွှမ်းမိုး၍ သိသည် မြင်သည်ဟု အမှတ်သညာရှိ၏၊ ဤကား အဋ္ဌမ အဘိဘာယတနဈာန်တည်း။ (ဒီ၊၃၊၂၅၀။) (ဒီ၊မြန်၊၃။၂၇၃။)♦

ထူးသော ဉာဏ်ဖြင့် သိအပ်သော တရား ၉ ပါး

၁။ ပဌမဈာန်သို့ ရောက်၍ နေခြင်း၊
၂။ ဒုတိယ ဈာန်သို့ ရောက်၍ နေခြင်၊
၃။ တတိယဈာန်သို့ ရောက်၍ နေခြင်း၊
၄။ စတုတ္ထဈာန်သို့ ရောက်၍ နေခြင်း၊
၅။ အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍ နေခြင်း၊
၆။ ဝိညာဏဉ္စာ ယတနဈာန်သို့ ရောက်၍ နေခြင်း၊
၇။ အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေခြင်း၊
၈။ နေဝ သညာနာသညာယတနဈာန်သို့ ရောက်၍ နေခြင်း၊
၉။ သညာဝေဒနာတို့၏ ချုပ်ခြင်း (နိရောဓသမာပတ်) သို့ ရောက်၍ နေခြင်း။ (ဒီ၊၃၊၂၅၄။) (ဒီ၊မြန်၊၃။၂၇၈။)♦

ထူးသော အဖို့ရှိသော တရား ၁၀ ပါး

၁။ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ မပေးသည်ကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၄။ မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊
၅။ ကုန်းတိုက်ခြင်းမှ ရှောင် ကြဉ်ခြင်း၊
၆။ ကြမ်းတမ်းသော စကားကို ပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊
၇။ ပြိန်ဖျင်းသော စကားကို ပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊
၈။ လွန်စွာ မမက်မောခြင်း၊
၉။ မပျက်စီးစေလိုခြင်း၊
၁၀။ မှန်သော အယူရှိခြင်း။ (ဒီ၊၃၊၂၅၇။) (ဒီ၊မြန်၊၃။၂၈၁။)♦

ထူးသော အဖို့ရှိသော တရား ၂ ပါး

၁။ ဆုံးမလွယ်ခြင်း၊
၂။ ကောင်းသော အဆွေခင်ပွန်း ရှိခြင်း။ (ဒီ၊၃၊၂၂၈။) (ဒီ၊မြန်၊၃။၂၅၁။)♦

ထူးသော အဖို့ရှိသော တရား ၃ ပါး

၁။ အလောဘဟူသော ကုသိုလ်မူလ၊
၂။ အဒေါသဟူသော ကုသိုလ်မူလ၊
၃။ အမောဟဟူသော ကုသိုလ်မူလ။ (ဒီ၊၃၊၂၃၀။) (ဒီ၊မြန်၊၃။၂၅၂။)♦

ထူးသော အဖို့ရှိသော တရား ၄ ပါး

၁။ ကာမယောဂဝိသံယောဂ-ကာမယောဂနှင့် မယှဉ်ခြင်း, ကာမယောဂမှ ကင်းခြင်း၊
၂။ ဘဝယောဂဝိသံယောဂ- ဘဝယောဂမှ ကင်းကြောင်းတရား၊
၃။ ဒိဋ္ဌိယောဂဝိသံယောဂ- ဒိဋ္ဌိယောဂနှင့် မယှဉ်သော, ဒိဋ္ဌိယောဂနှင့် ကင်းကွာသော တရား၊
၄။ အဝိဇ္ဇာယောဂဝိသံယောဂ- အဝိဇ္ဇာယောဂနှင့် မယှဉ်သော, အဝိဇ္ဇာယောဂနှင့် ကင်းကွာသော တရား။ (ဒီ၊၃၊၂၃၁။) (ဒီ၊မြန်၊၃။၂၅၃။)♦

ထူးသော အဖို့ရှိသော တရား ၅ ပါး

၁။ သဒ္ဓိန္ဒြေ၊
၂။ ဝီရိယိန္ဒြေ၊
၃။ သတိန္ဒြေ၊
၄။ သမာဓိန္ဒြေ၊
၅။ ပညိန္ဒြေ။ (ဒီ၊၃၊၂၃၃။) (ဒီ၊မြန်၊၃။၂၅၅။)♦

ထူးသော အဖို့ရှိသော တရား ၆ ပါး

၁။ ဘုရား၌ ရိုသေလေးစားခြင်း၊
၂။ တရားတော်၌ ရိုသေ လေးစားခြင်း၊
၃။ သံဃာတော်၌ ရိုသေလေးစားခြင်း၊
၄။ သိက္ခာ (၃) ပါး၌ ရိုသေလေးစားခြင်း၊
၅။ မမေ့မလျော့ခြင်း (ကောင်းသော အကျင့်) ၌ ရိုသေလေးစားခြင်း၊
၆။ ပဋိသန္ထာရ (ပျူငှာစွာ ဆက်ဆံခြင်း) ၌ ရိုသေလေးစားခြင်း။ (ဒီ၊၃၊၂၃၈။) (ဒီ၊မြန်၊၃။၂၆၁။)♦

ထူးသော အဖို့ရှိသော တရား ၇ ပါး

၁။ သဒ္ဓါတရား ရှိခြင်း၊
၂။ ရှက်ခြင်း ရှိခြင်း၊
၃။ ကြောက် လန့်ခြင်း ရှိခြင်း၊
၄။ အကြားအမြင် များခြင်း၊
၅။ အားထုတ်သော ဝီရိယရှိခြင်း၊
၆။ ထင်သော သတိရှိခြင်း၊
၇။ ပညာရှိခြင်း။ (ဒီ၊၃၊၂၄၂။) (ဒီ၊မြန်၊၃။၂၆၅။)♦

ထူးသော အဖို့ရှိသော တရား ၈ ပါး

၁။ ငါသည် အမှုကိစ္စကို ပြုရအံ့၊ အမှုကိစ္စပြုသော ငါသည် ဘုရား၏အဆုံးအမကို နှလုံးသွင်းရန် မလွယ်၊ မျက်မှောက် မပြုရသေးသော တရားကို မျက်မှောက်ပြုခြင်းငှာ ဝီရိယကို ဖြစ်စေအံ့ဟု စိတ်အကြံဖြစ်ကာ ဝီရိယကို ဖြစ်စေ၏၊ ဤကား ရှေးဦးစွာသော အားထုတ်ခြင်း၏ အကြောင်း၊
၂။ ငါသည် အမှုကိစ္စကို ပြုပြီးပြီ၊ အမှုကိစ္စ ပြုသော ငါသည် ဘုရား၏အဆုံးအမကို နှလုံးသွင်းရန် မစွမ်းနိုင်၊ မျက်မှောက် မပြုရ သေးသော တရားကို မျက်မှောက်ပြုခြင်းငှာ ဝီရိယကို ဖြစ်စေအံ့ဟု စိတ်အကြံဖြစ်ကာ ဝီရိယကို ဖြစ်စေ၏၊ ဤကား နှစ်ခုမြောက်သော အားထုတ်ခြင်း၏ အကြောင်း၊
၃။ ငါသည် ခရီးသွားရအံ့၊ အမှုကိစ္စပြုသော ငါသည် ဘုရား၏ အဆုံးအမကို နှလုံးသွင်းရန် မလွယ်၊ ဝီရိယကို ဖြစ်စေအံ့ဟု စိတ်အကြံဖြစ်ကာ ဝီရိယကို ဖြစ်စေ၏၊ ဤကား သုံးခုမြောက်သော အားထုတ် ခြင်း၏ အကြောင်း၊
၄။ ငါသည် ခရီးသွားပြီးပြီ အမှုကိစ္စပြုသော ငါသည် ဘုရား၏ အဆုံးအမကို နှလုံးသွင်းရန် မစွမ်းနိုင်၊ ဝီရိယကို ဖြစ်စေအံ့ဟု စိတ်အကြံဖြစ်ကာ ဝီရိယကို ဖြစ်စေ၏၊ ဤကား လေးခုမြောက်သော အားထုတ်ခြင်း၏ အကြောင်း၊
၅။ ဆွမ်းခံ သွားသည် ရှိသော် ကြမ်းသော နုသော ဆွမ်းဘောဇဉ်ကို ပြည့်စုံအောင် မရ၊ ကိုယ်သည် ပေါ့၏၊ အမှုကိစ္စပြုရန် ခံ့၏၊ ဝီရိယကို ဖြစ်စေအံ့ဟု စိတ်အကြံဖြစ်ကာ ဝီရိယကို ဖြစ်စေ၏၊ ဤကား ငါးခုမြောက်သော အားထုတ်ခြင်း၏ အကြောင်း၊
၆။ ဆွမ်းခံသွားသည်ရှိသော် ကြမ်းသော နုသော ဆွမ်းဘောဇဉ်ကို ပြည့်စုံအောင် ရခဲ့၏၊ ကိုယ်သည် အားရှိ၏၊ အမှုကိစ္စပြုရန် ခံ့၏၊ ဝီရိယကို ဖြစ်စေအံ့ဟု စိတ်အကြံဖြစ်ကာ ဝီရိယကို ဖြစ်စေ၏၊ ဤကား ခြောက်ခုမြောက်သော အားထုတ်ခြင်း၏ အကြောင်း၊
၇။ အနည်းငယ်မျှသော အနာသည် ဖြစ်၏၊ အနာသည် တိုးပွားရာသော အကြောင်းရှိ၏၊ ဝီရိယကို ဖြစ်စေအံ့ဟု စိတ်အကြံ ဖြစ်ကာ ဝီရိယကို ဖြစ်စေ၏၊ ဤကား ခုနစ်ခုမြောက်သော အားထုတ်ခြင်း၏ အကြောင်း၊
၈။ အနာမှ ထ၏၊ အနာမှ ထ၍ မကြာသေး၊ ပြန်ဖြစ်ရာသော အကြောင်းရှိ၏၊ ဝီရိယကို ဖြစ်စေအံ့ဟု စိတ်အကြံဖြစ်ကာ ဝီရိယကို ဖြစ်စေ၏၊ ဤကား ရှစ်ခုမြောက်သော အားထုတ်ခြင်း၏ အကြောင်း။ (ဒီ၊၃၊၂၄၇။) (ဒီ၊မြန်၊၃။၂၇၀။)♦

ထူးသော အဖို့ရှိသော တရား ၉ ပါး

၁။ ငါ၏ အကျိုးမဲ့ကို ပြုဖူးသည်ဟု ထိုအကျိုးမဲ့ ပြုခြင်းကို ထိုပုဂ္ဂိုလ်၌ အဘယ်အကြောင်းကြောင့် ရနိုင်အံ့နည်းဟု ရန်ငြိုးကို ဖြေ၏၊
၂။ ငါ၏ အကျိုးမဲ့ကို ပြုနေဆဲဟု ထိုအကျိုးမဲ့ပြုခြင်းကို ထိုပုဂ္ဂိုလ်၌ အဘယ်အကြောင်းကြောင့် ရနိုင် အံ့နည်းဟု ရန်ငြိုးကို ဖြေ၏၊
၃။ ငါ၏ အကျိုးမဲ့ကို ပြုလတ္တံ့ဟု ထိုအကျိုးမဲ့ပြုခြင်းကို ထိုပုဂ္ဂိုလ်၌ အဘယ်အကြောင်းကြောင့် ရနိုင်အံ့နည်းဟု ရန်ငြိုးကို ဖြေ၏၊
၄။ ငါချစ်ခင် နှစ်သက်သော ပုဂ္ဂိုလ်၏ အကျိုးမဲ့ကို ပြုဖူးပြီဟု ထိုအကျိုးမဲ့ပြုခြင်းကို ထိုပုဂ္ဂိုလ်၌ အဘယ် အကြောင်းကြောင့် ရနိုင်အံ့နည်းဟု ရန်ငြိုးကို ဖြေ၏၊
၅။ ငါချစ်ခင်နှစ်သက်သော ပုဂ္ဂိုလ်၏ အကျိုးမဲ့ကို ပြုနေဆဲဟု ထိုအကျိုးမဲ့ပြုခြင်းကို ထိုပုဂ္ဂိုလ်၌ အဘယ်အကြောင်းကြောင့် ရနိုင်အံ့ နည်းဟု ရန်ငြိုးကို ဖြေ၏၊
၆။ ငါ ချစ်ခင်နှစ်သက်သော ပုဂ္ဂိုလ်၏ အကျိုးမဲ့ကို ပြုလတ္တံ့ဟု ထိုအကျိုးမဲ့ပြုခြင်းကို ထိုပုဂ္ဂိုလ်၌ အဘယ်အကြောင်းကြောင့် ရနိုင်အံ့နည်းဟု ရန်ငြိုးကို ဖြေ၏၊
၇။ ငါ မနှစ်သက်သော ပုဂ္ဂိုလ်၏ အကျိုးကို ပြုဖူးသည်ဟု ထိုအကျိုးမဲ့ပြုခြင်းကို ထိုပုဂ္ဂိုလ်၌ အဘယ်အကြောင်းကြောင့် ရနိုင်အံ့နည်းဟု ရန်ငြိုးကို ဖြေ၏၊
၈။ ငါ မနှစ်သက်သော ပုဂ္ဂိုလ်၏ အကျိုးကို ပြုနေဆဲဟု ထိုအကျိုးမဲ့ပြုခြင်းကို ထိုပုဂ္ဂိုလ်၌ အဘယ်အကြောင်းကြောင့် ရနိုင်အံ့ နည်းဟု ရန်ငြိုးကို ဖြေ၏၊
၉။ ငါ မနှစ်သက်သော ပုဂ္ဂိုလ်၏ အကျိုးကို ပြုလတ္တံ့ဟု ထိုအကျိုးမဲ့ ပြုခြင်းကို ထိုပုဂ္ဂိုလ်၌ အဘယ်အကြောင်းကြောင့် ရနိုင်အံ့နည်းဟု ရန်ငြိုးကို ဖြေ၏။ (ဒီ၊၃၊၂၅၄။) (ဒီ၊မြန်၊၃။၂၇၇။)♦

ထူးသောဉာဏ်ဖြင့် ပိုင်းခြားသိအပ်သော တရား ၅ ပါး

၁။ ရူပုပါဒါနက္ခန္ဓာ၊
၂။ ဝေဒနုပါဒါ နက္ခန္ဓာ၊
၃။ သညုပါဒါနက္ခန္ဓာ၊
၄။ သင်္ခါရုပါဒါနက္ခန္ဓာ၊
၅။ ဝိညာဏုပါဒါနက္ခန္ဓာ။ (သံ၊၃၊၄၈။) (သံ၊မြန်၊၃။၅၁။)♦

ထူးသောဉာဏ်ဖြင့် သိ၍ ပွားများအပ်သော တရား ၂ ပါး

၁။ သမထ-နီဝရဏတရားတို့ကို ငြိမ်းစေ တတ်သော သမာဓိ၊
၂။ ဝိပဿနာ- အနိစ္စ အစရှိသည်၏ အစွမ်းဖြင့် အထူးထူး အပြားပြား အားဖြင့် ရှုခြင်း။ (သံ၊၃၊၄၈။) (သံ၊မြန်၊၃။၅၁။)♦

ထေယျသတ္ထသိက္ခာပုဒ်၌ အင်္ဂါ ၃ ပါး

၁။ ခိုးသူ ကုန်သည်အပေါင်း ဖြစ်ခြင်း၊
၂။ ခိုးသူ ကုန်သည်မှန်း သိလျက် တိုင်ပင်၍ အချိန်းအချက် ပြုခြင်း၊
၃။ အချိန် စသည် မချွတ်ယွင်းဘဲ သွားခြင်း။ (ဝိမတိ၊၂၊၄၇။)♦

ထေယျသတ္ထသိက္ခာပုဒ်၌ အင်္ဂါ ၄ မျိုး

၁။ ခိုးမှု ပြုပြီး, မပြုရသေးသော ခိုးသူ ကုန်သည်အပေါင်း ဖြစ်ခြင်း၊
၂။ သိခြင်း၊
၃။ အချိန်းအချက် ပြုခြင်း၊
၄။ အချိန်အခါ, နေ့ရက် ချွတ်ယွင်းမှု မရှိဘဲ သွားခြင်း။ (သာရတ္ထ၊ဋီ၊၃၊၈၆။)♦

ထေယျသံဝါသက ၃ မျိုး

၁။ လိင်္ဂတ္ထေနက- ရှင် ရဟန်း အသွင်ကို ခိုးယူခြင်း၊
၂။ သံဝါသတ္ထေနက- ငါ ဆယ်ဝါရပြီ ဆယ့်ငါးဝါရပြီ စသည်ဖြင့် ပေါင်းသင်းခြင်းကို ခိုးယူခြင်း၊
၃။ ဥဘယတ္ထေနက- အထက်ပါ နှစ်မျိုးလုံးကို ခိုးယူခြင်း။ (ဝိ၊ဋ္ဌ၊၃၊၂၉၈။)♦

ထေယျာဝဟာရ စသော ခိုးခြင်း ၅ မျိုး

၁။ ထေယျာဝဟာရ- ခိုးသူ၏ ဖြစ်ကြောင်း ဖြစ်ရာ ချိန်စဉ်းလဲ တင်းစဉ်းလဲ စသည်ဖြင့် လှည့်ပတ်၍ ခိုးခြင်း၊
၂။ ပသယှာဝဟာရ- လွှမ်းမိုးနှိပ်စက် အနိုင်ထက်ပြု၍ ခိုးခြင်း၊
၃။ ပရိကပ္ပါဝဟာရ- ဘဏ္ဍာကို ဖြစ်စေ, ယူရာအရပ်ကို ဖြစ်စေ ကြံဆ၍ ခိုးခြင်း၊
၄။ ပဋိစ္ဆန္နာဝဟာရ- မြက်စသည်ဖြင့် ဖုံးကွယ်ထားပြီး နောက်မှ ခိုးယူခြင်း၊
၅။ ကုသာဝဟာရ- မဲလိပ်ရွှေ့ပြောင်း၍ ခိုးခြင်း။ (ဝိ၊ဋ္ဌ၊၁၊၂၆၄။)♦

ထေရကရဏ တရား ၄ ပါး

၁။ သီလရှိခြင်း၊
၂။ ပိဋကအကြားအမြင် များခြင်း၊
၃။ ဈာန်လေးပါး တို့ကို ရရှိခြင်း၊
၄။ အာသဝေါကုန်ခန်း ရဟန္တာဖြစ်ခြင်း။ (ဒီ၊ဋ္ဌ၊၃၊၁၈၁။)♦

ထေရဂါထာ၌ နိပါတ်ပေါင်း ၂၁ မျိုး

၁။ ဧကကနိပါတ်၊
၂။ ဒုကနိပါတ်၊
၃။ တိကနိပါတ်၊
၄။ စတုက္က နိပါတ်၊
၅။ ပဉ္စကနိပါတ်၊
၆။ ဆက္ကနိပါတ်၊
၇။ သတ္တကနိပါတ်၊
၈။ အဋ္ဌကနိပါတ်၊
၉။ နဝက နိပါတ်၊
၁၀။ ဒသကနိပါတ်၊
၁၁။ ဧကာဒသကနိပါတ်၊
၁၂။ ဒွါဒသကနိပါတ်၊
၁၃။ တေရသက နိပါတ်၊
၁၄။ စုဒ္ဒသကနိပါတ်၊
၁၅။ သောဠသကနိပါတ်၊
၁၆။ ဝီသတိနိပါတ်၊
၁၇။ တိံသနိပါတ်၊
၁၈။ စတ္တာလီသနိပါတ်၊
၁၉။ ပညာသနိပါတ်၊
၂၀။ သဋ္ဌိနိပါတ်၊
၂၁။ သတ္တတိနိပါတ်။ (ထေရ၊ဋ္ဌ၊၁၊၃။)♦

ထေရီဂါထာ၌ နိပါတ်ပေါင်း ၁၆ မျိုး

၁။ ဧကကနိပါတ်၊
၂။ ဒုကနိပါတ်၊
၃။ တိကနိပါတ်၊
၄။ စတုက္ကနိပါတ်၊
၅။ ပဉ္စကနိပါတ်၊
၆။ ဆက္ကနိပါတ်၊
၇။ သတ္တကနိပါတ်၊
၈။ အဋ္ဌကနိပါတ်၊
၉။ နဝကနိပါတ်၊
၁၀။ ဧကာဒသကနိပါတ်၊
၁၁။ ဒွါဒသကနိပါတ်၊
၁၂။ သောဠသကနိပါတ်၊
၁၃။ ဝီသတိနိပါတ်၊
၁၄။ တိံသနိပါတ်၊
၁၅။ စတ္တာလီသနိပါတ်၊
၁၆။ မဟာနိပါတ်။ (ထေရ၊ဋ္ဌ၊၁၊၄။)♦

ထေရ် ၃ မျိုး

၁။ အသက်အရွယ်အားဖြင့် ကြီးသော ဇာတိထေရ်၊
၂။ တရားဂုဏ်အားဖြင့် ကြီးသော ဓမ္မထေရ်၊
၃။ သမုတ်အပ်သောအားဖြင့် ကြီးသော သမ္မုတိထေရ်။ (ဒီ၊၃၊၁၈၂။) (ဒီ၊မြန်၊၃။၂၀၂။)♦

ထောက်ပံ့ခြင်း ၂ မျိုး

၁။ ပစ္စည်းဖြင့် ထောက်ပံ့ခြင်း- အာမိသသင်္ဂဟ၊
၂။ တရားဖြင့် ထောက်ပံ့ခြင်း- ဓမ္မသင်္ဂဟ၊ (အံ၊၁၊၉၁။) (အံ၊မြန်၊၁။၁၀၇။)♦

ထောပတ် လှူရကျိုး ၅ ပါး

၁။ ခွန်အားဗလနှင့် ပြည့်စုံသူ ဖြစ်ခြင်း၊
၂။ ရုပ်အဆင်း လှပ တင့်တယ်သူ ဖြစ်ခြင်း၊
၃။ ရွှင်လန်းဝမ်းမြောက်ဖွယ် ဖြစ်သော သား (သမီး) ရှိသူ ဖြစ်ခြင်း၊
၄။ အနာရောဂါကင်းသူ ဖြစ်ခြင်း၊
၅။ သန့်ရှင်းစင်ကြယ်သူ ဖြစ်ခြင်း။ (အပ၊၁၊၃၆၈။) (အပ၊မြန်၊၁။၃၇၈။)♦

ထောပတ်ကြည်၏ ဂုဏ် ၃ ပါး

၁။ အဆင်းနှင့် ပြည့်စုံခြင်း၊
၂။ အနံ့နှင့် ပြည့်စုံခြင်း၊
၃။ အရသာနှင့် ပြည့်စုံခြင်း။ (မိလိန္ဒ၊၃၀၈။) (မိလိန္ဒ၊မြန်။၃၂၉။)♦

ဒကာဒကာမများ မလေးစားကြောင်း တရား ၅ ပါး

၁။ ရဟန်းသည် အဆွေခင်ပွန်း မဟုတ်ပါဘဲ အကျွမ်းတဝင် ပြုတတ်ခြင်း၊
၂။ မစိုးပိုင်ဘဲလျက်လည်း (စိုးပိုင်သကဲ့သို့) စီရင်တတ်ခြင်း၊
၃။ စွန့်လွှတ် (ကွဲပြား) ပြီးသူတို့ကိုလည်း (စေ့စပ်ရန်) မှီဝဲလေ့ရှိခြင်း၊
၄။ နားရင်း၌ ကပ်၍လည်း တိုးတိုးပြောလေ့ရှိခြင်း၊
၅။ အလွန်လည်း တောင်းတတ်ခြင်း။ (အံ၊၂၊၁၂၀။) (အံ၊မြန်၊၂။ ၁၄၇-၁၄၈။)♦

ဒကာဒကာမများ လေးစားကြောင်း တရား ၅ ပါး

၁။ ရဟန်းသည် အဆွေခင်ပွန်း မဟုတ်ဘဲ အကျွမ်းတဝင်ပြုလေ့ မရှိခြင်း၊
၂။ မစိုးပိုင်ဘဲလျက်လည်း (စိုးပိုင်သကဲ့သို့) စီရင်လေ့ မရှိခြင်း၊
၃။ စွန့်လွှတ် (ကွဲပြား) ပြီးသူတို့ကိုလည်း (စေ့စပ်ရန်) မှီဝဲလေ့ မရှိခြင်း၊
၄။ နားရင်း၌ ကပ်၍လည်း တိုးတိုးပြောလေ့ မရှိခြင်း၊
၅။ အလွန်လည်း မတောင်းတတ်ခြင်း။ (အံ၊၂၊၁၂၀။) (အံ၊မြန်၊၂။၁၄၈။)♦

ဒက္ခိဏာဝိသုဒ္ဓိ ၄ ပါး

အလှူ၏ သန့်ရှင်းစင်ကြယ်ကြောင်း ၄ ပါးနှင့် တူသည်။ ♦

ဒဏ် ၃ ပါး

၁။ ကာယဒဏ္ဍ- ကာယဒုစရိုက် သုံးပါး၊
၂။ ဝစီဒဏ္ဍ- ဝစီဒုစရိုက် လေးပါး၊
၃။ မနော ဒဏ္ဍ- မနောဒုစရိုက် သုံးပါး။ (မဟာနိ၊၃၁၅။) (စူဠနိ၊၂၂၉။) (အပ၊ဋ္ဌ၊၁၊၁၄၄။)♦

ဒဏ်ကြီး ၁၀ ပါး

၁။ ကြမ်းတမ်းပြင်းထန်သော ဦးခေါင်းကိုက်ခဲခြင်း စသော ရောဂါဝေဒနာ ဖြစ်ခြင်း၊
၂။ ပစ္စည်းဥစ္စာများ အကြောင်းအမျိုးမျိုးဖြင့် ဆုတ်ယုတ်ပျက်စီးခြင်း၊
၃။ ခန္ဓာကိုယ် ခြေပြတ်, လက်ပြတ်စသည် ဖြစ်ခြင်း၊
၄။ မျက်စိကွယ်ခြင်း, နူနာစွဲခြင်း, လေငန်းဖြတ်ခြင်း စသော ကြီးလေးသော အနာရောဂါ ဖြစ်ခြင်း၊
၅။ ရူးသွပ်ခြင်းသို့ ရောက်ခြင်း၊
၆။ ရာထူး ဌာနန္တရများ ဖယ်ရှားခံရခြင်း၊
၇။ ကြမ်းတမ်းသော စွပ်စွဲမှုများကို ခံရခြင်း၊
၈။ မိမိ၏ မှီခို အားထားရာဖြစ်သော ဆွေမျိုးများ သေဆုံးပျက်စီးခြင်း၊
၉။ စည်းစိမ်ဥစ္စာများ ဆွေးမြည့် ပျက်စီးခြင်း, ရွှေတုံးရွှေခဲများမှ မီးသွေးခဲ စသည် ဖြစ်သွားခြင်း, အိမ်မီးလောင်ခံရခြင်း၊
၁၀။ သေလွန်ပြီးနောက် အပါယ်ငရဲသို့ ကျရောက်ရခြင်း။ (ဓမ္မ၊၃၄။) (ဓမ္မ၊ဋ္ဌ၊၂၊၄၄။) (အပ၊ဋ္ဌ၊၁၊၂၇၁။) (ဓမ္မ၊မြန်။၃၂။)♦

ဒန္တပေါနသိက္ခာပုဒ်၌ အင်္ဂါ ၄ မျိုး

၁။ အကပ်မခံထားသော အာဟာရ ဖြစ်ခြင်း၊
၂။ ခွင့်ပြုထားသော အာဟာရ မဟုတ်ခြင်း၊
၃။ မီးခိုး အစရှိသော အာပတ်၏ အင်္ဂါဟု ပြောဆိုခြင်းငှာ မထိုက်သော ခဲဖွယ်ဘောဇဉ် မဟုတ်သည် ဖြစ်ခြင်း၊
၄။ စားမျိုခြင်း။ (သာရတ္ထ၊ဋီ၊၃၊၇၅။) (ဝိမတိ၊၂၊၃၈။)♦

ဒန်ပူမဝါး အပြစ် ၅ ပါး

၁။ မျက်စိ မကြည်မလင်ခြင်း၊
၂။ ခံတွင်းနံ့ မကောင်းခြင်း၊
၃။ အရသာကို ဆောင်သော အကြောတို့ မစင်ကြယ်ခြင်း၊
၄။ သည်းခြေ သလိပ်သည် အစာကို မြှေးယှက်ခြင်း၊
၅။ ထမင်းမမြိန်ခြင်း။ (ဝိ၊၄၊၂၇၈။) (အံ၊၂၊၂၁၉။) (ဝိ၊မြန်၊၄။၂၈၂။) (အံ၊မြန်၊၂။၂၇၅။)♦

ဒန်ပူဝါးကျိုး ၅ ပါး

၁။ မျက်စိကြည်လင်ခြင်း၊
၂။ ခံတွင်းအနံ့ ကောင်းခြင်း၊
၃။ အရသာကို ဆောင်သော အကြောတို့ စင်ကြယ်ခြင်း၊
၄။ သည်းခြေသလိပ်သည် အစာကို မမြှေးယှက်ခြင်း၊
၅။ ထမင်းမြိန်ခြင်း။ (ဝိ၊၄၊၂၇၈။) (အံ၊၂၊၂၁၉။) (ဝိ၊မြန်၊၄။၂၈၂။) (အံ၊မြန်၊၂။၂၇၅။)♦

ဒွါရဝတီမြို့၏ ညီနောင်မင်းသား ၁၀ ပါး

၁။ ဝါသုဒေဝ၊
၂။ ဗလဒေဝ၊
၃။ စန္ဒဒေဝ၊
၄။ သူရိယဒေဝ၊
၅။ အဂ္ဂိဒေဝ၊
၆။ ဝရုဏဒေဝ၊
၇။ ပဇ္ဇုန၊
၈။ အဇ္ဇုန၊
၉။ ဃဋပဏ္ဍိတ၊
၁၀။ အင်္ကုရ။ (ပေတ၊ဋ္ဌ၊၈၈။)♦

ဒွေဘာဂသိက္ခာပုဒ်၌ အဖို့အစု ၄ မျိုး

၁။ မဲနက်သော သိုးမွေးတို့၏ အဖို့အစု နှစ်ခု၊
၂။ ဖြူသော သိုးမွေးတို့၏ အဖို့အစု တစ်ခု၊
၃။ ညိုရွှေရော အရောင်ကြောင်သော သိုးမွေးတို့၏ အဖို့အစု တစ်ခု။ (ဝိ၊ဋ္ဌ၊၂၊၂၆၃။)♦

ဒသက ၁၀ မျိုး

၁။ မန္ဒဒသက- အသက်တမ်းတစ်ရာရှိသော ပုဂ္ဂိုလ်၏ များသောအားဖြင့် သတိပညာ နုံ့နှေးသော ပထမ ဆယ်နှစ်၊
၂။ ခိဍ္ဍာဒသက- မြူးတူးပျော်ရွှင်ခြင်းများသော ဒုတိယ ဆယ်နှစ်၊
၃။ ဝဏ္ဏဒသက- အဆင်းနှင့် ပြည့်စုံသောအားဖြင့် ဖြစ်သော တတိယ ဆယ်နှစ်၊
၄။ ဗလဒသက- ခွန်အား သန်မာသောအားဖြင့် ဖြစ်သော စတုတ္ထဆယ်နှစ်၊
၅။ ပညာဒကက- ပညာဉာဏ် ပွင့်လင်းသောအားဖြင့် ဖြစ်သော ပဉ္စမ ဆယ်နှစ်၊
၆။ ဟာနိဒသက- ခိဍ္ဍာ, ဝဏ္ဏ, ဗလ, ပညာ ဆုတ်ယုတ်သောအားဖြင့် ဖြစ်သော ဆဋ္ဌ ဆယ်နှစ်၊
၇။ ပဗ္ဘာရဒသက- ခန္ဓာကိုယ် ရှေ့သို့ ကိုင်းသောအားဖြင့် ဖြစ်သော သတ္တမ ဆယ်နှစ်၊
၈။ ဝင်္ကဒသက- ခန္ဓကိုယ်သည် ထယ်ကိုင်းကဲ့သို့ ကုန်းသောအားဖြင့် ဖြစ်သော အဋ္ဌမ ဆယ်နှစ်၊
၉။ မောမူဟဒသက- အလွန် တွေဝေသော သတိ မေ့သောအားဖြင့် ဖြစ်သော နဝမ ဆယ်နှစ်၊
၁၀။ သယနဒသက- အိပ်ရာ ညောင်စောင်း၌ လဲလျောင်းခြင်း များသောအားဖြင့် ဖြစ်သော ဒသမ ဆယ်နှစ်။ (ဝိသုဒ္ဓိ၊၂၊၂၅၄။) (ဇာ၊ဋ္ဌ၊၄၊၃၉၇။)♦

ဒဿနဘူမိဖြင့် ပယ်အပ်သော သံယောဇဉ် ၃ ပါး

၁။ သက္ကာယဒိဋ္ဌိ၊
၂။ ဝိစိကိစ္ဆာ၊
၃။ သီလဗ္ဗတ ပရာမာသ။ (နေတ္တိ၊ဋ္ဌ၊၁၄။)♦

ဒဿနသမာပတ္တိ ၄ ပါး

၁။ သုံးဆယ့်နှစ်ပါးသော ကောဋ္ဌာသ၌ အနိစ္စ စသည်အားဖြင့် အားထုတ် အပ်သော ဝိပဿနာသည် ပဌမဒဿနသမာပတ္တိ၊
၂။ အရိုးဟူသော အာရုံ၌ အနိစ္စ စသည်ဖြင့် အားထုတ်အပ်သော ဝိပဿနာသည် ဒုတိယဒဿနသမာပတ္တိ၊
၃။ သေက္ခပုဂ္ဂိုလ်, ပုထုဇဉ် ပုဂ္ဂိုလ်တို့၏ စိတ်ကို ပိုင်းခြား၍ သိတတ်သော ဉာဏ်သည် တတိယဒဿနသမာပတ္တိ၊
၄။ ရဟန္တာပုဂ္ဂိုလ်၏ စိတ်ကို ပိုင်းခြား၍ သိတတ်သော ဉာဏ်သည် စတုတ္ထဒဿနသမာပတ္တိ။ (ဒီ၊ဋ္ဌ၊၃၊၇၂။)♦

ဒဿနသမာပတ္တိ ၄ ပါး (တစ်နည်း)

၁။ ပဌမဈာန်သည် ပဌမ ဒဿနသမာပတ္တိ၊
၂။ ဒုတိယ ဈာန်သည် ဒုတိယ ဒဿနသမာပတ္တိ၊
၃။ တတိယဈာန်သည် တတိယ ဒဿနသမာပတ္တိ၊
၄။ စတုတ္ထဈာန်သည် စတုတ္ထ ဒဿနသမာပတ္တိ၊ ။ (ဒီ၊ဋ္ဌ၊၃၊၇၂။)♦

ဒဿနသမာပတ္တိ ၄ ပါး (တစ်နည်း)

၁။ ပဌမမဂ်သည် ပဌမ ဒဿနသမာပတ္တိ၊
၂။ ဒုတိယ မဂ်သည် ဒုတိယ ဒဿနသမာပတ္တိ၊
၃။ တတိယမဂ်သည် တတိယ ဒဿနသမာပတ္တိ၊
၄။ စတုတ္ထ မဂ်သည် စတုတ္ထ ဒဿနသမာပတ္တိ။ (ဒီ၊ဋ္ဌ၊၃၊၇၂။)♦

ဒဿနသမာပတ္တိ ၄ ပါး (တစ်နည်း)

၁။ အားထုတ်ခြင်းကို စွဲ၍ ကောဋ္ဌာသကို သိခြင်းအား လျောက်ပတ်သော သမာဓိကို ရ၍ စိတ်တည်ကြည်လတ်သော် ‘‘ဤငါ၏ကိုယ်၌ ဆံပင် အမွေး စသော ၃၂ ကောဋ္ဌာသတို့သာ ရှိကုန်၏’’ဟု စူးစိုက်ဆင်ခြင်၏၊ ဤကား ဆံ အစရှိသည်ကို စက်ဆုပ်ဖွယ်ဟု ရှုသဖြင့် ဖြစ်သော ဉာဏ်အမြင်သို့ ရောက်ခြင်း၊
၂။ အားထုတ် ခြင်းကို စွဲ၍ ကောဋ္ဌာသကို သိခြင်းအား လျောက်ပတ်သော သမာဓိကို ရ၍ စိတ်တည်ကြည် လတ်သော် ကိုယ်တွင်းရှိသော ဆံ စသော ၃၂ ကောဋ္ဌာသ အရေ အသား အသွေးကို လွန်၍ အရိုးကို ဆင်ခြင်၏၊ ဤကား အရိုးကို စက်ဆုပ်ဖွယ်ဟု ရှုသဖြင့် ဖြစ်သော ဉာဏ်အမြင်သို့ ရောက်ခြင်း၊
၃။ အားထုတ်ခြင်းကို စွဲ၍ ကောဋ္ဌာသကို သိခြင်းအား လျောက်ပတ်သော သမာဓိကို ရ၍ စိတ်တည်ကြည်လတ်သော် ကိုယ်တွင်းရှိ ၃၂ ပါးသော ကောဋ္ဌာသတို့ ရှိကုန်၏၊ အရေ အသား အသွေးကို လွန်၍ အရိုးကိုလည်း ဆင်ခြင်၏၊ ပစ္စုပ္ပန် တမလွန် နှစ်ပါးစုံ မပြတ်သော ပုဂ္ဂိုလ်၏ ဝိညာဉ်ကိုလည်း သိ၏။ ဤကား သုံးကြိမ်မြောက် ဉာဏ် အမြင်သို့ ရောက်ခြင်း၊
၄။ အားထုတ်ခြင်းကို စွဲ၍ ကောဋ္ဌာသကို သိခြင်းအား လျောက်ပတ်သော သမာဓိကို ရ၍ စိတ်တည်ကြည်လတ်သော် ကိုယ်တွင်းရှိ ၃၂ ပါးသော ကောဋ္ဌာသတို့ ရှိကုန်၏၊ အရေ အသား အသွေးကို လွန်၍ အရိုးကိုလည်း ဆင်ခြင်၏၊ ပစ္စုပ္ပန် တမလွန် နှစ်ပါးစုံ ပြတ်သော ပုဂ္ဂိုလ်၏ ဝိညာဉ်ကိုလည်း သိ၏၊ ဤကား လေးကြိမ်မြောက် ဉာဏ်အမြင်သို့ ရောက်ခြင်း။ (ဒီ၊၃၊၈၆-၈၇။) (ဒီ၊မြန်၊၃။၉၂-၉၃။)♦

ဒဿိတာပတ္တိပညတ် ၂ မျိုး

၁။ ပြုလုပ်သူကို မပြအပ်သော ပညတ်၊
၂။ ပြုလုပ်သူကို ပြအပ်သော ပညတ်။ (ဝဇိရ၊၆၉။)♦

ဒါန ၂ မျိုး

၁။ အာမိသဒါန- ထမင်းအဖျော်စသော လှူဖွယ်ပစ္စည်း ဒါနဝတ္ထု ဆယ်ခုတို့ကို စွန့်ကြဲ ပေးကမ်းလှူဒါန်းခြင်း၊
၂။ ဓမ္မဒါန- မျက်မှောက်, တမလွန် နှစ်တန်သော အကျိုး, မဂ်ဖိုလ်နိဗ္ဗာန်အကျိုးတို့ကို သယ်ပိုးဆောင်ရွက်နိုင်သော ဘုရားရှင်၏ တရားတော်များကို သူတစ်ပါးတို့အား သင်ကြားပို့ချ ဟောပြော ပြသပေးခြင်း။ (ခုဒ္ဒက၊၂၆၀။) (ခုဒ္ဒက၊ဋ္ဌ၊၁၁၈။) (ဣတိဝုတ်၊ဋ္ဌ၊၂၉၄။) (သုတ္တနိ၊ဋ္ဌ၊၂၊၂၃။) (စရိယာ၊ဋ္ဌ၊၂၉၅။) (ခုဒ္ဒက၊မြန်။၂၄၆။)♦

ဒါန ၃ မျိုး

၁။ ပစ္စည်းဝတ္ထုကို စွန့်လှူကြောင်း စေတနာအလှူဒါန၊
၂။ ဘေးမဲ့ကို ပေးခြင်း ဝိရတိစေတသိက်၊
၃။ ပေးလှူထိုက်သော သဘောရှိသော ပစ္စည်းကို ပေးလှူခြင်း။ (အဘိ၊ဋ္ဌ၊၃၊၁၉၇။)♦

ဒါန ၃ မျိုး (တစ်နည်း)

၁။ ဆွမ်း, ထမင်း အစရှိသော အာမိသကို ပေးလှူခြင်း၊
၂။ သတ္တဝါ တို့အား ဘေးမဲ့ပေးခြင်း, သတ္တဝါတို့ကို ဘေးမရှိအောင် စောင့်ရှောက်ခြင်း၊
၃။ တရားဓမ္မကို ပေးလှူခြင်း။ (သီ၊ဋီ၊သစ်၊၁၊၂၇၃။)♦

ဒါန ၆ မျိုး

၁။ ရူပဒါန၊
၂။ သဒ္ဒဒါန၊
၃။ ဂန္ဓဒါန၊
၄။ ရသဒါန၊
၅။ ဖောဋ္ဌဗ္ဗဒါန၊
၆။ ဓမ္မဒါန။ (စရိယာ၊ဋ္ဌ၊၂၉၉။) (သီ၊ဋီ၊သစ်၊၁၊၂၇၃။)♦

ဒါန ၈ မျိုး

၁။ ရောက်လာသောကြောင့် အလှူကို ပေးလှူခြင်း၊
၂။ ကဲ့ရဲ့ခြင်းမှ ကြောက်သောကြောင့် အလှူကို ပေးလှူခြင်း၊
၃။ ငါအား ပေးဘူးသည်ဟု အလှူကို ပေးလှူခြင်း၊
၄။ ငါအား ပေးလတ္တံ့ဟု အလှူကို ပေးလှူခြင်း၊
၅။ အလှူသည် သူတော်ကောင်းတို့ ချီးမွမ်းအပ်၏ဟု အလှူကို ပေးလှူခြင်း၊
၆။ ငါသည် ထမင်းချက်၏၊ ဤသူတို့ မချက်ကုန်၊ ချက်သော ငါသည် မချက်သော သူတို့အား မပေးဘဲထားခြင်းငှာ မထိုက်ဟု အလှူကို ပေးလှူခြင်း၊
၇။ ကောင်းသော ကျော်စော သတင်း ပျံ့နှံ့၏ဟု အလှူကို ပေးလှူခြင်း၊
၈။ သမထဝိပဿနာစိတ်၏ အခြံအရံအလို့ငှာ အလှူကို ပေးလှူခြင်း။ (ဒီ၊၃၊၂၁၄။) (ဒီ၊မြန်၊၃။၂၃၇။) (အံ၊၃၊၆၈။)♦

ဒါန အနှောင့်အယှက် ၄ မျိုး

၁။ ရှေးရှေးက အလှူဒါနကို ပြုလုပ်ဖူးသော အလေ့အထ မရှိခြင်း၊
၂။ မိမိပိုင်ဆိုင်သော ပစ္စည်းဝတ္ထု၏ နည်းပါးနေခြင်း၊
၃။ မွန်မွန်မြတ်မြတ် နှစ်သက်ဖွယ်ဝတ္ထုပစ္စည်း ဖြစ်ခြင်း၊
၄။ ကုန်ခန်းသွားမည်ကို ကြံစည်တွေးတောခြင်း။ (စရိယာ၊ဋ္ဌ၊၃၁၈။) (သီ၊ဋီ၊သစ်၊၁၊၂၉၅။)♦

ဒါန၏ မျက်မှောက်အကျိုး ပေးကြောင်း အင်္ဂါ ၄ ပါး

အလှူ၏ မျက်မှောက်အကျိုးပေးကြောင်း အင်္ဂါ ၄ ပါးနှင့်တူသည်။ ♦

ဒါန၏ အင်္ဂါ ၆ ပါး

အလှူ၏ အင်္ဂါ ၆ ပါးနှင့် တူသည်။ ♦

ဒါနပါရမီ ၃ မျိုး

၁။ ခန္ဓာကိုယ်မှ အပဖြစ်သော ပစ္စည်းဥစ္စာကို လှူဒါန်းခြင်း- ဒါနပါရမီ၊
၂။ လက် ခြေ စသော ကိုယ်အင်္ဂါ အစိတ်အပိုင်းကို လှူဒါန်းခြင်း- ဒါနဥပပါရမီ၊
၃။ မိမိ၏ အသက်ကို စွန့်လွှတ်လှူဒါန်းခြင်း- ဒါနပရမတ္ထပါရမီ။ (အပ၊ဋ္ဌ၊၁၊၃၂။)♦

ဒါနဖြစ်ကြောင်း ၃ ပါး

၁။ သဒ္ဓါတရားရှိခြင်း၊
၂။ လှူဖွယ်ဝတ္ထုရှိခြင်း၊
၃။ အလှူခံပုဂ္ဂိုလ်ရှိခြင်း။ (ဣတိဝုတ်၊ဋ္ဌ၊၂၉၆။)♦

ဒါနဖြစ်ကြောင်း ၈ ပါး

ဒါန ၈ မျိုးနှင့် တူသည်။ ♦

ဒါနမယစသော ကုသိုလ်ဇော ၃ မျိုး

၁။ ကာယကံ ဒါနမယစသော ကုသိုလ်ဇော၊
၂။ ဝစီကံ ဒါနမယ စသော ကုသိုလ်ဇော၊
၃။ မနောကံ ဒါနမယစသော ကုသိုလ်ဇော။ (အဘိ၊ဋ္ဌ၊၁၊၁၁၆။)♦

ဒါနဝတ္ထု ၁၀ မျိုး

၁။ အန္န- ခဲဖွယ်ဘောဇဉ်၊
၂။ ပါန- အဖျော်ရည်၊
၃။ ဝတ္ထ- အဝတ်အထည်၊
၄။ ယာန- ဖိနပ် စသော ယာဉ်၊
၅။ မာလာ- ပန်း၊
၆။ ဂန္ဓ- နံ့သာ၊
၇။ ဝိလေပန- လိမ်းကျံကြောင်း နံ့သာပျောင်း၊
၈။ သေယျာ- အိပ်ရာနေရာ၊
၉။ အာဝသထ- ကျောင်း၊
၁၀။ ပဒီပေယျ- ဆီမီး။ (ဝိ၊ဋ္ဌ၊၄၊၁၈၂။) (စရိယာ၊ဋ္ဌ၊၂၉၅။)♦

ဒါနအကျိုး ၅ ပါး

၁။ နတ်၌ ဖြစ်သော အသက်ရှည်ခြင်း၊
၂။ နတ်၌ ဖြစ်သော အဆင်းလှခြင်း၊
၃။ နတ်၌ ဖြစ်သော ချမ်းသာကြီးခြင်း၊
၄။ နတ်၌ ဖြစ်သော အခြံအရံ အကျော်အစောရှိခြင်း၊
၅။ နတ်၌ ဖြစ်သော အစိုးရခြင်း။ (အံ၊၂၊၂၇။) (အံ၊မြန်၊၂။၃၅။)♦

ဒါနအကျိုး ၅ ပါး (တစ်နည်း)

၁။ လူ၌ ဖြစ်သော အသက်ရှည်ခြင်း၊
၂။ လူ၌ ဖြစ်သော အဆင်း လှခြင်း၊
၃။ လူ၌ ဖြစ်သော ချမ်းသာကြီးခြင်း၊
၄။ လူ၌ ဖြစ်သော အခြံအရံ အကျော်အစောရှိခြင်း၊
၅။ လူ၌ ဖြစ်သော အစိုးရခြင်း။ (အံ၊၂၊၂၇။) (အံ၊မြန်၊၂။၃၆။)♦

ဒါနအကျိုး ၅ ပါး (တစ်နည်း)

၁။ ပေးလှူတတ်သော ရဟန်းသည် အလှူခံတော်မူပါဟု တောင်းပန်ခံ ရသည် ဖြစ်၍သာလျှင် သင်္ကန်းကို သုံးဆောင်ရသည်က များ၍ တောင်းပန်မခံရဘဲ သုံးဆောင်ရ သည်က နည်းခြင်း၊
၂။ ပေးလှူတတ်သော ရဟန်းသည် အလှူခံတော်မူပါဟု တောင်းပန်ခံ ရသည်ဖြစ်၍သာလျှင် ဆွမ်းကို သုံးဆောင်ရသည်က များ၍ တောင်းပန်မခံရဘဲ သုံးဆောင်ရ သည်က နည်းခြင်း၊
၃။ ပေးလှူတတ်သော ရဟန်းသည် အလှူခံတော်မူပါဟု တောင်းပန် ခံရသည် ဖြစ်၍သာလျှင် ကျောင်းကို သုံးဆောင်ရသည်က များ၍ တောင်းပန်မခံရဘဲ သုံးဆောင် ရသည်က နည်းခြင်း၊
၄။ ပေးလှူတတ်သော ရဟန်းသည် အလှူခံတော်မူပါဟု တောင်းပန်ခံ ရသည် ဖြစ်၍သာလျှင် ဆေးကို သုံးဆောင်ရသည်က များ၍ တောင်းပန်မခံရဘဲ သုံးဆောင်ရ သည်က နည်းခြင်း၊
၅။ ပေးလှူတတ်သော ရဟန်းကို သီတင်းသုံးဖော်တို့သည် ကိုယ်အမူအရာ, နှုတ်အမူအရာ, စိတ်အမူအရာတို့ဖြင့် နှစ်ခြိုက်ဖွယ် ပူဇော်ကြသည်က များ၍ မနှစ်ခြိုက်ဖွယ် ပူဇော်ကြသည်က နည်းခြင်း။ (အံ၊၂၊၂၇-၂၈။) (အံ၊မြန်၊၂။၃၆။)♦

ဒါနအကျိုး ၅ ပါး (တစ်နည်း)

၁။ လူအများ ချစ်ခင် မြတ်နိုးမှုကို ခံရခြင်း၊
၂။ သူတော်ကောင်းများ ချဉ်းကပ်ခံရခြင်း၊
၃။ ကောင်းသတင်း ကျော်စော ပျံ့နှံ့ခြင်း၊
၄။ မင်း, ပုဏ္ဏား, သူကြွယ်, ရဟန်းပရိသတ်သို့ ရဲဝံ့စွာ ချဉ်းကပ်နိုင်ခြင်း၊
၅။ သေသည် အခြားမဲ့၌ နတ်ပြည်သို့ ရောက်ရခြင်း။ (အံ၊၂၊၃၃။) (အံ၊မြန်၊၂။၄၂။)♦

ဒါနအကျိုး ၅ ပါး (တစ်နည်း)

၁။ လူအများ ချစ်ခင် မြတ်နိုးခြင်း၊၂။ ငြိမ်သက်သော စိတ်နှလုံး ရှိသည့် သူတော်ကောင်းတို့ ချဉ်းကပ်ခြင်း၊
၃။ ကောင်းသော ကျော်စောသံသည် ပျံ့နှံ့၍ ထွက်ခြင်း၊
၄။ လူတို့ အကျင့်တရား (ငါးပါးသီလ) မှ မလွတ်ကင်းနိုင်ခြင်း၊၅။ နောက်ဘဝ၌ ကောင်းသော လားရာ နတ်ပြည်သို့ ရောက်ရခြင်း။ (အံ၊၂၊၃၄။) (အံ၊မြန်၊၂။၄၄။)♦

ဒါနအန္တရာယ် ၄ မျိုး

ဒါန အနှောင့်အယှက် ၄ မျိုးနှင့် တူသည်။ ♦

ဒါယကာ၏ အင်္ဂါ ၇ ပါး (တစ်နည်း) (ရဟန်းတို့ ကပ်ရောက်သင့်သော ဒါယကာ၏ အင်္ဂါ ၇ ပါး)

၁။ မြတ်နိုးသဖြင့် ခရီးဦး ကြိုဆိုခြင်း၊
၂။ မြတ်နိုးသဖြင့် ရှိခိုးခြင်း၊
၃။ မြတ်နိုးသဖြင့် နေရာ ပေးခြင်း၊
၄။ ထင်ရှားရှိသော လှူဖွယ်ဝတ္ထုကို ထိုပုဂ္ဂိုလ်အား မလျှို့ဝှက်ခြင်း၊
၅။ လှူဖွယ်ဝတ္ထု အများရှိသော် များပြားစွာ ပေးလှူခြင်း၊
၆။ မွန်မြတ်သော လှူဖွယ်ဝတ္ထုရှိသော် မွန်မြတ်သော လှူဖွယ်ဝတ္ထုကို ပေးလှူခြင်း၊
၇။ ရိုရိုသေသေ ပေးလှူခြင်း။ (အံ၊၂၊၄၀၂။) (အံ၊မြန်၊၂။၅၀၉။)♦

ဒါယကာ၏ အင်္ဂါ ၇ ပါး (ရဟန်းတို့ မကပ်ရောက်သင့်သော ဒါယကာ၏ အင်္ဂါ ၇ ပါး)

၁။ မြတ်နိုး သဖြင့် ခရီးဦး မကြိုဆိုခြင်း၊
၂။ မြတ်နိုးသဖြင့် ရှိမခိုးခြင်း၊
၃။ မြတ်နိုးသဖြင့် နေရာမပေးခြင်း၊
၄။ ထင်ရှားရှိသော လှူဖွယ်ဝတ္ထုကို ထိုပုဂ္ဂိုလ်အား လျှို့ဝှက်ခြင်း၊
၅။ အလှူဝတ္ထု အများ ရှိပါလျက်လည်း အနည်းငယ်ကို ပေးလှူခြင်း၊
၆။ မွန်မြတ်သော လှူဖွယ် ရှိပါလျက် ကြမ်းတမ်းသောဝတ္ထုကို ပေးလှူခြင်း၊
၇။ မရိုမသေ ပေးလှူခြင်း။ (အံ၊၂၊၄၀၂။) (အံ၊မြန်၊၂။ ၅၀၉။)♦

ဒါယကာကျင့်ဝတ် ၅ ပါး

၁။ မေတ္တာနှင့် ယှဉ်သော ကာယကံမှု ရှိရခြင်း၊
၂။ မေတ္တာနှင့် ယှဉ်သော ဝစီကံမှု ရှိရခြင်း၊
၃။ မေတ္တာနှင့် ယှဉ်သော မနောကံမှု ရှိရခြင်း၊
၄။ အမြဲမပြတ် လှူဒါန်း လိုသော အလောဘတံခါးကို ဖွင့်၍ ထားရခြင်း၊
၅။ ဆွမ်းစသော အာမိသတို့ကို ပေးလှူ ရခြင်း။ (ဒီ၊၃၊၁၅၅-၁၅၆။) (ဒီ၊မြန်၊၃။၁၇၄။)♦

ဒိဋ္ဌဓမ္မနိဗ္ဗာနဝါဒ ၅ မျိုး

၁။ အတ္တသည် ကာမဂုဏ် (၅) ပါးတို့ဖြင့် ကုံလုံပြည့်စုံစွာ ပျော်ရွှင် ခံစား၍ မျက်မှောက် လောကီနိဗ္ဗာန်သို့ ရောက်သည်ဟု ယူသော အယူ၊
၂။ အတ္တသည် ပထမ ဈာန်သို့ ရောက်၍ မျက်မှောက် လောကီနိဗ္ဗာန်သို့ ရောက်သည်ဟု ယူသော အယူ၊
၃။ အတ္တသည် ဒုတိယဈာန်သို့ ရောက်၍ မျက်မှောက် လောကီနိဗ္ဗာန်သို့ ရောက်သည်ဟု ယူသော အယူ၊
၄။ အတ္တသည် တတိယဈာန်သို့ ရောက်၍ မျက်မှောက် လောကီနိဗ္ဗာန်သို့ ရောက်သည်ဟု ယူသော အယူ၊
၅။ အတ္တသည် စတုတ္ထဈာန်သို့ ရောက်၍ မျက်မှောက် လောကီနိဗ္ဗာန်သို့ ရောက်သည် ဟု ယူသော အယူ။ (ဒီ၊၁၊၃၃၊၃၄။) (ဒီ၊မြန်၊၁။၃၉။)♦

ဒိဋ္ဌိ ၁၆ မျိုး

၁။ သာယာဖွယ်ဟု ယူသော အယူ(အဿာဒဒိဋ္ဌိ)၊
၂။ အတ္တသို့ အစဉ်လိုက်သော အယူ (အတ္တာနုဒိဋ္ဌိ)၊
၃။ ဖောက်ပြန်သော အယူရှိသော အယူ (မိစ္ဆာဒိဋ္ဌိ)၊
၄။ မိမိ၏ ကိုယ်ကို စွဲလမ်းသော အယူ (သက္ကာယဒိဋ္ဌိ)၊
၅။ အတ္တသည် မြဲ၏ဟု ယူသော အယူ (သဿတဒိဋ္ဌိ)၊
၆။ အတ္တသည် ပြတ်၏ဟု ယူသော အယူ(ဥစ္ဆေဒဒိဋ္ဌိ)၊
၇။ အဆုံးရှိ၏ဟု ယူသော အယူ (အန္တဂ္ဂါဟိကဒိဋ္ဌိ)၊
၈။ အတိတ်ဟူသော ရှေ့အစွန်းသို့ အစဉ်လျှောက်၍ ယူသော အယူ (ပုဗ္ဗန္တာနု ဒိဋ္ဌိ)၊
၉။ နောက်အစွန်းသို့ အစဉ်လျှောက်၍ ယူသော အယူ (အပရန္တာနုဒိဋ္ဌိ)၊
၁၀။ အကျိုးမဲ့၌ ယှဉ်စေတတ်သော (သံယောဇနဒိဋ္ဌိ)၊
၁၁။ ငါဟူသော မာန်မူခြင်းဖြင့် နှောင်ဖွဲ့အပ်သော အယူ (အဟန္တိ မာနဝိနိဗဒ္ဓဒိဋ္ဌိ)၊
၁၂။ ငါ့ဥစ္စာဟူ၍ မာန်မူခြင်းဖြင့် နှောင်ဖွဲ့အပ်သော အယူ (မမန္တိ မာနဝိနိဗဒ္ဓဒိဋ္ဌိ)၊
၁၃။ ငါ၏ ကိုယ်ဟူသော အတ္တဝါဒနှင့်စပ်သော အယူ (အတ္တဝါဒပဋိသံယုတ္တ ဒိဋ္ဌိ)၊
၁၄။ အတ္တကို လောကဟု ပြောဆိုခြင်းနှင့်စပ်သော အယူ (လောကဝါဒပဋိသံယုတ္တဒိဋ္ဌိ)၊
၁၅။ ဘဝ၏ အစွမ်းအားဖြင့် ဖြစ်သော အယူ- ဘဝဒိဋ္ဌိ၊
၁၆။ ဝိဘဝ၏ အစွမ်းဖြင့် ဖြစ်သော အယူ- ဝိဘဝဒိဋ္ဌိ။ (ပဋိသံ၊၁၃၃။) (ပဋိသံ၊မြန်။၁၇၄။)♦

ဒိဋ္ဌိ ၂ မျိုး

၁။ ဘဝမြဲ၏ဟု ယူမှားခြင်း- ဘဝဒိဋ္ဌိ၊
၂။ ဘဝပြတ်၏ဟု ယူမှားခြင်း- ဝိဘဝဒိဋ္ဌိ။ (မ၊၁၊၉၄။) (သံ၊၂၊၇၇။) (မ၊မြန်၊၁။၁၀၁။) (သံ၊မြန်၊၂။၇၄။)♦

ဒိဋ္ဌိ ၄ မျိုး

၁။ ချမ်းသာဆင်းရဲကို ကိုယ်တိုင် ပြုအပ်၏ဟု အမှန်အကန် အခိုင်အမာအားဖြင့် ယူခြင်း၊
၂။ ချမ်းသာဆင်းရဲကို သူတစ်ပါး ပြုအပ်၏ဟု အမှန်အကန် အခိုင်အမာအားဖြင့် ယူခြင်း၊
၃။ ချမ်းသာဆင်းရဲကို ကိုယ်တိုင်လည်း ပြုအပ်၏၊ သူတစ်ပါးလည်း ပြုအပ်၏ဟု အမှန်အကန် အခိုင်အမာအားဖြင့် ယူခြင်း၊
၄။ ချမ်းသာဆင်းရဲကို ကိုယ်တိုင်လည်း မပြုအပ်၊ သူတစ်ပါး လည်း မပြုအပ်၊ အကြောင်းကို မစွဲမူ၍ ဖြစ်၏ဟု အမှန်အကန် အခိုင်အမာအားဖြင့် ယူခြင်း။ (အဘိ၊ဝိ၊၃၉၁။) (အဘိ၊ဝိ၊မြန်၊၂။၄၉၄။)♦

ဒိဋ္ဌိ ၅ မျိုး

၁။ အတ္တသည် သညာရှိ၏ သေပြီးနောက် ပျက်စီးခြင်းမရှိ မြဲ၏ဟု ယူခြင်း၊
၂။ အတ္တသည် သညာမရှိ၊ သေပြီးနောက် ပျက်စီးခြင်းမရှိ မြဲ၏ဟု ယူခြင်း၊
၃။ အတ္တသည် သညာရှိသည်လည်း မဟုတ်, သညာမရှိသည်လည်း မဟုတ်, သေပြီးနောက် ပျက်စီးခြင်းမရှိ မြဲ၏ဟု ယူခြင်း၊
၄။ ထင်ရှားရှိသော သတ္တဝါ၏ ပြတ်စဲပျက်စီး ကင်းပျောက်ခြင်းကို ပညတ်ခြင်း၊
၅။ မျက်မှောက်ဘဝ၌ ဖြစ်သော ဒိဋ္ဌဓမ္မနိဗ္ဗာန်ကို ပြောဆိုပညတ်ခြင်း။ (အဘိ၊ဝိ၊၃၉၂။) (အဘိ၊ဝိ၊မြန်၊၂။၄၉၇။)♦

ဒိဋ္ဌိ ၆ မျိုး (မသင့်သော အကြောင်းအားဖြင့် နှလုံးသွင်းသော သူအား ဖြစ်သော ဒိဋ္ဌိ ၆ ပါး)

၁။ ‘‘ငါအား အတ္တသည် ရှိ၏’’ ဟု ယူသောအားဖြင့် အမှန်အကန် အခိုင်အမာအားဖြင့် ဒိဋ္ဌိ ဖြစ်ခြင်း၊
၂။ ‘‘ငါအား အတ္တသည် မရှိ’’ ဟု ယူသောအားဖြင့် အမှန်အကန် အခိုင်အမာအားဖြင့် ဒိဋ္ဌိဖြစ်ခြင်း၊
၃။ ‘‘အတ္တဖြင့်သာလျှင် အတ္တကို သိ၏’’ဟု ယူဆသော သူအား အမှန်အကန် အခိုင်အမာအားဖြင့် ဒိဋ္ဌိဖြစ်ခြင်း၊
၄။ ‘‘အတ္တဖြင့်သာလျှင် အနတ္တကို သိ၏’’ ဟု ယူသော သူအား အမှန်အားဖြင့် လည်းကောင်း အခိုင်အမာအားဖြင့်လည်းကောင်း ဒိဋ္ဌိ ဖြစ်ခြင်း၊
၅။ ‘‘အနတ္တဖြင့်သာလျှင် အတ္တကို သိ၏’’ ဟု ယူအပ်သော သူအား အမှန်အားဖြင့် လည်းကောင်း အခိုင်အမာအားဖြင့်လည်းကောင်း ဒိဋ္ဌိဖြစ်ခြင်း၊
၆။ ငါ၏ ထိုအတ္တသည် သိမြင် ခံစားတတ်၏၊ ခိုင်မြဲ၏၊ စသည်ဖြင့် ယူသော သူအား အမြင်မှားမှု ဒိဋ္ဌိဖြစ်ခြင်း။ (မ၊၁၊၁၀။) (အဘိ၊ဝိ၊၃၉၆။) (မ၊မြန်၊၁။၁၂။) (အဘိ၊ဝိ၊မြန်၊၂။၅၀၃။)♦

ဒိဋ္ဌိ ဖြစ်ကြောင်း ၈ ပါး

ဒိဋ္ဌိဌာန ၈ မျိုးနှင့် တူသည်။ ♦

ဒိဋ္ဌိ၌ တည်သော ကာယကံ ၃ မျိုး

၁။ ယထာဒိဋ္ဌိယံ ဌိတကာယကမ္မံ- သူတစ်ပါးအသက် သတ်ခြင်း စသည်ကို ပြုသောသူအား မကောင်းမှုမရှိဟု ယူ၍ သူ့အသက်သတ်ခြင်းကို ပြုခြင်း၊
၂။ ဒိဋ္ဌိ သဟဇာတကာယကမ္မံ- သူတစ်ပါးအသက် သတ်ခြင်း စသည်ကို ပြုသောသူအား မကောင်းမှု မရှိဟု ယူ၍ ထိုအယူနှင့် အတူတကွဖြစ်သော ကာယကံမှု၊
၃။ ဒိဋ္ဌာနုလောမိက ကာယကမ္မံ- အထက်ပါ အယူကိုသာလျှင် စွဲယူ၍ ဆောက်တည်ခြင်း။(ပဋိသံ၊ဋ္ဌ၊၂၊၄၈။) ♦

ဒိဋ္ဌိဌာန ၈ မျိုး

၁။ ခန္ဓာ ဟူသော ဒိဋ္ဌိတို့၏ တည်ရာအကြောင်း၊
၂။ အဝိဇ္ဇာ ဟူသော ဒိဋ္ဌိတို့၏ တည်ရာအကြောင်း၊
၃။ ဖဿ ဟူသော ဒိဋ္ဌိတို့၏ တည်ရာအကြောင်း၊
၄။ သညာ ဟူသော ဒိဋ္ဌိတို့၏ တည်ရာအကြောင်း၊
၅။ ဝိတက်ဟူသော ဒိဋ္ဌိတို့၏ တည်ရာအကြောင်း၊
၆။ မသင့်သော အားဖြင့် နှလုံးသွင်းခြင်း ဟူသော ဒိဋ္ဌိတို့၏ တည်ရာအကြောင်း၊
၇။ အဆွေခင်ပွန်းယုတ် ဟူသော ဒိဋ္ဌိတို့၏ တည်ရာအကြောင်း။ (ပဋိသံ၊၁၃၂။) (ဒီ၊ဋ္ဌ၊၁၊၉၉။) (မ၊ဋ္ဌ၊၁၊၃၁၇။) (ပဋိသံ၊မြန်။၁၇၂။) (ဒီ၊ဋ္ဌ၊မြန်၊၁။၁၉၃။)♦

ဒိဋ္ဌိတို့၏ ချုပ်ခြင်း ၂ မျိူး

၁။ ခဏိကအားဖြင့် ချုပ်ခြင်း၊
၂။ ပစ္စယအကြောင်းအားဖြင့် ချုပ်ခြင်း။ (မ၊ဋ္ဌ၊၁၊၃၁၇။)♦

ဒိဋ္ဌိတို့၏ တည်ရာ ၈ မျိုး

ဒိဋ္ဌိဌာန ၈ မျိုးနှင့် တူသည်။ ♦

ဒိဋ္ဌိတို့၏ အကြောင်း ၂ မျိုး

၁။ ဒိဋ္ဌိတို့၏ ဖြစ်ခြင်းသည် ခဏိကအကြောင်း၊
၂။ ရှစ်ပါးသော ဖြစ်ရာ အကြောင်းတို့သည် ပစ္စယအကြောင်း။ (မ၊ဋ္ဌ၊၁၊၃၁၇။)♦

ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ် ၆ ယောက်

၁။ သောတာပတ္တိဖိုလ်၌ တည်သော ပုဂ္ဂိုလ်၊
၂။ သကဒါဂါမိမဂ်၌ တည်သော ပုဂ္ဂိုလ်၊
၃။ သကဒါဂါမိဖိုလ်၌ တည်သော ပုဂ္ဂိုလ်၊
၄။ အနာဂါမိမဂ်၌ တည်သော ပုဂ္ဂိုလ်၊
၅။ အနာဂါမိဖိုလ်၌ တည်သော ပုဂ္ဂိုလ်၊
၆။ အရဟတ္တမဂ်၌ တည်သော ပုဂ္ဂိုလ်။ (ဒီ၊ဋ္ဌ၊၃၊၇၃။) (မ၊ဋ္ဌ၊၃၊၁၃၂။) (အံ၊ဋ္ဌ၊၃၊၁၄၇။)♦

ဒိဋ္ဌိဖြစ်ကြောင်း ၆ ပါး

၁။ ရုပ်သည် ငါ, ငါ့ဥစ္စာ, ငါ့လိပ်ပြာ (ငါ့အတ္တ) ဟု ရှုခြင်း၊
၂။ ဝေဒနာသည် ငါ, ငါ့ဥစ္စာ, ငါ့လိပ်ပြာ (ငါ့အတ္တ) ဟု ရှုခြင်း၊
၃။ သညာသည် ငါ, ငါ့ဥစ္စာ, ငါ့လိပ်ပြာ (ငါ့အတ္တ) ဟု ရှုခြင်း၊
၄။ သင်္ခါရသည် ငါ, ငါ့ဥစ္စာ, ငါ့လိပ်ပြာ (ငါ့အတ္တ) ဟု ရှုခြင်း၊
၅။ မြင်အပ်, ကြားအပ်, တွေ့ထိအပ်, သိအပ်, ရောက်အပ်, စိတ်ဖြင့် ကြံစည်အပ်သော အာရုံသည် ငါ, ငါ့ဥစ္စာ, ငါ့လိပ်ပြာ (ငါ့အတ္တ) ဟု ရှုခြင်း၊
၆။ ထိုငါသည် လောကတည်း၊ ကိုယ်တည်း၊ ထိုငါသည် တမလွန်ဘဝ၌ ဖြစ်အံ့၊ မြဲအံ့၊ ခိုင်ခံ့အံ့၊ ဖောက်ပြန်ခြင်းသဘော မရှိအံ့ စသော အယူကိုလည်း ငါ, ငါ့ဥစ္စာ, ငါ့လိပ်ပြာ (ငါ့အတ္တ) ဟု ရှုခြင်း။ (မ၊၁၊၁၈၈။) (မ၊မြန်၊၁။၂၁၉။)♦

ဒိဋ္ဌိဖြစ်ပုံ ၁၈ ပါး

၁။ ဒိဋ္ဌိ (၆၂) ပါး၌ အတွင်းဝင်ခြင်း (ဒိဋ္ဌိဂတ)၊
၂။ လွန်နိုင်ခဲခြင်း (ဒိဋ္ဌိဂဟန)၊
၃။ ရွံရှာဖွယ် ဘေးဘျမ်းရှိခြင်း (ဒိဋ္ဌိကန္တာရ)၊
၄။ သမ္မာဒိဋ္ဌိနှင့် ဆန့်ကျင်ခြင်း (ဒိဋ္ဌိဝိသုက)၊
၅။ သဿတအယူစသည်ကြောင့် တုန်လှုပ်ခြင်း (ဒိဋ္ဌိဝိပ္ဖန္ဒိတ)၊
၆။ အကျိုးမဲ့၌ ယှဉ်စေခြင်း (ဒိဋ္ဌိသညောဇန)၊
၇။ ငြောင့်တံကျင်ကဲ့သို့ နှုတ်နိုင်ခဲခြင်း (ဒိဋ္ဌိသလ္လ)၊
၈။ နှိပ်စက် ကျဉ်းမြောင်း စေခြင်း (ဒိဋ္ဌိသမ္ဗာဓ)၊
၉။ လွတ်မြောက်ခြင်းကို တားမြစ်နှောင့်ယှက်ခြင်း (ဒိဋ္ဌိ ပလိဗောဓ)၊
၁၀။ နှောင်ဖွဲ့တတ်သော သဘော (ဒိဋ္ဌိဗန္ဓန)၊
၁၁။ ချောက်ကမ်းနှင့်တူသော သဘော (ဒိဋ္ဌိပပါတ)၊
၁၂။ အဖန်ဖန် ကိန်းတတ်သော သဘော (ဒိဋ္ဌာနုသယ)၊
၁၃။ ကိုယ်ကို ပူပန်စေတတ်သော သဘော (ဒိဋ္ဌိသန္တာပ)၊
၁၄။ ကိုယ်ကို ပြင်းစွာ ပူလောင်တတ်သော သဘော (ဒိဋ္ဌိပရိဠာဟ)၊
၁၅။ ကိလေသာဖြင့် ထုံးဖွဲ့တတ်သော သဘော (ဒိဋ္ဌိဂန္ထ)၊
၁၆။ ပြင်းစွာ စွဲယူ တတ်သော သဘော (ဒိဋ္ဌုပါဒါန)၊
၁၇။ မှားယွင်းစွာ နှလုံးသွင်းတတ်သော သဘော (ဒိဋ္ဌာ ဘိနီဝေသ)၊
၁၈။ မှားယွင်းစွာ သုံးသပ်တတ်သော သဘော (ဒိဋ္ဌိပရာမာသ)။ (ပဋိသံ၊၁၃၂။) (ပဋိသံ၊မြန်။၁၇၃။)♦

ဒိဋ္ဌိဝိပတ္တိကြောင့် သင့်သော အာပတ် ၂ ပါး

၁။ ဉတ်ကမ္မဝါစာဖြင့် ဆုံးမပါလျက် ယုတ်ညံ့သော အယူကို မစွန့်အံ့၊ ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ်သို့ ရောက်ခြင်း၊
၂။ ကမ္မဝါစာ၏ အဆုံး၌ ပါစိတ်အာပတ်သို့ ရောက်ခြင်း။ (ဝိ၊၅၊၁၇၈။) (ဝိ၊မြန်၊၅။၂၆၀။)♦

ဒိဋ္ဌိသီသ ၂ မျိုး

၁။ သဿတဒိဋ္ဌိသီသ- အတ္တလောကသည် မြဲ၏ဟူသော အယူကို ဦးတည်ခြင်း၊
၂။ ဥစ္ဆေဒဒိဋ္ဌိသီသ- အတ္တကောင် သတ္တဝါကောင်သည် လည်းကောင်း, လောကသည် လည်းကောင်း, သေပြီးနောက် ထပ်၍ မဖြစ်, အဆက်ပြတ်၏ ဟူသော အယူမှား အယူကို ဦးတည်ခြင်း။ (သံ၊ဋီ၊၂၊၁၇။)♦

ဒိဗ္ဗစက္ခုဉာဏ် ဖြစ်ရာအာရုံ ၄ ပါး

၁။ ပရိတ္တအာရုံ၊
၂။ ပစ္စုပ္ပန်အာရုံ၊
၃။ အဇ္ဈတ္တအာရုံ၊
၄။ ဗဟိဒ္ဓ အာရုံ။ (ဝိသုဒ္ဓိ၊၂၊၆၄။)♦

ဒိဗ္ဗသောတဉာဏ် ဖြစ်ရာအာရုံ ၄ ပါး

၁။ ပရိတ္တအာရုံ၊
၂။ ပစ္စုပ္ပန်အာရုံ၊
၃။ အဇ္ဈတ္တအာရုံ၊
၄။ ဗဟိဒ္ဓ အာရုံ။ (ဝိသုဒ္ဓိ၊၂၊၆၁။)♦

ဒိဗ္ဗသောတဉာဏ်၏ စွမ်းအား ၄ ပါး

၁။ နတ်၌ ဖြစ်သော ဝေးသော အသံကို ကြားနိုင်ခြင်း၊
၂။ နတ်၌ ဖြစ်သော နီးသော အသံကို ကြားနိုင်ခြင်း၊
၃။ လူ၌ ဖြစ်သော ဝေးသော အသံကို ကြားနိုင်ခြင်း၊
၄။ လူ၌ ဖြစ်သော နီးသော အသံကို ကြားနိုင်ခြင်း။ (ဒီ၊၁၊၇၄။) (ဒီ၊မြန်၊၁။၈၈။)♦

ဒိသာဖရဏမေတ္တာ ၁၀ ပါး

၁။ အရှေ့အရပ်မျက်နှာ၌ ရှိကုန်သော သတ္တဝါအားလုံးတို့ ‘ဘေးရန် ကင်းကုန်သည် ကြောင့်ကြဗျာပါဒ ကင်းကုန်သည် ဆင်းရဲမရှိကုန်သည်၊ မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကုန်သည် ဖြစ်ကြပါစေ’ဟု ပွားခြင်း၊
၂။ အနောက်အရပ်မျက်နှာ၌ ရှိကုန်သော သတ္တဝါအားလုံးတို့ ‘ဘေးရန်ကင်းကုန်သည် ကြောင့်ကြဗျာပါဒ ကင်းကုန်သည် ဆင်းရဲမရှိကုန်သည် မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကုန်သည် ဖြစ်ကြပါစေ’ဟု ပွားခြင်း၊
၃။ မြောက်အရပ်မျက်နှာ၌ ရှိကုန်သော သတ္တဝါအားလုံးတို့ ‘ဘေးရန် ကင်းကုန်သည် ကြောင့်ကြ ဗျာပါဒ ကင်းကုန်သည် ဆင်းရဲမရှိကုန်သည်၊ မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကုန်သည် ဖြစ်ကြပါစေ’ဟု ပွားခြင်း၊
၄။ တောင်အရပ်မျက်နှာ၌ ရှိကုန်သော သတ္တဝါ အားလုံးတို့ ‘ဘေးရန် ကင်းကုန်သည် ကြောင့်ကြဗျာပါဒ ကင်းကုန်သည် ဆင်းရဲ မရှိကုန်သည် မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကုန်သည် ဖြစ်ကြပါစေ’ဟု ပွားခြင်း၊
၅။ အရှေ့မြောက်အရပ် မျက်နှာ၌ ရှိကုန်သော သတ္တဝါအားလုံးတို့ ‘ဘေးရန်ကင်းကုန်သည် ကြောင့်ကြဗျာပါဒ ကင်းကုန်သည် ဆင်းရဲမရှိကုန်သည်၊ မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကုန်သည် ဖြစ်ကြ ပါစေ’ဟု ပွားခြင်း၊
၆။ အနောက်တောင် အရပ်မျက်နှာ၌ ရှိကုန်သော သတ္တဝါအားလုံးတို့ ‘ဘေးရန်ကင်းကုန်သည် ကြောင့်ကြဗျာပါဒ ကင်းကုန်သည် ဆင်းရဲ မရှိကုန်သည်၊ မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကုန်သည် ဖြစ်ကြပါစေ’ဟု ပွားခြင်း၊
၇။ အရှေ့တောင်အရပ်မျက်နှာ၌ ရှိကုန်သော သတ္တဝါအားလုံးတို့ ‘ဘေးရန် ကင်းကုန်သည် ကြောင့်ကြဗျာပါဒ ကင်းကုန်သည် ဆင်းရဲမရှိကုန်သည်၊ မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကုန်သည် ဖြစ်ကြပါစေ’ဟု ပွားခြင်း၊
၈။ အနောက်တောင်အရပ်မျက်နှာ၌ ရှိကုန်သော သတ္တဝါအားလုံးတို့ ‘ဘေးရန်ကင်းကုန်သည် ကြောင့်ကြဗျာပါဒ ကင်းကုန်သည် ဆင်းရဲမရှိကုန်သည်၊ မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင် ကုန်သည် ဖြစ်ကြပါစေ’ဟု ပွားခြင်း၊
၉။ အောက်အရပ်မျက်နှာ၌ ရှိကုန်သော သတ္တဝါ အားလုံးတို့ ‘ဘေးရန်ကင်းကုန်သည် ကြောင့်ကြဗျာပါဒ ကင်းကုန်သည် ဆင်းရဲမရှိကုန်သည်၊ မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကုန်သည် ဖြစ်ကြပါစေ’ဟု ပွားခြင်း၊
၁၀။ အထက်အရပ် မျက်နှာ၌ ရှိကုန်သော သတ္တဝါအားလုံးတို့ ‘ဘေးရန်ကင်းကုန်သည် ကြောင့်ကြဗျာပါဒ ကင်းကုန်သည် ဆင်းရဲမရှိကုန်သည် မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကုန်သည် ဖြစ်ကြ ပါစေ’ဟု ပွားခြင်း။ (ပဋိသံ၊၃၁၄။) (ပဋိသံ၊မြန်။၃၇၆။)♦

ဒီဃနိကာယ် ၃ ကျမ်း

၁။ သီလက္ခန္ဓဝဂ်၊
၂။ မဟာဝဂ်၊
၃။ ပါထိကဝဂ်။ (ဒီ၊ဋ္ဌ၊၁၊၂။) (ဒီ၊ဋ္ဌ၊မြန်၊၁။၃။)♦

ဒီးဒုတ်ငှက်နှင့် ယောဂီပုဂ္ဂိုလ် တူပုံ ၂ မျိုး

၁။ ဒီးဒုတ်ငှက်သည် သေရည်ကို သောက်မိသည်ရှိသော် ထွေးအန်ပစ်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် သင့်လျော်သောအားဖြင့် နှလုံးသွင်း၍ မနှစ်သက်ဖွယ်သော စိတ်ကို ထွေးအန်ပစ်ခြင်း)၊
၂။ ဒီးဒုတ်ငှက်သည် တစ်ကြိမ်သောက် အပ်သော ရေကို မထွေးအန်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ရတနာသုံးပါးတို့၌ ဖြစ်ပေါ် လာသော ကြည်ညိုမှုကို ပြန်၍ မလျော့ချအပ်ခြင်း, ခန္ဓာငါးပါးတို့အပေါ်၌ ဖြစ်ပေါ်လာသော အနိစ္စ ဉာဏ်ကို တစ်ဖန် မလျော့ချအပ်ခြင်း) ။ (မိလိန္ဒ၊၄၀၁။) (မိလိန္ဒ၊မြန်။၄၂၃။)♦

ဒီပင်္ကရဘုရားရှင်၏ သာဝကအစည်းအဝေး ၃ ကြိမ်

၁။ ပဌမအကြိမ် သုနန္ဒာမည်သော အာရာမ်၌ ကုဋေတစ်သိန်းကုန်သော တပည့်သာဝကတို့၏ အင်္ဂါလေးပါးတို့နှင့် ပြည့်စုံသော အစည်း အဝေး၊
၂။ ဒုတိယအကြိမ် နာရဒမည်သော တောင်ထိပ်၌ ကုဋေတစ်ရာကုန်သော ရဟန္တာ အရှင်မြတ်တို့ အစည်းအဝေး၊
၃။ တတိယအကြိမ် ဒီပင်္ကရာဘုရားရှင် သုဒဿနတောင်၌ ဝါဆိုပြီး၍ ဝါကျွတ်ကာလ ကုဋေကိုးသောင်း အတိုင်းအရှည်ရှိသော ရဟန်းတို့နှင့် ပဝါရဏာ ပြုသော အစည်းအဝေး။ (အဘိ၊ဋ္ဌ၊၁၊၅၅။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၁၅၁။) (ဇာ၊ဋ္ဌ၊၁၊၃၅။)♦

ဒီပင်္ကရဘုရားရှင်၏ အဂ္ဂသာဝက ၂ ပါး

၁။ သုမင်္ဂလထေရ်၊
၂။ တိဿထေရ်။ (အဘိ၊ဋ္ဌ၊၁၊၅၆။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၁၅၅။) (ဇာ၊ဋ္ဌ၊၁၊၃၆။)♦

ဒီပင်္ကရဘုရားရှင်၏ အဂ္ဂသာဝိကာမ ၂ ပါး

၁။ နန္ဒာထေရီ၊
၂။ သုနန္ဒာထေရီ၊ (အဘိ၊ဋ္ဌ၊၁၊၅၆။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၁၅၅။) (ဇာ၊ဋ္ဌ၊၁၊၃၆။)♦

ဒီပင်္ကရဘုရားရှင်နှင့် ပွင့်ရာကမ္ဘာတူ ဘုရား ၃ ဆူ

၁။ တဏှင်္ကရဘုရားရှင်၊
၂။ မေဓင်္ကရ ဘုရားရှင်၊
၃။ သရဏင်္ကရဘုရားရှင်။ (ဗုဒ္ဓဝံ၊ဋ္ဌ၊၁၅၉။)♦

ဒု သ န သော အသံကြီး ၄ မျိုး

၁။ ဒု- ဒုဇ္ဇီတမဇီဝိမှ စသော ဂါထာ၏ အစအက္ခရာ၊
၂။ သ- သဋ္ဌိဝဿသဟဿာနိ စသော ဂါထာ၏ အစအက္ခရာ၊
၃။ န- နတ္ထိ အန္တော ကုတော အန္တော စသော ဂါထာ၏ အစအက္ခရာ၊
၄။ သော- သောဟံ နုန ဣတော ဂန္တွာ စသော ဂါထာ၏ အစအက္ခရာ။ (ပေတ၊ဋ္ဌ၊၂၆၂။) (ဇာ၊ဋ္ဌ၊၃၊၄၁။)♦

ဒုကုဋ်သင်္ကန်းကြီးကို ထားခဲ့နိုင်ကြောင်း ၅ ပါး

၁။ မကျန်းမမာ ဖျားနာနေခြင်း၊
၂။ မိုးလေးလ ဖြစ်ခြင်း၊
၃။ မြစ်တစ်ဖက်ကမ်းသို့ သွားရောက်လိုခြင်း၊
၄။ လုံခြုံသော တံခါးရွက်ရှိသော ကျောင်း ဖြစ်ခြင်း၊
၅။ ကထိန်ခင်းပြီးဖြစ်ခြင်း။ (ဝိ၊၃၊၄၁၃။) (ဝိ၊မြန်၊၃။၄၁၇။)♦

ဒုက္ကဋ်အာပတ် ၈ မျိုး

၁။ ပုဗ္ဗပယောဂဒုက္ကဋ်- မခိုးမီ ရှေ့အဖို့၌ ဖြစ်သော ပယောဂကြောင့် သင့်သော ဒုက္ကဋ်၊
၂။ သဟပယောဂဒုက္ကဋ်- ခိုးခြင်းနှင့် တကွဖြစ်သော ပယောဂကြောင့် သင့်သော ဒုက္ကဋ်၊
၃။ အနာမာသဒုက္ကဋ်- မသုံးသပ်ကောင်းသောဝတ္ထုကို သုံးသပ်ခြင်းကြောင့် သင့်သော ဒုက္ကဋ်၊
၄။ ဒုရူပစိဏ္ဏဒုက္ကဋ်- မကောင်းသဖြင့် ကျင့်ခြင်းကြောင့် သင့်သော ဒုက္ကဋ်၊
၅။ ဝိနယဒုက္ကဋ်- ဝိနည်း၌ ပညတ်အပ်သော ဒုက္ကဋ်၊
၆။ ဉာတဒုက္ကဋ်- သိနေပါလျက် မပြောခြင်းကြောင့် သင့်သော ဒုက္ကဋ်၊
၇။ ဉတ္တိဒုက္ကဋ်- ဉတ်ကြောင့် သင့်ရောက်သော ဒုက္ကဋ်၊
၈။ ပဋိဿဝဒုက္ကဋ်- ဝန်ခံမှု ပျက်ကွက်ခြင်းကြောင့် သင့်သော ဒုက္ကဋ်။ (ဝိ၊ဋ္ဌ၊၁၊၂၇၁။) (သာရတ္ထ၊ဋီ၊၂၊၁၃၃။)♦

ဒုက္ခ ၂ မျိုး

၁။ နာမဒုက္ခ- နာမ်ဆင်းရဲ၊
၂။ ရူပဒုက္ခ- ရုပ်ဆင်းရဲ။ (ဝိသုဒ္ဓိ၊၂၊၁၄၄။)♦

ဒုက္ခ ၃ မျိုး

၁။ ဆင်းရဲအစစ် အဖြစ်ဖြင့် ဆင်းရဲခြင်း- ဒုက္ခဒုက္ခ (ဆင်းရဲသောကြောင့် ကိုယ်စိတ်၌ ဖြစ်သော ဒုက္ခဝေဒနာ)၊
၂။ ပြုပြင်သည့်အဖြစ်ဖြင့် ဆင်းရဲခြင်း- သင်္ခါရဒုက္ခ (ဖြစ်ခြင်း ပျက်ခြင်းဖြင့် နှိပ်စက်အပ်သောကြောင့် ဥပေက္ခာဝေဒနာနှင့် တေဘူမကသင်္ခါရတရား)၊
၃။ ဖောက်ပြန်အပ်သည်အဖြစ်ဖြင့် ဆင်းရဲခြင်း- ဝိပရိဏာမဒုက္ခ (သုခဝေဒနာ ဖောက်ပြန်သဖြင့် ဆင်းရဲဖြစ်ခြင်း၏ အကြောင်းဖြစ်သောကြောင့်)။ (ဒီ၊၃၊၁၈၁။) (သံ၊၃၊၅၂။) (နေတ္တိ၊ဋ္ဌ၊၂၁၄။) (နေတ္တိ၊ဝိဘာ၊၂၇၅။) (ဒီ၊မြန်၊၃။၂၀၁။) (သံ၊မြန်၊၃။၅၆။)♦

ဒုက္ခ ၃ မျိုး (တစ်နည်း)

၁။ ကာမဘုံ၌ ဖြစ်ခြင်း ဆင်းရဲ၊
၂။ ရူပဘုံ၌ ဖြစ်ခြင်း ဆင်းရဲ၊
၃။ အရူပဘုံ၌ ဖြစ်ခြင်း ဆင်းရဲ။ (ဝိသုဒ္ဓိ၊၂၊၁၄၄။)♦

ဒုက္ခ ၇ မျိုး

ဆင်းရဲခြင်း ၇ မျိုးနှင့် တူသည်။ ♦

ဒုက္ခ ၇ မျိုး (တစ်နည်း)

၁။ ဒုက္ခဒုက္ခ- ဆင်းရဲသည်သာလျှင် ဖြစ်သော ဒုက္ခ၊
၂။ ဝိပရိဏာမ ဒုက္ခ- ဖောက်ပြန်ခြင်း, ဒုက္ခဖြစ်ခြင်း၏ အကြောင်းဖြစ်သော သုခဝေဒနာ ဟူသော ဒုက္ခ၊
၃။ သင်္ခါရဒုက္ခ- လောကီဥပေက္ခာဝေဒနာနှင့် ကြွင်းသော တေဘူမကဘုံ၌ ဖြစ်ကုန်သော လောကီသင်္ခါရတို့သည် အဖြစ်အပျက်သည် နှိပ်စက်အပ်ကုန်သည်၏ အဖြစ်ကြောင့် ဆင်းရဲခြင်း၊
၄။ ပဋိစ္ဆန္နဒုက္ခ- ကိုယ်စိတ်၌ ဖြစ်နေသော, ဖုံးကွယ်သော, မထင်ရှားသော ဆင်းရဲဒုက္ခ၊
၅။ အပ္ပဋိစ္ဆန္နဒုက္ခ- သုံးဆယ့်နှစ်ပါးသော နှိပ်စက် ညှဉ်းပန်းမှု အစရှိသော မဖုံးကွယ်အပ်သော, ထင်ရှားသော ဆင်းရဲ ဒုက္ခ၊
၆။ ပရိယာယဒုက္ခ- ဒုက္ခဒုက္ခမှ ကြွင်းသော ဇာတိအစရှိသော အလုံးစုံသော ဆင်းရဲဒုက္ခ၊
၇။ နိပ္ပရိယာယဒုက္ခ- ပရိယာယ်မဟုတ်, မုချ ဖြစ်သော ဆင်းရဲဒုက္ခ။ (ပေဋကော၊၁၈၂။)♦

ဒုက္ခတာ ၃ ပါး

ဆင်းရဲခြင်းသဘော ၃ မျိုးနှင့် တူသည်။ ♦

ဒုက္ခမည်ကြောင်း ၄ ပါး

၁။ ပူပန်ခြင်း အနက်သဘောကြောင့် ဒုက္ခ မည်၏၊
၂။ သည်းခံနိုင်ခဲခြင်း အနက်သဘောကြောင့် ဒုက္ခ မည်၏၊
၃။ ဆင်းရဲ၏တည်ရာ အနက်သဘောကြောင့် ဒုက္ခ မည်၏၊
၄။ သုခကို ပယ်တတ်သော အနက်သဘောကြောင့် ဒုက္ခ မည်၏။ (မ၊ဋ္ဌ၊၂၊၁၉။)♦

ဒုက္ခမည်ကြောင်း ၄ မျိုး

၁။ အမြဲမပြတ် အိုခြင်း သေခြင်းတို့သည် နှိပ်စက်အပ်သည် ဖြစ်ခြင်း၊
၂။ ခက်ခက်ခဲခဲ ခံရသည် ဖြစ်ခြင်း၊
၃။ ဒုက္ခ၏ တည်ရာဝတ္ထု ဖြစ်ခြင်း၊
၄။ သုခ၏အဖြစ်ကို ပယ်ခြင်း။ (အဘိ၊ဋ္ဌ၊၂၊၄၅။)♦

ဒုက္ခလက္ခဏာ ၆ ပါး

၁။ ဒုက္ခတော- အဖန်ဖန် နှိပ်စက်သော အခြင်းအရာအားဖြင့် ဖြစ်ခြင်း၊
၂။ ရောဂတော- နာကျင်ကိုက်ခဲသော အခြင်းအရာအားဖြင့် ဖြစ်ခြင်း၊
၃။ ဂဏ္ဍတော- အတွင်း၌ ဖျက်ဆီးတတ်သော အခြင်းအရာအားဖြင့် ဖြစ်ခြင်း၊
၄။ သလ္လတော- စူးဝင်သော အခြင်းအရာ အားဖြင့် ဖြစ်ခြင်း၊
၅။ အဃတော- ဆင်းရဲသော အခြင်းအရာအားဖြင့် ဖြစ်ခြင်း၊
၆။ အာဗာဓ တော- ပြင်းစွာ နှိပ်စက်တတ်သော အနာရောဂါဖြစ်ခြင်း။ (အံ၊ဋ္ဌ၊၃၊၂၇၈။)♦

ဒုက္ခဝေဒနာ ၂ မျိုး

၁။ ကိုယ်၌ ဖြစ်သော ဒုက္ခဝေဒနာ၊
၂။ စိတ်၌ ဖြစ်သော ဒုက္ခဝေဒနာ။ (အဘိ၊ဋ္ဌ၊၂၊၁၃။)♦

ဒုက္ခသစ္စာ ၁၂ ပါး

၁။ ပဋိသန္ဓေတည်ရခြင်း ဒုက္ခ၊
၂။ အိုရခြင်း ဒုက္ခ၊
၃။ သေရခြင်း ဒုက္ခ၊
၄။ သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ ဖြစ်ရခြင်း ဒုက္ခ၊
၅။ မချစ်မနှစ်သက်သော သူတို့နှင့် ပေါင်းသင်းရခြင်း ဒုက္ခ၊
၆။ ချစ်ခင်နှစ်သက်သော သူတို့နှင့် ကွေကွင်းရခြင်း ခွဲခွါ နေရခြင်း ဒုက္ခ၊
၇။ အလိုရှိအပ်သော အရာဝတ္ထုကို မရရှိခြင်း ဒုက္ခ၊
၈။ ရူပုပါဒါနက္ခန္ဓာ ဟူသော ဒုက္ခ၊
၉။ ဝေဒနုပါဒါနက္ခန္ဓာ ဟူသော ဒုက္ခ၊
၁၀။ သညုပါဒါနက္ခန္ဓာဟူသော ဒုက္ခ၊
၁၁။ သင်္ခါရု ပါဒါနက္ခန္ဓာ ဟူသော ဒုက္ခ၊
၁၂။ ဝိညာဏုပါဒါနက္ခန္ဓာ ဟူသော ဒုက္ခ။ (ဝိသုဒ္ဓိ၊၂၊၁၂၉။)♦

ဒုက္ခသစ္စာ၌ ဆင်းရဲ ၈ ပါး

၁။ ပဋိသန္ဓေ တည်နေရခြင်း ဆင်းရဲ၊
၂။ အိုရခြင်း ဆင်းရဲ၊
၃။ နာရခြင်း ဆင်းရဲ၊
၄။ သေရခြင်း ဆင်းရဲ၊
၅။ မချစ်မနှစ်သက်သော လူတို့နှင့် အတူတကွ ပေါင်းသင်း နေထိုင်ရခြင်း ဆင်းရဲ၊
၆။ ချစ်ခင်သော သူတို့နှင့် ကွေကွင်းရခြင်း ဆင်းရဲ၊
၇။ လိုချင်သော အရာကို မရခြင်း ဆင်းရဲ၊
၈။ စွဲလမ်းရာအာရုံဖြစ်သော ခန္ဓာငါးပါး ဆင်းရဲ။ (ဝိ၊၃၊၁၄။) (ဝိ၊မြန်၊၃။၁၆။)♦

ဒုက္ခသစ္စာ၌ ဉာဏ် ၃ ပါး

၁။ သစ္စဉာဏ်- ဆင်းရဲဖြစ်သော ဒုက္ခသစ္စာကို ထိုးထွင်း၍ သိခြင်း၊
၂။ ကိစ္စဉာဏ်-ဆင်းရဲဖြစ်သော ဒုက္ခသစ္စာကို ပိုင်းခြား၍ သိခြင်း၊
၃။ ကတဉာဏ်- ဒုက္ခသစ္စာကို ပိုင်းခြား၍ သိပြီးပြီဟု သိခြင်း။ (ဝိ၊၃၊၁၅။) (ဝိ၊မြန်၊၃။၁၇။)♦

ဒုက္ခသစ္စာ၌ ဖြစ်သော ဉာဏ် ၄ မျိုး

၁။ သင်ယူ ကြားနာသော အခြင်းအရာအားဖြင့် ဖြစ်သော ဉာဏ်၊
၂။ သုံးသပ်သော အခြင်းအရာအားဖြင့် ဖြစ်သော ဉာဏ်၊
၃။ ထိုးထွင်း၍ သိသော အခြင်းအရာအားဖြင့် ဖြစ်သော ဉာဏ်၊
၄။ ဆင်ခြင်သော အခြင်းအရာအားဖြင့် ဖြစ်သော ဉာဏ်။ (သံ၊ဋ္ဌ၊၃၊၁၆၀။)♦

ဒုက္ခသစ္စာကို မသိကြောင်း ၄ ပါး

၁။ အန္တောဂဓတော- ဒုက္ခသည် ဒုက္ခသစ္စာ၌ အကျုံးဝင်ခြင်း၊
၂။ဝတ္ထုတော- နိဿယပစ္စည်း၏ အဖြစ်ဖြင့် တည်ရာဖြစ်ခြင်း၊
၃။ အာရမ္မဏတော- အာရမ္မဏ ပစ္စည်း၏ အဖြစ်ဖြင့် အာရုံပြုခြင်း၊
၄။ ပဋိစ္ဆာဒနတော- ဒုက္ခသစ္စာကို ဖုံးလွှမ်းခြင်း။ (မ၊ဋ္ဌ၊၁၊၂၂၈။) (သံ၊ဋ္ဌ၊၂၊၁၇။)♦

ဒုက္ခသညာကို ဖြစ်စေသော ရဟန်း၏ အကျိုး ၆ မျိုး

၁။ အလုံးစုံသော သင်္ခါရတို့၌ ငြီးငွေ့သော သညာသည် ငါ့အား ရှေးရှုတည်လိမ့်မည်ဟု မြင်ခြင်း၊
၂။ အလုံးစုံသော လောကမှလည်း ငါ၏ စိတ်သည် ထမြောက်လိမ့်မည်ဟု မြင်ခြင်း၊
၃။ နိဗ္ဗာန်၌ အေးငြိမ်းမှုကို မြင်ရလတ္တံ့ဟု စိတ်အကြံဖြစ်ခြင်း၊
၄။ ကိန်းအောင်းနေသော အနုသယကိလေသာတို့သည် အကြွင်းမဲ့ ဖြတ်ခြင်းသို့ ရောက်လိမ့်မည်ဟု မြင်ခြင်း၊
၅။ ရဟန်းကိစ္စကို ပြုလေ့ရှိသူ ဖြစ်လိမ့်မည်ဟု မြင်ခြင်း၊
၆။ မေတ္တာနှင့် ယှဉ်သော လုပ်ကျွေးခြင်းဖြင့် မြတ်စွာဘုရားကို လုပ်ကျွေးရ လိမ့်မည်ဟု မြင်ခြင်း။ (အံ၊၂၊၃၈၆။) (အံ၊မြန်၊၂။၄၈၅။)♦

ဒုက္ခာနုပဿနာဉာဏ် လွတ်ရာ ဥပါဒါန် ၁ ပါး

၁။ ကာမုပါဒါန်။ (ပဋိသံ၊၂၄၃။) (ပဋိသံ၊မြန်။ ၃၀၀။)♦

ဒုဂ္ဂတိ ၂ မျိုး

၁။ ပဋိပတ္တိ ဒုဂ္ဂတိ- အကျင့်ဒုဂ္ဂတိ၊
၂။ ဂတိဒုဂ္ဂတိ- လားရာဒုဂ္ဂတိ။ (မ၊ဋ္ဌ၊၁၊၁၇၂။)♦

ဒုဂ္ဂတိဘဝသို့ ရောက်ကြောင်း တရား ၆ ပါး

၁။ ကာမဂုဏ်ကို ကြံစည်မှု ကာမဝိတက်နှင့် ပြည့်စုံခြင်း၊
၂။ ပျက်စီးစေရန် ကြံစည်မှု ဗျာပါဒဝိတက်နှင့် ပြည့်စုံခြင်း၊
၃။ ညှဉ်းဆဲရန် ကြံစည်မှု ဝိဟိံသဝိတက်နှင့် ပြည့်စုံခြင်း၊
၄။ ကာမဂုဏ်၌ မှတ်သားမှု ကာမသညာနှင့် ပြည့်စုံခြင်း၊
၅။ ပျက်စီးစေရန် မှတ်သားမှု ဗျာပါဒသညာနှင့် ပြည့်စုံခြင်း၊
၆။ ညှဉ်းဆဲရန် မှတ်သားမှု ဝိဟိံသ သညာနှင့် ပြည့်စုံခြင်း။ (အံ၊၂၊၃၇၄။) (အံ၊မြန်၊၂။၄၇၂။)♦

ဒုဂ္ဂတိဝဋ်ဆင်းရဲသို့ ရောက်ကြောင်း တရား ၃ ပါး

၁။ လိုချင်တပ်မက်မှု လောဘ၊
၂။ အမျက်ထွက်မှု ဒေါသ၊
၃။ တွေဝေမှု မောဟ။ (အံ၊၂၊၂၉၇။) (အံ၊မြန်၊၂။၃၈၂။)♦

ဒုစရိုက် ၃ ပါး

၁။ ကာယဒုစရိုက်- ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့်၊
၂။ ဝစီဒုစရိုက်- နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့်၊
၃။ မနောဒုစရိုက်- စိတ်ဖြင့် ပြုသော မကောင်းသော အကျင့်။ (ဝိ၊၅၊၂၂၂။) (ဒီ၊၃၊၁၈၀။) (အဘိ၊ဝိ၊၃၇၈။) (ခုဒ္ဒက၊၂၃၂။) (ပဋိသံ၊ဋ္ဌ၊၂၊၁၆၉။) (နေတ္တိ၊ဋ္ဌ၊၁၅၆။) (သာရတ္ထ၊ဋီ၊၁၊၃၀၅။) (နေတ္တိ၊ဝိဘာ၊၂၇၅။) (ဝိ၊မြန်၊၅။၃၁၀။) (ဒီ၊မြန်၊၃။၂၀၀။) (အဘိ၊ဝိ၊မြန်၊၂။၄၇၂။) (ခုဒ္ဒက၊မြန်။၂၁၇။)♦

ဒုစရိုက်ရှိသူ အပြစ် ၅ ပါး

၁။ မိမိကိုယ်တိုင် မိမိကိုယ်ကို စွပ်စွဲခြင်း၊
၂။ ပညာရှိတို့ ကဲ့ရဲ့ခြင်း၊
၃။ မကောင်းသော ကျော်စောသံ ရှိခြင်း၊
၄။ သူတော်ကောင်းတရားမှ ကင်းခြင်း၊
၅။ မသူတော် တရား၌ တည်ခြင်း။ (အံ၊၂၊၂၃၄။) (အံ၊မြန်၊၂။၂၉၉။)♦

ဒုစရိုက်ရှိသူ အပြစ် ၅ ပါး (တစ်နည်း)

၁။ မိမိကိုယ်တိုင် မိမိကိုယ်ကို စွပ်စွဲခြင်း၊
၂။ ပညာရှိတို့၏ ကဲ့ရဲ့မှုခံရခြင်း၊
၃။ မကောင်းသတင်း ပျံ့နှံ့ထွက်ခြင်း၊
၄။ တွေတွေဝေဝေဖြင့် သေရခြင်း၊
၅။ သေလွန်ပြီးနောက် ငရဲသို့ ရောက်ရခြင်း။ (ကာယ,ဝစီ,မနောဒုစရိုက်၌လည်း နည်းတူ)။ (အံ၊၂၊၂၃၃။) (အံ၊မြန်၊၂။၂၉၇။) (အံ၊မြန်၊၂။၂၉၇-၂၉၈။)♦

ဒုစရိုက်ရှိသူ အပြစ် ၅ ပါး (တစ်နည်း)

၁။ မိမိကိုယ်တိုင် မိမိကိုယ်ကို စွပ်စွဲခြင်း၊
၂။ ပညာရှိတို့၏ ကဲ့ရဲ့မှုကို ခံရခြင်း၊
၃။ မကောင်းသတင်း ပျံ့နှံ့ထွက်ခြင်း၊
၄။ သူတော်ကောင်းတရားမှ ကင်းကွာခြင်း၊
၅။ မသူတော်တရား၌ တည်ခြင်း။(ကာယ,ဝစီ,မနောဒုစရိုက်ရှိသူ၌လည်း နည်းတူ။)။ (အံ၊၂၊၂၃၄။) (အံ၊မြန်၊၂။၂၉၉။)♦

ဒုဋ္ဌုလ္လဝါစာ သံဃာဒိသိသ်အာပတ် ဖြစ်ကြောင်း သမုဋ္ဌာန် ၃ ပါး

၁။ ရံခါ ကိုယ်ကြောင့် လည်းကောင်း စိတ်ကြောင့်လည်းကောင်း ဖြစ်၏၊
၂။ ရံခါ နှုတ်ကြောင့်လည်းကောင်း စိတ်ကြောင့် လည်းကောင်း ဖြစ်၏၊
၃။ ရံခါ ကိုယ်ကြောင့်လည်းကောင်း နှုတ်ကြောင့်လည်းကောင်း စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ (ဝိ၊၅၊၃၆၀။) (ဝိ၊မြန်၊၅။၄၆၄။)♦

ဒုဋ္ဌုလ္လဝါစာ သိက္ခာပုဒ်၌ အင်္ဂါ ၅ မျိုး

၁။ လူမိန်းမ ဖြစ်ခြင်း၊
၂။ လူမိန်းမဟု အမှတ်ရှိခြင်း၊
၃။ ရုန့်ရင်းသော စကား၌ သာယာတပ်စွဲခြင်း၊
၄။ ထိုရုန့်ရင်းသော စကား၌ သာယာတပ်မက်သော ရာဂဖြင့် ပြောဆိုခြင်း၊
၅။ အပြောခံရသူက ထိုပြောသော ခဏ၌ပင် သိခြင်း။ (သာရတ္ထ၊ဋီ၊၂၊ ၃၂၃။) (ဝိမတိ၊၁၊၂၆၅။)♦

ဒုဋ္ဌုလ္လဝါစာသိက္ခာပုဒ်၌ မဂ် ၂ မျိုး

၁။ ဝစ္စမဂ်- ကျင်ကြီးပေါက်၊
၂။ ပဿာဝမဂ်- ကျင်ငယ် ပေါက်။ (ဝိ၊ဋ္ဌ၊၂၊၁၃၃။)♦

ဒုဋ္ဌုလ္လသိက္ခာပုဒ်၌ အင်္ဂါ ၂ မျိုး

၁။ ရဟန်း၏ ရုန့်ရင်း ကြမ်းတမ်းသော အာပတ်ကို သိခြင်း၊
၂။ ဖုံးကွယ်လိုသဖြင့် ငါ မပြောကြားအံ့ဟု လုံ့လဝီရိယ တာဝန်ကို ချထားခြင်း။ (သာရတ္ထ၊ဋီ၊၃၊၈၄။) (ဝိမတိ၊၂၊၄၆။)♦

ဒုဋ္ဌုလ္လာရောစနသိက္ခာပုဒ်၌ အင်္ဂါ ၃ မျိုး

၁။ ပါရာဇိကအာပတ် မသင့်သော ရဟန်း၏ဝတ္ထုနှင့် တကွ သံဃာဒိသိသ် အာပတ် သင့်ခြင်း
၂။ ရဟန်းမဟုတ်သူ လူသာမဏေအား ပြောကြားခြင်း၊
၃။ သမ္မုတိရသော ရဟန်းမဟုတ်ခြင်း။ (သာရတ္ထ၊ဋီ၊၃၊၁၄။) (ဝိမတိ၊၂၊၉။)♦

ဒုတိယ ပဝါရဏာသိက္ခာပုဒ်၌ အင်္ဂါ ၅ မျိုး

၁။ ပယ်မြစ်စေအပ်ပြီးသော ပဝါရိတ်သင့်ပြီး ဖြစ်ခြင်း၊
၂။ ပဝါရိတ်သင့်ပြီးသည်ဟု အမှတ်ရှိခြင်း၊
၃။ အပြစ်တင်ခြင်း မျက်နှာ မသာယာအောင် ပြုတတ်သည်၏ အပြစ်ကို ရှုငဲ့သူ ဖြစ်ခြင်း၊
၄။ အတိရိတ်ဝိနည်းကံ မပြုအပ်သေးသော ဂိလာန၏ အပိုအလျှံလည်း မဟုတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရှေးရှု ဆောင်ယူ၍ ပင့်ဖိတ်ခြင်း၊
၅။ စားခြင်း၏ ပြီးဆုံးခြင်း။ (သာရတ္ထ၊ဋီ၊၃၊၆၅။) (ဝိမတိ၊၂၊၃၁။)♦

ဒုတိယ ပါဋိဒေသနီယသိက္ခာပုဒ်၌ အင်္ဂါ ၅ ပါး

၁။ ပြည့်စုံသော နှစ်ဖက်သံဃာ၌ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်သော ရဟန်းမ ဖြစ်ခြင်း၊
၂။ ဘောဇဉ်ငါးမျိုး ဖြစ်ခြင်း၊
၃။ မြို့တွင်း ရွာတွင်း အိမ်ခရီးလမ်း၌ ရပ်တည်သော ဘိက္ခုနီ၏ ခွင့်ပြုထားသော အခြင်းအရာမှ တစ်ပါးသော အခြင်းအရာအားဖြင့် စီမံခြင်း၊
၄။ မတားမြစ်ခြင်း၊
၅။ စားမျိုခြင်း။ (သာရတ္ထ၊ဋီ၊၃၊၁၀၃။)♦

ဒုတိယ သံဃဘေဒသိက္ခာပုဒ် အင်္ဂါ ၄ မျိုး

၁။ သံဃာကွဲပြားခြင်းငှာ အားပေးသမှု ပြုခြင်း နောက်လိုက်ခြင်း၊
၂။ ဓမ္မကံဖြင့် ကမ္မဝါစာ ရွတ်ဖတ်ခြင်း၊
၃။ ကမ္မဝါစာ ပြီးဆုံးခြင်း၊
၄။ အယူကို မစွန့်ခြင်း။ (သာရတ္ထ၊ဋီ၊၂၊၃၆၃။)♦

ဒုတိယ သင်္ဂါယနာတင်ကြောင်း အဓမ္မဝတ္ထု ၁၀ ပါး

၁။ သားဦးချိုဗူးဖြင့် ဆောင်ထားသော ဆားသည် အပ်၏ဟု ပြခြင်း၊
၂။ မွန်းတည့်ပြီးနောက် အရိပ်လက်နှစ်သစ် လွန်ချိန်၌ စားသောက်ခြင်းငှာ အပ်၏ဟု ပြခြင်း၊
၃။ ရွာတစ်ပါးသို့ သွားမည့်ရဟန်းအား အတိရိတ်ဝိနည်းကံ မပြုဘဲ စားသောက်ခြင်းသည် အပ်၏ဟု ယူခြင်း၊
၄။ တစ်သိမ်တည်း၌ သံဃာ့ကံကို အသီးသီး ပြုခြင်းသည် အပ်၏ဟု ယူခြင်း၊
၅။ မရောက်လာသေးသော ရဟန်းတို့၏ ဆန္ဒကို လာမှ ယူမည်ဟု ကြံ၍ ဝဂ်ဖြစ်သော သံဃာဖြင့် ကံပြုပြီးနောက်မှ ဆန္ဒကို ယူခြင်းသည် အပ်၏ဟု ပြခြင်း၊
၆။ ဆရာဥပဇ္ဈာယ်တို့၏ အလေ့အကျက်သည် (ဓမ္မဝိနယနှင့် မညီသော်လည်း) အပ်၏ဟု ပြခြင်း၊
၇။ အတိရိတ်ဝိနည်းကံ မပြုဘဲ နို့ဓမ်း (နို့ချဉ်) မဖြစ်မီ နို့ရည်ကို သုံးဆောင် ခြင်းသည် အပ်၏ဟု ပြခြင်း၊
၈။ သေရည် မဖြစ်သေးသော သေနုကို သောက်ခြင်းသည် အပ်၏ဟု ပြခြင်း၊
၉။ အမြိတ်အဆာမပါသော နိသီဒိုင်အခင်းသည် အပ်၏ဟု ပြခြင်း၊
၁၀။ ရွှေငွေသည် အပ်၏ဟု ပြခြင်း။ (ဝိ၊၄၊၄၉၅။) (ဝိ၊မြန်၊၄၊၅၀၁။)♦

ဒုတိယ သဟသေယျသိက္ခာပုဒ် အင်္ဂါ ၃ မျိုး

၁။ ပါစိတ်ဝတ္ထုဖြစ်သော ကျောင်းဖြစ်ခြင်း၊
၂။ ထိုကျောင်း၌ မိန်းမနှင့် အတူတကွ အိပ်ခြင်း၊
၃။ နေဝင် မိုးချုပ်ခြင်း။ (သာရတ္ထ၊ဋီ၊၃၊၁၁။) (ဝိမတိ၊၂၊၈။)♦

ဒုတိယ သေနာသနသိက္ခာပုဒ် အင်္ဂါ ၇ မျိုး

၁။ ဘုံလျို မွေ့ရာ အစရှိသော အိပ်ရာ အခင်းတို့ ဖြစ်ခြင်း၊
၂။ ထိုအိပ်ရာခင်းတို့သည် သံဃာ့ပစ္စည်း ဖြစ်ခြင်း၊
၃။ ဆိုအပ်ပြီးသော လက္ခဏာ ရှိသော ကျောင်း၌ ကိုယ်တိုင် ခင်းခြင်း, သူတစ်ပါးကို ခင်းစေခြင်း၊
၄။ နှောင့်ယှက်တတ်သူ မရှိခြင်း၊
၅။ ဘေးရန် မရှိခြင်း၊
၆။ ငဲ့ကွက်ခြင်း မရှိဘဲ အရပ်မျက်နှာသို့ ခရီးထွက်သွားခြင်း၊
၇။ ကျောင်း တိုက်၏ အစွန်ဆုံးကျောင်းမှ ခဲနှစ်ကျအရပ်ဟူသော ကျောင်းဥပစာအပိုင်းအခြားကို ကျော် လွန်ခြင်း။ (သာရတ္ထ၊ဋီ၊၃၊၃၀။) (ဝိမတိ၊၂၊၁၆။)♦

ဒုတိယဈာန်၌ ရှိသော တရား ၁၅ မျိုး

၁။ မိမိအဇ္ဈတ္တသန္တာန်၌ ကြည်စေတတ်သော သဒ္ဓါ၊
၂။ နှစ်သက်ဝမ်းမြောက်ခြင်း ပီတိ၊
၃။ ချမ်းသာခြင်း သုခ၊
၄။ စိတ်တည်ငြိမ်ခြင်း ဧကဂ္ဂတာ၊
၅။ တွေ့ထိခြင်း ဖဿ၊
၆။ ခံစားခြင်း ဝေဒနာ၊
၇။ မှတ်ခြင်း သညာ၊
၈။ စေ့ဆော်ခြင်း စေတနာ၊
၉။ စိတ်၊
၁၀။ အလို ဆန္ဒ၊
၁၁။ ဆုံးဖြတ်ခြင်း အဓိမောက္ခ၊
၁၂။ လုံ့လပြုခြင်း ဝီရိယ၊
၁၃။ အမှတ်ရခြင်း သတိ၊
၁၄။ လျစ်လျူရှုခြင်း ဥပေက္ခာ၊
၁၅။ နှလုံးသွင်းခြင်း မနသိကာရ။ (မ၊၃၊၇၅။) (မ၊မြန်၊၃။၇၉။)♦

ဒုတိယပါဋိဒေသနီယသိက္ခာပုဒ်၌ အင်္ဂါ ၂ ပါး

၁။ သံဃာစုံ၌ ဘိက္ခုနီဖြစ်သော ရဟန်းမသည် ခွင့်မပြုထားသော အခြင်းအရာဖြင့် စီရင်မှု ပြုခြင်း၊
၂။ မတားမြစ်ဘဲ စားဖွယ်ကို စားမျိုခြင်း။ (ဝိမတိ၊၂၊၅၈။)♦

ဒုတိယပါရာဇိက ဖြစ်ကြောင်း သမုဋ္ဌာန် ၃ ပါး

၁။ ရံခါ ကိုယ်ကြောင့်လည်းကောင်း စိတ်ကြောင့် လည်းကောင်း ဖြစ်၏၊ နှုတ်ကြောင့် မဖြစ်၊
၂။ ရံခါ နှုတ်ကြောင့်လည်းကောင်း စိတ်ကြောင့် လည်းကောင်း ဖြစ်၏၊ ကိုယ်ကြောင့် မဖြစ်၊
၃။ ရံခါ ကိုယ်ကြောင့်လည်းကောင်း နှုတ်ကြောင့် လည်းကောင်း စိတ်ကြောင့်လည်းကောင်း ဖြစ်၏။ (ဝိ၊၅၊၃၅၉။) (ဝိ၊ဋ္ဌ၊၁၊၃၂၈။) (ဝိ၊မြန်၊၅။၄၆၃။)♦

ဒုတိယပါရာဇိက အင်္ဂါ ၆ ပါး

၁။ န သကသညိတာ- မိမိဥစ္စာဟု အမှတ်မရှိခြင်း၊
၂။ န ဝိဿာသဂ္ဂါဟတာ- ချစ်ကျွမ်းဝင်သောကြောင့် ယူခြင်းမျိုး မဟုတ်ခြင်း၊
၃။ န တာဝ ကာလိကတာ- ခဏခေတ္တ ငှားရန်းခြင်းမျိုး မဟုတ်ခြင်း၊
၄။ ပရိက္ခာရဿ ဂရုဘာဝေါ- တစ်မတ်, တစ်မတ်တန်ထက် ပိုလွန်သော ပစ္စည်းဝတ္ထု ဖြစ်ခြင်း၊၅။ ထေယျစိတ္တံ- ခိုးလိုသောစိတ် ရှိခြင်း၊
၆။ ဌာနာစာဝနံ- တည်ရာနေရာမှ ရွေ့လျောစေခြင်း။ (ဝိ၊ဋ္ဌ၊၁၊၃၂၆။)♦

ဒုတိယပါရာဇိက၌ ကြည့်ရှုဆင်ခြင်ရမည့် အရာ ၅ မျိုး

၁။ဝတ္ထု- ခိုးသည့် ပစ္စည်းဥစ္စာဘဏ္ဍာ၊
၂။ ကာလ- ခိုးယူသည့် အချိန်အခါ ခေတ်ကာလ၊
၃။ ဒေသ- ခိုးယူသည့် အရပ်ဒေသ၊
၄။ အဂ္ဃ- ခိုးယူသော ပစ္စည်း၏ တန်ဖိုး၊
၅။ ပရိဘောဂ- ဘဏ္ဍာကို သုံးစွဲထားခြင်း။ (ဝိ၊ဋ္ဌ၊၁၊၂၆၅။)♦

ဒုတိယသင်္ဂါယနာတင်ရာ၌ ဂဏပါမောက္ခ မထေရ် ၈ ပါး

၁။ သဗ္ဗကာမိမထေရ်၊
၂။ သာဠှမထေရ်၊
၃။ ရေဝတမထေရ်၊
၄။ ခုဇ္ဇသောဘိတမထေရ်၊
၅။ ယသမထေရ်၊
၆။ သာဏအရပ်၌ နေသော သမ္ဘူတမထေရ်၊
၇။ ဝါသဘဂါမီမထေရ်၊
၈။ သုမနမထေရ်။ (သာရတ္ထ၊ဋီ၊၁၊၁၁၃။)♦

ဒုတိယအနိယတသိက္ခာပုဒ် သမုဋ္ဌာန် ၃ ပါး

၁။ ကာယစိတ္တသမုဋ္ဌာန်၊
၂။ ဝါစာစိတ္တသမုဋ္ဌာန်၊
၃။ ကာယဝါစာစိတ္တသမုဋ္ဌာန်။ (ဝိ၊ဋ္ဌ၊၂၊၂၁၈။)♦

ဒုတိယအနိယတသိက္ခာပုဒ်၌ ဝေဒနာ ၂ ပါး

၁။ သုခဝေဒနာ၊
၂။ ဥပေက္ခာဝေဒနာ။ (ဝိ၊ဋ္ဌ၊၂၊၂၁၈။)♦

ဒုပ္ပဋိဝိဇ္ဈ တရား ၁၀ ပါး

ထိုးထွင်း၍ သိနိုင်ခဲသော တရား ၁၀ ပါး၊ မြတ်သော အကျင့် ၁၀ ပါးတို့နှင့် တူသည်။ ♦

ဒုပ္ပဋိဝိဇ္ဈ တရား ၅ ပါး

ထိုးထွင်း၍ သိနိုင်ခဲသော တရား ၅ ပါး၊ ဝဋ်ဆင်းရဲမှ လွတ်မြောက် စေတတ်သော ဓာတ် ၅ ပါးတို့နှင့် တူသည်။ ♦

ဒုပ္ပဋိဝိဇ္ဈ တရား ၆ ပါး

ထိုးထွင်း၍ သိနိုင်ခဲသော တရား ၆ ပါး၊ ကိလေသာမှ လွတ်သော ဓာတ် ၆ ပါးတို့နှင့် တူသည်။ ♦

ဒုပ္ပဋိဝိဇ္ဈ တရား ၈ ပါး

ထိုးထွင်း၍ သိနိုင်ခဲသော တရား ၈ ပါး၊ ရပ်ပြစ် ၈ ပါး၊ မြတ်သော အကျင့်ကို ကျင့်ခြင်းငှာ အခွင့်မဟုတ်သော အက္ခဏ ၈ ပါးနှင့် တူသည်။ ♦

ဒုပ္ပဋိဝိဇ္ဈ တရား ၉ ပါး

ထိုးထွင်း၍ သိနိုင်ခဲသော တရား ၉ ပါးနှင့် တူသည်။ ♦

ဒုပ္ပဋိဝိဇ္ဈတရား ၂ ပါး

ထိုးထွင်း၍ သိနိုင်ခဲသော တရား ၂ ပါးနှင့် တူသည်။ ♦

ဒုပ္ပဋိဝိဇ္ဈတရား ၃ ပါး

ထိုးထွင်း၍ သိနိုင်ခဲသော တရား ၃ ပါးနှင့် တူသည်။ ♦

ဒုပ္ပဋိဝိဇ္ဈတရား ၄ ပါး

ထိုးထွင်း၍သိနိုင်ခဲသော တရား ၄ ပါး၊ သမာဓိ ၄ ပါးတို့နှင့် တူသည်။ ♦

ဒုပ္ပဋိဝိဇ္ဈတရား ၇ ပါး

ထိုးထွင်း၍ သိနိုင်ခဲသော တရား ၇ ပါး၊ သူတော်ကောင်းတရား ၇ ပါးတို့နှင့် တူသည်။ ♦

ဒုဗ္ဗစသိက္ခာပုဒ်၌ အင်္ဂါ ၄ မျိုး

၁။ မပြောဆိုထိုက်သည်ကို ပြုတတ်သူ ဖြစ်ခြင်း၊
၂။ ဓမ္မကံဖြင့် ကမ္မဝါစာ ရွတ်ဆိုခြင်း၊
၃။ ကမ္မဝါစာ ပြီးဆုံးခြင်း၊
၄။ အယူကို မစွန့်ခြင်း။ (သာရတ္ထ၊ဋီ၊၂၊၃၆၇။) (ဝိမတိ၊၁၊၂၉၈။)♦

ဒုဗ္ဗဏ္ဏကရဏသိက္ခာပုဒ်၌ အင်္ဂါ ၃ မျိုး

၁။ ဝတ်ရန်းရန် တတ်ကောင်းသော သင်းပိုင် ဧကသီ သင်္ကန်းကို ကပ္ပဗိန္ဒု မပြုအပ်သူ ဖြစ်ခြင်း၊
၂။ သင်္ကန်းပျောက်ပျက်သူ အစရှိသည်တို့ မဟုတ်ခြင်း၊
၃။ ဝတ်ခြင်း ရုံရန်းခြင်း။ (သာရတ္ထ၊ဋီ၊၃၊၈၂။) (ဝိမတိ၊၂၊၄၄။)♦

ဒုဗ္ဗလသိက္ခာပုဒ်၌ အင်္ဂါ ၂ ပါး

၁။ ရဟန်းက တရားသဖြင့် သမ္မုတိရထားသူ ဖြစ်ခြင်း၊
၂။ သံဃာနှင့် တကွ သင်္ကန်းကို ပေး၍ ကဲ့ရဲ့လိုသဖြင့် ကဲ့ရဲ့ရှုတ်ချခြင်း။ (ဝိမတိ၊၂၊၅၃။)♦

ဒုဗ္ဗလသိက္ခာပုဒ်၌ အင်္ဂါ ၄ မျိုး

၁။ ရဟန်း ဖြစ်ခြင်း၊
၂။ တရားသဖြင့် ရအပ်သော သမ္မုတိရှိသူ ဖြစ်ခြင်း၊
၃။ သံဃာနှင့် တကွ ဝိကပ္ပနာလောက်သော သင်္ကန်းကို ပေးခြင်း၊
၄။ နောက်၌ ကဲ့ရဲ့ ရှုတ်ချလိုသောကြောင့် ရှုတ်ချခြင်း။ (သာရတ္ထ၊ဋီ၊၃၊၉၆။)♦

ဒုလ္လဘ ၅ မျိုး

၁။ အသက်ရှည်ခြင်း၊
၂။ အဆင်းလှခြင်း၊
၃။ ချမ်းသာခြင်း၊
၄။ အခြံအရံများခြင်း၊
၅။ နတ်ပြည်၌ ဖြစ်ရခြင်း။ (အံ၊၂၊၄၁။) (အံ၊မြန်၊၂။၅၁။)♦

ဒုလ္လဘတရား ၆ ပါး

ရခဲသော တရား ၆ ပါးနှင့် တူသည်။ ♦

ဒုသီမာရ်နတ်ကျရောက်သည့် ငရဲ၏အမည် ၃ မျိုး

၁။ ဆ ဖဿာယတနိကငရဲ- ဒွါရ ခြောက်ပါးလုံး ဆင်းရဲဒုက္ခ ခံစားရသော ငရဲ၊
၂။ သင်္ကုသမာဟတငရဲ- သံတံကျင်ကြီးများ စုပေါင်း ကျရောက်ခြင်း ခံရသော ငရဲ၊
၃။ ပစ္စတ္တဝေဒနီယငရဲ- ကိုယ်တိုင်သီးခြား ဆင်းရဲဒုက္ခ ခံစားရသော ငရဲ။ (မ၊၁၊၄၁၃။) (မ၊မြန်၊၁။၄၂၇။)♦

ဒုဿီလမည်ကြောင်း ဘေး ၅ မျိုး

၁။ သူ့အသက်သတ်ခြင်း၊
၂။ သူ့ဥစ္စာခိုးခြင်း၊
၃။ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း၊
၄။ မဟုတ်မမှန် ပြောဆိုခြင်း၊
၅။ သေရည်အရက်သောက် စားခြင်း။ (အံ၊၂၊၁၈၀။) (အံ၊မြန်၊၂။၂၂၉။)♦

ဒုဿီလရဟန်း၏ အလှူကို စင်ကြယ်စေနိုင်ကြောင်း ၁၀ ပါး

၁။ အပြစ်ကင်းသော ချပ်မိန်ညိုနှင့် တူသော သင်္ကန်းကို ဆောင်ခြင်း၊
၂။ ဘုရားအရိယာတို့နှင့် တူစွာ ဦးပြည်း (ကတုံး) အသွင်ကို ဆောင်ခြင်း၊
၃။ ရဟန်းသံဃာအပေါင်းသို့ သက်ဝင်နိုင်ခြင်း၊
၄။ ဘုရား, တရား, သံဃာကို ကိုးကွယ်ဆီးကပ်ခြင်းသို့ ကပ်ရောက်ခြင်း၊
၅။ ကမ္မဋ္ဌာန်းအလုပ် အားထုတ်သူတို့၏ နေရာ ကျောင်းကန်၌ နေထိုင်ခြင်း၊
၆။ သာသနာတော်၏ တည်တန့်ခြင်းကို ရှာမှီးခြင်း လိုလားခြင်း၊
၇။ မြတ်သော တရားတော်ကို ဟောကြားတတ်ခြင်း၊
၈။ တရားလျှင် မှီခိုရာ လားရာ လဲလျောင်းရာ ရှိခြင်း၊
၉။ မြတ်စွာဘုရားသည်သာလျှင် အမြတ်ဆုံးဟု စင်စစ်ဧကန် ဖြောင့်မှန်သော အယူ ရှိခြင်း၊
၁၀။ တစ်လလျှင် နှစ်ကြိမ် ပါရိသုဒ္ဓိစသော ဥပုသ်ပြုနိုင်ခြင်း။ (မိလိန္ဒ၊၂၅၀။) (မိလိန္ဒ၊ မြန်။၂၆၈။)♦

ဒေဝ ၃ မျိုး

၁။ သမ္မုတိဒေဝ- မင်း, မင်းသား စသော သူတို့သည် သမ္မုတိနတ်၊
၂။ ဥပပတ္တိဒေဝ- နတ်ပြည်၌ ဖြစ်ကုန်သော နတ်တို့သည် ဥပပတ္တိနတ်၊
၃။ ဝိသုဒ္ဓိဒေဝ- ဘုရား ရဟန္တာ ပုဂ္ဂိုလ် တို့သည် ဝိသုဒ္ဓိနတ်။ (ဣတိဝုတ်၊ဋ္ဌ၊၃၁၉။)♦

ဒေဝဂဗ္ဘမင်းသမီး၏ သား ၁၀ ယောက်

၁။ ဝါသုဒေဝ၊
၂။ ဗလဒေဝ၊
၃။ စန္ဒဒေဝ၊
၄။ သူရိယဒေဝ၊
၅။ အဂ္ဂိဒေဝ၊
၆။ ဝရုဏဒေဝ၊
၇။ အဇ္ဇုန၊
၈။ ပဇ္ဇုန၊
၉။ ဃဋပဏ္ဍိတ၊
၁၀။ အင်္ကုရ။ (ဇာ၊ဋ္ဌ၊၄၊၈၁။)♦

ဒေဝဒတ် ငရဲ၌ ကမ္ဘာတည်အောင် ဖြစ်ကြောင်းတရား ၈ ပါး

၁။ လာဘ်ရခြင်း၊
၂။ လာဘ်မရခြင်း၊
၃။ အခြံအရံရှိခြင်း၊
၄။ အခြံအရံမရှိခြင်း၊
၅။ ပူဇော်သက္ကာရ ရှိခြင်း၊
၆။ ပူဇော်သက္ကာရ မရှိခြင်း၊
၇။ ယုတ်မာသော အလိုဆိုးရှိခြင်း၊
၈။ ယုတ်မာသော အဆွေခင်ပွန်းရှိခြင်း။ (အံ၊၃၊၁၀။) (အံ၊၃၊၁၃။) (အံ၊မြန်၊၃။၁၄။) (အံ၊မြန်၊၃။၁၄။)♦

ဒေဝဒတ် ငရဲကျကြောင်း ၃ ပါး

၁။ ပါပိစ္ဆတာဟု ဆိုအပ်သော ယုတ်မာသော အလိုဆိုးသည် လွှမ်းမိုးနှိပ်စက်အပ်ခြင်း၊
၂။ ပါပမိတ္တတာဟု ဆိုအပ်သော မကောင်းသော မိတ်ဆွေယုတ် ရှိခြင်း၊
၃။ အနည်းငယ်မျှသော တရားထူးကို ရခြင်းဖြင့် အကြား၌ အပြီးအဆုံးသို့ ရောက်ခြင်း။ (ခုဒ္ဒက၊၂၅၃။) (ခုဒ္ဒက၊မြန်။၂၃၈။)♦

ဒေဝဒတ်၏ တောင်းဆိုချက် ၅ မျိုး

၁။ ရဟန်းအားလုံး အသက်ထက်ဆုံး (တောကျောင်း၌သာ နေထိုင်သီတင်းသုံးရသော) အာရညကင်ဓုတင် ဆောက်တည်စေ၍ ရွာနီးကျောင်း (မြို့ကျောင်း) ၌ မနေစေရန် တောင်းဆိုခြင်း၊
၂။ ရဟန်းတော်များ အသက်ထက်ဆုံး အိမ်စဉ် လှည့်လည်၍ ဆွမ်းခံစားရသော ပိဏ္ဍပါတ်ဓုတင်ကို ဆောက်တည်စေ၍ ပင့်ဖိတ်ကျွေးသော ဆွမ်း (နိမန္တနဘတ်) ကို လက်မခံစေရန် တောင်းဆိုခြင်း၊
၃။ ရဟန်းတော်များ အသက်ထက်ဆုံး ပံသုကူဓုတင်ကို ဆောက်တည်စေလျက် ပံသုကူသင်္ကန်းကိုသာ ဝတ်ရုံသုံးဆောင်၍ လူဒါယကာတို့ လှူဒါန်းသော အဝတ်သင်္ကန်းကို လက်မခံစေရန် တောင်းဆိုခြင်း၊
၄။ ရဟန်း တော်များ အသက်ထက်ဆုံး သစ်ပင်ရင်း၌သာ နေထိုင်ရသော ရုက္ခမူဓုတင်ကို ဆောက်တည် စေလျက် အမိုးအကာရှိသော ကျောင်း၌ မနေစေရန် တောင်းဆိုခြင်း၊
၅။ ရဟန်းတော်များ အသက်ထက်ဆုံး အမဲသား ငါးကို မစားစေရန် တောင်းဆိုခြင်း။ (ဝိ၊၁၊၂၆၃။) (ဝိ၊၄၊၃၅၉။) (ဓမ္မ၊ဋ္ဌ၊၁၊၉၁။) (ဝိ၊မြန်၊၁။၂၇၈။)(ဝိ၊မြန်၊၄၊၃၆၄။)♦

ဒေဝဒတ်၏ မသူတော်တရား ၃ ပါး

ဒေဝဒတ်အား လွှမ်းမိုးနှိပ်စက်သည့် မသူတော်တရား ၃ ပါးနှင့် တူသည်။ ♦

ဒေဝဒတ်အား လွှမ်းမိုးနှိပ်စက်သည့် မသူတော်တရား ၃ ပါး

၁။ အလိုဆိုးရှိခြင်း၊
၂။ မိတ်ဆွေ ယုတ်ရှိခြင်း၊
၃။ အနည်းငယ်မျှသော တရားထူးကို ရခြင်းဖြင့် အကြား၌ ဆုံးရှုံးခြင်းသို့ ရောက်ခြင်း။ (ဝိ၊၄၊၃၆၆။) (ဝိ၊၅၊၂၂၂။) (ဝိ၊မြန်၊၄၊၃၇၂။) (ဝိ၊မြန်၊၅။၃၁၀။)♦

ဒေဝဒတ်အား လွှမ်းမိုးနှိပ်စက်သည့် မသူတော်တရား ၈ ပါး

၁။ လာဘ်ရခြင်း၊
၂။ လာဘ် မရခြင်း၊
၃။ ကျော်စောခြင်း၊
၄။ မကျော်စောခြင်း၊
၅။ ကောင်းစွာ ပြုစုခြင်း၊
၆။ ကောင်းစွာ မပြုစုခြင်း၊
၇။ အလိုဆိုးရှိခြင်း၊
၈။ မိတ်ဆွေယုတ်ရှိခြင်း။ (ဝိ၊၄၊၃၆၅။) (ဝိ၊မြန်၊၄၊၃၇၁။)♦

ဒေဝဓမ္မ ၂ ပါး

၁။ ဟိရီ- ကာယဒုစ္စရိုက် စသည်တို့မှ ရှက်ခြင်း၊
၂။ ဩတ္တပ္ပ- ကာယဒုစ္စရိုက် စသည် တို့မှ ကြောက်လန့်ခြင်း။ (ဇာတက၊၁၊၂။) (ဇာ၊ဋ္ဌ၊၁၊၁၄၅။)♦

ဒေသနာ ၂ မျိုး

၁။ သမ္မုတိဒေသနာ- ပုဂ္ဂိုလ် သတ္တဝါ ယောကျ်ား မိန်းမ စသည်ဖြင့် လူအများ ခေါ်ဝေါ်သမုတ်ထားသည့် အတိုင်း ဟောကြားခြင်း၊
၂။ ပရမတ္ထဒေသနာ- ခန္ဓာ အာယတန ဓာတ် အနိစ္စ ဒုက္ခ စသည်ဖြင့် ပရမတ္ထဓမ္မအားဖြင့် ဟောခြင်း။ (မ၊ဋ္ဌ၊၁၊၁၄၂။) (အံ၊ဋ္ဌ၊၁၊၇၃။) (ဣတိဝုတ်၊ဋ္ဌ၊၇၈။)♦

ဒေသနာ ၂ မျိုး (တစ်နည်း)

၁။ အတ္တူပနာယိကာဒေသနာ- မိမိကိုယ်ကို ကပ်ဆောင်အပ်သော ဒေသနာ၊
၂။ ပရူပနာယိကာဒေသနာ- သူတစ်ပါးတို့ကို ကပ်ဆောင်အပ်သော ဒေသနာ။ (နေတ္တိ၊ဋ္ဌ၊၁၅၂။)♦

ဒေသနာ ၂ မျိုး (တစ်နည်း) (ဘုရားရှင်တို့ ပရိယာယ်အားဖြင့် ဟောကြားအပ်သော ဒေသနာ ၂ မျိုး)

၁။ မကောင်းမှုကို မကောင်းမှုအားဖြင့် ရှုမြင်ကြဟု ဟောကြားခြင်း၊
၂။ မကောင်းမှုကို မကောင်းမှုအားဖြင့် ရှုမြင်၍ ထိုမကောင်းမှု၌ ငြီးငွေ့တပ်မက်မှု ကင်းလျက် ထိုမကောင်းမှုမှ လွတ်မြောက်အောင် အားထုတ်ကြဟု ဟောကြားခြင်း။ (ခုဒ္ဒက၊၂၁၈။) (ခုဒ္ဒက၊မြန်။၂၀၁။)♦

ဒေသနာ ၃ မျိုး

၁။ အာဏာဒေသနာ- အာဏာများသောအားဖြင့် ဟောတော်မူသော ဝိနည်း ပိဋကဒေသနာ၊
၂။ ဝေါဟာရဒေသနာ- ဝေါဟာရများသောအားဖြင့် ဟောတော်မူသော သုတ္တန် ပိဋကဒေသနာ၊
၃။ ပရမတ္ထဒေသနာ- ပရမတ်များသောအားဖြင့် ဟောတော်မူသော အဘိဓမ္မ ပိဋကဒေသနာ။ (ဝိ၊ဋ္ဌ၊၁၊၁၇။) (ဒီ၊ဋ္ဌ၊၁၊၂၀။) (အဘိ၊ဋ္ဌ၊၁၊၂၂။) (ဒီ၊ဋ္ဌ၊မြန်၊၁။၃၄။)♦

ဒေသနာ ၄ မျိုး

၁။ သဘာဝဓမ္မကို မှီ၍ ဖြစ်သော တရားဟောခြင်း- ဓမ္မာဓိဋ္ဌာန ဓမ္မဒေသနာ၊
၂။ သဘာဝဓမ္မကို မှီ၍ ဖြစ်သော ပုဂ္ဂိုလ်ကို ဟောခြင်း- ဓမ္မာဓိဋ္ဌာန ပုဂ္ဂလဒေသနာ၊
၃။ ပုဂ္ဂိုလ်ကို မှီ၍ ဖြစ်သော ပုဂ္ဂိုလ်အားဖြင့် ဟောခြင်း- ပုဂ္ဂလာဓိဋ္ဌာန ပုဂ္ဂလဒေသနာ၊
၄။ ပုဂ္ဂိုလ်ကို မှီ၍ ဖြစ်သော သဘာဝဓမ္မ၏ အစွမ်းဖြင့် ဟောခြင်း- ပုဂ္ဂလာဓိဋ္ဌာန ဓမ္မဒေသနာ။ (မ၊ဋ္ဌ၊၁၊၂၅။) (ပဋိသံ၊ဋ္ဌ၊၁၊၆၁။)♦

ဒေသနာဉာဏ် ၂ မျိုး

၁။ ပဝတ္တမာန ဒေသနာဉာဏ်- ဓမ္မစကြာတရား ဟောသည်မှ စ၍ အညာသိကောဏ္ဍညထေရ်၏ သောတာပတ္တိမဂ်တိုင်အောင် ဖြစ်ဆဲ ဒေသနာဉာဏ်၊
၂။ ပဝတ္တ ဒေသနာဉာဏ်- အရှင်အညာသိကောဏ္ဍညထေရ်၏ သောတာပတ္တိဖိုလ်ခဏ၌ကား ဖြစ်ပြီး ဒေသနာဉာဏ်။ (မ၊ဋ္ဌ၊၁၊၃၃၄။) (သံ၊ဋ္ဌ၊၂၊၄၄။) (အံ၊ဋ္ဌ၊၂၊၂၅၄။) (အံ၊ဋ္ဌ၊၃၊၂၉၅။) (အဘိ၊ဋ္ဌ၊၂၊၃၈၃။)♦

ဒေသနာတော် နက်နဲခြင်း၏ အကြောင်း ၄ မျိုး

၁။ ဝိနည်းပညတ်တော်တည်းဟူသော အကြောင်းအရာ ဌာန၊
၂။ အဝတ္ထာဘုံ, ဌာနဘုံတည်းဟူသော ဘုံအထူး အကြောင်းအရာဌာန၊
၃။ ပဋိစ္စသမုပ္ပါဒ်တည်းဟူသော အကြောင်းအရာဌာန၊
၄။ ဗုဒ္ဓအယူမှ တစ်ပါးသော မိစ္ဆာအယူ တည်းဟူသော အကြောင်းအရာဌာန။ (ဒီ၊ဋ္ဌ၊၁၊၉၄။) (ဒီ၊ဋ္ဌ၊၂၊၇၅။) (ဒီ၊ဋ္ဌ၊မြန်၊၁။၁၈၀။)(ဒီ၊ဋ္ဌ၊မြန်၊၁။၁၈၀။)♦

ဒေသနာနိဒါန်း ၂ မျိုး

၁။ သာဓာရဏ ဒေသနာနိဒါန်း၊
၂။ အသာဓာရဏ ဒေသနာနိဒါန်း။ (ဒီ၊ဋီ၊၂၊၂၇၈။)♦

ဒေသနာဟာရဝိဘင်္ဂ ၆ ပါး

၁။ အဿာဒ၊
၂။ အာဒီနဝ၊
၃။ နိဿရဏ၊
၄။ ဖလ၊
၅။ ဥပါယ၊
၆။ အာဏတ္တိ။ (နေတ္တိ၊ဋ္ဌ၊၅။)♦

ဒေါမနဿ ၂ မျိုး

၁။ သေဝိတဗ္ဗဒေါမနဿ- ဤဒေါမနဿကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ် တရားများ ယုတ်လျော့၍ ကုသိုလ်တရားများ တိုးပွားလာသဖြင့် မှီဝဲအပ်သော ဒေါမနဿ၊
၂။ အသေဝိတဗ္ဗဒေါမနဿ- ဤဒေါမနဿကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားများ တိုးပွား၍ ကုသိုလ်တရားများ ယုတ်လျော့သွားသဖြင့် မမှီဝဲအပ်သော ဒေါမနဿ။ (ဒီ၊၂၊၂၂၂။) (ဒီ၊မြန်၊၂။၂၄၈။)♦

ဒေါမနဿဝေဒနာနှင့် ယှဉ်သော ဆင်ခြင်သုံးသပ်ခြင်း ၆ ပါး

၁။ မျက်စိဖြင့် ရူပါရုံကို မြင်၍ နှလုံးမသာခြင်း ဒေါမနဿဝေဒနာ၏ အကြောင်းဖြစ်သော ရူပါရုံကို ဆင်ခြင်ခြင်း၊
၂။ နားဖြင့် သဒ္ဒါရုံကို ကြား၍ နှလုံးမသာခြင်း ဒေါမနဿဝေဒနာ၏ အကြောင်းဖြစ်သော သဒ္ဒါရုံကို ဆင်ခြင်ခြင်း၊
၃။ နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်း၍ နှလုံးမသာခြင်း ဒေါမနဿ ဝေဒနာ၏ အကြောင်းဖြစ်သော ဂန္ဓာရုံကို ဆင်ခြင်ခြင်း၊
၄။ လျှာဖြင့် ရသာရုံကို လျက်၍ နှလုံးမသာခြင်း ဒေါမနဿဝေဒနာ၏ အကြောင်းဖြစ်သော ရသာရုံကို ဆင်ခြင်ခြင်း၊
၅။ ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို ထိ၍ နှလုံးမသာခြင်း ဒေါမနဿဝေဒနာ၏ အကြောင်းဖြစ်သော ဖောဋ္ဌဗ္ဗာရုံကို ဆင်ခြင်ခြင်း၊
၆။ စိတ်ဖြင့် ဓမ္မာရုံကို သိ၍ နှလုံးမသာခြင်း ဒေါမနဿဝေဒနာ၏ အကြောင်းဖြစ်သော ဓမ္မာရုံကို ဆင်ခြင်ခြင်း။ (ဒီ၊၃၊၂၀၃။) (အဘိ၊ဝိ၊၃၉၅။) (ဒီ၊မြန်၊၃။၂၂၆။) (အဘိ၊ဝိ၊မြန်၊၂။၅၀၁။)♦

ဒေါမနဿုပဝိစာရ ၆ ပါး

ဒေါမနဿဝေဒနာနှင့် ယှဉ်သော ဆင်ခြင်သုံးသပ်ခြင်း ၆ ပါးနှင့် တူသည်။ ♦

ဒေါဝစဿကရဏဓမ္မ ၁၉ ပါး

ဆုံးမခက်သူ ဖြစ်ကြောင်း ၁၉ ပါးနှင့် တူသည်။ ♦

ဒေါသ ဆိုးကျိုး ၃ ပါး

၁။ မိစ္ဆာဝါစာ- မှားသော စကား၊
၂။ မိစ္ဆာကမ္မန္တ- မှားသော အလုပ်၊
၃။ မိစ္ဆာအာဇီဝ-မှားသော အသက်မွေးမှု။ (ပေဋကော၊၁၈၂။)♦

ဒေါသကို ပယ်ကြောင်း တရား ၆ ပါး

၁။ မေတ္တာနိမိတ် အာရုံကို ယူခြင်း၊
၂။ မေတ္တာဘာဝနာကို အဖန်ဖန် အားထုတ်ခြင်း၊
၃။ ကံသာလျှင် မိမိ၏ ဥစ္စာဟု ဆင်ခြင်ခြင်း၊
၄။ ပညာဖြင့် ဆင်ခြင်မှု များသည် ဖြစ်ခြင်း၊
၅။ စိတ်ကောင်းရှိသည် ဖြစ်ခြင်း၊
၆။ လျောက်ပတ်သော စကားကို ပြောဆိုခြင်း။ (ဒီ၊ဋ္ဌ၊၂၊၃၆၉။) (မ၊ဋ္ဌ၊၁၊၂၈၇။) (ဒီ၊ဋ္ဌ၊မြန်၊၂။၆၈၄။) (ဒီ၊ဋ္ဌ၊မြန်၊၂။၆၈၄။)♦

ဒေါသစရိုက်ရှိသူနှင့် သင့်လျော်သော ကမ္မဋ္ဌာန်း ၈ ပါး

၁။ မေတ္တာ၊
၂။ ကရုဏာ၊
၃။ မုဒိတာ၊
၄။ ဥပေက္ခာ၊
၅။ နီလကသိုဏ်း၊
၆။ ပီတကသိုဏ်း၊
၇။ လောဟိတကသိုဏ်း၊
၈။ ဩဒါတ ကသိုဏ်း။ (ဝိသုဒ္ဓိ၊၁၊၁၁၀။) (သာရတ္ထ၊ဋီ၊၂၊၂၀၃။)♦

ဒေါသဖြစ်ပေါ်ကြောင်း ၂ မျိုး

၁။ ဒေါသဖြစ်ကြောင်း အနိဋ္ဌာရုံ၊
၂။ မသင့်လျော်သော အကြောင်း အားဖြင့် နှလုံးသွင်းခြင်း။ (အံ၊၁၊၈၆။) (အံ၊မြန်၊၁။၁၀၂။)♦

ဒေါသမူစိတ် ၂ ပါး

၁။ ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိကစိတ်၊
၂။ ဒေါမနဿ သဟဂုတ် ပဋိဃသမ္ပယုတ် သသင်္ခါရိကစိတ်။ (ဝိသုဒ္ဓိ၊၂၊၈၄။)♦

ဒေါသသဟဂုတ်ဝေဒနာ ၂ မျိုး

၁။ နိယတဒေါသသဟဂုတ် ဝေဒနာ၊
၂။ အနိယတဒေါသ သဟဂုတ် ဝေဒနာ။ (အဘိ၊ဋ္ဌ၊၂၊၁၅။)♦

ဓမ္မ ၂ မျိုး

၁။ မဂ်, ဖိုလ်, နိဗ္ဗာန်သည် မုချဓမ္မ၊
၂။ ဝဋ်ဆင်းရဲမှ ထွက်မြောက်ခြင်းကို မှီသော ကုသိုလ်သည် ပရိယာယဓမ္မ၊ (ဣတိဝုတ်၊ဋ္ဌ၊၃၀၆။)♦

ဓမ္မကထိက ၄ မျိုး

၁။ အကြောင်းအကျိုး, အကောင်းအဆိုးကို ခွဲခြားဝေဖန်၍ မသိနားမလည်သော ပရိသတ်၌ အကြောင်းအကျိုး, အကောင်းအဆိုးနှင့် မဆက်စပ်သော အနည်းငယ်မျှသော တရားစကားကို ဟောတတ်သော ဓမ္မကထိကပုဂ္ဂိုလ်၊
၂။ အကြောင်းအကျိုး, အကောင်း အဆိုးကို ခွဲခြားဝေဖန်၍ တတ်သိနားလည်သော ပရိသတ်၌ အကြောင်းအကျိုး, အကောင်း အဆိုးနှင့် ဆက်စပ်သော အနည်းငယ်မျှသော တရားစကားကိုဟောကြားတတ်သော ဓမ္မ ကထိကပုဂ္ဂိုလ်၊
၃။ အကြောင်းအကျိုး, အကောင်းအဆိုးကို ခွဲခြားဝေဖန်၍ မသိ နားမလည်သော ပရိသတ်၌ အကြောင်းအကျိုး, အကောင်းအဆိုးနှင့် မဆက်စပ်သော များစွာသော တရား စကားကို ဟောကြားတတ်သော ဓမ္မကထိကပုဂ္ဂိုလ်၊
၄။ အကြောင်းအကျိုး, အကောင်းအဆိုးကို ခွဲခြားဝေဖန်၍ တတ်သိနားလည်သော ပရိသတ်၌ အကြောင်းအကျိုး, အကောင်းအဆိုးနှင့် ဆက်စပ်သော များစွာသောစကားကို ဟောကြားတတ်သော ဓမ္မကထိကပုဂ္ဂိုလ်။ (အံ၊၁၊၄၅၅။) (အဘိ၊ပု၊၁၄၈။) (အံ၊မြန်၊၁။၄၆၇။) (အဘိ၊ပု၊မြန်။၅၁။)♦

ဓမ္မကထိကကျင့်စဉ် ၃ မျိုး

၁။ အစ၌ သီလကို ဟောပြရခြင်း၊
၂။ အလယ်၌ မဂ်ကို ထင်အောင် ဟောပြ ရခြင်း၊
၃။ အဆုံး၌ နိဗ္ဗာန်ကို ထင်အောင် ဟောပြရခြင်း။ (ဒီ၊ဋ္ဌ၊၁၊၁၅၉။) (ဒီ၊ဋ္ဌ၊မြန်၊၁။၃၁၁။)♦

ဓမ္မကထိကများ မိမိသန္တာန်၌ ဖြစ်စေရမည့် တရား ၅ ပါး

၁။ အစဉ်အတိုင်းဖြစ်သော တရားစကား အနုပုဗ္ဗိကထာကို ဟောကြားမည်ဟု နှလုံးသွင်းလျက် ဟောရခြင်း၊
၂။ အကျိုးအကြောင်း ပြလျက် ဟောမည်ဟု နှလုံးသွင်း၍ ဟောရခြင်း၊
၃။ အစဉ်သနားခြင်းကို အစွဲပြု၍ ဟောမည်ဟု နှလုံးသွင်း၍ ဟောရခြင်း၊
၄။ အာမိသကို မငဲ့ဘဲဟောမည်ဟု နှလုံး သွင်းလျက် ဟောရခြင်း၊
၅။ မိမိကိုယ်ကိုလည်းကောင်း, သူတစ်ပါးကိုလည်းကောင်း မထိပါး မပုတ်ခတ် မူ၍ ဟောရခြင်း။ (အံ၊၂၊၁၆၂။) (အံ၊မြန်၊၂။၂၀၈။)♦

ဓမ္မက္ခန္ဓာ ၄ ပါး

၁။ သီလဂုဏ်- သီလက္ခန္ဓ၊
၂။ သမာဓိဂုဏ်- သမာဓိက္ခန္ဓ၊
၃။ ပညာဂုဏ်- ပညာက္ခန္ဓ၊
၄။ ဝိမုတ္တိဂုဏ်- ဝိမုတ္တိက္ခန္ဓ။ (ဒီ၊၃၊၁၉၁။) (ဒီ၊မြန်၊၃။၂၁၃။)♦

ဓမ္မက္ခန္ဓာ ၅ ပါး

မျက်မှောက်ပြုအပ်သော တရား ၅ ပါး၊ သစ္ဆိကာတဗ္ဗတရား ၅ ပါးတို့နှင့် တူသည်။ ♦

ဓမ္မက္ခန္ဓာ ၅ ပါး (တစ်နည်း)

၁။ သီလက္ခန္ဓ၊
၂။ သမာဓိက္ခန္ဓ၊
၃။ ပညာက္ခန္ဓ၊
၄။ ဝိမုတ္တိက္ခန္ဓ- အရဟတ္တဖိုလ်ဟူသော-ဂုဏ်-ကျေးဇူး, အရဟတ္တဖိုလ်ဟူသော တရားအစု၊
၅။ ဝိမုတ္တိဉာဏ ဒဿနက္ခန္ဓ- အရဟတ္တဖိုလ်ကို ဆင်ခြင်တတ်သော, ပစ္စဝေက္ခဏဉာဏ်ဟူသော-ဂုဏ်-ကျေးဇူး။ (ပဋိသံ၊ဋ္ဌ၊၁၊၁၂၆။)♦

ဓမ္မစကြာရတနာကို လည်စေတော်မူသော ဘုရားရှင်၏ တရားတော် ၅ ပါး

၁။ အကျိုးစီးပွားကို သိတော်မူခြင်း၊
၂။ တရားကို သိတော်မူခြင်း၊
၃။ အတိုင်းအရှည်ကို သိတော်မူခြင်း၊
၄။ ကာလကို သိတော်မူခြင်း၊
၅။ ပရိသတ်ကို သိတော်မူခြင်း။ (အံ၊၂၊၁၃၁။) (အံ၊မြန်၊၂။၁၆၂ -၁၆၃။)♦

ဓမ္မစကြာရတနာကို အတုလိုက်၍ လည်စေသော အရှင်သာရိပုတြာ၏ တရား ၅ ပါး

၁။ အကျိုးကို သိခြင်း၊
၂။ တရားကို သိခြင်း၊
၃။ အတိုင်းအရှည်ကို သိခြင်း၊
၄။ ကာလကို သိခြင်း၊
၅။ ပရိသတ်ကို သိခြင်း။ (အံ၊၂၊၁၃၁။) (အံ၊မြန်၊၂။၁၆၃-၁၆၄။)♦

ဓမ္မစက္က ၂ မျိုး

၁။ ပဋိဝေဓဉာဏ် ဓမ္မစက်၊
၂။ ဒေသနာဉာဏ် ဓမ္မစက်။ (မ၊ဋ္ဌ၊၁၊၃၃၃။) (သံ၊ဋ္ဌ၊၂၊၄၄။) (အံ၊ဋ္ဌ၊၂၊၂၅၄။) (အံ၊ဋ္ဌ၊၂၊၂၉၆) (အံ၊ဋ္ဌ၊၃၊၂၉၅။) (အဘိ၊ဋ္ဌ၊၂၊၃၈၂။) (ပဋိသံ၊ဋ္ဌ၊၂၊၂၂၁။) (ပဋိသံ၊ဋ္ဌ၊၂၊၂၃၃။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၇၆။)♦

ဓမ္မဋ္ဌိတိဉာဏ်ဖြစ်ပုံ ၉ မျိုး (အကြောင်းတို့ကို ပိုင်းခြား၍ ယူခြင်း၌ ဖြစ်သော ပညာသည် ဓမ္မဋ္ဌိတိ ဉာဏ်ဖြစ်ပုံ အခြင်းအရာ ၉ မျိုး)

၁။ အဝိဇ္ဇာသည် သင်္ခါရတို့၏ တစ်ဘဝ၌ အစစွာ ဖြစ်ကြောင်းဖြစ်၍ တည်ရာအကြောင်း၊
၂။ သင်္ခါရတို့၏ စ၍ ဖြစ်ပြီးနောက် ဖြစ်တည်ကြောင်း ဖြစ်၍ တည်ရာအကြောင်း၊
၃။ သင်္ခါရတို့၏ ဘဝ စသည်တို့၌ အကျိုးကို ပစ်ချကြောင်းဖြစ်၍ တည်ရာအကြောင်း၊
၄။ သင်္ခါရတို့၏ မိမိအကျိုးဖြစ်ဖို့ရန် အားထုတ်ကြောင်းဖြစ်၍ တည်ရာ အကြောင်း၊
၅။ သင်္ခါရတို့၏ မိမိအကျိုးနှင့် စပ်ယှဉ်ကြောင်းဖြစ်၍ တည်ရာအကြောင်း၊
၆။ သင်္ခါရတို့၏ မိမိကိန်းရာ ခန္ဓာအစဉ်ကို နှောင်ဖွဲ့ကြောင်းဖြစ်၍ တည်ရာအကြောင်း၊
၇။ အခြားအကြောင်းတို့နှင့် ပေါင်းမိသော် သင်္ခါရတို့၏ ဖြစ်ကြောင်းဖြစ်၍ တည်ရာ အကြောင်း၊
၈။ သင်္ခါရတို့၏ ဇနကအကြောင်းဖြစ်၍ တည်ရာအကြောင်း၊
၉။ သင်္ခါရတို့၏ ဥပတ္ထမ္ဘက အကြောင်းဖြစ်၍ တည်ရာအကြောင်း၊ ဤအကြောင်းအရာ ၉ မျိုးဖြင့် အဝိဇ္ဇာသည် အကြောင်း၊ သင်္ခါရတို့သည် အကြောင်းကြောင့်ဖြစ်သော အကျိုးတရားတို့တည်း၊ အဝိဇ္ဇာ, သင်္ခါရဟူသော ဤတရားနှစ်ပါးတို့သည် အကြောင်းကြောင့်ဖြစ်သော အကျိုးတရားတို့တည်းဟု အကြောင်း တို့ကို ပိုင်းခြား၍ ယူခြင်း၌ဖြစ်သော ပညာသည် ဓမ္မဋ္ဌိတိဉာဏ် မည်၏၊ ဓမ္မဋ္ဌိတိဉာဏ် ဟူသည် သင်္ခါရစသော အကျိုးတရားတို့၏ တည်ရာအကြောင်း၌ ဖြစ်သော ဉာဏ်တည်း။ (ဒီ၊ဋ္ဌ၊၁၊၉၄-၉၅။) (ဒီ၊ဋ္ဌ၊မြန်၊၁။၁၈၂။)♦

ဓမ္မတာ ၃၀ ပါး (ဘုရားရှင်တိုင်း၏ ဖြစ်မြဲ ဓမ္မတာ ၃၀)

၁။ နောက်ဆုံးဘဝ ဘုရားဖြစ်လတ္တံ့သော ဘုရားအလောင်းတော်သည် ဆင်ခြင်စုံစမ်းနိုင်သော ဉာဏ်ရှိလျက် အမိဝမ်းသို့ သက်ဝင်ခြင်း၊
၂။ အမိဝမ်း၌ တင်ပလ္လင်ခွေထိုင်၍ ပြင်ပသို့ရှေးရှု ကြည့်နိုင်ခြင်း၊
၃။ ဘုရားအလောင်း၏ မယ်တော် ရပ်လျက် မွေးဖွားခြင်း၊
၄။ တောအရပ်၌သာလျှင် အမိဝမ်းမှ ထွက်လာခြင်း၊
၅။ မြောက်အရပ်သို့ ရှေးရှုလျက် ခုနစ်လှမ်း လျှောက်လှမ်း၍ အရပ်လေးမျက်နှာကို ကြည့်၍ ရဲရင့်သော အသံကို ကျူးရင့်ခြင်း၊
၆။ နိမိတ်လေးမျိုးတို့ကို မြင်၍ သားမွေးဖွားသော နေ့၌ တောထွက်ခြင်း၊
၇။ ရဟန်းပြုပြီး၍ အောက်ထစ်ဆုံး အပိုင်းအခြားအားဖြင့် ခုနစ်ရက် ပတ်လုံး ကမ္မဋ္ဌာန်းတရား ကျင့်ကြံ အားထုတ်ခြင်း၊
၈။ သဗ္ဗညုတဉာဏ်ရအံ့သော နေ့၌ နို့ဃနာဆွမ်းကို သုံးဆောင်ခြင်း၊
၉။ မြက်ခင်းပြင်၌ ထိုင်၍ သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူခြင်း၊
၁၀။ အာနာပါနဿတိကမ္မဋ္ဌာန်း ပရိကံပြုခြင်း၊
၁၁။ မာရ် စစ်သည်တို့ကို နှိပ်ကွပ်ဖျက်ဆီးခြင်း၊
၁၂။ ဗောဓိပလ္လင်၌သာလျှင် ဝိဇ္ဇာသုံးပါး အစထား၍ အသာဓာရဏ ဉာဏ် အစရှိသော ဂုဏ်ကျေးဇူးတို့ကို ရတော်မူခြင်း၊
၁၃။ ခုနစ်သတ္တာဟပတ်လုံး ဗောဓိပင်အနီး၌ သာလျှင် အချိန်ကုန်လွန်စေခြင်း၊
၁၄။ တရားဟောခြင်းငှာ ဗြဟ္မာကြီးသည် တောင်းပန်ခြင်း၊
၁၅။ ဣသိပတန မိဂဒါဝုန်တော၌ ဓမ္မစကြာတရား ဟောတော်မူခြင်း၊
၁၆။ တပို့တွဲ လပြည့်နေ့တွင် အင်္ဂါလေးပါးနှင့် ပြည့်စုံသော အစည်းအဝေး၌ ပါတိမောက်ကို ပြတော်မူခြင်း၊
၁၇။ ဇေတဝန်ကျောင်းအရပ်၌ အမြဲသီတင်းသုံးနေတော်မူခြင်း၊
၁၈။ သာဝတ္ထိ ပြည်တံခါးဝ အနီး၌ တန်ခိုးပြာဋိဟာအစုံကို ပြတော်မူခြင်း၊
၁၉။ တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာ တရားကို ဟောတော်မူခြင်း၊
၂၀။ သင်္ကဿနဂိုရ်မြို့တံခါးအနီးအရပ်၌ နတ်ပြည်မှ သက်ဆင်း တော်မူခြင်း၊
၂၁။ အမြဲမပြတ် ဖလသမာပတ်ကို ဝင်စားတော်မူခြင်း၊
၂၂။ တစ်နေ့ နှစ်ကြိမ် ဆုံးမထိုက်သော လူအပေါင်းကို ကြည့်တော်မူခြင်း၊
၂၃။ အကြောင်းဖြစ်ပေါ်လာသော အခါ၌ သိက္ခာပုဒ်ကို ပညတ်တော်မူခြင်း၊
၂၄။ အဋ္ဌုပ္ပတ္တိဖြစ်ပေါ်လာလျှင် ဇာတ်တော်ကို ဟောတော် မူခြင်း၊
၂၅။ ဆွေမျိုးတို့၏ စုံညီအစည်းအဝေး၌ ဗုဒ္ဓဝင်ကို ဟောတော်မူခြင်း၊
၂၆။ အာဂန္တုက ရဟန်းတို့နှင့် အစေ့အစပ်စကားကို ပြောတော်မူခြင်း၊
၂၇။ ဝါဆိုခြင်းမှ ထသော် ပင့်ဖိတ် ထားသော ဒါယကာတို့အား မပြောကြားဘဲ ခရီးသွားတော်မမူခြင်း၊
၂၈။ နေ့စဉ် နေ့စဉ် ဆွမ်းရှေ့ အဖို့ကိစ္စ, ဆွမ်းစားပြီးနောက်အဖို့ကိစ္စ, ပဌမယံကိစ္စ, မဇ္ဈိမယံကိစ္စ, ပစ္ဆိမယံကိစ္စတို့ကို ပြုတော်မူခြင်း၊
၂၉။ ပရိနိဗ္ဗာန်ပြုတော်မူသော နေ့၌ အမဲအရသာကို သုံးဆောင်တော်မူခြင်း၊
၃၀။ ကုဋေနှစ်သန်းလေးသိန်း သမာပတ်တို့ကို ဝင်စား၍ ပရိနိဗ္ဗာန် ပြုတော်မူခြင်း။ (ဗုဒ္ဓဝံ၊ဋ္ဌ၊၃၅၂။)♦

ဓမ္မဒဿီဘုရားရှင်၏ ဓမ္မာဘိသမယ ၃ ကြိမ်

၁။ ဓမ္မစကြာတရားဦး ဟောတော်မူသောအခါ လူ နတ် ဗြဟ္မာ ကုဋေတစ်သိန်း တရားထူးရကြသည်၊
၂။ သဉ္စယရသေ့ကို ဆုံးမတော်မူသောအခါ လူနတ်ဗြဟ္မာ ကုဋေကိုးဆယ် တရားထူး ရကြသည်၊
၃။ သိကြားမင်းသည် ပရိသတ်နှင့် တကွ ဘုရားရှင်ထံ ချဉ်းကပ်သောအခါ လူနတ်ဗြဟ္မာ ကုဋေရှစ်ဆယ်တို့ တရားထူးရပြီး ကျွတ်တမ်း ဝင်ကြသည်။ (အပ၊၂၊၃၅၅။) (အပ၊မြန်၊၂။၃၅၃။)♦

ဓမ္မဒဿီဘုရားရှင်၏ သာဝကအစည်းအဝေး ၃ ကြိမ်

၁။ ပဌမအစည်းအဝေး၌ ဘုရားရှင်သည် သရဏမြို့တော်၌ ဝါကပ်တော်မူသော အခါ၌ ရဟန္တာ ကုဋေတစ်သိန်း၊
၂။ ဒုတိယ အစည်းအဝေး၌ နတ်ပြည်မှ လူပြည်သို့ ကြွလာတော်မူသော အခါ၌ ရဟန္တာ ကုဋေတစ်ရာ၊
၃။ တတိယအစည်းအဝေး၌ ဓုတင်ဂုဏ်ကို ပြတော်မူသောအခါ ရဟန္တာ ကုဋေရှစ်ဆယ်တို့ စည်းဝေးတော် မူကြသည်။ (အပ၊၂၊၃၅၆။) (အဘိ၊ဋ္ဌ၊၁၊၆၇။) (ဇာ၊ဋ္ဌ၊၁၊၄၇။) (အပ၊မြန်၊၂။၃၅၃။)♦

ဓမ္မဒဿီဘုရားရှင်၏ အဂ္ဂသာဝက ၂ ပါး

၁။ ပဒုမထေရ်၊
၂။ ဖုဿဒေဝထေရ်။ (အဘိ၊ဋ္ဌ၊၁၊၆၇။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၆၂။) (ဇာ၊ဋ္ဌ၊၁၊၄၇။)♦

ဓမ္မဒဿီဘုရားရှင်၏ အဂ္ဂသာဝိကာမ ၂ ပါး

၁။ ခေမာထေရီ၊
၂။ သဗ္ဗနာမထေရီ၊ (အဘိ၊ဋ္ဌ၊၁၊၆၇။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၆၂။) (ဇာ၊ဋ္ဌ၊၁၊၄၈။)♦

ဓမ္မဒဿီဘုရားအလောင်း၏ ပြာသာဒ် ၃ ဆောင်

၁။ အရဇမည်သော ပြာသာဒ်ဆောင်၊
၂။ ဝိရဇ မည်သော ပြာသာဒ်ဆောင်၊
၃။ သုဒဿနမည်သော ပြာသာဒ်ဆောင်။ (အပ၊၂၊၃၅၆။) (အပ၊မြန်၊၂ ။၃၅၄။)♦

ဓမ္မဒါယာဒါ၌ ဓမ္မ ၂ မျိုး

၁။ လောကုတ္တရာတရား ကိုးပါးသည် မုချဓမ္မ- နိပ္ပရိယာယဓမ္မ၊
၂။ နိဗ္ဗာန်ကို ဆုတောင်း၍ ဒါန, သီလ စသော ကောင်းမှုကုသိုလ်ကို ပြုလျက် အစဉ်သဖြင့် မဂ်ဖိုလ်တရားကို ရရှိခြင်းသည် ပရိယာယဓမ္မ၊ (မ၊ဋ္ဌ၊၁၊၉၂။)♦

ဓမ္မဒေသနာ ၂ မျိုး

၁။ သံခိတ္တဓမ္မဒေသနာ- အကျဉ်းချုပ် မာတိကာမျှကို ရွတ်ဆို ဟောကြားခြင်း၊
၂။ ဝိတ္ထာရဓမ္မဒေသနာ- အကျဉ်းချုပ်မာတိကာကို အကျယ်ချဲ့၍ ဟောကြားခြင်း။ (အံ၊ဋ္ဌ၊၂၊၁၁။)♦

ဓမ္မဒေသနာသိက္ခာပုဒ်၌ အင်္ဂါ ၅ မျိုး

၁။ ပါဠိအဋ္ဌကထာဓမ္မကို ခြောက်ခွန်းအထက်၌ ဟောပြောခြင်း၊
၂။ ကောင်းစွာ ပြောအပ်သော စကားမကောင်းသဖြင့် ပြောအပ်သော စကားစသည်ကို သိနိုင်စွမ်းရှိသော မိန်းမ ဖြစ်ခြင်း၊
၃။ ဣရိယာပုတ်ကို ပြောင်းလဲမှု မရှိခြင်း၊
၄။ တတ်သိ နားလည်သော ယောကျ်ားလူသား မရှိခြင်း၊
၅။ မမေးသော ပြဿနာကို ဖြေကြားခြင်း။ (သာရတ္ထ၊ ဋီ၊၃။၁၂။) (ဝိမတိ၊၂၊၈။)♦

ဓမ္မပဋိသမ္ဘိဒါ၌ ဓမ္မ ၅ မျိုး

၁။ အကျိုးတရားကို ဖြစ်စေတတ်သော အကြောင်းတရားအားလုံး၊
၂။ အရိယ မဂ်တရား၊
၃။ ဘုရားရှင် ဟောကြားအပ်သော ပါဠိတရား၊
၄။ ကုသိုလ်တရား၊
၅။ အကုသိုလ် တရား။ (အဘိ၊ဋ္ဌ၊၂၊၃၇၀။) (ပဋိသံ၊ဋ္ဌ၊၁၊၃။) (အံ၊ဋီ၊၂၊၃၄၈။)♦

ဓမ္မပဋိသမ္ဘိဒါ၏ အာရုံဖြစ်သော ဓမ္မ ၅ ပါး

၁။ ပညာမျက်စိ (စက္ခု)၊
၂။ အသိဉာဏ် (ဉာဏ)၊
၃။ အပြားအားဖြင့် သိတတ်သော ဉာဏ် (ပညာ)၊
၄။ ထိုးထွင်း၍ သိသော ဉာဏ် (ဝိဇ္ဇာ)၊
၅။ အလင်းရောင် (အာလောက) ။ (ပဋိသံ၊၃၃၀။) (ပဋိသံ၊မြန်။၃၉၂။)♦

ဓမ္မပဒ ၄ ပါး

၁။ အနဘိဇ္ဈာဓမ္မပဒံ- အနဘိဇ္ဈာ-အလောဘ၏ အစွမ်းအားဖြင့် ရအပ်သော ဝိပဿနာ မဂ်ဖိုလ်နိဗ္ဗာန်၊
၂။ အဗျာပါဒဓမ္မပဒံ- မေတ္တာ-အဒေါသကို အဦးပြုသဖြင့် ရအပ်သော ဈာန်၊
၃။ သမ္မာသတိဓမ္မပဒံ- သတိကို အဦးပြုသဖြင့် ရအပ်သော ဈာန်၊
၄။ သမ္မာသမာဓိဓမ္မပဒံ- သမာပတ်ရှစ်ပါးကို အဦးပြုသဖြင့် ရအပ်သော ဈာန် စသည်။ (အံ၊၁၊၃၃၇-၃၃၈။) (ပေဋကော၊၂၀၄။) (ပဋိသံ၊ဋ္ဌ၊၁၊၂၇၂။) (ဓမ္မ၊ဋ္ဌ၊၁၊၄၁၇။) (နေတ္တိ၊ဋ္ဌ၊၁၄၇။) (အံ၊မြန်၊၁။၃၅၃။)♦

ဓမ္မဝါဒီပုဂ္ဂိုလ်ဟု သိနိုင်ကြောင်း ၁၈ ပါး

၁။ တရားမဟုတ်သည်ကို တရားမဟုတ်ဟု ပြခြင်း၊
၂။ တရားဟုတ်သည်ကို တရားဟုတ်၏ဟု ပြခြင်း၊
၃။ ဝိနည်းမဟုတ်သည်ကို ဝိနည်း မဟုတ်ဟု ပြခြင်း၊
၄။ ဝိနည်းဟုတ်သည်ကို ဝိနည်းဟုတ်၏ဟု ပြခြင်း၊
၅။ ဘုရားရှင် မဟောအပ် မပြောအပ်သည်ကို မြတ်စွာဘုရား မဟောအပ် မပြောအပ်ဟု ပြခြင်း၊
၆။ ဘုရားရှင် ဟောအပ် ပြောအပ်သည်ကို မြတ်စွာဘုရားသည် ဟောအပ် ပြောအပ်၏ဟု ပြခြင်း၊
၇။ ဘုရားရှင်၏ အလေ့အကျင့် မဟုတ်သည်ကို ဘုရားရှင်၏ အလေ့အကျင့် မဟုတ်ဟု ပြခြင်း၊
၈။ ဘုရားရှင်၏ အလေ့အကျင့်ကို ဘုရားရှင်၏ အလေ့အကျင့်ဟု ပြခြင်း၊
၉။ ဘုရားရှင် မပညတ်အပ် သည်ကို ဘုရားရှှင်သည် မပညတ်အပ်ဟု ပြခြင်း၊
၁၀။ မြတ်စွာဘုရား ပညတ်အပ်သည်ကို ဘုရားရှင်သည် ပညတ်အပ်၏ဟု ပြခြင်း၊
၁၁။ အာပတ်သင့်သည်ကို အာပတ်သင့်၏ဟု ပြခြင်း၊
၁၂။ အာပတ်မသင့်သည်ကို အာပတ်မသင့်ဟု ပြခြင်း၊
၁၃။ ပေါ့သော အာပတ်ကို ပေါ့သော အာပတ်ဟု ပြခြင်း၊
၁၄။ လေးသော အာပတ်ကို လေးသော အာပတ်ဟု ပြခြင်း၊
၁၅။ အကြွင်း ရှိသော အာပတ်ကို အကြွင်းရှိသော အာပတ်ဟု ပြခြင်း၊
၁၆။ အကြွင်းမရှိသော အာပတ်ကို အကြွင်းမရှိသော အာပတ်ဟု ပြခြင်း၊
၁၇။ ရုန့်ရင်းကြမ်းတမ်းသော အာပတ်ကို ရုန့်ရင်း ကြမ်းတမ်းသော အာပတ်ဟု ပြခြင်း၊
၁၈။ မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ကို မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ဟု ပြခြင်း။ (ဝိ၊၃၊၅၀၂။) (ဝိ၊မြန်၊၃။၅၀၈။)♦

ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်ကြောင်း ၆ ပါး

၁။ ဆရာသမားများထံ ချဉ်းကပ်၍ အနက်အဓိပ္ပါယ်ကို မေးမြန်းခြင်း၊
၂။ ဆံပင် ခြေသည်း လက်သည်းစသော အဇ္ဈတ္တိကဝတ္ထု, အဝတ်အစားစသော ဗဟိဒ္ဓဝတ္ထုတို့ကို သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ခြင်း၊
၃။ သဒ္ဓါစသော ဣန္ဒြေတို့ကို ညီမျှအောင် ပြုလုပ်ခြင်း၊
၄။ ပညာမဲ့သော ပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်ခြင်း၊
၅။ ပညာရှိသော ပုဂ္ဂိုလ်တို့ကို မှီဝဲဆည်းကပ်ခြင်း၊
၆။ ဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်ရန် စိတ်ညွတ်ခြင်း နှလုံး သွင်းခြင်း။ (ဒီ၊ဋီ၊၂၊၁၂၉။)♦

ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်ကြောင်း ၇ ပါး

၁။ ဆရာသမားများထံ ချဉ်းကပ်၍ နိကာယ်ငါးရပ်၏ အနက်အဓိပ္ပာယ်ကို မေးမြန်းခြင်း၊
၂။ ဆံပင်, ခြေသည်း လက်သည်း စသော အဇ္ဈတ္တိကဝတ္ထု, အဝတ်အစား စသော ဗာဟိရဝတ္ထုတို့ကို သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ခြင်း၊
၃။ သဒ္ဓါ စသော ဣန္ဒြေတို့ကို ညီမျှအောင် ပြုခြင်း၊
၄။ ပညာမဲ့သော ပုဂ္ဂိုလ်ကို ရှောင်ကြဉ်ခြင်း၊
၅။ ပညာရှိ ပုဂ္ဂိုလ်ကို မှီဝဲခြင်း၊
၆။ နက်နဲသော ဉာဏ်အကျင့်ကို ဆင်ခြင်ခြင်း၊
၇။ ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်ဖို့ရန် စိတ်ညွတ်ခြင်း။ (ဒီ၊ဋ္ဌ၊၂၊၃၇၉။) (မ၊ဋ္ဌ၊၁၊၂၉၄။) (သံ၊ဋ္ဌ၊၃၊၁၉၃။) (အံ၊ဋ္ဌ၊၁၊၃၉၀။) (အဘိ၊ဋ္ဌ၊၂၊၂၆၃။) (ဝိသုဒ္ဓိ၊၁၊၁၂၈။) (သာရတ္ထ၊ဋီ၊၂၊၂၂၇။) (ဒီ၊ဋ္ဌ၊မြန်၊၂။၆၉၈။) (ဒီ၊ဋ္ဌ၊မြန်၊၂။၆၉၈။)♦

ဓမ္မသင်္ဂဏီကျမ်း၌ ဝေဖန်ရာပါဠိရပ် ၄ မျိုး

၁။ စိတ်ကို ဝေဖန်ရာ ပါဠိရပ် (စိတ္တဝိဘတ္တိ)၊
၂။ ရုပ်ကို ဝေဖန်ရာ ပါဠိရပ် (ရူပဝိဘတ္တိ)၊
၃။ မူလ စသည်ဖြင့် ထားရာ တရားအစု (နိက္ခေပရာသိ)၊
၄။ အနက်ကို ထုတ်ရာ အဋ္ဌကထာကဏ္ဍ (အတ္ထုဒ္ဓါရ) ။ (အဘိ၊ဋ္ဌ၊၁၊၆။)♦

ဓမ္မာဒါသ ၄ ပါး

၁။ အရဟံ အစရှိသော ဂုဏ်တော်ကိုးပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာ ဘုရား၌ တုန်လှုပ်ခြင်း မရှိသော ကြည်ညိုမှု သဒ္ဓါတရားနှင့် ပြည့်စုံရခြင်း၊
၂။ သွာက္ခာတတာ စသော ဂုဏ်တော်ခြောက်ပါးတို့နှင့် ပြည့်စုံတော်မူသော တရားတော်၌ တုန်လှုပ်ခြင်း မရှိသော ကြည်ညိုမှု သဒ္ဓါတရားနှင့် ပြည့်စုံရခြင်း၊
၃။ သုပ္ပဋိပန္နတာ စသော ဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံတော်မူသော အရိယာသံဃာ၌ တုန်လှုပ်ခြင်း မရှိသော ကြည်ညိုမှု သဒ္ဓါတရားနှင့် ပြည့်စုံရခြင်း၊
၄။ မကျိုးမပေါက် မပြောက်မကျားသော အရိယာသူတော်ကောင်းတို့ ချီးမွမ်း အပ်သော ငါးပါးသီလနှင့် ပြည့်စုံရခြင်း။ (ဒီ၊၂၊၈၀။) (သံ၊၃၊၃၁၁။) (သံ၊၃၊၃၂၁။) (ဒီ၊မြန်၊၂။ ၉၂-၉၃။) (သံ၊မြန်၊၃။၃၊၃၁၃။) (သံ၊မြန်၊၃။၃၊၃၁၃။)♦

ဓမ္မာနုပဿနာ ၅ ပါး

၁။ နီဝရဏတရား ငါးပါးကို ဆင်ခြင်ခြင်း၊
၂။ ခန္ဓာ ငါးပါးကို ဆင်ခြင်ခြင်း၊
၃။ အာယတန တစ်ဆယ့်နှစ်ပါးကို ဆင်ခြင်ခြင်း၊
၄။ ဗောဇ္ဈင် ခုနစ်ပါးကို ဆင်ခြင်ခြင်း၊
၅။ သစ္စာ လေးပါးကို ဆင်ခြင်ခြင်း။ (ဒီ၊၂၊၂၃၈-၂၃၉။) (ဒီ၊၂၊၂၄၃။) (ဒီ၊မြန်၊၂။၂၆၆၊၂၈၀။) (ဒီ၊မြန်၊၂။ ၂၆၆၊၂၈၀။)♦

ဓား ၃ မျိုး

၁။ ကာယသတ္ထ- ကာယဒုစရိုက်သုံးပါး၊
၂။ ဝစီသတ္ထ- ဝစီဒုစရိုက်လေးပါး၊
၃။ မနောသတ္ထ- မနောဒုစရိုက်သုံးပါး။ (မဟာနိ၊၁၁၇။)♦

ဓားငယ် လှူရကျိုး ၅ ပါး

၁။ ကလျာဏမိတ္တဟု ခေါ်ဆိုအပ်သော မိတ်ဆွေကောင်းကို ရရှိခြင်း၊
၂။ လုံ့လဝီရိယရှိသူ ဖြစ်ခြင်း၊
၃။ သည်းခံခြင်းတည်းဟူသော ခန္တီတရားနှင့် ပြည့်စုံသူ ဖြစ်ခြင်း၊
၄။ မေတ္တာတည်းဟူသော ဓားလက်နက် ရှိခြင်း၊
၅။ ဝရဇိန်နှင့် တူသော ဉာဏ်ပညာ တည်းဟူသော ဓားလက်နက် ရှိခြင်း။ (အပ၊၁၊၃၆၀။) (အပ၊မြန်၊၁။၃၆၈။)♦

ဓာတု ၃ မျိုး

၁။ အာရမ္ဘဓာတု- ရှေးဦးစွာ အားထုတ်သော ဝီရိယဓာတ် ဟူသော အာရမ္ဘဓာတ်၊
၂။ နိက္ကမဓာတု- ပျင်းရိသူအဖြစ်မှ ထွက်မြောက်ကြောင်း လုံ့လဝီရိယဟူသော နိက္ကမဓာတ်၊
၃။ ပရက္ကမဓာတု- ပြင်းစွာ အားထုတ်ခြင်း ဟူသော ပရက္ကမဓာတ်။ (ဥဒါန၊ဋ္ဌ၊၂၁၁။)♦

ဓာတုကထာကျမ်း၂ မျိုး

၁။ အကျဉ်းအားဖြင့် ပြအပ်သော ဓာတုကထာ၊
၂။ အကျယ်အားဖြင့် ပြအပ်သော ဓာတုကထာ၊ (အဘိ၊ဋ္ဌ၊၃၊၁။)♦

ဓာတုကထာကျမ်းကို ဝေဖန်ပုံ ၁၄ မျိုး

၁။ သင်္ဂဟ အသင်္ဂဟ၊
၂။ သင်္ဂဟိတေန အသင်္ဂဟိတ၊
၃။ အသင်္ဂဟိတေန သင်္ဂဟိတ၊
၄။ သင်္ဂဟိတေန သင်္ဂဟိတ၊
၅။ အသင်္ဂဟိတေန အသင်္ဂဟိတ၊
၆။ သမ္ပယောဂ ဝိပ္ပယောဂ၊
၇။ သမ္ပယုတ္တေန ဝိပ္ပယုတ္တ၊
၈။ ဝိပ္ပယုတ္တေန သမ္ပယုတ္တ၊
၉။ သမ္ပယုတ္တေန သမ္ပယုတ္တ၊
၁၀။ ဝိပ္ပယုတ္တေန ဝိပ္ပယုတ္တ၊
၁၁။ သင်္ဂဟိတေန သမ္ပယုတ္တ ဝိပ္ပယုတ္တ၊
၁၂။ သမ္ပယုတ္တေန သင်္ဂဟိတ အသင်္ဂဟိတ၊
၁၃။ အသင်္ဂဟိတေန သမ္ပယုတ္တ ဝိပ္ပယုတ္တ၊
၁၄။ ဝိပ္ပယုတ္တေန သင်္ဂဟိတ အသင်္ဂဟိတ။ (အဘိ၊ဋ္ဌ၊၁၊၈။)♦

ဓာတ် ၁၈ ပါး

၁။ စက္ခုဓာတ်- ရူပဓာတ်- စက္ခုဝိညာဏဓာတ်၊
၂။ သောတဓာတု- သဒ္ဒဓာတ်- သောတဝိညာဏဓာတ်၊
၃။ ဃာနဓာတ်- ဂန္ဓဓာတ်- ဃာနဝိညာဏဓာတ်၊
၄။ ဇိဝှါဓာတ်- ရသဓာတ်- ဇိဝှါဝိညာဏဓာတ်၊
၅။ ကာယဓာတ်- ဖောဋ္ဌဗ္ဗဓာတ်- ကာယဝိညာဏဓာတ်၊
၆။ မနောဓာတ်- မနောဝိညာဏဓာတ်- ဓမ္မဓာတ် ပေါင်း (၁၈) ပါး။ (မ၊၃၊၁၀၇။) (အဘိ၊ဓ၊ ၂၅၉။) (အဘိ၊ဝိ၊၄၁၅။) (အဘိ၊ဝိ၊၄၁၇။) (အဘိ၊ဝိ၊၈၉။) (အဘိ၊ဝိ၊၉၂။) (အဘိ၊ပု၊၁၀၁။) (ယမက၊၁၊၁၉၅။) (စူဠနိ၊ဋ္ဌ၊၈၁။) (ဝိသုဒ္ဓိ၊၂၊၁၁၅။) (မ၊မြန်၊၃။၁၁၁။) (အဘိ၊ဓ၊မြန်။၃၈၉။) (အဘိ၊ဝိ၊မြန်၊၁။၃၁၁။) (အဘိ၊ဝိ၊မြန်၊၁။၃၁၁။) (အဘိ၊ဝိ၊မြန်၊၂။၅၂၄။) (အဘိ၊ဝိ၊မြန်၊၂။၅၂၄။) (အဘိ၊ပု၊မြန်။၁။)♦

ဓာတ် ၂ ပါး

၁။ သင်္ခတဓာတ်- များစွာသော အကြောင်းတရားတို့ဖြင့် ပေါင်းစု၍ ပြုအပ်သော ခန္ဓာငါးပါးဓာတ်၊
၂။ အသင်္ခတဓာတ်- တစ်စုံတစ်ခုသော အကြောင်းတို့ဖြင့် မပြုလုပ်အပ်သော နိဗ္ဗာနဓာတ််။ (မ၊၃၊၁၀၈။) (ပဋိသံ၊ဋ္ဌ၊၁၊၆၂။) (အနုဋီ၊၂၊၁၇၁။) (မ၊မြန်၊၃။၁၁၂။)♦

ဓာတ် ၂ ပါး (တစ်နည်း)

၁။ မနောဝိညာဏဓာတ်၊
၂။ ဓမ္မဓာတ်။ (အဘိ၊ဓ၊၂၈။) (အဘိ၊ဓ၊မြန်။၄၄။)♦

ဓာတ် ၃ ပါး

၁။ ကာမဓာတ်- ကာမဘုံ၌ ဖြစ်သော ခန္ဓာငါးပါး၊
၂။ ရူပဓာတ်- ရူပဘုံ၌ ဖြစ်သော ခန္ဓာငါးပါး၊
၃။ အရူပဓာတ်- အရူပဘုံ၌ ဖြစ်သော နာမ်ခန္ဓာလေးပါး။ (ဒီ၊၃၊၁၈၁။) (မ၊၃၊၁၀၈။) (ပဋိသံ၊ဋ္ဌ၊၁၊၆၂။) (အနုဋီ၊၂၊၁၇၁။) (ဒီ၊မြန်၊၃။၂၀၁။) (မ၊မြန်၊၃။၁၁၂။)♦

ဓာတ် ၃ ပါး (တစ်နည်း)

၁။ ရူပဓာတ်၊
၂။ အရူပဓာတ်၊
၃။ နိရောဓဓာတ်။ (ဒီ၊၃၊၁၈၁။) (ခုဒ္ဒက၊ ၂၂၆။) (ပဋိသံ၊ဋ္ဌ၊၁၊၆၂။) (ဒီ၊မြန်၊၃။၂၀၁။) (ခုဒ္ဒက၊မြန်။၂၁၀။)♦

ဓာတ် ၃ ပါး (တစ်နည်း)

၁။ ဟီနာ ဓာတု- အညံ့ဓာတ်, အကုသိုလ်စိတ် တစ်ဆယ့်နှစ်ပါး၊
၂။ မဇ္ဈိမာ ဓာတု- အလယ်အလတ်ဓာတ်, ကြွင်းသော တေဘူမကတရား၊
၃။ ပဏီတာ ဓာတု- အမြတ်ဓာတ်, လောကုတ္တရာတရား ကိုးပါး။ (ဒီ၊၃၊၁၈၁။) (ပဋိသံ၊ဋ္ဌ၊၁၊၆၃။) (ဒီ၊မြန်၊၃။၂၀၁။)♦

ဓာတ် ၄ ပါး

၁။ ပထဝီဓာတ်၊
၂။ အာပေါဓာတ်၊
၃။ တေဇောဓာတ်၊
၄။ ဝါယောဓာတ်။ (ဒီ၊၃၊၁၉၀။) (သံ၊၁၊၃၇၉။) (သံ၊၁၊၃၈၅။) (ဒီ၊မြန်၊၃။၂၁၂။) (သံ၊မြန်၊၁။၃၆၇၊၃၇၂။) (သံ၊မြန်၊၁။၃၆၇၊၃၇၂။)♦

ဓာတ် ၆ ပါး

၁။ ပထဝီဓာတ်၊
၂။ အာပေါဓာတ်၊
၃။ တေဇောဓာတ်၊
၄။ ဝါယောဓာတ်၊
၅။ အာကာသ ဓာတ်၊
၆။ ဝိညာဏဓာတ်။ (ဒီ၊၃၊၂၀၅။) (မ၊၃၊၁၀၇။) (မ၊၃၊၈၁။) (အဘိ၊ဝိ၊၈၄။) (ဒီ၊မြန်၊၃။၂၂၈။) (မ၊မြန်၊၃။၁၁၁။) (မ၊မြန်၊၃။၈၅။) (အဘိ၊ဝိ၊မြန်၊၁။၂၉၇။)♦

ဓာတ် ၆ ပါး (တစ်နည်း)

၁။ သုခဓာတ်၊
၂။ ဒုက္ခဓာတ်၊
၃။ သောမနဿဓာတ်၊
၄။ ဒေါမနဿဓာတ်၊
၅။ ဥပေက္ခာဓာတ်၊
၆။ အဝိဇ္ဇာဓာတ်။ (မ၊၃၊၁၀၈။) (အဘိ၊ဝိ၊၈၇။) (မ၊မြန်၊၃။၁၁၁။) (အဘိ၊ဝိ၊မြန်၊၁။၃၀၅။)♦

ဓာတ် ၆ ပါး (တစ်နည်း)

၁။ ကာမဓာတ်-ဝတ္ထုကာမ ကိလေသကာမ, ကာမ ၁၁ ဘုံ စသည်၊
၂။ နေက္ခမ္မဓာတ်- အလောဘ, ပဌမဈာန်, ကုသိုလ်အားလုံးနှင့် ယှဉ်သော ဓာတ်သဘော၊ နေက္ခမ္မ ဝိတက်၊
၃။ ဗျာပါဒဓာတ်- စီးပွားချမ်းသာကို ဖျက်ဆီးတတ်သော သဘော၊
၄။ အဗျာပါဒ ဓာတ်- မေတ္တာသာလျှင်ဖြစ်သော ဓာတ်၊
၅။ ဝိဟိံသာဓာတ်- ညှဉ်းဆဲခြင်းသဘော၊
၆။ အဝိဟိံသာဓာတ်- မညှဉ်းဆဲခြင်းသဘော။ (မ၊၃၊၁၀၈။) (အဘိ၊ဝိ၊၈၈။) (မ၊မြန်၊၃။၁၁၂။) (အဘိ၊ဝိ၊မြန်၊၁။၃၀၈။)♦

ဓာတ် ၇ ပါး

၁။ အာဘာဓာတု- အရောင်အလင်းဟူသော ဓာတ်သဘော, သတ္တလည်းမဟုတ် ဇီဝလည်းမဟုတ်သော သဘောတရား, ရူပဓာတ်၊
၂။ သုဘဓာတု- တင့်တယ်သော သဘော၊
၃။ အာကာသာနဉ္စာယတန ဓာတု- အဆုံးအပိုင်းအခြားမရှိသော ကောင်းကင်ပညတ်ဟူသော တည်ရာအာရုံရှိသော ဈာန်, အာကာသာနဉ္စာယတနဘုံ၊
၄။ ဝိညာဏဉ္စာယတနဓာတု- အဆုံး အပိုင်းအခြားမရှိသော ပဌမာရုပ္ပဝိညာဏ်လျှင် တည်ရာအာရုံရှိသော ဒုတိယာရုပ္ပဈာန်၊
၅။ အာကိဉ္စညာယတနဓာတု- စိုးစဉ်းအနည်းငယ် ဘင်မျှ အကြွင်းအကျန် မရှိသော အာကာသာ နဉ္စာယတနဝိညာဏ်၏အဖြစ်-အာကာသာနဉ္စာယတန ဝိညာဉ်၏ကင်းကွာ ချုပ်ပျောက်ခြင်း (နတ္ထိဘောပညတ်) ဟူသော တည်ရာအာရုံဟူသော ဖြစ်ရာအာရုံ၊
၆။ နေဝသညာနာသညာ ယတနဓာတု- သညာရှိသည်လည်းမဟုတ်သညာမရှိသည်လည်း မဟုတ်သော မိမိမှ ကြွင်းသော သမ္ပယုတ်တရားတို့၏ တည်ရာဖြစ်သော ဈာန်စိတ်, နေဝသညာနာသညာ ယတနဘုံ၊
၇။ သညာ ဝေဒယိတနိရောဓ ဓာတု- သညာဝေဒနာတို့၏ ချုပ်ရာဖြစ်သော သမာပတ်။ (သံ၊၁၊၃၆၄။) (သံ၊မြန်၊၁။၃၄၈။)♦

ဓာတ်ကမ္မဋ္ဌာန်း ကျွမ်းကျင်ကြောင်း အခြင်းအရာ ၇ ပါး

၁။ နှုတ်အားဖြင့်၊
၂။ စိတ်အားဖြင့်၊
၃။ အဆင်းအားဖြင့်၊
၄။ ပုံသဏ္ဌာန်အားဖြင့်၊
၅။ အရပ်အားဖြင့်၊
၆။ တည်ရာအားဖြင့်၊
၇။ အပိုင်းအခြားအားဖြင့် ကမ္မဋ္ဌာန်းကို သင်ယူရာ၌ ကျွမ်းကျင်သူ၏ အဖြစ်ကို အလိုရှိအပ်။ (အဘိ၊ဋ္ဌ၊၂၊၅၃။)♦

ဓာတ်ကမ္မဋ္ဌာန်း ပွားများပုံ ၄ မျိုး

၁။ သသမ္ဘာရသင်္ခေပတော- ပထဝီဓာတ် စသော သမ္ဘာရနှင့် တကွဖြစ်သော ဆံပင် စသည်တို့ကို အကျဉ်းချုံးသောအားဖြင့် ပွားရခြင်း၊
၂။ သသမ္ဘာရ ဝိဘတ္တိတော- ပထဝီဓာတ် စသော သမ္ဘာရနှင့် တကွဖြစ်သော ဆံပင် စသည်ကို ဝေဖန်သော အားဖြင့် ပွားရခြင်း၊
၃။ သလက္ခဏသင်္ခေပတော- ထဒ္ဓဘာဝ အစရှိသော လက္ခဏာနှင့် တကွ ဖြစ်သော ဆံပင် စသည်တို့ကို အကျဉ်းချုံးသောအားဖြင့် ပွားရခြင်း၊
၄။ သလက္ခဏ ဝိဘတ္တိတော- ထဒ္ဓဘာဝ အစရှိသော လက္ခဏာနှင့် တကွဖြစ်သော ဆံပင်စသည်တို့ကို ဝေဖန်သောအားဖြင့် ပွားရခြင်း။ (ဝိသုဒ္ဓိ၊၁၊၃၄၇။)♦

ဓာတ်တို့၏ အကြောင်း ၄ ပါး

၁။ ကံ၊
၂။ စိတ်၊
၃။ ဥတု၊
၄။ အာဟာရ။ (ဝိသုဒ္ဓိ၊၁၊၃၆၆။)♦

ဓာတ်တို့ကို နှလုံးသွင်းပုံ ၁၃ မျိုး

၁။ ဝစနတ္ထတော- ပထဝီစသော ဓာတ်တို့ကို အနက် အားဖြင့် နှလုံး သွင်းခြင်း၊
၂။ ကလာပတော- ပရမာဏုမြူ အတိုင်းအရှည်ရှိသော ကလာပ်စည်းအားဖြင့် နှလုံးသွင်းခြင်း၊
၃။ စုဏ္ဏတော- ထိုကလာပ်၌ အကျုံးဝင်သော တရားတို့ကို ပထဝီဓာတ် စသောအားဖြင့် အသီးသီး အသေးစိတ် နှလုံးသွင်းခြင်း၊
၄။ လက္ခဏာဒိတော- မာကြောခက်ထန် သည်၏အဖြစ် အစရှိသော လက္ခဏာ စသည်အားဖြင့် နှလုံးသွင်းခြင်း၊
၅။ သမုဋ္ဌာနတော- ကမ္မသမုဋ္ဌာန် အစရှိသောအားဖြင့် နှလုံးသွင်းခြင်း၊
၆။ နာနတ္တေကတ္တတော- ထူးခြားကွဲပြား သည်၏အဖြစ် တူသည်၏အဖြစ်အားဖြင့် နှလုံးသွင်းခြင်း၊
၇။ ဝိနိဗ္ဘောဂါဝိနိဗ္ဘောဂတော- အသီးသီး မခွဲခြားမဝေဖန်ခြင်း, အသီးသီး ခွဲခြားဝေဖန်ခြင်းအားဖြင့် နှလုံးသွင်းခြင်း၊
၈။ သဘာဂဝိသဘာဂတော- သဘောတူခြင်း သဘောမတူခြင်းအားဖြင့် နှလုံးသွင်းခြင်း၊
၉။ အဇ္ဈတ္တိကဗာဟိရဝိသေသတော- အဇ္ဈတ္တိကအထူး ဗာဟိရအထူးအားဖြင့် နှလုံးသွင်းခြင်း၊
၁၀။ သင်္ဂဟတော- သဇာတိသင်္ဂဟ စသော သိမ်းယူခြင်းအားဖြင့် နှလုံးသွင်းခြင်း၊
၁၁။ ပစ္စယတော- အချင်းချင်း ထောက်ပံ့သောအားဖြင့် နှလုံးသွင်းခြင်း၊
၁၂။ အသမန္နာ ဟာရတော- အဗျာပါရနည်းအားဖြင့် နှလုံးသွင်းခြင်း၊
၁၃။ ပစ္စယဝိဘာဂတော- မိမိအား ကျေးဇူးပြုတတ်သော တရားအထူး, ကျေးဇူးပြုတတ်သည်၏ အဖြစ်ဟူသော သတ္တိအထူး အားဖြင့် နှလုံးသွင်းခြင်း။ (ဝိသုဒ္ဓိ၊၁၊၃၆၀။)♦

ဓာတ်တော်၏ အရွယ်အစား ၃ မျိုး

၁။ အကြီးဆုံး ဓာတ်တော်သည် ပဲနောက်စေ့ အရွယ်ပမာဏ ရှိသည်၊
၂။ အလယ်အလတ်စား ဓာတ်တော်သည် ဆန်စေ့ထက်ပိုင်းကျိုး အရွယ်မျှပမာဏ ရှိသည်၊
၃။ အငယ်ဆုံး ဓာတ်တော်များသည် မုန်ညင်းစေ့မျှ ပမာဏရှိသည်။ (အပ၊၂၊၃၈၄။) (အပ၊မြန်၊၂။၃၈၃။)♦

ဓာတ်တော်တို့၏ အရေအတွက် ၃ မျိုး

၁။ အကြီးဆုံး ဓာတ်တော်များသည် ငါးပြည် ရှိသည်၊
၂။ အလတ်စား ဓာတ်တော်များသည်လည်း ငါးပြည်ပင် ဖြစ်သည်၊
၃။ အသေးဆုံး ဓာတ်တော် များသည် ခြောက်ပြည် ဖြစ်သည်၊ စုစုပေါင်း တစ်ဆယ့်ခြောက်ပြည် ဖြစ်၏။ (အပ၊၂၊၃၈၄။)♦

ဓာတ်တော်တို့၏ အရောင်အဆင်း ၃ မျိုး

၁။ အကြီးဆုံး ဓာတ်တော်များသည် ရွှေအဆင်း ရှိသည်၊
၂။ အလတ်စား ဓာတ်တော်များသည် ပုလဲအဆင်းရှိသည်၊
၃။ အသေးဆုံး ဓာတ်တော်များသည် မြတ်လေးပန်းငုံ အဆင်းရှိကြသည်။ (အပ၊၂၊၃၈၄။) (အပ၊မြန်၊၂။၃၈၃။)♦

ဓာတ်တော်တို့ကို ဌာပနာရာ၌ အရှင်မဟာကဿပ ပြုအပ်သော အဓိဋ္ဌာန် ၃ ချက်

၁။ ပန်းတို့သည် မညှိုးနွမ်းပါစေကုန်လင့်၊
၂။ ရနံ့တို့သည် မပျောက်ပါစေကုန်လင့်၊
၃။ ဆီမီးတို့သည် မငြိမ်းပါ စေကုန်လင့်။ (ဒီ၊ဋ္ဌ၊၂၊၂၀၄။) (ဒီ၊ဋ္ဌ၊မြန်၊၂။၂၀၄။)♦

ဓုတင် ၁ ပါး (ဝီရိယနှင့် ယှဉ်သော ဓုတင် ၁ ပါး)

၁။ နိသဇ္ဇိကဓုတင်။ (ဝိသုဒ္ဓိ၊၁၊၇၉။)♦

ဓုတင် ၁၃ ပါး

၁။ ပံသုကူဓုတင်- ဒါယကာတို့ လှူအပ်သော သင်္ကန်းကို ပယ်၍ မြေပုံမှာလွှား မြေမှုန့်အားနှယ် စက်ဆုပ်ဖွယ်သို့ ရောက်သော သင်္ကန်းကို ဆောင်ခြင်း၊
၂။ တိစီဝရိက်ဓုတင်-ဝတ်လောက် ရုံလောက် ၄ ထည်မြောက်သင်္ကန်းကို ပယ်၍ သင်းပိုင် ဧကသီ ဒုကုဋ် (နှစ်ထပ် သင်္ကန်းကြီး) ဟူသော သင်္ကန်း ၃ ထည်ကိုသာ ဆောင်ခြင်း၊
၃။ ပိဏ္ဍပါတ်ဓုတင်- ဆွမ်း ဘောဇဉ်မှ အပိုအလွန်ဖြစ်သော လာဘ်ကို ပယ်၍ စားဖွယ်ဘောဇဉ် အပေါင်း၏ သပိတ်၌ ကျခြင်း ဆွမ်းအလို့ငှာ သွားလာလှည့်လည်ခြင်းအကျင့်ရှိသော ပုဂ္ဂိုလ်၏အကြောင်း ဆောက်တည်မှု စေတနာကို ဆောင်ခြင်း၊
၄။ သပဒါနာစာရိကဓုတင်- အိမ်စဉ်ဖြတ်ကျော် လျှပ်ပေါ်သော သွားခြင်းကို ပယ်၍ အိမ်စဉ် ဆွမ်းရပ်ခြင်း အလေ့အကျင့်ရှိခြင်း၊
၅။ ဧကာသနိက်ဓုတင်- လှည့်လှည်ပြောင်းကူး အထူးထူးသော နေရာ၌ စားခြင်းကို ပယ်၍ တစ်နေရာတည်း၌ စားခြင်း အလေ့အကျင့် ရှိခြင်း၊
၆။ ပတ္တပိုဏ်ဓုတင်- နှစ်ခုမြောက်သော သပိတ်ခွက်ကို ပယ်၍ တစ်ခွက်တည်း၌သာ ဆွမ်းကို ခံယူခြင်း အလေ့အကျင့်ရှိခြင်း၊
၇။ ခလုပစ္ဆာဘတ္တိကဓုတင်- ဂိလာနပုဂ္ဂိုလ် ဝိနည်းဓိုရ်ပုဂ္ဂိုလ်တို့၏ ပိုလွန်ကြွင်းကျန်သော ဘောဇဉ်ကို ပယ်၍ ပယ်မြစ်ရာ ကာလ၏ နောက်မှ ရအပ်သော ဆွမ်းကို စားလေ့မရှိခြင်း၊
၈။ အာရညကင်ဓုတင်- ရွာနီး ကျောင်းကို ပယ်၍ တောကျောင်း၌ နေခြင်း အလေ့အကျင့် ရှိခြင်း၊
၉။ ရုက္ခမူဓုတင်- ကျောက် သစ်ရွက် မြက် အင်္ဂတေ အုတ်ဟူသော အမိုးကို ပယ်၍ သစ်ပင်ရင်း၌ နေခြင်း အလေ့အကျင့် ရှိခြင်း၊
၁၀။ အဗ္ဘောကာသိကဓုတင်- ကျောက် သစ်ရွက် မြက် အင်္ဂတေ အုတ်ဟူသော အမိုးတို့ကို လည်းကောင်း သစ်ပင်၏ အနီးအောက်ကိုလည်းကောင်း ပယ်၍ လွင်တီးခေါင် ဟင်းလင်း အပြင်၌ နေခြင်း အလေ့အကျင့်ရှိခြင်း၊
၁၁။ သောသာနိကဓုတင်- သင်္ချိုင်းမဟုတ်သော အရပ်ကို ပယ်၍ သင်္ချိုင်း၌ နေခြင်း အလေ့အကျင့်ရှိခြင်း၊
၁၂။ ယထာသန္ထတိဓုတင်- ထစေတုံရှောင်း ကောင်း, မကောင်း စုံစမ်းမေးမြန်းခြင်း ကြည့်ရှုခြင်းဟူသော ကျောင်း၌ လျှပ်ပေါ်ခြင်းကို ပယ်၍ ခင်းထားတိုင်းသော နေရာအလား ရှေ့ဖျားညွှန်ပြ ချထားတိုင်းသော ကျောင်း၌ နေခြင်း အလေ့အကျင့်ရှိခြင်း၊
၁၃။ နေသဇ္ဇိကဓုတင်- လျောင်းအိပ်ခြင်းကို ပယ်၍ ထိုင်၍ နေခြင်း အလေ့အကျင့်ရှိခြင်း၊ မှတ်ချက်။ ။ ဓုတင်မည်သည် ကိလေသာတို့ကို ဖျက်ဆီးကြောင်း အကျင့်ဟု ဆိုသည်။ (မိလိန္ဒ၊၃၄၀။) (ဝိသုဒ္ဓိ၊၁၊၅၇။) (မိလိန္ဒ၊မြန်။၃၆၃။)♦

ဓုတင် ၂ ပါး (ဒကာ, ဒကာမများ ဆောက်တည် ကျင့်သုံးနိုင်သော ဓုတင် ၂ ပါး)

၁။ ဧကာသနိက် ဓုတင်- တစ်ထိုင်တည်း တစ်နေရာတည်း၌ ဆွမ်း ထမင်းစားခြင်း အကျင့်၊
၂။ ပတ္တပိုဏ် ဓုတင်- တစ်ခွက်တည်း တစ်ပန်းကန်တည်း၌ ဆွမ်း ထမင်းစားခြင်း အကျင့်။ (ဝိသုဒ္ဓိ၊၁၊၇၉။)♦

ဓုတင် ၂ ပါး (သင်္ကန်းနှင့် စပ်လျဉ်းသော ဓုတင် ၂ ပါး)

၁။ ပံသုကူဓုတင်၊
၂။ တိစီဝရိက်ဓုတင်။ (ဝိသုဒ္ဓိ၊၁၊၇၉။)♦

ဓုတင် ၅ ပါး (ကျောင်းနှင့် စပ်လျဉ်းသော ဓုတင် ၅ ပါး)

၁။ အာရညကင်ဓုတင်၊
၂။ ရုက္ခမူဓုတင်၊
၃။ အဗ္ဘောကာသိကဓုတင်၊
၄။ သုသာန်ဓုတင်၊
၅။ ယထာသန္ထတိဓုတင်။ (ဝိသုဒ္ဓိ၊၁၊၇၉။)♦

ဓုတင် ၅ ပါး (ဆွမ်းနှင့် စပ်လျဉ်းသော ဓုတင် ၅ ပါး)

၁။ သပဒါနာစာရိကဓုတင်၊
၂။ ဧကာသနိက် ဓုတင်၊
၃။ ပတ္တပိုဏ်ဓုတင်၊
၄။ ပိဏ္ဍပါတ်ဓုတင်၊
၅။ ခလုပစ္ဆာဘတ္တိကဓုတင်။ (ဝိသုဒ္ဓိ၊၁၊၇၉။)♦

ဓုတင် ၅ ပါး (ရောယှက်မှု မရှိသော သီးသန့် ဓုတင် ၅ ပါး)

၁။ အာရညကင် ဓုတင်၊
၂။ ပံသုကူဓုတင်၊
၃။ တိစီဝရိက် ဓုတင်၊
၄။ နိသဇ္ဇိကဓုတင်၊
၅။ သုသာနဓုတင်။ (ဝိသုဒ္ဓိ၊၁၊၇၉။)♦

ဓုတင် အကျဉ်း ၃ ပါး

၁။ သပဒါနာစာရိက ဓုတင်၊
၂။ ဧကာသနိကဓုတင်၊
၃။ အဗ္ဘောကာသိက ဓုတင်။ (ဝိသုဒ္ဓိ၊၁၊၇၉။)♦

ဓုတင်ကျင့်ထိုက်သော ပုဂ္ဂိုလ် ၁၀ ယောက်

၁။ သဒ္ဓါတရားရှိသော သူ၊
၂။ မကောင်းမှုမှ ရှက်တတ်သော သူ၊
၃။ တည်ကြည်မှု သမာဓိရှိသော သူ၊
၄။ အံ့ဖွယ်ကို မပြုလုပ်တတ်သော သူ၊
၅။ အကျိုးစီးပွားကို ထုံလေ့ရှိသော သူ၊
၆။ လျှပ်ပေါ်လော်လည်မှု မရှိသော သူ၊
၇။ အကျင့် သိက္ခာကို လိုလားသော သူ၊
၈။ စွဲစွဲဲမြဲမြဲ ဆောက်တည်သော သူ၊
၉။ ကဲ့ရဲ့ခြင်းသဘော မရှိသော သူ (မကဲ့ရဲ့တတ်သော သူ။)၊
၁၀။ မေတ္တာပွား၍ နေလေ့ရှိသော သူ။ (မိလိန္ဒ၊၃၃၃။) (မိလိန္ဒ၊ မြန်။၃၅၇။)♦

ဓုတင်ဆယ့်သုံးပါးနှင့် ပြည့်စုံသူတို့ ရရှိသော အကျိုး ၃၀ ပါး

၁။ ပြေပြစ် နူးညံ့သော မေတ္တာစိတ် ရှိသူ ဖြစ်ခြင်း၊
၂။ ကိလေသာတို့ကို ဖျက်ဆီးသတ်ပုတ် ပယ်နုတ်ပြီးသူ ဖြစ်ခြင်း၊
၃။ မာန်ထောင်ခြင်း မာန်မူခြင်းကို ပယ်ပြီးသူ ဖြစ်ခြင်း၊
၄။ မတုန်မလှုပ် မြဲမြံစွာ သက်ဝင်၍ ယုံမှားကင်းသော သဒ္ဓါတရားရှိသူ ဖြစ်ခြင်း၊
၅။ နှစ်မျို့ကြည်ရွှင် ခင်မင်စဖွယ် ငြိမ်းအေး သိမ်မွေ့ ချမ်းသာသော သမာပတ်ကို ရရှိသူ ဖြစ်ခြင်း၊
၆။ သီလဟူသော အလွန်မြတ်သော အတုမရှိ စင်ကြယ်သော အနံ့ဖြင့် ထုံအပ်သူ ဖြစ်ခြင်း၊
၇။ နတ်လူတို့ ချစ်ခင်မြတ်နိုးအပ်သူ ဖြစ်ခြင်း၊
၈။ မြတ်သော အရိယာပုဂ္ဂိုလ်ဖြစ်သော ရဟန္တာထေရ်ရှင်တို့ တောင့်တအပ်သူ ဖြစ်ခြင်း၊
၉။ နတ်လူတို့ ပူဇော်အပ်သူ ဖြစ်ခြင်း၊
၁၀။ အလွန့်အလွန် ပညာရှိဖြစ်သော ပဏ္ဍိတ် ပုဂ္ဂိုလ်တို့သည် အလွန်အထူးချီးကျူး ထောမနာအပ်သူ ဖြစ်ခြင်း၊
၁၁။ ဤလူ့ပြည်၌ လည်းကောင်း နတ်ပြည်ဗြဟ္မာပြည်တို့၌ လည်းကောင်း လောကနှင့် မလိမ်းကျံသူ ဖြစ်ခြင်း၊
၁၂။ အလွန် အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိသူ ဖြစ်ခြင်း၊
၁၃။ ပြန့်ပြောများမြတ်သော သမ္ပတ္တိကို လိုလားသူတို့၏ မဂ်ဖိုလ်ဟူသော အကျိုးကို ပြီးစေ နိုင်သူ ဖြစ်ခြင်း၊
၁၄။ တောင့်တအပ်၍ ပြန့်ပြောမွန်မြတ်သော ပစ္စည်းကို ရသူ ဖြစ်ခြင်း၊
၁၅။ မြဲသော ကျောင်း အိပ်ရာနေရာ မရှိသူ ဖြစ်ခြင်း၊
၁၆။ ဈာန်၌ သက်ဝင်၍ ထိုဈာန်ဖြင့်သာ နေထိုင်လေ့ရှိသူ ဖြစ်ခြင်း၊
၁၇။ ဖြေရှင်းအပ်ပြီးသော ကိလေသာကွန်ရက်ရှိသူ ဖြစ်ခြင်း၊
၁၈။ ကောက်ကွေ့, ဖုံးလွှမ်းသော ဂတိနီဝရဏတို့ကို ဖျက်ခွဲပြီးသူ ကောင်းစွာ ဖြတ်ပြီးသူ ဖြစ်ခြင်း၊
၁၉။ မပျက်စီးသော သဘောရှိသူ ဖြစ်ခြင်း၊
၂၀။ အလွန်နှိမ့်ချသော နေထိုင်ခြင်း ရှိသူ ဖြစ်ခြင်း၊
၂၁။ အပြစ်ကင်းသော အသုံးအဆောင်ရှိသူ ဖြစ်ခြင်း၊
၂၂။ နိရယဂတိ စသော ဂတိငါးပါးမှ လွတ်သူဖြစ်ခြင်း၊
၂၃။ အလုံးစုံသော ယုံမှားကို လွန်မြောက်ပြီးသူ ဖြစ်ခြင်း၊
၂၄။ အရဟတ္တဖိုလ်လျှင် တောင့်တအပ်သော အကျိုးရှိသူ ဖြစ်ခြင်း၊
၂၅။ မဂ်ဖိုလ် တရားကို မြင်ပြီးသူ ဖြစ်ခြင်း၊
၂၆။ မတုန်မလှုပ် မြဲမြံ၍ ကြောက်လန့်သူတို့၏ အားကိုးရာ အကြောင်းကင်းရာ နိဗ္ဗာန်သို့ ကပ်ရောက်သူ ဖြစ်ခြင်း၊
၂၇။ အနုသယကို ပိုင်းဖြတ်နိုင်သူ ဖြစ်ခြင်း၊
၂၈။ အလုံးစုံသော အာသဝေါကုန်ခန်းခြင်းသို့ ရောက်သူ ဖြစ်ခြင်း၊
၂၉။ အေးမြ ချမ်းသာသော သမာပတ်ကို ဝင်စား၍ နေထိုင်ခြင်းများသူ ဖြစ်ခြင်း၊
၃၀။ အလုံးစုံသော ရဟန်း၏ ဂုဏ်ကျေးဇူးအပေါင်းနှင့် ကောင်းစွာ ပြည့်စုံသူ ဖြစ်ခြင်း။ (မိလိန္ဒ၊၃၄၁။) (မိလိန္ဒ၊ မြန်။၃၆၅။)♦

ဓုတင်ဆောက်တည်ရကျိုး ၂၈ ပါး

၁။ အသက်မွေးမှု စင်ကြယ်ခြင်း၊
၂။ ချမ်းသာသော အကျိုးရှိခြင်း၊
၃။ အပြစ်မရှိခြင်း၊
၄။ သူတစ်ပါးတို့အား ဆင်းရဲဒုက္ခ မရောက်စေခြင်း၊
၅။ ဘေးရန် မရှိခြင်း၊
၆။ မနှိပ်စက်, မညှဉ်းပန်းရခြင်း၊
၇။ စင်စစ် ကုသိုလ်တိုးပွားခြင်း၊
၈။ မဆုတ်ယုတ် နိုင်ခြင်း၊
၉။ မာယာမရှိခြင်း၊
၁၀။ ကိုယ်ကို စောင့်ရှောက်ခြင်း၊
၁၁။ တောင့်တအပ်သည်ကို ပေးနိုင်ခြင်း၊
၁၂။ သတ္တဝါတို့အား ဆုံးမနိုင်ခြင်း၊
၁၃။ စောင့်စည်းမှုဟူသော စီးပွားရှိခြင်း၊
၁၄။ သူတော်ကောင်းတို့အား လျော်ကန်ခြင်း၊
၁၅။ သူတစ်ပါးတို့ကို မမှီရခြင်း၊
၁၆။ လာဘ် မက်မောမှုမှ ကင်းလွတ်ခြင်း၊
၁၇။ ရာဂကုန်ခန်းလွယ်ခြင်း၊
၁၈။ ဒေါသကုန်ခန်းလွယ်ခြင်း၊
၁၉။ မောဟကုန်ခန်းလွယ်ခြင်း၊
၂၀။ မာန်မာနကို ပယ်နိုင်ခြင်း၊
၂၁။ မကောင်းသော အကြံ အစည်ကို ပယ်ဖြတ်နိုင်ခြင်း၊
၂၂။ ယုံမှားမှုကို လွန်မြောက်ရခြင်း၊
၂၃။ ပျင်းရိမှုကို ဖျက်ဆီး နိုင်ခြင်း၊
၂၄။ မမွေ့လျော်မှုကို ပယ်နိုင်ခြင်း၊
၂၅။ အရာရာ၌ သည်းခံနိုင်ခြင်း၊
၂၆။ အတု မရှိခြင်း၊
၂၇။ ယှဉ်ပြိုင်ဘက် ကင်းခြင်း၊
၂၈။ အလုံးစုံသော ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ ရောက်ခြင်း။ (မိလိန္ဒ၊၃၃၃။) (မိလိန္ဒ၊မြန်။၃၅၆။)♦

ဓုတင်ဆောင်သူတို့ ရရှိသော အကျိုး ၁၈ ပါး

၁။ ဓုတင်ဆောင်ပုဂ္ဂိုလ်တို့၏ အကျင့်သည် စင်ကြယ်ခြင်း၊
၂။ ကျင့်ဝတ်သည် ကောင်းစွာ ပြည့်စုံခြင်း၊
၃။ ကာယကံ ဝစီကံကို ကောင်းစွာ စောင့်ရှောက်အပ်ခြင်း၊
၄။ ပီတိအလေ့အကျင့်သည် ကောင်းစွာ စင်ကြယ်ခြင်း၊
၅။ လုံ့လဝီရိယကို ကောင်းစွာ ချီးမြှောက်အပ်ခြင်း၊
၆။ ဘေးဥပါဒ်ငြိမ်းခြင်း၊
၇။ အတ္တဟု စွဲယူမှု ဒိဋ္ဌိကင်းခြင်း၊
၈။ ရန်ငြိုးထားခြင်းမှ လွတ်ကင်းခြင်း၊
၉။ မေတ္တာတရား ရှေးရှုထင်ခြင်း၊
၁၀။ သုံးဆောင်ဖွယ် အာဟာရကို ပိုင်းခြားနိုင်ခြင်း၊
၁၁။ သတ္တဝါအားလုံးတို့ အလေးအမြတ် ပြုအပ်ခြင်း၊
၁၂။ စားသောက်ဖွယ် ဘောဇဉ်၌ အတိုင်းအရှည်ကို သိခြင်း၊
၁၃။ နိုးကြားမှုကို အားထုတ် နိုင်ခြင်း၊
၁၄။ စွဲလမ်းတပ်မက်ဖွယ်ရာ နေရာကျောင်း မရှိခြင်း၊
၁၅။ ချမ်းသာရာအရပ်၌ နေနိုင်ခြင်း၊
၁၆။ မကောင်းမှုကို စက်ဆုပ်တတ်ခြင်း၊
၁၇။ ဆိတ်ငြိမ်ရာ၌ မွေ့လျော်ခြင်း၊
၁၈။ အမြဲမပြတ် မမေ့မလျော့ခြင်း။ (မိလိန္ဒ၊၃၃၃။) (မိလိန္ဒ၊မြန်။၃၅၆။)♦

ဓုတဓမ္မ ၅ ပါး

၁။ အလိုနည်းခြင်း၊
၂။ ရောင့်ရဲလွယ်ခြင်း၊
၃။ ဆိတ်ငြိမ်မှုကို လိုလားခြင်း၊
၄။ ကိလေသာတို့ကို ခေါင်းပါးစေခြင်း၊
၅။ ဤဓုတင်အကျင့်တည်းဟူသော ကုသိုလ် တရားဖြင့် အလိုရှိသည်၏အဖြစ် ရှိခြင်း။ မှတ်ချက်။ ။ ဓုတဓမ္မမည်သည် ဓုတင်အကျင့်, ကိလေသာတို့ကို ဖျက်ဆီးကြောင်း အကျင့်ဟု ဆိုသည်။ (ဝိသုဒ္ဓိ၊၁၊၇၈။)♦

ဓုရ ၂ ပါး (တစ်နည်း)

၁။ ဂန္ထဓုရ- စာပေကျမ်းဂန် သင်ယူ ဟောပြော ပို့ချ ရေးသား ဖြန့်ချီခြင်း၊
၂။ ဝိပဿနာဓုရ- သမထဝိပဿနာ အလုပ် အားထုတ်ခြင်း။ (အံ၊ဋ္ဌ၊၁၊၂၈။) (ဓမ္မ၊ဋ္ဌ၊၁၊၅။)♦

ဓုရ ၂ ပါး (လောကုတ္တရာတရားကို ဖြစ်စေရာ၌ ဓုရ ၂ ပါး)

၁။ သဒ္ဓါဓုရ၊
၂။ ပညာဓုရ။ (သံ၊ဋ္ဌ၊၃၊၂၇၁။)♦

န ဝိပလ္လာသ ၄ ပါး

၁။ အနိစ္စ၌ အနိစ္စဟု နှလုံးသွင်းခြင်း၊
၂။ ဒုက္ခ၌ ဒုက္ခဟု နှလုံးသွင်းခြင်း၊
၃။ အနတ္တ၌ အနတ္တဟု နှလုံးသွင်းခြင်း၊
၄။ အသုဘ၌ အသုဘဟု နှလုံးသွင်းခြင်း။ (ပဋိသံ၊ ၂၇၃။) (ပဋိသံ၊မြန်။၃၃၀။)♦

န ဟောတိ တထာဂတောဒိဋ္ဌိကို ဖြစ်စေသော တရား ၅ ပါး

၁။ ရုပ်ကို အမှား နှလုံးသွင်း သောကြောင့် သတ္တဝါသည် သေပြီးသည့်နောက်၌ မဖြစ်ဟူသော (န ဟောတိ တထာဂတော) ဒိဋ္ဌိ ဖြစ်၏၊
၂။ ဝေဒနာကို အမှား နှလုံးသွင်းသောကြောင့် သတ္တဝါသည် သေပြီးသည့် နောက်၌ မဖြစ်ဟူသော (န ဟောတိ တထာဂတော) ဒိဋ္ဌိ ဖြစ်၏၊
၃။ သညာကို အမှား နှလုံးသွင်း သောကြောင့် သတ္တဝါသည် သေပြီးသည့်နောက်၌ မဖြစ်ဟူသော (န ဟောတိ တထာဂတော) ဒိဋ္ဌိ ဖြစ်၏၊
၄။ သင်္ခါရကို အမှားနှလုံးသွင်းသောကြောင့် သတ္တဝါသည် သေပြီးသည့်နောက်၌ မဖြစ်ဟူသော (န ဟောတိ တထာဂတော) ဒိဋ္ဌိ ဖြစ်၏၊
၅။ ဝိညာဏ်ကို အမှား နှလုံးသွင်း သောကြောင့် သတ္တဝါသည် သေပြီးသည့်နောက်၌ မဖြစ်ဟူသော (န ဟောတိ တထာဂတော) ဒိဋ္ဌိ ဖြစ်၏။ (သံ၊၂၊၁၇၆။) (သံ၊မြန်၊၂။၁၆၈။)♦

နက်နဲခြင်း ၄ မျိုး

ဂမ္ဘီရ ၄ မျိုးနှင့် တူသည်။ ♦

နက်နဲသော ပညာ ရကြောင်းတရား ၄ ပါး

၁။ သူတော်ကောင်းကို မှီဝဲခြင်း၊
၂။ သူတော်ကောင်း တရားကို ကြားနာခြင်း၊
၃။ သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်း၊
၄။ တရားအား လျော်သော အကျင့်ကို ကျင့်ခြင်း။ (သံ၊၃၊၃၅၉။) (သံ၊၃၊၃၆၁။) (သံ၊မြန်၊၃။၃၆၄၃၆၇။) (သံ၊မြန်၊၃။၃၆၄၃၆၇။)♦

နဂရပရိက္ခာရ ၇ မျိုး

မြို့၏အခြံအရံ ၇ ပါးနှင့် တူသည်။ ♦

နဂါး ၅ မျိုး

၁။ မေဉ္ဇရိကာ မည်သော နဂါး၊
၂။ မြေ၌ တည်သော နဂါး၊
၃။ တောင်၌ တည်သော နဂါး၊
၄။ ဂင်္ဂါမြစ်၌ တည်သော နဂါး၊
၅။ သမုဒ္ဒရာ၌ တည်သော နဂါး။ (အပ၊ဋ္ဌ၊၁၊၂၆၇။)♦

နဂါးတို့ မိမိဇာတ်ကို မစွန့်နိုင်ရာ အခါ ၂ ပါး

၁။ ဇာတ်တူ နဂါးမနှင့် မေထုန်မှီဝဲရာအခါ၊
၂။ သတိ လွတ်ကင်းလျက် အိပ်ပျော်ရာအခါ။ (ဝိ၊၃၊၁၂၁။) (ဝိ၊မြန်၊၃။၁၂၃။)♦

နဂါးတို့၏ ပင်ကိုသဘာဝကို ထင်ရှားပြရာ အခါ ၅ မျိုး

၁။ ပဋိသန္ဓေနေရာအခါ၊
၂။ အရေဟောင်းကို စွန့်ရာအခါ (အရေလဲရာအခါ။)၊
၃။ ဇာတ်တူသော နဂါးမနှင့် မေထုန်မှီဝဲရာအခါ၊
၄။ လွတ်လွတ် လပ်လပ် အိပ်ရာအခါ၊
၅။ စုတေရာအခါ။ (ဝိ၊ဋ္ဌ၊၃၊၃၀၄။)♦

နဂါးမင်း ၄ ဦး

၁။ ဝိရူပက္ခနဂါးမင်း၊
၂။ ဧရာပထနဂါးမင်း၊
၃။ ဆဗျာပုတ္တနဂါးမင်း၊
၄။ ကဏှာ ဂေါတမက နဂါးမင်း။ (ဝိ၊၄၊၂၄၅။) (အံ၊၁၊၃၈၄။) (ဝိ၊မြန်၊၄။၂၄၃။) (အံ၊မြန်၊၁။၃၉၈။) (ဇာ၊ဋ္ဌ၊၂၊၁၃၃။)♦

နဂါးမျိုး ၄ မျိုး

၁။ ဥ၌ ဖြစ်သော အဏ္ဍဇ နဂါး၊
၂။ သားအိမ်၌ ဖြစ်သော ဇလာဗုဇ နဂါး၊
၃။ အညစ်အကြေးတို့၌ ဖြစ်သော သံသေဒဇ နဂါး၊
၄။ ကိုယ်ထင်ရှားဖြစ်သော ဩပပါတိက နဂါး။ (သံ၊၂၊၂၀၂။) (သံ၊မြန်၊၂၁၉၂။)♦

နစ္စဂီတသိက္ခာပုဒ်၌ အင်္ဂါ ၃ မျိုး

၁။ ကခြင်း စသည်တို့တွင် တစ်မျိုးမျိုး ဖြစ်ခြင်း၊
၂။ ခွင့်ပြု ထားသော အကြောင်းမှ လွဲ၍ သွားခြင်း၊
၃။ ကြည့်ရှုခြင်း, နားထောင်ခြင်း။ (သာရတ္ထ၊ဋီ၊၃၊၁၂၄။) (ဝိမတိ၊၂၊၇၇။)♦

နစ်မြုပ်စေတတ်သော ဩဃ တရား ၄ မျိုး

၁။ ကာမတဏှာ ဟူသော နစ်မြုပ်စေတတ်သော ကာမောဃတရား၊
၂။ ဘဝတဏှာ ဟူသော နစ်မြုပ်စေတတ်သော ဘဝေါဃတရား၊
၃။ ဒိဋ္ဌိ ဟူသော နစ်မြုပ်စေတတ်သော ဒိဋ္ဌောဃတရား၊
၄။ မောဟဟူသော နစ်မြုပ်စေ တတ်သော အဝိဇ္ဇောဃတရား။ (သာရတ္ထ၊ဋီ၊၁၊၃၀၇။)♦

နည်း ၅ ပါး

၁။ နန္ဒိယာဝဋ္ဋနည်း- ဇလပ်ပန်းသည် အစိတ်ပွင့်ချပ်တို့ဖြင့် ရစ်ပတ်၍ လည်သကဲ့သို့ အစိတ်ဖြစ်သော တဏှာ အဝိဇ္ဇာ သမထ ဝိပဿနာတို့ဖြင့် သံကိလေသပက္ခ ဝေါဒါနပက္ခ တို့ကို ချုပ်စပ်ရစ်ပတ်၍ လည်ခြင်းရှိသောနည်း, နန္ဒီမည်သော ဝမ်းမြောက် ဝမ်းသာခြင်းတို့၏ လည်ခြင်းရှိသော နည်း၊
၂။ တိပုက္ခလနည်း- ကုသိုလ်ဆိုင်ရာ၌ ကုသိုလ် မူလ, အကုသိုလ် ဆိုင်ရာ၌ အကုသိုလ်မူလဟူသော ၃ ပါးသော အစိတ်အပိုင်းတို့ဖြင့် တင့်တယ်သော ကုသိုလ်, အကုသိုလ်တရားတို့ကို သိစေတတ်သော နည်း၊
၃။ သီဟဝိက္ကီဠီတနည်း-ခြင်္သေ့မင်းတည်း ဟူသော ဘုရားရှင်၏ တင့်တယ်စံပယ်ခြင်းရှိသော သုဘသညာ အစရှိသော ဝိပလ္လာသတို့ဖြင့် အလုံးစုံသော သံကိလေသပက္ခတရားကိုလည်းကောင်း, သဒ္ဓိန္ဒြေအစရှိသော ဣန္ဒြေတို့ဖြင့် ဝေါဒါနပက္ခဖြစ်သော တရားကိုလည်းကောင်း သစ္စာလေးပါးတို့နှင့် ယှဉ်စေခြင်းအားဖြင့် ဆောင်ခြင်းလက္ခဏာရှိသောနည်း၊
၄။ ဒိသာလောစနနည်း- အရပ်မျက်နှာနှင့် တူသော ကုသိုလ်, အကုသိုလ်တရားတို့ကို စိတ်ဖြင့် ကြည့်ရှုစုံစမ်း ထောက်လှမ်းဆင်ခြင်ကြောင်း ဖြစ်သောနည်း၊
၅။ အင်္ကုသနည်း- လိုအပ်သောဝတ္ထုကို လိုရာအရပ်သို့ ချိတ်ဖြင့် ချိတ်ငင် ယူဆောင်သကဲ့သို့ ဒိသာလောစနနည်းဖြင့် ကြည့်ရှုအပ်ပြီးသော ဒိသာတရားတို့ကို အတ္ထ နည်းသုံးပါး၌ ကောင်းစွာ ဆောင်ကြောင်းဖြစ်သော နည်း။ (ပေဋကော၊၁၆၉။) (နေတ္တိ၊ဋ္ဌ၊၂။) (နေတ္တိ၊ဝိဘာ၊၂၃။)♦

နည်းပါးသည်၏ အဖြစ် ၂ မျိုး

၁။ သရသပရိတ္တတာ- သရသ၏ နည်းပါးသည်၏ အဖြစ်၊
၂။ ခဏ ပရိတ္တတာ- အသက်ရှည်ရာ ခဏ၏ နည်းပါးသည်၏ အဖြစ်။ (သံ၊ဋ္ဌ၊၁၊၂၀။)♦

နတ် ၃ မျိုး

၁။ မင်း, မင်းသား စသော သူတို့သည် သမ္မုတိနတ်၊
၂။ နတ်ပြည်၌ ဖြစ်ကုန်သော နတ်တို့သည် ဥပပတ္တိနတ်၊
၃။ ဘုရားရဟန္တာပုဂ္ဂိုလ်တို့သည် ဝိသုဒ္ဓိနတ်။ (အဘိ၊ဝိ၊၄၃၇။) (စူဠနိ၊၂၂၅။) (စူဠနိ၊၉၂။) (မ၊ဋ္ဌ၊၁၊၃၅။) (ခုဒ္ဒက၊ဋ္ဌ၊၁၀၃။) (ဣတိဝုတ်၊ဋ္ဌ၊၂၄၂။) (သုတ္တနိ၊ဋ္ဌ၊၂၊၈။) (ဇာ၊ဋ္ဌ၊၁၊၁၄၉။) (ဝိသုဒ္ဓိ၊ဋီ၊၁၊၇။) (အဘိ၊ဝိ၊မြန်၊၂။၅၅၆။)♦

နတ်ဆေးနှင့် တူသော အရာ ၂ မျိုး

၁။ ဒေသနာတော်၏ တင့်တယ်စမ္ပယ်ကြောင်းဖြစ်သော သဗ္ဗညုတ ဉာဏ်တော် (ဒေသနာဝိလာသ)၊
၂။ လွန်ကဲများပြားသော ကောင်းမှုတော် (ပုညုဿယ)။ (ဒီ၊ဋ္ဌ၊၁၊၆၆။) (ဒီ၊ဋ္ဌ၊မြန်၊၁။၁၂၆။)♦

နတ်တမန် ၃ မျိုး

၁။ အသက်အရွယ်အားဖြင့် ရှစ်ဆယ်ကျော် ကိုးဆယ်ရှိပြီး ဆံဖြူ သွားကျိုး တုတ် တောင်ဝှေးကို အားကိုးအားထားပြု၍ တုန်တုန်ရီရီ သွားလာနေထိုင်ရသော သူအို၊
၂။ ရောဂါ ဝေဒနာပြင်းစွာ နှိပ်စက်ခံနေရသဖြင့် အိပ်ရာထဲ၌ လဲနေသော သူနာ၊
၃။ ညိုမဲ ဖူးယောင် ပုပ်ပွ နေသော သူသေကောင်။ (အံ၊၁၊၁၃၇။) (အံ၊မြန်၊၁။၁၅၅။)♦

နတ်တမန် ၅ မျိုး

၁။ ကလေးအရွယ် လူမမယ်၊
၂။ အသက် ရှစ်ဆယ်ကျော် ကိုးဆယ် ဆံဖြူ သွားကျိုး တုတ် တောင်ဝှေးကို အားကိုး၍ တုန်တုန်ရီရီ သွားလာနေထိုင်ရသော သူအို၊
၃။ ရောဂါ ဝေဒနာပြင်းစွာ နှိပ်စက်ခံရသဖြင့် အိပ်ရာ၌ လဲနေသော သူနာ၊
၄။ မင်းပြစ်မင်းဒဏ်သင့်၍ ညှဉ်းပမ်းနှိပ်စက်ခံရသူ၊
၅။ သူသေကောင်။ (မ၊၃၊၂၁၇။) (မ၊ဋ္ဌ၊၄၊၁၆၄။) (သီဋီသစ်၊၁။၁၈၄။)(မ၊မြန်၊၃။။)♦

နတ်တို့ စည်းဝေးရခြင်းအကြောင်း ၄ မျိုး

၁။ ဝါဆိုဝါကပ်ကြသော ရဟန်းတို့အား ချီးမြှောက်ခြင်း အကျိုးငှာလည်းကောင်း၊
၂။ ပဝါရဏာပြုကြသော ရဟန်းတို့အား ချီးမြှောက်ခြင်းအကျိုးငှာ လည်းကောင်း၊
၃။ တရားနာခြင်း အကျိုးငှာလည်းကောင်း၊
၄။ ပင်လယ်ကသစ်ပင် ပွဲသဘင် ပျော်မြူးခံစားခြင်း အကျိုးငှာလည်းကောင်း။ (ဒီ၊ဋ္ဌ၊၂၊၂၃၂။) (ဒီ၊ဋ္ဌ၊မြန်၊၂။၄၃၀-၄၃၁။)♦

နတ်တို့ စုတေကြောင်း ၄ မျိုး

၁။ အသက်ကုန်ခြင်း၊
၂။ ကောင်းမှုကုန်ခြင်း၊
၃။ အစာအာဟာရ ကုန်ခြင်း၊
၄။ အမျက်ထွက်ခြင်း။ (ဓမ္မ၊ဋ္ဌ၊၁၊၁၁၀။)♦

နတ်တို့ စုတေခါနီး အခြားနတ်များက ပြောကြားသည့် စကား ၃ ခွန်း

၁။ သင်သည် ဤနတ်ပြည်မှ စုတေပြီးနောက် လူ့လောကသို့ သွားရောက်ပါဟု ပြောဆိုခြင်း၊
၂။ လူဖြစ်ပြီးနောက် မြတ်စွာ ဘုရား၏ သာသနာတော်၌ အတုမရှိ မြတ်သော သဒ္ဓါတရားရအောင် အားထုတ်ပါဟု ပြောဆို ကြခြင်း၊
၃။ ဘုရားရှင်သာသနာတော်၌ ယုံကြည်မှု သဒ္ဓါတရားကို ရရှိပြီးနောက် အသက် ထက်ဆုံး ယင်းသဒ္ဓါတရားကို မည်သည့်သတ္တဝါ တစ်စုံတစ်ယောက်ကမျှ မဖျက်ဆီး မပြောင်း ရွှေ့နိုင်အောင် အားထုတ်ပါဟု ပြောဆိုကြခြင်း။ (ခုဒ္ဒက၊၂၄၇။) (အပ၊၁၊၂၉၉။) (ခုဒ္ဒက၊ မြန်။၂၃၂။) (အပ၊မြန်၊၁။၃၀၅။)♦

နတ်တို့ စုတေခါနီး၌ ဖြစ်ပေါ်သော ပုဗ္ဗနိမိတ် ၅ မျိုး

၁။ ပန်ဆင်နေကျ, ဆောင်နေကျ ပန်းတို့ ညှိုးနွမ်းကုန်ခြင်း၊
၂။ ဝတ်နေကျအဝတ်တို့သည် ညစ်နွမ်းကုန်ခြင်း၊
၃။ ချိုင်း နှစ်ဖက်ကြား တို့မှ ချွေးယိုစီးကုန်ခြင်း၊
၄။ ခန္ဓာကိုယ်၌ ရုပ်အဆင်းမလှ ဖြစ်လာခြင်း၊
၅။ မိမိနေရာ ဘုံဗိမာန်၌ မမွေ့လျော် မပျော်ပိုက်တော့ခြင်း။ (ခုဒ္ဒက၊၂၄၇။) (ဒီ၊ဋ္ဌ၊၂၊၂၀။) (မ၊ဋ္ဌ၊၄၊၁၂၁။) (ဇာ၊ဋ္ဌ၊၅၊၂၉၇။) (ခုဒ္ဒက၊မြန်။၂၃၂။) (ဒီ၊ဋ္ဌ၊မြန်၊၂။၃၇။)♦

နတ်တို့ ပြောဆိုအပ်သော စကား ၃ မျိုး

၁။ ဗုဒ္ဓဘာသာဝင် အရိယာသာဝကအား သာသနာ့ ဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုရန် တိုက်တွန်းသောအခါ ‘‘ဤမည်သော အရိယာ သာဝကသည် မာရ်နတ်နှင့် စစ်တိုက်ရန်အတွက် တိုက်တွန်းစေ့ဆော်နေ၏’’ဟု အချင်းချင်း ပြောဆိုခြင်း၊
၂။ ဘုရားရှင်၏တပည့်ဖြစ်သော အရိယာသာဝကသည် ကမ္မဋ္ဌာန်းတရား အားထုတ်နေသော အခါ ‘‘ဤမည်သော အရိယာသာဝကသည် မာရ်နတ်နှင့် စစ်တိုက်နေ၏’’ဟု အချင်းချင်း ပြောဆိုကြခြင်း၊
၃။ ဘုရားရှင်၏တပည့်ဖြစ်သော အရိယာသာဝကသည် မျက်မှောက်ဘဝ၌ပင် အာသဝေါကုန်ခန်း၍ ရဟန္တာဖြစ်သွားသောအခါ ‘‘ဤမည်သော အရိယာသာဝကသည် မာရ်နတ်၏ စစ်တပ်ကို အောင်မြင်ပြီး စစ်မြေပြင်အရပ်ကို အုပ်စိုး၍ နေ၏’’ဟု အချင်းချင်း ပြောဆိုကြခြင်း။ (ခုဒ္ဒက၊၂၄၆။) (ခုဒ္ဒက၊မြန်။၂၃၀။)♦

နတ်တို့အား ဘုရားရှင် ဖြေကြားတော်မူအပ်သော အဖြေ ၄ မျိုး

၁။ အလှူအားလုံးတို့တွင် တရားအလှူသည် အမြတ်ဆုံး၊
၂။ အရသာအားလုံးတို့တွင် တရားအရသာသည် အမြတ်ဆုံး၊
၃။ မွေ့လျော်ခြင်းအားလုံးတို့တွင် တရား၌ မွေ့လျော်ခြင်းသည် အမြတ်ဆုံး၊
၄။ တဏှာ၏ ကုန်ခြင်းသည် အရဟတ္တဖိုလ်သို့ ကောင်းစွာ ရောက်စေတတ်သောကြောင့် အမြတ်ဆုံး။ (ဓမ္မ၊ဋ္ဌ၊၂၊၃၅၁။)♦

နတ်ပရိသတ်၏ အရောင် ၄ မျိုး

၁။ အလွန်ညိုခြင်း၊
၂။ အလွန်ဝါခြင်း၊
၃။ အလွန်နီခြင်း၊
၄။ အလွန်ဖြူခြင်း။ (သံ၊ဋ္ဌ၊၁၊၁၁၅။)♦

နတ်ပြည် ရောက်မည့် ဥပါသကာ၏ အင်္ဂါ ၅ ပါး

၁။ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ သူ့ဥစ္စာခိုးခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၄။ မဟုတ်မမှန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၅။ သေအရက် သောက်ခြင်းမှ ရှောင်ကြဉ်ခြင်း။ (အံ၊၂၊၁၇၉။) (အံ၊မြန်၊၂။၂၂၈။)♦

နတ်ပြည်၌ ဖြစ်သော အမေးပြဿနာ ၄ မျိုး

၁။ အလှူတို့တွင် အဘယ်အလှူကို အမြတ်ဆုံး အလှူဟူ၍ ဆိုအပ်သနည်း၊
၂။ အရသာတို့တွင် အဘယ်အရသာကို အမြတ်ဆုံး အရသာဟူ၍ ဆိုအပ်သနည်း၊
၃။ မွေ့လျော်ခြင်းတို့တွင် အဘယ်သို့သော မွေ့လျော်ခြင်းကို အမြတ်ဆုံးဟူ၍ ဆိုအပ်သနည်း၊
၄။ တဏှာ၏ကုန်ခြင်းကိုသာလျှင် အဘယ်ကြောင့် အမြတ်ဆုံးဟူ၍ ဆိုအပ် သနည်း။ (ဓမ္မ၊ဋ္ဌ၊၂၊၃၅၁။)♦

နတ်ပြည်၌ မဖြစ်သော ကမ္မဋ္ဌာန်း ၁၂ ပါး

၁။ အသုဘကမ္မဋ္ဌာန်း ဆယ်ပါး၊
၂။ ကာယဂတာ သတိ၊
၃။ အာဟာရေ ပဋိကူလသညာ။ (ဝိသုဒ္ဓိ၊၁၊၁၁၀။)♦

နတ်ပြည်ရောက်ကြောင်း ၃ ပါး (တစ်နည်း)

၁။ မှန်သော စကားကိုသာ ပြောဆိုရခြင်း၊
၂။ သူတစ်ပါး တို့အပေါ် အမျက်မထွက်ရခြင်း၊
၃။ တောင်းခံလာသော ပုဂ္ဂိုလ်တို့အား အနည်းငယ်မျှဖြစ်စေ, များများဖြစ်စေ ပေးလှူရခြင်း။ (ဓမ္မ၊၄၆။) (ဓမ္မ၊မြန်။၄၃။) (ဓမ္မ၊ဋ္ဌ၊၂၊၂၀၄။)♦

နတ်ပြည်ရောက်ကြောင်း ၅ ပါး (တစ်နည်း)

၁။ သဒ္ဓါတရားနှင့် ပြည့်စုံခြင်း၊
၂။ အရှက် ရှိခြင်း၊
၃။ အကြောက်အလန့် ရှိခြင်း၊
၄။ အားထုတ်အပ်သော လုံ့လဝီရိယ ရှိခြင်း၊
၅။ ပညာ ရှိခြင်း။ (အံ၊၂၊၃။) (အံ၊မြန်၊၂။၅။)♦

နတ်ပြည်ရောက်ကြောင်း တရား ၁၀ ပါး

၁။ သူ့အသက် သတ်မှုမှ ရှောင်ကြဉ်လေ့ရှိခြင်း၊
၂။ သူ့ဥစ္စာကို မခိုးယူတတ်ခြင်း၊
၃။ မာတုရက္ခိတ (အမိအုပ်ထိန်းထားသူ) စသော မိန်းမတို့၌ ကာမဖြင့် မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်လေ့ရှိခြင်း၊
၄။ တံစိုးလက်ဆောင် လာဘ် အာမိသဟူသော အကြောင်းကြောင့်လည်း မဟုတ်မမှန်သော စကားကို မပြောဆိုတတ်ခြင်း၊
၅။ ကုန်းချောစကား ပြောခြင်းမှ ရှောင်ကြဉ်၍ ညီညွတ်ကြောင်း စကားကိုသာ ပြောဆိုတတ်ခြင်း၊
၆။ ချစ်ခင်ဖွယ်သော စကား, ယဉ်ကျေးသိမ်မွေ့လျက် နားဝင်ချိုသော စကားမျိုးကိုသာ ပြောဆိုတတ်ခြင်း၊
၇။ အကျိုး စီးပွားနှင့်စပ်သော၊ တရားဓမ္မနှင့်စပ်သော စကားတို့ကိုသာ ပြောဆိုတတ်ခြင်း၊
၈။ သူတစ်ပါး၏ စည်းစိမ်ဥစ္စာကို ရှေးရှုမကြံစည်တတ်ခြင်း အဘိဇ္ဈာ မများခြင်း၊
၉။ ဤသတ္တဝါတို့သည် ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေဟု မဖျက်ဆီးလိုသော စိတ်အကြံ ရှိခြင်း၊
၁၀။ လှူဒါန်းပူဇော်ရကျိုးသည်ရှိ၏ စသည်ဖြင့် မှန်သော အမြင်ရှိခြင်း။ (အံ၊၃၊၄၉၂။) (အံ၊မြန်၊၃။၄၈၂။)♦

နတ်ပြည်ရောက်ကြောင်း တရား ၂ ပါး

၁။ ကောင်းသော အကျင့်သီလနှင့် ပြည့်စုံခြင်း၊
၂။ ကောင်းသော အယူနှင့် ပြည့်စုံခြင်း။ (ခုဒ္ဒက၊၂၁၃။) (ခုဒ္ဒက၊မြန်။၁၉၆။)♦

နတ်ပြည်ရောက်ကြောင်း တရား ၂ ပါး (တစ်နည်း)

၁။ အမျက်မထွက်ခြင်း= အက္ကောဓ၊
၂။ ရန်ငြိုး မဖွဲ့ခြင်း= အနုပနာဟ၊ (တစ်နည်း)
သူ့ကျေးဇူးကို မချေဖျက်ခြင်း= အမက္ခ၊
၂။ အပြိုင် မပြုခြင်း= အပဠာသ၊ (တစ်နည်း)
မငြူစူခြင်း= အနိဿာ၊
၂။ ဝန်မတိုခြင်း= အမစ္ဆရိယ၊ (တစ်နည်း)
မလှည့်ပတ်ခြင်း= အမာယာ၊
၂။ မစဉ်းလဲခြင်း= အသာဌေယျ၊ (တစ်နည်း)
ဒုစရိုက်တရားတို့မှ ရှက်ခြင်း= ဟိရီ၊
၂။ ဒုစရိုက်တရားတို့မှ လန့်ခြင်း= ဩတ္တပ္ပ။ (အံ၊၁၊၉၆။) (အံ၊မြန်၊၁။၁၁၂။)♦

နတ်ပြည်ရောက်ကြောင်း တရား ၃ ပါး

၁။ သီလရှိခြင်း, သီလမရှိခြင်း ဟူသော အညစ်အကြေးကို ပယ်ခြင်း၊
၂။ မငြူစူတတ်ခြင်း၊ ငြူစူခြင်း ဟူသော အညစ်အကြေးကို ပယ်ခြင်း၊
၃။ ဝန်မတို တတ်ခြင်း၊ ဝန်တိုခြင်း ဟူသော အညစ်အကြေးကို ပယ်ခြင်း။ (အံ၊၁၊၁၀၄။) (အံ၊မြန်၊၁။၁၂၂။)♦

နတ်ပြည်ရောက်ကြောင်း တရား ၃ ပါး (တစ်နည်း)

၁။ ကုသိုလ်ကာယကံမှုနှင့် ပြည့်စုံခြင်း၊
၂။ ကုသိုလ်ဝစီကံမှုနှင့် ပြည့်စုံခြင်း၊
၃။ ကုသိုလ်မနောကံမှုနှင့် ပြည့်စုံခြင်း၊ (တစ်နည်း)
အပြစ်မရှိသော ညီညွတ်သော စင်ကြယ်သော ကာယကံမှုနှင့် ပြည့်စုံခြင်း၊
၂။ အပြစ်မရှိသော ညီညွတ်သော စင်ကြယ်သော ဝစီကံမှုနှင့် ပြည့်စုံခြင်း၊
၃။ အပြစ်မရှိသော ညီညွတ်သော စင်ကြယ်သော မနောကံမှုနှင့် ပြည့်စုံခြင်း၊ (တစ်နည်း)
မိမိကိုယ်တိုင် ပါဏာတိပါတ စသော ဒုစရိုက်ဆယ်ပါးမှ ရှောင်ကြဉ်ခြင်း၊
၂။ သူတစ်ပါးတို့ကိုလည်း ရှောင်ကြဉ်စေခြင်း၊
၃။ ရှောင်ကြဉ်ခြင်း၌ သဘောတူ ခွင့်ပြုခြင်း။ (အံ၊၁၊၂၉၆-၂၉၇။) (အံ၊မြန်၊၁။၃၁၄။)♦

နတ်ပြည်ရောက်ကြောင်း တရား ၅ ပါး

၁။ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ သူ့ဥစ္စာ ခိုးခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၄။ မုသားပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊
၅။ သေအရက်သောက်ခြင်းမှ ရှောင်ကြဉ်ခြင်း။ (အံ၊၂၊၁၅၁။) (အံ၊မြန်၊၂။၁၉၀။) (အံ၊၂၊၁၇၉။) (အံ၊မြန်၊၂။၂၂၉။)♦

နတ်ပြည်ရောက်ကြောင်း တရား ၆ ပါး

၁။ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ သူ့ဥစ္စာ ခိုးယူမှုမှ ရှောင်ကြဉ်ခြင်း၊
၃။ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၄။ မဟုတ် မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၅။ အလိုနည်းခြင်း၊
၆။ မှန်ကန်သော အယူရှိခြင်း။ (အံ၊၂၊၃၇၇။) (အံ၊မြန်၊၂။၄၇၆။)♦

နတ်ပြည်ရောက်ကြောင်း တရား ၆ ပါး (တစ်နည်း)

၁။ အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၄။ မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၅။ တပ်မက်မောမှုလည်း မရှိခြင်း၊
၆။ ကြမ်းတမ်းခက်ထန် မာကျောမှုလည်း မရှိခြင်း။ (အံ၊၂၊၃၇၇။) (အံ၊မြန်၊၂။၄၇၆။)♦

နတ်ပြည်ရောက်မည့် ပုဂ္ဂိုလ် ၂၀ ဦး

၁။ သူ့အသက်သတ်မှုမှ ရှောင်ကြဉ်ခြင်း စသော သုစရိုက် တရား ဆယ်ပါးတို့ကို မိမိကိုယ်တိုင် ပြုလုပ်ဆောင်ရွက်တတ်သူ ဆယ်ယောက်၊
၂။ သူ့အသက် သတ်မှုမှ ရှောင်ကြဉ်ခြင်း စသော သုစရိုက် ဆယ်ပါးတို့ကို သူတစ်ပါးတို့အား ဆောက်တည် စေတတ်သူ ဆယ်ယောက် ပေါင်း ၂၀ ဖြစ်ပါသည်။ (အံ၊၃၊၅၀၈။) (အံ၊မြန်၊၃။၄၉၇။)♦

နတ်ပြည်ရောက်မည့် ပုဂ္ဂိုလ် ၃၀ ဦး

၁။ သူ့အသက်သတ်မှုမှ ရှောင်ကြဉ်ခြင်း စသော သုစရိုက် ဆယ်ပါးတို့ကို မိမိကိုယ်တိုင် ပြုလုပ်ဆောင်ရွက်တတ်သူ ဆယ်ယောက်၊
၂။ သူ့အသက် သတ်မှုမှ ရှောင်ကြဉ်ခြင်း စသော သုစရိုက် ဆယ်ပါးတို့ကို သူတစ်ပါးတို့အား ပြုလုပ် ဆောက်တည်စေတတ်သူ ဆယ်ယောက်၊
၃။ သူ့အသက်သတ်မှုမှ ရှောင်ကြဉ်ခြင်း စသော သုစရိုက်ဆယ်ပါး၌ နှစ်သက်သဘောတူသူ ဆယ်ယောက် ပေါင်း ၃၀ ဖြစ်သည်။ (အံ၊၃၊၅၀၈။) (အံ၊မြန်၊၃။၄၉၇။)♦

နတ်ပြည်ရောက်မည့် ပုဂ္ဂိုလ် ၄၀ ဦး

၁။ သူ့အသက်သတ်မှုမှ ရှောင်ကြဉ်ခြင်း စသော သုစရိုက် ဆယ်ပါးတို့ကို မိမိကိုယ်တိုင် ပြုလုပ်ဆောင်ရွက်တတ်သူ ဆယ်ယောက်၊
၂။ သူ့အသက် သတ်မှုမှ ရှောင်ကြဉ်ခြင်း စသော သုစရိုက်ဆယ်ပါးတို့ကို သူတစ်ပါးတို့အား ဆောက်တည် စေတတ်သူ ဆယ်ယောက်၊
၃။ သူ့အသက်သတ်မှုမှ ရှောင်ကြဉ်ခြင်း စသော သုစရိုက် ဆယ်ပါး၌ နှစ်သက်သဘောတူသူ ဆယ်ယောက်၊
၄။ သူ့အသက်သတ်မှုမှ ရှောင်ကြဉ်ခြင်း စသော သုစရိုက် ဆယ်ပါး၏ ဂုဏ်ကျေးဇူးကို ပြောဆိုတတ်သူ ဆယ်ယောက် ပေါင်း ၄၀ ဖြစ်သည်။ (အံ၊၃၊၅၁၀။) (အံ၊မြန်၊၃။၄၉၉။)♦

နတ်ပြည်ရောက်မည့် ဥပါသိကာမတို့၏ အင်္ဂါ ၁၀ ပါး

၁။ သူ့အသက် သတ်မှုမှ ရှောင်ကြဉ်ခြင်း၊
၂။ သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၄။ မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၅။ ကုန်းချော စကားပြောကြားခြင်းမှ ရှောင်ကြဉ်ခြင်း၊
၆။ ကြမ်းတမ်းသော စကားကိုပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၇။ အကျိုးစီးပွားကင်းမဲ့သော တောင်စဉ်ရေမရစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၈။ သူတစ်ပါးတို့၏ စည်းစိမ်ဥစ္စာကို ရှေးရှုမကြံစည်ခြင်း၊
၉။ သတ္တဝါ တို့အား ပျက်စီးစေရန် မဖျက်ဆီးလိုသော စိတ်အကြံ ရှိခြင်း၊
၁၀။ မှန်သော အမြင် ရှိခြင်း။ (အံ၊၃၊၄၉၂။) (အံ၊မြန်၊၃။၄၈၂။)♦

နတ်ပြည်သို့ ရောက်စေသော ကုသိုလ်အယဉ် ၈ မျိုး

၁။ မြတ်စွာဘုရားကို ကိုးကွယ် ဆည်းကပ်ခြင်း၊
၂။ တရားတော်ကို ကိုးကွယ်ဆည်းကပ်ခြင်း၊
၃။ သံဃာတော်ကို ကိုးကွယ် ဆည်းကပ်ခြင်း၊
၄။ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၅။ ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၆။ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၇။ မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊
၈။ သေရည် သေရက် သောက်ခြင်းမှ ရှောင်ကြဉ်ခြင်း။ (အံ၊၃၊၇၆။) (အံ၊မြန်၊၃။၇၇။)♦

နတ်ပြည်သို့ ရောက်မည့် ရဟန်း၏ အင်္ဂါ ၅ ပါး

၁။ ဆန္ဒာဂတိသို့ မလိုက်ခြင်း၊
၂။ ဒေါသာ ဂတိသို့ မလိုက်ခြင်း၊
၃။ မောဟာဂတိသို့ မလိုက်ခြင်း၊
၄။ ဘယာဂတိသို့ မလိုက်ခြင်း၊
၅။ သံဃိက ပစ္စည်းကို ပုဂ္ဂလိကကဲ့သို့ မသုံးဆောင်ခြင်း။ (ဝိ၊၅၊၃၅၅။) (ဝိ၊မြန်၊၅။၄၅၈။)♦

နတ်ပြည်သို့ ဧကန် ရောက်ကြောင်း အင်္ဂါ ၄ ပါး

၁။ မိမိကိုယ်တိုင် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ သူတစ်ပါးအားလည်း သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်စေခြင်း၊
၃။ သူ့အသက်သတ်မှုမှ ရှောင်ကြဉ်ခြင်းကို အလိုတူ ခွင့်ပြုခြင်း၊
၄။ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုလေ့ရှိခြင်း၊ (တစ်နည်း)
မိမိကိုယ်တိုင် သူ့ဥစ္စာ ခိုးမှုမှ ရှောင်ကြဉ်ခြင်း၊
၂။ သူတစ်ပါးအားလည်း သူ့ဥစ္စာခိုးမှုမှ ရှောင်ကြဉ်စေခြင်း၊
၃။ သူ့ဥစ္စာ ခိုးမှုမှ ရှောင်ကြဉ်ခြင်း၌ အလိုတူ ခွင့်ပြုခြင်း၊
၄။ သူ့ဥစ္စာခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုလေ့ရှိခြင်း။ (အံ၊၁၊၅၅၁။) (အံ၊၁၊၅၆၀။) (အံ၊၁၊၅၇၅။) (အံ၊၁၊၅၇၆။) (အံ၊မြန်၊၁။၅၆၄-၅၆၅၊၅၆၆၊၅၇၅၊၅၈၉။) (အံ၊မြန်၊၁။၅၆၄-၅၆၅၊၅၆၆၊၅၇၅၊၅၈၉။) (အံ၊မြန်၊၁။၅၈၉-၅၉၀။)♦

နတ်ပြည်သို့ ဧကန်ရောက်မည့် ပုဂ္ဂိုလ် ၄ မျိုး

၁။ အပြစ်မရှိသော ကာယကံ ကာယ သုစရိုက်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်၊
၂။ အပြစ်မရှိသော ဝစီကံ ဝစီသုစရိုက်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်၊
၃။ အပြစ်မရှိသော မနောကံ မနောသုစရိုက်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်၊
၄။ အပြစ် မရှိသော သမ္မာဒိဋ္ဌိအယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်၊ (တစ်နည်း)
ကာယသုစရိုက်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်၊
၂။ ဝစီသုစရိုက်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်၊
၃။ မနောသုစရိုက်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်၊
၄။ သူ့ကျေးဇူးကို သိလျက် ပေးဆပ်တတ်သော ပုဂ္ဂိုလ်၊ (တစ်နည်း)
သဒ္ဓါတရားနှင့် ပြည့်စုံသော ပုဂ္ဂိုလ်၊
၂။ သီလနှင့် ပြည့်စုံသော ပုဂ္ဂိုလ်၊
၃။ လုံ့လဝီရိယနှင့် ပြည့်စုံသော ပုဂ္ဂိုလ်၊
၄။ ပညာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်။ (အံ၊၁၊၅၄၈။) (အံ၊မြန်၊၁။၅၆၄-၅၆၅၊၅၆၆၊၅၇၅၊၅၈၉။)♦

နတ်ဖြစ်ကြောင်း တရား ၄ ပါး

၁။ မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း၊
၂။ တရားတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း၊
၃။ သံဃာတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း၊
၄။ မကျိုးမပေါက် မပြောက်မကျားသော အရိယာပုဂ္ဂိုလ်တို့ နှစ်သက်မြတ်နိုးအပ်သော ငါးပါးသီလနှင့် ပြည့်စုံခြင်း။ (သံ၊၃၊၃၄၃။) (သံ၊မြန်၊၃။၃၄၆။)♦

နတ်လူတို့၏ စစ်မှန်သော ပြီးဆုံးခြင်းသို့ ရောက်ကြောင်း ၃ မျိုး

၁။ အသေက္ခဖြစ်သော (ရဟန္တာ တို့၏ ဥစ္စာဖြစ်သော) သီလအစုနှင့် ပြည့်စုံခြင်း၊
၂။ အသေက္ခဖြစ်သော (ရဟန္တာတို့၏ဥစ္စာ ဖြစ်သော) သမာဓိအစုနှင့် ပြည့်စုံခြင်း၊
၃။ အသေက္ခဖြစ်သော (ရဟန္တာတို့၏ ဥစ္စာဖြစ်သော) ပညာအစုနှင့် ပြည့်စုံခြင်း၊ (တစ်နည်း)
တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်း ဣဒ္ဓိပါဋိဟာရိယ နှင့်ပြည့်စုံခြင်း၊ ၂။သူတစ်ပါးစိတ်ကို အတတ်ဟောခြင်း အာဒေသနာပါဋိဟာရိယနှင့် ပြည့်စုံခြင်း၊
၃။ ဤသို့ မကြံစည်ကြကုန်လင့်စသည်ဖြင့် ပြောဆိုဆုံးမခြင်း အနုသာသနီ ပါဋိဟာရိယနှင့် ပြည့်စုံခြင်း၊ (တစ်နည်း)
သမ္မာဒိဋ္ဌိနှင့် ပြည့်စုံခြင်း၊
၂။ သမ္မာဉာဏနှင့် ပြည့်စုံခြင်း၊
၃။ သမ္မာဝိမုတ္တိနှင့် ပြည့်စုံခြင်း။ (အံ၊၁၊၂၉၅။) (အံ၊မြန်၊၁။၃၁၂။)♦

နတ်သားတို့ စုတေကြောင်း ၄ ပါး

၁။ နတ်သက်ကုန်ခြင်းကြောင့် စုတေရခြင်း၊
၂။ ကောင်းမှုကုန်ခြင်း ကြောင့် စုတေရခြင်း၊
၃။ အာဟာရသုံးဆောင်ချိန်၌ အာဟာရကို မသုံးဆောင် မိ၍ အာဟာရ ဓာတ်ကုန်၍ စုတေရခြင်း၊
၄။ အမျက်ဒေါသကြောင့် စုတေရခြင်း။ (သီ၊ဋီ၊သစ်၊ ၂။၃၄၂။)♦

နတ်သုဓာ၏ အကျိုးအာနိသင် ၁၂ မျိုး

၁။ ထမင်းမွတ်သိပ် ဆာလောင်မှုကို ပယ်ဖျောက်နိုင်ခြင်း၊
၂။ ရေမွတ်သိပ် ဆာလောင်မှုကို ပယ်ဖျောက်နိုင်ခြင်း၊
၃။ မမွေ့လျော်ခြင်းကို ပယ်ဖျောက်နိုင်ခြင်း၊
၄။ ပူပန်ခြင်းကို ပယ်ဖျောက်နိုင်ခြင်း၊
၅။ ပင်ပန်းခြင်းကို ပယ်ဖျောက်နိုင်ခြင်း၊
၆။ အမျက် ထွက်ခြင်းကို ပယ်ဖျောက်နိုင်ခြင်း၊
၇။ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်နိုင်ခြင်း၊
၈။ ငြင်းခုံ ခြင်းကို ပယ်ဖျောက်နိုင်ခြင်း၊
၉။ ချောပစ်ကုန်းတိုက်ခြင်းကို ပယ်ဖျောက်နိုင်ခြင်း၊
၁၀။ အအေးကို ပယ်ဖျောက်နိုင်ခြင်း၊
၁၁။ အပူကို ပယ်ဖျောက်နိုင်ခြင်း၊
၁၂။ ပျင်းရိခြင်းကို ပယ် ဖျောက်နိုင်ခြင်း။ (ဇာတက၊၂၊၁၀၄။)♦

နန္ဒမင်းသား၏ မဟာမင်္ဂလာ ၅ မျိုး

၁။ ကေသဝိဿဇ္ဇန- နန္ဒမင်းသား၏ ဆံထုံးကို ဖြေခြင်း မင်္ဂလာ၊
၂။ ပဋ္ဋဗန္ဓ- နဖူး၌ သင်းကျစ်ပြားကို ဖွဲ့ခြင်းမင်္ဂလာ၊
၃။ ဃရမင်္ဂလ- အိမ်ရှေ့မင်း၏ နန်းသစ်သို့ ဝင်ခြင်းမင်္ဂလာ၊
၄။ အာဝါဟမင်္ဂလ- ထိမ်းမြား လက်ထပ်ခြင်း မင်္ဂလာ၊
၅။ ဆတ္တ မင်္ဂလ- အိမ်ရှေ့ ထီးဖြူဆောင်းယူခြင်း မင်္ဂလာ။ (ဝိ၊ဋ္ဌ၊၃၊၂၉၀။)♦

နန္ဒမည်သူ ၃ ဦး (အကုသိုလ်ကံကြောင့် ငရဲကျသူများ)

၁။ နန္ဒဘီလူး၊
၂။ နန္ဒလုလင်၊
၃။ နန္ဒ နွားသတ်သမား။ (မ၊ဋ္ဌ၊၄၊၅။)(အံ၊ဋ္ဌ၊၂၊၅။)(ဣတိဝုတ်၊ဋ္ဌ၊၉၈)♦

နန္ဒာအမည်ရှိသော မင်းသမီး ၃ ယောက်

၁။ အာနန္ဒာထေရ်၏ နှမတော် နန္ဒာမင်းသမီး၊
၂။ ခေမက သာကီဝင်မင်း၏ သမီးတော် အဘိရူပနန္ဒာ၊
၃။ ခေမကသာကီဝင်မင်း၏ သမီးတော် ဇနပဒ ကလျာဏီနန္ဒာ။ (သုတ္တနိ၊ဋ္ဌ၊၁၊၂၃၃။)♦

နယ ၄ မျိုး

၁။ မူလနယ၊
၂။ မူလမူလနယ၊
၃။ မူလကနယ၊
၄။ မူလမူလကနယ။ (အဘိ၊ဋ္ဌ၊၃၊၂၈၈။)♦

နယမာတိကာ ပုဒ် ၄ ပုဒ်

၁။ တီဟိ သင်္ဂဟပုဒ်၊
၂။ တီဟိ အသင်္ဂဟပုဒ်၊
၃။ စတူဟိ သမ္ပယောဂပုဒ်၊
၄။ စတူဟိ ဝိပ္ပယောဂပုဒ်။ (အဘိ၊ဋ္ဌ၊၃၊၂။)♦

နံရံ ၃ မျိုး

၁။ အုတ်နံရံ၊
၂။ ကျောက်နံရံ၊
၃။ သစ်သားနံရံ။ (ဝိ၊၂၊၃၄၈။) (ဝိ၊မြန်၊၂။၃၉၄။)♦

နွားကျောင်းသား ကြီးပွားနိုင်ကြောင်း ၁၁ ပါး

၁။ နွားတို့၏ ရုပ်အဆင်းကို သိခြင်း၊
၂။ နွားတို့၏ အမှတ်လက္ခဏာကို ကျွမ်းကျင်ခြင်း၊
၃။ ယင်ချေးဥတိုးပွားသည်ကို ပယ်ဖျောက်ပေးတတ်ခြင်း၊
၄။ အနာကို ဆေးထည့်၍ ဖုံးလွှမ်းပေးတတ်ခြင်း၊
၅။ မီးခိုးထွက်အောင် ပြုလုပ်ပေးတတ်ခြင်း၊
၆။ ရေဆိပ်ကို သိခြင်း၊
၇။ နွားတို့ရေသောက်ပြီး မပြီးကို သိခြင်း၊
၈။ လမ်းခရီးကို သိခြင်း၊
၉။ နွားတို့ကျက်စားရာ စားကျက်၌ ကျွမ်းကျင်ခြင်း၊
၁၀။ နွားမတို့၏ နို့ရည်ကို အကုန် မညှစ်ခြင်း၊
၁၁။ နွားတို့ဖခင် နွားတို့၏ ဦးစီးဖြစ်သော နွားလားဥသဘတို့ကို ထူးထူးကဲကဲ ပူဇော်ခြင်း။ (မ၊၁၊၂၈၄။) (အံ၊၃၊၅၄၉။) (မ၊မြန်၊၁။၂၉၁။) (အံ၊မြန်၊၃။၅၃၆။)♦

နွားကျောင်းသား မကြီးပွားနိုင်ကြောင်း ၁၁ ပါး

၁။ နွားတို့၏ ရုပ်အဆင်းကို မသိခြင်း၊
၂။ နွားတို့၏ အမှတ်လက္ခဏာကို မကျွမ်းကျင်ခြင်း၊
၃။ ယင်ချေးဥ တိုးပွားသည်ကို မပယ် ဖျောက်တတ်ခြင်း၊
၄။ အနာကို ဆေးထည့်ပြီး ဖုံးလွှမ်းမပေးတတ်ခြင်း၊
၅။ မီးခိုးထွက်အောင် မပြုလုပ် တတ်ခြင်း၊
၆။ ရေဆိပ်ကို မသိခြင်း၊
၇။ နွားတို့၏ ရေသောက်ပြီး, မပြီးကို မသိခြင်း၊
၈။ လမ်း ခရီးကို မသိခြင်း၊
၉။ နွားတို့ကျက်စားရာ နွားစားကျက်၌ မကျွမ်းကျင်ခြင်း၊
၁၀။ နွားမတို့၏ နို့ရည်ကို ကုန်အောင်ညှစ်ခြင်း၊
၁၁။ နွားတို့၏ ဦးစီးဖြစ်သော နွားလားဥသဘတို့ကို ထူးထူး ကဲကဲ မပူဇော်ခြင်း။ (မ၊၁၊၂၈၁။) (အံ၊၃၊၅၄၆။) (မ၊မြန်၊၁။၂၈၉။) (အံ၊မြန်၊၃။၅၃၃။)♦

နွားထွက်အရသာ ၅ မျိုး

၁။ နို့ရည်၊
၂။ နို့ဓမ်း၊
၃။ ရက်တက်ရည်၊
၄။ ဆီဦး၊
၅။ ထောပတ်။ (ဝိ၊၃၊၃၄၂။) (ဝိ၊မြန်၊၃။၃၄၆။) (သုတ္တနိ၊ဋ္ဌ၊၂၊၅၃။)♦

နွားထွက်အရသာ ငါးမျိုးတို့ကို သုံးဆောင်ရကျိုး ၄ မျိုး

၁။ ဆာလောင် မွတ်သိပ်ခြင်းကို ငြိမ်း စေခြင်း၊
၂။ အရေ၏အဆင်း အထူး ကြည်လင်ခြင်း၊
၃။ အားကို တိုးပွားစေခြင်း၊
၄။ ကိုယ် ချမ်းသာ, စိတ်ချမ်းသာကို ဖြစ်စေခြင်း။ (သုတ္တနိ၊ဋ္ဌ၊၂၊၅၃။)♦

နွားလား ၃ မျိုး

၁။ နွားတစ်ရာတို့၏ အကြီးအကဲဖြစ်သော မြတ်သော နွားလားဥသဘ၊
၂။ နွားအထောင် တို့၏ အကြီးအကဲဖြစ်သော မြတ်သော နွားလားဝသဘ၊
၃။ နွားအားလုံးတို့၏ အကြီးအကဲ ဖြစ်သော ဖြူစင်သော ကြည်ညိုဖွယ်ရှိသော ဝန်ကြီးကို ဆောင်နိုင်သော မိုးခြိမ်းသံတို့မှလည်း မကြောက်မလန့်သော မြတ်သော နွားလားနိသဘ။ (သီ၊ဋီ၊သစ်၊၂၊၃၆၂။)♦

နွားလား ၄ မျိုး

၁။ မိမိနွားအုပ်၌သာ ကြမ်းတမ်းပြီး အခြားနွားအုပ်၌ မကြမ်းတမ်းသော နွားလား၊
၂။ အခြားနွားအုပ်၌သာ ကြမ်းတမ်းပြီး မိမိနွားအုပ်၌ မကြမ်းတမ်းသော နွားလား၊
၃။ မိမိ နွားအုပ်၌လည်း ကြမ်းတမ်း, အခြားနွားအုပ်၌လည်း ကြမ်းတမ်းသော နွားလား၊
၄။ မိမိ နွားအုပ်၌လည်း မကြမ်းတမ်း, အခြားနွားအုပ်၌လည်း မကြမ်းတမ်းသော နွားလား။ (အံ၊၁၊၄၂၃။) (အဘိ၊ပု၊၁၅၄။) (အံ၊မြန်၊၁။၄၃၆။) (အဘိ၊ပု၊မြန်။၅၈။)♦

နွားလားနှင့် တူသော ပုဂ္ဂိုလ် ၄ မျိုး

၁။ မိမိနွားအုပ်၌ ကြမ်းလျက် တစ်ပါးသော နွားအုပ်၌ မကြမ်းသော နွားလားကဲ့သို့ မိမိပရိသတ်ကို ထိတ်လန့်စေလျက် သူတစ်ပါးပရိသတ်ကို မထိတ်လန့်စေ တတ်သော ပုဂ္ဂိုလ်၊
၂။ တစ်ပါးသော နွားအုပ်၌သာ ကြမ်းတမ်းလျက် မိမိနွားအုပ်၌ မကြမ်းသော နွားလားကဲ့သို့ တစ်ပါးသော ပရိသတ်ကိုသာ ထိတ်လန့်စေလျက် မိမိပရိသတ်ကို မထိတ်လန့် စေတတ်သော ပုဂ္ဂိုလ်၊
၃။ မိမိနွားအုပ်၌လည်း ကြမ်းတမ်း၍ တစ်ပါးသော နွားအုပ်၌လည်း ကြမ်းတမ်းသော နွားလားကဲ့သို့ မိမိပရိသတ်ကိုလည်း ထိတ်လန့်စေလျက် သူတစ်ပါး တို့၏ ပရိသတ်ကိုလည်း ထိတ်လန့်စေတတ်သော ပုဂ္ဂိုလ်၊
၄။ မိမိနွားအုပ်၌လည်း မကြမ်းဘဲ တစ်ပါးသော နွားအုပ်၌လည်း မကြမ်းသော နွားလားကဲ့သို့ မိမိပရိသတ်ကိုလည်း မထိတ်လန့် စေဘဲ သူတစ်ပါးပရိသတ်ကိုလည်း မထိတ်လန့်စေတတ်သော ပုဂ္ဂိုလ်။ (အံ၊၁၊၄၂၃။) (အဘိ၊ပု၊၁၅၄။) (အံ၊မြန်၊၁။၄၃၆။) (အဘိ၊ပု၊မြန်။၅၈။)♦

နွားဝှေ့၍ သေကြရသော ပုဂ္ဂိုလ် ၄ ဦး

၁။ ပုက္ကုသာတိ အမျိုးကောင်းသား၊
၂။ ဗာဟိယ ဒါရုစိရိယ ရဟန်း၊
၃။ တမ္ဗဒါဋ္ဌိက မည်သော ခိုးသူသတ်သမား၊
၄။ သုပ္ပဗုဒ္ဓ မည်သော လူနူ။ (ဓမ္မ၊ဋ္ဌ၊၁၊၃၀၃။)♦

နွားအကျင့်ကျင့်သော ကောလိယ၏သား ပုဏ္ဏအား ဘုရားရှင် ဟောကြားသော ကံတရား ၄ မျိုး

၁။ မည်းသောကံ, မည်းသော အကျိုးရှိသော ကံ၊
၂။ ဖြူသောကံ, ဖြူသော အကျိုးရှိသော ကံ၊
၃။ အမည်းအဖြူရောသော ကံ, အမည်းအဖြူရောသော အကျိုးရှိသော ကံ၊
၄။ မမည်း မဖြူသော ကံ, မမည်းမဖြူအကျိုးရှိသော ကံ။ (မ၊၂၊၅၂။) (မ၊မြန်၊၂။၅၇။)♦

နွားအပေါင်းနှင့် ယောဂီပုဂ္ဂိုလ် တူပုံ ၄ မျိုး

၁။ နွားအပေါင်းသည် မိမိ၏ နေရာအိမ်ခြံကို မစွန့်ခြင်း, (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ‘‘ဤကိုယ်ကောင်သည် မမြဲခြင်း, အဝတ်တို့ဖြင့် ဖုံးလွှမ်းရခြင်း, ဖရိုဖရဲ ကွဲပျက်ခြင်း စသော သဘောရှိ၏’’ဟု မိမိကိုယ်ကို မစွန့်ရခြင်း)၊
၂။ နွားအပေါင်းသည် ဆွဲယူ ရွက်ဆောင်အပ်သော ဝန်ရှိသည် ဖြစ်၍ ချမ်းသာခြင်း ဆင်းရဲ ခြင်းဖြင့် ဝန်ကို ရွက်ဆောင်ရခြင်း, (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ဆောက်တည်အပ်သော မြတ်သော အကျင့်ရှိသည် ဖြစ်၍ ချမ်းသာခြင်း ဆင်းရဲခြင်းဖြင့် အသက်ဆုံးသည်တိုင်အောင် မြတ်သော အကျင့်ကို ကျင့်ရခြင်း)၊
၃။ နွားအပေါင်းသည် အလိုအာသာဖြင့် အနံ့ကို ယူလျက် ရေကို သောက်ခြင်း, (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ဆရာဥပဇ္ဈာယ်တို့၏ အဆုံးအမကို ချစ်ခင် လေးမြတ် ကြည်ညိုခြင်းဖြင့် ကောင်း မကောင်းသော အနံ့ကို ယူလျက် ခံယူရခြင်း)၊
၄။ နွားအပေါင်းသည် တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်က ဝန်ကို ရွက်ဆောင်စေအပ်သည် ရှိသော် ရွက်ဆောင်ခြင်း, (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် သီတင်းကြီး,သီတင်းလတ် ရဟန်း တို့၏လည်းကောင်း လူဥပါသကာတို့၏လည်းကောင်း အဆုံးအမကို ဦးခေါင်းဖြင့် ခံယူရခြင်း) ။ (မိလိန္ဒ၊၃၈၁။) (မိလိန္ဒ၊မြန်။၄၀၃။)♦

နံ့သာ ၁၀ မျိုး

ရနံ့ ၁၀ မျိုးနှင့် တူသည်။ ♦

နံ့သာမျိုး ၃ မျိုး

၁။ အမြစ်နံ့သာ၊
၂။ အနှစ်နံ့သာ၊
၃။ အပွင့်နံ့သာ။ (ဓမ္မ၊ဋ္ဌ၊၁၊၂၆၅။)♦

နဟာနသိက္ခာပုဒ်၌ အင်္ဂါ ၂ ပါး

၁။ မဇ္ဈိမဒေသ၌ လဝက် ၁၅ ရက်အောက် လျော့သော ကာလ၌ ရေချိုးခြင်း၊
၂။ အခါသမယ စသည်တို့ မရှိခြင်း။ (ဝိမတိ၊၂၊၄၄။)♦

နဟာနသိက္ခာပုဒ်၌ အင်္ဂါ ၃ မျိုး

၁။ မဇ္ဈိမဒေသအရပ် ဖြစ်ခြင်း၊
၂။ လဝက် (၁၅) ရက်အောက် ယုတ်လျော့သော ကာလ၌ ရေချိုးခြင်း၊
၃။ ခွင့်ပြုထားသော အခါသည် လည်းကောင်း၊ မြစ်တစ်ဖက်ကမ်းသို့ သွားခြင်းကိစ္စသည် လည်းကောင်း၊ ဘေးရန်တို့သည် လည်းကောင်း မရှိခြင်း။ (သာရတ္ထ၊ဋီ၊၃၊၈၁။)♦

နှင်ထုတ်ခြင်း ၂ မျိုး

၁။ ကောင်းစွာ နှင်ထုတ်ခြင်း၊
၂။ မကောင်းသဖြင့် နှင်ထုတ်ခြင်း။ (ဝိ၊၃၊၄၄၃။) (ဝိ၊၅၊၂၁၄။) (ဝိ၊မြန်၊၃။၄၅၀။) (ဝိ၊မြန်၊၅။၂၉၈။)♦

နှင်ထုတ်ထိုက်သော ရဟန်း၏ အင်္ဂါ ၃ ပါး

ဥက္ခိတ္တကရဟန်း၏ အင်္ဂါ ၃ ပါးနှင့် တူသည်။ ♦

နှစ်ခု နှစ်ခုအားဖြင့် ဟောကြားအပ်သော အကုသိုလ်တရား စု ၁၅ စု

၁။ တပ်မက်ခြင်း= တဏှာ၊ အမှန် မသိခြင်း= အဝိဇ္ဇာ၊
၂။ မကောင်းမှု ဒုစရိုက်ကို မစက်ဆုပ်ခြင်း= အဟိရီက၊ မကောင်းမှု အကုသိုလ်ကို မကြောက်ရွံ့ခြင်း= အနောတ္တပ္ပ၊
၃။ သတိလွတ်ကင်းခြင်း= အဿတိ၊ မသိခြင်း, မဆင်ခြင်ခြင်း= အသမ္ပဇည၊
၄။ မသင့်သော အကြောင်းဖြင့် နှလုံးသွင်းခြင်း= အယောနိသော မနသိကာရ၊ ပျင်းရိသော သူ၏အဖြစ်, ပျင်းရိခြင်း= ကောသဇ္ဇ၊
၅။ ငါအမြတ်ဆုံး အသာဆုံးဟု ဝါကြွားခြင်း= အဟံကာရ၊ ငါ့ဥစ္စာ, ငါ့ဟာဟု ပြုခြင်း= မမံကာရ၊
၆။ ယုံကြည်မှုသဒ္ဓါ မရှိခြင်း= အဿဒ္ဓါ၊ ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်း= ပမာဒ၊
၇။ သူယုတ်တို့၏ ယုတ်ညံ့သော တရားကို ကြားနာခြင်း- အသဒ္ဓမ္မဿဝန၊ မစောင့်စည်းခြင်း= အသံဝရ၊
၈။ သူတစ်ပါး ပစ္စည်းကို မိမိပစ္စည်း ဖြစ်စေလိုခြင်း= အဘိဇ္ဈာ၊ သူတစ်ပါးအကျိုးမဲ့ကို ကြံစည်ခြင်း= ဗျာပါဒ၊
၉။ နိဗ္ဗာန်ချမ်းသာကို ပိတ်ဆို့တားမြစ် ဖုံးလွှမ်းတတ်သော တရား= နီဝရဏ၊ ဝဋ်ဆင်းရဲ၌ ယှဉ်တတ်သော တရား= သံယောဇန၊
၁၀။ အမျက်ဒေါသ, အမျက်ထွက်ခြင်း, စိတ်ဆိုးခြင်း= ကောဓ၊ ရန်ငြိုးဖွဲ့ခြင်း= ဥပနာဟ၊
၁၁။ သူတစ်ပါး၏ ဂုဏ်ကျေးဇူးကို ကြိတ်ချေဖျက်ဆီးခြင်း= မက္ခ၊ တုဘက် ပြိုင်ခြင်း= ပဠာသ၊
၁၂။ ငြူစူခြင်း, သူတစ်ပါး တိုးတက်ကြီးပွား, ပြည့်စုံနေသည်ကို မနာလိုခြင်း= ဣဿာ၊ နှမြောစေးနှဲမှု ဝန်တိုမှု= မစ္ဆရိယ၊
၁၃။ လှည့်စားခြင်း အယောင် ဆောင်ခြင်း= မာယာ၊ စဉ်းလဲခြင်း, လိမ်လည်ခြင်း= သာဌေယျ၊
၁၄။ အတ္တလောကသည် မြဲ၏ဟု အယူရှိခြင်း= သဿတဒိဋ္ဌိ၊ အတ္တကောင် သတ္တဝါကောင် လောကသည် သေပြီးနောက် ထပ်၍မဖြစ် အဆက်ပြတ်၏ဟူသော အယူမှား ရှိခြင်း= ဥစ္ဆေဒဒိဋ္ဌိ၊
၁၅။ ပြောဆိုဆုံးမ ခက်ခြင်း= ဒေါဝစဿ၊ ကိုယ်, နှုတ်, နှလုံး သုံးပါးလုံး ကြမ်းတမ်း ရိုင်းပြခြင်း- ပဂဗ္ဘ။ (နေတ္တိ၊ဝိဘာ၊၂၇၄။)♦

နှစ်သက်ဖွယ် ရတနာ ၂ မျိုး

၁။ ပစ္စည်း တည်းဟူသော နှစ်သက်ဖွယ်ရာ အာမိသရတနာ၊
၂။ တရား တည်းဟူသော နှစ်သက်ဖွယ်ရာ ဓမ္မရတနာ။ (အံ၊၁၊၉၃။) (အံ၊မြန်၊၁။၁၀၉။)♦

နှလုံးမွေ့လျော်ဖွယ် ရှိခြင်း ၂ မျိုး

၁။ တော၏ နှလုံးမွေ့လျော်ဖွယ် ရှိခြင်း၊
၂။ ပုဂ္ဂိုလ်၏ နှလုံး မွေ့လျော်ဖွယ် ရှိခြင်း။ (မ၊ဋ္ဌ၊၂၊၁၅၁။)♦

နှလုံးမသာယာမှုကို ပယ်ဖျောက်ပုံ ၁၀ ပါး (အလှူခံတို့အပေါ်၌ ဖြစ်တတ်သော နှလုံး မသာယာမှုကို ပယ်ဖျောက်ပုံ ၁၀ ပါး)

၁။ အလှူပွဲသို့ သူ့အသက် သတ်လေ့ရှိသူ, သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်သူဟု နှစ်မျိုး လာရာတွင် သူ့အသက်သတ်သူကား သူ၏ မကောင်းမှု အားလျော်စွာ သူပင် မကောင်းကျိုး ခံရလိမ့်မည်ဟု ကြံ၍ မိမိကား သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူကိုသာ အာရုံပြုကာ ပေးလှူ ပူဇော်ရန်၊
၂။ အလှူပွဲသို့ သူ့ဥစ္စာ ခိုးယူလေ့ ရှိသောသူ, သူ့ဥစ္စာ ခိုးယူခြင်းမှ ရှောင်ကြဉ်သူဟု နှစ်မျိုးလာရာတွင် သူ့ဥစ္စာ ခိုးယူလေ့ရှိသော သူကား သူ၏ မကောင်းမှုအားလျော်စွာ သူပင် မကောင်းကျိုး ခံရလိမ့်မည်ဟု ကြံ၍ မိမိကား သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်သူကိုသာ အာရုံပြုကာ ပေးလှူပူဇော်ရန်၊
၃။ အလှူပွဲသို့ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်လေ့ရှိသူ, ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်သူ နှစ်မျိုးလာရာတွင် ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်လေ့ရှိသူကား သူ၏ မကောင်းမှုအားလျော်စွာ သူပင် မကောင်းကျိုး ခံရလိမ့်မည်ဟု ကြံ၍ မိမိကား ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်သူတို့ကိုသာ အာရုံပြုကာ ပေးလှူ ပူဇော်ရန်၊
၄။ အလှူပွဲသို့ မမှန်စကား ပြောလေ့ရှိသူ, မမှန်ပြောခြင်းမှ ရှောင်ကြဉ်သူ နှစ်မျိုး လာရာတွင် မမှန်စကား ပြောလေ့ရှိသူကား သူ၏ မကောင်းမှုအားလျော်စွာ သူပင် မကောင်းကျိုး ခံရလိမ့်မည်ဟု ကြံ၍ မိမိကား မမှန်ပြောခြင်းမှ ရှောင်ကြဉ်သူကိုသာ အာရုံ ပြုကာ ပေးလှူပူဇော်ရန်၊
၅။ အလှူပွဲသို့ ကုန်းတိုက်စကား ပြောလေ့ရှိသူ, ကုန်းတိုက်စကား ပြောခြင်းမှ ရှောင်ကြဉ်သူ နှစ်မျိုးလာရာတွင် ကုန်းတိုက်စကား ပြောလေ့ရှိသူကား သူ၏ မကောင်းမှုအားလျော်စွာ သူပင် မကောင်းကျိုး ခံရလိမ့်မည်ဟု ကြံ၍ မိမိကား ကုန်းတိုက် စကား ပြောခြင်းမှ ရှောင်ကြဉ်သူကိုသာ အာရုံပြုကာ ပေးလှူပူဇော်ရန်၊
၆။ အလှူပွဲသို့ ရုန့်ကြမ်းသော စကား ပြောလေ့ရှိသူ, ရုန့်ကြမ်းသော စကားမှ ရှောင်ကြဉ်သူ နှစ်မျိုး လာရာတွင် ရုန့်ကြမ်းသော စကား ပြောလေ့ရှိသူကား သူ၏ မကောင်းမှုအားလျော်စွာ သူပင် မကောင်းကျိုး ခံရလိမ့်မည်ဟု ကြံ၍ မိမိကား ရုန့်ကြမ်းသော စကားမှ ရှောင်ကြဉ်သူ ကိုသာ အာရုံပြုကာ ပေးလှူပူဇော်ရန်၊
၇။ အလှူပွဲသို့ ပြိန်ဖျင်းသောစကား ပြောလေ့ရှိသူ, ပြိန်ဖျင်းသောစကား ပြောခြင်းမှ ရှောင်ကြဉ်သူ နှစ်မျိုးလာရာတွင် ပြိန်ဖျင်းသောစကား ပြောလေ့ရှိသူကား သူ၏ မကောင်းမှုအားလျော်စွာ သူပင် မကောင်းကျိုး ခံရလိမ့်မည်ဟု ကြံ၍ မိမိကား ပြိန်ဖျင်းသောစကား ပြောခြင်းမှ ရှောင်ကြဉ်သူကိုသာ အာရုံပြုကာ ပေးလှူ ပူဇော်ရန်၊
၈။ အလှူပွဲသို့ လိုချင်တပ်မက်ခြင်း အဘိဇ္ဈာရှိသူ, လိုချင်တပ်မက်ခြင်း အဘိဇ္ဈာ မရှိသူ နှစ်မျိုးလာရာတွင် လိုချင်တပ်မက်ခြင်း အဘိဇ္ဈာရှိသူကား သူ၏ မကောင်းမှုအား လျော်စွာ သူပင် မကောင်းကျိုး ခံရလိမ့်မည်ဟု ကြံ၍ မိမိအား လိုချင်တပ်မက်ခြင်း အဘိဇ္ဈာ မရှိသူကိုသာ အာရုံပြုကာ ပေးလှူပူဇော်ရန်၊
၉။ အလှူပွဲသို့ ပျက်စီးစေလိုသော စိတ်ဗျာပါဒ ရှိသူ, ပျက်စီးစေလိုသော စိတ်ဗျာပါဒမရှိသူ နှစ်မျိုးလာရာတွင် ပျက်စီးစေလိုသော စိတ် ဗျာပါဒရှိသူကား သူ၏ မကောင်းမှုအားလျော်စွာ သူပင် မကောင်းကျိုးခံရလိမ့်ဟု ကြံ၍ မိမိကား ပျက်စီးစေလိုသော စိတ်ဗျာပါဒမရှိသူကိုသာ အာရုံပြုကာ ပေးလှူပူဇော်ရန်၊
၁၀။ အလှူပွဲသို့ မှားသော အယူရှိသူမိစ္ဆာဒိဋ္ဌိ, မှန်သော အယူရှိသူသမ္မာဒိဋ္ဌိ နှစ်မျိုးလာရာတွင် မှားသော အယူရှိသူ မိစ္ဆာဒိဋ္ဌိကား သူ၏ မကောင်းမှုအားလျော်စွာ သူပင် မကောင်းကျိုး ခံရလိမ့်မည်ဟု ကြံ၍ မိမိကား မှန်သော အယူရှိသူ သမ္မာဒိဋ္ဌိကိုသာ အာရုံပြုကာ ပေးလှူ ပူဇော်ရန်။ (ဒီ၊၁၊၁၃၁-၂။) (ဒီ၊မြန်၊၁။၁၅၅။)♦

နှလုံးသွင်းခြင်း ၂ မျိုး

၁။ တဏှာနိဝေသနာ= တဏှာဟူသော နှလုံးသွင်းခြင်း၊
၂။ ဒိဋ္ဌိနိဝေသနာ= ဒိဋ္ဌိဟူသော နှလုံးသွင်းခြင်း။ (မဟာနိ၊၈၅။)♦

နှလုံးသွင်းမှု၌ ကျွမ်းကျင်ကြောင်း အခြင်းအရာ ၁၀ ပါး

၁။ အစဉ်အတိုင်းအားဖြင့်၊
၂။ အလွန် မမြန်သည်၏ အဖြစ်အားဖြင့်၊
၃။ အလွန် မနှေးသည်၏ အဖြစ်အားဖြင့်၊
၄။ ပျံ့လွင့်ခြင်းကို တားမြစ်ခြင်းအားဖြင့်၊
၅။ နာမည်ပညတ်ကို လွန်ခြင်းအားဖြင့်၊
၆။ အစဉ်အတိုင်း လွှတ်ခြင်း အားဖြင့်၊
၇။ လက္ခဏာအားဖြင့်၊ ၈, ၉,
၁၀။ သုံးပါးကုန်သော သုတ္တန်အားဖြင့် ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်း၌ ကျွမ်းကျင်သူ၏ အဖြစ်ကို အလိုရှိအပ်၏။ (အဘိ၊ဋ္ဌ၊၂၊၅၃။)♦

နှာနှပ်တံ လှူရကျိုး ၈ ပါး

၁။ သဒ္ဓါတရားနှင့် ပြည့်စုံသူ ဖြစ်ခြင်း၊
၂။ သီလတရားနှင့် ပြည့်စုံသူ ဖြစ်ခြင်း၊
၃။ ဟိရီတရားနှင့် ပြည့်စုံသူ ဖြစ်ခြင်း၊
၄။ ဩတ္တပ္ပတရားနှင့် ပြည့်စုံသူ ဖြစ်ခြင်း၊
၅။ သုတတရားနှင့် ပြည့်စုံသူ ဖြစ်ခြင်း၊
၆။ စာဂတရားနှင့် ပြည့်စုံသူ ဖြစ်ခြင်း၊
၇။ သည်းခံခြင်း ခန္တီတရားနှင့် ပြည့်စုံသူ ဖြစ်ခြင်း၊
၈။ ပညာဂုဏ်နှင့် ပြည့်စုံခြင်း။ (အပ၊၁၊၃၆၆။) (အပ၊မြန်၊၁။၃၇၅။)♦

နှိပ်ကွပ်ကြောင်း ၂၂ ပါး

၁။ ပဋိညာဉ်စကားကို စွန့်ပယ်ခြင်း၊
၂။ ဝန်ခံအပ်ပြီးသော အနက်ကို ပယ်မြစ် ခြင်း၌ မူလပဋိညာဉ်စကားမှ တစ်ပါးသော ပဋိညာဉ်စကားကို ပြခြင်း၊
၃။ ပဋိညာဉ် စကားနှင့် ဆန့်ကျင်သော အကြောင်းပြစကားကို ပြောကြားခြင်း၊
၄။ ပဋိညာဉ်စကားကို ဖယ်ရှားပစ်ခြင်း၊
၅။ သာမညအားဖြင့် ပြောဆိုအပ်သော အကြောင်းကို ပယ်မြစ်အပ်သော် တစ်ပါးသော ထူးသော အကြောင်းစကားကို ပြောဆိုခြင်း၊
၆။ အနက်အဓိပ္ပါယ်တစ်ပါးကို ပြောဆိုခြင်း၊
၇။ အနက်အဓိပ္ပါယ်မရှိသော စကားကို ပြောဆိုခြင်း၊
၈။ မသိအပ်, မသိနိုင်သော အနက်သဘော၊
၉။ ရှေ့နောက်အားဖြင့် ဆက်စပ်ခြင်းမရှိသော အနက်သဘော၊
၁၀။ ပဋိညာ ဟိတ် ဥဒါဟရုဏ် ဥပနယ နိဂုမ်းဟူသော ဝါကျအစိတ် ၅ ပါးတို့ကို အစဉ်ချွတ်လွဲစေ၍ ဖောက်ပြန်စွာ ပြောဆိုခြင်း၊
၁၁။ အစိတ်အစိတ်၏ ချို့တဲ့ခြင်း၊
၁၂။ အဓိကအကြောင်းကို ထုတ်ဆောင်ခြင်း၊
၁၃။ စွပ်စွဲစကားကို ထား၍ သဒ္ဒါအနက်တို့ကို အဖန်ဖန်ပြောဆိုခြင်း၊
၁၄။ အတုလိုက်၍ မပြောဆိုခြင်း၊
၁၅။ ဝါဒရှင်က ပြောဆိုအပ်သော် ပရိသတ်က သိအပ်သော စကားကို ပဋိဝါဒီက သိနိုင်ခဲခြင်း၊
၁၆။ ဝါဒဖက်ပြိုင် ပြောဆိုရာ၌ စကားတုံ့ပြန်သင့်ပါလျက် မတုံ့ပြန်နိုင်ခြင်း၊
၁၇။ တစ်ပါးသော ပြုဖွယ်ကိစ္စနှင့် ကပ်ငြိဖွယ်ရှိသဖြင့် စကားကို ဖြတ်လိုက်ခြင်း၊ စကားကို ပယ်ဖျက်ခြင်း၊
၁၈။ သူတစ်ပါး၏ အယူဝါဒကို ခွင့်ပြုလက်ခံခြင်း၊
၁၉။ နှိပ်ကွပ်တားမြစ်ခြင်းသို့ ရောက်သော, (မေးစိစစ်ထိုက်သော) သူအား နှိပ်ကွပ် တားမြစ်ခြင်း၊
၂၀။ ဆိုက်ရောက်လာသော နှိပ်ကွပ်တားမြစ်ထိုက်သော သူအားလည်းကောင်း, မနှိပ်ကွပ်, မတားမြစ်ထိုက်သော အကြောင်းအရာ၌လည်းကောင်း နှိပ်ကွပ်တားမြစ်ခြင်း၊
၂၁။ ရှေးအယူဝါဒမှ လျှောကျသော အယူဝါဒကို ပြောဆိုခြင်း၊
၂၂။ မသေချာသော, ဆန့်ကျင်သော အကြောင်းအတုကို ပြောဆိုခြင်း။ (အနုဋီ၊၃၊၆၁။)♦

နှိပ်နင်း၍ ဥပုသ်ပဝါရဏာကို ပြုသင့်သော အင်္ဂါ ၅ ပါး

၁။ အရှက် မရှိခြင်း၊
၂။ မိုက်မဲခြင်း၊
၃။ ပကတိသော သီလ မရှိခြင်း၊
၄။ သာသနာမှ ရွေ့လျောစေလိုသည် ဖြစ်၍ ဆိုတတ်ခြင်း၊
၅။ အာပတ်မှ ထစေလိုသည် ဖြစ်၍ မဆိုတတ်ခြင်း။ (ဝိ၊၅၊၃၃၆။) (ဝိ၊မြန်၊၅။၄၄၀။)♦

နှိမ်နင်း၍ ဥပုသ်ပဝါရဏာကို ပြုသင့်သော အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ မစင်ကြယ်သော ကိုယ်အကျင့်ရှိခြင်း၊
၂။ မစင်ကြယ်သော နှုတ်အကျင့်ရှိခြင်း၊
၃။ မစင်ကြယ်သော အသက် မွေးမှု ရှိခြင်း၊
၄။ မိုက်မဲ မလိမ္မာဘဲ ငြင်းခုံခြင်းကို ပြုတတ်ခြင်း၊
၅။ ခိုက်ရန် ပြုတတ်ခြင်း။ (ဝိ၊၅၊၃၃၇။) (ဝိ၊မြန်၊၅။၄၄၀။)♦

နှိုင်းချိန်၍ စကားပြောသော ပုဂ္ဂိုလ်၏ အကျိုး ၅ ပါး

၁။ မဟုတ်မမှန်သော စကားကို မပြောမိတတ်ခြင်း၊
၂။ ကုန်းတိုက်စကားကို မပြောမိတတ်ခြင်း၊
၃။ ကြမ်းတမ်းသော စကားကို မပြောမိတတ်ခြင်း၊
၄။ ပြိန်ဖျင်းသော စကားကို မပြောမိတတ်ခြင်း၊
၅။ သေလွန်ပြီးနောက် နတ်ပြည်သို့ လားရောက်ရခြင်း။ (အံ၊၂၊၂၂၂။) (အံ၊မြန်၊၂။၂၈၀။)♦

နှိုင်းယှဉ်ခြင်းနှင့် စပ်သော ပုဂ္ဂိုလ် ၃ ယောက်

၁။ စကားဖွာလန်ကြဲလျက် လျှပ်ပေါ်လော်လည်၍ တည်ကြည်မှုစသည် မရှိသဖြင့် နှိုင်းယှဉ်တိုင်းတာ၍ လွယ်ကူသော သုပ္ပမေယျပုဂ္ဂိုလ်၊
၂။ လျှပ်ပေါ်မှုစသည် မရှိဘဲ သတိ သမာဓိ စသည်နှင့် ပြည့်စုံသဖြင့် နှိုင်းယှဉ်ရန် မလွယ် ကူသော ပုဂ္ဂိုလ်၊
၃။ အာသဝေါကုန်ခန်း၍ ရဟန္တာဖြစ်သဖြင့် မနှိုင်းယှဉ် မတိုင်းတာအပ်သော ပုဂ္ဂိုလ်။ (အံ၊၁၊၂၆၉။) (အံ၊မြန်၊၁။၂၈၇။)♦

နှီးနှောခြင်း ၂ မျိုး

၁။ ဒဿနသံသဂ္ဂ- အမြင်ဖြင့် နှီးနှောခြင်း၊
၂။ သဝနသံသဂ္ဂ- အကြားဖြင့် နှီးနှောခြင်း။ (စူဠနိ၊၂၃၄။)♦

နှီးနှောတိုင်ပင်သူတို့ ရှောင်ကြဉ်အပ်သော အရပ် ၈ မျိုး

၁။ မညီညွတ်သော အရပ်၊
၂။ ဘေး အန္တရာယ်ရှိသော အရပ်၊
၃။ အလွန်လေထန်သော အရပ်၊
၄။ နံရံစသည် ဖုံးကွယ်သော အရပ်၊
၅။ နတ်စင်, နတ်ကွန်း အရပ်၊
၆။ ခရီးလမ်းမ၊
၇။ စစ်မြေပြင်၊
၈။ ရေဆိပ်။ (မိလိန္ဒ၊၉၈။) (မိလိန္ဒ၊မြန်။၁၀၆။)♦

နှုတ်၏ စင်ကြယ်မှု ၄ မျိုး

၁။ တံစိုးလက်ဆောင်ဟူသော အကြောင်းကြောင့်လည်း မဟုတ်မမှန်သော စကားကို ပြောဆိုလေ့ မရှိခြင်း၊
၂။ ညီညွတ်သူတို့ အချင်းချင်းကွဲပြားအောင် ကုန်းတိုက်စကား မပြောတတ်ခြင်း၊
၃။ ချစ်ခင်နှစ်လိုဖွယ်သော စကား ယဉ်ကျေးသိမ်မွေ့လျက် လူအများ နားဝင်ချိုသော စကားမျိုးကိုသာ ပြောတတ်ခြင်း၊
၄။ အကျိုးစီးပွားနှင့်စပ်သော စကား, တရား ဓမ္မနှင့် စပ်သောစကား စသည်တို့ကိုသာ ပြောဆိုတတ်ခြင်း။ (အံ၊၃၊၄၇၆။) (အံ၊မြန်၊၃။၄၆၈။)♦

နှုတ်၏ မစင်ကြယ်မှု ၄ မျိုး

၁။ ပရိသတ်အလယ်၌ တံစိုးလက်ဆောင်စသော လာဘ်အာမိသကြောင့် မဟုတ်မမှန် ပြောလေ့ရှိခြင်း၊
၂။ ညီညွတ်သူ အချင်းချင်း ကွဲပြားသွားအောင် ကုန်းချောစကား ပြောကြားတတ်ခြင်း၊
၃။ သူတစ်ပါးနားကို ခါးစေတတ်လျက် အမျက်ထွက်ဖွယ်စကား ကြမ်တမ်းသော စကားကို ပြောဆိုတတ်ခြင်း၊
၄။ အကျိုးမဲ့, အခါမဲ့, တရားမဲ့ ပြိန်ဖျင်းသော စကားကို ပြောဆိုတတ်ခြင်း။ (အံ၊၃၊၄၇၄။) (အံ၊မြန်၊၃။၄၆၆။)♦

နှုတ်ဖြင့် ရုန့်ရင်းကြမ်းတမ်းစွာ မပြုအပ်ရာ ဌာန ၄ မျိုး

ဝစီပါဂဗ္ဘိယ မပြုအပ်သည့်ဌာန ၈ မျိုးနှင့် တူသည်။ ♦

နှုတ်မှာစကား သတင်းလွှာ ဆောင်ယူပေးပို့သူ စေတမန်၏ အင်္ဂါ ၈ မျိုး

တမန်အဖြစ်ဖြင့် သွားထိုက်သော ရဟန်း၏ အင်္ဂါ ၈ ပါးနှင့် တူသည်။ ♦

နှုတ်အကျင့် ၂ ပါး

ဝစီသမာစာရ ၂ ပါးနှင့် တူသည်။ ♦

နှုတ်အကျင့် ၄ မျိုး (မကောင်းမှု တိုးပွားစေသော နှုတ်အကျင့် ၄ မျိုး)

၁။ မဟုတ်မမှန် စကားကို ပြောဆိုလေ့ရှိခြင်း၊
၂။ ချောပစ် ကုန်းတိုက်စကားကို ပြောဆိုခြင်း၊
၃။ ကြမ်းတမ်းသော စကားကို ပြောဆိုခြင်း၊
၄။ ပြိန်ဖျင်းသော စကားကို ပြောဆိုလေ့ရှိခြင်း။ (မ၊၃၊၉၅။) (မ၊မြန်၊၃။၉၉။)♦

နား ၂ မျိုး

၁။ နတ်၌ ဖြစ်သော နား- သောတ၊
၂။ အသားတည်းဟူသော နား- သောတ။ (ဣတိဝုတ်၊ဋ္ဌ၊၉၅။)♦

နာကျင်ခြင်း ၃ မျိုး

၁။ ဇရာတုရ- အိုခြင်းကြောင့် နာကျင်ခြင်း၊
၂။ ရောဂါတုရ- အနာရောဂါကြောင့် နာကျင်ခြင်း၊
၃။ ကိလေသာတုရ- ကိလေသာကြောင့် နာကျင်နှိပ်စက်ခံ ရခြင်း။ (သံ၊ဋ္ဌ၊၁၊၂၆၃။) (သံ၊ဋ္ဌ၊၂၊၂၃၀။)♦

နာဂသေနမထေရ်လောင်း ပဋိသန္ဓေယူသော အခါ၌ ဖြစ်ပေါ်လာသော အံ့ဖွယ် ၃ မျိုး

၁။ လက်နက် ဘဏ္ဍာများ အားလုံး ထွန်းလင်းတောက်ပခြင်း၊
၂။ မြတ်သော ကောက်စပါးများ ပြည့်စုံခြင်း၊
၃။ မိုးကြီး သည်းထန်စွာ ရွာသွန်းခြင်း။ (မိလိန္ဒ၊၈) (မိလိန္ဒ၊မြန်။၁၁။)♦

နာဂသေနမထေရ်လောင်း၏ ဆုတောင်း ၂ မျိုး

၁။ နိဗ္ဗာန်မရမီ ဖြစ်လေရာဘဝတိုင်း၌ ဂင်္ဂါ မြစ်၏ လှိုင်းတံပိုးအဟုန်တို့ကဲ့သို့ မကုန်ခန်းနိုင်သော ဉာဏ်ပဋိဘာန်ရှိသူ ဖြစ်ရလို၏ဟု ဆုတောင်းခြင်း၊
၂။ မိလိန္ဒမင်းလောင်းလျာ သာမဏေ၏ မေးသမျှပြဿနာအားလုံးကို ရှင်းလင်း ဖြေကြားနိုင်သူ ဖြစ်ရလို၏ဟု ဆုတောင်းခြင်း။ (မိလိန္ဒ၊၃။) (မိလိန္ဒ၊မြန်။၄။)♦

နာထကရဏ တရား ၁၀ ပါး

ကျေးဇူးများသော တရား ၁၀ ပါး၊ ဗဟုကာရတရား ၁၀ ပါး၊ မှီခိုရာတရား ၁၀ ပါးတို့နှင့် တူသည်။ ♦

နာထကရဏဓမ္မ ၁၀ ပါး

မှီခိုရာတရား ၁၀ ပါးနှင့် တူသည်။ ♦

နာနတ္တတရား ၉ ပါး

၁။ ဓာတုနာနတ္တ- ဓာတ်တို့၏ အထူးထူးသော သဘော, ဓာတ် အမျိုးမျိုး၊
၂။ ဖဿနာနတ္တ- ဖဿတို့၏ အထူးထူးသဘော, ဖဿအမျိုးမျိုး၊
၃။ ဝေဒနာနာနတ္တ- ဝေဒနာ တို့၏ အထူးထူးသော သဘော, ဝေဒနာအမျိုးမျိုး၊
၄။ သညာနာနတ္တ- သညာတို့၏ အထူးထူးသော သဘော, သညာ အမျိုးမျိုး၊
၅။ သင်္ကပ္ပနာနတ္တ- အကြံအစည်တို့၏ အထူး ထူးသော သဘော, အကြံအစည်အမျိုးမျိုး၊
၆။ ဆန္ဒနာနတ္တ- ဆန္ဒတို့၏ အထူးထူးသော သဘော, ဆန္ဒ အမျိုးမျိုး၊
၇။ ပရိဠာဟနာနတ္တ- ပူလောင်မှုတို့၏ အထူးထူးသော သဘော, ပူလောင်မှု အမျိုးမျိုး၊
၈။ ပရိယေသနနာနတ္တ- ရှာဖွေမှုတို့၏ အထူးထူးသော သဘော, ရှာဖွေမှု အမျိုးမျိုး၊
၉။ လာဘနာနတ္တ- လာဘ်တို့၏ အထူးထူးသော သဘော, လာဘ်အမျိုးမျိုး။ (ပဋိသံ၊၈၄။) (ပဋိသံ၊မြန်။၁၁၂။)♦

နာနတ္တသညာ ၄၄ ပါး

၁။ အကုသလသညာ တစ်ဆယ့်နှစ်ပါး၊
၂။ ကာမာဝစရကုသလသညာ ရှစ်ပါး၊
၃။ ကာမာဝစရကုသလ ပိပါကသညာ တစ်ဆယ့်တစ်ပါး၊
၄။ အကုသလဝိပါကသညာ နှစ်ပါး၊
၅။ ကာမာဝစရ ကိရိယသညာ တစ်ဆယ့်တစ်ပါး ပေါင်း လေးဆယ့်တစ်ပါး။ (အဘိ၊ဋ္ဌ၊၁၊၂၄၇။) (ပဋိသံ၊ဋ္ဌ၊၁၊၁၂၄။)♦

နာမည် ၂ မျိုး

၁။ ကဲ့ရဲ့ရှုတ်ချအပ်သော ယုတ်ညံ့သော နာမည်၊
၂။ မကဲ့ရဲ့ မရှုတ်ချအပ်သော ဘုရား တရား သံဃာနှင့် စပ်သော မြင့်မြတ်သော နာမည်။ (ဝိ၊၂၊၈။) (ဝိ၊မြန်၊၂။၁၀။)♦

နာမည် ၄ မျိုး

၁။ အာဝတ္ထိကနာမ- အခိုက်အတန့်အားဖြင့် ထင်ရှားသော နာမည်။၊
၂။ လိင်္ဂိက နာမ- အသွင်သဏ္ဌာန်အားဖြင့် ထင်ရှားသော နာမည်။၊
၃။ နေမိတ္တိကနာမ- အကြောင်းမှ လာသော နာမည်၊
၄။ အဓိစ္စသမုပ္ပန္နနာမ- တစ်စုံတစ်ခုသော အကြောင်းကို မစွဲမူ၍ (ဝါ) သဒ္ဒါနက်ကို မငဲ့မူ၍ ဖြစ်သော နာမည်။ (ဝိ၊ဋ္ဌ၊၁၊၉၅။) (ခုဒ္ဒက၊ဋ္ဌ၊၉၁။) (ဝိသုဒ္ဓိ၊၁၊၂၀၃။)♦

နာမည် ၄ မျိုး (တစ်နည်း)

၁။ သာမညနာမ- ကမ္ဘာဦးလူသားတို့ သမုတ်၍ ထားအပ်ခဲ့သော မင်း၏ မဟာသမ္မတဟူသော နာမည်၊
၂။ ဂုဏနာမ- ဓမ္မကထိက, တိပိဋကဓရ အစရှိသော ဂုဏ်ကြောင့်လာသော နာမည်၊
၃။ ကိတ္တိမနာမ- ဆရာသမား, ဆွေမျိုး စသည်တို့ကို ပင့်ဖိတ် စုပေါင်း၍ ကောင်းစွာပြောကြား, မှည့်ခေါ်စေအပ်သော နာမည်၊
၄။ ဩပပါတိက နာမ- ရှေးကာလ၌ ခေါ်ဝေါ်ပညတ်ထားသော အမည်ကို ယခုကာလ၌လည်း ခေါ်ဝေါ်ကြသော မြေကြီး, တောင် စသော နာမည်။ (အဘိ၊ဋ္ဌ၊၁။၄၂၀။) (ပဋိသံ၊ဋ္ဌ၊၁၊၂၇၇။)♦

နာမ် ၄ မျိုး

နာမည် ၄ မျိုး၊ နာမည် ၄ မျိုး (တစ်နည်း)တို့နှင့် တူသည်။ ♦

နာမ်ကမ္မဋ္ဌာန်း၌ နှလုံးသွင်းခြင်း ၃ မျိုး

၁။ ဖဿ၏ အစွမ်းဖြင့် နှလုံးသွင်းခြင်း၊
၂။ ဝေဒနာ၏ အစွမ်းဖြင့် နှလုံးသွင်းခြင်း၊
၃။ စိတ်၏ အစွမ်းဖြင့် နှလုံးသွင်းခြင်း။ (ဒီ၊ဋ္ဌ၊၂၊၃၁၄။) (ဒီ၊ဋ္ဌ၊မြန်၊၂။၅၇၈။)♦

နာရဒဘုရားရှင်၏ ဓမ္မာဘိသမယ ၃ ကြိမ်

၁။ ရှေးဦးစွာ ဓမ္မစကြာ တရားဟောကြားတော်မူသော အခါ၌ လူနတ်ဗြဟ္မာ ကုဋေတစ်သိန်း သစ္စာလေးပါးကို ထိုးထွင်း၍ သိသည်၊
၂။ မဟာဒေါဏ နဂါးမင်းကို ဆုံးမ၍ တန်ခိုးပြာဋိဟာပြလျက် တရားဟောတော်မူသော အခါ လူနတ် ဗြဟ္မာ ကုဋေကိုးသောင်း ကျွတ်တမ်းဝင်သည်၊
၃။ မိမိသားတော်ကို ဆုံးမတော်မူသောအခါ လူနတ်ဗြဟ္မာ ကုဋေရှစ်သောင်း ကျွတ်တမ်းဝင်ကြသည်။ (အပ၊၂၊၃၄၁။) (အပ၊မြန်၊၂။၃၃၇။)♦

နာရဒဘုရားရှင်၏ သာဝကအစည်းအဝေး ၃ ကြိမ်

၁။ ပထမအကြိမ် အစည်းအဝေး၌ ရဟန္တာ ကုဋေတစ်သိန်း၊
၂။ ဒုတိယအကြိမ် ဘုရားရှင်တို့၏ဂုဏ်နှင့် စပ်သော ဗုဒ္ဓဝင်ကို နိဒါန်းနှင့် တကွ ဟောပြတော်မူသော အခါ၌ ရဟန္တာ ကုဋေကိုးသောင်း၊
၃။ ဘုရားရှင်အား ဝေရောစန နဂါးမင်းက အလှူဒါနပြုလုပ်သော အခါ၌ ရဟန္တာရှစ်သန်းတို့ စည်းဝေးခဲ့ကြသည်။ (အဘိ၊ဋ္ဌ၊၁၊၆၄။) (အပ၊၂၊၃၄၁။) (အပ၊မြန်၊၂။၃၃၈။)♦

နာရဒဘုရားရှင်၏ အဂ္ဂသာဝက ၂ ပါး

၁။ ဘဒ္ဒသာလထေရ်၊
၂။ ဇိတမိတ္တထေရ်။ (အဘိ၊ဋ္ဌ၊၁၊၆၄။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၂၄။)♦

နာရဒဘုရားရှင်၏ အဂ္ဂသာဝိကာမ ၂ ပါး

၁။ ဥတ္တရာထေရီ၊
၂။ ဖဂ္ဂုနီထေရီ၊ (အဘိ၊ဋ္ဌ၊၁၊၆၄။) (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၂၄။)♦

နာရဒဘုရားလောင်း၏ ပြာသာဒ် ၃ ဆောင်

၁။ ဇိတမည်သော ပြာသာဒ်ဆောင်၊
၂။ ဝိဇိတမည်သော ပြာသာဒ်ဆောင်၊
၃။ အဘိရာမမည်သော ပြာသာဒ်ဆောင်။ (အပ၊၂၊၃၄၂။) (အပ၊မြန်၊၂။၃၃၉။)♦

နိကဍ္ဎနသိက္ခာပုဒ်၌ အင်္ဂါ ၃ မျိုး

၁။ သံဃိကကျောင်း ဖြစ်ခြင်း၊
၂။ ရဟန်း၏ မိမိတို့ဘက်တွင် တိုင်ပင်ခြင်း ပြုတတ်သည်၏ အဖြစ် အစရှိသည်တို့မှ ကျွတ်လွတ်သူ ဖြစ်ခြင်း၊
၃။ အမျက် ဒေါသဖြင့် ကိုယ်တိုင် ဆွဲထုတ်ခြင်း, သူတစ်ပါးကိုလည်း ဆွဲထုတ်စေခြင်း။ (သာရတ္ထ၊ဋီ၊၃၊၃၁။) (ဝိမတိ၊၂၊၁၇။)♦

နိကာယ် ၅ ရပ်

၁။ ဒီဃနိကာယ်၊
၂။ မဇ္ဈိမနိကာယ်၊
၃။ သံယုတ္တနိကာယ်၊
၄။ အင်္ဂုတ္တရနိကာယ်၊
၅။ ခုဒ္ဒကနိကာယ်။ (ဝိ၊ဋ္ဌ၊၁၊၂၁။) (ဒီ၊ဋ္ဌ၊၁၊၂၃။) (အဘိ၊ဋ္ဌ၊၁၊၂၅။) (ခုဒ္ဒက၊ဋ္ဌ၊၂။) (ဥဒါန၊ဋ္ဌ၊၄။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၁။)♦

နိဂဏ္ဌတို့၏ ဝါဒ ကဲ့ရဲ့ဖွယ် အကြောင်း ၁၀ မျိုး

၁။ အကယ်၍ သတ္တဝါတို့သည် ရှေးကံကြောင့် ချမ်းသာဆင်းရဲကို ခံစားကြရသော် ယခုဘဝ၌ ခါးသီးသော ဆင်းရဲဝေဒနာကို ခံစားနေ ကြရသော နိဂဏ္ဌတို့သည် မချွတ်ဧကန် ရှေးက မကောင်းမှုကံကို ပြုခဲ့သူတို့ ဖြစ်ကုန်၏ဟု ကဲ့ရဲ့ထိုက်ခြင်း၊
၂။ အကယ်၍ သတ္တဝါတို့သည် တန်ခိုးရှင် ဖန်ဆင်းခြင်းကြောင့် ချမ်းသာ ဆင်းရဲကို ခံစားကြရသော် ယခုဘဝ၌ ခါးသီးသော ဆင်းရဲဝေဒနာကို ခံစားကြရသော နိဂဏ္ဌတို့သည် မချွတ်ဧကန် ယုတ်မာသော တန်ခိုးရှင် ဖန်ဆင်းထားသူများ ဖြစ်ကုန်၏ဟု ကဲ့ရဲ့ထိုက်ခြင်း၊
၃။ အကယ်၍ သတ္တဝါတို့သည် အကြောင်းဆုံစည်းမှုကြောင့် ချမ်းသာ ဆင်းရဲကို ခံစားကြရသော် ယခုဘဝ၌ ခါးသီးသော ဆင်းရဲဝေဒနာကို ခံစားနေကြရသော နိဂဏ္ဌတို့သည် မချွတ်ဧကန် ယုတ်ညံ့သော ဆုံစည်းမှုရှိသူများ ဖြစ်ကုန်၏ဟု ကဲ့ရဲ့ထိုက်ခြင်း၊
၄။ အကယ်၍ သတ္တဝါတို့သည် အမျိုးဇာတ် ထူးခြားမှုကြောင့် ချမ်းသာဆင်းရဲကို ခံစားကြရ ကုန်သော် ယခုဘဝ၌ ခါးသီးသော ဆင်းရဲဝေဒနာကို ခံစားနေကြရသော နိဂဏ္ဌတို့သည် မချွတ်ဧကန် ယုတ်ညံ့သော အမျိုးဇာတ်ရှိသူများ ဖြစ်ကုန်၏ဟု ကဲ့ရဲ့ထိုက်ခြင်း၊
၅။ အကယ်၍ သတ္တဝါတို့သည် မျက်မှောက်ဘဝ၌ လုံ့လပြုမှုကြောင့် ချမ်းသာဆင်းရဲကို ခံစားကြရ ကုန်သော် နိဂဏ္ဌတို့သည် မချွတ်ဧကန် ခါးသီးသော ဆင်းရဲဝေဒနာကို ခံစားကြရစေရန် မျက်မှောက်ဘဝ၌ လုံ့လပြုသူများ ဖြစ်ကုန်၏ဟု ကဲ့ရဲ့ထိုက်ခြင်း၊
၆။ သတ္တဝါတို့သည် ရှေးကံကြောင့် ချမ်းသာဆင်းရဲကို ခံစားကြရသည် ဖြစ်စေ၊ ရှေးကံကြောင့် ချမ်းသာဆင်းရဲကို မခံစားကြရသည် ဖြစ်စေ၊ နိဂဏ္ဌတို့ကား ကဲ့ရဲ့ထိုက်သူများ ဖြစ်ကုန်၏၊
၇။ သတ္တဝါတို့သည် တန်ခိုးရှင် ဖန်ဆင်းမှုကြောင့် ချမ်းသာဆင်းရဲကို ခံစားကြရသည်ဖြစ်စေ၊ တန်ခိုးရှင် ဖန်ဆင်းမှုကြောင့် ချမ်းသာဆင်းရဲကို မခံစားကြရသည်ဖြစ်စေ နိဂဏ္ဌတို့ကား ကဲ့ရဲ့ထိုက် သူများ ဖြစ်ကုန်၏၊
၈။ သတ္တဝါတို့သည် အကြောင်းဆုံစည်းမှုကြောင့် ချမ်းသာဆင်းရဲကို ခံစားကြရသည် ဖြစ်စေ၊ အကြောင်းဆုံစည်းမှုကြောင့် ချမ်းသာဆင်းရဲကို မခံစားကြရသည် ဖြစ်စေ၊ နိဂဏ္ဌတို့ကား ကဲ့ရဲ့ထိုက်သူတို့ ဖြစ်ကုန်၏၊
၉။ သတ္တဝါတို့သည် အမျိုးဇာတ် ထူးခြားမှုကြောင့် ချမ်းသာဆင်းရဲကို ခံစားကြရသည် ဖြစ်စေ၊ အမျိုးဇာတ် ထူးခြားမှုကြောင့် ချမ်းသာဆင်းရဲကို မခံစားကြရသည် ဖြစ်စေ၊ နိဂဏ္ဌတို့ကား ကဲ့ရဲ့ထိုက်သူတို့ ဖြစ်ကုန်၏၊
၁၀။ သတ္တဝါတို့သည် မျက်မှောက်ဘဝ၌ လုံ့လပြုမှုကြောင့် ချမ်းသာဆင်းရဲကို ခံစားကြရသည် ဖြစ်စေ၊ မျက်မှောက် ဘဝ၌ လုံ့လပြုမှုကြောင့် ချမ်းသာဆင်းရဲကို မခံစားကြရသည် ဖြစ်စေ နိဂဏ္ဌတို့ကား ကဲ့ရဲ့ထိုက် သူတို့ ဖြစ်ကုန်၏။ (မ၊၃၊၈။) (မ၊မြန်၊၃။၈-၉။)♦

နိဂဏ္ဌနာဋပုတ္တ၏ အယူဝါဒ ၄ မျိုး

၁။ အလုံးစုံသော ရေအေးသုံးစွဲမှုကို တားမြစ်ခြင်း၊
၂။ အလုံးစုံသော မကောင်းမှုကို တားမြစ်ခြင်း၊
၃။ အလုံးစုံသော မကောင်းမှုကို ခါလှုပ် ချပြီးခြင်း၊
၄။ အလုံးစုံသော မကောင်းမှုကို တားမြစ်ခြင်းဖြင့် အမြဲတွေ့ထိအပ်ခြင်း။ (ဒီ၊၁၊၅၄။) (ဒီ၊မြန်၊၁။၆၄။)♦

နိဇ္ဇရဝတ္ထု ၁၀ ပါး

ဆွေးမြည့်ပျက်စီးခြင်း ၁၀ မျိုးနှင့် တူသည်။ ♦

နိဒါန်း ၃ မျိုး

၁။ ဘုရားအလောင်းတော်၏ ဒီပင်္ကရာဘုရားရှင်ထံ၌ ဘုရားဖြစ်ရန် ဆုတောင်းမှု ပြုပြီးသည်မှ ဝေဿန္တရာမင်းဘဝမှ စုတေ၍ တုသိတာနတ်ပြည်၌ ဖြစ်သည်တိုင်အောင်သော စကားစဉ်သည် ဒူရေနိဒါန်း၊
၂။ ဘုရားအလောင်းတော် တုသိတာနတ်ပြည်မှ စုတေ၍ ဗောဓိ မဏ္ဍိုင်၌ သဗ္ဗညုတဉာဏ်ကို ရရှိတော်မူသည့်တိုင်အောင်သော စကားစဉ်သည် အဝိဒူရေ နိဒါန်း၊
၃။ ထိုထိုအရပ်၌ နေတော်မူသော ဘုရားရှင်၏ ထိုထိုအရပ်ဌာန၌ ရထိုက်သော စကားစဉ်သည် သန္တိကေနိဒါန်း။ (အပ၊ဋ္ဌ၊၁၊၂။) (စရိယာ၊ဋ္ဌ၊၃။) (ဇာ၊ဋ္ဌ၊၁၊၂။)♦

နိဒါန်း ၇ မျိုး (သိက္ခာပုဒ် ပညတ်ရာဌာနဟု ဆိုအပ်သော နိဒါန်း ၇ မျိုး)

၁။ ဝေသာလီမြို့၊
၂။ ရာဇဂြိုဟ်မြို့၊
၃။ သာဝတ္ထိမြို့၊
၄။ အာဠဝီမြို့၊
၅။ ကောသမ္ဗီမြို့၊
၆။ သက္ကတိုင်း၊
၇။ ဘဂ္ဂတိုင်း။ (ဝိ၊ဋ္ဌ၊၄၊၁၄၁။)♦

နိဒ္ဒသဝတ္ထု ၇ ပါး (တစ်နည်း)

၁။ ယုံကြည်မှု သဒ္ဓါတရားနှင့် ပြည့်စုံခြင်း၊
၂။ ရှက်မှု ဟိရီတရားနှင့် ပြည့်စုံခြင်း၊
၃။ ကြောက်လန့်မှု ဩတ္တပ္ပတရားနှင့် ပြည့်စုံခြင်း၊
၄။ အကြားအမြင် ဗဟုသုတနှင့် ပြည့်စုံခြင်း၊
၅။ ထက်သန်သော လုံ့လရှိခြင်း၊
၆။ သတိနှင့် ပြည့်စုံခြင်း၊
၇။ ပညာနှင့် ပြည့်စုံခြင်း။ (အံ၊၂၊၄၂၆-၄၂၇။) (အံ၊မြန်၊၂။၅၄၀။)♦

နိဒ္ဒသဝတ္ထု ၇ ပါး (နောင်တစ်ဖန် ဆယ်နှစ်သို့ မရောက်လာခြင်း အကြောင်း ၇ ပါး)

၁။ သိက္ခာ ပုဒ်ကို ကျင့်သုံးဆောက်တည်ရာ၌ ထက်သန်သော အလိုဆန္ဒရှိပြီး နောင်အခါ ဆောက်တည်ရာ ၌လည်း မကင်းသော ချစ်ခြင်း ရှိခြင်း၊
၂။ တေဘူမကတရားတို့ကို အနိစ္စ စသည်၏ အစွမ်းဖြင့် စူးစမ်းဆင်ခြင်ခြင်း ဝိပဿနာ၌ ထက်သန်သော အလိုဆန္ဒရှိပြီး နောင်အခါ ဆင်ခြင်ရာ၌လည်း မကင်းသော ချစ်ခြင်း ရှိခြင်း၊
၃။ အလိုဆိုးကို ဖျောက်ရာ၌ ထက်သန်သော အလိုဆန္ဒ ရှိပြီး နောင်အခါ အလိုဆိုးကို ပယ်ဖျောက်ရာ၌လည်း မကင်းသော ချစ်ခြင်း ရှိခြင်း၊
၄။ ဆိတ်ငြိမ်ရာ အရပ်ဝယ် တစ်ယောက်တည်း ကိန်းအောင်းရာ၌ ထက်သန်သော အလိုဆန္ဒရှိပြီး နောင်အခါ ၌လည်း ယင်းကိန်းအောင်းမှု၌ မကင်းသော ချစ်ခြင်းရှိခြင်း၊
၅။ လုံ့လအားထုတ်ရာ၌ ထက် သန်သော အလိုဆန္ဒရှိပြီး နောင်အခါ၌လည်း ယင်းလုံ့လအားထုတ်မှု၌ မကင်းသော ချစ်ခြင်း ရှိခြင်း၊
၆။ အောက်မေ့မှုသတိ ရင့်ကျက်မှုပညာ၌ ထက်သန်သော အလိုဆန္ဒရှိပြီး နောင် အခါ၌လည်း ယင်းသတိ ပညာ၌ မကင်းသော ချစ်ခြင်း ရှိခြင်း၊
၇။ အရိယာမဂ်ကို သိမြင်ခြင်း သမ္မာဒိဋ္ဌိအယူကို ထိုးထွင်းသိခြင်း၌ ထက်သန်သော ဆန္ဒရှိပြီး နောင်အခါ ယင်းသမ္မာဒိဋ္ဌိ အယူကို ထိုးထွင်းသိမှု၌လည်း မကင်းသော ချစ်ခြင်း ရှိခြင်း။ (အံ၊၂၊၄၀၇။) (အံ၊၂၊၄၂၅။) (ပဋိသံ၊ဋ္ဌ၊၁၊၆၈။) (အံ၊မြန်၊၂။၅၁၆။) (အံ၊မြန်၊၂။၅၁၆။) (အံ၊မြန်၊၂။၅၃၇။) (အံ၊၂၊၄၂၄)♦

နိဗဒ္ဓအာရုံ ၄ မျိုး

၁။ ရူပသညာ- ကသိုဏ်းရုပ်၌ ဖြစ်သော အမှတ်သညာ, ကသိုဏ်းရုပ်ကို အာရုံပြုသော ရူပါဝစရဈာန်၊
၂။ ရူပသင်္ကပ္ပ- ရူပါရုံ၌ ကြံစည်တတ်သော သင်္ကပ္ပ, ရူပါရုံ၌ ကြံစည်မှု၊
၃။ ဖဿ- အာရုံကိုတွေ့ထိတတ်သော သဘော၊
၄။ ဝေဒနာ- အာရုံခံစားခြင်း။ (သံ၊ဋ္ဌ၊၂၊၁၂၃။)♦

နိဗ္ဗာနဓာတ် ၂ မျိုး

၁။ သဥပါဒိသေသ နိဗ္ဗာနဓာတ်- ခန္ဓာငါးပါး အကြွင်းရှိသေးသော ချုပ်ငြိမ်းမှု သဘော၊
၂။ အနုပါဒိသေသနိဗ္ဗာနဓာတ်- ခန္ဓာငါးပါးအကြွင်းမရှိတော့သော ချုပ်ငြိမ်းမှု သဘော။ (ခုဒ္ဒက၊၂၂၀။) (ပဋိသံ၊ဋ္ဌ၊၁၊၂၉၀။) (စူဠနိ၊ဋ္ဌ၊၆။) (ခုဒ္ဒက၊မြန်။၂၀၄။)♦

နိဗ္ဗာန်ကို ချမ်းသာဟု ရှုခြင်း အကျိုး (၆) ပါး

၁။ လောကုတ္တရာပညာနှင့် ပြည့်စုံခြင်း၊
၂။ နိယာမ (မဂ်) သို့ ဝင်နိုင်ခြင်း၊
၃။ သောတာပတ္တိဖိုလ်ကို ရနိုင်ခြင်း၊
၄။ သကဒါဂါမိဖိုလ်ကို ရနိုင်ခြင်း၊
၅။ အနာဂါမိဖိုလ်ကို ရနိုင်ခြင်း၊
၆။ အရဟတ္တဖိုလ်ကို ရနိုင်ခြင်း။ (အံ၊၂၊၃၈၅။) (အံ၊မြန်၊၂။၄၈၆။)♦

နိဗ္ဗာန်ကို ဆင်းရဲဟု ရှုခြင်း အပြစ် ၆ ပါး

၁။ လောကုတ္တရာပညာနှင့် မပြည့်စုံနိုင်ခြင်း၊
၂။ နိယာမ (မဂ်) သို့ မသက်ဝင်နိုင်ခြင်း၊
၃။ သောတာပတ္တိဖိုလ်ကို မရနိုင်ခြင်း၊
၄။ သကဒါဂါမိဖိုလ်ကို မရနိုင်ခြင်း၊
၅။ အနာဂါမိဖိုလ်ကို မရနိုင်ခြင်း၊
၆။ အရဟတ္တဖိုလ်ကို မရနိုင်ခြင်း။ (အံ၊၂၊၃၈၅။) (အံ၊မြန်၊၂။၄၈၆။)♦

နိဗ္ဗာန်မရကြောင်း တရား ၆ ပါး

၁။ စိတ်ကို နှိမ့်ချသင့်သော အခါ၌ မနှိမ့်ချခြင်း၊
၂။ စိတ်ကို ချီးမြှောက် သင့်သော အခါ၌ မချီးမြှောက်ခြင်း၊
၃။ စိတ်ကို ရွှင်လန်းစေသင့်ရာအခါ၌ မရွှင်လန်းစေခြင်း၊
၄။ စိတ်ကို လျစ်လျူရှုသင့်သော အခါ၌ လျစ်လျူမရှုခြင်း၊
၅။ နှလုံးသွင်း ယုတ်ညံ့ခြင်း၊
၆။ ခန္ဓာငါးပါးဟူသော သက္ကာယ၌ မွေ့လျော်ခြင်း။ (အံ၊၂၊၃၇၉။) (အံ၊မြန်၊၂။၄၇၈။)♦

နိဗ္ဗာန်ရကြောင်း တရား ၆ ပါး

၁။ စိတ်ကို နှိမ့်ချသင့်သောအခါ၌ နှိမ့်ချခြင်း၊
၂။ စိတ်ကို ချီးမြှောက်သင့်သော အခါ၌ ချီးမြှောက်ခြင်း၊
၃။ စိတ်ကို ရွှင်စေသင့်သော အခါ၌ ရွှင်စေခြင်း၊
၄။ စိတ်ကို လျစ်လျူရှုသင့်သော အခါ၌ လျစ်လျူရှုခြင်း၊
၅။ နှလုံးသွင်း မွန်မြတ်ခြင်း၊
၆။ နိဗ္ဗာန်၌ မွေ့လျော်ခြင်း။ (အံ၊၂၊၃၇၉။) (အံ၊မြန်၊၂။၄၇၈။)♦

နိဗ္ဗာန်ရောက်ကြောင်း တရား ၁၀ ပါး

၁။ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂။ သူ့ဥစ္စာ ခိုးယူ ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃။ ကာမတို့၌ မှားယွင်းသော အကျင့်မှ ရှောင်ကြဉ်ခြင်း၊
၄။ မဟုတ်မမှန် ပြောမှုမှ ရှောင်ကြဉ်ခြင်း၊
၅။ ကုန်းချောမှုမှ ရှောင်ကြဉ်ခြင်း၊
၆။ ရုန့်ရင်း ကြမ်းတမ်းစွာ ပြောဆိုမှုမှ ရှောင်ကြဉ်ခြင်း၊
၇။ ပြိန်ဖျင်းသော စကားပြောဆိုခြင်းမှ ရှောင် ကြဉ်ခြင်း၊
၈။ သူတစ်ပါးဥစ္စာကို ရှေးရှုကြံစည်မှုမှ ရှောင်ကြဉ်ခြင်း၊
၉။ သတ္တဝါတို့အား ဖျက်ဆီးလိုမှုမှ ရှောင်ကြဉ်ခြင်း၊
၁၀။ မှန်သော အမြင်ရှိခြင်း။ (အံ၊၃၊၄၈၂-၄၈၇။) (အံ၊မြန်၊၃။၄၇၂-၇၈။)♦

နိဗ္ဗာန်ရောက်ကြောင်း တရား ၃ ပါး

၁။ ရဟန္တာတို့၏ ဥစ္စာဖြစ်သော သီလအစုနှင့် ပြည့်စုံခြင်း၊
၂။ ရဟန္တာတို့၏ ဥစ္စာဖြစ်သော သမာဓိအစုနှင့် ပြည့်စုံခြင်း၊
၃။ ရဟန္တာတို့၏ ဥစ္စာဖြစ်သော ပညာအစုနှင့် ပြည့်စုံခြင်း။ (အံ၊၃၊၅၂၉။) (အံ၊မြန်၊၃။၅၁၆။)♦

နိဗ္ဗာန်ရောက်ကြောင်း တရား ၃ ပါး (တစ်နည်း)

၁။ တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်ခြင်း ဣဒ္ဓိပါဋိ ဟာရိယနှင့် ပြည့်စုံခြင်း၊
၂။ ရည်ညွှန်း၍ အတတ်ဟောနိုင်ခြင်း အာဒေသနာပါဋိဟာရိယနှင့် ပြည့်စုံခြင်း၊
၃။ ဆုံးမမှု အနုသာသနီပါဋိဟာရိယနှင့် ပြည့်စုံခြင်း။ (အံ၊၃၊၅၂၉။) (အံ၊မြန်၊၃။၅၁၇။)♦

နိဗ္ဗာန်ရောက်ကြောင်း တရား ၃ ပါး (တစ်နည်း)

၁။ သမ္မာဒိဋ္ဌိ= မှန်သော အမြင်နှင့် ပြည့်စုံခြင်း၊
၂။ သမ္မာဉာဏ= မှန်ကန်သော အသိဉာဏ်နှင့် ပြည့်စုံခြင်း၊
၃။ သမ္မာဝိမုတ္တိ= မှန်ကန်သော လွတ်မြောက်မှု အရဟတ္တဖိုလ်နှင့် ပြည့်စုံခြင်း။ (အံ၊၃၊၅၂၉။) (အံ၊မြန်၊၃။၅၁၇။)♦

နိဗ္ဗာန်ရောက်ကြောင်း အကျင့် ၈ ပါး

၁။ သမ္မာဒိဋ္ဌိ- မှန်သော အယူရှိခြင်း၊
၂။ သမ္မာသင်္ကပ္ပ- မှန်သော အကြံရှိခြင်း၊
၃။ သမ္မာဝါစာ- မှန်သော စကားကို ပြောဆိုခြင်း၊
၄။ သမ္မာကမ္မန္တ- မှန်သော အလုပ်ကို လုပ်ခြင်း၊
၅။ သမ္မာအာဇီဝ- မှန်သော အသက်မွေးမှု ရှိခြင်း၊
၆။ သမ္မာ ဝါယာမ- မှန်သော အားထုတ်မှု ရှိခြင်း၊
၇။ သမ္မာသတိ- မှန်သော သတိရှိခြင်း၊
၈။ သမ္မာ သမာဓိ- မှန်သော သမာဓိရှိခြင်း။ (သံ၊၂၊၄၄၇၊၄၄၈။) (သံ၊မြန်၊၂။၄၄၃၊၄၄၄။)♦

နိဗ္ဗာန်ရောက်ကြောင်း အကျင့်တရား ၁၅ ပါး

၁။ ကျင့်နိုင်စွမ်းရှိရခြင်း၊
၂။ ကိုယ်နှုတ် ဖြောင့်မတ် ရခြင်း၊
၃။ စိတ်ထား ကောင်းစွာ ဖြောင့်မတ်ရခြင်း၊
၄။ ဆိုဆုံးမလွယ်ကူရခြင်း၊
၅။ စိတ်ထား နူးညံ့သိမ်မွေ့ရခြင်း၊
၆။ မာန်မာနမရှိခြင်း၊
၇။ ပစ္စည်း ၄ ပါး၌ ရောင့်ရဲလွယ်ခြင်း၊
၈။ မွေးမြူ လွယ်ခြင်း၊
၉။ အမှုကိစ္စ နည်းပါးခြင်း၊
၁၀။ ဝန်ကျဉ်းပေါ့ပါးသော အသက်မွေးမှု ရှိရခြင်း၊
၁၁။ ငြိမ်သက်သော ဣန္ဒြေရှိရခြင်း၊
၁၂။ ရင့်ကျက်သော ပညာရှိရခြင််း၊
၁၃။ ကိုယ်နှုတ်စိတ် ကြမ်းတမ်းမှု မရှိရခြင်း၊
၁၄။ ဒါယကာတို့၌ တပ်မက်မှုကင်းရခြင်း၊
၁၅။ ပညာရှိတို့ ကဲ့ရဲ့စွပ်စွဲ နိုင်မည့် ဒုစရိုက်ကို အနည်းငယ်မျှလည်း မပြုကျင့်ရခြင်း။ (ခုဒ္ဒက၊၁၀။) (ခုဒ္ဒက၊ မြန်။၁၀။)♦

နိဗ္ဗာန်သို့ ရောက်ကြောင်း သညာ ၆ ပါး

နိဗ္ဗေဓဘာဂိယသညာ ၆ ပါးနှင့် တူသည်။ ♦

နိဗ္ဗာန်သို့ ရောက်ကြောင်းတရား ၃ ပါး (တစ်နည်း)

၁။ မလိုချင် မတပ်မက်မှု အလောဘ၊
၂။ အမျက် မထွက်မှု အဒေါသ၊
၃။ မတွေဝေမှု အမောဟ။ (အံ၊၁၊၁၃၄။) (အံ၊၂၊၂၉၈။) (အံ၊မြန်၊၁။၁၅၂။) (အံ၊မြန်၊၂။၃၈၃။)♦

နိဗ္ဗာန်သို့ ရောက်စေတတ်သော ကံ ဖြစ်ကြောင်း တရား ၃ ပါး

၁။ အလောဘ၊
၂။ အဒေါသ၊
၃။ အမောဟ။(တစ်နည်း)
အားကြီးသော တပ်မက်ခြင်း ဆန္ဒရာဂ၏ အကြောင်းဖြစ်ကုန်သော အတိတ်တရားကို စွဲ၍ အလိုဆန္ဒ မဖြစ်ခြင်း၊
၂။ အားကြီးသော တပ်မက်ခြင်း ဆန္ဒရာဂ၏ အကြောင်းဖြစ်ကုန်သော အနာဂတ်တရားကို စွဲ၍ အလိုဆန္ဒ မဖြစ်ခြင်း၊
၃။ အားကြီးသော တပ်မက်ခြင်း ဆန္ဒရာဂ၏ အကြောင်းဖြစ်ကုန်သော ပစ္စုပ္ပန်တရားကို စွဲ၍ အလိုဆန္ဒ မဖြစ်ခြင်း။ (အံ၊၁၊၂၆၆။) (အံ၊၁၊၂၆၈။) (အံ၊မြန်၊၁။၂၈၄။) (အံ၊မြန်၊၁။၂၈၄။)♦

နိဗ္ဗာန်သို့ သက်ဝင်စေနိုင်သော သညာ ၉ မျိုး

၁။ မတင့်တယ်ဟု အမှတ်ပြုခြင်း= အသုဘ သညာ၊
၂။ သေခြင်း၌ အမှတ်ပြုခြင်း= မရဏသညာ၊
၃။ အစားအသောက်၌ စက်ဆုပ်ဖွယ်ဟု အမှတ် ပြုခြင်း= အာဟာရေ ပဋိကူလသညာ၊
၄။ လောကအားလုံး၌ မမွေ့လျော်ဖွယ်ဟု အမှတ် ပြုခြင်း= သဗ္ဗလောကေ အနဘိရတိသညာ၊
၅။ မမြဲဟု အမှတ်ပြုခြင်း= အနိစ္စသညာ၊
၆။ မမြဲမှု၌ ဆင်းရဲဟု အမှတ်ပြုခြင်း= အနိစ္စေ ဒုက္ခသညာ၊
၇။ ဆင်းရဲမှု၌ အစိုးမရဟု အမှတ်ပြုခြင်း= ဒုက္ခေ အနတ္တသညာ၊
၈။ ပယ်ခြင်း၌ ဖြစ်သော အမှတ်ပြုခြင်း= ပဟာန သညာ၊
၉။ တပ်မက်မှု ကင်းခြင်း၌ ဖြစ်သော အမှတ်ပြုခြင်း= ဝိရာဂသညာ။ (အံ၊၃၊၁၉၂။) (အံ၊မြန်၊၃။၁၉၂။)♦

နိဗ္ဗိဒါနုပဿနာဉာဏ်လွတ်ရာ ဥပါဒါန် ၁ ပါး

၁။ ကာမုပါဒါန်။ (ပဋိသံ၊၂၄၃။) (ပဋိသံ၊မြန်။၃၀၀။)♦

နိဗ္ဗေဓဘာဂိယသညာ ၆ ပါး

၁။ မမြဲသော သဘော၌ မမြဲဟု အဖန်ဖန် ရှုမှတ်သော အနိစ္စာနုပဿနာဉာဏ်၌ ဖြစ်သော သညာ၊
၂။ မမြဲသော သဘော၌ ဆင်းရဲဒုက္ခဟု အဖန်ဖန် ရှုမှတ်သော ဒုက္ခာနုပဿနာဉာဏ်၌ ဖြစ်သော သညာ၊
၃။ ဆင်းရဲသော သဘော၌ (အစိုးမရ) အတ္တလိပ်ပြာ မဟုတ်ဟု အဖန်ဖန်ရှုမှတ်သော အနတ္တာနုပဿနာဉာဏ်၌ ဖြစ်သော သညာ၊
၄။ ပဟာနာနုပဿနာဉာဏ်၌ ဖြစ်သော သညာ၊
၅။ ဝိရာဂါနုပဿနာဉာဏ်၌ ဖြစ်သော သညာ၊
၆။ နိရောဓာနုပဿနာဉာဏ်၌ ဖြစ်သော သညာ။ (ဒီ၊၃၊၂၀၈။) (ဣတိဝုတ်၊ဋ္ဌ၊၁၀၀။) (ဒီ၊မြန်၊၃။၂၃၁။)♦

နိမိတ် ၃ မျိုး

၁။ သမထနိမိတ်- နီဝရဏတရားတို့ကို ငြိမ်းစေတတ်သော သမာဓိအာရုံ၊
၂။ ပဂ္ဂဟ နိမိတ်- အားထုတ်သော ကမ္မဋ္ဌာန်းအာရုံ၊
၃။ ဥပေက္ခာနိမိတ်- ရှေးဝီရိယသည်ပင် နောက် ဝီရိယ၏ အကြောင်းဖြစ်သော အာရုံ။ (နေတ္တိ၊ဋ္ဌ၊၂၁၄။)♦

နိမိတ်ကြီး ၄ ပါး (ဘုရားအလောင်းမြင်သော နိမိတ်ကြီး ၄ ပါး)

၁။ ဇရာဇိဏ္ဏ- သူအို၊
၂။ ဗျာဓိတ- သူနာ၊
၃။ မတ- သူသေ၊
၄။ ပဗ္ဗဇိတ- ရဟန်း။ (အပ၊ဋ္ဌ၊၁၊၆၉။) (ဇာ၊ဋ္ဌ၊၁၊၆၇။)♦

နိမိတ်ကို စောင့်ရှောက်ရာ၌ ယောဂီတို့ ရှောင်ရသော မလျောက်ပတ်သော အကြောင်းအရာ ၇ မျိုး

၁။ ဥဂ္ဂဟနိမိတ် စသည် မဖြစ်နိုင်သော မလျောက်ပတ်သော ကျောင်း၊
၂။ ဆွမ်းခံရွာ၊
၃။ စကား ပြောခြင်း၊
၄။ သမာဓိရအောင် အထောက်အကူ မပေးနိုင်သော ပုဂ္ဂိုလ်၊
၅။ ဆွမ်း စသော စားဖွယ်ဘောဇဉ်၊
၆။ အပူအအေးဥတု၊
၇။ ထိုင်ခြင်း, လျောင်းခြင်း စသော ဣရိယာပုတ်။ (သာရတ္ထ၊ဋီ၊၂၊၂၂၁။)♦

နိမ္မာနရတီနတ်ပြည်၌ ဖြစ်နိုင်သော မယား ၄ မျိုး

၁။ မိခင်နှင့် တူသော မယား၊
၂။ နှမနှင့် တူသော မယား၊
၃။ အဆွေခင်ပွန်းနှင့် တူသော မယား၊
၄။ ကျွန်မနှင့် တူသော မယား။ (ဇာ၊ဋ္ဌ၊၂၊၃၁၅။)♦

နိယဿကံ စသည် ငြိမ်းအေးခြင်း၏ စလယ်ဆုံး ၃ ပါး

၁။ နိယဿကံ ငြိမ်းအေးခြင်း၏ ကောင်းစွာ ကျင့်ခြင်းသည် အစ၊
၂။ ဉတ်သည် အလယ်တည်း၊
၃။ ကမ္မဝါစာသည် အဆုံးတည်း။ (ဝိ၊၅၊၂၅၂။) (ဝိ၊မြန်၊၅။၃၄၄။)♦

နိယဿကံကို ငြိမ်းစေအပ်သော အကြောင်း ၁၈ ပါး

၁။ ဥပဇ္ဈာယ်ဆရာ ပြုလုပ်၍ ရဟန်းခံ မပေးခြင်း၊
၂။ နိဿယည်း မပေးခြင်း၊
၃။ သာမဏေကို မပြုစု မလုပ်ကျွေးစေခြင်း၊
၄။ ရဟန်းမ တို့အား ဆုံးမရန် သမုတ်ခြင်းကို မသာယာ မနှစ်သက်ခြင်း၊
၅။ ဩဝါဒသမ္မုတိရ သော်လည်း ရဟန်းမတို့ကို ဩဝါဒမပေးခြင်း၊ မဆုံးမခြင်း၊
၆။ နိယဿကံပြုကြောင်း အာပတ်သို့ မသင့်ရောက်ခြင်း၊
၇။ အခြားအလားတူဖြစ်သော အာပတ်သို့လည်း မသင့် ရောက်ခြင်း၊
၈။ ထို့ထက် ရုန့်ရင်းကြမ်းတမ်းသော အာပတ်သို့လည်း မသင့်ရောက်ခြင်း၊
၉။ နိယဿဝိနည်းကံကို မကဲ့ရဲ့ခြင်း၊
၁၀။ နိယဿဝိနည်းကံပြုသော ရဟန်းတို့ကို မကဲ့ရဲ့ခြင်း၊
၁၁။ ပကတတ်ရဟန်းတို့၏ ဥပုသ်ကို ဆိုင်းငံ့မထားခြင်း၊
၁၂။ ပဝါရဏာကို ဆိုင်းငံ့မထားခြင်း၊
၁၃။ ဆုံးမမှုကို မပြုလုပ်ခြင်း၊
၁၄။ အကြီးအမှူးအရာကို မယူခြင်း၊
၁၅။ အခွင့်ရေး မတောင်း ဆိုခြင်း၊
၁၆။ မစောဒနာရခြင်း၊
၁၇။ မအောက်မေ့စေခြင်း၊
၁၈။ ပကတတ်ရဟန်းတို့နှင့် မရောယှက်ခြင်း။ (ဝိ၊၄၊၂၁။) (ဝိ၊မြန်၊၄။၁၉-၂၀။)♦

နိယဿကံကို ပြုလိုက ပြုနိုင်ကြောင်း အင်္ဂါ ၃ ပါး

၁။ သံဃာ၌ အဓိကရုဏ်းကို ပြုတတ်ခြင်း၊
၂။ မိုက်မဲ မလိမ္မာ အာပတ်များပြား အပိုင်းအခြား မရှိခြင်း၊
၃။ လူတို့နှင့် ရောနှော၍ နေခြင်း။ (ဝိ၊၅၊၂၁၉။) (ဝိ၊မြန်၊၅။၃၀၆။)♦

နိယဿကံကို မငြိမ်းစေအပ်သော အကြောင်း ၁၈ ပါး

၁။ ဥပဇ္ဈာယ်ဆရာ ပြုလုပ်၍ ရဟန်း ခံပေးခြင်း၊
၂။ နိဿယည်းပေးခြင်း၊
၃။ သာမဏေကို ပြုစုလုပ်ကျွေးစေခြင်း၊
၄။ ရဟန်းမ တို့အား ဆုံးမရန် သမုတ်ခြင်းကို သာယာနှစ်သက်ခြင်း၊
၅။ ဩဝါဒသမ္မုတိရသဖြင့် ရဟန်းမတို့ကို ဆုံးမဩဝါဒပေးခြင်း၊
၆။ နိယဿကံပြုကြောင်းဖြစ်သော အာပတ်သို့ သင့်ရောက်ခြင်း၊
၇။ အခြားအလားတူဖြစ်သော အာပတ်သို့လည်း သင့်ရောက်ခြင်း၊
၈။ ထို့ထက် ရုန့်ရင်းကြမ်းတမ်းသော အာပတ်သို့လည်း သင့်ရောက်ခြင်း၊
၉။ နိယဿ ဝိနည်းကံကို ကဲ့ရဲ့ခြင်း၊
၁၀။ နိယဿဝိနည်းကံပြုသော ရဟန်းတို့ကို ကဲ့ရဲ့ခြင်း၊
၁၁။ ပကတတ်ရဟန်းတို့၏ ဥပုသ်ကို ဆိုင်းငံ့ထားခြင်း၊
၁၂။ ပဝါရဏာကို ဆိုင်းငံ့ထားရခြင်း၊
၁၃။ ဆုံးမမှုကို ပြုလုပ်ခြင်း၊
၁၄။ အကြီးအမှူးအရာကို ယူခြင်း၊
၁၅။ အခွင့်ရေး တောင်းဆိုခြင်း၊
၁၆။ စောဒနာရခြင်း၊
၁၇။ အောက်မေ့စေရခြင်း၊
၁၈။ ပကတတ်ရဟန်းတို့နှင့် ရောယှက်ခြင်း။ (ဝိ၊၄၊၂၀။)♦

နိယဿကံပြုလိုက ပြုနိုင်သော အကြောင်း ၆ ပါး

၁။ မျက်ကွယ်မျက်မှောက်၌ ငြင်းခုံလျက် သံဃာ၌ အဓိကရုဏ်းကို ပြုလုပ်ခြင်း၊ အာပတ်များပြား၍ အပိုင်းအခြား မရှိခြင်း၊ လူတို့နှင့် ရောယှက်နေထိုင်ခြင်း၊
၂။ မြင့်မြတ်သော သီလအရာ၌ သီလပျက်စီးခြင်း၊ အကျင့်အရာ၌ အကျင့်ပျက်စီးခြင်း၊ အယူဝါဒအရာ၌ အယူဝါဒပျက်စီးခြင်း၊
၃။ ဘုရား၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊ တရား၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊ သံဃာ၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊
၄။ ရဟန်းတစ်မျိုးသည် မျက်မှောက်မျက်ကွယ်၌ ငြင်းခုံတတ်လျက် သံဃာ၌ အဓိကရုဏ်းကို ပြုလုပ်တတ်ခြင်း၊ အာပတ်များပြား၍ အပိုင်းအခြား မရှိသူဖြစ်ခြင်း၊ လူတို့နှင့် ရောယှက် နေထိုင်ခြင်း၊
၅။ မြင့်မြတ်သော သီလအရာ၌ သီလပျက်စီးသူ ဖြစ်ခြင်း၊ အကျင့်အရာ၌ အကျင့် ပျက်စီးသူ ဖြစ်ခြင်း၊ အယူဝါဒအရာ၌ အယူဝါဒပျက်စီးသူ ဖြစ်ခြင်း၊
၆။ ဘုရား၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊ တရား၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊ သံဃာ၏ ကျေးဇူးမဲ့ကို ပြောဆိုခြင်း။ (ဝိ၊၄၊၁၈။) (ဝိ၊မြန်၊၄။၁၇။)♦

နိယာမ တရား ၂ မျိုး

၁။ အရိယာမဂ်သည် အပါယ်လေးပါး၌ ဖောက်ဖောက်ပြန်ပြန် ကျရောက် ခြင်းသဘော မရှိသည်၏ အဖြစ်ကိုလည်းကောင်း မိမိ၏အခြားမဲ့၌ ဖိုလ်ကို ဖြစ်စေခြင်းကို လည်းကောင်း သတ်မှတ်ဆုံးဖြတ်တတ်သောကြောင့် သမ္မတ္တနိယာမ မည်၏၊
၂။ အနန္တရိယ ကံသည် စုတိ၏ အခြားမဲ့၌ ငရဲ၌ ဖြစ်ခြင်းကို အမြဲသတ်မှတ် ဆုံးဖြတ်တတ်သောကြောင့် မိစ္ဆတ္တနိယာမ မည်၏။ (အဘိ၊ဋ္ဌ၊၃၊၂၃၂။)♦

နိယာမတရား ၅ မျိုး

၁။ ဗီဇနိယာမ- မျိုးဗီဇ အစေ့တို့၏ မြဲသော သဘော၊
၂။ ဥတုနိယာမ- ထိုထိုအချိန်အခါ၌ ထိုထိုသစ်ပင်တို့၏ တစ်ပြိုင်နက်အားဖြင့်သာလျှင် အပွင့်, အသီး, အညွန့် တို့ကို ယူခြင်းဟူသော ဥတု၏ မြဲသော သဘော၊
၃။ ကမ္မနိယာမ- တိဟိတ်, ဒွိဟိတ် စသော ထိုထိုကံ၏ မိမိအားလျော်သော အကျိုးကိုပေးခြင်းဟူသော ကံတို့၏ မြဲသောသဘော၊
၄။ ဓမ္မနိယာမ- ဘုရားအလောင်းတော်တို့၏ ပဋိသန္ဓေယူရာ, မယ်တော်ဝမ်းမှ ထွက်တော်မူရာ- အစရှိသော အခါ၌ တစ်သောင်းသော စကြဝဠာ၏ တုန်လှုပ်ရခြင်းဟူသော ဓမ္မ၏ မြဲသော သဘော၊
၅။ စိတ္တနိယာမ- တစ်စုံတစ်ယောက်သော သူ၏ စီမံမှုမရှိဘဲ မိမိ၏ သဘောဓမ္မတာ အားဖြင့်သာလျှင် စိတ်အစဉ်တို့၏ ဖြစ်ခြင်းဟူသော မြဲသောသဘော။ (ဒီ၊ဋ္ဌ၊၂၊၂၅။) (အဘိ၊ဋ္ဌ၊၁၊၃၁၂။) (ဒီ၊ဋ္ဌ၊မြန်၊၂။၄၄။)♦

နိရုတ္တိ ၂၀၀

၁။ အနက်ကို ထွန်းပြသော နိရုတ္တိ ၁၀၀၊
၂။ ဓမ္မဖြစ်၍ဖြစ်သော နိရုတ္တိ ၁၀၀၊ ပေါင်း ၂၀၀။ (သာရတ္ထ၊ဋီ၊၂၊၃၈။)♦

နိရုတ္တိနည်း ၅ ပါး

၁။ ဝဏ္ဏာဂမ- ထင်ရှားမရှိသော အက္ခရာ လာခြင်း၊
၂။ ဝဏ္ဏဝိပရိယာယ- ထင်ရှားရှိသော အက္ခရာတို့၏ အထက်အောက် ပြန်လှန်ခြင်း၊
၃။ ဝဏ္ဏဝိကာရ- တစ်ပါးသော အက္ခရာကို တစ်ပါးအက္ခရာသို့ ပြုခြင်း၊
၄။ ဝဏ္ဏဝိနာသ- ထင်ရှားရှိသော အက္ခရာကို ချေခြင်း ဖျောက်ဖျက်ခြင်း၊
၅။ ဓာတူနံ အတ္ထာတိသယေန ယောဂေါ- ထိုထိုပုဒ်ဗျည်းတို့၌ ထိုက်သည်အား လျော်စွာ ဓာတ်တို့၏ အနက်အထူးဖြင့် ယှဉ်ပြခြင်း။ (မဟာနိ၊ဋ္ဌ၊၂၂၉။)♦

နိရုတ္တိပဋိသမ္ဘိဒါ၏ အာရုံဖြစ်သော နိရုတ္တိ ၁၀ ပါး

၁။ ဓမ္မပဋိသမ္ဘိဒါ ငါးပါးတို့ကို ပြရန် သဒ္ဒါကို ထုတ်ဆောင်ပြခြင်း နိရုတ္တိငါးပါး၊
၂။ အတ္ထပဋိသမ္ဘိဒါ ငါးပါးတို့ကို ပြရန်သဒ္ဒါကို ထုတ်ဆောင် ပြခြင်း နိရုတ္တိငါးပါး၊ ဤ (၁၀) ပါးသော နိရုတ္တိတို့သည် နိရုတ္တိပဋိသမ္ဘိဒါ၏ အာရုံ ဖြစ်ကုန်၏။ (ပဋိသံ၊၃၃၄။) (ပဋိသံ၊မြန်။၃၉၆။)♦

နိရောဓ ၂ မျိုး

၁။ သဥပါဒိသေသနိရောဓ- ကိလေသာတို့မှ ကြွင်းသော ဥပါဒါနက္ခန္ဓာနှင့် တကွဖြစ်သော နိဗ္ဗာန်၊
၂။ အနုပါဒိသေသနိရောဓ- ကိလေသာတို့မှ ကြွင်းသော ဥပါဒါနက္ခန္ဓာ မရှိသော နိဗ္ဗာန်။ (ဝိသုဒ္ဓိ၊၂၊၁၄၅။)♦

နိရောဓသစ္စာ၌ ဉာဏ် ၃ ပါး

၁။ သစ္စဉာဏ်-ဆင်းရဲချုပ်ရာဖြစ်သော နိရောဓသစ္စာ (နိဗ္ဗာန်) ကို ထိုးထွင်း၍ သိခြင်း၊
၂။ ကိစ္စဉာဏ်- နိရောဓသစ္စာ (နိဗ္ဗာန်) ကို မျက်မှောက်ပြုအပ်၏ဟု သိခြင်း၊
၃။ ကတဉာဏ်- နိရောဓသစ္စာ (နိဗ္ဗာန်) ကို မျက်မှောက်ပြုပြီးပြီဟု သိခြင်း။ (ဝိ၊၃၊၁၅။) (ဝိ၊မြန်၊၃။၁၇။)♦

နိရောဓသမာပတ် မဝင်စားခင် ရှေးဦးစွာ ပြုရမည့်ကိစ္စ ၄ မျိုး

၁။ အသီးအခြား ဖွဲ့ထားသော မိမိကိုယ်၌ မပါလာသော ပရိက္ခရာတို့ မပျက်စီးစေရန် အဓိဋ္ဌာန်ပြုရခြင်း၊
၂။ သံဃာက အလိုရှိနေခြင်း၊ မျှော်ကိုးနေခြင်းကို သိရှိနိုင်ရန် အဓိဋ္ဌာန်ပြုရခြင်း၊
၃။ ဘုရားရှင် ခေါ်တော် မူခြင်းကို သိရှိနိုင်ရန် အဓိဋ္ဌာန်ပြုရခြင်း၊
၄။ အသက်ကာလ အပိုင်းအခြားကို ဆင်ခြင်ရခြင်း။ (သာရတ္ထ၊ဋီ၊၁၊၃၈၁။)♦

နိရောဓာနုပဿနာဉာဏ် လွတ်ရာ ဥပါဒါန် ၄ ပါး

၁။ ကာမုပါဒါန်၊
၂။ ဒိဋ္ဌုပါဒါန်၊
၃။ သီလဗ္ဗတု ပါဒါန်၊
၄။ အတ္တဝါဒုပါဒါန်။ (ပဋိသံ၊၂၄၃။)♦

နိဝေသန ၂ မျိုး

၁။ တဏှာနိဝေသန- တဏှာဟူသော နေအိမ်၊
၂။ ဒိဋ္ဌိနိဝေသန- ဒိဋ္ဌိဟူသော နေအိမ်။ (စူဠနိ၊၇၉။)♦

နိသဇ္ဇဒေါသ ၆ ပါး

ထိုင်ခြင်း၌ အပြစ် ၆ မျိုးနှင့် တူသည်။ ♦

နိသဇ္ဇဒေါသ ၈ ပါး

ထိုင်ခြင်း၌ အပြစ် ၈ မျိုးနှင့် တူသည်။ ♦

နိသဇ္ဇာဒေါသ ၆ ပါး

ထိုင်ခြင်း၌ အပြစ် ၆ မျိုးနှင့် တူသည်။ ♦

နိသဇ္ဇိကဓုတင် ၃ မျိုး

၁။ ဥက္ကဋ္ဌ နိသဇ္ဇိကဓုတင်၊
၂။ မဇ္ဈိမ နိသဇ္ဇိကဓုတင်၊
၃။ မုဒုက နိသဇ္ဇိက ဓုတင်။ (ဝိသုဒ္ဓိ၊၁၊၇၆။)♦

နိသဇ္ဇိကဓုတင်ဆောင် ရဟန်း ၅ မျိုး

၁။ ပညာနုံ့နှေး တွေဝေသောကြောင့် ဆောက်တည်သော ရဟန်း၊
၂။ ယုတ်မာသော အလိုဆိုး နှိပ်စက်အပ်သောကြောင့် ဆောက်တည်သော ရဟန်း၊
၃။ စိတ်ပျံ့လွင့်သည်ဖြစ်၍ ရူးသွပ်သောကြောင့် ဆောက်တည်သော ရဟန်း၊
၄။ ဘုရားရှင်နှင့် တပည့်သာဝကတို့သည် ချီးမွမ်းအပ်၏ဟု နှလုံးသွင်းသောကြောင့် ဆောက်တည်သော ရဟန်း၊
၅။ အလိုနည်းခြင်း, ရောင့်ရဲခြင်း, ခေါင်းပါးခြင်း, ကောင်းသော အကျင့်ကို အလိုရှိခြင်း ဟူသော အကြောင်းကြောင့် ဆောက်တည်သော ရဟန်း။ (ဝိ၊၅၊၂၃၃။) (ဝိ၊၅၊၃၃၆။) (အံ၊၂၊၁၉၄။) (အဘိ၊ပု၊၁၈၀။) (ဝိ၊မြန်၊၅။၃၂၃။) (ဝိ၊မြန်၊၅။၄၃၈။) (အံ၊မြန်၊၂။၂၄၇။) (အဘိ၊ပု၊မြန်။၈၄။)♦

နိသဇ္ဖိကဓုတင် ဆောက်တည်ရကျိုး ၅ ပါး

၁။ စိတ်အနှောင်အဖွဲ့ကို ဖြတ်တောက်နိုင်ခြင်း၊
၂။ မည်သည့် ကမ္မဋ္ဌာန်းကိုမဆို အားထုတ်သော ယောဂီပုဂ္ဂိုလ်အား လျောက်ပတ်ခြင်း၊
၃။ ကြည်ညိုဖွယ် ကောင်းသော ဣရိယာပုတ် ရှိခြင်း၊
၄။ ကမ္မဋ္ဌာန်းဘာဝနာကို ပြင်းစွာ အားထုတ်ခြင်းအား လျောက်ပတ်ခြင်း၊
၅။ ကောင်းမြတ်သော အကျင့်ပဋိပတ်ကို တိုးပွား စေခြင်း။ (ဝိသုဒ္ဓိ၊၁၊၇၆။)♦

နိသီဒနသိက္ခာပုဒ်၌ အင်္ဂါ ၂ မျိုး

၁။ နီသီဒိုင် (ထိုင်ခင်း) သည် ပမာဏထက် ကျော်လွန်ခြင်း၊
၂။ မိမိအတွက် ပြုလုပ်ခြင်း, ပြုလုပ်စေပြီး၍ ရရှိခြင်း။ (သာရတ္ထ၊ဋီ၊၃၊၁၀၂။) (ဝိမတိ၊၂၊၅၇။)♦

နိဿဂ္ဂိပါစိတ် သိက္ခာပုဒ် ၃၀

ကထိနဝဂ်၌
ပထမကထိနသိက္ခာပုဒ်၊
၂။ ဒုတိယကထိန သိက္ခာပုဒ်၊
၃။ တတိယကထိနသိက္ခာပုဒ်၊
၄။ သင်္ကန်းဟောင်းကို ဖွပ်လျှော်ခိုင်းခြင်း သိက္ခာပုဒ်၊
၅။ သင်္ကန်းကို ခံယူခြင်း သိက္ခာပုဒ်၊
၆။ ဆွေမျိုးမတော်သူကို တောင်းခြင်း သိက္ခာပုဒ်၊
၇။ သင်းပိုင် ကိုယ်ဝတ်ထက် လွန်၍ တောင်းခြင်း သိက္ခာပုဒ်၊
၈။ ဥဒ္ဒိဿသဒ္ဒါဖြင့် မှတ်အပ်သော သင်္ကန်း၌ အထူးကြံစည်ခြင်း (ပထမဥပက္ခဋ) သိက္ခာပုဒ်၊
၉။ ဥဘိန္နံသဒ္ဒါဖြင့် မှတ်အပ်သော ဒုတိယ ဥပက္ခဋသိက္ခာပုဒ်၊
၁၀။ ဒူတပုဒ်ဖြင့် မှတ်အပ်သော ရာဇသိက္ခာပုဒ်၊ ကောသိယဝဂ်၌
၁၁။ သိုးမွေးဖြင့် မှတ်အပ်သော ကောသိယသိက္ခာပုဒ်၊
၁၂။ အမည်းသက်သက် သိုးမွေးဖြင့် မှတ်အပ်သော သိက္ခာပုဒ်၊
၁၃။ သိုးမွေးဖြူ သိုးမွေးကြောင် နှစ်ဖို့ဖြင့် မှတ်အပ်သော ဒွေဘာဂ သိက္ခာပုဒ်၊
၁၄။ ဆဗ္ဗဿသိက္ခာပုဒ်၊
၁၅။ နိသီဒနသိက္ခာပုဒ်၊
၁၆။ နှစ်ပါးသော သိုးမွေးဖြင့် မှတ်အပ်သော သိက္ခာပုဒ်၊
၁၇။ သိုးမွေးဖွပ်ခိုင်းသော သိက္ခာပုဒ်၊
၁၈။ ရွှေငွေကို ခံယူသော သိက္ခာပုဒ်၊
၁၉။ ရွှေငွေကို ဖလှယ်သော သိက္ခာပုဒ်၊
၂၀။ ကုန်ရောင်းကုန်ဝယ် သိက္ခာပုဒ်၊ ပတ္တဝဂ်၌
၂၁။ ပဌမပတ္တသိက္ခာပုဒ်၊
၂၂။ ဒုတိယပတ္တသိက္ခာပုဒ် (ငါးဖွဲ့အောက် ယုတ်သော သပိတ်သိက္ခာပုဒ်)၊
၂၃။ ဆေးကို ပညတ်သော သိက္ခာပုဒ်၊
၂၄။ မိုးရေခံသင်္ကန်း သိက္ခာပုဒ်၊
၂၅။ ငါးခုမြောက် လုယူခြင်းဖြင့် မှတ်အပ်သော သိက္ခာပုဒ်၊
၂၆။ ချည်ကို ကိုယ်တိုင် တောင်းသော သိက္ခာပုဒ်၊
၂၇။ သင်္ကန်းကို ရက်စေသော သိက္ခာပုဒ်၊
၂၈။ အဆောတလျင် လှူသော သင်္ကန်း သိက္ခာပုဒ်၊
၂၉။ သင်္ကန်းကို ရွာတွင်း၌ ထားသော သိက္ခာပုဒ်၊
၃၀။ သံဃာ၏ လာဘ်ကို မိမိသို့ ညွတ်စေသော သိက္ခာပုဒ်။ (ဝိ၊၅၊၂၁။) (ဝိ၊မြန်၊၅။၃၆။)♦

နိဿဂ္ဂိပါစိတ်အာပတ်် ဖြစ်ကြောင်း သမုဋ္ဌာန် ၆ ပါး

၁။ ရံခါ ကိုယ်ကြောင့် ဖြစ်ကုန်၏၊ နှုတ်ကြောင့် စိတ်ကြောင့် မဖြစ်ကုန်၊
၂။ ရံခါ နှုတ်ကြောင့် ဖြစ်ကုန်၏၊ ကိုယ်စိတ်ကြောင့် မဖြစ်ကုန်၊
၃။ ရံခါ ကိုယ်ကြောင့်လည်းကောင်း နှုတ်ကြောင့်လည်းကောင်း ဖြစ်ကုန်၏၊ စိတ်ကြောင့် မဖြစ်ကုန်၊
၄။ ရံခါ ကိုယ်ကြောင့်လည်းကောင်း စိတ်ကြောင့်လည်းကောင်း ဖြစ်ကုန်၏၊ ကိုယ်ကြောင့် မဖြစ်ကုန်၊
၅။ ရံခါ ကိုယ်ကြောင့်လည်းကောင်း နှုတ်ကြောင့် လည်းကောင်း စိတ်ကြောင့်လည်းကောင်း ဖြစ်ကုန်၏။ (ဝိ၊၅၊၃၆၃။) (ဝိ၊မြန်၊၅။၄၆၇။)♦

နိဿယ ၂ မျိုး

၁။ တဏှာနိဿယ၊
၂။ ဒိဋ္ဌိနိဿယ။ (နေတ္တိ၊ဋ္ဌ၊၅၅။)♦

နိဿယည်း ငြိမ်းကြောင်း အင်္ဂါ ၅ ပါး (ဥပဇ္ဈာယ်ဆရာနှင့် စပ်၍ နိဿယည်း ငြိမ်းကြောင်း အင်္ဂါ ၅ ပါး)

၁။ ဥပဇ္ဈာယ်ဆရာသည် အရပ်တစ်ပါးသို့ ပြောင်းရွှေ့သွားခြင်း၊
၂။ ဥပဇ္ဈာယ် ဆရာသည် လူထွက်သွားခြင်း၊
၃။ ဥပဇ္ဈာယ်ဆရာသည် သေလွန်သွားခြင်း၊
၄။ ဥပဇ္ဈာယ် ဆရာသည် တိတ္ထိဘောင်သို့ ပြောင်းရွှေ့သွားခြင်း၊
၅။ ဥပဇ္ဈာယ်ဆရာ၏ နှင်ထုတ်ခြင်းကို ခံရခြင်း။ (ဝိ၊၃၊၈၉။) (ဝိ၊၅၊၂၃၀။) (ဝိ၊မြန်၊၃။၇၉။) (ဝိ၊မြန်၊၅။၃၁၉။)♦

နိဿယည်း ငြိမ်းကြောင်း အင်္ဂါ ၆ ပါး

၁။ နိဿယည်းဆရာသည် အရပ်တစ်ပါးသို့ ပြောင်းရွှေ့ သွားခြင်း၊
၂။ နိဿယည်းဆရာသည် လူထွက်သွားခြင်း၊
၃။ နိဿယည်းဆရာသည် သေလွန် သွားခြင်း၊
၄။ နိဿယည်းဆရာသည် တိတ္ထိဘောင်သို့ ပြောင်းရွှေ့သွားခြင်း၊
၅။ နိဿယည်း ဆရာ၏ နှင်ထုတ်ခြင်းကို ခံရခြင်း၊
၆။ ဥပဇ္ဈာယ်ဆရာနှင့် တွေ့ဆုံခြင်း။ (ဝိ၊၃၊၈၉။)(ဝိ၊မြန်၊၃။၉၁။)♦

နိဿယည်း ပေးနိုင်သော ရဟန်း၏ အင်္ဂါ ၅ ပါး

ရဟန်းခံပေးနိုင်သော ရဟန်း၏ အင်္ဂါ ၅ ပါး၊ သာမဏေကို ပြုစုလုပ်ကျွေးစေနိုင်သော ရဟန်း၏ အင်္ဂါ ၅ ပါးတို့နှင့် တူသည်။ ♦

နိဿယည်း မပေးထိုက်ကြောင်း အင်္ဂါ ၅ ပါး

ဥပဇ္ဈာယ်ဆရာ မလုပ်ထိုက်ကြောင်း အင်္ဂါ ၅ ပါးနှင့် တူသည်။ ♦

နိဿယည်း မပေးနိုင်သော ရဟန်း၏ အင်္ဂါ ၅ ပါး

ရဟန်းခံမပေးနိုင်သော ရဟန်း၏ အင်္ဂါ ၅ ပါး၊ သာမဏေကို မပြုစုမလုပ်ကျွေးစေနိုင်သော ရဟန်း၏ အင်္ဂါ ၅ ပါးတို့နှင့်တူသည်။ ♦

နိဿယည်း မပေးနိုင်သော ရဟန်း၏ အင်္ဂါ ၆ ပါး

ရဟန်းခံ မပေးနိုင်သော ရဟန်း၏ အင်္ဂါ ၆ ပါး၊ သာမဏေကို မပြုစုမလုပ်ကျွေးစေနိုင်သော ရဟန်း၏အင်္ဂါ ၆ ပါးတို့နှင့် တူသည်။ ♦

နိဿယည်း မပေးအပ်သော ရဟန်း၏ အင်္ဂါ ၃ ပါး

ဥပဇ္ဈာယ်ဆရာ ပြုလုပ်၍ ရဟန်းခံ မပေး အပ်သော ရဟန်း၏ အင်္ဂါ ၃ ပါးနှင့် တူသည်။ ♦

နိဿယည်း မလွတ်သော ရဟန်း၏ အင်္ဂါ ၅ ပါး

၁။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလဂုဏ်နှင့် မပြည့်စုံခြင်း၊
၂။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သမာဓိဂုဏ်နှင့် မပြည့် စုံခြင်း၊
၃။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ပညာဂုဏ်နှင့် မပြည့်စုံခြင်း၊
၄။ ရဟန္တာပုဂ္ဂိုလ် တို့၏ ဥစ္စာဖြစ်သော လွတ်မြောက်မှု ဝိမုတ္တိဂုဏ်နှင့် မပြည့်စုံခြင်း၊
၅။ ရဟန္တာပုဂ္ဂိုလ် တို့၏ ဥစ္စာဖြစ်သော လွတ်မြောက်မှု ဉာဏ်အမြင် ဝိမုတ္တိဉာဏဒဿန ဂုဏ်နှင့် မပြည့်စုံခြင်း။ (ဝိ၊၃၊၁၁၁။) (ဝိ၊မြန်၊၃။၁၁၃။)♦

နိဿယည်း မလွတ်သော ရဟန်း၏ အင်္ဂါ ၆ ပါး

၁။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလဂုဏ်နှင့် မပြည့်စုံခြင်း၊
၂။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သမာဓိဂုဏ်နှင့် မပြည့်စုံခြင်း၊
၃။ ရဟန္တာ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ပညာဂုဏ်နှင့် မပြည့်စုံခြင်း၊
၄။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော လွတ်မြောက်မှု ဝိမုတ္တိဂုဏ်နှင့် မပြည့်စုံခြင်း၊
၅။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော လွတ် မြောက်မှု ဉာဏ်အမြင် ဝိမုတ္တိဉာဏဒဿနဂုဏ်နှင့် မပြည့်စုံခြင်း၊
၆။ ငါးဝါမပြည့်သေးခြင်း။ (ဝိ၊၃၊၁၁၃။) (ဝိ၊မြန်၊၃။၁၁၄။)♦

နိဿယည်း မလွတ်သော ရဟန်း၏ အင်္ဂါ ၆ ပါး (တစ်နည်း)

၁။ သဒ္ဓါတရားမရှိခြင်း၊
၂။ ဒုစရိုက် တရားတို့၌ အရှက်မရှိခြင်း၊
၃။ ဒုစရိုက်တရားတို့၌ အကြောက်အလန့် မရှိခြင်း၊
၄။ ပျင်းရိခြင်း၊
၅။ သတိကင်းလွတ်ခြင်း၊
၆။ ငါးဝါ မပြည့် သေးခြင်း။ (ဝိ၊၃၊၁၁၄။) (ဝိ၊မြန်၊၃။၁၁၅။)♦

နိဿယည်း မလွတ်သော ရဟန်း၏ အင်္ဂါ ၆ ပါး (တစ်နည်း)

၁။ ပါရာဇိက, သံဃာဒိသိသ်အာပတ် ဟူသော လွန်ကဲသော သီလပျက်စီးခြင်း၊
၂။ အောက်အာပတ် ငါးပုံဟူသော လွန်ကဲသော အကျင့် ပျက်စီးခြင်း၊
၃။ သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိဟူသော လွန်ကဲသော အယူပျက်စီးခြင်း၊
၄။ အကြား အမြင် နည်းပါးခြင်း (ကြားနာအပ်ပြီးသော သုတ် အဘိဓမ္မာတရား မရှိခြင်း)၊
၅။ ပညာ မရှိခြင်း (အာပတ်စသည်ကို သိစွမ်းနိုင်သော ပညာ မရှိခြင်း)၊
၆။ ငါးဝါ မပြည့်ခြင်း။ (ဝိ၊၃၊၁၁၄။) (ဝိ၊မြန်၊၃။၁၁၅။)♦

နိဿယည်း မလွတ်သော ရဟန်း၏ အင်္ဂါ ၆ ပါး (တစ်နည်း)

၁။ အာပတ်သင့်သည်ကို မသိခြင်း၊
၂။ အာပတ်မသင့်သည်ကို မသိခြင်း၊
၃။ အောက်အာပတ် ငါးပုံဟူသော ပေါ့သော အာပတ်ကို မသိခြင်း၊
၄။ ပါရာဇိက သံဃာဒိသိသ်ဟူသော လေးသော အာပတ်ကို မသိခြင်း၊
၅။ ဘိက္ခု, ဘိက္ခုနီပါတိမောက်နှစ်ပါးကို အကျယ်မရ၍ ကောင်းစွာ မဝေဖန်နိုင်ဘဲ မာတိကာဟု ဆိုအပ်သော သုတ်အားဖြင့်လည်းကောင်း၊ သဒ္ဒါပုဒ်ဗျည်းအားဖြင့်လည်းကောင်း ကောင်းစွာ မဆုံးဖြတ် နိုင်ခြင်း၊
၆။ ငါးဝါ မပြည့်သေးခြင်း။ (ဝိ၊၃၊၁၁၄။) (ဝိ၊မြန်၊၃။၁၁၅။)♦

နိဿယည်းဆရာ ပြုလုပ်၍ မနေသင့်သူ ၂ မျိုး

၁။ အလဇ္ဇီပုဂ္ဂိုလ်၊
၂။ ဝိနည်း၌ မလိမ္မာသူ။ (ဝိ၊၅၊၂၁၄။) (ဝိ၊မြန်၊၅။၂၉၈။)♦

နိဿယည်းဆရာ ဖြစ်ကြောင်း တရား ၅ ပါး

၁။ သီလနှင့် ပြည့်စုံခြင်း၊
၂။ သမာဓိနှင့် ပြည့်စုံခြင်း၊
၃။ ပညာနှင့် ပြည့်စုံခြင်း၊
၄။ ဝိမုတ္တိနှင့် ပြည့်စုံခြင်း၊
၅။ ဝိမုတ္တိဉာဏဒဿနနှင့် ပြည့်စုံခြင်း။ (အံ၊၂၊၂၃၈။) (အံ၊မြန်၊၂။၃၀၄။)♦

နိဿယည်းဆရာ မရှိဘဲ အသက်ထက်ဆုံး နေခွင့်မရှိသော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ ပဝါရဏာကို မသိခြင်း၊
၂။ ပဝါရဏာကံကို မသိခြင်း၊
၃။ ပါတိမောက်ကို မသိခြင်း၊
၄။ ပါတိမောက်ပြခြင်းကို မသိခြင်း၊
၅။ ငါးဝါ မပြည့်သေးခြင်း၊ မှတ်ချက်။ ။ အမှီ (ဆရာ) မရှိဘဲ နေကောင်းသော ရဟန်း၏ အင်္ဂါ (၅) ပါးကို အထက်က နေခွင့်မရှိသော ရဟန်း၏ အင်္ဂါ (၅) ပါးနှင့် အပြန်ယူအပ်၏။ (ဝိ၊၅၊၃၁၃။) (ဝိ၊မြန်၊၅။၄၁၁။)♦

နိဿယည်းဆရာ မရှိဘဲ အသက်ထက်ဆုံး နေခွင့်မရှိသော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ အာပတ် ဟုတ်သည် မဟုတ်သည်ကို မသိခြင်း၊
၂။ ပေါ့သော အာပတ် လေးသော အာပတ်ကို မသိခြင်း၊
၃။ အကြွင်းရှိ၊ မရှိသော အာပတ်ကို မသိခြင်း၊
၄။ ရုန့်ရင်း မရုန့်ရင်းသော အာပတ်ကို မသိခြင်း၊
၅။ ငါးဝါ မပြည့်ခြင်း။ (ဝိ၊၅၊၃၁၄။) (ဝိ၊မြန်၊၅။၄၁၁။)♦

နိဿယည်းဆရာ မရှိဘဲ အသက်ထက်ဆုံး နေခွင့်ရှိသော ရဟန်း၏ အင်္ဂါ ၅ ပါး

၁။ ဥပုသ်ကို သိခြင်း၊
၂။ ဥပုသ်ကံကို သိခြင်း၊
၃။ ပါတိမောက်ကို သိခြင်း၊
၄။ ပါတိမောက် ပြခြင်းကို သိခြင်း၊
၅။ ငါးဝါ, ငါးဝါအထက် ကျော်လွန်ခြင်း။ (ဝိ၊၅၊၃၁၃။) (ဝိ၊မြန်၊၅။၄၁၁။)♦

နိဿယည်းဆရာ မရှိဘဲ အသက်ထက်ဆုံး နေခွင့်ရှိသော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ ပဝါရဏာကို သိခြင်း၊
၂။ ပဝါရဏာကံကို သိခြင်း၊
၃။ ပါတိမောက်ကို သိခြင်း၊
၄။ ပါတိမောက် ပြမှုကို သိခြင်း၊
၅။ ငါးဝါ, ငါးဝါအထက် ကျော်လွန်ခြင်း။ (ဝိ၊၅၊၃၁၃။) (ဝိ၊မြန်၊၅။၄၁၁။)♦

နိဿယည်းဆရာ၏ အင်္ဂါ ၁၀ ပါး

၁။ သီလရှိခြင်း၊
၂။ အကြားအမြင်များခြင်း၊
၃။ ဥဘတောဝိဘင်းကို နှုတ်တက်ရရှိခြင်း၊
၄။ မကျန်းမမာသူကို လုပ်ကျွေးပြုစုနိုင်ခြင်း၊
၅။ မပျော်မွေ့မှုကို ငြိမ်းစေ နိုင်ခြင်း၊
၆။ ကုက္ကုစ္စသံသယကို ပယ်ဖျောက်နိုင်ခြင်း၊
၇။ မိစ္ဆာအယူကို ပယ်ဖျောက်နိုင်ခြင်း၊
၈။ အဓိသီလ၌ တည်စေနိုင်ခြင်း၊
၉။ အဓိစိတ္တ၌ တည်စေနိုင်ခြင်း၊
၁၀။ အဓိပညာ၌ တည်စေ နိုင်ခြင်း။ (အံ၊၃၊၃၁၃။) (အံ၊မြန်၊၃။၃၁၃။)♦

နိဿယည်းဆရာမရှိဘဲ အသက်ထက်ဆုံး နေခွင့်မရှိသော ရဟန်း၏ အင်္ဂါ ၅ ပါး

၁။ ဥပုသ်ကို မသိခြင်း၊
၂။ ဥပုသ်ကံကို မသိခြင်း၊
၃။ ပါတိမောက်ကို မသိခြင်း၊
၄။ ပါတိမောက် ပြခြင်းကို မသိခြင်း၊
၅။ ငါးဝါ မပြည့်သေးခြင်း၊ မှတ်ချက်။ ။ အမှီဆရာ မရှိဘဲ အသက်ထက်ဆုံး နေခွင့်ရှိသော ရဟန်း၏ အင်္ဂါ ၅ ပါးကို အထက်က နေခွင့်မရှိသော ရဟန်း၏အင်္ဂါ (၅) ပါးနှင့် အပြန်ယူအပ်၏။ (ဝိ၊၅၊၃၁၃။) (ဝိ၊မြန်၊၅။၄၁၁။)♦

နိဿယည်းပေးနိုင်သော ရဟန်း၏ အင်္ဂါ ၅ ပါး

ဥပဇ္ဈာယ်အဖြစ် နေ၍ ရဟန်းခံပေးနိုင်သော ရဟန်း၏ အင်္ဂါ ၅ ပါးနှင့် တူသည်။ ♦

နိဿယည်းပေးနိုင်သော ရဟန်း၏ အင်္ဂါ ၅ ပါး

ရဟန်း၏ အင်္ဂါ ၅ ပါး၊ သာမဏေကို ပြုစု လုပ်ကျွေးစေနိုင်သော ရဟန်း၏ အင်္ဂါ ၅ ပါးနှင့် တူသည်။ ♦

နိဿယည်းပေးနိုင်သော ရဟန်း၏ အင်္ဂါ ၆ ပါး

ရဟန်းခံပေးနိုင်သော ရဟန်း၏ အင်္ဂါ ၆ ပါး၊ သာမဏေကို ပြုစုလုပ်ကျွေးစေနိုင်သော ရဟန်း၏ အင်္ဂါ ၆ ပါးတို့နှင့် တူသည်။ ♦

နိဿယည်းပေးအပ်သူ ၂ မျိုး

၁။ ဝိနည်း၌ မလိမ္မာသူ၊
၂။ တောင်းပန်သော လဇ္ဇီပုဂ္ဂိုလ်။ (ဝိ၊၅၊၂၁၄။) (ဝိ၊မြန်၊၅။၂၉၈။)♦

နိဿယည်းမပေးအပ်သူ ၂ မျိုး

၁။ အလဇ္ဇီပုဂ္ဂိုလ်၊
၂။ လဇ္ဇီပုဂ္ဂိုလ်ဖြစ်သော်လည်း မတောင်းပန်သော သူ။ (ဝိ၊၅၊၂၁၄။) (ဝိ၊မြန်၊၅။၂၉၈။)♦

နိဿယည်းမယူဘဲ နေနိုင်သော ရဟန်း, ရဟန်းမတို့၏ အင်္ဂါ ၅ ပါး

၁။ ဥပုသ်ကို သိခြင်း၊
၂။ ဥပုသ်ကံကို သိခြင်း၊
၃။ ပါတိမောက်ကို သိခြင်း၊
၄။ ပါတိမောက်ပြခြင်းကို သိခြင်း၊
၅။ ငါးဝါ, ငါးဝါထက် ကျော်လွန်ခြင်း။ (ဝိ၊၅၊၂၃၄။) (ဝိ၊မြန်၊၅။၃၂၄။)♦

နိဿယည်းမယူဘဲ မနေနိုင်သော ရဟန်း, ရဟန်းမတို့၏ အင်္ဂါ ၅ ပါး

၁။ ဥပုသ်ကို မသိခြင်း၊
၂။ ဥပုသ်ကံကို မသိခြင်း၊
၃။ ပါတိမောက်ကို မသိခြင်း၊
၄။ ပါတိမောက်ပြခြင်းကို မသိခြင်း၊
၅။ ငါးဝါ မပြည့်ခြင်း။ (ဝိ၊၅၊၂၃၄။) (ဝိ၊မြန်၊၅။၃၂၄။)♦

နိဿယည်းမယူဘဲ မနေနိုင်သော ရဟန်း, ရဟန်းမတို့၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ ပဝါရဏာကို မသိခြင်း၊
၂။ ပဝါရဏကံကို မသိခြင်း၊
၃။ ပါတိမောက်ကို မသိခြင်း၊
၄။ ပါတိမောက်ပြခြင်းကို မသိခြင်း၊
၅။ ငါးဝါ မပြည့်ခြင်း။ (ဝိ၊၅၊၂၃၄။) (ဝိ၊မြန်၊၅။၃၂၄။)♦

နိဿယည်းမယူဘဲ မနေနိုင်သော ရဟန်း, ရဟန်းမတို့၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ အာပတ် ဟုတ် မဟုတ်ကို မသိခြင်း၊
၂။ ပေါ့သော အာပတ်, လေးသော အာပတ်ကို မသိခြင်း၊
၃။ အကြွင်း ရှိသော အာပတ်, အကြွင်းမရှိသော အာပတ်ကို မသိခြင်း၊
၄။ ရုန့်ရင်းသော အာပတ်, မရုန့်ရင်းသော အာပတ်ကို မသိခြင်း၊
၅။ ငါးဝါ မပြည့်သေးခြင်း။ (ဝိ၊၅၊၂၃၄။) (ဝိ၊မြန်၊၅။၃၂၄။)♦

နိဿယည်းမလွတ်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ သဒ္ဓါတရား မရှိခြင်း၊
၂။ အကုသိုလ် ဒုစရိုက်တရားတို့၌ အရှက်မရှိခြင်း၊
၃။ အကုသိုလ်ဒုစရိုက်တရားတို့၌ အကြောက်အလန့် မရှိခြင်း၊
၄။ ပျင်းရိခြင်း၊
၅။ သတိလွတ်ကင်းခြင်း။ (ဝိ၊၃၊၁၁၂။) (ဝိ၊မြန်၊၃။၁၁၃။)♦

နိဿယည်းမလွတ်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ ပါရာဇိက, သံဃာဒိသိသ်အာပတ် ဟူသော လွန်ကဲသော သီလပျက်စီးခြင်း၊
၂။ အောက်အာပတ်ငါးပုံဟူသော လွန်ကဲသော အကျင့် ပျက်စီးခြင်း၊
၃။ သဿတဒိဋ္ဌိ-ဥစ္ဆေဒဒိဋ္ဌိဟု ဆိုအပ်သော လွန်ကဲသော အယူပျက်စီးခြင်း၊
၄။ အကြားအမြင်နည်းခြင်း (ကြားနာအပ်ပြီးသော သုတ် အဘိဓမ္မာတရား မရှိခြင်း)၊
၅။ ပညာ မရှိခြင်း (အာပတ်စသည်ကို သိစွမ်းနိုင်သော ပညာမရှိခြင်း)။ (ဝိ၊၃၊၁၁၂။) (ဝိ၊မြန်၊၃။၁၁၄။)♦

နိဿယည်းမလွတ်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ အာပတ်သင့်သည်ကို မသိခြင်း၊
၂။ အာပတ်မသင့်သည်ကို မသိခြင်း၊
၃။ အောက်အာပတ်ငါးပုံဟူသော ပေါ့သော အာပတ်ကို မသိခြင်း၊
၄။ ပါရာဇိက, သံဃာဒိသိသ်ဟူသော လေးသော အာပတ်ကို မသိခြင်း၊
၅။ ဘိက္ခု, ဘိက္ခုနီဟူသော ပါတိမောက်နှစ်ပါးတို့ကို အကျယ်မရမူ၍ ကောင်းစွာ မဝေဖန်နိုင်ဘဲ မာတိကာဟု ဆိုအပ်သော သုတ်အားဖြင့်လည်းကောင်း၊ သဒ္ဒါ ပုဒ်ဗျည်းအားဖြင့်လည်းကောင်း မဆုံးဖြတ်နိုင်ခြင်း။ (ဝိ၊၃၊၁၁၂။) (ဝိ၊မြန်၊၃။၁၁၄။)♦

နိဿယည်းမလွတ်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ အာပတ်သင့်သည်ကို မသိခြင်း၊
၂။ အာပတ်မသင့်သည်ကို မသိခြင်း၊
၃။ ပေါ့သော အာပတ်ကို မသိခြင်း၊
၄။ လေးသော အာပတ်ကို မသိခြင်း၊
၅။ ငါးဝါ မပြည့်သေးခြင်း။ (ဝိ၊၃၊၁၁၃။) (ဝိ၊မြန်၊၃။၁၁၄။)♦

နိဿယည်းလွတ်သော ပုဂ္ဂိုလ်၏ အင်္ဂါ ၇ ပါး

၁။ ငါးဝါပြည့်ရခြင်း၊
၂။ ပါတိမောက် နှစ်မျိုးတို့ကို နှုတ်တက်အာဂုံရခြင်း၊
၃။ သုတ္တန်မှ လေးဘာဏဝါရခန့် သင်ယူထားခြင်း၊
၄။ အန္ဓက ဝိန္ဒသုတ်, မဟာရာဟုလောဝါဒသုတ်, အမ္ဗဋ္ဌသုတ်နှင့် အလားတူသော သုတ်တစ်ခုခုကို သင်ယူရခြင်း၊
၅။ သာရေးနာရေးတို့၌ ဟောပြောရန် အနုမောဒနာတရား သုံးပုဒ်တို့ကို သင်ယူထားရခြင်း၊
၆။ ကံကြီး ကံငယ် အဆုံးအဖြတ်ကို သင်ယူထားရခြင်း၊
၇။ အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ရစေနိုင်သော သမထဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းတစ်ခုခုကို သင်ယူပွားများ အားထုတ်ထားရခြင်း။ (ဝိ၊ဋ္ဌ၊၃၊၅၄။)♦

နိဿယည်းလွတ်သော ရဟန်း၏ အင်္ဂါ ၅ ပါး

၁။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလ ဂုဏ်နှင့် ပြည့်စုံခြင်း၊
၂။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သမာဓိဂုဏ်နှင့် ပြည့်စုံခြင်း၊
၃။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ပညာဂုဏ်နှင့် ပြည့်စုံခြင်း၊
၄။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော လွတ်မြောက်မှု ဝိမုတ္တိဂုဏ်နှင့် ပြည့်စုံခြင်း၊
၅။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာ ဖြစ်သော လွတ်မြောက်မှု ဉာဏ်အမြင် ဝိမုတ္တိဉာဏဒဿနဂုဏ်နှင့် ပြည့်စုံခြင်း။ (ဝိ၊၃၊၁၁၂။) (ဝိ၊မြန်၊၃။၁၁၃။)♦

နိဿယည်းလွတ်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ သဒ္ဓါတရားရှိခြင်း၊
၂။ အကုသိုလ် ဒုစရိုက်တရားတို့၌ ရှက်ခြင်း၊
၃။ အကုသိုလ်ဒုစရိုက်တရားတို့၌ ကြောက်လန့်ခြင်း၊
၄။ လုံ့လ ဝီရိယရှိခြင်း၊
၅။ သတိတည်မြဲခြင်း သတိရှိခြင်း။ (ဝိ၊၃၊၁၁၂။) (ဝိ၊မြန်၊၃။၁၁၃။)♦

နိဿယည်းလွတ်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ ပါရာဇိက သံဃာဒိသိသ်အာပတ်ဟု ဆိုအပ်သော လွန်ကဲသော သီလ မပျက်စီးခြင်း၊
၂။ အောက်အာပတ် ငါးပုံဟူသော လွန်ကဲသော အကျင့် မပျက်စီးခြင်း၊
၃။ သဿတဒိဋ္ဌိ- ဥစ္ဆေဒဒိဋ္ဌိဟု ဆိုအပ်သော လွန်ကဲသော အယူ မပျက်စီးခြင်း၊
၄။ အကြားအမြင် များခြင်း (ကြားနာအပ်ပြီးသော သုတ် အဘိဓမ္မာတရား ရှိခြင်း)၊
၅။ ပညာရှိခြင်း (အာပတ်စသည်ကို သိစွမ်းနိုင်သော ပညာရှိခြင်း)။ (ဝိ၊၃၊၁၁၂။) (ဝိ၊မြန်၊၃။၁၁၄။)♦

နိဿယည်းလွတ်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ အာပတ်သင့်သည်ကို သိခြင်း၊
၂။ အာပတ်မသင့်သည်ကို သိခြင်း၊
၃။ အောက်အာပတ်ငါးပုံဟူသော ပေါ့သော အာပတ်ကို သိခြင်း၊
၄။ ပါရာဇိက သံဃာဒိသိသ်ဟူသော လေးသော အာပတ်ကို သိခြင်း၊
၅။ ဘိက္ခု, ဘိက္ခုနီဟူသော ပါတိမောက်နှစ်ပါးကို အကျယ်ရ၍ ကောင်းစွာ ဝေဖန်နိုင်ပြီး မာတိကာဟု ဆိုအပ်သော သုတ်အားဖြင့်လည်းကောင်း သဒ္ဒါ ပုဒ် ဗျည်းအားဖြင့် လည်းကောင်း ကောင်းစွာ ဆုံးဖြတ်နိုင်ခြင်း။ (ဝိ၊၃၊၁၁၃။) (ဝိ၊မြန်၊၃။၁၁၄။)♦

နိဿယည်းလွတ်သော ရဟန်း၏ အင်္ဂါ ၅ ပါး (တစ်နည်း)

၁။ အာပတ်သင့်သည်ကို သိခြင်း၊
၂။ အာပတ်မသင့်သည်ကို သိခြင်း၊
၃။ ပေါ့သောအာပတ်ကို သိခြင်း၊
၄။ လေးသောအာပတ်ကို သိခြင်း၊
၅။ ငါးဝါ, ငါးဝါထက် ကျော်လွန်ခြင်း။ (ဝိ၊၃၊၁၁၃။) (ဝိ၊မြန်၊၃။၁၁၄။)♦

နိဿယည်းလွတ်သော ရဟန်း၏ အင်္ဂါ ၆ ပါး

၁။ သဒ္ဓါတရားရှိခြင်း၊
၂။ အကုသိုလ် ဒုစရိုက် တရားတို့၌ ရှက်ခြင်း၊
၃။ အကုသိုလ်ဒုစရိုက်တရားတို့၌ ကြောက်လန့်ခြင်း၊
၄။ လုံ့လဝီရိယ ရှိခြင်း၊
၅။ သတိတည်မြဲခြင်း၊
၆။ ငါးဝါ, ငါးဝါထက် ကျော်လွန်ခြင်း။ (ဝိ၊၃၊၁၁၄။) (ဝိ၊မြန်၊၃။၁၁၅။)♦

နိဿယည်းလွတ်သော ရဟန်း၏ အင်္ဂါ ၆ ပါး (တစ်နည်း)

၁။ ပါရာဇိက, သံဃာဒိသိသ်အာပတ် ဟူသော လွန်ကဲသော သီလ မပျက်စီးခြင်း၊
၂။ အောက်အာပတ် ငါးပုံဟူသော လွန်ကဲသော အကျင့် မပျက်စီးခြင်း၊
၃။ သဿတဒိဋ္ဌိ- ဥပစ္ဆဒဒိဋ္ဌိဟူသော လွန်ကဲသော အယူ မပျက်စီးခြင်း၊
၄။ အကြားအမြင်များခြင်း (ကြားနာအပ်ပြီးသော သုတ် အဘိဓမ္မာတရား ရှိခြင်း)၊
၅။ ပညာ ရှိခြင်း (အာပတ်စသည်ကို သိစွမ်းနိုင်သော ပညာရှိခြင်း)၊
၆။ ငါးဝါ, ငါးဝါထက် ကျော်လွန်ခြင်း။ (ဝိ၊၃၊၁၁၄။) (ဝိ၊မြန်၊၃။၁၁၅။)♦

နိဿယည်းလွတ်သော ရဟန်း၏ အင်္ဂါ ၆ ပါး (တစ်နည်း)

၁။ အာပတ် သင့်သည်ကို သိခြင်း၊
၂။ အာပတ်မသင့်သည်ကို သိခြင်း၊
၃။ ပေါ့သော အာပတ်ကို သိခြင်း၊
၄။ လေးသော အာပတ်ကို သိခြင်း၊
၅။ ဘိက္ခု-ဘိက္ခုနီပါတိမောက်နှစ်ပါးကို အကျယ်ရ၍ ကောင်းစွာ ဝေဖန်နိုင်ပြီး မာတိကာဟု ဆိုအပ်သော သုတ်အားဖြင့်လည်းကောင်း သဒ္ဒါ ပုဒ် ဗျည်းအားဖြင့်လည်းကောင်း ကောင်းစွာ ဆုံးဖြတ်နိုင်ခြင်း၊
၆။ ငါးဝါ, ငါးဝါထက် ကျော်လွန်ခြင်း။ (ဝိ၊၃၊၁၁၄။) (ဝိ၊မြန်၊၃။၁၁၅။)♦

နိဿယည်းလွတ်သော ရဟန်း၏ အင်္ဂါ ၆ ပါး (တစ်နည်း)

၁။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာ ဖြစ်သော သီလဂုဏ်နှင့် ပြည့်စုံခြင်း၊
၂။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သမာဓိဂုဏ်နှင့် ပြည့်စုံခြင်း၊
၃။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ပညာဂုဏ်နှင့် ပြည့်စုံခြင်း၊
၄။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော လွတ်မြောက်မှု ဝိမုတ္တိဂုဏ်နှင့် ပြည့်စုံခြင်း၊
၅။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော လွတ်မြောက်မှုဉာဏ်အမြင် ဝိမုတ္တိဉာဏဒဿနဂုဏ်နှင့် ပြည့်စုံခြင်း၊
၆။ ငါးဝါ, ငါးဝါထက် ကျော်လွန်ခြင်း။ (ဝိ၊၃၊၁၁၃။) (ဝိ၊မြန်၊၃။၁၁၅။)♦

နိဿရဏ ၃ မျိုး

ကာမရာဂ၏ ထွက်မြောက်ရာ ၃ မျိုးနှင့် တူသည်။ ♦

နိဿရဏဓာတ် ၃ မျိုး

၁။ ကာမဂုဏ်တို့မှ ထွက်မြောက်ရာဖြစ်သော နေက္ခမ္မဓာတ်၊
၂။ ရုပ်တရားတို့မှ ထွက်မြောက်ရာဖြစ်သော အာရုပ္ပဓာတ်၊
၃။ ပဋိစ္စသမုပ္ပါဒ်တရားတို့မှ ထွက်မြောက်ရာ ဖြစ်သော နိရောဓဓာတ်။ (ခုဒ္ဒက၊၂၃၇။) (ခုဒ္ဒက၊မြန်။၂၂၁။)♦

နိဿရဏဓာတ် ၅ မျိုး

၁။ ကာမဂုဏ်မှ ထွက်မြောက်ကြောင်း ‘‘အသုဘဈာန်’’ကို နှလုံး သွင်းခြင်း၊
၂။ ဗျာပါဒ၏ ဆန့်ကျင်ဘက် မေတ္တာကို နှလုံးသွင်းခြင်း၊
၃။ ဝိဟိံသ၏ ဆန့်ကျင်ဘက် ‘‘အဝိဟိံသကဂုဏဈာန်’’ကို နှလုံးသွင်းခြင်း၊
၄။ အရူပဈာန်ကို နှလုံးသွင်းခြင်း၊
၅။ သက္ကာယ ချုပ်ငြိမ်းမှု အရဟတ္တဖိုလ်ကို နှလုံးသွင်းခြင်း။ (အံ၊၂၊၂၁၄။) (အံ၊မြန်၊၂။၂၆၈-၂၆၉-၂၇၀။)♦

နိဿာရဏီယ ဓာတ် ၆ မျိုး

ဆန့်ကျင်ဖက်မှ ထွက်မြောက်တတ်သော ဓာတ် ၆ မျိုးနှင့် တူသည်။ ♦

နိဿိတသီလ ၂ မျိုး

၁။ တဏှာ နိဿိတသီလ- ဤသီလဖြင့် ထင်ရှားသော နတ်သည် လည်းကောင်း, မထင်ရှားသော နတ်သည် လည်းကောင်း ဖြစ်လိမ့်မည်ဟု ဘဝသမ္ပတ္တိကို တောင့်တ၍ ဖြစ်စေအပ်သော သီလ၊
၂။ ဒိဋ္ဌိ နိဿိတသီလ- ဤသီလဖြင့် သံသရာဆင်းရဲမှ စင်ကြယ်သည် လွတ်မြောက်သည်ဟု အယူစင်ကြယ်ရေးဖြင့် ဖြစ်စေအပ်သော သီလ။ (ဝိသုဒ္ဓိ၊၁၊၁၂။)♦

နိုးကြား၍ ဝိပဿနာပွားသော ပုဂ္ဂိုလ်တို့ ရရှိအပ်သော အကျိုး ၂ မျိုး

၁။ မျက်မှောက်ဘဝ၌ပင် ရဟန္တာ ဖြစ်နိုင်ခြင်း၊ ၂။(ရဟန္တာမဖြစ်ခဲ့လျှင်) အနာဂါမ်ပုဂ္ဂိုလ် ဖြစ်နိုင်ခြင်း။ (ခုဒ္ဒက၊၂၂၂-၂၂၃။) (ခုဒ္ဒက၊မြန်။၂၀၆-၂၀၇။)♦

နိုးကြားကြောင်း တရား ၅ ပါး

၁။ သဒ္ဓိန္ဒြေ- ယုံကြည်မှုဟူသော ဣန္ဒြေ၊
၂။ ဝီရိယိန္ဒြေ- အားထုတ်မှု ဟူသော ဣန္ဒြေ၊
၃။ သတိန္ဒြေ- သတိရမှုဟူသော ဣန္ဒြေ၊
၄။ သမာဓိန္ဒြေ- တည်ငြိမ်မှု ဟူသော ဣန္ဒြေ၊
၅။ ပညိန္ဒြေ- အထူးထူးအပြားပြား ဝေဖန်ပိုင်းခြား စဉ်းစားသိမြင်တတ်သော သဘောတရား ပညာဟူသော ဣန္ဒြေ။ (သံ၊ဋ္ဌ၊၁၊၂၃။)♦

နီဝရဏ ၁၀ ပါး

၁။ မိမိခန္ဓာကို စွဲ၍ ဖြစ်သော ကာမ၌ လိုချင်မှု- ကာမစ္ဆန္ဒ၊
၂။ ပြင်ပခန္ဓာကို စွဲ၍ဖြစ်သော ကာမလိုချင်မှု- ကာမစ္ဆန္ဒ၊
၃။ မိမိခန္ဓာကို စွဲ၍ဖြစ်သော ပျက်စီးစေလိုမှု- ဗျာပါဒ၊
၄။ ပြင်ပခန္ဓာကို စွဲ၍ဖြစ်သော ပျက်စီးစေလိုမှု- ဗျာပါဒ၊
၅။ စိတ်၏ ထိုင်းမှိုင်းမှု- ထိန၊
၆။ စေတသိက်၏ ထိုင်းမှိုင်းမှု- မိဒ္ဓ၊
၇။ စိတ်ပျံ့လွင့်မှု- ဥဒ္ဓစ္စ၊
၈။ နောင်တ တစ်ဖန် ပူပန်မှု- ကုက္ကုစ္စ၊
၉။ မိမိခန္ဓာတရားတို့၌ မဝေခွဲနိုင်မှု- ဝိစိကိစ္ဆာ၊
၁၀။ ပြင်ပခန္ဓာတရားတို့၌ မဆုံးဖြတ်နိုင်မှု- ဝိစိကိစ္ဆာ။ (သံ၊၃၊၉၇။) (သံ၊မြန်၊၃။၁၀၁။)♦

နီဝရဏ ၆ ပါး

၁။ ကာမစ္ဆန္ဒနီဝရဏ- ကုသိုလ်တရားတို့ကို တားမြစ် ပိတ်ပင်တတ်သော ကာမ၌ လိုချင်မှု ကာမစ္ဆန္ဒနီဝရဏတရား၊
၂။ ဗျာပါဒနီဝရဏ- ကုသိုလ်တရားတို့ကို ပိတ်ပင်တတ်သော ဗျာပါဒနီဝရဏတရား၊
၃။ ထိနမိဒ္ဓနီဝရဏ- ဈာန်, မဂ်, ဖိုလ် တရားကို ဖြစ်ခွင့်မပေးပဲ ပိတ်ဆီးနှောင့်ရှက် ကန့်ကွက်တားမြစ်တတ်သော စိတ်စေတသိက် ထိုင်းမှိုင်းမှု- ထိနမိဒ္ဓ နီဝရဏတရား၊
၄။ ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ- ကုသိုလ်တရားတို့ကို တားမြစ်ပိတ်ပင်တတ်သော စိတ်ပျံ့လွင့်မှု- ဥဒ္ဓစ္စ, နောင်တတစ်ဖန် ပူပန်မှု- ကုက္ကုစ္စ၊
၅။ ဝိစိကိစ္ဆာနီဝရဏ- ကုသိုလ် တရားတို့ကို တားမြစ်ပိတ်ပင်တတ်သော ပြင်ပခန္ဓာတရားတို့၌ မဆုံးဖြတ်နိုင်မှု ဝိစိကိစ္ဆာ နီဝရဏတရား၊
၆။ အဝိဇ္ဇာနီဝရဏ- အဝိဇ္ဇာဟူသော တားဆီးပိတ်ပင်တတ်သော အဝိဇ္ဇာ နီဝရဏတရား။ (အဘိ၊ဓ၊၂၃၂။) (အဘိ၊ဓ၊၂၈၃။) (အဘိ၊ဓ၊မြန်။၄၂၇။) (အဘိ၊ဓ၊မြန်။၄၂၇။)♦

နီဝရဏကင်းသော အရိယာတပည့်အား မဖြစ်သော တရား ၅ မျိုး

၁။ ကာမဂုဏ်ကို မှီ၍ ဖြစ်သော ဆင်းရဲမှု နှလုံးမသာယာမှု မဖြစ်ခြင်း၊
၂။ ကာမဂုဏ်ကို မှီ၍ ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှု မဖြစ်ခြင်း၊
၃။ အကုသိုလ်ကို မှီ၍ ဖြစ်သော ဆင်းရဲမှု နှလုံးမသာယာမှု မဖြစ်ခြင်း၊
၄။ အကုသိုလ်ကို မှီ၍ ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှု မဖြစ်ခြင်း၊
၅။ ကုသိုလ်ကို မှီ၍ ဖြစ်သော ဆင်းရဲမှု နှလုံးမသာယာမှု မဖြစ်ခြင်း။ (အံ၊၂၊၁၈၂။) (အံ၊မြန်၊၂။၂၃၂။)♦

နီဝရဏတရား ၅ ပါး

ပယ်အပ်သော တရား ၅ ပါး၊ ပဟာတဗ္ဗတရား ၅ ပါးတို့နှင့် တူသည်။ ♦

နီဝရဏတရား ၅ ပါး

၁။ ကာမဂုဏ်၌ လိုလားမှု- ကာမစ္ဆန္ဒ၊
၂။ ပျက်စီးစေလိုမှု- ဗျာပါဒ၊
၃။ လေးလံထိုင်းမှိုင်းမှု-ထိနမိဒ္ဓ၊
၄။ ပျံ့လွင့်မှု- ဥဒ္ဓစ္စ၊ နောင်တပူပန်မှု- ကုက္ကုစ္စ၊
၅။ မဝေခွဲ နိုင်မှု- ဝိစိကိစ္ဆာ။ (ဒီ၊၃၊၁၉၅။) (မ၊၂၊၄၁၉။) (သံ၊၃၊၅၆။) (သံ၊၃၊၈၅။) (အံ၊၂၊၅၆။) (အံ၊၃၊၂၅၀။) (အဘိ၊ဝိ၊၃၉၂။) (ပေဋကော၊၂၅၉။) (ပဋိသံ၊ဋ္ဌ၊၁၊၁၁၀။) (ပဋိသံ၊ဋ္ဌ၊၂၊၂၃။) (ဒီ၊မြန်၊၃။၂၁၈။) (မ၊မြန်၊၂။ ၄၂၅။) (သံ၊မြန်၊၃။၆၀။) (သံ၊မြန်၊၃။၉၀။) (အံ၊မြန်၊၂။၆၉။) (အံ၊မြန်၊၃။၂၄၉။) (အဘိ၊ဝိ၊မြန်၊၂။၄၉၆။)♦

နီဝရဏပယ်ခြင်းကို သိကြောင်း ၂ မျိုး

၁။ ကိလေသာ အစဉ်အားဖြင့်လည်းကောင်း၊
၂။ မဂ်အစဉ် အားဖြင့်လည်းကောင်း (နီဝရဏပယ်ခြင်းကို သိအပ်၏) ။ (သုတ္တနိ၊ဋ္ဌ၊၁၊၂၃။)♦

နေ၏ အင်္ဂါ ၇ ပါး

၁။ နေသည် အလုံးစုံသော ရေကို ခန်းခြောက်စေခြင်း (ထို့အတူ ယောဂီ ပုဂ္ဂိုလ်သည် အလုံးစုံသော ကိလေသာတို့ကို အကြွင်းမဲ့ ခန်းခြောက်စေခြင်း)၊
၂။ နေသည် အမိုက်မှောင်ကို ပယ်ဖျောက်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် အလုံးစုံသော ရာဂဒေါသ စသော ကိလေသာအမိုက်မှောင် ဒုစရိုက်အမိုက်မှောင်ကို မှုတ်လွှင့်ပယ်ဖျောက်ခြင်း)၊
၃။ နေသည် အမြဲမပြတ် လှည့်လည်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် အမြဲမပြတ် သင့်လျော်သောအားဖြင့် နှလုံးသွင်းမှု ယောနိသောမနသိကာရကို ပြုရခြင်း)၊
၄။ နေသည် ရောင်ခြည်ပန်းကုံးရှိခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် (ကမ္မဋ္ဌာန်း) အာရုံပန်းကုံး ရှိခြင်း)၊
၅။ နေသည် လူအပေါင်းကို ကောင်းစွာ နွေးထွေးစေလျက် လှည့်လည်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် အကျင့်သီလ ဝတ်ကြီးဝတ်ငယ် စသည်တို့ဖြင့်လည်းကောင်း ဈာန် ဝိမောက္ခ သမာဓိ သမာပတ္တိ ဣန္ဒြေ ဗိုလ် ဗောဇ္ဈင် စသည်တို့ုဖြင့်လည်းကောင်း နတ်နှင့် တကွသော လူအပေါင်းကို ကောင်းစွာ နွေးထွေး စေခြင်း)၊
၆။ နေသည် ရာဟုအသူရိန်ဘေးမှ ကြောက်ရွံ့သည် ဖြစ်၍ လှည့်လည်ခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ဒုစရိုက်ကွန်ရက် ဒုဂ္ဂတိကွန်ရက် ကိလေသာကွန်ရက် စသည်တို့ဖြင့် ဖွဲ့ယှက် အပ်ကုန်သော ခြောက်ဆယ့် နှစ်ပါးသော မိစ္ဆာဒိဋ္ဌိ သံခမောက် ဆောင်းအုပ်လျက် လမ်းလွဲ လမ်းမှားသို့ သွားကုန်သော သတ္တဝါတို့ကို မြင်၍ ကြီးစွာသော ထိတ်လန့်ခြင်းဘေးဖြင့် စိတ်ကို ထိတ်လန့်စေလျက် တရားကျင့်ရခြင်း)၊
၇။ နေသည် အကောင်း အဆိုးတို့ကို မြင်စေခြင်း ပြခြင်း (ထို့အတူ ယောဂီပုဂ္ဂိုလ်သည် ဣန္ဒြေ ဖိုလ် ဗောဇ္ဈင် သတိပဋ္ဌာန် သမ္မပ္ပဓာန် ဣဒ္ဓိပါဒ်ဖြစ်သော လောကီ လောကုတ္တရာတရားတို့ကို ပြခြင်း) ။ (မိလိန္ဒ၊၃၇၂။) (မိလိန္ဒ၊မြန်။၃၉၅။)♦

နေ့၏ အစွမ်းဖြင့် ဥပုသ် ၃ မျိုး

၁။ လကွယ် တစ်ဆယ့်လေးရက် စာတုဒ္ဒသီဥပုသ်၊
၂။ လပြည့် လကွယ် တစ်ဆယ့်ငါးရက် ပန္နရသီဥပုသ်၊
၃။ သံဃာညီညွတ်သော အခါ ပြုရသော ဥပုသ် သာမဂ္ဂီဥပုသ်။ (သာရတ္ထ၊ဋီ၊၃၊၂၇၇။)♦

နေက္ခမ္မ တရား ၅ ပါး

၁။ ရှင်ရဟန်းအဖြစ်ကို ရရှိခြင်း၊
၂။ ဥပစာရဈာန်နှင့်တကွ အပ္ပနာပဌမဈာန်၊
၃။ နိဗ္ဗာန်၊
၄။ ဝိပဿနာတရား၊
၅။ အလုံးစုံသော ကုသိုလ်တရား။ (ဣတိဝုတ်၊ဋ္ဌ၊၃၃၀။) (အံ၊ဋီ၊၂၊၄၆။) (ဝိသုဒ္ဓိ၊ဋီ၊၁၊၁၄၅။)♦

နေခြင်း ၃ ပါး

၁။ သမာပတ် (၈) ပါး ချမ်းသာကို ခံစား၍ နေခြင်း၊၂။ ဗြဟ္မဝိဟာရတရားဖြင့် နေခြင်း၊၃။မြတ်သော ဖလသမာပတ်ချမ်းသာကို ခံစား၍ နေခြင်း။ (ဒီ၊၃၊၁၈၄။) (ဒီ၊မြန်၊၃။၂၀၅။)♦

နေခြင်း ၄ ပါး

၁။ ဣရိယာပထဝိဟာရ- အိပ်၍လည်းကောင်း, ထိုင်၍လည်းကောင်း, ရပ်၍ လည်းကောင်း သွား၍လည်းကောင်း နေခြင်း၊
၂။ ဒိဗ္ဗဝိဟာရ- ဈာန်ဝင်စား၍ နေခြင်း၊
၃။ ဗြဟ္မဝိဟာရ- မေတ္တာ စသည်ကို ပွားများ၍ နေခြင်း၊
၄။ အရိယဝိဟာရ- ဖလသမာပတ် ဝင်စား၍ နေခြင်း။ (ဝိ၊ဋ္ဌ၊၁၊၈၁။)♦

နေတ္တိ ၃၃ ပါး

၁။ အတ္ထနယ ၃ ပါး၊
၂။ အတ္ထပဒ ၆ ပါး၊
၃။ ဟာရ ၁၆ ပါး၊
၄။ ဗျဉ္ဇနပဒ ၆ ပါး၊
၅။ ဒိသာလောစနနယ၊
၆။ အင်္ကုသနယ၊ ပေါင်း ၃၃ ပါး။ (နေတ္တိ၊ဝိဘာ၊၄၈။)♦

နေတ္တိကျမ်း ၃ မျိုး (ကျမ်းအပိုင်းအခြားအားဖြင့် နေတ္တိကျမ်း ၃ မျိုး)

၁။ ဟာရဝိစာရ၊
၂။ နယဝိစာရ၊
၃။ ပဋ္ဌာနဝိစာရ။ (နေတ္တိ၊ဋ္ဌ၊၂။)♦

နေတ္တိကျမ်း၌ ဝါရ ၂ ပါး

၁။ သင်္ဂဟဝါရ၊
၂။ ဝိဘာဂဝါရ။ (နေတ္တိ၊ဋ္ဌ၊၂။)♦

နေထိုင်ခြင်း ၂ မျိုး

၁။ သူယုတ်တို့၏ အတူတကွ နေထိုင်ခြင်း၊
၂။ သူတော်ကောင်းတို့၏ အတူတကွ နေထိုင်ခြင်း။ (အံ၊၁၊၇၇။) (အံ၊မြန်၊၁။၉၁။)♦

နေထိုင်ခြင်း ၄ မျိုး

၁။ ရပ်ခြင်း ထိုင်ခြင်း စသော ဣရိယာပုတ်ဖြင့် နေခြင်း- ဣရိယာပထ ဝိဟာရ၊
၂။ နတ်တို့နေခြင်းကဲ့သို့ အဘိညာဉ် ဝင်စား၍ နေခြင်း- ဒိဗ္ဗဝိဟာရ၊
၃။ မေတ္တာဈာန် စသည်ကို ဝင်စား၍ ဗြဟ္မာတို့၏ မြတ်သော နေခြင်း- ဗြဟ္မဝိဟာရ၊
၄။ ဖလသမာပတ် ဝင်စားခြင်းဖြင့် မြတ်သော အရိယာတို့၏ နေခြင်း- အရိယဝိဟာရ။ (သာရတ္ထ၊ဋီ၊၁၊၂၀၃။)♦

နေမင်း၏ အနာရောဂါ ၄ မျိုး

၁။ တိမ်တိုက်၊
၂။ ဆီးနှင်း၊
၃။ မိုး၊
၄။ ရာဟု အသူရိန်။ (မိလိန္ဒ၊၂၆၅။) (မိလိန္ဒ၊မြန်။၂၈၄။)♦

နေမြင့်မှ ထမင်းချက်သော အိမ်၌ အပြစ် ၅ ပါး

၁။ ခရီးသွား ဧည့်သည်တို့အား အခါအား လျော်စွာ မပူဇော်ရခြင်း၊
၂။ ဗလိနတ်စာကို ခံယူကုန်သော နတ်တို့အား အခါအားလျော်စွာ မပူဇော်ရခြင်း၊
၃။ နေလွဲညစာ စားခြင်းမှ ရှောင်ကြဉ်ကုန်သော သမဏဗြာဟ္မဏတို့အား အခါအားလျော်စွာ မပူဇော်ရခြင်း၊
၄။ ကျွန်အမှုလုပ် ယောကျ်ားတို့သည် မျက်နှာ မသာမယာဘဲ အလုပ်ကို လုပ်ရခြင်း၊
၅။ အခါမဲ့၌ စားသမျှ ထမင်းသည် ဩဇာမရှိခြင်း။ (အံ၊၂၊၂၂၇။) (အံ၊မြန်၊၂။၂၈၈။)♦

နေယျ ၃ မျိုး

၁။ မဂ္ဂသစ္စာ- အရိယာမဂ်ဟူသော အမှန်တရား၊
၂။ သီလက္ခန္ဓ- သီလအစုဟူသော ဂုဏ်ကျေးဇူး၊
၃။ ပညာက္ခန္ဓ- ပညာဟူသော ဂုဏ်ကျေးဇူး။ (ပေဋကော၊၂၀၃။)♦

နေယျပထ ၅ မျိုး

၁။ သင်္ခါရ- ပြုပြင်စီရင်ခြင်း၊
၂။ ဝိကာရ- ဖောက်ပြန်ပျက်စီးခြင်း၊
၃။ လက္ခဏ-အနိစ္စစသော သဘောလက္ခဏာ၊
၄။ နိဗ္ဗာန်-ကိလေသာငြိမ်းအေးခြင်း၊
၅။ ပညတ် အပြားအားဖြင့် ဟောပြသိမှတ်စေအပ်သော တရား။ (မဟာနိ၊ဋ္ဌ၊၃၄၀။)♦

နေယျပုဂ္ဂိုလ် ၂ မျိုး

၁။ ထက်သော ဣန္ဒြေရှိသော တိက္ခိန္ဒြိယ နေယျပုဂ္ဂိုလ်၊
၂။ နုံ့သော ဣန္ဒြေ ရှိသော မုဒိန္ဒြိယနေယျပုဂ္ဂိုလ်။ (ပေဋကော၊၁၈၈။)♦

နေရာ ပေးလှူရကျိုး ၁၃ ပါး

၁။ တာဝတိံသာနတ်ပြည်၌ အမြင့် ယူဇနာ ခြောက်ဆယ်, အကျယ် ယူဇနာသုံးဆယ်ရှိသော ဘုံဗိမာန်ကို ရရှိခြင်း၊
၂။ ရွှေ, ပတ္တမြား, ဖန်, ကျောက်နီဖြင့် ပြီးသော ပလ္လင်တို့ကို ရရှိခြင်း၊
၃။ လဲမွေ့ရာအခင်း, သားမွေးအခင်း ပိုးချည်အခင်း စသော အခင်း တို့ကို ရရှိခြင်း၊
၄။ သွားလိုရာအရပ်သို့ ပလ္လင်မြတ်နှင့်တကွ ပျော်မြူးပြုံးရွှင်စွာ သွားရခြင်း၊
၅။ ရှစ်ကျိပ်သော နတ်မင်းကြီးတို့၏ လည်းကောင်း, ခုနစ်ကျိပ်သော စကြာမင်းတို့၏ လည်းကောင်း, မိဖုရားအဖြစ်ကို ရခဲ့ခြင်း၊
၆။ ဘဝများစွာ သံသရာ၌ များမြတ်သော စည်းစိမ် ဥစ္စာတို့ကို ရရှိပြီးနောက် ပစ္စည်းဥစ္စာများ ဆုတ်ယုတ်မှု မရှိခြင်း၊
၇။ လူ့ဘဝနှင့် နတ်ဘဝ ဟူသော ဘဝနှစ်မျိုး၌သာ ကျင်လည်ရခြင်း၊
၈။ လူ့ဘဝ၌ ဖြစ်သောအခါ မင်းမျိုးနှင့် ပုဏ္ဏားမျိုး တို့၌သာ ဖြစ်ရခြင်း၊
၉။ စိတ်ဆင်းရဲခြင်းနှင့် အဆင်းမလှခြင်းကို မသိခဲ့ရခြင်း၊
၁၀။ အစေအပါး အလုပ်အကျွေး အထိန်းတော်တို့ များပြားခြင်း၊
၁၁။ ရေချိုးပေးခြင်း, နံ့သာ လိမ်းပေးခြင်း စသည်ဖြင့် အခါခပ်သိမ်း ပျော်မွေ့စေခြင်း၊
၁၂။ နေရာ ပေးလှူသည့် အချိန်မှစ၍ ကမ္ဘာတစ်သိန်း တိုင်တိုင် ဒုဂ္ဂတိဘဝသို့ မလားမရောက်ခဲ့ရခြင်း၊
၁၃။ နောက်ဆုံးဘဝ၌ ကိလေသာကုန်ခန်း ရဟန္တာ ဖြစ်ခြင်း။ (အပ၊၂၊၂၀၂။) (အပ၊မြန်၊၂။၁၉၃။)♦

နေဝ ဟောတိ န နဟောတိ တထာဂတောဒိဋ္ဌိကို ဖြစ်စေသော တရား ၅ ပါး

၁။ ရုပ်ကို အမှား နှလုံးသွင်းသောကြောင့် သတ္တဝါသည် သေပြီးသည့်နောက်၌ ဖြစ်သည်လည်းမဟုတ် မဖြစ်သည်လည်း မဟုတ် ဟူသော (နေဝ ဟောတိ န န ဟောတိ) ဒိဋ္ဌိ ဖြစ်၏၊
၂။ ဝေဒနာကို အမှား နှလုံးသွင်းသောကြောင့် သတ္တဝါသည် သေပြီးသည့်နောက်၌ ဖြစ်သည်လည်းမဟုတ် မဖြစ်သည်လည်း မဟုတ်ဟူသော (နေဝ ဟောတိ န န ဟောတိ) ဒိဋ္ဌိ ဖြစ်၏၊
၃။ သညာကို အမှား နှလုံးသွင်းသောကြောင့် သတ္တဝါသည် သေပြီးသည့်နောက်၌ ဖြစ်သည်လည်းမဟုတ် မဖြစ်သည်လည်း မဟုတ်ဟူသော (နေဝ ဟောတိ န န ဟောတိ) ဒိဋ္ဌိ ဖြစ်၏၊
၄။ သင်္ခါရကို အမှားနှလုံးသွင်းသောကြောင့် သတ္တဝါသည် သေပြီးသည့်နောက်၌ ဖြစ်သည်လည်းမဟုတ် မဖြစ်သည်လည်း မဟုတ်ဟူသော (နေဝ ဟောတိ န န ဟောတိ) ဒိဋ္ဌိ ဖြစ်၏၊
၅။ ဝိညာဏ်ကို အမှားနှလုံးသွင်းသောကြောင့် သတ္တဝါသည် သေပြီးသည့်နောက်၌ ဖြစ်သည်လည်းမဟုတ် မဖြစ်သည်လည်း မဟုတ်ဟူသော (နေဝ ဟောတိ န န ဟောတိ) ဒိဋ္ဌိ ဖြစ်၏။ (သံ၊၂၊၁၇၇။(သံ၊မြန်၊၂။၁၆၉။)♦

နေဝသညီနာသညီဝါဒ ၈ ပါး

၁။ အတ္တသည် ရုပ်ရှိ၏၊ သေပြီးနောက် ပျက်စီးခြင်း မရှိ၊ ထိုအတ္တကို သညာရှိသည်လည်း မဟုတ်၊ သညာမရှိသည်လည်း မဟုတ်ဟု ပညတ်ခြင်း၊
၂။ အတ္တသည် ရုပ်မရှိ၊ သေပြီးနောက် ပျက်စီးခြင်း မရှိ၊ ထိုအတ္တကို သညာရှိသည်လည်း မဟုတ် သညာ မရှိသည်လည်းမဟုတ်ဟု ပညတ်ခြင်း၊
၃။ အတ္တသည် ရုပ်လည်း ရှိ၏၊ ရုပ်လည်း မရှိ၊ သေပြီးနောက် ပျက်စီးခြင်း မရှိ၊ ထိုအတ္တကို သညာရှိသည်လည်း မဟုတ် သညာ မရှိ သည်လည်း မဟုတ်ဟု ပညတ်ခြင်း၊
၄။ အတ္တသည် ရုပ်ရှိသည်လည်းမဟုတ်၊ ရုပ်မရှိ သည်လည်း မဟုတ်၊ သေပြီးနောက် ပျက်စီးခြင်း မရှိ၊ ထိုအတ္တကို သညာရှိသည်လည်း မဟုတ် သညာမရှိသည်လည်း မဟုတ်ဟု ပညတ်ခြင်း၊
၅။ အတ္တသည် အဆုံးရှိ၏၊ သေပြီးနောက် ပျက်စီးခြင်း မရှိ၊ ထိုအတ္တကို သညာရှိသည်လည်း မဟုတ်၊ သညာမရှိသည်လည်းမဟုတ်ဟု ပညတ်ခြင်း၊
၆။ အတ္တသည် အဆုံးမရှိ၊ သေပြီးနောက် ပျက်စီးခြင်း မရှိ၊ ထိုအတ္တကို သညာရှိ သည်လည်း မဟုတ်၊ သညာမရှိသည်လည်း မဟုတ်၊ ပညတ်ခြင်း၊
၇။ အတ္တသည် အဆုံးလည်း ရှိ၏၊ အဆုံးလည်း မရှိ၊ သေပြီးနောက် ပျက်စီးခြင်း မရှိ၊ ထိုအတ္တကို သညာရှိသည်လည်း မဟုတ်ဟု သညာမရှိသည်လည်း မဟုတ်ဟု ပညတ်ခြင်း၊
၈။ အတ္တသည် အဆုံးရှိသည်လည်း မဟုတ်၊ အဆုံးမရှိသည်လည်းမဟုတ်၊ သေပြီးနောက် ပျက်စီးခြင်း မရှိ၊ ထိုအတ္တကို သညာ ရှိသည်လည်းမဟုတ် သညာမရှိသည်လည်း မဟုတ်ဟု ပညတ်ခြင်း။ (ဒီ၊၁၊၃၀။) (အဘိ၊ဝိ၊၄၀၃။) (ဒီ၊မြန်၊၁။၃၅။) (အဘိ၊ဝိ၊မြန်၊၂။၅၁၀။)♦

နောက်လိုက်ရဟန်းအဖြစ် ခေါ်ထိုက်ကြောင်းတရား ၅ ပါး

၁။ မဝေးလွန်းမနီးလွန်း လိုက်တတ်ခြင်း၊ ၂။(ဆရာ၏) ဆွမ်းပြည့် သပိတ်ကို လဲလှယ်၍လည်း ယူတတ်ခြင်း၊
၃။ အာပတ်အနီး၌ ဆရာ စကားပြောဆိုသော် တားမြစ်တတ်ခြင်း၊
၄။ ဆရာစကား ပြောဆိုသော် ကြားဝင်၍ မပြော တတ်ခြင်း၊
၅။ ပညာရှိလျက် မမိုက်မဲ မဆွံ့အခြင်း။ (အံ၊၂၊၁၂၁။) (အံ၊မြန်၊၂။၁၄၈။)♦

နောက်အဖို့ကို ကြံဆစွဲယူသော အချို့ရဟန်းပုဏ္ဏားတို့၏ မိစ္ဆာအယူပြ စကားအကျဉ်း ၅ မျိုး

၁။ အတ္တသည် သညာရှိ၏၊ သေပြီးနောက်၌လည်း မပျက်စီးဟူသော အယူဝါဒ၊
၂။ အတ္တသည် သညာ မရှိ၊ သေပြီးနောက်၌လည်း မပျက်စီးဟူသော အယူဝါဒ၊
၃။ အတ္တသည် သညာ ရှိသည်လည်း မဟုတ်၊ သညာ မရှိသည်လည်း မဟုတ်၊ သေပြီးနောက်၌လည်း မပျက်စီး ဟူသော အယူဝါဒ၊
၄။ ထင်ရှားရှိသော သတ္တဝါ၏ ပျက်စီးခြင်း ဘဝကင်းခြင်း ဟူသော အယူဝါဒ၊
၅။ မျက်မှောက်ဘဝ၌ ဆင်းရဲငြိမ်းခြင်းဟူသော ဒိဋ္ဌဓမ္မနိဗ္ဗာနဝါဒ။ (မ၊၃၊၁၈။) (မ၊မြန်၊၃။၁၉။)♦

နောင်တရကြောင်း ၁၀ ပါး

၁။ ငယ်ရွယ်စဉ် ရှေးအခါ၌ ဥစ္စာကို ရှာဖွေစုဆောင်းမှု မပြုခြင်း၊
၂။ ငယ်ရွယ်စဉ်အခါ၌ အသက်မွေးဝမ်းကြောင်း အတတ်ကို မသင်ထားခြင်း၊
၃။ ရှေးအခါ၌ ကောက်ကျစ်မှု, ကုန်းချောစကားပြောဆိုမှု, ကြမ်းကြုတ်မှု, လာဘ်စားမှု, ရုန့်ရင်းစကား ပြောဆိုမှုကို ပြုမိခြင်း၊
၄။ ရှေးအခါ၌ သူ့အသက်သတ်မှုကို ပြုမိခြင်း၊
၅။ ရှေးအခါ၌ သူတစ်ပါး မယား၌ ပြစ်မှားမှု ပြုမိခြင်း၊
၆။ ရှေးအခါ၌ စားဖွယ်သောက်ဖွယ် များစွာရှိလျက် အလှူဒါန မပြုမိခြင်း၊
၇။ ရှေးအခါ၌ မိမိတတ်နိုင်ပါလျက် အိုမင်းသော မိဘကို မလုပ်ကျွေးမိခြင်း၊
၈။ သွန်သင်ဆုံးမတတ်သော ဆရာလည်းဖြစ်သော, အလိုရှိဖွယ် ပစ္စည်းဝတ္ထုတို့ကိုလည်း ယူဆောင်ပေးတတ်သော ဖခင်၏ ဆုံးမစကားကို နားမထောင်မိခြင်း၊
၉။ သီလရှိ, အကြားအမြင် များကုန်သော ရဟန်းပုဏ္ဏားတို့သို့ ဆည်းကပ်၍ မလုပ်ကျွေးမိခြင်း၊
၁၀။ ရှေးအခါ၌ သုစရိုက် သုံးပါး ကိုယ်ကျင့်သီလတရားကို မကျင့်မိခြင်း။ (ဇာတက၊၁၊၂၄၇။) (ဇာ၊ဋ္ဌ၊၄၊၁၇၈။)♦