မာတိကာသို့ ခုန်သွားရန်

ဗုဒ္ဓဘာသာလက်စွဲကျမ်း ပထမတွဲ

ဝီကီရင်းမြစ် မှ
ဗုဒ္ဓဘာသာလက်စွဲကျမ်း ပထမတွဲ
by သာသနာရေးဦးစီးဌာန
မူရင်းနှင့်တိုက်ဆိုင်၍ စစ်ဆေးရန်လိုအပ်သည်
6149ဗုဒ္ဓဘာသာလက်စွဲကျမ်း ပထမတွဲ — မူရင်းနှင့်တိုက်ဆိုင်၍ စစ်ဆေးရန်လိုအပ်သည်သာသနာရေးဦးစီးဌာန


ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန

သာသနာရေးဦးစီးဌာန
ဗုဒ္ဓဘာသာလက်စွဲကျမ်း ပထမတွဲ
သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်
သာသနာ ၂၅၃၇
ကောဇာ ၁၃၅၅
၁၉၉၃


ဗုဒ္ဓဘာသာလက်စွဲကျမ်း၏ အနှစ်သာရများ

ဩကာသကန်တော့ခန်းနှင့် ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်း။
သရဏဂုံအကျိုးနှင့် သရဏဂုံတည်ခြင်း၊ ပျက်စီးခြင်း။
ရတနာသုံးပါးဂုဏ်တော်နှင့် ပွားများအားထုတ်နည်း။
ဘုရားအလောင်းတို့ ပါရမီဖြည့်ကျင့်ပုံများ။
နှစ်ကျိပ်လေးဆူသော ဘုရားရှင်တို့ထံ ဗျာဒိတ်ခံယူခြင်း။
အလှူဒါနပြုခြင်းနှင့် ဒါနအကျိုးများ။
အလှူခံပုဂ္ဂိုလ် ရွေးချယ်ခြင်းနှင့် ထင်ရှားသော ဒါနရှင်ကြီးများ။
သီလအမျိုးမျိုးနှင့် သီလစောင့်ထိန်းခြင်း။
ဗုဒ္ဓမန္တန်တော်များ၊ ကာယသိဒ္ဓိ၊ လာဘသိဒ္ဓိ၊ ပီယသိဒ္ဓိ၊ သဗ္ဗသိဒ္ဓိ မန္တန်များ။
ဘဝသံသရာ၊ အပါယ်လေးဘုံ၊ လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံများ။
ကံ ကံ၏ အကျိုးများ၊ ကံအမျိုးအစားခွဲခြားပုံ၊ သေပြီးနောက် သုဂတိရောက်လိုသော်။
ဩကာသမူကွဲအမျိုးမျိုးနှင့် ပါဠိပါဌ်ဆင့် ဖတ်နည်းများ။


ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန

သာသနာရေးဦးစီးဌာန
ဗုဒ္ဓဘာသာလက်စွဲကျမ်း
ပထမတွဲ
သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်
သာသနာ ၂၅၃၇
ကောဇာ ၁၃၅၅
၁၉၉၃


ဗုဒ္ဓဘာသာလက်စွဲကျမ်း (ပထမတွဲ)

ပထမအကြိမ်ပုံနှိပ်ခြင်း ၁၉၉၁-ခု ၅ဝဝဝ
ဒုတိယအကြိမ်ပုံနှိပ်ခြင်း ၁၉၉၂-ခု ၈ဝဝဝ

တတိယအကြိမ်ပုံနှိပ်ခြင်း ၁၉၉၃-ခု ၁ဝဝဝဝ

ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊
သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက်တွင် လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးထွန်း
(မှတ်ပုံတင်အမှတ် ၁၂၄၀၅/၀၂၅၂၇) က ပုံနှိပ်ထုတ်ဝေသည်။


နိဒါန်း

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ဘုရား တရား သံဃာ ရတနာသုံးပါးအား ကြည်ညိုဝပ်တွား ရှိခိုး ကန်တော့ပါ၏။
မိဘနှစ်ပါးနှင့်ဆရာသမားများအား ရိုသေဝပ်တွား ရှိခိုးကန်တော့ပါ၏။

ခေတ်ဆန်းချိန်ခါ ဗုဒ္ဓဘာသာ

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် (၁၈-၉-၈၈) နေ့မှ စ၍ နိုင်ငံတော်ကို တာဝန်ယူ အုပ်ချုပ်လာခဲ့ပြီး သမိုင်းဝင် ရှေးဟောင်းစေတီ ပုထိုးများ ဘက်စုံမွမ်းမံပြုပြင်တည်ဆောက်ခြင်း၊ စေတီအသစ်များ တည်ထား ကိုးကွယ်ခြင်း၊ ရှေးဟောင်း သိမ်၊ ကျောင်း၊ ဇရပ်များ ပြုပြင်မွမ်းမံခြင်း၊ ကျောင်းသစ်၊ ကန်သစ်များ တည်ဆောက်ခြင်းဖြင့် သာသနိက အဆောက်အအုံများကို ခံ့ညားထည်ဝါစွာ သစ်လွင်တောက်ပစေလျက် ကြည်ညိုဖွယ် ဖြစ်အောင် ဖန်တီးခဲ့လေပြီ။ ပြည်သူအပေါင်းအား ကောင်းမှုကုသိုလ်တရား၌ ပျော်မွေ့နိုင်စေရန် ဦးဆောင်မှု ပေးခဲ့လေပြီ။ ပရိယတ် ပဋိပတ် သာသနာ့ တာဝန်ကို ထမ်းဆောင်တော်မူနေကြသော သာသနာပြု ပုဂ္ဂိုလ်များ၊ စာချ ဆရာတော်ကြီးများ၊ စာအောင်သံဃာတော်များအား လှူဒါန်းထောက်ပံ့ငွေ များကို ခြောက်ဆတိုးမြှင့်၍ လှူဒါန်းခဲ့လေပြီ။ ထို့ကြောင့် ဤခေတ် ချိန်ခါသည် ဗုဒ္ဓသာသနာတော်အတွက် တခေတ်ဆန်းချိန်ဟု ဆိုနိုင်ပေသည်။ ဗုဒ္ဓသာသနာတော်အတွက် မကြုံစဖူး ထူးကဲလှသဖြင့် “ရွှေခေတ်”ဟု ဆိုရ ပေမည်။

သို့ရာတွင် ဤကဲ့သို့ သာသနိက အဆောက်အအုံများကို သစ်လွင်ခံ့ညား ထည်ဝါအောင် ပြုပြင်မွမ်းမံခြင်း၊ သာသနာ့ဝန်ဆောင် ပုဂ္ဂိုလ်များအား ထောက်ပံ့လှူဒါန်းခြင်းတို့ ပြုလုပ်ရုံမျှဖြင့် သာသနာတော် အဓွန့်ရှည် တည်တံ့ ခိုင်မြဲရန်အတွက် စိတ်မချရသေး။ ဤခေတ် လူငယ်များ၏ နှလုံးသား အတွင်းဝယ် ဗုဒ္ဓဘုရားရှင်၏ အဆုံးအမ တရားတော်များ စွဲမြဲစွာ ကိန်းဝပ်တည် ရှိနေမှသာလျှင် ဗုဒ္ဓသာသနာတော် အရှည်တည်တံ့ခိုင်မြဲရေးအတွက် စိတ်အေးရ ပေလိမ့်မည်။ ဤသို့ တွေးခေါ် မြော်မြင်ကြသော နိုင်ငံ့အကြီးအကဲများသည် (၂ဝ-၆-၈၉)နေ့တွင် ကျွန်ုပ်ကို ခေါ်ယူ၍ အောက်ပါအတိုင်း တာဝန်တစ်ရပ် ပေးအပ်ခဲ့ပါသည်——


“ဤခေတ် လူငယ် လူရွယ် လူလတ်များသည် ဗုဒ္ဓဘာသာဘုန်းကြီး ကျောင်းများ၌ မနေခဲ့ရခြင်း၊ ဗုဒ္ဓဘာသာစာပေနှင့် ယဉ်ကျေးမှုကို မသင်ယူခဲ့ကြခြင်းတို့ကြောင့် ကမ္ဘာ့အလယ်တွင် ရှက်စဖွယ် ဖြစ်လောက် အောင် ရိုင်းစိုင်းရက်စက်မှုများကို လူပုံအလယ်၌ အတင့်ရဲစွာ ကျူးလွန် ပြခဲ့ကြကြောင်း၊ ထို့ကြောင့် လူငယ်လူရွယ်လူလတ်များ၏ စိတ်ဓာတ် ယဉ်ကျေးသိမ်မွေ့လာစေရန်၊ ဗုဒ္ဓယဉ်ကျေးမှုများ တစိမ့်စိမ့် ပြန်သွင်း ပေးရန် လိုအပ်နေကြောင်း၊ မင်္ဂလသုတ်ကို အခြေခံ၍ ကိုယ်ကျင့်တရား ကောင်းမွန်လာစေရန် အပတ်စဉ် ဆောင်းပါးများကို ကလေး လူကြီး ဖတ်ချင်စဖွယ်ဖြစ်အောင် ရေးသားပေးရန် လိုအပ်ကြောင်း၊ ဓမ္မပဒနှင့် ဇာတ်တော်(၅၅၀) သုတ္တန်များမှ ဝတ္ထုဇာတ်ကြောင်းများဖြင့် တန်ဆာ ဆင်၍ လောကကြောင်း ဓမ္မကြောင်း စုံလင်စွာ ရေးရမည်ဖြစ်ကြောင်း”

ကျွန်ုပ်သည် ပေးအပ်သော တာဝန်နှင့် ဝတ္တရားကို ကျေပွန်စွာ ထမ်းဆောင် ခဲ့ပါကြောင်းကို “မင်္ဂလာနိဒါန်း” စာဖတ်ပရိသတ်များ သိရှိပြီး ဖြစ်ပါသည်။

တဖန်(၃ဝ-၆-၈၉)နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီးသန်းရွှေသည် ကျွန်ုပ်အား ခေါ်ယူ၍ ဗုဒ္ဓဘာသာဝင်များ အတွက် မွေးသည်မှ သေသည်အထိ တစ်သက်တာအတွင်း အရွယ်အလိုက်၊ အချိန်အခါအလိုက် လိုက်နာကျင့်သုံး ဆောင်ရွက်ရမည့် ဘာသာရေးဆိုင်ရာ လုပ်ငန်းတာဝန်များကို တစ်ကျမ်းတည်းဖြင့် ပြည့်ပြည့်စုံစုံ ရေးသားပြုစုပေးစေ လိုကြောင်း၊ ဩကာသကန်တော့ခန်း၊ ဆွမ်းကပ်၊ ပန်းကပ်၊ ရေချမ်းကပ်နည်းမှ စ၍ ဒါနပြုနည်း၊ သီလဆောက်တည်နည်း၊ ပုတီးစိပ်နည်း၊ သမထဘာဝနာ ပွားများနည်း၊ ဝိပဿနာရှုနည်း၊ ဈာန်၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ရနိုင်သည်အထိ ကျင့်ကြံအားထုတ်နည်းများ စုံစုံလင်လင် ပါဝင်စေလိုကြောင်း၊ စကားအသုံး အနှုန်းနှင့် ဝါကျအရေးအသားများမှာ လူပြန်တော်ပညာရှိများသာ နားလည် နိုင်သည့် အသုံးအနှုန်းရေးထုံးများကို ရှောင်ရှား၍ ပါဠိစာပေ အခြေခံမရှိသည့် သာမန်လူတိုင်း ဖတ်၍ နားလည်နိုင်အောင် ကျမ်းတစ်စောင်တစ်ဖွဲ့ ရေးပေး စေလိုကြောင်း ညွှန်ကြား၍ အောက်ဖော်ပြပါအတိုင်း မာတိကာခေါင်းစဉ်များ ချမှတ်ပေးပါသည်။


အပိုင်း (၁) ယုံကြည်ကိုးကွယ်မှု

မိဘတာဝန်၊ ဩကာသကန်တော့ခန်း၊ ထိခြင်းငါးပါးဖြင့် ရှိခိုးခြင်း၊ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးကပ်လှူနည်း၊ ဆုတောင်းခြင်း၊ အမျှဝေခြင်း၊ ဘုရားဂုဏ်တော်ကိုးပါး၊ တရားဂုဏ်တော်ခြောက်ပါး၊ သံဃာ့ဂုဏ်တော် ကိုးပါး၊ ဘုရားရှိခိုးအမျိုးမျိုး၊ သရဏဂုံတည်ခြင်းနှင့် ပျက်ခြင်း။

အပိုင်း(၂) ပါရမီခန်း

ဘုရားဖြစ်ရန် ပါရမီတော်များ ဖြည့်ကျင့်ခြင်း၊ အသင်္ချေ ၄-မျိုး၊ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းရေတွက်ပုံ၊ ဘုရားလောင်း ၃-မျိုး၊ ပါရမီ ၁၀-ပါး အပြား (၃၀)၊ စွန့်ခြင်းကြီး ငါးပါး၊ စရိယ ၃-ပါး၊ နှစ်ဆယ့်လေးဆူသော ဘုရားရှင်တို့ထံ ဗျာဒိတ်ခံယူခြင်း။

အပိုင်း (၃) ဒါနခန်း

ဒါနပြုနည်းများ၊ ဒါန၏ အကျိုးတရားများ၊ ပုဗ္ဗ၊ မုဉ္စ၊ အပရ စေတနာသုံးတန်အကြောင်း၊ ဒါနအမျိုးမျိုး၊ ဒါနကို ပြန်လည်ဆင်ခြင် အောက်မေ့ခြင်း (စာဂါနုဿတိ)၊ အလှူခံပုဂ္ဂိုလ်ရွေးချယ်နည်း၊ ဗုဒ္ဓ လက်ထက်တော်က အလှူဒါယကာ၊ အလှူဒါယိကာမများ အကြောင်း။

အပိုင်း(၄) သီလခန်း

သီလအဓိပ္ပာယ်နှင့် သီလ၏ အကျိုးတရားများ၊ သီလ ခံယူ ဆောက်တည်နည်းများ၊ ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလ၊ အာဇီဝဋ္ဌမက သီလ၊ ဥပုသ်စောင့်ပုံ အစီအစဉ်၊ စာရိတ္တသီလနှင့် ဝါရိတ္တသီလ စသော သီလအမျိုးမျိုး။


အပိုင်း (၅) သမာဓိခန်း

သမာဓိထူထောင်နည်း၊ ဈာန်သမာဓိများ၊ ဥပစာရသမာဓိ၊ ရူပဈာန်သမာဓိ၊ အရူပဈာန်သမာဓိ၊ ကသိုဏ်း (၁၀) ပါး၊ အသုဘ (၁၀) ပါး၊ အနုဿတိ (၁၀) ပါး စသော သမထကမ္မဋ္ဌာန်း (၄၀) ပွားများ အားထုတ်နည်းများ၊ ပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းဂန်လာ အားထုတ်နည်းများနှင့် အာစရိယဝါဒနည်းများ၊ ဈာန်ဝင်စားနည်းများ။

အပိုင်း (၆) ပညာခန်း

သတိပဋ္ဌာန် (၄) ပါး၊ သတိပဋ္ဌာန် အားထုတ်နည်းများ၊ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ တရားများ ရှင်းလင်းချက်၊ ပဋိစ္စသမုပ္ပါဒ်နည်း၊ ပဋ္ဌာန်းနည်းတို့ဖြင့် ကြောင်းကျိုးဆက်စပ်နည်း၊ အာသဝေါတရား၊ ဩဃတရား၊ ယောဂတရား၊ ဥပါဒါန် (၄) ပါး၊ အနုသယ (၇) ပါး၊ နီဝရဏ (၆) ပါး၊ သံယောဇဉ် (၁၀) ပါး၊ ကိလေသာ (၁၀) ပါး၊ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ၊ ဗောဓိပက္ခိယတရား (၃၇) ပါး၊ ဝိသုဒ္ဓိ (၇) ပါး၊ ဝိပဿနာဉာဏ်စဉ် (၁၀) ပါး၊ ဝိပဿနုပက္ကိလေသတရား (၁၀) ပါး၊ သမာပတ် (၈) ပါး၊ အဘိညာဉ် (၆) ပါး၊ ကိလေသာပယ်ခြင်း၊ အရိယာပုဂ္ဂိုလ် (၈) ယောက်၊ မဂ်ဖိုလ်နိဗ္ဗာန်အဓိပ္ပာယ်ရှင်းလင်းချက်များ။

အပိုင်း (၇) ဂါထာမန္တန်များ

“နမောတဿ” အန္တရာယ်ကင်းဂါထာ၊ မပါမပြီး ကိုးဂါထာ၊ ဒိဝါ တပတိဂါထာ၊ သမ္ဗုဒ္ဓေကပ်ကျော်မန္တန်တော်ကြီး၊ လာဘသိဒ္ဓိ ရှင်သီဝလိဂါထာ စသော ဗုဒ္ဓမန္တန်တော်များ။


အပိုင်း (၈) အထွေထွေ

အပါယ်လေးဘုံ၊ လူ့ဘုံ၊ နတ်ဘုံ စသော (၃၁) ဘုံ၌ သံသရာ လည်ခြင်းနှင့် ဘဝကူးပုံများ၊ ကံ ကံ၏အကျိုး၊ ကံအမျိုးမျိုး၊ သေခါနီး အာရုံနိမိတ်ထင်ပုံ၊ သေပြီးနောက် သုဂတိဘဝရောက်စေရန် လိုက်နာပြုကျင့်ဖွယ်များ၊ ဩကာသမူကွဲများ၊ ပါဠိပါဌ်ဆင့် ရေးနည်း ဖတ်နည်းများ။

အပိုင်း (၉)

နက်နဲ ခက်ခဲသည့် ခက်ဆစ်ဝေါဟာရ ရှင်းလင်းချက်များ၊ မှတ်သားဖွယ် အက္ခရာစဉ်များ။

ကျွန်ုပ်သည် ဗိုလ်ချုပ်ကြီးချမှတ်ပေးသည့် မာတိကာခေါင်းစဉ်များအတိုင်း အချက်အလက်များ ရှာဖွေစုဆောင်းပေးရန် (၂၇-၇-၈၉) နေ့တွင် အောက် ဖော်ပြပါ ပုဂ္ဂိုလ်များအား တာဝန်များ ခွဲခြား သတ်မှတ်ပေးခဲ့ပါသည်--

အမည် / တာဝန်

(က) ဦးစိုးအောင် (သုတေသနမှူး) - ယုံကြည်ကိုးကွယ်ဆည်းကပ်မှု
(ခ) ဦးထွန်းရွှေ (စာပေစိစစ်ရေးမှူး) - ဒါနခန်း
(ဂ) ဦးသိန်းအောင် (လက်ထောက်ညွှန်ကြားရေးမှူး) - သီလခန်း
(ဃ) ဒေါ်ခင်နွဲ့ဟန်ကြည် (လက်ထောက်ပေစာမှူး) - သမာဓိခန်း
(င) ဦးဝင်းအောင် (ကျမ်းပြုမှူး) - ပညာခန်း
(စ) ဦးအောင်သိန်းညွန့် (သုတေသနမှူး) - အထွေထွေခန်း
(ဆ) ဦးလှဆန်းဝင်း (လက်ထောက်ကျမ်းပြုမှူး) - ပါဠိပါဌ်ဆင့်ဖတ်နည်းနှင့် ခက်ဆစ်ဝေါဟာရများ


ထိုကဲ့သို့ တာဝန်အသီးသီး ခွဲဝေပေးခဲ့ရာ (၃၀-၇-၉၀) နေ့တွင် လိုအပ်သည့် အချက်အလက်များ စုံလင်စွာ စုဆောင်းပြုစု ရေးသားတင်ပြခဲ့ကြပါသည်။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သို့ စာမူများကို တင်ပြခဲ့ရာ တတိယအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ( ဒုတိယအဖွဲ့ခွဲ ) ပညာရေးအဖွဲ့ငယ် ဆရာတော်များက စိစစ်ဝေဖန် တည်းဖြတ်၍ (၂၄-၈-၉၀) နေ့တွင် ပုံနှိပ် ထုတ်ဝေခွင့် ပြုခဲ့ပါသည်။

စာမူများကို အမှန်တကယ် စက်တင်ပုံနှိပ်သည့်အခါ အပိုင်း (၅) သမာဓိခန်းနှင့် အပိုင်း (၆) ပညာခန်းတို့ကို ဤကျမ်း (ပထမတွဲ) ၌ မပြဘဲ ချန်လှပ်ခဲ့ရပါသည်။ အကြောင်းမှာ ယင်းအခန်းများသည် တစ်ကျမ်းတစ်ဖွဲ့ စီစဉ်မှသာ ပြည့်စုံနိုင်ဖွယ် ရှိ၍ (ဒုတိယတွဲ) အဖြစ် ထုတ်ဝေရန် အစီအစဉ်ရှိသောကြောင့် ဖြစ်ပါသည်။

ကျမ်းပြုနည်း

သို့ရာတွင် ယင်းရှာဖွေ စုစည်းထားသော အချက်အလက်များမှာ ကုန်ကြမ်း သဘောမျှသာ ဖြစ်၍ အမှန်စင်စစ် ကျမ်းတစ်စောင် တစ်ဖွဲ့ ဖြစ်မလာနိုင် သေးပါ။ ယင်းကုန်ကြမ်းအတိုင်း ပုံနှိပ်ထုတ်ဝေလိုက်ပါက ရှေ့စကား နောက်စကား အကြောင်းအကျိုး ဆက်စပ်မှု မရှိ၊ ကပေါက်တိကပေါက်ချာ အစီအစဉ် မကျသဖြင့် စာဖတ်ပရိသတ်မှာ နားမလည်ဘဲ မျက်စိလည်သွားပေ လိမ့်မည်။ အကြောင်းအကျိုးဆီလျော်၍ ရှေ့နောက် အဆီအငေါ်တည့်စေရန် ရှာဖွေစုဆောင်း ရရှိထားသည့် အချက်အလက်များကို အခန်းကဏ္ဍအလိုက် မျိုးတူရာ တစ်သန့်စီ တစ်သန့်စီ ရွေးထုတ်ရသည်။ မိမိရေးသားတော့မည့် အခန်း ကဏ္ဍအတွက် မျိုးတူရာ အချက်အလက်များကို အကြိမ်ကြိမ် အဖန်ဖန် အပြန်ပြန် အလှန်လှန် စဉ်းစားကြံစည် တွေးတော၍ စိတ်ကူးဖြင့် အစမ်းရေးရသည်။ ဤသို့ နိဒါန်းအစချီ၍ ဤသို့ နိဂုံးအုပ်မည်၊ အလယ်တွင် ဤသို့ ဝမ်းစာရိုက်မည်၊ ဤဥပမာ ဝတ္ထုကြောင်းကို ဤသို့ တန်ဆာဆင် ထည့်သွင်း အသုံးပြုမည် စသည်ဖြင့် ဇာတ်ကွက်ရိုက် ပုံကြမ်းလောင်းရသည်။ ထို့နောက် အဓိပ္ပါယ် ရှင်းလင်းလွယ်ကူသည့် ဝေါဟာရ၊ ပေါ်လွင်ထင်ရှားသည့် ဝေါဟာရ၊ သိမ်မွေ့ နက်နဲသည့် ဝေါဟာရ၊ ပြောင်မြောက်သည့် ဝေါဟာရ စသည်ဖြင့် လိုအပ်သည့် နေရာ၌ လိုအပ်သလို သုံးနှုန်းဖွဲ့ဆိုနိုင်ရန် ဝေါဟာရ စကားလုံးများ အဆင်သင့် စိစစ်ရွေးချယ်ရပါသည်။

ထိုကဲ့သို့ မိမိစိတ်ကြိုက် အခြေအနေအားလုံး ပြည့်စုံလာသော အခါ ဈာန်ဝင်၍ ရေးသားနိုင်ပါပြီ။


နောက်ဆုံးအခက်အခဲ

နောက်ဆုံး တွေ့ရှိရသည့်အခက်အခဲမှာ စာရေးရန် ဈာန်ဝင်ခြင်းဖြစ်သည်။ ဤအခက်အခဲကို စာရေးဖူးသူတို့သာလျှင် နားလည်နိုင်ပေမည်။ ရေးရင်း ရေးရင်းနှင့် ကလောင်ကို မနိုင် ဘေးချော်သွားတတ်သည်။ နှုတ်ခမ်းသပ်၍ မရ၊ အိုင်သွားတတ်သည်။ လိုအပ်သလောက် အတိုင်းအတာဖြင့် ကျစ်လျစ်စွာ ရေးသားဖွဲ့ဆိုနိုင်ဖို့ လိုပါသည်။ စာရေးသူ၏ မနောအာရုံတွင် အကြောင်းအရာ အချက်အလက်များ စည်းစည်းလုံးလုံးမရှိ၊ တောင်က တစ်စထွက်လာ၊ မြောက်က တစ်စထွက်လာ၊ စာပေါင်းသိုက်ကဲ့သို့ ရှုပ်ထွေးပွေလီစွာ ဘယ်က စ၍ ဘယ်ဆုံးရမည်မသိ ဖြစ်နေတတ်သည်။ ထို့ကြောင့် စာရေးသူသည် မိမိရေးသားမည့် အကြောင်းအရာကို အကြိမ်ကြိမ် အဖန်ဖန် ကြံစည်စဉ်းစား ဝေဖန်သုံးသပ်၍ နှစ်ခြိုက်လာသည့်အခါ ကြည်လင်သော မနောဓာတ်မှ စကားလုံး အချက်အလက်နှင့် ဝါကျအဖွဲ့အနွဲ့များ လျှံတက် အန်ထွက်လာတတ်သည်။ ထိုအချိန်အခါမျိုးတွင် စာရွက်ပေါ် ကလောင်သွား တင်လိုက်ရုံမျှဖြင့် စာကြောင်းများ မရပ်မနား ပေါ်ထွက်လာတတ်သည်။ စာရေးသူသည် အရသာရှိရှိ မြိန်ရှက်စွာ ရေးလိုက်ရ၍ စာဖတ်သူမှာလည်း ယင်းစာမျိုးကို ဖတ်လိုက်ရသည့်အခါ အရသာတွေ့နေ၍ လက်မလွှတ်နိုင်၊ တပင်တပန်း ကြိုးစားဖတ်မနေရတော့ဘဲ စာကြောင်းများက မျက်စိကို ဆွဲခေါ်သွားတော့သည်။ မဆုံးမချင်း စာအုပ်ကို မလွှတ်ချင် ဖြစ်သွားတော့သည်။ ထို့ကြောင့် စာရေးသူက ဈာန်ဝင်ပြီး ရေးလျှင် စာဖတ်သူမှာလည်း ဈာန်ဝင်သွားတော့သည်။ ဤသို့ ဈာန်ဝင်နိုင်ရန် စာရေးသူ၏ စိတ်ပိုင်းဆိုင်ရာအခြေအနေနှင့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေများကို ပြုပြင်ဖန်တီး ပြောင်းလဲယူရသည်မှာ အခက်ဆုံး ဖြစ်ပါသည်။

စိတ်ပါမှ ကောင်းမည်

ဘာကိုပဲ လုပ်လုပ် စိတ်ပါလက်ပါလုပ်မှ ကောင်းသည်၊ စာပေကျမ်းဂန် ရေးသားပြုစုသည့် လုပ်ငန်းကြီးများကို မဆိုထားဘိ နေ့စဉ် ချက်ပြုတ်နေသည့် ဟင်းလျာတစ်ခွက်သည်ပင် အရသာရှိသော ဟင်းတစ်ခွက် ဖြစ်လာရန် မလွယ်ကူချေ၊ ဆီ ဆား ငရုတ် ကြက်သွန် အဆာပလာ မည်မျှ စုံလင်ပါစေ၊ စိတ်မပါဘဲ ချက်လျှင် ရေလုံပြုတ်သာ ဖြစ်မည်။ ငရုတ်သီးအရသာက တခြား၊ ကြက်သွန်အရသာက တခြား၊ ဆားအရသာက တခြား၊ အသားငါးအရသာက တခြား အရသာများ တခြားစီ ပေါ်နေသော ဟင်းသည် ဟင်းကောင်း တစ်ခွက်ဟု မဆိုနိုင်၊ ငရုတ်၊ ဆီ၊ ဆား၊ ကြက်သွန်၊ သား၊ ငါး အရသာ အားလုံးသည် ခွဲခြား၍မရသာလျှင် ဟင်းကောင်းတစ်ခွက်တည်းအဖြစ် စုစည်းထွက်ပေါ်လာမှ ဖြစ်သည်။ ထိုကဲ့သို့ ယင်းကောင်း


တစ်ခွက် ဖြစ်လာစေရန် အိမ်ရှင်မသည် ငရုတ်သီး ထောင်းခြင်း၊ ကြက်သွန် လှီးခြင်း၊ အသား ငါးခုတ်ခြင်း၊ နယ်ခြင်း၊ မီးအလျော့အတင်း စသည်ဖြင့် အစမှ အဆုံးတိုင် စိတ်ပါဝင်စားစွာ ချက်မှသာလျှင် ဟင်းကောင်းတစ်ခွက် ဖြစ်လာနိုင်မည်။ သို့ရာတွင် မည်မျှ ဟင်းချက်ကောင်းသော အိမ်ရှင်မပင်ဖြစ်ပါစေ ရံခါလက်ရာကျ၍ ရှော်ရွှတ်ကြီး ဖြစ်သွားတတ်သည်ကို သူတို့ကိုယ်တိုင် သိကြသည်။ ထို့ကြောင့် ဟင်းကောင်းတစ်ခွက်ဖြစ်ပေါ်လာရန် ကိစ္စမှာပင် ဈာန်ဝင်ဖို့ လိုအပ်ကြောင်း ထင်ရှားပေသည်။ စာပေကျမ်းဂန် ရေးသားပြုစုရာ၌ ဈာန်ဝင်မှုကိစ္စသည် မည်မျှ အရေးကြီးသည်ကို ဖော်ပြရန် လိုမည်မထင်တော့ချေ။

ကြာညောင်း၍ အခါနှောင်းရခြင်း

ဤဗုဒ္ဓဘာသာလက်စွဲကျမ်းကို ရေးသားပြုစုရာ၌ ဤမျှအချိန်ကြာညောင်း ခဲ့ရခြင်းမှာ သတ်မှတ်ပေးထားသည့် အရည်အချင်းများနှင့် ပြည့်မီစေရန် ကြိုးပမ်းအားထုတ်နေခဲ့ရမှုကြောင့် ဖြစ်ပေသည်။ ကုန်ကြမ်းအတိုင်းစုဆောင်း ပုံနှိပ်လိုက်ပါက သုံးလေးလဖြင့် ပြီးနိုင်ပါသည်။ သို့သော် ဖတ်မည့်သူ ရှိမည် မဟုတ်ချေ၊ လိုချင်သည့် အရည်အသွေးမှာ လွယ်ကူရမည်၊ ရှင်းလင်းရမည်၊ စုံလင်ရမည်၊ ရှေ့နောက် အကြောင်းအကျိုး ဆီလျော်၍ အဆီအငေါ်တည့်ရမည်၊ စာဖတ်သူအား ဆွဲဆောင်နိုင်ရမည်။ ဤအရည်အသွေးများ ပြည့်မီစေရန် ကျွန်ုပ်က တာဝန်ခံရသည်။ ထိုသို့ တာဝန်ခံဖြစ်သည့်အလျောက် စာမူကြမ်းများကို တည်းဖြတ်ရသည်။ ပြင်ဆင်ရေးသားရသည်။ ပင်မရုံးလုပ်ငန်း တာဝန်များ လေးလံစွာ ဖိစီးခြင်းခံနေရသဖြင့် များသောအားဖြင့် ညကိုးနာရီ နောက်ပိုင်းမှအချိန်ယူ ရေးသားရသည်။ နေ့လယ်နေ့ခင်းတွင် ပုံနှိပ်စာမူပရု ဖတ်ခြင်း၊ ကျမ်းကိုး ကျမ်းကား ရှာဖွေခြင်း၊ ရုံးအမှုတွဲများ လက်မှတ်ထိုးရခြင်း၊ အဆုံးအဖြတ်ပေးရခြင်း၊ တံခါးမရှိ ဓားမရှိ တရစပ်ဝင်လာနေသော ဘုန်းကြီးဧည့်သည် လူဧည့်သည်များကို လက်ခံတွေ့ဆုံရခြင်းများ၏ကြားကာလ အချိန်တိုများအတွင်း၌ ကြားညှပ် ဆောင်ရွက်ရတော့သည်။ ရံခါ စာရေးရန် ကုန်ကြမ်းဖြစ်သောအချက်အလက်များသည် အစီအစဉ်တကျ ဖြစ်သွားကာ ရေအိုးတစ်ခုအတွင်း၌ အနယ်ထိုင်နေသောအခါ ရေကြည်လင်လာသကဲ့သို့ ဦးနှောက်ကြည်လင်လာသည်။ စိတ်ရွှင်လာသည်။ ယင်းကဲ့သို့ အချိန်မျိုးတွင် အာဂန္တု ဧည့်သည်များ ဝင်ရောက်လာ၍ သူတို့ပြဿနာကို ဇွတ်အတင်းတင်ပြ ပြောဆိုလာသောအခါ အနယ်အမှုန်များ ထလာပြီး ရေကြည်မှ ရေနှောက် ဖြစ်သွားသကဲ့သို့ ခေါင်းနောက်သွားတော့သည်၊ ရေးစရာအချက်အလက်များ ဖရိုဖရဲဖြစ်ကုန်တော့သည်၊ တဖန် ပြန်လည်၍ ဈာန်ဝင်လာအောင် အချိန်ယူရပေဦးမည်။


စာရေးသူအနေဖြင့် စာရေးသားရန် အချက်အလက်များလည်း စုံလင်နေပါပြီ၊ ရေးလည်း ရေးတတ်ပါသည်၊ ရေးလည်းရေးနိုင်ပါသည်။ သို့ရာတွင် ရေးရန် အချိန်ကို ရှာ၍မရနိုင်ချေ။ သံဃာ့အစည်းအဝေးပွဲကြီးများ၊ နှစ်ပတ်လည်အစည်းအဝေး၊ လေးလပတ် အစည်းအဝေး၊ ခုနစ်ရက်တစ်ပတ် အစည်းအဝေးများ၊ ပရိယတ္တိစာမေးပွဲများနှင့် စာအောင်ဆုနှင်းသဘင်များ၊ ဘွဲ့တံဆိပ်ဆက်ကပ်ပွဲများ၊ ဘက်စုံမွမ်းမံပြုပြင်တည်ဆောက်မှုများ စသည်ဖြင့် ဒေါင်ချာစိုင်းအောင် ရှေ့ရော နောက်ရော အောက်ခြေရော အပေါ်ပိုင်းပါ ပြေးလိုက် လွှားလိုက် တက်လိုက် ဆင်းလိုက် တာဝန်များ ထမ်းဆောင်ရင်း ရေးသားရသည့် ကျမ်းစာဖြစ်၍ ဤကျမ်းစာအချို့အစိတ်အပိုင်းတွင် ဗျာများနေသည့်ဟန်၊ တက်သုတ်ရိုက် ထားသည့်ဟန်များတွေ့ရှိရပေမည်။ ဤကဲ့သို့ တွေ့ရှိရပါက စာရေးသူအား ခွင့်လွတ်သည်းခံကြပါရန်နှင့် နောက်တစ်ကြိမ် ပြန်လည်ပုံနှိပ်သည့်အခါ ပြုပြင်နိုင်ရန် ဝေဖန်ထောက်ပြကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အမှန်စင်စစ်အားဖြင့် ဤဗုဒ္ဓဘာသာလက်စွဲကျမ်း (ပထမတွဲ) စာမူပြုစုရန် ပညာရှင်များအား မာတိကာခေါင်းစဉ်အသီးသီးပေး၍ တာဝန်ခွဲဝေချမှတ်ခဲ့သော်လည်း ကျွန်ုပ်ကိုယ်တိုင် လက်တွေ့အချောရေးသားရာ၌မူ အောက်ပါ ပညာရှင်များ၏ အကူအညီကိုသာ ရယူခဲ့ပါသည်—
(၁) ဦးဝင်းအောင် (ကျမ်းပြုမှူး)
(၂) ဦးသိန်းအောင် (လက်ထောက်ညွှန်ကြားရေးမှူး)
(၃) ဦးတင်လှိုင် (စာပြင်မှူးချုပ်)
(၄) ဦးထွန်းရွှေ (စာပေစိစစ်ရေးမှူး)
(၅) ဦးလှဆန်းဝင်း (ဒုတိယကျမ်းပြုမှူး)

ကျွန်ုပ်သည် စာမျက်နှာ(၂၀၀)ကျော်ရှိ ဗုဒ္ဓဂါယာစာအုပ်ကို ၁၀-ရက်ဖြင့် အပြီးရေးခဲ့ဖူးပါသည်၊ စာမျက်နှာ(၇ဝဝ)ရှိ ဗုဒ္ဓသာသနာတော် ၂၅၀၀-ခရီး စာအုပ်ကို ၂-လဖြင့် အပြီး ရေးခဲ့ဖူးပါသည်။ ဤဗုဒ္ဓဘာသာလက်စွဲကျမ်း ရေးသားသည့်အခါကျမှ ၂-နှစ်ကျော် ကြာခဲ့ရသည့်အတွက် မိမိကိုယ် မိမိ အပြစ်တင်မဆုံး ဖြစ်မိပါသည်။ ထိုကျမ်းများ ရေးစဉ်က ည နာရီပြန် ( ၂ )ချက်ထိ အချက်အလက် ရှာဖွေဖတ်ရှုရေးသားခဲ့သည်။ ကိုယ်တိုင် လက်ရေးဖြင့် ရေးသားနိုင်၍ တစ်ညအတွင်း စာမျက်နှာ လေးငါးဆယ် ရေးနိုင်ခဲ့သည်။ ယခုအချိန်တွင်မူ ကျွန်ုပ်မှာ အသက် ၆၀-အရွယ်ဖြစ်၍ စိတ်သွားတိုင်း ကိုယ်မပါ လက်ချောင်းများမှာ လေးလံပြီး ဒရွတ်ဆွဲနေပြီ ဖြစ်၍


ကိုယ်တိုင်မရေးနိုင်ဘဲ နှုတ်တိုက်ချပေးပြီး ဇနီးတလှည့် သမီးတလှည့် လိုက်ရေး ခိုင်းရသည်။ တစ်ည (၁၀) မျက်နှာ ရအောင် မနည်းကြိုးစားရတော့သည်။ ထို့ကြောင့် အချက်အလက် စုဆောင်းမှုကို (၁)နှစ်၊ အချောပြုပြင် မွမ်းမံ တန်ဆာဆင်ရေးသားမှုကို (၁)နှစ်အချိန်ယူ ဆောင်ရွက်ခဲ့ရသည်။ ဤကျမ်းစာသည် စိတ်မပါဘဲ ချက်ထားသည့် ရေလုံပြုတ်ဟင်းလား၊ စိတ်ထည့်ပြီးချက်ထားသည့် ဟင်းကောင်းတစ်ခွက်လား ဖတ်ရှု၍ အကဲဖြတ်နိုင်ရန် ဤဗုဒ္ဓဘာသာလက်စွဲကျမ်း (ပထမတွဲ) ကို စာဖတ်ပရိသတ်လက်သို့ အပ်လိုက်ပါပြီ။ (ဒုတိယတွဲ) ကိုလည်း မကြာမီ ထုတ်ဝေနိုင်ရန် ဆက်လက် ပြုစုလျက် ရှိပါသည်။

စာရေးသူ၏ ဆန္ဒမှန်

ဤကျမ်းစာဖြင့် နိုင်ငံတော် အကြီးအကဲများအား ဂါရဝပြုပူဇော်ကန်တော့ပါသည်။ အမိမြန်မာနိုင်ငံတော်အား ဗုဒ္ဓယဉ်ကျေးမှု လွှမ်းမိုးပါစေသောဟု ဆန္ဒပြုပါသည်။

ကျေးဇူးတင်လွှာ

ဤဗုဒ္ဓဘာသာလက်စွဲကျမ်းကို ပါဝင်ရေးသားပြုစုကြသည့်အထက်ဖော်ပြပါ ကျမ်းပြု သုတေသီပညာရှင်များအားလည်းကောင်း၊ သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက် စာစီ စာပြင် စက်ရိုက် စာအုပ်ချုပ် ဝန်ထမ်းများအားလည်းကောင်း၊ အဖက်ဖက်မှ အကူအညီပေးကြသည့် သုတေသနမှူး ဦးဘစိန်၊ လက်ထောက် သုတေသနမှူး ဦးမြင့်နိုင်နှင့် လက်နှိပ်စက် ဝန်ထမ်းများအားလည်းကောင်း၊ ကျွန်ုပ်က နှုတ်တိုက်ချပေးသည်ကို ရေးသားပေးကြသည့် ဇနီးဖြစ်သူ ဒေါ်တင်တင်ဝေ၊ သမီးဖြစ်သူ မမေသက်ထွန်း၊ မစုစုတင်၊ မခင်ဆွေတင့်တို့အား လည်းကောင်း ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

မောင်အံ့
မဟာဝိဇ္ဇာ (ဘုံဘေ)

၁၃၅၃-ခုနှစ်၊ သီတင်းကျွတ်လဆန်း (၁)ရက်။
၁၉၉၁-ခုနှစ်၊ အောက်တိုဘာလ (၉)ရက်။


စာရေးသူအနေဖြင့် စာရေးသားရန် အချက်အလက်များလည်း စုံလင်နေပါပြီ၊ ရေးလည်း ရေးတတ်ပါသည်၊ ရေးလည်းရေးနိုင်ပါသည်။ သို့ရာတွင် ရေးရန် အချိန်ကို ရှာ၍မရနိုင်ချေ။ သံဃာ့အစည်းအဝေးပွဲကြီးများ၊ နှစ်ပတ်လည်အစည်းအဝေး၊ လေးလပတ် အစည်းအဝေး၊ ခုနစ်ရက်တစ်ပတ် အစည်းအဝေးများ၊ ပရိယတ္တိစာမေးပွဲများနှင့် စာအောင်ဆုနှင်းသဘင်များ၊ ဘွဲ့တံဆိပ်ဆက်ကပ်ပွဲများ၊ ဘက်စုံမွမ်းမံပြုပြင်တည်ဆောက်မှုများ စသည်ဖြင့် ဒေါင်ချာစိုင်းအောင် ရှေ့ရော နောက်ရော အောက်ခြေရော အပေါ်ပိုင်းပါ ပြေးလိုက် လွှားလိုက် တက်လိုက် ဆင်းလိုက် တာဝန်များ ထမ်းဆောင်ရင်း ရေးသားရသည့် ကျမ်းစာဖြစ်၍ ဤကျမ်းစာ အချို့အစိတ်အပိုင်းတွင် ဗျာများနေသည့်ဟန်၊ တက်သုတ်ရိုက် ထားသည့်ဟန်များ တွေ့ရှိရပေမည်။ ဤကဲ့သို့ တွေ့ရှိရပါက စာရေးသူအား ခွင့်လွှတ်သည်းခံကြပါရန်နှင့် နောက်တစ်ကြိမ် ပြန်လည်ပုံနှိပ်သည့်အခါ ပြုပြင်နိုင်ရန် ဝေဖန်ထောက်ပြကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အမှန်စင်စစ်အားဖြင့် ဤဗုဒ္ဓဘာသာလက်စွဲကျမ်း (ပထမတွဲ) စာမူပြုစုရန် ပညာရှင်များအား မာတိကာခေါင်းစဉ်အသီးသီးပေး၍ တာဝန်ခွဲဝေချမှတ်ခဲ့သော်လည်း ကျွန်ုပ်ကိုယ်တိုင် လက်တွေ့အချောရေးသားရာ၌မူ အောက်ပါ ပညာရှင်များ၏ အကူအညီကိုသာ ရယူခဲ့ပါသည်-
(၁) ဦးဝင်းအောင် (ကျမ်းပြုမှူး)
(၂) ဦးသိန်းအောင် (လက်ထောက်ညွှန်ကြားရေးမှူး)
(၃) ဦးတင်လှိုင် (စာပြင်မှူးချုပ်)
(၄) ဦးထွန်းရွှေ (စာပေစိစစ်ရေးမှူး)
(၅) ဦးလှဆန်းဝင်း (ဒုတိယကျမ်းပြုမှူး)

ကျွန်ုပ်သည် စာမျက်နှာ(၂၀၀)ကျော်ရှိ ဗုဒ္ဓဂါယာစာအုပ်ကို ၁၀-ရက်ဖြင့် အပြီးရေးခဲ့ဖူးပါသည်၊ စာမျက်နှာ(၇၀၀)ရှိ ဗုဒ္ဓသာသနာတော် ၂၅၀၀-ခရီး စာအုပ်ကို ၂-လဖြင့် အပြီး ရေးခဲ့ဖူးပါသည်။ ဤဗုဒ္ဓဘာသာလက်စွဲကျမ်း ရေးသားသည့်အခါကျမှ ၂-နှစ်ကျော် ကြာခဲ့ရသည့်အတွက် မိမိကိုယ် မိမိ အပြစ်တင်မဆုံး ဖြစ်မိပါသည်။ ထိုကျမ်းများ ရေးစဉ်က ည နာရီပြန် ( ၂ )ချက်ထိ အချက်အလက် ရှာဖွေဖတ်ရှုရေးသားခဲ့သည်။ ကိုယ်တိုင် လက်ရေးဖြင့်ရေးသားနိုင်၍ တစ်ညအတွင်း စာမျက်နှာ လေးငါးဆယ် ရေးနိုင်ခဲ့သည်။ ယခုအချိန်တွင်မူ ကျွန်ုပ်မှာ အသက် ၆၀-အရွယ်ဖြစ်၍ စိတ်သွားတိုင်း ကိုယ်မပါ လက်ချောင်းများမှာ လေးလံပြီး ဒရွတ်ဆွဲနေပြီ ဖြစ်၍


ကိုယ်တိုင်မရေးနိုင်ဘဲ နှုတ်တိုက်ချပေးပြီး ဇနီးတလှည့် သမီးတလှည့် လိုက်ရေးခိုင်းရသည်။ တစ်ည (၁ဝ) မျက်နှာ ရအောင် မနည်းကြိုးစားရတော့သည်။ ထို့ကြောင့် အချက်အလက် စုဆောင်းမှုကို (၁)နှစ်၊ အချောပြုပြင် မွမ်းမံ တန်ဆာဆင်ရေးသားမှုကို (၁)နှစ်အချိန်ယူ ဆောင်ရွက်ခဲ့ရသည်။ ဤကျမ်းစာသည် စိတ်မပါဘဲ ချက်ထားသည့် ရေလုံပြုတ်ဟင်းလား၊ စိတ်ထည့်ပြီးချက်ထားသည့် ဟင်းကောင်းတစ်ခွက်လား ဖတ်ရှု၍ အကဲဖြတ်နိုင်ရန် ဤဗုဒ္ဓဘာသာလက်စွဲကျမ်း (ပထမတွဲ) ကို စာဖတ်ပရိသတ်လက်သို့ အပ်လိုက်ပါပြီ။ (ဒုတိယတွဲ) ကိုလည်း မကြာမီ ထုတ်ဝေနိုင်ရန် ဆက်လက် ပြုစုလျက် ရှိပါသည်။

စာရေးသူ၏ ဆန္ဒမှန်

ဤကျမ်းစာဖြင့် နိုင်ငံတော် အကြီးအကဲများအား ဂါရဝပြုပူဇော်ကန်တော့ပါသည်။ အမိမြန်မာနိုင်ငံတော်အား ဗုဒ္ဓယဉ်ကျေးမှု လွှမ်းမိုးပါစေသောဟု ဆန္ဒပြုပါသည်။

ကျေးဇူးတင်လွှာ

ဤဗုဒ္ဓဘာသာလက်စွဲကျမ်းကို ပါဝင်ရေးသားပြုစုကြသည့်အထက်ဖော်ပြပါ ကျမ်းပြု သုတေသီပညာရှင်များအားလည်းကောင်း၊ သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက် စာစီ စာပြင် စက်ရိုက် စာအုပ်ချုပ် ဝန်ထမ်းများအားလည်းကောင်း၊ အဖက်ဖက်မှ အကူအညီပေးကြသည့် သုတေသနမှူး ဦးဘစိန်၊ လက်ထောက် သုတေသနမှူး ဦးမြင့်နိုင်နှင့် လက်နှိပ်စက် ဝန်ထမ်းများအားလည်းကောင်း၊ ကျွန်ုပ်က နှုတ်တိုက်ချပေးသည်ကို ရေးသားပေးကြသည့် ဇနီးဖြစ်သူ ဒေါ်တင်တင်ဝေ၊ သမီးဖြစ်သူ မမေသက်ထွန်း၊ မစုစုတင်၊ မခင်ဆွေတင့်တို့အား လည်းကောင်း ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

မောင်အံ့
မဟာဝိဇ္ဇာ (ဘုံဘေ)

၁၃၅၃-ခုနှစ်၊ သီတင်းကျွတ်လဆန်း (၁)ရက်။
၁၉၉၀-ခုနှစ်၊ အောက်တိုဘာလ (၉)ရက်။


တောင်းပန်လွှာ

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီးသန်းရွှေက သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အား- ဗုဒ္ဓဘာသာဝင်တစ်ဦးအနေဖြင့် မွေးသည်မှ သေသည်အထိ ဗုဒ္ဓဘာသာနှင့် စပ်၍ ကျင့်ကြံ လိုက်နာ ပွားများရမည့် အချက်များကို တစ်ကျမ်းတစ်ဖွဲ့တည်းဖြင့် အပြည့်အစုံ ပါဝင်အောင် ရေးသားပြုစုရန် တာဝန်ပေးကြောင်း သိရှိရပါသည်။

ယင်းတာဝန်ပေးချက်အရ ညွှန်ကြားရေးမှူးချုပ် ဆရာဦးအံ့မောင်သည် ဤကျမ်းနိဒါန်းတွင် ဖော်ပြထားသော ပညာရှင်ဝန်ထမ်းများအား ခေါ်ယူ တွေ့ဆုံပြီး ဗုဒ္ဓဘာသာလက်စွဲကျမ်းကြီး ရေးသားပြုစုရေးအတွက် အပိုင်းကဏ္ဍ အလိုက် အချက်အလက်များ စုဆောင်းတင်ပြကြရန် အသီးသီး တာဝန် ပေးအပ်ခဲ့ပါသည်။

ပညာရှင်များသည် မိမိတို့တာဝန်ကျရာ အပိုင်းကဏ္ဍအလိုက် အချက်အလက်များ စုဆောင်းပြီး ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြကြရပါသည်။ ညွှန်ကြားရေးမှူးချုပ်က အချို့အပိုင်းများကို ပြန်လည်ပြင်ဆင်ရေးသား၍ အချို့အပိုင်းများကို အနည်းငယ်မျှ ပြင်ဆင်မွမ်းမံပြီး ကျမ်းစာမူကို ပုံနှိပ်ရန်အတွက် စာပြင်မှူးချုပ်အား တာဝန်ပေးခဲ့ပါသည်။

စာပြင်မှူးချုပ်သည် ကျမ်းစာအုပ်ကောင်း တစ်အုပ်ဖြစ်ရန် အင်္ဂါညီညွတ်ရေး အတွက် ရရှိသော စာမူများကို ပထမဦးစွာ စာမူကြမ်း ပြင်ဆင်ပါသည်။ ထို့နောက် စာစီစေပြီး ပထမဂယ်လီ ဒုတိယဂယ်လီမှ စ၍ ဒုတိယဖောင်အထိ အဆင့်ဆင့် ဖတ်ရှုပြင်ဆင်၍ တတိယဖောင်ကို ရိုက်မိန့်အတည်ပြုနိုင်ရန် ညွှန်ကြားရေးမှူးချုပ်အား တင်ပြခဲ့ပါသည်။ စာပြုသူ ပညာရှင်များလည်း အကြိမ်ကြိမ် အထပ်ထပ် ဖတ်ရှုပြင်ဆင်ကြပါသည်။

ဗုဒ္ဓဘာသာလက်စွဲကျမ်း ဖြစ်ပေါ်လာရေးအတွက် ပုံနှိပ်ရန် တာဝန် ယူထား ရသော စာပြင်မှူးချုပ်အနေဖြင့် ယင်းကျမ်းစာ၏ စာမူနှင့် စာဖောင်ကိစ္စ စာပေရေးရာကိစ္စများကို ညွှန်ကြားရေးမှူးချုပ်ထံ နေ့စဉ် သွားရောက်၍


တင်ပြ အစီရင်ခံရပါသည်။ တခါတရံ ညွှန်ကြားရေးမှူးချုပ်မှာ ရုံးလုပ်ငန်းများအပြင် အာဂန္တုဧည့်သည်များဖြင့် မအားလပ်၍ အခွင့်မသာသည့် အခါမျိုးတွင် ရုံးချိန်ကုန်သည်အထိ စောင့်ဆိုင်းရတတ်ပါသည်။

ညွှန်ကြားရေးမှူးချုပ်အနေဖြင့်လည်း ရုံးချိန်ဟူ၍လည်းကောင်း၊ ရုံးချိန် ပြင်ပဟူ၍လည်းကောင်း၊ အချိန်အပိုင်းအခြား မထားဘဲ လက်ခံတွေ့ဆုံ၍ စာပေရေးရာ တင်ပြအစီရင်ခံချက်များကို နားထောင်ကာ ည (၈) နာရီအထိ ထိုနေ့ကိစ္စကို ထိုနေ့ပင် အပြီးရှင်းလင်းပေးတတ်ပါသည်။ စာပေပညာရှင်များ စုစည်းတင်ပြသည့် အချက်များကို ညွှန်ကြားရေးမှူးချုပ်အနေဖြင့် တိုက်ရိုက် သုံး၍ ရသည့် အချို့အပိုင်းများကို တိုက်ရိုက် အသုံးပြုပြီး အချို့အပိုင်းများကိုမူ စုဆောင်းထားသည့် အချက်အလက်များအပေါ်မူတည်၍ ကိုယ်တိုင် အချောပြန်လည် ရေးသားသည်လည်း ရှိပါသည်။

ညွှန်ကြားရေးမှူးချုပ်သည် များပြားလှသော တာဝန်များကြားမှ အပိုင်းအားဖြင့် (၇) ပိုင်း၊ အခန်းကဏ္ဍအားဖြင့် (၂၇) ခန်း စာမျက်နှာအားဖြင့် ( ၈၀၆ ) ရှိသော ကျမ်းစာအုပ်ကြီး တစ်အုပ်အဖြစ် ရောက်ရှိအောင် ဦးစီးခေါင်းဆောင် ကြပ်မတ် ဆောင်ရွက်ပေးနိုင်သည်မှာ အပြောလွယ် သလောက် လက်တွေ့အားဖြင့် မလွယ်ကူလှပါ။ ညွှန်ကြားရေးမှူးချုပ်သည် ရရှိသော အချိန်ကို အနားမပေးဘဲ ပင်ပင်ပန်းပန်း ကြိုးစားအားထုတ် ဆောင်ရွက်ခဲ့သဖြင့် ယခုကဲ့သို့ ကျမ်းစာတစ်စောင်တစ်ဖွဲ့ ပြီးမြောက်အောင်မြင် ခဲ့ခြင်းအပေါ် နှစ်ထောင်းအားရ ရှိလှပါတော့သည်။

ဤမျှလောက် အလုပ်တာဝန်တွေ ရှုတ်ယှက်ခတ် များပြားနေသည့် အကြားမှ ရေးသားပြုစုရသော ကျမ်းစာမှာ တူတူတန်တန် ဖြစ်လာမည် မထင်ခဲ့ပါ။ သို့ရာတွင် ပုံနှိပ်ပြီးစာမူများကို အစအဆုံး ပြန်လည် ဖတ်ကြည့်ရာ မှတ်သားဖွယ်ရာ အချက်အလက်ကလည်း စုံလင်သည့်အပြင် အရေးအသား အဖွဲ့အနွဲ့ကလည်း လွယ်ကူရှင်းလင်းပေါ်လွင်ထင်ရှားသည်။ အစီအစဉ် အဆီအငေါ်တည့်၍ မဆုံးမချင်းလက်မှ ချ၍ မရသော စာအုပ်ကောင်းတစ်အုပ် ဖြစ်နေသည်ကို တွေ့ရ၍ ဝမ်းသာမဆုံး ဖြစ်မိပါသည်။

ယခုအခါ စာရှုသူ ဓမ္မမိတ်ဆွေ၏ လက်ဝယ်သို့ ဤကျမ်းစာအုပ် (ပထမတွဲ) ကို အရောက်ပို့နိုင်ခဲ့ပြီ ဖြစ်ပါသည်။ ဤကျမ်းစာအုပ်၌ ပါရှိသော အချက်အလက်နှင့် အကိုးအကားများတွင် သတိပေါ့ကင်း ချွတ်ယွင်းမှု တစ်စုံတစ်ရာ ပါရှိကောင်း ပါရှိနိုင်ပါသည်၊ ယင်းချွတ်ယွင်းမှုများမှာ ကျွန်ုပ်တို့ စာပြုအဖွဲ့နှင့် စာပြင်မှူးချုပ်တို့၏ သတိပေါ့လျော့မှုသာ ဖြစ်ပြီး ကျွန်ုပ်တို့မှာလည်း သီးသန့် အချိန်မရရှိဘဲ ပုံမှန်ရုံးလုပ်ငန်းများကြားမှ ရှာဖွေစုဆောင်း ပြုစုခဲ့ရသဖြင့်


တောင်းပန်လွှာ

ကျွန်ုပ်တို့အား မေတ္တာ စေတနာ ကရုဏာရှေ့ထား၍ ခွင့်လွှတ်ကြစေလိုပါသည်။ အကယ်၍ ထိုချွတ်ယွင်းချက်များကို ထောက်ပြ အကြံဉာဏ်ပေးမည်ဆိုပါက နောက်တစ်ကြိမ် ပြန်လည်ရိုက်နှိပ်သည့်အခါ သတိထား ပြင်ဆင်နိုင်မည် ဖြစ်သဖြင့် ကျေးဇူးအထူးတင်ရှိနေမည် ဖြစ်ပါကြောင်းဖြင့် ကျွန်ုပ်၏ တောင်းပန်လွှာကို နိဂုံးချုပ်အပ်ပါသတည်း။

ဓမ္မာစရိယ ဦးထင်လှိုင်
စာပြင်မှူးချုပ်




အကြောင်းအရာ,စာမျက်နှာ

အပိုင်း ( ၁ ),
အခန်း ( ၁ ),
မိဘတာဝန်,၅
သရဏဂုံတည်စ ပဋိသန္ဓေမှ,၆
ဒါနပြုစ ကလေးဘဝမှ ကင်ပွန်းတပ်ခြင်း,၇
ဘာဝနာအစ ကလေးဘဝ,၈
ယုံကြည်မှု၏ အခြေခံအုတ်မြစ်,၁၁
(က) သုံးနှစ်အရွယ်,၁၂
(ခ) ငါးနှစ်အရွယ်,၁၂
(ဂ) ခုနစ်နှစ်အရွယ်,၁၂
(ဃ) ကိုးနှစ်အရွယ်,၁၂
(င) တစ်ဆယ့်ငါးနှစ်အရွယ်,၁၂
( စ ) နှစ်ဆယ်အရွယ်,၁၂


အကြောင်းအရာ,စာမျက်နှာ

အခန်း ( ၂ ),
ကိုးကွယ်မှုကဏ္ဍ,၁၄
နေရာဖြင့် အရိုအသေပြုခြင်း,၁၅
ဝတ်စားဆင်ယင်မှုဖြင့် အရိုအသေပြုခြင်း,၁၆
ကိုယ်ဟန်အနေအထားဖြင့် အရိုအသေပြုခြင်း,၁၉
ရှိခိုးဦးချခြင်း,၁၉
တည်ခြင်းငါးပါး ဒုတိယနည်း,၂၁
တည်ခြင်းငါးပါး တတိယနည်း,၂၁
ရပ်လျက် ရှိခိုးခြင်း,၂၂
စေတနာ ပဓာန,၂၂
အခန်း ( ၃ ) ဝတ်တက်ဝတ်ကပ် အရကျက်ရန်,၂၃
ရတနာသုံးပါးကို ရှိခိုးခြင်း,၂၃
ကန်တော့ခန်း,၂၄
ဆုတောင်း,၂၄
သရဏဂုံနှင့် ငါးပါးသီလတောင်းခြင်း,၂၇
ဘုရားရှိခိုးခြင်း,၂၇
သရဏဂုံဆောက်တည်ခြင်း,၂၈
သရဏဂုံနှင့် ရှစ်ပါးသီလတောင်းခြင်း,၂၈
ငါးပါးသီလဆောက်တည်ခြင်း,၂၉
ရှစ်ပါးသီလဆောက်တည်ခြင်း,၂၉
သရဏဂုံနှင့် ကိုးပါးသီလတောင်းခြင်း,၃၁
ကိုးပါးသီလဆောက်တည်ခြင်း,၃၂
ဆွမ်းတော်ကပ်,၃၃
ရေချမ်းတော်ကပ်,၃၃
ပန်းတော်ကပ်,၃၃
ဆီမီးတော်ကပ်,၃၃
ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးကပ်လှူပုံအကျဉ်း,၃၄
ဘုရားဂုဏ်တော်ကိုးပါး,၃၅


အကြောင်းအရာ,စာမျက်နှာ

တရားဂုဏ်တော်ခြောက်ပါး,၃၇
သံဃာ့ဂုဏ်တော်ကိုးပါး,၃၈
မေတ္တာဘာဝနာပွားများပုံ,၃၉
(က) ဒိသာဖရဏ မေတ္တာပွားနည်း,၄၀
မေတ္တသုတ်လာ မေတ္တာပွားနည်း (၁၁)နည်း,၄၁
ရတနာမြတ်သုံးပါးတို့ကို ကျင့်ဝတ်ဖြင့် ပူဇော်နည်း,၄၁
ဆုတောင်းရန်,၄၁
အမျှဝေရန်,၄၁
အခန်း (၄) အဓိပ္ပါယ်ရှင်းချက်များ,၄၃
ကန်တော့ခန်း ရှင်းလင်းချက်,၄၃
သရဏဂုံနှင့် သီလတောင်းခံခြင်း ရှင်းလင်းချက်,၄၄
သရဏဂုံ ရှင်းလင်းချက်,၄၅
သရဏဂုံနှင့် သရဏဂုံတည်သူ,၄၆
သရဏဂုံဆောက်တည်ခြင်း,၄၆
လူ့သရဏဂုံနှင့် ရှင့်သရဏဂုံ,၄၇
သရဏဂုံပါဠိ၏အနက်,၄၇
သရဏဂုံဆောက်တည်နည်း ၄-မျိုး,၄၇
သရဏဂုံပျက်သော ရှိခိုးခြင်းနှင့် မပျက်သော ရှိခိုးခြင်း,၄၈
သရဏဂုံမြောက်မှု အလေးပြုဖွယ်,၄၉
သရဏဂုံအထပ်ထပ် ဆောက်တည်ခြင်း,၅၀
သရဏဂုံညစ်နွမ်းကြောင်းတရားများ,၅၁
ပျက်တတ်သော သရဏဂုံနှင့် မပျက်တတ်သော သရဏဂုံ,၅၁
သရဏဂုံပျက်မှုနှင့် အလောင်းကို သရဏဂုံတင်ခြင်း,၅၂
သရဏဂုံပုတီးစိပ်ခြင်း,၅၂
သရဏဂုံ တည်ခြင်းအကျိုးများ,၅၃
သာဓကဝတ္ထုများ,
သေသောက်ကြူး “သရဏဥပါသကာ” အကြောင်း,၅၄
သရဏဂုံတည်သော အမျိုးသားတစ်ယောက်အကြောင်း,၅၅
တံငါသည် တစ်ဦးအကြောင်း,၅၆
သရဏဂုံမတည်က လူမမည်ခြင်းအကြောင်း,၅၇


အကြောင်းအရာ,စာမျက်နှာ

အခန်း (၅),
ရတနာသုံးပါး ဂုဏ်တော်ဖွင့်,၅၉
ဘုရားဂုဏ်တော်ကိုးပါး,၅၉
(၁) အရဟံဂုဏ်တော်,၆၀
ပူဇော်အထူးကို ခံထိုက်၍ ပူဇော်ခဲ့ကြပုံများ,၆၃
ပူဇော်နည်း နှစ်မျိုးဖြင့် ပူဇော်ခြင်း,၆၄
သူတော်ကောင်းဖြစ်အောင် “အရဟံ” ဂုဏ်ကိုဆောင်,၆၅
(၂) သမ္မာသမ္ဗုဒ္ဓဂုဏ်တော်,၆၆
ဉေယျဓံတရား ငါးပါး,၆၇
သိနိုင်ခဲသော အရာကို သိတော်မူခြင်း,၆၈
မေးသမျှကို မတွေးမဆ ဖြေဆိုတော်မူနိုင်ခြင်း,၆၉
သမ္ဗုဒ္ဓ,၇၀
သမ္မာဗုဒ္ဓ,၇၀
သမ္မာသမ္ဗုဒ္ဓ,၇၀
ရှင်သီဝလိမယ်တော် ဆင်ခြင်အောက်မေ့သည့်ဂုဏ်တော်,၇၁
ဉာဏ်ပညာကြီးသူဖြစ်အောင် “သမ္မာသမ္ဗုဒ္ဓ” ဂုဏ်ကိုဆောင်,၇၂
(၃) ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်,၇၃
ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား ၁၅-ပါး,၇၃
ဝိဇ္ဇာစရဏနှစ်ပါးနှင့် ပြည့်စုံတော်မူခြင်း,၇၄
အကြီးမားဆုံး ဝိဇ္ဇာနှင့် အမြင့်မြက်ဆုံး စရဏရှင် ဖြစ်တော်မူခြင်း,၇၅
ဆရာရော တပည့်ပါ ဝိဇ္ဇာ၊ စရဏနှင့် ပြည့်စုံတော်မူခြင်း,၇၆
အသိရောအကျင့်ပါ နှစ်ဖြာပြည့်အောင် “ဝိဇ္ဇာစရဏသမ္ပန္န” ဂုဏ်ကိုဆောင်,၇၆


အကြောင်းအရာ,စာမျက်နှာ

(၄) သုဂတဂုဏ်တော်,၇၇
စကားခြောက်ခွန်း,၇၇
စကားခြောက်ခွန်းမှတ်ဖွယ်လင်္ကာ,၇၉
သူတပါးမနှစ်သက်သောစကားကို ဘုရားရှင်ပြောသလော,၈၀
ဗုဒ္ဓ၏ လမ်းစဉ်တော်,၈၂
သုဂတဂုဏ်တော်ကို အာရုံပြုကာ မနှောင့်ယှက်ဘဲ အမြဲကူညီပါ,၈၃
(၅) လောကဝိဒူဂုဏ်တော်,၈၄
သတ္တလောကကို သိတော်မူခြင်း,၈၄
ဩကာသလောကကို သိတော်မူခြင်း,၈၅
သင်္ခါရလောကကို သိတော်မူခြင်း,၈၆
အများမသိသော်လည်း ဘုရားသိသည်,၈၇
(၆) အနုတ္တရောပုရိသဒမ္မသာရထိ ဂုဏ်တော်,၉၀
ဆုံးမ၍ မရလျှင် သတ်ပစ်ခြင်း,၉၁
တုဖက်ကင်းအောင် ဆုံးမတော်မူနိုင်ခြင်းအကြောင်း,၉၁
ဘုရားရှင်၏အဆုံးအမကြောင့် ယဉ်ကျေးလိမ္မာပုံ သာဓကများ,၉၂
ယခုဘဝမှ စ၍ ပါရမီ ဖြည့်ဆည်း,၉၄
(၇) သတ္ထာဒေဝမနုဿာနံဂုဏ်တော်,၉၆
လောကီဆရာနှင့် လောကုတ္တရာဆရာ,၉၆
ဆရာချင်းမတူ,၉၆
ပညာချင်းခြားနား,၉၇
သင်ပြပုံချင်း ကွဲပြား,၉၇
ဘုရားရှင်သာ တို့ဆရာ,၉၈
တလောကလုံး၏ အကြီးအမှူး ဦးစီးခေါင်းဆောင်,၉၉
တရားမြင်မှ ဘုရားမြင်မည်,၁၀၁
(ဂ) ဗုဒ္ဓဂုဏ်တော်,၁၀၁
“ဗုဒ္ဓ” ဟူသော အမည်ကို ရတော်မူခြင်း,၁၀၁
သစ္စာလေးပါး အမှန်တရား,၁၀၂
(၁) ဒုက္ခသစ္စာ,၁၀၂
(၂) သမုဒယသစ္စာ,၁၀၂


အကြောင်းအရာ,စာမျက်နှာ

(၃) နိရောဓသစ္စာ,၁၀၃
(၄) မဂ္ဂသစ္စာ,၁၀၄
မဂ္ဂင် ရှစ်ပါး,၁၀၅
(၉) ဘဂဝါဂုဏ်တော်,၁၀၈
ဗုဒ္ဓဂုဏ်တော်ကို အာရုံပြု၍ ကိုယ်စိတ်နှစ်ပါးချမ်းသာမှုကို ရယူပါ,၁၀၈
ဘုန်းတော်ခြောက်ပါး,၁၀၉
(၁) ဣဿရိယဘုန်းတော်,၁၀၉
ဣဿရိယဘုန်းတော် ရှစ်ပါး,၁၁၀
(၂) ဓမ္မဘုန်းတော်,၁၁၀
(၃) ယသဘုန်းတော်,၁၁၁
(၄) သိရီဘုန်းတော်,၁၁၂
(၅) ကာမဘုန်းတော်,၁၁၂
(၆) ပယတ္တဘုန်းတော်,၁၁၃
အဆင်းရော အချင်းပါ ပြည့်စုံပါစေ,၁၁၄
ကမ္ဘာကုန်သော်လည်း မကုန်နိုင်သော ဂုဏ်တော်များ,၁၁၅
လက်တွေ့ဂုဏ်တော် ပွားများနည်း,၁၁၅
အတုမရှိသော ဘာဝနာ,၁၁၆
အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်နိုင်ခြင်း,၁၁၇
လက်ငင်းရနိုင်သောဂုဏ်တော်ပွားကျိုး,၁၂၂
ဂုဏ်တော်ပွားကျိုး ၁၇-မျိုး,၁၂၂
ဂုဏ်တော်အကျိုးရ သာဓကများ,
ဘုရားရှိခိုးကို ယောင်ယမ်းရွတ်ဆိုမိကာမျှဖြင့်,၁၂၃
ဘီလူးဘေးမှ လွှတ်ခဲ့ရသော မိစ္ဆာသူငယ်လေးအကြောင်း,၁၂၅
ဘုရားရှင်အား ကြည်ညိုကာမျှ စိတ်ကြောင့် နတ်ပြည်ရောက်ရသော “မဋ္ဌကုဏ္ဍလီ” အကြောင်း,၁၂၆
ဂုဏ်တော်ပွား၍ မီးများကို ငြိမ်းစေခဲ့သော မိဖုရားစောလုံအကြောင်း,၁၂၇


အကြောင်းအရာ,စာမျက်နှာ

တရားဂုဏ်တော် ခြောက်ပါး,၁၃၃
(၁) သွာက္ခာတ ဂုဏ်တော်,၁၃၃
ဆယ်ပါးသောတရား,၁၃၄
အစစ်အမှန်တရားတော်,၁၃၄
အကောင်းဆုံးတရား ဖြစ်တော်မူခြင်း,၁၃၆
ကြားနာရုံမျှဖြင့် အပူစင် (အစ၏ ကောင်းခြင်း),၁၃၇
ချီးမွမ်းသံမစဲ ချီးမွမ်းဆဲ,၁၃၉
ကျင့်လျှင် ချမ်းသာ (အလယ်၏ ကောင်းခြင်း),၁၄၂
ကျင့်ပြီးခါလည်း လွန်စွာငြိမ်းချမ်း (အဆုံး၏ ကောင်းခြင်း),၁၄၃
အကြိတ်အနယ်ခံနိုင်သော တရားဖြစ်ခြင်း,၁၄၅
(၂) သန္ဒိဋ္ဌိကဂုဏ်တော်,၁၄၆
ကိုယ်တိုင်သိမြင်နိုင်သော တရားဖြစ်ခြင်း,၁၄၇
ကိုယ်တိုင်တရားမမြင်လျှင် ဘုရားရှင်အပေါ် သံသယဝင်,၁၄၈
တရားမြင်၍ တရားရှင်ဘုရားအပေါ် အကြွင်းမဲ့ ယုံကြည်လေးစားခြင်း,၁၄၉
(၃) အကာလိကဂုဏ်တော်,၁၅ဝ
အကောင်းဆုံး အကျိုးရ၍ အမြန်ဆုံး အကျိုးပေးသော တရားတော်,၁၅၁
လက်ငင်း အကျိုးရနိုင်သော “အကာလိက” တရားများ,၁၅၁
(၄) ဧဟိပဿိက ဂုဏ်တော်,၁၅၂
တကယ်ရှိ၍ အဟုတ်စင်ကြယ်သောတရားဖြစ်တော်မူခြင်း,၁၅၂
ဖိတ်ခေါ်ထိုက်၍ ဖိတ်ခေါ်တော်မူခြင်း,၁၅၄
“ဧဟိပဿိက” ဂုဏ်ထူး ရထိုက်သော တရားများ,၁၅၅
ကိုးကွယ်ရာမှ ဘေးမဖြစ်အောင် သတိပြုသင့်ကြောင်း,၁၅၆
(၅) သြပနေယျက ဂုဏ်တော်,၁၅၆
စိတ်ထဲ၌ ကပ်၍ ဆောင်ထိုက်သော တရားဖြစ်ခြင်း,၁၅၈
အသက်ကို ပဓာနမထားဘဲ မဂ်ဖိုလ်တရားအလေးထားခဲ့သော တိဿမထေရ်အကြောင်း,၁၅၉
“ဩပနေယျက” ဂုဏ်ထူး ရထိုက်သော တရားများ,၁၆၀


အကြောင်းအရာ,စာမျက်နှာ

(၆) ပစ္စတ္တံဝေဒိတဗ္ဗ ဂုဏ်တော်,၁၆၁
ကိုယ်ပိုင်အစစ်တရားတော် ဖြစ်ခြင်း,၁၆၁
အဖော်မလို တစ်ဦးချင်း ခံစားနိုင်,၁၆၂
ကလေးများပင် တွေ့မြင်နိုင်သောတရား,၁၆၃
လှည့်စား၍ မရနိုင်တော့ခြင်း,၁၆၅
တရားအလှူ တရားပူဇော်နည်း,၁၆၇
တရားတော်ကို ဘုရားရှင်ကိုယ်တိုင် ပူဇော်တော်မူခဲ့ခြင်း,၁၆၈
ဘုရားရှင်ကိုယ်စား တရားတော်များအပေါ် အလေးထား ပူဇော်သင့်ခြင်း,၁၇၀
တရားတော်၏ အကျိုးရ သာဓကများ,
တရားတော်အလှူ၏ မြင့်မြတ်ပုံအကြောင်း,၁၇၁
တရားတော်နာရ၍ သောကအပူမီးများ ငြိမ်းပျောက်ရသော မင်းတစ်ပါး,၁၇၂
တရားတော်နာရ၍ နတ်သားဖြစ်ရသော ဖားတစ်ကောင် အကြောင်း,၁၇၄
သံဃာ့ဂုဏ်တော်ကိုးပါး,၁၇၆
(၁) သုပ္ပဋိပန္နဂုဏ်တော်,၁၇၇
ကောင်းစွာ ကျင့်တော်မူခြင်း,၁၇၇
ဘုရားရှင်၏ အမိန့်တော်ကို လွန်ဆန်တော်မမူခြင်း,၁၈၀
(၂) ဥဇုပ္ပဋိပန္နဂုဏ်တော်,၁၈၁
လမ်းဖြောင့်လမ်းမှန်အတိုင်း ကျင့်တော်မူခြင်း,၁၈၂
ရိုးသားဖြောင့်မတ်စွာ ကျင့်တော်မူခြင်း,၁၈၃
မရိုးမသား ကျင့်သူများအကြောင်း,၁၈၃
အိုးစရည်းရဟန္တာ,၁၈၄
ညောင်မြစ်ရဟန္တာ,၁၈၄
ဥဇုပ္ပဋိပန္နဂုဏ်ကို အာရုံပြုကာ ရိုးရိုးကျင့်သူဖြစ်ပါစေ,၁၈၄


အကြောင်းအရာ,စာမျက်နှာ

(၃) ဉာယပ္ပဋိပန္နဂုဏ်တော်,၁၈၅
နိဗ္ဗာန်ရရေးကို ဦးစားပေးကျင့်တော်မူခြင်း,၁၈၅
နိဗ္ဗာန်ရလိုရေးကြောင့် မီးဘေးကို မရှောင် အလောင်ခံတော်မူခဲ့သော ရဟန်းတော်တစ်ပါး,၁၈၆
ဉာယပ္ပဋိပန္နဂုဏ်တော်ကို အာရုံပြုကာ နိဗ္ဗာန်ကို သိမြင်နိုင်အောင် ကြိုးစားပါ,၁၈၇
(၄) သာမီစိပ္ပဋိပန္နဂုဏ်တော်,၁၈၇
ရိုသေလေးစားမှုနှင့် ထိုက်တန်အောင် ကျင့်တော်မူသော “အယျမိတ္တမထေရ်” အကြောင်း,၁၈၇
ဘာဝနာပွား၍ ဆွမ်းကို အကျိုးရှိအောင်စားခြင်း,၁၈၉
“သာမိစိပ္ပဋိပန္န” ဂုဏ်တော်ကို အာရုံပြုကာ ရိုသေစွာ ကျင့်ပါ,၁၉၀
(၅) အာဟုနေယျဂုဏ်တော်,၁၉၁
သာသနာပ ဒါနထက် သာသနာတွင်း ဒါနက အဆရာလွန်ကဲ,၁၉၁
သမီးမရွေးဘဲ ဆွမ်းအလှူပေးခဲ့သော “မဟာတိဿ” ထင်းရောင်းသမားအကြောင်း,၁၉၂
ရပ်ဝေးမှရိက္ခာထုပ်ဖြင့် လာရောက်ဖူးမြော်ထိုက်ခြင်း,၁၉၃
ပညာရှိသူတော်စင်တို့၏ထုံးကို နှလုံးမူကာ ကြိုးစားပါ,၁၉၄
(၆) ပါဟုနေယျဂုဏ်တော်,၁၉၄
ဦးစားပေး ဧည့်ဝတ်ပြုရမည့် ကမ္ဘာ့ဧည့်သည်တော်ကြီးများ,၁၉၅
ရဟန်းသံဃာ အိမ်ကြွလာ များစွာလာဘ်ကောင်းမှန်,၁၉၆
အရောဝင်လွန်းလျှင် မကောင်း,၁၉၇
(၇) ဒက္ခိဏေယျဂုဏ်တော်,၁၉၈
မြတ်သောအလှူကို ခံတော်မူထိုက်ခြင်း,၁၉၈
အတ္တကျိုးနှင့် ပရကျိုး အလှူနှစ်မျိုး,၁၉၉
ပေးကားပေး၏ မရဖြစ်ခြင်း,၂၀၁
အလှူရဲသော်လည်း မဲ့သူမရှိနိုင်ကြောင်း,၂၀၂


အကြောင်းအရာ,စာမျက်နှာ

(ဂ) အဉ္စလိကရဏီယဂုဏ်တော်,၂၀၃
ရှိခိုးခံထိုက်သူတို့အား ရှိခိုးခြင်း,၂၀၃
ရှိခိုးခံထိုက်သူ မဟုတ်ဘဲ ရှိခိုးခံခြင်း,၂၀၅
ရှိခိုးခြင်းကြောင့် လက်ငင်းရသော အကျိုးများ,၂၀၆
(၉) အနုတ္တရပုညက္ခေတ္တဂုဏ်တော်,၂၀၈
လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူခြင်း,၂၀၈
ရွာဦးကျောင်းဘုန်းကြီးရှိ၍ အကျိုးရပုံအကြောင်း,၂၀၉
ညောင်စေ့လောက်လှူ၍ ညောင်ပင်ကြီးလောက်အကျိုးရ,၂၁၀
ကျွန်ဘဝမှ လွတ်မြောက်၍ သဌေးဘဝရောက်လာသော သဌေးကြီး ပုဏ္ဏအကြောင်း,၂၁၁
သံဃာ့ဂုဏ်တော်ကိုးပါးနှင့် လေးစုံ ရှစ်ပါး အရိယာသံဃာတော်များ,၂၁၂
မဂ်ပုဂ္ဂိုလ် ၄-မျိုးနှင့် ဖိုလ်ပုဂ္ဂိုလ် ၄-မျိုး,၂၁၂
ပရမတ္ထသံဃာနှင့် သမ္မုတိသံဃာ,၂၁၃
ဘုရားရှင်ကိုယ်တော်စား သာသနာပြုပုဂ္ဂိုလ်များ,၂၁၄
သာသနာတော် အရှည်ခံ့၍ တည်တံ့ရေးအတွက် သံဃာတော်အား အလေးထားသင့်ပုံ,၂၁၆
ရတနာသုံးပါး ဂုဏ်တော်များ ရွတ်ဖတ်ပွားများကျိုး,၂၁၈
အခန်း (၆),
ဆုတောင်းခြင်းနှင့် အမျှဝေခြင်း,၂၂၁
ဆုတောင်းခြင်းအကြောင်း,၂၂၁
သေသူကို နတ်ပြည်ရောက်အောင် ဆုတောင်းပေး၍ ရနိုင်ပါသလော,၂၂၃
တောင်းသောဆုနှင့် တန်အောင် ပြုရမည်,၂၂၅
ဘုရားမကြိုက်သည့် အဓိဋ္ဌာန်ဆုကို တောင်းခဲ့သော လူသားစား ပေါရိသာဒ,၂၂၆
ဘတပြန် ကျားတပြန် သတ်ရန် ဆုကိုတောင်းခဲ့ကြသော မယားကြီး မယားငယ်,၂၂၈
ဆုတောင်းနှစ်မျိုး,၂၂၉


အကြောင်းအရာ,စာမျက်နှာ

(၁) ဝဋနိဿိတဆုတောင်း,၂၂၈
(၂) ဝိဝဋ္ဋနိဿိတဆုတောင်း,၂၂၉
ဝဋ္ဋ ဝိဝဋ္ဋ နှစ်မျိုးရောဆုတောင်း,၂၃၀
ဝဋ္ဋ ဝိဝဋ္ဋဆုတောင်း လင်္ကာကြီး,၂၃၀
ဝဋ္ဋ, ဝိဝဋ္ဋ “သော” ငါးချက် ဆုတောင်း,၂၃၁
အမျှဝေခြင်းအကြောင်း,၂၃၃
အမျှရ၍ ပြိတ္တာဘဝမှ လွတ်မြောက်ကြရသော ပြိတ္တာနှစ်သောင်းလေးထောင်,၂၃၄
ရေစက်ချခြင်းအကြောင်း,၂၃၆
မြန်မာသက်သက်ရေစက်ချစာတမ်း,၂၃၈
အပိုင်း ( ၂ ),
အခန်း ( ၇ ),
ဘုရားဖြစ်ရန် ပါရမီတော်ဖြည့်ကျင့်ခြင်း,၂၄၁
အသင်္ချေနှစ်ဆယ်,၂၄၂
၁။ ဂဏနအသင်္ချေ,၂၄၂
၂။ အနုမာနအသင်္ချေ,၂၄၃
၃။ ကပ္ပအသင်္ချေ,၂၄၄
(က) မဟာကပ်,၂၄၆
(ခ) အန္တရကပ်,၂၄၆
(ဂ) အသင်္ချေယျကပ် ၄-ပါး,၂၄၇
(၁) သံဝဋ္ဋကပ်,၂၄၇
ရေဖျက်သောကမ္ဘာ,၂၄၇
လေဖျက်သောကမ္ဘာ,၂၄၇


အကြောင်းအရာ,စာမျက်နှာ

(၂) သံဝဋ္ဋဋ္ဌာယီကပ်,၂၄၇
(၃) ဝိဝဋ္ဋကပ်,၂၄၇
(၄) ဝိဝဋ္ဌာယီကပ်,၂၄၈
(ဃ) မဟာကပ်ကမ္ဘာ,၂၄၉
(င) ဗုဒ္ဓအသင်္ချေ,၂၄၉
ကမ္ဘာ ၆-မျိုး,၂၅၀
လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းရေတွက်ပုံ,၂၅၂
နိယတဗျာဒိတ်ခံယူခြင်း,၂၅၄
ဘုရားလောင်း ၃-မျိုး,၂၅၄
နိယတဗျာဒိတ် ခံယူထိုက်သော အင်္ဂါ ၈-ပါး,၂၅၅
ရှင်းလင်းချက်,၂၅၅
ပါရမီ ၁၀-ပါး,၂၅၇
သုမေဓာရှင်ရသေ့နိယတဗျာဒိတ်ခံယူခြင်း,၂၅၉
ပါရမီ ၁၀-ပါး အပြား ၃၀,၂၆၀
၁။ ဒါနပါရမီ ဖြည့်ကျင့်ခြင်း,၂၆၁
၂။ သီလပါရမီ ဖြည့်ကျင့်ခြင်း,၂၆၁
၃။ နေက္ခမ္မပါရမီ ဖြည့်ကျင့်ခြင်း,၂၆၁
၄။ ပညာပါရမီ ဖြည့်ကျင့်ခြင်း,၂၆၂
၅။ ဝီရိယပါရမီ ဖြည့်ကျင့်ခြင်း,၂၆၂
၆။ ခန္တီပါရမီ ဖြည့်ကျင့်ခြင်း,၂၆၃
၇။ သစ္စာပါရမီ ဖြည့်ကျင့်ခြင်း,၂၆၄
၈။ အဓိဋ္ဌာနပါရမီ ဖြည့်ကျင့်ခြင်း,၂၆၅
၉။ မေတ္တာပါရမီ ဖြည့်ကျင့်ခြင်း,၂၆၅
၁၀။ ဥပေက္ခာပါရမီ ဖြည့်ကျင့်ခြင်း,၂၆၆
ဘဝဆက်တိုင်း ပါရမီစုံလင်စွာ ဖြည့်ကျင့်ခြင်း,၂၆၇
စွန့်ခြင်းကြီး ၅-ပါး,၂၆၇
စရိယ ၃-ပါး,၂၆၈


အကြောင်းအရာ,စာမျက်နှာ

အခန်း ( ၈ ),
နှစ်ကျိပ်လေးဆူသော ဘုရားများထံ၌ ဗျာဒိတ်ခံယူခြင်း,၂၇၀
၁။ ဒီပင်္ကရာ မြတ်စွာဘုရား,၂၇၀
၂။ ကောဏ္ဍည မြတ်စွာဘုရား,၂၇၀
၃။ မင်္ဂလ မြတ်စွာဘုရား,၂၇၀
၄။ သုမန မြတ်စွာဘုရား,၂၇၁
၅။ ရေဝတ မြတ်စွာဘုရား,၂၇၁
၆။ သောဘိတ မြတ်စွာဘုရား,၂၇၁
၇။ အနောမဒဿီ မြတ်စွာဘုရား,၂၇၁
၈။ ပဒုမ မြတ်စွာဘုရား,၂၇၂
၉။ နာရဒ မြတ်စွာဘုရား,၂၇၂
၁၀။ ပဒုမုတ္တရ မြတ်စွာဘုရား,၂၇၃
၁၁။ သုမေဓာ မြတ်စွာဘုရား,၂၇၃
၁၂။ သုဇာတ မြတ်စွာဘုရား,၂၇၃
၁၃။ ပိယဒဿီ မြတ်စွာဘုရား,၂၇၃
၁၄။ အတ္ထဒဿီ မြတ်စွာဘုရား,၂၇၄
၁၅။ ဓမ္မဒဿီ မြတ်စွာဘုရား,၂၇၄
၁၆။ သိဒ္ဓတ္ထ မြတ်စွာဘုရား,၂၇၄
၁၇။ တိဿ မြတ်စွာဘုရား,၂၇၄
၁၈။ ဖုဿ မြတ်စွာဘုရား,၂၇၅
၁၉။ ဝိပဿီ မြတ်စွာဘုရား,၂၇၅
၂၀။ သိခီ မြတ်စွာဘုရား,၂၇၅
၂၁။ ဝေဿဘူ မြတ်စွာဘုရား,၂၇၅
၂၂။ ကကုသန္ဓ မြတ်စွာဘုရား,၂၇၆
၂၃။ ကောဏာဂမန မြတ်စွာဘုရား,၂၇၆
၂၄။ ကဿပ မြတ်စွာဘုရား,၂၇၆


အကြောင်းအရာ,စာမျက်နှာ

အပိုင်း ( ၃ ),
အခန်း ( ၉ ),
ဒါနပြုရန် တိုက်တွန်းခြင်း,၂၇၇
ပေးကမ်းခြင်းအောင်စေရာ,၂၇၇
မေတ္တာ၏ ရုပ်သွင်,၂၇၈
ဒါနပြုရန် ခက်ခဲခြင်း,၂၇၉
ဒါနကို လေ့ကျင့်ခြင်း,၂၇၉
မိမိကိုယ်တိုင် လေ့ကျင့်ခြင်း,၂၈၀
အိမ်တွင်းဒါန,၂၈၁
အလှူခံရဲပါစေ,၂၈၂
ဒါန၏ အမည်ခွဲများ,၂၈၂
အခန်း ( ၁၀ ),
ဒါနအဓိပ္ပါယ်ဖွင့်ဆိုခြင်း,၂၈၃
ကျမ်းဂန်လာ ဒါန၏ ဥပမာများ,၂၈၄
ဒါန၏ လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်,၂၈၅
ဒါနသည် ပုဂ္ဂိုလ်တိုင်းအတွက် အရေးကြီး,၂၈၆
ဒါနအတွက် အခက် ၄-ပါး,၂၈၆
ပေးလှူလိုသည့်စိတ်ကို ဟန့်တားတတ်သည့် တရားများ,၂၈၇
မလှူဒါန်းနိုင်ခြင်း အကြောင်းရင်း,၂၈၇
အငတ်ဘေးကြောက်သူ များများလှူ,၂၈၇
ဒါနမြောက်အောင် အလှူရှင်များ ဆင်ခြင်ဖွယ်,၂၉၀


အကြောင်းအရာ,စာမျက်နှာ

အခန်း ( ၁၁ ),
ဒါနအမျိုးမျိုး,၂၉၂
နှစ်ပါးတဲ့ဒါနစုများ,
အာမိသဒါန၊ ဓမ္မဒါန,၂၉၃
အဇ္ဈတ္တိကဒါန၊ ဗာဟိရဒါန,၂၉၃
ဝတ္ထုဒါန၊ အဘယဒါန,၂၉၃
ဝဋ္ဋနိဿိတဒါန၊ ဝိဝဋ္ဋနိဿိတဒါန,၂၉၃
သာဝဇ္ဇဒါန၊ အနဝဇ္ဇဒါန,၂၉၄
သာဟတ္ထိကဒါန၊ အာဏတ္တိကဒါန,၂၉၄
သက္ကစ္စဒါန၊ အသက္ကစ္စဒါန,၂၉၄
ဉာဏသမ္ပယုတ္တဒါန၊ ဉာဏဝိပ္ပယုတ္တဒါန,၂၉၅
သသင်္ခါရိကဒါန၊ အသင်္ခါရိကဒါန,၂၉၅
သောမနဿဒါန၊ ဥပေက္ခာဒါန,၂၉၅
ဓမ္မိယဒါန၊ အဓမ္မိယဒါန,၂၉၅
ဒါသဒါန၊ ဘုဇိဿဒါန,၂၉၅
ထာဝရဒါန၊ အထာဝရဒါန,၂၉၅
သပရိဝါရဒါန၊ အပရိဝါရဒါန,၂၉၆
နိဗဒ္ဓဒါန၊ အနိဗဒ္ဓဒါန,၂၉၆
ပရာမဋ္ဌဒါန၊ အပရာမဋ္ဌဒါန,၂၉၆
ဥစ္ဆိဋ္ဌဒါန၊ အနုစ္ဆိဋ္ဌဒါန,၂၉၆
သဇီဝဒါန၊ အစ္စယဒါန,၂၉၆
ပုဂ္ဂလိကဒါန၊ သံဃိကဒါန,၂၉၇
ကာလဒါန၊ အကာလဒါန,၂၉၇
ပစ္စက္ခဒါန၊ အပစ္စက္ခဒါန,၂၉၇
သဒိသဒါန၊ အသဒိသဒါန,၂၉၈
သုံးပါးတဲ့ဒါနစုများ,
ဣဏပယောဇနဒါန၊ ဣမောက္ခဒါန၊ နိဒါန,၂၉၈
ဟီနဒါန၊ မဇ္ဈိမဒါန၊ ပဏီတဒါန,၂၉၉
ဒါနဒါသ၊ ဒါနသဟာယ၊ ဒါနသာမိ,၂၉၉
ဒုက္ကရဒါန၊ မဟာဒါန၊ သာမညဒါန,၃၀၀


အကြောင်းအရာ,စာမျက်နှာ

ဓမ္မိက ဒါန ၃-ပါး,၃၀၁
လေးပါးတဲ့ ဒါနစုများ,၃၀၁
ငါးပါးတဲ့ဒါနစုများ,
ကာလဒါနငါးပါး,၃၀၂
အသပ္ပုရိသဒါန ငါးပါး (သူတော်ကောင်း မဟုတ်သူတို့၏ လှူခြင်းငါးမျိုး),၃၀၂
သပ္ပုရိသဒါနငါးပါး (သူတော်ကောင်းတို့၏ လှူခြင်းငါးမျိုး),၃၀၃
(တနည်း) သပ္ပုရိသဒါနငါးပါး,၃၀၃
ယင်းဒါနငါးမျိုး၏ အကျိုးတရားများ,၃၀၄
မဟာဒါန ငါးပါး,၃၀၆
ခြောက်ပါးတဲ့ဒါနစုများ,
အချိန်မရွေး ကုသိုလ်တိုးသော အလှူ ၆ မျိုး,၃၀၇
ခုနစ်ပါးတဲ့ ဒါနစုများ,၃၀၇
ရှစ်ပါးတဲ့ဒါနစုများ,
သပ္ပုရိသဒါန ၈-ပါး,၃၀၉
(တနည်း) ဒါန ၈-ပါး,၃၁၀
အသပ္ပုရိသဒါန ၈-ပါး,၃၁၀
ကိုးပါးတဲ့ဒါနစုများ,
အဓမ္မိကဒါန ၉-ပါးနှင့် စပ်၍ မှတ်သားဖွယ် အချက်များ,၃၁၂
ဆယ်ပါးတဲ့ဒါနစုများ,
အပါယ်ချမည့် ဒါန ၁၀-မျိုး,၃၁၄
အလှူခံတစ်ကျိပ်လေး,၃၁၅
အခန်း (၁၂),
ဒါနအကျိုးတရားများ,၃၁၈
သောတာပန်ပမာ လားရာဂတိမြဲစေနိုင်သည့် အလှူဒါနများ,၃၁၉
ဆုတောင်း၍ လှူရန်,၃၁၉
ဒါန၏ မျက်မှောက်အကျိုး ငါးပါး,၃၂၀
သင်္ကန်းလှူရကျိုး,၃၂၀


အကြောင်းအရာ,စာမျက်နှာ

ထင်ရှားသော သင်္ကန်းအလှူရှင်များ,၃၂၀
ဆွမ်းလှူရကျိုး,၃၂၂
ထင်ရှားသော ဆွမ်းအလှူရှင်များ,၃၂၂
ကျောင်းလှူရကျိုး,၃၂၃
ထင်ရှားသော ဇရပ်၊ တန်ဆောင်း၊ ကျောင်းအလှူရှင်များ,၂၂၆
ဆေးလှူရကျိုး,၃၂၇
ထင်ရှားသော ဆေးအလှူရှင်များ,၃၂၈
အလှူဒါနအမျိုးမျိုး၏ အကျိုးတရားများ,
ဆွမ်းလှူရကျိုး ၄-ပါး,၃၂၈
ဆွမ်းလှူရကျိုး ၅ ပါး,၃၂၉
ထီးလှူရကျိုး ၈-ပါး,၃၂၉
အဝတ်ပုဆိုးလှူရကျိုး ၆-ပါး,၃၂၉
ပဲက္ခပ်လှူရကျိုး ၇-ပါး,၃၃၀
သပိတ်လှူရကျိုး ၈-ပါး,၃၃၀
ဓားငယ်လှူရကျိုး ၅-ပါး,၃၃၁
ခါးပန်းကြိုးလှူရကျိုး ၆-ပါး,၃၃၁
သပိတ်ခြေလှူရကျိုး ၅-ပါး,၃၃၁
အိုးလှူရကျိုး ၇-ပါး,၃၃၂
ခွက်လှူရကျိုး ၂-ပါး,၃၃၂
ဖိနပ်လှူရကျိုး ၄-ပါး,၃၃၂
လက်သည်းလှီးဓားလှူရကျိုး ၅ ပါး,၃၃၂
အပ်လှူရကျိုး ၇-ပါး,၃၃၃
နှီး၊ ထန်းရွက်ယပ်တောင် လှူရကျိုး ၃-ပါး,၃၃၃
ဓမ္မကရိုဏ်ရေစစ်လှူရကျိုး ၄-ပါး,၃၃၃
ဆီကျည်တောက်၊ ဆီဘူးလှူရကျိုး ၅-ပါး,၃၃၄
အပ်ကျည်အပ်ဘူးလှူရကျိုး ၃-ပါး,၃၃၄
ပခုံးလွယ်ကြိုး (အံသကိုဋ်) လှူရကျိုး ၃-ပါး,၃၃၄
သော့လှူရကျိုး ၁-ပါး,၃၃၄
ခြေနင်းလှူရကျိုး ၁-ပါး,၃၃၅
ရေသုတ်ပဝါလှူရကျိုး ၆-ပါး,၃၃၅
တောင်ဝှေးလှူရကျိုး ၆-ပါး,၃၃၅
မျက်စဉ်းရကျိုး ၈-ပါး,၃၃၅


အကြောင်းအရာ,စာမျက်နှာ

သော့အိမ်၊ သော့ခလောက် လှူရကျိုး ၂-ပါး,၃၃၆
အာယောဂပတ် လှူရကျိုး ၅-ပါး,၃၃၆
ဆေးလိပ်၊ ဆေးတံ လှူရကျိုး ၃-ပါး,၃၃၆
ဆီမီးတိုင် လှူရကျိုး ၃-ပါး,၃၃၆
ဘူးနှင့် ကြုတ် လှူရကျိုး ၁၁-ပါး,၃၃၇
လက်သုတ်ပဝါ လှူရကျိုး ၅-ပါး,၃၃၇
သင်တုန်းဓား လှူရကျိုး ၁-ပါး,၃၃၇
မွှေးညှပ် လှူရကျိုး ၁-ပါး,၃၃၇
နှာနှပ်တံ လှူရကျိုး ၈-ပါး,၃၃၇
အင်းပျဉ် လှူရကျိုး ၅ ပါး,၃၃၈
ဘုံလျှို၊ မွေ့ရာလှူရကျိုး ၆-ပါး,၃၃၉
ခေါင်းအုံး လှူရကျိုး ၆-ပါး,၃၃၉
ပျဉ်ချပ်၊ အင်းပျဉ် လှူရကျိုး ၂-ပါး,၃၃၉
ခြေဆေးအင်းပျဉ် လှူရကျိုး ၂-ပါး,၃၄၀
ခြေနယ်ဆီ လှူရကျိုး ၅-ပါး,၃၄၀
ထောပတ်ဆီ လှူရကျိုး ၅-ပါး,၃၄၀
သွားတိုက်ဆေး လှူရကျိုး ၅-ပါး,၃၄၀
နို့ဓမ်း လှူရကျိုး ၂-ပါး,၃၄၁
ပျားရည် လှူရကျိုး ၁-ပါး,၃၄၁
အရသာရှိသော အာဟာရ လှူရကျိုး ၁-ပါး,၃၄၁
ထမင်းအဖျော် လှူရကျိုး ၁၀-ပါး,၃၄၁
အမွှေးတိုင် အခိုးအလျှံ လှူရကျိုး ၁၀-ပါး,၃၄၁
တံတား လှူရကျိုး ၁၀-ပါး,၃၄၂
ယာဂု လှူရကျိုး ၁၀-ပါး,၃၄၂
ယာဂု လှူရကျိုး ၅-ပါး (တနည်း),၃၄၃
ဒါနပြုသူ မပြုသူတို့ ကွာခြားပုံ,၃၄၃
ထူးကဲသာလွန်ပုံ,၃၄၄
ရေအကျိုး (၁၀) ပါး ရေလှူရကျိုး,၃၄၄(က)
ထင်ရှားသော ရေအလှူရှင်များ,၃၄၄(ခ)


အကြောင်းအရာ,စာမျက်နှာ

အခန်း (၁၃),
ဒါနစေတနာသုံးတန်,၃၄၅
ပုဗ္ဗစေတနာ,၃၄၅
မုဉ္စစေတနာ,၃၄၆
အပရစေတနာ,၃၄၇
စေတနာသုံးတန် ညီညွတ်ခြင်း၏ လက်ငင်းအကျိုး,၃၄၇
စေတနာသုံးတန် ပျက်ပြယ်လျှင် ဆက်နွယ်လာမည့် အပြစ်များ,၃၄၈
ဒွိဟိတ်၊ တိဟိတ် ကုသိုလ်ခွဲခြားပုံ,၃၅၀
ဒွိဟိတ်ကုသိုလ်စိတ်,၃၅၀
တိဟိတ်ကုသိုလ်စိတ်,၃၅၁
ဥက္ကဋ္ဌ၊ ဩမက ခွဲခြားပုံ,၃၅၁
အခန်း (၁၄),
အလှူခံပုဂ္ဂိုလ်ရွေးချယ်နည်း,၃၅၂
အလှူခံရွေးချယ်မှုနှင့် စပ်၍ ဝါဒအမျိုးမျိုး,၃၅၃
အလှူခံပုဂ္ဂိုလ် ရွေးချယ်ရန် အရေးကြီးပုံ,၃၅၄
သံဃာသည် ဒုဿီလမဟုတ်,၃၅၅
သံဃိကဒါနမြောက်အောင် နှလုံးသွင်းပုံ,၃၅၆
မလွယ်ကူပုံ,၃၅၇
ကျောင်းဒါယကာတစ်ဦး၏ ဝတ္ထု,၃၅၇
အခန်း (၁၅),
ဒါနအရာ စံထားထိုက်သည့် ဝတ္ထုသာဓကများ,၃၅၈
လှူဒါန်းပေးကမ်းမှုအရာ စံထားရမည့် အနာထပိဏ်သူဌေးကြီး,၃၅၈
အနာထပိဏ် အမည်ရခြင်း,၃၅၈
ပါရမီဘုန်းကံနှင့် လာသောသူ,၃၅၉
ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှောက်ခံရခြင်း,၃၅၉
လှူဒါန်းပေးကမ်းမှုအရာ စံထားရမည့် ဝိသာခါကျောင်းအမကြီး,၃၆၀
ပဒုမုတ္တရဘုရားရှင်ထံ ဆုထူးပန်,၃၆၀


အကြောင်းအရာ,စာမျက်နှာ

ကိကီမင်းကြီး၏ သမီးထွေးဘဝ,၃၆၁
နောက်ဆုံးဘဝ ဝိသာခါဖြစ်လာခြင်း,၃၆၁
ဝိသာခါသာဝတ္ထိမြို့ဝင်ပုံ,၃၆၁
ပုဗ္ဗာရုံကျောင်း ဆောက်လုပ်လှူဒါန်းခြင်း,၃၆၂
ကျောင်းရေစက်ချပွဲကြီး ၄-လကြာ ကျင်းပခြင်း,၃၆၃
ဧတဒဂ်ဘွဲ့ထူး ချီးမြှင့်ခံရခြင်း,၃၆၃
အလှူခံပုဂ္ဂိုလ်မရွေးလျှင် ဒါနအထမြောက်နိုင်,၃၆၄
အလှူခံပုဂ္ဂိုလ် ရွေးချယ်ခြင်း,၃၆၆
အပိုင်း ( ၄ ),
အခန်း ( ၁၆ ),
သီလစောင့်ထိန်းခြင်း,၃၆၉
သီလ၏ အဓိပ္ပါယ်,၃၆၉
ကောင်းစွာ ထားရှိခြင်း,၃၆၉
ကောင်းစွာ လုပ်ဆောင်ခြင်း,၃၇၀
သီလ၏ တရားကိုယ်,၃၇၁
အနဘိဇ္ဈာ၊ အဗျာပါဒ၊ သမ္မာဒိဋ္ဌိသီလ,၃၇၁
စေတနာသီလ,၃၇၂
ဝိရတီသီလ,၃၇၃
သံဝရသီလ,၃၇၃
အဝီတိက္ကမသီလ,၃၇၃
ဝိရတီ ၃-မျိုး,၃၇၄
သမာဒါနဝိရတီ,၃၇၄
သမ္ပတ္တဝိရတီ,၃၇၅
သမုစ္ဆေဒဝိရတီ,၃၇၅
ပဟာန် ၄-ပါး,၃၇၆
တဒင်္ဂပဟာန်,၃၇၆
ဝိက္ခမ္ဘနပဟာန်,၃၇၆
သမုစ္ဆေဒပဟာန်,၃၇၆
ပဋိပဿမ္ဘနပဟာန်,၃၇၆


အကြောင်းအရာ,စာမျက်နှာ

သီလ၏ အကြောင်း,၃၇၇
သီလရနံ့ ကြိုင်သင်းပျံ့,၃၇၇
သိကြားမင်းက ရှိခိုးရသူ,၃၇၈
စာရိတ္တနှင့် ဝါရိတ္တ (ဆောင်ရန်နှင့် ရှောင်ရန်),၃၇၈
စာရိတ္တသီလ (ဆောင်ရန်),၃၇၉
ဝါရိတ္တသီလ (ရှောင်ရန်),၃၇၉
ငါးပါးသီလ,၃၈၀
သီလခံယူတည်ဆောက်ပုံ,၃၈၁
သိက္ခာပုဒ် တစ်ခုချင်း ဆောက်တည်ပုံ,၃၈၂
တပေါင်းတည်း ဆောက်တည်ပုံ,၃၈၂
ငါးပါးသီလဆောက်တည်ပုံ,၃၈၃
ပါဏာတိပါတအဖွင့်,၃၈၄
အပြစ်ကြီးမှု အပြစ်ငယ်မှု,၃၈၅
ကံကြီးငါးပါး (ပဉ္စာနန္တရိယကံ),၃၈၅
မှတ်ချက်,၃၈၆
ပါဏာတိပါတ၏ အပြစ်များ,၃၈၈
ပါဏာတိပါတ၏ အထူးမှတ်ဖွယ်,၃၈၉
မှတ်ရန်လင်္ကာ,၃၉၂
စုန္ဒဝက်ထိုးသမား,၃၉၂
နန္ဒနွားသတ်သမား,၃၉၂
ဓမ္မဒိန္နာ,၃၉၃
ပုတိဂတ္တထေရ်,၃၉၃
မဏ္ဍဗျရသေ့,၃၉၃
အဘသတ်သော အဇာတသတ်မင်း,၃၉၃
ဒေဝဒတ်,၃၉၃
နာဠိကေရမင်း,၃၉၃
ရှင်မောဂ္ဂလ္လာန်,၃၉၄
ကလာဗုမင်း,၃၉၄
ပါဏာတိပါတမှ ရှောင်ကြဉ်ခြင်း၏အကျိုး,၃၉၄


အကြောင်းအရာ,စာမျက်နှာ

အဒိန္နာဒါနအဖွင့်,၃၉၆
ခိုးခြင်း ၂၅-ပါး,၃၉၆
၁။ မတရားအမှုဆင်၍ ရယူခြင်း,၃၉၇
၂။ ကိုယ်တိုင် သယ်ယူနေစဉ် ခိုးခြင်း,၃၉၇
၃။ ငြင်းကွယ်၍ ခိုးခြင်း,၃၉၇
၄။ သယ်ဆောင်သူကို လမ်းကြောင်းပြောင်းစေခြင်း,၃၉၇
၅။ နေရာရွှေ့ပြောင်း၍ ခိုးခြင်း,၃၉၈
၆။ မတရားအမှုဆင်၍ ရယူခြင်း,၃၉၈
၇။ ကိုယ်တိုင် သယ်နေစဉ် ခိုးခြင်း,၃၉၈
၈။ ငြင်းကွယ်၍ ခိုးခြင်း,၃၉၈
၉။ သယ်ဆောင်သူကို လမ်းကြောင်းပြောင်းစေ၍ ခိုးခြင်း,၃၉၉
၁၀။ နေရာရွှေ့ပြောင်း၍ ခိုးခြင်း,၃၉၉
၁၁။ ကိုယ်တိုင် ခိုးခြင်း,၄၀၀
၁၂။ သူတပါးအား ခိုးစေခြင်း,၄၀၀
၁၃။ ကိုယ်လွတ်လက်လွတ် ခိုးခြင်း (ကိုယ်နှင့် ကင်းလွတ်အောင် ပြု၍ခိုးခြင်း),၄၀၁
၁၄။ ခိုးရန်အချိန်နှင့် နည်းလမ်းမသတ်မှတ်ဘဲ အခိုးခိုင်းခြင်း,၄၀၁
၁၅။ ပိုင်ရှင် လက်လျှော့အောင် ပြု၍ ခိုးခြင်း,၄၀၂
၁၆။ မခိုးမီက ခိုးမှုအထမြောက်ခြင်း,၄၀၂
၁၇။ ချက်ချင်း ခိုးမှုမြောက်ခြင်း,၄၀၂
၁၈။ တိုင်ပင်ညှိနှိုင်း၍ ခိုးခြင်း (ကြံရာပါ),၄၀၂
၁၉။ သတ်မှတ်၍ အခိုးခိုင်းခြင်း,၄၀၄
၂၀။ အချက်ပြ၍ အခိုးခိုင်းခြင်း,၄၀၄
၂၁။ မသိအောင် ခိုးခြင်း,၄၀၄
မြို့သားလူလည်နှင့် တောသားမုဆိုး ပုံဝတ္ထု,၄၀၅
၂၂။ အနိုင်အထက် လုယက်ယူခြင်း,၄၀၅
၂၃။ ရည်ရွယ်သတ်မှတ်၍ ခိုးခြင်း (သံသယစိတ်ဖြင့် ခိုးခြင်း),၄၀၆
၂၄။ ဖုံးဖိဝှက်ထား၍ ခိုးခြင်း,၄၀၇
၂၅။ စာအမှတ်တံဆိပ်ပြောင်းလဲ၍ ခိုးခြင်း,၄၀၇


အကြောင်းအရာ,စာမျက်နှာ

အပြစ်ကြီးမှု အပြစ်ငယ်မှု,၄၀၉
အဒိန္နာဒါန၏အပြစ်များ,၄၀၉
မှတ်ရန်လင်္ကာ,၄၀၉
သတ္တိသူဒနငရဲ,၄၀၉
ဈေးသည်မ ၄-ယောက်,၄၁၂
နတ်သမီးတစ်ဦး,၄၁၃
ခုပ္ပိပါသပြိတ္တာ,၄၁၃
ကာမေသုမိစ္ဆာစာရအဖွင့်,၄၁၄
ယောက်ျားများ ရှောင်ကြဉ်ရန်,၄၁၄
ကာမကျူးလွန်ခြင်း အင်္ဂါ ၄-ပါး,၄၁၅
ကာမကျူးလွန်ခြင်း၏ အပြစ်များ,၄၁၆
မှတ်ရန်လင်္ကာ,၄၁၇
ကာမဂုဏ်မှားယွင်းမှုအပြစ်များ,၄၁၇
ကာမဂုဏ်ဖောက်ပြားမှုမရှိသော ပုဂ္ဂိုလ်များ,၄၁၇
ဒု-သ-န-သော,၄၁၉
ဣသိဒါသိထေရီ,၄၁၉
အရှင်အာနန္ဒာအလောင်း,၄၂၀
အိမ်ထောင်စုံ ၄-မျိုး,၄၂၀
မုသာဝါဒအဖွင့်,၄၂၁
လူယုတ်မာတို့၏စကား ၈-ခွန်း,၄၂၃
မုသားအင်္ဂါ ၄-ပါး,၄၂၄
မုသာဝါဒ၏ အပြစ်များ,၄၂၅
မှတ်ရန်လင်္ကာ,၄၂၆
ရှင်ဒေဝဒတ်,၄၂၇
မုသားအစ စေတိယမင်းက,၄၂၈
စိဉ္စမာဏ,၄၂၈
တရားသူကြီး,၄၂၉
ဘုရားအလောင်းတော်များ မုသားဆို,၄၃၀


အကြောင်းအရာ,စာမျက်နှာ

သုရာမေရယ အဖွင့်,၄၃၀
သုရာငါးမျိုး မေရယ ငါးမျိုး,၄၃၁
သေရည်သေရက်သောက်မှုအမျိုးမျိုး,၄၃၁
ကံမြောက်မှုနှင့် မမြောက်မှု အယူအဆများ,၄၃၃
အကုသိုလ်ကံ မြောက်သည်ဟု ယူဆပုံ,၄၃၃
အကုသိုလ်ကံ မမြောက်ဟု ယူဆပုံ,၄၃၃
အရှင်ဇနကာဘိဝံသ၏ အယူအဆ,၄၃၄
ဒီပဲယင်းဆရာတော်၏ အယူအဆ,၄၃၄
သေစာသောက်ခြင်း အပြစ် ၆-ပါး,၄၃၄
စီးပွားပျက်ခြင်း,၄၃၄
ခိုက်ရန်များခြင်း,၄၃၄
ရောဂါဖြစ်ခြင်းအကြောင်း,၄၃၇
ကျော်စောသတင်း ကင်းမဲ့ခြင်း,၄၃၇
အရှက်အကြောက်ကင်းခြင်း,၄၃၇
အသိပညာနည်းအောင် ပြုခြင်း,၄၃၇
သုရာမေရယ၏ အပြစ်များ,၄၃၈
မှတ်ရန်လင်္ကာ,၄၃၈
အရက်သောက်ခြင်း၏ အပြစ်,၄၃၉
ငါးပါးသီလ စောင့်ထိန်းမှု အတုယူရန်,၄၄၂
ငါးပါးသီလ၏ အကျိုးကျေးဇူးများ,၄၄၄
ပဗ္ဗဇ္ဇသီလသမာဒါနိယထေရ်,၄၄၄
၁၇၁၀၀ လုလင်,၄၄၅
ပဉ္စသီလကို လွန်ကျူးရာ၌ အပြစ်ကို ပြခြင်း,၄၄၆
ဗြဟ္မစရိယငါးပါး သီလ (အပျိုစင် လူပျိုစင်တို့၏ ကျင့်စဉ်),၄၄၇
အဗြဟ္မစရိယ အဓိပ္ပာယ်,၄၄၈
ဥဒယဘဒ္ဒမင်းသားနှင့် မင်းသမီး,၄၄၉
ပိပ္ပလိလုလင်နှင့် ဘဒ္ဒါကာပိလာနီ,၄၄၉
ကိကီမင်းကြီး၏ သမီးတော် ၇-ယောက်,၄၄၉
ပုရာဏ ဥပါသကာ,၄၅၀
ဂဝေသိဥပါသကာ,၄၅၀


အကြောင်းအရာ,စာမျက်နှာ

ဥဂ္ဂသူကြွယ်,၄၅၀
နကုလမာတာနှင့် နကုလပိတာ,၄၅၀
သီလတောင်း,၄၅၀
ဗြဟ္မစရိယငါးပါးသီလ ခံယူဆောက်တည်ပုံ,၄၅၁
ဧကဘတ္တိကဆက္ကသီလ (ညစာမစား ၆-ပါးသီလ),၄၅၁
အခန်း (၁၇),
ရှစ်ပါးသီလ ဆောက်တည်ပုံ,၄၅၄
ရှစ်ပါးသီလ,၄၅၄
သီလခံယူပုံ,၄၅၄
ရှစ်ပါးသီလအနက်,၄၅၅
မြန်မာပြန်,၄၅၅
ဝိကာလဘောဇနအဖွင့်,၄၅၆
နေလွဲညစာ စားခြင်းမှ ရှောင်ကြဉ်ခြင်း,၄၅၇
လယ်လုပ်သားဥပုသ်သည်ဝတ္ထု,၄၅၇
ညစာ မစားခြင်းအကျိုး,၄၅၉
နစ္စဂီတ သိက္ခာပုဒ်အဖွင့်,၄၅၉
နစ္စ = ကခြင်း,၄၅၉
ဂီတ = သီဆိုခြင်း,၄၆၀
ဝါဒိတ = တီးမှုတ်ခြင်း,၄၆၀
ဝိသူကဒဿန = ဆန့်ကျင်ဘက်ကို ကြည့်ရှုခြင်း,၄၆၀
မာလာဓာရဏ = ပန်းပန်ခြင်း,၄၆၀
ဂန္ဓဓာရဏ = အမွှေးရနံ့ဆောင်ခြင်း,၄၆၁
ဂန္ဓဝိလေပနမဏ္ဍန = နံ့သာ၊ နံ့သာပျောင်းသုံးစွဲခြင်း,၄၆၁
မဏ္ဍန = အလှပြင်ခြင်း,၄၆၁
ဂန္ဓဝိလေပနဝိဘူသန,၄၆၁
ဝိဘူသန = တန်ဆာဆင်ခြင်း,၄၆၁
ဌာန = အကြောင်းတရား,၄၆၁
ဥစ္စာသယန မဟာသယနအဖွင့်,၄၆၁


အကြောင်းအရာ,စာမျက်နှာ

ဥပုသ်စောင့်ပုံ အစီအစဉ်,၄၆၂
ဥပုသ်စောင့်ပုံ,၄၆၂
ဥပုသ်စောင့်ခြင်းအကျိုး,၄၆၃
ဥပုသ်အမျိုးမျိုး,၄၆၄
ဂေါပါလနွားကျောင်းသား ဥပုသ်,၄၆၄
နိဂဏ္ဌတက္ကတွန်းဥပုသ်,၄၆၅
အရိယာဥပုသ်,၄၆၅
ဗြဟ္မဥပုသ်,၄၆၅
ဓမ္မဥပုသ်,၄၆၅
သံဃဥပုသ်,၄၆၅
သီလဥပုသ်,၄၆၆
သီလကျိုးခြင်း (မပေါက်၊ မပြောက်၊ မကျား),၄၆၆
နတ်ဥပုသ်,၄၆၆
နတ်တို့ကို သက်သေအရာထားပုံ,၄၆၇
အဋ္ဌင်္ဂိကဥပုသ်,၄၆၇
ပကတိဥပုသ်,၄၆၇
ပကတိဥပုသ်နေ့ ၄-ရက်,၄၆၇
ပကတိဥပုသ်နေ့ ၆-ရက်,၄၆၈
ပကတိဥပုသ်နေ့ ၈-ရက်,၄၆၈
ဥပုသ်ရက် (၂၀),၄၆၈
ပဋိဇာဂရ (အကြိုအပိုဥပုသ်),၄၆၉
ပါဋိဟာရိယဥပုသ် (နိဗဒ္ဓဥပုသ်),၄၆၉


အကြောင်းအရာ,စာမျက်နှာ

ဥဂ္ဂသူကြွယ်,၄၅၀
နကုလမာတာနှင့် နကုလပိတာ,၄၅၀
သီလတောင်း,၄၅၀
ဗြဟ္မစရိယငါးပါးသီလ ခံယူဆောက်တည်ပုံ,၄၅၁
ဧကဘတ္တိကဆက္ကသီလ (ညစာမစား ၆-ပါးသီလ),၄၅၁
အခန်း (၁၇),
ရှစ်ပါးသီလ,၄၅၄
သီလခံယူပုံ,၄၅၄
ရှစ်ပါးသီလ ဆောက်တည်ပုံ,၄၅၄
ရှစ်ပါးသီလအနက်,၄၅၅
မြန်မာပြန်,၄၅၅
ဝိကာလဘောဇနအဖွင့်,၄၅၆
နေလွဲညစာ စားခြင်းမှ ရှောင်ကြဉ်ခြင်း,၄၅၇
လယ်လုပ်သားဥပုသ်သည်ဝတ္ထု,၄၅၇
ညစာ မစားခြင်းအကျိုး,၄၅၉
နစ္စဂီတ သိက္ခာပုဒ်အဖွင့်,၄၅၉
နစ္စ = ကခြင်း,၄၅၉
ဂီတ = သီဆိုခြင်း,၄၅၉
ဝါဒိတ = တီးမှုတ်ခြင်း,၄၆၀
ဝိသူကဒဿန = ဆန့်ကျင်ဘက်ကို ကြည့်ရှုခြင်း,၄၆၀
မာလာဓာရဏ = ပန်းပန်ခြင်း,၄၆၀
ဂန္ဓဓာရဏ = အမွှေးရနံ့ဆောင်ခြင်း,၄၆၀
ဂန္ဓဝိလေပနမဏ္ဍန = နံ့သာ၊ နံ့သာပျောင်းသုံးစွဲခြင်း,၄၆၁
မဏ္ဍန = အလှပြင်ခြင်း,၄၆၁
ဂန္ဓဝိလေပနဝိဘူသန,၄၆၁
ဝိဘူသန = တန်ဆာဆင်ခြင်း,၄၆၁
ဌာန = အကြောင်းတရား,၄၆၁
ဥစ္စာသယန မဟာသယနအဖွင့်,၄၆၁


အကြောင်းအရာ,စာမျက်နှာ

ဥပုသ်စောင့်ပုံ အစီအစဉ်,၄၆၂
ဥပုသ်စောင့်ခြင်းအကျိုး,၄၆၃
ဥပုသ်အမျိုးမျိုး,၄၆၄
ဂေါပါလနွားကျောင်းသား ဥပုသ်,၄၆၄
နိဂဏ္ဌတက္ကတွန်းဥပုသ်,၄၆၅
အရိယာဥပုသ်,၄၆၅
ဗြဟ္မဥပုသ်,၄၆၅
ဓမ္မဥပုသ်,၄၆၅
သံဃာ့ဥပုသ်,၄၆၅
သီလဥပုသ်,၄၆၆
သီလကျိုးခြင်း (မပေါက်၊ မပြောက်၊ မကျား),၄၆၆
နတ်ဥပုသ်,၄၆၆
နတ်တို့ကို သက်သေအရာထားပုံ,၄၆၇
အဋ္ဌင်္ဂိကဥပုသ်,၄၆၇
ပကတိဥပုသ်,၄၆၇
ပကတိဥပုသ်နေ့ (၄ ရက်၊ ၆ ရက်၊ ၈ ရက်),၄၆၇-၄၆၈
ဥပုသ်ရက် (၂၀),၄၆၈
ပဋိဇာဂရ (အကြိုအပိုဥပုသ်),၄၆၉
ပါဋိဟာရိယဥပုသ် (နိဗဒ္ဓဥပုသ်),၄၆၉


အကြောင်းအရာ,စာမျက်နှာ

အခန်း (၁၈) ကိုးပါးသီလနှင့် ဆယ်ပါးသီလ,
ကိုးပါးသီလ,၄၇၁
သီလတောင်းပုံ၊ ဆောက်တည်ပုံနှင့် အနက်,၄၇၁-၄၇၂
နဝင်္ဂသီလအဓိပ္ပါယ်,၄၇၄
မေတ္တာကို သီလအဖြစ် ဆောက်တည်ခြင်း,၄၇၅
မေတ္တာအကျိုး ၁၁-မျိုး,၄၇၅
ဆယ်ပါးသီလ,၄၇၆
သီလတောင်းပုံ၊ အနက်နှင့် မြန်မာပြန်,၄၇၆-၄၇၇
ဆယ်ပါးသီလအဖွင့်,၄၇၇
နစ္စဂီတနှင့် မာလာဂန္ဓ ခွဲခြင်း၊ တွဲခြင်း,၄၇၈
ဇာတရူပသိက္ခာပုဒ်အဖွင့်,၄၇၉
ရှောင်ကြဉ်ဖွယ် ၅-မျိုး,၄၈၁
ဆယ်ပါးသီလ စောင့်ကောင်းသလော,၄၈၁


အကြောင်းအရာ,စာမျက်နှာ

အခန်း (၁၉) အာဇီဝဋ္ဌမကသီလ,၄၈၂
သီလတောင်းပုံ၊ ခံယူပုံနှင့် မြန်မာပြန်,၄၈၂-၄၈၄
မိစ္ဆာဇီဝအဖွင့်,၄၈၄
ပိသုဏဝါစာ၊ ဖရုသဝါစာ အဖွင့်,၄၈၆-၄၈၇
ဖရုသဝါစာကံ၏ အပြစ်များနှင့် နန္ဒိဝိသာလနွား,၄၈၈-၄၉၀
သမ္ဖပ္ပလာပဝါစာအဖွင့်,၄၉၁
မိစ္ဆာအာဇီဝ ၅-မျိုး နှင့် သမ္မာအာဇီဝ ၂-မျိုး,၄၉၁-၄၉၂
ကုက္ကုဋမုဆိုးဝတ္ထု,၄၉၄
ရဟန်းတော်များ၏ သမ္မာအာဇီဝ,၄၉၄
အာဒိဗြဟ္မစရိယ (အကျင့်မြတ်၏ အစ),၄၉၄
အခန်း (၂၀) သီလအမျိုးမျိုး,၄၉၆
စာရိတ္တသီလနှင့် ဝါရိတ္တသီလ,၄၉၇
အာဘိသမာစာရိကနှင့် အာဒိဗြဟ္မစရိယသီလ,၄၉၇
ဝိရတီသီလနှင့် အဝိရတီသီလ,၄၉၈
နိဿိတသီလနှင့် အနိဿိတသီလ,၄၉၈
လောကိယသီလနှင့် လောကုတ္တရသီလ,၄၉၉
ဂဟဋ္ဌသီလနှင့် ပဗ္ဗဇိတသီလ,၄၉၉


အကြောင်းအရာ,စာမျက်နှာ

သုံးပါးစုသီလ,၅၀၀
ဟီန၊ မဇ္ဈိမ၊ ပဏီတသီလ,၅၀၁
အတ္တာဓိပတေယျ၊ လောကာဓိပတေယျ၊ ဓမ္မာဓိပတေယျသီလ,၅၀၁
ပရာမဋ္ဌ၊ အပရာမဋ္ဌ၊ ပဋိပဿဒ္ဓိသီလ,၅၀၁
ဝိသုဒ္ဓ၊ အဝိသုဒ္ဓ၊ ဝေမတိကသီလ,၅၀၂
သေက္ခ၊ အသေက္ခ၊ နေဝသေက္ခနာသေက္ခသီလ,၅၀၂
လေးပါးစုသီလ,၅၀၂
စွမ်းရည်၊ ပုဂ္ဂိုလ်၊ သဘာဝ အားဖြင့် (၄) မျိုးစီ,၅၀၂
ဝိနည်းကြောင်းအရ (၄) မျိုး,၅၀၃
ဟာန၊ ဌိတိ၊ ဝိသေသ၊ နိဗ္ဗေဓဘာဂိယသီလ,၅၀၃
စတုပါရိသုဒ္ဓိသီလ (ပါတိမောက္ခ၊ ဣန္ဒြိယ၊ အာဇီဝ၊ ပစ္စယသန္နိဿိတ),၅၀၄-၅၀၅
သီလစင်ကြယ်နည်း (၄) မျိုး,၅၀၈
အသက်စွန့်၍ သီလစောင့်သော မထေရ်များ (စိတ္တဂုတ္တ၊ မဟာမိတ္တ၊ သာရိပုတ္တရာ စသည်),၅၁၀-၅၁၁
သီလညစ်ညူးခြင်း နှင့် စင်ကြယ်ခြင်း,၅၁၂-၅၁၃


အကြောင်းအရာ,စာမျက်နှာ

အပိုင်း (၅) အခန်း (၂၁) ဗုဒ္ဓမန္တန်တော်များ (အန္တရာယ်ကင်းဂါထာများ),၅၁၅
၁။ နမော တဿ အန္တရာယ်ကင်းဂါထာ (သိကြား၊ ကောသလမင်း၊ ပုဏ္ဏားများ ရှိခိုးပုံ),၅၁၇-၅၂၀
၂။ သဝေမပါ ကိုးဂါထာ (အရိယာသာဝိတ္တိဂါထာ),၅၂၀
၃။ အစိန္တေယျဂါထာ,၅၂၁
၄-၅။ ဥဒါန်းဂါထာတော်များ (စိတ်/နှုတ်ဖြင့် ကျူးရင့်ပုံ),၅၂၁-၅၂၃
၆။ သဗ္ဗဇယမင်္ဂလာဂါထာ (ဒိဝါ တပတိ ဂါထာ),၅၂၅
၇-၈။ အချုပ်အနှောင်လွတ်ဂါထာ နှင့် ရာဟုအသူရိန်ပြေးသောဂါထာ,၅၂၆-၅၂၇
၉-၁၀။ အတွင်းအောင်ခြင်းရှစ်ပါး နှင့် လက်နက်ကိုးဖြာဂါထာ,၅၂၇-၅၂၉
၁၁။ အပြင်အောင်ခြင်းရှစ်ပါး (မာရ်နတ်၊ အာဠဝက၊ နာဠာဂိရိ စသည်),၅၃၃-၅၃၇


အကြောင်းအရာ,စာမျက်နှာ

၁၂-၁၄။ အောင်ဂါထာတော်များ နှင့် သစ္စာပန္နက်အောင်ရှစ်ချက်,၅၃၉-၅၄၁
၁၆။ သမ္ဗုဒ္ဓေ ကပ်ကျော်မန္တန်တော်ကြီး,၅၄၄
၁၇-၁၉။ ဖုဋ္ဌဿဂါထာ နှင့် ပဋိစ္စသမုပ္ပါဒ် (အနုလုံ/ပဋိလုံ),၅၄၆-၅၄၇
၂၀-၂၁။ ပထဝီဇယမန္တန် နှင့် ရှင်သီဝလိဂါထာ,၅၄၈-၅၅၃
၂၂-၂၄။ ပဋ္ဌာန်း ၂၄ ပစ္စည်း နှင့် စက်ဝန်းပရိတ် (အရပ်ဆယ်မျက်နှာ),၅၅၆-၅၆၁
၂၅-၂၈။ ခရီးသွား၊ ခလုပ်မထိ၊ သက်တော်မြဲ ဂါထာများ,၅၆၄-၅၆၇
၂၉-၃၇။ ဂုဏ်တော် ၁၀ ပါး၊ လက်နက်တုံး၊ ကိုယ်ပျောက်၊ ဘီလူးပြေး ဂါထာများ,၅၆၉-၅၇၈


အကြောင်းအရာ,စာမျက်နှာ

၃၈-၄၁။ သံ-ဂ-ချက်၊ စ-မ၊ ဧ-ကိုးချက်၊ မနောမယိဒ္ဓိ ဂါထာများ,၅၇၈-၅၈၂
၄၂-၄၅။ သဗ္ဗသိဒ္ဓိ၊ ဣစ္ဆိတဂါထာ နှင့် ထွတ်ခေါင်ဆရာတော် ရန်အောင်မြင်ဂါထာ,၅၈၄-၅၈၇
၄၆-၅၀။ စမ္မခဏ်ဂါထာ၊ ဆဒိသာပါလသုတ်၊ စက်ပရိတ်၊ ဝေဒဗ္ဗမန္တန်,၅၈၇-၆၀၄
အပိုင်း (၆) ဘဝသံသရာနှင့် ကံကြမ္မာ - အခန်း (၂၂) ဘဝသံသရာ,၆၀၉
အာရုံသုံးမျိုး၊ ဘုံဘဝများ (အပါယ် ၄ ဘုံ၊ ငရဲကြီး ၈ ထပ်),၆၀၉-၆၁၄


အကြောင်းအရာ,စာမျက်နှာ

ငရဲကြီး ၈ ထပ် (ကာလသုတ်၊ သင်္ဃာတ၊ ရောရုဝ၊ အဝီစိ စသည်),၆၁၅-၆၂၀
ငရဲငယ်များ (ဘင်ပုပ်၊ ပြာပူ၊ လက်ပံတော) နှင့် ငရဲသက်တမ်း,၆၂၁-၆၂၄
ကာမသုဂတိ ၇ ဘုံ (လူ့ဘုံ၊ နတ် ၆ ဘုံ),၆၂၅-၆၃၁
နတ်စည်းစိမ်၊ နတ်သက်တမ်း နှင့် ဇယားချုပ်,၆၃၁
ရူပဗြဟ္မာ ၁၆ ဘုံ (ဈာန်ဘုံများ),၆၃၁-၆၃၂


အကြောင်းအရာ,စာမျက်နှာ

ဒုတိယ၊ တတိယ၊ စတုတ္ထဈာန်ဘုံများ,၆၃၂-၆၃၃
သုဒ္ဓါဝါသ ၅ ဘုံ (အဝိဟာ၊ အတပ္ပါ၊ သုဒဿာ၊ သုဒဿီ၊ အကနိဋ္ဌ),၆၃၄-၆၃၆
ပဉ္စဝေါကာရဘုံ၊ သဟမ္ပတိဗြဟ္မာ၊ အရူပဗြဟ္မာ ၄ ဘုံ,၆၃၇-၆၃၉
၃၁ ဘုံ အကျဉ်းနှင့် တည်နေပုံ,၆၄၂
ပုဂ္ဂိုလ် ၁၂ မျိုး,၆၄၃


အကြောင်းအရာ,စာမျက်နှာ

ပုထုဇဉ် ၄ ယောက်၊ အရိယာ ၈ ယောက်,၆၄၃-၆၄၄
ဘဝကူးပုံ နှင့် သံသရာ (လောက်လမ်းသဖွယ် ဝိညာဉ်တွယ်ပုံ),၆၄၆-၆၄၉
အခန်း (၂၃) ကံကြမ္မာ,၆၅၀
သမ္မာဒိဋ္ဌိ၊ မိစ္ဆာဒိဋ္ဌိ နှင့် ကမ္မသကထာသမ္မာဒိဋ္ဌိ,၆၅၀-၆၅၂
နောင်ဘဝ ရှိ/မရှိ နှိုင်းယှဉ်ချက် နှင့် သက်သေပြပုံ,၆၅၃-၆၅၆
ကံတူအကျိုးပေး နှင့် ကံ၏အကျိုးများ (ကမ္မဇရုပ်/ဥတုဇရုပ်),၆၅၉-၆၆၃
စွမ်းအင်အရ ကံ ၄ မျိုး (ဇနက၊ ဥပတ္ထမ္ဘက၊ ဥပပီဠက၊ ဥပဃာတက),၆၆၅-၆၆၇


အကြောင်းအရာ,စာမျက်နှာ

အခွင့်အခါအရ ကံ ၄ မျိုး (ဂရုကံ၊ အာသန္နကံ၊ အာစိဏ္ဏကံ၊ ကဋတ္တာကံ),၆၆၉-၆၇၁
အကျိုးပေးကာလအရ ကံ ၄ မျိုး (ဒိဋ္ဌဓမ္မ၊ ဥပပဇ္ဇ၊ အပရာပရိယ၊ အဟောသိကံ),၆၇၁
အခန်း (၂၄) သေပြီးနောက် သုဂတိဘဝရောက်လိုသော်,၆၇၂
သေခါနီး အာရုံနိမိတ်ထင်ပုံ (ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်),၆၈၅-၆၈၆
အခန်း (၂၅) အထွေထွေ - ဩကာသမူကွဲများ,၆၈၉-၆၉၁


အကြောင်းအရာ,စာမျက်နှာ

ဩကာသ မူသစ်/မူဟောင်းများ (မဟာစည်၊ မွန် စသည်),၆၉၂-၆၉၄
အက္ခရာ ၄၁ လုံး,၆၉၅
အခန်း (၂၆) ပါဠိပါဌ်ဆင့် ရေးနည်း ဖတ်နည်း,၆၉၆
သရ၊ သဒိသန္ဓေဘော် နှင့် အသဒိသန္ဓေဘော် ဆင့်ပုံများ,၆၉၆-၆၉၉
အသတ်အသံထွက်နည်း,၇၀၃


အကြောင်းအရာ,စာမျက်နှာ

အပိုင်း (၇) အခန်း (၂၇) ဝေါဟာရအဓိပ္ပါယ်,၇၀၉

မှတ်သားဖွယ် အက္ခရာစဉ်,၇၀၉


စာမျက်နှာ-1


ဗုဒ္ဓဘာသာလက်စွဲကျမ်း

သရဏဂုံတည်စ ပဋိသန္ဓေမှ

အခန်း (၁) မိဘတာဝန်

ဗုဒ္ဓဘာသာဝင် မိဘ (၂) ပါးမှ မွေးဖွားဆင်းသက်လာသော ကျွန်ုပ်တို့သည် အမိဝမ်းတွင်း၌ ရှိနေစဉ်ကပင် ရတနာ (၃) ပါးအား ဆည်းကပ်ပူဇော်ခဲ့ကြသည်။ ဗုဒ္ဓဘာသာဝင် မိခင်ဖြစ်သူသည် ရတနာ (၃) ပါးအား ဆည်းကပ်ပူဇော်သည့်အခါတိုင်း ဝမ်းတွင်းလွယ်ထားသော သားသမီးအတွက်လည်း ရှိခိုးပူဇော် ဆည်းကပ်လေ့ရှိကြသည်။ မြတ်စွာဘုရားအား ဆွမ်း၊ ရေချမ်း၊ ပန်း ဆက်ကပ်၍လည်းကောင်း၊ ဝတ်တက်ဝတ်ကပ်ပြု၍လည်းကောင်း၊ သံဃာတော်များအား နေ့စဉ် ဆွမ်းလောင်းခြင်း၊ ရှိခိုးကန်တော့ခြင်းပြု၍လည်းကောင်း သန္ဓေသားငယ်အတွက် ဆုတောင်းဆုယူ ပြုလေ့ရှိကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အမိဝမ်းတွင်းကပင် သရဏဂုံတည်လာသူများ ဖြစ်ကြသည်ဟု ဆိုနိုင်ပါသည်။

ဗုဒ္ဓဘာသာဝင်များသည် သားသမီးမွေးဖွားသည့်အချိန်ကို ထန်းဖူး၊ ထန်းရွက်တစ်ဖက်ချွန်ပေါ်တွင် ရေးမှတ်ထားရာ ယင်းထန်းရွက်ကို “သက်မှတ်” ဟု ခေါ်ကြသည်။ ကလေး (၁၂) နှစ်ပြည့်သောအခါမှ ဇာတာခွင်ဖွဲ့ကြရသည်။ ယင်းသက်မှတ်နှင့် ဇာတာခွင်ပေါ်တွင် “ရတနာ (၃) ပါး ဦးထိပ်ထားလျက် မာတာမိခင် ဖွားသန့်စင်သည့် အမည်သညာ ခေါ်စရာကား မောင်ဖြူ၊ အသက် (၁၂၀) ရှည်စေသော်” ဟု ရေးမှတ်လေ့ရှိကြသည်။ ထို့ကြောင့် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များသည် အမိဝမ်း၌ရှိစဉ်ကပင် ရတနာ (၃) ပါးအား ဆည်းကပ်သူ၊ သရဏဂုံတည်သူများ ဖြစ်ခဲ့ကြသည်။

မြတ်စွာဘုရားရှင် လက်ထက်တော်အခါက ဥဒေနမင်း၏သား ဗောဓိမင်းသား သည် မြတ်စွာဘုရားရှင်အား အမေးပုစ္ဆာပြဿနာများကို မေးမြန်းလျှောက်ထားသည်။ မြတ်စွာဘုရားရှင်၏ ဖြေရှင်းဟောကြားတော်မူခြင်းကို...

စာမျက်နှာ-2


နှစ်သက်ကြည်ညိုသဖြင့် ချီးမွမ်းစကား လျှောက်ထားလေသည်။ ထိုအခါ အနီးအပါး၌ ရှိနေသော သဉ္စိကာပုတ္တလုလင် သည် ဗောဓိမင်းသားကို ကဲ့ရဲ့ပြစ်တင်စကား ပြောကြားပုံမှာ -

“ဤအရှင်ဗောဓိမင်းသားသည်ကား -
‘မြတ်စွာဘုရားသည် အံ့ဩဖွယ်ကောင်းလှပါ၏၊ တရားတော်သည် အံ့ဩဖွယ်ကောင်းလှပါ၏၊ တရားတော်၏ အစ၊ အလယ်၊ အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံစွာ ဟောကြားထားအပ်သည့် အဖြစ်သည် အံ့ဩဖွယ်ကောင်းလှပါပေ၏’ ဟူ၍ ဤသို့သာလျှင် ချီးမွမ်းစကား လျှောက်ထား၏။ ထိုသို့ပင် လျှောက်ထားငြားသော်လည်း -

‘ထိုအရှင်သည် ရဟန်းဂေါတမကို လည်းကောင်း၊ တရားတော်ကို လည်းကောင်း၊ ရဟန်းသံဃာကို လည်းကောင်း ကိုးကွယ်ရာဟူ၍ကား မဆည်းကပ်ဘိချေ’ ဟူ၍ ပြောကြားလေ၏။”

ထိုအခါ ဗောဓိမင်းသားသည် -
“အချင်း သဉ္စိကာပုတ္တ... ဤသို့ မပြောဆိုပါလင့်၊ အချင်း သဉ္စိကာပုတ္တ... ဤသို့ မပြောဆိုပါလင့်၊ အချင်း သဉ္စိကာပုတ္တ... ငါသည် ဤဆိုလတ္တံ့သော အကြောင်းအရာစကားကို မယ်တော်၏ မျက်မှောက်မှ ကြားနာမှတ်သား ခံယူထားအပ်ဖူးပါသည်။

အချင်း သဉ္စိကာပုတ္တ... အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသမ္ဘီပြည် ဃောသိတာရုံကျောင်းတိုက်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ငါ၏မယ်တော်သည် ငါ့ကို ကိုယ်ဝန်ဆောင်ရှိနေစဉ် မြတ်စွာဘုရားထံတော်မှောက်သို့ သွားရောက်ဝပ်လျှိုးရှိခိုး ထိုင်နေပြီးလျှင် မြတ်စွာဘုရားကို -

‘ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ အကျွန်ုပ်၏ ဝမ်းတိုက်၌ တည်ရှိသော ဤသတို့သားသည် (သို့မဟုတ်) ဤသတို့သမီးသည် မြတ်စွာဘုရားကို လည်းကောင်း၊ တရားတော်ကို လည်းကောင်း၊ ရဟန်းသံဃာကို လည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ထိုသတို့သား (သို့မဟုတ်) သတို့သမီးကို ယနေ့ကစ၍ အသက်ရှည်သမျှ ကာလပတ်လုံး သရဏဂုံတည်သူ ဥပါသကာ၊ ဥပါသိကာ ဟူ၍ မှတ်တော်မူပါဘုရား’ ဟု လျှောက်ခဲ့လေပြီ။”

စာမျက်နှာ-3


အချင်း သဉ္စိကာပုတ္တ... အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘဂ္ဂတိုင်း အဝင်အပါ ဤသုသုမာရဂိရမြို့မှာပင် သားတို့အား ဘေးမဲ့ပေးရာ ဘေသကဠာတောအုပ်၌ သီတင်းသုံးနေတော်မူစဉ် အထိန်းတော်သည် ငါ့ကို ရင်ခွင်ဖြင့် ပိုက်ချီ၍ မြတ်စွာဘုရားထံတော်မှောက်သို့ သွားရောက် ဝပ်လျှိုးရှိခိုး ရပ်တည်ပြီးလျှင် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား- ဤဗောဓိမင်းသားသည် မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကိုလည်းကောင်း၊ ရဟန်းသံဃာကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ထိုဗောဓိမင်းသားကို ယနေ့ကစ၍ အသက်ရှည်သမျှ ကာလပတ်လုံး သရဏဂုံတည်သူ ဥပါသကာ ဒါယကာဟူ၍ မှတ်တော်မူပါဘုရား” ဟု လျှောက်ထားခဲ့လေပြီ။

အချင်း သဉ္စိကာပုတ္တ... (မယ်တော်နှင့် အထိန်းတော်တို့ ငါ၏ကိုယ်စား နှစ်ကြိမ်တိုင်တိုင် အသီးသီး သရဏဂုံခံယူခဲ့ပြီးသော) ထိုငါသည် ယခုအခါ သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကိုလည်းကောင်း၊ ရဟန်းသံဃာကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ “ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့ကစ၍ အသက်ရှည်သမျှ ကာလပတ်လုံး သရဏဂုံတည်သူ ဥပါသကာ ဒါယကာဟူ၍ မှတ်တော်မူပါဘုရား” ဟူ၍ သဉ္စိကာပုတ္တလုလင်ကို တိုင်တည်ကာ မြတ်စွာဘုရားအထံတော်၌ သရဏဂုံ ခံယူလေ၏။

ဤကဲ့သို့ မယ်တော်နှင့် အထိန်းတော်တို့က လျှောက်ထားရုံမျှဖြင့် ဗောဓိမင်းသားအဖို့ သရဏဂုံခံယူဆောက်တည်ပြီး မဖြစ်နိုင်သော်လည်း မယ်တော်နှင့် အထိန်းတော်တို့ နှုတ်မြွက်လျှောက်ထား ဆောက်တည်အပ်သော သရဏဂုံသည် ထိုဗောဓိမင်းသားအတွက် သရဏဂုံတည်ရန် လမ်းကြောင်းဖွင့်ပေးပြီးဖြစ်သည်။ ယင်းလမ်းကြောင်းမှ သွေဖည်ပြောင်းလွှဲမသွားစေရန် ကာကွယ်စောင့်ရှောက်ပြီး ဖြစ်လေသည်။ အမိဝမ်းတွင်း၌ ရှိစဉ်ကလည်းကောင်း၊ စကားနားမလည်မီကလည်းကောင်း မယ်တော်နှင့် အထိန်းတော်တို့က ဗောဓိမင်းသားကိုယ်စား လျှောက်ထားခဲ့ခြင်းသည် ဗောဓိမင်းသားကိုယ်တိုင် တတ်သိလိမ္မာသည့် အရွယ်သို့ ရောက်ရှိသောအခါ မိဘဆွေမျိုးမိတ်ဆွေတို့က ယင်းသရဏဂုံ ခံယူဆောက်တည်ခဲ့သည့်အကြောင်းကို ပြန်လည်ပြောပြ၍ သတိရအောက်မေ့စေကြသောအခါ ဗောဓိမင်းသားသည် မိဘတို့၏ ပြောစကားကို ဆင်ခြင်စဉ်းစားပြီးလျှင် “ငါကား-သရဏဂုံတည်သူ ဥပါသကာ ဒါယကာတစ်ယောက်ဖြစ်သည်”...

စာမျက်နှာ-4


ဟူ၍ သတိရအောက်မေ့သည်နှင့်တစ်ပြိုင်နက် သရဏဂုံ ခံယူဆောက်တည်ပြီး ဖြစ်လေတော့သည်။ နှုတ်မြွက်၍ သရဏဂုံဆောက်တည်ရန် မလိုတော့ဘဲ စိတ်ဖြင့် ဆင်ခြင်အောက်မေ့ရုံမျှဖြင့် သရဏဂုံ ခံယူဆောက်တည်ပြီး ဖြစ်တော့သည်။

ဒါနပြုစ ကလေးဘဝ

မဟာဗုဒ္ဓဝင်ကျမ်း တွင် ဘုရားအလောင်းတော် ဖွားတော်မူပြီးနောက် (၅) ရက်မြောက်သောနေ့၌ ခေါင်းဆေးမင်္ဂလာပွဲနှင့် နာမည်မှည့်ခေါ်ခြင်း (နာမကရဏမင်္ဂလာ) ပြုကြောင်း ဖော်ပြထားသည်။

ဘုရားအလောင်းတော် ဖွားမြင်ပြီးနောက် (၅) ရက်မြောက်သောနေ့၌ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် သားတော် အလောင်းမင်းသားအား ဦးခေါင်းဆေးကျော်ခြင်းမင်္ဂလာ ပြုလုပ်စေပြီးလျှင် အမည်မှည့်အံ့ဟု မိမိ၏ စံနန်းတော်ကို နံ့သာမျိုးလေးပါးတို့ဖြင့် ပွတ်လိမ်းထုံကျံစေပြီးသော် နေဇာမြက်၊ ဆန်ပန်း၊ ပေါက်ပေါက်ပန်း၊ မုန်ညင်းစေ့၊ ပုလေးငုံဟူသော ပန်းငါးမျိုးတို့ကို နန်းတော်အနှံ့ ဖြန့်ကြဲစေပြီးလျှင် ရေမရောယှက် သက်သက်သော နို့ဃနာဘောဇဉ်ကို ချက်စေတော်မူ၍ ဗေဒင်သုံးပုံတို့၏ တစ်ဖက်ကမ်းရောက် တတ်မြောက်ကုန်သော ပုဏ္ဏားပညာရှိ (၁၀၈) ယောက်တို့ကို ပင့်ဖိတ်လျက် စံနန်းတော်အတွင်း ခင်းထားအပ်သော နေရာကောင်းနေရာသန့်တို့၌ ထိုင်နေကြစေ၍ ကောင်းမွန်မြိန်မြတ်သော နို့ဃနာဘောဇဉ်တို့ကို ကျွေးမွေးတော်မူ၏။ ယင်းသို့ ကျွေးမွေးတော်မူပြီးသော် ကောင်းမွန်ကြီးမြတ်သော ပူဇော်သက္ကာရကို ပြုလျက် ထိုပုဏ္ဏားပညာရှိ (၁၀၈) ယောက်တို့အနက် (၈) ယောက်သော ပုဏ္ဏားပညာရှိတို့ကို တစ်ဖန် ရွေးနုတ်ပြီးလျှင် ဘုရားအလောင်းတော်၏ လက္ခဏာတို့ကို ဖတ်စေကုန်၏။

ပုဏ္ဏားပညာရှိတို့သည် ဘုရားအလောင်းတော်၏ လက္ခဏာတော်ကြီးငယ်တို့ကို စိစစ်စေ့ငု ကြည့်ရှုဆင်ခြင်ကြပြီးလျှင် “ဘုရားစင်စစ်ဖြစ်လတ္တံ့” ဟု နိမိတ်ဖတ်ကြား လျှောက်ထားကြပြီးနောက် အလောင်းတော်မင်းသား၏ အမည်တော်ကို အလုံးစုံသော လောက၏ အကျိုးစီးပွား ပြီးစီးအောင်မြင် လမြောက်အောင် ဆောင်ရွက်တော်မူမည့်အကြောင်း နိမိတ်ကို အစွဲပြု၍ သိဒ္ဓတ္ထ (သိဒ္ဓ = ပြီးစီးခြင်း + အတ္တ = အကျိုးစီးပွား) ဟု မှည့်ခေါ်သမုတ်ကြကုန်၏။ မြန်မာလူမျိုးများသည်လည်း မြတ်စွာဘုရား၏ ဆွေတော်မျိုးတော် သာကီဝင်အနွယ်များ ဖြစ်ကြသည်အားလျော်စွာ သာကီဝင်တို့၏ ကျင့်စဉ် ခေါင်းဆေးမင်္ဂလာနှင့် နာမကရဏမင်္ဂလာကို မိမိတို့ စွမ်းနိုင်သမျှ လိုက်နာပြုလုပ်လေ့ရှိကြသည်။

စာမျက်နှာ-5


မြန်မာ့ရိုးရာအစဉ်အလာအရ သားသမီး မွေးဖွားပြီးနောက် (၇) ရက်မြောက်သောနေ့၌ မိခင်ဖြစ်သူသည် မီးနေခန်းမှ ထွက်နိုင်ခွင့်ရသည်။ ထိုသို့ မီးနေခန်းမှ ထွက်ခြင်းကို မီးထွက်သည် ဟု ခေါ်ကြသည်။ မီးထွက်သည့်နေ့၌ မိခင်ရောကလေးပါ ခေါင်းလျှော်ရေ (တရော်ကင်ပွန်းရေ) တို့ဖြင့် ဦးခေါင်းဆေးလျှော်ခြင်း၊ ရေချိုးသန့်စင်ခြင်း ပြုရသည်။ ခေါင်းလျှော်ရေ (တရော်ကင်ပွန်းရေ) ကို အိမ်နီးချင်းများအားလည်း ပေးကမ်းဝေငှရသည်။

မှတ်ချက်။ ။ တရော်ကို ခေါင်းလျှော်ရေအဖြစ် အသုံးပြုရခြင်းမှာ သရေခေတ္တရာပြည် ဒွတ္တဘောင်မင်းကြီးအား ပန်ထွာမင်းသမီးက မသန့်စင်သော မီးနေထဘီမှ ချည်မျှင်များဖြင့် ပြန်လည်ရက်လုပ်ထားသည့် မျက်နှာသုတ်ပဝါကို ဆက်သည်။ မင်းကြီးသည် အမှတ်မဲ့ မဆင်မခြင် သုံးစွဲမိ၍ မျက်မှောင်နှစ်ခုအကြားရှိ မှဲ့ရှင်တော် ကွယ်လေသည်။ မှဲ့ရှင်တော်မှာ ဘုန်းကျက်သရေ၏ အထိမ်းအမှတ်လက္ခဏာ ဖြစ်သည်။ မင်းကြီးသည် ဘုန်းနိမ့်ကြောင်း သိရှိ၍ ပန်ထွာပြည်မှ သရေခေတ္တရာပြည်သို့ ပြန်ခဲ့ရာ လမ်းခရီးတွင် မိုးရွာသဖြင့် တရော်ပင်အောက်၌ ဝင်ရောက်မိုးခိုလေသည်။ တရော်ပင်မှ စီးဆင်းကျလာသော မိုးရေများသည် မင်းကြီး၏ မျက်နှာထက်သို့ ကျရာ တရော်ရည်ဖြင့် မျက်နှာသစ်သကဲ့သို့ဖြစ်၍ မင်္ဂလာကျက်သရေ အထိမ်းအမှတ် မှဲ့ရှင်တော် ပြန်လည်ပေါ်ထွက်လာကြောင်း အဆိုရှိသည်။

ထို့ပြင် ကင်ပွန်းသီးမှာ အပုပ်အစပ် အလွန်နိုင်သည်။ ပုပ်စော် ညှီစော်နံနေသော အရာဝတ္ထုကို ကင်ပွန်းသီးပြုတ်ရေဖြင့် ဆေးကြောသော်လည်းကောင်း၊ သို့မဟုတ် ကင်ပွန်းသီးကို မီးမြှိုက်၍ မီးခိုးမှိုင်းတိုက်သော်လည်းကောင်း ယင်းအနံ့အသက်များ ပျောက်ကွယ်၍ သန့်ရှင်းစင်ကြယ်စေနိုင်သည်။

ထို့ကြောင့် ရှေးမြန်မာလူကြီးသူမများက တရော်ကင်ပွန်းရေကို ခေါင်းလျှော်ရေအဖြစ် သတ်မှတ်ပေးခဲ့ကြ၍ မိမိတို့၏ ဦးခေါင်းနှင့် မျက်နှာကို ကျက်သရေတိုးအောင် တရော်ကင်ပွန်းရေဖြင့် ဆေးလျှော်ကြရန် အစဉ်အလာကောင်းတစ်ရပ် ချမှတ်ခဲ့ကြသည်။

ယင်းသို့ တရော်ကင်ပွန်းရေဖြင့် ခေါင်းလျှော်ခြင်း၊ ရေချိုးခြင်းကို ကင်ပွန်းတပ်သည် ဟု ခေါ်ကြသည်။ ယင်းခေါင်းဆေးမင်္ဂလာပြုသော နေ့မှာပင်

စာမျက်နှာ-6


နာမည်ပေးလေ့ရှိကြသောကြောင့် နာမည်ပေးခြင်းကို ကင်ပွန်းတပ်သည် ဟု ခေါ်ကြသည်။ ကင်ပွန်းတပ်သည့်နေ့၌ ဘုန်းကြီးကျောင်းသို့ ဆွမ်းအုပ်ပို့ခြင်း၊ ရပ်ရွာအတွင်း အိမ်နီးချင်းများသို့ ကောက်ညှင်းပေါင်းစသော မြန်မာမုန့်များ ဝေငှပေးပို့ခြင်းပြု၍ တတ်သိနားလည် ဗဟုသုတကြွယ်ဝသော ရပ်မိရပ်ဖများက နေ့သင့်နံသင့် အမည်မှည့်ခေါ်မှု (နာမကရဏ) မင်္ဂလာပြုကြသည်။ အချို့အရပ်ဒေသ၌ မိမိတို့ဆရာဘုန်းတော်ကြီးက အမည်ရွေးချယ်ပေးသည်ကို မှည့်ခေါ်ကြသည်။ ဥစ္စာပစ္စည်းအင်အား ပြည့်စုံသူများအနေဖြင့်မူ ရပ်မိရပ်ဖ မိတ်ဆွေအပေါင်းအသင်းများကို ဖိတ်ကြားဧည့်ခံ ကျွေးမွေးခြင်းပြုလျက် ဝေဒပညာရှင်များက နေ့သင့်နံသင့် အက္ခရာရွေးချယ်ခြင်း၊ ဆန်းဂိုဏ်းရွေးချယ်ခြင်းပြု၍ နာမည်ပေးခြင်း နာမကရဏမင်္ဂလာ ပြုလေ့ရှိကြသည်။

ဗုဒ္ဓဘာသာဝင်များသည် သရဏဂုံဆောက်တည်မှုကို အမိဝမ်းတွင်း ပဋိသန္ဓေမှ ခံယူခဲ့သည်၊ ဒါနပြုမှုကို (၇) ရက်သားမှ စတင်ခဲ့သည်၊ လသားအရွယ်မှစ၍ ဘုရားရှိခိုးခြင်း၊ သံဃာရှိခိုးခြင်းကို အစပျိုးခဲ့သည်မှာ ထင်ရှားလှပေသည်။

ဘာဝနာအစ ကလေးဘဝ

ဗုဒ္ဓဘာသာဝင် မိဘများသည် သားငယ်သမီးငယ်များကို ရင်ခွင်ဖြင့် ချီပိုးပွေ့ပိုက်ရသည့် အရွယ်မှာပင် ဘုရားရှိခိုးစတင်သင်ကြား လေ့ကျင့်ပေးကြသည်။ ကလေး၏ လက်နှစ်ဖက်ကို ပူးကိုင်၍ မိဘဖြစ်သူက “ဦးတော်” (ဦးဒေါ်) ဟူ၍လည်းကောင်း၊ “ဩကာ” ဟူ၍လည်းကောင်း၊ “ဩဩ” ဟူ၍လည်းကောင်း ရှိခိုးခြင်းအလေ့အကျင့် ပြုလုပ်ပေးလေ့ရှိကြသည်။ ကလေးငယ်အနေနှင့် အဓိပ္ပာယ်တစ်စုံတစ်ရာ နားလည်မှုမရှိသေးသော်လည်း ပြုလုပ်ဖန်များသောအခါ အလေ့အကျင့်ရလာ၍ ရုပ်ပွားတော်၊ စေတီပုထိုးနှင့် ဘုန်းကြီးရဟန်းများ တွေ့မြင်လျှင် ထိုကလေးငယ်သည် အလိုအလျောက် “ဩကာ” ဟု ဆိုတတ်လာသည်။ လက်အုပ်ချီတတ်၊ ဦးချတတ်လာသည်။ မိခင်ကောင်း၊ ဖခင်ကောင်းတို့က လေ့ကျင့်သင်ပြပေးထားချက်အရ ကလေးငယ်မှာ အလိုအလျောက် ကောင်းသော အလေ့အကျင့်တစ်ခု ရရှိသွားလေသည်။ ကာယပဏာမ၊ ဝစီပဏာမ ရှိခိုးခြင်း မဟာကုသိုလ်ကံကို ပြုလုပ်ဆည်းပူးခွင့် ရရှိလေတော့သည်။

ဤသည်မှာ ဗုဒ္ဓဘာသာ မိခင်ဖခင်တို့ထံ၌ လူဖြစ်ခွင့်ရရှိသော ကလေးငယ်အတွက် လူ့ဘဝတွင် ပထမဦးဆုံး လူဖြစ်ကျိုးနပ်ခြင်း ဖြစ်ပေသည်။ ဤအပြုအမှုကို စာသံပေသံဖြင့် ဒေသနာတော်နှင့်အညီ ဆိုပါက “ဗုဒ္ဓါနုဿတိဘာဝနာ၊ သံဃာနုဿတိဘာဝနာ” ကို လူမှန်းသူမှန်း မသိမီက အစပျိုးခဲ့သည်ဟု ဆိုရ

စာမျက်နှာ-7


ပေမည်။ ဤကဲ့သို့ သားငယ်သမီးငယ်များကို လေ့ကျင့်ပြုစုပျိုးထောင်ပေးသော မိခင်ဖခင်များသည် အလွန်မြင့်မြတ်သည့် ဗြဟ္မာကြီးနှင့် တူသောကြောင့် ဗြဟ္မာ ဟု အခေါ်ခံထိုက်သည်၊ လူ့ဘဝ၏ အစဦးဆုံး ဆရာဖြစ်၍ လက်ဦးဆရာ (ပုဗ္ဗာစရိယ) ဟု အခေါ်ခံထိုက်ပေသည်။

ထို့နောက် ကလေးငယ် စကားမပီကလာပီကလာအရွယ် ရောက်ရှိလာသောအခါ လူကြီးမိဘများက “ဗုဒ္ဓံ ပူဇေမိ၊ ဓမ္မံ ပူဇေမိ၊ သံဃံ ပူဇေမိ” ဟူ၍လည်းကောင်း၊ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ” ဟူ၍လည်းကောင်း၊ “နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဟူ၍လည်းကောင်း နှုတ်တိုက်ချပေး၍ ကလေးငယ်ကို လိုက်ဆိုစေသည်။ အချို့မိခင်များမှာ ကလေးငယ်ကို ညအိပ်ရာဝင် သားချော့သီချင်း မဆိုတော့ဘဲ ကလေးငယ်ကို “ဗုဒ္ဓံ ပူဇေမိ” စသည် နှုတ်တိုက်ချ လိုက်ဆိုစေခြင်းဖြင့် ကလေးငယ်မှာ “ဗုဒ္ဓံ ပူဇေမိ” စသည်ရွတ်ဆိုရင်း တဖြည်းဖြည်း အိပ်ပျော်သွားခဲ့သည်။ အလွန်ကောင်းမြတ်သော အစဉ်အလာဖြစ်၍ မိခင်တိုင်း အတုယူ လိုက်နာသင့်လှပေသည်။

ဤနည်းအားဖြင့် မှတ်ဉာဏ်ကောင်းသော ကလေးများမှာမူ ဘုရားဂုဏ်တော်ကိုးပါး၊ တရားဂုဏ်တော်ခြောက်ပါး၊ သံဃာဂုဏ်တော်ကိုးပါးတို့ကို စကားအဓိပ္ပာယ် နားမလည်မီ အရွယ်ကပင် အလွတ်ရွတ်ဆိုနိုင်ကြသည်ကို တွေ့ရှိရပေသည်။

ယုံကြည်မှု၏ အခြေခံအုတ်မြစ်

လူ့စကား နားလည်ကာစ အရွယ်တွင် လူကြီးမိဘများသည် ကလေးငယ်ကို ပုံတိုပတ်စ ပြောပြလေ့ရှိကြသည်။ ကလေးငယ်များ အိပ်ရာဝင်ချိန်တွင် ပြောရသောကြောင့် “အိပ်ရာဝင်ပုံပြင်” ဟု ခေါ်ကြသည်။ အညာဒေသတွင် ဆောင်းရာသီ၌ ညဦးပိုင်း၊ နံနက်စောစောပိုင်း မီးလှုံလေ့ရှိကြသည်။ ယင်းသို့ မီးလှုံရင်း လူကြီးသူမများက ပုံဝတ္ထုပြောလေ့ရှိကြသည်။ ရိုးရာအစဉ်အလာအားဖြင့် “ရွှေယုန်နှင့် ရွှေကျား သက်ကယ်ရိတ်သွား” စသော ဒဏ္ဍာရီပုံပြင်များကို ပြောမည့်အစား ဓမ္မပဒဝတ္ထုလာ ဗုဒ္ဓလက်ထက်တော်က တကယ့်အဖြစ်အပျက် ဝတ္ထုကြောင်းများနှင့် ငါးရာ့ငါးဆယ် ဇာတ်ကြီးဆယ်ဘွဲ့တို့မှ ကလေးငယ်နှင့် လိုက်လျောညီထွေဖြစ်စေမည့် ဝတ္ထုတိုများကို ပြောပြခြင်းဖြင့် ကလေးငယ်များအတွက် အလိမ္မာတိုး၍ အသိဉာဏ် ဖွံ့ဖြိုးလာနိုင်ပေမည်။

စာမျက်နှာ-8


ထို့ကြောင့် ရှေးယခင်က ဗုဒ္ဓဘာသာဝင်များသည် ဓမ္မပဒနှင့် ဇာတ်နိပါတ်တော်လာ လူဆိုးများကို “စံ” အဖြစ် သတ်မှတ်ထား၍ မိဘကို ကလန်ကဆန်လုပ်သူအား “အဇာတသတ်”၊ မိဘရိုသေသူကို “သုဝဏ္ဏသာမ”၊ ယုတ်ညံ့သူကို “ဒေဝဒတ်”၊ စိတ်ကောင်းရှိသူကို “ဘုရားအလောင်း”၊ ပညာဉာဏ်ကြီးသူကို “မဟော်သဓာ” စသည်ဖြင့် ခေါ်ဝေါ်သုံးနှုန်းလေ့ရှိကြသည်။ စိတ်ကူးသည့်အခါ ယင်းဇာတ်နိပါတ်တော်လာ ဘုရားအလောင်းတော်ကို အတုယူ စံနမူနာထား၍ စိတ်ကူးလေ့ရှိကြသည်။ ပြောဆိုပြုမူသည့်အခါတွင်လည်း ဘုရားအလောင်းတော်ကို အတုယူစံပြု၍ ပြောဆိုပြုမူလေ့ရှိကြသည်။

ယခုခေတ်တွင် ယင်းအစဉ်အလာများ ပျက်သုဉ်းခဲ့သဖြင့် လူငယ်များ၏ စိတ်အစဉ်တွင် မဟော်သဓာလည်း မရှိတော့၊ မဟာဇနကမင်းသားလည်း မရှိတော့၊ သုဝဏ္ဏသာမလည်း မရှိတော့ချေ။ ဤခေတ်လူငယ်များသည် ရုပ်ရှင်ဇာတ်လိုက်များကို အတုယူကြသည်။ နိုင်ငံခြားရုပ်ရှင်များ၏ ဩဇာလွှမ်းမိုးမှု ခံနေကြရသည်။ ဗုဒ္ဓဘာသာ အစဉ်အလာ ယဉ်ကျေးမှုများ ပျောက်ကွယ်၍ ကျောက်ခေတ်လူရိုင်းဝါဒများကို “ခေတ်မီသည်၊ ခေတ်ဆန်သည်” ဟူ၍ အထင်ကြီး အတုယူမှားနေကြပေသည်။ ဤအချက်ကို လူကြီးမိဘများအနေဖြင့် အချိန်မနှောင်းမီ ပြုပြင်သင်ကြား လမ်းညွှန်မှုပေးသင့်ကြပေသည်။ မိရိုးဖလာ ဗုဒ္ဓဘာသာယဉ်ကျေးမှု မကွယ်ပျောက်ရလေအောင် သတိကြီးစွာဖြင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သင့်ကြပေသည်။

သားငယ်သမီးငယ်များကို အသိအလိမ္မာ ဉာဏ်ပညာတိုးပွားစေရန် ရည်ရွယ်ချက်ဖြင့် ဇာတ်နိပါတ် ဝတ္ထုကြောင်းများကို ရွေးချယ်ပြောကြားရန် ဖြစ်သည်။
ရဲရင့်စွာ စွန့်စားသွားလာမှု၊ လုံ့လဝီရိယကြီးမားမှု အတုယူနိုင်စေရန် မဟာဇနကဇာတ်တော် ကို လည်းကောင်း၊
ရာထူးအာဏာ မမက်မောခြင်း၊ အဓိဋ္ဌာန်ခိုင်မြဲခြင်းတို့ကို အတုယူနိုင်စေရန် တေမိယဇာတ်တော် ကို လည်းကောင်း၊
မိဘကျေးဇူးသိတတ်ခြင်း၊ မိဘကို ရိုသေစွာပြုစုလုပ်ကျွေးခြင်း အတုယူနိုင်စေရန် သုဝဏ္ဏသာမဇာတ်တော် ကို လည်းကောင်း၊
ငရဲခန်းနှင့် ဘုံခန်းကို ဖော်ပြ၍ ကုသိုလ်ကံ၏ အကျိုးတရား၊ အကုသိုလ်ကံ၏ အကျိုးတရားများကို မှန်ကန်စွာ သိရှိနားလည်စေရန်အတွက် နေမိဇာတ်တော် နှင့် နာရဒဇာတ်တော် ကို လည်းကောင်း၊
ဆင်ခြင်တုံတရား ရှင်သန်စေရန်အတွက် မဟော်သဓာဇာတ်တော် နှင့် ဝိဓူရဇာတ်တော် ကို လည်းကောင်း၊
ကိုယ်ကျင့်တရား ကောင်းမွန်ရေးနှင့် သီလစောင့်ထိန်းမှု အတုယူနိုင်စေရန်အတွက် ဘူရိဒတ်ဇာတ်တော် ကို လည်းကောင်း၊
အမှန်နှင့် အမှား ခွဲခြားတတ်စေရန်အတွက် စန္ဒကုမာရဇာတ်တော် ကို လည်းကောင်း၊
အလှူဒါနအရာ၌

စာမျက်နှာ-9


တွန့်တိုမှုမရှိ ရက်ရောစွာ ပေးလှူတတ်စေရန် ဝေဿန္တရာဇာတ်တော် ကို လည်းကောင်း၊ ကလေးငယ်များ စိတ်ပါဝင်စားလာအောင် တိုတိုကျဉ်းကျဉ်း လိုရင်းကို ရှင်းလင်းစွာ ပြောပြရန်ဖြစ်သည်။ မြတ်စွာဘုရား လက်ထက်တော်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ဓမ္မပဒဝတ္ထုအဖြစ် ရေးသားဖော်ပြထားခဲ့ရာ ယုတ်ညံ့မှု၌ စံပြနမူနာအဖြစ် စိဉ္စမာန၊ ဒေဝဒတ် စသော ပုဂ္ဂိုလ်များ၊ မြင့်မြတ်သော စံပြပုဂ္ဂိုလ်များအဖြစ် အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလ္လာန်၊ အရှင်အာနန္ဒာ၊ ဝိသာခါ၊ အနာထပိဏ် စသော ပုဂ္ဂိုလ်တို့၏ အတ္ထုပ္ပတ္တိများကို ကလေးငယ်နှင့် သင့်လျော်ရုံ တိုတိုကျဉ်းကျဉ်း လိုရင်းကို ရှင်းလင်းစွာ ပြောပြရန်ဖြစ်သည်။

ဤကဲ့သို့ ဇာတ်နိပါတ်၊ ပုံပြင်၊ ရာဇဝင် ဝတ္ထုကြောင်းများ ပြောပြခြင်းဖြင့် သားငယ်သမီးငယ်များ၏ အသည်းနှလုံးထဲသို့ ဗုဒ္ဓဒေသနာတော် အခြေခံသည့် စိတ်ကူးစိတ်သန်းများ၊ အယူအဆများ၊ အတွေးအခေါ်များသည် မသိမသာ တဖြည်းဖြည်း အနယ်ထိုင် စွဲကပ်သွားလေသည်။ ဗုဒ္ဓဘာသာ အယူဝါဒသည် သွေးထဲ၌ ဝင်ရောက်ကိန်းဝပ်နေ၍ ကာယဗလမာန်၊ ဉာဏဗလမာန်၊ ဘောဂဗလမာန်၊ တေဇဗလမာန်တို့ အရှိန်အဟုန် မြင့်တက်နေချိန်၌ မှေးမှိန်တိမ်မြုပ်နေသော်လည်း ယင်းမာန်များ လျော့ကျသွားချိန်တွင်မူ သွေးကပြောသည့် ဗုဒ္ဓဘာသာတရားသည် ထိုသူ၏ စိတ်သန္တာန်ကို ပြန်လည်လွှမ်းခြုံကာ ဗုဒ္ဓယဉ်ကျေးမှုဆီသို့ ပြန်လည်ပို့ဆောင်လေတော့သည်။

သားငယ်သမီးငယ်များကို “အတုမြင် အတတ်သင်”၊ “ငှက်ပျောပင်စိုက် မိလိုက်ဖသာ” (ဒိဋ္ဌာနုဂတိ) ဖြစ်လာစေရန် နေ့စဉ် ညအိပ်ရာဝင်ချိန်၌ လည်းကောင်း၊ နံနက်စောစော အိပ်ရာထ (အရုဏ်တက်ချိန်) ၌ လည်းကောင်း ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူခြင်း၊ ဘုရားဝတ်တက်ခြင်း၊ အခါကြီးရက်ကြီးများနှင့် ဝါတွင်းဥပုသ်နေ့များတွင် ကျောင်းကန်ဘုရားသွား၍ ဥပုသ်သီတင်း သီလဆောက်တည်ခြင်းများကို မိဘများကိုယ်တိုင် စံပြအဖြစ် ပြုလုပ်ကြရမည့်အပြင် သားငယ်သမီးငယ်များကို ဖြစ်နိုင်သမျှ အတူတကွ ပါဝင်ဆောင်ရွက်စေသင့်သည်။ သားငယ်သမီးငယ်များကို ဘုရားသွားလျှင်လည်း ခေါ်သွားရမည်၊ ဘုန်းကြီးကျောင်းသွားလျှင်လည်း ခေါ်သွားရမည်၊ ကျောင်းကန်ဘုရားနှင့် ၎င်းတို့ ရင်းနှီးအောင် ပြုလုပ်ထားရမည်ဖြစ်သည်။

ရှေးမြန်မာများသည် တစ်စုံတစ်ခု ထိမိခိုက်မိ၍ လန့်ဖျပ်ယောင်ယမ်းရာ၌ပင် အယုတ္တအနတ္တ စကားလုံးများဖြင့် ယောင်ယမ်းမှုမပြုကြဘဲ “ဗုဒ္ဓေါ မြတ်စွာဘုရား”၊ “အနိစ္စ အနိစ္စ” စသည်ဖြင့် ယောင်ယမ်းဆိုမြည်လေ့ရှိကြသည်။

စာမျက်နှာ-10


ထိုသို့ ယောင်မိစေရန်အတွက် ယင်းစကားလုံးများကို မကြာခဏ ကြိမ်ဖန်များစွာ ရွတ်ဆိုထားကြရသည်။ အညာဒေသတွင် ကလေးများ စိန်ပြေးတမ်းကစားရာ၌ လွတ်အောင်မပြေးနိုင်လျှင် “ဗုဒ်တေး”၊ “ဗုဒ်၊ ဗုဒ္ဓ” (ဘုရား ဘုရား) ဟု ဆိုလိုက်ရုံမျှဖြင့် ကင်းလွတ်ခွင့် ရရှိနိုင်သည်။ အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးကို အမှတ်မဲ့ ကျောပုတ်လိုက်ပါက “ဗုဒ်၊ ဗုဒ္ဓ” ဟု ယောင်လေ့ရှိကြသည်ဟု ဆိုသည်။ ဤကား ရှေးခေတ်လူကြီးများအနေဖြင့် မိမိတို့ သားစဉ်မြေးဆက်ကို ဘာသာသွေး သွင်းထားခဲ့ပုံကို အတုယူနိုင်ရန် ပြဆိုခြင်း ဖြစ်ပါသည်။

ထို့ကြောင့် စကားပြောတတ်ကာစ ကလေးငယ်များကို ဘုရား၊ တရားနှင့် စပ်လျဉ်းသည့် စကားလုံးများကို နှုတ်တိုက်ချပေးရာ၌ မှတ်မိလွယ်စေရန် ရှေးဦးစွာ “ဗုဒ္ဓေါ၊ ဗုဒ္ဓေါ” ဟု ပါဠိစကားလုံး အတိုအထွာများ သင်ပေးကြရန်ဖြစ်သည်။ တစ်ဆင့်တက်၍ ရှိခိုးတတ်စေရန် —
(က) ဗုဒ္ဓံ ပူဇေမိ၊
(ခ) ဓမ္မံ ပူဇေမိ၊
(ဂ) သံဃံ ပူဇေမိ -
ဟူ၍ တစ်ပိုဒ်ချင်း နှုတ်တိုက်ချပေးရမည်။ ထို့နောက် အနန္တောအနန္တငါးပါး ဂုဏ်ကျေးဇူးကို သိတတ်စေရန် —
(က) ဗုဒ္ဓဂုဏော အနန္တော၊
(ခ) ဓမ္မဂုဏော အနန္တော၊
(ဂ) သံဃဂုဏော အနန္တော၊
(ဃ) မာတာပိတုဂုဏော အနန္တော၊
(င) အာစရိယဂုဏော အနန္တော -
ဟူ၍ တစ်ပိုဒ်ချင်း နှုတ်တိုက်ချပေးရန်ဖြစ်သည်။

တစ်ဖန် တစ်ဆင့်ထက်၍ သရဏဂုံ (၃) ပါး ဆည်းကပ်နည်း —
(က) ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
(ခ) ဓမ္မံ သရဏံ ဂစ္ဆာမိ၊
(ဂ) သံဃံ သရဏံ ဂစ္ဆာမိ -
ဟူ၍ နှုတ်တိုက်ချပေးရန် ဖြစ်သည်။

စာမျက်နှာ-11


ထို့ထက် ပိုမို၍ ဉာဏ်ထက်မြက်သော ကလေးငယ်များဖြစ်ပါက “နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ကို လည်းကောင်း၊ သမ္ဗုဒ္ဓေဂါထာ ကို လည်းကောင်း အလွတ်ရသည်အထိ နှုတ်တိုက်ချပေးနိုင်ပါသည်။ ကလေးငယ်အား ဤပါဠိစကားလုံးများ၏ အနက်အဓိပ္ပာယ်ကို ရှင်းပြရန် မလိုသေးပါ။ ဤဖော်ပြပါ ဗုဒ္ဓဘာသာဆိုင်ရာ ပါဠိစကားလုံးများ နှုတ်တက်နေစေရန်သာ ဖြစ်ပါသည်။

ဗုဒ္ဓဘာသာဝင် မိဘများသည် “လက်ဦးဆရာ၊ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ မိနှင့်ဘ” ဟူသည်နှင့်အညီ မိမိတို့၏ သားသမီးများကို ငယ်စဉ်ကပင် စနစ်တကျ အချိုးကျကျ ဘာသာရေး အခြေခံအုတ်မြစ် ခိုင်မြဲစေရန် အသက်အရွယ်အလိုက် လေ့ကျင့်သင်ကြားပေးသင့်သည်။ သားသမီးများ၏ အသက်အရွယ်ကို လိုက်၍ ပြုသင့်ပြုထိုက်သော မိဘတာဝန်များကို အကျဉ်းအားဖြင့် ဖော်ပြအပ်ပါသည် —

(က) သုံးနှစ်အရွယ်

ဇာတကဝတ္ထု၊ ဓမ္မပဒဝတ္ထုများကို အတိုချုပ်ပြောကြားခြင်း၊ ဗုဒ္ဓံ ပူဇေမိ- စသည်ကို နှုတ်တိုက်ချပေးခြင်း။

(ခ) ငါးနှစ်အရွယ်

ယင်းဝတ္ထုများကိုပင် အနည်းငယ်ချဲ့၍ ပြောခြင်း၊ ဩကာသ ကန်တော့ခန်း၊ ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ သမ္ဗုဒ္ဓေဂါထာ စသည်တို့ကို နှုတ်တိုက်သင်ပေးခြင်း၊ စာသင်ကျောင်းသို့ မအပ်မီ ကကြီး ခခွေး သင်ပုန်းကြီး အရေးအဖတ်သင်ပေးခြင်း၊ စာသင်ကျောင်းသို့ အပ်နှံခြင်း။

(ဂ) ခုနစ်နှစ်အရွယ်

စာရေးစာဖတ် အတော်အသင့် တတ်လာပြီဖြစ်၍ ဘုရားရှိခိုး အမျိုးမျိုးနှင့် ဆွမ်းကပ်၊ ပန်းကပ်၊ ရေချမ်းကပ်၊ မေတ္တာပို့၊ အမျှဝေ စသည်တို့ကို ဉာဏ်ရည်ဉာဏ်သွားအလိုက် အရကျက်မှတ်စေခြင်း၊ ဝတ်တက်ဝတ်ကပ် မှန်မှန်ပြုလုပ်စေခြင်း၊ ဆွမ်းလောင်းစေခြင်း၊ ဆွမ်းဆန်လောင်းစေခြင်း။

(ဃ) ကိုးနှစ်အရွယ်

ညစဉ် အိပ်ရာမဝင်မီ ဇာတကဝတ္ထု၊ ဓမ္မပဒဝတ္ထု၊ ဗုဒ္ဓဝင်ကျမ်းများကို သားငယ်သမီးငယ်များအား အလှည့်ကျ ဖတ်ကြားစေ၍

စာမျက်နှာ-12


မိသားစု စုပေါင်း၍ စာဖတ်ခြင်း၊ လိုအပ်သည့်နေရာ၌ မိဘများက ရှင်းလင်းပြောပြခြင်း၊ အခါကြီးရက်ကြီးများ၌ ဥပုသ်သီလ စောင့်သုံးစေခြင်း၊ ပုတီးစိပ်နည်း သင်ပေးခြင်း၊ ရှင်သာမဏေဝတ် (ရှင်ပြု) ပေးခြင်း၊ သီလရှင်ဝတ်ပေးခြင်း။

(င) တစ်ဆယ့်ငါးနှစ်အရွယ်

ကိုးနှစ်အရွယ်တွင် ပြုလုပ်ပေးရမည့် ဘာသာရေးလုပ်ငန်းတာဝန်များကိုပင် ဆက်လက်ဆောင်ရွက်စေခြင်း၊ ကျေးရွာရပ်ကွက်အဖွဲ့ရှိ ဘာသာရေးအသင်းအဖွဲ့များ၌ ပါဝင်စေခြင်း၊ အလှူပွဲ၊ မင်္ဂလာပွဲများ၌ ပါဝင်ကူညီဆောင်ရွက်စေခြင်း၊ ကမ္မဋ္ဌာန်းဘာဝနာ ပွားများအားထုတ်နည်းများကို ဆရာကောင်းထံ နည်းခံသင်ယူအားထုတ်စေခြင်း။

(စ) နှစ်ဆယ်အရွယ်

အသက် တစ်ဆယ့်ငါးနှစ်မှ နှစ်ဆယ်အရွယ်အထိ သားသမီးများကို ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းများသို့ စေလွှတ်၍ ဘာသာရေးအသိပညာ ရယူစေခြင်း၊ ဘာသာခြားများနှင့် ထဲထဲဝင်ဝင် မရောနှောမိစေရန် ထိန်းသိမ်းခြင်း၊ ဘာသာရေးလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်လာစေရန် ကြီးကြပ်တိုက်တွန်းပေးခြင်း ပြုကြရန် ဖြစ်ပါသည်။ မိဘများအနေဖြင့် ဤမျှ ဆောင်ရွက်ပေးပြီးပါက ဘာသာရေးပိုင်းဆိုင်ရာ မိဘတာဝန် ကျေပွန်ပြီဟု ဆိုရပေမည်။ အသက်နှစ်ဆယ်ကျော်လာပါက သားသမီးများအနေဖြင့် မိမိခြေထောက်ပေါ် မိမိရပ်နိုင်ပြီဖြစ်သည်။ ဤအရွယ်ရောက်မှ မယဉ်ကျေးသေးပါက မိဘပြုပြင်၍ မရနိုင်တော့ပြီ။

မိဘများအနေဖြင့် သားသမီးများအား အမွေခံသားကောင်း သမီးကောင်း ဖြစ်လာအောင် စနစ်တကျ သင်ကြားပြသနိုင်ရေးအတွက် မိမိတို့ကိုယ်တိုင်က ဘာသာရေးဗဟုသုတ ကြွယ်ဝရမည်။ မိမိမသင်ကြား မဆုံးမတတ်ပါက သင်ကြားဆုံးမတတ်သော ဘကြီး၊ ဘထွေး၊ ဦးကြီး၊ ဦးလေး၊ မိကြီး၊ မိထွေးများထံ သေချာစွာ အပ်နှံပေးရမည်။ သို့မဟုတ် သဘောတူရာ မိဘများ စုပေါင်း၍ ဘာသာရေးသင်တန်းပြ ဆရာများအား ဉာဏ်ပူဇော်ခပေး၍ သင်ကြားစေရန် စီစဉ်သင့်ကြပေသည်။

စာမျက်နှာ-13


လူ့ဘဝ လူ့ဘောင်သည် သဘာဝဘေးရန်အန္တရာယ်များ၊ လူကြောင့်ဖြစ်သော ဘေးရန်အန္တရာယ်များဖြင့် ပြည့်လျှမ်းနေသည်။ ယင်းဘေးရန်အန္တရာယ်များမှ လွတ်ကင်းစေရန်နှင့် ကောင်းကျိုးချမ်းသာ စီးပွားဥစ္စာ တိုးပွားစေရန် တစ်စုံတစ်ခု ကိုးကွယ်မှုပြုကြသည်။

မိမိတို့ရိုးရာ မိဆိုင်ဖဆိုင်နတ်များ၊ မြစ်စောင့်နတ်၊ တောင်စောင့်နတ်၊ ပင်လယ်သမုဒ္ဒရာစောင့်နတ်၊ ရုက္ခစိုးနတ်၊ ဘုမ္မစိုးနတ်၊ အာကာသစိုးနတ် စသော နတ်အမျိုးမျိုးကို ရှိခိုးပူဇော်ကြသည်။ အားကိုးအားထားပြုလုပ်၍ ပူဇော်ပသကြသည်။ ယင်းနတ်များအပေါ် လွှမ်းမိုးအုပ်ချုပ်သည့် နတ်မင်းကြီးများ၊ သိကြားမင်း၊ ဗြဟ္မာမင်းတို့ကို ကိုးကွယ်ကြပြန်သည်။ တန်ခိုးရှင်များ၏ အကြီးအကဲအချုပ်ဖြစ်သော နတ်မင်းကြီး၊ ဗြဟ္မာမင်းကြီးကိုပင် တစ်ဦးတည်းရှိကြောင်း သတ်မှတ်၍ အရာခပ်သိမ်းကို သိတတ်သူ (သဗ္ဗညု )၊ အရာခပ်သိမ်းကို မြင်တတ်သူ (သဗ္ဗဒဿာဝီ )၊ အရာခပ်သိမ်းအတွင်း၌ ပျံ့နှံ့စိမ့်ဝင်တည်နေသူ (သဗ္ဗဗျာပီ )၊ ဘာကိုမဆို လုပ်နိုင်သူ (ကတ္တာ )၊ သက်ရှိသက်မဲ့ အပါအဝင် ဤလောကဓာတ်ကြီးတစ်ခုလုံးကို ဖန်ဆင်းသူ (နိမ္မာတာ )၊ အနန္တတန်ခိုးတော်ရှင် (မဟိဒ္ဓိက၊ မဟာနုဘာဝ ) အဖြစ် ဂုဏ်ပြုချီးကျူးကြသည်။ ပူဇော်ပသ ကိုးကွယ်ဆည်းကပ်ကြသည်။

ယင်းနတ်အမျိုးမျိုး ကိုးကွယ်မှုသည်လည်းကောင်း၊ နတ်များ၏အချုပ် နတ်ဘုရင်၊ နတ်မင်းကြီးတစ်ပါးတည်းကို အနန္တတန်ခိုးတော်ရှင်အဖြစ် ကိုးကွယ်မှုသည်လည်းကောင်း လက်ငင်းတွေ့ကြုံနေကြရသော ဘေးရန်ဒုက္ခများမှလည်းကောင်း၊ သံသရာဝဋ်ဆင်းရဲမှလည်းကောင်း ကင်းလွတ်ထွက်မြောက်နိုင်သည့် အကျင့်လမ်းစဉ်မဟုတ်ချေ။ ထို့ကြောင့် ယင်းကိုးကွယ်မှုများသည် မှန်ကန်သော ကိုးကွယ်မှုများ မဟုတ်ကြချေ။

မြတ်စွာဘုရားရှင်ကိုလည်းကောင်း၊ ထိုမြတ်စွာဘုရား ဟောကြားတော်မူသည့် တရားတော်ကိုလည်းကောင်း၊ ထိုတရားတော်နှင့်အညီ လိုက်နာကျင့်သုံးလျက်ရှိကြသော သံဃာတော်ကိုလည်းကောင်း ကိုးကွယ်ဆည်းကပ်မှုသည်သာလျှင် ပစ္စုပ္ပန်ဆင်းရဲ၊ သံသရာဝဋ်ဆင်းရဲမှ ထုတ်ဆောင်နိုင်သောကြောင့် မှန်ကန်တည့်မတ် ကောင်းမြတ်သော ကိုးကွယ်ဆည်းကပ်ခြင်း မည်၏။ ယင်းမှန်ကန်သော ကိုးကွယ်ဆည်းကပ်မှုကို ပြုလုပ်ရာ၌ —

စာမျက်နှာ-14


(က) ရှေးဦးစွာ ကာယကံဖြင့် ရှိခိုးပူဇော်တတ်ရမည်၊

(ခ) ထို့နောက် ဝစီကံဖြင့် ရှိခိုးပူဇော်တတ်ရမည်၊
(ဂ) ဆက်လက်၍ လှူဒါန်းပေးကမ်းမှု ဒါနပြုတတ်ရမည်၊
(ဃ) ဆက်လက်၍ ကိုယ်ကျင့်သီလ စောင့်ထိန်းမှု ပြုတတ်ရမည်၊
(င) ဆက်လက်၍ မေတ္တာဘာဝနာ၊ အနုဿတိဘာဝနာ ပွားတတ်ရမည်၊

(စ) နောက်ဆုံးတွင် ရုပ်နာမ်ဓမ္မ သင်္ခါရတို့ကို လက္ခဏာရေးသုံးချက်တင်၍ ဝိပဿနာရှုပြီး အနုပါဒိသေသနိဗ္ဗာန်တိုင်ရောက် ကျင့်သုံးတတ်ရမည်။

ယင်းလုပ်ငန်းစဉ် (၆) ရပ်အနက် ရှေးဦးစွာ ကာယကံဖြင့် အရိုအသေပြုခြင်း၊ ရှိခိုးပူဇော်ခြင်းများမှာ —
(က) နေရာဖြင့် အရိုအသေပြုခြင်း၊
(ခ) ဝတ်စားဆင်ယင်မှုဖြင့် အရိုအသေပြုခြင်း၊
(ဂ) ကိုယ်ဟန်အနေအထားဖြင့် အရိုအသေပြုခြင်း — ဟူ၍ သုံးမျိုးသုံးစား ရှိနိုင်ပါသည်။

နေရာဖြင့် အရိုအသေပြုခြင်း

နေရာဖြင့် အရိုအသေပြုပုံမှာ - ဘုရားပုံများ၊ ဘုရားကားချပ်များ၊ ရုပ်ပွားတော်များနှင့် တရားစာအုပ်များ၊ ရဟန်းပုံတော်များကို မိမိအောက် နိမ့်ကျသည့်နေရာ၌သော်လည်းကောင်း၊ ခြေရင်းဘက်၌သော်လည်းကောင်း မထားရ။ အလားတူပင် မိဘ၊ ဆရာသမားတို့၏ ပုံများ၊ ၎င်းတို့၏ အသုံးအဆောင်များကိုလည်း နိမ့်ကျသောနေရာနှင့် ခြေရင်းဘက်တို့၌ မထားရ။ ထိုကဲ့သို့ ထားမိပါက မလေးမစား ပြုလုပ်ရာရောက်၍ စော်ကားရာရောက်နိုင်သည်။ ဤသို့ မလေးမစား ပြုလုပ်မိခြင်းကို “ဂိုဏ်းသင့်သည်” ဟု ဆိုကြသည်။

ဘုရား၊ တရား၊ သံဃာ၊ ဆရာ၊ မိဘတို့မှာ အနန္တောအနန္တဂိုဏ်းဝင်များ ဖြစ်ကြ၍ ယင်းအနန္တငါးပါးကို မရိုမသေ မလေးမစား ပြုမိခြင်းကို အနန္တငါးပါး (ဂိုဏ်း) ကို ပြစ်မှားမိသည့်အပြစ် သင့်ရောက်သည်ဟု ဆိုလိုသည်။ ထို့ကြောင့် အနန္တငါးပါးနှင့် စပ်ဆိုင်သည့် ပစ္စည်းဝတ္ထုများကို နိမ့်ကျရာအရပ်၌ မထားကြဘဲ မြင့်သောနေရာ၊ မြတ်သောနေရာ၌ ထားသင့်ကြသည်။

စာမျက်နှာ-15


အထူးသတိပြုရန်မှာ ဤခေတ်တွင် ဈေးသည်အချို့သည် အနန္တငါးပါးနှင့် စပ်ဆိုင်သည့် ပစ္စည်းဝတ္ထုများကို လမ်းဘေးခြေနင်းဖတ်ထဲတွင် ချထား၍ ရောင်းချလေ့ရှိကြသည်။ ဤအပြုအမူမျိုးကို သတိပြုရှောင်ကြဉ်သင့်ကြသည်။ မဟာဇနကဇာတ်တော် ၌ သီဝလိဒေဝီနှင့် မဟာဇနကမင်းသား အတူထိုင်လျက်ရှိသော ရာဇပလ္လင်ကို ခြေရင်းခေါင်းရင်း ခွဲခြားခိုင်းသည့် အမေးပုစ္ဆာကို မဖြေဆိုနိုင်ဖြစ်နေစဉ် မဟာဇနကမင်းသားသည် ဘောင်းတော်ကို ချွတ်၍ သီဝလိဒေဝီအား ပေးလိုက်သည်။ သီဝလိဒေဝီသည် ဘောင်းတော်ကို ရာဇပလ္လင်၏ ခေါင်းရင်းဘက်၌ ချထားလိုက်သည်။ ယင်းဘောင်းတော်ထားသည့်ဘက်မှာ ခေါင်းရင်းဘက်ဖြစ်ကြောင်းကို မဟာဇနကမင်းသား သိရှိသွားလေသည်။ ဤအချက်ကိုကြည့်ပါက ရှေးခေတ်အမျိုးသမီးများသည် မိမိအိမ်ရှင်လင်ယောက်ျား၏ အသုံးအဆောင်ပစ္စည်းကိုပင် နိမ့်ကျသည့်နေရာ၌ ထားခြင်းမှ ရှောင်ကြဉ်ကြောင်း တွေ့ရှိရသည်။

အလားတူပင် နှစ်ကျိပ်ရှစ်ဆူ လှည့်လည်အပူဇော်ခံပွဲ၊ ရှင်ဥပဂုတ်လှည့်လည်အပူဇော်ခံပွဲများ၌ နိမ့်ရာသို့ဆင်း၍ အရိုအသေပေးကြရန်ဖြစ်သည်။ မကျန်းမာသူဖြစ်ပါမူ မိမိနေရာမှပင် လက်အုပ်ချီ၍ အရိုအသေပြုနိုင်ပါသည်။

တစ်ဖန် ကျောင်းကန်ဘုရားများသို့ ယာဉ်ဖြင့် သွားလာရာ၌ ကျောင်းဝင်း၊ ဘုရားဝင်းအတွင်းတိုင်အောင် ယာဉ်မစီးသင့်၊ ကျောင်းဝင်း၊ ဘုရားဝင်းအနီးအနား သင့်လျော်ရာဌာနတစ်ခုတွင် ယာဉ်မှ ဆင်းသက်သွားလာသင့်ကြသည်။ မြတ်စွာဘုရားလက်ထက်တော်က ဗိမ္ဗိသာရမင်းကြီး နှင့် ကောသလမင်းကြီး တို့သည် ကျောင်းတော်ပရိဝုဏ်ပြင်ပတွင် ယာဉ်မှသက်ဆင်း၍ ခြေကျင်သွားရောက်လေ့ရှိကြသည်။

ထို့ပြင် အတူတကွ ယာဉ်စီး၍ သွားလာရာ၌လည်းကောင်း၊ ခြေကျင်သွားလာရာ၌လည်းကောင်း ယင်းအနန္တဂိုဏ်းဝင်များကို ရှေ့မှာထားလျက် မိမိက နောက်မှလိုက်ရမည်။ ခရီးသည်ကားများပေါ်တွင် မိမိက အလျင်နေရာရရှိထား၍ အနန္တဂိုဏ်းဝင်များက နေရာမရဖြစ်နေပါလျှင် မိမိနေရာကို ကြွရောက်ထိုင်ရန် ဖိတ်ခေါ်ပေးအပ်ရမည်။ ခရီးရင်ဆိုင်ဖြစ်နေပါက အနန္တဂိုဏ်းဝင်များကို လမ်းဖယ်ပေးရမည်။ အလားတူပင် နေရာယူရာ၌ အနန္တဂိုဏ်းဝင်များကို ဦးစားပေး၍ မိမိက နိမ့်သောနေရာ၊ ညံ့သောနေရာကို ယူရမည်။

ဝတ်စားဆင်ယင်မှုဖြင့် အရိုအသေပြုခြင်း

ဘုရား၊ တရား၊ သံဃာ၊ ဆရာသမား၊ မိဘဟူသော အနန္တဂိုဏ်းဝင်များ၏ ရှေ့မှောက်တွင် ဝတ်စားဆင်ယင်မှုကို အရှက်အကြောက် လုံလုံခြုံခြုံရှိစေရမည်။

စာမျက်နှာ-16


ဘောင်းဘီတို၊ လုံချည်တို၊ အင်္ကျီလက်ပြတ် ဝတ်ဆင်ခြင်း၊ အချို့ယောကျ်ားများ လုံးဝအင်္ကျီမဝတ်ဘဲ နေခြင်းများသည် မရိုသေရာရောက်သည်။ အဝတ်အစားကို သတ်မှတ်ထားသည့်အတိုင်း ပြည့်ပြည့်စုံစုံ လုံလုံခြုံခြုံ ဝတ်ဆင်လာပါက ကျက်သရေမင်္ဂလာရှိ၍ သက်ဆိုင်ရာပုဂ္ဂိုလ်အား ဂုဏ်ပြုရာရောက်သည်ကို သတိပြုသင့်ကြပေသည်။ ဘုရားထဲကျောင်းထဲ ရောက်သည့်အခါနှင့် ရဟန်းသံဃာအနီးသို့ ရောက်ရှိဆည်းကပ်သည့်အခါများတွင် —

ထီးကို ရုပ် (ပိတ်) သိမ်းခြင်း၊
ဦးထုပ်ကို ချွတ်ခြင်း၊
ခေါင်းဆောင်း သို့မဟုတ် ပေါင်းထုပ်ကို ချွတ်ခြင်း၊
ခေါင်းပေါ်တွင် အဝတ်တင်ထားပါက ယင်းအဝတ်ကို ပခုံးထက်သို့ ပြောင်းရွှေ့တင်ပေးခြင်း၊
ခေါင်းမြီးခြုံထားပါက ယင်းအဝတ်ကို ပခုံးပေါ်သို့ လျှောချပေးခြင်း၊
ဖိနပ်နှင့် ခြေအိတ်ကို ချွတ်ခြင်း၊
ပခုံးထက်တွင် တဘက်စတင်ခြင်း၊
တဘက်စကို စံပယ်တင်ခေါ် လက်ဝဲပခုံးထက်တင်၍ စလွယ်သိုင်းခြင်း၊ လက်ကန်တော့ထိုးခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် ရိုသေမှုကို ဖော်ပြကြရသည်။

ခေါင်းပေါင်း သို့မဟုတ် ပေါင်းထုပ်မှာ ဆံပင်အားလုံးကို လုံးဝဖုံးအုပ်ခြင်းမျိုးမဟုတ်ဘဲ ဆံစများပေါ်နေပါက ချွတ်ရန်မလိုချေ။

ကိုယ်ဟန်အနေအထားဖြင့် အရိုအသေပြုခြင်း

ရတနာသုံးပါးနှင့် မိဘဆရာသမားများထံသို့ ဆည်းကပ်သည့်အခါ —
(က) လက်အုပ်ချီခြင်း၊
(ခ) ဦးညွှတ်ခြင်း၊
(ဂ) ဒူးတုပ်ခြင်း၊
(ဃ) ရှိခိုးဦးချခြင်းဖြင့် ရိုသေမှုဖော်ပြကြရသည်။

ယင်းအမူအရာလေးမျိုးတို့အနက် လက်အုပ်ချီခြင်းကို လမ်းခရီးအခိုက်အတန့် ကြုံတွေ့ရာ၌ မတ်တပ်ရပ်လျက်ပင် လက်အုပ်ချီ၍ အရိုအသေပြုနိုင်ပါသည်။ ထို့ပြင် ဆရာတော်သံဃာတော်များ တရားဟောကြားနေရာ၌ တရားတော်ကို...

စာမျက်နှာ-17


ရိုသေသမှုပြုသောအားဖြင့် လက်အုပ်ချီထားလျက် တရားနာယူကြရမည်။ သံဃာတော်များ ကြွသွားသည်ကို မြင်ရလျှင် မျက်စိတဆုံးအထိ လက်အုပ်ချီထားရမည်။ ဘုရားရှေ့မှောက်နှင့် သံဃာတော်များရှေ့မှောက်မှ ထွက်ခွာသွားရာ၌ ချက်ချင်းကျောပေး၍ နောက်ပြန်မလှည့်ရ၊ လက်အုပ်ချီလျက် ခြေငါးလှမ်းခန့် နောက်ဆုတ်သွားပြီးမှ နောက်ပြန်လှည့်ထွက်သင့်သည်။

လက်အုပ်ချီရာ၌ လက်အုပ်ကို နဖူး၌ထားခြင်း၊ မေးစေ့အောက်၌ထားခြင်း၊ ရင်ညွန့်၌ထားခြင်းဟူ၍ သုံးမျိုးရှိရာ လက်အုပ်ကို နဖူး၌ထားခြင်း သည် အမြင့်ဆုံးရိုသေနည်းဖြစ်သည်။ လက်အုပ်ကို နှိမ့်ထားပါက အရိုအသေပေါ့မှုကို ဖော်ပြရာရောက်သည်။ အထူးအားဖြင့် မတ်ရပ်အနေအထားတွင် နဖူးပေါ်သို့ လက်အုပ်ချီမိုးရာ၌ တံတောင်ဆစ်နှစ်ဖက်ကို ပခုံးနှင့်တစ်ပြေးညီ ထားသင့်သည်။

ဦးညွှတ်အရိုအသေပြုခြင်း ၊ ခါးကုန်း၍ အရိုအသေပြုခြင်းများမှာ မိဘဆရာသမားများ၊ လူကြီးသူမများအား အရိုအသေပေးနည်းဖြစ်သည်။ အချို့မှာ ဦးညွှတ်မှုနှင့် တွဲဖက်၍ ဒူးကိုကွေးညွှတ်ခြင်းပြုလျက် အရိုအသေပြုကြသည်လည်း ရှိပါသည်။

အနန္တငါးပါးကို အရိုအသေပြုချိန်၌ ဆောင့်ကြောင့်ထိုင်ခြင်း၊ ဒူးနှစ်ဘက်စုံကွေးလျက် ပုဆစ်တုပ်ထိုင်ခြင်းနှင့် တင်ပါးလွှဲထိုင်ခြင်းဟူ၍ သုံးမျိုးရှိရာ သင့်လျော်ရာတစ်မျိုးမျိုးဖြင့် ထိုင်နိုင်ပါသည်။ သို့ရာတွင် ဆောင့်ကြောင့်ထိုင်နည်းမှာ အမျိုးသားများအတွက်သာ သင့်လျော်၍ အမျိုးသမီးများအတွက် ပုဆစ်တုပ်ထိုင်နည်းနှင့် တင်ပါးလွှဲထိုင်နည်းများသာ သင့်လျော်ပါသည်။ ဆောင့်ကြောင့်ထိုင်နည်းမှာ ဗိုက်ရွှဲသူများ လုံးဝမထိုင်နိုင်သဖြင့် တင်ပါးလွှဲထိုင်နည်းကို အသုံးများကြသည်။ ပုဆစ်တုပ်ထိုင်နည်းမှာလည်း အလေ့အကျင့်မရှိသူများ မထိုင်နိုင်ကြချေ။ ထို့ကြောင့် မိမိအတွက် သက်သာမည့် ထိုင်နည်းကို သုံးနိုင်ကြသည်။

ရှိခိုးဦးချခြင်း

ရှိခိုးဦးချသည့်နေရာတွင် မြေပြင် သို့မဟုတ် ကြမ်းပြင်ပေါ်၌ ကိုယ်အင်္ဂါအစိတ်အပိုင်းငါးမျိုးကို တည်စေလျက် ဦးခိုက်ဝပ်တွားခြင်းကို တည်ခြင်းငါးပါးဖြင့် ရှိခိုးခြင်း ဟု ခေါ်ကြသည်။ ထိခြင်းငါးပါး ဟုလည်း ခေါ်ဆိုနိုင်သည်။ မြေပြင် သို့မဟုတ် ကြမ်းပြင်ပေါ်၌ —

စာမျက်နှာ-18


(က) ဒူးနှစ်ဘက် တည်စေရမည်၊

(ခ) တံတောင်ဆစ်တိုင်အောင် လက်နှစ်ဘက်ကို တည်စေရမည်၊
(ဂ) နဖူးကို တည်စေရမည်၊

ဤကိုယ်အင်္ဂါငါးမျိုးကို အညီအညွှတ်ပြု၍ ရှိခိုးမည့်ဘက်သို့ ရှေးရှုညွတ်သောအားဖြင့် ဝပ်တွားဦးခိုက်ရမည်။ အစီအစဉ်အားဖြင့် ဖော်ပြရပါက အမျိုးသားများ အနေဖြင့် —

(က) ရှေးဦးစွာ ရှိခိုးမည့်ဘက်သို့ မျက်နှာမူပြီး ဆောင့်ကြောင့်ထိုင်ရမည်။
(ခ) လက်အုပ်ကို နဖူးအထိ မြှောက်ချီရမည်။
(ဂ) ထို့နောက် ဒူးထောက်ချလိုက်ရမည်။
(ဃ) လက်အုပ်ကို မြေပြင်၊ ကြမ်းပြင်သို့ချ၍ လက်ဝါးဖြန့်လျက် လက်ထောက်ရမည်။
(င) တံတောင်ဆစ်နှစ်ဘက်ကို မြေပြင်၊ ကြမ်းပြင်သို့ ထိအောင် လက်ဝါးနှစ်ဘက်ကို ရှေ့သို့ လျှောထုတ်ရမည်။ ထိုအခါ ဦးခေါင်းနှင့် ပခုံးသည် အလိုအလျောက် ရှေ့သို့ ငိုက်သွားမည်။
(စ) နဖူးကို လက်ဖမိုးပေါ် သို့မဟုတ် ကြမ်းပြင်ပေါ်သို့ ထိအောင် နှိမ့်ချပါ။
ဤသို့ ဝပ်တွားဦးခိုက်ခြင်းသည် တည်ခြင်း (ထိခြင်း) ငါးပါးဖြင့် ရှိခိုးသည် မည်၏။ ဤနည်းအတိုင်း သုံးကြိမ်ရှိခိုးကြရမည်။

အမျိုးသမီးများ အနေဖြင့် တည်ခြင်း (ထိခြင်း) ငါးပါးဖြင့် ရှိခိုးနည်းမှာ —
(က) ရှေးဦးစွာ ရှိခိုးမည့်ဘက်သို့ မျက်နှာမူပြီး တင်ပါးလွှဲထိုင်ရမည်။
(ခ) လက်အုပ်ကို နဖူးအထိ မြှောက်ချီရမည်။
(ဂ) ထို့နောက် လက်အုပ်ကို မြေပြင်၊ ကြမ်းပြင်သို့ချ၍ လက်ဝါးဖြန့်ရမည်။
(ဃ) တံတောင်ဆစ်နှစ်ဘက်ကို မြေပြင်၊ ကြမ်းပြင်သို့ ထိအောင် လက်ဝါးနှစ်ဘက်ကို ရှေ့သို့ လျှောထုတ်ရမည်။
(င) နဖူးကို လက်ဖမိုး သို့မဟုတ် ကြမ်းပြင်သို့ ထိအောင် နှိမ့်ဦးခိုက်ပါ။
ဤနည်းအတိုင်း သုံးကြိမ် ရှိခိုးရမည်။

စာမျက်နှာ-19


တည်ခြင်းငါးပါး ဒုတိယနည်း

သီလက္ခန်ဋီကာသစ်နည်းအရ တည်ခြင်းငါးပါးဖြင့် ရှိခိုးရာ၌ တည်ရမည့် အင်္ဂါငါးပါးကို ဖော်ပြလတ္တံ့ပါအတိုင်း ရေတွက်ရသည်။ ရှိခိုးဦးချသည့် မြေပြင် သို့မဟုတ် ကြမ်းပြင်၌ —
(က) လက်ဝါးနှစ်ဘက် တည်ရှိရမည်၊
(ခ) ခြေဖဝါးနှစ်ဘက် တည်ရှိရမည်၊
(ဂ) တံတောင်ဆစ်နှစ်ဘက် တည်ရှိရမည်၊
(ဃ) ဒူးနှစ်ဘက် တည်ရှိရမည်၊
(င) နဖူး တည်ရှိရမည်။
တည်ခြင်းငါးပါး တတိယနည်း
တောင်ဖီလာဆရာတော်၏ တည်ခြင်းငါးပါး ရှိခိုးနည်း ရေတွက်ပုံမှာ —
(က) ပုဝါကို လက်ဝဲပခုံးထက်၌ တင်ထားခြင်း (ကိုယ်ဝတ်စံပယ်တင်ခြင်း)၊
(ခ) လက်အုပ်ချီမိုး ရှိခိုးခြင်း၊
(ဂ) ရှိခိုးခံပုဂ္ဂိုလ်၏ ခြေတို့ကို လက်ဖဝါးနှစ်ဘက်ဖြင့် ဆုပ်နယ်ကိုင်တွယ်ခြင်း၊
(ဃ) ကြည်ညိုသော မေတ္တာစိတ်ရှေ့ထားပြုခြင်း၊
(င) ရိုသေလေးမြတ်သော စိတ်ထားရှိခြင်း။
ဤတတိယနည်းဖြင့် ရှိခိုးခြင်းမှာ အဝေးမှနေ၍ ရှိခိုးရာ၌ ခြေတို့ကို ကိုင်ခြင်းဟူသော အင်္ဂါ (၁) ချက် မရနိုင်ချေ။ ပထမနည်းအတိုင်း တည်ခြင်းငါးပါး ရေတွက်နည်းသည် သင့်လျော်ကောင်းမြတ်သည်ဟု လယ်တီဆရာတော်ဘုရားကြီး မိန့်ကြားတော်မူခဲ့သည်။

စာမျက်နှာ-20


ရပ်လျက်ရှိခိုးခြင်း

ထိုင်၍ ရှိခိုးရန် မဖြစ်နိုင်သည့် အခြေအနေတွင် မတ်တတ်ရပ်လျက်ပင် ရှိခိုးနိုင်ပါသည်။ ရှိခိုးပုံမှာ —
(က) ရှိခိုးမည့်ပုဂ္ဂိုလ်ဘက်သို့ မျက်နှာမူထားရမည်။
(ခ) ခြေနှစ်ဘက်ကို စုံရပ်ရမည်။
(ဂ) လက်အုပ်ချီ၍ နဖူးပေါ်တင်ထားရမည်။
(ဃ) ထို့နောက် ကိုယ်ကို ညွတ်ကိုင်း၍ ဦးခေါင်းညွတ်ပြီး ရှိခိုးရမည်။

စေတနာပဓာန

ပြဆိုခဲ့သည့်အတိုင်း ဝပ်တွားရှိခိုးပုံ၊ ဦးခိုက်ပုံ အမျိုးမျိုးရှိသော်လည်း အရိုအသေ အလေးအမြတ်ပြုသော အမူအရာကို ဖော်ပြခြင်းဖြစ်၍ ယင်းအမူအရာကို ဖြစ်စေသည့် အတွင်းဓာတ်ခံ စေတနာ၏ လေးနက်မှုသာ ပဓာနဖြစ်သည်။ စိတ်စေတနာ မပါခဲ့သော်၊ ပါသော်လည်း ပေါ့ဆခဲ့သော် လိုအပ်သော အကျိုးမကြီးနိုင်ဟူ၍သာ မှတ်သားသင့်ပါသည်။


စာမျက်နှာ-21


အခန်း ၃ - ဝတ်တက်ဝတ်ကပ်အရကျက်ရန်

ဤနေရာ၌ ဗုဒ္ဓဘာသာဝင်တစ်ဦးအနေဖြင့် နေ့စဉ် ညအိပ်ရာဝင်၊ အိပ်ရာထ ဘုရားရှိခိုး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်းကပ်၊ မေတ္တာပို့၊ အမျှဝေ ဘာသာရေးကျင့်စဉ် လုပ်ငန်းတာဝန်များကို ပြုလုပ်တတ်စေရန် ရတနာသုံးပါးရှိခိုးခြင်းမှစ၍ အမျှဝေခြင်းအဆုံးထိ အရအမိကျက်ထားရန် အစဉ်အတိုင်း ဖော်ပြအပ်ပါသည်။ လူကြီးမိဘများအနေဖြင့် မိမိတို့၏ သားသမီးများကို အရကျက်ထားစေရန် ကြီးကြပ်တိုက်တွန်းသင့်လှပေသည်။

ရတနာသုံးပါးကို ရှိခိုးခြင်း

ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ရှိခိုးရာ၌ ပြဆိုခဲ့ပြီးသည့်အတိုင်း တည်ခြင်း (ထိခြင်း) ငါးပါးဖြင့် သုံးကြိမ် ရှိခိုးဦးချရာ၌ နှုတ်မှလည်း —

ဗုဒ္ဓံ ပူဇေမိ = မြတ်စွာဘုရားကို ရှိခိုးပူဇော်ပါ၏။
ဓမ္မံ ပူဇေမိ = တရားတော်မြတ်ကို ရှိခိုးပူဇော်ပါ၏။
သံဃံ ပူဇေမိ = သံဃာတော်မြတ်ကို ရှိခိုးပူဇော်ပါ၏။

ဟူ၍ တစ်ကြိမ်စီဆို၍ ဦးချရမည်။ ထို့နောက် လက်အုပ်ချီ၍ ထိုင်လျက် ဖော်ပြလတ္တံ့ပါ ကန်တော့ခန်းနှင့် ဆုတောင်းကို နှုတ်မှဆိုရန် ဖြစ်သည် —

ကန်တော့ခန်း

ဩကာသ ဩကာသ ဩကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။

ဆုတောင်း

ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။

စာမျက်နှာ-22


သရဏဂုံနှင့် ငါးပါးသီလတောင်းခြင်း

အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
တတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

(အာမ ဘန္တေ။)

ဘုရားရှိခိုးခြင်း

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ (၃-ကြိမ်)

သရဏဂုံဆောက်တည်ခြင်း

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဓမ္မံ သရဏံ ဂစ္ဆာမိ။
သံဃံ သရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။
တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ။
တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။
(အာမ ဘန္တေ။)

စာမျက်နှာ-23


ငါးပါးသီလဆောက်တည်ခြင်း

၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၃။ ကာမေသု မိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၄။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၅။ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(အာမ ဘန္တေ။)

သရဏဂုံနှင့် ရှစ်ပါးသီလတောင်းခြင်း

အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
တတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
(အာမ ဘန္တေ။)

(နမော တဿ-ဘုရားရှိခိုးနှင့် ဗုဒ္ဓံသရဏံ ဂစ္ဆာမိ-စသည်ဖြင့် သရဏဂုံဆောက်တည်ခြင်းတို့ကား ငါးပါးသီလ၌ ဖော်ပြခဲ့သည့်အတိုင်း ဖြစ်၏။)

ရှစ်ပါးသီလဆောက်တည်ခြင်း

၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၃။ အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၄။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၅။ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၆။ ဝိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၇။ နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာ ဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၈။ ဥစ္စာသယနမဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(အာမ ဘန္တေ။)

စာမျက်နှာ-24


သရဏဂုံနှင့် ကိုးပါးသီလတောင်းခြင်း

အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
တတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
(အာမ ဘန္တေ။)

(နမော တဿ-ဘုရားရှိခိုးနှင့် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ-စသည်ဖြင့် သရဏဂုံဆောက်တည်ခြင်းတို့ကား ငါးပါးသီလ၌ ဖော်ပြခဲ့သည့်အတိုင်း ဖြစ်၏။)

ကိုးပါးသီလဆောက်တည်ခြင်း

၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၃။ အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၄။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၅။ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၆။ ဝိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၇။ နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာ ဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၈။ ဥစ္စာသယနမဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၉။ မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ဝိဟရဏံ သမာဒိယာမိ။ (အာမ ဘန္တေ။)

စာမျက်နှာ-25


ဆွမ်းတော်ကပ်

အရဟတာဒိ နဝဂုဏေဟိ၊ အရဟံ-အစရှိသော ကိုးပါးသောဂုဏ်တော်တို့နှင့်။ သမန္နာဂတံ၊ ပြည့်စုံတော်မူသော။ နာထံ၊ လူနတ်တို့၏ ကိုးကွယ်ရာ ဖြစ်တော်မူသော။ ဗုဒ္ဓံ၊ သက်တော်ထင်ရှား သဗ္ဗညုမြတ်စွာဘုရားကို၊ ဥဒ္ဒိဿ၊ ရည်မှတ်၍၊ စေတိယဿ၊ ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီတော်မြတ်အား။ (ဝဏ္ဏ ဂန္ဓ ရသ သမ္ပန္နံ၊ အဆင်းအနံ့အရသာနှင့် ပြည့်စုံသော။ ဣမံ ပိဏ္ဍပါတခါဒနီယဘောဇနီယံ၊ ဤဆွမ်း ခဲဖွယ် ဘောဇဉ် ချိုချဉ်အရသာကို။) သက္ကစ္စံ၊ ရိုရိုသေသေ။ ဒေမိ၊ နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါ၏ အရှင်ဘုရား။ ပူဇေမိ၊ နိဗ္ဗာန်ကိုမျှော် ပူဇော်ပါ၏ အရှင်ဘုရား။

မေ၊ အကျွန်ုပ်၏။ ဣဒံ ပုညံ၊ ဤကောင်းမှုသည်။ အာသဝက္ခယာဝဟံ၊ အာသဝေါတရား လေးပါးတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ မြတ်နိဗ္ဗာန်ကို ဧကန်ရောက်အောင် ရွက်ဆောင်နိုင်သည်။ ဟောတု၊ ဖြစ်ပါစေသတည်း။

ရေချမ်းတော်ကပ်

အရဟတာဒိ နဝဂုဏေဟိ၊ အရဟံ-အစရှိသော ကိုးပါးသော ဂုဏ်တော်တို့နှင့်၊ သမန္နာဂတံ၊ ပြည့်စုံတော်မူသော။ နာထံ၊ လူနတ်တို့၏ ကိုးကွယ်ရာ ဖြစ်တော်မူသော။ ဗုဒ္ဓံ၊ သက်တော်ထင်ရှား သဗ္ဗညုမြတ်စွာဘုရားကို။ ဥဒ္ဒိဿ၊ ရည်မှတ်၍၊ စေတိယဿ၊ ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီတော်မြတ်အား။ (သုဒ္ဓ သီတလ ပသန္နံ၊ သန့်ရှင်းအေးမြ ကြည်လင်လှသော။ ဣမံ ပါနီယပရိဘောဇနီယံ၊ ဤသောက်တော်ရေ သုံးဆောင်တော်ရေကို။) သက္ကစ္စံ၊ ရိုရိုသေသေ။ ဒေမိ၊ နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါ၏ အရှင်ဘုရား။ ပူဇေမိ၊ နိဗ္ဗာန်ကိုမျှော် ပူဇော်ပါ၏ အရှင်ဘုရား။

မေ၊ အကျွန်ုပ်၏။ ဣဒံ ပုညံ၊ ဤကောင်းမှုသည်။ အာသဝက္ခယာဝဟံ၊ အာသဝေါတရား လေးပါးတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ မြတ်နိဗ္ဗာန်ကို ဧကန်ရောက်အောင် ရွက်ဆောင်နိုင်သည်။ ဟောတု၊ ဖြစ်ပါစေသတည်း။

စာမျက်နှာ-26


ပန်းတော်ကပ်

အရဟတာဒိ နဝဂုဏေဟိ၊ အရဟံ-အစရှိသော ကိုးပါးသော ဂုဏ်တော်တို့နှင့်။ သမန္နာဂတံ၊ ပြည့်စုံတော်မူသော။ နာထံ၊ လူနတ်တို့၏ ကိုးကွယ်ရာ ဖြစ်တော်မူသော။ ဗုဒ္ဓံ၊ သက်တော်ထင်ရှား သဗ္ဗညုမြတ်စွာဘုရားကို။ ဥဒ္ဒိဿ၊ ရည်မှတ်၍။ စေတိယဿ၊ ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီတော်မြတ်အား။ (ဝဏ္ဏ ဂန္ဓ သမ္ပန္နံ၊ အဆင်း၊ အနံ့နှင့် ပြည့်စုံသော။ ဣမံ ပုပ္ဖံ၊ ဤပန်းကို။) သက္ကစ္စံ၊ ရိုရိုသေသေ။ ဒေမိ၊ နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါ၏ အရှင်ဘုရား။ ပူဇေမိ၊ နိဗ္ဗာန်ကိုမျှော် ပူဇော်ပါ၏ အရှင်ဘုရား။

မေ၊ အကျွန်ုပ်၏။ ဣဒံ ပုညံ၊ ဤကောင်းမှုသည်။ အာသဝက္ခယာဝဟံ၊ အာသဝေါတရား လေးပါးတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ မြတ်နိဗ္ဗာန်ကို ဧကန်ရောက်အောင် ရွက်ဆောင်နိုင်သည်။ ဟောတု၊ ဖြစ်ပါစေသတည်း။

ဆီမီးတော်ကပ်

အရဟတာဒိ နဝဂုဏေဟိ၊ အရဟံ- အစရှိသော ကိုးပါးသော ဂုဏ်တော်တို့နှင့် သမန္နာဂတံ၊ ပြည့်စုံတော်မူသော။ သဗ္ဗညုတာနာဝရဏဉာဏေဟိ၊ သဗ္ဗညုတဉာဏ်၊ အနာဝရဏဉာဏ်တော်တို့ဖြင့်။ တိလောကေ၊ သုံးပါးသော လောက၌။ အဝိဇ္ဇန္ဓကာရံ၊ အဝိဇ္ဇာတည်းဟူသော အမိုက်မှောင်ကို။ ဝိဓမိတွာ၊ ပယ်ဖျောက်၍။ ဇလန္တံ၊ ထွန်းလင်းတောက်ပတော်မူစေနိုင်သော။ ဗုဒ္ဓံ၊ သက်တော်ထင်ရှား သဗ္ဗညုမြတ်စွာဘုရားကို။ ဥဒ္ဒိဿ၊ ရည်မှတ်၍။ စေတိယဿ၊ ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီတော်မြတ်အား။ (ပဘာ ဝဏ္ဏေဟိ၊ အရောင်အဆင်းတို့ဖြင့်။ အန္ဓကာရံ၊ အမိုက်မှောင်ကို။ ဝိနာသကံ၊ ပယ်ဖျောက်တတ်သော။ ဣမံ ဒီပဇာလံ၊ ဤဆီမီးလျှံကို။) သက္ကစ္စံ၊ ရိုရိုသေသေ။ ဒေမိ၊ နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါ၏ အရှင်ဘုရား။ ပူဇေမိ၊ နိဗ္ဗာန်ကိုမျှော် ပူဇော်ပါ၏ အရှင်ဘုရား။

မေ၊ အကျွန်ုပ်၏။ ဣဒံ ပုညံ၊ ဤကောင်းမှုသည်။ အာသဝက္ခယာဝဟံ၊ အာသဝေါတရား လေးပါးတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ မြတ်နိဗ္ဗာန်ကို ဧကန်ရောက်အောင် ရွက်ဆောင်နိုင်သည်။ ဟောတု၊ ဖြစ်ပါစေသတည်း။

စာမျက်နှာ-27


ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးကပ်လှူပုံအကျဉ်း
[ပါဠိ မြန်မာ နှစ်ဘာသာဖြင့် အထက်တွင် ဖော်ပြခဲ့သော “ဆွမ်းတော်ကပ်” စသည်များကို အရအမိကျက်မှတ်ရန် အခက်အခဲရှိသူတို့အတွက် မြန်မာလို သက်သက်ဖြင့် အလွယ်တကူ ကပ်လှူပူဇော်နိုင်ရန် “ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး” ကပ်လှူပုံ အကျဉ်းနည်းကို အောက်တွင် ဆက်လက်ဖော်ပြထားပါသည်။]

ဆွမ်းတော်ကပ်

အရဟံ-အစရှိသော ကိုးပါးသော ဂုဏ်တော်တို့နှင့် ပြည့်စုံတော်မူသော ဘုန်းတော်ကြီးမား ရှင်တော်မြတ်ဘုရားအား (အဆင်း အနံ့ အရသာတို့နှင့် ပြည့်စုံသော ဤဆွမ်း ခဲဖွယ် ဘောဇဉ် ချိုချဉ်ရသာ အဖြာဖြာကို ရိုသေစွာ ကပ်လှူပူဇော်ပါ၏ အရှင်ဘုရား။) ဤကောင်းမှုသည် အာသဝေါတရား လေးပါးတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် မြတ်နိဗ္ဗာန်ကို ဧကန်ရောက်အောင် ရွက်ဆောင်နိုင်ပါစေသတည်း။

ရေချမ်းတော်ကပ်

(သန့်ရှင်းအေးမြ ကြည်လင်လှသော ဤသောက်တော်ရေ သုံးဆောင်တော်ရေကို ရိုသေစွာ ကပ်လှူပူဇော်ပါ၏ အရှင်ဘုရား။)

ပန်းတော်ကပ်

(အဆင်းအနံ့ သင်းပျံ့မွှေးကြိုင် ရနံ့လှိုင်သော ဤပန်းကို ရိုသေစွာ ကပ်လှူပူဇော်ပါ၏ အရှင်ဘုရား။)

ဆီမီးတော်ကပ်

(အမှောင်ကိုခွင်း အလင်းကိုဆောင် အရောင်ထိန်ညီး ဤဆီမီးကို ရိုသေစွာ ကပ်လှူပူဇော်ပါ၏ အရှင်ဘုရား။) (လျှပ်စစ်မီးကို လှူလိုက ဤဆီမီးအစား “ဤလျှပ်စစ်မီးကို” ဟု ဆို၍ လှူပါ။)

နံ့သာတိုင် (မီးမွှေးတိုင်) ကပ်

(သင်းပျံ့မွှေးကြိုင် ဤနံ့သာတိုင်ကို ရိုသေစွာ ကပ်လှူပူဇော်ပါ၏ အရှင်ဘုရား။)

စာမျက်နှာ-28


ဘုရားဂုဏ်တော်ကိုးပါး

(ဣတိပိ သော ဘဂဝါ)
၁။ အရဟံ၊ ၂။ သမ္မာသမ္ဗုဒ္ဓေါ၊ ၃။ ဝိဇ္ဇာစရဏသမ္ပန္နော၊ ၄။ သုဂတော၊ ၅။ လောကဝိဒူ၊ ၆။ အနုတ္တရော ပုရိသဒမ္မသာရထိ၊ ၇။ သတ္ထာ ဒေဝမနုဿာနံ၊ ၈။ ဗုဒ္ဓေါ၊ ၉။ ဘဂဝါ။

တရားဂုဏ်တော်ခြောက်ပါး

၁။ သွာက္ခာတော ဘဂဝတာ ဓမ္မော၊
၂။ သန္ဒိဋ္ဌိကော၊
၃။ အကာလိကော၊
၄။ ဧဟိပဿိကော၊
၅။ ဩပနေယျိကော၊
၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ။

သံဃာ့ဂုဏ်တော်ကိုးပါး

၁။ သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
၂။ ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
၃။ ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
၄။ သာမိစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
(ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ၊ ဧသ ဘဂဝတော သာဝကသံဃော —)
၅။ အာဟုနေယျော၊ ၆။ ပါဟုနေယျော၊
၇။ ဒက္ခိဏေယျော၊
၈။ အဉ္စလိကရဏီယော၊
၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ။

စာမျက်နှာ-29


မေတ္တာဘာဝနာပွားများပုံ

(က) ဒိသာဖရဏ မေတ္တာပွားနည်း

၁။ အရှေ့အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့ —
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ။

၂။ အနောက်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့ —
(အထက်ပါအတိုင်း ဆုတောင်းရမည်)

၃။ မြောက်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့ —
(အထက်ပါအတိုင်း ဆုတောင်းရမည်)

၄။ တောင်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့ —
(အထက်ပါအတိုင်း ဆုတောင်းရမည်)

၅။ အရှေ့တောင်ထောင့်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့ —
(အထက်ပါအတိုင်း ဆုတောင်းရမည်)

စာမျက်နှာ-30


၆။ အနောက်မြောက်ထောင့်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့ —
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊

ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ။

၇။ အရှေ့မြောက်ထောင့်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့ —
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ။

၈။ အနောက်တောင်ထောင့်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့ —
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ။

၉။ အောက်အရပ်၌ရှိသော ထက်ဝန်းကျင် အနန္တစကြဝဠာ အပါယ်ဘုံသား အနန္တသတ္တဝါတို့ —
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ။

၁၀။ အထက်အရပ်၌ရှိသော ထက်ဝန်းကျင် အနန္တစကြဝဠာ အနန္တနတ်ဗြဟ္မာတို့ —
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ။


စာမျက်နှာ-31


[ဤကား တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု မင်းကွန်းဆရာတော်ကြီး ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ ဟောကြားတော်မူအပ်သော ပဋိသမ္ဘိဒါမဂ် ပါဠိတော်လာ “ဒိသာဖရဏ မေတ္တာ” ခေါ် အရပ် ၁၀-မျက်နှာ ဖြန့်ဝေသော မေတ္တာပွားနည်း ဖြစ်၏။ မျက်စိကို မှိတ်၍ဖြစ်စေ (သို့မဟုတ်) မျက်လွှာကိုချ၍ဖြစ်စေ အရပ် ၁၀-မျက်နှာ အာရုံပြုပြီး မေတ္တာကို ဖြန့်ဝေပွားများ ရွတ်ဆိုရပါမည်။]

(ခ) မေတ္တသုတ်တော်လာ မေတ္တာပွားနည်း (၁၁) နည်း

[သဗ္ဗသင်္ဂါဟကမေတ္တာ ၁-နည်း]
၁။ လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

[ဒုကမေတ္တာဘာဝနာ ၄-နည်း]
၂။ ကြောက်တတ် မကြောက်တတ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၃။ မြင်အပ် မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၄။ ဝေးနေ နီးနေ၊ နှစ်ထွေများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၅။ ဘဝဇာတ်ဆုံး မဆုံးများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

[တိကမေတ္တာဘာဝနာ ၃-နည်း]
၆။ ရှည် တို အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

စာမျက်နှာ-32


၇။ ကြီး ငယ် အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၈။ ဆူ ကြုံ အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

[အဟိတာပနယန မေတ္တာဘာဝနာ ၃-နည်း]
၉။ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။
၁၀။ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
၁၁။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

[ဤကား တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု မင်းကွန်းဆရာတော်ကြီး ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ ဟောကြားတော်မူအပ်သော မေတ္တသုတ်တော်လာ မေတ္တာဘာဝနာ ပွားနည်း ၁၁-နည်း ဖြစ်၏။ မျက်စိကို မှိတ်၍ ဖြစ်စေ (သို့မဟုတ်) မျက်လွှာကိုချ၍ဖြစ်စေ သတ္တဝါများအပေါ် အာရုံပြုပြီး မေတ္တာကို ဖြန့်ဝေပွားများ ရွတ်ဆိုရပါမည်။]

ရတနာမြတ်သုံးပါးတို့ကို ကျင့်ဝတ်ဖြင့် ပူဇော်နည်း

၁။ ဣမာယ ဓမ္မာနုဓမ္မပဋိပတ္တိယာ ဗုဒ္ဓံ ပူဇေမိ။
၂။ ဣမာယ ဓမ္မာနုဓမ္မပဋိပတ္တိယာ ဓမ္မံ ပူဇေမိ။
၃။ ဣမာယ ဓမ္မာနုဓမ္မပဋိပတ္တိယာ သံဃံ ပူဇေမိ။

၁။ ဣမာယ ဓမ္မာနုဓမ္မပဋိပတ္တိယာ၊ ဤလောကုတ္တရာတရား ကိုးပါးအား လျော်သော ကျင့်ဝတ်ပဋိပတ်ဖြင့်။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ ပူဇေမိ၊ ပူဇော်ပါ၏ အရှင်ဘုရား။
၂။ ဣမာယ ဓမ္မာနုဓမ္မပဋိပတ္တိယာ၊ ဤလောကုတ္တရာတရား ကိုးပါးအား လျော်သော ကျင့်ဝတ်ပဋိပတ်ဖြင့်။ ဓမ္မံ၊ တရားတော်မြတ်ကို။ ပူဇေမိ၊ ပူဇော်ပါ၏ အရှင်ဘုရား။

စာမျက်နှာ-33


၃။ ဣမာယ ဓမ္မာနုဓမ္မပဋိပတ္တိယာ၊ ဤလောကုတ္တရာတရား ကိုးပါးအား လျော်သော ကျင့်ဝတ်ပဋိပတ်ဖြင့်။ သံဃံ၊ သံဃာတော်မြတ်ကို။ ပူဇေမိ၊ ပူဇော်ပါ၏ အရှင်ဘုရား။

ဆုတောင်းရန်

၁။ ဣမာယ ပဋိပတ္တိယာ ဇာတိ ဇရာ ဗျာဓိ မရဏမှာ ပရိမုစ္စာမိ။ ၂။ ဣဒံ မေ ပုညံ အာသဝက္ခယာဝဟံ ဟောတု။ ၃။ ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု။ ၁။ ဣမာယ ပဋိပတ္တိယာ၊ ဤကျင့်ဝတ်ပဋိပတ်ဖြင့်။ ဇာတိ ဇရာ ဗျာဓိ မရဏမှာ၊ ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းဟူသော ဆင်းရဲအပေါင်းမှ။ အဒ္ဓါ၊ မချွတ်။ ပရိမုစ္စာမိ၊ ကင်းလွတ်ရပါလို၏ အရှင်ဘုရား။

၂။ မေ၊ အကျွန်ုပ်၏။ ဣဒံ ပုညံ၊ ဤကောင်းမှုသည်။ အာသဝက္ခယာဝဟံ၊ အာသဝေါတရား လေးပါးတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ မြတ်နိဗ္ဗာန်ကို ဧကန်ရောက်အောင် ရွက်ဆောင်နိုင်သည်။ ဟောတု၊ ဖြစ်ပါစေသတည်း။

၃။ မေ၊ အကျွန်ုပ်၏။ ဣဒံ ပုညံ၊ ဤကောင်းမှုသည်။ နိဗ္ဗာနဿ၊ နိဗ္ဗာန်၏ (ဝါ) နိဗ္ဗာန်သို့။ ပစ္စယော၊ ရောက်ရာရောက်ကြောင်း အထောက်အပံ့ကောင်းသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။

အမျှဝေရန်

ဤသို့ပြုရ မြတ်ပုညကို၊ ကြီးထမြင့်ခေါင်၊ မြင်းမိုရ်တောင်ဦး၊ မကကျူးသား၊ ကျေးဇူးအရှင်၊ မွေးမိခင်နှင့်၊ ဖခင်တို့အား၊ ရငြားပါစေ၊ အမျှဝေ၏။ မသွေနိစ္စ၊ ဤကာယကို၊ စောင့်ထပေတတ်၊ ကိုယ်စောင့်နတ်လည်း၊ မလပ်စေရ၊ ပေးဝေငှ၏။

မိတ္ထေယျာ၊ ဆရာသမား၊ ဘိုးဘွားကစ၊ ယမရာဇာ၊ ဒေဝါယက္ခ၊ ဣန္ဒဘုမ္မာ၊ အာကာသနတ်၊ အထူးမှတ်၍၊ အမြတ်ပုည၊ ကုသလကို ရကြပါစေ၊ အမျှဝေ၏။

စာမျက်နှာ-34


သဗ္ဗေသတ္တာ၊ သတ္တဝါဟု၊ နာနာလောက၊ အနန္တတွင်၊ မပြတ်စဉ်ကာ၊ သတ္တာဝါသ၊ ဘုံကိုးဝနှင့်၊ ဝိညာဏဋ္ဌိတိ၊ တည်ရှိခုနစ်ပါး၊ များစွာလုံးစုံ၊ ဘုံသုံးဆယ့်တစ်၊ ဖြစ်ဖြစ်သမျှ၊ ဝေနေယျအား၊ အမျှကုသိုလ်၊ ပေးဝေလို၏။ ထိုကုသလ၊ ဤပုညကို၊ အမျှရကြသည် ဖြစ်စေသော...။

ဝသုန္ဓရေ၊ ဤမြေပံသု၊ သိလာထုလည်း၊ သက်သေအမှု တည်စေသော...။

အမျှ အမျှ အမျှ - ယူတော်မူကြပါကုန်လော့။ (သာဓု၊ သာဓု၊ သာဓု။)
အမျှ အမျှ အမျှ - ယူတော်မူကြပါကုန်လော့။ (သာဓု၊ သာဓု၊ သာဓု။)
အမျှ အမျှ အမျှ - ယူတော်မူကြပါကုန်လော့။ (သာဓု၊ သာဓု၊ သာဓု။)

စာမျက်နှာ-35


အခန်း ၄ - အဓိပ္ပါယ်ရှင်းလင်းချက်များ

ကန်တော့ခန်း ရှင်းလင်းချက်

မြန်မာနိုင်ငံတွင် ဩကာသ အစချီသော ကန်တော့ခန်းသည် ပုဂံခေတ် ရှင်အရဟံ မထေရ်လက်ထက်မှ စတင်ပေါ်ပေါက်လာခဲ့သည်။ ယင်း ဩကာသ ကန်တော့ခန်း မူကွဲအမျိုးမျိုးရှိရာ အများစုလက်ခံထားသည့် ကန်တော့ခန်းကို ဤနေရာ၌ ဖော်ပြထားပါသည်။ အခြား ဩကာသကန်တော့ခန်း မူကွဲများကို အထွေထွေအခန်း၌ ဖော်ပြထားပါသည်။

ဩကာသ = အခွင့် = ခွင့်ပြုတော်မူပါ။

ရှိခိုးခွင့်ပြုတော်မူပါ၊ ကန်တော့ခွင့်ပြုတော်မူပါဟု ခွင့်တောင်းခြင်းဖြစ်သည်။ ရိုသေမှုကို အလေးအနက်ပြုလိုသောကြောင့် ဩကာသကို သုံးကြိမ် ရွတ်ဆိုရသည်။

ကာယကံ = ကိုယ်ဖြင့် ပြုလုပ်သောအမှု။
ဝစီကံ = နှုတ်ဖြင့် ပြောဆိုသောအမှု။
မနောကံ = စိတ်ဖြင့် ကြံစည်သောအမှု။
သဗ္ဗဒေါသ = သဗ္ဗ + ဒေါသ = ခပ်သိမ်းသော + အပြစ်။

ခပ်သိမ်းသော အပြစ်တို့ကို ဟူသော ပါဠိစကားကို မြန်မာဘာသာပြန်ဆို၍ လေးနက်စေရန် ထပ်မံဆိုခြင်းဖြစ်သည်။

ပျောက်ပါစေခြင်းအကျိုးငှာ = ရတနာသုံးပါးနှင့် မိဘဆရာသမားများအပေါ်၌ ကိုယ်အမူအရာဖြင့် ပြစ်မှားခြင်း၊ အပြောအဆို (နှုတ်) ဖြင့် ပြစ်မှားခြင်း၊ စိတ်ကူးအကြံအစည်ဖြင့် ပြစ်မှားခြင်းတို့တွင် တစ်စုံတစ်ခုသော ပြစ်မှားခြင်းရှိခဲ့သော် ထိုအပြစ်တို့ကို ပပျောက်လျော့ပါးသွားစေရန် တောင်းပန်ဝန်ချကန်တော့ခြင်းဖြစ်သည်။

ပထမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် = ပါဠိနှင့် မြန်မာ တွဲဖက်သုံးနှုန်းထားခြင်းဖြစ်သည်။ အနက်အဓိပ္ပါယ် ရှင်းရန်မလို။

စာမျက်နှာ-36


ရတနာ = အလေးအမြတ် ပြုထိုက်ခြင်း၊ တန်ဖိုးကြီးမားခြင်း၊ ရှားပါး၍ ရခဲခြင်း၊ ရရှိသူ တွေ့ရှိသူအား နှစ်သက်မှုကို ဖြစ်စေနိုင်သောကြောင့် ရတနာဟု ခေါ်ဆိုရသည်။

ဘုရား = အလုံးစုံကို အကုန်အစင် သိမြင်တော်မူသောကြောင့် ဘုရားဟု ခေါ်ပါသည်။
တရား = သတ္တဝါများကို ဆင်းရဲတွင်းသို့ မကျရအောင် ဆောင်ယူတတ်သောကြောင့် တရားဟု ခေါ်ပါသည်။
သံဃာ = အယူသီလ တူမျှသော အရိယာပုဂ္ဂိုလ်အပေါင်းနှင့် သမ္မုတိသံဃာကို သံဃာဟု ခေါ်ပါသည်။
ရတနာမြတ်သုံးပါးတို့ကို = မြင့်မြတ်သော ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာတို့ကို။
အရိုအသေ = ဝပ်တွားကျိုးနွံခြင်း၊ မလေးမခန့် မပြုဘဲ ကြောက်ရွံ့ခန့်ညားမှုကို ဖော်ပြခြင်း။
အလေးအမြတ် = လေးစားခြင်း၊ မြတ်နိုးခြင်း။
လက်အုပ်မိုး၍ = လက်ဝါးနှစ်ဘက်ကို စုံညီပြု၍ နဖူးအထိ ချီမြှောက်ထားခြင်း။ ဘုရားရှိခိုးရာ၌ လက်အုပ်ကို မေးစေ့ (သို့မဟုတ်) ရင်ညွန့်မျှသာ မြှောက်ချီထားခြင်းသည် အမြင့်ဆုံး အရိုအသေပြုနည်း မဟုတ်၊ နဖူးအထိ မြှောက်ချီထားမှသာလျှင် အမြင့်ဆုံး အရိုအသေပြုခြင်း ဖြစ်သည်။
ရှိခိုးပူဇော် = ရှိခိုးခြင်းကိုပင် ပူဇော်ခြင်းဟု ဆိုလိုသည်။ ရှိခိုးခြင်းအမျိုးမျိုးအကြောင်းကို ရှင်းပြခဲ့ပြီးဖြစ်၍ ထပ်မံမရှင်းတော့ပါ။
ဖူးမြော် = အမြင်တွေ့ခြင်း၊ ကြည့်ရှုခြင်း၊ ဉာဏ်မျက်စိ၌ ထင်ရှားပေါ်လွင်လာအောင် အာရုံပြုခြင်း။
မာန်လျှော့ = ရှိခိုးခြင်း၊ ကန်တော့ခြင်းကို ပြုရာ၌ မာန်မာနကို လျှော့ချပြီးမှ ရှိခိုးကန်တော့နိုင်သည်။ မိမိကိုယ်ကို ရတနာသုံးပါးအောက် နိမ့်ကျသည်၊ ညံ့သည်ဟု ယူဆပါမှ ရှိခိုးကန်တော့နိုင်သည်။ ထို့ကြောင့် ဤရှိခိုးခြင်းသည် မာန်မာနကို လျှော့ချပြီး ဖြစ်ပါကြောင်း ဖွင့်ဟမြွက်ဆိုခြင်း ဖြစ်သည်။


စာမျက်နှာ-37


ကန်တော့ပါ၏ = ဝန်ချတောင်းပန်ပါ၏။ မြန်မာစကား၌ လူကြီးသူမများကို မတော်တဆ ထိခိုက်မိ တိုက်မိပါက “ကန်တော့၊ ကန်တော့” ဟု တောင်းပန်စကားဆိုလေ့ရှိကြသည်။ ရှိခိုးပါ၏ဟု အဓိပ္ပာယ်ရသည်။

ကန်တော့ရသောအကျိုးအားကြောင့် = အချို့က “အကျိုးအားဖြင့်” ဟု ဆိုကြသည်။ အချို့က “ကန်တော့ရသော ကုသိုလ်ကံစေတနာကြောင့်” ဟု ဆိုကြသည်။ “အကျိုးအားကြောင့်” ဟု ရှေးမူမပျက် ဆက်လက်ဖော်ပြပါသည်။

အပါယ်လေးပါး

အပါယ (အပ + အယ = ချမ်းသာ + ကင်းခြင်း) ချမ်းသာကင်းသောအရပ်။ ကုသိုလ်ကောင်းမှုပြုခွင့်မရသော ဖော်ပြလတ္တံ့ပါ အရပ်ဌာန ၄-ခုကို “အပါယ်” ဟု ခေါ်သည်။
၁။ ငရဲ = ငရဲထိန်း၊ ငရဲမီး စသည်တို့ဖြင့် အမြဲ အနှိပ်စက်ခံနေရသော ဘုံဌာန။
၂။ တိရစ္ဆာန် = မဂ်၊ ဖိုလ်၊ နိဗ္ဗာန် တရားတော်နှင့် ဖီလာကန့်လန့် ဖြစ်နေသော သတ္တဝါတို့၏ ဘုံဌာန။
၃။ ပြိတ္တာ = စားရမဲ့၊ ဝတ်ရမဲ့၊ ခိုကိုးရာမဲ့ ဖြစ်နေသူတို့၏ ဘုံဌာန။
၄။ အသူရကာယ် = ပြိတ္တာများထက် အခြေအနေဆိုး၍ အမြဲပူလောင်ဆင်းရဲခံနေရသူများ၏ ဘုံဌာန။

ကပ်သုံးပါး

ကပ္ပ = ကပ် = တစ်ခုသော အချိန်ကာလ၊ ခေတ်။
ဤနေရာ၌ ဆိုးရွားသော ဘေးအန္တရာယ်များ ကျရောက်ချိန်ကာလကို “ကပ်” ဟု ခေါ်ပါသည်။ ကပ်သုံးပါးမှာ —
၁။ ဒုဗ္ဘိက္ခန္တရကပ် = ငတ်မွတ်ခြင်းဘေး ဆိုက်ရောက်နေသည့် ခေတ်ကာလ။ ရှေးလူကြီးများက သရောခိုင်းသည်ဟု ဆိုကြသည်။ ကြီးကျယ်သော ငတ်မွတ်ခြင်းဘေးကို “မဟာသရောကြီး” ဟု ခေါ်သည်။
၂။ သတ္ထန္တရကပ် = လက်နက်ဘေးအန္တရာယ်၊ စစ်ဘေးအန္တရာယ် ဆိုက်ရောက်သည့် ခေတ်ကာလ။
၃။ ရောဂန္တရကပ် = ကူးစက်ရောဂါဘေးအန္တရာယ် ဆိုက်ရောက်သည့် ခေတ်ကာလ။

စာမျက်နှာ-38


လူသားအများ လောဘ ထူပြောလျှင် ငတ်မွတ်ခေါင်းပါးခြင်း (ဒုဗ္ဘိက္ခန္တရကပ်) ဆိုက်တတ်သည်။

လူသားအများ ဒေါသ ထူပြောလျှင် လက်နက်ဘေး၊ စစ်ဘေးဒုက္ခ (သတ္ထန္တရကပ်) ဆိုက်တတ်သည်။

လူသားအများ မောဟ ထူပြောလျှင် ကူးစက်ရောဂါများစွာ ဖြစ်ပွားခြင်း (ရောဂန္တရကပ်) ဆိုက်တတ်သည်။

ရပ်ပြစ် ၈-ပါး

၁။ ငရဲ၊ ၂။ တိရစ္ဆာန်၊ ၃။ ပြိတ္တာ၊
၄။ လွန်စွာအသက်တမ်းရှည်သော အရူပဗြဟ္မာနှင့် အသညသတ်ဗြဟ္မာ။ (အရူပဗြဟ္မာ = ရုပ်မရှိ၊ နာမ်တရားသက်သက်သာရှိသည်။ အသညသတ်ဗြဟ္မာ = နာမ်တရားမရှိ၊ ရုပ်သက်သက်သာရှိသည်။)
၅။ ပစ္စန္တရစ်အရပ်သား = တိုင်းစွန်ပြည်ဖျား လမ်းပန်းအဆက်အသွယ်ခက်ခဲ၍ ဝေါဟာရမပြည့်စုံ မကြွယ်ဝသည့် လူရိုင်းအမျိုးအနွယ်။
၆။ မိစ္ဆာဒိဋ္ဌိ = မှားယွင်းသော အယူဝါဒရှိသော အမျိုးအနွယ်။
၇။ ဒုပ္ပည = အသိဉာဏ် လူစဉ်မမီသူ။
၈။ သာသနာပကာလ။
ဤအရပ်ဌာနများ၌ ဖြစ်လာသူများသည် မြတ်စွာဘုရားရှင်၏ ဒေသနာတော်ကို နာကြားခွင့်မရခြင်း၊ နာကြားရသော်လည်း အနက်အဓိပ္ပါယ် သိနိုင်စွမ်းမရှိခြင်းကြောင့် ဤအရပ်ဌာန (၈) ခုကို “ရပ်ပြစ်ရှစ်ပါး” ဟု ခေါ်သည်။

ရန်သူမျိုး ၅ ပါး

၁။ ရေ = ရေလွှမ်းမိုးခံရခြင်း ဘေးရန်။
၂။ မီး = မီးလောင်ခံရခြင်း ဘေးရန်။
၃။ မင်း = ရာဇဝတ်ပြစ်ဒဏ်ခံရခြင်း ဘေးရန်။

စာမျက်နှာ-39


(အဓိပ္ပါယ်ရှင်းလင်းချက်များ)

၄။ ခိုးသူ = ခိုးဝှက်ခံရခြင်း၊ လုယက်ခံရခြင်း ဘေးရန်။

၅။ အမွေခံဆိုး = မိဘပစ္စည်း ဖြုန်းတီး၍ မိဘကို နှိပ်စက်တတ်သည့် သားဆိုးသမီးဆိုး။

ဝိပတ္တိတရား ၄-ပါး

ဝိပတ္တိ = ဖောက်ပြန်ချွတ်ယွင်းခြင်း။
၁။ ဂတိဝိပတ္တိ = လားရာဂတိဖောက်ပြန်ခြင်း၊ အပါယ်ဘုံ၌ဖြစ်ခြင်း။
၂။ ဥပဓိဝိပတ္တိ = ဥပဓိရုပ်ဖောက်ပြန်ခြင်း၊ ရုပ်ဆင်းအင်္ဂါချို့တဲ့ခြင်း။
၃။ ကာလဝိပတ္တိ = ခေတ်ပျက်ကာလပျက်ခြင်း၊ တရားဥပဒေဖြင့် အုပ်ချုပ်မှုကင်းမဲ့သောအချိန်။
၄။ ပယောဂဝိပတ္တိ = လုပ်ဆောင်မှု အားထုတ်မှု မမှန်မကန် ဖောက်ပြန်ခြင်း၊ လုပ်မှားကိုင်မှားဖြစ်ခြင်း၊ အပြစ်ကျူးလွန်မိခြင်း။

ဗျသနတရား ၅-ပါး

ဗျသန = ပျက်စီးခြင်း။
၁။ ဉာတိဗျသန = ဆွေမျိုးများ ပျက်စီးခြင်း။
၂။ ဘောဂဗျသန = စည်းစိမ်ဥစ္စာ ဆုတ်ယုတ်ပျက်စီးခြင်း။
၃။ ရောဂဗျသန = အနာရောဂါ နှိပ်စက်၍ ပျက်စီးခြင်း၊ အနာရောဂါ စွဲကပ်နေခြင်း။
၄။ သီလဗျသန = အကျင့်သီလပျက်စီးခြင်း။
၅။ ဒိဋ္ဌိဗျသန = အယူဖောက်ပြန် လွဲမှား ပျက်စီးခြင်း၊ မိစ္ဆာအယူကိုယူခြင်း။

ဗျသနတရား ငါးပါးတွင် “သီလဗျသန” နှင့် “ဒိဋ္ဌိဗျသန” တို့သည် ယခုဘဝ၌သာ ဆင်းရဲစေသည် မဟုတ်၊ နောင်ဘဝများစွာ၌လည်း ဆင်းရဲခြင်းသို့ ရောက်စေတတ်သောကြောင့် ပို၍ ကြောက်မက်ဖွယ် ကောင်းလှသည်။

စာမျက်နှာ-40


မဂ်တရား = လောဘစသော ကိလေသာတို့ကို ပယ်သတ်၍ နိဗ္ဗာန်သို့ သွားရောက်ကြောင်းဖြစ်သော တရားလမ်းကို “မဂ်” ဟု ခေါ်ပါသည်။
၁။ သောတာပတ္တိမဂ်၊ ၂။ သကဒါဂါမိမဂ်၊ ၃။ အနာဂါမိမဂ်၊ ၄။ အရဟတ္တမဂ် ဟူ၍ မဂ်တရားလေးပါးရှိ၏။

ဖိုလ်တရား = မဂ်၏ (တိုက်ရိုက်) အကျိုးတရားကို “ဖိုလ်” ဟု ခေါ်ပါသည်။
၁။ သောတာပတ္တိဖိုလ်၊ ၂။ သကဒါဂါမိဖိုလ်၊ ၃။ အနာဂါမိဖိုလ်၊ ၄။ အရဟတ္တဖိုလ် ဟူ၍ ဖိုလ်တရားလေးပါးရှိ၏။

နိဗ္ဗာန်တရား = ဒုက္ခခပ်သိမ်းတို့၏ ကုန်ဆုံးရာ အေးငြိမ်းချမ်းသာသော ဓာတ်သဘောကို “နိဗ္ဗာန်” ဟု ခေါ်ပါသည်။ ရာဂ၏ကုန်ရာ၊ ဒေါသ၏ကုန်ရာ၊ မောဟ၏ကုန်ရာသည် နိဗ္ဗာန်မည်၏။
ကန်တော့ခန်း ရှင်းလင်းချက် ပြီး၏။

စာမျက်နှာ-41


သရဏဂုံနှင့် သီလတောင်းခံခြင်း ရှင်းလင်းချက်

“အဟံ ဘန္တေ” အစချီသော ပါဠိမှာ သရဏဂုံနှင့် သီလကို တောင်းခံခြင်းဖြစ်သည်။ မြန်မာလို အဓိပ္ပာယ်မှာ —
“တပည့်တော်အား ချီးမြှောက်သောအားဖြင့်... သရဏဂုံသုံးပါးနှင့် ငါးပါးသော သီလတော်မြတ်ကို (အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်သီလကို) (အင်္ဂါကိုးပါးနှင့် ပြည့်စုံသော ဥပုသ်သီလကို) ပေးသနားတော်မူပါဘုရား” ဟု လျှောက်ထားတောင်းပန်ခြင်း ဖြစ်သည်။

သရဏဂုံ ရှင်းလင်းချက်

ဗုဒ္ဓဘာသာဝင် မဖြစ်သေးသူများ ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်လာရန် “သရဏဂုံ” ကို ရှေးဦးစွာ ဆောက်တည်ရ၏။ ဗုဒ္ဓဘာသာဝင် ဖြစ်ပြီးသူများ “ငါးပါး၊ ရှစ်ပါး၊ ကိုးပါး၊ ဆယ်ပါး” စသော သီလများကို ခံယူဆောက်တည်ရာ၌လည်းကောင်း၊ ရှင်ပြုရဟန်းခံ ပြုလုပ်ရာ၌လည်းကောင်း “သရဏဂုံ” ကို ရှေးဦးစွာ ခံယူဆောက်တည်ရ၏။ “သရဏဂုံ” သည် သာသနာတော်သို့ အစကနဦး ဝင်ပေါက်ဖြစ်၍ ဗုဒ္ဓဘာသာအဖြစ် စတင်ခံယူခြင်း ဖြစ်ပါသည်။ ညှိုးနွမ်းသော သရဏဂုံကို ပြန်လည်အရောင်တင်ရန် နေ့စဉ် သရဏဂုံ ခံယူဆောက်တည်ရသည်။

သရဏဂုံနှင့် သရဏဂုံတည်သူ

သရဏဂမန = (သရဏ + ဂမန၊ သရဏ = ကိုးကွယ်ရာဟု + ဂမန = ယုံကြည်သိမှတ် ဆည်းကပ်ကိုးကွယ်ခြင်း။) “သရဏဂမန” ဟူသော ပါဠိမှ “သရဏဂုံ” ဟု မြန်မာစကား ဖြစ်လာသည်။ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို “ကိုးကွယ်ရာအစစ်ဖြစ်၏” ဟု ယုံကြည်သိမှတ် ဆည်းကပ်ကိုးကွယ်သော ကုသိုလ်စိတ်ကို “သရဏဂုံ” ဟု ခေါ်သည်။ ဤကုသိုလ်စိတ်ဖြင့် ရတနာမြတ်သုံးပါးအပေါ် ယုံကြည်သိမှတ် ဆည်းကပ်ကိုးကွယ်နေသူကို “သရဏဂုံတည်သူ” ဟု ခေါ်သည်။

သရဏဂုံဆောက်တည်ခြင်း

သရဏဂုံဆောက်တည်လိုသူသည် “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” စသော ပါဠိဘာသာကိုဖြစ်စေ၊ “ဘုရားကို ကိုးကွယ်ပါ၏” စသော မြန်မာဘာသာကိုဖြစ်စေ ရွတ်ဆိုဆောက်တည်ရမည်။ ယင်းသို့ ရွတ်ဆိုဆောက်တည်ခြင်းသည် မိမိတို့သန္တာန်၌

စာမျက်နှာ-42


ရတနာမြတ်သုံးပါးကို ယုံကြည်သိမှတ် ဆည်းကပ်ကိုးကွယ်လိုသော သဒ္ဓါပညာ ပြဋ္ဌာန်းသည့် ကုသိုလ်စိတ္တုပ္ပါဒ်များ ဖြစ်နေကြောင်း ထင်ရှားပေါ်လွင်အောင် ဖော်ပြခြင်းဖြစ်၏။ ရွတ်ဆိုဆောက်တည်ရာ၌ ဝတ်ကျေဝတ်ကို ရွတ်ဆိုကာမျှ မဟုတ်၊ ရတနာမြတ်သုံးပါးအပေါ် တကယ်ယုံကြည်ကိုးကွယ်လိုသော သရဏဂုံစိတ်လည်း ရှိရမည်။ သရဏဂုံကို မိမိကိုယ်တိုင်က ယုံယုံကြည်ကြည် မခံယူ မဆောက်တည်လျှင် မည်သည့်ပုဂ္ဂိုလ်ကမျှ ပေး၍ မရနိုင်ပါ။ ကိုယ်တိုင်ကိုယ်ကျ ယုံယုံကြည်ကြည် ခံယူဆောက်တည်မှသာ ရနိုင်ပါသည်။

သရဏဂုံကို ဆောက်တည်ရာတွင်လည်း စေတီ၊ ပုထိုး၊ ဘုရားဆင်းတုရှေ့မှာဖြစ်စေ၊ ရဟန်းတော်တစ်ပါးပါးထံမှာဖြစ်စေ၊ မိမိအလိုအလျောက်ဖြစ်စေ ယုံယုံကြည်ကြည် ခံယူဆောက်တည်လျှင် သရဏဂုံကို မရမရှိ၊ ရနိုင်သည်ချည်း ဖြစ်၏။ တစ်ကြိမ်တစ်ခါမျှ ခံယူဆောက်တည်ထားလျှင် သရဏဂုံစိတ်ကို မစွန့်သမျှ၊ ဗုဒ္ဓဘာသာဝင်အဖြစ်မှ အခြားဘာသာဝင်အဖြစ်သို့ မပြောင်းသမျှ၊ အသက်ရှင်နေသမျှ သရဏဂုံ တည်နိုင်ပါသည်။

လူ့သရဏဂုံနှင့် ရှင့်သရဏဂုံ

ဤ၌ သရဏဂုံဆောက်တည်ပုံ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” စသော ပါဠိဘာသာသည် သာမညပညာရှိ ကဝိပုဂ္ဂိုလ်တို့ ဖွဲ့ဆိုထားသော စကားမဟုတ်ပါ၊ ဘုရားရှင်ကိုယ်တော်တိုင် ရှင်ရဟန်းပြုရန် ခွင့်ပြုတော်မူရာမှ စတင်ပေါ်ပေါက်လာသော စကားဖြစ်သည်။ သရဏဂုံဆောက်တည်ကြရာ၌ လူဝတ်ကြောင်တို့အဖို့ ပါဠိဘာသာဖြင့်ဖြစ်စေ၊ အခြား မြန်မာ၊ အင်္ဂလိပ်၊ ဂျပန် စသော နှစ်သက်ရာ ဘာသာ(စကား) တစ်မျိုးမျိုးဖြင့်ဖြစ်စေ လိုအပ်သလို ရွတ်ဆို၍ ဆောက်တည်နိုင်ကြ၏။ နိရုတ္တိပဋိသမ္ဘိဒါဉာဏ် အခြေခံရရေးအတွက် အထောက်အကူဖြစ်စေနိုင်သောကြောင့် ပါဠိဘာသာဖြင့် ရွတ်ဆိုဆောက်တည်နိုင်လျှင်ကား အကောင်းဆုံးဖြစ်၏။ ရှင်သာမဏေ (ပြုလိုသူ) တို့အဖို့ကား မာဂဓဘာသာခေါ် ပါဠိတစ်မျိုးတည်းဖြင့်သာ ရွတ်ဆိုဆောက်တည်ခွင့်ရှိ၍ ယင်းသို့ ရွတ်ဆိုဆောက်တည်ရာ၌လည်း ဌာန်ကရိုဏ်းကျကျ ပီပီသသ ရွတ်ဆိုရကြောင်း သတိပြုသင့်ကြပါသည်။

သရဏဂုံပါဠိ၏ အနက်

ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂစ္ဆာမိ၊ ယုံကြည်သိမှတ် ဆည်းကပ်ကိုးကွယ်ပါ၏ အရှင်ဘုရား။
ဓမ္မံ၊ တရားတော်မြတ်ကို။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂစ္ဆာမိ၊ ယုံကြည်သိမှတ် ဆည်းကပ်ကိုးကွယ်ပါ၏ အရှင်ဘုရား။

စာမျက်နှာ-43


သံဃံ၊ သံဃာတော်မြတ်ကို။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂစ္ဆာမိ၊ ယုံကြည်သိမှတ် ဆည်းကပ်ကိုးကွယ်ပါ၏ အရှင်ဘုရား။

[ဒုတိယမ္ပိ၊ နှစ်ကြိမ်မြောက်လည်း။ ဗုဒ္ဓံ စသည်တို့၏ အနက်ကို ရှေးအတိုင်းဆိုပါ။ တတိယမ္ပိ၊ သုံးကြိမ်မြောက်လည်း။ ဗုဒ္ဓံ စသည်တို့၏ အနက်ကို ရှေးအတိုင်းဆိုပါ။]

သရဏဂုံဆောက်တည်နည်း ၄-မျိုး

“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” စသည်ဖြင့် ရွတ်ဆို၍ သရဏဂုံဆောက်တည်နည်းမှတစ်ပါး သရဏဂုံဆောက်တည်နည်း ၄-မျိုးကို ကျမ်းဂန်တို့၌ ပြဆိုကြသေး၏။ ယင်းသရဏဂုံဆောက်တည်နည်း ၄-မျိုးကား —

၁။ ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးအား ယုံကြည်စိတ်ဖြင့် မိမိကိုယ်ကို အပ်နှင်းခြင်း (အတ္တသန္နိယျာတန)။ တရားအားထုတ်သူတို့ မိမိခန္ဓာကိုယ်အပေါ် တွယ်တာမှုမရှိအောင် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား - တပည့်တော်သည် ဤခန္ဓာကိုယ်ကို မြတ်စွာဘုရားအား စွန့်လှူအပ်နှင်းပါသည်ဘုရား” ဟူ၍ ကမ္မဋ္ဌာန်းမစီးဖြန်းမီ မိမိကိုယ်ကို စွန့်လှူခြင်းမျိုး ဖြစ်ပါသည်။

၂။ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးမှတစ်ပါး ကိုးကွယ်လဲလျောင်းရာ မှီခိုအားထားရာမရှိ၊ ရတနာမြတ်သုံးပါးသာလျှင် ကိုးကွယ်လဲလျောင်းရာ မှီခိုအားထားရာရှိ၏ဟု ခံယူခြင်း (တပ္ပရာယဏ)။ သောတာပန် အာဠဝကဘီလူးကြီးသည် ရတနာမြတ်သုံးပါးအပေါ် အလွန်အားထားယုံကြည်သဖြင့် စိတ်၌ မျိုသိပ်ထားနိုင်စွမ်းမရှိရကား “တပည့်တော်သည် ရောက်လေရာအရပ်တိုင်း၌ ဘုရားရှင်အား အမြဲရှိခိုးပူဇော်လျက် တရားတော်မြတ်ကိုလည်း အလွန်ကောင်းမြတ်သော တရားဟု ပြောဆိုကာ လှည့်လည်သွားလာနေထိုင်ပါမည်” ဟု ခံယူသော သရဏဂုံမျိုး ဖြစ်ပါသည်။

၃။ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါး၏ တပည့်အဖြစ်ကို ခံယူခြင်း (သိဿာဘာဝူပဂမန)။ အရှင်မဟာကဿပ၏ ရတနာမြတ်သုံးပါးအပေါ် တကယ့် ဘုရား၊ တရား၊ သံဃာ အစစ်အမှန်အဖြစ် ယုံကြည်သက်ဝင်၍ ဘုရားရှင်အား မြင်လျှင်မြင်ချင်း တပည့်အဖြစ် မှတ်တော်မူရန် တပည့်ခံလျှောက်ထားလျက် တပည့်အဖြစ် ခံယူခြင်းမျိုး ဖြစ်ပါသည်။

စာမျက်နှာ-44


၄။ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို ရိုသေလေးမြတ်စွာ ရှိခိုးခြင်း (ပဏိပါတ)။ ဘုရားရှင်၏ ခြေတော်ကို ခေါင်းဖြင့်တိုက်၊ ပါးစပ်ဖြင့်စုပ်၊ လက်ဖြင့် အားရပါးရဆုပ်နယ်ကာ “အရှင်ဘုရား... တပည့်တော် ဗြဟ္မာယုပုဏ္ဏားပါဘုရား” ဟု အမည်ဖော်ကြားလျှောက်ထားလျက် ရှိခိုးခြင်းမျိုး ဖြစ်ပါသည်။

အချုပ်အားဖြင့် ရတနာမြတ်သုံးပါးအား ယုံကြည်စိတ်ဖြင့် မိမိကိုယ်ကို အပ်နှင်းခြင်း၊ ရတနာမြတ်သုံးပါးကို မှီခိုအားထားခြင်း၊ ရတနာမြတ်သုံးပါး၏ တပည့်အဖြစ်ကို ခံယူခြင်းနှင့် ရတနာမြတ်သုံးပါးကို ရိုသေစွာ ရှိခိုးခြင်း လေးမျိုးအနက် တစ်မျိုးမျိုးဖြင့် ဆောက်တည်လျှင် “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” စသည် မရွတ်ဆိုစေကာမူ သရဏဂုံတည်နိုင်ပါသည်။

သရဏဂုံပျက်သော ရှိခိုးခြင်းနှင့် မပျက်သော ရှိခိုးခြင်း

ရတနာမြတ်သုံးပါးကို ရိုသေလေးမြတ်စွာ ရှိခိုးခြင်း “သရဏဂုံ” နှင့်စပ်၍ ရှိခိုးခြင်း ၄-မျိုးကို သိအပ်၏။ ထိုရှိခိုးခြင်း ၄-မျိုးကား —
၁။ ဆွေမျိုးအဖြစ်ဖြင့် ရှိခိုးခြင်း (ဉာတိ)၊
၂။ ကြောက်၍ ရှိခိုးခြင်း (ဘယ)၊
၃။ ဆရာဖြစ်၍ ရှိခိုးခြင်း (အာစရိယ)၊
၄။ မြတ်သော အလှူခံပုဂ္ဂိုလ်အဖြစ်ဖြင့် ရှိခိုးခြင်း (ဒက္ခိဏေယျ)—
ဟူ၍ ၄-မျိုးရှိ၏။

ထိုတွင် နောက်ဆုံး မြတ်သော အလှူခံ (ဒက္ခိဏေယျ) ပုဂ္ဂိုလ်အဖြစ်ဖြင့် ရှိခိုးခြင်းတစ်မျိုးသာ သရဏဂုံမြောက်သော ရှိခိုးခြင်းဖြစ်၏။ ကျန်ရှိခိုးခြင်း ၃-မျိုးတို့ကား သရဏဂုံမမြောက်၊ ရှိခိုးခြင်းကြောင့် သရဏဂုံပျက်ရာ၌လည်း အခြား တိတ္ထိ၊ နတ်၊ ဘုရား စသည်တို့ကို တကယ်မြတ်သော အလှူခံ (ဒက္ခိဏေယျ) ပုဂ္ဂိုလ်၏အဖြစ်ဖြင့် ရှိခိုးလျှင်သာ သရဏဂုံပျက်၏။ ဆွေမျိုး (သက်ကြီးဝါကြီး) ဖြစ်၍ ရှိခိုးခြင်း၊ ကြောက်၍ ရှိခိုးခြင်း၊ ဆရာဖြစ်၍ ရှိခိုးခြင်းတို့၌ကား သရဏဂုံမပျက်ပေ။

(“သရဏဂုံမမြောက်” ဟူသည် သရဏဂုံမတည်၊ ဘုရားစသည်ကို ကိုးကွယ်ရာမရောက်ဟု ဆိုလိုသည်။ “သရဏဂုံမပျက်” ဟူသည် တည်ပြီးသော သရဏဂုံမပျက်၊ ဘုရားစသည်ကို ပစ်ပယ်ရာမရောက်ဟု ဆိုလိုသည်။)

ယခုခေတ် နတ်များကို ပူဇော်ပသရှိခိုးကြရာ၌ ဘုရားစသော ရတနာမြတ်သုံးပါးကို ပစ်ပယ်ပြီး နတ်များကိုသာ မြတ်သော ပုဂ္ဂိုလ်အဖြစ်ဖြင့် ပူဇော်ပသရှိခိုးကြလျှင် သရဏဂုံပျက်၏။ ဘုရားစသော ရတနာမြတ်သုံးပါးကို မပစ်ပယ်ဘဲ

စာမျက်နှာ-45


လောကကြီးပွားရာကြီးပွားကြောင်းအဖြစ် ပူဇော်ပသရှိခိုးကြရာ၌ကား သရဏဂုံ မပျက်နိုင်ပါ။ သို့ရာတွင် သင်္ဘောပျက်၍ အလောင်းတော် ဇနကမင်းသား ပင်လယ်ကြော မျောရစဉ်က နတ်ကို ရိုမခိုးဘဲ ၇-ရက်ပတ်လုံး ဥပုသ်စောင့်သုံးခဲ့သော ဇနကမင်းသားကိုသာ မဏိမေခလာ နတ်သမီးက ဆီးကြိုကယ်မ၍ နတ်ရှိခိုးသူအားလုံး သေကြရပုံမှာ နတ်ကို ယုံကြည်ပုံ၍ ရှိခိုးနေသူတို့အတွက် သတိထားဖွယ်ပင် ဖြစ်ပါသည်။

သရဏဂုံမြောက်မှု အလေးပြုဖွယ်

သရဏဂုံ ခံယူဆောက်တည်ကြရာ၌ ခံယူဆောက်တည်တိုင်း သရဏဂုံ မြောက်သည်ဟု မမှတ်ယူသင့်ပါ။ သရဏဂုံမြောက်မှုအတွက် ဖော်ပြလတ္တံ့ပါ အချက်များနှင့် ပြည့်စုံရန် လိုအပ်ပါသည် —

၁။ ကိုးကွယ်ခံသည့်ဘက်တွင် ကိုးကွယ်ရာဝတ္ထုမှာ တကယ့် ရတနာမြတ်သုံးပါး “ဘုရား၊ တရား၊ သံဃာ” အစစ်အမှန်များ ဖြစ်ရမည်။

၂။ ကိုးကွယ်လိုသည့် ပုဂ္ဂိုလ်ဘက်တွင် ကြည်ညိုလေးမြတ် ဆည်းကပ်ကိုးကွယ်လိုသော သဒ္ဓါ၊ ပညာ ပြဋ္ဌာန်းသည့် မဟာကုသိုလ် စိတ္တုပ္ပါဒ် ရှိရမည်။

အထက်ဖော်ပြပါ အချက်နှစ်ချက်နှင့် ပြည့်စုံမှ သရဏဂုံခံယူဆောက်တည်မှု ကောင်းစွာ အထမြောက်နိုင်ပါသည်။ ယခုအခါ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါး အစစ်အမှန်များ မပျောက်မကွယ် ထင်ရှားရှိနေဆဲဖြစ်၍ ကိုးကွယ်ခံသည့်ဘက်မှ ကိုးကွယ်ရာဝတ္ထု စစ်မှန်ရေးအတွက် ပြည့်စုံပြီးဖြစ်နေပါသည်။ ယင်းသို့ ကိုးကွယ်ခံသည့်ဘက်မှ ရတနာမြတ်သုံးပါး အစစ်အမှန်များ ဖြစ်နေစေကာမူ ကိုးကွယ်လိုသည့် ပုဂ္ဂိုလ်တို့အနေဖြင့် အဆိုပါ ရတနာမြတ်သုံးပါးအပေါ်၌ ကြည်ညိုလေးမြတ် ဆည်းကပ်ကိုးကွယ်ရာ အစစ်အမှန်ဖြစ်၏ဟု ယုံကြည်တတ်သော သဒ္ဓါတရားနှင့် အမှားနှင့်အမှန်ကို ခွဲခြားဝေဖန်၍ အမှန်ကို ပိုင်းခြားသိမြင်တတ်သော ပညာသည် သရဏဂုံခံယူဆောက်တည်တိုင်း တစ်ပြေးညီရှိဖို့ အထူးလိုအပ်ပါသည်။

သဒ္ဓါနှင့်ပညာ တစ်ပြေးညီမရှိဘဲ ပညာအားကြီး၍ သဒ္ဓါတရားအားနည်းလျှင် ဘုရားကိုဝေဖန်၊ တရားကိုဝေဖန်၊ သံဃာကိုဝေဖန်၍ အကျင့်မမှန် ဖြစ်တတ်သည်။ သဒ္ဓါတရားအားကြီး၍ ပညာအားနည်းပြန်လျှင်လည်း တကယ့် ဘုရား၊ တရား၊ သံဃာတော်များအပေါ်၌ စိတ်မရောက်တတ်၊ တကယ့်

စာမျက်နှာ-46


ဘုရား၊ တရား၊ သံဃာတော်များ၏ ဂုဏ်ကို အာရုံမပြုတတ်၊ စေတီရုပ်ပွား စသည်များ၌သာ ဆုံးနေတတ်သည်။ “ပညာကို သဒ္ဓါစောင့်မှ၊ သဒ္ဓါကို ပညာစောင့်မှ လမ်းဖြောင့်သည်” ကို သတိပြုသင့်ပါသည်။

ယခုကာလ သရဏဂုံဆောက်တည်ကြရာ၌ အချို့မှာ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” စသော ပါဠိကို ရွတ်ဆိုနေသော်လည်း မြန်မာလို ဘာကိုဆိုလိုကြောင်း မသိကြသဖြင့် တကယ့် ဘုရား၊ တရား၊ သံဃာတော်များ၏ ဂုဏ်တော်များကိုလည်း သိမြင်နားလည်မှု မရှိနိုင်တော့ပါ။ ယင်းသို့ သိမြင်နားလည်မှု မရှိသူတို့မှာ ဉာဏ်နှင့်ယှဉ်သော ဉာဏသမ္ပယုတ် မဟာကုသိုလ် သရဏဂုံ မရနိုင်ဘဲ ဉာဏ်နှင့်မယှဉ်သော ဉာဏဝိပ္ပယုတ် သရဏဂုံမျှသာ ရဖွယ်ရှိပါသည်။

ရတနာသုံးပါး၏ ဂုဏ်တော်များကို သိမြင်နားလည်မှု မရှိရုံမျှမက ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်လိုစိတ်လည်း မရှိဘဲ အမှုမဲ့အမှတ်မဲ့ ဆောက်တည်နေကြသူတို့မှာမူကား သရဏဂုံကိုမျှ လုံးလုံးလျားလျား ရဖွယ်မရှိ၊ တည်ဖွယ်မရှိပါ။ သရဏဂုံမတည်လျှင် ဗုဒ္ဓဘာသာဝင်အဖြစ်သို့လည်း ရောက်နိုင်ဖွယ်မရှိပင် ဖြစ်ပါသည်။ အချုပ်အားဖြင့် သရဏဂုံကို ခံယူဆောက်တည်ကြရာတွင် သရဏဂုံမြောက်မှုကို အလေးဂရုပြုသင့်ကြပါသည်။ ကိုးကွယ်လိုသော စိတ်ထားနှင့် ကိုးကွယ်ရာဝတ္ထုမှန်မှ “သရဏဂုံအစစ်” ဖြစ်နိုင်ကြပါလိမ့်မည်။

သရဏဂုံကို အထပ်ထပ် ဆောက်တည်ခြင်း

“သရဏဂုံ” သည် ယုံကြည်လေးမြတ်စွာ တစ်ကြိမ်ဆောက်တည်ထားလျှင် ယုံကြည်စိတ်မပျက်သမျှ၊ ယုံကြည်ရာဝတ္ထု (ဘုရား၊ တရား၊ သံဃာ) မပြောင်းသမျှ၊ အသက်မသေသေးသမျှ တစ်သက်လုံး တည်၏။ အထပ်ထပ် အခါခါ ဆောက်တည်နေဖွယ် မလိုပါ။ သို့ပါလျက် ယခုအခါ ဘုရားရှိခိုးတိုင်း သီလဆောက်တည်တိုင်းလိုလိုမှာ သရဏဂုံမပါလျှင် မပြီး အထပ်ထပ်အခါခါ ဆောက်တည်လျက်ရှိကြသည်။ ယင်းသို့ ဆောက်တည်နေခြင်းသည် အပိုအလုပ်သာ ဖြစ်၍နေသည် မဟုတ်လော?

အဖြေကား — အပိုအလုပ် ဖြစ်၍နေသည်မှာ မှန်ပါသည်။ ယင်းသို့ အပိုအလုပ် ဖြစ်၍နေသော်လည်း အကျိုးမဲ့ စွန့်ပယ်ပစ်ရမည့် အပိုမျိုးမဟုတ်ပါ။ အပိုအကျိုးရအောင် ပို၍လုပ်ခြင်းသာ ဖြစ်ကြောင်း သဘောပေါက်သင့်ကြပါသည်။

မှန်ပါသည်။ “မကောင်းမှု အကုသိုလ်တရားကို မဖြစ်သေးက အသစ်မဖြစ်စေဘဲ ဖြစ်ပြီးဖြစ်ပါက ပယ်ပစ်ရမည်။ ကောင်းမှု ကုသိုလ်တရားကို မဖြစ်သေးက အသစ်ဖြစ်စေပြီးနောက် ဖြစ်ပြီးဖြစ်ပါက တိုးပွားသည်ထက် တိုးပွားအောင် ကြိုးစားရမည်” ဟု ဘုရားရှင်ကိုယ်တော်တိုင် မိန့်မြွက်ဟောကြား

စာမျက်နှာ-47


တော်မူခဲ့ပါသည်။ သရဏဂုံကို အထပ်ထပ် ဆောက်တည်ခြင်းသည် သရဏဂုံအထုံ ရနိုင်ပါသည်။ အထုံရစွဲမြဲနေသော သရဏဂုံသည် သေခါနီးမှာပင် အာရုံနိမိတ်ကောင်းထင်၍ ဒုဂ္ဂတိဘဝမှ လွတ်အောင် ကယ်တင်နိုင်ကြောင်း ထေရအပဒါန် သုဘူတိဝဂ်လာ “သရဏဂမနိယထေရ်” ၏ အတိတ်ဇာတ်လမ်းက ထင်ရှားစေပါသည်။ ထို့ပြင် သရဏဂုံကို အထပ်ထပ် ခံယူဆောက်တည်ခြင်းသည် အဝတ်နွမ်းကို လျှော်ဖွပ်စင်ကြယ်စေသကဲ့သို့ သရဏဂုံ၏ ညစ်နွမ်းမှုကို စင်ကြယ်သစ်လွင်မှု ရှိစေနိုင်ပါသည်။ ထို့ကြောင့် သရဏဂုံ ကိုယ်လုံးထုံနိုင်အောင်၊ သရဏဂုံ စင်ကြယ်သစ်လွင်မှုရှိအောင် သရဏဂုံကို အထပ်ထပ် ဆောက်တည်သင့်ပါသည်။

သရဏဂုံ ညစ်နွမ်းကြောင်း တရားများ

“သရဏဂုံ” ကို ခံယူဆောက်တည်ကြရာတွင် သရဏဂုံညစ်နွမ်းကြောင်း တရားများ ရှိနေလျှင် သရဏဂုံ ဆောက်တည်သော်လည်း မမြောက်နိုင်ပါ။ သရဏဂုံကို ခံယူဆောက်တည်ထားပြီး ဖြစ်လျှင်လည်း ညစ်နွမ်းမှု ရှိလာနိုင်ပါသည်။ ထို့ကြောင့် သရဏဂုံ ညစ်နွမ်းကြောင်း တရားများကို သိထားသင့်ပါသည် —

၁။ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါး (ဂုဏ်တော်များ) ကို ကောင်းကောင်းမသိခြင်း၊ လုံးလုံးလျားလျား မသိခြင်း၊ ကိုးကွယ်ရမှန်း မသိခြင်း (မောဟ)။

၂။ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးအပေါ် အစစ်အမှန် ဟုတ်ပါ့မလားဟု ယုံမှားသံသယဖြစ်ခြင်း (ဝိစိကိစ္ဆာ)။

၃။ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးအပေါ် အမှန်မမြင်ဘဲ အမှားမြင်ခြင်း၊ “အရဟံ” စသော ဂုဏ်တော်များကို ဂုဏ်တော်မဟုတ်ဟု ပြောင်းပြန်မြင်ခြင်း၊ ရတနာမြတ်သုံးပါး ကိုးကွယ်ဆည်းကပ်မှုသည် အလကားပါ စသည်ဖြင့် အယူမှားခြင်း မိစ္ဆာဒိဋ္ဌိ အယူရှိခြင်း (ဒိဋ္ဌိ)။

၄။ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို မယုံကြည်၊ မလေးစား၊ မမြတ်နိုးခြင်း၊ မကြည်ညိုခြင်း၊ ဘုရားရှိခိုးမှုစသည် မပြုလုပ်ခြင်း (သဒ္ဓါ၏ ဆန့်ကျင်ဘက် အကုသိုလ်တရား)။

စာမျက်နှာ-48


ဤတရားများရှိနေလျှင် သရဏဂုံ ညစ်နွမ်းမှု၊ မစင်ကြယ်မှုများ ဖြစ်ပွားနိုင်၏။ ဘုရားစသည်ကို မစွန့်ပယ်သေးလျှင် သရဏဂုံပျက်စီးမှုကား မဖြစ်နိုင်ပါ။

ပျက်တတ်သော သရဏဂုံနှင့် မပျက်တတ်သော သရဏဂုံ

“သရဏဂုံ” သည် လောကီသရဏဂုံနှင့် လောကုတ္တရာသရဏဂုံ (တစ်နည်း) သီးခြားခံယူဆောက်တည်ရသော သရဏဂုံနှင့် သီးခြားခံယူဆောက်တည်ဖွယ် မလိုသော သရဏဂုံဟူ၍ သရဏဂုံ နှစ်မျိုးရှိ၏။ ထိုတွင် —

၁။ လောကုတ္တရာ သရဏဂုံသည် အရိယမဂ်တရားတည်း။ အရိယာပုဂ္ဂိုလ်တို့အား မဂ်ခဏ၌ တည်၏။ သီးခြားခံယူဆောက်တည်ဖွယ် မလို၊ တည်သောအချိန်မှစ၍ မပျက်မပြောင်း။ ဘဝတစ်ပါး ပြောင်းသွားသည့် အခါ၌ပင် ပျက်ခြင်း၊ ပြောင်းခြင်းမရှိ။ မပျက်ရုံ မပြောင်းရုံမက သရဏဂုံစိတ်ကို ညစ်နွမ်းစေတတ်သော အကုသိုလ်တရားတို့ကို အပြတ်ရှင်းထားပြီးဖြစ်သောကြောင့် ညစ်နွမ်းမှုမျှပင် မရှိ။ ထို့ကြောင့် လောကုတ္တရာသရဏဂုံကို “သီးခြား ခံယူဆောက်တည်ဖွယ် မလိုသော သရဏဂုံ (သို့မဟုတ်) မပျက်တတ်သော သရဏဂုံ” ဟု မှတ်အပ်၏။

၂။ လောကီသရဏဂုံကား သဒ္ဓါ၊ ပညာ ပြဋ္ဌာန်းသော မဟာကုသိုလ် စိတ္တုပ္ပါဒ်တည်း။ သီးခြားခံယူဆောက်တည်ရ၏။ ခံယူဆောက်တည်ထားသော်လည်း အမြဲတည်ပြီဟု စိတ်မချရ။ ရတနာသုံးပါးကို မကိုးကွယ်လိုသောအခါ၊ သေလွန်သောအခါတို့၌ သရဏဂုံပျက်၏။ အယူတစ်ပါး ပြောင်းသွားသောအခါ၌ သရဏဂုံပြောင်း၏။ အကုသိုလ်တရားတို့ကို အပြတ်ရှင်းထားပြီး မဟုတ်သောကြောင့် ညစ်နွမ်းမှုလည်း ရှိနိုင်၏။ ထို့ကြောင့် လောကီသရဏဂုံကို “သီးခြား ခံယူဆောက်တည်ရသော သရဏဂုံ (သို့မဟုတ်) ပျက်တတ်သော သရဏဂုံ” ဟု မှတ်အပ်၏။

သရဏဂုံပျက်မှုနှင့် အလောင်းကို သရဏဂုံတင်ခြင်း

လောကီသရဏဂုံသည် အမြဲတည်ပြီဟု စိတ်မချရ၊ အချိန်မရွေး ပျက်တတ်၏။ ယင်းသို့ ပျက်ရာတွင် “အပြစ်ရှိသော ပျက်ခြင်းနှင့် အပြစ်မရှိသော ပျက်ခြင်း” ဟူ၍ သရဏဂုံပျက်ခြင်း နှစ်မျိုးရှိသည် —

စာမျက်နှာ-49


၁။ ဘုရားမှတစ်ပါး အခြား (တိတ္ထိစသော) ဆရာများကို အလေးအမြတ်အနေအားဖြင့် ကိုးကွယ်လျှင်သော်လည်းကောင်း၊ ဘုရားရှင်၏ အယူဝါဒမှတစ်ပါး အခြားဘာသာ အယူဝါဒသို့ ပြောင်းလျှင်သော်လည်းကောင်း သရဏဂုံပျက်၏။ ဤသို့ ပျက်ခြင်းကား အပြစ်ရှိသော ပျက်ခြင်း (သာဝဇ္ဇ) မည်၏။

၂။ သေလျှင် သရဏဂုံ (ကုသိုလ်စိတ်) မရှိတော့သောကြောင့် သရဏဂုံပျက်၏။ (သေလျှင် ဘာမျှမသိ၊ ကုသိုလ်စိတ်သာမက အကုသိုလ်စိတ်လည်း မရှိ။) ဤသို့ ပျက်ခြင်းကား အပြစ်ရှိသော သရဏဂုံပျက်ခြင်းကဲ့သို့ မကောင်းကျိုးလည်း မပေး၊ အကျိုးပေးတတ်သော တရားမျိုးလည်း မဟုတ်သောကြောင့် အပြစ်မရှိသော ပျက်ခြင်း (အနဝဇ္ဇ) မည်၏။

ဤ၌ တစ်ဦးတစ်ယောက် သေဆုံးခြင်းသို့ ရောက်၍ သရဏဂုံ ပျက်သွားသည့်အတွက် အလောင်းကို သရဏဂုံ တင်ကြရာတွင် ဘာကိုမျှ မသိတတ်သော အလောင်းကောင်အတွက် သရဏဂုံ တင်ပေးသော်လည်း တင်ပေးသော သရဏဂုံကို ရနိုင်ယူနိုင်သည်ကား မဟုတ်ပါ။ ယင်းသို့ မရနိုင် မယူနိုင်သော်လည်း ရနိုင်ယူနိုင်သော (သရဲ၊ တစ္ဆေ၊ မြေဘုတ်၊ မှင်စာ၊ အစိမ်း၊ နတ်စိမ်း၊ နတ်ဘီလူး စသည်ခေါ်ဝေါ်သော ပြိတ္တာအကြီးစား၊ အသူရကာယ်) ဘဝသို့ ရောက်၍ သတိရနေလျှင် သရဏဂုံကို ရပါစေ၊ ယူပါစေတော့ဟု သတိပေးသောအားဖြင့် ရည်မှန်း၍ အလောင်းကို သရဏဂုံတင်ရိုး ပြုကြခြင်းဖြစ်၏။

ဤသို့ ပြုကြခြင်းဖြင့် သေဆုံးသူများအဖို့ သရဏဂုံကို ရနိုင်ကရမည်၊ ယူနိုင်ကယူမည်။ အကယ်၍ သေဆုံးသူအဖို့ မရနိုင် မယူနိုင်ရှိစေကာမူ အသက်ရှင်ကျန်နေသူများအဖို့ကား သရဏဂုံကို မလွဲမသွေ ရနိုင်ကြသည်သာ ဖြစ်၏။ ထို့ပြင် အနီးအပါးရှိ ရှေးက သေလွန်သွားသူများအနေဖြင့် သရဏဂုံကို ရလိုယူလိုလျှင်လည်း ရနိုင်ယူနိုင်ကြပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များအနေဖြင့် သေသည့်အခါ အလောင်းကို သရဏဂုံတင်ခြင်းသည် အကျိုးမဲ့ ဆောင်ရွက်ကြခြင်းမဟုတ်၊ အတ္တပရ (မိမိ သူတစ်ပါး နှစ်ဦးသား) အကျိုးရှိစေနိုင်သော ကောင်းမှုမျိုးအဖြစ် ဆောင်ရွက်ကြခြင်း ဖြစ်ကြောင်း သဘောပေါက်သင့်ကြပါသည်။

စာမျက်နှာ-50


သရဏဂုံပုတီးစိပ်ခြင်း

ရှေးရှေးဆရာမြတ်တို့သည် သရဏဂုံကို အထပ်ထပ် အခါခါ ခံယူဆောက်တည်ရုံမျှမက သရဏဂုံ အထုံရစေရန်နှင့် သရဏဂုံ ညစ်နွမ်းမှုမရှိဘဲ အစဉ်ထာဝရ ဖြူစင်တောက်ပမှုရှိစေရန် သရဏဂုံပါဠိကို အထပ်ထပ် အခါခါ ရွတ်ဆိုပွားများပြီး ပုတီးစိပ်ခြင်းများလည်း ရှိပါသည်။ ပုတီးစိပ်နည်းကိုလည်း အောက်ပါအတိုင်း ညွှန်ကြားဖော်ပြကြပါသည် —

မျက်စိကိုမှိတ် (သို့မဟုတ်) မျက်လွှာကိုချ၊ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ဟူ၍ ပါးစပ်ကဆို၊ လက်က ပုတီးတစ်လုံးချ။ မြတ်စွာဘုရားကို “ဆင်းရဲကို ပယ်ဖျောက် ချမ်းသာသို့ ရောက်စေတတ်သော ကိုးကွယ်ရာ ဘုရားမြတ်ရတနာ” ဟူ၍ စိတ်ကသိ၊ ပုတီးတစ်ပတ်ရအောင် စိပ်။

မျက်စိကိုမှိတ် (သို့မဟုတ်) မျက်လွှာကိုချ၊ “ဓမ္မံ သရဏံ ဂစ္ဆာမိ” ဟူ၍ ပါးစပ်ကဆို၊ လက်က ပုတီးတစ်လုံးချ။ တရားတော်မြတ်ကို “ဆင်းရဲကို ပယ်ဖျောက် ချမ်းသာသို့ ရောက်စေတတ်သော ကိုးကွယ်ရာ တရားမြတ်ရတနာ” ဟူ၍ စိတ်ကသိ၊ ပုတီးတစ်ပတ်ရအောင် စိပ်။

မျက်စိကိုမှိတ် (သို့မဟုတ်) မျက်လွှာကိုချ၊ “သံဃံ သရဏံ ဂစ္ဆာမိ” ဟူ၍ ပါးစပ်ကဆို၊ လက်က ပုတီးတစ်လုံးချ။ သံဃာတော်မြတ်ကို “ဆင်းရဲကို ပယ်ဖျောက် ချမ်းသာသို့ ရောက်စေတတ်သော ကိုးကွယ်ရာ သံဃာမြတ်ရတနာ” ဟူ၍ စိတ်ကသိ၊ ပုတီးတစ်ပတ်ရအောင် စိပ်။

ဤနည်းအားဖြင့် အဓိဋ္ဌာန်ဝတ်ထား၍ဖြစ်စေ၊ ဝတ်မထားဘဲဖြစ်စေ သရဏဂုံပါဠိများကို ရွတ်ပွားပြီး ပုတီးစိပ်နိုင်ကြပါသည်။ ပုတီးစိပ်ခြင်းအလုပ်သည် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ ကျမ်းများတွင်လာသော ကျမ်းဂန်လာအလုပ်မျိုး မဟုတ်စေကာမူ ရှေးရှေးဆရာမြတ်တို့ စဉ်ဆက်မပြတ် ကျင့်သုံးတော်မူခဲ့ကြသော ကုသိုလ်ကောင်းမှု လုပ်ငန်းတစ်ခု ဖြစ်ပါသည်။

သရဏဂုံပုတီးစိပ်ခြင်းဖြင့် သရဏဂုံညစ်နွမ်းမှုမရှိဘဲ ဖြူစင်မှုရစေပြီး ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံး သရဏဂုံအထုံကောင်းစွာ ရနိုင်ကြပါသည်။ ခန္ဓာကိုယ်တစ်ခုလုံး သရဏဂုံဖြင့် ထုံထားနိုင်ပါက အထုံရစွဲမြဲနေသော သရဏဂုံစိတ်သည် ကာယကံ၊ ဝစီကံ၊ မနောကံ သောင်းကျန်းမှုကို ဖြစ်စေတတ်သည့် အကုသိုလ်အညစ်တရားများကို ဖယ်ရှားပြီး ဖြူစင်သော ကုသိုလ်တရားများကို အစဉ်တိုးပွားစေနိုင်ပါသည်။


စာမျက်နှာ-51


သရဏဂုံကုသိုလ်စိတ်သည် သာသနာတွင်းကုသိုလ်ဖြစ်၍ လွန်စွာ စွမ်းအားကြီးမားလှ၏။ ထို့ကြောင့် အဆိုပါ သရဏဂုံကုသိုလ်စိတ်သည် ရေထဲသို့ ပစ်ချလိုက်တိုင်း မြုပ်တတ်သော လေးလံသည့် ကျောက်ခဲ၊ သံခဲများကို လှေသင်္ဘောကြီးများသည် မမြုပ်အောင် ကာဆီးတားမြစ်ထားနိုင်သကဲ့သို့ အကုသိုလ်တရား၏ အကျိုးပေးခွင့်ကိုပင် ကာဆီးတားမြစ်ပြီး နတ်ရွာသဂ္ဂသို့ လားရောက်ရခြင်းစသည့် ကောင်းသော အကျိုးများကို ပေးစွမ်းနိုင်ပါသည်။ ယင်းသို့ အကျိုးပေးစွမ်းနိုင်ကြောင်း သံယုတ်ကျမ်းလာ “သရဏဥပါသကာ” ၏ ဇာတ်လမ်းအရ သိသာထင်ရှားလှပါသည်။ မိမိတို့ကိုယ်တိုင် လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် လက်တွေ့အကျိုးများကို သိမြင်ခံစားနိုင်ကြပါသည်။ အောက်ပါတို့မှာ ရှေးဆရာမြတ်တို့ ဖော်ပြအပ်သော သရဏဂုံ ပုတီးစိပ်ခြင်း၏ အကျိုးပြလင်္ကာများ ဖြစ်ပါသည် —

သရဏဂုံ၊ သုံးပါးစုံ၊ ကြည်ယုံပုတီးစိပ်။
သရဏဂုံ၊ ကိုယ်လုံးထုံ၊ ပြည့်စုံသိဒ္ဓိဟိတ်။
သရဏဂုံ၊ ကိုယ်လုံးထုံ၊ အာရုံထင်နိမိတ်။
အန္တရာယ်ကင်း၊ ကပ်ကျော်နင်း၊ ပေါခြင်းလာဘ်မဆိတ်။

သရဏဂုံတည်ခြင်းအကျိုးများ

လောက၌ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးသည် မည်သည့်အရာနှင့်မျှ နှိုင်းစာ၍ မရအောင် အမြင့်ဆုံး၊ အမြတ်ဆုံး၊ အတုမဲ့ ရတနာများဖြစ်သည်။ အလွန်လည်း တွေ့ခဲ၊ ဆုံခဲ၊ ကြုံကြိုက်ခဲပါသည်။ ယင်းသို့ အမြင့်ဆုံး၊ အမြတ်ဆုံး၊ အတုမဲ့ ရတနာများဖြစ်၍ အလွန်လည်း တွေ့ခဲ၊ ဆုံခဲ၊ ကြုံကြိုက်ခဲလှသော ရတနာမြတ်သုံးပါးကို ကိုးကွယ်အားထားရာဟူ၍ ယုံကြည်သိမှတ် ဆည်းကပ်ကိုးကွယ်ရသဖြင့် သရဏဂုံတည်ရခြင်းသည် လွန်စွာ အကျိုးကြီးမြတ်လှပါ၏။ အမြင့်ဆုံး၊ အမြတ်ဆုံး၊ အတုမဲ့ အကျိုးများကို ရရှိခံစားနိုင်ကြပါသည်။

ကောင်းသော သုဂတိဘဝသို့ ရောက်ရခြင်း၊ စည်းစိမ်ဥစ္စာနှင့် ပြည့်စုံရခြင်း၊ အပါယ်ဒုဂ္ဂတိဘဝသို့ မကျမရောက်ရဘဲ နတ်ပြည်သို့ ရောက်ရခြင်း၊ နတ်ပြည်သို့ ရောက်သောအခါ၌ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ အခြွေအရံများခြင်း၊ အစိုးရခြင်း ငါးမျိုးနှင့် အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ အာရုံငါးပါး ပေါင်း ဆယ်ပါးတို့မှာ အခြား (သရဏဂုံမတည်သော) နတ်များထက် သာလွန်ခြင်းတို့ကို ရရှိခံစားနိုင်၏။

စာမျက်နှာ-52


တစ်နည်းအားဖြင့် ဖြစ်လေရာ ဘဝတိုင်း၌ အများအပူဇော်ခံရခြင်း၊ ထက်သော ဉာဏ်ပညာရှိခြင်း၊ မိမိအလိုသို့ လိုက်ပါစေနိုင်ခြင်း၊ အများနှင့်မတူသော စည်းစိမ်ချမ်းသာများကို ခံစားရခြင်း၊ ရွှေအဆင်းနှင့် တူခြင်း၊ အများနှစ်သက်ကြည်ညိုမှုကို ခံရခြင်း၊ မိတ်ဆွေအပေါင်းအသင်းများ၏ ချစ်ခင်မှုကို ရခြင်း၊ ကျော်စောထင်ရှားခြင်း ဟူသော အကျိုးထူး ရှစ်ပါးကို ရခြင်းတို့မှာ သရဏဂုံတည်ခြင်းကြောင့် ရရှိခံစားရသော ကျမ်းဂန်လာ အကျိုးများဖြစ်ပါသည်။

ထိုမှတစ်ပါး သရဏဂုံကို ရွတ်ပွား၍ အစာစားလျှင် အစာအဆိပ်မသင့်။ ကိုယ်ဝန်ရှိနေစဉ် သရဏဂုံကို ရွတ်ပွားလျှင် ချမ်းသာစွာ မွေးဖွား၏၊ အမွေးလွယ်ကူ၏။ မွေးဖွားလာသော သားသမီးများ ဘေးရန်ကင်း၏။ သရဏဂုံကို အမြဲရွတ်ပွားနေလျှင် သရဲ၊ တစ္ဆေမခြောက်၊ ဘေးရန်မရောက်။ သရဏဂုံကို ရွတ်ဆို၍ သစ်ပင်များကို စိုက်ပျိုးလျှင်ပင် သစ်ပင်များ ပိုးမကျ၊ ကောင်းစွာ ရှင်သန်၍ ဖွံ့ထွားသန်မာသော အသီးအနှံ အရွက်များကို ရနိုင်သည်စသောအားဖြင့် လက်တွေ့အကျိုးခံစားရသူတို့က ဝန်ခံပြောဆိုကြသော သရဏဂုံအကျိုးတို့မှာလည်း လွန်စွာ များလှပါသည်။

စင်စစ်အားဖြင့်ကား သရဏဂုံတည်ခြင်း၏ အကျိုးသွားသည် “ဤမျှသာတည်း၊ ဤထက်မပို” ဟု ဆိုဖွယ်မရှိပါ။ အမြင့်ဆုံး အမြတ်ဆုံးဖြစ်သော အတုမဲ့ ရတနာမြတ်သုံးပါးအပေါ် ယုံကြည်သိမှတ် ဆည်းကပ်ကိုးကွယ်ရခြင်းကြောင့် ရနိုင်သော အကျိုးတို့ကား အနန္တ၊ အပရိမာဏ အတိုင်းအတာမရှိ၊ အဆုံးအစမရှိ များပြားကြီးကျယ်သည်သာ အမှန်ဖြစ်ပါသည်။

[ ဤကား လောကီ သရဏဂုံတည်ခြင်း၏ အကျိုးများ ဖြစ်၏။ လောကုတ္တရာ သရဏဂုံ တည်ခြင်း၏ အကျိုးကား - အကျိုးရင်း (မုချကျိုး) အားဖြင့် ဖိုလ်တရားလေးပါး၊ အကျိုးဆက်အားဖြင့် ဒုက္ခခပ်သိမ်းတို့၏ ကုန်ငြိမ်းရာ နိဗ္ဗာန်တရား ဖြစ်ပါသည်။]

သာဓကဝတ္ထုများ

သရဏဂုံတည်ခြင်းအကျိုးများကို ပေါ်လွင်မှုနှင့် ခိုင်လုံမှုရှိရန် ကျမ်းဂန်လာ ထင်ရှားသော သရဏဂုံအကျိုးပြ သာဓကဝတ္ထုများကို ဖော်ပြပါဦးမည်။

သေသောက်ကြူး “သရဏဥပါသကာ” အကြောင်း

ဘုရားရှင် လက်ထက်တော်၌ ဘုရားရှင်၏ ဆွေတော်မျိုးတော် အမျိုးသားတစ်ယောက်သည် အရက်သေစာကို လူမှန်းသိတတ်သည့် အရွယ်မှစ၍ မပြတ်မလပ် သောက်စားလေ့ရှိခဲ့သည်။ ထိုသို့ အရက်သေစာ သောက်စားလေ့ရှိသော်လည်း

စာမျက်နှာ-53


ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးအပေါ်၌ ယုံကြည်အားထားသည့်စိတ်ကား လွန်စွာ ကြီးမားခိုင်မာလှ၏။ အဘယ်မျှ ကြီးမားသနည်းဟူမူ —

တစ်ဦးတစ်ယောက်က “သင်သည် ဘုရားကို ဘုရားမဟုတ်ဘူး၊ တရားကို တရားမဟုတ်ဘူး၊ သံဃာကို သံဃာမဟုတ်ဘူးလို့ ပြောလျှင်ပြော၊ မပြောလျှင် သင်၏ ဦးခေါင်းကို ဖြတ်ပစ်မည်” ဟု ဆိုခဲ့လျှင် “သင်ဖြတ်လိုက ဖြတ်ပါ၊ ငါ့အနေဖြင့် ဘုရားကို ဘုရားမဟုတ်ဘူး၊ တရားကို တရားမဟုတ်ဘူး၊ သံဃာကို သံဃာမဟုတ်ဘူးဟု ဘယ်နည်းနှင့်မျှ မပြောဝံ့ပါ” ဟူ၍ ပြန်ပြောနိုင်စွမ်းသည်အထိ ရတနာသုံးပါးအပေါ်၌ ယုံကြည်အားထားသည့် စိတ်ဓာတ် ကြီးမားခိုင်မာသူဖြစ်သည်။ ဤမျှ ရတနာသုံးပါးအပေါ်၌ ယုံကြည်အားထားသည့် စိတ်ဓာတ်ကြီးမားလွန်းသည့် အတွက်ကြောင့်လည်း ထိုအမျိုးသား၏ အမည်ကို အများက “သရဏဥပါသကာ” ဟု ခေါ်ခဲ့ကြသည်။

ထို “သရဏဥပါသကာ” ခေါ် သေသောက်ကြူး အမျိုးသားသည် ထိုဘဝမှ သေလွန်သည်ရှိသော် ရတနာသုံးပါးအပေါ် အသက်စွန့်၍ ယုံကြည်အားထားသော သရဏဂုံစိတ်ကြောင့် နတ်ပြည်သို့ လားရောက်ရလေသည်။

ဤသို့ နတ်ပြည်ရောက်ရကြောင်းကို ဘုရားရှင်က ဟောပြတော်မူရာ သရဏဥပါသကာသည် ဘဝတစ်လျှောက်လုံး အရက်သေစာ သောက်စားလာခဲ့သူ ဖြစ်ပါလျက် သေသည့်အခါ နတ်ပြည်သို့ ရောက်သွားသည်ဆိုသော ဘုရားရှင်ဟောကြားချက်ကို ဆွေတော်မျိုးတော်အားလုံးက မယုံကြည်နိုင် ဖြစ်ကြသည်။ အချင်းချင်း စုမိတိုင်း ပြောဆိုကြ၍ မြတ်စွာဘုရားအား ကဲ့ရဲ့ပြစ်တင်ကြတော့သည်။ ဤအကြောင်းကို ဘုရားရှင်၏ ဘထွေးတော် “မဟာနာမ်” သာကီဝင်မင်းက ကြားရသည့်အတွက် ဘုရားရှင်အား လျှောက်ထားရာ —

“မဟာနာမ်... ရတနာသုံးပါး၌ မတုန်မလှုပ် သက်ဝင်ယုံကြည်သူ သရဏဥပါသကာသည် သေဆုံးသည်နှင့်တစ်ပြိုင်နက် သောတာပန်အဖြစ် ရောက်ပြီး နတ်ပြည်သို့ ရောက်သွားရခြင်းမှာ မှန်ပေသည်။ ရတနာသုံးပါး၏ ဂုဏ်တော် ကျေးဇူးတော်များက အတိုင်းမသိ ကြီးကျယ်မြင့်မြတ်ခြင်း၊ ရတနာသုံးပါးအပေါ် အသက်စွန့်၍ မတုန်မလှုပ် ယုံကြည်သော သဒ္ဓါတရား ထားရှိခြင်း ဟူသော အကြောင်းတို့ကြောင့် သေရည်သေရက် သောက်စားသော အကုသိုလ်အားအစွမ်းသည် သရဏဂုံတည်ခြင်း၏ ကုသိုလ်စွမ်းအားကို ကာဆီးတားမြစ်ခြင်း မပြုနိုင်” ဟူ၍ ဘုရားရှင်က ပြန်လည်မိန့်ကြားတော်မူခဲ့ပါသည် (အံ၊ ၃။၃၂၆)။

စာမျက်နှာ-54


[ ဤဝတ္ထုသည် ရတနာသုံးပါးကို အသက်နှင်း၍ မပျက်မယွင်း မတုန်မလှုပ် ယုံကြည်ကိုးကွယ်သော လောကုတ္တရာသရဏဂုံ အကျိုးပြ သာဓကဝတ္ထုဖြစ်၏။ ]

သရဏဂုံတည်သော အမျိုးသားတစ်ယောက်အကြောင်း

အနောမဒဿီမြတ်စွာဘုရား ပွင့်ထွန်းတော်မူရာ အခါ၌ မျက်မမြင် မိဘနှစ်ပါးတို့ကို ပြုစုလုပ်ကျွေးနေသော လုလင်တစ်ယောက် ရှိလေသည်။ ၎င်းလုလင်သည် တစ်နေ့သ၌ ဤသို့ အကြံတစ်ခု ဖြစ်လေသည် —

ငါသည် မျက်မမြင် မိဘနှစ်ပါးကို လုပ်ကျွေးနေရသည့်အတွက် ရှင်ရဟန်းပြုခွင့်မရ ဖြစ်နေရသည်၊ ဘုရားရှင်ပွင့်တော်မူရာ သာသနာတော်နှင့် ကြုံကြိုက်သည့်အခိုက် ကိုးကွယ်ရာ တစ်ခုကိုတော့ ရှာဖွေဆည်းပူးမှ သင့်မည် —

ဟူ၍ အကြံဖြစ်လေသည်။ ယင်းသို့ ကြံပြီးနောက် အနောမဒဿီမြတ်စွာဘုရား၏ အဂ္ဂသာဝကတပည့် ဖြစ်သော “နိသဘမထေရ်မြတ်” ထံသို့ ချဉ်းကပ်ပြီး သရဏဂုံသုံးပါးကို တစ်သက်လုံး မပျက်အောင် ဆောက်တည်ခဲ့လေသည်။ ထိုအချိန်က လူတို့၏ အသက်တမ်းသည် တစ်သိန်းတမ်းဖြစ်သောကြောင့် လွန်စွာ အသက်ရှည်သဖြင့် သရဏဂုံလည်း ကြာကြာတည်ရလေသည်။ သရဏဂုံသည် ကာလရှည်ရှည် တည်လေ အကျိုးများလေ ဖြစ်ပါသည်။

ထိုလုလင်သည် မျက်မမြင် မိဘနှစ်ပါးတို့ကို လုပ်ကျွေးလျက်ပင် သရဏဂုံကို အသက်ထက်ဆုံး မပျက်မစီးရအောင် ကိုးကွယ်အားထားရာ ပြု၍ ဆောက်တည်ပြီး ထိုဘဝမှ စုတေခါနီး သေလွန်လျှင် သရဏဂုံကို အသက်ထက်ဆုံး မပျက်မစီးရအောင် ဆောက်တည်ထားသော ကောင်းမှုကြောင့် တာဝတိံသာ နတ်ပြည်၌ နတ်တကာတို့ကို အစိုးရသော သိကြားမင်းကြီး ဖြစ်ရလေ၏။

၁။ အပဒါန်အဋ္ဌကထာ၊ ဒုတိယတွဲ၊ နှာ-၃၉ ၌ “ဝိပဿီမြတ်စွာဘုရား” ဟု လွဲမှားနေသည်။ ယင်းလွဲမှားချက်အတိုင်း စာအုပ်များစွာတို့၌လည်း လွဲမှားနေသည်ကို တွေ့ရသည်။ ဖွားတော်မူရာ ‘စန္ဒဝတီပြည်’၊ သက်တော် ‘တစ်သိန်းတမ်း’၊ အဂ္ဂသာဝက ‘နိသဘမထေရ်’ တို့ကို ထောက်၍ ဤ၌ “အနောမဒဿီမြတ်စွာဘုရား” ဟု အမှန်အတိုင်း ဖော်ပြထားပါသည်။

စာမျက်နှာ-55


ဤသို့ ဤပုံ သရဏဂုံကို လုံခြုံစွာ တစ်သက်လုံး ဆောက်တည်ခဲ့သော ကောင်းမှု၏ အကျိုးဆက်ကြောင့်ပင် သိကြားမင်းအဖြစ်ချည်းပဲ ဆက်ကာဆက်ကာ ဖြစ်ရသည်မှာ အကြိမ်ပေါင်း ရှစ်ဆယ်၊ လေးကျွန်းလုံးကို အစိုးရသော စကြဝတေးမင်းကြီး ဖြစ်ရသည်မှာ ခုနစ်ဆယ့်ငါးကြိမ်၊ ပဒေသရာဇ် ဧကရာဇ်မင်း အဖြစ်တို့မှာ မရေမတွက်နိုင်အောင် အကြိမ်များလှပါသည်။

ထိုလုလင်သည် ကိုးဆယ့်တစ်ကမ္ဘာပတ်လုံး အပါယ်လေးပါးသို့ တစ်ကြိမ်တစ်ခါမျှ မလားရောက်ရဘဲ လူ့ဘုံနှင့် နတ်ရပ်တို့၌သာ အထပ်ထပ်လှည့်လည်ကာ လူမင်းစည်းစိမ်၊ နတ်မင်းစည်းစိမ်ချမ်းသာတို့ကို အကြိမ်ကြိမ်အခါခါ များစွာ ခံစားခဲ့ရပါသည်။ ဖြစ်လေရာရာ ဘဝတို့၌လည်း သူတစ်ပါးတို့ထက် ထူးကဲသော “အများအပူဇော်ခံရခြင်း၊ ထက်သောဉာဏ်ပညာရှိခြင်း” စသည့် အကျိုးထူး ရှစ်ပါးကို အထင်အရှား ခံစားခဲ့ရပါသည်။ (အကျိုးထူး ရှစ်ပါးကို စာမျက်နှာ ၅၂ ၌ ဖော်ပြခဲ့ပြီ။) ဤသို့ စည်းစိမ်ချမ်းသာအဖြာဖြာကို ကောင်းစွာ ခံစားစံစားပြီး ဤဂေါတမမြတ်စွာဘုရား ပွင့်ထွန်းပေါ်ပေါက်လာသောအခါ “သာဝတ္ထိမြို့” ဝယ် ဥစ္စာကြွယ်ဖြိုး သူဌေးမျိုး၌ ဖြစ်လာလေသည်။

ထိုသူငယ် သူဌေးသားလေးသည် ခုနစ်နှစ်သားအရွယ်သို့ ရောက်သောအခါ ကစားဖော်သူငယ်များ၏ ရှေ့သွားခေါင်းဆောင်ဖြစ်၍ ကစားမြူးထူးပျော်ပါးရင်း ရဟန်းတော်များ သီတင်းသုံးရာ ကျောင်းတိုက်သို့ သွားရောက်ကာ “သရဏဂုံသုံးပါး ပေးသနားတော်မူပါဘုရား” ဟု လျှောက်ထားလေ၏။ ရဟန္တာတစ်ပါးက သရဏဂုံသုံးပါးကို ပေးတော်မူလေလျှင် ခုနစ်နှစ်သားအရွယ် ထိုသူငယ်သည် သရဏဂုံကို ခံယူဆောက်တည်၍ ပြီးလျှင်ပြီးချင်းပင် ရဟန္တာအဖြစ်သို့ ရောက်လေသည်။

အနောမဒဿီမြတ်စွာဘုရား ပွင့်တော်မူရာ လွန်ခဲ့သော တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းအခါမှစ၍ တစ်ကြိမ်တစ်ခါမျှသာ ဆောက်တည်ခဲ့ဖူးသော သရဏဂုံကို လုံခြုံစွာ မပျက်မစီးအောင် စောင့်ရှောက်ခဲ့သော ကောင်းမှုကို အခြေခံပြု၍ ရဟန္တာအဖြစ်သို့ ရောက်ရလေသောကြောင့် ဤသာသနာတော်၌ “သရဏဂမနီယမထေရ်” ဟု နေလအသွင် ထင်ရှားကျော်စောခဲ့ပါသည် (အပ၊ ၁။၈၂။ အပ၊ဋ္ဌ၊ ၂။၃၉)။

တံငါသည် တစ်ဦးအကြောင်း

ရှေးအခါက “ဒမိဠ” မည်သော အမျိုးသားတစ်ဦးသည် အနှစ်ငါးဆယ် ပတ်လုံး တံငါသည်အလုပ်ဖြင့် အသက်မွေးနေထိုင်လာခဲ့ပေသည်။ အသက်အရွယ်ကြီးရင့်သောအခါ ရောဂါဝေဒနာစွဲကပ်၍ အိပ်ရာမှ မထနိုင်ဖြစ်ခဲ့လေသည်။ အိမ်ရှင်မ

စာမျက်နှာ-56


ဖြစ်သူက ခြေဆုပ်လက်နယ် ပြုပေးလျက် ရှိစဉ် ရဟန်းတော်တစ်ပါး ကြွလာသဖြင့် အိမ်ရှင်မက ကျောင်းနေရဟန်းငယ်တစ်ပါး ကြွလာကြောင်း ဒမိဠတံငါသည်အား ပြောပြသည်။ ဒမိဠတံငါသည်က “ငါသည် အနှစ်ငါးဆယ် ပတ်လုံး မထေရ်၏ အထံသို့ တစ်ခါမျှ မသွားမရောက်ဖူးပါ၊ မထေရ်သည် အဘယ်ကျေးဇူးကို ထောက်၍ ငါ့ထံသို့ လာသနည်း” ဟု အမေးခိုင်းလိုက်သည်။ အိမ်ရှင်မဖြစ်သူက ခိုင်းစေသည့်အတိုင်း မပြောဘဲ “ကန်တော့ဆွမ်းပါဘုရား” ဟု ရဟန်းတော်ကို လျှောက်ထားလိုက်ပါသည်။

ထိုအခါ ရဟန်းတော်က “ဒါယကာ... ဘယ်နှယ်နေတုံး” ဟု ပြန်လည်မေးမြန်းတော်မူရာ အိမ်ရှင်ဒါယိကာမက “ဒါယကာမှာ အလွန်အားနည်းနေပါကြောင်း” ပြန်ကြားလျှောက်ထားသဖြင့် ရဟန်းတော်လည်း အိမ်တွင်းသို့ ဝင်ရောက်ကြွလာပြီး “ဒါယကာ သရဏဂုံသီလများ မဆောက်တည်လိုဘူးလား” ဟု မေးမြန်းသည်။ ဒါယကာက “ဆောက်တည်လိုကြောင်း” ပြန်ကြားလျှောက်ထားသည့်အတွက် ရဟန်းတော်က ဒါယကာအား သရဏဂုံနှင့်တကွ ငါးပါးသီလကို ပေးလေသည်။

ဤသို့ ပေးနေစဉ် ငါးပါးသီလခံယူဆောက်တည်နိုင်သည်အထိ မရောက်ဘဲ သရဏဂုံအဆုံးမှာပင် ပါးစပ်မလှုပ်နိုင်တော့ဘဲ သေဆုံးကာ နတ်ပြည်သို့ ဆိုက်ရောက်သွားလေသည်။ နတ်ပြည်သို့ ရောက်လျှင်ရောက်ချင်း သရဏဂုံခံယူဆောက်တည်ခဲ့ရသော ကောင်းမှုကြောင့် ယခုကဲ့သို့ နတ်ပြည်ရောက်ရကြောင်း သိရှိကာ လူ့ပြည်သို့ ဆင်းပြီး သရဏဂုံသီလချီးမြှင့်ပေးသနားသော ရဟန်းတော်အား ဖူးမြော်ကန်တော့လျက် နတ်ပြည်ရောက်ရပုံ အကြောင်းစုံကို ဤသို့ လျှောက်ထားလေသည် —

အရှင်မြတ်ဘုရား... တပည့်တော် ယခုကဲ့သို့ (စတုမဟာရာဇ်) နတ်ပြည်သို့ ရောက်ရခြင်းသည် အရှင်ဘုရား ချီးမြှင့်ပေးသနားတော်မူသော သရဏဂုံကို ခံယူဆောက်တည်ရသည့်အတွက် ဖြစ်ပါသည်။ အရှင်ဘုရား ချီးမြှင့်ပေးသနားတော်မူသော ငါးပါးသီလကိုပါ တပည့်တော် မသေမီ အကယ်၍သာ ဆက်လက် ခံယူဆောက်တည်ခွင့် ရခဲ့ပါလျှင် အထက်အထက် နတ်ပြည်များသို့ပင် ရောက်နိုင်ပါသည်။ အရှင်ဘုရား၏ ကျေးဇူးသည် တပည့်တော်အပေါ်၌ လွန်စွာကြီးမား များပြားလှပါသည် ဘုရား —

ဟူ၍ ဝမ်းမြောက်ဝမ်းသာ ပြန်ကြားလျှောက်ထားလေသည်။ သရဏဂုံပေးသော ဆရာကား ဆရာမည်ကာမတ္တ မဟုတ်ပါ၊ အနန္တဂိုဏ်းဝင် ကျေးဇူးရှင် ဆရာမျိုး ဖြစ်ပါသည် (အံ၊ဋ္ဌ၊ ၂။၁၇)။

စာမျက်နှာ-57


သီဟိုဠ် (ယခု သီရိလင်္ကာ) နိုင်ငံ သာသနာဝင်သမိုင်းတွင် “ဒုဋ္ဌဂါမဏိမင်းကြီး” သည် မိမိနိုင်ငံအား ကျူးကျော်စော်ကားလာသည့် “အက္ခောဘိဏီ” ၁-မက များသော မိစ္ဆာဒိဋ္ဌိ “ကျည်းကုလား” ၂-များကို တွန်းလှန်တိုက်ခိုက်ရာ၌ ရတနာသုံးပါးကို ဦးထိပ်တင်၍ တရားသော စစ်ပွဲကို ဆင်နွှဲခဲ့သည်။

“ယခု ငါစစ်တိုက်ခြင်းသည် မင်းစည်းစိမ်ဟူသော ငါ၏ အကျိုးစီးပွားအတွက် မဟုတ်ပါ၊ အနည်းငယ်မျှပင် ကိုယ်ကျိုးမပါရှိပါ။ အတုမရှိသော မြတ်စွာဘုရားရှင် သာသနာတော်နှင့် ရတနာမြတ်သုံးပါး တည်တံ့ပြန့်ပွား ထွန်းကားရန်အတွက်သာ ဖြစ်ပါသည်”

ဟု သစ္စာအဓိဋ္ဌာန်စကား ကျူးရင့်မြွက်ကြားခဲ့သည်။ ရတနာသုံးပါးအား အသက်ကိုနှင်း၍ တရားသောစစ်ပွဲ ဆင်နွှဲခဲ့ရာ အောင်ပွဲရခဲ့လေသည်။

ဒုဋ္ဌဂါမဏိမင်းကြီးသည် အက္ခောဘိဏီမကသော ကျည်းကုလားတို့ကို သတ်ဖြတ်နှိမ်နင်း၍ စစ်ခင်းအောင်မြင်ခဲ့ပြီးနောက် ယင်းသို့ သတ်ဖြတ်သေစေခဲ့ခြင်းအတွက် မိမိအား သက်သာရာရနိုင်ရန် အကြောင်းအခွင့်ကောင်း ရှိ၊ မရှိ ရဟန္တာမထေရ်မြတ် ရှစ်ပါးတို့ထံ မေးမြန်းလျှောက်ထားခဲ့ရာ ရဟန္တာမထေရ်မြတ် ရှစ်ပါးတို့က သက်သာရာရနိုင်ကြောင်း အောက်ပါအတိုင်း မိန့်မြွက်ဖြေကြားတော်မူခဲ့သည် —

“မင်းမြတ်... သင်မင်းမြတ်သည် အက္ခောဘိဏီမကသော ကျည်းကုလားများကို သတ်ဖြတ်သေစေရာ၌ သရဏဂုံတည်သူ တစ်ယောက်နှင့် ငါးပါးသီလမြဲသူ တစ်ယောက် ပါဝင်သောကြောင့် တစ်ယောက်နှင့် တစ်ပိုင်းအတွက်သာ (လူသတ်မှု) အပြစ်ရှိသည်။ ကြွင်းသော (မိစ္ဆာအယူရှိသူနှင့် သီလမရှိသူ) ရန်သူအားလုံးတို့ သတ်မှုအတွက်ကား (လူသတ်မှု) အပြစ်မရှိ၊ တိရစ္ဆာန် သားသမင်များ သတ်မှုအပြစ်မျိုးလောက်သာ ရှိသည်ဟု မှတ်ယူသင့်၏။”

၁။ ၁-နှင့် သုညလေးဆယ်နှစ်ရှိသော သင်္ချာသည် “အက္ခောဘိဏီ” အရေအတွက် ဖြစ်၏။ ပါဠိအဘိဓာန်၌ကား ဝါးအလုံး ၆၀ ကို တစ်စည်းစီစည်း၍ ဝါးအစည်း ၆၀ ပုံထားရာ၌ စစ်တပ်တစ်တပ်က နင်း၍သွားရာ ဝါးအားလုံး မြေမှုန့်ဖြစ်လောက်အောင် များသော စစ်တပ်ကို “အက္ခောဘိဏီတပ်” ဟု ဆို၏။ မဟာဝံသဋီကာ၊ သဒ္ဒနီတိကျမ်းတို့၌ အဓိပ္ပာယ်တစ်မျိုး ဆိုကြသေး၏။

၂။ “ကျည်းကုလား” ဟူသည် အိန္ဒိယတောင်ပိုင်းသား၊ ကေရဠာပြည်နယ်နှင့် တမီးလ်နာဒူး ပြည်နယ်သားများ ဖြစ်၏။

စာမျက်နှာ-58


“သင်မင်းမြတ်၏ တိရစ္ဆာန် သားသမင်များ၊ နွားများနှင့် တူသော ရန်သူများနှင့်တကွ လူတစ်ယောက်နှင့် တစ်ပိုင်းတို့ကို သတ်မိသော အကုသိုလ်သည် မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ် ဆက်လက်တည်တံ့ ပြန့်ပွားထွန်းကားရေးအတွက် ရည်ရွယ်သည်ဖြစ်သောကြောင့် သင်မင်းမြတ်အား နတ်ပြည်ရောက်ရန် အန္တရာယ်၊ မဂ်ဖိုလ်ရရန် အန္တရာယ် မဖြစ်နိုင်ပါ။ ပြီးခဲ့သည့် စစ်ပွဲများကို အကြောင်းပြု၍ နှလုံးမသာယာခြင်း ဖြစ်နေလျှင် ယင်းကို ပယ်ဖျောက်လော့ —”

ဟု ရဟန္တာမထေရ်မြတ် ရှစ်ပါးတို့က သက်သာရာရနိုင်ကြောင်းစကား မိန့်မြွက်ဖြေကြားတော်မူခဲ့ပါသည်။ (မဟာဝံသအဋ္ဌကထာ)

[ဤသာဓကဇာတ်လမ်းကို ကြည့်လျှင် လူ့ဘဝတွင် လူတစ်လုံးသူတစ်လုံး ဖြစ်ရေးအတွက် သရဏဂုံနှင့် သီလသည် မည်မျှ အရေးပါအရာရောက်သည်ကို သတိပြုသင့်ကြပါသည်။]

ဖော်ပြပါ သရဏဂုံအကျိုးပြ သာဓကဝတ္ထုများအရ ဆိုးသွမ်းသူတို့အတွက်ပင် အထူးအားကိုးအားထား မှီခိုစရာဖြစ်၍ မကောင်းကျိုးဟူသမျှကို တားဆီးပြီး ကောင်းကျိုးချမ်းသာဟူသမျှကို အများကြီး ပေးစွမ်းနိုင်သော လူ့ဘဝအတွက် အားအထားထိုက်ဆုံး ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးစုံ သရဏဂုံကို ကလေးသူငယ်များကအစ လူတိုင်းလူတိုင်း ယုံကြည်စွာ ခံယူဆောက်တည်၍ ကိုယ်လုံးထုံထားသင့်ပါသည်။

ဗောဓိမင်းသား ၏ မယ်တော်သည် ဗောဓိမင်းသားလေး ကိုယ်ဝန်ရှိစဉ်ကစ၍ပင် ဗောဓိမင်းသားလေးအတွက်ပါ ရည်မှန်းပြီး ဘုရားရှင်ထံ၌ သရဏဂုံကို ခံယူဆောက်တည်ထားခဲ့ရာ မိမိ(မယ်တော်) အတွက်သာမက ဝမ်းတွင်းရှိသော ကိုယ်ဝန်သားငယ်လေးအတွက်ပါ သရဏဂုံ၏ အစောင့်အရှောက်ကို ကောင်းစွာ ရခဲ့ပါသည်။ (မ၊ ၂၊ ၂၂၇)

စာမျက်နှာ-59


ဆင်းရဲကို ပယ်ဖျောက်၍ ချမ်းသာသို့ ရောက်စေနိုင်ရန်အတွက် ဘုရားဟု ထင်မှတ်၍ ယုံကြည်အားကိုးတိုင်း သရဏဂုံမြောက်၊ ဆင်းရဲကို ပယ်ဖျောက်၍ ချမ်းသာသို့ ရောက်စေနိုင်ကြသည်ဟု မမှတ်ယူသင့်ပါ။

လောက၌ စိန်ကျောက်ရတနာဆိုတိုင်း ရတနာစစ်၊ ရတနာမှန် မဟုတ်ဘဲ အတုအယောင်ရတနာများ ရှိနိုင်သကဲ့သို့ ဘုရားအတုအယောင်၊ တရားအတုအယောင်များ လွန်စွာ ပေါများလှပါသည်။ ယုံကြည်ကိုးကွယ်မှုနှင့် စပ်သော အရာတွင် “စဉ်းစားမှု ရှေ့တည်၊ ယုံကြည်မှု နောက်ထား” ဟူသော ရှေးပညာရှိကြီးများ၏ သတိပေးစကားကို အလေးအနက် ပြုသင့်ပါသည်။

ယုံကြည်မှု (သဒ္ဓါ) အားကြီး၍ စဉ်းစားဆင်ခြင်မှု (ပညာ) အားနည်းသည့်အတွက် အစစ်အမှန်မဟုတ်သော ဘုရား၊ မမှန်ကန်သော တရားတို့ကို မစဉ်းမစား ယုံကြည်ပြီး အားကိုးမှားလျှင် “ကုန်ရှုံးလျှင် တစ်ခေါက်” ဆိုတာမျိုး မဟုတ်ဘဲ “သရဏဂုံရှုံးလျှင် တစ်သံသရာလုံးမှောက်” ဆိုတာမျိုး ဖြစ်ကာ ဒုက္ခသံသရာလည်မဆုံး ဖြစ်နိုင်ပါသည်။ “ဘုရားမှတ်လို့ ကိုးကွယ်ခဲ့တာ ဖွတ်ထွက်မှ တောင်ပို့မှန်းသိရသည်”၊ “ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး ဖြစ်ရသည်” ဟူသော သတိပေးစကားများသည် ယုံကြည်ကိုးကွယ်မှုအမှား၏ ဒုက္ခကို သရုပ်ပြ ပေါ်လွင်စေပါသည်။

ဒေဝဒတ်ကို ယုံကြည်အားထား၍ ဖခင်အရင်းကို သတ်မိသည်အထိ အမိုက်ဇာတ်ခင်းကာ ငရဲသို့လားခဲ့ရသော အဇာတသတ်မင်း ၏ ဖြစ်ရပ်မှာ ကိုးကွယ်မှုအမှားအတွက် သာဓကထင်စေသော အချက်ပင် ဖြစ်ပါသည်။ ထို့ကြောင့် ကိုယ်ပိုင်အသိဉာဏ်ပညာဖြင့် တကယ့် မှတ်ကျောက်တင်ခံ အစစ်အမှန်ဖြစ်သော ဘုရား၊ တရား၊ သံဃာ ရတနာများကို စိစစ်ရွေးချယ် ကိုးကွယ်တတ်ရန် လိုအပ်ပါသည်။

“ပညာရှိ” ဟူ၍ ဆိုရာ၌ လောကီအရာမှာ ပညာများစွာရှိသော်လည်း ရတနာသုံးပါး ကိုးကွယ်ဆည်းကပ်ဖို့အရေး၌ ကိုးကွယ်ဆည်းကပ်မှုပညာကား ရှိချင်မှရှိမည်၊ အလိုအလျောက် ထိုးထွင်းတတ်သိနိုင်သည့် ပညာမျိုး မဟုတ်သောကြောင့် “တုတ်ဆွဲမရှိက ငကန်းလမ်းမသိ” ဆိုတာမျိုးသာ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ကိုးကွယ်ဆည်းကပ်မှုပညာ၌ ကျွမ်းကျင်လိမ္မာမှုရှိစေရန် “ရတနာသုံးပါး ဂုဏ်တော်ဖွင့်” များကို ဆက်လက်လေ့လာသင့်ပါသည်။

စာမျက်နှာ-60


ဘုရားဂုဏ်တော်ကိုးပါး

၁။ အရဟံဂုဏ်တော်

(က) အရဟံ = (အရ+ဟံ။ အရ = ကိလေသာ ရန်တို့ကို + ဟံ = အငွေ့အသက် အထုံဝါသနာမျှ မကျန်ရအောင် ပယ်တော်မူပြီးဖြစ်သော မြတ်စွာဘုရား။)

သတ္တဝါတို့ကို ယုတ်ညံ့နိမ့်ကျစေတတ်၊ ပူလောင်ညစ်နွမ်းစေတတ်သော အဆိုးဓာတ်သဘာဝသည် ကိလေသာဖြစ်၏။ ယင်းကိလေသာသည် အကျိုးမဲ့ဒုက္ခကို ဖန်တီးတတ်၍ ဘဝတက်လမ်း၌ အနှောင့်အယှက် အတားအဆီးဖြစ်တတ်သောကြောင့် ရန်သူများသဖွယ်လည်း ဖြစ်၏။ အဘိဓမ္မာကျမ်းဂန်များအရ ကိလေသာတရားသည် အကျဉ်းအားဖြင့် ဆယ်မျိုး ရှိပါသည် —

၁။ လောဘ = လိုချင်တပ်မက်မှု၊ အမြဲတမ်းလိုနေမှု။
၂။ ဒေါသ = စိတ်ဆိုး စိတ်ညစ် စိတ်ပျက်မှု၊ ကြောက်လန့်ပူပန်မှု။
၃။ မောဟ = အမှန်ကို အမှား၊ အမှားကို အမှန်ထင်မှု၊ အမှန်အတိုင်းမမြင်မှု။
၄။ မာန = ထောင်လွှားမှု၊ မိမိကိုယ်ကို အထင်ကြီးမှု။
၅။ ဒိဋ္ဌိ = အလွဲအမှားယုံကြည်ယူဆမှု၊ အမှားကို အမှန်ဟု စွဲယူထားမှု။
၆။ ဝိစိကိစ္ဆာ = သို့လောသို့လောရှိမှု၊ ယုံမှားမှု။
၇။ ထိန = စိတ်တို့၏ ထုံထိုင်းမှု၊ လေးနက်ထက်သန်ခြင်း မရှိမှု။
၈။ ဥဒ္ဓစ္စ = စိတ်ဓာတ်ပြိုကွဲပျံလွင့်မှု၊ မတည်ငြိမ်မှု။
၉။ အဟိရိက = မကောင်းမှုပြုခြင်း၌ အရှက်မရှိမှု။
၁၀။ အနောတ္တပ္ပ = မကောင်းမှုပြုခြင်း၌ အကြောက်အလန့်မရှိမှု။

ထိုအဆိုးဓာတ်သဘာဝ ကိလေသာရန်သူ ဆယ်မျိုးတွင် “လောဘ၊ ဒေါသ၊ မောဟ” သုံးမျိုးသည် ရေသောက်မြစ် အဆိုးတရားများဖြစ်သည်။ ယင်းအကျဉ်းကိလေသာ ဆယ်မျိုးကို အကျယ်ပွားလျှင် တစ်ထောင့်ငါးရာ ဖြစ်၏။ ထိုတရားဆိုးတို့သည် ရဟန္တာအဖြစ်ရောက်၍ အရဟတ္တမဂ်ဖြင့် မပယ်သတ်နိုင်သေးသမျှ ပုထုဇဉ်တို့၏ သန္တာန်၌ အမြဲထာဝစဉ် ရှိနေကြပါသည်။ စိတ်ဆိုးစိတ်ညစ်ကြောင့် လူဆိုးလူပေ လူညစ်ပတ်များ ဖြစ်၍ နေကြပါသည်။

စာမျက်နှာ-61


(ရတနာသုံးပါး ဂုဏ်တော်ဖွင့်)
ဖော်ပြပါ အဆိုးဓာတ်သဘာဝ ကိလေသာများသည် ဘုရား၊ ရဟန္တာတို့၏ သန္တာန်၌ကား အရဟတ္တမဂ်ဖြင့် အလျင်းပယ်သတ်ပြီးဖြစ်သောကြောင့် အကြွင်းအကျန် မရှိကြတော့ပါ။ အလုံးစုံ ကုန်ခန်းပြီးဖြစ်ပါသည်။ သို့ရာတွင် ရဟန္တာများသန္တာန်၌ အရဟတ္တမဂ်ဖြင့် ပယ်သတ်၍ ကိလေသာတွေ ကုန်သွားသော်လည်း ဘဝဆက်တိုင်းက ပါလာသော အထုံဝါသနာမှာ မကုန်ဘဲ ကျန်ရှိနေတတ်ပါသည်။

အရက်ကို သွန်လိုက်သော်လည်း အရက်နံ့မှာ အရက်အိုး၌ စွဲကျန်နေရစ်သကဲ့သို့ ရဟန္တာများသန္တာန်၌ ကိလေသာများကုန်သွားသော်လည်း အထုံဓလေ့ ဝါသနာအငွေ့ (ကိလေသာတို့၏ သတ္တိ) များမှာ ကျန်ရစ်နေပါသည်။ ဘုရားရှင်လက်ထက်တော်က ရဟန္တာအရှင်မြတ်ကြီးဖြစ်သော အရှင်ပိလိန္ဒဝစ္ဆ မထေရ်၏ တွေ့သူတိုင်းအား “သူယုတ်” ဟူ၍ ခေါ်ဝေါ်ပြောဆိုလေ့ရှိပုံမှာ ရဟန္တာများအဖို့ ကိလေသာကုန်သော်လည်း ဝါသနာအထုံ ကျန်ရစ်ပုံသာဓကများပင် ဖြစ်ပါသည်။ ပစ္စေကဗုဒ္ဓါ (ဘုရားငယ်) များ၏ သန္တာန်၌လည်း ရဟန္တာများနည်းတူ ဝါသနာအထုံ ကျန်ရစ်ပုံချင်း အတူတူပင် ဖြစ်ပါသည်။

ဘုရားရှင်ကား ထိုသို့မဟုတ်၊ ကိလေသာအားလုံးတို့ကို အလျှင်းပယ်သတ်နိုင်ရုံမျှမက ဝါသနာအထုံကိုပါ အကုန်အစင် မကျန်ရစ်အောင် အလျှင်းပယ်သတ်တော်မူနိုင်ပါသည်။ ထို့ကြောင့် ဘုရားရှင်၏ စိတ်တော်အစဉ်သည် အမြဲထာဝရ မြင့်မြတ်ကောင်းမွန်၍ အေးမြသန့်စင် ကြည်လင်ဝင်းပတော်မူလျက် ရှိပါသည်။

အချုပ်သဘောအားဖြင့် ဘုရားရှင်၏ သန္တာန်တော်၌ အဆိုးဓာတ်သဘာဝ ကိလေသာများကို အငွေ့အသက် အထုံဝါသနာမျှ မကျန်ရအောင် အကြွင်းမဲ့ ပယ်လှန်ပြီးဖြစ်သဖြင့် အကောင်းဓာတ်သဘာဝ အကောင်းစိတ်များသာ ရှိနေသည်ဖြစ်သောကြောင့် ထာဝစဉ် မြင့်မြတ်ကောင်းမွန်၍ အေးမြသန့်စင်ကာ လောကတွင် အမြင့်ဆုံး၊ အမြတ်ဆုံး၊ အအေးမြဆုံး၊ အသန့်ရှင်း အစင်ကြယ်ဆုံး ပုဂ္ဂိုလ်မြတ်ကြီး ဖြစ်တော်မူလျက်ရှိကြောင်း ကြည်ညိုသဒ္ဓါ ပွားနိုင်ကြပါသည်။

(ခ) အရဟံ = (အ + ရဟံ။ အ = မရှိ + ရဟံ = ဆိတ်ကွယ်ရာ။ မကောင်းမှုပြုခြင်း၌ ဆိတ်ကွယ်ရာ ရှိတော်မမူသော မြတ်စွာဘုရား၊ ဆိတ်ကွယ်ရာ၌ မကောင်းမှုပြုတော်မမူသော မြတ်စွာဘုရား။)

လောက၌ ပညာရှိ သူတော်ကောင်းအမည်ခံ အချို့ပုဂ္ဂိုလ်ကြီးတို့သည် သူတစ်ပါးမျက်မှောက်၌ မကောင်းမှုမပြုသော်လည်း ဆိတ်ကွယ်ရာ၌ကား ပြုတတ်

စာမျက်နှာ-62


ကြသေး၏။ ဘုရားရှင်ကား ဆိတ်ကွယ်ရာ၌ပင် မပြု။ (သူတစ်ပါးမျက်မှောက်၌ ပြုဖို့ကား အထူးဆိုဖွယ်မရှိတော့ပါ။) မကောင်းမှုအကုသိုလ်ပြုမှုသည် အဆိုးဓာတ်သဘာဝ ကိလေသာမကင်းသေးသူများ၌သာ ပြုလေ့ပြုထရှိသော်လည်း အဆိုးဓာတ်သဘာဝ ကိလေသာ လုံးဝမရှိအောင် ပယ်ရှားပြီးဖြစ်သော ရှင်တော်မြတ်ဘုရားမှာ ဘယ်အခါ ဘယ်ဒေသမှာမှ မကောင်းမှုပြုခြင်း မရှိတော့ပြီ။

အချို့ပုဂ္ဂိုလ်တို့မှာ ကိုယ်နှင့် နှုတ်၌ ကာယကံပြစ်မှု၊ ဝစီကံပြစ်မှု မဖြစ်အောင် ထိန်းသိမ်းနိုင်သော်လည်း စိတ်၌ကား မကောင်းကြံစည်သော မနောပြစ်မှု ဖြစ်တတ်ကြသေး၏။ ဘုရားရှင်ကား စိတ်၌ပင် မကောင်းကြံစည်မှု မဖြစ်တော့ပါ။ ဘုရားဖြစ်တော်မူပြီးရာ အခါကို မဆိုထားဘိ အလောင်းတော်ဘဝ ဒုက္ကရစရိယာ ကျင့်ဆဲအခါကပင် စိတ်ဓာတ်တော်မှာ အလွန်စင်ကြယ်လျက် ရှိခဲ့ပါသည်။

ဤ၌ ဘုရားနှင့် ယှဉ်တူ၍ ပလ္လင်လုခဲ့သော မာရ်နတ်ကြီး သည် ဘုရားရှင်အပေါ် အပြစ်အနာရှာရန် ခုနစ်နှစ်ပတ်လုံး (ဘုရားမဖြစ်မီ ဒုက္ကရစရိယာကျင့်စဉ် ခြောက်နှစ်နှင့် ဘုရားဖြစ်ပြီးနောက် တစ်နှစ်) ခြေရာချင်းကပ် ထက်ကြပ်မကွာ လိုက်ပါစုံစမ်းခဲ့ရာ မကောင်းမှုပြုမှုကို မဆိုထားဘိ ဘုရားမြတ်အပေါ် အပြစ်ဟူ၍ မြူမှုန်မျှပင် ရှာမရခဲ့ကြောင်း ဝန်ခံပြောဆိုခဲ့ပုံမှာ ဘုရားရှင်၏ စိတ်တော်စင်ကြယ်မှုအတွက် ထင်ရှားသော သာဓကပင် ဖြစ်ပါသည်။

အချုပ်သဘောအားဖြင့် ဘုရားရှင်၏ သန္တာန်တော်၌ အဆိုးဓာတ်သဘာဝ ကိလေသာများကို အငွေ့အသက် အထုံဝါသနာမျှ မကျန်ရအောင် အကြွင်းမဲ့ ပယ်လှန်ပြီးဖြစ်သဖြင့် အကောင်းဓာတ်သဘာဝ အကောင်းစိတ်များသာ ရှိနေသည်ဖြစ်သောကြောင့် ဘုရားရှင် ပြုသမျှ၊ ပြောသမျှ၊ ကြံသမျှတို့သည် မျက်မှောက်၌ဖြစ်စေ၊ မျက်ကွယ်၌ဖြစ်စေ အကောင်းချည်းသာ ဖြစ်လျက်ရှိကြောင်း ကြည်ညိုသဒ္ဓါ ပွားနိုင်ကြပါသည်။

(ဂ) အရဟံ = (အရဟံ = ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား။)

ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာဟူသမျှ အရဟတ္တမဂ်ဖြင့် အဆိုးဓာတ်သဘာဝ ကိလေသာများကို အကြွင်းမဲ့ ပယ်သတ်၍ ရှင်းပြီးဖြစ်သောကြောင့် အမြတ်ဆုံးအလှူကို ခံထိုက်သော ပူဇော်ထိုက်သူ အရှင်များချည်း ဖြစ်ကြပါသည်။ ယင်းသို့ ပူဇော်ထိုက်သူအရှင်များအဖြစ် တူညီကြသော်လည်း အထူးခြားဆုံး ပူဇော်ထိုက်သူ (ဝါ) ပူဇော်မှုကို အထူးခြားဆုံး ခံထိုက်သူကား ဘုရားရှင်သာလျှင် ဖြစ်ပါသည်။

စာမျက်နှာ-63


ဘုရားရှင်၏ သန္တာန်တော်၌ အဆိုးဓာတ်သဘာဝ ကိလေသာများကို အငွေ့အသက် အထုံဝါသနာမျှ မကျန်ရအောင် အကြွင်းမဲ့ ပယ်လှန်ပြီး ဖြစ်သဖြင့် အပြစ်ဟူသမျှ မြူမျှမရှိဘဲ အကောင်းဓာတ်သဘာဝ အကောင်းစိတ်များသာ အမြဲရှိနေခြင်း၊ ဆိတ်ကွယ်ရာ အရပ်၌ မကောင်းမှုဟူသမျှတို့ကို ပြုတော်မမူ၊ ပြောတော်မမူ၊ ကြံစည်တော်မမူ၊ ဝါသနာအလျောက်ပင် ပြုမူပြောဆိုကြံစည်ခြင်း ရှိတော်မမူဘဲ ကောင်းသော အမှုတို့ကိုသာ အမြဲပြုလုပ်ပြောဆိုကြံစည်တော်မူလျက် ရှိခြင်း၊ အရဟတ္တမဂ်ဖိုလ်ရပြီးသည်နှင့် တစ်ပြိုင်နက် ပဋိသမ္ဘိဒါ၊ အဘိညာဉ်၊ သမာပတ်စသော ဉာဏ်တန်ခိုးများကိုပါ (တစ်စိတ်တစ်ဒေသ အကန့်အသတ်ဖြင့် မဟုတ်ဘဲ) တစ်ပါတည်း အပြည့်အစုံ ရတော်မူသည့်အပြင် သိစရာမှန်သမျှ တစမကျန် ဧကန်သိစွမ်းနိုင်သော သဗ္ဗညုတဉာဏ်တော်ကြီးကိုပါ ထူးထူးခြားခြား ရတော်မူခြင်း၊ ထို့ပြင် “အာသယာနုသယဉာဏ် = သတ္တဝါတို့၏ အတွင်းဓာတ်ခံ ကိလေသာအပုပ်ဓာတ်တို့ကို သိသော ဉာဏ်” စသော တစ်ပါးသူတို့နှင့်မဆိုင် ဘုရားရှင်တို့သာ ရနိုင်သော ဉာဏ်တော်များကို ရခြင်း၊ ဘုရားရှင်တို့သာ ရနိုင်သော “အာဝေဏိက” ခေါ် သီးခြားဂုဏ်တော်များကို ရခြင်းနှင့် တန်ခိုးအရာ၌ အကန့်အသတ်မရှိ၊ အဆုံးမရှိ သိနိုင်မြင်နိုင်ခြင်း စသည်တို့မှာ လူ၊ နတ်၊ ဗြဟ္မာ မည်သူတစ်ဦးတစ်ယောက်မျှ အတုမပြုနိုင်သော အတုမဲ့ဂုဏ်ရည်တော် အစွမ်းသတ္တိများ ဖြစ်ပါသည်။ ထို့ကြောင့် ဘုရားရှင်သည် ပူဇော်ထိုက်သူတို့တွင် အထူးခြားဆုံး ပူဇော်ထိုက်သူ (ဝါ) ပူဇော်မှုကို အထူးခြားဆုံး ခံထိုက်သူ ဖြစ်တော်မူပါသည်။

ပူဇော်အထူးကို ခံထိုက်၍ ပူဇော်ခဲ့ကြပုံများ

ဘုရားရှင်သည် ပူဇော်ထိုက်သူတို့တွင် အထူးခြားဆုံး ပူဇော်ထိုက်သူဖြစ်သောကြောင့် ဘုရားရှင်ပွင့်တော်မူလာသောအခါ ရနံ့သင်း၍ အဆင်းလှသော ပန်းကို လူတိုင်းလူတိုင်း မြတ်နိုးပန်ဆင်လိုသကဲ့သို့ သာမန် လူ၊ နတ်၊ ဗြဟ္မာတို့ကို မဆိုထားဘိ တန်ခိုးကြီးသော လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းကြီးတို့ကိုယ်တိုင်ပင် အခြားတစ်ပါး၌ ပူဇော်မှုမပြုကြတော့ဘဲ ဘုရားရှင်အပေါ်၌သာ သူ့ထက်ငါ ဝိုင်းအုံ၍ ပူဇော်မှုပြုခဲ့ကြပါသည်။

ဘုရားရှင်လက်ထက်တော်အခါ၌ “သဟမ္ပတိ” ဗြဟ္မာမင်းကြီးက မြင်းမိုရ်တောင်မျှ ပမာဏရှိသော ရတနာပန်းကုံးကြီးဖြင့် ဘုရားရှင်အား ပူဇော်ဖူးလေပြီ။ မင်း၊ အမတ်၊ သူဌေး၊ သူကြွယ်စသည်တို့က မွန်မြတ်သော ခဲဖွယ်ဘောဇဉ်တို့ဖြင့် ဆက်ကပ်ပူဇော်ဖူးလေပြီ။ “မိထွေးတော်ဂေါတမီ” က ကိုယ်တိုင်ကြပ်မတ်ရက်လုပ်အပ်သော သင်္ကန်းလျာဖြင့် ရွှင်လန်းစွာ ပူဇော်ဖူးလေပြီ။

စာမျက်နှာ-64


“အနာထပိဏ်” သူဌေးကြီးက “ဇေတဝန်” ကျောင်းတော်ကြီးဖြင့်လည်းကောင်း၊ “ဝိသာခါ” ဒါယိကာမကြီးက “ပုဗ္ဗာရုံ” ကျောင်းတော်ကြီးဖြင့်လည်းကောင်း၊ “ဗိမ္ဗိသာရမင်းကြီး” က “ဝေဠုဝန်” ကျောင်းတော်ကြီးဖြင့်လည်းကောင်း အသီးသီး ပူဇော်ဖူးလေပြီ။ ဗိမ္ဗိသာရမင်းကြီးနှင့် ကောသလမင်းကြီးစသည်တို့က ထောပတ်၊ ဆီဦး၊ ပျား၊ သကာ စသော ဆေးပစ္စည်းတို့ဖြင့် ပူဇော်ဖူးလေပြီ။ ပရိနိဗ္ဗာန်စံတော်မူပြီးမှလည်း “ဓမ္မာသောက” မင်းကြီးသည် စေတီပေါင်း ရှစ်သောင်းလေးထောင်၊ ကျောင်းပေါင်း ရှစ်သောင်းလေးထောင်၊ ရေတွင်းရေကန်ပေါင်း ရှစ်သောင်းလေးထောင်တို့ဖြင့် ဘုရားရှင်အား ရည်မှန်း၍ လှူဒါန်းပူဇော်ဖူးလေပြီ။

ဘုရားအဖြစ်သို့ ရောက်သောအခါမှသာ လူ၊ နတ်၊ ဗြဟ္မာများက လှူဒါန်းပူဇော်ကြသည် မဟုတ်ပါ၊ ဘုရားအဖြစ်သို့ မရောက်မီ သုမေဓာရှင်ရသေ့ဘဝမှစ၍ သိဒ္ဓတ္ထမင်းသားဘဝ ဘုရားဖြစ်တော်မူချိန်အထိ လူ၊ နတ်၊ ဗြဟ္မာတို့၏ ပူဇော်မှုကို အခါခါအထပ်ထပ် ခံယူခဲ့ရပါသည်။ ဤသို့ ဤပုံ အဖုံဖုံသော ပူဇော်မှုများကို ရှေးအခါကသာ ခံယူခဲ့ရသည်မဟုတ်၊ ယခုတိုင်အောင်လည်း ကမ္ဘာ့အံ့ဖွယ်တစ်ပါးအပါအဝင် ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် အခြားသော စေတီတော်၊ ရုပ်ပွားဆင်းထုတော်များအား ဘုရားရှင်ကို ရည်မှန်း၍ လှူဒါန်းဖွယ်ရာအဖြာဖြာ၊ ပူဇော်ဖွယ်ရာအမျိုးမျိုးတို့ဖြင့် တိုး၍တိုး၍သာ အံ့ဖွယ်သရဲ ပူဇော်နေကြဆဲပင် ဖြစ်ပါသည်။

ပူဇော်နည်း နှစ်မျိုးဖြင့် ပူဇော်ခြင်း

အရဟံဂုဏ်တော်ရှင် မြတ်စွာဘုရားအား ပူဇော်ရာ၌ အာမိသပူဇာဖြင့် ပူဇော်ခြင်း၊ ဓမ္မပူဇာဖြင့် ပူဇော်ခြင်းဟူ၍ ပူဇော်နည်း နှစ်မျိုးရှိပါသည် —

၁။ အာမိသပူဇာ = ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါး (အသုံးအဆောင်များ) ဖြင့် ပူဇော်ရာ၌ အရဟံဂုဏ်တော်ရှင် မြတ်စွာဘုရား၏ စိတ်တော်အစဉ်၌ ကိလေသာအညစ်အကြေး၊ အနောက်အကျုတို့မှ ကင်းသဖြင့် သန့်ရှင်းကြည်လင်လျက် ရှိတော်မူပုံ၊ ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုဟူသမျှတို့ကို ကိုယ်ဖြင့် ပြုတော်မမူ၊ နှုတ်ဖြင့် ပြောတော်မမူ၊ စိတ်ဖြင့် ကြံစည်တော်မမူပုံနှင့် အတုမရှိသော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့နှင့် ကုံလုံပြည့်ဝ၍ ပူဇော်မှုကို အထူးခံထိုက်ပုံ စသော ဂုဏ်ရည်တို့ကို ယုံကြည်စွာ မှန်းမျှော်၍ လက်အုပ်ချီရှိခိုးလျက် ပန်း၊ ရေချမ်း၊ ဆွမ်း၊ ဆီမီး အသီးသီးတို့ကို ကပ်လှူပူဇော်ရမည်။ (သရဏဂုံ သီလ ခံယူဆောက်တည်၍ လှူခဲ့လျှင်ကား အာမိသပူဇာ၊ ဓမ္မပူဇာ နှစ်မျိုးလုံးပင် ဖြစ်နိုင်သည်။)

စာမျက်နှာ-65


၂။ ဓမ္မပူဇာ = တရားဖြင့် ပူဇော်ရာ၌ မိမိတို့၏ စိတ်အစဉ်ကို ကိလေသာအညစ်အကြေး၊ အနောက်အကျုတို့မှ ကင်းစင်နိုင်သမျှ ကင်းစင်အောင် ဆေးလျှော်သုတ်သင်၍ ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုဟူသမျှတို့ကို ကိုယ်ဖြင့်ပြုခြင်း၊ နှုတ်ဖြင့်ပြောခြင်း၊ စိတ်ဖြင့်ကြံစည်ခြင်းတို့မှ ရှောင်ကြဉ်လျက် သီလ၊ သမာဓိ၊ ပညာတရားတို့ကို တိုးပွားသည်ထက် တိုးပွားအောင် ကြိုးစားအားထုတ် ကျင့်သုံးရမည်။ ဤသို့ ကြိုးစားအားထုတ် ကျင့်သုံးခြင်းသည်ပင် အရဟံဂုဏ်တော်ရှင် မြတ်စွာဘုရားအား တရားဖြင့် ပူဇော်သည်မည်ပါသည်။ လောကုတ္တရာတရား ကိုးပါးအား လျော်သော ကျင့်ဝတ်ပဋိပတ်အကျင့်မြတ် (ဓမ္မာနုဓမ္မပဋိပတ်) ဖြင့် ပူဇော်ခြင်းဟူသည် ဤနည်းဖြင့် ပူဇော်ခြင်းပင်တည်း။

အာမိသပူဇာနှင့် ဓမ္မပူဇာ နှစ်ပါးတွင် ဓမ္မပူဇာသည် အာမိသပူဇာထက် အဆကုဋေထောင်မက မြတ်ကြောင်း၊ အမြတ်ဆုံးဖြစ်ကြောင်း ကျမ်းဂန်တို့၌ ပြဆိုထားပါသည်။ ၁။

သူတော်ကောင်းဖြစ်အောင် “အရဟံ” ဂုဏ်ကိုဆောင်

ဘုရားရှင်၏ ဂုဏ်တော်များသည် အနန္တ (အဆုံးမရှိ) ဖြစ်သော်လည်း ဂုဏ်တော်အားလုံးသည် အကျဉ်းအားဖြင့် ဂုဏ်တော်ကိုးပါး၌ အကျုံးဝင်၏။ ဂုဏ်တော်ကိုးပါးတွင်လည်း ကိလေသာများကို ဝါသနာအငွေ့အသက်မျှ မကျန်ရအောင် အကြွင်းမဲ့ ပယ်သတ်နိုင်သော အရဟံဂုဏ်တော် သည် ပထမဆုံးဖြစ်၍ မူရင်းပဓာနအကျဆုံးလည်း ဖြစ်၏။ ကိလေသာအားလုံးကိုသာ မပယ်သတ်ရသေးလျှင် “ဘုရား” ဟု ခေါ်ဝေါ်သတ်မှတ်နိုင်မည် မဟုတ်ပါ။ ဘုရားဟု မသတ်မှတ်နိုင်က “အရဟံ” ဂုဏ်ကိုလည်း မရနိုင်၊ အခြား “သမ္မာသမ္ဗုဒ္ဓ” စသော ဂုဏ်တော်များလည်း ရှိလာနိုင်တော့မည် မဟုတ်ပါ။ ဘုရားဟု သတ်မှတ်နိုင်သော ဂုဏ်ဖြစ်၍ အရဟံဂုဏ်သည် ဂုဏ်အားလုံးကို ခြုံမိ၏။ ဤဂုဏ်တစ်ခုတည်းဖြင့်ပင် တစ်လောကလုံး၏ ကိုးကွယ်ပူဇော်မှုကို ခံထိုက်ပါလေပြီ။

“အရဟံ” ဂုဏ်တော်ကို အောက်မေ့ကြည်ညိုသူသည် ဘုရားရှင်၏ စိတ်တော်အစဉ်၌ ကိလေသာအနောက်အကျုတို့မှ ကင်းသဖြင့် သန့်ရှင်းကြည်လင်တော်မူပုံကို ထင်မြင်အောင် အာရုံပြုပါ။ ထိုကြည်လင်သော စိတ်တော်အစဉ်ကို အတုယူကာ မိမိစိတ်၌လည်း လောဘ၊ ဒေါသ၊ မာနစသော ကိလေသာ...

၁။ အံ၊ ၁။ ၉၀၊ ၉၁။ ဣတိဝုတ် ၂၆၀။

စာမျက်နှာ-66


အနောက်အကျုများ ကင်းစင်၍ အမြဲကြည်လင် သန့်ရှင်းအောင် သတိပြုပါ။ တစ်ဖန် စိတ်တော်အစဉ် သန့်ရှင်းကြည်လင်နေသည့်အတွက် ဘုရားရှင်သည် ဆိတ်ကွယ်ရာ၌ပင် မကောင်းမှုဟူသမျှတို့ကို မပြု၊ မပြော၊ မကြံစည်ပုံတို့ကို ထင်မြင်အောင် အာရုံပြုပါ။ ထိုအပြုအမူကို အတုယူကာ မကောင်းမှုဟူသမျှတို့ကို ဆိတ်ကွယ်ရာ၌ပင် မပြု၊ မပြော၊ မကြံစည်ဘဲ ရှောင်ကြဉ်နိုင်အောင် သတိပြုပါ၊ ကောင်းသော အမှုတို့ကိုသာ ပြုလုပ် ပြောဆို ကြံစည်နိုင်အောင် ကြိုးစားပါ။ ဤသို့ အာရုံပြုဖန်များလာလျှင် ထိုသန့်ရှင်းကြည်လင်သော စိတ်နှင့် အပြုအမူဓာတ်သဘောများသည် သူတော်ကောင်းနှင့် ပေါင်းသူသည် သူတော်ကောင်းဖြစ်လာသကဲ့သို့ မိမိ၌ ကူးစက်၍ သန့်ရှင်းသော စိတ်ဓာတ်နှင့် အပြုအမူများ တိုးပွားလာပါလိမ့်မည်။ အရဟံဂုဏ်တော်ကို အာရုံပြုကာ မကောင်းသော စိတ်ထားနှင့် မကောင်းသော အပြုအမူများ ရှောင်ရှားပြီး ကောင်းသော စိတ်ထားနှင့် ကောင်းသော အပြုအမူများကို ပြုလုပ်ကာ အရဟံဂုဏ်ကို ဆောင်၍ သူတော်ကောင်းဖြစ်အောင် ကြိုးစားသင့်ကြပါသည်။

၂။ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်

သမ္မာသမ္ဗုဒ္ဓ = (သမ္မာ + သံ + ဗုဒ္ဓ။ သမ္မာ = မဖောက်မပြန် (အမှန်) + သံ = ကိုယ်တိုင်၊ ကိုယ်ပိုင် (ထိုးထွင်း၍) + ဗုဒ္ဓ = သိမြင်တော်မူသော မြတ်စွာဘုရား။)

ဘုရားရှင်သည် “သစ္စဓမ္မ” ခေါ် သစ္စာလေးပါးတရားနှင့် “ဉေယျဓမ္မ” ခေါ် ဉေယျဓံတရား ငါးပါးတို့ကို မဖောက်မပြန် သိ၏၊ အမှားမရှိ အမှန်အတိုင်း သိတော်မူ၏။ မည်သည့်ဆရာ တစ်ဦးတစ်ယောက်ကမျှ သိနိုင်အောင် နည်းပြညွှန်ကြားရခြင်းမရှိ၊ ပါရမီတော်အစွမ်းကြောင့် မိမိဘာသာ ရှာဖွေတွေ့ရှိ သိတော်မူ၏၊ ကိုယ်တော်တိုင် ထိုးထွင်း၍ သိမြင်တော်မူ၏။ သိရာ မြင်ရာ၌ သေးငယ်သော မြူမှုန်ကို မျက်စိမှုန်သူတို့ ကြည့်သောအခါ မှုန်ဝါးဝါး မထင်မရှားမြင်သကဲ့သို့ မှုန်ဝါးဝါးနှင့် မထင်မရှားသိခြင်း၊ မြင်ခြင်းမျိုးမဟုတ်၊ လင်းလင်းကျင်းကျင်း ထင်ထင်ပေါ်ပေါ် သိမြင်တော်မူ၏၊ မသိသောအရာဟူ၍ မရှိ၊ အားလုံး သိမြင်တော်မူပါသည်။

ဤသို့ သိမြင်တော်မူခြင်းကား “သဗ္ဗညုတဉာဏ်တော်” ၏ အစွမ်းတည်း။ ဘုရားရှင်သည် သဗ္ဗညုတဉာဏ်တော်ကို ရဖို့ရန် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလကြာအောင် ကောင်းမှုပါရမီများကို ဖြည့်ကျင့်ဆည်းပူးခဲ့ရ၏။ ယင်းသို့ ပါရမီများကို ဖြည့်ကျင့်ဆည်းပူးခဲ့သည့်အတွက် ဘဝအဆင့်ဆင့် ရင့်၍ရင့်၍လာသော ပညာသည် ဘုရားအဖြစ်သို့ ရောက်သည့်အခါ “သဗ္ဗညုတ

စာမျက်နှာ-67


ဉာဏ်တော်အဖြစ်သို့ ရောက်ကာ လွန်စွာ အစွမ်းသတ္တိ ထက်မြက်ခြင်း ရှိလာပါတော့သည်။ ဘုရားရှင်သည် ဤသဗ္ဗညုတဉာဏ်တော်ဖြင့် သိသင့်သိဖွယ် သိစရာအသွယ်သွယ်ကို မည်သူနှင့်မျှ ယှဉ်မရအောင် ရှင်းရှင်းလင်းလင်း သိမြင်တော်မူပါသည်။

ဉေယျဓံတရား ငါးပါး

ဉေယျဓံ - (ဉေယျ + ဓံ။ ဉေယျ = သိသင့်သိထိုက်သော + ဓံ = တရား။) သိသင့်သိထိုက် သိစရာမှန်သမျှ တရားအားလုံးကို “ဉေယျဓံ” ဟု ခေါ်၏။ ယင်းတရားသည် အမျိုးအစားအားဖြင့် ခွဲခြားလျှင် ငါးမျိုးရှိသည် —

၁။ သင်္ခါရ (ရုပ်၊ နာမ်) တရား = ဥပါဒ်၊ ဌီ၊ ဘင် (ဖြစ်၊ တည်၊ ပျက်) မကင်းသော စိတ်၊ စေတသိက် နာမ်တရားများနှင့် နိပ္ဖန္နရုပ်တရားများ။
၂။ ဝိကာရ (ရုပ်) တရား = နိပ္ဖန္နရုပ်အစစ်တရားများ၏ အမူအရာထူး (ဝိကာရ) ရုပ်တရား ငါးပါး။
၃။ လက္ခဏ (ရုပ်) တရား = နိပ္ဖန္နရုပ်အစစ်တရားများ၏ ဥပါဒ်၊ ဌီ၊ ဘင် (ဖြစ်၊ တည်၊ ပျက်) ဖြစ်သော (လက္ခဏ) ရုပ်တရား လေးပါး။
၄။ ပညတ်တရား = လူ၊ နတ်၊ ဗြဟ္မာ၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ တော၊ တောင်၊ ရေ၊ မြေ စသော (သဒ္ဒ၊ အတ္ထ) ပညတ်တရားများ။
၅။ နိဗ္ဗာန်တရား = သင်္ခါရ၊ ဝိကာရ၊ လက္ခဏ၊ ပညတ်မှတစ်ပါး ငြိမ်းအေးသော (အသင်္ခတ) နိရောဓဓာတ်တရား။

ဤလောကတစ်ခုလုံးတွင် အထက်၌ ဖော်ပြခဲ့သော သိသင့်သိဖွယ် သိစရာအသွယ်သွယ်တည်းဟူသော (ဉေယျဓံ) တရားငါးမျိုးမှတစ်ပါး အခြားသိစရာတရားဟူ၍ မရှိတော့ပြီ။

[ဤ၌ “ဝိကာရရုပ်” နှင့် “လက္ခဏရုပ်” တို့ကို ရုပ်ချင်းတူပါလျက် ခွဲခြားထားခြင်းသည် ပရမတ်ရုပ်အစစ်မဟုတ်သောကြောင့် ခွဲခြားထားခြင်းဖြစ်၏။ ပရိစ္ဆေဒ (အကြားအလပ်) ရုပ်ကား ပညတ်တရား၌ ပါဝင်လေပြီ။ အချုပ်အားဖြင့်ကား ဉေယျဓံတရားဟူသည် ပရမတ္တတရား လေးပါးနှင့် ပညတ်တရားတို့ပင်တည်း။ ဤဉေယျဓံတရား ငါးပါးသည် ဇိနာလင်္ကာရဋီကာ အသာဓာရဏကထာ၌ အကျယ်လာရှိသည်။]

စာမျက်နှာ-68


ဤဉေယျဓံတရားငါးပါးကို ဘုရားရှင် သိတော်မူရာ၌ ဖောက်ပြန်မှားယွင်းသည်ဟူ၍ မရှိ၊ နည်းပေးလမ်းပြသည့် ဆရာလည်းမရှိ၊ ကိုယ်တော်တိုင် သိတော်မူပါသည်။ ဘုရားရှင်၏ ကြည်လင်နေသော စိတ်တော်အစဉ်ဝယ် အလွန်ထက်မြက်၍ အလုံးစုံကို သိသော သဗ္ဗညုတဉာဏ်တော်ကြီး တည်ရှိပုံကို အာရုံယူကာ ဗုဒ္ဓါနုဿတိဘာဝနာကို ပွားများနိုင်ကြပါသည်။

[သစ္စာလေးပါးတရားကို ဗုဒ္ဓဂုဏ်တော်ဖွင့်သို့ ရောက်သောအခါ တွေ့ရပါလိမ့်မည်။]

သိနိုင်ခဲသောအရာကို သိတော်မူခြင်း

လောက၌ အလွန်နက်သော တောကြီးသို့ မရောက်ဖူးသူများသည် ထိုတော၏ အခြေအနေကို မသိနိုင်၊ မခန့်မှန်းနိုင်ကြပါ။ တောကြီးသို့ ရောက်ဖူးသူများအနေဖြင့်သာ တော၏ အလွန်နက်ရှိုင်းပုံကိုလည်းကောင်း၊ ပန်းမျိုးစုံ သစ်သီးမျိုးစုံ ဝေဝေဆာဆာနှင့် သာယာနေပုံကိုလည်းကောင်း သိနိုင်ကြ၏။ ထို့အတူ ပိဋကနယ်တွင်းသို့ ဝင်ရောက်၍ မကျင်လည်ဖူးသော သူများသည် ဘုရားရှင်၏ ဉာဏ်တော်ကို (အပြည့်အစုံသိရန် မဆိုထားဘိ) ခန့်မှန်းနိုင်ရန်ပင် မလွယ်ကူလှပါ။ ပိဋကနယ်တွင်းသို့ ဝင်ရောက်ကျင်လည်ဖူးသော ပညာရှိပုဂ္ဂိုလ်တို့ကား ဘုရားရှင်၏ ဉာဏ်တော်ကို (အပြည့်အစုံမဟုတ်သော်လည်း) ခန့်မှန်း၍ သိရှိနိုင်ကြပါသည်။

ဤ၌ ဘုရားရှင်၏ အတုမရှိ သဗ္ဗညုတဉာဏ်တော်ကြီးကို ခန့်မှန်းသိရှိပြီး ကြည်ညိုသဒ္ဓါပွားနိုင်ရန်အတွက် အရှင်နာဂသေနရဟန္တာမထေရ်မြတ်၏ ချီးကျူးထုတ်ဖော် မိန့်မြွက်တော်မူချက်ကို အောက်တွင် ဖော်ပြထားပါသည် —

အရှင်နာဂသေနမထေရ်မြတ်က မိလိန္ဒမင်းကြီးကို မေးသည်မှာ —
“ဂင်္ဂါ၊ ယမုနာစသော မြစ်ကြီးငါးသွယ်မှ ရေတွေ သမုဒ္ဒရာထဲသို့ စီးဝင်ခဲ့ရာတွင် သမုဒ္ဒရာရေနှင့် ရောနေသော ထိုရေများကို ဤကား ဂင်္ဂါမြစ်ရေ၊ ဤကား ယမုနာမြစ်ရေ စသည်ဖြင့် ခွဲခြားသိနိုင်ပါမည်လော” ဟူ၍ ဖြစ်၏။

မင်းကြီးက “ခဲယဉ်းလှပါကြောင်း” ပြန်ကြားလျှောက်ထား၏။ ထိုအခါ အရှင်နာဂသေနမထေရ်မြတ်က ပြန်လည်မိန့်ကြားတော်မူသည်မှာ — “ဤကား ဖဿ၊ ဤကား ဝေဒနာစသည်ဖြင့် (အကောင်အထည်မရှိသော) နာမ်တရားတို့ကို ခွဲခြားသိမြင်တော်မူသော ဘုရားရှင်မှာ ထိုရေများကို ခွဲခြားသိရသည်ထက် အဆပေါင်းများစွာ

စာမျက်နှာ-69


ခက်ခဲလှသော ခွဲခြားသိမြင်မှုကြီးဖြစ်ရာ တကယ့် သိနိုင်ခဲသော သိမြင်မှုကြီး ခွဲခြားမှုကြီး ဖြစ်ပါပေသည်” ဟူ၍ ဖြစ်ပါသည်။ (မိလိန္ဒပဉှာ၊ အရူပဓမ္မဝဝတ္ထာနဝဂ်၊ ၉၄)

အကောင်အထည် မရှိသော (စိတ်နှင့် စေတသိက်) နာမ်တရားများ၏ လက္ခဏာ သဘာဝသတ္တိအမျိုးမျိုးကို ထုတ်ဖော်ဟောကြားနိုင်ရန် မဆိုထားဘိ ဤကား “ဖဿ”၊ ဤကား “ဝေဒနာ” စသည့် နာမ်တရားတို့၏ အမည်ကလေးမျှကိုပင် ရှေးခေတ်၊ ယခုခေတ်တို့၌ ဘုရားမှတစ်ပါး မည်သူမျှ မထုတ်ဖော်နိုင်၊ မဟောပြနိုင်ကြပါ။ အဆိုပါ နာမ်တရားများကို လက္ခဏာ သဘာဝသတ္တိ အမျိုးမျိုးပြ၍ လိုလေသေးမရှိရအောင် ဘုရားရှင် ကိုယ်တော်တိုင် သိမြင်ထုတ်ဖော် ဟောကြားတော်မူခဲ့သည်မှာ ဘုရားရှင်၏ အတုမရှိ (သဗ္ဗညုတ) ဉာဏ်တော်ကြီးကို ပေါ်လွင်ထင်ရှားစေပါသည်။

မေးသမျှကို မတွေးမဆ ဖြေဆိုတော်မူနိုင်ခြင်း

ပညာရှင်ထိပ်သီးများစွာနှင့် နတ်ဗြဟ္မာတို့ ဘယ်သူက မေးမေး တွေးနေရသည်မရှိ၊ လေးကန်ဆုတ်ဆိုင်းနေသည်မရှိ၊ တုံ့ဆိုင်းခြင်းမရှိ၊ ချက်ချင်းပင် ဖြေကြားတော်မူနိုင်သည်မှာလည်း အထင်အရှားပင် ဖြစ်ပါသည်။ ဤအချက်ကို “အဘယမင်းသား” သည် ဘုရားရှင်အား မေးမြန်းလျှောက်ထား၍ အဖြေရခဲ့ဖူးရာ သဗ္ဗညုတဉာဏ်တော်ကြီး၏ ထက်မြက်ပုံအစွမ်းကို အံ့မခန်း ကြည်ညိုခွင့်ရခဲ့ကြပါသည်။

အဘယမင်းသားက — “မြတ်စွာဘုရား... မင်း၊ ပုဏ္ဏား၊ သူကြွယ်၊ ရဟန်း ပညာရှိတွေ ပြဿနာမေးလျှောက်လာသောအခါ ရှေးကပင် ဘယ်သို့ ဖြေမည်ဟု ကြိုတင်စဉ်းစားထားရပါသလော၊ သို့မဟုတ် ထိုခဏချင်း ဖြေနိုင်ပါသလော” ဟု လျှောက်၏။

ဘုရားရှင်က — “မင်းသား... ဤအချက်၌ သင့်ကိုပင် မေးရပေဦးမည်။ ရထားအစိတ်အပိုင်းများကို သင်နားလည်သလော” ဟု မေးတော်မူရာ မိမိနားလည်ကြောင်း လျှောက်၏။ “သင့်ကို တစ်ဦးတစ်ယောက်က ရထားအစိတ်အပိုင်းကို မေးလျှင် ရှေးကပင် ငါဘယ်သို့ ဖြေမည်ဟု ကြိုတင်စဉ်းစားထားရသလော၊ သို့မဟုတ် ချက်ချင်းပင် ပြောနိုင်သလော” ဟု မေးပြန်ရာ —

အဘယမင်းသားက — “တပည့်တော် ရထားမောင်းသူပါ၊ ရထားအစိတ်အပိုင်းတွေ အားလုံးနားလည်ထားပြီးဖြစ်၍ စဉ်းစားဖွယ်မလိုပါ၊ ချက်ချင်းပြောနိုင်ပါသည်” ဟု လျှောက်၏။

စာမျက်နှာ-70


ဘုရားရှင်က — “မင်းသား... ငါဘုရားကား သဗ္ဗညုတဉာဏ်တော်ကြီးကို ထိုးထွင်းသိမြင်ထားပြီး ဖြစ်ရာ တရားအချက်တို့ကို သိပြီးဖြစ်နေသော ငါဘုရားမှာ ကြိုတင်စဉ်းစားဖွယ်မလို၊ ချက်ချင်း ဉာဏ်တော်မှာ ထင်လာရတော့သည်” ဟု မိန့်ကြားတော်မူခဲ့သည် (မဇ္ဈိမပဏ္ဏာသ၊ အဘယရာဇကုမာရသုတ်၊ ၅၈)။

ဘုရားရှင်သည် မေးသမျှကို မတွေးမဆ ဖြေဆိုတော်မူနိုင်သည့်အပြင် တရားဓမ္မတို့ကို ထုတ်ဖော်ဟောပြရာ၌လည်း အများနားလည်ကျေနပ်အောင်၊ အခြားသူတို့ မချေဖျက်နိုင်အောင် အကြောင်းအချက်တို့ကို အကွက်ကျကျ ထုတ်ပြ၍ အမှန်ကိုသာ ဟောပြတော်မူလေ့ရှိပါသည်။ မည်သည့် ပရိသတ်၊ မည်သည့် ပုဂ္ဂိုလ်မျိုးနှင့်ပင် ကြုံရကြုံရ အနည်းငယ်မျှ မတုန်လှုပ်ဘဲ ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား မြတ်စွာဘုရားကသာ အနိုင်ရ အသာရခဲ့ခြင်းတို့သည် ဘုရားရှင်၏ “သဗ္ဗညုတဉာဏ်တော်ကြီး” ကြောင့်ပင် ဖြစ်ရသည်မှာ ထင်ရှားသိသာလှပါသည်။

ဆရာသမား အထောက်အကူမပါ ကိုယ်တိုင်ထိုးထွင်း၍ သိသောဉာဏ်သည် “သယမ္ဘူဉာဏ်” မည်၏။ “ပစ္စေကဗုဒ္ဓါ” အရှင်မြတ်တို့မှာ သစ္စာတရားတို့ကို ဆရာမရှိ ကိုယ်တော်တိုင် (သယမ္ဘူဉာဏ်ဖြင့်) ထိုးထွင်း၍ သိတော်မူကြသည့်အတွက် “သမ္ဗုဒ္ဓ” ဟူသော ဂုဏ်ကိုကား ရရှိတော်မူကြ၏။ သို့ရာတွင် သိရာ၌ အကုန်အစင်မသိ တစ်စိတ်တစ်ဒေသသာ သိသောကြောင့် မိမိတို့သိပြီးသော သစ္စာတရားကို ဝေါဟာရပညတ်တင်ကာ သူတစ်ပါးတို့အား နားလည်အောင် မဟောပြနိုင်သည့်အတွက် “သမ္မာသမ္ဗုဒ္ဓ” ဟူသော ဂုဏ်ကိုကား ရတော်မမူကြပါ။

“အရိယာသာဝက” တို့မှာ ဆရာဘုရား၏ ဟောဖော်ညွှန်ပြသည့် နည်းအတိုင်း သူတစ်ပါးတို့အား သစ္စာတရားတို့ကို ဟောပြနိုင်သည့်အတွက် “သမ္မာဗုဒ္ဓ” ဟူသော ဂုဏ်ကိုကား ရရှိတော်မူကြ၏။ သို့ရာတွင် သစ္စာတရားတို့ကို မိမိတို့ဘာသာ ရှာဖွေတွေ့ရှိ ကိုယ်တိုင် (သယမ္ဘူဉာဏ်ဖြင့်) ထိုးထွင်း၍ မသိနိုင်သည့်အတွက် “သံဗုဒ္ဓ” ဟူသော ဂုဏ်ကိုကား ရတော်မမူကြပါ။

“ဘုရားရှင်” တို့မှာကား ပစ္စေကဗုဒ္ဓါ၊ အရိယာသာဝကတို့ကဲ့သို့ မဟုတ်၊ သစ္စာတရားနှင့် ဉေယျဓံတရားများကို ကိုယ်တော်တိုင် (သယမ္ဘူဉာဏ်ဖြင့်) ထိုးထွင်း၍ သိတော်မူသည့်အတွက် “သမ္ဗုဒ္ဓ” ဟူသော ဂုဏ်တော်ကို ရရှိတော်မူ၏။

စာမျက်နှာ-71


မိမိသိတော်မူသည့်အတိုင်း သူတစ်ပါးတို့အားလည်း အလိုဆန္ဒ (အာသယဓာတ်) နှင့် လျော်ညီစွာ ဝေါဟာရပညတ်တင်၍ ဟောပြတော်မူနိုင်သည့်အတွက် “သမ္မာဗုဒ္ဓ” ဟူသော ဂုဏ်ကိုလည်း ရရှိတော်မူ၏။ ထို့ကြောင့် ဘုရားရှင်သည် “သမ္မာဗုဒ္ဓ” နှင့် “သမ္ဗုဒ္ဓ” ဟူသော ဂုဏ်တော်နှစ်ရပ်ကို ပေါင်းစပ်ကာ “သမ္မာသမ္ဗုဒ္ဓ = ဉာဏ်ပညာအကြီးမားဆုံး” ဟူသော ဂုဏ်ရည်တော်ဘွဲ့ထူးဖြင့် ချီးကျူးထုတ်ဖော် ထင်ရှားတော်မူခဲ့ပါသည်။

ရှင်သီဝလိမယ်တော် ဆင်ခြင်အောက်မေ့သည့်ဂုဏ်တော်

သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ကို လက်တွေ့အောက်မေ့ဖူးသူကား “သုပ္ပဝါသာ” ခေါ် “ကောလိယ” မင်းသမီး ဖြစ်၏။ ၎င်းသည် အရှင်သီဝလိမထေရ်ကို ခုနစ်နှစ်တိုင်တိုင် ကိုယ်ဝန်ဆောင်၍ ဖွားမြင်အံ့သောအခါတွင် ခုနစ်ရက်ပတ်လုံး ပြင်းထန်လှစွာသော ဒုက္ခဝေဒနာတို့ဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရ၏။ မင်းသမီးသည် အကြံအစည် သုံးမျိုးဖြင့် ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါး၏ ဂုဏ်တော်များကို အာရုံပြုလျက် ဒုက္ခဝေဒနာကို သည်းခံဖြေဖျောက်လိုက်ရာ ဒုက္ခဝေဒနာများ အလျှင်းပြေပျောက်ပြီး မကြာမြင့်မီ (အရှင်သီဝလိမထေရ်လောင်းလျာ) သားမြတ်ရတနာကို ချမ်းသာလွယ်ကူစွာ ဖွားမြင်ခဲ့လေသည်။ အကြံအစည် သုံးမျိုးဖြင့် ဂုဏ်တော်ကို အောက်မေ့ပုံကား —

၁။ သမ္မာသမ္ဗုဒ္ဓေါ ဝတ သော ဘဂဝါ၊ ယော ဣမဿ ဧဝရူပဿ ဒုက္ခဿ ပဟာနာယ ဓမ္မံ ဒေသေတိ။ (ဘုရားဂုဏ်)
[ယော ဘဂဝါ၊ အကြင်မြတ်စွာဘုရားသည်။ ဣမဿ ဧဝရူပဿ ဒုက္ခဿ၊ ဤသို့သော ဆင်းရဲကို။ ပဟာနာယ၊ ပယ်ခြင်းငှာ။ ဓမ္မံ၊ တရားကို။ ဒေသေတိ၊ ဟောတော်မူ၏။ သော ဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ သမ္မာသမ္ဗုဒ္ဓေါ ဝတ၊ မှန်ရာကို ကိုယ်တော်တိုင် သိတော်မူလေစွတကား။]

၂။ သုပ္ပဋိပန္နော ဝတ တဿ ဘဂဝတော သာဝကသံဃော၊ ယော ဣမဿ ဧဝရူပဿ ဒုက္ခဿ ပဟာနာယ ပဋိပန္နော။ (သံဃာ့ဂုဏ်)
[တဿ ဘဂဝတော၊ ထိုမြတ်စွာဘုရား၏။ ယော သာဝကသံဃော၊ အကြင်တပည့်သံဃာသည်။ ဣမဿ ဧဝရူပဿ ဒုက္ခဿ၊ ဤသို့သော ဆင်းရဲကို။ ပဟာနာယ၊ ပယ်ခြင်းငှာ။ ပဋိပန္နော၊ ကျင့်၏။ သော သာဝကသံဃော၊ ထိုတပည့်သံဃာသည်။ သုပ္ပဋိပန္နော ဝတ၊ ကောင်းသော အကျင့်ကို ကျင့်လေစွတကား။]

စာမျက်နှာ-72


၃။ သုသုခံ ဝတ တံ နိဗ္ဗာနံ၊ ယတ္ထိဒံ ဧဝရူပံ ဒုက္ခံ န သံဝိဇ္ဇတိ။ (တရားဂုဏ်)
[ယတ္ထ နိဗ္ဗာနေ၊ အကြင်နိဗ္ဗာန်၌။ ဣဒံ ဧဝရူပံ ဒုက္ခံ၊ ဤသို့သော ဆင်းရဲသည်။ န သံဝိဇ္ဇတိ၊ မရှိ။ တံ နိဗ္ဗာနံ၊ ထိုနိဗ္ဗာန်သည်။ သုသုခံ ဝတ၊ လွန်စွာ ချမ်းသာလေစွတကား။] ၁။

ဤကား အရှင်သီဝလိမယ်တော်၏ အကြံအစည် သုံးမျိုးဖြင့် ရတနာမြတ်သုံးပါး၏ ဂုဏ်တော်များကို အောက်မေ့ပုံတည်း။ ဤတွင် ဘုရားရှင်၏ “သမ္မာသမ္ဗုဒ္ဓေါ” ဟူသော ဂုဏ်တော်သည် တစ်ခုအပါအဝင် ဖြစ်၏။ ဒုက္ခဆင်းရဲမှ လွတ်မြောက်မှုအတွက် လက်တွေ့သာဓကဖြစ်၍ ယုံကြည်စွာ လိုက်နာကျင့်သုံးသူတို့အဖို့ အကျိုးခံစားမှု ရနိုင်ကြစေရန် ဖော်ပြထားပါသည်။

ဉာဏ်ပညာကြီးသူဖြစ်အောင် “သမ္မာသမ္ဗုဒ္ဓ” ဂုဏ်ကိုဆောင်

အသိအလိမ္မာ ဉာဏ်ပညာဟူသည် အလွန်အရေးကြီး၏။ ပညာသည် လူတို့အတွက် အမြတ်ဆုံး ရတနာဖြစ်၏။ ပညာသင်ရာတွင် ဆရာတစ်ဦးထံမှာ အတူတူသင်ယူပါလျက် အတတ်ချင်း ကွာခြားနေပုံတို့ကိုလည်းကောင်း၊ စီးပွားဥစ္စာ ရှာဖွေရာတွင် အရင်းအနှီးချင်း တူပါလျက် ဉာဏ်ပညာရှိသူမှာ ကြီးပွား၍ ဉာဏ်ပညာနည်းသူမှာ မကြီးပွားနိုင်ဘဲ ဉာဏ်ပညာမရှိသူမှာ ဆုံးရှုံးရပုံကိုလည်းကောင်း၊ မိဘချင်း တူပါလျက် အချို့သားသမီးများက လိမ္မာ၍ အချို့က ယုတ်မာပုံကိုလည်းကောင်း၊ လောကီဆိုင်ရာနှင့် သံသရာရေးတို့၌ ဉာဏ်ပညာရှိသူက ကြီးကျယ်ထွန်းကား၍ ဉာဏ်ပညာမရှိသူက ပျက်ပြားနစ်မွန်းရပုံကိုလည်းကောင်း စဉ်းစားကာ ဤ “သမ္မာသမ္ဗုဒ္ဓ” ဂုဏ်တော်ကို အာရုံပြု ကြည်ညိုပြီး ပညာပါရမီကို ကောင်းစွာ ဖြည့်ဆည်းလျက် “သမ္မာသမ္ဗုဒ္ဓ” ဂုဏ်ကိုဆောင်၍ ဉာဏ်ပညာကြီးသူဖြစ်အောင် ကြိုးစားသင့်ကြပါသည်။

၃။ ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်

ဝိဇ္ဇာစရဏသမ္ပန္န = (ဝိဇ္ဇာ + စရဏ + သမ္ပန္န။ ဝိဇ္ဇာ = အသိဉာဏ် + စရဏ = အကျင့်တရားနှင့် + သမ္ပန္န = ပြည့်စုံတော်မူသော မြတ်စွာဘုရား။)

ဘုရားရှင်သည် ကြည်လင်သန့်ရှင်းသော စိတ်တော်အစဉ်ဝယ် “ဝိဇ္ဇာ” ဟု ခေါ်သော ဉာဏ်တော်ရှိ၏။ ထိုဉာဏ်ဖြင့် ဘဝများစွာ၌ ဖြစ်ပျက်ကြုံတွေ့ခဲ့ရသော အကြောင်းအရာများကိုလည်း သိနိုင်၏။ ရိုးရိုးမျက်စိဖြင့် မမြင်နိုင်သော...

၁။ ဥဒါနပါဠိ၊ ၉၃။ ဓမ္မပဒဋ္ဌ၊ ၂၊ ၄၂၆။

စာမျက်နှာ-73


အရာတို့ကိုလည်း မြင်နိုင်၏။ သန္တာန်တော်၌ ညစ်ညမ်းယုတ်မာ ကိလေသာတို့ကိုလည်း ကုန်စေနိုင်ပါသည်။ ဘုရားရှင်သည် ထိုဉာဏ်တော်များကို အလွယ်တကူနှင့် ရတော်မူသည် မဟုတ်ပါ။ ထိုဉာဏ်တော်များကို ရနိုင်ဖို့ရာ “စရဏ” ခေါ်သော အကျင့်တရားကိုလည်း ကြိုးစား၍ ကျင့်တော်မူခဲ့ရပါသည်။ ထိုကိုယ်ကျင့်စရဏများကား — သီလကို စောင့်ထိန်းခြင်း၊ မျက်စိ၊ နားစသော ဣန္ဒြေများကို စောင့်စည်းခြင်း၊ စားသောက်မှု၌ သင့်လျော်ရုံသာ စားသောက်ခြင်း၊ အအိပ်အနေနည်းခြင်း၊ သဒ္ဓါတရားထက်သန်ခြင်း စသည်ဖြင့် တစ်ဆယ့်ငါးပါး ရှိပါသည်။ ထိုဝိဇ္ဇာဉာဏ်၊ အကျင့်စရဏနှင့် ပြည့်စုံတော်မူသောကြောင့် ဘုရားရှင်သည် “ဝိဇ္ဇာစရဏသမ္ပန္န” ဟူသော ဂုဏ်တော်အားဖြင့် ထင်ရှားတော်မူပါသည်။

ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး

“ဝိဇ္ဇာ” ဟု ခေါ်သော ဉာဏ်သည် အမျိုးအစားအားဖြင့် သုံးပါး၊ တစ်နည်းအားဖြင့် ရှစ်ပါး ရှိသည် —

၁။ ပုဗ္ဗေနိဝါသာနုဿတိဉာဏ် = ရှေးရှေးဘဝ၌ တွေ့ကြုံခဲ့သမျှကို ပြန်၍ အောက်မေ့နိုင်သော ဉာဏ်။
၂။ ဒိဗ္ဗစက္ခုဉာဏ် = ဝေးကွာသောအဆင်း၊ ဖုံးကွယ်သောအဆင်း၊ သေးငယ်သောအဆင်းတို့ကို နတ်မျက်စိအသွင်ဖြင့် မျက်မှောက်ထင်ထင် သိမြင်နိုင်သော ဉာဏ်။
၃။ အာသဝက္ခယဉာဏ် = ကိလေသာအာသဝေါတရားဆိုးတို့ကို အကြွင်းမဲ့ ကုန်စေနိုင်သော အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ဉာဏ်။
၄။ ဝိပဿနာဉာဏ် = ရုပ်နာမ်တရားအားလုံးကို “အနိစ္စ၊ ဒုက္ခ၊ အနတ္တ” ဟု သိမြင်နိုင်သော ဉာဏ်။
၅။ စေတောပရိယဉာဏ် = သူတစ်ပါး၏ စိတ်ကို သိနိုင်သော ဉာဏ်။
၆။ မနောမယိဒ္ဓိဉာဏ် = မိမိခန္ဓာကိုယ်အတွင်း၌ အလားတူ ခန္ဓာကိုယ်တစ်မျိုးကို စိတ်ဖြင့် ဖန်ဆင်းနိုင်သော ဉာဏ်။
၇။ ဒိဗ္ဗသောတဉာဏ် = ဝေးကွာသောအသံ၊ ဖုံးကွယ်သောအသံ၊ သေးငယ်သောအသံတို့ကို နတ်နားအသွင်ဖြင့် ပကတိနားဖြင့် ကြားသကဲ့သို့ပင် ကြားသိနိုင်သော ဉာဏ်။
၈။ ဣဒ္ဓိဝိဓဉာဏ် = မြေလျှိုး မိုးပျံစသည်ဖြင့် တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်သော ဉာဏ်။

စာမျက်နှာ-74


[အထက်တွင် ဖော်ပြထားသော ဝိဇ္ဇာရှစ်ပါးတွင် “ပု၊ ဒိ၊ အာ” ခေါ် အစဆုံးဉာဏ် သုံးပါးကို “ဝိဇ္ဇာသုံးပါး” ဟူ၍ ခေါ်၏။ ဝိဇ္ဇာသုံးပါးကို ဘယဘေရဝသုတ် ၁။ ၌ ဟောတော်မူ၏။ ဝိဇ္ဇာရှစ်ပါးကို အမ္ဗဋ္ဌသုတ် ၂။ ၌ ဟောတော်မူ၏။ ဤသို့ နှစ်နည်းဟောခြင်းကား တရားနာပုဂ္ဂိုလ်တို့၏ အလိုကျ ဟောတော်မူခြင်း ဖြစ်၏။]

စရဏတရား ၁၅-ပါး

“စရဏ” ဟု ခေါ်သော အကျင့်တရားသည် အမျိုးအစားအားဖြင့် တစ်ဆယ့်ငါးပါး ရှိ၏ —

၁။ သီလသံဝရ = ဆိုင်ရာ ကိုယ်ကျင့်သီလများကို လုံခြုံစွာ စောင့်ထိန်းမှု။
၂။ ဣန္ဒြိယသံဝရ = မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဟူသော ဣန္ဒြေခြောက်ပါးတို့၌ လောဘ၊ ဒေါသစသော အကုသိုလ်တရားတို့ မဖြစ်ပွားအောင် သတိဖြင့် လုံခြုံအောင် စောင့်စည်းမှု။
၃။ ဘောဇနေမတ္တညုတာ = ဆွမ်းစသော ပစ္စည်းလေးပါးကို ခံယူရာ သုံးဆောင်ရာတို့၌ အတိုင်းအရှည်ကို သိမှု။ (လှူစရာရှားပါးလျှင် အနည်းငယ်သာ ခံယူခြင်း၊ လှူစရာများပြီး သဒ္ဓါနည်းလျှင် သဒ္ဓါကိုငဲ့၍ အနည်းငယ်သာ ခံယူခြင်း၊ နှစ်ဦးလုံးပြည့်စုံလျှင် မျှတရုံသာ ခံယူခြင်းတို့သည် ခံယူရာ၌ အတိုင်းအရှည်သိမှု ဖြစ်၏။ စားရာ၌ လေးငါးလုတ် လျော့စားခြင်း၊ ပစ္စဝေက္ခဏာတင်၍ စားခြင်းတို့သည် သုံးဆောင်ရာ၌ အတိုင်းအရှည်သိမှု ဖြစ်၏။)
၄။ ဇာဂရိယာနုယောဂ = နိုးနိုးကြားကြားနေမှု၊ အအိပ်အနေနည်းမှု။ (တစ်နေ့ ၂၄ နာရီတွင် ည ၁၀ နာရီမှ ၂ နာရီအထိသာ အိပ်၍ ကျန် ၂၀ နာရီလုံး ရဟန်းတရား ပွားများနေခြင်းကို ဆိုလိုသည်။)
၅။ သဒ္ဓါ = “ကုသိုလ်ကံ၊ အကုသိုလ်ကံ ရှိသည်၊ ထိုကံ၏ ကောင်းကျိုး မကောင်းကျိုး ရှိသည်၊ ရတနာသုံးပါး ရှိသည်၊ နောင်ဘဝ ရှိသည်” ဟု ယုံကြည်မှု။

၁။ မ၊ ၁၊ ၂၆။
၂။ ဒီ၊ ၁၊ ၉၄။

စာမျက်နှာ-75


၆။ သတိ = ကုသိုလ်ကောင်းမှုတို့၌ အမှတ်ရမှု။

၇။ ဟိရိ = မကောင်းမှုဒုစရိုက်တို့မှ ရှက်မှု။
၈။ ဩတ္တပ္ပ = မကောင်းမှုဒုစရိုက်တို့မှ ကြောက်လန့်မှု။
၉။ ဝိရိယ = ကုသိုလ်ကောင်းမှုကိစ္စ၌ ကြိုးပမ်းအားထုတ်မှု။
၁၀။ သုတ = အကြားအမြင် များမှု။
၁၁။ ပညာ = အရာရာ၌ အသိလိမ္မာမှု။
၁၂။ ရူပါဝစရပထမဈာန် နှင့် ပြည့်စုံမှု။
၁၃။ ရူပါဝစရဒုတိယဈာန် နှင့် ပြည့်စုံမှု။
၁၄။ ရူပါဝစရတတိယဈာန် နှင့် ပြည့်စုံမှု။

၁၅။ ရူပါဝစရစတုတ္ထဈာန် နှင့် ပြည့်စုံမှု။

[အထက်တွင် ဖော်ပြထားသော “စရဏတရား” ၁၅ ပါးအနက် ၅။ သဒ္ဓါ မှ ၁၁။ ပညာ အထိ ခုနစ်ပါးကား “သူတော်ကောင်းတရား ခုနစ်ပါး” တည်း။ ထိုတွင် “သတိ” နှင့် “ဝီရိယ” အစား “သီလ” နှင့် “စာဂ” ကို ထည့်သွင်း၍ ရေတွက်လျှင် “သူတော်ကောင်းဥစ္စာ ခုနစ်ပါး” ဖြစ်၏။]

ဝိဇ္ဇာ၊ စရဏ နှစ်ပါးနှင့် ပြည့်စုံတော်မူခြင်း

အသိဉာဏ် “ဝိဇ္ဇာ” တရားသည် မျက်စိနှင့် တူ၏။ အကျင့် “စရဏ” တရားသည် ခြေနှင့် တူ၏။ မျက်စိသာရှိ၍ ခြေမရှိလျှင်သော်လည်းကောင်း၊ ခြေသာရှိ၍ မျက်စိမရှိလျှင်သော်လည်းကောင်း အလိုရှိရာ အရပ်သို့ မရောက်နိုင်သကဲ့သို့ အသိဉာဏ် “ဝိဇ္ဇာ” တရားတည်းဟူသော မျက်စိသာရှိ၍ အကျင့် “စရဏ” တရားတည်းဟူသော ခြေမရှိလျှင် အလိုရှိရာ နိဗ္ဗာန်ကို မရနိုင်၊ အကျင့် “စရဏ” တရားတည်းဟူသော ခြေသာရှိ၍ အသိဉာဏ် “ဝိဇ္ဇာ” တရားတည်းဟူသော မျက်စိမရှိလျှင်လည်း လမ်းမှန်သို့ မရောက်ဘဲ အလွှဲကိုသာ ကျင့်နေသဖြင့် ခရီးမတွင်ဘဲ အလိုရှိရာ နိဗ္ဗာန်သို့ မရောက်နိုင်ချေ။ ထို့ကြောင့် ဝိဇ္ဇာနှင့် စရဏ နှစ်ပါးစုံအောင် ကျင့်ဆောင်အားထုတ်သင့်ပါသည်။

စာမျက်နှာ-76


ဘုရားရှင်သည် အလောင်းတော်ဘဝကပင်လျှင် (အာသဝက္ခယဉာဏ်မှ လွဲ၍) ဝိဇ္ဇာနှင့် စရဏတရားတို့ကို ဘဝများစွာတွင် အကြိမ်ကြိမ် အထပ်ထပ် ကြိုးပမ်းရရှိတော်မူခဲ့ပါသည်။ ဘုရားအဖြစ်သို့ ရောက်သောအခါ၌ကား အထွတ်အထိပ်ဖြစ်သော အာသဝက္ခယဉာဏ်၊ သဗ္ဗညုတဉာဏ် “ဝိဇ္ဇာ” နှင့် မဟာကရုဏာအဖြစ်သို့ ရောက်သော ကရုဏာဘာဝနာဈာန် “စရဏ” တရားတို့နှင့် ကောင်းစွာကုံလုံ ပြည့်စုံတော်မူခဲ့ပါသည်။

အကြီးမားဆုံး ဝိဇ္ဇာနှင့် အမြင့်မြတ်ဆုံး စရဏရှင် ဖြစ်တော်မူခြင်း

“ဝိဇ္ဇာ” ခေါ် အသိဉာဏ်နှင့် မဂ်ဖိုလ်နိဗ္ဗာန် ရောက်ကြောင်းဖြစ်သော “စရဏ” ခေါ် အကျင့်တရားတို့ကား ဘုရားရှင်၌သာ ရှိသည်မဟုတ်၊ အရိယာသာဝကတို့၌လည်း ရှိကြ၏။ သို့ရာတွင် ဘုရားရှင်၌ရှိသော “ဝိဇ္ဇာစရဏ” နှင့် အရိယာသာဝကတို့၌ ရှိသော “ဝိဇ္ဇာစရဏ” တို့ကား မတူကြပါ။

ဘုရားရှင်၌ရှိသော “ဝိဇ္ဇာဉာဏ်” က အာသဝက္ခယခေါ် အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ဉာဏ်ရခြင်းနှင့်အတူ “သဗ္ဗညုတဉာဏ်ကြီး” ကိုပါ ရသောကြောင့် သဗ္ဗညုတဉာဏ်နှင့် ပြည့်စုံသော “အကြီးမားဆုံး ဝိဇ္ဇာဉာဏ်” ဖြစ်၏။ စရဏအကျင့်တရား ၁၅ ပါး၌ပါသော ကရုဏာဘာဝနာဈာန်ကလည်း ဘုရားအဖြစ်သို့ ရောက်သောအခါ မဟာကရုဏာ (အလွန်ကြီးမြတ်သော ကရုဏာ) အဖြစ်သို့ ရောက်သောကြောင့် ဘုရားရှင်၌ရှိသော “စရဏအကျင့်” က မဟာကရုဏာနှင့် ပြည့်စုံသော “အမြင့်မြတ်ဆုံး စရဏ” ဖြစ်၏။ ထို့ကြောင့် ဘုရားရှင်သည် အကြီးမားဆုံး ဝိဇ္ဇာနှင့် အမြင့်မြတ်ဆုံး စရဏရှင် ဖြစ်တော်မူရကား “ဝိဇ္ဇာစရဏသမ္ပန္န” ဟူသော ဂုဏ်တော်ကိုလည်း အခြားပုဂ္ဂိုလ်တို့ မရနိုင်ဘဲ ဘုရားရှင်များသာ မူပိုင်ရတော်မူခဲ့ခြင်း ဖြစ်ပါသည်။

ဆရာရော တပည့်ပါ ဝိဇ္ဇာ၊ စရဏနှင့် ပြည့်စုံတော်မူခြင်း

အကြီးမားဆုံး ဝိဇ္ဇာနှင့် အမြင့်မြတ်ဆုံး စရဏရှင် ဖြစ်တော်မူသော မြတ်စွာဘုရားသည် “သဗ္ဗညုတဉာဏ်တော်ကြီး” ဖြင့် သတ္တဝါအားလုံးတို့၏ အကျိုးရှိမှု မရှိမှုကို သိတော်မူပြီးလျှင် “မဟာကရုဏာဉာဏ်တော်ကြီး” ဖြင့် အကျိုးမရှိမည့်အမှုကို ရှောင်ကြဉ်စေ၍ အကျိုးရှိမည့်အမှု၌ ယှဉ်စေတော်မူ၏။ ထို့ကြောင့် ဘုရားရှင်၏ တပည့်သာဝက မှန်သမျှတို့သည်လည်း ဝိဇ္ဇာနှင့် စရဏ ချွတ်ယွင်း၍ အသိမမှန် အကျင့်မှားသော တိတ္ထိများ၊ တိတ္ထိတို့၏ တပည့်သာဝကများနှင့် မတူဘဲ ဝိဇ္ဇာနှင့် စရဏ (အသိရော အကျင့်ပါ) ဖြောင့်မှန်၍ အသိမှန် အကျင့်မှန်ကြသောကြောင့် “ဆရာကောင်းတပည့် ပန်းကောင်းပန်

စာမျက်နှာ-77


နောက်ဆံတဝင့်ဝင့်” ဆိုသည့်ပမာ ဆရာကောင်း၏ တပည့်ကောင်းများအဖြစ်သို့ ရောက်ကြရပါသည်။ ဆရာရော တပည့်ပါ ဝိဇ္ဇာနှင့် စရဏ ထပ်တူညီမျှ ပြည့်စုံမှု ရှိတော်မူကြသည်ဟု ဆိုလိုပါသည်။

အသိရော အကျင့်ပါ နှစ်ဖြာပြည့်အောင် “ဝိဇ္ဇာစရဏသမ္ပန္န” ဂုဏ်ကိုဆောင်

အရာရာ၌ အသိဉာဏ်ဖြင့် အမှန်ကို ကျင့်ကြံအားထုတ်မှသာ ထမြောက်နိုင်သည်။ အသိမမှန်က အကျင့်အကြံလွဲမည်၊ အကျင့်အကြံ လွဲမှားက ကျင့်သလောက် ကြံသလောက် အလွဲအမှားသို့သာ ရောက်ရမည် ဧကန်ဖြစ်၏။ ယခုအခါ၌ကား — ကျင့်ကြံအားထုတ်မှု “စရဏ” များရှိသော်လည်း ကိုယ်ပိုင်အသိဉာဏ်ဖြင့် စဉ်းစားခွင့်ရှိပါလျက် မစဉ်းစားမဆင်ခြင်ဘဲ မျက်စိစုံမှိတ်ကာ ကျင့်မှားမိလျက်သား ရှိနေကြသည်ကို တွေ့ရ၏။ လောကရေး၌ အထင်သေးစရာမဟုတ်ဟု ငြင်းချက်ထုတ်နိုင်သော်လည်း သံသရာရေး၌ကား ဝန်လေးလှ၏။ တစ်ဖန် အသိအလိမ္မာဉာဏ်ပညာရှိပါလျက် သိသလို သိသလောက် ကျင့်ကြံအားထုတ်မှု “စရဏ” မရှိပြန်သောကြောင့် လောကီလောကုတ္တရာ နှစ်ဖြာလုံးအတွက် အောက်ကျနောက်ကျ ဖြစ်နေသူတွေလည်း များလှ၏။ ထို့ကြောင့် ဘုရားရှင်၏ “ဝိဇ္ဇာစရဏသမ္ပန္န” ဂုဏ်တော်ကို အာရုံပြု ကြည်ညိုကြပြီး “ဝိဇ္ဇာစရဏသမ္ပန္န” ဂုဏ်ကိုဆောင်၍ အသိရော အကျင့်ပါ နှစ်ဖြာပြည့်အောင် ကြိုးစားသင့်ကြပါသည်။

၄။ သုဂတဂုဏ်တော်

(က) သုဂတ = (သု + ဂတ။ သု = ကောင်းသော စကားကို + ဂတ = ဆိုတော်မူသော မြတ်စွာဘုရား။)

ဘုရားရှင်သည် “စကားခြောက်ခွန်း၊ လူဝယ်ထွန်း၊ လေးခွန်းကိုပယ် နှစ်ခွန်းတယ်” ဟူသော ပညာရှိများ၏ လင်္ကာစကားနှင့်အညီ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ သူတစ်ပါး နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ အကျိုးမရှိသော စကားမျိုးကို မပြောမဆိုဘဲ (ပယ်လှန်ပြီး) မှန်ကန်၍ အကျိုးရှိသော စကားမျိုးသာ ပြောဆိုတော်မူပါသည်။

စကားခြောက်ခွန်း

၁။ မှန်လည်းမမှန်၊ အကျိုးလည်းမရှိ၊ သူတစ်ပါးတို့လည်း မနှစ်သက်သော စကားမျိုးကို ပြောတော်မမူ။ (ဥပမာ- မြတ်သူကို သူယုတ်ဟု ခေါ်ဝေါ်ပြောဆိုခြင်းမျိုး။)

စာမျက်နှာ-78


၂။ မှန်ပင်မှန်သော်လည်း အကျိုးမရှိ၍ သူတစ်ပါးတို့ မနှစ်သက်သော စကားမျိုးကိုလည်း ပြောတော်မမူ။ (ဥပမာ- ယုတ်သူကို သူယုတ်ဟု ခေါ်ဝေါ်ပြောဆိုခြင်းမျိုး။)

၃။ မှန်လည်းမှန်၊ အကျိုးလည်းရှိ၍ သူတစ်ပါး (အပြောခံရသူ) တို့ကမူ မနှစ်သက်သော စကားမျိုးကို အခါအခွင့်ကို ကြည့်ရှုဆင်ခြင်၍ ပြောသင့်က (ပြော၍ အကျိုးရမည်ဖြစ်က) ပြောတော်မူ၏။ (ဥပမာ- ဒေဝဒတ်အား သံဃာကို သင်းခွဲလျှင် အပါယ်ကျမည်ဟု ဒေဝဒတ်မကြိုက်သော စကားကို လွန်စွာသနားသော (မဟာကရုဏာ) စိတ်ဖြင့် ပြောဆိုခြင်းမျိုး။)
၄။ မှန်လည်းမမှန်၊ အကျိုးလည်းမရှိဘဲလျက် သူတစ်ပါးတို့ နှစ်သက်သော စကားမျိုးကိုလည်း ပြောတော်မမူ။ (ဥပမာ- ဒုစရိုက်ပြုသူကို နတ်ပြည်ရောက်မည်ဟု မဆိုခြင်းမျိုး၊ ထို့ပြင် ရွှေယုံနှင့် ရွှေကျား ဘက်ကယ်ရိုက်သွား စသည်ကဲ့သို့ ယုတ္တိမရှိ ပြောမိပြောရာ မပြောခြင်းမျိုး။)
၅။ မှန်ပင်မှန်သော်လည်း အကျိုးမရှိဘဲ သူတစ်ပါးတို့ နှစ်သက်အပ်သော စကားမျိုးကို ပြောတော်မမူ။ (ဥပမာ- တစ်ဦးနှင့်တစ်ဦး အချစ်ဆိတ်သုဉ်း အမုန်းပွားမည့် ကုန်းတိုက်စကားမျိုးကို မဆိုခြင်းမျိုး။)

၆။ မှန်လည်းမှန်၊ အကျိုးလည်းရှိ၍ သူတစ်ပါးတို့လည်း နှစ်သက်အပ်သော စကားမျိုးကို အခါအခွင့်ကို ကြည့်ရှုဆင်ခြင်၍ ပြောသင့်က (ပြော၍ အကျိုးရမည်ဖြစ်က) ပြောတော်မူ၏။ (ဥပမာ- ကုသိုလ်ပြုသူ သုဂတိနတ်ပြည်ရောက်လတ္တံ့ စသောအားဖြင့် ဒါန၊ သီလ စသည်တို့နှင့် စပ်သော စကားမျိုးကို မိန့်ကြားတော်မူခြင်းမျိုး။)

စကားခြောက်ခွန်း မှတ်ဖွယ်လင်္ကာ

(က) မမှန်စကား၊ ကျိုးမများ၊ နှစ်ပါးနာလို မနာလို။ (၁၊ ၄)
(ခ) မှန်ကန်သော်ငြား၊ ကျိုးမများ၊ နှစ်ပါးနာလို မနာလို။ (၂၊ ၅)
(ဂ) ဟုတ်မှန်စကား၊ အကျိုးများ၊ နှစ်ပါးနာလို မနာလို။ (၃၊ ၆)
(ဃ) ရှေးလေးခွန်းပယ်၊ နောက်နှစ်ဆယ်၊ မှတ်ဖွယ်များလူဗိုလ်။
လင်္ကာ၏အခြေကို အထက်ပါ နံပါတ်များအတိုင်း ကြည့်၍ သိနိုင်ကြပါပြီ။

စာမျက်နှာ-79


သူတစ်ပါးမနှစ်သက်သောစကားကို ဘုရားရှင်ပြောသလော?
ဘုရားရှင်သည် သူတစ်ပါးမနှစ်သက် မလိုလားသော စကားဖြစ်သော်လည်း မှန်ကန်၍ အကျိုးရှိလျှင် အခါအခွင့်ကို ဆင်ခြင်၍ ပြောကြားတော်မူပါသည်။ ယင်းသို့ ပြောကြားတော်မူခြင်းနှင့် စပ်၍ အဘယမင်းသားက “မြတ်စွာဘုရားသည် သူတစ်ပါးမနှစ်သက်သော စကားကို ပြောသလော” ဟု မေးရာ အဘယမင်းသားအား ၎င်း၏ ရင်ခွင်ထဲမှ သားတော်ကလေးကို သက်သေတင်ကာ ဘုရားရှင်ကိုယ်တိုင် ရှင်းလင်းမိန့်ကြားခဲ့ပုံမှာ လွန်စွာမှတ်သား ကြည်ညိုဖွယ် ကောင်းလှပါသည် —

ဘုရားရှင်က — “မင်းသား... သင့်ရင်ခွင်ထဲမှာ ရှိသော ဤသားကလေးသည် သင်၏ မေ့လျော့မှုကြောင့်ဖြစ်စေ၊ အထိန်းတော်များ မေ့လျော့မှုကြောင့်ဖြစ်စေ သစ်သားစ သို့မဟုတ် အိုးခြမ်းကွဲတစ်ခုခုကို မျိုမိ၍ လည်ချောင်းထဲ တစ်ဆို့နေလျှင် သင် ဘယ်လိုလုပ်မည်နည်း” ဟု မေးရာ —

အဘယမင်းသားက — “တပည့်တော် အမြန်ဆုံး ထုတ်ယူမည်သာ ဖြစ်ပါသည်။ သာမန်နှင့် မရလျှင် လက်ချောင်းကို ကွေး၍ သွေးသံရဲရဲနှင့်ပင် ဆွဲထုတ်တန် ဆွဲထုတ်ရပါမည်။ အဘယ်ကြောင့်ဆိုသော် တပည့်တော် သားအပေါ်မှာ ချစ်သောကြောင့် ဖြစ်ပါသည်။” ဟု ပြန်ကြားလျှောက်ထား၏။

ဘုရားရှင်က — “မင်းသား... ထို့အတူ ဘုရားရှင်မည်သည် မှန်လည်းမှန်၊ အကျိုးလည်းရှိလျှင် သူတစ်ပါးတို့ မနှစ်သက်သော စကားပင် ဖြစ်စေကာမူ ပြောသင့်သော အခွင့်အရေး ကြုံလာသောအခါ သတ္တဝါများကို ချစ်မြတ်နိုးသောကြောင့် မိန့်ကြားတော်မူရသည်။” ဟု မိန့်ကြားတော်မူပါသည် (မ၊ ၂၊ ၅၇)။

အချုပ်သဘောအားဖြင့်ကား ဘုရားရှင်၏ စကားတော်ဖြစ်လျှင် နာလိုသည်ဖြစ်စေ၊ မနာလိုသည်ဖြစ်စေ မှန်ကန်၍ အကျိုးရှိစေသော စကားချည်းသာ ဖြစ်ကြောင်း ယုံကြည်လေးစား၍ ကြည်ညိုသဒ္ဓါ ပွားသင့်ကြပါသည်။

(ခ) သုဂတ = (သု + ဂတ။ သု = ကောင်းသော နိဗ္ဗာန်သို့ + ဂတ = ကြွတော်မူသော မြတ်စွာဘုရား။)

နိဗ္ဗာန်သို့ ကြွတော်မူရာတွင် ဘုရားရှင်မှတစ်ပါး အခြားသာဝကများလည်း နိဗ္ဗာန်သို့ ရောက်ကြ၏။ သို့ရာတွင် အရောက်ချင်းကား မတူပါ။ ဘုရားရှင်၏ ရောက်ခြင်းက ပို၍ ပေါ်လွင်ထင်ရှား၏။

စာမျက်နှာ-80


ထင်ရှားပုံမှာ — ဘုရားရှင်သည် နိဗ္ဗာန်သို့ သွားရာလမ်းကို ရှေးဦးစွာတွေ့၍ ထိုလမ်းဖြင့် နိဗ္ဗာန်သို့ အဦးဆုံး ရောက်တော်မူ၏။ ထို့နောက်မှ ဘုရားရှင်၏ လမ်းပြမှုဖြင့် သာဝကများစွာ နိဗ္ဗာန်သို့ ရောက်ကြရသည်။ နိဗ္ဗာန်သို့ အဦးဆုံးရောက်သူအဖြစ်ဖြင့်လည်းကောင်း၊ နိဗ္ဗာန်သို့ ရောက်အောင် ရှေ့ဆောင်လမ်းပြ ပို့ဆောင်သူအဖြစ်ဖြင့်လည်းကောင်း ဘုရားရှင်၏ နိဗ္ဗာန်ရောက်ခြင်းက ပေါ်လွင်ထင်ရှားလျက် ရှိပါသည်။

ထို့ပြင် နိဗ္ဗာန်ရောက်ခြင်း တူသော်လည်း နိဗ္ဗာန်ရောက်ပြီးနောက် ရအပ်သော (သဗ္ဗညုတဉာဏ်၊ မဟာကရုဏာ စသော) ဂုဏ်အရာများကလည်း လွန်စွာ ကွာခြားလှပါသည်။ ပစ္စည်းဥစ္စာအရှိချင်း တူသော်လည်း တော်ရုံသာမည ပစ္စည်းဥစ္စာရှိရုံမျှဖြင့် “သူဌေး” ဘွဲ့ မရနိုင်သကဲ့သို့ တစ်စိတ်တစ်ဒေသ ဂုဏ်တူရုံမျှဖြင့် အတုမဲ့ဂုဏ်ရှင် ဘုရားသခင်၏ ဂုဏ်အင်ကိုလည်း သာဝကများ ပန်ဆင်နိုင်ဖွယ်မရှိပါ။ “သုဂတ” ဟူသော ဂုဏ်တော်သည် ဘုရားရှင်နှင့်သာ ထိုက်တန်၍ ဘုရားရှင်အားသာ “သုဂတ” (ကောင်းသော နိဗ္ဗာန်သို့ ကြွတော်မူသော) ဂုဏ်တော်ရှင် ဘုရားသခင်ဟု အများတကာက ချီးကျူးထုတ်ဖော် ပူဇော်ခဲ့ကြခြင်း ဖြစ်ပါသည်။

(ဂ) သုဂတ = (သု + အာဂတ။ သု = ကောင်းစွာ + အာဂတ = လာတော်မူသော မြတ်စွာဘုရား။)

ဘုရားရှင်သည် ဘုရားဆုပန်တော်မူရာ “ဒီပင်္ကရာ” မြတ်စွာဘုရား၏ ခြေတော်ရင်းမှစ၍ ဘုရားမြတ်အဖြစ်သို့ ရောက်တော်မူသည့် တိုင်အောင် သတ္တဝါများ၏ စီးပွားချမ်းသာအလို့ငှာ “ဒါန၊ သီလ” စသော ပါရမီများကို အစုံအညီ ဖြည့်ကျင့်တော်မူခဲ့ပါသည်။ ယင်းသို့ ပါရမီများကို ဖြည့်ကျင့်တော်မူစဉ်အခါ၌လည်း မိုက်မှားသော “ဒိဋ္ဌိ” အယူဆိုးကြီးများကို ကိုယ်တော်၏ စိတ်သန္တာန်၌ တစ်ဆံချည်ကလေးမျှ မကပ်ငြိရအောင် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဘဝဆက်တိုင်း လွန်ကဲသော သတိ၊ ပညာတို့ကို အမြဲလက်ကိုင်ထားကာ ပယ်ရှားတော်မူလျက် “မဇ္ဈိမပဋိပဒါ” ခေါ် ကောင်းမြတ်ဖြောင့်တန်း မဂ္ဂင်လမ်းဖြင့် နိဗ္ဗာန်သို့ အရောက်လှမ်းလျက် သဗ္ဗညုတဉာဏ်တော်သခင် ဘုရားရှင်အဖြစ်သို့ ရောက်တော်မူခဲ့ခြင်း ဖြစ်ပါသည်။

ဘဝသံသရာကြီးကား ရှည်လျားလွန်းလှ၏။ ဘေးရန်တွေ ထူပြောသလောက် လမ်းကောက် လမ်းမှားတို့လည်း ပေါများလှ၏။ လွန်စွာ ကူးမြောက်နိုင်ခဲသော မဟာကန္တာရကြီးပင်တည်း။ ယင်းဘဝကန္တာရကြီးကို ကူးမြောက်ကြရာတွင် —


စာမျက်နှာ-81


သာမန်ပုဂ္ဂိုလ်များအဖို့ လိုရာစခန်း တစ်ဖက်ကမ်းသို့ ဖြောင့်ဖြောင့်တန်းတန်း ရောက်ခဲလှသည်။ “သဿတဒိဋ္ဌိ” စွန်း၊ “ဥစ္ဆေဒဒိဋ္ဌိ” စွန်းတို့သို့ ကပ်ရောက်ကာ လမ်းကောက် လမ်းမှားသို့သာ အရောက်များတတ်ကြပါသည်။ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကို မဆိုထားဘိ တစ်ကမ္ဘာအတွင်းမှာပင် လမ်းမှားလမ်းလွဲ၍ ချောက်ထဲကျကာ စုံးစုံးမြုပ်ခဲ့ရသော ဘဝပေါင်းမှာ မနည်းလှပေ။ ဘုရားရှင်ကား ယင်းသို့မဟုတ်။ နိယတဗျာဒိတ်ပန်း ဆင်မြန်းရသည့် အချိန်မှစ၍ သဗ္ဗညုတပန်းတိုင်ကြီးကို မျက်ခြည်ပြတ်မခံဘဲ အမြဲတမ်း ဦးတည်မျှော်မှန်း၍ “ကောင်းမြတ် ဖြောင့်တန်း မဂ္ဂင်လမ်း” ဖြင့် လျှောက်လှမ်းလာခဲ့ရာ လမ်းမှားလမ်းလွဲမရောက် အစဉ်လမ်းဖြောင့်ခဲ့၏။ နောက်ဆုံး၌ ရည်မှန်းချက် အထမြောက်ကာ သဗ္ဗညုတဉာဏ်ရှင် ဘုရားသခင်အဖြစ်သို့ ရောက်တော်မူခဲ့ပါသည်။ ထို့ကြောင့် ဘုရားရှင်သည် လိုရာစခန်း နိဗ္ဗာန်နန်းသို့ မှန်းသလောက်ပေါက်၍ ဖြောင့်ဖြောင့်တန်းတန်း ဝင်ရောက်နိုင်ရကား “ကောင်းစွာ ကြွချီဆိုက်ရောက်တော်မူခြင်း” တည်းဟူသော “သုဂတ” ဂုဏ်တော်ကြီးကို အခြားသူတို့မရဘဲ ဘုရားရှင်သာ ရတော်မူခဲ့ခြင်း ဖြစ်ပါသည်။

[သွားရောက်ခြင်းသည် နှစ်မျိုးရှိ၏။ နှစ်မျိုးကား- (၁) ဉာဏဂတိ (ဉာဏ်ဖြင့် သွားခြင်း) နှင့် (၂) ကာယဂတိ (ကိုယ်ဖြင့် သွားခြင်း) တည်း။ ထိုတွင် နိဗ္ဗာန်သို့ သွားရောက်ခြင်းအရ အရိယာမဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ထင်ထင် အာရုံပြုခြင်း “ဉာဏဂတိ” ကို ယူအပ်၏။ ဝိသုဒ္ဓိမဂ်မဟာဋီကာ၌ကား ကိုယ်တော်၏ သွားပုံ (ကာယဂတိ) ကိုလည်း ပုံဖော်ဖွင့်ပြထားပါသေးသည်။]

ဗုဒ္ဓ၏ လမ်းစဉ်တော်

ဗုဒ္ဓ၏လမ်းစဉ်တော်ဟူသည် “မဇ္ဈိမပဋိပဒါ” ခေါ် အလယ်အလတ်ကျင့်စဉ် ဖြစ်၏။ အစွန်းနှစ်ဘက်မှ လွတ်မြောက်သော မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တည်း။ အစွန်းနှစ်ဘက်မှ လွတ်ခြင်းကား...

(က) (၁) ချမ်းသာသုခကို မရမနေ တမ်းတမ်းစွဲ ရှာယူရေး အရပ်သားတို့ကျင့်စဉ်ဖြစ်သော “ကာမသုခလ္လိကာနုယောဂ” ကျင့်စဉ်အစွန်းနှင့် (၂) ခန္ဓာကိုယ်ကို ညှဉ်းပန်းသည့် စွန့်လွှတ်ရေးတရား အားထုတ်သူတို့၏ ကျင့်စဉ်ဖြစ်သော “အတ္တကိလမထာနုယောဂ” ကျင့်စဉ်အစွန်းတည်းဟူသော အကျင့်ပဋိပတ်အမှား အစွန်းနှစ်ပါးမှ လွတ်ခြင်း။

စာမျက်နှာ-82


(ခ) (၁) ရုပ်နာမ်တို့၏ မိနစ်မလပ် စက္ကန့်မလပ် မြစ်ရေအလျဉ်ပမာ ပြောင်းလဲပျက်စီးနေသော အပျက်သဘောကို မမြင်သည့်အတွက် “ဤဘဝ ဤသတ္တဝါ ဤခန္ဓာသည် ဘဝအနေဖြင့် မြွေအရေလဲသကဲ့သို့ တစ်ဘဝပြီး တစ်ဘဝ ပြောင်းလဲနေသော်လည်း အနှစ်သာရအနေဖြင့် မပြောင်းမလဲ အမြဲတည်မြဲနေသည်” ဟု ယူမှားသော “သဿတဒိဋ္ဌိ” ဝါဒစွန်းနှင့် (၂) ရုပ်နာမ်တို့၏ ကြောင်းကျိုးဆက်စပ်မပြတ် ဖြစ်နေခြင်းကို မမြင်သည့်အတွက် “ဤဘဝ ဤသတ္တဝါ ဤခန္ဓာအစဉ်သည် ဤဘဝဆုံးလျှင် ပြတ်၏။ နောက်ဘဝ နောက်သတ္တဝါ နောက်ခန္ဓာအစဉ်သည် အသစ်ဖြစ်ပြန်၏။ ဘဝဟူသည် ပုခက်နှင့် သင်္ချိုင်းကုန်းအကြားသာ ဖြစ်၏” ဟု ယူမှားသော “ဥစ္ဆေဒဒိဋ္ဌိ” ဝါဒစွန်းတည်းဟူသော အယူဝါဒအမှား အစွန်းနှစ်ပါးမှ လွတ်ခြင်း။

(ဂ) (၁) လောဘ (အချစ်) သဘာဝအစွန်းနှင့် (၂) ဒေါသ (အမုန်း) သဘာဝအစွန်းဟူသော ဓမ္မသဘာဝအဆိုးတရား အစွန်းနှစ်ပါးမှ လွတ်ခြင်းတို့ ဖြစ်၏။

ဘုရားရှင်သည် လွဲမှားသော အကျင့်တရားအစွန်းများ၊ မိုက်မှားသော အယူဝါဒအစွန်းများ၊ ဆိုးသွမ်းသော ဓမ္မသဘာဝအစွန်းများကို မိမိသန္တာန်၌ တစ်ဆံချည်ကလေးမျှ မကပ်ငြိရအောင် ကြီးစွာသော သတိ၊ ဝီရိယ၊ ပညာတရားတို့ဖြင့် ပယ်ရှားတော်မူလျက် “မဇ္ဈိမပဋိပဒါ” ခေါ် ကောင်းမြတ်ဖြောင့်တန်း အလယ်အလတ် မဂ္ဂင်လမ်းဖြင့် နိဗ္ဗာန်နန်းသို့ အရောက်လှမ်းတော်မူခဲ့ပါသည်။

[မဂ္ဂင်ရှစ်ပါးကို ဗုဒ္ဓဂုဏ်တော်၌ တွေ့ရလတ္တံ့။]

သုဂတဂုဏ်တော်ကို အာရုံပြုကာ မနှောင့်ယှက်ဘဲ အမြဲကူညီပါ

“သီလ” တရားဖြင့် မည်သူ့ကိုမျှ နှောင့်ယှက်ခြင်းမပြုဘဲ “ဒါန” တရားဖြင့် မည်သူ့ကိုမဆို အမြဲတမ်း အကူအညီပေးလေ့ရှိသည်မှာ ဘုရားရှင်တို့၏ အကျင့်ပါရမီတော် လမ်းစဉ်ဖြစ်၏။ ဘုရားရှင်သည် ဤအကျင့်ပါရမီတော်လမ်းစဉ်ဖြင့် သုမေဓာရသေ့ဘဝမှစ၍ နိဗ္ဗာန်ရသည့်ဘဝအထိ ဘဝဆက်တိုင်း မိမိ၏အကျင့်တရားကို အနည်းငယ်မျှ ဆုတ်ယုတ်ပျက်စီးခြင်း မရှိအောင်

စာမျက်နှာ-83


ကောင်းစွာ ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့သည်ဖြစ်ရာ တကယ်ပင် ကောင်းစွာကျင့်၊ ကောင်းစွာကြံ၊ ကောင်းစွာပြော၍ ကောင်းစွာလာသူ “သုဂတ” အမှန်ဖြစ်ပါသည်။

ယင်းသို့ ပြုမူပြောဆိုကြံစည်၍ လာခဲ့ရာတွင် ဘုရားရှင်သည် ကိုယ်ကျိုးကိုယ်စီးပွားကို လုံးဝရှေးရှုခြင်းမရှိဘဲ ကိုယ်ကျိုးကိုယ်စီးပွားကို စွန့်၍ သူတစ်ပါးတို့၏ အကျိုးစီးပွားကိုသာ ရှေးရှုတော်မူပါသည်။ နောက်ဆုံး အသက်ပေါင်းများစွာ၊ စည်းစိမ်ဥစ္စာပေါင်းများစွာ မရေမတွက်နိုင်အောင် ပေးစွန့်၍ ဘုရားအဖြစ်သို့ ရောက်ကာ သဗ္ဗညုတဉာဏ်တော်ကြီးကို ရယူခဲ့ခြင်းမှာလည်း မိမိ၏ကိုယ်ကျိုးကိုယ်စီးပွားမပါ သူတစ်ပါး (သတ္တဝါအားလုံး) အကျိုးစီးပွားအတွက် သက်သက်သာ ဖြစ်ပါသည်။ ဘုရားရှင်၏ အကျင့်ပါရမီတော်လမ်းစဉ်ကား အံ့ဖွယ်သရဲ ရှိလှ၏။

၅။ လောကဝိဒူဂုဏ်တော်

လောကဝိဒူ = (လောက + ဝိဒူ။ လောက = လောကအားလုံးကို + ဝိဒူ = (အကုန်အစင်) သိမြင်တော်မူသော မြတ်စွာဘုရား။)

ကုန်း၌နေသော သတ္တဝါ၊ ရေ၌နေသော သတ္တဝါ၊ ကောင်းကင်၌နေသော သတ္တဝါတို့ကို “သတ္တလောက” ဟု ခေါ်၏။ ဘုရားရှင်သည် ထိုသတ္တလောက၏ ဖြစ်ပုံပျက်ပုံ မျိုးဇာတိအစုံကိုလည်း သိတော်မူသည်။ သတ္တဝါတစ်ယောက်၏ ကိုယ်တွင်း၌ ယခုလက်ငင်း ဖြစ်နေသော စိတ်ကောင်းစိတ်ဆိုး အမျိုးမျိုးကိုလည်း သိတော်မူသည်။

သတ္တဝါတို့၏ တည်ရာဌာန ကမ္ဘာလောကကြီးကို “ဩကာသလောက” ဟု ခေါ်၏။ ဘုရားရှင်သည် ဤဩကာသလောက၏ ဖြစ်ပုံ၊ ပျက်ပုံ၊ တည်နေပုံအစုံကိုလည်း အကုန်သိတော်မူသည်။

“သတ္တဝါ” ဟု ခေါ်ဆိုရသော သက်ရှိအရာဝတ္ထုသည်လည်းကောင်း၊ “ဩကာသ” ဟု ခေါ်ဆိုရသော သက်မဲ့တည်ရာဌာနသည်လည်းကောင်း စင်စစ်အားဖြင့် အကြောင်းအကျိုးဆက်၍ ဖြစ်ပျက်နေသော ရုပ်နာမ်အစုသာ ဖြစ်၏။ ထိုရုပ်နာမ်အစုကို “သင်္ခါရလောက” ဟု ခေါ်၏။ ထိုသင်္ခါရလောက၏ အကြောင်းတရားနှင့် အကျိုးတရားတို့ ဆက်သွယ်နေပုံကိုလည်း စုံစုံလင်လင် သိမြင်တော်မူ၏။ ထိုလောကသုံးပုံ အလုံးစုံကို အကုန်အစင် သိမြင်တော်မူသောကြောင့် ဘုရားရှင်သည် “လောကဝိဒူ” ဂုဏ်တော်အားဖြင့် ထင်ရှားတော်မူပါသည်။

စာမျက်နှာ-84


[လောကသုံးပါးတွင် “သင်္ခါရလောက” တစ်ခုတည်းသာ ပရမတ်အနေဖြင့် တကယ်ရှိ အဟုတ်ရှိသည်။ ကျန် “သတ္တလောက” နှင့် “ဩကာသလောက” နှစ်ခုကား ပရမတ်အနေဖြင့် တကယ်မရှိ အဟုတ်မရှိ၊ ခေါ်ဝေါ်သမုတ်ရုံမျှသာ ရှိသည်။]

သတ္တလောကကို သိတော်မူခြင်း

ဘုရားရှင်သည် သတ္တလောကကို သိရာ၌ သတ္တဝါအမျိုးမျိုးကို အမျိုးမျိုးအဖုံဖုံ စုံအောင် သိတော်မူ၏။ ခြတောင်ပို့တစ်ခု၌ ခြသတ္တဝါပေါင်းမည်မျှ၊ ပုရွက်တွင်း တစ်တွင်း၌ ပုရွက်သတ္တဝါပေါင်းမည်မျှ၊ ငါးဥတစ်ခု၌ ငါးသတ္တဝါပေါင်းမည်မျှ၊ လူ နတ် ဗြဟ္မာ သတ္တဝါပေါင်းမည်မျှ၊ ငရဲသတ္တဝါပေါင်းမည်မျှ၊ ပြိတ္တာသတ္တဝါပေါင်းမည်မျှ ရှိသည်စသည်တို့ကို သိရှိရုံမျှမက သတ္တဝါတစ်ဦးစီ၏ လက်ရှိဘဝအခြေအနေ၊ ရှေ့ဖြစ်နောက်ဖြစ် ဘဝအခြေအနေတို့ကိုပါ အကန့်အသတ်မရှိ ကောင်းစွာ သိတော်မူ၏။ သို့ရာတွင် ဤအသိမျိုးကား တခြားတန်ခိုးကြီးသော နတ်၊ ဗြဟ္မာ၊ ရသေ့၊ ရဟန်းများလည်း (အကန့်အသတ်မရှိ မသိစေကာမူ) အကန့်အသတ်ဖြင့် သိတန်သလောက် သိနိုင်ကြ၍ ထူးဆန်းလှသော အသိမဟုတ်သေးဟု ဆိုသော် ဆိုနိုင်ရာ၏။

မည်သူတစ်ဦးတစ်ယောက်မျှ လိုက်မမီသော ဘုရားရှင်၏ သူမတူသော အသိတော်ကား “သတ္တဝါတို့၏ အတွင်းဓာတ်ခံ သတ္တိအမျိုးမျိုးကို ခွဲခြားသိနိုင်ခြင်း” ပင် ဖြစ်၏။ ဘုရားရှင်သည် သတ္တဝါတစ်ဦးတစ်ယောက်ကို သိရာ၌ “ဤသူသည် စရိုက်အမျိုးမျိုးတွင် မည်သည့်စရိုက်က လွန်ကဲနေ၏။ အနုသယအမျိုးမျိုးတွင် မည်သည့်အနုသယက ထက်သန်နေ၏။ ပင်ကိုဆန္ဒ ညံ့ဖျင်း၏ သို့မဟုတ် ထက်သန်၏။ သဒ္ဓါစသော ဣန္ဒြေငါးပါးတွင် မည်သည့်ဣန္ဒြေက ထက်မြက်၍ မည်သည့်ဣန္ဒြေက ညံ့၏” စသည်ဖြင့် အတွင်းဝင်ကြည့်၍ အတိအကျမြင်ရသူပမာ သေချာစွာ ခွဲခြား၍ ကွဲကွဲပြားပြား သိတော်မူပါသည်။ ယင်းသို့ ဥပါဒ်အနေဖြင့် ဖြစ်ပေါ်မလာသေးဘဲ ဓာတ်သတ္တိအဖြစ်ဖြင့်သာ အတွင်း၌ တည်ရှိနေသော သဘောများကိုပါ သိနိုင်ခြင်းကား သဗ္ဗညုတဉာဏသခင် ဘုရားရှင်တို့၏ အရာသာ ဖြစ်ပါသည်။

သတ္တဝါတို့၏ ဣန္ဒြေရင့်နု အတွင်းဓာတ်ခံသိမှုမှာ ဘုရားရှင်တို့၏ အရာသာ ဖြစ်၏၊ သာဝကတို့၏ အရာမဟုတ်။ အရှင်သာရိပုတ္တရာကဲ့သို့ ပညာရှင်ထိပ်သီး မထေရ်မြတ်ကြီးသော်မှပင် တရားအပေးလွဲခဲ့ရသည်မှာ အတွင်းဓာတ်ခံမသိမှု၏ ထင်ရှားသော သာဓကဖြစ်ပါသည်။ —

စာမျက်နှာ-85


အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် မိမိတပည့် ရဟန်းငယ်တစ်ပါးကို “ငယ်ရွယ်သူတို့မှာ ရာဂအဖြစ်များတတ်သည်” ဟု ယူဆ၍ ရာဂပျောက်အောင် အသုဘကမ္မဋ္ဌာန်း ပေးခဲ့ရာ နိမိတ်မျှပင်မထင် ခရီးမတွင် ဖြစ်ခဲ့၏။ ရဟန်းငယ်ကို ဘုရားရှင်ထံ ခေါ်သွားပြီး အကြောင်းကို လျှောက်ထားရာ ဘုရားရှင်က ထိုရဟန်း၏ ဓာတ်ခံကို ဆင်ခြင်တော်မူ၏။ ထိုအခါ အလှအပ ကြိုက်တတ်သော သဒ္ဓါထက်သန်သူ ဖြစ်နေသည်ကို တွေ့ရသည့်အတွက် အသုဘကမ္မဋ္ဌာန်းနှင့် မလျော်သည်ကို သိတော်မူ၏။ ဆက်လက်၍ ဆင်ခြင်ကြည့်ပြန်သော် ဘဝငါးရာတိုင်အောင် ရွှေပန်းထိမ်သည် ဖြစ်ခဲ့သည်ကို မြင်ရ၍ ပဒုမ္မာကြာပန်းအနီ ဖန်ဆင်းပေးအပ်ပြီး လောဟိတကမ္မဋ္ဌာန်း စီးဖြန်းစေသောအခါ မကြာမီ ဈာန်၊ မဂ်၊ ဖိုလ်ရကာ ရဟန္တာဖြစ်ခဲ့ရပါသည်။ (ဓမ္မပဒ၊ဋ္ဌ၊၂၊၂၆၆)။

ရဟန္တာအရှင်မြတ်ကြီး အရှင်မဟာပန္တကသည် လေးလကြာ ဂါထာတစ်ပုဒ်မျှ မရကောင်းလားဟု ညီတော် စူဠပန္တကအား နှင်လွှတ်ခဲ့သည်မှာ ဣန္ဒြေရင့်နု မသိမှု၏ ထင်ရှားသော သာဓကဖြစ်ပါသည်။ —

အရှင်မဟာပန္တကသည် ရဟန္တာအရှင်မြတ်ကြီး ဖြစ်၏။ ၎င်းသည် မိမိညီတော် “စူဠပန္တက” ကို လေးလကြာသည့်တိုင် ဂါထာလေးတစ်ပုဒ်မျှ မရကောင်းလားဟု နှင်လွှတ်ခဲ့၏။ ဘုရားရှင်နှင့်တွေ့၍ ကမ္မဋ္ဌာန်းပေးသောအခါ ၎င်းနှင်လွှတ်သည့်နေ့ နံနက်ခင်းမှာပင် ကမ္မဋ္ဌာန်းလမ်းဖြောင့်ကာ ပဋိသမ္ဘိဒါဉာဏ်၊ ဈာန်အဘိညာဉ်ရ ရဟန္တာအဖြစ်သို့ ရောက်ခဲ့ပါသည်။ (အံ၊ဋ္ဌ၊၁၊၁၆၈)။

ဖော်ပြပါ သာဓကများမှာ သတ္တဝါတို့၏ ဣန္ဒြေရင့်နု၊ အတွင်းဓာတ်ခံ သိမှုအရာတွင် ဘုရားရှင်တို့၏ သူမတူအောင် စွမ်းတော်မူခြင်း၌ ထင်ရှားသော သာဓကများပင် ဖြစ်ပါသည်။

ဩကာသလောကကို သိတော်မူခြင်း

ဘုရားရှင်သည် သက်ရှိသတ္တလောကကို ပိုင်းခြားကုန်စင် သိမြင်တော်မူသကဲ့သို့ သက်မဲ့ ဩကာသလောက (စကြဝဠာ၊ ဘုံဗိမာန်၊ တောတောင်စသည်) တို့ကိုလည်း ကြွင်းမဲ့ကုန်စင် သိမြင်တော်မူ၏။

စာမျက်နှာ-86


“စကြဝဠာ” ခေါ် “ကမ္ဘာလောကဓာတ်ကြီး” တစ်ခု တည်နေပုံမှာ မြေထု၊ ရေထု၊ လေထုသည် မဆုံးနိုင်သော ဟင်းလင်းအပြင် အာကာသခေါ် ကောင်းကင်ကြီးအတွင်း၌ တည်ရှိ၏။ ယင်းသို့ တည်ရှိနေသော မြေထု၏ အထက် ဗဟိုချက်မဝယ် သမုဒ္ဒရာအလယ်၌ မြင်းမိုရ်တောင်ကြီး တည်ရှိပြီးနောက် မြင်းမိုရ်တောင်ကြီးကို “သီဒါ” ခေါ် မြစ်ကြီးတစ်ခုစီ ခြားကာ ခြားကာ တောင်စဉ်ခုနစ်ထပ် ရံပတ်၍ တည်နေ၏။ ထိုကို “သီဒါခုနစ်တန် သတ္တရဗ္ဘန် တောင်စဉ်ခုနစ်ထပ်” ဟု ပြောစမှတ်ပြုကြ၏။ ထိုမြင်းမိုရ်တောင်ကြီးနှင့် တောင်စဉ်ခုနစ်ထပ်တို့၏ လေးမျက်နှာအရပ်ရှိ ရေလယ်ခေါင်၌ ကျွန်းသေးကျွန်းငယ် အသွယ်သွယ် ခြံရံလျက် ကျွန်းကြီးလေးကျွန်း ပေါ်ထွန်းလျက်ရှိ၏။ မြင်းမိုရ်တောင်၏ အရှေ့ဘက်၌ ပေါ်ထွန်းသော ကျွန်းမြေကို အရှေ့ကျွန်း (=ပုဗ္ဗဝိဒေဟ)၊ တောင်ဘက်၌ ပေါ်ထွန်းသော ကျွန်းမြေကို တောင်ကျွန်း (=ဇမ္ဗူဒီပ)၊ မြောက်ဘက်၌ ပေါ်ထွန်းသော ကျွန်းမြေကို မြောက်ကျွန်း (=ဥတ္တရကုရု)၊ အနောက်ဘက်၌ ပေါ်ထွန်းသော ကျွန်းမြေကို အနောက်ကျွန်း (=အပရဂေါယာန) ဟု အသီးသီး ခေါ်ဝေါ်ကြသည်။

[ယခုခေတ် မျက်မြင်အားဖြင့် ယခု လူအမျိုးမျိုး နေထိုင်ရာမှာ တောင်ကျွန်းသာတည်း။ အနောက်ကျွန်း၊ အရှေ့ကျွန်း၊ မြောက်ကျွန်းတို့အား လူများမရောက်၊ မမြင်ရဟု ဆိုသည်။]

ထိုစကြဝဠာ ကမ္ဘာလောကဓာတ်ကြီးတစ်ခု၌ သတ္တဝါအမျိုးမျိုးတို့၏ တည်နေရာ ဘုံဌာနပေါင်း သုံးဆယ့်တစ်ဘုံ တည်ရှိ၏။ မြေအပြင်ဝယ် လူတို့နေထိုင်ရာဘုံနှင့် ဆက်စပ်လျက် တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ၊ အသူရကာယ်ဘုံ ဟူ၍ အပါယ်သုံးဘုံရှိ၏။ မြေအောက်အတွင်း၌ ငရဲငယ်များ ရံလျက် ငရဲကြီးရှစ်ထပ်ရှိ၏။

မြင်းမိုရ်တောင်၏ ထက်ဝက်လောက်အရပ်၌ စတုမဟာရာဇ်နတ်ဘုံ၊ မြင်းမိုရ်တောင်ထိပ်၌ တာဝတိံသာနတ်ဘုံ ရှိ၏။ (ဤနတ်ဘုံနှစ်မျိုးသည် မြေနှင့် ဆက်စပ်လျက်ရှိသည်။) တာဝတိံသာနတ်ဘုံမှ အထက်၌ကား ယာမာနတ်ဘုံ၊ တုသိတာနတ်ဘုံ၊ နိမ္မာနရတိနတ်ဘုံ၊ ပရနိမ္မိတဝသဝတ္တီနတ်ဘုံ လေးထပ်နှင့် ဗြဟ္မာဘုံ နှစ်ဆယ်တို့သည် မြေထုနှင့် မဆက်စပ်ဘဲ ကောင်းကင်အရပ်မှာပင် တည်နေကြကုန်၏။ ဤသုံးဆယ့်တစ်ဘုံ တည်နေရာ ကမ္ဘာလောကဓာတ်ကြီးတစ်ခုကို “စကြဝဠာ” တစ်ခုဟု ဆိုရာ ဆက်ကာဆက်ကာ တည်လျက်...

စာမျက်နှာ-87


ရှိသော ထိုသို့သော စကြဝဠာပေါင်းမှာ အနန္တ၊ အပရိမာဏဖြစ်၍ အဆုံးမရှိ မရေတွက်နိုင်အောင် များလှပေသည်။ ဤသို့ဤပုံ စကြဝဠာအနန္တရှိပုံ၊ အဆုံးမရှိ များပြားပုံသဘောကို ဗုဒ္ဓစာပေကသာ ပြောသည်မဟုတ်၊ ယခုခေတ် သိပ္ပံပညာကလည်း လက်ခံပြောဆိုလာကြပြီဖြစ်၍ ယုံမှားမရှိသင့်ကြပါ။

ဘုရားရှင်ကား — ဆိုအပ်ခဲ့ပြီးသော စကြဝဠာ ကမ္ဘာလောကဓာတ်ကြီးတွေကို လိုက်ကြည့်နေရသည်မဟုတ်၊ ထိုင်ရာမထ အလိုရှိသလို အလိုရှိသလောက် သိနေ မြင်နေရ၏။ တချို့တန်ခိုးကြီးသော နတ်၊ ဗြဟ္မာ၊ ရသေ့၊ ရဟန်းများ တစ်စိတ်တစ်ဒေသ အကန့်အသတ်ဖြင့် သိမြင်ကြသလို သိမြင်ခြင်းမျိုးမဟုတ်၊ အကန့်အသတ်မထား အပိုင်းအခြားမရှိ ဝေဖန်စိတ်ဖြာ၍ အသေးစိတ် သိမြင်တော်မူခြင်း ဖြစ်ပါသည်။ အဆုံးအစမရှိ သိမြင်သော အနန္တဉာဏ်တော်ရှင်ဖြစ်၍ ကြွင်းမဲ့ကုန်စင် အဆုံးအစမရှိ သိမြင်တော်မူခြင်းပင် ဖြစ်ပါသည်။

[အဆုံးအစမရှိ စကြဝဠာအနန္တဖြစ်၍ များသော်လည်း စကြဝဠာတိုင်း၌ ဘုရားမဖြစ်၊ ဤစကြဝဠာတစ်ခုတည်း၌သာ ဖြစ်၏။ ဤစကြဝဠာတွင်လည်း လူ့ဘုံ၌သာ၊ လူ့ဘုံတွင်လည်း တောင်ကျွန်း မဇ္ဈိမဒေသ၌သာ ဖြစ်၏။ ဖြစ်ပြန်သော်လည်း နှစ်ဆူမဖြစ်၊ တစ်ဆူတည်းသာ ထူးခြားစွာ ဖြစ်ထွန်းတော်မူ၏။ လွန်စွာ ရခဲလေစွတကား။]

သင်္ခါရလောကကို သိတော်မူခြင်း

သတ္တလောကနှင့် ဩကာသလောက (ပညတ်) ကို သိကြသည်ဆိုသော တန်ခိုးကြီးပုဂ္ဂိုလ်များပင် သင်္ခါရလောက (ပရမတ်) ကို သိရှိရန်ကား အစွမ်းမရှိကြပါ။ ဘုရားရှင်၏ သာသနာတော်၌ ဘုရားရှင်၏ အဆုံးအမကို နာခံ၍ ကျင့်ကြံခွင့်ရသဖြင့် ဝိပဿနာဉာဏ် ထက်သန်လျက် ရှိကြသော ယောဂီအရိယာ ပုဂ္ဂိုလ်များသည် ဝိပဿနာရှုခိုက်၌ ရုပ်နာမ်တို့ကို သိကြ၏။ သို့သော် အလွန်လျင်မြန်စွာ ဖြစ်ပျက်လျက်ရှိသော ရုပ်နာမ်တို့ကိုကား မလွှတ်တမ်း တစ်ခုစီတစ်ခုစီ အကုန်သိမြင်ကြရသည်မဟုတ်ပါ၊ ထင်ပေါ်လာရာ ရုပ်နာမ်များကိုသာ သိမြင်ကြခြင်းဖြစ်၏။ ယင်းသို့ သိမြင်သော ရုပ်နာမ်များ၌လည်း အသေးစိတ် သိကြသည်မဟုတ်ပါ။

စာမျက်နှာ-88


ပစ္စေကဗုဒ္ဓါ အရှင်မြတ်များပင် ရုပ်နာမ်ကို သိရာ၌ တစ်စိတ်တစ်ဒေသကိုသာ သိတော်မူကြ၏။ ယင်းသို့ သိရာ၌လည်း ကိုယ့်သန္တာန်၌ရှိသော တရားစုကိုသာ သိတန်သလောက်သိကြ၍ သူတစ်ပါးသန္တာန်၌ ရှိသော ရုပ်နာမ်နှင့် အပြင် ဗဟိဒ္ဓ တော၊ တောင် စသည်တို့၌ ရှိသော ရုပ်ဓာတ်တရားစုတို့ကိုကား မသိမမြင်နိုင်ကြပါ။

ယခုခေတ် လောကဓာတ်ဆရာတို့သည် သူတို့၏ မှန်ပြောင်းများဖြင့် အသေးအမွှားဆုံး ရုပ်မှုန့်ကလာပ်များကို မြင်နိုင်ကြ၏။ သို့သော်လည်း ရုပ်ကလာပ်တစ်ခုတည်းကို မြင်ရသည်မဟုတ်၊ ရုပ်ကလာပ်မှုန့်ကလေးတွေ အတော်များများ ပေါင်းစပ်နေသည်ကိုသာ မြင်ကြခြင်းဖြစ်၏။ ရုပ်ကလာပ် တစ်ခုတစ်ခု၌ “ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ ဩဇာ” ဤရုပ်ရှစ်ခု စုပေါင်းနေကြောင်း သိဖို့ကား လောကဓာတ်ပညာနှင့် လောကဓာတ်ဆရာတို့၏ အရာမဟုတ်နိုင်တော့ပါ။ ထို့ပြင် ရုပ်ကလာပ်တွေ စုပေါင်းနေသဖြင့် “သတ္တဝါ” ဟု ခေါ်သော ဤခန္ဓာကိုယ်အတွင်း၌ စိတ်၊ စေတသိက်ဟူသော နာမ်တရားတွေ ရှိသေး၏။ ထိုနာမ်တရား၏ အစွမ်းကြောင့် အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့နှင့် သိဖွယ်ဟူသမျှကို သိမြင်ကြရပေသည်။ ထိုနာမ်တရား၏ အကြောင်းကိုကား လောကဓာတ်ပညာရှိတို့ ထိမိအောင်သိဖို့ကို မဆိုထားဘိ “ဖဿ၊ ဝေဒနာ၊ သညာ” စသော နာမည်မျှကိုပင် မသိမြင်နိုင်ကြပါ။

ဘုရားရှင်ကား — အသေးအမွှား ရုပ်ကလေးများအပြင် ထိုရုပ်ကလေးများ ဖြစ်ပေါ်လာဖို့ အကြောင်းနှင့်တကွ လက္ခဏာ၊ ကိစ္စတို့ကိုပါ အကုန်အစင် သိမြင်တော်မူ၏။ ကလာပ်စည်းတစ်ခုစီက ရုပ်များကိုလည်း ခွဲခြားနိုင်၏။ နာမ်တရားများကို သိရာ၌လည်း ဖြစ်ပေါ်လာခြင်း၏ အကြောင်းနှင့်တကွ လက္ခဏာ၊ ကိစ္စတို့ကိုပါ အကုန်အစင် သိမြင်တော်မူ၏။ အလွန်လျင်မြန်စွာ ဖြစ်ပျက်နေသော ရုပ်နာမ်တရားတို့ကို တစ်ခုစီတစ်ခုစီ ခွဲခြား၍ ပြတ်ပြတ်သားသား သိနိုင်၏။ အကြောင်းအမျိုးမျိုး သတ္တိအဖုံဖုံ စုံအောင်ပင် သိတော်မူ၏။ မိမိ သူတစ်ပါး မရွေး၊ အတွင်းအပ သက်ရှိသက်မဲ့မရွေး အားလုံးသော လောကဓာတ် အမျိုးမျိုးကို ခွဲခြားဝေဖန်၍ အကြွင်းအကျန်မရှိ သိတော်မူနိုင်၏။

ထို့ကြောင့် သာမန်လူပညာရှိ၊ ရဟန်းပညာရှိတို့ကို မဆိုထားဘိ လောကကို သိပါသည်ဆိုသော တန်ခိုးကြီးသည့် နတ်မင်း၊ ဗြဟ္မာမင်းကြီးများကပင် ဘုရားရှင်ကို ဝိုင်းအုံ၍ လောကအားလုံးကို အကုန်အစင် သိမြင်သူ “လောကဝိဒူ” ဟု အားရလေးစားစွာ ဟစ်ကြွေးကြေညာ၍ ကြည်ညိုမြတ်နိုး ပူဇော်ခဲ့ကြပါသည်။

စာမျက်နှာ-89


အများမသိသော်လည်း ဘုရားသိသည်

လူတို့သည် ဆိတ်ကွယ်ရာ၌ဖြစ်စေ၊ မှောင်မိုက်သောအခါ၌ဖြစ်စေ မကောင်းမှု ဒုစရိုက်ကို ပြုလေ့ရှိကြ၏။ ယင်းသို့ ပြုခြင်းကား မိမိ၏ မကောင်းမှုဒုစရိုက်ကို မည်သူမျှ မသိမမြင်ဟု ယုံကြည်ယူဆ၍ ပြုကြခြင်းဖြစ်၏။ အမှန်စင်စစ်ကား လောက၌ မကောင်းမှုဒုစရိုက်ကို ပြုခြင်းအတွက် ဆိတ်ကွယ်ရာမည်သည်မရှိပါ။ မည်သည့်အရပ်၊ မည်သည့်အခါမျိုး၌ဖြစ်စေ မိမိတို့ပြုသမျှ မကောင်းမှုဒုစရိုက်ကို လူပင်မသိသော်လည်း တန်ခိုးကြီးသည့် နတ်၊ ဗြဟ္မာ၊ ရသေ့၊ ရဟန်းများ သိနေကြ၏။ ဘုရားရှင်သည်ကား — လောကနှင့် စပ်သမျှ တစ်စမကျန် စိတ်အကြံနှင့် အဆိုးဓာတ်ခံသဘာဝများကိုပါ ကျကျနန ပိုင်ပိုင်နိုင်နိုင် သိမြင်တော်မူလျက် ရှိပါသည်။

ယင်းသို့ မကောင်းမှုဒုစရိုက်ပြုခြင်းအတွက် တန်ခိုးကြီးသည့် နတ်၊ ဗြဟ္မာ၊ ရသေ့၊ ရဟန်းများနှင့် ဘုရားရှင်တို့ သိမြင်နေကြသည်ဖြစ်သောကြောင့် မည်သည့်အခါ၊ မည်သည့်နေရာမျိုး၌ဖြစ်စေ မကောင်းမှုဒုစရိုက်ကို ပြုလုပ်ခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။ လောကကြီးအကြောင်းကို အကောင်းဆုံး သိမြင်၍ လောကကြီးကို ထာဝရ (အသိဉာဏ်) အလင်းရောင် ပေးလျက်ရှိသော ဘုရားတည်းဟူသော နေမင်း လမင်းကြီးသည် (သာသနာ မကွယ်ပသေးသဖြင့်) ယနေ့တိုင် ထွန်းလင်းလျက်ပင် ရှိပါသည်။ မိမိတို့ပြုသမျှ မကောင်းမှုဒုစရိုက်ကို ဘုရားရှင်က လင်းလင်းကျင်းကျင်း သိမြင်နေပါသည်။

သို့အတွက် လူ့လောကတွင် လူမသိကာမျှဖြင့် ငါလုပ်သမျှ ဟုတ်လှပြီဟု အလင်းရောင်အောက်တွင် အမှောင်ဇာတ် မခင်းမိစေဘဲ ဘုရားရှင်၏ “လောကဝိဒူ” ဂုဏ်တော်ကို အာရုံပြုကြည်ညိုကာ “ငါ၏ မကောင်းမှုဒုစရိုက်ကို အများမသိသော်လည်း ဘုရားသိသည်” ဟု အမှန်မြင်ကာ လုံးဝမပြုလုပ်ဘဲ အရှက်အကြောက်တရား လက်ကိုင်ထား၍ ရှောင်ရှားသင့်ကြပါသည်။

၆။ အနုတ္တရောပုရိသဒမ္မသာရထိဂုဏ်တော်

အနုတ္တရောပုရိသဒမ္မသာရထိ = (အနုတ္တရော + ပုရိသဒမ္မ + သာရထိ။ ပုရိသဒမ္မ = ဆုံးမထိုက်သော သတ္တဝါများကို + သာရထိ = ဆုံးမမှု၌ + အနုတ္တရော = အတုမရှိ အသာဆုံး ဖြစ်တော်မူသော မြတ်စွာဘုရား။)

စာမျက်နှာ-90


ဘုရားရှင်သည် မယဉ်ကျေးသော သတ္တဝါတို့ကို ယဉ်ကျေးအောင် ဆုံးမရာ၌ တုတ်လက်နက်၊ ဓားလက်နက်၊ အမြောက်သေနတ်စသော လက်နက်များမပါ၊ တရားတော်သက်သက်ဖြင့်သာ လိမ္မာယဉ်ကျေးအောင် ဆုံးမတော်မူ၏။ ဆုံးမမှုနှင့် ပတ်သက်၍ တစ်လောကလုံး တစ်ကမ္ဘာလုံးဝယ် အသာဆုံး အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်၏။ တူသောသူဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိပါ။

ဆုံးမ၍ မရလျှင် သတ်ပစ်ခြင်း

သတ္တဝါတို့ကို ဆုံးမတော်မူရာ၌ ဘုရားရှင်ကိုယ်တိုင် မိန့်မြွက်တော်မူခဲ့သော ဆုံးမနည်း ၃-မျိုးနှင့် ဆုံးမ၍ မရလျှင် သတ်ပစ်ခြင်းအကြောင်းကို ကောင်းစွာ မှတ်သားသင့်ပါသည် —

တစ်ခါက “ကေသိ” မည်သော မြင်းဆရာတစ်ဦး ဘုရားရှင်ထံမှောက်သို့ ရောက်ရှိလာရာ —
ဘုရားရှင်က — “မြင်းတို့ကို မည်သို့ ဆုံးမသနည်း ကေသိ” ဟု မေးတော်မူ၏။

ထိုအခါ မြင်းဆရာ ကေသိ-က “တပည့်တော် အနုနည်းဖြင့်လည်း ဆုံးမပါသည်။ အကြမ်းနည်းဖြင့်လည်း ဆုံးမပါသည်။ အကြမ်းနည်း အနုနည်း နှစ်မျိုးစုံဖြင့်လည်း ဆုံးမပါသည်။ ဘယ်နည်းနှင့်မျှ ဆုံးမ၍ မရသောမြင်းကိုမူ သတ်ပစ်လိုက်ပါသည်။” ဟု ပြန်ကြားလျှောက်ထားပြီးလျှင် “အရှင်ဘုရားသည် သတ္တဝါတို့ကို ဘယ်နည်းဘယ်ပုံ ဆုံးမပါသနည်း” ဟု ပြန်လည်၍ မေးမြန်းလျှောက်ထား၏။

ဘုရားရှင်က — “ကေသိ.... ငါဘုရားလည်း သတ္တဝါတို့ကို အနုနည်း၊ အကြမ်းနည်း၊ အနုနှင့်အကြမ်း နည်းလမ်းသုံးမျိုးတို့ဖြင့်ပင် ဆုံးမ၏။ ဘယ်နည်းနှင့်မျှ ဆုံးမမရသော သတ္တဝါတို့ကိုမူ သတ်ပစ်လိုက်ရသည်” ဟု မိန့်တော်မူရာ —

မြင်းဆရာ ကေသိ-က “အရှင်ဘုရားမှာ ပါဏာတိပါတအမှုကို မပြုကောင်းသည် မဟုတ်ပါလော” ဟု လျှောက်၏။

ဘုရားရှင်က — “အေး မှန်ပေသည်၊ ငါ မဆုံးမ မကံမြစ်ဘဲ လက်လွှတ်လိုက်လျှင် ထိုသူမှာ သေသည်ပင် မည်တော့သည်” ဟု ပြန်ကြားမိန့်တော်မူပါသည်။ (အံ၊ ၁၊ ၄၂၇)။

စာမျက်နှာ-91


ဖော်ပြပါ ဆုံးမနည်းများနှင့်အညီပင် ဘုရားရှင်သည် သတ္တဝါတို့ကို ဆုံးမတော်မူရာ၌ မြှောက်သင့်သော သတ္တဝါတို့ကို (ကုသိုလ်အကျိုးပြ မြှောက်ပင့်၍) အနုနည်းအားဖြင့်လည်းကောင်း၊ ခြောက်သင့်သော သတ္တဝါတို့ကို (အကုသိုလ်အပြစ်ပြ ခြောက်လှန့်၍) အကြမ်းနည်းအားဖြင့်လည်းကောင်း၊ အနုနည်း အကြမ်းနည်း နှစ်မျိုးစုံအားဖြင့်လည်းကောင်း သင့်လျော်သလို ဆုံးမတော်မူ၏။ ဤ၌ မိုက်မဲလှသော ဆင်ကြမ်းကြီးကို တုတ်ဓားမပါ မေတ္တာသက်သက်ဖြင့် ယဉ်ကျေးအောင် ဆုံးမခဲ့ပုံ သာဓကတစ်ခုမှာ —

ဒေဝဒတ်၏ နည်းညွှန်ချက်အရ အဇာတသတ်မင်းက နာဠာဂိရိ ဆင်ကြီးကို အရက်မူးအောင် အလွန်အကျွံတိုက်ပြီးလျှင် တပည့်သံဃာများနှင့် ဆွမ်းခံကြွတော်မူလာသော ဘုရားရှင်နှင့် ရင်ဆိုင်လွှတ်လိုက်ရာ ဘုရားရှင်၏ မေတ္တာတော်စွမ်းအားကြောင့် ဆင်ကြီးမှာ ဘုရားခြေရင်း၌ ဒူးတုပ်လာ၏။ ထို့နောက် ဘုရားရှင်က တရားဟော ဆုံးမ၍ ဆင်ကြမ်းကြီးမှာ ဆင်လိမ္မာအဖြစ်သို့ ရောက်ရ၏။

ဤ၌ ချွန်း၊ ကြိမ်၊ တုတ်၊ ဓား အစားစားတို့ဖြင့် ဆုံးမ၍ပင် မရလောက်အောင် မိုက်မဲလှသော ဆင်ကြမ်းကြီးကို တုတ်မပါ ဓားမပါ ဘုရားရှင်၏ မေတ္တာဖြင့် လိမ္မာယဉ်ကျေးအောင် ဆုံးမတော်မူနိုင်ခြင်းကား အံ့ဖွယ်ရှိစွတကား။

ဘုရားရှင်သည် “သစ္စက၊ အမ္မဋ္ဌ” စသော ပညာရှိပြီး မာနကြီးသူ လူကြမ်းအချို့တို့ကို ဆုံးမတော်မူရာ၌ကား ခပ်ကြမ်းကြမ်းပင် ပြောဆိုနှိမ့်ချ ဆုံးမတော်မူရ၏။ ဝါဒချင်း ပြိုင်လာသောအခါ ၎င်းတို့၏ ဝါဒကို နိမ့်ကျအောင် နှိမ့်ချပြီးမှ သာယာညင်းပျောင်း တရားကြောင်းပြ၍ ဆုံးမရ၏။ ထို့ပြင် “ဗကဗြဟ္မာ” စသော တန်ခိုးကြီးမားသည့် နတ်ဗြဟ္မာကြမ်းအချို့တို့ကို ဆုံးမတော်မူရာ၌လည်း တန်ခိုးချင်းပြိုင်ကာ အနိုင်ရယူပြီး အနုနည်းဖြင့် ဆုံးမတော်မူခဲ့ရပါသည်။

တုဖက်ကင်းအောင် ဆုံးမတော်မူနိုင်ခြင်းအကြောင်း

“လောကဝိဒူ” ဂုဏ်တော်အရ သတ္တဝါတို့၏ အတွင်းဓာတ်ခံအမျိုးမျိုးကို ရှေ့နောက်ကုန်စင် အသေအချာ သိမြင်တော်မူခြင်းမှာ တုဖက်ကင်းအောင် ဆုံးမတော်မူနိုင်ခြင်း၏ အကြောင်းဖြစ်၏။ သတ္တဝါတို့အား လိမ္မာယဉ်ကျေးအောင် ဆုံးမနည်းပေးရာ၌ အလွန်ပင် ထိရောက်လှ၏။

စာမျက်နှာ-92


ဥပမာ — ရောဂါ၏ လက္ခဏာကို မသိဘဲ ဆေးပေးလျှင် အနာတခြား ဆေးတခြားဖြစ်ကာ လူနာမှာ ရောဂါမပျောက်ဘဲ တိုး၍ပင် လာတတ်သော်လည်း ရောဂါ၏ လက္ခဏာနှင့် လူနာ၏ ဓာတ်ခံကို ကောင်းစွာသိပြီး ဆေးပေးခဲ့လျှင်ကား — လူနာမှာ “အနာနှင့်ဆေး၊ တည့်အောင်ပေး၊ ပျောက်ရေးမခက်ပါ” ဖြစ်လာရမည်သာ ဖြစ်ပါသည်။

သတ္တဝါတို့၏ သန္တာန်၌ ရှိသော အဆိုးဓာတ်သဘာဝ ကိလေသာတို့ကား တကယ့် အနာရောဂါဆိုးများတည်း။ ဆိုးဝါးကြမ်းတမ်းသော ကာယကံ သောင်းကျန်းမှု၊ ဝစီကံ သောင်းကျန်းမှု၊ မနောကံ သောင်းကျန်းမှုများမှာ ထိုကိလေသာအနာရောဂါဆိုးရှိ၍ ဖြစ်လာသော ဆင့်ပွားဖောက်ပြန်မှုများပင် ဖြစ်၏။

ဘုရားရှင်သည် “သီလသိက္ခာ” အကျင့်ဖြင့် ကြမ်းတမ်းသော ကာယကံ၊ ဝစီကံတို့ကို ယဉ်ကျေးစေတော်မူ၏။ “သမာဓိသိက္ခာ” အကျင့်ဖြင့် ကြမ်းတမ်းသော မနောကံကို ယဉ်ကျေးစေတော်မူ၏။ “ပညာသိက္ခာ” အကျင့်ဖြင့် ကြမ်းတမ်းသော ကာယကံ၊ ဝစီကံ၊ မနောကံတို့ကို အဆုံးစွန် ယဉ်ကျေးစေတော်မူ၏။ ဘုရားရှင်သည် တုတ်၊ ဓား၊ လက်နက် မကိုင်ရဘဲ “သီလ၊ သမာဓိ၊ ပညာ” သိက္ခာသုံးပါး အကျင့်များဖြင့် သတ္တဝါများကို ယဉ်ကျေးလိမ္မာအောင် ဆုံးမတော်မူပါသည်။

ယင်းသို့ ဆုံးမတော်မူရာ၌ ပင်ကိုက သီလသိက္ခာ မရှိသူဖြစ်လျှင် သီလသိက္ခာ၌ တည်စေတော်မူ၏။ သီလသိက္ခာရှိပြီး ဖြစ်ပြန်လျှင်လည်း အထက်အထက် ဈာန်တရား၊ မဂ်တရားတို့ကို ထိုသူ၏ ပါရမီအားလျော်စွာ တိုးတက်၍ ရရှိအောင် ဆုံးမတော်မူ၏။ ဤဘဝ၌ မည်သည့်တရားထူးကိုမျှ မရထိုက်လျှင် နောက်နောက်ဘဝ၌ အထုံပါအောင် ဆုံးမတော်မူ၏။ ဘုရားရှင်၏ အဆုံးအမကို ခံယူရလျှင် မယဉ်ကျေး မလိမ္မာသူမရှိ၊ ယဉ်ကျေးလိမ္မာသူချည်းသာ ဖြစ်ကြရပါသည်။

ဘုရားရှင်၏ အဆုံးအမကြောင့် ယဉ်ကျေးလိမ္မာပုံ သာဓကများ

“အနုတ္တရောပုရိသဒမ္မသာရထိ” ဂုဏ်တော်ရှင် ဘုရားသခင်၏ အဆုံးအမတော်ကြောင့် ယဉ်ကျေးလိမ္မာပုံ သာဓကများအနက် ထင်ရှားသော သာဓကအမြွက်ကို ဆက်လက်တင်ပြထားပါသည် —

စာမျက်နှာ-93


အဇာတသတ်မင်းသည် ခမည်းတော်ကို ပြစ်မှားသတ်ဖြတ်ပြီးနောက် နောင်တကြီးစွာရလျက် ဆရာဇီဝက၏ ညွှန်ကြားချက်အရ တစ်ခုသော ညချမ်းအခါ၌ သံဃာ့ပရိသတ်များ စုဝေးနေစဉ် ဘုရားရှင်ထံမှောက် ရောက်လာ၏။ (လေငြိမ်ရာ၌ ထွန်းထားသော ဆီမီး၏ ငြိမ်သက်ခြင်းကဲ့သို့) အလွန်တည်ကြည် ငြိမ်သက်လှသော (ဘုရားရှင်၏ တပည့်) သံဃာ့ပရိသတ်ကို မြင်ရလေလျှင် မိမိ၏ သားတော်ကလေးကို အမှတ်ရ၏။ “ငါ့သားတော်လေး ဥဒယဘဒ္ဒသည် ဤယဉ်ကျေးပုံမျိုး ငြိမ်သက်ပုံမျိုးရှိသူ ဖြစ်လာပါစေ” ဟုပင် တောင့်တခြင်း ဖြစ်လေသည် (ဒီ၊ ၁၊ ၄၇)။

ကောသလမင်းကြီးသည် မြတ်စွာဘုရားနှင့် တွေ့ဆုံလျှောက်ထားသောအခါ ဘုရားရှင်၏ အဆုံးအမတော်ကြောင့် ယဉ်ကျေးလိမ္မာပုံကို ဤသို့ ထုတ်ဖော်လျှောက်ထားခဲ့သည် —

“မြတ်စွာဘုရား... တပည့်တော်သည် သတ်ဖြတ်နိုင်၊ ဒဏ်ပေးနိုင်သော အာဏာပိုင်တစ်ဦး ဖြစ်ပါသည်။ သို့ပါလျက် လွှတ်ရုံးတော်မှာ တပည့်တော် စကားပြောစဉ် ကြားဖြတ်ဝင်ပြောကြသော ပုဂ္ဂိုလ်တို့ကို ‘ငါပြောနေစဉ် ဝင်မပြောကြနှင့်’ ဟု တားသော်လည်း မရခဲ့ပါ။ မြတ်စွာဘုရားသည် ရာပေါင်းများစွာသော တပည့်ပရိသတ်၌ တရားဟောနေသောအခါ ချေဆတ်သံ၊ ချောင်းဟန့်သံမျှ မကြားရပါ။ တစ်ခါက- အရှင်မြတ် တရားဟောနေစဉ် ရဟန်းတစ်ပါး ချောင်းဟန့်မိရာ အနားရှိ ရဟန်းတစ်ပါးက စူးနှင့်အသာတို့၍ ‘အရှင်.. တိတ်တိတ်နေပါ၊ အသံမပြုပါနှင့်၊ ဘုရားရှင် တရားဟောနေပါသည်’ ဟု သတိပေးသည်ကို တွေ့ခဲ့ဖူးပါသည်။ တုတ်ဓားလက်နက်မပါဘဲ ဤမျှ ငြိမ်သက်အောင် ဆုံးမနိုင်သည်ကို တပည့်တော် အံ့ဩရပါသည်။ ဤမျှလောက် ယဉ်ကျေးပြီးသော ပရိသတ်ကို သာသနာတော်၏ ပြင်ပ၌ မတွေ့ရဖူးပါ။ ထို့ကြောင့် ရှင်တော်မြတ်၏ ဘုရားစစ် ဘုရားမှန် ဧကန်ဖြစ်သည်၏ အဖြစ်ကို မှန်းဆကြည်ညိုနိုင်ပါသည်” ဟု လျှောက်ထားခဲ့ပါသည် (မဇ္ဈိမပဏ္ဏာသ၊ ၃၂၄)။

ထို့ပြင် မာရ်နတ်မင်းအောင်ပွဲ စသော အောင်ခြင်းရှစ်ပါး အောင်ပွဲများမှာလည်း ဘုရားရှင်၏ အဆုံးအမတော်ကြောင့် ယဉ်ကျေးလိမ္မာပုံ သာဓကများပင် ဖြစ်ပါသည်။

စာမျက်နှာ-94


ဤကား “အနုတ္တရောပုရိသဒမ္မသာရထိ” ဂုဏ်တော်ရှင် ဘုရားသခင်၏ တပည့်ပရိသတ်တို့အား အယဉ်ကျေးဆုံး အလိမ္မာဆုံးဖြစ်အောင် ဆုံးမနိုင်ပုံအတွက် ထင်ရှားသော သာဓကအမြွက်မျှ ဖြစ်ပါသည်။

[ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၌ “အနုတ္တရ” ဂုဏ်တော်တစ်ပါး၊ “ပုရိသဒမ္မသာရထိ” ဂုဏ်တော်တစ်ပါးဟု နှစ်ပါးခွဲ၍ တစ်နည်းဖွင့်ပြသေး၏။ ယင်းဖွင့်ဆိုချက်အရ ရေတွက်သော် ဘုရားရှင်၏ ဂုဏ်တော်ပေါင်း ဆယ်ပါးဖြစ်၏။ သတိပြု။]

ယခုဘဝမှစ၍ ပါရမီဖြည့်ဆည်း

ဘုရားရှင်သည် မယဉ်ကျေးသူတို့ကို ဆုံးမတော်မူရာတွင် တုဖက်ကင်းအောင် ဆုံးမတော်မူနိုင်သော်လည်း တွေ့သမျှ မြင်သမျှ သတ္တဝါတိုင်းကို အကျွတ်တရားရအောင် ဆုံးမတော်မူသည်ကား မဟုတ်ပါ။ အထိုက်အလိုက် တရားထူးရလောက်သော ပါရမီအခံရှိသူကိုသာ ဉာဏ်တော်ဖြင့် ဆင်ခြင်ကြည့်ရှု၍ ဆုံးမမှုပြုတော်မူပါသည်။

ဘုရားရှင်နှင့် တွေ့တိုင်းသာ အကျွတ်တရား ရနိုင်မည်ဆိုပါက ဘုရားရှင်လက်ထက်တော်က သာဝတ္ထိပြည့်ရှင် ဘုရင်ကောသလမင်းနှင့် မိဖုရားခေါင်ကြီး မလ္လိကာတို့သည် ဘုရားရှင်၏ ကျောင်းဒကာ ကျောင်းအမဖြစ်၍ ဘုရားကို လွန်စွာ ကြည်ညိုကြသဖြင့် တရားကိုလည်း မကြာမကြာ နာရသောကြောင့် တရားထူးကိုရ၍ ကျွတ်တမ်းဝင်ခဲ့ကြရာ၏။ တရားထူးကို ရကြသည်ဟု ကျမ်းဂန်တို့၌ အထင်အရှား မတွေ့ရပါ။

ယခုအခါ “ကိုယ်အားထုတ်မှ ကိုယ်ရနိုင်သည်၊ ကိုယ်သည်သာလျှင် ကိုယ်၏အတွက် ကိုးကွယ်အားထားရာ ဖြစ်သည်” ဟူသော ဘုရားရှင်၏ အဆုံးအမ စကားတော်ကို အလေးအနက်ပြု၍ ဘုရားရှင်နှင့် တွေ့ထိုက်သူ မြင်ထိုက်သူ ဆုံးမထိုက်သူ ကျွတ်ထိုက်သူဖြစ်အောင် ပါရမီအကျင့်ထူးတို့ကို ဆည်းပူးအားထုတ်ခြင်း မပြုဘဲ “ဘုရားရှင်နှင့် တွေ့လျှင် တရားထူး ဧကန်ရလိမ့်မည်၊ ဣဒ္ဓိရှင်နှင့် တွေ့လျှင် အလိုလို တန်ခိုးကြီးလိမ့်မည်၊ သိဒ္ဓိရှင်နှင့် တွေ့လျှင် အလိုလို သိဒ္ဓိပြီးလိမ့်မည်” ဟု အတွေးအမြင်မှားကာ ဖြတ်လမ်းနည်းလိုက်လိုသူတွေ များလှသည်။ ဘုရားရှင်၏ ဝါဒသည် ကယ်တင်ရှင်ဝါဒ မဟုတ်သည်ကို သတိပြုသင့်၏။

စာမျက်နှာ-95


“ကံမဲ့ဉာဏ်နဲ့၊ မလုံမလ၊ နတ် မ-မဘူး၊ အလသမျိုး၊ အကျိုးယွင်းယို၊ အလိုရော့နည်း၊ မကျော့ကျည်းနှင့်၊ ကိုယ်လည်းလုံ့လ၊ နတ်လည်းမ၍၊ တောင့်တကြံရာ၊ မြန်မကြာလျှင်၊ လွယ်ကာကိစ္စ၊ ပြီးနိုင်ကြ၏”

ဟူသော “မဃဒေဝလင်္ကာ” နှင့်အညီ ဘုရားရှင်၏ “အနုတ္တရောပုရိသဒမ္မသာရထိ” ဟူသော ဂုဏ်တော်ကို အာရုံပြု၍ ဆုံးမထိုက် ကျွတ်ထိုက်သော ပါရမီဓာတ်ခံ လုံလောက်ပြီးသူဖြစ်အောင် ယခုကာလ ယခုဘဝမှစ၍ ပါရမီအားလုံးကို သိမ်းကျုံး၍ အကောင်းဆုံး ဖြည့်ဆည်းသင့်ကြပါသည်။

၇။ သတ္ထာဒေဝမနုဿာနံဂုဏ်တော်

သတ္ထာဒေဝမနုဿာနံ = (သတ္ထာ + ဒေဝမနုဿာနံ။ ဒေဝမနုဿာနံ = လူ နတ် ဗြဟ္မာ (သတ္တဝါအားလုံး) တို့၏ + သတ္ထာ = ဆရာဖြစ်တော်မူသော မြတ်စွာဘုရား။)

ဘုရားရှင်၏ (မျက်မှောက်အကျိုး၊ တမလွန်အကျိုး၊ မြတ်သော နိဗ္ဗာန်အကျိုး သုံးမျိုးတို့ဖြင့်) ထိုက်တန်သလို သွန်သင်ဆုံးမမှုကို ခံယူရရှိ၍ ယဉ်ကျေးလိမ္မာပြီးကြသော လူ နတ် ဗြဟ္မာ (သတ္တဝါအားလုံး) တို့သည် ဘုရားရှင်ကိုပင် မိမိတို့၏ ဆရာသခင်ဟု အစဉ်လေးစားအားထားလျက် ရှိကြပါသည်။ ယင်းသို့ လူ နတ် ဗြဟ္မာ (သတ္တဝါအားလုံး) တို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသောကြောင့် “သတ္ထာဒေဝမနုဿာနံ” ဟူသော ဂုဏ်တော်အားဖြင့် ထင်ရှားတော်မူပါသည်။

လောကီဆရာနှင့် လောကုတ္တရာဆရာ

ဆရာဟူသည် တပည့်များအပေါ် မေတ္တာကရုဏာထား၍ ပဲ့ပြင်ဆုံးမ၏။ ဥစ္စာအမွေထက် ထူးမြတ်သော ပညာအမွေကိုလည်း သင်ပေး၏။ ယင်းဆရာသည် —
၁။ အသက်မွေးဝမ်းကျောင်း ပညာမျိုးကို သင်ပေးသော လောကီဆရာ နှင့်
၂။ သံသရာဒုက္ခတွေ သိမ်း၍ အငြိမ်းသုခ ရစေနိုင်သော ပညာမျိုးကို သင်ပေးသော လောကုတ္တရာဆရာ
ဟူ၍ ဆရာနှစ်မျိုးရှိ၏။ ဘုရားရှင်ကား လောကုတ္တရာဆရာမျိုး ဖြစ်၏။ အဆိုပါ ဆရာနှစ်မျိုးတို့သည် ဆရာအမျိုးအစားချင်း မတူသကဲ့သို့ သင်ပြပေးသော ပညာချင်းလည်း ခြားနား၏၊ သင်ပြပုံချင်းလည်း ကွဲပြား၏။

စာမျက်နှာ-96


ဆရာချင်း မတူ။ ။ လောကီဆရာများသည် လာဘ်ပူဇော်သက္ကာရ အကျော်အစောကို လိုလားတတ်ကြ၏။ အသပြာဆရာမျိုး ရှိတတ်၏။ ကိုယ်ကျိုးကို ကြည့်တတ်၏။ လောကုတ္တရာဆရာ ဖြစ်တော်မူသော ဘုရားရှင်ကား — အလောင်းတော်ဘဝ ပါရမီဖြည့်စဉ်ကပင် လာဘ်စသည်ကို မလိုလား၊ တရားကိုသာ အလေးပေးခဲ့၏။ ထီးနန်းစည်းစိမ်တွေ စွန့်ကာ တောထွက်လာသည့်အချိန်မှစ၍ မည်သည့် လာဘ်သပ္ပကာ ကျော်စောမှုကိုမျှ အရေးမထားခဲ့၊ ဘုရားအဖြစ်သို့ ရောက်သောအခါ၌ကား ဆိုဖွယ်ရာမရှိပြီ။ ဗုဒ္ဓကိစ္စအတွက် လမ်းဆုံးသို့ ရောက်ခဲ့ပြီးဖြစ်ရာ ကိုယ်ကျိုးအတွက် လုံးဝမရှိတော့ပါ။ သတ္တဝါများအတွက်သာ တစ်သန့်ထဲထား၍ နေ့မအား ညမအား ကြိုးစားနည်းပြခြင်းဖြင့်သာ အချိန်ကုန်လွန်ခဲ့ပါတော့သည်။ တကယ့်မေတ္တာရှင် မဟာကရုဏာရှင် ဆရာကြီး ဖြစ်တော်မူ၏။

ပညာချင်း ခြားနား။ ။ လောကီဆရာများထံမှရသော ပညာမှာ တစ်သက်စာမျှ တစ်ဝမ်းဝရုံအတွက်သာ ဖြစ်၏။ သံသရာဝဋ်ဒုက္ခမှ လွတ်စေနိုင်သည်မဟုတ်၊ ဘဝများစွာက အခါခါ အထပ်ထပ် ရလာခဲ့ဖူး၏။ အထူးအဆန်း ပညာမျိုးမဟုတ်။ လောကုတ္တရာဆရာ ဖြစ်တော်မူသော ဘုရားရှင်ပေးသော ပညာမှာ သံသရာဝဋ်ဒုက္ခတွေ ဇာတ်သိမ်း၍ အငြိမ်းသုခကို ရစေနိုင်၏။ ဘဝများစွာက တစ်ခါဖူးမျှ မရခဲ့ မကြုံခဲ့သော ပညာမျိုး ဖြစ်၏။ “ဇောတိကရွှေအိုး နှိုက်လိုက်တိုင်းတိုး” ဆိုသကဲ့သို့ ယုတ်လျော့မှုမရှိဘဲ အမြဲတိုးနေ၏။ လောကီ လောကုတ္တရာ နှစ်ဖြာသော အကျိုးကို တိုးပွားစေ၏။

သင်ပြပုံချင်း ကွဲပြား။ ။ လောကီဆရာများကား မိမိထံမှောက် ရောက်လာသော တပည့်များကိုသာ အများအားဖြင့် သင်ကြားကြ၏။ အပြည်ပြည်အရွာရွာသို့ စေတနာမေတ္တာအလျောက် အရောက်သွားကာ သင်ပြပေးသူဆိုလို့ မရှိသလောက်ရှား၏။ သူတစ်ပါး အသာစံရအောင် ကိုယ်အနာမခံလိုကြ။ လောကုတ္တရာဆရာ ဖြစ်တော်မူသော ဘုရားရှင်ကား မိမိထံမှောက် ရောက်လာသော တပည့်များသာမက အပြည်ပြည်အရွာရွာသို့ အရောက်ကြွကာ ဟောပြတော်မူ၏။ နေ့စဉ်နေ့တိုင်း ကျွတ်ဆိုက်သော သတ္တဝါတွေကို ဂရုတစိုက် ကြည့်ရှုတော်မူလေ့ရှိ၏။ တွေ့လျှင်တွေ့ချင်း ဘယ်လောက်ပင်ဝေးဝေး မည်သည့်နေရာမျိုးမဆို ယုတ်စွအဆုံး အညစ်အကြေး စွန့်ပစ်ရာ လူသူအများ မသွားမလာချင်သော အရပ်မျိုးပင်ဖြစ်ဖြစ် ကြွတော်မူ၏။ ယင်းသို့ကြွရာတွင် တစ်ရံတစ်ခါ တန်ခိုးဖြင့်ကြွ၍ တစ်ရံတစ်ခါ ခြေကျင်ပင် လျှောက်လှမ်း

စာမျက်နှာ-97


တော်မူ၏။ အချို့ကျွတ်လွတ်နီးသော သတ္တဝါမျိုးဖြစ်လျှင် နီးနီးကပ်ကပ် တယုတယပင် နည်းပေးစောင့်ရှောက်တော်မူ၏။ အချို့ကို အဝေးမှပင် တရားပြ၏။ ရောင်ခြည်တော်လွှတ်၍ အားပေး၏။ မိုးလင်းခါနီး အချိန်တိုခဏတာမျှ ကျိန်းစက်၍ နေ့ရောညဉ့်ပါ သတ္တဝါများကို နည်းလမ်းညွှန်ပြ ဆုံးမခြင်းဖြင့် လေးဆယ့်ငါးဝါပတ်လုံး အသက်ထက်ဆုံး ကြိုးစားတော်မူ၏။

လောကုတ္တရာဆရာ ဖြစ်တော်မူသော ဘုရားရှင်၏ မည်သည့်မိဘဆရာတို့နှင့်မျှ မတူအောင် ထားရှိတော်မူသော မေတ္တာ၊ ကရုဏာ၊ ပညာဖြင့် မနားမနေ ကြိုးစားသင်ပြတော်မူခြင်းတို့မှာ အဘယ်မျှ အားရကြည်ညို ရိုသေလေးစားဖွယ် ကောင်းလှပါသနည်း။

ဘုရားရှင်သာ တို့ဆရာ

ဘုရားရှင်သည် “လောကဝိဒူ” ဂုဏ်တော်အရ လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ အတွင်းဓာတ်ခံအမျိုးမျိုးကို အသေအချာ သိစွမ်းနိုင်သောကြောင့် “အနုတ္တရောပုရိသဒမ္မသာရထိ” ဂုဏ်တော်အရ လူ နတ် ဗြဟ္မာ သတ္တဝါတို့ကို ယဉ်ကျေးလိမ္မာအောင် သွေးဆောင်ဆုံးမတော်မူနိုင်ခြင်း ဖြစ်၏။ ဘုရားရှင်၏ အဆုံးအမကို ခံရသူမှန်က အဘယ်မျှ ရိုင်းစိုင်းနေသူဖြစ်စေ ယဉ်ကျေးလိမ္မာကြသူချည်းသာ ဖြစ်ကြရသည်။ တစ်ဖန် “အနုတ္တရောပုရိသဒမ္မသာရထိ” ဂုဏ်တော်အရ လူ နတ် ဗြဟ္မာ သတ္တဝါတို့ကို ယဉ်ကျေးလိမ္မာအောင် ဆုံးမတော်မူနိုင်သောကြောင့်ပင် “သတ္ထာဒေဝမနုဿာနံ = လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ ဆရာ” ဟူသော ဂုဏ်တော်ကြီးကို ရတော်မူခဲ့ခြင်း ဖြစ်ပါသည်။

ဆိုလိုသည်မှာ — ဘုရားရှင်ကိုယ်တော်တိုင်က ဆရာအခေါ်ခံလို၍ ဆရာလုပ်လာခဲ့သောကြောင့် ဆရာအဖြစ်သို့ ရောက်လာရသည်မဟုတ်၊ ဘုရားရှင်၏ အဆုံးအမခံရ၍ ယဉ်ကျေးလိမ္မာလာကြသော လူ နတ် ဗြဟ္မာတို့ကိုယ်တိုင်က “ဘုရားရှင်သာ တို့ဆရာ၊ တို့ဟာ ဘုရားရှင်ရဲ့ တပည့်၊ ဘုရားသားတော် သမီးတော်” စသောအားဖြင့် မိမိတို့ဆရာဖြစ်ကြောင်း ရဲဝံ့စွာ ထုတ်ဖော်ခဲ့ကြခြင်းကြောင့် “သတ္ထာဒေဝမနုဿာနံ” ဂုဏ်တော်ကြီးဖြင့် လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ ဆရာအဖြစ် ထွန်းပေါ်လာရခြင်းဖြစ်ပါသည်။ လွန်စွာ တန်ဖိုးကြီးမားလှသော တရားရတနာ၊ ပညာရတနာများကို ဆရာစား ငါစားမချန် စေတနာမေတ္တာ လွန်ကဲစွာဖြင့် ပေးအပ်ခဲ့သော ဆရာတစ်ဆူကို အဘယ်သူသည် “ငါ့ဆရာ မဟုတ်ပါ” ဟု ကျေးဇူးမဲ့ ဆိုဝံ့ပါမည်နည်း။ သူ့ထက်ငါ “ဘုရားရှင်သာ တို့ဆရာ” ဟု ရဲဝံ့စွာ ထုတ်ဖော်နေကြဖို့ရှိပါသည်။ ထို့ကြောင့်လည်း ဘုရားရှင်လက်ထက်တော်မှစ၍ ယနေ့တိုင် “တို့ဆရာ တို့ဘုရား” ဟု အများက အသိအမှတ်ပြု ပူဇော်နေကြခြင်း ဖြစ်ပါသည်။

စာမျက်နှာ-98


တစ်လောကလုံး၏ အကြီးအမှူး ဦးစီးခေါင်းဆောင်

အသိအလိမ္မာ ဉာဏ်ပညာနှင့် ပြည့်စုံသော လှည်းကုန်သည်မှူးကြီးသည် ဘေးရန်တွေ ရောယှက်၍ အကူးအသန်း အသွားအလာ အလွန်ခက်လှသော ကန္တာရခရီးဆိုးကြီးမှ လွတ်မြောက်၍ ဘေးလွတ်ကင်းရာသို့ ရောက်အောင် နောက်လိုက်အဖော်ငယ်သား လှည်းကုန်သည်များကို ပို့ဆောင်သကဲ့သို့ ဘုရားရှင်သည်လည်း အိုရမှု၊ နာရမှု၊ သေရမှု၊ စိုးရိမ်ပူဆွေး ငိုကြွေးမြည်တမ်း ပင်ပန်းဆင်းရဲ တကွဲတပြား ဖြစ်ရမှု စသော ဘေးဒုက္ခတို့ဖြင့် မရှောင်သာအောင် ဆိုးသွမ်းလှသော သံသရာတည်းဟူသော ကန္တာရကြီးမှ လူ နတ် ဗြဟ္မာ သတ္တဝါများကို ကယ်တင်၍ နိဗ္ဗာန်တည်းဟူသော ဘေးလွတ်ရာ ကမ်းတစ်ဖက်ရောက်အောင် ပို့ဆောင်တော်မူရကား လှည်းကုန်သည်မှူးကြီးနှင့်မခြား အလားတူ ဖြစ်တော်မူပါသည်။

ထို့ကြောင့် ဘုရားရှင်ကို ကန္တာရမှ ကယ်တင်စောင့်ရှောက်တတ်သော လှည်းကုန်သည်မှူးကြီး ဦးစီးပမာပြု၍ “ဒေဝမနုဿာနံ = လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ (ဝါ) တစ်လောကလုံး၏၊ သတ္ထာ = ဦးစီးခေါင်းဆောင် လှည်းကုန်သည်မှူးကြီးနှင့် တူတော်မူသော မြတ်စွာဘုရား” ဟု အနက်တစ်မျိုးဖြင့် တိုး၍ ဂုဏ်ပြုချီးကျူးခဲ့ကြပါသည်။ ချီးကျူးမကုန် ဂုဏ်တော်စုံတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား မည်သို့သော အနက် သဒ္ဒါ အလင်္ကာတို့ဖြင့် ဖွင့်ဖော်ချီးကျူးသော်လည်း ကုန်နိုင်ဖွယ်မရှိ များလှဘိတကား။

တရားမြင်မှ ဘုရားမြင်မည်

ဘုရားတစ်ဆူတစ်ဆူ ပွင့်တော်မူလျှင် ကျွတ်ထိုက်သူသတ္တဝါများ အသင်္ချေအနန္တ ကျွတ်တမ်းဝင်ကြရ၏။ သို့ဖြစ်ပါလျက် ဘုရားနောက်မပါ မျက်နှာလွှဲ ကျန်ရစ်ခဲ့ရုံမျှမက ယနေ့အထိ ဘုရားရှင်ထံ တပည့်မခံဘဲ မျက်နှာလွှဲ ကျောပေးနေသူတို့ ဒုနဲ့ဒေးပင် ရှိနေကြပါသေး၏။ ဝမ်းနည်းစရာပင် ဖြစ်တော့သည်။

အချို့ကား “ဘုရားရှင်ဟာ တို့ဆရာ၊ တို့ဟာ ဘုရားရှင်ရဲ့ တပည့်” ဟု ဘုရားတပည့်ခံကြပါ၏။ သို့ရာတွင် ဘုရားရှင် ဆုံးမတော်မူသည့် တရားတော်အတိုင်း နာယူကျင့်သုံးရန်ကား ဆန္ဒမရှိကြ။ ဘုရားရှင်၏ အဆုံးအမကိုမခံ၊ ဘုရားရှင်၏ အဆုံးအမတော်အတိုင်း မကျင့်ကြံလျှင် ဘုရားတပည့်ဟု ဝန်ခံနေသော်လည်း တပည့်ခံရကျိုးနပ်ဖွယ်မရှိပါ။ လိမ္မာယဉ်ကျေးသူလည်း ဖြစ်မည်မဟုတ်ပါ။ “ဤနေ့ ဤဆရာ၊ ထိုနေ့ ထိုဆရာ” ဖြစ်ကာ မတည်မမြဲ ဆရာပြောင်းလဲနေမည်သာ ဖြစ်ပါသည်။

စာမျက်နှာ-99


ခန္ဓာကိုယ် ကျန်းမာရန် ဆရာသမားကောင်းထံ အပ်နှံ၍ အကုအသခံသော်လည်း ဆရာတိုက်ကျွေးသည့် ဆေးကိုစား၍ ဆရာ့စကားကိုလည်း လေးစားလိုက်နာမှ ကျန်းမာမှုသုခ ကောင်းစွာရပြီး ဆရာကိုလည်း အခိုင်အမြဲ ယုံကြည်လာနိုင်ဖွယ်ရှိသကဲ့သို့ လိမ္မာယဉ်ကျေး၍ ငြိမ်းအေးသည့် သုခစစ်ရဖို့ရန် ဘုရားရှင်၏ အဆုံးအမတော်အတိုင်း လက်ခံနာယူ၍ ဘုရားအလိုတော်ကျအတိုင်း ကျင့်ကြံအားထုတ်ကြမှသာ ဘုရားတပည့်ခံရကျိုးနပ်ကာ လိမ္မာယဉ်ကျေး၍ တကယ့်ငြိမ်းအေးသည့် သုခကို ရနိုင်ကြပါမည်။ ဘုရားရှင်ကိုလည်း အခိုင်အမြဲ ယုံကြည်လာဖို့ ရှိပါသည်။

“ငါဘုရား ဟောကြားခဲ့သော ‘သုတ်၊ ဝိနည်း၊ အဘိဓမ္မာ’ တရားတော်များသည် ငါဘုရား မရှိသည့်နောက် သင်တို့အတွက် ဆရာဘုရား အဆူဆူ ဖြစ်ရစ်တော်မူလိမ့်မည်” ဟု အာနန္ဒာမထေရ်မြတ်အား ဘုရားရှင် မိန့်ကြားတော်မူခဲ့ရာ ယခုအခါ တရားကိုပင် ဘုရားရှင်အဖြစ် ပို၍ အလေးအမြတ်ထားကာ ကြိုးစားလိုက်နာ ကျင့်ကြံအားထုတ်သင့်ကြပါသည်။ ဘုရားရှင်၏ တရားတော်အရ ကိုယ်တိုင်ကျင့်၍ ချမ်းသာသုခကို ကိုယ်တိုင်ခံစားရပြီး တရားတော်ကို ကောင်းစွာ သိမြင်ကြလျှင် တရားရှင်ဖြစ်သော ဘုရားကို ကိုယ်တိုင်မြင်၍ ကိုယ်တိုင်ချစ်ခင် ဆရာတင်လာကြမည် အမှန်ဖြစ်ပါသည်။ ထို့ကြောင့် “ဘုရားရှင်ဟာ တို့ဆရာ” ဟု ဘုရားရှင်ကို ဆရာတင်ကြသူတိုင်း “သတ္ထာဒေဝမနုဿာနံ” ဂုဏ်တော်ကို အာရုံပြုကြည်ညိုကာ တရားရှင်ဖြစ်သော ဘုရားကို ကိုယ်တိုင်မြင်၍ ကိုယ်တိုင်ချစ်ခင် ဆရာတင်နိုင်ကြအောင် ဘုရားရှင်၏ အဆုံးအမတရားတော်ကို ကိုယ်တိုင်လိုက်နာကျင့်သုံး၍ ချမ်းသာသုခများကို ကိုယ်တိုင်ခံစားပြီး ကိုယ်တိုင်တရားသိမြင်သူဖြစ်အောင် ကြိုးစားသင့်ကြပါသည်။

၈။ ဗုဒ္ဓဂုဏ်တော်

ဗုဒ္ဓ = (ဗုဒ္ဓ = သစ္စာလေးပါးတရားတို့ကို ကိုယ်တော်တိုင်သိ၍ သူတစ်ပါးတို့အားလည်း သိစေတော်မူတတ်၊ ဟောကြားတော်မူတတ်သော မြတ်စွာဘုရား။)

ဘုရားရှင်သည် သစ္စာလေးပါး အမှန်တရားတို့ကို ကိုယ်တော်တိုင် လက်ဦးပထမ သိမြင်တော်မူပါသည်။ ထို့နောက် ယင်းသစ္စာလေးပါး အမှန်တရားတို့ကို ပညာဉာဏ်ထက်သန်သော လူ နတ် ဗြဟ္မာ သတ္တဝါတို့အား သိမြင်အောင် ဟောပြတော်မူပါသည်။ ယင်းသို့ သစ္စာလေးပါး အမှန်တရားတို့ကို ကိုယ်တော်တိုင် သိမြင်ပြီး သူတစ်ပါးတို့အား တစ်ဆင့်သိမြင်အောင် ဟောပြနိုင်စွမ်းသော သတ္တိကား ဘုရားရှင်၌သာ ရှိတော်မူ၏။ ထို့ကြောင့် ဘုရားရှင်သည် “ဗုဒ္ဓ” ဟူသော ဂုဏ်တော်အားဖြင့် ထင်ရှားတော်မူပါသည်။

စာမျက်နှာ-100


[ရှေးကပြခဲ့သော “သမ္မာသမ္ဗုဒ္ဓ” ဂုဏ်တော်နှင့် ယခု “ဗုဒ္ဓ” ဂုဏ်တော်တို့သည် အသိဂုဏ်ချင်းတူ၍ ထပ်နေသည်ဟု ထင်ရ၏။ အထူးမှာ — “သမ္မာသမ္ဗုဒ္ဓ” ဂုဏ်တော်အရ “သစ္စာလေးပါးကို သိသောဉာဏ်” ကိုယူ၍ “ဗုဒ္ဓ” ဂုဏ်တော်အရ “သဗ္ဗညုတဉာဏ်” ကို ယူရမည်။ (တစ်နည်း) “သမ္မာသမ္ဗုဒ္ဓ” ဂုဏ်တော်ဖြင့် ကိုယ်တော်တိုင် ထိုးထွင်း၍သိသော “ပဋိဝေဓဉာဏ်တော်” အစွမ်းကို ပြသည်၊ “ဗုဒ္ဓ” ဂုဏ်တော်ဖြင့် သူတစ်ပါးတို့အား ဟောကြားသိစေနိုင်သော “ဒေသနာဉာဏ်တော်” အစွမ်းကို ပြသည်ဟု အထူးမှတ်ယူသင့်ကြောင်း ကျမ်းဂန်တို့၌ ဆို၏။]

“ဗုဒ္ဓ” ဟူသော အမည်ကို ရတော်မူခြင်း

ဘုရားရှင်သည် သစ္စာလေးပါးတရားတို့ကို ကိုယ်တော်တိုင်သိ၍ သူတစ်ပါးတို့အားလည်း သိစေတော်မူ၏။ ယင်းသို့ဆိုသဖြင့် အလုံးစုံသော တရားတို့ကို အကုန်အစင် သိမြင်တော်မူ၏ ဟူသော အနက်လည်း အလိုလို ပြီးနိုင်၏။ အကြောင်းကား “စတုသစ္စဝိနိမုတ္တော ဓမ္မော နာမ နတ္ထိ = သစ္စာလေးပါးမှ လွတ်သော တရားမည်သည် မရှိ” ဟူသော စကားအရ တရားအားလုံး သစ္စာလေးပါး၌ ပါဝင်သည်ချည်း ဖြစ်သောကြောင့်တည်း။

ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာတို့သည် သစ္စာတရားကို မသိဘဲဖြစ်သည်ဟူ၍မရှိ၊ သစ္စာတရားအားလုံးကို သိခြင်းဖြင့်သာ ဖြစ်ကြရပါသည်။ အချို့မှာ သစ္စာလေးပါးကိုသာသိ၍ အခြားဂုဏ်များကို ရခြင်းမရှိ၊ အချို့မှာ ပဋိသမ္ဘိဒါဉာဏ်နှင့် အဘိညာဉ်၊ သမာပတ်စသော ဂုဏ်ထူးများကိုလည်း တစ်ပါတည်း ရကြ၏။ ဘုရားရှင်ကား — သစ္စာလေးပါးကို သိသော အရဟတ္တမဂ်ဉာဏ်၊ အရဟတ္တဖိုလ်ဉာဏ် ရသည်နှင့်တစ်ပြိုင်နက် သဗ္ဗညုတဉာဏ်တော်ကြီးကိုပါ ရ၏။ ဒသဗလခေါ် အားတော်ဆယ်တန် ဉာဏ်တော်ဆယ်ပါးနှင့်လည်း ပြည့်စုံ၏။ ဘုရားရှင်တို့သာ ရနိုင်သော အသာဓာရဏ (= သူတစ်ပါးတို့နှင့် မဆိုင်သော) ဂုဏ်တော်၊ ဝေသာရဇ္ဇဉာဏ်တော် စသော ဂုဏ်တော်အားလုံးကိုလည်း သိမ်းကျုံးပိုင်ဆိုင်တော်မူ၏။ ဤသို့အားဖြင့် ဘုရားရှင်နှင့် အခြားပုဂ္ဂိုလ်တို့ သစ္စာတရားသိပုံချင်း တူကြသော်လည်း ရအပ်သော ဂုဏ်ချင်းမှာ အလွန်ကွာခြားလှသောကြောင့် “ဗုဒ္ဓ” ဟူသော အမည်တော်ကို အခြားပုဂ္ဂိုလ်တို့ မရနိုင်ဘဲ ဘုရားရှင်သာ ရတော်မူခဲ့ခြင်း ဖြစ်ပါသည်။


စာမျက်နှာ-101


လောက၌ ကျောင်းဒါယကာ၊ ကျောင်းဒါယိကာမ၊ ဘုရားဒါယကာ၊ ဘုရားဒါယိကာမ၊ သူဌေး၊ သူကြွယ်၊ ပညာရှိစသော အမည်များသည် တမင်မှည့်ပေးထားရသည်မဟုတ်ဘဲ သူ့ဂုဏ်အရ ခေါ်တွင်လာသော အမည်များဖြစ်သကဲ့သို့ ဘုရားရှင်၏ “ဗုဒ္ဓ” ဟူသော အမည်သည်လည်း မယ်တော်၊ ခမည်းတော်၊ ဆွေတော်၊ မျိုးတော် စသည်တို့က မှည့်ခေါ်ရသည်မဟုတ်။ ဗောဓိပင်ရင်း၌ အရဟတ္တမဂ်ဉာဏ်၊ အရဟတ္တဖိုလ်ဉာဏ်နှင့်တကွ သဗ္ဗညုတဉာဏ်တော်ကြီးကို ရသည်နှင့်တစ်ပြိုင်နက် တရားအလုံးစုံကို အကုန်သိခြင်းကြောင့် အလိုလိုတွင်လာရသော အမည်တော်ကြီး ဖြစ်ပါသည်။ သူလိုငါလို သစ္စာသိရုံမျှဖြင့် “ဗုဒ္ဓ” ဟု အမည်တွင်လာခြင်း မဟုတ်ပါ (မဟာနိဒ္ဒေသပါဠိ၊ ၃၆၃)။

ထို့ပြင် ဘုရားရှင်သည် မောဟဖြင့် အိပ်ပျော်နေသော လောကသားတို့ထက် အရဟတ္တမဂ်ဖြင့် မောဟကို ဖျက်ဆီး၍ ပထမဆုံး နိုးကြားခဲ့သူဖြစ်ပြီး မနိုးသေးဘဲ ကျန်ရှိသူ သတ္တဝါများကိုပါ နှိုးပေးတော်မူတတ်သောကြောင့် လည်းကောင်း၊ အချိန်သင့်အခါသင့် ပွင့်သော ပန်းကဲ့သို့ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီဖြည့်ကျင့်ရာမှ ပါရမီရင့်၍ သစ္စာအမြတ်ပွင့်ကာ ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သောကြောင့်လည်းကောင်း ဗုဒ္ဓအမည် ရတော်မူ၏ဟု ဖွင့်ဆိုကြသေးသည်။

သစ္စာလေးပါး အမှန်တရား

လောက၌ မည်သည့်အခါမျှ မမှားနိုင်သော အမြဲမှန်ကန်သော သစ္စာလေးပါးတရားဟူ၍ ရှိ၏။ ယင်းသစ္စာလေးပါးကား —

(၁) ဒုက္ခသစ္စာ၊
(၂) သမုဒယသစ္စာ၊
(၃) နိရောဓသစ္စာ၊
(၄) မဂ္ဂသစ္စာ — ဟူ၍ ဖြစ်ပါသည်။

(၁) ဒုက္ခသစ္စာ

ဒုက္ခသစ္စာ = (ဒုက္ခ + သစ္စာ။ ဒုက္ခ = ဆင်းရဲခြင်း + သစ္စာ = အမှန်တရား။)
ရုပ်အစု နာမ်အစုကို “ခန္ဓာ” ဟု ခေါ်၏။ ယင်းခန္ဓာသည် ဒုက္ခတုံး ဒုက္ခခဲ ဆင်းရဲခြင်းအမှန်တရားဖြစ်၏။ ဤခန္ဓာအစုအဝေးကြီး ရှိခြင်းကြောင့် စားဖို့၊ သောက်ဖို့၊ ဝတ်ဖို့၊ နေဖို့ ရှာဖွေလှုပ်ရှားကြရ၏။ အိုရ၊ နာရ၊ သေရ၊ ကျေရ၏။ အရှာအဖွေအစ မတရားသဖြင့် အပါယ်လေးပါးသို့ ကျရောက်ကာ ဒုက္ခဆင်းရဲ ခံရ၏။ စိုးရိမ်ပူဆွေး ငိုကြွေးမြည်တမ်း ပင်ပန်းဆင်းရဲရ၏။ ထောင်တန်းကျ၍

စာမျက်နှာ-102


အရှက်ထကွဲအကျိုးနည်းလည်း ဖြစ်ကြရ၏။ အလွန့်အလွန် စီးပွားတွေစုဆောင်း ပြီးမှ စွန့်ပစ်ထားခဲ့ရ၏။ မခွဲချင်ဘဲနှင့် တကွဲတပြားစီ ကွဲကြရ၏။ ချမ်းသာမှာ တခဏ, ဆင်းရဲသာ ထာဝရ ဖြစ်ရ၏။ လူ့ ပြည်ချမ်းသာနှင့်စာက “အလွန် ချမ်းသာသည်”ဟု ဆိုရသော နတ်ပြည် ဗြဟ္မာ့ပြည်များ ရှိ၏။ ယင်းနတ်ပြည် ဗြဟ္မာ့ပြည်များသို့ ရောက်ဖို့ရန် အားထုတ်ရသော ဒုက္ခ ရောက်ပြီးနောက် မပျက်စီးချင်ဘဲ ပျက်စီးရသော ဒုက္ခတို့မှာ ချမ်းသာကြီးသလောက် ဆင်းရဲ ကြီးလှ၏။ ချမ်းသာနှင့် မမျှအောင် ဆင်းရဲခြင်းကပင် ပိုကြသည်။ ယင်းသို့ ဆင်းရဲကေန် စင်စစ်မှန်သောကြောင့် သတ္တဝါအားလုံး၏ ခန္ဓာအစုအဝေးသည် ဒုက္ခတုံး ဒုက္ခခံ ဆင်းရဲခြင်းအမှန် “ဒုက္ခသစ္စာ”ချည်းသာ ဖြစ်သည်။ ဤ “ဒုက္ခသစ္စာ”ကို ပိုင်းခြား၍ သိနိုင်အောင် ကြိုးစားသင့်ပါသည်။ ဘုရားရှင်သည် ပိုင်းခြား၍ သိတော်မူခဲ့ပြီး ဖြစ်ပါသည်။

(၂) သမုဒယသစ္စာ

သမုဒယသစ္စာ=(သမုဒယ+သစ္စာ။ သမုဒယ=ဒုက္ခဖြစ်ကြောင်း +သစ္စာ=အမှန်တရား။)
ဒုက္ခ၏ အကြောင်းရင်းအမှန်ကား “တဏှာလောဘ”ခေါ်သော နှစ်သက် ခုံမင် လိုချင်တောင့်တမှုတည်း။ ယခင်ပြခဲ့သော ဒုက္ခဟူသမျှသည် ဤလိုချင် တောင့်တမှုကို အကြောင်းပြု၍ ဖြစ်၏။ ဤ လိုချင် တောင့်တမှုကြောင့် တခါတရံ မတရားပြုမိ၍ ဤလောက၌ပင် မင်းပြစ်မင်းဒဏ် ခံကြရ၏။ နောင်သံသရာ၌လည်း အပါယ်လေးပါးသို့ ကျရောက်လျက် အတိုင်းမသိ ဆင်းရဲဒုက္ခဒဏ်ကို ခံကြရပြန်၏။ သံသရာဝဋ်ဆင်းရဲမှ မလွတ်ဘဲ တဝဲလည်လည် ဒုက္ခပြီး ဒုက္ခ, ဒုက္ခပြီး ဒုက္ခ ကျင်လည်နေရချက်သည် ထိုထိုဘဝကို လိုချင် တောင့်တသော တဏှာလောဘ၏ စနက်သာ ဖြစ်၏။
ယင်း လိုချင် တောင့်တမှုဟူသော “တဏှာလောဘ”သည် တရားဖြင့် မချုပ်တည်း မထိန်းသိမ်းနိုင်သမျှ သူ့အလိုအလျောက် မည်သည့် အခါမျှ နောက်ဆုတ်ရိုး မရှိချေ။ “သံပရာသီးသည် ကြီးလေ ချဉ်လေ” ဖြစ်သကဲ့သို့ လည်းကောင်း၊ “ငယ်စဉ်က ပေါက်သော နွားဦးချိုသည် ကြီးလေ ရှည်လေ ဖြစ်သကဲ့သို့လည်းကောင်း၊ မီးသည်“လောင်စာများလေ မီးတောက်ကြီးလေ” ဖြစ်သကဲ့သို့လည်းကောင်း ဤတဏှာလောဘ၏ သဘောသည်လည်း ရလေ လိုလေ ရှုဖန်များလေ တဏှာလောဘ တိုးလာလေပင် ဖြစ်ပါသည်။ တဏှာ လောဘ ကြီးလာသလောက်လည်း ဒုက္ခ ပို၍ ကြီးကြီးရောက်ရမည်သာ ဖြစ်ပါသည်။

စာမျက်နှာ-103


ဤနေရာတွင်... “လူသားတစ်ယောက်အဖြစ်ဖြင့် တာဝတိံသာ နတ်ပြည်အထိ တက်ရောက်၍ ပကတိသိကြားမင်းပေါင်း ၃၆-ယောက် ပြောင်းလဲသွားသည်အထိ အသက်တမ်း ရှည်ကြာစွာ တာဝတိံသာ နတ်ပြည်ကို တစ်ဝက်ခွဲကာ နတ်စည်းစိမ်ကို ခံစားနေခဲ့ရသော ဘုရားလောင်း မန္ဓာတ်စကြာမင်းကြီး၏ နတ်ပြည်တစ်ဝက်မျှ အုပ်စိုးရရုံဖြင့် တင်းတိမ်ရောင့်ရဲမှု မရှိနိုင်ဘဲ နောက်ထပ် ရောက်ခါစ (၃၇-ယောက်မြောက်) သိကြားမင်းကို သတ်ဖြတ်ပစ်လိုသော အကြံဆိုး ပေါ်ခဲ့၍ ထိုနတ်ပြည်မှ (ချက်ချင်း) ကွယ်ပျောက်ကာ လူ့ပြည်သို့ ပြန်ရောက်ပြီး စုတေပွဲ ဝင်ခဲ့ရဖူးသော ဖြစ်ရပ်” မှာ တဏှာလောဘတရား၏ အလိုကြီးမားပုံကို အထူးခိုင်လုံစေသော သာဓကပင် ဖြစ်ပါသည်။ ^၁

ဤ “သမုဒယသစ္စာ” ကို အကြွင်းမဲ့ ပယ်နိုင်အောင် ကြိုးစားသင့်ပါသည်။ ဘုရားရှင်သည် အကြွင်းမဲ့ ပယ်တော်မူခဲ့ပြီး ဖြစ်ပါသည်။

(၃) နိရောဓသစ္စာ

နိရောဓသစ္စာ = (နိရောဓ + သစ္စာ။ နိရောဓ = ဒုက္ခ၏ ချုပ်ငြိမ်းရာ + သစ္စာ = အမှန်တရား။)

ဒုက္ခအားလုံး၏ ချုပ်ငြိမ်းရာ အမှန်တရားကား နိဗ္ဗာန်တည်း။ ယင်းနိဗ္ဗာန်၏ ဒုက္ခမရှိပုံ၊ မည်ကဲ့သို့ ချမ်းသာပုံကိုမူ နိဗ္ဗာန်ကို မြင်နိုင်သော ဉာဏ်ရမှသာ ကျနစွာ သိနိုင်ရာ၏။ ခန့်မှန်းသိအနေအားဖြင့်ကား မစင်အိုးကြီးကို လေးပင်စွာ ထမ်းရွက်ထားရာမှ ပစ်ချလိုက်ရသည့်အတွက် ချမ်းသာပေါ့ပါးသွားရပုံ၊ ပြင်းထန်စွာ ခံစားနေရသော ရောဂါဝေဒနာဆိုးမှ အမြစ်ပြတ် ပျောက်ကင်း၍ ချမ်းသာခြင်းသို့ ရောက်ရပုံ၊ မီးတဟုန်းဟုန်း လောင်ကျွမ်းနေသော ဤမှာဘက်ကမ်းမှ ထိုမှာဘက်ကမ်းသို့ ရောက်၍ မီးဘေးအန္တရာယ်မှ လွတ်မြောက်ရပုံတို့ကို အာရုံပြုခြင်းဖြင့် နိဗ္ဗာန်၏ ချမ်းသာပုံ သဘောသွားကို သိနိုင်ကြောင်း အတုပြု ဖော်ပြကြ၏။

စင်စစ် နိဗ္ဗာန်၏ ချမ်းသာသဘောကား လွန်စွာ အေးမြ၏။ မည်မျှအထိ အေးမြ၍ မည်မျှအထိ ချမ်းသာသည်ဆိုခြင်း၌ မည်သည့်အရာမျိုးကဲ့သို့ ဖြစ်ပါသည်ဟု အတုသဘောကို အတိအကျ ဖော်ထုတ်တင်ပြရန်ကား လွယ်ကူလှသည်မဟုတ်ပါ၊ လက်တွေ့သိမြင်၍ လက်တွေ့ခံစားမှုကိုသာ သာဓကပမာဏအဖြစ် မှတ်ယူသင့်ပါသည်။

၁။ ဇာတ်အဋ္ဌကထာ ဒု-တွဲ၊ တိကနိပါတ်၊ မန္ဓာတုဇာတ်။ နှာ-၂၇၁။

စာမျက်နှာ-104


သောတာပန်အဖြစ်သို့ ရောက်လျှင်ကား — မီးကို ကိုင်ကြည့်၍ လက်တွေ့ပူမှန်းသိသကဲ့သို့ နိဗ္ဗာန်၏ ချမ်းသာမှုအရသာကို လက်တွေ့သိမြင်နိုင်ပါပြီ။ သောတာပန်များသည် ပုထုဇဉ်ဘက်သို့ ပြန်လည်ဆုတ်နစ်ခြင်းမရှိဘဲ ရဟန္တာအဖြစ်သို့ ရောက်အောင်သာ တိုးတက်အားထုတ်ကြသည်မှာ နိဗ္ဗာန်၏ ချမ်းသာမှုအရသာကို ကျနစွာ သိမြင်ပြီးဖြစ်သောကြောင့် ဖြစ်၏။ ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်ဝင်စံခါနီးမှာလည်း ရုပ်နာမ်အားလုံး ဒုက္ခတုံးကြီးကို နောက်ဆုံး စွန့်ပစ်ရတော့မည်ဖြစ်၍ ကြည်လင်ရွှင်ပျတော်မူနိုင်ကြခြင်း ဖြစ်၏။ အကယ်၍သာ ပုထုဇဉ်တို့ အတွေးမျိုးဖြင့် တွေးဆကာ နိဗ္ဗာန်သည် မချမ်းသာဘဲ ပျင်းရိငြီးငွေ့စရာကြီး ဖြစ်နေလျှင် နိဗ္ဗာန်ဝင်ခါနီး၌ မည်သူမျှ ကြည်လင်ရွှင်ပျနိုင်ကြမည်မဟုတ်ပါ။ မိမိတို့ ရောက်ရမည့် နိဗ္ဗာန်၏ လွန်စွာ ချမ်းသာပုံကို အာရုံ၌ ရှင်းရှင်းလင်းလင်း သိမြင်ပြီးဖြစ်သောကြောင့်သာ ကြည်လင်ရွှင်ပျတော်မူနိုင်ကြပါသည်။ ဤ၌ —

မိထွေးတော် ဂေါတမီ ပရိနိဗ္ဗာန်ဝင်စံခါနီး၌ နတ်ရော လူပါ လွမ်းဆွတ်တသ ငိုပွဲကြီး ကျင်းပကြသော်လည်း မိထွေးတော်ကား အနည်းငယ်မျှ ဝမ်းနည်းခြင်းမရှိဘဲ “သားတော်သမီးတော်များ... ဤအခါမျိုးကား ဝမ်းနည်းပူဆွေး ငိုကြွေးရမည့်အခါမဟုတ်၊ ဝမ်းမြောက်ရမည့်အခါဖြစ်သည်” ဟု တရားချလျက် တန်ခိုးပင် ပြခဲ့သေးသည်မှာ နိဗ္ဗာန်၏ ချမ်းသာပုံအတွက် လေးနက်ခိုင်မာလှသော သာဓကပင် ဖြစ်သည်။ ဤနိရောဓသစ္စာကို ဘုရားရှင်သည် ဉာဏ်ဖြင့် ဆိုက်ရောက် မျက်မှောက်ပြုတော်မူခဲ့ပြီး ဖြစ်ပါသည်။

(၄) မဂ္ဂသစ္စာ

မဂ္ဂသစ္စာ = (မဂ္ဂ + သစ္စာ။ မဂ္ဂ = နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်လမ်းကောင်း + သစ္စာ = အမှန်တရား။)

ဒုက္ခအားလုံး၏ ချုပ်ငြိမ်းရာ အမှန်တရားဖြစ်သော နိဗ္ဗာန်သို့ ရောက်ရာရောက်ကြောင်း အကျင့်လမ်းကောင်းတရားကို “မဂ္ဂ = မဂ်” ဟူ၍ ခေါ်ပြီး ယင်း “မဂ္ဂ = မဂ်” ၏ အစိတ်အင်္ဂါများကို “မဂ္ဂင်” ဟူ၍ ခေါ်၏။ မဂ္ဂင်တရားကား အရေအတွက်အားဖြင့် ဖော်ပြလတ္တံ့ပါအတိုင်း ရှစ်ပါးရှိပါသည်။

စာမျက်နှာ-105


မဂ္ဂင်ရှစ်ပါး

(က) သမ္မာဒိဋ္ဌိ = မှန်ကန်သော အသိအမြင်

သတ္တဝါဟူသမျှ တစ်ဦးတစ်ယောက်၏ အလိုကြောင့် (ဝါ) တစ်ဦးတစ်ယောက်က ဖန်ဆင်းသောကြောင့် ကောင်းကျိုး၊ မကောင်းကျိုး ခံစားရသည်မဟုတ်၊ မိမိပြုအပ်သော ကံနှင့် ဉာဏ်၊ ဝီရိယတို့၏ ကောင်းမှု၊ မကောင်းမှုကြောင့်သာ ကောင်းကျိုး၊ မကောင်းကျိုး ခံစားကြရသည်ဟု အမှန်အတိုင်း သိမြင်ခြင်း (ကမ္မဿကတာသမ္မာဒိဋ္ဌိ)။

ဤခန္ဓာသည် ဖြစ်သည့်အတိုင်းမတည်ဘဲ ပျက်၍ ပျက်၍ နေသောကြောင့် မမြဲ၊ မမြဲသော တရားဟူသမျှသည် ဆင်းရဲ၏၊ မြဲလည်းမမြဲ ဆင်းရဲလည်းဆင်းရဲ ပျက်ခြင်းသဘောလည်းရှိသော တရားသည် အလိုမလိုက် အကြိုက်မပါ သူငါမဟုတ်ဟု အမှန်အတိုင်း သိမြင်ခြင်း (ဝိပဿနာသမ္မာဒိဋ္ဌိ)။

ဒုက္ခအားလုံး၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြု၍ အမှန်အတိုင်း သိမြင်ခြင်း (လောကုတ္တရာသမ္မာဒိဋ္ဌိ) တို့ ဖြစ်၏။ တရားကိုယ်မှာ ပညာစေတသိက်တည်း။

(ခ) သမ္မာသင်္ကပ္ပ = မှန်ကန်သော အကြံအစည်

ကာမဂုဏ်အာရုံများကို မလိုက်စားဘဲ ဒါနပြုမည်၊ ဥပုသ်စောင့်မည်၊ တရားအားထုတ်မည် စသောအားဖြင့် ကြံစည်စိတ်ကူးခြင်း (နေက္ခမ္မသင်္ကပ္ပ)။

သူတစ်ပါးတို့အား ဒေါသဖြင့် မကောင်းမကြံဘဲ မေတ္တာဖြင့် ကျန်းမာချမ်းသာစေရန် အကောင်းကိုသာ စိတ်ကူးကြံစည်ခြင်း (အဗျာပါဒသင်္ကပ္ပ)။

အောက်လက်ငယ်သား ဆင်းရဲသူများအား သနားညှာတာ ကရုဏာဖြင့် ကူညီကယ်မရန် စိတ်ကူးကြံစည်ခြင်း (အဝိဟိံသာသင်္ကပ္ပ) တို့ ဖြစ်၏။ တရားကိုယ်မှာ ဝိတက်စေတသိက်တည်း။

စာမျက်နှာ-106


(ဂ) သမ္မာဝါစာ = မှန်ကန်သော စကားကို ပြောဆိုခြင်း

လိမ်ညာမပြောဘဲ အမှန်ကိုသာ ပြောခြင်း၊ ရန်ဖြစ်အောင် ကုန်းမတိုက်ဘဲ သင့်မြတ်မှုရှိအောင် ပြောခြင်း၊ ကြမ်းတမ်းယုတ်မာ ဆဲဆိုခြင်းမပြုဘဲ နူးညံ့ပြေပြစ်စွာ ပြောခြင်း၊ အကျိုးမဲ့ ရယ်စရာမောစရာမျှဖြစ်သော စကားတို့ကို ရှောင်ရှား၍ အကျိုးများသော စကားတို့ကို ပြောဆိုခြင်းတို့ ဖြစ်၏။

(ဃ) သမ္မာကမ္မန္တ = မှန်ကန်သော အမှုကို ပြုခြင်း

သူတစ်ပါးတို့အား ညှဉ်းဆဲသတ်ဖြတ်ခြင်းမှ ရှောင်ရှား၍ သူတစ်ပါးအသက်ရှည်အောင်၊ အနာရောဂါကင်း၍ ကျန်းမာခြင်းရှိအောင် ကူညီခြင်း၊ သူတစ်ပါးဥစ္စာကို နှောင့်ယှက်ဖျက်ဆီး ခိုးယူခြင်းမှ ရှောင်ရှား၍ သူတစ်ပါးဥစ္စာ လုံခြုံအောင် စောင့်ရှောက်ပေးမှု၊ လှူဒါန်းပေးကမ်းမှုပြုခြင်း၊ သူတစ်ပါးတို့၏ ကာမကို မတရားရယူလိုခြင်းမှ ရှောင်ရှား၍ သူတစ်ပါးတို့၏ စိတ်ကြည်နူးအောင် တံမြက်လှည်း၊ လမ်းပြင် စသည်ဖြင့် ကူညီဆောင်ရွက်ခြင်းတို့ ဖြစ်၏။

(င) သမ္မာအာဇီဝ = မှန်ကန်သော အသက်မွေးခြင်း

တရားသဖြင့် လယ်ယာလုပ်၍၊ ရောင်းဝယ်ဖောက်ကား၍၊ လက်မှုပညာ၊ နှုတ်မှုပညာ အဖြာဖြာတို့ဖြင့် ရင်းနှီး၍ အသက်မွေးခြင်း၊ အချုပ်အားဖြင့် ငါးပါးသီလမပျက်အောင် စောင့်ရှောက်၍ အသက်မွေးခြင်းတို့ ဖြစ်၏။

(စ) သမ္မာဝါယာမ = မှန်ကန်သော အားထုတ်ခြင်း

မတရားသဖြင့် ကြိုးပမ်းအားထုတ်ခြင်းမှ ရှောင်ကွင်း၍ တရားသောနည်းလမ်းဖြင့် ကြိုးပမ်းအားထုတ်ခြင်း ပြုရာ၌ မဖြစ်သေးသော အကုသိုလ်ကို မဖြစ်အောင်၊ ဖြစ်ပြီးသော အကုသိုလ်ကို နောက်ထပ်မဖြစ် အသစ်မတိုးပွား ပယ်ရှားနိုင်အောင်၊ မဖြစ်ဖူးသေးသော ကုသိုလ်ကို ဖြစ်အောင်၊ ဖြစ်ပြီးသော ကုသိုလ်ကို နောက်မဆုတ်ဘဲ တိုးမြဲတိုးအောင် ကြိုးပမ်းအားထုတ်ခြင်းများ ဖြစ်၏။ တရားကိုယ်မှာ ဝီရိယစေတသိက်တည်း။

စာမျက်နှာ-107


(ဆ) သမ္မာသတိ = မှန်ကန်သော ဆင်ခြင်အောက်မေ့ခြင်း

ကုသိုလ်ကောင်းမှုနှင့် ဆိုင်ရာကို အောက်မေ့ခြင်း၊ အမှတ်ရခြင်း၊ မိမိတို့၏ မျက်စိ နား စသည်တို့၌ ထင်လာသမျှ အာရုံများကို ရောနှောခြင်းမရှိဘဲ (မြင်သည့်အခါ မြင်စိတ်၊ ကြားသည့်အခါ ကြားစိတ်ဟု ခွဲခြား၍) ထင်လာသည့်အတိုင်း တစ်မျိုးစီ တစ်မျိုးစီ အကန့်လိုက် အကန့်လိုက် ပိုင်းခြား၍သိခြင်း။ တရားကိုယ်မှာ သတိစေတသိက်တည်း။ ဟင်းလျာအားလုံးတို့၌ ဆားခတ်ခြင်းကို အလိုရှိအပ်သကဲ့သို့လည်းကောင်း၊ မင်းမှုကိစ္စအားလုံးတို့၌ ကိစ္စအားလုံးကို ဆောင်ရွက်တတ်သော အမတ်ကို အလိုရှိအပ်သကဲ့သို့လည်းကောင်း အရာအားလုံးတို့၌ သတိကို အလိုရှိအပ်၏။ သတိသည် ပိုသည်ဟူ၍မရှိ၊ လိုသည်သာ ရှိသည်။

(ဇ) သမ္မာသမာဓိ = မှန်ကန်သော တည်ကြည်ခြင်း

သစ်ရွက်ခြောက်များ ပြာမှုန်များသည် လေတိုက်သောအခါ အငြိမ်မနေဘဲ ပျံ့လွင့်သကဲ့သို့ အာရုံထွေပြား ပျံ့လွင့်မနေဘဲ ကျောက်ခဲသံခဲသည် လေတိုက်သော်လည်း မတုန်မလှုပ် မပျံ့လွင့်သကဲ့သို့ အာရုံတစ်ခုတည်းမှာ မပျံ့မလွင့် တည်နေခြင်း၊ ကမ္မဋ္ဌာန်းအာရုံ၌ ငြိမ်သက်တည်ကြည်နေခြင်း၊ သမာဓိရနေခြင်း၊ ကောင်းသောစာပေကို ကြည့်ရှုရေးသားရာ၌ သမာဓိရ တည်ကြည်နေခြင်း၊ ဒါနကိစ္စ သီလကိစ္စ ဘာဝနာကိစ္စ ကုသိုလ်ကောင်းမှုကိစ္စစသည်ကို ကြံစည်စိတ်ကူးနေရာ၌ သမာဓိရ တည်ကြည်နေခြင်း စသည်တို့ဖြစ်သည်။ တရားကိုယ်မှာ ဧကဂ္ဂတာစေတသိက်တည်း။

အထက်တွင် ဖော်ပြခဲ့သော သမ္မာဒိဋ္ဌိစသော ရှစ်ပါးကို “မဇ္ဈိမပဋိပဒါ = အလယ်အလတ်ကျင့်စဉ်” ဟု ခေါ်၏။ ဤတရားရှစ်ပါးတွင် သမ္မာဒိဋ္ဌိနှင့် သမ္မာသင်္ကပ္ပ နှစ်ပါးသည် “ပညာမဂ္ဂင်” ဖြစ်၏။ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ သုံးပါးသည် “သီလမဂ္ဂင်” ဖြစ်၏။ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ သုံးပါးသည် “သမာဓိမဂ္ဂင်” ဖြစ်၏။ ပညာမဂ္ဂင်နှစ်ပါးကို အဘိဓမ္မာပိဋကဖြင့် အကျယ်ချဲ့သည်။ သီလမဂ္ဂင်သုံးပါးကို ဝိနည်းပိဋကဖြင့် အကျယ်ချဲ့သည်။ သမာဓိမဂ္ဂင်သုံးပါးကို သုတ္တန်ပိဋကဖြင့် အကျယ်ချဲ့သည်။ စင်စစ်...

စာမျက်နှာ-108


အားဖြင့် မဂ္ဂင်ရှစ်ပါး (မဂ္ဂသစ္စာ) တရားလမ်းစဉ်သည် ပိဋကသုံးပုံကို အနှစ်ထုတ်၍ အချုပ်သဘော ညွှန်ပြထားသော ဗုဒ္ဓဝါဒ သာသနာ့လမ်းစဉ်တော်ကြီးပင် ဖြစ်သည်။

ဒုက္ခများစွာ သံသရာဝဋ်မှ လွတ်မြောက်၍ နိဗ္ဗာန်သို့ ဆိုက်ရောက်လိုသူတို့သည် ဤမဂ္ဂင်တရားရှစ်ပါးကို မိမိသန္တာန်၌ ထာဝစဉ် ဖြစ်ပွားအောင် ကြိုးစားရမည်။ ယင်းသို့ ကြိုးစားရာ၌ တစ်နေ့ တစ်ရက် တစ်နံနက် တစ်ခဏမျှ ကြိုးစားရမည်မဟုတ်။ စာအရကျက်သူသည် တစ်ခေါက်ကျက်ရုံမျှဖြင့် မရဘဲ အခေါက်ခေါက် အခါခါ ကျက်ရ၏။ ရပြန်ပါလည်း မကျေမချင်း ထပ်၍ ထပ်၍ အံရ၏။ မမေ့မပျောက်အောင် ထပ်၍ ထပ်၍ ပြန်ရ၏။ ထိုမျှလောက် ကျက်-အံ-ပြန် ကြိုးစားထားမှ ထိုစာနှင့်ဆိုင်သော အကျိုးတရားကို ရနိုင်သကဲ့သို့ ထို့အတူ “မဇ္ဈိမပဋိပဒါ” မဂ္ဂင်ရှစ်ပါးကိုလည်း မိမိ၏ သန္တာန်၌ ပထမဖြစ်အောင် ကြိုးစားရမည်။ ထို့နောက် ထပ်၍ ထပ်၍ ဖြစ်အောင် ကြိုးစားရမည်။ ထို့နောက် အသားကျအောင် ကျေနေအောင် ကြိုးစားရမည်။ အထွတ်အထိပ်ရောက်အောင် ကြိုးစားလျှင် ဉာဏ်စက္ခုအလင်းရ၍ “စက္ခုကရဏီ ဉာဏကရဏီ” ဖြစ်ကာ တစ်သံသရာလုံး၌ မည်သည့်ဘဝ မည်သည့်အခါကမျှ မသိမမြင်ခဲ့ရဖူးသော “သစ္စာလေးပါး အမှန်တရား” ကို ကောင်းစွာ သိမြင်ပြီး ဒုက္ခအားလုံး၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ မျက်မှောက်ပြု ဆိုက်ရောက်နိုင်ကြပါလိမ့်မည်။ ဘုရားရှင်သည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး ဤမဂ္ဂသစ္စာတရားကို တစ်သန့်တည်း... တစ်ဖြောင့်တည်း နောက်မဆုတ်တမ်း ကျင့်ကြံအားထုတ်တော်မူခဲ့သည်။

ဗုဒ္ဓဂုဏ်တော်ကို အာရုံပြု၍ ကိုယ်စိတ်နှစ်ပါး ချမ်းသာမှုကို ရယူပါ

ဘုရားရှင်ကို အာရုံပြု၍ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း စီးဖြန်းပွားများလျက် (ပုတီးစိပ်) နေသောအခါ၊ အိပ်ရာဝင် အိပ်ရာထဲ၌ ဘုရားရှင်ကို အာရုံပြု၍ ရှိခိုးကန်တော့သောအခါ၊ ရေတော် ပန်းတော် ဆီမီးတော် ဆွမ်းတော်စသည်ဖြင့် လှူဒါန်းပူဇော်နေသောအခါ စသည်တို့၌ ထိုသို့ ပြုလုပ်သော ပုဂ္ဂိုလ်၏ စိတ်အစဉ်ဝယ် မဂ္ဂင်ရှစ်ပါး တရားအားလုံး ပါဝင်နေပါသည်။ ထိုမဂ္ဂင်ရှစ်ပါး တရားများကား နိဗ္ဗာန်ကို (မျက်စိဖြင့် မြင်ရသလို) မျက်မှောက်ပြုနိုင်ကြောင်း လမ်းဖြောင့်လမ်းကောင်း အမှန်ပင် ဖြစ်၏။ မှန်သောလမ်းကို မှန်မှန်သွားနေသူသည် “လမ်းဆုံးလျှင် ရွာတွေ့” ဆိုသကဲ့သို့ ထိုလမ်းအဆုံးတွင် နိဗ္ဗာန်ကို ကောင်းစွာ တွေ့နိုင်ကြမည် အမှန်ဖြစ်ပါသည်။

စာမျက်နှာ-109


အကယ်၍ တရားမပေါက် နိဗ္ဗာန်ကို မတွေ့မရောက်ရသေးသော်လည်း မိမိစိတ်ကို အလွန်ထူးခြားသော ဘုရားအာရုံ၌ ချထားရသောကြောင့် အမြဲရွှင်လန်းသော ပီတိသောမနဿစိတ်၊ အမြဲကြည်လင်သော သဒ္ဓါစိတ်များ ဖြစ်ပွားနေရကား ထိုသူ၏ ရုပ်ဆင်းအင်္ဂါ မျက်နှာပါ ကြည်လင်၍ ကိုယ်ရော စိတ်ပါ ကျန်းမာချမ်းသာခြင်းကို ရနိုင်ကြပါသည်။ “ဗုဒ္ဓ” ဂုဏ်တော်ကို အာရုံပြု၍ ကိုယ်စိတ်နှစ်ပါး ချမ်းသာမှုကို ရယူသင့်ကြပါသည်။

၉။ ဘဂဝါဂုဏ်တော်

ဘဂဝါ = (ဘဂ + ဝါ။ ဘဂ = ဘုန်း + ဝါ = ရှိတော်မူသော မြတ်စွာဘုရား။)

ဘုရားရှင်သည် ဘဝများစွာ သံသရာ၌ စွန့်ကြဲပေးကမ်းခြင်း၊ ကိုယ်ကျင့်သီလကောင်းခြင်း၊ မေတ္တာတရားကြီးမားခြင်း၊ သည်းခံခွင့်လွှတ်ခြင်း၊ တောထွက်၍ တရားကျင့်ခြင်း စသောအားဖြင့် ကုသိုလ်ကောင်းမှုကံ ပါရမီအစုတို့ကို ဖြည့်ကျင့်ဆည်းပူးခြင်း ပြုတော်မူခဲ့သည်။ ယင်းသို့ ပြုတော်မူခဲ့သော ကုသိုလ်ကောင်းမှုကံ ပါရမီအစုများကို ရှေးဘုန်းရှေးကံဟု ခေါ်၏။ ထိုရှေးဘုန်းရှေးကံများသည် ဘုရားရှင်၌ အဆုံးအပိုင်းအခြား မထားနိုင်လောက်အောင် များ၏။ မည်ရွေ့မည်မျှဟု အတိုင်းအဆမရှိ။ ဘုရားရှင်သည် အတိုင်းအဆမရှိ အဆုံးအပိုင်းအခြား မထားနိုင်လောက်အောင် များသော ကုသိုလ်ကောင်းမှု ပါရမီအစုများကြောင့် (သူတစ်ကာတို့ထက်) သာလွန်ထူးကဲသော ဘုန်းတော်များကို ရတော်မူသည်။ ထို့ကြောင့် ဘုရားရှင်သည် “ဘဂဝါ” ဟူသော ဂုဏ်တော်အားဖြင့် ထင်ရှားတော်မူပါသည်။ လွန်စွာ ဘုန်းကြီးတော်မူပါသည်။

ဘုန်းတော်ခြောက်ပါး

ဘုရားရှင်ရရှိတော်မူသော (သူတစ်ကာတို့ထက်) သာလွန်ထူးကဲသည့် ဘုန်းတော်များသည် အဆုံးမရှိ (= အနန္တ)၊ အတိုင်းအဆမရှိ (= အပရိမာဏ) ဖြစ်သော်လည်း အမျိုးအစားအားဖြင့် ခွဲခြားလျှင် —
(၁) ဣဿရိယ၊ (၂) ဓမ္မ၊ (၃) ယသ၊
(၄) သိရီ၊ (၅) ကာမ၊ (၆) ပယတ္တ —
ဟူ၍ ခြောက်ပါးရှိပါသည်။

စာမျက်နှာ-110


(၁) ဣဿရိယဘုန်းတော်

“ဣဿရိယ” ဟူသည် အစိုးရခြင်းတည်း။ “အစိုးရခြင်း” ဟူသည် မိမိအလိုသို့ လိုက်ပါစေနိုင်ခြင်းတည်း။ ဘုရားရှင်သည် မိမိ၏ (လောကီ လောကုတ္တရာ) စိတ်တော်ကို အလိုရှိရာအာရုံ၌ တည်ငြိမ်အောင် နိုင်နင်းစွာ ထားတော်မူနိုင်၏။ စက်ဆုပ်ဖွယ်အာရုံကို စက်ဆုပ်ဖွယ်မရှိသည်၏ အဖြစ်ဖြင့် ရှု၍ထားနိုင်၏။ စက်ဆုပ်ဖွယ်မရှိသော အာရုံကို စက်ဆုပ်ဖွယ်အဖြစ်ဖြင့် ရှု၍ထားနိုင်၏။ စက်ဆုပ်ဖွယ်၊ မစက်ဆုပ်ဖွယ် အာရုံမှန်သမျှကို ဥပေက္ခာပြု လျစ်လျူရှု၍ ထားနိုင်၏။ ယင်းသို့ ဣဋ္ဌ အနိဋ္ဌ အာရုံအမျိုးမျိုးကို လိုသလို ရှု၍ထားရန် မိမိစိတ်တော်ကို လွန်စွာ အစိုးရတော်မူ၏။ ထို့ပြင် ဈာနသမာပတ်၊ ဖလသမာပတ် ဝင်စားရာတို့၌လည်း စိတ်တော်ကို ညွတ်ကာမျှဖြင့် ကျွမ်းကျင်လိမ္မာစွာ ပိုင်ပိုင်နိုင်နိုင် ဝင်စားတော်မူနိုင်၏။ ဤသို့ (လောကီ လောကုတ္တရာ) စိတ်တော်ကို အစိုးရခြင်းသည် “ဣဿရိယ” ဘုန်းတော် ဖြစ်၏။

ဣဿရိယဘုန်းတော် ရှစ်ပါး

လောက၌ ထင်ရှားကျော်ကြားသော လောကီဘုန်းတန်ခိုးခေါ် “လောကိယ ဣဿရိယဘုန်းတော်” ရှစ်ပါးလည်း ရှိ၏။ ယင်းရှစ်ပါးတို့ကား အောက်ပါအတိုင်း ဖြစ်ပါသည် —

(က) အဏိမာဘုန်းတော် = အဏုမြူမှုန်သဖွယ် အလွန်သေးငယ်အောင် ဖန်ဆင်းနိုင်သော တန်ခိုးတော်ဖြစ်၏။ အလွန်သေးငယ်သော မုန်ညင်းစေ့အတွင်း၌ အဏုမြူမျှ သေးငယ်သော ကိုယ်တော်ကို ဖန်ဆင်းကာ ပရိက္ခရာရှစ်ပါးလွယ်လျက် စင်္ကြံကြွတော်မူနိုင်၏။ မှန်အတွင်း၌ ထင်သော အရိပ်သဖွယ် ဖူးမြင်နိုင်ကြ၏။ လုံးလုံးလျားလျား မမြင်ရအောင်လည်း ကိုယ်တော်ကို ကွယ်ဖျောက်တော်မူနိုင်၏။ ကွယ်ဖျောက်ပုံသာဓကမှာ — ငါသာမြဲသည်၊ ငါသာတန်ခိုးကြီးသည်ဟု အယူသည်းနေသော ဗကဗြဟ္မာကြီးနှင့် တန်ခိုးပြိုင်ရာ၌ ထင်ရှား၏။

(ခ) မဟိမာဘုန်းတော် = မြင်းမိုရ်တမျှ (ထိုထက်အလွန်) ကြီးမားအောင် ဖန်ဆင်းနိုင်သော တန်ခိုးတော် ဖြစ်၏။ အလိုတော်ရှိက စကြဝဠာလောကဓာတ်ကြီး တစ်ခုလုံးကိုပင် ဖုံးအုပ်နိုင်လောက်အောင် ကြီးမားသော ကိုယ်တော်မြတ်ကို...

စာမျက်နှာ-111


သပ္ပါယ်စွာ ဖန်ဆင်းတော်မူနိုင်၏။ မြင့်ခေါင်ကြီးမားပုံ သာဓကမှာ — ယူဇနာလေးသောင်းရှစ်ထောင် အမြင့်ရှိသော ရာဟုအသူရိန်နတ်ကြီး “ဘုရားကို ငုံ့ကြည့်ရလိမ့်မည်” ဟု အထင်ရောက်ပြီး ဘုရားရှင်ထံ မလာရောက်ဘဲ နေခဲ့ရာမှ (မအောင့်အီးနိုင်ဘဲ) ဘုရားထံမှောက် ရောက်၍လာရာ ဘုရားရှင် လျောင်းနေသည်ကိုပင် အထက်ပိုင်းအဆုံးကို မမြင်နိုင်အောင် ကြီးမားစွာ ဖန်ဆင်း၍ အဖူးအမြော်ခံရာ၌ ထင်ရှား၏။

(ဂ) လဃိမာဘုန်းတော် = စိတ်၏ လျင်မြန်ခြင်းကဲ့သို့ ခန္ဓာကိုယ်ကို ပေါ့ပါးလျင်မြန်အောင် ဖန်ဆင်းနိုင်သော တန်ခိုးတော် ဖြစ်၏။ မြေပြင်မှာကဲ့သို့ ကောင်းကင်မှာ ပေါ့ပါးလျင်မြန်စွာ (ဈာန်ပျံ၍) ကြွသွားတော်မူနိုင်၏။

(ဃ) ပတ္တိဘုန်းတော် = ကြွတော်မူလိုရာ အရပ်သို့ ဆီးတားကွယ်ကာခြင်းမရှိ ခဏချင်း ကြွရောက်နိုင်သော တန်ခိုးတော်ဖြစ်၏။ ဘုရားရှင်သည် ချေချွတ်ထိုက်သော သတ္တဝါကို မြင်လျှင် နတ်ပြည် ဗြဟ္မာ့ပြည်၌ပင် ဖြစ်စေကာမူ ထိုသူ၏ အထံသို့ တစ်ခဏချင်း အရောက်ကြွတော်မူနိုင်၏။ စိတ်သွားရာ ကိုယ်ပါ အလိုတော်ရှိရာသို့ ရောက်တော်မူနိုင်သည်။

(င) ပါကမ္မဘုန်းတော် = အဆင်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးကို တစ်ခဏချင်း ဖန်ဆင်းတော်မူနိုင်သော တန်ခိုးတော် ဖြစ်၏။ ဘုရားရှင်သည် တစ်ခါတရံ အခြားစကြဝဠာတိုက်သို့ ကြွရောက်၍ ထိုဒေသရှိ ဘုရင်မင်းများ ပုံဟန်ဖြင့် တရားဟောတော်မူသည်။

(စ) ဤသိတာဘုန်းတော် = မိမိစိတ်ကိုလည်းကောင်း၊ သတ္တဝါတို့ကိုလည်းကောင်း မိမိအလိုသို့ လိုက်ပါစေနိုင်အောင် အစိုးရတော်မူသော တန်ခိုးတော်ဖြစ်၏။ ဘုရားရှင်သည် မိမိစိတ်ကိုလည်း နိုင်နင်း၏။ သတ္တဝါတို့ကိုလည်း မိမိအလိုအကြိုက် လိုက်ပါစေနိုင်၏။ လိုသလို ပိုင်စိုးပိုင်နင်း ပြုလုပ်နိုင်၏။

(ဆ) ဝသိတာဘုန်းတော် = တန်ခိုးအမျိုးမျိုး ဖန်ဆင်းတော်မူရာ၌ အလွန်ကျွမ်းကျင်နိုင်နင်းတော်မူသော တန်ခိုးတော် ဖြစ်၏။ ဥရုဝေလနဂါးကြီးကို ဆုံးမတော်မူရာ၌ နဂါးကြီးထက် ကြီးမားသော အခိုးလွှတ်ခြင်း၊ အလျှံလွှတ်ခြင်းစသည့် အမျိုးမျိုး ပြောင်းလဲပြုလုပ်ရာ၌ ဖန်ဆင်းတော်မူခြင်းမျိုးတည်း။

စာမျက်နှာ-112


(ဇ) ယတ္ထကာမာဝသာယိတာဘုန်းတော် = ကိစ္စတစ်ခု ပြုစုနေတုန်း ပြီးဆုံးစေချင်သော် တစ်ခဏချင်း ပြီးစေနိုင်သော တန်ခိုးတော် ဖြစ်၏။ ရေမီးအစုံစုံ တန်ခိုးပြာဋိဟာ ပြတော်မူရာ၌ အထက်ပိုင်းမှ မီးအလျှံ၊ အောက်ပိုင်းမှ ရေအလျဉ်၊ (တစ်ဖန်) အောက်ပိုင်းမှ မီးအလျှံ၊ အထက်ပိုင်းမှ ရေအလျဉ် တသွင်သွင် ပြောင်းလဲနေအောင် ဖန်ဆင်းတော်မူခြင်းမျိုးတည်း။

(၂) ဓမ္မဘုန်းတော်

ဝါသနာနှင့်တကွ ကိလေသာအားလုံးကို ပယ်သတ်နိုင်သော မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်အားဖြင့် ကိုးပါးသော လောကုတ္တရာတရားတို့ကို “ဓမ္မ” ဟု ဆိုသည်။ ဤတရားများကို ရှေးပါရမီစု ကောင်းမှုတို့ကြောင့် ရလာခြင်းဖြစ်၏။ ဤတရားများကိုရ၍ ဗုဒ္ဓဂုဏ်အင်များကို စုံလင်စွာ ပိုင်စိုးနိုင်ခဲ့သောကြောင့် ဤဓမ္မကိုးပါးသည် ဘုရားရှင်၏ ဘုန်းတော်များပင် ဖြစ်ပါသည်။

(၃) ယသဘုန်းတော်

ကျော်စောခြင်းနှင့် အခြွေအရံများခြင်းကို “ယသ” ဟု ဆိုသည်။ ဘုရားရှင်၏ ကျော်စောသတင်းမှာ လူ၌သာမက နတ်ဗြဟ္မာတိုင် ကျော်ကြားလျက် ရှိ၏။ လောက၌ အသိုင်းအဝိုင်း ချဲ့ထွင်ဖန်တီးမှုများဖြင့် မဟုတ်မမှန် လုပ်ကြံကျော်စောရသော ကျော်စောမှုမျိုးလည်း ရှိတတ်၏။ ဘုရားရှင်ကား ယင်းကဲ့သို့ သိုင်းဝိုင်းမှု၊ လုပ်ကြံဖန်တီးမှုမပါ အမှန်အတိုင်းသာဖြစ်သော ဂုဏ်တော်များကြောင့် အလိုလို ထင်ပေါ်ကျော်စောလာရခြင်းဖြစ်၏။

ဘုရားရှင်၌ မှန်ကန်သော တရားများ၊ အတုမရှိသော ဂုဏ်တော်များ ရှိခြင်းကြောင့် လက်ထက်တော်က တပည့်အခြွေအရံများရာတွင် ဘုရားရှင်ထက်သာသော ဆရာတစ်ဦးတစ်ယောက် မရှိခဲ့ပါ။ မင်းစိုးရာဇာနှင့် ပညာရှိဆိုသော ပဏ္ဍိတ်ဆရာကြီးများပါ ဘုရားရှင်တပည့်များသာ ဖြစ်ကြသည်။ လူတွင်မက နတ်ဗြဟ္မာများအထိ ဖြစ်၏။ နတ်ပြည် ဗြဟ္မာ့ပြည်၌ကား ဘုရားရှင်ထံ တိုက်ရိုက်တပည့်ခံခဲ့သူ နတ်ဗြဟ္မာများ ယနေ့အထိ ရှိနေကြသေး၏။

ဘုရားရှင်၏ ကျော်စောခြင်း ဂုဏ်သတင်းမှာ ရှေးအခါကသာ ပျံ့နှံ့ကျော်ကြားခဲ့သည်မဟုတ်၊ ယနေ့အထိ ကမ္ဘာလောကဓာတ်၌ ပဲ့တင်ခတ်လျက် ရှိနေသေး၏။ ယင်းသို့ ကျော်စောခြင်း အဆက်မပြတ် ပဲ့တင်ခတ်လျက် ရှိနေခြင်းမှာ ဧကန်ဖြောင့်မှန်၍ အနှစ်သာရနှင့် ပြည့်စုံသော ပိဋကတ်ဓမ္မတရားမှတ်တိုင်ကြီးများ ရှိနေသောကြောင့် ဖြစ်၏။ ယခုအခါ ကမ္ဘာအရပ်ရပ်က ပညာရှိများလည်း ရှေးကထက် ပိုမို၍ လက်ခံယုံကြည်လာသည်ကို တွေ့မြင်နိုင်ပါသည်။

စာမျက်နှာ-113


(၄) သိရီဘုန်းတော်

ဖူးမြော်၍ မဝနိုင်အောင် လွန်စွာ သပ္ပါယ်သော ကျက်သရေကို “သိရီ” ဟု ဆို၏။ ဘုရားရှင်၏ ကောင်းမှုပါရမီတော်များသည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး စုဆောင်းဆည်းပူးတော်မူခဲ့သောကြောင့် ဤရွေ့ဤမျှရှိ၏ဟု ဂဏန်းချလျက် နှိုင်းဆရေတွက်၍ မရလောက်အောင် များပြားလှ၏။ ကမ္ဘာလောက၌ ရှိရှိသမျှ သတ္တဝါအပေါင်း၏ ကောင်းမှုပါရမီတွေကို စုပေါင်း၍ အဆတစ်ရာ မြှောက်ပွားပြီးလျှင် တစ်ဆူသော ဘုရား၏ ပါရမီကုသိုလ်တော်နှင့် ပြိုင်ယှဉ်သည်ရှိသော် ဘုရားရှင်တစ်ဆူ၏ ကုသိုလ်ကောင်းမှုများကပင် သာလွန်ဖွယ်ရှိပါသည်။

ထိုမျှလောက် များပြားသော ပါရမီကုသိုလ်တော်များသည် ဘုရားရှင်၏ ရူပကာယတော်အရပ်ရပ်၌ ယောက်ျားမြတ်တို့၏ အမှတ်လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်များ၊ မျက်မှောင်တော်နှစ်သွယ် အလယ်တည့်တည့်၌ အထူးလှပဖြူဆွတ်လှသော “ဥဏ္ဏလုံ” ခေါ် မွေးရှင်တော်နှင့် တစ်လံမျှလောက် အမြဲထွန်းတောက်လျက်ရှိသော ရောင်ခြည်တော်ဝန်း အမှတ်တံဆိပ်ကို ခပ်နှိပ်လျက် ခန္ဓာကိုယ်အရေးနှင့် စပ်၍ နောက်ထပ် အကျိုးပေးစရာမကျန်အောင် အစွမ်းကုန် အဆုံးစွန် အကျိုးပေးဖန်ဆင်းထားပါသည်။

ထို့ကြောင့် ဘုရားရှင်၏ တစ်ကိုယ်တော်လုံး ရွှေတုံးရွှေနှစ်ပမာ လူ နတ် ဗြဟ္မာ မည်သူနှင့်မျှ မယှဉ်သာအောင် အတင့်တယ်ဆုံး၊ အသပ္ပါယ်ဆုံး၊ အယဉ်ကျေးဆုံး၊ ကျက်သရေအရှိဆုံး ဖြစ်တော်မူရပါသည်။ ကျက်သရေအရှင် ဘုရားသခင်ကို ဖူးမြင်ကြသူ လူ နတ် ဗြဟ္မာ သတ္တဝါတို့အဖို့ရာ အချိန်သာကုန်၍ ပြန်ကြရသော်လည်း ဖူးမြင်၍ကား တင်းတိမ်အားမရ ဖူးမဝနိုင်ဘဲ ထပ်တလဲလဲ ဖူးမြင်ချင်ကြဆဲသာ ရှိပါသည်။

ဘုရားရှင်သည် ကြည့်ရှုချင်စဖွယ် သပ္ပါယ်ရုံမျှသာမဟုတ်၊ ရုပ်ပုံတော်တွင် ကိလေသာအညစ်အကြေးများ ကင်းစင်၍ အလွန်ကြည်လင်ရွှန်းပလျက် ရှိ၏။ သတ္တဝါတို့၏ အကျိုးကို လိုလားသော မေတ္တာတော်နှင့် ကရုဏာ၊ ပညာတော်တို့ပါ ရုပ်ပုံတော်အတွင်း၌ ကိန်းဝပ်စံပယ်တော်မူလျက် ရှိ၏။ ထို့ကြောင့် ဘုရားရှင်၏ မျက်နှာတော်သည် စန္ဒာလမင်းကဲ့သို့ ပဝင်းရွှင်ပျ အေးမြတော်မူလှ၏။ ဘုရားရှင်ကို ကြည့်ရှုဖူးမြင်ရလျှင် အကောင်းစိတ်တွေ တိုးပွား၍ အကျိုးများလှပြီး ကြည့်ရှုဖူးမြင်သူတို့၏ စိတ်အစဉ်ကိုပါ ကြည်လင်ရွှင်ပျ အေးမြစေနိုင်ပါသည်။ ဘုရားရှင်၏ ကြည်လင်ရွှင်ပျ အေးမြသော ဓာတ်များ...

စာမျက်နှာ-114


ဖူးမြင်သူအပေါ် ကူးစက်လာခြင်း ဖြစ်ပါသည်။ ဤနေရာဝယ် ရုပ်ပုံတော်ကို ကြည့်ရှုရခြင်းဖြင့် ညစ်ညူးသော စိတ်ကို ကြည်နူးစေခဲ့သော ဗုဒ္ဓဘာသာမဟုတ်သူ နိုင်ငံခေါင်းဆောင်ကြီးတစ်ဦး၏ အကြောင်းကို သာဓကပြုသင့်ပါသည်။ —

အိန္ဒိယနိုင်ငံ၏ ထင်ရှားသော ခေါင်းဆောင်တစ်ဦးဖြစ်သော ဝန်ကြီးချုပ် “ပဏ္ဍိတ်နေရူး” သည် ခပ်ရွယ်ရွယ်က ကျန်းမာရေးအတွက် အနားယူရင်း သီဟိုဠ်ကျွန်း (သီရိလင်္ကာ) သို့ ဇနီးနှင့်အတူသွား၍ ရှေးဟောင်းအဆောက်အအုံများကို လှည့်လည်ကြည့်ရှုခဲ့သည်။ တစ်နေရာ၌ ဘုရားရှင်၏ ပုံတော်ကိုတွေ့၍ အထူးစိတ်ဝင်စားစွာ ကြည့်ရှုခဲ့ရာ မိမိတည်းခိုရာသို့ ပြန်ရောက်သော်လည်း ထိုပုံတော်သည် မျက်စိထဲမှ မပျောက်အောင် အာရုံစွဲ၍ နေပါသတဲ့။ ဤအကြောင်းကို သီဟိုဠ်မိတ်ဆွေတို့အား ပြန်ပြောင်း၍ ပြောပြခဲ့သည်ဟု ဆို၏။

အိန္ဒိယသို့ ပြန်ရောက်ပြီးနောက် နိုင်ငံရေးနှင့်စပ်၍ ထောင်ထဲသို့ ရောက်နေသည့်အခါ မိမိလုပ်လိုရာ မလုပ်ရသဖြင့် စိတ်ညစ်ညစ်ရှိနေခိုက် (အဘိဓမ္မာသဘောအားဖြင့် ဒေါမနုဿဖြစ်နေခိုက်မှာ) သီဟိုဠ်ကျွန်းက မိတ်ဆွေထံမှ ယခင်က ကြည်နူးစွာ ဖူးတွေ့ခဲ့ရသော ဘုရားရှင်၏ ပုံတော်ကို ဓာတ်ပုံရိုက်၍ ပို့လိုက်သောကြောင့် ထိုပုံတော်ကိုပင် စားပွဲပေါ်တင်၍ ဖူးမြင်နေရခြင်းဖြင့် ညစ်ညူးသောစိတ်ကို ကြည်နူးစေခဲ့သည်ဟု သူ၏ အတ္ထုပ္ပတ္တိ၌ ထည့်သွင်းဖော်ပြထားကြောင်း (အရှင်ဇနကာဘိဝံသ၏ အနာဂတ်သာသနာရေးကျမ်း၌) ပြဆိုထား၏။

ဤသို့လျှင် သက်တော်ထင်ရှား ဘုရားရှင်ကို မဆိုထားဘိ ဘုရားရှင်၏ ပုံတော်အတုသည်ပင် ပညာရှင်တို့၏ စိတ်ကို ဤမျှလောက်ပင် ကြည်လင်လာစေနိုင်ပေသေး၏။ သက်တော်ထင်ရှား ဘုရားရှင်သည်ကား မည်မျှအထိ ကြည်လင်အေးမြစေလိမ့်မည်ဟု မှန်းဆ၍သာ ကြည်ညိုသဒ္ဓါ ပွားသင့်ကြပါသည်။

(၅) ကာမဘုန်းတော်

လိုလားတောင့်တတော်မူသည့်အတိုင်း ပြည့်စုံခြင်းကို “ကာမဘုန်းတော်” ဟု ဆိုသည်။ ဘုရားရှင်သည် သုမေဓာရသေ့ဘဝတုန်းက ဒီပင်္ကရာမြတ်စွာဘုရားကဲ့သို့ သတ္တဝါအများကို ချေချွတ်ကယ်တင်နိုင်ဖို့ရန် စိတ်ဖြင့် လိုလားတောင့်တတော်မူ၏။ “ဗုဒ္ဓေါ ဗောဓေယျံ = ငါသည် တရားထူးကို သိလို့ရှိလျှင်...

စာမျက်နှာ-115


ဝေနေယျသတ္တဝါတို့ကိုလည်း သိစေမည်” ဟု နှုတ်တော်ဖြင့် တောင့်တတော်မူ၏။ ယင်းတောင့်တချက်အတိုင်း သဗ္ဗညုတဉာဏ် အထွတ်တပ်သော မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တို့ကို ရကာ ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့ပါသည်။

ဘုရားရှင်သည် ကိုယ်ကျိုးပြည့်ဝရုံဖြင့် တင်းတိမ်ရောင့်ရဲ ရပ်မနေဘဲ မူလတောင့်တချက်အတိုင်း ကိုယ်ကျိုးပြည့်ဝပြီးနောက် သူတစ်ပါးအကျိုးကိုပါ ဆက်လက်ဆောင်ရွက်တော်မူခဲ့ရာ “ဓမ္မစကြာတရား” ဟောတော်မူသောအခါ၌ပင် တစ်ဆယ့်ရှစ်ကုဋေသော နတ် ဗြဟ္မာတို့ အကျွတ်တရားရ၍ သစ္စာလေးပါးကို သိခဲ့ကြပါသည်။ လိုလားတောင့်တတော်မူသည့်အတိုင်း ကိုယ်ကျိုး သူကျိုး နှစ်မျိုးလုံး အပြီးအဆုံး ပြည့်စုံအောင်မြင်ခြင်းသို့ ရောက်ခဲ့ပါသည်။

(၆) ပယတ္တဘုန်းတော်

အထွတ်အထိပ်သို့ ရောက်သော လုံ့လဝီရိယတော်ကို “ပယတ္တဘုန်းတော်” ဟု ဆိုသည်။ ဘုရားရှင်၏ လုံ့လဝီရိယတော်မှာ ဘုရားမဖြစ်မီ ဘဝပေါင်းများစွာကပင် သာမန်ပုဂ္ဂိုလ်တို့ လိုက်မမီအောင် ပြောင်မြောက်ခဲ့၏။ ဘုရားဖြစ်တော်မူလာသောအခါ တစ်ရှိန်တည်း တိုးတက်လာသော လုံ့လဝီရိယတော်မှာ အထွတ်အထိပ်သို့ ရောက်တော့သည်။ ဘုရားရှင်သည် နေ့စဉ်နေ့စဉ် ကျွတ်ထိုက်သော သတ္တဝါတို့ကို ဉာဏ်တော်ဖြန့်၍ ကြည့်တော်မူလေ့ရှိ၏။ ထိုသူသည် အဝေးအရပ်၌ ရှိနေလျှင် အချိန်အားလျော်စွာ တန်ခိုးဖြင့်ကြွ၍ တရားဓမ္မကို ဟောပြကာ တရားထူးကို ရစေတော်မူ၏။ နောက်ဆုံး ပရိနိဗ္ဗာန်စံတော်မူခါနီး၌ ဝမ်းတော်လားသဖြင့် အားနည်းတော်မူလျက်ပင် သုဘဒ္ဒပရိဗိုဇ်ကို ချွတ်တော်မူလိုသောကြောင့် ကုသိနာရုံမြို့သို့ အရောက် ကြွတော်မူခဲ့၏။ ဘုရားရှင်၏ လုံ့လဝီရိယတော်ကား အံ့မခန်း ရှိလှ၏။

ဘုရားရှင်သည် အနားယူနေသည့်အချိန်ဟု ပြောပလောက်အောင်မရှိ။ သတ္တဝါများအတွက် နေ့စဉ် မနေမနား ကြိုးစားဟောပြော ချေချွတ်တော်မူလျက် ရှိ၏။ လောက၌ အများအတွက် ကြိုးစားနေပါသည်ဆိုသူ မည်သူတစ်ဦးတစ်ယောက်မျှ ဘုရားရှင်၏ လုံ့လဝီရိယတော်ကို မမီနိုင်ကြပါ။ ဤလုံ့လဝီရိယတော်ကြီးအတွက် တစ်လောကလုံး၏ အားကိုးအားထား မြတ်နိုးမှုကို အတုမဲ့အောင် ဆောင်ယူရရှိတော်မူခဲ့ပါသည်။

အဆင်းရော အချင်းပါ ပြည့်စုံပါစေ

ဘုန်းတော်ခြောက်စုံ တန်ခိုးဂုဏ်နှင့် ပြည့်စုံတော်မူသော ဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်တော်မူသော နောက်ဆုံးဘဝတွင် လွန်စွာ များပြားကြီးမားလှသည့် ရှေးဘုန်းရှေးကံများက သူ့ထက်ငါ စုပြုံဝိုင်းအုံ၍ အကျိုး...

စာမျက်နှာ-116


ပေးလာကြသဖြင့် အဘက်ဘက်က ပြည့်စုံတော်မူလေသည်။ ဘုရားရှင်အတွက် လောကီ လောကုတ္တရာ မည်သည့်အရာမျှ လိုလေသေးမရှိ။ ၃၂-ပါးသော လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်၊ ခြောက်သွယ်သော ရောင်ခြည်တော်တို့ဖြင့် အတုမဲ့ သပ္ပါယ်သော ရူပကာယ (အဆင်း) တော်နှင့် ပြည့်စုံ၏။ မြေလျှိုး မိုးပျံ ဈာန် အဘိညာဉ်တန်ခိုး အမျိုးမျိုးတို့ကို အစိုးရတော်မူ၏။ ကိလေသာ အညစ်အကြေး ကင်းစင်၍ ကြည်လင်သော စိတ်တော်ဖြင့် အစဉ်အေးမြတော်မူ၏။ လောကသုံးဘုံ အလုံးစုံကို လွှမ်းခြုံကျော်ကြား ထင်ရှားတော်မူ၏။ အလိုတော်အတိုင်း တောင့်တတိုင်းပင် မဆိုင်းကုံလုံ ပြီးစီးပြည့်စုံတော်မူ၏။ တစ်လောကလုံး ညွတ်ရုံးကိုးစား အားထားဖို့ရာ လွန်စွာ ကြိုးကုတ်အားထုတ်တော်မူ၏။ ဤသို့ ဤပုံ ဘုန်းဂုဏ်တော် အရည်အချင်းတို့နှင့် ပြည့်စုံတော်မူသည် ဖြစ်ရကား ဘုရားရှင်သည် (ရူပနှင့် ဓမ္မ =) အဆင်းရော အချင်းပါ ဘက်စုံပြည့်ဝသော “ဘဂဝါ” ဂုဏ်ထူးရှင် အတုမဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်တော်မူပါသည်။ “ဘဂဝါ” ဂုဏ်တော်ကို အာရုံပြု၍ အဆင်းရော အချင်းပါ ဘက်စုံပြည့်အောင် ဖြည့်ကျင့်ဆည်းပူးသင့်ကြပါသည်။

ကမ္ဘာကုန်သော်လည်း မကုန်နိုင်သော ဂုဏ်တော်များ

လူ နတ် ဗြဟ္မာ သတ္တဝါတို့ ဆောင်လွယ် မှတ်လွယ် သိလွယ်ရုံမျှ ဘုရားရှင်၏ ဂုဏ်တော်ကိုးပါးကို အကျဉ်းချုပ် ဖော်ပြထားခြင်းဖြစ်၏။ ဤဂုဏ်တော်ကိုးပါးသည် ဘုရားကို ကိုးကွယ်ဆည်းကပ်သူတို့ ဘုရားစစ် ဘုရားမှန် ဟုတ် မဟုတ် စစ်တမ်းထုတ် ရွေးချယ်မှုအတွက် မှတ်ကျောက်တင် စစ်ဆေးရန် စံနှုန်းများပင် ဖြစ်၏။ ဘုရားစစ် ဘုရားမှန် ဧကန်ဖြစ်က ဤဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံရ၏။ ဂုဏ်တော်ကိုးပါးနှင့် မပြည့်စုံဘဲ ဘုရားစစ် ဘုရားမှန် မဖြစ်နိုင်၊ ဘုရားတုသာ ဖြစ်နိုင်မည်။ ထိုကဲ့သို့သော ဘုရားမျိုးကို ကိုးကွယ်ဆည်းကပ်ခြင်း မပြုမိရန် သတိပြုရမည်။ ကိုးကွယ်မှုရှုံးလျှင် တစ်သံသရာလုံး မှောက်နိုင်သည်။

စင်စစ် ဘုရားရှင်၏ ဂုဏ်တော်တို့ကား ဤကိုးပါးသာတည်း၊ ဤထက်မပိုဟု ဆိုဖွယ်မရှိပါ။ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင် ပါရမီဖြည့်ခဲ့သော ဘုရားရှင်၊ ဂင်္ဂါဝါဠု သဲစုမက ပါရမီဖြည့်ခဲ့သော ဘုရားရှင်၊ ကုသိုလ်ကောင်းမှုနှင့် စပ်၍ မပြုဖူးသောဘဝ မပြုဖူးသော ကုသိုလ်ကောင်းမှုဟူ၍ မရှိအောင် ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့သော ဘုရားရှင်တို့၏ ဂုဏ်တော်တို့သည် ဤရွေ့ဤမျှ ဂဏန်းချ၍ မရေတွက်သာအောင် အဆုံးအစမရှိ များလှ၏။ ဘုရားရှင်တို့၏ ဂုဏ်တော်အထု များမှုနှင့် ပတ်သက်၍ ကျမ်းဂန်တို့၌ မိန့်ဆိုကြသည်မှာ —

စာမျက်နှာ-117


ကြွင်းမဲ့ဥဿုံ အလုံးစုံသော ဘုရားဂုဏ်တော်များကို မဆိုထားဘိ တစ်ခုတည်းသော “အရဟံ” ဂုဏ်တော်သည်ပင် အကျယ်ဖွင့်ခဲ့သော် ပိဋကတ်သုံးပုံထက် များဖွယ်ရာ ရှိ၏။

တစ်ဆူသောဘုရားက တစ်ဆူသောဘုရား၏ “အရဟံ” ဂုဏ်တော်ကို အခြားစကားကိုမပြောဘဲ တစ်ကမ္ဘာပတ်လုံး ကုန်ဆုံးအောင် ချီးကျူးထုတ်ဖော်ပြောဆိုတော်မူသည့်တိုင်အောင် ကမ္ဘာကသာ ကုန်ဖွယ်ရာရှိ၏။ ဘုရားရှင်၏ “အရဟံ” ဂုဏ်တော်ကား ကုန်ဖွယ်ရာမရှိ — ဟူ၍ ဖြစ်၏။ ဘုရားရှင်၏ ဂုဏ်တော်ကျေးဇူးတော်တို့ကား အနန္တအပရိမာဏ အဆုံးအစမရှိ အတိုင်းအတာမရှိ မရေမတွက်နိုင်အောင် များလှသည်။ ဂုဏ်တော်များကို ပွားများရာတွင် အဆုံးအစမရှိ အတိုင်းအတာမရှိ မရေမတွက်နိုင်အောင် အောက်မေ့ဆင်ခြင် ပွားများနေရမည်သာ ဖြစ်ပါသတည်း။

လက်တွေ့ဂုဏ်တော်ပွားနည်း

ဘုရားရှင်၏ ဂုဏ်တော်များကို အောက်မေ့ဆင်ခြင်ပွားများခြင်းသည် “ဗုဒ္ဓါနုဿတိဘာဝနာ၊ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း” တရား ရှုပွားခြင်းပင် ဖြစ်၏။ “ဗုဒ္ဓါနုဿတိဘာဝနာ၊ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း” နည်းဖြင့် ဘုရားရှင်၏ “အရဟံ” အစရှိသော ဂုဏ်တော်များကို စနစ်တကျ လက်တွေ့အာရုံပြု ပွားများလိုကြသော အမျိုးသား အမျိုးသမီးတို့သည် ရှေးဦးစွာ “အရဟံ” အစရှိသော ဂုဏ်တော်များကို ပါဠိမြန်မာ နှစ်ဘာသာဖြင့် အရကျက် နှုတ်တက်ဆောင်ပြီးလျှင် ဂုဏ်တော်ဖွင့်များကို သဘောပေါက်မှတ်မိနေအောင် အထပ်ထပ် လေ့လာထားရမည်။ ထို့နောက် အောက်ပါ အစီအစဉ်အတိုင်း အောက်မေ့ဆင်ခြင်ပွားများခြင်းကို ပြုရမည် —

၁။ နေရာရွေးချယ်ခြင်း။ ။ ဆိတ်ငြိမ်တိတ်ဆိတ်သော နေရာကို ရွေးချယ်ရမည်။ မိမိအိမ်မှာဖြစ်လျှင် အားလုံးတိတ်ဆိတ်သောအခါ ဖြစ်စေရမည်။ ရုပ်ပွားစေတီတော် အနီးအပါးဖြစ်လျှင်လည်း ပွဲလမ်းသဘင် အခါမျိုးမဟုတ်ဘဲ ဆိတ်ငြိမ်သောအခါမျိုး ဖြစ်စေရမည်။ (ဂုဏ်တော်ပွားမှု ကမ္မဋ္ဌာန်းအလုပ်သည် ပဓာနအားဖြင့် စိတ်အလုပ်ဖြစ်၏။ ရဟန်းရှင်လူတွေ များသောနေရာ၊ စကားပြောသံ၊ စာအံသံ၊ အသံချဲ့စက်သံ စသည့် ဆူညံသောနေရာတို့သည် ကမ္မဋ္ဌာန်းအလုပ်ကို များစွာ အနှောင့်အယှက် ဖြစ်ပွားစေတတ်၍ ရှောင်ရှားရသည်။)

စာမျက်နှာ-118


၂။ သီလခံယူဆောက်တည်ခြင်း။ ။ ၅-ပါးဖြစ်စေ၊ ၈-ပါးဖြစ်စေ၊ ၁၀-ပါးဖြစ်စေ သီလများကို ဆောက်တည်၍ အထူးလုံခြုံစွာ စောင့်ထိန်းရမည်။ (ယင်းသို့ ပြုလုပ်ခြင်းသည် ကိုယ်ခံဓာတ်များ စင်ကြယ်သန့်ရှင်းမှု ရှိအောင် သီလဖြင့် ဆေးကြောထားခြင်းဖြစ်၏။ သီလကို အခြေခံသော သမာဓိသည် ပို၍ အစွမ်းထက်မြက်သည်။)

၃။ ခန္ဓာကိုယ် လှူဒါန်းခြင်း။ ။ သီလဖြင့် ဆေးကြောထားသော မိမိခန္ဓာကိုယ်ကို “တပည့်တော်သည် ဤခန္ဓာကိုယ်ကို ဘုရားရှင်အား စွန့်လှူအပ်နှင်းပါသည် ဘုရား” ဟု ဆို၍ ဘုရားရှင်အား လှူဒါန်းရမည်။ (ယင်းသို့ လှူဒါန်းခြင်းဖြင့် ခန္ဓာကိုယ်သည် ဘုရားပိုင် ဘုရားပစ္စည်းဖြစ်၍ မည်သည့်ဘေးရန်ကမျှ မဖျက်ဆီးနိုင်တော့ပါ။ ထို့ပြင် အနိစ္စ ခန္ဓာကိုယ်ကြီးဖြစ်၍ ဂုဏ်တော်ပွားများနေခိုက် ပျက်စီးသွားရစေကာမူ ဘုရားအား စွန့်လှူပြီးဖြစ်၍ ကိုယ်ပိုင်ကိုယ်ဆိုင် မဟုတ်တော့သောကြောင့် “ငါ့ခန္ဓာ” အဖြစ် စွဲလမ်းတွယ်တာခြင်း ကင်းနိုင်ကြပါသည်။)

၄။ ထိုင်ခြင်း။ ။ အမျိုးသားဖြစ်က တင်ပျဉ်ခွေထိုင်ရမည်၊ အမျိုးသမီးဖြစ်က မိမိတို့ ထိုင်နေကျအတိုင်း (တစ်ဝက်တင်ပျဉ်ခွေဖြင့်) ထိုင်ရမည်။ ထိုင်သောအခါ ခါးအထက်ပိုင်းကို ဖြောင့်ဖြောင့်မတ်မတ် (စန့်စန့်) ထားရမည်။ (ခါးကို ကုန်းကုန်းကွေးကွေးထားလျှင် ကျောရိုးအဆက်များ ထိ၍ ထပ်၍နေသည့်အတွက် ကြာကြာမထိုင်နိုင်ဘဲ ဝေဒနာအမျိုးမျိုး ဖြစ်လာတတ်သည်။ ကမ္မဋ္ဌာန်းအလုပ်၌ သမာဓိရမှုသည် ပဓာနဖြစ်သောကြောင့် မေတ္တသုတ်တော်လာနည်းအတိုင်း ရပ်၊ သွား၊ ထိုင်၊ လျောင်း ဣရိယာပုတ်များကို လိုအပ်သလို ပြောင်း၍လည်း သက်သာသလို နေထိုင်အားထုတ်နိုင်သည်။ ဂုဏ်တော်အာရုံ ပျောက်မသွားအောင်ကား သတိပြုရမည်။)

၅။ အဓိဋ္ဌာန်ခြင်း။ ။ ဂုဏ်တော်များကို ပွားများရာတွင် အချိန်နှင့် ရက်ကို ကိုယ်တတ်နိုင်သမျှ သတ်မှတ်၍ တစ်နေ့လျှင် ၁၀-မိနစ်၊ ၁၅-မိနစ်ခန့် စသည် (မည်သည့်အချိန်မှ မည်သည့်အချိန်အထိ) ပွားမည်ဟု နှုတ်ဖြင့်ဖြစ်စေ စိတ်ပဋိညာဉ် အဓိဋ္ဌာန်ထားပြီး စွဲစွဲမြဲမြဲ ဝီရိယကောင်းကောင်းဖြင့် ရှုပွားဆင်ခြင်ရမည်။ တော်ရုံနှင့် မပျက်စေရ။ ဤနေရာဝယ် မိုးညှင်းတောရ ဆရာတော်ဘုရားကြီး၏ အားထုတ်ဆောင်ရွက်ချက်ကို အတုယူသင့်ပါသည်။

စာမျက်နှာ-119


ဆရာတော်သည် မိုးညှင်းတိုက်ရောက်စ ဘုရားပျက်များအနီး၌ နေဝင်ရီတရောတွင် ဆောင့်ကြောင့်ထိုင်၍ ဘုရားရှိခိုးနေခိုက် နောက်မှ မြွေပွေးကြီးတစ်ကောင် တရှူးရှူးနှင့် မာန်ဖီနေသံ ကြားရ၏။ ဆရာတော်က လှည့်မကြည့်။

ထိုမြွေပွေးကြီးသည် မကြာမီ ဆရာတော်၏ ဆောင့်ကြောင့်ထိုင်ရာ တင်ပါးအောက်မှ ရှေ့သို့ ထွက်လာ၏။ ဆရာတော်က ဝတ်တက်မပျက်။

နောက် ဆရာတော် ဝတ်ပြုနေသော ရှေ့ရှိ ကျောက်ဆင်းတုကိုယ်တော်ကြီး၏ ခေါင်းပေါ်မှနေ၍ လှမ်းပြီး ရန်လုပ်နေ၏။ ဆရာတော်ကား သူ့အလုပ်မပျက်။ ဤမျှအထိ အသက်စွန့်ကြိုးစားခဲ့၍ မိုးညှင်းဆရာတော်ကြီးအဖြစ်သို့ ရောက်လာခဲ့ပါသည်။

၆။ ဂုဏ်တော်ပွားများခြင်း။ ။ “အရဟံ” အစရှိသော ဂုဏ်တော်များကို ကြိုတင်ကျက်မှတ် လေ့လာထားသည့်အတိုင်း တိုးတိုးသာသာ (တစ်ကိုယ်ကြားမျှ) မနှေးမမြန် နှုတ်မြွက်ရွတ်ဆို၍ဖြစ်စေ၊ ဖြစ်နိုင်လျှင် စိတ်ထဲကသာ ပြန်လှန်ရွတ်ဆို၍ဖြစ်စေ စဉ်းစားဆင်ခြင်ရမည်။ ယင်းသို့ အထပ်ထပ်အခါခါ ဆင်ခြင်စဉ်းစား ပွားများနေခြင်းကိုပင် ဂုဏ်တော်ပွားသည်၊ ရှုသည်၊ အောက်မေ့သည်၊ ဆင်ခြင်သည်၊ အားထုတ်သည်ဟု ဆို၏။

(က) ရှုပွားစဉ် အခြား “အဆင်း၊ အသံ၊ အနံ့” စသော အာရုံများကို စိတ်ထဲ၌ ထင်မလာအောင် ဖယ်ရှားရမည်။ မြင်ရကြားရသော် မြင်ကာမတ္တ ကြားကာမတ္တဖြင့် စိတ်ကို ရှပ်စေ၍ ရှေ့တိုးပြီး မစဉ်းစားဘဲ စောင့်စည်းထားရမည်။

(ခ) ဘုရားရုပ်တု၊ ရုပ်ပွား၊ စေတီအာရုံများ ထင်လာတတ်၏။ ရောင်ခြည်တော်ခြောက်သွယ်နှင့် ဘုရားအာရုံလည်း ထင်လာတတ်၏။ ထိုအာရုံများ ထင်လာရာ၌ အတိဣဋ္ဌာရုံ နိမိတ်ကောင်းဖြစ်သောကြောင့် အကျိုးမနည်းလှပါ။ ရသောနိမိတ်ကို ဖျက်မပစ်ဘဲ ထိုအာရုံမှတစ်ဆင့်တက်၍ ဂုဏ်တော်သို့ ထိဆိုက်အောင် သမာဓိစိုက်ပြီး ဆက်လက်၍ ဆင်ခြင်ပွားများရမည်။

စာမျက်နှာ-120


(ဂ) ရှေးဦးပထမ သမာဓိမရသေးမီ ဂုဏ်တော်တစ်ပါးတည်းကိုသာ စွဲ၍ အထပ်ထပ် ဆင်ခြင်ပွားများသည့်အတွက် စိတ်အနေကျဉ်းလျက် ပျင်းရိငြီးငွေ့ ပျံ့လွင့်မှုရှိနေလျှင် ဂုဏ်တော်ကိုးပါးကို ပြောင်းကာလွှဲကာ အာရုံပြု ပွားများနိုင်သည်။ ထိုအခါ “သာယာကျယ်ဝန်း၍ ပန်းမျိုးစုံသော ပန်းဥယျာဉ်ကြီးတွင် ပျော်ပြီးရင်း ပျော်ရင်း ဖြစ်လာနိုင်သကဲ့သို့” ဂုဏ်တော်ပွားသူတို့၏ စိတ်ဓာတ်များလည်း လွန့်လွန့်လူးလူး မပြတ်ကြည်နူး၍ အထူးအားရကာ မကြာမီ သမာဓိရလာပြီး ကြက်သီးမွေးညင်းထလောက်အောင် နှစ်သက်ဝမ်းမြောက်မှု ပီတိတရားများ ဖြစ်ပွားလာပါမည်။ ဉာဏ်ဝီရိယအခြေအနေလိုက်၍ အနှေးအမြန်ကား မတူနိုင်ကြပါ။

၇။ လက္ခဏာတင်၍ ဆင်ခြင်ခြင်း။ ။ နှစ်သက်ဝမ်းမြောက်မှု ပီတိဖြစ်လာလျှင် ယင်းပီတိကို “အနိစ္စ၊ ဒုက္ခ၊ အနတ္တ” ဟု လက္ခဏာယာဉ်တင်၍ ရှုဆင်ခြင်ပါ။ ပီတိမဖြစ်လျှင်လည်း ဘုရားဂုဏ်ကို အာရုံပြုသော မိမိစိတ်အစဉ်၏ မမြဲပုံကိုပင် သတိဖြင့်စိုက်၍ “အနိစ္စ၊ ဒုက္ခ၊ အနတ္တ” ဟု လက္ခဏာယာဉ်တင်ပြီး ရှုဆင်ခြင်ပါ။ အဆင့်ဆင့်အဆက်ဆက် ဉာဏ်စဉ်တက်ကာ ဤဘဝမှာပင် နိဗ္ဗာန်သို့ ကောင်းစွာ ဆိုက်ရောက်မျက်မှောက်ပြုနိုင်ကြပါသည်။

အကယ်၍ လက္ခဏာယာဉ်တင်၍ မဆင်ခြင်လိုလျှင် ကမ္မဋ္ဌာန်းလမ်းဖြောင့်အောင် စွယ်စုံအကျိုးရသော “သဗ္ဗတ္ထက” ကမ္မဋ္ဌာန်းခေါ် “မေတ္တာ၊ အသုဘ၊ မရဏာနုဿတိ” ဘာဝနာများကိုပါ ကြိုးကြားကြိုးကြားညှပ်၍ မပြတ်မလပ် သတိကပ်ကာ ရှုမှတ်ပွားများသင့်ပါသည်။ သို့မှသာ ကမ္မဋ္ဌာန်းလမ်းဖြောင့်၍ လိုအပ်သော အကျိုးများ ပြီးစီးနိုင်ကြပါမည်။ သို့မဟုတ်က ကမ္မဋ္ဌာန်းလမ်းချော်သွားတတ်သည်။

ဘာဝနာလေးပါးတွင် “ဗုဒ္ဓါနုဿတိဘာဝနာ” ဖြင့် ဘုရားရှင်အပေါ် လေးစားကြည်ညိုမှု သဒ္ဓါတရား အဖြစ်များလာမည်။ သဒ္ဓါလွန်၍ တဏှာဘက်သို့ ကျွံမသွားစေရန် “အသုဘဘာဝနာ” က တားဆီးပေးနိုင်သည်။

စာမျက်နှာ-121


တစ်ဖန် “အသုဘဘာဝနာ” ကြောင့် စိတ်ညှိုးငယ်မှု အဖြစ်များလာပြန်သောအခါ “ဗုဒ္ဓါနုဿတိဘာဝနာ” ဘက်သို့ ပြန်ပြောင်း၍ စိတ်ဓာတ်များ ရွှင်လန်းအားတက်လာအောင် အားသစ်လောင်းရသည်။

ဘာဝနာပွားများမှုအတွက် အနှောင့်အယှက် အကန့်အကွက် အန္တရာယ်မရှိစေရန်နှင့် ဒေါသ၊ သောက အပူမီးများ ငြိမ်းအေးစေရန် “မေတ္တာဘာဝနာ” ကိုလည်း ပွားဖို့လိုအပ်သည်။ ယင်း “မေတ္တာဘာဝနာ” သည် သတ္တဝါပညတ်ကို အာရုံပြုရသောကြောင့် အတ္တဒိဋ္ဌိ (အမှားစွဲ) နှင့် နီးစပ်လျက်ရှိပြန်ရာ ထိုအမှားစွဲများ မကပ်ရောက်ဘဲ ဝိပဿနာသို့ အလွယ်တကူ ကူးမြောက်နိုင်စေရန် “မရဏာနုဿတိဘာဝနာ” ကို ပွားခြင်းဖြင့် လမ်းဖြောင့်စေရမည်။

“မရဏာနုဿတိဘာဝနာ” ဖြင့် ခိုင်မာသောသဘောမရှိသော ပရမတ္ထဓမ္မ အသိမှန် ဉာဏ်ပညာကို ရစေနိုင်သော်လည်း ဉာဏ်အမြင်ကဲ၍ သဒ္ဓါမွဲမှု မရှိစေရန် “ဗုဒ္ဓါနုဿတိဘာဝနာ” က သဒ္ဓါကို ကောင်းစွာ ထက်သန်စေနိုင်သည်။ ဤဘာဝနာလေးပါးကို “စတုရာရက္ခ = အစောင့်အရှောက်လေးပါး” ဟု ကျမ်းဂန်တို့၌ ပြဆိုထားကြ၏။

၈။ နေ့စဉ်မှန်မှန် အားထုတ်ခြင်း။ ။ ဂုဏ်တော်ပွားရာတွင် အားလျော့ဆုတ်နစ် ပျင်းရိငြီးငွေ့ခြင်းမရှိစေဘဲ လုံ့လဝီရိယကို အရှိန်အဟုန်မြှင့်ကာ နေ့စဉ်မှန်မှန် ပွားများအားထုတ်ရမည်။ ဤနေရာဝယ် စစ်ကိုင်းတောင်ရိုး မဟာဂန္ဓာရုံဆရာတော်ကြီး၏ မိန့်မှာတော်မူချက်ကို အလေးအနက်ထား၍ လိုက်နာသင့်ပါသည်။

ထမင်းကို မှန်မှန်စားသလို ကမ္မဋ္ဌာန်းကိုလည်း မှန်မှန်ကြိုးစားရသည်။ ထမင်းစားချင်၍ စားသော်လည်း မြိန်ချင်မှ မြိန်မည်။ မစားချင်ဘဲ စားချိန်ကျ၍ စားရစေကာမူ စားရင်းစားရင်း မြိန်လာတတ်သည်။ ထို့အတူ စိတ်အားထက်သန်စွာဖြင့် အားထုတ်သော်လည်း အာရုံထင်ချင်မှ ထင်မည်။ စိတ်မထက်သန်ဘဲ အချိန်ကျလို့ အားထုတ်သောအခါ အရသာရှိရှိ ပီတိဖြစ်လောက်အောင် အာရုံထင်လာတတ်သည်။

စာမျက်နှာ-122


[ဘုရားဖူးခြင်း၊ ဘုရားရှိခိုးခြင်း၊ ဘုရားဝတ်တက်ခြင်း၊ ဘုရားအနေကဇာတင်ခြင်း စသည်တို့မှာလည်း “ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း” ပင် ဖြစ်၏။ အနုအရင့်မျှသာ ခြားနား၏။ အာရုံထားနည်း၊ ယူနည်း တိကျမှန်ကန်ဖို့ အထူးလိုအပ်၏။]

အတုမရှိသော ဘာဝနာ

ဘုရားရှင်၏ ဂုဏ်တော်များကို အလေးဂရုပြု၍ အောက်မေ့ဆင်ခြင်ပွားများခြင်းသည် “ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းဘာဝနာ” ပင် ဖြစ်၏။ ယင်းဘာဝနာသည် ဘာဝနာကမ္မဋ္ဌာန်းအားလုံးတွင် အထူးခြားဆုံးသော အတုမရှိသည့် ဘာဝနာတစ်မျိုးဖြစ်၏။

မှန်၏။ ဘာဝနာကမ္မဋ္ဌာန်း လေးဆယ်ရှိရာတွင် ကြွင်းသုံးဆယ့်ကိုးပါးသော ဘာဝနာတို့သည် အားထုတ်ဆဲဘဝ၌ ဈာန်၊ မဂ်၊ အပ္ပနာသို့ တက်ခြင်း၊ ကိလေသာလောကဓံကို သည်းခံနိုင်ခြင်းမှတစ်ပါး သံသရာ၌ ဆန်းကြယ်ကြီးမြတ် လိုအပ်သော အကျိုးကို မပေးနိုင်။ “ဗုဒ္ဓါနုဿတိဘာဝနာ” ကသာ လောကီဘက် လောကုတ္တရာဘက် နှစ်ဘက်လုံးတွင် ထက်မြက်ပွားတိုး ဆန်းကြယ်ကြီးမြတ် လိုအပ်သော အကျိုးအမျိုးမျိုးတို့ကို ပေးစွမ်းနိုင်ပါသည်။

ထို့ပြင် ဒါန၊ သီလ စသော အမျိုးမျိုးသော ကုသိုလ်တို့၏ ထက်မြက်ကြီးမားသော အကျိုးကို ပေးစွမ်းနိုင်ခြင်း၌လည်း ဘုရားရှင်၏ ဂုဏ်တော်ကို ယုံကြည်သိမြင် ဆင်ခြင်အောက်မေ့နိုင်သော “ဗုဒ္ဓါနုဿတိဘာဝနာ” အရင်းခံရှိမှသာ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ထေရာပဒါန်ပါဠိတော်၌ “ဗုဒ္ဓါနုဿတိဘာဝနာ” ကို “ဘာဝနာအပေါင်းတို့တွင် အတုမရှိ လွန်ကဲထူးမြတ်သော ဘာဝနာဖြစ်၏” ဟု ဘုရားရှင်ကိုယ်တော်တိုင် ချီးကျူးမိန့်မြွက်တော်မူခဲ့ပါသည်။

အမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်နိုင်ခြင်း

အမြတ်ဆုံးဘုရားရှင်၏ အတုမရှိသော “ဗုဒ္ဓါနုဿတိဘာဝနာ” ကို အောက်မေ့ဆင်ခြင်ပွားများသူသည် အမြတ်ဆုံးဘုရားရှင်နှင့် အတူတကွ ပေါင်းသင်းနေထိုင်ရသည့်ပမာ ဖြစ်၏။ ယင်းသို့ ဖြစ်သောကြောင့် ဘုရားရှင်ထံမှ အမြတ်ဆုံးဓာတ်များ ကူးစက်ပြန့်ပွားကာ ဘုရားရှင်ကဲ့သို့ အမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်နိုင်ခြင်း အကျိုးတရားကို ရနိုင်ပါသည်။
၁။ အပ၊၁။၇၆။

စာမျက်နှာ-123


အရှင်သာရိပုတ္တရာ၏ တပည့်များ — အရှင်သာရိပုတ္တရာကဲ့သို့ ပညာကြီးကြပုံ၊ အရှင်မောဂ္ဂလာန်၏ တပည့်များ — အရှင်မောဂ္ဂလာန်ကဲ့သို့ တန်ခိုးအရာ နိုင်နင်းကြပုံ၊ အရှင်မဟာကဿပ၏ တပည့်များ — အရှင်မဟာကဿပကဲ့သို့ ခေါင်းပါးသော အကျင့်ရှိသူ ဓုတင်ဆောင်ချည်းဖြစ်ကြပုံနှင့် အရှင်အာနန္ဒာ၏ တပည့်များ — အရှင်အာနန္ဒာကဲ့သို့ အကြားအမြင်များကြပုံ စသည်တို့မှာ အကောင်းဘက်၌ ဓာတ်ကူးစက်ပုံ၏ ထင်ရှားသော သာဓကများဖြစ်သည်။ ဒေဝဒတ်၏ တပည့်များသည် ဒေဝဒတ်ကဲ့သို့ အလိုဆိုးရှိကြသူချည်းဖြစ်ပုံ၊ ဆဗ္ဗဂ္ဂီရဟန်းတို့၏ အသင်းအပင်းများသည် ဆဗ္ဗဂ္ဂီရဟန်းတို့ကဲ့သို့ ဒုဿီလချည်းဖြစ်ပုံ စသည်တို့မှာ မကောင်းဘက်၌ ဓာတ်ကူးစက်ပုံ၏ ထင်ရှားသော သာဓကများဖြစ်ပါသည်။

ဘုရားရှင်ကလည်း “သတ္တဝါတို့မှာ ဓာတ်တူချင်း နှီးနှောညီညွတ်ကြ၏” ဟူ၍ “ဓာတုသံသန္ဒနသုတ်” ၌ ဟောတော်မူခဲ့၍ “ယုတ်ညံ့သူကို ပေါင်းလျှင် မိမိမှာ ယုတ်ညံ့သူဖြစ်၏။ တန်းတူသူကို ပေါင်းလျှင် မဆုတ်ယုတ်၊ အဆင့်အတန်းမြင့်သူကို ပေါင်းလျှင် လျင်မြန်စွာ တိုးတက်မြင့်မားသူ ဖြစ်၏” ဟူ၍ “သေဝိတဗ္ဗသုတ်” ၌ ဓာတ်ချင်း ပေါင်းစပ်ပုံနှင့် ကူးစက်ပြန့်ပွားပုံသဘောကို ထုတ်ဖော်ဟောပြတော်မူခဲ့ပါသည်။ ထို့ကြောင့် အမြတ်ဆုံးဘုရားရှင်၏ အတုမရှိသော “ဗုဒ္ဓါနုဿတိဘာဝနာ” ကို အောက်မေ့ဆင်ခြင်ပွားများ၍ အမြတ်ဆုံးဘုရားရှင်နှင့် အတူတကွ ပေါင်းသင်းနေထိုင်ပြီး ဘုရားရှင်ထံမှ အမြတ်ဆုံးဓာတ်များ ကူးစက်ရယူကာ အမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်အောင် ကြိုးစားသင့်ကြပါသည်။

[ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ကိုးကွယ်ရသူတို့သည် အမြတ်ဆုံးကို ကိုးကွယ်ရသူတို့မည်ပေ၏။ အမြတ်ဆုံးကို ကိုးကွယ်သူတို့သည် အမြတ်ဆုံးသော အကျိုးကို ရကြ၏။ (ဣတိဝုတ်၊ အဂ္ဂပ္ပသာဒသုတ်)]

လက်ငင်းရရှိနိုင်သော ဂုဏ်တော်ပွားကျိုး

ဘုရားရှင်၏ ဂုဏ်တော်များကို အလေးဂရုပြု၍ အောက်မေ့ဆင်ခြင်ပွားများခြင်းကြောင့် လက်ငင်းရရှိနိုင်သော အကျိုးများမှာ ဖော်ပြလတ္တံ့ပါအတိုင်း ဖြစ်ပါသည် —
၁။ ဣတိဝုတ်။၂၄၂။

စာမျက်နှာ-124


၁။ ဘုရားရှင်၏ ဂုဏ်တော်ကို အထပ်ထပ်အခါခါ ပွားများရသည့်အတွက် ဘုရားရှင်အပေါ်၌ သူမတူအောင် လွန်စွာ ကြည်ညိုလေးစား ရိုသေကျိုးနွံမှုရှိသောကြောင့် အရိယာတို့၏ သဒ္ဓါတရားနှင့် အလားတူစွာ ခိုင်မာသော “သဒ္ဓါ” တရားရှိခြင်း၊ “သတိ” တရား ကြီးမားခြင်း၊ အလွန်နက်နဲသော “ပညာ” တရားရှိခြင်း၊ ကုသိုလ်တရား အစဉ်တိုးပွားခြင်း၊

၂။ နှစ်သက်ဝမ်းမြောက်မှု (အနုအရင့်) ပီတိတရားများ အစဉ်တိုးပွားခြင်း၊
၃။ ဘေးကြီးဘေးငယ်များနှင့် အကြောက်ကြီးအကြောက်ငယ်များကို သည်းခံပယ်ဖျောက်နိုင်ခြင်း၊ (တစ်စုံတစ်ရာ ကြောက်မက်ဖွယ်ရာ ဘေးရန်ကြုံလာလျှင် ငါဘုရားကို သတိရအောက်မေ့ကြဟု ဟောတော်မူသော ဓဇဂ္ဂသုတ်ပရိတ်တော်အရ ထင်ရှား၏။)
၄။ ပိန်းကြာဖက်တွင် ရေမတင်သကဲ့သို့ ကိုယ်တွင် ကျရောက်မည့် ဆင်းရဲဒုက္ခဟူသမျှကို ပပျောက်စေနိုင်ခြင်း၊
၅။ ဘုရားရှင်နှင့် အတူတကွ နေထိုင်ရသည်ဟု မှတ်ထင်ခြင်း၊ (ဘုရားရှင်နှင့် အတူနေရသဖြင့် မိဘနှင့် အတူနေရသော ကလေးငယ်ပမာ လွန်စွာ အားရှိခြင်း၊)
၆။ ဂန္ဓကုဋီတိုက် စေတီတော်သဖွယ် အပူဇော်ခံထိုက်သူဖြစ်ခြင်း၊ (မိမိသန္တာန်၌ ဘုရားရှင်၏ ဂုဏ်တော်များ ဖြစ်ပွားကိန်းတည်နေသည့်အတွက် ဓာတ်တော်များ ဌာပနာထားသည့် စေတီတိုက်အိမ်ကြီးပမာ ဖြစ်နေသည်။)
၇။ ဘုရားရှင်အပေါ် အားကျ၍ ဘုရားဖြစ်လိုစိတ်များ ဖြစ်ပွားကာ ဘုရားဖြစ်ကြောင်း ပါရမီကုသိုလ်ကောင်းတို့ကို အားထုတ်ခြင်း၊
၈။ မိမိရှေ့တွင် ဘုရားရှင် အစဉ်သီတင်းသုံးနေသကဲ့သို့ရှိ၍ တစ်စုံတစ်ခု မကောင်းမှုပြုလုပ်ရန် ရှက်ရွံ့လျက်ရှိခြင်း၊
၉။ ဗုဒ္ဓါနုဿတိဘာဝနာကို အခြေခံအုတ်မြစ်ပြု၍ ဝိပဿနာဘာဝနာတရားကို ပွားများအားထုတ်လျှင် မဂ်ဖိုလ်တရားကို အလွယ်နှင့် ရနိုင်ခြင်း၊


စာမျက်နှာ-125


၁၀။ ပါရမီကုသိုလ် မလုံလောက်သေး၍ ယခုဘဝ မဂ်ဖိုလ်ကို မရလျှင်လည်း ကောင်းရာသုဂတိဘဝသို့ ရောက်ရန် သေချာခြင်း။

ဤကား... “ဗုဒ္ဓါနုဿတိဘာဝနာ” ခေါ် ဘုရားဂုဏ်တော်များကို အောက်မေ့ဆင်ခြင်ပွားများခြင်းကြောင့် ရနိုင်သော အကျိုးတရားများ ဖြစ်၏။ ပွားများလျှင် ပွားများသလောက် အချိန်အခါမရွေး ရရှိနိုင်ကြသော ဝိသုဒ္ဓိမဂ်ကျမ်းလာ အကျိုးတရားများ ဖြစ်ပါသည်။

ဂုဏ်တော်ပွားကျိုး ၁၇-မျိုး

စေတီအတူ၊ စိတ်မူတည်ကြည်၊ ရောက်မည်နတ်ရွာ၊ တွေ့ခါသိလွယ်၊ မြတ်နွယ်အမျိုး၊ ရိုကျိုးခံရ၊ ပြည့်ဝအင်္ဂါ၊ ဆင်းလှစွာနှင့်၊ ကာယ ခံတွင်း၊ ကြိုင်သင်းမွှေးကြူ၊ ကြီးမူပညာ၊ နက်၊ ထက်၊ ရွှင်၊ လျင်၊ ဆန်းကြယ်၊ ကောင်းကြွယ်စကား၊ ဆိုနိုင်ငြားသည်...၊ ဘုရားဂုဏ်တော် ပွားကျိုးတည်း။

ထေရ၊ ထေရီ ပါဠိတော် အဋ္ဌကထာတို့နှင့်အညီ ရှေးပညာရှိကြီးများ ဖွဲ့ဆိုဖော်ပြအပ်သော အထက်ပါ လင်္ကာအရ ဘုရားဂုဏ်တော်ပွားကျိုး ၁၇-မျိုးကို ဆက်လက်ဖော်ပြထားပါသည်။

၁။ စေတီအိမ်နှင့် တူသည်ဖြစ်၍ သူတစ်ပါးတို့၏ ရှိခိုးမှုကို ခံထိုက်ခြင်း၊
၂။ စိတ်တည်ကြည်ရဲရင့်ခြင်း၊
၃။ သေခါနီး၌ မတွေမဝေသေရ၍ သေသည်၏ အခြားမဲ့၌ သုဂတိဘဝကို ရခြင်း (လူကောင်း နတ်ကောင်းဖြစ်ရန် သေချာခြင်း)၊
၄။ နောင် ဘုရားနှင့် တွေ့သောအခါ ဘုရားဟောတရား (သစ္စာလေးပါး) ကို သိလွယ်ခြင်း၊
၅။ အမျိုးမြတ်ခြင်း၊
၆။ သူတစ်ပါးတို့၏ အရိုအသေပြုမှုကို ခံရခြင်း၊
၇။ ချီးမွမ်းထိုက်သော ကိုယ်အင်္ဂါနှင့် ပြည့်စုံခြင်း၊
၈။ အဆင်းကောင်းခြင်း၊
၉။ ကိုယ်အနံ့ ကြိုင်သင်းခြင်း၊
၁။ ဝိသုဒ္ဓိ၊၁၊၂ဝ၆၊

စာမျက်နှာ-126


၁၀။ ခံတွင်းအနံ့ မွှေးပျံ့ခြင်း၊

၁၁။ ကြီးကျယ်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း၊
၁၂။ နက်နဲသော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း၊
၁၃။ ထက်မြက်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း၊
၁၄။ လျင်မြန်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း၊
၁၅။ ရွှင်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း၊
၁၆။ ဆန်းကြယ်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း၊

၁၇။ စကားကောင်းကို ဆိုနိုင်ခြင်း။

ယင်း ၁၇-ပါးသော အကျိုးတို့ကို အစထား၍ လိုအပ်သမျှ ဆန်းကြယ်ကြီးမြတ်သော အကျိုးတို့ကို ပေးနိုင်၊ ရှိစေနိုင်ပါသည်။

ဖော်ပြပါ ကျမ်းဂန်လာ အကျိုးတရားအပြင် ဂုဏ်တော်ရွတ်ပွား၍ ခရီးသွားလျှင် ရန်သူများ မနှောင့်ယှက်နိုင်၊ ရန်သူများ မမြင်အောင် ကာကွယ်နိုင်၏။ ဂုဏ်တော်ကို အမြဲရွတ်ပွားနေလျှင် ကြောက်စိတ်ကင်း၏၊ ကျန်းမာသက်ရှည်၏၊ ရောဂါကင်း၏။ အလုပ်အကိုင် အဆင်ပြေ၏၊ စီးပွားလာဘ်လာဘ တိုးတက်၏၊ မီးဘေးမှ ကာကွယ်၏၊ ဗုံးအမြောက်သေနတ်များ မထိမှန်ဘဲ လွတ်ကင်း၏။ ဂုဏ်တော်များ ဆင်ခြင်ပွားများ၍ စာအံ စာကျက်လျှင် စာရလွယ်၏၊ စာရေးလျှင် အဆင်ပြေ၏။ စာရလွယ်မှ ကျမ်းပြီးမှုကို ရှေးရှု၍ စာမအံမီ ကျမ်းမရေးမီ ယနေ့တိုင် “နမော တဿ” ဖြင့် ဘုရားရှိခိုးလျက် ရှိကြ၏။ ဤသို့ စသည်ဖြင့် လက်တွေ့အကျိုးရသူတို့က ဂုဏ်တော်အကျိုးကို ဝန်ခံပြောဆိုခဲ့ကြပါသည်။

စင်စစ်အားဖြင့် ဘုရားရှင်၏ ဂုဏ်တော်ကျေးဇူးတော်တို့သည် မရေမတွက်နိုင်အောင် များလှ၍ ဂုဏ်တော်ကို အောက်မေ့ဆင်ခြင်ပွားများမှုကြောင့် ရနိုင်သော အကျိုးတရားတို့မှာလည်း မရေမတွက်နိုင်အောင် များခွင့်ရှိပါသည်။ လက်တွေ့ပွားများ၍ လက်တွေ့အကျိုးတရားကို ရယူခံစားသင့်ကြပါသည်။

ဂုဏ်တော်အကျိုးရ သာဓကများ

ဘုရားရှင်၏ ဂုဏ်တော်ကို အာရုံပြု၍ အကျိုးရသော သာဓကဝတ္ထုတို့ကား လွန်စွာ များလှ၏။ စာဖတ်သူတို့ ပိုမို၍ ကြည်ညိုသဒ္ဓါ ဖြစ်ပွားနိုင်ကြစေရန် ထင်ရှားသော သာဓကဝတ္ထုအနည်းငယ်ကို ထုတ်ဖော်တင်ပြထားပါသည်။

စာမျက်နှာ-127


ဘုရားရှိခိုးကို ယောင်ယမ်းရွတ်ဆိုမိကာမျှဖြင့် ဘီလူးဘေးမှ လွတ်ခဲ့ရသော မိစ္ဆာသူငယ်လေးအကြောင်း
ဘုရားရှင်လက်ထက်တော်အခါက ရာဇဂြိုဟ်မြို့၌ “သမ္မာသူငယ်” နှင့် “မိစ္ဆာသူငယ်” နှစ်ယောက်တို့ ရှိကြလေ၏။ ၎င်းတို့သည် နေ့စဉ်မပြတ် ဂေါ်လီလုံးပစ်၍ ကစားလေ့ရှိကြသည်။ ဂေါ်လီလုံးပစ်သောအခါ သမ္မာသူငယ်က “နမော ဗုဒ္ဓဿ = ဘုရားအား ရှိခိုးပါ၏” ဟု ဆို၍ ပစ်၏။ မိစ္ဆာသူငယ်က “နမော အရဟန္တာနံ = ရဟန္တာတို့အား ရှိခိုးပါ၏” ဟု ဆို၍ ပစ်၏။ (တိတ္ထိတို့ကို ရဟန္တာမဟုတ်ဘဲ ရဟန္တာဟု ထင်ပြီး ရှိခိုးခြင်းဖြစ်၏။) ယင်းသို့ ဆို၍ ပစ်ကြရာ၌ သမ္မာသူငယ်ကသာ နေ့စဉ် နိုင်လေ့ရှိ၏။ ထိုအခါ အမြဲရှုံးသော မိစ္ဆာသူငယ်သည် ကစားရာ၌ နိုင်လိုသဖြင့် သမ္မာသူငယ်ကို အတုယူကာ “နမော ဗုဒ္ဓဿ” အဆိုကို လေ့ကျင့်နေလေသည်။

တစ်နေ့သောအခါ မိစ္ဆာသူငယ်၏ ဖခင်သည် ထင်းခုတ်ရန် လှည်းဖြင့် သွားရာ သူငယ်ကိုပါ ခေါ်၍သွား၏။ ထင်းခုတ်ရာမှ ပြန်လာသောအခါ မြို့ပြင်ရှိ သုသာန်တစ်ခုအနီး၌ ခေတ္တလှည်းဖြုတ်၍ ထမင်းစားနေစဉ် လွှတ်ထားသော နွားနှစ်ကောင်လုံး အခြားနွားများနှင့်အတူ မြို့တွင်းသို့ ဝင်ရောက်လိုက်ပါသွားလေသည်။ ဖခင်သည် ထမင်းစားပြီးနောက် နွားများကို မတွေ့သဖြင့် မြို့တွင်းအထိ လိုက်ရှာစဉ် နေဝင်၍ မြို့တံခါးပါ ပိတ်သွားသောကြောင့် မြို့ပြင်သို့ ပြန်မထွက်နိုင်ဘဲ ရှိလေ၏။ ဖခင်အလာကို မျှော်ရင်း ကျန်ရစ်သော သားငယ်မှာ ခရီးပန်းသည့်အတွက် လှည်းအောက်မှာပင် အိပ်ပျော်သွားလေသည်။

ညဉ့်အချိန် သမ္မာဘီလူးနှင့် မိစ္ဆာဘီလူး နှစ်ယောက်တို့ အတူထွက်လာကြစဉ် အိပ်နေသော သူငယ်ကို တွေ့သဖြင့် သမ္မာဘီလူးက မစားရန် တားမြစ်နေသည့်ကြားမှ တားမရဘဲ မိစ္ဆာဘီလူးက စားရန်အတွက် သူငယ်၏ ခြေထောက်ကို သွား၍ ဆွဲလေသည်။ ဆွဲလျှင်ဆွဲချင်း သူငယ်က အိပ်ရာမှ လန့်နိုးပြီး လေ့ကျင့်ရွတ်ဆိုနေကျအတိုင်း “နမော ဗုဒ္ဓဿ” ဟု ယောင်ယမ်းမြည်တမ်းလိုက်၏။

စားရန် ဆွဲကိုင်သော ဘီလူးသည် သူငယ်၏အသံကို ကြားလျှင် (ဓာတ်လိုက်သကဲ့သို့ ဖြစ်ကာ) အလွန် ကြောက်ရွံ့ထိတ်လန့်ပြီး သူငယ်ကို လွှတ်၍ နောက်ဆုတ်ဖယ်ခါ ထွက်ပြေးရန် ကြိုးစား၏ (ပြေးမရ)။ ထိုအခါ သမ္မာဘီလူးက — “သင်သည် ရှေးဦးစွာ ငါတားမြစ်ပါလျက် ငါ့စကားကို မနာယူ၊ ဘုရားရှင်၏ တပည့်သားကို စားရန် ကိုင်ဆွဲ (ပြစ်မှား) သည့်အတွက် ကြီးစွာသောအပြစ်ဒဏ်ခံရဖို့ ရှိလေသည်” ဟု ဆို၏။

စာမျက်နှာ-128


မိစ္ဆာဘီလူးလည်း ကြောက်ရွံ့အားကြီးစွာဖြင့် “ကျွန်ုပ် မှားပါသည်၊ ဤအပြစ်ကျေအောင် အဘယ်ဒဏ်ကို ထမ်းဆောင်ရမည်နည်း” ဟု မေး၏။

သမ္မာဘီလူးက “မင်းကြီး (ဗိမ္ဗိသာရ) ၏ နန်းတော်မှ မင်းစားတော်ရွှေခွက်ကိုယူ၍ နတ်ဘောဇဉ်အပြည့်ထည့်ပြီး သူငယ်အား ကျွေးမွေးပြုစုမှ သင့်အဖို့ အပြစ်ဒဏ်လွတ်နိုင်မည်” ဟု ပြော၏။

မိစ္ဆာဘီလူးသည် (သမ္မာဘီလူး ပြောသည့်အတိုင်း) မင်းစားတော်ရွှေခွက်နှင့် နတ်ဘောဇဉ်များကို အပြည့်ယူဆောင်လာပြီး ဘီလူးနှစ်ဦးတို့သည် သူငယ်၏ မိဘများအသွင်ဖြင့် သူငယ်အား ပြုစုကျွေးမွေး၍ “ဤရွှေခွက်ကို နတ်ဘီလူးတို့ ယူငင်သည်” ဟု မင်းကြီးတစ်ဦးတည်းသာ မြင်နိုင်အောင် ဘီလူးတို့၏ အာနုဘော်ဖြင့် ရွှေခွက်တွင် ကမ္ပည်းစာထိုးလျက် လွတ်ရာသို့ ဖယ်သွားကြလေ၏။

နံနက်မိုးသောက် အလင်းသို့ရောက်လျှင် ပျောက်သော မင်းစားတော်ရွှေခွက်ကို လိုက်လံရှာဖွေကြရာ သူငယ်၏အနီး၌ တွေ့သဖြင့် သူငယ်ကို ခိုးသူအဖြစ် မင်းကြီးထံ ဆက်ကြလေ၏။ မင်းကြီးလည်း ရွှေခွက်တွင် ပါလာသော ကမ္ပည်းစာအရ ခိုးသူမဟုတ်မှန်း သိသော်လည်း မသိဟန်ဆောင်ကာ သူငယ်အား မေးစစ်ရာ “မိမိဘာမျှ မသိကြောင်း၊ ညက မိဘနှစ်ပါးလာပြီး ဤရွှေခွက်ဖြင့် စားသောက်ဖွယ်များကို ကျွေးမွေးကြောင်း” မင်းကြီးအား လျှောက်တင်စဉ် မိဘနှစ်ပါးတို့လည်း အနားသို့ ရောက်လာကြလေသည်။

မင်းကြီးလည်း အမှုမှန်ကို သိပြီးဖြစ်၍ (နောက်ထပ် စစ်မေးခြင်း မပြုတော့ဘဲ) သူငယ်အား ရွှေခွက်ကို ပေးသနားပြီးလျှင် အမှုမှန်ကို ပိုမိုထင်ရှားစေရန် ဘုရားရှင်၏ အထံတော်သို့ သူငယ်နှင့်တကွ မိဘနှစ်ဦးလုံးကိုပါ ခေါ်ဆောင်ကာ အကြောင်းစုံကို လျှောက်ထားလေ၏။ ယင်းသို့ လျှောက်သော် “ဗုဒ္ဓါနုဿတိဘာဝနာ” ကြောင့် ဘီလူးဘေးမှ လွတ်၍ ချမ်းသာစွာ အိပ်ရနေရသော မိစ္ဆာသူငယ်ကို အကြောင်းပြု၍ “အစောင့်အရှောက် အရံအတား တရားခြောက်ပါး” ကို ဘုရားရှင်က ဟောကြားတော်မူ၏။ တရားအဆုံး၌ သူငယ်နှင့်တကွ မိဘနှစ်ပါးလုံး မိစ္ဆာအယူမှ လွတ်ကင်း၍ သောတာပတ္တိဖိုလ်၌ တည်ကြ၏။ (နောင်အခါ မိသားစုသုံးယောက်လုံး ရဟန်းပြု၍ ရဟန္တာအဖြစ် ရောက်ကြသည်။)
၁။ ဓမ္မ၊ဋ္ဌ၊၂၊၂၄

စာမျက်နှာ-129


[ဤသာဓကအရ မိစ္ဆာသူငယ်သည် ကစားပွဲနိုင်ရန် ရည်ရွယ်လေ့ကျင့်ထားသော “နမော ဗုဒ္ဓဿ” ကို ယောင်ယမ်းရွတ်ဆိုကာမျှဖြင့် ဤမျှ (ဘီလူးဘေးမှ လွတ်ခြင်း၊ ဘီလူး၏ အပူဇော်ကို ခံရခြင်း) အကျိုးများ ခံစားရသေး၏။ ဂုဏ်ရည်ကို ယုံကြည်၍ ဘုရားရှင်အား ပူဇော်ပါမူကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ အကျိုးတရားသည် ဤရွေ့ဤမျှသာဟု စိတ်ကူးကြံဆ၍ ကုန်စင်အောင် ပြောပြနိုင်မည်မဟုတ်ပါ။ အစိန္တေယျအကျိုးများ ရနိုင်မည်သာ ဖြစ်ပါ၏။]

ဘုရားရှင်အား ကြည်ညိုကာမျှ စိတ်ကြောင့် နတ်ပြည်ရောက်ရသော “မဋ္ဌကုဏ္ဍလီ” အကြောင်း

ဘုရားရှင်လက်ထက်တော်အခါက သာဝတ္ထိမြို့၌ အလွန် နှမြောကပ်စေးနှဲသော “အဒိန္နပုဗ္ဗက” မည်သော ပုဏ္ဏားသူဌေးကြီးမှာ သားကလေးတစ်ယောက် ရှိ၏။ ထိုပုဏ္ဏားသည် ပန်းထိမ်သည်အား လက်ခပေးရမည် စိုးသောကြောင့် သူကိုယ်တိုင် ရွှေပြားခတ်၍ လိပ်ပြီးလျှင် သားကလေးအား နားတောင်းလုပ်ပေးထားလေသည်။ ထိုနားတောင်းကို အကြောင်းပြု၍ “မဋ္ဌကုဏ္ဍလီ” ဟု အမည်တွင်သည်။ (မဋ္ဌကုဏ္ဍလီ = စင်းလုံးချော နားတောင်းရှိသူဟု ဆိုလိုသည်။)

“မဋ္ဌကုဏ္ဍလီ” သည် ၁၆-နှစ်လောက် အရွယ်ရောက်သောအခါ အသားဝါ၍ အစာမကြေရောဂါ ဖြစ်၏။ ကပ်စေးနှဲသော အဘသည် ဆေးဆရာကို မပင့်၊ မိခင်ဖြစ်သူက မနေနိုင်၍ “သားကို ဆေးကုပါဦး” ဟု ပြောသောအခါ “မင်းက ငါ့ဥစ္စာတွေ ကုန်တာကို ကြည့်ချင်လို့လား” ဟု ပြော၏။ ထို့နောက် ပုဏ္ဏားကြီးသည် ဆေးဆရာများထံသွား၍ ဆေးနည်းကို မေး၏။ ဆေးဆရာတို့သည် သူ၏ ကပ်စေးနှဲပုံကို သိ၍ တော်အောင်လျော်အောင် ဆေးနည်းကို ပြောလိုက်ကြ၏။

ပုဏ္ဏားကြီးသည် ထိုဆေးမီးတိုကလေးများဖြင့် ဆေးကုလေရာ ရောဂါမှာ တိုး၍သာလာ၏။ ထိုအခါကျမှ ဆေးဆရာတစ်ယောက်ကို ပင့်၍ပြလေသည်။ ဆေးဆရာသည် လူနာကို အကဲခတ်၍ ကုလို့ မရနိုင်ကြောင်းကို သိသောကြောင့် “မိမိမှာ ကိစ္စရှိသေး၍ အခြားဆရာတစ်ဦးကို ပင့်ပါ” ဟု ပြောကာ ပြန်သွားလေ၏။ ပုဏ္ဏားကြီးသည် သူ၏ အိမ်တွင်းပစ္စည်းများကို လူမမာမေးလာသူ မြင်မှာစိုး၍ လူမမာကို အိမ်၏ အပြင်ဘက် ဆင်ဝင်သို့ ထုတ်ထားလေသည်။

စာမျက်နှာ-130


ဘုရားရှင်သည် ထိုအကြောင်းကိုသိ၍ “မဋ္ဌကုဏ္ဍလီ” အား ကယ်မတော်မူလိုသောကြောင့် ဆွမ်းခံကြွတော်မူရင်း ထိုပုဏ္ဏားကြီး၏ အိမ်ပေါက်၌ ရပ်တော်မူ၍ “မဋ္ဌကုဏ္ဍလီ” မြင်လောက်အောင် ရောင်ခြည်တော်ကို လွှတ်၍ ပြတော်မူ၏။ မိစ္ဆာအယူရှိသော သတို့သားငယ်သည် ရောင်ခြည်တော်နှင့်အတူ ဘုရားရှင်ကို ဖူးမြင်ရသောအခါ (လက်အုပ်ချီမိုး ရှိခိုးလိုသော်လည်း) လက်အုပ်ချီနိုင်လောက်အောင် အားမရှိသဖြင့် စိတ်ဖြင့်သာ ကြည်ညိုခွင့်ရရှာ၏။ ယင်းသို့ ကြည်ညိုသော စိတ်အစဉ်မပျောက်မီပင် ဘုရားရှင် ကြွသွား၍ မျက်စိတစ်ဆုံးလောက် အရောက်မှာ သတို့သား စုတေ၍ တာဝတိံသာနတ်ပြည်၌ နတ်သားဖြစ်ရလေသည်။ ယူဇနာ သုံးဆယ်ရှိသော ရွှေဗိမာန်၌ နတ်သမီးတစ်ထောင်ခြံရံလျက် “မဋ္ဌကုဏ္ဍလီနတ်သား” ဟူသောအမည်ဖြင့်ပင် ထင်ရှား၏။

“မဋ္ဌကုဏ္ဍလီ” နတ်သားသည် သုသာန်တွင် နေ့စဉ် ငိုကြွေးနေသော (လူ့ဖခင်) ပုဏ္ဏားကြီးအား ကိုယ်ထင်ပြ၍ နတ်သားဖြစ်ရခြင်းအကြောင်းကို ထုတ်ဖော်ကာ အမြင်မှန်ရစေခဲ့သည်။ ထို့နောက် ၎င်းတို့နှစ်ဦး ဘုရားရှင်ထံမှောက် ရောက်၍ တရားဟူသမျှမှာ စိတ်ကသာ ရှေးသွားဦးဆောင်ဖြစ်ကြောင်း “မနောပုဗ္ဗင်္ဂမာ ဓမ္မာ” ဟူသော တရားတော်ကို နာကြားပြီးအဆုံး၌ သားအဖနှစ်ဦးလုံး သောတာပတ္တိဖိုလ်၌ တည်ကြလေသည်။ ကျန်ပရိသတ် ရှစ်သောင်းလေးထောင်တို့လည်း တရားထူး ရကြ၏။

[ဤသာဓကအရ “မဋ္ဌကုဏ္ဍလီ” သတို့သားသည် သေခါနီးဆဲဆဲ ရောဂါဖိစီးနှိပ်စက်ခံရ၍ မိမိ၏ခြေလက်ကိုမျှ မသယ်ယူနိုင်ဘဲ ရှိနေခိုက် ဘုရားရှင်အား ကြည်ညိုကာမျှ စိတ်ဖြင့် ဤမျှ (ဘဝမခြား နတ်စည်းစိမ်ကို ခံစားရခြင်း) အကျိုးထူးများ ရရှိသေး၏။ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံးတို့ဖြင့် အားရနှစ်ခြိုက်စွာ ဘုရားရှင်အား တစ်သက်လုံး ကြည်ညိုဆည်းကပ်ခွင့်ရပါမူကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ အကျိုးတရားသည် ဤရွေ့ဤမျှသာဟု စိတ်ကူးကြံဆ၍ ကုန်စင်အောင် ပြောပြနိုင်မည်မဟုတ်ပါ။ အစိန္တေယျအကျိုးများ ရနိုင်မည်သာ ဖြစ်ပါ၏။]

ဂုဏ်တော်ပွား၍ မီးများကို ငြိမ်းစေခဲ့သော မိဖုရားစောလုံအကြောင်း

ပုဂံပြည်တွင် သက္ကရာဇ် ၆၁၇-ခုနှစ်က “နရသီဟပတေ့” ခေါ် ဘုရင်တစ်ပါး မင်းပြုသည်။ ပုဂံရာဇဝင်တွင် နောက်ဆုံးမင်း ဖြစ်၏။ ၎င်းကို “မင်းခွေးချေး” ဟု...
၁။ ဓမ္မ၊ဋ္ဌ၊၁း၁၆။

စာမျက်နှာ-131


လည်းကောင်း၊ “တရုတ်ပြေးမင်း” ဟုလည်းကောင်း ခေါ်ကြသေး၏။ ထိုမင်းသည် လွန်စွာ အစားကြူး၏။ ဟင်းခွက်ပေါင်းများစွာ ပွဲတော်တည်လေ့ရှိ၏။ (တစ်ခါက တရုတ်ရန်ကြောင့် ပုသိန်မြို့သို့ ထွက်ပြေးရစဉ် ဟင်းခွက်သုံးရာ တစ်ခွက်လျော့နေ၍ ဝမ်းနည်းပက်လက် မျက်ရည်ကျခဲ့သည်အထိ ဖြစ်ခဲ့ရဖူးသည်ဟု ဆို၏။) ကစားလည်း ကြမ်း၏။ နွေကာလဝယ် ဧရာဝတီမြစ်ကမ်းတွင် စံနန်းတော်တည်၍ မိဖုရား မောင်းမမိဿံ အခြွေအရံများနှင့်အတူ အမြဲတမ်း ရေပက်ဖျန်းကစားလေ့ရှိ၏။

ထိုမင်းတွင် “စောလုံ” ခေါ် အပြစ်ကင်း၍ ကောင်းခြင်းအင်္ဂါ လက္ခဏာ အသွင်အပြင်နှင့် ပြည့်စုံသော မိဖုရားတစ်ဦးရှိ၏။ အရှက်အကြောက်ကြီး၏၊ အနေအထိုင် ပိရိသိမ်မွေ့၏။ ၎င်းသည် ဘုရင်အမြတ်နိုးဆုံး မိဖုရားတစ်ဦးပေတည်း။ အခါတစ်ပါးဝယ် မိဖုရားစောလုံကို ကျီစယ်လိုသဖြင့် မောင်းမငယ်များအား စကားထည့်၍ မျက်နှာ ဆံပင်ပါမကျန် တစ်ကိုယ်လုံး ရွှဲရွှဲစိုအောင် ရေဖြင့် ပက်စေ၏။ မင်းကြီးကိုယ်တိုင်လည်း ပက်၏။

မိဖုရားစောလုံသည် ကျီစယ်သည်ကို သည်းမခံနိုင်ရှာဘဲ အရှက်ကြီး၍ အမျက်ကြီး ရန်ငြိုးထားကာ စိတ်အနာကြီးနာသောကြောင့် စားတော်ပွဲတွင် အဆိပ်ခတ်၍ ဘုရင်အား ဆက်သစေလေသည်။ (မိန်းမတို့ဓမ္မတာ သာမန်အပြစ်မျိုးဖြင့် အငြိုးကြီးတတ်သည်။) ဘုရင်မင်းလည်း ပွဲတော်မတည်သေးဘဲ ခွေးကို ကျွေးစေရာတွင် တစ်ခဏချင်း ခွေးသေသည်ကို မြင်၍ ပွဲတော်ဆက်သူကို စစ်ဆေးသောအခါ မိဖုရားစောလုံအပေါ် ကျရောက်၏။ မိဖုရားကို စစ်ဆေးပြန်ရာ ——

“ပရိသတ်အလယ်တွင် မိမိအား တစ်ကိုယ်လုံး ရွှဲရွှဲစိုအောင် ရေပက်အရှက်ခွဲသောကြောင့် မကျေနပ်သည့်အတွက် အသက်ကို လုပ်ကြံကြောင်း၊ ပေးလိုတဲ့အပြစ်ကို ပေးနိုင်ကြောင်း” ပြတ်တောင်းတောင်း ခပ်မာမာနှင့် ပမာမခန့် သံတော်ဦးတင်လိုက်၏။

ထိုအခါ မင်းကြီးသည် မင်းတို့မျက်စောင်း အကြောင်းမရွေးတတ်သည့်အတိုင်း ဆိုင်းငံ့စဉ်းစား ထောက်ထားခြင်းမပြုဘဲ ပန်းပဲသမားကို ခေါ်၍ သံကျပ်စင်ကို လုပ်စေပြီးလျှင် “မိန်းမယုတ် စောလုံအား မီးရဲရဲညီးသော သံကျပ်စင်ပေါ်တင်၍ ဖိုကျင်ထိုးသတ်စေ” ဟု အမိန့်ချမှတ်လိုက်သည်။

စာမျက်နှာ-132


မိဖုရားစောလုံလည်း ပန်းပဲသမားကို ရွှေငွေများစွာပေး၍ ခုနစ်ရက်ကြာအောင် သံကျပ်စင်ကို ပြုလုပ်စေပြီးလျှင် နေ့ရောညဉ့်ပါ ဘုရား၌ ပန်း ရေချမ်းကပ်၍ သရဏဂုံ သီလဆောက်တည်လျက် ခုနစ်ရက်ပတ်လုံး ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော်များကို နှလုံးသွင်းဆင်ခြင် ရွတ်ဖတ်ပွားများကာ အာရုံပြုနေလေသည်။ ခုနစ်ရက်စေ့သောအခါ ရဲရဲညီးသော သံကျပ်စင်ထက်သို့ မကြောက်မရွံ့ တက်လေရာ “အလွန်အေးမြမွှေးကြိုင်လှသော ဂေါသီတစန္ဒကူးကို ထည့်ခတ်လိုက်သကဲ့သို့” တစ်ခါတည်း မီးများငြိမ်း၍ သွားလေသည်။

ဤနည်းအတိုင်း ရတနာသုံးပါး၏ ဂုဏ်တော်များကို အာရုံပြုဆင်ခြင်ပွားများနေမှုကြောင့် သုံးကြိမ်တိုင်အောင် ထပ်ကာထပ်ကာ မီးများငြိမ်းပြီးနောက် “ငါသည် ချမ်းသာခွင့်ရမည် မဟုတ်လျှင် တစ်ခဏချင်း လောင်းကျွမ်းပါစေသား” ဟု စိတ်ကိုလျှော့ချ၍ အဓိဋ္ဌာန်လိုက်သည့်အခါ တစ်ခဏချင်း ပြာကျရရှာလေသည်။ ထိုအကြောင်းကို မင်းကြီး ကြားသိရသောအခါ ယူကျုံးမရ နောင်တကြီးစွာ ဖြစ်လေ၏။ ကယောင်ကတမ်း မြည်တမ်းရေရွတ်ကာ တစ်ဖျစ်တောက်တောက် တမ်းတနေလေသတည်း။

[ဤသာဓကအရ အင်္ကျီစ သန်လွန်းက အသက်ဆုံးသည်အထိ ရန်မီးပွားတတ်ပုံ၊ မကောင်းသော ရန်ငြိုးစိတ်ထားနှင့် မကောင်းသော အပြုအမူများသည် မကောင်းကျိုးသာ ရတတ်ပုံတို့ကို သင်ခန်းစာယူသင့်၏။ မိဖုရားစောလုံ၏ ရတနာသုံးပါးကို ကြည်ညိုဆည်းကပ်လေ့ရှိပုံ၊ သေရမည့်ဘေးကိုပင် နေ့ရောညဉ့်ပါ သရဏဂုံသီလ ဆောက်တည်၍ ရတနာသုံးပါး ဂုဏ်ရည်များကို ယုံကြည်စွာ ရွတ်ပွားဆင်ခြင် အာရုံပြုခြင်းဖြင့် မကြောက်မရွံ့ ရင်ဆိုင်ခဲ့ပုံတို့ကို အတုယူသင့်ကြပါသည်။]

ဘုရားဂုဏ်တော်ဖွင့် ပြီး၏။

စာမျက်နှာ-133


တရားဂုဏ်တော်ခြောက်ပါး

၁။ သွာက္ခာတဂုဏ်တော်

သွာက္ခာတ = (သု + အက္ခာတ။ သု = ကောင်းစွာ + အက္ခာတ = ဟောကြားအပ်သော တရားတော်။ “သွာက္ခာတ” ကို “သွက်ခါတ” ဟု အသံထွက်ဖတ်ပါ။)

ဘုရားရှင်သည် ဆယ်ပါးသော တရားတော်မြတ်ကို ကိုယ်တော်တိုင် ကျင့်ကြံသိမြင်ပြီး မည်သည့် နတ် လူ ပညာရှိကမျှ ပိုသည်၊ လိုသည်၊ မှားသည်ဟူ၍ ဖြည့်စွက်ခြင်း၊ ပယ်နုတ်ခြင်း မပြုနိုင်အောင် ထက်ဝန်းကျင် ပြည့်စုံသော တရားတော်ကို ဟောကြားတော်မူခဲ့ပါသည်။

ဆယ်ပါးသောတရား

(၁) သောတာပတ္တိမဂ်
(၂) သကဒါဂါမိမဂ်
(၃) အနာဂါမိမဂ်
(၄) အရဟတ္တမဂ် (မဂ်တရား ၄-ပါး)
(၅) သောတာပတ္တိဖိုလ်
(၆) သကဒါဂါမိဖိုလ်
(၇) အနာဂါမိဖိုလ်
(၈) အရဟတ္တဖိုလ် (ဖိုလ်တရား ၄-ပါး)
(၉) နိဗ္ဗာန်တရား (၁-ပါး)
(၁၀) ပရိယတ္တိတရား (၁-ပါး)
စုစုပေါင်း ၁၀-ပါး ရှိ၏။

အမျိုးအစားအားဖြင့် ၄-ပါး၊ အရေအတွက်အားဖြင့် ၁၀-ပါး ရှိ၏။ ထိုတွင် ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာကို လေ့လာသင်ယူရမည့်တရားဖြစ်၍ “ပရိယတ္တိတရားတစ်ခု” ဟု ရေတွက်သည်။ ကျန် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရား ကိုးပါးသည် “လောကုတ္တရာတရားများ” ဖြစ်၏။ သင်ယူရုံမျှဖြင့် မရ၊ လက်တွေ့ကျင့်ကြံအားထုတ်မှ ရနိုင်သည်။ “စာအုပ် စာပေ” တို့သည် ထိုတရားတော်များကို မှတ်သားထားရာ “တရားဘဏ္ဍာတိုက်” များဖြစ်၏၊ “ဓမ္မစေတီတော်” ဟုလည်း ခေါ်၏။ ထိုတရားတော်များကို သင်အံပို့ချသော ပုဂ္ဂိုလ်များကား တရားဘဏ္ဍာတိုက်များကို စောင့်သော “ဘဏ္ဍာစိုးများ” ဖြစ်၏။

စာမျက်နှာ-134


အစစ်အမှန်တရားတော်

အောက်သို့ ကျမသွားအောင် ဆောင်ထားနိုင်သော သဘောကို “ဓမ္မ = တရား” ဟူ၍ ဆိုရ၏။ မည်သည့် ပုဂ္ဂိုလ်က ဟောပြောညွှန်ပြသည်ဖြစ်စေ ဓမ္မအစစ်အမှန်ဖြစ်လျှင် ထိုဓမ္မအတိုင်း နေထိုင်သူအား အောက်တန်းသို့ ကျမသွားအောင် ဆောင်ထားနိုင်သော သတ္တိစွမ်းအား ရှိရမြဲ ဖြစ်ပါသည်။

မှန်ပါသည်။ လောကကြီးပွားရေးကို လိုလား၍ “အသေဝနာ စ ဗာလာနံ” စသော မင်္ဂလာတရားတော်ကို လိုက်နာသူသည် လောက၌ အောက်ကျနောက်ကျ လူစားမျိုး မဖြစ်ရအောင် တရားတော်က ဆောင်ထားသဖြင့် အဆင့်အတန်းမြင့်သော လူတန်းစားအဖြစ်သို့ ရောက်နိုင်ပါသည်။ အပါယ်ဆင်းရဲကို ကြောက်၍ အထက်တန်းတရားကို လိုက်စားကျင့်ကြံသော ပုဂ္ဂိုလ်သည် ထိုတရား၏ ဆောင်ထားမှုကြောင့် အပါယ်ဆင်းရဲသို့ ကျရောက်ခြင်းမရှိဘဲ အထက်တန်းဘဝဖြင့် နိဗ္ဗာန်တိုင်အောင် ရောက်နိုင်ပါသည်။ ထို့ကြောင့် သတ္တဝါတို့ကို အောက်ကျနောက်ကျ မဖြစ်ရအောင်၊ အပါယ်လေးပါးသို့ ကျရောက်ခြင်း မရှိအောင် ဆောင်ထားနိုင်သော “ဓမ္မ = တရား” ကိုသာ တရားအစစ် တရားအမှန်ဟု မှတ်ယူသင့်ပါသည်။

အကောင်းဆုံးတရား ဖြစ်တော်မူခြင်း

အောက်သို့ ကျမသွားအောင် ဆောင်ထားနိုင်သော နိဗ္ဗာန်ရောက်ကြောင်း နည်းကောင်း လမ်းကောင်း တရားများသည် ယခုအခါတွင် ဘုရားရှင်၏ ညွှန်ကြားချက်အတိုင်း မူမပျက် အထင်အရှားရှိနေပါသည်။ ထိုနည်း ထိုလမ်းကို လိုက်သူမှာ တရားတော်က ဆောင်ထားသဖြင့် အဆင့်အတန်းမြင့်သော လူတန်းစားအဖြစ်သို့ ရောက်ကာ ချမ်းသာအမှန် စံရမည်ဖြစ်၍ မလိုက်သူမှာ အောက်ကျနောက်ကျဖြစ်ကာ သံသရာဝဋ်ဒုက္ခများနှင့် မုချရင်ဆိုင်နေရမည်သာ ဖြစ်ပါသည်။ ဤနေရာတွင် ဘုရားရှင်လက်ထက်တော်က ဂဏကမောဂ္ဂလ္လာန ပုဏ္ဏားကြီး၏ ဘုရားရှင်အား လျှောက်ထားတင်ပြချက်ကို များစွာ မှတ်သားသင့်ပါသည် —

ပုဏ္ဏားကြီး။ ။ “အရှင်ဂေါတမ... အရှင်ဂေါတမ၏ အဆုံးအမခံရသူ တပည့်များမှာ အကုန်လုံးပင် နိဗ္ဗာန်ရကြပါသလား၊ အချို့ မရဘဲ ရှိကြပါသလား။”

ဘုရားရှင်။ ။ “အကုန် မဟုတ်၊ အချို့ ရ၍ အချို့ မရကြချေ။”

စာမျက်နှာ-135


ပုဏ္ဏားကြီး။ ။ “အရှင်ဂေါတမ... နိဗ္ဗာန်လည်း ထင်ရှားရှိ၍ နိဗ္ဗာန်ရောက်ကြောင်း နည်းလမ်းလည်း အထင်အရှားပင် ရှိ၏။ နည်းပေးလမ်းပြတတ်သူ အရှင်ဂေါတမလည်း ရှိနေသည်သာတည်း။ သို့ပါလျက် ဘာ့ကြောင့် အချို့အချို့ မရ ဖြစ်ရပါသနည်း။”

ဘုရားရှင်။ ။ “ပုဏ္ဏားကြီး... ဤအချက်၌ သင့်ကိုပင် မေးရဦးတော့မည်၊ သင် ကြိုက်သလို ဖြေလော့။ ရာဇဂြိုဟ်ပြည် သွားလမ်းကို သင် သိသလော။”

ပုဏ္ဏားကြီး။ ။ “သိပါသည် ဘုရား။”

ဘုရားရှင်။ ။ “ပုဏ္ဏားကြီး... လူတစ်ယောက်သည် သင့်အား ရာဇဂြိုဟ်ပြည်သွားရန် လမ်းကို ညွှန်ကြားရန် မေးလာသော် သင်က ‘ဘယ်ကနေ ဘယ်သွား ဘယ်ရောက်လိမ့်မည်’ ဟု လမ်းညွှန်ရာ ထိုသူမှာ သင်ညွှန်သည့်အတိုင်း မဟုတ်ဘဲ လမ်းလွဲလိုက်ကာ နောက်သို့ ပြန်လာရာ၏။ တစ်ယောက်ကမူ သင်ညွှန်ကြားသည့်အတိုင်း သွား၍ ရာဇဂြိုဟ်ပြည်သို့ ရောက်၏။ ပုဏ္ဏားကြီး... ရာဇဂြိုဟ်ပြည်လည်း အထင်အရှား ရှိ၏။ ရာဇဂြိုဟ်ပြည်သို့ သွားရာလမ်းလည်း ရှိနေသည်သာ ဖြစ်၏။ လမ်းညွှန်တတ်သူ သင်လည်း အရှိပင်တည်း။ သို့ဖြစ်ပါလျက် တစ်ယောက်မှာ ရာဇဂြိုဟ်ပြည်သို့ ရောက်၍ တစ်ယောက်ကား ရာဇဂြိုဟ်ပြည်သို့ မရောက်ဘဲ ရှိသည်မှာ ဘာ့ကြောင့်ပါနည်း။”

ပုဏ္ဏားကြီး။ ။ “အရှင်ဂေါတမ... တပည့်တော် ဘာလုပ်နိုင်မလဲ၊ တပည့်တော်က လမ်းညွှန်သူသာ ဖြစ်ပါသည်။”

ဘုရားရှင်။ ။ “ပုဏ္ဏားကြီး... နိဗ္ဗာန်လည်း ရှိနေလျက်သား၊ နိဗ္ဗာန်ရောက်ကြောင်း လမ်းလည်း အရှိပင်၊ နည်းပေးလမ်းပြတတ်သူ ငါဘုရားလည်း ရှိသည်သာတည်း။ သို့ပါလျက် အချို့ နိဗ္ဗာန်ရကြ၏၊ အချို့ကား မရကြ။ ဤအရာ၌ ငါဘုရား ဘာတတ်နိုင်မည်နည်း၊ ငါဘုရားက နည်းပေးလမ်းညွှန်သူသာ ဖြစ်ပေသည်။”

ပုဏ္ဏားကြီးသည် ဘုရားရှင်၏ အဖြေစကား တရားတော်ကို ကြားနာရ၍ လွန်စွာ အားရဝမ်းသာလှသဖြင့် “အရှင်ဂေါတမ... အမြစ်နံ့သာမျိုး မှန်သမျှတွင် ကရမက်ကို အကောင်းဆုံး အမြတ်ဆုံးဟု ဆိုအပ်ပါသည်။ အနှစ်နံ့သာမျိုးတွင် စန္ဒကူးနီကို အထူးခြားဆုံး အမြတ်ဆုံးဟု ဆိုအပ်ပါသည်။ အပွင့်နံ့သာမျိုးတို့တွင် မြတ်လေးပန်းကို အမြတ်ဆုံးဟု ဆိုအပ်ပါသည်။ ထိုနည်း-

စာမျက်နှာ-136


တူစွာပင် ယခုခေတ်ပေါ် တရားတို့တွင် အရှင်ဂေါတမ၏ ဩဝါဒတရားမှာ အကောင်းဆုံးအမြတ်ဆုံး ဖြစ်ပါပေသည်” ဟု ချီးကျူးလေသည် (ဥပရိပဏ္ဏာသ၊ ဂဏကမောဂ္ဂလ္လာနသုတ်။ ၅၂-၇)။

ဘုရားရှင်၏ လမ်းညွှန်ဟောကြားချက်တရားကို ကြားရရုံ သိရရုံမျှဖြင့် ကျေနပ်မနေကြဘဲ နိဗ္ဗာန်ပေါက်ရောက်အောင် ကျင့်ကြံလျှောက်လှမ်းသင့်ကြပါသည်။

ကြားနာရုံမျှဖြင့်ပင် အပူစင် (အစ၌ ကောင်းခြင်း)

ရုပ်နှင့်နာမ် နှစ်မျိုးပေါင်းစပ်မိနေသောအရာကို “သတ္တဝါ” ဟု ခေါ်၏။ လူစသည်တို့ ဖြစ်၏။ လူ၏ ခန္ဓာကိုယ်သည် အမိဝမ်းတွင် ပဋိသန္ဓေနေသည်မှစ၍ ဖွားမြင်သည့်တိုင်အောင် ဇာတိဒုက္ခဖြစ်နေရသဖြင့် “ဇာတိမီး” အလောင်ခံရ၏။ ထို့နောက် ဆာလောင်မွတ်သိပ်ခြင်း၊ ရတာမလို လိုတာမရဖြစ်ခြင်း၊ ချစ်သောသူနှင့် ကွဲနေရခြင်း၊ ငိုကြွေးရခြင်း၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်ရခြင်း စသည်တို့ကြောင့် ခန္ဓာကိုယ်မှာ ဒုက္ခမီးပူအမျိုးမျိုး အလောင်ခံရ၏။ ရင့်ရော်အိုမင်းလျှင် “ဇရာမီး”၊ သေကျေပျက်စီးလျှင် “မရဏမီး” အသီးသီး အလောင်ခံနေရ၏။ “လူတစ်ခု ပူမှုဆယ်ကုဋေ” ဟုပင် အဆိုပြုကြ၏။ မည်သို့ဆိုစေ သတ္တဝါများကို လောင်ကျွမ်းပျက်စီးစေတတ်ပြီး ဆင်းရဲခြင်းသို့ ရောက်စေတတ်သော ဒုက္ခအပူမီးသည် ပိဋကတ်ကျမ်းဂန်များအဆိုအရ အကျဉ်းအားဖြင့် တစ်ဆယ့်တစ်မျိုး ရှိပါသည်။

(၁) ရာဂမီး = အလိုရမ္မက်ကြီးမှု၊
(၂) ဒေါသမီး = ပြစ်မှားပုတ်ခတ်မှု၊
(၃) မောဟမီး = အမှန်မသိမှု၊ အမှားကို အမှန်ထင်မှု၊
(၄) ဇာတိမီး = ပဋိသန္ဓေနေရမှု၊
(၅) ဇရာမီး = အိုမင်းရင့်ရော်မှု၊
(၆) မရဏမီး = သေကျေပျက်စီးမှု၊
(၇) သောကမီး = စိုးရိမ်ပူဆွေးမှု၊
(၈) ပရိဒေဝမီး = ငိုကြွေးရှိုက်ငင်မှု၊
(၉) ဒုက္ခမီး = ကိုယ်ဆင်းရဲမှု၊
(၁၀) ဒေါမနဿမီး = စိတ်ဆင်းရဲမှု၊
(၁၁) ဥပါယာသမီး = ပြင်းစွာ ပူပန်အားငယ်မှု။
၁။ ဝိ၊၃း၄၄။ သာရတ္ထ၊ဋီ၊ ၂။ဂ၉။

စာမျက်နှာ-137


ထိုဒုက္ခအပူမီး တစ်ဆယ့်တစ်မျိုးတွင် “ရာဂ၊ ဒေါသ၊ မောဟ” မီးသုံးမျိုးသည် အခြေခံအကျဆုံးမီးများ ဖြစ်၏။ “လောကမှာ ရာဂလောက် ပူလောင်တတ်သော မီးမရှိ၊ ရာဂသည် အပူလောင်ဆုံးမီး ဖြစ်၏။ ဒေါသလောက် ဖျက်ဆီးတတ်သော တရားမရှိ၊ ဒေါသသည် အဖျက်ဆီးဆုံးတရားဖြစ်၏” စသည်ဖြင့် ပညာရှိများက ဝန်ခံပြောဆိုကြ၏။ အပြင်းအထန် ပစ်ခတ်နေသော စစ်ပွဲကြား၌ ဝင်နွှဲနေရသော စစ်သားတစ်ယောက်သည် အမျိုးမျိုး စစ်ဒဏ်ကို ခံရဘိသကဲ့သို့ ဒုက္ခအပူမီးမျိုးစုံ စုပြုံလောင်ကျွမ်းနေသော လောကကြီးဝယ် ဤခန္ဓာကိုယ်ကို ရနေသူမှန်သမျှ ဘုရားရှင်သော်မှပင် လွန်ဆန်မရ မရဏမီး လောင်ကျွမ်းခံရသေး၏။

ဘုရားရှင်၏ တရားတော်များသည် ဖော်ပြပါ ဒုက္ခအပူမီး တစ်ဆယ့်တစ်ပါးကို ကြားနာရုံမျှဖြင့် ကင်းစင်အောင် ငြိမ်းစေနိုင်ပါသည်။ ဤနေရာတွင် —

သားလည်းသေ၊ လင်လည်းဆုံး၊ ဥစ္စာဓန အမိအဖတွေပါ အကုန်ပျက်ပြုန်း၍ အရူးလုံးလုံးဖြစ်ကာ ခန္ဓာကိုယ်မှာပင် အဝတ်မကပ်နိုင်အောင် အပူမီးတောက်နေရှာသော “ပဋာစာရီ” သည် ဘုရားထံမှောက်ရောက်၍ ဘုရားရှင်၏ တရားစကားကို ကြားနာလိုက်ရုံမျှဖြင့် ဒုက္ခအပူမီးများ ငြိမ်းအေးသွားပုံမှာ ကြားနာရုံမျှဖြင့်ပင် အပူကင်းစင်ပုံအတွက် ထင်ရှားသော နမူနာတစ်ခု ဖြစ်ပါသည်။

ဤသို့ တရားတော်ကို နာကြားရသူအဖို့ သောက၊ ပရိဒေဝ စသော ဒုက္ခအပူမီးများ ကင်းရခြင်းမှာ စိတ်ကို ချမ်းသာအေးမြစေတတ်၊ ပီတိဖြစ်စေတတ်သော တရားတော်အမှန် ဖြစ်သောကြောင့် ဖြစ်ပါသည်။

ချီးမွမ်းသံမစဲ ချီးမွမ်းဆဲ

ဘုရားရှင်၏ တရားတော်ကို နာကြားရလျှင် တရားတော်ကိုသိခြင်း၊ အနက်ကိုသိခြင်းဖြင့် ပီတိအထူးဖြစ်ကြရသောကြောင့် ဘုရားရှင်လက်ထက်တော်အခါကပင် တရားတော်၏ ကောင်းမြတ်လှပုံကို အမျိုးမျိုးဂုဏ်တင်၍ ချီးမွမ်းခဲ့ကြပါသည်။ ယနေ့တိုင်လည်း ချီးမွမ်းသံမစဲ ချီးမွမ်းဆဲ ရှိနေကြပါသည်။ ချီးမွမ်းသံအများမှ ဘုရားလက်ထက်တော်က ချီးမွမ်းသံတစ်ခုကို ဖော်ထုတ်တင်ပြအပ်ပါသည်။

ဘုရားရှင်လက်ထက်တော်က “ကာရာပါလ” (ကာရဏပါလ) မည်သော ပုဏ္ဏားတစ်ယောက်သည် ဝေသာလီပြည်၌ လိစ္ဆဝီမင်းတို့၏ အလုပ်ကို လုပ်နေ၏။ ယင်းသို့ လုပ်ကိုင်နေဆဲ အဝေးမှလာသော “ပိင်္ဂိယာနီ” မည်သော ပုဏ္ဏားကို မြင်ရသော် —

စာမျက်နှာ-138


ထိုဒုက္ခအပူမီး တစ်ဆယ့်တစ်မျိုးတွင် “ရာဂ၊ ဒေါသ၊ မောဟ” မီးသုံးမျိုးသည် အခြေခံအကျဆုံးမီးများ ဖြစ်၏။ “လောကမှာ ရာဂလောက် ပူလောင်တတ်သော မီးမရှိ၊ ရာဂသည် အပူလောင်ဆုံးမီး ဖြစ်၏။ ဒေါသလောက် ဖျက်ဆီးတတ်သော တရားမရှိ၊ ဒေါသသည် အဖျက်ဆီးဆုံးတရားဖြစ်၏” စသည်ဖြင့် ပညာရှိများက ဝန်ခံပြောဆိုကြ၏။ အပြင်းအထန် ပစ်ခတ်နေသော စစ်ပွဲကြား၌ ဝင်နွှဲနေရသော စစ်သားတစ်ယောက်သည် အမျိုးမျိုး စစ်ဒဏ်ကို ခံရဘိသကဲ့သို့ ဒုက္ခအပူမီးမျိုးစုံ စုပြုံလောင်ကျွမ်းနေသော လောကကြီးဝယ် ဤခန္ဓာကိုယ်ကို ရနေသူမှန်သမျှ ဘုရားရှင်သော်မှပင် လွန်ဆန်မရ မရဏမီး လောင်ကျွမ်းခံရသေး၏။

ဘုရားရှင်၏ တရားတော်များသည် ဖော်ပြပါ ဒုက္ခအပူမီး တစ်ဆယ့်တစ်ပါးကို ကြားနာရုံမျှဖြင့် ကင်းစင်အောင် ငြိမ်းစေနိုင်ပါသည်။ ဤနေရာတွင် —

သားလည်းသေ၊ လင်လည်းဆုံး၊ ဥစ္စာဓန အမိအဖတွေပါ အကုန်ပျက်ပြုန်း၍ အရူးလုံးလုံးဖြစ်ကာ ခန္ဓာကိုယ်မှာပင် အဝတ်မကပ်နိုင်အောင် အပူမီးတောက်နေရှာသော “ပဋာစာရီ” သည် ဘုရားထံမှောက်ရောက်၍ ဘုရားရှင်၏ တရားစကားကို ကြားနာလိုက်ရုံမျှဖြင့် ဒုက္ခအပူမီးများ ငြိမ်းအေးသွားပုံမှာ ကြားနာရုံမျှဖြင့်ပင် အပူကင်းစင်ပုံအတွက် ထင်ရှားသော နမူနာတစ်ခု ဖြစ်ပါသည်။

ဤသို့ တရားတော်ကို နာကြားရသူအဖို့ သောက၊ ပရိဒေဝ စသော ဒုက္ခအပူမီးများ ကင်းရခြင်းမှာ စိတ်ကို ချမ်းသာအေးမြစေတတ်၊ ပီတိဖြစ်စေတတ်သော တရားတော်အမှန် ဖြစ်သောကြောင့် ဖြစ်ပါသည်။

ချီးမွမ်းသံမစဲ ချီးမွမ်းဆဲ

ဘုရားရှင်၏ တရားတော်ကို နာကြားရလျှင် တရားတော်ကိုသိခြင်း၊ အနက်ကိုသိခြင်းဖြင့် ပီတိအထူးဖြစ်ကြရသောကြောင့် ဘုရားရှင်လက်ထက်တော်အခါကပင် တရားတော်၏ ကောင်းမြတ်လှပုံကို အမျိုးမျိုးဂုဏ်တင်၍ ချီးမွမ်းခဲ့ကြပါသည်။ ယနေ့တိုင်လည်း ချီးမွမ်းသံမစဲ ချီးမွမ်းဆဲ ရှိနေကြပါသည်။ ချီးမွမ်းသံအများမှ ဘုရားလက်ထက်တော်က ချီးမွမ်းသံတစ်ခုကို ဖော်ထုတ်တင်ပြအပ်ပါသည်။

ဘုရားရှင်လက်ထက်တော်က “ကာရာပါလ” (ကာရဏပါလ) မည်သော ပုဏ္ဏားတစ်ယောက်သည် ဝေသာလီပြည်၌ လိစ္ဆဝီမင်းတို့၏ အလုပ်ကို လုပ်နေ၏။ ယင်းသို့ လုပ်ကိုင်နေဆဲ အဝေးမှလာသော “ပိင်္ဂိယာနီ” မည်သော ပုဏ္ဏားကို မြင်ရသော် —

ကာရဏပါလ။ ။ “အရှင်... ဘယ်က လာသလဲ။”

ပိင်္ဂိယာနီ။ ။ “ရဟန်းဂေါတမထံမှ ပြန်လာကြောင်း” ဖြေ၏။ ထိုအခါ —

ကာရဏပါလ။ ။ “ရဟန်းဂေါတမ၏ ပညာအစွမ်းကို အရှင် ဘယ်လိုထင်သလဲ၊ ပညာရှိသူတစ်ဦးပဲ ထင်ပါရဲ့။”

ပိင်္ဂိယာနီ။ ။ “ကျွန်ုပ်က ဘယ်လိုလူမို့လဲ၊ ဘယ်လောက်တော်တဲ့လူမို့ ရဟန်းဂေါတမ၏ ပညာစွမ်းကို သိနိုင်ရမှာလဲ၊ ရဟန်းဂေါတမ၏ ပညာစွမ်းကို သိသူမှာ ရဟန်းဂေါတမလို ပုဂ္ဂိုလ်မျိုးသာ ဖြစ်ရပေမပေါ့။”

ကာရဏပါလ။ ။ “အရှင်ကား ရဟန်းဂေါတမအား ကောင်းမြတ်မွန်ရည်လှသော ချီးမွမ်းခြင်းဖြင့် ချီးမွမ်းခဲ့၏။ ဘယ်လိုအကျိုးထူးမြင်၍ ရဟန်းဂေါတမ၌ ကြည်ညိုရပါသလဲ။”

ပိင်္ဂိယာနီ။ ။ “အမောင်... အကောင်းဆုံးသော အရသာများဖြင့် ဝအီနေသော ယောက်ျားသည် အခြားညံ့ဖျင်းသော အရသာများကို မလိုလားမနှစ်သက်တော့ပြီ။ ထို့အတူ ရဟန်းဂေါတမ ဘယ်ပုံဟောသည်ဖြစ်စေ တရားကို နာရသော် ထိုတရားမှတစ်ပါး အခြားသမဏဗြာဟ္မဏတို့၏ အယူဝါဒကို မလိုလားမနှစ်သက်တော့ပါ။”

“အမောင်... ဆာလောင်၍ အားနည်းနေသော ယောက်ျားသည် ပျားမုန့်ဆုပ်ကို ရသည်ရှိသော် ဘယ်နေရာမှာ လျက်လျက် ကောင်းမွန်ချိုမြသော အရသာကို ရနေသည်သာ ဖြစ်၏။ ထို့အတူ ရဟန်းဂေါတမ၏ တရားကို ဘယ်ပုံ နာရနာရ ထိုတရားမှနေ၍ နှစ်သက်ခြင်းကို ရနေသည်သာ၊ စိတ်ကြည်လင်ခြင်းကို ရနေသည်သာ ဖြစ်ပါ၏။”

“အမောင်... စန္ဒကူးဖြူဖြစ်စေ၊ စန္ဒကူးနီဖြစ်စေ စန္ဒကူးတုံးတစ်ခုခုကို ရသော ယောက်ျားသည် ထိုစန္ဒကူးတုံးကို အရင်း၊ အဖျား၊ အလယ် သုံးသွယ်တို့တွင် ကြိုက်ရာက နမ်းရှူစေ မွှေးကြိုင်သော ရနံ့ကို ရလျက်သာရှိသည်။ ထို့အတူ ရဟန်းဂေါတမ၏ တရားကို ဘယ်ပုံ နာရနာရ ထိုတရားမှနေ၍ ဝမ်းမြောက်ခြင်းရလျက်သာ၊ စိတ်ရွှင်ပျခြင်း ရလျက်သာ ဖြစ်ပါ၏။”

စာမျက်နှာ-139



“အမောင်... အပြင်းအထန် ရောဂါကပ်ရောက်၍ ဒုက္ခရောက်နေသော ယောက်ျားကို ကျွမ်းကျင်သော ဆေးဆရာသည် တစ်ခဏချင်း ရောဂါပျောက်ငြိမ်းစေသကဲ့သို့၊ ထို့အတူ ရဟန်းဂေါတမ ဘယ်နည်းဖြင့် ဟောသည်ကိုမဆို နာရကြားရမူ ထိုတရားကြောင့် စိုးရိမ်ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲခြင်းများ ငြိမ်းပျောက်ခြင်းသို့ ရောက်ရသည်သာ ဖြစ်ပါသည်။”

“အမောင်... နွေအပူဒဏ်ခံရ၍ ပင်ပန်းနွမ်းနယ်ကာ ရေဆာလျက်ရှိသော ယောက်ျားသည် အေးကြည်ချိုမြသော ရေရှိ၍ ဆိပ်ကမ်းသာယာ မွေ့လျော်ဖွယ် ရေကန်သာသို့ ရောက်လာလျက် ထိုရေကန်သို့ သက်ဆင်းပြီးလျှင် ချိုးရသောက်ရသော် အပူအပန်မှန်သမျှ အေးမြငြိမ်းစဲခြင်းသို့ ရောက်သကဲ့သို့၊ ထို့အတူ ရဟန်းဂေါတမ ဘယ်နည်းဖြင့် ဟောသည်ကိုမဆို နာရသူမှာ ထိုတရားကြောင့် အပူအပန်မှန်သမျှ ငြိမ်းရသည်သာ ဖြစ်ပါသည်”။

ဤသို့ ပိင်္ဂိယာနီထံမှ ဘုရားရှင်၏ ဂုဏ်တော်များကို နာကြားရသောအခါ “ကာရဏပါလ” သည် နေရာမှထကာ လက်ဝဲပခုံးထက် ကိုယ်ရုံတစ်ဘက်တင်လျက် လက်ျာဒူးကို မြေမှာထောက်ပြီးလျှင် ဘုရားရှင်ရှိရာ လက်အုပ်ချီ၍ “နမော တဿ” ပဏာမဖြင့် သုံးကြိမ် ဥဒါန်းကျူးကာ ကန်တော့ခဲ့ပေသည် (အံ၊ ၂၊ ၂၀၆)။

ကျင့်လျှင် ချမ်းသာ (အလယ်၏ ကောင်းခြင်း)

ကြားနာရုံမျှဖြင့်ပင် အပူကင်း၍ စိတ်တွင် အေးမြ ပီတိပဿဒ္ဓိ ဖြစ်ရသော ဘုရားရှင်၏ တရားတော်သည် ကျင့်ကြံလိုက်နာရသောအခါ ဆိုဖွယ်ရာမရှိပြီ။ အကျင့်သီလတစ်ခုဖြင့်ပင် ဘေးကင်းရန်ကင်း ကိုယ်ချမ်းသာ စိတ်ချမ်းသာခြင်းကို ဖြစ်စေတတ်၏။ အများ၏ ချစ်ခင်လေးမြတ်မှုကို ခံရ၏။ မေတ္တာ၊ ကရုဏာ၊ မုဒိတာများဖြစ်လျက် အလွန်စိတ်အေးချမ်းသာနေရသည့်အတွက် ရောဂါကင်းလျက် အဆင်းခွန်အား များစွာတိုးကာ အသက်ရှည်စွာ နေရတတ်၏။ ဤ၌ တရားကို ကျင့်ကြံလိုက်နာ၍ တရားတော်က ပြန်လည်စောင့်ရှောက်သည့်အတွက် ချမ်းသာပုံ သာဓကတစ်ခုကို ဆက်လက်တင်ပြထားပါသည်။

စာမျက်နှာ-140


ကာသိတိုင်း ဓမ္မပါလရွာမှ “ဓမ္မပါလလုလင်” သည် တက္ကသိုလ်ပြည် ဒိသာပါမောက္ခဆရာကြီးထံ သွားရောက်ပညာသင်ကြားရာ တပည့်ငါးရာတို့၏ အကြီးအမှူး တပည့်ကြီးအဖြစ် ရောက်လေ၏။

တစ်နေ့သ၌ ဆရာကြီး၏ သားကြီး သေဆုံးသဖြင့် ထိုအရေးကို ဆွေးနွေးပြောဆိုကြရာမှအစ ဓမ္မပါလထံမှ “သူတို့အမျိုးမှာ ငယ်ငယ်ရွယ်ရွယ်၌ မသေကြောင်း” ကြားရသောအခါ ဆရာကြီးအား ပြောပြကြ၏။ ဆရာကြီးလည်း ဓမ္မပါလကို ခေါ်မေး၍ ဟုတ်မှန်ကြောင်း သိရသောအခါ လွန်စွာ အံ့ဩလှသဖြင့် မိမိကိုယ်တိုင် သွားရောက်စုံစမ်းရန် ဆုံးဖြတ်လေ၏။ ထို့နောက် ဆိတ်ရိုးများကို လွယ်အိတ်ထဲထည့်ပြီးလျှင် တပည့်များအား စာပေချသင်ရန် ဓမ္မပါလလုလင်ကို မှာကြားလျက် ထွက်ခွာခဲ့ရာ ဓမ္မပါလရွာ၊ ဓမ္မပါလလုလင်တို့၏ အိမ်သို့ ဆိုက်ရောက်လေ၏။ ဆရာကြီးအား အိမ်သားများက ဝတ္တရားကျေပွန်အောင် ပြုစုကြ၏။ ထမင်းသုံးဆောင်ပြီးနောက် အေးအေးသက်သာ နေသောအခါ —

ဆရာကြီးက။ ။ ဓမ္မပါလလုလင်၏ ဖခင် ပုဏ္ဏားကြီးအား “ဓမ္မပါလ ကွယ်လွန်ပြီဖြစ်ကြောင်း၊ သင်္ခါရမှန်သမျှ အနိစ္စချည်းဖြစ်၍ မစိုးရိမ်ဖို့အကြောင်း” ပြောပြ၏။

ပုဏ္ဏားကြီးလည်း လက်ခုပ်လက်ဝါးတီးလျက် ပြင်းစွာ ရယ်လေ၏။ “ဘာကြောင့် ရယ်သလဲ” ဟု မေးသော် “ကျွန်တော့်သား မသေပါဘူး ဆရာကြီး၊ တခြားသူတစ်ယောက်ယောက် သေတာဖြစ်ပါလိမ့်မယ်” ဟု ဆို၏။ ထိုအခါ —

ဆရာကြီးက။ ။ “ယုံပါ ပုဏ္ဏား၊ ဟောဒါ သင့်သားအရိုးတွေပဲ” ဟု အရိုးများ ထုတ်ပြသော် —

ပုဏ္ဏားကြီးက။ ။ “ဆရာကြီး ပြသောအရိုးမှာ ဆိတ်ရိုး၊ ခွေးရိုး တစ်မျိုးမျိုး ဖြစ်ပါလိမ့်မယ်၊ ကျွန်တော့်သား မသေပါဘူး၊ ကျွန်တော်တို့အမျိုးမှာ အမျိုးခုနစ်ဆက်တိုင်အောင် ငယ်ငယ်နှင့် သေဖူးသည် မရှိပါ ဆရာကြီး” ဟု ရဲဝံ့စွာ ငြင်းဆို၏။

ဆရာကြီးလည်း အလွန်အံ့ဩ၍ “သင်တို့အမျိုး၌ ထိုသို့ ငယ်ငယ်ရွယ်ရွယ်နှင့် မသေသည်မှာ အဘယ်ကြောင့်ပါနည်း” ဟု မေး၏။ ပုဏ္ဏားကြီးက ဖော်ပြလတ္တံ့ပါအတိုင်း အကျယ်တဝင့် ပြောပြလေသည် —

စာမျက်နှာ-141


“ဆရာကြီး... ကျွန်တော်များ တရားကျင့်ကြပါသည်။ အရိယာတို့ ကဲ့ရဲ့ဖွယ် မကောင်းမှု မပြုကြပါ။ မသူတော်တရား၊ သူတော်ကောင်းတို့၏ တရား နှစ်မျိုးလုံး နာကြပါသည်။ သူတို့နှင့် မဆန့်ကျင်အောင် နာကြသော်လည်း မသူတော်များတရားကို လက်မခံကြပါ။ သူတော်ကောင်းများနှင့်သာ ပေါင်းသင်းကြပါသည်။

ကျွန်တော်များသည် မလှူမီလည်း ဝမ်းသာ၊ လှူဆဲလည်း ဝမ်းသာ၊ လှူပြီးသောအခါလည်း နောင်တမဖြစ်ကြပါ။ ရဟန်းပုဏ္ဏား၊ ခရီးသည်၊ သူတောင်းစား၊ ဆင်းရဲသားတို့ကို ထမင်းအဖျော် ပေးကမ်းကြပါသည်။ ကျွန်တော်များ၏ ဇနီးများသည် အခြားယောက်ျားနှင့် မမှားကြသလို ကျွန်တော်များလည်း အခြားမိန်းမများနှင့် မမှားကြပါ။ ဗြဟ္မစရိယအကျင့်ကို ကျင့်ကြပါသည်။

ကျွန်တော်တို့သည် အသက်မသတ်ကြ၊ မခိုးကြ၊ လိမ်မပြောကြ၊ အရက်မသောက်ကြပါ။ တရားရှိသော ကျွန်တော်တို့၏ ဇနီးများမှ ဝေဒကျမ်းတတ် ပညာရှိ သားကောင်းသားမြတ်များသာ မွေးဖွားပါသည်။ အမိအဖ၊ ညီအစ်ကို မောင်နှမ၊ သားမယား၊ ကျေးကျွန်အစေခံ အမှုလုပ်အားလုံး နောင်ဘဝရေးအတွက် တရားကျင့်ကြသူချည်း ဖြစ်ပါသည်။ ဤအကျင့်များမှာ ကျွန်တော်များ ငယ်ငယ်နှင့် မသေရခြင်းအကြောင်းများ ဖြစ်ပါသည်။”

ဓမ္မပါလလုလင်၏ ဖခင် ပုဏ္ဏားကြီး၏ စကားကို ကြားရသောအခါ ဆရာကြီးက မိမိစုံစမ်းလို၍ လာခဲ့ကြောင်း၊ ဓမ္မပါလလုလင်မှာ ကျန်းမာလျက်ရှိကြောင်းပြောကာ ပုဏ္ဏားကြီး ပြောပြသော အကျင့်တရားများကို မိမိတို့ကျင့်ရန် ရေးကူးပြီး ပြန်လာခဲ့လေသည်။ “ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ = တရားကျင့်သူကို တရားက တကယ် ပြန်၍ စောင့်ရှောက်တတ်၏” ဟူသော စကားနှင့်အညီ တရားကျင့်၍ ချမ်းသာရပုံ သာဓကဖြစ်ပါသည်။ အကျင့်သီလထက် မြင့်သော သမာဓိ၊ ပညာ စသော အကျင့်များကို ကျင့်ရပါမူကား ဆိုဖွယ်ရာ မရှိတော့ပါ။ မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာ အဆင့်အထိ မြင့်မားသော ချမ်းသာများကို ရရှိနိုင်ကြမည်မှာ ဧကန်မလွှဲ ဖြစ်ပါသည်။ ဤကား တရားတော်၏ “ကျင့်သုံးရခြင်း” တည်းဟူသော အလယ်၏ ကောင်းခြင်း တည်း။
၁။ ဇာ၊ဋ္ဌ၊၄၊၅၈၈

စာမျက်နှာ-142


ဤသာဓကကို ထောက်၍ ဘုရားရှင်၏ တရားတော်အတိုင်း ကျင့်ကြံလိုက်နာ စောင့်စည်းနေရလျှင် စိတ်ကျဉ်းကျပ်ပြီး ဆင်းရဲလိမ့်မည်၊ ဘုရားရှင်၏ အလိုတော်နှင့် ဆန့်ကျင်သော လောကီအာရုံများကို လိုက်စားနေရမှသာ ပျော်ရွှင်ဖွယ် ရှိသည်ဟု လူများစွာတို့ ထင်မှားနေခြင်းကား မီးရောင်ကို ရွှေတောင်ထင်၍ ဝင်ရောက်တိုးဝှေ့သော ပိုးဖလံကောင်မျိုးနှင့် တူလှချေတကား။

ကျင့်ပြီးခါလည်း လွန်စွာ ငြိမ်းချမ်း (အဆုံး၏ ကောင်းခြင်း)

ဘုရားရှင်၏ တရားတော်ကို အစွမ်းကုန်ကျင့်၍ အမြင့်ဆုံး မဂ်ဖိုလ်အကျိုးကို ရသောအခါ တစ်ဆယ့်တစ်ပါးသော ဒုက္ခအပူမီးများ အပြီးသတ် လက်စသိမ်း၍ လွန်စွာ ငြိမ်းချမ်းသော နိဗ္ဗာနဓာတ် (သန္တိသုခ) ချမ်းသာမြတ်ကို သိမြင်ဆိုက်ရောက် မျက်မှောက်ပြုကာ ရယူနိုင်ကြပါပြီ။ ထိုချမ်းသာမြတ်ကို ဘုရား၊ ရဟန္တာ၊ အရိယာပုဂ္ဂိုလ်တို့ ဖလသမာပတ်ဖြင့် အထပ်ထပ် အခါခါ သိမြင်ဆိုက်ရောက် မျက်မှောက်ပြုကာ ရယူတော်မူလေ့ရှိပါသည်။

ချမ်းသာသည် —
(၁) ခံစားရသော ချမ်းသာ “ဝေဒယိတသုခ” နှင့်
(၂) မခံစားရဘဲ ငြိမ်းချမ်းသော ချမ်းသာ “သန္တိသုခ” ဟူ၍ နှစ်မျိုးရှိ၏။

ထိုတွင် “ဝေဒယိတသုခ” ကား တဏှာရာဂသမားတို့ ခံစားသော ချမ်းသာဖြစ်၏။ ချမ်းသာစစ်မဟုတ်၊ မခံစားမီလည်း ဆင်းရဲ၏၊ ခံစားပြီးနောက်လည်း ဆင်းရဲ၏၊ ငြိမ်းချမ်းမှုမရှိ။ “သန္တိသုခ” ကား တဏှာရာဂ ကုန်ခန်းမှ ရရှိ၏။ မခံစားရဘဲ အေးငြိမ်းရ၏။ ဒုက္ခဆင်းရဲဟူ၍ မြူမျှမရှိပါ။ တဏှာရာဂ မကင်းကြသော လူများစွာတို့သည် ခံစားဖူးကြ၊ ခံစားနေရသော “ဝေဒယိတသုခ” ကိုသာ မြင်တွေ့ခံစားနေရသဖြင့် မခံစားရဘဲ ငြိမ်းချမ်းသော၊ ငြိမ်သက်သော ချမ်းသာ “သန္တိသုခ” ကို မယုံကြည်နိုင်ဖြစ်ကာ မလိုမချင် ရှိတတ်ကြသည်။ အမှန်စင်စစ်အားဖြင့်ကား “သန္တိသုခ” သည် အောက်တန်းကျသူတို့ ရရှိနိုင်သော အောက်တန်းစားချမ်းသာမျိုး မဟုတ်၊ လူထက်လူ၊ နတ်ထက်နတ်၊ မြတ်ထက်မြတ် ပုဂ္ဂိုလ်တို့သာ ရရှိနိုင်သော ချမ်းသာမျိုး ဖြစ်၏။ မခံစားဘဲ ချမ်းသာပုံသဘောကို စဉ်းစားဆင်ခြင်ကြည့်သူတို့ မှန်းဆသိမြင်နိုင်ကြပါသည်။

ခွေးဘဝရောက်နေလို့သာ မစင်ကို စားချင်သည်။ ခွေးဘဝမှ လွှတ်၍ လူဖြစ်သောအခါ စားပါဆို၍တောင် မစင်ကို မစားနိုင်၊ စားချင်စိတ်လည်း မရှိ။ စင်စစ်ကား မြင်ရုံမျှဖြင့် အော့နှလုံးနာကြသည်။

စာမျက်နှာ-143


ထို့အတူပင် ခံစားတတ်သော တဏှာမကုန်သေး၍သာ ခံစားချင်နေသည်။ တဏှာကုန်ခန်း၍ ရဟန္တာဖြစ်သောအခါ ခံစားပါဆိုတောင် မခံစားတော့၊ ခံစားချင်စိတ်လည်း မရှိတော့။ စင်စစ်ကား ကာမဂုဏ်တွေကို စက်ဆုပ်ရွံမုန်း၍ မခံစားဘဲ အေးငြိမ်းသော ချမ်းသာကိုသာ နှစ်သက်နေတော့သည်။ ဤ၌ စားချင်၍ စားရသည့်အတွက် အလိုပြည့် ချမ်းသာရသည်ကား “ဝေဒယိတသုခ” ဖြစ်၏။ မစားချင်သည့်အတိုင်း မစားဘဲနေရသဖြင့် အေးငြိမ်းရသည်ကား “သန္တိသုခ” သဘောတည်း။ “သန္တိသုခ” ၏ ခံစားမှုမပါဘဲ ချမ်းသာပုံသဘောကို မှန်းဆသိမြင်နိုင်ကြရန် ဥပမာသာဓကတစ်မျိုးဖြင့် တင်ပြပါဦးမည် ———

အလွန်စည်းစိမ်ကြီးသော လူချမ်းသာတစ်ယောက်သည် တီးကြမှုတ်ကြ ကခုန်ကြနှင့် ယုယဖျော်ဖြေသူကလေးများ၏ အလယ်မှာ ထည်ထည်ဝါဝါ အိပ်ပျော်နေ၏။ ဆင်းရဲသား လယ်သမားလေးတစ်ယောက်ကား နေပူကျဲတောက် သစ်ပင်အောက်၌ လယ်ကန်သင်းရိုးကို ခေါင်းအုံးကာ တစ်ယောက်တည်း အိပ်ပျော်နေရှာ၏။ အိပ်ပျော်ချိန်၌ ထိုနှစ်ယောက်လုံးပင် ဘာမျှ မခံစားကြရ။ အိပ်ရာမှ နိုးကြသော် ကိုယ်စီကိုယ်င “အိပ်ရတာ ကောင်းလိုက်တာ” ဟု ကျူးရင့်ပြောဆိုကြ၏။ မည်သည့်အရာ ကောင်းပါသနည်း။ ခံစားမှုမပါ အေးငြိမ်းချမ်းသာသော “အိပ်ပျော်ခြင်း” အကောင်းပင် မဟုတ်ပါလော။

ဘုရားရှင်၏ တရားတော်ကို ကျင့်၍ အမြင့်ဆုံးအဆင့် ရောက်သည့်အခါ အမြင့်ဆုံးသော “သန္တိသုခ” နိဗ္ဗာနဓာတ် ချမ်းသာမြတ်ကို ရရှိနိုင်ကြပါသည်။ ဒုက္ခဆင်းရဲဟူ၍ မြူမျှမသန်း လွန်စွာ ငြိမ်းချမ်းလှ၏။ ဤကား တရားတော်၏ “ကျင့်ပြီးခြင်း၊ အကျိုးရခြင်း” ဟူသော အဆုံး၏ ကောင်းခြင်း တည်း။

အကြိတ်အနယ် ခံနိုင်သော တရားဖြစ်ခြင်း

ဘုရားရှင်၏ တရားတော်များသည် ဗုဒ္ဓဘာသာမှတစ်ပါးသော အယူဝါဒရှိသူ “တိတ္ထိ” တို့၌ ရှိသော အကြောင်းအကျိုးနှင့် မယှဉ်သည့် တရားမျိုး မဟုတ်၊ စိတ်ကူးဉာဏ်ဖြင့် ကြံဆတီထွင် ညွှန်ပြထားသော ဟန်ဆောင်တရားမျိုးလည်း မဟုတ်၊ ကိုယ်တိုင်ကျင့်ကြံသိမြင်ပြီးမှ ဟောကြားညွှန်ပြထားသော လက်တွေ့တရားများ ဖြစ်၏။ အစ၊ အလယ်၊ အဆုံး သုံးပါးလုံး ကောင်း၏။ မည်သည့် နတ်၊ လူ၊ ပညာရှိကမျှ ပိုသည်၊ လိုသည်၊ မှားသည်ဟု ဖြည့်စွက်ခြင်း၊ ပယ်နုတ်ခြင်း မပြုနိုင်၊ လွန်စွာ ခိုင်မာ၏။

စာမျက်နှာ-144


တရားတော်က “မလုပ်နဲ့၊ အပြစ်ရှိသည်” ဟု တားမြစ်ထားသည်ကို လုပ်မိလျှင် တကယ် အပြစ်ရ၍ “လုပ်ပါ၊ အကျိုးကြီးသည်” ဟု တိုက်တွန်းသည်ကို လုပ်ကြည့်လျှင် တကယ် အကျိုးရှိသည်ကို တွေ့ရ၏။ အကျိုးကို အပြစ်ဖြစ်အောင်၊ အပြစ်ကို အကျိုးဖြစ်အောင်၊ အကျိုးအပြစ် လုံးဝ မဖြစ်အောင်၊ ပေါ့သွားအောင် လေးသွားအောင် မည်သည့်တန်ခိုးရှင်ကမျှ ဖန်တီးပိတ်ပင်ခြင်း၊ တားဆီးခြင်း၊ ဖယ်ရှားခြင်းစသည်ကို လုံးဝ မပြုနိုင်ပါ။

လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က ဟောခဲ့ပြောခဲ့သော တရားဖြစ်၍ ယခုခေတ် အခြေအနေ၊ ယခုလူတွေနှင့် မဟပ်မိ၊ ရှေးကျနေပြီ၊ ခေတ်မမီတော့ဟု ဆိုဖွယ်မရှိ။ တရားအားလုံးသည် တကယ့် သဘာဝဓမ္မချည်းဖြစ်၍ ခေတ်အဆက်ဆက်၊ နှစ်အဆက်ဆက် အချိန်အခါမရွေး အမြဲတမ်း အမှန်ဆုံး၊ အကောင်းဆုံးဖြစ်၍ သစ်နေဆဲဖြစ်ပါသည်။ လက်တွေ့ညွှန်ပြထားသော တရားများဖြစ်သောကြောင့် သဘာဝလိုက်စားသူ ပညာရှိတို့၏ အကြိတ်အနယ် ဝေဖန်ဆွေးနွေးမှု၊ စိစစ်မှုတို့ကိုလည်း ကောင်းစွာ ခံနိုင်၏။ ပညာရှိလေလေ အားရကျေနပ်လေလေ ဖြစ်ကြရသည်။ ဤနေရာတွင် ဘုရားရှင်လက်ထက်တော်က ဥပါလိသူကြွယ် ချီးကျူးပြောဆိုခဲ့သော “မျောက်ကလေးကို ပင်မင်း (ဆေး) ပေးခိုင်းပုံ” ဥပမာစကားသည် တိတ္ထိတို့၏ ဝါဒတရားနှင့် ဗုဒ္ဓဝါဒတရားတို့၏ ခြားနားချက်ကို ကွက်ကွက်ကွင်းကွင်း ရှင်းလင်းသိသာစေပါသည်။

ရှေးက ပုဏ္ဏားအိုကြီးတစ်ယောက်၊ မွေးခါနီး ကိုယ်ဝန်အရင့်အမာရှိနေသော ဇနီးငယ်ကလေးတစ်ယောက် ရှိ၏။ ကလေးမျက်နှာ မြင်သောအခါ ကစားဖို့ရာ မျောက်ကလေး အဝယ်ခိုင်း၏။ “ဆိုင်းပါဦး” ဟု ပြောသော်လည်း မရ၊ ဇနီးက အထပ်ထပ် ပူဆာသဖြင့် ဈေးသို့သွား၍ မျောက်ကလေး ဝယ်ပေးရသည်။ တစ်ဖန် မျောက်ကလေးကို ပင်မင်း (ဆေးဆိုး) ပေးရန် ပူဆာပြန်သောကြောင့် ပင်မင်းဆိုင်သို့ သွား၍ မျောက်ကလေးကို ရိုက်နှက်ဖွပ်လျှော်ပြီး ဆေးဆိုးပေးရန် အပ်နှံသည်။ ထိုအခါ ပင်မင်းဆရာက “ခင်ဗျား၏ မျောက်ကလေးမှာ လှအောင် ဆေးဆိုးတော့ ခံနိုင်ပါလိမ့်မည်။ သန့်စင်အောင် ဖွပ်လျှော်ဖို့ရာ အထုအရိုက်ကိုတော့ ခံနိုင်မည် မဟုတ်ပါ” ဟု ဆိုသတဲ့။
၁။ မဇ္ဈိမပဏ္ဏာသ၊ ဥပါလိသုတ်။၃၈၊၄၆။

စာမျက်နှာ-145


ထို့အတူပင် နိဂဏ္ဌတို့၏ ဝါဒကို လူမိုက်တို့ အထင်ကြီးရုံ၊ အပေါ်ယံ နားထောင်ကောင်းရုံ ဟန်ဆောင်ဆေးဆိုးပြမှုတော့ ခံနိုင်ပါ၏။ သဘာဝလိုက်စားသူ ပညာရှိတို့၏ အကြိတ်အနယ် ဝေဖန်ဆွေးနွေးမှု၊ သုံးသပ်မှုကိုတော့ ခံနိုင်ရည်မရှိပါဟု တိတ္ထိဆရာကြီး နိဂဏ္ဌနာဋပုတ္တအား တပည့်ဟောင်းဖြစ်သူ “ဥပါလိသူကြွယ်” က ပြောပြခဲ့ဖူးလေသည်။ ဥပါလိကား ယခင်က တိတ္ထိတို့၏ ဝါဒကို အသည်းစွဲ လက်ခံယုံကြည်ခဲ့သူဖြစ်သော်လည်း ဘုရားရှင်၏ တရားတော်ကို ကြားနာရသောအခါ တိတ္ထိတို့၏ ဝါဒ၌ ဘာမျှ အနှစ်ရှာမရ၊ အလဟဿဖြစ်သည်ကို အတပ်အကျ သိခဲ့သည်။ ဤသို့ ဖြစ်ရသည်မှာ ဘုရားတရားတော်များ၏ မည်သည့် သာသနာ့ပြင်ပ ဓမ္မနှင့်မဆို ယှဉ်ပြိုင်နိုင်သော ကောင်းမြတ်သည့် ဂုဏ်အရည်အချင်းများ ရှိနေသောကြောင့် ဖြစ်ပါသည်။

၂။ သန္ဒိဋ္ဌိကဂုဏ်တော်

သန္ဒိဋ္ဌိက = (သံ + ဒိဋ္ဌိက။ သံ = ကိုယ်တိုင် + ဒိဋ္ဌိက = သိမြင်အပ်သော တရားတော်။)

အရိယာပုဂ္ဂိုလ်တို့သည် ကိုယ်တိုင်ကိုယ်ကျ (သူပြော လူပြော မဟုတ်ဘဲ) လက်တွေ့ဒိဋ္ဌ (မျက်စိဖြင့် မြင်ရသကဲ့သို့) သိမြင်ရသော တရားတော် ဖြစ်၏။ ဘုရားရှင် ဟောတော်မူထားသည့်အတိုင်းသာ ကျင့်ကြံအားထုတ်ကြလျှင် ကျင့်တိုင်းပေါက်၍ မဂ်၊ ဖိုလ်အထိ ဆိုက်ရောက်နိုင်၏။ မဂ်၊ ဖိုလ်ရလျှင် နိဗ္ဗာန်ကို ကိုယ်တိုင်ကိုယ်ကျ သိမြင်နိုင်ကြ၏။ ထို့ကြောင့် အရိယာအပေါင်း သူတော်ကောင်းတို့သည် သူတကာအပြောကောင်း၍ ယုံကြည်ကျေနပ် ဆည်းကပ်ကြခြင်း မဟုတ်ဘဲ မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်ဟူသော လောကုတ္တရာတရား ကိုးပါးကို တပ်အပ်ထင်ထင် ကိုယ်တိုင်တွေ့၊ ကိုယ်တိုင်မြင်ပြီး ကိုယ်တိုင်ယုံကြည် ကျေနပ်ဆည်းကပ်ကြခြင်း ဖြစ်ပါသည်။

[“ပရိယတ်တရား” သည် ဘုရားရှင်၏ စကားတော်အစဉ်သာဖြစ်၍ ကိုယ်တိုင်ကျင့်ကြံ၍ ကိုယ်တိုင်ဒိဋ္ဌ သိရမြင်ရ ကိုယ့်သန္တာန်၌ ဖြစ်စေရသော တရားမဟုတ်သောကြောင့် ဤ “သန္ဒိဋ္ဌိက” ဂုဏ်တော်၌ မပါခြင်းဖြစ်၏။]

စာမျက်နှာ-146


ကိုယ်တိုင်သိမြင်နိုင်သော တရားဖြစ်ခြင်း

ဘုရားရှင်၏ တရားတော်သည် ကိုယ်တိုင်ဒိဋ္ဌ သိမြင်နိုင်လောက်အောင် ထင်ရှားသော ဂုဏ်တော်ရှိ၏။ တရားတော်အတိုင်း ကျင့်လျှင် လောကီဈာန် အဘိညာဉ်တန်ခိုး အမျိုးမျိုးတို့အပြင် လောကီမှ လွန်မြောက်၍ လောကုတ္တရာ မဂ်၊ ဖိုလ်အထိ ရနိုင်ရောက်နိုင်၏။ အခြားသော ဘာသာတို့၌ ရှိသော တရားများကား ယင်းသို့မဟုတ်၊ ဈာန်အဘိညာဉ်တန်ခိုးမျှ ရနိုင်သော အစီအစဉ်မရှိ။ အချို့မှာ ဈာန်အဘိညာဉ်တန်ခိုးမျှ ရနိုင်လောက်သော အစီအစဉ်ကား ရှိ၏။ ယင်းသို့ ရှိသော်လည်း လောကီမှ လွန်မြောက်၍ လောကုတ္တရာ မဂ်၊ ဖိုလ်အထိ ရနိုင်ရောက်နိုင်ခြင်းကား လုံးဝ မရှိပါ။ ယင်းတို့တရားများသည် လက်တွေ့နည်းမကျ၊ တကယ်လုပ်၍ အဟုတ်မဖြစ်၊ အပြောဖြင့် မော၍ ကျေနပ်နေကြရသည်။

ဘာသာခြားတို့သည် တရားကိုသာ လက်တွေ့ မပြနိုင်ကြသည် မဟုတ်၊ တရားကို ပညတ်ဟောပြ အဆုံးအမပေးခဲ့သော ဘုရားကိုလည်း အထင်အရှား ပြနိုင်သောအစွမ်း မရှိကြပါ။ ကောင်းကင်ဘုံမှာ လိုလို၊ ဟိုမှာ လိုလို၊ သည်မှာ လိုလိုနှင့် ယီးတီးယားတားဖြင့်သာ ကျေနပ်ကြရသည်။ ၎င်းတို့၏ ဘုရား၌ “ဘုရားဖြစ်ဖို့ရာ မည်သည့်ကောင်းမှုပါရမီကို ဆည်းပူးဖြည့်ကျင့်လျက်၊ မည်သည့်အမျိုးအနွယ်တွင် ဖွားမြင်ပြီးလျှင်၊ မည်ကဲ့သို့ တရားအားထုတ်၍၊ မည်သည့်အရပ်၌ ဘုရားဖြစ်ပြီးနောက်၊ မည်မျှလောက်ကြာအောင် တရားဟော၍၊ မည်မျှသတ္တဝါတွေကို အကျွတ်တရား ရစေသည်” ဟု ကျကျနန ခိုင်ခိုင်မာမာ ပြစရာ မရှိပါ။

ဗုဒ္ဓအယူဝါဒရှိသူတို့၏ ဘုရားရှင်သည်ကား ထိုကဲ့သို့ မဟုတ်၊ ဖော်ပြပါ အချက်အားလုံးကို ကွက်ကွက်ကွင်းကွင်း စေ့စေ့ငင ရှင်းလင်းပြနိုင်၏။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်က အိန္ဒိယပြည်၌ ပွင့်ထွန်းတော်မူခဲ့ကြောင်းကို ဘုရားရှင်၏ သီတင်းသုံးတော်မူရာ အရပ်နှင့် အဆောက်အအုံ အစိတ်အပိုင်းများ ယခုတိုင် မျက်မြင်ထင်ရှားရှိသေးသဖြင့် မည်သူမျှ ငြင်းဆန်နိုင်ဖွယ်မရှိပါ။ သို့ဖြစ်၍ ဗုဒ္ဓအယူဝါဒရှိသူတို့၏ ဘုရားသည် “လေဖမ်းဒန်းစီး ကောင်းကင်မှာ တိုက်ကြီးတည်သံလို” ယီးတီးယားတား ဟိုလိုလို သည်လိုလိုနှင့် လှည့်ပတ်၍ ထားအပ်သော စိတ်ကူး၌သာရှိသော ဘုရားမဟုတ်ပါ၊ တကယ်ပင် ထင်ရှားဖြစ်ခဲ့သော ဘုရားဖြစ်ပါသည်။

ယင်းသို့ ဘုရားရှင် ထင်ရှားဖြစ်ခဲ့သလို ဘုရားရှင်၏ တရားတော်များလည်း ယခုတိုင် ထင်ရှားရှိနေကြဆဲ ဖြစ်၏။ ထိုတရားတော်၌ လာသည့်အတိုင်း ကျင့်ပါလျှင် ကိုယ်တိုင်ဒိဋ္ဌ သိမြင်နိုင်၏။ ကိုယ့်သန္တာန်မှာ မဂ်တရား၊ ဖိုလ်တရား

စာမျက်နှာ-147


ဖြစ်ပေါ်နေသည်ကို (သူပြော လူပြော မဟုတ်) ကိုယ်တိုင် သိနိုင်၏။ ထိုမဂ်၊ ဖိုလ်ကို ရသောအခါ နိဗ္ဗာန်ကို ကိုယ်တိုင် မြင်နိုင်၏။ မီးကို ကိုင်ကြည့်၍ ကိုယ်တိုင်ပူမှန်း သိသကဲ့သို့လည်းကောင်း၊ ဆားကို စားကြည့်၍ ကိုယ်တိုင်ငန်မှန်း သိသကဲ့သို့လည်းကောင်း၊ သကြားကို မြည်းကြည့်၍ ကိုယ်တိုင်ချိုမှန်း သိသကဲ့သို့လည်းကောင်း ဖြစ်၏။ ဤသို့ ကိုယ်တိုင်သိမြင်နိုင်သော တရားဖြစ်၍ ကိုယ်တိုင်လည်း သိမြင်ကြသောကြောင့် အခြားဘာသာတို့က လောကီဂုဏ်ကိုပြ၍ မည်မျှပင် သွေးဆောင်ကြသော်လည်း၊ တန်ခိုးအရှိန်အဝါပြ၍ မည်မျှပင် ခြိမ်းခြောက်ကြသော်လည်း ကိုယ်ပိုင်ဉာဏ်ကို အသုံးပြု၍ မကြောက်မရွံ့ မတွန့်မဆုတ် ရင်ဆိုင်ဝံ့ကြသည်။ မယိုင်မလဲ ခိုင်မြဲစွာ ခုခံကာကွယ်နိုင်ကြသည်။

ကိုယ်တိုင်တရားမမြင်လျှင် ဘုရားရှင်အပေါ် သံသယဝင်

တရားကို ကိုယ်တိုင် မသိမမြင်မိက မိမိကိုးကွယ်အားထားလျက်ရှိသော တရားအပေါ်၌ပင် “ဟုတ်မှ ဟုတ်ပါ့မလား၊ မှန်မှ မှန်ပါ့မလား” ဟု ယုံမှားသံသယစိတ်များ ရှိတတ်ကြ၏။ တရားအပေါ်၌ ယုံမှားသံသယစိတ်များရှိလျှင် တရားရှင် ဘုရားအပေါ်၌လည်းကောင်း၊ တရားတော်ကို အစဉ်အဆက် မပျောက်မပျက်အောင် စောင့်ရှောက်လျက်ရှိသော သံဃာတော်အပေါ်၌လည်းကောင်း ယုံမှားသံသယစိတ်များ တိုးပွားနေမည်သာ ဖြစ်၏။ ကိုယ်တွေ့မျက်မြင်တရား မဟုတ်၍ (ဝါ) တရားကို ကိုယ်တိုင်ကိုယ်ကျ မတွေ့မမြင်၍ တရားမခိုင်သည်နှင့်အမျှ ဘုရားမခိုင်ဖြစ်ကာ မူလကိုးကွယ်အားထားနေသည့် ဘုရားအပေါ် မယုံကြည်တော့ဘဲ ဘုရားပြောင်း ဘုရားလွှဲပင် ဖြစ်တတ်၏။ (ယခုအခါမှာပင် ဗုဒ္ဓဘာသာမှ အခြားဘာသာသို့ ပြောင်းနေသူများ အထင်အရှား ရှိနေကြ၏။) ထိုသူတို့သည် ယုံကြည်မှုမခိုင်မြဲသည်နှင့်အမျှ အကျင့်ထူးကျင့်သူကို မြင်လျှင် အဆင်ခြင်ကင်းမဲ့စွာ တရားထူး ရှိနေသူဟုပင် အထင်ကြီးတတ်ကြ၏၊ ဆည်းကပ်ကိုးကွယ်တတ်ကြ၏။ ဤ၌ ပါထိကကျမ်းလာ “သုနက္ခတ္တ” ရဟန်း၏ ဖြစ်ရပ်မှာ လွန်စွာ သင်ခန်းစာယူဖွယ် ကောင်းလှပါသည်။

“သုနက္ခတ္တ” မည်သော ရဟန်းမှာ ဘုရားရှင်၏ တပည့် အလုပ်အကျွေး ရဟန်းတစ်ပါး ဖြစ်၏။ ဘုရားရှင်၏ ကျက်သရေနှင့် အကျင့်အမျိုးမျိုး၊ တန်ခိုးနှင့် ဉာဏ်တော်အမျိုးမျိုးကို မြင်နေရ သိနေရသူလည်း ဖြစ်၏။ ထိုသို့ ကျက်သရေရှင်၊ ဘုန်းရှင်၊ ဉာဏ်ရှင်၊ တန်ခိုးရှင်နောက်က သပိတ်ပိုက်လိုက်နေရသူ ဖြစ်ပါလျက် ဖိုခနောက်များ၏ အကြား ပြာပုံထဲမှာ အိပ်လျက် ခွေးလို လေးဘက်ထောက်စား...

စာမျက်နှာ-148


ခွေးများ၏ အကျင့်ကို ကျင့်နေသော ကျက်သရေမဲ့လှသည့် “ကောရက္ခတ္တိယ” ခေါ် တက္ကတွန်းကြီးကို တွေ့မြင်သောအခါ “လောဘကင်းသော ရဟန္တာ” ဟု အထင်ကြီးလေသည်။

ဘုရားရှင်က သိ၍ အပြစ်ထင်သောအခါ — “မြတ်စွာဘုရား... သူတစ်ပါး၏ အရဟတ္တဖိုလ်ကို ဝန်မတိုပါနှင့်” ဟူ၍ ဘုရားရှင်ကိုပင် ပြန်ငေါ့လိုက်သေးသည် (ဒီ၊ ၃၊ ပါထိကသုတ်။ ၄)။

ဤသို့ ဖြစ်ရသည်မှာ တရားတော် (မဂ်၊ ဖိုလ်၊ နိဗ္ဗာန်) ကို ကိုယ်တိုင်ကိုယ်ကျ မသိမြင်ဘဲ ပုထုဇဉ်အနေ (ကြားသိ ကြံသိ အမြင်မျှသာ) ရှိသောကြောင့် စိတ်ပျက်ဖွယ် အဖြစ်မျိုးနှင့် ကြုံရခြင်း ဖြစ်၏။ မသိမမြင်မှု၏ အပြစ်ကား လွန်စွာ ကြောက်ရွံ့ဖွယ်ကောင်းလှသည်။

တရားမြင်၍ တရားရှင် ဘုရားအပေါ် အကြွင်းမဲ့ ယုံကြည်လေးစားခြင်း

တရားတော်ကို ကိုယ်တွေ့မြင်ရသောအခါ၌ကား “ဤတရားထက် ကောင်းသောတရား မရှိ၊ ဤတရားသည် အကောင်းဆုံးတရားဖြစ်၏” ဟု အတည်ပြုဆုံးဖြတ်ပြီး တရားတော်အပေါ်၌ “ဟုတ်မှ ဟုတ်ပါ့မလား၊ မှန်မှ မှန်ပါ့မလား” ဟူသော ယုံမှားသံသယစိတ်များ လုံးဝ ကင်းရှင်းသွားပါသည်။ တရားတော်အပေါ်၌ ယုံမှားသံသယကင်းလျှင် တရားရှင် ဘုရားအပေါ် တကယ့်ဘုရားအစစ်ဖြစ်ကြောင်းကိုလည်းကောင်း၊ တရားတော်ကို အစဉ်အဆက် မပျောက်မပျက်အောင် စောင့်ရှောက်လျက်ရှိသော သံဃာတော်အပေါ်၌ တကယ့်သံဃာအစစ်ဖြစ်ကြောင်းကိုလည်းကောင်း ပိုင်ပိုင်နိုင်နိုင် အတည်ပြုဆုံးဖြတ်၍ အကြွင်းမဲ့ ယုံကြည်လေးစားမှု ပြုနိုင်ပါတော့သည်။ ဤ၌ ဘုရားရှင်လက်ထက်တော်က “ကောသလမင်း” ၏ လျှောက်တင်ချက် စကားတစ်ခုမှာ တရားကို မြင်၍ တရားရှင် ဘုရားသခင်အပေါ် အကြွင်းမဲ့ ယုံကြည်လေးစားခြင်း ရှိခဲ့ပုံ သာဓကကို အထူးပေါ်လွင်စေပါသည် —

မြတ်စွာဘုရား... “ဣသိဒတ္တ” နှင့် “ပုရာဏ” မည်သော လက်သမားဗိသုကာကြီး နှစ်ယောက်သည် တပည့်တော်၏ အမှုထမ်းများဖြစ်၍ ၎င်းတို့၏ အသက်မွေးမှု ရိက္ခာအစုကို တပည့်တော်ကပင် ပေးရပါသည်။ ၎င်းတို့ သွားဖို့ရာ ယာဉ်ရထားများလည်း တပည့်တော်၏ ပစ္စည်းပင် ဖြစ်ပါ၏။ သို့ပါလျက် ၎င်းတို့သည် ဘုရားရှင်အပေါ် လေးစားသလောက် တပည့်တော်ကို မလေးစားကြပါ။

စာမျက်နှာ-149


ရှေးတုန်းက ကိစ္စတစ်ခု ကြုံရဖူးသည်မှာ တပည့်တော်သည် စစ်ထွက်ရသည့်အခါ ၎င်းတို့ကို စုံစမ်းလို၍ ကျဉ်းမြောင်းသော နေရာတစ်ခု၌ ၎င်းတို့နှင့်အတူ အိပ်ပါသည်။ ၎င်းတို့ နှစ်ယောက် ညဉ့်နက်အောင် တရားဆွေးနွေးစဉ် တပည့်တော် အိပ်ချင်ယောင်ဆောင်နေပါသည်။

၎င်းတို့ နှစ်ယောက် အိပ်ခါနီးသော် “ဘယ်အရပ်ဆီမှာ ဘုရားရှင် သီတင်းသုံးနေသလဲ” ဟု ၎င်းတို့ချင်း မေးကြ၍ ဘုရားရှင် သီတင်းသုံးရာဘက်နှင့် တပည့်တော် နေရာဘက် တစ်ဘက်စီ ဖြစ်နေကြောင်းကို သိကြသဖြင့် တပည့်တော်ဘက်ကို ခြေပြု၍ ဘုရားရှိရာဘက်သို့ ဦးခေါင်းပြုပြီး အိပ်ကြပါသည်။

ထိုအခါ “အံ့ဖွယ်ရှိပေစွ၊ ဤ ‘ဣသိဒတ္တ’ နှင့် ‘ပုရာဏ’ တို့သည် ယာဉ်ရထား၊ ရိက္ခာ၊ အခြွေအရံ အသက်မွေးမှု မှန်သမျှ ငါ့ထံမှ ရနေသူများ ဖြစ်ပါလျက် ဘုရားရှင်ကို ရိုသေလေးစားသလောက် ငါ့ကို မရိုသေမလေးစားကြ၊ ဧကန်ပင် သူတို့သန္တာန်မှာ တရားထူးတွေ အဆင့်ဆင့် မြင့်ထက်မြင့်ကာ သိလာသောကြောင့်သာဘဲ” ဟု တအံ့တသြ တွေးတော အားရမိခဲ့ပါသည်။

ယင်းသို့ အားရဖွယ် ရိုသေလေးစားပုံကို မြင်ရသောကြောင့် ဘုရားရှင်၏ အစစ်အမှန် ဘုရားဖြစ်ကြောင်း၊ တရားတော်၏ ကောင်းသောတန်ခိုးဖြစ်ကြောင်းနှင့် သံဃာတော်၏ အစစ်အမှန် သံဃာဖြစ်ကြောင်း မှန်းဆကြည်ညိုနိုင်ခဲ့ပါသည်။

ဘုရားရှင်အား ကောသလမင်းကြီးက လျှောက်ထားလေသည် (မဇ္ဈိမပဏ္ဏာသ၊ ဓမ္မစေတိယသုတ်။ ၃၂၅။)

၃။ အကာလိကဂုဏ်တော်

အကာလိက = (အ + ကာလ + ဣက။ အ = မ + ကာလ = အချိန် (အကျိုးပေးဖို့ ငံ့လင့်ဖင့်နွှဲနေသော အချိန်) + ဣက = ရှိသော တရားတော်။ အကျိုးပေးဖို့ ငံ့လင့်ဖင့်နွှဲနေသော အချိန် မရှိသော တရားတော်၊ အချိန်ဆွဲ၍ ငံ့လင့်ဖင့်နွှဲနေခြင်း မရှိဘဲ အကျိုးကို ပေးတတ်သော တရားတော်၊ ချက်ချင်းလက်ငင်း အခါမလင့် အကျိုးပေးတတ်သော တရားတော်။)

စာမျက်နှာ-150


ဘုရားရှင် ဟောတော်မူအပ်သော တရားတော်တို့တွင် မဂ်တရားဟူသည် ကုသိုလ်တရားဖြစ်၍ ဖိုလ်တရားကား ထိုကုသိုလ်၏ အကျိုးတရား ဖြစ်၏။ ကုသိုလ်တရားချင်း တူသော်လည်း အခြား ဒါန၊ သီလ စသော ကုသိုလ်တရားတို့ကား များသောအားဖြင့် နောက်ဘဝရောက်မှ အကျိုးပေးကြ၏။ ဤဘဝမှာပင် အကျိုးပေးနိုင်စေကာမူ မဂ်ကုသိုလ်ကဲ့သို့ ခဏမခြားဘဲ တစ်ဆက်တည်း အကျိုးမပေးနိုင်ကြ၊ ရက်၊ လ၊ နာရီ ခြားပြီးမှသာ အကျိုးပေးလေ့ရှိကြ၏။ မဂ်ကုသိုလ်တရားကား ထိုကဲ့သို့ မဟုတ်၊ အချိန်ကာလကြာအောင် ဆွဲ၍ ဖင့်နွှဲငံ့လင့်နေရခြင်း မရှိဘဲ မဂ်တရားဖြစ်ပြီး၍ ချုပ်သည်နှင့် တစ်ပြိုင်နက် ဖိုလ်တရားအကျိုးကို ပေးနိုင်ပါသည်။ ထို့ကြောင့် သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ် ဟူသော မဂ်လေးပါး တရားတော်သည် “အကာလိက” ဂုဏ်တော်အားဖြင့် ထင်ရှားတော်မူပါသည်။

အကောင်းဆုံး အကျိုးရ၍ အမြန်ဆုံး အကျိုးပေးသော တရားတော်

မဂ်လေးပါး တရားတော်သည် ကိလေသာတို့ကို တစ်ခါတည်း အပြီးအပြတ် သတ်နိုင်သော အလွန်အားကြီးသည့် အစွမ်းအာနုဘော်ကြောင့် တခြား (ဒါန၊ သီလ စသော) ကုသိုလ်တို့၏ အကျိုးထက် သာလွန်သော အတုမဲ့အကျိုးကို ပေးစွမ်းနိုင်၏။ တခြား ကုသိုလ်တို့၏ အကျိုးမှာ ကိလေသာ မကင်းသည်နှင့်အမျှ ဒုက္ခမရှင်းသော အကျိုးများ ဖြစ်၏။ အေးငြိမ်းမှု မရှိကြ။ မဂ်ကုသိုလ်၏ အကျိုးကား ကိလေသာကင်း၍ ဒုက္ခရှင်း၏၊ အေးငြိမ်းမှုလည်း ရှိ၏။ ထို့ကြောင့် မဂ်ကုသိုလ်၏ အကျိုးဖြစ်သော ဖိုလ်ချမ်းသာမှာ အကောင်းဆုံးချမ်းသာ အကောင်းဆုံးအကျိုး ဖြစ်ပါသည်။

အကောင်းဆုံး အကျိုးကို ရစေနိုင်သော မဂ်လေးပါး ကုသိုလ်တရားသည် မိမိဖြစ်ပြီးလျှင်ပြီးချင်း တစ်ဆက်တည်း ဖိုလ်တည်းဟူသော အကျိုးကို အမြန်ဆုံး ပေးစွမ်းနိုင်၏။ မဂ်တရားဖြစ်သောအခါ ဖိုလ်တရား ဖြစ်မလာရန် တားမြစ်နိုင်သော အန္တရာယ်ဟု တစ်စုံတစ်ရာမျှ မရှိနိုင်။ မဂ်တရားဖြစ်လျှင် ဖိုလ်တရားမှာ ကိန်းသေ ဖြစ်ကို ဖြစ်ရ၏။ [အဘိဓမ္မာသဘောတရားကို လေ့လာဖူးက ပို၍ သဘောကျနိုင်ကြပါမည်။]

မဂ်တရား၏ အမြန်ဆုံး အကျိုးပေးရာ၌ အန္တရာယ်ဘေး မရှိပုံနှင့်စပ်၍ မဂ်ပုဂ္ဂိုလ်ကို တည်နေသော ကမ္ဘာရှိသော (ဝါ) ပျက်တော့မည့် ကမ္ဘာကို မပျက်သေးအောင် တန့်ရပ်ထားနိုင်သော “အတက္ကပ္ပီ” ပုဂ္ဂိုလ်မျိုးဟုပင် ကျမ်းဂန်တို့၌ ဂုဏ်ပြုတင်စားခဲ့ကြပါသည်။ပုဂ္ဂိုလ်ကလည်း မဂ်သို့ အဆိုက်
၁။ အဘိ၊ဋ္ဌ၊၃။၃၈။ -


စာမျက်နှာ-151


ကမ္ဘာကလည်း လောင်ကျွမ်းပျက်စီးချိန် ရောက်နေလျှင် ဖိုလ်မရောက်သေးခင် ကမ္ဘာကတောင် မပျက်သေးဘဲ ဆိုင်းငံ့နေရ၏ဟု ဆိုလိုပါသည်။ လုံးလုံးလျားလျား ကမ္ဘာမပျက်အောင် တားနိုင်၍ ဆိုခြင်းကား မဟုတ်၊ သာသနာရှိစဉ် ကမ္ဘာလည်း ပျက်ရိုးမရှိ။ သို့ရာတွင် ဤအဖြစ်မျိုးပင် ဖြစ်စေဦးတော့ မဂ်၏ အကျိုးပေးမှုမှာ အာနုဘော်ကြီးလှ၏၊ လျင်မြန်၏။ အန္တရာယ်မရှိဟု ပြလို၍ မိန့်တော်မူခြင်း ဖြစ်ပါသည်။ ချိန်ခါအခွင့် မဆိုင်းလင့်ဘဲ ကျင့်လျှင် ကျင့်ချင်း ခုလက်ငင်းချက်ချင်း အကျိုးခံစားရ၏။ “ရော့ ပတ္တမြား၊ ရော့ နဂါး” ဟု ဖလှယ်နေလျှင် ကြာဦးမည်။ တရားတော်၏ အကျိုးပေးမှုမှာ အလွန်မြန်ဆန်၍ စိတ္တက္ခဏတစ်ခုမျှပင် မခြားပါ။

လက်ငင်းအကျိုးရနိုင်သော “အကာလိက” တရားများ

ဤ “အကာလိက” ဂုဏ်တော်သည် မဂ်လေးပါးတရားကို ပဓာနအားဖြင့် ဆိုသောကြောင့် စင်စစ် မဂ်လေးပါးတရားနှင့်သာ ဆိုင်သော ဂုဏ်တော် ဖြစ်၏။ သို့ရာတွင် “သတိပဋ္ဌာန်၊ အာနာပါန” စသော ဘာဝနာတရားများလည်း ရှုပွားလျှင် သောက၊ ဒေါသ ပျောက်ငြိမ်းမှု ချမ်းသာများကို လက်ငင်းဒိဋ္ဌ ရနိုင်ကြသည်သာ ဖြစ်သောကြောင့် ယင်းဘာဝနာတရားများကိုလည်း အပဓာနအားဖြင့် ယူနိုင်ပါသည်။ အခြား “ဒါန၊ သီလ” စသော ကုသိုလ်တရားများလည်း ပြုလုပ်တိုင်းမှာပင် အပြစ်မရှိ ချမ်းသာသော အကျိုး “အနဝဇ္ဇသုခဝိပါက” များကို အတိုင်းအတာရှိသမျှ ခံစားရရှိနိုင်ကြသည်သာ ဖြစ်သောကြောင့် တကယ့် “အကာလိကအစစ်” ကုသိုလ်များ မဟုတ်စေကာမူ လက်ငင်းသုခရှိသော “အကာလိကကုသိုလ်” များပင်ဖြစ်ကြောင်း မှတ်ယူသင့်ပါသည်။

အချုပ်အားဖြင့်ကား — ဘုရားရှင်၏ တရားတော်သည် ငရဲနှင့်ခြောက်၊ နတ်ဘုံနှင့်မြှောက်ကာ တမလွန်ကိုသာ လက်ညှိုးညွှန်နေသော အခြောက်တရား အမြှောက်တရား မဟုတ်၊ လက်တွေ့အကျိုးရနိုင်သော “သန္ဒိဋ္ဌိက” တရား၊ အချိန်မရွေး အကျိုးပေးသော “အကာလိက” တရားမျိုး ဖြစ်ကြောင်း သတိထား၍ အလေးအစားပြုသင့်ကြပါသည်။

၄။ ဧဟိပဿိကဂုဏ်တော်

ဧဟိပဿိက = (ဧဟိ + ပဿိက။ ဧဟိ = လာစမ်းပါ + ပဿိက = ရှုကြည့်စမ်းပါဟူ၍ ဖိတ်ခေါ်ထိုက်သော တရားတော်။ လာစမ်းပါ၊ လိုက်ခဲ့စမ်းပါ၊ ဤတရားကို ရှုကြည့်စမ်းပါ၊ ကျင့်ကြည့်စမ်းပါဟူ၍ ရဲရဲတောက် ဖိတ်ခေါ်ပြောကြားထိုက်သော တရားတော်။)

စာမျက်နှာ-152


လောက၌ ဟန်ပန်လုပ်၍ အဟုတ်မရှိသော အရာဝတ္ထုကို “ယုံလျှင် လာကြည့်ပါ” ဟု မဖိတ်ခေါ်ဝံ့ မပြောဝံ့ မပြဝံ့ပေ။ ရှိပင်ရှိသော်လည်း ထိုရှိသော အရာဝတ္ထုသည် ကြည့်ချင်ဖွယ် ရှုချင်ဖွယ် မကောင်းလျှင် ခေါ်ငင်ပြသဖို့ရန် မထိုက်တန်ချေ။ ဘုရားရှင်၏ မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ကိုးတန်သော တရားကား ထိုသို့ မဟုတ်ပါ။ အမှန်အားဖြင့် ထင်ရှားရှိ၍ သန့်ရှင်းစင်ကြယ် ရှုချင်ဖွယ်ကောင်းသောကြောင့် “လာကြည့်စမ်းပါ၊ ကျင့်ကြည့်စမ်းပါ” ဟု ဖိတ်ခေါ်၍ ပြသခြင်းငှာ ထိုက်တန်ပါသည်။ ထို့ကြောင့် ကိုးတန်သောတရားသည် “ဧဟိပဿိက” ဂုဏ်တော်နှင့် ပြည့်စုံခြင်း ဖြစ်ပါသည်။

တကယ်ရှိ၍ အဟုတ်စင်ကြယ်သော တရားဖြစ်တော်မူခြင်း

မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ကိုးတန်သော လောကုတ္တရာတရားတော်မြတ်သည် အဟုတ်မရှိ တကယ်မရှိဘဲ ခေါ်ဝေါ်ပြောဆိုကာမျှ ပညတ်ထားသော တရားမျိုး မဟုတ်၊ အဟုတ်ရှိ အမှန်ရှိသည့် ပရမတ္ထတရားမျိုး ဖြစ်၏။ ကိုယ့်သန္တာန်၌ အထင်အရှားရှိ၍ ကိုယ်တိုင်ကိုယ်ကျ သိနိုင်မြင်နိုင်၏။

ယင်းတရားကိုးပါးသည် ကျောက်စရစ် အိုးခြမ်းကွဲပမာ တန်ဖိုးမဲ့သည့် တရားမျိုး မဟုတ်၊ ကြောက်မက်ဖွယ်ရာ၊ ရွံ့ရှာဖွယ်ရာ၊ မကြည့်ဝံ့ မမြင်ဝံ့ မပြဝံ့သော တရားမျိုးလည်း မဟုတ်၊ တိမ်တိုက်ကင်းစင်သော ကောင်းကင်ပြင်၌ ထွက်ပြုလာသော လပြည့်ဝန်းကြီးကဲ့သို့လည်းကောင်း၊ နူးညံ့လှစွာသော ကမ္ဗလာအဖြူ၊ ကတ္တီပါအဖြူအထည်ပေါ်၌ ချထားအပ်သည့် ပတ္တမြားရတနာကြီးကဲ့သို့လည်းကောင်း ကိလေသာအညစ်အကြေးမတင် လွန်စွာ သန့်ရှင်းစင်ကြယ်၏။ ဘဝများစွာက တစ်ခါဖူးမျှ မတွေ့ရဖူးသော တရားမျိုး ဖြစ်၏။ တစ်ခါတွေ့လျှင် မေ့မရအောင် အတွေ့အမြင်ထူး၏။ ထို့ကြောင့် ဤမဂ်၊ ဖိုလ်၊ နိဗ္ဗာန် ကိုးတန်သော လောကုတ္တရာတရားသည် တကယ်ရှိ၍ အဟုတ်စင်ကြယ်သော တရားတော်ဖြစ်ကြောင်း ယုံမှားမရှိသင့်ချေ။ မည်မျှမှန်ကန်၊ မည်မျှအဖိုးတန်၍ မည်မျှအကျိုးများသည်ကို ကိုယ်တွေ့သိအောင် ကိုယ်တိုင် ကျင့်ကြည့်သင့်ကြပါသည်။

ဖိတ်ခေါ်ထိုက်၍ ဖိတ်ခေါ်တော်မူခြင်း

အကောင်းဆုံးအကျိုးရ၍ အမြန်ဆုံးအကျိုးပေးနိုင်သော ဂုဏ်အရည်အချင်းတို့နှင့် ပြည့်စုံသည့် မဂ်တရားလေးပါးနှင့် ၎င်း၏ အကျိုးရင်းဖြစ်သော ဖိုလ်တရား၊ အာရုံဖြစ်သော နိဗ္ဗာန်တရားများ ဖြစ်ပေါ်လာသောအခါ —

စာမျက်နှာ-153


ဤတရားများသည် ဘဝများစွာက တစ်ခါဖူးမျှ မရစဖူး ထူးကဲလှသော “အနုပ္ပန္နပုဗ္ဗ” တရားများ ဖြစ်သောကြောင့် အံ့ဩခြင်း၊ နှစ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းများ ဖြစ်လာလတ်ပါသည်။

ထိုအခါ လောက၌ အထူးအဆန်းဆိုလျှင် ကိုယ်တိုင်လည်း ကြုံလိုကြ ကြည့်လိုကြ၊ မိတ်ဆွေသင်္ဂဟ ချစ်ကျွမ်းဝင်သူများကိုလည်း အားပါးတရ ဖိတ်ခေါ်ပြသလိုကြသည့် သဘာဝအတိုင်း ဤမဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားများကို မိမိ၏ မိတ်ဆွေသင်္ဂဟ ချစ်ကျွမ်းဝင်သူများအား မိမိကဲ့သို့ တရားထူးရစေလို၊ တွေ့စေလို၊ ပြောပြလိုသော ဆန္ဒများ အဟုန်ပြင်းစွာ ဖြစ်ပေါ်လာတတ်ပါသည်။ တကယ်တမ်း ဖိတ်ခေါ်တိုက်တွန်းထိုက်အောင် ချမ်းသာမှုအကျိုး ဧကန်ရမည်ကို သိနေသောကြောင့် “တရားထူးရအောင် ကြိုးစားဖို့ လာပါ၊ လိုက်ခဲ့စမ်းပါ၊ မယုံလျှင် တစ်ပတ်လောက် စမ်းကြည့်ပါ” ဟု မတိုက်တွန်းဘဲ မနေနိုင်အောင်ဖြစ်ကာ ဖိတ်ခေါ်တိုက်တွန်းတတ်ပါသည်။

ဤနေရာတွင် ဘုရားရှင်ကိုယ်တော်တိုင် “လာလှည့်၊ ရှုလှည့်၊ ကျင့်ကြံလှည့်” ဟူသော သဘောဖြင့် ဟောခဲ့ပုံ သာဓကများကို ဆက်လက်ထုတ်ဖော် တင်ပြထားပါသည် —

“ဤငါဘုရား၏ သာသနာမှာသာ ပထမသမဏ (သောတာပန်) ရှိသည်၊ ဒုတိယသမဏ (သကဒါဂါမ်)၊ တတိယသမဏ (အနာဂါမ်)၊ စတုတ္ထသမဏ (ရဟန္တာ) လည်း ဤငါဘုရား၏ သာသနာမှာသာ ရှိသည်၊ ငါဘုရား၏ သာသနာမှ ပြင်ပ တခြားအယူဝါဒများကား သမဏလေးပါးတို့မှ ဆိတ်သုဉ်းကင်းကွာသော ဝါဒများ ဖြစ်ကြသည်” ဟု မဟာပရိနိဗ္ဗာနသုတ်၌ ဟောတော်မူ၏။

[ဤဒေသနာဖြင့် သမဏအစစ်ဖြစ်ကြောင်းကား မဂ်၊ ဖိုလ်၊ နိဗ္ဗာန် တရားတည်း။ ထိုတရားများ ရနိုင်ရန် အကျင့်များသည် တခြားမှာမရှိ၊ ငါဘုရား၏ သာသနာမှာသာ ရှိသည်။ မယုံလျှင် လာကြ၊ ကျင့်ကြည့်ကြဟု မိန့်တော်မူလိုရင်း ဖြစ်၏။]

“ရာဂ စသော ကိလေသာတို့မှ စင်ကြယ်ရန်၊ ပူဆွေးမှု သောက၊ ငိုကြွေးမှု ပရိဒေဝတို့ကို လွန်မြောက်ရန်၊ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု လုံးဝချုပ်ငြိမ်းရန်၊ အရိယာမဂ်ရရန်၊ နိဗ္ဗာန်ကို ကိုယ်တွေ့မျက်မှောက်သိရန် လမ်းမှာ တစ်ကြောင်းတည်းသော ခရီးလမ်းမကြီးသဖွယ်ဖြစ်သော ဤသတိပဋ္ဌာန်လေးပါး တရားပင်တည်း” ဟု မဟာသတိပဋ္ဌာနသုတ်၌ ဟောတော်မူ၏။

စာမျက်နှာ-154


[ဤဒေသနာဖြင့် လာကြ၊ သတိပဋ္ဌာန်တရားကို ကျင့်လှည့်ကြ။ ကျင့်လျှင် အရိယာမဂ် ရလိမ့်မည်၊ နိဗ္ဗာန်ကို တွေ့ရလိမ့်မည်။ တွေ့လျှင် သောက၊ ပရိဒေဝတွေ ပျောက်မည်၊ ကိုယ်စိတ်နှစ်ပါး ဆင်းရဲခြင်းများ အလျှင်း ပေါ်မလာ၊ ချမ်းသာကြီး ချမ်းသာလိမ့်မည်ဟု မိန့်တော်မူလိုရင်း ဖြစ်၏။]

ဖော်ပြပါ တရားဒေသနာများသည် ဘုရားရှင်ကိုယ်တော်တိုင် မိမိတရား၏ “ဧဟိပဿိက” ဂုဏ်ကို ထုတ်ဖော်၍ မိန့်တော်မူခဲ့သည့် တရားဒေသနာများ ဖြစ်၏။ ဤတရားဒေသနာများကဲ့သို့ “ဧဟိပဿိက” ဂုဏ်ကိုပြသော ဒေသနာများမှာ ပိဋကတော်၌ အများအပြားပင် ရှိ၏။ ဤဒေသနာများဖြင့် မဂ်၊ ဖိုလ်၊ နိဗ္ဗာန် မရှိသော သာသနာပြင်ပ အယူဝါဒများ၌ “ဧဟိ = လာလှည့်၊ ပဿ = ရှုလှည့်” ဟု ဖိတ်ခေါ်ခံနိုင်သော တရားမရှိ၊ အပြောအဟောအရ ယုံကြည်ရသော တရားများသာ ဖြစ်ကြောင်း သိစေလိုပါသည်။

“ဧဟိပဿိက” ဂုဏ်ထူးရထိုက်သော တရားများ

မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ကိုးတန်သော လောကုတ္တရာတရားမှာ စာတွေ့တရား မဟုတ်၊ လက်တွေ့တရား ဖြစ်၏။ လက်တွေ့အားထုတ်မှ သိနိုင် မြင်နိုင်၏။ သူပြော လူပြောဖြင့် မယုံကြည်နိုင်ဘဲ သိပ္ပံနည်းကျ လက်တွေ့မှ ယုံကြည်လေ့ရှိသူတို့အဖို့ ကိုယ်တွေ့သိအောင် ကျင့်ကြည့်သင့်ကြ၏။

ဤ “ဧဟိပဿိက” ဂုဏ်တော်၌ လောကုတ္တရာတရား ကိုးပါးသာ ကျမ်းဂန်တို့၌ လာ၏။ ပရိယတ္တိတရား မပါရှိချေ။ သို့ရာတွင် ဤလောကုတ္တရာတရားကို သိမြင်နိုင်ကြောင်း အကျင့်ကောင်း အကျင့်မှန်နည်းများကို သင်ကြားနာယူနိုင်ရန် ဖော်ပြထားသော စာပေပရိယတ် တရားတော်မြတ်သည်လည်းကောင်း၊ ယင်းပရိယတ်နှင့် ပဋိပတ်အကျင့်တရားများကို ကောင်းမွန်စွာ နာယူသင်ကြား ကျင့်ကြံပွားများလျက်ရှိသော သံဃာတော်များသည်လည်းကောင်း၊ ယင်းပရိယတ္တိတရားနှင့် သံဃာတော်တို့၏ တည်ရှိရာ သန့်ရှင်းတင့်တယ် ကြည်ညိုဖွယ်ကောင်းသော စေတီ၊ တန်ဆောင်း၊ ကျောင်းကန်များသည်လည်းကောင်း ဤ “ဧဟိပဿိက” ဂုဏ်တော်ကို အတုလိုက်၍ “လိုက်ခဲ့စမ်းပါ၊ နာကြည့်စမ်းပါ၊ ဖူးမြော်ကြည့်စမ်းပါ” ဟု မိတ်ကောင်းဆွေကောင်းများအား ဖိတ်ခေါ်ပြသလိုက်သော ရတနာများပင် ဖြစ်ကြောင်း မှတ်ယူသင့်ပါသည်။

လက်တွေ့ ကြည့်ရှု နာကြား ကျင့်ကြံ ပွားများခွင့်ရသောအခါ ကိုယ်တိုင်ကိုယ်ကျ ဝမ်းမြောက်ဝမ်းသာဖြစ်ရပြီး လွန်စွာ အားရနှစ်သက်ခြင်း ရှိလာနိုင်ကြပါမည်၊ ကြည်ညိုသဒ္ဓါ ဖြစ်ပွားနိုင်ကြပါမည်။

စာမျက်နှာ-155


ကိုးကွယ်ရာမှ ဘေးမဖြစ်အောင် သတိပြုသင့်ကြောင်း

ဖိတ်ခေါ်ပြသမှုနှင့် စပ်၍ ယခုကာလ၌ ဘာသာအမျိုးမျိုးက မိမိတို့ဘာသာကိုသာ မှန်ကန်ကြောင်း ကောင်းကြောင်း၊ အခြားဘာသာကို မမှန်ကြောင်း မှားကြောင်း မကောင်းကြောင်း ဟောပြောတတ်ကြ၏။ ဗုဒ္ဓဘာသာတွင်လည်း “သူတို့ဂိုဏ်းက ကောင်းကြောင်း၊ ငါတို့ဂိုဏ်းက ကောင်းကြောင်း၊ သူ့ကိုယ်တော်က ကြည်ညိုဖွယ်ကောင်းကြောင်း၊ ငါ့ကိုယ်တော်က ကြည်ညိုဖွယ်ကောင်းကြောင်း၊ ငါ့ကိုယ်တော်က စာတတ်ကြောင်း၊ တရားဟောကောင်းကြောင်း၊ တရားပြကောင်းကြောင်း” တို့အပြင် ဓာတ်ရိုက်ဓာတ်ဆင်၊ ယတြာ၊ ဗေဒင် ကောင်းကြောင်း၊ အပြင်အကြားပေါက်ကြောင်း စသည်ဖြင့် “ဧဟိ = လိုက်ခဲ့စမ်းပါ၊ ပဿ = ဖူးမြော်လှည့်စမ်းပါ” ဟု သွေးဆောင်ခေါ်ငင်ကာ ကိုယ့်ငါးချဉ် ကိုယ်ချဉ်လျက် ရှိတတ်ကြသည်။

ဤမျှလောက် ရှုပ်ထွေးသော လောကကြီးဝယ် ဘာသာရေး သာသနာရေးနှင့် စပ်လျှင် အယုံအကြည်ကြီးလွန်းသည်နှင့်အမျှ ကိုယ်ပိုင်ဉာဏ်ကို အသုံးပြုနိုင်သူက နည်းပါးလှ၏။ ဘာသာသာသနာနှင့် ဆိုင်ရာဝယ် များစွာသော ကိစ္စတို့၌ ဘာသာရေးအသိဉာဏ်အင်အား နည်းပါးသည့် လူရည်တတ်များက ခေါင်းဆောင်ဖြစ်နေတတ်ကြ၏။ ဘာသာသာသနာရေး၌ မျက်လှည့်ပမာ ထူးဆန်းအံ့ဩဖွယ်ရာများကို ပြ၍ သူတစ်ပါးက မိမိကို ဖြားယောင်းသည်ကိုလည်း ယုံကြည်လွယ်ရုံမက မပြောပလောက်သော ဂုဏ်ကလေးကိုပင် တကယ့်ဂုဏ်ကြီးဟု အထင်ကြီးထင်တတ်ကြ၏။

ထို့ကြောင့် ဘာသာသာသနာ အသိဉာဏ်အင်အား နည်းပါးသူ လူရည်တတ်များ ခေါင်းဆောင်၍ နေသော ဘာသာသာသနာ ကိစ္စအဝဝတို့၌ မကျန မသန့်ရှင်းဘဲ ချွတ်ယွင်းသော အချက်တွေ များစွာ ရှိနေတတ်၏။ အမှန်ကို သိသူ ဟောပြလိုသူ အနည်းငယ်တို့မှာလည်း အများမိုးခါးရေသောက် ကာလကြီးကို မလွန်ဆန်နိုင်ဘဲ လက်မှိုင်ချလျက် ရှိကြ၏။ အာဏာတန်ခိုး စည်းစိမ်အမျိုးမျိုးအောက်မှာ ဒူးထောက်လျက် ရှိကြ၏။ သို့ဖြစ်၍ ယုံကြည်စိတ်ချရသော ပုဂ္ဂိုလ်များကို မှီဝဲဆည်းကပ်မိဖို့ရန်မှာ ရှေးကံကောင်းမှ အကြောင်းလှရတော့မလို ရှိပါသည်။

အချုပ်သဘောအားဖြင့် မှန်ကန်သော ကိုးကွယ်ဆည်းကပ်မှု ရနိုင်ရန်အတွက် ကိုယ်ပိုင်ဉာဏ်ကို အသုံးချလိုလျှင် ပုဂ္ဂိုလ်တစ်ပါးပါးကို ကိုးကွယ်ဆည်းကပ်မိက အသိအလိမ္မာ ဉာဏ်ပညာနှင့် သူတော်ကောင်းစိတ်များ တိုးပွား မတိုးပွား စဉ်းစားဆင်ခြင်ပါ။ တိုးပွားလျှင် ကိုးကွယ်သူမှာ အမြတ်ရ၏။

စာမျက်နှာ-156


ကိုးကွယ်ရကျိုးနပ်၏။ ကုသိုလ်တရား မတိုးပွားဘဲ ဆရာချင်းပြိုင်၊ ဒကာချင်းပြိုင်၊ ကျောင်းချင်းပြိုင်၊ ဘုရားချင်းပြိုင်၊ သူနိုင်ငါနိုင် ပြိုင်ရဆိုင်ရ တိုက်ခိုက်ရသဖြင့် မတရားမှု ဒုစရိုက်တွေသာ တိုးပွား၍ အကုသိုလ်တရား များနေပါလျှင် အမြတ်မရဘဲ အရင်းရှုံးဖို့သာ ရှိ၏။ အချို့ကား ဒကာကို ဆရာကမြှောက်၊ ဆရာကို ဒကာကမြှောက်၍ ဆရာချင်းပေါက်၊ ဒကာချင်းပေါက်၊ ဘုရားချင်းပေါက်၊ ကျောင်းချင်းပေါက်ဖြစ်၍ ရုံးရောက်ဂတ်ရောက်ဖြစ်ကာ ငွေကုန်လူပန်း စိတ်မချမ်းမသာစရာတွေ ဖြစ်ကြရရှာ၏။ ထို့ကြောင့် “ကိုးကွယ်ရာမှ ဘေးမဖြစ်အောင်” ကြိုးစား၍ သတိပြုသင့်ကြပါသည်။

၅။ ဩပနေယျိကဂုဏ်တော်

ဩပနေယျိက = (ဩပ + နေယျက။ ဩပ = ကပ်၍ + နေယျက = ဆောင်ထိုက်သော တရားတော်။ မိမိစိတ်၏ သန္တာန်အစဉ်၌ မရောက်ရောက်အောင်၊ မဖြစ်ဖြစ်အောင် ကပ်၍ ဆောင်ထိုက်သော မဂ်တရား၊ ဖိုလ်တရားနှင့် မိမိစိတ်၏ အာရုံအဖြစ်သို့ မရောက်ရောက်အောင် ကပ်၍ ဆောင်ထိုက်သော နိဗ္ဗာန်တရားတော်။)

မဂ်၊ ဖိုလ်၊ နိဗ္ဗာန် တရားတော်များသည် ပုထုဇဉ်တို့သန္တာန်၌ တစ်ခါတစ်ရံမျှ မဖြစ်ခဲ့ဖူးပါ။ တစ်ကြိမ်တစ်ခါမျှ ဖြစ်ပေါ်လာလျှင်ပင် အပါယ်လေးပါး၌ ခံစားရမည့် ဝဋ်ဒုက္ခအပူမီးတို့ကို တစ်ခါတည်း ငြိမ်းစေနိုင်သော သတ္တိရှိ၏။ ထို့ကြောင့် ကိုယ်၌ ဝတ်ဆင်ထားသော အဝတ်ကို မီးလောင်စေကာမူ၊ သို့မဟုတ် ဦးသျှောင် (ဆံထုံး) ကို မီးလောင်စေကာမူ ထိုမီးကို မငြိမ်းသေးဘဲ အရေးမပြု လျစ်လျူရှုကာ မဂ်၊ ဖိုလ်တရား ရအောင် ကြိုးစားအားထုတ်ထိုက်ပါသည်။ အပြင်မီးကို မငြိမ်းနိုင်၍ လောင်ကျွမ်းခံရလျှင် တစ်ဘဝတစ်ခါသာ အလောင်ခံရမည်၊ အတွင်းကိလေသာဝဋ်မီးများကို မငြိမ်းနိုင်၍ လောင်ကျွမ်းခံရလျှင်ကား မဂ်၊ ဖိုလ်မရသေးသမျှ ဘဝများစွာ လောင်ကျွမ်းခံနေရမည်သာ ဖြစ်ပါသည်။

စိတ်ထဲ၌ ကပ်၍ ဆောင်ထိုက်သော တရားဖြစ်ခြင်း

အို၊ နာ၊ သေရေးနှင့် အပါယ်ဘေးတို့က လွန်စွာ ကြောက်မက်ဖွယ် ကောင်းလှ၏။ အထူးအားဖြင့် သေရမည့်ဘေးကိုကား သတ္တဝါတိုင်းလိုပင် အလွန်ကြောက်ကြ၏။ မည်မျှပင် ကြောက်စေကာမူ ထွက်လာသော နေသည် ကိန်းသေဝင်ရသလို ဖြစ်လာသူမှန်သမျှ သေဘေးက ပြေး၍ မလွတ်နိုင်ပါ။ ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ အချိန်မရွေး သေနေကြ၏။ ကြီးသူ၊ ငယ်သူ၊ ရွယ်တူ မည်သူမျှ မသေဟူ၍ မရှိ။ သို့ပါလျက် ကိုယ်သေလှည့်

စာမျက်နှာ-157


မရောက်သေး၍ မသေမပျောက် ရှိနေရသည်ကို၊ နက်ဖြန်သထက် သောက်ထောင့်နေရသည်ကို “သူတို့သာ သေသည် ပျက်သည်၊ ငါကား မသေမပျက် ကျန်းမာသည်၊ နေကောင်းသည်” စသည်ဖြင့် မာန်စွယ်တက်ကာ သေခြင်းတရားကို မေ့မထားသင့်ကြပါ။ မေ့လျော့ခြင်းသည် မသင့်သော အရာများကို ကြံတွေး၍ မဂ်၊ ဖိုလ် ရရေးတွင် အဟန့်အတားဖြစ်စေပြီး များစွာ သေတွင်းနက်နိုင်ပါသည်။ ဤနေရာတွင် အသောကမင်းကြီး၏ ညီတော်ရင်း အိမ်ရှေ့စံ “ဝိတိံသ (တိဿ)” မင်းသားကို သင်ခန်းစာယူသင့်ကြပါသည်။

အသောကမင်း၏ ညီတော် “တိဿ” မင်းသားသည် တောကစားထွက်စဉ် သားသမင်များ၏ မြူးထူးပျော်ပါးနေကြပုံကို မြင်ရလျှင် — “အင်း... မြက်စားနေကြသော သမင်များပင် ယခုလို ပျော်ပျော်ပါးပါး မြူးထူးနေကြသေး၏။ ဘုရင့်အလှူစာ (စားကောင်းသောက်ဖွယ်တွေ) ကို စားကာ အိပ်ရာကောင်း၌ အိပ်နေကြရသော ရဟန်းတော်တွေကား အဘယ်မှာ မမြူးထူးဘဲ နေကြမည်နည်း” ဟု (ကိုယ်နှင့်နှိုင်း၍ ရိုင်းစိုင်းသော) အတွေးပေါ်ကာ သူ၏ နောင်တော်မင်းကြီးကို ပြောပြမိလေသည်။

မင်းကြီးလည်း ထိုစကားကို ကြားရလျှင် အကျိုးအပြစ်ကို စိစစ်ပြောပြခြင်း မပြုသေးဘဲ အကြောင်းတစ်ခုကို ရှာ၍ စိတ်ဆိုးဟန်ဆောင်ပြီး — “ညီတော်... ထီးနန်းစည်းစိမ်ကို လက်ခံ၍ ခုနစ်ရက်မျှ ခံစားပေတော့၊ ခုနစ်ရက် လွန်သောအခါ သင့်ကို သတ်ရလိမ့်မည်” ဟု အမိန့်တော်မှတ်ကာ တိုင်းပြည်ကို လွှဲအပ်ပေသည်။

မင်းသားသည် ခုနစ်ရက်ပတ်လုံး ထီးနန်းစည်းစိမ်ကို ခံစားခွင့်ရပါသော်လည်း (သေရမည့်အရေး တွေးကာ) စံစားချင်စိတ် ပေါ်မလာဘဲ မအိပ်နိုင် မစားနိုင် ဖြစ်နေတော့၏။ ခုနစ်ရက်လည်သောအခါ —

မင်းကြီးက။ ။ “ဘယ့်နှယ်လဲ၊ ထီးနန်းစည်းစိမ် ဝဝလင်လင် ခံစားရတာ ပျော်ရဲ့လား ညီတော်” ဟု မေး၏။

ညီတော်က။ ။ “သေရမည့်ဘေး တွေးကြောက်နေရတာ အဘယ်မှာ ပျော်နိုင်ပါ့မလဲ နောင်တော်” ဟု လျှောက်တင်၏။

စာမျက်နှာ-158


မင်းကြီးက။ ။ “အေး... ညီတော်မှာ ခုနစ်ရက်ကြာမှ သေရမှာကိုပင် သိ၍ ဤမျှ မပျော်မရွှင်နိုင်ရှိလျှင် ရဟန်းတော်များမှာ အသက်ရှူရင်း ရှိုက်ရင်း ထွက်သက်ဝင်သက်တိုင်းတွင် အစဉ်မလပ် သေဘေးကပ်နေပုံကို ဆင်ခြင်နေကြရာ အဘယ်မှာ ပျော်ရွှင်နိုင်မလဲ ညီတော်” ဟု မိန့်တော်မူ၏။

ထိုအခါ ညီတော် တိဿမင်းသားသည် သာသနာကို လွန်စွာကြည်ညိုသဖြင့် နောင်အခါတွင် ရဟန်းပြု၍ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုကာ ရဟန္တာအဖြစ်သို့ ဆိုက်ရောက်ရလေသည် (ဝိ၊ ဋ္ဌ၊ ၁၊ ၄၁)။ ဤသာဓကတွင် ညီတော် တိဿသည် သေမှာကြောက်၍ မသေရာ (မဂ်၊ ဖိုလ်၊ နိဗ္ဗာန်) သို့ ရောက်ရခြင်းပင် ဖြစ်သည်။ ထို့ကြောင့် မိမိ၏နောက်တွင် သေမင်းရောက်နေသည့်အလား၊ သို့မဟုတ် မိမိ၏ဆံပင်ကို သေမင်းက နောက်မှ ကိုင်ဆွဲခေါ်ငင်နေသည့်အလား သံဝေဂစိတ်ထားကာ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားများကို ကြိုးစားမယုတ် အားထုတ်ဆောင်ယူထိုက်ပါသည်။ ဤ (မဂ်၊ ဖိုလ်၊ နိဗ္ဗာန်) တရားထက် စိတ်ထဲ၌ ကပ်၍ ဆောင်ထားထိုက်သော “ဩပနေယျိက” တရားမျိုးကား ဤသာသနာမှတစ်ပါး အခြား၌ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပါတကား။

အသက်ကို ပဓာနမထားဘဲ မဂ်၊ ဖိုလ်တရား အလေးထားခဲ့သော တိဿမထေရ်အကြောင်း

ရင်ဝ၌ လှံစူးခံရသူသည် လှံကို မနုတ်သေးဘဲ၊ ဦးခေါင်း မီးလောင်ခံရသူသည် မီးကို မငြိမ်းသေးဘဲ သက္ကာယဒိဋ္ဌိကို ပယ်နိုင်အောင် မဂ်၊ ဖိုလ်တရားထူးကို ရအောင် ရှေးဦးစွာ ကြိုးစားအားထုတ်သင့်ကြောင်း မြတ်စွာဘုရား ဟောတော်မူပါသည်။ အကြောင်းမှာ ရင်ဝလှံစူး၊ ဦးခေါင်း မီးလောင်ခံရသူ၏ ဒုက္ခမှာ တစ်ဘဝအတွက် ဒုက္ခသာဖြစ်၍ ဘဝမဆုံးသမျှ အသင်္ချေအနန္တ ခံရမည့်ဒုက္ခနှင့်စာလျှင် မပြောပလောက်သောကြောင့် ဖြစ်ပါသည်။ ယင်းသို့ အသက်ကို ပဓာနမထားဘဲ မဂ်၊ ဖိုလ်တရားများကို အလေးထားအားထုတ်ခြင်းသည် ဘုရားရှင်၏ အလိုတော်ကျ အားထုတ်ခြင်းပင် ဖြစ်ပါသည်။ ဤ၌ ဘုရားရှင်လက်ထက်တော်က မဂ်၊ ဖိုလ်ရရေးကို အလေးထား ဆောင်ရွက်တော်မူခဲ့သော “တိဿ” မထေရ်မြတ်အကြောင်းကို ဆက်လက်ဖော်ပြထားပါသည် —

သာဝတ္ထိပြည်၌ “တိဿ” မည်သော သူကြွယ်တစ်ယောက်သည် ရဟန်းဘောင်သို့ ဝင်ပြီးလျှင် တောကျောင်း၌ တရားအားထုတ်နေ၏။ ခယ်မဖြစ်သူ (ညီမယား) က ခဲအိုရဟန်းတော် လူထွက်လာလျှင် အမွေ

စာမျက်နှာ-159


ခွဲပေးရမည် စိုးသောကြောင့် လူဆိုးများကို အသပြာ ငွေကြေးပေးလျက် ခဲအိုကို ဖျောက်ဖျက်ခိုင်းလေသည်။ လူဆိုးများက ရဟန်းတော်ထံ သွားရောက်၍ သတ်မည့်အကြောင်းကို ပြောကြရာ —

ရဟန်းတော်က။ ။ “သည်တစ်ညဉ့်မျှ ခွင့်ပေးကြပါ၊ အာမခံပေးပါမည်” ဟု ပြောဆို၍ ခွင့်ပန်၏။ ထိုအခါ —

လူဆိုးများက။ ။ “ကိုယ်တော့်ကို အာမခံမည့်သူ အဘယ်မှာ ရနိုင်မှာလဲ” ဟု ပြောကြလေသော် အနီးရှိ ကျောက်တုံးကြီးကို ယူကာ ခြေနှစ်ဖက်ကို ကျောက်တုံးဖြင့် ကိုယ်တိုင် ပေါက်ချိုး၍ ထွက်ပြေးမည် မဟုတ်ကြောင်းကို အာမခံချက် ပေးလေသည်။

ထို့နောက် သေလုမြောပါး နာကျင်သော ခြေထောက်ကို ဂရုမစိုက်အားဘဲ တရားကိုသာ တွင်တွင်ကြီး အားထုတ်ခဲ့ရာ အရုဏ်တက်ချိန်မှာ ရဟန္တာအဖြစ်သို့ ရောက်ရပေသည် (ဒီ၊ ဋ္ဌ၊ ၂၊ ၃၃၉)။

ဤသာဓက၌ “တိဿ” မထေရ်မြတ်သည် ဤသာသနာ၌သာ ရနိုင်သော (မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရား) သာသနာ့ အခွင့်ထူးကြီးများကို အဆုံးအရှုံးခံ လက်လွှတ်သွားရလျှင် ပုထုဇဉ်ဘဝဖြင့် တစိုက်မတ်မတ် ထက်ကြပ်မကွာ နောက်မှ လိုက်ပါလာမည့် အပါယ်ဝဋ်ဒုက္ခဘေးဆိုးကြီးမှာ အသင်္ချေအနန္တ မတွေးဝံ့စရာ ဖြစ်ရပါသည်။ ယင်းဒုက္ခဝဋ်ဘေးများမှ လုံးဝ လွတ်ရေးကျွတ်ရေးကို တွေးဆဆင်ခြင် ကောင်းကောင်းကြီး သိမြင်၍ ဘုရားရှင် အလိုတော်ကျ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ရရေးကို အလေးထား ဆောင်ရွက်တော်မူခဲ့ခြင်း ဖြစ်ပါသည်။

“ဩပနေယျိက” ဂုဏ်ထူးရထိုက်သော တရားများ

ဤ “ဩပနေယျိက” ဂုဏ်တော်၌ လောကုတ္တရာတရား ကိုးပါးသာ ကျမ်းဂန်တို့၌ လာ၏။ ပရိယတ်တရား မပါရှိပေ။ သို့ရာတွင် ကျင့်နည်း၊ ကြံနည်း၊ အားထုတ်နည်းနှင့် သဘာဝဓမ္မ အမှန်တရားတို့ကို ဖော်ပြထားသော ပရိယတ်တရားတို့သည်လည်း “ဩပနေယျိက” ဂုဏ်ထူးရ “ကပ်၍ ဆောင်ထိုက်သော တရားများ” ပင် ဖြစ်ပါ၏။

ဤတရားတော်မှာ လာတိုင်း ရှောင်သင့်သော တရားများနှင့် စပ်၍ တစ်သက်တာမျှ တစ်ဝမ်းဝ အပျော်အပါးနှင့် မော်ကြွားစားသောက်မှု၊ စက်ဆုပ်ဖွယ်ရာ မတရားသောနည်းတို့ဖြင့် ပစ္စည်းဥစ္စာ ရှာဖွေမှုများကို အရေးတကြီး သတိထားလျက် ပယ်ရှား ရှောင်ကြဉ်သင့်ပါသည်။

စာမျက်နှာ-160


ဆောင်သင့်သော တရားများနှင့် စပ်၍ တရားတော် နည်းလမ်းအရ စည်းကမ်းကျအောင် ရှာဖွေစုဆောင်းပြီး တရားသဖြင့် သုံးစွဲကာ မကြာမကြာ လှူဒါန်းခြင်း၊ ဥပုသ်သီတင်းစောင့်သုံးခြင်းနှင့် တရားဘာဝနာ အားထုတ်ခြင်း စသော သံသရာ့စီးပွား ပါရမီကုသိုလ်တရားတို့ကို တစ်ဆင့်ထက်တစ်ဆင့် မြင့်ထက်မြင့်အောင် ကြိုးစားအားထုတ်သင့်ကြပါသည်။

အလွန်တွေ့ခဲ ဆုံခဲ ကြုံကြိုက်ခဲလှသော ဘုရားရှင်ပွင့်တော်မူရာ သာသနာတော်နှင့် တွေ့ကြုံဆုံရခိုက် “ဆွမ်းကျွေးပွဲတွေကျမှ ထမင်းမစားရုံ” ဆိုသကဲ့သို့ ဆုံးရှုံးနစ်နာခြင်း မဖြစ်ရလေအောင် သတိဖြင့် ကြံဆောင်၍ ဤ “ဩပနေယျိက” ဂုဏ်တော်ကို အာရုံပြုပြီး မိမိသန္တာန်၌ မဂ်၊ ဖိုလ်တရားများ တဖြည်းဖြည်း တိုးပွားစေသင့်ကြပါသည်။

၆။ ပစ္စတ္တံဝေဒိတဗ္ဗဂုဏ်တော်

ပစ္စတ္တံဝေဒိတဗ္ဗ = (ပစ္စတ္တံ + ဝေဒိတဗ္ဗ။ ပစ္စတ္တံ = အသီးအသီး ကိုယ်စီကိုယ်င + ဝေဒိတဗ္ဗ = သိမြင်အပ် ခံစားအပ်သော တရားတော်။)

အရိယာပညာရှိပုဂ္ဂိုလ်တို့သည် ဆင်ခြင်သော “ပစ္စဝေက္ခဏာဉာဏ်” ဖြင့် မိမိစိတ်သန္တာန်၌ ပွားများရရှိခဲ့သော မဂ်၊ ဖိုလ်တရားကိုလည်းကောင်း၊ ကိုယ်တိုင်ဆိုက်ရောက် မျက်မှောက်ပြုခဲ့သော နိဗ္ဗာန်တရားကိုလည်းကောင်း ဆင်ခြင်သိမြင်နိုင်ကြ၏။ ဖလသမာပတ် (ဝင်စားခြင်း) ဖြင့် မျက်မှောက်ပြုခဲ့သော နိဗ္ဗာန်၏ (နိဗ္ဗုတိအရသာ) ကို အာရုံပြု ခံစားနိုင်ကြ၏။

ယင်းသို့ အရိယာပညာရှိပုဂ္ဂိုလ်တို့ အသီးအသီး ကိုယ်စီကိုယ်င သိမြင်ခံစားရသောကြောင့် မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ကိုးတန်သော လောကုတ္တရာတရားတော်သည် “ပစ္စတ္တံဝေဒိတဗ္ဗ” ဂုဏ်တော်အားဖြင့် ထင်ရှားတော်မူပါသည်။

[စာတတ်ပေတတ် ဗဟုသုတများသော ပညာရှိမျိုးကို အခြားနေရာ၌ “ပညာရှိ” ဟု ဆိုရသော်လည်း ဤ၌ကား (စာတွေ့ပညာရှိတို့၏ အရာမဟုတ်သောကြောင့်) မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဖြင့် (လက်တွေ့) သိသော အရိယာပုဂ္ဂိုလ်တို့ကိုသာ “ပညာရှိ” ဟု ဆိုရသည်။ အခြားစိတ်တွေ မပါစေဘဲ ဖိုလ်စိတ်ချည်းသာ ဆက်ကာဆက်ကာ ဖြစ်စေမှုကို “ဖလသမာပတ် ဝင်စားသည်၊ ဖိုလ်ဝင်စားသည်” ဟု ခေါ်၏။]

စာမျက်နှာ-161


ကိုယ်ပိုင်အစစ် တရားတော်ဖြစ်ခြင်း

မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ကိုးတန်သော လောကုတ္တရာတရားတော်များသည် ကိုယ်တိုင်ကျင့်ကြံ၊ ကိုယ်တိုင်ပွားများ၍ ကိုယ်တိုင်ရရှိသော ပုဂ္ဂိုလ်များနှင့်သာ ဆိုင်သော ကိုယ်ပိုင်အစစ် တရားတော်များ ဖြစ်ကြ၏။ မှန်၏။ ဆရာပွားများအပ်သော မဂ်ဖြင့် တပည့်၏ ကိလေသာများကို မပယ်နိုင်၊ ဆရာ၏ ဖလသမာပတ်ဖြင့် တပည့်သည် ချမ်းသာစွာ နေနိုင်သည်မဟုတ်၊ ဆရာကိုယ်တွေ့ မျက်မှောက်ပြုထားသော နိဗ္ဗာန်ကို တပည့်က ယူ၍ မျက်မှောက်ပြုနိုင်သည်ဟု မရှိ၊ တပည့်ကိုယ်တွေ့ မျက်မှောက်ပြုထားသော နိဗ္ဗာန်ကိုလည်း ဆရာက အလွယ်တကူ ယူ၍ မျက်မှောက်ပြုနိုင်သည်ဟု မရှိ။

စင်စစ်အားဖြင့်ကား မိမိပွားများအပ်သော မဂ်ဖြင့်သာ မိမိ၏ ကိလေသာများကို ပယ်နိုင်သည်။ မိမိရအပ် ဝင်စားအပ်သော ဖိုလ်ဖြင့်သာ မိမိချမ်းသာစွာ နေနိုင်သည်။ မိမိ၏ နိဗ္ဗာန်ကို မိမိသာ မျက်မှောက်ပြုနိုင်သည်။ ကိုယ်လုပ်ပြီး သူရ၊ သူလုပ်ပြီး ကိုယ်ရ စသည်ဖြင့် အကျိုးသွား စိတ်မချရသော လောကီတရားမျိုးကဲ့သို့ မဟုတ်၊ ကိုယ်လုပ်ကိုယ်ရ၊ သူလုပ်သူရ လွန်စွာ စိတ်ချရသော တရားဖြစ်သည်ဟု ဆိုလိုပါသည်။

ထို့ကြောင့် ဤလောကုတ္တရာတရား ကိုးပါးသည် သူတစ်ပါး၏ ခေါင်းပေါ်၌ တင်ထားအပ်သော အဆင်တန်ဆာကဲ့သို့ မမှတ်ယူအပ်ဘဲ မိမိတို့ ကိုယ်စီကိုယ်င မိမိစိတ်၌သာလျှင် မှတ်ယူသုံးဆောင်အပ်သော ကိုယ်ပိုင်အစစ် တရားတော်ဖြစ်ကြောင်း မှတ်ယူသင့်ပါသည်။

အဖော်မလို တစ်ဦးချင်း ခံစားနိုင်

မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာ (ဝိမုတ္တိသုခ) ကို ခံစားရာ၌ အဖော်မစုံသေးသည့်အတွက် အပေါင်းအဖော်ကို စောင့်ဆိုင်းရန်မလို၊ ငဲ့ကွက်ရန်မလို၊ တစ်ဦးချင်း ကိုယ်စီကိုယ်င ခံစားနိုင်ပေသည်၊ မှန်ပေသည်။ လောကီစည်းစိမ်ချမ်းသာကို ခံစားရာ၌ အပေါင်းအဖော် အခြွေအရံ ပြည့်စုံမှသာ ခံစားနိုင်ကြ၏။ ဥပမာ — ပွဲလမ်းသဘင် ကြည့်ရှု၍ အရသာခံရာ၌ ကချေသည်၊ အဆိုတော်၊ တီးမှုတ်သူ၊ ပွဲကြည့်ပရိသတ် စုံစုံလင်လင် ရှိမှသာလျှင် ခံစားရာ၌ အရသာ အပြည့်အဝ ပေါ်နိုင်၏၊ သို့မဟုတ်ပါက အရသာ အပြည့်အဝ မပေါ်နိုင်ချေ။ အလားတူပင် အပေါင်းအသင်းများနှင့် စားပွဲသောက်ပွဲ ကျင်းပရာ၌ အပေါင်းအသင်း စုံလင်မှ အရသာ အပြည့်အဝ ခံစားရသည်။ သို့မဟုတ်ပါက တစ်စုံတစ်ခု လိုနေသလိုဖြစ်၍ ဟာတာတာ...

စာမျက်နှာ-162


ခံစားနေရမည် ဖြစ်သည်။ သို့ဖြစ်၍ လောကီစည်းစိမ်ချမ်းသာ ခံစားမှုသည် တစ်ကိုယ်တော်တည်း အထီးကျန်ခံစား၍ မရ၊ အသိုင်းအဝိုင်း အခြံအရံ ပါမှ ခံစား၍ ရနိုင်၏။ လောကုတ္တရာချမ်းသာမှုကား တစ်ဦးချင်း တစ်ကိုယ်တော်တည်း အထီးတည်းနေမှသာလျှင် ခံစားနိုင်ခွင့် ရှိ၏။ ထို့ကြောင့် မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာကို ခံစားရာ၌ အဖော်မလို၊ တစ်ဦးချင်း ခံစားနိုင်သဖြင့် “ပစ္စတ္တံဝေဒိတဗ္ဗ” ဂုဏ်တော်ကို ဖော်ထုတ်ပြလိုက်ပါသည်။

ကလေးများပင် တွေ့မြင်နိုင်သောတရား

ဘုရားရှင် ဟောကြားတော်မူအပ်သော မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ကိုးတန်သော လောကုတ္တရာတရားတော်မြတ်သည် ကိုယ်တိုင် ကျင့်ကြံပွားများ အားထုတ်ခြင်းမပြုဘဲ တန်ခိုးရှင် တစ်ဦးတစ်ယောက်က ကယ်တင် မ၊ စ၊ စောင့်ရှောက်ပေးလို့ ရနိုင်သော တရားမျိုး မဟုတ်ပါ၊ ကိုယ်တိုင် ကျင့်ကြံ၊ ကိုယ်တိုင် ပွားများ၍ ကိုယ်တိုင် သိမြင်ခံစားရသော တရားမျိုး ဖြစ်ပါသည်။

လောက၌ တန်ခိုးအာဏာ၊ ဥစ္စာစည်းစိမ်၊ ဂုဏ်သိန်များစွာ၊ အရှိန်အဝါတို့သည် အချို့သော လောကီအကျိုးတို့ကို အတိုင်းအတာရှိသမျှ သယ်ပိုးဆောင်ရွက်နိုင်ကြသော်လည်း လောကုတ္တရာဆိုင်ရာ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်အကျိုးကိုကား လုံးဝ သယ်ပိုးနိုင်ခြင်း မရှိပါ။

မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ကိုးတန်သော လောကုတ္တရာတရားသည် တန်ခိုးအာဏာပြကာ ခြောက်လှန့်ရယူ၍လည်း မရ၊ အသနားခံ တောင်းပန်၍လည်း ပေးမဖြစ်၊ မေတ္တာသက်ဝင် ချစ်ခင်၍ မျှဝေခံစားခြင်းလည်း မပြုနိုင်၊ ကိုယ်တိုင်ကျင့်မှ ကိုယ်တိုင်ရ၏။ တရားဆိုသည့်အတိုင်း တကယ် တရားမျှတ သမာသမတ်ကျလှ၏။ မျက်နှာကြီးငယ်မလိုက်၊ ဇာတ်နိမ့်ဇာတ်မြင့် မခွဲခြား၊ အကျိုးတရားကို ခံစားကြရ၏။ ဤတရားများသည် ဘုရားရှင်ပွင့်မှ ပေါ်လာရသော်လည်း မူလကမရှိဘဲ မိုးပေါ်ကျ ပေါ်လာရသည် မဟုတ်၊ မူလပကတိ ပင်ကိုအရှိတရားများပင် ဖြစ်၏။

အဏုမြူဓာတ်အားသည် “အိုင်းစတိုင်း” မွေးမှ ရရှိလာသော အင်အားမဟုတ်၊ ရှေးရှေး သိပ္ပံဆရာကြီးများ လက်ထက်ကလည်း ရှိနေခဲ့သည်ပင်။ သို့ရာတွင် “အိုင်းစတိုင်း” ကဲ့သို့ အပင်ပန်းခံပြီး မရှာနိုင်ကြ၍သာ မတွေ့ခဲ့ကြခြင်း ဖြစ်သည်။ ဤဥပမာကဲ့သို့ပင် တကယ့် အရှိတရား အစစ်အမှန်ဖြစ်သော မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားများကို ယုံယုံကြည်ကြည် ရိုးရိုးသားသားဖြင့် ကြိုးစားကျင့်ကြံ အားထုတ်ပွားများကြလျှင် ဧကန်မုချ သိမြင်ခံစားနိုင်ကြဖို့...

စာမျက်နှာ-163


ရှိပါသည်။ ဘုရားရှင်လက်ထက်တော်၌ အရွယ် ခုနစ်နှစ်သားအရွယ် သာမဏေများပင် တရားကို အလွယ်တကူ နားလည်သိမြင်ရရှိခဲ့ရာ တကယ်တမ်း ကျင့်ကြံကြိုးကုတ် အားထုတ်လျှင် မရနိုင်ဘဲ ရှိပါတော့အံ့နည်း။

ဤနေရာတွင် မိထွေးတော် ဂေါတမီ ကျူးရင့်ခဲ့သော ဖော်ပြလတ္တံ့ပါ စကားများမှာ အလွန်ကောင်းလှပါသည် —

“ဘုန်းတော်ကြီးသော သားတော်မြတ်... ရှေးရှေးက (ဘုရားလောင်း မဟုတ်သော) မင်းတို့သည် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကို မတွေ့မြင်ခဲ့ကြရကုန်၊ ယခုအခါ၌မူ သားတော်ကြီး၏ သာသနာ၌ ခုနစ်နှစ်မျှသာ ရှိသေးသော ကလေးသူငယ်များပင် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကို သိမြင်ခံစားနေကြရပါပြီ”။

လှည့်စား၍ မရနိုင်တော့ခြင်း

မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ကိုးတန်သော လောကုတ္တရာတရားကို ကိုယ်တိုင်ကိုယ်ကျ သိမြင်ရသော တရားများဖြစ်၍ တရားအပေါ်၌ ခိုင်မာသော အတည်ပြုချက်များ ဆုံးဖြတ်နိုင်ကြသောကြောင့် အရိယာပုဂ္ဂိုလ်တို့သည် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ကြပါသည်။ ထိုရတနာသုံးပါးနှင့်စပ်၍ မည်သူတစ်ဦးတစ်ယောက်ကမျှ ၎င်းတို့အား လှည့်စား၍ မရပုံအတွက် ထင်ရှားသော သာဓကမှာ “သူရမ္မဋ္ဌ” ဒါယကာ၏ အဖြစ်အတိုင်း ဖြစ်ပါသည် —

၁။ ၄-နှစ်သား ရဟန္တာသာမဏေ “ဒဗ္ဗ” (ဝိ၊ ၃၊ ၂၃၆)
၂။ ၅-နှစ်သား ရဟန္တာသာမဏေ “ပဉ္စသီလသမာဒါနိယ” (အပ၊ ၁၊ ၃၀)
၃။ ၇-နှစ်သား ရဟန္တာသာမဏေ “သံကိစ္စ” (ဓမ္မ၊ ဋ္ဌ၊ ၂၊ ၄၁၆)

စာမျက်နှာ-164


“သူရမ္မဋ္ဌ” ဆိုသူကား တိတ္ထိတို့၏ တပည့်ဒါယကာတစ်ဦး ဖြစ်၏။ တစ်နေ့သ၌ “သူရမ္မဋ္ဌ” အတွက် သောတာပတ္တိမဂ်တရား ရရန် အခြေခံအကြောင်းကို မြင်တော်မူသော ဘုရားရှင်သည် ဆွမ်းခံချိန်၌ သူ၏ နေအိမ်တံခါးသို့ ကြွလေ၏။ “သူရမ္မဋ္ဌ” လည်း ဘုရားရှင်ကို အိမ်ထဲသို့ ပင့်လျက် ဆွမ်းဆက်ကပ်ပြီးသော် ဘုရားရှင်ဟောသော တရားတော်ကို နာရသောကြောင့် သောတာပန်အဖြစ်သို့ ရောက်လေ၏။

ဘုရားရှင် ပြန်ကြွပြီးနောက် မာရ်နတ်က “သူရမ္မဋ္ဌ” အပေါ် မိမိ၏ နယ်ပယ်မှ လွတ် မလွတ် စုံစမ်းလို၍ ဘုရားရှင်နှင့်တူအောင် ဖန်ဆင်းပြီးလျှင် “သူရမ္မဋ္ဌ” ၏ အိမ်တံခါးသို့ ရောက်လာ၏။

“ဘုရားရှင် ပြန်ကြွလာသည်” ဟူသော အမှတ်ဖြင့် “သူရမ္မဋ္ဌ” လည်း ချဉ်းကပ်ကာ ပြန်ကြွလာခြင်းအကြောင်းကို လျှောက်သော် ဘုရားဟန်ဆောင်သော မာရ်နတ်က —
“သူရမ္မဋ္ဌ... ငါ တရားဟောခဲ့စဉ်က တရားတစ်ခုကို သတိမထား အမှတ်တမဲ့ ဟောခဲ့မိသည်၊ ခန္ဓာငါးပါးလုံးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟု ဟောခဲ့မိ၏။ သို့သော် ခန္ဓာတွေ အကုန်လုံး ဤသဘောချည်းမဟုတ်၊ မပျက်မစဲ ခိုင်မြဲသော ခန္ဓာတချို့ ရှိသေးသည်” ဟု ဆို၏။

ကိုယ်တွေ့တရား သိမြင်ထားသူမဟုတ်လျှင် ဘုရားပဲဟု အတည်ပြု၍ ဤမာရ်နတ်၏ စကားကို လက်ခံလိုက်မည်သာ ဖြစ်၏။ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားကို ကိုယ်တွေ့သိပြီး မတုန်မလှုပ် ယုံကြည်ဆုံးဖြတ်ပြီး ဖြစ်နေသော “သူရမ္မဋ္ဌ” ကား ဤအချက်ကို လက်မခံနိုင်၊ ထို့ကြောင့် “သူရမ္မဋ္ဌ” အနေဖြင့် စဉ်းစားသည်မှာ —
“ဤစကားသည် အလွန်ဝန်လေးသော စကားဖြစ်၏။ ဘုရားရှင်တို့မည်သည် အမှတ်တမဲ့ ဟောမှု မရှိနိုင်၊ ဘုရားရှင်၏ ဆန့်ကျင်ဘက်မှာ မာရ်နတ်ဖြစ်၍ ဤသူသည် မာရ်နတ်သာ ဖြစ်ရမည်” ဟု စဉ်းစားပြီးလျှင် “သင် မာရ်နတ် မဟုတ်လော” ဟု ဆို၏။

မာရ်နတ်လည်း မကွယ်မဝှက်သာဘဲ ဟုတ်မှန်ကြောင်း ဝန်ခံရ၏။ ထိုအခါ “သူရမ္မဋ္ဌ” က —

စာမျက်နှာ-165


“သင်လို မာရ်နတ်မျိုး အရာအထောင် လာဖျက်သော်လည်း ငါ၏ သဒ္ဓါတရားကို လှုပ်ရှားစေနိုင်မည် မဟုတ်ပါ၊ ဘုရားရှင်သည် “သဗ္ဗေ သင်္ခါရာ အနိစ္စာ” ဆိုသော တရားကို ကြားရုံမျှ မဟုတ်၊ ကိုယ်တွေ့ သိမြင်သည်အထိ ဟောကြားခဲ့ပြီး ဖြစ်ရာ သင်လှည့်စား၍ ရမည် မဟုတ်၊ ငါ၏ အိမ်တံခါးမှာ သင် မနေပါနှင့်”ဟု နှင်လေရာ မာရ်နတ်လည်း ထိုနေရာ၌ ကွယ်လေ၏။ ဤအကြောင်းကို ဘုရား- ရှင်အား လျှောက်ထားသော် “သူရမ္မဋ္ဌဒါယကာအား ရတနာသုံးပါး အပေါ် မတုန်မလှုပ် သက်ဝင်ယုံကြည်သူများတွင် အထူးချွန်ဆုံးပုဂ္ဂိုလ် “အဝေစ္စပသန္နတဒဂ်” အရာဖြင့် မြှောက်စား ချီးကျူးတော်မူသည် (အံ၊ဋ္ဌ၊၁၊၃ဝ၅-၆)။

တရားအလှူ တရားပူဇော်နည်း

ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးနှင့်စပ်၍ ဆည်းကပ်လှူဒါန်းပူဇော် ကြရာ၌ ဘုရားရတနာနှင့် သံဃာရတနာမှာ ပုံသဏ္ဌာန် အထင်အရှား ရှိ၍ မြင်သာလှ၏။ အများအားဖြင့် လှူဒါန်းပူဇော်တတ်ကြ၏။ တရားရတနာမှာ မူကား- ပုံသဏ္ဌာန် မထင်ရှားသောကြောင့် မည်သို့ မည်ပုံ လှူဒါန်းရ ပူဇော် ရမှန်း မသိဘဲ ရှိနေတတ်ကြသည်။
အချို့ တရားရတနာကို လှူဒါန်းပူဇော်သည့် အနေဖြင့် တရားတော်ကို ရည်မှတ်ကာ ဖော်ပြလတ္တံ့ ပါအတိုင်း လှူဒါန်းပူဇော်ခဲ့ကြပါသည်—-

ပိဋကသုံးသွယ် နိကာယ်ငါးရပ် ကျမ်းစာမြတ်တို့ကို လှူဒါန်းခြင်း၊ သာမှုနာမှုကိစ္စများတွင် ကန်တော့ပွဲ သီးခြား အပိုထား၍ တရားဟော ဘုန်းကြီးအား လှူဒါန်းခြင်း၊
“သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ=ခပ်သိမ်းသော အလှူတို့တွင် တရား အလှူသည် အမြတ်ဆုံး”ဟူ၍ လည်းကောင်း, “အမတံဒဒေါ စ သော ဟောတိ၊ ယော ဓမ္မမနုသာသတိ= အကြင်ပုဂ္ဂိုလ်သည် တရားဖြင့် ဆုံးမ၏။ ထိုပုဂ္ဂိုလ်သည် မသေရာ အမြိုက်နိဗ္ဗာန်ကို ပေးလှူ၁ သည်မည်၏”ဟူ၍လည်းကောင်း ဟောတော်မူသည့်အတိုင်း မိမိတို့သိသမျှ တဆင့်ဟောပြောခြင်း၊ ဟောပြောသည်ကို နာယူခြင်း၊
- ကျမ်းစာများကို ပြုစုရေးသားညွှန်ပြခြင်း၊ ကြည့်ရှုခြင်း၊ ပရိယတ္တိစာမေးပွဲများ ကျင်းပ၍ မေးခြင်း၊ ဖြေခြင်း၊

စာမျက်နှာ-166


ပိဋကကျမ်းစာများကို သင်ကြားပို့ချခြင်း၊ သင်ယူခြင်း။

စုပေါင်းရွတ်ဆို၍ သင်္ဂါယနာတင်ခြင်း၊ ပေထက်အက္ခရာ၊ ကျောက်ထက်အက္ခရာတင်ခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်း။
နှုတ်ငုံဆောင်၍ ကျက်မှတ်ပြန်ဆိုခြင်း။

စသည်တို့ ဖြစ်၏။ ဤအရာအားလုံးသည် တရားကို ပူဇော်သောအားဖြင့် လှူဒါန်းပူဇော်ခြင်းများပင် ဖြစ်ပါသည်။ ဤနေရာတွင် မြတ်စွာဘုရားရှင် လက်ထက်တော်က တရားတော်ကို မလှူဒါန်း မပူဇော်တတ်၍ ပုဏ္ဏားတစ်ယောက် ဘုရားရှင်ထံ လျှောက်ထားမေးမြန်းပြီး လှူဒါန်းပူဇော်ခဲ့ပုံ သာဓကတစ်ခုကို ဆက်လက်တင်ပြထားပါသည် —

“မြတ်စွာဘုရား... ဘုရားရတနာနှင့် သံဃာရတနာတို့ကို ပူဇော်ရသည်မှာ ထင်ရှားပါသည်၊ တရားရတနာကို မည်ကဲ့သို့ ပူဇော်ရပါမည်လဲ ဘုရား” ဟု ပုဏ္ဏားကြီးတစ်ယောက် ကျောင်းတော်သို့ လာ၍ လျှောက်၏။ လက်ထဲ၌ တစ်ထောင်တန် တိစီဝရိတ်သင်္ကန်းလည်း ပါ၏။

ထိုအခါ ဘုရားရှင်က — “ပုဏ္ဏား... တရားတော်ကို ပူဇော်လိုလျှင် တရားတော်ကို များစွာသိ၍ ဗဟုသုတရှိသော ရဟန်းတော်ကို ပူဇော်လေ” ဟု မိန့်တော်မူ၏။

ယင်းသို့ မိန့်တော်မူသဖြင့် ပုဏ္ဏားကြီးလည်း ကျောင်းတိုက်အတွင်း လှည့်လည်၍ သံဃာတော်များထံ ဗဟုသုတရှိသော ရဟန်းတော်ကို မေးလျှောက်လေရာ “ဓမ္မဘဏ္ဍာဂါရိက = တရားဘဏ္ဍာစိုးကြီး” ဖြစ်သူ “အရှင်အာနန္ဒာ” ကို ညွှန်ပြကြသဖြင့် တရားတော်ကို ရည်မှန်း၍ အရှင်အာနန္ဒာအား တစ်ထောင်တန် တိစီဝရိတ်သင်္ကန်းဖြင့် လှူဒါန်းပူဇော်လေသည် (ဒီ၊ ဋ္ဌ၊ ၃၊ ၉၁)။

ဤသာဓကအရ ယခုကာလ၌ ဗုဒ္ဓဘာသာဝင်ဟူသမျှတို့သည် ကိုယ်စီကိုယ်င ရဟန်းသံဃာများကို ဆည်းကပ်ကိုးကွယ် ပူဇော်ကြရာ၌ ဘုရားရှင် ညွှန်ပြနည်းပေးတော်မူသည့်အတိုင်း စာပေပရိယတ် သင်ယူခြင်း၊ တတ်မြောက်၍ ပို့ချခြင်း၊ ဟောပြောခြင်း၊ ကျမ်းစာများကို ပြုစုရေးသားခြင်း စသည်တို့ဖြင့် သာသနာ့တာဝန်ကို အမြဲထမ်းဆောင်နေသော ပုဂ္ဂိုလ်များကို ဆည်းကပ်ကိုးကွယ်၍ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးတို့ဖြင့် ထောက်ပံ့လှူဒါန်းနေသူတို့အဖို့ “ငါတို့သည် တရားရော သံဃာပါ တစ်ချက်ခုတ် နှစ်ချက်ပြတ် အမြဲပူဇော်...

စာမျက်နှာ-167


နေရပေသည်” ဟု မှန်ကန်သော ပူဇော်နည်းဖြင့် တရားတော်ကို ပူဇော်တတ်သော သာသနာ့ဒါယကာ၊ သာသနာ့ဒါယိကာမအဖြစ် ဂုဏ်ယူဝမ်းမြောက်နိုင်ကြပါစေသော်။

တရားတော်ကို ဘုရားရှင်ကိုယ်တိုင် ပူဇော်တော်မူခဲ့ခြင်း

ဘုရားရှင်၏ တရားတော်မှန်က “သွာက္ခာတ” စသော ဂုဏ်ခြောက်ပါးနှင့် ပြည့်စုံ၏။ ယင်းဂုဏ်ခြောက်ပါးနှင့် မပြည့်စုံလျှင် ဘုရားရှင်၏ တရားမဟုတ်၊ ဘုရားမဟုတ်သူ ဘုရားအတုတို့၏ တရားအတုသာ ဖြစ်၏။ ထို့ကြောင့် တရားစစ် မစစ်၊ မှန် မမှန် ဂုဏ်ခြောက်တန်ဖြင့် တိုက်ဆိုင်စစ်ဆေးကြည့်က သိနိုင်၏။ တကယ် တရားမစစ် တရားမမှန်က ဂုဏ်ခြောက်တန်ဖြင့် မှတ်ကျောက်တင် အစစ်အဆေးခံနိုင်မည် မဟုတ်ပါ။

“သွာက္ခာတ” စသော ဂုဏ်ခြောက်တန်ဖြင့် မှတ်ကျောက်တင် အစစ်အဆေးခံနိုင်သော ဘုရားရှင်၏ တရားတော်အစဉ်တို့ကား လိုက်နာကျင့်ကြံ ပူဇော်ကြသူများအဖို့ ဓမ္မရသကို လက်တွေ့သုံးဆောင် ခံစားကြရ၏။ ပညာရှိအသီးသီးတို့ အမျိုးမျိုးကွဲပြားကြသော်လည်း ဓမ္မသဘောကို သိမြင်နားလည်ကြရာ၌ ထပ်တူထပ်မျှ တူညီကြ၏။ ယုံမှားမှုကို လွန်မြောက်နိုင်ကြ၏။ တရားတော်အပေါ်၌ မမှိတ်မသုန် ယုံကြည်မှုကြောင့် လူတိုင်းအား ဖိတ်ခေါ်၍ ပြချင်လောက်အောင် မွန်မြတ်ကောင်းမွန်၏။

ယင်းသို့သော ဂုဏ်အင်္ဂါအရည်အချင်းတို့နှင့် ပြည့်စုံသော တရားတော်မြတ်ကို မပြတ်မလပ် ဆည်းကပ်ကိုးကွယ် ပူဇော်သူတို့မှာ “ရာဂ၊ ဒေါသ၊ မောဟ” စသော ကိလေသာအပူမီးတို့ အပြီးသိမ်းဆည်း၍ ငြိမ်းအေးရာအမှန် အမတနိဗ္ဗာနရသကို ကောင်းစွာ သုံးဆောင်ခံစားနိုင်ကြမည် အမှန်ဖြစ်ပါသည်။ ဤ၌ ဘုရားရှင်ကိုယ်တော်တိုင်သည်ပင် မိမိသိပြီးသား တရားတော်ကိုသာ မှီခိုစရာ ဆရာအဖြစ်ထား၍ အကြိမ်ကြိမ်အထပ်ထပ် မပြတ်မှီဝဲ ပူဇော်ခဲ့ပုံ သာဓကကို ဆက်လက်တင်ပြထားပါသည် —

“ဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ငါးပတ်မျှအကြာ ‘အဇပါလ သတ္တာဟ’ ၌ စံနေတော်မူစဉ် — လောက၌ ရိုသေကိုင်းညွတ်ဖို့ရာ အကြီးအကဲမရှိဘဲ နေခြင်းသည် မသင့်လျော်ချေ၊ ဆင်းရဲအတိဖြစ်၏။ ငါသည် အဘယ်မည်သောသူကို အရိုအသေ အလေးအမြတ်ပြု၍ ဆည်းကပ်နေရပါမည်နည်း ဟု ဆင်ခြင်စဉ်းစားတော်မူရာ လောကသုံးပါးတွင် ဘုရားရှင်၏ ဆည်းကပ်ရိုသေမှု ခံနိုင်မည့်သူ (ဆရာတင်လောက်သူ) ကို တစ်ဦးတလေမျှပင် မြင်တော်မမူပါ၊ တန်းတူရည်တူသူများကိုလည်း မြင်တော်မမူပါ။

စာမျက်နှာ-168


ထိုအခါ — ကိုယ်တော်တိုင် ထိုးထွင်းသိမြင်အပ်ပြီးသော တရားတော်ကိုပင် မှီခိုအားထားရာ ဆရာတစ်ဆူပြု၍ အကြိမ်ကြိမ်အထပ်ထပ် မပြတ်မှီဝဲ ပူဇော်နေရတော့မည် ဟု ကြံတော်မူကာ တရားတော်ကိုသာ အရိုအသေ အလေးအမြတ်ပြု၍ ပူဇော်နေတော်မူသည်။ ရှေးရှေးဘုရားရှင်တို့လည်း တရားတော်ကိုသာ အရိုအသေ အလေးအမြတ်ပြု၍ ပူဇော်နေတော်မူခဲ့သည်ကို မြင်တော်မူ၏။ (သံ၊ ၁၊ ၁၄၀။ အံ၊ ၁၊ ၃၂၇။ ဗုဒ္ဓဝင်၊ ဒု-တွဲ၊ ၃၇)

ဤသာဓကအရ ဘုရားရှင်ကိုယ်တော်တိုင်သည်ပင် မှီခိုအားထားရာ ဆရာတစ်ဆူပြု၍ အရိုအသေ အလေးအမြတ်ထားကာ ပူဇော်နေခဲ့သော တရားတော်များကို အမြဲမပြတ် မှီဝဲဆည်းကပ် ပူဇော်နေခြင်းဖြင့် ဒုက္ခဟူ၍ မြူမျှပင် မရောယှက်သော အမြတ်ဆုံးချမ်းသာ သန္တိသုခနိဗ္ဗာနဓာတ်ကြီးကို မျက်မှောက်ထင်ထင် သိမြင်သုံးဆောင်နိုင်ကြပါစေ။ ထို့ပြင် တရားတော်ကို ပြက်ချော်ချော် ဟောပြောပို့ချခြင်း၊ အသက်မွေးဝမ်းကျောင်းမှုတစ်ခုကဲ့သို့ လာဘ်ငွေယူ၍ အလှူခံဟောပြောပို့ချခြင်း၊ သင်ကြားနာယူသူတို့ကလည်း ပေါ့ပေါ့လျော့လျော့ နာယူခြင်း၊ နာယူစဉ် စကားပြော အိပ်ငိုက်လျက်ရှိခြင်း၊ လုံးဝမနာယူခြင်း စသော တရားတော်ကို မရိုမသေပြုသည့် စက်ဆုပ်ဖွယ်ကောင်းသော (ဓမ္မအဂါရဝ) အမှုများကို လုံးဝရှောင်ရှား၍ သာသနာတော် ဆုတ်ယုတ်ပျက်ပြားစေမည့် ဘေးမှ တားဆီးကာကွယ်ပေးနိုင်ကြပါစေ။

ဘုရားရှင်ကိုယ်စား တရားတော်များအပေါ် အလေးထားပူဇော်သင့်ခြင်း

“ဘုရား” ဟူသည် တရားကိုမသိမီ တရားမရှိမီက ဘုရားဖြစ်နေသည်မဟုတ်၊ သိဒ္ဓတ္ထမင်းသားသာလျှင် ဖြစ်၏။ သစ္စာလေးပါးတရားကို မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဖြင့်သိ၍ ထူးခြားသော သီလ၊ သမာဓိ၊ ပညာ၊ သဗ္ဗညုတဉာဏ်၊ မဟာကရုဏာဉာဏ် စသည်တို့ ရှိလာသည့်အချိန်မှစ၍ “ဂုဏ်ကိုးပါးအရှင် ဘုရားသခင်” ဟူ၍ လောကသုံးပါးတွင် ထင်ရှားဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဘုရားရှင်သည် မိမိကိုယ်တော်တိုင် ထိုးထွင်းသိပြီးသော (ဝါ) မိမိအား ဘုရားအဖြစ်သို့ ရောက်စေခဲ့သော တရားတော်များကို မှီခိုအားထားရာအဖြစ် အကြိမ်ကြိမ်အထပ်ထပ် မပြတ်မှီဝဲ ပူဇော်နေခဲ့ပါသည်။

ဘုရားရှင်သည် မိမိတစ်ပါးတည်းသာ တရားတော်ကို အမြဲမပြတ် ပူဇော်နေခဲ့သည်မဟုတ်၊ မိမိ၏ တပည့်သာဝကများကိုလည်း (ပုဂ္ဂိုလ်ကိုးကွယ်ဆည်းကပ်မှုကို ဦးစားမပေးဘဲ) မိမိ (ဘုရားရှင်) ကဲ့သို့ပင် တရားတော်ကိုသာ ဦးစားပေး၍ အမြဲမပြတ် မှီဝဲဆည်းကပ် ပူဇော်နေကြရန် တိုက်တွန်းမိန့်ကြားတော်မူခဲ့ပါသည်။
၁။ သံ၊၁။၁၄၀။ အံ၊၁။၃၂၇။ ဗုဒ္ဓဝင်၊ ဒု-တွဲ။ ၃၇။

စာမျက်နှာ-169


“ရဟန်းတို့... ငါ၏သင်္ကန်းစွန်းကို ကိုင်ဆွဲ၍ ထက်ကြပ်မကွာ ခြေရာနင်းလျက် ငါ၏နောက်မှ လိုက်ပါသော်လည်း အလိုရမ္မက်ကြီးသူ၊ ကာမအာရုံတို့၌ တပ်မက်အားကြီးသူ၊ စိတ်ဆိုးစိတ်ပျက်သူ၊ ဖျက်လိုဖျက်ဆီးစိတ်ရှိသူ၊ သတိလွတ်သူ (အမှတ်မဲ့နေသူ)၊ အဆင်ခြင်ဉာဏ်မရှိသူ၊ တည်ငြိမ်မှုမရှိ (မျောက်ကဲ့သို့) စိတ်ယောက်ယက်ခတ်သူ (တုန်လှုပ်သူ)၊ ဣန္ဒြေမရှိသူ၊ ပြကတေ့သွင် ပေါ်လွင်သော အမူအရာရှိသူ ဖြစ်ငြားအံ့။

ထိုရဟန်းသည် ငါဘုရားနှင့် ဝေးသူမည်၏။ ငါဘုရားသည်လည်း ထိုရဟန်းနှင့် ဝေးသူမည်၏။ ရဟန်းတို့... အဘယ့်ကြောင့်နည်းဟူမူ — ထိုရဟန်းသည် စင်စစ် တရားတော်ကို (မြင်အောင် မကျင့်ကြံ မကြည့်၍) မမြင်၊ တရားတော်ကို မမြင်သူသည် ငါဘုရားကို မမြင်နိုင်သောကြောင့်ပင်တည်း။ (ဣတိဝုတ်၊ သင်္ဃာဋိကဏ္ဏသုတ်၊ ၂၅၆)။

ဘုရားရှင်သည် ဖော်ပြခဲ့ပြီးသော နည်းအတိုင်းပင် “အရှင်ဝက္ကလိ” မထေရ်ကိုလည်း မိန့်တော်မူခဲ့ဖူးပါသည်။ (ဓမ္မ၊ ဋ္ဌ၊ ၂၊ ၃၈၀)။ ဘုရားရှင်၏ တရားတော်အပေါ် အလေးထားမှုမှာ ဤမျှသာမဟုတ်ပါ။ နောက်ဆုံး ပရိနိဗ္ဗာန်စံလုနီးအချိန်သို့ ရောက်သောအခါ၌ပင် သာသနာတော်ကို အရှည်ခန့်၍ တည်တံ့ထွန်းကားရေးကို ရှေးရှုလျက် မိမိ (ဘုရားရှင်) ၏ ကိုယ်တော်စားအဖြစ် တပည့်သာဝက ရဟန်းတော်တစ်ပါးပါးကိုမျှ ထားရစ်တော်မူခြင်းမရှိဘဲ တရားတော်ကိုသာ မိမိ (ဘုရားရှင်) ၏ ကိုယ်တော်စား ဘုရားအဖြစ် ထားတော်မူခဲ့ကြောင်း (မဟာပရိနိဗ္ဗာနသုတ်၌) အရှင်အာနန္ဒာအား ကိုယ်တော်တိုင် မိန့်မြွက်တော်မူခဲ့ပါသည်။

“ချစ်သား အာနန္ဒာ... ငါဘုရားသည် သုတ်နှင့်အဘိဓမ္မာတရားတော်ကိုလည်း ဟောတော်မူပြီးခဲ့ပြီ၊ ဝိနည်းတရားတော်ကိုလည်း ပညတ်တော်မူပြီးခဲ့ပြီ။ ထိုသုတ်၊ အဘိဓမ္မာ၊ ဝိနည်း (ပိဋကသုံးပုံ) တရားတော်များသည် ငါဘုရား ပရိနိဗ္ဗာန်စံ၍ မရှိတော့သည့်အခါ သင်ချစ်သားတို့အတွက် ဘုရားအဆူဆူဖြစ်၍ ကျန်ရစ်လိမ့်မည်၊ တရားတော်ကို ဘုရားအဖြစ် မှီဝဲပူဇော်နေရစ်ကြ” ဟု မိန့်တော်မူလိုရင်း ဖြစ်ပါသည်။

ဤစကားတော်များအရ ဘုရားရှင်သည် ပုဂ္ဂိုလ်ရေးအလေးထား ကိုးကွယ်ဆည်းကပ်မှုကို လုံးဝလိုလားတော်မမူဘဲ တရားတော်ကို အလေးထား ကိုးကွယ်ဆည်းကပ်မှုကိုသာ လိုလားတော်မူကြောင်း ထင်ရှားပေါ်လွင်လျက် ရှိပါသည်။ ထို့ကြောင့် ဘုရားရှင်၏ အလိုတော်ကျ ဂုဏ်တော်ခြောက်တန်နှင့် အမှန်...

စာမျက်နှာ-170


ပြည့်ဝသော တရားတော်များကို ဟောပြောပို့ချ ညွှန်ကြားပြသခြင်း၊ သင်ကြားနာယူ မှတ်သားလိုက်နာခြင်း၊ ကျင့်ကြံပွားများ အားထုတ်ခြင်းတို့ဖြင့် အကြိမ်ကြိမ်အထပ်ထပ် အထူးအလေးထား၍ မပြတ်မှီဝဲပူဇော်သင့်ကြပါသည်။

ယခုအခါ ဘုရားရှင် သက်တော်ထင်ရှား (ပုဂ္ဂလဗုဒ္ဓ) မရှိတော့သဖြင့် ဘုရားရှင်၏ သပ္ပါယ်သော အဆင်းကိုလည်း ဖူးမြင်နိုင်ခွင့်မရှိ၊ သာယာသော အသံတော်နှင့် ဂုဏ်သတင်းကိုလည်း ကြားနာနိုင်ခွင့်မရ၊ ခြိုးခြံသော အကျင့်ကိုလည်း ကိုယ်တိုင်ကိုယ်ကျ တွေ့နိုင်ကြသည်မဟုတ်၊ ဘုရားရှင်ဟောကြားထားတော်မူခဲ့သော တရားတော်များ (ဓမ္မဗုဒ္ဓ) ကိုသာ စံထားနိုင်သော ခေတ်ဖြစ်၍ ဘုရားရှင်ကိုယ်စား တရားတော်များအပေါ် အထူးအလေးအနက်ထားကာ မပြတ်မှီဝဲ ပူဇော်သင့်ကြပါသည်။

တရားတော်၏ အကျိုးရလဒ်များ

တရားတော်ကို ပူဇော်ခြင်းဟူသည် အခြားမဟုတ်၊ တရားတော်အတိုင်း ဟောပြောပို့ချ ညွှန်ကြားပြသခြင်း၊ သင်ကြားနာယူ မှတ်သားလိုက်နာခြင်း၊ ကျင့်ကြံပွားများအားထုတ်ခြင်းတို့ ဖြစ်၏။ ယင်းသို့ တရားတော်ကို အမြဲမပြတ် မှီဝဲပူဇော်ဆည်းကပ်နေသူတို့သည် နေ၏အပူဒဏ်ကို မိမိဆောင်းသော ထီးက အကာအကွယ်ပေး၍ ငြိမ်းအေးစေသကဲ့သို့ တရားတော်၏ ပြန်လည်စောင့်ရှောက်မှုအကျိုးကို ကောင်းစွာ ရနိုင်၏။ တရားတော်အလှူပေးခြင်းသည် မသေဆေးကို တိုက်ကျွေးသည်နှင့်တူ၏။ မသေရာ နိဗ္ဗာန်သို့ ရောက်ရာရောက်ကြောင်း အထောက်အပံ့ကောင်း ဖြစ်နိုင်၏။ တရားတော်ကို သင်ယူမှတ်သား နာကြားရသူတို့အဖို့ကား ကြားနာရုံမျှဖြင့်ပင် —

(၁) မကြားဖူးသည်ကို ကြားနာရခြင်း။
(၂) ကြားဖူးပြီးသောအရာများ ထပ်မံ၍ ရှင်းလင်းခြင်း။
(၃) ယုံမှားမှုမှ ကင်းလွတ်ခြင်း။
(၄) အယူအမြင် ဖြောင့်မှန်ခြင်း။
(၅) စိတ်ကြည်လင်ခြင်း။

ဟူသော အကျိုးငါးပါးကို လက်ငင်းဒိဋ္ဌ ရနိုင်ပြီး သေလွန်သောအခါ နတ်ရွာသုဂတိသို့ ရောက်နိုင်၏ (အံ၊ ၂၊ ဓမ္မဿဝနသုတ်၊ ၂၁၆)။ တရားတော်ကို ကျင့်ကြံပွားများအားထုတ်လျှင်... တရား
၁။ အံ၊၂၊ဓမ္မဘာဝနသုတ်။ ၂၁၆။

စာမျက်နှာ-171


ဂုဏ်ထူးများရ၍ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာ နိဗ္ဗာနဓာတ် ချမ်းသာမြတ်ကို တပ်အပ်သေချာ ရရှိခံစားနိုင်ကြ၏။ အထူးသဖြင့် ဘုရားရှင် ဟောကြားတော်မူသော ဗောဇ္ဈင်တရားဖြင့် အရှင်မဟာကဿပနှင့် အရှင်မောဂ္ဂလ္လာန်တို့ ပြင်းထန်သော ဝေဒနာမှ ပျောက်ကင်းမှုအကျိုးကို ရခဲ့ကြ၍ အရှင်စုန္ဒမထေရ် ရွတ်ပွားသော ဗောဇ္ဈင်တရားဖြင့် ဘုရားရှင်ကိုယ်တော်တိုင်လည်း ပြင်းထန်သော ဝေဒနာမှ ချက်ချင်းလက်ငင်း အမြစ်ပြတ် ပျောက်ကင်းမှုအကျိုးကို ရတော်မူခဲ့ပါသည်။ ဤအကျိုးတရားများကို တကယ်ရနိုင် မရနိုင် မယုံလျှင် “ဧဟိ = လာစမ်းပါ လိုက်ခဲ့စမ်းပါ၊ ပဿိက = ရှုကြည့်စမ်းပါ ကျင့်ကြည့်စမ်းပါ” ဟု ရဲရဲတောက် ဖိတ်ခေါ်ထိုက်သော တရားတော်များ ဖြစ်ပါသည်။

တရားတော်အလှူ၏ မြင့်မြတ်ပုံအကြောင်း

“ဓမ္မဒါန = တရားအလှူ” ဟူသည် မိမိတို့ တတ်သမျှ မှတ်သမျှ တစ်ဆင့်ပြန်လည်၍ ဟောပြော သင်ကြား ရေးသား ညွှန်ပြခြင်း၊ စာပေကျမ်းဂန်များကို သင်ကြားပို့ချခြင်း၊ တရားတော်နှင့်ဆိုင်ရာ ပြဿနာကို ဖြေရှင်းခြင်းနှင့် ကမ္မဋ္ဌာန်းတရားကို ညွှန်ကြားပြသခြင်း စသည့် (ဓမ္မဒေသနာ) လုပ်ငန်းများ ဖြစ်၏။ ယင်းသို့ ပြုခြင်းသည် တရားတော်ကို ပူဇော်ခြင်း (ဓမ္မပူဇာ) လည်း မည်၏။ ဤဓမ္မဒါန ဓမ္မပူဇာ ကုသိုလ်များ၏ အကျိုးတရား ထူးခြားကြီးမြတ်ပုံကို ကျမ်းဂန်တို့၌ ဖော်ပြလတ္တံ့ပါအတိုင်း ပြဆိုထားပါသည် —

“စကြဝဠာတစ်ခုလုံးပြည့် ဗြဟ္မာ့ပြည်တိုင်အောင် သီတင်းသုံးတော်မူကြသည့် ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာပုဂ္ဂိုလ်တို့အား အဝတ်သင်္ကန်းများ အစေ့အငှ ပေးလှူစေကာမူ ယင်းအလှူထက် အစည်းအဝေးတစ်ခု (တရားပွဲတစ်ခု) ၌ လေးပါဒရှိ တစ်ဂါထာ အနုမောဒနာ တရားအလှူကပင် သာလွန်မြင့်မြတ်သည်။ တစ်ဆယ့်ခြောက်စိတ် တစ်စိတ်ပင် မမီနိုင်။

ဒါနပြုသူဟူသမျှ တရားတော်ကို နာကြရ၍သာ ဒါနပြုကြကုန်၏။ အရှင်သာရိပုတ္တရာ စသော မထေရ်မြတ်တို့သည်လည်း မိမိတို့သဘောအလျောက် သောတာပတ္တိဖိုလ်စသည်တို့ကို ရကြသည်မဟုတ်၊ အရှင်အဿဇိ စသော မထေရ်တို့၏ ဓမ္မဒေသနာကြောင့်သာ ရကြပေသည်” (ဓမ္မပဒ၊ ဋ္ဌ၊ ၂၊ ၃၅၂)။
၃။ ထိ၃၇၃။

စာမျက်နှာ-172


တရားတော်နာရ၍ သောကအပူမီးများ ငြိမ်းပျောက်ရသော မင်းတစ်ပါး
တရားနာခြင်း အကျိုးငါးပါးတွင် “စိတ်ကြည်လင်ခြင်း” အကျိုးမှာ လွန်စွာအရေးပါလှ၏။ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆွေရေးမျိုးရေး စသည်တို့ကြောင့် စိတ်မချမ်းမသာဖြစ်၍ စိတ်ညစ် စိတ်နောက် မသောက ရောက်နေသောအခါကား တရားနာရန် အထူးသင့်လျော်သော အခါတည်း။ ပကတိသောရေသည် ပကတိသော အပူမီးကို ငြိမ်းအေးစေနိုင်သကဲ့သို့ တရားတည်းဟူသော ရေစင်ရေအေးသည် သောက၊ ပရိဒေဝ စသော အပူမီးများကို ငြိမ်းသတ်ပေးနိုင်၏။ တရားရေစင်ကို နားတွင် ကြားနာလိုက်ရုံဖြင့် သောက၊ ပရိဒေဝ စသော အပူမီးတွေ တစ်ခဏချင်း ငြိမ်းအေးပျောက်ကင်းနိုင်၏။ ဤ၌ တရားတော်နာရ၍ သောကအပူမီးများ ငြိမ်းပျောက်ရသော မင်းတစ်ပါးအကြောင်းကို ဆက်လက်ဖော်ပြထားပါသည် —

“အရှင်နာရဒ” မထေရ်သည် “ပါဋလိပုတ်” ပြည်၌ သီတင်းသုံးစဉ် “မုဏ္ဍမင်း” ၏ ချစ်မြတ်နိုးအပ်သော မိဖုရား “ဘဒ္ဒါ” စုတေခဲ့၏။ “မုဏ္ဍမင်း” သည် ရေမချိုး၊ မဖီးမလိမ်း၊ အစာမစား၊ အလုပ်မလုပ် နေ့ရောညဉ့်ပါ “ဘဒ္ဒါ” ၏ အလောင်း၌သာ နစ်မျောနေခဲ့၏။

“ဘဒ္ဒါ” ၏ အလောင်းကို ကြာမြင့်စွာ မြင်ရအောင် သံဖြင့်ပြီးသော ဆီစကျင်း၌ ထည့်သွင်းကာ အပေါ်က သံစကျင်းဖြင့် အုပ်ထားရန် ဘဏ္ဍာစိုး “ပိယက” အား အမိန့်ပေးရာ ထိုအတိုင်း ပြုလုပ်ပေး၏။ ထို့နောက် မင်းကြီး သောကပျောက်ဖို့အတွက် အရှင်နာရဒမထေရ်ထံ ဆည်းကပ်ရန် အကြံပေးလျှောက်ထားရာ မင်းကြီးလည်း သဘောတူ လက်ခံကာ အရှင်နာရဒမထေရ်ထံမှောက် ရောက်လာလေ၏။

အရှင်နာရဒက။ ။ “မင်းကြီး... လောက၌ ရဟန်း၊ ပုဏ္ဏား၊ နတ်၊ ဗြဟ္မာ ဘယ်သူမျှ မရကောင်းသော အရာဌာန ငါးမျိုးရှိ၏။ ငါးမျိုးမှာ အိုခြင်းသဘောရှိသောအရာ၊ နာခြင်းသဘောရှိသောအရာ၊ သေခြင်းသဘောရှိသောအရာ၊ ကုန်ခန်းတတ်သောသဘောရှိသောအရာ၊ ပျက်စီးတတ်သောသဘောရှိသောအရာတို့ ဖြစ်၏။ ထိုအရာတို့ကို ‘မအို၊ မနာ၊ မသေ၊ မကုန်ခန်း၊ မပျက်စီးပါနှင့်’ ဟု ဘယ်သူမျှ တားမြစ်၍ မရကောင်း” ဟု ဟောတော်မူ၏။

ထို့နောက် ပုထုဇဉ်နှင့် အရိယာတို့ ထိုသဘောမျိုး တွေ့ကြုံရသောအခါ မတူကွဲပြား ခြားနားပုံကို ဆက်လက်ဟောပြတော်မူ၏။

စာမျက်နှာ-173


ပုထုဇဉ်သည် မိမိနှင့် ပတ်သက်သောအရာဝတ္ထုတို့ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ကုန်ခန်းခြင်း၊ ပျက်စီးခြင်းတို့နှင့် ကြုံရသောအခါ “ဤအိုခြင်း၊ နာခြင်းစသည်မှာ ငါတစ်ယောက်သာ ကြုံရသည်မဟုတ်၊ အားလုံးကြုံရသည်ချည်း ဖြစ်၏။ ငါက စိုးရိမ်ပူဆွေး ငိုကြွေးနေလျှင် အစားပျက်၊ အလုပ်ပျက်၊ ရုပ်ဆင်းပျက်ရုံသာ၊ ရန်သူတွေ ဝမ်းသာအားရ၊ မိတ်ဆွေတွေ ဝမ်းနည်းစိတ်မကောင်း ဖြစ်ကြလိမ့်မည်” ဟု မစဉ်းစားတတ်၍ စိုးရိမ်ပူဆွေး ငိုကြွေးကြရ၏။ စိုးရိမ်ပူဆွေး ငိုကြွေးခြင်းဖြင့် အဆိပ်လူးထားသော သောကငြောင့်ကြီး အစူးခံကြရ၏။

အရိယာတို့ကား စဉ်းစားတတ်၍ မစိုးရိမ်၊ မပူဆွေး၊ မငိုကြွေးကြဘဲ သောကငြောင့်ကြီးကို နုတ်ပစ်နိုင်ကြ၏။

သောကငြောင့်ကြီးစူး၍ ပုထုဇဉ်မှာ ပူရ၏။ သောကငြောင့်စူးခြင်းမှ လွတ်ကင်း၍ အရိယာမှာ ငြိမ်းအေးရသည်။

ဤတရားကို “မုဏ္ဍမင်းကြီး” ကြားနာရသောအခါ “ဒါ ဘာတရားပါလဲ” ဟု မေးလျှောက်၏။ “သောကငြောင့်နုတ်တရား” ဟု မိန့်ကြားသော် “တကယ်ပဲ သောကငြောင့်နုတ်တရားပါဘုရား၊ ဤတရား ကြားနာရသည့်အတွက် တပည့်တော်၏ သောကငြောင့်ကြီး နုတ်ပယ်ပြီးဖြစ်ပါပြီ” ဟု လျှောက်ပြီးနောက် ဘဏ္ဍာစိုး “ပိယက” အား အမိန့်ပေးသည်မှာ — “ဘဒ္ဒါ၏အလောင်းကို မီးသင်္ဂြိုဟ်လိုက်တော့၊ ငါ ယနေ့မှစ၍ ရေချိုး၊ နံ့သာလိမ်း၊ ပွဲတော်သုံး၍ အလုပ်လုပ်တော့မည်” ဟူ၍ ဖြစ်၏။ (အံ၊ ၂၊ နာရဒသုတ်၊ ၅၀ ၌ အကျယ်ကြည့်ပါ။)

ဤသာဓကလာ “မုဏ္ဍမင်းကြီး” ကို အစထား၍ ဘုရားရှင်၏ တရားတော်အကြောင်းကို ကောင်းကောင်းသိသူ၊ တရားတော်ကို နာရ၍ သောက၊ ပရိဒေဝ အပူမီးများ ငြိမ်းအေးခွင့်ရသူ အဘယ်လူ၊ အဘယ်နတ်၊ အဘယ်ဗြဟ္မာ၊ အဘယ်သတ္တဝါတို့သည် အဘယ်မှာလျှင် တရားတော်ကို မဆည်းကပ် မကိုးကွယ် မပူဇော်ဘဲ နေနိုင်ပါအံ့နည်း။ စွမ်းနိုင်သမျှ ဟောပြောသင်ပြခြင်း၊ သင်ကြားနာယူခြင်း၊ ကျင့်ကြံခြင်းတို့ဖြင့် တရားတော်များ တည်တံ့ပြန့်ပွား ထွန်းကားရန် ယုံကြည်လေးမြတ် အသက်အပ်၍ ဆည်းကပ်မြတ်နိုး အမျိုးမျိုး ပူဇော်ထိုက်လှပါသည်။

စာမျက်နှာ-174


ဖားတစ်ကောင်အကြောင်း

ယင်းနေရာတွင် တရားတော်ကို ကြားနာရ၍ သေသည်၏ အခြားမဲ့၌ နတ်သားဖြစ်သွားသော ဖားငယ်တစ်ကောင်အကြောင်းကို ဆက်လက်ဖော်ပြထားပါသည် —

မြတ်စွာဘုရားရှင်သည် ရဟန်းအပေါင်းခြံရံလျက် စမ္ပာပြည်၊ ဂက္ခရာရေကန်အနီးရှိ ကျောင်းတိုက်ကြီးတွင် သီတင်းသုံးကာ ဝေနေယျသတ္တဝါအပေါင်းတို့အား တရားဒေသနာတော် ဟောကြားတော်မူလေသော် ယနေ့ ညနေချမ်း တရားနာသော ဖားငယ်တစ်ကောင်ကို အမှူးပြု၍ သတ္တဝါအပေါင်း ရှစ်သောင်းလေးထောင်တို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြပေလိမ့်မည်ဟု ဆင်ခြင်တော်မူလေသည်။

တရားပွဲသို့ လူတို့သည် လာရောက်ကြသလို ဖားငယ်တစ်ကောင်သည်လည်း ရေကန်မှတက်၍ “ဤအသံကား ဘာအသံဖြစ်သနည်း” ဟု တရားသံ၌ အာရုံနိမိတ်ရှိလျက် အသံတော်နှင့်စပ်လျက် နာယူနေသည်။

တိရစ္ဆာန်ဖြစ်သဖြင့် လူတို့ကဲ့သို့ တရားသဘောကို နှစ်နှစ်ကာကာ အာရုံမပြုနိုင်သော်လည်း “ဤအသံကား ဓမ္မသံ၊ ဤအသံကား အဓမ္မသံ” ဟု ခွဲခြားနိုင်သော သဘောမျိုးဖြင့် စူးစိုက်နာယူနေခြင်း ဖြစ်၏။

ထိုစဉ် နွားကျောင်းသားတစ်ယောက်သည် ထိုအရပ်သို့ လာလေရာ မြတ်စွာဘုရားရှင် တရားဟောနေတော်မူသည်ကိုလည်းကောင်း၊ ဖားငယ်ကလေးသည် အသံတော်ကို သာလွန်ငြိမ်းချမ်းစွာ တရားနာနေသည်ကိုလည်းကောင်း မမြင်ဘဲ ဘုရားရှင်နှင့် တရားနာပရိသတ်သို့ စိတ်အာရုံရောက်နေသဖြင့် မိမိလက်၌ကိုင်ထားသော (နွားမောင်းတံ) ကို မြေပြင်၌ အမှတ်မဲ့ ရပ်တည်လေလျှင် ဖားငယ်ကိုမကြည့်မိဘဲ ဖားငယ်၏ ဦးခေါင်းပေါ်၌ ထောက်ဖိ၍ ရပ်တည်မိလေ၏။

စာမျက်နှာ-175


ဖားငယ်သည် ထိုခဏမှာပင် သေလွန်၍ အိပ်စက်ရာမှ နိုးလာသောသူကဲ့သို့ တာဝတိံသာနတ်ပြည်၌ နတ်သားဖြစ်ရ၏။ တစ်ဆယ့်နှစ်ယူဇနာရှိသော ရွှေဗိမာန်၌ နတ်သမီးအပေါင်းခြံရံလျက် နတ်စည်းစိမ်ကို ခံစားနေရ၏။

ဖားနတ်သားသည် လူများအပေါင်း ကြည့်ရှုနေစဉ် ထိုခဏမှာပင် များစွာသော နတ်သမီးအခြံအရံ၊ ကြီးစွာသော နတ်အာနုဘော်ဖြင့် ဘုရားရှင်ထံမှောက် လာရောက်၍ အကြောင်းစုံကို လျှောက်ထားပြီးနောက် ဘုရားရှင်ထံမှ အကျယ်ဟောပြသော တရားဒေသနာကို နာကြားခဲ့ရာ သတ္တဝါအပေါင်း ရှစ်သောင်းလေးထောင်တို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြကာ ဖားနတ်သားမှာ သောတာပန်အဖြစ်သို့ ရောက်လေသည် (ဝိမာန၊ ၂၀၁။ ဝိ၊ ဋ္ဌ၊ ၁၊ ၉၄)။ တရားတော်၏ အကျိုးအာနိသင်ကား အံ့ဖွယ်ရှိစွတကား။

တရားဂုဏ်တော်ဖွင့် ပြီး၏။

စာမျက်နှာ-176


သံဃာဂုဏ်တော် ကိုးပါး

၁။ သုပ္ပဋိပန္နဂုဏ်တော်

သုပ္ပဋိပန္န = (သု + ပဋိပန္န။ သု = ကောင်းစွာ + ပဋိပန္န = ကျင့်တော်မူသော သံဃာတော်။ “သုပ္ပဋိပန္န” ကို “သုပ်ပဋိပန်န” ဟု အသံထွက်ဖတ်ပါ။)

ဘုရားရှင်၏ တပည့်သာဝက သံဃာတော်အပေါင်းသည် ဘုရားရှင်၏ အဆုံးအမ သာသနာတော်ဝယ် ဆုံးမတော်မူသော တရားဟူသမျှကို ဆုံးမတော်မူသည့်အတိုင်း တစ်သဝေမတိမ်း လိုက်နာ၍ ကောင်းစွာ ကျင့်ကြံတော်မူသောကြောင့် “သုပ္ပဋိပန္န” ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူကြပါသည်။

ဤ၌ ဘုရားရှင်၏ အဆုံးအမတော်အတိုင်း မပယ်မလှန် ရိုသေစွာ နာခံသော ပုဂ္ဂိုလ်ကို မြန်မာလို “တပည့်”၊ ပါဠိလို “သာဝက” ဟု ခေါ်၏။ မြန်မာနှင့် ပါဠိတွဲ၍ “တပည့်သာဝက” ဟုလည်း သုံးကြ၏။

ယင်းတပည့်သာဝကများ၏ အစုအရုံး အသင်းအဖွဲ့ အပေါင်းအစုကို “သံဃာ” ဟု ခေါ်၏။ အယူဝါဒ၊ သီလ၊ သိက္ခာအားဖြင့် မကွဲမပြား တူညီကြသော ပုဂ္ဂိုလ်တို့၏ အပေါင်းအစုဟု ဆိုလို၏။ ယင်းသံဃာသည် မဂ်၊ ဖိုလ် တရားထူးကိုရ၍ အရိယာအဖြစ်သို့ ရောက်ပြီးသော “အရိယာသံဃာတော်”၊ အရိယာအဖြစ်သို့ မရောက်သေးသော “ပုထုဇဉ်သံဃာတော်” ဟူ၍ နှစ်မျိုးကွဲပြား၏။ ထိုတွင် အရိယာသံဃာကို “မုချသံဃာ၊ ပရမတ္ထသံဃာ” ဟု ခေါ်သည်။ ပုထုဇဉ်သံဃာကို “ပရိယာယသံဃာ၊ သမ္မုတိသံဃာ” ဟု ခေါ်သည်။ ပုထုဇဉ်သံဃာတော်များမှာ အရိယာသံဃာတော်များ ကျင့်သည့်အကျင့် သိက္ခာကို ဖြည့်ကျင့်နေခြင်း၊ ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် ရဟန်းအဖြစ် သိက္ခာတင်ပေးထားခြင်းဖြင့် သံဃာအဖြစ် သမုတ်ထားသောကြောင့် သမ္မုတိသံဃာဟု ခေါ်ပါသည်။

အရိယာသံဃာတော်သည် ကောင်းသော အကျင့်ကို ကျင့်ခြင်းဟူသော “သုပ္ပဋိပန္န” ဂုဏ်ကို အမြဲရနေ၏။ ပုထုဇဉ်သံဃာတော်ကား ထမင်းတကာ ကြိုးစား၍ ကောင်းသော အကျင့်ကို ကျင့်နိုင်သူသာ “သုပ္ပဋိပန္န” ဂုဏ်ကို ကောင်းစွာ ရနိုင်၏။ [ဤ၌ သံဃာဟူသည် အပေါင်းအစု ဆိုကာမျှဖြင့် ရဟန်းပုဂ္ဂိုလ်တို့၏ အပေါင်းမဟုတ်ဘဲ “သံဃာ” မဖြစ်နိုင်သလို သိက္ခာတင် သိမ်ဝင်မှုမရှိဘဲ လူသာမန်တို့က သမုတ်ကာမျှဖြင့်လည်း “သမ္မုတိသံဃာ” မဟုတ်သည်ကို သတိပြုပါ။]

စာမျက်နှာ-177


ကောင်းစွာ ကျင့်တော်မူခြင်း

“ကောင်းစွာ ကျင့်ခြင်း” ဟူသည် —
၁။ ဝိနည်းတော်၌ လာသော သိက္ခာပုဒ် သီလကို မကျိုးမပေါက်ရအောင် ကျင့်ခြင်း။
၂။ သမထဘာဝနာ ကမ္မဋ္ဌာန်းတစ်မျိုးမျိုးကို အားထုတ်သောအားဖြင့် “သမာဓိ စိတ်တည်ကြည်မှု” ရအောင် ကြိုးစားခြင်း။
၃။ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို အားထုတ်သောအားဖြင့် ရုပ်နာမ်ခန္ဓာအပေါ်၌ အသိမှန် အမြင်မှန် ပညာတရား တိုးပွားအောင် ကြိုးစားခြင်း။
ဤသုံးမျိုးကို ကျင့်နေခြင်း၊ ကြံစည်နေခြင်း၊ ကြိုးစားခြင်း၊ အားထုတ်ခြင်းပင် ဖြစ်၏။ ဤသို့ ကျင့်ကြံကြိုးကုတ် အားထုတ်ခြင်းကို “ပဋိပတ်” ဟူ၍ ခေါ်၏။

ထို့ပြင် ဘုရားရှင်၏ တပည့်သာဝက ရဟန်းသံဃာတော်များအတွက် ဘုရားရှင် ဟောပြောဆုံးမသည့် တရားတော်များကို နာယူခြင်း၊ မှတ်သားခြင်း၊ မမေ့အောင် ဆောင်ထားခြင်း၊ တစ်ဆင့်ဟောပြသောအားဖြင့် ပို့ချခြင်းစသော အလုပ်များလည်း ရှိ၏။ ဤသို့ သင်ယူမှတ်သား ဆောင်ထားခြင်းကို “ပရိယတ်” ဟူ၍ ခေါ်၏။ ထိုပရိယတ်အလုပ်ကို စိတ်ကောင်းစေတနာကောင်းဖြင့် ပြုလုပ်နေလျှင် လောဘ၊ ဒေါသ၊ မာန်မာန၊ ဣဿာ၊ မစ္ဆရိယ စသော အကုသိုလ်တရား အဖြစ်နည်းပါး၍ ကုသိုလ်တရား အဖြစ်များသောကြောင့် ကောင်းစွာ ကျင့်သည်မည်၏။

ဘုရားရှင်၏ အမိန့်တော်ကို ဆန့်ကျင်တော်မမူခြင်း

ဘုရားရှင်၏ တပည့်အစစ် ဖြစ်တော်မူကြသော အရိယာသံဃာတော်အပေါင်းသည် တရားသဖြင့် ဆုံးမတော်မူရာ ဘုရားရှင်၏ သာသနာတော်၌ သင့်လျော်အောင် ထုံးပြ၍ ဆုံးမအပ်သော အဆုံးအမ သာသနာကို လုံးဝဥဿုံ အကုန်အစင် လိုက်နာ၍ ကောင်းမွန်စွာ ကျင့်ကြံတော်မူကြပါသည်။ အနည်းငယ်မျှသော အပြစ်ကလေးကိုပင် အလွန်ကြီးသော အပြစ်ဟု ယူဆလျက် ရှောင်ကြဉ်တော်မူကြပါသည်။

ဝတ်ရည်သောက် ကျေးငှက် (သို့မဟုတ်) တိတ္ထိတူးငှက်မသည် မိမိ၏ အသက်ကိုမငဲ့ဘဲ အဥကို စောင့်ထိန်းသကဲ့သို့လည်းကောင်း၊ စာမရီသားသည် မိမိ၏ မြီးဆံကို စောင့်ထိန်းသကဲ့သို့လည်းကောင်း၊ သားတစ်ယောက်သာရှိသော မိခင်သည် တစ်ဦးတည်းသော သားချစ်ကို စောင့်ထိန်းသကဲ့သို့လည်းကောင်း၊ မျက်စိတစ်ဖက်သာရှိသူသည် ကျန်တစ်ဖက်ကို စောင့်ထိန်းသကဲ့သို့လည်းကောင်း၊ ထို့အတူ ဘုရားရှင် ပညတ်တော်မူထားသော သီလတော်များကို အစဉ်စောင့်ထိန်းသူ...

စာမျက်နှာ-178


အလွန်ချစ်ခင်သူ အခါခပ်သိမ်း ရိုသေလိုက်နာသူများ ဖြစ်တော်မူကြပါသည်။ ဤ၌ “အရှင်သာရိပုတ္တရာ၏ ထုံးသာဓက” မှာ လွန်စွာ မှတ်သားကြည်ညိုသဒ္ဓါပွားဖွယ် ကောင်းလှပါသည်။

“တရံရောအခါ အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် အရဟတ္တဖိုလ် ဝင်စား၍ အရှင်မောဂ္ဂလ္လာန် မထေရ်ကြီးနှင့်အတူ တောအုပ်တစ်ခု၌ သီတင်းသုံးနေတော်မူ၏။ တစ်နေ့သောအခါ အရှင်သာရိပုတ္တရာ မထေရ်မြတ်မှာ လေနာထ၍ ဆင်းရဲဒုက္ခရောက်နေရရှာ၏။

အရှင်မောဂ္ဂလ္လာန် မထေရ်ကြီးသည် ညနေချမ်းအချိန်တွင် အရှင်သာရိပုတ္တရာအား ပြုစုပေးရန် သတင်းမေး ရောက်လာရာ လျောင်းလျက်နေသော အရှင်သာရိပုတ္တရာမထေရ်ကို တွေ့ရ၏။

ရောဂါအခြေအနေကို မေးမြန်းပြီး “နောက်တုန်းက ဘယ်လို ဆေးဝါးမျိုးဖြင့် ချမ်းသာရာ ရဖူးသလဲ ငါ့ရှင်...” ဟု ဆက်လက် မေးမြန်းသောအခါ —

အရှင်သာရိပုတ္တရာက “လူ့ဘဝက မိခင်ဖြစ်သူ ချက်ကျွေးသော ထောပတ်၊ ပျား၊ သကာ၊ သကာစေးထားသည့် နို့ရည်သန့်သန့် ထမင်း (နို့ဃနာ) ဖြင့် ချမ်းသာရာ ရခဲ့ဖူးကြောင်း” ပြန်လည်ပြောပြလေသည်။

“ငါ့ရှင်... ဒီလိုဆို ကောင်းပြီ၊ အကယ်၍ ငါ့ရှင်အားလည်းကောင်း၊ ငါ့အားလည်းကောင်း ကံရှိခဲ့လို့ရှိလျှင် နက်ဖြန်ပင် ရှာဖွေရနိုင်လေမလား မသိဘူး” ဟု အရှင်မောဂ္ဂလ္လာန် မထေရ်ကြီးက အားပေးစကား ပြန်ကြားပြောဆို၏။

ထိုမထေရ်နှစ်ပါး (အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလ္လာန်) တို့၏ အပြန်အလှန် ပြောနေကြသော စကားအစုံကို အနီးရှိ သစ်ပင်စောင့်နတ် ကြား၍ “နက်ဖြန် အရှင်သာရိပုတ္တရာအတွက် နို့ရည်ဆွမ်း (နို့ဃနာ) ကို ရအောင် ငါလုပ်မည်” ဟု ကြံကာ မကြာခင်မှာပင် အရှင်သာရိပုတ္တရာ၏ ဆွမ်းဒါယကာအိမ်သို့ သွားပြီး သားကြီးဖြစ်သူကို ပူးဝင်နှိပ်စက်လေသည်။ “နက်ဖြန် အရှင်သာရိပုတ္တရာအတွက် နို့ရည်ဆွမ်း (နို့ဃနာ) ချက်ခဲ့လို့ရှိလျှင် လွှတ်ပေးမည်” ဟုလည်း ပြောသည်။

စာမျက်နှာ-179


ဆွမ်းဒါယကာ ဆွေမျိုးများက “ငါတို့ဟာ သင်မခိုင်းသော်လည်း မထေရ်အတွက် ဆွမ်းဝတ် အမြဲပြုနေသူများဖြစ်ကြောင်း” ပြောကြား၍ နောက်နေ့၌ နတ်ပြောသည့်အတိုင်း နို့ရည်ဆွမ်း (နို့ဃနာ) ကို စီမံကြသည်။

အရှင်မောဂ္ဂလ္လာန် မထေရ်ကြီးသည် နောက်နေ့စောစောသွား၍ အရှင်သာရိပုတ္တရာအား “ငါ့ရှင် သာရိပုတ္တရာ... ဆွမ်းခံရာမှ ငါပြန်လာသည်အထိ ဤအရပ်၌သာ စောင့်နေပါ” ဟု ပြောဆိုမှာကြားပြီး ရွာထဲသို့ ဆွမ်းခံဝင်တော်မူသည်။

အရှင်သာရိပုတ္တရာ၏ ဆွမ်းဒါယကာများလည်း ခရီးဦးကြိုဆို၍ အရှင်မောဂ္ဂလ္လာန်၏ သပိတ်ကိုယူပြီး နို့ဃနာဆွမ်းများ ပြည့်အောင်ထည့်၍ ပေးလှူကြသည်။ မထေရ်ကြီးက ပြန်ကြွမည့်အခြေအနေကို ပြသောအခါ ဆွမ်းဒါယကာများက “အရှင်ဘုရား... ဘုဉ်းပေးတော်မူပါ၊ အခြားတစ်ပါးသော နို့ဃနာဆွမ်းကိုလည်း လှူလိုက်ပါမည်” ဟု လျှောက်ထား၍ မထေရ်မြတ်ကြီးသည် နို့ဃနာဆွမ်း ဘုဉ်းပေးသည်။ ထို့နောက် နို့ဃနာဆွမ်းများကို သပိတ်အပြည့် ထပ်မံပေးလှူလိုက်သည်။

အရှင်မောဂ္ဂလ္လာန် မထေရ်ကြီးသည် ပြန်ကြွ၍ “ငါ့ရှင် သာရိပုတ္တရာ ဘုဉ်းပေးပါ” ဟု ဖိတ်ကြားဆက်ကပ်၏။ အရှင်သာရိပုတ္တရာ မထေရ်လည်း စိတ်တိုင်းကျ ချက်ပြုတ်ထားသော နို့ဃနာဆွမ်းများကို မြင်လေလျှင် ဘယ်အကြောင်းဖြင့် ဖြစ်သနည်းဟု ဆင်ခြင်ကြံဆတော်မူရာ ဤနို့ဃနာဆွမ်း ဖြစ်လာခြင်း၏ အကြောင်းရင်း ဇာစ်မြစ်ကို မြင်တော်မူပြီးလျှင် အရှင်မောဂ္ဂလ္လာန်အား “နို့ဃနာဆွမ်းသည် မသုံးဆောင်ထိုက်” ဟု မိန့်ကြားတော်မူ၏။

အရှင်မောဂ္ဂလ္လာန်လည်း “ငါလို မထေရ်တစ်ပါး ဆောင်ကြဉ်းလာသော ဆွမ်းကို မသုံးဆောင်ဘဲ ရှိရလေ” ဟု စိတ်တိုခြင်းမျှပင်မဖြစ်ဘဲ တစ်ခွန်းတည်းသော စကားဖြင့်ပင် သပိတ်ကို မျက်နှာဝ၌ကိုင်ပြီး သင့်တော်သော တစ်နေရာ၌ မှောက်သွန်ပစ်လိုက်လေသည်။ နို့ဃနာဆွမ်း မြေကြီးပေါ်မှာ တည်သည်နှင့်တစ်ပြိုင်နက် အရှင်သာရိပုတ္တရာမှာ လေနာပျောက်သွားလေသည်။ ထိုနေ့ ထိုအချိန်မှစ၍ ၄၅-နှစ်ပတ်လုံး နောက်ထပ် လေနာပေါ်မလာတော့ပါ။

စာမျက်နှာ-180


ထို့နောက် “ဝစီဝိညတ်ကို မှီပြီးဖြစ်လာသော (ဝါ) နှုတ်မြွက်မိခြင်းကြောင့် ဖြစ်လာသော နို့ဃနာဆွမ်းကို စားမိသည်ဖြစ်အံ့ — ငါ၏အသက်မွေးခြင်းသည် ကွဲလွဲအပ်သည်ဖြစ်ရာ၏။ ငါ၏အူခွေသည် ဆာလွန်းသည့်အတွက် အပြင်သို့ထွက်၍ အသက်ကို စွန့်ရစေကာမူ သမ္မာအာဇီဝဖြင့် အသက်မွေးခြင်းကို ငါမဖျက်ပေ” စသော ဥဒါန်းစကားများ ရဲရဲတောက် ကျူးရင့်မြွက်ကြားတော်မူခဲ့ပါသည် (ဝိသုဒ္ဓိ၊ ၁၊ ၃၉-၄၀)။

ဤသို့လျှင် ဘုရားရှင်၏ တပည့်အစစ် ဖြစ်တော်မူကြသော အရိယာသံဃာတော်အပေါင်းသည် အဆုံးအမတော်ကို လုံးဝလိုက်နာလျက် ကျင့်တော်မူကြ၏။ နောက်နောက် ဆရာအစဉ်အဆက်လည်း “ကိစ္စတစ်ခု ကြုံတွေ့လာတိုင်း အသက်ကိုသာ အသေခံပါ၊ သီလသိက္ခာကိုတော့ မပျက်ပါစေနှင့်” ဟု ဆုံးမတော်မူကြရုံမျှမက ထိုအတိုင်းပင် လိုက်နာကျင့်ကြံတော်မူခဲ့ကြပါသည်။

၂။ ဥဇုပ္ပဋိပန္နဂုဏ်တော်

ဥဇုပ္ပဋိပန္န = (ဥဇု + ပဋိပန္န။ ဥဇု = ဖြောင့်မတ်စွာ + ပဋိပန္န = ကျင့်တော်မူသော သံဃာတော်။ “ဥဇုပ္ပဋိပန္န” ကို “ဥဇုပ္ပဋိပန်န” ဟု အသံထွက်ဖတ်ပါ။)

ဘုရားရှင်၏ တပည့်အစစ် ဖြစ်တော်မူကြသော အရိယာသံဃာတော်အပေါင်းသည် လမ်းလွဲလမ်းမှား လိုက်ခြင်းမရှိဘဲ လမ်းဖြောင့်လမ်းမှန်အတိုင်း ဖြောင့်မှန်စွာ ကျင့်တော်မူကြ၏။ စဉ်းလဲကောက်ကျစ် လှည့်ဖြားခြင်းများ မရှိဘဲ ရိုးသားဖြောင့်မတ်စွာလည်း ကျင့်တော်မူကြ၏။ ထို့ကြောင့် “ဥဇုပ္ပဋိပန္န” ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါသည်။

လမ်းဖြောင့်လမ်းမှန်အတိုင်း ကျင့်တော်မူခြင်း

ဒုက္ခငြိမ်းရန် ရည်သန်၍ ကျင့်ကြသော အကျင့်များတွင် —
(၁) ကာမဂုဏ်ချမ်းသာကို ခံစားသော “ရယူရေး” အကျင့် (ကာမသုခလ္လိကာနုယောဂ)။
(၂) မိမိကိုယ်ကို ပင်ပန်းအောင် ကျင့်သော “စွန့်လွှတ်ရေး” အကျင့် (အတ္ထကိလမထာနုယောဂ)။
ဟု နှစ်မျိုးရှိ၏။

စာမျက်နှာ-181


ထိုတွင် ပထမအကျင့်ကို လျော့လွန်းသောအကျင့်ဟုလည်းကောင်း၊ ဒုတိယအကျင့်ကို တင်းလွန်းသောအကျင့်ဟုလည်းကောင်း ဆိုရ၏။ ယင်းသို့ လျော့လွန်း တင်းလွန်း တစ်ဖက်စွန်းသို့ ရောက်သောအကျင့်များ ဖြစ်သောကြောင့် ထိုအကျင့်များသည် အလိုရှိအပ်သော ဒုက္ခငြိမ်းချမ်းရေးသို့ မရောက်နိုင်ဘဲ ဒုက္ခဖြစ်ကြောင်း ပွားကြောင်းသာ ဖြစ်ကြရ၏။ ထို့ကြောင့် ထိုအကျင့်စခန်း၊ ထိုအကျင့်လမ်းများသည် ဒုက္ခငြိမ်းရေးအတွက် လမ်းဖြောင့်လမ်းမှန်များမဟုတ်၊ လမ်းကောက် လမ်းလွှဲ လမ်းမှားများသာ ဖြစ်ကြပါသည်။

“မဇ္ဈိမပဋိပဒါ” ခေါ် မဂ္ဂင်ရှစ်ပါး တရားလမ်းတော်ကြီးကား မလျော့မတင်း အလယ်အလတ်ကျသော အကျင့်ဖြစ်၏။ သန္တိသုခ = နိဗ္ဗာနဓာတ် ချမ်းသာမြတ်ကို ရရန် ရောက်ရန် ဤ “မဇ္ဈိမပဋိပဒါ” ခေါ် မဂ္ဂင်လမ်းမှလွဲ၍ တခြားလမ်းတစ်မျိုးမရှိ၊ တဖြောင့်တည်း တစ်ကြောင်းတည်းသော လမ်းကောင်း လမ်းမှန်တော်ဖြစ်၏။ အားလုံးသော ဘုရားအဆူဆူနှင့် ပစ္စေကဗုဒ္ဓါ၊ အရိယာပုဂ္ဂိုလ်မှန်သမျှတို့သည် ဤလမ်းကောင်း လမ်းမှန်ဖြင့်သာ သံသရာတစ်ဖက်ကမ်းရောက် ထွက်ရပ်ပေါက်တော်မူခဲ့ကြပါသည်။

ဤအချက်ဖြင့် တကယ့်ဒုက္ခ ငြိမ်းချမ်းရေး၊ သန့်ရှင်းစင်ကြယ်ရေးကို ဤမဂ္ဂင်လမ်းမှလွဲ၍ တခြားရောက်နိုင်ရနိုင်သောလမ်း မရှိကြောင်း သိနိုင်ပါသည်။ ဘုရားရှင်၏ တပည့်အစစ် ဖြစ်တော်မူကြသော အရိယာသံဃာတော်အပေါင်းသည် အထက်ဖော်ပြပါ လမ်းကောက် လမ်းမှားများသို့ မလိုက်ဘဲ “မဇ္ဈိမပဋိပဒါ” ခေါ် မဂ္ဂင်ရှစ်ပါး တရားလမ်းတော်ဖြင့် ဖြောင့်မှန်စွာ လိုက်ကြ ကျင့်ကြသောကြောင့် တရားထူး တရားမှန်များရကာ သန့်ရှင်းစင်ကြယ် အမှန်တကယ် ဖြောင့်မှန်သူ “အရိယာ” ပုဂ္ဂိုလ်အဖြစ်သို့ ရောက်တော်မူခဲ့ကြပါသည်။

ရိုးသားဖြောင့်မတ်စွာ ကျင့်တော်မူခြင်း

မိမိမှာ အပြစ်ရှိပါလျက် အပြစ်မရှိသူထင်အောင် ဖုံးကွယ်မှုကို “မာယာ” ဟု ခေါ်၏။ လှည့်ပတ်ခြင်းဟု အဓိပ္ပာယ်ရ၏။ ဥပမာ - ယောကျ်ားမသိအောင် အပြစ်ကျူးလွန်မိသော မိန်းမသည် ထိုအပြစ်ကို ဖုံးကွယ်ရန် မာယာဖြင့် လှည့်ပတ်သကဲ့သို့တည်း။

မိမိမှာ ဂုဏ်မရှိဘဲ ရှိဟန်ဆောင်မှု၊ သီလဂုဏ်မရှိဘဲ ရှိဟန်ဆောင်မှု စသည်ကို “သာဌေယျ” ဟု ခေါ်၏။ စဉ်းလဲခြင်းဟု အဓိပ္ပာယ်ရ၏။ ဥပမာ - လူမရှိသောအခါ ပေါ့သလိုနေ၍ လူလာသောအခါ ဟန်လုပ်နေသူ၊ စာမတတ်

စာမျက်နှာ-182


ဘဲနှင့် တတ်ဟန်ဆောင်သူ၊ အကျင့်မကောင်းဘဲနှင့် ကောင်းဟန်ဆောင်သူ၊ ထွက်ရပ်ပေါက်မဟုတ်ဘဲ ထွက်ရပ်ပေါက်ပုဂ္ဂိုလ် ဟန်ဆောင်သူ၊ တရားထူးမရဘဲ တရားထူးရဟန်ဆောင်သူ စသည်တို့ကဲ့သို့တည်း။

ဘုရားရှင်၏ တပည့်အစစ် ဖြစ်တော်မူကြသော အရိယာသံဃာတော်အပေါင်းသည် သူတစ်ပါးတို့ အထင်ကြီးအောင်၊ ပစ္စည်းလာဘ်နှင့် ဒါယကာ ဒါယိကာမ ပေါများအောင် ဟန်ဆောင်လှည့်ပတ်မှု ပရိယာယ် မာယာတို့ဖြင့် ဖုဖုထစ်ထစ် စဉ်းလဲကောက်ကျစ်ခြင်းမရှိဘဲ နိဗ္ဗာန်လမ်းနှင့် ဖြောင့်တန်းအောင် ရိုးသားဖြောင့်မတ်စွာ ကျင့်တော်မူကြပါသည်။ ယင်းသို့ ဖြောင့်မတ်စွာ လှည့်ပတ်ဖုံးကွယ်ခြင်း၊ ကောက်ကျစ်စဉ်းလဲခြင်းမရှိ ကျင့်တော်မူခဲ့ကြရာ အရိယာပုဂ္ဂိုလ်အဖြစ်သို့ ရောက်သောအခါ၌ကား အထူးဆိုဖွယ်ရာမရှိ၊ အလွန်ရိုးသားဖြောင့်မတ်၍ အပြစ်ရှိက ကွယ်ဝှက်ထားခြင်း အလျှင်းမရှိဘဲ ဖော်ပြတတ်ကြပါသည်။

“ပက်လက်အိပ်တတ်ကာမျှ အရွယ်နုနယ်ကလေးငယ်သည် လက်ဖြင့်ဖြစ်စေ၊ ခြေဖြင့်ဖြစ်စေ မီးကျီးခဲကို ထိမိလျှင် လျင်မြန်စွာ ရုပ်သိမ်းတတ်သကဲ့သို့၊ ထို့အတူ ကုစားထမြောက်နိုင်သော အာပတ် (အပြစ်) တစ်ခုခု သင့်ရောက်ပြီဆိုလျှင် ထိုအာပတ် (အပြစ်) ကို ဘုရားထံဖြစ်စေ၊ သိကြားလိမ္မာသော သီတင်းသုံးဖော်များထံဖြစ်စေ ထင်ရှားဖော်ပြ ပြောကြားခြင်းမှာ မဂ်ဉာဏ်နှင့် ပြည့်စုံသော အရိယာပုဂ္ဂိုလ်၏ ဓမ္မတာ (သဘာဝ) ပင် ဖြစ်၏” ဟု အရိယာပုဂ္ဂိုလ် သောတာပန်၏ ဂုဏ်ပုဒ်ကို ဘုရားရှင်ကိုယ်တိုင် ထုတ်ဖော်ဟောမိန့်ခဲ့ပါသည်။ (မူလပဏ္ဏာသ၊ ၃၉၇)။

မရိုးမသား ကျင့်သူများအကြောင်း

တရားတော်ကို တကယ်လိုလားသော အရိယာအရှင်တို့မှာ သူတစ်ပါးအထင်ကြီးအောင် ပစ္စည်းလာဘ်လာဘ၊ ဒါယကာ ဒါယိကာမ ပေါများအောင် သီလမရှိဘဲ ရှိယောင်ဆောင်မှု၊ စာမတတ်ဘဲ စာတတ်ဟန်ဆောင်မှု၊ အကျင့်မကောင်းဘဲ အကျင့်ကောင်းဟန်ဆောင်မှု စသော လှည့်စားမှုအမျိုးမျိုး ပြုလုပ်လေ့မရှိသော်လည်း ပစ္စည်းကို တွယ်တာသူ၊ တရားကို မလေးစား မလိုလားသူများ၌ ထိုကဲ့သို့ မရိုးမသား လှည့်စားမှု လှည့်ပတ်မှု အမျိုးမျိုး ပြုလုပ်လေ့ ရှိတတ်ကြပါသည်။

စာမျက်နှာ-183


ယခုအခါ မရိုးမသား ကျင့်သူများနှင့် ဝမ်းရေးအတွက် သာသနာတော်ကို ဖျက်ဆီးတတ်သူများ ပေါများစွာ ရှိနေတတ်ကြသဖြင့် စဉ်းစားဆင်ခြင်၍ ရှောင်ရှားနိုင်ကြရန်နှင့် ကိုးကွယ်မှုအသိဉာဏ် ရင့်ကျက်ခိုင်မာမှု ရရှိနိုင်ကြစေရန် ကျမ်းဂန်လာ လှည့်စားပုံသာဓကများကို ထုတ်ဖော်တင်ပြထားပါသည်။

အိုးစရည်းရဟန္တာ

ဘုန်းကြီးတစ်ပါးသည် မိမိအပေါ်၌ လူအများ အထင်ကြီးစေလိုသောကြောင့် သူ့နေရာ ကျောင်းခန်းအတွင်းမှာ လူမမြင်နိုင်အောင် အိုးစရည်းကြီး (အိုးအကြီးကြီး) ကို မြှုပ်ထားလေ၏။ အပြင်က ဒါယကာ ဒါယိကာမများ လာသံကြားလျှင် ထိုအိုးကြီးအတွင်း၌ ဝင်နေ၏။

လူများက... “ဘုန်းကြီး ဘယ်မှာလဲ” ဟု မေးလျှင် တပည့်များက “ကျောင်းခန်းတွင်းမှာ” ဟု ပြော၍ အခန်းတွင်းသို့ ဝင်ကြည့်သောအခါ မတွေ့ရသောကြောင့် “မရှိဘူး၊ ဘယ်ကြွသလဲ” ဟု မေးမြန်းပြန်လျှင် “ယခုတင်ဘဲ အခန်းထဲမှာ ရှိပါသေးတယ်” ဟု ပြောသဖြင့် ထပ်၍ ကြည့်ကြပြန်ရာ ညောင်စောင်း (ကုလားထိုင်) ပေါ်မှာ ထိုင်နေသည်ကို တွေ့ကြရ၍ “ဘယ်ကြွနေသလဲဘုရား” ဟု လျှောက်ထားလျှင် “ရဟန်းဆိုတာ ဒီလိုပဲ၊ အလိုရှိရာ ကြွနိုင်ကြတယ်” ဟု ဈာန်အဘိညာဉ် ရသည့်လေသံဖြင့် ပြောပြလေသော် အားလုံးကပင် “ရဟန္တာ” ဟု အထင်ကြီးကြလေသတတ် (အဘိ၊ ဋ္ဌ၊ ၂၊ ၄၅၀)။

ညောင်မြစ်ရဟန္တာ

ရှေးက အံ့ဖွယ်သရဲ ထူးကဲဟန်ဆောင်လိုသော ဘုန်းကြီးတစ်ပါးသည် ရွာနှင့်မနီးမဝေး သစ်ရွက်မိုးကျောင်း၌ နေသတတ်။ ကျောင်း၏ နောက်ဘက်၌ နက်စောက်သော ချောက်ကမ်းပါးကြီးရှိရာ ထိုချောက်နှုတ်ခမ်း၌ အမြစ်ရှည်သော ညောင်ကြပ်ပင်ကြီး တစ်ပင်လည်း ရှိလေသည်။ ထိုညောင်မြစ်ကြီးသည် ချောက်ကမ်းပါးနံရံအတိုင်း အောက်သို့ဆင်း၍ ချောက်ကမ်းပါး၏ အောက်ခြေသို့ ထောက်တည်၍ နေ၏။

ဒါယကာ ဒါယိကာမများ ကျောင်းသို့လာ၍ ဆွမ်းစားပင့်လျှင် “ကဲ ကောင်းပြီ၊ သွားနှင့်ကြ” ဟု ဆိုကာ မိမိမှာမူ နောက်မှ သွားလေ့ရှိသည်။ ဒါယကာများမှာ ချောက်ကြီးကို ကွေ့ပတ်၍ လမ်းရိုးလမ်းရှည်က သွားကြရသဖြင့် ကြာမြင့်နေစဉ် ဘုန်းတော်ကြီးမှာ

စာမျက်နှာ-184


ချောက်ကမ်းပါးနံရံရှိ ညောင်မြစ်ကြီးကို ကိုင်၍ဆင်းကာ ဖြတ်လမ်းမှ သွားသဖြင့် ရွာပေါက်သို့ အလျင်ရောက်နေနှင့်၏။ ဒါယကာများက အံ့ဩကာ —
“အရှင်ဘုရား... ဘယ်လမ်းက ကြွလာတော်မူပါသလဲ” ဟု မေးကြလျှင် “ဟာ မသိချင်ကြပါနှင့်၊ ရဟန်းတို့ သွားတဲ့လမ်းကို မမေးကောင်းဘူး၊ ဒီလိုပဲ ရဟန်းဆိုတာ အလိုရှိရာလမ်းက ကြွတတ်ကြတာ” ဟု မိန့်တော်မူလိုက်၏။

နောက်လူတစ်ယောက်က မယုံသင်္ကာရှိ၍ စုံစမ်းရာ အကြောင်းစုံ တွေ့မြင်ရသဖြင့် အဆိုပါ ညောင်မြစ်ကြီးကို ဖြတ်၍ မသိလိုက်ဘာသာ နဂိုနေမြဲအတိုင်း ထားလိုက်သည်။ ဘုန်းကြီးလည်း တစ်နေ့တွင် ထုံးစံအတိုင်း တန်ခိုးပြရန် ညောင်မြစ်ကြီးပေါ်သို့ တက်လေရာ ဗိုင်းကနဲ ချောက်ကြီးထဲသို့ လိမ့်ကျသွားလေ၏။ မြေသပိတ်လည်း ကွဲသွားသည်။

ထိုနေ့မှစ၍ “အင်း ငါ့အကြောင်း ဒါယကာတွေ သိသွားပြီ” ဆိုကာ ကျောင်းကလေးမှ ထွက်ပြေးသွားလေတော့သတည်း (အဘိ၊ ဋ္ဌ၊ ၂၊ ၄၅၇)။

“ဥဇုပ္ပဋိပန္န” ဂုဏ်တော်ကို အာရုံပြုကာ ရိုးရိုးကျင့်သူဖြစ်ပါစေ
ယခုခေတ်တွင် အတော်အတန် ပညာရှိပါလျက် “ကြောင်သူတော်” ကဲ့သို့ အတွင်းစိတ်ထား မရိုးသား မဖြောင့်မတ်သူတွေ လွန်စွာပေါများလှ၏။ ပညာရှိ လူတော်ဖြစ်၍ မရိုးသား မဖြောင့်မတ်သူတို့ကား သာမန် မရိုးသားမဖြောင့်မတ်သူများထက်ပင် အစွမ်းထက်၍ ကြောက်မက်ဖွယ် ကောင်းလှ၏။

သို့ရာတွင် မဆင်ခြင် မစဉ်းစား အားထားယုံကြည်လွယ်၍ ကိုးကွယ်မှုပညာ နည်းပါးရှာကြသော မိန်းမယောကျ်ား လူများစွာတို့သည် ဆေးဝါးမန္တရား စွမ်းသလို၊ သိဒ္ဓိပေါက်သလို၊ ထွက်ရပ်ပေါက်သလို၊ စာတတ်သလို၊ အကျင့်ကောင်းသလို၊ ပညာရှိသလို၊ တရားထူးရသလို နည်းအမျိုးမျိုးဖြင့် ဟန်ဆောင် ညာဝါး လှည့်စားနေသူများကို “မျက်စိကန်း တစ္ဆေမကြောက်” ဖြစ်ကာ ဆည်းကပ်လျက် ကိုးကွယ်နေတတ်ကြပါသည်။

စာမျက်နှာ-185


သို့ဖြစ်၍ အရိယာသံဃာတော်များ၏ “ဥဇုပ္ပဋိပန္န” ဂုဏ်တော်ကို အာရုံပြု ကြည်ညိုကာ မိမိတို့ကိုယ်တိုင် ရိုးသားဖြောင့်မတ်စွာ ကျင့်သူဖြစ်အောင်နှင့် မရိုးသား မဖြောင့်မတ်သူမှန်လျှင် ရဟန်းရှင်လူ မည်သူမဆို ထိုသူတို့အား စွမ်းနိုင်သမျှ ဝေးစွာ ရှောင်ရှားနိုင်ကြအောင် သတိဆောင်သင့်ကြပါသည်။

၃။ ဉာယပ္ပဋိပန္နဂုဏ်တော်

ဉာယပ္ပဋိပန္န = (ဉာယ + ပဋိပန္န။ ဉာယ = နိဗ္ဗာန်အလို့ငှါ + ပဋိပန္န = ကျင့်တော်မူသော သံဃာတော်။)

ဘုရားရှင်၏ တပည့်အစစ် ဖြစ်တော်မူကြသော အရိယာသံဃာတော်အပေါင်းသည် ရိုးရိုးလောင်သောမီးထက် ကြီးကျယ်ပူပြင်းလှသော သံသရာဝဋ်ကြီး ဒုက္ခမီးများကို သိမြင်တော်မူသောကြောင့် ကိုယ်မှာ ဝတ်ထားသော အဝတ်နှင့် ဆံပင်များကို မီးအလောင်ခံရစေကာမူ တစ်ဘဝသာ အပူခံရမည့် ထိုမီးကို မငြိမ်းအားဘဲ ဘဝပေါင်းများစွာ သံသရာတစ်လျှောက်လုံး လောင်ကျွမ်းခံရမည့် သံသရာဝဋ်ကြီး ဒုက္ခမီးတို့၏ အပြီးသတ် ချုပ်ငြိမ်းရာ နိဗ္ဗာန်ချမ်းသာရရေးကို ဦးစားပေး အလေးထား ကျင့်တော်မူကြပါသည်။ ထို့ကြောင့် “ဉာယပ္ပဋိပန္န” ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါသည်။

[မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် ထိုးသွင်း၍ သိမြင်အပ်သောကြောင့် နိဗ္ဗာန်ကို “ဉာယ” ဟူ၍ ခေါ်၏။]

နိဗ္ဗာန်ရရေးကို ဦးစားပေးကျင့်တော်မူခြင်း

ဘုရားရှင်၏ တပည့်အစစ် ဖြစ်တော်မူကြသော အရိယာသံဃာတော်အပေါင်းသည် လောကကောင်းစား ချမ်းသာရေးအတွက် ဘာတစ်ခုမျှ လိုလားတော်မမူကြပါ။ အကြောင်းမှာ — လောကုတ္တရာ နိဗ္ဗာန်ကို မျက်ခြည်ပြတ်လျက် လောကကောင်းစားရေးကိုသာ ရှေးရှုလိုလားလျက်ရှိသူများမှာ လာဘ်လာဘ အကျော်အစောကို ခံယူလိုတတ်ကြ၏။ မအပ်မရာ ရှာဖွေကြ၊ တရားမတရား နည်းမျိုးစုံဖြင့် မရအရ ပြုလုပ်တတ်ကြ၏။ သီလ၊ သမာဓိ၊ ပညာတရားများကို အရေးထားရမှန်းမသိ၊ သိက္ခာသုံးပါးကို မလိုလား။ စိတ်အားတွေလျော့ ပေါ့ဆဆဖြစ်ကာ အပြစ်တွေ ဗရပွေ့ဖြင့် ညစ်ပေနေတတ်၏။ ထို့ကြောင့် လောကကောင်းစားရေးကို ဦးစားပေး ကျင့်တော်မမူကြခြင်း ဖြစ်၏။

စာမျက်နှာ-186


နိဗ္ဗာန်ရရေးကိုကား လေးလေးစားစား မနေမနား ကျင့်တော်မူကြသည်။ နိဗ္ဗာန်ရရေးမှလွဲ၍ တခြားဘာကိုမျှ မလိုလား မတောင့်တကြ။ နိဗ္ဗာန်အတွက် မိမိချမ်းသာရေးမှန်သမျှ အကုန်စွန့်လွှတ်နိုင်ကြ၏။ ဆင်းရဲမှန်သမျှ ခံနိုင်ရည်ရှိကြ၏။ သိက္ခာသုံးရပ် ကြားမလပ်အောင် မပြတ်မစဲ စွဲမြဲစွာ ကြိုးစားလျက်ရှိသဖြင့် အရှင်မြတ်တို့၏ စိတ်အစဉ်ဝယ် အပြစ်မရှိ၊ အစွန်းအညစ်မထင်၊ အလွန်ပင် သန့်ရှင်းစင်ကြယ်လျက် ရှိ၏။

ထို့ကြောင့် အပြစ်ကင်း၍ အလွန်သန့်ရှင်းစင်ကြယ်သော အကျင့်ဖြင့်သာ ရနိုင်ရောက်နိုင်သော နိဗ္ဗာန်ကို မိမိတို့လိုလားသည့်အတိုင်း မျက်မှောက်ပြုကာ ဖြူစင်သူအရိယာအဖြစ်သို့ ရောက်ကြရသည်။ နတ်လူတို့၏ ချီးမွမ်းမြတ်နိုးဖွယ်ရာ “သံဃရတနာ” တစ်ဆူ ဖြစ်တော်မူကြရသည်။

နိဗ္ဗာန်ရလိုရေးကြောင့် မီးဘေးကို မရှောင် အလောင်ခံတော်မူခဲ့သော ရဟန်းတော်တစ်ပါး

တစ်ကိုယ်လုံး မီးလောင်ခံရသည်ကိုပင် လျစ်လျူရှု၍ နိဗ္ဗာန်အကျိုးငှာ ကျင့်တော်မူခဲ့သော “ဉာယပ္ပဋိပန္န” ဂုဏ်တော်ရှင် ရဟန်းတော်တစ်ပါး၏ ထုံးသာဓကကို ကြည်ညိုသဒ္ဓါပွားနိုင်ကြရန် တင်ပြအပ်ပါသည် —

ရဟန်းတော်တစ်ပါး သစ်ပင်ခုတ်ချိုင်ရာ၌ ဘုမ္မစိုးနတ်သမီး၏ ကလေးနတ်ငယ်ကို ခုတ်ဖြတ်မိသောကြောင့် နတ်သမီးက ဘုရားထံ လျှောက်ထားသဖြင့် “ယနေ့မှစ၍ သာသနာတော်ထမ်း ရဟန်းမှန်လျှင် သစ်ပင်ကို မခုတ်ရ” ဟု ပညတ်တော်မူသည်။

ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် ရဟန်းတော်တစ်ပါးကို ခိုးသူများက နွယ်ပင်ကလေးဖြင့် တုပ်နှောင်၍ တောထဲ၌ ထားခဲ့စဉ် တောမီးလောင်လာသော် နွယ်ပင်ကို ဖြတ်မည်ဆိုလျှင် ဖြတ်နိုင်လောက်သော်လည်း နွယ်ပင်ကိုဖြတ်လျှင် ဘုရားရှင်၏ ဝိနည်းဥပဒေပညတ်ချက်အရ ပါစိတ်အာပတ် (အပြစ်) သင့်၏။ အာပတ်သင့်လျှင် တရားရတော့မည်မဟုတ်။

ထို့ကြောင့် ဘုရားရှင်၏ ဝိနည်းဥပဒေပညတ်တော်ကို စောင့်စည်းလျက် (နွယ်ပင်ကို ဖြတ်တောက်ခြင်းမပြုဘဲ တောမီးလောင်လိုက လောင်စေတော့ဟု) တရားကိုသာ နှလုံးသွင်းနေခဲ့ရာ ရဟန္တာအဖြစ်သို့ ရောက်လေ၏။ ရဟန္တာဖြစ်ပြီးနောက် မကြာမီ တောမီးလောင်၍ ပရိနိဗ္ဗာန်စံဝင်တော်မူသည် (ဝိသုဒ္ဓိ၊ ၁၊ ၃၄-၅)။

စာမျက်နှာ-187


“ဉာယပ္ပဋိပန္န” ဂုဏ်တော်ကို အာရုံပြုကာ နိဗ္ဗာန်ကို သိမြင်နိုင်အောင် ကြိုးစားပါ

လောက၌ “အသက်တစ်ရာ မနေရသော်လည်း အမှုတစ်ရာ တွေ့နိုင်သည်၊ လူတစ်ခု ပူမဆယ်ကုဋေ ရှိသည်” ဟု ဆိုရိုးရှိသည့်အတိုင်း ဒုက္ခအပူမီးများ အချိန်မရွေး ကြုံလာတတ်၏။ မလွှဲသာမရှောင်သာ ဒုက္ခအပူမီးများ ကြုံလာခဲ့သော် “အဆိုပါ ဒုက္ခအပူမီးများမှ သက်သာရာ ရစေတော့” ဟု ကြံ၍ မကောင်းမှုမှန်သမျှ မပြုမိအောင် သတိပြုရှောင်ကြဉ်သင့်ပါသည်။

ယင်းသို့ ရှောင်ကြဉ်ကြပြီးနောက် — နိဗ္ဗာန်၌ကား ဤဒုက္ခအပူမီးများ၏ တည်ရာရုပ်နာမ်ခန္ဓာမရှိ၊ ဤရုပ်နာမ်ခန္ဓာရှိနေလို့သာ ဤရုပ်နာမ်ခန္ဓာကိုမှီ၍ သားတွေ သမီးတွေ ဆွေတွေမျိုးတွေ ရှိရသည်။ ယင်းသို့ရှိသောကြောင့်လည်း သားဒုက္ခ၊ သမီးဒုက္ခ၊ ဆွေဒုက္ခ၊ မျိုးဒုက္ခ အပူမီးများကို တွေ့ရသည်။ ထိုရုပ်၊ ထိုနာမ်၊ ထိုခန္ဓာ မရှိသော နိဗ္ဗာန်သည် ဧကန်အေးမြပေလိမ့်မည်ဟု ဒုက္ခဆင်းရဲအမျိုးမျိုးနှင့် တွေ့ကြုံဆုံရသည့်အခါတိုင်း ဆင်းရဲလေလေ သံဝေဂရလေလေ စိတ်ထားလျက် အရိယာသံဃာတော်များ၏ “ဉာယပ္ပဋိပန္န” ဂုဏ်တော်ကို အာရုံပြုကြည်ညိုကာ သူလည်းမပါ ငါလည်းမရှိ သန္တိသုခ လွန်စွာအေးမြလှသည့် နိဗ္ဗာန်ကို ဧကန်အမှန် သိမြင်နိုင်အောင် ကြိုးစားသင့်ကြသည်။

၄။ သာမိစိပ္ပဋိပန္နဂုဏ်တော်

သာမိစိပ္ပဋိပန္န = (သာမိစိ + ပဋိပန္န။ သာမိစိ = ရိုသေမှုနှင့် + ပဋိပန္န = (လျော်အောင်) ကျင့်တော်မူသော သံဃာတော်။)

ဘုရားရှင်၏ တပည့်အစစ်ဖြစ်တော်မူသော အရိယာသံဃာတော်အပေါင်းသည် လူတို့၏ ရိုသေလေးစားမှုနှင့် ထိုက်တန်အောင် သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ကို ကျင့်တော်မူကြသောကြောင့် “သာမိစိပ္ပဋိပန္န” ဂုဏ်တော်နှင့် ပြည့်စုံတော်မူကြပါသည်။

ရိုသေလေးစားမှုနှင့် ထိုက်တန်အောင် ကျင့်တော်မူသော “အယျမိတ္တမထေရ်” အကြောင်း
လူဒါယကာ ဒါယိကာမတို့သည် မိမိတို့ မဝတ်ရက် မစားရက် မသုံးဆောင်ရက်သော အဝတ်အထည်၊ အစားအသောက်၊ ကျောင်း၊ အိပ်ရာနေရာများကို အရိယာဖြစ်ပြီးသော (သို့မဟုတ် အရိယာဖြစ်အောင် အားထုတ်နေသော) သံဃာတော်များအား မြတ်မြတ်နိုးနိုး ရက်ရက်ရောရော လှူဒါန်းကြ၏။ သံဃာတော်

စာမျက်နှာ-188


များကလည်း ရိုသေသမှုပြုအပ်သော လှူဒါန်းမှုများနှင့် ထိုက်တန်လျော်ကန်အောင် ကျင့်ကြံအားထုတ်တော်မူပါသည်။ ဤနေရာ၌ စံထား၍ သာဓကပြုရလောက်အောင် ရိုသေလေးစားမှုနှင့် ထိုက်တန်စွာ ကျင့်တော်မူခဲ့သော “မဟာမိတ္တ” ခေါ် “အယျမိတ္တမထေရ်” အကြောင်းကို ထုတ်ဖော်တင်ပြထားပါသည် —

သီဟိုဠ်သာသနာ ထွန်းကားစဉ် ရှေးအခါက “ကဿက” ခေါ်သော လိုဏ်ဂူ၌ သီတင်းသုံးနေသော “အယျမိတ္တမထေရ်” ကို ထိုလိုဏ်ဂူကျောင်းနှင့် မလှမ်းမကမ်းရှိ ဆွမ်းခံရွာမှ သူဆင်းရဲ သားအမိက မထေရ်မြတ်အား သားအရင်းတမျှ အမှတ်ထား၍ လေးစားပြုစုနေ၏။ တစ်နေ့သ၌ လုပ်ငန်းဆောင်တာအတွက် နံနက်စောစော တောသို့သွားခါနီးဝယ် —

“ချစ်သမီး... မည်သည့်နေရာ၌ နှစ်ချို့ဆန်ကလေးနှင့် နွားနို့၊ ထောပတ်၊ တင်လဲများ ရှိရစ်တယ်၊ သမီးမောင်တော် ကြွလာတဲ့အခါ ဆွမ်းချက်၍ ကပ်ပြီးလျှင် သမီးလည်း စားရစ်နော်” ဟု သမီးကို ပြောဆိုမှာထား၏။

“မေမေကော ဘာစားမလဲ” ဟု သမီးက မေးရာ “မေမေတော့ ပုံးရည်ဟင်းနှင့် ညကကျန်တဲ့ ထမင်းကြမ်းကို စားပြီးပြီ” ဟု ပြော၏။ “နေ့လယ်စာကော ဘာစားမလဲ မေမေ” ဟု ထပ်၍မေးလျှင် “နေ့လယ်စာတော့ သမီးရယ် ဟင်းရွက်ကလေးရောပြီး ဆန်ကွဲကို ယာဂု ကြိုထားလိုက်တာပေါ့” ဟု ပြောဆိုမှာထား၍ တောသို့ ထွက်သွားရှာလေသည်။

ထိုသားအမိနှစ်ယောက်တို့၏ ပြောဆိုသံကို “အယျမိတ္တမထေရ်” ဆွမ်းခံအလာတွင် ရွာအနီးမှ ကြား၍ မိမိကိုမိမိ ပြန်၍ ဆုံးမသည်မှာ — “နားထောင်စမ်း အယျမိတ္တ... ဒါယိကာမကြီးမှာ မိမိအတွက် ပုံးရည်ဟင်း၊ ထမင်းကြမ်းနှင့် ဟင်းရွက်တွဲသည့် ဆန်ကွဲယာဂုကို စားသောက်လျက် သင့်အတွက်ကျတော့ နှစ်ချို့ဆန်ကောင်းနှင့် နွားနို့၊ ထောပတ်၊ တင်လဲကို ကပ်ဖို့ရန် မှာနေရှာသည်၊ သင့်၏အပေါ် ဝတ်စားတန်ဆာနှင့် လယ်ယာမိုးမြေ ပစ္စည်းတွေကို မျှော်၍ ယခုလောက် ဂရုစိုက်နေသည်မဟုတ်၊ လူ၊ နတ်၊ နိဗ္ဗာန် ချမ်းသာကို မှန်း၍သာ ဂရုစိုက်ခြင်း ဖြစ်သည်၊ သူရည်ရွယ်တဲ့ ချမ်းသာကို သင် ပေးနိုင်ပါ့

စာမျက်နှာ-189


မလား၊ ကိလေသာအာသဝေါ မကုန်သမျှ ဒါယိကာမကြီးရဲ့ ဆွမ်းကို သင် မစားထိုက်” ဟု ဆုံးမပြီးလျှင် ဆွမ်းခံမဝင်ဘဲ ပြန်၍ တရားကို အားထုတ်လေရာ ပင်ကိုက စင်ကြယ်သော သီလနှင့် အားထုတ်၍ အသားကျနေသော ကမ္မဋ္ဌာန်းဘာဝနာ အစွမ်းကြောင့် သိပ်ကြာကြာ အားမထုတ်ရဘဲ ချက်ချင်းပင် ရဟန္တာအဖြစ်သို့ ရောက်လေသည်။

ထို့နောက် ဆွမ်းခံဖို့အချိန်ရှိသေး၍ ဆွမ်းခံဝင်လေသော် စောင့်မျှော်နေသော နှမငယ်က ဆွမ်းလောင်းအပြီးတွင် အထူးကြည်လင်သော မျက်နှာကို မြင်လိုက်ရ၍ မိခင်ပြန်လာသောအခါ “မေမေ... ဒီနေ့ မောင်တော်ရဲ့ မျက်နှာ ခါတိုင်းနဲ့မတူဘဲ လွန်စွာ ကြည်လင်နေပါတယ်” ဟု ပြောပြလေရာ “ယနေ့ ငါ့သားတော်ကြီးမှာ ရဟန်းကိစ္စ ပြီးစီးလေပြီ” ဟု ပြောဆိုကာ ဝမ်းမြောက်မဆုံး ဖြစ်ရှာသည် (ဒီ၊ ဋ္ဌ၊ ၂၊ ၃၇၉။ မ၊ ဋ္ဌ၊ ၁၊ ၂၉၈)။

ဘာဝနာပွား၍ ဆွမ်းကို အကျိုးရှိအောင် စားခြင်း

မေတ္တာဘာဝနာ ပွားများခြင်းကို “အမောဃံ ရဋ္ဌပိဏ္ဍံ ဘုဉ္ဇတိ - ပြည်သူတို့၏ ဆွမ်းကို အချည်းနှီးမဖြစ်အောင် သုံးဆောင်သည်မည်၏” ဟု ဟောတော်မူ၏။

ထို့အတူ ဈာနဘာဝနာ၊ သတိပဋ္ဌာန်ဘာဝနာ စသော ဘာဝနာများကို ပွားများသော အရှင်များသည် ပြည်သူတို့၏ ဆွမ်းကို အချည်းနှီးမဖြစ်စေဘဲ အကျိုးရှိအောင် သုံးဆောင်သည်မည်ကြောင်းကိုလည်း အင်္ဂုတ္တိုရ်ပါဠိတော် (အံ၊ ၁၊ ၄၁) ၌ ဟောတော်မူခဲ့၏။ ဤအချက်ဖြင့် ဘာဝနာပွားများမှုများမှာ ပြည်သူတို့၏ ဆွမ်းအကျိုးကြီးဖို့ ပုဂ္ဂိုလ်၏ အရည်အသွေးကို မြှင့်၍ ဂုဏ်တင်ပေးသည်ဟု သိနိုင်၏။ ဘာဝနာပွားများမှုမပါဘဲ သီလသက်သက်မျှဖြင့် ဆွမ်းအကျိုးကို အလွန်ကြီးကြီးအောင် မရတတ်သေးဟု ဆိုလို၏။ သီလမျှပင် မရှိလျှင်မူကား ပြည်သူတို့၏ ဆွမ်းကို ဖြုန်းနေသူသာဟု တစ်ဆင့်တိုး၍ သိနိုင်ကြပါသည်။

ထို့ကြောင့် မေတ္တာဘာဝနာ၊ ဈာနဘာဝနာ၊ သတိပဋ္ဌာန်ဘာဝနာ စသော ဘာဝနာများကို ပွားများသော အရှင်များသည် “အာရဒ္ဓဝိပဿက” ခေါ် ကမ္မဋ္ဌာန်းကြိုးစားနေသူ ယောဂီဘဝကပင် ပြည်သူတို့၏ ဆွမ်းကို အကျိုးကြီးမြင့်အောင် ပြု၍ သုံးဆောင်နေသူများ ဖြစ်ကြရာ အရိယာအဖြစ်သို့ ရောက်သောအခါ၌ကား အကျိုးအကြီးမားဆုံးဖြစ်အောင် ပြုသူပုဂ္ဂိုလ်များ အမှန်ပင် ဖြစ်လာကြပါတော့သည်။

စာမျက်နှာ-190


“သာမိစိပ္ပဋိပန္န” ဂုဏ်တော်ကို အာရုံပြုကာ ရိုသေစွာ ကျင့်ပါ
ယခုအခါ၌ ဘာသာမရှိသောဝါဒ၊ ဘာသာရှိသော်လည်း အရေးမစိုက်သောဝါဒ၊ ဘာသာချင်းချင်း သူ့ထက်ငါ အကောင်းအဆိုး ပြိုင်နေသော ဝါဒများ တစ်နေ့တခြား ထွန်းကား၍ ခေတ်စားလာနေသည်ကို သတိပြုဆင်ခြင်ကြလျက် ဒါယကာ၊ ဒါယိကာမတို့ ကြည်ဖြူရွှင်လန်း လှူဒါန်းချီးမြှောက်ကြသော ပစ္စည်းလေးပါးအပေါ် အခြေခံတည်မှီနေကြရသော ရဟန်းသံဃာတော်များသည် လူတို့၏ ရိုသေပြုစုမှုနှင့် ထိုက်တန်အောင် ကျင့်ကြံတော်မူခဲ့ကြသော ရှေးရှေးသော သူတော်စင် သူတော်ကောင်း ရဟန်းသံဃာတော်မြတ်အပေါင်း၏ “သာမိစိပ္ပဋိပန္န” ဂုဏ်တော်ကို အာရုံပြုကာ မိမိတို့ဘက်မှ လစ်ဟင်းမှုမရှိရအောင် သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ကို ကောင်းစွာ ကျင့်ကြံအားထုတ်သင့်ကြပါသည်။

လူဒါယကာ၊ ဒါယိကာမတို့ဘက်မှလည်း ယင်းသို့ သိက္ခာသုံးရပ် အကျင့်မြတ်ကို အရိုးခံအတိုင်း ရိုသေစွာ ကျင့်ကြံကြိုးကုတ် အားထုတ်နေကြသော ရဟန်းသံဃာတော်များကိုသာ ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်း၊ လက်အုပ်ချီခြင်း၊ ပစ္စည်းလေးရပ် ဆက်ကပ်လှူဒါန်းခြင်း စသည်တို့ဖြင့် ပိုမိုအလေးထား၍ အရိုအသေပေးမမှားအောင် မှန်ကန်စွာ သာသနာပြုသင့်ကြပါသည်။ အတုအယောင် ဟန်ဆောင်မှု ပေါများသောခေတ်တွင် “စဉ်းစားမှု ရှေ့တည်၍ ယုံကြည်မှု နောက်ထားကာ” ပစ္စည်းလေးပါးဖြင့် ထောက်ပံ့အားပေးသင့်ကြပါသည်။

၅။ အာဟုနေယျဂုဏ်တော်

အာဟုနေယျ = (အာ + ဟုန + ယျ။ အာ = အဝေးကပင် ယူဆောင်၍ + ဟုန = ပူဇော်လှူဒါန်းအပ်သော ပစ္စည်းလေးပါးတို့ကို + ယျ = ခံယူတော်မူထိုက်သော သံဃာတော်။)

ဘုရားရှင်၏ တပည့်အစစ် ဖြစ်တော်မူကြသော အရိယာသံဃာတော်အပေါင်းသည် လှူဒါန်းပူဇော်သူတို့အား အတုံ့ပြန်၍ ကြီးကြယ်မြင့်မြတ်သော သံသရာကျိုးကို ပေးစွမ်းနိုင်ကြသဖြင့် အနီးအပါးကို မဆိုထားဘဲ တစ်နယ်တစ်ကျေး ဝေးသော မြို့ရွာတို့မှသော်လည်း လှူဖွယ်ပစ္စည်းများကို တမင်တကာ ဆောင်ယူ၍ ပေးလှူပူဇော်မှုကို ခံယူတော်မူထိုက်၏။ ထို့ကြောင့် အရိယာသံဃာတော်အပေါင်းသည် “အာဟုနေယျ” ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါသည်။

စာမျက်နှာ-191


သာသနာပဒါနထက် သာသနာတွင်းဒါနက အဆတစ်ရာလွန်ကဲ
စန္ဒကူး၊ ဇလပ်၊ ကြာညို၊ မြတ်လေး ဤပန်းမွှေးတို့၏ ရနံ့ထက် သီလရနံ့က သာလွန်ထူးမြတ်သည်ဟုလည်းကောင်း၊ ဇလပ်ပန်းနှင့် စန္ဒကူးပန်းတို့၏ အနံ့မှာ မပြောပလောက်သော ရနံ့သာ၊ သီလရှိသောသူတို့၏ ဂုဏ်ရနံ့မှာမူ နတ်ပြည် ဗြဟ္မာပြည်များ၌ပင် ပျံ့လှိုင်မွှေးကြိုင်လျက် ရှိပေသည်ဟုလည်းကောင်း ဓမ္မပဒပါဠိတော် (ဓမ္မပဒ၊ ၅၄) ၌ ဟောတော်မူချက်အရ အရိယာသခင် သံဃာတော်အရှင်မြတ်တို့၏ သီလဂုဏ်ရနံ့ကြောင့် လူ့ပြည်တစ်ခွင် အဝေးအရပ်မှသာမက နတ်ပြည်များကပင် အထူးတလည် လာရောက်၍ ပူဇော်လှူဒါန်းကြ၏။

ဤ၌ ရှေးက ဘုရားရှင်သာသနာနှင့် မကြုံခဲ့ရ၍ သာသနာတွင်းဒါန ပြုခွင့်မရဘဲ သာသနာပဒါနကိုသာ ပြုခဲ့ရသော သိကြားမင်းသည် သာသနာတွင်း ဒါနကောင်းမှုရှင် ဣန္ဒကနတ်သားနှင့်အတူ ယှဉ်လိုက်ပါက ဣန္ဒကနတ်သား၏ ကိုယ်ရောင်ကိုယ်ဝါက လွှမ်းမိုးသွားပြီး သိကြားမင်း၏ ကိုယ်ရောင်ကိုယ်ဝါ မှေးမှိန်သွားပါသည်။ ထို့ကြောင့် သာသနာတွင်းဒါန ပြုနိုင်ရန် သိကြားမင်းကြီးကိုယ်တိုင် လူ့ပြည်ဆင်းကာ လူအိုလူမွဲယောင်ဆောင်ပြီး မိဖုရား “သုဇာ” နှင့်အတူ အရှင်မဟာကဿပ မထေရ်မြတ်အား ဆွမ်းလှူဒါန်းဆက်ကပ်ပုံ သာဓကကို ထုတ်ဖော်တင်ပြထားပါသည် —

အခါတစ်ပါး၌ “အရှင်မဟာကဿပ” မထေရ်မြတ် နိရောဓသမာပတ်မှ ထတော်မူပြီးလျှင် ဆင်းရဲသူတို့၏ နေရာရပ်ကွက်၌ ဆွမ်းခံဝင်တော်မူလေရာ သိကြားမင်းနှင့် “သုဇာ” မိဖုရားတို့သည် အိုမင်းသော လူဆင်းရဲ သမီးခင်ပွန်းယောင်ဆောင်၍ ထိုရပ်ကွက်၏ အစဆုံး၌ အိမ်ငယ်တစ်ဆောင်ကို ဖန်ဆင်းလျက် နေနှင့်လေသည်။

“အရှင်မဟာကဿပ” မထေရ်မြတ်လည်း အထူးအထွေ ဆင်ခြင်စဉ်းစားတော်မမူဘဲ အိမ်ကုပ်ကလေး၌ အဖိုးအိုနှင့် အမယ်အိုတို့ အလုပ်လုပ်နေကြပုံကိုမြင်၍ သနားတော်မူသဖြင့် ရပ်တော်မူလေသည်။

အဖိုးကြီးသည် မျက်စိများကို ပွတ်ကာသပ်ကာနှင့် “အိမ်ပေါက်မှာ ကိုယ်တော်တစ်ပါး ဆွမ်းရပ်နေပါကလား၊ ဒုက္ခ ဒုက္ခ ဘာမှလည်း ရှိမယ်မထင်ဘူး” ဟု ညည်းညူလျက် အနားသို့လာပြီးလျှင် “အင်း... တို့ကိုယ်တော်ကြီးပါကလား၊ ဟေ့ ရှင်မ... ရေစာများ ရှိသေးတုန်းလား” ဟု မေးရာ —

စာမျက်နှာ-192


အမယ်အိုကလည်း ထိုထိုဤဤ ရှာဖွေနေဟန်ဖြင့် အတန်ကြာမှ “ရှိသေးရဲ့တော်” ဟု ပြောပြောဆိုဆိုလာ၍ ဆွမ်းများ လောင်းလှူလေလျှင် တစ်ရပ်လုံး မွှေးကြိုင်သွားလေသည်။

ထိုအခါကျမှ သိကြားဖြစ်မှန်းသိ၍ “ဆင်းရဲသူကို ချီးမြှောက်လိုသဖြင့် ဆွမ်းခံဝင်ရာ၌ သင်လိုသိကြားက လူဆင်းရဲလုပ်ရသလား” ဟု အပြစ်တင်တော်မူလျှင် —

“တပည့်တော်မှာ သာသနာပက ဖြစ်ရတဲ့သိကြားမို့ စည်းစိမ်မကြီးပါ၊ သာသနာတော်တွင်းမှ ရောက်လာသော နတ်မင်းများလောက် အရှိန်အဝါမတောက်သဖြင့် နတ်ဆင်းရဲ သိကြားဆင်းရဲပင် ဖြစ်ပါသည်” ဟု ပြန်လည်လျှောက်၏။

ထို့နောက် “အဟော ဒါနံ ပရမ ဒါနံ၊ ကဿပေ သုပ္ပတိဋ္ဌိတံ = ဝမ်းမြောက်စရာ အလှူဒါန၊ အလွန်မြတ်သောအလှူဒါနသည် အရှင်မဟာကဿပ၌ တည်လေပြီ” ဟု ဥဒါန်းကျူးလျက် နတ်ပြည်သို့ တက်သွားလေသည် (ဓမ္မ၊ ဋ္ဌ၊ ၁၊ ၂၆၈-၉)။

ဤသို့လျှင် အရိယာသံဃာတော်များသည် အဝေးရပ်မှ ယူဆောင်၍ ပူဇော်လှူဒါန်းသမျှကို ခံယူတော်မူထိုက်ကြပါသည်။

သမီးကိုရွေးရန် ငွေကိုမငဲ့ဘဲ ဆွမ်းအလှူပေးခဲ့သော “မဟာတိဿ” ထင်းရောင်းသမားအကြောင်း
ပေါင်နှံထားသော သမီးကလေးကို ရွေးယူနိုင်ရန် အရပ်တစ်ပါးသို့ သွားရောက်၍ ပင်ပန်းကြီးစွာ လုပ်ကိုင်ခဲ့ပြီး လုပ်အားခရရှိခဲ့သောငွေဖြင့် သမီးကိုရွေးရန် ပြန်အလာ လမ်းခရီး၌ ဆွမ်းအလှူပေးခဲ့ဖူးသော ထင်းရောင်းသမားတစ်ဦး၏ ဆွမ်းဒါနမှာ ရဟန်းသံဃာတော်တို့၏ “အာဟုနေယျ” ဂုဏ်တော်ကို အထူးပေါ်လွင်စေပါသည်။

“သီဟိုဠ်ကျွန်း မဟာဂါမ၌ ထင်းရောင်းစားသူ “မဟာတိဿ” သည် သမီးလေးကို ငွေအသပြာ ၁၂-ကျပ်ဖြင့် သူတစ်ပါးအိမ်တွင် အခစားလုပ်ရန် ပေါင်နှံထားသဖြင့် ယင်းသမီးလေးအား ရွေးယူနိုင်ရန် အရပ်တစ်ပါးသို့ သွား၍ အလုပ်လုပ်လေသည်။

စာမျက်နှာ-193


လုပ်အားခငွေ ၁၂-ကျပ်ရ၍ သမီးငယ်ကို ရွေးယူရန် ပြန်လာသောအခါတွင် လမ်းခရီးအကြား၌ မထေရ်တစ်ပါး ဆွမ်းမရဘဲ ဆွမ်းချိန်လွန်တော့မည်ကို တွေ့မြင်ရ၏။ ထိုအခါ မိမိတွင် ပါလာသောငွေ ၁၂-ကျပ်ဖြင့် ဆွမ်းကို ဝယ်ယူ၍ ကပ်လှူလိုက်၏။

မထေရ်သည် ယင်းဆွမ်းကို မဘုဉ်းပေးမီ ရဟန္တာအဖြစ်သို့ ရောက်အောင် အားထုတ်တော်မူသည်။ ရဟန္တာအဖြစ်သို့ ရောက်ပြီးမှ ဆွမ်းဘုဉ်းပေးတော်မူသည်။ ထိုမထေရ်သည် နေထိုင်ရာကျောင်းတွင် ပရိနိဗ္ဗာန်စံဝင်သောအခါ “ငါ၏အလောင်းသည် ဆွမ်းဒါနရှင် ထင်းရောင်းသမား၏လက်ဖြင့် ထိမှ လှုပ်ကြွစေသတည်း” ဟု အဓိဋ္ဌာန်တော်မူခဲ့လေ၏။

“ကာကဝဏ္ဏတိဿ” မင်းကြီးသည် ယင်းမထေရ်မြတ်၏ အလောင်းကို မီးသင်္ဂြိုဟ်ရန် မည်သို့မျှ မတတ်နိုင်သဖြင့် အဆိုပါ ထင်းရောင်းသမားကို ရှာဖွေစေရ၏။ ထင်းရောင်းသမား ရောက်လာသောအခါတွင် မင်းကြီးက “နောင်တော် မဟာတိဿ... ဤအဖိုးတန်အဝတ်တန်ဆာကို ဝတ်ဆင်၍ မထေရ်မြတ်၏အလောင်းကို မီးသင်္ဂြိုဟ်ပေးပါ” ဟု တောင်းပန်ပြောဆို၍ မီးသင်္ဂြိုဟ်စေပါသည်။ ဆွမ်းဒကာ မဟာတိဿသည် သမီးငယ်ကို ပြန်ရွေးနိုင်ရုံမက သူဌေးဘွဲ့ကိုလည်း ရရှိလေသည် (အံ၊ ဋ္ဌ၊ ၁၊ ၃၉၅-၈)။

ရပ်ဝေးမှ ရိက္ခာထုပ်ဖြင့် လာရောက်ဖူးမြော်ထိုက်ခြင်း

ဘုရားရှင်၏ တပည့်အစစ်ဖြစ်တော်မူသော အရိယာသံဃာတော်များသည် ပူဇော်လှူဒါန်းဖို့ရာသာမက ဖူးမြော်ရုံမျှပင် အဝေးအရပ်မှ အထူးတလည် တမင်လာရောက်၍ ဖူးမြော်ထိုက်သော ပုဂ္ဂိုလ်များ ဖြစ်ပါသည်။

တခါက ဘုရားရှင်သည် ဝိသာခါကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ကျောင်းလွင်ပြင်၌ လပြည့်ဥပုသ်နေ့အခါ ဥပုသ်ပဝါရဏာပြုရန် ရဟန်းသံဃာများ ခြံရံ၍ ထိုင်နေတော်မူ၏။ ထိုအခါ တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်သက်သက် ဖြစ်နေသော တပည့်ရဟန်းသံဃာများကို ကြည့်၍ အားရတော်မူသဖြင့် မိမိတပည့် ရဟန်းသံဃာများအား ဂုဏ်တင်သောအားဖြင့် —

စာမျက်နှာ-194


ဤပရိသတ်မှာ အဖျင်းမပါ အနှစ်အသားပြည့်သော (အရိယာနှင့် ဘာဝနာတရား အားထုတ်လျက်ရှိသူ) ပရိသတ်ချည်း ဖြစ်ကြောင်း၊ စင်ကြယ်၍ သီလစသော အနှစ်၌ တည်သောကြောင့် အဖျင်းအညံ့မရှိ အကောင်းအတိဖြစ်သော ပရိသတ်သာဖြစ်ကြောင်း၊ နည်းနည်းလှူလျှင် များများရ၍ များများလှူလျှင် အလွန်များစွာ အကျိုးရစေတတ်သော ပရိသတ်ဖြစ်ကြောင်း၊ လောကသားတို့အဖို့ ဖူးတွေ့ရခဲသော ပရိသတ်ဖြစ်ကြောင်း၊ ယူဇနာ ထောင်သောင်း ဝေးကွာသောအရပ်မှ ရိက္ခာထုပ်ထမ်းကာ ဖူးမြော်လာထိုက်သော ပရိသတ်ဖြစ်ကြောင်း မိန့်မြွက်ချီးကျူးတော်မူခဲ့ပါသည်။ (ဥပရိပဏ္ဏာသ၊ အာနာပါနဿတိသုတ်၊ ၁၂၃)။

ပညာရှိ သူတော်စင်တို့၏ ထုံးကို နှလုံးမူကာ ကြိုးစားပါ

“အာဟုနေယျ ဂုဏ်တော်ရှင်” ဖြစ်သော အရိယာသံဃာတော်များသည် လာရောက်ဖူးမြော်သူ၊ ပူဇော်လှူဒါန်းသူတို့အား အတုံ့ပြန်၍ ကြီးကျယ်မြင့်မြတ်သော လောကသံသရာ ကျိုးနှစ်ဖြာကို ကောင်းစွာရစေနိုင်သဖြင့် ပညာရှိသူတော်စင်တို့သည် ဘုရားရှင်ပွင့်တော်မူရာ သာသနာနှင့် တွေ့ကြုံဆုံရခိုက်တွင် ရှေးအခါကပင် အဝေးမှ တမင်လာ၍ သံဃာတော်များအား ကြည်ညိုဖူးမြော် ပူဇော်လှူဒါန်းလျက် ရှိခဲ့ကြပါသည်။

ယခုကာလ စီးပွားရှိ စီးပွားမဲ့ လူတန်းစားအသီးသီးတို့သည် ကံနှင့် ကံ၏အကျိုးကို နားလည်ကြပါမူ ရှေးရှေးသော ပညာရှိသူတော်စင်တို့၏ ထုံးကို နှလုံးမူကာ ကုသိုလ်ကောင်းမှုကို အခွင့်အခါသင့်တိုင်း ကြိုးစားပြုလုပ်သင့်ကြပါသည်။

တစ်သက်လျာမျှ တစ်ဝမ်းဖို့ စီးပွားအတွက် ယခုဘဝတွင် မရသေးက ရရှိအောင်၊ ရရှိပြီးဖြစ်က လက်ရှိအခြေအနေမှ မလျှောကျရအောင် နေ့စဉ်ကြိုးစားသကဲ့သို့ တစ်သံသရာလုံး စီးပွားအတွက် အဆက်ဆက် တန်းမြင့်၍ ပါရမီရှင့်သည်ထက် ရင့်အောင် ကြိုးစားပြုလုပ်သင့်ပါသည်။ ဤလူ့ဘဝသည် ဗုဒ္ဓဘာသာဝင် သူတော်စင်များအတွက် အလိုရှိရာရနိုင်သော ဘဝပဒေသာပင်ကြီး ဖြစ်သည်ကို သတိပြုသင့်ကြပါသည်။

၆။ ပါဟုနေယျဂုဏ်တော်

ပါဟုနေယျ = (ပါဟုန + ယျ။ ပါဟုန = ဧည့်သည်အလို့ငှါ စီမံအပ်သော ပေးကမ်းဖွယ် ဝတ္ထုအစုစုကို + ယျ = ခံယူတော်မူထိုက်သော သံဃာတော်။)

စာမျက်နှာ-195


ယခုကာလ ရိုးရာဧည့်သည်များသည် တွေ့ကြုံဖို့ လွယ်ကူ၏၊ ဧည့်ဝတ်ပြုဖို့လည်း လွယ်ကူ၏။ ဘုရားရှင်၏ တပည့်အစစ် ဖြစ်တော်မူသော အရိယာသံဃာတော်များသည် ဘုရားတစ်ဆူတစ်ဆူ ပွင့်တော်မူမှ ပေါ်လာကြသဖြင့် တွေ့ကြုံဖို့မလွယ်၊ ဧည့်ဝတ်ပြုရန် အထူးခဲယဉ်းသော ကမ္ဘာ့ဧည့်သည်တော်ကြီးများ ဖြစ်၏။ ထိုဧည့်သည်တော် အရိယာသံဃာတော်များသည် ဧည့်သည်များအတွက် စီမံထားအပ်သော ပေးကမ်းဖွယ် ဝတ္ထုအစုစုကို ရိုးရာဧည့်သည်များထက် အလျင်ဦးစား ပေးလှူလိုက်၍ လှူသမျှကို ခံယူတော်မူထိုက်ကြပါသည်။ ထို့ကြောင့် အရိယာသံဃာတော်များသည် “ပါဟုနေယျ” ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူကြပါသည်။

ဦးစားပေး ဧည့်ဝတ်ပြုရမည့် ကမ္ဘာ့ဧည့်သည်တော်ကြီးများ

ဧည့်သည် (အာဂန္တု) သည် “ရိုးရိုးဧည့်သည်၊ အထူးဧည့်သည်” ဟူ၍ နှစ်မျိုးရှိ၏။ ထိုတွင် ရိုးရိုးဧည့်သည်ဆိုသည်မှာ ဆွေမျိုးမိတ်ဆွေစသော လောကဧည့်သည်ဖြစ်၍ အထူးဧည့်သည်ဆိုသည်မှာ ဘုရားရှင်များ ပွင့်တော်မူမှသာ ပေါ်လာသော လောကုတ္တရာ ကမ္ဘာ့ဧည့်သည်တော် ရဟန်းသံဃာများ ဖြစ်၏။ လောကဧည့်သည်များမှာ တွေ့ရကြုံရဖန်များ၍ ထူးခြားလှသည်မဟုတ်၊ တွေ့ခဲကြုံခဲလှသည်လည်း မဟုတ်။ ရဟန်းသံဃာတော်များကား ဘုရားပွင့်မှ ပေါ်လာမြဲဖြစ်ရာ ဘုရားရှင်နှင့် ကြုံရဖို့ ဆုံရဖို့ ခဲယဉ်းသကဲ့သို့ တွေ့ဆုံကြုံရဖို့ ခဲယဉ်းလှ၏။ ကမ္ဘာတွေ အသင်္ချေ လွန်လေသော်လည်း တွေ့ဆုံကြုံရဖို့ မလွယ်။

ဧည့်သည်တို့အား ဧည့်ဝတ်ပြုစု၍ ရရှိသော အကျိုးချင်းလည်း မတူကွဲပြား ခြားနားကြ၏။ လောကဧည့်သည်တို့အား ဧည့်ဝတ်ပြုစုရသည်မှာ ဤဘဝအကျိုး သာမန်မျှ အတုံ့အလှည့် ပြန်လည်ရရှိတတ်၏။ နောင်ဘဝအကျိုး သင့်တင့်ရုံမျှသာရရှိ၍ ကြီးကြီးမားမား များများစားစား ခံစားရမည်မဟုတ်။ အလှူ၏ အကျိုးကြီးမြတ်မှု ပြုတတ်သော “သုပ္ပဋိပန္န” စသော ဂုဏ်တို့နှင့် ပြည့်စုံသော ကမ္ဘာ့ဧည့်သည်ခေါ် ရဟန်းသံဃာတော်များအား ဧည့်ဝတ်ပြုသောအားဖြင့် လှူရသော ဒါနမှာကား “မြေဆီဩဇာ ပြည့်ဝသော မြေကောင်းမှာ လွန်စွာ လတ်ဆတ်သန့်ရှင်းသော မျိုးစေ့ကောင်းကို စိုက်ပျိုးရလျှင် အလွန်ကောင်းသော အသီးအနှံ အပွင့်မျိုးကို ဖွံ့ဖွံ့ဖြိုးဖြိုး ရနိုင်သကဲ့သို့” ပြောမပြနိုင်လောက်အောင် မြားမြောင်ဖွံ့ဖြိုးသော အကျိုးတရားများကို ရရှိခံစားရမည်မှာ သေချာလှ၏။

စာမျက်နှာ-196


ဂုဏ်အားဖြင့်... လောကဧည့်သည်များမှာ “သုပ္ပဋိပန္န” စသော နှစ်သက်ကြည်ညိုဖွယ်ဂုဏ်များ မရှိဘဲ ကမ္ဘာ့ဧည့်သည်ဖြစ်သော ရဟန်းသံဃာတော်များမှာသာ “သုပ္ပဋိပန္န” စသော နှစ်သက်ကြည်ညိုဖွယ်ဂုဏ်များ ရှိပါသည်။ ထို့ကြောင့် “သံဃသဒိသော ဟိ ပါဟုနကော နတ္ထိ = သံဃာနှင့်တူသော ဧည့်သည်မည်သည် မရှိ” ဟု ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊ ၁၊ ၂၁၃) ၌ မိန့်ဆိုခဲ့ပါသည်။

ယင်းသို့ တွေ့ခဲဆုံခဲခြင်း၊ အကျိုးကြီးမားခြင်းနှင့် နှစ်သက်ကြည်ညိုဖွယ်ဂုဏ်ရှိခြင်းတို့ကြောင့် ဧည့်ဝတ်ပြုခွင့်ကြုံလာလျှင် လောက၌ အကောင်းဆုံး ဧည့်ဝတ်ပြုထိုက်သည်ဆိုသော ထိပ်တန်းအကျဆုံး ဧည့်သည်များကိုပင် ဧည့်မခံ ဧည့်ဝတ်မပြုသေးဘဲ အသာဆိုင်းထားလျက် ကမ္ဘာ့ဧည့်သည်တော်ကြီးများ ဖြစ်သော အရိယာသံဃာတော်များကိုသာလျှင် ဦးစားပေး ဧည့်ဝတ်ပြုသောအားဖြင့် ပူဇော်လှူဒါန်းထိုက်လေသည်။

ရဟန်းသံဃာ အိမ်ကြွလာ များစွာလာဘ်ကောင်းမှန်

သီလရှိသော ရဟန်းသံဃာတော်များ မိမိအိမ်သို့ ကြွရောက်လာပါလျှင် လာဘ်ကြီးငါးပါး ရသည်မည်ပုံကို ဘုရားရှင် ဟောတော်မူခဲ့ပါသည်။ လာဘ်ကြီးငါးပါးမှာ ဖော်ပြလတ္တံ့ပါအတိုင်း ဖြစ်ပါသည် —

(၁) သီလရှိသော ရဟန်းသည် အိမ်သို့ ကြွသည်ရှိသော် လူတို့မြင်၍ စိတ်ကြည်လင်သောအခါ... ထိုအိမ်သည် နတ်ပြည်ရောက်စေသော အကျင့် ကို ကျင့်သည်မည်ပေ၏။
(၂) ခရီးဦးကြိုဆိုကြ၊ ရှိခိုးကြ၊ နေရာထိုင်ခင်း ပေးကြသောအခါ... ထိုအိမ်သည် မြင့်မြတ်သောအမျိုး၌ ဖြစ်စေသောအကျင့် ကို ကျင့်သည်မည်ပေ၏။
(၃) နေရာထိုင်ခင်းစသည်၌ နှမြောတွန့်တိုမှု (မစ္ဆရိယ) စိတ်အညစ်အကြေး ကင်းကွာသောအခါ... ထိုအိမ်သည် တန်ခိုးကြီးစေသောအကျင့် ကို ကျင့်သည်မည်ပေ၏။
(၄) စွမ်းအားရှိသလောက် ခွဲဝေလှူဒါန်းသောအခါ... ထိုအိမ်သည် ဥစ္စာပေါများစေသောအကျင့် ကို ကျင့်သည်မည်ပေ၏။
(၅) မေးမြန်းလျှောက်ထား မှတ်သားနာယူကြသောအခါ... ထိုအိမ်သည် အသိဉာဏ်ပညာ ကြီးပွားစေသောအကျင့် ကို ကျင့်သည်မည်ပေ၏။

စာမျက်နှာ-197


ရဟန်းတို့... သီလရှိသော ရဟန်းတို့ ကြွရောက်လာသော အိမ်၌ အိမ်ရှင်ဒါယကာတို့သည် ဤအကြောင်းငါးမျိုးတို့ဖြင့် များစွာသော ကောင်းမှုကို တိုးပွားစေကြပေကုန်၏ (အံ၊ ၂၊ ကုလသုတ်၊ ၂၁၃)။ မြန်မာပညာရှိတို့က “မြင့်မြတ်အမျိုး၊ နတ်၊ တန်ခိုး၊ ပွားတိုးဥစ္စာ၊ ဉာဏ်” ဟု လင်္ကာစီ၍ မှတ်တမ်းပြုထားကြပါသည်။

အရောဝင်လွန်းလျှင် မကောင်း

သီလရှိသော ရဟန်းတော်များ အိမ်သို့ ကြွရောက်လာလျှင် ကုသိုလ်တိုးပွားရသော်လည်း သတိမူရမည့်အချက်ကား ရှိ၏။ ရဟန်းများ လူတို့နှင့် ချမ်းသာမကွဲ ဆင်းရဲအတူ (သဟသောကီ သဟနန္ဒီ) အရောဝင်ခြင်းမျိုးကိုမူ ဘုရားရှင် လိုလားတော်မမူပါ။ ထိုရဟန်းမျိုးကို (ကုလူပက - အိမ်ကပ်ရဟန်း၊ လူစော်နံသောရဟန်း) ဟု ခေါ်သည်။ ယင်းကုလူပကခေါ် အိမ်ကပ်ရဟန်းကား —

(၁) အိမ်သူအိမ်သား ဒါယကာ ဒါယိကာမများနှင့် အရင်းအချာ ချစ်ခင်နှီးသူ မဟုတ်ပါဘဲလျက် အရောတဝင် ခင်မင်ရင်းနှီးဟန် ဆက်ဆံသောရဟန်း၊
(၂) မသက်မဆိုင် မပိုင်စိုးဘဲလျက် ပိုင်စိုးပိုင်နင်း စီမံခန့်ခွဲသောရဟန်း၊
(၃) ကွဲပြားသူတို့ကို စေ့စပ်ရေးလုပ်ရန် သွားသောရဟန်း၊
(၄) (နားရင်းကပ်၍) တိုးတိုးပြောလေ့ရှိသောရဟန်း၊
(၅) အတောင်းအရမ်းထူသောရဟန်း
ဟူ၍ ငါးမျိုးရှိ၏။

ထိုရဟန်းငါးမျိုးကို ဘုရားရှင် နှစ်ခြိုက်တော်မမူချေ။ အဘယ့်ကြောင့်ဆိုသော် လူဒါယကာ ဒါယိကာမတို့၏ ချစ်ခင်မြတ်နိုးခြင်း၊ လေးစားခြင်း စိတ်နှလုံးကို တိုးပွားစေခြင်း မရရှိနိုင်သောကြောင့်ပင်တည်း (အံ၊ ၂၊ ကုလူပကသုတ်၊ ၁၂၀)။

လူဒါယကာ ဒါယိကာမများအနေဖြင့်လည်း ရဟန်းသံဃာတော်တို့ထံမှ သီလ၊ သမာဓိ၊ ပညာ ကုသိုလ်ရရေးမှတစ်ပါး အခြားမြော်လင့်ချက် တစ်စုံတစ်ရာဖြင့် မချဉ်းကပ်သင့်ချေ။ လူပေါင်းပေါင်းလျှင် သာသနာဖျက်ရာရောက်၍ အလှူခံရဟန်း မီးလောင်ခံရတတ်သည်။ အလွန်အပြစ်ကြီးလေးသော “သံဃာကွဲပြားရေး” ကံကြီးကိုပင် လှုံ့ဆော်ကျူးလွန်မိတတ်သည်။ မီးဟုန်းဟုန်း...

စာမျက်နှာ-198


တောက်နေသော ရွှေတောင်ကြီးသဖွယ် သဘောထားကာ မကပ်လျှင် ရွှေမရ၊ ကပ်လွန်းလျှင် မီးလောင်ခံရမည်ဖြစ်၍ လွန်စွာ ရင်းရင်းနှီးနှီး ကပ်လွန်းခြင်း၊ စိမ်းစိမ်းကားကား ခါလွန်းခြင်း မပြုမိဖို့ သတိပြုသင့်ကြပါသည်။

၇။ ဒက္ခိဏေယျဂုဏ်တော်

ဒက္ခိဏေယျ = (ဒက္ခိဏာ + ဧယျ။ ဒက္ခိဏာ = မြတ်သောအလှူကို + ဧယျ = ခံယူတော်မူထိုက်သော သံဃာတော်။)

ဘုရားရှင်၏ တပည့်အစစ်ဖြစ်တော်မူသော အရိယာသံဃာတော်အပေါင်းသည် ကောင်းမှုရှင်တို့ ရည်မှန်းတိုင်းသော အကျိုးကို ကောင်းစွာ ရစေနိုင်သောကြောင့် မြတ်သောအလှူကို ခံယူခြင်းငှာ ထိုက်တန်တော်မူကြ၏။ ထို့ကြောင့် “ဒက္ခိဏေယျ” ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါသည်။

မြတ်သောအလှူကို ခံတော်မူထိုက်ခြင်း

“ဤပုဂ္ဂိုလ်သည် ငါ့ကို ဆေးကုပေးလိမ့်မည်၊ ငါခိုင်းရာကို လုပ်ပေးလိမ့်မည်” စသောအားဖြင့် အလှူခံပုဂ္ဂိုလ်တို့ထံမှ တစ်စုံတစ်ရာ ရလိမ့်မည်ဟု မြော်လင့်တောင့်တချက်ဖြင့် လှူသောအလှူသည် “ဒက္ခိဏာ” မည်သောအလှူမျိုး မဟုတ်၊ တမလွန်လောကကို ယုံကြည်၍ တမလွန်လောက၌ ကြီးပွားချမ်းသာဖို့အရေးကို မြော်တွေးမှန်းဆ၍ လှူဒါန်းသောအလှူမျိုးသာ “ဒက္ခိဏာ” မည်သောအလှူမျိုးဖြစ်၏။ ယင်းအလှူမျိုးကိုသာ “အလှူမှန် အလှူကောင်း” ဟူ၍လည်းကောင်း၊ “မြတ်သောအလှူ” ဟူ၍လည်းကောင်း ဆိုရ၏။

ဤအလှူမျိုးသည် လက်ငင်းဒိဋ္ဌ အကျိုးရရေးကိုသာ အလေးထားသော ပုဂ္ဂိုလ်တို့အတွက် ပြုရန် မလွယ်ကူပါ။ နောင်ဘဝသည် မြင်ရသည်မဟုတ်၊ မမြင်ရသည့်အတွက် အချို့ကလည်း ရှိသည်ဟု မယုံကြည်၊ “သေလျှင်ပြတ်၏” ဟူသော “ဥစ္ဆေဒဒိဋ္ဌိ” အယူမျိုး ရှိကြ၏။ ထိုသူတို့အဖို့ မယုံကြည်သော နောင်ဘဝကောင်းစားရေးအလှူကို မည်သည့်နည်းနှင့်မျှ ပြုလိုစိတ် ရှိနိုင်ကြမည် မဟုတ်ပါ။

ထို့ကြောင့် ဤ “ဒက္ခိဏာ” ခေါ် တမလွန်ကောင်းစားရေးအလှူမျိုးကို ပြုရေးအတွက် “ဥစ္ဆေဒဒိဋ္ဌိ” ခေါ် သေလျှင်ပြတ်၏ဟူသော အယူမျိုး မရှိဖို့၊ အယူစင်ကြယ်ဖို့ ရှေးဦးစွာ လိုအပ်ပါသည်။

ဘုရားရှင်၏ အလိုတော်အရ “အဝိဇ္ဇာနှင့် ဘဝတဏှာ” ခေါ် မသိမှုနှင့် ဘဝကို လိုချင်တောင့်တမှု သံသရာရေသောက်မြစ်နှစ်ပါး အကြွင်းမဲ့ ပယ်ဖြတ်...

စာမျက်နှာ-199


ပြီးသော ဘုရားရဟန္တာများမှတစ်ပါး ယင်းရေသောက်မြစ်နှစ်ပါး မပြတ်သေးသူမှန်သမျှ (မိမိတို့၏စိတ်နှင့် နှုတ်က မည်မျှပင် တမလွန်လောက မရှိဟု သိစေကာမူ၊ ပြောစေကာမူ) တမလွန်လောက၌ ဖြစ်လေရဦးမည်သာ ဖြစ်၏။

မှန်ပါသည်။ ရေသောက်မြစ်ပြတ်ပြီးသော သစ်ပင်၏ လာလတ္တံ့သော နောက်နှစ်၌ အသီးမသီးမှုနှင့် ရေသောက်မြစ် မပြတ်သေးသော သစ်ပင်၏ လာလတ္တံ့သော နောက်နှစ်နောက်နှစ်များ၌ ရေသောက်မြစ်မပြတ်သေးသမျှ အသီးသီးမှုကို မျက်မြင်ကိုယ်တွေ့ ဥပမာပြု၍ သံသရာရေသောက်မြစ် ပြတ်ပြီးသော ဘုရားရဟန္တာတို့၏ တမလွန်ဘဝ၌ မဖြစ်တော့မှုနှင့် သံသရာရေသောက်မြစ် မပြတ်သေးသော (ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်) ပုဂ္ဂိုလ်တို့၏ တမလွန်ဘဝ၌ ထိုက်သင့်သလို ပဋိသန္ဓေတည်နေ ဖြစ်ပွားမှုကို ယုံကြည်စွာ မှတ်ယူသင့်ကြပါသည်။

ဤသို့အားဖြင့် “သေလျှင်ပြတ်၏” ဟူသော “ဥစ္ဆေဒဒိဋ္ဌိ” အယူမှား မရှိမှသာ တမလွန်လောကရှိမှုကို ယုံ၍ တမလွန်လောကရှိမှုကို ယုံမှလည်း တမလွန်လောက၌ ချမ်းသာစွာ နေရရေးအတွက် ဒါနကောင်းမှုကို ပြုလုပ်ဖွယ် ရှိလာနိုင်ပါသည်။ ယင်းသို့ ဘဝယုံကြည်မှု အခြေခံပြီး ပြုလုပ်သော ဒါနမျိုးဖြစ်မှသာ တမလွန်လောကတွင် လိုအပ်သော အကျိုးကို ဖွံ့ဖြိုးတိုးတက်စေနိုင်မည် ဖြစ်သောကြောင့် “ဒက္ခိဏာ” ခေါ် မှန်သော၊ ကောင်းသော၊ မြတ်သောအလှူမျိုး ဖြစ်နိုင်ကြပါမည်။

ဘုရားရှင်၏ တပည့်အစစ်ဖြစ်တော်မူသော အရိယာသံဃာတော်အပေါင်းသည် “သုပ္ပဋိပန္န” စသော အကြောင်းဂုဏ်တို့နှင့် ကုံလုံပြည့်ဝတော်မူကြသည့်အတွက် အလှူရှင်တို့၏ ရည်မှန်းချက်ဆန္ဒအတိုင်း ကောင်းသောအကျိုးတို့ကို ပြည့်ဝစွာ ရစေနိုင်သောကြောင့် “ဒက္ခိဏာ” မည်သောအလှူမှန် အလှူကောင်း အလှူမြတ်ကို ခံယူတော်မူထိုက်ကြပါသည်။ အချုပ်အားဖြင့် အလှူက သမ္မာဒိဋ္ဌိအယူဖြင့် ကံ ကံ၏အကျိုးကို ယုံကြည်၍ လှူဒါန်းသောအလှူမျိုးဖြစ်ပြီး အလှူခံက သီလရှိသော “သီလဝန္တ” အလှူခံပုဂ္ဂိုလ်မျိုး ဖြစ်မှသာ မြတ်သော “ဒက္ခိဏာ” အလှူကို ခံယူတော်မူထိုက်သော “ဒက္ခိဏေယျ” ဂုဏ်နှင့် ပြည့်စုံသည်ဟု ဆိုလိုပါသည်။

အတ္တကျိုးနှင့် ပရကျိုး အလှူနှစ်မျိုး

တမလွန်ကျိုးကို မျှော်ကိုးမှုနှင့်စပ်၍ မိမိအတွက် မျှော်ကိုးခြင်းနှင့် မိမိနှင့်စပ်သော ကွယ်လွန်သူ မိဘဆွေမျိုးများအတွက် မျှော်ကိုးခြင်းဟု နှစ်မျိုးရှိရာ “ဒက္ခိဏာ” ခေါ်သောအလှူလည်း —

စာမျက်နှာ-200


(၁) မိမိအတွက် ချမ်းသာဖို့ရန် လှူဒါန်းခြင်း တစ်မျိုး၊

(၂) သေလွန်သူ မိဘဆွေမျိုးများအတွက် ချမ်းသာဖို့ရန် လှူဒါန်းခြင်း တစ်မျိုး —

ဟူ၍ နှစ်မျိုးရှိရလေသည်။

(၁) မိမိအတွက် လှူဒါန်းခြင်း သည် အခွင့်သာလျှင် သင့်ရာဘဝ၌ နိဗ္ဗာန်မရမချင်း အကျိုးပေးမည်။ ယခုအခါ ဗုဒ္ဓဘာသာမဟုတ်သူတို့ ကောင်းကျိုးခံစားနေကြရသည်မှာ ၎င်းတို့သန္တာန်၌ ရှေးအခါက လှူဒါန်းခဲ့သော “ဒက္ခိဏာ” ခေါ်သောအလှူမျိုး ပါရှိခဲ့သောကြောင့် ဖြစ်သည်။ ရှေးကပြုခဲ့သော ကုသိုလ်ကံဟောင်း၏ ကောင်းကျိုးကို ခံစားနေကြရခြင်း ဖြစ်၏။ ယခုဘဝ၌ ပြုမိသော ကောင်းမှု၊ မကောင်းမှုများအတွက် နောက်နောက်ဘဝ၌ အကျိုးပေးမည်သာ ဖြစ်၏။

ယခုဘဝ၌ ကောင်းမှုပြုနေပါလျက် မကောင်းကျိုးခံနေရသူများ၊ မကောင်းမှုပြုနေပါလျက် ကောင်းကျိုးစံနေရသူများ ရှိ၏။ ထိုသူတို့ကို ကြည့်၍ အချို့က ကံအကျိုးပေးမှုအပေါ် အမြင်မရှင်းဘဲ မျက်စိလည်တတ်ကြသည်များလည်း ရှိ၏။ မျက်စိမလည်သင့်ပေ။ “ပြုလျှင်အသစ်၊ ဖြစ်လျှင်အဟောင်း” ဟူသော ရှေးသူဟောင်းတို့၏ ဆိုရိုးစကားအတိုင်း ဖြစ်မှုကံသည် အဟောင်းဖြစ်၍ ပြုမှုကံသည် အသစ်သောကြောင့် ကံနှင့်အကျိုး၊ အကျိုးနှင့်ကံ တစ်ခုနှင့်တစ်ခု ဆက်စပ်မှုမရှိသည်ကို သတိပြုသင့်ကြပါသည်။

စင်စစ် ကောင်းမှုကုသိုလ်ကံသည် အပြစ်မရှိ ချမ်းသာသောအကျိုးကိုသာ ပေးရိုးလက္ခဏာရှိ၍ မကောင်းမှုအကုသိုလ်ကံသည် အပြစ်နှင့်တကွ ဆင်းရဲသောအကျိုးကိုသာ ပေးရိုးလက္ခဏာရှိသည်မှာ မည်သည့်အခါမျိုးမှ ပြောင်းလဲရိုးမရှိသော အမှန်သဘာဝဖြစ်ပါသည်။

(၂) ကွယ်လွန်သူ မိဘဆွေမျိုးများအတွက် လှူဒါန်းရာ၌ ကား သေသူက ငရဲကျနေသော်လည်းကောင်း၊ တိရစ္ဆာန်ဖြစ်သော်လည်းကောင်း၊ အလွန်ဝေးသော တော၊ တောင်၊ မြစ်၊ သမုဒ္ဒရာကမ်း၌ ပြိတ္တာဖြစ်နေခဲ့သော်လည်းကောင်း၊ အမိဝမ်း၌ ဖြစ်နေခဲ့ရသော်လည်းကောင်း၊ နတ်၊ ဗြဟ္မာဖြစ်နေခဲ့သော်လည်းကောင်း ကျန်ရစ်သူတို့က လှူဒါန်းသော ကုသိုလ်ကို ယင်းကွယ်လွန်သူတို့ မသိနိုင်ကြ၊ သိနိုင်သော်လည်း...


စာမျက်နှာ-201


သိရုံမျှနှင့် သာဓုမခေါ်လျှင် သူတို့မှာ အကျိုးထူးမရကြ။ သို့ရာတွင် အချည်းနှီးကား မဖြစ်၊ လှူဒါန်းသူတို့အဖို့ကား ကုသိုလ်ကောင်းမှု ရကြသည်သာ ဖြစ်၏။

ကွယ်လွန်သူသည် မိမိအိမ် ရွာ မြို့၏ အနီးအပါး အကြားအို၌ သွားလာလျက် စားရမဲ့ သောက်ရမဲ့ ပြိတ္တာမျိုး (အစိမ်း၊ သူရဲ၊ တစ္ဆေ) ဖြစ်နေလျှင် ကျန်ရစ်သော မိဘ ဆွေမျိုးများက ဆွမ်း၊ သင်္ကန်း စသည်ကို လှူဒါန်း၍ —

“ဤအလှူသည် သွားလေသူ (အမိ အဖ ဆွေမျိုး) အတွက် ဖြစ်ပါစေသတည်း၊ သွားလေသူ (အမိ အဖ ဆွေမျိုး) မည်သူမည်ဝါသည် ချမ်းသာပါစေသတည်း၊ ဤကုသိုလ်ကို ဝမ်းမြောက်စွာ သာဓုခေါ်ပါလော့၊ အညီအမျှ ကုသိုလ်ရအောင် အမျှယူပါလော့၊ အမျှပေးဝေပါ၏”

ဟု ပြောဆို၍ အမျှဝေသောအခါ ထိုပြိတ္တာများ တွေ့မြင်ကြားသိ၍ သာဓုခေါ်လျှင် အဝတ်အစားတို့ကို နတ်သမီး နတ်သားများကဲ့သို့ပင် ရရှိနိုင်ကြသည်။ မိမိအတွက် လှူဒါန်းနေသော်လည်း မမြင်မကြားရသဖြင့် သာဓုမခေါ်နိုင်လျှင် မရကြသေးပါ။ ထို့ကြောင့် ကွယ်လွန်သူကို ရည်မှန်း၍ “ဒက္ခိဏာ” ခေါ်သော “အလှူ” ကို ပြုသောအခါ မပြုမီကပင် အချို့အရပ်၌ သုသာန်စသည်သို့ သွား၍ “ယနေ့ အလှူဒါနပြုမှာမို့ လိုက်ခဲ့ပါ” ဟု ဖိတ်မန်ကာ အိမ်သို့ ခေါ်လာကြသည်။ ထိုကုသိုလ်ကို အလွန်ဝေးသော ရှေးရှေးဘဝက ပြိတ္တာဖြစ်နေကြသော ဆွေမျိုးဟောင်းများလည်း သာဓုခေါ်နိုင်လျှင် အဖို့ဘာဂ ရခွင့်ရှိကြပါသည်။

ပေးကားပေး၏ မရဖြစ်ခြင်း

ကွယ်လွန်သူ မိဘ ဆွေမျိုးများအတွက် မျှော်ကိုးရည်မှန်း၍ လှူဒါန်းအမျှပေးဝေမှုအရ “ပေးတိုင်းရသည်၊ ကျွေးတိုင်းဝသည်” ဟု မမှတ်ယူသင့်ပါ။ အပေးတတ်ဖို့ အကျွေးတတ်ဖို့ အထူးလိုအပ်ပါသည်။ ဤ၌ အပေးမတတ်၍ မရဖြစ်ခဲ့ပုံ ကျမ်းဂန်လာသာဓကကို သတိပြုမိကြစေရန် ဖော်ထုတ်တင်ပြထားပါသည် —

ရှေးအခါက မုဆိုးတစ်ယောက်သည် သေလွန်သွားသော ဆွေမျိုးကို ကုသိုလ်အဖို့ ပေးဝေလို၍ သေသူအား ရည်မှန်းလျက် သီလသိက္ခာမရှိသော “ဒုဿီလ” ရဟန်းတစ်ပါးအား နှစ်ကြိမ်တိုင်အောင်...

စာမျက်နှာ-202


အလှူပေး၍ အမျှပေးဝေသော်လည်း အမျှမရဘဲရှိရာ သုံးကြိမ်မြောက် ထပ်မံ၍ ပေးလှူပြန်၏။ ထိုအခါ သေသူဆွေမျိုးပြိတ္တာက “ဒုဿီလော မံ ဝိလုမ္ပတိ၊ ဒုဿီလော မံ ဝိလုမ္ပတိ = ငါ့ဖို့ဥစ္စာကို ဒုဿီလကြီးက လုယူထားသည်” ဟု အော်ဟစ်ရှာသတဲ့ (ဥပရိပဏ္ဏာသ၊ ဋ္ဌ၊ ၂၇၀-၇၁)။ ဤ၌ မုဆိုးကလှူ၍ ဒုဿီလရဟန်းက ယူသောကြောင့် လှူသူယူသူ နှစ်ဖက်လုံး စင်ကြယ်မှုမရှိသောကြောင့် “ပေးကားပေး၏ မရဖြစ်ရခြင်း” ဖြစ်၏။ ထို့ကြောင့် သေသူဆွေမျိုးဟောင်းကို ရည်မှန်း၍ လှူဒါန်းကြရာ၌ မိမိကိုယ်တိုင် သီလဆောက်တည်လျက် သီလရှိသူအား လှူဒါန်း၍ အမျှပေးဝေမှ အဖို့ဘာဂရဖွယ်ရှိကြောင်း ကောင်းကောင်းကြီး သတိပြုသင့်ကြပါသည်။

သီလရှိသော ပုဂ္ဂိုလ်ကို မရွေးချယ်တတ်လျှင်လည်းကောင်း၊ ရွေးချယ်ရန် မလွယ်ကူလျှင်လည်းကောင်း သံဃာအကုန်ကို ရည်မှန်းလှူဒါန်း၍ အမျှပေးဝေသင့်၏။ “သံဃာ” ဟူရာ၌ ရဟန်းတော်များ စုမိမှ “သံဃာ” ဟု မမှတ်ရ။ ရဟန်းတစ်ပါးတည်းပင် ဖြစ်သော်လည်း မိမိက တစ်သာသနာလုံးရှိ သံဃာတော်အရှင်မြတ်များကို စိတ်ထဲက ရည်မှတ်၍ “သုပ္ပဋိပန္န” စသော သံဃာတော်အားလုံးနှင့်ဆိုင်သော ဂုဏ်တော်များကို ဆင်ခြင်၍ “သံဃာအား လှူပါ၏” ဟု သံဃာကို ရည်စူး၍ လှူလျှင် “သံဃိကဒါန” ဖြစ်နိုင်၏။ ပုဂ္ဂိုလ်မရွေးဘဲ ရဟန်းတော်အများကို ပင့်၍ လှူရာ၌ကား အထူးပြောဖွယ်မလိုပါ။

အလှူရဲသော်လည်း မွဲသူမရှိနိုင်ကြောင်း

ဘုရားရှင်သည် ရိက္ခာအတွက် အခက်ကြုံနေရသော ဒုဗ္ဘိက္ခကာလဝယ် “နာဠန္ဒာမြို့” သို့ ရဟန်းတော်များစွာနှင့်အတူ ဒေသစာရီ လှည့်လည်တော်မူရင်း ရောက်တော်မူလေ၏။ ထိုအခါ “နိဂဏ္ဌဆရာကြီး” ၏ တပည့်ဖြစ်သော “အသိဗန္ဓကပုတ္တဂါမဏိ” သည် (သူ့ဆရာကြီး၏ တိုက်တွန်းချက်အရ) ဘုရားရှင်၏အထံသို့ လာ၍ —

“အရှင်ဘုရားသည် သတ္တဝါများကို သနားသည်ဟု ဆိုပါလျက် ယခုလို ဒုဗ္ဘိက္ခအခါဝယ် ရဟန်းအများနှင့်အတူလာ၍ ဆင်းရဲသူများအထံ ဆွမ်းခံစားနေသည်မှာ လူတွေ သေကျေပျက်စီးအောင် ဖျက်ဆီးရာ မရောက်ပါသလော” ဟု အပြစ်တင်လေသည်။ ထိုအခါ ဘုရားရှင်သည် ထွက်သက်လေ၏ ပြန်၍မဝင်မီ အချိန်လောက်၌ ကိုးဆယ့်တစ်ကမ္ဘာအတွင်းဝယ် မိမိတို့ချက်ပြီးအစာကို ပေးလှူ၍ မွဲနေသူ ရှိမရှိကို ဆင်ခြင်တော်မူရာ တစ်ယောက်တလေမျှ မရှိကြောင်းကို မြင်တော်မူသောကြောင့် —

စာမျက်နှာ-203


“အို ဂါမဏိ... မိမိတို့စားဖို့ ချက်ပြီးသားထမင်းကို ပေးလှူ၍ မွဲသွားသူဟု ကိုးဆယ့်တစ်ကမ္ဘာအတွင်း၌ မရှိခဲ့ဖူးချေ။ ကြီးပွားချမ်းသာနေသူတွေမှာ ဒါနကြောင့်၊ သစ္စာကြောင့်၊ သီလကြောင့်သာ ဖြစ်ကြပေသည်။ စင်စစ်အားဖြင့် ဆင်းရဲနေသူတို့မှာ ရန်သူမျိုးငါးပါး ဖျက်ဆီးခံရသူ၊ ကံမကောင်းသဖြင့် မြှုပ်နှံထားသော ပစ္စည်းများ နေရာရွှေ့သွားခြင်းခံရသူ၊ မိမိမကျွမ်းကျင်သော အလုပ်အကိုင်ကို လုပ်ကိုင်မိသူ၊ အနိစ္စသဘောနှင့် ကြုံတွေ့ရသူ ဤရှစ်မျိုးသာ ရှိနိုင်သည်” ဟု မိန့်တော်မူပါသည် (အံ၊ ၂၊ ကုလသုတ်၊ ၅၁၇-၉)။

ဘုရားရှင်၏ မိန့်တော်မူချက်စကားအရ နောင်ဘဝအတွက်လည်း ဒါနအကျိုးကို အပြည့်အစုံ ခံစားနိုင်၊ ဤဘဝ၌လည်း မွဲ၍မသွားနိုင်၊ သာသနာတော်၏ တာဝန်ကို ထမ်းဆောင်ရာတွင် အရေးအကြီးဆုံးဖြစ်သော အာဟာရကို နေ့စဉ် ထောက်ပံ့မှုလည်း ဖြစ်နိုင်သော “ဒက္ခိဏာ” ခေါ် ဆွမ်းအလှူဒါနကို မမေ့မလျော့ မပေါ့မဆ ပြုသင့်ကြပါသည်။

၈။ အဉ္စလိကရဏီယဂုဏ်တော်

အဉ္စလိကရဏီယ = (အဉ္စလိ + ကရဏီယ။ အဉ္စလိ = လက်အုပ်ချီမှုကို + ကရဏီယ = ပြုထိုက်သော၊ အပြုခံထိုက်သော သံဃာတော်။)

ဘုရားရှင်၏ တပည့်အစစ်ဖြစ်တော်မူသော အရိယာသံဃာတော်အပေါင်းသည် သီလ၊ သမာဓိ၊ ပညာ သိက္ခာဂုဏ်ရည် စုံညီပြည့်ဝတော်မူသောကြောင့် လူအပေါင်းက လက်နှစ်ဖက်တို့ကို ဦးခေါင်းထက်၌တင်ကာ ပြုလုပ်အပ်သော လက်အုပ်ချီမိုးရှိခိုးမှု အရိုအသေပြုမှုကို ခံယူတော်မူထိုက်ကြပါသည်။ ထို့ကြောင့် အရိယာသံဃာတော်အပေါင်းသည် “အဉ္စလိကရဏီယ” ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါသည်။

ရှိခိုးခံထိုက်သူတို့အား ရှိခိုးခြင်း

လူအပေါင်းတို့က ရဟန်းသံဃာတို့ကို မြင်လျှင် လက်အုပ်ချီမိုး အရိုအသေပြုရှိခိုးခြင်းသည် အကြောင်းမဲ့မဟုတ်၊ ကောင်းမှုကုသိုလ်အကျိုးကို အလိုရှိ၍ ရှိခိုးကြခြင်းဖြစ်၏။ ယင်းသို့ ကောင်းမှုကုသိုလ်အကျိုးကို အလိုရှိ၍ ရှိခိုးခြင်းကိုလည်း သီလသိက္ခာမရှိသော သာမန်ပုဂ္ဂိုလ်တို့ ခံထိုက်ကြသည်မဟုတ်၊ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါး ဂုဏ်ရည်များနှင့် ပြည့်စုံသူတို့သာ ခံထိုက်ကြပါသည်။ ဘုရားရှင်၏ တပည့်အစစ် ဖြစ်တော်မူကြသော အရိယာသံဃာတော်..

စာမျက်နှာ-204


များကား သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါး အကျင့်ဂုဏ်ရည်များနှင့် အမြဲထာဝစဉ် ပြည့်စုံလျက်ရှိသောကြောင့် လူတို့၏ ရှိခိုးခြင်းကို ကောင်းစွာ ခံထိုက်ကြပါသည်။

ရှိခိုးခံထိုက်သောအရာတို့သည် သက်ရှိသံဃာတော်အရှင်မြတ်တို့သာ မဟုတ်ပါ။ သံဃာတော်အရှင်မြတ်တို့ ဝတ်စုံဆင်မြန်းသော အဝတ်သင်္ကန်းများမှာလည်း အာသဝေါကင်းကွာ ရဟန္တာစစ်ဖြစ်လိုသူများ ဝဋ်သုံးပါးမှ လွတ်အောင်ရုံးထွက်ကြရာတွင် ဤသင်္ကန်းကို ဝတ်ရုံဆင်မြန်း၍ ကြိုးပမ်းအားထုတ်တော်မူကြပြီး ဤသင်္ကန်းဖြင့်ပင် ကိလေသာခပ်သိမ်း ကင်းငြိမ်းစင်ကြယ်မှုကို ရကြသောကြောင့် လမ်းခရီး၌ မစင်များ လိမ်းကျံနေသော သင်္ကန်းကိုပင် တွေ့လျှင် လက်အုပ်ချီမိုး ရှိခိုးထိုက်ကြောင်းနှင့် ရဟန်းသံဃာတော်တို့၏ အသုံးအဆောင် ပရိက္ခရာဟူသမျှ လူတို့အတွက် စေတီအရာ (အမြတ်တနိုး ကိုးကွယ်ပူဇော် ရှိခိုးရာ) ၌ တည်၍ စေတီထိုက်လျက်ရှိသောကြောင့် လက်အုပ်ချီမိုး ရှိခိုးထိုက်ကြောင်း မိန့်ဆိုခဲ့ကြပါသည်။¹

ထို့ပြင် ပုထုဇဉ်ရဟန်းသည် ရဟန်းအဖြစ်ကို ပြုတတ်ကုန်သော နှစ်ဆယ်သော အကျင့်တရားတို့ကိုလည်းကောင်း၊ နှစ်ပါးသော အသွင်အပြင်တို့ကိုလည်းကောင်း ကျင့်ဆောင်၏၊ သူတစ်ပါးကိုလည်း ထိုတရား၌ ကျင့်ဆောင်စေ၏။ “ငါ့အား ထိုရဟန်း၏ ကောင်းသောကျင့်ဝတ်အလားသည်လည်းကောင်း၊ ကျင့်ဆောင်စေခြင်းသည်လည်းကောင်း မရှိ” ဟု နှလုံးသွင်း၍ သောတာပန်လူဒါယကာသည် ပုထုဇဉ်ရဟန်းကို ရှိခိုးခြင်းငှာ၊ ခရီးဦးကြိုဆိုခြင်းငှာ ထိုက်၏ဟူ၍ မိလိန္ဒမင်းကြီးအား အရှင်နာဂသေနထေရ်က မိန့်တော်မူခဲ့ပါသည်။ (မိလိန္ဒပဉှာ၊ ၁၆၃)။²

ဤ၌ ရဟန်းသံဃာ ရတနာမြတ်သုံးပါးတို့၏ ဂုဏ်ကျေးဇူးကို သိ၍ လက်အုပ်ချီမိုး ရှိခိုးခဲ့ကြပုံ သာဓကများကို ကြည်ညိုသဒ္ဓါပွား၍ အတုယူမှတ်သားနိုင်ရန် ဖော်ထုတ်တင်ပြထားပါသည် —

အနာထပိဏ်သူဌေးကြီး၏ သမီး “စူဠသုဘဒ္ဒါ” သည် မိစ္ဆာဒိဋ္ဌိ “ဥဂ္ဂ” သူဌေးသားနှင့် အိမ်ထောင်ကျ၍ မိစ္ဆာဒိဋ္ဌိဘုန်းကြီးများကို ရှိမခိုးသည့်အတွက် ယောက္ခမလုပ်သူက “သင်ရှိခိုးသော ဘုန်းကြီးများဟာ ဘယ်လိုအမျိုးအစားလဲ” ဟု မေးရာ လောကဓံရှစ်ပါးကြောင့် ပြောင်းလဲခြင်းမရှိပုံ၊ တည်ငြိမ်အေးချမ်းပုံ၊ အတွင်းရောအပြင်ပါ
၁။ အပ၊၁။၅၂။ အပ၊ဋ္ဌ၊၁၊၃၃၁၂။ ၂။ ဝိ၊ဋ္ဌ၊၂၊၆၇။

စာမျက်နှာ-205


ဖြူစင်မြင့်မြတ်ပုံ စသည်များကို ပြန်လည်ဖြေကြားခဲ့ပါသည်။ (ဓမ္မပဒ၊ ဋ္ဌ၊ ၂၊ စူဠသုဘဒ္ဒါဝတ္ထုနှင့် အင်္ဂုတ္တရ၊ ဋ္ဌ၊ ၂၊ ကာဠကာရာမသုတ်အဖွင့်၌ အကျယ်ရှုနိုင်ပါသည်)။

ထို့ပြင် သိကြားမင်းကြီးသည် ရထားထိန်းမာတလိနှင့် အပျော်ခရီးထွက်ခါနီး ဝေဇယန္တာပြာသာဒ်မှအထွက် ရဟန်းသံဃာတော်များကို လှမ်း၍ ရှိခိုးသည်ကို မြင်၍ မာတလိက —

“နတ်မင်းကြီး ဖြစ်ပါလျက် အမိဝမ်းခေါင်း အပုပ်အစပ်အတွင်းမှာ အောင်းပြီး ယုတ်ညံ့သော လူသားများကို ဘာလို့ ရှိခိုးရသလဲ၊ သင် နတ်မင်းကြီး ရှိခိုးတဲ့ သံဃာတော်ဆိုတာ ဘယ်လိုဟာလဲ” ဟု မေးမြန်းလေ၏။

ထိုအခါ သိကြားမင်းက မာတလိအား အောက်ပါအတိုင်း ပြန်လည်ပြောပြလေသည် —

“မာတလိ... သံဃာတော်ဆိုတာ အိမ်ရာမထောင်ဘဲ တောထဲမှာ နေတယ်၊ အိုး၊ တောင်း၊ ကျီ၊ ကြ မထား ဆွမ်းခံစားကြတယ်၊ အညီအညွတ် ပြောဆိုတိုင်ပင်ကာ ဆိတ်ငြိမ်အေးဆေးစွာ နေထိုင်ကြတယ်။

သတ္တဝါတွေဟာ တစ်ဦးနှင့်တစ်ဦး ခိုက်ရန်ဖြစ်ပွား ဆန့်ကျင်ကြတယ်၊ နတ်တွေတောင်မှ အသုရာတွေနဲ့ ရန်ဖြစ်ကြရသေးတယ်၊ သံဃာတော်ဆိုတာ ခိုက်ရန်မမူ လက်နက်ကို စွန့်လွှတ်ထားပြီးသူတွေ ဖြစ်တယ်။ တွယ်တာစရာများလှတဲ့ဘဝ တွယ်တာနေကြသူများအကြားမှာ ဘာကိုမှ တွယ်တာခြင်း မရှိကြဘူး မာတလိ၊ ဒါကြောင့် ငါ ရှိခိုးခြင်း ဖြစ်တယ်” ဟု ပြန်လည်ပြောပြဖူးလေသည် (သံ၊ ၁၊ သံဃဝန္ဒနာသုတ်၊ ၂၃၇-၈)။

ရှိခိုးခံထိုက်သူမဟုတ်ဘဲ ရှိခိုးခံခြင်း

ပုထုဇဉ်ရဟန်းသံဃာတော်များသည် လက်အုပ်ချီမိုး ရှိခိုးခံထိုက်လောက်အောင် သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးနှင့် ပြည့်စုံသူများရှိသလို ပျက်စီးနေသူများလည်း ရှိတတ်၏။ သီလသိက္ခာပျက်စီးနေသူများ ဖြစ်လျှင် လူတို့က အရိုအသေပြု၍ လက်အုပ်ချီမိုးရှိခိုးမှုကြောင့် မိမိတို့အပေါ် ကြီးလေးသော တာဝန်များ တက်ရောက်လာဖွယ် ရှိပါသည်။ ဤ၌ အလွန် သံဝေဂဖြစ်ဖွယ်ကောင်းသော ဘုရားရှင်၏ အဆုံးအမတော်စကားကို သတိထားနိုင်ကြရန် ဖော်ထုတ်တင်ပြထားပါသည် —

စာမျက်နှာ-206


ခြေသလုံးနှစ်ဖက်တွင် ခိုင်ခံ့မာကျောသော သားရေကြိုးဖြင့် ရစ်ပတ်၍ ပွတ်ဆွဲခံရသဖြင့် အရိုး၊ ရိုးတွင်းခြင်ဆီခိုက်အောင် အသားတွေ ပြတ်ကြေရသူ၏ ဒုက္ခထက် လူတို့ရှိခိုးခံရခြင်းကြောင့် ဖြစ်ရသော သီလမရှိသူ၏ ဆင်းရဲက လွန်ကဲလှ၏။

လှံမကြီးဖြင့် ရင်ဝအထိုးခံရသူ၏ ဆင်းရဲထက် သီလမရှိဘဲ လူတို့လက်အုပ်ချီရှိခိုးမှုခံရသော ရဟန်း၏ ဒုက္ခက သာ၍ ပြင်းထန်လှ၏။ ရဲရဲပြောင်ပြောင် မီးလျှံစွဲလောင်သော သံပြားကြီးကို ကိုယ်ဝယ် လွှမ်းခြုံရသူ၏ ဒုက္ခထက် ဒါယကာတို့ လှူသောသင်္ကန်းကို ဝတ်ရုံခြင်းကြောင့်ဖြစ်သော သီလမရှိသော ရဟန်း၏ ဒုက္ခက ကြီးလေးလှဘိ၏။

မီးလျှံရဲရဲ သံတွေခဲကြီးကို မျိုရသူ၏ ဒုက္ခထက် ဒါယကာ၊ ဒါယိကာမတို့ လှူသောဆွမ်းကို စားခြင်းကြောင့် ဖြစ်ရမည့် သီလမရှိသော ရဟန်း၏ ဒုက္ခက သာလွန်ဆိုးဝါးလှ၏။

မီးလျှံပြောင်ညီး သံအိုးကြီးထဲ၌ နေရသူ၏ ဒုက္ခထက် ကျောင်း၌နေခြင်းကြောင့် ဖြစ်ရသော သီလမရှိသော ရဟန်း၏ ဒုက္ခက ကြီးလေးဆင်းရဲလှ၏ (အံ၊ ၂၊ ၄၉၅။ ဝိသုဒ္ဓိ၊ ၁၊ ၅၂)။

ရှိခိုးခြင်းကြောင့် လက်ငင်းရသော အကျိုးများ

ဒေါသ၊ မာန်မာနကို နှိမ်ချိုးပယ်သတ်၍ ရဟန်းသံဃာ (ရတနာမြတ်သုံးပါး) ကို ရှိခိုးခြင်း ပဏာမစေတနာကံသည် “ဒိဋ္ဌဓမ္မဝေဒနိယကံ” ကဲ့သို့ ယခုဘဝ၌ လက်ငင်းဒိဋ္ဌအကျိုးကို ရစေနိုင်၏။ ကံနှစ်ပါး၏ ခြားနားချက်ကား ဒိဋ္ဌဓမ္မဝေဒနိယကံမှာ —

(၁) အလှူခံပုဂ္ဂိုလ်က အနာဂါမ်၊ ရဟန္တာ တစ်ပါးပါးဖြစ်ခြင်း၊
(၂) အနာဂါမ်၊ ရဟန္တာပင် ဖြစ်စေကာမူ ဖလသမာပတ်ဝင်စားရာမှ ထွက်လာခိုက်ဖြစ်ခြင်း၊
(၃) လှူဖွယ်ပစ္စည်းက တရားသဖြင့် ရသော (ဓမ္မိယလဒ္ဓ) ပစ္စည်းမျိုး ဖြစ်ခြင်း၊
(၄) မလှူမီ၊ လှူဆဲ၊ လှူပြီး ဝမ်းမြောက်ဝမ်းသာ စေတနာသုံးတန် ညီခြင်း —

စာမျက်နှာ-207


ဟူသော အကျိုးပေး အင်္ဂါရပ်လေးချက်နှင့် ပြည့်စုံရ၏။ ရှိခိုးခြင်းပဏာမ စေတနာကံမှာကား အကျိုးပေးအင်္ဂါရပ် လေးချက်အထိ မလို။ (၁) ရှိခိုးခံသူနှင့် (၂) ရှိခိုးသူဟူ၍ အင်္ဂါရပ်နှစ်ချက်သာ ပြည့်စုံရန် လိုသည်၊ ဤကား ခြားနားချက်တည်း။

ထိုတွင် ရှိခိုးခံသူက အတုမရှိသော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘုရား၊ တရား၊ သံဃာ (ရတနာမြတ်သုံးပါး) ဖြစ်ရန်နှင့် ရှိခိုးသူက အလွန့်အလွန် ထက်မြက်ကောင်းမွန်သော စေတနာသဒ္ဓါတရားနှင့် ပြည့်စုံရန်ကား အထူးလိုအပ်၏။ (အခြေခံသီလတရားလည်း ပြည့်စုံစွာ ရှိထားရမည်သာ။) ဤအင်္ဂါနှစ်ချက်နှင့် ပြည့်စုံလျှင် စေတနာသဒ္ဓါတရားများ လေးနက်ထက်သန်သည်နှင့်အမျှ အန္တရာယ်ကင်းပျောက် လိုရာပြီးမြောက်ခြင်း စသော ကောင်းကျိုးချမ်းသာတရားများ ရရှိခံစားနိုင်ကြမည်မှာ သေချာလှပါသည်။ ကျမ်းတကာတို့၏ အဦးအစ၌ “နမော တဿ” ပဏာမဖြင့် ဘုရားရှိခိုးကြခြင်းမှာလည်း ဤအကျိုးများကို ရလို၍ ရှိခိုးကြခြင်းသာ ဖြစ်ပါသည်။ ဤ၌ ရှိခိုးခြင်းကြောင့် လက်ငင်းရသော အကျိုးများကို ဆက်လက်တင်ပြထားပါသည် —

ဘုရားရှင်လက်ထက်တော်က နေ့ညချင်း သေဘေးကြီးဆိုက်ရန် ကံပါလာသော “ဒီဃာယု” ခေါ် သတို့သားသည် ဘုရားအမှူးရှိသော သံဃာတော်များကို ရှိခိုးရသဖြင့် သေဘေးမှလွတ်ကာ အသက် (၁၂၀) ရှည်ခဲ့ဖူး၏။¹

“ဒီဃာယု” သတို့သားကဲ့သို့ အသက်၊ သိက္ခာ၊ ဂုဏ်ဝါကြီးသူနှင့် ဘုရား၊ တရား၊ သံဃာ (ရတနာမြတ်သုံးပါး) အား ရှိခိုးသူတိုင်း —

(၁) အသက်ရှည်ခြင်း (အာယု)၊
(၂) အဆင်းလှခြင်း (ဝဏ္ဏ)၊
(၃) ရောဂါကင်း၍ ကိုယ်ရောစိတ်ပါ ချမ်းသာခြင်း (သုခ)၊
(၄) ကိုယ်လက်ကြံ့ခိုင်၍ အားခွန်ဗလ ကြီးမားခြင်း (ဗလ)၊
(၅) အသိဉာဏ်ကြီးမားခြင်း (ပဋိဘာဏ) —

ဤအကျိုးငါးပါး ရကြောင်းကိုလည်း ဘုရားရှင် ဟောကြားမိန့်မြွက်တော်မူခဲ့ပါသည်။ (ဓမ္မပဒ၊ ဋ္ဌ၊ ၁၊ အာယုဝဍ္ဎနသတို့သားဝတ္ထု၊ ၄၂၃-၄၂၅)။
၁။ ဓမ္မပဒဋ္ဌ၊၂၊ သုခသာမဏေဝတ္ထု၊၅၉။

စာမျက်နှာ-208


၉။ အနုတ္တရံပုညက္ခေတ္တဂုဏ်တော်

အနုတ္တရံပုညက္ခေတ္တ = (အနုတ္တရ = အတုမရှိ လွန်မြတ်သော + ပုညက္ခေတ္တ = ကောင်းမှုမျိုးစေ့ စိုက်ပျိုးကြဲချရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူသော သံဃာတော်။ “ပုညက္ခေတ္တ” ကို “ပုန်ညက်ခစ်တ” ဟု အသံထွက်ဖတ်ပါ။)

ဘုရားရှင်၏ တပည့်အစစ်ဖြစ်တော်မူသော အရိယာသံဃာတော်အပေါင်းသည် သီလ၊ သမာဓိ၊ ပညာ သိက္ခာဂုဏ်ရည် စုံညီပြည့်ဝတော်မူသောကြောင့် ကုသိုလ်ကောင်းမှုတည်းဟူသော မျိုးစေ့တို့၏ စိုက်ပျိုးကြဲချရာ အတုမရှိကောင်းမြတ်သော လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူ၏။ ထို့ကြောင့် အရိယာသံဃာတော်အပေါင်းသည် “အနုတ္တရပုညက္ခေတ္တ” ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါသည်။

[ဤ “အနုတ္တရပုညက္ခေတ္တ” ဂုဏ်တော်ကို တစ်လောကလုံး၏ (ကောင်းမှုမျိုးစေ့တို့ကို စိုက်ပျိုးကြဲချရာ အတုမရှိသော) လယ်ယာမြေနှင့် တူတော်မူသောကြောင့် “အနုတ္တရံ ပုညက္ခေတ္တံ လောကဿ” ဂုဏ်တော်ဟူ၍လည်း အပြည့်အစုံ ခေါ်ဝေါ်သုံးနှုန်းကြ၏။]

လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူခြင်း

အရိယာသံဃာတော်အပေါင်းသည် လယ်ယာမြေကောင်းနှင့် တူ၏၊ ကောင်းမှုရှင်ကား လယ်သမားနှင့် တူကြ၏။ ကောင်းမှုရှင်ပြုလုပ်သော လှူဒါန်းမှု ဒါနစေတနာသည် အောင်အောင်မြင်မြင် အနှစ်အဆံပြည့်ဝသော မျိုးစေ့ကောင်းနှင့် တူကြသည်။

လယ်ယာစိုက်ပျိုးရာတွင် ပေါင်းပင်မြက်ပင်များ ကင်းရှင်း၍ မြေဆီမြေဩဇာကြွယ်ဝသော လယ်မြေ၌ စိုက်ပျိုးသော မျိုးစေ့များသည်သာ စည်ပင်ပြန့်ပွား ဖွံ့ထွားကြီးမားသကဲ့သို့ ကောင်းမှုပြုရာတွင်လည်း ကိလေသာအညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်ပြီး သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးနှင့် ပြည့်စုံသော အရိယာသံဃာတော်များ၌ လှူဒါန်းမှုပြုလုပ်ကြမှသာ နောင်အချိန်ကျသောအခါ အလွန်ကြီးမားဖွံ့ထွားသော အကျိုးများကို ရရှိခံစားနိုင်ဖို့ ရှိပါသည်။

ထို့ကြောင့် အရိယာသံဃာဟူ၍ သိသိသာသာ မထင်ရှားသော ယခုအခါမျိုးတွင် သံဃာများနှင့် စပ်ဆိုင်သော ကထိန်သင်္ကန်းလှူဒါန်းမှု၊ နေ့စဉ်ဆွမ်းလောင်းမှစသော ကိစ္စများ၌ ပရိနိဗ္ဗာန်စံဝင်တော်မူပြီးသော အရိယာသံဃာ

စာမျက်နှာ-209


တော်များနှင့် တစ်သာသနာလုံးရှိ သံဃာတော်များကို ရည်မှန်း၍ လှူဒါန်းသင့်ကြပါသည်။ တစ်ပါး၊ နှစ်ပါး စသည် လှူဒါန်းရာ၌လည်း သီလ၊ သမာဓိ၊ ပညာ ကောင်းစွာ လုံလောက်သော ပုဂ္ဂိုလ်များကို ရွေးချယ်လှူဒါန်းရန် မလွယ်ကူလျှင် တစ်သာသနာလုံးရှိ သံဃာတော်များ၏ ဂုဏ်ကိုသာ ရည်မှန်း၍ လှူဒါန်းခြင်းဖြင့် ဖွံ့ဖြိုးကြီးမားများပြားသော အကျိုးစီးပွားကို ရရှိခံစားနိုင်ကြမည် ဖြစ်ပါသည်။

ရွာဦးကျောင်းဘုန်းကြီးရှိ၍ အကျိုးရပုံအကြောင်း

အရိယာဖြစ်ပြီးသော ရဟန်းသံဃာတော်များ မဟုတ်ကြစေကာမူ သီလသိက္ခာကို ကောင်းစွာစောင့်စည်း၍ အရိယာဖြစ်ဖို့လမ်းကို ကြိုးပမ်းလျှောက်လှမ်းနေကြသော ပုထုဇဉ် သီလဝန္တရဟန်းသံဃာတော်များလည်း အများအပြား ရှိနေကြပါ၏။ ယင်းပုထုဇဉ် သီလဝန္တရဟန်းသံဃာတော်များကို ရွာဦးရွာထိပ်တွင်ထားပြီး လေးလေးစားစား ကိုးကွယ်ဆည်းကပ်သွားကြလျှင်လည်း ကောင်းမှုကုသိုလ်များ တိုးပွားနိုင်ကြပါသည်။ ရှေးအခါက မြန်မာနိုင်ငံ ရပ်တိုင်းရွာတိုင်း၌ လူကောင်းသူကောင်းများ ပေါများခဲ့ပြီး ယနေ့အထိ သာသနာဆက်နိုင်ခဲ့သည်မှာ ရွာဦးကျောင်းဘုန်းကြီးများရှိ၍ အကျိုးရခဲ့ပုံသာဓကများပင် ဖြစ်ပါသည်။ ဤစကားကို ပိုမို၍ ယုံကြည်သဒ္ဓါပွားနိုင်ကြရန် ဘုရားရှင်၏ မိန့်တော်မူချက်စကားများကို ဆက်လက်တင်ပြအပ်ပါသည် —

ရဟန်း... အကြင်ရွာကိုဖြစ်စေ၊ အကြင်နိဂုံး (မြို့) ကိုဖြစ်စေ သီလရှိသော ရဟန်းတို့ မှီတင်းနေထိုင်ကြကုန်၏။ သီလရှိသော ရဟန်းကောင်းတို့၏ နေထိုင်ရာ ထိုရွာ၌ (ထိုနိဂုံး ထိုမြို့၌) လူတို့သည် ကိုယ်အနေအားဖြင့် ကောင်းမှုကုသိုလ်များစွာ တိုးပွားကြကုန်၏။ နှုတ်အပြောအားဖြင့်လည်း ကောင်းမှုကုသိုလ်များစွာ တိုးပွားကြကုန်၏။ စိတ်အကြံအားဖြင့်လည်း ကောင်းမှုကုသိုလ်များစွာ တိုးပွားကြကုန်၏။ (အင်္ဂုတ္တိုရ် တိကနိပါတ်၊ ပဌမပဏ္ဏာသက၊ ၅-စူဠဝဂ်၊ ဆဋ္ဌသုတ်)။

ထို့ပြင် “ကောသလမင်းကြီးက အဘယ်ပုဂ္ဂိုလ်မျိုး၌ လှူအပ်သောအလှူသည် အကျိုးကြီးပါသလဲ” ဟု လျှောက်ထားရာ “သီလရှိသော ပုဂ္ဂိုလ်အား လှူသောအလှူသည် အကျိုးကြီး၍ သီလမရှိသော ပုဂ္ဂိုလ်အား လှူသောအလှူမှာ ထိုကဲ့သို့ အကျိုးမကြီး” ဟု ဘုရားရှင်က မိန့်တော်မူခဲ့ပါသည် (သံ၊ ၁၊ ဣဿတ္တသုတ်၊ ၉၉)။

စာမျက်နှာ-210


ညောင်စေ့လောက်လှူ၍ ညောင်ပင်ကြီးလောက်အကျိုးရ

အရိယာသံဃာတော်သည် ကောင်းမှုတည်းဟူသော မျိုးစေ့ကို စိုက်ပျိုးကြဲချဖို့ရာ အတုမရှိသော လယ်ယာမြေကောင်းနှင့် တူပုံ သာဓကတစ်ခုကို ထုတ်ပြပါဦးမည် —

ဘုရားရှင်လက်ထက်တော်က ဆင်းရဲသူ အမျိုးသမီးတစ်ယောက်သည် လယ်တောစောင့်ရင်း သရေစာအဖြစ်ဖြင့် စားဖို့ရာ ကောက်ညှင်းစပါးများကို လှော်၍ ပေါက်ပေါက်ဖောက်ထား၏။ “အရှင်မဟာကဿပ” မထေရ်မြတ်လည်း နိရောဓသမာပတ်မှ ထလျှင် ဆင်းရဲသူမလေးကို မြင်သဖြင့် လယ်တောသို့ ဆွမ်းခံကြွတော်မူသည်။

အမျိုးသမီးလေးသည် မိမိစားဖို့ရာ ပေါက်ပေါက်ကလေးများကို လာရောက်လှူဒါန်းပြီးလျှင် ဝမ်းမြောက်ဝမ်းသာ မိမိ၏အလှူကို အောက်မေ့လျက် လယ်စောင့်တဲသို့ ပြန်လေ၏။ ယင်းသို့အပြန်တွင် ကသင်း (ကန်သင်း) ရိုးမှ မြွေကိုက်ခံရသဖြင့် ချက်ချင်းသေဆုံးရရှာသည်။

ထိုအခါ မိမိကုသိုလ်ကို ဝမ်းမြောက်သောစိတ်က စွဲနေသဖြင့် ထိုကုသိုလ်စိတ်ကြောင့် နတ်ပြည်သို့ ရောက်သွားကာ ပေါက်ပေါက်ဇာတွေ တွဲရရွဲဆွဲနေသောဘုံ၌ နတ်သမီးဖြစ်၍ “လာဇာ (ပေါက်ပေါက်) နတ်သမီး” ဟု ထင်ရှားလေသည်။

ထို့နောက် “အရှင်မဟာကဿပ” မထေရ်ကို ကျေးဇူးတင်လှ၍ ဝတ်ကြီးဝတ်ငယ် ပြုစုလိုသောကြောင့် အရှင်မဟာကဿပနေရာ လိုဏ်ဂူသို့ ဆင်းလာသောအခါ အရှင်မဟာကဿပက အပြုအစုမခံသဖြင့် ငိုငိုရိုရီနှင့် နတ်ပြည်သို့ အပြန်တွင် ဘုရားရှင်က မြင်တော်မူ၍ တရားဟောပြတော်မူရာ “သောတာပန်” အဖြစ်သို့ ရောက်လေသည် (ဓမ္မပဒ၊ ဋ္ဌ၊ ၂၊ ပါပဝဂ်)။

ဤသာဓက၌ အနည်းငယ်သာ ပေါက်ပေါက်ကလေးများကို လှူဒါန်းမှုကြောင့် နတ်စည်းစိမ်ကို ရရုံမျှမက သောတာပန်ဖြစ်သည်တိုင်အောင် ကြီးကျယ်သောအကျိုးထူးကို ရခဲ့သည်မှာ ညောင်စေ့ကလေး စိုက်ပျိုးလိုက်၍ ညောင်ပင်ကြီး ထီးထီးမားမား ကြီးကြီးထွားထွား ပေါက်လာရသည့်ပမာ ဖြစ်ပါတော့သတည်း။

စာမျက်နှာ-211


ကျွန်ဘဝမှ လွတ်မြောက်၍ သူဌေးဘဝရောက်လာသော သူဌေးကြီး ပုဏ္ဏအကြောင်း
လယ်ယာမြေကောင်း၌ စိုက်ပျိုးအပ်သော မျိုးစေ့သာ လိုသလောက် အသီးအနှံကို ရစေနိုင်သကဲ့သို့ သီလရှိသော ပုဂ္ဂိုလ်များ၌ ပြုအပ်သော ကုသိုလ်ကောင်းမှုမျိုးစေ့သာ လိုသလောက် အကျိုးကို ဖြစ်ထွန်းရရှိစေနိုင်ပါသည်။ ရရှိခဲ့ပုံသာဓကတစ်ခုမှာ —

ရာဇဂြိုဟ်ပြည်၌ “သုမနသူဌေး” ၏ ကျွန်ဖြစ်သော “မောင်ပုဏ္ဏ” သည် နက္ခတ်သဘင်ပွဲနေ့၌လည်း ပျော်ပွဲရွှင်ပွဲသို့ သွားခွင့်မရဘဲ လယ်ထွန်ရာသို့ သွားရ၏။ နံနက်စောစော လယ်ထွန်ရာအရပ်၌ “အရှင်သာရိပုတ္တရာ မထေရ်မြတ်” ကို မြင်၍ ရေနှင့် ဒန်ပူ လှူဒါန်း၏။

“မောင်ပုဏ္ဏ” ၏ ဇနီးသည်လည်း “မောင်ပုဏ္ဏ” ထံသို့ ထမင်းပို့သွားရာ လမ်းခရီး၌ “အရှင်သာရိပုတ္တရာ မထေရ်မြတ်” ကိုပင် မြင်၍ ရိုသေစွာ ရှိခိုးပြီးလျှင် “အရှင်ဘုရား... အကောင်းအဆိုး သဘောမထားဘဲ တပည့်တော်မ ကျေးကျွန်တို့အား ချီးမြှောက်တော်မူပါ” ဟု တောင်းပန်၍ “မောင်ပုဏ္ဏ” အတွက် ချက်လာသော ထမင်းကို မထေရ်မြတ်အား အကုန်လှူလိုက်၏။

ထို့နောက် အိမ်ပြန်၍ ထမင်းချက်ပြီးလျှင် “မောင်ပုဏ္ဏ” ထံသို့ သွားပို့ရာ နေအလွန်မြင့်မှ “မောင်ပုဏ္ဏ” မှာ ထမင်းစားရရှာ၏။ “မောင်ပုဏ္ဏ” သည် ထမင်းပို့နောက်ကျသည်ကို အပြစ်မတင်သည့်အပြင် အရှင်သာရိပုတ္တရာအား လှူလိုက်ရသည့် ဆွမ်းအလှူကို သာဓုခေါ်လျက် ဝမ်းမြောက်ကြည်နူးနေရှာသည်။ ထို့နောက် “မောင်ပုဏ္ဏ” သည် သစ်ပင်ရိပ်၌ အိပ်ပျော်သွားလေ၏။

“မောင်ပုဏ္ဏ” အိပ်ရာမှ နိုးလတ်သော် တစ်မနက်လုံး ထွန်ထားသော ထွန်ချေးခဲမြေတို့သည် အလုံးစုံ ရွှေအတိ ဖြစ်ကုန်၏။ ထိုအဖြစ်ကို ဘုရင်မင်းမြတ်အထိသိ၍ “မောင်ပုဏ္ဏ” အား “ဗဟုဓနသူဌေး” အမည်ပေးကာ သူဌေးအဆောင်အယောင်ကို ပေးလေသည်။

တစ်ဖန် “မောင်ပုဏ္ဏ” သည် အိမ်ဆောက်ရန် ခြုံတစ်ခုကို သုတ်သင်ရှင်းလင်းရာတွင် ရွှေအိုးများစွာ ရပြန်လေ၏။ အိမ်ဆောက်ပြီးသောအခါ ဘုရားအမှူးရှိသော သံဃာတော်များအား ခုနစ်ရက်ပတ်လုံး

စာမျက်နှာ-212


အလှူကြီးပေး၏။ ထိုအလှူပွဲ၌ ဘုရားရှင်ဟောတော်မူသော တရားကို နာရ၍ တရားတော်အဆုံးတွင် မောင်ပုဏ္ဏနှင့် ဇနီး၊ ၎င်းတို့သမီး “ဥတ္တရာ” မိသားစု သုံးဦးလုံး သောတာပန်အဖြစ်သို့ ရောက်ကြလေသည် (ဥပရိပဏ္ဏာသ၊ ဋ္ဌ၊ ၃-၄)။

ဤ၌ အလှူခံပုဂ္ဂိုလ်၏ ဂုဏ်ကြီးမြတ်မှုကြောင့် ကြီးမြတ်သော အကျိုးကို ရရှိခဲ့ပါသည်။ သံဃာတော်အပေါင်းသည် တစ်လောကလုံး၏ ကုသိုလ်မျိုးစေ့ စိုက်ပျိုးကြဲချရာ ဖြစ်ထွန်းကြီးပွားရာ “အနုတ္တရံ ပုညက္ခေတ္တံ” ဂုဏ်ရှင် အမှန်ပင် ဖြစ်ပါသတည်း။

သံဃာ့ဂုဏ်တော်ကိုးပါးနှင့် လေးစုံ=ရှစ်ပါး အရိယာသံဃာတော်များ

မဂ်ဖိုလ်၌ တည်သော (မဂ်ဖိုလ်ရပြီးသော) ပုဂ္ဂိုလ်ကို “အရိယာ” ဟု ခေါ်၏။ “မြတ်သောသူ” တစ်နည်းအားဖြင့် “ဖြူစင်သောသူ” ဟု အဓိပ္ပာယ်ရ၏။ “စတ္တာရိ ပုရိသယုဂါနိ” ဟူသော စကားအရ အရိယာဖြစ်ပြီးသော သံဃာတော်များကို အစုံဖွဲ့၍ ရေတွက်လျှင် (သောတာပတ္တိမဂ်ကို ရသော ပုဂ္ဂိုလ်နှင့် သောတာပတ္တိဖိုလ်ကို ရသော ပုဂ္ဂိုလ် နှစ်ပါးတွဲလျှင် တစ်စုံ၊ ဤသို့ စသည်ဖြင့် မဂ်ဖိုလ်ကို ရသော ပုဂ္ဂိုလ်နှစ်ပါးကို တစ်စုံစီ တွဲလျှင်) အရိယာ လေးစုံဖြစ်၍ အသီးအခြား တစ်ပါးစီ တစ်မျိုးစီ ခွဲ၍ ရေတွက်လျှင် “အဋ္ဌ ပုရိသပုဂ္ဂလာ” အရ ရှစ်မျိုး=ရှစ်ပါး ဖြစ်၏။

မဂ်ပုဂ္ဂိုလ် ၄-မျိုးနှင့် ဖိုလ်ပုဂ္ဂိုလ် ၄-မျိုး

(က) (၁) သောတာပတ္တိမဂ်၌ တည်သော ပုဂ္ဂိုလ်၊ (၂) သောတာပတ္တိဖိုလ်၌ တည်သော ပုဂ္ဂိုလ်။
(ခ) (၁) သကဒါဂါမိမဂ်၌ တည်သော ပုဂ္ဂိုလ်၊ (၂) သကဒါဂါမိဖိုလ်၌ တည်သော ပုဂ္ဂိုလ်။
(ဂ) (၁) အနာဂါမိမဂ်၌ တည်သော ပုဂ္ဂိုလ်၊ (၂) အနာဂါမိဖိုလ်၌ တည်သော ပုဂ္ဂိုလ်။
(ဃ) (၁) အရဟတ္တမဂ်၌ တည်သော ပုဂ္ဂိုလ်၊ (၂) အရဟတ္တဖိုလ်၌ တည်သော ပုဂ္ဂိုလ်။

စာမျက်နှာ-213


ဤသို့ လေးစုံ=ရှစ်ပါး အရိယာသံဃာတော်များကို တစ်စုံစီ တွဲပြ၊ တစ်ပါးစီ ခွဲပြခြင်းများသည် မဂ်ကို ရလျှင်ရချင်း ဖိုလ်ရသောကြောင့် မဂ်ပုဂ္ဂိုလ်နှင့် ဖိုလ်ပုဂ္ဂိုလ်တို့သည် တစ်ယောက်တည်းသာ ဖြစ်ကြောင်း သိစေလို၍ တွဲပြခွဲပြခြင်း ဖြစ်ဖွယ်ရှိကြောင်း မိန့်တော်မူကြ၏။ ဤ၌ အရိယာသံဃာတော်များသည် တစ်ပါး၊ နှစ်ပါး အရေအတွက်အားဖြင့် ထောင်သောင်းမက များသော်လည်း အမျိုးအစားအားဖြင့် အထက်ဖော်ပြပါ ရှစ်မျိုးတွင် အားလုံးပါဝင်ကြ၏။ [“အရိယာပုဂ္ဂိုလ် ရှစ်ပါး၊ အရိယာပုဂ္ဂိုလ် ရှစ်ယောက်” ဟု ပြောစမှတ် ပြုကြသော်လည်း စင်စစ်မှာ ရှစ်ပါးရှစ်ယောက် မဟုတ်၊ ရှစ်မျိုးသာ ဖြစ်ပါသည်။]

လေးစုံ=ရှစ်မျိုး အရိယာသံဃာတော်များသည် ဖော်ပြခဲ့သော သံဃာ့ဂုဏ်တော် ကိုးပါးနှင့် ကောင်းစွာ ပြည့်စုံတော်မူကြ၏။ သံဃာ့ဂုဏ်တော် ကိုးပါးတို့တွင် ဦးပိုင်းအစဖြစ်သော “သုပ္ပဋိပန္န” စသော ဂုဏ်တော်လေးပါးကြောင့် “အာဟုနေယျ” စသော နောက်ပိုင်းဂုဏ်တော် ငါးပါးတို့ ပြီးမြောက်ကြရကား ရှေးဦးပိုင်းအစ ဂုဏ်တော်လေးပါးတို့သည် အကြောင်းဂုဏ်တော်များ ဖြစ်၍ နောက်ပိုင်းဂုဏ်တော် ငါးပါးတို့မှာ အကျိုးဂုဏ်တော်များ ဖြစ်ပါသည်။

အကြောင်းဂုဏ်တော်လေးပါး ဟူရာ၌လည်း အမည်နာမဂုဏ်အားဖြင့် လေးမျိုးကွဲပြားသော်လည်း ကျင့်ကြံမှုအားဖြင့် လေးမျိုးလေးစား ခွဲခြား၍ ကျင့်ကြံနေရသည်မဟုတ်၊ တစ်ချက်ခုတ် လေးချက်ပြတ်ဟု ဆိုရအောင် အရိယာမဂ်တည်းဟူသော သမ္မာပဋိပတ်ကို ကျင့်ကြံကြလျှင်ပင် ရှေ့ဂုဏ်တော်လေးချက် ပြည့်စုံလာပါသည်။ အကျိုးဂုဏ်ငါးပါးမှာလည်း တစ်ပါးနှင့် ပြည့်စုံက ငါးပါးလုံး တစ်ပါတည်း ပြည့်စုံနိုင်ကြမည်သာ ဖြစ်ကြောင်း မှတ်ယူသင့်ကြပါသည်။

ပရမတ္ထသံဃာနှင့် သမ္မုတိသံဃာ

သံဃာတော်သည် —
(၁) ပရမတ္ထသံဃာ၊
(၂) သမ္မုတိသံဃာ —
ဟူ၍ နှစ်မျိုးရှိ၏။ ထိုတွင် “သုပ္ပဋိပန္နတာ” စသော ဂုဏ်တော်များနှင့် ပြည့်စုံ၍ အရိယာအဖြစ်သို့ ရောက်ပြီးသော သံဃာတော်များသည် “ပရမတ္ထသံဃာတော်” မည်၏။ အထက်တွင် ဖော်ပြခဲ့သည့် မဂ္ဂဋ္ဌာန်လေးယောက်နှင့် ဖလဋ္ဌာန်လေးယောက် ယင်းအရိယာပုဂ္ဂိုလ် ရှစ်ယောက်သည် မုချအားဖြင့်...

စာမျက်နှာ-214


သံဃာမည်၏။ [ပရမတ္ထ = အစစ်အမှန် မဖောက်မပြန်နိုင်သော (ရဟန်းသံဃာတော်အဖြစ်မှ ပြောင်းလဲ၍ လူဝတ်ကြောင်ဘဝစသည်သို့ ဘယ်နည်းနှင့်မျှ မလျောကျနိုင်သော) + သံဃာ = အရိယာရဟန်းတော်များ၏ အပေါင်းအစုဖြစ်သော သံဃာတော်။]

“သုပ္ပဋိပန္နတာ” စသော ဂုဏ်တော်များနှင့် အထိုက်အလျောက် ပြည့်စုံနိုင်၍ အရိယာသံဃာတော်များနှင့် ဝိနည်းသိက္ခာအကျင့်တူသောကြောင့် “သံဃာ” ဟု သမုတ်အပ်သော သံဃာတော်သည် “သမ္မုတိသံဃာတော်” မည်၏။ (သမ္မုတိ = သမုတ်အပ် အသိအမှတ်ပြုအပ်သော + သံဃာ = ပုထုဇဉ်ရဟန်းတော်များ၏ အပေါင်းအစုဖြစ်သော သံဃာတော်။) သမ္မုတိသံဃာတော်သည် ပုထုဇဉ်မျှသာဖြစ်၍ သံဃာအဖြစ်မှ လူဝတ်ကြောင်ဘဝသို့ လျှောကျနိုင်၏။ အရိယာသံဃာတော်များနှင့် အကျင့်သိက္ခာ တစ်စိတ်တစ်ဒေသအားဖြင့် တူညီသောကြောင့် တင်စားသောအားဖြင့် သံဃာဟူ၍ ခေါ်ဝေါ်ပညတ် သမုတ်အပ်သည်ဟု ဆိုလိုပါသည်။

အာရုံပြုရာတွင် သရဏဂုံဆောက်တည် ကိုးကွယ်ရာ၌ဖြစ်စေ၊ သံဃာ့ဂုဏ်တော်များကို ရည်မှန်း၍ “သံဃာနုဿတိ” ကမ္မဋ္ဌာန်းစီးဖြန်းသော အခါ၌ဖြစ်စေ ပရမတ္ထသံဃာခေါ် အရိယာသံဃာတော်များ၏ “သုပ္ပဋိပန္နတာ” စသော ဂုဏ်တော်များကို အာရုံပြုရသည်။ သံဃိကဒါနအဖြစ် ကျောင်း၊ သင်္ကန်း၊ ဆွမ်း စသော အလှူပြုရာ၌ကား အာရုံပြုရာတွင် ပရမတ္ထသံဃာ၊ သမ္မုတိသံဃာ နှစ်မျိုးလုံး ပါဝင်ကြပါသည်။ ဥပမာ - ယခုကာလ စေတီပုထိုး ရုပ်ပွားဆင်းတုတော်များအား ပူဇော်ကြရာ၌ သက်တော်ထင်ရှား ဘုရားရှင်ကိုပါ ရည်စူး၍ ပူဇော်ကြသကဲ့သို့တည်း။

ဘုရားရှင်ကိုယ်စား သာသနာပြုပုဂ္ဂိုလ်များ

ဘုရားရှင် တည်ထောင်တော်မူခဲ့သော ဘုရားရှင်၏ အဆုံးအမ သာသနာတော်သည် —
(၁) ပရိယတ္တိသာသနာ = ပါဠိတော်နှင့် အဋ္ဌကထာ ကျမ်းစာများ၊
(၂) ပဋိပတ္တိသာသနာ = တရားတော်အတိုင်း ကျင့်ကြံအားထုတ်မှု၊
(၃) ပဋိဝေဓသာသနာ = သိမြင်ရရှိသော မဂ်ဖိုလ်နိဗ္ဗာန်တရား —
ဟူ၍ သုံးမျိုးရှိ၏။ သံဃာတော်သည် သာသနာတော်မဟုတ်၊ သာသနာ့ဝန်ဆောင်များသာ ဖြစ်၏။ ယင်းသာသနာ့ဝန်ဆောင် ဖြစ်တော်မူကြသော သံဃာတော်များ၏ တာဝန်ကား ဖော်ပြပါ သာသနာသုံးမျိုးကို ကိုယ်တိုင်

စာမျက်နှာ-215


အားထုတ်ခြင်း၊ သူတစ်ပါးတို့ကို နားလည်အောင် ချဟောပြခြင်းအားဖြင့် ကွယ်ပျောက်မသွားအောင် စောင့်ရှောက်ရခြင်းဖြစ်၏။

ဤသာသနာတော် သုံးရပ်ကို မကွယ်ပအောင် ဘုရားလက်ထက်တော်မှစ၍ ကျမ်းဂန်ကို တတ်ကျွမ်းသည့် ပညာရှိအပေါင်း သူတော်ကောင်းတို့သည် အဆင့်ဆင့်လက်ကမ်း၍ အဆက်ဆက် ဆောင်ရွက်တော်မူလာခဲ့ကြပါသည်။

အကယ်၍သာ ရှေးရှေးက သံဃာတော်များသည် ကိုယ်ကျိုးအတွက် သက်သက်ကြည့်၍ တရားကိုချည်း အားထုတ်နေကြသော်လည်းကောင်း၊ ရဟန်းသံဃာများကို အဆင့်ဆင့်အဆက်ဆက် စာပေများ မပို့ချဘဲ တာဝန်မဲ့စွာ အေးအေးနေခဲ့ကြသော်လည်းကောင်း၊ ဒါယကာ ဒါယိကာမတွေကိုသာ ဦးစားပေး၍ ဟောရေးပြောရေးလောက်သာ အလေးထားနေခဲ့ကြသော်လည်းကောင်း ဤသာသနာသုံးရပ်သည် ဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် မကြာခင် ကွယ်ပျောက်ခဲ့ရာ၏။

စာချဆရာတော်တို့၏ အပင်ပန်းခံလျက် ကျမ်းဂန်ပြုခြင်း၊ အဆင့်ဆင့် လက်ဆင့်ကမ်း၍ အဆက်ဆက် မပျက်မကွက် စာပေများ ပို့ချခြင်း၊ နှုတ်တက်အာဂုံဆောင်၍ ရွတ်အံသရဇ္ဈာယ်ခြင်း စသော သာသနာစောင့် လုပ်ရပ်တို့ကြောင့်သာ ယခုတိုင်အောင် သာသနာတော်ကြီးကို အားလုံး ဖူးတွေ့နေကြရပါသည်။ ဤ၌ စာအုပ်ပေစာများ မရှိသေးမီ သီဟိုဠ်သာသနာခေတ်က သာသနာတော် တည်တံ့ရေးအတွက် အားကြိုးမာန်တက် အသက်နှင်းအပ် ဆောင်ရွက်ခဲ့ကြသော သာသနာ့ဝန်ဆောင် ထိပ်ခေါင်တင် ဆရာတော်အရှင်မြတ်တို့၏ သာသနာစောင့် လုပ်ငန်းရပ်တစ်ခုကို ကြည်ညိုသဒ္ဓါပွားနိုင်ရန် ဆက်လက်တင်ပြထားပါသည် —

“သီဟိုဠ်ကျွန်းဝယ် “စဏ္ဍာလတိဿ” သူပုန်ဘေးကြီး ဖြစ်ပွားသောအခါ လူအများတို့ လုပ်ကိုင်စားသောက်ခြင်းငှာ မဖြစ်နိုင်သောကြောင့်လည်းကောင်း၊ မိုးခေါင်ရေရှား ဖြစ်နေသောကြောင့်လည်းကောင်း၊ ရဟန်းတော်များအတွက် အခက်အခဲကြုံတွေ့ရလေသော် ရဟန်းတော်အများပင် “ဇမ္ဗူဒီပ မဇ္ဈိမဒေသ” သို့ ပြောင်းရွှေ့ကြရလေသည်။

ခြောက်ကျိပ်မျှသော ရဟန်းတော်တို့ကား ကမ်းနားသို့ ရောက်ပြီးမှ တစ်ဖက်ကမ်းကူးမည့် ဖောင်ကြီးပေါ်သို့ မတက်ကြဘဲ ထိုငတ်မွတ်သော သီဟိုဠ်ကျွန်း၌ပင် နေရစ်ကြလေသည်။

စာမျက်နှာ-216


ယင်းသို့ နေရစ်ကာ လူအများထံမှ ရသမျှသော သစ်ဥ၊ သစ်ရွက်၊ သစ်မြစ်တို့ကို ဘုဉ်းပေးစားသောက်ပြီး (စာအုပ်ပေစာ မရှိသေးသော ထိုခေတ်ဝယ်) နှုတ်တက်ရထားသော ပိဋကတ်တရားတော်များကို မေ့ပျောက်မသွားစေရန် နေ့စဉ်ရွတ်အံ၍ နေကြရှာလေသည်။ အချို့နေရာများ၌ကား သစ်ဥသစ်ဖုမျှပင် မရကြသောကြောင့် လမ်းလျှောက်၍ စာမပြန်နိုင်လျှင် ထိုင်၍ စာပြန်ကြ၏။ ဝမ်းတွင်း၌ အစာမရှိ၍ ပူလောင်လာလျှင် ဝမ်းဗိုက်အေးစေရန် သဲတွေစု၍ သဲပုံပေါ်၌ ဝမ်းလျားမှောက်၍ ကျမ်းစာများကို စိတ်ဖြင့်သာ ရွတ်အံတော်မူကြလေသည် (အံ၊ ဋ္ဌ၊ ၁၊ ၇၁)။

ရဟန်းသံဃာတော်များသည် သာသနာတော် တည်တံ့ရေး၏ အခြေခံဖြစ်သော ပရိယတ်တရားတော်ကြီး မကွယ်ပျောက်အောင် ကောင်းစွာလည်းကျင့်၊ အဆင့်ဆင့်လည်း ဆောင်ရွက်ခဲ့ပါသည်။ ဤအကြောင်းကို ကောင်းကောင်းသိသူ အဘယ်လူ၊ အဘယ်နတ်၊ အဘယ်ဗြဟ္မာ၊ အဘယ်သတ္တဝါသည် အဘယ်မှာလျှင် စာပေသင်၍ အစဉ်ပို့ချရွတ်အံနေကြကာ ကောင်းစွာကျင့်နေကြသော ရဟန်းသံဃာတော်များကို မကြည်ညို မကိုးကွယ်ဘဲ နေနိုင်ပါအံ့နည်း။ ထိုသို့သော ရဟန်းသံဃာတော်များကို “ဘုရားအရာထား၍ ဘုရားရှင်ကိုယ်တော်စား သာသနာပြုပုဂ္ဂိုလ်များ” အဖြစ် အစဉ်မြှောက်စား လေးစားယုံကြည် ကိုးကွယ်နေကြမည်သာ ဖြစ်ပါသတည်း။

သာသနာတော် အရှည်ခန့်၍ တည်တံ့ရေးအတွက် သံဃာတော်အား အလေးထားသင့်ပုံ

ဗုဒ္ဓမြတ်စွာသည် ညဉ့်အခါဝယ် အမှောင်ထုကြီးကို ပယ်ခွင်း၍ အလင်းကိုဆောင်သော လမင်းနှင့် တူတော်မူ၏။ ရဟန်းသံဃာတော်များကား လမင်း၏ ဝန်းကျင်ဝဲယာ၌ ထွန်းလင်းတောက်ပလျက်ရှိသော ကြယ်တာရာများနှင့် တူတော်မူကြပါသည်။

အစစ်အမှန်ဖြစ်သော “သွာက္ခာတ” စသော ဂုဏ်တို့နှင့် ပြည့်စုံသော တရားဓမ္မတို့မှာ ဗုဒ္ဓမြတ်စွာ လမင်းမှ ထွန်းလင်းထွက်ပေါ်လာသော အရောင်အဝါများနှင့် တူတော်မူကြ၏။ လမင်းကြီး ဝင်သွားသောအခါ ကြယ်တာရာတို့၏ အလင်းရောင်ကိုသာ အားပြုရတော့သကဲ့သို့ ထို့အတူ ဗုဒ္ဓမြတ်စွာ လမင်းရတနာကြီး ကွယ်ပြီးရာ ယခုလိုအခါ၌ သံဃာရတနာမှတစ်ဆင့် ထွက်ပေါ်လာသော တရားဓမ္မအရောင်ကိုသာ အားကိုးကြရပါသည်။

စာမျက်နှာ-217


“အရှင်မဟာကဿပ” မထေရ်မှစ၍ သံဃာရတနာဝင် အရှင်မြတ်တို့သည် ယနေ့တိုင်အောင် တရားဓမ္မအရောင်ကို ထွန်းပြောင်စေတော်မူခဲ့သည့်အတွက် ကျေနပ်အားရဖွယ်ရာ လွန်စွာ ကျေးဇူးကြီးမားတော်မူကြပါသည်။

သာသနာတော် အရှည်ခန့်၍ တည်တံ့ထွန်းလင်းရေးအတွက် သံဃာတော်၏ အရေးပါမှုကို ကောင်းစွာ သိမြင်တော်မူသောကြောင့် ဘုရားရှင်ကိုယ်တော်တိုင် ရဟန်းသံဃာတော်များကို လွန်စွာ အရေးထား၍ လေးစားတော်မူခဲ့ပါသည်။ ထင်ရှားသော သာဓကတစ်ခုမှာ —

မိထွေးတော်ဂေါတမီသည် ဗုဒ္ဓရှင်တော်ဘုရားကို သင်္ကန်းလှူလို၍ ရက်ကန်းသည်များကို သီးခြားအမိန့်ပေးကာ ကိုယ်တိုင်လည်း ပါဝင်၍ သင်္ကန်းကို ရက်လုပ်၏။ သင်္ကန်းရက်လုပ်ပြီး၍ ဘုရားရှင်အား လှူဒါန်းသောအခါ —

ဘုရားရှင်က — “သံဃေ တွံ ဂေါတမီ ဒေဟိ၊ သံဃေ တေ ဒိန္နေ အဟံ စေဝ ပူဇိတော ဘဝိဿာမိ သံဃော စ = ဂေါတမီ... သံဃာအား လှူလိုက်လော့၊ သံဃာအား လှူလျှင် ငါ့အားလည်း ပူဇော်ရာရောက်လိမ့်မည်” ဟု မိန့်တော်မူသည် (ဥပရိပဏ္ဏာသ၊ ဒက္ခိဏာဝိဘင်္ဂသုတ်၊ ၂၉၉)။

ဤသို့ ဘုရားရှင် မိန့်တော်မူခြင်းမှာ မိထွေးတော်ဂေါတမီအား ဘုရားရှင်၌ စေတနာသုံးတန်၊ သံဃာတော်၌ စေတနာသုံးတန် စေတနာခြောက်တန်ရ၍ ကျေးဇူးများစေလိုသောကြောင့် ဖြစ်၏။ ထို့ပြင် နောင်လာသူ လူအပေါင်းတို့အနေဖြင့် ရဟန်းသံဃာများအား အလေးပြုစေလိုသောကြောင့် ဤသို့ မိန့်တော်မူခြင်းဖြစ်၏။ ရဟန်းသံဃာများအား အလေးပြုစေလိုပုံမှာ — “ငါဘုရားသည် ကြာမြင့်စွာမတည်၊ ဤသာဝက ရဟန်းသံဃာများသည်သာလျှင် ကြာမြင့်စွာ တည်မည်၊ ငါ့ဘုရား၏ အဆုံးအမ သာသနာသည်လည်း ဤရဟန်းသံဃာတော် အပေါင်းသည်လည်း မြတ်သော အလှူကို ခံထိုက်သော ဒက္ခိဏေယျပုဂ္ဂိုလ်များပင် ဖြစ်၏။ ဤသို့ နောင်လာသူ လူအပေါင်းတို့ သိရှိ၍ ရဟန်းသံဃာတော်များအား အလေးပြုလျှင် သာသနာတော်သည်လည်း နှစ်ပေါင်းငါးထောင် မြားမြောင်ခန့်ရှည် ကြာမြင့်စွာ တည်လိမ့်မည်” ဟူ၍ ဖြစ်ပါသည်။

ဘုရားရှင်ကိုယ်တော်တိုင် ဤသို့ဤပုံ ဦးစားပေး၍ အလေးထား အာရုံပြုတော်မူခဲ့သော ရဟန်းသံဃာတော်များကို သာသနာတော် အရှည်ခန့်၍ တည်တံ့ရေးအတွက် အထူးအလေးထား ဆည်းကပ်ကိုးကွယ်သင့်ကြပါသည်။

စာမျက်နှာ-218


ရတနာသုံးပါး ဂုဏ်တော်များ ရွတ်ဖတ်ပွားများကျိုး

မကျဉ်းမကျယ် သိလွယ်ရုံမျှ ဖွင့်ပြခဲ့သော ရတနာသုံးပါး ဂုဏ်တော်ဖွင့်ကား အပြီးအဆုံးသို့ ရောက်ပါပြီ။ ဂုဏ်တော်ပွားများမှု “ဗုဒ္ဓါနုဿတိဘာဝနာ၊ ဓမ္မာနုဿတိဘာဝနာ၊ သံဃာနုဿတိဘာဝနာ” နှင့် ပတ်သက်၍ —
(၁) ဉာဏ်ဖြင့် ဆင်ခြင်ပွားများခြင်း၊
(၂) နှုတ်ဖြင့် ရွတ်ဆိုပွားများခြင်း —

ဟူ၍ ပွားများပုံ ပွားများနည်း နှစ်မျိုးနှစ်စားရှိရာ ဉာဏ်ဖြင့် ဆင်ခြင်ပွားများခြင်းမှာ တကယ့် ဘာဝနာစစ်လုပ်ငန်းဖြစ်၍ တကယ်လည်း အကျိုးကြီးမားလှ၏။ ယင်းသို့ ဆင်ခြင်ပွားများနိုင်ရေးအတွက် ဂုဏ်တော်များ၏ အနက်အဓိပ္ပာယ်ကို သဘောပေါက်သိမြင်မှုရှိရန် အထူးလိုအပ်၏။ ဤကျမ်း၌ ဖော်ပြထားသော ဂုဏ်တော်ဖွင့်များသည် အထပ်ထပ်အခါခါ ဖတ်သူတို့အတွက် ဂုဏ်တော်များ၏ ဆိုလိုရင်း အနက်အဓိပ္ပာယ်ကို သဘောပေါက် သိမြင်နိုင်အောင် အထောက်အကူ ဖြစ်စေနိုင်ပါလိမ့်မည်။

လက်တွေ့ ဆင်ခြင်ပွားများလိုသူတို့အတွက်လည်း “ပွားများနည်း” ကို ဘုရားဂုဏ်တော်ဖွင့် အဆုံးခန်း (၈၁-၁၁၇) ၌ အသင့်ဖွင့်ဆိုပြထားပြီး ရှိပါလေပြီ။ ထို၌ ဘုရားဂုဏ်ကို ပဓာနပြု၍ ဖွင့်ပြထားသော်လည်း ထိုနည်းကို စီထား၍ ကျန် တရားဂုဏ်နှင့် သံဃာဂုဏ်များကိုလည်း အလွယ်တကူ ပွားယူနိုင်ကြပါသည်။

ရတနာသုံးပါး ဂုဏ်တော်များ၏ ပါဠိသက်သက်ကိုသာ ရွတ်ဆို၍ အနက်အဓိပ္ပာယ် သဘောပေါက်သိမြင်မှု မရှိသူတို့အတွက်လည်း စိတ်ပျက်အားငယ်စရာမရှိပါ။ အနက်အဓိပ္ပာယ်ကိုပင် မသိငြားသော်လည်း ဘုရားရှင်၏ ဂုဏ်တော်၊ တရားတော်၏ ဂုဏ်တော်နှင့် သံဃာတော်များ၏ ဂုဏ်တော်များကို အာရုံပြု၍ ဂုဏ်တော်ပါဠိများကို နှုတ်က အမြဲမပြတ် ရွတ်ဆိုပွားများခြင်း၊ စိတ်ထဲက ရည်မှတ်၍ ရွတ်ဆိုပွားများခြင်းကို ပြုလုပ်နိုင်ပါသည်။

ယင်းသို့ အမြဲအစွဲ ရွတ်ဆိုပွားများနေပါလျှင် ကြောက်ရွံ့သော စိတ်များ ပျောက်ကင်းခြင်း၊ လက်နက်ကောင်း အဖော်ကောင်း ရှိသူသဖွယ် ရဲရင့်ခြင်း၊ နှလုံးသွေးများ ကြည်၍ စိတ်ဓာတ်များ ခိုင်မာတည်တံ့ခြင်း၊ အစိမ်း၊ သူရဲ စသော မကောင်းဆိုးဝါးများ မခြောက်မလှန့်နိုင်ခြင်း၊ ရန်သူမျိုးငါးပါး ဘေးအန္တရာယ်မှ လွတ်ကင်းခြင်း၊ နတ်၊ လူ သူတော်ကောင်းတို့ ချစ်မြတ်နိုးခြင်း...

စာမျက်နှာ-219


စသော အကျိုးများကို ယခုဘဝ၌ပင် ရနိုင်ခြင်း၊ နောင်အခါ အလေ့အကျင့်အထုံရ၍ နိဗ္ဗာန်ချမ်းသာကို လျင်မြန်စွာ မျက်မှောက်ပြုနိုင်ခြင်း စသော အကျိုးများကို ကောင်းစွာ ရရှိနိုင်ကြပါသည်။

ထို့ပြင် “နှုတ်ဖြင့် ရွတ်ဆိုပွားများခြင်းသည် စိတ်ဖြင့် ရွတ်ဆိုပွားများခြင်း၏ အထောက်အပံ့ ဖြစ်၏။ စိတ်ဖြင့် ရွတ်ဆိုပွားများခြင်းသည် လက္ခဏာကို ထိုးထွင်းသိမြင်ခြင်း၏ အထောက်အပံ့ ဖြစ်၏။ လက္ခဏာကို ထိုးထွင်းသိမြင်ခြင်းသည် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကို ထိုးထွင်းသိမြင်ခြင်း၏ အထောက်အပံ့ ဖြစ်၏” ဟူ၍ မဂ်ဖိုလ်နိဗ္ဗာန်အထိ ရောက်ရှိနိုင်သော ရွတ်ဆိုပွားများခြင်း၏ အကျိုးတရားကို ဝိသုဒ္ဓိမဂ်နှင့် ဝိဘင်းအဋ္ဌကထာကျမ်းတို့၌ တိုက်ရိုက် ဖွင့်ဆိုချက်များ ရှိပါသည်။¹

ထို့ကြောင့် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးဂုဏ်တော်များကို ကြည်ညိုသဒ္ဓါစိတ်ထားဖြင့် ထာဝစဉ် ဆင်ခြင်ပွားများခြင်း၊ ရွတ်ဆိုပွားများခြင်းအမှု ပြုလုပ်ကာ ကောင်းကျိုးချမ်းသာ မင်္ဂလာအကျိုးတရားတို့ကို ရရှိခံစားနိုင်ကြပါစေ။

သံဃာဂုဏ်တော်ဖွင့် ပြီး၏။

၁။ ဝိသုဒ္ဓိ၊၁။၂၃၅။ အဘိ၊ဋ္ဌ၊၂၊၂၁၅၊

စာမျက်နှာ-220


အခန်း (၆) - ဆုတောင်းခြင်းနှင့် အမျှဝေခြင်း

ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် ရတနာမြတ်သုံးပါးကို ဦးချရှိခိုး၍ ငါးပါး၊ ရှစ်ပါး၊ ကိုးပါး၊ ဆယ်ပါး စသောအားဖြင့် သီလများကို ဆောက်တည်ခြင်း၊ ပန်း၊ ရေချမ်း၊ ဆွမ်း၊ ဆီမီး အသီးသီး ကပ်လှူပူဇော်ခြင်း၊ မေတ္တာဘာဝနာ ပွားများခြင်းနှင့် ရတနာမြတ်သုံးပါး ဂုဏ်တော်ပွားများခြင်း စသော ကုသိုလ်ကောင်းမှု လုပ်ငန်းများကို နေ့စဉ်လိုလို ပြုလုပ်ကြမြဲ ဖြစ်၏။ ယင်းကုသိုလ်ကောင်းမှု လုပ်ငန်းများကို အလွယ်တကူ ပြုလုပ်နိုင်ကြရန် ဤကျမ်းတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

ကုသိုလ်ကောင်းမှုကို ပြုလုပ်ပြီးနောက် ကောင်းမှုရှင်ပုဂ္ဂိုလ်များတွင် အချို့က ရေစက်ချခြင်းနှင့်အတူ “ဆုတောင်းခြင်း၊ အမျှဝေခြင်း” တို့ကို ဆက်လက်ပြုလုပ်လေ့ရှိသော်လည်း အချို့က “ပြုရန်မလိုပါ၊ ရေစက်မချလဲ ကုသိုလ်ရပြီးသားပဲ” ဟု သဘောထားကာ မပြုလုပ်ဘဲ နေတတ်ကြပါသည်။ ပြုလုပ်သူအချို့ကလည်း ပြုလုပ်ရိုးအစဉ်အလာရှိ၍ အရှိန်အဟုန်မပျက် ဆက်လက်လုပ်နေရသော်လည်း အကျိုးစီးပွားရှိမရှိကိုပင် ဆင်ခြင်မိဟန်မတူပါ။ ဆုတောင်းခြင်းနှင့် ပတ်သက်၍ အမြီးအမောက်မတည့်ဘဲ ရောက်မိရာရာ ဆုတောင်းဆုယူ ပြုမိနေသူတို့လည်း ရှိနေတတ်ကြပါသည်။

အမှန်စင်စစ် ဆုတောင်းခြင်း၊ အမျှဝေခြင်းအလုပ်တို့သည် အချည်းနှီး အကျိုးမဲ့ မဟုတ်ကြပါ၊ သေချာပေါက် အကျိုးစီးပွားများကို တိုးတက်ရယူလို၍ အပိုထပ်ကာ အမြတ်ပေါ်အောင် ပြုလုပ်ကြခြင်းသာ ဖြစ်၏။ မလုပ်လျှင် အပြစ်ရမှာမို့ ပြုလုပ်ရခြင်းမဟုတ်ပါ။ သို့ပါလျက် နည်းစနစ်မှန်ကန်မှုရှိအောင် မလုပ်တတ်လျှင် “ထိုင်နေအကောင်းသား ထသွားကျိုးမှန်းသိ” ဖြစ်ကာ အကျိုးမရ အပြစ်ရ၍ အရင်းရှုံးတတ်ကြပါသည်။

သို့ဖြစ်၍ “ဆုတောင်းခြင်း၊ အမျှဝေခြင်း” ဖြင့် သေချာပေါက် အကျိုးများ တိုးပွားရရှိစေရန်နှင့် သံသရာလမ်းစခန်းဝယ် အမြတ်ဆုံးနိဗ္ဗာန်နှင့် ဖြောင့်တန်းသော လုပ်ငန်းကောင်းတစ်ခု ဖြစ်စေရန် ရည်သန်လျက် ဆုတောင်းခန်းနှင့် အမျှဝေခန်းတို့ကို လေ့လာသိရှိနိုင်ရန် ဆက်လက်တင်ပြထားပါသည်။

စာမျက်နှာ-221


ဆုတောင်းခြင်းအကြောင်း

“ဆုတောင်းခြင်း” ဟူသည် မိမိလိုအပ်သော အကျိုးကို စိတ်ဖြင့် မှန်းဆ၍ဖြစ်စေ၊ နှုတ်ဖြင့် တမ်းတ၍ဖြစ်စေ တောင်းဆိုခြင်းဖြစ်သည်။ ပါဠိဘာသာလို “ပတ္ထနာ”၊ “ယာစနာ” စသောအားဖြင့် ခေါ်ဝေါ်သုံးနှုန်း၏။ အဘိဓမ္မာတရားကိုယ် သဘောအားဖြင့်ကား “ဆန္ဒစေတသိက်” တည်း။

ယင်းသို့ ဆုတောင်းရာ၌ တောင်းသောဆုကို ပေးမည့်သူမှာ အခြားသူမဟုတ်၊ မိမိ (ပြုသောကံ) သာလျှင် ဖြစ်သောကြောင့် ဆုကို တောင်းရုံသာ တောင်း၍ မရနိုင်၊ ကောင်းမှုကုသိုလ်ကိုလည်း ပြုရပေဦးမည်။

တစ်ဖန် ကောင်းမှုကုသိုလ်ကို ပြု၍ ဆုမတောင်းခဲ့ပြန်လျှင် အကျိုးရရှိမှု မသေချာနိုင်သောကြောင့် ကုသိုလ်ကောင်းမှု တစ်စုံတစ်ခု ပြုတိုင်း ဆုကိုလည်း တောင်းရမည်။

မှန်ပါသည်၊ “အကြင်ပုဂ္ဂိုလ်အား တရားငါးမျိုး (သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ) သာရှိ၍ ဆုတောင်းခြင်းမရှိ၊ ထိုပုဂ္ဂိုလ်အား ကောင်းကင်သို့ ပစ်လွှတ်သော လှံတံသည် အရင်း၊ အဖျား၊ အလယ် အားဖြင့် ဤသုံးပါးတွင် ကျချင်ရာ ကျနိုင်သကဲ့သို့ အကျိုးရမှု မသေချာ။ ဆုကိုသာ တောင်း၍ တရားငါးမျိုး မရှိလျှင်လည်း အကျိုးရမှု မသေချာ။ တရားငါးမျိုးလည်းရှိ၍ ဆုလည်းတောင်းသူအား သေချာပေါက် အကျိုးရနိုင်၏။ ထို့ကြောင့် ကုသိုလ်ကောင်းမှု တစ်စုံတစ်ခု ပြုတိုင်း ဆုမတောင်းဘဲ မနေသင့် (ဥပရိပဏ္ဏာသဋ္ဌကထာ၊ သင်္ခါရူပပတ္တိသုတ်၊ ၁၀၄)။

ဆိုလိုသည်မှာ ကောင်းမှုကုသိုလ်ကိုလည်း ပြု၊ ဆုကိုလည်း တောင်းပါ၊ သို့မှသာ လိုရာဆန္ဒ အကျိုးစီးပွားများ အလိုကျအတိုင်း သေချာပေါက် ပြီးစီးနိုင်မည်ဟု ဆိုလိုပါသည်။

“ကောင်းမှုကုသိုလ်” ဆိုရာ၌ “ဆုတောင်းမှု” ကို ပြီးစီးပြည့်စုံစေနိုင်သော ကောင်းမှုကုသိုလ်မျိုးမှာ “သီလရှိသူသည် စင်ကြယ်သူ ဖြစ်သောကြောင့် မိမိတောင့်တသည့်အတိုင်း ပြည့်စုံရ၏” ဟု (အံ၊ ၃၊ ဒါနူပပတ္တိသုတ်၊ ၇၀-၇၂။ မူလပဏ္ဏာသ၊ သာလေယျကသုတ်) စသည်တို့၌ ဘုရားရှင် မိန့်မြွက်တော်မူခဲ့သောကြောင့် သီလစောင့်စည်းမှုရှိသူ၏ ကောင်းမှုကုသိုလ်သည်သာ အဓိကအခြေခံ အကျဆုံးဖြစ်ကြောင်း သတိပြုသင့်ပါသည်။ ဤတွင် “သီလ” ကို “သမာဓိ = စိတ်တည်ကြည်မှု” နှင့် “ပညာ = ထိုးထွင်းသိမြင်မှု” နှစ်ပါးတို့ဖြင့် အဆင့်ဆင့် မွှမ်းထုံပေးနိုင်ကြပါမူကား ဆိုဖွယ်ရာမရှိ၊ သာ၍ပင် ပြီးပြည့်စုံ

စာမျက်နှာ-222


နိုင်ပါသည်။ ဆိုလိုသည်မှာ - သမထ ဝိပဿနာတရား ပွားများအားထုတ်ဆဲဖြစ်သော ယောဂီသူတော်စင်နှင့် အားထုတ်ပြီးဖြစ်သော အရိယာအရှင်တို့၏ ဆုတောင်းခြင်းမှာ ပို၍ပင် မြင့်မြတ်စင်ကြယ်၏။ တွယ်တာမှုကင်းသော သီလဖြစ်၍ လိုတိုင်းရ တတိုင်းပြည့် ဖြစ်နိုင်ကြသည်ဟု ဆိုလိုပါသည်။

သေသူကို နတ်ပြည်ရောက်အောင် ဆုတောင်းပေး၍ ရနိုင်ပါသလော?

ဆုတောင်းခြင်းနှင့်စပ်၍ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့၏ “ဆုတောင်းခြင်း” ၌ ဆုပေးမည့်သူမှာ အခြားသော ဖန်ဆင်းရှင် ဘုရားသခင်ဟူ၍ သီးခြားမရှိပါ။ မိမိအနေဖြင့်သာ မိမိလိုအပ်သမျှကို ဖန်ဆင်းရယူနိုင်ပါသည်။ ဘုရားရှင်အနေဖြင့်ကား “မိမိကိုမိမိ ကယ်တင်နိုင်ရန် မိမိကိုမိမိ လိုသလို ဖန်ဆင်းနိုင်ရန် နည်းလမ်းများကိုသာ ညွှန်ပြပေးတော်မူပါသည်။”

အရာရာကို ဘုရားရှင်ကသာ ဖန်ဆင်းပေးသည်ဟု ယုံကြည်ယူဆသူတို့၏ “ဆုတောင်းခြင်း” ၌ကား ဆုပေးမည့်သူမှာ သီးခြားဖြစ်၍ ဖန်ဆင်းရှင် ဘုရားသခင်ဟူ၍ ရှိ၏။ မိမိဘာသာ မိမိအလိုကျ ဖန်ဆင်းရယူနိုင်ခြင်းမရှိ။ ဖန်ဆင်းရှင် ဘုရားသခင်က ဖန်ဆင်းပေးမှသာ ရနိုင်သောကြောင့် ဘုရားထံ အသနားခံ၍ တောင်းယူကြရပါသည်။

ဤ၌ မိမိလိုအပ်သော ဆုကို ဘုရားရှင်က တောင်းပေး၍ ရနိုင်၊ မရနိုင် ဟူသော ပြဿနာနှင့်စပ်၍ ဘုရားရှင်ကိုယ်တော်တိုင် ဖြေရှင်းမိန့်မြွက်တော်မူချက်မှာ လွန်စွာ လေးနက်၍ မှတ်သားနာယူဖွယ် ကောင်းလှပါသည် —

အသိဗန္ဓက၏သား ရွာသူကြီးတစ်ဦးက - “မြတ်စွာဘုရား... ဗြာဟ္မဏဆရာကြီးတို့သည် သေသွားသူကို နတ်ပြည်ရောက်အောင် ဆုတောင်းပေးနိုင်ကြပါသည်၊ အရှင်ဘုရားကော ထိုသို့ ပြုလုပ်ပေးနိုင်ပါသလား” ဟု လျှောက်ထား၏။

ထိုအခါ မြတ်စွာဘုရားက - “ပါဏာတိပါတ စသော ဒုစရိုက်များကို လုပ်၍ သေသွားသူအတွက် လူအများစုပေါင်း၍ ‘နတ်ပြည်ရောက်ပါစေ’ ဟု ဆုတောင်းပေးသော်လည်း ရေ၌ မြုပ်နေသော ကျောက်ခဲကို ‘ကမ်းပေါ်တက်လာပါစေ’ ဟု ဆုတောင်း၍ မရသကဲ့သို့ မရနိုင်ချေ။

စာမျက်နှာ-223


သုစရိုက်လုပ်ပြီး သေသွားသူအတွက်လည်း “အပါယ်ကျပါစေ” ဟု ဆုတောင်းပေးသော်လည်း ထောပတ်အိုးကို ရေ၌ချသောအခါ ရေပေါ်ပေါ်လာသော ထောပတ်ဆီများကို “နစ်မြုပ်ပါစေ” ဟု ဆုတောင်း၍ မရနိုင်သကဲ့သို့ပင် ဖြစ်သည်” ဟု မိန့်တော်မူသည် (သံ၊ ၂၊ အသိဗန္ဓကပုတ္တသုတ်၊ ၄၉၀)။

ထို့ပြင်... ဆရာအစဉ်အဆက်ကပင် ဖန်ဆင်းရှင်ကို မြင်လည်းမမြင်ဖူး၊ မည်သည့်နေရာ၌ ရှိသည်ဟူ၍လည်း မသိပါဘဲလျက် ထိုဖန်ဆင်းရှင်နေရာ ဘုံဌာနသို့ ရောက်ရန် ကျင့်ကြံနေခြင်း၊ ဆုတောင်းခြင်းတို့သည် —

မည်သည့်အရပ်၌ရှိ၍ မည်သည့် အမျိုးအနွယ် အမည်နာမရှိသည်၊ မည်မျှ လှပသည်ဟု မသိမမြင်ဖူးသော (စိတ်ကူးယဉ်) အလှမယ်ကို လိုချင်နေသူကဲ့သို့လည်းကောင်း၊

မည်သည့်အရပ်၌ရှိ၍ မည်သို့ ဆောက်လုပ်ထားသည်၊ မည်မျှ နိမ့်သည် မြင့်သည်ဟု မသိရသော အဆောက်အအုံကြီးကို ထောင်ပြီး တက်ရန် လှေကားပြုလုပ်နေသူကဲ့သို့လည်းကောင်း၊

ဟိုမှာဘက် မြစ်ကမ်းကြီးကို ဤမှာဘက်သို့ ရောက်လာပါစေဟု ဆုတောင်းနေသူကဲ့သို့လည်းကောင်း —

ဖြစ်၍ အကြောင်းယုတ္တိမရှိကြောင်း မိန့်တော်မူသည် (ဒီ၊ ၁၊ တေဝိဇ္ဇသုတ်၊ ၂၂၂)။

ယုံကြည်ချက် ဇွဲ လုံ့လနှင့် ဆန္ဒအင်အား မည်မျှပင် ကြီးမားထက်သန်စေကာမူ မိမိဆန္ဒကသာ ချမှတ်ပေးထားသော ပန်းတိုင်သည် အမှန်တကယ်ရှိသော ပန်းတိုင်မဟုတ်သောကြောင့် လိုအပ်သော အကျိုးကို မည်သည့်အခါမျှ ပြီးစီးစေနိုင်မည်မဟုတ်သည်ကို သတိပြုသင့်ပါသည်။

တောင်းသောဆုနှင့် တန်အောင်ပြုရမည်

“လောက၌ တစ်ရာတန်ပစ္စည်းကို လိုလျှင် တစ်ရာကျပ်၊ တစ်ထောင်တန်ပစ္စည်းကို လိုလျှင် တစ်ထောင်ကျပ်” စသောအားဖြင့် တန်ရာတန်ကြေး ပေးယူမှ မိမိလိုအပ်သော ပစ္စည်းကို ရနိုင်သကဲ့သို့ ဆုတောင်းရာ၌လည်း တောင်းသောဆုနှင့် တန်အောင် ကုသိုလ်ကောင်းမှုကို ပြုမှ (ကုသိုလ်ကောင်းမှု

စာမျက်နှာ-224


ကြေးကို ပြုပေးမှ) လိုအပ်သော အရာကို လိုအပ်သလောက် ရနိုင်ပေမည်။ ငွေတစ်ပြား ပေးရုံမျှဖြင့် တစ်သိန်းတန် ရွှေဖလားကို မရနိုင်သကဲ့သို့ မတောက်တခေါက် ကောင်းမှုကုသိုလ်လေး ပြုရုံမျှဖြင့်လည်း လိုအပ်သမျှ ဆုတွေ တပုံကြီး တောင်းယူ၍ ရနိုင်ကြမည် မဟုတ်ပါ။

“ဂေါတမ” ဘုရားရှင်သည် မိမိတောင်းသော ဘုရားဆုနှင့် တန်အောင် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်တိုင် ပါရမီကောင်းမှု ကုသိုလ်စုတို့ကို ပြုလုပ်ဆည်းပူးတော်မူခဲ့ရခြင်း၊ “အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလ္လာန်” တို့သည် မိမိတို့တောင်းသော အဂ္ဂသာဝကဆုနှင့် တန်အောင် တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်တိုင် ပါရမီကောင်းမှု ကုသိုလ်စုတို့ကို ပြုလုပ်ဆည်းပူးတော်မူခဲ့ရခြင်း၊ မဟာသာဝကများဖြစ်သော “အရှင်မဟာကဿပ”၊ “အရှင်အာနန္ဒာ” တို့နှင့် ထင်ရှားသော ရဟန္တာမကြီးများဖြစ်ကြသော “မိထွေးတော်ဂေါတမီ”၊ “ခေမာထေရီ” စသည်တို့သည်လည်း မိမိတို့တောင်းသော ဆုများနှင့် တန်အောင် ကမ္ဘာတစ်သိန်းတိုင်တိုင် ပါရမီကောင်းမှု ကုသိုလ်စုတို့ကို အသီးသီး ပြုလုပ်ဆည်းပူးတော်မူခဲ့ကြရခြင်းတို့ကို ကြည့်လျှင် ဂုဏ်ထူးရှင်တို့အဖို့ တောင်းသောဆုနှင့် တန်အောင် ကုသိုလ်ကောင်းမှု ပြုရမည်မှာ တနည်းအားဖြင့် မိမိတောင်းသော ဆုအတွက် တန်ရာတန်ကြေး ပေးယူရမည်မှာ ထင်ရှားသိသာလှပါသည်။

ဂုဏ်ထူးရှင်အဖြစ် မလိုလားဘဲ သာမညအနေမျိုးဖြင့် နိဗ္ဗာန်ကို အမြန်လိုချင်သူတို့အဖို့ကား — ကြိုးကြိုးစားစား နိုးနိုးကြားကြားဖြင့် အားထုတ်ပါမူ သာသနာထွန်းလင်းခိုက်ဖြစ်၍ ယခုဘဝမှာပင် နိဗ္ဗာန်ကို ရနိုင်ခွင့် ရှိပါ၏။ အကယ်၍ မရနိုင်သေးလျှင် ဤဘုရားရှင်၏ သာသနာမှာပင် ရခွင့်ရှိ၏။ ပွင့်တော်မူလတ္တံ့ဖြစ်သော အရိမေတ္တေယျ ဘုရားရှင်၏ လက်ထက်တော်ကျလျှင်ကား မုချရနိုင်စရာ ရှိ၏။

ဆုတောင်းရာ၌ သူများက တောင်းပေးသော ဆုမှာ ကိုယ့်အလိုကျ ဖြစ်ချင်မှဖြစ်မည်၊ မဖြစ်ဖို့သာ များသည်။ ထို့ကြောင့် မိမိအလိုရှိရာ ဆုကို မိမိဘာသာ တောင်းယူခြင်းသာ ပို၍ သဘာဝကျနိုင်ပါသည်။ “နိဗ္ဗာန်ရပါလို၏” စသောအားဖြင့် ဆုတောင်းခြင်းမှာ “နိဗ္ဗာန်ရအောင် အားထုတ်ပါမည်” ဟု မိမိကိုယ်တိုင် ဝန်ခံကတိပေးခြင်းတစ်မျိုး ဖြစ်သည်ကို သတိပြုသင့်ကြပါသည်။

စာမျက်နှာ-225


ဘုရားမကြိုက်သည့် အဓိဋ္ဌာန်ဆုကို တောင်းခဲ့သော လူသားစား ပေါရိသာဒ

ဘုရားလောင်းအား ဘုရားဖြစ်ခါနီးဝယ် သို့ဃနာဆွမ်းကို ရွှေခွက်ပါ လှူခဲ့သော “သုဇာတာ” သူဌေးသမီးသည် “အပျိုဘဝတုန်းက အမျိုးတူ သူဌေးသားနှင့်ရ၍ သားဦးဖွားအောင် စောင်မလျှင် အရှင်နတ်မင်းအား နှစ်စဉ် ပူဇော်ပါမည်” ဟု ဝန်ခံခဲ့၍ သူတောင့်တတိုင်း အကျိုးရသဖြင့် “ယသ” ဟူသော သတို့သားကို ဖွားမြင်ခဲ့သောကြောင့် ညောင်ပင်စောင့်နတ်က မ-စသည်ဟု ယူဆကာ အနှစ်နှစ်ဆယ်လုံးလုံး အဆိုပါ ညောင်ပင်စောင့်နတ်ကြီးအား ကဆုန်လပြည့်နေ့တိုင်း သွား၍ ပူဇော်ပသခဲ့ပါသည်။

ဤသို့ ဆုတောင်းခြင်း၊ ဆုပန်ခြင်းမျိုးမှာ ရှေးအခါကသာ ရှိခဲ့သည်မဟုတ်၊ ယခုအခါ၌လည်း ရှိနေကြဆဲပင် ဖြစ်၏။ ယင်းသို့ ပြုလုပ်ခြင်းကို လောကဝေါဟာရအားဖြင့် “အဓိဋ္ဌာန်ပြုသည်” ဟူ၍လည်း မှားယွင်းစွာ နားလည်နေကြ၏။ စင်စစ် ကံ ကံ၏အကျိုးကို ယုံကြည်မှုနည်းသူ၊ အသိဉာဏ်ခေါင်းပါးသူတို့၏ အလေ့အလာသာ ဖြစ်၏။ လူသားတို့ကမ္ဘာ၌ လူသားအသိဉာဏ် မပြည့်စုံမီ ကြောက်စိတ်ဖြင့် နတ်များကို ကိုးကွယ်စဉ်ခေတ်က အမူအကျင့်များ ဖြစ်၏။ ဤအဓိဋ္ဌာန်ဆုမျိုးသည် ရံခါ ကြီးစွာသော အန္တရာယ်ကိုပင် ဖြစ်စေတတ်ပါသည်။ ဤနေရာ၌ “လူသားစား ပေါရိသာဒ” ၏ အကြောင်းကို ကောင်းစွာ သတိပြုသင့်ကြပါသည်။

ပေါရိသာဒသည် တောကြီးအတွင်း ညောင်ပင်ကြီးတစ်ပင်၏ အခေါင်းပါးပျဉ်းကြားတွင် ပုန်းအောင်းကာ လူများကို လိုက်လံ ဖမ်းယူသတ်စားနေ၏။ တစ်နေ့သ၌ ခြေထောက်တွင် ရှားငုတ်စူးရာ ခြေဖမိုး ပေါက်ထွက်သွား၏။ အစာရှာ မထွက်နိုင်၊ ခုနစ်ရက်လုံးလုံး ညောင်ပင်ခေါင်းထဲ၌ အောင်းနေရ၏။ ယင်းသို့ ဒုက္ခရောက်နေစဉ် ညောင်ပင်စောင့်နတ်အား အားကိုးစိတ် ဝင်လာကာ —

“အရှင်နတ်မင်းကြီး ခုနစ်ရက်အတွင်း ကျွန်ုပ်၏အနာ ပျောက်ကင်းအောင် မ-စပါ၊ ပျောက်ကင်းလျှင် သင်၏ညောင်ပင်ကို ဇမ္ဗူဒိပ်အတွင်းရှိ တစ်ရာ့တစ်ပါးသော မင်းတို့၏ လည်ချောင်းသွေးဖြင့် ဆေးလျက် အူများဖြင့် ရစ်ပတ်ပြီး အသားဖြင့် ပသ၍ ပူဇော်ပါမည်” ဟု ဆုတောင်းလိုက်သည်။

စာမျက်နှာ-226


ခုနစ်ရက်လုံးလုံး အစာမစားရသဖြင့် သွေးသားခန်းခြောက်၍ အနာပျောက်သွားသည်ကို ညောင်ပင်စောင့်နတ်က မိမိဆုတောင်းတိုင်း မ-စသည်ဟု ထင်မှတ်သွားတော့သည်။

ထိုအချိန်မှစ၍ တစ်ရာ့တစ်ပါးသော မင်းများကို တစ်ယောက်ပြီးတစ်ယောက် ဖမ်းဆီးကာ ညောင်ပင်၌ အသီးသီး ယဇ်ပူဇော်ရန် ဇောက်ထိုးမိုးမျှော် ချိတ်ဆွဲထား၏။ ပေါရိသာဒသည် မီးဖို၍ အသားကင်ရန် တံစို့များ လုပ်နေသည်ကို မြင်သော ညောင်ပင်စောင့် နတ်မင်းကြီးမှာ မိမိပါ တာဝန်မကင်းဖြစ်ကာ စိုးရိမ်ပူပန်မိနေ၏။

“၎င်း၏ အနာပျောက်ကင်းအောင်လည်း ငါက ကူညီမစခဲ့ရသည်မဟုတ်၊ ကိုယ့်စိတ်နှင့်ကိုယ် အယူမှားပြီး သတ္တဝါတွေ ဒုက္ခရောက်ကုန်ကြတော့မည်၊ ငါလဲ မကယ်ဆယ်နိုင်” ဟု စဉ်းစားပူပန်ကာ စတုမဟာရာဇ် နတ်မင်းကြီးလေးယောက်နှင့် သိကြားမင်းတို့ထံသွား၍ ပေါရိသာဒအား ဟန့်ထားပေးရန် တောင်းပန်လေသည်။ နတ်မင်းကြီးလေးယောက်နှင့် သိကြားမင်းတို့လည်း မည်သို့မျှ မတတ်နိုင်ရှာကြပေ။

ထို့နောက် ဘုရားလောင်း “မဟာသုတသောမ” မင်းကြီးက တရားဟောဖျောင်းဖျမှ လွတ်ကင်းချမ်းသာမှု ရကြတော့သည် (ဇာ၊ ဋ္ဌ၊ ၅၊ မဟာသုတသောမဇာတ်၊ ၄၉၅)။

ဘတပြန် ကျားတပြန် သတ်ရန် ဆုကို တောင်းခဲ့ကြသော မယားကြီး မယားငယ်

တစ်ရံရောအခါက သူကြွယ်၏ သားတစ်ယောက်သည် ဖခင်သေပြီးနောက် မိခင်နှင့်နေ၏။ အရွယ်ရောက်လျှင် မိခင်က မိန်းမရှာ၍ ပေးစား၏။ ထိုမိန်းမက သားသမီးမရ အမြုံမဖြစ်နေပြန်သဖြင့် နောက်တစ်ယောက် ထပ်မံပေးစားရန် ကြံ၏။

ထိုအကြံကို မိန်းမမြုံက သိ၍ “သူတို့သဘောကျ မိန်းမကို ရှာ၍ ပေးစားက ငါ့အား ကျွန်နေရာထား၍ သုံးဆောင်လိမ့်မည်။ ငါကိုယ်တိုင် မိန်းမငယ်တစ်ယောက် ရှာဖွေပေးစားမည်” ဟု ကြံကာ ကိုယ်တိုင်ရှာဖွေ ပေးစားခဲ့၏။ ထို့နောက် ၎င်းမိန်းမ ကိုယ်ဝန်ရသောအခါ နှစ်ကြိမ်တိုင် ကိုယ်ဝန်ပျက်ဆေး တိုက်ကျွေးပြီး ဖျက်ချခဲ့၏။ သုံးကြိမ်မြောက်တွင် မိခင်ပါ ပြင်းထန်စွာ ဝေဒနာခံစားရပြီး သေရရှာ၏။

စာမျက်နှာ-227


သေခါနီးကာလ၌ “အသင်သည် ငါ့ကို ဆောင်ယူလာပြီး အသင်သည်ပင် သုံးကြိမ်တိုင်တိုင် ကိုယ်ဝန်ကို ပျက်စီးလျှောကျစေ၍ သူငယ်တို့ကို ဖျက်ဆီး၏။ ယခုအခါ၌ ငါလဲ ပျက်စီးရတော့အံ့၊ ဤဘဝမှ စုတိမနေ သေလွန်သည်ရှိသော် အသင်၏ သားသမီးတို့ကို ဖျက်ဆီးနိုင်သည်ကို ဖြစ်ရပါလို၏” ဟု ဆုတောင်း၍ သေလွန်လျှင် ထိုအိမ်၌ပင် “ကြောင်မ” ဖြစ်၏။

မိန်းမကြီးမှာလည်း ယောက်ျားက ရိုက်နှက်သည့် ဒဏ်ရာကြောင့် သေလွန်ခဲ့ရာ ထိုအိမ်၌ပင် “ကြက်မ” ဖြစ်လေ၏။ ကြက်မက ဥတိုင်း ဥတိုင်း ကြောင်မက စားပစ်ခဲ့ရာ သုံးကြိမ်မြောက်တွင် “ဤဘဝမှ သေခဲ့သည်ရှိသော် သားသမီးနှင့်တကွ ထိုကြောင်မကို စားခြင်းငှာ စွမ်းနိုင်သည်ကို ဖြစ်ရပါလို၏” ဟု ကြက်မသည် ဆုတောင်း၍ သေလွန်၏။

ထို့နောက် ကြက်မက “ကျားသစ်မ” ဖြစ်၍ ကြောင်မက “သမင်မ” ဖြစ်လာ၏။ သမင်မက မွေးတိုင်း ကျားသစ်မက စားပစ်ခဲ့ရာ သုံးကြိမ်မြောက်တွင် “ဤဘဝမှ သေခဲ့သော် ထိုကျားသစ်မကို သားနှင့်တကွ စားရပါလို၏” ဟု သမင်မသည် ဆုတောင်း၍ သေလွန်၏။ (“သမင်မွေးရင်း ကျားစားရင်း” ဟူသော စကားပုံ ဖြစ်လာခဲ့၏။)

ထို့နောက် သမင်မက “ကာဠီ” မည်သော ဘီလူးမဖြစ်၍ ကျားသစ်မက သာဝတ္ထိပြည်ဝယ် လူအမျိုးသမီး ဖြစ်လာ၏။ ဘီလူးမသည် လူအမျိုးသမီး အိမ်ထောင်ကျ၍ သားဖွားသောအခါ နှစ်ကြိမ်တိုင် လိုက်၍ ကိုက်စား၏။ သုံးကြိမ်မြောက် ရောက်သောအခါ မွေးဖွားသော သားငယ်ကို စားရန် လိုက်စဉ် ဘုရားရှင်နှင့်တွေ့၍ “အဘယ့်ကြောင့် ခိုက်ရန်ကို ရန်တုံ့မူခြင်း ပြုကြကုန်ဘိသနည်း၊ ခိုက်ရန်တို့မည်သည်ကား ရန်တုံ့မမူသဖြင့်သာလျှင် ငြိမ်းပျောက်ကုန်၏၊ ရန်တုံ့မူသဖြင့် ခိုက်ရန်ခပ်သိမ်းတို့သည် မငြိမ်းမပျောက်သည်သာလျှင်တည်း” ဟု ရန်ပြေငြိမ်းကြောင်း တရားတော်ကို ဟောပြခဲ့ရာ ရန်မီးများငြိမ်း၍ ချစ်ခင်ခြင်းသို့ ရောက်သွားကြလေသည် (ဓမ္မပဒ၊ ဋ္ဌ၊ ၁၊ ၂၉)။

ဆုတောင်းမှားခြင်းသည် အဘယ်မျှ ကြောက်လန့်ဖွယ်ကောင်းပါသနည်း။ လူတို့သည် “သူဖြစ်ချင်သလို ဖြစ်နေသည်” ဟု ထင်ကာ အမှုမဲ့အမှတ်မဲ့ ရေစုန်မျှော၍ လိုက်ပါမနေသင့်ကြပါ။ မိမိတို့ ဖြစ်လိုသောဆန္ဒ၊ ဖြစ်ချင်သောစိတ်ကြောင့် ဖြစ်နေကြရသည်မှာ အမှန်ဖြစ်သောကြောင့် မကောင်းသော

စာမျက်နှာ-228


လိုအင်ဆန္ဒနှင့် အမှားဆုတောင်းခြင်းများကို အစွမ်းကုန် ရှောင်ရှား၍ ကောင်းသော လိုအင်ဆန္ဒနှင့် အမှန်အကောင်း ဆုတောင်းခြင်းများဖြင့်သာ ကောင်းသည်ထက် ကောင်းအောင် ကြိုးစားဆောင်ရွက်သင့်ကြပါသည်။

ဆုတောင်း နှစ်မျိုး

“ဆုတောင်း” သည် လှေ၊ သင်္ဘော စသည်တို့၌ရှိသော ပဲ့တက်နှင့် တူ၏။ လှေသင်္ဘောသည် ပဲ့ဘက်ပါမှ ရေလမ်းခရီးတွင် လိုသောနေရာသို့ တည့်တည့်မတ်မတ် ရောက်စေနိုင်သကဲ့သို့ ကုသိုလ်ကောင်းမှု ပြုသူသည် ဆုတောင်းပါမှ သံသရာခရီးလမ်းတွင် အလိုရှိရာကို လိုသလို ရယူနိုင်ပါသည်။ လူ့စည်းစိမ်၊ နတ်စည်းစိမ်မှစ၍ မဂ်ဖိုလ်နိဗ္ဗာန်အထိ မည်သည့်အရာကိုမဆို လိုသလို ရနိုင်ယူနိုင်ကြပါသည်။

ယင်းသို့ ဆုတောင်းခြင်းဖြင့် လိုအပ်သော အရာကို လိုသလို ရယူနိုင်သောကြောင့် ဆုတောင်းမှု၌ လိမ္မာကျွမ်းကျင်မှုရှိရန် အထူးလိုအပ်ပါသည်။ ဆုကို အတောင်းမတတ်ပါက အမြတ်မပေါ်ရုံမျှမက အရှုံးပင် ရှိနိုင်ကြသောကြောင့် ဆုတောင်းပုံတောင်းနည်းကို လေ့လာမှတ်သားသင့်ပါသည်။

ဆုတောင်းသည် အမျိုးမျိုးသော အလိုဆန္ဒအရ မီးခိုးမဆုံး မိုးမဆုံး အမျိုးမျိုး တောင်းနေကြသော်လည်း အချုပ်သဘောအားဖြင့် နှစ်မျိုးသာရှိ၏။ နှစ်မျိုးမှာ —
(၁) သံသရာဝဋ်ကို မှီသော ဆုတောင်း (ဝဋ္ဋနိဿိတ )၊
(၂) သံသရာဝဋ်ကို မမှီသော ဆုတောင်း (ဝိဝဋ္ဋနိဿိတ ) —
တို့ဖြစ်ကြပါသည်။

(၁) ဝဋ္ဋနိဿိတ ဆုတောင်း

ထိုတွင် လူ၊ နတ်၊ ဗြဟ္မာ လောကီစည်းစိမ်ချမ်းသာ အမျိုးမျိုး (ဝဋ္ဋနိဿိတ) ဆုကို တောင်းခဲ့လျှင် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ တောင်းသလောက်သာ ရ၏။ သံသရာဝဋ်မှ လွတ်မြောက်ရာ ဒုက္ခအားလုံး၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်အထိ ရောက်စေနိုင် ရစေနိုင်သည့် အကျိုးမျိုးကို မရနိုင်ပါ။ “တစ်ချက်ခုတ် တစ်ချက်ပြတ်” ဆုတောင်းမျိုးဟု မှတ်ယူသင့်ပါသည်။ ဤ၌ ဝဋ္ဋနိဿိတ ဆုတောင်းနှင့်စပ်၍ ဘုရားရှင်လက်ထက်တော်က သာဝတ္ထိပြည် ဝိသာခါကျောင်းအမကြီး၏ ပုဗ္ဗာရုံကျောင်းမှ ဥပုသ်သည် အမျိုးသမီးများ၏ ဆုတောင်းကြပုံများမှာ လွန်စွာ သင်ခန်းစာယူဖွယ် ကောင်းလှပါသည် —

စာမျက်နှာ-229


ဝိသာခါကျောင်းအမကြီးသည် မိမိနှင့်အတူ ဥပုသ်စောင့်ကြသော အမျိုးသမီးငါးရာထံ သွား၍ “အဘယ်ရည်ရွယ်ချက်ဖြင့် ဥပုသ်စောင့်ကြပါသလဲ၊ ဘယ်လိုဆုမျိုးကို တောင်းကြပါသလဲ” ဟု စနည်းနာမေးမြန်းကြည့်ခဲ့ရာ —

အဘွားကြီးများက “နတ်ပြည်ရောက်ချင်လို့” ဟူ၍လည်းကောင်း၊

အိမ်ရှင်မများက “လင်တူမယားဘဝ (မယားပြိုင်) မဖြစ်ပါစေနဲ့” ဟူ၍လည်းကောင်း၊

အိမ်ထောင်ပြုစ အမျိုးသမီးများက “သားယောက်ျားလေး မွေးပါစေ” ဟူ၍လည်းကောင်း၊

အပျိုမငယ်များက “အချိန်ရှိတုန်း လင်ကောင်းသားကောင်း ရရပါလို၏” ဟူ၍လည်းကောင်း —
အသီးသီး ဆုတောင်းကြပုံကို ပြောပြကြလေ၏။

ဝိသာခါကျောင်းအမကြီးက ထိုအကြောင်းစုံကို ဘုရားရှင်အား သွား၍ လျှောက်သဖြင့် အိုဘေး၊ နာဘေးကြီးအကြောင်း ဟောကြား၍ ဆုံးမတော်မူခဲ့ဖူး၏ (ဓမ္မပဒ၊ ဋ္ဌ၊ ၁၊ ၃၇)။

ထို့ပြင် ဆဒ္ဒန်ဆင်မင်းဝတ္ထု၌ “စူဠသုဘဒ္ဒါ” မိဖုရား၏ ဆဒ္ဒန်ဆင်မင်းအပေါ် ရန်ငြိုးဖွဲ့၍ အစွယ်ကိုဖြတ်ကာ သတ်ရလိုကြောင်း ရှေးဆုတောင်းမှားခဲ့ပုံ၊ ကာဠယက္ခိနီဝတ္ထု၌ မယားကြီးမယားငယ်တို့ ဘဝအဆက်ဆက် ရန်ဘက်ဖြစ်ကာ ဘတပြန် ကျားတပြန် သတ်ကြသည်အထိ ရှေးဆုတောင်းမှားခဲ့ပုံများမှာ ဆုတောင်းမှု၌ မလိမ္မာခြင်း၏ အပြစ်တို့သာ ဖြစ်ပါသည်။

(၂) ဝိဝဋ္ဋနိဿိတ ဆုတောင်း

သံသရာဝဋ်မှ လွတ်မြောက်ရာ မဂ်ဖိုလ်နိဗ္ဗာန်ချမ်းသာ (ဝိဝဋ္ဋနိဿိတ) ဆုကို တောင်းခဲ့လျှင်ကား တောင်းသောဆုအပြင် လူ၊ နတ်၊ ဗြဟ္မာ စည်းစိမ်ချမ်းသာ လောကီဆုများကိုပါ ရရှိနိုင်ကြောင်း (အံ၊ ဋ္ဌ၊ ၁၊ ပဏိဟိတအစ္စဝဂ်၊ ၄၂) စသည်တို့၌ ဖွင့်ဆိုထားပါသည်။ “တစ်ချက်ခုတ် နှစ်ချက်ပြတ်” ဆုတောင်းမျိုးပင် ဖြစ်၏။
၁။ ဇာ၊ဋ္ဌ၊၅၊၃၇-
၂။ ဓမ္မ၊ဋ္ဌ၊၁၊၂၉။

စာမျက်နှာ-230


ဆုတောင်းရာ၌ တစ်ချက်ခုတ် တစ်ချက်ပြတ် “ဝဋ္ဋနိဿိတ” ဆုမျိုးကို မတောင်းဘဲ တစ်ချက်ခုတ် နှစ်ချက်ပြတ် “ဝိဝဋ္ဋနိဿိတ” ဆုမျိုးကို တောင်းသင့်ကြပါသည်။

[“ဝိဝဋ္ဋနိဿိတ” ဆုတောင်းနည်းပုံစံမှာ ဤဗုဒ္ဓဘာသာလက်စွဲကျမ်း ဝတ်တက်ဝတ်ကပ်အရကျက်ရန် အခန်း (၃) စာမျက်နှာ ၃၃ ၌ ဖော်ပြခဲ့သော ဆုတောင်းများပင် ဖြစ်ပါသည်။]

ဝဋ္ဋ ဝိဝဋ္ဋ နှစ်မျိုးရော ဆုတောင်း

လောကီ လောကုတ္တရာ လိုအပ်ချက်မှန်သမျှကို ပြည့်စုံအောင် “ဝဋ္ဋ ဝိဝဋ္ဋ” နှစ်မျိုးရော၍လည်း ဆုတောင်းနိုင်ကြပါသည်။ ဤ၌ အလိုရှိသူတို့ အလွယ်တကူ ကျက်မှတ်ရွတ်ဆို ဆုတောင်းနိုင်ကြရန် ဝဋ္ဋ ဝိဝဋ္ဋ နှစ်မျိုးရော မှတ်သားဖွယ်ရာ ရှေးဆုတောင်းလင်္ကာကြီးများကို ဖော်ထုတ်တင်ပြထားပါသည် —

ဝဋ္ဋ ဝိဝဋ္ဋ ဆုတောင်းလင်္ကာကြီး

ဤသို့ပြုရ၊ ကုသလ၊ ကောင်းမှုအများ၊ အကျိုးအားကြောင့်၊ ဘုရား ပစ္စေကဗုဒ္ဓါ၊ ရဟန္တာတို့၊ စံရာမွေ့လျော်၊ ကိန်းအောင်းပျော်သည့်၊ ပြည်တော်ဌာန်၊ အမတသို့၊ ခဏလျင်ဆေး၊ ရောက်စေသော်... (ဝိဝဋ္ဋနိဿိတ)။

နိဗ္ဗာန်သာခေါင်၊ မြို့ရွှေသောင်သို့၊ လှေဖောင်မဂ္ဂင်၊ သင်္ဘောယာဉ်နှင့်၊ မဝင်သမျှ၊ ဤနေ့ကလျှင်၊ စ၍ချမ်းသာ၊ ရောဂါဘေးဒဏ်၊ ရန်မာန်ကင်းပျောက်၊ မရောက်သည်သာ၊ ရှင်းရှင်းကွာ၍၊ တစ်ရာသက်ရှည်၊ စည်းစိမ်တည်၍၊ ပေးသည်အလှူ၊ ဖြူသည်နှလုံး၊ သုံးသည်သီလ၊ ချသည်ရေစက်၊ နေ့တိုင်းတက်လျက်၊ အသက်ခန္ဓာ၊ စုတေခါလည်း၊ ရတနာသုံးပါး၊ ဦးထိပ်ထား၍၊ မမှားမဖောက်၊ ရွံ့ကြောက်မထိပ်၊ စုတေစိတ်ဖြင့်၊ အိပ်သောယောက်ျား၊ နိုးသောလားသို့၊ ဖြစ်ငြားပါချင်။

နောင်တွင်သံသရာ၊ သံဝါမှာလည်း၊ လေးဖြာအပါယ်၊ သုံးသွယ်သောကပ်၊ ရှစ်ရပ်ဌာန၊ ကင်းလွတ်ရ၍၊ ထိုဒေသတွင်၊ မဖြစ်ချင်ပါ၊ လူ့ရွာနတ်ပြည်၊ ကျင်လည်သမျှ၊ ခတ္ထိယနှင့်၊ ဗြာဟ္မဏစင်စစ်၊ မျိုးနွယ်ဖြစ်၍၊ နွယ်မြစ်သာ၊ အမျိုးမှာလည်း၊ ကောင်းစွာသန္ဓေ၊ တိဟိတ်နေ၍၊ ဆူစေပညာ၊ ကြီးခြင်းသတင်း၊ နွံကျော်မဟော်သဓာ၊ ဘုရားလျာသို့၊ ဖြစ်ပါစေချင်

စာမျက်နှာ-231


ကိုယ်တွင်ရောဂါ၊ သန့်ရှင်းကွာ၍၊ အနာမဲ့သူ၊ ရှင်ဗာကူနည်း၊ မမည်းမဖြူ၊ မဆူမကြုံ၊ လုံးစုံနိမ့်မြင့်၊ ပြစ်မျိုးလွင့်၍၊ တင့်တယ်ရောင်ဝါ၊ အဆင်းမှာလည်း၊ ငါးဖြာကျော်သီး၊ ရှင်ကစ္စည်းလား၊ ပေါများဥစ္စာ၊ စည်းစိမ်မှာလည်း၊ ငါးဖြာရန်သူ၊ လုယူမရ၊ ဇောတိကသို့၊ ရူပနိကာယ်၊ စင်ကြယ်သန့်ရှင်း၊ ဖြည်းညင်းသာယာ၊ အသံမှာလည်း၊ ရောင်ဝါထွန်းထိတ်၊ ကရဝိက်ငှက်တူ၊ ဗိုလ်လူတို့နား၊ ကြားကနာဖွယ်၊ အရွယ်မဖောက်၊ ပြိုင်ထောက်မဲ့ပါ၊ ဝိသာခါဟန်၊ လျင်မြန်ပညာ၊ ဇဝနာတိက္ခ၊ ဂမ္ဘီရနှင့်၊ ဟာသတစ်ဖုံ၊ ဉာဏ်မျိုးစုံ၍၊ အာဂုံတုလွတ်၊ ပိဋကတ်ဗေဒင်၊ ခပ်သိမ်းအင်ကို၊ မြင်ကာကြားကာ၊ လျင်စွာရွရွ၊ အဋ္ဌာရသပေါင်း၊ အလောင်းတကာ၊ တတ်ရာသမျှ၊ ကိစ္စပြီးတိုင် —

ကြီးခိုင်ခွန်အား၊ ခြင်္သေ့လားသို့၊ ရဲအားသတ္တိ၊ စွန်းငြိမထင်၊ သိမြင်လိမ္မာ၊ မေးဖွယ်မှာလည်း၊ ပညာကြွယ်ဝ၊ မိလိန္ဒမင်း၊ ဖြေခြင်းတွင်လည်း၊ ရှင်နာဂသိန်၊ မတိမ်မမြုပ်၊ အကျွန်ုပ်သည်၊ မယုတ်မမာ၊ ရိုသေစ္စာဖြင့်၊ သဒ္ဓါကြည်ညို၊ တောင်းဆိုသမျှ၊ ဆုကိုရ၍ (ဝဋ္ဋနိဿိတ )။

မုချချမ်းသာ၊ နိဗ္ဗူတာသို့၊ မှန်စွာထုတ်ချောက်၊ ဧကန်ရောက်၍၊ မျက်မှောက်ပြုရပါလိုသော... ဩကာသ၊ ဩကာသ။

ဝဋ္ဋ ဝိဝဋ္ဋ “သောငါးချက်” ဆုတောင်း

(၁) အကုသိုလ်ဆယ်ပါး၊ ပွားဒုစရိုက်၊ ကိုယ်၌မီးကြီး၊ ဖျက်ဆီးတတ်ငြား၊ ဤသုံးပါးကို၊ ရှောင်ရှားကြဉ်ဖဲ၊ စွန့်ကြဲပစ်ခါ နိုင်စေသော...၊
(၂) ကုသိုလ်ဆယ်ပါး၊ တရားသုစရိတ၊ သဒ္ဓမ္မအကျော်၊ ခုနစ်ဖော်နှင့်၊ သူတော်ဥစ္စာ၊ မှန်စွာတရား၊ ရှစ်ပါးမဂ္ဂင်၊ မြဲပင်စွဲနေ၊ မသွေဥပါယ်၊ သုံးဆယ့်ရှစ်ဖြာ၊ မင်္ဂလာသည်၊ မက္ခာကိုယ်၌ မြဲစေသော...
(၃) အပါယ်လေးပါး၊ မလားငရဲ၊ ဆင်းရဲတစိ၊ မရှိရောဂါ၊ ရှင်းရှင်းကွာ၍၊ အဋ္ဌာရသ၊ သိပ္ပမလပ်၊ ကြွင်းမဲ့တတ်၍၊ ပိဋကတ်ဗေဒင်၊ သင်သင်ရှရှ၊ ကြားကာမြင်ကာ၊ မကြာခဏ တတ်စေသော...၊

စာမျက်နှာ-232


(၄) အမျိုးကောင်းသား၊ ယောက်ျားကောင်းစစ်၊ ဆက်တိုင်းဖြစ်၍၊ မလစ်မှန်စွာ၊ ငါးဖြာရန်သူ၊ မပြုဝံ့ရှောင်း၊ သူတော်ကောင်းနှင့်၊ အလောင်းတကာ၊ တောင်းကုန်ရာသား၊ ပတ္တနာဆု၊ အာယုဝဏ္ဏ၊ သုခ ဗလ၊ ပဋိဘာန၊ ဘဝမခြား၊ စက်လေးပါးနှင့် ညားစေသော...

(၅) ဘုန်းသမ္ဘာနှင့်၊ ပညာပြည့်စုံ၊ ကုံလုံဥစ္စာ၊ လှူတာကစ၊ ဒသပါရမီ၊ အညီဖြည့်စွမ်း၊ နိဗ္ဗာန်လမ်းကို၊ တန်းတန်းမတ်မတ်၊ မချွတ်လျင်ဆော၊ ရောက်စေသော...

မြတ်ရှင်စော ဩကာသ၊ ဩကာသ။

ဆုတောင်းခြင်း ပြီး၏။

စာမျက်နှာ-233


“မကောင်းမှု အကုသိုလ်တရားကို မဖြစ်သေးက အသစ်မဖြစ်စေဘဲ ဖြစ်ပြီးဖြစ်ပါက ပယ်ပစ်ရမည်။ ကောင်းမှုကုသိုလ်တရားကို မဖြစ်သေးက အသစ်ဖြစ်စေပြီးနောက် ဖြစ်ပြီးဖြစ်ပါက တိုးပွားသည်ထက် တိုးပွားအောင် ကြိုးစားရမည်” ဟု —

ဘုရားရှင်ကိုယ်တော်တိုင် သမ္မပ္ပဓာန်တရားတော်၌ ဟောကြားတော်မူခဲ့၏။ မကောင်းမှုအကုသိုလ်သည် အပြစ်နှင့်တကွ ဆင်းရဲသော အကျိုးကို ပေးခြင်း (သာဝဇ္ဇ ဒုက္ခဝိပါက) လက္ခဏာရှိ၍ ကောင်းမှုကုသိုလ်သည် အပြစ်မရှိ ချမ်းသာသော အကျိုးကို ပေးခြင်း (အနဝဇ္ဇ သုခဝိပါက) လက္ခဏာရှိသောကြောင့် ဆင်းရဲဒုက္ခကို ပယ်ရှား၍ ချမ်းသာသုခတရား ပွားများစေရန် ရည်သန်၍ ယင်းသို့ ဟောကြားတော်မူခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့် ဆင်းရဲဒုက္ခကို ပယ်ရှား၍ ချမ်းသာသုခတရား ပွားများလိုသူတို့သည် မကောင်းမှုအကုသိုလ်တရား မှန်သမျှကို ပယ်ရှား၍ ကောင်းမှုကုသိုလ်တရားကို တိုးပွားအောင် ကြိုးစားဆောင်ရွက်သင့်ကြပါသည်။

ကောင်းမှုကုသိုလ် ပြုရာ၌ မိမိကုသိုလ်ရသကဲ့သို့ အခြားသူတို့ကိုလည်း မိမိနှင့် အညီအမျှ ကုသိုလ်အဖို့ ရစေရန် “အမျှယူတော်မူကြပါ” စသောအားဖြင့် နှုတ်ဖြင့် မြွက်ကြား၍ ဝေငှပေးကမ်းခြင်းသည် “အမျှဝေခြင်း” ဖြစ်၏။ ပါဠိလို “ပတ္တိဒါန” ဟု ခေါ်၏။

ယင်း အမျှဝေသံကို ကြားသူတို့က “တော်ပါပေသည်၊ ကုသိုလ်ပြုနိုင်ပါပေသည်၊ စွန့်နိုင်ခဲသော ပစ္စည်းကို စွန့်ကြဲလှူဒါန်းနိုင်ကြပေသည်” ဟု သဘောထား၍ ဝမ်းမြောက်ဝမ်းသာ “သာဓု သာဓု” ဟု ခေါ်လျှင် “ပတ္တာနုမောဒန” ကုသိုလ်ဖြစ်၍ ကောင်းမှုရှင်နှင့် အလားတူစွာ ကုသိုလ်အဖို့ ရ၏။ ပြိတ္တာဖြစ်နေသူတို့အဖို့ သာဓုခေါ်နိုင်ခွင့်ရ၍ သာဓုခေါ်လျှင် ချက်ချင်းပင် “ထမင်း အဖျော်” စသည်ကို ရရှိပြီး အကျိုးထူးခံစားရကြောင်း ကျမ်းဂန်တို့၌ တိုက်ရိုက်လာ၏။ (ဝမ်းမြောက်ဝမ်းသာမဟုတ်ဘဲ ဝတ်ကျေတမ်းကျေ သာဓုခေါ်လျှင် တော်ရုံသာ အဖို့ရ၏။ သူတစ်ပါး လှူဒါန်းနိုင်သည်ကို မနာလိုစိတ်ဖြစ်လျှင် “ဣဿာ” အကုသိုလ်ပင် ဖြစ်နိုင်၏။ သတိပြု။) ထို့ကြောင့် အမျှဝေခြင်းသည် ကောင်းမှုကုသိုလ်ပြုသူတိုင်းအား ကုသိုလ်ချမ်းသာပွား၍ အကျိုးများစေနိုင်ပါသည်။

စာမျက်နှာ-234


မှန်ပါသည်။ မီးတစ်တိုင်မှ မီးထောင်ပေါင်းများစွာ ကူးယူသော်လည်း မူလမီးတိုင်မှာ မီးမကုန်၊ မီးအရှိန် မလျော့၊ ပို၍ပင် မီးပွား၍ အလင်းအင်အား များလာသကဲ့သို့ ထို့အတူ မူလကုသိုလ်ကောင်းမှုရှင်မှာ အမျှပေးဝေလိုက်မှုကြောင့် မိမိကုသိုလ်ရှိန် လျော့မသွားဘဲ မူရင်းကုသိုလ်အပြင် “ပတ္တိဒါန” ကုသိုလ်တစ်မျိုး တိုး၍ပင် ရနိုင်သည်။ သူတစ်ပါးတို့မှာလည်း ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ရသဖြင့် “ပတ္တာနုမောဒန” ကုသိုလ်ရ၍ အတ္တရော ပရပါ (မိမိ၊ သူတစ်ပါး နှစ်ဦးသားလုံး) အကျိုးရှိစေသော ကောင်းမှုကုသိုလ်မျိုး ဖြစ်ပါသည်။

အမျှရ၍ ပြိတ္တာဘဝမှ လွတ်မြောက်ကြရသော ပြိတ္တာ ရှစ်သောင်းလေးထောင်

ပြိတ္တာ၊ အသူရကာယ်တို့၏ ဘဝသည် လောဘကြီးသူ၊ မနာလို ဝန်တို ကပ်စေးနှဲသူတို့ ရောက်ရသော ဘဝဖြစ်၏။ အလိုကြီး၍ အရနည်းရခြင်းဖြစ်သည်။ အစာရေစာ ငတ်မွတ်ဆင်းရဲ၏။ ရေသောက်ရန် မြစ်ထဲဆင်းလျှင်ပင် (ပြုခဲ့သော အကုသိုလ်ကံကြောင့်) ရေပျောက်သွားရ၏။ လူတို့ စွန့်ပစ်သော ထမင်းလုံး၊ နှပ်၊ သလိပ်၊ ချွဲခပ်များကိုသာ စားသုံးကြရရှာ၏။

အိပ်ရာထဲ လဲနေသော လူမမာကဲ့သို့ ကံစီမံသည့်အတိုင်း ခံစားနေကြရသဖြင့် “ကံဘုံ” ဟု ခေါ်သည်။ မည်သည့်နည်းနှင့်မျှ မိမိရလိုသောအရာကို ဝီရိယစိုက်ထုတ်၍ ကြိုးစားလုပ်ယူလို့ ရနိုင်သော အခွင့်အရေးမရှိ။ လူလူချင်း သနားချစ်ခင်၍ ပေးယူခြင်းကဲ့သို့ ပေး၍ ယူ၍လည်း မရ။ ကျန်ရစ်သူ လူများက သတိရ၍ အမျှအတန်း ပေးဝေမှသာ ရရှိနိုင်ကြသည်။

သားသမီးတို့က မိဘတို့အပေါ် ပြုရမည့် တာဝန်ငါးခုတွင် ကွယ်လွန်သွားကြသော မိဘတို့အတွက် “ကုသိုလ်ပြု၍ အမျှပေးဝေရန်” တာဝန်တစ်ခုကို ထည့်သွင်း၍ (သိင်္ဂါလောဝါဒသုတ်တွင်) ဘုရားရှင် ဟောကြားတော်မူခဲ့၏။ ယင်းဟောကြားတော်မူချက်အရ တာဝန်ရှိ၍ တာဝန်သိသော ကျန်ရစ်သူ သားသမီးများက ကုသိုလ်ပြု၍ အမျှပေးဝေချင်သော်လည်း “အချို့ အကုသိုလ်များသော မိဘတို့ ကွယ်လွန်သောအခါ ၎င်း၏ သားသမီးများမှာ ကုသိုလ်ပြု၍ အမျှပေးဝေရန် သတိမရ၊ မေ့လျော့နေတတ်ကြသည်” ဟုပင် ကျမ်းဂန်တို့၌ အဆိုရှိ၏။

ဘုရားပွင့်တော်မူသော (ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ) အခါကောင်း အခွင့်ကောင်းကြီးနှင့် မကြုံကြိုက်လျှင်၊ ကြုံကြိုက်ပါသော်လည်း တိုက်တိုက်ဆိုင်ဆိုင် သတ်သတ်မှတ်မှတ် ကုသိုလ်ကောင်းမှုပြု၍ အမျှပေးဝေမည့်သူများ မရှိလျှင် ကမ္ဘာပေါင်း

စာမျက်နှာ-235


အသင်္ချေပင် ပြိတ္တာဘဝမှာ ဆင်းရဲကြီးစွာ ခံစားနေရတတ်ပါသည်။ ဤ၌ ၉၂-ကမ္ဘာကြာမှ ပြိတ္တာဘဝမှ လွတ်မြောက်ရသော ပြိတ္တာပေါင်း ရှစ်သောင်းလေးထောင်တို့၏ သာဓကကို ဆက်လက်တင်ပြထားပါသည်။

“ဤကမ္ဘာမှ ပြန်၍ ရေတွက်သော် ၉၂-ကမ္ဘာထက်၌ “ဖုဿ” မည်သော ဘုရားရှင် ပွင့်တော်မူပါသည်။ ထိုဘုရားရှင်၏ ညီတော် မင်းသားသုံးယောက်တို့သည် စည်းစိမ်ဥစ္စာများကို ဘဏ္ဍာရေးမင်းကြီးနှင့် အခွန်ဝန်အား လွှဲအပ်၍ အရပ်ရပ်ကိစ္စတို့ကို မှာထားပြီးလျှင် ကျွန်ရင်းတစ်ထောင်နှင့်တကွ တစ်ဝါတွင်းလုံး ဆယ်ပါးသီလစောင့်သုံးလျက် ကျောင်းတော်မှာ နေကြသည်။

လွှဲအပ်သော ဝန်ကြီးများက ဘုရားအမှူးရှိသော သံဃာတော်များနှင့်တကွ မင်းသားတို့၏ အခြွေအရံများအတွက်ပါ ချက်ပြုတ်၍ ပြုစုကြရ၏။

ထိုအခါ ကိစ္စကြီးငယ် ရွက်ဆောင်ပြုလုပ် ချက်ပြုတ်ကြသော ဝန်မင်းဆွေမျိုးတို့သည် ရှစ်သောင်းလေးထောင်ခန့် ရှိသည်ဟု ဆို၏။ ထိုသူတို့သည် သံဃာတော်များအတွက် ချက်ပြုတ်ထားသော စားသောက်ဖွယ်များမှ သံဃာတော်များ မကပ်ရခင် နေ့စဉ်မပြတ် သားသမီးကိုလည်း ကျွေးမွေးကြ၊ မိမိတို့လည်း စားသောက်မိကြသဖြင့် ဤကမ္ဘာ၏ အစလောက်ကပင် အားလုံး ပြိတ္တာများဖြစ်ကြ၍ စားရမဲ့ သောက်ရမဲ့ နေကြရလေသည်။ (ဒါနပြုရာ၌ ဦးဦးဖျားဖျား မစားမိအောင်၊ ကလေးများကိုလည်း မကျွေးမိအောင် သတိပြုသင့်ကြ၏။)

ထို့နောက် ပွင့်တော်မူလာသော ရှေးဘုရားရှင်များ အထံတော်သို့ ချဉ်းကပ်လျက် စားသောက်ရမည့် ကာလကို လျှောက်ထားကြရာ “ဂေါတမဘုရား ပွင့်တော်မူလျှင် သင်တို့၏ ဆွေမျိုးဖြစ်ခဲ့ဖူးသော အခွန်ဝန်သည် ဗိမ္ဗိသာရမင်းဖြစ်၍ ဒါနပြုသောအခါ သင်တို့အား အမျှပေးဝေလိမ့်မည်။ ထိုအခါ၌ သင်တို့ စားသောက်ကြရလိမ့်မည်” ဟု မိန့်တော်မူခဲ့သဖြင့် အမျှော်ကြီးမျှော်၍ နေခဲ့ကြရှာသည်။ (ကံတရားကို ဘုရားသော်မှ မကယ်နိုင်သည်ကို သတိပြုပါ။)

စာမျက်နှာ-236


ထို့နောက် ဂေါတမဘုရားရှင် ပွင့်တော်မူလာ၍ ဗိမ္ဗိသာရမင်းသည် ရှေးဦးစွာ လှူဒါန်းကျွေးမွေးသောအခါ အမျှမဝေမိသဖြင့် ကုသိုလ်ကောင်းမှု အဖို့အစုမရ၍ ညဉ့်အခါ အသံပြုလျက် ကိုယ်ထင်ပြကြလေသည်။

“ဗိမ္ဗိသာရမင်း” လည်း ဘုရားအထံတော်သို့လာ၍ အကြောင်းကို လျှောက်ထားရာ အကြောင်းစုံကို ဟောပြတော်မူသောကြောင့် နောက်ထပ် “သင်္ကန်း ဆွမ်း” စသည်တို့ကို လှူ၍ အမျှပေးဝေမှ သာဓုခေါ်ကြရပြီး ပြိတ္တာဘဝမှ လွတ်မြောက်ကာ နတ်အဝတ်၊ နတ်အစားများ ပေါ်ပေါက်၍ ချမ်းသာမှု ရကြပါလေသည် (ခုဒ္ဒက၊ ဋ္ဌ၊ တိရောကုဋသုတ်၊ ၁၆၈)။

[ဤပြိတ္တာတို့၏ သာဓကကိုထောက်၍ သေသူအတွက် ပေးရာတွင် အခေါင်းထဲသို့ ထမင်းထုပ်ထည့်ပေးခြင်း၊ ဆန်ထည့်ပေးခြင်း၊ အဝတ်ပုဆိုးအင်္ကျီ ထည့်ပေးခြင်းနှင့် ပါးစပ်ထဲသို့ ကူးတို့ခ ပိုက်ဆံထည့်ပေးခြင်း စသည်တို့သည် ရနိုင်သော ပေးခြင်းများမဟုတ်ဘဲ ကုသိုလ်ကောင်းမှု အလှူဒါနပြု၍ အမျှပေးဝေခြင်းသာ ရနိုင်သော ပေးခြင်းမျိုးဖြစ်ကြောင်း သတိပြုသင့်ကြပါသည်။

ယင်းသို့ ကုသိုလ်ကောင်းမှု အလှူဒါနပြု၍ အမျှပေးဝေသော်လည်း ပေးတိုင်းမရ ဖြစ်တတ်ပုံ သာဓကနှင့် ပေးတိုင်းရအောင် မည်သို့မည်ပုံ ဆောင်ရွက်ရမည်ဆိုသော အချက်ကိုလည်း ဤကျမ်း “ဒက္ခိဏေယျ ဂုဏ်တော်ဖွင့်” စာမျက်နှာ ၂၀၁ ၌ ပြန်လှန်ကြည့်ရှု သတိပြု လေ့လာသင့်ကြပါသည်။]

ရေစက်ချခြင်းအကြောင်း

ကုသိုလ်ကောင်းမှု အလှူဒါနပြုကြသောအခါ ဆုတောင်းခြင်း၊ အမျှဝေခြင်းတို့နှင့်အတူ ရေစက်ချခြင်းကို ပြုလုပ်လေ့ရှိကြ၏။ ရေဖလား၊ ရေကရားစသည်၌ ရေထည့်၍ အောက်ခံခွက်တစ်ခုပေါ်မှာ ရေတစ်စက်တစ်စက် ချရင်း ဘုန်းကြီးက ရှေ့က ချပေးသော “ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်” စသော အလှူစာတမ်းကို လိုက်၍ဆိုခြင်းကိုပင် “ရေစက်ချ” ဟု ခေါ်ကြသည်။

စာမျက်နှာ-237


ယင်း “ရေစက်ချခြင်း” အလုပ်ကို ယခုမှ ပြုလုပ်ကြသည်မဟုတ်၊ ဘုရားရှင်မပွင့်ပေါ်မီကပင် ပြုလုပ်လာခဲ့ကြောင်း “သုဂန္ဓောဒကပူရိတံ သုဝဏ္ဏဘိင်္ကာရံ ဂဟေတွာ ဟတ္ထိသောဏ္ဍီ ဂဟေတွာ တေသံ ဟတ္ထေ ဥဒကံ ပါတေတွာ အဒါသိ = နံ့သာရည်ဖြင့် ပြည့်သော ရွှေကရားကိုယူ၍ ဆင်ဖြူတော်၏ နှာမောင်းကို ကိုင်ပြီးလျှင် ထိုပုဏ္ဏားတို့၏ လက်၌ ရေကို ကျစေလျက် (ရေစက်ချလျက်) လှူပြီ” ဟူ၍ ဝေဿန္တရာဇာတ် ဆင်ဖြူတော်လှူခန်း၌ လာသောစကားအရ ထင်ရှားသိသာလှပါသည်။ သားတော် သမီးတော်လှူခန်း၊ မဒ္ဒီမိဖုရားကို လှူခန်းတို့၌လည်း ဤနည်းအတူပင်ဖြစ်၏။

ဗြာဟ္မဏဝဂ်၊ အင်္ဂုတ္တိုရ်ဋီကာ (တတိယတွဲ) ၌ကား “ဥဒကံ ပါတေတွာ ဒေန္တီတိ ဒွါရေ ဌိတဿေဝ ဗြာဟ္မဏဿ ဟတ္ထေ ဥဒကံ အာသိဉ္စန္တာ... ဒေန္တိ = တံခါး၌ တည်နေသည်သာလျှင် ဖြစ်သော ပုဏ္ဏား၏လက်၌ ရေကို လောင်းထည့်၍ (သတို့သမီးကို) ပေးလှူကုန်၏” ဟူ၍ ရှေးခေတ် ရေစက်ချပုံကို ပိုမိုပေါ်လွင်အောင် ဖွင့်ပြထားပါသည်။

ယခုခေတ် ရေစက်ချပုံမှာ အောက်ခံခွက်တစ်ခုပေါ်မှာ တစ်စက်တစ်စက် သွန်ချခြင်းဖြစ်၍ ရှေးခေတ်ရေစက်ချပုံမှာ အလှူခံပုဂ္ဂိုလ်၏လက်၌ လောင်းထည့်သွန်ချခြင်းဖြင့် ရေသွန်ချပုံ၊ သွန်ချနည်း အနည်းငယ် ကွဲပြားမှု ရှိလေသည်။ သို့ရာတွင် အလှူဒါနပြုရာ၌ ပေးကမ်းစွန့်ကြဲခြင်းနှင့်အတူ ရေကို စွန့်ချမှုသဘောချင်းကား မကွဲမပြား တူညီလျက် ရှိပါသည်။

“အလှူရေစက် လက်နှင့်မကွာ” ဆိုသော စကားအရ အလှူဒါန၏ လက္ခဏာသရုပ်ကို ရေဖြင့် အတူပြု၍ ဖော်ထုတ်ခဲ့ခြင်းမှာ လွန်စွာ အဓိပ္ပာယ်ရှိပါသည် —

“ရေသည် သန့်ရှင်းကြည်လင်သကဲ့သို့ အလှူဒါနသည် လောဘ၊ ဒေါသ၊ မောဟ စသော ကိလေသာ အညစ်အကြေးတို့မှ သန့်ရှင်းကြည်လင်၏” ဟူ၍လည်းကောင်း၊

“ရေသည် အေးမြသကဲ့သို့ အလှူဒါနသည် ရန်သူမျိုးငါးပါးတို့မှ လွတ်ကင်း၍ ကြောက်ရွံ့ပူပန်ရခြင်း မရှိတော့သဖြင့် အေးမြ၏” ဟူ၍လည်းကောင်း၊

“ရေသည် လောင်းချလိုက်သည်နှင့် တစ်ပြိုင်နက် ပြန်၍ ကောက်ယူရရှိနိုင်ခြင်း မရှိတော့သကဲ့သို့ အလှူဒါနသည်လည်း အလှူခံပုဂ္ဂိုလ်၏ လက်တွင်းသို့ အပ်နှင်းလိုက်သည်နှင့် တစ်ပြိုင်နက် ပြန်၍ ရယူနိုင်ရန် မျှော်လင့်ခြင်း မရှိတော့” ဟူ၍လည်းကောင်း၊

စာမျက်နှာ-238


ရေသည် အလှူဒါန၏ သန့်ရှင်းကြည်လင်ခြင်း၊ အေးမြခြင်း သဘောလက္ခဏာနှင့် အာလယပြတ် စွန့်လွှတ်မှု (= စာဂ) လက္ခဏာသဘောကို ကောင်းစွာ ထင်မြင်သဘောပေါက်စေနိုင်ပါသည်။ ထို့ကြောင့် အလှူဒါနပြုရာတွင် “ရေစက်ချခြင်း” ကို ကောင်းစွာ သဘောပေါက်၍ ပြုလုပ်သင့်ကြပါသည်။

ယင်းသို့ ပြုလုပ်ရာ၌ ဘုန်းကြီးက ပြုလုပ်ပေးခြင်းမှာ အလှူရှင်က ကိုယ်တိုင်မဆိုတတ်၊ မလုပ်တတ်၍ ကိုယ်စား ပြုလုပ်ပေးခြင်း ဖြစ်၏။ စင်စစ် မိမိ၏ အလှူဒါနအတွက် ရေစက်ချ ဆုတောင်းခြင်း၊ အမျှဝေခြင်းတို့ကို မိမိကိုယ်တိုင် ပြုလုပ်ခြင်းက ပို၍ လမ်းမှန်ကျသောကြောင့် ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေဖြင့် ကိုယ်တိုင်ကိုယ်ကျ ရေစက်ချတတ်၊ ဆုတောင်းတတ်၊ အမျှဝေတတ်အောင် လေ့လာထားသင့်ကြပါသည်။ ဤ၌ “မြန်မာသက်သက် ရေစက်ချစာတမ်း” ကို ဆက်လက်ဖော်ပြထားပါသည် —

မြန်မာသက်သက် ရေစက်ချစာတမ်း

အရှင်ဘုရား... တပည့်တော်တို့သည် ပဋိသန္ဓေနေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်း အစရှိသော ဆင်းရဲအပေါင်းတို့၏ မပြတ်နှိပ်စက်ရာ ဤသံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်၍ အလွန်အေးမြ ချမ်းသာလှသော နိဗ္ဗာန်သို့ ရောက်ပါရခြင်း အကျိုးငှာ၊ (ရည်ရွယ်ချက်)

ကောင်းသဖြင့် ပြုအပ်သော ကုသိုလ်ကံ၊ မကောင်းသဖြင့် ပြုအပ်သော အကုသိုလ်ကံကိုလည်းကောင်း၊ ထိုကုသိုလ်ကံ အကုသိုလ်ကံသည် နောင်သံသရာဘဝတို့၌ ပေးလတ္တံ့သော ကောင်းကျိုး မကောင်းကျိုးကိုလည်းကောင်း ယုံကြည်ပါကုန်သည်ဖြစ်၍၊ (ယုံကြည်ချက်)

ဘုရား၊ တရား၊ သံဃာ - ဟူသော သုံးပါးသော ကိုးကွယ်ရာ သရဏဂုံနှင့်တကွ (ငါးပါး) သော သီလတော်မြတ်ကို ကောင်းစွာ ခံယူဆောက်တည်ပြီး၍ ဤ (ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး) တည်းဟူသော လှူဖွယ်ဝတ္ထုတို့ကို (သက်တော်ထင်ရှား မြတ်စွာဘုရားကို ရည်မှတ်၍ ဤစေတီတော်မြတ်အား) သဒ္ဓါကြည်ဖြူ လှူဒါန်းဆက်ကပ်ပါကုန်၏ အရှင်ဘုရား။ (သီလ၌တည်၍ လှူဒါန်းခြင်း)

ဤကောင်းမှု၏ စေတနာအစွမ်းကြောင့် တပည့်တော်တို့သည် အို၊ နာ၊ သေခြင်း ကင်းရာအမှန် မြတ်နိဗ္ဗာန်သို့ လျင်မြန်ဆောစွာ ရောက်ရပါလိုကုန်၏ အရှင်ဘုရား။ (ဝိဝဋ္ဋနိဿိတ ဆုတောင်း)

စာမျက်နှာ-239


နိဗ္ဗာန်သို့ မရောက်ရသေးသမျှ ဘဝသံသရာ၌ ကျင်လည်ရသည်ရှိသော် “သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ ဩတ္တပ္ပ” တည်းဟူသော သူတော်ကောင်းဥစ္စာ ခုနစ်ဖြာနှင့် ပြည့်စုံ၍ ရတနာသုံးတန်၊ ကံ ကံ၏အကျိုးကို ယုံကြည်သော အမျိုးကောင်းသား အမျိုးကောင်းသမီး ဘဝတိုင်းဖြစ်ရ၍ အမြိုက်နိဗ္ဗာန်သို့ လျင်မြန်စွာ ရောက်နိုင်ကြောင်း ကောင်းမှုကုသိုလ်ကို မငြိုမငြင် အစဉ်အမြဲ အားထုတ်ပြုလုပ်နိုင်ရပါလိုကုန်၏ အရှင်ဘုရား။ (ဝဋ္ဋနိဿိတ ဆုတောင်း)

ဤကောင်းမှုကုသိုလ်၏ အဖို့ဘာဂကိုလည်း အမိ၊ အဘ၊ ဆရာသမား၊ ဆွေမျိုးဉာတကာ၊ ရေမြေသနင်း မင်းမှစ၍ သုံးဆယ့်တစ်ဘုံ၌ ကျင်လည်ကုန်သော သုခိတ၊ ဒုက္ခိတ သတ္တဝါအပေါင်းတို့အား ရကြပါစေ အမျှပေးဝေပါကုန်၏။ ကျွန်ုပ်တို့နှင့် အတူတကွ အမျှရ၍ ချမ်းသာကြသည် ဖြစ်ပါစေကုန်သော...။ (အမျှဝေခြင်း)

ဝသုန္ဓရေ ဤမြေကြီးသည်လည်း အကျွန်ုပ်တို့၏ သက်သေအရာ၌ ကောင်းစွာ တည်သည် ဖြစ်ပါစေသော်...။ (သက်သေတည်ခြင်း)

[သီလခံယူဆောက်တည်ရာ၌ ရှစ်ပါး၊ ကိုးပါး၊ ဆယ်ပါး ဖြစ်လျှင် (ငါးပါး) နေရာ၌ ရှစ်ပါး၊ ကိုးပါး၊ ဆယ်ပါး လိုအပ်သလို ပြင်၍ဆိုပါ။ (ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး) ဟူရာ၌လည်း မိမိလှူသော အလှူဝတ္ထု၏အမည်ကိုသာ ထည့်ရန်၊ ဆိုရန် ဖြစ်ပါသည်။ လှူဒါန်းရာ၌ ဘုရားမဟုတ်ဘဲ သံဃာတော်အား လှူဒါန်းလျှင် (ကောင်းမှုတည်းဟူသော မျိုးစေ့တို့ကို စိုက်ပျိုးကြဲချရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်သော သံဃာတော်အရှင်မြတ်တို့အား) ဟု ဘုရားနေရာတွင် ပြောင်းဆိုပါ။ ရဟန်းသံဃာ သုံးပါး၊ နှစ်ပါး ဖြစ်လျှင် (အရှင်ဘုရားတို့အား)၊ တစ်ပါးတည်းဖြစ်လျှင် (အရှင်ဘုရားအား) ဟု လိုအပ်သလို ပြင်ဆင်ပြောင်းလဲဆိုရန် လက်သည်းကွင်းဖြင့် ဖော်ပြထားပါသည်။]

ရေစက်ချ အမျှဝေခြင်း ပြီး၏။

ဤတွင် အပိုင်း (၁) ပြီး၏။

စာမျက်နှာ-240




စာမျက်နှာ-241


(အပိုင်း-၂၊ အခန်း-၇)

ဘုရားဖြစ်ရန် ပါရမီတော်ဖြည့်ကျင့်ခြင်း

ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးတို့တွင် ဘုရားရတနာကို အကြောင်းပြု၍ တရားရတနာနှင့် သံဃာရတနာတို့ ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားရတနာသည် ထိုကျန်ရတနာနှစ်ပါးတို့၏ အရင်းမူလဖြစ်သည်။ ထိုဘုရားရတနာ၏ ကြည်ညိုဖွယ်ရာ ယုံကြည်အားထားဖွယ်ရာ ဂုဏ်တော်များကို အကျဉ်းချုပ်မျှ ဖွင့်ဆိုပြခဲ့ပါသည်။ ယင်းဂုဏ်တော်အပေါင်းနှင့် ပြည့်စုံသော ဘုရားအဖြစ်သို့ ရောက်ရှိအောင် မည်သို့မည်ပုံ မည်မျှကြာအောင် ပါရမီတော်များကို ဖြည့်ကျင့်ခဲ့ရသည်ကို သိရှိနားလည်ရန် လိုအပ်ပေသည်။ ဂေါတမမြတ်စွာဘုရားသည် အလိုအလျောက် အကြောင်းမဲ့ ဘုရားအဖြစ်သို့ ရောက်ရှိခဲ့ခြင်းမဟုတ်ချေ။ ဘုရားဖြစ်ရန် အကြောင်းကံပါရမီတော်များကို လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့ခြင်းကြောင့်သာလျှင် ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ခြင်း ဖြစ်သည်။ တန်ခိုးရှင်တစ်စုံတစ်ဦးက ပေးကမ်းချီးမြှောက်ခြင်းကြောင့် ဘုရားအဖြစ်ကို ရရှိခဲ့ခြင်း မဟုတ်သည်ကို သိသင့်လှပေသည်။

အသင်္ချေနှစ်ဆယ်

ဗုဒ္ဓဝင်ပါဠိတော်၌ ပါရမီတော်များ ဖြည့်ကျင့်ရာကာလကို လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းဟု ပြဆိုထားပေသည်။ သို့ရာတွင် စူဠဗုဒ္ဓဃောသဆရာ ရေးသားစီရင်သော သောတတ္ထကီကျမ်း၌ ဘုရားအဖြစ်ကို စိတ်ဖြင့် ဆုတောင်းခဲ့ရာ အချိန်ကာလမှာ ၇-အသင်္ချေ၊ နှုတ်ဖြင့် မြွက်ဆို၍ ဆုတောင်းခဲ့ရာ အချိန်ကာလမှာ ၉-အသင်္ချေ၊ နှုတ်ဖြင့် ဆုတောင်းရုံသာမက ပါရမီတော်များကို ကိုယ်တိုင်ကိုယ်ကျ ဆည်းပူးဖြည့်ကျင့်ခဲ့ရာ အချိန်ကာလမှာ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြစ်သည်ဟု ရှင်းလင်းဖွင့်ဆိုထားပေသည်။ ပထမဆင့်အနေဖြင့် ဘုရားဖြစ်လိုသောဆန္ဒကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုရန် မဝံ့မရဲသဖြင့် စိတ်ထဲ၌သာ မျိုသိပ်ကာ ဘုရားအဖြစ်ကို တောင့်တခဲ့ရသည်။ ထိုသို့ စိတ်ဖြင့် တောင့်တဖန်များလာသောအခါ ဆန္ဒပြင်းပြမှု စိတ်ဓာတ်ရင့်ကျက်လာမှုကြောင့် ဘုရားဖြစ်လိုကြောင်းကို လူသိရှင်ကြား မြွက်ဟပြောရဲဆိုရဲ ဖြစ်လာသည်။

စာမျက်နှာ-242


ထိုအခါ ပွင့်တော်မူသည့် ဘုရားရှင်များကို ဖူးတွေ့ရတိုင်း ဘုရားဖြစ်ရပါလို၏ဟု နှုတ်မှ မြွက်ဆို ဆုတောင်းလေ့ရှိခဲ့သည်။ ဤကဲ့သို့ စိတ်ကူးသက်သက် ၇-အသင်္ချေ၊ နှုတ်မြွက်ဆိုမှု ၉-အသင်္ချေ စုစုပေါင်း ၁၆-အသင်္ချေကာလ လွန်မြောက်ပြီးနောက် ဒီပင်္ကရာမြတ်စွာဘုရား ထံတော်ရင်း၌ “ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်” ဟု နိယတဗျာဒိုလ်ပန်း ဆင်မြန်းခဲ့ရသော အချိန်ကာလမှစ၍ ကမ္ဘာပေါင်း လေးအသင်္ချေနှင့် တစ်သိန်း ပါရမီတော်တို့ကို ကိုယ်နှုတ်စိတ်တို့ဖြင့် ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့ရသည်။ ဤ၌ အသင်္ချေဟူသော ကာလကို ရှင်းပါဦးအံ့။ အသင်္ချေသည် —

၁။ ဂဏနအသင်္ချေ (ဂဏန်းသင်္ချာ၌ အသုံးပြုသည့် အသင်္ချေ)၊
၂။ အနုမာနအသင်္ချေ (တိကျသော အရေအတွက်မရှိဘဲ မှန်းဆရေတွက်အပ်သော အသင်္ချေ)၊
၃။ ကပ္ပအသင်္ချေ (ကမ္ဘာနှင့် ဆက်စပ်ရေတွက်ရသော အသင်္ချေ)၊
၄။ ဗုဒ္ဓအသင်္ချေ (ဂဏန်းအရေအတွက်ဖြင့် ကမ္ဘာပေါင်း မည်ရွေ့မည်မျှဟု မရေတွက်နိုင်၊ ပွင့်တော်မူသည့် ဘုရားရှင်တို့၏ အမည်နာမဖြင့် ပိုင်းခြားကန့်သတ်၍ ရေတွက်ရသော ကမ္ဘာအသင်္ချေ)
ဟူ၍ အသင်္ချေ ၄-မျိုးရှိသည်။

၁။ ဂဏနအသင်္ချေ

အထက်ဖော်ပြပါ အသင်္ချေ ၄-မျိုးအနက် ဂဏနအသင်္ချေဆိုသည်မှာ — ၁ ဂဏန်း၏ နောက်၌ သုညပေါင်း ၁၄၀ ရှိသော ကိန်းဂဏန်းတစ်ခုဖြစ်သည်။ သင်္ချာနည်းအားဖြင့် အတိအကျ ဖော်ပြရေတွက်ကောင်းသော အသင်္ချေဖြစ်သည်။

၂။ အနုမာနအသင်္ချေ

ဥပမာ — ဤကမ္ဘာပေါ်၌ သုံးရက်တိုင်တိုင် အဆက်မပြတ် ရွာသွန်းသော မိုးရေပေါက်များ၏ အရေအတွက်မှာ အသင်္ချေဖြစ်သည်ဟူ၍ ခန့်မှန်းပြောဆိုရေတွက်ရာ၌ အနုမာနအသင်္ချေဖြစ်သည်။

စာမျက်နှာ-243


၃။ ကပ္ပအသင်္ချေ

အချိန်ကာလအပိုင်းအခြားတစ်ခုကို ကပ္ပ = ကပ် ဟု ခေါ်၏။ ယင်းကပ်မှာ —
(က) အာယုကပ်၊
(ခ) အန္တရကပ်၊
(ဂ) အသင်္ချေယျကပ် (ကပ္ပအသင်္ချေ)၊
(ဃ) မဟာကပ် —

ဟူ၍ လေးမျိုးရှိသည်။

(က) အာယုကပ်

ထိုလေးမျိုးတို့တွင် သတ္တဝါတို့၏ အသက်အပိုင်းအခြား (သက်တမ်း) ကို အာယုကပ်ဟု ခေါ်သည်။ လူတို့၏ သက်တမ်းမှာ အနည်းဆုံး ၁၀-နှစ်တမ်း၊ အများဆုံး အသင်္ချေတမ်းတိုင်အောင် ဆုတ်လိုက်တက်လိုက်ရှိသည်။ တက်ကပ်၌ ၁၀-နှစ်တမ်းမှ အသင်္ချေတမ်းတိုင်အောင် တဖြည်းဖြည်း အသက်ရှည်လာကြ၏။ ဆုတ်ကပ်၌ အသင်္ချေတမ်းမှ ၁၀-နှစ်တမ်းတိုင်အောင် ဆုတ်ယုတ်လာ၏။

(ခ) အန္တရကပ်

သတ္တဝါတို့၏ လောဘ၊ ဒေါသ၊ မောဟ ထူပြောလာသောအခါ သက်တမ်းဆုတ်ယုတ်လာ၍ လောဘ၊ ဒေါသ၊ မောဟ နည်းပါးလာပြီး မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဗြဟ္မစိုရ်တရားများ ထွန်းကားလာသည့်အခါ အသက်တမ်း ပို၍ ပို၍ ရှည်လာကြသည်။

၁၀-နှစ်တမ်းတွင် လောဘ၊ ဒေါသ၊ မောဟတရားများ အစွမ်းကုန် ထူပြောလာသဖြင့် ဆရာသမား လူကြီးမိဘတို့ကို ရိုသေရကောင်းမှန်းမသိ၊ ကျေးဇူးတရားကို မသိတတ်၊ ကတိသစ္စာမရှိ၊ ဗြဟ္မစိုရ်တရားများ ခြောက်ခန်းလာသဖြင့် လူအချင်းချင်း အကျိုးစီးပွား ပျက်ပြားစေရန် အားထုတ်လာကြသည်။ အမျက်ဒေါသ အာဃာတ ကြီးမားလာ၍ သည်းခံနိုင်ခြင်း၊ ခွင့်လွှတ်နိုင်ခြင်းမရှိ၊ လက်စားချေရန် သတ်ဖြတ်ဖျက်ဆီးရန် အမြဲတစေ ကြိုးပမ်းလျက် ရှိကြသည်။ အမျိုးသမီးများကိုလည်း တွေ့ရာမြင်ရာ ဌာန၌ ဖျက်ဆီးကြလေသည်။

ကာမဂုဏ်ထူပြော၍ ကာမဂုဏ်နှင့်စပ်သော အတွေးအခေါ်၊ အပြောအဆို၊ အပြုအမူများကို အမြဲတစေ ပြုလုပ်လျက်ရှိကြသည်။ ထက်မြက်သော လူသတ်လက်နက်များမှာလည်း အလွယ်တကူ အချိန်မရွေး လက်တကမ်းအတွင်းမှာပင် ရယူနိုင်သည့် အခြေအနေ ရှိနေကြသည်။

စာမျက်နှာ-244


အချင်းချင်း အပြန်အလှန် လက်စားချေသတ်ဖြတ်မှုများ ထူပြောလာ၍ လူမြင်တိုင်း သံသယစိတ်ဖြင့် စောင့်ကြည့်နေရသည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။ မိမိက အလျင်လက်ဦးမှုရအောင် စိတ်စောနေကြသည်။ တွေ့သမျှ မြင်သမျှ လူများကို ရန်သူသဖွယ် သဘောထားလာကြသည်။ မိမိတို့ ယုံကြည်စိတ်ချရသူအချင်းချင်း အုပ်စုငယ်များဖွဲ့ကာ နေထိုင်ကြရသည်။ ယင်းအုပ်စုအချင်းချင်းလည်း လုယက်တိုက်ခိုက် သတ်ဖြတ်ကြသည်။ တဖန် အုပ်စုတစ်ခုအတွင်း၌လည်း အချင်းချင်း သတ်ဖြတ်ကြပြန်သည်။ ဤနည်းအားဖြင့် လူတို့သည် လူအချင်းချင်း အပြန်အလှန် အမဲလိုက်နေကြသည်။ လူအချင်းချင်း တစ်ယောက်သည် တစ်ယောက်ကို သားကောင်သဖွယ် သဘောထားလာကြသည်။

အများနည်းတူ ယှဉ်ပြိုင်မသတ်ရဲ မဖြတ်ရဲသော လူအချို့သည် တောတောင်ထူထပ်ရာ ဌာနသို့ ပြေးဝင်ပုန်းအောင်း နေကြရသည်။ ဤကဲ့သို့ သတ်ပွဲကြီး အမဲလိုက်ပွဲကြီး ဖြစ်ပြီးနောက် ဤကမ္ဘာမြေပေါ်တွင် လူသားဟူ၍ မကျန်သလောက် ဖြစ်သွားခဲ့သည်။ ကျန်ရစ်သော လူသားတစ်ယောက်တလေမှာမူ သတ်ဖြတ်မှုများကို ငြီးငွေ့စက်ဆုတ်ရွံရှာလာခဲ့၍ မေတ္တာတရား၊ သည်းခံခြင်းတရားများကို ကျင့်သုံးလာခဲ့သည်။ ထိုကဲ့သို့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဗြဟ္မစိုရ်တရားများကို ကျင့်သုံးမှုကြောင့် လူတို့၏ အသက်တမ်းသည် ပြန်လည်တိုးပွား ရှည်လျားလာခဲ့ပြန်၏။ အမြင့်ဆုံးအသင်္ချေတမ်းအထိ အသက်ရှည်ခဲ့ကြသည်။

ထို့နောက် လောဘ၊ ဒေါသ၊ မောဟ တရားများ တဖြည်းဖြည်း အနည်းငယ် အနည်းငယ် ဖြစ်ပေါ်လာပြန်သဖြင့် အသက်အသင်္ချေတမ်းမှ ပြန်လည်၍ ဆုတ်ယုတ်လာပြန်သည်။ ဤကဲ့သို့ ဆုတ်ကပ်နှင့် တက်ကပ်တစ်စုံကို အန္တရကပ်တစ်ခု ဟု ခေါ်ဆိုရသည်။

(ဂ) အသင်္ချေယျကပ် (ကပ္ပအသင်္ချေ)
ကပ္ပအသင်္ချေဟု ခေါ်သော အသင်္ချေယျကပ်သည် ဤကမ္ဘာကြီး၏ ဖြစ်မှုပျက်မှုနှင့် ဆက်စပ်လျက်ရှိသည်။ အသင်္ချေယျကပ် လေးမျိုးရှိသည်။
(၁) သံဝဋ္ဋကပ် (ကမ္ဘာပျက်ဆဲကာလ)၊
(၂) သံဝဋ္ဋဋ္ဌာယီကပ် (အပျက်အတိုင်း တည်နေသောကာလ)၊
(၃) ဝိဝဋ္ဋကပ် (ကမ္ဘာတည်သောကာလ)၊
(၄) ဝိဝဋ္ဋဋ္ဌာယီကပ် (ကမ္ဘာတည်သည့်အတိုင်း ဆက်လက် တည်ရှိနေသောကာလ)။

စာမျက်နှာ-245


ယင်းအသင်္ချေယျကပ်တစ်ခုစီ၏ အချိန်ကာလကို နှစ်ပေါင်း မည်ရွေ့မည်မျှ ကြာသည်ဟု ပိုင်းခြားရေတွက်ပြရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် မြတ်စွာဘုရားရှင်က ဥပမာဆောင်၍ ရေတွက်ပုံရေတွက်နည်းတစ်ခုကို ဟောကြားတော်မူခဲ့သည်။ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် ဥပမာမှာ —

အလျား ရှစ်မိုင်၊ အနံ ရှစ်မိုင်၊ အမြင့် ရှစ်မိုင် ထုထည်ရှိသော တခဲနက် ကျောက်တုံးကြီးတစ်ခုကို အလွန်တရာ နူးညံ့သိမ်မွေ့သော အဝတ်စ၊ သို့မဟုတ် ဂွမ်းစ၊ သို့မဟုတ် ငှက်မွေးတစ်ခုဖြင့် အနှစ်တစ်ရာလျှင် တစ်ကြိမ် လာရောက်ထိတို့သဖြင့် အကြိမ်ပေါင်း များလာသောအခါ ယင်းထိတို့မှုကြောင့် ယင်းကျောက်တုံးကြီး ကုန်ခန်းသွားလေရာ၏။ အသင်္ချေယျကပ် တစ်ခုကား မကုန်ဆုံးသေးချေ။ ယင်းကျောက်တုံးကြီးကို စတင်ထိတို့သည့် အချိန်မှ ကျောက်တုံးကြီး ကုန်ခန်းသည်အထိ မည်မျှကြာမည်ကို ခန့်မှန်းစဉ်းစားကြည့်စေလိုသည်။ ဤကဲ့သို့ ရှည်လျားလှစွာသော အချိန်ကာလတစ်ခုကို အသင်္ချေယျကပ်တစ်ခုဟု သတ်မှတ်ရသည်။

(၁) သံဝဋ္ဋကပ် (ကမ္ဘာပျက်ချိန်)

ကမ္ဘာပျက်ခြင်းမှာ မီးဖြင့်ပျက်ခြင်း၊ ရေဖြင့်ပျက်ခြင်း၊ လေဖြင့်ပျက်ခြင်း ဟူ၍ သုံးမျိုးရှိသည်။ စကြဝဠာတစ်ခုအတွင်း၌ နေတစ်စင်းသာ ရှိရမည်။ သို့ရာတွင် ကမ္ဘာပျက်ချိန်တန်သောအခါ နေတစ်စင်းမှသည် နှစ်စင်း၊ သုံးစင်း၊ နေခုနစ်စင်းအထိ ဖြစ်ပေါ်လာရသည်။ အာကာသအတွင်း၌ သွားလာနေသော ရုပ်ဝတ္ထုအစိုင်အခဲကြီးများ၊ ကြယ်တံခွန်ကဲ့သို့သော ရုပ်ဝတ္ထုအစိုင်အခဲကြီးများသည် အတွင်းဓာတ်သဘာဝ ဖောက်ပြန်ပြောင်းလဲပြီး နေအဖြစ်သို့ ရောက်ရှိလာကြသည်။ ထိုအခါ စကြဝဠာတစ်ခုအတွင်း၌ နေတစ်စင်းမှသည် နေခုနစ်စင်းအထိ ဖြစ်ပေါ်လာတော့သည်။ နေနှစ်စင်းဖြစ်လာသည့်အခါ နေဝင်ချိန်ဟူ၍ မရှိတော့ဘဲ ပူပြင်းလာသဖြင့် ရေတွင်း ရေကန် မြစ် ချောင်း အင်း အိုင်များ ခန်းခြောက်သွားတော့သည်။ ထိုအခါ ကောက်ပဲသီးနှံနှင့် အပင်ငယ်များ ခြောက်သွေ့ပျောက်ကွယ်၍ သက်ရှိသတ္တဝါများ သေဆုံးကုန်ကြသည်။ သတ္တဝါများသည် ကိုယ်ကျင့်တရား တစ်ဆင့်ထက်တစ်ဆင့် မြင့်မားအောင် ကြိုးပမ်းအားထုတ်လာကြ၍ အထက်အထက် ဗြဟ္မာပြည်တိုင်အောင် ရောက်ရှိသွားကြသည်။ တတိယနေတစ်စင်း ပေါ်ထွက်လာသောအခါ ဟိမဝန္တာတော သုံးထောင် ခြောက်သွေ့ပျောက်ကွယ်၍ မြစ်ကြီးများ ခြောက်ခန်းသွားသည်။

စတုတ္ထနေနှင့် ပဉ္စမနေ ထွက်ပေါ်လာသည့်အခါ မဟာသမုဒ္ဒရာလေးစင်းရှိ ပင်လယ်ရေများ ခြောက်ခန်းသွားတော့သည်။ ဆက်လက်ပူလောင်သည့်...

စာမျက်နှာ-246


အခါ ဤကမ္ဘာတစ်ခုလုံး အစိုဓာတ် အစေးဓာတ် မှန်သမျှ ခြောက်ခန်း၍ ခြစ်ခြစ်တောက် ပူလောင်လာသည်။ သစ်သားစသော သာမန်လောင်စာမှန်သမျှ လောင်ကျွမ်းပြီး ဖြစ်တော့သည်။ ဆဋ္ဌနေ ထွက်ပေါ်လာသည့်အခါတွင် ဤကမ္ဘာ ဤစကြဝဠာသည် ရဲရဲတောက်အောင် ပူလောင်လျက် ရှိသည်။ သတ္တမနေ ထွက်ပေါ်လာသည့် အခါတွင်မူ ဤကမ္ဘာ ဤစကြဝဠာသည် မီးတောက် မီးလျှံများ အလျှံပြောင်ပြောင် တောက်လောင်လျက် အခိုးအငွေ့ မြူမှုန်မျှ မကြွင်းအောင် လောင်ကျွမ်းသွားတော့သည်။ ယင်းကဲ့သို့ ကမ္ဘာပျက်နေသော အချိန်ကာလမှာ မည်မျှကြာသနည်းဟုဆိုလျှင် အသင်္ချေယျကပ်တစ်ခုစာကြာ၍ ဤအချိန်ကာလကို သံဝဋ္ဋကပ် (ကမ္ဘာပျက်ချိန်) ဟု ခေါ်သည်။

ဇာတိခေတ်

ဤကဲ့သို့ လောင်ကျွမ်းပျက်စီးသွားသည့် စကြဝဠာများမှာ ဖြစ်အတူ ပျက်အတူ စကြဝဠာ ကုဋေတစ်သိန်း ရှိသည်။ ယင်းစကြဝဠာ ကုဋေတစ်သိန်းသည် ကမ္ဘာပျက်သည့်အခါတွင် အတူတကွ တပြိုင်နက် ပျက်စီးကြ၍ ကမ္ဘာတည်သည့်အခါတွင်လည်း အတူတကွ တပြိုင်နက် ပြန်လည် ဖြစ်ပေါ်လာသောကြောင့် ဖြစ်အတူ ပျက်အတူ “ဇာတိခေတ်” တစ်ခုဟု ခေါ်သည်။ (ဇာတိ = ဖြစ်ပေါ်ခြင်း + ခေတ် = နယ်ပယ်။)

ရေဖျက်သော ကမ္ဘာ

ကမ္ဘာပျက်ခြင်းမှာ အထက်တွင် ဖော်ပြပြီးသော မီးလောင်ပျက်စီးခြင်းအပြင် ရေဖြင့် ပျက်စီးခြင်း၊ လေဖြင့် ပျက်စီးခြင်းဟူ၍ ရှိသေးသည်။ ရေဖြင့် ပျက်စီးပုံမှာ ရှေးဦးစွာ မိုးသေးမိုးဖွားများ ရွာလာသည်၊ ထို့နောက် မိုးသီးမိုးပေါက်များ ကျလာသည်၊ ကမ္ဘာတစ်ခွင်လုံး ရေမြုပ်သွားတော့သည်။ ကမ္ဘာတစ်ဝန်းလုံးရှိ ရုပ်ဝတ္ထုများ ဖွဲ့စည်းရာ၌ အရည်ဓာတ်လွန်ကဲလာ၍ ရှိသမျှ ရုပ်ဝတ္ထုများ အရည်ပျော်သွားခဲ့သည်။ ဥပမာအားဖြင့် ဆားခဲ၊ သကြားခဲများသည် အစိုပြန်လာသည့်အခါ ရေမဖျော်ရဘဲ အလိုအလျောက် အရည်ဖြစ်သွားသကဲ့သို့ ဤကမ္ဘာရှိ ကျောက်တုံး ကျောက်ခဲ ကျောက်ဆောင် ကျောက်တောင်ကြီးများသည်ပင်လျှင် တစ်နည်းတစ်ဖုံ အရည်ဘဝသို့ ပြောင်းလဲဖောက်ပြန် ပျက်စီးသွားတော့သည်။ ဤကဲ့သို့ ရေလွှမ်းမိုး၍ ပျက်စီးခြင်း၊ ရုပ်ဝတ္ထုမှန်သမျှ အရည်ပျော်၍ ပျက်စီးခြင်း၊ အရည်ပျော်ပြီးနောက် အခိုးအငွေ့ဘဝ ရောက်ရှိပျောက်ကွယ် ပျက်စီးသွားခြင်းကို ရေဖျက်သော ကမ္ဘာ ဟု ဆိုရသည်။

စာမျက်နှာ-247


လေဖျက်သော ကမ္ဘာ

ဤကမ္ဘာကြီး တည်ရှိရာ ဤကမ္ဘာစကြဝဠာနှင့် အတူတကွ ဖြစ်ပျက်လေ့ရှိသည့် စကြဝဠာ ကုဋေတစ်သိန်းအတွင်း၌ လေဓာတ် လွန်ကဲပြင်းထန် ဖောက်ပြန်လာ၏။ လေမုန်တိုင်းများစွာ ဖြစ်ပေါ်လာ၏၊ မုန်တိုင်းဒဏ်ကြောင့် ရုပ်ဝတ္ထုအစိုင်အခဲ အချင်းချင်း ထိခိုက်ရိုက်ခတ်မိ၍ အစိုင်အခဲများ ပြိုကွဲကြေမွသွားကြသည်။ ကြယ်တာရာ နက္ခတ်များ၊ ကမ္ဘာဂြိုဟ်များ၊ နေများ၊ လများ အချင်းချင်း ကမ္ဘာဖျက်လေဒဏ်ကြောင့် ရိုက်ခတ်တိုက်ခိုက် ပြိုကွဲကြေမွကုန်ကြရ၏။ နောက်ဆုံးတွင် အစိတ်စိတ်အမွှာမွှာ ကြေမွလျက် မြူမှုန်မျှ မကျန်ရအောင် ပျက်သုဉ်းသွားတော့သည်။

မီး၊ ရေ၊ လေဖြင့် ကမ္ဘာပျက်ခြင်း သုံးမျိုးတို့တွင် မီးဖျက်ခြင်းထက် ရေဖျက်ခြင်းက ပို၍ ပြင်းထန်၏။ ရေဖျက်ခြင်းထက် လေဖျက်ခြင်းက ပို၍ ပြင်းထန်၏။ မီးဖျက်သည့်အခါ ပထမဈာန် ဗြဟ္မာ့ဘုံကုန်အောင် မီးလောင်ကျွမ်း၏၊ အာဘဿရာဗြဟ္မာ့ဘုံအောက် ကုန်အောင် လောင်ကျွမ်းသည်။ ရေဖျက်သည့်အခါ ဒုတိယဈာန် ဗြဟ္မာ့ဘုံကုန်အောင် ပျက်စီး၏၊ သုဘကိဏှာဗြဟ္မာ့ဘုံအောက် အကုန်ပျက်စီးသည်။ လေဖျက်သည့်အခါ တတိယဈာန် ဗြဟ္မာ့ဘုံ ပါဝင်သွား၍ ဝေဟပ္ဖိုလ်ဗြဟ္မာ့ဘုံအောက် အကုန်ပျက်စီး၏။

မီးခုနစ်ကြိမ်ဖျက်ပြီးသောအခါ ရှစ်ကြိမ်မြောက်၌ ရေတစ်ကြိမ်ဖျက်သည်၊ ဤကဲ့သို့ ရှစ်ကြိမ်ပြည့်၍ ($8 \times 8 = 64$) ၆၄-ကြိမ်မြောက်၌ လေတစ်ကြိမ် ဖျက်သည်။

(၂) သံဝဋ္ဋဋ္ဌာယီကပ်

မီး၊ ရေ၊ လေ တစ်ခုခုသော အကြောင်းကြောင့် ဤကမ္ဘာ ဤစကြဝဠာ ကုဋေတစ်သိန်း ပျက်စီးပြီးသောအခါ အပျက်အစီးအတိုင်း ဆက်လက် တည်ရှိနေသော အချိန်ကာလမှာလည်း အသင်္ချေယျကပ်တစ်ခု ကြာမြင့်ခဲ့သည်။ ယင်းအသင်္ချေယျကပ်ကို သံဝဋ္ဋဋ္ဌာယီကပ် ဟု ခေါ်သည်။ (သံဝဋ္ဋ = ပျက်စီးခြင်း + ဌာယီ = ဆက်လက်တည်ရှိခြင်း။)

(၃) ဝိဝဋ္ဋကပ်

ဤကမ္ဘာ ဤစကြဝဠာ ကုဋေတစ်သိန်း ပြန်လည် တည်ဆောက်ချိန် ရောက်ရှိလာသည့်အခါ ကမ္ဘာပြုမိုးကြီး ရွာလာခဲ့သည်။ ရှိရှိသမျှ ရုပ်သဘာဝ ရုပ်ဓာတ်များသည် အစိုင်အခဲအဖြစ်သို့ ဖွဲ့စည်းခြင်း မပြုနိုင်မီ ရှေးဦးစွာ အရည်အဖြစ်သို့ ပြောင်းလဲရသည်။

စာမျက်နှာ-248


အရည်ဖြစ်ပြီးနောက် ကျစ်လျစ်သိပ်သည်းသော ရုပ်ဝတ္ထု၊ အစိုင်အခဲများ ထပ်ဆင့်ဖွဲ့စည်းလာရသည်။ ထို့ကြောင့် ကမ္ဘာတည်ရာ၌ ရှေးဦးစွာ ကမ္ဘာပြုမိုးရွာခြင်းဟု ဆိုအပ်သော အရည်ဘဝ ဖွဲ့စည်းခြင်း ဖြစ်ပေါ်လာသည်။ အရည်များသည် စကြဝဠာကုဋေတစ်သိန်း အပြည့်အဝ တည်ရှိ၍ နေနှင့်လများ၊ ဂြိုဟ်နက္ခတ်တာရာများ ဖွဲ့စည်းဖြစ်ပေါ်လာပြီး စကြဝဠာရေထု (အရည်) သည် တဖြည်းဖြည်း လျော့နည်းသွားသည်။ ကျစ်လျစ်သိပ်သည်းသော ရုပ်ဝတ္ထု အစိုင်အခဲများ ဖွဲ့စည်းဖြစ်ပေါ်လာမှုကြောင့် အရည်ထုထည် နည်းပါးပြီး အစိုင်အခဲ တိုးပွားလာခဲ့သည်။ ထို့နောက် တဖြည်းဖြည်း အပင်များ၊ သစ်တောများ၊ ရေသတ္တဝါနှင့် ကုန်းသတ္တဝါများ ဖြစ်ပေါ်လာခဲ့ကြသည်။

ဤကဲ့သို့ ကမ္ဘာတည်နေသော အချိန်ကာလကို ဝိဝဋ္ဋကပ် ဟု ခေါ်၍ ကြာမြင့်သော အချိန်ကာလမှာ အသင်္ချေယျကပ်တစ်ခု ရှိသည်။

(၄) ဝိဝဋ္ဋဋ္ဌာယီကပ်

ကမ္ဘာတည်ပြီးနောက် အထက်ဗြဟ္မာ့ဘုံ၌ရှိသော ဗြဟ္မာများသည် မိမိတို့ ပြုလုပ်ဆည်းပူးခဲ့သော ကုသိုလ်ကံ အရှိန်အဟုန် ကုန်ဆုံးလာသည့်အခါ မူလလာခဲ့ကြသည့် နေရာဌာနသို့ စိတ်ညွှတ်ကိုင်းသဖြင့် အချို့သည် ကာမာဝစရ နတ်ဘုံများသို့ ရောက်ရှိကြသည်။ အချို့သည် မိမိတို့ အတိတ်ကံအလျောက် ငရဲဘုံ၊ တိရစ္ဆာန်ဘုံများသို့ ဆင်းသက်ရောက်ရှိကြသည်။ အချို့သည် လူ့ဘုံသို့ ရောက်ရှိလာကြသည်။ ရှေးဦးစွာ ဖြစ်ပေါ်လာကြသော လူများ၊ တိရစ္ဆာန်များသည် ဥပပါတ် နှင့် သံသေဒဇ များ ဖြစ်ကြသည်။ အဓိပ္ပာယ်မှာ ယခုလက်ရှိ လူများနှင့် တိရစ္ဆာန်များသည် အမိဝမ်းတွင်း၌ ပဋိသန္ဓေနေ၍ မွေးဖွားကြရသည်။ ကမ္ဘာဦးကာလတွင်မူ ဤကဲ့သို့ ပဋိသန္ဓေနေရခြင်း မရှိဘဲ ရုတ်တရက် ဘွားခနဲ ခြေလက်အင်္ဂါ အပြည့်အစုံဖြင့် ၁၆-နှစ်အရွယ် လူသားအသွင်ဖြင့် ဖြစ်ပေါ်လာခဲ့သည်။ တိရစ္ဆာန်များမှာမူ အပင်များနှင့် အညစ်အကြေးများကို မှီတွယ်ကပ်ငြိ၍ ကြီးထွားဖြစ်ပေါ်လာကြသည်၊ သံသေဒဇ ဟု ခေါ်သည်။

ကမ္ဘာဦး လူသားတို့မှာ ကိလေသာ နည်းပါးသူများ ဖြစ်ကြသည်။ နတ်ဗြဟ္မာနှင့်မခြား ကိုယ်ရောင်ကိုယ်ဝါရှိပြီး ကောင်းကင်၌ သွားနိုင်ကြသည်။ ယင်းကမ္ဘာဦးလူသားများအထဲမှ လျှပ်ပေါ်လော်လီသည့် လူတစ်ယောက်သည် အနံ့အရသာနှင့် ပြည့်စုံသော မြေသင်းခဲကို စုံစမ်းသည့်အနေဖြင့် လျှက်ကြည့်မိသည်။ ရသတဏှာ ဖြစ်ပေါ်လာ၍ ထပ်ကာထပ်ကာ စားသုံးသည်။ အတုလိုက်၍ အခြားသော ကမ္ဘာဦးလူများလည်း စားသောက်ကြသည်။ ထိုအခါ

စာမျက်နှာ-249


ကမ္ဘာဦးလူတို့၏ ခန္ဓာကိုယ်များသည် လေးလံလာ၍ နတ်တို့ကဲ့သို့ ကောင်းကင်၌ မသွားနိုင်၊ မြေပြင်၌သာ ခြေကျင်သွားနိုင်ကြတော့သည်။ ရသတဏှာ တိုးပွားမှုကြောင့် ကိုယ်ရောင်ကိုယ်ဝါများ ကွယ်ပ၍ တန်ခိုးဣဒ္ဓိပါဒ် မရှိတော့ချေ။ မြေသင်းခဲမှာ ဆီဥ၊ ထောပတ်၊ ပျားသကာကဲ့သို့ အနံ့အရသာနှင့် ပြည့်စုံသော အာဟာရတစ်ခု ဖြစ်သည်။

တဖြည်းဖြည်း ကမ္ဘာဦးလူသားတို့သည် ရုပ်ဆင်းအင်္ဂါ လှပမှုနှင့် မလှပမှု အဆင့်အတန်း ကွဲပြားလာခဲ့သည်။ ထိုအခါ လှပသူကို ဝိုင်းဝန်းငြူစူကြ၍ မလှပသူကို မထီမဲ့မြင် ပြုလာကြသည်။ ထိုအခါ မေတ္တာတရား ပျက်ပြားလာသည်။ ထို့ကြောင့် မြေသင်းခဲ မြေဆီလွှာသည် ကမ္ဘာမြေထုအတွင်းသို့ ငုပ်လျှိုးပျောက်ကွယ်သွားတော့သည်။ ထို့နောက် ကမ္ဘာဦးလူသားတို့သည် အလိုအလျောက် ဖြစ်ပေါ်နေသော သားလေးဆန်များကို ရယူစားသုံးကြသည်။ ထိုအခါ အစာအာဟာရသည် အကြမ်းစားဖြစ်လာ၍ ဝမ်းမီးဖြင့် ကုန်စင်အောင် ချေဖျက်ခြင်း မပြုနိုင်၊ ကြွင်းကျန်သော အစာကြမ်းများကို စွန့်ထုတ်နိုင်ရန် ကျင်ငယ်ပေါက် ကျင်ကြီးပေါက်များ ဖြစ်ပေါ်လာရသည်။ ထိုအချိန်တွင် ကမ္ဘာဦးလူတို့သည် အထီးနှင့်အမ ကွဲပြားလာတော့သည်။ ယောက်ျားနှင့် မိန်းမ အချင်းချင်း တပ်မက်၍ အိမ်ထောင်ပြုရာမှ လူသားများအဆင့်ဆင့် ပေါက်ပွားကာ ဆုတ်ကပ်၊ တက်ကပ်များ ဖြစ်ပေါ်လာသည်။ ဆုတ်ကပ်တက်ကပ်တစ်စုံကို အန္တရကပ်တစ်စုံ ခေါ်ကြောင်း အထက်၌ ပြဆိုခဲ့ပါပြီ။ ယင်းအန္တရကပ် ၆၄-ကပ် ပြည့်သောအခါ ကမ္ဘာပျက်မည်။ ထို့ကြောင့် ဝိဝဋ္ဋဋ္ဌာယီကပ်တစ်ခုကို အန္တရကပ် ၆၄-ကပ်ဖြင့် ပိုင်းခြားလေ့ရှိကြသည်။

(ဃ) မဟာကပ်ကမ္ဘာ

အထက်ဖော်ပြပါ သံဝဋ္ဋအသင်္ချေယျကပ်၊ သံဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ်၊ ဝိဝဋ္ဋအသင်္ချေယျကပ်၊ ဝိဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ်ဟူသော အသင်္ချေယျကပ် ၄-ကပ်ကို မဟာကပ်တစ်ခု ဟု ခေါ်ဆိုရသည်။ ယင်းမဟာကပ်တစ်ခုကို တစ်ကမ္ဘာဟု အချိန်ကာလသတ်မှတ်ရသည်။ ထို့ကြောင့် တစ်ကမ္ဘာဟူသည် အသင်္ချေယျကပ် ၄-ကပ်မျှ ကြာမြင့်ကြောင်း သိအပ်၏။

၄။ ဗုဒ္ဓအသင်္ချေ

မြတ်စွာဘုရားတစ်ဆူ၏ ပါရမီဖြည့်ကျင့်ရာကာလကို ရေတွက်ပိုင်းခြားရာ၌ အတိအကျ ဂဏန်းချ၍ မရေတွက်နိုင်သောကာလကို ဗုဒ္ဓအသင်္ချေဟု ခေါ်၏။ ဗုဒ္ဓနှင့် စပ်လျဉ်း၍ ရေတွက်မရသော အချိန်ကာလဟု ဆိုလို၏။ ယခင်ပြဆို

စာမျက်နှာ-250


ခဲ့သည့် မဟာကပ်ကမ္ဘာပေါင်း မည်ရွေ့မည်မျှဟူ၍ မရေတွက်နိုင်သော အချိန်ကာလကို ဗုဒ္ဓအသင်္ချေတစ်ခုဟု ခေါ်ရ၏။ ယင်းအသင်္ချေကာလ၏ အစနှင့် အဆုံးကို ဗုဒ္ဓဘုရားရှင် ပွင့်တော်မူခြင်းဖြင့် သတ်မှတ်ပိုင်းခြားရသောကြောင့် ဗုဒ္ဓအသင်္ချေဟု ခေါ်ခြင်းဖြစ်၏။ ဂေါတမဘုရားအလောင်းတော်သည် သုမေဓာရှင်ရသေ့ဘဝက ဒီပင်္ကရာမြတ်စွာဘုရားထံမှောက်၌ “ဘုရားဧကန်ဖြစ်လိမ့်မည်” ဟု နိယတဗျာဒိတ်ပန်း ဆင်မြန်းခဲ့ရသည်။

ထိုဒီပင်္ကရာမြတ်စွာဘုရားနောက်၌ မဟာကပ်ကမ္ဘာပေါင်းများစွာ ဘုရားမပွင့်ဘဲ သုညကမ္ဘာချည်းသက်သက် ရှိခဲ့သည်။ ယင်းသုညကမ္ဘာများမှာ ထောင်၊ သိန်း၊ သန်း၊ ကုဋေ စသည်ဖြင့် မရေမတွက်နိုင်သောကြောင့် အသင်္ချေတစ်ခုဟု သတ်မှတ်ရသည်။ ထို့ကြောင့် ဂေါတမမြတ်စွာဘုရား ပါရမီဖြည့်ကျင့်တော်မူရာ ကာလကို သတ်မှတ်ဖော်ပြရာ၌ ဒီပင်္ကရာမြတ်စွာဘုရားမှ ကောဏ္ဍညမြတ်စွာဘုရားအထိ ၁-အသင်္ချေဖြစ်သည်။

ထို့နောက် ဘုရားမပွင့်သည့် သုညကမ္ဘာပေါင်းများစွာ ရှိခဲ့ပြန်ရာ ကောဏ္ဍညဘုရားမှ မင်္ဂလဘုရားအထိ ကြားကာလသည် ဒုတိယမြောက် ၁-အသင်္ချေ ဖြစ်သည်။

ထို့နောက် ဘုရားမပွင့်သည့် သုညကမ္ဘာများ မရေမတွက်နိုင်အောင် ရှိနေပြန်၍ မင်္ဂလဘုရား ပွင့်တော်မူသည့် ကမ္ဘာမှ အနောမဒဿီဘုရား ပွင့်တော်မူသည့် ကာလအထိ ကြားကာလသည် တတိယမြောက် ၁-အသင်္ချေဖြစ်သည်။

ထို့နောက် ဘုရားမပွင့်သည့် သုညကမ္ဘာများစွာ ရှိပြန်၍ အနောမဒဿီမြတ်စွာဘုရား ပွင့်တော်မူသည့် ကမ္ဘာမှ ပဒုမုတ္တရမြတ်စွာဘုရား ပွင့်တော်မူသည့် ကမ္ဘာထိ ကြားကာလ မဟာကပ်ကမ္ဘာ သိန်း၊ သန်း၊ ကုဋေစသည်ဖြင့် မရေမတွက်နိုင်သော ကမ္ဘာများကို စတုတ္ထမြောက် ၁-အသင်္ချေဟု ဆိုအပ်၏။

ပဒုမုတ္တရ မြတ်စွာဘုရား ပွင့်တော်မူသည့် ကမ္ဘာမှ လက်ရှိ ဘဒ္ဒကပ်ကမ္ဘာတိုင်အောင် မဟာကပ်ကမ္ဘာ ၁-သိန်းရှိသည်။

ဤသို့အားဖြင့် ပါရမီဖြည့်ကျင့်တော်မူရာ ကာလသည် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ရှိသည်။

ကမ္ဘာ ၆-မျိုး

ဘုရားပွင့်မှု၊ မပွင့်မှုနှင့် စပ်လျဉ်း၍ ကမ္ဘာအမျိုးအစား ၆-မျိုးရှိသည်။
၁။ သုညကမ္ဘာ = သဗ္ဗညုဘုရားရှင် လုံးဝ ပေါ်ထွန်းမှုမရှိသော ကမ္ဘာ၊


စာမျက်နှာ-251


၂။ သာရကမ္ဘာ = သဗ္ဗညုဘုရားရှင် တစ်ဆူ ပွင့်သည့်ကမ္ဘာ၊

၃။ မဏ္ဍကမ္ဘာ = သဗ္ဗညုဘုရားရှင် နှစ်ဆူ ပွင့်သည့်ကမ္ဘာ၊
၄။ ဝရကမ္ဘာ = သဗ္ဗညုဘုရားရှင် သုံးဆူ ပွင့်သည့်ကမ္ဘာ၊
၅။ သာရမဏ္ဍကမ္ဘာ = သဗ္ဗညုဘုရားရှင် လေးဆူ ပွင့်သည့်ကမ္ဘာ၊

၆။ ဘဒ္ဒကမ္ဘာ = သဗ္ဗညုဘုရားရှင် ငါးဆူ ပွင့်တော်မူသည့်ကမ္ဘာ။

ကမ္ဘာအမည်များနှင့် နှစ်ကျိပ်ရှစ်ဆူဘုရားများ ပွင့်ထွန်းခဲ့ရာ ကာလများကို စုပေါင်း၍ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ရေတွက်ကြရသည်။ တစ်ဖက်တွင် ဖော်ပြထားသော ဇယားကို လေ့လာကြည့်ရှုပါက လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ရေတွက်ပုံကို ရှင်းလင်းစွာ သိနိုင်ပေသည် —

စာမျက်နှာ-252


လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ရေတွက်ပုံ)

စဉ်,နှစ်ကျိပ်ရှစ်ဆူဘုရား ဘွဲ့တော်များ,ဘုရားအဆူပေါင်း,ကမ္ဘာအမျိုးအစား,ဗုဒ္ဓအသင်္ချေရေတွက်ပုံ
၁-၃,တဏှင်္ကရ၊ မေဓင်္ကရ၊ သရဏင်္ကရ,၃ ဆူ,သာရမဏ္ဍကမ္ဘာ,-
၄-၁၀,ဒီပင်္ကရ မှ ကောဏ္ဍည အထိ,၇ ဆူ,သာရကမ္ဘာ (စသည်),ပထမ ၁-အသင်္ချေ
၁၁-၁၄,မင်္ဂလ မှ သုမန အထိ,၄ ဆူ,သာရမဏ္ဍကမ္ဘာ,ဒုတိယ ၁-အသင်္ချေ
၁၅-၁၇,ရေဝတ၊ သောဘိတ၊ အနောမဒဿီ,၃ ဆူ,ဝရကမ္ဘာ,တတိယ ၁-အသင်္ချေ
၁၈-၁၉,ပဒုမ၊ နာရဒ,၂ ဆူ,သာရကမ္ဘာ,-
၂၀,ပဒုမုတ္တရ,၁ ဆူ,သာရကမ္ဘာ,စတုတ္ထ ၁-အသင်္ချေ
၂၁-၂၂,သုမေဓ၊ သုဇာတ,၂ ဆူ,မဏ္ဍကမ္ဘာ,ကမ္ဘာ ၃၀၀၀၀


စာမျက်နှာ-253


စဉ်,နှစ်ကျိပ်ရှစ်ဆူဘုရား ဘွဲ့တော်များ,ဘုရားအဆူပေါင်း,ကမ္ဘာအမျိုးအစား,ရေတွက်ပုံ

၂၃-၂၅,ပိယဒဿီ၊ အတ္ထဒဿီ၊ ဓမ္မဒဿီ,၃ ဆူ,ဝရကမ္ဘာ,ကမ္ဘာ ၂၈၂၀၀
၂၆,သိဒ္ဓတ္ထ,၁ ဆူ,သာရကမ္ဘာ,-
၂၇-၂၈,တိဿ၊ ဖုဿ,၂ ဆူ,မဏ္ဍကမ္ဘာ,ကမ္ဘာ ၉၂
၂၉,ဝိပဿီ,၁ ဆူ,သာရကမ္ဘာ,ကမ္ဘာ ၉၁
၃၀-၃၁,သိခီ၊ ဝေဿဘူ,၂ ဆူ,မဏ္ဍကမ္ဘာ,ကမ္ဘာ ၃၁
၃၂-၃၅,ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမ,၄ ဆူ,ဘဒ္ဒကမ္ဘာ (လက်ရှိ),-

  • ၃၆,အရိမေတ္တေယျ (ပွင့်တော်မူလတ္တံ့),၁ ဆူ,ဘဒ္ဒကမ္ဘာ (အပွင့်ကျန်),-

,စုစုပေါင်း,,,၄-အသင်္ချေနှင့် ကမ္ဘာ ၁၀၀,၀၀၀


စာမျက်နှာ-254


နိယတဗျာဒိတ်ခံယူခြင်း

ယခုပြဆိုခဲ့သည့် ကမ္ဘာပေါင်း လေးသင်္ချေနှင့် တစ်သိန်းကာလသည် နိယတဗျာဒိတ်ခံယူပြီးနောက် ပါရမီတော် ၁၀-ပါးကို ဖြည့်ကျင့်ဆည်းပူးခဲ့ရသော အချိန်ကာလ ဖြစ်သည်။ ဤမျှ ရှည်လျားကြာမြင့်လှစွာသော ကာလတစ်လျှောက် ပါရမီတော် ၁၀-ပါးကို ဖြည့်ကျင့်ဆည်းပူးရမည်ဆိုခြင်းမှာ လူသာမန်တို့ စိတ်ကူး၍ပင် ကြည့်ရဲမည်မဟုတ်ချေ။ ဇွဲ၊ သတ္တိ၊ လုံ့လ၊ ဝီရိယ၊ ပညာဉာဏ် ကြီးမားသော မဟာပုရိသ ယောက်ျားမြတ်တို့သာလျှင် ဘုရားဆုကို တောင်းယူဝံ့ကြပေသည်။ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ပါရမီတော်များကို ဖြည့်ကျင့်ဆည်းပူးရန် ဆုံးဖြတ်ရဲပေလိမ့်မည်။

ဘုရားဖြစ်လိုသည့်ဆန္ဒ မည်မျှ ထက်သန်ရမည်ကို ဖော်ပြရပါလျှင် ဤစကြဝဠာကြီးတစ်ခုလုံး မီးကျီးခဲရဲရဲဖြင့် ပြည့်နှက်နေ၍ ယင်းမီးကျီးခဲများပေါ်တွင် ဒူးထောက်လျက် စကြဝဠာတစ်ဖက်သို့ ရောက်အောင် သွားနိုင်ပါက ဘုရားအဖြစ်ကို ရရှိနိုင်မည်ဟု ဆိုငြားအံ့၊ ယင်းအဆိုအမိန့်အတိုင်း မီးကျီးခဲများပေါ်တွင် ဒူးထောက်လျက် စကြဝဠာတစ်ဖက်သို့ သွားရောက်ပြီး ဘုရားအဖြစ်ကို ရယူမည်ဟု စိတ်ဆန္ဒ ပြင်းပြရမည်။ တနည်းဆိုရလျှင် အလွန်ထက်မြက်သော ဓားသွား လှံသွားများ ထောင်ထားသည့် စကြဝဠာကြီးကို ဖြတ်သန်း၍ သွားနိုင်ပါက ဘုရားအဖြစ်ကို ရရှိနိုင်မည် ဆိုငြားအံ့၊ ယင်းဓားလှံအပြည့် စကြဝဠာကြီးကို ဖြတ်သန်းသွားမည်ဟူသော ပြင်းပြသည့် စိတ်ဆန္ဒမျိုး ရှိရပေမည်။ ထိုကဲ့သို့ ဘုရားအဖြစ် ရရှိရန် ဆန္ဒပြင်းပြသော မဟာပုရိသ ယောက်ျားမြတ်တို့သည်သာလျှင် ရဲဝံ့စွာ ဘုရားဆုကို တောင်းယူဝံ့ကြသည်။

ဘုရားလောင်း ၃-မျိုး

ပြဆိုခဲ့သည့် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလသည် အချိန်ကာလအတိုဆုံး ပါရမီဖြည့်ကျင့်ခြင်းဖြစ်၍ ပညာဓာတ်ခံအားကြီးသော ဘုရားလောင်းများသာလျှင် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ရသည်။ ထို့ကြောင့် ပညာ၊ သဒ္ဓါ၊ ဝီရိယ လွန်ကဲမှု အခြေခံပြု၍ ဘုရားလောင်း ၃-မျိုး ရှိသည်။

၁။ ပညာဓိက ဘုရားလောင်း = ပညာပါရမီ ကြီးရင့်၍ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရသည်။
၂။ သဒ္ဓါဓိက ဘုရားလောင်း = သဒ္ဓါတရားလွန်ကဲ၍ ပညာပါရမီ အားနည်းသောကြောင့် ရှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရသည်။

စာမျက်နှာ-255


၃။ ဝိရိယာဓိက ဘုရားလောင်း = လုံ့လဝီရိယအားကြီး၍ သဒ္ဓါနှင့် ပညာပါရမီ အားနည်းသောကြောင့် ၁၆-သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ရသည် (သုတ္တနိ၊ ဋ္ဌ၊ ၁၊ ၄၃)။

နိယတဗျာဒိတ် ခံယူထိုက်သော အင်္ဂါ ၈-ပါး

ဘုရားစင်စစ် ဧကန် ဖြစ်လိမ့်မည်ဟု နိယတဗျာဒိတ် ခံယူနိုင်ရန် ရှေးရှေးဘုရားအဆူဆူတို့၏ အထံတော်၌ စိတ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း ဆုတောင်းခဲ့၍ ပါရမီကုသိုလ်များကို ဖြည့်ကျင့်ဆည်းပူးခဲ့ရသည်။ ဤဘဝမှာပင် နိဗ္ဗာန်မဂ်ဖိုလ်ကို မျက်မှောက်ပြု၍ ရဟန္တာအဖြစ်သို့ ရောက်နိုင်သော ပညာဉာဏ်ပါရမီ ထက်မြက်သော ယောက်ျားမြတ်တို့သည်သာလျှင် နိယတဗျာဒိတ်ပန်းကို ဆင်မြန်းနိုင်ပေသည်။ ထို့ကြောင့် အစဦးစွာ နိယတဗျာဒိတ်ကို ခံယူမည့် မဟာပုရိသယောက်ျားမြတ်သည် နိယတဗျာဒိတ်ခံယူနိုင်ရန် အောက်ဖော်ပြပါ ဂုဏ်အင်္ဂါရှစ်ချက်နှင့် ပြည့်စုံရပေမည် —

(၁) လူသားစင်စစ်ဖြစ်ခြင်း၊
(၂) ယောက်ျားစင်စစ်ဖြစ်ခြင်း၊
(၃) ထိုဘဝမှာပင် ရဟန္တာအဖြစ်သို့ ရောက်နိုင်သော ပါရမီကုသိုလ်ထူးနှင့် ပြည့်စုံခြင်း၊
(၄) သက်တော်ထင်ရှား မြတ်စွာဘုရားကို ဖူးတွေ့ရခြင်း၊
(၅) ရသေ့/ရဟန်းဖြစ်ခြင်း၊
(၆) အဘိညာဉ် သမာပတ်နှင့် ပြည့်စုံခြင်း၊
(၇) လူသာမန်တို့ ပြုနိုင်ခဲသော ပါရမီကုသိုလ်အထူးကို ပြုလုပ်နိုင်ခြင်း၊
(၈) ဘုရားအဖြစ်ကို ရရှိရန် ဆန္ဒအလွန်ပြင်းပြခြင်း။

ရှင်းလင်းချက်

လူသားစင်စစ်ဖြစ်မှသာ နိယတဗျာဒိတ်ကို ခံယူနိုင်သည်။ နဂါး၊ ဂဠုန်၊ နတ်၊ ဗြဟ္မာဘဝ၌ နိယတဗျာဒိတ်ကို မခံယူထိုက်။ အကြောင်းမူ လူပြည်လူရွာ၌သာလျှင် ပါရမီတော် ၁၀-ပါး အပြား ၃၀ ကို စေ့စေ့ငုငု ပြည့်ပြည့်ဝဝ ဖြည့်ကျင့်နိုင်ခွင့်ရှိသည်။

စာမျက်နှာ-256


တဖန် လူအဖြစ်ကို ရငြားသော်လည်း ယောက်ျားစင်စစ် ဧကန်ဖြစ်မှသာလျှင် နိယတဗျာဒိတ်ကို ခံယူခွင့်ရှိသည်။ အမျိုးသမီးများနှင့် နပုံး၊ ပဏ္ဍုက်များ၊ ဥဘတောဗျည်းများမှာ နိယတဗျာဒိတ်ကို မခံယူထိုက်ချေ။ ထို့ကြောင့် အမျိုးသမီးတစ်ဦးတစ်ယောက်အနေဖြင့် ဘုရားဆုပန်လိုပါက ရှေးဦးစွာ ယောက်ျားအဖြစ်ကို ရရှိအောင် ဆုတောင်းရမည်။

လူယောက်ျားဖြစ်ငြားသော်လည်း အတိတ်ကုသိုလ်ကံနည်းပါး၍ သုဂတိအဟိတ်ပုဂ္ဂိုလ်၊ ဒွိဟိတ်ပုဂ္ဂိုလ် အမျိုးအစားဖြစ်ပါက ဘုရားဆုနှင့် မထိုက်တန်ချေ။ ဉာဏ်ပညာထက်မြက်သည့် တိဟိတ်ပုဂ္ဂိုလ်တို့သာလျှင် နိယတဗျာဒိတ် ဘုရားဆုကို ခံယူထိုက်ပေသည်။ အဘယ်မျှ ဉာဏ်ပညာထက်မြက်ရမည်ဆိုပါမူ ဤဘဝမှာပင် နိဗ္ဗာန်ကို မျက်မှောက်ပြုလျက် ရဟန္တာအဖြစ်သို့ ရောက်နိုင်သော ပါရမီကုသိုလ်ထူးနှင့် ပြည့်စုံသူဖြစ်ရပေမည်။ ပါရမီကုသိုလ်ထူးရှိသော ပုဂ္ဂိုလ်များသည် ယောက်ျားမြတ်တို့၏ လက္ခဏာကြီးငယ်နှင့် ပြည့်စုံကြသည်။

ထို့ပြင် ပစ္စေကဗုဒ္ဓါ ဘုရားငယ်ထံ၌ လည်းကောင်း၊ ဗုဒ္ဓသာဝကများအထံ၌ လည်းကောင်း၊ စေတီပုထိုး ဗောဓိပင်၌လည်းကောင်း ဘုရားဆုတောင်းပါက နိယတဗျာဒိတ်ကို မရနိုင်။ သက်တော်ထင်ရှား မြတ်စွာဘုရားအထံ၌ ဆုတောင်းမှသာလျှင် နိယတဗျာဒိတ်ကို ရရှိနိုင်သည်။

တဖန် ကံ ကံ၏အကျိုးကို မယုံကြည်သည့် ပုဂ္ဂိုလ်များ ဆုတောင်းပါကလည်း နိယတဗျာဒိတ်ကို မခံယူနိုင်။

လူဝတ်ကြောင်ဘဝသည် ဘုရားအဖြစ်နှင့် မလျောက်ပတ်သောကြောင့် ရဟန်းဘဝဖြင့် ဆုတောင်းမှသာ နိယတဗျာဒိတ်ကို ရရှိနိုင်သည်။ ရဟန်းမှာ သာသနာတွင်းရဟန်း၊ သာသနာပရဟန်းဟူ၍ ၂-မျိုးရှိသည်။ သာသနာတွင်းရဟန်းမှာ အထူးရှင်းပြရန် မလိုပေ။ သာသနာပ ရသေ့ရဟန်းများမှာမူ ကံ ကံ၏အကျိုးကို ယုံကြည်လက်ခံသော ရသေ့ရဟန်းများသာလျှင် နိယတဗျာဒိတ်ကို ခံယူနိုင်သည်။

ယင်းရသေ့ရဟန်းများသည် အဘိညာဉ် ၅-ပါး၊ သမာပတ် ၈-ပါးနှင့် ပြည့်စုံမှသာလျှင် နိယတဗျာဒိတ်ကို ရရှိနိုင်သည်။ အကြောင်းမူ — နိယတဗျာဒိတ် ရရှိပြီးသော ဘုရားအလောင်းတော်သည် ပါရမီတော် ၁၀-ပါးကို မိမိအလိုအလျောက် စူးစမ်းဆင်ခြင် ရှာဖွေနိုင်သော ပုဂ္ဂိုလ်ဖြစ်ရပေမည်။ အဘိညာဉ်သမာပတ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်များမှာ အတိတ်အနာဂတ်ဘဝများကို သိမြင်ခြင်း၊ လက်ရှိပစ္စုပ္ပန်လောက၌ ဗြဟ္မာ့ပြည်မှ ငရဲပြည်အထိ ဖောက်ထွင်းသိမြင်ခြင်းကြောင့် အကြားအမြင် အတွေ့အကြုံ အသိပညာ လွန်စွာ ကျယ်ဝန်းနက်ရှိုင်းလှသည်။ အဘက်ဘက်မှ ချိန်ထိုး၍ ပြည့်ပြည့်စုံစုံ...

စာမျက်နှာ-257


စဉ်းစားတတ်သည်။ ထို့ကြောင့် အဘိညာဉ်သမာပတ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်များသည်သာလျှင် ပါရမီတော် ၁၀-ပါးတို့ကို မှန်မှန်ကန်ကန် စူးစမ်းဆင်ခြင် ရှာဖွေနိုင်စွမ်းရှိခြင်းကြောင့် နိယတဗျာဒိတ်ပန်းကို ခံယူနိုင်စွမ်းရှိကြသည်။

ထို့ပြင် လူသာမန်တို့ ပြုနိုင်ခဲသော ပါရမီကုသိုလ်အထူးကို ပြုလုပ်နိုင်သော ပုဂ္ဂိုလ်မှသာလျှင် ဘုရားအဖြစ်ကို ရရှိနိုင်ပေမည်။ သာမန်လုပ်ရိုးလုပ်စဉ် ဝတ်တက်ဝတ်ကပ် ဆွမ်းလှူ၊ ပန်းလှူ၊ ဒါန၊ သီလ၊ ဘာဝနာမှုမျှဖြင့် ဘုရားအဖြစ်သို့ မရောက်နိုင်ချေ။ ဒါနအရာတွင် သူတကာ မပြုလုပ်နိုင်သော သားသမီးအလှူ၊ မယားအလှူ၊ မျက်လုံးအလှူများ၊ သီလအရာတွင် သေလုနီးပါး နှိပ်စက်ညှဉ်းပန်းခံ၍ စောင့်ထိန်းမှုပြုခြင်းတို့သည် ဘုရားအလောင်းတော်တို့သာလျှင် ပြုနိုင်သော ပါရမီကုသိုလ်ထူးများ ဖြစ်ကြသည်။

ဘုရားဖြစ်ရန် ဆန္ဒပြင်းပြမှုမှာ အထက်တွင် ရှင်းလင်းဖော်ပြပြီး ဖြစ်ပေသည်။

သုမေဓာရှင်ရသေ့ နိယတဗျာဒိတ်ခံယူခြင်း

လွန်ခဲ့သော လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလတွင် အမရဝတီနေပြည်တော်၌ သုမေဓာအမည်ရှိသော ပုဏ္ဏားသူဌေးတစ်ဦး ရှိခဲ့သည်။ ငယ်စဉ်အခါကပင် မိဘများ ကွယ်လွန်ခဲ့၍ ဘဏ္ဍာစိုးဖြစ်သူက ရွှေ၊ ငွေ၊ ရတနာများဖြင့် ပြည့်နေသော ရတနာတိုက်ခန်းများကို ဖွင့်လှစ်၍ စာရင်းနှင့်တကွ အပ်နှံလေသည်။ ဤပစ္စည်းကား အမိဘက်မှ ဆင်းသက်လာသော ပစ္စည်းတည်း၊ ဤပစ္စည်းကား အဘဘက်မှ ဆင်းသက်လာသော ပစ္စည်းတည်း၊ အထက်ဘိုးဘေးဘီဘင် ဆွေမျိုး ၇-ဆက်တိုင်အောင် ဆင်းသက်လာခဲ့သော ပစ္စည်းဥစ္စာများကို ပြောပြအပ်နှံလေသည်။

ထိုအခါ သုမေဓာသတို့သားသည် ပညာဉာဏ် ဆင်ခြင်တုံတရားနှင့် ပြည့်စုံသူဖြစ်၍ “ငါ၏ ဘိုးဘွားမိဘများကား ဤပစ္စည်းများကို တစ်ပြားတစ်ကျပ်မျှ ယူဆောင်မသွားနိုင်ဘဲ စွန့်ပစ်ထားခဲ့ကြရကုန်၏၊ ငါသည်မူကား ဤပစ္စည်းဥစ္စာတို့ကို အလှူဒါနပြုလုပ်၍ နောင်ဘဝသို့ အပါယူဆောင်အံ့” ဟု စဉ်းစားဆင်ခြင်လျက် မည်သူမဆို အလိုရှိသမျှ လာရောက်အလှူခံယူကြရန် စည်ဟီးကြေညာ၍ အလှူကြီးပေးတော်မူလေသည်။ ထိုသို့ အလှူပေးပြီးနောက် ရသေ့ရဟန်းပြုသည်။ ဟိမဝန္တာတောအရပ်၌ သစ်တစ်ပင်ရင်း ဝါးတစ်ပင်အောက် သီတင်းသုံးနေထိုင်လျက် အလိုလိုကြွေကျသော သစ်သီးများကိုသာ စားသုံးပြီး လဲလျောင်းခြင်း လုံးဝမပြုဘဲ ထိုင်ခြင်း၊ ရပ်ခြင်း၊ စင်္ကြံသွားခြင်းဟူသော ဣရိယာပုထ် ၃-ပါးဖြင့်သာ ကမ္မဋ္ဌာန်းတရားကို မနေမနား အားထုတ်တော်မူသည်ရှိသော် ၇-ရက်အတွင်းမှာပင် သမာပတ်ရှစ်ပါးနှင့် အဘိညာဉ်ငါးပါးတို့ကို ရရှိလေသည်။

စာမျက်နှာ-258


ထိုအချိန်တွင် ဒီပင်္ကရာမြတ်စွာဘုရားရှင်သည် ရဟန္တာလေးသိန်း ခြံရံလျက် ဒေသစာရီ ကြွချီတော်မူရာ ရမ္မာဝတီပြည်သို့ ရောက်ရှိတော်မူသည်။ နောက်တစ်နေ့တွင် မြတ်စွာဘုရားရှင်နှင့် တပည့်ရဟန္တာများ ရမ္မာဝတီပြည်တွင်းသို့ ဆွမ်းခံကြွတော်မူသည်ဖြစ်ရာ ရမ္မာဝတီပြည်သူပြည်သားတို့သည် မဏ္ဍပ်ကန္နားထိုးခြင်း၊ အမှိုက်သရိုက်ရှင်းလင်းခြင်း၊ မြေညှိခြင်း၊ မြေဖို့ခြင်း၊ သဲဖြူခင်းခြင်း၊ ငှက်ပျောပင်ရှင် ကြံပင်ရှင်စိုက်ခြင်း၊ ရေပြည့်အိုးများ တည်ထားခြင်း၊ တံခွန်ကုက္ကား မုလေးပွားတို့ကို စိုက်ထူခြင်းဖြင့် ဒီပင်္ကရာမြတ်စွာဘုရား ကြွလာမည့် လမ်းတစ်လျှောက်ကို ပြုပြင်မွမ်းမံ တန်ဆာဆင်ယင်လျက် ရှိကြသည်။

ထိုအခါ ဂေါတမဘုရားအလောင်းတော်ဖြစ်သော သုမေဓာရှင်ရသေ့သည် ဈာန်အဘိညာဉ်ဖြင့် ရမ္မာဝတီပြည်ကို ကောင်းကင်ခရီးဖြင့် ဖြတ်သန်းသွားစဉ် လမ်းဖို့လမ်းပြင်နေကြသော ပရိသတ်များကို တွေ့မြင်လေသည်။ မြတ်စွာဘုရား ကြွလာရန်အတွက် လမ်းပြင်နေကြောင်း ကြားသိရသည့်အခါ သုမေဓာရှင်ရသေ့သည် ဝမ်းမြောက်ဝမ်းသာစွာ လမ်းပြင်ရန် တစ်နေရာတောင်းဆိုလိုက်သည်။ လူအပေါင်းတို့က ရှင်ရသေ့၏ တန်ခိုးတေဇော် အာနုဘော်ကို ယုံကြည်အားကိုးကြသဖြင့် ပြင်ဆင်ရန်ခက်ခဲသည့် ရွှံ့ဗွက်တစ်နေရာကို သတ်မှတ်ပေးလိုက်ကြသည်။ သုမေဓာရှင်ရသေ့ကား တန်ခိုးအစွမ်းကို အသုံးမပြုဘဲ ကိုယ်တိုင်ကိုယ်ကျ အဝေးမှမြေတို့ကို တူးယူထမ်းပိုးသယ်ဆောင်၍ ရွှံ့ဗွက်ကြီးကို ဖို့တော်မူ၏။ သုမေဓာရှင်ရသေ့ လမ်းနေရာ ပြုပြင်ဖို့လုပ်၍ မပြီးသေးမီပင် ဒီပင်္ကရာမြတ်စွာဘုရားသည် ရဟန္တာလေးသိန်းနှင့်တကွ ကြွချီတော်မူလာ၏။

သုမေဓာရှင်ရသေ့သည် ၃၂-ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာငယ်တို့ဖြင့် နှစ်သက်စဖွယ် တင့်တယ်တော်မူသော ဒီပင်္ကရာမြတ်စွာဘုရား၏ ရူပကာယတော်ကို မျက်တောင်မခတ် စူးစိုက်ကြည့်ရှုဖူးမြင်ပြီးလျှင် — “ယနေ့ ငါသည် အသက်ကို စွန့်တော့မည်၊ မြတ်စွာဘုရားနှင့် ရဟန္တာများသည် ညွှန်ပျောင်း၌ ဆင်းရဲစွာ နင်းကြွတော်မမူပါစေလင့်၊ ငါ၏ ကျောပြင်ကို နင်း၍ ကြွတော်မူပါစေသတည်း” ဟု ကြံစည်ဆုံးဖြတ်၍ ညွှန်ပျောင်းထက်၌ အလျားမှောက်၍ တံတားခင်းလိုက်သည်။ ထို့နောက် သုမေဓာရှင်ရသေ့သည် “ငါသည် ဒီပင်္ကရာမြတ်စွာဘုရားကဲ့သို့ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်အောင် ကြိုးပမ်းအားထုတ်ပါအံ့၊ ဘုရားအဖြစ်သို့ ရောက်ပြီးနောက် သတ္တဝါအပေါင်းကို သံသရာဝဋ်ဆင်းရဲမှ ကယ်တင်ပါအံ့” ဟု စိတ်အကြံတော်ဖြစ်၍ ဘုရားဆုကို ပန်တော်မူလေသည်။

စာမျက်နှာ-259


ထိုအချိန်တွင် သုမိတ္တာအမည်ရှိသော ပုဏ္ဏေးမငယ်တစ်ယောက်သည် ကြာပန်းရှစ်ခိုင်ကို ယူဆောင်၍ လာခဲ့ရာ သုမေဓာရှင်ရသေ့ကို မြင်လျှင်မြင်ချင်း မေတ္တာဓာတ်သက်ဝင်၍ ကြာပန်းငါးခိုင်ကို ရှင်ရသေ့လက်သို့ ပေးအပ်ပြီး ကြာပန်းသုံးခိုင်ကို မိမိလက်၌ ကိုင်လျက် “အကျွန်ုပ်သည် အရှင်ရသေ့နှင့် ပါရမီဖြည့်ဖက် ဖြစ်ပါစေသတည်း” ဟု ဆုပန်ခဲ့လေသည်။ သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရားရှင်ကို ယင်းကြာငါးခိုင်တို့ဖြင့် ပူဇော်လျက် ဘုရားဆုကို ပန်တော်မူလေသည်။

ထိုအခါ ဒီပင်္ကရာမြတ်စွာဘုရားရှင်သည် သုမေဓာရှင်ရသေ့၏ ဦးခေါင်းရင်း၌ ရပ်တော်မူလျက် “ဤရှင်ရသေ့ကား နောင်အခါဝယ် ဘုရားစင်စစ် ဧကန်ဖြစ်လတ္တံ့” စသည်ဖြင့် ဂေါတမဘုရားရှင်၏ ဘွဲ့အမည်တော်၊ နေပြည်တော်၊ မယ်တော်၊ ခမည်းတော်၊ အဂ္ဂသာဝက၊ အဂ္ဂသာဝိကာ အမည်နှင့်တကွ ဗောဓိပင်အမည်တို့ကို တိကျသေချာစွာ ဖော်ပြညွှန်းလျက် ဗျာဒိတ်စကား ကြားတော်မူလေသည်။

ဒီပင်္ကရာမြတ်စွာဘုရားရှင်သည် သုမေဓာရှင်ရသေ့အား ဗျာဒိတ်စကား မြွက်ကြားပြီးနောက် ရဟန္တာပေါင်း လေးသိန်းနှင့်အတူ သုမေဓာရှင်ရသေ့ကို လက်ယာဘက်ထားကာ ကြွသွားကြကုန်၏။

ထို့နောက် သုမေဓာရှင်ရသေ့သည် အလျားမှောက်ရာမှ ဝမ်းမြောက်စွာထပြီးလျှင် နတ်လူတို့ ကြဲဖြန့်ပူဇော်သော ပန်းပုံထက်၌ ထက်ဝယ်ဖွဲ့ခွေထိုင်နေလျက် ဖြည့်ကျင့်ဆည်းပူးရမည့် ပါရမီတော်တို့ကို မိမိကိုယ်ပိုင်ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်တော်မူသည်။ (ပါရမီ = ပရမ + ဤ။ ပရမ = မြင့်မြတ်သူတို့၏ + ဤ = လုပ်ငန်းစဉ်။)

ပါရမီ ၁၀-ပါး

သုမေဓာရှင်ရသေ့ စူးစမ်းဆင်ခြင်တွေ့ရှိရသော ပါရမီတော် ၁၀-ပါးမှာ အောက်ပါအတိုင်း ဖြစ်သည် —
၁။ ဒါနပါရမီ = ပေးကမ်းလှူဒါန်းစွန့်ကြဲမှုကို ဖြည့်ကျင့်ခြင်း၊
၂။ သီလပါရမီ = သီလစောင့်ထိန်းမှုကို ဖြည့်ကျင့်ခြင်း၊
၃။ နေက္ခမ္မပါရမီ = ကာမဂုဏ်မှ ထွက်မြောက်မှုကို ဖြည့်ကျင့်ခြင်း၊
၄။ ပညာပါရမီ = ဉာဏ်ပညာတိုးပွားရင့်ကျက်မှုကို ဖြည့်ကျင့်ခြင်း၊
၅။ ဝီရိယပါရမီ = ဇွဲလုံ့လစွမ်းပကား ကြီးမားစေရန် ဖြည့်ကျင့်ခြင်း၊

စာမျက်နှာ-260


၆။ ခန္တီပါရမီ = သည်းခံခွင့်လွှတ်မှုကို ဖြည့်ကျင့်ခြင်း၊

၇။ သစ္စာပါရမီ = အမှန်အတိုင်း ပြောဆို၍ ပြောသည့်အတိုင်း လိုက်နာပြုကျင့်မှု သစ္စာကို ဖြည့်ကျင့်ခြင်း၊
၈။ အဓိဋ္ဌာနပါရမီ = စိတ်ဆုံးဖြတ်ထားသည့်အတိုင်း ခိုင်မြဲစွာ လိုက်နာကျင့်သုံးမှုကို ဖြည့်ကျင့်ခြင်း၊
၉။ မေတ္တာပါရမီ = သူတစ်ပါးအကျိုးစီးပွား လိုလားမှုကို ဖြည့်ကျင့်ခြင်း၊

၁၀။ ဥပေက္ခာပါရမီ = ချစ်ခြင်းမုန်းခြင်းမရှိ ကောင်းဆိုးနှစ်တန်ကို ခံနိုင်ရည်ရှိစေရန် ဖြည့်ကျင့်ခြင်း။

ပါရမီ ၁၀-ပါး အပြား ၃၀

ပါရမီ ၁၀-ပါးကိုပင် ထပ်ဆင့်၍ ဥပပါရမီ ၁၀-ပါး၊ ပရမတ္ထပါရမီ ၁၀-ပါး ပွားလျှင် ပါရမီ (၃၀) ဖြစ်လေသည်။

မူလပါရမီ ၁၀-ပါး မှာ မိမိခန္ဓာကိုယ်နှင့် ဆက်စပ်မှုမရှိဘဲ သားမယား၊ ရွှေ၊ ငွေ အစရှိသော သက်ရှိသက်မဲ့ ပစ္စည်းများကို စွန့်လွှတ်၍ ဖြည့်ကျင့်ခြင်းသည် မူလပါရမီ ဖြစ်သည်။

ဥပပါရမီ ၁၀-ပါး မှာ ခြေလက်၊ နား၊ နှာခေါင်း စသော အင်္ဂါကြီးငယ်တစ်ခုခုကို စွန့်လွှတ်၍ ဖြည့်ကျင့်ခြင်းသည် ဥပပါရမီ မည်၏။

ပရမတ္ထပါရမီ ၁၀-ပါး မှာ အသက်ကိုပင် စွန့်လွှတ်၍ ဖြည့်ကျင့်ရသော ပါရမီသည် ပရမတ္ထပါရမီ မည်၏။

၁။ ဒါနပါရမီ ဖြည့်ကျင့်ခြင်း

ဘုရားအလောင်းတော်သည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း သံသရာခရီးတစ်လျှောက် ဆက်လက်သွားရဦးမည်ဖြစ်၍ ဒါနရိက္ခာပါရှိမှသာ ထိုထိုဘဝတို့၌ လိုရာအသုံးအဆောင်များနှင့် ပြည့်စုံ၍ မိမိအားထုတ်လိုသော ကုသိုလ်ကောင်းမှုများကို အားထုတ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဘုရားအလောင်းတော်များသည် ဒါနပါရမီကို အဦးအစထား၍ ဖြည့်ကျင့်ဆည်းပူးကြရသည်။ ဤကဲ့သို့ သံသရာခရီးတစ်လျှောက် စွဲမြဲစွာ ဆောက်တည်ဖြည့်ကျင့်ရမည်ဖြစ်၍ ဒါနပါရမီကို ရှေးဦးစွာ ဖော်ပြရခြင်း ဖြစ်သည်။

စာမျက်နှာ-261


လောက၌ ပေးကမ်းခြင်းဟူသမျှ သာမန်အားဖြင့် “ဒါန” ဟု ခေါ်ဆိုနိုင်သော်လည်း ကြည်လင်စင်ကြယ်သော သဒ္ဓါတရားဖြင့် ပေးကမ်းခြင်းကိုသာ “ဒါနပါရမီ” ဟု ခေါ်ဆိုနိုင်မည်။ သဒ္ဓါတရားမပါဘဲ ချစ်ကြိုက်၍ ပေးခြင်း၊ စိတ်ဆိုး၍ အရွဲ့တိုက်ပေးခြင်း၊ ကြောက်ရွံ့၍ ပေးခြင်း၊ မသိနားမလည်၍ အလိမ်အညာခံရ၍ ပေးခြင်းတို့သည် ဒါနပါရမီနှင့် မသက်ဆိုင်ချေ။

ဘုရားအလောင်းတော်သည် ဖြစ်လေရာ ဘဝတိုင်း၌ ဒါနပါရမီကို ဖြည့်ကျင့်ခဲ့သည်။ ဒါနဥပပါရမီတော်ကို သိဝိမင်းကြီးဘဝ၌ မျက်လုံးကို ထုတ်၍ လှူခြင်းစသည်ဖြင့် ဖြည့်ကျင့်ခဲ့သည်။ ဒါနပရမတ္ထပါရမီတော်ကို ယုန်မင်းဇာတ်တော်၌ အလှူခံပုဏ္ဏား စားသုံးနိုင်ရန် ယုန်မင်းသည် မိမိကိုယ်ကို မီးပုံတွင်းသို့ ခုန်ချ၍ အသက်စွန့် လှူဒါန်းခြင်းဖြင့် ဖြည့်ကျင့်ခဲ့သည်။ ဝေဿန္တရာမင်းကြီးဘဝတွင် မလှူဖူးသော အလှူဟူ၍ မရှိ၊ အလှူမျိုးစုံအောင် လှူခဲ့သည်။

၂။ သီလပါရမီ ဖြည့်ကျင့်ခြင်း

ငါးပါးသီလ၊ ရှစ်ပါးသီလနှင့် နှစ်ရာ့နှစ်ဆယ်ခုနစ်သွယ် သိက္ခာပုဒ်များ စောင့်ထိန်းခြင်း သီလ၊ မျက်စိစသော ဣန္ဒြေကို စောင့်ထိန်းခြင်း သီလ၊ စင်ကြယ်စွာ အသက်မွေးမှု သီလ၊ ပစ္စည်းလေးပါး သုံးဆောင်ရာ၌ စိတ်ထားစင်ကြယ်မှု သီလ စသည်ဖြင့် လူများ ဖြည့်ကျင့်ရမည့် သီလ၊ ရဟန်းများ ဖြည့်ကျင့်ရမည့် သီလများကို ပါရမီမြောက်အောင် ဖြည့်ကျင့်ဆည်းပူးရသည်။ ယင်းကဲ့သို့ သီလများကို သာမန်အားဖြင့် ဖြည့်ကျင့်ဆည်းပူးရာ၌ မူလသီလပါရမီ ဖြစ်သည်။ ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုခုကို စွန့်လွှတ်၍ ဖြည့်ကျင့်ရသော သီလသည် သီလဥပပါရမီ ဖြစ်သည်။

ဘူရိဒတ်နဂါးမင်းနှင့် ဆဒ္ဒန်နဂါးမင်းဘဝ၌ ဘုရားအလောင်းတော်သည် အသက်ကို စွန့်လွှတ်၍ ဥပုသ်သီတင်းသီလ စောင့်သုံးရသောကြောင့် ယင်းသီလသည် သီလပရမတ္ထပါရမီ မည်၏။

၃။ နေက္ခမ္မပါရမီ ဖြည့်ကျင့်ခြင်း

ဘုရားအလောင်းတော်သည် ဘဝပေါင်းများစွာတို့၌ လောကီအာရုံ ကာမဂုဏ်တရားများကို စွန့်ပယ်၍ တောထွက်ကာ ရသေ့ရဟန်း ပြုတော်မူခဲ့သည်။ ဥပမာအားဖြင့် မဟာဇနကဇာတ်တော်၌ ဇနကမင်းကြီး တောထွက်ခြင်း၊ မဃဒေဝဇာတ်တော်၌ မဃဒေဝမင်းကြီး တောထွက်ခြင်း၊ ဟတ္ထိပါလဇာတ်တော်၌ ဟတ္ထိပါလမင်းသား ညီနောင်တို့ တောထွက်ခြင်း စသည်ဖြင့် ကာမဂုဏ်တရားမှ ထွက်မြောက်ကျွတ်လွတ်ရန် ဖြည့်ကျင့်တော်မူခဲ့သည်။

စာမျက်နှာ-262


ရသေ့ရဟန်း ပြုပြီးသောအခါတွင်လည်း ဘဝသံသရာမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ဘာဝနာကမ္မဋ္ဌာန်းတရား စီးဖြန်းအားထုတ်၍ နေက္ခမ္မပါရမီတော်ကို ဖြည့်ကျင့်ဆည်းပူးခဲ့သည်။

ဟတ္ထိပါလမင်းသား၊ အယောဃရမင်းသားတို့ တောထွက်ခြင်းမှာ လူပျိုဘဝဖြစ်၍ အခက်အခဲ မရှိသဖြင့် မူလနေက္ခမ္မပါရမီ အဆင့်မျှသာ ဖြစ်သည်။ မဟာဇနကမင်းကြီး တောထွက်ခြင်းနှင့် မဃဒေဝမင်းကြီး တောထွက်ခြင်းတို့သည် မိဖုရား မောင်းမမိဿံတို့ ငိုယိုတားဆီး တောင်းပန်နှောင်ဖွဲ့ကြသည်ကို အနှောင်အဖွဲ့မခံဘဲ စွန့်လွှတ်ထွက်ခွာနိုင်ခြင်းကြောင့် နေက္ခမ္မဥပပါရမီ ဟု ဆိုသင့်သည်။

စူဠသုတသောမမင်းဘဝ၌ တောထွက်ခြင်းကို နေက္ခမ္မပရမတ္ထပါရမီ ဟု အဋ္ဌသာလိနီ အဋ္ဌကထာ၌ ဖွင့်ဆိုထားသည်။ စူဠသုတသောမမင်းသည် မိဖုရား မောင်းမမိဿံ၊ မယ်တော် ခမည်းတော်၊ သားတော်၊ ဗိုလ်ပါပရိသတ်အပေါင်းတို့က ငိုကြွေးတောင်းပန်နေစဉ်မှာပင် ထိုတောင်းပန်မှုကို လျစ်လျူရှုကာ ဟိမဝန္တာတောအရောက် ဝေးကွာစွာ ထွက်ခွာတော်မူခဲ့သည်ဖြစ်၍ ပိုမိုခက်ခဲသဖြင့် နေက္ခမ္မပါရမီအရာ ပရမတ္ထပါရမီဟု ခေါ်ဆိုရသည်။

၄။ ပညာပါရမီ ဖြည့်ကျင့်ခြင်း

ဘုရားအလောင်းတော်သည် ဉာဏ်ပညာ ကြီးကျယ်တိုးပွား ရင့်ကျက်လာစေရန် အကြားအမြင် ဗဟုသုတများကို သင်ယူဆည်းပူးခြင်း သုတမယပညာ၊ ထိုးထွင်းကြံဆမှု တီထွင်မှုပြုလုပ်ခြင်း စိန္တာမယပညာ၊ ကိလေသာကို ပယ်ခွာနိုင်ရန် သမထဝိပဿနာ ပွားများအားထုတ်၍ ဉာဏ်ပညာ ရင့်ကျက်ထက်မြက်အောင် ပညာပါရမီကို ဆည်းပူးတော်မူခဲ့သည်။

မဟောသဓာဇာတ်တော်၌ သုတမယပညာ၊ စိန္တာမယပညာများကို အထွတ်အထိပ်ရောက် ဖြည့်ကျင့်ဆည်းပူးခဲ့၍ ဘာဝနာမယပညာကိုမူ ဘဝတိုင်း ဘဝတိုင်း မိမိကိုယ်ပိုင် ဆင်ခြင်တုံတရားဖြင့် ရှုမြင်သုံးသပ်ခြင်း၊ ဘုရားသာသနာတော်နှင့် ကြုံကြိုက်သည့်အခါ ဘုရားတရားတော်ကို နာယူ၍ ဝိပဿနာဉာဏ်စဉ် ၁၀-ပါးတို့တွင် သင်္ခါရုပေက္ခာဉာဏ်တိုင်အောင် ပွားများရှုမှတ် ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့သည်။

၅။ ဝီရိယပါရမီ ဖြည့်ကျင့်ခြင်း

ဇွဲလုံ့လဝီရိယကို အလျော့မပေးဘဲ မနေမနား ကြိုးစားအားထုတ်ခြင်းသည် ဝီရိယပါရမီတော်ကို ဖြည့်ကျင့်ခြင်းဖြစ်သည်။

စာမျက်နှာ-263


မဟောသဓာဇာတ်တော်၌ မဟောသဓာသုခမိန်သည် နှစ်ဦးနှစ်ဖက်သော တိုင်းသူပြည်သားများ သေကြေပျက်စီးမှု မရှိစေရန် ဥမင်လိုဏ်ခေါင်း ဖောက်လုပ်ခြင်းဖြင့် လုံ့လဝီရိယစွမ်းအားကို ပြတော်မူခဲ့သည်။

ထို့ပြင် ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းရာ၌ လုံ့လဝီရိယ ထက်သန်ခိုင်မာမှသာလျှင် သမာဓိရအောင်၊ ဉာဏ်အမြင်ပေါက်အောင် အားထုတ်နိုင်ကြသည်။ လုံ့လဝီရိယ နည်းပါးသူများမှာ ဘာဝနာကမ္မဋ္ဌာန်း အားထုတ်ရာ၌ ငိုက်မျဉ်းမေ့လျော့ အိပ်ပျော်သွား၍ အပ္ပနာသမာဓိရောက်အောင် စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ချေ။

ဝီရိယပါရမီ ဖြည့်ကျင့်ရာ၌ မဟာဇနကဇာတ်တော်ကို ဖော်ညွှန်းပြသလေ့ရှိကြသည်။ မဟာဇနကမင်းသားသည် သင်္ဘောပျက်သည့် အချိန်၌ ငိုကြွေးမြည်တမ်းခြင်း၊ နတ်များအား တမ်းတခြင်း လုံးဝ မပြုလုပ်ဘဲ ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်ကြီးကို အားအစွမ်းရှိသရွှေ့ ကူးခတ်နိုင်ရန် ကြိုတင်ပြင်ဆင်မှု ပြုလုပ်ခဲ့သည်။ ရက်ပေါင်းများစွာ အဆာခံနိုင်စေရန် ထောပတ်ဆီဥများကို စားသုံး၍ မိမိကိုယ်ကို ပင်လယ်ဆားငန်ရေ ဖောက်ထွင်းစိမ့်ဝင်မှု မရှိစေရန် တစ်ကိုယ်လုံး ထောပတ်သုတ်လိမ်းသည်၊ ဝတ်ထားသော ပုဆိုးခါးတောင်းကြိုက်ကိုလည်း ထောပတ်အပြည့် သုတ်လိမ်းလိုက်သည်။ ထို့နောက် သင်္ဘောပျက်သည့်နေရာမှ အဝေးဆုံးနေရာသို့ ရောက်ရှိစေရန် လင်းယဉ်တိုင်ထိပ်ဖျားသို့ တက်၍ ဝေးနိုင်သမျှဝေးအောင် ခုန်ချလိုက်သည်။

ထို့နောက် ၇-ရက်တိုင်တိုင် မလျှော့သောဇွဲလုံ့လဖြင့် မရပ်မနား ကူးခတ်နေတော့သည်။ ယင်း၏ လုံ့လဝီရိယကို ဂုဏ်ပြုချီးမြှောက်သည့်အနေဖြင့် ပင်လယ်စောင့်နတ်သမီး မဏိမေခလာသည် ကယ်တင်ခဲ့ရသည်။ ထို့ကြောင့် ဝီရိယပါရမီအရာ၌ မဟာဇနကဇာတ်တော်ကို ဖော်ညွှန်းလေ့ရှိကြသည်။

၆။ ခန္တီပါရမီ ဖြည့်ကျင့်ခြင်း

သူတစ်ပါးတို့၏ ကြမ်းကြုတ်စွာ ဆဲဆိုခြင်း နှုတ်ဖြင့် ကျူးလွန်မှု၊ ရက်စက်စွာ ထိပါးပုတ်ခတ်နှိပ်စက်ခြင်း ကိုယ်ဖြင့် ကျူးလွန်ခြင်းတို့ကို သည်းခံခြင်းသည် ခန္တီပါရမီကို ဖြည့်ကျင့်သည် မည်၏။

ခန္တီဝါဒီဇာတ်တော်၌ ကလာဗုမင်းက အလောင်းတော် ခန္တီဝါဒီရသေ့ကို နားရွက်ဖြတ်ခြင်း၊ လက်ခြေဖြတ်ခြင်း ပြုလုပ်နှိပ်စက်သည်ကို အမျက်မထွက်ဘဲ ခွင့်လွှတ်သည်းခံခဲ့သည်။ အလားတူပင် မာတင်္ဂဇာတ်တော်၌ မာတင်္ဂ...

စာမျက်နှာ-264


ရသေ့သည် မဇ္ဈိမတိုင်း မင်းချင်းတို့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်သည်ကို သည်းခံတော်မူခဲ့သည်။ စူဠဓမ္မပါလဇာတ်တော်၌ မဟာပတာပမင်း၏ အမိန့်ဖြင့် သူသတ်တို့က ဓမ္မပါလသားငယ်၏ လက်၊ ခြေတို့ကို ဖြတ်ခြင်း၊ သန်လျက်ပန်းကစားခြင်းကို ပြုလုပ်ခံရသော်လည်း သည်းခံခွင့်လွှတ်ခြင်း ပါရမီတော်ကို ဖြည့်ကျင့်တော်မူသည်။

၇။ သစ္စာပါရမီ ဖြည့်ကျင့်ခြင်း

မိမိ၏ စည်းစိမ်ဥစ္စာ နာမည်ဂုဏ်သတင်း ထိခိုက်မည့်ကိစ္စများနှင့် တွေ့ကြုံလာသည့်အခါ အမှန်အတိုင်း ပြောဆိုဝံ့သူ ရှားပါးလှသည်။ လိမ်ညာ၍လည်း မပြောလိုသဖြင့် အမှန်အတိုင်း သက်သေမခံဘဲ ရှောင်လွှဲရှောင်တိမ်းနေမှုများကို ကြည့်ရှု၍ အမှန်ကို အမှန်အတိုင်း ထုတ်ဖော်ပြောကြားရန် မည်မျှခက်ခဲသည်ကို သိနိုင်ပေသည်။

ထိုထက်ပိုမို၍ အသက်ဘေးနှင့် ရင်ဆိုင်ရသည့်အခါ အမှန်အတိုင်း ပြောဆိုဝံ့သူ မရှိသလောက် ရှားပါးလှပေသည်။ ဘုရားအလောင်းတော်များသည် စည်းစိမ်၊ အင်္ဂါခြေလက်၊ အသက်ဘေးရန်နှင့် ကြုံနေရသော်လည်း အမှန်အတိုင်းသာလျှင် ပြောဆိုပြုမူခြင်းဖြင့် သစ္စာပါရမီကို ဖြည့်ကျင့်ကြသည်။

သစ္စာပါရမီမှာ တစ်စုံတစ်ခုသော အကျိုးကို မမျှော်လင့်ဘဲ ဘေးရန်ကို မကြောက်မလန့်ဘဲ မုသာဝါဒမှ ရှောင်ကြဉ်လျက် အမှန်အတိုင်း ပြောဆိုသည့်သစ္စာနှင့် တစ်စုံတစ်ခု အကျိုးရရှိရန် သစ္စာဆိုခြင်းဟူ၍ နှစ်မျိုးရှိသည်။

ဝိဓူရဇာတ်တော်၌ ကောရဗျမင်းကြီးသည် ဝိဓူရအမတ်ကြီးကို သူ-မပိုင်ဟု ငြင်းဆိုသည်။ ထိုအခါ ဝိဓူရအမတ်ကြီးအား “သင်သည် ကောရဗျမင်း၏ ကျွန် ဟုတ် မဟုတ် ဖြေဆိုပါ” ဟု ပုဏ္ဏကဘီလူးက မေးသည်။ ဝိဓူရအမတ်ကြီးသည် မိမိသေရမည့် ဘေးကို သိလျက် “ငါသည် ကောရဗျမင်းကြီး၏ ကျွန်ဖြစ်သည်။ ကောရဗျမင်းကြီးသည် ငါ့ကို ပိုင်သည်” ဟု အမှန်အတိုင်း ဝန်ခံပြောဆိုလေသည်။

ထိုမှတစ်ပါး မှန်သော သစ္စာစကားကို ဆို၍ “ဤသစ္စာစကားကြောင့် မည်သို့မည်ပုံ အကျိုးထူးတရား ဖြစ်ထွန်းပါစေ” ဟု သစ္စာဆိုခြင်းသည်လည်း သစ္စာပါရမီ၌ အကျုံးဝင်၏။

သုပ္ပါရကဇာတ်တော်၌ ဘုရားလောင်း သုခမိန်သည် ငါးပါးသီလကို မလွန်ကျူးဖူးကြောင်း သစ္စာဆို၍ သင်္ဘောကို ဗလဝါမုခဝဲဩဃမှ ပြန်လည်ဆုတ်နစ်စေခဲ့သည်။

စာမျက်နှာ-265


ငုံးမင်းဇာတ်တော်၌ ဘုရားအလောင်း ငုံးမင်းသည် မှန်သော သစ္စာစကားကို ဆို၍ မီးကင်းအောင် ပြုနိုင်ခဲ့သည်။ ငါးရံ့မင်းဘဝ၌လည်း သစ္စာဆို၍ မိုးရွာစေနိုင်ခဲ့သည်။ ဤသို့ သစ္စာပြုကာ ဆုတောင်းခြင်းသည်လည်း သစ္စာပါရမီ၌ အကျုံးဝင်သည်။ သစ္စာဓိဋ္ဌာန်ပြုသည်ဟုလည်း သုံးနှုန်းကြသည်။

၈။ အဓိဋ္ဌာနပါရမီ ဖြည့်ကျင့်ခြင်း

အဓိဋ္ဌာနကို မြန်မာဘာသာ၌ အဓိဋ္ဌာန်ပြုသည် သို့မဟုတ် ဓိဋ္ဌာန်သည်ဟု သုံးနှုန်းလေ့ရှိကြသည်။ အဓိဋ္ဌာန ပါဠိကို တိုက်ရိုက် မြန်မာပြန်ဆိုပါက ဆောက်တည်ခြင်း ဟု ပြန်ဆိုကြသည်။ အဓိပ္ပာယ်မှာ — မိမိစိတ်ကို ဆုံးဖြတ်ထား၍ ထိုဆုံးဖြတ်ထားသည့်အတိုင်း တိတိကျကျ လိုက်နာကျင့်သုံးမှုကို အဓိဋ္ဌာန်ဟု ခေါ်သည်။

သိဝိဇာတ်တော်၌ သိဝိမင်းကြီးသည် ငါ၏ မျက်စိကို လာရောက်အလှူခံသူအား လှူဒါန်းမည်ဟု ဆောက်တည်၍ စိတ်၌ စွဲမြဲစွာထားသည်။ ထိုအခါ သိကြားမင်းသည် ပုဏ္ဏားယောင်ဆောင်၍ မျက်စိတစ်ဖက်ကို အလှူခံသည်။ သိဝိမင်းကြီးသည် မျက်စိနှစ်ဖက်လုံးကို စွန့်လှူတော်မူလိုက်သည်။

တေမိယဇာတ်တော်၌ တေမိမင်းသားသည် တိုင်းပြည်အုပ်ချုပ် မင်းလုပ်ရမည်ကို ကြောက်လန့်သဖြင့် ဆွံ့အယောင်ဆောင်နေရန် အဓိဋ္ဌာန်ပြု ဆောက်တည်ခဲ့သည်။ မီးဖြင့် ခြောက်လှန့်ခြင်း၊ ဆင်ဖြင့် ခြောက်လှန့်ခြင်း၊ မြွေဖြင့် ခြောက်လှန့်ခြင်း၊ အစားအသောက်ဖြင့် မြူဆွယ်ခြင်း၊ အပျိုကညာဖြင့် မြူဆွယ်ခြင်းပြုသော်လည်း မိမိအဓိဋ္ဌာန်အတိုင်း ဆွံ့အယောင်ဆောင်နိုင်ခဲ့သည်။ နောက်ဆုံးတွင် ခမည်းတော်က သေမိန့်ချမှတ်လိုက်သည်။ သေမိန့်ချမှတ်ခံရသည့်တိုင်အောင် ၁၇-နှစ်လုံးလုံး အကြမ်းနည်း အနုနည်း စမ်းသပ်မှုကို ခံယူလျက် အဓိဋ္ဌာန်ပါရမီကို ဖြည့်ဆည်းပူးခဲ့သည်။

၉။ မေတ္တာပါရမီ ဖြည့်ကျင့်ခြင်း

မေတ္တာတရားသည် သူတစ်ပါး၏ အကျိုးစီးပွားကို လိုလားတောင့်တ၏။ သို့ရာတွင် တွယ်တာကပ်ငြိခြင်း မရှိ၊ မိမိနှင့် အတူနေရသည်ဖြစ်စေ၊ ကွဲကွာနေသည်ဖြစ်စေ ထိုသူ၏ စီးပွားချမ်းသာကို အမြဲလိုလားတောင့်တနေ၏။ ထိုသူနှင့်အတူ မနေရသည့်အတွက် ခက်ခဲဝန်လေးခြင်းမရှိ၊ စီးပွားချမ်းသာဖြစ်နေသည်ဟု သိရလျှင် စိတ်ထဲ၌ ကျေနပ်နေ၏။

စာမျက်နှာ-266


ဘုရားအလောင်းတော်သည် သုဝဏ္ဏသာမဘဝ၌ ခြင်္သေ့၊ သစ်၊ ကျားများနှင့် လည်းကောင်း၊ တောကျွဲ၊ တောဝက်၊ သမင်တို့နှင့် လည်းကောင်း ခြံရံလျက် တောထဲမှာ နေခဲ့သည်။ တိရစ္ဆာန်တစ်ကောင်မျှ သုဝဏ္ဏသာမကို ကြောက်လန့်ခြင်းမရှိပေ။ သုဝဏ္ဏသာမသည်လည်း မည်သည့်တိရစ္ဆာန်ကိုမျှ မကြောက်လန့်ချေ။ မေတ္တာစွမ်းအားကြောင့် အချင်းချင်း ချစ်ခင်စွာ နေထိုင်ခဲ့ကြသည်။

ဧကရာဇဇာတ်၊ သေယျဇာတ်နှင့် မဟာသီလဝဇာတ်တို့၌ ဘုရားအလောင်းတော် ဗြဟ္မဒတ်မင်းကို ခိုးသူမင်းသည် ဖမ်းဆီးချုပ်နှောင်၍ ထီးနန်းစည်းစိမ်ကို လုယူလိုက်သည်။ ဘုရားအလောင်းတော် ဗြဟ္မဒတ်မင်းသည် မိမိထီးနန်းစည်းစိမ်ကို လုယူခံရသည့်အပြင် ချုပ်နှောင်နှိပ်စက်ခံနေရပါလျက် ရန်သူမင်းအပေါ် မေတ္တာစစ်စစ် ထားနိုင်ခဲ့သည်။ ဤကား မေတ္တာပါရမီ ဖြည့်ကျင့်ပုံတည်း။

၁၀။ ဥပေက္ခာပါရမီ ဖြည့်ကျင့်ခြင်း

ဥပေက္ခာကို သဒ္ဒါနည်းအားဖြင့် မြန်မာပြန်ဆိုရာ၌ သင့်တင့်အောင် ရှုခြင်းဟု ပြန်ဆိုရသည်။ ဆင်းရဲ ချမ်းသာ နှစ်မျိုးကွဲပြားရာ၌ တစ်ဖက်သတ် ဘက်မလိုက်ဘဲ ဆင်းရဲခြင်းနှင့်လည်း သင့်တင့်အောင်၊ ချမ်းသာခြင်းနှင့်လည်း သင့်တင့်အောင် ရှုခြင်းဟု ဆိုလိုသည်။ ရှေးပညာရှိများက “လျစ်လျူရှုခြင်း” ဟု ပြန်ဆိုခဲ့ကြသည်။

အချို့က ဥပေက္ခာကို ဥပစ်ခါထားသည်ဟု ပြောဆိုကြသည်။ လုံးဝ အာရုံမစိုက်တော့ဘဲ ပစ်စလက်ခတ်ထား၍ ဘေးချိတ်ထားသည်ဟု အဓိပ္ပာယ် နားလည်နေကြသည်။ အမှန်စင်စစ် ဥပေက္ခာဆိုသည်မှာ ချစ်ခြင်း မုန်းခြင်းကို ရှောင်၍ မချစ်မမုန်း ပုံမှန်နေထိုင် ဆက်ဆံပြုမူခြင်း ဖြစ်သည်။

တစ်စုံတစ်ယောက်နှင့် ဆက်သွယ်ရာ၌ တစ်ဖက်သတ် လိုက်၍ အကျိုးစီးပွား ဆောင်ရွက်ခြင်းမပြု၊ မုန်းတီး၍ နစ်နာအောင် အကျိုးမဲ့ကိုလည်း မပြု။ မိမိတာဝန်ဝတ္တရား ရှိသည့်အတိုင်း အပြည့်အဝ တာဝန်ကျေအောင် တည်ကြည်စွာ ဆောင်ရွက်ပေးခြင်း ဖြစ်သည်။ ချီးမွမ်းပူဇော်မှုနှင့် တွေ့ကြုံရသည့်အခါတွင်လည်း တက်ကြွမှု မရှိစေရ၊ ကဲ့ရဲ့ပြစ်တင် ရှုတ်ချခံရသည့်အခါတွင်လည်း စိတ်အားငယ် စိတ်ဓာတ်ကျဆင်းမှု မရှိစေရ၊ နှိပ်စက်မှုဘေးရန်နှင့် ကြုံရသည့်အခါတွင်လည်း ကြောက်လန့်အားငယ်မှု မဖြစ်စေရ၊ အရာရာကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်သည့် သဘောကို ဥပေက္ခာဟု ဆိုသည်။ ထိုသို့ ဥပေက္ခာပြုနိုင်ရန်မှာ လောက၏ သဘောတရား ဓမ္မတာများကို နားလည်ထားရမည်။ နိယာမတရားများကို...

စာမျက်နှာ-267


နားလည်ထားရမည်။ သတ္တဝါတို့သည် ကံသာအမိ၊ ကံသာအဘ၊ ကံသာဆွေမျိုးရှိသည်ဟု နားလည်ထားရမည်။ သို့မှသာလျှင် ဥပေက္ခာဟု ခေါ်သော တည်ငြိမ်မှုကို ရရှိနိုင်သည်။

ဥပေက္ခာသည် အမြင့်ဆုံးတရား၊ အခက်ဆုံးတရား ဖြစ်သည်။ လက်တွေ့ကျင့်သုံးနိုင်ရန် မဆိုထားဘိ ဥပေက္ခာအကြောင်းကို ရိပ်စားမိရန်ပင် ခက်ခဲလှပေသည်။

ဘုရားအလောင်းတော်သည် လောမဟံသဇာတ်တော်၌ ကြမ်းကြုတ် ဟော့ရမ်း သော့သွမ်းသော လူငယ်တစ်စုက တံတွေးထွေး နှပ်ပစ်ကြသည့်အခါ မတုန်လှုပ်သကဲ့သို့ ကြည်ညိုသော ပုဂ္ဂိုလ်များက လာရောက်ပူဇော်ကြသည့်အခါတွင်လည်း တုန်လှုပ်တက်ကြွမှု မရှိချေ။ မတုန်မလှုပ် တည်ငြိမ်နေသဖြင့် လှုပ်ရှားလာစေရန် လူငယ်တစ်စုက ချိုင်းကြားကို ကလိထိုးကြသည်။ နားတွင်းကို ကြက်တောင်ဖြင့် ကျပ်ကြသည်။ စိတ်ဆိုးခြင်း အမျက်ထွက်ခြင်း မရှိ၊ ရယ်အောင်လုပ်သော်လည်း ရယ်ရွှင်ခြင်း မရှိ၊ အေးဆေးတည်ငြိမ်စွာ စိတ်ကို ထိန်းသိမ်းနေနိုင်ခဲ့သည်။

ဥပေက္ခာပါရမီတော်ကို ဖြည့်ဆည်းပူးရာ၌ ဤ လောမဟံသဇာတ်တော်ကို ဖော်ညွှန်းလေ့ရှိကြသည်။

ဘဝဆက်တိုင်း ပါရမီစုံလင်စွာ ဖြည့်ကျင့်ရခြင်း

သဗ္ဗညုတဉာဏ်တော်ရှင် သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်သို့ ရောက်ရှိနိုင်ရန် ပါရမီတော်များကို ဖြည့်ကျင့်ရာ၌ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတည်းဟူသော ရှည်လျားကြာမြင့်စွာသော ကာလပတ်လုံး ဖြည့်ကျင့်ပွားများရသည်ကို ပြဆိုခဲ့ပြီး ဖြစ်ပါသည်။ ထိုမျှ ရှည်လျားလှစွာသော ဘဝသံသရာတစ်လျှောက်လုံး နိယတဗျာဒိတ်ရသည်မှ ဘုရားဖြစ်တော်မူသည်အထိ တစ်ဘဝမျှ မလစ်လပ်စေဘဲ ဖြည့်ကျင့်တော်မူခဲ့ရသည်။ ထိုသို့ ဖြည့်ကျင့်ရာ၌ ရိုသေစွာ ဖြည့်ကျင့်ပွားများ အားထုတ်ရုံမျှမက ပါရမီတော် ၁၀-ပါး အပြား (၃၀) တို့ကို တစ်ခုမကျန် စုံလင်အောင် ဖြည့်ကျင့်ပွားများ အားထုတ်တော်မူခဲ့ရသည်။

စွန့်ခြင်းကြီး ၅-ပါး

ဒါနပါရမီတော်ကို ဖြည့်ကျင့်ဆည်းပူးရာ၌ နက်နဲခက်ခဲမှုနှင့် မလွယ်ကူမှုကို အကြောင်းပြု၍ ဘုရားအလောင်းတော်တို့၏ ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်းကို...

စာမျက်နှာ-268


“ပဉ္စမဟာပရိစ္စာဂ” (စွန့်ခြင်းကြီး ငါးပါး) ဟူ၍ အဆင့်ငါးဆင့် ခွဲခြားဖော်ပြလေ့ရှိသည်။ ယင်းတို့မှာ —

(၁) ဓနပရိစ္စာဂ = သူဌေးသူကြွယ်စည်းစိမ်၊ မင်းစည်းစိမ်ဟု ဆိုအပ်သော ပစ္စည်းဥစ္စာရတနာတို့ကို စွန့်လွှတ်လှူဒါန်း၍ ပါရမီတော်ကို ဖြည့်ကျင့်ခြင်း၊
(၂) ပုတ္တပရိစ္စာဂ = သား သမီးကို စွန့်လွှတ်လှူဒါန်း၍ ပါရမီတော်ကို ဖြည့်ကျင့်ခြင်း၊
(၃) ဘရိယပရိစ္စာဂ = မယားကို စွန့်လွှတ်လှူဒါန်း၍ ပါရမီတော်ကို ဖြည့်ကျင့်ခြင်း၊
(၄) အင်္ဂပရိစ္စာဂ = လက်၊ ခြေ၊ မျက်စိ စသော အင်္ဂါကြီးငယ်ကို စွန့်လွှတ်လှူဒါန်း၍ ပါရမီတော်ကို ဖြည့်ကျင့်ခြင်း၊

(၅) ဇီဝိတပရိစ္စာဂ = ကိုယ်အသက်ကို စွန့်လွှတ်၍ ပါရမီတော်ကို ဖြည့်ကျင့်ခြင်း။

စရိယ ၃-ပါး

လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဘုရားအဖြစ်သို့ ရောက်ရှိရန် ပါရမီတော်တို့ကို ဖြည့်ကျင့်ဆည်းပူးခြင်းသည် ဗုဒ္ဓတ္ထစရိယာ မည်၏။

ထို့ပြင် ဖြစ်လေရာ ဘဝ၌ အဆွေအမျိုးတို့၏ စီးပွားချမ်းသာအလို့ငှာ ဆောင်ရွက်တော်မူခြင်းသည် ဉာတတ္ထစရိယာ မည်၏။ ငါးရာငါးဆယ် ဇာတ်တော်၌ ငါးရံ့မင်းဘဝတွင် ငါးအပေါင်းတို့ မပျက်စီးစေရန် သစ္စာပြု၍ မိုးရွာစေခဲ့ခြင်း၊ ဘုရင်၏ စီးတော်ဆင်အနာကို ကျီးဆီဖြင့် ကုသရမည်ဟု ပုဏ္ဏားတို့၏ အကြံပေးချက်အရ ကျီးများကို ဖမ်းဆီးသတ်ဖြတ်၍ အဆီထုတ်ယူသော ဘုရင်အား ကျီးမျိုး၌ အဆီမရှိနိုင်ကြောင်း ဘုရင့်ထံမှောက် ဝင်ရောက်ပြောဆိုလျက် ဆွေမျိုးတို့၏ အသက်ကို ကယ်တင်ခဲ့ခြင်း၊ ငုံးမင်းဘဝ၌ ငုံးတို့ကို ညီညွတ်အောင် ပြုလုပ်၍ မုဆိုးရန်မှ ဆွေမျိုးတို့၏ အသက်ကို ကယ်တင်ခဲ့ခြင်းစသော ကျင့်သုံးမှုများသည် ဉာတတ္ထစရိယာ မည်၏။

တောသုံးထောင်ကို အစိုးရသော ကေသရာဇာ ခြင်္သေ့မင်းဘဝတွင် ဥသျှစ်သီးမှည့် ကြွေသည်ကို ကမ္ဘာမြေကြီး ပြိုသည်ဟု ကြောက်လန့်ထွက်ပြေးလာသော တောတိရစ္ဆာန်အပေါင်းကို မဟာသမုဒ္ဒရာအတွင်းသို့ ကျဆင်းမသေစေရန် ကယ်တင်ခဲ့ခြင်း၊ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း ဖြစ်စဉ်က တိုင်းသူ...

စာမျက်နှာ-269


ပြည်သားတို့သည် ဆိတ်၊ ကြက်၊ ဝက် စသည်တို့ကို သတ်ဖြတ်ပြီး ယဇ်နတ်ပူဇော်လေ့ရှိရာ ယင်းနတ်ပူဇော်မှုကို စွန့်လွှတ်စေရန် ဥပါယ်တံမျဉ်ဖြင့် ဆောင်ရွက်တော်မူခဲ့ခြင်း၊ မဟာသုပိနဇာတ်တော်၌ အိပ်မက်ဆိုး မြင်မက်သော ဗြဟ္မဒတ်မင်းကြီးသည် သတ္တဝါတို့ကို သတ်ဖြတ်၍ ယဇ်ပူဇော်ရန် စီမံနေစဉ် ဘုရားအလောင်းတော်ရသေ့သည် ယဇ်ပူဇော်ခြင်း မပြုရန် တားမြစ်၍ သတ္တဝါအပေါင်း အသက်ချမ်းသာစေရန် ဆောင်ရွက်တော်မူခဲ့ခြင်း စသည်တို့သည် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ အကျိုးစီးပွားကို ဆောင်ရွက်တော်မူခဲ့ခြင်းကြောင့် လောကတ္ထစရိယာ မည်၏။

စာမျက်နှာ-270


အခန်း (၈)

နှစ်ကျိပ်လေးဆူသော ဘုရားများထံ၌ ဗျာဒိတ်ခံယူခြင်း

၁။ ဒီပင်္ကရာမြတ်စွာဘုရား

ဂေါတမဘုရား အလောင်းတော်သည် ဒီပင်္ကရာ မြတ်စွာဘုရား ခြေတော်ရင်း၌ သုမေဓာရှင်ရသေ့ ဘဝဖြင့် နိယတဗျာဒိတ်ပန်း ခံယူတော်မူခဲ့ပြီးနောက် ကမ္ဘာပေါင်း မည်ရွေ့မည်မျှဟု ဂဏန်းချ၍ မရေတွက်နိုင်လောက်အောင် များလှစွာသော ကမ္ဘာအသင်္ချေသည် ဘုရားတစ်ဆူမျှ ပွင့်တော်မမူသဖြင့် သုညကမ္ဘာများ ဖြစ်ကြကုန်၏။

၂။ ကောဏ္ဍညမြတ်စွာဘုရား

ယင်းသုညကမ္ဘာ အသင်္ချေ ကုန်လွန်ပြီးနောက် တစ်ဆူသော ကမ္ဘာတွင် ကောဏ္ဍညမြတ်စွာဘုရား ပွင့်တော်မူလာသည်။ ထိုအခါ ဂေါတမဘုရား အလောင်းတော်သည် ဝိဇိတာဝီ အမည်ရှိသော စကြာမင်း ဖြစ်ခဲ့၍ အလှူဒါန ပြုလုပ်ခြင်း၊ ထီးနန်းစွန့်၍ ရဟန်းပြုခြင်း၊ အဘိညာဉ် သမာပတ်တို့ကို ရရှိအောင် အားထုတ်ခြင်းပြု၍ ဗျာဒိတ်ခံယူတော်မူခဲ့သည်။

၃။ မင်္ဂလမြတ်စွာဘုရား

ထို့နောက်တစ်ဖန် ဘုရားမပွင့်သည့် သုညကမ္ဘာများ အသင်္ချေ ကုန်လွန်ပြီးသောအခါ တစ်ခုသော ကမ္ဘာ၌ မင်္ဂလမြတ်စွာဘုရား၊ သုမနမြတ်စွာဘုရား၊ ရေဝတမြတ်စွာဘုရား၊ သောဘိတ မြတ်စွာဘုရားဟူ၍ ဘုရားလေးဆူ ပွင့်တော်မူသည့် သာရမဏ္ဍကမ္ဘာသို့ ရောက်ရှိခဲ့သည်။ မင်္ဂလမြတ်စွာဘုရား လက်ထက်တော်၌ ဂေါတမဘုရား အလောင်းတော်သည် သုရုစိ အမည်ရှိသော ပုဏ္ဏားပညာရှိ ဖြစ်လာ၍ ကုဋေတစ်သိန်းမျှသော ရဟန်းသံဃာတော်များအား ပစ္စည်းလေးပါး လှူဒါန်း၍ ဗျာဒိတ်ခံယူတော်မူခဲ့သည်။ ထို့နောက် စည်းစိမ်ဥစ္စာတို့ကို စွန့်၍ ရဟန်းပြုပြီးလျှင် ပိဋကသုံးပုံကို သင်ယူ၏။ အဘိညာဉ်ငါးပါး၊ သမာပတ်ရှစ်ပါးတို့ကို ရရှိအောင် အားထုတ်၍ ပါရမီဖြည့်ကျင့်တော်မူခဲ့သည်။

၄။ သုမနမြတ်စွာဘုရား

မင်္ဂလဘုရားနောက်၌ ဆက်လက်ပွင့်တော်မူသော သုမနဘုရား လက်ထက်တော်တွင် ဂေါတမဘုရားလောင်းသည် အတုလနဂါးမင်း ဖြစ်၍ မြတ်စွာဘုရားအား ဆွမ်းသင်္ကန်းတို့ဖြင့် လှူဒါန်းပူဇော်၍ ဗျာဒိတ်ခံယူတော်မူခဲ့သည်။

စာမျက်နှာ-271


၅။ ရေဝတမြတ်စွာဘုရား
သုမနမြတ်စွာဘုရားနောက် ပွင့်တော်မူသည့် ရေဝတမြတ်စွာဘုရား လက်ထက်တော်တွင် ဂေါတမဘုရားလောင်းသည် အတိဒေဝ အမည်ရှိ ပုဏ္ဏားပညာရှိ ဖြစ်ခဲ့၍ မြတ်စွာဘုရား၏ ဂုဏ်တော်များကို ဂါထာတစ်ထောင်ဖြင့် ချီးကျူးပူဇော်ခြင်း၊ အသပြာတစ်ထောင်တန်သော အပေါ်ရုံဖြင့် ပူဇော်ခြင်းပြုလုပ်၍ ဗျာဒိတ်ခံယူတော်မူခဲ့သည်။

၆။ သောဘိတမြတ်စွာဘုရား

ရေဝတမြတ်စွာဘုရားနောက် ပွင့်တော်မူလာသည့် သောဘိတမြတ်စွာဘုရား လက်ထက်တော်၌ ဂေါတမဘုရားအလောင်းတော်သည် သုဇာတ အမည်ရှိ ပုဏ္ဏားပညာရှိ ဖြစ်၍ ဘုရားအမှူးရှိသော သံဃာတော်တို့အား ဝါတွင်းသုံးလပတ်လုံး ကြီးစွာသော အလှူဒါနကို ပေးလှူလျက် ဗျာဒိတ်ခံယူတော်မူခဲ့သည်။

၇။ အနောမဒဿီမြတ်စွာဘုရား

ထို့နောက် ဘုရားမပွင့်သည့် သုညကမ္ဘာများ မရေတွက်နိုင်လောက်အောင် ကမ္ဘာအသင်္ချေ လွန်လေပြီးသောအခါ အနောမဒဿီမြတ်စွာဘုရား၊ ပဒုမမြတ်စွာဘုရား၊ နာရဒမြတ်စွာဘုရားဟူ၍ ဘုရားသုံးဆူ ပွင့်တော်မူသော ဝရကမ္ဘာသို့ ရောက်ရှိခဲ့သည်။ အနောမဒဿီမြတ်စွာဘုရား လက်ထက်တော်တွင် ဂေါတမဘုရားလောင်းသည် ဘီလူးစစ်သေနာပတိ ဖြစ်၍ ဘုရားအမှူးရှိသော သံဃာတော်များအား ၇-ရက်ပတ်လုံး ဆွမ်းအဖျော်တို့ဖြင့် ပေးလှူ၍ ဗျာဒိတ်ခံယူတော်မူခဲ့သည်။

၈။ ပဒုမမြတ်စွာဘုရား

အနောမဒဿီဘုရားရှင်နောက် ဆက်လက်၍ ပွင့်တော်မူသော ပဒုမမြတ်စွာဘုရား လက်ထက်တော်တွင် ဂေါတမဘုရားလောင်းသည် ခြင်္သေ့မင်း ဖြစ်၍ ၇-ရက်ပတ်လုံး နိရောဓသမာပတ် ဝင်စားတော်မူနေသော မြတ်စွာဘုရားကို အလွန်ဝမ်းမြောက်ကြည်ညိုစိတ်ဖြင့် အသက်စွန့်လှူကာ ဆည်းကပ်ခြင်း၊ ကုဋေများစွာသော ရဟန်းတော်တို့အပေါ်၌ ကြည်ညိုစိတ်ဖြစ်လျက် ဗျာဒိတ်ခံယူတော်မူခဲ့သည်။

စာမျက်နှာ-272


၉။ နာရဒမြတ်စွာဘုရား

ထို့နောက် ဝရကမ္ဘာတွင် ပွင့်တော်မူသော ဘုရားသုံးဆူအနက် နောက်ဆုံးဖြစ်သော နာရဒဘုရားရှင် လက်ထက်တော်တွင် ဂေါတမဘုရားလောင်းသည် အဘိညာဉ်ငါးပါး၊ သမာပတ်ရှစ်ပါးတို့ကို ရသော ရသေ့ ဖြစ်၍ မိမိ၏ သင်္ခမ်းကျောင်းသို့ ကြွလာသော ဘုရားရှင်နှင့်တကွ ရဟန္တာပေါင်း ကုဋေရှစ်ဆယ်၊ အနာဂါမ်ဥပါသကာပေါင်း တစ်သောင်းတို့ကို သင်္ခမ်းကျောင်းများ ဖန်ဆင်းပေး၍ တစ်ညဉ့်ပတ်လုံး ဘုရားရှင်၏ ဂုဏ်တော်တို့ကို ချီးကျူးလျက် ဘုရားနှင့်တကွ သံဃာပရိသတ်၊ ဥပါသကာပရိသတ်တို့အား ဆွမ်းစသော အစာအာဟာရတို့ကို လှူဒါန်းခြင်း၊ မြတ်စွာဘုရားအား စန္ဒကူးနံ့သာနီကို လှူဒါန်းခြင်းပြု၍ ဗျာဒိတ်ခံယူတော်မူခဲ့သည်။

၁၀။ ပဒုမုတ္တရမြတ်စွာဘုရား

အနောမဒဿီ၊ ပဒုမ၊ နာရဒ တည်းဟူသော ဘုရားသုံးဆူတို့ ပွင့်တော်မူရာ ဝရကမ္ဘာကြီး ကုန်ဆုံးပြီးနောက် မည်ရွေ့မည်မျှ ဂဏန်းချ၍ မရေတွက်နိုင်အောင် များပြားလှစွာသော ဘုရားမပွင့်သည့် သုညကမ္ဘာပေါင်း (တစ်သင်္ချေ) ကို လွန်မြောက်ပြီးသော် ဤကမ္ဘာမှ ပြန်၍ ရေတွက်ပါက ကမ္ဘာတစ်သိန်းအထက်၌ ပဒုမုတ္တရ တစ်ဆူတည်းသော ဘုရားပွင့်တော်မူသည့် သာရကမ္ဘာသို့ ရောက်ရှိခဲ့သည်။ ပဒုမုတ္တရမြတ်စွာဘုရား လက်ထက်တော်၌ ဂေါတမဘုရားလောင်းသည် ကုဋေများစွာ ဥစ္စာကြွယ်ဝသော ဇဋိလ အမည်ရှိသော တိုင်းကြပ်မင်း ဖြစ်၍ ဘုရားအမှူးရှိသော သံဃာအပေါင်းအား ဆွမ်း၊ ခဲဖွယ်ဘောဇဉ်နှင့်တကွ သင်္ကန်းလျာအထည် အလှူကြီးပေးလှူ၍ ဗျာဒိတ်ခံယူတော်မူခဲ့သည်။

၁၁။ သုမေဓမြတ်စွာဘုရား

ထို့နောက် သုညကမ္ဘာပေါင်း ခုနစ်သောင်း ကုန်လွန်ပြီးနောက် သုမေဓမြတ်စွာဘုရားနှင့် သုဇာတမြတ်စွာဘုရား နှစ်ဆူပွင့်တော်မူရာ မဏ္ဍကမ္ဘာသို့ ရောက်ရှိခဲ့သည်။ သုမေဓမြတ်စွာဘုရား လက်ထက်တွင် ဂေါတမဘုရားလောင်းသည် ဥတ္တရ အမည်ရှိ လုလင်ဖြစ်၍ ဘုရားအမှူးရှိသော သံဃာတော်တို့အား ကုဋေရှစ်ဆယ်မျှသော ပစ္စည်းဥစ္စာတို့ကို လှူဒါန်းခဲ့သည်၊ မြတ်စွာဘုရား၏ တရားတော်ကို နာရ၍ သရဏဂုံသုံးပါးတို့၌ တည်၍ ရဟန်းပြုပြီးလျှင် ဗျာဒိတ်ခံယူတော်မူခဲ့သည်။

စာမျက်နှာ-273


၁၂။ သုဇာတမြတ်စွာဘုရား

သုမေဓမြတ်စွာဘုရား ပွင့်တော်မူပြီးနောက် ဆက်လက်၍ ပွင့်တော်မူသော သုဇာတမြတ်စွာဘုရား လက်ထက်တော်၌ ဂေါတမဘုရားလောင်းသည် စကြာမင်း ဖြစ်၍ ဘုရားအမှူးရှိသော သံဃာတော်တို့အား ရတနာခုနစ်ပါးတို့နှင့်တကွ ထီးနန်းစည်းစိမ်ကြီးကို လှူဒါန်း၍ ဗျာဒိတ်ခံယူတော်မူခဲ့သည်။

၁၃။ ပိယဒဿီမြတ်စွာဘုရား

သုမေဓမြတ်စွာဘုရားရှင်နှင့် သုဇာတမြတ်စွာဘုရားရှင်တို့ ပွင့်တော်မူရာ မဏ္ဍကမ္ဘာ ကုန်ဆုံးပြီးနောက် ပိယဒဿီမြတ်စွာဘုရား၊ အတ္ထဒဿီမြတ်စွာဘုရား၊ ဓမ္မဒဿီမြတ်စွာဘုရားဟူ၍ ဘုရားသုံးဆူ ပွင့်တော်မူရာ ဝရကမ္ဘာသို့ ရောက်ရှိခဲ့သည်။ ပိယဒဿီမြတ်စွာဘုရား လက်ထက်တော်တွင် ဂေါတမဘုရားလောင်းသည် ဗေဒင်သုံးရပ် တတ်ကျွမ်းသော ကဿပ ပုဏ္ဏားလုလင်ဖြစ်၍ ဘုရားရှင်၏ တရားတော်ကို နာရ၍ သဒ္ဓါတရား အလွန်ဖြစ်လျက် ကုဋေတစ်သိန်းသော ဥစ္စာကို စွန့်ပြီး သံဃာ့အာရာမ်ကြီးကို ဆောက်လုပ်လှူဒါန်းခြင်း၊ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလကို မြဲစွာ ဆောက်တည်ခြင်းပြုလျက် ဗျာဒိတ်ခံယူတော်မူခဲ့သည်။

၁၄။ အတ္ထဒဿီမြတ်စွာဘုရား

ပိယဒဿီမြတ်စွာဘုရားနောက် ဆက်လက်ပွင့်တော်မူသည့် အတ္ထဒဿီမြတ်စွာဘုရား လက်ထက်တော်၌ ဂေါတမဘုရားလောင်းသည် သုသီမ အမည်ရှိ ရသေ့ဖြစ်၍ မြတ်စွာဘုရား၏ တရားကို နာယူပြီး နတ်ပြည်သို့ သွားရောက်၍ နတ်ပြည်မှ ထင်ရှားပန်းစသည်ကို ယူဆောင်ကာ ပန်းမဏ္ဍပ်ကြီး ဆောက်လုပ်ပြီး ဘုရားရှင်အား ကပ်လှူပူဇော်ခြင်းပြု၍ ဗျာဒိတ်ခံယူတော်မူခဲ့သည်။

၁၅။ ဓမ္မဒဿီမြတ်စွာဘုရား

ထို့နောက် ပွင့်တော်မူလာသော ဓမ္မဒဿီမြတ်စွာဘုရား လက်ထက်တော်၌ ဂေါတမဘုရားလောင်းသည် သိကြားမင်း ဖြစ်၍ စတုမဟာရာဇ်၊ တာဝတိံသာဟူသော နှစ်ပြည်ထောင်နတ်အပေါင်းတို့ ခြံရံလျက် မြတ်စွာဘုရားအား နတ်၌ဖြစ်သော နံ့သာပန်း၊ တူရိယာတို့ဖြင့် ပူဇော်လျက် ဗျာဒိတ်ခံယူတော်မူခဲ့သည်။

စာမျက်နှာ-274


၁၆။ သိဒ္ဓတ္ထမြတ်စွာဘုရား

တဖန် ကမ္ဘာပေါင်း တစ်ထောင့်ခုနစ်ရာခြောက်ကမ္ဘာ လွန်မြောက်ပြီးနောက် ဤကမ္ဘာမှ ပြန်၍ ရေတွက်သော် ကိုးဆယ့်လေးကမ္ဘာထက်၌ ပွင့်တော်မူလာသော သိဒ္ဓတ္ထမြတ်စွာဘုရား လက်ထက်တော်၌ ဂေါတမဘုရားလောင်းသည် မင်္ဂလ ပုဏ္ဏားဖြစ်၍ သူဆင်းရဲတို့အား ကုဋေပေါင်းများစွာသော ဥစ္စာစုကို စွန့်လွှတ်ပြီး ရသေ့ပြုသည်။ ရသေ့အဖြစ်ဖြင့် ဈာန်အဘိညာဉ်တို့ကို ရလျက် မြတ်စွာဘုရားအမှူးရှိသော ကုဋေကိုးဆယ်သော သံဃာတော်တို့အား ဇမ္ဗုသပြေသီးမှည့်တို့ဖြင့် ဆက်ကပ်လှူဒါန်း၍ ဗျာဒိတ်ခံယူတော်မူခဲ့သည်။

၁၇။ တိဿမြတ်စွာဘုရား

သိဒ္ဓတ္ထမြတ်စွာဘုရား ပွင့်တော်မူရာ ကမ္ဘာကုန်ဆုံးပြီးနောက် ဘုရားမပွင့်သော သုညကမ္ဘာတစ်ခုခြား၍ ကိုးဆယ့်နှစ်ကမ္ဘာမြောက်၌ ပွင့်တော်မူသော တိဿမြတ်စွာဘုရား လက်ထက်တော်တွင် ဂေါတမဘုရားလောင်းသည် သုဇာတမင်း ဖြစ်၍ မိမိပိုင်သော ကုဋေပေါင်းများစွာသော ဥစ္စာဘဏ္ဍာစု၊ နှစ်သက်ဖွယ် အခြွေအရံကောင်းများနှင့် ထီးနန်းစည်းစိမ်ကို စွန့်လွှတ်၍ ရသေ့ပြုသည်။ တန်ခိုးကြီးမားသော ရသေ့အဖြစ်ဖြင့် မြတ်စွာဘုရားအား နတ်ပန်းများနှင့် ပဒုမ္မာကြာပန်းထီးကို လှူဒါန်းပူဇော်၍ ဗျာဒိတ်ခံယူတော်မူခဲ့သည်။

၁၈။ ဖုဿမြတ်စွာဘုရား

ထို့နောက် ဆက်လက်ပွင့်တော်မူသော ဖုဿမြတ်စွာဘုရား လက်ထက်တော်၌ ဂေါတမဘုရားလောင်းသည် ဝိဇိတာဝီ အမည်ရှိ စကြာမင်းကြီးဖြစ်၍ ဘုရားရှင်၏ တရားတော်ကို နာယူရသဖြင့် မြတ်စွာဘုရား၌ လွန်စွာ ကြည်ညို၍ အလှူကြီးပေးကာ ထီးနန်းစည်းစိမ်ကို စွန့်လွှတ်ပြီး ဘုရားရှင်ထံ၌ ရဟန်းပြု၏။ ရဟန်းဘဝဖြင့် ပိဋကသုံးပုံဆောင်ခြင်း၊ လူတို့အား တရားဟောခြင်း၊ သီလပါရမီကို ကောင်းစွာ ဖြည့်ခြင်းတို့ကို ပြုလျက် ဗျာဒိတ်ခံယူတော်မူခဲ့သည်။

၁၉။ ဝိပဿီမြတ်စွာဘုရား

တိဿမြတ်စွာဘုရားနှင့် ဖုဿမြတ်စွာဘုရား ပွင့်တော်မူရာ ကမ္ဘာကုန်ဆုံးပြီးနောက် ကိုးဆယ့်တစ်ကမ္ဘာမြောက် ပွင့်တော်မူသော ဝိပဿီမြတ်စွာဘုရား လက်ထက်တော်၌ ဂေါတမဘုရားအလောင်းတော်သည် အတုလနဂါးမင်း ဖြစ်၍ ဘုရားအမှူးရှိသော သံဃာတော်တို့အား ခုနစ်ရက်ပတ်လုံး ပူဇော်သက္ကာရပြုပြီးလျှင် ဗျာဒိတ်ခံယူတော်မူခဲ့သည်။

စာမျက်နှာ-275


၂၀။ သိခီမြတ်စွာဘုရား

ဝိပဿီမြတ်စွာဘုရား ပွင့်တော်မူရာ ကပ်ကမ္ဘာကုန်ဆုံး၍ သုညကမ္ဘာပေါင်း ငါးဆယ့်ကိုးကမ္ဘာ လွန်မြောက်ပြီးနောက် ဤကမ္ဘာမှ ပြန်၍ ရေသည်ရှိသော် သုံးဆယ့်တစ်ကမ္ဘာထက်၌ သိခီမြတ်စွာဘုရားနှင့် ဝေဿဘူမြတ်စွာဘုရားရှင် နှစ်ဆူပွင့်တော်မူရာ မဏ္ဍကမ္ဘာသို့ ရောက်ရှိခဲ့သည်။ သိခီမြတ်စွာဘုရားရှင် လက်ထက်တော်၌ အရိန္ဒမမင်း ဖြစ်၍ မြတ်စွာဘုရားအမှူးရှိသော သံဃာတော်တို့အား နန်းတော်သို့ ပင့်၍ ခုနစ်ရက်ပတ်လုံး အလှူဒါနကြီး ပြုလုပ်၍ မင်္ဂလာဆင်တော်ကို မြတ်စွာဘုရားအား လှူဒါန်းပြီး ထိုဆင်တော်ကို တန်ဖိုးဖြတ်၍ တန်ဖိုးနှင့် ညီမျှသော အပ်စပ်သည့် ပစ္စည်းဝတ္ထုတို့ဖြင့် ဘုရားအမှူးပြုသော သံဃာတော်များအား လှူဒါန်းပူဇော်လျက် ဗျာဒိတ်ခံယူတော်မူခဲ့သည်။

၂၁။ ဝေဿဘူမြတ်စွာဘုရား

ထို့နောက် သိခီမြတ်စွာဘုရား ပွင့်တော်မူသည့် မဏ္ဍကမ္ဘာမှာပင် ဆက်လက်၍ ပွင့်တော်မူသော ဝေဿဘူမြတ်စွာဘုရား လက်ထက်တော်၌ ဂေါတမဘုရားလောင်းသည် သုဒဿန အမည်ရှိ မင်းဖြစ်၍ ဘုရားအမှူးရှိသော သံဃာတော်တို့အား သင်္ကန်းစသော အလှူဒါန၊ မြတ်စွာဘုရားအတွက် ဂန္ဓကုဋီကျောင်းတော်ကြီးနှင့် ရဟန်းတော်တို့အတွက် ကျောင်းပေါင်းတစ်ထောင် လှူဒါန်းခဲ့သည်။ ထို့နောက် မင်းစည်းစိမ်ကို စွန့်လွှတ်၍ ရဟန်းဘဝဖြင့် ဓုတင်တစ်ဆယ့်သုံးပါး ကျင့်ဆောင်၍ ဗျာဒိတ်ခံယူတော်မူခဲ့သည်။

၂၂။ ကကုသန္ဓမြတ်စွာဘုရား

ထို့နောက် ဘုရားမပွင့်သော သုညကမ္ဘာပေါင်း နှစ်ဆယ့်ကိုးကမ္ဘာ လွန်မြောက်ပြီးနောက် ကကုသန်မြတ်စွာဘုရား၊ ကောဏာဂုံမြတ်စွာဘုရား၊ ကဿပမြတ်စွာဘုရား၊ ဂေါတမမြတ်စွာဘုရား၊ အရိမေတ္တေယျမြတ်စွာဘုရား တည်းဟူသော ဘုရားငါးဆူ ပွင့်တော်မူရာ ဤဘဒ္ဒကမ္ဘာသို့ ရောက်ရှိခဲ့သည်။ ထိုဘုရားငါးဆူတို့တွင် ရှေးဦးစွာ ပွင့်တော်မူသော ကကုသန်မြတ်စွာဘုရား လက်ထက်တော်၌ ဂေါတမဘုရားလောင်းသည် ခေမ အမည်ရှိ မင်းဖြစ်၍ ဘုရားအမှူးရှိသော ရဟန်းအပေါင်းအား သင်္ကန်း၊ ဆွမ်း၊ ဆေးစသော လှူဖွယ်တို့ကို လှူဒါန်းသည်။ ထို့နောက် ရဟန်းပြု၍ ဗျာဒိတ်ခံယူတော်မူခဲ့သည်။

၂၃။ ကောဏာဂမနမြတ်စွာဘုရား

ထို့နောက် ကောဏာဂုံမြတ်စွာဘုရား လက်ထက်တော်၌ မိထိလာမြို့၌ ပဗ္ဗတ အမည်ရှိသော မင်းဖြစ်၍ မိထိလာမြို့သို့ ကြွတော်မူလာသော မြတ်စွာဘုရားနှင့်...

စာမျက်နှာ-276


ရဟန်းအပေါင်းအား အလှူဒါနကြီးပြု၍ ဝါတွင်းသုံးလပတ်လုံး ဝါကပ်သီတင်းသုံးစေတော်မူလျက် ပြုစုလုပ်ကျွေးခြင်း၊ သင်္ကန်းလျာများ လှူဒါန်းပူဇော်၍ ဗျာဒိတ်ခံယူတော်မူခဲ့သည်။

၂၄။ ကဿပမြတ်စွာဘုရား

ကကုသန်မြတ်စွာဘုရား၊ ကောဏာဂုံမြတ်စွာဘုရားရှင်တို့ ပွင့်တော်မူရာ ဤဘဒ္ဒကမ္ဘာမှာပင် ဆက်လက်ပွင့်တော်မူသော ကဿပမြတ်စွာဘုရား လက်ထက်တော်၌ ဂေါတမဘုရားလောင်းသည် ဇောတိပါလ လုလင်ဖြစ်၍ ကဿပမြတ်စွာဘုရား၏ အလုပ်အကျွေးဖြစ်သော အနာဂါမ် ဃဋိကာရ ဥပါသကာနှင့် မိတ်ဆွေဖြစ်၍ မြတ်စွာဘုရားနှင့် ရင်းနှီးခွင့်ရသဖြင့် ဘုရားရှင်ထံတော်၌ ရဟန်းပြု၏။ ရဟန်းဘဝ၌ ပိဋကသုံးပုံကို သင်အံကြိုးကုတ် တတ်မြောက်၍ ဗျာဒိတ်ခံယူတော်မူခဲ့သည်။

ဤကား ပဒုမုတ္တရဘုရားရှင် ခြေတော်မှောက်၌ ပထမဆုံး နိယတဗျာဒိတ် ခံယူခဲ့ပြီးနောက် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလအတွင်း၌ ပွင့်တော်မူသော သဗ္ဗညုမြတ်စွာဘုရား ၂၄-ဆူတို့ထံ၌ ပါရမီတော်များကို ဘဝအဆက်ဆက် ဖြည့်ကျင့်ဆည်းပူး၍ ထပ်ကာထပ်ကာ ဗျာဒိတ်ခံတော်မူခဲ့ခြင်း ဖြစ်ပါသည်။ ဘုရားမပွင့်သည့် သုညကမ္ဘာပေါင်း လေးသင်္ချေ၌လည်း ဘဝတိုင်း ဘဝတိုင်း ပါရမီတော် ၁၀-ပါးတို့ကို အဆက်မပြတ် ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့ရသည်။ ဤကဲ့သို့ ရှည်လျားလှစွာသော ကမ္ဘာအသင်္ချေတို့ ကာလပတ်လုံး ဘဝဆက်တိုင်း ပါရမီတော်တို့ကို ရိုသေစွာ ဖြည့်ကျင့်ဆည်းပူးပြီးနောက်မှသာလျှင် သဗ္ဗညုဘုရားရှင်အဖြစ်သို့ ရောက်တော်မူခဲ့ရသည်ကို မှန်းဆကြည်ညိုနိုင်ရန် အကျဉ်းမျှ ဖော်ပြခြင်း ဖြစ်ပါသည်။

စာမျက်နှာ-277


(အပိုင်း-၃၊ အခန်း-၉၊ ဒါနပြုရန် တိုက်တွန်းခြင်း)

ပေးကမ်းခြင်း အောင်စေရာ

လောက၌ ပေးနိုင်ကမ်းနိုင်လျှင် မျက်နှာပွင့်သည်၊ အရာခပ်သိမ်းကို အောင်မြင်နိုင်သည်။ “ဒါနံ သဗ္ဗတ္ထသာဓကံ = ဒါနသည် လောကီလောကုတ္တရာ ခပ်သိမ်းသော အကျိုးကို ပြီးစီးစေနိုင်သည်။” လုပ်ငန်းကိစ္စများကို ဆောင်ရွက်ရာ၌ ပေးကမ်းခြင်းကို ရှေ့ထားပြုပါက အောင်မြင်မှု ဆုလာဘ်ကို မလွဲမသွေ ရရှိနိုင်ပေသည်။ ပေးကမ်းခြင်းဖြင့် မေတ္တာနှောင်ကြိုး ဖွဲ့ချည်နိုင်သည်။ ရှိပြီးသော မေတ္တာနှောင်ကြိုးကို ပို၍ ခိုင်မြဲစေနိုင်သည်။ မုန်းစိတ်ကို ပျောက်စေ၍ ချစ်စိတ်ရောက်စေနိုင်သည်။

မေတ္တာ၏ ရုပ်သွင်

ပေးကမ်းခြင်းသည် မေတ္တာ၏ ရုပ်သွင်ဖြစ်သည်။ မေတ္တာတရားကို ကာယကံ၊ ဝစီကံတို့ဖြင့် ပီပီပြင်ပြင် ပုံဖော်ခြင်း ဖြစ်သည်။ မေတ္တာရှိမှသာလျှင် ပေးနိုင်ကမ်းနိုင်သည်၊ ကျွေးနိုင်မွေးနိုင်သည်။ မေတ္တာဓာတ် လုံးဝမရှိသူသည် ပေးလိုကမ်းလိုစိတ်မရှိ၊ ကျွေးလိုမွေးလိုစိတ်မရှိ။ သူတစ်ပါးအား ကျွေးလိုမွေးလိုစိတ်၊ ပေးလိုကမ်းလိုစိတ်သည် မေတ္တာတရားကို အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။

မေတ္တာဓာတ် နည်းပါးသူသည် ကလေးငယ်များ၊ ခွေးငယ်၊ ကြောင်ငယ်များကို ယုယခြင်းမရှိ၊ ကျွေးလိုမွေးလိုစိတ်မရှိ။ ယင်းကဲ့သို့ ကလေးငယ်များနှင့် တိရစ္ဆာန်ငယ်များကိုပင် မချစ်တတ်သူ တစ်ဦးထံမှ လူအိုလူမင်းများ၊ လူမမာများကို ပြုစုယုယလိမ့်မည်ဟု မျှော်လင့်ဖွယ်ရာ မရှိပေ။

ထို့ကြောင့် ထိုင်ပါဦး၊ နားပါဦး၊ စားပါဦး၊ သောက်ပါဦး၊ ယူပါဦး စသည်ဖြင့် ပြောဆိုခြင်းသည် ဝစီကံမေတ္တာကို သရုပ်ဖော်ခြင်းဖြစ်သည်။ လက်တွေ့ပေးကမ်း ထောက်ပံ့ကျွေးမွေးခြင်းသည် ကာယကံမေတ္တာကို သရုပ်ဖော်ခြင်း ဖြစ်သည်။

စာမျက်နှာ-278


ဒါနပြုရန် ခက်ခဲခြင်း

သတ္တဝါတို့၏ ပင်ကိုသဘာဝသည် မိမိပစ္စည်းကို မပေးလို၊ နှမြောဝန်တိုတတ်၏။ ပေးရမည်ဆိုလျှင် တွန့်တိုလေ့ရှိသည်။ ယင်းဝန်တိုမှုကို “မစ္ဆရိယ” ဟု ခေါ်သည်။ မစ္ဆရိယကို နိုင်နင်းအောင် မနှိမ်နင်းနိုင်က ပေးကမ်းမှုဒါန အထမမြောက်နိုင်ချေ။ မစ္ဆရိယရန်သူကို အနိုင်ယူပြီးမှသာလျှင် အလှူဒါန အထမြောက်နိုင်သည်။

မြတ်စွာဘုရား လက်ထက်တော်က သာဝတ္ထိပြည်တွင် ဆင်းရဲသား ပုဏ္ဏားလင်မယားရှိသည်။ လင်မယားနှစ်ယောက်ပေါင်းမှ အပေါ်ရုံပုဆိုး (ခြုံထည်) တစ်ထည်သာ ရှိသည်။ ပွဲလမ်းသဘင်သို့ လင်သွားလျှင် မယားအိမ်မှာ နေရစ်ရ၍ မယားသွားလျှင် လင်အိမ်မှာ နေရစ်ရသည်။ ခြုံထည်တစ်ခုကိုပင် တစ်လှည့်စီခြုံ၍ ပွဲတိုးရသည်။ ပုဏ္ဏားကြီးသည် ဇေတဝန်ကျောင်းတော်၌ မြတ်စွာဘုရား တရားဟောတော်မူသည်ကို သွားရောက်နာယူသည့်အခါ စေတနာ သဒ္ဓါတရား တဖွားဖွား ပေါ်ပေါက်လာ၍ အပေါ်ရုံပုဆိုးကို မြတ်စွာဘုရားအား လှူဒါန်းရန် စိတ်ကူးလိုက်သည်။ လှူလိုက်ပါက လင်ရော မယားပါ ပွဲတိုးစရာ ခြုံထည် မရှိတော့မည်ကို တွေးတောမိပြန်၍ လှူရန် စိတ်ကူးကို ပယ်ဖျက်လိုက်ပြန်သည်။ တစ်ဖန် လှူချင်စိတ် ပေါ်လာပြန်သည်။ သို့ရာတွင် နှမြောစိတ်က တားလိုက်သည်။ အလှူစိတ်ကူး ပျက်သွားပြန်သည်။ ဤသို့ဖြင့် ညဉ့်သုံးယာမ်ပတ်လုံး တရားပွဲမပြီးမချင်း လှူရန် စိတ်ကူးလိုက်၊ နှမြောစိတ်က နှောင့်ယှက်လိုက် ချီတုံချတုံ ဖြစ်နေခဲ့သည်။

တရားပွဲပြီးခါနီးသောအခါ “မရှိလို့ မလှူ၊ မလှူလို့ မရှိ” ဤကဲ့သို့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်နှင့် ကြုံတောင့်ကြုံခဲ ကြုံရခိုက်တွင်မှ မလှူလိုက်နိုင်လျှင် မိုက်ရာကျတော့မည်ဟု ဆင်ခြင်စဉ်းစား၍ အပေါ်ရုံပုဆိုးကို မြတ်စွာဘုရားအား လှူဒါန်းရန် ယတိပြတ် ဆုံးဖြတ်လိုက်တော့သည်။ ဆုံးဖြတ်ပြီးနောက် အပေါ်ရုံပုဆိုးကို သေသပ်စွာခေါက်၍ မြတ်စွာဘုရားလက်တော်အရောက် ကပ်လှူပြီးလျှင် “အောင်ပြီ၊ အောင်ပြီ” ဟု စစ်ပွဲကြီးကို နိုင်ခဲ့သော ဗိုလ်ချုပ်ကြီးတစ်ဦးကဲ့သို့ ဝင့်ကြွားသော အသံဖြင့် သုံးကြိမ်တိုင်တိုင် ကြွေးကြော်လိုက်တော့သည်။

ဤဝတ္ထုကြောင်းကို သုံးသပ်ကြည့်ပါက အလှူဒါနတစ်ခု အထမြောက်နိုင်ရန် မည်မျှ ခက်ခဲသည်ကို ရိပ်စားမိလောက်ပေပြီ။

စာမျက်နှာ-279


ဒါနကို လေ့ကျင့်ခြင်း

ထို့ကြောင့် စကားမပီတပီ လူမမည်ကလေးအရွယ်ကပင် စတင်၍ ပေးလိုစိတ်ကို လေ့ကျင့်ပေးရသည်။ ပေးချင်စိတ် ဖြစ်ပေါ်လာအောင် သင်ကြားပေးရသည်။ ကလေးငယ်၏ လက်တွင်းရှိ မုန့်ပဲသရေစာကို “ပေးစမ်းပါ” တောင်းသူက တောင်း၍ မိဘအုပ်ထိန်းသူက “စားပါဦးလို့ ပြောလိုက်၊ ယူပါဦးလို့ ပြောလိုက်” စသည်ဖြင့် တိုက်တွန်းသင်ပြလေ့ရှိကြသည်။ စကား၌ နားလည်၍ အသိဉာဏ် အသင့်အတင့် ရှိလာသည့်အရွယ်တွင် သားငယ် သမီးငယ်များကို ဘုရားရှင်အား ဆွမ်းကပ်၊ ပန်းကပ်၊ ရေကပ်၊ ဆီမီးကပ်လှူခိုင်းခြင်း၊ ဆွမ်းခံဘုန်းကြီးအား ဆွမ်းလောင်းခိုင်းခြင်း၊ သီလရှင်များအား ဆွမ်းဆန်လောင်းလှူခိုင်းခြင်းဖြင့် အလှူဒါနပြုလုပ်မှုကို လက်တွေ့သင်ကြား လေ့ကျင့်ပေးရသည်။ ထို့ပြင် ဖုန်းတောင်းယာစကာများနှင့် ခိုကိုးရာမဲ့သူများအား ပေးကမ်းစွန့်ကြဲမှု ပြုလုပ်စေခြင်းဖြင့်လည်း ဒါနပြုမှု အလေ့အကျင့်ရရှိစေသည်။ မိဘများက စေခိုင်းပေးရသည်။ ငါးပြား ဆယ်ပြားမှစ၍ မိမိအလှူကို ဂုဏ်ယူတတ်စေရန်၊ အလှူရှင်အဖြစ်ကို ခံယူတတ်စေရန် လေ့ကျင့်သင်ကြားပေးကြရသည်။

မိမိကိုယ်တိုင် လေ့ကျင့်ခြင်း

အမျိုးသားနှင့် အမျိုးသမီးတို့တွင် အမျိုးသမီးများသည် အလှူဒါနအရာ၌ အမျိုးသားများထက် ပြုလွယ်ကြသည်။ အမျိုးသားများမှာ အသေးစားဒါနမှုများကို ပြုလုပ်လိုခြင်းမရှိဘဲ ဘုရားတည် ကျောင်းဆောက် အကြီးစားဒါနပြု၍ ဘုရားဒကာ ကျောင်းဒကာအဖြစ် ခံယူလိုကြသည်။ သို့ရာတွင် ဘုရားတည်ကျောင်းဆောက် လှူဒါန်းရန်မှာ ငွေပေါင်း သိန်းနှင့် သန်းနှင့်ချီ၍ ကုန်ကျရမည်ဖြစ်ရာ ထိုကဲ့သို့ အကြီးစားဒါနမျိုးလည်း မလုပ်နိုင်၊ နေ့စဉ်ပြုရမည့် အသေးစားဒါနမှုများကိုလည်း မလုပ်ဖြစ်။ နောက်ဆုံးတွင် အိုမင်းမစွမ်း အရွယ်ရောက်လာ၍ ဒါနကုသိုလ် ထုထုထည်ထည် မစုဆောင်းမိဘဲ သေရာညောင်စောင်း လဲလျောင်းသည့်အခါ အားကိုးရာမဲ့ ဖြစ်ကြရသည်။

ထို့ကြောင့် အထူးသဖြင့် အမျိုးသားများအား တိုက်တွန်းလိုသည်မှာ အလှူဒါနအမျိုးမျိုးတို့တွင် အလွယ်ကူဆုံး၊ စရိတ်စက အနည်းဆုံးဖြစ်သော မိမိအိမ်ရှိ မြတ်စွာဘုရားအား ရေချမ်းကပ်လှူခြင်း၊ ပန်းကပ်လှူခြင်း၊ ဆီမီးကပ်လှူခြင်း၊ ဆွမ်းတော်ကပ်လှူခြင်း၊ ဆွမ်းခံကိုယ်တော်အား ဆွမ်းလောင်းလှူခြင်းတို့ကို နေ့စဉ်နေ့တိုင်း အမြဲတစေ နိစ္စဓူဝ ဝတ္တရားတစ်ခုအဖြစ် သတ်မှတ်ထား၍ ပြုလုပ်သင့်ကြသည်။ သေးငယ်သော ဒါနအမှုဟူ၍ အထင်မသေးသင့်။ နေ့ပေါင်း...

စာမျက်နှာ-280


ရက်ပေါင်း၊ လပေါင်း၊ နှစ်ပေါင်း များလာသောအခါ ဒါနကုသိုလ် အထုပ်အထည် စုမိဆောင်းမိ ဖြစ်လာနိုင်သည်။ တစ်နေ့လှူသော ရေတစ်ဖန်ခွက်သည် နှစ်ပေါင်း သုံးလေးဆယ် ကြာလာသောအခါ ရေဂါလံ ထောင်ပေါင်းများစွာ လှူပြီးဖြစ်တော့သည်။ တစ်နေ့ ပန်းတစ်ပွင့် လှူသူသည် နှစ်ပေါင်း သုံးလေးဆယ် ကြာလာသောအခါ ပန်းပွင့်ပေါင်း သောင်းကျော် ဖြစ်လာမည်။ တစ်နေ့လျှင် ဆွမ်းတစ်ဇွန်းမျှ ကပ်လှူလောင်းလှူသူသည် နှစ်ပေါင်း သုံးလေးဆယ် ကြာလာသောအခါ ဆန်အတင်း ငါးဆယ်ချက်ခန့် ကပ်လှူလောင်းလှူပြီး ဖြစ်တော့သည်။

ဤကား လှူဖွယ်ဝတ္ထုပစ္စည်းအနေဖြင့် စုဆောင်းမိသည့် ထုထည်ပမာဏကို ခန့်မှန်းတွက်ချက်ခြင်းဖြစ်သည်။ နေ့စဉ်ပွားများအားထုတ်ခဲ့ရသော ဒါနကုသိုလ် စေတနာ ဖြစ်ပေါ်ခဲ့သည့်အကြိမ်များကား သိန်းသန်းကုဋေမက မရေမတွက်နိုင် ကုသိုလ်စေတနာပေါင်း အသင်္ချေအသင်္ချာ စုဆောင်းမိတော့သည်။ ထိုပုဂ္ဂိုလ်သည် ဇရာထောင်း၍ သေရာညောင်စောင်း လဲလျောင်းရသည့်အခါ မိမိပြုခဲ့သည့် ဒါနကုသိုလ်အစုစုကို အားကိုးအားထား ရရှိထားပြီးဖြစ်၍ ရိက္ခာထုပ် အပြည့်အဝဖြင့် ခရီးထွက်ရသော ယောက်ျားသည် ရှေ့ဆက်ရမည့် လမ်းခရီးအတွက် စိုးရိမ်ကြောင့်ကြမှုမရှိ ပျော်ရွှင်စွာ ခရီးထွက်နိုင်သကဲ့သို့ ဒါနကုသိုလ်မှု ထုထုထည်ထည် စုဆောင်းပြီးဖြစ်၍ တမလွန်ဘဝသို့ ကူးပြောင်းရာ၌ သေခြင်းတရားကို ရဲရဲဝံ့ဝံ့ ပြုံးပြုံးရွှင်ရွှင် ရင်ဆိုင်နိုင်လေသည်။

ထို့ကြောင့် နေ့စဉ်ပြုလုပ်ရမည့် ဒါနမှုတစ်ခုခုကို ဝတ္တရားတစ်ခုအဖြစ် သတ်မှတ်၍ မိမိတို့ကိုယ်တိုင် မိမိကိုယ်ကို ဆုံးမပဲ့ပြင်၍ ကုသိုလ်ဒါန ဆည်းပူးသင့်ကြပေသည်။

အိမ်တွင်းဒါန

လောကလူ့ဘောင် အိမ်ထောင်ရှင်တို့၏ တာဝန်ဝတ္တရားအရ မိဘကို လုပ်ကျွေးခြင်း၊ သားမယားကို ကျွေးမွေးခြင်း၊ အိမ်မွေးတိရစ္ဆာန်များအား ကျွေးမွေးခြင်းပြုရာ၌ မေတ္တာတရားရှေ့ထား၍ ကျွေးမွေးပါက ဒါနမြောက်သည်။ မိမိအကျိုးစီးပွားကို ရှေ့တန်းမတင်ဘဲ သူတစ်ပါးကောင်းကျိုး အဓိကထားသည့် စိတ်စေတနာဖြင့် ကျွေးမွေးပြုစုပါက အလှူဒါနပင် ဖြစ်တော့သည်။ မိမိအိမ်မှ နွားကို အစာကျွေးရာ၌ နွားကို ခိုင်းစားလိုစိတ် အဓိကမထားဘဲ လောလောဆယ် မိမိနွားအား ကောင်းကောင်းမွန်မွန် ဝဝလင်လင် စားစေလိုသော စေတနာထား၍ ကျွေးမွေးလျှင် ဒါနဖြစ်သည်။ အလားတူ မိမိအိမ်ရှိ ခွေးများကို ကျွေးမွေးရာ၌ အိမ်ကို စောင့်ရှောက်ပေလိမ့်မည်ဟူသော မျှော်လင့်ချက်ကို ရှေ့တန်းမတင်ဘဲ လောလောဆယ် သတ္တဝါများ ဝဝလင်လင် စားစေလိုသော စေတနာသန့်သန့်ဖြင့် ကျွေးမွေးလျှင် ဒါနပင်ဖြစ်တော့သည်။ မိမိသား...

စာမျက်နှာ-281


မယားကို ကျွေးမွေးထောက်ပံ့ရာ၌ စေတနာသန့်သန့် စေတနာကောင်းကောင်း ဖြူစင်သောစိတ်ဖြင့် ထောက်ပံ့ကျွေးမွေးပါက ဒါနပင် ဖြစ်တော့သည်။ မိခင်သည် ကလေးငယ်အား နို့တိုက်ရာ၌ ကလေးငယ် ဝဝလင်လင်ရှိ၍ ချမ်းသာစေလိုသော မေတ္တာစေတနာဖြင့် တိုက်ကျွေးခြင်းဖြစ်၍ စင်ကြယ်သော ဒါနပင် ဖြစ်လေသည်။

ဤကဲ့သို့ အိမ်တွင်းဒါနပြုရာ၌ စိတ်ထားတတ်ဖို့ များစွာ အရေးကြီးပေသည်။ မေတ္တာတရားရှေ့မထားဘဲ သံယောဇဉ်အနှောင်အဖွဲ့ကို ရှေ့ဆောင်မှု ပြုမိလျှင် ဒါနမမြောက်ဘဲ သာမန်အားဖြင့် ပေးကမ်းခြင်းတစ်မျိုးသာ ဖြစ်နိုင်ပေသည်။ ဤအချက်ကို သတိမပြုမိသော ပုဂ္ဂိုလ်များသည် မိမိသား မယား ဆွေမျိုးသားချင်းများကိုသာ ကျွေးမွေးထောက်ပံ့ ပေးကမ်းခြင်းသည် ဒါနမြောက်သည်ဟု ယူဆ၍ သူစိမ်းတရံဆံဖြစ်သော အလှူခံပုဂ္ဂိုလ်များအား လှူဒါန်းခြင်း ပေးကမ်းထောက်ပံ့ခြင်း မပြုတော့ဘဲ သားမယားကောင်းစားရေး၊ ဆွေမျိုးကောင်းစားရေးကိုသာ သဲကြီးမဲကြီး လုပ်နေတော့သည်။

၎င်း၏ အိမ်တွင်းဒါနမှာ သံယောဇဉ်တရား ရှေ့ဆောင်နေသဖြင့် ဒါနမမြောက်ဘဲ သာမန်ပေးကမ်းခြင်း အဆင့်မျှသာ ရှိတော့သည်။ မိမိစိတ်ကို မိမိလှည့်စားတတ်ကြသည်။ အမှန်စင်စစ် အိမ်တွင်းဒါနမှာ စင်ကြယ်သောဒါန ဖြစ်ရန် ခက်ခဲ၍ အားကိုးလောက်သော ဒါနကုသိုလ်မျိုး မဟုတ်ပေ။ သို့ရာတွင် တာဝန်အရ မလွှဲမရှောင်သာ ပြုလုပ်ကြရာ၌ မေတ္တာစေတနာ သဒ္ဓါတရား ဖြစ်ပေါ်နိုင်အောင် စိတ်ကို ပြုပြင်လျှင် ဖြစ်နိုင်ကြောင်း နည်းလမ်းပြခြင်းမျှသာ ဖြစ်တော့သည်။

အလှူခံ ရဲပါစေ

အချို့သော ပုဂ္ဂိုလ်များသည် မိမိအိမ်သို့ လာရောက်အလှူခံသည်ကို မနှစ်သက်ကြချေ။ အချင်းချင်း လှူရန် တိုက်တွန်းသည်ကိုလည်း မနှစ်သက်ကြချေ။ “ကိုယ်စေတနာရှိလျှင် ကိုယ်လှူမည်၊ လာရောက်တိုက်တွန်းရန် မလို၊ ဟောပြောရန် မလို” ဟု ဆိုလေ့ရှိကြသည်။ အမှန်စင်စစ် ထိုကဲ့သို့ လာရောက်အလှူခံသူအား ကျေးဇူးတင်တတ်ရမည်၊ အလွယ်တကူ အလှူထမြောက်အောင် လာရောက်ကူညီသည်။ ကုသိုလ်တရားဖြစ်ပွားရန် လာရောက်ကူညီသည်ဟု သဘောထားရမည်။ ကုသိုလ်လုပ်ဖြစ်အောင် လာရောက်သူဖြစ်၍ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား ရတနာထုပ်ကြီးကို အိမ်အရောက်လာပို့သည်ဟု ယူဆရမည်။ ဒါနကုသိုလ်သည် ဘဝဆက်တိုင်း အကျိုးခံစားရမည်ဖြစ်၍ ရွှေ၊ ငွေ၊ ရတနာတို့ထက် ပိုမိုအဖိုးတန်သော ရတနာဖြစ်သည်။ အလှူခံပုဂ္ဂိုလ်သည် အဖိုးတန်ရတနာများကို လှည့်လည်ပေးဝေနေသည်ဟု သဘောထားလျက်...

စာမျက်နှာ-282


အိမ်စဉ်လှည့်လည် အလှူခံရမည်။ သတ္တဝါသည် ပဋိသန္ဓေစတည်ကတည်းက ဘဝနိကန္တိကလောဘဇောဖြင့် စတင်၍ တွယ်တာကပ်ငြိခဲ့သည်။ လောဘတွယ်တာမှု၊ မစ္ဆရိယနှမြောဝန်တိုမှုတို့ဖြင့် လူ့ဘဝကို စတင်ခဲ့ရ၍ စကားပြောတတ်ကာစ ကလေးငယ်သည် “ပေးဘူး၊ ပေးဘူး” ဟူ၍သာ ဟစ်အော်ခဲ့သည်။ နှမြောဝန်တိုမှု၊ မပေးလိုမှုကို သင်ကြားပေးရန် မလို၊ တိုက်တွန်းရန် မလိုချေ။ နှမြောဝန်တိုမှု လျော့နည်းသွားအောင် ပေးလိုသည့်စိတ် ဖြစ်ပေါ်အောင် တိုက်တွန်းရန် လိုသည်။

ထို့ကြောင့် အလှူခံခြင်းသည် နှမြောဝန်တိုခြင်း နည်းပါးသွားစေရန်၊ တွယ်တာမှု နည်းပါးသွားစေရန်၊ ပေးကမ်းစွန့်လွှတ်နိုင်စေရန် တိုက်တွန်းခြင်းဖြစ်၍ မွန်မြတ်သော ဆောင်ရွက်ချက်ဖြစ်သည်။ အလှူခံ၍ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ မွန်မြတ်သော လုပ်ငန်းကို ဆောင်ရွက်ရခြင်း ဖြစ်သည်။ တက်တက်ကြွကြွ စိတ်ပါလက်ပါ ဆောင်ရွက်သင့်ကြပေသည်။

ဒါနကုသိုလ်အမှုကို သူတစ်ပါးအား မတိုက်တွန်းဘဲ လှုံ့ဆော်စည်းရုံးခြင်း မပြုဘဲ မိမိတစ်ဦးတည်းသာ ပြုလုပ်လျှင် နောင်တမလွန်ဘဝ၌ အကျိုးပေးသည့်အခါ ခြွေရံသင်းပင်း ကင်းမဲ့၍ တစ်ယောက်တည်း အထီးကျန်စွာ စည်းစိမ်ခံစားရသည်။ မိမိကိုယ်တိုင်လည်း ပြုလုပ်၍ သူတစ်ပါးကိုလည်း တိုက်တွန်းနှိုးဆော်စည်းရုံး လုပ်ဆောင်သော ပုဂ္ဂိုလ်သည် နောင်တမလွန်တွင် အကျိုးပေးသည့်အခါ ခြွေရံသင်းပင်း ပြည့်စုံစွာဖြင့် စည်းစိမ်ခံစားရသည်။

မြတ်စွာဘုရား လက်ထက်တော်က ပါယာသိစော်ဘွားကြီးသည် သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းရန် မိမိ၏ တပည့် ဥတ္တရလုလင်အား လွှဲအပ်ထားသည်။ ဥတ္တရလုလင်သည် ဆွမ်းအလှူဒါနကို ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်သည့်အပြင် မိမိလက်အောက်ငယ်သားများကိုလည်း တိုက်တွန်းနှိုးဆော်၍ ပြုလုပ်စေခဲ့သည်။ ၎င်းတို့ ကွယ်လွန်၍ တမလွန်ဘဝ ရောက်ကြသောအခါ ပါယာသိစော်ဘွားကြီးမှာ အခြွေအရံမရှိ၊ တစ်ဦးတည်း အထီးကျန်စွာ နတ်ဗိမာန်တစ်ခု၌ နတ်စည်းစိမ် ခံစားရသည်။ ဥတ္တရလုလင်မှာမူ စော်ဘွားကြီးထက် တစ်ဆင့်မြင့်သော နတ်ပြည်၌ ခြွေရံပရိသတ် စုံလင်စွာဖြင့် နတ်စည်းစိမ်ကို ခံစားရသည်။

စာမျက်နှာ-283


အခန်း-၁၀၊ ဒါနအဓိပ္ပါယ် ဖွင့်ဆိုခြင်း

ဒါနဟူသော စကားသည် ပါဠိစကား ဖြစ်၏။ ပါဠိနှင့် နီးစပ်သော ဗုဒ္ဓဘာသာ မြန်မာများအဖို့ ဒါနဆိုလျှင် မိမိပိုင်ဆိုင်သော ပစ္စည်းဝတ္ထုကို စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းဟု သဘောပေါက် နားလည်ကြ၏။ ပါဠိစကားလုံး ဖြစ်စေကာမူ မြန်မာစကားအဖြစ် နားလည်နေကြပြီ ဖြစ်သည်။ ထို့ကြောင့် ဒါနဟူသည် အလှူခံပုဂ္ဂိုလ်၏ အစီးအပွားကို အလိုရှိခြင်း၊ ပူဇော်သောအားဖြင့် မိမိပစ္စည်းဝတ္ထုကို အလှူခံပုဂ္ဂိုလ်တို့အား စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းပင် ဖြစ်၏ဟု ကျမ်းဂန်တို့၌ ဖွင့်ဆိုတော်မူကြ၏ (သာရတ္ထ၊ ၃-၁၉၃။ ဒီ၊ ဋီ၊ ၂၊ ၆၈။ မ၊ ဋီ၊ ၃၊ ၃၇။ အံ၊ ဋီ၊ ၃၊ ၂၂၁)။

စင်စစ်အားဖြင့် ဒါနဟူသည် ပစ္စည်းဝတ္ထုကို စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းသာမက သတ္တဝါတို့အား ဘေးမဲ့ပေးခြင်း၊ သတ္တဝါတို့၏ အသက် စည်းစိမ် အိုးအိမ်ကို သတ်ဖြတ် လုယက် ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်ခြင်း၊ ဘေးရန်အမျိုးမျိုးမှ ကာကွယ်စောင့်ရှောက်ခြင်းများလည်း ဒါနပင် ဖြစ်သည် (စရိယာ၊ ဋ္ဌ၊ ၂၉၇)။

ဒါန၏ အမည်ခွဲများ

ယင်းဒါနသည် ဆောက်တည်အပ်သော အကျင့်တစ်မျိုးဖြစ်၍ “ဝတ” လည်း မည်၏။ ပညာရှိများ ပညတ်ထားအပ်သောကြောင့် မြတ်သော အကျင့်၊ ဘုရားအစရှိသော သူတော်သူမြတ်တို့၏ အကျင့် ဖြစ်သောကြောင့်— ဗြဟ္မစရိယ လည်း မည်၏။ ပစ္စုပ္ပန်၊ တမလွန် နှစ်တန်သော ဘဝတို့၌ လောကီစည်းစိမ်ချမ်းသာနှင့် ဈာန်၊ ဝိပဿနာ၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ဟူသော လောကုတ္တရာချမ်းသာကို ပေးတတ် ဆောင်နှင်းတတ်သောကြောင့် “နိဒါန” လည်း မည်၏။ လူ့စည်းစိမ်၊ နတ်စည်းစိမ်တို့၏ အခြေခံအကြောင်းရင်း ဖြစ်၍ “မူလ” လည်း မည်၏။ သုံးဆောင်ခံစားအပ်သော နှစ်သက်ဖွယ် အာရုံတို့ကို မှီ၍ ဖြစ်ပေါ်လာသော ချမ်းသာတို့၏ တည်နေရာ ခိုင်မာသော ဌာနဖြစ်၍ “ပတိဋ္ဌာ” လည်း မည်၏။

ဒါနသည် တစ်စုံတစ်ရာ အခက်အခဲ အကျပ်အတည်းနှင့် တွေ့ကြုံဆုံဆည်းနေသူတို့၏ အကာအကွယ် အစောင့်အရှောက် အထောက်အကူ ဖြစ်၍ မှီခိုရာ၊ ထောက်တည်ရာ၊ လားရာ၊ ကိုးကွယ်ရာ၊ လဲလျောင်းရာ ဖြစ်သောကြောင့်...

စာမျက်နှာ-284


“တာဏ၊ လေဏ၊ ဂတိ၊ ပရာယဏ” တို့လည်း မည်၏။ သတ္တဝါတို့၏ ပစ္စုပ္ပန်၊ တမလွန် နှစ်တန်သော ဘဝတို့၌ တိုးတက်ကြီးပွားကြောင်းဖြစ်၍ “ဒက္ခိဏာ” လည်း မည်၏။ ပူဇော်အပ် ပူဇော်ကြောင်း ဖြစ်၍ “ယည၊ ယာဂ” တို့လည်း မည်၏။

ကျမ်းဂန်လာ ဒါန၏ ဥပမာများ

ဒါနသည် သတ္တဝါတို့၏ အားထားမှီခိုရာ ဖြစ်သောကြောင့် “သီဟာသန ပလ္လင်ကြီး” နှင့် တူ၏။ ဖြစ်လေရာရာ ဘဝတိုင်း၌ ထောက်တည်ရာကို ရစေတတ်သောကြောင့် “မဟာပထဝီမြေကြီး” နှင့်လည်း တူ၏။ သတ္တဝါတို့သည် မြဲမြံတင်းကျပ်စွာ ကိုင်ထားအပ်သော တရားဖြစ်၍ “အာလမ္ဗဏရဇ္ဇု = လက်ကိုင်ကြိုးတန်း” နှင့်လည်း တူ၏။ ဒုဂ္ဂတိဘဝ ဆင်းရဲဒုက္ခ အမျိုးမျိုးမှ ထုတ်ဆယ်ကယ်တင်တတ်သော တရားဖြစ်၍ “နာဝါ = လှေသင်္ဘော” နှင့်လည်း တူ၏။ လိုချင်တပ်မက်မှု “လောဘ”၊ နှမြောဝန်တိုမှု “မစ္ဆရိယ” စသော ဆန့်ကျင်ဘက်ရန်သူဘေးမှ သက်သာရာကို ရစေတတ်သော တရားဖြစ်၍ “သင်္ဂါမသူရ = စစ်မြေပြင်ရောက် စစ်သူရဲကောင်း” နှင့်လည်း တူ၏။ ဆင်းရဲနွမ်းပါး ဥစ္စာရှားပါးခြင်း၏ ဘေးရန်မှ စောင့်ရှောက်ကာကွယ်တတ်သော တရားဖြစ်၍ “သုသင်္ခတနဂရ = ကောင်းစွာ တည်ဆောက်အပ်သော မင်းနေပြည် မြို့တော်” နှင့်လည်း တူ၏။ နှမြောဝန်တိုမှု “မစ္ဆရိယ”၊ မိမိပစ္စည်း တပ်မက်မှု “လောဘ” စသော စိတ်၏ အညစ်အကြေးတို့ မလိမ်းမကပ်ငြိနိုင်သော တရားဖြစ်၍ “ပဒုမ = ပဒုမ္မာကြာပန်း” နှင့်လည်း တူ၏။

ထို့ပြင် ဒါနသည် ကိလေသာလောင်စာ အမှိုက်တို့ကို လောင်မြိုက်တတ်သော တရားဖြစ်၍ “အဂ္ဂိ = မီး” နှင့်လည်း တူ၏။ သဒ္ဓါနည်းပါး၍ မစ္ဆရိယများသူကို ချဉ်းကပ်နိုင်ခဲသော တရားဖြစ်၍ “အာသိဝိသ = အဆိပ်ထန်သော မြွေ” နှင့်လည်း တူ၏။ ပစ္စုပ္ပန်၊ တမလွန် နှစ်တန်သော ဘဝတို့၌ ကြောက်ရွံ့ဖွယ်ကင်း ရဲတင်းသော တရားဖြစ်၍ “သီဟ = ခြင်္သေ့မင်း” နှင့်လည်း တူ၏။ ဒါနသည် ဒါနပြုသူ အလှူရှင်အား ယခုမျက်မှောက်ဘဝ၌ လိမ္မာယဉ်ကျေးသော ခြွေရံသင်းပင်းနှင့် ပြည့်စုံစေ၍ နောင်တမလွန်ဘဝ၌ သူတစ်ပါးတို့ထက် ခွန်အားသာလွန် ကောင်းမွန်စေတတ်သော တရားဖြစ်၍ “ဟတ္ထိ = ဆင်ပြောင်ကြီး” နှင့်လည်း တူ၏။ ခုရော နောင်ပါ နှစ်ဖြာသော ဘဝတို့၌ တိုးတက်ကြီးပွားကြောင်း ကောင်းမြတ်သော မင်္ဂလာဟု ဘုရားရှင်တို့ သမုတ်အပ်သော တရားဖြစ်၍ “သေတဥသဘ = ငွေတောင်အလား ကိုယ်လုံးဖြူသော နွားလားဥသဘ” နှင့်လည်း တူ၏။ ဘေးရန် ထူပြောလှသော ဒုဂ္ဂတိဘဝမှ ဘေးရန်...

စာမျက်နှာ-285


ကုန်ခန်းငြိမ်းချမ်းသာယာသော သုဂတိဘဝသို့ ပို့ဆောင်တတ်သော တရားဖြစ်၍ “ဝလာဟကအဿရာဇာ = မြင်းပျံရတနာ” နှင့်လည်း တူ၏ (ဒီ၊ ဋ္ဌ၊ ၁၆၂။ မ၊ ဋ္ဌ၊ ၃၊ ၆၄ စသည်)။ အလှူရှင်၏ သိုမှီးသိမ်းဆည်းထားအပ်သော “နိဟိတဘဏ္ဍက = ဥစ္စာဘဏ္ဍာထုပ်” နှင့်လည်း တူ၏ (သံ၊ ဋ္ဌ၊ ၁၊ ၇၇)။

ပေးကမ်းစွန့်ကြဲပေးကမ်း လှူဒါန်းခြင်းသည် စစ်တိုက်ခြင်းနှင့်လည်း တူ၏ (သံ၊ ၁၊ ၂၀ စသည်)။ လောက၌ သေရမှာ ကြောက်ရွံ့သောသူသည် စစ်မတိုက်ဝံ့သကဲ့သို့ မိမိပစ္စည်းဥစ္စာကုန်မှာ ကြောက်ရွံ့သော သူသည်လည်း မပေးမလှူနိုင်။ အသက်ကို မငဲ့မကွက်ဘဲ “သေချင်သေပါစေ” ဟု ဆိုကာ စွန့်လွှတ်နိုင်မှသာ စစ်တိုက်နိုင်သကဲ့သို့ “ပစ္စည်းဥစ္စာကုန်သော်လည်း ကုန်ပါစေ” ဟု ဆိုကာ ပစ္စည်းဥစ္စာ၌ တွယ်တာကပ်ငြိမှု “အာလယ” ပြတ်မှသာ ပေးလှူနိုင်၏။

ထို့ပြင် စစ်တိုက်ရာ၌ စစ်သည် အနည်းအများသည် လိုရင်းပဓာနမဟုတ်ဘဲ ရဲစွမ်းသတ္တိ ရှိမရှိသာ လိုရင်းပဓာနဖြစ်၏။ စစ်သည်အင်အား နည်းပါသော်လည်း ရဲစွမ်းသတ္တိရှိလျှင် ရန်သူစစ်သည်အင်အား အများကို အနိုင်ရနိုင်သကဲ့သို့ ယုံကြည်မှုသဒ္ဓါစသည်တို့နှင့် ပြည့်စုံသူသည် အနည်းငယ်သော လှူဖွယ်ဝတ္ထုကို လှူသော်လည်း များစွာသော နှမြောဝန်တိုမှု “မစ္ဆရိယ” ရန်သူကို နင်းချေနိုင်၏။ ထို့ကြောင့် “ပေးလှူခြင်းသည် စစ်တိုက်ခြင်းနှင့် တူသည်” ဟု ဆိုပါသည်။

ယင်းဒါနသည် ပုညကိရိယဝတ္ထုတရား ၃-ပါး၊ ပုညာဘိသင်္ခါရတရား ၃-ပါး၊ သင်္ဂဟတရား ၄-ပါး၊ ရာဇဥပါယ်တရား ၄-ပါး၊ မင်းကျင့်တရား ၁၀-ပါး၊ ပါရမီအကျဉ်း ၁၀-ပါး၊ အကျယ်-၃၀၊ မင်္ဂလာတရား ၃၈-ပါး တရားအစုအသီးသီးတွင် တစ်ပါးအပါအဝင် ဖြစ်၏။

ဒါန၏ လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်

ဒါနသည် အလှူဝတ္ထုကို ပေးစွန့်ခြင်းလျှင် မှတ်ကြောင်း “လက္ခဏာ” ရှိ၏။ ပေးလှူအပ်သော ဝတ္ထု၌ တပ်မက်လိုခြင်း “လောဘ” ကို ဖျက်ဆီးခြင်းလျှင် သာယာအပ်သော “ကိစ္စရသ” ရှိ၏။ ပေးလှူအပ်သော အလှူဝတ္ထု၌ မကပ်ငြိ မတွယ်တာခြင်းလျှင် ရှေးရှုထင်လာသော အခြင်းအရာ “အာကာရပစ္စုပဋ္ဌာန်” ရှိ၏၊ သို့မဟုတ် ဘဝစည်းစိမ်တို့၏ ပြည့်စုံခြင်းလျှင် အကျိုး “ဖလပစ္စုပဋ္ဌာန်” ရှိ၏၊ စွန့်လွှတ်ပေးလှူအပ်သော အလှူဝတ္ထုပစ္စည်းစုလျှင် နီးစွာသော အကြောင်း “ပဒဋ္ဌာန်” ရှိ၏ (စရိယာ၊ ဋ္ဌ၊ ၂၇၃)။

စာမျက်နှာ-286


ဒါနသည် ပုဂ္ဂိုလ်တိုင်းအတွက် အရေးကြီး

ဒါနသည် ပုဂ္ဂိုလ်အတန်းအစားမရွေး အလေးထား၍ ဖြည့်ကျင့်ဆည်းပူးရမည့် တရားဖြစ်၏။ သံသရာခရီးသည်အားလုံးနှင့် သက်ဆိုင်၏။ သံသရာခရီးသည်တိုင်း မဖြစ်မနေ သယ်ဆောင်သွားရမည့် ရိက္ခာလည်း မည်၏။ လျှောက်လှမ်းရမည့် သံသရာခရီး ရှည်လျှင်ရှည်သလောက် ဒါနရိက္ခာထုပ် များများပါသွားဖို့ အရေးကြီး၏။ ကမ္ဘာအသင်္ချေချီ၍ သံသရာခရီးကို လျှောက်လှမ်းတော်မူကြရသည့် ဘုရားအလောင်းတော်ကြီးများ အရေးတကြီး ကျင့်ဆောင်ရမည့် ပါရမီအကျင့်တရားများကို ဆင်ခြင်တော်မူကြရာ၌ ဒါနပါရမီကို ရှေးဦးစွာ တွေ့မြင်တော်မူကြသည်။

ဒါနအတွက် အခက် ၄-ပါး

ဒါနသည် ဤမျှအရေးကြီးသော်လည်း မိမိပိုင်ပစ္စည်းဝတ္ထုကို စွန့်ကြဲပေးကမ်း လှူဒါန်းနိုင်ရန်အတွက် သတ္တဝါတိုင်းအဖို့ အဟန့်အတားတွေက များလှ၏။ ယင်းအဟန့်အတားတရားများကား သံသရာနှင့်ချီ၍ အမြစ်တွယ်နေကြပြီးဖြစ်ရာ ယင်းအဟန့်အတားများ ကျော်လွှား၍ ပေးလှူနိုင်ရန် ခက်ခဲလှ၏။ ထို့ကြောင့် ဒါနအတွက် အခက် ၄-ပါးဟု ရှေးပညာရှိများ သတ်မှတ်တော်မူခဲ့ကြသည်။

(၁) မိမိနှစ်သက်သော ပစ္စည်းဥစ္စာကို သဒ္ဓါကြည်ဖြူစွာ ပေးလှူအံ့ဟု စိတ်ထဲမှာ ကြံစည်ဖို့ရာ ခက်ခဲလှ၏။

(၂) ယင်းသို့ စိတ်ထဲမှာ ကြံထားသည့်တိုင် ပေးလှူအံ့ဟု နှုတ်ထွက်စကား ပြောဆိုနိုင်ခြင်း သည် ၃၃-လက်သစ်ရှိသော သန်လျက်ကို မျိုရခြင်းထက် ခက်ခဲ၏။

(၃) ယင်းသို့ ပေးလှူအံ့ဟု နှုတ်ထွက်စကား ပြောကြားနိုင်ခြင်းထက် ရက်ရက်ရောရော လက်တွေ့ပေးလှူနိုင်ဖို့ က ပို၍ ခက်၏။

(၄) ယင်းသို့ ရက်ရက်ရောရော လက်တွေ့ပေးလှူနိုင်ခြင်းထက် ပေးလှူပြီးနောက် နောင်တတစ်ဖန် မပူပန်ဖို့ က ပို၍ ခက်ခဲလှ၏။

ဤအကြောင်းနှင့် စပ်၍ ကျေးဇူးရှင် မန်လည်ဆရာတော်ဘုရားကြီးက —

မိမိဥစ္စာ၊ နှစ်သက်စွာကို၊ သဒ္ဓါကြည်ဖြူ၊ ပေးအံ့ဟူ၍၊ လှူမည်ဝမ်းထဲ၊ ကြံမရဲနှင့်၊ ကြံခဲစွာဘိ၊ ကြံသည်ရှိလည်း၊ မငြိမနား၊ မန္တန်အားဖြင့် အသွားမတုံး၊ ထိလျှင်ဆုံးမျှ၊ သုံးဆယ့်သုံးဘန်၊ လက်သစ်ပြန်သည့်...

စာမျက်နှာ-287


သန်လျက်ဓားကို၊ ထင်ရှားပြက်ပြက်၊ မျိုသောထက်လျှင်၊ နှုတ်ထွက် ငါသည်၊ ပေးမည်မြွက်ခဲ၊ ကြွက်ကပဲလျက်၊ ရဲရဲရက်ရက်၊ အပေးခက်ရှင့်၊ ဆက်ဆက်မုချ၊ ပေးပြီးမှလည်း၊ နောင်တမပူ၊ ခဲစု၏
ဟု ဒါနအတွက် အခက် ၄-ပါးကို စပ်ဆိုတော်မူခဲ့၏ (မဃဒေဝလင်္ကာသစ်၊ ပုတ္တောဝါဒခဏ်း၊ အပိုဒ်ရေ-၂၇၅)။

ပေးလှူလိုသည့် စိတ်ကို ဟန့်တားတတ်သည့် တရားများ

ပေးလှူလိုစိတ်ကို ညစ်နွမ်းစေတတ်၊ ဟန့်တားတတ်သော တရားတို့ကား များပြားလှ၏။ သတ္တဝါတိုင်းအဖို့ သံသရာက ထုနှင့်ထည်နှင့် ပါလာကြ၏။ ယင်းတို့ကား လိုချင်တပ်မက်မှု “လောဘ”၊ အမျက်ထွက်မှု “ဒေါသ”၊ ပေးလှူခြင်း၏အကျိုး ရှိ မရှိကို မသိတွေဝေမှု “မောဟ”၊ ငြူစူမှု “ဣဿာ”၊ နှမြောဝန်တိုမှု “မစ္ဆရိယ”၊ ထောင်လွှားတက်ကြွမှု “မာန” စသည်တို့ ဖြစ်၏ (ဒီ၊ ဋီ၊ ၁၊ ၃၂၉။ သီ၊ ဋီ၊ သစ်၊ ၂၊ ၃၁၃)။

မလှူဒါန်းနိုင်ခြင်း အကြောင်းရှင်း

နှမြောဝန်တိုသူတို့သည် ပစ္စည်းဥစ္စာများစွာ ရှိသော်လည်း မလှူရက် မဒါန်းရက်ကြ၊ မစ္ဆေရပြောထူ နှမြောဝန်တိုသူတို့သည် သူတော်ကောင်းတို့၏ လှူပုံလှူနည်းကို အတုလိုက်၍ မလှူနိုင်ကြကုန် (သံ၊ ၁၊ ၁၈)။ ယင်းသို့ မလှူနိုင်ခြင်းသည် အလှူခံပုဂ္ဂိုလ်တို့အပေါ်၌ အမျက်ထွက် မုန်းတီးခြင်း၊ လှူဖွယ်ဝတ္ထု၌ တပ်မက်ခင်တွယ်ခြင်းတို့ကြောင့် ဖြစ်တတ်၏ (ဣတိဝုတ်၊ ဋ္ဌ၊ ၂၂၇)။ ထို့ပြင် ပေးလှူလိုက်လျှင် ကုန်သွားလိမ့်မည်၊ ငါနှင့်တကွ ငါ့အိမ်သူအိမ်သားများ စားကြရတော့မည် မဟုတ်ဟု နှမြောဝန်တိုမှု “မစ္ဆေရ”၊ မေ့လျော့မှု “ပမာဒ” ဟူသော အကြောင်း ၂-ပါးကြောင့်လည်း ဖြစ်တတ်၏ (သံ၊ ၁၊ ၁၇ စသည်)။

အငတ်ဘေးကြောက်သူ များများလှူ

နှမြောဝန်တိုသူ မှန်သမျှသည် ငတ်မည့်ဘေး ကြောက်၍ မပေးမလှူဘဲ ရှိတတ်ကြရာ ထိုကြောက်စရာသည် ထိုသူ့ထံသို့ မကြာမီ ဆိုက်ရောက်လာတတ်၏။ ထို့ကြောင့် နှမြောဝန်တိုမှု “မစ္ဆရိယ” သည် စည်းစိမ်ဥစ္စာကို ရနိုင်ခြင်း၏ အကြောင်းဖြစ်သော ပေးကမ်းလှူဒါန်းမှုကို တားမြစ်တတ်ရကား ယင်းမစ္ဆရိယလောက် ယုတ်ညံ့သော တရားဆိုးမရှိဟု ဖွင့်ပြတော်မူ၏ (သံ၊ ဋီ၊ ၁၊ ၁၂၆)။ အမှန်စင်စစ် ငတ်မည့်ဘေး ကြောက်လျှင် နှမြောဝန်တိုမှု “မစ္ဆေရ” ကို ပယ်ဖျောက်ကာ စွန့်ကြဲပေးကမ်း လှူဒါန်းကြရာ၏ (သံ၊ ၁၊ ၁၈၊ ၃၀ စသည်)။

စာမျက်နှာ-288


ဒါနမြောက်အောင် အလှူရှင်များ ဆင်ခြင်ဖွယ်
အလှူဒါန၏ အနှောင့်အယှက် အဟန့်အတား အပိတ်အပင် ဟူသမျှကို ကျော်လွှားကာ အလှူဒါန အထမြောက်အောင် နှလုံးသွင်း ဆင်ခြင်တတ်ဖို့ အရေးကြီး၏။ ဘုရားအစရှိသော သူတော်ကောင်းကြီးများ၏ ဆင်ခြင်နှလုံးသွင်းမှုကို အတုယူကြရာ၏။

ချမ်းသာကြွယ်ဝလိုတိုင်း ရစေရန်အလို့ငှါ ပစ္စည်းဥစ္စာ အသုံးအဆောင်ဘဏ္ဍာများကို အလျှံတပြောင်ပြောင် မီးတွေလောင်နေသော အိမ်ကြီးထဲမှ ဆွဲထုတ်ယူငင်သကဲ့သို့ အိုမှု၊ သေမှု စသော မီး ၁၁-ပါးတို့ ကောက်ထောင်ခံနေရသော လောကကြီးထဲမှ စွန့်ကြဲပေးကမ်း လှူဒါန်းမှုဒါနဖြင့် သံသရာရိက္ခာ ကုသိုလ်ထုပ်ကြီးကို ဆွဲထုတ်ယူငင်နိုင်ပေပြီဟု နှလုံးသွင်းရာ၏ (သံ၊ ၁၊ ၂၉ စသည်)။

ပေးလှူမှုဖြင့် အရယူလိုက်သော ကုသိုလ်သည်သာ ချမ်းသာသော အကျိုးကို ပေးစွမ်းနိုင်၏။ မပေးမလှူမိသော ပစ္စည်းဥစ္စာများသည် ရန်သူမျိုး ၅-ပါး နှိပ်စက်ဖျက်ဆီး၍ ပျက်စီးဆုံးရှုံးတတ်၏။ ကျန်ပစ္စည်းစုများကိုလည်း သေလျှင် မုချ စွန့်ပစ်သွားရမည်ကို ပညာဉာဏ်ဖြင့် ဆင်ခြင်၍ မသေခင်က ကြိုတင်ပေးလှူသင့်ကြ၏။ သို့မှသာ ဝေဿန္တရာမင်း စသည်တို့ကဲ့သို့ နတ်ရွာသုဂတိသို့ လားရောက်ကြရပေမည် (သံ၊ ၁၊ ၂၉ စသည်)။

လယ်ယာ ရွှေ ငွေ စသော ကိုယ်ပိုင်ပစ္စည်းဥစ္စာများကို တပ်မက်ခင်တွယ်သောစိတ် ရှိသူများအဖို့ အလှူဒါန ပြုလုပ်ဖြစ်အောင် အောက်ပါအတိုင်း နှလုံးသွင်း ဆင်ခြင်သင့်ကြပေသည် —

လိုလားတောင့်တ နှစ်သက်အပ်သော ပစ္စည်းဥစ္စာများသည် ရန်သူမျိုးငါးပါးနှင့် ဆက်ဆံနေ၏။ ငြင်းခုံခြင်း၏ အကြောင်းဖြစ်၏။ ခိုက်ရန်ပြုနိုင်၏။ အနှစ်သာရမဲ့၏။ ရရှိဖို့အရေး၊ စောင့်ရှောက်ဖို့အရေးတို့၌ သူတစ်ပါးကို ညှဉ်းဆဲမှုဖြစ်မည်ဆိုလျှင် ညှဉ်းဆဲရခြင်း၏ အကြောင်းဖြစ်၏။ ယင်းပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့သော် စိုးရိမ်ပူဆွေးရခြင်း စသော ဆင်းရဲအမျိုးမျိုးနှင့် ရင်ဆိုင်ရ တွေ့ကြုံရတတ်၏။ ပစ္စည်းဥစ္စာများအပေါ် တပ်မက်မှုကြောင့် မစ္ဆေရစိတ်ရှိသူတို့မှာ အပါယ်သို့ လားရောက်နိုင်၏။ “ပြိတ္တာတို့ဘောင်၊ ဥစ္စာဆောင်” ဟု ဆိုရိုးစကား ပြုကြ၏။ ဤသို့စသည်ဖြင့် ကိုယ်ပိုင်ဝတ္ထုပစ္စည်းစုတို့သည် အကျိုးမဲ့အမျိုးမျိုးသာ ဆောင်နိုင်ကုန်၏။ ယင်းပစ္စည်းဝတ္ထုတို့ကို စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း တစ်ခုတည်းသည်သာ ချမ်းသာကြောင်း အမှန်ဖြစ်ပေသည်။

စာမျက်နှာ-289


အလှူခံပုဂ္ဂိုလ် မိမိထံမှောက် ရောက်လာသည့်အခါ အကုသိုလ်မဖြစ်ဘဲ ကုသိုလ်တိုးပွား၍ အကျိုးများအောင်၊ အလှူဒါနမြောက်အောင် ဆင်ခြင်တတ်ဖို့ အရေးကြီးပြန်၏။ အလှူခံပုဂ္ဂိုလ်တို့သည် လှူဖွယ်ဝတ္ထုကို ဘယ်အခါများ လာယူကြပါကုန်မည်နည်း။ ဘယ်ပုံဘယ်နည်း ငါသည် အလှူခံပုဂ္ဂိုလ်တို့ ချစ်မြတ်နိုးသူ ဖြစ်ရပါအံ့နည်း။ အဘယ်သို့လျှင် အလှူခံပုဂ္ဂိုလ်တို့က မတောင်းရဘဲ အလိုက်သိစွာ ပေးလှူနိုင်ရာပါအံ့နည်း။ ပစ္စည်းဥစ္စာနှင့် အလှူခံပုဂ္ဂိုလ် ၂-ပါးစုံ ရှိပါလျက် မစွန့်မလှူခြင်းသည် ငါ့အဖို့ ကြီးစွာသော လှည့်စားမှုပင် ဖြစ်၏ (စရိယာ၊ ဋ္ဌ၊ ၂၈၄-စသည်)။

အလှူဒါနပြုရာ၌ တောင်းခံလာသော အလှူခံပုဂ္ဂိုလ်သည် မိမိချစ်ခင်သော (ပိယ) ပုဂ္ဂိုလ်ဖြစ်လျှင် ငါချစ်အပ်သောသူက ငါ့ကို တောင်းခံလာပေသည်ဟု ဝမ်းမြောက်ဝမ်းသာ ဖြစ်စေရမည်။ သို့မဟုတ် ချစ်လည်းမချစ်၊ မုန်းလည်းမမုန်းအပ်သော (မဇ္ဈတ္တ) ပုဂ္ဂိုလ်ဖြစ်လျှင် ငါ့ကို တောင်းခံလာသော ဤသူသည် ယခုစွန့်လှူခြင်းဖြင့် မိတ်ဆွေဖြစ်ရပေတော့မည်ဟု နှလုံးသွင်းဆင်ခြင်၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်စေရမည်။ သို့မဟုတ် ရန်သူဖြစ်သော (ဝေရီ) ပုဂ္ဂိုလ်က တောင်းခံလာခဲ့သော် ငါ၏ရန်သူသည် ငါ့ကို တောင်းခံလာပေသည်၊ ငါ့ကို တောင်းခံလာသော ဤရန်သူသည် ယခု ငါပေးလှူခြင်းဖြင့် ဧကန်မုချ ချစ်ကျွမ်းဝင်သော ပုဂ္ဂိုလ်ဖြစ်ရပေတော့မည်ဟု နှလုံးသွင်းဆင်ခြင်၍ အထူးသဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်စေရမည်။ ပေးလှူတတ်သူကို အလှူခံပုဂ္ဂိုလ်များ ချစ်မြတ်နိုးကြ၏။ ဤပြခဲ့သောနည်းဖြင့် ချစ်အပ်သော ပိယပုဂ္ဂိုလ်၌ကဲ့သို့ မဇ္ဈတ္တ၊ ဝေရီ ပုဂ္ဂိုလ်တို့၌လည်း မေတ္တာရှေ့သွားရှိသော ကရုဏာကို ဖြစ်စေ၍ ပေးလှူကြရမည်။

လှူဖွယ်ဝတ္ထု ပြည့်စုံပြီး အလှူခံပုဂ္ဂိုလ်လည်း မိမိမျက်မှောက်၌ ထင်ရှားဆိုက်ရောက်နေပါလျက် အချို့ပုဂ္ဂိုလ်များမှာ ပေးလှူလိုစိတ် မဖြစ်ပေါ်ဘဲ ရှိတတ်သည်။ ယင်းသို့ဖြစ်သော်—
“ငါသည် ဧကန်မုချ ရှေးဘဝက ပေးလှူခြင်း၌ အလေ့အထ မပြုလုပ်ခဲ့သည့်အတွက် ယခုအခါ ငါ့သန္တာန်မှာ ပေးလှူလိုစိတ် ဖြစ်ပေါ်မလာခြင်းဖြစ်သည်” ဟု ဆုံးဖြတ်၍ “နောက်နောင် ပေးလှူလိုစိတ် ဖြစ်ပေါ်လာအောင် ယနေ့မှစ၍ ပေးလှူတော့အံ့၊ ငါသည် ရှေးမဆွကပင် ကြိုတင်၍ ကိုယ်တိုင် ဝတ္ထုပစ္စည်းစုကို အလှူခံများအား စွန့်လှူထားအပ်ပြီ မဟုတ်ပါလေ” ဟု နှလုံးသွင်းဆင်ခြင်၍ ပေးလှူဖြစ်အောင် ပေးလှူကြရာ၏။

စာမျက်နှာ-290


လှူဖွယ်ဝတ္ထုက ချို့တဲ့နည်းပါးနေပြန်လျှင်လည်း ပေးလှူလိုစိတ်က မဖြစ်ပေါ်ဘဲ ရှိတတ်သည်။ ယင်းသို့ဖြစ်ခဲ့သော် “ငါသည် ရှေးဘဝများစွာက မပေးလှူခဲ့သည့်အတွက် ယခုအခါ ပစ္စည်းဥစ္စာ ချို့တဲ့နွမ်းပါးရခြင်း ဖြစ်သည်။ မရှိလို့ မလှူ၊ မလှူလို့ မရှိ ဖြစ်ချေတော့မည်။ သို့အတွက် ယခုအခါ ငါသည် နည်းသည်ဖြစ်စေ၊ ညံ့သည်ဖြစ်စေ ရသမျှ လှူဖွယ်ဝတ္ထုဖြင့် ဖျစ်ညှစ်၍ ပေးလှူသင့်ကြ၏။”

စာမျက်နှာ-291


အခန်း (၁၁) ဒါနအမျိုးမျိုး

အလှူဒါန၏ သဘော၊ အလှူဒါနပြုနိုင်ရန် ခက်ခဲပုံနှင့် အလှူဒါနမြောက်အောင် နှလုံးသွင်းဆင်ခြင်ပုံ စသည်များ သိရှိပြီးနောက် ဒါနအမျိုးမျိုး သိရှိထားရန် လိုအပ်ပေသည်။ လှူဖွယ်ဝတ္ထုပစ္စည်းစုသည် ဒါနကံမြောက်ဖို့ရန် အရေးကြီးသော အကြောင်းဖြစ်၏။ သို့အတွက် ပစ္စည်းဝတ္ထုကို အကြောင်းပြုကာ ကျမ်းဂန်တို့၌ ဒါနအမျိုးမျိုး ခွဲခြားပြဆိုထား၏။

ဝိနည်းဒေသနာတော် အလိုအားဖြင့် ဆွမ်းအလှူဒါန၊ သင်္ကန်းအလှူဒါန၊ ကျောင်းအလှူဒါန၊ ဆေးအလှူဒါန ၄-ပါး ရှိကြောင်း ဖွင့်ပြထား၏။ ဝိနည်းဒေသနာတော်မှာ ဒါန ၄-ပါးပြလိုရင်း မဟုတ်သော်လည်း ရဟန်းတော်များ သုံးဆောင်ရန် ပစ္စည်းလေးပါးကို မြတ်စွာဘုရား ခွင့်ပြုတော်မူသည့်အတွက် လှူဒါန်းရာမှာလည်း လေးမျိုးဖြစ်သင့်ရကား ဝိနည်းအလို ဒါနလေးမျိုးရှိသည်ဟု ဖွင့်ဆိုတော်မူကြ၏။

အဘိဓမ္မာဒေသနာတော် အလိုအားဖြင့် လောက၌ ရှိရှိသမျှသော တရားအားလုံးကို သိမ်းကျုံးမိအောင် အာရုံ ၆-ပါးဖြင့် ပိုင်းခြားဝေဖန်၍ ဟောကြားထားရာ —
၁။ အဆင်းကို လှူဒါန်းခြင်း ရူပဒါန၊
၂။ အသံကို လှူဒါန်းခြင်း သဒ္ဒဒါန၊
၃။ အနံ့ကို လှူဒါန်းခြင်း ဂန္ဓဒါန၊
၄။ အရသာကို လှူဒါန်းခြင်း ရသဒါန၊
၅။ အတွေ့ကို လှူဒါန်းခြင်း ဖောဋ္ဌဗ္ဗဒါန၊
၆။ တရားသဘောကို လှူဒါန်းခြင်း ဓမ္မဒါန - ဟု ၆-ပါးရှိကြောင်း ဖွင့်ပြတော်မူကြ၏ (ဒီ၊ ဋ္ဌ၊ ၃၊ ၁၈၀။ အဘိ၊ ဋ္ဌ၊ ၁၊ ၂၀၁။ အံ၊ ဋီ၊ ၃၊ ၂၃၇-၈)။

ဤအရာ၌ အဘိဓမ္မာဒေသနာတော်တွင် ဒါန ၆-ပါးကို တိုက်ရိုက်ဟောပြခြင်း မဟုတ်သော်လည်း အာရုံ ၆-ပါးကို ဟောပြလိုက်သဖြင့် ထိုအာရုံတို့ကို အသီးသီး လှူဒါန်းလျှင် အာရုံအပြားသို့လိုက်၍ ဒါနခြောက်ပါးအပြားရှိသည်ဟု အနက်ရောက်ရကား အဘိဓမ္မာအလို ဒါနခြောက်မျိုးရှိကြောင်း ကျမ်းဂန်တို့၌ ဖွင့်ပြတော်မူကြသည်။

သုတ္တန်ဒေသနာတော် အလိုအားဖြင့် —
၁။ စားဖွယ်အမျိုးမျိုး လှူဒါန်းခြင်း အန္နဒါန၊
၂။ သောက်ဖွယ်အမျိုးမျိုး လှူဒါန်းခြင်း ပါနဒါန၊
၃။ အဝတ်အထည်...

စာမျက်နှာ-292


အမျိုးမျိုး လှူဒါန်းခြင်း ဝတ္ထဒါန၊

၄။ စီးနင်းစရာ ယာဉ်လှူဒါန်းခြင်း ယာနဒါန၊
၅။ ပန်းအမျိုးမျိုး လှူဒါန်းခြင်း မာလာဒါန၊
၆။ နံ့သာအမျိုးမျိုး လှူဒါန်းခြင်း ဂန္ဓဒါန၊
၇။ လိမ်းခြယ်စရာ အမျိုးမျိုး လှူဒါန်းခြင်း ဝိလေပနဒါန၊
၈။ ညောင်စောင်း အင်းပျဉ် အိပ်ရာနေရာကို လှူဒါန်းခြင်း သေယျဒါန၊
၉။ အိမ်ကျောင်းစသော နေရာအဆောက်အဦ လှူဒါန်းခြင်း အာဝသထဒါန၊

၁၀။ မီးထွန်းရန် ဆီစသည်ကို လှူဒါန်းခြင်း ပဒီပေယျဒါန အားဖြင့် ဒါန ၁၀-ပါး ရှိကြောင်း ဖွင့်ပြတော်မူကြ၏။

ဤ၌ ဒါနဝတ္ထုဆယ်မျိုးသာ ဘုရားဟောသည်ဟု အကြောင်းပြကာ ဤဆယ်မျိုးကိုသာ လှူကောင်းသည်၊ အခြားဝတ္ထုတို့ကို မလှူကောင်းဟု မမှတ်ယူအပ်။ လောက၌ ယေဘုယျအားဖြင့် အလှူများရာကို လိုက်၍ ဤဆယ်မျိုးကို ဒါနဝတ္ထုဟု ဟောတော်မူခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် အရာဝတ္ထုဟူသမျှကို ဤဆယ်ပါး၌ပင် သဘောတူရာ သွတ်သွင်းသိမှတ်နိုင်မည် ဖြစ်သောကြောင့် ဤဆယ်မျိုးကို ပြလိုက်သဖြင့်ပင် သူတော်ကောင်းများ သုံးစွဲနေကျဖြစ်သော အရာဝတ္ထုတို့ကို လှူဒါန်းနိုင်သည်ဟု သိမှတ်ရာ၏။

ပေးလှူမှုဒါနကို အလှူရှင်၊ အလှူခံ၊ လှူဖွယ်ဝတ္ထု၊ လှူပုံအခြင်းအရာ၊ လှူရာအချိန်အခါ၊ လှူကြောင်းဒါနစေတနာ စသည်ကို အကြောင်းပြု၍ ၂-ပါးတွဲဒါနစု၊ ၃-ပါးတွဲဒါနစု စသည်ဖြင့် ခွဲခြမ်းဝေဖန်ကာ ပိဋကတ်တော် ပါဠိ၊ အဋ္ဌကထာ၊ ဋီကာတို့၌ ဟောပြဖွင့်ဆိုတော်မူကြ၏။

နှစ်ပါးတွဲ ဒါနစုများ

အာမိသဒါန၊ ဓမ္မဒါန

ဆွမ်းစသော ပစ္စည်းဝတ္ထုကို လှူဒါန်းခြင်းသည် အာမိသဒါန မည်၏။ (အာမိသနှင့် ပစ္စယအတူတူပင် ဖြစ်၍ ပစ္စယဒါန ဟုလည်း ခေါ်နိုင်၏။) သူတစ်ပါးတို့အား တရားဟောခြင်း စသည်ဖြင့် တရားကို ပေးလှူခြင်းသည် ဓမ္မဒါန မည်၏။ ဤဒါန ၂-မျိုးတွင် ဓမ္မဒါနသည် အမြတ်ဆုံးဖြစ်၏။ ဤနှစ်မျိုးကို အာမိသပူဇာ၊ ဓမ္မပူဇာ ဟူ၍လည်း ခေါ်အပ်၏။ အမည်မျှသာကွဲသည်၊ အဓိပ္ပာယ်မှာ အတူတူပင် ဖြစ်သည်။

လောက၌ အများအားဖြင့် အနိမ့်က အမြင့်ကို ပြုလုပ်ရာမှာ (ငယ်သူက ကြီးသူအား ပေးရာမှာ) ပူဇော်သည်ဟူသော စကားကို သုံးလေ့ရှိကြ၏။ ဤအဓိပ္ပာယ်ကို ယူဆပြီး ဒါနသည် ပူဇာဒါန၊ အနုဂ္ဂဟဒါန ဟု ၂-မျိုး ခွဲသင့်၏။

စာမျက်နှာ-293


မြတ်သောပုဂ္ဂိုလ်၊ ကြီးသောပုဂ္ဂိုလ်အား ငယ်သူက ပူဇော်သောအားဖြင့် ပေးလှူခြင်းသည် ပူဇာဒါန မည်၏။ ကြီးမြတ်သူက ငယ်ရွယ်သူအား ချီးမြှောက်သောအားဖြင့် ပေးလှူခြင်းသည် အနုဂ္ဂဟဒါန မည်၏။ (ဤပူဇာဒါန၊ အနုဂ္ဂဟဒါန နှစ်ပါးခွဲခြင်းမှာ ဧကန္တမဟုတ်ပါ၊ လောကဝေါဟာရ အသုံးအနှုန်းများရာသို့ လိုက်၍ ခွဲခြင်းဖြစ်သည်။)

အဇ္ဈတ္တိကဒါန၊ ဗာဟိရဒါန

ကိုယ်တွင်းဆိုင်ရာ အင်္ဂါကြီးငယ် အသက်ခန္ဓာတို့ကို လှူဒါန်းခြင်းသည် အဇ္ဈတ္တိကဒါန မည်၏။ အပြင်ပဖြစ်သော ပစ္စည်းဝတ္ထုတို့ကို လှူဒါန်းခြင်းသည် ဗာဟိရဒါန မည်၏။

ဝတ္ထုဒါန၊ အဘယဒါန

ပစ္စည်းဝတ္ထုတို့ကို လှူဒါန်းခြင်းသည် ဝတ္ထုဒါန မည်၏။ အသက်စည်းစိမ်ကို ဘေးမဲ့ပေးခြင်းသည် အဘယဒါန မည်၏။ (ဤအဘယဒါနသည် အထူးသဖြင့် ရှင်ဘုရင်များနှင့် သက်ဆိုင်၏။)

ဝဋ္ဋနိဿိတဒါန၊ ဝိဝဋ္ဋနိဿိတဒါန

ဝဋ်ဆင်းရဲ၌ ဖြစ်သော လောကီစည်းစိမ်ချမ်းသာကိုသာ တောင့်တ၍ လှူအပ်သော အလှူသည် ဝဋ္ဋနိဿိတဒါန မည်၏။ ဝဋ်ဆင်းရဲကင်းရာ နိဗ္ဗာန်ကို တောင့်တ၍ လှူအပ်သော အလှူသည် ဝိဝဋ္ဋနိဿိတဒါန မည်၏။

သာဝဇ္ဇဒါန၊ အနဝဇ္ဇဒါန

သားငါးစသော သတ္တဝါများကို သတ်ဖြတ်၍ ကျွေးမွေးလှူဒါန်းအပ်သော ဒါနမျိုးသည် (အပြစ်နှင့်တကွဖြစ်သောကြောင့်) သာဝဇ္ဇဒါန မည်၏။ သားငါးစသော သတ္တဝါများကို သတ်ဖြတ်မှုမှ ကင်းရှင်းသော ဒါနမျိုးသည် (အပြစ်မရှိသောကြောင့်) အနဝဇ္ဇဒါန မည်၏။ အကုသိုလ်ခြံရံလျက်ရှိသော ဒါန၊ အကုသိုလ်မခြံရံသော ဒါနဟု ဆိုလိုသည်။

မှတ်ချက်။ ။ ယခုလောက၌ အချို့သူတို့သည် တံငါအလုပ်ဖြင့် ဥစ္စာကြွယ်ဝချမ်းသာပြီးနောက် “ငါသည် မကောင်းမှုကို မပြုဘဲ တံငါအလုပ်ကို စွန့်ပြီးလျှင် စင်ကြယ်သော အလုပ်ဖြင့်သာ လုပ်ကိုင်အသက်မွေးတော့မည်” ဟု နေထိုင်လျှင် စည်းစိမ်ဥစ္စာ ဆုတ်ယုတ်သွားတတ်၏။ တစ်ဖန် တံငါအလုပ်ကို ပြန်၍ လုပ်ကိုင်သောအခါ ကြွယ်ဝလာပြန်၏။ ဤသို့ ဖြစ်ရခြင်းမှာ...

စာမျက်နှာ-294


ရှေးဘဝက ပြုခဲ့သော သာဝဇ္ဇဒါနကံ အကျိုးပေးသည့်အတွက် ဖြစ်သည်။ ကံပြုစဉ်က ပါဏာတိပါတကံနှင့် တွဲဖက်၍ ပြုခဲ့သောကြောင့် အကျိုးပေးရာမှာလည်း ပါဏာတိပါတကံနှင့် တွဲဖက်ရမှ အကျိုးပေးသန်သည်။ မတွဲဖက်ရလျှင် ထိုကံအကျိုးမပေးနိုင်၍ ဆင်းရဲသွားရပြန်သည်။

သာဟတ္ထိကဒါန၊ အာဏတ္တိကဒါန

ကိုယ်တိုင်ကိုယ်ကျ မိမိလက်ဖြင့် ကိုင်တွယ်လှူဒါန်းအပ်သော ဒါနသည် သာဟတ္ထိကဒါန မည်၏။ သူတစ်ပါးကို စေခိုင်း (ကိုယ်စားလှယ်ထား) ၍ လှူဒါန်းအပ်သော ဒါနသည် အာဏတ္တိကဒါန မည်၏။

ပါယာသိမြို့စား၏ အလှူပွဲ၌ ယင်းဒါနတို့ကို ဥတ္တရလုလင်သည် ကိုယ်စားအဖြစ်ဖြင့် ပေးလှူရသော်လည်း မိမိပစ္စည်းကဲ့သို့ သဘောထားကာ အားစိုက်၍ ပေးလှူခဲ့သောကြောင့် တာဝတိံသာနတ်ပြည်သို့ လားရောက်ရ၏။ အလှူရှင်ဖြစ်သော ပါယာသိမြို့စားသည်ကား မရိုမသေ တော်သလို လျော်သလို ပေးလှူခဲ့သောကြောင့် အောက်တန်းကျသော စတုမဟာရာဇ်နတ်ပြည်၌ အခြံအရံ နတ်သမီး နတ်သား ကင်းမဲ့သော သေရီသကနတ်ဗိမာန်၌ ဖြစ်ရ၏။ (အကျယ်ကို ဒီဃနိကာယ်၊ မဟာဝဂ်၊ ပါယာသိသုတ်မြန်မာပြန်၌ ရှုပါ။)

သက္ကစ္စဒါန၊ အသက္ကစ္စဒါန

လှူဖွယ်ဝတ္ထုကို ကောင်းမွန်စွာ ပြုပြင်၍ လှူဒါန်းအပ်သော ဒါနသည် သက္ကစ္စဒါန မည်၏။ လှူဖွယ်ဝတ္ထုကို ကောင်းမွန်စွာ မပြုပြင်ဘဲ လှူဒါန်းအပ်သော ဒါနသည် အသက္ကစ္စဒါန မည်၏။

ပန်းပင်မှ ပန်းများကိုခူးပြီး ရေဆေး၍ မလှ-လှအောင်၊ မတင့်တယ်-တင့်တယ်အောင် အကုံး အခိုင်စသည်ဖြင့် ကောင်းစွာ ပြုလုပ်ပြီးမှ လှူဒါန်းခြင်းသည် သက္ကစ္စဒါန၊ ဤသို့ မပြုပြင်ဘဲ ပန်းပင်မှ ခူးခဲ့ရင်းအတိုင်းသာ (ဘုရားအား အလှူမြောက်လျှင် ပြီးရောသဘောမျိုးဖြင့်) လှူဒါန်းခြင်းသည် အသက္ကစ္စဒါနဟု ဆိုလိုကြောင်း မှတ်သားရာ၏။

ဉာဏသမ္ပယုတ္တဒါန၊ ဉာဏဝိပ္ပယုတ္တဒါန

လှူဒါန်းရာ၌ ကံ ကံ၏အကျိုးစသည်ကို သိမြင်၍ လှူဒါန်းခြင်းသည် (ဉာဏ်နှင့်ယှဉ်သည့်အတွက်) ဉာဏသမ္ပယုတ္တဒါန မည်၏။ ကံ ကံ၏ အကျိုးစသည်ကို မသိမမြင်ဘဲ သူတစ်ပါးတို့၏ အတုအပမျှသာ လှူဒါန်းခြင်းသည် (ဉာဏ်နှင့်ကံ မယှဉ်သောကြောင့်) ဉာဏဝိပ္ပယုတ္တဒါန မည်၏။

စာမျက်နှာ-295


သသင်္ခါရိကဒါန၊ အသင်္ခါရိကဒါန
တိုက်တွန်းခြင်းရှိ၍ ပြုအပ်သောဒါနသည် သသင်္ခါရိကဒါန မည်၏။ တိုက်တွန်းခြင်းမရှိဘဲ ပြုအပ်သော ဒါနသည် အသင်္ခါရိကဒါန မည်၏။

သောမနဿဒါန၊ ဥပေက္ခာဒါန

စိတ်နေရွှင်လန်းချမ်းသာစွာ လှူဒါန်းအပ်သော ဒါနသည် သောမနဿဒါန မည်၏။ ဝမ်းလည်းမသာ ဝမ်းလည်းမနည်း အလယ်အလတ် ခံစားခြင်းသဘောရှိ၍ လှူဒါန်းအပ်သော ဒါနသည် ဥပေက္ခာဒါန မည်၏။ (လှူဒါန်းသောအခါ သောမနဿဝေဒနာနှင့် ယှဉ်လျှင် သောမနဿဒါန၊ ဥပေက္ခာဝေဒနာနှင့် ယှဉ်လျှင် ဥပေက္ခာဒါနဟု ဆိုလိုသည်။)

ဓမ္မိယဒါန၊ အဓမ္မိယဒါန

တရားသဖြင့် ရှာဖွေရရှိသော ပစ္စည်းဝတ္ထုကို လှူဒါန်းခြင်းသည် ဓမ္မိယဒါန မည်၏။ တိုက်ခိုက်ခိုးဝှက် မတရားသဘောဖက်၍ ရှာဖွေရရှိသော ပစ္စည်းဝတ္ထုကို လှူဒါန်းခြင်းသည် အဓမ္မိယဒါန မည်၏။

ဒါသဒါန၊ ဘုဇိဿဒါန

လောကီစည်းစိမ်ချမ်းသာကို တောင့်တ၍ လှူဒါန်းအပ်သော ဒါနသည် ဒါသဒါန မည်၏။ (တဏှာသခင်အရှင်အကြိုက် အလိုလိုက်၍ တဏှာ၏ ကျွန်အဖြစ်ဖြင့် လှူဒါန်းခြင်းဟု ဆိုလိုသည်။) လောကုတ္တရာ မဂ် ဖိုလ် နိဗ္ဗာန်ကို ရည်သန်တောင့်တ၍ လှူဒါန်းအပ်သော ဒါနသည် ဘုဇိဿဒါန မည်၏။ (တဏှာသခင်အရှင်ကို တော်လှန်၍ လှူဒါန်းခြင်းဟု ဆိုလိုသည်။)

ထာဝရဒါန၊ အထာဝရဒါန

နေရာတည်မြဲနေသည့် ဘုရား၊ တန်ဆောင်း၊ ကျောင်း၊ ဇရပ်၊ ရေတွင်း၊ ရေကန် စသည်တို့ကို လှူဒါန်းခြင်းသည် ထာဝရဒါန မည်၏။ ခဏ ခေတ္တမျှသာ သုံးဆောင်ရသော ဆွမ်း၊ သင်္ကန်းစသည့် ပစ္စည်းကို လှူဒါန်းခြင်းသည် အထာဝရဒါန မည်၏။

သပရိဝါရဒါန၊ အပရိဝါရဒါန

အဓိကအားဖြင့် သင်္ကန်းကို လှူလိုရာမှာ သင်္ကန်းတွင်သာမက အခြားလှူဖွယ်ဝတ္ထုများနှင့် ဖွယ်ဖွယ်ရာရာ စီစဉ်ခြံရံ၍ လှူဒါန်းခြင်းသည် အခြံအရံနှင့်တကွ လှူဒါန်းခြင်းဖြစ်သောကြောင့် သပရိဝါရဒါန မည်၏။ (ဤ သပရိဝါရ

စာမျက်နှာ-296


ဒါနကြောင့် အလောင်းတော်ကြီးများမှာ စက်လက္ခဏာပါရှိခြင်း အကျိုးနှင့် အခြံအရံများခြင်း အကျိုးဆက်ကို ရရှိတော်မူကြသည်။) အခြံအရံမပါဘဲ သင်္ကန်းချည်းသက်သက် လှူခဲ့ပါလျှင် အပရိဝါရဒါန မည်၏။ (တစ်ပါးသော ပစ္စည်းတို့ကို လှူရာ၌လည်း ဤနည်းအတိုင်းပင် သိရာ၏။)

နိဗဒ္ဓဒါန၊ အနိဗဒ္ဓဒါန

နေ့စဉ်မပြတ် ဆွမ်းလောင်းခြင်းစသည်ဖြင့် အမြဲမပြတ် ပြုလုပ်အပ်သော ဒါနသည် နိဗဒ္ဓဒါန မည်၏။ နေ့စဉ်မဟုတ်ဘဲ တတ်နိုင်သည့်အခါ ပြုလုပ်အပ်သော ဒါနသည် အနိဗဒ္ဓဒါန မည်၏။

ပရာမဋ္ဌဒါန၊ အပရာမဋ္ဌဒါန

တဏှာဒိဋ္ဌိတို့ဖြင့် သုံးသပ်သော ဒါနသည် ပရာမဋ္ဌဒါန မည်၏။ တဏှာဒိဋ္ဌိတို့ဖြင့် မသုံးသပ်အပ်သော ဒါနသည် အပရာမဋ္ဌဒါန မည်၏။

ဥစ္စိဋ္ဌဒါန၊ အနုစ္စိဋ္ဌဒါန

အကြွင်းအကျန် အညံ့အဖျင်းဖြစ်သော ပစ္စည်းကို လှူဒါန်းခြင်းသည် ဥစ္စိဋ္ဌဒါန မည်၏။ အကြွင်းအကျန် အညံ့အဖျင်းမဟုတ်သော ပစ္စည်းကို လှူဒါန်းခြင်းသည် အနုစ္စိဋ္ဌဒါန မည်၏။ (အကောင်းအမြတ်ပစ္စည်းရှိပါလျက် အကောင်းအမြတ်ကို မလှူဘဲ အညံ့အဖျင်းကို လှူမှသာ ဥစ္စိဋ္ဌဒါန = အကြွင်းအကျန် အညံ့အဖျင်းအလှူဖြစ်သည်ဟူ၍ မှတ်ယူရာ၏။)

သဇီဝဒါန၊ အစ္စယဒါန

မိမိအသက် ထင်ရှားရှိစဉ် လှူဒါန်းအပ်သော ဒါနသည် သဇီဝဒါန မည်၏။ ငါသေပြီးနောက် ဤငါ့ပစ္စည်းစုကို မည်သူ့အား ငါပေးခဲ့သည်၊ ထိုသူသည် အလိုရှိတိုင်း သုံးဆောင်လော့ ဟု သေသည့်နောက်အခါကို ရည်မှန်း၍ ပေးကမ်းခြင်းသည် အစ္စယဒါန မည်၏။

မှတ်ချက်။ ။ ရဟန်းတော်များမှာ ဤအစ္စယဒါနမျိုးဖြင့် ပေးခြင်းသည် အပေးလည်း မမြောက်၊ အပေးခံရသူမှာလည်း မပိုင်ဆိုင်။ ရဟန်းတစ်ပါး ပိုင်ဆိုင်သော ပစ္စည်းကို ထိုရဟန်း အသက်ထင်ရှားရှိစဉ် အခြားတစ်ဦးဦးအား ပေးလျှင် အပေးခံရသူ အပိုင်ရ၏။ သို့မဟုတ် ထိုပစ္စည်းရှင်ရဟန်း အသက်ရှင်စဉ်ပင် အခြားတစ်ဦးဦးအား ဝိဿာသဂ္ဂါဟ (အကျွမ်းဝင်ခင်မင်၍ ယူခြင်းမျိုး) ဖြင့် ယူလျှင်လည်း ထိုသို့ယူသူ အပိုင်ရနိုင်၏။ သို့မဟုတ်...

စာမျက်နှာ-297


ထိုပစ္စည်းရှင်ရဟန်း အသက်ရှင်စဉ် အခြားတစ်ဦးဦးနှင့် ဒုသန္တက (နှစ်ဦးဆိုင်ပစ္စည်း) ပြုလုပ်လျှင်လည်း ပစ္စည်းရှင်ရဟန်းသေလျှင် ကျန်တစ်ဦးရ၏။ ထိုသို့မဟုတ်သော ရဟန်းပိုင်ပစ္စည်းတို့မှာ ထိုရဟန်းသေလျှင် သံဃိက (သံဃာပိုင်သောပစ္စည်း) ဖြစ်သည်။ သို့ဖြစ်၍ ပစ္စည်းရှင်ရဟန်းက ငါသေလျှင် ငါပိုင်ပစ္စည်းအရပ်ရပ်ကို မည်သူ့အား ပေးပါ၏၊ မည်သူယူရစ်လော့ ဟု ဆို၍ ပေးခြင်းမျိုးသည် သံဃိကဖြစ်မှ ယူရစ်တော့ဟု ဆိုရာကျသဖြင့် ထိုအစ္စယဒါနမျိုးဖြင့် ပေးသောရဟန်းက ပေးသော်လည်း အပေးမမြောက်။ အပေးခံပုဂ္ဂိုလ်မှာလည်း ပိုင်ဆိုင်ခွင့်မရှိ။ လူတို့မှာမူကား ဤကဲ့သို့သော အစ္စယဒါနမျိုးသည် အသုံးဝင်၊ တရားဝင်၊ အတည်ဖြစ်နိုင်သည်။

ပုဂ္ဂလိကဒါန၊ သံဃိကဒါန

ပုဂ္ဂိုလ်တစ်ဦးနှစ်ဦးစသည်အား ပိုင်းခြားသတ်မှတ်၍ လှူဒါန်းခြင်းသည် ပုဂ္ဂလိကဒါန မည်၏။ သံဃာတော်အား ရည်မှန်း၍ လှူဒါန်းခြင်းသည် သံဃိကဒါန မည်၏။

ကာလဒါန၊ အကာလဒါန

ကထိန်လျာသင်္ကန်း လှူဒါန်းခြင်း၊ ဝါဆိုသင်္ကန်း လှူဒါန်းခြင်း၊ ဂိလာနဘတ်ခေါ် မကျန်းမမာသော ရဟန်းတို့အား ဆွမ်းလှူခြင်း၊ အာဂန္တုကဘတ်ခေါ် ဧည့်သည်ရဟန်းတို့အား ဆွမ်းလှူခြင်း၊ ဂမိကဘတ်ခေါ် ခရီးထွက်မည့် ပုဂ္ဂိုလ်တို့အား ဆွမ်းလှူခြင်း စသည်တို့သည် အချိန်အခါနှင့် တိုက်ဆိုင်အောင် စီမံလှူဒါန်းအပ်သည်ဖြစ်၍ ကာလဒါန မည်၏။ ဤသို့ အချိန်အခါကို ရွေးချယ်ရခြင်းမရှိဘဲ လှူလိုသည့်အခါ လှူလိုက်နိုင်သော ဒါနမျိုးသည် အကာလဒါန မည်၏။

မှတ်ချက်။ ။ ဤ၌ အကာလဒါနထက် ကာလဒါနက အကျိုးထူး၏။ ထူးပုံမှာ လှူဒါန်းစဉ်အခါ အချိန်နှင့် သင့်လျော်ညီညွတ်အောင် လှူဒါန်းရသည့်အတိုင်း အကျိုးပေးရာမှာလည်း အချိန်အခါနှင့် ညီညွတ်အောင် အကျိုးပေးစွမ်းနိုင်သည်။ ထူးသောအစာ၊ ထူးသောအဝတ်များ စားလိုဝတ်လိုသည့်အခါ ထူးသောအစာ၊ ထူးသောအဝတ်များ အဆင်သင့်ဖြစ်ပေါ်လာတတ်သည်။

ပစ္စက္ခဒါန၊ အပစ္စက္ခဒါန

မျက်မြင်ကိုယ်တွေ့ဖြစ်သော ဒါနသည် ပစ္စက္ခဒါန မည်၏။ မိမိမျက်ကွယ်၌ လှူအပ်သော ဒါနသည် အပစ္စက္ခဒါန မည်၏။

စာမျက်နှာ-298


သဒိသဒါန၊ အသဒိသဒါန
အလှူဒါနပြုကြရာမှာ တန်းတူညီမျှ ရနိုင်စကောင်းသော အလှူဒါနမျိုးသည် သဒိသဒါန မည်၏။ အချင်းချင်း အပြိုင်အဆိုင် လှူဒါန်းကြရာမှာ တစ်ဖက်သားများ မတုပနိုင်အောင် အနိုင်ယူ၍ လှူဒါန်းအပ်သော အလှူဒါနမျိုးသည် အသဒိသဒါန မည်၏။

မှတ်ချက်။ ။ ဤအသဒိသဒါန အလှူရှင်သည် ဘုရားတစ်ဆူတစ်ဆူတို့၏ လက်ထက်တော်မှာ တစ်ဦးတစ်ယောက်သာလျှင် ပေါ်ပေါက်သည်ဟု ဓမ္မပဒအဋ္ဌကထာ ၁၃-ခုမြောက် လောကဝဂ် အသဒိသဒါနဝတ္ထု၌ ပြဆိုထား၏။ ဂေါတမဘုရားရှင် လက်ထက်တော်မှာ အသဒိသဒါန အလှူရှင်သည် ကောသလမင်းကြီး ဖြစ်၏။

သုံးပါးတွဲ ဒါနစုများ

ဣဏပယောဇနဒါန၊ ဣမောက္ခဒါန၊ နိဓိဒါန

မိဘတို့က သားသမီးတို့ကို နောင်အခါတွင် ငါတို့အား ဤကဲ့သို့ပင် ပြန်လည်ကျွေးမွေးလိမ့်မည် ဟု ရည်မှန်း၍ သားသမီးတို့အား ကျွေးမွေးခြင်းသည် ကြွေးသစ်ချသည်နှင့် တူသောကြောင့် ဣဏပယောဇနဒါန မည်၏။ သားသမီးတို့က အိုမင်းရှိသည့် မိဘတို့ကို ငါတို့ငယ်စဉ်က ကျွေးမွေးခဲ့သော မိဘများပေတည်း ဟု ကျေးဇူးဆပ်သောအားဖြင့် ပြန်လည်ကျွေးမွေးခြင်းသည် ကြွေးချေသည်နှင့် တူသောကြောင့် ဣမောက္ခဒါန မည်၏။ ရဟန်းပုဏ္ဏားမှစ၍ သူဆင်းရဲအများအား လှူဒါန်းကျွေးမွေးခြင်းသည် သံသရာတွင် စားသုံးဖို့ရန် ရွှေအိုးမြှုပ်သည်နှင့် တူသောကြောင့် နိဓိဒါန မည်၏။

ဟီနဒါန၊ မဇ္ဈိမဒါန၊ ပဏီတဒါန

ဒါနပြုရာ၌ ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ဝီမံသ ဤတရား ၄-ပါးတို့ အညံ့စားဖြစ်လျှင် ဟီနဒါန (ညံ့သောအလှူ) ဖြစ်၏။ ထိုတရားလေးပါးတို့ အလတ်စားဖြစ်ခဲ့လျှင် မဇ္ဈိမဒါန (အလတ်စားအလှူ) ဖြစ်၏။ ထိုတရား ၄-ပါးတို့ အမြတ်စားဖြစ်ခဲ့လျှင် ပဏီတဒါန (မြတ်သောအလှူ) ဖြစ်၏။

စာမျက်နှာ-299


မှတ်ချက်။ ။ ဤ၌ ကုသိုလ်၏ အယုတ်၊ အလတ်၊ အမြတ် ဖြစ်ရခြင်းမှာ ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ဝီမံသ ဤတရား ၄-ပါးတို့ကို အစွဲပြု၍ ဖြစ်ရ၏။ လိုလားမှုသဘောသည် ဆန္ဒမည်၏။ ပိုင်းခြား၍ သိမြင်မှုသဘောသည် စိတ္တမည်၏။ အားထုတ်မှုသဘောသည် ဝီရိယမည်၏။ ထိုးထိုးထွင်းထွင်း သိမြင်မှုသဘောသည် ဝီမံသမည်၏။

တစ်နည်းအားဖြင့် အကျော်အစောကို တောင့်တ၍ ပြုအပ်သော ဒါနသည် ဟီနဒါန မည်၏။ လူချမ်းသာ နတ်ချမ်းသာဟူသော အကျိုးကို တောင့်တ၍ ပြုသော ဒါနသည် မဇ္ဈိမဒါန မည်၏။ အရိယာတို့၏ အလေ့အကျက်၊ အလောင်းလျာတို့၏ အလေ့အကျက်ကို အလေးဂရုပြု၍ လှူသော ဒါနသည် ပဏီတဒါန မည်၏။

မှတ်ချက်။ ။ ထိုထိုပိဋကတ်ပါဠိတော်များ၌ နှောင်းခေတ် ကုသိုလ်လိုလားသူတို့ ဒိဋ္ဌာနုဂတိ (အတု) ရှိ လှူဒါန်းနိုင်ကြရန် ရည်သန်၍ ပထမသင်္ဂါယနာတင် အရှင်မြတ်တို့သည် အနာထပိဏ်သူဌေး၏ ကျောင်းအာရာမ်၊ ဃောသိတသူဌေး၏ ကျောင်းအာရာမ် စသည်ဖြင့် ကမ္ပည်းစာတမ်း ထိုးတော်မူခဲ့ကြသည်ကို နှလုံးမူ၍ ယခုခေတ် အလှူရှင်များလည်း ကမ္ပည်းစာတမ်းထိုး မှတ်တမ်းတင်ကြရာ ကျော်စောလိုသောစိတ် မဖြစ်ပေါ်အောင် သတိဖြင့် ထိန်းချုပ်ကာ နှောင်းခေတ်ပုဂ္ဂိုလ်များ အတုယူ လှူဒါန်းနိုင်ရန်သာ ရည်သန်သောစိတ်ဖြင့် အထူးသတိချပ်သင့်ကြ၏။

တစ်နည်းအားဖြင့် လူချမ်းသာ နတ်ချမ်းသာတို့ကို တောင့်တ၍ လှူသော ဒါနသည် ဟီနဒါန မည်၏။ သာဝကဗောဓိ၊ ပစ္စေကဗောဓိဉာဏ်ကို တောင့်တ၍ လှူသော ဒါနသည် မဇ္ဈိမဒါန မည်၏။ သမ္မာသမ္ဗောဓိ (သဗ္ဗညုတ) ဉာဏ်ကို တောင့်တ၍ လှူသော ဒါနသည် ပဏီတဒါန မည်၏။

မှတ်ချက်။ ။ မဂ်ဉာဏ် ၄-ပါးကို ဗောဓိဟု ခေါ်၏။ တစ်စုံတစ်ခု ကုသိုလ်ပြုတိုင်း ဝိဝဋ္ဋနိဿိတ ကောင်းမှုမျိုးဖြစ်ရန် ရည်သန်၍ ကုသိုလ်ပြုလျှင် အမှတ်တမဲ့ မပြုရာ၊ ဗောဓိ သုံးပါးတွင် တစ်ပါးပါးကို ရည်သန်တောင့်တရမည် ဟု ရှေးသူတော်ကောင်းတို့ ဆုံးမညွှန်ကြားတော်မူကြ၏။

ဒါနဒါသ၊ ဒါနသဟာယ၊ ဒါနသာမိ

လောက၌ မိမိကိုယ်တိုင် ကောင်းမွန်သော အဝတ်အစားတို့ကို သုံးဆောင်၍ အောက်လက်ကျေးကျွန်များကိုကား ယုတ်ညံ့သော အဝတ်အစားတို့ကိုသာ ပေးသကဲ့သို့ အလှူခံပုဂ္ဂိုလ်တို့အား မိမိသုံးဆောင်သော ပစ္စည်းမျိုးအောက်...

စာမျက်နှာ-300


ယုတ်ညံ့သော ပစ္စည်းဝတ္ထုကို လှူဒါန်းခြင်းသည် ဒါနဒါသ မည်၏။ (ကျွန်အား ပေးသည်နှင့် တူသော အလှူဟု ဆိုလိုသည်။)

လောက၌ မိတ်ဆွေများ လာရောက်သောအခါ မိမိသုံးဆောင်သည်နှင့် တူမျှသော အသုံးအဆောင်တို့ကိုသာ သုံးဆောင်စေသကဲ့သို့ အလှူခံပုဂ္ဂိုလ်တို့အားလည်း မိမိသုံးဆောင်နေကျအတိုင်းသာ တစ်တန်းစားတည်း လှူဒါန်းခြင်းသည် ဒါနသဟာယ မည်၏။ (မိတ်ဆွေသင်္ဂဟအား ပြုသည်နှင့် တူသော ဒါနဟု ဆိုလိုသည်။)

လောက၌ မိမိ၏ အရှင်သခင်များအား မိမိသုံးဆောင်သည်ထက် ပိုမိုမြင့်မြတ်သော အသုံးအဆောင်တို့ကိုသာ ပေးပို့ရသကဲ့သို့ အလှူခံပုဂ္ဂိုလ်တို့အား မိမိသုံးဆောင်သည်ထက် မြင့်မြတ်သော ပစ္စည်းဝတ္ထုတို့ကိုသာ လှူဒါန်းခြင်းသည် ဒါနသာမိ မည်၏။ (အရှင်သခင်အား ပေးပို့သည်နှင့် တူသော ဒါနဟု ဆိုလိုသည်။)

ဒုက္ကရဒါန၊ မဟာဒါန၊ သာမညဒါန

ဒါရုသက္ကဋိက တိဿသည် မိမိရင်သွေး သမီးကလေးကို ရွေးထုတ်ရန် ခြောက်လတိုင်တိုင် အပင်ပန်းခံ၍ ရှာဖွေမှ ရရှိခဲ့သော ငွေဆယ့်နှစ်ကျပ်ကို ရဟန်းတစ်ပါး၏ ဆွမ်းတစ်နပ်အတွက် မတွန့်မတို ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား လှူဒါန်းနိုင်ခြင်းသည် ဒုက္ကရဒါန မည်၏။

သုခသာမဏေအလောင်းသည် သူဆင်းရဲဖြစ်စဉ်အခါ ဂန္ဓသူဌေးကြီး၏ ထမင်းတစ်နပ်စာကို စားလိုသည့်အတွက် သုံးနှစ်တိုင်တိုင် အခစားလုပ်မှ ရရှိလာသော ထမင်းတစ်နပ်စာကို စားမည့်ဆဲဆဲတွင် ပစ္စေကဗုဒ္ဓါ ကြွလာသဖြင့် မတွန့်မတို လှူဒါန်းလိုက်ခြင်းသည်လည်း ဒုက္ကရဒါန ပင်ဖြစ်၏။ (ဝတ္ထုအကျယ်ကို ဓမ္မပဒ၊ ဋ္ဌ၊ ၂၊ နှာ-၁-၌ ရှုပါ။)

ထို့ပြင် ပဏ္ဏာသနိပါတ် ဥမ္မာဒန္တီဇာတ်လာ ဥမ္မာဒန္တီအလောင်း သူဆင်းရဲမလေး သုံးနှစ်အခစားလုပ်မှ ရရှိသည့် ဝတ်ပန်းဆိုးသော အဝတ်ကို ဝမ်းသာအားရ ဝတ်တော့မည့်ဆဲဆဲတွင် လူဆိုးများ သင်္ကန်းအလုခံရသော မြတ်စွာဘုရားတပည့် ရဟန်းနှင့်တွေ့ကာ မိမိအလွန်တရာ ဝတ်ချင်လှသော အဝတ်ကို မဝတ်ဘဲ လှူဒါန်းလိုက်ခြင်းသည်လည်း ဒုက္ကရဒါန ပင်ဖြစ်၏။

အကြီးအကျယ် အံ့ဩလောက်အောင် လှူဒါန်းခြင်းသည် မဟာဒါန မည်၏။ သီရိဓမ္မာသောကမင်းကြီး၏ ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်အား ပူဇော်လှူဒါန်းပွဲကြီးသည် အလွန်တရာ ကြီးကျယ်သော မဟာဒါနကြီးပင် ဖြစ်၏။


စာမျက်နှာ-301


ပြုလုပ်ရန် ခဲယဉ်းသည်လည်း မဟုတ်၊ ကြီးကျယ်များပြားလှသည်ဟု ပြောဆိုဖွယ်ရာလည်း မရှိသော အလှူဟူသမျှသည် သာမညဒါန ချည်းသာ ဖြစ်၏။

ဓမ္မိယဒါန ၃-ပါး

(၁) သံဃာတော်အား လှူဒါန်းမည်ဟု နှုတ်မြွက်ညွတ်ကိုင်းထားပြီးသော ပစ္စည်းကို ညွတ်ကိုင်းရင်း သံဃာတော်အား လှူဒါန်းခြင်း။

(၂) စေတီတော်အား လှူဒါန်းမည်ဟု နှုတ်မြွက်ညွတ်ကိုင်းထားပြီးသော ပစ္စည်းကို ညွတ်ကိုင်းရင်း စေတီအား လှူဒါန်းခြင်း။

(၃) ပုဂ္ဂိုလ်တစ်ပါးပါးအား လှူဒါန်းမည်ဟု နှုတ်မြွက်ညွတ်ကိုင်းထားပြီးသော ပစ္စည်းကို ညွတ်ကိုင်းရင်း ပုဂ္ဂိုလ်အားသာ လှူဒါန်းခြင်း။

လေးပါးတွဲ ဒါနစုများ

ကျမ်းဂန်တို့၌ ဒါန ၄-ပါးကို တိုက်ရိုက်မပြဆိုသော်လည်း ဝိနည်းဒေသနာတော်အလို ပစ္စည်း ၄-ပါး ရှိသဖြင့် လေးပါးစုဒါနကို အောက်ပါအတိုင်း မှတ်သားနိုင်၏ —
(၁) စီဝရဒါန = အဝတ်သင်္ကန်း လှူဒါန်းခြင်း။

(၂) ပိဏ္ဍပါတဒါန = ဆွမ်းခဲဖွယ်ဘောဇဉ် လှူဒါန်းခြင်း။

(၃) သေနာသနဒါန = ကျောင်းအိပ်ရာနေရာ လှူဒါန်းခြင်း။

(၄) ဘေသဇ္ဇဒါန = ဆေးပစ္စည်း လှူဒါန်းခြင်း။

ထို့ပြင် ဒက္ခိဏဝိသုဒ္ဓိ အလှူ၏ စင်ကြယ်ခြင်းနှင့် စပ်လျဉ်း၍ ဒါနလေးပါး ရှိကြောင်းကိုလည်း မှတ်သားနိုင်ပြန်၏ —
(၁) လှူသူ သီလရှိ၍ ခံယူသူ သီလမရှိသော ဒါန။

(၂) ခံယူသူ သီလရှိ၍ လှူသူ သီလမရှိသော ဒါန။

(၃) လှူသူ ခံယူသူ နှစ်ဦးလုံးပင် သီလမရှိသော ဒါန။

(၄) လှူသူ ခံယူသူ နှစ်ဦးလုံးပင် သီလရှိသော ဒါန။

စာမျက်နှာ-302


ငါးပါးတဲ့ ဒါနစုများ

ကာလဒါန ငါးပါး

(၁) ဧည့်သည်အာဂန္တုအား လှူဒါန်းခြင်း။

(၂) ခရီးသွားမည့် ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။

(၃) မကျန်းမာသော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။

(၄) ငတ်မွတ်ခေါင်းပါးသောအခါ လှူဒါန်းခြင်း။

(၅) လုပ်ကိုင်ရရှိသော ကောက်ပဲသီးနှံတို့မှ ဦးဦးဖျားဖျားကို သီလဝန္တပုဂ္ဂိုလ်များအား လှူဒါန်းခြင်း။

မှတ်ချက်။ ။ ဤ၌ ငါးခုမြောက်ဒါနမှာ တောင်သူလယ်သမားအား ရည်ရွယ်၍ ဟောထားသော်လည်း လယ်သမားမဟုတ်သော သူတို့မှာလည်း မိမိဆိုင်ရာ အလုပ်အကိုင်မှ ရရှိသော ပစ္စည်းဦးဦးဖျားဖျားများကို လှူဒါန်းခြင်းသည်လည်း သဘောတူပင် ဖြစ်သည်။

အသပ္ပုရိသဒါန ငါးပါး

(သူတော်ကောင်း မဟုတ်သူတို့၏ လှူခြင်း ငါးမျိုး)
(၁) လှူဖွယ်ဝတ္ထုကို စင်ကြယ်ကောင်းမွန်အောင် စီမံပြုပြင်ခြင်းမျိုး မရှိဘဲ လှူဒါန်းခြင်း။

(၂) စိတ်ထဲမှာ ရိုသေလေးမြတ်မှုမရှိဘဲ လှူဒါန်းခြင်း (လှူဖွယ်ဝတ္ထုကို ဂရုမစိုက်၊ စိတ်၌ မထားဘဲ လှူဒါန်းခြင်း)။

(၃) မိမိကိုယ်တိုင် ကိုင်တွယ်၍ လှူဒါန်းသင့်ပါလျက် ကိုင်တွယ်၍ မလှူဒါန်းခြင်း (ပါယာသိမင်းကဲ့သို့ ကိုယ့်ပစ္စည်းကို ကိုယ်တိုင်မလှူ၊ ဥတ္တရလုလင်တို့ကဲ့သို့ အစေအပါးတို့ကို လှူစေခြင်း)။

(၄) ထမင်းကြွင်း ဟင်းကျန်စသည့် စွန့်ပစ်အပ်သော ပစ္စည်းကဲ့သို့ လှူဒါန်းခြင်း။

(၅) ဤလှူဒါန်းမှုကြောင့် နောက်အခါဝယ် ကောင်းကျိုးဧကန် ရောက်လာလိမ့်မည်ဟု သိရှိသော ကမ္မဿကတာပညာ မရှိဘဲ လှူဒါန်းခြင်း (အံ၊ ၂၊ ၁၅၂။ အံ၊ ဋ္ဌ၊ ၃၊ ၅၃။ အံ၊ ဋီ၊ ၃၊ ၃၅၀)။

စာမျက်နှာ-303


သပ္ပုရိသဒါန ငါးပါး (သူတော်ကောင်းတို့၏ လှူခြင်း ငါးမျိုး

(၁) လှူဖွယ်ဝတ္ထုကို စင်ကြယ်ကောင်းမွန်အောင် စီမံပြုပြင်၍ လှူဒါန်းခြင်း။

(၂) စိတ်ထဲမှာ ရိုသေလေးမြတ်မှုရှိ၍ လှူဒါန်းခြင်း (လှူဖွယ်ဝတ္ထုကို ဂရုတစိုက် စိတ်၌ထား၍ လှူဒါန်းခြင်း)။

(၃) မိမိကိုယ်တိုင် ကိုင်တွယ်လှူဒါန်းခြင်း (အစမထင် သံသရာတစ်ခွင်၌ လက်ခြေကို မရသည့်ဘဝကား များလှပြီ၊ လက်ခြေအင်္ဂါ ပြည့်စုံသည့် ယခုဘဝဝယ် ရသောလက်ဖြင့် ဘဝလွတ်မြောက်ရေးကို အားထုတ်မည်ဟု ဆင်ခြင်၍ ကိုယ်တိုင် ကိုင်တွယ်လှူဒါန်းခြင်း)။

(၄) ထမင်းကြွင်း ဟင်းကျန်စသည့် စွန့်ပစ်အပ်သော ပစ္စည်းမျိုးကဲ့သို့ မဟုတ်ဘဲ ဂရုတစိုက် လှူဒါန်းခြင်း။

(၅) ဤလှူဒါန်းမှုကြောင့် နောက်အခါဝယ် ကောင်းကျိုးဧကန် ရောက်လိမ့်မည်ဟု သိရှိသော ကမ္မဿကတာပညာ ရှေ့သွားပြု၍ လှူဒါန်းခြင်း။

(တစ်နည်း) သပ္ပုရိသဒါန ငါးပါး

(၁) သဒ္ဓါဒါန = ကံ၊ ကံ၏အကျိုးကို ယုံကြည်သော သဒ္ဓါတရားဖြင့် လှူဒါန်းခြင်း။

(၂) သက္ကစ္စဒါန = လှူဖွယ်ဝတ္ထုကို စင်ကြယ်မွန်မြတ်အောင် ကောင်းစွာပြုလုပ်၍ လှူဒါန်းခြင်း။

(၃) ကာလဒါန = အချိန်အခါနှင့် သင့်လျော်စွာ လှူဒါန်းခြင်း။ သင့်လျော်လျောက်ပတ်သော အချိန်၌ လှူဒါန်းခြင်း (ဆွမ်းလှူသင့်သောအချိန်၌ ဆွမ်းကိုလှူခြင်း၊ သင်္ကန်းလှူသင့်သောအချိန်၌ သင်္ကန်းကိုလှူခြင်း စသည်)။

(၄) အနုဂ္ဂဟဒါန = အလှူခံပုဂ္ဂိုလ်ကို ချီးမြှောက်လိုသော စိတ်ထားဖြင့် လှူဒါန်းခြင်း (အနဂ္ဂဟိတဒါန = မစွဲလမ်းဘဲ လွတ်လွတ်စွန့်ကြဲလိုသော စိတ်ဖြင့် ပေးလှူခြင်းဟု မူကွဲရှိ၏)။

(၅) အနုပဟစ္စဒါန = မိမိ သူတစ်ပါး မည်သူအားမျှ ဂုဏ်ပျက်ပြားအောင် အစွန်းအငြိ အထိအခိုက် မရှိစေဘဲ လှူဒါန်းခြင်း။

စာမျက်နှာ-304


ယင်းဒါနငါးမျိုး၏ အကျိုးတရားများ

ဤအလှူဒါန ငါးမျိုးလုံးကြောင့်ပင် ကြွယ်ဝချမ်းသာ ဥစ္စာစီးပွား များပြားခြင်းအကျိုးကို ရနိုင်၏။ အထူးအားဖြင့် —
(၁) သဒ္ဓါဒါနကြောင့် အဆင်းလှခြင်း။

(၂) သက္ကစ္စဒါနကြောင့် သားမယား၊ ကျေးကျွန်၊ အစေခံ အလုပ်သမားစသော အခြွေအရံ ပရိသတ်များ မိမိစကားကို လိုက်နာခြင်း။

(၃) ကာလဒါနကြောင့် လိုအပ်သော အချိန်ကာလဝယ် လိုအပ်သော အကျိုးတရားတို့ကို ရနိုင်ခြင်း (အိုမင်းရင့်ရော်ချိန်မှ မဟုတ်၊ သင့်လျော်လျောက်ပတ်ရာ ငယ်ရွယ်စဉ်အခါကပင်လျှင် ဖွံ့ဖွံ့ဖြိုးဖြိုး များစွာသော အကျိုးထူးကို ရရှိနိုင်သည်ဟု ဆိုလိုသည်)။

(၄) အနုဂ္ဂဟဒါနကြောင့် ရရှိသော စည်းစိမ်တို့ကို ရန်သူမျိုးငါးပါးတို့ အထိအပါး မခံရခြင်း တည်းဟူသော အကျိုးထူး အသီးသီးကို ရရှိနိုင်ကြောင်း မှတ်သားရ၏ (အံ၊ ၂၊ ၁၅၂။ အံ၊ ဋ္ဌ၊ ၃၊ ၅၃)။

အထက်ပါ သပ္ပုရိသဒါန ငါးမျိုးကို အပြန်ယူလျှင် အသပ္ပုရိသဒါန ငါးမျိုး ဖြစ်နိုင်၏။ ပါဠိတော်မူရင်း၌ တိုက်ရိုက် ပြောင်းပြန်လှန်၍ ဟောထားချက် မရှိသော်လည်း ဖြစ်သင့်သမျှ ပြောင်းပြန်လှန်၍ ယူလျှင် အောက်ပါအတိုင်း ဖြစ်၏ —

(၁) အသဒ္ဓိယဒါန = ကံ၊ ကံ၏အကျိုးကို ယုံကြည်သော သဒ္ဓါတရား မရှိဘဲ အကဲ့၍ လွှတ်ရုံမျှ လှူဒါန်းခြင်း (ဤဒါနကြောင့် စည်းစိမ်ဥစ္စာ ရှိပါသော်လည်း အင်္ဂါအဆင်း မပြည့်စုံဘဲ ရှိတတ်သည်)။

(၂) အသက္ကစ္စဒါန = လှူဖွယ်ဝတ္ထုကို စင်ကြယ်မွန်မြတ်အောင် ကောင်းစွာမပြုဘဲ ဖြစ်ကတတ်ဆန်း လှူဒါန်းခြင်း (ဤဒါနကြောင့် စည်းစိမ်ဥစ္စာ ရှိပါသော်လည်း အခြွေအရံ ပရိသတ်များ မိမိစကားကို မလိုက်နာဘဲ ရှိတတ်သည်)။

စာမျက်နှာ-305


(၃) အကာလဒါန = အချိန်အခါ မဟုတ်ဘဲ လှူဒါန်းခြင်း (ဤဒါနကြောင့် စည်းစိမ်ဥစ္စာ ရှိပါသော်လည်း လိုအပ်သော အချိန်အခါ၌ လိုအပ်သော အကျိုးတရားတို့ကို များများ မရနိုင်ဘဲ ရှိတတ်သည်)။

(၄) အနုဂ္ဂဟဒါန မရှိဘဲ လှူခြင်း = အလှူခံပုဂ္ဂိုလ်ကို ချီးမြှောက်လိုသော စိတ်မရှိဘဲ ဝတ်ကျေတမ်းကျေ လှူဒါန်းခြင်း (ဤဒါနကြောင့် စည်းစိမ်ဥစ္စာ ရှိပါသော်လည်း မွန်မြတ်သော အသုံးအဆောင်တို့ကို သုံးဆောင်ရန် စိတ်ဆန္ဒမရှိ၊ မသုံးဆောင်ရဘဲ ရှိတတ်သည်)။

(၅) ဥပဟစ္စဒါန = မိမိဂုဏ်ကိုဖြစ်စေ၊ သူတစ်ပါးဂုဏ်ကိုဖြစ်စေ စွန်းငြိထိပါး၍ လှူဒါန်းခြင်း (ဤဒါနကြောင့် စည်းစိမ်ဥစ္စာ ရပါသော်လည်း ရန်သူမျိုးငါးပါးတို့ ဖျက်ဆီး၍ ပျက်စီးတတ်သည်)။

လူတို့က ကုသိုလ်ကောင်းမှုဟု သမုတ်အပ်သော်လည်း စင်စစ်မှာ အကုသိုလ်မကောင်းမှုသာ ဖြစ်နေသော ဒါန ၅-မျိုး ရှိသေး၏၊ ၎င်းတို့မှာ —

(၁) မဇ္ဇဒါန = သေရည်အရက် အလှူ။
(၂) သမဇ္ဇဒါန = ပွဲသဘင် အလှူ။
(၃) ဣတ္ထိဒါန = မည်သူမဆို အလိုရှိသောသူများ သွားလာကြရန် ပြည့်တန်ဆာမများကို ငှားထားသော အလှူ။
(၄) ဥသဘဒါန = နွားမများရှိရာသို့ နွားသိုးကို အလိုရှိသလို မြူးထူးပျော်ပါးရန် လွှတ်ပေးခြင်းအလှူ။
(၅) စိတ္တကမ္မဒါန = မသင့်လျော်သော ရုပ်ပုံများကို ရေးသားလှူဒါန်းခြင်းအလှူ (ဝိ၊ ၅၊ ၂၃၁။ ပိ၊ ဋ္ဌ၊ ၄၊ ၁၇၃)။

မှတ်ချက်။ ။ ဤငါးမျိုးကို လှူဒါန်းရာ၌ စိတ်စေတနာကောင်း ထားနိုင်ဖွယ်မရှိသောကြောင့် မကောင်းမှု အကုသိုလ်သာ ဖြစ်သည်ဟု ဟောတော်မူခြင်းဖြစ်၏။ လူအများအနေဖြင့် အရက်ပြတ်လပ်၍ သေတော့မည် ဖြစ်နေသော အရက်သမားကို တွေ့ရသည့်အခါ အရက်မသောက်ရလျှင် ဧကန်သေမည်ဖြစ်သောကြောင့် သူ၏အသက်ကို ဆက်ပေးလိုသော စေတနာဖြင့် အရက်တိုက်ပေးလိုက်လျှင် ဇီဝိတဒါန ကုသိုလ်ဖြစ်သည်ဟု ထင်မှတ်တတ်၏။ အမှန်စင်စစ် ကုသိုလ်စိတ်မဖြစ်နိုင်။ မသောက်သင့်သော အရက်သေစာကို သောက်စေလိုခြင်းသည် ကုသိုလ်စိတ်မဖြစ်၊ အကုသိုလ်စိတ်သာ ဖြစ်သည်။

စာမျက်နှာ-306


အလောင်းတော် ဝေဿန္တရာမင်းကြီးသည် မဟာဒါနကြီးကို ပေးလှူရန် လှူဖွယ်ဝတ္ထု ခင်းကျင်းစီစဉ်ရာ၌ သေရည်အရက်ကိုပင် မကျန်ရအောင် စီစဉ်ထားသည်ဟု အဋ္ဌကထာ၌ ဖွင့်ပြထား၏။ ဤအချက်၌ အပြင်ပ လိမ်းကျံခြင်းစသော ကိစ္စအတွက် အလိုရှိသူများအား လှူဒါန်းခြင်းကြောင့် ထည့်သွင်းထားခြင်း ဖြစ်သည်ဟု မှတ်ယူသင့်ပေသည်။

မဟာဒါန ငါးပါး

အင်္ဂုတ္တိုရ်ပါဠိတော် အဋ္ဌကနိပါတ် လေးခုမြောက် ဒါနဝဂ် နဝမသုတ်၌ ငါးပါးသီလကိုပင် မဟာဒါနကြီး ငါးပါးဟူ၍ အကျယ်ဟောကြားတော်မူ၏။

မှတ်ချက်။ ။ ဤပါဠိတော်၌ ငါးပါးသီလကိုပင် မဟာဒါနကြီး ငါးပါးအဖြစ် အကျယ်ဟောထားသည့်အတွက် သီလကိုပင် ဒါနခေါ်သည်ဟု မမှတ်ယူအပ်။ မြတ်စွာဘုရားကလည်း ဒါနနှင့် သီလတရားကို နှစ်ခုမပြား တစ်သားတည်းအနေဖြင့် ဟောတော်မူလိုသည်မဟုတ်။ သီလဟူသည် ကိုယ်နှုတ်နှစ်ပါးကို ကောင်းစွာ ထိန်းသိမ်းခြင်းဖြစ်၍ ဒါနဟူသည်ကား တစ်စုံတစ်ရာ ပေးစွန့်ခြင်းဖြစ်သည်။ ထို့ကြောင့် သီလကိုပင် ဒါနခေါ်သည်ဟု မမှတ်ယူအပ်။ စင်စစ်ကား ပါဏာတိပါတ ဝိရတိသိက္ခာပုဒ်ကို ဆောက်တည်၍ သီလနှင့် ပြည့်စုံလျှင် ထိုသီလရှိသော သူတော်ကောင်းသည် သတ္တဝါတို့ကို သတ်ဖြတ်ခြင်းအမှု မပြုလုပ်တော့ဘဲ အဘယဒါန (သတ္တဝါတို့အား ဘေးကင်းစေခြင်းအမှု) ကို ပေးသည်မည်၏။ ဤနည်းအတိုင်း သိက္ခာပုဒ်ငါးပါးလုံးကို စောင့်ထိန်းလိုက်သဖြင့် သတ္တဝါတို့အား ဘေးကင်းစေခြင်းအမှုကို ပေးလျှင် သီလအရင်းခံရှိသော ဒါနကိစ္စ ပါဝင်ပြီးစီးသွားသောကြောင့် သီလငါးပါးကို မဟာဒါနငါးပါးဟု မြတ်စွာဘုရား ဟောတော်မူသည်။

ခြောက်ပါးတွဲ ဒါနစုများ

ခြောက်ပါးအပြားရှိသော ဒါနကို ပါဠိတော်၌ တိုက်ရိုက်ဟောပြခြင်း မရှိသော်လည်း အဘိဓမ္မောပရိယာယ်အားဖြင့် အာရုံ ၆-ပါးကို ခွဲ၍ ထိုအာရုံ ၆-ပါးကို ဒါနဝတ္ထုပြုကာ —

(၁) ရူပဒါန = အဆင်းအလှူ၊ (၂) သဒ္ဒဒါန = အသံအလှူ၊ (၃) ဂန္ဓဒါန = နံ့သာအလှူ၊ (၄) ရသဒါန = အရသာအလှူ၊ (၅) ဖောဋ္ဌဗ္ဗဒါန = အတွေ့အထိအလှူ၊ (၆) ဓမ္မဒါန = တရားအလှူ ဟူ၍ ၆-ပါးရှိကြောင်း (ဒီ၊ ဋ္ဌ၊ ၃၊ ၁၇၀။ အဘိ၊ ဋ္ဌ၊ ၁၊ ၂၀၁) ၌ အကျယ်ဖွင့်ပြထား၏။

စာမျက်နှာ-307


အချိန်မရွေး ကုသိုလ်တိုးသော အလှူ ၆-မျိုး

(၁) အာရာမရောပဒါန = ပန်းအာရာမ် သစ်သီးအာရာမ်ကို စိုက်ပျိုး၍ လှူဒါန်းခြင်း။
(၂) ဝနရောပဒါန = အရိပ်ကောင်းသော သစ်ပင်စသည်တို့ကို စိုက်ပျိုး၍ လှူဒါန်းခြင်း။
(၃) သေတုကာရကဒါန = တံတားခင်း၍ လှူဒါန်းခြင်း။
(၄) ပပါဒါန = ရေအိုးစင်တည်၍ လှူဒါန်းခြင်း။
(၅) ဥဒပါနဒါန = ရေတွင်း ရေကန် ရေမြောင်းတူး၍ လှူဒါန်းခြင်း။
(၆) ဥပဿယဒါန = ဇရပ် တန်ဆောင်း ဂူ ကျောင်း ပြာသာဒ် လှူဒါန်းခြင်း။

ဟူ၍ ၆-ပါးရှိ၏။ ယင်းအလှူ ခြောက်ပါးတစ်မျိုးမျိုးကို လှူသော အလှူရှင်သည် နေ့ရောညဉ့်ပါ အခါခပ်သိမ်း ကုသိုလ်တရား ပွားများ၍ သေလျှင် နတ်ပြည်သို့ လားရောက်ရ၏ (သံ၊ ၁၊ ၃၀-၃၁။ သံ၊ ဋ္ဌ၊ ၁၊ ၃။ သံ၊ ဋီ၊ ၁၊ ၁၂၃)။

ခုနစ်ပါးတွဲ ဒါနစုများ

ဤ ၇-ပါးတဲ့ ဒါနအစုကို ပါဠိတော်တိုက်ရိုက် ဟောပြခြင်း မရှိသော်လည်း သံဃိကဒါန ခုနစ်ပါး ကိုပင် ခုနစ်ပါးတဲ့ ဒါနအစုအဖြစ် မှတ်ယူနိုင်ပါသည်။
(၁) ဗုဒ္ဓပ္ပမုခ ဥဘတောသံဃိကဒါန = မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်အခါ ဘုရားအမှူးရှိသော ဘိက္ခုသံဃာနှင့် ဘိက္ခုနီသံဃာအား လှူဒါန်းခြင်း။

(၂) တထာဂတေ ပရိနိဗ္ဗုတေ ဥဘတောသံဃိကဒါန = မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးသောအခါ ဘိက္ခုသံဃာနှင့် ဘိက္ခုနီသံဃာအား လှူဒါန်းခြင်း။

(၃) ဧကတော ဘိက္ခုသံဃိကဒါန = ဘိက္ခုသံဃာတစ်မျိုးအားသာ လှူဒါန်းခြင်း။

(၄) ဧကတော ဘိက္ခုနီသံဃိကဒါန = ဘိက္ခုနီသံဃာတစ်မျိုးအားသာ လှူဒါန်းခြင်း။

စာမျက်နှာ-308


(၅) ဥဘတောသံဃာသံဃိကဒါန = ဤမျှ အတိုင်းအရှည်ရှိသော ရဟန်းယောက်ျား ရဟန်းမိန်းမတို့ကို သံဃာထဲမှ ညွှန်းချပါ ဟု လျှောက်ထား၍ နှစ်ဖက်သံဃာက ညွှန်းချသူအား လှူဒါန်းခြင်း။

(၆) ဧကတော ဘိက္ခုသံဃဥဒ္ဒိဿ သံဃိကဒါန = ယခင်နည်းတူ ရဟန်းယောက်ျားကို လျှောက်ထား၍ ညွှန်းချရာ ရဟန်းယောက်ျားအား လှူဒါန်းခြင်း။

(၇) ဧကတော ဘိက္ခုနီသံဃဥဒ္ဒိဿ သံဃိကဒါန = ယခင်နည်းတူပင် ရဟန်းမိန်းမကို လျှောက်ထား၍ ညွှန်းချရာ ရဟန်းမိန်းမအား လှူဒါန်းခြင်း (မ၊ ၃၊ ၂၉၈။ မ၊ ဋ္ဌ၊ ၄၊ ၂၂၄-၅။ မ၊ ဋီ၊ ၃၊ ၄၁၁)။

ရှစ်ပါးတွဲ ဒါနစုများ

(၁) အာသဇ္ဇဒါန = အလှူခံရောက်လာလျှင် ကြန့်ကြာ၍ မနေစေရဘဲ အရေးတယူ လှူဒါန်းခြင်း။

(၂) ဘယာဒါန = အကဲ့ရဲ့ခံရမည်ကိုလည်းကောင်း၊ အပါယ်သို့ ကျရောက်မည်ကိုလည်းကောင်း ကြောက်၍ လှူဒါန်းခြင်း။

(၃) အဒါသိ မေ ဒါန = ဤသူသည် ရှေးက ငါ့အား ဤမည်သော ဝတ္ထုကို ပေးကမ်းဖူးပြီ ဟု နှလုံးသွင်း၍ အတုံ့ပြန်သောအားဖြင့် လှူဒါန်းခြင်း။

(၄) ဒဿတိ မေ ဒါန = ယခု ငါက ပေးလှူလိုက်လျှင် နောင်အခါ ငါ့အား ပြန်၍ ပေးလိမ့်မည် ဟု ရည်ရွယ်၍ ပေးလှူခြင်း။

(၅) သာဟုဒါန = လှူဒါန်းခြင်းဟူသည် ဘုရားအစရှိသော ပညာရှိသူတော်ကောင်းတို့ ချီးမွမ်းအပ်သည်ဖြစ်၍ ကောင်းသောအလုပ်ဖြစ်သည်ဟု နှလုံးသွင်း၍ ပေးလှူခြင်း။

(၆) အဒါတုံ နာရဟာမိ ဒါန = ငါသည် ချက်ပြုတ်စားနေသူဖြစ်ပါလျက် မချက်မပြုတ်နေသောသူအား မလှူဒါန်းဘဲ စားသုံးခြင်းငှာ မသင့်ပေ ဟု နှလုံးသွင်း၍ ပေးလှူခြင်း။

(၇) သိလောကပတ္ထနာဒါန = ဤအလှူကို ငါလှူလိုက်လျှင် ငါ၏ ကောင်းသတင်းကျော်စောသံ လွှမ်းမိုးပျံ့နှံ့သွားလိမ့်မည် ဟု နှလုံးသွင်း၍ ပေးလှူခြင်း။

စာမျက်နှာ-309


(၈) စိတ္တာလင်္ကာရဒါန = သမထ ဝိပဿနာ ဘာဝနာစိတ် တည်ကြည်စေရန် ရည်ရွယ်၍ စိတ်၏ အဆင်းတန်ဆာ အခြံအရံအဖြစ် ပေးလှူခြင်း။

ဤရှစ်ပါးတွင် နောက်ဆုံး ရှစ်ခုမြောက် ဒါနသည်သာ အမြတ်ဆုံးဖြစ်သည်။ သမထ ဝိပဿနာ ဘာဝနာတရား အားထုတ်ရာ၌ စိတ်တည်ကြည်လာအောင် အားပေးအားမြှောက်ပြုကာ ဈာန်မဂ်ဖိုလ်ရကြောင်း သမထဝိပဿနာတို့အား ကျေးဇူးများသော ဒါနထူးဖြစ်သောကြောင့် အမြတ်ဆုံးဖြစ်သည် (အံ၊ ၃၊ ၆၀။ အံ၊ ဋ္ဌ၊ ၃၊ ၂၂၉)။

(တစ်နည်း) ဒါန ၈-ပါး

(၁) ဆန္ဒာဒါန = ချစ်ခင်စေလိုသဖြင့် ပေးလှူခြင်း။

(၂) ဒေါသာဒါန = မလွှဲမရှောင်သာသည့်အတွက် မုန်းလျက်နှင့်ပင် ဆောင့်ဆောင့်အောင့်အောင့် ပေးလှူခြင်း။

(၃) မောဟာဒါန = အကြောင်းအကျိုးမသိဘဲ မိုက်မဲတွေဝေ၍ ပေးလှူခြင်း။

(၄) ဘယာဒါန = အများကဲ့ရဲ့မည်ကိုလည်းကောင်း၊ အပါယ်ကျမည်ကိုလည်းကောင်း၊ အလှူခံပုဂ္ဂိုလ်က တစ်စုံတစ်ရာ ရန်ပြုမည်ကိုလည်းကောင်း ကြောက်၍ ပေးလှူခြင်း။

(၅) ဟာပေတုံ နာရဟာမိ ဒါန = ငါ၏ မိဘဘိုးဘွားများ အဆက်ဆက်ကပင် ပေးကမ်းလှူဒါန်းခဲ့သည်။ ဤမိဘဘိုးဘွားတို့၏ အဆက်အနွယ် ပဝေဏီကို ယုတ်လျော့ခြင်းငှာ မသင့်လျော် ဟု နှလုံးသွင်း၍ ပေးလှူခြင်း။

(၆) သဂ္ဂလောကပတ္ထနာဒါန = ဤအလှူကို လှူ၍ သေလွန်ပြီးနောက် နတ်ပြည်သို့ ရောက်ရန် ရည်သန်၍ ပေးလှူခြင်း။

(၇) စိတ္တပသာဒဒါန = ဒါနပြုလျှင် စိတ်ကြည်လင်မည်၊ နှစ်သက်ဝမ်းမြောက်ခြင်း ဖြစ်လိမ့်မည် ဟု စိတ်နှစ်သက်ရွှင်လန်းမှုကို မျှော်ကိုး၍ ပေးလှူခြင်း။

(၈) စိတ္တာလင်္ကာရဒါန = သမထ ဝိပဿနာစိတ် တည်ကြည်စေရန် ရည်ရွယ်၍ စိတ်၏ အဆင်းတန်ဆာ အခြံအရံအဖြစ် ပေးလှူခြင်း။

ဤရှစ်ပါးတွင်လည်း ရှစ်ခုမြောက် ဒါနသာ အမြတ်ဆုံးဖြစ်၏ (အံ၊ ၃၊ ၆၁။ အံ၊ ဋ္ဌ၊ ၃၊ ၂၂၉)။

စာမျက်နှာ-310


သပ္ပုရိသဒါန ၈-ပါး

(၁) သုစိဒါန = ပစ္စည်းဝတ္ထုကို သန့်ရှင်းစင်ကြယ် တင့်တယ်လှပအောင် ပြု၍ လှူဒါန်းခြင်း။

(၂) ပဏီတဒါန = မွန်မြတ်သောအရာကို လှူဒါန်းခြင်း။

(၃) ကာလဒါန = သင့်လျော်လျောက်ပတ်သော အခါ၌ လှူဒါန်းခြင်း။

(၄) ကပ္ပိယဒါန = အလှူခံပုဂ္ဂိုလ်တို့နှင့် အပ်စပ်သော ပစ္စည်းကိုသာ လှူဒါန်းခြင်း။

(၅) ဝိစေယျဒါန = အလှူခံပုဂ္ဂိုလ်နှင့် လှူဖွယ်ဝတ္ထုကို ရွေးချယ်စိစစ်ပြီး လှူဒါန်းခြင်း။

(၆) အဘိဏှဒါန = မိမိစွမ်းနိုင်သမျှ မပြတ်မလပ် ပေးလှူခြင်း။

(၇) စိတ္တပသာဒဒါန = ပေးလှူစဉ်အခါ စိတ်ကို ကြည်လင်စေ၍ ပေးလှူခြင်း။

(၈) အတ္တမနဒါန = လှူဒါန်းပြီးနောက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရအောင် ပေးလှူခြင်း (အံ၊ ၃၊ ၇၄။ အံ၊ ဋ္ဌ၊ ၃၊ ၂၃၁)။

မှတ်ချက်။ ။ ဤ၌ ဝိစေယျဒါန ဟူသည် အလှူခံကို ရွေးချယ်ခြင်း၊ လှူဖွယ်ဝတ္ထုကို ရွေးချယ်ခြင်းဟု ရွေးချယ်ခြင်း နှစ်မျိုးရှိ၏။ ထိုတွင် —
လုံးဝ သီလမရှိသော ဗာဟိရက အလှူခံပုဂ္ဂိုလ်တို့ကို ပယ်ရှား၍ သီလစသော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသော သာသနာတွင်းသား အလှူခံများအား လှူဒါန်းခြင်းသည် အလှူခံကို ရွေးချယ်လှူဒါန်းခြင်း မည်၏။ မိမိ၌ ကောင်းကောင်းဆိုးဆိုး လှူဖွယ်ဝတ္ထု နှစ်မျိုး ရှိနေရာဝယ် ယုတ်ညံ့သော လှူဖွယ်ဝတ္ထုကို ပယ်ရှား၍ ကောင်းနိုးရာရာ လှူဖွယ်ဝတ္ထုကို လှူဒါန်းခြင်းသည် ဝတ္ထုကို ရွေးချယ်လှူဒါန်းခြင်း မည်၏။

အသပ္ပုရိသဒါန ၈-ပါး

ဤနေရာ၌ အသပ္ပုရိသဒါနဟူ၍ သီးခြား မဟောသော်လည်း တိုက်ရိုက်ဟောသည့် သပ္ပုရိသဒါန ရှစ်ပါးကို ပြောင်းပြန်လှန်လိုက်လျှင် အသပ္ပုရိသဒါန ရှစ်ပါး ဖြစ်နိုင်၏။
(၁) မစင်မကြယ် မဖွယ်မရာ လှူဒါန်းခြင်း။

(၂) အညံ့စားများကိုသာ လှူဒါန်းခြင်း။

စာမျက်နှာ-311


(၃) သင့်လျော်သည့်အခါ မဟုတ်ဘဲ လှူဒါန်းခြင်း။

(၄) အလှူခံတို့နှင့် မအပ်စပ်သော ပစ္စည်းကို လှူဒါန်းခြင်း။

(၅) အလှူခံပုဂ္ဂိုလ်နှင့် လှူဖွယ်ပစ္စည်းကို မရွေးချယ်ဘဲ လှူဒါန်းခြင်း။

(၆) စွမ်းနိုင်ပါလျက် စွမ်းနိုင်သမျှ မလှူဘဲ ပြတ်တောင်းပြတ်တောင်း လှူဒါန်းခြင်း။

(၇) လှူစဉ်အခါ စိတ်မကြည်လင်ဘဲ လှူဒါန်းခြင်း။

(၈) လှူပြီးနောက် စိတ်မနှစ်လို တွန့်တိုနေခြင်း။

ကိုးပါးတွဲ ဒါနစုများ

ဤ၌ ၉-ပါးစုဒါနနှင့် စပ်၍ ဝိနည်းပရိဝါပါဠိတော်၌ အဓမ္မိကဒါန ၉-ပါး ရှိကြောင်း ဟောကြားတော်မူ၏။ ယင်း ၉-ပါးအကျယ်ကို အဋ္ဌကထာ၌ ဖွင့်ဆိုထား၏။ ၉-ပါး သရုပ်မှာ —

(၁) သံဃာတော်အား (လှူပါသည်ဟု နှုတ်မြွက်ဝန်ခံထားသဖြင့်) ညွှတ်ကိုင်းထားပြီးသော လာဘ်ကို ညွှတ်ကိုင်းရင်း သံဃာမှတစ်ပါး အခြားသော သံဃာတော်အား ညွှတ်ကိုင်းလှူစေခြင်း (ကျောင်းတိုက်တစ်ခုရှိ သံဃာအား လှူရန် ရည်ရွယ်ပြီး ပစ္စည်းဝတ္ထုကို ရည်ရွယ်ရင်းကျောင်းတိုက်မှ အခြားကျောင်းတိုက်ရှိ သံဃာအား လှူပါဟု အလှူရှင်အား မပြောဆိုကောင်းဟု ဆိုလိုပါသည်)။

(၂) ယင်းနည်းတူ သံဃာအား ညွှတ်ပြီးသော လာဘ်ကို စေတီတော်အား ညွှတ်ကိုင်းလှူစေခြင်း။

(၃) ယင်းနည်းတူ သံဃာအား ညွှတ်ပြီး လာဘ်ကိုပင် ပုဂ္ဂိုလ်အား ညွှတ်ကိုင်းလှူစေခြင်း။

(၄) စေတီတော်အား ညွှတ်ကိုင်းထားပြီးသော လာဘ်ကို ညွှတ်ကိုင်းရင်း စေတီမှတစ်ပါး အခြားစေတီတစ်ဆူဆူအား ညွှတ်ကိုင်းလှူစေခြင်း (စေတီတစ်ဆူအတွက် သတ်မှတ်၍ စိုက်ပျိုးအပ်သော ပန်းခြံမှ ပန်းပွင့်ကို အခြားစေတီတစ်ဆူဆူ၌ မတင်မလှူကောင်း၊ စေတီတစ်ဆူအား လှူပြီးသော ထီးတံခွန်တို့မှ အကြွင်းအကျန် အပိုအလျှံကိုမူ အခြားစေတီတစ်ဆူဆူအား လှူစေကောင်း၏)။

စာမျက်နှာ-312


(၅) ယင်းနည်းတူ စေတီတော်အား ညွှတ်ပြီးသော လာဘ်ကို သံဃာအား ညွှတ်ကိုင်းလှူစေခြင်း။

(၆) ယင်းနည်းတူ စေတီညွှတ်ပြီး လာဘ်ကိုပင် ပုဂ္ဂိုလ်တစ်ပါးပါးအား ညွှတ်ကိုင်းလှူစေခြင်း။

(၇) ပုဂ္ဂိုလ်အား ညွှတ်ကိုင်းထားပြီးသော လာဘ်ကို ညွှတ်ကိုင်းရင်း ပုဂ္ဂိုလ်မှတစ်ပါး အခြားပုဂ္ဂိုလ်တစ်ဦးဦးအား ညွှတ်ကိုင်းလှူစေခြင်း (ယုတ်စွအဆုံး ခွေးတစ်ကောင်အား ကျွေးဖို့ရန် ရည်ရွယ်ထားသော ဝတ္ထုကို ရည်ရွယ်ရင်း ခွေးမှတစ်ပါး အခြားခွေးတစ်ကောင်အား သော်မှ ပြောင်းရွှေ့ကာ မကျွေးစေကောင်း၊ သင့်လျော်ရာ ညွှန်ပြပါဟု အလှူရှင်က ပြောဆိုပါမူ ညွှန်ပြကောင်း၏)။

(၈) ယင်းနည်းတူ ပုဂ္ဂိုလ်ညွှတ်ပြီး လာဘ်ကို သံဃာတော်အား ညွှတ်ကိုင်းလှူစေခြင်း။

(၉) ယင်းနည်းတူ ပုဂ္ဂိုလ်ညွှတ်ပြီး လာဘ်ကို စေတီတော်အား ညွှတ်ကိုင်းလှူစေခြင်း။

အဓမ္မိကဒါန ၉-ပါးနှင့် စပ်၍ မှတ်သားဖွယ်အချက်များ

ဤ ၉-ပါးစုဒါနသည် ရဟန်းတော်များနှင့် ပတ်သက်၍ ပရိဝါပါဠိတော် အဋ္ဌကထာတို့၌ လာသော ဒါနအမျိုးအစားများ ဖြစ်၏။ ယင်း ၉-ပါး ဟောကြားရခြင်း၏ အကြောင်းဝတ္ထုများသည် ပါရာဇိကဏ်ပါဠိတော်နှင့် ပါစိတ္တိယပါဠိတော်တို့၌ လာရှိ၏။ အကြောင်းရင်းဝတ္ထု အကျဉ်းချုပ်မှာ —

မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူခိုက် သာဝတ္ထိပြည်တွင်း အသင်းအဖွဲ့တစ်ခုက သံဃာတော်အား ဆွမ်းကျွေးပြီးလျှင် သင်္ကန်းကိုပါ လှူကုန်အံ့ ဟု တိုင်ပင်ဆွေးနွေးပြီး သံဃာတော်အတွက် လှူဒါန်းရန် သင်္ကန်းရော ဆွမ်းပါ ပြင်ဆင်ထား၏။

ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထိုအသင်းရှိရာသို့ သွားရောက်၍ မိမိတို့အား ထိုစီမံပြီး သင်္ကန်းများကို လှူဒါန်းရန် အတင်းအကျပ် မငြင်းဆန်နိုင်အောင် ပြောဆိုအလှူခံကြသဖြင့် သင်္ကန်းများကို ဆဗ္ဗဂ္ဂီရဟန်းတို့အား လှူ၍ သံဃာတော်အား ဆွမ်းကိုသာ လှူကြရတော့သည်။

စာမျက်နှာ-313


ထိုအကြောင်းကို ရဟန်းတော်များသိ၍ မြတ်စွာဘုရားအား လျှောက်ထားကြရာ မြတ်စွာဘုရားရှင်က သံဃာတော်အား လှူမည်ဟု နှုတ်မြွက်ပြောဆို၍ ညွှတ်ပြီးသော လာဘ်ကို သိလျက် မိမိအား ညွှတ်စေသော ရဟန်းအား နိဿဂ္ဂိယပါစိတ် သင့်စေ ဟု သိက္ခာပုဒ် ပညတ်တော်မူ၍ ယင်းသိက္ခာပုဒ်အကျယ် ပဒဘာဇနီ၌ ဤ အဓမ္မိကဒါန ၉-ပါး ကို ဟောကြားတော်မူ၏။

ဤ၌ အကြောင်းရင်းဝတ္ထုကို ကြည့်ခြင်းအားဖြင့် အလှူပွဲစား ကြားသမားတို့ ဝင်ရောက်စွက်ဖက်မှုကြောင့် အလှူမှာ အဓမ္မိကဒါနအမည်ကို ရရှိခြင်းဖြစ်၏။ မှန်၏၊ သံဃာအားဖြစ်စေ၊ စေတီအားဖြစ်စေ၊ ပုဂ္ဂိုလ်အားဖြစ်စေ ဤဝတ္ထုကို ပေးလှူအံ့ဟု အလှူရှင်က နှုတ်မြွက်ပြောဆိုပြီးဖြစ်လျှင် ထိုဝတ္ထုသည် နှုတ်မြွက်ပြောကြားခြင်း ခံရသော သံဃာ၊ စေတီ၊ ပုဂ္ဂိုလ်တစ်မျိုးမျိုးတို့၏ ဥစ္စာ တစ်ဝက်တစ်ပျက် ဖြစ်လေပြီ။

ဤသို့ သံဃာ၊ စေတီ၊ ပုဂ္ဂိုလ်တစ်မျိုးမျိုးအား ညွှတ်ပြီးမှန်းသိလျက် ညွှတ်ကိုင်းရင်း သံဃာ၊ စေတီ၊ ပုဂ္ဂိုလ်မှ အခြား သံဃာ၊ စေတီ၊ ပုဂ္ဂိုလ်အား လှူဒါန်းရန် ဝင်ရောက်စွက်ဖက် လှူဒါန်းစေသောအခါ ကြားသမားတို့၏ မတရားစွက်ဖက်ခြင်း ခံရသဖြင့် အဓမ္မိကဒါန ဖြစ်ရတော့သည်။

ဤအဓမ္မိကဒါန ၉-ပါးကို ခံယူခြင်း၊ သုံးဆောင်ခြင်းများသည်လည်း အဓမ္မိကချည်းဖြစ်၍ အဓမ္မိကပဋိဂ္ဂဟ ၉-ပါးနှင့် အဓမ္မိကပရိဘောဂ ၉-ပါးကို ဆက်လက် ဟောကြားတော်မူ၏။

ဤ၌ ကြားသမားတို့ မတရားစွက်ဖက်ပြောဆို ညွှတ်ကိုင်းစေသဖြင့် ညွှတ်ကိုင်းရင်း သံဃာ၊ စေတီ၊ ပုဂ္ဂိုလ်မှ အခြား သံဃာ၊ စေတီ၊ ပုဂ္ဂိုလ်အား လှူဒါန်းခြင်းကိုသာ အဓမ္မိကဟု မှတ်ယူရမည်။ ထို့ကြောင့် မူလညွှတ်ကိုင်းရင်းမှ တစ်ပါးတခြားသို့ တရားသဖြင့် ညွှတ်ကိုင်းစေခြင်းနှင့် အလှူရှင်ကိုယ်တိုင် အသိမှန်ရ၍ မူလညွှတ်ကိုင်းရင်းမှ အခြားတစ်ပါးသို့ ပြောင်းရွှေ့လှူဒါန်းခြင်းတို့ကို အဓမ္မိကဟု မဆိုထိုက်ပါ။

သို့ဖြစ်၍ မြတ်စွာဘုရားအား လှူအံ့ဟု နှုတ်မြွက်ညွှတ်ကိုင်း၍ ရက်လုပ်သော မိထွေးတော် မဟာပဇာပတိဂေါတမီ၏ သင်္ကန်းအစုံကို သံဃာအား လှူဒါန်းရန် မိန့်တော်မူရာ၌လည်းကောင်း၊ ပသေနဒီကောသလမင်းကြီး တိတ္ထိတို့ထံမှ အသပြာတစ်သိန်း လာဘ်စား၍ ဇေတဝန်ကျောင်းတိုက်အနီး တိတ္ထိကျောင်း ဆောက်လုပ်ရန် မြေနှင့် သစ်ဝါးချပေးရာမှ မြတ်စွာဘုရား မိန့်တော်မူချက်အရ...

စာမျက်နှာ-314


မင်းကြီးအမြင်မှန်ရ၍ မူလပေးရင်းမြေနှင့် သစ်ဝါးများကိုပါ မင်းဘဏ္ဍာအဖြစ် သိမ်းယူ၍ မြတ်စွာဘုရားအား လှူဒါန်းရာ၌ လည်းကောင်း၊ အဓမ္မိကဒါန မဖြစ်ကြောင်း မှတ်သားကြရာ၏။

ဆယ်ပါးတွဲ ဒါနစုများ

ဤဆယ်ပါးတဲ့ ဒါနစုမှာလည်း လေးပါးစု၊ ခြောက်ပါးစု၊ ခုနစ်ပါးစု ဒါနတို့ကဲ့သို့ ဒါန၏ သဘောအားဖြင့် ၁၀-ပါးရှိကြောင်း ပါဠိတော်များ၌ တိုက်ရိုက်အဟောမရှိသော်လည်း သုတ္တန်နည်းဖြင့် အလှူများ၍ ထင်ရှားသော ဒါနဝတ္ထု ဆယ်မျိုးရှိသည်ကို အစွဲပြုကာ အန္နဒါန၊ ပါနဒါနစသော ဒါနဝတ္ထု ၁၀-ပါးကို ၁၀-ပါးတဲ့ ဒါနစုအဖြစ် မှတ်သားနိုင်၏။ (ယင်း ၁၀-ပါး သရုပ်ကို အခန်း-၁၁၊ ဒါနအမျိုးမျိုးပြရာ စာမျက်နှာ ၂၉၁-၂ ၌ ပြခဲ့ပြီ။)

အပါယ်ချမည့် ဒါန ၁၀-မျိုး

(၁) မဇ္ဇဒါန = သေရည်အရက်ကို ပေးလှူခြင်း။

(၂) သမဇ္ဇဒါန = ပွဲသဘင်ဖြင့် လှူဒါန်းပူဇော်ခြင်း။

(၃) ဣတ္ထိဒါန = မိန်းမကို ပေးလှူခြင်း။

(၄) ဥသဘဒါန = နွားမအပေါင်း၏ အလယ်၌ နွားလားဥသဘကို လွှတ်ပေးခြင်း။

(၅) စိတ္တကမ္မဒါန = မိန်းမ ယောက်ျားတို့၏ မေထုန်မှီဝဲဟန် ပုံသဏ္ဌာန်စသော ကိလေသာဖြစ်ခြင်း၏ အကြောင်းဖြစ်သော ပန်းချီဆေးရေးကားချပ် ပေးလှူခြင်း။

(၆) သတ္ထဒါန = လက်နက်ကို ပေးလှူခြင်း။

(၇) ဝိသဒါန = အဆိပ်ကို ပေးလှူခြင်း။

(၈) သင်္ခလိကဒါန = သံခြေချင်းကို ပေးလှူခြင်း။

(၉) ကုက္ကုဋသူကရဒါန = ကြက်ဝက်တို့ကို ပေးလှူခြင်း။

(၁၀) တုလာကူဋမာနကူဋဒါန = ချိန်စဉ်းလဲ တောင်းစဉ်းလဲကို ပေးလှူခြင်း။

ဤ ၁၀-ပါးကို လောက၌ အလှူစာရင်း မသွင်းသင့်သည့်ပြင် လှူသူမှာ အပါယ်ကျနိုင်သည် (မိလိန္ဒ၊ ၂၇၀)။

စာမျက်နှာ-315


အလှူခံ တစ်ကျိပ်လေး (ပုဂ္ဂလိကဒါန ၁၄-ပါး)

ဥပရိပဏ္ဏာသပါဠိတော် ဒက္ခိဏာဝိဘင်္ဂသုတ်၌ မြတ်စွာဘုရား ဟောကြားတော်မူသော ပုဂ္ဂလိကဒါန ၁၄-ပါးနှင့် စပ်၍ ၁၄-ပါးတဲ့ ဒါနစုကို အောက်ပါအတိုင်း မှတ်သားနိုင်၏ —

(၁) မြတ်စွာဘုရားအား လှူဒါန်းခြင်း။

(၂) ပစ္စေကဗုဒ္ဓါတို့အား လှူဒါန်းခြင်း။

(၃) ဘုရားတပည့်သား ရဟန္တာပုဂ္ဂိုလ်အား (သို့မဟုတ် အရဟတ္တဖိုလ်၌ တည်သော ပုဂ္ဂိုလ်အား) လှူဒါန်းခြင်း။

(၄) အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ကြံနေသော ပုဂ္ဂိုလ် (သို့မဟုတ် အရဟတ္တမဂ်၌ တည်သော ပုဂ္ဂိုလ်အား) လှူဒါန်းခြင်း။

(၅) အနာဂါမ်ပုဂ္ဂိုလ် (သို့မဟုတ် အနာဂါမိဖိုလ်၌ တည်သော ပုဂ္ဂိုလ်အား) လှူဒါန်းခြင်း။

(၆) အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ကြံသော ပုဂ္ဂိုလ် (သို့မဟုတ် အနာဂါမိမဂ်၌ တည်သော ပုဂ္ဂိုလ်အား) လှူဒါန်းခြင်း။

(၇) သကဒါဂါမ်ပုဂ္ဂိုလ် (သို့မဟုတ် သကဒါဂါမိဖိုလ်၌ တည်သော ပုဂ္ဂိုလ်အား) လှူဒါန်းခြင်း။

(၈) သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ကြံနေသော ပုဂ္ဂိုလ် (သို့မဟုတ် သကဒါဂါမိမဂ်၌ တည်သော ပုဂ္ဂိုလ်အား) လှူဒါန်းခြင်း။

(၉) သောတာပန်ပုဂ္ဂိုလ် (သို့မဟုတ် သောတာပတ္တိဖိုလ်၌ တည်သော ပုဂ္ဂိုလ်အား) လှူဒါန်းခြင်း။

(၁၀) သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ကြံနေသော ပုဂ္ဂိုလ် (သို့မဟုတ် သောတာပတ္တိမဂ်၌ တည်သော ပုဂ္ဂိုလ်အား) လှူဒါန်းခြင်း။

(၁၁) သာသနာတော်ပအခါ ဈာန်အဘိညာဉ်ရသော ရသေ့တို့အား လှူဒါန်းခြင်း။

(၁၂) သီလရှိသော သီလဝန္တ လူပုထုဇဉ်တို့အား လှူဒါန်းခြင်း။

စာမျက်နှာ-316


(၁၃) သီလမရှိသော (ဒုဿီလ) လူပုထုဇဉ်တို့အား လှူဒါန်းခြင်း။

(၁၄) တိရစ္ဆာန်တို့အား လှူဒါန်းခြင်း။

[ဆောင်] ဘုရားမြတ်စွာ၊ ပစ္စေကာနှင့်၊ အရိယာရှင်၊ ဈာန်ရဗာဟီ၊ သီလီပုထုဇန်၊ တိရစ္ဆာန်၊ လှူခံတစ်ကျိပ်လေး။

စာမျက်နှာ-317


(အခန်း - ၁၂)

ဒါနအကျိုးတရားများ

ကုသိုလ်ကံဖြစ်စေ၊ အကုသိုလ်ကံဖြစ်စေ တူသောအကျိုးပေးတတ်၏။ သူတစ်ပါးကို သတ်သော ပါဏာတိပါတကံကြောင့် ဖြစ်ရာဘဝ၌ အသတ်ခံရတတ်၏၊ ရောဂါများတတ်၏။ ဤသို့စသည်ဖြင့် မိမိပြုလုပ် ဆည်းပူးအားထုတ်သော ကောင်းမှုမကောင်းမှုတို့၏ ကောင်းမွေဆိုးမွေကို ခံကြရ၏။ ထိုကောင်းကံဆိုးကံတို့၏ အရှိန်သတ္တိတွေ မိမိတို့၏ သန္တာန်၌ အကြောင်းတိုက်ဆိုင် အခွင့်သင့်ရာအချိန်ဝယ် အကျိုးပေးရန် အမြဲလိုက်ပါနေ၏။ ထိုစေတနာကံသည် ဥပါဒ်၊ ဌီ၊ ဘင် အရ ချုပ်ပျောက်သွားသော်လည်း ထိုစေတနာကံ၏ သတ္တိကား မိမိတို့ခန္ဓာအစဉ်ဝယ် အမြဲလိုက်ပါတည်ရှိနေ၏။ မိမိပြုလုပ်သော ကုသိုလ်ကံ၏ သတ္တိသည် မိမိသန္တာန်မှာ (လူသွားရာသို့ အရိပ်လိုက်ပါသလို) မိမိကို စောင့်ရှောက်ဖို့ရန် အမြဲလိုက်ပါ၏။ မိမိပြုအပ်သော အကုသိုလ်ကံ၏ သတ္တိများလည်း (လှည်း၌ တပ်အပ်သော နွား၏နောက်သို့ လှည်းဘီးပါသကဲ့သို့) မိမိကို နှိပ်စက်ဖို့ရန် အမြဲလိုက်ပါနေ၏။

စွန့်ကြဲပေးကမ်း လှူဒါန်းသောအခါ အလှူခံပုဂ္ဂိုလ်ကို စားစေချင်၊ ကောင်းကောင်းမွန်မွန် ဝတ်စေချင်၊ နေစေချင်သော စေတနာသည် ဒါန မည်၏။ ထိုဒါနကြောင့် ဖြစ်လေရာဘဝ၌ ကောင်းကောင်းမွန်မွန် စားရဝတ်ရ နေထိုင်ရသော အကျိုးတရားများ ရရှိခံစားရမည်မှာ သိသာထင်ရှား၏။ “မနာပဒါယီ လဘတေ မနာပံ = မြတ်နိုးဖွယ်ရာ အရာဝတ္ထုကို ပေးလှူသူသည် မြတ်နိုးဖွယ်အရာဝတ္ထုကို ရရှိနိုင်၏” ဟူသော ဒေသနာတော်အရ ဒါန၏ တူညီသောအကျိုးတရားကို ရရှိခံစားရမည်မှာ သေချာလှ၏။

ဒါနသည် အလှူပေး အလှူခံ ၂-ဦးလုံး၏ စိတ်ကို နူးညံ့ပျော့ပျောင်းအောင် ပြုနိုင်၏။ မလိမ္မာ မယဉ်ကျေးသောသူကို လိမ္မာယဉ်ကျေးစေနိုင်၏။ မိမိစကားကို နားမထောင်သူကိုလည်း နားထောင်စေနိုင်၏ (ဒီ၊ ဋ္ဌ၊ ၃၊ ၂၂၇-စသည်)။

မိမိသူတစ်ပါး ၂-ဦးသား၏ အကျိုး၊ ပစ္စုပ္ပန်လောကအကျိုး၊ တမလွန်လောကအကျိုး အမျိုးမျိုးကို ပြီးစေနိုင်၏။ အခြံအရံ၊ အကျော်အစော၊ ကျက်သရေ၊ စည်းစိမ်ချမ်းသာတို့ကိုလည်း ပေးစွမ်းနိုင်၏။ တရားသဖြင့်ရသော ပစ္စည်းဝတ္ထုကို တရားထူးရသော ပုဂ္ဂိုလ်တို့အား ပေးလှူလျှင် ငရဲကြီးရှစ်ထပ်၊

စာမျက်နှာ-318


ငရဲငယ် ၁၆-ထပ်တို့ကို လွန်မြောက်၍ နတ်ပြည်သို့ လားရောက်နိုင်၏ (သံ၊ ၁၊ ၂၈-စသည်)။ လွန်ကဲထူးချွန်မွန်မြတ်သော လောကီစည်းစိမ် လောကုတ္တရာစည်းစိမ် အားလုံးကိုလည်း ဖြစ်ထွန်းပေါ်ပေါက်လာစေနိုင်၏ (ဒီ၊ ဋီ၊ ၂၊ ၆၀-စသည်)။

ထို့ပြင် သိကြားမင်းစည်းစိမ်၊ မာရ်နတ်မင်းစည်းစိမ်၊ ဗြဟ္မာမင်းစည်းစိမ်၊ စကြာမင်းစည်းစိမ် စသော လောကီစည်းစိမ်၊ သာဝကပါရမီဉာဏ်၊ ပစ္စေကဗောဓိဉာဏ်၊ အဘိသမ္ဗောဓိဉာဏ်ဟု ဆိုအပ်သော လောကုတ္တရာစည်းစိမ်တို့ကိုလည်း ပေးစွမ်းနိုင်၏ (ဒီ၊ ဋ္ဌ၊ ၂၊ ၆၃-စသည်)။ ယင်းဒါနကြောင့် လူ့ပြည်နတ်ပြည်သို့ လားရောက်နိုင်သည်မှာ ထင်ရှားလှ၏။ ဗြဟ္မာ့ပြည်သို့မူကား ပေးလှူကာမျှဖြင့် မလားရောက်နိုင်။ သို့ရာတွင် ဒါနစေတနာသည် သမထ ဝိပဿနာစိတ်၏ အခြံအရံတန်ဆာဖြစ်၍ ပေးလှူပြီးနောက် ရန်ငြိုးတတ်သော ရန်သူ၌သော်လည်း နူးညံ့သောစိတ် ပေါ်ပေါက်လာပြီးလျှင် ဗြဟ္မဝိဟာရ ခေါ်သော ဗြဟ္မစိုရ်တရားတို့ကို များများအားထုတ်ခဲ့ပါမူ ဗြဟ္မာ့ပြည်သို့ လားရောက်စေနိုင်သည် (ဒီ၊ ၃၊ ၂၁၄-၅-စသည်)။ ဒါနသည် ဈာန်၊ ဝိပဿနာ၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ချမ်းသာအားလည်း အားကြီးသော မှီရာအကြောင်း အထောက်အပံ့ ဥပနိဿယ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနိုင်သည်။

လှည်းဘီးသည် လှည်းကိုဆွဲသောနွား နောက်သို့ ကပ်၍လိုက်သကဲ့သို့ ဒါနသည် အလှူရှင်နောက်သို့ တကောက်ကောက် ကပ်၍လိုက်၏။ ပစ္စုပ္ပန်လောက၌ဖြစ်စေ၊ တမလွန်လောက၌ဖြစ်စေ ပေးလှူသူ ဒါယကာသို့ အစဉ်လိုက်၍ အကျိုးပေးလေသည် (သံ၊ ၁၊ ၃၈-စသည်)။

သူတစ်ပါးကို နှိပ်စက်၍ မတရားသဖြင့် ရထားသော အသပြာ ၁၀-ကုဋေတန် အလှူသည် တောင်းရမ်း၍ ကောက်သင်းကောက် ရှာဖွေ၍ သားမယားကို လုပ်ကျွေးမွေးမြူသော ဆင်းရဲသားတစ်ယောက်၏ အသပြာ တစ်ကျပ်တန် အလှူကို ၂၅၆ ပုံ ပုံ၍ တစ်ပုံမျှ မမီနိုင်။ လှူဖွယ်ဝတ္ထုတန်ဖိုး နည်းသော်လည်း သဒ္ဓါစေတနာ ထက်သန်များပြားလျှင် ထောင်ပေါင်းများစွာ တန်ဖိုးရှိသော အလှူနှင့် ထပ်တူထပ်မျှ အကျိုးရနိုင်၏။

သောတာပန်ပမာ လားရာဂတိ မြဲစေနိုင်သည့် အလှူဒါနများ

သောတာပန်ပမာ လားရာဂတိ မြဲစေနိုင်သော အကျိုးတရားကို ပေးစွမ်းနိုင်သည့် အလှူဒါနများလည်း ရှိသေး၏။ စာရေးတံမဲ လက်မှတ်၌ ဆွမ်းဒါယကာ၏ နာမည်ကိုရေး၍ သံဃာထဲမှ မဲကျသော ရဟန်းများအား

စာမျက်နှာ-319


လှူဒါန်းအပ်သော သလာကဘတ် အလှူ၊ လဆန်းလဆုတ် ၅-ရက်၊ ၈-ရက်၊ ၁၄-ရက်၊ ၁၅-ရက်နေ့များ၌ ဥပုသ်စောင့်သုံးကာ လှူဒါန်းအပ်သော ပက္ခိကဘတ် အလှူ၊ ဝါဆိုသင်္ကန်း အလှူ၊ ရေကန် အလှူနှင့် ကျောင်း အလှူများကို လှူဒါန်းသော အလှူရှင်များသည် အမြဲမပြတ် နိဗဒ္ဓကုသိုလ်ကို ပြုရာရောက်သောကြောင့် သောတာပန်နှင့်မခြား အလားတူကြ၏။ သောတာပန်ပမာ လားရာဂတိ မြဲသော အကျိုးကို ရရှိနိုင်သော အလှူဒါနများဖြစ်၍ သူတော်စင်များ အထူးအားကျဖွယ် ကောင်းလှ၏ (အံ၊ ဋ္ဌ၊ ၃၊ ၂၆၅)။

ဆုတောင်း၍ လှူရန်

ထို့ပြင် သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ ဟူသော တရား ၅-ပါး တည်ရှိ၍ ဆုတောင်းမှုလည်း ရှိသောသူ၏ လားရာဂတိသည် မြဲ၏။ ဆုတောင်းမှု မရှိခဲ့မူကား အထက်ကောင်းကင်သို့ မြှောက်တင်ပစ်လွှင့်အပ်သော တုတ်လှံတံသည် အောက်မြေပြင်သို့ အဖျားပိုင်းဖြင့် ကျမည်၊ အလယ်ပိုင်းဖြင့် ကျမည်ဟု တိတိကျကျ မှတ်သား၍ မရနိုင်သကဲ့သို့ လားရာဂတိ မမြဲနိုင်ပေ။ ထို့ကြောင့် ကုသိုလ်ကောင်းမှု တစ်ခုခုပြုခဲ့သော် သုဂတိဘုံဌာန တစ်ခုခုသို့ ဆုတောင်း၍ ပြုသင့်ကြပေသည် (မ၊ ဋ္ဌ၊ ၄၊ ၁၀၄)။

ဒါန၏ မျက်မှောက်အကျိုး ငါးပါး

ဘုရားရှင် ဝေသာလီပြည် မဟာဝုန်တော စုလစ်မွမ်းချွန် အထွတ်တပ်သော ကျောင်း၌ သီတင်းသုံးတော်မူစဉ် သီဟစစ်သူကြီး မေးလျှောက်ချက်အရ ဒါန၏ မျက်မှောက်လက်ငင်းအကျိုး ၅-မျိုးကို ဟောတော်မူ၏။

ဒါနဝတ္ထုလှူဒါန်းသော အလှူရှင်သည် —
(၁) လူအများတို့ မျက်နှာမြင်လျှင် ချစ်ခင်နှစ်သက်ခြင်း။

(၂) သူတော်ကောင်းတို့ မှီခိုဆည်းကပ်လာခြင်း။

(၃) ဂုဏ်ကျေးဇူးသတင်း ပျံ့နှံ့ကျော်ကြားခြင်း။

(၄) ပရိသတ် ၄-ပါးသို့ ရွံ့ရှားခြင်းကင်း ရဲတင်းစွာ ချဉ်းကပ်နိုင်ခြင်း။

(၅) သေသည်၏ အခြားမဲ့၌ နတ်ပြည်သို့ လားရောက်ခြင်း။

ဟူသော အကျိုးထူးတို့ကို ရရှိခံစားရ၏ (အံ၊ ၂၊ ၃၃-၅)။

စာမျက်နှာ-320


ထို့ပြင် —
(၁) ကိလေသာကင်းကွာ ရဟန္တာအရှင်မြတ်တို့၏ အချီးအမြှောက်ကို ရှေးဦးစွာ ခံယူရရှိခြင်း။

(၂) ရဟန္တာအရှင်မြတ်တို့ ရှေးဦးစွာ ချဉ်းကပ်ခံရခြင်း။

(၃) လှူဖွယ်ဝတ္ထုကို ရှေးဦးစွာ လှူဒါန်းခွင့်ရခြင်း။

(၄) တရားတော်ကို ရှေးဦးစွာ နာယူခွင့်ရခြင်း။

(၅) ကောင်းသော ဂုဏ်သတင်း ပျံ့သင်းကျော်ကြားခြင်း။

(၆) ပရိသတ် ၄-ပါးသို့ ရဲဝံ့စွာ ချဉ်းကပ်နိုင်ခြင်း။

(၇) သေသည်၏ အခြားမဲ့၌ နတ်ပြည်သို့ လားရောက်ရခြင်း။

ဟူသော အကျိုးထူးတို့ကို ရရှိခံစားရ၏ (အံ၊ ၂၊ ၄၅၇-၉)။

သင်္ကန်းလှူရကျိုး

“လူမှာအဝတ် တောင်းမှာအကွပ်” ဆိုသကဲ့သို့ အဆင်းလှသူပင် ဖြစ်စေကာမူ ဟောင်းနွမ်းညစ်ပေသော အဝတ်ကို ဝတ်ဆင်ခဲ့သော်လည်းကောင်း၊ လုံးဝအဝတ်မဝတ်ဘဲ နေခဲ့သော်လည်းကောင်း အဆင်းဖောက်ပြန် အကျည်းတန်အရုပ်ဆိုး၏။ အဝတ်အဆင်လှလှ ဝတ်ဆင်ရလျှင် အရုပ်ဆိုးသူပင် ဖြစ်စေကာမူ နတ်သားတမျှ တင့်တယ်လှပနိုင်သောကြောင့် အဝတ်အထည်ကို လှူဒါန်းခြင်းသည် အဆင်းကို လှူဒါန်းသည်နှင့် တူ၏ (သံ၊ ၁၊ ၂၉။ သံ၊ ဋ္ဌ၊ ၁၊ ၇၈)။ မိန်းမများ သင်္ကန်းလှူလျှင် ရတနာ ၇-ပါးဖြင့် စီခြယ်မွမ်းမံထားအပ်သော မဟာလတာတန်ဆာ ကို ရနိုင်၏။ ယောက်ျားများ သင်္ကန်းလှူလျှင် တန်ခိုးဖြင့်ပြီးသော သပိတ်သင်္ကန်း ကို ရနိုင်၏ (ဓမ္မ၊ ဋ္ဌ၊ ၁၊ ၂၄၉)။

ထင်ရှားသော သင်္ကန်းအလှူရှင်များ

ကျောင်းအမကြီး ဝိသာခါသည် မြတ်စွာဘုရား သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်က မြတ်စွာဘုရားထံ ဆုရှစ်မျိုးကို တောင်းခံ၍ မြတ်စွာဘုရား၏ ခွင့်ပြုချက်ဖြင့် သံဃာတော်တို့အား မိုးရေခံသင်္ကန်းကို လှူဒါန်းခဲ့ပါသည်။ (ဝိ၊ ၃၊ ၄၀၆-၄၁၀)။

စာမျက်နှာ-321


ကျောင်းအမကြီး ဝိသာခါလောင်းလျာ သတို့သမီးသည် ကဿပဘုရားရှင် လက်ထက်တော်က ရဟန်းတော် နှစ်သောင်းတို့အား မိမိပိုင်ဥစ္စာဖြစ်သော အပ်ချည်၊ အပ်၊ ဆိုးရည်အပါအဝင် သင်္ကန်းလျာအဝတ် (သင်္ကန်းချုပ်စရာအဝတ်) ကို လှူဒါန်းခဲ့ပါသည် (ဓမ္မ၊ ဋ္ဌ၊ ၁၊ ၂၄၉)။

သမားတော်ကြီး ဇီဝက သည် မြတ်စွာဘုရားရှင်အား ကမ္ဗလာသင်္ကန်းကို လှူဒါန်းခဲ့ပါသည် (ဝိ၊ ၃၊ ၃၉၃)။

ဝေရဉ္ဇာပြည်သား ဥဒယပုဏ္ဏား သည် သံဃာတော်အပါး ငါးရာအား တစ်ပါးလျှင် သင်္ကန်းတစ်စုံစီ လှူဒါန်းခဲ့ပါသည် (ဝိ၊ ၁၊ ၁၂။ ဝိ၊ ဋ္ဌ၊ ၁၊ ၁၆၇-၈)။

အပေါ်ရုံ တစ်ထည်တည်းသာရှိ၍ ဧကသာဋက အမည်ရသော ပုဏ္ဏားသည် မိမိ၏ အပေါ်ရုံကို ဘုရားရှင်အား လှူဒါန်း၍ “ဇိတံ မေ၊ ဇိတံ မေ = အောင်ပွဲရပြီ၊ ငါ အောင်ပွဲရပြီ” ဟု ဟစ်အော်ကြွေးကြော်သံကို ပသေနဒီကောသလမင်း ကြား၍ မေးမြန်းရာတွင် ထောင်ပေါင်းများစွာသော မစ္ဆရိယ (နှမြောဝန်တိုမှု) ကို အောင်ပွဲရပြီဟု ကြွေးကြော်ခြင်းဖြစ်ကြောင်း အဖြေပေးရာ သဘောကျ၍ ချီးမြှင့်အပ်သော ဝတ်စုံတို့တွင် နောက်ဆုံးရအပ်သော တစ်ဆယ့်ခြောက်စုံမှ မိမိအတွက် တစ်ထည်၊ ပုဏ္ဏေးမအတွက် တစ်ထည်မျှကိုသာ လက်ခံ၍ ကျန်အထည် သုံးဆယ်တို့ကို ဘုရားရှင်အားသာ လှူဒါန်းခဲ့ပါသည် (ဓမ္မ၊ ဋ္ဌ၊ ၂၊ ၂)။

မေဏ္ဍကသူဌေးလောင်းလျာ အဝရောဇသူကြွယ် သည် အထူးထူးမွမ်းမံ ခြယ်လှယ်ကာ ကုဉ္စရသာလာမည်သော ကျောင်းဆောင်တော်ကို ဆောက်လုပ်စေပြီးနောက် ရဟန်းတော်ပေါင်း ခြောက်သန်း ရှစ်သိန်းနှင့်တကွ ဝိပဿီမြတ်စွာဘုရားအား လေးလပတ်လုံး အလှူကြီးပေး၍ နောက်ဆုံးနေ့၌ တိစီဝရိတ်သင်္ကန်းကို လှူဒါန်းခဲ့ပါသည် (ဓမ္မ၊ ဋ္ဌ၊ ၂၊ ၂၃၂-၃)။

ဥမ္မာဒန္တီ လောင်းလျာ သူဆင်းရဲအမျိုးသမီးသည် ကြာမြင့်စွာ ကျွန်ခံမှ ရအပ်သော နီမြန်းသော ဝတ်ပန်းအဝတ်ကို ကဿပဘုရားရှင်၏ သာဝက ရဟန်းတော်တစ်ပါးအား “အရှင်ဘုရား၊ တပည့်တော်မသည် ဘဝတိုင်း လှပသူ ဖြစ်ရပါလို၏၊ တပည့်တော်မကို မြင်လျှင် ယောက်ျားအားလုံး တည်တည်ငြိမ်ငြိမ် မနေနိုင်ပါစေသတည်း၊ ရူးပါစေသတည်း” ဟု ဆုတောင်း၍ လှူဒါန်းခဲ့ပါသည် (ဇာ၊ ဋ္ဌ၊ ၅၊ ၂၂၃)။

စာမျက်နှာ-322


မလ္လမင်းသား ပုက္ကုသ သည် သိင်္ဂီရွှေအဆင်းရှိသော သင်္ကန်းတစ်စုံကို မြတ်စွာဘုရားရှင်နှင့် အရှင်အာနန္ဒာတို့အား လှူဒါန်းခဲ့ပါသည် (ဒီ၊ ၂၊ ၁၁၀)။

ဆွမ်းလှူရကျိုး

အလွန် ကာယခွန်အား ကြီးမားသူပင် ဖြစ်စေကာမူ အစာ ၂-ရက် ၃-ရက် စသည် မစားရလျှင် နေရာမှ မထနိုင်သည်အထိ အားအင်ချိနဲ့လာ၍ အစာစားရလျှင် ကာယခွန်အား နည်းပါးသူပင် ဖြစ်စေကာမူ အားခွန်ဗလ ပြည့်ဝလာသောကြောင့် ဆွမ်းကို လှူဒါန်းခြင်းသည် ကာယခွန်အားကို လှူဒါန်းသည်နှင့် တူ၏ (သံ၊ ၁၊ ၂၉။ သံ၊ ဋ္ဌ၊ ၁၊ ၇၈)။

ထင်ရှားသော ဆွမ်းအလှူရှင်များ

မြတ်စွာဘုရား ဝေရဉ္စာမြို့ ဝါကပ်တော်မူစဉ်က ဝေရဉ္စာမြို့သည် ဒုဗ္ဘိက္ခန္တရကပ် (စားနပ်ရိက္ခာ ရှားပါးခြင်းဘေး) ဆိုက်ရောက်လျက်ရှိရာ ဘုရားအမှူးရှိသော ရဟန်းတော်ငါးရာတို့ ဆွမ်းခံမရ ဖြစ်ကြသည်။ ထိုအချိန်၌ ဥတ္တရာပထတိုင်းသား မြင်းကုန်သည်တို့ သည် ဝေရဉ္စာမြို့၌ မိုးလေးလ မိုးခိုနေကြရင်း ရဟန်းတော်များအား တစ်စလယ်စီသော ရိက္ခာမုယောဆန်ကို ဆွမ်းအတွက် လှူဒါန်းကြသည်။ ထိုမြင်းကုန်သည်တို့ လှူဒါန်းသော မုယောဆွမ်းကို ဘုရားနှင့် ရဟန်းတော်များ ဘုဉ်းပေးတော်မူကြပါသည် (ဝိ၊ ၁၊ ၇။ ဝိ၊ ဋ္ဌ၊ ၁၊ ၁၄၆)။

ဗာရာဏသိမြို့၌ နေထိုင်ကြသော သုပ္ပိယဥပါသကာနှင့် သုပ္ပိယာဥပါသိကာ ဇနီးမောင်နှံတို့သည် သောတာပန်များ ဖြစ်ကြသည်။ အလှူအတန်း ဝါသနာပါ၍ သံဃာ့အလုပ်အကျွေးများ ဖြစ်ကြ၏။ သုပ္ပိယာဥပါသိကာမသည် ကျောင်းတိုက်များသို့ သွားရောက်ကာ တစ်ကျောင်းတက်ဆင်း လှည့်လည်၍ ရဟန်းတော်များထံ ချဉ်းကပ်ပြီး “အဘယ်ရဟန်း နေထိုင်မကောင်းပါသလဲ၊ အဘယ်ရဟန်းအတွက် ဘာကို လာရောက်လှူဒါန်းရပါမလဲ” ဟု လျှောက်ထားမေးမြန်းလေ့ရှိသည်။ ထိုအချိန်၌ ရဟန်းတစ်ပါးက စွပ်ပြုတ်အလိုရှိကြောင်း ပြောရာ ပံ့သကူအသား ရှာမရသဖြင့် မိမိပေါင်သားကို လှီးဖြတ်ပြီး စွပ်ပြုတ်လုပ်၍ လှူဒါန်းသည်။ ထိုပေါင်၌ဖြစ်သော ဝေဒနာလည်း ဘုရားရှင်ကို ဖူးမြင်ရသည်နှင့် တစ်ပြိုင်နက် အသားနုတက်၍ ပျောက်ကင်းလေ၏ (ဝိ၊ ၃၊ ၃၁၁)။

မြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သုသုမာရဂိရိမြို့ ဘေသကဠာတော၌ သီတင်းသုံးတော်မူစဉ် ဗောဓိမင်းသား သည် သူ၏ လတ်တလော ဆောက်လုပ်ပြီးစ ကောကနဒပြာသာဒ်သို့ ပင့်၍ ဘုရားအမှူးရှိသော သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခဲ့သည် (ဝိ၊ ၄၊ ၂၆၆)။

စာမျက်နှာ-323


အနာထပိဏ်သူဌေးကြီး သည် လှည်းငါးရာနှင့်အတူ ကုန်ပစ္စည်းများ တင်ဆောင်၍ ရာဇဂြိုဟ်မြို့ရှိ သူငယ်ချင်းအိမ်သို့ သွားရာ ဘုရားပွင့်တော်မူကြောင်း သိရ၍ ဘုရားရှင်ထံ ချဉ်းကပ်ပြီး တရားတော်များ နာယူရသဖြင့် သောတာပန်ဖြစ်သည်။ နောက်တစ်နေ့တွင် ရာဇဂြိုဟ်ရှိ သူငယ်ချင်းအိမ်မှာပင် ဘုရားအမှူးရှိသော သံဃာတော်များအား ဆွမ်းကပ်၍ အကြီးအကျယ် လှူဒါန်းပူဇော်ခဲ့သည် (အံ၊ ဋ္ဌ၊ ၁၊ ၂၉၆)။

အရှင်အနုရုဒ္ဓါအလောင်း အန္နဘာရ ဆင်းရဲသားသည် ဂန္ဓမာဒနတောင်မှ နိရောဓသမာပတ်ဝင်စားပြီး ကြွလာသော ဥပရိဋ္ဌပစ္စေကဗုဒ္ဓါ အရှင်မြတ်အား မိမိအတွက် ချန်ထားသော ထမင်းကို လှူဒါန်းခဲ့သည် (အံ၊ ဋ္ဌ၊ ၁၊ ၁၄၅)။

ဝိသာခါ ကျောင်းအမကြီးသည် ဘုရားရှင်ထံ ဆုရှစ်မျိုးကို တောင်းရာ ဘုရားရှင်ခွင့်ပြုတော်မူသဖြင့် အာဂန္တုရဟန်းသံဃာတော်များ၊ ခရီးသွားရဟန်းသံဃာတော်များ၊ ဂိလာနရဟန်းသံဃာတော်များနှင့် ဂိလာနပြုစုသော ရဟန်းသံဃာတော်များအတွက် ဆွမ်းဝတ်အသီးသီးကို အမြဲလှူဒါန်းပူဇော်သည်။

ကျောင်းလှူရကျိုး

ကျောင်းကို လှူဒါန်းခြင်းသည် ကာယခွန်အား၊ အဆင်း၊ ချမ်းသာ၊ မျက်စိတို့ကို လှူဒါန်းသည်မည်၏ (သံ၊ ၁၊ ၂၉။ ဝိ၊ ဋ္ဌ၊ ၄၊ ၅၈)။ မှန်၏၊ ရွာ ၂-ရွာ ၃-ရွာ ဆွမ်းခံလှည့်လည်၍ ဆွမ်းတစ်ဇွန်းမျှ မရဘဲ ပြန်လာရသော်လည်း အေးမြသော ရေကန်၌ ရေမိုးချိုးပြီးနောက် ကျောင်းသို့ ဝင်ရောက်ကာ တစ်မုဟုတ်မျှ အိပ်စက်နားနေလိုက်ရလျှင် ကိုယ်ခန္ဓာ၌ ကာယခွန်အား တောင့်တင်းလာမြဲဖြစ်၍ ကျောင်းကို လှူဒါန်းခြင်းသည် ကာယခွန်အားကို လှူဒါန်းသည်မည်၏။

ကျောင်းပြင်ပ၌ လှည့်လည်သွားလာ၍ လေပူနေပူတို့ဖြင့် လောင်မြိုက်ခံရသောအခါ ရုပ်အဆင်း ဖောက်ပြန်လာ၏။ ကျောင်းတွင်းသို့ ဝင်၍ တံခါးပိတ်ကာ တစ်မုဟုတ်မျှ လျောင်းစက်နေလိုက်လျှင် ဝိသဘာဂရုပ်စဉ် ငြိမ်းပျောက်၍ သဘာဂရုပ်စဉ် သက်ရောက်ပြီးလျှင် ရုပ်ဆင်းကြည်လင်လာမြဲဖြစ်၍ ကျောင်းကို လှူဒါန်းခြင်းသည် အဆင်းကိုလည်း လှူဒါန်းသည်မည်၏။

ကျောင်းပြင်ပ၌ လှည့်လည်သွားလာလျှင် ခြေ၌ ဆူးစူးခြင်း၊ သစ်ငုတ်ခလုတ် ထိခိုက်တိုက်မိခြင်း၊ မြွေ သူခိုး စသော ဘေးရန်တို့နှင့် တွေ့ကြုံရခြင်း အန္တရာယ်တို့ ဖြစ်ပေါ်တတ်၍ ကျောင်းသို့ ဝင်ကာ တံခါးပိတ်၍ လျောင်းစက်

စာမျက်နှာ-324


နားနေလိုက်လျှင် ယင်းဘေးရန်တို့ မဖြစ်ပေါ်နိုင်သဖြင့် ကိုယ်ချမ်းသာမှု ရခြင်း၊ တရားကျမ်းဂန် ရွတ်အံသရဇ္ဈာယ်နေလျှင် တရား၌ နှစ်သက်သော ဓမ္မပီတိချမ်းသာ ဖြစ်ပေါ်ခြင်း၊ ကမ္မဋ္ဌာန်း နှလုံးသွင်းနေလျှင် အကုသိုလ်ဘေးတို့ ငြိမ်းအေးမှု (ဥပသမာ) ချမ်းသာကို ရခြင်းဟူသော ဂုဏ်ကျေးဇူးကို ရသောကြောင့် ကျောင်းကို လှူဒါန်းခြင်းသည် ချမ်းသာကိုလည်း လှူဒါန်းသည်မည်၏။

ကျောင်းပြင်ဘက်၌ လှည့်လည်သွားလာလျှင် ကိုယ်ခန္ဓာမှ ချွေးကျခြင်း၊ မျက်စိတုန်လှုပ်ခြင်းတို့ ဖြစ်တတ်၍ ကျောင်းတွင်းသို့ ဝင်လျှင်ဝင်ချင်း ဘာမျှ မမြင်ရသော်လည်း တစ်မုဟုတ်မျှ ထိုင်နေလိုက်လျှင် မျက်စိကြည်လင်လာခြင်းကြောင့် ကျောင်းကို လှူဒါန်းခြင်းသည် မျက်စိကိုလည်း လှူဒါန်းသည်မည်၏ (သံ၊ ဋ္ဌ၊ ၁၊ ၇၈-၉။ ဗုဒ္ဓဝံ၊ ဋ္ဌ၊ ၂၆။ သာရတ္ထ၊ ၃၊ ၃၉၄။ ဒီ၊ ဋ္ဌ၊ ၁၊ ၃၃၁ စသည်)။

ကျောင်းအလှူ၏ အကျိုးအာနိသင် ကြီးမားပုံကို ဘုရားရှင်မှတစ်ပါး အဘယ်သူသည် ကုန်စင်အောင် ဟောပြစွမ်းနိုင်ပါအံ့နည်း။ ပါးစပ်ပေါင်း တစ်သောင်းရှိသော ပုဂ္ဂိုလ်သော်မှ ကုန်စင်အောင် မဟောပြစွမ်းနိုင် (ဗုဒ္ဓဝံ၊ ဋ္ဌ၊ ၂၅)။

ထင်ရှားသော ဇရပ်တန်ဆောင်း ကျောင်းအလှူရှင်များ

ရာဇဂြိုဟ်သူဌေး သည် ဘုရားရှင် ကျောင်းခွင့်မပြုရသေးသဖြင့် “တော၊ သစ်ပင်ရင်း၊ တောင်၊ ချောက်၊ တောင်ခေါင်း၊ သင်္ချိုင်း၊ တောအုပ်၊ လွင်ပြင်၊ ကောက်ရိုးပုံ” ဟူသော ထိုထိုအရပ်များ၌ ရဟန်းတော်များ နေထိုင်ကြသည်ကို တွေ့မြင်လေရာ ကျောင်းဆောက်လှူဒါန်းလိုသော သဒ္ဓါတရားပေါက်၍ ရဟန်းတော်များမှတစ်ဆင့် ဘုရားရှင်ထံ ကျောင်းဆောက်လှူဒါန်းခွင့် လျှောက်ထားသောအခါ ခွင့်ပြုတော်မူသဖြင့် တစ်နေ့တည်းဖြင့် ကျောင်းပေါင်း ခြောက်ဆယ် ဆောက်လုပ်လှူဒါန်းခဲ့သည် (ဝိ၊ ၄၊ ၂၉၁)။

အနာထပိဏ်သူဌေးကြီး သည် ၅၄-ကုဋေ အကုန်အကျခံ၍ ဇေတဝန်ကျောင်းတော်ကြီး ကို ဆောက်လုပ်လှူဒါန်းသည်။ ကျောင်းမြေဝယ်ရာ၌ ၁၈-ကုဋေ၊ ကျောင်းဆောက်ရာ၌ ၁၈-ကုဋေ၊ ကျောင်းပူဇော်ပွဲ၌ ၁၈-ကုဋေအားဖြင့် စုစုပေါင်း ၅၄-ကုဋေ အကုန်အကျခံ၍ ဆောက်လုပ်လှူဒါန်းသည်။

ဝိသာခါ သည် ပုဗ္ဗာရုံကျောင်းတိုက်ကြီး ကို ၂၇-ကုဋေ အကုန်အကျခံ၍ ဆောက်လုပ်လှူဒါန်းသည်။ ကျောင်းမြေဝယ်ရာ၌ ၉-ကုဋေ၊ ကျောင်းဆောက်ရာ၌ ၉-ကုဋေ၊ ကျောင်းပူဇော်ပွဲ၌ ၉-ကုဋေအားဖြင့် စုစုပေါင်း ၂၇-ကုဋေ အကုန်အကျခံ၍ ဘုရားသာသနာတော်၌ စွန့်လွှတ်လှူဒါန်းသည်။

စာမျက်နှာ-325


သီရိဓမ္မာသောကမင်းကြီး သည် နိဂြောဓထေရ်ကို အကြောင်းပြု၍ သာသနာတော်၌ သက်ဝင်ယုံကြည်ကာ အသောကာရုံကျောင်းတော်ကြီး ဆောက်လုပ်လှူဒါန်းသည်။ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ရှိ၍ တရားတော်ကို ပူဇော်သောအားဖြင့် တစ်နေ့တည်း ၉၆-ကုဋေ အကုန်အကျခံကာ တစ်မြို့လျှင် တစ်ကျောင်းကျစီ ကျောင်းပေါင်း ရှစ်သောင်းလေးထောင် ဆောက်လုပ်လှူဒါန်းသည်။

ဗိမ္ဗိသာရမင်းကြီး သည် ဘုရားအမှူးရှိသော သံဃာတော်များ သီတင်းသုံးရန် သင့်လျော်လျောက်ပတ်သည့် သူ၏ ဝေဠုဝန်ဥယျာဉ်ကြီး ကို ကျောင်းတိုက်အဖြစ် လှူဒါန်းသည်။

နန္ဒိယသူဌေးသား သည် ကျောင်းဆောက်လှူဒါန်းခြင်း၏ အကျိုးအာနိသင်ကို ကြားနာရ၍ ဣသိပတနမိဂဒါဝုန်တောအတွင်း၌ ကျောင်းတော်ကြီး ဆောက်လုပ်၍ ခုတင်ညောင်စောင်းများပါ ဘုရားအမှူးရှိသော သံဃာတော်များအား လှူဒါန်းသည်။ ရေစက်သွန်းချသည်နှင့် တစ်ပြိုင်နက် တာဝတိံသာနတ်ပြည်၌ အကျယ် ၁၂-ယူဇနာ၊ အမြင့် ယူဇနာ ၁၀၀ ရှိ၍ (ရတနာ ၇-ပါး) အတိပြီးသော နတ်သမီးအပေါင်း အခြံအရံပါရှိသည့် နတ်ဘုံပြာသာဒ် ပေါ်ထွက်ခဲ့သည် (ဓမ္မ၊ ဋ္ဌ၊ ၂၊ ၁၈၉-၁၉၀)။

အရှင်အနုရုဒ္ဓါမထေရ်၏နှမ ရောဟိနီသာကီဝင်မင်းသမီး သည် မထေရ်မြတ်၏ စီမံပေးချက်အရ နှစ်ထပ်ဆွမ်းစားကျောင်း ဆောက်လုပ်လှူဒါန်းသည်။ ဆွမ်းစားဆောင်အောက်ထပ် ရဟန်းတော်များ ဆွမ်းဘုဉ်းပေးရာအရပ်၌ အမြဲတံမြက်လှည်း၍ နေရာခင်းကျင်းသည်။ ရဟန်းတော်များအတွက် သောက်ရေအမြဲခပ်သည်။ ထိုကုသိုလ်ကြောင့် ကိုယ်ရေပြားရောဂါ ပျောက်ကင်းသည် (ဓမ္မ၊ ဋ္ဌ၊ ၂၊ ၁၉၂)။

မဂဓတိုင်း မစလရွာသား မာဃလုလင် အမှူးပြုသော ၃၃-ယောက်သော အမျိုးသားတို့သည် လမ်းခင်းခြင်း၊ လမ်းပြင်ခြင်း၊ လမ်းဆုံလမ်းမများ၌ လူအများ အပန်းဖြေနားနေနိုင်ရန် ဇရပ်များ ဆောက်လုပ်လှူဒါန်းခဲ့ကြသည် (ဓမ္မ၊ ဋ္ဌ၊ ၁၊ ၁၆၉)။

စာမျက်နှာ-326


ဆေးလှူရကျိုး

ဆေးကို လှူဒါန်းခြင်းသည် အသက်ကို ရှည်စေနိုင်၏။ အသက်ရှည်ခြင်း အကြောင်းတရားများတွင် ဆေးလှူခြင်းလည်း အကြောင်းတစ်ပါးဖြစ်သည်။ ထို့ကြောင့် မန်လည်ဆရာတော်ဘုရားကြီးက —

“ရေစစ်၊ ဆေး၊ ကျောင်း၊ အဟောင်းပြုပြင်၊ ပဉ္စင်အဋ္ဌ၊ ဤငါးဝကား၊ လောကလူပေါင်း၊ သက်ရှည်ကြောင်းတည်း” ဟု မိန့်ဆိုတော်မူခဲ့ပါသည်။

ဆေးကို လှူဒါန်းခြင်းသည် ခွန်အားကြီးခြင်း အကျိုးကိုလည်း ရရှိစေနိုင်သည်။ ဘုရားရှင် ခွင့်ပြုသည့် ဆေးများတွင် ထောပတ်၊ ဆီဦး စသော ဆေးများသည် အားအင်ကို ပြည့်ဖြိုးစေနိုင်သော ဆေးများဖြစ်သည်။ အလှူရှင်များလည်း ထိုကဲ့သို့ တူညီသောအကျိုးကို ရရှိစေနိုင်သည်။

ဆေးလှူဒါန်းခြင်းသည် ပညာဉာဏ်ကြီးခြင်း အကျိုးကိုလည်း ရရှိစေနိုင်သည်။ အားအင်ချိနဲ့နေသော ဂီလာနပုဂ္ဂိုလ်သည် နက်နဲသောအဓိပ္ပာယ်များကို မကြံစည် မဆင်ခြင်နိုင်။ အားအင်ကို ဖြစ်စေနိုင်သည့် ဆေးကို သုံးဆောင်ရသည့်အခါ အားအင်ပြည့်ဖြိုးပြီး အသိဉာဏ်များ ပွင့်လင်းလာ၏။ နက်နဲသော အနက်အဓိပ္ပာယ်များကိုလည်း ကြံစည်စဉ်းစားနိုင်လာ၏။ ဆေးအလှူရှင်များလည်း ထိုကဲ့သို့သော တူသောအကျိုးကို ရရှိစေနိုင်သည်။ ဆေးလှူခြင်းအကျိုးများကား ပိဋကတ်တော်၌ များစွာရှိ၏။ ဆေးလှူခြင်းကြောင့် အဆင်းလှခြင်း၊ အခြံအရံများခြင်း စသော အကျိုးတရားများစွာကိုလည်း ရရှိနိုင်ပါသည်။

ထို့ပြင် —
(၁) အသက်ရှည်ခြင်း၊
(၂) ခွန်အားကြီးခြင်း၊
(၃) ပညာကြီးခြင်း၊
(၄) အဆင်းလှခြင်း၊
(၅) အခြံအရံများ၍ ကျော်စောခြင်း၊
(၆) ဆင်းရဲကင်း၍ ချမ်းသာခြင်း၊
(၇) ဘေးဥပဒ်ကင်းခြင်း၊

စာမျက်နှာ-327


(၈) ရောဂါရန်မာန် ကင်းခြင်း၊

(၉) လူ၊ နတ်တို့၏ အပူဇော်ကို ခံရခြင်း၊

(၁၀) ချစ်သူနှင့် မကွဲမကွာရခြင်း —

ဟူသော အကျိုးထူးများကို ခံစားရသည်။

ထင်ရှားသော ဆေးအလှူရှင်များ

မြတ်စွာဘုရား ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် မဟာနာမ်သာကီဝင်မင်း သည် သံဃာတော်များအား လေးလပတ်လုံး ဆေးပစ္စည်းလှူဒါန်းခွင့် ဘုရားရှင်အားတောင်းရာ ဘုရားရှင်ခွင့်ပြုတော်မူ၍ ဆေးပစ္စည်းများ လေးလပတ်လုံး လှူဒါန်းခဲ့သည် (ဝိ၊ ၂၊ ၁၃၅)။

သီရိဓမ္မာသောကမင်းကြီး ဘိသိက်ခံပြီး၍ ရှစ်နှစ်မြောက်အချိန်တွင် ကောန္တပုတ္တတိဿထေရ်သည် လေနာရောဂါ ကုစားရန်အတွက် တစ်လက်ဖက်မျှသော ထောပတ်ကို မရခြင်းကြောင့် ထိုလေနာရောဂါဖြင့်ပင် ပရိနိဗ္ဗာန်စံတော်မူရကြောင်း မင်းကြီးကြားသိရာ “ငါကဲ့သို့သော ပုဂ္ဂိုလ်မျိုး တိုင်းပြည်အုပ်ချုပ်မင်းလုပ်စဉ် ရဟန်းတော်များ ဤကဲ့သို့ ပစ္စည်းလေးပါး ရှားပါးခြင်း မဖြစ်သင့်” ဟု ကြံ၍ မြို့၏ တံခါးလေးပေါက်တို့တွင် လေးထောင့်ကန်ကြီးများ ပြုလုပ်ပြီး ဆေးအပြည့်ထည့်၍ လှူဒါန်းစေခဲ့သည် (ဝိ၊ ဋ္ဌ၊ ၁၊ ၃၉)။

စိတ္တအမတ်ကြီး သည် သူ၏အိမ်သို့ ကြွရောက်လာသော ရဟန်းတော်များအား ပစ္စည်းလေးပါး ချို့တဲ့မှုမရှိရလေအောင် စီမံထားသည်။ တစ်နေ့ ဆေးဖိုးခြောက်ဆယ် အကုန်အကျခံ၍ လှူဒါန်းသည် (အဘိ၊ ဋ္ဌ၊ ၂၊ ၃၂၇)။

အရှင်ဗာကုလ အလောင်း ရသေ့သည် အနောမဒဿီဘုရားရှင် လေနာရောဂါ ဖြစ်တော်မူရာ ဟိမဝန္တာတောင်ခြေမှ ဆေးအမျိုးမျိုး ယူဆောင်၍ ဘုရားရှင်အား ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းဆေးကို ဘုဉ်းပေးရသဖြင့် လေနာရောဂါ ပျောက်ကင်းပြီး ချမ်းချမ်းသာသာ ဖြစ်နေသော ဘုရားရှင်ထံ ချဉ်းကပ်၍ “ဤဆေးလှူရသည့်အကျိုးကြောင့် ဖြစ်လေရာဘဝ၌ နို့တစ်ညှစ်စာ အချိန်မျှ ဘုရားတပည့်တော်၏ ကိုယ်၌ အနာရောဂါ မဖြစ်ပါစေသတည်း” ဟု ဆုတောင်းခဲ့သည်။ ယင်းဆုတောင်းပြည့်သဖြင့် “အနာမဲ့သူ ရှင်ဗာကူ” ဟု စကားတွင်ခဲ့သည် (အံ၊ ဋ္ဌ၊ ၁၊ ၂၃၆)။

စာမျက်နှာ-328


ကျောင်းအမကြီး ဝိသာခါ သည် ဂိလာနရဟန်းတော်များအတွက် လျောက်ပတ်သော ဆေးဝါးပစ္စည်းကို မရလျှင် ရောဂါဝေဒနာသော်လည်း တိုးနိုင်သည်၊ ကွယ်လွန်သော်လည်း ကွယ်လွန်နိုင်သည်။ ထိုသို့ မဖြစ်စေရန်အတွက် သံဃာတော်များအား အသက်ထက်ဆုံး ဆေးပစ္စည်း လှူဒါန်းသည် (ဝိ၊ ၃၊ ၄၀၇)။

အလှူဒါနအမျိုးမျိုး၏ အကျိုးတရားများ

အလှူဒါနအမျိုးမျိုး၏ အကျိုးတရားအမျိုးမျိုးကို ထိုထိုပါဠိတော်များ၌ ဟောကြားထားရာ ဤနေရာ၌ အကျိုးတရား အကျဉ်းချုပ်သရုပ်မျှကို ဖော်ပြဦးအံ့။ အကျယ်ကို အလိုရှိပါက ထိုထိုပါဠိတော် ကျမ်းဂန်တို့မှ ယူကြပါကုန်။

ဆွမ်းလှူရကျိုး ၄-ပါး (၁) အသက်ရှည်ခြင်း၊
(၂) အဆင်းလှခြင်း၊
(၃) ချမ်းသာကြီးခြင်း၊
(၄) ခွန်အားကြီးခြင်း —
ဟူသော အကျိုးထူးများကို ခံစားရသည်။

ဆွမ်းလှူရကျိုး ၅-ပါး

(၁) အသက်ရှည်ခြင်း၊
(၂) အဆင်းလှခြင်း၊
(၃) ချမ်းသာကြီးခြင်း၊
(၄) ခွန်အားကြီးခြင်း၊
(၅) ဉာဏ်ပညာကြီးခြင်း —

ဟူသော အကျိုးထူးများကို ခံစားရသည်။

စာမျက်နှာ-329


အဝတ်ပုဆိုး လှူရကျိုး ၆-ပါး

(၁) ဖြစ်လေရာ ဘုံဘဝတို့၌ ရွှေနှင့်တူသော အဆင်းရှိခြင်း၊
(၂) အညစ်အကြေး ကင်းစင်ခြင်း၊
(၃) ကိုယ်ရောင်ထွက်ခြင်း၊
(၄) နူးညံ့ပျော့ပျောင်းသော ကိုယ်ရှိခြင်း၊
(၅) ဦးခေါင်းထက်၌ အရောင်အမျိုးမျိုးရှိသော ပုဆိုးပေါင်းတစ်သိန်းတို့ မိုးကာခြင်း၊
(၆) ပိုးထည်၊ ကမ္ဗလာထည်၊ ဖဲထည်၊ ဝါထည် ပုဆိုးတို့ကို အလိုရှိသမျှ ရနိုင်ခြင်း —

ဟူသော အကျိုးထူးများကို ခံစားရသည်။

ထီး လှူရကျိုး ၈-ပါး

(၁) အချမ်း အပူ မခံရခြင်း၊
(၂) ဖုံမှုန့် အညစ်အကြေး မလိမ်းမကပ်ခြင်း၊
(၃) ဘေးဥပဒ္ဒဝေါ မရှိခြင်း၊
(၄) ရောဂါရန်မာန် ဒဏ်အမျိုးမျိုးတို့မှ ကင်းရှင်းခြင်း၊
(၅) လူ၊ နတ်အပေါင်းတို့၏ အပူဇော်ကို ခံရခြင်း၊
(၆) အရေအသား နူးညံ့သိမ်မွေ့ခြင်း၊
(၇) စိတ်နှလုံး သန့်ရှင်းကြည်လင်ခြင်း၊
(၈) သံသရာတစ်ခွင်၌ တန်ဆာဆင်အပ်သော ထီးပေါင်းတစ်သိန်းတို့ မိုးကာခြင်း —

ဟူသော အကျိုးထူးများကို ခံစားရသည်။

သပိတ် လှူရကျိုး ၈-ပါး

(၁) ရွှေခွက်၊ မြခွက်၊ ငွေခွက်၊ ပတ္တမြားခွက်တို့ကို ရရှိသုံးဆောင်ရခြင်း၊
(၂) ဘေးဥပဒ် မရှိခြင်း၊
(၃) ရောဂါရန်မာန် ကင်းရှင်းခြင်း၊

စာမျက်နှာ-330


(၄) လူ၊ နတ်အပေါင်းတို့၏ ပူဇော်မြတ်နိုးသည်ကို ခံရခြင်း၊

(၅) လာဘ်များခြင်း၊
(၆) စည်းစိမ်ချမ်းသာ မပျက်စီးနိုင်ဘဲ တည်ခိုင်ခြင်း၊
(၇) စိတ်နှလုံး တည်တံ့ခြင်း၊

(၈) ကိလေသာအာသဝေါ နည်းပါးစွာနှင့် အမြတ်တရားကိုသာ လိုလားခြင်း —

ဟူသော အကျိုးထူးများကို ခံစားရသည်။

အပ်ခုပ် (အပ်) လှူရကျိုး ၇-ပါး

(၁) ရဲရင့်ခြင်း၊
(၂) ထိတ်လန့်တုန်လှုပ်မှု ကင်းခြင်း၊
(၃) ရဲရင့်မှု ဝေသာရဇ္ဇဂုဏ်နှင့် ပြည့်စုံခြင်း၊
(၄) မယိမ်းမယိုင် ခိုင်ခံ့ခြင်း၊
(၅) ဝီရိယစွမ်းအင် ထက်သန်ခြင်း၊
(၆) စိတ်နေစိတ်ထား မြင့်မားခြင်း၊
(၇) ကိလေသာကို ဖြတ်နိုင်သော အရဟတ္တမဂ်ဉာဏ်နှင့် ပြည့်စုံခြင်း —

ဟူသော အကျိုးထူးများကို ခံစားရသည်။

ဓားငယ်လှူရကျိုး ၅-ပါး

(၁) မိတ်ဆွေကောင်းကို ရရှိခြင်း၊
(၂) ဝီရိယစွမ်းအင် ထက်သန်ခြင်း၊
(၃) သည်းခံခြင်းဂုဏ်နှင့် ပြည့်စုံခြင်း၊
(၄) မေတ္တာလက်နက်ကို ကိုင်ဆောင်ရခြင်း၊
(၅) ဝရဇိန်လက်နက် မိုးကြိုးစက်နှင့်တူသည့် အရဟတ္တမဂ်ဉာဏ် လက်နက်ကို ရရှိခြင်း —

ဟူသော အကျိုးထူးများကို ခံစားရသည်။

စာမျက်နှာ-331


လက်သည်းလှီးဓား လှူရကျိုး ၅-ပါး

(၁) ကျွန်မိန်းမ ကျွန်ယောက်ျားတို့ကို ရရှိခြင်း။
(၂) နွား၊ မြင်း အစရှိသည့် ယာဉ်တိရစ္ဆာန်များကို ရရှိခြင်း။
(၃) အလုပ်သမားတို့ကို ရရှိခြင်း။
(၄) မှီခိုခစားလာသော သူတို့ကို ရရှိခြင်း။
(၅) ဆတ္တာသည်၊ တင်းပြင်သမား၊ တင်းချက်သမားတို့ကို ရရှိခြင်း —

ဟူသော အကျိုးထူးများကို ခံစားရသည်။

အပ်လှူရကျိုး ၇-ပါး

(၁) မိမိကိုယ်တိုင် ယောင်ယောင်ဝါးဝါးနှင့် ယုံမှားတွေဝေမှု မရှိခြင်း။
(၂) သူတစ်ပါးတို့၏ ယုံမှားသံသယကို ပယ်ဖျောက်နိုင်ခြင်း။
(၃) အဆင်းလှခြင်း။
(၄) စည်းစိမ်ချမ်းသာ များပြားခြင်း။
(၅) ပညာထက်မြက်ခြင်း။
(၆) နက်နဲသိမ်မွေ့သည့် သဘောအဓိပ္ပာယ်တို့ကို လွယ်ကူစွာ သိမြင်နိုင်ခြင်း။
(၇) မောဟမှောင်ကြီးကို ဖျက်ဆီးနိုင်သော အရဟတ္တမဂ်ဉာဏ်ကို ရရှိခြင်း —

ဟူသော အကျိုးထူးများကို ခံစားရသည်။

နှီး/ထန်းရွက် ယပ်တောင်လှူရကျိုး ၃-ပါး

(၁) အချမ်း အပူဖြင့် မထိရခြင်း။
(၂) သူတစ်ပါးအတွက်လည်း မပူရ၊ မိမိအတွက်လည်း မပူရဘဲ စိတ်နှလုံး ချမ်းမြေ့ခြင်း။
(၃) ရာဂမီး၊ ဒေါသမီး၊ မောဟမီး၊ မာနမီး၊ ဒိဋ္ဌိမီး မီးအမျိုးစုံ အကုန်ချုပ်ငြိမ်းခြင်း —

ဟူသော အကျိုးထူးများကို ခံစားရသည်။

စာမျက်နှာ-332


ဓမ္မကရိုဏ်း (ရေစစ်) လှူရကျိုး ၄-ပါး

(၁) နတ်ပြည်၌ ဖြစ်ရသောအခါ အခြားနတ်တို့ထက် သာလွန်သော နတ်သက်ကို ရရှိခြင်း။
(၂) ခိုးသူနှင့် ရန်သူတို့ မနှိပ်စက်နိုင်ခြင်း။
(၃) ဓား၊ လှံ၊ သေနတ် ပြီးစီးခြင်း (ဘေးလွတ်ခြင်း)။
(၄) ဥပစ္ဆေဒကကံမျိုးဖြင့် မသေနိုင်ခြင်း —
ဟူသော အကျိုးထူးများကို ခံစားရသည်။

ဆီကျည်တောက်/ဆီဗူး လှူရကျိုး ၅-ပါး

(၁) ရုပ်အဆင်း တင့်တယ်ခြင်း။
(၂) ကြန်အင်လက္ခဏာ ကောင်းခြင်း။
(၃) စိတ်နေစိတ်ထား ကြီးမားမြင့်မြတ်ခြင်း။
(၄) စိတ်မပျံ့လွင့်ခြင်း။
(၅) အစောင့်အရှောက်တို့ဖြင့် လုံခြုံစွာ စောင့်ရှောက်အပ်ခြင်း —
ဟူသော အကျိုးထူးများကို ခံစားရသည်။

အပ်ကျည်/အပ်ဗူး လှူရကျိုး ၃-ပါး

(၁) စိတ်၏ ချမ်းသာခြင်း။
(၂) ကိုယ်၏ ချမ်းသာခြင်း။
(၃) ဣရိယာပုထ် လေးပါးစုံ အကုန်ချမ်းသာခြင်း —
ဟူသော အကျိုးထူးများကို ခံစားရသည်။

ပခုံးလွယ်ကြိုး (အံသကိုဋ်) လှူရကျိုး ၃-ပါး

(၁) သူတော်ကောင်းတရားတို့၌ ထောက်တည်ရာ ရရှိနိုင်ခြင်း။
(၂) ဖြစ်ပြီး ဖြစ်လတ္တံ့သော ဒုတိယဘဝကို သိမြင်နိုင်ခြင်း။
(၃) အရေအဆင်း ကောင်းခြင်း —

ဟူသော အကျိုးထူးများကို ခံစားရသည်။

စာမျက်နှာ-333


ခါးပန်းကြိုး လှူရကျိုး ၆-ပါး

(၁) သမာဓိ မပျက်စီးခြင်း။
(၂) သမာဓိကို စိုးပိုင်ခြင်း။
(၃) ပရိသတ် မပြိုမကွဲခြင်း။
(၄) သူတစ်ပါးတို့ နားဝင်အောင် ပြောဆိုနိုင်ခြင်း။
(၅) သတိ ခိုင်မြဲခြင်း။
(၆) ထိတ်လန့်တုန်လှုပ်မှု မရှိခြင်း —
ဟူသော အကျိုးထူးများကို ခံစားရသည်။

သပိတ်ခြေ လှူရကျိုး ၅-ပါး

(၁) မတုန်မလှုပ်ခြင်း။
(၂) အကြားအမြင် များခြင်း။
(၃) သတိဉာဏ်တို့ဖြင့် အဖန်ဖန် နိုးဆော်ပေးနိုင်ခြင်း။
(၄) အကြားအမြင် ဟူသမျှ မပျက်စီးဘဲ ခိုင်မြဲခြင်း။
(၅) ဆုံးဖြတ်နိုင်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း —

ဟူသော အကျိုးထူးများကို ခံစားရသည်။

အိုးလှူရကျိုး ၇-ပါး

(၁) ရွှေအိုး၊ မြအိုး၊ ဖန်အိုး၊ ပတ္တမြားအိုးတို့ကို ရရှိခြင်း။
(၂) ချစ်ဖွယ်ကောင်းသော မယား၊ ကျွန်ယောက်ျား ကျွန်မိန်းမတို့ကို ရရှိခြင်း။
(၃) လင်၏ အလိုလိုက်သော (အနုဇာတ) မိန်းမကို ရရှိခြင်း။
(၄) ပစ္စည်းပရိဘောဂ အသုံးအဆောင် အမျိုးမျိုးကို ရရှိခြင်း။
(၅) ဝိဇ္ဇာတို့နှင့် သက်ဆိုင်သော ဂါထာမန္တန်အမျိုးမျိုးတို့ကို တတ်ကျွမ်းခြင်း။
(၆) ယုတ္တိအာဂုံ အမျိုးမျိုးတို့ကို ရရှိခြင်း။
(၇) တစ်ဆယ့်ရှစ်ရပ်သော အတတ်အမျိုးမျိုးကို တတ်ကျွမ်းခြင်း —

ဟူသော အကျိုးထူးများကို ခံစားရသည်။

စာမျက်နှာ-334


ယပ် (ရွက်လှူ) ရကျိုး ၂-ပါး

(၁) ရွှေခွက်၊ မြခွက်၊ ဖန်ခွက်၊ ပတ္တမြားခွက်၊ ခရုသင်းခွက်တို့ကို ရရှိခြင်း။
(၂) ကျင့်ဝတ်ပဋိပတ်နှင့် ပြည့်စုံခြင်း —
ဟူသော အကျိုးထူးများကို ခံစားရသည်။

ဖိနပ်လှူရကျိုး ၄-ပါး

(၁) ဆင်ယာဉ်၊ မြင်းယာဉ်၊ ထမ်းစင်၊ သန်လျင်းပေါင်း ခြောက်သိန်း ရရှိခြင်း။
(၂) ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း မြခြေနင်း၊ ကမ္ဗလာခြေနင်း၊ ရွှေခြေနင်း၊ ငွေခြေနင်းတို့က ဖဝါးလှမ်းတိုင်း လှမ်းတိုင်း ခံလာရခြင်း။
(၃) သံသရာမှ ထွက်မြောက်ရာဖြစ်သော လမ်းသို့ သတိတရား ပြေးသွားခြင်း။
(၄) အကျင့်စင်ကြယ်အောင် သုတ်သင်ခြင်းငှာ သတိပြန်လာခြင်း —
ဟူသော အကျိုးထူးများကို ခံစားရသည်။

ခြေနင်းလှူရကျိုး ၁-ပါး

တန်ခိုးခြေနင်းကို တက်စီးပြီး အလိုရှိသလို နေနိုင်ခြင်း ဟူသော အကျိုးထူးကို ခံစားရသည်။

ရေသုတ်ပဝါလှူရကျိုး ၆-ပါး

(၁) ရွှေအဆင်းနှင့် တူသော အဆင်းရှိခြင်း။
(၂) အညစ်အကြေး ကင်းစင်ခြင်း။
(၃) ကိုယ်ရောင်ကိုယ်ဝါ ထွက်ခြင်း။
(၄) တန်ခိုးရှိန်စော် အာနုဘော်ကြီးခြင်း။
(၅) ကိုယ်ရေကိုယ်သား နူးညံ့ပျော့ပျောင်းခြင်း။
(၆) ကိုယ်၌ ဖုန်ခြည်မလိမ်းမကပ်ခြင်း —

ဟူသော အကျိုးထူးများကို ခံစားရသည်။

စာမျက်နှာ-335


တောင်ဝှေးလှူရကျိုး ၆-ပါး

(၁) သားကောင်းရတနာများ ထွန်းကားခြင်း။
(၂) ကြောက်ရွံ့ထိတ်လန့်မှု မရှိခြင်း။
(၃) သူတကာတို့ မနှိပ်စက်နိုင်ခြင်း။
(၄) အလုံးစုံသော အစောင့်အရှောက်တို့ဖြင့် စောင့်ရှောက်အပ်ခြင်း။
(၅) ချွတ်ချော်တိမ်းပါးမှု မရှိခြင်း။
(၆) စိတ်ခိုင်မြဲခြင်း —
ဟူသော အကျိုးထူးများကို ခံစားရသည်။

မျက်စဉ်းဆေးလှူရကျိုး ၈-ပါး

(၁) လှပကျယ်ဝန်းသော မျက်လုံးကောင်းကို ရရှိခြင်း။
(၂) မျက်စိ၌ ဖြူသင့်ရာ ဖြူခြင်း။
(၃) မျက်စိ၌ ဝါသင့်ရာ ဝါခြင်း။
(၄) မျက်စိ၌ နီသင့်ရာ နီခြင်း။
(၅) အလွန်ကြည်လင်သော မျက်လုံးကို ရရှိခြင်း။
(၆) ရောဂါခပ်သိမ်းမှ ကင်းရှင်းခြင်း။
(၇) နတ်မျက်စိနှင့် တူသော မျက်စိကို ရရှိခြင်း။
(၈) အတုမရှိသော ပညာမျက်စိကို ရရှိခြင်း —
ဟူသော အကျိုးထူးများကို ခံစားရသည်။

သော့လှူရကျိုး ၁-ပါး

နိဗ္ဗာန်တံခါးကို ပွင့်စေနိုင်သော ဉာဏ်တည်းဟူသော သော့ကို ရရှိခြင်း ဟူသော အကျိုးထူးကို ခံစားရသည်။

စာမျက်နှာ-336


သော့အိမ်-သော့ခလောက် လှူရကျိုး ၂-ပါး

(၁) အမျက်ဒေါသ နည်းပါးခြင်း။
(၂) မပင်ပန်းခြင်း —
ဟူသော အကျိုးထူးများကို ခံစားရသည်။

အာယောဂပတ် လှူရကျိုး ၅-ပါး

(၁) ပထမဈာန်စသော သမာဓိတို့၌ မတုန်လှုပ်ခြင်း။
(၂) ပထမဈာန်စသော သမာဓိတို့၌ အလေ့အကျင့်ရှိသူ ဖြစ်ခြင်း။
(၃) ပရိသတ် မပြိုကွဲခြင်း။
(၄) အခါခပ်သိမ်း မိမိစကားကို လေးစားလိုက်နာကြခြင်း။
(၅) စည်းစိမ်ဥစ္စာနှင့် ပြည့်စုံခြင်း —
ဟူသော အကျိုးထူးများကို ခံစားရသည်။

ဆေးလိပ်၊ ဆေးတံ လှူရကျိုး ၃-ပါး

(၁) ဖြောင့်မတ်သော သတိရှိခြင်း။
(၂) ကောင်းစွာ ဖွဲ့အပ်သော အကြောရှိခြင်း။
(၃) နတ်မျက်စိနှင့် တူသော မျက်စိကို ရရှိခြင်း —
ဟူသော အကျိုးထူးများကို ခံစားရသည်။

ဆီမီးတိုင် လှူရကျိုး ၃-ပါး

(၁) အမျိုးမြတ်ခြင်း။
(၂) ကြန်အင်လက္ခဏာနှင့် ပြည့်စုံခြင်း။
(၃) ပညာကြီးခြင်း —

ဟူသော အကျိုးထူးများကို ခံစားရသည်။

စာမျက်နှာ-337


ဗူးနှင့် ကြုတ် လှူရကျိုး ၁၀-ပါး

(၁) ဘေးရန်အမျိုးမျိုးမှ လုံခြုံခြင်း။
(၂) ချမ်းသာခြင်း။
(၃) များသော အခြံအရံ ရှိခြင်း။
(၄) ဂတိဝိပတ္တိမှ ကင်းခြင်း။
(၅) နူးညံ့သိမ်မွေ့ခြင်း။
(၆) ဆင်းရဲကင်းခြင်း။
(၇) ကြီးကျယ်ပြန့်ပြောသော ဂုဏ်တို့ကို ရခြင်း။
(၈) ခြေဖဝါး ညီညွတ်ခြင်း။
(၉) ထိတ်လန့်မှု ကင်းခြင်း။
(၁၀) ရွှေ၊ ငွေ၊ မြ၊ ဖန် အဆင်း ၄-မျိုးရှိသော ဗူးနှင့် ကြုတ်များ၊ ဆင်ရတနာများ၊ မြင်းရတနာများကို ရသည့်အပြင် ထိုရတနာအားလုံး ပျောက်ပျက်မသွားခြင်း —

ဟူသော အကျိုးထူးများကို ခံစားရသည်။

လက်သုတ်ပဝါ လှူရကျိုး ၅-ပါး

(၁) ကောင်းခြင်းလက္ခဏာအားလုံးနှင့် ပြည့်စုံခြင်း။
(၂) အသက်ရှည်ခြင်း။
(၃) ဉာဏ်ပညာကြီးခြင်း။
(၄) သမာဓိအားကောင်း (စိတ်တည်ကြည်) ခြင်း။
(၅) နွမ်းနယ်မှုကင်း အမြဲရွှင်လန်းခြင်း —
ဟူသော အကျိုးထူးများကို ခံစားရပါသည်။

သင်တုန်းဓား လှူရကျိုး ၁-ပါး

ကိလေသာကို ဖြတ်နိုင်သော သန့်စင်သော အတုမဲ့ဉာဏ်ကို ရရှိခြင်း ဟူသော အကျိုးထူးကို ခံစားရသည်။

စာမျက်နှာ-338


မွေးညှပ် လှူရကျိုး ၁-ပါး

ကိလေသာကို နုတ်ပယ်နိုင်သော သန့်စင်သော အတုမဲ့ဉာဏ်ကို ရရှိခြင်း ဟူသော အကျိုးထူးကို ခံစားရသည်။

နှာနှပ်တံ လှူရကျိုး ၈-ပါး

(၁) သဒ္ဓါတရားရှိခြင်း။
(၂) သီလရှိခြင်း။
(၃) ဟိရီရှိခြင်း (မကောင်းမှုမှ ရှက်ခြင်း)။
(၄) ဩတ္တပ္ပရှိခြင်း (မကောင်းမှုမှ လန့်ခြင်း)။
(၅) ဗဟုသုတ ရှိခြင်း။
(၆) စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း။
(၇) သည်းခံခြင်း။
(၈) ပညာဉာဏ်ရှိခြင်း —

ဟူသော အကျိုးထူးများကို ခံစားရသည်။

အင်းပျဉ် (ထိုင်ခုံ) လှူရကျိုး ၅-ပါး

(၁) အမျိုးမြတ်ခြင်း။
(၂) ပစ္စည်းဥစ္စာ ပေါများခြင်း။
(၃) သူခပ်သိမ်းတို့၏ အပူဇော်ကို ခံယူရခြင်း။
(၄) ကောင်းသတင်း ကျော်စောခြင်း။
(၅) ကမ္ဘာတစ်သိန်းပတ်လုံး ရတနာပလ္လင်၌ စံနေရခြင်း —

ဟူသော အကျိုးထူးများကို ခံစားရသည်။

စာမျက်နှာ-339


ဘုံလျှိုမွေ့ရာ လှူရကျိုး ၆-ပါး

(၁) ပြေပြစ်ညီညွတ်သော ခန္ဓာကိုယ် ရှိခြင်း။
(၂) အပူဇော်ခံရခြင်း။
(၃) နူးညံ့သူ ဖြစ်ခြင်း။
(၄) ရှုချင်စဖွယ် လှပတင့်တယ်သူ ဖြစ်ခြင်း။
(၅) အခြံအရံနှင့်တကွဖြစ်သော ဉာဏ်ကို ရခြင်း။
(၆) ကောင်းမွန်သော အခင်းအမျိုးမျိုးကို ရရှိ၍ ဈာန်တည်းဟူသော ညောင်စောင်းကို ရခြင်း —

ဟူသော အကျိုးထူးများကို ခံစားရသည်။

ခေါင်းအုံး လှူရကျိုး ၆-ပါး

(၁) သားမွေးသွတ်သော ခေါင်းအုံး၊ ပဒုမ္မာဝတ်ဆံသွတ်သော ခေါင်းအုံး၊ စန္ဒကူးအဆာသွတ်သော ခေါင်းအုံးတို့ကို အုံးရခြင်း။
(၂) မဂ်ဖိုလ်အကြောင်းကို သိခြင်း။
(၃) ပေးကမ်းရမှန်း၊ ဣန္ဒြေများကို ဆုံးမရမှန်း၊ ကိုယ်နှုတ်နှလုံးတို့ကို စောင့်စည်းရမှန်းသိ၍ ဗြဟ္မဝိဟာရတရားလေးပါးနှင့် ရူပဈာန်များအကြောင်းကို သိခြင်း။
(၄) ဝတ်အကျင့် သီလစသော ဂုဏ်၊ အလေ့အကျင့်တို့ကို တတ်သိနားလည်ခြင်း။
(၅) စင်္ကြံသွားနည်း၊ ကမ္မဋ္ဌာန်းအားထုတ်နည်း၊ ဝီရိယအကြောင်း၊ ဗောဓိပက္ခိယတရားအကြောင်း သိနိုင်ခြင်း။
(၆) (လောကုတ္တရာ) သီလ၊ သမာဓိ၊ ပညာ၊ အရဟတ္တဖိုလ်တို့ကို သိရ၍ ချမ်းသာစွာ နေရခြင်း —
ဟူသော အကျိုးထူးများကို ခံစားရသည်။

ပျဉ်ချပ်အင်းပျဉ် လှူရကျိုး ၂-ပါး

(၁) ရွှေပလ္လင်၊ ပတ္တမြားပလ္လင်တို့ကို ရခြင်း။
(၂) များစွာသော ဆင်စွယ်ပလ္လင်၊ စန္ဒကူးပလ္လင်တို့ကို ရခြင်း —
ဟူသော အကျိုးထူးများကို ခံစားရသည်။

စာမျက်နှာ-340


ခြေဆေးအင်းပျဉ် လှူရကျိုး ၂-ပါး

(၁) များစွာသော ယာဉ်တို့ကို ရခြင်း။
(၂) အစေခံများ၊ ဇနီးများ၊ မှီခိုနေသူများက ကောင်းစွာ လုပ်ကျွေးခြင်း —
ဟူသော အကျိုးထူးများကို ခံစားရသည်။

ခြေနယ်ဆီ လှူရကျိုး ၅-ပါး

(၁) အနာရောဂါကင်းခြင်း။
(၂) အဆင်းလှခြင်း။
(၃) လျင်စွာ တရားကို စူးစမ်းနိုင်ခြင်း။
(၄) ထမင်းအဖျော်တို့ကို လွယ်ကူစွာ ရခြင်း။
(၅) အသက်ရှည်ခြင်း —
ဟူသော အကျိုးထူးများကို ခံစားရသည်။

ထောပတ်ဆီ လှူရကျိုး ၅-ပါး

(၁) ခွန်အားကောင်းခြင်း။
(၂) အဆင်းလှခြင်း။
(၃) အခါခပ်သိမ်း ရွှင်လန်းတင့်တယ်သော ကိုယ်ရှိခြင်း။
(၄) အနာရောဂါ ကင်းခြင်း။
(၅) သန့်ရှင်းခြင်း —
ဟူသော အကျိုးထူးများကို ခံစားရသည်။

သွားတိုက်ဆေး (သွားတံ) လှူရကျိုး ၅-ပါး

(၁) လည်ချောင်း သန့်ရှင်းခြင်း။
(၂) အသံ သာယာခြင်း။
(၃) ချောင်းဆိုးရောဂါ ကင်းခြင်း။
(၄) ပန်းနာရောဂါ ကင်းခြင်း။
(၅) ခံတွင်းမှ ကြာညိုနံ့ သင်းခြင်း —
ဟူသော အကျိုးထူးများကို ခံစားရသည်။

စာမျက်နှာ-341


နို့ဓမ်းလှူရကျိုး ၂-ပါး

(၁) ကာယဂတာသတိကို ရခြင်း။
(၂) ကောင်းမြတ်သော အာဟာရကို ရခြင်း —
ဟူသော အကျိုးထူးများကို ခံစားရသည်။

ပျားရည်လှူရကျိုး ၁-ပါး

အရဟတ္တဖိုလ်ကို ရခြင်း —
ဟူသော အကျိုးထူးကို ခံစားရသည်။

အရသာရှိသော အာဟာရ လှူရကျိုး ၁-ပါး

ဖိုလ် ၄-ပါးကို ရခြင်း —
ဟူသော အကျိုးထူးကို ခံစားရသည်။

ထမင်းအဖျော်လှူရကျိုး ၁၀-ပါး

(၁) အသက်ရှည်ခြင်း။
(၂) ခွန်အားကောင်းခြင်း။
(၃) တည်ကြည်ခြင်း။
(၄) အဆင်းလှခြင်း။
(၅) အခြံအရံများခြင်း။
(၆) ချမ်းသာကြီးခြင်း။
(၇) ထမင်းကို ရခြင်း။
(၈) အဖျော်ကို ရခြင်း။
(၉) ရဲရင့်ခြင်း။
(၁၀) အခါခပ်သိမ်း ပညာရှိသူ ဖြစ်ရခြင်း —
ဟူသော အကျိုးထူးများကို ခံစားရသည်။

အမွှေးတိုင် (အခိုးအလျှံ) လှူရကျိုး ၁၀-ပါး

(၁) ကိုယ်အနံ့မွှေးသူ ဖြစ်ရခြင်း။
(၂) အခြံအရံများသူ ဖြစ်ရခြင်း။
(၃) သွက်လက် လျင်မြန်သော ဉာဏ်ပညာရှိသူ ဖြစ်ရခြင်း။
(၄) ကျော်စောသူ ဖြစ်ရခြင်း။

စာမျက်နှာ-342


(၅) ထက်မြက်သော ပညာရှိသူ ဖြစ်ရခြင်း။

(၆) မြေကြီးအထုနှင့် တူသော ပညာရှိသူ ဖြစ်ရခြင်း။
(၇) ရွှင်သောပညာ (ဟာသပညာ) ရှိသူ ဖြစ်ရခြင်း။
(၈) နက်နဲသော ပညာရှိသူ ဖြစ်ရခြင်း။
(၉) ပြန့်ပြော (ကျယ်ပြန့်) သော ပညာရှိသူ ဖြစ်ရခြင်း။
(၁၀) နိဗ္ဗာန်ချမ်းသာကို ရခြင်း —

ဟူသော အကျိုးထူးများကို ခံစားရသည်။

တံတားလှူရကျိုး ၁၀-ပါး

(၁) ချောက်ကမ်းပါး၊ တောင်၊ သစ်ပင်များမှ ကျသော် ထောက်တည်ရာ တစ်ခုခု ရနိုင်ခြင်း၊ စုတေသော် သုဂတိဘဝကို ရခြင်း။
(၂) ရန်သူတို့က မနှိပ်စက်နိုင်ခြင်း။
(၃) ခိုးသူတို့က မနှိပ်စက်နိုင်ခြင်း။
(၄) မင်းတို့က မထီမဲ့မြင် မအောက်မေ့ခြင်း။
(၅) ရန်သူခပ်သိမ်းတို့ကို လွန်မြောက်ခြင်း။
(၆) လွင်တီးခေါင်၌ နေစေကာမူ ကြမ်းတမ်းသော နေပူက မနှိပ်စက်နိုင်ခြင်း။
(၇) နတ်ပြည်၌ဖြစ်စေ၊ လူ့ပြည်၌ဖြစ်စေ လိုလားရာအခါ၌ ကောင်းစွာ ဖန်ဆင်းအပ်သော ဆင်ယာဉ် ပေါ်လာခြင်း။
(၈) လေကဲ့သို့ လျင်မြန်သော သိန္ဓောမြင်းတစ်ထောင် ညအချိန် နံနက်အချိန်များ၌ ချဉ်းကပ်လာခြင်း။
(၉) ဆင်ပျံရတနာဖြင့် ကောင်းကင်၌ သွားနိုင်ခြင်း။
(၁၀) အာသဝေါကုန်ခန်း ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်ပြုရခြင်း —
ဟူသော အကျိုးထူးများကို ခံစားရသည်။

ယာဂုလှူရကျိုး ၁၀-ပါး

(၁) တာဝတိံသာနတ်ပြည်သို့ ရောက်ရခြင်း။
(၂) ပတ္တမြားနတ်ဗိမာန်၌ နတ်သမီးများနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပျော်မွေ့ရခြင်း။

စာမျက်နှာ-343


(၃) သုံးဆယ့်သုံးကြိမ် သိကြားမင်း ဖြစ်ရခြင်း။

(၄) အကြိမ် သုံးဆယ် စကြဝတေးမင်း ဖြစ်ရခြင်း။
(၅) ပဒေသရာဇ်မင်း စည်းစိမ်ကို အပိုင်းအခြားမရှိအောင် ခံစားရခြင်း။
(၆) နောက်ဆုံးဘဝ၌ ရဟန်းပြုရ၍ ဆံချသည်နှင့်တစ်ပြိုင်နက် တရားထူးကို ရခြင်း။
(၇) ဘဝသစ်၌ သိက္ခာပုဒ်ကို မဆောက်တည်ရသေးမီ (သရဏဂုံ မဆောက်တည်ရသေးမီ) အရဟတ္တဖိုလ်ကို ရခြင်း။
(၈) နိဗ္ဗာန်သို့ ရောက်ရခြင်း။
(၉) စိုးရိမ် ငိုကြွေးမှု မဖြစ်ရခြင်း။
(၁၀) ဖျားနာမှု မဖြစ်ရခြင်း —

ဟူသော အကျိုးထူးများကို ခံစားရသည်။

ယာဂုလှူရကျိုး ၅-ပါး (တစ်နည်း)

(၁) အနာရောဂါ ကင်းခြင်း။
(၂) အဆင်းလှခြင်း။
(၃) တရားကို လျင်မြန်စွာ သိခြင်း။
(၄) ထမင်း အဖျော်ကို လွယ်ကူစွာ ရခြင်း။
(၅) အသက်ရှည်ခြင်း —
ဟူသော အကျိုးထူးများကို ခံစားရသည်။

ဒါနပြုသူ မပြုသူတို့ ကွဲပြားပုံ

ဒါနပြုသူ ဒါနရှင်သည် လူဖြစ်စေ၊ နတ်ဖြစ်စေ ဖြစ်လေရာ ဘဝတိုင်း၌ ဒါနပြုသူ ဒါနရှင်ကသာ ဒါနမဲ့သူထက် အာယု၊ ဝဏ္ဏ၊ သုခ၊ ယသ၊ အာဓိပတေယျ (အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း၊ အခြံအရံအကျော်အစောများခြင်း၊ အစိုးရခြင်း) ဟူသော အကျိုးငါးပါးဖြင့် ထူးကဲသာလွန်၏။ တခြားကုသိုလ်ကြောင့် လူနတ်ဖြစ်ခြင်း တူသော်လည်း ဒါနရှင်ကသာ သာလွန်မြင့်မြတ်သည်။

စာမျက်နှာ-344


ပေးလှူသူနှင့် မပေးလှူသူတို့သည် သဒ္ဓါ၊ သီလ၊ ပညာ တူမျှကြသော်လည်း နတ်၊ လူ၊ ရဟန်း အဖြစ်တို့၌ မတူကြဘဲ ဒါနရှင်ကသာ ဒါနမဲ့သူထက် အကျိုး ၅ ပါးဖြင့် ထူးကဲသာလွန်၏။

ထူးကဲသာလွန်ပုံ * နတ်ဖြစ်ခဲ့သော် နတ်၌ဖြစ်သော အသက်၊ အဆင်း၊ ချမ်းသာ၊ အခြံအရံ (အကျော်အစော)၊ အစိုးရခြင်းဟူသော ဤအကြောင်း ၅-မျိုးဖြင့် ပေးလှူသူက မပေးလှူသူထက် ထူးကဲသာလွန်၏။

လူဖြစ်ခဲ့သော် အရှင်မဟာကဿပ၊ အရှင်ဗာကုလ၊ အရှင်အာနန္ဒာတို့ကဲ့သို့ အသက်ရှည်ခြင်း၊ အရှင်မဟာကစ္စည်းမထေရ်၊ ဥပ္ပလဝဏ်ထေရီ၊ မာဂန္ဒီ၊ ဇနပဒကလျာဏီတို့ကဲ့သို့ အဆင်းလှခြင်း၊ ရဋ္ဌပါလသတို့သား၊ သောဏသူဌေးသား၊ ယသသတို့သားတို့ကဲ့သို့ ချမ်းသာကြီးခြင်း၊ ဓမ္မာသောကမင်းကဲ့သို့ အခြံအရံ (အကျော်အစော) များခြင်း၊ အစိုးရခြင်းဟူသော ဤအကြောင်း ၅-မျိုးတို့ဖြင့် ပေးလှူသူ ဒါနရှင်က မပေးမလှူသူ ဒါနမဲ့ထက် ထူးကဲသာလွန်၏။

ရဟန်းဖြစ်ခဲ့သော် အရှင်ဗာကုလ၊ အရှင်သီဝလိ၊ အရှင်အာနန္ဒာ စသည်တို့ကဲ့သို့ “အလှူခံတော်မူပါ” ဟု တောင်းပန်ခံရသည်ဖြစ်၍ သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေး ပစ္စည်း ၄-ပါးကို သုံးဆောင်ရသည်က များပြီး၊ တောင်းပန်မခံရဘဲ သုံးဆောင်ရသည်က နည်းပါးခြင်း၊ ချစ်နှစ်လိုဖွယ်သော ကိုယ်၊ နှုတ်၊ စိတ် အမူအရာတို့ဖြင့် ပြောဆိုဆက်ဆံကြသော သီတင်းသုံးဖော်တို့နှင့်သာ အတူတကွ နေထိုင်ရခြင်းဟူသော ဤအကြောင်း ၅-မျိုးတို့ဖြင့် ပေးလှူသူက မပေးလှူသူထက် ထူးကဲသာလွန်၏ (အံ၊ ၂၊ ၂၇၈။ အံ၊ ဋ္ဌ၊ ၃၊ ၁၇)။

ဒါနပြုသူ၊ မပြုသူ နှစ်ဦးတို့ ကွဲပြားသည့် သာဓကဝတ္ထုမှာ ကဿပဘုရားရှင် လက်ထက်တော်အခါတုန်းက မိတ်ဆွေရဟန်း ၂-ပါးရှိရာ တစ်ပါးက ဒါနရှင်၊ တစ်ပါးက ဒါနမဲ့ ဖြစ်ခဲ့ကြ၏။ ၂-ပါးလုံးပင် သီလပြည့်စုံသဖြင့် ကျွန်ုပ်တို့ ဂေါတမဘုရားလက်ထက်တိုင်အောင် လူ့ပြည်၊ နတ်ပြည် ကျင်လည်ရာဝယ် ဒါနရှင်ကသာ အထက်တန်းကျခဲ့၏။ နောက်ဆုံးဘဝ၌ ကောသလမင်း၏ နန်းတော်တွင် ထိုမိတ်ဆွေရင်း ၂-ဦး တွေ့ဆုံကြပြန်ရာ ဒါနရှင်က မင်းသား၊ ဒါနမဲ့သူက အထိန်းတော်သားဖြစ်၍ ပုခက် ၂-လုံးတွင် ဒါနရှင်က ထီးဖြူဆောင်းလျက် ရွှေပုခက်၊ ဒါနမဲ့က သစ်သားပုခက်ကို စီးကာ ထိုကဲ့သို့ အရည်အချင်း ကွဲပြားစွာဖြင့်ပင် ကျွတ်တမ်းဝင်ကြလေသည်။

စာမျက်နှာ-345


ရေအကျိုး ၁၀-ပါး

(၁) သန့်ရှင်းကြည်လင်ခြင်း။
(၂) ကျော်စောထင်ရှားခြင်း။
(၃) အခြံအရံ ပေါများခြင်း။
(၄) လျင်မြန်ဖျတ်လတ် သွက်လက်ပေါ့ပါးခြင်း။
(၅) ရေငတ်မွတ်သိပ်မှု ကင်းဝေးခြင်း။
(၆) အသက်ရှည်ခြင်း။
(၇) အဆင်းလှခြင်း။
(၈) ကြီးပွားချမ်းသာခြင်း။
(၉) ခွန်အားကြီးမားခြင်း။
(၁၀) ပညာဉာဏ် ကြီးပွားခြင်း။

ရေလှူရကျိုး

“ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်” ဆိုသကဲ့သို့ ထမင်းကို ခုနစ်ရက် မစားဘဲ နေနိုင်သော်လည်း ရေကိုမူ တစ်မနက်မျှ မသောက်ရလျှင် မနေနိုင်ပေ။ တန်ဖိုးမဖြတ်နိုင်သော စိန်ရွှေရတနာ ထောင်ပေါင်းများစွာတို့သည် ရေရှားပါးသော သဲကန္တာရခရီးခဲတွင် လူ၏အသက်ကို မကယ်တင်နိုင်ဘဲ ရေတစ်ခွက်သည်သာ လူ၏အသက်ကို ကယ်တင်နိုင်ပေသည်။ ထို့ကြောင့် ရေကို လှူဒါန်းခြင်းသည် အသက်ကို လှူဒါန်းသည်နှင့် တူ၏။ ပကတိရေသည် ဗဟိဒ္ဓအညစ်အကြေးမှန်သမျှကို စင်ကြယ်စေနိုင်သကဲ့သို့ ရေကို လှူဒါန်းခြင်းဟူသော ကုသိုလ်စေတနာသည် အဇ္ဈတ္တကိလေသာ အညစ်အကြေးအားလုံးကို စင်ကြယ်နိုင်ပေသည်။ ရေကိုလှူဒါန်းလျှင် —
(၁) နတ်မင်းအပေါင်းထက် မြတ်သော နတ်အဖြစ် အကြိမ်များစွာ ဖြစ်ရခြင်း။
(၂) စကြဝတေးမင်းအဖြစ် အကြိမ်များစွာ ဖြစ်ရခြင်း။
(၃) အပါယ်လေးပါးသို့ တစ်ကြိမ်တစ်ခါမျှ မရောက်ရခြင်း။
(၄) ရောက်လေရာအရပ်၌ ရေမရှားခြင်း —

စာမျက်နှာ-346


(၅) ရောဂါကင်း၍ အဆင်းလှခြင်း။

(၆) ဆောင်းရာသီ၊ နွေရာသီများ၌ လိုအပ်၍ တောင့်တလျှင် ကြီးစွာသော မိုးကို ရွာသွန်းစေနိုင်ခြင်း။
(၇) ကိလေသာတည်းဟူသော မြူကင်းခြင်း —

ဟူသော အကျိုးထူးများကို ခံစားရသည် (အပ၊ ၂၊ ၁၉၇)။

ထင်ရှားသော ရေအလှူရှင်များ

ဥဒကဒါယကမထေရ် သည် ပဒုမုတ္တရမြတ်စွာဘုရား လက်ထက်တော်က အမြတ်ဆုံးဖြစ်သော ရဟန်းသံဃာ၌ ကြည်ညိုဝမ်းမြောက်သောစိတ် ရှိသည်ဖြစ်၍ သောက်ရေ သုံးရေတို့ကို လှူဒါန်းခဲ့သည် (အပ၊ ၂၊ ၇၈)။

ဥဒကဒါယိကာမထေရ်မ သည် ဂေါတမမြတ်စွာဘုရား မပွင့်ပေါ်မီ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ဝိပဿီမြတ်စွာဘုရား လက်ထက်တော်က ဗန္ဓုမတီမည်သော ပြည်တွင် ရေခပ်ခြင်းဖြင့် အသက်မွေးပြုရသော သူဆင်းရဲမတစ်ယောက် ဖြစ်ခဲ့၏။ ဗန္ဓုမတီမြို့၌ သူဌေးသူကြွယ်၊ မှူးမတ်၊ အိမ်ရှေ့မင်း၊ ပြည့်ရှင်မင်းတို့ သူ့ထက်ငါ အလှူဒါနပြုကြသည်ကို တွေ့မြင်ရသော ထိုသူဆင်းရဲမသည် ——

“ဪ- သူတစ်ပါးတွေမှာတော့ ပစ္စည်းဥစ္စာ ပြည့်စုံသဖြင့် အလှူဒါန ပြုနိုင်ကြပေသည်၊ ငါ့မှာတော့ လှူစရာ ပစ္စည်းဥစ္စာ မရှိပါတကား။ လှူစရာမရှိ၍ အမှုမဲ့အမှတ်မဲ့ နေခဲ့သော် နောင်ဘဝ သံသရာတစ်လျှောက်လုံး၌ သည့်ထက်မက ဆင်းရဲဒုက္ခ ကြုံတွေ့ရတော့မည်”

ဟု စိတ်အကြံ ဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဆိုင်းနှင့် ရေအိုးကိုယူ၍ မြစ်မှ ရေကိုခပ်ပြီးလျှင် ကျောင်းတိုင်း ကျောင်းတိုင်း၌ သောက်ရေ သုံးရေတို့ကို အဆက်မပြတ် လှူဒါန်းခဲ့၏ (အပ၊ ၂၊ ၁၉၇)။

စာမျက်နှာ-347


ဒါနပြုရာ၌ ပြုနည်းမှန်ကန်မှ အကျိုးပေး ထက်သန်နိုင်၏။ အလှူပေးပုဂ္ဂိုလ်အတွက် အင်္ဂါ ၃-ပါးနှင့် အလှူခံပုဂ္ဂိုလ်အတွက် အင်္ဂါ ၃-ပါး၊ ဤသို့အားဖြင့် အလှူပေး အလှူခံ ပြည့်စုံရမည့် အင်္ဂါ ၆-ပါးရှိ၏။ ယင်းအင်္ဂါ ၆-ပါးနှင့် ပြည့်စုံသော ဒါနသာ ပြုနည်းမှန်ကန်သော ဒါနဟု ဆိုအပ်၏။ အလှူပေး၊ အလှူခံ နှစ်ဘက်စလုံး တာဝန်ကျေသော ဒါနလည်းမည်၏။

အလှူပေးပုဂ္ဂိုလ် အလှူဒါယကာဘက်၌ အလှူဒါနတစ်ခုကို ပြုရာတွင် —
၁။ ပုဗ္ဗစေတနာ၊
၂။ မုဉ္စစေတနာ၊
၃။ အပရစေတနာ ဟု အင်္ဂါ ၃-ပါး ရှိ၏။

ပုဗ္ဗစေတနာ

မလှူမီ ရှေးအဖို့၌ လှူဖွယ်ဝတ္ထုကို စုဆောင်းရှာဖွေရာ အခါမှစ၍ “ငါသည် လောကီ လောကုတ္တရာ များစွာသော စည်းစိမ်တို့၏ အကြောင်းဖြစ်သော အနုဂါမိက (ဘဝစဉ်ဆက် လိုက်တတ်သော) အလှူမျိုးကို လှူရတော့မည်” ဟု ဝမ်းမြောက်ခြင်း ကုသိုလ်စေတနာသည် ပုဗ္ဗစေတနာမည်၏။ ဤပုဗ္ဗစေတနာအခိုက်၌ အလှူဒါနကို အကြောင်းပြု၍ အလှူ့ဒကာ၊ အလှူအမဟု ထင်ရှားကျော်စောလိုသောစိတ်နှင့် မိမိလှူနိုင်ကြောင်း ကြွားဝါလိုသောစိတ်များ မဖြစ်ပေါ်အောင် သတိပြုရမည်။ လှူဖွယ်ဝတ္ထု ပစ္စည်းစုခိုက် အိမ်သားအချင်းချင်း၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း မကျေမနပ်မှု၊ ဒေါသစသော အကုသိုလ်များ မဖြစ်စေဘဲ အလှူအတွက် တစ်စုံတစ်ခုကြောင့် တွန့်တိုစိတ်ပျက်သော၊ မလှူလိုသော ဝန်တိုမစ္ဆရိယစိတ်များ အလျဉ်းမဖြစ်အောင် အရာရာသတိနှင့် စောင့်ထိန်းလျက် လှူဖွယ်အရပ်ရပ်ကို ပျော်ရွှင်ဝမ်းမြောက်စွာ စီစဉ်နိုင်လျှင် ပုဗ္ဗစေတနာအတွက် ပြည့်စုံနေပြီဟု မှတ်ယူနိုင်၏။

မုဉ္စစေတနာ

လှူဖွယ်ဝတ္ထု ပစ္စည်းစုကို အလှူခံပုဂ္ဂိုလ်၏ လက်ထဲသို့ ထည့်၍ စွန့်လွှတ်လှူဒါန်းဆဲ လှူဒါန်းတုန်းအခိုက်၌ “အနှစ်သာရမရှိသော ပစ္စည်းဥစ္စာမှ

စာမျက်နှာ-348


အနှစ်သာရရှိသော ကုသိုလ်မျိုးစေ့ကို ထုတ်ယူနေပါတကား” ဟု စိတ်ကြည်လင်ရွှင်ပျသော ကုသိုလ်စေတနာသည် မုဉ္စစေတနာ မည်၏။ ဤမုဉ္စစေတနာအခိုက်၌လည်း ဖော်ပြခဲ့သော အကုသိုလ်စိတ်များနှင့် အလှူခံပုဂ္ဂိုလ်အပေါ် တွယ်တာသော တဏှာလောဘစိတ်များ မဖြစ်စေဘဲ ယခု လှူဒါန်းလိုက်သည့်အတွက် မိမိကိစ္စကို ကူညီဆောင်ရွက်လိမ့်မည်ဟု လောကီအကျိုးတစ်စုံတစ်ရာကို မမျှော်လင့်ဘဲ ရက်ရက်ရောရော လှူဒါန်းနိုင်ပါလျှင် “မုဉ္စစေတနာအတွက် ပြည့်စုံနေပြီ” ဟု မှတ်ယူရမည်။

အပရစေတနာ

အလှူဒါနပြုပြီးနောက် “ငါသည် ပညာရှိတို့ ချီးမွမ်းအပ်သော လှူဒါန်းမှုကို အတုလိုက်၍ ပြုလုပ်ရပေပြီ။ ကောင်းလေစွ” ဟု အဖန်ဖန်အထပ်ထပ် အောက်မေ့အမှတ်ရကာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခြင်းသည် အပရစေတနာမည်၏။ အလှူဒါနပြုပြီးနောက် ထိုအလှူဒါနကို သတိရတိုင်း ထပ်ကာထပ်ကာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေပြန်လျှင် အပရစေတနာကုသိုလ်တွေ ထပ်မံတိုးပွား၏။ ထိုသို့မဟုတ်ဘဲ အလှူပေးပြီးနောက် ပစ္စည်းပျက်ပြား၍ဖြစ်စေ၊ အလှူခံပုဂ္ဂိုလ်အပေါ် မကျေနပ်၍ဖြစ်စေ “လှူမိတာ မှားလေစွ” ဟု အပရစေတနာပျက်လျှင် ထိုအလှူနှင့်စပ်၍ မကျေနပ်မှု ဒေါသအကုသိုလ်တွေ ဖြစ်ပွားတတ်သေးသဖြင့် ထိုအဖြစ်မျိုးမှ လွတ်ကင်းအောင် သတိနှင့် ထိန်းသိမ်းကြရာ၏။

အလှူပေးပုဂ္ဂိုလ်၌ ဖော်ပြပါ စေတနာ ၃-မျိုးနှင့် ပြည့်စုံလျှင် အလှူပေးပုဂ္ဂိုလ်ဘက်က အင်္ဂါရပ်ပြည့်စုံပြီဟု ဆိုနိုင်၏။

ထို့အတူ အလှူခံပုဂ္ဂိုလ်ဘက်၌လည်း —
(၁) ရာဂကင်းမှု၊ သို့မဟုတ် ရာဂကင်းရန် ကျင့်မှု။
(၂) ဒေါသကင်းမှု၊ သို့မဟုတ် ဒေါသကင်းရန် ကျင့်မှု။
(၃) မောဟကင်းမှု၊ သို့မဟုတ် မောဟကင်းရန် ကျင့်မှု အင်္ဂါ ၃-ပါး။

ဤသို့အားဖြင့် အလှူပေး၊ အလှူခံ အင်္ဂါ ၆-ပါးရှိ၏။ မဟာသမုဒ္ဒရာရေ အတိုင်းအရှည် ပမာဏကို ကွမ်းစားတစ်ရာ၊ ကွမ်းစားတစ်ထောင်၊ ကွမ်းစားတစ်သိန်းရှိ၏ဟု မရေတွက် မမှန်းဆနိုင်သကဲ့သို့ ပြဆိုခဲ့ပြီးသော အင်္ဂါ ၆-ပါးနှင့် ပြည့်စုံသော အလှူဒါန၏ အကျိုးအာနိသင် အတိုင်းအရှည်ပမာဏကိုလည်း ဤရွေ့ဤမျှရှိ၏ဟု မရေတွက် မမှန်းဆနိုင်။ စင်စစ်အားဖြင့် မဟာသမုဒ္ဒရာ၌

စာမျက်နှာ-349


ရှိသော ရေအစုကို မရေမတွက်နိုင်သော ရေအစုဟုသာ ခေါ်ဆိုရသကဲ့သို့ ထို့အတူ အင်္ဂါခြောက်ပါးနှင့် ပြည့်စုံသော အလှူကိုလည်း အတိုင်းမသိအောင် အကျိုးပေးခြင်းရှိသော အလှူဟူ၍သာ ခေါ်ဆိုရသည်။

ဤအင်္ဂါ ၆-ပါးနှင့် ပြည့်စုံလျှင် ဒါနအာနုဘော် ကြီးမြင့်သည်။ ဤအင်္ဂါ ၆-ပါး ယုတ်လျော့လျှင် ဒါနအာနုဘော် ဆုတ်ယုတ်သည်ဟု မှတ်ယူအပ်၏။

စေတနာသုံးတန် ညီညွတ်ခြင်း၏ လက်ငင်းအကျိုး

ဒသကနိပါတ် မဟာဓမ္မပါလဇာတ်တော်၌ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး၏ အလောင်းဖြစ်သော မဟာဓမ္မပါလပုဏ္ဏားကြီး ကို ဒိသာပါမောက္ခ ဆရာကြီးက “သင်တို့၏ မဟာဓမ္မပါလအမျိုး၌ အဘယ့်ကြောင့် အသက်တမ်းမပြည့်ဘဲ ကလေးသူငယ်များ မသေကြသနည်း” ဟူသော အမေးကို ဖြေကြားရာ၌ —

“ငါတို့သည် မလှူမီ ရှေးအဖို့က ကောင်းစွာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြပါကုန်၏။ လှူဆဲမှာလည်း စင်စစ်နှစ်သက်ဝမ်းမြောက်သော စိတ်ရှိကြပါကုန်၏။ လှူပြီးသည့်နောက်မှာလည်း စင်စစ် တွန့်တိုပူပန်ခြင်း မရှိကြပါကုန်။ ဤအကြောင်း သုံးရပ်ကြောင့် ငါတို့၏ မဟာဓမ္မပါလအမျိုး၌ (အသက်တမ်းမပြည့်ဘဲ) ကလေးသူငယ်များ မသေကြကုန်”

ဟု ဖြေကြားသည်ကို ထောက်ထား၍ ဤ “စေတနာသုံးတန် ညီညွတ်ခြင်းသည် လက်ငင်းဒိဋ္ဌ အသက်ရှည်ခြင်း” ဟူသော အကျိုးပေးနိုင်သည့် အာနုဘော်ရှိကြောင်းကိုလည်း အထူးမှတ်သားကြရာ၏။

စေတနာသုံးတန် ပျက်ပြယ်လျှင် ဆက်နွယ်လာမည့် အပြစ်များ

အလှူဒါနပြုလုပ်ကြသူတို့သည် မလှူမီ၊ လှူဆဲ၊ လှူပြီး သုံးဌာနတို့တွင် တစ်ပါးပါး၌ စေတနာ ပျက်ကွက်လှုပ်ရှား တတ်ကြ၏။ ပုဗ္ဗ၊ မုဉ္စ၊ အပရစေတနာ သုံးပါးလုံး မလှုပ်မယိုင် ကြံ့ခိုင်စွာ တည်တံ့ပါမှ အလှူဒါနသည် အကျိုးများ၏ (ဒီ၊ ဋ္ဌ၊ ၁၊ ၂၆၇-၈)။

ထိုသို့မဟုတ်ဘဲ မလှူမီ ရှေးအဖို့ ပုဗ္ဗစေတနာအခိုက် တွန့်တိုဆုတ်နစ်မှု၊ မစ္ဆရိယစသည်များဖြစ်ကာ ပုဗ္ဗစေတနာချို့တဲ့ ပျက်စီးပါက အရွယ်သုံးပါးတွင် ပထမအရွယ်၌ စီးပွားဥစ္စာ ချို့တဲ့နွမ်းပါးတတ်၏။ ရုပ်လက္ခဏာအားဖြင့် မဟာကုသမင်းနှင့် ပဉ္စပါပီမိဖုရားတို့ကဲ့သို့ ချို့တဲ့ပျက်စီးတတ်၏။

စာမျက်နှာ-350


လှူဆဲ လှူတုန်း မုဉ္စစေတနာအခိုက်၌ အလှူအပေါ် တွန့်တိုဆုတ်နစ်ကာ မုဉ္စစေတနာ ချို့တဲ့ပျက်စီးခဲ့သော် အင်္ဂါခြေလက် ချို့တဲ့ခြင်း၊ ဂုဏ်မဲ့သော အမျိုးအနွယ်၌ ဖြစ်ရခြင်းနှင့် တန်ခိုးအရှိန်အဝါ သေးနုတ်ခြင်း စသော မကောင်းကျိုးများ ဖြစ်ပေါ်တတ်၏။

ပေးလှူပြီးနောက် အပရစေတနာအဖို့၌ တွန့်တိုဆုတ်နစ်၍ စိတ်မချမ်းသာ ပူပန်မှုဖြစ်ခဲ့သော် လူဖြစ်လာ၍ ချမ်းသာကြွယ်ဝသော အမျိုး၌ ဖြစ်ရစေကာမူ ထူးထွေကောင်းမြတ် သာယာနှစ်သက်အပ်သော စားဖွယ် သောက်ဖွယ်၊ အဝတ်တန်ဆာ၊ အသုံးအဆောင် ဘဏ္ဍာတို့ကို သုံးဆောင်ခံစားလိုစိတ် မဖြစ်ပေါ်တတ်ခြင်း၊ သုံးဆောင်ခံစားဖို့ရန် စိတ်မညွတ်တတ်ခြင်း၊ သုံးဆောင်ခံစားနေသော စည်းစိမ်ဥစ္စာများ ရုတ်တရက် ဆုတ်ယုတ်ပျက်စီးတတ်ခြင်း၊ ရာထူး အချခံရတတ်ခြင်း၊ ထိုသို့ဖြစ်သည့်အခါ ဆင်းရဲဒုက္ခအမျိုးမျိုး ခံစားရခြင်း စသော အနိဋ္ဌအကျိုးအမျိုးမျိုးကို ခံစားရတတ်၏။ သာဓကအဖြစ် သာဝတ္ထိမြို့သား ပထမအပုတ္တကသူဌေး (သံ၊ ၁၊ ၉၀)၊ ဒုတိယအပုတ္တကသူဌေး (သံ၊ ၁၊ ၉၂-၃ စသည်)၊ ဗာရာဏသီမင်း၏ မိဖုရား ပဒုမဝတီ (အံ၊ ဋ္ဌ၊ ၁၊ ၂၇၀-၁၊ ထေရီ၊ ဋ္ဌ၊ ၁၉၃-၄) တို့ကို မှတ်ယူရာ၏။

များသောအားဖြင့် အလှူရှင်တို့အား နောင်တစ်ဖန် ပြင်းစွာ ပူပန်မှုဖြစ်ရခြင်းသည် အလှူခံပုဂ္ဂိုလ်ကြောင့် ဖြစ်ရတတ်၏။ အလှူပေးမည့်သူသည် ပညာရှင်တို့နှင့် တိုင်ပင်ဆွေးနွေးပြီးမှ ပေးလှူသင့်၏။ ပညာရှင်တို့နှင့် မတိုင်ပင်မဆွေးနွေးဘဲ လှူဒါန်းမှု ပြုလိုက်လျှင် နောင်အခါ၌ “မှားလေစွ” ဟု နောင်တရတတ်၏ (ဒီ၊ ဋ္ဌ၊ ၁၊ ၂၆၄)။

ထို့ကြောင့် အလှူပေးသောအခါ နောင်တစ်ဖန် ပူပန်မှု “ဝိပ္ပဋိသာရ” မဖြစ်ရလေအောင် သီလမရှိသော ဒုဿီလအလှူခံပုဂ္ဂိုလ်တို့ကို မရည်မှန်း အာရုံမပြုဘဲ သီလရှိသော “သီလဝန္တ” အလှူခံပုဂ္ဂိုလ်တို့ကိုသာ ရည်မှန်းအာရုံပြု၍ လှူဒါန်းရမည်။ သို့မှသာ စေတနာတိုးပွား၍ အကျိုးများပေလိမ့်မည်။

ဒါနဟူသည်၊ ပြုအံ့ရှည်သော်၊ မူနည်ယုတ်မြတ်၊ မမှတ်အညီ၊ လာရောက်ပြီတိုင်၊ ဒုဿီသုသီ၊ အလဇ္ဇီက၊ လဇ္ဇီမကြွင်း၊ မချန်ခြင်းဘဲ၊ ဝမ်းတွင်းခိုင်ကျည်၊ သူမည်မည်၌၊ မလည်မသုန်၊ သဒ္ဓါဟုန်ဖြင့်၊ မတုန်မလှုပ်၊ ထိန်းအုပ်မစ္ဆေ၊ မတွန့်စေနှင့်၊ လှူတွေရှေးဖို့၊ ဉာဏ်မဲ့ချို၍၊ တွန့်တိုတုံက၊ ပထမရွယ်၊ နောင်ခါဝယ်၌၊ နွမ်းနယ်ချမ်းသာ၊ ဆိုးရုပ်ဝါနှင့်၊ မဟာကုသ၊ ပဉ္စပါပီ၊ မဟေသီသို့၊ ယက္ခ ယက္ခ၊ တူတမျှဖြင့်၊ ...


စာမျက်နှာ-351


ရူပလက္ခဏာ၊ ပျက်တတ်စွာ၏၊ နောက်မှာ တွန့်ငြား၊ သားသမီးမဲ့၊ ချို့တဲ့ယွင်းယို၊ ထန်းငုတ်တိုသို့၊ ထိုခါဒုက္ခ၊ ရသည်ဆင်းရဲ၊ တိမ်းလဲ့ စည်းစိမ်၊ ဂုဏ်သိမ်နိမ့်ကျ၊ ဖြစ်တတ်ကြ၏။ ပဒုမဝတီ၊ ဒေဝီနေမြတ်၊ သန္ဓေနတ်နှင့်၊ ပဒုမ္မမည်ထုတ်၊ အပုတ္တက၊ သူဌေး စသည့်၊ ထိုမျှဝတ္ထု၊ အစုစုကို၊ မျှော်ရှုနှိုင်းဆ၊ ထောက်အပ်စွာရှင့်၊ မုဉ္စအခါ၊ တွန့်တို ပါသော်၊ အင်္ဂါချို့တဲ့၊ ဂုဏ်မဲ့မျိုးနွယ်၊ မတင့်တယ်ဘဲ၊ ငယ်၏တန်ခိုး၊ မပြည့်ဖြိုးသည်။ ။နွမ်းညှိုးယော်ရမည်ကိုကား (မဃဒေဝလင်္ကာသစ်၊ ပုတ္တောဝါဒခဏ်း၊ အပိုဒ်ရေ ၂၈၅)။

စွန့်ကြဲပေးကမ်း လှူဒါန်းမှုဒါနကုသိုလ်နှင့် စပ်၍ ပုဗ္ဗ၊ မုဉ္စ၊ အပရ စေတနာဟု စေတနာသုံးမျိုး ခွဲခြားနားလည်ပြီးနောက် ဒွိဟိတ်ကုသိုလ်၊ တိဟိတ်ကုသိုလ်၊ ဩမကကုသိုလ်၊ ဥက္ကဋ္ဌကုသိုလ်များ ဖြစ်ပုံကိုလည်း ခွဲခြားနားလည်သင့်၏။ ထိုသို့ နားလည်ပြီး ပြုသော ကုသိုလ်မှသာ ဘုရားသာသနာတော်နှင့် ကြုံကြိုက်ရကျိုး နပ်ပေလိမ့်မည်။

မှန်၏၊ စွန့်ကြဲပေးကမ်း လှူဒါန်းမှုကို ဗုဒ္ဓသာသနာတော်အတွင်း၌လည်း ပေးလှူကြ၏။ ဗုဒ္ဓသာသနာတော် အပြင်ပ၌လည်း ပေးလှူကြ၏။ ဗုဒ္ဓသာသနာတော် ကြုံကြိုက်ပါလျက် တိဟိတ်ကုသိုလ်၊ ဥက္ကဋ္ဌကုသိုလ်များ ဖြစ်အောင် နှလုံးမသွင်းတတ်၊ မဆင်ခြင်တတ်လျှင် သာသနာတော်နှင့် ကြုံကြိုက်ရကျိုးမနပ်ပြီ။ သာသနာတော်နှင့် ကြုံရကျိုးနပ်အောင် ခွဲခြားနားလည်အောင် လေ့လာမှတ်သားသင့်၏။

ဒွိဟိတ်၊ တိဟိတ်ကုသိုလ် ခွဲခြားပုံ

အဘိဓမ္မတ္ထသင်္ဂြိုဟ် စေတသိက်ပိုင်း၌ လာသော အလောဘ၊ အဒေါသ၊ အမောဟ (ပညာ) စေတသိက် ၃-ပါးကို ပါဠိလို “ဟေတု”၊ မြန်မာလို “ဟိတ်” ဟု ခေါ်၏။ ဤနေရာ၌ “ဟေတု” သဒ္ဒါသည် “အခြေအမြစ်” ဟူသော အနက်ကို ဟော၏။ သစ်ပင်၌ ရေသောက်မြစ်သည် သစ်ပင်တစ်ပင်လုံး ခိုင်မြဲစည်ကား ကြီးထွားအောင် ပြုသကဲ့သို့ အလောဘစသော ထိုဟိတ်တရားများသည်လည်း မိမိတို့နှင့် ယှဉ်ဖက်စိတ်ကို ခိုင်မြဲစည်ကား အကျိုးများအောင် ပြုနိုင်ကြပေသည်။ ထို့ကြောင့် ကုသိုလ်စိတ်ကို ဟိတ် ၂-ပါးနှင့် ယှဉ်လျှင် ဒွိဟိတ်ကုသိုလ်စိတ်၊ ဟိတ် ၃-ပါးနှင့် ယှဉ်လျှင် တိဟိတ်ကုသိုလ်စိတ် ဟု ခွဲခြားမှတ်သားရမည်။

စာမျက်နှာ-352


ဒွိဟိတ်ကုသိုလ်စိတ်

အလောဘ၊ အဒေါသ ဟိတ် ၂-ပါးနှင့် ယှဉ်သော ကုသိုလ်စိတ်သည် ဒွိဟိတ်ကုသိုလ်စိတ် မည်၏။ အမောဟဆိုသည်မှာ သမ္မာဒိဋ္ဌိ ဖြစ်သည်။ ကံ၊ ကံ၏ အကျိုး ဧကန်ရှိ၏ဟု ယုံကြည်သော ဉာဏ်ပညာတည်း။ ထိုဉာဏ်ကိုပင် “ကမ္မဿကတာဉာဏ်” ဟု ခေါ်၏။ ကလေးသူငယ်များနှင့် ကံ၊ ကံ၏အကျိုး နားမလည်သော ပုဂ္ဂိုလ်များ ပစ္စည်းဝတ္ထုတစ်စုံတစ်ခုကို ပေးလှူရာ၌ “ယခုပြုသော ပေးလှူမှု ကုသိုလ်ကံသည် မိမိသန္တာန်မှာ အကျိုးပေးရန် သတ္တိရှိနေ၏။ ထိုကံကြောင့် နောင်အခါ အကျိုးခံစားရမည်” ဟု သိသော (သမ္မာဒိဋ္ဌိ = ကမ္မဿကတာဉာဏ်) အမောဟဟိတ်မပါ၊ အလောဘ၊ အဒေါသ ဟိတ် ၂-ပါးသာ ပါ၏။ ထို့ကြောင့် ထိုကုသိုလ်စိတ်မျိုးကို “ဒွိဟိတ်ကုသိုလ်စိတ် = ဉာဏ်မပါသော ကုသိုလ်စိတ်” ဟု ခေါ်ကြရသည်။

ယခုအခါ အချို့ဗုဒ္ဓဘာသာဝင်များလည်း ကံ၊ ကံ၏အကျိုးကို နားမလည်ကြဘဲ သူများလှူလို့ လှူကြရသူတွေ များစွာရှိ၏။ ထိုသူများ၏ ကုသိုလ်စိတ်လည်း ဒွိဟိတ်ကုသိုလ်ပင် ဖြစ်၏။ ပင်ကိုဉာဏ်ရှိသူ (တတ်သိနားလည်သူ) ဖြစ်သော်လည်း အမှတ်တမဲ့ ပေးကမ်းလှူဒါန်းရာ၌ ဒွိဟိတ်ကုသိုလ်စိတ်ပင် ဖြစ်တတ်၏။ အချုပ်အားဖြင့် ကုသိုလ်ပြုတုန်း ဉာဏ်ပညာ မပါလျှင် ဒွိဟိတ်ကုသိုလ်ချည်းသာ မှတ်ယူရမည်။

တိဟိတ်ကုသိုလ်စိတ်

အလောဘ၊ အဒေါသ၊ အမောဟ ဟိတ် ၃-ပါးနှင့် ယှဉ်သော ကုသိုလ်စိတ်သည် တိဟိတ်ကုသိုလ်စိတ် မည်၏။ ကုသိုလ်ပြုနေတုန်းအခါ ကံကိုလည်းကောင်း၊ ကံ၏အကျိုးကိုလည်းကောင်း နားလည်သော ကမ္မဿကတာဉာဏ်ပါလျှင် တိဟိတ်ကုသိုလ်စိတ် ဖြစ်သည်။ တစ်စုံတစ်ခုပစ္စည်းကို ပေးလှူသောအခါ ထိုပစ္စည်းသည် ရုပ်ကလာပ်အစုသာဖြစ်သည်။ ထိုရုပ်ကလာပ်ကား အနိစ္စ၊ ဒုက္ခ၊ အနတ္တပါတကား။ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ စသော ပုဂ္ဂိုလ်စွဲ အတ္တနွဲ့ကို ပယ်ဖျောက်၍ အလှူပေး အလှူခံ ပုဂ္ဂိုလ်တို့သည် ရုပ်နာမ်အစုမျှသာ ဖြစ်သည်ကို ထင်မြင်အောင်ရှု၍ ထိုရုပ်နာမ်တို့သည် အနိစ္စ၊ ဒုက္ခ၊ အနတ္တတို့ပါတကားဟု ဝိပဿနာတင်၍ လှူတတ်လျှင် တိဟိတ်ကုသိုလ် ဖြစ်ကြောင်း အထူးပြောဖွယ် မလိုတော့ပါ။ အလွန်ကောင်းသော တိဟိတ်ကုသိုလ် ဖြစ်ပါတော့သည်။ ထိုကုသိုလ်မျိုးဖြစ်အောင် ဆရာတော် သံဃာတော်များက အလှူပေးခါနီး၊ ရေစက်ချခါနီး၌ ကံ၊ ကံ၏အကျိုးကိုလည်းကောင်း၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ အကြောင်းကိုလည်းကောင်း နားလည်အောင် ပြောလေ့ရှိတော်မူကြပါသည်။

စာမျက်နှာ-353


ဥက္ကဋ္ဌ၊ ဩမကကုသိုလ် ခွဲခြားပုံ

(ဥက္ကဋ္ဌ - အမြတ်။ ဩမက - အညံ့)

ပြခဲ့ပြီးသော ဒွိဟိတ်၊ တိဟိတ် ကုသိုလ်စိတ်တို့၌ ရှေးအဖို့ ပုဗ္ဗစေတနာအခိုက်တုန်းကဖြစ်စေ၊ လှူပြီးနောက် အပရစေတနာအခိုက်မှာဖြစ်စေ ကုသိုလ်စေတနာ ခြံရံလျှင် (အကုသိုလ်မဖြစ်ဘဲ ကုသိုလ်စိတ်တွေ ရှေ့နောက်ပါနေလျှင်) မြင့်မြတ်သော ဥက္ကဋ္ဌကုသိုလ် ဖြစ်၏။ မလှူမီရှေးအဖို့နှင့် လှူပြီးနောက်အဖို့၌ အကုသိုလ်များ ခြံရံနေလျှင် ညံ့ဖျင်းသော ဩမကကုသိုလ် ဖြစ်၏။

ဤ၌ “ရှေ့နောက် ကုသိုလ်၊ အကုသိုလ် ခြံရံ” ဟူရာဝယ် ထိုကုသိုလ်နှင့်စပ်၍ ပုဗ္ဗစေတနာ၊ အပရစေတနာတို့ အခိုက်မှာ ကုသိုလ်စိတ်ဖြစ်မှု၊ အကုသိုလ်စိတ်ဖြစ်မှုကို “ခြံရံသည်” ဟု ဆိုလိုသည်။ ထိုကုသိုလ်နှင့် မစပ်ဘဲ အလွတ်သက်သက်ဖြစ်သော ကုသိုလ်၊ အကုသိုလ်တို့ကိုမူ “ခြံရံ” ဟု မဆိုရပါ။

ဤစကားအရ အချုပ်အားဖြင့် ပုဗ္ဗစေတနာ၊ အပရစေတနာ ထက်သန်သော တိဟိတ်ကုသိုလ်သည် “တိဟိတ် ဥက္ကဋ္ဌ ကုသိုလ်” ဖြစ်၏။ ပုဗ္ဗစေတနာဖြစ်စေ၊ အပရစေတနာဖြစ်စေ တစ်ခုခုချို့တဲ့လျှင် “တိဟိတ် ဩမက ကုသိုလ်” ဖြစ်၏။ စေတနာ ၂-ခုလုံး ချို့တဲ့လျှင် သာ၍ပင် “တိဟိတ် ဩမက” ဖြစ်၏။ ဒွိဟိတ်ဥက္ကဋ္ဌ၊ ဒွိဟိတ်ဩမက ဖြစ်ပုံကိုလည်း ဤနည်းအတိုင်း မှတ်ယူပါ။ အကျဉ်းချုပ် မှတ်သားနိုင်ရန် အောက်ပါ ဆောင်ပုဒ်လင်္ကာများ ကျက်မှတ်ထားပါ —

[ဆောင်]
၁။ ကုသိုလ်ပြုစဉ်၊ ကံကျိုးမြင်သိ၊ ဉာဏ်ယှဉ်ဘိ၊ တိဟိတ်ကုသိုလ်ခေါ်။
၂။ ကုသိုလ်ပြုစဉ်၊ ကံကျိုးမြင်သိ၊ ဉာဏ်မရှိ၊ ဒွိဟိတ်ကုသိုလ်ခေါ်။
၃။ ရှေ့နောက်နှစ်ရပ်၊ ကုသိုလ်ညှပ်၊ ဥက္ကဋ္ဌ အမြတ်ခေါ်။
၄။ ရှေ့နောက်နှစ်တန်၊ အကုခြံ၊ ညံ့ဟန် ဩမကခေါ်။

စာမျက်နှာ-354


အခန်း ၁၄ - အလှူခံပုဂ္ဂိုလ် ရွေးချယ်နည်း

အလှူခံပုဂ္ဂိုလ်သည် လယ်ယာမြေနှင့် တူကြောင်း ပေတဝတ္ထုပါဠိတော်၌ ဟောကြားတော်မူထား၏။ သို့ဖြစ်ရာ လယ်ယာမြေသည် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းရှိသကဲ့သို့ အလှူခံပုဂ္ဂိုလ်ဟူသော လယ်ယာမြေများသည် အတန်းအစား အမျိုးမျိုးရှိ၏။ လယ်ယာမြေတို့၌ မြက်စသော အနှောင့်အယှက်မရှိလေ အပင်သန်လေ ဖြစ်သကဲ့သို့ ထို့အတူ အလှူခံရာ၌လည်း ရာဂ၊ ဒေါသ၊ မောဟ နည်းလေ လှူရသူမှာ အကျိုးများလေ ဖြစ်၏။ လယ်ယာတို့၌ ဓာတ်မြေဩဇာများ၍ ရေအဆင်သင့်လေ ကောက်ပင်သန်လေ ဖြစ်သကဲ့သို့ အလှူခံပုဂ္ဂိုလ်များ၌လည်း သီလ၊ သမာဓိ၊ ပညာ ကြီးလေ လှူရသူ၌ အကျိုးများလေ ဖြစ်၏။

ဘုရားရှင် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ဝါတော် ၁၅-ဝါ (သံ၊ ဋီ၊ ၁၊ ၂၀၁)၊ တစ်နည်း ဝါ-၂၀ (ဝိ၊ ဋ္ဌ၊ ၁၊ ၁၇၉) အတွင်းဟု ဆိုအပ်သော ပထမဗောဓိ၌ ဘုရားရှင်နှင့် တပည့်ရဟန်းအပေါင်းအား လာဘ်သပ်ပကာ ပူဇာသက္ကာရ ပေါများလာသည်နှင့်အမျှ တိတ္ထိတို့မှာ လာဘ်သပ်ပကာ ဆုတ်ယုတ်လာကြသဖြင့် တိတ္ထိတို့က “ရဟန်းဂေါတမသည် ငါနှင့် ငါ့တပည့်သားတို့အားသာ လှူသင့်လှူထိုက်၏၊ အခြားပုဂ္ဂိုလ်များအား မလှူသင့် မလှူထိုက်၊ ငါနှင့် ငါ့တပည့်တို့အား လှူမှသာ အကျိုးများမည်၊ အခြားပုဂ္ဂိုလ်များအား လှူခြင်းသည် အကျိုးမများ အလကားပင်ဖြစ်သည်” ဟု ပြောဆိုနေကြောင်း မဟုတ်မမှန် လုပ်ကြံသတင်းလွှင့်ကြသည်။ ပသေနဒီကောသလမင်းကြီး ကြား၍ ဘုရားရှင်အား လျှောက်ထားရာ ဘုရားရှင်က “မိမိစိတ်ကြည်ညိုရာ ပုဂ္ဂိုလ်အား လှူသင့်ကြောင်း၊ သို့ရာတွင် သီလရှိသော ပုဂ္ဂိုလ်အား လှူခြင်းသည် အကျိုးများ၍ နီဝရဏတရား ၅-ပါးကို ပယ်စွန့်ပြီးသော ပုဂ္ဂိုလ်၊ အသေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလ၊ သမာဓိ၊ ပညာ၊ ဝိမုတ္တိ၊ ဝိမုတ္တိဉာဏဒဿန ပစ္စဝေက္ခဏဉာဏ်ဟူသော လောကီ လောကုတ္တရာ ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့အား လှူမှ အကျိုးများစွာ ရနိုင်ကြောင်း” ဟောကြားတော်မူသည် (သံ၊ ၁၊ ၉၉၊ ၁၀၀ စသည်)။

အလှူခံရွေးချယ်မှုနှင့် စပ်၍ ဝါဒအမျိုးမျိုး

အလှူခံပုဂ္ဂိုလ် ရွေးချယ်မှု၊ မရွေးချယ်မှုနှင့် စပ်လျဉ်း၍ အရာဌာနအားလျော်စွာ ခွဲခြားပြီး ကျမ်းဂန်တို့၌ ဟောကြားတော်မူထား၏။ ဗုဒ္ဓဝင်ပါဠိတော်၌ —

စာမျက်နှာ-355


“သဗ္ဗညုတဉာဏ်တော်ကို လိုလားသော ဘုရားအလောင်းတော်ကြီးများအဖို့ အလှူခံပုဂ္ဂိုလ်ကို အယုတ်၊ အလတ်၊ အမြတ် မရွေးဘဲ ပေးလှူသင့်ကြောင်း” ဟောကြားတော်မူ၏။

မှန်ပါသည်၊ ဘုရားအလောင်းတော်ကြီးများသည် ရည်ရွယ်ရင်းကပင် သဗ္ဗညုတဉာဏ်တော်ကို ရဖို့ရန် ရည်ရွယ်ရင်းဖြစ်သည်။ ယင်းသဗ္ဗညုတဉာဏ်တော်သည် အယုတ်၊ အလတ်၊ အမြတ်ဟူ၍မရှိ၊ တစ်မျိုးတစ်စားတည်းသာ ဖြစ်သည်။ သို့ဖြစ်၍ မိမိလှူဖွယ်ပစ္စည်းကို ရောက်လာသမျှသော အလှူခံတို့အား အယုတ်၊ အလတ်၊ အမြတ်မရွေး လှူဒါန်းရန်သာ ဖြစ်သည်။ သို့ဖြစ်၍ အလှူခံကို မရွေးချယ်ဘဲ လှူဒါန်းခြင်းသည် သဗ္ဗညုတဉာဏ်တော်ကို လိုလားသော ဘုရားအလောင်းတော်ကြီးများ၏ ဓလေ့ပင် ဖြစ်၏။

ဥပရိပဏ္ဏာသပါဠိတော် ဒက္ခိဏာဝိဘင်္ဂသုတ်နှင့် ပေတဝတ္ထု ပါဠိတော်စသည်တို့၌ကား သာမညနတ်လူတို့အတွက် ရည်ရွယ်၍ ဟောကြားတော်မူထားခြင်းဖြစ်ရာ လောကီစည်းစိမ်အမျိုးမျိုးတို့ကို အလိုရှိရာ ရည်ရွယ်၍ လှူဒါန်းလိုကြသော နတ်လူသာမန်တို့အဖို့ အကောင်းဆုံးသော အလှူခံကို ရွေးချယ်ရမည်သာ ဖြစ်၏။

အလှူခံပုဂ္ဂိုလ်ရွေးချယ်ရန် အရေးကြီးပုံ

အလှူခံပုဂ္ဂိုလ်ရွေးချယ်ရန် မည်မျှအရေးကြီးကြောင်း အင်္ကုရနတ်သား နှင့် ဣန္ဒကနတ်သား တို့၏ ဖြစ်ရပ်များက သက်သေထူလျက် ရှိ၏။ မြတ်စွာဘုရား တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရား ဟောကြားတော်မူရန် ပဏ္ဍုကမ္ဗလာကျောက်ဖျာထက်၌ သီတင်းသုံးနေတော်မူသောအခါ ဣန္ဒကနတ်သားနှင့် အင်္ကုရနတ်သားတို့ လာရောက်ဆည်းကပ်ကြရာတွင် အင်္ကုရနတ်သားမှာ တန်ခိုးကြီးသော နတ်များ လာတိုင်း လာတိုင်း နေရာဖယ်ပေးကာ နောက်ဆုတ်၍ ဆုတ်၍ ပေးရသဖြင့် မြတ်စွာဘုရားနှင့် ၁၂-ယူဇနာ ဝေးကွာသော အရပ်မှနေ၍သာ ဆည်းကပ်ရလေ၏။

ဣန္ဒကနတ်သားမှာမူကား ပထမလာရောက်နေရင်း နေရာမှ ဖယ်ရှားရခြင်းမရှိ ပကတိနေမြဲအတိုင်း နေနိုင်၏။ ဤသို့ဖြစ်ရခြင်းမှာ အင်္ကုရနတ်သားသည် အသက်တစ်သောင်းတမ်း၌ ကာလရှည်လျားစွာ ၁၂-ယူဇနာ ရှည်လျားသော ခုံလောက်တန်းကြီးဖြင့် ချက်ပြုတ်ကျွေးမွေး လှူဒါန်းခဲ့သူ ဖြစ်သော်လည်း အလှူခံပုဂ္ဂိုလ်တွေမှာ သာမန်ပုထုဇဉ်ပုဂ္ဂိုလ်သာ ဖြစ်သည်။ ဣန္ဒကနတ်သားမှာမူ အရှင်အနုရုဒ္ဓါ ရဟန္တာမထေရ်မြတ်ကို ဆွမ်းတစ်ဇွန်းမျှ လောင်းလှူဖူး၏။

စာမျက်နှာ-356


ဤသို့ ဣန္ဒကနတ်သား၏ အလှူမှာ ဆွမ်းတစ်ဇွန်းမျှ အနည်းငယ်ပင် ဖြစ်သော်လည်း အလှူခံပုဂ္ဂိုလ်က ရဟန္တာဖြစ်၍ မြင့်မြတ်သော လယ်ယာကောင်း ဖြစ်သောကြောင့် နေမြဲနေရာမှာပင် ဆက်လက်နေနိုင်သည်။ အင်္ကုရနတ်သားမှာကား အလှူဝတ္ထုပင် များသော်လည်း အလှူခံတွေက သာမန်ပုထုဇဉ်များသာ ဖြစ်၍ ကုသိုလ်အာနုဘော် နည်းပါးသောကြောင့် တန်ခိုးကြီးသော နတ်များ လာတိုင်း လာတိုင်း နောက်သို့ ဆုတ်၍ ပေးနေရသည်။ သို့ဖြစ်၍ ပေတဝတ္ထုပါဠိတော်၌ “ဝိစေယျ ဒါနံ ဒါတဗ္ဗံ၊ ယတ္ထ ဒိန္နံ မဟပ္ဖလံ = အလှူဒါန လှူလိုလျှင် အကျိုးကြီးမားမည့် အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်၍ လှူဒါန်းရမည်” ဟု ဟောကြားတော်မူခဲ့သည်။

သံဃာသည် ဒုဿီလမဟုတ်

အလှူခံရွေးချယ်မှုနှင့် စပ်လျဉ်း၍ ယခုကာလ အလှူရှင်များသည် ဣန္ဒကနတ်သား လောင်းလျာကဲ့သို့ ရဟန္တာအရှင်မြတ်တည်းဟူသော အလှူခံပုဂ္ဂိုလ်နှင့် တိုက်ဆိုင်ဖို့ ခဲယဉ်း၏။ ထိုကဲ့သို့သော အလှူခံပုဂ္ဂိုလ်ထူးကြီးများကား သာမန်သဒ္ဓါတရား ရှိရုံမျှဖြင့် ကြွရောက်ချီးမြှောက်တော်မူလေ့ မရှိကြပါ။ သို့အတွက် ပုဂ္ဂလိကဒါနအရာ၌ အတော်ရွေးချယ်တတ်မှသာ သင့်တင့်သော အလှူခံပုဂ္ဂိုလ်ကို ရနိုင်စရာရှိ၏။ သို့ဖြစ်၍ လောကီစည်းစိမ် အမျိုးမျိုးတို့ကို အလိုရှိရာ ရည်ရွယ်၍ လှူဒါန်းလိုကြသော ပုဂ္ဂိုလ်များအဖို့ ပုဂ္ဂလိကဒါန မပြုဘဲ သံဃိကဒါနကိုသာ ပြုသင့်ကြသည်။ ထို့ကြောင့် သုတ္တနိပါတ်ပါဠိတော် ၃၇၀-၌ ကောင်းမှုလိုသောသူတို့သည် သံဃာအား လှူရန် မြတ်စွာဘုရား ဟောကြားတော်မူခဲ့၏။

မှန်၏၊ ပုဂ္ဂိုလ်သာ ကောင်း၊ မကောင်း အမျိုးမျိုးရှိ၏။ သံဃာတော်သည် တစ်မျိုးတစ်စားတည်းသာ ရှိ၏။ ဘုရားတပည့်သား အရိယာအပေါင်းမှာ အယုတ်၊ အမြတ်ဟူ၍မရှိ၊ မြတ်သော သံဃာချည်းသာ ဖြစ်သည်။ သံဃာမှန်လျှင် ဒုဿီလဟူ၍ မရှိနိုင် — သံဃော ဟိ ဒုဿီလော နာမ နတ္ထိ (မ၊ ဋ္ဌ၊ ၄၊ ၂၂၅)။

သံဃာဟူသည် အစုအပေါင်း၏ အမည်ဖြစ်၏။ သံဃာတော်ဆိုသော စကား၌ အရိယာပုဂ္ဂိုလ်ဟူသမျှ အားလုံးပါဝင်၏။ ထို့ကြောင့် မျက်မှောက်ရှိ ပုဂ္ဂိုလ်တို့ကို အာရုံမပြုဘဲ သံဃာအစုအပေါင်းကိုသာ အာရုံထား၍ လှူဒါန်းမှ သံဃိကဒါန မြောက်နိုင်၏။ သို့ဖြစ်၍ သံဃိကဒါန ပြုလုပ်လိုသော ပုဂ္ဂိုလ်တို့သည် စင်ကြယ်သော သံဃိကဒါန ဖြစ်ရန် အင်္ဂုတ္တိုရ်ပါဠိတော်၊ အဋ္ဌကနိပါတ်၊ ဂဟပတိဝဂ်၊ ဒုတိယသုတ်လာ ဥဂ္ဂသူကြွယ် ၏ ကျင့်နည်းကို အတုယူကြရာ၏။

စာမျက်နှာ-357


သံဃိကဒါနမြောက်အောင် နှလုံးသွင်းပုံ

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝဇ္ဇီတိုင်းအဝင်အပါ ဆင်ရွာ၌ သီတင်းသုံးတော်မူစဉ် ရဟန်းတော်များအား “ဆင်ရွာ၌နေသော ဥဂ္ဂသူကြွယ်သည် အံ့ဖွယ်ရှစ်ပါးနှင့် ပြည့်စုံသောသူဟူ၍ မှတ်ယူကြရမည်” ဟု အကျဉ်းချုပ် မိန့်ကြား၍ ကျောင်းတော်သို့ ဝင်တော်မူလေသည်။

ထို့နောက် ရဟန်းတော်တစ်ပါးသည် နံနက်အခါ ဥဂ္ဂသူကြွယ်အိမ်သို့ ကြွ၍ “သူကြွယ်... သင့်ကို မြတ်စွာဘုရားက အံ့ဖွယ်ရှစ်ပါးနှင့် ပြည့်စုံသူဟူ၍ ဟောကြားထားရာ ယင်းအံ့ဖွယ်တရားရှစ်ပါးတို့ကား အဘယ်တို့နည်း” ဟု မေးမြန်းရာတွင် ဥဂ္ဂသူကြွယ်က “တပည့်တော်အား မြတ်စွာဘုရား ဟောကြားသည့် အံ့ဖွယ်တရားတို့ကား အဘယ်မည်သော အံ့ဖွယ်တရားများဟု အတိအကျ မသိရသော်လည်း တပည့်တော်မှာ ထင်ရှားရှိသော အံ့ဖွယ်တရား ရှစ်ပါးတို့ကို အရှင်ဘုရား နာကြားနှလုံးသွင်းတော်မူပါ” ဟု လျှောက်ထားပြီးလျှင် အံ့ဖွယ်တရားရှစ်ပါးလုံး အပြည့်အစုံ အကျယ်လျှောက်ထား၏။ ယင်းလျှောက်ထားသည့် အံ့ဖွယ်တရား ရှစ်ပါးတွင် ၆-ခုမြောက် အံ့ဖွယ်မှာ အောက်ပါအတိုင်း ဖြစ်၏ —

တပည့်တော်အိမ်သို့ လှူဒါန်းရန် သံဃာတော်ကို ပင့်ဖိတ်လိုက်လျှင် နတ်များက ကြိုတင်လာရောက်၍ “သူကြွယ်... ဤမည်သော ပုဂ္ဂိုလ်ကြီးများကား အရိယာကြီးများ ဖြစ်ကြ၏။ ဤမည်သော ပုဂ္ဂိုလ်တို့ကား ပုထုဇဉ် သီလဝန္တကြီးများ ဖြစ်ကြ၏။ ဤမည်သော ပုဂ္ဂိုလ်ကား ဒုဿီလ ဖြစ်၏” ဟု အလျင်လက်ဦး ပြောကြားလာကြသည်။ ထိုသို့ နတ်များ ကြိုတင်ပြောကြားလာခြင်းမှာ တပည့်တော်အဖို့ အံ့ဖွယ်မဟုတ်ပါ။ အံ့ဖွယ်ကောင်းသော အကြောင်းမှာကား တပည့်တော်သည် သံဃာအား လှူဒါန်းသောအခါ၊ သံဃာကို ဆွမ်းပြုသောအခါ “ဤပုဂ္ဂိုလ်အား အရိယာ သီလဝန္တဖြစ်သည့်အတွက် များများလှူမည်၊ ဤပုဂ္ဂိုလ်အား ဒုဿီလဖြစ်သည့်အတွက် နည်းနည်းလှူမည်” ဟူ၍ စိတ်ဖြစ်ခြင်း အလျဉ်းမရှိပါ။ စင်စစ်မှာ အရိယာ၊ သီလဝန္တ၊ ဒုဿီလဟူ၍ မခြားနားဘဲ တူမျှသော စိတ်ရှိ၍သာ တပည့်တော် လှူပါသည်။ ဤကား ၆-ခုမြောက် အံ့ဖွယ်ဖြစ်ပါသည်။

ဤဥဂ္ဂသူကြွယ် လျှောက်ထားအပ်သည့် အံ့ဖွယ်ရှစ်ပါးတို့အနက် ၆-ခုမြောက် အံ့ဖွယ်တရား၌ ဥဂ္ဂသူကြွယ်သည် အရိယာ၊ သီလဝန္တ၊ ဒုဿီလ သုံးမျိုးလုံး၌ တူညီသော စိတ်ထားဖြင့် လှူဒါန်းသည်ဟု လာရှိရာ အဘယ်သို့သော နည်းဖြင့် တူမျှနိုင်သည်ကို သိရှိရန် လိုအပ်၏။ တူမျှနိုင်ခြင်း၏ အကြောင်းရင်း နှလုံးသွင်းပုံမှာ —

စာမျက်နှာ-358


ပင့်ဖိတ်ရင်းအခါက သံဃာကို ပင့်ဖိတ်သည့်အတိုင်း ရဟန္တာကြီးများအား လှူဒါန်းသည့်အခါမှာလည်း ရဟန္တာကြီးများ၏ မျက်နှာကို မကြည့်၊ ရဟန္တာပုဂ္ဂိုလ်ကြီးများအား ငါလှူရသည်ဟု အမှတ်မထား၊ ဘုရားတပည့်သား အရိယာအပေါင်းတည်းဟူသော သံဃာတော်အားသာ ငါလှူသည်ဟု သဘောထားပြီးလျှင် ဒုဿီလအား လှူဒါန်းသောအခါမှာလည်း ဒုဿီလပုဂ္ဂိုလ်၏ မျက်နှာကို မကြည့်၊ ငါသည် ဒုဿီလပုဂ္ဂိုလ်အား လှူဒါန်းရသည်ဟု သဘောမထား၊ ဘုရားတပည့်သား အရိယာအပေါင်းတည်းဟူသော သံဃာတော်မြတ်အားသာ ငါလှူဒါန်းသည် —

ဟူသော သဘောထားဖြင့် စိတ်သဘောထားခြင်း တစ်ထပ်တည်း တူညီနိုင်ပေသည်။

ဤဥဂ္ဂသူကြွယ်၏ ထုံးကို နှလုံးမူ၍ မြင့်မြတ်သော သံဃိကဒါန ဖြစ်ရန်အတွက် ပုဂ္ဂိုလ်မျက်နှာကို ကြည့်ခြင်း၊ ပုဂ္ဂိုလ်စွဲ စွဲခြင်းကို လုံးဝ ပယ်ဖျောက်ပြီး သံဃအာရုံသို့ စိတ်ဖြောင့်မတ်စွာ သက်ရောက်အောင် အားထုတ်သင့်လှပေသည်။

မှန်၏၊ သင်္ကန်းလည်ရောက် အမည်ခံလောက်သာ ဖြစ်သည့် ဒုဿီလပုဂ္ဂိုလ်တို့၌ပင်သော်လည်း သံဃာကို အာရုံပြု၍ သံဃိကဒါနမြောက်အောင် လှူဒါန်းနိုင်ပါမူ အသင်္ချေယျ၊ အပ္ပမေယျ အကျိုးများရကြောင်း ဒက္ခိဏာဝိဘင်္ဂသုတ်၌ မြတ်စွာဘုရား တိုက်ရိုက်ဟောထားပေသည်။ သံဃာ၌ အရိုအသေပြုခြင်းငှာ စွမ်းနိုင်လျှင် သံဃိကဒါနမြောက်တော့သည်။ ထိုသို့ သံဃာ၌ အရိုအသေပြုရန်ကား လွယ်ကူလှသောအရာ မဟုတ်ပေ။

မလွယ်ကူပုံ

ပုဂ္ဂိုလ်တစ်ယောက်သည် “သံဃိကအလှူကို လှူအံ့” ဟု ကြံ၍ လှူရန်ဝတ္ထုများကို စီမံပြီးလျှင် ကျောင်းတိုက်သို့ သွားရောက်ကာ “သံဃိကအလှူကို လှူလိုပါ၍ သံဃာတော်မှ တစ်ပါးကို ညွှန်ကြားတော်မူပါ” ဟု လျှောက်ထားတောင်းပန်သဖြင့် သံဃာမှ အလှည့်ကျသည့် သာမဏေကို ညွှန်ကြား၍ ရခဲ့လျှင် နှလုံးမသာမယာ ရှိတတ်၏။ မထေရ်ကြီးကို ရလျှင်လည်း “ငါသည် မထေရ်ကြီးကို ရအပ်လေပြီ” ဟု အလွန်အမင်း ဝမ်းမြောက်ဝမ်းသာ ပုဂ္ဂိုလ်စွဲဖြင့် ဖြစ်တတ်၏။ ထိုသူတို့၏ ပုဂ္ဂိုလ်မျက်နှာကို ကြည့်၍ လှူအပ်သော အလှူသည် သံဃိကဒါန မမြောက်နိုင်ပါ။

စင်စစ်အားဖြင့် သာမဏေကိုဖြစ်စေ၊ ရဟန်းငယ်ကိုဖြစ်စေ၊ မထေရ်ကြီးကိုဖြစ်စေ၊ ပညာမရှိသော ရဟန်းကိုဖြစ်စေ၊ ပညာရှိသော ရဟန်းကို

စာမျက်နှာ-359


ဖြစ်စေ တစ်ဦးဦးကို သံဃာက သံဃာ့ကိုယ်စား အလှည့်ကျသဖြင့် ညွှန်ကြား၍ ရလာလျှင် ထွေရာစဉ်းစား ယုံမှားခြင်း မရှိဘဲ “သံဃာတော်အား ငါသည် လှူ၏” ဟု နှလုံးသွင်း၍ သံဃာ၌ ရိုသေခြင်းကို ပြုနိုင်သောသူ၏ အလှူမှသာလျှင် သံဃိကဒါနမြောက်သည်။

ကျောင်းဒါယကာတစ်ဦး၏ ဝတ္ထု

ဤနေရာ၌ ကျောင်းဒါယကာတစ်ဦး၏ ဖြစ်ရပ်ကို ဝတ္ထုသာဓကအဖြစ် မှတ်သားသင့်၏။ ဇမ္ဗူဒိပ်ကျွန်း၌ တစ်ဦးသော ကျောင်းဒါယကာ သူကြွယ်သည် သံဃိကအလှူ လှူမည်ဟု အစစအရာရာ စီမံပြီး သံဃာ့ထံသို့ သွားရောက်၍ “သံဃာတော်မှ ညွှန်ကြား၍ ရဟန်းတစ်ပါးကို ပေးတော်မူပါ” ဟု တောင်းလေသည်။ ထိုသူကြွယ်သည် သံဃာတော်မှ ဆွမ်းအလှည့်ကျသော ဒုဿီလရဟန်းတစ်ပါးကို ရခဲ့၍ (ဒုဿီလမှန်း သိလျက်) နေရာထိုင်ခင်း သန့်ပြန့်စွာ ခင်းကျင်းသုတ်သင်၊ အထက်က မျက်နှာကြက် ဗိတာန်ကို ကြက်၍ နံ့သာပန်းမာလ် အခိုးအထုံတို့ဖြင့် ပူဇော်ပြီးလျှင် ထိုဒုဿီလရဟန်း၏ ခြေတို့ကို တရိုတသေ ဆေးကြောသုတ်သင် ဆီလိမ်းပေးခြင်း စသည်ဖြင့် မြတ်စွာဘုရားအား အရိုအသေပြုသကဲ့သို့ပင် သံဃာ၌ အရိုအသေပြုခြင်းဖြင့် လှူဖွယ်ဝတ္ထုကို လှူခဲ့လေသည်။

မွန်းလွဲသောအခါ ထိုဒုဿီလရဟန်းသည် အိမ်သို့လာ၍ “ကျောင်းပြင်လို၍ ပေါက်တူးခဏပေးပါ” ဟု ပြောဆိုပြီး အိမ်တံခါးဝ၌ ရပ်လာသည်တွင် ကျောင်းဒါယကာက ပကတိနေမြဲတိုင်းကပင် မထဘဲ ပေါက်တူးကို ခြေဖြင့် ကော်ခတ်၍ ပေးလိုက်လေသည်။ အိမ်နေလူများက “အရှင်တို့သည် နံနက်က ထိုရဟန်းအား ပြုအပ်သော ပူဇော်သက္ကာရမှုကား ပြော၍မကုန်နိုင်အောင် ရှိပေသည်။ ယခုသော်ကား နံနက်က ပူဇော်ရိုသေမှု၏ တစ်စိတ်တစ်ဒေသမျှ ပြောဖွယ်မရှိပါတကား၊ ဤကဲ့သို့ နံနက်က တစ်မျိုး၊ ယခု တစ်မျိုး ပြုပုံသည် ဘယ်လိုဟာမျိုးပါနည်း” ဟု မေးမြန်းကြသည်တွင် ကျောင်းဒါယကာက “အမောင်တို့... နံနက်က ပြုခဲ့သော ရိုသေမှုကား သံဃာအား ပြုခဲ့သော ရိုသေမှုသာ ဖြစ်သည်။ ဤဒုဿီလရဟန်းအား ပြုသော ရိုသေမှု မဟုတ်” ဟု ပြောကြားလေသည်။

ဤဖြစ်ရပ်ကို ထောက်၍ အလှူဒါနပြုရာ၌ သံဃာအပေါ် အာရုံပြုတတ်၊ နှလုံးသွင်းတတ်ဖို့ အထူးအရေးကြီးလှပါသည်။ သို့မှသာ အလှူဒါနပြုရကျိုး နပ်ပေမည်။

စာမျက်နှာ-360


အခန်း ၁၅ - ဒါနအရာ စံထားထိုက်သည့် ဝတ္ထုသာဓကများ

လှူဒါန်းပေးကမ်းမှုအရာ စံထားရမည့် အနာထပိဏ်သူဌေးကြီး
ဘုရားရှင် သာသနာတော်အား ပစ္စယာနုဂ္ဂဟ၊ ဓမ္မာနုဂ္ဂဟဖြင့် ချီးမြှောက်ကြသူတို့သည် ဘုန်းရှင် သမ္ဘာရှင်တို့ချည်း ဖြစ်ကုန်၏။ ဘုန်းကံပါရမီ ဆည်းပူးခဲ့ကြသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့သာ ပစ္စည်းလေးပါးဖြင့်လည်းကောင်း၊ ဓမ္မဖြင့်လည်းကောင်း ချီးမြှောက်ခွင့် ရရှိကြပေသည်။ ကျွန်ုပ်တို့ ဂေါတမဘုရားရှင် လက်ထက်တော်၌ သာသနာတော်အား ပစ္စည်းလေးပါးဖြင့် သူ-မတူအောင် စွန့်ကြဲပေးကမ်း လှူဒါန်းနိုင်သော အမျိုးကောင်းသား ဥပါသကာမှာ ဗုဒ္ဓဘာသာဝင်များ သိပြီးဖြစ်ကြသည့် အနာထပိဏ်သူဌေးကြီး ပင် ဖြစ်၏။

ပါရမီဘုန်းကံနှင့် လာသောသူ

အနာထပိဏ်သူဌေးလောင်း သူတော်ကောင်းသည် ပဒုမုတ္တရဘုရားရှင် လက်ထက် ဟံသာဝတီမင်းနေပြည်၌ အမျိုးကောင်းသားဖြစ်၍ ဘုရားရှင်၏ တရားစကား နာယူစဉ် ဘုရားရှင်က ဥပါသကာတစ်ယောက်အား “အလှူအတန်း၌ မွေ့လျော်ကြသူ ဥပါသကာတို့တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ရာထူး၌ ထားတော်မူသည်” ကို တွေ့မြင်ရသဖြင့် အားကျနှစ်သက်ကာ အဓိကာရ ကောင်းမှုကုသိုလ်ကိုပြု၍ ထိုဧတဒဂ်ရာထူးကို ဆုတောင်းပတ္တနာ ပြုခဲ့လေသည်။

ထိုအမျိုးကောင်းသားသည် ကမ္ဘာတစ်သိန်း ကာလပတ်လုံး လူ့ပြည်၊ နတ်ပြည် အဖန်ဖန်ကျင်လည်ခဲ့၍ အကျွန်ုပ်တို့ ဘုရားသာသနာ ခေတ်အခါ၌ သာဝတ္ထိပြည် သုမနသူဌေးကြီး၏သား ဖြစ်လေသည်။ မိဘများက သူ၏အမည်ကို သုဒတ္တ ဟု မှည့်ခေါ်ကြ၏။

အနာထပိဏ် အမည်ရခြင်း

သုဒတ္တသူဌေးသားသည် အိမ်ရာကို စိုးအုပ်၍ ဦးစီးပြုလုပ်နေစဉ် ကိုးကွယ်ရာမဲ့သူတို့အား အစာထမင်း ပေးကမ်းစွန့်ကြဲမှု၌ မွေ့လျော်သူဖြစ်၍ ထိုဂုဏ်ကို အစွဲပြုကာ “အနာထပိဏ္ဍိက = ကိုးကွယ်ရာမဲ့သူတို့အား အစာထမင်း ပေးကမ်းသော သူဌေး” ဟု အမည်တွင်လေသည်။ (အနာထ = ကိုးကွယ်ရာမဲ့သူတို့အား + ပိဏ္ဍိက = အစာထမင်း ပေးကမ်းသော သူဌေး၊ အနာထပိဏ်သူဌေး။)

စာမျက်နှာ-361


အနာထပိဏ်သူဌေးသည် တစ်နေ့တွင် လှည်းအစီး ငါးရာဖြင့် ကုန်ရောင်းကုန်ဝယ် ကိစ္စအတွက် မိမိသူငယ်ချင်း ရာဇဂြိုဟ်သူဌေးအိမ်သို့ ရောက်ရာ ထိုရာဇဂြိုဟ်မြို့၌ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူကြောင်း သတင်းကောင်း ကြားသိရသဖြင့် မိုးသောက်အားကြီး လင်းခါနီး၌ နတ်တို့အာနုဘော်ဖြင့် ဟင်းလင်းပွင့်သော မြို့တံခါးမှထွက်၍ မြတ်စွာဘုရားရှင်ထံသို့ ချဉ်းကပ်တရားနာရသဖြင့် သောတာပန်ဖြစ်လေသည်။

နောက်တစ်နေ့တွင် ဘုရားအမှူးရှိသော သံဃာအား ကြီးစွာသော အလှူဒါနကြီး ပေးလှူပြီးလျှင် ဘုရားရှင်အား သာဝတ္ထိမြို့သို့ ကြွရောက်တော်မူရန် လျှောက်ထား၍ ပြန်ခဲ့ပြီးနောက် ရာဇဂြိုဟ်နှင့် သာဝတ္ထိ ၄၅-ယူဇနာ ခရီးအကြားဝယ် တစ်ယူဇနာ တစ်ယူဇနာလျှင် အသပြာတစ်သိန်း တစ်သိန်း ထိုက်တန်သည့် စံကျောင်းတော်များ ဆောက်လုပ်ရန် မိမိမိတ်ဆွေများအား အပ်နှံခဲ့၍ သာဝတ္ထိမြို့သို့ ရှေးဦးစွာ ပြန်ခဲ့လေသည်။

သာဝတ္ထိမြို့ ရောက်သောအခါ ဇေတမင်းသား၏ ဥယျာဉ်မြေကို ရွှေဒင်္ဂါးအသပြာချင်း အစွန်းချင်းထိအောင် ခင်း၍ တစ်ဆယ့်ရှစ်ကုဋေဖြင့် ဝယ်ယူပြီး တစ်ဆယ့်ရှစ်ကုဋေပင် အကုန်အကျခံကာ ကျောင်းတိုက်ကြီး တည်ဆောက်ပြီးသောအခါ နံနက်ရော နေ့ပါ အလိုရှိအပ်ရာ အလှူဒါနကို ပေးလှူလျက် တစ်ဆယ့်ရှစ်ကုဋေကုန် ကျောင်းရေစက်ချ အလှူပွဲကြီး ကျင်းပလေသည်။

ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှောက်ခံရခြင်း

ဤသို့လျှင် အနာထပိဏ်သူဌေးကြီးသည် စုစုပေါင်း ငါးဆယ့်လေးကုဋေသော ဥစ္စာကို ဘုရားသာသနာတော်၌ စွန့်လှူပြီးနောက် မိမိအိမ်၌ နေ့စဉ်အမြဲ အောက်ပါအလှူဒါနများကို ပြုလေသည် —

(၁) စာရေးတံဆွမ်း ငါးရာ၊
(၂) ပက္ခိကဆွမ်း ငါးရာ၊
(၃) စာရေးတံယာဂု ငါးရာ၊
(၄) ပက္ခိကယာဂု ငါးရာ၊
(၅) နိစ္စဘတ်ဆွမ်း ငါးရာ၊
(၆) အာဂန္တုကဆွမ်း ငါးရာ၊
(၇) ဂမိကဆွမ်း ငါးရာ၊
(၈) ဂိလာနဆွမ်း ငါးရာ၊
(၉) ဂိလာနုပဋ္ဌာကဆွမ်း ငါးရာ။

စာမျက်နှာ-362


ထို့ပြင် အနာထပိဏ်သူဌေးကြီးအိမ်၌ ရဟန်းသံဃာ ထိုင်နေရန်အတွက် နေရာငါးရာတို့ကို အမြဲတမ်း ခင်း၍ထားအပ်ကုန်၏။ သို့ဖြစ်၍ မြတ်စွာဘုရားရှင်သည် နောင်တစ်ချိန်ဝယ် ဇေတဝန်ကျောင်းတိုက်တော်၌ နေတော်မူလျက် ဥပါသကာတို့ကို အစဉ်အတိုင်း ဧတဒဂ်ရာထူး ထားတော်မူရာ —

“ရဟန်းတို့... စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း၌ မွေ့လျော်ကြသည့် ငါဘုရား၏ တပည့်သာဝက ဥပါသကာတို့တွင် အနာထပိဏ္ဍိက အမည်ရသော သုဒတ္တသူကြွယ်သည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏” ဟု

ချီးကျူးမိန့်မြွက်တော်မူကာ ပေးလှူတတ်သူ ဒါယကာအရာဝယ် အသာဆုံး အမြတ်ဆုံး “ဧတဒဂ်” ရာထူး၌ ထားတော်မူလေသည်။

ဤအနာထပိဏ်သူဌေးကြီး၏ ဖြစ်စဉ်ကို လေ့လာလျှင် ဘုရားရှင်သာသနာတော်အား ပစ္စည်းလေးပါးဖြင့် ချီးမြှောက်နိုင်ရန် ကမ္ဘာတစ်သိန်းကြာ ပါရမီတွေ ဆည်းပူးခဲ့ရကြောင်း တွေ့ရ၏။ ထို့ကြောင့် ဘုန်းကံရှိသူများသာ သာသနာတော်ကို ချီးမြှောက်နိုင်ကြောင်း သတိချပ်ကြရာ၏။

လှူဒါန်းပေးကမ်းမှုအရာ စံထားရမည့် ဝိသာခါကျောင်းအမကြီး

ဘုန်းကံပါရမီ ဆည်းပူးခဲ့ကြသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့သာ ဘုရားရှင် သာသနာတော်အား ပစ္စယ၊ ဓမ္မတို့ဖြင့် ချီးမြှောက်ခွင့် ရရှိနိုင်ကြသည်ဟု ဆိုခဲ့ရာ အမျိုးသမီးများ နယ်ပယ်၌ ဘုန်းကံပါရမီ ထူးခြားသော ကျောင်းအမကြီး ဝိသာခါ အကြောင်းကိုလည်း အထူးမှတ်သား ကြည်ညိုလေ့လာသင့်ကြ၏။

ပဒုမုတ္တရဘုရားရှင်ထံ ဆုထူးပန်

ဤဝိသာခါအလောင်း အမျိုးကောင်းသမီးသည်လည်း ပဒုမုတ္တရမြတ်စွာဘုရား လက်ထက်တော်အခါ၌ ဟံသာဝတီမင်းနေပြည်ဝယ် သူဌေးသမီး ဖြစ်လတ်၍ မြတ်စွာဘုရားရှင်၏ တရားဒေသနာတော်ကို ကြားနာရစဉ် ဘုရားရှင်က ဥပါသိကာမတစ်ယောက်အား “အလှူအတန်း ပေးကမ်းခြင်း၌ မွေ့လျော်သောအရာဝယ် အသာဆုံး အမြတ်ဆုံး ဧတဒဂ်” ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အားကျကာ အဓိကာရ ကောင်းမှုကုသိုလ်ပြုပြီးလျှင် ထိုဧတဒဂ်ရာထူးကို ဆုတောင်းပတ္ထနာပြုခဲ့လေသည်။ မြတ်စွာဘုရားကလည်း ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့၏။

စာမျက်နှာ-363


ကိကီမင်းကြီး၏ သမီးထွေးဘဝ

ထိုအမျိုးကောင်းသမီးသည် ကမ္ဘာတစ်သိန်းပတ်လုံး နတ်ပြည်၊ လူ့ပြည် အဖန်ဖန်ကျင်လည်ခဲ့၍ ဤဘဒ္ဒကမ္ဘာ ကဿပဘုရားရှင် လက်ထက်တော်အခါ၌ ကာသိတိုင်းရှင် ဘုရင်ကိကီမင်းကြီး၏ ရွှေနန်းတော်ဝယ် ဘုရင့်သမီးတော် ညီအစ်မခုနစ်ဖော်တို့အနက် အငယ်ဆုံး အထွေးဆုံး ဖြစ်ခဲ့လေသည်။

နောက်ဆုံးဘဝ ဝိသာခါဖြစ်လာခြင်း

ကိကီမင်းကြီး၏ သမီးတော် ခုနစ်ဖော်တို့တွင် အငယ်ဆုံး အထွေးဆုံးဖြစ်သော သံဃဒါသီမင်းသမီးသည် ဗုဒ္ဓန္တရအသင်္ချေယျ တစ်ကပ်ပတ်လုံး နတ်ပြည်၊ လူ့ပြည်တို့၌ ကျင်လည်ကာ ကျွန်ုပ်တို့ မြတ်စွာဘုရားရှင် ပွင့်တော်မူရာ ကာလဝယ် အင်္ဂတိုင်း ဘဒ္ဒိယမြို့ မေဏ္ဍကသူဌေးကြီး၏သား ဓနဉ္စယသူဌေးကြီး၏ အဂ္ဂမဟေသီ သုမနဒေဝီ သူဌေးကတော်ကြီး ဝမ်းကြာတိုက်၌ ကိန်းပိုက်သန္ဓေတည်နေလေသည်။ မိဘများက ဝိသာခါဟု မှည့်ခေါ်ကြ၏။

ဝိသာခါသူဌေးသမီး ခုနစ်နှစ်အရွယ် ရှိသောအခါ မြတ်စွာဘုရားသည် သေလပုဏ္ဏား အစရှိသော ဝေနေယျသတ္တဝါတို့ကို ချေချွတ်တော်မူရန် ရဟန်းအပေါင်း ခြံရံလျက် အင်္ဂတိုင်း ဘဒ္ဒိယမြို့သို့ ခရီးဒေသစာရီ ကြွချီတော်မူလေသည်။ ထိုသတင်းကို အဖိုးဖြစ်သူ မေဏ္ဍကသူဌေးကြီး ကြားသိရ၍ အဖိုးဖြစ်သူ၏ တိုက်တွန်းချက်အရ အားရဝမ်းသာဖြင့် ရံရွှေဖော် သတို့သမီး ငါးရာနှင့်အတူ ရထားအစီး ငါးရာတို့ကို ကိုယ်စီကိုယ်ငစီး၍ ကျွန်မငါးရာ ခြံရံကာ မြတ်စွာဘုရားအထံတော်သို့ သွားရောက်ရှိခိုး ခရီးဦးကြိုဆိုကြ၏။ ထိုအခါ မြတ်စွာဘုရားသည် ဝိသာခါအား တရားဟောကြားလေရာ တရားတော်အဆုံး၌ ရံရွှေဖော်ငါးရာနှင့်အတူ သောတာပန်အရိယာ ဖြစ်လေသည်။

ဝိသာခါသူဌေးသမီးသည် အရွယ်ရောက်သောအခါ သာဝတ္ထိမြို့ မိဂါရသူဌေးကြီး၏သား ပုဏ္ဏဝဍ္ဎန သတို့သားနှင့် ထိမ်းမြားလက်ထပ်ကာ သာဝတ္ထိမြို့သို့ လိုက်သွားရခါနီး ဓနဉ္စယသူဌေးကြီးသည် သမီးဝိသာခါအား ဩဝါဒ ၁၀-ချက်ကို ဆုံးမသင်ကြားပေးလိုက်လေသည်။

သူဌေးကြီးသည် သမီးဝိသာခါအား ဩဝါဒ ၁၀-ပါးကို ပေးပြီး နောက်တစ်နေ့၌ အသင်းအပင်းအားလုံးကို စုဝေးစေ၍ မင်း၏ စစ်တပ်အလယ်၌ ပညာရှင်သူကြွယ်ရှစ်ဦးတို့ကို “အကယ်၍ ရောက်ရာအရပ်၌ ကျွန်ုပ်၏ သမီးအတွက် အပြစ်တစ်စုံတစ်ရာ ဖြစ်ရှိခဲ့သော် ဖြေရှင်းပေးကြပါလေ” ဟု အာမခံ

စာမျက်နှာ-364


ယူစေ၍ မိမိ၏သမီး ဝိသာခါအား ကိုးကုဋေတန်သော မဟာလတာတန်ဆာဖြင့် တန်ဆာဆင်စေလေသည်။ သမီးအား နံ့သာမှုန့်ဖိုးအနေဖြင့် လှည်းအစီးပေါင်း တစ်ရာ့ငါးဆယ့်လေးစီးတိုက် ဥစ္စာကို ပေးလေသည်။ သမီးနှင့်အတူ အမြဲမပြတ် သွားလာလှည့်လည်ကြမည့် ကျွန်မငါးရာ၊ အာဇာနည်မြင်းကသော ရထားအစီးငါးရာနှင့် အသုံးအဆောင် အမျိုးစုံကိုလည်း တစ်မျိုးတစ်မျိုးလျှင် တစ်ရာစီ တစ်ရာစီ ပေးလေသည်။

ဝိသာခါ သာဝတ္ထိမြို့ဝင်ပုံ

ဝိသာခါသူဌေးသမီးသည် ခြံရံများစွာဖြင့် သာဝတ္ထိမြို့သို့ ထွက်ခွာခဲ့ရာ မြို့အဝင် မြို့တံခါးဝသို့ ရောက်သောအခါ သာဝတ္ထိပြည်အလုံးအား မိမိကိုယ်ကို ထင်ရှားပြလျက် ရထား၌ ရပ်တည်ကာ မြို့တွင်းသို့ ဝင်လေ၏။ မြို့သူမြို့သား အားလုံးတို့သည် ဝိသာခါ၏ အသရေကို မြင်ကြရ၍ “ဝိသာခါသူဌေးမ ဆိုသည်မှာ ဤအမျိုးသမီးတဲ့၊ ဤသို့ပင် အဆင်းရုပ်ရည် အသရေနှင့် ပြည့်စုံပါဘိ၏၊ ဤစည်းစိမ်အသရေသည်လည်း ဤအမျိုးသမီးအားသာလျှင် သင့်လျော်လျောက်ပတ်လှပါပေ၏” ဟု ပြောဆိုချီးမွမ်းကြလေ၏။ ဤသို့လျှင် ဝိသာခါသူဌေးမသည် ကြီးစွာသော စည်းစိမ်အသရေဖြင့် မိဂါရသူဌေးအိမ်သို့ ရောက်ရှိလေသည်။

ဝိသာခါအမျိုးသမီး ရောက်သောနေ့မှာပင် မြို့သူမြို့သား အားလုံးတို့သည် မိမိတို့ စွမ်းအားရှိသလောက် လက်ဆောင်ပဏ္ဏာများကို ဝိသာခါထံသို့ ပို့သကြ၏။ ဝိသာခါသည် ပို့တိုင်း ပို့တိုင်းသော လက်ဆောင်ပဏ္ဏာများကို ထိုမြို့မှာပင် အခြားအခြားသော အိမ်တို့၌ အလုံးစုံနှံ့စပ်အောင် ပေးစေပြန်၏။ ဤသို့လျှင် ဝိသာခါသည် ရောက်သည့်နေ့မှာပင် ပေးကမ်းခြင်း ဒါနသင်္ဂဟတရားဖြင့် မြို့သူမြို့သားများ၏ စိတ်နှလုံးကို ယူကျုံးမိလေ၏။

ပုဗ္ဗာရုံကျောင်း ဆောက်လုပ်လှူဒါန်းခြင်း

ထို့နောက် ဝိသာခါအမျိုးသမီးသည် ဇေတဝန်ကျောင်းတော်၌ မေ့ကျန်ခဲ့သော မဟာလတာတန်ဆာကြီးကို မဆင်မြန်းတော့ဘဲ ရွှေပန်းထိမ်သည်များကို ခေါ်၍ တန်ဖိုးဖြတ်စေရာ ရွှေပန်းထိမ်သည်များက “ဤတန်ဆာသည် ကိုးကုဋေထိုက်တန်၍ လက်ခကား တစ်သိန်းထိုက်တန်၏” ဟု တန်ဖိုးဖြတ်ကြလေရာ တစ်ဦးတစ်ယောက်မျှ ဝယ်ယူခြင်းငှာ မစွမ်းနိုင်သဖြင့် မိမိကိုယ်တိုင်သာလျှင် မဟာလတာတန်ဆာ၏ အဖိုး (ကိုးကုဋေနှင့် တစ်သိန်း) ကို ပေး၍ ထိုကိုးကုဋေနှင့်တစ်သိန်းသော အသပြာတို့ကို လှည်း၌တင်စေ၍ ကျောင်းတော်သို့

စာမျက်နှာ-365


ယူဆောင်ပြီး ဘုရားရှင်အား “အဘယ်ပစ္စည်းဖြင့် လှူဒါန်းရလျှင် ကောင်းပါမည်နည်း” ဟု လျှောက်ထားလေသည်။

ဘုရားရှင်သည် သာဝတ္ထိမြို့ အရှေ့တံခါးအနီး၌ သံဃာတော်များ နေထိုင်ရန် ကျောင်းဆောက်လှူဒါန်းသင့်ကြောင်း မိန့်တော်မူရာ အားရဝမ်းမြောက်လျက် ပုဗ္ဗာရုံကျောင်းမြေနေရာကို ကိုးကုဋေသော အသပြာတို့ဖြင့် ဝယ်ယူ၍ အခြား ကိုးကုဋေသော ဥစ္စာတို့ဖြင့် ကျောင်းတိုက်ကြီးကို တည်ဆောက်လေ၏။

ကျောင်းရေစက်ချပွဲကြီး ၄-လကြာ ကျင်းပခြင်း

ကျောင်းတိုက်ကြီး တည်ဆောက်ရာ၌ အရှင်မဟာမောဂ္ဂလ္လာန်မထေရ်၏ အကူအညီ အစောင့်အရှောက် ခံယူရသည့်အတွက် ၉-လဖြင့် ပြီးစီးလေသည်။ ဝိသာခါသည် မိမိ၏ကျောင်းတိုက်၌ ဘုရားရှင်နှင့် သံဃာတော်များအား မိုးလေးလပတ်လုံး သီတင်းသုံးစေပြီးနောက် ဘုရားအမှူးရှိသော သံဃာတော်များအား ကြီးစွာသော အလှူကို လှူဒါန်းလေ၏။ နောက်ဆုံး တန်ဆောင်မုန်းလပြည့်နေ့၌ ရဟန်းသံဃာအား သင်္ကန်းလျာ အထည်အဝတ်ကို လှူဒါန်းရာ အငယ်ဆုံးသံဃာ ရအပ်သော သင်္ကန်းလျာအထည်သည်ပင် အဖိုးတစ်ထောင်ထိုက်တန်၏။ အားလုံးသော ရဟန်းတို့အား သပိတ်နှင့်အပြည့်ထည့်၍ စတုမဓုဆေးကို လှူဒါန်းလေ၏။ လေးလကြာ ကျောင်းလွှတ်ပူဇော်ပွဲ ကျင်းပရာ ကိုးကုဋေသော အသပြာတို့ ကုန်လေ၏။

[ဤသို့လျှင် ကျောင်းမြေရာဝယ်ရာ၌ ကိုးကုဋေ၊ ကျောင်းဆောက်စေရာ၌ ကိုးကုဋေ၊ ကျောင်းရေစက်ချပွဲ လေးလကြာ ကျင်းပရာ၌ ကိုးကုဋေအားဖြင့် စုစုပေါင်း ၂၇-ကုဋေသော ဥစ္စာတို့ကို ဝိသာခါကျောင်းအမကြီးသည် ဘုရားသာသနာ၌ စွန့်ကြဲလှူဒါန်းခဲ့လေသည်။ အမျိုးသမီးအဖြစ်၌ တည်လျက် မိစ္ဆာဒိဋ္ဌိအယူရှိသူ ယောက္ခမအိမ် နေထိုင်ပြီး ဤမျှကြီးစွာသော စွန့်ကြဲလှူဒါန်းမှုမည်သည် အံ့ဖွယ်တစ်ရပ် ဖြစ်သည်။]

ဧတဒဂ်ဘွဲ့ထူး ချီးမြှင့်ခံရခြင်း

ကျောင်းအမကြီး ဝိသာခါ၏ အိမ်သည်ကား နံနက်အခါဝယ် (သံဃာအဝင်အထွက် များလှသောကြောင့်) သင်္ကန်းရောင်တို့ဖြင့် ပြောင်ပြောင်ဝင်းဝင်း ထွန်းလင်းလျက်ရှိသည့်ပြင် အဝင်အထွက် သံဃာတော်တို့ သွားလာလှုပ်ရှားသဖြင့် ဖြစ်ပေါ်လာသော လေဖန်ရည်ရနံ့တို့ဖြင့် သင်းပျံ့ကြိုင်လှိုင်လျက် ရှိပေ၏။

စာမျက်နှာ-366


အနာထပိဏ်သူဌေးအိမ်မှာကဲ့သို့ ကျောင်းအမကြီး ဝိသာခါ၏ အိမ်မှာလည်း အာဂန္တုဆွမ်း၊ ခရီးသွားဆွမ်း အစရှိသော ဆွမ်းမျိုးစုံတို့သည် အသင့်စီမံချက်ပြုတ်ပြီးသာလျှင် ရှိကုန်၏။

ကျောင်းအမကြီးသည် နံနက်အခါဝယ် ရဟန်းသံဃာအား ဆိုင်ရာဆိုင်ရာ ဆွမ်းများ လှူဒါန်းဆက်ကပ်ပြီးနောက် နေမွန်းလွှဲသောအခါ မိမိ၏တပည့်များကို ထောပတ်၊ ဆီ၊ ဦးပျားဆီ၊ တင်လဲဟူသော ဆေးပစ္စည်းများနှင့် အဖျော်ရှစ်မျိုးကို ယူဆောင်စေပြီး ဘုရားကျောင်း သွားရောက်ကာ ရဟန်းသံဃာအား လိုအပ်ရာရာ ဆေးပစ္စည်း၊ အဖျော်ယမကာများကို ဆက်ကပ်လှူဒါန်းလေသည်။ ထို့နောက်မှ တရားတော်နာယူပြီး အိမ်သို့ ပြန်လာလေသည်။

ထို့ကြောင့် မြတ်စွာဘုရားသည် နောင်အဖို့ဝယ် ဥပါသိကာ ဒါယိကာမများကို အစဉ်အတိုင်း ဧတဒဂ်ရာထူး ထားတော်မူရာ၌ ဝိသာခါကျောင်းအမကြီးကို —

“ရဟန်းတို့... စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း၌ နှစ်ခြိုက်မွေ့လျော်ကြသည့် ငါဘုရား၏ တပည့်မ သာဝိကာမ ဥပါသိကာမတို့တွင် မိဂါရမာတာ ဝိသာခါသူဌေးကတော်သည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏” ဟု —

ချီးကျူးမိန့်မြွက်တော်မူကာ လှူဒါန်းခြင်း၌ မွေ့လျော်သော အရာဝယ် အသာဆုံး အမြတ်ဆုံး “ဧတဒဂ်” ရာထူး၌ ထားတော်မူလေ၏။

အလှူခံပုဂ္ဂိုလ်မရွေးလျှင် ဒါနထမြောက်နိုင်

လှူဒါန်းပြုရာတွင် ပုဂ္ဂိုလ်အတန်းအစားမရွေး လှူဒါန်းလိုသော အသိဉာဏ်ပညာ သဒ္ဓါတရားရှိမှ အလှူအတန်းထမြောက်အောင်မြင်၏။ မိမိ၌ရှိသော ပစ္စည်းကိုလည်း နှမြောဝန်တိုခြင်း မရှိမှုလည်း ပါဝင်၏။ ထိုတရားနှစ်ပါးရှိမှသာလျှင် အလှူအတန်း ထမြောက်အောင်မြင်လေသည်။

အကယ်၍ အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်စိစစ်နေပါလျှင် အလှူအတန်း ထမြောက်အောင်မြင်ခဲ၏။ မိမိပစ္စည်းပေါ်၌ နှမြောဝန်တိုမှု မစ္ဆရိယဖြစ်ပေါ်နေလျှင်လည်း အလှူအတန်း ထမြောက်အောင်မြင်ခဲ၏။ ထို့ကြောင့် ထိုအလှူခံပုဂ္ဂိုလ်ကို သုံးသပ်ခြင်းမပြုဘဲ မိမိ၏ အသိဉာဏ်ပညာ သဒ္ဓါတရားကို အခြေခံ၍ ပစ္စည်းအပေါ်၌လည်း မစင်၌ ဖြစ်သော ပိုးလောက်ကို ရွံရှာသကဲ့သို့ ခင်တွယ်မှု —

စာမျက်နှာ-367


မရှိမှသာလျှင် အလှူအတန်း အောင်မြင်လွယ်၍ အကျိုးကျေးဇူးလည်း များပါသည်။ အလှူခံပုဂ္ဂိုလ် မိမိထံမှောက် ရောက်လာသောအခါတွင်လည်း အလှူပေးမှု ထမြောက်အောင်မြင်ပါသည်။

ဤသို့သော စိတ်ရှိရန်၊ အသိဉာဏ်ပညာ သဒ္ဓါတရားရှိရန်မှာလည်း သာမန်အသိဉာဏ်၊ သာမန်သဒ္ဓါတရားတို့ဖြင့် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် လူများသည် မိမိတို့ ပြုလုပ်လိုက်သော အလုပ်တစ်ခုအတွက် အကျိုးကို မျှော်ကိုးလေ့ရှိသောကြောင့်ပင် ဖြစ်ပါသည်။ အကျိုးကို မျှော်ကိုးလိုက်သည်နှင့် တစ်ပြိုင်နက် အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်လာ၏။ အလှူခံပုဂ္ဂိုလ် ရွေးချယ်လိုက်သည်နှင့် တစ်ပြိုင်နက် မိမိပစ္စည်းပေါ်၌ ငြိကပ်တွယ်တာမှု မစ္ဆရိယကလည်း “ဒီပုဂ္ဂိုလ်ဖြင့် မလှူသင့်ပါဘူး၊ ထိုပုဂ္ဂိုလ်မှ လှူပါ” စသည်ဖြင့် သဒ္ဓါအသွင်ဖြင့် ပါဝင်လာပါသည်။ ထိုအခါ အလှူအတန်း ထမြောက်အောင်မြင်မှု နည်းပါးသွားတော့သည်။

ထို့ကြောင့် မြတ်စွာဘုရားသခင်က အလှူအတန်းကို မည်သည့်ပုဂ္ဂိုလ်အားမဆို လှူဒါန်းသင့်ကြောင်း ဥပရိပဏ္ဏာသပါဠိတော် ဒက္ခိဏာဝိဘင်္ဂသုတ်၌ ဟောကြားတော်မူထားပါသည်။ အလှူအကျိုးများမှု၊ နည်းမှုသာ ကွာခြားပါသည်။

လှူဒါန်းပေးကမ်းရာ၌ စံထားရမည့် ပုဂ္ဂိုလ်မှာ သာဝတ္ထိပြည် သုမနသူဌေးကြီး၏သား ငယ်မည် သုဒတ္တ၊ အများသိအမည် အနာထပိဏ်သူဌေးပင် ဖြစ်ပါသည်။ ငယ်မည်ပျောက်၍ အနာထပိဏ်သူဌေးဟု အမည်တွင်နေသည်မှာ ဆင်းရဲချမ်းသာမရွေး၊ အသိပညာ ရှိ မရှိ မရွေး၊ သီလ ရှိ မရှိ မရွေး အားထားရာမရှိသော ဆင်းရဲသားများမှစ၍ သီလ၊ သမာဓိ၊ ပညာရှိ၍ ဘုရားအမှူးရှိသော ရဟန်းတော်များအထိ လှူဒါန်းလေ့ရှိသောကြောင့် အနာထပိဏ်သူဌေးဟု အမည်တွင်ပါသည်။ လှူဒါန်းပေးကမ်းသည်မှာလည်း တစ်နေ့သာမဟုတ်ဘဲ နေ့စဉ် နာရီနှင့်အမျှ လှူဒါန်းပေးကမ်းခြင်း ဖြစ်ပါသည်။ ထို့ကြောင့် —

မြတ်စွာဘုရားရှင်က “လှူဒါန်းပေးကမ်းသော ပုဂ္ဂိုလ်များတွင် အနာထပိဏ် အမည်တွင်သော သုဒတ္တသူဌေးသည် အသာဆုံး အမြတ်ဆုံး ဖြစ်သည်” ဟု
ဧတဒဂ် ထားတော်မူပါသည်။

စာမျက်နှာ-368


ထို့ကြောင့် အသိပညာ သဒ္ဓါတရားနှင့် ပြည့်စုံသော သူများသည် မိမိရမည့် အကျိုးကျေးဇူး ကြီးမားမှုကို မရည်ရွယ်ဘဲ နိဗ္ဗာန်ကို ရည်မျှော်၍လည်းကောင်း၊ သဗ္ဗညုတဉာဏ်ကို ရည်မျှော်၍လည်းကောင်း လှူဒါန်းလေ့ရှိကြပါသည်။ မြတ်စွာဘုရား အလောင်းတော်သည် ဝေလာမပုဏ္ဏား ဖြစ်စဉ်အခါက သာသနာပအချိန်တွင် အလှူခံပုဂ္ဂိုလ် အယုတ်၊ အလတ်၊ အမြတ်မရွေးဘဲ မိမိ၏ အသိဉာဏ်ပညာ သဒ္ဓါတရားဖြင့် လှူဒါန်းခဲ့လေသည်။

ဘုရားအလောင်း ဆဒ္ဒန်ဆင်မင်း ဖြစ်စဉ်အခါကလည်း ယုတ်ညံ့သော သောနုတ္ထိုရ်မုဆိုးအား မိမိ၏ ဆင်စွယ်ကို ဖြတ်၍ လှူဒါန်းပြီး သဗ္ဗညုတဉာဏ်ကို ဆုတောင်းခဲ့ပါသည်။ ဝေဿန္တရာမင်းကြီး ဖြစ်စဉ်ကာလ၌လည်း စူဇကာပုဏ္ဏားအား မိမိ၏ ရင်သွေး ကဏှာနှင့် ဇာလီတို့ကို လှူဒါန်း၍ သဗ္ဗညုတဉာဏ်ကို ဆုတောင်းခဲ့ပါသည်။ ဤသို့ အလှူခံပုဂ္ဂိုလ်၏ သီလ၊ သမာဓိ၊ ပညာ မရွေး လှူဒါန်းနိုင်မှုသည် အလှူပေးပုဂ္ဂိုလ်၏ အသိဉာဏ်ပညာ သဒ္ဓါတရား ကြီးမားသောကြောင့်သာ ပေးလှူနိုင်ခြင်း ဖြစ်ပါသည်။

သို့ဖြစ်၍ အလှူခံပုဂ္ဂိုလ်၏ စင်ကြယ်မြင့်မြတ်မှုထက် မိမိ၏ သန္တာန်၌ အသိဉာဏ်ပညာ ကြွယ်ဝပြီး သဒ္ဓါတရားနှင့် ပြည့်စုံပြီးလျှင် နိဗ္ဗာန်ကို ရည်မှန်း၍လည်းကောင်း၊ သဗ္ဗညုတဉာဏ်တော်ကို ရည်မျှော်၍လည်းကောင်း ပေးလှူပါလျှင် အကျိုးကျေးဇူး များစွာ ရှိနိုင်ပါသည်။

အလှူခံပုဂ္ဂိုလ် ရွေးချယ်ခြင်း

အလှူခံပုဂ္ဂိုလ်သည် တိရစ္ဆာန်၊ ဒုဿီလ၊ သီလဝန္တ၊ ရသေ့ ပရိဗိုဇ်၊ အရိယာပုဂ္ဂိုလ်ရှစ်ယောက်၊ ပစ္စေကဗုဒ္ဓါ၊ မြတ်စွာဘုရားအားဖြင့် တစ်ကျိပ်လေးယောက် ရှိ၏။ ဘုရားအလောင်းတော်များကား အယုတ်၊ အလတ်၊ အမြတ် မရွေး အလှူခံ တစ်ကျိပ်လေးယောက်တို့အား လှူဒါန်းကြ၏။ သာမန်ပုဂ္ဂိုလ်များအနေဖြင့်မူ အလှူခံပုဂ္ဂိုလ် အင်္ဂါသုံးပါးနှင့် ပြည့်စုံသူကို လှူဒါန်းမှသာလျှင် မိမိတို့လိုအပ်သော လောကီ၊ လောကုတ္တရာ အကျိုးကျေးဇူးများ ပြည့်စုံနိုင်ပေသည်။

ယင်းသို့ လှူဒါန်းရာ၌လည်း ပုဂ္ဂိုလ်ကို မရည်မှန်းဘဲ သံဃာကို ရည်မှန်းပြီး လှူဒါန်းမှသာလျှင် ပို၍ အကျိုးများသည်မှာ သံဃာမှာ ဒုဿီလသံဃာဟူ၍ မရှိပေ။ သံဃာမှန်လျှင် အားလုံး သီလဝန္တ ဖြစ်၏။ ပုဂ္ဂိုလ်အနေနှင့်သာ ဒုဿီလ၊ သီလဝန္တ ကွဲပြား၏။ ထို့ကြောင့် သံဃာကို ရည်မှန်း၍ လှူဒါန်းမှသာလျှင် ပို၍ အကျိုးကြီးမားပေသည်။

စာမျက်နှာ-369


ဘုရားရှင်သည် ၄၅-ဝါ ကာလပတ်လုံး ဝါသနာ၊ စရိုက်၊ အကြိုက် အမျိုးမျိုးရှိကြသော သတ္တဝါဝေနေယျ ဗိုလ်ခြေအနန္တတို့အား နေ့ညမလပ် ချေချွတ်တော်မူတိုင်း ဒါနကထာ၊ သီလကထာ စသော အနုပုဗ္ဗိကထာ ဒေသနာ မြောက်မြားစွာကို ဟောကြား၍ ချေချွတ်တော်မူရာ ဒါနအကြောင်းအရာ (ဒါနကထာ) လည်း မြောက်မြားစွာ ပါဝင်လျက် ရှိ၏။

ထိုမျှ များပြားလှသော ဒါနအကြောင်းအရာ (ဒါနကထာ) များသည် ထိုထို ပိဋကတ် ပါဠိတော် နိကာယ်တို့၌ နေရာအနှံ့ ကျယ်ဝန်းများပြားစွာ ပါရှိရာ ဤဗုဒ္ဓဘာသာလက်စွဲကျမ်း၌ ထုတ်ပြချက်ကား ဒါနသဘောကို လိုရင်းအကျဉ်းချုပ် သိရုံမျှသာ ဖြစ်ပါ၏။ ကျယ်ကျယ်ဝန်းဝန်း သိမြင်လိုကြသော သူတော်စင်များအဖို့ (ဤကျမ်းတွင် ဖော်ပြထားသော ကျမ်းညွှန်းများအတိုင်း) ထိုထို ပိဋကတ် ပါဠိတော် နိကာယ်ကျမ်းများကို ဆက်လက်လေ့လာကြရန် တိုက်တွန်းရင်း ဤမျှသော စကားအစဉ်ဖြင့် ဖော်ပြအပ်သော ဒါနအကြောင်း (ဒါနကထာ) ကို နိဂုံးကမ္ပတ် အဆုံးသတ်အပ်ပါသည်။

ဤတွင် အပိုင်း (၃) ပြီး၏။

စာမျက်နှာ-370




စာမျက်နှာ-371


အပိုင်း ၄၊ အခန်း ၁၆ - သီလစောင့်ထိန်းခြင်း

သီလ၏ အဓိပ္ပါယ်

သီလ၏ အဓိပ္ပါယ်မှာ ကောင်းသောအကျင့်ဟု ဆိုလိုသည်။ ကောင်းသော အကျင့်ဆိုသည်မှာလည်း —

ကောင်းစွာ ထားရှိခြင်း၊

ကောင်းစွာ လုပ်ဆောင်ခြင်း —
ဟူ၍ ၂-မျိုးရှိသည်။

ကောင်းစွာ ထားရှိခြင်း

ကာယကံမှု၊ ဝစီကံမှုတို့ကို ဖရိုဖရဲမရှိစေရန် ကောင်းစွာထားခြင်း ဖြစ်သည်။ သီလမစောင့်ထိန်းသောသူ၏ ကာယကံ၊ ဝစီကံတို့သည် အထိန်းမရှိသော ချည်ခင်ကဲ့သို့ ဖရိုဖရဲ ဖြစ်နေတတ်သည်။ သီလစောင့်ထိန်းသောသူ၏ ကာယကံမှု၊ ဝစီကံမှုတို့သည် ဖရိုဖရဲမဖြစ်ဘဲ တည်ငြိမ်စွာ ရှိနေတတ်သည်။ ဥပမာအားဖြင့် စိတ်နေစိတ်ထား ခက်ထန်ကြမ်းတမ်းသူတစ်ဦးသည် သီလဆောက်တည်ထားစဉ် အခြားသူတစ်ယောက်က မခံနိုင်လောက်အောင် လာရောက်ပြောဆို ပြုမူလာသော်လည်း အတုံ့အပြန် လက်စားချေမှု၊ ကာယကံ သောင်းကျန်းမှု၊ ဝစီကံ သောင်းကျန်းမှုများ မဖြစ်ရအောင် ကောင်းစွာ ထားနိုင်မည် ဖြစ်သည်။ အကယ်၍ ထိုသူသည် သီလဆောက်တည်မထားပါက ယင်း၏ ကာယကံမှု၊ ဝစီကံမှုတို့သည် တားမရ ဆီးမရ ဖရိုဖရဲ သောင်းကျန်းမှု၊ လွန်ကျူးမှု ပြုလုပ်ရန် သေချာသလောက် ဖြစ်ပေသည်။

ကောင်းစွာ လုပ်ဆောင်ခြင်း

ကုသိုလ်တရားမှန်သမျှသည် သီလနှင့်ကင်း၍ မဖြစ်နိုင်၊ သီလရှိသူ၏ သန္တာန်၌သာ ကောင်းစွာ ဖြစ်ပွားနိုင်သည်။ ထို့ကြောင့် သီလသည် ကုသိုလ်ဟူသမျှတို့၏ မူလအကြောင်းအရင်းဖြစ်၍ ကုသိုလ်တရားတို့ ဖြစ်ပွားအောင် လုပ်ဆောင်တတ်သည်။ ဒါန၊ သီလ၊ ဘာဝနာ ဟူသော အကျင့်လမ်းစဉ်၌ ဒါနကို

စာမျက်နှာ-372


ရှေးဦးထား၍ ဖော်ပြထားသော်လည်း သီလကို အခြေခံ၍ ပြုလုပ်သော ဒါနကုသိုလ်သည် ပိုမို၍ အကျိုးပေးထက်သန် စည်ပင်ပြန့်ပြောသည်။ ထို့ကြောင့် အလှူအတန်းများ၌ ရေစက်မချမီ ငါးပါးသီလ၊ ရှစ်ပါးသီလ တစ်ခုခု ခံယူဆောက်တည်ပြီးမှ အလှူဒါနကို ရေစက်ချပေးသည့် အစဉ်အလာရှိပါသည်။

အကျဉ်းချုပ်အားဖြင့် သီလအဓိပ္ပါယ်မှာ ကာယကံမှု၊ ဝစီကံမှုတို့ကို ရုန့်ရင်းကြမ်းတမ်းစွာ ဖြစ်ခွင့်မပြုဘဲ နူးညံ့သိမ်မွေ့အောင် ကောင်းစွာထားတတ်သောကြောင့်လည်းကောင်း၊ ကုသိုလ်တရားတို့ကို အဆင့်ဆင့် တိုးပွားအောင် ကောင်းစွာ လုပ်ဆောင်တတ်သောကြောင့်လည်းကောင်း သီလဟု ခေါ်ဆိုရသည်။

တစ်နည်းအားဖြင့် သီသ (Sīsa) = ဦးခေါင်းဟူသော စကားမှ ရွေ့လျောလာ၍ သိသမှ သီလဟု ပြောင်းလဲလာခဲ့သည်။ သတ္တဝါများမှာ ဦးခေါင်းပြတ်သွားလျှင် တစ်ကိုယ်လုံး ပျက်စီးရတော့သကဲ့သို့ သီလတရား ပျက်စီးလျှင် ကုသိုလ်တရား အလုံးစုံ ပျက်စီးသွားတော့သည်ဟု ဆိုလိုသည်။ တစ်နည်းအားဖြင့် လောက၌ အပူငြိမ်းအေးခြင်းကို သီတလ (Sītala) ဟု ခေါ်၍ သီတလမှ အလယ်အက္ခရာ (တဝမ်းပူ) ပြုတ်၍ သီလဟု ဖြစ်လာသည်။ သတ္တဝါတို့၏ သန္တာန်၌ ကိလေသာအပူဟူသမျှ ငြိမ်းအေးစေတတ်သောကြောင့် သီလဟု ခေါ်ဆိုခြင်း ဖြစ်သည်။

သီလ၏ တရားကိုယ်

သီလကို အဘိဓမ္မာနည်းအားဖြင့် တရားကိုယ် ကောက်ပြရလျှင် —
(၁) စေတနာသည် သီလမည်၏ (စေတနာသီလ)၊
(၂) ဝိရတီစေတသိက် ၃-ပါးသည် သီလမည်၏ (ဝိရတီသီလ)၊
(၃) အလောဘ၊ အဒေါသ၊ အမောဟ စေတသိက် ၃-ပါးသည် သီလမည်၏ (အနဘိဇ္ဈာ၊ အဗျာပါဒ၊ သမ္မာဒိဋ္ဌိသီလ)၊
(၄) စောင့်စည်းသူ၏ ကုသိုလ်စိတ် စေတသိက်တို့သည် သီလမည်၏ (သံဝရသီလ)၊
(၅) မလွန်ကျူးအောင် စောင့်ထိန်းသောအခါ၌ဖြစ်သော ကုသိုလ်စိတ်နှင့် စေတသိက်တို့သည် သီလမည်၏ (အဝီတိက္ကမသီလ )။

စာမျက်နှာ-373


စေတနာသီလ

ပါဏာတိပါတ = သူ့အသက်ကို သတ်ခြင်း၊
အဒိန္နာဒါန = သူ့ဥစ္စာကို ခိုးယူခြင်း၊
ကာမေသုမိစ္ဆာစာရ = မိမိမပိုင်သော ဝတ္ထုကာမတို့၌ မှားယွင်းဖောက်ပြန်စွာ ကျင့်ခြင်း —
ဤသုံးပါးကို ကာယဒုစရိုက် ၃-ပါး ဟု ခေါ်သည်။

မုသာဝါဒ = မဟုတ်မမှန် ပြောဆိုခြင်း၊
ပိသုဏဝါစာ = ကုန်းတိုက်စကား ပြောဆိုခြင်း၊
ဖရုသဝါစာ = ကြမ်းတမ်းယုတ်မာ တိုင်းထွာ ဆဲရေးခြင်း၊
သမ္ဖပ္ပလာပဝါစာ = အကျိုးမရှိ ပြိန်ဖျင်းသောစကားကို ပြောဆိုခြင်း —
ဤ ၄-ပါးကို ဝစီဒုစရိုက် ၄-ပါး ဟု ခေါ်သည်။

ယင်း ကာယဒုစရိုက် ၃-ပါး၊ ဝစီဒုစရိုက် ၄-ပါးတို့မှ ရှောင်ကြဉ်သော စေတနာသည် စေတနာသီလ မည်၏။ မိဘဝတ်၊ ဆရာဝတ် စသည်တို့ကို ဖြည့်ကျင့်သောအခါ ဖြစ်ပေါ်သော စေတနာသည်လည်း စေတနာသီလမည်၏။

ဝိရတီသီလ

မကောင်းမှုမှ ရှောင်ကြဉ်ခြင်းကို ဝိရတီဟု ခေါ်သည်။ အထက်တွင် ဖော်ပြခဲ့ပြီးသော ကာယဒုစရိုက် ၃-ပါးတို့မှ ရှောင်ကြဉ်ရာ၌ အသက်မွေးမှုနှင့် ပတ်သက်ခြင်းမရှိလျှင် သမ္မာကမ္မန္တဝိရတီ ဖြစ်သည်။ (သမ္မာ = ကောင်းသော + ကမ္မန္တ = အလုပ်အကိုင်၊ သမ္မာကမ္မန္တ = ကောင်းသော အလုပ်အကိုင်၊ မကောင်းသော အလုပ်အကိုင်မှ ရှောင်ကြဉ်ခြင်း။) ဝစီဒုစရိုက် ၄-ပါးတို့မှ ရှောင်ကြဉ်ခြင်းသည် အသက်မွေးမှုနှင့် ပတ်သက်ခြင်းမရှိလျှင် သမ္မာဝါစာဝိရတီ မည်၏။ (သမ္မာ = ကောင်းသော + ဝါစာ = စကား။)

အထက်ဖော်ပြပါ ကာယဒုစရိုက် ၃-ပါး၊ ဝစီဒုစရိုက် ၄-ပါးတို့မှ ရှောင်ကြဉ်ခြင်းသည် အသက်မွေးမှုနှင့် ပတ်သက်မှုရှိလျှင် သမ္မာအာဇီဝဝိရတီ ဟု ခေါ်သည်။ (သမ္မာ = ကောင်းသော + အာဇီဝ = အသက်မွေးမှု။) ဥပမာအားဖြင့် အသက်မွေးဝမ်းကျောင်း မပြုလုပ်သေးသော ကျောင်းသူ ကျောင်းသားများ မုသာဝါဒမှ ရှောင်ကြဉ်ခြင်းသည် သမ္မာဝါစာဝိရတီမည်၏။ ရှေ့နေ ရှေ့ရပ်များ

စာမျက်နှာ-374


တရားခွင်၌ မုသာဝါဒမှ ရှောင်ကြဉ်ခြင်းသည် သမ္မာအာဇီဝဝိရတီမည်၏။ မုဆိုး တံငါများ သူ့အသက် သတ်ဖြတ်မှုမှ ရှောင်ကြဉ်ခြင်းသည် သမ္မာအာဇီဝဝိရတီမည်၏။ ကလေးငယ်များ ဖားသတ်ခြင်း၊ ကြွက်သတ်ခြင်း စသော ပါဏာတိပါတကံမှ ရှောင်ကြဉ်ခြင်းသည် သမ္မာကမ္မန္တဝိရတီမည်၏။

ယခုပြဆိုခဲ့သော သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝတည်းဟူသော ဝိရတီစေတသိက် သုံးပါးသည် ဝိရတီသီလ မည်၏။

အနဘိဇ္ဈာ၊ အဗျာပါဒ၊ သမ္မာဒိဋ္ဌိသီလ

သူတစ်ပါးစည်းစိမ်ကို ကြည့်၍ “ဤစည်းစိမ်ဥစ္စာသည် ငါ၏ စည်းစိမ်ဥစ္စာ ဖြစ်ပါမူ ကောင်းလေစွ” ဟု လောဘဖြင့် ကြံစည်မှုကို အဘိဇ္ဈာ ဟု ခေါ်သည်။ အဇာတသတ်မင်းသားသည် ငယ်စဉ်အခါက ခမည်းတော် ဗိမ္ဗိသာရမင်းကြီးနှင့်အတူ ဇောတိကသူဌေးကြီး၏ ပတ္တမြားဗိမာန်သို့ သွားရောက်လည်ပတ်သည့်အခါ “ငါ၏ခမည်းတော်ကြီးသည် ညံ့ဖျင်းလေစွ၊ ငါသာ ရှင်ဘုရင်ဖြစ်ပါမူ ဇောတိက၏ ပတ္တမြားဗိမာန်ကြီးကို သိမ်းပိုက်လိုက်မည်” ဟု ကြံစည်လိုက်သည်။ အဘိဇ္ဈာပွားခဲ့သည်။ ယင်းအဘိဇ္ဈာသည် တရားကိုယ်အားဖြင့် လောဘတရားဖြစ်သည်။ ထိုကဲ့သို့ အဘိဇ္ဈာမနောဒုစရိုက် မဖြစ်ရအောင် အဘိဇ္ဈာမနောဒုစရိုက်ကို ပယ်ရှားသော အလောဘစေတသိက်သည် သီလမည်၏။

မိမိနှင့် ပြိုင်ဘက်ရန်သူ ပျက်စီးပါစေ၊ သေပါစေ စသည်ဖြင့် ကြံစည်ပြစ်မှားခြင်းသည် ဗျာပါဒ မနောဒုစရိုက်မည်၏။ ဗျာပါဒ၏ တရားကိုယ်မှာ ဒေါသစေတသိက် ဖြစ်၏။ ယင်းဗျာပါဒကို ပယ်ရှားသော အဒေါသစေတသိက်သည် သီလမည်၏။

ကံကံ၏အကျိုးမရှိ၊ နောက်ဘဝမရှိ၊ အလှူဒါနမှာ အကျိုးမရှိ စသည်ဖြင့် မှားယွင်းဖောက်ပြန်သော အယူအဆသည် မိစ္ဆာဒိဋ္ဌိ မနောဒုစရိုက်မည်၏။ ယင်း၏ တရားကိုယ်မှာ ဒိဋ္ဌိစေတသိက်ဖြစ်သည်။ ထိုမိစ္ဆာဒိဋ္ဌိကို ပယ်ရှားသော အမောဟစေတသိက်သည် သီလမည်၏။

အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိဟူသော မနောဒုစရိုက် ၃-ပါးရှိလျှင် ကာယဒုစရိုက်၊ ဝစီဒုစရိုက်တို့ကို လွန်ကျူးမှုများ ဖြစ်ပေါ်နိုင်သည်။ အဘိဇ္ဈာကို ပယ်ရှားနိုင်မှုသည် အနဘိဇ္ဈာ မည်၏။ ဗျာပါဒကို ပယ်ရှားနိုင်မှုသည် အဗျာပါဒ မည်၏။ မိစ္ဆာဒိဋ္ဌိကို ပယ်ရှားနိုင်ခြင်းသည် သမ္မာဒိဋ္ဌိ မည်၏။ ယင်းအနဘိဇ္ဈာ၊ အဗျာပါဒ၊ သမ္မာဒိဋ္ဌိဟူသော မနောသုစရိုက် ၃-ပါးကို သီလဟု ခေါ်ဆိုသည်။

စာမျက်နှာ-375


သံဝရသီလ

ရဟန်းတော်များ သီလစောင့်ထိန်းမှုကို သံဝရဟု ခေါ်သည်။ ရဟန်းတော်များနှင့်သာ အထူးသက်ဆိုင်သော သီလဖြစ်သည်။ ယင်းသံဝရမှာ ငါးမျိုးရှိသည်။

(၁) ပါတိမောက္ခသံဝရ = ၂၂၇-သွယ်သော သိက္ခာပုဒ်များကို စောင့်ထိန်းခြင်း။
(၂) သတိသံဝရ = မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် တည်းဟူသော ဣန္ဒြေ ၆-ပါးကို အကုသိုလ် မဝင်နိုင်စေရန် သတိဖြင့် စောင့်ကြပ်ခြင်း၊ ဣန္ဒြေကို စောင့်ထိန်းခြင်း။
(၃) ဉာဏသံဝရ = ဉာဏ်ပညာဖြင့် စောင့်ထိန်းခြင်း။ တဏှာ၊ မာန၊ ဒိဋ္ဌိ၊ အဝိဇ္ဇာ ကိလေသာတရားတို့ မဖြစ်ပွားရအောင် စောင့်ထိန်းရသော ဉာဏ်ပညာဖြစ်သည်။ ပစ္စည်းလေးပါးကို သုံးဆောင်ရာ၌ ကိလေသာမဖြစ်အောင် ပညာဖြင့် ဆင်ခြင်၍ သုံးဆောင်ခြင်း။
(၄) ခန္တီသံဝရ = အချမ်း၊ အပူ စသည်တို့ကို သည်းခံလျက် အကုသိုလ်တရား မဖြစ်ပွားအောင် စောင့်ထိန်းခြင်း။
(၅) ဝိရိယသံဝရ = ကာမဂုဏ်နှင့် ပတ်သက်သော ကြံစည်မှု၊ သူတစ်ပါး ပျက်စီးအောင် ကြံစည်မှု၊ ညှဉ်းဆဲရန် ကြံစည်မှုများကို မကြံစည်မိအောင် အင်အားစိုက်ထုတ်၍ စောင့်ထိန်းခြင်းဖြစ်သည်။ အထူးသဖြင့် အသက်မွေးဝမ်းကျောင်း စင်ကြယ်အောင် လုံ့လစိုက်ထုတ်၍ စောင့်စည်းခြင်းဖြစ်သည်။

အဝီတိက္ကမသီလ

ဆောက်တည်ထားအပ်သော သိက္ခာပုဒ်တို့ကို ကိုယ်နှုတ်တို့ဖြင့် မလွန်ကျူးခြင်းသည် အဝီတိက္ကမသီလ မည်၏။

ဝိရတီ ၃-မျိုး

ကာယဒုစရိုက် ၃-ပါး၊ ဝစီဒုစရိုက် ၄-ပါးတို့မှ ရှောင်ကြဉ်မှု (ဝိရတီ) သည် အောက်ပါအတိုင်း ၃-မျိုးရှိသည် —

(၁) သမာဒါနဝိရတိ = ရှောင်ကြဉ်ရန် ဆောက်တည်ခြင်း။
(၂) သမ္ပတ္တဝိရတိ = ရင်ဆိုင်တွေ့သည့်အခါ ရှောင်ကြဉ်ခြင်း။
(၃) သမုစ္ဆေဒဝိရတိ = အကြွင်းမဲ့ ဖြတ်တောက်ပယ်ခွာ၍ ရှောင်ကြဉ်ခြင်း။

စာမျက်နှာ-376


သမာဒါနဝိရတီ

ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓရုပ်ပွားတော်ရှေ့၌ လည်းကောင်း၊ ရဟန်းသံဃာရှေ့၌ လည်းကောင်း သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်သည့် သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။ သူ့ဥစ္စာ ခိုးခြင်းမှ ရှောင်ကြဉ်သည့် သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။ ဤသို့ စသည်ဖြင့် ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ကိုးပါးသီလ စသည်တို့ကို ခံယူဆောက်တည်ခြင်းသည် သမာဒါနဝိရတီမည်၏။ လွန်ကျူးရမည့်အကြောင်း ဝတ္ထုမတွေ့မီ ကြိုတင်ဆောက်တည်ခြင်း၊ ကြိုတင်၍ စိတ်ကို ဆုံးဖြတ်ထားခြင်းသည် သမာဒါနဝိရတီ မည်၏။

သီဟိုဠ်ကျွန်းတွင် ဥပါသကာတစ်ယောက်သည် နွားပျောက်သဖြင့် နွားရှာရာ တောအုပ်အတွင်း၌ စပါးကြီးမြွေကြီးတစ်ကောင်နှင့် ရင်ဆိုင်တွေ့သည်။ စပါးကြီးမြွေသည် ဥပါသကာကို လာရောက်ရစ်ပတ်သည်။ ဥပါသကာသည် လက်တွင်း၌ ပါလာသော ထင်းခုတ်ဓားဖြင့် ခုတ်ဖြတ်ရန် ချိန်ရွယ်ပြီးမှ မိမိခံယူဆောက်တည်ထားသော ပါဏာတိပါတာ ဝေရမဏိ သီလကို သတိရ၍ “အသက်သေလိုက သေပါစေ၊ သူ့တစ်ပါးအသက်ကို မသတ်တော့ပြီ” ဟု ဆုံးဖြတ်ချက်ချကာ ဓားကို လွှင့်ပစ်ပြီး မိမိသီလကိုသာ ဆင်ခြင်အောက်မေ့နေလိုက်သည်။ စပါးကြီးမြွေသည် ဥပါသကာ၏ သီလတန်ခိုးကြောင့် ဆက်လက်ရစ်ပတ်ခြင်း မပြုနိုင်တော့ဘဲ ထွက်ခွာသွားတော့သည်။

ဤကဲ့သို့ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသော်လည်း မိမိဆောက်တည်ထားသည့် သီလကို စောင့်ထိန်းနိုင်ခြင်းသည် သမာဒါနဝိရတီ ဖြစ်သည်။

သမ္ပတ္တဝိရတီ

လွန်ကျူးစရာအကြောင်း ကြုံလာခဲ့သော်၊ လွန်ကျူးစရာ ဝတ္ထုနှင့် ရင်ဆိုင်တွေ့လာခဲ့သော် မလွန်ကျူးမိအောင် စောင့်ထိန်းခြင်း၊ ရှောင်ကြဉ်ခြင်းသည် သမ္ပတ္တဝိရတီမည်၏။ ပုထုဇဉ်ပုဂ္ဂိုလ်များမှာ သမာဒါနဝိရတီနှင့် သမ္ပတ္တဝိရတီသီလ ၂-မျိုး ရှိနိုင်ခွင့်ရှိပါသည်။ သမာဒါနဝိရတီသီလမှာ ဗုဒ္ဓဘာသာဝင်တိုင်း သီလခံယူ ဆောက်တည်ဖူးကြသည်။ သီလခံယူချိန်၌ စေတနာသီလသာ ဖြစ်သေးသည်၊ ဝိရတီအဆင့်သို့ မရောက်သေးချေ။ ဝိရတီသီလဖြစ်ရန် ခက်ခဲသည်။ အငွေ့ကို ရှောင်နိုင်သော်လည်း အတွေ့ကို ရှောင်နိုင်ခဲသည်။ လောဘအမှောင်၊ ဒေါသအမှောင် ဖုံးအုပ်ကာ အတွေ့ကို မရှောင်နိုင်ဖြစ်တတ်သည်။

စာမျက်နှာ-377


မြောက်ကျွန်းသူ မြောက်ကျွန်းသားမှာ တမင်တကာ သီလခံယူဆောက်တည်ထားခြင်းမရှိ၊ သူ့အသက် သတ်ခြင်း စသော ဒုစရိုက်မှုများမှ ရှောင်ကြဉ်ကြခြင်းသည် ပင်ကိုပကတိအားဖြင့် သီလကို စောင့်ထိန်းခြင်းဖြစ်သည်။ သမ္ပတ္တဝိရတီသီလဟု ခေါ်ဆိုနိုင်သည်။ သီလကို ကြိုတင်ဆောက်တည်မှုမရှိဘဲ ကျူးလွန်စရာ အာရုံဝတ္ထုနှင့် ရင်ဆိုင်တွေ့သည့်အခါ မကျူးလွန်ဘဲ ရှောင်ကြဉ်နိုင်မှုသည် သမ္ပတ္တဝိရတီမည်၏။ သီဟိုဠ်ကျွန်း၌ စက္ကနဥပါသကာသည် မိခင်အား ဓာတ်စာကျွေးရန် ယုန်ငယ်တစ်ကောင်ကို မိ၍ သတ်ရန် ကြံစည်ပြီးမှ အကုသိုလ်ဖြစ်မည် ကြောက်၍ မသတ်ဘဲ လွှတ်လိုက်သည်၊ ဤကား သမ္ပတ္တဝိရတီဖြစ်သည်။

သမုစ္ဆေဒဝိရတီ

ကာယဒုစရိုက် ၃-ပါး၊ ဝစီဒုစရိုက် ၄-ပါး၊ မနောဒုစရိုက် ၃-ပါး ဤဒုစရိုက် ၁၀-ပါးတို့ကို ကျူးလွန်မှုပြုခြင်းသည် လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ စသော ကိလေသာအရင်းခံကြောင့် ဖြစ်သည်။ မူလအကြောင်းရင်းဖြစ်သော ယင်းကိလေသာတရားများကို အရိယာမဂ်ကို ရရှိသည့်အခါ အကြွင်းမဲ့ အမြစ်ပြတ် ပယ်ရှားလိုက်သည်။ သောတာပတ္တိမဂ်သည် ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို အကြွင်းမဲ့ ပယ်သည်။ ဤသို့ စသည်ဖြင့် မဂ်ဉာဏ်ဖြင့် ကိလေသာတရားတို့ကို အကြွင်းမဲ့ ပယ်သတ်ခြင်းသည် သမုစ္ဆေဒဝိရတီ မည်၏။

ပဟာန် ၄-ပါး

လောကီသီလသည် ကိလေသာတရားများကို အခိုက်အတန့် ယာယီ ထိန်းချုပ်ထားနိုင်စွမ်း ရှိသည်။ လောကုတ္တရာ သီလသည် ကိလေသာတရားများကို အကြွင်းမဲ့ ပယ်နိုင်သည်။ ကိလေသာပယ်မှုကို ပဟာန = ပဟာန်ဟု ခေါ်သည်။ ကိလေသာပယ်မှုနှင့် စပ်လျဉ်း၍ ပဟာန် ၄-ပါးကို မှတ်သားသင့်သည်။

(၁) တဒင်္ဂပဟာန် = ခေတ္တခဏ ပယ်ခြင်း။
(၂) ဝိက္ခမ္ဘနပဟာန် = အခိုက်အတန့် ပယ်ခွာထားခြင်း။
(၃) သမုစ္ဆေဒပဟာန် = အကြွင်းမဲ့ ဖြတ်တောက်၍ ပယ်ခွာခြင်း။
(၄) ပဋိပဿမ္ဘနပဟာန် = ငြိမ်းအေးစေမှု ပြု၍ ပယ်ခွာခြင်း။

စာမျက်နှာ-378


တဒင်္ဂပဟာန်

ဘုရားရှိခိုးနေသော သူ၌ ကုသိုလ်စိတ်များသာ ဖြစ်ပေါ်နေ၍ အကုသိုလ်စိတ်များ မဝင်ရောက်နိုင်အောင် ပယ်ရှားထားခြင်းသည် တဒင်္ဂပဟာန် မည်၏။ အလားတူပင် အလှူဒါန ပြုလုပ်သည့်အခါ၊ ဥပုသ်သီလ စောင့်သုံးသည့်အခါ၊ ဝေယျာဝစ္စ ပြုလုပ်သည့် အခါတို့၌ ကုသိုလ်တရားများ ဖြစ်ပွားနေ၍ အကုသိုလ်တရားများ ဝင်ရောက်မလာနိုင်ခြင်းသည် ခေတ္တခဏ အကုသိုလ် ပယ်ခြင်းဖြစ်၍ တဒင်္ဂပဟာန် မည်၏။ (တဒင်္ဂ = တခဏ။)

ဝိက္ခမ္ဘနပဟာန်

သမာဓိဈာန် ဝင်စားနေသည့် အချိန်တွင် ၁-နာရီ၊ ၂-နာရီ၊ သို့မဟုတ် ၁-ရက်၊ ၂-ရက် စသည်ဖြင့် အကုသိုလ်တရားများ ဝင်ရောက်ဖြစ်ပေါ်ခြင်း မရှိစေရန် အခိုက်အတန့်အားဖြင့် ပယ်ခွာထားခြင်းကို ဝိက္ခမ္ဘနပဟာန်ဟု ခေါ်သည်။ ဈာန်ရသော ပုဂ္ဂိုလ်များ၊ ဈာန်ဝင်စားနေသော ပုဂ္ဂိုလ်များသည် ဝိက္ခမ္ဘနပဟာန်ဖြင့် ကိလေသာတို့ကို ပယ်ခွာထားသည် မည်၏။ (ဝိက္ခမ္ဘန = ပယ်ခွာခြင်း။)

သမုစ္ဆေဒပဟာန်

အကုသိုလ် ဒုစရိုက်တရားတို့၏ အကြောင်းရင်းမူလဖြစ်သော ကိလေသာတရားတို့ကို တစ်ခါတည်း အမြစ်ပြတ်အောင် မဂ်ဉာဏ်ဖြင့် ပယ်သတ်ခြင်းသည် သမုစ္ဆေဒပဟာန် မည်၏။ (သမုစ္ဆေဒ = အမြစ်ပြတ်အောင် ဖြတ်တောက်ခြင်း။)

ပဋိပဿမ္ဘနပဟာန်

ကိလေသာအပူမီးကို မဂ်ဉာဏ်ဖြင့် ပယ်သတ်ပြီးသောအခါ ကိလေသာ အကြွင်းအကျန် မရှိတော့သော်လည်း ယင်း၏ အငွေ့အသက် အရှိန်အဝါ ကျန်ရစ်နေသေး၏။ ယင်းအငွေ့အသက် အရှိန်အဝါများကို အေးငြိမ်းချုပ်ငြိမ်းသွားအောင် ဖိုလ်ဉာဏ်က စွမ်းဆောင်နိုင်၏။ ယင်းဖိုလ်ဉာဏ်၏ ကိလေသာအပူရှိန် အငွေ့အသက် ငြိမ်းအေးစေမှုသည် ပဋိပဿမ္ဘနပဟာန် မည်၏။

တဒင်္ဂပဟာန်ဖြင့် ကိလေသာပယ်ပုံကို မှော်ထဲသို့ ခဲပစ်ချသည်နှင့် နှိုင်းယှဉ်လိုက်လျှင် မှော်များသည် နံဘေးသို့ ရှဲ၍ ရေမျက်နှာပြင် ပေါ်လာမည်။ မကြာမီပင် မှော်များ ပြန်လည်ဖုံးအုပ်သွားမည်။ ဤကဲ့သို့ မှော်များကို ခေတ္တခဏ ပယ်ရှားခြင်းသည် တဒင်္ဂပဟာန် ပယ်နည်းနှင့် တူ၏။

စာမျက်နှာ-379


ဝိက္ခမ္ဘနပဟာန် ပယ်ပုံကို သစ်ပင်ခုတ်သည့် ဥပမာနှင့် နှိုင်းခိုင်းကြသည်။ အဆိပ်ပင်တစ်ပင်ကို အသီးမသီးစေလိုသဖြင့် အကိုင်းအခက်များ ချိုင်ပစ်လိုက်သည်။ တစ်နှစ် နှစ်နှစ်ခန့် မသီးဘဲ နေသော်လည်း သုံးနှစ်ခန့် ကြာသောအခါ အခက်အလက်များ ပြန်လည်ဝေဆာလာ၍ အဆိပ်သီးများ သီးပြန်သည်။ ထိုကဲ့သို့ အခိုက်အတန့်မျှ ပယ်ခွာခြင်းကို ဝိက္ခမ္ဘနပဟာန်ဟု ခေါ်သည်။

ယင်းအဆိပ်ပင်ကြီးကို အမြစ်ပါနုတ်၍ အမှုန့်ကြိတ် ပြာချ လေမှာ လွှင့်လိုက်သောအခါ နောက်ထပ် အဆိပ်သီး မသီးနိုင်တော့ချေ။ ဤဥပမာဖြင့် သမုစ္ဆေဒပဟာန်ကို အဓိပ္ပါယ်ရှင်းပြကြသည်။

ပဋိပဿမ္ဘနပဟာန်မှာ မီးတောက် မီးလျှံနှင့် မီးကျီးခဲများ ငြိမ်းသွားသော်လည်း ပြာပူကျန်ရစ်နေသေးသည်။ ယင်းပြာပူငြိမ်းအောင်၊ လုံးဝအခိုးသေအောင် ထပ်မံ၍ ရေဖျန်းပက်ခြင်းသည် ပဋိပဿမ္ဘနပဟာန် မည်၏။

အဘိဓမ္မာနည်းအားဖြင့် ရှင်းပြရသော်... ကာမာဝစရ ကုသိုလ်သီလသည် တဒင်္ဂပဟာန် မည်၏။ ရူပါဝစရ၊ အရူပါဝစရ ကုသိုလ်သီလသည် ဝိက္ခမ္ဘနပဟာန် မည်၏။ မဂ်ကုသိုလ်သီလသည် သမုစ္ဆေဒပဟာန် မည်၏။ ဖိုလ်သီလသည် ပဋိပဿမ္ဘနပဟာန် မည်၏။

သီလ၏ အကြောင်း

သီလသည် မကောင်းမှုမှ ရှက်ခြင်း (ဟိရီ) နှင့် မကောင်းမှုမှ ကြောက်ခြင်း (ဩတ္တပ္ပ) တရားနှစ်ပါး အကြောင်းခံရှိ၏။ သူတော်ကောင်းတရားကို နာကြားရခြင်း စသည်ကြောင့်လည်း သီလနှင့် ပြည့်စုံတတ်သည်။ အရှက်အကြောက် (ဟိရီဩတ္တပ္ပ) တရားနှစ်ပါးရှိမှ သီလကို စောင့်ထိန်းနိုင်သည်။ သီလကို လုံခြုံစွာ စောင့်ထိန်းနိုင်ရေးအတွက် အကုသိုလ်အမှုပြုရန် ရှက်ခြင်း (ဟိရီ) နှင့် အကုသိုလ်အမှုမှ ကြောက်ခြင်း (ဩတ္တပ္ပ) ရှိရန် လိုအပ်သည်။

သီလရနံ့ ကြိုင်သင်းပျံ့

သီလသည် အဆင်းမရှိသော်လည်း သီလစောင့်ထိန်းသူအား လှပတင့်တယ်စေ၏။ သီလသည် အနံ့မရှိသော်လည်း လေအောက်လေညာ အရပ်မျက်နှာအားလုံးသို့ မွှေးကြိုင်ပျံ့လှိုင်စေ၏။ သီလရှိသော သူတော်ကောင်းတို့၏ ဂုဏ်သတင်းသည် အရပ်မျက်နှာအားလုံးကို မွှေးကြိုင်စေ၏။ ထို့ကြောင့် ဘုရားရှင်က ဓမ္မပဒပါဠိတော်၌ —

စာမျက်နှာ-380


“စန္ဒကူးအနံ့သည်လည်းကောင်း၊ တောင်ဇလပ်ပန်း အနံ့သည်လည်းကောင်း၊ ကြာညိုပန်းအနံ့သည်လည်းကောင်း၊ မြလေးပန်းရနံ့သည်လည်းကောင်း ရှိ၏။ ထိုပန်းရနံ့ အမျိုးမျိုးတို့ထက် သီလအနံ့သည်သာ အတုမရှိမြတ်၏။

တောင်ဇလပ် စန္ဒကူးပန်းတို့၏ အနံ့သည် မပြောပလောက်၊ အနည်းငယ်မျှသာ ဖြစ်၏။ သီလရှိသော သူတို့၏ သီလအနံ့သည်သာ ထူးကဲလွန်မြတ်သည်ဖြစ်၍ နတ်ပြည်တို့၌ လှိုင်၏။

ပန်းအနံ့သည် လေညာသို့ မသွား၊ စန္ဒကူးပန်း၊ တောင်ဇလပ်ပန်း၊ စံပယ်ကြက်ရုံးပန်းတို့၏ အနံ့သည်လည်း လေညာသို့ မသွား၊ သူတော်ကောင်းတို့၏ အနံ့သည်သာ လေညာသို့ သွား၏။ သူတော်ကောင်းတို့၏ ဂုဏ်သတင်းသည် အရပ်မျက်နှာ အားလုံးတို့သို့ ပျံ့နှံ့လှိုင်ကြူ၏” ဟု — ဟောတော်မူသည်။

ယေဘုယျအားဖြင့် ကိုယ်ကျင့်သီလနှင့် ပြည့်ဝသူကို လောက၌ သူတော်ကောင်းဟု ခေါ်ဝေါ်သမုတ်ကြ၏။ သီလရှိသူတို့၏ ကိုယ်နံ့ကိုလည်း နတ်တို့က မစက်ဆုပ်ကြောင်း သိကြားမင်းကိုယ်တိုင် ကျောင်းသင်္ခမ်း၌ တရားအားထုတ်နေသော ရသေ့ကြီးထံ လာရောက်လျှောက်ထားဖူးသည်။

သိကြားမင်းက ရှိခိုးရသူ

သိကြားမင်းသည် ဥယျာဉ်တော်သို့ ထွက်ရန် ဝေဇယန္တာပြာသာဒ်မှ သက်ဆင်းပြီးနောက် ရထားပေါ်သို့ တက်ခါနီး၌ အရပ်ရှစ်မျက်နှာတို့ကို လှည့်လည်ရှိခိုးနေသည်။ ထိုအခါ —
မာတလိနတ်သားက “အရှင်သိကြားမင်း... အဘယ်သူများကို ရှိခိုးနေပါသနည်း” ဟု မေးမြန်းရာ —
သိကြားမင်းက “အချင်းမာတလိ... အကြင်လူတို့သည် ကုသိုလ်ကောင်းမှုကို ပြုလေ့ရှိကုန်၏၊ သီလနှင့်လည်း ပြည့်စုံကြကုန်၏၊ ရတနာသုံးရပ်ကိုလည်း ကိုးကွယ်ဆည်းကပ်ကြကုန်၏၊ တရားသဖြင့် သားမယားတို့ကိုလည်း ကျွေးမွေးကြကုန်၏၊ ထိုလူတို့ကို ငါရှိခိုးပါ၏” ဟု — ဖြေကြားလေသည်။

စာရိတ္တနှင့် ဝါရိတ္တ (ဆောင်ရန်နှင့် ရှောင်ရန်)

သီလသည် လူတို့ နေ့စဉ်ပြုလုပ်ဖြည့်ကျင့်ဆောင်ရွက်ရမည့် စာရိတ္တသီလ နှင့် မလွှဲမသွေ ရှောင်ကြဉ်ရမည့် ဝါရိတ္တသီလ ဟူ၍ နှစ်မျိုးရှိ၏။

စာမျက်နှာ-381


စာရိတ္တသီလ (ဆောင်ရန်)

စာရိတ္တသီလဆိုသည်မှာ ကောင်းသော လုပ်ငန်းတာဝန်များ၊ ဝတ္တရားများကို ပြုကျင့်လိုက်နာခြင်း၊ ဆောင်ရွက်ခြင်း ဖြစ်၏။

သိင်္ဂါလောဝါဒသုတ်၌ မြတ်စွာဘုရားရှင် ဟောကြားတော်မူအပ်သော သားသမီးကျင့်ဝတ်၊ မိဘကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ ဆရာကျင့်ဝတ်၊ လင်ကျင့်ဝတ်၊ မယားကျင့်ဝတ် စသည်တို့သည် စာရိတ္တသီလများပင် ဖြစ်ပေသည်။

ထို့ပြင် လူကြီးသူမကို ရိုသေလေးစားခြင်း၊ အပြောအဆို လိမ္မာယဉ်ကျေးခြင်း၊ အသွားအလာ အနေအထိုင် နူးညံ့သိမ်မွေ့ခြင်း၊ ရဟန်းသံဃာ၊ ဆရာ၊ မိဘ၊ လူကြီးသူမတို့ ရှေ့မှောက်၌ မိုးတိုးမတ်တတ်မသွားဘဲ ကိုယ်ကို ကိုင်းညွတ်၍ သွားခြင်း၊ ဆရာမိဘတို့ အလျင် စားဦးစားဖျားကို မစားခြင်း၊ ရဟန်းသံဃာ၊ ဆရာမိဘ စသည်တို့ရှေ့၌ ဒူးထောင်ပေါင်ကား ကိုးရိုးကားရား ထိုင်ခြင်းမပြုဘဲ ပုဆစ်တုပ် (ဒူးတုပ်) ၍ နေခြင်းစသည့် ယဉ်ကျေးမှု လူ့ကျင့်ဝတ်များသည်လည်း စာရိတ္တသီလများပင် ဖြစ်ပေသည်။

စာရိတ္တသီလတွင် ပါဝင်သော ကျင့်ဝတ်များကို အကြောင်းမညီညွတ်၍ မပြုလုပ်ဘဲ နေခဲ့သော်လည်း အကုသိုလ်အပြစ်မရှိပေ။ ပြုလုပ်လျှင်ကား သီလကို ပို၍ ပြည့်ဝဖြူစင်စေသည်။ အပြစ်မရှိဟု ဆိုရာ၌ ထိုကျင့်ဝတ်များ ပျက်သောကြောင့် တမလွန်ဘဝတွင် အပါယ်မကျခြင်းကို ဆိုသည်။ သို့သော် အကြောင်းညီညွတ်ပါလျက်၊ ပြုလုပ်နိုင်ပါလျက် ကျင့်ဝတ်ပျက်လျှင်ကား ထိုသူအား ပညာရှိ သူတော်ကောင်းများက ကဲ့ရဲ့ပြစ်တင်ဖွယ်ရာ ဖြစ်သည်။

စာရိတ္တသီလကို ယုံကြည်မှု သဒ္ဓါတရားနှင့် မပျင်းမရိ ပြုလုပ်နိုင်မှု ဝီရိယတရား ဤတရားနှစ်ပါးနှင့် ပြည့်စုံသူမှသာ ဖြည့်ကျင့်ဆောင်ရွက်နိုင်သည်။ ဤအကျင့်ကို ကျင့်လျှင် ကောင်းသောအကျင့်ဖြစ်၍ နောင်အခါ ကောင်းကျိုးရနိုင်သည်ဟု ယုံကြည်မှု သဒ္ဓါတရား၊ မပျင်းမရိ စိတ်ရှည်လက်ရှည် အားထုတ်လုပ်ကိုင်မှု ဝီရိယတို့နှင့် ပြီးစီးအောင် အားထုတ်လုပ်ကိုင်နိုင်မှသာ စာရိတ္တသီလနှင့် ပြည့်စုံသည်ဟု ဆိုနိုင်သည်။

ဝါရိတ္တသီလ (ရှောင်ရန်)

ဝါရိတ္တသီလဆိုသည်မှာ မြတ်စွာဘုရားက ဤအမှုမျိုးကို မပြုကျင့်ရ၊ မပြုကျင့်ကောင်းဟု တားမြစ်ဆုံးမ ဟောကြားထားသော သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်းစသည့် ဒုစရိုက်မှုများမှ ရှောင်ကြဉ်ခြင်းတို့ဖြစ်သည်။

စာမျက်နှာ-382


ဒုစရိုက်မှုများကို ကမ္မပထမြောက် ကျူးလွန်ပါက မုချအပါယ်ကျစေနိုင်သည်။ ယင်းဒုစရိုက်များကို မပြုလုပ်မိအောင် ရှောင်ကြဉ်ပါက နတ်ရွာသုဂတိသို့ မုချရောက်သည်။

ဝါရိတ္တသီလဟု ခေါ်သော ငါးပါးသီလကို ပြည့်စုံအောင် စောင့်ထိန်းခြင်းသည် နတ်ရွာနိဗ္ဗာန်ရောက်ကြောင်း ကောင်းသော ကုသိုလ်ကံမည်၏။ ယင်းငါးပါးသီလကို ကမ္မပထမြောက် ကျူးလွန်ဖောက်ဖျက်ခြင်းသည် အပါယ်သို့ မုချရောက်ကြောင်း မကောင်းသော အကုသိုလ်ကံ မည်၏။

စာရိတ္တသီလဟု ခေါ်သော တာဝန်ဝတ္တရားများကို ဖြည့်ကျင့်ဆောင်ရွက်သူသည် ဝါရိတ္တသီလဟု ခေါ်သော အကုသိုလ်ဒုစရိုက်မှုများမှ ရှောင်နိုင်သည်၊ တာဝန်မကျေပွန်သူ၊ ဝတ္တရားမကျေသူများသည် ဝါရိတ္တသီလခေါ် ရှောင်ကြဉ်ရမည့်သီလကို ဖြည့်နိုင်ခဲ၏၊ အကုသိုလ်ဒုစရိုက်မှ ရှောင်နိုင်ခဲသည်၊ ထို့ကြောင့် စာရိတ္တသီလပြည့်စုံမှ ဝါရိတ္တသီလပြည့်စုံနိုင်မည်ဟု မှတ်ရမည်။

ငါးပါးသီလ

ငါးပါးသီလကို အခါခပ်သိမ်း သာသနာတော်တွင်း သာသနာတော်ပ၌ လူတို့ ခါးဝတ်ပုဆိုးကဲ့သို့ အမြဲစောင့်ထိန်းအပ်သော သီလဖြစ်သောကြောင့် “နိစ္စသီလ” ဟု ခေါ်ကြသည်။ (နိစ္စ = အမြဲ။) တစ်သက်လုံး မကျိုးမပေါက်ရအောင် သူတော်ကောင်းတို့ အလေးအမြတ်ပြုရမည့် အကျင့်ဖြစ်သောကြောင့် “ဂရုဓမ္မသီလ” ဟူ၍လည်း ခေါ်ကြ၏။ (ဂရု = အလေးပြုအပ်သော။) အရိယာသူတော်ကောင်းတို့ နှစ်သက်မြတ်နိုးအပ်သောကြောင့် “အရိယကန္တသီလ” ဟူ၍လည်း ခေါ်ရ၏။ (အရိယ = အရိယာ + ကန္တ = နှစ်သက်ခြင်း။) အိမ်ရာတည်ထောင် လူဝတ်ကြောင်မှန်သမျှ စောင့်ထိန်းအပ်သော သီလဖြစ်သောကြောင့် “ဂဟဋ္ဌသီလ” ဟူ၍လည်း ခေါ်ကြ၏။ (ဂဟ = အိမ်၊ ဂဟဋ္ဌ = အိမ်နေသူ လူဝတ်ကြောင်။) ထိုသီလသည် ကိုယ်နှုတ်နှစ်ပါးလုံးကို မကောင်းမှုများ မပြုမိအောင် စောင့်ထိန်းခြင်း၊ ရှောင်ကြဉ်ခြင်း ဖြစ်သောကြောင့် “ဝိရတီသီလ” ဖြစ်သည်။

သီလခံယူတည်ဆောက်ပုံ

သိက္ခာ = ကုသိုလ်အကျင့်၊ ပဒ = တည်ရာ၊ ကုသိုလ်အကျင့်တို့၏ တည်ရာကို သိက္ခာပုဒ်ဟု ခေါ်၏။ သိက္ခာပုဒ်တစ်ပါး လုံခြုံလျှင် ကိုယ်ကျင့်တရားများစွာ တိုးတက်မည်ဖြစ်သောကြောင့် များစွာသော ကုသိုလ်တရား၏ တည်ရာ အခြေခံဖြစ်သော အကျင့်သိက္ခာဟု ဆိုလိုပါသည်။

စာမျက်နှာ-383


ဆောက်တည်ပါ၏ဟူသည် သိက္ခာပုဒ်ကို လုံခြုံအောင် စောင့်ထိန်းမည်ဟု စိတ်ထဲ၌ နှလုံးသွင်းထားခြင်းကို “ဆောက်တည်သည်” ဟု ခေါ်သည်။ အိမ်ကြီးတိုက်ကြီးများ ခိုင်မြဲအောင် မြေ၌ အုတ်မြစ်ချ စိုက်ထူထားသကဲ့သို့ ဖြစ်ပေသည်။

သီလသိက္ခာပုဒ်ကို သူတစ်ပါးထံ မသွားဘဲ မိမိဘာသာ “ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ” ဟု ပါဠိလို ရွတ်ဆို၍ဖြစ်စေ၊ “သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏” ဟု မြန်မာလို ရွတ်ဆို၍ဖြစ်စေ ဆောက်တည်နိုင်သည်။ အလောင်းတော် ဇနကမင်းသားသည် ပင်လယ်ရေကြော၌ သင်္ဘောပျက်၍ မျောနေစဉ် ကိုယ့်ဘာသာကိုယ် သီလဆောက်တည်၍ ၇-ရက်ပတ်လုံး ဥပုသ်သီလ ဆောက်တည်ကြောင်း မဟာဇနကဇာတ်တော်၌ ဖော်ပြထားသည်။

ယခုခေတ်လူတို့ကား ဘုရားရှေ့၊ ရဟန်းသံဃာတော်များရှေ့၌ ဆောက်တည်မှ သီလရသည်ဟု ထင်နေကြ၏။ အမှန်မှာ မိမိဘာသာ အဓိဋ္ဌာန်ဆောက်တည်၍ စောင့်ရှောက်နိုင်လျှင်လည်း သီလရပါသည်။ သို့သော် သစ်ကျုတ်၏ သီလကဲ့သို့ မခိုင်ခံ့ ပျက်လွယ်တတ်သည်ဟု ဒီပဲယင်းဆရာတော်က မိန့်ကြားခဲ့သည်။

မြစ်ကမ်းငယ် ကျွန်းတစ်ခု၌ နေသော သစ်ကျုတ်သည် ညအခါ မြစ်ရေတိုးသဖြင့် ကျွန်းကို ရေဝိုင်း၍ အစာရှာမသွားနိုင်လတ်သော် “ယနေ့ ငါအစာငတ်တော့မည်၊ အချည်းအနှီး မရှိစေနှင့်တော့” ဟု အဓိဋ္ဌာန်ဥပုသ်စောင့်ပြီးလျှင် ဝပ်ကျင်းမှာ တည်ကြည်စွာ ဝပ်လေ၏။ ကျွန်းစောင့်နတ်က သိ၍ စမ်းလိုသောကြောင့် ဆိတ်ယောင်ဆောင် အသံပေးသော် မော်ကြည့်၍ ဆိတ်ကိုမြင်လျှင် “ယနေ့ ဥပုသ်ရှိစေတော့၊ နောက်မှ စောင့်တော့မည်” ဟု ဆိတ်ကို လိုက်ဖမ်း၏။ အတန်ပမ်း၍ ဆိတ်ကွယ်ပျောက်သော် ပြန်လာ၍ “ငါ၏ ဥပုသ်သည် မကျိုးသေး” ဟု စောင့်မြဲတိုင်း စောင့်ပြန်လေသည်။

ထို့ကြောင့် အလေးအမြတ်ပြုအပ်သော ဘုရားရှေ့၊ စေတီတော်၊ ရုပ်ပွားတော်ရှေ့၊ ရဟန်းသံဃာတော်များရှေ့၊ လေးစားအပ်သော လူများ၌ နှုတ်မြွက်၍ ဆောက်တည်ခြင်းက ထိုပုဂ္ဂိုလ်များအား ရိုသေလေးစား အလေးထားသဖြင့် သာ၍ ခိုင်မြဲနိုင်ပါသည်။

အလေးအမြတ်ပြုအပ်သော လူပုဂ္ဂိုလ်ထံ၌လည်း သီလခံယူကောင်းပါသည်။ ဘုရားရှင်လက်ထက်တော်က အနာထပိဏ်သူဌေး၏ စာရင်းငှား အလုပ်သမားများသည် အနာထပိဏ်သူဌေးထံ၌ သီလခံယူဆောက်တည်ကြသော ဝတ္ထုကို ထောက်၍ လူပုဂ္ဂိုလ်ထံ၌ သီလခံယူနိုင်ကြောင်း မှတ်သားရပါသည်။

စာမျက်နှာ-384


သိက္ခာပုဒ် တစ်ခုချင်း ဆောက်တည်ပုံ

“ပါဏာတိပါတံ ပရိဝဇ္ဇေမိ” စသည်ဖြင့် လည်းကောင်း၊ “ပါဏာတိပါတံ န ကရောမိ” စသည်ဖြင့် လည်းကောင်း၊ “ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ” စသည်ဖြင့် လည်းကောင်း ဆောက်တည်နိုင်ပါသည်။ (ခုဒ္ဒကပါဌပါဠိတော် အဋ္ဌကထာ၊ မဏိသာရမဉ္ဇူသာ)။ ပုဒ်အက္ခရာ ချို့ယွင်းသော်လည်း အနက်အဓိပ္ပါယ်ကို ဖြောင့်မှန်စွာ စိတ်ဖြင့် နှလုံးသွင်း ဆောက်တည်ခံယူလျှင် သမာဒါနဝိရတီ မြောက်ပါသည်။ အဋ္ဌသာလိနီ အဋ္ဌကထာ၌ နှုတ်မြွက်၍ ခံယူခြင်းငှါ မစွမ်းနိုင်သောသူသည် ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရမှ ရှောင်ကြဉ်ပါ၏ဟု သိက္ခာပုဒ်တို့ကို လက်ဖြင့် ညွှန်ပြ၍ ခံယူစေသောအခါ၌ ကုသိုလ်ကာယကံသည် ကာယဒွါရ၌ ဖြစ်သည်ဟု ဖော်ပြထား၏။ ပါဠိဘာသာဖြင့် ဆောက်တည်ခြင်းငှါ မစွမ်းနိုင်လျှင် အခြား ဘာသာစကား တစ်ခုခုဖြင့် ဆောက်တည်နိုင်သည်။

တပေါင်းတည်း ဆောက်တည်ပုံ

ပဉ္စ သိက္ခာပဒါနိ သမာဒိယာမိ။

အဋ္ဌ ဥပေါသထင်္ဂါနိ သမာဒိယာမိ။ (လယ်တီ)

ပဉ္စင်္ဂသမန္နာဂတံ သီလံ သမာဒိယာမိ။ (ဦးဗုဓ်)

တပေါင်းတည်း ဆောက်တည်ပါက တစ်ပါးပျက်လျှင် ကြွင်းသော သိက္ခာပုဒ်များပါ ပျက်၏။ အကြောင်းမှာ အင်္ဂါငါးပါးရှိသော သီလကို (အင်္ဂါရှစ်ပါးရှိသော သီလကို) ဆောက်တည်ပါ၏ဟု ဝန်ခံသည်နှင့်အညီ မတည်ယွင်းကွက် တစ်ပါးပါး ချို့တဲ့သဖြင့် ဝန်ခံဆောက်တည်ခြင်း ပျက်လေသောကြောင့် ဖြစ်သည်။ ယင်းသို့ တစ်ပါးပါး ပျက်လျှင် ကြွင်းသော သိက္ခာပုဒ်များ ပျက်သော်လည်း ကမ္မပထ (ကံမြောက်မှု) ငါးပါးလုံး ဖြစ်သည်မဟုတ်၊ လွန်ကျူးသော သိက္ခာပုဒ်၏ အကုသိုလ်အမှုသာ ကံမြောက်သည်။

အသီးသီး ဆောက်တည်လိုသော် သိက္ခာပုဒ် တစ်ခုချင်း နှုတ်မြွက်၍ ဆောက်တည်ရမည်။ အသီးသီး ဆောက်တည်သော ပုဂ္ဂိုလ်အား တစ်ပါးပျက်သော်လည်း ကြွင်းသော သိက္ခာပုဒ်များ မပျက်။ သို့ဖြစ်၍ လွန်ကျူးမိသော သိက္ခာပုဒ်ကို တစ်ဖန် ဆောက်တည်လျှင် အင်္ဂါငါးပါး၊ အင်္ဂါရှစ်ပါး စသည် ပြန်လည်ပြည့်စုံလေတော့သည်။

စာမျက်နှာ-385


ငါးပါးသီလ ဆောက်တည်ပုံ

(၁) ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(၂) အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(၃) ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(၄) မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(၅) သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

အနက်

(၁) ပါဏာတိပါတာ - သူတစ်ပါး၏ အသက်ကို သတ်ခြင်းမှ။ ဝေရမဏိ-သိက္ခာပဒံ - ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို။ သမာဒိယာမိ - ကောင်းစွာ ကျင့်သုံးခံယူ ဆောက်တည်ပါ၏။

(၂) အဒိန္နာဒါနာ - အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်သော သူ့ဥစ္စာကို ခိုးယူခြင်းမှ။ ဝေရမဏိ-သိက္ခာပဒံ - ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို။ သမာဒိယာမိ - ကောင်းစွာ ကျင့်သုံးခံယူ ဆောက်တည်ပါ၏။

(၃) ကာမေသုမိစ္ဆာစာရာ - ကာမဂုဏ်တို့၌ ကဲ့ရဲ့ထိုက်စွာ ယုတ်မာသော အကျင့်မှ။ ဝေရမဏိ-သိက္ခာပဒံ - ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို။ သမာဒိယာမိ - ကောင်းစွာ ကျင့်သုံးခံယူ ဆောက်တည်ပါ၏။

(၄) မုသာဝါဒါ - မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းမှ။ ဝေရမဏိ-သိက္ခာပဒံ - ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို။ သမာဒိယာမိ - ကောင်းစွာ ကျင့်သုံးခံယူ ဆောက်တည်ပါ၏။

(၅) သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ - မေ့လျော့ပေါ့ဆခြင်း၏ အကြောင်းစင်စစ် မူးယစ်စေတတ်သော သေရည်သေရက်ကို သောက်စားခြင်းမှ။ ဝေရမဏိ-သိက္ခာပဒံ - ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို။ သမာဒိယာမိ - ကောင်းစွာ ကျင့်သုံးခံယူ ဆောက်တည်ပါ၏။

ပါဏာတိပါတအဖွင့်

“သူတစ်ပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏” ဆိုရာ၌ သူတစ်ပါးအသက်ဟူသည် မိမိမှတစ်ပါး အားလုံးသော သက်ရှိသတ္တဝါများ၏ အသက်သည် သူတစ်ပါးအသက်ပင် ဖြစ်သည်၊ ထို့ကြောင့် လူ၏အသက်သာမက သက်ရှိ...

စာမျက်နှာ-386


သတ္တဝါများဖြစ်ကြသော ပိုး၊ ရွှေချပုန်း၊ ကြမ်းပိုး၊ သန်း၊ ဥခွံ၊ ယောက်သွား၊ ကျွဲ၊ နွား၊ တိရစ္ဆာန် စသည်တို့၏ အသက်ကို မသတ်ရပေ၊ သတ်လျှင် ပါဏာတိပါတဖြစ်၏။

ပါဏာတိပါတကံ၌ အောက်ဖော်ပြပါ အင်္ဂါ ၅-ပါး ရှိသည် —
(၁) သတ္တဝါလည်း မှန်ခြင်း၊
(၂) သတ္တဝါဟူသော အမှတ်ရှိခြင်း၊
(၃) သေစေလိုသော စိတ်ရှိခြင်း၊
(၄) လုံ့လလည်း ပြုခြင်း၊
(၅) သေလည်း သေခြင်း။ (ခုဒ္ဒက၊ ဋ္ဌ။ ၂၂)

ဤအင်္ဂါ ၅-ပါးနှင့် ညီလျှင် ပါဏာတိပါတ ကမ္မပထမြောက်လေသည်။ ကမ္မပထဆိုသည်မှာ အပါယ်သို့ ရောက်ဖို့ရန် လမ်းကြောင်းဖြစ်သောကံဟု ဆိုလိုသည်။ ပါဏာတိပါတ ကမ္မပထမြောက်လျှင် အပါယ်ဘုံ၌ ပဋိသန္ဓေအကျိုး ပေးနိုင်သော ဇနကသတ္တိ ဧကန်ရှိ၏။ ကမ္မပထမမြောက်လျှင် ပဋိသန္ဓေအကျိုးပေးရန် ကိန်းသေမဟုတ်ပေ။

အင်္ဂါ ၅-ပါးအနက် တစ်ခုခုချို့တဲ့လျှင်သော်လည်းကောင်း၊ သေစေလိုစိတ်မရှိခြင်း၊ လုံ့လပြုမှုမရှိခြင်း (ဥပမာ - လမ်းသွားရင်း နင်းမိ၍ ပိုးကောင်ငယ်များ သေရာ၌) ပါဏာတိပါတကံမထိုက်။ ရှေ့အင်္ဂါ ၄-ပါး စုံသော်လည်း နောက်ဆုံးအင်္ဂါဖြစ်သော သေဆုံးခြင်းဟူသော အင်္ဂါချို့တဲ့လျှင် ပါဏာတိပါတကံ မမြောက်ပါ။

အပြစ်ကြီးမှု အပြစ်ငယ်မှု

သတ္တဝါတို့၏ ကိုယ်ကာယ အကြီးအငယ်ကို လိုက်၍လည်းကောင်း၊ သတ္တဝါတို့၏ အကျင့်သီလ ဂုဏ်သိက္ခာကို လိုက်၍လည်းကောင်း အပြစ်အကြီးအငယ် ကွဲပြားသည်။

သတ္တဝါက ကိုယ်ခန္ဓာကြီးလျှင် လုံ့လပယောဂ စိုက်ထုတ်ရမှု များသောကြောင့် အပြစ်ကြီး၏၊ သေးလျှင် ပယောဂစိုက်ထုတ်ရမှု နည်းသောကြောင့် အပြစ်ငယ်၏။ ဥပမာ - ဆင်ကြီးသတ်လျှင် လုံ့လပယောဂ စိုက်ထုတ်ရမှု များ၏၊ ကြမ်းပိုးသတ်လျှင် လုံ့လပယောဂ အားထုတ်ရမှု မများပေ။ ထို့ကြောင့် အပြစ်အကြီးအသေး ကွာခြား၏။

စာမျက်နှာ-387


အကျင့်သီလ သိက္ခာဂုဏ်ရှိသောသူကို သတ်လျှင် ထိုသူ၏ အကျင့်သီလ သိက္ခာဂုဏ်ကြောင့် အပြစ်ကြီး၏။ ဥပမာ - ပုထုဇဉ်တစ်ယောက် သတ်မှုမှာ ရဟန္တာသတ်မှုလောက် သိပ်အပြစ်မကြီးသော်လည်း အကျင့်သီလနှင့် ပြည့်စုံပြီးဖြစ်သော ရဟန္တာကို သတ်လျှင် အလွန်အပြစ်ကြီး၏။ ပဉ္စာနန္တရိယကံ ထိုက်သည်။

ကံကြီးငါးပါး (ပဉ္စာနန္တရိယကံ)

သတ်ဖြတ်မှုနှင့် စပ်လျဉ်း၍ အသတ်ခံရသူ၏ သီလ၊ သမာဓိ စသော ဂုဏ်ကျေးဇူး ကြီးမားမှုကို အကြောင်းပြု၍ အလွန်ကြီးလေးသော အပြစ်ဖြစ်ရသည်။ ယင်းအပြစ်များကို ဂရုကံ (ကြီးလေးသောကံ)၊ ပဉ္စာနန္တရိယကံ ဟု ခေါ်ကြသည်။ (ပဉ္စ = ငါးပါး + အနန္တရ = အခြားမဲ့/နောက်ဘဝ၊ အနန္တရိယ = နောင်ဘဝ၌ သေချာပေါက် အဝီစိငရဲ ကျရောက်မည့်ကံ။)

ယင်း ကံကြီးငါးပါးမှာ —
(၁) မာတုဃာတက = အမိသတ်ကံ၊
(၂) ပိတုဃာတက = အဖသတ်ကံ၊
(၃) အရဟန္တဃာတက = ရဟန္တာသတ်ကံ၊
(၄) လောဟိတုပ္ပါဒက = မြတ်စွာဘုရားအား သွေးစိမ်းတည်အောင် ပြုသောကံ၊
(五) သံဃဘေဒက = သံဃာသင်းခွဲသောကံ။

မှတ်ချက်။ ။နောက်ဆုံးဖြစ်သည့် သံဃဘေဒကကံမှာ ပါဏာတိပါတကံ၌ အကျုံးမဝင်၊ ရှေ့ကံကြီး ၄-ပါးသာလျှင် ပါဏာတိပါတကံ အကျုံးဝင်၏။

ကိုယ်ကာယ အကောင်အထည်လည်း တူညီ၊ အကျင့်သီလ ဂုဏ်သိက္ခာချင်း တူနေလျှင် သတ်သောအခါ၌ လုံ့လပယောဂ စိုက်ထုတ်မှုကြီးက အပြစ်ကြီး၍ လုံ့လပယောဂနည်းက အပြစ်ငယ်ပေသည်။ လုံ့လပယောဂ စိုက်ထုတ်မှုနှင့် ပတ်သက်၍ ပယောဂ ၆-ပါး ရှိသည်။

(၁) သာဟတ္ထိကပယောဂ = ဓားဖြင့်ခုတ်၊ တုတ်ဖြင့်ရိုက် စသည်ဖြင့် ကိုယ်ထိလက်ရောက် သတ်ဖြတ်ပုတ်ခတ်မှု။

စာမျက်နှာ-388


(၂) အာဏတ္တိကပယောဂ = နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ်နိမိတ်ပြ၍ဖြစ်စေ အသတ်ခိုင်းမှု။

(၃) နိဿဂ္ဂိယပယောဂ = လေး၊ မြား၊ လက်နက်၊ သေနတ် စသည်ဖြင့် ပစ်ခတ်၍ သတ်ဖြတ်မှု။
(၄) ထာဝရပယောဂ = အမြဲထာဝရ တည်ရှိသော လမ်းခရီး၌ လာသမျှလူများ ကျသေအောင် တွင်းတူး၊ ညှောင့်ထောင်ထားမှု၊ သတ်ဖြတ်ရန် ဓား၊ လှံ၊ သေနတ် လက်နက်စသည်များကို လုပ်ကိုင်ထားမှု။
(၅) ဝိဇ္ဇာမယပယောဂ = အင်းအိုင်၊ ခါးလှည့်၊ လက်ဖွဲ့၊ မန္တန် စသည်များဖြင့် သူတစ်ပါးသေအောင် ဆောင်ရွက်ပြုလုပ်ထားမှု။

(၆) ဣဒ္ဓိမယပယောဂ = ကံကြောင့်ဖြစ်သော တန်ခိုးဖြင့် သတ်ဖြတ်မှု။

သီဟိုဠ်ကျွန်းတွင် ပိတုမင်း အမျက်ထွက်၍ မိမိအစွယ်ကို ခေါက်လိုက်ရုံမျှဖြင့် စူဠသုမနသူဌေး ချက်ချင်းသေခြင်း၊ ဝေဿဝဏ်နတ်မင်း (အရိယာမဖြစ်မီက) မျက်စောင်းထိုးလျှင် ဘီလူးများ သေကြရခြင်း၊ ဤသို့ အစွယ်ခေါက်မှု၊ မျက်စောင်းထိုးမှုများသည် ဣဒ္ဓိမယပယောဂမည်၏။ (သင်္ဂြိုဟ်ဘာသာဋီကာ။ ၃၈၅)။

အာဏတ္တိကပယောဂ၌ သတ်အပ်သောသူ (ဝတ္ထု)၊ သတ်ရာအချိန် (ကာလ)၊ သတ်ရာဒေသ (ဩကာသ)၊ သတ်ကြောင်းလက်နက် (အာဝုဓ)၊ သတ်ဆဲဣရိယာပုဒ် (ဣရိယာပထ)၊ သတ်ဟန်အမူအရာ (ကိရိယာဝိသေသ)၊ ဤခြောက်ပါးတို့ကို မှတ်၍ စေခိုင်းခဲ့သော် စေခိုင်းတိုင်းသတ်လျှင် ခိုင်းသောသူ ပါဏာတိပါတကံ မြောက်သည်၊ သတ်သောသူလည်း ပါဏာတိပါတကံ မြောက်သည်။ ထိုခြောက်ပါးကို မှတ်၍ စေခိုင်းသော် စေခိုင်းသည့်အတိုင်း မသတ်ဘဲ ချွတ်ယွင်းလျှင် သတ်သောသူသာ ပါဏာတိပါတဖြစ်၏၊ ခိုင်းသောသူမဖြစ်။ စေခိုင်းသည့်အခါ သတ်လိုသော စေတနာနှင့် ဒေါသသည်သာလျှင် ပဓာနဖြစ်၏။

ပါဏာတိပါတ၏ အထူးမှတ်ဖွယ်

သတ္တဝါအများကို တစ်ချက်တည်းဖြင့် အသေသတ်လျှင် ပါဏာတိပါတကံ တစ်ချက်မဟုတ်၊ ကိစ္စ၏အစွမ်းဖြင့် အများဖြစ်၏။ မဂ်ခဏ၌ သတိတစ်ခု၊ ဝီရိယတစ်ခုတည်းပင် ဖြစ်သော်လည်း ကိစ္စအစွမ်းဖြင့် သတိပဋ္ဌာန် ၄-ပါး၊ သမ္မပ္ပဓာန် ၄-ပါး ဖြစ်သကဲ့သို့ဟု သာရတ္ထဒီပနီဋီကာ (ဒုတွဲ။ ၂၆၆) ၌ ပြဆိုထား၏။

စာမျက်နှာ-389


ရည်မှန်း၍ သတ်ရာ၌ ရည်မှန်းသောပုဂ္ဂိုလ် မသေဘဲ မရည်ရွယ်သောပုဂ္ဂိုလ် သေလျှင် ပါဏာတိပါတကံ မထိုက်ပေ။ ဥပမာ - ကြက်နှစ်ကောင် အစာစားနေရာ လက်ဝဲကြက်ကို သတ်အံ့ဟု နှလုံးသွင်းပြီး တုတ်ဖြင့် ပစ်ရာ လက်ယာဘက်ကြက်သေ၏။ ပါဏာတိပါတကံ မထိုက်ဟု ကင်္ခါအဋ္ဌကထာ (၁၂၁) ၌ ပြဆိုသည်။ မရည်မှတ်ဘဲ သတ်၍ အမှတ်မရှိသောသူ သေလျှင် ပါဏာတိပါတကံ ဧကန်မုချထိုက်၏။

အမိအိပ်နေစဉ်၊ အဖအိပ်နေစဉ် မှောင်မဲမဲ၌ သိုးဟု ထင်မှတ်၍ အမိအဘကို သတ်မိအံ့၊ သေလျှင် အာနန္တရိယကံထိုက်၏။ မာတုဃာတကကံ၊ ပိတုဃာတကကံ ထိုက်ကြောင်း ပါရာဇိကဏ်အဋ္ဌကထာ (ဒုတွဲ၊ ၄၃) ၌ လာသည်။

တိရစ္ဆာန်ဖြစ်သော သားသည် လူဖြစ်သောအမိကို သတ်လျှင် မာတုဃာတကကံ မထိုက်ပေ။ လူသားဖြစ်သော အမိရင်းကို လူသားဖြစ်သောသူကသာ သေစေလိုသော စိတ်စေတနာဖြင့် သတ်မှ အာနန္တရိယကံ ဖြစ်သည်၊ မာတုဃာတကကံ ထိုက်၏ဟု ဝိနည်းမဟာဝါအဋ္ဌကထာ (၃၀၄) ၌ ပြ၏။

အမိ ဣတ္ထိလိင်မှ ပုလ္လင်ဖြစ်၍ နေစဉ် သတ်သော် အာနန္တရိယကံ ထိုက်၏။ ခန္ဓာအစဉ်ကို ဇီဝိတိန္ဒြေမှ ချခြင်းကြောင့် အသတ်ခံရသောသူသည် ဝေါဟာရအားဖြင့် မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ အာနန္တရိယကံမှ မလွတ်သောကြောင့် လိင်ပြန်သော်လည်း အာနန္တရိယကံထိုက်၏ဟု သာရတ္ထဒီပနီဋီကာ (ဒုတွဲ။ ၂၆၉) ၌ ပြဆိုလေသည်။

ပုထုဇဉ်အဖြစ်၌ ပုထုဇဉ်ပုဂ္ဂိုလ်ကို ပုတ်ခတ်၍လည်းကောင်း၊ အဆိပ်ပေး၍လည်းကောင်း သတ်ရာ ထိုပယောဂကြောင့် ထိုပုထုဇဉ်ပုဂ္ဂိုလ်သည် ရဟန္တာဖြစ်မှ သေအံ့၊ ထိုသတ်သော ပုဂ္ဂိုလ်သည် အရဟန္တဃာတကကံထိုက်၏ဟု သမ္မောဟဝိနောဒနီအဋ္ဌကထာ (၄၀၀) ၌ ပြလေသည်။

နတ်ရဟန္တာကို သတ်လျှင် အရဟန္တဃာတကကံ မထိုက်ပါ၊ အကြောင်းမှာ လူဇာတ်ဖြစ်သော ရဟန္တာကို သတ်မှသာလျှင် အရဟန္တဃာတကကံ ထိုက်သောကြောင့် ဖြစ်၏။ (ဝိနည်းမဟာဝါအဋ္ဌကထာ။ ၃၀၅)

တိရစ္ဆာန်သည် လူရဟန္တာကို သတ်လျှင် အရဟန္တဃာတကကံမထိုက်ချေ။ အကြောင်းမှာ လူသားဖြစ်သောသူက လူသားရဟန္တာကို သတ်မှသာလျှင် အရဟန္တဃာတကကံ ထိုက်၏။

စာမျက်နှာ-390


ပါဏာတိပါတ၏ အပြစ်များ

ပါဏာတိပါတကံကို လွန်ကျူးခြင်းကြောင့် အောက်ဖော်ပြပါ အပြစ်များ ခံစားရသည်။ ဆိုခဲ့ပြီးသော ပါဏာတိပါတကံတို့တွင် ပဉ္စာနန္တရိယကံဖြစ်သော —

မာတုဃာတကကံ (အမိစစ်သတ်ခြင်း)၊
ပိတုဃာတကကံ (အဘစစ်ကို သတ်ခြင်း)၊
အရဟန္တဃာတကကံ (ရဟန္တာစစ်ကို သတ်ခြင်း) —
ထို့ကြောင့် အဝီစိငရဲ၌ ခံစားရကြောင်း မူလဋီကာ၌ ဖော်ပြထားပါသည်။ [မြတ်စွာဘုရားမှာ ပရိနိဗ္ဗာန်စံတော်မူပြီး ဖြစ်၍ ယခုအခါ ဤကံ မထိုက်နိုင်ပါ၊ သံဃဘေဒကကံလည်း ဤသိက္ခာပုဒ်နှင့် မဆိုင်ပါ။ ရဟန်းသူတော်မြတ်ကို သတ်ခြင်းကြောင့် ကာလသုတ်ငရဲ၌ ခံစားရကြောင်း ပါဌဇာတ်တော်၌ ဖော်ပြထားပါသည်။]

မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် တောဒေယျပုဏ္ဏား၏ သားဖြစ်သော သုဘလုလင်က အသက်ရှည်မှု၊ အသက်တိုမှု အကြောင်း မေးလျှောက်ရာ မြတ်စွာဘုရားက သူတစ်ပါးအသက် သတ်လျှင် သေပြီးနောက် အပါယ်ငရဲကျတတ်ကြောင်း၊ အပါယ်ငရဲ မကျလျှင် အသက်တို၍ ရောဂါများတတ်ကြောင်း ဟောကြားတော်မူသည်။ ထို့အပြင် ဝဋ်လိုက်သောအားဖြင့် ဖြစ်လေရာ ဘဝတို့၌ အနာရောဂါများခြင်း၊ အင်္ဂါချို့တဲ့ခြင်း စသော အပြစ်များကို ခံစားရလေသည်။

သူတစ်ပါးအသက်ကို သတ်လျှင် ငရဲကျပြီးနောက် လူဖြစ်လာလျှင်လည်း အောက်ပါအပြစ်များကို ခံစားရလေသည် —
(၁) မျက်စိ၊ နား၊ နှာ၊ အင်္ဂါခြေလက် ချို့ယွင်းခြင်း၊
(၂) ဖြစ်ရာဘဝ၌ ရုပ်အဆင်းအသွင်အပြင် မွဲခြောက်၍ စိုစိုပြည်ပြည် မရှိခြင်း၊
(၃) အားအင်ချို့ယွင်းခြင်း၊
(၄) လျင်မြန်ဖျတ်လတ်မှု ကင်းဝေးခြင်း၊
(၅) ဘေးရန်ပေါ်ပေါက်လျှင် ကြောက်ရွံ့တတ်ခြင်း၊

စာမျက်နှာ-391


(၆) သူတစ်ပါးအသတ် ခံရတတ်ခြင်း၊ မိမိကိုယ်တိုင် အဆိပ်သောက်၊ ကြိုးဆွဲချ သေရတတ်ခြင်း၊

(၇) အနာရောဂါများတတ်ခြင်း၊
(၈) အခြွေအရံ ပျက်စီးတတ်ခြင်း၊

(၉) အသက်တိုတတ်ခြင်း - ဟူသော အပြစ်များကို ခံစားရတတ်လေသည်။

မှတ်ရန်လင်္ကာ

ပါဏာတိပါတ၊ သူ့အသက်သတ်က၊ ချို့တတ်အင်္ဂါ၊ မွဲပြာရုပ်သွင်၊ အားအင်ချို့ယွင်း၊ လျင်ခြင်းလည်းဝေး၊ ဘေးကိုကြောက်ဘတ်၊ အသတ်ခံရာ၊ အနာများလျက်၊ ခြွေရံပျက်၏၊ အသက်တိုလှ၊ ပြစ်များစွာ၏။

ပါဏာတိပါတ၊ စသည့်ငါးတန်၊ စောင့်ထိန်းမှန်လည်း၊ အပြန်ထိုမှ၊ ကောင်းကျိုးရဟု၊ သာရတ္ထသင်္ဂဟေ၊ ကျမ်းဆိုပေသည်၊ ငါးထွေသီလ၊ ကျိုးပြစ်တည်း။ (မဟာဝိသုဒ္ဓါရုံ ဆရာတော်)

သူတစ်ပါး၏ အသက်ကို မသတ်ခြင်းကြောင့် လူ့ပြည် နတ်ရွာ သုဂတိဘဝ ရောက်ရလေသည်၊ လူဖြစ်သောအခါတွင်လည်း အနာရောဂါကင်း၍ အသက်ရှည်ခြင်း စသည်နှင့် ပြည့်စုံရလေသည်။

ယင်းတို့မှာ — (၁) မျက်စိ၊ နား၊ နှာ၊ အင်္ဂါခြေလက် မချို့တဲ့ခြင်း၊
(၂) ဖြစ်ရာဘဝ၌ ရုပ်အသွင် ညှိုးခြောက်ခြင်းမရှိဘဲ စိုစိုပြည်ပြည်ရှိခြင်း၊
(၃) အားအင်ပြည့်ဖြိုးခြင်း၊
(၄) လျင်မြန်ဖျတ်လတ်ခြင်း၊
(၅) ဘေးရန်ပေါ်ပေါက်လျှင် ရဲရင့်ခြင်း၊
(၆) သူတစ်ပါး၏ လုံ့လပယောဂကြောင့် မသေခြင်း (ဥပစ္ဆေဒကကံမှ လွတ်ခြင်း)၊

စာမျက်နှာ-392


(၇) အနာရောဂါကင်းခြင်း၊
(၈) အခြွေအရံ ပြည့်စုံခြင်း၊ အသက်ရှည်ခြင်း - ဟူသော ကောင်းကျိုးများကို ခံစားရပါသည်။

ခုဒ္ဒကပါဌ-အဋ္ဌကထာ စာမျက်နှာ (၂၂) ၌မူ ပါဏာတိပါတမှ ရှောင်ကြဉ်ခြင်းအကျိုး ၂၃-မျိုးလာ၏၊ မရှောင်ကြဉ်လျှင် ၎င်းအပြစ်များကို ရရှိမည်ဖြစ်သည်။

အပြစ်များမှာ — (၁) ကိုယ်အင်္ဂါချို့တဲ့ခြင်း၊
(၂) ကိုယ်အင်္ဂါအချိုးအစား မကျခြင်း၊
(၃) နုန့်နှေးလေးဖင့်ခြင်း၊
(၄) ခြေဖဝါးလက်ဖဝါး မညီညွတ်ခြင်း၊
(၅) မလှပ မတင့်တယ်ခြင်း၊
(၆) အရောင်အဆင်းမပြောင်ဝင်းခြင်း၊
(၇) အသားအရေကြမ်းတမ်းခြင်း၊
(၈) ကြောက်ရွံ့ထိတ်လန့်ခြင်း၊
(၉) ခွန်အားဗလ နည်းပါးခြင်း၊
(၁၀) စကားပြေပြစ်စွာ မပြောတတ်ခြင်း၊
(၁၁) လူအများ မုန်းခြင်း၊
(၁၂) မိမိပရိသတ် အကြိမ်ကြိမ် ပျက်စီးခြင်း၊
(၁၃) ထိတ်လန့်တတ်ခြင်း၊
(၁၄) လက်နက်ဘေး၊ အဆိပ်ဘေး သင့်တတ်ခြင်း၊
(၁၅) သူတစ်ပါးပယောဂကြောင့် သေရတတ်ခြင်း၊
(၁၆) တွေဝေမိုက်မဲခြင်း၊

စာမျက်နှာ-393


(၁၇) ခြွေရံပရိသတ် နည်းပါးခြင်း၊

(၁၈) ရွံရှာဖွယ်သော ရုပ်အဆင်းရှိခြင်း၊
(၁၉) ကုန်းကော့သော ကိုယ်ရှိခြင်း၊
(၂၀) အနာရောဂါ များခြင်း၊
(၂၁) စိုးရိမ်ကြောင့်ကြမှု များခြင်း၊
(၂၂) ချစ်ခင်သော သားသမီးတို့နှင့် ကွေကွင်းရခြင်း၊

(၂၃) ဖြစ်လေရာ ဘဝ၌ အသက်တိုခြင်း - တို့ဖြစ်ပါသည်။

သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်လျှင် နတ်ရွာသုဂတိသို့ ရောက်ပြီး လူဖြစ်လျှင်လည်း ခုဒ္ဒကပါဌ အဋ္ဌကထာ စာမျက်နှာ (၂၃) ၌ ဖော်ပြထားသော အကျိုး ၂၃-မျိုး ကို ခံစားရတတ်ပါသည်။ ယင်းအကျိုးများမှာ —

(၁) အင်္ဂါကြီးငယ်နှင့် ပြည့်စုံခြင်း၊
(၂) အလုံးအရပ်အချိုးအစား ကျခြင်း၊
(၃) လျင်မြန်ဖျတ်လတ်ခြင်း၊
(၄) ညီညွတ်သော ခြေဖဝါးလက်ဖဝါး ရှိခြင်း၊
(၅) တင့်တယ်ပြေပြစ်ခြင်း၊
(၆) အသားအရေ နူးညံ့သိမ်မွေ့ခြင်း၊
(၇) စင်ကြယ်သန့်ရှင်းခြင်း၊
(၈) ရဲရင့်ခြင်း၊
(၉) ခွန်အားဗလကြီးခြင်း၊
(၁၀) စကားပြေပြစ်ချောမောခြင်း၊
(၁၁) လူအများ ချစ်ခင်မြတ်နိုးခြင်း၊
(၁၂) မိမိပရိသတ် မပျက်စီးဘဲ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ရှိခြင်း၊
(၁၃) ကြောက်ရွံ့ခြင်း ကင်းခြင်း၊
(၁၄) အဆိပ်အတောက် မသင့်နိုင်ခြင်း၊
(၁၅) သူတစ်ပါး လုံ့လပယောဂကြောင့် မသေရခြင်း၊
(၁၆) တွေဝေမိန်းမောမှု မရှိခြင်း၊
(၁၇) အခြံအရံ ပရိသတ်များခြင်း၊
(၁၈) အဆင်းလှခြင်း၊
(၁၉) ကောင်းသော ရုပ်ရည် သဏ္ဌာန်ရှိခြင်း၊

စာမျက်နှာ-394


(၂၀) အနာရောဂါ ကင်းခြင်း၊

(၂၁) စိုးရိမ်ကြောင့်ကြမှု မရှိခြင်း၊
(၂၂) ချစ်ခင်မြတ်နိုးသူများနှင့် အတူနေရခြင်း၊

(၂၃) အသက်ရှည်ခြင်း - ဟူသော အကျိုးများကို ခံစားရပါသည်။

မိဖုရားမလ္လိကာ

မြတ်စွာဘုရား၏ ကျောင်းဒါယိကာမဖြစ်သော ကောသလမင်းကြီး၏ မိဖုရား မလ္လိကာအလောင်းသည် ရှေးအခါက သတို့သမီးဖြစ်၍ မိတ်ဆွေဧည့်သည်အတွက် ချက်ပြုတ်ကျွေးရန် ဟင်းလျာမရှိသောကြောင့် အိမ်မှာရှိသော ဆိတ်မကလေးကို လည်လှီးသတ်၍ ချက်ပြုတ်ကျွေးခဲ့၏။ ထိုမကောင်းမှု ပါဏာတိပါတကံကြောင့် သေသောအခါ အဝီစိငရဲ၌ ဆိတ်မွေးအရေအတွက်နှင့်အမျှ နှစ်ပေါင်းများစွာ ခံစားရ၏။ ငရဲမှ လွတ်သောအခါ၌လည်း ဘဝပေါင်းများစွာ သူတစ်ပါးက လည်ချောင်းကို နင်း၍ အသတ်ခံခဲ့ရသည်။

စုန္ဒဝက်သတ်သမား

မြတ်စွာဘုရားရှင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် စုန္ဒမည်သောသူသည် ဝက်များကို မွေးမြူသတ်ဖြတ်၍ အသက်မွေး၏။ တစ်နေ့တွင် စုန္ဒဝက်သတ်သမားသည် အနာရောဂါဖြစ်ပြီး အသက်ရှင်စဉ်ပင် အဝီစိငရဲမီး အလောင်ခံရ၍ ဝက်ကဲ့သို့ အိမ်တွင် လှည့်လည်အော်မြည်နေရလေ၏။ ၇-ရက်မြောက်သောနေ့တွင် သေ၍ အဝီစိငရဲ၌ ခံစားရလေသည်။

နွားသတ်သမား

နွားသတ်သမားလည်း ငါးဆယ့်ငါးနှစ်တို့ပတ်လုံး နွားတို့ကို သတ်၍ အသက်မွေး၏။ သေသည်၏ အခြားမဲ့၌ မဟာအဝီစိငရဲသို့ ကျရောက်လေသည်။

ဓမ္မဒိန္နာ

ဓမ္မဒိန္နာသည် ဗာရာဏသီပြည်၌ သူဆင်းရဲမဖြစ်၍ ဧည့်သည်ကျွေးမွေးရန် ဆိတ်မ၏လည်ကို လှီး၍ ကျွေးမွေးလေသည်။ သေသည်၏ အခြားမဲ့၌ အဝီစိ၌ များစွာခံရပြီးမှ လည်ချောင်းကို နင်း၍ အသတ်ခံရသော ဆိတ်မ၏အဖြစ်ဖြင့် ဆိတ်မွှေးနှင့်အမျှ ခံရလေသည်။

စာမျက်နှာ-395


ပုတိဂတ္တထေရ်
ပုတိဂတ္တမထေရ်သည် ငှက်မုဆိုးဖြစ်ခဲ့ဖူး၍ ငရဲ၌ ဆင်းရဲများစွာကို ခံစားပြီးလျှင် နောက်ဆုံးဘဝ၌ အရိုးအဆစ်ကျိုးပဲ့သည့် ဝေဒနာနှင့်တကွ နိဗ္ဗာန်ဝင်ရလေသည်။

မဏ္ဍဗျရသေ့

မဏ္ဍဗျရသေ့သည် လက်သမားဖြစ်စဉ်အခါက သစ်သားချောင်းဖြင့် ယင်ငယ်တို့ကို ထိုးသတ်ဖူးသောကြောင့် ငရဲ၌ ဆင်းရဲများစွာ ခံစားရပြီး ရသေ့ဘဝ၌ တံကျင်လျှိုခံရလေသည်။

အဘသတ်သော အဇာတသတ်မင်း

သောတာပန်တည်ပြီး၍ တရားသဖြင့် မင်းပြုသော ကျေးဇူးရှင် ခမည်းတော် ဗိမ္ဗိသာရမင်းကို သတ်မိသောကြောင့် အဇာတသတ်မင်းသည် မဂ်ဖိုလ်ရထိုက်သော ကံပါသော်လည်း မဂ်ဖိုလ်မရဘဲ ငရဲသို့ ကျရသည်။ ခမည်းတော်အား ပြစ်မှားမိသော အပြစ်ကိုဖော်ပြ၍ မြတ်စွာဘုရားအား ကန်တော့သောကြောင့်သာ အဝီစိငရဲ၌ မကျခံရဘဲ လောဟကုမ္ဘီငရဲ၌ အနှစ်ခြောက်သောင်း ခံရလေသည်။

ဒေဝဒတ်

ဒေဝဒတ်သည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်ပေါ်မှ ကျောက်ယန္တရားဆင်၍ ကျောက်တုံးလှိမ့်ချခြင်းဖြင့် မြတ်စွာဘုရားအား သွေးစိမ်းတည်အောင် ပြုသောကြောင့် အဝီစိငရဲ၌ ခံစားရလေသည်။

နာဠိကေရမင်း

ကလိင်္ဂတိုင်း နာဠိကေရမင်းသည် ရသေ့ငါးရာတို့ထံ တရားနာရာ ရသေ့ကြီးက သူ့အသက်ကို မသတ်ကောင်း၊ သတ်လျှင် ငရဲခံရတတ်သည်၊ အသက်တိုရသည် စသည်ဖြင့် ငါးပါးသီလ မလုံခြင်း၌ အပြစ်ကိုပြ၍ ဟောလေရာ ရသေ့တို့သည် ငါ့ကို စောင်းချိတ်၍ တရားဟောသည်ဟု ရန်ငြိုးဖွဲ့၏။ ဆွမ်းစားပင့်ဖိတ်ပြီး ရသေ့တို့ ကြွလာသောအခါ မစင်တို့ကို ရွှေခွက်တွင်ထား၍ စားပါသောက်ပါ ဟု ဆိုရာ ရသေ့တို့ စက်ဆုပ်၍ ပြန်သော် ခွေးတို့ဖြင့် ကိုက်စေ၍ မင်းချင်းတို့အား ရှားနှစ်တုတ်တို့ဖြင့် အသေရိုက်နှက်စေ၏။ ဤသို့ ပြစ်မှားသည့်အတွက် လက်နက်မိုးရွာ၍ တစ်တိုင်းတစ်ပြည်လုံး သေကြေပျက်စီးကြလေသည်။ (ပရမတ္ထစက္ခု။ ၂၄၄)။

စာမျက်နှာ-396


ရှင်မောဂ္ဂလ္လာန်

ရှင်မောဂ္ဂလ္လာန်သည် ရှေးက အမိအဘကို သတ်ခဲ့ဖူးသော အကုသိုလ်ကံကြောင့် ခိုးသားငါးရာ၏ လက်ချက်ဖြင့် ပရိနိဗ္ဗာန်စံရသည်မှာ ပါဏာတိပါတကံ၏ အကျိုးဖြစ်လေသည်။

ကလာဗုမင်း

ကလာဗုမင်းသည် အရက်မူး၍ မောင်းမတစ်ဦး၏ ရင်ခွင်၌ အိပ်ပျော်နေစဉ် ကချေသည် ရံရွေဖော်များက ကုဏ္ဍလကုမာရ ရသေ့ထံ တရားနာယူနေကြသည်။ နိုးလာသောအခါ အမျက်ဒေါသ ခြောင်းခြောင်းထွက်၍ ရသေ့ကလေးကို အာဏာပါးကွက်သားတို့အား အမျိုးမျိုး နှိပ်စက်စေသည်။ ရသေ့ကလေးသည် ခန္တီတရား လက်ကိုင်ထား၍ ပြန်၍ အမျက်မထွက်။ ထိုအကုသိုလ်ကံကြောင့် ထိုနေ့မှာပင် မြေမျို၍ အဝီစိငရဲကျလေသည်။ (ဇာ ဋ္ဌ၊ ၃။ ၃၇-၄၀)။

ပါဏာတိပါတမှ ရှောင်ကြဉ်ခြင်း၏ အကျိုး

သီဟိုဠ်ကျွန်း၌ စက္ကနဥပါသကာသည် ငယ်ရွယ်စဉ်က မကျန်းမမာသော မိခင်အတွက် လတ်ဆတ်သော ယုန်သားဓာတ်စာ ကျသောကြောင့် လယ်တောသို့ သွားရာ ကောက်နုကို စားရန်လာသော ယုန်ငယ်ကို အဆင်သင့် ဖမ်းမိ၍ သတ်တော့မည်ဟု ကြံပြီးမှ ပါဏာတိပါတအပြစ်ကို သတိရသဖြင့် မသတ်ဘဲ လွှတ်လိုက်သည်။ အိမ်သို့ရောက်လျှင် မိခင်ထံမှောက်၌ “ကျွန်ုပ်သည် နားလည်သော အရွယ်မှစ၍ သူတစ်ပါးအသက်ကို မသတ်ဖူးပါ” ဟု သစ္စာဆိုသဖြင့် မိခင်ရောဂါ ပျောက်ကင်းခဲ့လေသည်။ ပါဏာတိပါတမှ ရှောင်ကြဉ်ခြင်း၏ အကျိုးဖြစ်လေသည်။ (အဘိ၊ ဋ္ဌ၊ ၁။ ၁၄၆)။

ရှေးအခါက ဥပါသကာတစ်ယောက်သည် သီလဆောက်တည်ပြီး၍ လယ်ထွန်ပြီးနောက် ပျောက်သောနွားတို့ကို ရှာစဉ် ဥတ္တရဝဍ္ဎမာနတောင်ပေါ် စပါးကြီးမြွေက ရစ်ပတ်လေသော် လက်၌ပါသော ပဲက္ခပ်ဖြင့် ခုတ်သတ်ရန် ကြံပြီးမှ ဆောက်တည်ခဲ့သော သီလကို သတိရ၍ ပဲက္ခပ်ကို လွှင့်ပစ်လေသည်။ သီလတန်ခိုးကြောင့် မြွေလည်း လွှတ်သွားလေသည်။ (အဘိ၊ ဋ္ဌ၊ ၁။ ၁၄၆)။

ရှေးအခါက ဝိပဿီမြတ်စွာဘုရား လက်ထက် ဗန္ဓုမတီပြည်၌ သူတစ်ပါး၏ အစေခံကျွန်မ အမျိုးသမီးတစ်ယောက်သည် တစ်ကြိမ်တစ်ခါ ဥပုသ်သီလကို ခံယူဆောက်တည်ခဲ့ဖူးသော ကုသိုလ်ကံကြောင့် သိကြားမင်းအဖြစ် (၆၄) ကြိမ်၊

စာမျက်နှာ-397


ကိုယ်သားကိုယ်ရေ ရွှေအဆင်းနှင့် ပြည့်စုံခြင်း၊ ဘဝဆက်တိုင်း အတုဖက်ကင်း၍ စည်းစိမ်ချမ်းသာကို ခံစားရပြီး ဂေါတမဘုရားရှင် လက်ထက်တော်၌ သာဝတ္ထိပြည် သူဌေးတစ်ဦး၏ သမီးဖြစ်၍ အရွယ်ရောက်သော် သမ္မာဝါသကိစ္စမှ ရှောင်ကြဉ်၍ ဘုရားရှင် သာသနာတော်၌ ရဟန်းပြုကာ ရဟန္တာဖြစ်၍ ဓာတုပေါသထ ဘိက္ခုနီ ဟု ထင်ရှားလေသည်။

အဒိန္နာဒါနအဖွင့်

“သူတစ်ပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏” ဆိုရာ၌ သူတစ်ပါးဟူသည် မိမိမှတစ်ပါး အခြားသော လူ၊ နတ်၊ တိရစ္ဆာန် ဟူသမျှကို သူတစ်ပါးဟု ဆိုပါသည်။ ထိုသူတစ်ပါးတို့က ကိုယ်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ မပေးအပ်သော ဥစ္စာကို ခိုးယူခြင်း၊ ဓားပြတိုက်ယူခြင်း၊ လိမ်ညာခြင်း၊ လှည့်ပတ်ယူခြင်း၊ အရောင်းအဝယ် ပြုလုပ်ရာ၌ အလေး၊ တင်း၊ တောင်း၊ ချိန် စသည်တို့ကို မမှန်မကန်ပြုခြင်း၊ ရောင်းကုန်တိုးအောင် ရေထိုးခြင်း စသော မရိုးမသား ပြုလုပ်ယူခြင်းမှန်သမျှ အဒိန္နာဒါနချည်းဖြစ်သည်။ ဝိနည်းတော်အလိုအားဖြင့် တိရစ္ဆာန်၏ ဥစ္စာကိုယူရာ၌ အာပတ်မသင့်သော်လည်း အဘိဓမ္မာသဘော၊ သုတ္တန်သဘောအားဖြင့် အဒိန္နာဒါနပင် ဖြစ်၏။

အဒိန္နာဒါနကံ၌ အောက်ဖော်ပြပါ အင်္ဂါ ၅-ပါး ရှိသည် —
(၁) သူတစ်ပါး၏ ဥစ္စာဖြစ်ခြင်း၊
(၂) သူတစ်ပါးဥစ္စာဟု သိခြင်း၊
(၃) ခိုးယူလိုသော စိတ်ရှိခြင်း၊
(၄) ခိုးယူကြောင်းဖြစ်သော ကိုယ်မှု၊ နှုတ်မှု လုံ့လ တစ်ခုခုကို ပြုခြင်း၊
(၅) ခိုးယူခြင်း။ (ခုဒ္ဒက၊ ဋ္ဌ။ ၂၁။ အဋ္ဌသာလိနီ အဋ္ဌကထာ။ ၁၄၁)

ဖော်ပြပါ အင်္ဂါ ၅-ပါးစုံလျှင် အဒိန္နာဒါနကံ အထမြောက်၏၊ သိက္ခာပုဒ် ပျက်၏။ ကံမြောက်လျှင် အပါယ်ဘုံ၌ ပဋိသန္ဓေအကျိုးပေးနိုင်သော (ဇနက) သတ္တိ ဧကန်ရှိ၏။ ကံမမြောက်လျှင် ပဋိသန္ဓေအကျိုးပေးရန် ကိန်းသေမဟုတ်ပေ။ ဤအင်္ဂါ ၅-ပါး မညီညွတ်ပါက ကံမမြောက်ပါ။

စာမျက်နှာ-398


အဒိန္နာဒါန၌ လုံ့လပြုမှုပယောဂမှာ ပါဏာတိပါတ၌ ပြခဲ့သော ၆-မျိုးပင် ဖြစ်၏။

(၁) သာဟတ္ထိကပယောဂ = ကိုယ်တိုင် ခိုးယူခြင်း။
(၂) အာဏတ္တိကပယောဂ = သူတစ်ပါးကို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ အခိုးခိုင်းခြင်း။
(၃) နိဿဂ္ဂိယပယောဂ = သွင်းကုန်ထုတ်ကုန်ကို အကောက်ခွန်ကင်းကျော်လွန်စေရန် လွှင့်ပစ်၍ ခိုးယူခြင်း။
(၄) ထာဝရပယောဂ = ပစ္စည်းကို ပုံမပျက် အနေအထားမပျက်စေဘဲ ခိုးခြင်း။ (ဥပမာ - ထောပတ်၊ ဆီအိုး စသည်တို့၌ ပုဆိုး၊ ဂွမ်း စသည်ချ၍ ခိုးခြင်း)။
(၅) ဝိဇ္ဇာမယပယောဂ = အင်းအိုင်၊ ခါးလှည့်၊ လက်ဖွဲ့၊ မန္တန်စုပ်၍ ခိုးယူခြင်း။
(၆) ဣဒ္ဓိမယပယောဂ = တန်ခိုးဖြင့် ခိုးယူခြင်း တို့ဖြစ်ပါသည်။ ဤပယောဂ ၆-မျိုးတွင် တစ်မျိုးမျိုးဖြင့် ယူသော် ကံမြောက်၏။

ခိုးခြင်း ၂၅-ပါး

အဒိန္နာဒါနကို ဝိနည်းပါဠိတော်နှင့် အဋ္ဌကထာကျမ်းများ၌ ခိုးယူသည့် ပစ္စည်း၊ အချိန်ကာလ၊ နေရာဒေသ၊ အခြေအနေနှင့် ခိုးပုံခိုးနည်းများအရ ခိုးခြင်း ၂၅-ပါးကို ခွဲခြားရေတွက် ဖော်ပြထားသည်ကို အောက်ပါအတိုင်း မှတ်သားနိုင်သည်။

၁။ မတရားအမှုဆင်၍ ရယူခြင်း (အဒီယန)

သူတစ်ပါးပိုင်သော တိုက်တာ၊ အိမ်မြေ၊ ခြံမြေ၊ လယ်ယာ၊ ဥယျာဉ်၊ ဈေးဆိုင်၊ ရွှေငွေ စသော (သက်မဲ့) ပစ္စည်းများကို မတရားအမှုဆင်၍ တရားစွဲပြီး ရယူခြင်း။ တရားရုံးက ပိုင်ရှင်မဟုတ်သူကို ပိုင်ရှင်အဖြစ်ဖြင့် အနိုင်ပေး၍ ဆုံးဖြတ်သောအခါ ပိုင်ရှင်က လက်လျှော့လျှင် ခိုးမှုမြောက်၏။ ပိုင်ရှင်က လက်မလျှော့ဘဲ အယူခံတက်နေသေးလျှင် ခိုးမှုမမြောက်သေး၊ အယူခံမှုပြီးဆုံး၍ ပိုင်ရှင်လက်လျှော့လျှင် ခိုးမှုမြောက်၏။

စာမျက်နှာ-399


၂။ ကိုယ်တိုင်သယ်ယူနေစဉ် ခိုးခြင်း (ဟရဏ)

သူတစ်ပါးပိုင် (သက်မဲ့) ပစ္စည်းကို ကိုယ်တိုင် သယ်ယူပို့ဆောင်မှု ပြုသောအခါ ပိုင်ရှင်ထံသို့ ရောက်အောင် မပို့ဘဲ လမ်းခရီး၌ ခိုးယူခြင်း။ ဤသို့ ခိုးယူရာ၌ ခိုးလိုသောစိတ်ဖြင့် မိမိသယ်ဆောင်လာသော ပစ္စည်းကို နေရာရွှေ့ပြောင်းလျှင် (ဥပမာ - ခေါင်းဖြင့် ရွက်လာခဲ့သော ပစ္စည်းကို ခိုးလိုစိတ်ဖြင့် ပခုံးပေါ်သို့ ပြောင်းရွှေ့လျှင်၊ သို့မဟုတ် အမှန်သွားရောက်ရမည့် လမ်းကြောင်းမှ ဖဲခွာ၍ လမ်းကြောင်းပြောင်းသွားခဲ့လျှင်) ဒုတိယခြေလှမ်း၌ ခိုးမှုမြောက်၏။

၃။ ငြင်းကွယ်၍ ခိုးခြင်း (အဝဟရဏ)

မိမိထံ ယုံကြည်သဖြင့် အပ်နှံထားသော (သက်မဲ့) ပစ္စည်း၊ မိမိက ချေးငှားယူငင်ထားသော ပစ္စည်းကို ပိုင်ရှင်က ပြန်လည်တောင်းခံသည့်အခါ ပြန်မပေးလိုသဖြင့် မသိဘူး၊ မရှိဘူး ဟု ငြင်းကွယ်ခြင်း။ ဤသို့ ငြင်းကွယ်၍ ခိုးရာ၌ ပိုင်ရှင်ဖြစ်သူက သူ့ပစ္စည်းဆုံးပါပြီဟု လက်လျှော့သည့်အချိန်၌ (ဝန်ချသည့်အချိန်၌) ခိုးမှုမြောက်သည်။

၄။ သယ်ဆောင်သူကို လမ်းကြောင်းပြောင်းစေခြင်း (ဣရိယာပထဝိကောပန)

ခိုးသူသည် သူတစ်ပါးပိုင် (သက်မဲ့) ပစ္စည်းကို သယ်ဆောင်လာသည့် လူတစ်ဦးကို ဖြားယောင်းသွေးဆောင်၍ဖြစ်စေ၊ ခြိမ်းခြောက်၍ဖြစ်စေ၊ အခြားတစ်နည်းနည်းနှင့်ဖြစ်စေ ပိုင်ရှင်ထံသို့ မပို့စေဘဲ အခြားတစ်နေရာသို့ အပို့ခိုင်းသည်။ ထိုသို့ ခိုင်းသည့်အတိုင်း ပစ္စည်းသယ်ဆောင်သူသည် အမှန်သွားရောက်ရမည့် လမ်းကြောင်းမှ ပြောင်းလွှဲ၍ အခြားလမ်းကြောင်းသို့ သွားလျှင် ဒုတိယခြေလှမ်း၌ ခိုးမှုမြောက်၏။

၅။ နေရာရွှေ့ပြောင်း၍ ခိုးခြင်း (ဌာနာစာဝန)

ခိုးလိုသောစိတ်ဖြင့် ရွှေ၊ ငွေ၊ ဆန်စပါး အစရှိသော သူတစ်ပါးပိုင် (သက်မဲ့) ပစ္စည်းတစ်စုံတစ်ခုကို ပိုင်ရှင်ထားသည့်နေရာမှ ဆံခြည်တစ်ပင်စာမျှ ရွှေ့လျားအောင် ပြုလုပ်လျှင် ခိုးမှုအထမြောက်သည်။ ထို့ကြောင့် ရဟန်းတော်များအား သူတစ်ပါးပိုင် ပစ္စည်းတစ်စုံတစ်ခုကို အမှတ်တမဲ့ ကောက်ယူ ကိုင်တွယ်ကြည့်ရှုခြင်း မပြုလုပ်ရန် ဝိနယဂရုက ဆရာတော်ကြီးများက ဆုံးမတော်မူကြသည်။ မူလက ရိုးသားသောစိတ်ဖြင့် ကိုင်တွယ်ကြည့်ရှုနေစဉ် လိုချင်တပ်မက်သောစိတ် ဖြစ်ပေါ်လာ၍ မရိုးသားသောစိတ်ဖြင့် ပစ္စည်းကိုင်ထားသောနေရာမှ လှုပ်ရှားရွှေ့ပြောင်းမိပါက ထိုရဟန်းကိုယ်တိုင် မသိလိုက်ရဘဲ ပါရာဇိကကျသွားတတ်သည်။ ထို့ကြောင့် ဒုတိယပါရာဇိကသိက္ခာပုဒ်တော်သည် အလွန်နူးညံ့သိမ်မွေ့ကြောင်း၊

စာမျက်နှာ-400


ပါရာဇိကကျမှန်းမသိ ကျတတ်ကြောင်း ရှေးဆရာစဉ်ဆက် မိန့်တော်မူခဲ့သည်။

မှတ်ချက်။ ။နံပါတ် ၁-မှ နံပါတ် ၅-အထိ ခိုးခြင်းငါးပါးနှင့် နံပါတ် ၆-မှ နံပါတ် ၁၀-အထိ ခိုးခြင်းငါးပါးသည် တူညီကြ၍ သက်မဲ့ပစ္စည်းနှင့် သက်ရှိပစ္စည်းအဖြစ်သာ ကွာခြားမှု ရှိသည်။

၆။ မတရားအမှုဆင်၍ ရယူခြင်း (အာဒီယန)

သူတစ်ပါးပိုင် ဆင်၊ မြင်း၊ ကျွဲ၊ နွား အစရှိသော (သက်ရှိ) ပစ္စည်းများကို မတရားအမှုဆင်၍ တရားစွဲပြီး ရယူခြင်း။ တရားရုံးက ပိုင်ရှင်မဟုတ်သူကို ပိုင်ရှင်အဖြစ်ဖြင့် အနိုင်ပေး၍ ဆုံးဖြတ်သည့်အခါ ပိုင်ရှင်က လက်လျှော့လျှင် ခိုးမှုမြောက်သည်။ (အထက်အပိုဒ် ၁ နှင့်တူသည်)။

၇။ ကိုယ်တိုင် သယ်ယူနေစဉ် ခိုးခြင်း (ဟရဏ)

သူတစ်ပါးပိုင် ကျွဲ၊ နွား အစရှိသော (သက်ရှိ) ပစ္စည်းတို့ကို ကိုယ်တိုင် သယ်ယူပို့ဆောင်မှု ပြုသောအခါ ပိုင်ရှင်ထံသို့ ရောက်အောင် မပို့ဘဲ လမ်းခရီး၌ ခိုးယူခြင်း။ ဤသို့ ခိုးယူရာ၌ ခိုးယူသည့် တိရစ္ဆာန်ကို အမှန်သွားရမည့် လမ်းကြောင်းမှ ပြောင်းရွှေ့သွားစေခဲ့လျှင်၊ သို့မဟုတ် ထမ်းသယ်ဆောင်လာခဲ့သော ကြက်၊ ငှက် စသည်ကို မူလနေရာမှ ရွှေ့ပြောင်းလျှင် ခိုးမှုမြောက်သည်။

၈။ ငြင်းကွယ်၍ ခိုးခြင်း (အဝဟရဏ)

မိမိအား ယုံကြည်သဖြင့် အပ်နှံထားသော၊ သို့မဟုတ် ငှားရမ်းထားသော ကျွဲ၊ နွား၊ ကြက်၊ ဝက် စသော (သက်ရှိ) ပစ္စည်းများကို ပိုင်ရှင်က ပြန်လည်တောင်းခံသည့်အခါ ငြင်းကွယ်၍ ခိုးခြင်း။ ဤသို့ ခိုးရာ၌ ပိုင်ရှင်က သူ့ပစ္စည်းဆုံးပါပြီဟု လက်လျှော့သည့်အချိန်၌ (ဝန်ချသည့်အချိန်၌) ခိုးမှုမြောက်သည်။

၉။ သယ်ဆောင်သူကို လမ်းကြောင်းပြောင်းစေ၍ ခိုးခြင်း

သူတစ်ပါးပိုင် ကျွဲ၊ နွား စသော (သက်ရှိ) ပစ္စည်းကို သယ်ဆောင်လာသည့် လူကို ဖြားယောင်း၊ သွေးဆောင်၊ ခြိမ်းခြောက်၍ ပိုင်ရှင်ထံသို့ မပို့စေဘဲ မိမိအလိုရှိရာသို့ သယ်ဆောင်ခိုင်းခြင်း။ ထိုသို့ ခိုင်းသည့်အတိုင်း တိရစ္ဆာန်...