မာတိကာသို့ ခုန်သွားရန်

ဗုဒ္ဓဓမ္မအနှစ်ချုပ်

ဝီကီရင်းမြစ် မှ
5973ဗုဒ္ဓဓမ္မအနှစ်ချုပ် — အရှင်ကေလာသ

ဗုဒ္ဓဓမ္မအနှစ်ချုပ်

မာတိကာ

အရှင်ကေလာသ
(နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ ရန်ကုန်)
မြန်မာပြန်သည်

Buddhism in a Nutshell
by Narada Thera

မာတိကာ စာမျက်နှာ

ဘာသာပြန်သူ၏နှုတ်ခွန်းဆက် ၃

ကျမ်းပြုသူ အရှင်နာရဒမထေရ် ၅

ဘာသာပြန်သူ ၇

အခန်း ၁
မြတ်ဗုဒ္ဓ

အခန်း ၂
မြတ်ဓမ္မ

အခန်း ၃
ဗုဒ္ဓဝါဒသည် ဖန်းဆင်းရှင် ထာဝရဘုရားသခင် ဗဟိုပြု ဘာသာတရားလော

အခန်း ၄
ဗုဒ္ဓဝါဒသည် ကိုယ်ကျင့်တရားရေးရာ စနစ်တစ်ခုလော ၁၉

အခန်း ၅
ဗုဒ္ဓဝါဒ၏ ထင်ရှားသော သွင်ပြင်များ ၂၁

အခန်း ၆
ကမ္မ သို့မဟုတ် ကိုယ်ကျင့်တရား ကြောင်းကျိုးနိယာမ ၂၆

အခန်း ၇
တမလွန်ဘဝ ၃၁

အခန်း ၉
အနတ္တ သို့မဟုတ် ဝိညာဉ်ကောင်မရှိ ၃၆

အခန်း ၁၀
နိဗ္ဗာန် ၃၉

အခန်း ၁၁
နိဗ္ဗာန်သို့ ရောက်ကြောင်းလမ်းစဉ် ၄၁

အက္ခရာစဉ်မာတိကာ

ဘာသာပြန်သူ၏ နှုတ်ခွန်းဆက်

လွန်ခဲ့သော ၂၇ နှစ်ခန့်က ရန်ကုန်-လပွတ္တာ ဧရာဝတီသင်္ဘောပေါ်တွင် အသက် ၄၀ အရွယ် ဗုဒ္ဓဘာသာမဟုတ်သူ မြန်မာလူမျိုး ဒကာတစ်ယောက်နှင့် အချေအတင် ပြောခဲ့ဖူးသည်ကို ယနေ့တိုင် အမှတ်ရနေ၏၊ ထိုဒကာမှာ ဘာသာ တရားအကြောင်း ဆွေးနွေချင် သို့မဟုတ် မိမိတို့ဘာသာတရားက သာလွန်ကောင်းမွန်ကြောင်း ထောက်ပြချင် ထို ထက် ပိုမိုစွာဆိုရမူ ခပ်ရိုးရိုး ခပ်စုတ်စုတ် ဦးပဉ္စင်းငယ်ကို ‘ဆွယ်’ချင်ပုံရသည်။ ထိုစဉ်က ရဟန်းဖြစ်ခါစ ရဟန်းဝါမရ သေး၊ သို့သော် ‘ဓမ္မာစရိယဘွဲ့’ ရပြီးဖြစ်၍ ပရိယတ္တိအခြေအနေအရ အညံ့ကြီး မဆိုသာချေ။ ထိုဒကာမှာ အင်္ဂလိပ် စကားလုံးများ ညှပ်၍ညှပ်၍ ပြောတတ်သည်ကို သတိပြုမိ၏၊ ပြောခဲ့သည်များမှ တစ်ချို့ကို မှတ်မိနေသေး၏၊ ‘ဂေါတမမြတ်စွာဘုရားက လူတွေကို ဘာလုပ်ပေးနိုင်လို့လဲ၊ သေပြီပဲဥစ္စာ’။ ထိုအခါ ပဉ္စင်းငယ်က (သိလို၍ မေးမြန်းခြင်းမဟုတ်ဘဲ အပြစ်ပြလို၍ မေးမြန်းခြင်းဟု ယူဆပြီး ) ‘ဦးပဉ္စင်းလဲ ကောင်းကင်မှာ မိုးတိမ်ပဲတွေ့တယ်၊ ခင်းဗျားပြောတဲ့ ထာဝရဘုရားဆိုတာကို လုံးဝမတွေ့ဘူး၊ ခင်ဗျားကော တွေ့ဖူးလား’ဟု ပြန်’ပက်’၏၊ ဒကာက ‘အသက်မရှိတဲ့ ရုပ်တုဆင်းတုကို ရှိခိုးဦးချနေတာကကော’ဟု တွန့်၏၊ ပဉ္စင်းငယ်က ‘ဘာမှမရှိတဲ့ ကောင်းကင်ပြင်ကို မော့ကြည့်ပြီး လက်ဝါးဖြန့် တောင်းခံတာကကော၊ မြင်နေရတဲ့ ရုပ်တုဆင်းတုတွေကမှ လှုပ်ချင် လှုပ်လာဦးမယ်’ဟု ပြန်’နှက်’၏၊ ဒကာက ‘ဗုဒ္ဓဘာသာဆိုတာ ဘာလဲ၊ ပြောစမ်းပါအုံး’ဟု ငေါ့မေးသည်။ ‘သီလံ နာမ ဗုဒ္ဓသာသနဿ အာယု’ ပါဠိစာပိုဒ်ကို ရွတ်ပြီး တတ်စွမ်းသမျှ ပြန်’ချေ’သည်။ သို့တစေ စတင်မေးမြန်းလာသူ ဒကာ၏ ဟန်ပန်အနေ အထားအရ မိမိကို ‘စမ်း’နေသည်ထင်၍ လူငယ်ဘာဝ မခံချင်စိတ်ဖြင့်သာ ပြောရသည်၊ ဟန်ကျပန်ကျ ချက်ပိုင် အောင် မရှင်းပြနိုင်ဘဲ တစ်ခုခုလိုနေသည်ဟု မိမိကိုယ်ကို ခံစားမိခဲ့သည်။

(ဝန်ခံချက်။။ နှစ်ယောက်လုံး အပြုံးမပျက် ပြောဆိုကြခြင်း ဖြစ်ကြောင်းနှင့် ရိုးဖြောင့်ပွင့်လင်းပုံရသည့် ထို ဒကာကပင် နေရာအခက်အခဲဖြစ်နေသည့် ပဉ္စင်းငယ်အား နေရာဖယ်ပေးသည်ကို အမှတ်ရနေပါသည်။) ယနေ့ အနောက်တိုင်းသားတို့နှင့် တွေ့သောအခါလည်း အလာတူမေးခွန်းများကိုပင် မေးကြသည်ကို တွေ့ရ၏၊ သို့ဖြစ်၍ ထိုမေးခွန်းများကို ပိုင်ပိုင်နိုင်နိုင် ဖြေနိုင်အောင် စာအုပ်စာတမ်းများ ရှာဖွေလေ့လာဖတ်ရှု၍ ပြင်ဆင်ထားရ သည်။ ယင်းသို့ ပြင်ဆင်ရင်း ငယ်စဉ်က မိမိ၌လိုအပ်နေခဲ့သည်များကို သိမြင်လာသည်။ ထိုအချိန်က မိမိတို့မှာ ငယ်၊ လတ်၊ ကြီး၊ ဓမ္မာစရိယ စာသင်သားဘဝတစ်လျှောက်လုံး ယင်းသို့သော အကြောင်းအရာများကို ပြောဆိုဆွေးနွေး သည့် အလေ့အကျင့် နည်းပါးခဲ့ခြင်း၊ သူတစ်ပါး ဘာသာတရားအကြောင်း ဗဟုသုတခေါင်းပါးခြင်း၊ ကမ္ဘာ့စာပေနှင့် အလှမ်းဝေးခြင်းစသည်တို့မှာ အဓိကအကြောင်းတရားများဖြစ်မည်ဟု ယူဆသည်။ ယနေ့ခေတ်တွင်မူ နိုင်ငံတော် အဆင့် ပရိယတ္တိတက္ကသိုလ်ကြီးများ၌ ဘာသာသန္တရ (ပါဠိနှင့် မြန်မာစာမှတစ်ပါးသော ဘာသာစကားများ)နှင့် ဘာ သာတရားများ နှိုင်းယှဉ်လေ့လာမှုတို့ကို သင်ကြားပို့ချနေသဖြင့် အလွန်နှစ်လို အားရဖွယ်ကောင်း၏၊

‘ဗုဒ္ဓဘာသာဆိုတာ ဘာလဲ’ဟု ဗုဒ္ဓဝါဒီမဟုတ်သူ တစ်ယောက်က မေးသော် မည်သည့်အချက်ကို အဓိကထားပြီး ဒါကို ဗုဒ္ဓဘာသာဟုခေါ်သည်ဟု တစ်ချက်တည်းပြတ်အောင် ဖြေဆိုမည်နည်း။ သီလသမာဓိပညာဟု ဖြေမည် လား သို့တည်းမဟုတ် ‘ဗုဒ္ဓဘုရားရှင် ဟောတာဟာ ဗုဒ္ဓဘာသာပဲပေါ့’ ခပ်လွယ်လွယ် ဖြေမည်လား။ မဂ္ဂင်ရှစ်ပါး သစ္စာ လေးပါးကိုပင် ပြောမည်လား။ ပြင်ဆင်မထားလျှင် လွယ်မယောင်နှင့် အလွန်ဖြေရခက်သော မေးခွန်း ဖြစ်ပါသည်။ ထို့ထက် ဒလိုင်းလားမား ဗုဒ္ဓဘာသာလား၊ တရုတ်လား၊ စျင်လား၊ မြန်မာဗုဒ္ဓဘာသာလား၊ ယိုးဒယားလား၊ သီဟိုဠ် လား၊ ဘာဗုဒ္ဓဘာသာလဲဟု မေးလာသော် ပို၍ပင် အလှမ်းဝေးသွားသည်။

မြတ်ဗုဒ္ဓ၏အဆုံးအမကို ဗုဒ္ဓသာသနာ သို့မဟုတ် ဗုဒ္ဓဘာသာဟုခေါ်သည်။ ထို့ထက် အနည်းငယ် ပိုမိုဖွင့်ဆိုလျှင် အနည်းဆုံး ဗုဒ္ဓအကြောင်းပါရမည်။ ဗုဒ္ဓအကြောင်းကို ပြောရာ၌ ယုတ္တိနည်းကျ ဗုဒ္ဓဝါဒီ မဟုတ်သူတစ်ယောက် မငြင်းနိုင်သည့် အရေးကြီးအချက်များကို ဖော်ပြရမည်။ ယင်းနောက် အရေးပါသည့် ဓမ္မပိုင်းကို ဆွေးနွေးရမည်။ ကံနှင့် ဘဝသံသရာပဋိစ္စသမုပ္ပါဒ်နိဗ္ဗာန်နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် စသည်တို့မှာ ဗုဒ္ဓဝါဒ၌ မပြောမပြီး အရေး ကြီးသည့် အချက်များဖြစ်သည်။ ဓမ္မပိုင်းကို ဆွေးနွေးရာတွင် လက်တွေ့ မဂ္ဂင်ရှစ်ပါးကျင့်စဉ်နှင့် ပစ္စုပ္ပန်ကံအကြောင်း ကို အသားပေး ဆွေးနွေးသင့်ပြီး ယုံကြည်မှုအပေါ်တွင် အတော်အတန် အမှီသဟဲပြုသည့် ကံတမလွန်ဘဝနှင့် ဘဝသံသရာနိဗ္ဗာန်အကြောင်းတို့ကိုမူ ဆွေးနွေးခံပုဂ္ဂိုလ်၏ ပုဂ္ဂလဇ္ဈာသယ အခြေအနေကို ကြည့်၍ တင်ပြသင့်ပါ သည်။ အမှန်စင်စစ် တိုတောင်းသည့် မိနစ်သုံးဆယ် တစ်နာရီအချိန်အတွင်း ယင်းတို့ကို ငုံမိအောင် ဖြေဆိုရန်မှာ မလွယ်ကူပါချေ။ သို့တစေ ဖော်ပြပါအကြောင်းအရာများကို နှစ်နာရီသုံးနာရီကြာ ထိုင်နား ထောင်မည့် အခြေအနေ ကလည်း မဖြစ်နိုင်သည့်အတွက် ရသည့်အချိန်အတွင်း လိုရင်းကွက်တိ အနှစ်ချုပ်မိအောင် ပြောပြနိုင်ဖို့ ကြိုးစား ရန်မှလွဲ၍ အခြားနည်းလမ်း မရှိချေ။

ယင်းသို့ နည်းလမ်းရှာဖွေလေ့လာစဉ် သီဟိုဠ်ဆရာတော် အရှင်နာရဒမထေရ်ရေးသည့် ကျမ်းစာများကို ရှာဖွေ ဖတ်ရှုမိသည်။ ယင်းတို့အနက် 'Buddhism in a Nutshell' မှာ တိုတိုကျဉ်းကျဉ်းနှင့် လိုရင်းကိုမိသော ကျမ်းစာဖြစ်သည်။ ကျမ်းပြုသူသည် အနောက်တိုင်းဒဿနနှင့် အနောက်တိုင်းဘာသာတရားကိုလည်း နှံ့စပ်သဖြင့် ယင်းတို့နှင့် နှိုင်းယှဉ် ဖော်ပြချက်များမှာ ယုတ္တိနည်းကျပြီး အလွန်ထိမိသည်။ အရေးအသား ခန့်ထည်သလောက် စကားလုံးဝေါဟာရများ အားကောင်းပြီး ဆွဲဆောင်မှုရှိသည်။ ‘ဗုဒ္ဓဘာသာဆိုတာ ဘာလဲ’ ဟူသော မေးခွန်းအတွက် သင့်မြတ်သော အချက် အလက်များစွာကို ပေးစွမ်းနိုင်သည်မှာ သေချာပါသည်။ သို့ဖြစ်၍ ယင်းကျမ်းကို မြန်မာနိုင်ငံ သာသနာရေးဦးစီး ဌာနမှ လွန်ခဲ့သော နှစ် ၂၀ ကျော်ကပင် ပုံနှိပ်ထုတ်ဝေထားပြီး ဖြစ်သည်။ မြန်မာပညာရှင်အချို့လည်း ကဏ္ဍတစ်ခု ကိုဖြစ်စေ၊ တစ်အုပ်လုံးကိုဖြစ်စေ မြန်မာဘာသာဖြင့် ကြိုးစားထားပြီးဖြစ်မည်ဟု မျှော်လင့်ပါသည်။ သို့တစေ စာဖတ်သူများအနေဖြင့် မူရင်းအင်္ဂလိပ်ဘာသာနှင့် မြန်မာပြန်များကို တိုက်ဆိုင်ပြီး နှိုင်းယှဉ်ဖတ်ရှုပါက နားလည်မှုကို ပိုမို အထောက်အကူပြုမည်ဟု ယုံမှတ်ပါသည်။ ဤကျမ်းစာကို မြန်မာပြန်ရာ၌ ကံအကြောင်းနှင့် အနတ္တအကြောင်းကို မြန်မာဘာသာဖြင့် စဉ်စားရသည်မှာ အတော်အတန် ခက်ခဲမှုရှိခဲ့သည်။ ဝီထိအကြောင်း၊ ကံ အကြောင်း၊ ဘဝကူးပုံရုပ်ဗီဇအကြောင်းတို့ကို မြန်မာပြန်ဆိုရန်နိုင်ရန် ကျမ်းစာရှင်၏ အဘိဓမ္မတ္ထသင်္ဂဟကျမ်း အင်္ဂလိပ်ဘာသာပြန်ကိုပါ တိုက်ဆိုင် လေ့လာဖတ်ရှုခဲ့ရသည်။

ဤကျမ်းကို ဖတ်ရှုခြင်းဖြင့် မိရိုးဖလာဗုဒ္ဓဝါဒီတစ်ယောက်အဖို့ တောက်ထွန်းသည့် ဗုဒ္ဓဝါဒအတွေးအမြင်တစ်ရပ် လင်းလက်သွားနိုင်မည်ဟု မျှော်လင့်ပါသည်။ ဗုဒ္ဓဝါဒီမဟုတ်သူတစ်ယောက်နှင့် ကြုံဆုံခဲ့ပါကလည်း ထက်မြက်သည့် ဗုဒ္ဓဝါဒီတစ်ယောက်ပီပီ ‘အဘူတံ အဘူတတော နိဗ္ဗေဌေတဗ္ဗံ (= အမှားကို အမှားတည်းဟု ဖြေရှင်းရမည်)၊ ဘူတံ ဘူတတော ပဋိဇာနိတဗ္ဗံ (= အမှန်ကို အမှန်ပါဟု ဝန်ခံရမည်)’ ဟူသော ဗုဒ္ဓရှင်တော်မြတ်၏ ဩဝါဒတော်နှင့်အညီ မိမိ၏ ယုံကြည်မှုအကြောင်းကို တစ်ဖက်သားအား အချက်ပိုင်ပိုင် ပြောပြနိုင်မည်ဟု ယုံကြည်ပါသည်။

အရှင်ကေလာသ
၁၃၆၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက်။

ကျမ်းပြုအရှင်နာရဒမဟာထေရ် (၁၈၉၈-၁၉၈၃)

သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ ဝဇိရာရာမကျောင်းတိုက် နာယကဆရာတော် အရှင်နာရဒမဟာထေရ်သည် ပြည်တွင်း ပြည်ပ သာသနာပြုပုဂ္ဂိုလ်ကျော်ဖြစ်သည်။ အရှင်မြတ်အား သီရိလင်္ကာပြည်သူအများ ကြည်ညိုကြသကဲ့သို့ အနောက် တိုင်းသားများ လက်ခံနိုင်အောင် ကြောင်းကျိုးများထုတ်ပြပြီး အင်္ဂလိပ်ဘာသာဖြင့် စာပေအများအပြား ရေးသားခဲ့ခြင်း ကြောင့် အရှင်မြတ်အား ပြည်ပမှပုဂ္ဂိုလ်များလည်း လေးစားကြသည်။ အရေးကောင်းသကဲ့သို့ အဟောအပြောလည်း ကောင်းသူဖြစ်သည်။ ဝေါဟာရရွေးချယ်ပြီး စနစ်တကျ နှိုင်းယှဉ် ဟောပြောလေ့ရှိသည်။ အထူးသဖြင့် ဗုဒ္ဓအဘိဓမ္မာ ကို သင်ပြဟောကြားရာ၌ ကျော်ကြားသည်။

၁၈၉၈ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်တွင် ကိုလံဘိုမြို့၊ ရိုမန်ကက်သလစ်ဘာသာဝင်အများစု နေထိုင်ပြီး နာမည် ကျော် ကိုလံဘိုကသီဒရယ်ဘုရားရှိခိုးကျောင်း တည်ရှိသည့် ကောတဟေန(Kotahena)ရပ်ကွက်၌ အလယ်အလတ် လူတန်းစား မိဖနှစ်ပါးမှ မွေးဖွားသည်။ သို့ရာတွင် သီရိလင်္ကာ လူမျိုးအများစုက ၎င်းတို့၏ ကလေးငယ်များကို ခရစ် ယန်အမည်ပေးကြသည်ကို ဝေဖန်ကဲ့ရဲ့သူ သာသနာပြုပုဂ္ဂိုလ်ကျော် အနာဂါရိကဓမ္မပါလ၏ ဩဇာလွှမ်းမိုးမှုရှိသော ရပ်ကွက်လည်းဖြစ်သည်။ သို့ဖြစ်၍ပင် ဖခင် ကာလောနိသ ပေရေရ (Kalonis Perera) မိခင် ပါဘိလိန ဒေ သီလဝ(Pabilina de Silva)တို့က အရှင်မြတ်၏ ငယ်မည်ကို သုမနပါလ(Sumanapala) ဟုအမည်ပေးခဲ့ခြင်းဖြစ်သည်။ ငယ်စဉ်အခါ အထက်တန်းပညာကို ယင်းရပ်ကွက်ရှိ ခရစ်ယန်ဗဟုသုတတိုးမြှင့်ရေးအဖွဲ့ တစ်ခုက ဖွင့်လှစ်သည့် ကျောင်း၌ ပညာသင်ယူခဲ့ပြီး ယင်းနောက် တစ်ရပ်ကွက်တည်းရှိ စိန့်ဗင့်နက်ဒစ်ကောလိပ်သို့ ဝင်ရောက်သည်။ ယင်း ကောလိပ်၌ အခြားဘာသာရပ်များနှင့်အတူ ခရစ်ယန်ကျမ်းစာများကို သင်ယူရသည်။ ငယ်ဆရာများအနက် ကက် သလစ်ဘုန်းတော်ကြီး ဂျိမ်းစ် (၁၉၇၇ ကွယ်လွန်)သည် လူငယ်သုမနပါလ၏ တည်ငြိမ်မှုကို နှစ်သက်ပြီး ရိုမန်ကက် သလစ်ဘုန်းကြီးဖြစ်စေချင်ခဲ့ကြောင်း သိရသည်။ သို့ရာတွင် သုမနပါလ၏ပါရမီကား ဂျိမ်းစ်၏ဆန္ဒနှင့် ပြောင်းပြန်ဖြစ် သွားသည့်ပြင် ၎င်း၏ ခရစ်ယန်ဘာသာရေးဆိုင်ရာ ဗဟုသုတသည် အနောက်တိုင်း၌ ဗုဒ္ဓသာသနာပြုဆောင်ရွက် သောအခါ များစွာ အထောက်အကူပြုခဲ့သည်။

ဘာသာတရားကိုင်းရှိုင်းပြီး ဓမ္မကိုကောင်းစွာသိသူ ဝဇိရာရာမကျောင်းဒကာ ဦးလေးတော်သည် ကျောင်း ထိုင်ဆရာတော် အရှင်ဝဇိရဉာဏထံသို့ တူတောင်မောင်အား ခေါ်ဆောင်သွားလေ့ရှိသည်။ အရှင်ဝဇိရဉာဏမ ထေရ်ကား သီလသိက္ခာနှင့် အလွန်ပြည့်စုံပြီး ပါဠိ၊ သက္ကတနှင့် သီဟိုဠ်ဘာသာစာပေ၌ ကျွမ်းကျင်သည့်ပြင် သီဟိုဠ် ဘာသာ ကဗျာဆရာလည်းဖြစ်လျက် ဗုဒ္ဓဘာသာ မဟုတ်သူများပါ လေးစားခံရသည်။ သုမနပါလသည် ပရမနန္ဒ အမည်ရှိ တနင်္ဂနွေကျောင်း၌လည်း တက်ခဲ့သဖြင့် စိတ်ထဲ၌ ဗုဒ္ဓသာသနာနှင့် နီးစပ်နေခဲ့လျက် ရဟန်းဘောင်သို့ ဝင် ရောက်ရန် စိတ်ညွတ်ခဲ့ပြီးဖြစ်သည်။ သို့ဖြင့် အသက် ၁၈ နှစ်ပြည့် မွေးနေ့တွင် ဦးလေး၏အစီအစဉ်ဖြင့် နာရဒ အမည်ယူ၍ သာမဏေပြုပြီး လူမထွက်တော့ဘဲ အသက် ၂၀ တွင် ရဟန်းအဖြစ်ခံယူခဲ့သည်။ ဥပဇ္ဈာယ်ဆရာမှာ အရှင်ရေဝတဖြစ်ပြီး ဓမ္မာစရိယ (စာသင်ဆရာ)မှာ အရှင်ဝဇိရဉာဏမထေရ်ဖြစ်သည်။ အင်္ဂလိပ်ကျောင်းတွင် နေစဉ် ကပင် ဝဇိရဉာဏမထေရ်၏ ညီတပည့်ဖြစ်သူ အရှင်ပါလိတမထေရ်ထံ၌ သက္ကတဘာသာကို လေ့လာခဲ့သည်။ ရဟန်းပြုပြီးနောက် သီဟိုဠ်ယူနီဗာစီကောလိပ်သို့ ဝင်ရောက်ပြီး ကိုယ်ကျင့်တရား၊ ယုတ္တိဗေဒ၊ ဒဿနပညာရပ် များကို သင်ယူသည်။ ယင်းဘာသာရပ်အားလုံးမှာ နောင်အခါ ၎င်း၏ဓမ္မဒူတခရီးအတွက် အလွန် အသုံးဝင်ခဲ့သည်။ ရဟန်းတော် နာရဒသည် ကွယ်လွန်သူ ဒေါက်တာ ပေရေရ(Dr. Pereira) တည်ထောင်ခဲ့သည့် ‘ဗုဒ္ဓဥပဋ္ဌာကအဖွဲ့’သို့ ဝင်ရောက်ပြီး ယင်းအဖွဲ့က ကျင်းပသည့် အပတ်စဉ် ဓမ္မသာကိစ္ဆာ ဆွေးနွေးပွဲများသို့ တက်ကြွစွာ ပါဝင်တက်ရောက် ခဲ့သည်။ယင်းဆွေးနွေးပွဲများမှ သာသနာပြုလုပ်ငန်းအတွက် မျိုးစေ့ရခဲ့သည်။

၁၉၂၉ ခုနှစ်၊ အသက် ၃၁ နှစ်အရွယ်တွင် အိန္ဒိယနိုင်ငံ၊ ဗာရာဏသီမြို့အနီးရှိ မိဂဒါဝုန်၌ ဆောက်လုပ်ပြီးစီး သွားသည့် မူလဂန္ဓကုဋိဝိဟာရဆောက်အအုံသစ် ဖွင့်လှစ်သည့် အမ်းအနားသို့ သီရိလင်္ကာကိုယ်စားလှယ်အဖွဲ့နှင့်အတူ တက်ရောက်ခဲ့သည်။ ထို့ပြင် ဗုဒ္ဓဂယာမဟာဗောဓိစေတော်အား ဗုဒ္ဓဘာသာဝင်တို့ပိုင်ဆိုင်ရန်အတွက် အရေးဆို ရာတွင် သီရိလင်္ကာရဟန်းကိုယ်စားလှယ်အဖြစ် ပါဝင်လှုပ်ရှားခဲ့သည်။ ယင်းနောက်မကြာမီတွင် အရှင်နာရဒသည် တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ မြန်မာနှင့် အခြားသော အရှေ့တောင်အာရှနိုင်ငံများသို့ ဓမ္မဒူတခရီး ထွက်ခဲ့သည်။ ကမ္ဘောဒီးယားဘုရင်က အရှင်မြတ်အား ‘သိရိမဟာသာဓု’ ဘွဲ့ပေးအပ်ခဲ့သည်။

အာရှ သာသနာပြုလုပ်ငန်းများအနက် အအောင်မြင်ဆုံးမှာ အင်ဒိုနီးရှား၊ နီပေါနှင့် ဗီယက်နမ်များတွင် ဖြစ် သည်။ ၁၉၃၄ တွင် အင်ဒိုနီးရှားသို့ကြွပြီး ဗောရောဗုဒ္ဓေါစေတီအနုရာဓမြို့ မဟာဗောဓိ ပင်ပွားကို စိုက်ပျိုးနိုင်ခဲ့ သည်။ အင်ဒိုနီးရှား၌ ပထမဆုံး အခြေချခဲ့သည့် ထေရဝါဒရဟန်းတော်လည်းဖြစ်သည်။ ၁၉၅၉ ခုနှစ် ဗုဒ္ဓနေ့တွင် တရုတ်လူမျိုး ၂၊ အင်ဒိုနီးရှား ၂ နှင့် ဗာလီကျွန်းသား ၂ တို့ကို ရဟန်းပြုပေးခဲ့သည်။ ယင်းနောက် အင်ဒိုနီးရှားသို့ အကြိမ်ကြမ် ကြွရောက်ခဲ့သည်။ အရှင်မြတ်အနေဖြင့် ဗီယက်နမ်နိုင်ငံမှာ မိမိနိုင်ငံကဲ့သို့ ဖြစ်နေပြီး ၁၇ ကြိမ်ကြွရောက် ခဲ့သည်။ ဗီယက်နမ်စစ်ပွဲ အပြင်းထန်ဆုံးအချိန်မှာပင် မစွန့်ခွာဘဲ ဗီယက်နမ်ဒါယကာများနှင့်အတူ နေထိုင်လျက် ဗုဒ္ဓ ဘာသာအထက်တန်းကျောင်း အများအပြားဖွင့် လှစ်ပေးနိုင်ခဲ့သည်။

နီပေါနိုင်ငံသို့ ၆ ကြိမ် ကြွရောက်ခဲ့သည်။ ၁၉၄၆ ခုနှစ်က ကြွရောက်သော ခရီးစဉ်တွင် နီပေါရဟန်းတော် အမိတနန္ဒ၊ သီဟိုဠ်ဆရာတော် အရှင်ပိယဒဿီတို့နှင့်အတူ နီပေါမှထွက်ပြေးနေကြရသော ထေရဝါဒရဟန်းတော်များ ဌာနေသို့ ပြန်ခွင့်ပြုရန်နှင့် ဗုဒ္ဓနေ့ကို ပြည်သူ့ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန်တို့အတွက် နီပေါဘုရင်ထံ အရေး ဆိုခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် ဓမ္မရုစိအမည်ရှိ တရုတ်ရဟန်းတော်တစ်ပါးနှင့်အတူ တရုတ်ပြည်သို့ ယဉ်ကျေးမှုကိုယ် စားလှယ်အဖြစ် ကြွရောက်စဉ် ဗုဒ္ဓဓာတ်တော်များကို ပင့်ဆောင်သွားခဲ့သည်။ ထိုခရီးစဉ်၌ ဝန်ကြီးချုပ် ချူအင်လိုင်းနှင့် ဘာသာတရားအကြောင်း ရင်နှီးဖော်ရွေစွာ ဆွေးနွေးခွင့်ရခဲ့ကြောင်း သိရသည်။

၁၉၅၆ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၊ ကင်ဆင်တန်(Kensington)မြို့ရှိ ဆာ ဆီရေလ်ဒေ ဇိုင်ဆာ (Sir Cyril de Zoysa) ၏ ဦးဆောင်မှုဖြင့် လန်ဒန်ဗုဒ္ဓဝိဟာရဖွင့်ပွဲကို ကျင်းပခဲ့သည်။ ဆာ ဆီရေးလ်၏ ပင့်ဖိတ်မှုကြောင့် ယင်း ကျောင်းဖွင့် ပွဲသို့ အရှင်နာရဒ တက်ရောက်ခဲ့သည်။ ယင်းဝိဟာရ၏ ပထမဆုံးသော ကျောင်းထိုင်ဆရာတော်အဖြစ် ခန့်အပ်ခံရ သော်လည်း ဗုဒ္ဓဓမ္မပြန့်ပွားရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက်လိုသဖြင့် လန်ဒန်ဗုဒ္ဓဝိဟာရ၌ ခေတ္တ သီတင်းသုံး ခဲ့သည်။ ဆွဇ်ဇာလန်နိုင်ငံ၌ ကျင်းပသည့် ဘာသာပေါင်းစုံ ကွန်ဖရင့်သို့ တက်ရောက်ပြီး ‘မျက်မှောက် အခြေအနေ အပေါ် ဗုဒ္ဓဝါဒအမြင်(The Buddhist View of the Contemporary Situation)’ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့သည်။ ဆွီဒင်၌လည်း ဗုဒ္ဓဘာသာအဖွဲ့တစ်ခုဖွဲ့စည့်လျက် အပြန်တွင် အီဂျစ်၊ ဂရိနှင့် ရောမမြို့များသို့ လည်ပတ်ခဲ့သည်။ ထို့ပြင် ဩစတြေးလျနှင့် အာဖရိကတိုက်မှ တန်ဇန်းနီးယားနိုင်ငံသို့လည်း ကြွရောက်ခဲ့သည်။

အမေရိကန်နိုင်ငံရှိ သီရိလင်္ကာသံအမတ်နှင့် မြန်မာသံအမတ် ဦးဝင်းတို့က ဝါရှင်တန်တွင် ဝါဆိုသီတင်းသုံးရန် ပင့်ဖိတ်ခဲ့သည်။ သို့ရာတွင် အခြားနိုငင်ံများသို့ ကြွမည့်ခရီးစဥရ်ှိသဖြင့် ခေတ္တသာသီတင်းသုံးနိုင်ခဲ့သည်။ ဝါရှင်တန် တန်တွင် သီတင်းသုံးစဉ် ဝါရှင်တန်အထိမ်းအမှတ် ကျောက်တိုင်ဝင်း၌ ဟောပြောပွဲကြီးတစ်ခု လုပ်နိုင်ခဲ့သည်။ ၁၉၆၆၊ ဒီဇင်ဘာ ၂၁ ရက်နေ့ထုတ်၊ သီဟိုဠ်နေ့စဉ်သတင်းစာ (Ceylon Daily News - 21.12.1966) သို့ အရှင် နာရဒ မထေရ်က အောက်ပါအတိုင်း ပြောပြခဲ့သည်။

‘ဘုန်းကြီးအနေနဲ့ နိုင်ငံခြားသာသနာပြုရာမှာ ဘာသာခြားတစ်ယောက်ကို ဗုဒ္ဓဘာသာသို့ ကူးပြောင်းအောင် မကြိုးစားပါဘူး။ စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်တွေသိအောင် ဗုဒ္ဓဓမ္မကို တင်ပြရုံသက်သက်ပါ။ အဲဒီလို စိတ်ဝင်စား တဲ့လူတွေ အများအပြား တွေ့ပါတယ်။ ဖန်ဆင်းရှင် ထာဝရဘုရားကို ယုံတဲ့လူတွေကိုတော့ သူတို့အနေနဲ့ ထာဝရဘုရားကိုယုံလို့ အကျိုးရှိတယ်ဆိုရင် ထာဝရဘုရားကို အားရပါးရသာ ယုံစမ်းပါ။ ဒါပေမဲ့ ဘုန်းကြီး အနေနဲ့ကတော့ အဲဒီထာဝရဘုရားကို အားမကိုးဘဲ ပိုပြီး လုပ်နိုင်ပါတယ်လို့ ပြောပြခဲ့ပါတယ်’

အရှင်မြတ်သည် Buddhism in a Nutshell အပြင် A Manual of Abhidhamma (အဘိဓမ္မတ္ထသင်္ဂဟအင်္ဂလိပ်ဘာ သာပြန်)၊ The Buddha and his teachings, A Manual of Buddhism စသောကိုယ်တိုင်ရေးကျမ်းစာများနှင့် The Dhammapada နှင့် The Dighajanu Sutts, Mangala Sutta စသော သုတ္တန်အတိုအထွာများကိုလည်း အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့သည်။ Buddhism in a Nutshell မှာ ဘာသာများစွာဖြင့် ပြန်ဆိုထုတ်ဝေခြင်းခံရသည်။

၁၉၈၃ ခုနှစ်၊ အောက်တိုဘာ ၂ ရက်နေ့၊ သက်တော် ၈၆ သိက္ခာ ၄၆ အရတွင် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၌ ပျံလွန်တော်မူသည်။

ဘာသာပြန်သူ

အရှင်ကေလာသသည် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကလိန်တောင်ကျေးရွာ၌ ၁၉၅၉-တွင် ဖွားမြင်သည်။ အသက်ဆယ့်လေးနှစ်တွင် သာမဏေပြုသည်။ တောင်ကုတ်-တန်းလွဲ-ရွာမကျောင်း မှ ပထမလတ်အောင်ပြီးနောက် ညောင်တုန်းမြို့၊ ရွှေဟင်္သာတောရကျောင်းတိုက်၌ ဆက်လက် ပညာသင်ကြား၍ ၁၉၇၉-ခုနှစ်တွင် သာသနဓဇဓမ္မာစရိယဘွဲ့ရသည်။

အသက် နှစ်ဆယ်အရွယ်တွင် ဧရာဝတီတိုင်း၊ လပွတ္တာမြို့၌ ရဟန်းဖြစ်သည်။ ရဟန်းဒကာ ဒကာမများမှာ ဦးကျင်လှိုင် ဒေါ်တင်ကြည်မိသားစုဖြစ်သည်။ ၁၉၈၀-၈၄ နှစ်များတွင် အင်းစိန်မြို့၊ အောင်ဆန်းတောရစာသင်တိုက် (ယခုရွှေပြည်သာမြို့)၌ စာပေပို့ချရင်း အပြင်ကျူရှင်ကျောင်းများ ၌ သင်္ချာ၊ ရူပ၊ ဓာတု၊ အင်္ဂလိပ်စသည်ကို လေ့လာပြီးနောက် ၁၉၈၅ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း ကို ဖြေဆိုအောင်မြင်သည်။

၁၉၈၆ တွင် ရန်ကုန်မြို့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်သို့ ဝင်ခွင့်ရပြီး မဟာဓမ္မာစ ရိယဘွဲ့အတွက် သင်ယူသည်။ ၁၉၉၂ တွင် ရန်ကုန်တက္ကသိုလ်မှ စာပေးစာယူဘီအေဘွဲ့နှင့် ၁၉၉၃ တငွ် နိုင်ငံတော်ပရိယတ္တမှိ မဟာဓမ္မာစရိယဘွဲ့တို့ကို ရရှိခဲ့သည်။ မဟာဓမ္မာစရိယဘွဲ့အ တွက် ‘ဝိနယပိဋကာ၌လာသော စံတော်ဝင်နီတိကထာများ’ကျမ်းစာကို ရေးသားခဲ့သည်။ ၁၉၉၃-၉၅ ထိ ဝိနယပိဋကမဟာဌာနနယဒေသကအဖြစ် ဆောင်ရွက်သည်။ ယင်းနောက် ၁၉၉၅-၉၆ တွင် အင်္ဂလိပ်စာဌာန၌ နယဒေသကနှင့် ၁၉၉၇-၂၀၀၀ နှစ်များတွင် ဂဏဝါစက အဖြစ် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၌ စာပေပို့ချခဲ့သည်။

ကျေးဇူးရှင်ဆရာတော်များမှာ မွေးရပ်မြေမှ ဆရာတော်ဦးဂန္ဓမာ၊ ဦးပညာသိရီ၊ တန်းလွဲ-ရွာမ ဆရာတော်ကြီး ဦးပညာဗုဒ္ဓိ (ပျံလွန်)နှင့် ဓမ္မကထိကအကျော် ဆရာတော် တန်းလွဲ-ဦးကောဝိဒ၊ ဦးပညာဇောတတို့အပြင် ရွှေဟင်္သာတောရမဟာထေရ်ကြီးများ၊ နိုင်ငံတော်ပရိယတ္တိမှ စာချအကျော် ဆရာတော်များနှင့် လူပုဂ္ဂိုလ်ဆရာကြီးများဖြစ်ကြပါသည်။

အင်္ဂလိပ်စာအခြေခံကို ဖော့ကန်-အင်းစိန်မှ ဝါဦးကျောင်းဆရာတော်ဦးသုနန္ဒနှင့် ရှစ်မိုင်မှ ဆရာဦးသာဦးတို့ထံ၌ သင်ယူခဲ့သည်။ ပါမောက္ခဆရာကြီးဦးတင်လွင်နှင့် ဆရာကြီးဦးစံတင်တို့ထံ၌ လည်း နည်းနာခံယူခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ဒေါက်တာ ဝါလ်ပိုလာ ရာဟုလာရေးသော ဆောင်း ပါးနှစ်ပုဒ်ကို မြန်မာပြန်ဆိုပြီး ‘ထေရဝါဒနှင့်မဟာယာန’ အမည်ဖြင့် ထုတ်ဝေခဲ့သည်။ သက္ကရာဇ် ၂၀၀၀-ပြည့်တွင် ကျေးဇူးရှင် ပြည်တွင်းပြည်ပသာသနာပြုအကျော် အလိုတော် ပြည့်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တအရိယဝံသ၏ စေလွှတ်ချက်အရ ပြည်ပသို့ ခရီးထွက်ခဲ့ရသည်။ သက္ကရာဇ် ၂၀၀၁ တွင် ဩစတြေလျရဟန်းတော် အက်စ် ဓမ္မိကရေးသားသည့် A Pilgrim's Guide to The Buddha's India Middle Land Middle Way၊ ၂၀၀၄ တွင် ဒေါက်တာ အရှင်ဓမ္မပိယဆရာတော်ရေးသားသော Nibbāna in Theravāda Perspective ကျမ်း၊ ၂၀၀၅ တွင် သီဟိုဠ်ဆရာတော် အရှင်နာရဒမဟာထေရ် ရေးသားသည့် Buddha and his teachings ကျမ်းစာမှ Ten Perfections အခန်း (ကြီးမြတ်သူတို့၏ကျင့်စဉ်)၊ ၂၀၀၆ တွင် ထိုဆရာတော်ပင် ရေးသည့် Buddhism in a Nutshell ကျမ်းတို့ကို မြန်မာပြန်ခဲ့သည်။

ယခုအခါ အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်၊ Apache Junction မြို့၌ သာသနာ့တာဝန် ထမ်းဆောင်လျက်ရှိသည်။

အခန်း ၁

မြတ်ဗုဒ္ဓ

ဘီစီ ၆၂၃ ခုနှစ်*၁* မေ(ကဆုန်)လ၏ လပြည့်နေ့တွင် ကမ္ဘာပေါ်၌ အကြီးမြတ်ဆုံးသော ဆရာအရှင်ဖြစ်ရန် ပါရမီပါ လာသည့် သိဒ္ဓတ္ထဂေါတမအမည်ရှိ အိန္ဒိယမင်းသားတစ်ပါး နီပေါဒေသအတွင်း ဖွားမြင်တော်မူခဲ့သည်။ စည်းစိမ်ရင် ခွင်တွင် ကြီးပြင်းရလျက် မင်းသားတစ်ပါး တတ်မြောက်သင့်သော အတတ်ပညာကို ရရှိပြီးနောက် လူသားတစ်ယောက် အနေဖြင့် မင်းသားသိဒ္ဓတ္ထသည် အိမ်ထောင်ပြု၍ သားတစ်ယောက်ထွန်းကားခဲ့သည်။

မင်းသား၏ စဉ်းစားမြော်မြင်တတ်သော သဘာဝနှင့် အနှိုင်းမဲ့ ကရုဏာတရားက မင်းသားဘဝရှိ မတည်မြဲသည့် ရုပ်ပိုင်းပျော်ရွှင်မှုကို ခံစားရန် မင်းသားအား ခွင့်မပြုခဲ့ပါချေ။ မင်းသားသိဒ္ဓတ္ထသည် ဘဝဒုက္ခကို နားမလည်သော် လည်း ဆင်းရဲနေကြသည့် လောကသားတို့အပေါ် နက်နက်ရှိုင်းရှိုင်း သနားကရုဏာဖြစ်ခဲ့သည်။ သာယာချမ်းမြေ့ပြီး ပြည့်စုံသည့်ဘဝတွင် မင်းသားသိဒ္ဓတ္ထသည် သောက၏ ကျယ်ပြောနက်ရှိုင်းပုံကို သဘောပေါက်ခဲ့သည်။ ကရုဏာရှင် မင်း သားသိဒ္ဓတ္ထအဖို့ လောကီပျော်ရွှင်ဖွယ် အလုံးစုံနှင့်ပြည့်စုံသည့် စံနန်းဆောင်သည် နှစ်လိုဖွယ်နေရာတစ်ခု မဟုတ် တော့ချေ။ ထွက်တော်မူ နန်းကခွာရန် အချိန်ရောက်ခဲ့လေပြီ။ အာရုံငါးပါးဆိုင်ရာ ပျော်ရွှင်မှုများ၏ အချည်းနှီးဖြစ်ပုံကို သိမြင်သွားခြင်း၌ သက်တော် နှစ်ဆယ့်ကိုးနှစ်မြောက်တွင် လောကီပျော်ရွှင်မှုအားလုံးကိုစွန့်ပြီး အဝါရောင် ရဟန်းဝတ် ရုံမျှကို ဝတ်ဆင်လျက် သစ္စာတရားကို ရှာဖွေရင်း အသပြာမရှိ တစ်ကိုယ်တည်း လှည့်လည်ခဲ့သည်။

ယင်းဖြစ်ရပ်ကား မဖြစ်စဖူးထူးကဲသော ဥဒါန်းတွင်ရစ်သည့် မဟာဘိနိက္ခမန (ကြီးမြတ်သော တောထွက်ခြင်း) ဖြစ်သည်။ အကြောင်းမူ မင်းသား သိဒ္ဓတ္ထသည် အသက်အရွယ် အိုမင်းရင့်ရော်ချိန်တွင် မဟုတ်ဘဲ ငယ်ရွယ်စဉ်မှာပင် တောထွက်ခဲ့ခြင်း၊ ဆင်းရဲမွဲတေ၍မဟုတ်ဘဲ ကြွယ်ဝကုံလုံ ပြည့်စုံစဉ်မှာပင် တောထွက်ခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။ တင်းကျပ်ပြီး အပြင်းအထန် ခြိုးခြံသည့် ရဟန်းကျင့်စဉ် (ဒုက္ကရစရိယ)ကို မကျင့်သုံးဘဲ ဝိမုတ္တိ(လွတ်မြောက်မှု)ကို မရ နိုင်ဟု ရှေးခေတ်က ယုံကြည်ယူဆကြသောကြောင့် မင်းသားသိဒ္ဓတ္ထသည် ပြင်းထန်သည့် ကျင့်စဉ်ပုံစံအားလုံးကို အသည်းအသန် အားထုတ်ခဲ့သည်။ ‘နိုးကြားပြီးရင်း နိုးကြားရင်း ခြိုးခြံပြီးရင်း ခြိုးခြံရင်းတို့ဖြင့် ထပ်လောင်းလျက်’ မင်း သားသည် ခြောက်နှစ်တိုင်တိုင် မဟာပုရိသတို့၏ အားထုတ်မှုကို ပြုတော်မူသည်။

*၁* အချို့ပညာရှင်များက မြတ်ဗုဒ္ဓကို ဘီစီ ၅၆၃-တွင် ဖွားမြင်သည်ဟုယူဆကြပြီး အချို့ကမူ ဘီစီ ၆၂၃-ဟု ယူဆသည်။ မြန်မာနှစ် ၁၃၆၂- သည် (သက္ကရာဇ်ဖြိုကိန်း ဧကဧကအဋ္ဌဒွေး ထပ်ပေါင်း၍) ရောက်ဆဲ သာသာနာနှစ် ၂၅၄၄-ဖြစ်သည်။ ယင်းမှ ရောက်ဆဲ အေဒီ ၂၀၀၁ ကို နုတ်သော် ဘီစီ ၅၄၃ ကျန်သည်။ ယင်းသည် မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံသည့်နှစ် (ပထမသံဂါယနာတင်သည့်နှစ်) ဖြစ်သည်။ ထို့ကြောင့် မြတ်ဗုဒ္ဓဖွားနှစ်ကို မြန်မာတို့က (သက်တော် ၈၀ ထပ်ပေါင်း၍) ဘီစီ ၆၂၃-ဟု လက်ခံသည်။ ဘီစီ ၅၄၃ နှင့် ရောက်ဆဲ အေဒီကို ပေါင်း၍ရသောခုနှစ်သည် ဗြိတိသျှခေတ်မတိုင်မီ သီရိလင်္ကာနိုင်ငံသုံး ကောဇာသက္ကရာဇ်လည်းဖြစ်သည်။ မဟာဝံသကျမ်းကို အင်္ဂလိပ်ဘာပြန်သူ ပါဠိပညာရှင် ဝီလျံဂိုင်ဂါ (Wilhelm Geiger) သည် ကမ္ဘာ့သမိုင်း၊ အိန္ဒိယသမိုင်း၊ ကျောက်စာများနှင့် ညှိနှိုင်း တိုက်ဆိုင်ပြီး ဘီစီ ၆၂၃ မှ နှစ်ပေါင်း ၆၀-နုတ်ပစ်ခဲ့သဖြင့် ဗုဒ္ဓဖွားမြင်တော်မူသောနှစ်အယူအဆ နှစ်မျိုး ကွဲပြားသွားရသည်။

မင်းသား၏ခန္ဓာကိုယ်သည် အရိုးစုနီးပါးသို့ လျော့ကျသွားသည်။ မိမိခန္ဓာကိုယ်ကို ညှဉ်းဆဲလေ မိမိ၏ပန်းတိုင် သည် မိမိမှ ပိုမိုဝေးစွာ ကျန်ခဲ့လေဖြစ်သည်။ မင်းသား ပြင်းထန်စွာ အားထုတ်ခဲ့သည့် နာကျင်ခံခက်ပြီး မအောင်မြင် သော ဒုက္ကရစရိယသည် လုံးဝအချည်းနှီးဖြစ်ကြောင်း ဖော်ပြခဲ့သည်။ မင်းသားသည် ယခုအခါ (ယင်း)ကိုယ်ပိုင်အတွေ့ အကြုံအားဖြင့် ခန္ဓာကိုယ်ကို အားနည်းစေပြီး စိတ်ဓာတ် ငြီးငွေ့ဆုတ်ယုတ်မှုကို ဖြစ်ပေါ်စေသည့် အတ္တကိလမထ (မိမိ ကိုယ်ကို ညှဉ်းပန်းခြင်း)၏ လုံးဝ အကျိုးမရှိပုံကို အကြွင်းမဲ့ သိမြင်သွားသည်။

အဖိုးမဖြတ်နိုင်သည့် ယင်းကိုယ်ပိုင်တွေ့ကြုံသိရှိမှု၏ လမ်းညွှန်ချက်ဖြင့် ဗုဒ္ဓလောင်းလျာ မင်းသားသည် နောက် ဆုံး၌ ကာမသုခလ္လိကာနုယောဂ (ကာမဂုဏ်ချမ်းသာ ပျော်ရွှင်ခံစားမှု) နှင့် အတ္တကိလမထာနုယောဂ (ကိုယ်ခန္ဓာကို နှိပ်စက်ညှဉ်း ပန်းမှု)ဟူသော အစွန်းတရားနှစ်ပါးကို ရှောင်ရှားလျက် ဒုကရ္က စရိယမဟုတ်သည့် ကျင့်စဉ်တစ်ရပ်ကို လိုက်နာရန် ဆုံးဖြတ်ခဲ့သည်။ ကာမသုခလ္လိကာနုယောဂသည် စိတ်ပိုင်းဘဝတိုးတက်မှုကို ဆုတ်ယုတ်စေပြီး အတ္တ ကိလမထာနုယောဂမူကား ဆင်ခြင်တုံတရားကို ဆုတ်ယုတ်စေသည်။ ဗုဒ္ဓလောင်းလျာ မင်းသားကိုယ်တိုင် တွေ့ရှိခဲ့ သည့် နည်းလမ်းသစ်ကား မဇ္ဈိမပဋိပဒါ (အလယ်အလတ်လမ်းစဉ်)ဖြစ်ပြီး ယင်းသည် နောင်အခါတွင် ဗုဒ္ဓဓမ္မ၏ ဝိသေသလက္ခဏာတစ်ရပ် ဖြစ်လာခဲ့သည်။

နှစ်လိုဖွယ် တစ်နံနက်တွင် ကမ္မဋ္ဌာန်းရှုမှတ်မှုတ်၌ နက်ရှိုင်းစွာ အာရုံဝင်စားခိုက် မည်သည့် တန်ခိုးစွမ်းအားရှင်၏ ကူညီခြင်း လမ်းညွှန်ခြင်းမျှမရှိဘဲ မိမိ၏လုံ့လအားထုတ်မှုနှင့် အသိပညာကိုသာ အမှီသဟဲပြု၍ ကိလေသာအလုံးစုံကို ပယ်ရှားပစ်ခြင်း၌ စိတ်ဓာတ်စင်ကြယ်လျက် သဘာဝမှန်ကို အရှိအတိုင်းသိမြင်သွားပြီးနောက် သက်တော် ၃၅-နှစ် အရွယ်၌ သဗ္ဗညုတဉာဏ်ကိုရ(ဗုဒ္ဓဖြစ်)တော်မူသည်။ ဗုဒ္ဓ(ဘုရား)အဖြစ်ဖြင့် မွေးဖွားလာခဲ့သည် မဟုတ်ဘဲ မိမိ၏ ကျင့်ကြံအားထုတ်မှုဖြင့် ဗုဒ္ဓ(ဘုရား)ဖြစ်လာသည်။ ရှင်တော်မြတ်ဟောကြားခဲ့သော ကျင့်စဉ်အားလုံး၏ ပြီးပြည့်စုံသည့် စံပြပုံစံအနေဖြင့် အနှိုင်းမဲ့ မဟာကရုဏာတော်အားလျော်သော သဗ္ဗညုတဉာဏ်တော်နှင့် ပြည့်စုံလျက် မြတ်ဗုဒ္ဓသည် မည်သည့် တစ်ကိုယ်ရည် ပုဂ္ဂလိကရည်ရွယ်ချက်ကိုမျှ အဓိကမထားဘဲ မိမိ၏အဖိုးတန်လှသည့် ကျန်ရှိသည့် ဘဝ သက်တမ်းကို လောကအား ပြုစုစောင့်ရှောင့်ရန် မြှုပ်နှံခဲ့သည်။

၄၅-နှစ်ကြာ အလွန်အောင်မြင်သည့် ဘဝသက်တမ်း ကုန်ဆုံးပြီးနောက် မြတ်ဗုဒ္ဓသည် အခြားလူသား သတ္တဝါ အားလုံးကဲ့သို့ပင် ရှေင်လွှဲမရသည့် မတည်မမြဲပြောင်လဲမှု အနိစ္စသဘာဝကို မလွန်ဆန်နိုင်ဘဲ နောက်ဆုံး၌ မိမိ၏ တပည့်သာဝကများအား မိမိဟောကြားခဲ့သည့် ဓမ္မကို ဆရာအဖြစ်မှတ်ယူရန် မိန့်ကြားလျက် သက်တော် ၈၀-အရွယ်၌ ပရိနိဗ္ဗာန် စံလွန်တော်မူသည်။

ဗုဒ္ဓရှင်တော်မြတ်သည် လူသားတစ်ယောက်ဖြစ်သည်။ လူသားတစ်ယောက်အဖြစ် မွေးဖွားခဲ့ပြီး လူသားတစ် ယောက်ကဲ့သို့ နေထိုင်လျက် လူသားတစ်ယောက်ကဲ့သို့ပင် ဘဝအဆုံးသတ်တော်မူသွားသည်။ လူသားတစ်ယောက် ဖြစ်သော်လည်း ဗုဒ္ဓသည် အံ့ဖွယ်မဟာလူသား(အစ္ဆရိယမနုဿ)ဖြစ်လျက် နတ်ဘုရားအနေဖြင့် (မိမိကိုယ်ကို) လုံးဝ မိန့်ဆိုခြင်း မရှိခဲ့ပေ။ ဗုဒ္ဓရှင်တော်မြတ်သည် ဤအရေးပါသည့်အချက်ကို အလေးပေး မိန့်ကြားတော်မူခဲ့ပြီး ကိုယ် တော်မြတ်အနေဖြင့် ထာဝရတည်မြဲသူ နတ်ဗြဟ္မာဖြစ်သည်ဟု မည်သူမျှ မှားယွင်းစွာ ထင်မြင်ယူဆသွားစေရန် တစ် စွန်းတစ်စမျှ ချန်မထားခဲ့ချေ။ ဗုဒ္ဓရှင်တော်မြတ်ကိစ္စနှင့် ပတ်သက်၍ နတ်ဘုရားကဲ့သို့ ကိုးကွယ်ပသခြင်းမျိုး မရှိသည် မှာ ကံကောင်းသည်။ သို့တစေ ‘ဖန်ဆင်းရှင်ထာဝရဘုရားကို တစ်စက်မျှ မယုံသော်လည်း ဗုဒ္ဓရှင်တော်မြတ်ကဲ့သို့ အလုံးစုံသိ ဘုရားနှင့်တူသူ’ ဆရာမျိုး တစ်ဦးတစ်ယောက်မျှ မရှိကြောင်း မှတ်သင့်သည်။

ဗုဒ္ဓရှင်တော်မြတ်သည် အချို့ယူဆသကဲ့သို့ ဟိန္ဒူဘုရားဗိသျှနု ဝင်စားသူမဟုတ်သကဲ့သို့ တစ်ကိုယ်ရေ လွတ် မြောက်မှုဖြင့် အခြားပုဂ္ဂိုလ်များအား မိမိစိတ်တိုင်းကျ ကယ်တင်ပေးသူလည်း မဟုတ်ချေ။ စင်ကြယ်မှုရော ညစ်ကျုမှုပါ မိမိတို့အပေါ်တွင်သာ တည်မှီသောကြောင့် မိမိတို့ လွတ်မြောက်မှုအတွက်လည်း မိမိတို့အပေါ်တွင်သာတည်မှီကြောင်း တပည့်သာဝကများအား ဗုဒ္ဓရှင်တော်မြတ် ဟောကြားတော်မူသည်။ မိမိနှင့် မိမိ၏တပည့်သာဝကတို့၏ ဆက်နွယ် ပတ်သက်မှုကို ရှင်းလင်းစွာဖော်ပြပြီး ကိုယ့်ကိုယ်ကိုအားကိုးမှုနှင့် တစ်ကိုယ်ရေ လုံ့လကြိုးကုတ်မှု၏ အရေးပါမှုကို အထူးပြုမြွက်ဟလျက် ‘ဘိက္ခုတို့၊ ကိုယ်တိုင်အားထုတ်ကြရမည်။ တထာဂတ (ဘုရားရှင်)တို့ကား လမ်းညွှန်သူများသာ ဖြစ်ကြ၏’ဟု ရှင်းလင်းစွာ ဖော်ပြတော်မူသည်။

ဗုဒ္ဓသည် လမ်းစဉ်ကို ညွှန်ပြလျက် ကျွန်ုပ်တို့၏စင်ကြယ်မှုကို ရရှိရေးအတွက် လိုက်နာကျင့်သုံးရန် ယင်းလမ်း စဉ်ကို ကျွန်ုပ်တို့အဖို့ ထားခဲ့သည်။

‘ကယ်တယ်ခံရခြင်းအတွက် အခြားပုဂ္ဂိုလ်များအား အားကိုးခြင်းမှာ ဖြစ်နိုင်ခြေမရှိသော်လည်း မိမိကိုယ်ကို အား ကိုးခြင်းကား အကျိုးရှိသည်’။ သူတစ်ပါးအား အားကိုးခြင်းဟူသည် မိမိ၏လုံ့လစွမ်းပကားကို အရှုံးပေးခြင်းဟု ဆိုလို ရာ ရောက်သည်။

မိမိကိုယ်ကို အားကိုးရန် တပည့်သာဝကများအား ရှင်းလင်းရာ၌ ဗုဒ္ဓရှင်တော်မြတ်က မဟာပရိနိဗ္ဗာနသုတ် တော်၌ ‘သင်တို့သည် မိမိကိုယ်ကို ကျွန်းကဲ့သို့ပြု၍ နေထိုင်ကြလော့။ မိမိကိုယ်ကို အားကိုးရာပြု၍ နေထိုင်ကြလော့။ အခြားအရာများ၌ အားကိုးရာကို မရှာကြနှင့်’ဟု မိန့်တော်မူသည်။ ယင်း မြင့်မြတ်လှသည့် စကားတော်များကား ကိုယ့် ကိုယ်ကို မြှင့်တင်ပေးလျက်ရှိကြသည်။ မိမိ၏ရည်ရွယ်ချက် အောင်မြင်ပြီးမြောက်ဖို့ မိမိကိုယ်တိုင် လုံ့လအားထုတ်ရန် မည်မျှအရေးပါကြောင်းနှင့် အပြစ်ကိုခွင့်လွှတ်(သည်ဆို)သည့် ကယ်တင်ရှင်များထံမှ ထုတ်နုတ်ရွေးချယ်ခံရမှုကို ရှာဖွေ ခြင်းနှင့် စိတ်ကူးယဉ် နတ်ဘုရားများအား တောင်းပန်ဝပ်လျှိုးမှု သို့မဟုတ် အကျိုးမတုံ့ပြန်သော တောင်းဆုချွေမှုနှင့် အဓိပ္ပာယ်မဲ့ ယဇ်ပူဇော်များဖြင့် နောက်ဘဝတစ်ခု၌ မသေချာ မရေရာသောပျော်ရွှင်မှုကို တောင့်တခြင်းတို့မှာ မည်မျှ ပေါ့ပျက်ပြီး အချည်းနှီးဖြစ်ကြောင်း ယင်းစကားတော်များက ဖော်ပြသည်။

တစ်ဖန်တုံ ဗုဒ္ဓရှင်တော်မြတ်သည် ဗုဒ္ဓအဖြစ်ကို ငါသာပိုင် လက်ဝါးကြီးအုပ် မတောင်းဆိုချေ။ အမှန်စင်စစ် ဗုဒ္ဓအဖြစ်ဟူသည် မည်သည့် အထူးကောင်းချီးပေးခံရသူ၏ သီးခြားပိုင်ဆိုင်မှုမျှ မဟုတ်ချေ။ ဗုဒ္ဓရှင်တော်မြတ်သည် မည်သူမဆို မျှော်လင့်တောင့်တနိုင်သော ဖြစ်နိုင်ခြေရှိ ပါရမီတို့၏ အမြင့်ဆုံးအဆင့်သို့ ဆိုက်ရောက်ခဲ့ပြီး ဆရားစား (အာစရိယမုဋ္ဌိ)မချန်ဘဲ ယင်းနောက်ဆုံးအဆင့်သို့ ရောက်နိုင်သည့် တစ်ခုတည်းသော လမ်းဖြောင့်လမ်းမှန်ကို ဖော် ထုတ်ခဲ့သည်။ ဗုဒ္ဓ၏ဟောကြားချက်များအရ မည်သူမဆို လိုအပ်သည့် လုံ့လကြိုးကုတ်ကို ပြုလုပ်ခဲ့မူ ယင်းအမြင့်ဆုံး ပြည့်စုံမှုအဆင့်ကို မျှော်မှန်းနိုင်သည်။ ဗုဒ္ဓရှင်တော်မြတ်သည် လူသားတို့အား ကောက်ကျစ်သည့် အပြစ်ရှိသူများဟု ခေါ်ဝေါ်လျက် ပြစ်တင်ရှုတ်ချခြင်းမပြုဘဲ ယင်းသို့ပြုမည့်အစား လူသည် သန္ဓေပါအရ နှလုံးသားစင်ကြယ်ကြောင်း မိန့်ကြားလျက် လူသားတို့ကို နှစ်သိမ့် အားပေးတော်မူသည်။ ဗုဒ္ဓရှင်တော်မြတ်၏အမြင်တွင် လောကသည် မကောက် ကျစ်၊ သို့တစေ အဝိဇ္ဇာဖြင့် ဖုံးလွှမ်းမြှေးယှက်ခြင်း ခံကြရသည်။ မိမိတပည့်များအား စိတ်ပျက်စေခြင်းနှင့် မြင့်မြတ် သည့်အခြေအနေကို မိမိသာထိုက်တန်ကြောင်း ပြဆိုခြင်းတို့အစား လူတိုင်းတွင် ဗုဒ္ဓအဖြစ် အနုသယဓာတ် တည်ရှိနေ သဖြင့် တပည့်သာဝကတို့အား မိမိကို အတုလိုက်၍ကျင့်သုံးရန် အားပေးတိုက်တွန်းတော်မူသည်။ နောက်တစ်မျိုး ဆိုရမူ လူတိုင်း ဗုဒ္ဓဘုရားများ ဖြစ်နိုင်ကြသည်။

ဗုဒ္ဓဖြစ်ရန် စိတ်အားထက်သန်သူအား ဗောဓိသတ္တဟုခေါ်ပြီး စာပေနည်းဖြင့် အသိပညာ(ပွင့်လန်းမည့်) ပုဂ္ဂုလ်ဟု အဓိပ္ပာယ်ရသည်။ ယင်းဘုရားလောင်းအယူအဆသည် ဤအတ္တဗဟိုပြုလောကအား ထာဝစဉ်အပ်နှင်းထားပြီးဖြစ် သည့် အလှပဆုံး အရည်မွန်ဆုံးသော ဘဝကျင့်စဉ် ဘဝနေနည်း တစ်ရပ်ဖြစ်သည်။ အကြောင်းမူ (လောကအား) အလုပ်အကျွေးပြုလျက် စင်ကြယ်သည့် ဘဝတစ်ခုထက် ပိုမိုမြင့်မြတ်သည့် မည်သည့်အရာ အဘယ်မှာရှိပါအံ့နည်း။ ဗုဒ္ဓရှင်တော်မြတ်သည် လူသားတစ်ယောက်အနေဖြင့် ဗုဒ္ဓအဖြစ်ကိုရရှိခဲ့ပြီး ကိန်းဝပ်နေသည့် မမြင်နိုင်ကောင်း သော ဖြစ်နိုင်ခြေများနှင့် လူသား၏ ဖန်တီးနိုင်စွမ်းကို လောကသို့ ကြေညာတော်မူခဲ့သည်။ လူသား၏ကံကြမ္မာကို စိတ် တိုင်းကျ ချုပ်ကိုင်ထားသူ မမြင်တွေ့ရသည့် အနန္တတန်ခိုးရှင် တစ်ဆူတည်းသော ထာဝရဘုရားသခင်ကို လူသားတို့ အပေါ်မှာထားရှိပြီး လူသားအား အနန္တတန်းခိုးတစ်ရပ်ကို ကျိုးနွံစေမည့်အစား လူ့တန်ဖိုးကို မြှင့်တင်ပေးခဲ့သည်။ လူသည် မိမိ၏လွတ်မြောက်မှု(ဝိမုတ္တိ)နှင့် စင်ကြယ်မှု(ဝိသုဒ္ဓိ)တို့ကို ပြင်ပရှိ ဖန်ဆင်းရှင်ဘုရားသခင် သို့မဟုတ် ဟော ပြောသူ ဓမ္မဆရာများကို အမှီအခိုမပြုဘဲ ကိုယ်ပိုင်ကျင့်ကြံအားထုတ်မှုဖြင့် ရရှိနိုင်ကြောင်း ဟောကြားတော်မူသည်မှာ ဗုဒ္ဓရှင်တော်မြတ်သာ ဖြစ်ချေသည်။ အတ္တဗဟိုပြုလောကအား ကိုယ်ကျိုးစွန့် ဆောင်ရွက်မှုဟူသော မြင့်မြတ်သည့် အယူအဆကို ဟောကြားခဲ့သည်မှာ ရှင်တော်ဗုဒ္ဓပင်ဖြစ်သည်။ ဂုဏ်ကျက်သရေကို သိန်ငယ်စေသည့် အမျိုးဇာတ်စနစ် ကို တော်လှန်ဆန့်ကျင်ပြီး လူသားချင်းတန်းတူညီမှုကို ဟောကြားလျက် ဘဝခရီးတစ်လျှောက် ၎င်းတို့ကိုယ်တိုင်အား တောက်ပြောင်စေရန် အားလုံးအတွက် တူညီသည့် အခွင့်အရေးများကို ပေးအပ်ခဲ့သည်မှာ မြတ်ဗုဒ္ဓပင် ဖြစ်သည်။ ဘဝကဏ္ဍသစ်ဖွင့်ပြီး ပြည့်စုံမှုကို လိုလားသူဖြစ်မည့် ဇာတ်နိမ့်ဇာတ်မြင့် သူတော်စင် လူသတ်သမားဟူသော ဘဝ အခြေအနေတိုင်းမှ လူအားလုံးတို့အတွက် အောင်မြင်မှုနှင့် ကြီးပွားချမ်းသာမှုတံခါးကို ဖွင့်ထားကြောင်း ဗုဒ္ဓရှင်တော် မြတ်က မြွက်ဟတော်မူသည်။

အမျိုးဇာတ် အသားရောင် သို့မဟုတ် ရာထူးတို့ကို ခွဲခြားခြင်းမပြုဘဲ ဗုဒ္ဓရှင်တော်မြတ်သည် ထိုက်တန်သူ အမျိုး သား အမျိုးသမီးနှစ်ရပ်လုံးအတွက် ဒီမိုကရေစီနည်းကျကျ ဖွဲ့စည်းထားသည့် သံဃာ့အဖွဲ့အစည်းတစ်ရပ်ကို တည် ထောင်ခဲ့သည်။ ဗုဒ္ဓရှင်တော်မြတ်သည် မိမိ၏တပည့်များအား ဓမ္မ၏ကျေးကျွန် ဖြစ်ရန်ရော မိမိကိုယ်တိုင်၏ လက် အောက်ခံဖြစ်ရန်အတွက်ပါ တွန်းအားမပေးဘဲ လုံးဝ အတွေးအမြင် လွတ်လပ်မှုကို ပေးအပ်ခဲ့သည်။

ဗုဒ္ဓရှင်တော်မြတ်သည် ကိုယ်တော်မြတ်၏ အားပေးစကားများဖြင့် မိသားစုနှင့်ကွေကွင်းသူများအား သက်သာရာ ရစေတော်မူခဲ့သည်။ စွန့်ပစ်ခံ နာမကျန်းသူများအား ပြုစုစောင့်ရှောင့်ခဲ့သည်။ လျစ်လျူရှုခံရသည့် ဆင်းရဲသူများအား ကူညီစောင့်ရှောင့်ခဲ့သည်။ လမ်းပျောက်နေသူများအား ဂုဏ်တက်အောင် ဆောင်ရွက်ပေးပြီး ရာဇဝတ်မှုကျူးလွန်သူ တို့၏ စာရိတ္တပျက်ပြားမှုဘဝကို စင်ကြယ်စေသည်။ အားငယ်သူများအား အားပေးပြီး ကွဲပြားနေသူများအား ညီညွတ် စေသည်၊ မသိမိုက်မဲသူများအား အသိဉာဏ်ပွင့်လင်းစေသည်၊ နက်နဲသည့်အရာကို ဖြေဆိုရှင်းလင်းပေးသည်၊ အသိ ပညာ နည်းပါးသူများအား လမ်းညွှန်ပေးသည်၊ အောက်ခြေမှပုဂ္ဂိုလ်များအား မြှင့်တင်ပေးသည်၊ မြင့်မြတ်သူများအား ပိုမို ကျက်သရေရှိစေသည်။ ဆင်းရဲချမ်းသာ သူတော်စင် လူမိုက်မဟူ ရှင်တော်မြတ်အား ထပ်တူညီမျှ ချစ်မြတ်နိုးကြ သည်။ အာဏာထန်ပြင်းသူ ဖြောင့်မတ်သူ ဘုရင်မင်းများ၊ ထင်ရှားမထင်ရှား မင်းညီမင်းသားများနှင့် အထက်တန်းလွှာ များ၊ ရက်ရောသူ ကပ်စေးနှဲသူ သန်းကြွယ်သူဌေးများ၊ မာနထောင်လွှားသူ နှိမ့်ချသူ ပညာရှင်များ၊ ခိုကိုးရာမဲ့ သူဆင်း ရဲများ၊ အောက်တန်းကျသူ အမှိုက်ပုံတွင် ရှာဖွေစားသောက်ရသူများ၊ ကောက်ကျစ်သူ လူသတ်သမားများ၊ အထင် သေးခံရသူ ပြည့်တန်ဆာများ၊ ယင်းသို့သော ပုဂ္ဂိုလ်အားလုံးသည် ဗုဒ္ဓရှင်တော်မြတ်၏ ပညာ ကရုဏာ (ပြဋ္ဌာန်းသည့်) စကားလုံး များကြောင့် အကျိုးဖြစ်ထွန်းကြသည်။

ဗုဒ္ဓရှင်တော်မြတ်၏ မြင့်မြတ်သည့် စံနမူသည် သတ္တဝါအားလုံးအဖို့ အားတက်ဖွယ် အကြောင်းတရားတစ်ရပ်ဖြစ် သည်။ ဗုဒ္ဓရှင်တော်မြတ်၏ တည်ငြိမ်အေးချမ်းသော သွင်ပြင်သည် ကြည်ညိုသူပုဂ္ဂိုလ်များ၏အမြင်တွင် စိတ်သက် သာရာရစေသည့် ရုပ်ပုံတစ်ရပ်ဖြစ်ခဲ့သည်။ ဗုဒ္ဓရှင်တော်မြတ်၏ ငြိမ်းချမ်းရေးနှင့် သည်းခံရေးတရားတော်အား လူအား လုံးက ဖော်မပြနိုင်သော ပျော်ရွှင်မှုဖြင့် ကြိုဆိုခဲ့ကြပြီး ယင်းသည် ကြားနာခွင့် လိုက်နာကျင့်သုံးခွင့်ရှိခဲ့သူတိုင်းအား ထာဝရ အကျိုးဖြစ်ထွန်းစေခဲ့သည်။

ဗုဒ္ဓဓမ္မ ထိုးဖောက် ထွန်းတောက်ခဲ့သည့် နေရာတိုင်းတွင် ယင်း(ဓမ္မ)သည် အသီးသီးသော လူမျိုးများ၏ စရိုက် လက္ခဏာအပေါ် ခိုင်မြဲသည့် စွဲမက်ဖွယ်ထင်ဟပ်မှုတစ်ရပ်ကို ထားပစ်ခဲ့သည်။ ဗုဒ္ဓဘာသာနိုင်ငံအားလုံး၏ ယဉ်ကျေးမှု ဖွံ့ဖြိုး တိုးတက်ခြင်းမှာ အဓိကအားဖြင့် ဗုဒ္ဓ၏အထက်တန်းကျသော အဆုံးအမများကြောင့်ဖြစ်ရသည်။ အမှန်သော် သီဟိုဠ်၊ မြန်မာ၊ ယိုးဒယား၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လော၊ နီပေါ၊ တိဗက်၊ တရုပ်၊ မွန်ဂိုလီးယား၊ ကိုရီးယား၊ ဂျပန်စသည်ကဲ့သို့သော ဗုဒ္ဓဘာသာနိုင်ငံအားလုံးသည် ဗုဒ္ဓဝါဒတည်းဟူသော ပုခက်အတွင်း၌ ကြီးပြင်းခဲ့ကြသည်။ ဤမြင့်မြတ်သည့် ဆရာအရှင် ပရိနိဗ္ဗာန်စံလွန်ခဲ့သည်မှာ နှစ်ပေါင်း ၂၅၀၀ ကျော်လွန်ခဲ့ပြီဖြစ်သော်လည်း ရှင်တော် မြတ်၏ အနှိုင်းမဲ့ နှစ်လိုဖွယ်လက္ခဏာသည် ရှင်တော်မြတ်အား သိလာသူအားလုံးအပေါ် ကြီးမားသည့် လွှမ်းမိုးမှုတစ် ရပ်ကို ဖြစ်ပေါ်စေခဲ့သည်။

ဗုဒ္ဓရှင်တော်မြတ်၏ သံမဏိစိတ်ဓာတ်၊ နက်နဲသည့် ပညာ၊ အနန္တမေတ္တာ၊ မဟာကရုဏာ၊ ကိုယ်ကျိုးမဲ့ဆောင်ရွက် မှု၊ သမိုင်းတွင်ရစ်သည့် မဟာဘိနိက္ခမန (လောကီစည်းစိမ်ကို စွန့်လွှတ်မှု)၊ အလုံးစုံ စင်ကြယ်မှု၊ ဆွဲဆောင်သည့် ဥပဓိ ရုပ်၊ ဓမ္မပြန့်ပွားရန် ဆောင်ရွက်ခဲ့သည့် စံပြနည်းစနစ်နှင့် ရှင်တော်မြတ်၏ အဆုံးစွန် အောင်မြင်မှု ဤအလုံးစုံသော အချက်များသည် ကမ္ဘာ့လူဦးရေ ငါးပုံတစ်ပုံခန့်မျှအား ရှင်တော်မြတ်အား မိမိတို့၏ ဘာသာတရားဆိုင်ရာ ဆရာအရှင် အဖြစ် ဝမ်းသာစွာ လက်ခံရန် တွန်းအားပေးခဲ့ပြီးဖြစ်သည်။

ဗုဒ္ဓရှင်တော်မြတ်အား တောက်ပြောင်သည့် ထောမနာပေးခြင်းပြုလျက် သီရိရာဓကရစ်ရှနာ (Sri Radhakrishna) က ဤသို့ဖော်ပြသည် ‘ဗုဒ္ဓဂေါတမနှင့်စပ်လျှင် ကျွန်ုပ်တို့မှာ တွေးခေါ်မြော်မြင်မှုနှင့် လူသားမျိုးနွယ်နှင့်ဆိုင်သည့် ဘဝအပေါ် ဩဇာလွှမ်းမိုးသလောက် မည်သူနှင့်မဆို (ယှဉ်လျှင်) ဒုတိယနေရာတွင်မရှိသူ၊ ၎င်း၏ လွှမ်းမိုးမှုသည် အခြားမည်သူထက်မဆို ကျယ်ပြန့်နက်ရှိုင်းမှု ယုတ်လျော့ခြင်းမရှိဘဲ ဘာသာတရားအစဉ်အလာတစ်ရပ်ကို တည် ထောင်သူအဖြစ် အားလုံး၏ လေးစားရိုသေမှုကိုခံရသူ အရှေ့တိုင်းမှ ပညာရှိတစ်ဆူ ရရှိကြခြင်းဖြစ်၏၊ ဗုဒ္ဓရှင်တော် မြတ်ကား ကမ္ဘာ့အတွေးအခေါ်သမိုင်း၏ ပိုင်ဆိုင်ခြင်းကို ခံရသူ၊ ရည်မွန်သည့် လူသားအားလုံး၏ အများဆိုင်အမွေ အနှစ်ဖြစ်ချေ၏၊ အကြောင်းမူ အသိပညာဂုဏ်ရှိန်၊ ကိုယ်ကျင့်တရားရေးရာပြင်းပြမှုနှင့် စိတ်ပိုင်းဘဝ ထိုးထွင်းသိမြင်မှု တို့ဖြင့် ဆုံးဖြတ်ခံရပါမူ ဗုဒ္ဓသည် သမိုင်းတွင် အကြီးမြတ်ဆုံး ပုဂ္ဂိုလ်များအနက် တစ်ဆူဖြစ်ရသည်မှာ သံသယဖြစ် ဖွယ် မလိုသောကြောင့်တည်း’။

အိပ်ချ် ဂျီ ဝဲလ် (H.G. Wells)က ‘သမိုင်းတွင် အကြီးမြတ်ဆုံး ပုဂ္ဂိုလ်သုံးယောက်’ (The Three Greatest Men in History)ကျမ်း၌ ဤသို့ရေးသည် ‘ဗုဒ္ဓအား ရိုးသားသော ကိုင်းရှိုင်းသော တစ်ကိုယ်တည်းနေသော ဉာဏ်အလင်း အတွက် ကြိုးပမ်းနေသော လူသားတစ်ယောက်၊ ထင်ရှားသည့် လူ့သားဥပဓိရုပ်ရှိသူအဖြစ် ရှင်းလင်းစွာ တွေ့ရပြီး စိတ်ကူးယဉ် နတ်ဒေဝါအဖြစ် မတွေ့ရချေ။ ဗုဒ္ဓသည် လူသားအားလုံးနှင့်ဆိုင်သော ကိုယ်ကျင့်တရားရေးရာ တရားဓမ္မ ကိုလည်း လူသားတို့အား ပေးအပ်ခဲ့၏၊ ကျွန်ုပ်တို့၏ အကောင်းဆုံးသော ခေတ်သစ် အတွေးအမြင်များသည် ဗုဒ္ဓ၏ ဓမ္မနှင့် အနီးစပ်ဆုံး လိုက်လျောညီထွေရှိ၏၊ ဗုဒ္ဓက ဆင်းရဲဒုက္ခအားလုံးနှင့် မကျေနပ်မှုအားလုံးသည် တစ်ကိုယ် ကောင်းဆန်မှုကြောင့် ဖြစ်ရကြောင်း ဟောကြားခဲ့၏၊ လူသားတစ်ဦးသည် တည်ငြိမ်မှု ဖြစ်မလာနိုင်မီတွင် ၎င်း၏ အာရုံတရားများအတွင်း သို့မဟုတ် ၎င်းကိုယ်တိုင်အတွင်း အသက်ရှင်ရမှုကို ရပ်စဲရမည်ဖြစ်၏၊ ယင်းနောက် လူသား သည် ကြီးမြတ်သူအဖြစ်သို့ ရောက်ရှိ၏၊ ဗုဒ္ဓသည် ခရစ်မပေါ်မီ နှစ်ပေါင်း ၅၀၀ ခန့်ကပင် မတူခြားနားသည့် ဝေါဟာ ရဖြင့် လူသားတို့အား ကိုယ်ကျိုးစွန့်မှုတရားကို ဟောကြားတိုက်တွန်းတော်မူခဲ့၏၊ အခြားတစ်နည်းဆိုရမူ ဗုဒ္ဓသည် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏လိုအပ်ချက်များနှင့် ပိုမိုနီးစပ်ခဲ့၏၊ ဗုဒ္ဓသည် ကျွန်ုပ်တို့၏ တစ်ကိုယ်ရေ အရေးပါမှုနှင့် အကျိုးဆောင်ရွက်မှုတွင် ခရစ်တော်ထက် ပိုမိုရှင်းလင်းပြီး ထာဝရတည်မြဲသူပုဂ္ဂိုလ်ဖြစ်သလောဟူသော အချက်နှင့် ပတ်သက်၍မူ (ခရစ်တော်ထက်) သံသယဖြစ်စရာ ပိုနည်း၏’။

စိန့် ဟီလေရီ (St. Hilaire) က ‘ဗုဒ္ဓရှင်တော်မြတ် ဟောကြားတော်မူသည့် ကိုယ်ကျင့်တရားအားလုံး၏ ပြီးပြည့်စုံ သော ပုံစံဖြစ်သည့် ရှင်တော်မြတ်၏ဘဝသည် ယင်းကိုယ်ကျင့်တရားအပေါ် စွန်းထင်းမှုမရှိချေ’ဟု မှတ်ချက်ပြုသည်။ ဖော့စ်ဗိုးလ် (Fausboll)က ‘ဗုဒ္ဓရှင်တော်မြတ်အကြောင်း ကျွန်ုပ်သိရလေ ရှင်တော်မြတ်အပေါ် ကြည်ညိုလေ ဖြစ်ပါ၏’ဟု ဆိုသည်။

ရှင်တော်မြတ်၏ ကျိုးနွံသူ တပည့်တစ်ယေက်အနေဖြင့်မူ ‘ရှင်တော်မြတ်အကြောင်း ကျွန်ုပ်သိရလေ ရှင်တော် မြတ်အပေါ် ကြည်ညိုရလေ၊ ရှင်တော်မြတ်အပေါ် ကြည်ညိုရလေ ရှင်တော်မြတ်အကြောင်း ကျွန်ုပ်သိရလေ ဖြစ်ပါ၏’ ဟု ဆိုမည်ဖြစ်သည်။

အခန်း ၂

မြတ်ဓမ္မ

ဓမ္မ(ဗုဒ္ဓဝါဒ)သည် ဒဿန(တွေးခေါ်မြောမြင်မှု)လော။

ယုံကြည်ကိုးကွယ်သူများထံမှ မျက်ကန်းယုံကြည်မှုကို မတောင်းဆိုမူ၍၊ တရားသေ လှေနံဓားထစ်ဝါဒကို မဟောကြား ဘဲ အယူသည်း ဘာသာရေးအစီအရင်နှင့် အခမ်းအနားများကို အားမပေးသော်လည်း စင်ကြယ်စွာ နေထိုင်တွေးခေါ် ခြင်းအားဖြင့် အမြတ်ဆုံးအသိပညာနှင့် ကိလေသာအားလုံးမှ လွတ်မြောက်မှုကို ရရှိရန် တပည့်တစ်ယောက်အား လမ်းညွှန်သည့် နည်းလမ်းကောင်းကို ထောက်ခံလျက်၊ ဗုဒ္ဓရှင်တော်မြတ် ဟောကြားတော်မူခဲ့သော ရန်လိုမုန်းထားမှု မပါသည့် ကိုယ်ကျင့်တရားနှင့် ဒဿနဆိုင်ရာနည်းစနစ်ကို ဓမ္မဟုခေါ်ပြီး ဗုဒ္ဓဝါဒအဖြစ် ထင်ရှားစွာ သိမှတ်ကြသည်။ မဟာကရုဏာရှင် ဗုဒ္ဓရှင်တော်မြတ် ပရိနိဗ္ဗာန်စံတော်မူပြီဖြစ်သော်လည်း လူသားတို့အတွက် ရှင်တော်မြတ် အ ပြည့်အစုံထားပစ်ခဲ့သည့် မြတ်ဓမ္မသည်ကား မူရင်းအတိုင်း စင်ကြယ်စွာ တည်ရှိဆဲဖြစ်သည်။ မြတ်ဗုဒ္ဓသည် မိမိဟောကြားချက်များအား ရေးသားမှတ်တမ်းတင်ထားခဲ့ခြင်း မရှိသော်လည်း မြတ်ဗုဒ္ဓ၏ ထင်ရှား သည့် တပည့်သာဝကများက ယင်းတို့ကို နှုတ်ရအာဂုံဆောင်၍ ထိန်းသိမ်းခဲ့ကြပြီး နောင်လာနောင်သား အစဉ် အဆက် နှုတ်အားဖြင့် ဆင့်ကမ်းခဲ့ကြသည်။

ဗုဒ္ဓပရိနိဗ္ဗာန်စံလွန်ပြီးနောက် များမကြာမီ ဓမ္မနှင့်ဝိနယကို ကျွမ်းကျင်တော်မူကြသော ရဟန္တာငါးရာတို့သည် ရှင် တော်မြတ်ဟောကြားတော်မူသည့်အတိုင်း တိုက်ဆိုင်ညှိနှိုင်း၍ ပထမသံဂါယနာတင်ခဲ့ကြသည်။ ဗုဒ္ဓရှင်တော်မြတ်ဟော ကြားတော်မူခဲ့သော တရားဓမ္မအားလုံးကို ကြားနာရန် အခွင့်ထူးရရှိတော်မူခဲ့သော အရှင်အာနန္ဒာက ဓမ္မကိုရွတ်ကြားခဲ့ ပြီး၊ တစ်ချိန်တည်းတွင် အရှင်ဥပါလိမထေရ်က ဝိနယကို ရွတ်ဆိုခဲ့သည်။

ယနေ့ခေတ်ပုံစံဖြင့် (တွေ့ရှိရသည့်) ပိဋကတ်သုံးပုံကို ဖော်ပြပါ ရဟန္တာမထေရ်ကြီးများ စုစည်း စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

ဘာသာတရားကိုင်းရှိုင်းသည့် သီရိလင်္ကာဘုရင် ဝဋ္ဋဂါမဏိမင်းလက်ထက်အတွင်း ဘီစီ ၈၃ တွင် ဗုဒ္ဓဝါဒသမိုင်း တွင် ပထမဆုံးအကြိမ်အဖြစ် သီရိလင်္ကာနိုင်ငံ၌ ပိဋကတ်သုံးပုံကို ပေထက်အက္ခရာတင်ခဲ့သည်။ ဗုဒ္ဓ (ဟောကြားသော) တရားဓမ္မများ၏ အနှစ်သာရများပါဝင်သည့် အတွဲပေါင်း များစွာ ရှိသည့် ပိဋကတ်သုံးပုံ ကား သမ္မာကျမ်းစာ၏ ဆယ့်တစ်ဆခန့်ရှိမည်ဟု ခန့်မှန်းရသည်။ ပိဋကတ်သုံးပုံနှင့် သမ္မာကျမ်းစာတို့အကြား သိသာ ထင်ရှားသည့် ခြားနားချက်ကား ပိဋကတ်သုံးပုံမှာ သမ္မာကျမ်းစာကဲ့သို့ (တဖြည်းဖြည်း ဖြည့်စွက်ရေးသားမှုဖြင့်) တိုး ပွားလာသည့် ကျမ်းစာ မဟုတ်ခြင်းဖြစ်သည်။

စကားလုံးအဓိပ္ပာယ် ကောက်ယူမှုအရ တိပိဋက၌ ခြင်းတောင်း သုံးခုပါဝင်သည်။ ယင်းတို့မှာ စည်းမျဉ်းခြင်း တောင်း (ဝိနယပိဋက)၊ ဒေသနာခြင်းတောင်း (သုတ္တပိဋက)နှင့် အဆင့်မြင့်ဒေသနာခြင်းတောင်း (အဘိဓမ္မပိဋက)တို့ ဖြစ်သည်။

ရှေးအကျဆုံး သမိုင်းဝင်အဖွဲ့အစည်း (သံဃာ)၏ အရေးပါသည့်အရာအဖြစ် ယူဆအပ်သည့် ဝိနယပိဋကသည် အခြေအနေ ဖြစ်ပေါ်လာတိုင်း ဘိက္ခု ဘိက္ခုနီတို့ အနာဂတ်တွင် လိုက်နာကျင့်သုံးရန် ဗုဒ္ဓရှင်တော်မြတ် ပညတ်တော် မူခဲ့သော စည်းမျဉ်းဥပဒေများနှင့် အဓိက ပတ်သက်သည်။ ဝိနယပိဋက၌ ဗုဒ္ဓသာသနာ တဖြည်းဖြည်း တိုးတက်ဖြစ် ထွန်းလာပုံအကြောင်းကို အသေးစိတ်ဖော်ပြသည်။ ဗုဒ္ဓရှင်တော်မြတ်၏ ဘဝနှင့် သာသနာပြုမှတ်တမ်းကိုလည်း (ယင်း ၌) ဖော်ပြထားသည်။ ဝိနယပိဋကသည် အရေးပါပြီး စိတ်ဝင်စားဖွယ်ကောင်းသည့် ရှေးခေတ်သမိုင်း၊ အိန္ဒိယယဉ် ကျေးမှု၊ အနုပညာ၊ သိပ္ပံစသည်အကြောင်းအရာအချို့ကို သွယ်ဝိုက်သောအားဖြင့် ဖော်ပြသည်။

ယင်းပိဋက၌ အောက်ပါအတိုင်း ကျမ်းပေါင်း ငါးကျမ်းပါဝင်သည် –

၁) ပါရာဇိကပါဠိ – ဂရုက (ကြီးလေး) သိက္ခာပုဒ်များ
၂) ပါစိတ္တိယပါဠိ – လဟုက (ပေါ့သေး) သိက္ခာပုဒ်များ

ယင်းနှစ်ကျမ်းကို ဝိဘင်္ဂ ဟုခေါ်သည်

၃) မဟာဝဂ္ဂပါဠိ – မဟာဝါ (အခန်းကြီး)ပါဠိတော်
၄) စူဠဝဂ္ဂပါဠိ – စူဠဝါ (အခန်းငယ်) ပါဠိတော်

ယင်းနှစ်ကျမ်းကို ခန္ဓက ဟုခေါ်သည်

၅) ပရိဝါရပါဠိ – ပရိဝါ (အခြံအရံ) ပါဠိတော်

သုတ္တပိဋကတွင် အဓိကအားဖြင့် ဗုဒ္ဓရှင်တော်မြတ်ကိုယ်တိုင် များစွာသောအကြောင်းအရာအားလျော်စွာ ဟော ကြားတော်မူသော သုတ္တန်များပါဝင်သည်။ ထို့ပြင် အရှင်သာရိပုတ္တရာ၊ အရှင်အာနန္ဒာနှင့် အရှင်မဟာမောဂ္ဂလ္လာန် စသည်ကဲ့သို့သော ဗုဒ္ဓရှင်တော်မြတ်၏ ထင်ရှားသည့် တပည့်သာဝကများ ဟောကြားသည့် သုတ္တန်အနည်းအကျဉ်း လည်း ယင်း၌ ပါရှိသည်။ အကြောင်းအရာအမျိုးမျိုး ပုဂ္ဂိုလ်အသီးသီးတို့၏ စရိုက်အထွေထွေနှင့် သင့်တော်စေရန် ဟောကြားတော်မူသည့် ဒေသနာတော်များဖြင့် ပါဝင်ဖွဲ့စည်းထားသောကြောင့် ယင်းသုတ္တပိဋကသည် ဆေးညွှန်း ကျမ်းနှင့် ပမာတူလှသည်။ သုတ္တန်ဒေသနာတော်များ၌ ရှေ့နောက်မညီသကဲ့သို့ထင်ရသော ဟောတော်မူချက်အချို့ ပါရှိကောင်း ပါရှိနိုင်မည်ဖြစ်သော်လည်း ယင်းတို့မှာ ဗုဒ္ဓရှင်တော်မြတ်အနေဖြင့် အခါကာလအလိုက် အကြောင်း အရာပါ ရည်ရွယ်ချက်နှင့်ညီစေရန် ဟောကြားတော်မူသဖြင့် မှားယွင်းစွာ အဓိပ္ပာယ်ကောက်ယူမှု မပြုသင့်ချေ။ ဥပမာအနေဖြင့်ပြရမူ အတ္တဝိညာဉ်ကောင်နှင့် ယင်းအလားတူမေးခွန်းအား (စုံစမ်းလိုသူက မသိမိုက်မဲစွာ မေးမြန်း သမှု ပြုရုံမျှတွင်) မဖြေကြားဘဲ ဆိတ်ငြိမ်စွာ နေတော်မူလိမ့်မည် သို့မဟုတ် မေးမြန်းသူသည် စိတ်အားထက်သန်သည့် အမှန်တကယ် တရားရှာဖွေသူဖြစ်ကြောင်း သိတော်မူပါက အသေးစိတ် ဖြေကြားတော်မူလိမ့်မည်ဖြစ်သည်။ ဒေသနာ တော်အများစုကို အဓိကအားဖြင့် ဘိက္ခုတို့၏ အစီးအပွားအတွက် ရည်ရွယ်ပြီး အကျင့်မြတ်(ဗြဟ္မစရိယ)နှင့် ယင်းကို ဖွင့်ဆိုဟောကြားချက်များနှင့် ပတ်သက်ကြသည်။ သုတ္တပိဋက၌ အိမ်နေသူ လူဝတ်ကြောင်များ၏ ရုပ်ပိုင်းရော ကိုယ် ကျင့်တရားအရပါ တိုးတက်မှုတို့နှင့် ပတ်သက်သည့် အခြားများစွာသော ဒေသနာတော်များလည်း ပါဝင်သည်။ ဤပိဋကကို နိကာယ် သို့မဟုတ် အစုအပေါင်း ငါးမျိုးဖြင့် ခွဲခြားသည်။ ယင်းတို့မှာ –

၁) ဒီဃနိကာယ (သုတ္တန်ရှည်များပေါင်းချုပ်)
၂) မဇ္ဈိမနိယာယ (မတိုမရှည်သုတ္တန်များပေါင်းချုပ်)
၃) သံယုတ္တနိကာယ (တူညီရာစုပေါင်း ဒေသနာပေါင်းချုပ်)
၄) အင်္ဂုတ္တရနိကာယ (နံပါတ်စဉ်တူညီရာ ဒေသနာပေါင်းချုပ်)
၅) ခုဒ္ဒကနိကာယ (သုတ္တန်တိုများပေါင်းချုပ်) တို့ဖြစ်သည်။

အမှတ်ငါး နိကာယ်ကို အောက်ပါအတိုင်း ဆယ့်ငါးကျမ်း ခွဲခြားသည် –

၁)ခုဒ္ဒကပါဌ (တိုသည့် ပါဠိတော်များ)
၂) ဓမ္မပဒ (သစ္စာဓမ္မလမ်းစဉ်)
၃) ဥဒါန (ဝမ်းမြောက်စွာ မြွက်ဆိုချက်များ)
၄) ဣတိဝုတ္တက (‘ဤသို့ကြားနာခဲ့ရ၏’ဖြင့် အစပြုသော ဒေသနာတော်များ)
၅) သုတ္တနိပါတ (ဒေသနာတော်ပေါင်းချုပ်)
၆) ဝိမာနဝတ္ထု (ဗိမာန်ရှင်များဝတ္ထု)
၇) ပေတဝတ္ထု (ပြိတ္တာဝတ္ထု)
၈) ထေရဂါထာ (မထေရ်တို့၏ဟောကြားချက်များ)
၉) ထေရီဂါထာ (ထေရီတို့၏ဟောကြားချက်များ)
၁၀) ဇာတက (ဇာတ်တော်များ)
၁၁) နိဒ္ဒေသ (ဖွင့်ဆိုချက်များ)
၁၂) ပဋိသမ္ဘိဒါမဂ္ဂ (ထိုးထွင်းသိမြင်ကြောင်းလမ်းစဉ်)
၁၃) အပဒါန (ရဟန္တာတို့၏အကြောင်း)
၁၄) ဗုဒ္ဓဝံသ (ဗုဒ္ဓ၏အကြောင်း)
၁၅) စရိယာပိဋက (ကိုယ်ကျင့်တရား ထုံးနည်းများ)

အဘိဓမ္မာပိဋက၌ တိုတောင်းပြတ်သားပြီး ပိုမိုရိုးရှင်းသည့် သုတ္တန် ဒေသနာတော်များနှင့်နှိုင်းစာမူ အမှန်ပင် ဗုဒ္ဓ ဓမ္မ၏နက်နဲသော အတွေးအမြင်များပါဝင်သဖြင့် ဤပိဋကသည် ပိဋကတ်သုံးပုံအနက် အရေးအပါဆုံးနှင့် စိတ်ဝင်စား ဖွယ်အကောင်းဆုံး ဖြစ်သည်။

သုတ္တပိဋက၌ ဝေါဟာရဒေသနာကို တွေ့ရပြီး အဘိဓမ္မပိဋကတွင် ပရမတ္ထဒေသနာကို တွေ့ရသည်။ ပညာရှင်တစ်ယောက်အဖို့ အဘိဓမ္မပိဋကသည် အဖိုးမဖြတ်နိုင်သော လမ်းညွှန်၊ စိတ်ပိုင်းဘဝ တိုးတက်ပြီးသူများ အဖို့ အသိပညာဆိုင်ရာ ကုသရေး တစ်ရပ်၊ သုတေသီပညာရှင်များအဖို့ ဒဿနအာဟာရတစ်မျိုးဖြစ်သည်။ စိတ်ကို အဓိပ္ပာယ်ဖွင့်ဆိုသည်။ တွေးသိချက်များကို အဓိကအားဖြင့် ကိုယ်ကျင့်တရားရှုထောင့်မှ ခွဲခြမ်းစိတ်ဖြာ၍ အမျိုးအစား ခွဲခြားသည်။ စေတသိက်များကို ရေတွက်ပြသည်။ စိတ်တစ်မျိုးစီ ဖွဲ့စည်းပုံကို အသေးစိတ်ဖော်ပြသည်။ တွေးသိမှုများ ဖြစ်ပေါ်လာပုံကို ခရေစေ့တွင်းကျ ဖော်ပြသည်။ လူအများ စိတ်ဝင်စားသော်လည်း ဝိသုဒ္ဓိ(စင်ကြယ်မှု)နှင့် ပတ်သက်မှု မရှိသော မသက်ဆိုင်သည့် ပြဿနာများကို တမင်သက်သက် ဘေးဖယ်ထားခဲ့သည်။

ရုပ်အကြောင်းကို အကျဉ်းမျှ ဆွေးနွေးသည်၊ ရုပ်တရား၏ အခြေခံဖွဲ့စည်းပုံ၊ ရုပ်တရား၏ အရည်အသွေး၊ ရုပ် တရား၏ ရင်းမြစ်များနှင့် ရုပ်နှင့်စိတ်တို့၏ ဆက်နွယ်မှုတို့ကို ရှင်းပြသည်။

အဘိဓမ္မာသည် သတ္တဝါဆိုသည်ကို ဖြစ်ပေါ်စေသော အခြေခံနှစ်ခုဖြစ်သည့် စိတ်နှင့်ရုပ်တို့ကို အရှိအတိုင်း နားလည်နိုင်စေရန် စုံစမ်းလေ့လာသည်။ ထိုအခြေခံများအပေါ် အရင်းတည်၍ ဒဿန (တွေးခေါ်မြော်မြင်မှု) တစ်ရပ် တိုးတက်ပြီးဖြစ်သည်။ ထိုဒဿနကို အခြေပြုလျက် နိဗ္ဗာန်ဟူသော အန္တိမပန်းတိုင်ကို ထိုးထွင်းသိမြင်ရန် ကိုယ်ကျင့် တရားရေးရာ စနစ်တစ်ခုအဖြစ်သို့ တိုးတက်ပြောင်းလဲခဲ့သည်။

အဘိဓမ္မာ ခုနစ်ကျမ်းရှိသည် –

၁) ဓမ္မသင်္ဂဏီ (ဓမ္မကို အုပ်စုခွဲခြင်း)
၂) ဝိဘင်္ဂ (ခွဲခြမ်းစိတ်ဖြာသည့် ကျမ်း)
၃) ကထာဝတ္ထု (အချေအတင်ဆွေးနွေးချက် မှတ်စုများ)
၄) ပုဂ္ဂလပညတ္တိ (ပုဂ္ဂိုလ်အသီးသီးကို ဖော်ပြခြင်း)
၅) ဓာတုကထာ (ဓာတ်အကြောင်းဆွေးနွေချက်)
၆) ယမက (အစုံအစုံသောကျမ်း)
၇) ပဋ္ဌာန (ကြောင်းကျိုးဖြစ်စဉ်ပြကျမ်း)

ဗုဒ္ဓရှင်တော်မြတ်သည် သာမန်ပုဂ္ဂိုလ်များအတွက်ရော ပညာတတ်ပုဂ္ဂိုလ်များအတွက်ပါ ဓမ္မကိုဟောကြားခြင်း ဖြစ်၍ ပိဋကတ်သုံးပုံတွင် ကလေးငယ်များအတွက် နို့ချိုကိုရနိုင်ပြီး လူကြီးများအတွက် အသားကို ရရှိနိုင်သည်။ ယင်းပါဠိတော်ကျမ်းများတွင် ဖော်ပြထားသည့် တရားမြတ်ကား သစ္စာတရား လက်တွေ့အချက်များနှင့် ပတ်သက် လျက် ယနေ့ နက်နဲသောအမှန်တရားအဖြစ် လက်ခံနိုင်ပြီး မနက်ဖြန် စွန့်ပစ်ရသည်သာဖြစ်သော အဆိုအမိန့် (သီ အိုရီ)များ ဒဿနများနှင့် သက်ဆိုင်ခြင်းမရှိချေ။ ဗုဒ္ဓရှင်တော်မြတ်သည် ကျွန်ုပ်တို့အား ထူးခြားအံ့ဩဖွယ် ဒဿန ဆိုင်ရာ သီအိုရီများကို ပေးအပ်ခဲ့ခြင်းမဟုတ်သည်သာမက အသစ်ဖြစ်သည့် ရုပ်သိပ္ပံယူဆချက်တစ်ရပ်ကို စွန့်စားဖော် ထုတ်ခဲ့သည်လည်း မဟုတ်ချေ။ ရှင်တော်မြတ်သည် ကျွန်ုပ်တို့၏ ဝိမုတ္တိ(လွတ်မြောက်မှု)နှင့် ပတ်သက်သရွေ့ အဇ္ဈတ္တ ဗဟိဒ္ဓတို့၌ ရှိသည့်တရားကို ရှင်းပြပြီး အနှိုင်းမဲ့ လွတ်မြောက်မှုလမ်းစဉ်ကိုသာ လုံးဝဟောကြားတော်မူသည်။ သို့ရာ တွင် အမှတ်မထင်ပင် ဗုဒ္ဓရှင်တော်မြတ်သည် ခေတ်သိပ္ပံများစွာနှင့် ဒဿနပညာရှင်များစွာတို့၏ ရှေးပြေးဖြစ်ခဲ့သည်။ ရှိုပင်ဟောင်ဝါ(Schopenhauer)က ၎င်း၏ ‘ဆန္ဒနှင့်အတွေးကမ္ဘာ’ (World as Will and Idea)အမည်ရှိ စားအုပ်၌ အနောက်တိုင်းရှုထောင့်ဖြင့် ဒုက္ခသစ္စာနှင့် ယင်း၏အကြောင်းတရားကို တင်ပြခဲ့သည်။ စပီနိုဇာ(Spinoza)ကမူ ထာဝရ အစစ်အမှန်တရားတစ်ခု တည်ရှိမှုကို မငြင်းသော်လည်း ထာဝရတည်မြဲသော အရာအားလုံး ပြောင်းလဲမှုသဘာဝရှိ ကြောင်း ယူဆခဲ့သည်။ ၎င်း၏အယူအဆအရမူ ‘ပြောင်းလဲမှုမရှိ ခဏသဘော(လည်း)မဟုတ်ဘဲ မပြောင်းမလဲ အမြဲရှိပြီး ထာဝစဉ်တည်တံ့သော အသိပညာအာရုံတစ်ခုကို ရှာဖွေတွေ့ရှိခြင်းဖြင့်’ သောကကို လွန်မြောက်နိုင်သည်။ ဗာကလေ(Berkely)ကမူ မခွဲခြမ်းနိုင်တော့သည့် အက်တမ်(အနုမြူ)ဆိုသောအရာသည် ဒဿနနယ်လွန် စိတ်ကူးဖြင့် တွေးတောမှုတစ်ရပ်ဖြစ်ကြောင်း သက်သေပြခဲ့သည်။ ဟျုမ်း(Hume)ကမူ စိတ်အကြောင်းကို မဆုတ်မနစ် ခွဲခြမ်းစိတ် ဖြာပြီးနောက် သိစိတ်တွင် မတည်မြဲသည့် စိတ်၏အခြေအနေ(စေတသိက်)များ ပါဝင်ကြောင်း ကောက်ချက်ချခဲ့ သည်။ ဗာဂ်ဆန်(Bergson)သည် ပြောင်းလဲမှုဓမ္မကို ထောက်ခံခဲ့သည်။ ပါမောက္ခ ဂျိမ်းစ် (Prof. James)ကား စိတ်ဖြစ် စဉ်တစ်ရပ်ကို ညွှန်ပြခဲ့သည်။

ဗုဒ္ဓရှင်တော်မြတ်သည် လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀-ကျော်အချိန်က ဂင်္ဂါမြစ်ဝှမ်းဒေသတွင် သီတင်းသုံးနေထိုင် စဉ်အတွင်း ယင်းဖော်ပြပြီး အမြဲမရှိခြင်း(အနိစ္စ)၊ ဆင်းရဲခြင်း(ဒုက္ခ)နှင့် ငါကောင်ကိုယ်ကောင်မရှိ အတ္တမဲ့ (အနတ္တ) ဟူသောဓမ္မကို ဟောကြားတော်မူခဲ့ပြီးဖြစ်သည်။

ဗုဒ္ဓရှင်တော်မြတ်သည် မိမိသိပြီးတရားဓမ္မအားလုံးကို ဟောတော်မမူခဲ့ကြောင်း နားလည်သင့်သည်။ အခါတစ် ပါး၌ ဗုဒ္ဓရှင်တော်မြတ်သည် တောတန်းတစ်ခုကို ဖြတ်သန်းစဉ် သစ်ရွက်လက်တစ်ဆုပ်စာမျှကို ကောက်ယူတော်မူပြီး ‘ဘိက္ခုတို့၊ ငါဘုရား ဟောကြားတော်မူပြီးသောအရာသည် ငါဘုရား၏လက်တော်၌ရှိသော သစ်ရွက်နှင့်တူပေ၏၊ ငါဘု ရား ဟောကြားတော်မမူရသေးသောအရာသည် တောတန်းအတွင်းရှိ သစ်ရွက်များအရေအတွက်နှင့် ပမာတူပေ၏’ ဟု မိန့်ကြားတော်မူသည်။

ဗုဒ္ဓရှင်တော်မြတ်သည် လူနည်းစုနှင့်ပတ်သက်သောဓမ္မ လူများနှင့်ပတ်သက်သောဓမ္မဟု ခွဲခြားခြင်းမပြုဘဲ လူ သား၏ စင်ကြယ်မှုအတွက် လုံးဝလိုအပ်သည်ဟု ရှင်တော်မြတ်ယူဆသည်ကိုသာ ဟောကြားတော်မူသည်။ ဗုဒ္ဓသည် မိမိ၏ သာသနာပြုလုပ်ငန်းနှင့် မဆိုင်သည့် မေးခွန်းများနှင့်ပတ်သက်၍မူ တမင်သက်သက် နှုတ်ဆိတ်နေခဲ့သည်။ ဗုဒ္ဓဝါဒသည် သိပ္ပံပညာနှင့် လိုက်လျောညီထွေရှိသည်မှာ သံသယဖြစ်ဖွယ်မလိုသော်လည်း သိပ္ပံသည် ရုပ်ပိုင်း ဆိုင်ရာ အမှန်တရားများနှင့် အဓိကပတ်သက်ပြီး ဗုဒ္ဓဝါဒမူ ကိုယ်ကျင့်တရားနှင့် စိတ်ပိုင်းဘဝအမှန်တရားများကို ဖွင့် ဆိုသောကြောင့် ယင်းတို့ကို မျဉ်းပြိုင် တရားဓမ္မများအဖြစ် မှတ်ယူသင့်သည်။ ယင်း(ဗုဒ္ဓဝါဒနှင့်သိပ္ပံပညာ) ဓမ္မ အသီး သီး၏ အဓိကရည်ရွယ်ချက်မှာ ခြားနားသည်။

ဗုဒ္ဓဟောကြားတော်မူခဲ့သော ဓမ္မကား ကျမ်းစာအုပ်များတွင် သိမ်းဆည်းထားရုံမျှမဟုတ်သကဲ့သို့ သမိုင်း သို့မ ဟုတ် စာပေရှုထောင့်မှ လေ့လာရမည့် ဘာသာရပ်တစ်ခုလည်း မဟုတ်ချေ။ ယင်းနှစ်မျိုးနှင့် ဆန့်ကျင်လျက် ဓမ္မကို လက်တွေ့အားထုတ်ခြင်းမရှိဘဲ အမှန်တရားကို နားလည်နိုင်မည်မဟုတ်သောကြောင့် ဓမ္မဟူသည်ကား သင်ယူရမည့် အရာဖြစ်ပြီး တစ်စုံတစ်ယောက်၏ နေ့စဉ်ဘဝကျင့်ထုံးအနေဖြင့် ကျင့်ကြံရမည့်တရား ဖြစ်သည်။ ဓမ္မဟူသည် သင်ယူရ မည့်အရာ ထိုထက် ကျင့်ကြံရမည့်အရာ ထိုထက် ထိုးထွင်းသိမြင်ရမည့်အရာဖြစ်ပြီး အလျင်အမြန် ထိုးထွင်းသိမြင်ခြင်း မှာ ဓမ္မ၏ပန်းတိုင်ဖြစ်သည်။ သို့ဖြစ်၍ မွေးသေသမုဒ္ဒရာ (သံသရာ)မှ လွတ်မြောက်မှုမှာ ဓမ္မ၏ အဓိက ရည်ရွယ်ချက် ဖြစ်ကြောင်း ဆိုလိုလျက် ဓမ္မဟူသည်ကို ဖောင်နှင့်ဥပမာပြုသည်။

သို့ဖြစ်၍ ဗုဒ္ဓဝါဒသည် အသိပညာကိုချစ်ခြင်း အသိပညာကိုရှာဖွေခြင်းမျှ မဟုတ်သောကြောင့် ဗုဒ္ဓဝါဒအား ဒဿနပညာသက်သက် တစ်ခုအနေဖြင့် အတိအကျမခေါ်နိုင်ချေ။ ဗုဒ္ဓဝါဒသည် ဒဿနပညာရပ်တစ်ခုနှင့် အလွန်နီး စပ်နိုင်သော်လည်း ယင်းသည် အလွန့်အလွန် နားလည်နိုင်သော အရာဖြစ်သည်။

ဒဿနပညာရပ်သည် ဗဟုသုတအကြားအမြင်နှင့် အဓိကသက်ဆိုင်ပြီး လက်တွေ့ကျင့်သုံးမှုနှင့် မပတ်သက်ဘဲရှိ လျက် ဗုဒ္ဓဝါဒမူကား ကျင့်သုံးခြင်းနှင့် ထိုးထွင်းသိမြင်ခြင်းတို့ကို အထူးပြုသည်။


အခန်း ၃

ဗုဒ္ဓဝါဒသည် ဖန်ဆင်းရှင် ထာဝရဘုရားသခင် ဗဟိုပြု ဘာသာတရားလော။

ဗုဒ္ဓဝါဒသည် ‘တန်းခိုးရှင်တစ်ယောက်အား ကျိုးနွံသစ္စာခံခြင်းဖြင့် ယုံကြည် ဝတ်ပြုဆုတောင်းသည့် စနစ်မဟုတ်’သဖြင့် အများနားလည်ထားသည့် အဓိပ္ပာယ်ဖြင့် ဘာသာတရား (Religion)တစ်ခုလည်း မဟုတ်ချေ။

ဗုဒ္ဓဝါဒသည် ယုံကြည်ကိုးကွယ်သူများထံမှ မျက်ကန်းယုံကြည်မှုကို မတောင်းဆိုချေ။ ဗုဒ္ဓဝါဒ၌ ယုံကြည်မှုသက် သက်ကို ခွာထုတ်လျက် ပါဠိဘာသာဖြင့် သဒ္ဓါဟုခေါ်သော အသိပညာအခြေခံသည့် ယုံကြည်မှုဖြင့် အစားထိုးသည်။ ဗုဒ္ဓရှင်တော်မြတ်အပေါ် တပည့်သာဝကတစ်ယောက်ထားရှိသည့် ယုံကြည်မှုသည် ထင်းရှားသည့် ဆေးဆရာတစ် ယောက်အပေါ် လူနာတစ်ယောက်ကထားရှိသည့် ယုံကြည်ချက်မျိုး၊ သို့မဟုတ် ကျောင်းသားတစ်ယောက်က မိမိဆရာ အပေါ်ထားရှိသည့် ယုံကြည်ချက်မျိုးဖြစ်သည်။ ဗုဒ္ဓဝါဒီတစ်ယောက်သည် ဗုဒ္ဓရှင်တော်မြတ်အနေဖြင့် ဝိမုတ္တိလမ်းစဉ်ကို ရှာဖွေတွေ့ရှိခဲ့သူတစ်ယောက်ဖြစ်၍ ကိုးကွယ်ဆည်းကပ်ခြင်း ဖြစ်သည်။

ဗုဒ္ဓဝါဒီတစ်ယောက်သည် (ဗုဒ္ဓရှင်တော်မြတ်က) ရှင်တော်မြတ်၏ ပုဂ္ဂိုလ်ရေးစင်ကြယ်မှုဖြင့် မိမိကို ကယ်တင်လိမ့် မည်ဟူသော မျှော်လင့်ချက်ဖြင့် ဗုဒ္ဓအား ကိုးကွယ်ဆည်းကပ်သည်မဟုတ်ချေ။ ဗုဒ္ဓသည် ယင်းသို့သော အာမခံချက်မျိုး ကို မပေးချေ။ ဗုဒ္ဓ၏တန်းခိုးစွမ်းရည်သည် အခြားပုဂ္ဂိုလ်များ၏ မစင်ကြယ်မှုများကို ဆေးကြောသုတ်သင်ပစ်ရန် မဟုတ်ချေ။ တစ်စုံတစ်ယောက်သည် အခြားတစ်ယောက်အား စင်ကြယ်အောင်ဖြစ်စေ ညစ်နွမ်းအောင်ဖြစ်စေ မပြု လုပ်နိုင်ချေ။

ဗုဒ္ဓရှင်တော်မြတ်သည် ဆရာအရှင်အနေဖြင့် ကျွနိုပ်တို့ကို သင်ကြားပေးသော်လည်း ကျွန်ုပ်တို့၏ စင်ကြယ်မှုအ တွက်မူ ကျွန်ုပ်တို့မှာသာ တိုက်ရိုက် တာဝန်ရှိသည်။

ဗုဒ္ဓဝါဒီတစ်ယောက်သည် ဗုဒ္ဓအား ကိုးကွယ်ဆည်းကပ်ခြင်းပြုသော်လည်း မည်သည့် ကိုယ့်ကိုယ်ကို လက်မြှောက် အရှုံးပေးမှုမျိုးကိုမှ မလုပ်ချေ။ ဗုဒ္ဓ၏ တပည့်သာဝကဖြစ်လာခြင်းဖြင့် ဗုဒ္ဓဝါဒီတစ်ယောက်သည် ၎င်း၏လွတ်လပ်စွာ တွေးခေါ်မြော်မြင်မှုကို မစွန့်လွှတ်ချေ။ ဗုဒ္ဓဝါဒီသည် လွတ်လပ်သည့် ကိုယ်ပိုင် စိတ်ဆန္ဒကို လေ့ကျင့်နိုင်ပြီး ကိုယ်တိုင် ဗုဒ္ဓ ဖြစ်လာနိုင်သည်အထိပင် မိမိ၏အသိဉာဏ်ကို တိုးတက်အောင် အားထုတ်နိုင်သည်။ ဗုဒ္ဓဝါဒ၏ အစမှတ်မှာ ကြောင်းကျိုးဆင်ခြင်ခြင်း သို့မဟုတ် နားလည်ခြင်း သို့တည်းမဟုတ် အခြားတစ်မျိုးဆိုရမူ သမ္မာဒိဋ္ဌိ (မှန်သောအမြင်) ဖြစ်သည်။

အမှန်တရား ရှာဖွေသူများအား ဗုဒ္ဓရှင်တော်မြတ်က အောက်ပါအတိုင်း မြွက်ကြားသည် – ‘တစ်ဆင့်စကား ကြားရုံမျှဖြင့် (ရှေးပဝေသဏီကပင် ယင်းကို ကြားဖူးသည်ဟု ယူဆလျက် ဟုဆိုလိုသည်) မယုံကြည်ကြနှင့်။ အစဉ်အလာဖြစ်ရုံမျှဖြင့် (ဘိုးစဉ်ဘောင်ဆက် စဉ်ဆက်များစွာက ဆင်းသက်လာသည်ဟု ယူဆလျက် ဟုဆိုလိုသည်) မည်သည့်အရာကိုမျှ လက်မခံကြနှင့်။ သင်တို့၏ ကျမ်းဂန်နှင့် ကိုက်ညီရုံမျှဖြင့် မည်သည့်အရာကိုမျှ လက်မခံကြနှင့်။ မှန်းဆ၍သိရုံမျှဖြင့် မည်သည့်အရာကိုမျှ လက်မခံကြနှင့်။ အဓိပ္ပာယ် ဖွင့်ဆိုရုံမျှဖြင့် မည်သည့်အရာကိုမျှ လက်မခံကြနှင့်။ အကြောင်းယုတ္တိကို ဆင်ခြင်ရုံဖြင့် မည်သည့်အရာကိုမျှ လက်မခံကြနှင့်။ မိမိ၏ ကြိုတင်တွက်ဆထားသည့် သိမြင်ချက်နှင့် ကိုက်ညီသောကြောင့်မျှဖြင့်လည်း မည် သည့်အရာကိုမျှ လက်မခံကြနှင့်။ လက်ခံထိုက်ပုံရသည်ဟူသော အကြောင်းကြောင့်မျှဖြင့်် (ဟောပြောသူက လူကောင်းတစ်ယောက် ဖြစ်ပုံရသဖြင့် ၎င်း၏စကားကို လက်ခံ သင့်သည်ဟုယူဆလျက်ဟု ဆိုလိုသည်) မည် သည့်အရာကိုမျှ လက်မခံကြနှင့်။ ဤရသေ့ရဟန်းပုဂ္ဂိုလ်ကား ကျွန်ုပ်တို့ လေးစားခံရသူဖြစ်၏ (ယင်းသို့ ယူဆ ၍ ၎င်း၏စကားကို လက်ခံခြင်းမှာ မှန်သည်) ဟုယူဆသဖြင့် မည်သည့်အရာကို မျှ လက်မခံကြနှင့်။

‘သို့တစေ ထိုအရာများကား ဒုစရိုက်မှု(အကျင့်ဆိုး) များဖြစ်ကြ၏၊ ထိုတရားများကား အပြစ်တင်ထိုက်၏၊ ထို တရားများကား ပညာရှိတို့၏ ကဲ့ရဲ့ခြင်းခံရ၏၊ ထိုတရားများကို ပြုမူဆောင်ရွက်မူ ပျက်စီးခြင်း စိတ်ဆင်းရဲခြင်း အကျိုးကိုရ၏ဟု သင်တို့ကိုယ်တိုင် သိမြင်သောအခါ ယင်းတရားတို့ကို သင် တကယ်ပင် ငြင်းပယ်ပါ။

‘ထိုအရာများကား သုစရိုက်မှုများဖြစ်ကြ၏၊ ထိုတရားများကား အပြစ်ကင်း၏၊ ထိုတရားများကား ပညာရှိတို့ ချီးမွမ်းခြင်းခံရ၏၊ ထိုတရားများကို ပြုမူဆောင်ရွက်မူ ကောင်းခြင်း ပျော်ရွှင်ခြင်း အကျိုးကိုရ၏ဟု သင်တို့ ကိုယ်တိုင် သိမြင်သောအခါ ယင်းတရားတို့ကို လိုက်နာကျင့်သုံး၍ နေထိုင်ပါ’။

ဗုဒ္ဓရှင်တော်မြတ်၏ ဖော်ပြပါ စိတ်အားထက်သန်စေသည့် စကားတော်များကား ယင်းစကားလုံးတို့၏ မူလခွန် အားနှင့် လန်းဆန်းမှုကို (ယနေ့တိုင်) ထိန်းသိမ်းထားဆဲဖြစ်သည်။

ဗုဒ္ဓဝါဒ၌ မျက်ကန်းယုံကြည်မှုမရှိသော်လည်း တစ်စုံတစ်ယောက်အနေဖြင့် ဗုဒ္ဓဝါဒ၌ ရုပ်တုဆင်းတုကိုးကွယ်မှု မရှိဘူးလောဟု စောဒကတက် (မေးခွန်းထုတ်) နိုင်သည်။

ဗုဒ္ဓဝါဒီတို့သည် လောကီအစီးအပွား သို့မဟုတ် စိတ်ပိုင်းဘဝရေးရာ ညှာတာဖေးမှုတို့အတွက် မျှော်လင့်ချက်ဖြင့် ရုပ်တုဆင်းတုကို ကိုးကွယ်ဆည်းကပ်ကြသည်မဟုတ်ဘဲ ယင်းရုပ်တုဆင်းတုက ကိုယ်စားပြုသည့်အရာ (သက်တော် ထင်ရှားမြတ်စွာဘုရား)ကို အရိုအသေပေးကြခြင်းသာ ဖြစ်သည်။

နားလည်သူ ဗုဒ္ဓဝါဒီတစ်ယောက်အဖို့ ဆင်းတုတော်အား ပန်းများ အမွှေးတိုင်များ ပေးလªပူဇော်ခြင်းမှာ မိမိအနေ ဖြင့် သက်တော်ထင်ရှား မြတ်ဘုရား၏ ရှေ့တော်မှောက်၌ ရှိနေသည်ဟု မိမိကိုယ်ကို ခံစားနိုင်စေရန် တမင် ဆောင်ရွက်ခြင်း ဖြစ်ပြီး ထိုမှတစ်ဆင့် ဗုဒ္ဓရှင်တော်မြတ်၏ မြင့်မြတ်သော ဥပဓိရုပ်သွင်မှ စိတ်ဓာတ်ခွန်အား ရရှိလျက် ဗုဒ္ဓ၏ အနှိုင်းမဲ့ မဟာကရုဏာကို နက်ရှိုင်းစွာ ခံစားခြင်းဖြစ်သည်။ ယင်းဗုဒ္ဓဝါဒီသည် ဗုဒ္ဓရှင်တော်မြတ်၏ မြင့်မြတ် သည့် စံစနမူကို လိုက်နာ ကျင့်သုံးသည်။

မဟာဗောဓိပင်လည်း ဗောဓိဉာဏ်၏ အထိမ်းအမှတ်ပင်ဖြစ်သည်။ ယင်း ပြင်ပကိုးကွယ်ခံ အရာဝတ္ထုများမှာ လုံးဝမရှိမဖြစ် လိုအပ်သောအရာမဟုတ်သော်လည်း ထိုအရာများက တစ်စုံတစ်ယောက်၏ စိတ်အာရုံကို တည်ကြည် စေရန် ရည်ညွှန်းသဖြင့် အသုံးဝင်ပါသည်။ တွေးတောဆင်ခြင်လေ့ရှိသည့် ပညာရှင်ပုဂ္ဂိုလ်တစ်ယောက်အဖို့မူ မိမိအာရုံ ကို လွယ်ကူစွာ စူးစိုက်နိုင်ပြီး ဗုဒ္ဓရှင်တော်မြတ်အား အလွယ်တကူ အာရုံပြုနိုင်သဖြင့် ယင်းအရာများကို အသုံးမပြု ဘဲနေနိုင်သည်။

ကျွန်ုပ်တို့၏ ပုဂ္ဂလိကကောင်းကျိုးချမ်းသာအတွက်နှင့် ကျေးဇူးတင်သည့်အနေဖြင့် ကျွန်ုပ်တို့သည် ယင်းသို့သော ပြင်ပအရာများအား အရိုအသေပေးကြသော်လည်း မိမိတပည့်များထံမှ ဗုဒ္ဓရှင်တော်မြတ် မျှော်လင့်သောအရာမှာ မိမိ ၏ဓမ္မကို အမှန်တကယ် လိုက်နာကျင့်သုံးခြင်းသာဖြစ်လျက် (ရှင်တော်မြတ်အား) အလွန်ကျိုးနွံရိုသေမှု မဟုတ်ချေ။ ဗုဒ္ဓရှင်တော်မြတ်က ‘ဓမ္မကို အကောင်းဆုံး ကျင့်သုံးသူသည် ငါ့ဘုရားကို အကောင်းဆုံး ပူဇော်သူဖြစ်၏’ ‘ဓမ္မကို မြင် သောသူသည် ငါဘုရားကို မြင်၏’ ဟု ဟောတော်မူသည်။

သို့တစေ ဆင်းတုတော်များနှင့် ပတ်သက်၍ ကောင့်ကိုင်ဇာလင် (Count Kaiserling) အမည်ရှိပုဂ္ဂိုလ်က ‘ဤကမ္ဘာ ပေါ်၌ ဗုဒ္ဓဆင်းတုတော်ထက် ပိုမိုခမ်းနားသည့် မည်သည့်အရာကိုမျှ မတွေ့ဖူးပါ။ ယင်းဆင်းတုတော်သည် မျက်စိဖြင့် မြင်နိုင်ကောင်းသော နယ်ပယ်အတွင်း၌ လုံးဝဥဿုံ ပြီးပြည့်စုံသည့် စိတ်ပိုင်းဘဝ၏ ပြယုဂ်တစ်ရပ်ပင်ဖြစ်၏’ ဟု မှတ် ချက်ပြုသည်။

ထို့ပြင်လည်း ဗုဒ္ဓဝါဒ၌ အသနားခံမှု သို့မဟုတ် သူတစ်ပါးအတွက် အသနားခံပေးသော ဆုတောင်းမှုများမရှိချေ။ ဗုဒ္ဓရှင်တော်မြတ်ထံ ကျွန်ုပ်တို့ အာပေါက်အောင် ဆုတောင်းစေကာမူ ကျွန်ုပ်တို့ ကယ်တင်ခံရလိမ့်မည် မဟုတ်ချေ။ ဗုဒ္ဓရှင်တော်မြတ်သည် ၎င်းထံ၌ ဆုတောင်းသူများအား မျက်နှာသာပေးမည် မဟုတ်ချေ။ တစ်ကိုယ်ရေ တောင်းဆုပန် ခြင်းများအစား မိမိကိုယ်ကို ထိန်းသိမ်းခြင်း၊ စိတ်ဓာတ်စင်ကြယ်နှင့် ဗောဓိဉာဏ်သို့ ဦးတည်နိုင်သော ကမ္မဋ္ဌာန်းဘာဝ နာရှုမှတ်ခြင်းများ ရှိသည်။ ကမ္မဋ္ဌာန်းဘာဝနာရှုမှတ်ခြင်းဟူသည် တိတ်ဆိတ်စွာ အတွေးထဲ နစ်မျောနေခြင်းလည်း မဟုတ်၊ စိတ်ကို အာရုံတစ်ခုမရှိဘဲ ဗလာကျင်းထားခြင်းမျိုးလည်း မဟုတ်ချေ။ ယင်းသည် အသက်ဝင် လှုပ်ရှားသည့် အားထုတ်ရခြင်း တစ်မျိုးဖြစ်သည်။ ယင်းသည် နှလုံးသားကိုရော စိတ်ကိုပါ အားဆေးသဖွယ် အကျိုးပြုသည်။ ဗုဒ္ဓရှင် တော်မြတ်သည် ဆုတောင်းခြင်းများ၏ အကျိုးမရှိပုံအကြောင်းကို မြွက်ဟတော်မူသည်သာမက အသိဉာဏ် ကျေးကျွန် ပြုခံရခြင်းအဖြစ် ပြစ်တင်ရှုတ်ချတော်မူသည်။ ဗုဒ္ဓဝါဒီတစ်ယောက်သည် ကယ်တယ်ခံရရန် ဆုတောင်းခြင်း မပြုသင့် သော်လည်း မိမိကိုယ်ကို အားကိုးလျက် မိမိ၏လွတ်လပ်မှုကို ရယူအောင်မြင်သင့်သည်။

‘ဆုတောင်းမှုများသည် ဘုရားသခင်နှင့် ကိုယ်ကျိုးငဲ့ စျေးဆစ်မှုဟူသော ပုဂ္ဂလိကဆက်သွယ်မှုအသွင်ကို ဆောင် ၏၊ ယင်းသည် လောကီရေးရည်ရွယ်ချက်ရှိ အာရုံများကို ရှာဖွေပြီး အတ္တအမြင်ကို တိုးပွားစေ၏၊ အခြား တစ်ဖက် တွင် ကမ္မဋ္ဌာန်းရှုမှတ်ခြင်းကား မိမိကိုယ်ကို ပြောင်းလဲစေ၏’ဟု သီရိရာဓခရစ်ရှနာ(Sri Radhakrishna)က ဆိုသည်။ ဗုဒ္ဓဝါဒတွင် အခြားအားလုံးသော ဘာသာတရားများမှာကဲ့သို့ နာခံရန်နှင့်ထိတ်ရွံ့ရန် အနန္တတန်ခိုးရှင် ထာဝရဘု ရားတစ်ဆူမရှိချေ။ ဗုဒ္ဓရှင်တော်မြတ်သည် အလုံးစုံသိ နေရာအနှံ့ရှိ စကြဝဠာတန်ခိုးရှင်ကို မယုံကြည်ချေ။ ဗုဒ္ဓဝါဒ၌ ကောင်းကင်ဘုံ(မှပဂ္ဂိုလ်)နှင့်ဆက်သွယ်မှုများ သို့မဟုတ် ကောင်းကင်ဘုံ(မှ ပုဂ္ဂိုလ်)များ၏ တမန်တော်များ မရှိချေ။ သို့ဖြစ်၍ ဗုဒ္ဓဘာသာဝင်တစ်ယောက်သည် လူသားတို့၏ကံကြမ္မာကို ချုပ်ကိုင်ပြီး တမင်သက်သက် ဆုလာဘ်နှင့် ပြစ်ဒဏ်ကိုပေးသော မည်သည့်အဆင့်မြင့် တန်ခိုးအာဏာကိုမျှ ခယတုပ်ဝပ် မပြုချေ။ ဗုဒ္ဓဝါဒီတို့သည် ကောင်းကင် ဘုံမှ ထာဝရပုဂ္ဂိုလ်၏ ဖွင့်ဟဟောကြားချက်များဆိုသည်ကို မယုံကြည်သောကြောင့် ဗုဒ္ဓဝါဒသည် အမှန်တရားအား လက်ဝါးကြီးအုပ်ထားမှုကို မတောင်းဆိုဘဲ အခြားမည်သည့် ဘာသာတရားကိုမျှ ပြစ်တင်ဝေဖန်ခြင်းမပြုချေ။ သို့တစေ ဗုဒ္ဓဝါဒသည် အမှန်တကယ် ကိန်းဝပ်နေသည့် လူသား၏ ဖြစ်နိုင်ခြေများကို အသိအမှတ်ပြုပြီး ကောင်းကင်ဘုံ သို့မ ဟုတ် တွေးခေါ်သူ တရားဟောဆရာများအား မှီခိုအားထားခြင်းမပြုဘဲ မိမိကိုယ်တိုင် အားထုတ်မှုဖြင့် ဒုက္ခမှ လွတ် မြောက်မှုကို ရရှိနိုင်ကြောင်း သင်ကြားသည်။

သို့ဖြစ်သဖြင့် ဗုဒ္ဓဝါဒအား ဖန်ဆင်းရှင်ဗဟိုပြုဘာသာတရားဟု အဓိပ္ပာယ်ရသည့် Religion ဟု မဆိုနိုင်ချေ။ အ ကြောင်းမူ ဗုဒ္ဓဝါဒသည် ယုံကြည်မှုနှင့် ဝတ်ပြုကိုးကွယ်မှု စနစ်လည်းမဟုတ်၊ ‘မိမိတို့၏ ကံကြမ္မာအပေါ် တန်ခိုးအာ ဏာ လွှမ်းမိုးလျက် နာခံခြင်း အလုပ်အကျွေးပြုခြင်းနှင့် ပူဇော်ပသခြင်းတို့ဖြင့် ပေးဆပ်ရသော ထာဝရဘုရား သို့မ ဟုတ် နတ်ဘုရားများ တည်ရှိမှုအပေါ် အသိအမှတ်ပြုခြင်းအား လူသားတို့ကညွှန်ပြသည့် ပြင်ပန်းအပြုအမူ သို့မဟုတ် ပုံစံတစ်ခုလည်း မဟုတ်သောကြောင့်တည်း’။

အကယ်၍ ဘာသာတရား Religion ဟူသောဝေါဟာရ၌ ‘ပြင်ပေါ်ယံထက်ပိုမိုသော ဘဝအတွေးအမြင်တစ်ရပ်ကို ရယူသည့် သင်ကြားမှုတစ်ရပ်၊ ပြင်ပေါ်ယံဘဝမျှသာမဟုတ်ဘဲ ဘဝအတွင်းသရုပ်ကို သေချာစေ့ငုကြည့်ရှုသည့် ဟော ကြားချက်တစ်ရပ်၊ အတွင်းကျကျ လိုက်လျောညီထွေရှိသော ကိုယ်ကျင့်တရားလမ်းညွှန်ဖြင့် လူသားတို့ကို တန်ဆာဆင် ပေးသော အဆုံးအမတစ်ရပ်၊ ယင်းကို မမေ့လျော့သူများအား ကြံ့ကြံ့ခံဇွဲသတ္တိဖြင့် ဘဝကိုရင်ဆိုင်လျက် တည်ငြိမ်စွာ ကိုင်တွယ်ရန် စွမ်းဆောင်စေသည့် လမ်းညွှန်ချက်တစ်ရပ်’ သို့မဟုတ် ဘဝဒုက္ခများကို ဖယ်ရှားမည့် စနစ်တစ်ခုဟု အဓိပ္ပာယ် သက်ရောက်သည်ဆိုလျှင် ဗုဒ္ဓဝါဒသည် ဘာသာတရားများ (Religions)ထဲမှ ဘာသာတရား (Religion) တစ်ခု ဖြစ်သည်မှာ သေချာပါသည်။


အခန်း ၄

ဗုဒ္ဓဝါဒသည် ကိုယ်ကျင့်တရားရေးရာ စနစ်တစ်ခုလော။

ဗုဒ္ဓဝါဒ၌ စင်ကြယ်မှုနှင့် အတ္တမရှိသဘောထားတွင် ပြိုင်ဘက်မဲ့ သာလွန်ထူးကဲသည့် ကိုယ်ကျင့်တရားဆိုင်ရာ ထုံး နည်းတစ်ရပ်ပါရှိသည်မှာ သံသယဖြစ်ဖွယ် မလိုချေ။ ယင်းသည် ရဟန်းတော်များအတွက် လမ်းတစ်သွယ်နှင့် လူဝတ် ကြောင်များအတွက် အခြားလမ်းတစ်ခု ဖြစ်သည်။ သို့တစေ ဗုဒ္ဓဝါဒသည် သာမန်ကိုယ်ကျင့်တရား အဆုံးအမထက် များစွာပိုလွန်သည်။ စင်ကြယ်မှုလမ်းစဉ်တွင် ကိုယ်ကျင့်တရားသည် အခြေခံအဆင့်မျှနှင့် အဆုံးသတ်ရန် နည်းလမ်း တစ်ခုမျှသာ ဖြစ်သော်လည်း ယင်းသည် အဆုံးစွန်တရားကား မဟုတ်ချေ။ ကိုယ်ကျင့်တရားသည် မရှိမဖြစ်လိုအပ် သော်လည်း ယင်းတရားမျှဖြင့် မိမိ၏ ဝိမုတ္တိ (လွတ်မြောက်မှု)ကို ရရှိရန် မလုံလောက်ချေ။ ယင်းကိုယ်ကျင့်တရားကို ပညာဖြင့် ထပ်ဆင့်ရသည်။ ဗုဒ္ဓဝါဒ၏ အခြေခံမှာ သီလဖြစ်ပြီး ပညာမှာ ယင်း၏ ပန်းတိုင်ဖြစ်သည်။

အခြေခံကိုယ်ကျင့်တရားကို စောင့်ထိန်းရာ၌ ဗုဒ္ဓဝါဒီတစ်ယောက်သည် မိမိတစ်ကိုယ်တည်းကိုသာ စဉ်းစားသည် မဟုတ်ဘဲ တိရစ္ဆာန်များအပါအဝင် အခြားပုဂ္ဂိုလ်အားလုံးကိုပါ ထည့်သွင်းစဉ်စားရသည်။ ဗုဒ္ဓဝါဒ၌ ကိုယ်ကျင့်သီလ ကို မည်သည့် သံသယဖြစ်ဖွယ် ထုတ်ဖော်ချက်အပေါ်တွင်မှလည်း တည်ဆောက်မထား၊ (ယင်းသည်) ထူးခြားသော စိတ်၏ ဖန်တီး တီထွင်မှုလည်းမဟုတ်ဘဲ ကြောင်းကျိုးစိစစ်သည့် အချက်များနှင့် တစ်ကိုယ်ရေအတွေ့ အကြုံတွင် အခြေခံသည့် ယုတ္တိရှိပြီး လက်တွေ့ကျသော ကျင့်ထုံးတစ်ရပ်သာဖြစ်သည်။

ဗုဒ္ဓဝါဒီတစ်ယောက်၏ မည်သည့်စရိုက်ပုံသွင် ဖန်တီးမှုတွင်မဆို ပြင်ပတန်ခိုးရှင် အုပ်စုတစ်ခုခု၏ အခန်းကဏ္ဍ မပါရှိကြောင်း ဖော်ပြရမည်ဖြစ်သည်။ ဗုဒ္ဓဝါဒ၌ ကောင်းချီးပေးခြင်း သို့မဟုတ် ပြစ်ဒဏ်ပေးခြင်း မရှိချေ။ ဆင်းရဲဒုက္ခ နှင့် ပျော်ရွှင်မှုများမှာ မိမိပြုမူဖန်တီးမှုများ၏ မရှောင်လွှဲနိုင်သော အကျိုးဆက်များဖြစ်သည်။ ထာဝရဘုရား (ပေးအပ် သည့်) ပျော်ရွှင်မှုနှင့် မပျော်ရွှင်မှုတို့ကို ရယူခြင်းနှင့်ပတ်သက်သည့် မေးခွန်းမှာ ဗုဒ္ဓဝါဒီတစ်ယောက်၏ နှလုံးသား၌ အရေးမကြီးချေ။ ကောင်းချီးပေးခံရရန် မျှော်လင့်ချက်နှင့် ပြစ်ဒဏ်ပေးခံရရန် ထိတ်ရွံ့မှုတို့သည် ကောင်းမှုကို ပြုလုပ် ရန် သို့မဟုတ် မကောင်းမှုကို ရှောင်ရှားရန် ၎င်း(ဗုဒ္ဓဝါဒီ)အဖို့ မက်လုံး မဖြစ်နိုင်ချေ။ ဗုဒ္ဓဝါဒီတစ်ယောက်သည် အနာဂတ်အကျိုးဆက်ကို သိသော်လည်း ဗောဓိဉာဏ်တိုးတက်မှုကို တားဆီးသောကြောင့် အကုသိုလ်ကို ရှောင်ကြဉ် ပြီး ယင်းဉာဏ်၏ အထောက်အပံ့ဖြစ်သောကြောင့် ကောင်းမှုကုသိုလ်ကို ပြုလုပ်ခြင်းဖြစ်သည်။ ကောင်းသောအလုပ် ဖြစ်ခြင်းကြောင့် ကုသိုလ်ကိုပြုပြီး မကောင်းညစ်ဆိုးသောကြောင့် အကုသိုလ်ကို ရှောင်ရှားသူ အချို့လည်းရှိသည်။ မိမိ၏ စံပြတပည့်သားဝကများထံမှ ဗုဒ္ဓရှင်တော်မြတ် မျှော်လင့်ခဲ့သော အထူးအဆင့်မြင့်သီလကို နားလည်ရန် ဓမ္မပဒသိင်္ဂါလောဝါဒသုတ်ဗျဂ္ဂပဇ္ဇသုတ်မင်္ဂလသုတ်မေတ္တသုတ်ပရာဘဝသုတ်ဝသလသုတ်ဓမ္မိကသုတ် စသည်ကို ဂရုတစိုက် ဖတ်ရှုသင့်သည်။ ကိုယ်ကျင့်တရား သင်ကြားမှုတစ်ရပ်အနေဖြင့် ဗုဒ္ဓဝါဒသည် ကိုယ်ကျင့်တရား ဆိုင်ရာ စနစ်အားလုံးထက် သာလွန်သော်လည်း သီလ(ကိုယ်ကျင့်တရား)သည် ဗုဒ္ဓဝါဒ၏ အစမျှသာဖြစ်ပြီး အဆုံး မဟုတ်ချေ။

တစ်ဖက်တွင် ဗုဒ္ဓဝါဒသည် ဒဿနတရားတစ်ခုမဟုတ်သော်လည်း အခြားတစ်ဖက်တွင်မူ ယင်းသည် ဒဿနတရား များအနက် တစ်ခုပင်ဖြစ်သည်။

တစ်ဖက်တွင် ဗုဒ္ဓဝါဒသည် ဖန်ဆင်းရှင်ထာဝရဘုရားဗဟိုပြု ဘာသာတရား (Religion) မဟုတ်သော်လည်း အခြားတစ်ဖက်တွင် ဘာသာတရားများအနက် တစ်ခုပင်ဖြစ်သည်။

ဗုဒ္ဓဝါဒသည် ဒဿနရေးရာ စနစ်တစ်ခုလည်းမဟုတ် ဘာသာရေးဝတ်ပြုဆုတောင်းသည့် လမ်းစဉ်တစ်ရပ်လည်း မဟုတ်ချေ။

ယင်းသည် သံသယဝါဒလည်းမဟုတ်၊ လှေနံဓားထစ် တရားသေဝါဒလည်း မဟုတ်ချေ။

ယင်းသည် ခန္ဓာကိုယ်ကို ညှဉ်းဆဲသည့်ဝါဒမဟုတ်သကဲ့သို့ ကာမဂုဏ်အာရုံကိုသာ ခံစားလိုသည့်ယူဆချက်လည်း မဟုတ်ချေ။

ယင်းသည် အဆိုးမြင်ဝါဒမဟုတ်သကဲ့သို့ အကောင်းမြင်ဝါဒလည်းမဟုတ်ချေ။

ယင်းသည် အကြောင်းမဲ့ဝါဒမဟုတ်သကဲ့သို့ အကျိုးမဲ့ဝါဒလည်းမဟုတ်ချေ။

ယင်းသည် မျက်မှောက်ဘဝနှင့်သာ လုံးဝပတ်သက်သည်မဟုတ်သကဲ့သို့ တမလွန်ဘဝနှင့်ချည်း ပတ်သက်သည် လည်း မဟုတ်ချေ။

ယင်းသည် ဗောဓိဉာဏ်ကိုရရှိရန် တစ်ခုတည်းသော လမ်းစဉ်ဖြစ်သည်။

ဗုဒ္ဓဝါဒ၏ မူရင်းပါဠိဝေါဟာရမှာ ဓမ္မဖြစ်ပြီး စာပေနည်းအရ ဆောင်ထားခြင်း ထိန်းသိမ်းထားခြင်းဟု အဓိပ္ပာယ် ရသည်။ ယင်းပါဠိဝေါဟာရ၏ အဓိပ္ပာယ်ကို အတိအကျပေးနိုင်သည့် ထပ်တူညီ အင်္ဂလိပ်ဝေါဟာရမရှိချေ။ ဓမ္မဟူသည် အစစ်အမှန်ရှိ တရားဖြစ်သည်။ အစစ်အမှန်ကို ဖော်ပြသည့် ဟောကြားချက်တစ်ရပ်ဖြစ်သည်။ ယင်း သည် ဒုက္ခမှလွတ်မြောက်ရေးနည်းလမ်းဖြစ်ပြီး ဓမ္မကိုယ်တိုင်လည်း ဝိမုတ္တိဖြစ်သည်။ ဗုဒ္ဓရှင်တော်မြတ် ပွင့်ပေါ်လာ သည်ဖြစ်စေ မပွင့်ပေါ်သည်ဖြစ်စေ ဓမ္မကား တည်ရှိနေသည်။ ယင်းသည် ဗောဓိဉာဏ်ကို ရရှိပြီးသူ ဗုဒ္ဓရှင်တော်မြတ် တစ်ဆူ (ကိုယ်တိုင်) သိမြင်ပြီးနောက် လောကလူသားအပေါင်းအား ထုတ်ဖော်ဟောကြားမှု မပြုမချင်း အဝိဇ္ဇာအမြင် ရှိသူ လူသားတို့(၏ အသိဉာဏ်)၌ ဖုံးကွယ်လျက်ရှိသည်။

ယင်းဓမ္မသည် မိမိမှ အခြားတစ်ပါးသော အရာမဟုတ်ဘဲ မိမိနှင့်နီးကပ်စွာ ဆက်နွယ်နေသောအရာသာ ဖြစ် သည်။ သို့ဖြစ်၍ ဗုဒ္ဓရှင်တော်မြတ်က အောက်ပါအတိုင်း ဟောတော်မူသည် –

‘မိမိကိုယ်ကို ကျွန်းကဲ့သို့ပြု၍ နေထိုင်ကြလော့။ မိမိကိုယ်ကို အားကိုးရာပြု၍ နေထိုင်ကြလော့။ ဓမ္မကို ကျွန်းကဲ့ သို့ပြု၍နေထိုင်ကြလော့။ ဓမ္မကို အားကိုးရာပြု၍ နေထိုင်ကြလော့။ အပြင်ပ၌ အားကိုးရာကို မရှာ ကြနှင့်’။ (မဟာပရိနိဗ္ဗာနသုတ်)။

အခန်း ၅

ဗုဒ္ဓဝါဒ၏ ထင်ရှားသော သွင်ပြင်များ

ဗုဒ္ဓဝါဒ၏ အခြေခံမှာ ဒုက္ခ (ဗုဒ္ဓဝါဒ၏ ဘဝတည်ရှိရေး ကျိုးကြောင်းပြ ရည်ရွယ်ချက်)၊ ယင်း၏အကြောင်း တဏှာ၊ ယင်း၏ အဆုံး (ဗုဒ္ဓဝါဒ၏ နောက်ဆုံးပန်းတိုင် နိဗ္ဗာန်) နှင့် အလယ်အလတ်လမ်းစဉ် (မဇ္ဈိမပဋိပဒါ) ဟူသော သစ္စာ လေးပါးတရား ဖြစ်သည်။

ဒုက္ခသစ္စာဟူသည် အဘယ်နည်း။

‘ပဋိသန္ဓေနေရခြင်းသည် ဒုက္ခတည်း၊ အိုမင်းရင့်ရော်ရခြင်းသည် ဒုက္ခတည်း၊ နာမကျန်းဖြစ်ရခြင်းသည် ဒုက္ခ တည်း၊ သေရခြင်းသည် ဒုက္ခတည်း၊ အလိုမရှိသော အရာများနှင့် ကြုံဆုံရခြင်းသည် ဒုက္ခတည်း၊ အလိုရှိသော အရာ များနှင့် လွဲချော်ရခြင်းသည် ဒုက္ခတည်း၊ လိုချင်သည်ကို မရခြင်းသည် ဒုက္ခတည်း၊ အချုပ်အားဖြင့် ဥပါဒါနက္ခန္ဓာငါးပါး သည် ဒုက္ခတည်း’။

ဒုက္ခ၏အကြောင်းသစ္စာ ဟူသည် အဘယ်နည်း။

‘ဘဝကြိမ်ကြိမ်ဖြစ်ရခြင်းကို ဦးတည်စေသည့် အလိုရမ္မက်စွဲလမ်းခြင်းနှင့်တကွဖြစ်သော၊ ဟိုဘဝသည်ဘဝတို့၌ နှစ် သက်စေတတ်သော တဏှာသည် ဒုက္ခ၏အကြောင်းတည်း။ ကာမဂုဏ်အာရုံများကို တပ်မက်ခြင်း တဏှာ (ကာမ တဏှာ)၊ တည်မြဲသည့်ဘဝကို တပ်မက်ခြင်း (သဿတဒိဋ္ဌိနှင့်တကွဖြစ်သော) တဏှာ (ဘဝတဏှာ) နှင့် ဘဝရပ်စဲမှုကို တပ်မက်ခြင်း (ဥစ္ဆေဒဒိဋ္ဌိနှင့်တကွဖြစ်သော) တဏှာ (ဝိဘဝတဏှာ) သည် (ဒုက္ခ၏အကြောင်းတည်း)’။

ဒုက္ခနိရောဓသစ္စာဟူသည် အဘယ်နည်း။

‘ယင်းသည် (ရာဂ) အကြွင်းအကျန်မရှိခြင်း၊ ဖော်ပြပါ တဏှာ၏ အလုံးစုံ ချုပ်ငြိမ်းခြင်း၊ ယင်းကို စွန့်လွှတ်ခြင်း၊ ယင်းကို ကပ်ငြိမှုမရှိခြင်း၊ တဏှာမှ ကင်းဝေးခြင်း၊ လွတ်မြောက်ခြင်းသည် (ဒုက္ခနိရောဓသစ္စတည်း)’။

ဒုက္ခနိရောဓသစ္စာသို့ ရောက်ကြောင်း လမ်းစဉ်ဟူသည် အဘယ်နည်း။

‘ယင်းကား မှန်သောအမြင်၊ မှန်သောအကြံအစည်၊ မှန်သောစကား၊ မှန်သောအလုပ်၊ မှန်သောသက်မွေးဝမ်း ကျောင်း၊ မှန်သောအားထုတ်မှု၊ မှန်သောသတိ၊ မှန်သောသမာဓိဟူသော (တရားများပါဝင်သည့်) မြင့်မြတ်သော ကျင့်စဉ်ရှစ်ပါးဖြစ်သည်’။

ဗုဒ္ဓရှင်တော်မြတ်များ ပွင့်တော်မူသည်ဖြစ်စေ ပွင့်တော်မမူသည်ဖြစ်စေ ယင်းသစ္စာလေးပါးတရားမှာ စကြဝဠာ၌ တည်ရှိနေသည်။ ဗုဒ္ဓရှင်တော်မြတ်များကား နှစ်ပရိစ္ဆေဒကြာမြင့်စွာ တိမ်မြုပ်နေသည့် ယင်းသစ္စာတရားလေးပါးကို ဖော်ထုတ်သူများသာ ဖြစ်ကြသည်။

သိပ္ပံနည်းကျ အဓိပ္ပာယ်ဖွင့်ဆိုမှုရ ဓမ္မဟူသည်ကို ကြောင်းကျိုးဖြစ်စဉ်နယာဟု ခေါ်နိုင်သည်။ အကြောင်းနှင့် အကျိုးဟူသော ယင်းတရားနှစ်ပါးသည် ဗုဒ္ဓဟောကြားချက် တစ်ခုလုံးကို ခြုံငုံမိသည်။

ပထမ သစ္စာသုံးပါးသည် ဗုဒ္ဓဝါဒဒဿနကို ကိုယ်စားပြုပြီး နောက်ဆုံးသစ္စာတရားမှာ ယင်းဒဿနကိုအခြေခံ သည့် ဗုဒ္ဓဝါဒကိုယ်ကျင့်တရားကို ရည်ညွှန်းသည်။ ယင်းသစ္စာလေးပါးလုံးမှာ ဤခန္ဓာကိုယ်ကိုသာ အမှီအခိုပြုသည်။ ဗုဒ္ဓရှင်တော်မြတ်က ဤသို့ဟောတော်မူသည် ‘သညာ ဝိညဏ်နှင့်တကွသော ဤတစ်လံမျှသော ခန္ဓာကိုယ်၌ပင် လောက၊ လောက၏အကြောင်းရင်း၊ လောက၏အဆုံး၊ လောက၏အဆုံးသို့ သွားသောလမ်းစဉ်တို့ကို ငါဘုရားဟော ကြားတော်မူ၏’။ ဤနေရာ၌ လောကဟူသော ဝေါဟာရသည် ဒုက္ခဟု အဓိပ္ပာယ်သက်ရောက်သည်။

ဗုဒ္ဓဝါဒသည် ဒုက္ခမဏ္ဍိုင်၌ တည်ရှိသည်။ ယင်းသို့ဆိုသဖြင့် ဗုဒ္ဓဝါဒအား အဆိုးမြင်ဝါဒဟု အဓိပ္ပာယ်သက် ရောက်ခြင်း မရှိချေ။ ဗုဒ္ဓဝါဒသည် အဆိုးမြင်ဝါဒမဟုတ်သကဲ့သို့ လုံးဝအကောင်းမြင်ဝါဒလည်းမဟုတ်ချေ။ သို့တစေ ယင်းနှင့်ဆန့်ကျင်လျက် ယင်းဝါဒနှစ်ရပ်၏ အလယ်အလတ်ယူဆချက်၌ တည်ရှိသော အမှန်တရားကို ဟောကြား သည်။ အကယ်၍ ဗုဒ္ဓရှင်တော်မြတ်သည် ဒုက္ခဆုံးရာသို့ရောက်ကြောင်းနည်းလမ်းကို မတိုက်တွန်းဘဲ ဒုက္ခသစ္စာကိုသာ ရှင်းပြခဲ့သည်ဆိုလျှင် ဗုဒ္ဓဝါဒအား အဆိုးမြင်ဝါဒဟုခေါ်ဆိုခြင်း၌ သင့်မြတ်ဖွယ်ရှိသည်။ ဗုဒ္ဓရှင်တော်မြတ်သည် ဒုက္ခ ၏ နိယာမအမှန်ကို သိမြင်တော်မူပြီး လောက၏ ယင်းဆင်းရဲမှုသဘာဝအတွက် ဆေးနည်းကို ထုတ်ဖော်ခဲ့သည်။ ဗုဒ္ဓ ရှင်တော်မြတ်အလိုအရ အမြင့်ဆုံး သိသာထင်ရှားသည့် ပျော်ရွှင်မှုမှာ ဒုက္ခလုံးဝချုပ်ဆုံးရာ နိဗ္ဗာန်ဖြစ်သည်။ ဗြိတိသျှစွယ်စုံကျမ်း၌ ‘မကောင်းမြင်ဝါဒ’ခေါင်းစဉ်ဆောင်းပါးရေးဆရာက အောက်ပါအတိုင်းဖော်ပြသည် ‘အဆိုး မြင်ဝါဒသည် ဘဝ၏အသုံးမကျမှုသဘောထား၊ လူ့မှုဘဝကိစ္စများတွင် နာကျင်မှုနှင့် မကောင်းမှုလွှမ်းမိုးသည်ဟူသော မှုန်ဝါးသည့် ယေဘုယျအတွေးအမြင်ကို ဖော်ပြသည်။ ဗုဒ္ဓ၏ မူရင်းတရားဓမ္မသည် အမှန်စင်စစ် အနောက်တိုင်းမှ မည်သည့်အကောင်းမြင်ဝါဒမျိုးကဲ့သို့မဆို အကောင်းမြင်သည့် ဝါဒမျိုးဖြစ်သည်။ ဗုဒ္ဓဝါဒအား မကောင်းမြင်ဝါဒဟု ခေါ်ဆိုခြင်းမှာ ပျော်ရွှင်မှုဟူသည် ပုဂ္ဂိုလ်သတ္တဝါ (တစ်ကိုယ်ရေ အရည်အသွေး)မရှိဘဲ မဖြစ်နိုင်ဟူသော ဝိသေသ လက္ခဏာရှိသည့် အနောက်တိုင်းအခြေခံ (ယူဆချက်)ကို အသုံးပြုခြင်းမျှသာဖြစ်သည်။ စစ်မှန်သော ဗုဒ္ဓဝါဒီတစ် ယောက်သည် ထာဝရ သုခချမ်းသာကို စိတ်အားထက်သန်စွာ တောင့်တသည်’။

သာမန်အားဖြင့် အာရုံငါးပါး ကာမဂုဏ်တရားများကို ခံစားမှုမှာ အမြင့်ဆုံးဖြစ်ပြီး (ယင်းသည်) သာမန်လူသား အဖို့ တစ်ခုတည်းသော ပျော်ရွှင်မှုဖြစ်သည်။ ယင်းသို့သော မတည်မြဲသည့် ရုပ်ပိုင်းပျော်ရွှင်မှုများအပေါ် မျှော်လင့်ခြင်း၊ ကျေနပ်နှစ်သက်ခြင်းနှင့် ပြည်တွေးကြည့်ခြင်းတို့၌ ခဏပန်းအားဖြင့် ပျော်ရွှင်မှုတစ်မျိုးရှိသည်မှာ သံသယဖြစ်ဖွယ် မလိုသော်လည်း ယင်းတို့မှာ မာယာ(လှည့်စားမှု)ဖြစ်ပြီး အခိုက်အတံ့သာဖြစ်သည်။ ဗုဒ္ဓရှင်တော်မြတ် အလိုအရ တပ် မက်စွဲလမ်းမှု မရှိခြင်းသည် ပိုမိုကြီးမြတ်သည့် ပျော်ရွှင်မှုဖြစ်သည်။

ဗုဒ္ဓရှင်တော်မြတ်သည် ဒုက္ခဆင်းရဲမှုကို အဆက်မပြတ် စဉ်းစားတွေးတောနေရန်နှင့် မပျော်ရွှင်စရာ ဝမ်းနည်း ကြေကွဲဖွယ် ဘဝတစ်ခုဖြင့် နေထိုင်သွားရန် မိမိ၏တပည့်သာဝကများအား မမျှော်လင့််ချေ။ ပီတိ (ရွှင်လန်းနှစ်သက် ခြင်း)သည် ဗောဓိဉာဏ် (ကိုရရှိရန်) အစိတ်အပိုင်းတစ်ရပ်ဖြစ်သဖြင့် ထာဝစဉ် ပျော်ရွှင်တက်ကြွနေရန် တပည့်များ အား ဗုဒ္ဓရှင်တော်မြတ် ဟောကြားတော်မူသည်။

ပျော်ရွှင်မှုအစစ်အမှန်ကို အဇ္ဈတ္တသဏ္ဌာန်၌ တွေ့ရပြီး ကြွယ်ဝခြင်း၊ သာသမီးများ၊ ချီးကျူးထောမနာပြုခြင်းများ နှင့် ကျူးကျော်သိမ်းပိုက်ခြင်းများဟူသော ဝေါဟာရများဖြင့် အဓိပ္ပာယ်မဖွင့်ဆိုနိုင်ချေ။ အကယ်၍ ယင်းသို့သော ပိုင် ဆိုင်မှုများကို မှားယွင်းစွာ သုံးစွဲဘိမူ သို့မဟုတ် အတင်းအဓမ္မ မမှန်မကန် မလျော်မကန် ရရှိခဲ့မူ သို့မဟုတ် တပ်မက်စွဲလမ်မှုဖြင့် ရှုမြင်ခဲ့မူ ယင်းတို့သည် ပိုင်ဆိုင်သူများအဖို့ နာကျင်မှုနှင့် ဒုက္ခ၏အရင်းအမြစ်များ ဖြစ်လိမ့်မည်။ ဒုက္ခ၏ ယုတ္တိကိုရှာရန် ကြိုးစားမည့်အစား ဗုဒ္ဓဝါဒသည် ဒုက္ခကို အရှိအတိုင်းအမှန်ဟု မှတ်ယူလျက် ယင်းကို ဖယ်ရှားမည့် အကြောင်းတရားကို ရှာဖွေသည်။ တဏှာရှိသရွေ့ ဒုက္ခတည်ရှိသည်။ မဂ္ဂင်းရှစ်ပါးလမ်းစဉ်ကို လျှောက် လှမ်းပြီး သန္တိသုခနိဗ္ဗာန်ကို ရရှိခြင်းဖြင့်သာလျှင် ယင်းတဏှာကို အကြွင်းမဲ့ ဖယ်ရှားနိုင်သည်။

သစ္စလေးပါးတရားကို တွေ့ကြုံသိရှိမှုဖြင့် မှန်ကန်ကြောင်း သက်သေပြနိုင်သည်။ သို့ဖြစ်၍ ဗုဒ္ဓဓမ္မသည် မတွေ့ မြင်အပ်သောအရာအား ကြောက်ရွံ့မှုအပေါ် အခြေမခံဘဲ ကျွန်ုပ်တို့ကိုယ်တိုင် စမ်းသပ်နိုင်ပြီး တွေ့ကြုံသိရှိမှုဖြင့် အ တည်ပြုနိုင်သော ခိုင်မာသည့် အချက်များပေါ်တွင် အခြေခံသည်။ သို့ဖြစ်၍ ဗုဒ္ဓဝါဒသည် ကြောင်းကျိုးဆီလျော်ပြီး အတိအကျဆိုသော် လက်တွေ့ကျသည်။

ယင်းသို့ ကြောင်းကျိုးဆီလျော်ပြီး လက်တွေ့ကျသော စနစ်တစ်ခု၌ မသိနိုင်သောအရာများ သို့မဟုတ် သက်ဆိုင် ရာ(အထူး)ပုဂ္ဂိုလ်များသာ နားလည်နိုင်သော တရားဓမ္မများ မရှိနိုင်ချေ။ ထို့ကြောင့် ဗုဒ္ဓဝါဒ၌ မျက်ကန်းယုံကြည်မှုမရှိ။ မျက်ကန်းယုံကြည်မှုမရှိသော ဝါဒတစ်ရပ်၌ မည်သည့် အကျပ်ကိုင်ခြင်း၊ ကွပ်မျက်ခြင်း သို့မဟုတ် အယူသည်းခြင်းမျိုး မှ မရှိနိုင်ချေ။ ဗုဒ္ဓဝါဒ၏ တစ်ခုတည်းသော ယုံကြည်ကိုးစားခံရမှုမှာ နှစ်ပေါင်းနှစ်ထောင့ငါးရာကျော် ငြိမ်းချမ်းသည့် ခရီးစဉ် တစ်လျှောက်တွင် ဗုဒ္ဓဟူသော အမည်နာမဖြင့် သွေးမြေမကျခဲ့ခြင်း၊ (ဗုဒ္ဓ)ဓမ္မပြန့်ပွားရေအတွက် မည်သည့် အာဏာရှင် ဘုရင်ဧကရာဇ်မှ ၎င်း၏ ထန်ပြင်းသည့် သန်လျက်ကို အသုံးမပြုခဲ့ခြင်းနှင့် အတင်းအဓမ္မ သို့မဟုတ် မလုပ်မနေရ ဖိအားပေးသည့် နည်းလမ်းများဖြင့် ဘာသာကူးပြောင်းအောင် ဆောင်ရွက်မှုမရှိခဲ့ခြင်းတို့ဖြစ်ကြောင်း ဆို ရမည်ဖြစ်သည်။ သို့တစေ ဗုဒ္ဓရှင်တော်မြတ်သည် ကမ္ဘာပေါ်တွင်ပေါ်ထွန်းခဲ့သည့် ပထမဆုံးနှင့် အကြီးမြတ်ဆုံးသော သာသနာပြုပုဂ္ဂိုလ်ဖြစ်သည်။

အဲလ်ဒေါစ် ဟပ်စလေ (Aldous Huxley)အမည်ရှိပုဂ္ဂိုလ်က ဤသို့ရေးသည် ‘ကမ္ဘာ့ဘာသာတရား အားလုံးအနက် ဗုဒ္ဓဝါဒတစ်ခုသည်သာ သတ်ဖြတ်နှိပ်စက်ခြင်း၊ အပြစ်ရှာခြင်း၊ ဝါဒမတူသူများကို ကွပ်မျက်ခြင်းများမရှိဘဲ ယင်း၏လမ်း စဉ်ကို ဆောင်ရွက်ခဲ့၏’။

ပညာရှင် ရပ်ဆယ်လ် (Lord Russell)ကမူ ဤသို့မှတ်ချက်ပြုသည် ‘ဘာသာတရားကြီးများ၏ သမိုင်းတွင် ဗုဒ္ဓဝါဒ ကိုနှစ် ကျွန်ုပ် သက်၏၊ အထူးသဖြင့် ယင်း၏ ရှေးအကျဆုံး ပုံစံများကို နှစ်သက်၏၊ အကြောင်းမူ ယင်း (ဗုဒ္ဓဝါဒ)၌ ဘာသာရေး သတ်ဖြတ်နှိပ်စက်မှု မရှိသလောက် နည်းပါးသောကြောင့် ဖြစ်၏’။

ဗုဒ္ဓဝါဒအမည်ဖြင့် ဟိုက်ပါတီယာ (Hypatia)၂ အမည်ရှိ အမျိုးသမီး၏သွေးဖြင့် ရဲရဲနီသောယဇ်စင် သို့မဟုတ် အရှင်လတ်လတ် မီးရှို့သတ်ခံရသည့် ဗရူနို (Bruno)၃ တစ်ယောက် မရှိချေ။

ဗုဒ္ဓဝါဒသည် စိတ်လှုပ်ရှားမှုထက် ဆင်ခြင်တွေးခေါ်မှုနှင့် ပိုမိုပတ်သက်သည်။ ဗုဒ္ဓဝါဒသည် ကြည်ညိုသဒ္ဓါရှိသူ များ၏ အရေအတွက် များခြင်းထက် ကိုယ်ကျင့်တရား အားကောင်းခြင်းနှင့် ပိုမိုပတ်သက်သည်။ အခါတစ်ပါး၌ နိဂဏ္ဌနာဋပုတ္တ (ကချေသည်၏သား အဝတ်မစည်းသည့် ဆရာကြီး)၏ တပည့်ဖြစ်သူ ဥပါလိ သည် ဗုဒ္ဓထံ ချဉ်းကပ်သွားပြီး ဗုဒ္ဓ၏တပည့်ဖြစ်လိုကြောင်း မိမိဆန္ဒကို ထပ်ခါထပ်ခါ လျှောက်သည်အထိ ဗုဒ္ဓ ဟောကြားသော တရားဓမ္မကို နှစ်သက်သွားခဲ့သည်။ သို့ရာတွင် ဗုဒ္ဓရှင်တော်မြတ်က ဤသို့ သတိပေးတော်မူသည် ‘အို ဥပါသကာ၊ အမှန်တရားနှင့် ပတ်သက်လျှင် လုံးဝဥဿုံ စုံစမ်း ဆင်ခြင်မှု ပြုလုပ်ပါ။ သင်လို ထင်ရှားသူတစ်ယောက် အဖို့ (ရှေးဦးစွာ) လုံးဝဥဿုံ စုံစမ်းဆင်ခြင်မှုပြုလုပ်ခြင်းမှာ ကောင်းမွန်လှ၏’။

ဗုဒ္ဓရှင်တော်မြတ်ထံမှ မျှော်လင့်မထားဘဲ ယင်း မိန့်မြွက်မှုအပေါ် အလွန်နှစ်သက်သွားသူ ဥပါလိသူကြွယ်က ‘အရှင်ဘုရား၊ တပည့်တော်သည် အခြားဘာသာတရားတစ်ခု၏ တပည့်ဖြစ်ခဲ့မူ ယင်း၏နောက်လိုက် နောက်ပါများ သည် ဤကဲ့သို့သော သန်းကြွယ်သူဌေးတစ်ယောက်သည် ၎င်း၏ အယူဟောင်းကို စွန့်ပြီး ၎င်းတို့၏ အယူဝါဒအား လက်ခံခဲ့ကြောင်း စဉ်ဆက်မပြတ် ကြေညာလျက် တပည့်တော်အား လမ်းမပေါ်သို့ ခေါ်ဆောင်သွားကြပါလိမ့်မည်။ သို့ ရာတွင် အရှင်ဘုရားသည် တပည့်တော်အား နောက်ထပ် လေ့လာရန် အကြံပြုတိုက်တွန်းပါသည်။ အရှင်ဘုရား၏ ဤ တိုက်တွန်းချက်ကို ပို၍ပင်တပည့်တော် နှစ်သက်လှပါသည်။ အရှင်ဘုရား၊ နှစ်ကြိမ်မြောက်လည်း တပည့်တော်သည် ဗုဒ္ဓ၊ ဓမ္မနှင့် သံဃာအား ကိုးကွယ်ဆည်းကပ်ပါ၏ဘုရား’။

ဗုဒ္ဓဝါဒသည် ယင်းသို့သော လွတ်လပ်သည့် စုံစမ်းမှုအနှစ်သာရနှင့် အလုံးစုံသည်ခံမှုတို့နှင့် ရွှန်းဝေနေသည်။ ယင်းသည် ပညာကရုဏာဟူသော အမြွာရောင်စဉ်နှစ်သွယ်ဖြင့် စကြဝဠာတစ်ခုလုံးကို လင်းလက်နွေးထွေးစေလျက် မွေးသေသမုဒ္ဒရာအတွင်း ရုန်းကန်လျက်ရှိကြသော သတ္တဝါတိုင်းအား အကြင်နာရောင်ခြည်ကို ဖြာချပေးသည့် ပွင့် လင်းစိတ်ထား ကိုယ်ချင်းစာနှလုံးသားတို့အတွက် သင်ကြားချက်ဖြစ်သည်။

ဗုဒ္ဓရှင်တော်မြတ်သည် တပည့်များအား လိုက်နာရမည့် ပညတ်ချက်ကိုပေးရန် မိမိ၏ဩဇာအာဏာကို လေ့ ကျင့်တော် မမူသည်အထိပင် ခန္တီဓာတ်နှင့် ပြည့်ဝတော်မူသည်။ အမိန့်အာဏာကို သုံးမည့်အစား ဗုဒ္ဓရှင်တော်မြတ်က ဤသို့မိန့်တော်မူသည် ‘ဤအရာ၌ ဤသို့ပြုရန် သင့်လျော်ပေ၏၊ ဤအရာ၌ ဤသို့မပြုသင့်ပေ’။ ဗုဒ္ဓရှင်တော်မြတ်သည် အမိန့် ပေးတော်မမူ၊ သို့သော် တိုက်တွန်း (အကြံပေး)တော်မူသည်။

ယင်းသို့သော သည်းခံခြင်းခန္တီတရားကို ဗုဒ္ဓရှင်တော်မြတ်သည် ယောကျ်ား မိန်းမနှင့် သက်ရှိအားလုံးအပေါ် ဖြန့်ကြက်ခဲ့သည်။ ကျွန်စနစ်ကို အဆုံးသတ်ရန် ပထမဆုံး ကြိုးပမ်းခဲ့ပြီး အိန္ဒိယမြေတွင် အခိုင်အမာ အမြစ်တွယ်နေပြီ ဖြစ်သော နှိမ့်ချသည့် အမျိုးဇာတ်စနစ်ကို ထက်သန်စွာ ဆန့်ကျင်ခဲ့သည်မှာ ဗုဒ္ဓရှင်တော်မြတ်ဖြစ်သည်။ ဗုဒ္ဓရှင်တော် မြတ်၏ စကားတော်အရ မွေးရာပါမျှဖြင့် မည်သူမျှ အပယ်ခံ သို့မဟုတ် အထက်တန်းလွှာ ဖြစ်မလာနိုင်ဘဲ မိမိ၏ အပြုအမူများကြောင့်သာလျှင် ယင်းသို့ ဖြစ်လာနိုင်သည်။ အမျိုးဇာတ် သို့မဟုတ် အသားရောင်သည် ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်လာရန် သို့မဟုတ် ရဟန်းဘောင်သို့ ဝင်ရောက်ရန် မတားမြစ်ပေ။ တံငါသည်များ၊ ပန်းမှိုက်သွန်များ၊ ပြည့်တန်ဆာများ၊ စစ်သည်ဗိုလ်ပါများနှင့်တကွ ပုဏ္ဏားများသည် ရဟန်းအဖြစ်သို့ လွတ်လပ်စွာ ဝင်ရောက်ခဲ့ကြပြီး တူညီသည့် အခွင့်အရေးကို ရရှိခဲ့ကြလျက် ရာထူးများလည်း (တူညီးစွာ) ပေးအပ်ခဲ့သည်။ ဥပမာအားဖြင့် ဆတ္တာ သည်ဖြစ်ခဲ့သူ အရှင်ဥပါလိအား ဝိနည်းစည်းမျဉ်းနှင့် ပတ်သက်သည့် ကိစ္စများ၌ အခြားအားလုံးသူများကို ကျော်လွန် လျက် ဧတဒဂ် (ဗုဒ္ဓပြီးနောက်အသာဆုံး) အရာ၌ ထားခဲ့သည်။ ရဟန္တာအဖြစ်ရရှိခဲ့သူ ပန်းမှိုက်သွန် အောက်တန်းလွှာ အရှင်သုနိတအား ဗုဒ္ဓရှင်တော်မြတ်ကိုယ်တိုင် ရဟန်းဘောင်သို့ သွတ်သွင်းပေးခဲ့သည်။ လုယက်သတ်ဖြတ်သူ ရာဇ ဝတ်သမား အင်္ဂုလိမာလအား ကရုဏာရှင် သူတော်စင်အဖြစ်သို့ သွတ်သွင်းပေးခဲ့သည်။ ရက်စက် ထန်ပြင်းသူ အာဠာဝကသည် ဗုဒ္ဓရှင်တော်မြတ်အား ကိုးကွယ်ခဲ့ပြီး သူတော်စင်ဖြစ်သွားခဲ့သည်။ ပြည့်တန်ဆာမ အမ္ဗပါလီသည် ဘိက္ခုနီပြုခဲ့ပြီး ရဟန္တာထေရီ ဖြစ်သွားခဲ့သည်။ အမျိုးဇာတ်၊ အသားရောင် သို့မဟုတ် ရာထူးမခွဲခြားဘဲ ဗုဒ္ဓဝါဒတံခါး မုခ်များကို အားလုံးအတွက် ကျယ်ပြန့်စွာ ဖွင့်လှစ်ထားကြောင်းပြသရန် ယင်းသို့ သောသာဓကများကို ပိဋကတ်သုံးပုံမှ အလွယ်တကူ စုဆောင်းဖော်ပြနိုင်သည်။

၂ အေဒီ ၄-ရာစု ဂရိတွေးခေါ်ရှင် သိပ္ပံပညာရှင်နှင့် သင်္ချာပညာကျော် အမျိုးသမီးဖြစ်သည်။ ၎င်း၏ အယူအဆကြောင့် အလက်စန္ဒရီးယား မြို့ရှိ အယူသည်း ဘာသာရေး တရားဟောဆရာများ၏ ရက်စက်စွာ သတ်ဖြတ်ခြင်းခံခဲ့ရသည်။

၃ တွေးခေါ်ရှင်နှင့် ဒိုမီနီကန်ဘုန်းကြီးအဖြစ် ရပ်စဲခံရသူ သမိုင်းဝင်ပုဂ္ဂိုလ် ဖြစ်သည်။ ၁၈၅၄ ခုနှစ်တွင် ရေးသားခဲ့သည့် On the Infinite Universe and Worlds အမည်ရှိကျမ်းစာ၌ ‘မရေမတွက်နိုင်သော နေတို့သည်တည်ရှိ၏၊ မရေမတွက်နိုင်သော ကမ္ဘာတို့သည် ယင်း နေများကို လှည့်ပတ်နေကြ၏၊ ယင်းကမ္ဘာတို့၌ သက်ရှိတို့နေထိုင်ကြ၏’ဟု ဆိုခဲ့သည်။ ခရစ်တော်အား ကောင်းကင်ဘုံနှင့် ဆက်စပ်မှုကို ငြင်းဆိုမှုကြောင့် ရောမမြို့၌ အရှင်လတ်လတ် မီးရှို့သတ်ခြင်းခံခဲ့ရသည်။

အနှိမ်ခံ အမျိုးသမီးများ၏ အဆင့်အတန်းကို မြှင့်တင်ပေးခဲ့ပြီး လူ့အဖွဲ့အစည်းအတွက် ၎င်းတို့၏ အရေးပါပုံကို ၎င်းတို့အား သိစေခဲ့သည်သာမက အမျိုးသမီးများအတွက် စည်းမျဉ်းစည်းကမ်းများရှိသည့် ပထမဆုံးသော ဘိက္ခုနီ အဖွဲ့အစည်းကို တည်ထောင်ပေးခဲ့သည်မှာလည်း ဗုဒ္ဓရှင်တော်မြတ်ပင် ဖြစ်သည်။

ဗုဒ္ဓရှင်တော်မြတ်သည် အမျိုးသမီးများအား နှိမ်ချခြင်းမပြုဘဲ သဘာဝအရ အားနည်းသူအဖြစ်သာ ယူဆတော်မူ သည်။ ဗုဒ္ဓသည် ယောကျ်ားမိန်းမမဟူ မွေးရာပါ ကောင်းမြတ်မှုကို သိမြင်တော်မူသည်။ အမျိုးသမီးများအား ရှင်တော် မြတ်၏သာသနာ၌ သင့်တင့်လျောက်ပတ်သော နေရာများ၌ သတ်မှတ်ပေးတော်မူသည်။ မိန်းမယောကျ်ား ကွဲပြားခြင်း မှာ အရိယာသူတော်စင်ဖြစ်ရန် အတားအဆီးမဟုတ်ချေ။

တစ်ခါတစ်ရံ၌ အမျိုးသမီးကို ဖော်ပြသည့် ပါဠိဝေါဟာရ တစ်ခုမှာ လူအများ၏မိခင် သို့မဟုတ် လူ့အဖွဲ့အစည်း ၏မိခင်ဟု အဓိပ္ပာယ်ရသည့် မာတုဂါမဖြစ်သည်။ ဗုဒ္ဓဝါဒတွင် အမျိုးသမီးများအား မိခင်တစ်ယောက်အဖြစ် ချီးမွမ်း ဂုဏ်ပြုသည့် နေရာတွင် ထားရှိသည်။ ဇနီးမယားတစ်ယောက်ကိုလည်း ခင်ပွန်းသည်၏ အကောင်းဆုံးမိတ်ဆွေ (ပရမာ သဟာ)အဖြစ် ယူဆသည်။

အမျိုးသမီးများအပေါ် နှိမ့်ချရှုမြင်းကြောင်းဖြင့် ဗုဒ္ဓဝါဒအား ပြစ်တင်ခြင်းဖြင့် မဆင်မခြင် ဝေဖန်မှုများသည် တစ်ဖက်သတ် ဖော်ပြချက်များကို ပြုနေကြခြင်းသာ ဖြစ်သည်။ အစပထမတွင် ဗုဒ္ဓရှင်တော်မြတ်သည် ကြောင်းကျိုးဆီ လျော်သည့် နောက်ခံအကြောင်းများအရ အမျိုးသမီးများအား သာသနာ့ဘောင်သို့ ဝင်ရောက်ခွင့်ကို ငြင်းဆိုခဲ့သော် လည်း နောင်တွင် ဗုဒ္ဓသည် မိထွေးတော်ဂါတမီ၏ တောင်းပန်မှုကို လိုက်လျောပြီး ဘိက္ခုနီသာသနာကို တည်ထောင် ခဲ့သည်။ ဘိက္ခုသံဃာအတွင်း အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလ္လာန်တို့ကို အဂ္ဂသာဝကအဖြစ် ပြုတော်မူသကဲ့သို့ ဘိက္ခုနီသံဃာအတွင်း၌လည်း အရှင်မခေမာနှင့် အရှင်မဥပလဝဏ္ဏာတို့ကို အဂ္ဂသာဝိကာအဖြစ် သတ်မှတ်တော်မူ သည်။ အခြားများစွာသော အမျိုးသမီးများအားလည်း မိမိ၏ထင်ရှားပြီး ကြည်ညိုသည့် ဥပါသိကာများအဖြစ် ဗုဒ္ဓကိုယ် တိုင် အမည်နာမ ပြုတော်မူခဲ့သည်။

အခါတစ်ပါး၌ သမီးတော်တစ်ပါး ဖွားမြင်သည်ဟု ကြားရခြင်း၌ စိတ်မချမ်းမြေ့ဖြစ်နေသူ ကောသလဘုရင်အား ဗုဒ္ဓရှင်တော်မြတ်က ဤသို့မိန့်တော်မူဖူးသည် ‘အို မင်းကြီး၊ အမျိုးသမီးငယ်သည် ယောကျ်ားတစ်ယောက်ထက်ပင် သာလွန် ကောင်းမွန်သော မျိုးဆက်ဖြစ်ကြောင်း သက်သေပြနိုင်ပါ၏’။

တနည်းနည်းဖြင့် အမေ့ခံဘဝသို့ရောက်နေကြရသော အမျိုးသမီးအများစုသည် ဓမ္မကိုကျင့်သုံးခြင်းနှင့် သာသနာ့ ဘောင်အတွင်း ဝင်ရောက်ခြင်းတို့ကြောင့် ၎င်းတို့သည် နည်းမျိုးစုံဖြင့် ထင်ပေါ်လာကြပြီး လွတ်မြောက်မှုကို ရရှိသွား ကြသည်။ နောင်အခါ အမျိုးသမီးများစွာ၏ အကြီးအကျယ် ချီးမွမ်းခြင်းခံရကြောင်း ထင်ရှားသည့် ဤအဖွဲ့အစည်း သစ်တွင် မိဖုရားများ၊ မင်းသမီးများ၊ အထက်တန်းလွှာတို့၏ သမီးများ၊ မုဆိုးမများ၊ မိသားစုနှင့် ကွဲကွာသွားသည့် အမျိုးသမီးများ၊ ခိုကိုးရာမဲ့ အမျိုးသမီးများ၊ ကြင်နာဖွယ် ပြည့်တန်ဆာအမျိုးသမီးများ အားလုံးတို့သည် ၎င်းတို့၏ ဇာတ်၊ ရာထူးအဆင့်အတန်းမခွဲခြားဘဲ တစ်ပြေးညီတည်း တွေ့ဆုံကြပြီး ပြည့်စုံသည့် စိတ်သက်သာရာရမှုနှင့် ငြိမ်းချမ်း မှုကို ခံစားကြရလျက် အပန်းဖြေအိမ်သာယာများနှင့် ခမ်းနားစံအိမ်များကို မလိုလားဘဲ လွတ်လပ်သည့် ယင်းပတ်ဝန်း ကျင်ကို ခံယူခဲ့ကြသည်။

သနားဖွယ် သတ္တဝါများကို သတ်ဖြတ်၍ ယဇ်ပူဇော်ခြင်းကို ဖျက်သိမ်းပြီး သတ္တဝါအားလုံး တစ်စုံတစ်ယောက်၏ ခြေထောက်ပေါ်တွင် တွားသွားနေကြသည့် အသေးငယ်ဆုံး သတ္တဝါများကိုပင် မိမိတို့၏မေတ္တာတရားကို ဖြန့်ကျက်ရန် ဆုံးမ ဩဝါဒပေးတော်မူခဲ့သည်မှာ ဗုဒ္ဓရှင်တော်မြတ်ပင် ဖြစ်သည်။ အသက်ဟူသည် သတ္တဝါအားလုံးအဖို့ အဖိုးမဖြတ် နိုင်သောအရာဖြစ်ခြင်းကြောင့် မည်သည့်ပုဂ္ဂိုလ်တွင်မှ အခြားသက်ရှိသတ္တဝါအား သတ်ဖြတ်ရန် အမိန့်အာဏာ သို့မ ဟုတ် အခွင့်အရေးမရှိချေ။

စစ်မှန်သော ဗုဒ္ဓဘာသာဝင်တစ်ယောက်သည် အမျိုးဇာတ် အသားရောင် ယောကျ်ား မိန်းမ မသတ်မှတ်ဘဲ ယင်းသို့သော မေတ္တတရားကို သက်ရှိအားလုံးသို့ ဖြန့်ကြက်ပွားများလျက် မိမိကိုယ်ကို ယင်းတို့အားလုံးနှင့် ထပ်တူပြု လိမ့်မည်ဖြစ်သည်။

တစ်ယောက်နှင့် တစ်ယောက်ကို ခွဲခြားသည့် အတားအဆီးအားလုံးကို ဖျက်ဆီးရန်ကြိုးစားသည်မှာ ယင်းဗုဒ္ဓဝါဒ (ကဖော်ပြသည့်) မေတ္တာတရားဖြစ်သည်။

အခြားသော ယုံကြည်ချက်တစ်ရပ်ရှိခြင်း သို့မဟုတ် နိုင်ငံခြားသားဖြစ်ခြင်းကြောင့်မျှဖြင့် ထိုပုဂ္ဂိုလ်များအား ခွဲခြား ထားရန် အကြောင်းမရှိချေ။ စူဠဗျူဟနှင့် မဟာဗျူဟသုတ်တို့ကို အခြေခံသည့် မြင့်မြတ်သော သည်းခံမှုကို ဖော်ပြ သည့် ကျောက်စာတွင် အသောကမင်းတရားက ဤသို့ဆိုသည် ‘စည်းလုံးညီညွတ်ခြင်းသည် အကောင်းဆုံး ဖြစ်၏၊ အခြားပုဂ္ဂိုလ်များ ဟောကြားသည့် တရားဓမ္မကို လိုလားစွာ နာယူသင့်ကြောင်း ဆိုလို၏’။

ဗုဒ္ဓဝါဒကား မည်သည့်နိုင်ငံ သို့မဟုတ် မည်သည့် အထူးလူမျိုးစုတစ်ခုအတွက်မျှ ကန့်သတ်ထားသည်မဟုတ်ချေ။ အားလုံးနှင့်ဆိုင် (သောကျင့်စဉ်ဖြစ်)သည်။ ယင်းသည် အမျိုးသားရေးဝါဒ အခြားတစ်မျိုးဆိုရမူ အခြားကျယ်ပြန့်သည့် အခြေခံပေါ်တွင် တည်ဆောက်ထားသည့် ဇာတ်ခွဲခြားမှု၏ အခြားပုံစံတစ်မျိုး မဟုတ်ချေ။ အကယ်၍ ယင်းသို့ ဆိုခွင့် ရှိမူ ဗဒု္ဓဝါဒသည် မဟာ (တစ်ကမ္ဘာလုံးနှင်ဆိုင်သော) အမျိုးသားရေးဝါဒ ဖြစ်သည်။

နားလည်ခြင်းမှတစ်ဆင့် မြင့်တက်ခဲ့သော အနန္တမေတ္တာသည် သက်ရှိအားလုံးတို့အပေါ် ညီအစ်ကို မောင်နှမ အဖြစ် တည်ဆောက်ထားပြီးဖြစ်ခြင်းကြောင့် ဗုဒ္ဓဝါဒီတစ်ယောက်အဖို့ နီးသူ ဝေးသူ ရန်သူ နိုင်ငံခြားသား မရှိ၊ ရန်ငြိုး ဖွဲ့ခြင်း မထိတွေ့နိုင်ခြင်း မရှိ။ ဗုဒ္ဓဝါဒီစစ်စစ် တစ်ယောက်ကား ကမ္ဘာ့နိုင်ငံသားတစ်ယောက်ဖြစ်သည်။ သူသည် ကမ္ဘာ့ လူသား အားလုံးအပေါ် မိမိနိုင်ငံသားကဲ့သို့ ယူဆပြီး မိမိ၏ညီအစ်ကို မောင်နှမများကဲ့သို့ သတ်မှတ်သည်။

သို့ဖြစ်၍ ဗုဒ္ဓဝါဒသည် အဓိကအားဖြင့် ယင်း၏ သည်းခံခြင်း ရန်မလိုခြင်း ကြောင်းကျိုးဆီလျော်ခြင်း လက်တွေ့ ကျခြင်း အကျိုးဖြစ်ထွန်းခြင်းနှင့် အများနှင့်သက်ဆိုင်ခြင်းတို့ကြောင့် ထူးကဲသော ဝါဒဖြစ်သည်။ ယင်းသည် တူညီ သော လွှမ်းမိုးမှုများအနက် အမြင့်မြတ်ဆုံးနှင့် ကမ္ဘာကို မြှင့်တင်ပေးနိုင်သော တစ်ခုတည်းသော မောင်းတံဖြစ်သည်။ ဗုဒ္ဓဝါဒ၌ ထင်ရှားသော သွင်ပြင်အချို့ရှိပြီး အခြေခံဟောကြားချက်များအနက် အချို့ကို ကမ္မ သို့မဟုတ် ကိုယ် ကျင့်တရားကြောင်းကျိုးနိယာမ၊ တမလွန်ဘဝအနတ္တနှင့် နိဗ္ဗာန် ဟု ဆိုနိုင်ရာသည်။

အခန်း ၆

ကမ္မ သို့မဟုတ် ကိုယ်ကျင့်တရား ကြောင်းကျိုးနိယာမ။

ကျွန်ုပ်တို့သည် လုံးဝညီမျှမှုမရှိသည့် ကမ္ဘာလောကနှင့် ရင်ဆိုင်နေကြရသည်။ ကျွန်ုပ်တို့သည် လူသားတို့၏ မညီမျှမှုများ ဘဝကံကြမ္မာအထွေထွေနှင့် စကြဝဠာအတွင်းရှိ သတ္တဝါအဆင့်အတန်းအဖုံဖုံတို့ကို တွေ့မြင်ကြရသည်။ စိတ်ထားကောင်းမွန်လျက် ကိုယ်ကျင့်တရား ရုပ်ပိုင်းအရည်အချင်းများနှင့် ပြည့်စုံကြွယ်ဝသည့် အခြေအနေတွင် မွေးဖွားလာသူများနှင့် မွဲတေဆင်းရဲပြီး ပျက်စီးယိုယွင်းသည့် အခြေအနေဖြင့် မွေးဖွားလာကြသူများကို တွေ့ကြသည်။ စိတ်နှလုံးကောင်းပြီး မြင့်မြတ်သော်လည်း ၎င်း၏မျှော်လင့်ချက်ကို ဆန့်ကျင်လျက် ကံမကောင်းခြင်းနှင့် အမြဲတမ်း ဆုံတွေ့နေရသူရှိသည်။ ကောက်ကျစ်သော လောကသည် ထိုပုဂ္ဂိုလ်၏ ရည်ရွယ်ချက်များ လိုအင်ဆန္ဒများနှင့် ဆန့်ကျင်လျက် ဖြစ်စေသည်။ ထိုပုဂ္ဂိုလ်သည် မိမိ၏ ရိုးသားသောဆောင်ရွက်ချက် ဘာသာတရားကိုင်းရှိုင်းမှုတို့ ရှိလင့်ကစား ဆင်းရဲပြီး စိတ်ဆင်းရဲရသည်။ စရိုက်ဆိုးပြီး မိုက်မဲသော်လည်း ယင်းနှင့်ဆန့်ကျင်လျက် ကံကြမ္မာ၏ ချစ်မြတ်နိုးခြင်းခံရသည့် အခြားပုဂ္ဂိုလ်တစ်ယောက်လည်း ရှိပြန်သည်။ ထိုပုဂ္ဂိုလ်သည် ၎င်း၏ ယုတ်နိမ့်ပြီး အကုသိုလ်ဖြင့် ဘဝနေနည်းအစား ကောင်းခြင်းပုံစံမျိုးစုံနှင့် ကြုံဆုံရသည်။

အဘယ်ကြောင့် တစ်ယောက်က နိမ့်ပြီး အခြားတစ်ယောက်မူ အထက်တန်းဖြစ်ရသနည်းဟု မေးခွန်းထုတ်နိုင်သည်။ တစ်ယောက်မှာ ချစ်မြတ်နိုးသူ မိခင်၏လက်တွင်းမှ ဆွဲယူခြင်းခံရပြီး အခြားတစ်ယောက်မူ နှစ်အတန်ကြာ နေနိုင်လျက် အခြားတစ်ယောက်မူ လူ့စည်းစိမ်ခံစားရင်း သေဆုံး သို့မဟုတ် အသက်ရှစ်ဆယ် တစ်ရာ ကြီးရင့်ချိန်၌ သေဆုံးကြသနည်း။ တစ်ယောက်မူ ဖျားနာ မကျန်းမာဖြစ်ပြီး အခြားတစ်ယောက်မူ ခွန်းအားဗလနှင့် ကျန်းမာသနည်း။ တစ်ယောက်က ချောမောလှပပြီး အခြားတစ်ယောက်မူ ရုပ်ဆိုးအကျည်းတန် အားလုံး၏ ရွံရှာခြင်းခံရသနည်း။ တစ်ယောက်မူ စည်းစိမ်ရင်ခွင်မှာ ကြီးပြင်းရလျက် တစ်ယောက်မူ လုံးဝဆင်းရဲပြီး အမြဲဝမ်းနည်းဖွယ်နှင့် ကြုံရသည်။ တစ်ယောက်က သန်းကြွယ်သူဌေး တစ်ယောက်က လူမွဲဖြစ်ရသနည်း။ တစ်ယောက်မူ စိတ်ပိုင်းအရ အလွန်အဆင့်မြင့်သူဖြစ်ပြီး တစ်ယောက်မူ ညံ့ဖျင်းရသနည်း။ တစ်ယောက်မူ သူတော်ကောင်းအကျင့်ဖြင့် မွေးဖွားပြီး တစ်ယောက်မူ ရာဇဝတ်သား ဖြစ်ရသနည်း။ အချို့မှာ မွေးကတည်းက ဘာသာဗေဒပညာရှင် အနုပညာရှင် သင်္ချာပါရဂူ သို့မဟုတ် ဂီတပညာရှင် ဖြစ်ရသနည်း။ အချို့မှာ မွေးရာပါမျက်မမြင်များ နားမကြားသူများ ကိုယ်လက်အင်္ဂါချွတ်ယွင်းသူများ ဖြစ်ကြသနည်း။ အချို့မှာ မွေးကတည်းက ကောင်းချီးပေးခံရပြီး အချို့မှာ အဘယ်ကြောင့် ကျိန်စာမိရကြရသနည်း။ တွေးခေါ်မြော်မြင်တတ်သူ အားလုံး၏ စိတ်ကို ရှုတ်ထွေးစေသည့် ပြဿနာအချို့ရှိကြသည်။ လောက၏ ယင်း မမျှတမှုအားလုံးနှင့် လူသားတို့၏ ဆိုခဲ့ပါ မညီမျှတမှုအထွေထွေကို မည်သို့ စဉ်းစားမည်နည်း။

ယင်းတို့မှာ မျက်ကန်းအခွင့်အရေး သို့မဟုတ် တိုက်ဆိုင်မှုကြောင့် ဖြစ်ရသလော။

ကမ္ဘာပေါ်တွင် မည်သည့်အရာမျှ မျက်ကန်းအခွင့်အရေး သို့မဟုတ် တိုက်ဆိုင်မှုကြောင့် ဖြစ်ရသော အရာဟူ၍ မရှိချေ။ မည်သည့်အရာမဆို တိုက်ဆိုင်မှုကြောင့် ဖြစ်ရသည်ဆိုမူ သင်ဖတ်နေသော စာအုပ်သည် ဤနေရာသို့ သူ့အလိုလို ရောက်လာသည်ဟုဆိုခြင်းထက် ပို၍မှန်မည်မဟုတ်ချေ။ အတိအကျဆိုသော် တစ်ခုမဟုတ် တစ်ခုသော အကြောင်းတရားအတွက် မဖြစ်ထိုက်တန်ဘဲ မည်သည့်အရာမှ လူသားတို့မှာ ဖြစ်ပေါ်သည်မဟုတ်ချေ။ ယင်းသည် တာဝန်မယူသူ ဖန်ဆင်းရှင်တစ်ယောက်၏ အမိန့်ဖြစ်နိုင်သလော။

ဟပ်စလေ (Huxley)က ဤသို့ရေးသည် ‘အကယ်၍ ဤအံ့ဖွယ် စကြဝဠာကို တစ်စုံတစ်ယောက်(ဖန်ဆင်းသူ)က တမင်သက်သက် ဖြစ်ပေါ်စေခဲ့သည်ဟုယူဆလျှင် ယင်းစကားလုံးများကို ကျွန်ုပ် နားလည်သမျှဖြင့် ထိုပုဂ္ဂိုလ်သည် ကောက်ကျစ်စဉ်းလဲပြီး မမျှတခြင်းထက်ပို၍ သဘောကောင်းခြင်း မျှတခြင်း လုံးဝမရှိသည်မှာ လုံးဝ ထင်ရှား၏’။ အိုင်စတိုင်း(Einstein)၏အလိုမှာ ဤသို့ဖြစ်သည် ‘အကယ်၍ ထိုသတ္တဝါ(ဖန်ဆင်းရှင်ထာဝရ)သည် အနန္တတန်ခိုးရှိသည်ဆိုမူ လူသားတို့ အပြုအမူ အတွေးအကြံ ခံစားမှုနှင့် ရည်မှန်းချက်အားလုံး အပါအဝင် ဖြစ်ရပ်အားလုံးလည်း ထိုပုဂ္ဂိုလ်၏ လက်ချက်ပင် ဖြစ်ရမည်။ ယင်းသို့သော အနန္တတန်ခိုးရှင်ပုဂ္ဂိုလ်၏ရှေ့မှောက်၌ လူသားတို့အား ၎င်းတို့၏ အပြုအမူ အကြံအစည်များအတွက် တာဝန်ရှိသည်ဟုယူဆရန် မည်သို့ဖြစ်နိုင်မည်နည်း။

‘ပြစ်ဒဏ်များ ဆုလာဘ်များပေးရာ၌ ယင်း ထာဝရရှင်သည် တစ်စုံတစ်ခုသော အတိုင်းအတာအထိ မိမိကိုယ်ကိုမိမိ စီရင်ဆုံးဖြတ်ချက်ကို ဖြတ်သန်းနေရလိမ့်မည်ဖြစ်၏၊ ယင်းသည် ၎င်းဖန်တီးသည်ဟုယူဆရသော ကောင်းခြင်း ဖြောင့်မတ်ခြင်းများနှင့် မည်သို့ ဆက်စပ်ပတ်သက်လိမ့်မည်နည်း’။

စပင်စာ လီဝစ်စ် (Spencer Lewis)က အောက်ပါအတိုင်းဆိုသည် -

‘ဘုရားသခင်ယုံကြည်သည့် ဘာသာရေးအခြေခံများအရ လူသားတစ်ယောက်သည် တမင်သက်သက် မိမိ၏ ဆန္ဒမရှိဘဲ ဖန်ဆင်းခံရပြီး ဖန်ဆင်းဆဲခဏ၌ ထာဝရကောင်းချီးပေးခြင်းနှင့် ပြစ်ဒဏ်ခတ်ခြင်းကိုလည်းခံရသည်။ သို့ဖြစ်၍ လူသည် ကိုယ်ခန္ဓာတည်ဆောက်မှုဖြစ်စဉ် ပထမအဆင့်မှစ၍ နောက်ဆုံး သေသည့်ခဏတိုင်အောင် ၎င်း၏ ပုဂ္ဂလိကဆန္ဒများ မျှော်လင့်ချက်များ ရည်ရွယ်ချက်များ ရုန်းကန်လှုပ်ရှားမှုများ သို့မဟုတ် ဆုတောင်းဝတ်ပြုမှုများကို မငဲ့ကွက်ဘဲ ကောင်းသူ ဆိုးသွမ်းသူ ကံကောင်းသူ ကံခေသူ မြင့်မြတ်သူ ယုတ်နိမ့်သူ ဖြစ်ရ၏၊ ယင်းသို့ဖြစ်ခြင်းကား ဘာသာရေး(ယုံကြည်မှု)နှင့်ဆိုင်သော ဘုရားသခင်ယိုးမယ်စွဲဝါဒ ဖြစ်၏’။

ချားလ်စ် ဗရက်လောက် (Charles Bradlaugh) ဆိုကဲ့သို့မူ ဤသို့ဖြစ်သည် ‘မကောင်းမှုတည်ရှိခြင်းသည် ထာဝရဘုရားယုံကြည်သူများအဖို့ ကြောက်စရာကောင်းသည့် ဆူးငြောင့်ခလုတ်ဖြစ်၏၊ နာကျင်မှု ဝမ်းနည်းပက်လက်ဖြစ်ရမှု လူသတ်မှု ဆင်းရဲမွဲတေမှုတို့က ထာဝရကောင်းခြင်းသဘောကို ထိပ်တိုက်တွေ့စေပြီး အလုံးစုံကောင်း အလုံးစုံပညာရှိ အနန္တတန်းခိုးရှင် ထာဝရဘုရားအဖြစ် ကြေငြာချက်အပေါ် အဖြေမပေးနိုင်သော စွမ်းရည်ကို စိန်ခေါ်၏’။

ရှိုပင်ဟောင်ဝါ (Schopenhauer)၏ စကားဖြင့်ဆိုရမူ ဤသို့ဖြစ်သည် ‘မိမိကိုယ်ကို ဘာမှမဟုတ်သည့်အရာမှ ဖြစ်ပေါ်လာသည်ဟု ယူဆသူမည်သူမဆိုသည် ဘာမျှဖြစ်လာမည်မဟုတ်ဟူသည်ကိုလည်း စဉ်းစားသင့်၏၊ အကြောင်းမူ ထာဝရဖြစ်သောအရာသည် ၎င်းမရှိမီကတည်းက လွန်သွားပြီနောက် ယင်းမှတတစ်ဆင့် ၎င်းအနေဖြင့် လုံးဝမရပ်မစဲဖြစ်ပေါ်မည်ဖြစ်သော ဒုတိယထာဝရအရာတစ်ခု စတင်ခဲ့ပြန်လျက် ၎င်းအနေဖြင့် အလွန်စက်ဆုပ်ဖွယ် တွေးခေါ်မှုတစ်ရပ်သို့ ကျရောက်သွား၏၊

‘အကယ်၍ မွေးဖွားခြင်းသည် လုံးဝအစဖြစ်သည်ဆိုမူ ယင်းသို့ဖြစ်ပါက သေခြင်းသည် လုံးဝယင်း၏အဆုံးဖြစ်ရမည်။ ဘာမျှမဟုတ်သည့်အရာဖြင့် လူကိုပြုလုပ်ခဲ့သည်ဟု ယူဆခြင်းသည် သေခြင်းတရားသည် ယင်း၏ လုံးဝအဆုံးဖြစ်သည်ဟု ယူဆခြင်းသို့ မဖြစ်မနေ ဦးတည်စေ၏’။

လူသားတို့၏ ဒုက္ခများနှင့် ထာဝရဘုရားကို မှတ်ချက်ပြုရာ၌ ပါမောက္ခ ဂျေ ဘီ အက်စ် ဟာလ်ဒန်(J.B.S. Haldane)က ဤသို့ ရေးသည် ‘လူသားတို့၏ စရိုက်လက္ခဏာ ကောင်းမွန်စေရန် ဒုက္ခကို အလိုရှိအပ်၏၊ သို့မဟုတ် ထာဝရဘုရားသည် အနန္တစွမ်းအားရှိသူမဟုတ်။ ပထမအဆိုမှာ ဒုက္ခကို အနည်းငယ်မျှသာ ခံစားကြရပြီး ၎င်းတို့၏ မျိုးရိုးနှင့် ပညာရေးကံကောင်းကြသူ အချို့မှာ အလွန်ကောင်းမွန်သော သွင်ပြင်များရှိကြသည့်အချက်က မဟုတ်မှန်ကြောင်း ဖော်ပြပြီးဖြစ်၏၊ ဒုတိယအဆိုအား ငြင်းဆိုရခြင်းမှာ အနန္တစကြဝဠာနှင့် အလုံးစုံပတ်သက်သမျှတွင် တန်းခိုးရှင်တစ်ယောက်၏ မှန်ကန်ကြောင်းအဆိုပြုချက်ဖြင့် ဖြည့်သွင်းရန် တစ်ခုခုသော အသိပညာစဉ်းစားဆင်ခြင်မှု ကွက်လပ်ရှိခြင်းဖြစ်၏၊ ထို့ပြင် ဖန်ဆင်းရှင်တစ်ယောက်သည် ထင်မြင်ချက်ဖြင့် သူ သို့မဟုတ် ၎င်း အလိုရှိတိုင်း ဖန်ဆင်းနိုင်၏’။

ပညာရှိ ရပ်ဆယ်လ်(Lord Russell)က ဤသို့ ဖော်ပြသည် ‘ကမ္ဘာလောကကို ကောင်းမြတ်ပြီး အလုံးစုံသိတန်ခိုးရှင် ထာဝရဘုရားက ဖန်ဆင်းခဲ့ကြောင်း ကျွန်ုပ်တို့ကို ပြောကြ၏၊ ကမ္ဘာလောကကို မဖန်ဆင်းမီက သူသည် ယင်းကမ္ဘာလောက၌ ပါဝင်မည့် နာကျင်မှုနှင့် ဆင်းရဲဒုက္ခမျိုးစုံကို ကြိုတင်သိမြင်ခဲ့၏၊ သို့ဖြစ်၍ ထိုထာဝရသည် ထိုအရာအားလုံးတို့အတွက် တာဝန်ရှိသူဖြစ်၏၊ ကမ္ဘာပေါ်ရှိ နာကျင်ခံခက်မှုသည် (လူသားတို့ကျူးလွန်သည့်) အပြစ်ကြောင့် ဖြစ်ရသည်ဟူသည်ကို ငြင်းခုံနေခြင်းမှာ အသုံးမကျချေ။ အကယ်၍ ထာဝရဘုရားသည် လူသားတို့ကျူးလွန်မည်ဖြစ်သော အပြစ်များကို ကြိုသိခဲ့မူ လူသားတို့ကို ဖန်ဆင်းရန်ဆုံးဖြတ်သောအခါ ထိုပြစ်မှုအားလုံးကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များအတွက် ၎င်း၌ တာဝန်ရှိသည်မှာ ထင်ရှား၏’။

ပညာရှိ တင်နိုင်ဆန် (Lord Tennyson)က ၎င်းအသက်ကြီးပြီးမှရေးသော ‘မျှော်လင့်ချက်ကုန်ဆုံးခြင်း (Despair)’ ကဗျာတွင် ဟေရှာယအနာဂတ္တိကျမ်း(၄၅းရ)၌ မှတ်တမ်းတင်ထားသည့်အတိုင်း ‘ငါသည် ငြိမ်သက်ခြင်း (ငြိမ်းချမ်းမှု) ကို ဖြစ်စေပြီး အမင်္ဂလာ (မကောင်းမှု)ကိုလည်း ဖန်ဆင်း၏’ ဟုဆိုသော ထာဝရဘုရားသခင်အား ဤသို့ ရဲရင့်စွာ တိုက်ခိုက်ထားသည်-

‘မည်သို့နည်း၊ ငါတို့အား ယင်းသို့ အလွန်ကောင်းမွန်စွာ ကယ်တင်ခဲ့ပြီးဖြစ်သော အနန္တမေတ္တာရှင်ထံ ဆုတောင်းသင့်ပါသလော၊
အမှန်ဆိုရလျှင် ထာဝရငရဲကို ဖန်ဆင်းခဲ့သော အဆုံးစွန် ရက်စက်ကြမ်းကြုတ်သူ၊
ငါတို့ကို ဖန်ဆင်းခဲ့သော ငါတို့ကို ကြို၍သိခဲ့သော ကြို၍ဒဏ်ခတ်ခဲ့သော ထို့ထက် ၎င်းဆန္ဒရှိသည်ကို ၎င်းဘာသာပြုလုပ်ခဲ့သော အဆုံးစွန် ရက်စက်ကြမ်းကြုတ်သူ၊
ကျွန်ုပ်တို့၏ ညည်းညူသံကို လုံးဝကြားသိတော်မမူသော သေဆုံးသူ ကြမ်းကြုတ်မိခင်အား ပို၍ကောင်းအောင် ပြုပေးပါ’။

‘လူအားလုံးမှာ အပြစ်ကျူးလွန်သူများဖြစ်ကြပြီး အာဒမ်၏ မရှိဖြစ်လိုအပ်သော ပြစ်မှုရှိသည်ဟူသော ဟောကြားချက်သည် မျှတမှု ကရုဏာ မေတ္တနှင့် အကြွင်းမဲ့ညီမျှမှုဆိုသည်တို့အတွက် စိန်ခေါ်ချက်တစ်ရပ်ဖြစ်သည်’မှာ သေချာသည်။ အချို့သော ရှေးဟောင်းစာရေးသူများက ထာဝရဘုရားသည် ၎င်း၏ကိုယ်ပငု်ရုပ်သွင်ဖြင့် လူကိုဖန်ဆင်းခဲ့ကြောင်း ယုံကြည်ချက် ပြင်းပြစွာဆိုသည်။ အချို့ခေတ်သစ် တွေးခေါ်ရှင်များကမူ ယင်းနှင့် ဆန့်ကျင်လျက် လူက ထာဝရဘုရားကို ၎င်း၏စိတ်ကူးဖြင့် ဖန်ဆင်းခဲ့ကြောင်း ဆိုကြသည်။ လူ့ယဉ်ကျေးမှု တိုးတက်လာသည်နှင့်အမျှ လူသားတို့၏ ထာဝရဘုရားအယူအဆသည်လည်း ပို၍ပို၍ ရှင်းလင်းလာသည်။

သို့ဖြစ်ရကား ယင်းသို့သော သတ္တဝါတစ်ယောက်အား ဤစကြဝဠာအတွင်းမှာဖြစ်စေ အပြင်မှာဖြစ်စေ တည်ရှိကြောင်းယုံကြည်ရန် မဖြစ်နိုင်တော့ချေ။

ဤ ပုဂ္ဂိုလ်သတ္တဝါမျိုးစုံသည် မျိုးရိုးစဉ်ဆက်နှင့် ပတ်ဝန်းကျင်ကြောင့် ဖြစ်နိုင်သလော။ သိပ္ပံပညာရှင်တို့ ဖော်ထုတ်ခဲ့သည့် ဤဓာတုရုပ်ပိုင်းဖြစ်စဉ်အားလုံးမှာ တစ်စိတ်တစ်ဒေသအားဖြင့် နည်းလမ်းအဖြစ်အသုံးပြုနိုင်သောအရာများဖြစ်သော်လည်း ယင်းတို့သည် ပုဂ္ဂိုလ်အသီးသီး၌တည်ရှိသော သိမ်မွေ့သည့် ခြားနားချက်များနှင့် ကျယ်ပြန့်သည့် မတူညီမှုများအတွက် လုံးဝဥဿုံ တာဝန်ယူ(ဖြေရှင်း)နိုင်မည်မဟုတ်ချေ။ ကိုယ်ခန္ဓာအားဖြင့်တူညီပြီး တူညီသည့် မျိုးဗီဇကို ရရှိကြလျက် တူညီသည့် ပြုစုစောင့်ရှောင့်မှုအခွင့်အရေးရရှိကြသော ထပ်တူညီအမြွာများသည် အဘယ်ကြောင့် ဗီဇစိတ်ရင်း ကိုယ်ကျင့်တရားနှင့် အသိဉာဏ်အားဖြင့် လုံးဝကွဲပြား ခြားနားရသနည်း။

မျိုးဗီဇတစ်ခုတည်းဖြင့် ယင်းကွဲပြားခြားနားမှုမျိုးစုံကို မရှင်းပြနိုင်ချေ။ အတိအကျဆမိုူ မျိုးဗီဇအကြောင်းတရားသည် ယင်း(အမြွာပူး)တို့၏ ခြားနားမှုအများစုကိုထက် ဆင်တူညီမှုများကိုသာ ပိုမိုယုတ္တိရှိစွာ ဆိုသည်။ မိဘများထံမှ ဆက်ခံရရှိသည့် အလွန့်အလွန်သေးငယ်လှပြီး တစ်လက်မ၏ သန်းပေါင်းသုံးဆယ်ပုံ တစ်ပုံမျှလောက်ရှိသော ဓာတုရုပ်ဝတ္ထုမျိုးစေ့သည် လူသား၏ ရုပ်ပိုင်းတည်ဆောက်မှုအတွက် အစိတ်အပိုင်းတစ်ခုကိုသာ ရှင်းပြနိုင်သည်။ ပိုမိုရှုပ်ထွေးပြီး သိမ်မွေ့နက်နဲသည့် စိတ်ပိုင်း၊ အသိဉာဏ်၊ ကိုယ်ကျင့်တရားခြားနားမှုတို့နှင့် ပတ်သက်၍မူ ကျွန်ုပ်တို့အနေဖြင့် အသိပညာ ပွင့်လင်းရန် များစွာလိုသေးသည်။ မျိုးဗီဇသီအိုရီသည် ရှည်လျားသည့် မိကောင်းဖခင်မျိုးရိုးစဉ်ဆက်အတွင်း ရာဇဝတ်သား မွေးဖွားလာခြင်း၊ မကောင်းသတင်းကျောစောသည့် မိသားစု၌ သူတော်စင် သို့မဟုတ် မြင့်မြတ်သူ မွေးဖွားလာခြင်း၊ အရွယ်နှင့်မလိုက်အောင် ထူးချွန်သည့် ကလေးများ၊ ထူးချွန်ထက်မြက်သူများနှင့် ဘာသာရေးဆိုင်ရာ ဆရာအရှင်များ မွေးဖွားလာခြင်းတို့အပေါ် နှစ်သက်ကျေနပ်လောက်အောင် အဖြေပေးနိုင်စွမ်းမရှိချေ။ ဗုဒ္ဓဝါဒအလိုအရမူ ယင်းသို့ဖြစ်ခြင်းသည် မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်၊ သဘာဝနှင့် ဖန်တီးဓမ္မတို့ကြောင့်သာမက ကျွန်ုပ်တို့၏ ပြုမူဆောင်ရွက်မှု နောက်တစ်မျိုးဆိုရမူ ကျွန်ုပ်တို့ ဆက်ခံရရှိသည့် အတိတ်က ဆောင်ရွက်ချက်များနှင့် ယခု ပြုလုပ်ချက်များ၏ အကျိုးဆက်ကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့ကိုယ်တိုင် လုပ်ဆောင်မှုများနှင့် ပျော်ရွှင်မှု စိတ်ဆင်းရဲမှုတို့အတွက် ကျွန်ုပ်တို့ကိုယ်တိုင်တွင် တာဝန်ရှိသည်။ ကျွန်ုပ်တို့၏ ငရဲကို ကျွန်ုပ်တို့ကိုယ်တိုင် တည်ဆောက်သည်။ ကျွန်ုပ်တို့၏ နတ်ပြည်ကို ကျွန်ုပ်တို့ကိုယ်တိုင် ဖန်ဆင်းသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ ကံကြမ္မာ၏ ဗိသုကာများ ဖြစ်ကြသည်။ အချုပ်အားဖြင့် ကျွန်ုပ်တို့ကိုယ်တိုင်ပင် ကျွန်ုပ်တို့၏ ကံ (အပြုအမူ)များ ဖြစ်သည်။

အခါတစ်ပါး၌ သုဘအမည်ရှိ လုလင်ငယ်တစ်ယောက်သည် ဗုဒ္ဓထံချဉ်းကပ်ပြီး အဘယ်မည်သော အကြောင်းတရားကြောင့် လူသားသတ္တဝါများအတွင် အနိမ့်အမြင့်သဘောရှိရသနည်းဟု မေးမြန်းခဲ့သည်။ ၎င်းကဆက်လက်၍ ‘အကြောင်းမှာ လူသားတို့အကြား အသက်ရှည်သူ အသက်တိုသူ၊ ကျန်းမာသူ နာမကျန်းသူ၊ ရုပ်ချောသူ ရုပ်ဆိုးသူ၊ အာဏာရှိသူ အာဏာမဲ့သူ၊ ဆင်းရဲသူ ချမ်းသာသူ၊ အဆင့်အတန်းနိမ့်သူ မြင့်သူ၊ အသိဉာဏ် ကင်းမဲ့သူ အသိဉာဏ်ကြွယ်ဝသူများကို တွေ့ရသောကြောင့် ဖြစ်ပါသည်’ဟု လျှောက်ထားသည်။ ဗုဒ္ဓရှင်တော်မြတ်က အောက်ပါအတိုင်း အတိုချုပ်ဖြေကြားသည် ‘သက်ရှိသတ္တဝါအားလုံးသည် ၎င်းပြုလုပ်သော ကံကို ပိုင်ဆိုင်ကြ၏၊ ကံအမွေကို ခံကြရ၏၊ ကံသာလျှင် အကြောင်းတရားရှိ၏၊ ကံသာလျှင် ဆွေမျိုးဖြစ်၏၊ ကံသာလျှင် ကိုယ်ကွယ်အားထားရာဖြစ်၏၊ ကံတရားသည် အနိမ့်အမြင့်အားဖြင့် သတ္တဝါအားလုံးကို ခွဲခြားပေး၏’။ ယင်းနောက် ဗုဒ္ဓရှင်တော်မြတ်က ကိုယ်ကျင့်တရား ကြောင်းကျိုးနိယာမအရ ယင်းသို့သော ကွဲပြားခြားနားချက်များ၏ အကြောင်းတရားကို ရှင်းလင်းဟောကြားတော်မူသည်။

သိုဖြင့် ဗုဒ္ဓဝါရှုထောင့်အရ ကျွန်ုပ်တို့၏ မျက်မှောက် စိတ်အခြေအနေ၊ အသိပညာ၊ ကိုယ်ကျင့်တရားနှင့် စရိုက်လက္ခဏာ ခြားနားမှုများသည် အတိတ် ပစ္စုပ္ပန် နှစ်ရပ်လုံးနှင့်ဆိုင်သော ကျွန်ုပ်တို့ကိုယ်တိုင်၏ ပြုမူဆောင်ရွက်ချက်နှင့် စိတ်စေတနာများကြောင့် အဓိကဖြစ်ရသည်။

ကမ္မ(ကံ)ဟူသည် စာပေနည်းအရ ပြုလုပ်မှုဟု အဓိပ္ပာယ်ရသည်။ သို့ရာတွင် ၎င်း၏တရားကိုယ်အရမှာ ကုသိုလ် အကုသိုလ်စေတနာဖြစ်သည်။ ကမ္မ(ကံ)သည် ကောင်းဆိုးနှစ်မျိုးကို တည်ဆောက်သည်။ ကောင်းသောကံသည် ကောင်းသောအရာကို ဖြစ်စေသည်။ မကောင်းသောကံသည် မကောင်းသော အရာကို ဖြစ်ပေါ်စေသည်။ ကျေနပ်နှစ်သက်မှုသည် ကျေနပ်နှစ်သက်မှုကို ဆွဲငင်သည်။ ဤသည်မှာ ကမ္မနိယာမဖြစ်သည်။

အချို့သော အနောက်တိုင်း စာရေးဆရာအချို့ ဆိုလိုချင်သကဲ့သို့ပင် ကမ္မဟူသည် ‘ပြုလုပ်မှုဩဇာလွှမ်းမိုခြင်း’ဖြစ်သည်။

ကျွန်ုပ်တို့ စိုက်ပျိုးပြီးသည်ကို ကျွန်ုပ်တို့ ရိပ်သိမ်းသည်။ ကျွန်ုပ်တို့ ကြဲချခဲ့သည်ကို တစ်ချိန်ချိန် တစ်နေရာရာတွင် ကျွန်ုပ်တို့ ရိပ်သိမ်းသည်။ နောက်တစ်မျိုးဆိုမူ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အတိတ်(ဖြစ်ခဲ့သည်)၏ အကျိုးဆက်ဖြစ်ပြီး ကျွန်ုပ်တို့ပစ္စုပ္ပန်(ဖြစ်ဆဲ)၏ အကျိုးဆက်ဖြစ်လိမ့်မည်။ အခြားတစ်မျိုးဆိုရမူ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အတိတ်(ဖြစ်ခဲ့သည်)၏ အကျိုးဆက်(လည်း) လုံးလုံးလျားလျားမဟုတ်ဘဲ ကျွန်ုပ်တို့ပစ္စုပ္ပန်(ဖြစ်ဆဲ)၏ အကျိုးဆက်(လည်း) အကြွင်းမဲ့ ဖြစ်လိမ့်မည်မဟုတ်ချေ။ ဥပမာအားဖြင့် ယနေ့ ရာဇဝတ်သမားတစ်ယောက်သည် မနက်ဖြန်တွင် သူတော်ကောင်းတစ်ယောက် ဖြစ်လာနိုင်သည်။

ယင်းသို့ ကွဲပြားခြားနားမှုကို ဗုဒ္ဓဝါဒက ကံကြောင့်ဟုယူဆသော်လည်း အရာခပ်သိမ်းကို ကံကြောင့်ဟု ယူဆရန် မကြိုးစားချေ။

အကယ်၍ အရာခပ်သိမ်း ကံကြောင့်ဖြစ်သည်ဟု ယူဆခဲ့သော် ဆိုးသွမ်းရခြင်းမှာ ၎င်း၏ ကံကြောင့်ဖြစ်သဖြင့် ထိုလူဆိုးသည် ထာဝစဉ် လူဆိုးသာ ဖြစ်ရချိမ့်မည်။ ရောဂါကို ကုသဖို့ ဆရာဝန်နှင့် တိုင်ပင်ရန်ပင် မလိုတော့ချေ။ အကြောင်းမူ မိမိ၏ကံသည် ယင်းသို့ သဘောရှိခဲ့သော် (ယင်းကံကပင်) ရောဂါကို ကုသမည်ဖြစ်သောကြောင့်တည်း။ ဗုဒ္ဓဝါဒအလိုအရ ရုပ်ပိုင်းနှင့် စိတ်ပိုင်းနယ်ပယ်တွင် တည်ရှိသော ဖြစ်စဉ်နိယာမတရား ငါးမျိုးရှိသည် –
၁) ကမ္မနိယာမ၊ ပြုလုပ်မှုနှင့် ယင်း၏အကျိုးတရားဖြစ်စဉ်။ ဥပမာ - နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အပြုအမူများသည် ကောင်းကျိုးနှင့် မကောင်းကျိုးကို ကိုယ်စားပြု၍ ဖြစ်ပေါ်စေသည်။

၂) ဥတုနိယာမ၊ ဥတုရာသီတို့၏ဖြစ်စဉ်။ ဥပမာ – လေတိုက်ခြင်း မိုးရွာခြင်းတို့၏ ဥတုရာသီအလိုက် ဖြစ်ပေါ်ခြင်း သဘာဝ။

၃) ဗီဇနိယာမ၊ မျိုးစေ့တို့၏ဖြစ်စဉ် (သက်မဲ့ရုပ်ဖြစ်စဉ်)။ ဥပမာ – ဆန်စေ့မှ ဆန်ကို ပေါက်ရောက်စေသည်၊ ကြံပင်သည် ချိုသောအရသာကို ပေးသည်။ သိပ္ပံနည်းကျ ကလာပ်စည်း မျိုးဗီဇသီအိုရီနှင့် အမြွာပူးနှစ်ယောက်၏ ရုပ်ပိုင်းတူညီမှုသည် ဤနိယာမအရဖြစ်နိုင်သည်။

၄) စိတ္တနိယာမ၊ စိတ်ဖြစ်စဉ် နိယာမ။ ဥပမာ – စိတ်တို့၏ဖြစ်စဉ်၊ စိတ်စွမ်းအင် စသည်။

၅) ဓမ္မနိယာမ၊ ဓမ္မသဘာဝဖြစ်စဉ်။ ဥပမာ – နောက်ဆုံးဘဝ၌ ဗောဓိသတ္တတစ်ဆူ ပွင့်ပေါ်လာခြင်းကဲ့သို့သော သဘာဝတရား၊ ကမ္ဘာ့ဆွဲငင်အား စသည်။

စိတ်ပိုင်း သို့မဟုတ် ရုပ်ပိုင်းသဘောတရားတိုင်းကို ၎င်းတို့ကိုယ်တိုင် နိယာမတစ်ခုဖြစ်သည့် အကုန်ခြုံငုံမိသော ဖော်ပြပါ ဖြစ်စဉ်ငါးမျိုးဖြင့် ရှင်းပြနိုင်သည်။

စူဠကမ္မဝိဘင်္ဂသုတ်၊ မဇ္ဈိမနိကာယ်၊ သုတ်အမှတ် - ၁၃၅။

သို့ဖြစ်၍ ကံဟူသည် စကြဝဠာအတွင်း တည်ရှိနေသည့် ဖော်ပြပါ သဘာဝနိယာမငါးမျိုးအနက် တစ်ခုသာဖြစ်သည်။ ကံဟူသည် သဘာဝဖြစ်စဉ်တစ်ခုမျှသာ ဖြစ်သည်ဆိုလိုက်သဖြင့် ယင်းသဘာဝဖြစ်စဉ်ကို ချမှတ်ပေးသူရှိရမည်ဟု မဆိုလိုချေ။ ကမ္ဘာ့ဆွဲငင်အားကဲ့သို့သော သာမန် သဘာဝနိယာမများသည် ယင်းသဘာဝနိယာမကို ချမှတ်မည့်သူ မလိုချေ။ ယင်းနိယာမသည် လွတ်လပ်သည့် ပြင်ပအုပ်ချုပ်သူအဖွဲ့၏ ဝင်ရောက်စွက်ဖက်မှုမရှိဘဲ မိမိ၏နယ်ပယ်အတွင်း ဆောင်ရွက်သည်။

ဥပမာဆိုသော် မီးသည် ပူရမည်ဟု မည်သူတစ်ဦးတစ်ယောက်မျှ စီမံသည်မဟုတ်ချေ။ ရေသည် မျက်နှာပြင်ပေါ်၌ ညီနေရမည်ဟု မည်သူတစ်ဦးတစ်ယောက်မှ အမိန့်ပေးသည်မဟုတ်ချေ။ ရေ၌ ဟိုက်ဒရိုဂျင်နှစ်ဆ အောက်ဆီဂျင်တစ်ဆပါရမည်ဖြစ်ပြီး အေးမြခြင်းသည် ၎င်းပိုင်ဆိုင်သော သတ္တိဖြစ်ရမည်ဟု မည်သည့် သိပ္ပံပညာရှင်ကမှ အမိန့်ပေးသည်မဟုတ်ချေ။ ယင်းတို့မှာ သူ့အလိုလိုဖြစ်နေသော သဘာဝလက္ခဏာများ ဖြစ်ကြသည်။ ကံဟူသည် ကျွန်ုပ်တို့ မျှော်လင့်ချက်မဲ့စွာ လက်မြှောက်အရှုံးပေးရမည့် စိတ်ကူးယဉ် မသိမမြင်နိုင်သော စွမ်းအင်တစ်ခု၏ ခြယ်လှယ်ခြင်းခံရသော ယုံကြည်မှု သို့မဟုတ် ယင်းသို့ုခြယ်လှယ်ခံရမှုကို မျက်စိမှိတ်လက်ခံမှုလည်း မဟုတ်ချေ။ ယင်းသည် တစ်စုံတစ်ယောက်၏ ကိုယ်တိုင်အပြုအမူအတွက် တန်ပြန်ဖြစ်ပေါ်မှုဖြစ်သဖြင့် တစ်စုံတစ်ယောက်သည် တစ်စုံတစ်ခုသော အတိုင်းအတာအထိ ကံအကြောင်းတရားကို ရှောင်လွှဲရန် ဖြစ်နိုင်သည်။ မည်သည့်အတိုင်းအတာအထိ ရှောင်လွှဲနိုင်သနည်းဟူသည်မှာ ထိုပုဂ္ဂိုလ်အပေါ်၌သာ တည်မှီသည်။

ကံအကြောင်းနှင့်ပတ်သက်သော ဆွေးနွေးမှုများအတွင်း ကောင်းချီးပေးခြင်းများနှင့် ပြစ်ဒဏ်ပေးခြင်းများဟူသော စကားစုများကို ထည့်သွင်းခွင့်မပြုသင့်ကြောင်း ဆိုရမည်ဖြစ်သည်။ ဗုဒ္ဓဝါဒအဖို့မူ ဖန်ဆင်းခံပုဂ္ဂိုလ်များအား စိုးမိုးပြီး ယင်း(စိုးမိုးမှု)ကြောင့် ဆုလာဘ်နှင့် ဒဏ်ပေးတတ်သော အနန္တတန်ခိုးရှင်တည်ရှိမှုကို အသိအမှတ်မပြုချေ။ ယင်းနှင့်ဆန့်ကျင်လျက် ဗုဒ္ဓဝါဒီတို့သည် မိမိတို့တွေ့ကြုံခံစားရသည့် စိတ်ဆင်းရဲမှုနှင့် ပျော်ရွှင်မှုတို့သည် မိမိတို့ပြုလုပ်သော ကောင်းမှုနှင့် မကောင်းမှုတို့၏ သဘာဝရလာဒ်ဖြစ်ကြောင်း ယုံကြည်ကြသည်။ ကမ္မသဘာဝတွင် ဆက်လက်ဖြစ်ပေါ်သော တန်ပြန်ခံရသော အခြေခံရှိကြောင်း ဖော်ပြရမည်ဖြစ်သည်။

ကံတရား၌ ရှိနေသော သဘာဝကား သင့်တော်သော အကျိုးဆက်ကို ဖြစ်ပေါ်စေမည့် ဖြစ်နိုင်ခြေဖြစ်သည်။ အကြောင်းတရားသည် ယင်း၏အကျိုးတရားကို ဖြစ်ပေါ်စေသည်။ အကျိုးတရားက ယင်း၏ အကြောင်းတရားကို ရှင်းပြသည်။ မျိုးစေ့က အသီးကိုဖြစ်ပေါ်စေသည်။ ယင်းအသီးက အစေ့နှင့်အသီးတို့ကြား အပြန်အလှန်ဆက်စပ်မှုကို ရှင်းပြသည်။ ထိုအတူပင် ကံနှင့် ယင်းတို့၏ အကျိုးသက်ရောက်မှုတို့ ဆက်စပ်ပတ်သက်မှုရှိသည်။ အကျိုးတရားသည် အကြောင်းတရား၌ ပွင့်လန်းနေပြီးသား ဖြစ်သည်။

ကမ္မဝါဒကို ပြည့်စုံစွာယုံကြည်သူ ဗုဒ္ဓဝါဒီတစ်ယောက်အဖို့ ကယ်တယ်ခံရရန် အခြားပုဂ္ဂိုလ်တစ်ယောက်ထံ၌ ဆုတောင်းခြင်း မပြုဘဲ ယင်းကမ္မဝါဒသည် မိမိကိုယ်ကို အားကိုးရန် သင်ကြားသည့်အတွက် မိမိ၏စင်ကြယ်မှုအတွက် မိမိအပေါ်မှာသာ တည်မှီကြောင်း နှစ်နှစ်ကာကာ ယုံကြည်သည်။

ဗုဒ္ဓဘာသာဝင်တစ်ယောက်အား ဖြေသိမ့်မှု၊ မျှော်လင့်ချက်၊ မိမိကိုယ်ကို မှီခိုအားထားမှုနှင့် ကိုယ်ကျင့်သီလဖြည့်စွမ်းမှု သတ္တိတို့ကိုပေးသည်မှာ ကံကိုယုံကြည်သည့် တရားအဆုံးအမပင်ဖြစ်သည်။ ‘မိမိ၏လုံ့လကို ပြည့်စုံစေ၍ ၎င်း၏စိတ်ဓာတ်ပြင်းပြမှုကို ထွန်းညှိပေးပြီး’ ၎င်းအား ထာဝစဉ် ကြင်နာစေ၊ သည်းခံစေ၊ ညှာတာထောက်ထားစေသည်မှာ ကံယုံကြည်ချက်(ကြောင့်)ဖြစ်သည်။ မကောင်းမှုမှ ရှောင်ရှားရန် ကောင်းမှုကို ပြုလုပ်ရန်နှင့် မည်သည့် ပြစ်ဒဏ်ခတ်မှုကိုမှ ကြောက်ရွံ့ဖွယ် မည်သည့် ကောင်းချီးပေးခံရမှုကိုမှ မျှော်လင့်ဖွယ်မလိုဘဲ လူကောင်းတစ်ယောက်ဖြစ်ရန် မိမိအား တိုက်တွန်းပေးသည်မှာလည်း မြဲမြံသော ဤကံယုံကြည်မှုကြောင့်ဖြစ်သည်။ ဒုက္ခပြဿနာ သို့မဟုတ် အခြားဘာသာတရားများ၏ စီမံချမှတ်ပြီးသား ကြမ္မာ ဟုဆိုသောအရာ၏ လျှို့ဝှက်ချက်နှင့် အထူးသဖြင့် လူသားတို့၏ မညီမျှမှုတို့ကို ဖြေရှင်းနိုင်သည်မှာ ကမ္မဝါဒပင်ဖြစ်သည်။

ကမ္မနှင့် ဘဝသံသရာကို နဂိုမှန်အဆိုအဖြစ် လက်ခံသည်။

အခန်း ၇

တမလွန်ဘဝ

ကမ္မသတ္တိ တည်ရှိနေသရွေ့ တမလွန်ဘဝ ရှိသည်။ အကြောင်းမူ သတ္တဝါဟူသည် ယင်းမမြင်နိုင်ကောင်းသော ကမ္မ သတ္တိ၏ မြင်နိုင်ကောင်းသော သရုပ်သဏ္ဌာန် ပေါ်လွင်လာမှုဖြစ်သောကြောင့်တည်း။ သေခြင်းဟူသည် မတည်မြဲ သော သဘာဝ၏ ခဏတာ ဆုံးခန်းတိုင်ခြင်းမှတစ်ပါး အခြားမဟုတ်ချေ။ ဤဘဝသေခြင်းသည် ဤသတ္တဝါဟူသော အရာ၏ လုံးဝချုပ်ငြိမ်းသွားခြင်း မဟုတ်ချေ။ ဇီဝရုပ်ခန္ဓာ ပြိုကွဲသွားသော်လည်း ယင်းဘဝကို ယခုအချိန်ထိ ဖြစ်ပေါ် စေသော ကမ္မသတ္တိမူကား ပျက်စီးသွားခြင်းမရှိချေ။ မတည်မြဲသော ရုပ်ခန္ဓာ ပြိုကွဲပျက်စီးခြင်းဖြင့် လုံးဝထိခိုက်ခြင်း မရှိဘဲ ကမ္မသတ္တိသည် ကျန်ရှိနေမြဲဖြစ်သောကြောင့် မျက်မှောက်ဘဝ သေခါနီး စိတ္တက္ခဏ ကုန်ဆုံးသွားခြင်းသည် နောက်ဘဝတစ်ခု၌ နောက် စိတ္တက္ခဏအသစ်တစ်ခုကို ဖြစ်ပေါ်စေသည်။

အဝိဇ္ဇာနှင့်တဏှာ အမြစ်တွယ်ပြီး တမလွန်ဘဝပြန်လည်မွေးဖွားမှုကို ဖြစ်ပေါ်စေသည်မှာ ယင်းကံတရားဖြစ် သည်။ အတိတ်ကံသည် ပစ္စုပ္ပန်ဘဝ တစ်ဖန်မွေးဖွားမှုကို ဖြစ်စေသည်။ တစ်ဖန် အတိတ်ကံနှင့် ဆက်နွယ်နေသော ပစ္စုပ္ပန်ကံသည် အနာဂတ် (ဘဝတစ်ခု)ကို ဖြစ်ပေါ်စေပြန်သည်။ ပစ္စုပ္ပန်သည် အတိတ်၏သားရတနာဖြစ်ပြီး အပြန်အ လှန်အားဖြင့် ယင်းသည် အနာဂတ်၏ မိဘများဖြစ်လာသည်။

အကယ်၍ ကျွန်ုပ်တို့သည် အတိတ် ပစ္စုပ္ပန် အနာဂတ်ဘဝရှိသည်ဟုဆိုပါက ‘ဘဝ၏ မူလဘူတအစ မည်သို့ ဖြစ်သနည်း’ဟူသော အထောက်အထားမဲ့ တိမ်မြုပ်နက်နဲသော ပြဿနာနှင့် ချက်ချင်း ရင်ဆိုင်ရမည်ဖြစ်သည်။ ဘဝ၏ မူလဘူတ အစရှိရမည် သို့တည်းမဟုတ် ဘဝ၏မူလအစ မရှိနိုင်။

ယင်းပြဿနာကို ဖြေရှင်းရာ၌ ပညာရှင်အုပ်စုတစ်စုက စွမ်းအားတစ်ရပ် သို့မဟုတ် အနန္တစွမ်းအားအဖြစ်ယူဆခံ ရသော ထာဝရဘုရားသခင်အား ဘဝ၏မူလအစဖြစ် ဆိုသည်။

အခြားအုပ်စုတစ်ခုကမူ ယင်းသို့သော ပထမမူလအစကို ငြင်းဆိုသည်။ အကြောင်းမူ သိသာထင်ရှားသည့် အ တွေ့အကြုံအရ ယင်းပထမဆုံးသော အကြောင်းတရားသည် အကျိုးတရားဖြစ်လာပြီး ယင်းအကျိုးတရားသည် အ ကြောင်းတရား ပြန်ဖြစ်လာပြန်သောကြောင့်တည်း။ ကြောင်းကျိုးဖြစ်စဉ်စက်ဝန်းတွင် ပထမဆုံးသော အကြောင်းတ ရားဟူသည်မှာ သိမြင်နိုင်ကောင်းသော အရာမဟုတ်ချေ။ ပထမအုပ်စုအလိုအရ ဘဝသည် အစရှိ၏၊ ဒုတိယအုပ်စု အလိုအရမူ ဘဝသည် အစမရှိဟူ၍ဖြစ်သည်။

သိပ္ပံနည်းကျ ရှုထောင့်အရသော် ကျွန်ုပ်တို့သည် မိမိဘများထံမှရသည့် ဖိုမျိုးဥနှင့် မမျိုးဥတို့မှ တိုက်ရိုက် ပေါက် ဖွားလာကြသည်။ ယင်းသို့ဖြစ်၍ သက်ရှိတစ်ခုသည် အခြားသက်ရှိတစ်ခုထက် စောစီးစွာ ဖြစ်ပေါ်သည်။ သက်ဦး ဘဝ (ပရိုတိုပလာဇမ်) ၏ မူလဘူတနှင့်စပ်၍ သိပ္ပံပညာရှင်တို့သည် မသိကျိုးကျွံပြုကြသည်။

ဗုဒ္ဓဝါဒအလိုအရမူ ကံဖြင့်အစပြု၍ (ကမ္မယောနိ) မွေးဖွားကြသည်။ မိဘများသည် သေးငယ်သည့် ရုပ်ပိုင်းက လာပ်စည်းတစ်ခုကို ပေးရုံမျှသာဖြစ်သည်။ ယင်းသို့ဖြင့် သတ္တဝါတစ်ခုသည် အခြားသတ္တဝါတစ်ခုထက် စောစီးစွာဖြစ် ပေါ်သည်။ ပဋိသန္ဓေအခိုက်အတံ့၌ သန္ဓေသားတစ်အား သက်ဝင်လှုပ်ရှားစေသည့် သက်ဦးစိတ်ဝိညာဉ်ကို ဖြစ်ပေါ်စေ သည်မှာ အတိတ်ကံတရားဖြစ်သည်။ လူသားအဖြစ်တည်ဆောက်သည့် အရာသုံးခု ပြည့်စုံသွားစေရန် စိတ်ပိုင်း သဘာဝနှင့် တည်ရှိပြီး ရုပ်သဏ္ဌာန်ပမာဏ၌ အသက်ဇီဝသဘောကို ဖြစ်ပေါ်လာစေသည်မှာ အတိတ်ဘဝတွင် ပြုခဲ့ ပြီးဖြစ်သည့် မမြင်နိုင်ကောင်းသော ယင်းကမ္မသတ္တိပင်ဖြစ်သည်။

သတ္တဝါတစ်ယောက် ဤနေရာတွင် မွေးဖွားရန်အတွက် တစ်နေရာရာ၌ သတ္တဝါတစ်ယောက် သေရမည်ဖြစ် သည်။ ဤပစ္စုပ္ပန်ဘဝ၌ ခန္ဓာငါးပါး သို့မဟုတ် ရုပ်နာမ်သဘာဝ ဖြစ်ပေါ်လာခြင်းဟု အတိအကျ အဓိပ္ပာယ်ရသည့် သတ္တဝါတစ်ယောက် မွေးဖွားခြင်းသည် သတ္တဝါတစ်ယေက် အတိတ်ဘဝတစ်ခု၌ သေဆုံးခြင်းဟု ဆိုခြင်းနှင့် တူညီ သည်။ လောကဝေါဟာရအားဖြင့် ဥပမာဆိုရမူ တစ်နေရာ၌ နေထွက်ခြင်းသည် နောက်တစ်နေရာ၌ နေဝင်ခြင်းဟု ဆိုလိုရာရောက်သကဲ့သို့ဖြစ်သည်။ ဤပဟေဠိဆန်ဆန် ဖော်ပြချက်အပေါ် ဘဝကို လှိုင်း (wave) တစ်ခုအဖြစ်ရှုမြင်ပြီး တိုက်ရိုက် တစ်ဆက်တည်းဖြစ်စဉ်အတန်းတစ်ခုအဖြစ် မယူဆခြင်းဖြင့် ပိုမိုကောင်းစွာ နားလည်နိုင်မည်ဖြစ်သည်။ မွေး ဖွားခြင်းနှင့် သေခြင်းတို့မှာ ဖြစ်စဉ်တစ်ခုတည်း၏ ဖြစ်ပေါ်မှုအဆင့် နှစ်မျိုးသာဖြစ်သည်။ မွေးဖွားခြင်းသည် သေခြင်း ထက်အလျင်ဖြစ်ပြီး အခြားတစ်နည်းဆိုမူ သေခြင်းသည် မွေးဖွားခြင်း မတိုင်မီဖြစ်သည်။ ပုဂ္ဂိုလ်အသီးသီး၏ ဘဝဖြစ် စဉ်နှင့်ပတ်သက်သော ဤဆက်တိုက် မွေးသေဖြစ်စဉ်သည် ဘာသာရေးဝေါဟာရ သံသရာဟုခေါ်သော အစဉ်မပြတ် လှည့်လည်ခြင်းကို ဖြစ်ပေါ်စေသည်။

ဘဝ၏ ပထမဆုံးသော အဆုံးစွန် မူလအစကား အဘယ်နည်း။

ဗုဒ္ဓရှင်တော်မြတ်က အောက်ပါအတိုင်း မြွက်ဟတော်မူသည် - ‘ဤဘဝသံသရာကား အဆုံးမရှိ။ အဝိဇ္ဇာအ မှောင်ဖြင့် ပိတ်ဖုံးခံရပြီး တဏှာရမ္မက်ဖြင့် မြှေးယှက်ခြင်းခံကြရလျက် ဟိုဘဝသည်ဘဝ သွားလာနေကြရကုန်သော သတ္တဝါအပေါင်းတို့၏ ပထမဦးဆုံးသော မူလအစကို မသိမြင်နိုင်’။

ယင်းဘဝရေအယဉ်သည် အဝိဇ္ဇာ တဏှာဟူသော ညွန်ရေဖြင့် ဖြည့်လောင်းထားသရွေ့ ထာဝစဉ် စီးဆင်းသည်။ ယင်းတရားနှစ်ပါးကို အလုံးစုံဖြတ်တောက်ပြီးသော အခါကျမှသာ အကယ်၍ အလိုရှိမည်ဆိုလျှင် ထိုရေအလျဉ်၏ ရေစီးပြတ်စဲလျက် ဘုရားရဟန္တာတို့ကဲ့သို့ ဘဝတစ်ဖန်ဖြစ်ပေါ်မှု ကုန်ဆုံးသည်။ ဤဘဝဖြစ်စဉ်သည် အဝိဇ္ဇာ တဏှာဖြင့် ပြည့်နေစဉ်အခါ မသိမြင်နိုင်သော အဆင့်ဖြစ်သဖြင့် ဤဘဝရေအလျဉ်၏ အဆုံးစွန်အစကို မဆုံးဖြတ်နိုင်ချေ။ ဤနေရာတွင် ဗုဒ္ဓရှင်တော်မြတ်သည် သက်ရှိသတ္တဝါတို့၏ ဘဝအလျဉ်အစမျှကိုသာ ရည်ညွှန်းခဲ့ခြင်းဖြစ်သည်။ စကြဝဠာ၏ မူလဘူတနှင့် တိုးတက်ပြောင်းလဲမှုဖြစ်စဉ်ကို ဆင်ခြင်းတွေးတောရန်မူ သိပ္ပံပညာရှင်များအတွက် ချန်ထား ပစ်ခဲ့သည်။ ဗုဒ္ဓရှင်တော်မြတ်သည် လူသားတို့အား ရှုပ်ထွေးစေသည့် ကိုယ်ကျင့်တရားနှင့်ဒဿနရေးရာ ပြဿနာအား လုံးကို ဖြေရှင်းရန် ကြိုးစားတော်မမူချေ။ စာရိတ္တသီလနှင့် ဗောဓိဉာဏ်တို့ကို ရည်ညွှန်းခြင်းမရှိသော သီအိုရီအဆိုများ၊ ကြံစည်တွေးတောမှုများနှင့် များစွာ ပတ်သက်တော်မမူချေ။ ဗုဒ္ဓရှင်တော်မြတ်သည် မိမိကို ကိုးကွယ်ဆည်းကပ်သူများ ထံမှ မျက်ကန်းယုံကြည်မှုကို တောင်းဆိုတော်မမူချေ။ ဗုဒ္ဓရှင်တော်မြတ်သည် ဒုက္ခနှင့် ဒုက္ခချုပ်ငြိမ်းရေး ပြဿနာ ကိုသာ အဓိက စဉ်းစားတော်မူသည်။ ယင်း လက်တွေ့ကျသည့် အထူးရည်ရွယ်ချက် အမြင်ဖြင့်သာ ယင်းနှင့်မပတ် သက်သော အခြားအကြောင်းအရာအားလုံးကို လုံးဝ မသိကျိုးကျွံပြုခဲ့သည်။

သို့တစေ အတိတ်ဘဝတစ်ခုရှိသည်ဟူသောအချက်ကို ကျွန်ုပ်တို့ မည်သို့ ယုံကြည်ရမည်နည်း။ ဗုဒ္ဓဝါဒီတို့ ကိုးကားဖော်ပြသည့် ဘဝတစ်ဖန် ပြည်လည်မွေးဖွားခြင်းကို ထောက်ခံသော အဖိုးအတန်ဆုံးအ ထောက်အထားမှာ ဗုဒ္ဓရှင်တော်မြတ်ပင်ဖြစ်သည်။ အကြောင်းမူ ဗုဒ္ဓသည် အတိတ်နှင့် အနာဂတ်ဘဝများကို မြင်နိုင် စွမ်းသော အသိဉာဏ်ကို တိုးတက်အောင် ပွားများခဲ့သောကြောင့် ဖြစ်သည်။

ဗုဒ္ဓ၏ညွှန်ကြားချက်များကို လိုက်နာကျင့်သုံးကြသည့် ဗုဒ္ဓ၏တပည့်သာဝကများသည်လည်း ယင်းအသိပညာကို တိုးတက်အောင် ပွားများနိုင်ခဲ့ကြပြီး ၎င်းတို့၏ အတိတ်ဘဝများကို အလွန်ကြီးမားများပြားသည့် အတိုင်းအတာအထိ သိနိုင်စွမ်းရှိကြသည်။

ဗုဒ္ဓရှင်တော်မြတ်မတိုင်မီ အချို့သော အိန္ဒိယရသေ့များပင် ဒိဗ္ဗစက္ခု (အဝေးမှအဆင်းကို မြင်နိုင်ခြင်း)၊ ဒိဗ္ဗသော တ (အဝေးမှအသံကို ကြားနိုင်ခြင်း)၊ ပရစိတ္တဝိဇာနန (သူတစ်ပါးစိတ်အကြံကို သိနိုင်ခြင်း)နှင့် ဗုဗ္ဗေနိဝါသ (အတိတ် ဘဝများကို ပြန်ပြောင်းသတိရခြင်း) စသည်ကဲ့သို့သော စိတ်ပိုင်း တန်ခိုးစွမ်းရည်များကြောင့် ထင်ရှားခဲ့ကြသည်။ တမလွန်ဘဝရှိပုဂ္ဂိုလ်များနှင့် ဆက်သွယ်မှုနိယာမများနှင့်အညီ ဖြစ်ဖွယ်ရှိသည့် အလိုအလျောက် ၎င်းတို့၏အ တိတ်ဘဝမှတ်ဉာဏ်ကို တိုးတက်စေပြီး ၎င်းတို့၏ လွန်ခဲ့သောဘဝ တစ်စိတ်တစ်ပိုင်းကို သတိရသူအချို့လည်း ရှိကြ သည်။ ယင်းသို့သော ဖြစ်ရပ်များမှာ ရှားပါးသော်လည်း စမ်းသပ်ခံနိုင်ပြီး လေးစားထိုက်သည့် ဖြစ်ရပ်အနည်းအကျဉ်း သည် အတိတ်ဘဝယူဆချက်အား မီးမောင်းထိုးပြလျက်ရှိသည်။ ထိုအတူပင် ယုံကြည်လောက်သော အချို့ခေတ်သစ် စိတ်ဖတ်ပုဂ္ဂိုလ်များ၊ အသီးသီးနှင့် အနှံ့အပြားသော ပုဂ္ဂိုလ်များ၏ ဖြစ်ရပ်ဆန်း အတွေ့အကြုံများ ရှိကြသည်။

အိပ်မွေ့ချ အခိုက်အတံ့တွင် အချို့ပုဂ္ဂိုလ်များသည် ၎င်းတို့၏ အတိတ်ဘဝအတွေ့အကြုံများနှင့် ပတ်သက်မှုရှိကြ ပြီး အချို့မှာ အခြားပုဂ္ဂိုလ်များ၏ အတိတ်ဘဝဖြစ်ရပ်များကို ပြောပြနိုင်ပြီး ရောဂါများကိုပင် ကုသပေးနိုင်ကြသည်၅။ တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့သည် အတိတ်ဘဝဖြင့်သာ ရှင်းပြနိုင်သည့် ဖြစ်ရပ်ဆန်းအချို့ ရရှိကြသည်။

ကျွန်ုပ်တို့ တစ်ခါတစ်ရံမျှ မတွေ့ဖူးသော်လည်း ကျွန်ုပ်တို့နှင့် အလွန်ရင်းနှီးကြောင်း အလိုအလျောက်ခံစားမိသည့် ပုဂ္ဂိုလ်များကို မည်သို့သော အကြောင်းကြောင့် မကြာခဏတွေ့ကြရသနည်း။ ထိုထိုသော ပတ်ဝန်းကျင်နှင့် အလွန် ပြည့်စုံစွာ ကျွမ်းဝင်ကြောင်း ပြန်လည်ခံစားနိုင်သည့် နေရာဒေသများသို့ အဘယ်ကြောင့် မကြာခဏလည်ပတ်မိကြသ နည်း။ ဗုဒ္ဓရှင်တော်မြတ်က အောက်အတိုင်း မိန့်တော်မူသည် –

‘အတိတ်ဘဝက အတူတကွပေါင်းသင်းနေထိုင်ဖူးခြင်း၊ ပစ္စုပ္ပုန်ဘဝ၌ တစ်ယောက်အကျိုးတစ်ယောက် ဆောင် ရွက်ခြင်းတို့ကြောင့် ရေထဲ၌ ကြာပန်းကဲ့သို့ ယခင်ကချစ်ခင်မှုမေတ္တာတရား ပေါက်ပွား၍လာသည်’။ ယုံကြည်လောက်သော ခေတ်သစ် စိတ်ဖတ်ပုဂ္ဂိုလ်များ၏ အတွေ့အကြုံများ၊ တစ္ဆေသရဲနှင့် ပတ်သက်သော ဖြစ် ရပ်အချို့၊ စိတ်ချင်းဆက်သွယ်မှုများ၊ တစ်မျိုးစီ ထူးထွေဆန်းပြား အနှံ့အပြားသော ပုဂ္ဂိုလ်များမှာ တမလွန်ဘဝနှင့် ဆိုင်သည့် ပြဿနာအား မီးမောင်းထိုးပြလျက်ရှိကြသည်။

ဗုဒ္ဓရှင်တော်မြတ်လို ပြီးပြည့်စုံသည့်ပုဂ္ဂိုလ်များနှင့် ဉာဏ်ရည်အဆင့်မြင့်ပုဂ္ဂိုလ်များသည် ကမ္ဘာလောက၌ ပေါ် ပေါက်လာကြသည်။ ယင်းပုဂ္ဂိုလ်များသည် ချက်ချင်း တိုးတက်ပြောင်းလဲခဲ့သလော။ ထိုပုဂ္ဂိုလ်များသည် တစ်ခုတည်း သောဘဝ၏ ထုတ်လုပ်မှု ဖြစ်နိုင်သလော။

အရှင်မဟာဗုဒ္ဓဃောသပါဏိနိကာလီဒါသဟိုးမား(Homer)နှင့် ပလေတိုကဲ့သို့သော ပုဂ္ဂိုလ်ကြီးများ၊ ရှိုက်စပီး ယားကဲ့သို့သော ထူးချွန်သူများ၊ ပီကာဆို(Pascal) မိုးဇတ်(Mozart) ဘီသိုဗင်(Beethoven) ရပ်ဖောလ် (Raphael) ရာမ နုဇန် (Ramanujan)စသည်ကဲ့သို့သော ငယ်ရွယ် ထူးချွန်သူများနှင့်ပတ်သက်၍ ကျွန်ုပ်တို့ မည်သို့ ဆိုမည်နည်း။ ၎င်းတို့နှင့်ပတ်သက်၍ မျိုးရိုးစဉ်ဆက်တစ်ခုတည်းဖြင့် မဖြေရှင်းနိုင်ချေ။ ‘သို့မဟုတ်လျှင် ၎င်းတို့၏ အမျိုးအနွယ် သည် ယင်း(တို့၏ထူးခြားမှု)ကို ဖော်ထုတ်လိမ့်မည်၊ ၎င်းတို့ကိုယ်တိုင်ထက်ပင် ကြီးကျယ်သော ၎င်းတို့၏ နောင်လာ နောင်သားသည် ယင်းသို့(ထူးခြားစွာ)ဖြစ်ခြင်းကို ထင်ရှားစေလိမ့်မည်’။

ထိုပုဂ္ဂိုလ်များအနေဖြင့် အတိတ်တစ်ချိန်တွင် မြင့်မြတ်သည့် ဘဝတစ်ခု၌ဖြစ်ဖူးခြင်း၊ အလားတူ အတွေ့အကြုံမျိုး ရရှိခဲ့ဖူးခြင်း မရှိလျှင် ယင်းသို့သော မြင့်မြတ်ရင့်ကျက်မှု အတိုင်းအတာသို့ ရောက်နိုင်မည်လော။ ၎င်းတို့သည် ထိုထို မိဘများမှမွေးဖွားပြီး ယင်းသို့သော နှစ်သက်ဖွယ်အကျိုးဆက်များ ရှိလာရခြင်းမှာ တိုက်ဆိုင်မှုတစ်ရပ်မျှသာပေလော။ ဤလူ့လောက၌ ကျွန်ုပ်တို့နေထိုင်ခွင့်ရှိသော နှစ်ကာလအနည်းငယ်မျှ တစ်နည်းမူ အများဆုံး နှစ်ဆယ်စုငါးခုမျှ သည် တမလွန်ဘဝအတွက် မပြည့်စုံသော ပြင်ဆင်မှုတစ်ရပ် သေချာပေါက်ဖြစ်ရမည်။

အကယ်၍ တစ်စုံတစ်ယောက်သည် ပစ္စုပ္ပန်နှင့် အနာဂတ်ကို ယုံကြည်မူ အတိတ်ကို ယုံကြည်ခြင်းမှာ အတော် အတန် ယုတ္တိရှိသည်။ ပစ္စုပ္ပန်သည် အတိတ်၏မျိုးဆက်ဖြစ်ပြီး တစ်ဖန် အပြန်အလှန်အားဖြင့် ယင်းသည် အနာဂတ်၏ မိဘအဖြစ် ရပ်တည်သည်။

အကယ်၍ အတိတ်ဘဝတွင် ကျွန်ုပ်တို့တည်ရှိခဲ့ပြီးဖြစ်သည်ဟု ယုံကြည်ရန် အကြောင်းတရားများရှိမူ ကျွန်ုပ်တို့ ၏ ပစ္စုပ္ပန်ဘဝ ကွယ်ပျောက်ပျက်စီးသွားပြီးနောက် ကျွန်ုပ်တို့ဆက်လက်၍ တည်ရှိရမည်ဟု မယုံကြည်ရန် အကြောင်း တရားမရှိသည်မှာ သေချာသည်။

‘ဤလောက၌ ကိုယ်ကျင့်တရားကောင်းသူတို့မှာ မကြာခဏ အလွန်ကံမကောင်းကြဘဲ ရက်စက်ယုတ်မာသူများ ချမ်းသာနေကြ၏’ ဟူသောအချက်မှာ အတိတ်နှင့် အနာဂတ်ဘဝကို ထောက်ခံသည့် ခွန်အားရှိသော ငြင်းဆိုချက် တစ်ရပ် အမှန်ပင် ဖြစ်သည်။

အနောက်တိုင်း စာရေးဆရာတစ်ဦးက အောက်ပါအတိုင်း ရေးသည် –

‘ကျွန်ုပ်တို့ အတိတ်ဘဝကို ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ယင်းသည် တစ်စုံတစ်ရာသော နေ့စဉ်ဘဝ ကိစ္စများနှင့်စပ်လျဉ်းသည့် လူ့အသိဉာဏ်ရှိ ကွက်လပ်တစ်ခုကို ပေါင်းကူးပေးသော ကြောင်းကျိုးဆီလျော် သည့် တစ်ခုတည်းသော စူးစမ်းလေ့လာမှုတစ်ရပ်ကို ဖြစ်ပေါ်စေသည်။ ကျွန်ုပ်တို့၏ ယုတ္တိက ယင်းတမလွန် ဘဝနှင့် ကမ္မအယူအဆသည်သာ အမြွာပူးများအကြား တည်ရှိသည့် မတူခြားနားမှုအတိုင်းအတာ၊ အလွန် ကန့်သတ်ထားသော အတွေ့အကြုံဖြင့် ရှိတ်စပီးယားကဲ့သို့သော ပုဂ္ဂိုလ်များသည် အမှန်တကယ် မသိရှိနိုင် သည့် လူမျိုးစုံတို့၏ စရိုက်လက္ခဏာများစွာနှင့် ဖြစ်ပွားပုံမြင်ကွင်းစသည်ကို အံ့ဩလောက်သော တိကျမှုဖြင့် သရုပ်ဖော်နိုင်စွမ်းရှိပုံ၊ ထူးချွန်သူ ပါရမီရှင်များ၏ လုပ်ရပ်များသည် ၎င်း၏တွေ့ကြုံသိရှိမှုကို ထာဝစဉ် ကျော်လွန်ပုံ၊ အရွယ်နှင့်မလိုက်အောင် ထူးချွန်သည့် ကလေးငယ်များ တည်ရှိမှု၊ ကမ္ဘာတစ်လွှားရှိ စိတ်ဓာတ် နှင့် ကိုယ်ကျင့်တရား၊ ဦးနှောက်နှင့် ကိုယ်ခန္ဓတည်ဆောက်မှု၊ အခြေအနေ အကျိုးဆက်များနှင့် ပတ်ဝန်း ကျင် တည်ရှိမှု စသည် များစွာကွဲပြားမှုများကို ရှင်းပြနိုင်လိမ့်မည်ဖြစ်သည်’။

၅ Gina Cerminara ၏ Marny Mansions and The World Within ကျမ်းကို ဖတ်ရှုပါ။

တမလွန်ဘဝရှိမှု ဟောကြားချက်ကို စမ်းသပ်လေ့လာမှုဖြင့် မှန်ကန်ကြောင်း သက်သေလည်းမပြနိုင်သကဲ့သို့ မမှန်ကန်ကြောင်း မဖော်ပြနိုင်သော်လည်း သိသာမှန်ကန်သော အချက်တစ်ရပ်အဖြစ် လက်ခံရကြောင်း ဖော်ပြရ မည်ဖြစ်သည်။

ကံ၏အကြောင်းတရားမှာ သစ္စာလေးပါးတရားကို မသိမှု အဝိဇ္ဇာဖြစ်ကြောင်း ဗုဒ္ဓရှင်တော်မြတ်က ဆက်လက်၍ ဟောကြားတော်မူသည်။ သို့ဖြစ်၍ အဝိဇ္ဇာသည် ဘဝတစ်ဖန်ဖြစ်ခြင်းနှင့် သေခြင်းတို့၏ အကြောင်းတရားဖြစ်ပြီး ယင်း အဝိဇ္ဇာသည် အသိပညာ ဝိဇ္ဇာအဖြစ်သို့ ပြောင်းသွားပါက ယင်းမွေးသေသံသရာ ပြတ်စဲခြင်းပင်ဖြစ်သည်။ ဖော်ပြပြီး ခွဲခြမ်းစိတ်ဖြာမှု၏ အကျိုးဆက်ကို ပဋိစ္စသမုပ္ပါဒ်ဖြင့် အနှစ်ချုပ်၍ ဖော်ပြနိုင်သည်။

အခန်း ၈

ပဋိစ္စသမုပ္ပါဒ်ဒေသနာ

ပဋိစ္စဟူသည် အကြောင်းတရား သို့မဟုတ် အကြောင်းပြု၍၊ သမုပ္ပါဒ ဟူသည် ဖြစ်ပေါ်ခြင်း စတင်ခြင်း ဖြစ်သည်။ သို့ဖြစ်၍ ပဋိစ္စသမုပ္ပါဒဟူသည် အကြောင်းကြောင့် ဖြစ်ပေါ်ရခြင်း သို့မဟုတ် အကြောင်းကြောင့် စတင်ခြင်းဟု အဓိပ္ပာယ်ရသည်။

ပဋိစ္စသမုပ္ပါဒ်ဟူသည် မွေးသေဖြစ်စဉ် ဟောကြားချက်မျှသာဖြစ်လျက် ဘဝ၏ အဆုံးစွန်အစကို ဖော်ထုတ်သည့် အဆိုအမိန့် သီအိုရီမဟုတ်ကြောင်း မှတ်သားသင့်သည်။ ပဋိစ္စသမုပ္ပါဒ်သည် ပြန်လည်မွေးဖွားခြင်းနှင့် ဒုက္ခတို့၏ အကြောင်းတရားနှင့် ပတ်သက်သော်လည်း ကမ္ဘာလောက၏ မူလဘူတအစကနေ တရွေ့ရွေ့ပြောင်းလဲမှုကို ဖော်ပြရန် အနည်းငယ်မျှ ကြိုးပမ်းမှု မရှိချေ။

အဝိဇ္ဇာသည် ပထမဆုံးသော ဖြစ်စဉ် သို့မဟုတ် ဘဝဘီး၏ အကြောင်းတရားဖြစ်သည်။ အဝိဇ္ဇာသည် မှန်ကန် သော နားလည်မှုမှန်သမျှကို ဖုံးလွှမ်းထားသည်။

သစ္စာလေးပါးတရားကို မသိသော အဝိဇ္ဇာကို အကြောင်းပြု၍ အကောင်းအဆိုး ပြုပြင်ဖန်တီးမှု (သင်္ခါရ) တရား တို့ ပေါ်ပေါက်လာသည်။ သက်ဆိုင်ရာ အကျိုးတရား ကျိန်းသေပေါက်ရှိရမည်ဖြစ်သော အဝိဇ္ဇာအမြစ်တွယ်နေသည့် အကောင်းအဆိုး ပြုမူဖန်တီးမှုများသည် ဘဝကြိမ်ဖန်ဆက်သွားရခြင်းကို ရှည်ကြာရန် အကြောင်းဖန်စေသည်။ သို့တစေ ကောင်းသည့် အပြုအမူများသည် ဘဝ၏မကောင်းမှုများကို ဖယ်ရှားရန် မရှိမဖြစ်လိုအပ်သည်။ ပြုမူလှုပ်ရှားမှုများ (သင်္ခါရ)ကို အကြောင်းပြု၍ ပဋိသန္ဓေဝိညာဏ်စိတ် ဖြစ်ပေါ်သည်။ ယင်းသည် အတိတ် ပစ္စုပ္ပန်နှင့် သက်ဆိုင်သည်။

ပဋိသန္ဓေစိတ် ဖြစ်ပေါ်သည်နှင့် တစ်ပြိုင်နက် နာမ်နှင့် ရုပ်ဟူသော သတ္တဝါဖြစ်လာသည်။

အာယတနခြောက်ပါးတို့မှာ ယင်းနာမ်ရုပ်တို့၏ မရှောင်လွှဲနိုင်သော အကျိုးဆက်ဖြစ်သည်။

ယင်းအာယတနခြောက်ပါးကြောင့် ထိတွေ့မှု ဖဿ(ခြောက်ပါး)ဖြစ်ပေါ်သည်။ ဖဿသည် ခံစားမှု(ဝေဒနာ ခြောက်ပါး)ကို ဖြစ်ပေါ်စေသည်။

ဝိညာဏ်နာမ်ရုပ်သဠာယတဖဿနှင့် ဝေဒနာဟူသော ငါးမျိုးသည် အတိတ်ဘဝ၏ အကျိုးဆက်များဖြစ်ပြီး ဘဝ၏ အပြုခံပိုင်းဟု ခေါ်သည်။

ခံစားမှု (ဝေဒနာ)ကြောင့် တပ်မက်မှု (တဏှာ)ဖြစ်ပေါ်သည်။ တဏှာကြောင့် စွဲလမ်းမှု (ဥပါဒါန)ဖြစ်ပေါ်သည်။

ယင်းသည် ကမ္မ (ဘဝ)၏အကြောင်းတရားဖြစ်ပြီး ယင်းသည် အပြန်အလှန်အားဖြင့် အနာဂတ်ဘဝပြန်လည်မွေးဖွားမှု (ဇာတိ)ကို ဖြစပေါ်စေသည်။ မွေးဖွားလာခြင်းသည် အိုခြင်းသေခြင်း (ဇရာမရဏ)တို့၏ မရှောင်လွှဲနိုင်သော အကြောင်းတရားဖြစ်သည်။

အကြောင်းကြောင့် အကယ်၍ အကျိုးတရားဖြစ်လာသည်ဆိုလျှင် အကြောင်းပြတ်စဲသွားမူ အကျိုးလည်း ပြတ်စဲ ရမည်ဖြစ်သည်။

ပဋိစ္စသမုပ္ပါဒ်ဖြစ်စဉ်ကို ပြောင်းပြန်လှန်လိုက်မူ ယင်းဖော်ပြချက် ရှင်းလင်းစေလိမ့်မည်။

အိုခြင်းနှင့် သေခြင်းသည် သိစိတ်နှင့် ရုပ်ရှိသော ဇီဝသက်ရှိတွင် ဖြစ်နိုင်သည်။ ယင်းသို့သော ဇီဝသက်ရှိ သဘောတစ်ခုသည် မွေးဖွားရမည်၊ သို့ဖြစ်၍ ယင်း(ဇီဝသက်ရှိ)သည် မွေးဖွားခြင်းကို ကြိုတင်၍ဖြစ်ပေါ်စေသည်။ သို့ရာတွင် မွေးဖွားခြင်းသည် အတိတ်လုပ်ရပ်များ သို့မဟုတ် အတိတ်ကံ၏ မရှောင်လွှဲနိုင်သော အကျိုးဆက်ဖြစ် သည်။ ကံသည် တပ်မက်ခြင်းကြောင့်ဖြစ်သော စွဲလမ်းမှုကြောင့် ဖြစ်ရသည်။ ယင်းသို့သော တပ်မက်မှုသည် ခံစားမှု ဝေဒနာတည်ရှိမှသာလျှင် ဖြစ်ပေါ်နိုင်သည်။ ဝေဒနာသည် ပသာဒရုပ်များနှင့် ယင်း၏အာရုံတရားများအတွင်း ထိတွေ့ မှု၏ အကျိုးဆက်ဖြစ်သည်။ သို့ဖြစ်၍ ယင်းဝေဒနာသည် နာမ်နှင့်ရုပ်မရှိဘဲ မတည်ရှိနိုင်သော ပသာဒရုပ်များကို ကြိုတင်၍ ထောက်ပံ့ပေးသည်။ နာမ်သဘောရှိရာတိုင်း၌ သိစိတ်ဝိညာဉ်ရှိသည်။ ယင်းသည် အတိတ်ကာလ အ ကောင်းအဆိုး၏ အကျိုးဆက်ဖြစ်သည်။ အကောင်းအဆိုး ရလာဒ်သည် ဟုတ်တိုင်းမှန်စွာ မသိနိုင်သည့် အဝိဇ္ဇာ ကြောင့်ဖြစ်သည်။

ဖော်ပြပြီး ဖြစ်စဉ်အားလုံးကို ဤသို့ အကျဉ်းချုပ်နိုင်သည် –

အဝိဇ္ဇာကြောင့် ပြုလုပ်မှုများ (ကုသိုလ်နှင့်အကုသိုလ်) ဖြစ်သည်။

ပြုလုပ်မှုများကြောင့် ပဋိသန္ဓေဝိညာဉ်စိတ်ဖြစ်သည်။

ပဋိသန္ဓေဝိညာဉ်စိတ်ကြောင့် နာမ်ရုပ်ဖြစ်သည်။

နာမ်ရုပ်ကြောင့် အာယတနခြောက်ပါးဖြစ်သည်။

အာယနခြောက်ပါးကြောင့် ဖဿ(ခြောက်ပါး)ဖြစ်သည်။

ဖဿ(ခြောက်ပါး)ကြောင့် ဝေဒနာဖြစ်သည်။

ဝေဒနာကြောင့် တဏှာဖြစ်သည်။

တဏှာကြောင့် ဥပါဒါန်ဖြစ်သည်။

ဥပါဒါန်ကြောင့် ပြုလုပ်မှု (ကမ္မ)ဖြစ်သည်။

ပြုလုပ်မှုများကြောင့် တစ်ဖန်မွေးဖွားမှုဖြစ်သည်။

မွေးဖွားမှုကြောင့် အိုခြင်း၊ သေခြင်း၊ စိုးရိမ်ခြင်း၊ ငိုကြွေးခြင်း၊ နာကျင်ခံခက်ခြင်း၊ ပူပန်ခြင်း၊ ပြင်းစွာပူဆွေးခြင်း တို့ဖြစ်ပေါ်သည်။

ယင်းသို့ဖြင့် အလုံးစုံသော ဒုက္ခအစုဖြစ်ပေါ်သည်။ ယင်းဆယ့်နှစ်မျိုးအနက် ပထမနှစ်မျိုးသည် အတိတ်ဘဝ၌ ပါ ဝင်ပြီး အလယ်ရှစ်မျိုးမှာ ပစ္စုပ္ပန်ဘဝ၌ ပါဝင်လျက် နောက်ဆုံး နှစ်ခုကား အနာဂတ်ဘဝ၌ ပါဝင်သည်။

အဝိဇ္ဇာ အလုံးစုံချုပ်ငြိမ်းသွားခြင်းသည် ပြုလုပ်မှုချုပ်ငြိမ်းသွားခြင်းကို ဖြစ်စေသည်။

ပြုလုပ်မှုများချုပ်သော် ပဋိသန္ဓေဝိညာဉ်စိတ်ချုပ်ငြိမ်းသည်။

ပဋိသန္ဓေဝိညာဉ်စိတ်ချုပ်သော နာမ်ရုပ်ချုပ်ငြိမ်းသည်။

နာမ်ရုပ်ချုပ်သော် အာယတနခြောက်ပါးချုပ်ငြိမ်းသည်။

အာယနခြောက်ပါးချုပ်ငြိမ်းသော် ဖဿ(ခြောက်ပါး)ချုပ်ငြိမ်းသည်။

ဖဿ(ခြောက်ပါး)ချုပ်သော် ဝေဒနာ(ခြောက်ပါး)ချုပ်ငြိမ်းသည်။

ဝေဒနာ(ခြောက်ပါး)ချုပ်သော် တဏှာချုပ်သည်။

တဏှာချုပ်သော် ဥပါဒါန်ချုပ်သည်။

ဥပါဒါန်ချုပ်သော် ပြုလုပ်မှု (ကမ္မ)ချုပ်သည်။

ပြုလုပ်မှုများချုပ်သော် တစ်ဖန်မွေးဖွားမှုချုပ်သည်။

မွေးဖွားမှုချုပ်သော် အိုခြင်း၊ သေခြင်း၊ စိုးရိမ်ခြင်း၊ ငိုကြွေးခြင်း၊ နာကျင်ခံခက်ခြင်း၊ ပူပန်ခြင်း၊ ပြင်စွာပူဆွေးခြင်း တို့ချုပ်သည်။

ယင်းသို့ဖြင့် အလုံးစုံသော ဒုက္ခအစုချုပ်ငြိမ်းသည်။

ယင်းကြောင်းကျိုးဖြစ်စဉ်သည် အဆုံးအစမရှိဘဲ ဖြစ်ပေါ်သည်။ ယင်းသည့်ဘဝဖြစ်စဉ် မည်သည့်အချိန်က စခဲ့ကြောင်း မသိမှုအဝိဇ္ဇာဖြင့် လွှမ်းခြုံပြောဆိုရန် မဖြစ်နိုင်ခြင်းသောကြာင့် ယင်းဖြစ်စဉ်၏ အစကို မဆုံးဖြတ်နိုင်ချေ။ သို့ရာတွင် ယင်းအဝိဇ္ဇာသည် ဝိဇ္ဇာအဖြစ်သို့ ပြောင်းလဲသွားလျက် ယင်းဘဝဖြစ်စဉ်သည် နိဗ္ဗာနဓာတ်အဖြစ်သို့ ပြောင်း လဲသွားသောအခါ ဘဝဖြစ်စဉ် ဆုံးခန်းတိုင် သို့မဟုတ် သံသရာ ရပ်တော့သည်။

အခန်း ၉

အနတ္တ သို့မဟုတ် ဝိညာဉ်ကောင်မရှိ

ယင်းဗုဒ္ဓဝါဒဆိုင်ရာ ပြန်လည်မွေးဖွားခြင်းအယူအဆကို မပြောင်းလဲသော အတ္တဝိညာဉ်ကောင် ကိုယ်ခန္ဓာကူးပြောင်း ခြင်းနှင့် ယင်းဝိညာဉ်ကောင်၏ မပြောင်းလဲသော ရုပ်ဝတ္ထု ပြန်လည်မွေးဖွားခြင်းဟု အဓိပ္ပာယ်ရသည့် လူဝင်စား သီအိုရီနှင့် မတူကြောင်း ခွဲခြားမှတ်သားသင့်သည်။ ဗုဒ္ဓဝါဒသည် ထာဝရဘုရားသခင် (ဗြဟ္မာ) ဖန်ဆင်းသည့် သို့မ ဟုတ် ပရမအတ္တမှ ခွဲထွက်လာသည့် မပြောင်းလဲသော ထာဝရဝိညာဉ်ကောင်(ဇီဝအတ္တ) တည်ရှိမှုကို ငြင်းဆိုသည်။ လူသား၏အနှစ်သာရဟုဆိုသော မသေသော ဝိညာဉ်ကောင်သည် တည်မြဲသည်ဆိုလျှင် အနိမ့်အမြင့် မရှိနိုင် တော့ချေ။ ထို့ပြင် ‘အဘယ်ကြောင့် အတ္တဝိညာဉ်ကောင် အမျိုးမျိုးသည် ထူးခြားစုံလင် ပေါ်ထွက်လာသနည်း’ ဟူသည် ကို နားမလည်နိုင်တော့ချေ။

ထာဝရကောင်းကင်ဘုံ၌ အဆုံးမဲ့ ပျော်ရွှင်မှုနှင့် ထာဝရငရဲ၌ အဆုံးမဲ့ ညှဉ်းဆဲခံရမှု တည်ရှိခြင်းကို သက်သေပြ ရန် မကောင်းသည့် အတ္တဝိညာဉ်ကောင်သည် လုံးဝ လိုအပ်သည်။ သို့မဟုတ်လျှင် ငရဲမှာ ပြစ်ဒဏ်ပေးပြီး ကောင်း ကင်ဘုံမှာ ဆုပေးခြင်းဟူသည် မည်သို့ဖြစ်သနည်း။

ဘာထရန်ရပ်ဆယ်လ် (Bertrand Russell)ရေးသားခဲ့သည်ကို ဖော်ပြသင့်သည် ‘ဝိညာဉ်ကောင်နှင့် ကိုယ်ခန္ဓာအ ကြား ဟောင်းနွမ်းသော ခြားနားမှုမှာ များစွာ ကွယ်ပျောက်သွားပြီး ဖြစ်၏၊ အကြောင်းမူ ရုပ်သည် ယင်း၏အစိုင်အခဲ တည်ရှိမှု ပျောက်ဆုံးသွားသောကြောင့်ဖြစ်သည်။ စိတ်ပညာသည် သိပ္ပံနည်းကျဖြစ်ရန် စတင်ကာမျှသာ ရှိသေး၏၊ သေခြင်းမဲ့မှုကို ယုံကြည်သည့် မျက်မှောက်ခေတ် စိတ်ပညာအခြေအနေသည် အနည်းငယ်မျှပင် သိပ္ပံပညာ၏ ထောက်ခံမှုကို မရသေးချေ’။

‘မနေ့ကငါနှင့် ယနေ့ငါ တစ်ယောက်တည်း အတူတူဖြစ်ခြင်း၌ ယုတ္တိအကြောင်းတရား အချို့ရှိသည်မှာ သေချာ ပြီး ပိုမိုရှင်းလင်းသည့် ဥပမာတစ်ခုယူရသော် အကယ်၍ ငါသည် လူတစ်ယောက်ကို တစ်ပြိုင်နက်မြင်ပြီး ၎င်းပြောဆို နေသည်ကို တစ်ပြိုင်နက်ကြားလျှင် မြင်သောငါသည် ကြားသူငါနှင့် အတူတူဖြစ်သည်ဟူသော ယူဆချက်မျိုး ရှိ၏’ဟု ရပ်ဆယ်လ်ဆိုသည်ကို ဗုဒ္ဓဝါဒီတို့ အမှန်တကယ် သဘောတူကြသည်။

မကြာမီအချိန်ကထိ သိပ္ပံပညာရှင်များက အက်တမ်ကို ခွဲခြမ်းစိတ်ဖြာ၍မရကြောင်း ယုံကြည်ခဲ့ကြသည်။ ‘လုံ လောက်သော အကြောင်းတရားများဖြင့် ရူပဗေဒပညာရှင်များသည် ယင်းအက်တမ်ကို ဖြစ်စဉ်တစ်ခုအဖြစ်သို့ လျှော့ ချခဲ့ကြသည်။ တူညီကောင်းမွန်သော အကြောင်းတရားများဖြင့် စိတ်ပညာရှင်များသည် စိတ်၌ အစဉ်မပြတ်ဖြစ်နေ သည့် တစ်ခုတည်းသော အမတေမရှိဘဲ တစ်စုံတစ်ရာသော နီးစပ်ပတ်သက်မှုဖြင့် တုပ်နှောင်ထားသည့် ဖြစ်ပေါ်မှု အစဉ်အတန်းဖြစ်ကြောင်း တွေ့ရြှိကသည်။ သို့ဖြစ်၍ ထာဝရမသေသောအရာနှင့် ပတ်သက်သော မေးခွန်းသည် ယင်းနီးစပ် ပတ်သက်မှုများအနေဖြင့် သက်ရှိကိုယ်ခန္ဓာနှင့်ဆိုင်သော ဆက်စပ်ဖြစ်စဉ်နှင့် ယင်းကိုယ်ခန္ဓာသေပြီးနောက် ဖြစ်ပေါ်သည့် အခြားဖြစ်စဉ်တို့အကြား တည်ရှိသလောဟူသော မေးခွန်းဖြစ်လာသည်’။

စီအီးအမ် ဂျိုးဒ် (C.E.M. Joad)က ‘ဘဝအဓိပ္ပာယ် (The Meaning of Life)’ဟူသောစာအုပ်၌ ဤသို့ဖော်ပြသည် ‘ရုပ်တရားသည် ကျွန်ုပ်တို့၏ မျက်စိအောက်၌ပင် ပြိုကွဲပျက်စီးသွားသည်။ ယင်းရုပ်တရားသည် အကျိတ်အခဲ မဟုတ် တော့ချေ။ ယင်းသည် အစဉ်တည်တံ့သော သဘောမရှိတော့ချေ။ ယင်းသည် မဖြစ်မနေ အကြောင်းတရားနိယာမ၏ ဆုံးဖြတ်ခြင်းကို မခံရတော့ချေ။ အရေးအကြီးဆုံးမှာ ယင်းကို မသိရတော့ချေ။

အက်တမ်ဆိုသောအရာသည် ‘‘ခွဲလည်းခွဲခြမ်းနိုင် ပျက်လည်း ပျက်စီးနိုင်သောအရာ’’ နှစ်မျိုးလုံး ဖြစ်ပုံရသည်။ အက်တမ်ကို ဖြစ်ပေါ်စေသော အီလက်ထရွန်နှင့် ပရိုတွန်များသည် ‘‘အချင်းချင်း တွေ့ဆုံနိုင်ပြီး မရပ်မစဲဖြစ်သည် ဆိုခြင်းထက် သတ်မှတ်နယ်နိမိတ်မဲ့ လှိုင်းတစ်ခုသာဖြစ်လျက် အစဉ်မပြတ် ပြောင်းလဲမှုဖြစ်စဉ်ဖြင့် နှစ်မျိုးလုံးအား အရာဝတ္ထုတစ်ခုအဖြစ်ထက် ပုံစံနှင့် အခြေအနေတစ်ရပ်အဖြစ် သတ်မှတ်သည်’’ ‘၆။

ယင်းအက်တမ်အား ရုပ်လွန်စိတ်ကူးယဉ် တရားတစ်ခုဖြစ်ကြောင်းယူဆသူ ခရစ်ယန်ဘုန်းတော်ကြီး ဘာကလေ (Bishop Berkeley)က ယင်း (အက်တမ်)၌ ဝိညာဉ်ကောင်ဟု ခေါ်ဆိုသော နာမ်အခြေခံတရားတစ်ခု တည်ရှိသည်ဟု ယူဆသည်။

ဥပမာအားဖြင့် ဟျုမ်း (Hume)သည် စိတ်ဝိညာဉ်ကို အသေးစိတ်လေ့လာခဲ့ပြီး မတည်မြဲသော စိတ်အခြေအနေ များမှတစ်ပါး မည်သည့်အရာမျှမရှိဟု သိမြင်လျက် ‘ထာဝရအတ္တ’ဟူ၍ တည်ရှိဟန်မတူဟု ကောက်ချက်ချခဲ့သည်။ ဟျုမ်းက ဆက်၍ဆိုသည် ‘ကျွန်ုပ်တို့သည် ငါဟုခေါ်သောအရာကို ခဏတိုင်း သိနေကြပြီး ထိုအရာ၏ တည်ရှိ ဆဲနှင့် ဆက်လက်တည်ရှိမှုကို တွေးသိကြသဖြင့် ယင်း(ငါဟူသောအရာ)၏ ပြီးပြည့်စုံသော အနှစ်အမတေရော ပီပြင် ရှင်းလင်းမှုပါ နှစ်မျိုးလုံး ကျွန်ုပ်တို့၌ရှိသည်မှာ သေချာ၏ဟု ထင်မှတ်(တွေးကြံ)ကြသော တွေးခေါ်ရှင်အချို့ ရှိ၏၊ ကျွန်ုပ်အဖို့မူ ငါဟုကျွန်ုပ်ခေါ်သောအရာကို အနီးစပ်ဆုံး စဉ်းစားမိသောအခါ အပူ သို့မဟုတ် အအေး၊ အလင်းရောင် သို့မဟုတ် အရိပ်၊ အချစ် သို့မဟုတ် အမုန်း၊ နာကျင်မှု သို့မဟုတ် သုခဟူသော အမှတ်အသားများအနက် တစ်ခု မဟုတ် တစ်ခုတွင်သာ အမြဲတမ်း တိုက်မိ၏၊ ကျွန်ုပ်အနေဖြင့် ငါဟူသော အရာကို လုံးဝရှာမတွေ့ဘဲ သညာမှတစ်ပါး မည်သည့်အရာကိုမျှ မတွေ့ရှိပါ၊ ကျွန်ုပ်အား ပြီးပြည့်စုံသည့် အထည်ဒြပ်မဲ့တစ်ခု ဖြစ်စေရန် နောက်ထပ် လိုအပ် သည့်အရာကို ကျွန်ုပ် မတွေ့မိပါ’။

ဘာ့ဂ်ဆန် (Berson)က ‘စိတ်ဝိညာဉ်အားလုံးသည် အချိန်(အတိုင်းအတာ)ဖြင့် တည်ရှိခြင်းဖြစ်၏၊ သိမှုအခြေအ ခြေအနေတစ်ရပ်သည် ပြောင်းလဲမှုမရှိဘဲ တည်တံ့သောအခြေအနေ မဟုတ်ချေ။ ယင်းသည် မရပ်မစဲမပြောင်းလဲနေမှု တစ်ရပ်ဖြစ်၏၊ ပြောင်းလဲမှုဖြစ်စဉ် ရပ်စဲမူ ယင်းစိတ်ဝိညာဉ် ရပ်စဲ၏၊ စိတ်ဝိညာဉ်ဟူသောအရာသည်ပင် ပြောင်းလဲ နေမှုမှတစ်ပါး အခြား(သောအရာ) မဟုတ်ချေ’ဟု ဆိုသည်။

အတ္တဝိညာဉ်ကောင် ပြဿနာနှင့်ပတ်သက်၍ ပါမောက္ခ ဂျိမ်းစ်(Prof. James)က ‘အတ္တဝိညာဉ်ကောင်ရှိ အယူ အဆသည် သိစိတ်အတွေ့အကြုံ၏ အမှန်တကယ် အတည်ပြုထားသော အချက်အလက်များဖြင့် တွက်ချက်၍ရသမျှ လုံးဝ အပိုအလွန် ယူဆချက်တစ်ရပ်သာဖြစ်၏၊ ထိုမျှဖြင့် တိကျသည့် သိပ္ပံနည်းကျ အကြောင်းပြချက်ဖြင့် ယင်းအယူ အဆကို အသုံးပြုရန် မည်သူ့ကိုမျှ တွန်းအားပေးလိမ့်မည်မဟုတ်ချေ။ ၎င်း၏ အတ္တလိပ်ပြာကဏ္ဍ နိဂုံးပိုင်းတွင် ‘သို့ဖြင့် ဤစာအုပ်တွင် ကျွန်ုပ်တို့ ရောက်ရှိခဲ့သည့် ယာယီယူဆချက်အဖြေမှာ ‘‘အတွေးများသည်ပင် တွေးခေါ်သူများ ဖြစ် သည်’’ ဟူသော နောက်ဆုံးစကားပင် ဖြစ်ရမည်’ ဟုဆိုခဲ့သည်။

ဝပ်ဆန်(Watson) အမည်ရှိ ထင်ရှားသည့် စိတ်ပညာရှင်က ‘မည်သူ တစ်ဦးတစ်ယောက်မျှ ယင်းအတ္တလိပ်ပြာကို မထိတွေ့ဖူး သို့မဟုတ် စမ်းသပ်ဖန်ပြွန်၌ မြည်သူမျှ မမြင်ဖူး သို့မဟုတ် အခြားသော နေ့စဉ် တွေ့ကြုံနေကျ အရာဝတ္ထု များဖြင့် ယင်းအတ္တလိပ်ပြာကို တစ်နည်းနည်းဖြင့် ဆက်စပ်ပတ်သက်မှု မရှိဖူးချေ။ သို့ရာတွင် ယင်း(အတ္တ)တည်ရှိမှုကို သံသယဖြစ်ခြင်းမှာ မိစ္ဆာဒိဋ္ဌိဖြစ်သွားခြင်းပင်ဖြစ်၍ တစ်ချိန်တစ်ခါကဆိုလျှင် ၎င်း၏ဦးခေါင်း ဆုံးရှုံးခြင်းသို့ပင် ရောက် သွားဖွယ်ရှိသည်။ ယနေ့တိုင်အောင်ပင် လူထုအတွင်း ထင်ရှားသူတစ်ယောက်အနေဖြင့် ယင်း(အတ္တလိပ်ပြာအ ကြောင်း)ကို မေးခွန်းထုတ်ဝံ့မည် မဟုတ်ချေ’ဟု ဖော်ပြသည်။

လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင့်ငါးရာခန့်က ဗုဒ္ဓရှင်တော်မြတ်က ဖော်ပြပြီးအချက်များကို ကြိုတင်ဟောကြား ထားခဲ့ပြီးဖြစ်သည်။

ဗုဒ္ဓဝါဒအရမူ စိတ်ဝိညာဉ်ဟူသည် မတည်မြဲသည့် စေတသိက်တို့၏ အစုအပေါင်းသာဖြစ်သည်။ စိတ္တက္ခဏတစ် ချက်တွင် ဖြစ်ဆဲ(ဥပါဒ်)၊ တည်ဆဲ(ဌီ) ပျက်ဆဲ(ဘင်)ဟု ‘ခဏငယ်’၇ သုံးခုပါသည်။ စိတ္တက္ခဏတစ်ချက် ချုပ်သွားပြီး နောက် ချက်ချင်းပင် နောက်မှဆက်တိုက် ဖြစ်ဆဲစိတ္တက္ခဏတစ်ချက် ပေါ်လာသည်။ အမြဲပြောင်းလဲနေသော ယင်း ဘဝဖြစ်စဉ်၏ ခဏမျှသာတည်သော သိစိတ်တိုင်းသည် ကွယ်ပျောက်သွားပြီးနောက် ချေဖျက်မရအောင် မှတ်သားစွဲ ထင်နေသည့် ယင်း၏ ပကတိသောစွမ်းအင်ကို နောက်ပေါ်လာသည့် စိတ္တက္ခဏသို့ ထုတ်လွှင့်သည်။ အသစ်ဖြစ်လာ သော စိတ်တိုင်းတွင် ယင်းမတိုင်မီဖြစ်ခဲ့သောစိတ်၏ အခြားအရာအချို့နှင့်အတူ ဖြစ်နိုင်ခြေများ ပါဝင်သည်။ သို့ဖြစ်၍ မြစ်ရေအယဉ်ကဲ့သို့ စိတ်ဝိညာဉ် မပြတ်မလပ်သော ဖြစ်စဉ်တစ်ရပ်ရှိသည်။ ပေါင်းစုဖြစ်ပေါ်လာသောအရာမှာ ထပ်တူ မဟုတ်သဖြင့် အသစ်ဖြစ်ပေါ်လာသော စိတ္တက္ခဏသည် ချုပ်သွားပြီးစိတ္တက္ခဏ လုံးဝမဟုတ်သော်လည်း ကမ္မသတ္တိ တူညီသော အစဉ်ဖြစ်ခြင်း၌ ယင်းနှင့် လုံးဝခြားနားသောအရာလည်း မဟုတ်ချေ။ တစ်ဦးတည်းသော ပုဂ္ဂိုလ် သတ္တဝါ မရှိသော်လည်း တူညီသောဖြစ်စဉ်မူကား ရှိသည်။

၆ C.E.M. The Meainig of Life.

ခဏတိုင်း၌ မွေးဖွားခြင်းနှင့် သေခြင်းရှိသည်။ စိတ္တက္ခဏတစ်ခုဖြစ်ပေါ်လာခြင်းသည် အပြန်အလှန်အားဖြင့် အ ခြားစိတ္တက္ခဏတစ်ခု ချုပ်ပျက်သွားခြင်းဟု အဓိပ္ပာယ်သက်ရောက်သည်။ ဘဝတစ်သက်တာတွင် အတ္တလိပ်ပြာကောင် ဟူသည်မရှိဘဲ ခဏတိုင်း မွေးသေ (ဖြစ်စဉ်)သာရှိသည်။

စိတ်တစ်ခုကို အစိတ်အပိုင်းငယ်များဖြင့် ပေါင်းစု(ဆက်)ထားပြီး ရထားတွဲ သို့မဟုတ် ကွင်းချင်ဆက်ကြိုးတစ်ခု ကဲ့သို့ ဆက်စပ်ထားသည်ဟု နားလည်မသွားသင့်ချေ။ သို့ရာတွင် ယင်းနှင့် ပြောင်းပြန် နားလည်ရသည် ‘စိတ်သည် (ဖြစ်စဉ်)ခရီးတစ်လျှောက် ၎င်းစုဆောင်းထားသည့် စိတ်ပစ္စည်း(စိတ်၏အခြေခံဒြပ်ဝတ္ထု)မရှိဘဲ လောကအား ထာဝစဉ် စီရင်မှုပေးလျက် စဉ်ဆက်မပြတ် ဆက်လက်၍ စီးဆင်း(ဖြစ်ပေါ်)သည်။ မိမိ၏ရေအလျဉ်သို့ စီးဝင်သည့် မြစ်ချောင်း ငယ်များမှ ရေအလျဉ်ကို အဆက်မပြတ်ရသည့် မြစ်တစ်ခုကဲ့သို့ဖြစ်သည်’၈။ စိတ်သည် အသစ်ဖြစ်မှုတွင် ဖြစ်ဖျားခံပြီး သေ(ပျက်)မှုတွင် ရပ်တံ့နားခိုသည်။ စိတ်ဖြစ်စဉ် လျင်မြန်မှုကား ခန့်မှန်ခြေမျှပင် တိုင်းတာနိုင်သော နှုန်းစံတစ်ခု မရှိ နိုင်သည်အထိဖြစ်သည်။ သို့သော် အဋ္ဌကထာဆရာများကမူ စိတ္တက္ခဏတစ်ချက်၏ တည်တံ့ချိန်သည် လျှပ်တစ်ပြက် အချိန်ကို သန်းတစ်ထောင်ပုံ တစ်ပုံထက်လောက်တောင် မရှည်ကြာကြောင်း ပြဆိုလိုကြသည်။ ဤနေရာ၌ ကျွန်ုပ် တို့သည် လူအချို့ ယုံကြည်နိုင်သော ယင်းသို့သော အခြေအနေများ၏ ပေါ်လွင်သည့် နှိုင်းယှဉ်မှုတစ်ရပ်ကို ဆန့် ကျင်လျက် သိစိတ်၏ ယင်းမတည်မြဲသော စိတ်ပိုင်းအခြေအနေများအတွက် အနီးစပ်ဆုံးနှိုင်းယှဉ်မှုတစ်ရပ်ကို ရှာ ဖွေခြင်းဖြစ်သည်။ ချုပ်ပျောက်သွားသောအခြေအနေ တစ်ရပ်သည် ပြန်လည်းပေါ်မလာ၊ ရှေ့တွင် ဖြစ်ပေါ်လာသည့် အခြေအနေနှင့်လည်း မတူချေ။ သို့တစေ မောဟအရှုပ်ဖြင့် ပိတ်ဖုံးခံနေကြသည့် ကျွန်ုပ်တို့ ပုထုဇဉ်လူသားတို့ အနေ ဖြင့် ယင်းထင်ရှားသည့် စဉ်ဆက်မပြတ်ဖြစ်စဉ်ကို ထာဝရ တည်မြဲသည့်အရာတစ်ခုအဖြစ် မှားယွင်းစွာ ယူဆကြလျက် အမြဲတစေ ပြောင်းလဲနေသော ယင်းသိစိတ်ဝိညာဉ်အား ကတ္တာ(ပြုလုပ်သူ)နှင့် အပြုအမူ(ပြစ်မှု)အားလုံးကို ခံယူသူဟု ဆိုသော အတ္တဟူသော မပြောင်းလဲသည့် ဝိညာဉ်ကောင်အဖြစ် လက်ခံလာသည်အထိ ဖြစ်သွားကြသည်။ ‘သတ္တဝါဟု ဆိုသောအရာသည် လူ့ပကတိမျက်လုံးဖြင့် သီးခြားတစ်စစီဖြစ်စဉ်အား ကွဲကြွဲပားပြား မမြင်နိုင်သော် လည်း မညွှန်ပြနိုင်သည်မဟုတ်(=ညွှန်ပြနိုင်)သော မြန်နှုန်းဖြင့် တစ်ခုနောက်က တစ်ခုလိုက်သည့် ဆက်တိုက် ဖြစ်ပျက် နေသော အပိုင်းအစတို့၏ ဖြစ်စဉ်တန်းဟု အဓိပ္ပာယ်ဖွင့်ဆိုသော လျှပ်စီးလက်သည့်အသွင်နှင့် တူသောအရာသာ ဖြစ်သည်’၉။ လှည်းဘီးသည် မြေကြီးမှတ်တစ်နေရာတွင် ရပ်နားသကဲ့သို့ ထိုအတူပင် သတ္တဝါသည် တစ်ခုသော စိတ္တက္ခဏဖြင့်သာ နေထိုင်သည်။ ယင်းသည် အမြဲတမ်း ပစ္စုပ္ပန်တွင်သာရှိပြီး ပြန်ဖြစ်မလာနိုင်တော့သော အတိတ်ဆီ သို့ ထာဝစဉ် ရွှေ့လျားနေသည်။ ကျွန်ုပ်တို့ ဖြစ်လာရမည့်အရာကို ယင်း ပစ္စုပ္ပန် စိတ္တက္ခဏက ဆုံးဖြတ်သည်။ အတ္တမရှိသော် မည်သည့် အရာသည် နောက်ဘဝ၌ ပြန်လည်မွေးဖွားသနည်းဟု မေးနိုင်၏၊ မှန်သည်၊ ပြန်လည် မွေးဖွားမည့်အရာ(အထည်ကိုယ်) ဘာမျှမရှိ။ ဘဝတစ်ခု ကုန်ဆုံးသော် ကမ္မသတ္တိသည်ပင် အခြားသဏ္ဌာန်တစ်မျိုးဖြင့် အထည်ကိုယ် ဖြစ်လာသည်။ ဘိက္ခုသီလာစာရမထေရ် ဆိုသကဲ့သို့ပင် ဖြစ်သည် ‘မမြင်အပ် မမြင်ရသည့် ယင်း (ကမ္မ သတ္တိ)သည် ယင်း၏ ရူပါရုံအသွင်သဏ္ဌာန်အတွက် သင့်လျော်သော အကြောင်းတရားများ ထင်ရှားကျရောက်သည့် တစ်နေရာရာ၌ သွားဖြစ်သည်။ ဤနေရာတွင် မှက်ကလေး သို့မဟုတ် တီကလေးတစ်ကောင်ဘဝအဖြစ် ထင်ရှားပြ လျက် ထိုနေရာတွင်မူ ခမ်းနားတောက်ပြောင်သည့် အဆင့်မြင့်နတ်ဒေဝါဘဝအဖြစ် ထင်ရှားဖြစ်ပေါ်လာသည်။ ယင်း သတ္တိ၏ ပုံသွင်သဏ္ဌာန်တစ်ခု ချုပ်ငြိမ်းပြီးသော် ယင်းသည် ဆက်လက်၍ (ပုံသဏ္ဌာန်သစ်ကို) ဆင့်ကမ်းပေးနေဦး မည်ဖြစ်ပြီး သင့်လျော်သည့် အကြေင်းဆက်များက ပေးအပ်လိုက်သည့်နေရာတွင် အမည်သစ် ပုံစံသစ်ဖြင့် ပေါ်လွင် လာမည်ဖြစ်သည်’။

မွေးဖွားခြင်းဟူသည် ရုပ်နာမ်သင်္ခါရဓမ္မတို့၏ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သေခြင်းဟူသည် အခိုက်အတံ့မျှဖြစ် သော သင်္ခါရဓမ္မတို့၏ အခိုက်အတံ့မျှ ချုပ်ပျောက်သွားခြင်းသာ ဖြစ်သည်။

ရုပ်သဘာဝတစ်ခု ဖြစ်ပေါ်ခြင်း၌ ဖြစ်ပေါ်ပြီးသဘာဝတစ်ခုက ယင်း၏ အကြောင်းတရားအနေဖြင့် ဖြစ်ရသကဲ့ သို့ပင် ရုပန်ာမ်သဘာဝဓမ္မတို့၏ ထင်ရှားဖြစ်ပေါ်လာမှုသည် ရှေ့တငွ် ယင်း(ရုပ်နာမ်သဘာဝဓမ္မ)၏ ပြန်လည်ဖြစ် ပေါ်မှုအတွက် အကြောင်းတရားဖြစ်သည်။ ရုပ်သက်နာမ်သက်ဖြစ်စဉ်တစ်ခုတွင် ခဏငယ်တစ်ခုမှတစ်ခုသို့ ဖြတ် သန်းသွားသော ထာဝရတည်မြဲသည့်အရာမရှိဘဲ ဖြစ်နိုင်သကဲ့သို့ ထိုအတူ ရုပ်သက်နာမ်သက်များစွာတို့၏ ဖြစ်စဉ် တန်းတွင်လည်း ဘဝတစ်ခုမှတစ်ခုသို့ ကူးပြောင်းသွားမည့် ထာဝရဝိညာဉ်ကောင်မရှိဘဲ ဖြစ်နိုင်သည်။

၈ ဦးရွှေဇံအောင် အင်္ဂလိပ်ဘာသာပြန်သည့် Compendium of Philosophy ကျမ်း (လန်ဒန်ပါဠိတော်အသင်းထုတ်) နိဒါန်း၊ စာ-၁၂ ကို ရှုပါ။

၉ အသီးသီးသောဓာတ်ပုံများ လှုပ်ရှားမှုဖြစ်လာပုံကို ဖော်ပြသည့် ရုပ်ရှင်ဖလင်ဖြင့် နှိုင်းယှဉ်ကြည့်ပါ။

ဗုဒ္ဓဝါဒအနေဖြင့် လက်တွေ့မျက်မှောက် နားလည်မှုအရ ပုဂ္ဂိုလ်သတ္တဝါတည်ရှိမှုကို လုံးဝမငြင်းဆိုပေ။ နောက် ဆုံးဝတ္ထု (ရုပ်နာမ်၏ မပြောင်းလဲသော အန္တိမပစ္စည်း၊ ရုပ်အမြုတေ နာမ်အမြုတေ) မရှိကြောင်းဖော်ပြရန် ကြိုးစားခြင်း သာဖြစ်သည်။ ပုဂ္ဂိုလ်သတ္တဝါဟူသော စကားလုံးအတွက် ဗုဒ္ဓဝါဒ ဒဿနဝေါရမှာ သန္တာန သို့မဟုတ် အဆက်မပြတ် ဖြစ်စဉ် ဟုဖြစ်သည်။ ယင်းဝေါဟာရ၌ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဓာတ်သဘာဝများလည်း ပါဝင်သည်။ ပုဂ္ဂိုလ်သတ္တဝါတိုင်း ၏ ကမ္မသတ္တိသည် ယင်းဓာတ်သဘာဝများကို ဖွဲ့ချည်ထားသည်။ ကံအကြောင်းခံ၍ မပြတ်မလပ်ဖြစ်နေသော ယင်း ရုပ်နာမ်သင်္ခါရဓမ္မဖြစ်စဉ်သည် ပစ္စုပ္ပန်ဘဝအတွက်သာ ကန့်သတ်ထားသည်မဟုတ်ဘဲ အစမထင်သော အတိတ်ကာလ တွင် အခြေခံခဲ့ပြီး အဆုံးမထင်သော အနာဂတ်တွင်လည်း ဆက်လက်ဖြစ်နေဦးမည်။ ယင်းသည် အခြားဘာသာတ ရားများယူဆသည့် ထာဝရအတ္တ သို့မဟုတ် အမတဝိညာဉ်ကောင်အတွက် ဗုဒ္ဓဝါဒ၏ အစားထိုးယူဆချက်ဖြစ်သည်။

---

အခန်း ၁၀

နိဗ္ဗာန်

အဆိုပါ မွေးသေဖြစ်စဉ်သည် ဗုဒ္ဓဝါဒီတို့၏ နောက်ဆုံးပန်းဖြစ်သော နိဗ္ဗာနဓာတ်ဆိုသောအရာသို့ မပြောင်းမချင်း အဆုံးမထင် ဆက်၍ဖြစ်သည်။ ပါဠိစကားလုံး နိဗ္ဗာနသည် နိ နှင့် ဝါန ပုဒ်နှစ်ခုပေါင်း ဖြစ်သည်။ နိဟူသည် မရှိခြင်း၊ ဝါန ဟူသည် တဏှာ ဖြစ်သည်။ ‘ဝါနဟုခေါ်သော တဏှာမှ လွတ်မြောက်ခြင်း ထွက်မြောက်ခြင်းကို နိဗ္ဗာန်ဟု ခေါ် သည်’။ စာပေသဘောအရ နိဗ္ဗာန်ဟူသည် တဏှာမရှိခြင်းဖြစ်သည်။

‘တစ်လောကလုံး မီးတောက်မီးလျှံတွင် ရှိ၏၊ အဘယ်အရာတို့က မီးမွှေးပေးသနည်းဟူမူ လောဘမီးဒေါသမီးမောဟမီးဇာတိဇရာဗျာဓိမရဏသောကပရိဒေဝဒုက္ခဒေါမနဿဥပါယာသတို့က မီးတောက်မီးလျှံ ဖြစ်အောင် မွှေးပေး၏’ဟု ဗုဒ္ဓရှင်တော်မြတ်ဟောတော်မူသည့်အတိုင်း ‘နိဗ္ဗာန်ဟူသည် လောဘဒေါသမောဟတို့၏ ချုပ်ငြိမ်းခြင်း’ဟု လည်း အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။

နိဗ္ဗာန်ဟူသည်ကို ကျွန်ုပ်တို့လောကီအသိပညာဖြင့် မတွေးသိနိုင်သောကြောင့် ယင်းသည် ဘာမှမရှိသည့် အခြေ အနေ သို့မဟုတ် လုံးဝပြတ်စဲသွားခြင်းဟူသော အဓိပ္ပာယ်ကို မမှတ်ယူသင့်ချေ။ မျက်မမြင်သူ တစ်ယောက်သည် ဘာ မှမမြင်ရသောကြောင့် အလင်းရောင်မရှိဟု မဆိုနိုင်ချေ။ ငါးသည် ၎င်း၏မိတ်ဆွေလိပ်အား ကုန်းမြေဟူသည် မရှိနိုင် ဟု အကျောက်အကန်ငြင်းသည့် ပုံပြင်ဖြင့်လည်း ထင်ရှားသည်။

ဗုဒ္ဓဝါဒနိဗ္ဗာန်သည် ဘာမျှမရှိသည့်အရာ သို့မဟုတ် လုံးဝပြတ်စဲသွားခြင်း မဟုတ်သော်လည်း စကားလုံးဖြင့် လုံ လောက်အောင် ဖွင့်ဆိုရှင်းပြနိုင်သောအရာလည်း မဟုတ်ချေ။ နိဗ္ဗာန်ဟူသည် မမွေးဖွားသော၊ မူလဘူတမရှိသော၊ ဖန် ဆင်း၍မရသော၊ ပုံသဏ္ဌာန်မရှိသော ဓမ္မတစ်မျိုးဖြစ်သည်။ သို့ဖြစ်၍ နိဗ္ဗာန်သည် ထာဝရတည်မြဲသော၊ တင့်တယ် သော၊ ချမ်းသာသော အရာဖြစ်သည်။

နိဗ္ဗာန်၌ ဒုက္ခမှတစ်ပါး ချုပ်ငြိမ်း ပြတ်စဲသွားသော အရာမရှိချေ။

ကျမ်းဂန်များ၌ နိဗ္ဗာန်ကို သောပါဒိသေသနှင့် အနုပါဒိသေသဟု နှစ်မျိုး ညွှန်းဆိုကြသည်။ အမှန်သော် ယင်း တို့မှာ နိဗ္ဗာန်နှစ်မျိုးရှိကြောင်း ဖော်ပြခြင်းမဟုတ်ဘဲ သေဆုံးပြီးနောက် ယင်းနိဗ္ဗာန်ကို တွေ့ကြုံသိရှိနိုင်သည့် နည်းအရ တစ်ခုတည်းသော နိဗ္ဗာန်၏ အမည်နာမကွဲများဖြစ်ကြသည်။ နိဗ္ဗာန်သည် တစ်နေရာရာတွင် တည်ရှိသောအရာမဟုတ် သကဲ့သို့ ပြန်လည်မွေးဖွားသည့် ပုဂ္ဂိုလ်သတ္တဝါတို့နေထိုင်သည့် ကောင်းကင်ဘုံလည်း မဟုတ်ချေ။ ယင်းသည် ဤ ခန္ဓာကိုယ်ကိုသာ အမှီပြုသည့် အခြေအနေတစ်ရပ်ဖြစ်သည်။ ယင်းသည် အားလုံးသူ လက်လှမ်းမှီသော ရရှိမှု (ဓမ္မ) တစ်မျိုးဖြစ်သည်။ ဤမျက်မှောက်ဘဝတွင်ပင် ရနိုင်သော လောကုတ္တရတရားဖြစ်သည်။ ဗုဒ္ဓဝါဒသည် နောင်ဘဝတွင် သာရနိုင်သော နောက်ဆုံးပန်းတိုင်မျိုးကို မဖော်ပြချေ။ ယင်းသည် ဗုဒ္ဓဝါဒနိဗ္ဗာန်နှင့် ဗုဒ္ဓဝါဒီမဟုတ်သူများ၏ သေလွန် ပြီးနောက်မှသာ ရနိုင်သော ထာဝရကောင်းကင်ဘုံ သို့မဟုတ် ထာဝရဘုရားနှင့်ဖြစ်စေ ကောင်းကင်ဘုံ အခြေပြု ပုဂ္ဂိုလ်နှင့်ဖြစ်စေ ပေါင်းစည်းသွားခြင်းဟူသော ယူဆချက်တို့၏ အဓိက ခြားနားချက်ဖြစ်သည်။ ဤရုပ်ခန္ဓာ အကြွင်း အကျန်နှင့် နိဗ္ဗာန်ကို မျက်မှောက်ပြုသွားမူ ယင်းနိဗ္ဗာန်ကို သဥပါဒိသေသနိဗ္ဗာနဓာတ်ဟု ခေါ်သည်။ ရဟန္တာတစ်ပါး သည် စုတိပြတ်ကြွေ သေလွန်ပြီနောက် မည်သည့်ဘဝအကြွင်းအကျန်မျှ မရှိတော့ဘဲ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီးမူ ယင်းနိဗ္ဗာန်ကို အနုပါဒိသေသနိဗ္ဗာနဓာတ်ဟု ခေါ်သည်။

ဆာအက်ဒွင်လာနိုး၏ စကားဖြင့် ဆိုရမူ –

‘အကယ်၍ တစ်ယောက်ယောက်က နိဗ္ဗာန်ကို လုံးဝပြတ်စဲသွားခြင်းဟု သင်ကြားမူ ထိုပုဂ္ဂိုလ်အား မမှန်ဟု ဆိုရ မည်။ နိဗ္ဗာန်ဟူသည် ချစ်ခြင်းဟု ပို့ချလာမူ မှားယွင်း၏ဟုပင် ဆိုရမည်’။

လက်တွေ့ တွေးခေါ်မြော်မြင်မှု ရှုထောင့်အရမူ နိဗ္ဗာန်ဟူသည် ဒုက္ခမှ လွတ်မြောက်မှု ဖြစ်သည်။ စိတ်ပညာရှု ထောင့်အရမူ နိဗ္ဗာန်ဟူသည် ငါ ငါ့ဟာဟူသော အတ္တစွဲယူဆမှု(သက္ကာယဒိဋ္ဌိ)ကို အကြွင်းမဲ့ ထုတ်ပယ်ခြင်းဖြစ်သည်။ ကိုယ်ကျင့်တရား ရှုထောင့်အရမူ နိဗ္ဗာန်ဟူသည် လောဘဒေါသမောဟတို့၏ ချုပ်ငြိမ်းခြင်းဖြစ်သည်။

ရဟန္တာပုဂ္ဂိုလ်သည် ကွယ်လွန်ပြီးနောက် တည်ရှိသေးသလော။

ထိုမေးခွန်းကို ဗုဒ္ဓရှင်တော်မြတ် ဖြေကြားတော်မူသည်မှာ –

ခန္ဓာငါးပါးမှ လွတ်မြောက်ပြီးဖြစ်သော ရဟန္တာပုဂ္ဂိုလ်သည် နက်ရှိုင်း၏၊ မဟာသမုဒ္ဒရာကဲ့သို့ နှိုင်းယှဉ် တိုင်း တာ၍မရ။ ပြန်လည် မွေးဖွားသည်ဟုဆိုမူ ဤကိစ္စအတွက် မသင့်မြတ်ပေ။ မွေးဖွားသည်လည်း မဟုတ် မမွေးဖွားလည်း မဟုတ်ဟု ဖြေဆိုလျှင်လည်း မလျော်ကန်ချေ’ ဟု ဖြစ်သည်။

ရဟန္တာပုဂ္ဂိုလ်သည် ဇာတိတစ်ဖန်ဖြစ်ပေါ်စေသော ဆန္ဒရာဂအားလုံးကို ပယ်နုတ်ပြီးဖြစ်သောကြောင့် ပြန်လည် မွေးဖွားသည်ဟု မဆိုနိုင်၊ အဆုံးစွန်ချုပ်ငြိမ်းသွားမည့် အရာမရှိသောကြောင့် (သေပြီးနောက်) လုံးဝပြတ်စဲ ချုပ်ငြိမ်း သွားသည်ဟုလည်း မဆိုနိုင်ချေ။

သိပ္ပံပညာရှင် ရောဘတ် အိုပင်ဟိုင်းမား (Robert Oppenheimer) အောက်ပါအတိုင်း ရေးခဲ့သည် – ‘ဥပမာအားဖြင့် အကယ်၍ အီလက်ထရွန်တစ်ခု၏ အခြေအနေသည် တူညီစွာ တည်ရှိနေသလားဟု မေးမူ မဟုတ်ပါဟု ဆိုရမည်၊ ယင်းသည် အချိန်ကာလအလိုက် ပြောင်းလဲမှုရှိသလားဟု မေးလျှင် မဟုတ်ဟု ဆိုရ မည်၊ သို့တည်းမဟုတ် ယင်းသည် နားနေသလားဟုမေးမူ မဟုတ်ဟု ဖြေရမည်၊ လှုပ်ရှားသည့် အခြေအနေ လေလားမေးမူ မဟုတ်ပါဟုပင် ဖြေဆိုရမည်၊

‘ဗုဒ္ဓရှင်တော်မြတ်သည် ယင်းသို့သော အဖြေမျိုးကို လူသားတို့၏၁၀ တမလွန်ဘဝအခြေအနေနှင့် ပတ်သက်၍ အမေးခံရသောအခါ အလားတူ အဖြေမျိုးကို ဖြေကြားခဲ့ပြီးဖြစ်၏၊ သို့တစေ ၁၇ နှင့် ၁၈ ရာစု သိပ္ပံပညာ အစဉ်အလာသည် ယင်းသို့သော အဖြေမျိုးနှင့် ရင်းနှီးမှု မရှိသေးချေ’။

၁၀ စာရေးဆရာသည် ရဟန္တာပုဂ္ဂိုလ် ပရိနိဗ္ဗာန်စံပြီးနောက် အခြေအနေကို ရည်ညွှန်းလိုခြင်းဖြစ်သည်မှာ သေချာသည်။

အခန်း ၁၁

နိဗ္ဗာန်သို့ ရောက်ကြောင်းလမ်းစဉ်

နိဗ္ဗာန်ကို မည်သို့ ရရှိနိုင်ပါသနည်း။

သမ္မဒိဋ္ဌိ (မှန်သောအမြင်)၊ သမ္မာသင်္ကပ္ပ (မှန်သောအကြံအစည်)၊ သမ္မာဝါစာ (မှန်သောစကား)၊ သမ္မကမ္မန္တ (မှန်သော အလုပ်)၊ သမ္မာအာဇီဝ (မှန်သောသက်မွေးဝမ်းကျောင်း)၊ သမ္မာဝါယာမ (မှန်သောလုံ့လ)၊ သမ္မာသတိ (မှန်သော သတိ)၊ သမ္မာသမာဓိ (မှန်သောတည်ကြည်မှု) ဟူသော တရားများပါဝင်သည့် မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားကို လိုက် နာကျင့်သုံးခြင်းဖြင့် နိဗ္ဗာန်ကို ရရှိနိုင်သည်။

၁။ ဗုဒ္ဓဝါဒ၏ အဓိကအချက်အခြာဖြစ်သော သမ္မာဒိဋ္ဌိဟူသည်ကို သစ္စာလေးပါးကို ထိုးထွင်း၍ သိမြင်မှုအဖြစ် ဖော်ပြသည်။ မှန်ကန်စွာ နားလည်မှုဟူသည် ပြင်ပန်းသိမြင်မှုအတိုင်း မဟုတ်ဘဲ အရှိကို အရှိအတိုင်း (သဘာဝမှန်ကို) သိမြင်ရမည်ဖြစ်ကြောင်း ဆိုလိုသည်။ အခြေခံအားဖြင့် အလုံးစုံသော သစ္စာလေးပါးတရားသည် ‘နာမ်ခန္ဓာလေးပါး နှင့်တကွသော ဤတစ်လံမျှ လောက်သော ခန္ဓာကိုယ်ကို အမှီပြု၏’ဟု ဆိုသော ရောဟိတဿ သုတ္တန်အရ မိမိကိုယ် ကို အမှန်အတိုင်း သိမြင်ရမည်ဖြစ်ကြောင်း ဆိုလိုသည်။ မဂ္ဂင်းရှစ်ပါးကို အားထုတ်ရာ၌ သမ္မာဒိဋ္ဌိ (မှန်သောအမြင်) သည် အစတွင်ရှိသကဲ့သို့ အဆုံးတွင်(လည်း) ရှိနိုင်သည်။ မှန်သောအမြင်၏ အလယ်အလတ် အဆင့်အတန်းကား အခြားမဂ္ဂင်းတရားများ မှန်ကန်သည့် စိတ်ဓာတ်ရေးရာလှုံ့ဆော်မှုနှင့် သင့်မြတ်သည့် ဦးတည်ချက်ကို ပေးသည်။ ကျင့် ကြံအားထုတ်မှု အထွတ်အထိပ်သို့ ရောက်ရှိခြင်း၌ မှန်သောအမြင်သည် ပြီးပြည့်စုံသည့် ဝိပဿနာပညာ အဖြစ်သို့ ရင့်ကျက်သွားလျက် အရိယာပုဂ္ဂိုလ်အဖြစ်သို့ တိုက်ရိုက်ရောက်ရှိသွားစေသည်။

၂။ သမ္မာဒိဋ္ဌိဖြင့် ပီပြင်စွာ သိမြင်ခြင်းသည် မှန်သောအကြံအစည်သို့ ဦးဆောင်၏၊ သို့ဖြစ်၍ ဒုတိယမဂ္ဂင်မှာ မကောင်းသော အတွေးအကြံများကို ပပျောက်စေခြင်း ကောင်းသော အတွေးအကြံများကို တိုးပွားစေခြင်းဟူသော ရည်ရွယ်ချက်နှစ်ရပ် ပါရှိသည့် သမ္မာသင်္ကပ္ပ (မှန်သောအကြံအစည်) ဖြစ်သည်။ ယင်းဆက်စပ်မှုအရ မှန်သော အကြံ အစည်ဟူရာ၌ သုံးမျိုးရှိ၏၊ ယင်းတို့မှာ –

(၁) နေက္ခမ္မ = လောကီ ပျော်ရွှင်မှုကို စွန့်ပယ်ခြင်း၊ တစ်နည်းအားဖြင့် တပ်မက်မှု ကိုယ်ကျိုးဆန်မှုနှင့် ပိုင်ဆိုင်လို မှုတို့ကို ဆန့်ကျင်သည့် ကိုယ်ကျင့်တရား

(၂) အဗျာပါဒ = ဒေါသ (စိတ်ဆိုး)၊ ကောဓ (အမျက်ထွက်)နှင့် အာဃာတ (ရန်ငြိုးဖွဲ့ခြင်း)တို့ကို ဆန့်ကျင်သော မေတ္တာ၊ ကောင်းသောနှလုံးထား၊ စိတ်စေတနာဖြူစင်ခြင်း

(၃) အဝိဟိံသာ = ကြမ်းကြုတ်ခြင်း၊ ရက်စက်ခြင်းတို့ကို ဆန့်ကျင်သော မညှဉ်းဆဲခြင်း၊ ကရုဏာ တို့ဖြစ်သည်။

၃။ သမ္မာသင်္ကပ္ပသည် တတိယမဂ္ဂင် သမ္မာဝါစာကို ဖြစ်ပေါ်စေသည်။ ယင်း၌ မုသာဝါဒ(အမှန်မဆိုခြင်း)၊

ပိသုဏဝါစာ (ကုန်းချောစကား)၊ ဖရုသဝါစာ (ကြမ်းတမ်းစကား)နှင့် သမ္ဖပ္ပလာပ (အနှစ်မဲ့စကား)တို့ ပါဝင်သည်။

၄။ သမ္မာဝါစာနောက်တွင် ပါဏာတိပါတ(သူ့အသက်သတ်)၊ အဒိန္နာဒါန(သူ့ဥစ္စာကို မတရားယူ)နှင့် ကာမေသု မိစ္ဆာစာရ(ကာမဂုဏ်မာှးယွင်းမှု)တို့ပါဝင်သည့် သမ္မကမ္မန္တလာ သည်။

၅။ ပထမဦးစွာ မိမိ၏ အတွေးအကြံ၊ စကားလုံးများနှင့် အပြုအမူများကို စင်ကြယ်အောင်လုပ်ရင်း စိတ်ပိုင်းဘဝ တိုးတက်အောင် ဆောင်ရွက်သူသည် လူဥပသကာတစ်ယောက်အဖို့ တားမြစ်ထားသော ကုန်သွယ်မှုငါးမျိုးကို ရှောင် ကြဉ်ခြင်းဖြင့် မိမိ၏အသက်မွေးဝမ်းကျောင်းမှုကို စင်ကြယ်အောင် ကြိုးစားသည်။ ယင်းငါးမျိုးမှာ လက်နက်ကုန်သွယ် ခြင်း၊ လူကုန်ကူးခြင်း၊ သားငါးတိရစ္ဆာန်ကုန်ကူးခြင်း၊ မူးယစ်စေတတ်သည့် အရက်သေစာ၊ မူယစ်ဆေးဝါး ဘိန်းကုန် ကူးခြင်း တို့ဖြစ်သည်။

ရဟန်းများအဖို့ သူတော်ကောင်း ယောင်ဆောင်ပြခြင်း၊ ရဟန်းဘဝအသုံးအဆောင်များ ရရှိရေးအတွက် မှား ယွင်းသောနည်းလမ်းများ ဖြစ်သည်။

၆။ မှန်သော လုံ့လ လေးမျိုးရှိသည်။ ယင်းတို့မှာ –

(၁) ဖြစ်ပေါ်ပြီး အကုသိုလ်တရားများကို ထပ်မံမဖြစ်အောင် အားထုတ်ခြင်း

(၂) မဖြစ်ပေါ်သေးသော အကုသိုလ်တရား မဖြစ်ရအောင် အားထုတ်ခြင်း

(၃) မဖြစ်သေးသော ကုသိုလ်တရားများ ဖြစ်ပေါ်အောင် အားထုတ်ခြင်း

(၄) ဖြစ်ပေါ်ပြီး ကုသိုလ်တရားများ တိုးပွားအောင် အားထုတ်ခြင်း တို့ဖြစ်ကြသည်။

၇။ မှန်သောသတိဟူသည် ကာယဝေဒနာစိတ္တနှင့် ဓမ္မတို့ (သတိပဋ္ဌာန်းလေးပါး)နှင့် စပ်၍ မြဲမြံသော သတိ တရားဖြစ်သည်။

၈။ မှန်သောလုံ့လနှင့် မှန်သောသတိသည် သမ္မသမာဓိကို ဖြစ်ပေါ်စေသည်။ ယင်းသည် စိတ်၏တစ်ခုတည်း သောအာရုံ၌ တည်ကြည်ခြင်းဖြစ်ပြီး စျာန်တရားနှင့် သမာပတ်များကို ရစေသည်အထိ ဖြစ်သည်။

ယင်းမဂ္ဂင်ရှစ်ပါးတို့တွင် ပထမနှစ်ပါးသည် ပညာအုပ်စု၊ နောက်သုံးခုမှာ သီလအုပ်စု၊ နောက်ဆုံးသုံးခုမှာ သမာဓိ အုပ်စု၌ ပါဝင်ကြသည်။ သို့ရာတွင် အားထုတ်မှုအစဉ်အရ ဆိုသော်

(၁) သီလ = သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝ

(၂) သမာဓိ = သမ္မာဝါယာမသမ္မာသတိသမ္မာသမာဓိ

(၃) ပညာ = သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပ ဟူ၍ ဖြစ်သည်။

ဤနိဗ္ဗာန်သို့ ရောက်ကြောင်းလမ်းစဉ်တွင် သီလသည် ပထမဆုံးအဆင့် ဖြစ်သည်။

မသတ်ဖြတ်ခြင်း မည်သည့်သက်ရှိ သတ္တဝါကိုမဆို မညှဉ်းဆဲခြင်းဖြင့် လူသည် မိမိခန္ဓာကိုယ်တွင် တွားသွားနေ သည့် အသေးငယ်ဆုံးသော သတ္တဝါကလေးများမှစ၍ သက်ရှိအားလုံးအပေါ် သနားကရုဏာ ရှိရမည်ဖြစ်သည်။ ခိုး ခြင်းမှ ရှောင်ကြည်ခြင်းဖြင့် မိမိနှင့်ပတ်သက်သူ အားလုံးအပေါ် ဖြောင့်မှန်ရိုးသားရမည်ဖြစ်သည်။ လူသား၏ ဂုဏ် သိက္ခာမြင့်မားမှုကို လျောကျစေသော ကာမဂုဏ်မှားယွင်းမှုမှ ရှောင်ခြင်းဖြင့် စင်ကြယ်သူဖြစ်သင့်သည်။ မုသာဝါဒမှ ကင်းရှင်းခြင်းဖြင့် လူသည် မှန်ကန်တည့်မတ်သူ ဖြစ်သင့်သည်။ မေ့လျော့ပေါ့ဆမှုကို ဖြစ်စေသည့် မူးယစ်သေစာ သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်းဖြင့် လူသည် တည်ငြိမ်ဣန္ဒြေရပြီး မြော်မြင်ထက်မြက်သူ ဖြစ်သင့်သည်။ ဖော်ပြပါ အခြေခံစည်း မျဉ်းသတ်မှတ်သည့် (ကိုယ်နှုတ်)အမူအရာသည် နိဗ္ဗာန်ခရီးသွားတစ်ယောက်အဖို့ မရှိမဖြစ်လိုအပ်သည်။ ယင်းအခြေခံ ကျင့်ဝတ်များကို ချိုးဖောက်ခြင်းသည် ဤ(မဂ္ဂင်)လမ်းစဉ်၌ ကိုယ်ကျင့်တရား တိုးတက်မှုကို တားဆီးမည့် အနှောင့်အယှက်များကို ဖြစ်ပေါ်စေခြင်းဟု အဓိပ္ပာယ်ရသည်။ ယင်းတို့ကို စောင့်စည်းခြင်းသည် လမ်းစဉ်တစ်လျှောက် တည်ငြိမ် ချောမွတ်သည့် တိုးတက်မှုအဖြစ် ဆိုလိုသည်။

စိတ်ပိုင်းဘဝတိုးတက်မှုကို ရှာမှီးသူသည် ဤသို့လျှင် ကိုယ်နှုတ်စိတ်တ့ကို စည်းကမ်းသတ်မှတ်ခြင်းအားဖြင့် နောက်ထပ် ခရီးတစ်ထောက်တိုးနိုင်ပြီး ကာမဂုဏ်အာရုံများကို ပိုမိုထိန်းသိမ်းနိုင်သည်။

စည်းကမ်းသတ်မှတ်ထားသော ကိုယ်မှုနှုတ်မှုများ၊ ထိန်းသိမ်းထားသော အာရုံကာမဂုဏ်များဖြင့် ဖြည်းဖြည်း မှန်မှန် (စိတ်ပိုင်းဘဝ)တိုးတက်လာစဉ် ယင်းသို့ အားထုတ်နေသည့် စိတ်အားတက်ကြွသူ(ယောဂီ)၏ ကမ္မစွမ်းအင် သည် လူ့ဘောင်ကို စွန့်ခွာပြီး ရသေ့ရဟန်းအဖြစ်သို့ ၎င်းအား တွန်းပို့ပေးနိုင်သည်။ ယင်းနောက် ထိုပုဂ္ဂိုလ်အား အောက်ပါအတိုင်း တွေးမြင်လာသည် –

‘လူ့ဘောင်ဘဝကား ရုန်းကန်မှုသားရဲတွင်းဖြစ် (ကျဉ်းမြောင်းလှ) ချေ၏၊ ပင်ပန်းခြင်း လိုအပ်ခြင်းများဖြင့် ပြည့် နေ၏၊ အိမ်ရာမထောင်သည့် (အနဂါရိက)ဘဝကား ပွင့်လင်းကောင်းကင်ပမာ လွတ်လပ်ပြီး မြင့်မြတ်၏’။ လူတိုင်း ၎င်း၏ ပန်းတိုင်ကို ရရှိရန် ရဟန်း သို့မဟုတ် အိမ်ရာမထောင်သည့် ဘဝဖြစ်လာရန် မျှော်လင့်သည်ဟု ကား မမှတ်ယူသင့်ချေ။ ရဟန်းဘဝအဖြစ်ဖြင့် စိတ်ပိုင်းဘဝတိုးတက်မှုကို မျှော်လင့်နိုင်သည်မှန်သော်လည်း လူဥပါသ ကာ တစ်ယောက်သည်လည်း ရဟန္တာဖြစ်လာနိုင်သည်သာတည်း။ တတိယမဂ် (အနာဂါမိမဂ်)ကို ရပြီးနောက် အိမ်ရာ မထောင်သည့်ဘဝတွင် နေထိုင်သည်။

သီလမြေပေါ်တွင် ခိုင်မြဲစွာ ရပ်တည်လျက် တိုးတက်ပွားများအားထုတ်သူ ယောဂီသည် စိတ်ကိုထိန်းသိမ်းမှု စိတ် ၏ယဉ်ကျေးမှုဟူသော ဤလမ်းစဉ် ဒုတိယအဆင့်ဖြစ်သည့် သမာဓိ(အဓိစိတ္တ)ကို အားထုတ်မှုသို့ တက်လှမ်းသည်။ သမာဓိဟူသည် စိတ်၏ တစ်ခုတည်းသောအာရုံ၌ တည်တံ့နေမှု ဖြစ်သည်။ မသက်ဆိုင်သော ကိစ္စအားလုံးကို လုံးဝ ဖယ်ခွာရန် တစ်ခုတည်းသောအာရုံ၌ စိတ်တည်တံ့နေခြင်းဖြစ်သည်။

ပုဂ္ဂိုလ်အသီးသီး၏ စရိုက်နှင့်အညီ ကမ္မဋ္ဌာန်းအာရုံ အမျိုးမျိုးရှိသည်။ အာနာပါန(ထွက်လေဝင်လေ) အာရုံ၌ စိတ်ကို စူးစိုက်ထားခြင်းသည် စိတ်ဓာတ်တည်ကြည်ရန် အလွယ်ကူဆုံးဖြစ်သည်။ စိတ်ဓာတ်ငြိမ်းချမ်း ပျော်ရွှင်မှုကို ရရှိစေသဖြင့် မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းကား အလွန်အကျိုးများသည်။

မေတ္တာကရုဏာမုဒိတာဥပေက္ခာဟူသော ဗြဟ္မဝိဟာရတရား လေးပါးကို ပွားများခြင်းကို များစွာ ချီးမွမ်းကြ သည်။

ပွားများအားထုတ်မည့် ကမ္မဋ္ဌာန်းအာရုံအပေါ် ဂရုတစိုက် ထည့်သွင်းစဉ်းစားပြီးနောက် မိမိစရိုက်နှင့် အသင့် တော်ဆုံးသော ကမ္မဋ္ဌာန်းအာရုံတစ်ခုကို ရွေးချယ်ရမည်။ နှစ်သက်သလို အခြေချပြီးနောက် ယောဂီသည် အခြားသော အတွေးအကြံများကို စိတ်မှ အချင်းခပ်သိမ်း ခွာထုတ်နိုင်အောင် ယင်းကမ္မဋ္ဌာန်းအာရုံ၌ လုံးဝနစ်မြုပ် ဝင်စားသွားသည် အထိ မိမိ၏စိတ် တည်ကြည်စေရန် အဆက်မပြတ် လုံးလကြိုးကုတ် အားထုတ်သည်။ ထိုအချိန်၌ ကာမစ္ဆန္ဒ (ကာမဂုဏ်အာရုံ)၊ ဗျာပါဒ (ဒေါသ)၊ ထိနမိဒ္ဓ (ငိုက်မျဉ်း ထိုင်းမှိုင်း)၊ ဥဒ္ဓစ္စကုက္ကုစ္စ (ပျံ့လွင့် နောင်တ)နှင့် ဝိစိကိစ္ဆာ (သံသယ) ဟူသော (ကမ္မဋ္ဌာန်း) တိုးတက်မှုအတွက် အတားအဆီး ငါးမျိုးတို့ကို ယာယီအားဖြင့် ချုပ်တည်းထားရသည်။ နောက် ဆုံးတွင် ယောဂီသည် နက်ရှိုင်းသည့် သမာဓိကိုရရှိပြီး ဖော်မပြနိုင်သော နှစ်သက်မှုဖြင့် သမာဓိစိတ်၏ တည်ငြိမ် အေးချမ်းမှုဖြင့် ပျော်ရွှင်လျက် စျာန်တွင် ဝင်စားသွားသည်။

ပြီးပြည့်စုံသော သမာဓိကို ရရှိသောအခါ ယောဂီသည် ဒိဗ္ဗစက္ခု (နတ်မျက်စိနှင့်တူသော အမြင်)၊ ဒိဗ္ဗသောတ (နတ်နားနှင့်တူသော အကြား)၊ ပုဗ္ဗေနိဝါသာနုဿတိ (ရှေးဘဝများကို သိမြင်ခြင်း)၊ ပရစိတ္တဝိဇာနန (သူတစ်ပါးစိတ်အ ကြံကို သိခြင်း)နှင့် ဣဒ္ဓိဝိဓ (တန်ခိုးအမျိုးမျိုးပြနိုင်ခြင်း)ဟူသော အဘိညာဉ်ငါးမျိုးကို ပွားများနိုင်သည်။ ယင်းတန်ခိုး ဣဒ္ဓိပါဒ်များမှာ အရိယာပုဂ္ဂိုလ်ဖြစ်ရန် မရှိမဖြစ်လိုအပ်သော အရာများမဟုတ်ကြောင်း နားလည်ရပါမည်။ စိတ်သည် ယခုအချိန်တွင် စင်ကြယ်သော်လည်း ကိလေသာတရားများအတွက် ဟင်းလင်းပွင့်နေသည့် အနုသယ ဓာတ်ကား ၎င်း၏သန္တာန်၌ ကိန်းနေဆဲဖြစ်သည်။ အကြောင်းမူ သမာဓိစွမ်းအားဖြင့် ရာဂစသည်တို့မှာ တဒင်္ဂအားဖြင့် အိပ်ပျော် ငြိမ်သက်နေကြသောကြောင့် ဖြစ်သည်။ ယင်းတို့သည် မမျှော်လင့်သော အခိုက်အတံ့တို့၌ ဘွားခနဲ ပေါ် လာနိုင်ကြသည်။

သီလနှင့် သမာဓိနှစ်ခုလုံးသည် လမ်းစဉ်၏ အနှောင့်အယှက်များကို ရှင်းလင်းစေသည်မှန်သော်လည်း ယောဂီ အား အရှိကိုအရှိအတိုင်း သိမြင်လျက် ယင်းသို့ သိမြင်ပြီး သမာဓိဖြင့် ထိန်းချုပ်ထားပြီးဖြစ်သည့် ကိလောသာများ အလုံးစုံ ချုပ်ငြိမ်းပြီး နောက်ဆုံးပန်းတိုင်သို့ ရောက်ရှိစေသည်မှာ ဝိပဿနာပညာသာ ဖြစ်သည်။ ယင်းသည် နိဗ္ဗာန် ရောက်ကြောင်း လမ်းစဉ်၌ တတိယနငှ့် နောက်ဆုံးအဆင့်ဖြစ်သည်။

မှန်ကြည်နှင့်ပမာတူသော သမာဓိစိတ်ဖြင့် ယောဂီသည် မှန်ကန်သည့် ဘဝဒဿနမှ လောကကို ရှုမြင်သည်။ မျက်လုံးကို မှိတ်လိုက်သည်နှင့် ယောဂီသည် အနိစ္စ(အမြဲမရှိ)၊ ဒုက္ခ(ဆင်းရဲခြင်း)နှင့် အနတ္တ(ငါကောင်ကိုယ်ကောင် မရှိ)ဟူသော လက္ခဏာရေးသုံးပါးမှလွဲ၍ မည်သည့်အရာကိုမျှ မမြင်တော့ဘဲ လုံးဝသက်သောင့်သက်သာ ဖြစ်သွား သည်။ ယောဂီသည် ဘဝဟူသည် ထာဝရပြောင်းလဲနေပြီး သင်္ခါရတရားအားလုံးသည် မတည်မြဲခြင်း သဘောရှိ၏ဟု နားလည်သည်။ လူ့ပြည်မှာဖြစ်စေ နတ်ပြည်မှာဖြစ်စေ စစ်မှန်သော ပျော်ရွှင်မှုကို မတွေ့ချေ။ အကြောင်းမူ ပျော်ရွှင်မှု တိုင်းသည် နာကျင်ခံခက်မှု၏ အစဖြစ်သောကြောင့်တည်း။ သို့ဖြစ်၍ မတည်မြဲသော အရာမှန်သမျှ နာကျင်မှုသဘော ရှိပြီး ပြောင်းလဲမှုနှင့် ဒုက္ခတည်ရှိသရွေ့ ထာဝရသေခြင်းမဲ့သဘာဝ အတ္တဟူသည် မရှိ။

ထိုမှတစ်ဖန် ယင်း လက္ခဏာရေးသုံးပါးအနက် မိမိတွင် အဖြစ်များသော (လက္ခဏာရေး)တစ်ခုကို ရွေးချယ်ပြီး ဘဝတွင် ပထမဆုံအကြိမ်အဖြစ် နိဗ္ဗာန်ကို ထိုးထွင်း၍သိမြင်သော နေ့ထူးနေ့မြတ်ကို ရောက်သည်အထိ ယင်းဦးတည် ချက်ဖြင့် ဝိပဿနာပညာကို ဂရုတစိုက် ဆက်လက်၍ အားထုတ်သည်။ (သို့ဖြင့်) သက္ကာယဒိဋ္ဌိ (ငါကောင်ကိုယ်ကောင် ထင်မှားမှု) ဝိစိကိစ္ဆာ (သံသယ)နှင့် သီလဗ္ဗတပရာသ (မှားယွင်းသည့် အကျင့်)ဟူသော ထူးခလုတ် (သံယောဇဉ်) သုံးခုကို ဖျက်ဆီးပစ်သည်။

ဤအဆင့်တွင် ထိုယောဂီပဂု္ဂိုလ်အား သောတာပန်ဟုခေါ်သည်။ နိဗ္ဗာန်တည်းဟူသော ရေအယဉ်သို့ ဝင်ရောက် ပြီးသောသူ အဓိပ္ပာယ်ရသည်။ အခြားသော သံယောဇဉ်များကို မပယ်ရသေးသဖြင့် သောတာပန်သည် အများဆုံး ခုနစ်ဘဝ ပြန်လည် မွေးဖွားရဦးမည် ဖြစ်သည်။

သစ်လွင်သော ခွန်အားကို ဆင့်ခေါ်လျက် ယင်းနိဗ္ဗာန်ကို တစ်စေ့တစ်စောင်း သိမြင်မှု၏ ရလာဒ်အဖြစ် ယောဂီ သည် တိုးတက်မှုကို လျင်မြန်စေပြီး နက်ရှိုင်းသည့် ဝိပဿနာပညာကို ပွားများ၍ ကာမရာဂ (ကာမဂုဏ်အာရုံ)နှင့် ဗျာပါဒ (ဒေါသ)ဟူသော သံယောဇဉ်နှစ်ပါးကို ခေါင်းပါး(နည်းပါး)စေလျက် သကဒါဂါမ်ဖြစ်သွားသည်။ ရဟန္တာမဖြစ်ခဲ့ သော် ဤလူ့ဘုံသို့ တစ်ကြိမ်သာ လာရောက်ရသောကြောင့် သကဒါဂါမ်ဟု ခေါ်သည်။

တတိယအရိယအဆင့် အနာဂါမ်သည် ဆိုခဲ့ပြီး သံယောဇဉ်နှစ်ပါးကို အကြွင်းမဲ့ပယ်သည်။ ယင်းသို့ဖြစ်၍ သူ သည် ဤလူဘုံလောကသို့လည်း ပြန်မလာ၊ နတ်ပြည်ခြောက်ထပ်တို့၌လည်း မွေးဖွားခြင်းမရှိတော့ချေ။ အကြောင်းမူ သူသည် ကာမဂုဏ်အာရုံခံစားရန် ဆန္ဒမရှိတော့သောကြောင့် ဖြစ်သည်။ ကွယ်လွနြ်ပီးနောက်တွင် သုဒ္ဓါဝါဗြဟ္မာ့ဘုံ၌ ပြန်လည်မွေးဖွားပြီး ရဟန္တာဖြစ်သည်အထိ (ယင်းသုဒ္ဓါဝါသဘုံ၌) နေရသည်။

ယခအခါ၌ အရိယာပုဂ္ဂိုလ်သည် မိမိ၏ အားထုတ်မှုအတွက် ယခင်ကမရဖူးသေးသော အောင်မြင်မှု၏ တွန်း အားပေးမှုကြောင့် နောက်ဆုံးအားထုတ်မှုကို ပြုလျက် ရူပရာဂ (ရူပဗြဟ္မာကို တပ်မက်မှု)၊ အရူပရာဂ (အရူပ ဗြဟ္မာကို တပ်မက်မှု)၊ မာန (ထောင်လွှားမှု)၊ ဥဒ္ဓစ္စ (ပြန့်လွင့်မှု)နှင့် အဝိဇ္ဇာ (မသိမှု)ဟူသော ကြွင်းကျန်သေးသည့် သံယောဇဉ် ငါးပါးကို ဖျက်ဆီးပြီး ပြီးပြည့်စုံသည့် ရဟန္တာဖြစ်သွားသည်။

ချက်ခြင်းပင် ရဟန္တာပုဂ္ဂိုလ်သည် ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဒုက္ခဟူသော လေးလံသည့် ဝန်ထုပ်ဝန်ပိုးကို ချထားပြီး ပြီ၊ တပ်မက်မှု(တဏှာ) အားလုံး အလုံးစုံ ချုပ်ငြိမ်းပြီ၊ နိဗ္ဗာန်သို့သွားရာလမ်းကို နင်းမိပြီးပြီဟု သဘောပေါက်သွား သည်။ ယင်းသည့် ရဟန္တာပုဂ္ဂိုလ်သည် တဏှာ ကိလေသာ သူပုန်လောကမှ ဝေးစွာ လွန်မြောက်သွားပြီး နိဗ္ဗာန်သန္တိသုခကို ထိုးထွင်းသိမြင်လျက် ရှေးရှေးသော ရဟန္တာများကဲ့သို့ အောက်ပါအတိုင်း ဥဒါန်းကျူးလျက် နတ်ဗြဟ္မာတို့ ထက် များစွာ အမြင့်(အဆင့်မြင့်အရည်အသွေး)သို့ ရောက်ရှိ(ရရှိ)သွားပြီဖြစ်သည်။

‘ကောင်းသောစိတ်ထားနှင့် ပညာ၊ နည်းမှန်ကျ ဆုံးမထားသော စိတ်၊ ကောင်းမြတ်သော ကိုယ်ကျင့်တရားကို အခြေခံသည့် အမြင့်ဆုံး သိက္ခာ၊ ယင်းသည် ရာထူး ဥစ္စာမရှိဘဲ လူသားတို့ကို စင်ကြယ်စေ၏’။

တီအိပ်ချ် ဟပ်စလေ (T.H.Huxley)က ဖော်ပြခဲ့သည် –

‘ဗုဒ္ဓဝါဒသည် အနောက်တိုင်း ဒဿနတွင်ရှိသော ထာဝရဘုရားမရှိသော စနစ်တစ်ခု၊ လူသားတွင် အတ္တရှိ အယူအဆကို ငြင်းဆိုသော၊ ထာဝရမြဲ သေခြင်းမဲ့ယုံကြည့်မှုအပေါ် မဟာအမှားအဖြစ် ပြဆိုသော၊ ဆုတောင်း ခြင်း ယဇ်ပူဇော်ခြင်းတို့၌ အကျိုးရှိမှုကို ငြင်းဆိုသော၊ မိမိတို့ လွတ်မြောက်မှုအတွက် မိမိ၏လုံ့လမှာတစ်ပါး မည်သည့်အရာတွင်မှ မမျှော်လင့်ရန် လူသားတို့ကို တောင်းဆိုသော၊ မူရင်းစင်ကြယ်မှုအတိုင်း ကျိုးနွံ ဦးညွတ် မှုအတွက် မည်သည့်အရာကိုမျှ မသိဘဲ လောကီအရာများ၏ အကူအညီကို လုံးဝမရှာဖွေသော (လမ်းစဉ် တစ်ခု ဖြစ်၏)။ သို့တစေ အံ့ဩဖွယ် လျင်မြန်နှုန်းဖြင့် ကမ္ဘာတစ်ဝက်မကသို့ ပျံ့နှံ့ပြီး လူသားအများစု လက်ခံ ထားသည့် ဘာသာတရား ဖြစ်သည်’။

ဇန်နဝါရိ ၂၄ (အင်္ဂါ)၊ ၂၀၀၆၊ နံနက် ၁၂း၁၄ တိတိတွင် ပြီးစီးသည်။