ဗုဒ္ဓဘာသာလက်စွဲကျမ်း ပထမတွဲ-ဒု
စာမျက်နှာ-401
သယ်ဆောင်လာသူသည် အမှန်သွားရောက်မည့် လမ်းကြောင်းမှ ပြောင်းလဲ၍ အခြားလမ်းကြောင်းသို့ သွားလျှင် ဒုတိယခြေလှမ်း၌ ခိုးမှုမြောက်သည်။ (ဣရိယာပထဝိကောပန)
၁၀။ နေရာရွှေ့ပြောင်း၍ ခိုးခြင်း (ဌာနာစာဝန) ကျွဲ၊ နွား၊ ကြက်၊ ဝက် စသော (သက်ရှိ) သတ္တဝါတို့ကို ခိုးယူလိုသောစိတ်ဖြင့် ပိုင်ရှင်ထားသည့် နေရာမှ ရွှေ့ပြောင်းယူဆောင်၍ ခိုးခြင်း။ ပိုင်ရှင်ထားရှိသည့် နေရာမှ ရွှေ့သည်နှင့် တစ်ပြိုင်နက် ခိုးမှုမြောက်သည်။
မှတ်ချက်။ ။နံပါတ် ၁-မှ ၁၀-အထိ ခိုးခြင်း ၁၀-ပါးမှာ ခိုးသည့်ပစ္စည်း၏ အနေအထားကို ပြဆိုခြင်း ဖြစ်သည်။
၁၁။ ကိုယ်တိုင် ခိုးခြင်း (သာဟတ္ထိက) သူတစ်ပါးကို မခိုင်းစေဘဲ ကိုယ်တိုင်ကိုယ်ကျ ခိုးယူခြင်း၊ ကိုယ်တိုင်ကိုယ်ကျ ဓားပြတိုက်ခြင်း၊ လုယက်ခြင်း။ ပစ္စည်းကိုယူရန် လှမ်းကိုင်လျှင် ထိုပစ္စည်းသည် မူလနေရာမှ ရွှေ့လျှင် ခိုးမှုမြောက်၏။
၁၂။ သူတစ်ပါးအား ခိုးစေခြင်း (အာဏတ္တိက) ကိုယ်တိုင်မခိုးဘဲ သူတစ်ပါးကို အခိုးခိုင်းခြင်း၊ လုယက်ခိုင်းခြင်း၊ ခိုးရာပါပစ္စည်းမှန်းသိလျက် လက်ခံခြင်း၊ သူခိုးနှင့် ခါးပိုက်နှိုက်များကို သိလျက် သဘောတူ လက်ခံထားရှိခြင်း၊ ဓားပြမွေးထားခြင်း။ သူတစ်ပါးကို အခိုးခိုင်းရာ၌ အခိုင်းခံရသော ပုဂ္ဂိုလ်က ထိုပစ္စည်းကို ခိုးလျှင် နှစ်ဦးလုံး ခိုးရာရောက်၏။
၁၃။ ကိုယ်လွတ်လက်လွတ် ခိုးခြင်း (နိဿဂ္ဂိယ) (ကိုယ်နှင့် ကင်းလွတ်အောင် ပြု၍ ခိုးခြင်း) ခိုးသူသည် ခိုးလိုသည့် ပစ္စည်းကို မိမိနှင့် တစ်ပါတည်း ယူဆောင်ခြင်း မပြုဘဲ အစောင့်အရှောက် ကင်းလွတ်သည့် နေရာ၌ ချထား၍ဖြစ်စေ၊ လှမ်းပစ်၍ဖြစ်စေ ပြုလုပ်ပြီးလျှင် ခိုးသူကိုယ်တိုင်က အစောင့်အရှောက်များ၏ ရှေ့မှောက်တွင် ကိုယ်လွတ်လက်လွတ် ဖြတ်သန်းသွား၍ ခိုးသည်။ ဥပမာ - စက်ရုံ၊ အလုပ်ရုံနှင့် ရုံးများ၌ ပစ္စည်းများ ခိုးထုတ်ခိုးသွင်းခြင်း မပြုနိုင်စေရန် အဝင်အထွက်ပြုသူများကို လုံခြုံရေးအစောင့်၏ ရှေ့မှောက်မှ ဖြတ်သန်းသွားစေရန် စီစဉ်ထားရှိသည်။ ခိုးသူသည် ထိုစက်ရုံ၊ အလုပ်ရုံ သို့မဟုတ် ရုံးသို့ ကိစ္စတစ်ခုဖြင့် သွားရောက်စဉ် မိမိခိုးလိုသည့် ပစ္စည်းကို အစောင့်နှင့် ဝေးကွာသည့် ခြံစည်းရိုး တံတိုင်း၏ ပြင်ပသို့ လွှင့်ပစ်ခြင်း၊ ချထားခြင်း၊ ပြင်ပရှိ အဖော်ထံသို့ လှမ်းပစ်ပေးခြင်း တစ်ခုခုပြုလုပ်၍ လုံခြုံရေးကင်းကို ဖြတ်သန်းသွားပြီးလျှင် အပြင်...
စာမျက်နှာ-402
ရောက်မှ မိမိလှမ်းပစ်သော ပစ္စည်း၊ ချထားသော ပစ္စည်းကို ရယူ၍ ခိုးခြင်းမျိုး ဖြစ်သည်။ ပစ္စည်းကို ပစ်လိုက်ရာ၌ လက်မှ လွတ်လျှင် ခိုးမှုမြောက်၏။
ရှေးခေတ်က နယ်ခြားကင်း၊ ကြည်းကင်း၊ ရေကင်းချထား၍ အခွန်ကောက်ခံလေ့ရှိ၏။ ဤခေတ်၌ ပြည်ပလေဆိပ်၊ သင်္ဘောဆိပ်နှင့် နယ်စပ်အကောက်ခွန်ဌာနတို့၌ ပြည်ပမှ တင်သွင်းသော ပစ္စည်းများကို အခွန်ကောက်ယူလေ့ရှိသည်။ ထိုအကောက်ခွန်ဌာနကို ဖြတ်သန်းသွားသောအခါ အခွန်ဆောင်ရမည့် ပစ္စည်းကို အကောက်ခွန်ဌာနကို ကျော်လွန်သွားအောင် ပြင်ပသို့ လှမ်းပစ်ခြင်း၊ ချထားခြင်း၊ အကောက်ခွန်ဌာနကို ဖြတ်ကျော်သွားမည့် ယာဉ်တစ်ခုခု၌ တင်ဆောင်ပေးလိုက်ခြင်း ပြုလုပ်၍ မိမိသည် ကိုယ်လွတ်လက်လွတ် အကောက်ခွန်ဌာနကို ဖြတ်ကျော်သွား၏။ ထိုပစ္စည်းကို လှမ်းပစ်လိုက်သောအခါ လက်မှ လွတ်သောခဏ၌ ခိုးမှုမြောက်သည်။
(က) ယဉ်ပါးသော ခွေးစသော တိရစ္ဆာန်တစ်ကောင်၏ လည်ပင်း၌ အခွန်မလွတ်ပစ္စည်းကို ဆွဲထား၍ မိမိက အကောက်ခွန်ဌာန၏ တစ်ဖက်သို့ ကိုယ်လွတ်လက်လွတ် ဖြတ်ကျော်သွား၏။ အပြင်ရောက်သောအခါ ထိုတိရစ္ဆာန်ကို ခေါ်ယူ၏။ ထိုတိရစ္ဆာန်သည် အခွန်တော်ဌာနကို ဖြတ်ကျော်သော ခဏ၌ ခိုးမှုမြောက်၏။
(ခ) သယ်ဆောင်ခွင့်နှင့် လက်ဝယ်ထားရှိခွင့် မပြုသော ကျောက်စိမ်း၊ ဘိန်းကဲ့သို့သော တရားမဝင် ပစ္စည်းများကို ပြောင်းရွှေ့သယ်ဆောင်ရာ၌ စီးပွားရေးလောဘဖြင့် မူလရှိနေရာမှ ရွှေ့စေလျှင် သို့မဟုတ် လက်ခံသိမ်းဆည်း သိုဝှက်ထားလျှင် ခိုးမှုမြောက်၏။ (နိဿဂ္ဂိယ)
၁၄။ ခိုးရန်အချိန်နှင့် နည်းလမ်း မသတ်မှတ်ဘဲ အခိုးခိုင်းခြင်း (အတ္ထသာဓက) ခိုးရန်အချိန်နှင့် ခိုးရန်နည်းလမ်းကို သတ်မှတ်ခြင်း မပြုဘဲ သင့်လျော်သည့် အချိန်၊ ဖြစ်နိုင်သည့် နည်းဖြင့် ခိုးယူရန် စေခိုင်းသည်။ အခိုင်းခံရသူသည် တစ်ချိန်ချိန်တွင် အမှန်တကယ် ခိုးယူပါက ခိုင်းသော ပုဂ္ဂိုလ်သည် ခိုင်းသည့် အချိန်မှာပင် ခိုးမှုကျူးလွန်ရာရောက်သည်။
၁၅။ ပိုင်ရှင်လက်လျှော့အောင် ပြု၍ ခိုးခြင်း (ဓုရနိက္ခေပ) ယုံကြည်၍ အပ်နှံထားသော ပစ္စည်းကို ပိုင်ရှင်က ပြန်လည်တောင်းခံသောအခါ မိမိထံ၌ မအပ်နှံဖူးကြောင်း ငြင်းကွယ်၍ ခိုးသည်။ ပစ္စည်းရှင်က ငါ့ပစ္စည်း...
စာမျက်နှာ-403
ပြန်မရတော့ဟု စိတ်ဆုံးဖြတ် လက်လျှော့သောအခါ ခိုးသူသည် ခိုးမှုအထမြောက်၏။ ငှားရမ်းပစ္စည်း ပြန်မပေးခြင်း၊ ချေးငွေကို ပြန်မဆပ်ခြင်း၊ သူတစ်ပါးပစ္စည်း ထိခိုက်နစ်နာမှုအတွက် အစားပေးလျော်ရမည်ကို မလျော်ဘဲ နေခြင်း၊ လောင်းကစားရာ၌ ကတိအတိုင်း အလျော်အစားမပြုဘဲ ကတိပျက်ကွက်ခြင်း၊ မြေပိုင်ဆိုင်မှုအတွက် မတရားအမှုဆင်၍ တရားစွဲရာ၌ ပိုင်ရှင်ဘက်က တရားရှုံးခြင်း၊ သူတစ်ပါးပစ္စည်းကို ပိုင်ရှင်ရှာမတွေ့စေရန် ပိုင်ရှင်ထားသည့်နေရာမှာပင် တစ်ခုခုဖြင့် ဖုံးဖိဝှက်ထားခြင်းတို့၌ ပစ္စည်းရှင်က “သူ့ပစ္စည်း ဆုံးပါပြီ၊ ရတော့မှာ မဟုတ်ပါဘူး” ဟု စိတ်ဒုံးဒုံးချ လက်လျှော့သည့်အချိန်၌ ခိုးသူမှာ ခိုးမှုမြောက်သည်။ (ဓုရနိက္ခေပ)
မှတ်ချက်။ ။ဤခိုးခြင်းမှာ အမှတ်စဉ် (၁) (၃) (၆) (၈) နှင့် (၂၄) တို့၌ ဖော်ပြထားသည့် ခိုးခြင်းတို့နှင့် တူညီသည်။ ၎င်းတို့မှာ ခိုးသူဘက်မှ ခိုးနည်းကို ဖော်ပြထားခြင်း ဖြစ်၍ ဤအမှတ်စဉ် (၁၅) မှာ ပိုင်ရှင်ဘက်မှ စိတ်နေစိတ်ထားကို ဖော်ပြခြင်း ဖြစ်ပါသည်။
၁၆။ မခိုးမီက ခိုးမှုအထမြောက်ခြင်း (ပုဗ္ဗပယောဂ) သူတစ်ပါးအား အခိုးခိုင်းခြင်း၊ လုယက်ခိုင်းခြင်း ပြုရာ၌ အခိုင်းခံရသူက ခိုးခြင်း၊ လုယက်ခြင်း ဧကန်ပြုလုပ်မည်ဖြစ်ပါက ခိုင်းသောပုဂ္ဂိုလ်သည် ခိုင်းသောခဏ၌ ခိုးမှုမြောက်သည်။ ခိုးခြင်းကိစ္စ မပြုလုပ်မီကပင် ခိုးမှုမြောက်လေသည်။ အခိုင်းခံရသူက မကျူးလွန်လျှင်မူ ခိုးမှုမမြောက်ချေ။
၁၇။ ချက်ချင်း ခိုးမှုမြောက်ခြင်း (သဟပယောဂ) ရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို ခိုးယူရာ၌ နေရာရွှေ့သည်နှင့် တစ်ပြိုင်နက် ခိုးမှုမြောက်သည်။ မရွှေ့ပြောင်းနိုင်သော ဥယျာဉ်၊ ခြံမြေ၊ လယ်ယာမြေကို ခိုးယူရာ၌ ခြံစည်းရိုးတိုင်ကို သူတစ်ပါးပိုင် မြေဘက်သို့ ရွှေ့ပြောင်းစိုက်လျှင် ခြံစည်းရိုးတိုင် မြေသို့ ထိသည်နှင့် တစ်ပြိုင်နက် ခိုးမှုမြောက်သည်။ မြေတိုင်းသူအရာရှိအား လာဘ်ထိုး၍ သူတစ်ပါးမြေဘက်သို့ တိုးချဲ့တိုင်းစေ၏။ မြေတိုင်းသူက ပေကြိုးဆွဲပြီး ငုတ်တိုင်ရိုက်သောအခါ ပထမတစ်ချက် ရိုက်ချိန်၌ ခိုးမှုအထမြောက်သည်။ လယ်ကန်သင်းရိုးကို မိမိဘက်က တူးဖြို၍ သူတစ်ပါးဘက်သို့ ကန်သင်းရိုး ရွှေ့ပြောင်းပါက မြေခိုးမှုဖြစ်သည်။ ကန်သင်းရိုးကို ထွန်စောင်းကိုက်ခြင်း၊ လမ်းမြေဘက်သို့ ခြံဝင်းတိုးချဲ့ခြင်း အမှုများသည် ခိုးခြင်း (၂၅) ပါး၌ ပါဝင်နေသည်ကို သတိပြုသင့်ကြသည်။
စာမျက်နှာ-404
၁၈။ တိုင်ပင်ညှိနှိုင်း၍ ခိုးခြင်း (သံဝိဓာဝဟာရ) ပစ္စည်းတစ်ခုကို အခွင့်သာသူက ခိုးစတမ်းဟု စသည် တိုင်ပင်ညှိနှိုင်းထား၏။ ၎င်းတို့အထဲမှ တစ်ဦးဦးက ခိုးလျှင် တိုင်ပင်ညှိနှိုင်းရာ၌ ပါဝင်သော လူအားလုံးသည် ခိုးမှုကျူးလွန်ရာ ရောက်သည်။ သဘောတူသည့်အတွက် ကိုယ်တိုင်မခိုးဘဲလျက် သူခိုးအဖြစ်သို့ ရောက်ရသည်။
၁၉။ သတ်မှတ်၍ အခိုးခိုင်းခြင်း (သင်္ကေတကမ္မ) အချိန်ကာလကိုလည်းကောင်း၊ ခိုးပုံခိုးနည်းကိုလည်းကောင်း၊ ခိုးရမည့် ပစ္စည်းကိုလည်းကောင်း သတ်မှတ်ပေး၍ အခိုးခိုင်းခြင်း ဖြစ်သည်။ ယနေ့ အခိုးခိုင်းသည်ကို နက်ဖြန်မှ ခိုးလျှင် ခိုင်းသူမှာ အပြစ်မရှိချေ။ တစ်ဖန် ခိုင်းသည့်ပစ္စည်းကို မခိုးဘဲ အခြားပစ္စည်းကို ခိုးလျှင် ခိုင်းသူမှာ အပြစ်မရှိချေ။ သို့ရာတွင် ဝိနည်းရှောင်သည့် အနေဖြင့် ဉာဏ်နီဉာဏ်နက်သုံး၍ အချိန်နှင့် ပစ္စည်းကို သတ်မှတ်အခိုးခိုင်းရာ၌ ခိုင်းသူမှာ ခိုးခြင်းအပြစ်မှ မလွတ်ချေ။
၂၀။ အချက်ပြ၍ အခိုးခိုင်းခြင်း (နိမိတ္တကမ္မ) မျက်စိမှိတ်ပြခြင်း၊ မျက်စပစ်ပြခြင်း၊ လက်လှုပ် ခြေလှုပ်ပြခြင်း၊ မီးဖြင့် အချက်ပြခြင်း၊ မှန်ဖြင့် အချက်ပြခြင်း၊ လေချွန်သံ၊ တုံးခေါက်သံ စသော အသံဖြင့် အချက်ပြခြင်း၊ ဤသို့စသည် အချက်ပြနည်း တစ်ခုခုဖြင့် အခိုးခိုင်းခြင်း၊ လုယက်ခိုင်းခြင်း။ ဤသို့ ခိုးယူလုယက်မှုပြုရာ၌ အချက်ပြသော ပုဂ္ဂိုလ်သည် အချက်ပြသည့်အချိန်၌ ခိုးမှုမြောက်၏။
မှတ်ချက်။ ။နံပါတ် ၁၆-မှ ၂၀-အထိ ခိုးခြင်း ၅-ပါးမှာ ခိုးမှုမြောက်သည့် အချိန်ကို ဖော်ပြသည်။
၂၁။ မသိအောင် ခိုးခြင်း (ထေယျာဝဟာရ) ပစ္စည်းရှင်မသိအောင် ဖောက်ထွင်းခိုးယူခြင်း၊ အလစ်သုတ်ခြင်း၊ ခါးပိုက်နှိုက်ခြင်း၊ ငွေစက္ကူအတု ပြုလုပ်ခြင်း၊ ငွေအတု ပြုလုပ်သုံးစွဲခြင်း၊ အဂ္ဂိရတ်ရွှေအတု ပြုလုပ်သုံးစွဲခြင်း၊ ဝင်ငွေခွန် (အမြတ်တော်ကြေး) မပေးရအောင် ဝင်ငွေစာရင်း လိမ်ခြင်း၊ အလေး၊ တင်း၊ တောင်း လိမ်ခြင်း စသော နည်းလမ်းတစ်ခုခုဖြင့် ပိုင်ရှင်မသိအောင် ခိုးယူလျှင် ခိုးမှုမြောက်သည်။
စာမျက်နှာ-405
(က) အလေးလိမ်ခြင်း။ ။မျက်မြင်အားဖြင့် တူညီသော အလေးနှစ်ခု ပြုလုပ်ထား၍ ယူသည့်အခါ အလေးကြီးဖြင့်၊ ပေးသည့်အခါ အလေးငယ်ဖြင့် ချိန်ခြင်း။ ဆီစိမ်ထားသော ရွေးစေ့ဖြင့် ရွှေကို ချိန်၍ ယူခြင်း။
(ခ) ချိန်ခွင်လိမ်ခြင်း။ ။ချိန်ခွင်ကို တစ်ဖက်လေး တစ်ဖက်ပေါ့ ပြုလုပ်ထား၍ မိမိက ပေးသည့်အခါ လေးသည့်ဘက်၌ ပစ္စည်းထည့်ချိန်ခြင်း။ ချိန်ခွင်ပေါင်ကို တစ်ဖက်တိုရှည်ထား၍ မိမိက ပေးသည့်အခါ ရှည်သည့်ဘက်၌ ပစ္စည်းထည့်၍ ချိန်ခြင်း။ ချိန်ခွင်ပေါင်ကို အခေါင်းဖောက်ထား၍ အခေါင်းထဲ၌ သံမှုန့်များ ထည့်ထားပြီး လေးစေလိုသည့်ဘက်ကို သံမှုန့်များ လျောကျသွားအောင် ချိန်ခွင်ပေါင်ကို စိုက်ထောင် မ-ယူ၍ ချိန်တွယ်ခြင်း။ ချိန်ခွင်လျှာ ထွက်အောင် လက်ဖြင့် ကော့ပေးခြင်း။ ချိန်ခွင်လျှာကို ကန့်လန့် (ဂလန့်) တပ်သည့်နေရာ၌ ရှည်မျောမျော အပေါက်ဖောက်ထားပြီး ချိန်တွယ်သည့်အခါ၌ မိမိလိုသည့်ဘက်သို့ ချိန်ခွင်လျှာ၏ အပေါက်ကို ရွှေ့ပြောင်း၍ တစ်ဖက်ဖက်သို့ ကပ်ပေးသည်။
(ဂ) တင်းတောင်းလိမ်ခြင်း။ ။ကောက်ပဲသီးနှံကို တင်းတောင်းဖြင့် ခြင်ရာ၌ မောက်နေအောင် စတုတ်တိုက်ခြင်း၊ ခွက်ဝင်သွားအောင် စတုတ်တိုက်ခြင်း၊ အဝင်နည်းအောင် မြန်မြန်လောင်းထည့်ခြင်း၊ ပိုမိုဝင်အောင် ဖြည်းဖြည်းလောင်းထည့်ခြင်း၊ ယူသည့်အခါ တောင်းကြီးဖြင့်ယူ၍ ပေးသည့်အခါ တောင်းငယ်ဖြင့် ပေးခြင်း။
(ဃ) ခြင်ခွက်လိမ်ခြင်း။ ။ဆီ၊ ရေနံဆီ စသည်တို့ကို ရောင်းဝယ်ရာ၌ ယူသည့်အခါ ခွက်ကြီးဖြင့်ယူ၍ ပေးသည့်အခါ ခွက်ငယ်ဖြင့် ပေးခြင်း။ အဝင်နည်းအောင် မြန်မြန်လောင်းထည့်ခြင်း၊ ပို၍ဝင်အောင် ဖြည်းဖြည်းလောင်းထည့်ခြင်း။ ခြင်ခွက်ဖင်ကို ဖောက်ထား၍ ခွက်ပြည့်ခြင်ပြီးနောက် အောက်ခံခွက်ထဲ၌ ယိုစိမ့်ကျအောင် ကြာရှည်ထား၍ ခြင်ခြင်း။ ခြင်ခွက်ဖင်ကို အတွင်းချိုင့်အောင် ပြုထားခြင်း။
(င) အခြားလိမ်နည်းအမျိုးမျိုး။ ။မသိနားမလည်သူများအား အဆမတန် ဈေးတင်ရောင်းချခြင်း၊ ပစ္စည်းအတုကို အစစ်ဟု ပြော၍ ရောင်းချခြင်း၊ ဖဲသုံးချပ်လိမ်နည်း၊ ငွေပွားနည်း စသည်တို့ဖြစ်သည်။
စာမျက်နှာ-406
အဂ္ဂိရတ်ရွှေလုပ်နည်းစသော လိမ်နည်းများဖြင့် လိမ်ယူခြင်း၊ ဘုရားအတွက် ကျောင်းအတွက်ဟု အကြောင်းပြ၍ အလှူခံပြီးလျှင် မိမိကိုယ်ကျိုး သုံးစွဲခြင်း၊ ခရီးစရိတ် ကုန်ကျသည်ထက် (တရားဝင် ခွင့်ပြုသည်ထက်) ပိုမိုထုတ်ယူခြင်း၊ ဤခိုးနည်းများမှာ ပိုင်ရှင်မသိအောင် ခိုးခြင်း၌ ပါဝင်၏။
မြို့သားလူလည်နှင့် တောမုဆိုး ပုံဝတ္ထု
ပိုင်ရှင်မသိအောင် ခိုးယူခြင်းနှင့် စပ်လျဉ်း၍ အဋ္ဌကထာ၌ ဖော်ပြထားသော လိမ်လည်နည်း ပုံဝတ္ထုတစ်ခုကို ထုတ်ဆောင်ပြသပါဦးမည်။
တောမှ မုဆိုးတစ်ယောက်သည် သမင်ကြီးတစ်ကောင်နှင့် သမင်ငယ်တစ်ကောင်ကို ရောင်းချရန် မြို့သို့ ယူဆောင်လာသည်။ လမ်းခရီး၌ မြို့သားလူလည်က ဈေးနှုန်းကို မေးရာ မုဆိုးက သမင်ကြီး ၂/- သမင်ငယ် ၁/- ဟု ပြောလေသည်။ မြို့သားလူလည်သည် ငွေ ၁/- ပေး၍ သမင်ငယ်ကို ဆွဲယူသွားသည်။ အတန်ငယ်သွား၍ ပြန်လာပြီးလျှင် မုဆိုးအား “ယခင် မိမိပေးခဲ့သော ငွေ ၁/- နှင့် ယခု ဤသမင်လေးကို ၁/- ဖြင့် တန်ဖိုးထား၍ ပြန်ပေးမည်။ စုစုပေါင်း ၂/- ဖြစ်၍ သမင်ကြီးကို ပေးရမည်” ဟု ပြောသည်။ တောသားမုဆိုးသည် မျက်စိလည်၍ သမင်ကြီးကို ပေးလိုက်သည်။ ဤပုံဝတ္ထုမှာကဲ့သို့ ခိုးသူသည် လူတစ်ယောက်ထံမှ ပစ္စည်းကို လိမ်လည်လှည့်ဖြားယူလျှင် ခိုးမှုမြောက်၏။ (ထေယျာဝဟာရ)
၂၂။ အနိုင်အထက် လုယက်ယူခြင်း (ပသယှာဝဟာရ)
လက်နက်အင်အား၊ လူအင်အား၊ ပစ္စည်းအင်အား တစ်ခုခုဖြင့် ခြိမ်းခြောက်၍ သူတစ်ပါးပစ္စည်းကို ရယူခြင်း၊ အကျပ်ကိုင် ငွေညှစ်ခြင်း၊ လာဘ်တောင်းခြင်း၊ လာဘ်စားခြင်း၊ ပစ္စည်းရှင်က မကျေနပ်ဘဲ ကြောက်လန့်၍ ပေးရသောကြောင့် ခိုးခြင်းတစ်မျိုးအဖြစ် သတ်မှတ်ရသည်။
၂၃။ ရည်ရွယ်သတ်မှတ်၍ ခိုးခြင်း (ပရိကပ္ပါဝဟာရ)
(သံသယစိတ်ဖြင့် ခိုးခြင်း) ပစ္စည်းတစ်ခုကို စတင်ယူဆောင်စဉ်က ခိုးမည်ဟု ယတိပြတ် စိတ်ဆုံးဖြတ်ချက် မချဘဲ အခွင့်သာလျှင် ခိုးမည်၊ အခွင့်မသာလျှင် ပြန်ပေးမည်၊ မိမိအလိုရှိသော ပစ္စည်းဖြစ်က ခိုးမည်၊ အလိုမရှိသော ပစ္စည်းဖြစ်က ပြန်ထားမည်ဟု ရည်ရွယ်သတ်မှတ်ချက်ဖြင့် ခိုးခြင်းမျိုး ဖြစ်သည်။
စာမျက်နှာ-407
လူတစ်ယောက်သည် လူပြတ်လပ်နေသော အိမ်တစ်အိမ်သို့ ဝင်၍ ပစ္စည်းတစ်ခုကို အထင်အရှား ယူဆောင်ခဲ့သည်။ ပိုင်ရှင်မြင်လျှင် ပြန်ထားမည်၊ ပိုင်ရှင်မမြင်လျှင် ခိုးမည်ဟူသော ကြံရွယ်ချက်ဖြင့် ပစ္စည်းကို သယ်ဆောင်လာသည်။ အိမ်တံခါးပေါက်၏ အပြင်ဘက်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ထိုလူမှာ ခိုးခြင်းမြောက်သည်။ အကယ်၍ ထိုပစ္စည်းကို အစကတည်းက ဖုံးဖိသိုဝှက် ယူဆောင်လာလျှင် အိမ်တံခါးပေါက်ကို ကျော်လွန်သည်ဖြစ်စေ၊ မကျော်လွန်သည်ဖြစ်စေ၊ ထိုအိမ်အတွင်းမှာပင် ပစ္စည်းကို ကိုင်သောခဏ၌ ခိုးမှုကျူးလွန်ပြီးဖြစ်၍ ခိုးမှုမြောက်လေသည်။
တစ်ဖန် လူတစ်ယောက်သည် အိမ်တစ်အိမ်သို့ ဝင်ရောက်ခိုးယူရာ အမှောင်ထဲ၌ အဝတ်တစ်ထည်ကို တွေ့ရှိ၏။ ထိုလူ့စိတ်ထဲ၌ ပုဆိုးဖြစ်လျှင် ယူမည်၊ ထမီဖြစ်လျှင် မယူဟု ကြံစည်၍ ထိုအဝတ်ကို အိမ်အပြင်သို့ ယူဆောင်လာသည်။ ပုဆိုးဖြစ်ပါက သူ၏ရည်ရွယ်ချက်နှင့် ကိုက်ညီသည့်အတွက် စတင်ယူစဉ်ကပင် ခိုးမှုမြောက်သည်။ အကယ်၍ ထိုယူလာသော အဝတ်သည် ထမီဖြစ်နေသဖြင့် မယူတော့ဘဲ ထားခဲ့လျှင် ခိုးမှုအထမမြောက်ချေ။ “ယူမိမှတော့ မထူးပါဘူး ရတာပဲ ယူသွားတော့မယ်” ဟု စိတ်ကို ဆုံးဖြတ်လိုက်လျှင် ထိုအချိန်၌ ခိုးမှုမြောက်လေသည်။ (ပရိကပ္ပါဝဟာရ)
၂၄။ ဖုံးဖိဝှက်ထား၍ ခိုးခြင်း (ပဋိစ္ဆန္နာဝဟာရ)
ရေချိုးဆိပ် သို့မဟုတ် ရေဘုံဘိုင်၌ ရေချိုးသူတစ်ဦးသည် လက်စွပ်ကို ချွတ်၍ မလှမ်းမကမ်း၌ ချထား၍ ရေချိုးနေသည်။ လူတစ်ယောက်သည် ပိုင်ရှင်ရှာမတွေ့စေရန် ခိုးလိုစိတ်ဖြင့် ထိုလက်စွပ်ကို မြက်၊ သစ်ရွက် တစ်ခုခုဖြင့် ဖုံးအုပ်ခဲ့သည်။ ပစ္စည်းရှင်သည် ရှာမတွေ့၍ ပြန်သွားသောအခါ ခိုးသူသည် ထိုလက်စွပ်ကို လာယူသည်။ ပိုင်ရှင်ဖြစ်သူက သူ့လက်စွပ် မတွေ့တော့ပါဟု လက်လျှော့သည့်အချိန်၌ ခိုးမှုမြောက်သည်။ အကယ်၍ ခိုးသူသည် ထိုလက်စွပ်ကို ပိုင်ရှင်ပြန်မတွေ့စေရန် ဖုံထဲရွှံ့ထဲ နစ်မြုပ်သွားအောင် ဖိနင်းခဲ့သော် သို့မဟုတ် နေရာရွှေ့အောင် ခြေဖြင့်ခတ်ပစ်ခဲ့သော် ထိုအခိုက်အတန့်မှာပင် ခိုးမှုအထမြောက်သည်။
၂၅။ စာအမှတ်တံဆိပ်ပြောင်းလဲ၍ ခိုးခြင်း (ကုသာဝဟာရ)
ပစ္စည်းများကို မဲချဝေငှရာ၌ မိမိရသော မဲလိပ်နှင့် သူတစ်ပါးမဲလိပ်ကို မသိအောင် လဲလှယ်ခြင်း၊ ကြိုတင်၍ ပေါက်မဲကို ရယူထားခြင်း၊ နာမည်အတု၊ တံဆိပ်အတု ပြုလုပ်၍ ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်း၊ သူတစ်ပါး၏
စာမျက်နှာ-408
စာမေးပွဲအောင်လက်မှတ်ဖြင့် ရာထူးအဆင့်တစ်ခုရအောင် နာမည်လိမ်ဖြင့် အယောင်ဆောင် ပုံမှားရိုက်ခြင်း၊ တန်ဖိုးရှိသော သူတစ်ပါးပစ္စည်းကို ရယူရန်အတွက် ထိုပစ္စည်းနှင့် အလားတူ ပစ္စည်းတစ်ခုပြုလုပ် အတူယှဉ်တွဲထားပြီးလျှင် လဲလှယ်ခိုးယူခြင်း၊ သူတစ်ပါးပိုင်ပစ္စည်းမှ အမှတ်အသားစာလုံး၊ တံဆိပ်တို့ကို ဖျက်ဆီး၍ မိမိပစ္စည်းဖြစ်စေရန် အသစ်ပြင်ရေးခြင်း။ (ကုသာဝဟာရ)
မှတ်ချက်။ ။နံပါတ် ၂၁-မှ ၂၅-အထိ ခိုးခြင်း ၅-ပါးမှာ ခိုးနည်းများကို ဖော်ပြသည်။
ဤဖော်ပြပါ ခိုးခြင်း ၂၅-ပါးတွင် တစ်ပါးပါးကို ကျူးလွန်ပါက ခိုးမှုအထမြောက်သည်။ (အဒိန္နာဒါနသိက္ခာပုဒ်ကို ကျူးလွန်ရာရောက်သည်။)
အပြစ်ကြီးမှု အပြစ်ငယ်မှု
အပြစ်ကြီးမှု အပြစ်ငယ်မှုမှာ ဥစ္စာရှင်၏ အကျင့်သီလဂုဏ်သိက္ခာကို လိုက်၍လည်းကောင်း၊ ဥစ္စာ၏ တန်ဖိုးအနည်းအများကို လိုက်၍လည်းကောင်း ဖြစ်၏။
ပစ္စည်းဥစ္စာရှင်သည် အကျင့်သီလ သိက္ခာဂုဏ်နှင့် ပြည့်စုံ၍ ထိုသူ၏ ဥစ္စာကို ခိုးယူပါက အပြစ်ကြီး၏။ အကျင့်သီလသိက္ခာဂုဏ် နည်းပါးသူ၏ ပစ္စည်းကို ခိုးယူခဲ့သော် အပြစ်နည်း၏။ ဥပမာ - ကျောင်းဒကာပစ္စည်း ခိုးယူခြင်းသည် အပြစ်ကြီး၍ သူခိုးလက်မှ သူဝှက်လုခြင်းဖြစ်ပါမူ အပြစ်နည်း၏။ ထို့ပြင် လုံ့လပယောဂ ခွန်အားကြီးစွာ စိုက်ထုတ်ခိုးရာ၌ အပြစ်ကြီး၍ လွယ်ကူသက်သာစွာ ခိုးရာ၌ အပြစ်သေးငယ်၏။ ပစ္စည်းတန်ဖိုးကြီးလျှင် အပြစ်ကြီး၍ တန်ဖိုးငယ်လျှင် အပြစ်သေး၏။ တန်ဖိုးကြီးမှု ငယ်မှုမှာလည်း ခေတ်ကာလအလျောက်၊ ဒေသအလျောက်၊ အသုံးဝင်မှုအလျောက် ဖြစ်ရသည်။ ထို့ကြောင့် ကာလံ၊ ဒေသံ၊ အတ္ထံ၊ ဓနံ ဟူ၍ ဆိုရိုးပြုကြသည်။
ကာလံ = ကာလအလိုက်၊
ဒေသံ = ဒေသအလိုက်၊
အတ္ထံ = တန်ဖိုးအလိုက် (အသုံးဝင်မှု)၊
ဓနံ = ပစ္စည်းဥစ္စာအလိုက် အပြစ်ကြီးမှု ငယ်မှုကို သတ်မှတ်ရသည်။
စာမျက်နှာ-409
နတ်သိကြား တိရစ္ဆာန်တို့၏ ပစ္စည်းဥစ္စာကို ခိုးယူသော် အဒိန္နာဒါန်မထိုက်ဟု ပါရာဇိကဏ်အဋ္ဌကထာကို ကိုးကား၍ လယ်တီဆရာတော်ကြီး ဆုံးဖြတ်တော်မူခဲ့သည်။
အဒိန္နာဒါန၏ အပြစ်များ
သူတစ်ပါးဥစ္စာကို ခိုးယူသောသူသည် ငရဲဘုံ၊ ပြိတ္တာဘုံတို့၌ ဖြစ်ရ၍ ကြီးစွာသော ဆင်းရဲဒုက္ခကို ခံစားရသည်။ ထို့ပြင် ဝဋ်လိုက်သောအားဖြင့် ဖြစ်ရာဘဝတိုင်း၌ ပစ္စည်းဥစ္စာ ရှားပါးခြင်း စသော အောက်ဖော်ပြပါ ဆိုးကျိုးတရားများကို ခံစားရပါသည် —
(၁) မွဲတေခြင်း၊
(၂) ဆင်းရဲပင်ပန်းခြင်း၊
(၃) ငတ်မွတ်ခေါင်းပါးခြင်း၊
(၄) လိုရာမရနိုင်ခြင်း၊
(၅) စီးပွားရှာဖွေနေစဉ်မှာပင် စီးပွားပျက်တတ်ခြင်း၊
(၆) ရေ၊ မီး၊ မင်း၊ သူခိုး၊ အမွေခံသားသမီးဆိုး ဟူသော ရန်သူမျိုးငါးပါးကြောင့် စီးပွားဥစ္စာ ပျက်စီးခြင်း။
မှတ်ရန်လင်္ကာ
သူများဥစ္စာ၊ ခိုးမိပါမှု၊ ဥစ္စာနည်းမဲ့၊ ဆင်းရဲငတ်ထ၊ လိုမရနှင့်၊ ဘောဂပျက်စီး၊ ရေမီးသူခိုး၊ မွေခံဆိုးနှင့်၊ မင်းဆိုးအပြား၊ ရန်မျိုးငါးကြောင့်၊ ပျက်ပြားဥစ္စာ၊ ပြစ်များစွာသည်၊ ရှောင်ခါအပြန်အကျိုးတည်း။ (ဝိသုဒ္ဓါရုံဆရာတော်)
အဒိန္နာဒါနကို ရှောင်ကြဉ်သူသည် နတ်ရွာသုဂတိသို့ လားရောက်၍ နတ်စည်းစိမ် ခံစားရ၏။ ဘဝအဆက်ဆက်တွင်လည်း အောက်ဖော်ပြပါ ကောင်းကျိုးများ ခံစားရပါသည် —
(၁) ပစ္စည်းဥစ္စာ ပေါကြွယ်ဝခြင်း၊
(၂) မပင်မပန်း ချမ်းသာခြင်း၊
(၃) အစာရေစာ ပေါများခြင်း၊
(၄) အလိုရှိသော ပစ္စည်းကို အလွယ်တကူ ရရှိခြင်း၊
(၅) ကူးသန်းရောင်းဝယ်မှုစသည် ကျွမ်းကျင်လိမ္မာ၍ စည်းစိမ်ဥစ္စာ တိုးပွားခြင်း၊
(၆) ရေ၊ မီး၊ မင်း၊ သူခိုး၊ အမွေခံဆိုး ဟူသော ရန်သူမျိုးငါးပါး၏ ဖျက်ဆီးမှု မခံရခြင်း။
စာမျက်နှာ-410
ခုဒ္ဒကပါဌအဋ္ဌကထာ၌မူ အဒိန္နာဒါနမှ ရှောင်ကြဉ်ခြင်း၏ အကျိုး ၁၁-ပါး ကို ပြထားပါသည်။
(၁) များမြတ်သော ဥစ္စာရှိခြင်း၊
(၂) စပါး၊ ဆန်၊ ရေ၊ ရွှေ၊ ငွေ၊ ဥစ္စာ ပေါများခြင်း၊
(၃) သုံး၍မကုန်နိုင်သော စည်းစိမ်နှင့် ပြည့်စုံခြင်း၊
(၄) မဖြစ်သေးသော စီးပွားဥစ္စာများ ဖြစ်ပွားလာခြင်း၊
(၅) ရရှိပြီးသော စည်းစိမ်ဥစ္စာ ရတနာများ ကြာရှည်စွာ အမြဲတည်ခြင်း၊
(၆) အလိုရှိအပ်သော ပစ္စည်းဥစ္စာများကို လျင်မြန်စွာ ရရှိခြင်း၊
(၇) ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင်သော ဥစ္စာရှိခြင်း၊
(၈) သူတစ်ပါးနှင့် မဆက်ဆံသော စီးပွားဥစ္စာ ရရှိခြင်း၊
(၉) လောကုတ္တရာတရားကို ရခြင်း၊
(၁၀) မရှိသည်ကို မသိရခြင်း၊
(၁၁) ချမ်းသာစွာ နေထိုင်ရခြင်း။ (ခုဒ္ဒက၊ ဋ္ဌ။ ၂၂၉)
အဒိန္နာဒါန ကျူးလွန်သူသည် အောက်ပါ မကောင်းကျိုးများ ကို ခံစားရကြောင်း ဖော်ပြထားပါသည် —
(၁) များမြတ်သော ဥစ္စာ မရနိုင်ခြင်း၊
(၂) စပါး၊ ဆန်၊ ရေ၊ ရွှေ၊ ငွေ၊ ဥစ္စာ ရှားပါးခြင်း၊
(၃) စည်းစိမ်ဥစ္စာ နွမ်းပါးခြင်း၊
(၄) စီးပွားအသစ်များ မဖြစ်ခြင်း၊
(၅) ရရှိပြီးသော စည်းစိမ်ဥစ္စာ ရတနာများ အမြဲမတည်ခြင်း၊
(၆) အလိုရှိအပ်သော ဥစ္စာကို မရနိုင်ခြင်း၊
(၇) ရန်သူမျိုးငါးပါးနှင့် ဆက်ဆံတွေ့ကြုံရခြင်း၊
(၈) အများနှင့်ဆိုင်သော စီးပွားဥစ္စာသာ ရရှိခြင်း၊
(၉) လောကုတ္တရာဥစ္စာကို မရရှိနိုင်ခြင်း၊
(၁၀) မရှိစကားကို ကြားနေရခြင်း၊
(၁၁) ချမ်းသာစွာ မနေထိုင်ရခြင်း။ (ခုဒ္ဒက၊ ဋ္ဌ။ ၂၄)
စာမျက်နှာ-411
သတ္တိသူဒနငရဲ
နေမိဇာတ်တော်၌ နေမိမင်းကြီးသည် ငရဲပြည်သို့ နတ်ရထားဖြင့် သွား၍ကြည့်ရာ သတ္တိသူဒနငရဲ၌ အရှင်မပေးသော သူတစ်ပါး၏ ဥစ္စာကို ခိုးယူသော ပုဂ္ဂိုလ်သည်... အလျှံပြောင်ပြောင် တောက်လောင်နေသော လှံမတို့ဖြင့်... နံပါးနှစ်ဘက် ထိုးသွင်းမှုကို ခံနေရသည်ကို တွေ့မြင်ရကြောင်း ဖော်ပြထားသည်။
ဈေးသည်မ ၄-ယောက်
ရှေးအခါက ဈေးသည်မ ၄-ယောက်တို့သည် အလေးချိန်ခွင် စဉ်းလဲခြင်း စသည်ဖြင့် ပစ္စည်းများကို စုဆောင်းပြီးနောက် အရွယ်ကောင်းချိန်မှာပင် သေကြပြီး ပြိတ္တာဖြစ်လေ၏။ မိမိတို့၏ ရှေးဟောင်းနှောင်းဖြစ်များကို မြင်ရုံမက ကျန်ရစ်သော ယောက်ျားတို့က နောက်မယားယူ၍ မိမိတို့ စုဆောင်းထားခဲ့သော ပစ္စည်းများကို သုံးဖြုန်းနေကြသည်ကိုပါ မြင်ရ၍ မခံနိုင်သဖြင့် “တရားရော မတရားရော ငါတို့ စုဆောင်းထားသော ပစ္စည်းတွေကို နောက်သား နောက်မယားတွေက အပင်းဆို့နေကြသတဲ့၊ ငါတို့တော့ ဒုက္ခရောက်ကုန်ပြီ” ဟု မြို့ရိုးပေါ်က ဟစ်အော်ကြသည်။ (ရတနာဂုဏ်ရည် စာမျက်နှာ ၁၅၃)။
နတ်သမီး တစ်ဦး
မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သာဝတ္ထိပြည်သား ကုန်သည် ခုနစ်ရာတို့သည် သင်္ဘောဖြင့် သွားကြသောအခါ ဆန်းကြယ်သော ဗိမာန်တစ်ခု၌ ထမီအဝတ် မဝတ်ရသော နတ်သမီးကို တွေ့မြင်ကြရ၍ ရှေးက ပြုလုပ်ဖူးသည်ကို မေးရာ နတ်သမီးက ပြန်ဖြေသည်မှာ ရဟန်းတစ်ပါးအား နှမ်းဖတ်လှူခဲ့သောကြောင့် ဤနတ်သမီးဗိမာန်၌ ခံစားရကြောင်း၊ သူတစ်ပါး၏ အဝတ်ပုဆိုးကို ခိုးယူခဲ့သောကြောင့် ထမီအဝတ်ကို မရကြောင်း၊ အကုသိုလ်ကံ မကုန်သေး၍ လေးလမြောက်လျှင် အဝီစိငရဲ၌ ခံရဦးမည် ဖြစ်ကြောင်းတို့ကို နတ်သမီးက ပြောဆိုလေသည်။
ခုပ္ပိပါသ ပြိတ္တာ
ကိုးဆယ့်နှစ်ကမ္ဘာထက်... ဖုဿဘုရားပွင့်တော်မူစဉ် ဖုဿဘုရား၏ အဖေတူ အမေကွဲ ညီတော်သုံးယောက်တို့သည် ကျောင်းဆောက်လှူဒါန်း၍ ဘုရားရှင်နှင့် သံဃာတော်များထံ ဝါတွင်းသုံးလပတ်လုံး ဥပုသ်ဆောက်တည်ကြ၏။ ဘဏ္ဍာစိုးအား ဆွမ်းဝတ်ချက်၍ ကပ်လှူစေရန် တာဝန်ပေးထား၏။ ဘဏ္ဍာစိုး...
စာမျက်နှာ-412
လင်မယားတို့ကား သဒ္ဓါတရားဖြင့် ဆောင်ရွက်ကြ၏။ ဘဏ္ဍာစိုး၏ တပည့်များအနက် အချို့သော လူများသည် ဘုရားရှင်နှင့် သံဃာတော်များအား လုပ်ကျွေးရန် ရည်သန်ထားသော ဆီ၊ ဆန်၊ ထောပတ် စသည်တို့ကို ခိုးယူစားသုံးပြီးလျှင် လှောင်ထားရာ ကျီကြကို မီးတိုက်ကြကုန်၏။ ထိုလူများသည် ခိုးမှုလွန်ကျူးသောကြောင့် ကိုးဆယ့်နှစ်ကမ္ဘာပတ်လုံး ငရဲမှာသေ၍ ငရဲ၌သာ ဆက်ကာကျလေ၏။ ဤဘဒ္ဒကမ္ဘာတွင် အဝတ်အချည်းအနှီး အစာရေစာ ဆာလောင်မွတ်သိပ်သော ခုပ္ပိပါသပြိတ္တာ များ ဖြစ်ကြသည်။
ရှေးဦးစွာ ကကုသန်မြတ်စွာဘုရား ပွင့်တော်မူသောအခါ ထိုပြိတ္တာများသည် “တပည့်တော်တို့ ဘယ်အခါ အစာစားကြရပါမည်နည်း” ဟု မေးလျှောက်ကြ၏။ မြတ်စွာဘုရားရှင်က “ငါ၏ညီတော် ကောဏာဂုံဘုရား ပွင့်သောအခါ မေးကြလော့” ဟု မိန့်တော်မူ၏။ ပြိတ္တာများမှာ ဆာလောင်မွတ်သိပ်စွာဖြင့် ကာလအသင်္ချေ စောင့်ဆိုင်းနေကြပြီး ကောဏာဂုံဘုရား ပွင့်တော်မူလာသောအခါ၌ ချဉ်းကပ်မေးမြန်းပြန်ရာ “ငါ၏ညီတော် ကဿပဘုရား ပွင့်သောအခါ မေးကြလော့” ဟု မိန့်တော်မူ၏။
ထို့နောက် ကာလအသင်္ချေကြာသောအခါ ကဿပဘုရား ပွင့်တော်မူ၍ မေးလျှောက်ကြသောအခါ “ငါ၏ညီတော် ဂေါတမဘုရားလက်ထက်၌ သင်တို့၏ ဆွေမျိုးဖြစ်ခဲ့သူ ဘဏ္ဍာစိုးသည် ဗိမ္ဗိသာရအမည်ရှိသော မင်းကြီး ဖြစ်လတ္တံ့၊ ထိုမင်းသည် ဂေါတမဘုရားရှင်အား ဝေဠုဝန်ကျောင်းတော်ကြီး ရေစက်ချပွဲ ပြုလုပ်၍ အမျှဝေသောအခါ သင်တို့ စားကြရလိမ့်မည်” ဟု မိန့်တော်မူ၏။ ပြိတ္တာများသည် နက်ဖြန်စားရတော့မည်ဟုပင် ထင်ကြ၏။
သို့ရာတွင် ဝေဠုဝန်ကျောင်းတော်ကြီး ရေစက်ချပွဲတွင် ဗိမ္ဗိသာရမင်းကြီးသည် သတိမေ့လျော့၍ ထိုပြိတ္တာများအား ရည်ညွှန်း၍ အမျှမဝေမိချေ။ ခဲလေသမျှ သဲရေကျဖြစ်ရသော ပြိတ္တာများသည် မကျေမနပ်ဖြစ်ကြ၍ ညအချိန်တွင် ဗိမ္ဗိသာရမင်းကြီး၏ နန်းတော်အထဲသွား၍ စူးစူးဝါးဝါး ဟစ်အော်ကြ၏။ မင်းကြီးလည်း မြတ်စွာဘုရားထံ မေးလျှောက်၍ အကျိုးအကြောင်း သိရှိသည့်အခါ ဘုရားအမှူးရှိသော သံဃာတော်မြတ်တို့အား အလှူကြီးပေး၍ အမျှဝေမှ သာဓုခေါ်ရသဖြင့် ဝဝလင်လင် စားကြရလေသည်။ (ပေတဋ္ဌ။ ၁၈။ တိရောကုဋ္ဋပေတဝတ္ထု)။
ကာမေသုမိစ္ဆာစာရအဖွင့်
“ကာမဂုဏ်တို့၌ ဖောက်ပြန်မှားယွင်း ပြုကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏” ဟု သီလဆောက်တည်ထားသူ အမျိုးကောင်းသားသည် မိမိ၏ သီလမကျိုးမပေါက်စေရန် အောက်ပါ အဂမနီယဝတ္ထု (မသွားလာအပ်သော မိန်းမ ၂၀) ကို ရှောင်ကြဉ်ရပေမည် —
စာမျက်နှာ-413
(၁) မာတုရက္ခိတ = မိခင်အုပ်ထိန်းသော မိန်းမ၊
(၂) ပိတုရက္ခိတ = ဖခင်အုပ်ထိန်းသော မိန်းမ၊
(၃) မာတာပိတုရက္ခိတ = မိဘနှစ်ပါးအုပ်ထိန်းသော မိန်းမ၊
(၄) ဘာတုရက္ခိတ = မောင်ကြီးမောင်ငယ် အုပ်ထိန်းသော မိန်းမ၊
(၅) ဘဂိနီရက္ခိတ = အစ်မ၊ ညီမ စောင့်ထိန်းသော မိန်းမ၊
(၆) ဉာတိရက္ခိတ = သွေးသားစပ်သူ ဆွေမျိုးအုပ်ထိန်းသော မိန်းမ၊
(၇) ဂေါတ္တရက္ခိတ = အမျိုးအနွယ်က အုပ်ထိန်းသော မိန်းမ၊
(၈) ဓမ္မရက္ခိတ = တရားကျင့်ဖော်ချင်း အုပ်ထိန်းသော မိန်းမ၊
(၉) သာရက္ခ = ကိုယ်ဝန်ကတည်းက မှတ်သား သိမ်းဆည်းခံရသော မိန်းမ (ပြောဆိုကြောင်းလမ်းပြီးသော မိန်းမ)၊
(၁၀) သပရိဒဏ္ဍ = ဤမိန်းမကို သွားလာလျှင် ဒဏ်သင့်စေဟု မင်းမိန့်ထုတ်ထားသော မိန်းမ (တော်ကောက်ထားသော မိန်းမ)၊
(၁၁) ဓနက္ကိတ = ဥစ္စာဖြင့် ဝယ်ယူပေါင်းသင်းနေသော မိန်းမ၊
(၁၂) ဆန္ဒဝါသိနီ = အလိုတူ၍ ပေါင်းသင်းနေသော မိန်းမ၊
(၁၃) ဘောဂဝါသိနီ = ဥစ္စာစည်းစိမ်အပ်နှင်း၍ ပေါင်းသင်းနေသော မိန်းမ၊
(၁၄) ပလ္လဝါသိနီ = အဝတ်တန်ဆာ ဆင်ပေး၍ ပေါင်းသင်းနေသော မိန်းမ၊
(၁၅) ဩဒပတ္တကိနီ = လူကြီးစုံရာ လက်ထပ်ပေါင်းသင်းရသော မိန်းမ၊
(၁၆) ဩဘဋစုမ္ဗဋာ = ထင်းခွေရေခပ် လုပ်ကိုင်ရသော မိန်းမအား ထိုအလုပ်ကို မလုပ်စေဘဲ မယားအဖြစ် ပေါင်းသင်းသော မိန်းမ၊
(၁၇) ဒါသီဘရိယာ = ကျွန်လည်းဟုတ်၊ မယားလည်းဟုတ်သော မိန်းမ (မယားပြုခံရသော ကျွန်မ)၊
(၁၈) ကမ္မကာရီ = အလုပ်သမားလည်းဟုတ်၊ မယားလည်းဟုတ်သော မိန်းမ (မယားပြုခံရသော အလုပ်သူမ)၊
(၁၉) ဓဇာဟဋာ = မယားအဖြစ် ပေါင်းသင်းခံရသော သုံ့ပန်းမိန်းမ၊
(၂၀) မုဟုတ္တိကာ = ခေတ္တငှားရမ်း ပေါင်းသင်းသော မိန်းမ (ပြည့်တန်ဆာမ)။
စာမျက်နှာ-414
မှတ်ချက်။ ။အမှတ်စဉ် (၁) မှ (၈) အထိ မိန်းမ ၈-ဦးသည် အုပ်ထိန်းခြင်း မကင်းသူဖြစ်သော်လည်း ကာမပိုင်မရှိ။ အမှတ်စဉ် (၉) မှ (၂၀) အထိ မိန်းမ ၁၂-ဦးသည် အုပ်ထိန်းခြင်း မကင်းသူ ဖြစ်သည့်အပြင် ကာမပိုင်ရှိသူများလည်း ဖြစ်ကြ၏။
မာတုရက္ခိတမှ ဓမ္မရက္ခိတအထိ (၁-မှ ၈) မိန်းမရှစ်မျိုးကို မိဘစသူတို့က အုပ်ထိန်းသည်ဆိုရာ၌ မိဘစသူတို့သည် ထိုမိန်းမတို့၏ “ဖဿ” အတွေ့အထိ အာရုံခံစားမှုကို အစိုးလည်းမရ၊ ပိုင်ဆိုင်မှုလည်းမရှိသဖြင့် မစောင့်ရှောက်နိုင်။ ဖဿကို စောင့်ရှောက်ကြသည်မဟုတ်။ အမှန်မှာ ယုတ်မာသောအကျင့်၊ ယောက်ျားတစ်ပါးနှင့် သွားလာနေထိုင်မှု၊ သူတစ်ပါးစော်ကားမှုကိုသာ တားမြစ် စောင့်ရှောက်နိုင်ကြသည်။
ထို့ကြောင့် ထိုမိန်းမရှစ်မျိုးတို့သည် အရွယ်ရောက်သူဖြစ်နေပါက ကာမပိုင်လင်ယောက်ျားမရှိသောကြောင့် ယောက်ျားတစ်ပါးနှင့် နှစ်ဦးသဘောတူ ပြုမှုကြလျှင် ကာမေသုမိစ္ဆာစာရကံ မထိုက်ပေ။ သို့ရာတွင် ယင်းမိန်းမရှစ်မျိုးတို့သည် ကာမပိုင်လင်ယောက်ျား မရှိသောကြောင့် ကာမေသုမိစ္ဆာစာရကံ မထိုက်သော်လည်း ကာမဖောက်ပြန်သော အကုသိုလ်ကံဖြစ်၏။ မိဘဆွေမျိုး အရှက်တကွဲ အကျိုးနည်းဖြစ်ရ၏။ ပူပန်သောကရောက်ရ၏။ ထိုအကုသိုလ်ကံကြောင့် အပါယ်ကျရောက်ရန် အကြောင်းလုံလောက်၏။
သာရက္ခ၊ သပရိဒဏ္ဍ (၉-၁၀) မိန်းမနှစ်မျိုးမှာ ရည်စူးသတ်မှတ်ထားသူ ရှိသောကြောင့် ယောက်ျားတစ်ပါးနှင့် ဖောက်ပြန်လျှင် ကာမေသုမိစ္ဆာစာရကံ ထိုက်၏။ အထက်ပါမိန်းမ (၂၀) မျိုးတို့တွင် သာရက္ခမှ မုဟုတ္တိကာ အထိ (၉-မှ ၂၀) မိန်းမ (၁၂) မျိုးတို့သည် ကာမပိုင်ရှိသောကြောင့် ကာမပိုင်မှတစ်ပါး အခြားယောက်ျား၊ သို့မဟုတ် တိရစ္ဆာန်ထီးများနှင့် ကာမဖောက်ပြန်လျှင် ကာမေသုမိစ္ဆာစာရကံ ထိုက်၏။ အဘယ်ကြောင့်ဆိုသော် လင်ပိုင်ဆိုင်ထားသော ကာမဂုဏ်အတွေ့အထိ ဖဿကို တိတ်တိတ်ခိုး၍ သူတစ်ပါးအား ပေးအပ်မွေ့လျော်စေသောကြောင့် ဖြစ်သည်။ မုဟုတ္တိကာမိန်းမ (ပြည့်တန်ဆာမ) သည် မိမိအား ငွေပေးထားသော ယောက်ျားအား တာဝန်မကျေသေးဘဲ အခြားယောက်ျားတစ်ဦးကို လက်ခံလိုက်ပါက ကာမေသုမိစ္ဆာစာရကံ ထိုက်၏။
ယောက်ျားများရှောင်ကြဉ်ရန်
ယောက်ျားများမှာမူ အုပ်ထိန်းခြင်းမကင်းသော မိန်းမ (၂၀) မျိုးအနက် တစ်ယောက်ယောက်နှင့် ကာမဖောက်ပြန်လျှင် ကာမေသုမိစ္ဆာစာရကံ ထိုက်၏။ ထို့ကြောင့် ရှေးပညာရှိကြီးများက “မိန်းမနှစ်ကျိပ်၊ ပျော်ကြောင်းသိပ်လည်း၊ မအိပ်လေရာ” ဟု ဆုံးမခဲ့ကြသည်။
စာမျက်နှာ-415
ဤသိက္ခာပုဒ်၌လည်း သီလမရှိသူ၌ လွန်ကျူးလျှင် အပြစ်နည်း၏။ သီလရှိသူ၌ လွန်ကျူးလျှင် အပြစ်ကြီး၏။ သီလမရှိသူအပေါ်၌လည်း အနိုင်အထက် လွန်ကျူးလျှင် အပြစ်ကြီး၏။ နှစ်ယောက်အလိုတူအလိုပါ လွန်ကျူးလျှင် အပြစ်နည်း၏။ မှားယွင်းလိုသော စေတနာလည်းမရှိ၊ အလိုလည်းမတူဘဲ အနိုင်အထက် ကျူးလွန်ခံရသူမှာ ကာမေသုမိစ္ဆာစာရကံမဖြစ်၊ ကျူးလွန်သူမှာသာ ဖြစ်၏။
အမှောင်ခန်းထဲ၌ အိပ်နေစဉ် အခြားယောက်ျား လာရောက်ဆက်ဆံသည်ကို မိမိလင်မှတ်၍ သာယာသော မိန်းမအားလည်းကောင်း၊ မိမိမယားနှင့်အတူ အိပ်နေသူ အမျိုးသမီးအား မိမိမယားမှတ်၍ မှားယွင်းမိသော ယောက်ျားအားလည်းကောင်း ကာမေသုမိစ္ဆာစာရကံ မထိုက်ပေ။
ကာမကျူးလွန်ခြင်း အင်္ဂါ ၄-ပါး
ကာမေသုမိစ္ဆာစာရကံမြောက်ရန် အောက်ပါအင်္ဂါ ၄-ပါးနှင့် ညီညွတ်ရပေမည်။ ၎င်းအင်္ဂါများမှာလည်း ယောက်ျားများအတွက်သာ ဖြစ်လေသည် —
(၁) မသွားလာအပ်သော မိန်းမ-၂၀ (အဂမနိယဝတ္ထု) ဖြစ်ခြင်း၊
(၂) အဂမနီယဝတ္ထု၌ မှီဝဲလိုစိတ်ရှိခြင်း၊
(၃) လုံ့လပြုခြင်း၊
(၄) သာယာခြင်း။
ကာမကျူးလွန်ခြင်း၏ အပြစ်များ
ကာမေသုမိစ္ဆာစာရကံ ကျူးလွန်သူသည် သေပြီးနောက် အဝီစိငရဲနှင့် လောဟကုမ္ဘီငရဲတို့၌ ပြင်းထန်စွာ ခံစားကြရသည်။ ငရဲမှလွတ်မြောက်၍ လူ့ဘဝသို့ ရောက်လာပါလျှင်လည်း ဖော်ပြပါအပြစ်များကို ခံစားရ၏။ ကာမေသုမိစ္ဆာစာရကံ လုံခြုံလျှင်ကား ထိုအပြစ်များ၏ ပြောင်းပြန်ဖြစ်သော ကောင်းကျိုးများကို ခံစားကြရသည်။
(၁) လူမုန်းများခြင်း၊
(၂) ရန်သူများခြင်း၊
(၃) ပစ္စည်းလာဘ်လာဘ ရှားပါးခြင်း၊
စာမျက်နှာ-416
(၄) ချမ်းသာသုခမှ ကင်းဆိတ်ခြင်း၊
(၅) မိန်းမဖြစ်ရခြင်း၊
(၆) မ-မဟုတ် ကျား-မဟုတ် ပဏ္ဍုက်ဖြစ်ရခြင်း (ယောက်ျားရှာ၊ မိန်းမရှာဖြစ်ရခြင်း)၊
(၇) အမျိုးယုတ် ဖြစ်ရခြင်း၊
(၈) မျက်နှာပျက် အရှက်တကွဲ ဖြစ်ရခြင်း၊
(၉) ခြေလက်အင်္ဂါ၊ မျက်စိ၊ နား၊ နှာ၊ ဣန္ဒြေများ ချို့ယွင်းသေးသိမ်ခြင်း၊
(၁၀) စိုးရိမ်သောက အားကြီးရခြင်း၊
(၁၁) ချစ်သူနှင့် ကွဲရခြင်း။
မှတ်ရန်လင်္ကာ
မိစ္ဆာစာရ၊ ကျူးလွန်ကလည်း၊ မုန်းကြအများ၊ ရန်သူပွား၍၊ ရှားပါးလာဘ၊ ချမ်းသာဆိတ်၏၊ ဣတ္ထိပဏ္ဍုက်၊ မျိုးယုတ်ခါခါ၊ မျက်နှာမလှ၊ အရှက်ရလျက်၊ လက္ခဏဣန္ဒြေ၊ ယွင်းသွေချို့သိမ်၊ စိုးရိမ်များစွာ၊ ချစ်သူကွာသည်၊ ရှောင်ခါအပြန်အကျိုးတည်း။
ဒု-သ-န-သော
ကောသလမင်းကြီးသည် လူသူတိတ်ဆိတ်၍ အိပ်ကြသော ညအချိန်တွင် “ဒု” ဟု အော်သောအသံ၊ “သ” ဟု အော်သောအသံ၊ “န” ဟု အော်သောအသံ၊ “သော” ဟု အော်သောအသံကို အမှတ်မထင် ကြားလိုက်ရ၏။ မင်းကြီးသည် ထို “ဒု-သ-န-သော” ဟူသော အသံကို ကြားရသောကြောင့် မိမိအတွက် အန္တရာယ်လော၊ တိုင်းပြည်အတွက် အန္တရာယ်လောဟု စိုးရိမ်စိတ် ဖြစ်ပေါ်လာ၏။ သေဘေးအန္တရာယ်မှ ကြောက်သောကြောင့် ထိုညအဖို့ ထိုင်လျက်သား မိုးလင်းခဲ့ရသည်။
နံနက်လင်းသောအခါ ပုဏ္ဏားပုရောဟိတ်တို့အား ထိုအကြောင်းကို ပြော၏။ အကျိုးအပြစ်ကို မေး၏။ ပုဏ္ဏားတို့က ဆင်လေးစီး၊ မြင်းလေးစီး၊ နွားလေးကောင်၊ လူလေးယောက် စသည်တို့ဖြင့် လေးခုစီ ယဇ်ကြီးပူဇော်လျှင် ချမ်းသာသုခ ရနိုင်ကြောင်း လျှောက်တင်ကြ၏။
စာမျက်နှာ-417
ထို့နောက် မင်းကြီးသည် မိဖုရားကြီး မလ္လိကာအား ထိုသို့ ယဇ်ပူဇော်မည့် အကြောင်းကို ပြောပြ၏။ မိဖုရားကြီးက ဗုဒ္ဓဘုရားရှင်အား ထိုအသံနှင့် ပတ်သက်၍ လျှောက်ထားမေးမြန်းသင့်ကြောင်း အကြံပေး၏။ ထိုအခါ မင်းကြီးသည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူသော ဘုရားရှင်ထံ ရထားဖြင့် သွားရောက်၍ “ဒု-သ-န-သော” ဟူသော အသံကြားပုံ၊ ပုဏ္ဏားတို့က လေးခုစီ ယဇ်ပူဇော်သင့်ကြောင်း ပြောကြားပုံ လျှောက်ထား၍ ထိုအသံတို့ကို ကြားရခြင်းကြောင့် မိမိအတွက် မည်သို့ ဖြစ်နိုင်သည်ကို ဘုရားရှင်အား မေးမြန်းလျှောက်ထားသည်။
ထိုအခါ ဘုရားရှင်က ထိုအသံများ ကြားရခြင်းကြောင့် သင်မင်းကြီးမှာ ဘာအန္တရာယ်မျှ မရှိကြောင်း၊ ရှေးမင်းများလည်း ကြားဖူးကြကြောင်း၊ ထိုအသံသည် ရှေးဘဝက သူတစ်ပါး သားမယားကို ပြစ်မှားကျူးလွန်မှု ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်ခဲ့ကြသော သူဌေးသား လေးယောက်တို့၏ အသံဖြစ်ကြောင်း၊ သူတို့သည် ထိုကံကြောင့် အဝီစိငရဲ၌ ကျ၍ အဝီစိငရဲမှ လွတ်ပြီးနောက် လောဟကုမ္ဘီငရဲ၌ အနှစ်ခြောက်သောင်း ကျခံနေကြရကြောင်း၊ ငရဲဒုက္ခကို ခံစားရင်း လောဟကုမ္ဘီငရဲအိုး၏ မျက်နှာဝကို မြင်၍ ဟစ်အော်ကြကြောင်း စသည်ဖြင့် အတိတ်ဇာတ်ကို ဆောင်၍ ဟောကြားတော်မူသည်။
ကာမဂုဏ်မှားယွင်းမှု အပြစ်များ
ထို့ပြင် နေမိမင်းကြီးသည် နတ်ရထားဖြင့် ငရဲပြည်သို့ သွားရောက်ကြည့်ရှုရာ ရုပ်ဆင်းအင်္ဂါ စက်ဆုပ်ဖွယ်အတိဖြစ်ပြီး သွေးပြည်များ ယိုစီးလျက် ယင်ကောင် တလှောင်းလှောင်း ဝိုင်းအုံကာ သံမြေပြင်၌ ခါးတိုင်အောင် နစ်မြုပ်နေပြီး ရဲရဲတောက်နေသော သံတောင်ကြီး လေးလုံးတို့ဖြင့် ကြိတ်ခြေခြင်း ခံနေရသော မိန်းမကို မြင်၏။ အဘယ်ကြောင့် ဤကဲ့သို့ ခံနေရသနည်းဟု မေးရာ ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်ခြင်းကြောင့်ဟု ဖြေ၏။
ဆက်လက်၍ သွားပြန်ရာ အလျှံတပြောင်ပြောင် တောက်လောင်နေသော မီးကျီးတွင်း ငရဲအိုး၌ ဗောက်ထိုးကျနေသော ယောက်ျားများကို မြင်၏။ အဘယ်ကြောင့် ဤကဲ့သို့ ခံနေရသနည်းဟု မေးရာ ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်ခြင်းကြောင့်ဟု ဖြေကြ၏။
ကာမေသုမိစ္ဆာစာရကံ၏ အပြစ်ကား လွန်စွာပင် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ ထိုကံနှင့် ပတ်သက်၍ ပိဋကတ်စာပေတွင် ဖော်ပြထားသော သာဓကများစွာ ရှိ၏။ ထိုသာဓကများကို သံဝေဂယူလျက် ကာမေသုမိစ္ဆာစာရမှ ရှောင်ကြဉ်အပ်လှပေသည်။
စာမျက်နှာ-418
ဣသိဒါသိထေရီ
ပရဒါရကံကို ကျူးလွန်လျှင် ဖြည့်ကျင့်ပြီးသော ပါရမီအဆင့်ရှိသော ယောက်ျားပင်လျှင် မိန်းမဖြစ်ရတတ်သည်၊ လင်၏ စွန့်ပစ်ခြင်းကိုလည်း ခံရတတ်သည်၊ ငရဲ၌လည်း နှစ်ပေါင်းများစွာ ခံရတတ်သည်၊ ဖြစ်လေရာ ဘဝ၌လည်း ဆင်းရဲခြင်းကို ခံစားရတတ်သည်။
ဂေါတမဘုရားရှင် ပွင့်တော်မူသောအခါ အဝန္တိတိုင်း၊ ဥဇ္ဇေနီပြည် သူဌေးတစ်ဦး၌ ဣသိဒါသိမည်သော သမီးတစ်ယောက် ရှိ၏။ အရွယ်ရောက်သောအခါ သာကေတသူဌေးသားနှင့် ထိမ်းမြား၏။ လင်နောက်လိုက်၍ တာဝန်ကျေပွန်စွာ ပြုစုလုပ်ကျွေးသည်။ သို့သော် တစ်လရှိလျှင် လင်၏ နှင်ထုတ်ခြင်းကို ခံရသည်။
ထို့နောက် ကြွယ်ဝသော အမျိုးသားတစ်ယောက်နှင့် ထိမ်းမြား၏။ တစ်လရှိလျှင် မိဘထံ ပြန်ပို့ခံရ၏။ ထိုနောက် ထမင်းတောင်းစားသော အထီးကျန်နှင့် ပေးစား၏။ ထိုသူလည်း လမ်းတွင် သူမကို စွန့်ပစ်ပြန်၏။ သာသနာ့ဘောင်သို့ ဝင်၍ တရားအားထုတ်ရာ ရဟန္တာထေရီမ အဖြစ်သို့ ရောက်ရှိခဲ့၏။ ထိုမကောင်းမှုကံမှာ တစ်ခုသောဘဝ ဧရကစ္ဆမြို့၊ ဥစ္စာကြွယ်ဝသော ရွှေပန်းထိမ်သည် ဘဝ၌ ယုတ်မာသော အဆွေခင်ပွန်းနှင့် ပေါင်းမိ၍ သူတစ်ပါးမယား လွန်ကျူးမိခဲ့သောကြောင့် အဝီစိငရဲ၌ နှစ်ပေါင်းများစွာ ခံစားရ၏။ ငရဲမှ လွတ်သော် မျောက်ဖြစ်သောအခါ၌ ဝှေးစေ့အထုတ်ခံရ၏။ မျောက်ဘဝမှ လွတ်၍ သိန္ဓဝတိုင်း တောအရပ်၌ ကန်းလည်းကန်း၊ ခွင်လည်းခွင်သော ဆိတ်မဝမ်း၌ ပဋိသန္ဓေနေ၍ အရွယ်ရောက်လျှင် ဝှေးစေ့အထုတ်ခံရပြန်သည်။ ဆိတ်ဘဝမှ စုတေ၍ နွားဖြစ်ပြန်သည်၊ ဝှေးစေ့အထုတ်ခံရသည်။ သန္နိပါတတိုင်း၌ ကျွန်မ၏ဝမ်း၌ နပုံးပဏ္ဍုက် ဖြစ်ခဲ့ရပြန်သည်။ ထိုမှ စုတေ၍ ကြွေးမြီးအားကြီးသော လှည်းကုန်သည်၏ သမီးဖြစ်ခဲ့၏။ အရွယ်ရောက်လာသောအခါ လှည်းကုန်သည်တစ်ဦး၏ သား ဂိရိဒါသက မယားအဖြစ် သိမ်းပိုက်သည်။ ဂိရိဒါသ၌လည်း သီလနှင့် ပြည့်စုံသော မယားကြီးရှိ၏။ မယားကြီးကို လင်နှင့်မုန်းအောင် ကုန်းတိုက်ခဲ့မိလေသည်။ ထိုအကျိုးဆက်များကြောင့် ထိုကဲ့သို့ ခံစားဖြစ်ပျက်ရကြောင်း ဗောဓိထေရီမကို ဣသိဒါသိထေရီမက အတိတ်ဇာတ်ကြောင်း ပြန်ပြောင်း ပြောပြလေသည်။ (ထေရီမြန်မာပြန်။ ၂၄၂။ ထေရီ။ ၄၂၅၊ ၄၂၀။ ထေရီ၊ ဋ္ဌ။ ၂၆၇-၂၇၇)။
စာမျက်နှာ-419
အရှင်အာနန္ဒာအလောင်း
အရှင်အာနန္ဒာအလောင်းသည် ကမ္ဘာတစ်သိန်းမျှ ပါရမီဖြည့်ပြီးနောက် ကျွတ်တမ်းဝင်တော့မည့် ဤကမ္ဘာ၌ပင် တစ်ခုသော ဘဝ၌ ရွှေပန်းထိမ်သည်သား ဖြစ်၏။ ထိုဘဝ၌ လူယုတ်မာများနှင့် ပေါင်းမိ၍ ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်မိလေသည်။ ထိုအကုသိုလ်ကံကြောင့် ရောရုဝငရဲ၌ နှစ်ပေါင်းများစွာ ဆင်းရဲခံစားရ၏။ ထိုငရဲမှ လွတ်မြောက်သောအခါ မျောက်ဖြစ်၍ ဝှေးစေ့ထုတ်ခံရ၏။ ထိုနောက်ဘဝ၌ နွားဖြစ်၍ သင်းကွပ် (ဝှေးစေ့ထုတ်) ခံရ၏။ ထို့နောက် လူဖြစ်သော် ပဏ္ဍုက်ဖြစ်ရ၏။ ထို့နောက် ၅-ဘဝမြောက်၌ ကုသိုလ်ကံ အခွင့်ရ၍ နတ်ပြည်၌ သိကြားမင်း၏ မိဖုရား လေးကြိမ်၊ ဇဝနနတ်သား၏ မိဖုရား တစ်ကြိမ် ဖြစ်ရခြင်းအားဖြင့် ၅-ဘဝလုံးလုံး နတ်သမီး ဖြစ်ရ၏။ ထို့နောက် လူ့ပြည်၌ “မိတ္ထီလာပြည် အဂတိမင်းကြီး၏ ရုဇာမည်သော သမီးတော်” ဖြစ်ရသည်ဟု နာရဒဇာတ်တော်၌ ဟောတော်မူ၏။ ထို့နောက်မှ ယောက်ျားဘဝကို ပြန်လည်ရရှိလေသည်။ ဤသို့လျှင် ကာမေသုမိစ္ဆာစာရကံကြောင့် ပါရမီရှင်ကြီးသော်မှ ငရဲကျ၍ ဘဝများစွာ ဆင်းရဲခံရလေသည်။
ရှေးအခါက ရာဇဂြိုဟ်ပြည်၌ တစ်ယောက်သော မိန်းမသည် အမြောင်လင်ငယ်ထား၍ နေခဲ့ဖူးသော မိစ္ဆာစာရကံကြောင့် ငရဲ၌ နှစ်ပေါင်းများစွာ ဆင်းရဲခံစားပြီးနောက် ဖောဋ္ဌဗ္ဗအတွေ့ကို ပျော်မွေ့ခဲ့သည့်အတွက် ဂိဇ္ဈကုဋ်တောင်၌ လင်းတ၊ သိန်း၊ စွန်တို့၏ ထိုးဆွမှုကို ခံရလျက် အပေါ်ယံအရေမရှိသော နိစ္ဆဝိကပြိတ္တာမ ဖြစ်လေသည်။
ကာမဂုဏ် ဖောက်ပြားမှု မရှိသော ပုဂ္ဂိုလ်များ
ဥဒယဘဒ္ဒမင်းသားနှင့် ဥဒယဘဒ္ဒမင်းသမီးတို့သည် သုရုန္ဒနပြည်ကြီးကို အုပ်ချုပ်လျက် မင်းပြုကြ၏။ ဘတူမိကွဲ မောင်နှမဖြစ်ကြသည်အားလျော်စွာ ပါရမီရင့်ကျက်၍ အသိအလိမ္မာ ရှိသောကြောင့် လူကိစ္စ လူအာရုံတို့၌ စိတ်မညွတ်ကြပေ။ နန်းဆောင်တစ်ခန်းတည်းမှာပင် ဖြူဖြူစင်စင် စံတော်မူကြလေသည်။
အိမ်ထောင်စုံ ၄-မျိုး
(၁) ယောက်ျားက သီလလုံခြုံ၍ အိမ်သူမယားက သီလမလုံခြုံလျှင် နတ်သားလင်နှင့် သူသေမယားတို့ ပေါင်းသင်းခြင်းနှင့် တူ၏။ သီလမရှိသူသည် အသက်ရှင်နေသော်လည်း သူသေနှင့် တူ၏။
စာမျက်နှာ-420
(၂) ယောက်ျားက သီလမစင်ကြယ်ဘဲ အိမ်ရှင်မက သီလစင်ကြယ်နေလျှင် သူသေလင်နှင့် နတ်သမီးတို့ ပေါင်းသင်းခြင်းနှင့် တူ၏။
(၃) ယောက်ျားနှင့် အိမ်ရှင်မ နှစ်ယောက်လုံး သီလမစင်ကြယ်ပါမူ သူသေလင်နှင့် သူသေမယားတို့ ပေါင်းသင်းခြင်းနှင့် တူ၏။
(၄) ဇနီးမောင်နှံ နှစ်ဦးလုံး သီလစင်ကြယ်လျှင် နတ်သား နတ်သမီး ဇနီးမောင်နှံတို့ ပေါင်းသင်းခြင်းနှင့် တူ၏။
နှစ်ဦးလုံး သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ ဩတ္တပ္ပ ဟူသော သူတော်ကောင်းဥစ္စာ ၇-ပါးနှင့် ပြည့်စုံ၍ စိတ်တူကိုယ်တူ ကြည်ကြည်ဖြူဖြူ နေထိုင်ကြလျှင် ယခုဘဝ၌လည်း စည်းစိမ်ဥစ္စာ ပြည့်ဖြိုးလျက် နောက်သံသရာမှာလည်း ကောင်းကျိုးများ ခံစားရပေသည်။
မုသာဝါဒအဖွင့်
“မဟုတ်မမှန် လိမ်ညာပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏” ဟု ဆောက်တည်ထားသူသည် မမှန်မကန် လိမ်ညာပြောဆိုခြင်း မပြုသင့်ချေ။ မုသားစကားဆိုရာ၌ နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ကိုယ်လက် လှုပ်ပြ၍ဖြစ်စေ လိမ်ညာမှုမှန်သမျှသည် မုသာဝါဒ ဖြစ်၏။ သို့သော် နှုတ်ဖြင့် ပြောရသော မုသားက များ၍ ဝစီကံဒုစရိုက်၌ ထည့်သွင်းရ၏။
လိမ်လည်ပြောဆိုသော် သူတစ်ပါးအကျိုးစီးပွား ပျက်စီးအောင် လိမ်ညာပြောဆိုသော မုသားမျိုးသာ အပါယ်ရောက်ကြောင်း ဖြစ်သည်။ ကိုယ့်ဥစ္စာမပေးလို၍ လိမ်လည်ပြောဆိုသော မုသားမျိုး၊ မိမိအပြစ် လွတ်အောင် လိမ်ရသော မုသား၊ ပြောင်လှောင်ပြက်ရယ်လို၍ ပြောသော မုသား၊ သားသမီးများ ပွဲလမ်းမသွားချင်အောင် လှည့်ပတ်ပြောဆိုသော မိဘတို့၏ မုသားမျိုးသည် အပြစ်မကြီးလှချေ။ သို့သော် ဆောက်တည်ထားသည့် သိက္ခာပုဒ်ကား ပျက်သည်။
သူတစ်ပါးချမ်းသာစေခြင်း အကျိုးငှာ မုသားပြောဆိုရာ၌ ကံမမြောက်ချေ။ ငတ်မွတ်သည့် အခါ၌လည်းကောင်း၊ ရောဂါရောက်၍ ရောဂါပျောက်စေခြင်းငှာ လည်းကောင်း ရဟန်းတော်တို့အား မအပ်သော ခွေးသား၊ မြင်းသား၊ ဆင်သားတို့ကို နွားသား၊ ကျွဲသားပါဘုရား၊ ဆိတ်သား၊ သမင်သားပါဘုရားဟု လိမ်လည်လျှောက်ထားသည်ကို ယုံကြည်၍ ဘုဉ်းပေးသော ရဟန်းအား အပြစ်မရှိ၊ လျှောက်ထားသူ ဒါယကာအားလည်း မုသားမဖြစ်၊ ကုသိုလ်သာ...
စာမျက်နှာ-421
ဖြစ်၏ဟူ၍ မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာ၌ ဆို၏။ မပေးလို၍ လည်းကောင်း၊ ခိုးသူ လုယက်မည်မှ ကြောက်သောကြောင့် လည်းကောင်း မိမိ၌ရှိသော ဥစ္စာကို မရှိပါဟူ၍ ပြောဆိုရခြင်းနှင့် မကင်းနိုင်သောကြောင့် ဤသို့ဆိုခြင်းကို ဝဠဉ္စနမုသာဝါဒ ခေါ်သည်။ ယင်းမုသာဝါဒသည် ကံမမြောက်ဟူ၍ အဋ္ဌကထာ၊ ဋီကာတို့၌ ဆိုသည်။ သိက္ခာပုဒ်ကို ခံယူဆောက်တည်သော သူတို့မှာ မမှန်ချွတ်လွှဲသော စကားကို ပြောဆိုလိုသောစိတ်၊ ပြောဆိုမိခြင်း အင်္ဂါ ၂-ပါး စုံညီလျှင် မုသာဝါဒဖြစ်၍ သီလသိက္ခာပုဒ် ပျက်စီး၏။ ရယ်ရွှင်မြူးထူးလို၍ ပြောခြင်း၊ စကားပို စကားလျှံ ပြောခြင်းပြုရာ၌ အပြစ်နည်း၏။
ဥပမာ - ရဟန်းတစ်ပါး ဆွမ်းခံရာမှ ဆီအနည်းငယ် ရခဲ့၍ “ယနေ့ ရွာထဲမှာ ဆီတွေ မြစ်ရေကဲ့သို့ စီးနေသည်” ဟု ပြောခြင်းမျိုးသည် စကားပို စကားလျှံ ဖြစ်၍ အပြစ်နည်း၏။
လူယုတ်မာတို့၏ စကား ၈-ခွန်း
မည်သည့် အကြောင်းအရာကိုမဆို “မမြင်ဘဲ မြင်၏၊ မကြားဘဲ ကြား၏၊ မတွေ့ဘဲ တွေ့၏၊ မသိဘဲ သိ၏၊ မြင်လျက် မမြင်၊ ကြားလျက် မကြား၊ တွေ့လျက် မတွေ့၊ သိလျက် မသိ” ဟု ပြောဆိုသော လူယုတ်မာတို့၏ စကား (အနရိယဝေါဟာရ) ရှစ်မျိုးတို့တွင် တစ်မျိုးမျိုးကို ပြောလျှင် အပြစ်ရှိ၏။ မဟုတ်မမှန် ပြောဆို၍ သံဃာကို သင်းခွဲသော (ရဟန်းအချင်းချင်း စိတ်ဝမ်းကွဲစေသော) မုသာဝါဒသည် ပို၍ အပြစ်ကြီး၏။
ဘုရားအလောင်းတော်များ မုသားမဆို
ရှေးဘုရားအလောင်း သူတော်ကောင်းကြီးများသည် သံသရာဘဝ ကျင်လည်စဉ် သတ်မှု၊ ခိုးမှု၊ ကာမကျူးလွန်မှု၊ အရက်သေစာ သောက်စားမှုတို့ကို ပြုလုပ်မိခဲ့ကြသော်လည်း သူတစ်ပါး အကျိုးစီးပွား ပျက်စီးစေလိုသော စိတ်ဖြင့် မုသားကို လုံးဝ မပြောမဆိုခဲ့ကြပေ။ သူတစ်ပါး အကျိုးစီးပွား မထိခိုက် မပျက်စီးသော မုသားမျိုးကိုမူ ပြောဆိုခဲ့ကြဖူးသည်။
ဥပမာ - ဒုကနိပါတ် သံသုမာရဇာတ်၌ သံသုမာရမိကျောင်းက ဘုရားအလောင်း ဝါနရိန္ဒမျောက်မင်း၏ အသည်းနှလုံးကို တောင်းသောအခါ မျောက်မင်းက “ငါတို့ မျောက်မျိုး၏ အသည်းနှလုံးကား ကိုယ်ထဲ၌ မရှိ၊ ရေသဖန်းပင်၌ ချိတ်ထားသည်” ဟု ပြော၍ နီရဲနေသော ရေသဖန်းသီးကို လက်ညှိုးညွှန်ပြခဲ့ဖူး၏။ ပရိယာယ်ဖြင့် ပြောခြင်းဖြစ်၍ မုသာဝါဒကံမထိုက်။
စာမျက်နှာ-422
ဧကနိပါတ် ပဉ္စာဝုဓဇာတ်၌လည်း အလောင်းတော် ပဉ္စာဝုဓမင်းသားက သိလေသလောမဘီလူးအား “ငါ့ဝမ်းထဲ၌ ဝရဇိန်လက်နက်ရှိ၏။ ငါ့ကို နင်စားသော် အစာမကြေဘဲ အူအသည်း အပိုင်းပိုင်းပြတ်၍ သေမည်” ဟု ပြောခဲ့ဖူး၏။ ပညာတည်းဟူသော ဝရဇိန်လက်နက်ကို ရည်ရွယ်၍ ပြောသောကြောင့် မုသာဝါဒကံမထိုက်။
မျက်မှောက်လောက၌ လူတို့သည် မိမိထံတွင် ငွေကြေးစသည် ချေးငှားလာသူအား ပြန်ရမည်မထင်၍ “မရှိပါ” ဟု ပြောလိုက်၏။ မုသာဝါဒကံမဆိုက်။ မုသာဝါဒအရာ၌ သူတစ်ပါးအကျိုးစီးပွား ပျက်စီးမှသာ ကံမြောက်သည်။ အကျိုးစီးပွား မပျက်စီးလျှင် မုသာဝါဒမျှသာ ဖြစ်၏။ အချို့ မုသာဝါဒသည် အပါယ်ပဋိသန္ဓေ အကျိုးကို ပေးစေနိုင်သော်လည်း အချို့မှာကား အပါယ်... လိုသဖြင့် မရှိပါဟု လိမ်ပြောခြင်းမျိုးသည် သူတစ်ပါးကို မထိခိုက်စေဘဲ မိမိအပြစ်လွတ်အောင် ပြောခြင်း၊ မိဘများက သားသမီးများအား ဥပါယ်တံမျဉ်ဖြင့် ဆုံးမခြင်း စသည်တို့မှာ အပြစ်မရှိပေ။
မုသားအင်္ဂါ ၄-ပါး
(၁) မဟုတ်မမှန်သော အကြောင်းဖြစ်ခြင်း၊
(၂) မဟုတ်မမှန် ပြောလိုစိတ်ရှိခြင်း၊
(၃) ပြောလည်းပြောခြင်း၊
(၄) လိမ်လည်သည်ဟု သူတစ်ပါးသိခြင်း။
မုသာဝါဒ၏ အပြစ်များ
သူတစ်ပါးအကျိုးစီးပွား ပျက်လောက်အောင် မုသာဝါဒ ကျူးလွန်သူသည် သေပြီးနောက် အပါယ်သို့ ကျရောက်ရပြီး အပါယ်မှ လွတ်မြောက်၍ လူဘဝရောက်လာပါလျှင် ဖော်ပြပါ အပြစ်များကို ခံစားရ၏။ မုသာဝါဒလုံခြုံလျှင်ကား ထိုအပြစ်များ၏ ပြောင်းပြန်ဖြစ်သော ကောင်းကျိုးများကို ခံစားရ၏။
(၁) စကားမပီသခြင်း၊
(၂) သွားများ မညီညာခြင်း၊
(၃) အာပုပ်နံ့ နံစော်ခြင်း၊
စာမျက်နှာ-423
(၄) ကိုယ်သားကိုယ်ရေ မစိုပြည် ခြောက်ကပ်ခြင်း၊
(၅) မျက်စိစသော ဣန္ဒြေများ နောက်ကျခြင်း၊
(၆) ကိုယ်နေကိုယ်ဟန်မလှ ပုံပန်းသဏ္ဌာန် ဖောက်ပြန်ခြင်း၊
(၇) ဩဇာအာဏာ မညောင်းခြင်း၊
(၈) နှုတ်ထွက်စကား ကြမ်းတမ်းခြင်း၊
(၉) လျှပ်ပေါ်သော စိတ်ဓာတ်ရှိခြင်း။
သူတစ်ပါးအကျိုးစီးပွား မပျက်စီးလောက်သော မုသာဝါဒ မဟုတ်သော်လည်း ကြီးလေးသော မုသာဝါဒများ ဖြစ်ပါက ထိုအပြစ်များကို ခံစားကြရပေမည်။
မှတ်ရန်လင်္ကာ
မုသားစကား၊ ပြောဆိုငြားမူ၊ စကားမပီ၊ သွားမညီကြဲ၊ ပုပ်ညှီပါးစပ်၊ ခြောက်ကပ်ကိုယ်ရေ၊ ဣန္ဒြေနောက်၊ ပုံယွင်းဖောက်၍၊ မရောက်ဩဇာ၊ နှုတ်လျှာကြမ်းထော်၊ လျှပ်ပေါ်လော်လည်၊ စိတ်မတည်သည်၊ ရှောင်မည်အပြန်အကျိုးတည်း။
ဤမုသာဝါဒ ပြောဆိုမှုကို ရှောင်ကြဉ်ပါက ကောင်းသောလားရာ နတ်ရွာသုဂတိသို့ ရောက်ရှိ၍ လူဖြစ်သောအခါ အောက်ဖော်ပြပါ အကျိုးများ ခံစားရ၏ —
(၁) ယခုဘဝ၌ စကားပြောပီသ ပြတ်သားခြင်း၊
(၂) သွားများညီညာခြင်း၊
(၃) ခံတွင်းမွှေးကြိုင်ခြင်း၊
(၄) ကိုယ်ရေအသား ဖြည့်ဖြိုးခြင်း၊
(၅) မျက်စိ၊ နား စသော ဣန္ဒြေများ ကြည်လင်ခြင်း၊
(၆) ပုံသဏ္ဌာန်ကိုယ်ရေ လှပခြင်း၊
(၇) သူတစ်ပါးအပေါ် ဩဇာအာဏာရှိခြင်း၊
(၈) အပြောအဆို နှုတ်စအာစကောင်းခြင်း၊
(၉) စိတ်တည်ငြိမ်ခြင်း (အကြီးအကဲဖြစ်ရတတ်ခြင်း)။
စာမျက်နှာ-424
တစ်နည်း မုသာဝါဒမှ ရှောင်ကြဉ်ခြင်းအကျိုး ၁၄-မျိုး ရှိသည်။
(၁) အလွန်ကြည်လင်သော ဣန္ဒြေရှိခြင်း၊
(၂) သန့်ရှင်းချိုသာသော စကားကို ပြောဆိုတတ်ခြင်း၊
(၃) ညီညာဖြူဖွေးသော သွားရှိခြင်း၊
(၄) အလွန်ကြီး မဝလွန်းခြင်း၊
(၅) အလွန်ကြီး မပိန်လွန်းခြင်း၊
(၆) မနိမ့်လွန်း မပုလွန်းခြင်း၊
(၇) အလွန်မမြင့်လွန်းခြင်း၊
(၈) အသားအရေ အတွေ့အထိ နူးညံ့ခြင်း၊
(၉) ခံတွင်းမှ ကြာညိုပန်းနံ့သင်းခြင်း၊
(၁၀) ပရိသတ်များ ကြားနာချင်စဖွယ်သော အသံရှိခြင်း၊
(၁၁) ယုံကြည်ထိုက်သော စကားရှိခြင်း၊
(၁၂) ကြာပွင့်ချပ်ပမာ နူးညံ့ပျော့ပျောင်း ရှည်သွယ်သောလျှာရှိခြင်း၊
(၁၃) တွန့်တို ဆုတ်နစ်မှု မရှိခြင်း၊
(၁၄) လျှပ်ပေါ် လော်လည်မှု မရှိခြင်း။ (ခုဒ္ဓက၊ ဋ္ဌ။ ၂၄)
မုသာဝါဒ ပြောဆိုသော သူသည် အောက်ပါ မကောင်းကျိုးများကို ခံစားရသည် —
(၁) ကြည်ညိုဖွယ်သော ဣန္ဒြေမရှိခြင်း၊
(၂) နားမချမ်းသာသော အသံရှိခြင်း၊
(၃) သွား မညီညာခြင်း၊
(၄) ဆူလွန်း ဝလွန်းခြင်း၊
(၅) ကြုံလွန်း ပိန်လွန်းခြင်း၊
(၆) နိမ့်လွန်း ပုလွန်းခြင်း၊
(၇) မြင့်လွန်း ရှည်လွန်းခြင်း၊
(၈) အသားအရေ အတွေ့အထိ ကြမ်းတမ်းခြင်း၊
စာမျက်နှာ-425
(၉) ခံတွင်းပုပ်ခြင်း၊
(၁၀) သူတစ်ပါး မယုံကြည်ခြင်း၊
(၁၁) ပရိသတ်များ မကြားလိုသော အသံရှိခြင်း၊
(၁၂) ကြမ်းတမ်းသော တိုသော လျှာရှိခြင်း၊
(၁၃) တွန့်တို ဆုတ်နစ်ခြင်း၊
(၁၄) လျှပ်ပေါ်လော်လည်ခြင်း။ (ခုဒ္ဓက၊ ဋ္ဌ။ ၂၄)
ရှင်ဒေဝဒတ်
အရှင်ဒေဝဒတ်သည် သံဃာကို သင်းခွဲရာ၌ မုသားပြော၍ ခွဲရ၏။ ထိုမုသာဝါဒကြောင့် အဝီစိငရဲသို့ ရောက်ရလေသည်။ ဤသို့လျှင် မုသာဝါဒသည် ငရဲသို့ ပစ်ချနိုင်လောက်အောင် သတ္တိကြီးမားလေသည်။
မုသာဝါဒကံသည် အဒိန္နာဒါနကံ စသော ကံတစ်ပါးတို့၏ ရှေ့သွားဖြစ်၏။ သူတစ်ပါးဥစ္စာ ခိုးယူမည် ကြံစည်ကပင် နောင်အခါ ဥစ္စာရှင် စသော သူတစ်ပါးတို့က “ဤဝတ္ထုကို သင်ခိုးသလော” ဟု မေးမှ “ငါမခိုး” ဟု လှည့်ဖျားကွယ်ဝှက် ဆိုရအံ့သော မုသာဝါဒကံဖြစ်၏။ တစ်ပါးသော အကုသိုလ်ကံတို့၏ ရှေ့၌ တည်၍ ကိုးစားရာ အားပေးရှေ့သွားအဖြစ်နှင့် တည်လေသည်။ မှန်၏၊ သူတစ်ပါးဥစ္စာကို ခိုးယူပြီးလျှင် ဥစ္စာရှင်တို့က မေး၍ မုသားမဆိုဝံ့လျှင် မခိုးတော့ပြီ။
ထို့ကြောင့် မုသာဝါဒကံသည် —
မျက်မှောက်ဘဝ၌ပင် ကောင်းသောသတင်း ကျော်စောခြင်းကို ကွယ်ပျောက်စေခြင်း၊
လောကပါလ စသော နတ်ကောင်း နတ်မြတ်တို့ မစောင့်ရှောက်ခြင်း၊
သေသည်၏ အခြားမဲ့၌ အပါယ်လေးပါး၌သာလျှင် များစွာသော ဆင်းရဲကို ခံစားရခြင်း —
တို့ကို ဖြစ်စေတတ်ကုန်၏။
စာမျက်နှာ-426
အပါယ်ဘုံမှ လွတ်၍ လူဖြစ်ငြားသော်လည်း —
ကိုယ်ခံတွင်းမှ ပြင်းပြသော အပုပ်နံ့တို့ လှိုင်စေခြင်း၊ အခြင်း ဆို့ခြင်း များစွာ ဖြစ်ရခြင်း၊
သားယောက်ျား မဖွား၊ သမီးမိန်းမသာ များစွာ ဖွားရခြင်း၊
သားမြေး ကျေးကျွန်တို့ မိမိစကားကို မလိုက်နာခြင်း၊
သားမြေး ကျေးကျွန်တို့ မိမိစကားကို မလိုက်နာဘဲ ပြုကျင့်သဖြင့် ကြီးစွာသော ဆင်းရဲကိုသာ သံသရာဘဝ အတန်တန်တို့၌ အဖန်ဖန် တွေ့ရခြင်း — စသော ဆိုးကျိုးများကို ခံစားရပြန်လေသည်။
မုသားအစ စေတိယမင်းက
ဤကမ္ဘာတွင် စေတိယတိုင်း သောတ္တိယမြို့၌ ဥပဝရခေါ် စေတိယမင်း၏ မုသားကား ပထမဆုံး မုသားဖြစ်၏။ အပြစ်လည်း အလွန်ထင်ရှား၏။ ကမ္ဘာဦးကာလဖြစ်၍ တစ်စုံတစ်ယောက်မျှ မုသားစကား မပြောသေးသောအချိန်၊ သစ္စာတည်သောအချိန်၌ ပြောသော မုသားဖြစ်၍ ဖြူစင်သော ပဝါ၌ ဆီချေးစွန်းသကဲ့သို့ ဖြစ်၏။
စေတိယမင်းသည် သာမန်မင်း မဟုတ်ချေ။ ကောင်းကင်ပျံနိုင်ခြင်း၊ နတ်သားလေးယောက် စောင့်ရှောက်ရခြင်း၊ ကိုယ်မှ စန္ဒကူးနံ့မွှေးခြင်း၊ ခံတွင်းမှ ကြာညိုနံ့မွှေးခြင်း တန်ခိုး ၄-မျိုးနှင့် ပြည့်စုံသူ ဖြစ်၏။ တက္ကသိုလ် ပညာသင်ချိန်က ပုရောဟိတ်ကြီး ကပိလ၏ ညီဖြစ်သော ကောရကလမ္ဗနှင့် အကျွမ်းဝင်၍ ဘုရင်ဖြစ်လျှင် ပုရောဟိတ်ရာထူး ပေးမည်ဟု ကတိပြုခဲ့၏။ ပုရောဟိတ်ဟောင်း ကပိလသည် သားအား ရာထူးပေး၍ ရသေ့ပြုသွား၏။ ပုရောဟိတ်ရာထူးသည် ထိုခေတ်က အကြီးနှင့်သာ ဆိုင်၍ အငယ်နှင့် မဆိုင်ပေ။ ထို့ကြောင့် ပုရောဟိတ်ရာထူး ပေးနိုင်ရေးအတွက် စေတိယမင်းက ကောရကလမ္ဗကို အကြီး၊ ကပိလရသေ့ကို အငယ်ဟု မုသားပြောဆိုရန် စီစဉ်ထားသည်။
ထိုသို့ မုသားပြောဆိုလိမ့်မည်ကို ကြား၍ ပုရောဟိတ်ဟောင်း ကပိလရသေ့ လာပြီး စေတိယမင်းအား မုသားမဆိုရန် တားမြစ်၏။ မုသာဝါဒသည် လွန်စွာ အပြစ်ကြီး၏။ ရှိသမျှဂုဏ် ဖျက်ဆီးပစ်ရုံမက အပါယ်သို့ပင် ချတတ်၏။ မုသားပြောဆိုသူမှန်လျှင် ကိုယ်ကျင့်တရားကို ဖျက်ဆီးရာ ရောက်၏။ မုသားပြောဆိုသူအား ကိုယ်စောင့်နတ်များလည်း မစောင့်လိုကြ၊ ခံတွင်းကလည်း အပုပ်နံ့ထွက်တတ်၏။ ရာထူးလျှောတတ်သည်၊ သတ္တဝါများ ဆင်းရဲခြင်း၊ မြွေလို...
စာမျက်နှာ-427
လျှာနှစ်ခွဖြစ်ခြင်း၊ ဖြစ်လေရာဘဝ၌ စကားပီပီသသ မပြောနိုင်ခြင်း၊ ဖြစ်လေရာဘဝ၌ သားရတနာ မထွန်းကားဘဲ သမီးမိန်းမသာ ရတတ်ခြင်း၊ သားသည် မိဘစကားနားမထောင်တတ်ခြင်း အပြစ်တို့ ဖြစ်တတ်ရသည် စသည်ဖြင့် ဟောကြားလေသည်။ သို့သော် စေတိယမင်းသည် ရသေ့၏ စကားကို မလိုက်နာဘဲ သင်ရသေ့က အငယ်၊ ကောရကလမ္ဗက အကြီးဟု သိလျက်နှင့် မုသားဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ဘုရင့်စောင့်နေကျ နတ်သား ၄-ယောက်တို့ သန်လျက်ကို ပစ်ချ၍ ကွယ်ပျောက်သွားတော့၏။ ဘုရင်၏ ခံတွင်းမှ ကြာညိုနံ့ ကွယ်ပျောက်၍ ကြက်ဥပုပ်နံ့ ထွက်လာ၏။ ကိုယ်မှလည်း စန္ဒကူးနံ့ ကွယ်ပျောက်၍ အိမ်သာနံ့ကြီး ပေါ်လာ၏။ ကောင်းကင်မှာလည်း မသွားနိုင်တော့ဘဲ မြေပေါ်သို့ ကျရောက်လေ၏။ ဤကား ပထမ မုသား၏ အပြစ်တည်း။
ထိုအခါ ရသေ့က အပြစ်ပြ၍ ဆုံးမပြန်၏။ မင်းသည် မနာယူဘဲ နှစ်ကြိမ်မြောက် မုသားဆိုပြန်၏။ ခြေမျက်စိထိအောင် ခြေ ၂-ချောင်း မြေသို့ဝင်၏။ ထို့နောက် သုံးကြိမ်မြောက် ဆိုပြန်လျှင် ဒူးဆစ်ထိအောင် မြေသို့ဝင်လေ၏။ လေးကြိမ်မြောက် ပြောဆိုလျှင် ခါးတိုင်အောင် မြေသို့ဝင်၏။ ငါးကြိမ်မြောက် ဆိုလျှင် ချက်ထိအောင် မြုပ်သွား၏။ ခြောက်ကြိမ်မြောက် ပြောလျှင် သားမြတ်တိုင်အောင် မြုပ်သွား၏။ ခုနစ်ကြိမ်မြောက် မုသားအပြောတွင် မဟာပထဝီ မြေကြီးသည် ဟင်းလင်းပေါက်ဖြစ်၍ အဝီစိငရဲမှ မီးတောက်မီးလျှံများ ထွက်လာပြီး စေတိယမင်းကို အဝီစိတိုင်အောင် ယူဆောင်သွားလေသည်။ စေတိယမင်းသည် အဂတိလိုက်၍ မုသားပြောဆိုခြင်းကြောင့် မြေမျို၍ မဟာအဝီစိငရဲ၌ ကျရလေသည်။ (အဋ္ဌကနိပါတ်၊ စေတိယဇာတ်။ ၄၃၁။ ဇာ၊ ဋ္ဌ၊ ၃။ ၄၃၁)။
ဈာန်မဂ်ဖိုလ် မရဘဲ ဈာန်မဂ်ဖိုလ် ရ၏ဟု လိမ်လည်လှည့်ဖြား ပြောဆိုကုန်သော ရဟန်းတို့သည် သေသည်၏ အခြားမဲ့၌ အလျှံပြောင်ပြောင် တောက်လောင်သော မီးကျီးငရဲ၌ သင်္ကန်းကို လည်ပင်းရောက်လျက် ခံရကုန်၏။ (ဝိဘင်းပါဠိတော်)။
စိဉ္စမာဏ
မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတော်၌ တရားဟောနေတော်မူစဉ် စိဉ္စမာဏသည် တိတ္ထိတို့၏ စကားကို နာယူ၍ သစ်သားပျဉ်ချပ် ဝမ်းဗိုက်ပတ်လျက် ကိုယ်ဝန်ယောင်ဆောင်ပြီးလျှင် ပရိသတ်လေးပါးအလယ်၌ ဝင်ရောက်ပြီး မြတ်စွာဘုရားနှင့် ပေါင်းသင်းရ၍ ကိုယ်ဝန်...
စာမျက်နှာ-428
ရသည်ဟု မဟုတ်မတရား မုသားစကားဖြင့် စွပ်စွဲလေသည်။ နတ်သားလေးယောက် ကြွက်ဟန်ဆောင်၍ သစ်သားပျဉ်ချပ် ဝမ်း၌ဖွဲ့ထားသော ကြိုးကို ကိုက်ဖြတ်သဖြင့် ပျဉ်ချပ်ပြုတ်ကျလာ၏။ အပေါ်ရုံ ပုဆိုးသည် လေလွှင့်၍ ပါသွား၏။ ထိုအခါ စိဉ္စမာဏ၏ အလိမ်ပေါ်၍ ပရိသတ်အပြင်သို့ မောင်းထုတ်ကြကုန်၏။ ဘုရားရှင် မျက်ကွယ်သို့ ရောက်လျှင် မဟာပထဝီ မြေကြီးသည်လည်း နှစ်ဖြာခွဲ၍ အပေါက်ဟင်းလင်းဖြစ်၏။ ထိုအပေါက်မှ အဝီစိငရဲ မီးလျှံတက်လတ်၍ စိဉ္စမာဏကို လောင်မြိုက်ကာ ယူသွားလေသည်။ မဟာအဝီစိငရဲ၌ ကျရလေသည်။
တရားသူကြီး
ရာဇဂြိုဟ်ပြည်မှ တရားသူကြီးတစ်ဦးသည် ကောက်ကျစ်စဉ်းလဲသော တရားသူကြီးဖြစ်၍ နိုင်ရမည့်သူကို အရှုံးပေး၍ ရှုံးရမည့်သူကို အနိုင်ပေးကာ လိမ်ညာခဲ့ဖူးသော မကောင်းမှုကြောင့် ငရဲ၌ ဆင်းရဲကြီးစွာ ခံစားရ၏။ ထို့နောက် ယင်းကံကြွင်းကြောင့် ဂိဇ္ဈကုဋ်တောင်၌ ဝှေးစေ့ကြီးသော ပြိတ္တာကြီးဖြစ်၍ သွားသောအခါ ဝှေးစေ့ကို ထမ်းသွားရပြီး ထိုင်သောအခါ ဝှေးစေ့ပေါ်မှာ ထိုင်ရလေသည်။ (ဓမ္မပဒ)။
သုရာမေရယအဖွင့်
“သေရည်သေရက်သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏” ဟု ဆောက်တည်ထားသူသည် သေရည်သေရက်သာမက ယခုကာလ သုံးစွဲနေကြသော ဘိန်း၊ ဘင်း၊ ကစော်၊ လှော်စာ၊ ကုတ်ကင်း၊ ဆေးခြောက်၊ မာဖီယား၊ ဘိန်းဖြူ စသော မူးယစ်စေတတ်သည့် ပစ္စည်းများကို မမှီဝဲ မသုံးဆောင်ရ။ ထိုမူးယစ်စေတတ်သော သေရည်သေရက်၊ ဘိန်းစသည်များကို သောက်စားမှုသည် ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့ခြင်း၏ အကြောင်းဖြစ်သောကြောင့် ပမာဒဋ္ဌာန မည်၏။
ဤသိက္ခာပုဒ်လာ ပါဠိပုဒ်များကို တစ်ပုဒ်စီ ခွဲခြားလိုက်ပါက သုရာ + မေရယ + မဇ္ဇ + ပမာဒ + ဌာန ဟူ၍ ဖြစ်၏။ သုရာ = ရဲရင့်ခြင်း၏ အကြောင်းဖြစ်သော အရက်သေရည်၊ မေရယ = မူးယစ်စေသည့် စိမ်ရည်၊ မဇ္ဇ = မာန်မူတက်ကြွခြင်း၊ ပမာဒ = ကုသိုလ်တရား၌ မေ့လျော့ခြင်း၊ ဌာန = အကြောင်းတရား။ သေရည်အရက် မူးယစ်ဆေးဝါး သုံးစွဲမှုသည် မာန်မူတတ်၍ ကုသိုလ်တရား၌ မေ့လျော့ခြင်း၏ အကြောင်းတရား ဖြစ်သည်ဟု ဆိုလိုသည်။
စာမျက်နှာ-429
ယင်းသိက္ခာပုဒ် ပျက်စီးရန် အင်္ဂါကား —
(၁) သုရာစသည် တစ်ပါးပါးလည်း ဖြစ်ခြင်း၊
(၂) သောက်စားလိုသော စိတ်ရှိခြင်း၊
(၃) သောက်ဖြစ်အောင် လုံ့လပြုခြင်း၊
(၄) သောက်စားခြင်း —
ဟူ၍ ဣတိဝုတ်အဋ္ဌကထာနှင့် သမ္မောဟဝိနောဒနီ အဋ္ဌကထာ၌ လာ၏။ သံယုတ်အဋ္ဌကထာ၌မူ —
(၁) သုရာစသည် တစ်ပါးပါးလည်း ဖြစ်ခြင်း၊
(၂) သောက်စားလိုခြင်း၊
(၃) သောက်ခြင်း၊
(၄) မူးယစ်ခြင်း —
ဟူ၍ ၄-မျိုး လာသည်။ ဝိနည်းသုရာပါနသိက္ခာပုဒ်၌ကား —
(၁) သေရည်သေရက် တစ်ပါးပါးဖြစ်ခြင်း၊
(၂) သောက်စားခြင်း —
ဟူ၍ အင်္ဂါ ၂-ပါး လာပါသည်။ ထိုအင်္ဂါ ၂-ပါး ပြည့်စုံလျှင် ရဟန်းတော်များမှာ အာပတ်သင့်သည်။
သုရာငါးမျိုး
ယင်းသိက္ခာပုဒ်၌ သုရာ (သေ) ဟူသည်မှာ ဆန်မှုန့်စသည်ကို ပြုပြင်စီမံချက်လုပ်အပ်သော အရည်များကို သုရာ သေအရက်ဟု ခေါ်သည်။ ယင်းသုရာမှာ အောက်ပါအတိုင်း ၅-မျိုး ရှိသည် —
(၁) ဆန်မှုန့်ဖြင့် ပြုလုပ်သော ပိဋ္ဌသုရာ၊
(၂) မုန့်ဖြင့် ပြုလုပ်သော ပူဝသုရာ၊
(၃) ထမင်းဖြင့် ပြုလုပ်သော ဩဒနသုရာ၊
(၄) တဆေးမှုန့်ခေါ် သေရည်မျိုးစေ့ကို ထည့်၍ ပြုလုပ်အပ်သော ကိဏ္ဏပက္ခိတ္တသုရာ၊
(၅) ဖန်ခါးသီး၊ မုန်ညင်းစေ့စသော ဆေးမည်များကို ရောစပ်၍ ပြုလုပ်အပ်သော သမ္ဘာရသံယုတ္တသုရာ။
စာမျက်နှာ-430
မေရယငါးမျိုး
မေရယ (စိမ်ရည်) ဟူသည်မှာ အပွင့်အသီးတို့ကို ထောင်းထု၍ရသော အရည်ဖြင့် ကြာရှည်စွာ စိမ်အပ်သော အရည်မျိုးကို မေရယ (စိမ်ရည်) ဟု ခေါ်ပါသည်။ ယင်းမေရယမှာ အောက်ပါအတိုင်း ၅-မျိုး ရှိသည် —
(၁) သစ်မည်စည်ပွင့်၊ ထန်းပွင့်၊ အုန်းပွင့် စသော အပွင့်တို့ကို ထောင်းထု၍ရသော အရည်ကို ကြာမြင့်စွာ စိမ်၍ ပြုလုပ်သော ပုပ္ဖါသဝ၊
(၂) အသီးစိမ်ရည်ဖြစ်သော ဖလာသဝ၊
(၃) မုဒရက်ခေါ် သပျက်သီးစိမ်ရည်ဖြစ်သော မဓွါသဝ၊
(၄) ကြံရည်၊ ထန်းရည်ကို ပြုလုပ်သော ဂုဠာသဝ၊
(၅) ဖန်ခါးသီးစသော အဆောက်အဦ အမျိုးမျိုးတို့၏ စိမ်ရည်ဖြစ်သော သမ္ဘာရသံယုတ္တာသဝ။ (အဘိ၊ ဋ္ဌ၊ ၂။ ၃၆၅။ မူလဋီ၊ ၂၊ ၁၀၉)။
သေရည်သေရက် သောက်မှုအမျိုးမျိုး
မူးယစ်စေတတ်သော သေရည်အရက်ကို သောက်ရာ၌ သောက်စားမှု အမျိုးမျိုး ရှိပေသည်။
(က) ဆေးဝါးတွင် ပါ၍ သောက်မှု၊
(ခ) ဆေးဝါးအဖြစ် သူ့ချည်းသက်သက် သောက်မှု၊
(ဂ) အရသာခံစားလို၍ တမင်ကို သောက်ချင်၍ သောက်မှု၊
(ဃ) မကောင်းမှုဒုစရိုက်ကို ပြုကျင့်လို၍ ရဲဆေးအဖြစ် သောက်မှု —
ဟူ၍ ရည်ရွယ်ချက်အမျိုးမျိုးဖြင့် သောက်စားမှုအမျိုးမျိုး ရှိလေသည်။
ဆေးဝါးအဖြစ် သောက်မှုမျိုး၌ အပြစ်မရှိ၊ သီလမပျက်ဟု ဆိုသည်။ ယခုခေတ် အင်္ဂလိပ်ဆေးများတွင် အရက်ပါသည်က များလေသည်။ ထိုဆေးရည်များကို ရဟန်းရော ရှင်လူပါ ရောဂါအားလျော်စွာ သောက်ကြရပေသည်။
စာမျက်နှာ-431
အရက်ကို ဆေးအဖြစ် သောက်မှုမျိုး၌ သားသမီးဖွားပြီးစ အချို့မိခင် အမျိုးသမီးများသည် အရက်ကို ဆေးဝါးအဖြစ်ဖြင့် သောက်သုံးလေ့ ရှိကြပေသည်။ သို့သော် ကျန်းမာ၍ ရောဂါကင်းသောလူများမှာ “အရက်” မှန်းသိလျက် သောက်လျှင် သီလပျက်သည်သာ၊ “အရက်” မှန်းမသိ၍ သောက်မိပါက သီလမပျက်။
တမင်ကို သောက်ချင်လှ၍ သောက်မှုကား ရသာရုံကာမ၌ မှားယွင်းစွာ ကျင့်သုံးမှု ဖြစ်သောကြောင့် အပြစ်ကြီးလှပေသည်။ ဤအပြစ်ကြောင့် ငရဲ၌လည်း ဖြစ်နိုင်၍ တိရစ္ဆာန်၊ ပြိတ္တာ၊ အရူးလည်း ဖြစ်နိုင်သည်ဟု အင်္ဂုတ္တိုရ် ပါဠိတော်၌ ဟောတော်မူ၏။
ရဲဆေးတင်ရန် သောက်မှုမျိုးကား အပြစ်အကြီးဆုံး ဖြစ်လေသည်၊ ရသာရုံ ခံစားလို၍သာ မဟုတ်ဘဲ မကောင်းမှု ဒုစရိုက် အကုသိုလ် ပြုလုပ်ရန် သောက်ခြင်းမျိုး ဖြစ်သောကြောင့်တည်း။
ကုမ္ဘဇာတ်တော်၌ ကာသိတိုင်းမှ ဗုဒ္ဓမုဆိုးနှင့် ဝရုဏရသေ့တို့သည် မိမိတို့ သောက်ရုံသာ မဟုတ်ဘဲ စီးပွားဥစ္စာ ရနိုင်ရန် အခြားသူများ ဆင်းရဲဒုက္ခ ရောက်စေနိုင်သည့် သေရည်အရက် ဖြန့်ဖြူးမှုလုပ်ငန်း လုပ်ဆောင်ခဲ့သည်၊ နောက်ဆုံး သာဝတ္ထိပြည် သဗ္ဗမိတ္တမင်း၏ အဆုံးစီရင်ခြင်းကို ခံရပေသည်။
ပါဏာတိပါတ စသော ဒုစရိုက်မှု တစ်ခုခု ပြုရာ၌ အရက်သေစာ သောက်စားသည့် စေတနာသည် ဒုစရိုက်မှု၏ ရှေ့ပြေး ပုဗ္ဗစေတနာ ဖြစ်သည်။ ထိုကဲ့သို့ ပုဗ္ဗစေတနာများသည် အပါယ်သို့ ချနိုင်လေသည်။
ကံမြောက်မှုနှင့် မမြောက်မှု အယူအဆများ
သေရည်သေရက် သောက်မှုကို အကုသိုလ် ကံမြောက်၏ဟူ၍ တိုက်ရိုက် မဆိုပေ။ ဋီကာကျော်ကျမ်း ၁၇၂-တွင် ကာယအတွေ့သည် ဖောဋ္ဌဗ္ဗာရုံ ကာမဂုဏ်ဖြစ်၍ သေရည်သေရက်သည် ရသာရုံ ကာမဂုဏ် ဖြစ်သည်၊ ဖောဋ္ဌဗ္ဗာရုံ ကာမဂုဏ်၌ မှားယွင်းစွာ ပြုကျင့်ခြင်းသည် ကဲ့ရဲ့ထိုက်သကဲ့သို့ ရသာရုံ ကာမဂုဏ်ကို သောက်စားခြင်းသည်လည်း ကဲ့ရဲ့ထိုက်၏၊ ထို့ကြောင့် ယုတ်မာသော အကျင့် မိစ္ဆာစာရ တစ်မျိုးပင် ဖြစ်၍ ကာမေသုမိစ္ဆာစာရနှင့် သဘောတူ ယူဆပြီး သုရာပါနကို ကာမေသုမိစ္ဆာစာရ၌ ထည့်သွင်းရသည်။ မူလဋီကာတွင် သုရာပါနကို ကာမေသုမိစ္ဆာစာရ၌ သွင်းရုံသာမက ဒုစရိုက် ၁၀-ပါးလုံးကို ကျေးဇူးပြုတတ်သောကြောင့် ဒုစရိုက်ကံ ၁၀-ပါးလုံး၌ ထည့်သွင်းလေသည် (မူလဋီ၊ ၂၊ ၁၈၉)။
စာမျက်နှာ-432
သေရည်သေရက် သောက်စား၍ မရမ်းကား၊ တစ်စုံတစ်တခုသော ဒုစရိုက်မှုကို မကျူးလွန်ဘဲ နေသော သူ၏ သုရာပါနကံကို ကာမေသုမိစ္ဆာစာရ၌ သွင်းယူရလေသည်၊ အကြောင်းမှာ ကာမဝတ္ထုတို့၌ လွန်ကျူးခြင်း သဘာဝအားဖြင့် တူသောကြောင့် ဖြစ်၏။
သေရည်သေရက် သောက်စား မူးယစ်၍ ပါဏာတိပါတ စသော ဒုစရိုက်တစ်ပါးပါးကို ကျူးလွန်သောသူ၏ အရက်သောက်မှုကံကို ထိုကျူးလွန်သော ပါဏာတိပါတကံ စသည်တို့၌ ထည့်သွင်းယူရသည်။ ဥပမာ - သေရည်ကို သောက်စားမူးယစ်ပြီး သူ့အသက် သတ်ပါက အရက်သောက်မှုကို ပါဏာတိပါတကံ၌ သွင်းယူရသည်။ သောက်စားမူးယစ်ပြီး ဓားပြတိုက်မှု လွန်ကျူးပါက အရက်သောက်မှုကို အဒိန္နာဒါနကံ၌ သွင်းယူရသည်။
အကုသိုလ်ကံမြောက်သည်ဟု ယူဆပုံ
အင်္ဂုတ္တရပါဠိတော် (၇၈) ၌ အရက်သေစာ မှီဝဲလျှင် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာမျိုး၌ ဖြစ်စေနိုင်၏။ အငယ်ဆုံးအပြစ်မှာ လူဖြစ်လျှင် အရူးအနှမ်း ဖြစ်ရ၏ဟု ဟောတော်မူသည်။ သိက္ခာပဒဝိဘင်း အဋ္ဌကထာ (၃၆၆) ၌ ပါဏာတိပါတ စသော ကံငါးပါးကို အပါယ်သို့ ရောက်ကြောင်း ကံဟု ပြဆိုထား၏၊ ထို့ကြောင့် ပါဏာတိပါတ စသော ရှေ့လေးပါးနှင့်အတူ အပါယ်ရောက်ကြောင်း အကုသိုလ်ကံ ဖြစ်သည်ဟု ယူဆကြလေသည်။
အကုသိုလ်ကံမမြောက်ဟု ယူဆပုံ
အင်္ဂုတ္တိုရ် ပါဠိတော်၌ အရက်သေစာသောက်စားမှုအကြောင်း ပြဆိုခြင်းသည် ကံမြောက်ကြောင်း ပြဆိုခြင်းမဟုတ်၊ ငရဲစသည်၌ ဖြစ်စေနိုင်ကြောင်းကိုသာ ပြဆိုသော ပါဠိဖြစ်သည်၊ ငရဲစသည်၌ ဖြစ်စေနိုင်ခြင်းမှာလည်း ဆေးဝါးအမှတ် သောက်ရုံဖြင့် ငရဲကျနိုင်သည်ဟု မယူသင့်၊ “ယံ ပိဝိတွာ ဒုစ္စရိတံ စရန္တိ” စသော ကုမ္ဘဇာတ် ပါဠိတော်နှင့်အညီ သေရည်သေရက် သောက်ပြီးနောက် မကောင်းမှုပြုမှသာ ငရဲသို့ ကျနိုင်သည်ဟု ယူသင့်၏။
သိက္ခာပဒဝိဘင်း အဋ္ဌကထာ (၃၆၆) မှာလည်း အကုသိုလ်ကံမြောက်ကြောင်းကို ပြသော စကားမဟုတ်၊ ပါဏာတိပါတ စသည်တို့သည် ဈာန်ခန်း၌ မပါ၊ ကံမြောက်မှုအခန်း၌ ပါသည်ဟူသော အခန်းကဏ္ဍ ခွဲပြသော စကား...
စာမျက်နှာ-433
မျှသာ ဖြစ်သည်ဟု ယူဆကြ၏၊ ခုဒ္ဒကအဋ္ဌကထာ (၂၂) ၌ အရက်သောက်မှုသည် ကံမမြောက်၊ သာမန် ကာယကံမျှသာ ဖြစ်ကြောင်း ပြဆိုထားသည်၊ ဤကား ကမ္မပထ မမြောက်ဟု ယူဆသော ဆရာတို့၏ ရှင်းလင်းချက်တည်း (သင်္ဂြိုဟ် ဘာသာဋီကာ၊ ၃၆၀)။
အရှင်ဇနကာဘိဝံသ၏ အယူအဆ
ဆရာတော် အရှင်ဇနကာဘိဝံသကမူ ဖော်ပြခဲ့ပြီးသော သာဓကတို့အရ အရက်သောက်မှု သက်သက်မှာ အကုသိုလ်ကံ မမြောက်သည်ကား သေချာ၏၊ အကုသိုလ်ကံ မြောက်လျှင် အပါယ်ပဋိသန္ဓေကျိုး ပေးနိုင်သည့် သတ္တိဧကန် ရှိရမည်၊ ယခုမူ ဧကန်မဟုတ်၊ အချို့သူ၏ သောက်စားမှုသည် အပါယ်ပဋိသန္ဓေကျိုးကို မဖြစ်စေနိုင်၊ အချို့သူ၏ သောက်စားမှုသည် အပါယ်ပဋိသန္ဓေကျိုးကို ဖြစ်စေနိုင်သည်ဟု မှတ်ယူရမည်ဟူ၍ ဆုံးဖြတ်ချက် ချလေသည်။ ယင်းဆုံးဖြတ်ချက်မှာ ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ (ပဋိသံ၊ ဋ္ဌ၊ ၁၊ ၂၇၃) နှင့် ညီညွတ်သည်။
ဒီပဲယင်း ဆရာတော်၏ အယူအဆ
ဒုတိယ ဝိသုဒ္ဓါရုံ (ဒီပဲယင်း) ဆရာတော်ကလည်း ပရမတ္ထစက္ခုကျမ်း စာမျက်နှာ ၂၁၇-တွင် —
“သုရာပါနကို ပဋိသန္ဓေကျိုးကို ပေးရာ၌ အနေကန္တိက ဖြစ်၍ ကမ္မပထဒေသနာ၌ ဟောတော်မမူ၊ ကမ္မပထဒေသနာ၌ မပါဝင်၊ ကမ္မပထမမြောက်၊ မမြောက်သော်လည်း ပဋိသန္ဓေကျိုးကို မပေးနိုင်ဟူ၍ မမှတ်အပ်၊ အရာရာသို့ လိုက်၍ ပဋိသန္ဓေကျိုးကို ပေးနိုင်သည်လည်း ရှိ၏၊ မပေးနိုင်သည်လည်း ရှိ၏၊ အပြစ်ကြီးသည်လည်း ရှိ၏၊ အပြစ်ငယ်သည်လည်း ရှိ၏။ ယင်း သုရာပါနသည် ပဝတ္တိကျိုးကိုကား ဧကန္တိက ပေးနိုင်သည်၊ ပဝတ္တိကျိုး ဆိုသည်ကား ငရဲမှ လွတ်သောအခါ ဖြစ်ရာဘဝ၌ ဉာဏ်ပညာကင်း သိမ်ဖျင်းညံ့ယုတ် သေးနုပ်ထိုင်းမှိုင်းရခြင်း၊ အ၊ အ၊ အညံ့ ဖြစ်ရခြင်း၊ ခွေးရူး၊ ဝက်ရူး၊ ကြက်ရူး၊ လူရူး များစွာ ဖြစ်ရခြင်း စသည်တို့ကို ဆိုသည်။
ပစ္စက္ခ၌လည်း သုရာပါနလောက် အပြစ်များသော မကောင်းမှုမည်သည် မရှိ။ ထိုစကားမှန်၏၊ သုရာပါနကို ကျူးလွန်သော သူသည် ဒုစရိုက် ၁၀-ပါးလုံး ပြုရမည်ကို ဝန်မလေး၊ ပြုလွယ်တော့သည်သာ၊
စာမျက်နှာ-434
မိမိအန္တရာယ်၊ သူတစ်ပါး အန္တရာယ်ကိုလည်း ပြုနိုင်တော့သည်သာ၊ စီးပွားချမ်းသာ ပျက်စီးခြင်း၏ အကြောင်းလည်း ဖြစ်တော့သည်သာ။ ဤသို့သော အပြစ်တွေ များလှ၏၊ ဋီကာကြီး၊ ဋီကာငယ် စသော ကျမ်းတို့၌ကား သုရာပါနကို ကမ္မပထအတွင်းသို့ အလျော်သွင်း၍ ဖွင့်ပြတော်မူကြကုန်၏” ဟု ဖော်ပြလေသည်။
လယ်တီဆရာတော်ဘုရားကြီးကမူ သီလဝိနိစ္ဆယပေါင်းချုပ်ကျမ်း (၁၂၆) ၌ သုရာမေရယကံသည် ကမ္မပထမြောက်၊ မမြောက်နှင့် ပတ်သက်၍ ဖြေထားသည်မှာ —
“ဣဿာ၊ မစ္ဆရိယ၊ ဝိစိကိစ္ဆာတရားတို့သည် ကမ္မပထတရား ၁၀-ပါး၌ မပါသော်လည်း အပါယ်ပဋိသန္ဓေကို ပေးသည်ဖြစ်၍ ကမ္မပထ မြောက်သောကြောင့် ကမ္မပထ ၁၀-ပါးတို့တွင် သင့်လျော်ရာ သွင်းယူရသကဲ့သို့၊ ထို့အတူ သုရာမေရယကံသည်လည်း အပါယ်ပဋိသန္ဓေကို ပေးသည်ဖြစ်၍ ကမ္မပထ မြောက်သောကြောင့် သင့်လျော်ရာသို့ သွင်းယူရမည်” ဟု မိန့်သည်။ (ယုတ္တိဒိဋ္ဌိ။)
၎င်းအပြင် “ကောဋ္ဌာသတောတိ ပဉ္စပိ ကမ္မပထမေဝ” ဟူသော သမ္မောဟဝိနောဒနီအဋ္ဌကထာ၊ “ပါဏာတိပါတော နာမ နိရယသံဝတ္တနိကော ပေတ္တိဝိသယသံဝတ္တနိကော၊ တထာ အဒိန္နာဒါနာဒီနိ” ဟူသော မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာ ၂-ရပ်ကို ထောက်ဆ၍ မုချ ဆတ်ဆတ် ကမ္မပထမြောက်၏ဟု မှတ်ရမည်ဟု လယ်တီဆရာတော် ယူဆလေသည်။ (အာဂမဒိဋ္ဌိ။)
အရိယာတို့သည် အသက်သေမည့် အကြောင်းပင် ဖြစ်သော်လည်း ပါဏာတိပါတ သီလငါးပါးကို မလွန်ကျူး မဖျက်ဆီးကုန်၊ ထိုသုရာပါနကို သောက်စားလွန်ကျူး ယစ်မူး ရူးသွပ်သောသူသည် ပါဏာတိပါတ စသော ကံလေးပါးတို့၏ ပျက်ကြောင်းဖြစ်သော ဝဓက (သတ်ခြင်း)၊ ထေယျ (ခိုးခြင်း)၊ သေဝန (မှီဝဲခြင်း)၊ ဝိသံဝါဒနဝတ္ထု (လိမ်လည်စရာအကြောင်း) တို့နှင့် တွေ့လျှင် တွေ့သမျှသော ဝတ္ထုကို တစ်ခုမကျန် ဖောက်ပြန်ကျူးလွန်လျက် သီလကို အကြွင်းမဲ့ ဖျက်ဆီးတတ်ကုန်၏။ ထို့ကြောင့် ကြွင်းသော ကံလေးပါးတို့ထက် လွန်ကဲစွာ အပြစ်ကြီး၏ဟု သီလဖလုပ္ပတ္တိကျမ်း၌ ဆရာတော် ဦးဗုဓ် မိန့်ကြားခဲ့သည်။
စာမျက်နှာ-435
အရက်သေစာသောက်ခြင်း အပြစ် ၆-ပါး
အရက်သေစာ သောက်ခြင်းကြောင့် မျက်မှောက်ပစ္စက္ခ၌ အပြစ် ၆-ပါး ဖြစ်နိုင်ကြောင်း မြတ်စွာဘုရားရှင်သည် ဒီဃနိကာယ် ပါထေယျဝဂ် သိင်္ဂါလသုတ်၌ သိင်္ဂါလသတို့သားအား ဟောကြားတော်မူ၏။
ထိုအပြစ် ၆-ပါးကား —
(၁) စီးပွားဥစ္စာ ပျက်စီးကုန်ခန်းခြင်း၊
(၂) ခိုက်ရန်များခြင်း၊
(၃) ရောဂါအမျိုးမျိုး ဖြစ်ပွားတတ်ခြင်း၊
(၄) ကျော်စောသတင်း ကင်းမဲ့ခြင်း၊
(五) အရှက်အကြောက် ကင်းခြင်း၊
(၆) အသိပညာဉာဏ် အားနည်းအောင် ပြုတတ်ခြင်း — တို့ဖြစ်သည်။
စီးပွားပျက်ခြင်း
မူးနေသော အရက်သမားသည် မိမိပစ္စည်းကို စောင့်ရှောက်ရမှန်း မသိဖြစ်နေ၍ ခိုးယူလုယက်ခြင်း ခံရတတ်သဖြင့် ပစ္စည်းဥစ္စာ ပျက်စီးကုန်ခန်းလေသည်။
ရှေးက မဟာဓနသူဌေးသားသည် အရက်သမားဖြစ်၍ ရှိသမျှ ပစ္စည်းဥစ္စာကုန်၍ ခွက်လက်စွဲ တောင်းစားရလေသည်။ ထိုအခါ ယင်း၏ ဖခင်ဖြစ်ခဲ့ဖူးသော သိကြားမင်းက အလိုခပ်သိမ်း ပေးတတ်သော အိုးကို ပေးသည်။ သူဌေးသားသည် အရက်မူးမူးနှင့် မြှောက်ကစား၍ အိုးကွဲလေသည်၊ နောက်ဆုံး ကိုးကွယ်ရာမဲ့ သေဆုံးရလေသည် (ဇာ၊ ဋ္ဌ၊ ၂၊ ၃၈၈)။
ခိုက်ရန်များခြင်း
အင်္ဂုတ္တိုရ်ပါဠိတော် ဒုစ္စရိတဝိပါကသုတ် (အံ၊ ၃၊ ၇၈) ၌ အရက်သောက်မှု၏ အသေးဆုံး အပြစ်မှာ အရူးအနှမ်းဖြစ်ခြင်းဟု ဟောကြားတော်မူ၏၊ အရူးမည်သည် သူတစ်ပါးအား ဆဲရေးတတ်၊ ရိုက်ပုတ်တတ်သကဲ့သို့ အမူးသမားသည်လည်း ကိုယ်၊ နှုတ်နှစ်ပါးဖြင့် ရမ်းကားသူ ဖြစ်သည်၊ ထို့ကြောင့် မင်းပြစ်မင်းဒဏ် သင့်ခံရတတ်၏။
စာမျက်နှာ-436
ရောဂါဖြစ်ခြင်းအကြောင်း
အရက်သောက်များလျှင် ရောဂါအမျိုးမျိုး ဖြစ်တတ်ကြောင်းကို ဆေးပညာရှင်များက ဆိုကြသည်။ တိကင်္ဂုတ္တရ (၂၆၃) ၌ အရက်သမားသည် အရက်သောက်မှုကို မရောင့်ရဲနိုင်ဟု ဟောတော်မူ၏။ များသောအားဖြင့် မူးယစ်ဆေးဝါးစွဲသူတို့သည် ဖြတ်ရန်ပြောသော်လည်း မဖြတ်နိုင်ဘဲ သေသည်အထိ စွဲသွားလေသည်။
ကျော်စောသတင်း ကင်းမဲ့ခြင်း
အရက်မူးသမားသည် မပြုဝံ့သော ဒုစရိုက်ဟူ၍ မရှိ၊ ထို့ကြောင့် ဆရာ၊ မိဘ၊ သားသမီး၊ ဇနီးတို့ကို ရိုက်နှက်နိုင်၊ သတ်နိုင်၏။ နောက်ဆုံးတွင် လူများကဲ့ရဲ့ခံရခြင်းဖြင့် နိဂုံးချုပ်ရ၏။
အရှက်အကြောက်ကင်းခြင်း
အရက်သမားများသည် အရှက်အကြောက် (ဟိရီ၊ ဩတ္တပ္ပ) ကင်း၏။ ထို့ကြောင့် လှစ်မပြဝံ့သော အင်္ဂါဟူ၍ မရှိ။ သာမန်ပုဂ္ဂိုလ်မဆိုထားဘိ၊ ဈာန်အဘိညာဉ်ရ တန်ခိုးကြီးသော အရှင်သာဂတ လို ပုဂ္ဂိုလ်ပင် အရက်သောက်မိ၍ မြို့တံခါးဝ၌ လဲ၏။ ကျောင်းတော်ရောက်ရာ ဘုရားဘက်လှည့်၍ ခြေပြု၏။ ဤသို့ ရိုသေရမှန်း ရှက်ကြောက်ရမှန်း မသိတော့ပေ။ (ဝိ၊ ၂၊ ၁၄၅)။
အသိပညာနည်းအောင် ပြုခြင်း
အသိဉာဏ်ပညာဟူသည် သတိ၊ သညာတို့နှင့် တွဲလျက်ရှိရာ သညာကင်းနေသော အရက်မူးသမား၌ သတိကောင်းစွာမရှိ၍ အသိဉာဏ်ပညာလည်း အားနည်းရတော့၏။ အရှင်သာဂတသည် အသိဉာဏ်ကင်းလျက် မရှက်မကြောက် မရိုမသေ ဖြစ်ရလေသည်။
သုရာမေရယ၏ အပြစ်များ
သုရာမေရယကံ လွန်ကျူးသော ပုဂ္ဂိုလ်သည် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာဘဝ၌ ဖြစ်၍ အကြိမ်ကြိမ် ဆင်းရဲကို ခံစားရ၏။ လူဖြစ်သော်လည်း ရူးခြင်း၊ အခြင်း ဖြစ်ရ၏ (အံ၊ ၃၊ ၇၈)။ ဝဋ်လိုက်သောအားဖြင့် ဖြစ်လေရာဘဝ၌ ဖြစ်ရသော အကျိုးများကား —
(၁) အရေးအခွင့် သင့်၊ မသင့်ကို မသိတတ်ခြင်း၊
(၂) ပျင်းရိတတ်ခြင်း၊
စာမျက်နှာ-437
(၃) မေ့လျော့မူးရူးတတ်ခြင်း၊
(၄) သူတစ်ပါးပြုဖူးသော ကျေးဇူးကို မသိတတ်ခြင်း၊
(၅) ဟိရီ၊ ဩတ္တပ္ပ ဟူသော အရှက်အကြောက်မှ ကင်းခြင်း၊
(၆) သေရည်သေရက်သောက်မိလျှင် မည်သည့် အကုသိုလ်မှ မရှောင်ကြဉ်ဘဲ အလုံးစုံသော မကောင်းမှုကို ပြုလွယ်မိခြင်း — တို့ဖြစ်သည်။
မှတ်ရန်လင်္ကာ
သေရည်သောက်လင့်၊ သင့် မသင့်၌၊ ရေးခွင့်မသိ၊ ပျင်းရိမိုက်ရူး၊ ကျေးဇူးမဆပ်၊ ဟိရောတ္တပ်ကင်း၊ ခမင်းများထို၊ အကုသိုလ်ကို၊ မငြိုလွယ်စွာ၊ ပြုကျင့်ရာ၏၊ ရှောင်ခါ အပြန်အကျိုးတည်း။ ပါဏာတိပါတ်၊ စသည်ငါးတန်၊ စောင့်ထိန်းမှန်လည်း၊ အပြန်ထိုမှ၊ ကောင်းကျိုးရ၊ သာရတ္ထသင်္ဂဟေ၊ ကျမ်းဆိုပေသည်၊ ငါးထွေသီလ အကျိုးတည်း။ (မဟာဝိသုဒ္ဓါရုံဆရာတော်)။
ဤအရက်သေစာကို ရှောင်ကြဉ်ပါက ကောင်းသော နတ်ရွာသုဂတိသို့ ရောက်ရှိ၍ လူဖြစ်သောအခါ —
(၁) အရေးအခွင့် သင့်၊ မသင့်ကို သိခြင်း၊
(၂) လုံ့လဝီရိယရှိခြင်း၊
(၃) သတိနှင့် ပြည့်စုံခြင်း၊
(၄) သူများပြုဖူးသော ကျေးဇူးကို သိတတ်ခြင်း၊
(၅) ဟိရီ၊ ဩတ္တပ္ပ ဟူသော အရှက်အကြောက်ရှိခြင်း၊
(၆) သေရည်သေရက်မသောက်၍ ကုသိုလ်ကောင်းမှုကို ပြုလွယ်ခြင်း — တို့ ဖြစ်ပါသည်။
ခုဒ္ဒကပါဌ အဋ္ဌကထာ၌ သုရာမေရယမှ ရှောင်ကြဉ်ခြင်း၏ အကျိုး ၃၀-ကို ဖော်ပြထားသည်။
(၁) ဖြစ်ပြီး၊ ဖြစ်ဆဲ၊ ဖြစ်လတ္တံ့သော အမှုကိစ္စတို့၌ အလျင်အမြန် သိလွယ်ခြင်း၊
(၂) အမြဲမပြတ် သတိရှိခြင်း၊
စာမျက်နှာ-438
(၃) အရူးအနှမ်း မဖြစ်ခြင်း၊
(၄) ဉာဏ်ပညာရှိခြင်း၊
(၅) မပျင်းရိ၊ လုံ့လဝီရိယရှိခြင်း၊
(၆) ပဋိသန္ဓေအားဖြင့် ထိုင်းမှိုင်းသူ မဖြစ်ခြင်း၊
(၇) ပဋိသန္ဓေအားဖြင့် ဆွံ့အသူ မဖြစ်ခြင်း၊
(၈) မတွေဝေခြင်း၊
(၉) မမေ့လျော့ခြင်း၊
(၁၀) အသိပညာ မနည်းခြင်း၊
(၁၁) ကိုယ်လက်ခက်ထရော် မရှိခြင်း၊
(၁၂) ဘေးရန်ကင်းခြင်း၊
(၁၃) ကြောင့်ကြကင်းခြင်း၊
(၁၄) မှန်ကန်သောစကားကို ဆိုလေ့ရှိခြင်း၊
(၁၅) ကုန်းချောစကား မပြောဆိုခြင်း၊ ကြမ်းတမ်းစွာ မပြောဆိုခြင်း၊ အကျိုးမဲ့သောစကား စသည်ကို မပြောဆိုခြင်း၊
(၁၆) နေ့ညမပြတ် မပျင်းမရိ လုံ့လရှိခြင်း၊
(၁၇) သူ့ကျေးဇူးကို သိခြင်း၊
(၁၈) ပြုပြီးသော ကိစ္စကို သိခြင်း၊
(၁၉) ဝန်တိုမှု မရှိခြင်း၊
(၂၀) စွန့်ကြဲပေးကမ်းမှု ရှိခြင်း၊
(၂၁) သီလနှင့် ပြည့်စုံခြင်း၊
(၂၂) ဖြောင့်မတ်ခြင်း၊
(၂၃) ဒေါသအမျက် နည်းပါးခြင်း၊
(၂၄) မကောင်းမှုကို ပြုရမည်ကို ရှက်ခြင်း၊
(၂၅) မကောင်းမှုကို ပြုရမည်ကို ကြောက်ခြင်း၊
(၂၆) မှန်ကန်ဖြောင့်မတ်သော အယူရှိခြင်း၊
စာမျက်နှာ-439
(၂၇) ကြီးမြတ်သော ကောင်းမှုရှိခြင်း၊
(၂၈) (စာသားမပြည့်စုံ - အကျိုးတစ်ခုခု)၊
(၂၉) ပညာရှိ ဖြစ်နိုင်ခြင်း၊
(၃၀) အကျိုးရှိသည်၊ မရှိသည်၌ လိမ္မာခြင်း — ဟူသော အကျိုးများကို ခံစားရသည်။
ထိုမှ ပြန်သောအားဖြင့် သုရာမေရယသိက္ခာပုဒ်ကို လွန်ကျူးသောသူသည် မကောင်းကျိုး ၃၀-ကို ခံစားရသည်။
အရက်သောက်ခြင်း၏ အပြစ်
ရှေးအခါက အရက်စွဲနေသော ဗာရာဏသီမင်းကြီးသည် အသားဟင်းလျာ မပါဘဲ ပွဲတော်တည်လေ့မရှိပေ။ သူ၏ တိုင်းပြည်တွင် အစဉ်အလာအရ ဥပုသ်နေ့များ၌ သားငါးများကို သတ်ဖြတ်ရောင်းချခြင်း မပြုလုပ်ရပေ။ ထို့ကြောင့် စားဖိုမှူးသည် အသားများကို ဥပုသ်နေ့မတိုင်မီ တစ်ရက်ကြိုတင် ဝယ်ယူထားရသည်။
ရက်မစုံ လကွယ် ၁၄-ရက် ဥပုသ်နေ့အတွက် တစ်ဆယ့်သုံးရက် (အဖိတ်) နေ့တွင် အသားများကို ဝယ်ယူထားရသည်။ ယင်းအသားများကို လုံခြုံစွာ မထားမိသဖြင့် ခွေးစားသွားသည်။ စားဖိုမှူးသည် ဥပုသ်နေ့ နံနက်တွင် အသားဝယ်မရတော့သဖြင့် မိဖုရားကြီးထံ ဝင်၍ အပူကပ်ရတော့သည်။
မိဖုရားကြီးသည် ဘုရင်ကြီးက သားတော်ငယ်လေးအား အလွန်ချစ်မြတ်နိုးမှန်း သိသဖြင့် သားတော်လေးအား တန်ဆာဆင်၍ ဘုရင်ကြီးရင်ခွင်၌ ပေးထားမည်။ ထိုအခါ ပွဲတော်စာကို ဆက်သပါဟု ပြောလေသည်။ ဘုရင်ကြီးသည် ရင်ခွင်ထဲ၌ သားတော်ကလေးကို ကျီစယ်ရွှင်မြူးနေစဉ် စားဖိုမှူးသည် ပွဲတော်စာ ဆက်သလိုက်သည်။
အသားဟင်း ဘယ်မှာလဲဟု မေးသည်။ စားဖိုမှူးက ယနေ့ ဥပုသ်နေ့ဖြစ်သဖြင့် အမဲဟင်းလျာများ ဝယ်၍ မရပါကြောင်း လျှောက်ထားသည်။ ထိုအခါ ဘုရင်ကြီးသည် “ငါလိုဘုရင်အတွက် အမဲဟင်းလျာ ခဲယဉ်းရသလော” ဟု ဆိုပြီး ပေါင်ပေါ်တွင်ရှိနေသော သားငယ်၏လည်ပင်းကို လိမ်ချိုးသတ်လိုက်ပြီး...
စာမျက်နှာ-440
“ရော့၊ အမြန်ချက်ပြီး ယူလာခဲ့” ဟု ပြောဆို၍ စားဖိုမှူးရှေ့သို့ ပစ်ချပေးလိုက်သည်။
စားဖိုမှူးသည် အလျင်အမြန် ချက်၍ ဆက်သလိုက်သည်။ ဘုရင်ကြီးသည် သားတော်လေး၏ အသားဟင်းလျာဖြင့် ထိုနေ့ညစာအတွက် ပွဲတော်တည်သည်။ စားသောက်ပြီးနောက် အိပ်ပျော်ခြင်းသို့ ရောက်၍ နံနက်မိုးသောက်သောအခါ “သားတော်လေးကို ဆောင်ယူခဲ့ပါ” ဟု ဆို၏။ ထိုအခါ မိဖုရားကြီးက ငိုယိုလျက် အဖြစ်အပျက်ကို တင်လျှောက်လိုက်လေသည်။
ထိုအခါ ဘုရင်ကြီးသည် အလွန်ထိတ်လန့် တုန်လှုပ်သွားပြီး အရက်သောက်ခြင်း၏ အပြစ်ကို သိမြင်ကာ ငိုယိုလျက် “အရဟတ္တဖိုလ်သို့ မရောက်သေးသမျှ အရက်မသောက်တော့ပါပြီ” ဟု မြေမှုန့်ကိုယူ၍ မျက်နှာကိုပွတ်လျက် အဓိဋ္ဌာန်ပြုလိုက်သည်။ ဘုရင်ကြီးသည် ထိုနေ့မှစ၍ နိဗ္ဗာန်ရောက်သည့်ဘဝအထိ အရက်မသောက်တော့ချေ (ဇာ၊ ဋ္ဌ၊ ၂၊ ၂၇၇)။
ငါးပါးသီလစောင့်ထိန်းမှု အတုယူရန်
ဇာတကပါဠိ ပထမတွဲ တိကနိပါတ် ဂရုဓမ္မဇာတ်တော်လာ အလောင်းတော် ဓနဉ္စယကောရဗျမင်းနှင့် ပုဂ္ဂိုလ် ၁၀-ဦးတို့၏ ငါးပါးသီလစောင့်ထိန်းပုံမှာ အလွန်အတုယူစရာကောင်း၏။
ရှေးအခါက ကုရုတိုင်း ဣန္ဒပတ္တနဂိုရ်မြို့၌ ဘုရားအလောင်းတော်သည် ဓနဉ္စယကောရဗျအမည်ဖြင့် မင်းကျင့်တရား ၁၀-ပါးနှင့်အညီ တိုင်းပြည်ကို အုပ်ချုပ်၏။ ငါးပါးသီလ ဂရုဓမ္မတရားကို အထူးလုံခြုံအောင် စောင့်ထိန်း၏။ ဂရုဓမ္မဆိုသည်မှာ ငါးပါးသီလပင် ဖြစ်သည်။ ဓနဉ္စယကောရဗျမင်းနည်းတူ အောက်ပါပုဂ္ဂိုလ် ၁၀-ဦးသည်လည်း သီလကို စင်ကြယ်စွာ အထူးလုံခြုံအောင် စောင့်ထိန်းကြသည် —
(၁) ဘုရင်မင်းမြတ်၏ မယ်တော်၊
(၂) ဘုရင်မင်းမြတ်၏ မိဖုရားကြီး၊
(၃) ညီတော်အိမ်ရှေ့မင်း၊
(၄) ပုရောဟိတ်ပုဏ္ဏား၊
(၅) ကြိုးဆွဲအမတ် (မြေတိုင်းအမတ်)၊
(၆) ရထားထိန်း၊
စာမျက်နှာ-441
(၇) သူဌေးကြီး၊
(၈) ပြည်စိုးအမတ် (ကျီဝန်အမတ်)၊
(၉) တံခါးစောင့် (တံခါးမှူး)၊
(၁၀) ပြည့်တန်ဆာမ။
မင်းကြီးသည် မြို့တံခါး ၄-မျက်နှာ၊ မြို့လယ်၊ နန်းတော်တံခါး၊ ဤ ၆-ဌာနမှာ အလှူမဏ္ဍပ် ၆-ခု ဆောက်လုပ်ပြီးလျှင် တစ်နေ့လျှင် ၆-သိန်းဖိုး အလှူဒါန ပြုလုပ်သဖြင့် ဇမ္ဗူဒိပ်ကျွန်းလုံး ချီးမွမ်းသတင်း ပျံ့နှံ့ကျော်စောသည်။
ထိုအချိန်တွင် ကာလိင်္ဂတိုင်း ဒန္တပူရမြို့၌ ကာလိင်္ဂမင်း အုပ်စိုးသည်။ ထိုတိုင်းပြည်မှာ မိုးမရွာ၊ မိုးခေါင်သဖြင့် ခေါင်းပါးပြီး ရောဂါဘယ ဖြစ်သည့်အတွက် တိုင်းသူပြည်သားများ ငတ်မွတ်ကာ နန်းတော်တံခါးဝသို့ သွားရောက် ဟစ်အော်ကြသည်။
ထိုအခါ ဘုရင်ကြီးသည် ရှေးမင်းများ ကျင့်စဉ်အတိုင်း အလှူပေးခြင်း၊ သီလဆောက်တည်ခြင်း၊ ဥပုသ်စောင့်ခြင်းတို့ ပြုလုပ်၍ ကျက်သရေရှိသော တိုက်ခန်း၌ မြေဇာမြက်ခင်း၍ အိပ်သည်။ ထိုသို့ တရားကျင့်သော်လည်း မိုးမရွာချေ။ ဝန်ကြီးများက ကုရုတိုင်း ဓနဉ္စယကောရဗျမင်းထံမှ အဉ္ဇနဝဏ္ဏ မင်္ဂလာဆင်တော်ကို ဆောင်ယူရလျှင် မိုးရွာပါလိမ့်မည်ဟု လျှောက်ထားကြ၏။ ဘုရင်မင်းမြတ်လည်း ပုဏ္ဏားတော် ၈-ယောက် ရွေးချယ်၍ ဆင်ဖြူတော်ကို အလှူခံစေသည်။ ဆင်ဖြူတော် ရရှိလာသော်လည်း မိုးမရွာချေ၊ မိုးခေါင်မြဲ ခေါင်နေသည်။ တစ်ဖန် အမတ်များနှင့် တိုင်ပင်ရာ ဓနဉ္စယကောရဗျမင်းသည် ဂရုဓမ္မ (ငါးပါးသီလ) ကို ကျင့်၏၊ ထို့ကြောင့် လခွဲတစ်ကြိမ်၊ ဆယ်ရက်တစ်ကြိမ် မင်း၏ အာနုဘော်ကြောင့် မိုးရွာ၏၊ ဆင်တော်ကြောင့် မဟုတ်ကြောင်း လျှောက်ထားသော် ဆင်တော်ကို ပြန်ပို့စေပြီး “ဓနဉ္စယကောရဗျမင်း စောင့်ထိန်းသည့် ဂရုဓမ္မတရားကို ရွှေပြား၌ ရေး၍ ယူခဲ့ကြလော့” ဟု မိန့်၏။
ကာလိင်္ဂမင်း၏ အမိန့်တော်အရ ပုဏ္ဏားတော်များနှင့် အမတ်များသည် ဓနဉ္စယကောရဗျမင်းထံသွား၍ ဂရုဓမ္မတရား တောင်းခံကြ၏။ ဓနဉ္စယကောရဗျမင်းသည် တစ်ကြိမ်က ကြတ္တိကာနက္ခတ်ပွဲသဘင်၌ မြားပစ်တမ်းကစားရာ မြားတစ်စင်းသည် ရေထဲကျသွားသည်။ ရေထဲ၌ ငါးများကို မြားထိသွားသလားဟု သံသယဖြစ်နေ၏။ ထို့ကြောင့် သူ၏ ဂရုဓမ္မမှာ မစင်ကြယ်ချေ၊ စင်ကြယ်စွာ စောင့်ထိန်းနေသော မယ်တော်ထံ သွားရောက်ကူးယူရန် မိန့်ကြား...
စာမျက်နှာ-442
သည်။ အမတ်များက သေစေလိုသော စေတနာမရှိသည့်အတွက် ပါဏာတိပါတကံ မထိုက်နိုင်ပါဟု ဆိုပြီး ရေးကူးခွင့်တောင်းရာ မင်းကြီးက —
သတ္တဝါကို မသတ်အပ်၊
အရှင်မပေးသော ဥစ္စာကို မခိုးယူအပ်၊
ကာမဂုဏ်၌ မှားသော အကျင့်ကို မကျင့်အပ်၊
မုသာဝါဒကို မဆိုအပ်၊
ယစ်မျိုးကို မသောက်စားအပ် — ဟု ဂရုဓမ္မကို ရေးသားစေ၏။
အမတ်တို့သည် မယ်တော်ထံ သွားရောက်၍ ဂရုဓမ္မတရား တောင်းရာ မယ်တော်က “ဂရုဓမ္မ စောင့်ထိန်းသည်ကား မှန်၏၊ သို့သော် နိုင်ငံခြားမင်းတစ်ပါးက သားတော် ဓနဉ္စယကောရဗျမင်းကို အဖိုးတစ်သိန်းတန် စန္ဒကူးနံ့သာနှစ်တစ်ခုနှင့် တစ်ထောင်တန် ရွှေပန်းခိုင်တစ်ခု လာဆက်ရာ သားတော်က မယ်တော်အား နှစ်မျိုးလုံး ပူဇော်သည်။ မယ်တော်သည် ချွေးမနှစ်ယောက်ကို ခွဲဝေပေးရာ ဘုရင့်မိဖုရားကြီးအား ဘုန်းကြီးသည်ဟု ဆို၍ တစ်ထောင်တန် ရွှေပန်းခိုင်ကို ပေး၏၊ အိမ်ရှေ့မင်းမိဖုရားကိုမူ ဘုန်းနည်းသည်ဟု ဆိုပြီး တစ်သိန်းတန် စန္ဒကူးနံ့သာနှစ်ကို ပေးမိ၏။ ပေးပြီးမှ တစ်ဖန် စဉ်းစားမိသည်မှာ ဘုန်းကြီးမှု မကြီးမှုသည် အဓိကမဟုတ်၊ ဂုဏဝုဒ္ဓိ၊ ဝယဝုဒ္ဓိ အားဖြင့် ကြီးသောသူကိုသာ ဦးစားပေးရန် အစဉ်အလာရှိသည်။ ငါ၏ လုပ်ဆောင်မှုကြောင့် ဂရုဓမ္မ ပျက်သွားလေမည်လောဟု သံသယဖြစ်မိကြောင်း၊ ထို့ကြောင့် ဘုရင့်မိဖုရားကြီးထံ သွားရောက်ကူးယူရန် ပြောကြားပါသည်”။ ကာလိင်္ဂအမတ်များလည်း မိမိပိုင်ပစ္စည်းမို့ မိမိနှစ်သက်သလို ပေးနိုင်ကြောင်း ပြောပြီး မယ်တော်ထံမှ ဂရုဓမ္မတရား ကူးယူပြီး မိဖုရားကြီးထံ သွားကြသည်။
မိဖုရားကြီးကလည်း ဂရုဓမ္မစောင့်ထိန်းပါသော်လည်း မိမိသီလကို မကျေနပ်ဟု ပြော၏။ “တစ်ကြိမ်က မောင်တော်မင်းမြတ်သည် အိမ်ရှေ့မင်းနှင့်အတူ ဆင်တော်စီးပြီး မြို့တော်ကို လှည့်လည်ကြည့်ရှုရာတွင် အိမ်ရှေ့မင်းကို မျက်စိကျပြီး သူဘုရင်ဖြစ်သည့်အခါ ငါ့ကို မိဖုရားမြှောက်လျှင် ဘယ်လောက်ကောင်းလိုက်မလဲဟု တွေးမိပါသည်။ နောက်မှ ကာမပိုင်လင်ရှိလျက်နှင့် ယောက်ျားတစ်ပါးကို မတပ်မက်ထိုက်ဟု သတိရပြီး မိမိသီလ ပျက်လေပြီလောဟု သံသယဖြစ်နေသည်။ ထို့ကြောင့် မောင်တော်အိမ်ရှေ့မင်းထံမှ ကူးယူရန် ပြောကြားပါသည်”။
စာမျက်နှာ-443
ကာလိင်္ဂအမတ်များကလည်း ကာမေသုမိစ္ဆာစာရဆိုတာ စိတ်က ကြံစည်ရုံဖြင့် မဖြစ်ပါဟုဆို၍ ရွှေပြား၌ ကူးယူပြီး အိမ်ရှေ့မင်းထံ သွားကြသည်။
အိမ်ရှေ့မင်းသည် ဘုရင်မင်းမြတ်နန်းတော်သို့ ရထားဖြင့် သွားလေ့ရှိသည်။ နန်းတော်၌ အိပ်မည်ဆိုလျှင် ကြိုးနှင့် နှင်တံကို ရထားဦးမှာ ချိပ်ထားခဲ့သည်၊ ထိုအမှတ်ဖြင့် ရထားထိန်းနှင့် နောက်လိုက်များ ပြန်လေ့ရှိသည်။ နန်းတော်၌ မအိပ်ဘဲ ချက်ချင်းပြန်လာမည်ဆိုလျှင် ကြိုးနှင့် နှင်တံကို ရထားတွင်းမှာ ထားခဲ့သည်၊ ထိုအခါ နောက်လိုက်များမပြန်ဘဲ စောင့်နေရသည်။ တစ်နေ့သောအခါ ချက်ချင်းပြန်မည်ဟု စိတ်ကူးပြီး ကြိုးနှင့် နှင်တံကို ရထားတွင်း၌ ထားခဲ့ရာ ရုတ်တရက် မိုးကြီးရွာချ၍ ဘုရင်မင်းမြတ်က နန်းတော်၌ အိပ်ရမည်ဟု အမိန့်ရှိသဖြင့် နန်းတော်မှာ အိပ်ရသည်။ နံနက်လင်းသောအခါ ရထားထိန်းနှင့် အိမ်ရှေ့မင်း နောက်လိုက်နောက်ပါများ မိုးရေထဲ စိုစိုစွတ်စွတ်နှင့် စောင့်နေကြသည်ကို တွေ့ရသဖြင့် လူများ ပင်ပန်းအောင် ပြုမိသည်၊ ဂရုဓမ္မများ ပျက်လေမလားဟု သံသယဝင်နေသည်။ ထို့ကြောင့် ပုရောဟိတ်ပုဏ္ဏားထံ တောင်းယူရန် ပြောသည်။
ကာလိင်္ဂအမတ်များက စိတ်စေတနာ မရှိသည့်အတွက် အပြစ်မရှိနိုင်ပါဟု ဆို၍ ရှေးနည်းတူ ရွှေပြား၌ ရေးကူးပြီး ပုရောဟိတ်ပုဏ္ဏားထံ သွားကြသည်။
ပုရောဟိတ်ပုဏ္ဏားကြီးက “တစ်ကြိမ်က မင်းကြီးထံ အခစားသွားရာလမ်း၌ အခြားမင်း၏ သံတမန်များသည် ဓနဉ္စယကောရဗျမင်းကြီးအား ဆက်သရန် ယူလာသော နေလုလင်ရောင်ကဲ့သို့ တောက်ပသော ရထားတစ်စီးကို မြင်၍ ငါအရွယ်ကြီးပြီး မင်းမြတ်က ဤရထားကို ငါ့အားပေးလျှင် သိပ်ကောင်းမည်ဟု အကြံဖြစ်မိပါသည်။ နန်းတော်ရောက်၍ ဘုရင်မင်းမြတ်အား ‘ဇယတု ဘဝံ မဟာရာဇ’ ဟု ဆို၍ ထိုင်မိသည်နှင့် တစ်ပြိုင်နက် သံတမန်များက ရထားကို ဆက်သရာ ဘုရင်မင်းကြီးက ရထားက သိပ်ကောင်းနေတယ်၊ ဆရာနှင့် တော်တယ်ဟုဆို၍ ငါပုရောဟိတ်အား ပေးပါသည်။ အကြိမ်ကြိမ် ငြင်းခဲ့ပါသည်။ ငါသည် ဂရုဓမ္မကို စောင့်ထိန်းသူဖြစ်ပါလျက် သူတစ်ပါးပစ္စည်းကို လောဘရမ္မက်တပ်ပြီး ကြံစည်မိသည်၊ ဤအတွက် သီလပျက်ပြီလားဟု သံသယဖြစ်မိကြောင်း ပြောပြ၍ မြေတိုင်းအမတ် (ကြိုးဆွဲအမတ်) ထံ သွားရန် ပြောပါသည်”။
ကာလိင်္ဂအမတ်များလည်း လောဘဖြစ်ကာမျှနှင့် သီလမပျက်နိုင်ပါဟု ပြော၍ ရှေးနည်းတူ ရွှေပြား၌ ကူးယူပြီး မြေတိုင်းအမတ်ထံ သွားကြသည်။
စာမျက်နှာ-444
မြေတိုင်းအမတ်သည် တစ်ကြိမ်က သူကြွယ်တစ်ဦး၏ လယ်မြေကို တိုင်းရ၏။ ကြိုးစွန်းနှစ်ဖက်ကို လှံတံနှစ်ချောင်း၌ ချည်ဖွဲ့၍ တစ်ခုသော လှံတံကို လယ်ရှင်အား ကိုင်စေပြီး တစ်ခုသော လှံတံကို မြေတိုင်းအမတ် ကိုင်၏။ အမတ်ကိုင်သော လှံတံအဖျားသည် တစ်ခုသော ပုစွန်တွင်းဝတည့်တည့် ကျရောက်၏။ ပုစွန်တွင်းသည် လှံတံစိုက်ရမည့် နေရာတည့်တည့်ဖြစ်၏။ ပုစွန်တွင်း၌ စိုက်လျှင် ပုစွန်သေအံ့၊ ပုစွန်တွင်း၏ ထိုတစ်ဖက်မှာ လှံတံစိုက်လျှင် မင်း၏ဥစ္စာ နစ်နာမည်၊ ပုစွန်တွင်း၏ ဤတစ်ဖက်မှာ လှံတံစိုက်လျှင် လယ်ရှင်သူဌေး နစ်နာမည်။ ဤသို့ ဖြစ်စဉ် ပုစွန်တွင်းမှာ ပုစွန်ရှိလျှင် ထင်ရှားရမည်၊ ပုစွန်ထွက်လာရမည်ဟု ဆုံးဖြတ်၍ ပုစွန်တွင်းမှာပင် လှံတံစိုက်၏။ ပုစွန်သည် ‘ကရိ’ ဟူသောအသံ မြည်လာ၏။ ထို့ကြောင့် လှံတံသည် ပုစွန်၏ကျောပေါ် ကျဟန်တူ၏။ ပုစွန်သေအံ့ထင်၍ ဂရုဓမ္မသီလ ပျက်သွားပြီလောဟု သံသယဖြစ်ကြောင်း ပြောပြပြီး ရထားထိန်းထံ သွားရန်ပြောသည်။ ကာလိင်္ဂအမတ်များကလည်း ပုစွန်ကို သေစေလိုသော စိတ်စေတနာမရှိ၍ (ပါဏာတိပါတ) ကံ မမြောက်ပါဟု ဆို၍ ရှေးနည်းတူ ရွှေပြား၌ ကူးယူပြီး ရထားထိန်းထံ သွားကြ၏။
ရထားထိန်းက သူ၏ သီလကို မကျေနပ်သေးဟု ဆို၏။ ရထားထိန်း၏ သိန္ဓောမြင်းများသည် သေသေချာချာ သင်ကြားထား၍ အလွန်လိမ္မာကြ၏၊ အချက်သိ၏။ တစ်ကြိမ်က ဘုရင်မင်းမြတ်သည် ရထားဖြင့် ဥယျာဉ်တော် ကစားထွက်တော်မူရာ ညနေစောင်းတွင် မြို့တော်သို့ မရောက်မီ နေဝင်၍ မိုးတိမ်များ တက်လာ၏။ မင်းကြီးမိုးစိုမည်ကို စိုးရိမ်ပြီး သိန္ဓောမြင်းများကို နှင်တံဖြင့် အချက်ပြလိုက်၏။ သိန္ဓောမြင်းများ လျင်မြန်စွာ ပြေးသွားကုန်၏။ ထိုအခါမှစ၍ ဥယျာဉ်တော်သို့ သွားသောအခါဖြစ်စေ၊ ဥယျာဉ်တော်မှ ပြန်လာသောအခါဖြစ်စေ၊ ထိုနေရာသို့ ရောက်တိုင်း သိန္ဓောမြင်းများသည် အလျင်အမြန် ပြေးကုန်၏။ ဤနေရာ၌ ဘေးအန္တရာယ်ရှိ၍သာ ရထားထိန်းက သူတို့အား အချက်ပေးသည်ဟု ယူဆပြီး အလျင်အမြန် ပြေးကြသဖြင့် ပင်ပန်းကြကုန်၏။ ထို့အတွက် မိမိဂရုဓမ္မသီလ ပျက်ပြီလောဟု သံသယဖြစ်မိ၏။ ထို့ကြောင့် သူဌေးကြီးထံ သွားရောက် ကူးယူကြရန် ပြောသည်။
ကာလိင်္ဂအမတ်များသည် သိန္ဓောမြင်းများကို ပင်ပန်းစေလိုသော စိတ်စေတနာမျိုးဖြင့် အချက်ပြခြင်း မဟုတ်၍ စေတနာမပါသော အမှုသည် ကံမမြောက်ဟု ပြောပြီး ရှေးနည်းတူ ရွှေပြား၌ ကူးယူပြီး သူဌေးကြီးထံ သွားကြလေသည်။
သူဌေးကြီးသည် တစ်ကြိမ်က သူပိုင်သော လယ်တောသွား၍ အပြန်တွင် ကောက်နှံပန်းကို ပန်ဆင်လိုသဖြင့် သလေးစပါးနှံ တစ်နှံကို ယူ၍ ဦးသျှောင်၌
စာမျက်နှာ-445
ပန်၏။ နောက်မှ စဉ်းစားမိသည်မှာ မင်းအတွက် အခွန်မပေးရသေးသော လယ်မှ သလေးနှံတစ်ဆုပ်ကို ယူခဲ့မိသည်၊ ဤအတွက် စောင့်ထိန်းထားသော ဂရုဓမ္မသီလများ ပျက်လေပြီလားဟု သံသယဝင်မိပါသည်။ ထို့ကြောင့် ပြည်စိုးမင်းထံ သွားရောက်ကူးယူရန် ပြောပါသည်။
ကာလိင်္ဂအမတ်များသည် သူဌေးကြီးမှာ ခိုးလိုစိတ် မရှိသဖြင့် အပြစ်မရှိနိုင်ပါဟု ဆို၍ ရှေးနည်းအတူ ရွှေပြား၌ ရေးကူးပြီး ပြည်စိုးအမတ်ထံ သွားကြလေသည်။
မှတ်ချက်။ ။ ပြည်စိုးအမတ်ဆိုသည်မှာ ဆန်ခြင်သော ပြည်တောင်းကို အုပ်စိုးရသော အမတ်ဖြစ်၏။ ရှေးနိဿယတို့၌ တင်းခြင်အမတ်ဟု ရေး၏၊ သီလဖလုပ္ပတ္တိကျမ်း၌ တည်သည်အမတ်ဟု ဖော်ပြ၏။ ကုန်းဘောင်ခေတ် ကျီဝန်အမတ်နှင့် တူ၏။ ပုဂံခေတ်တွင်မူ ပြည်စိုးအမတ် ဝေါဟာရရှိ၏၊ ယင်းအမတ်မှာ မြို့ရွာအုပ်ချုပ်ရေး၌ ပါဝင်ရ၏။
ပြည်စိုးအမတ်သည် တစ်ကြိမ်က ဘုရင်မင်းမြတ်၏ အဖို့ဖြစ်သော စပါးများကို ခြင်စေပါသည်။ ထိုသို့ ခြင်တွယ်သောအခါ မခြင်ရသေးသည့် စပါးပုံထဲမှ စပါးများကို ယူပြီး ဂရို့အဖြစ် အသုံးပြုပါသည်။ မကြာမီ မိုးရွာသဖြင့် ဂရို့အဖြစ် ယူထားသော စပါးများကို အမှတ်တမဲ့ စပါးပုံတစ်ခုထဲသို့ ထည့်လိုက်မိသည်၊ ဤသို့ထည့်ပြီး မိုးခိုရန် ကျီထဲဝင်နေလိုက်သည်။ ထို့နောက် ပြန်လည်စဉ်းစားသောအခါ ဂရို့ချိုးရန် စပါးစုကို မင်း၏ စပါးပုံထဲ ထည့်မိသလော၊ မခြင်ရသေးသည့် စပါးပုံထဲ ထည့်မိလေသလောဟု သံသယဖြစ်မိ၏။ မင်း၏ စပါးပုံထဲ ထည့်မိလျှင် မင်းဘဏ္ဍာတော်ကို မတရားသဖြင့် တိုးအောင် လုပ်ရာကျ၍ လယ်သမားတို့၏ ဘဏ္ဍာကို ဖျက်ဆီးရာကျ၏။ မိမိသီလကို သံသယဖြစ်မိသောကြောင့် တံခါးမှူးထံ သွားရောက်ကူးယူရန် ပြောသည်။
ကာလိင်္ဂအမတ်များက ခိုးယူလိုသောစိတ် မရှိ၍ အပြစ်မရှိနိုင်ပါ၊ အဒိန္နာဒါနကံ ဆိုသည်မှာ ခိုးယူလိုသော စိတ်ရှိမှ ဖြစ်ပါသည်ဟု ဆို၍ ရှေးနည်းတူ ရွှေပြား၌ ရေးကူးပြီး တံခါးမှူးထံ သွားကြသည်။
တံခါးမှူးသည် တစ်ကြိမ်က ညချမ်းအခါ မြို့တံခါးကို ပိတ်မည်ဟု သုံးကြိမ်တိုင်တိုင် ကြွေးကြော်ပြီး ပိတ်ခါနီးဆဲဆဲ၌ ဆင်းရဲသားတစ်ယောက်နှင့် မိန်းမပျိုလေးတစ်ဦးတို့ အရေးတကြီး မြို့ထဲဝင်ရန် ရောက်လာကြသည်။ ထိုအခါ တံခါးမှူးက “မင်းမဲ့တိုင်းပြည်မဟုတ်၊ အချိန်နှင့် တံခါးပိတ်မည်ကို မသိသလော၊ မိန်းမကိုခေါ်ပြီး တစ်နေ့လုံး ကာမဂုဏ်အပျော်ကြူးနေသည်မှာ မကောင်း” ဟု...
စာမျက်နှာ-446
မာန်မဲပြောဆိုလိုက်သည်၊ ထိုအခါ ဆင်းရဲသားက ထိုကလေးမသည် သူ၏ နှမဖြစ်ကြောင်း ပြန်ပြောသည်၊ ဤတွင် မမှန်မကန် ပြောဆိုမိသည့်အတွက် ဂရုဓမ္မသီလ ပျက်သွားပြီလောဟု သံသယဖြစ်မိ၏၊ ထို့ကြောင့် ပြည့်တန်ဆာမထံ သွားရောက်ကူးယူရန် ပြောသည်။ ကာလိင်္ဂအမတ်များလည်း တံခါးမှူး၏ စိတ်ထဲမှာ မယားထင်မိလို့ ပြောခြင်းဖြစ်၍ သိလျက်နှင့် မုသားပြောခြင်း မဟုတ်သဖြင့် မုသာဝါဒမဖြစ်၊ အပြစ်မရှိပါဟု ပြောပြီး ရှေးနည်းတူ ရွှေပြား၌ ရေးကူးပြီး ပြည့်တန်ဆာမထံ သွားကြသည်။
ပြည့်တန်ဆာမသည် တစ်ကြိမ်က လုလင်ပျိုတစ်ယောက် လာလတ်၍ “ကျွန်ုပ်လာပါအံ့” ဟုဆိုကာ ငွေတစ်ထောင်ပေးပြီး ထွက်သွားသည်၊ သီလပျက်မှာ စိုးသဖြင့် အခြားသော ယောက်ျားထံမှ ကွမ်းတစ်ရာမျှ မယူဘဲ ၃-နှစ်ကြာအောင် စောင့်နေခဲ့ပါသည်။ ပြည့်တန်ဆာမသည် ဝင်ငွေမရှိ ဆင်းရဲ၍ အသက်မွေး ကြပ်တည်းလာသဖြင့် တရားသူကြီးထံ အဆုံးအဖြတ် ခံပါသည်။ “ငွေတစ်ထောင်ပေးသော ယောက်ျားသည် သေသည် မသိ၊ ရှင်သည် မသိ၊ မလာသည်မှာ ၃-နှစ်တိုင် ရှိပါပြီ၊ မည်သို့ပြုရမည်ကို အဆုံးအဖြတ်ပေးပါရန်” လျှောက်၏။ တရားသူကြီးလည်း ယနေ့မှစ၍ အခြားယောက်ျား လက်ခံခွင့်ရှိသည်ဟု အဆုံးအဖြတ် ပေး၏။
တရားရုံးမှ ထွက်လာသောအခါ ယောက်ျားတစ်ယောက် ငွေတစ်ထောင် လာပေးသည်၊ ငွေတစ်ထောင်ကို ယူမည်ဟု လက်ကို ဖြန့်လိုက်စဉ် လွန်ခဲ့သော သုံးနှစ်က ငွေတစ်ထောင်ပေးခဲ့သော လုလင်ပျိုသည် ရုတ်တရက် ပေါ်လာသည်။ ထိုအခါ ငွေလက်ခံရန် ဖြန့်ထားသော လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။ ထိုလုလင်ပျိုလည်း နတ်သိကြားဖြစ်၍ တက်သစ်စ နေလုလင်ကဲ့သို့ ထွန်းပလျက် ကောင်းကင်၌ တည်၏၊ တစ်မြို့လုံး လူများစုဝေးလာ၏။ သိကြားမင်းက ဤပြည့်တန်ဆာမ၏ သီလကို စုံစမ်းလိုသည့်အတွက် လွန်ခဲ့သော ၃-နှစ်က လုလင်ပျိုဟန်ဆောင်ပြီး ငွေတစ်ထောင် ပေးခဲ့သည်၊ သီလစောင့်သောသူသည် ဤပုဂ္ဂိုလ်ကဲ့သို့ သီလစောင့်ရမည်၊ စံယူရမည်ဟု ဆုံးမသြဝါဒပေး၍ ပြည့်တန်ဆာမ၏ တစ်အိမ်လုံးကို ရတနာ ၇-ပါးဖြင့် ပြည့်စေလျက် ပြန်သွားသည်။ သို့ရာတွင် လက်ခံယူထားပြီးသော ငွေအတွက် တာဝန်မကျေမီ အခြားလူတစ်ယောက်ထံမှ ငွေယူရန် လက်ဖြန့်ခံမိခြင်းအတွက် မိမိသီလကို မနှစ်သက်သဖြင့် ဂရုဓမ္မသီလကို မပေးလိုဟု ငြင်းဆိုသည်။ ကာလိင်္ဂအမတ်များလည်း လက်ဖြန့်ရုံဖြင့် သီလမပျက်နိုင်ပါဟု ဆို၍ ရေးကူးခွင့်ပန်ကြားပြီး ပြည့်တန်ဆာမ၏ သီလကို ရှေးနည်းတူ ရွှေပြား၌ ရေးကူးယူကြကုန်၏။
စာမျက်နှာ-447
ဤသို့ ကာလိင်္ဂအမတ်များသည် တစ်ကျိပ်တစ်ယောက်သော သူတို့၏ ဂရုဓမ္မသီလကို ရွှေပြား၌ ရေးကူးယူပြီး ကာလိင်္ဂတိုင်း ဒန္တပူရမြို့ ကာလိင်္ဂမင်းအား ဆက်သကြသည်။ မင်းကြီးလည်း ထိုနေ့မှစ၍ မိမိကိုယ်တိုင်နှင့် တိုင်းသူပြည်သားများသည် ရွှေပြား၌ပါသည့် ဂရုဓမ္မခေါ် ငါးပါးသီလကို စင်ကြယ်အောင် စောင့်ထိန်းကုန်၏။ ထိုခဏ၌ ကာလိင်္ဂတစ်တိုင်းပြည်လုံး မိုးရွာ၍ ဆာလောင်မွတ်သိပ်သောဘေး၊ ရောဂါထူပြောသောဘေး၊ အစာမရှိသောဘေး ဟူသော ဘေးသုံးပါးမှ လွတ်မြောက်ပြီး သာယာဝပြောလာခဲ့သည် (ဇာ၊ ၁၊ ၈၁။ ဇာ၊ ဋ္ဌ၊ ၂၊ ၃၃၀)။
ငါးပါးသီလ၏ အကျိုးကျေးဇူးများ
ငါးပါးသီလ လုံခြုံအောင် စောင့်ထိန်းသော ပုဂ္ဂိုလ်သည် အောက်ပါ အကျိုးငါးပါးကို ခံစားရသည်ဟု မြတ်စွာဘုရားသည် ပါဋလိရွာသား ဥပါသကာများကို ဟောကြားတော်မူခဲ့သည်။ သီလရှိ၍ မမေ့မလျော့ သတိရှိသူသည် —
(၁) များမြတ်သော စည်းစိမ်ဥစ္စာနှင့် ပြည့်စုံရခြင်း၊
(၂) ကောင်းသော ဂုဏ်သတင်း ကျော်စောမှုရှိခြင်း၊
(၃) မင်းပရိသတ်၊ ပုဏ္ဏားပရိသတ်၊ သူကြွယ်ပရိသတ်၊ ရဟန်းပရိသတ်တို့ အလယ်၌ ရဲရင့်တည်ကြည် ရွှန်းလန်းသော မျက်နှာရှိ၍ ချဉ်းကပ်ရခြင်း၊
(၄) သေသောအခါ မတွေဝေဘဲ စိတ်ကြည်ကြည်လင်လင် သေရခြင်း၊
(၅) သေသည်၏ အခြားမဲ့၌ နတ်ရွာသုဂတိသို့ ရောက်ရခြင်း — အကျိုးကျေးဇူးများကို ခံစားရသည် (ပဉ္စင်္ဂုတ္တရပါဠိတော် သီလသုတ်။ ဝိနယ မဟာဝဂ္ဂ ဘေသဇ္ဇက္ခန္ဓကပါဋလိဂါမဝတ္ထု။ ခုဒ္ဒကနိကာယ ဥဒါနပါဠိတော် ပါဋလိဂါမိယဝတ္ထု)။
ပဉ္စသီလသမာဒါနိယထေရ်
ဤကမ္ဘာမှ ပြန်၍ရေသော် ၁၀၈-ကမ္ဘာထက်၌ အနောမဒဿီ မြတ်စွာဘုရား ပွင့်တော်မူ၏။ ထိုဘုရားရှင်လက်ထက် ဗန္ဓုမတီပြည်၌ သူဆင်းရဲယောက်ျားသည် စာရင်းငှားလုပ်၍ အသက်မွေးရ၏။ ထိုသူဆင်းရဲယောက်ျားသည် ရဟန်းလည်းမပြုနိုင်၊ လှူဖွယ်ဝတ္ထု မရှိခြင်းကြောင့်လည်း ဒါနမပြုနိုင်၊ ငါးပါးသီလကို သာလျှင် လုံခြုံအောင် စောင့်ထိန်းတော့မည်ဟု ဆုံးဖြတ်၍ နိသဘမထေရ်ထံ ငါးပါးသီလ ခံယူ၍ အနှစ်တစ်သိန်း ကာလပတ်လုံး ဆောက်တည်၏။ ထို...
စာမျက်နှာ-448
ငါးပါးသီလကို စောင့်ထိန်းမှုကြောင့် သေလွန်သောအခါ တာဝတိံသာနတ်ပြည်၌ နတ်သမီးအပေါင်း ခြံရံလျက် သိကြားမင်းဖြစ်ရလေသည်။ သိကြားမင်းအဖြစ် အကြိမ် ၃၀၊ လေးကျွန်းလုံးကို အစိုးရသော စကြဝတေးမင်းအဖြစ် ၇၅-ကြိမ်၊ ပဒေသရာဇ် ဧကရာဇ်မင်းအဖြစ်ကိုမူကား မရေမတွက်နိုင်အောင် ခံစားရလေသည်။ ဂေါတမဘုရားရှင်လက်ထက်တွင် ဝေသာလီပြည် စည်းစိမ်ဥစ္စာ ကြွယ်ဝသော မဟာသာလ သူကြွယ်မျိုး၌ ဖြစ်၍ ငါးနှစ်သားအရွယ် ရောက်သောအခါ မိဘတို့နှင့်အတူ ကျောင်းသို့လိုက်၍ ငါးပါးသီလ ခံယူလေသည်။ ရှေးကောင်းမှုနှင့်လျော်စွာ ငါးနှစ်သားအရွယ်ကပင် ရဟန္တာဖြစ်၍ ရှင်ရဟန်းပြုလေသည်။ ငါးပါးသီလကို ဆောက်တည်ခဲ့ဖူးသောကြောင့် ပဉ္စသီလသမာဒါနိယထေရ် ဟု ထင်ပေါ်ကျော်ကြားသည်။
အနှစ်တစ်သိန်း ဆောက်တည်၍ အကျိုးကြီးသည်ကို မဆိုထားဘိ၊ တစ်ခဏတာမျှ ဆောက်တည်ရသောကြောင့် အကျိုးကြီးပုံကို ဤသို့မှတ်အပ်၏။
ဆတ္တမာဏဝလုလင်
မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် သေတဗျမြို့မှ ဆင်းရဲသား ဆတ္တမာဏဝလုလင်၏ ငါးပါးသီလ တည်အံ့သည်ကို မြင်တော်မူ၍ ဆတ္တမာဏဝလုလင် လာရာ၌ ကြွရောက်နေတော်မူသည်။
ဆတ္တမာဏဝလုလင်သည် သေတဗျမြို့မှ ဥက္ကဋ္ဌမြို့ရှိ မိမိအား အတတ်သင်ပေးသော ပေါက္ခရသာတိပုဏ္ဏားကြီးထံ ဂရုဒက္ခိဏ (ပညာသင်ကြေး) ပေးရန်အသွားတွင် လမ်းခရီး၌ မြတ်စွာဘုရားအား တွေ့လေ၏။ မြတ်စွာဘုရားရှင်က ဆတ္တမာဏဝလုလင်အား သရဏဂုံသုံးပါးနှင့် ငါးပါးသီလကို ဟောကြားတော်မူရာ သရဏဂုံသုံးပါးနှင့် ငါးပါးသီလကို ဆောက်တည်၍ ခရီးဆက်သွား၏။ လမ်းတွင် စောင့်နေသော ဓားပြများက လူကိုသတ်၍ ပစ္စည်းကို ယူသွားကြလေ၏။ ဆတ္တမာဏဝလုလင်သည် သရဏဂုံနှင့် ငါးပါးသီလ ဆောက်တည်ခြင်းအကျိုးကြောင့် တာဝတိံသာနတ်ပြည်၌ ယူဇနာ ၃၀-ကျယ်သော ဗိမာန်၌ နတ်သားဖြစ်လေ၏။
စာမျက်နှာ-449
ပဉ္စသီလကို လွန်ကျူးရာ၌ အပြစ်ကို ပြခြင်း
မြတ်စွာဘုရား တားမြစ်အပ်သော ဝါရိတ္တဟု ဆိုအပ်သော ငါးပါးသီလမှ ပေါက်ကြားကျူးလွန်ခဲ့မူ ထမ်းဆောင်၍လာသော ဝန်ထုပ်ကြီးကို ပစ်ချသကဲ့သို့ ထို့အတူ သေသည်၏ အခြားမဲ့၌ အပါယ်ငရဲကျစေတတ်၏။
(၁) သီလပျက်၍ မေ့လျော့ခြင်းလျှင် အကြောင်းရှိသော များစွာသော စည်းစိမ်ဥစ္စာ ဆုတ်ယုတ်ပျက်စီးခြင်း၊
(၂) မကောင်းသတင်း ကျော်စောခြင်း၊
(၃) ကြောက်ရွံ့ထိတ်လန့် မရွှင်ပြသော မျက်နှာရှိသည်ဖြစ်၍ ပရိသတ်များသို့ ချဉ်းကပ်ရခြင်း၊
(၄) ပြင်းစွာ တွေဝေမိန်းမောသည်ဖြစ်၍ သေရခြင်း၊
(၅) သေသည်၏ အခြားမဲ့၌ အပါယ်သို့ ရောက်ရခြင်း — ဟူသော ဆိုးကျိုးများကို ခံစားရပါသည်။
ပါဏာတိပါတ စသော သိက္ခာပုဒ်တော်တို့ကို မစောင့်ရှောက်ဘဲ ကျူးလွန်သောသူတို့သည် ငါးပါးသော ဒုစရိုက်နှင့် ပြည့်စုံရကား ဝေးသောအရပ်မှ ထမ်းဆောင်လာသော ဝန်ထုပ်ကို ပစ်ချဘိသကဲ့သို့ ထို့အတူ အပါယ်ငရဲ၌ မိမိကိုယ်ကို ပစ်ချလေ၏။ ထို့ကြောင့် ပါဏာတိပါတ စသော ဒုစရိုက်တရား ငါးပါးတို့သည် ပြစ်မှားကျူးလွန်သောသူ၏ အတွင်းရန်လည်းမည်၏၊ သံသရာ ရှည်ဝေး ဒုက္ခပေးသောကြောင့် ဘေးဘယလည်းမည်၏။ ထိုဘေးတို့ကို မပယ်လှန်ဘဲ သိမ်းပိုက်၍ ဒုစရိုက်တရားငါးပါး ပွားများသောသူကို ဒုဿီလဟူ၍လည်း ဆိုအပ်၏။ ငါးပါးသီလကို လွန်ကျူးသော ဒုဿီလပုဂ္ဂိုလ်သည် ပုံပန်းရုပ်အို ထန်းငုတ်တိုကဲ့သို့ အမြင်မကောင်း၊ ဦးခေါင်းမရှိသောသူနှင့်လည်း တူ၏။ ဦးခေါင်းမရှိသောသူသည် ကျက်သရေ ကင်းပြတ်၍ ပရိသတ်အလယ်၌ မတင့်တယ်၊ မင်္ဂလာကျက်သရေလည်း မရှိ၊ သိသူ ကြားသူ ခပ်သိမ်းတို့သည် ရှောင်ရှားကြကုန်၏၊ အပေါင်းအသင်း မပြုကြကုန်။ အသက်ရှင်လျက်လည်း လူတွင် ရုပ်သေး ပုပ်ဆွေးသည်မည်၏။ ထိုလူပုပ် လူဆွေး လူနံ့မမွှေးသောသူသည် သေသောအခါလည်း ဟန်မရ၊ ရှင်သောအခါလည်း ဆင်းရဲရ၏။ စုတိပြတ်ကြွေ သေသောအခါ၌လည်း ကိုးကွယ်ရာမရ ဒုဂ္ဂတိလေးသွယ် အပါယ်လေးပါးသို့သာ လားရလေသည်။
စာမျက်နှာ-450
ဗြဟ္မစရိယငါးပါးသီလ
(အပျိုစင် လူပျိုစင်တို့၏ကျင့်စဉ်) ငါးပါးသီလတွင် ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်ကို မဆောက်တည်ဘဲ ယင်းအစား မေထုန်အကျင့်မှ ရှောင်ရှားခြင်း အဗြဟ္မစရိယ သိက္ခာပုဒ် ဆောက်တည်သည်ကို အမျိုးသမီးများ၌ “ကောမာရီဗြဟ္မစရိယ” ဟု ခေါ်၍ အမျိုးသားများ၌ “ကောမာရဗြဟ္မစရိယ” ဟု ခေါ်သည်။ (ကုမာရ = လူပျိုစင်၊ ကောမာရ = လူပျိုစင်ကျင့်စဉ်၊ ကုမာရီ = အပျိုစင်၊ ကောမာရီ = အပျိုစင်ကျင့်စဉ်။)
အဗြဟ္မစရိယ အဓိပ္ပါယ်
“မေထုန်အကျင့်မှ ရှောင်ကြဉ်၏” ဟူရာ၌ မေထုန်ဟူသည် မိန်းမယောက်ျား နှစ်ဦးသားတို့၏ ပျော်မြူးပေါင်းဖက် ဆက်ဆံခြင်းကို မေထုန်အကျင့်ဟု ခေါ်ပါသည်။ ယင်းမေထုန်အကျင့်ကို အဗြဟ္မစရိယ = မမြတ်သောအကျင့်ဟု ခေါ်ပါသည်။ ယင်းအဗြဟ္မစရိယမှ ရှောင်ကြဉ်ခြင်းဖြစ်သည်၊ ဇနီးခင်ပွန်းချင်း ပေါင်းသင်းဆက်ဆံမှုကိုသော်မှ ရှောင်ကြဉ်ရသော အကျင့်ဖြစ်လေသည်။ (အ+ဗြဟ္မ+စရိယ = ဗြဟ္မ = မြင့်မြတ်သော + စရိယ = အကျင့် = ဗြဟ္မစရိယ = မြတ်သောအကျင့်၊ အဗြဟ္မစရိယ = မမြတ်သောအကျင့် = မေထုန်အကျင့်။)
ကာမေသုမိစ္ဆာစာရ၌ မိမိတို့ဇနီးခင်ပွန်း အချင်းချင်း ပေါင်းသင်းဆက်ဆံခွင့် ရပါသည်။ ယောက်ျားတို့မှာ အုပ်ထိန်းသူရှိသော မိန်းမ ၂၀-တို့၌ မကျူးလွန်ရ၊ ကာမပိုင်ရှိသော အမျိုးသမီး ၁၂-ယောက်တို့မှာ ယောက်ျားများနှင့် ပေါင်းဖော်ခွင့် မရပါ၊ ပေါင်းဖော်လျှင် ကာမေသုမိစ္ဆာစာရကံ ထိုက်ပါသည်။
မေထုန်အကျင့်သည် လူဘဝ၌သာရှိသည် မဟုတ်၊ နတ်ပြည်မှာလည်း ရှိလေသည်။ အောက်ဆုံးအဆင့် တိရစ္ဆာန်များမှာလည်း ရှိ၏၊ မျက်စိဖြင့် မမြင်နိုင်လောက်သော သေးငယ်သော ပိုးမွှားကလေးများ၌လည်း ရှိ၏၊ ဤအကျင့်ကို မစွန့်နိုင်သရွှေ့ သံသရာဆင်းရဲ၌ တဝဲလည်လည် ခံစားနေရမည်သာ ဖြစ်ပါသည်၊ ဆင်းရဲခြင်းဟူသမျှသည် ဤအကျင့်ကို မရှောင်နိုင်မှုမှ စ၍ ဖြစ်လေသည်။
စာမျက်နှာ-451
ဥဒယဘဒ္ဒမင်းသားနှင့် မင်းသမီး
ဘုရားအလောင်းနှင့် ယသောဓရာအလောင်းတို့သည် ဥဒယဘဒ္ဒမင်းသားနှင့် ဥဒယဘဒ္ဒမင်းသမီးဟူသော အမည်ဖြင့် သုရုန္ဓနပြည်ကြီးကို မင်းမိဖုရားအဖြစ်ဖြင့် အုပ်ချုပ်ခဲ့လေသည်။ သူတို့သည် ဘထွေးမိကွဲ မောင်နှမဖြစ်ကြ၏။ အသိလိမ္မာဉာဏ်ပညာ ရင့်သန်သော ပုဂ္ဂိုလ်များဖြစ်ကြသည့် ပါရမီရှင်များဖြစ်သည်နှင့်အညီ မင်းမိဖုရားအဖြစ်ဖြင့် နေကြသော်လည်း ကာမဂုဏ်၌ စိတ်မညွှတ်ကြဘဲ နန်းတော်ဆောင်တစ်ခန်းတည်းမှာပင် စင်စင်ကြယ်ကြယ် စံတော်မူကြပါသည်။ ကျူးလွန်ဖောက်ပြားခြင်းမရှိ၊ ပကတိဖြူစင်သော မေတ္တာဖြင့်သာလျှင် အသက်ထက်ဆုံး စောင့်စည်းနေထိုင်ကြသည်။
ပိပ္ပလိလုလင်နှင့် ဘဒ္ဒါကာပိလာနီ
ဘဒ္ဒါကာပိလာနီနှင့် ရှင်မဟာကဿပအလောင်း ပိပ္ပလိလုလင်တို့သည် လက်ထပ်ထိမ်းမြား၍ ဇနီးမောင်နှံဘဝ ရောက်သော်လည်း ကာမဂုဏ်ဆက်ဆံမှုဖြင့် မပေါင်းသင်းဘဲ သန့်ရှင်းသော မောင်နှမစိတ်ဖြင့် နေထိုင်ကြ၏ (ထေရီ မြန်မာပြန်၊ ၇၆)။ သုဝဏ္ဏသျှာမ်ဇာတ်တော်၌ ဒုကူလနှင့် ပါရိကာတို့သည်လည်း ဗြဟ္မစရိယငါးပါးသီလကို ဆောက်တည်ခဲ့ကြသည်။
ကိကီမင်းကြီး၏ သမီးတော် ၇-ယောက်
ကဿပဘုရားရှင် လက်ထက်တော်၌ ကာသိတိုင်း ဗာရာဏသီပြည် ကိကီမင်းကြီး၌ သမီးတော် ၇-ယောက် ရှိ၏။ ခေမာထေရီအလောင်း သမဏီ၊ ဥပ္ပလဝဏ်အလောင်း သမဏဂုတ္တာ၊ ပဋာစာရီအလောင်း ဘိက္ခုနီ၊ ကုဏ္ဍလကေသာအလောင်း ဘိက္ခုဒါသိကာ၊ ကိသာဂေါတမီအလောင်း ဓမ္မာ၊ ဓမ္မဒိန္နာအလောင်း သုဓမ္မာ၊ ဝိသာခါအလောင်း သံဃဒါယိကာတို့ ဖြစ်ကြ၏ (အပ ၂၊ ၂၂၄၊ ၂၃၃၊ ၂၄၁၊ ၂၄၅၊ ၂၄၉)။
အင်္ဂုတ္တိုရ် အဋ္ဌကထာ အတွဲ(၁)နှင့် ဇာတက အဋ္ဌကထာ အတွဲ(၇)တို့၌ကား ကိသာဂေါတမီအလောင်း ဘိက္ခုဒါယိကာ၊ ဓမ္မဒိန္နာအလောင်း ဓမ္မာ၊ မဟာမာယာအလောင်း သုဓမ္မာဟု ဆိုလေသည်။ ယင်းကိကီမင်းကြီး၏ သမီးတော် ၇-ယောက်တို့သည် ငယ်ရွယ်စဉ်ကပင် အနှစ် ၂-သောင်းတိုင်အောင် ငယ်သွေးငယ်မှု ဖြူဖြူစင်စင်ဖြင့် ဤဗြဟ္မစရိယသိက္ခာပုဒ်စောင့်သုံးလျက် အသက်ထက်ဆုံး နေထိုင်ခဲ့ကြလေသည်။ ဤအကျင့်မျိုးကို အမျိုးသမီးများအတွက် ကောမာရီဗြဟ္မစရိယ (အပျိုစင်အကျင့်) ဟုခေါ်၍ အမျိုးသားများအတွက် ကောမာရဗြဟ္မစရိယ (လူပျိုစင်အကျင့်) ဟု ခေါ်လေသည်။
စာမျက်နှာ-452
ယင်းသီလကို အောက်ပါပုဂ္ဂိုလ်များ ဆောက်တည်ခဲ့ကြောင်း သာဓကရှိပါသည် —
ပုရာဏဥပါသကာ
ဂေါတမဘုရားရှင်လက်ထက် ဗြဟ္မစရိယငါးပါးသီလကို ပုရာဏဥပါသကာ ဆောက်တည်ကြောင်း အင်္ဂုတ္တရ ဆက္ကနိပါတ် မိဂသာလာသုတ် (၃၀၅) တွင် ဖော်ပြထားသည်။ ယင်းဥပါသကာသည် သကဒါဂါမ်အဖြစ်ရောက်၍ တုသိတာနတ်ပြည်၌ ဖြစ်၏။
ဂဝေသီဥပါသကာ
ပဉ္စင်္ဂုတ္တရပါဠိတော် ဂဝေသီသုတ် (၁၈၉) ၌ ကဿပမြတ်စွာဘုရား လက်ထက်တော်အခါက ဂဝေသီဥပါသကာသည် ဤသီလကို စောင့်ထိန်းကြောင်း လာရှိသည်။
ဥဂ္ဂသူကြွယ်
မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ကူဋာဂါရကျောင်း၌ သီတင်းသုံးတော်မူစဉ် အံ့ဖွယ် ၈-ပါးနှင့် ပြည့်စုံသော ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်နှင့် ဝဇ္ဇီတိုင်း ဟတ္ထိဂါမဌာနေ ဥဂ္ဂသူကြွယ်တို့သည် ဗြဟ္မစရိယငါးပါးသီလကို ဆောက်တည်ကြောင်း အဋ္ဌင်္ဂုတ္တရပါဠိတော် (၄၇) ၌ ဟောကြားခဲ့သည်။
နကုလမာတာနှင့် နကုလပိတာ
မြတ်စွာဘုရားရှင်သည် ဘဂ္ဂတိုင်း သုသုမာရဂိရပြည် ဘေသကဠာတောင် သီတင်းသုံးနေတော်မူစဉ် အံ့ဖွယ် ၈-ပါးနှင့် ပြည့်စုံသော နကုလမာတာနှင့် နကုလပိတာတို့သည် ဗြဟ္မစရိယငါးပါးသီလကို ဆောက်တည်ကြောင်း အဋ္ဌင်္ဂုတ္တရပါဠိတော် (၉၅) ၌ ဟောကြားခဲ့သည်။
ဗြဟ္မစရိယငါးပါးသီလ ခံယူဆောက်တည်ပုံ
အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စ ကောမာရဗြဟ္မစရိယသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။ (ဒုတိယမ္ပိ... တတိယမ္ပိ... စသည် ဆက်ဆိုပါ။)
စာမျက်နှာ-453
ဘန္တေ - အရှင်ဘုရား၊ အဟံ - တပည့်တော်(မ)သည်၊ တိသရဏေန - သရဏဂုံသုံးပါးနှင့်၊ သဟ - တကွ၊ ပဉ္စကောမာရဗြဟ္မစရိယသီလံ - ငါးပါးသော ငယ်သွေးငယ်မှု ဖြူစင်သူတို့၏ မြတ်သော အကျင့်သီလဟု ဆိုအပ်သော၊ ဓမ္မံ - သိက္ခာပုဒ်တရားတော်ကို၊ ယာစာမိ - တောင်းပန်ပါ၏။ ဘန္တေ - အရှင်ဘုရား၊ မေ - တပည့်တော်(မ)အား၊ အနုဂ္ဂဟံ - ချီးမြှောက်ခြင်းကို၊ ကတွာ - ပြု၍၊ သီလံ - သီလကို၊ ဒေထ - ပေးတော်မူပါကုန်ဘုရား။
(ဒုတိယမ္ပိ၊ တတိယမ္ပိ... စသည် ဆက်ဆိုပါ။)
ဤငါးပါးသီလကို ခံယူဆောက်တည်ရာ၌ “ကာမေသု မိစ္ဆာစာရာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ” ဟု ဆိုရမည့်နေရာ၌ “အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ” ဟု ဆို၍ သီလခံယူဆောက်တည်ရသည်။
ဧကဘတ္တိကဆက္ကသီလ
(ညစာမစား ၆-ပါးသီလ) ဧကဘတ္တိက ဆိုသည်မှာ တစ်ထပ်တည်းသာ စားလေ့ရှိ၍ နေလွဲညစာ မစားသော ပုဂ္ဂိုလ်မျိုးကို ဆိုပါသည်။ ထို့ကြောင့် ထိုပုဂ္ဂိုလ်သည် ၆-ခုသော သိက္ခာပုဒ်ကို ဆောက်တည်ပါသည်။ ၆-ခုသော သိက္ခာပုဒ်မှာ —
၁။ ပါဏာတိပါတာ ဝေရမဏိ...
၂။ အဒိန္နာဒါနာ ဝေရမဏိ...
၃။ အဗြဟ္မစရိယာ ဝေရမဏိ... (ဗြဟ္မစရိယငါးပါးသီလနှင့် တူ၏)
၄။ မုသာဝါဒါ ဝေရမဏိ...
၅။ သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိ...
၆။ ဝိကာလဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။ ၆။ ဝိကာလဘောဇနာ - နေလွဲအခါ အစာစားခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ - ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ - ကောင်းစွာ ကျင့်သုံး ခံယူဆောက်တည်ပါ၏။
စာမျက်နှာ-454
ဤခြောက်ပါးသီလကို ဓမ္မိကဥပါသကာ၊ နန္ဒမာတာတို့ အသက်ထက်ဆုံး ကျင့်သုံးကြကြောင်း သုတ္တနိပါတ် အဋ္ဌကထာ ဒုတိယတွဲ (၁၀၁) ၌ လာ၏။
ကဿပဘုရားရှင် လက်ထက် သီတင်းသည် ငါးရာနှင့်တကွ ဂဝေသီဆရာကြီးသည် ဗြဟ္မစရိယငါးပါးသီလနှင့် ဤခြောက်ပါးသီလတို့ကို ဆောက်တည်ကြောင်း ပဉ္စင်္ဂုတ္တရ ပါဠိတော် ဂဝေသီသုတ် (၁၈၉) ၌ လာသည်။
စာမျက်နှာ-455
အခန်း ၁၇ - ရှစ်ပါးသီလ
ရှစ်ပါးသီလသည် အမြဲတတ်နိုင်လျှင် အမြဲ၊ ရံခါတတ်နိုင်လျှင် ရံခါ စောင့်ထိန်းရသော အနိစ္စသီလဖြစ်သည်။ လူတို့နှင့် အထူးသင့်လျော်သော သီလလည်း ဖြစ်သည်။ ငါးပါးသီလနှင့် ခြောက်ပါးသီလကို ရှေးရှေးသူတော်ကောင်းတို့သည် နေ့ထူးနေ့မြတ် သတ်မှတ်ပိုင်းခြား၍ ကျင့်သုံးလေ့မရှိကြပေ။ ဤရှစ်ပါးသီလကိုသာ လဆန်း၊ လဆုတ် (၈) ရက်နှင့် လပြည့်၊ လကွယ်နေ့များ၌ ဥပုသ်နေ့အဖြစ် သတ်မှတ်ပိုင်းခြား၍ ကျင့်သုံးလေ့ရှိကြသည်။ ထို့ကြောင့် ဤရှစ်ပါးသီလကိုသာ “အဋ္ဌင်္ဂဥပုသ်သီလ” ဟု အင်္ဂါရှစ်ပါးရှိသော ဥပုသ်သီလအဖြစ် ဖော်ပြထားသည်။
ဤရှစ်ပါးသီလကို သာမန်စောင့်ရိုးစောင့်စဉ်ရက်များတွင်မက အကြိုအပို စောင့်သုံးသောအားဖြင့် အဖိတ်နေ့နှင့် ဥပုသ်အထွက်ရက်များကိုပါ စောင့်သုံးလေ့ရှိကြသည်။
ဤရှစ်ပါးသီလကို ကျင့်သုံးဆောက်တည်ခြင်းသည် ဘုန်းတန်ခိုး အရှိန်အဝါ စည်းစိမ်ဥစ္စာ တိုးတက်မြင့်မားစေနိုင်သည်။ စကြာမင်း ဧကန်ဖြစ်မည့် စကြာမင်းလောင်းသည်ပင် ရှစ်ပါးသီလ ဆောက်တည်မှသာ စကြာရတနာ ဆိုက်ရောက်လာပြီး စကြာမင်းအဖြစ်သို့ ရောက်ရှိနိုင်သည်။
ဤရှစ်ပါးသီလကို ဆောက်တည်ကျင့်သုံးခြင်းကြောင့် ဘဝသံသရာ၌ ကောင်းရာသုဂတိသို့ ရောက်ရှိကာ လူနတ်စည်းစိမ်ချမ်းသာအမျိုးမျိုးကို အကြိမ်ကြိမ် ခံစားရပြီး မဂ်ဖိုလ်နိဗ္ဗာန်အထိ အဆင့်ဆင့်သော အကျိုးတရားများ ရရှိနိုင်ကြောင်း အထူးပြောဖွယ်မလိုတော့။ ယခု မျက်မှောက်ဘဝမှာပင် ရှစ်ပါးသီလစောင့်သုံးသူအား အကျင့်သီလသိက္ခာရှိသော လူတော်လူကောင်းတစ်ယောက်အဖြစ် အသိအမှတ်ပြုခံရပြီး အများ၏ ချစ်ခင်လေးစားယုံကြည်အားထားမှု၊ စည်းစိမ်ဥစ္စာတိုးတက်ကြီးပွားမှုစသော အကျိုးများ ရရှိနိုင်သည်။
စာမျက်နှာ-456
သီလခံယူပုံ
...ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။ (ဒုတိယမ္ပိ အဟံ ဘန္တေ... တတိယမ္ပိ အဟံ ဘန္တေ... စသည် ဆက်ဆိုပါ။)
ဘန္တေ - အရှင်ဘုရား၊ အဟံ - တပည့်တော်(မ)သည်၊ တိသရဏေန - သရဏဂုံသုံးပါးနှင့်၊ သဟ - တကွ၊ အဋ္ဌင်္ဂသမန္နာဂတံ - ရှစ်ပါးသော အင်္ဂါနှင့် ပြည့်စုံသော၊ ဥပေါသထသီလံ - ဥပုသ်သီလတည်းဟူသော၊ ဓမ္မံ - သိက္ခာပုဒ်တရားတော်ကို၊ ယာစာမိ - တောင်းပန်ပါ၏။ ဘန္တေ - အရှင်ဘုရား၊ မေ - တပည့်တော်(မ)အား၊ အနုဂ္ဂဟံ - ချီးမြှောက်ခြင်းကို၊ ကတွာ - ပြု၍၊ သီလံ - သီလကို၊ ဒေထ - ပေးတော်မူပါကုန်ဘုရား။
(ဒုတိယမ္ပိ၊ တတိယမ္ပိ... စသည် ဆက်ဆိုပါ။)
မြန်မာလိုလျှောက်ထားပုံ - အရှင်ဘုရား တပည့်တော်သည် သရဏဂုံသုံးပါးနှင့်တကွ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်သီလကို တောင်းပါ၏၊ တပည့်တော်အား သနားသောအားဖြင့် သီလပေးတော်မူပါဘုရား။
(နမော တဿ ၃-ခေါက်၊ သရဏဂုံသုံးပါး ၃-ခေါက် ဆိုပါ။)
ရှစ်ပါးသီလ ဆောက်တည်ပုံ
၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၃။ အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၄။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၅။ သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၆။ ဝိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၇။ နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၈။ ဥစ္စာသယနမဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
စာမျက်နှာ-457
မြန်မာပြန်
မှတ်ချက်။ ။ ဤသိက္ခာပုဒ် ၁ မှ ၅ ထိ အနက်များကို အခန်း (၁၆) စာမျက်နှာ ၃၈၃ ငါးပါးသီလ၌ ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
(၆) ဝိကာလဘောဇနာ - နေလွဲညစာ စားခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ - ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ - ကောင်းစွာကျင့်သုံး ခံယူဆောက်တည်ပါ၏။
(၇) နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ - အကုသိုလ်ပွားကြောင်း မကောင်းမှုဖြစ်သော ကခြင်း၊ သီဆိုခြင်း၊ တီးမှုတ်ခြင်း၊ ဘုရားအဆုံးအမတော်၏ ဆန့်ကျင်ဘက် တံကျင်ပမာ ဖီလာဖြစ်သော ကြည့်ရှုနားထောင်ခြင်း၊ ပန်းပန်ခြင်း၊ နံ့သာပျောင်း၊ နံ့သာရည်၊ နံ့သာမှုန့်တို့ကို လိမ်းကျံခြယ်လှယ်ခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ - ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ - ကောင်းစွာကျင့်သုံး ခံယူဆောက်တည်ပါ၏။
(၈) ဥစ္စာသယနမဟာသယနာ - မြင့်သောနေရာ၊ မြတ်သောနေရာ၌ အိပ်ခြင်း၊ နေထိုင်ခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ - ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ - ကောင်းစွာကျင့်သုံး ခံယူဆောက်တည်ပါ၏။
ရှစ်ပါးသီလ (အကျဉ်းချုပ်)
၁။ သူတစ်ပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။
၂။ သူတစ်ပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏။
၃။ မမြတ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်ပါ၏။
စာမျက်နှာ-458
၄။ လိမ်လည်ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏။
၅။ သေရည်အရက် သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏။
၆။ နေလွဲညစာ စားခြင်းမှ ရှောင်ကြဉ်ပါ၏။
၇။ အကုသိုလ်ပွားကြောင်းဖြစ်သော ကခြင်း၊ သီဆိုခြင်း၊ တီးမှုတ်ခြင်းတို့ကို ဘုရားအဆုံးအမတော်၏ ဆန့်ကျင်ဘက် ငြောင့်တံကျင်ပမာဖြစ်၍ ကြည့်ရှုနားထောင်ခြင်းမှ လည်းကောင်း၊ ပန်းပန်ခြင်း၊ နံ့သာပျောင်း၊ နံ့သာရည်၊ နံ့သာမှုန့်တို့ကို လိမ်းကျံခြယ်လှယ်ခြင်းမှ လည်းကောင်း ရှောင်ကြဉ်ပါ၏။
၈။ မြင့်သောနေရာ၊ မြတ်သောနေရာ၌ အိပ်ခြင်း၊ နေထိုင်ခြင်းမှ ရှောင်ကြဉ်ပါ၏။
ဝိကာလဘောဇနအဖွင့်
(နေလွဲညစာစားခြင်းမှ ရှောင်ကြဉ်ခြင်း) “နေလွဲအခါ အစာစားခြင်းမှ ရှောင်ကြဉ်ပါ၏” ဟူရာ၌ နေ့လယ်မွန်းတည့် ၁၂-နာရီအချိန်မှ နောက်ပိုင်းကို နေလွဲ (မွန်းလွဲ) ဟု ခေါ်၏။ ထိုနေလွဲသည်မှစ၍ နောက်နေ့နံနက် အရုဏ်တက်သည်တိုင်အောင် ထမင်း၊ ဟင်းလျာ၊ မုန့်ပဲသရေစာ၊ သစ်သီး စသည့် စားသောက်ဖွယ်ရာဟူသမျှကို မစားရပါ။ ယင်းအစားအစာများကို စားလျှင် ဝိကာလဘောဇနသိက္ခာပုဒ် ပျက်သည်။ ဆာလောင်မွတ်သိပ်မှုဖြစ်ခဲ့သော် ဖျော်ရည်တစ်မျိုးမျိုးကို သောက်ကောင်း၏။
လေနာခြင်းစသော ရောဂါတစ်ခုခု ခံစားနေရ၍ ထိုရောဂါသက်သာစေရန်အတွက် ရည်ရွယ်၍ ဆီးဖြူသီး၊ ဖန်ခါးသီး၊ ကြစုသီး၊ စတုမဓု၊ ထန်းလျက်၊ သကြားလုံး၊ ဂျင်းနှင့် ကြက်သွန်ဖြူတို့ကို ဆေးအဖြစ် သုံးဆောင်ခွင့်ရှိသည်။ ဤသိက္ခာပုဒ်တော်ကို စောင့်ထိန်းရာတွင် သံပုရာသီးကိုညှစ်၍ ဖျော်ရည်ပြုလုပ်ရာ၌ အရည်အိတ် (အဖတ်) များကို စစ်ထုတ်ပြီးမှ ဖျော်ရည်ဖျော်စပ်ရမည်။ ယင်းအရည်အိတ်များ ပါနေပါက ဆရာတော်ကြီးများ သောက်သုံးတော်မမူကြပေ။
လူများ အစာအာဟာရအဖြစ် စားသုံးကြသော သားငါး၊ ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး၊ ကန်စွန်းဥတို့ဖြင့် ပြုလုပ်ထားသော ထမင်း၊ မုန့်၊ အကြော်၊ အလှော်၊ အပြုတ်၊ အဖုတ်၊ အကင်၊ အသုပ်များ၊ ဟင်းချိုရည်၊ ဟင်းရွက်ပြုတ်ရည်...
စာမျက်နှာ-459
လက်ဖက်ရည်၊ ကော်ဖီ၊ နွားနို့၊ ချောကလက်တို့ကို မွန်းလွဲပြီးနောက် သောက်သုံးခွင့်မရှိချေ။ ဝိနယာနုဂ္ဂဟဖြစ်သော ပုဂ္ဂိုလ်များမှာ ရေနွေးကြမ်း (လက်ဖက်ခြောက်အဖန်ရည်) ကိုပင် မသောက်ကြချေ။ သီလကို ဖြည့်ကျင့်ရာ၌ ရှောင်နိုင်လျှင် အကောင်းဆုံးဖြစ်သည်။
လယ်လုပ်သားဥပုသ်သည်ဝတ္ထု
အနာထပိဏ်သူဌေးကြီး၏ လယ်လုပ်သားတစ်ဦးသည် ညနေစောင်းတွင် လယ်တောမှ ပြန်လာခဲ့ရာ သူဌေးကြီးမိသားစု ဥပုသ်စောင့်သည်ကို တွေ့ရှိရ၍ သူသည်လည်း နေ့ထက်ဝက်ဥပုသ်စောင့်၏။ ထိုလယ်လုပ်သားအား ညအခါ လေနာရောဂါ အပြင်းအထန်ဖြစ်လေသည်။ သူဌေးကြီးသိ၍ စတုမဓုသောက်ရန်ပေးသော် “အရှင်တို့ သောက်ကုန်သလော” ဟု မေး၏။ “ငါတို့မှာ အနာရောဂါမရှိ၍ မသောက်ကြ” ဟု ဆိုလေသော် “တစ်နေ့လုံး ဥပုသ်စောင့်ရသော အရှင်တို့မှ မသောက်ကြသည်ကို နေ့ထက်ဝက်မျှ ဥပုသ်စောင့်သော အကျွန်ုပ် မသောက်ပါပြီ” ဟု ငြင်းပယ်လေ၏။ ထိုည၌ပင် လေနာရောဂါဖြင့် သေဆုံး၍ ရုက္ခစိုးနတ် ဖြစ်လေသည် (သီလဝိနိစ္ဆယပေါင်းချုပ်၊ ၁၅၈)။
ညစာမစားခြင်းအကျိုး
ညစာမစားဘဲ ရှောင်ကြဉ်ခြင်းသည် အင်္ဂါရှစ်ပါးရှိသော ဥပုသ်သီလတွင် တစ်ပါးမျှသာ ဖြစ်၏၊ ညစာမစားမှု တစ်ခုတည်းကို ဥပုသ်စောင့်သည်ဟု မဆိုနိုင်ပါ။ ဤသိက္ခာပုဒ်၏ ရည်ရွယ်ချက်မှာ —
(၁) ကိစ္စနည်း၍ တရားအာရုံပြုဖို့ရန် အချိန်များစွာ ရစေခြင်း၊
(၂) လောကီအာရုံ ကာမဂုဏ်၌ စိတ်မဝင်စားအောင် ထိန်းချုပ်ခြင်းတို့ ဖြစ်၏။
ညစာစားလျှင် ညစာစားဖို့အတွက် ချက်စရာ၊ ပြုတ်စရာ၊ ရှာရဖွေရ၊ ချက်ပြုတ်ရ စသည်ဖြင့် အလွန်ကိစ္စများ၏။ ထိုအလုပ်များကို လုပ်ကိုင်နေရလျှင် ဘုရားတရား အာရုံပြုရန် အချိန်နည်းသွားမည်။ ထို့ကြောင့် ညစာမစားခြင်းသည် အလုပ်ကိစ္စနည်း၍ တရားအာရုံပြုဖို့ရန် အချိန်များစွာ ရစေခြင်းအကျိုးရှိပါသည်။
ညစာစားမှုဖြင့် အားအင်ပြည့်ဖြိုး၍ လောကီအာရုံ ကာမဂုဏ်ဘက်၌ စိတ်ညွတ်စေပါသည်။ ထို့ကြောင့် မေထုန်မှုမှ ရှောင်ကြဉ်ခြင်း အဗြဟ္မစရိယ သိက္ခာပုဒ်ကို စောင့်ထိန်းရာ၌ ညစာစားမှုကို ရှောင်ကြဉ်မှသာ သင့်လျော်မည်ဖြစ်သည်။
စာမျက်နှာ-460
ကဿပဘုရားရှင် လက်ထက်တော်က ဂဝေသီဆရာကြီးနှင့် သီတင်းသည် ငါးရာတို့သည် ဗြဟ္မစရိယငါးပါးသီလနှင့် ဤဝိကာလဘောဇနသိက္ခာပုဒ်ကို ဆောက်တည်၍ ခြောက်ပါးသီလ ထိန်းသိမ်းကြောင်း ပဉ္စင်္ဂုတ္တရပါဠိတော် ဂဝေသီသုတ် (၁၈၉) ၌ လာရှိသည်။
ဓမ္မိကဥပါသကာ၊ နန္ဒမာတာတို့လည်း ဗြဟ္မစရိယငါးပါးသီလ၌ ဝိကာလဘောဇနသိက္ခာပုဒ်ထည့်၍ ခြောက်ပါးသီလကို အသက်ထက်ဆုံး ကျင့်သုံးကြကြောင်း လာရှိသည် (သုတ္တနိ၊ ဋ္ဌ၊ ၂၊ ၁၀၁၊ ဓမ္မိကသုတ်)။
နစ္စဂီတသိက္ခာပုဒ်အဖွင့်
ဤသိက္ခာပုဒ်ပါဠိကို အောက်ပါအတိုင်း တစ်ပုဒ်စီ ခွဲရမည် —
နစ္စ + ဂီတ + ဝါဒိတ + ဝိသူကဒဿန + မာလာ + ဂန္ဓ + ဝိလေပန + ဓာရဏ + မဏ္ဍန + ဝိဘူသန + ဌာန။
နစ္စ - ကခုန်ခြင်း၊
ဂီတ - သီဆိုခြင်း၊
ဝါဒိတ - တီးမှုတ်ခြင်း၊
ဝိသူကဒဿန - ဆန့်ကျင်ဘက်ကို ကြည့်ရှုနားထောင်ခြင်း၊
မာလာ - ပန်း၊
ဓာရဏ - ဆောင်ခြင်း (မာလာဓာရဏ = ပန်းပန်ခြင်း)၊
ဂန္ဓမာလာ - ရေမွှေးဆွတ်ခြင်း၊ အမွှေးအကြိုင် ပေါင်ဒါမှုန့်ဖြူးခြင်း၊
ဂန္ဓဝိလေပနမဏ္ဍန - နံ့သာသနပ်ခါး၊ နံ့သာပျောင်း၊ မိတ်ကပ်တို့ဖြင့် နိမ့်ရာ၌ ဖြည့်ခြင်း၊ မျက်နှာပေါင်းတင်ခြင်း၊
မဏ္ဍန - ကြည်လင်စေခြင်း၊ အလှပြုပြင်ခြင်း၊
စာမျက်နှာ-461
ဂန္ဓဝိလေပနဝိဘူသန - နံ့သာ၊ နံ့သာပျောင်း၊ မိတ်ကပ်တို့ဖြင့် တန်ဆာဆင် အလှပြင်ခြင်း။
ဝိဘူသန - တန်ဆာဆင်ခြင်း။
နစ္စ = ကခြင်း
ကခြင်းနှင့် ပတ်သက်၍ ကိုယ်တိုင်ကခုန်ခြင်းမပြု၊ သူတစ်ပါးအား အကခိုင်းခြင်းလည်း မပြုရ၊ အောက်ထစ်ဆုံး တိရစ္ဆာန်များကိုပင် အကမခိုင်းရ။ ယင်းကပွဲများကို သွားရောက်ကြည့်ရှုခြင်းလည်း မပြုရ။ ခရီးသွားနေစဉ် လမ်းခရီး၌ ယင်းကပွဲများနှင့် မတော်တဆ တိုက်ဆိုင်မိ၍ မကြည့်ချင်ဘဲ မြင်လျက်သား အဖြစ်မျိုးနှင့် ကြုံရ၍ ကြည့်မိမြင်မိလျှင် ဤသိက္ခာပုဒ်သီလ မပျက်ချေ။ သို့ရာတွင် ယင်းသို့ ကြုံရသည်ကို တမင်တကာ အခွင့်အရေးယူပြီး ဆက်လက်ရပ်ကြည့်နေလျှင်မူ သီလပျက်တော့သည်။ အလားတူပင် မိမိနေရာ မိမိရှေ့မှောက်သို့ လာရောက်ကနေသည်ကို မြင်ကာမျှပင် ကြည့်မိမြင်မိပါက သီလမပျက်ချေ။
ဂီတ = သီဆိုခြင်း
ကိုယ်တိုင်သီဆိုခြင်း၊ သူတစ်ပါးကို သီဆိုခိုင်းခြင်း မပြုရ။ စည်းကိုက်ဝါးကိုက် အသံကို ဆွဲငင်လျက် ပါဠိဂါထာများကို ရွတ်ဖတ်ခြင်း၊ ဓမ္မတေးကဗျာများ ရွတ်ဆိုခြင်း မပြုရ။ ဘုရားရှိခိုးရာ၌ပင် သီချင်းသံပေါက်အောင် ဆွဲဆွဲငင်ငင် မဆိုရချေ။ ကိုယ်တိုင်မဆိုရုံသာမက သူတစ်ပါးကိုလည်း သီဆိုခိုင်းခြင်း မပြုရ။ သူတစ်ပါးသီဆိုသည်ကို သွားရောက် နားထောင်ခြင်း မပြုရ၊ နားထောင်လျှင် သီလပျက်၏။ လမ်းကြုံ၍ ကြားရခြင်း၊ မိမိနေရာ၌ နေစဉ် သူတစ်ပါးက လာရောက်သီဆို၍ ကြားခြင်းတို့ကြောင့် သီလမပျက်ချေ။
ဝါဒိတ = တီးမှုတ်ခြင်း
စောင်း၊ ညင်း၊ ပတ်သာ စသော တူရိယာငါးမျိုးကို ကိုယ်တိုင်လည်း မတီးမခတ်ရ၊ သူတစ်ပါးကိုလည်း အတီးမခိုင်းရ၊ တီးမှုတ်သံကိုလည်း နားမထောင်ရ။ လမ်းကြုံ၍ ကြားရခြင်း၊ မိမိနေရာ၌ နေလျက်ပင် တီးမှုတ်သံကို ကြားရခြင်းကြောင့် သီလပျက်စီးမှု မရှိချေ။ တမင်လွန်ကျူးမှသာ သီလပျက်၏။
စာမျက်နှာ-462
ဝိသူကဒဿန = ဆန့်ကျင်ဘက်ကို ကြည့်ရှုခြင်း
ကပြသီဆိုတီးမှုတ်မှုများသည် လောကီအမြင်အားဖြင့် အနုပညာတစ်ရပ်အဖြစ် ချီးကျူးဖွယ်ရာ ဖြစ်ပေသည်။ သို့ရာတွင် လောကုတ္တရာအမြင်ဖြင့် လေ့လာစိစစ်ကြည့်ပါက ကာမဂုဏ်အာရုံခံစားမှုကို အားပေးအားမြှောက်ပြုရာ ရောက်၏။ ထို့ကြောင့် နစ္စဂီတဝါဒိတအရ ကပြသီဆိုတီးမှုတ်ခြင်းများကို ကြည့်ရှုနားထောင်ခြင်းများသည် ဝိသူကဒဿန - သာသနာတော်၏ ငြောင့်တံကျင်သဖွယ်ဖြစ်သော ကြည့်ရှုနားထောင်မှုဟု ခေါ်၏။ (ဝိသူက = ဆန့်ကျင်ဘက် + ဒဿန = ကြည့်ရှုနားထောင်ခြင်း။)
မာလာဓာရဏ = ပန်းပန်ခြင်း
ဥပုသ်စောင့်ချိန်၌ ပန်းပွင့်၊ ပန်းခိုင်၊ ပန်းကုံးများကို ပန်ဆင်ခြင်း၊ သူတစ်ပါးအား အပန်ခိုင်းခြင်းများ မပြုလုပ်ရ၊ ပြုလုပ်လျှင် သီလပျက်၏။
ဂန္ဓာရဏ = အမွှေးရနံ့ဆောင်ခြင်း
ရေမွှေးနံ့သာဆီ ဆွတ်ဖျန်းခြင်း၊ နံ့သာမှုန့် (ပေါင်ဒါမှုန့်) လိမ်းကျံခြင်း၊ ဖြူးခြင်း၊ ထုံမွမ်းခြင်းများ မပြုရ၊ သူတစ်ပါးအားလည်း မခိုင်းရ၊ ပြုလုပ်လျှင် သီလပျက်စီးသည်။ အကြောင်းထူးမရှိဘဲ ရေမွှေးဆပ်ပြာ မသုံးရ။ ချွေးနံ့၊ ကိုယ်နံ့ ပျောက်စေရန် ရေမွှေးဆပ်ပြာသုံးခြင်း၊ ပေါင်ဒါမှုန့် ဖြူးခြင်းကိုမူ ခြွင်းချက်ပြုထားသည်။
ဂန္ဓဝိလေပနမဏ္ဍန = နံ့သာ၊ နံ့သာပျောင်း သုံးစွဲခြင်း
အမွှေးရနံ့ကို နံ့သာဟုခေါ်၍ သနပ်ခါးရည်၊ အလှဆီ၊ မိတ်ကပ်တို့ကို နံ့သာပျောင်းဟု ခေါ်သည်။ ယင်းနံ့သာ၊ နံ့သာပျောင်းကို လိမ်းကျံခြယ်သခြင်း၊ နိမ့်ရာ၌ ဖြည့်ခြင်း၊ မျက်နှာပေါင်းတင်ခြင်း၊ သူတစ်ပါးအား လိမ်းကျံခိုင်းခြင်းများ မပြုလုပ်ရ၊ ပြုလျှင် သီလပျက်စီး၏။
မဏ္ဍန = အလှပြင်ခြင်း
ကျောက်ပေါက်မာ၊ မွဲခြောက်၊ ဝက်ခြံ၊ တင်းတိပ်၊ ညှင်း ပျောက်စေရန် ဆေးလိမ်းခြင်း၊ ဆံပင်အလှပြင်ခြင်း၊ တွန့်ခြင်း၊ ကောက်ခြင်း၊ ပုံသွင်းခြင်း၊ လက်သည်းအလှပြင်ခြင်း၊ ခြေသည်းလက်သည်းဆိုးခြင်း၊ နှုတ်ခမ်းဆိုးခြင်း၊ မျက်တောင်အတုတပ်ခြင်း၊ မျက်ခုံးမွှေးနှုတ်ခြင်း၊ မျက်စိအရောင်ခြယ်ခြင်း စသည်ဖြင့် အလှပြင်ခြင်း (မဏ္ဍန) တို့ကို မပြုရ၊ ပြုလျှင် သီလပျက်၏။ သာမန်အားဖြင့် ခေါင်းဖီးခြင်း၊ လက်သည်းခြေသည်းရှည်၍ လှီးဖြတ်ခြင်းတို့မှာမူ အပြစ်မရှိ၊ သီလမပျက်ချေ။
စာမျက်နှာ-463
ဂန္ဓဝိလေပနဝိဘူသန
နံ့သာ၊ နံ့သာပျောင်း၊ မိတ်ကပ်တို့ဖြင့် တန်ဆာဆင် အလှပြင်ခြင်း။ ဂန္ဓ (နံ့သာ) ဖြင့် အနံ့မွှေးအောင်၊ ဝိလေပန (နံ့သာပျောင်း) ဖြင့် အသားအရေ လှပအောင် လိမ်းကျံခြယ်လှယ်ခြင်း မပြုရ၊ ပြုလျှင် သီလပျက်၏။
ဝိဘူသန = တန်ဆာဆင်ခြင်း
စိန်ရွှေငွေ လက်ဝတ်လက်စားများ ပန်ဆင်ဝတ်ဆင်ခြင်း၊ အဝတ်အထည်ကို သာမန် တန်းစေ့လမ်းစေ့ ဝတ်ဆင်မှုမျိုးမဟုတ်ဘဲ အလှအပ တန်ဆာဆင်သည့်အနေဖြင့် အဆင်ဆန်း ပုံဆန်းအဝတ်များ ဝတ်ခြင်း၊ ဖိနပ်အလှစီးခြင်း၊ ထီးအလှဆောင်းခြင်း စသည်တို့သည် တန်ဆာဆင်မှုဖြစ်၍ ပြုလုပ်လျှင် သီလပျက်၏။ ထို့ကြောင့် ဥပုသ်သည်များသည် အဝတ်ကို ရိုးရိုးယဉ်ယဉ် လူတန်းစေ့ရုံမျှသာ ဝတ်ဆင်၍ သာမန်စီးနေကျ ဖိနပ်၊ ဆောင်းနေကျ ထီးကို အသုံးပြုကြရမည် ဖြစ်သည်။
ဌာန = အကြောင်းတရား
ဤပန်းပန်မှု စသော အလှပြင်တန်ဆာဆင်မှုများသည် ကိလေသာတဏှာ တိုးပွားခြင်း၏ အကြောင်းဖြစ်၍ ရှောင်ကြဉ်ကြရမည်။
ဥစ္စာသယနမဟာသယနအဖွင့်
မြင့်သောနေရာ၊ မြတ်သောနေရာ၌ အိပ်ခြင်း၊ နေထိုင်ခြင်းမှ ရှောင်ကြဉ်ပါ၏။
ဥစ္စာသယန - မြင့်သောနေရာ။ အခြေတစ်တောင်ထွာထက် ရှည်သောအိပ်ရာ၊ ခုတင်၊ ကုလားထိုင်ကြီးများ၌ မထိုင်ကောင်း၊ မအိပ်ကောင်း။
မဟာသယန - မြတ်သောနေရာ။ စည်းစိမ်စားလေ့ရှိသော လူချမ်းသာများ၏အိမ်၌ လက်လေးသစ်မက အမွှေးရှည်သော ကော်ဇော၊ သားမွေးအခင်း၊ ခြင်္သေ့၊ သစ်ကျားအရုပ်များဖြင့် ခမ်းနားဆန်းကြယ်သော သားမွေးအခင်း၊ ရွှေချည်ငွေချည်တို့ဖြင့် ချုပ်လုပ်အပ်သော ပိုးအခင်း၊ လဲမွေ့ရာ၊ ဂွမ်းမွေ့ရာများကို မသုံးကောင်း၊ အသုံးပြုလျှင် ဤသိက္ခာပုဒ် ပျက်သည်။
စာမျက်နှာ-464
အုန်းဆံသွတ်မွေ့ရာကိုကား သုံးကောင်းပါသည်။ သင်ဖြူးချော၊ ကော်ဇောအမွေးတို စသည်တို့ကို ဤသိက္ခာပုဒ်အရ မြတ်သောနေရာဟု မဆိုထိုက်ချေ။
ဥပုသ်စောင့်သောအခါ ငါးပါးသီလတွင် “ကာမေသုမိစ္ဆာစာရာ ဝေရမဏိ” ဟု မဆောက်တည်ဘဲ ယင်းအစား အဗြဟ္မစရိယသိက္ခာပုဒ်ကို ထည့်၍ ဆောက်တည်ရ၏။ ယင်းအဗြဟ္မစရိယသိက္ခာပုဒ်ကို ဖြူစင်စွာ ဖြည့်ကျင့်နိုင်ရန် ဝိကာလဘောဇနသိက္ခာပုဒ်၊ နစ္စဂီတသိက္ခာပုဒ်၊ ဥစ္စာသယနမဟာသယနသိက္ခာပုဒ်များကို ဆောက်တည်ရ၏။ ဤသိက္ခာပုဒ် ၄ ပါးကို ခြုံ၍ လေ့လာလျှင် ဥပုသ်စောင့်သောအခါ အကုသိုလ်စိတ်များ မဖြစ်ရအောင် ထိန်းသိမ်းရမည်ဖြစ်ကြောင်း ထင်ရှားသည်။ ထိုအကုသိုလ်စိတ်များကား ကာမဂုဏ်စိတ် (ကိလေသာတဏှာစိတ်) ပင် ဖြစ်ပါသည်။ ညစာထမင်းစားခြင်း၊ ဖီးလိမ်းပန်ဆင်ခြင်း၊ ကပြသီဆိုတီးမှုတ်ခြင်း၊ ခမ်းနားသော အိပ်ရာနေရာ၌ အိပ်စက်နေထိုင်ခြင်းသည် ကိလေသာတဏှာ တိုးပွားကြောင်း ကာမဂုဏ်စိတ်ကို သွေးဆောင်ခေါ်ယူသော အပြုအမူများ ဖြစ်ပါသည်။ ထို့ကြောင့် ကိလေသာတဏှာလောဘ ကာမဂုဏ်စိတ်များကို ပိတ်ဆို့ရန်အတွက် ဝိကာလဘောဇနသိက္ခာပုဒ်ဖြင့် ညစာထမင်းစားမှုကို တားမြစ်၏။ နစ္စဂီတသိက္ခာပုဒ်ဖြင့် ကပြသီဆိုတီးမှုတ်မှုနှင့်တကွ ဖီးလိမ်းပန်ဆင်မှုများကို တားမြစ်၏။ ဥစ္စာသယနသိက္ခာပုဒ်ဖြင့် ခမ်းနားသော အိပ်ရာနေရာတို့၌ အိပ်စက်နေထိုင်ခြင်းကို တားမြစ်ခြင်းဖြစ်၏။ ထိုသိက္ခာပုဒ် ၃ မျိုးဖြင့် ကာမစိတ်ကို ပိတ်ဆို့မှသာ အဗြဟ္မစရိယသိက္ခာပုဒ်အရ မေထုန်အမှုမှ ရှောင်ကြဉ်နိုင်မည် ဖြစ်သည်။
ဥပုသ်စောင့်ပုံ အစီအစဉ်
ဥပုသ်ဟူသော စကားသည် ဥပေါသထပါဠိကို မြန်မာမှုပြုထားခြင်း ဖြစ်၏။ (ဥပ + ဝသထ) ဟု နှစ်ပုဒ်ခွဲပါ၊ ဥပ = အကျင့်ကောင်းနှင့် ပြည့်စုံ၍၊ ဝသထ = နေထိုင်ခြင်း။
အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်သီလကို ခံယူဆောက်တည်၍ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော် စသော ဂုဏ်တော်များကို ပွားလျက် အကုသိုလ်စိတ်များ မဖြစ်စေဘဲ စိတ်စင်ကြယ်အောင် စောင့်စည်းနေထိုင်မှုကို ဥပုသ်စောင့်သည်ဟု ခေါ်သည်။
စာမျက်နှာ-465
ဥပုသ်စောင့်ပုံ အစီအစဉ်
၁။ နက်ဖြန် ဥပုသ်စောင့်မည်ဟု ကြံစည်သော ပုဂ္ဂိုလ်သည် ဥပုသ်စောင့်ခိုက်၌ အိမ်မှုကိစ္စများကို ဆောင်ရွက်ရန် မသင့်လျော်သောကြောင့် ယနေ့လို အချိန်အခါကပင် အိမ်မှုကိစ္စများကို ပြီးစီးအောင် စီမံဆောင်ရွက်ထားရာ၏။
၂။ ချက်ပြုတ်ကျွေးမွေးမည့်သူ အဆင်သင့်ရှိလျှင် နက်ဖြန်စားသောက်မှုအတွက် ပြောပြစီစဉ်ထားရာ၏။ ချက်ပြုတ်ကျွေးမွေးမည့်သူ မရှိလျှင် နက်ဖြန်ကိစ္စနည်းအောင် စားဖွယ်သောက်ဖွယ်များကို ပြီးစီးအောင် စီစဉ်ထားရာ၏။
၃။ ဥပုသ်နေ့ နံနက်အရုဏ်တက်ချိန်ကပင် ကိုယ်လက်များကို သန့်စင်ကာ စင်ကြယ်အောင်ပြု၍ စိတ်ကြည်လင်ရုံမျှ သန့်ရှင်းသော အဝတ်ကို ဝတ်ရာ၏။
၄။ ပန်းပန်မှု၊ နံ့သာလိမ်းမှုတို့ဖြင့် အထူးတလည် ပြင်ဆင်မှုကို မပြုရာ။ ထို့နောက် ခပ်စောစောကပင် သီလဆောက်တည်ရာ၏။ သီလဆောက်တည်ပြီးလျှင် ကျွေးမွေးလှူဒါန်းဖွယ် ကိစ္စရှိပါက ထိုကိစ္စကို ပြုလုပ်၍ မရှိက မိမိအတွက် သင့်တင့်ရုံသာ စီမံ၍ စားသောက်ရာ၏။
၅။ ကျွေးမွေးစားသောက်ပြီးလျှင် ကိုယ်လက်မစင်ကြယ်က ရေချိုးရာ၏။ ထို့နောက် မိမိတစ်ကိုယ်တည်း နေသင့်သူဖြစ်လျှင် တစ်ကိုယ်တည်းနေ၍ အဖော်နှင့် နေသင့်သူဖြစ်က သဘောတူအဖော်နှင့် အတူတကွ သင့်လျော်သော ဆိတ်ငြိမ်ရာအရပ်၌ ဘုရားဂုဏ်တော်ကို အာရုံပြု၍ နေရာ၏။
၆။ ကြာရှည်စွာ ဆင်ခြင်၍ မနေနိုင်လျှင် တရားစာကိုလည်း ကြည့်ရှုရွတ်ဖတ်နေရာ၏။ နည်းလမ်းကျကျ ဟောပြမည့် ပုဂ္ဂိုလ်ရှိလျှင် တရားနာရာ၏။ အချင်းချင်းလည်း တရားစကား ဆွေးနွေးမေးမြန်း စုံစမ်းရာ၏။
၇။ ညအချိန်ရောက်သောအခါ မိမိ၏ သီလကို ပြန်၍ ဆင်ခြင်ပြီးလျှင် အရိယာသူတော်ကောင်း ရဟန္တာအပေါင်းတို့နှင့် ယနေ့အတွက် တူမျှပုံကို အောက်မေ့ရာ၏။
၈။ နံနက်အရုဏ်တက်ချိန်၌ မိမိရည်မှန်းထားသော အချိန်စေ့သောအခါ အလိုအလျောက် ရှစ်ပါးသီလ မရှိတော့ဘဲ ငါးပါးသီလသာ ကျန်တော့သည်၊ ဥပုသ်ထွက်ပြီ ဖြစ်တော့သည်။
ဥပုသ်စောင့်ခြင်း အကျိုး
ကျနစွာ စောင့်သုံးအပ်သော ဥပုသ်၏ အကျိုးမှာ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကို အစိုးရသော မင်းစည်းစိမ် (စကြဝတေးမင်းစည်းစိမ်) ထက် ကြီးကျယ်မြင့်မြတ်သည်။ မှန်၏၊ ဇမ္ဗူဒိပ်ကျွန်းကို အစိုးရခြင်းမှာ လူ့စည်းစိမ်သာဖြစ်၍...
စာမျက်နှာ-466
နတ်စည်းစိမ်နှင့် နှိုင်းစာလျှင် အောက်ကျနောက်ကျ ဖြစ်သည်။ ထိုစည်းစိမ်များသည်လည်း တစ်ဘဝသာ ဖြစ်သည်၊ စောင့်ထိန်းအပ်သော ဥပုသ်အကျိုးကား လူမင်းစည်းစိမ်၊ နတ်မင်းစည်းစိမ် အကြိမ်ကြိမ် ခံစားရမည် ဖြစ်၏။
ဥပုသ်စောင့်ရာ၌ သိက္ခာပုဒ်ရှစ်ပါးကို မလွန်ကျူးရုံမျှဖြင့် အကျိုးများသင့်သလောက် မများသေး။ မိမိစိတ်ကို စင်ကြယ်အောင်ထား အားထုတ်နိုင်မှသာလျှင် ပို၍ အကျိုးများသည်။ ဥပမာ - တန်ဆာဆင်လိုသော အမျိုးသမီးသည် ဆံပင်ကို စင်ကြယ်အောင် ခေါင်းလျှော်ရ၏။ ခေါင်းမလျှော်ဘဲ ဖီးလိမ်းပြင်ဆင်လျှင် အနံ့မကောင်း၊ ထို့အတူ သီလတန်ဆာဖြင့် ဆင်ထားသူသည် မိမိ၏ စိတ်ကို လောဘ၊ ဒေါသ၊ မာန်မာန၊ ဣဿာ၊ မစ္ဆရိယ စသော ကိလေသာ အညစ်အကြေးတို့မှ စင်ကြယ်အောင်ပြု၍ စောင့်သုံးနိုင်မှသာ ရသင့်သမျှ အကျိုးကို အပြည့်အစုံ ရနိုင်သည်။
ဥပုသ်အမျိုးမျိုး
မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်းတော်၌ သီတင်းသုံးနေတော်မူသောအခါ ဝိသာခါအား ဥပုသ်သုံးမျိုးကို ဟောတော်မူ၏။ ယင်းဥပုသ်သုံးမျိုးမှာ -
၁။ ဂေါပါလဥပုသ်၊
၂။ နိဂဏ္ဌဥပုသ်၊
၃။ အရိယာဥပုသ် - ဟူ၍ သုံးမျိုးဖြစ်သည်။
ဂေါပါလ (နွားကျောင်းသား) ဥပုသ် - နွားကျောင်းသားတို့ ကြံစည်ခြင်းကဲ့သို့ အစားအသောက်နှင့် လောကီရေးရာကိုသာ ကြံစည်၍ စောင့်သုံးသော ဥပုသ်ကို နွားကျောင်းသားဥပုသ်ဟု ခေါ်သည်။ ဥပုသ်ကို မကျိုးမပေါက် မပြောက်မကျားအောင် ကျနသေချာစွာ မစောင့်သုံးဘဲ “ယနေ့ မည်သည့်နေရာ၌ နွားများ မြက်စား၍ မည်သည့်နေရာ၌ နွားများ ရေသောက်လိမ့်မည်” ဟု နွားကျောင်းသားများ ကြံစည်သကဲ့သို့ “ယနေ့ မည်သည့် စားဖွယ်သောက်ဖွယ်ကို စား၍ နက်ဖြန် မည်သည့် စားဖွယ်သောက်ဖွယ်ကို စားသောက်မည်” ဟု အစားအသောက်နှင့် လောကီရေးရာကိုသာ ကြံစည်နေသော ဥပုသ်သည်၏ သီလကို ဂေါပါလဥပုသ် (နွားကျောင်းသားဥပုသ်) ခေါ်သည်။ (ဂေါ = နွား + ပါလ = ထိန်းကျောင်းခြင်း။) ယင်းနွားကျောင်းသားဥပုသ်သည်လည်း လုံးဝအကျိုးမရှိသည်မဟုတ်၊ ထိုက်သင့်သလောက် အကျိုးရှိသည်။ သို့ရာတွင် ကြီးမြတ်သော အကျိုးမရှိ။
စာမျက်နှာ-467
နိဂဏ္ဌ (တက္ကတွန်း) ဥပုသ်
တိတ္ထိတက္ကတွန်းတို့ အဆုံးအမအတိုင်း စောင့်သုံးကြသော ဥပုသ်ဖြစ်သည်။ ယင်းဥပုသ်မှာ “ယူဇနာတစ်ရာ ပြင်ပ၌ တည်သော သတ္တဝါတို့ကို မသတ်အံ့” ဟု ဆောက်တည်သော သီလမျိုး ဖြစ်သည်။
အရိယာဥပုသ်
အရိယာသူတော်ကောင်းတို့ ကျင့်သုံးအပ်သော မြတ်သော ဥပုသ်ကို ဆိုလိုသည်။ ယင်းအရိယာဥပုသ်သည် -
(၁) ဗြဟ္မုပေါသထ - ဘုရားဂုဏ်ကို အာရုံပြုနေခြင်း (ဗြဟ္မဥပုသ်)၊
(၂) ဓမ္မုပေါသထ - တရားဂုဏ်ကို အာရုံပြုနေခြင်း (ဓမ္မဥပုသ်)၊
(၃) သံဃုပေါသထ - သံဃာ့ဂုဏ်ကို အာရုံပြုနေခြင်း (သံဃဥပုသ်)၊
(၄) သီလုပေါသထ - သီလကို ဆင်ခြင်နေခြင်း (သီလဥပုသ်)၊
(၅) ဒေဝတုပေါသထ - နတ်တို့ကို သက်သေပြု၍ နေခြင်း (နတ်ဥပုသ်)၊
(၆) အဋ္ဌင်္ဂိကုပေါသထ - ရှစ်ပါးသီလထိန်းခြင်း (အဋ္ဌင်္ဂိကဥပုသ်) — ဟူ၍ ၆-မျိုးရှိ၏။
ဗြဟ္မဥပုသ် - ဘုရားရှင်သည် ဗြဟ္မမည်တော်မူ၏။ ရှစ်ပါးသီလကို ယူပြီးလျှင် ထိုဗြဟ္မမည်သော ဘုရားရှင်၏ ဂုဏ်ကို အာရုံပြု၍ နေခြင်းကို “ဗြဟ္မဥပုသ်” ဟု ခေါ်၏။
ဓမ္မဥပုသ် - ဥပုသ်သီလကို ခံယူပြီးလျှင် တရားဂုဏ်တော်ကို အာရုံပြု၍လည်းကောင်း၊ တရားဂုဏ်အဖွင့်ကို ကြည့်ရှုရွတ်ဖတ်၍လည်းကောင်း နေခြင်းကို “ဓမ္မဥပုသ်” ဟု ခေါ်သည်။
သံဃဥပုသ် - ဥပုသ်သီလကို ခံယူပြီးလျှင် သံဃာ့ဂုဏ်တော်ကို အာရုံပြု၍လည်းကောင်း၊ သံဃာ့ဂုဏ်တော်အဖွင့်ကို ကြည့်ရှုရွတ်ဖတ်၍လည်းကောင်း နေခြင်းကို “သံဃဥပုသ်” ဟု ခေါ်သည်။
စာမျက်နှာ-468
သီလဥပုသ် - သီလယူပြီးလျှင် မိမိ၏ သီလ မကျိုး မပေါက် မပြောက် မကျားသော ဂုဏ်ကို အာရုံပြု၍ ဝမ်းမြောက်ဝမ်းသာစွာ နေထိုင်ခြင်းကို “သီလဥပုသ်” ဟု ခေါ်ပါသည်။
သီလကျိုးခြင်း
ရှစ်ပါးသော သိက္ခာပုဒ်တို့တွင် အစသိက္ခာပုဒ်သော်လည်းကောင်း၊ အဆုံးသိက္ခာပုဒ်သော်လည်းကောင်း ပျက်စီးလျှင် ဥပုသ်သီလ ကျိုးသည် မည်၏။ ထိုသို့ မကျိုးအောင် စောင့်ထိန်းရမည်။
မပေါက် - အဝတ်၌ အလယ်က ပေါက်သကဲ့သို့ သိက္ခာပုဒ် ၈-ပါးတွင် အလယ်က တစ်ပါးပါးပျက်လျှင် ပေါက်သည် ဟု ခေါ်၏။ ထိုသို့ မပျက်မပေါက်ရအောင် စောင့်ထိန်းရမည်။
မပြောက် - ရှစ်ပါးသော သိက္ခာပုဒ်တို့တွင် အစဉ်အတိုင်း တဆက်တည်းလည်း မဟုတ်ဘဲ အဒိန္နာဒါနနှင့် မုသာဝါဒသော်လည်းကောင်း၊ အဗြဟ္မစရိယနှင့် သုရာမေရယသော်လည်းကောင်း နွား၌ ဝါစေ့ပြောက်ကဲ့သို့ နှစ်ခုသုံးခု ပြောက်ကြားပြောက်ကြား ပျက်သည်ကို ပြောက်သည် ဟု ခေါ်သည်။ ယင်းသို့ မပြောက်အောင် စောင့်ထိန်းရမည်။
မကျား - ရှစ်ပါးသော သိက္ခာပုဒ်တို့တွင် သိက္ခာပုဒ် နှစ်ခုသုံးခုဆက်၍ (ပါဏာတိပါတနှင့် အဒိန္နာဒါန လည်းကောင်း၊ အဗြဟ္မစရိယနှင့် မုသာဝါဒလည်းကောင်း) ဤသို့ နှစ်ပါးသုံးပါးဆက်၍ ပျက်သည်ကို နွားကြောင် နွားကျားကဲ့သို့ ပျက်သည်ကို အစင်းအကျားထင်သော ဥပုသ် ဟု ခေါ်ပါသည်။ ထိုသို့ မကျားအောင် စောင့်ထိန်းရမည်။
နတ်ဥပုသ် - သီလယူပြီးလျှင် နတ်တို့ကို သက်သေထား၍ မိမိသန္တာန်၌ ရှိသော သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ ဩတ္တပ္ပ ဟူသော သူတော်ကောင်းတရား ဂုဏ်ကျေးဇူးကို အောက်မေ့၍ စောင့်ရှောက်အပ်သော ဥပုသ်ကို “နတ်ဥပုသ်” ဟု ခေါ်သည်။
စာမျက်နှာ-469
နတ်တို့ကို သက်သေအရာထားပုံ
နတ်ပြည် ဗြဟ္မာပြည်၌ ရှိသော နတ်ဗြဟ္မာတို့သည် လူ့ပြည်နေစဉ်က သဒ္ဓါ၊ သီလ စသော သူတော်ကောင်းတရားနှင့် ပြည့်စုံကြသောကြောင့် ဘဝသစ်ကူးသောအခါ နတ်ပြည် ဗြဟ္မာပြည်၌ ဖြစ်၍ ချမ်းသာစွာ နေရ၏။ ထိုသို့သော သူတော်ကောင်းဥစ္စာများသည် ငါ၌လည်း ရှိ၏။ မြတ်စွာဘုရား၏ တရားတော်နှင့်အညီ မိဘဆရာသမားများ၏ အဆုံးအမကြောင့် ဤသို့ သူတော်ကောင်းဖြစ်ရခြင်းသည် နောင်ရေးအတွက် စိတ်ချရ၍ လူဖြစ်ကျိုးနပ်ပေစွဟု ဆင်ခြင်နေထိုင်မှုမျိုး ဖြစ်၏။ ဤသို့ နတ်တို့ကို သက်သေထား၍ မိမိ၏ သူတော်ကောင်းဖြစ်ပုံကို အာရုံပြု ဝမ်းမြောက်နေခြင်းသည် နတ်ဥပုသ်မည်၏။
အဋ္ဌင်္ဂိကဥပုသ် - ယခုကာလ စောင့်ကြရိုး ရှစ်ပါးသီလသည် အဋ္ဌင်္ဂိကဥပုသ် မည်၏။ ဤကဲ့သို့ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာ့ဂုဏ်၊ မိမိ၏ သီလနှင့် သူတော်ကောင်းဥစ္စာ ခုနစ်ပါးတို့ကို အောက်မေ့ဆင်ခြင်လျက် ဥပုသ်စောင့်သုံးခြင်းကို အရိယာဥပုသ်ဟု ခေါ်သည်။
ဥပုသ်ရက်ကို ရေတွက်ရာ၌ -
၁။ ပကတိဥပုသ်၊
၂။ ပဋိဇာဂရဥပုသ်၊
၃။ ပါဋိဟာရိယဥပုသ် - ဟူ၍ သုံးမျိုးရှိပါသည်။
ပကတိဥပုသ် - လောက၌ လူတို့ ပြုကျင့်လေ အရိုးအစဉ်သို့ လိုက်၍ ပကတိအတိုင်း သတ်မှတ်ထားသော ဥပုသ်နေ့များသည် ပကတိဥပုသ် မည်၏။
ပကတိဥပုသ်နေ့ ၄-ရက် -
(၁) လဆန်း ၈-ရက် ဥပုသ်နေ့၊
(၂) လဆန်း ၁၅-ရက် လပြည့်ဥပုသ်နေ့၊
(၃) လဆုတ် ၈-ရက် ဥပုသ်နေ့၊
(၄) လဆုတ် ၁၄-ရက် (သို့မဟုတ် ၁၅-ရက်) လကွယ်ဥပုသ်နေ့ - ဟူ၍ တစ်လလျှင် လေးသီတင်း လေးဥပုသ် ရှိကြ၏။ မိမိကိုယ်တိုင် ဥပုသ်မစောင့်နိုင်သည်တိုင်အောင် ထိုနေ့များကို ဥပုသ်နေ့ဟု အသိအမှတ်ပြုကြသည်။
စာမျက်နှာ-470
ပကတိဥပုသ်နေ့ ၆-ရက်
အင်္ဂုတ္တိုရ်ပါဠိတော် စတုမဟာရာဇသုတ် (၁၄၂) ၌ ပကတိဥပုသ်ရက်ကို တစ်လလျှင် ၆-ရက်ရှိကြောင်း အောက်ပါအတိုင်း ဖော်ပြထားသည် —
(၁) လဆန်း ၈-ရက် အဋ္ဌမီဥပုသ်၊
(၂) လဆုတ် ၈-ရက် အဋ္ဌမီဥပုသ်၊
(၃) လဆန်း ၁၄-ရက် စာတုဒ္ဒသီဥပုသ်၊
(၄) လဆုတ် ၁၄-ရက် စာတုဒ္ဒသီဥပုသ်၊
(၅) လဆန်း ၁၅-ရက် ပန္နရသီဥပုသ်၊
(၆) လဆုတ် ၁၅-ရက် ပန္နရသီဥပုသ် - ဟူ၍ ဖြစ်ပါသည်။
(မှတ်ချက် - လဆုတ် ၁၅-ရက် ဥပုသ်နေ့သည် ရက်မစုံလ၌ လဆန်း ၁-ရက်နေ့ ကျရောက်သည်)
ပကတိဥပုသ်နေ့ ၈-ရက်
အင်္ဂုတ္တရအဋ္ဌကထာ၌မူ အထက်ဖော်ပြပြီး ပကတိဥပုသ်နေ့ ၆-ရက်၌ —
(၁) လဆန်း ၅-ရက် ပဉ္စမဥပုသ်နေ့၊
(၂) လဆုတ် ၅-ရက် ပဉ္စမဥပုသ်နေ့ —
ဤ(၂)ရက်ကို ထည့်၍ တစ်လလျှင် ပကတိဥပုသ်နေ့ (၈) ရက်ရှိကြောင်း ဖွင့်ဆိုထားသည် (အံ၊ ဋ္ဌ၊ ၂၊ ၁၂၂)။
ပဋိဇာဂရ (အကြိုအပိုဥပုသ်)
ဘုရားရှင်လက်ထက်မှာပင် လူတိုင်း မစောင့်သုံးကြဘဲ သတိတရားကြီးမား၍ ကုသိုလ်တရား၌ နိုးနိုးကြားကြားရှိသောသူများသာ စောင့်ထိန်းသောကြောင့် ပဋိဇာဂရဥပုသ်ဟု ခေါ်ပါသည်။ (ပဋိဇာဂရ = နိုးကြားခြင်း။)
ယင်းပဋိဇာဂရ အကြိုအပိုဥပုသ်နေ့များမှာ ပကတိဥပုသ် (၈) ရက်ကို ပဓာနထား၍ အကြိုဥပုသ်နှင့် အပိုဥပုသ်များကို ထည့်ပြီး တစ်လတွင် (ရက်စုံလ၌) ဥပုသ်ရက် ၂၀၊ ရက်မစုံလ၌ ပန္နရသီမရှိ၍ ဥပုသ်ရက် ၁၉-ရက်သာ ရှိလေသည်။
စာမျက်နှာ-471
ဥပုသ်ရက် (၂၀) တွက်ပုံ
စဉ်,ဥပုသ်အမျိုးအစား,ရက်အရေအတွက်
၁,ပကတိဥပုသ် (အဋ္ဌမီ၊ စာတုဒ္ဒသီ၊ ပန္နရသီ),၈ ရက်
၂,ပဉ္စမီ (၅-ရက်နေ့) ဥပုသ်အကြိုအပို - လဆန်းလဆုတ် (၄) ရက်နှင့် (၆) ရက်,၄ ရက်
၃,အဋ္ဌမီ (၈-ရက်နေ့) ဥပုသ်အကြိုအပို - လဆန်းလဆုတ် (၇) ရက်နှင့် (၉) ရက်,၄ ရက်
၄,စာတုဒ္ဒသီ (၁၄-ရက်နေ့) ဥပုသ်အကြို - လဆန်းလဆုတ် (၁၃) ရက်,၂ ရက်
၅,ပန္နရသီ (၁၅-ရက်နေ့) ဥပုသ်အပို - လဆုတ် (၁) ရက်နှင့် လဆန်း (၁) ရက်,၂ ရက်
,စုစုပေါင်း,၂၀ ရက်
[မှတ်ချက် - ရက်မစုံလ၌ ပန္နရသီဥပုသ်မရှိ၍ ၁၉-ဥပုသ်သာ ရှိသည်။]
ပါဋိဟာရိယဥပုသ် (နိဗဒ္ဓဥပုသ်)
ရခဲလှသော လူ့ဘဝကို ရကြပြီး ကြုံကြိုက်ခဲလှသည့် သာသနာတော်ကြီးနှင့် ကြုံကြိုက်ခိုက် သီလပါရမီ ဖြည့်သောအနေဖြင့် တစ်လတန်သည်၊ ၁၅-ရက်တန်သည်၊ ၃-လတန်သည် စသည်ဖြင့် ရက်ရှည်အမြဲစောင့်သုံးသော ဥပုသ်ကို ပါဋိဟာရိယဥပုသ် ဟု ခေါ်ပါသည်။ ယင်းပါဋိဟာရိယဥပုသ်ကိုပင် နိဗဒ္ဓုပေါသထ (အမြဲမပြတ် တဆက်တည်း စောင့်သုံးလေ့ရှိသော ဥပုသ်) ဟု ခေါ်ပါသည်။ ယင်းပါဋိဟာရိယဥပုသ်နေ့များကို ရေတွက်ပုံမှာ ကျမ်းဂန်များ၌ ကွဲပြားမှု ရှိသည်။
အင်္ဂုတ္တရအဋ္ဌကထာ စတုမဟာရာဇသုတ်၌ -
၁။ ဝါတွင်းသုံးလ၊
၂။ သို့မဟုတ် ဝါကျွတ်ပြီးနောက်တစ်လ (သီတင်းကျွတ်လပြည့်ကျော် ၁-ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အထိ)၊
၃။ သို့မဟုတ် ဝါကျွတ်ပြီးနောက် ၁၅-ရက် (သီတင်းကျွတ်လပြည့်ကျော် ၁-ရက်မှ သီတင်းကျွတ်လကွယ်နေ့အထိ) ဟု ၃-မျိုး ဖော်ပြထားသည်။ (အံ၊ ဋ္ဌ၊ ၂၊ ၁၂၃)
စာမျက်နှာ-472
သုတ္တနိပါတ်အဋ္ဌကထာ ဒုတိယတွဲ ဓမ္မိကသုတ်၌ ဝါဆိုလဆန်း ၁-ရက်နေ့မှ တန်ဆောင်မုန်းလကွယ်နေ့အထိ ငါးလ၊ သို့မဟုတ် ဝါဆိုလ၊ တန်ဆောင်မုန်းလ၊ တပေါင်းလ - ဤသုံးလတို့၌ ဥပုသ်ရက်ရှည် စောင့်သုံးခြင်းကို ပါဋိဟာရိယဥပုသ်ဟု ခေါ်သည် (သုတ္တနိ၊ ဋ္ဌ၊ ၂၊ ၁၀၈)။
သဂါထာဝဂ္ဂသံယုတ်အဋ္ဌကထာ သာဏသုတ်၌ အောက်ဖော်ပြပါ နေ့ရက်များ၌ စောင့်သုံးသော ဥပုသ်ကို ပါဋိဟာရိယဥပုသ်ဟု ခေါ်၏ -
(က) အဋ္ဌမီဥပုသ်၏ အကြိုဖြစ်သော လဆန်း ၇-ရက်၊ လဆုတ် ၇-ရက်နေ့များနှင့် အဋ္ဌမီဥပုသ်၏ အပိုဖြစ်သော လဆန်း ၉-ရက်၊ လဆုတ် ၉-ရက် ဥပုသ်နေ့များ။
(ခ) စာတုဒ္ဒသီဥပုသ်၏ အကြိုဖြစ်သော လဆန်း ၁၃-ရက်၊ လဆုတ် ၁၃-ရက်နေ့များ။
(ဂ) ပန္နရသီဥပုသ်၏ အပိုဖြစ်သော လဆုတ် ၁-ရက်နှင့် လဆန်း ၁-ရက်နေ့များ။
(ဃ) သီတင်းကျွတ်လပြည့်ကျော် ၁-ရက်နေ့မှ သီတင်းကျွတ်လကွယ်နေ့တိုင်အောင် ၁၅-ရက်။
ဤပါဋိဟာရိယဥပုသ်ကိုပင် ပက္ခဥပုသ် ဟု ခေါ်သေး၏ (သံ၊ ဋ္ဌ၊ ၁၊ ၂၀၁)။
ယင်းသို့ အဋ္ဌကထာတို့၌ နည်းအမျိုးမျိုးဖြင့် ဖွင့်ပြထားခြင်းမှာ လောကလူသားတို့ ကျင့်သုံးလေ့ရှိသည့် အရိုးအစင်သို့လိုက်၍လည်းကောင်း၊ ကျင့်သုံးနိုင်လျှင် ကောင်းမြတ်၏ဟု နှလုံးသွင်း၍လည်းကောင်း ဖွင့်ပြခြင်းဖြစ်သည်။ အဋ္ဌကထာချင်း မတူဟူ၍ မမှတ်ယူရ၊ ကြွင်းသောရက်တို့၌လည်း ဥပုသ်မစောင့်ရဟူ၍ မမှတ်ယူသင့်။
“နေ့ရက်ဟူသမျှ ဥပုသ်စောင့်ကောင်း၏၊ စောင့်နိုင်သမျှ အကျိုးရ၏” ဟု မုချမြဲစွာ မှတ်ကုန်ရာ၏။
စာမျက်နှာ-473
ကိုးပါးသီလ (နဝင်္ဂသီလ)
သီလတောင်းပုံ -
အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
(ဒုတိယမ္ပိ... တတိယမ္ပိ... စသည် ဆက်ဆိုပါ။)
အနက် -
ဘန္တေ - အရှင်ဘုရား။ အဟံ - တပည့်တော် (တပည့်တော်မ) သည်။ တိသရဏေန - သရဏဂုံသုံးပါးနှင့်။ သဟ - တကွ။ နဝင်္ဂသမန္နာဂတံ - အင်္ဂါကိုးပါးနှင့် ပြည့်စုံသော။ ဥပေါသထသီလံ - ဥပုသ်သီလတည်းဟူသော။ ဓမ္မံ - သိက္ခာပုဒ်အကျင့်ကို။ ယာစာမိ - တောင်းပန်ပါ၏။
(ဒုတိယမ္ပိ၊ တတိယမ္ပိ... စသည် ဆက်ဆိုပါ။)
(နမော တဿ ၃-ခေါက်၊ သရဏဂုံသုံးပါး ၃-ခေါက် ဆိုပါ။)
ကိုးပါးသီလ ဆောက်တည်ပုံ
၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၃။ အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၄။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၅။ သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
စာမျက်နှာ-474
၆။ ဝိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၇။ နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၈။ ဥစ္စာသယနမဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၉။ ယထာဗလံ မေတ္တာသဟဂတေန စေတသာ သဗ္ဗဝန္တံ လောကံ ဖရိတွာ ဝိဟရာမိ။
အနက် -
၁ မှ ၈ အထိ ရှစ်ပါးသီလနှင့် တူသည်။
၉။ ယထာဗလံ - စွမ်းနိုင်သလောက်၊ မေတ္တာသဟဂတေန - မေတ္တာနှင့်တကွဖြစ်သော၊ စေတသာ - စိတ်ဖြင့်၊ သဗ္ဗဝန္တံ - အလုံးစုံသတ္တဝါအပေါင်းရှိသော၊ လောကံ - သတ္တလောကကို၊ ဖရိတွာ - ပျံ့နှံ့စေ၍၊ ဝိဟရာမိ - နေပါအံ့။
မြန်မာပြန် -
၁ မှ ၈ အထိ ရှစ်ပါးသီလနှင့် တူသည်။
၉။ စွမ်းနိုင်သမျှ မေတ္တာစိတ်ဖြင့် သတ္တဝါတို့အပေါ်၌ ဖြန့်၍ နေပါမည်။
နဝင်္ဂသီလအဓိပ္ပာယ်
အင်္ဂါကိုးပါးရှိသော သီလကို နဝင်္ဂသီလ ဟု ခေါ်သည်။ နဝင်္ဂဥပုသ်ဟုလည်း ခေါ်၏။ ရှစ်ပါးသီလတွင် မေတ္တာဘာဝနာကို ထည့်၍ ကိုးပါးသီလဖြစ်၏။ ဤနဝင်္ဂသီလဥပုသ်မှာ အင်္ဂုတ္တရပါဠိတော် (၁၉၂) ၌ တိုက်ရိုက်လာ၏။ မေတ္တာကို အဓိကထား၍ တည်ဆောက်ရသော ဥပုသ်သီလဖြစ်၏။ ထိုဥပုသ်သီလကို ဘုရားရှင်လက်ထက်တော်မှာပင် အချို့ပုဂ္ဂိုလ်များ ကျင့်သုံးဆောက်တည်ကြ၏။ မေတ္တာကို အမွှမ်းတင်၍ စောင့်အပ်သော ဥပုသ်သီလသည် ရိုးရိုးဥပုသ်သီလထက် အကျိုးများလေသည်။
ဆရာတော်ဦးဗုဓ်၏ ဒါနဖလုပ္ပတ္တိကျမ်း (၂၀၉) ၌မူ ဤနဝင်္ဂသီလကို စကြဝတေးမင်းလောင်းတို့သည် စကြာရတနာ ရောက်လာစေရန် ကောင်းမွန်စွာ စောင့်ရှောက်အပ်သော သီလဟု ဖော်ပြထားပါသည်။
စာမျက်နှာ-475
မေတ္တာကို သီလအဖြစ် ဆောက်တည်ခြင်း
နဝင်္ဂသီလကို ဆောက်တည်သည့်အခါ ပြဆိုခဲ့သည့်အတိုင်း “ယထာဗလံ မေတ္တာသဟဂတေန စေတသာ သဗ္ဗဝန္တံ လောကံ ဖရိတွာ ဝိဟရာမိ” ဟူ၍ ဆောက်တည်ကြသည်။ ဆရာတော်ဦးဗုဓ်နှင့် ဝိသုဒ္ဓါရုံဆရာတော်တို့ကား “မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ဝိဟရဏံ သမာဒိယာမိ” ဟု ဆောက်တည်ရန် ရေးသားတော်မူခဲ့၏။
ဤသို့ သီလအဖြစ် ခံယူဆောက်တည်ခြင်းသည် အစဉ်အလာတစ်ခု ဖြစ်နေသည်။ မေတ္တာသည် ပါဏာတိပါတာ စသော သိက္ခာပုဒ်များကဲ့သို့ ရှောင်ကြဉ်ရမည့် သီလသိက္ခာပုဒ်မဟုတ်ပါ။ ပါဏာတိပါတမှ ရှောင်ကြဉ်ပါ၏ဟု ဆောက်တည်ရာ၌ တစ်နေ့လုံး ရှောင်ကြဉ်နိုင်သကဲ့သို့ မေတ္တာဖြင့် နေပါမည်ဟု ဆောက်တည်သူသည် တစ်နေ့လုံး မေတ္တာစိတ်ဖြင့် မနေနိုင်သောကြောင့် သိက္ခာပုဒ်မဟုတ်ချေ။ မိမိနှင့် မတည့်သူများကို မြင်ရတွေ့ရလျှင် ဒေါသဖြစ်ရ၏။ မေတ္တာသည် ဒေါသနှင့် ဆန့်ကျင်ဘက်ဖြစ်၍ ဒေါသဖြစ်လျှင် မေတ္တာပျက်၏။ ထို့ကြောင့် အချို့ဆရာများက မေတ္တာသည် သိက္ခာပုဒ်လည်း မဟုတ်၊ သီလလည်း မဟုတ်၍ ဆောက်တည်ဖွယ်မလိုဟု ဆိုကြ၏။ မေတ္တာသည် ဘာဝနာသာဖြစ်၍ နဝင်္ဂဥပုသ်စောင့်သူသည် ရှစ်ပါးသီလ ဆောက်တည်ပြီးနောက် ဆိတ်ငြိမ်ရာအရပ်သို့ ချဉ်းကပ်၍ မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းနေလျှင် နဝင်္ဂသီလ နဝင်္ဂဥပုသ် ဆောက်တည်ပြီး ဖြစ်တော့သည်။
ဝိသုဒ္ဓါရုံဂုဏ်တော်ဖွင့်တွင် နဝင်္ဂသီလကို ပြဆိုရာ၌ အဋ္ဌင်္ဂသီလတွင် ဗြဟ္မဝိဟာရလေးပါးထဲမှ မိမိထိန်းလိုရာ တစ်ပါးပါးကို ထည့်သွင်းထိန်းသိမ်းစောင့်ရှောက်ရမည်၊ သီလမဟုတ်သော သမာဓိကိုပင် ပုဂ္ဂိုလ်အကြိုက်လိုက်လျောလျက် သီလပြုလုပ်၍ ဟောတော်မူသည်၊ ကောင်းမှုဟူသမျှကို သီလပြုလုပ်၍ ဆောက်တည်ကောင်းသည်ကို ပြတော်မူ၏ဟု မှတ်ချက်ပြုထားသည်။
ဗြဟ္မစိုရ်တရားလေးပါးရှိပါလျက် မေတ္တာကိုသာ အထူးထုတ်၍ ရှစ်ပါးသီလနှင့် တွဲစပ်ကာ နဝင်္ဂဥပုသ်အနေဖြင့် ဟောတော်မူခြင်းမှာ မေတ္တာတရားက အကျိုးကြီးမားသောကြောင့် ဟောတော်မူခြင်းဖြစ်သည်ဟု မဟာဗုဒ္ဓဝင်ပထမတွဲ
စာမျက်နှာ-476
(ပထမပိုင်း) အနုဒီပနီ၌ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော် မိန့်ကြားတော်မူသည်မှာ - မြတ်စွာဘုရားရှင် ဟောကြားသော မေတ္တသုတ်ဒေသနာသည် ခုဒ္ဒကပါဌပါဠိတော်နှင့် သုတ္တနိပါတ်ပါဠိတော်တို့၌ ထင်ရှားရှိ၏။ အင်္ဂုတ္တိုရ်ပါဠိတော် ဧကာဒသကနိပါတ်၌ မေတ္တာအကျိုး တစ်ဆယ့်တစ်မျိုးကို အောက်ပါအတိုင်း ဟောကြားတော်မူသည် —
မေတ္တာအကျိုး ၁၁-မျိုး
(၁) ချမ်းသာစွာ အိပ်ရခြင်း။
(၂) ချမ်းသာစွာ နိုးရခြင်း။
(၃) မကောင်းသောအိပ်မက် မမြင်မက်ခြင်း။
(၄) လူများ ချစ်ခင်ခြင်း။
(၅) နတ်ဘီလူးများ ချစ်ခင်ခြင်း။
(၆) နတ်များ စောင့်ရှောက်ခြင်း။
(၇) မီးလောင်မှု၊ အဆိပ်သင့်မှု၊ လက်နက်စူးဝင်မှု မရှိခြင်း။
(၈) စိတ်တည်ကြည်လွယ်ခြင်း။
(၉) မျက်နှာအဆင်း ကြည်ကြည်လင်လင် ရှိခြင်း။
(၁၀) သေချိန်ကျသောအခါ မတွေမဝေ သေရခြင်း။
(၁၁) ယခုဘဝ၌ မဂ်ဖိုလ်ကို ထိုးထွင်းသိမြင်နိုင်၏၊ အကယ်၍ မသိနိုင်သေးလျှင် ဗြဟ္မာ့ပြည်သို့ လားရခြင်း။
ဤသို့ ဟောကြားတော်မူသောကြောင့် မေတ္တာတရားက သီလထက် ပိုမို၍ တန်ခိုးအာနိသင် ကြီးမားကြောင်း သိသာထင်ရှားသည်။ ထိုမေတ္တာအကျိုး တစ်ဆယ့်တစ်မျိုးနှင့် ပတ်သက်၍ မင်းကွန်းတောင်ရိုး ပတ္တမြားဆရာတော် ဘဒ္ဒန္တဇာဂရ (အဂ္ဂမဟာပဏ္ဍိတ) က အောက်ပါအတိုင်း လင်္ကာသီကုံးထားခဲ့ပါသည် —
အင်္ဂုတ္တရ၊ ဧကဒသ၌၊ ဗုဒ္ဓမြတ်စွာ၊ မိန့်တော်မှာသည်၊ မေတ္တာအကျိုး၊ ဆယ့်တစ်မျိုးမှာ၊ ချမ်းသာအိပ်နိုး၊ အိပ်မက်ဆိုးကို၊ မြင်ရိုးမထင်၊ လူနတ်ပင်ချစ်၊ နတ်လျှင်စောင့်ငြား၊ အဆိပ်များနှင့်၊ မီး ဓား...
စာမျက်နှာ-477
မဝင်ဘေးမမြင်တည်း၊ စိတ်လျှင်တည်ကြည်၊ မျက်ဆင်းကြည်၏၊ သေမည်မတွေ၊ ဗြဟ္မာ့ပြည်သို့၊ ရောက်လေမိန့်မှာ၊ မော်ကွန်းဖြာသည်၊ လေ့လာလူတို့ မှတ်ဖွယ်တည်း။
ဆယ်ပါးသီလ
သီလတောင်းပုံ - အဟံ ဘန္တေ တိသရဏေန သဟ ဒသ ဂဟဋ္ဌသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
(ဒုတိယမ္ပိ... တတိယမ္ပိ... စသည် ဆက်ဆိုပါ။)
အနက် - ဘန္တေ - အရှင်ဘုရား။ အဟံ - တပည့်တော် (တပည့်တော်မ) သည်။ တိသရဏေန - သရဏဂုံသုံးပါးနှင့်။ သဟ - တကွ။ ဒသ ဂဟဋ္ဌသီလံ - လူတို့၏ ဆယ်ပါးသီလဖြစ်သော။ ဓမ္မံ - သိက္ခာပုဒ်တရားတော်ကို။ ယာစာမိ - တောင်းပန်ပါ၏။ ဘန္တေ - အရှင်ဘုရား။ အနုဂ္ဂဟံ - ချီးမြှောက်ခြင်းကို။ ကတွာ - ပြု၍။ မေ - တပည့်တော်အား။ သီလံ - သီလကို။ ဒေထ - ပေးတော်မူပါဘုရား။
(နမော တဿ ၃-ခေါက်၊ သရဏဂုံသုံးပါး ၃-ခေါက် ဆိုပါ။)
ဆယ်ပါးသီလ ဆောက်တည်ပုံ
၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၃။ အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၄။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
စာမျက်နှာ-478
၅။ သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၆။ ဝိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၇။ နစ္စဂီတဝါဒိတဝိသူကဒဿနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၈။ မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၉။ ဥစ္စာသယနမဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၁၀။ ဇာတရူပရဇတပဋိဂ္ဂဟဏာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
အနက် - အမှတ်စဉ် ၁ မှ ၉ အထိ (ရှစ်ပါး/ကိုးပါးသီလနှင့်) အနက်တူပြီ။
၁၀။ ဇာတရူပရဇတပဋိဂ္ဂဟဏာ - ရွှေငွေကို ကိုင်ခြင်း၊ ခံယူခြင်း၊ စီမံခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ - ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ - ကောင်းစွာ ကျင့်သုံး ခံယူဆောက်တည်ပါ၏။
မြန်မာပြန် - ၁။ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။
၂။ သူတစ်ပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏။
၃။ မမြတ်သောမေထုန်အကျင့်မှ ရှောင်ကြဉ်ပါ၏။
၄။ လိမ်လည်လှည့်ပတ်ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏။
၅။ သေရည်သေရက် သောက်စားခြင်းမှ ရှောင်ကြဉ်ပါ၏။
၆။ နေလွှဲအခါ ညစာ စားခြင်းမှ ရှောင်ကြဉ်ပါ၏။
၇။ အကုသိုလ်များကြောင်း မကောင်းမှုဖြစ်သော ကခြင်း၊ သီဆိုခြင်း၊ တီးမှုတ်ခြင်းတို့ကို သာသနာတော်၏ ဆန့်ကျင်ဘက် ငြောင့်တံကျင်သဖွယ်ဖြစ်သော ကြည့်ရှုနားထောင်ခြင်းမှ ရှောင်ကြဉ်ပါ၏။
၈။ ပန်းပန်ခြင်း၊ နံ့သာလိမ်းကျံခြယ်လှယ်ခြင်းမှ ရှောင်ကြဉ်ပါ၏။
၉။ မြင့်သောနေရာ၊ မြတ်သောနေရာ၌ အိပ်စက်နေထိုင်ခြင်းမှ ရှောင်ကြဉ်ပါ၏။
၁၀။ ရွှေငွေကို ကိုင်ခြင်း၊ ခံယူခြင်း၊ စီမံခြင်းမှ ရှောင်ကြဉ်ပါ၏။
စာမျက်နှာ-479
ဆယ်ပါးသီလအဖွင့်
ပါဏာတိပါတမှ ဥစ္စာသယနမဟာသယနအထိ သိက္ခာပုဒ်များကို (၈) ပါးသီလ၌ ဖွင့်ဆိုခဲ့ပြီ။
နစ္စဂီတနှင့် မာလာဂန္ဓ ခွဲရခြင်းအကြောင်း - နစ္စဂီတသိက္ခာပုဒ်အရ ကခြင်း၊ သီဆိုခြင်း၊ တီးမှုတ်ခြင်း၊ ကြည့်ရှုနားထောင်ခြင်းတို့သည် တစ်ခုနှင့်တစ်ခု သဘောချင်း ဆက်သွယ်နေသည်။ ထို့ကြောင့် ထိုအမှုများမှ ရှောင်ကြဉ်ခြင်းကို သိက္ခာပုဒ်တစ်ပါးအဖြစ် ခွဲခြားခြင်းဖြစ်သည်။
မာလာဂန္ဓသိက္ခာပုဒ်အရ - ပန်းပန်မှု၊ နံ့သာလိမ်းကျံမှု စသည်တို့သည် တစ်ခုနှင့်တစ်ခု သဘောချင်း ဆက်သွယ်နေသည်၊ ထို့ကြောင့် ထိုအမှုများမှ ရှောင်ကြဉ်ခြင်းကို သိက္ခာပုဒ်တစ်ပါးအဖြစ် ခွဲခြားထားသည်။ နစ္စဂီတသိက္ခာပုဒ်၌ ပါဝင်သော အမှုများနှင့် မာလာဂန္ဓသိက္ခာပုဒ်၌ ပါဝင်သော အမှုများကား တစ်ခုနှင့်တစ်ခု သဘောချင်း မဆက်သွယ်လှပါ၊ ထို့ကြောင့် နစ္စဂီတဆိုင်ရာနှင့် မာလာဂန္ဓဆိုင်ရာကို ခွဲခြား၍ သိက္ခာပုဒ် ၂-ပါး ဖြစ်ရပေသည်။
သိက္ခာပုဒ်နှစ်ခု ခွဲခြင်း တွဲခြင်း - ရှစ်ပါးသီလ၌ နစ္စဂီတသိက္ခာပုဒ်နှင့် မာလာဂန္ဓသိက္ခာပုဒ်တို့ကို ပေါင်းစပ်ထားရသည်။ ၉-ပါးသီလ၌မူ နစ္စဂီတနှင့် မာလာဂန္ဓသိက္ခာပုဒ်နှစ်ခုကို ခွဲခြားထား၏၊ သို့သော် ရှစ်ပါးသီလ၌ ရှေးရိုးစဉ်လာ ထုံးစံအားဖြင့် ထို (၈) ပါးတွင် အားလုံးစုံပါဝင်နိုင်ရန် နစ္စဂီတနှင့် မာလာဂန္ဓကို ပေါင်း၍ သိက္ခာပုဒ်တစ်ခုတည်းအဖြစ် ခုဒ္ဒကအဋ္ဌကထာ၊ ဝိသုဒ္ဓိမဂ် မဟာဋီကာတို့၌ မိန့်တော်မူအပ်သည်။ ထို့ကြောင့် ရှစ်ပါးသီလကို ဆောက်တည်ရာ၌ နစ္စဂီတနှင့် မာလာဂန္ဓနှစ်ပါးကို တစ်ပါးတည်း ပြုလုပ်တွဲဖက်၍ ခံယူဆောက်တည်ခြင်း ဖြစ်သည်။
နစ္စဂီတအမှုသည်လည်း ကာမဂုဏ်အရာ၌ လျှပ်ပေါ်သောအမှု၊ မာလာဂန္ဓသည်လည်း ထို့အတူ ကာမဂုဏ်အရာ၌ လျှပ်ပေါ်သောအမှုဖြစ်၍ ဥပုသ်သီလနှင့် ဆန့်ကျင်၏၊ ဘာဝနာပွားများခြင်းနှင့်လည်း ဖြောင့်ဖြောင့်ဆန့်ကျင်၏။ ဤသို့ဆန့်ကျင်ဘက်ချင်း တူသည်အဖြစ်ကြောင့် တစ်ပါးတည်း ပူးတွဲထားခြင်း ဖြစ်သည်။
ဆယ်ပါးသီလဆောက်တည်ရာ၌ နစ္စဂီတသိက္ခာပုဒ်သည် ကိုယ်တိုင် ကခုန်တီးမှုတ်ခြင်း၊ သူတစ်ပါးတို့ကို ကခုန်တီးမှုတ်စေခြင်း စသည်ဖြင့် ကာယဒွါရ၊ ဝစီဒွါရ၊ ကာယကံ ဝစီကံ ကိုယ်တိုင်ပြုခြင်း၊ စေခိုင်းခြင်း အစုစုတို့နှင့်...
စာမျက်နှာ-480
ဆက်ဆံသော သိက္ခာပုဒ်အထူးတည်း။ မာလာဂန္ဓသိက္ခာပုဒ်သည် မိမိကိုယ်တိုင် ပန်းပန်ခြင်း အစရှိသည်တို့ဖြင့် ပြုအပ်သည်ဖြစ်ရကား ကာယဒွါရ၊ ကာယကံ ကိုယ်တိုင်ပြုခြင်း တစ်မျိုးနှင့်သာ ဆက်ဆံသော သိက္ခာပုဒ်အထူးတည်း။ ဤသို့အားဖြင့် သိက္ခာပုဒ်နှစ်ပါးတို့၏ ကံ၊ ဒွါရ၊ ပယောဂ အားဖြင့် မတူထူးခြားသော သဘောလက္ခဏာရှိသောကြောင့် ဆယ်ပါးသီလအရာ၌ ခွဲခြား၍ ရှစ်ပါးသီလအရာ၌သာ တပေါင်းတည်း တွဲထားခြင်းကို ပြု၏ဟု တပ်အပ်သေချာမှတ်ယူရာ၏ (ပရမတ္ထသရူပအနုဝဏ္ဏနာ၊ ဒုတိယတွဲ၊ ၄၆၀)။
လုံးတော်ဆရာတော်ကြီး ကား - အဋ္ဌင်္ဂသီလ၌ လောကီလူတို့ ရာဂလျှင် ပြဋ္ဌာန်းခြင်း အကြောင်းရင်းရှိသည်ဖြစ်၍ ဖြစ်သောအကုသိုလ်စေတနာတစ်ခုကိုသာလျှင် ရည်ရွယ်တော်မူ၍ နစ္စဂီတသိက္ခာပုဒ်နှင့် မာလာဂန္ဓသိက္ခာပုဒ်ကို တစ်ပါးတည်း တစ်ခုတည်း ပြုတော်မူ၏။ ဆယ်ပါးသီလ၌ကား ကစားမြူးထူးလိုမှု စေတနာကို ရည်ရွယ်၍ နစ္စဂီတသိက္ခာပုဒ်တစ်ခု၊ အလှပြင်လိုသည့် စေတနာကို ရည်ရွယ်၍ မာလာဂန္ဓသိက္ခာပုဒ်တစ်ခု ဤသို့ သိက္ခာပုဒ်နှစ်ပါးခွဲခြား၍ ပြတော်မူ၏ဟူ၍ မိန့်တော်မူသည်။
ဇာတရူပသိက္ခာပုဒ်အဖွင့်
ဇာတရူပ - အရ ရွှေတုံးရွှေခဲသာမက ရွှေဖြင့် ပြုလုပ်ထားသော အဝတ်တန်ဆာအားလုံး အကျုံးဝင်သည်။
ရဇတ - အရ ဘော်၊ သံခွာ၊ ငွေကိုသာမက ရောင်းဝယ်မှု သုံးစွဲရိုးဖြစ်သော ငွေစက္ကူအားလုံး အကျုံးဝင်သည်။
ပဋိဂ္ဂဟဏ - အရ လက်ဖြင့်ကိုင်ခြင်း၊ ခံယူခြင်းသာမက ရှောင်ကြဉ်ဖွယ် (၅) မျိုးကိုပါ ဆိုလိုသည်။ ယင်း (၅) မျိုးကို လယ်တီဆရာတော်ဘုရားကြီး၏ သီလဝိနိစ္ဆယ (၉၉) ၌ အောက်ပါအတိုင်း ဖော်ပြထားပါသည် -
ရှောင်ကြဉ်ဖွယ် ၅-မျိုး
(၁) ကိုယ်တိုင်ခံယူခြင်း။
(၂) သူတစ်ပါးအား ခံယူခိုင်းခြင်း။
(၃) အဝေးအနီး၌ ထား၍ လှူသည်ကို သာယာခြင်း။
(၄) မလျော်သော စီမံခြင်း။
(၅) ကိုင်တွယ်ထိတွေ့ သုံးသပ်ခြင်း။
စာမျက်နှာ-481
ဆယ်ပါးသီလ စောင့်ထိန်းသူတို့မှာ ထို ၅-ပါးသော အမှုတို့ကို လွတ်ကင်းစေရမည်။ နဂိုက ရှိနေသော ရွှေငွေရတနာတို့ကို စိတ်သက်သက်ဖြင့် အာရုံပြုကာ (ငါ့ရွှေ ငါ့ငွေဟု) သာယာသော်လည်း အပြစ်မရှိ၊ သိက္ခာပုဒ်မပျက်။
ဤအချက်ကို ထောက်ဆ၍ ဆယ်ပါးသီလစောင့်သူ လူတို့သည် မိမိ၌ ရှိသော ရွှေငွေကို ယုံကြည်လောက်သောသူထံ အပ်နှံထားရမည်။ ဆယ်ပါးသီလ စောင့်ထိန်းထားသည့်အတောအတွင်း ထိုရွှေငွေကို မကိုင်ရ၊ ဘယ်လိုထားလိုက်ပါ၊ သိမ်းဆည်းထားလိုက်ပါ ဟုလည်း မပြောရ၊ ထိုရွှေငွေဖြင့် ဘာဝယ်လိုက်ပါ စသည်လည်း မပြောရ။ မိမိအသုံးလိုသော ပစ္စည်းကိုသာ “ဘာလိုချင်သည်၊ ဘာစားချင်သည်” စသည်ဖြင့် ပြောဆိုရမည်။
သူတစ်ပါးက ငွေလာပေးခဲ့သော် ထိုငွေကို ကိုယ်တိုင်မယူရ၊ သူများကိုလည်း မခိုင်းရ။ မိမိအိမ်သူအိမ်သား တစ်ယောက်ယောက်က အလိုက်သိပြီး ယူထားလျှင် မိမိမှာ အပြစ်မရှိ။ စာတိုက်မှ မန်းနီးအော်ဒါဖြင့် ငွေလာလျှင် ငွေရရှိကြောင်း လက်မှတ်ထိုးရုံမျှဖြင့် အပြစ်မရှိ။ လက်မှတ်ထိုးပြီးနောက် စာပို့သမားက ပေးသောငွေကို ကိုယ်တိုင်မယူရ၊ သူများကိုလည်း အယူမခိုင်းရ။ နားလည်သူ တစ်ဦးဦးက အလိုက်သိ လက်ခံယူထားလျှင် အပြစ်မရှိ။ ဆယ်ပါးသီလ စောင့်ထိန်းနေသောအခါ ရွှေငွေသာမက စိန်၊ ကျောက်၊ ပုလဲ၊ ပတ္တမြားစသော ရတနာများကိုလည်း မကိုင်ရချေ။ ဤကား လယ်တီဆရာတော်ဘုရား၏ သီလဝိနိစ္ဆယ (၁၀၀) မှ ထုတ်နုတ်ချက်တည်း။
ဆယ်ပါးသီလ စောင့်ကောင်းသလော
အချို့က ဆယ်ပါးသီလကို ရှင်သာမဏေများသာ စောင့်ထိန်းအပ်၏၊ လူများမှာ သစ်ခေါက်ဆိုးဝတ်၍ အမြဲစောင့်နိုင်မှ စောင့်ကောင်းသည်ဟု ဆိုကြ၏။ အချို့ကလည်း မိမိ၌ ရှိနေသော ရွှေငွေဥစ္စာများကို စွန့်ပစ်နိုင်မှ စောင့်ကောင်းသည်ဟု ဆိုကြ၏။ သို့သော် ဖုဿဘုရားရှင်၏ ညီတော်မင်းသား သုံးယောက်သည် မိမိ၌ ရှိနေသော ရွှေငွေပစ္စည်းများကို တစ်ခါတည်းပြတ်အောင် သူတစ်ပါးအား အပိုင်မပေးကြဘဲ သက်ဆိုင်ရာ ဘဏ္ဍာစိုးထံ အပ်နှံထားပြီး တစ်စုံတရာ စီမံခြင်း မပြုကြတော့ဘဲ ဆယ်ပါးသီလ စောင့်ကြောင်း လာရှိပါသည်။
ဤကမ္ဘာမှ ပြန်၍ ရေတွက်သည်ရှိသော် ၉၂-ကမ္ဘာထက်၌ ဖုဿမည်သော ဘုရားရှင် ပွင့်တော်မူပါသည်။ ထိုဘုရားရှင်၏ ညီတော် မင်းသားသုံးယောက်တို့သည် စည်းစိမ်များကို ဘဏ္ဍာစိုးနှင့် အခွန်ဝန်အား လွှဲအပ်၍ ကိစ္စအရပ်ရပ်ကို မှာထားပြီးလျှင် ကျွန်ရင်းတစ်ထောင်နှင့်တကွ ဝါတွင်းသုံးလပတ်လုံး ဆယ်ပါး...
စာမျက်နှာ-482
သီလစောင့်ထိန်းလျက် ကျောင်းတော်မှာ နေကြပါသည်။ လွှဲအပ်ခဲ့သော ဘဏ္ဍာစိုးက ဘုရားအမှူးရှိသော သံဃာတော်များနှင့်တကွ မင်းသား၊ မင်းသားတို့၏ အခြွေအရံများအတွက်ပါ ချက်ပြုတ်ပြုစုကြရ၏ (အံ၊ ဋ္ဌ၊ ၁၊ ၂၃၁)။
ရာဟုလာစသော အလောင်းမင်းသား သုံးပါးတို့သည် ရွှေ၊ ငွေ၊ စပါး၊ ဥစ္စာ ဖြစ်ပွားအောင် ပြုတတ်သောသူတို့ကို အလှူတင်းကုပ်၌ ထားခဲ့ပြီး၍ မိမိတို့မှာ ကျောင်းတော်သို့ သွား၍ ဆယ်ပါးသီလ စောင့်ထိန်းနေကြကြောင်း အင်္ဂုတ္တိုရ်အဋ္ဌကထာ၌ လာရှိသည် (အံ၊ ဋ္ဌ၊ ၁၊ ၂၀၁)။
ထို့ကြောင့် ဆယ်ပါးသီလကို လူဝတ်ကြောင်များ စောင့်ထိန်းကောင်းသည်ဟု မှတ်ရမည်။
စာမျက်နှာ-483
အခန်း-၁၉၊ အာဇီဝဋ္ဌမကသီလ
အသက်မွေးဝမ်းကျောင်းအတွက် ပစ္စည်းဥစ္စာ ရှာဖွေရသော အလုပ်အကိုင်ဟူသမျှကို ပါဠိလို “အာဇီဝ” ဟု ခေါ်၏။ မတရားသော ပစ္စည်းဥစ္စာ ရှာဖွေအသက်မွေးမှုကို “မိစ္ဆာဇီဝ” ဟု ခေါ်သည်။ ထိုမိစ္ဆာဇီဝမှ ရှောင်ကြဉ်၍ တရားသဖြင့် ပစ္စည်းဥစ္စာရအောင် ရှာဖွေအသက်မွေးမှုကို “သမ္မာအာဇီဝ” ဟု ခေါ်သည်။ မိစ္ဆာဇီဝမှ ရှောင်ကြဉ်မှု သိက္ခာပုဒ်သည် ရှစ်ပါးမြောက် သိက္ခာပုဒ်ဖြစ်သည်။ ထိုအာဇီဝသိက္ခာပုဒ် ရှစ်ပါးမြောက်ရှိသော သီလကို “အာဇီဝဋ္ဌမကသီလ” ဟု ခေါ်၏။
အာဇီဝဋ္ဌမက = အာဇီဝ + အဋ္ဌမ + က
အာဇီဝ = အသက်မွေးမှု၊
အဋ္ဌမ = ရှစ်ခုမြောက်၊
က = ရှိသော၊
(အသက်မွေးမှုလျှင် ရှစ်ခုမြောက်ရှိသော သီလ)
အာဇီဝဋ္ဌမကသီလ တောင်းပုံ
အဟံ ဘန္တေ တိသရဏေန သဟ အာဇီဝဋ္ဌမကသီလံ ဓမ္ံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
(ဒုတိယမ္ပိ... တတိယမ္ပိ... စသည် ဆက်ဆိုပါ။)
အနက် -
ဘန္တေ - အရှင်ဘုရား။ အဟံ - တပည့်တော် (တပည့်တော်မ) သည်။ တိသရဏေန - သရဏဂုံသုံးပါးနှင့်။ သဟ - တကွ။ အာဇီဝဋ္ဌမကသီလံ - အာဇီဝဋ္ဌမကသီလ တည်းဟူသော။ ဓမ္မံ - သိက္ခာပုဒ်အကျင့်ကို။ ယာစာမိ - တောင်းပန်ပါ၏။
(ဒုတိယမ္ပိ၊ တတိယမ္ပိ... စသည် ဆက်ဆိုပါ။)
စာမျက်နှာ-484
သီလခံယူပုံ
၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၃။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၄။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၅။ ပိသုဏဝါစာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၆။ ဖရုသဝါစာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၇။ သမ္ဖပ္ပလာပဝါစာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၈။ မိစ္ဆာဇီဝါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
အနက် -
၁။ ပါဏာတိပါတာ၊ ၂။ အဒိန္နာဒါနာ၊ ၃။ ကာမေသုမိစ္ဆာစာရာ၊ ၄။ မုသာဝါဒါ (ငါးပါးသီလ အတိုင်း)။
၅။ ပိသုဏဝါစာ - ချောပစ်ကုန်းတိုက်သော စကားကို ပြောဆိုခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ - ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ - ကောင်းစွာ ကျင့်သုံး ခံယူဆောက်တည်ပါ၏။
၆။ ဖရုသဝါစာ - ကြမ်းတမ်းစွာ ဆဲဆိုပြောဆိုခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ - ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ - ကောင်းစွာ ကျင့်သုံး ခံယူဆောက်တည်ပါ၏။
၇။ သမ္ဖပ္ပလာပဝါစာ - အကျိုးမရှိသော ဒဏ္ဍာရီစသော ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ - ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ - ကောင်းစွာ ကျင့်သုံး ခံယူဆောက်တည်ပါ၏။
၈။ မိစ္ဆာဇီဝါ - မတရားစီးပွားရှာ အသက်မွေးခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ - ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ - ကောင်းစွာ ကျင့်သုံး ခံယူဆောက်တည်ပါ၏။
စာမျက်နှာ-485
မြန်မာပြန် -
၁။ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။
၂။ သူတစ်ပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏။
၃။ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်သုံးခြင်းမှ ရှောင်ကြဉ်ပါ၏။
၄။ မဟုတ်မမှန် မုသားပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏။
၅။ သူနှစ်ဦး ကွဲပြားအောင် ချောပစ်ကုန်းတိုက်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏။
၆။ ကြမ်းတမ်းယုတ်မာ ကျိန်ဆဲသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏။
၇။ အကျိုးမရှိသော ဒဏ္ဍာရီပုံပြင်စသော ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏။
၈။ မတရားစီးပွားရှာ အသက်မွေးခြင်းမှ ရှောင်ကြဉ်ပါ၏။
ဤအာဇီဝဋ္ဌမကသီလ ဆောက်တည်ပုံကို ပါဠိတော် အဋ္ဌကထာတို့၌ တိုက်ရိုက်မပြကြပါ။ ငါးပါးသီလ၊ ရှစ်ပါးသီလ စသည် ဆောက်တည်ပုံကို နည်းယူ၍ ရှေးပညာရှိကြီးများ ဆောက်တည်ပုံကို ရေးသားထားပါသည်။ “ပါဏာတိပါတာ ဝိရမာမိ” စသည်ဖြင့်လည်း ဆောက်တည်နိုင်ကြောင်း လယ်တီဆရာတော်ကြီးက သီလဝိနိစ္ဆယပေါင်းချုပ်ကျမ်း (၁၄၅) ၌ ဖော်ပြထားပါသည်။
ငါးပါးသီလ၊ ရှစ်ပါးသီလ တစ်မျိုးမျိုးကို ဆောက်တည်ပြီးမှ အာဇီဝဋ္ဌမကသီလကို ဆက်လက်ဆောက်တည်ရာ၌ကား “မုသာဝါဒါ ဝေရမဏိ” တိုင်အောင် ရှေးသီလများ၌ ပါဝင်ပြီးဖြစ်၍ နောက်ထပ် ဆောက်တည်ဖွယ် မလိုပါ။ “ပိသုဏဝါစာ ဝေရမဏိ” မှစ၍ နောက်သိက္ခာပုဒ် ၄-ပါးကိုသာ ဆက်လက်၍ ဆောက်တည်နိုင်ပါသည်။
ဤအာဇီဝဋ္ဌမကသီလသည် တစ်ကြိမ်ဆောက်တည်ထားပြီး ဖြစ်လျှင် အသက်မွေးမှု စင်ကြယ်နေသမျှ၊ ပိသုဏဝါစာ စသည်ကို မပြောဆိုသမျှ သီလမပျက်သောကြောင့် နေ့စဉ်ဆောက်တည်ဖွယ် မလိုပါ။ အခြားသော ငါးပါးသီလ၊ ရှစ်ပါးသီလများလည်း မကျိုးမပျက်သမျှ ထပ်၍ ဆောက်တည်ဖွယ် မလိုပါ။ သို့သော် ထပ်၍ ဆောက်တည်ခြင်းကြောင့် အပြစ်မရှိပါ။
စာမျက်နှာ-486
ဤသိက္ခာပုဒ် ရှစ်ပါးတွင် နံပါတ် (၁) မှစ၍ (၇) အထိ သိက္ခာပုဒ်တို့မှာ သုစရိုက်ဆယ်ပါးတွင် ကာယကံ ၃-ပါးနှင့် ဝစီကံ ၄-ပါးတို့ဖြစ်သည်။ ထိုခုနစ်ပါး လုံခြုံပြီးသောသူ၌ အသက်မွေးဝမ်းကျောင်းနှင့် စပ်ဆိုင်သော အရောင်းအဝယ် အလုပ်အကိုင်များ စင်ကြယ်ပါမူ အာဇီဝဋ္ဌမကသီလ ဆောက်တည်ပြီးသား ဖြစ်ပါသည်၊ ဆောက်တည်သည်ဖြစ်စေ မဆောက်တည်သည်ဖြစ်စေ လုံခြုံပြီးသား ဖြစ်ပါသည်။ ဆောက်တည်လျှင်ကား ဆောက်တည်မှုအတွက် သမာဒါနဝိရတီကုသိုလ် ဖြစ်ပါသည်။
ဤအာဇီဝဋ္ဌမကသီလ ၈-ပါးအနက် အမှတ်စဉ် (၁) ပါဏာတိပါတမှ အမှတ်စဉ် (၄) မုသာဝါဒအထိ သိက္ခာပုဒ် ၄-ပါး၏ အနက်အဓိပ္ပာယ်ကို ၅-ပါးသီလခန်း၌ အကျယ်ဖွင့်ဆိုပြီးဖြစ်၍ ကျန်သိက္ခာပုဒ် ၄-ပါးကို ဆက်လက် ဖွင့်ဆိုရှင်းလင်းပါမည်။
ပိသုဏဝါစာအဖွင့်
သူနှစ်ယောက်တို့၏ ညီညွတ်နေမှုကို ကွဲပြားအောင် တစ်ယောက်၏အပြစ်ကို တစ်ယောက်ထံ ပြောကြားခြင်းဖြင့် တစ်ယောက်နှင့်တစ်ယောက် အချစ်ပြယ်၍ ညီညွတ်မှုကွဲပြားလေသည်၊ ထိုသို့ ကုန်းတိုက်သောစကား ပြောဆိုမှုမှ ရှောင်ကြဉ်မှုသည် ပိသုဏဝါစာဝေရမဏိ ဖြစ်၏။
ပိသုဏဝါစာကံမြောက်ရန် အင်္ဂါ ၅-ပါး ရှိ၏ -
(၁) ညီညွတ်သူနှစ်ဦး ရှိခြင်း၊
(၂) ကွဲပြားစေလိုသောစိတ်ရှိခြင်း (သို့မဟုတ်) မိမိကို ချစ်စေလိုသော စိတ်ရှိခြင်း၊
(၃) ကွဲပြားအောင် လုံ့လပြုအားထုတ်ခြင်း၊
(၄) ထိုသို့ ပြောသည်ကို သူနှစ်ဦးတို့က နားလည်ခြင်း၊
(၅) ကွဲပြားခြင်း။
ဟူ၍ အင်္ဂါ ၅-ပါးရှိပါသည်။ မိမိအား ချစ်စေလိုသော စိတ်မပါသော်လည်း သူနှစ်ဦးတို့ ကွဲပြားလျှင် ပိသုဏဝါစာ ဖြစ်သည်။
မိတ်ဆွေ နှစ်ယောက်၏ ညီညွှတ်မှုကို ကွဲပြားအောင် ကုန်းတိုက်သော သူသည် သေသည်၏ အခြားမဲ့၌ အပါယ်လေးပါး၌ ဆင်းရဲကြီးစွာ ခံရ၏။ အပါယ်လေးပါးမှ လွတ်ပြီးနောက် လူ့ဘဝရောက်သော အခါတွင်လည်း အောက်ပါ ဆိုးကျိုးများကို ခံစားရလေသည်
စာမျက်နှာ-487
(၁) အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သောသူတို့နှင့် စိတ်ဝမ်းကွဲပြားရခြင်း။
(၂) သူတစ်ပါးလုံ့လကြောင့် ခန္ဓာကိုယ်ပျက်စီးရခြင်း။
(၃) အခြံအရံ မဲ့ခြင်း။
(၄) သူတော်ကောင်းတရား၌ သက်ဝင်ယုံကြည်မှု သဒ္ဓါတရား မရှိခြင်း။
(၅) မိတ်ဆွေအပေါင်းအသင်း မတည်မြဲခြင်း။
(၆) လူအများ အမုန်းခံရခြင်း။
(၇) စိတ်ဓာတ် ညစ်ညမ်းခြင်း။
ဝတ္ထုသာဓက - ကဿပမြတ်စွာဘုရား လက်ထက်တော်အခါက အလိုကြီးသော ရဟန်းတစ်ပါးသည် ရွာငယ်တစ်ခု၌ ကျောင်းအာဝါသကို အလိုရှိသည့်အတွက် မထေရ်နှစ်ပါးကို ကုန်းတိုက်ခဲ့လေသည်။ ဘဝပြောင်းသောအခါ ကဿပမြတ်စွာဘုရားနှင့် ဂေါတမမြတ်စွာဘုရားတို့၏ အကြား၌ အဝီစိငရဲ၌ ဆင်းရဲကြီးစွာ ခံစားရ၏။ ဂေါတမဘုရားလက်ထက်တော်၌ ရာဇဂြိုဟ်ပြည်အနီး၌ ပူတိမုခပြိတ္တာ ဖြစ်ရလေ၏။ ကာယကံ စောင့်ထိန်းခဲ့သဖြင့် ကိုယ်မှာ ရွှေအဆင်းနှင့် တူပြီး နှုတ်မစောင့် ကုန်းတိုက်သောကြောင့် ခံတွင်းပုပ်၏၊ ခံတွင်းမှ ပိုးလောက်များလည်း ထွက်လေသည် (ဓမ္မ၊ ဋ္ဌ၊ ၂၊ ၂၅၈။ သူကရမုခပြိတ္တာဝတ္ထု)။
သူနှစ်ယောက်တို့၏ ညီညွတ်မှုကို ကွဲပြားအောင် ကုန်းတိုက်သော စကားကို ပြောဆိုခြင်း (ပိသုဏဝါစာ) မှ ရှောင်ကြဉ်သော ပုဂ္ဂိုလ်သည် ဖြစ်လေရာ ဘဝတိုင်း၌ အောက်ပါအကျိုးတရားများ ခံစားရသည် —
(၁) သူတစ်ပါးလုံ့လကြောင့် ခန္ဓာကိုယ် မပျက်စီးခြင်း။
(၂) စည်းစိမ်အခြံအရံ မြဲခြင်း။
(၃) သဒ္ဓါတရား မပျက်ခြင်း။
(၄) အဆွေခင်ပွန်း မိတ်ဆွေ မပျက်စီးနိုင်ခြင်း။
(၅) လူအများ ချစ်ခင်ခြင်း။
(၆) စိတ်ဓာတ် မညစ်ညူးခြင်း။
စာမျက်နှာ-488
ဖရုသဝါစာအဖွင့်
ဖရုသဝါစာ - ဟူသည် မကြားဝံ့ မနာသာ အယုတ်တမာ ဆဲဆိုမှု၊ ကျွဲခတ်၍ သေပါစေ၊ ကားတိုက်၍ သေပါစေ၊ မြွေကိုက်၍ သေပါစေ၊ ယုတ်ညံ့သော အင်္ဂါနှင့် နှိုင်းခြင်း စသည်ဖြင့် ကျိန်ဆဲမှုများတည်း။ တရားကိုယ်အားဖြင့် ဆဲဆိုကြောင်း စေတနာသည် ဖရုသဝါစာမည်၏။
ပရမတ္ထစက္ခုကျမ်း (စာမျက်နှာ ၂၁၂) ၌ ဒီပဲယင်းဆရာတော်ကြီးက — “ဖရုသဝါစာ၌ နှုတ်ထွက်ကြမ်းသည်ဖြစ်စေ၊ ချိုသာသည်ဖြစ်စေ စေတနာကြမ်းသည်ကိုသာ အကြမ်းဟု ဆိုရသည်၊ ထို့ကြောင့် မိဘတို့က သားသမီးတို့ကို ကျိန်ဆဲရာ၌ ဖရုသဝါစာမဖြစ်၊ ဘုရင်မင်းတို့သည် လူတစ်ယောက်ကို သတ်စေရာ၌ ‘ချမ်းသာစွာ အိပ်ပါစေ’ ဟု ဆိုသည်၊ စကားချိုသာသော်လည်း စေတနာကြမ်းသဖြင့် ဖရုသဝါစာ ဟူ၍ မိန့်တော်မူသည်” ဟု ပါရှိသည်။ ထိုဖရုသဝါစာ ရှောင်ကြဉ်မှုသည် ဖရုသဝါစာ ဝေရမဏိ ဖြစ်၏။
ဖရုသဝါစာကံမြောက်ရန် အင်္ဂါ ၃-ပါး ရှိ၏ - (၁) အဆဲခံရသူ ရှိခြင်း။
(၂) အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း။
(၃) ဆဲရေးခြင်း။
ဖရုသဝါစာကံ၏ အပြစ်များ - (၁) မနှစ်သက်သော အသံကို ကြားရခြင်း။
(၂) အများ အမုန်းခံရခြင်း။
(၃) ကဲ့ရဲ့ပြစ်တင် ခံရခြင်း။
(၄) ဆင်းဆင်းရဲရဲ နေထိုင်ရခြင်း။
(၅) သာယာနာပျော်ဖွယ်သော အသံမရှိခြင်း။
(၆) အလုံးစုံသော အသံအင်္ဂါ ပျက်စီးခြင်း (ဆွံ့အခြင်း)။
စာမျက်နှာ-489
ဗာရာဏသီပြည် နန္ဒိယဥပါသကာ သေလွန်ပြီးနောက် ဇနီးဖြစ်သူ ရေဝတီ သည် ဒါနဝတ်ကို ဖြုတ်၍ အလှူခံပုဂ္ဂိုလ်တို့အား လွှသွားပမာ ကြမ်းကြုတ်သော စကားဖြင့် ဆဲရေးခြင်းကြောင့် ဘီလူးနှစ်ယောက် လာရောက်ဆွဲယူပြီး အသူတစ်ရာနက်သော ဘင်ပုပ်ငရဲ၌ ပစ်ချသည်၊ အနှစ်နှစ်ထောင် ခံရ၏။
ကဿပဘုရား၏ သာသနာတော်၌ ရဟန်းတစ်ပါးသည် ရဟန်းများကို ကြမ်းကြုတ်စွာ ဆဲဆိုသည့်အတွက် ဘုရားနှစ်ဆူ ကြားကာလတွင် ငရဲ၌ ကြီးစွာ ဆင်းရဲခံစားရ၏။ ဂေါတမဘုရားလက်ထက် ရောက်သောအခါ ဂိဇ္ဈကုဋ်တောင်ခြေ၌ ကာယကံ စောင့်ခဲ့၍ ရွှေအဆင်းနှင့် တူသောကိုယ်၊ ဝစီကံ မစောင့်၍ ဝက်နှုတ်သီးနှင့် တူသော ပါးစပ်ရှိသော ပြိတ္တာဖြစ်ရလေသည်။
နန္ဒိဝိသာလနွားလားဝတ္ထု - မြတ်စွာဘုရား ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ဖရုသဝါစာ (ကြမ်းတမ်းသောစကား) ကို တိရစ္ဆာန်များပင် မနှစ်သက်ကြောင်း မိန့်ကြားတော်မူပါသည်။ ရှေးအခါက ဗုဒ္ဓလောင်းလျာသည် နန္ဒိဝိသာလ အမည်ရှိသော နွားဖြစ်ခဲ့၏။ ပုဏ္ဏားကြီးက သူဌေးနှင့် အသပြာတစ်ထောင် လောင်းတမ်းပြုရာတွင် နွားကို “ကောက်ကျစ်သောနွား သွားလော့၊ ကောက်ကျစ်သောနွား ရုန်းလော့” ဟု ကြမ်းတမ်းစွာ ခိုင်းစေသဖြင့် နွားက မရုန်းဘဲနေ၍ ပုဏ္ဏားကြီး ရှုံးလေသည်။ နောက်တစ်ကြိမ်တွင် “ချစ်သား၊ လိမ္မာသောနွား” ဟု ချိုသာသောစကားဖြင့် ခိုင်းစေမှသာ လှည်းများကို ရုန်းပေးသဖြင့် အသပြာနှစ်ထောင် နိုင်ခဲ့သည်။ ဤသည်မှာ ဖရုသဝါစာ ရှောင်ကြဉ်ခြင်း၏ အကျိုးပင် ဖြစ်သည် (ဇာ၊ ဋ္ဌ၊ ၁၊ ၂၀၇)။
မကြားဝံ့မနာသာ ကြမ်းကြုတ်သော စကားကို ပြောဆိုခြင်း ဖရုသဝါစာမှ ရှောင်ကြဉ်သော ပုဂ္ဂိုလ်သည် ဖြစ်လေရာ ဘဝတိုင်း၌ —
စာမျက်နှာ-490
(၁) လူသတ္တဝါအများ ချစ်ခင်ခြင်း။
(၂) လူသတ္တဝါတို့၏ စိတ်နှလုံးကို နှစ်သက်စေနိုင်ခြင်း။
(၃) ချမ်းသာစွာ နေရခြင်း။
(၄) သာယာနာပျော်ဖွယ်သော စကားရှိခြင်း။
(၅) လူအများ ချီးမွမ်းခံရခြင်း။
(၆) အင်္ဂါရှစ်ပါးရှိသော အသံနှင့် ပြည့်စုံခြင်း။
သမ္ဖပ္ပလာပဝါစာအဖွင့်
စီးပွားချမ်းသာကို ဖျက်ဆီးတတ်သော စကား၊ အနက်အဓိပ္ပာယ်မရှိ ပြိန်ဖျင်းသော စကားကို ဆိုကြောင်းဖြစ်သော စေတနာသည် သမ္ဖပ္ပလာပဝါစာ မည်၏။ အနက်ဆံကင်း ပြိန်ဖျင်းသော စကားနှင့် ပတ်သက်၍ ပရမတ္ထစက္ခုကျမ်း (၂၁၂) ၌ ဒီပဲယင်းဆရာတော်ကြီးက —
“အနက်ဆံကင်းဆိုသည်မှာ ရာမမင်း၏ သီတာမိဖုရားကို ခေါင်းဆယ်လုံးရှိ ဘီလူးမင်း ခိုးယူသည်၊ ရွှေယုန်နှင့် ရွှေကျား သက်ကယ်ရိတ်သွားကြသည် ဤသို့စသည့် ရှေးက မဖြစ်ဖူး မရှိဖူးသည်ကို ဖြစ်ဖူးရှိဖူးသကဲ့သို့ သူတစ်ပါး ရာဂပွားရန်၊ ဒေါသပွားရန်၊ မောဟပွားရန် ကြံဖန်၍ ပြောကြသော စကားဟူသမျှ စပါးဖျင်းကဲ့သို့ အနက်ဆံဒြဗ် မပါသည်ကို ဆိုသည်။ သူ့ကို ဆုံးမရာ တရားဓမ္မဟောရာ ပြောရာ ထင်လွယ်မြင်လွယ်အောင် ဥပမာပုံပြု၍ ထည့်သွင်းပြောဆိုရာတို့၌ သမ္ဖပ္ပလာပ မဖြစ်” ဟု မိန့်တော်မူသည်။
သမ္ဖပ္ပလာပဝါစာတွင် အင်္ဂါ ၃-ပါး ရှိ၏ - (၁) အနက်ဆံကင်း ပြိန်ဖျင်းသော စကားကို ဆိုလိုသော စိတ်ရှိခြင်း။
(၂) ပြိန်ဖျင်းသော စကားကို ဆိုခြင်း။
(၃) သူတစ်ပါး ယုံကြည်ခြင်း။
တို့ဖြစ်ပါသည်။
စာမျက်နှာ-491
စီးပွားချမ်းသာကို ဖျက်ဆီးတတ်သော စကား၊ အနက်အဓိပ္ပာယ်မရှိ ပြိန်ဖျင်းသော စကားကို ပြောဆိုသောသူသည် ခန္ဓာပျက်သည်၏ အခြားမဲ့၌ အပါယ်လေးပါး၌ ဆင်းရဲကြီးစွာ ခံစားရ၏။ အပါယ်လေးပါးမှ လွတ်မြောက်ပြီးနောက် လူ့ဘဝရောက်သောအခါတွင်လည်း အောက်ပါ ဆိုးကျိုးများကို ခံစားရလေသည် —
(၁) မိမိပြောဆိုသော စကားကို သူတစ်ပါး မယုံကြည်ခြင်း။
(၂) မိမိကို လူအများ မုန်းတီးခြင်း။
(၃) လူအများတို့က မိမိကို အလေးမထားခြင်း။
(၄) အများယုံကြည်ဖွယ်ဖြစ်အောင် မပြောတတ်ခြင်း။
(၅) လာဘ်လာဘ နည်းပါးခြင်း။
(၆) ဘုန်းတန်ခိုးရှိန်စော် အာနုဘော် နည်းပါးခြင်း။
(၇) ပညာသေးသိမ် မှေးမှိန်ခြင်း။
ဝတ္ထုသာဓက - မြတ်စွာဘုရား ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ကချေသည်များသည် လူတို့ကို လောဘ၊ ဒေါသ၊ မောဟသို့ ရောက်၍ မိုက်မဲအောင် ဖြားယောင်းသွေးဆောင် ကပြသီဆိုသောကြောင့် စုတေသောအခါ ပဟာသငရဲ ၌ ဆင်းရဲကြီးစွာ ခံစားကြကုန်၏ဟူ၍ တာလဖုဋကချေသည်မှူး အား ဟောကြားတော်မူသည်။
စီးပွားချမ်းသာကို ဖျက်ဆီးတတ်သော စကား၊ အနက်အဓိပ္ပာယ်မရှိ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်း သမ္ဖပ္ပလာပဝါစာမှ ရှောင်ကြဉ်ရမည်။ ရှောင်ကြဉ်သော ပုဂ္ဂိုလ်သည် ဖြစ်လေရာ ဘဝတိုင်း၌ အောက်ပါကောင်းကျိုးများကို ခံစားရလေသည် —
(၁) လူသတ္တဝါအများ ချစ်ခင်ခြင်း၊ လေးမြတ်ခြင်း၊ နှစ်သက်ခြင်း။
(၂) လူသတ္တဝါတို့၏ စိတ်နှလုံး တိုးပွားစေနိုင်ခြင်း။
(၃) ယုံကြည်ဖွယ်သော စကားရှိခြင်း။
(၄) ဘုန်းတန်ခိုးအာနုဘော်ကြီးခြင်း။
(၅) အမေးပုစ္ဆာ ပြဿနာများကို ချက်ချင်း ဖြေဆိုနိုင်ခြင်း။
စာမျက်နှာ-492
မိစ္ဆာဇီဝါအဖွင့်
မုဆိုး၊ တံငါအလုပ်တို့ဖြင့် သူ့အသက်သတ်ခြင်း (ပါဏာတိပါတ) အမှုကို ပြု၍ ပစ္စည်းရှာဖွေခြင်း၊ သူခိုး၊ ဓားပြ (အဒိန္နာဒါန) လုပ်၍ ပစ္စည်းရှာဖွေခြင်း၊ ငွေကြေးပစ္စည်းရလိုမှုအတွက် ကာမေသုမိစ္ဆာစာရကံ လွန်ကျူးမှု၊ မတရားရှေ့နေ၊ မတရားသက်သေလိုက်၍ဖြစ်စေ၊ လိမ်လည်လှည့်ပတ်ရောင်းဝယ်၍ဖြစ်စေ မုသာဝါဒဖြင့် ပစ္စည်းရှာရမှု၊ ကုန်းတိုက်ပေးခြင်း ပိသုဏဝါစာမှုဖြင့် ပစ္စည်းရှာဖွေမှု၊ ဆဲရေးတိုင်းထွာ ဖရုသဝါစာဖြင့် ပစ္စည်းရှာဖွေမှု၊ ကွက်စိပ်ပြောဆရာ၊ လူရွှင်တော်အလုပ်တို့ဖြင့် မဟုတ်မမှန် အကျိုးမရှိသော ဒဏ္ဍာရီပုံပြင်များ သမ္ဖပ္ပလာပမှုဖြင့် စီးပွားရှာဖွေမှုများသည် မိစ္ဆာဇီဝမှု များ ဖြစ်ကြသည်။
ဤမိစ္ဆာဇီဝအမှုမျိုးကို “ပါဏာတိပါတာ ဝေရမဏိ” စသော ရှေးသိက္ခာပုဒ် ၇-ပါးဖြင့် ရှောင်ကြဉ်ပြီး ဖြစ်ပါသည်။ သို့သော် “မြဲရာသီပတ်” ဆိုသကဲ့သို့ ရှေးသိက္ခာပုဒ်များဖြင့် ရှောင်ကြဉ်ရာဝယ် သာ၍ ခိုင်မြဲအောင် ဤ “မိစ္ဆာဇီဝါ ဝေရမဏိ” သိက္ခာပုဒ်ကို ထပ်မံ ဆောက်တည်ရသည်။
မိစ္ဆာအာဇီဝ ၅-မျိုး
ရှေးသိက္ခာပုဒ် ၇-ပါးဖြင့် မရှောင်ကြဉ်ရသေးသော မိစ္ဆာဇီဝများလည်း ရှိသေးသည်။ ယင်းမိစ္ဆာဇီဝများမှာ “လက်နက်၊ လူ၊ အသား၊ သေ၊ ဆိပ် ငါး၊ ရောင်းစားမပြုကောင်း” ဟူ၍ ၅-မျိုး ရှိ၏။
(၁) သတ္ထဝါဏိဇ္ဇာ = ဓား၊ လှံ၊ သေနတ်၊ ပိုက်ကွန် စသော လက်နက်ရောင်းမှု။
(၂) သတ္တဝါဏိဇ္ဇာ = လူ သတ္တဝါကို သွေးဆောင်၍ သူတစ်ပါးထံ လူကျွန်အဖြစ် ရောင်းဝယ်မှု (ပြည့်တန်ဆာများကို မွေး၍ ခေါင်းလုပ်မှု)။
(၃) မံသဝါဏိဇ္ဇာ = နွား၊ ကျွဲ၊ ဝက်၊ ဆိတ်၊ ကြက်၊ ငှက် စသည်တို့ကို မွေးမြူ၍ အသားစားဖို့ရာ သတ်ဖြတ်သူအား ရောင်းမှု၊ သတ်ပြီးသော သားငါး အစိုအခြောက် ရောင်းဝယ်မှု။
(၄) မဇ္ဇဝါဏိဇ္ဇာ = ထန်းရည်၊ အရက်၊ ဘိန်း စသည့် မူးယစ်ဆေးဝါး ရောင်းမှု။
(၅) ဝိသဝါဏိဇ္ဇာ = အဆိပ်ရောင်းမှု (အံ၊ ၂၊ ၁၈၃)။
စာမျက်နှာ-493
ယင်း ၅-မျိုးသည် မိစ္ဆာဇီဝဖြစ်၏။ ရတနာသုံးပါး ကိုးကွယ်သူ ဥပါသကာများ မပြုကောင်းပေ။ ထို့ပြင် မြင်းလောင်း၊ နွားလောင်း၊ ကျွဲတိုက်၊ ဖဲရိုက်၍ ပစ္စည်းရှာမှုများသည်လည်း မိစ္ဆာဇီဝပင် ဖြစ်၏။ မိမိကိုယ်တိုင် မိစ္ဆာဇီဝမှုဖြင့် ပစ္စည်းမရှာပါသော်လည်း စီးပွားတူဖြစ်သော ညီအစ်ကိုမောင်နှစ်မများ၏ မိစ္ဆာဇီဝကို ဝမ်းမြောက်သဘောတူလျှင် မိစ္ဆာဇီဝပင် ဖြစ်၏။ သဘောမတူလျှင် မိစ္ဆာဇီဝ မဖြစ်ပေ။
သမ္မာအာဇီဝ ၂-မျိုး
သမ္မာအာဇီဝသည် သုတ္တန်ပါဠိတော်၌ လာသော သမ္မာအာဇီဝ၊ အဘိဓမ္မာ ပါဠိတော်၌ လာသော သမ္မာအာဇီဝ ဟူ၍ ၂-မျိုး ရှိ၏။
သုတ္တန်သမ္မာအာဇီဝ - တရားသဖြင့် ရအပ်သော ပစ္စည်းများကို စားသောက်သုံးစွဲခြင်း၊ တရားနည်းလမ်းအတိုင်း ပစ္စည်းဥစ္စာ ရှာဖွေခြင်း။
အဘိဓမ္မာသမ္မာအာဇီဝ - မတရားသဖြင့် ပစ္စည်းရဖို့ အခွင့်ကြုံလာသော်လည်း မလုပ်ဘဲ ရှောင်ကြဉ်နေခြင်း။
မတရားရှာဖွေရရှိထားသော ပစ္စည်းများကို စားသုံးနေ၍ မတရားစီးပွားရှာမှု ဆက်လက်မလုပ်လျှင် သုတ္တန်နည်း သမ္မာအာဇီဝပျက်၍ အဘိဓမ္မာနည်း သမ္မာအာဇီဝ မပျက်ပါ။ သုတ္တန်သမ္မာအာဇီဝ မဖြစ်အောင် မတတ်နိုင်ပါလျှင် အဘိဓမ္မာသမ္မာအာဇီဝ ဖြစ်အောင် နောက်ထပ် မတရားပစ္စည်းဥစ္စာရှာမှုမှ ရှောင်ကြဉ်လျှင် အာဇီဝဋ္ဌမကသီလကို ထိန်းသိမ်းရာ ရောက်ပါသည်။
သမ္မာအာဇီဝ
ဖော်ပြခဲ့သော မိစ္ဆာဇီဝမှ ရှောင်ကြဉ်၍ တရားသဖြင့် ရရှိသော ပစ္စည်းများကို “ဓမ္မိယလဒ္ဓပစ္စည်း” ဟု ခေါ်ပါသည်။ ယင်းပစ္စည်းများမှာ —
မိဘဘိုးဘွားစသူတို့ထံမှ အမွေအနှစ်ရသော ပစ္စည်း။
စာရေး၊ စာချီစသော အမှုထမ်းလုပ်၍ ရသော ပစ္စည်း။
လက်မှုပညာဖြင့် ရသော ပစ္စည်း။
လယ်ယာလုပ်၍ ရသော ပစ္စည်း။
တရားသဖြင့် ရောင်းဝယ်ဖောက်ကား၍ ရသော ပစ္စည်း။
ကာယလုပ်အားဖြင့် လုပ်၍ ရသော ပစ္စည်း။
ဤပစ္စည်းများသည် များသောအားဖြင့် ဓမ္မိယလဒ္ဓပစ္စည်းများ ဖြစ်ပါသည်၊ ထိုပစ္စည်းများဖြင့် အသက်မွေးသောသူသည် သမ္မာအာဇီဝ ဖြစ်ပါသည်။
စာမျက်နှာ-494
အချို့သော လူများသည် နားမလည်မီအချိန်က မတရားသဖြင့် စီးပွားရှာ၍ တရားသဘော နားလည်လာသောအခါ ထိုပစ္စည်းများကို စားသောက်နေထိုင်မှုသည် သမ္မာအာဇီဝ မြဲလေသလား၊ မမြဲလေသလားဟု သံသယဝင် စဉ်းစားလာတတ်ကြပေသည်။ ယင်းနှင့် ပတ်သက်၍ သမ္မာအာဇီဝ ၂-မျိုးကို သိထားသင့်ပေသည်။
လယ်တီဆရာတော်ဘုရားကြီးက သီလဝိနိစ္ဆယပေါင်းချုပ်ကျမ်း (၇၄) တွင် —
“အဓမ္မိယလဒ္ဓပစ္စည်းဝတ္ထုကို သုံးစွဲရလျက် ရှိနေသော်လည်း ဒုစရိုက်မှုမှ ကြဉ်ရှောင်တော့မည်ဟု စိတ်ပြဋ္ဌာန်းချက်နှင့် ခံယူဆောက်တည်မှု ပြုခဲ့သော် အဘိဓမ္မာ သမ္မာအာဇီဝ ဝိရတီမူကား ဖြစ်ပါ၏။ သမ္မာအာဇီဝ ဝိရတီဖြစ်လျှင်လည်း ထိုပစ္စည်းဝတ္ထုကို သုံးစွဲရသည့်အတွက် ထိုသူမှာ သဂ္ဂန္တရာယ်၊ မဂ္ဂန္တရာယ် ဖြစ်ခွင့်မရှိပေပြီ” ဟု မိန့်တော်မူပါသည်။
ဘုရားရှင်လက်ထက်တော်၌ အင်္ဂုလိမာလထေရ် သည် တောအရပ်၌ တစ်ကိုယ်တည်း ဓားပြဗိုလ်ကြီး ပြုလုပ်၍ နေရာ မြတ်စွာဘုရား ကြွသွား၍ ခြွေချွတ်တော်မူသဖြင့် အကျွတ်တရား ရတော်မူသည်။
တမ္ဗဒါဌိက မည်သော သူသတ်ယောင်္ကျားကြီးသည် သူသတ်အလုပ်နှင့် အသက်မွေးမှုပြု၍ ရအပ်သော ပစ္စည်းဝတ္ထုကို သုံးစွဲလျက်နှင့်ပင် အရှင်သာရိပုတ္တရာတရားကို နာကြားရ၍ ထိုနေ့၌ပင် သေ၍ တုသိတာနတ်ပြည်၌ ဖြစ်၏ (ဓမ္မ၊ ဋ္ဌ၊ ၁၊ ၄၀၅-၄၀၇)။
ကုက္ကုဋမုဆိုး
ဘုရားရှင်လက်ထက်တော်က ကုက္ကုဋမုဆိုးသည် တစ်သက်လုံး မုဆိုးအလုပ်ကို လုပ်၍ အသက်မွေးခဲ့သောကြောင့် သူ၏ အသက်မွေးမှုသည် မိစ္ဆာဇီဝ ဖြစ်ပါသည်။ သို့သော် ဘုရားနှင့်တွေ့သောအခါ တရားတော်ကို နာရ၍ သား ၇-ယောက်၊ ချွေးမ ၇-ယောက်နှင့်အတူ သောတာပန်ဖြစ်လေသည် (ဓမ္မ၊ ဋ္ဌ၊ ၂၊ ၁၅-၁၇)။ ထိုသူတို့သည် ရှေးက မိစ္ဆာဇီဝဖြင့် ရခဲ့သော ပစ္စည်းများကို စွန့်ပစ်သည်ဟု ကျမ်းဂန်တို့၌ မလာချေ။ စွန့်ပစ်မည်လည်း မဟုတ်ပေ။ ထို့ကြောင့် တတ်သိနားလည်သောအခါမှစ၍ မိစ္ဆာဇီဝကို ရှောင်ကြဉ်လျှင် အာဇီဝဋ္ဌမကသီလ လုံခြုံသည်ဟု ဆိုနိုင်ပေသည်။ မိစ္ဆာဇီဝဖြင့် ရရှိသော ပစ္စည်းများကို လှူဒါန်းပေးကမ်းရာ၌လည်း ထိုက်တန်သမျှ အကျိုးရပါသည်။ သို့သော် ဓမ္မိယလဒ္ဓပစ္စည်းလောက်တော့ အကျိုးကြီးမည် မဟုတ်ချေ။
စာမျက်နှာ-495
ရဟန်းတော်များ၏ သမ္မာအာဇီဝ
ရဟန်းတော်များ၌ကား မတရားသဖြင့် ရအပ်သော ပစ္စည်းများကို လုံးဝ စွန့်ပစ်နိုင်မှသာ သမ္မာအာဇီဝဖြစ်၏။ ဆေးကုမှု၊ ဗေဒင်ဟောမှု၊ ကြည်ညိုအောင် ဟိတ်ဟန်ဆောင်မှု စသော မတရားမှုဖြင့် ရအပ်သော ပစ္စည်းကို သုံးစွဲနေလျှင် သုံးစွဲတိုင်း သုံးစွဲတိုင်း အာပတ်သင့်ရုံမက ထိုပစ္စည်းများကို အခြားရဟန်းတော်များ သုံးဆောင်လျှင်လည်း အာပတ်သင့်၏။ ထို့ကြောင့် ရဟန်းတော်များ၏ မိစ္ဆာဇီဝသည် လူတို့၏ မိစ္ဆာဇီဝထက် ပို၍ အပြစ်ကြီး၏။
ရဟန်းတော်များ၏ အာဇီဝပါရိသုဒ္ဓိကို ပြဆိုရာ၌ အသက်မွေးမှုဟူသော အကြောင်းကြောင့် ပညတ်တော်မူအပ်သော ခြောက်ပါးသော သိက္ခာပုဒ်တို့မှာ အောက်ပါအတိုင်း ဖြစ်၏ —
၁။ အသက်မွေးမှုဟူသော အကြောင်းကြောင့် ယုတ်မာသော အလိုဆိုးဖြင့် မိမိ၌ ထင်ရှားမရှိသော ဈာန်၊ မဂ်၊ ဖိုလ်တရားကို ရှိသယောင် ဟောပြောအံ့၊ ပါရာဇိကအာပတ် သင့်၏။
၂။ အသက်မွေးမှုဟူသော အကြောင်းကြောင့် အောင်သွယ်မှု ပြုအံ့၊ (သံဃာဒိသိသ်အာပတ် သင့်၏။)
၃။ အသက်မွေးမှုဟူသော အကြောင်းကြောင့် ထိုကျောင်း၌ နေသော ရဟန်းသည် ရဟန္တာတည်းဟု ပြောဆိုသည်ကို ဝန်ခံအံ့၊ ထုလ္လစဉ်းအာပတ် သင့်၏။
၄။ အသက်မွေးမှုဟူသော အကြောင်းကြောင့် ရဟန်းသည် မနာဖျားဘဲလျက် မိမိအကျိုးငှာ မွန်မြတ်သော ဘောဇဉ်အာဟာရကို နှုတ်မြွက်တောင်းရမ်း၍ သုံးဆောင်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
၅။ အသက်မွေးမှုဟူသော အကြောင်းကြောင့် ရဟန်းမိန်းမသည် မနာဖျားဘဲလျက် မိမိအကျိုးငှာ မွန်မြတ်သော ဘောဇဉ်အာဟာရကို တောင်း၍ သုံးဆောင်ငြားအံ့၊ ပါဋိဒေသနီအာပတ် သင့်၏။
၆။ အသက်မွေးမှုဟူသော အကြောင်းကြောင့် ရဟန်းသည် မနာဖျားဘဲလျက် ဟင်းကိုဖြစ်စေ၊ ထမင်းကိုဖြစ်စေ မိမိအကျိုးငှာ တောင်း၍ သုံးဆောင်ငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းတော်များမှာ ထိုကိစ္စများ စင်ကြယ်မှ သမ္မာအာဇီဝဖြစ်၏။ ထို့ကြောင့် တကယ်တမ်း သူတော်ကောင်းစင်စစ် ဖြစ်လိုသူမှန်လျှင် လူဖြစ်စေ၊ ရဟန်းဖြစ်စေ...
စာမျက်နှာ-496
မိစ္ဆာဇီဝကို အထူးရှောင်ကြဉ်လျက် သမ္မာအာဇီဝဖြစ်အောင် အသက်မွေးမြူကာ အာဇီဝဋ္ဌမကသီလကို စောင့်ထိန်းမှသာလျှင် အစစ်အမှန် သူတော်ကောင်းဟု ဆိုထိုက်၏။ အာဇီဝဋ္ဌမကသီလ လုံခြုံမှလည်း မဂ်ဖိုလ်ရနိုင်၏၊ မလုံခြုံလျှင် မဂ်ဖိုလ်မရနိုင်ပေ။ ထို့ကြောင့် အာဇီဝဋ္ဌမကသီလကို လုံခြုံအောင် စောင့်ထိန်းကြပါဟု တိုက်တွန်းလိုက်ရပါသည်။
အာဒိဗြဟ္မစရိယ = အကျင့်မြတ်၏ အစ
ငါးပါးသီလကို ဆောက်တည်သည်ဖြစ်စေ၊ မဆောက်တည်သည်ဖြစ်စေ လွန်ကျူးလျှင် အပြစ်ရှိသကဲ့သို့ ဤအာဇီဝဋ္ဌမကသီလကိုလည်း ဆောက်တည်သည်ဖြစ်စေ၊ မဆောက်တည်သည်ဖြစ်စေ လွန်ကျူးလျှင် အပြစ်ရှိ၏။ ငါးပါးသီလသည် သူတော်ကောင်းတို့ အမြဲစောင့်ထိန်းရမည့် နိစ္စသီလ ဖြစ်သကဲ့သို့ ဤအာဇီဝဋ္ဌမကသီလသည်လည်း သူတော်ကောင်းတို့ အမြဲစောင့်ထိန်းရမည့် ကိုယ်ကျင့်နိစ္စသီလ ဖြစ်သည်။
ဤသီလမလုံခြုံလျှင် မဂ်ဖိုလ်ကို မရနိုင်ပါ၊ ဤအာဇီဝဋ္ဌမကသီလ လုံခြုံမှ မဂ်ဖိုလ်ကို ရနိုင်သဖြင့် ဤသီလကို မဂ်တည်းဟူသော မြတ်သောအကျင့်၏ အစ အခြေခံသီလဖြစ်၍ “အာဒိဗြဟ္မစရိယသီလ” ဟု ကျမ်းဂန်တို့၌ ခေါ်သေးသည်။ (အာဒိ = အစ + ဗြဟ္မစရိယ = အကျင့်မြတ်)
လယ်တီဆရာတော်ဘုရားကြီးက သူ၏ သီလဝိနိစ္ဆယပေါင်းချုပ်ကျမ်း (၁၄၄) ၌ အောက်ပါအတိုင်း ဖော်ပြထား၏ —
“ဤအာဇီဝဋ္ဌမကသီလသည် မြတ်စွာဘုရား သာသနာတော်၌ အခြေခံ အမာခံ ဧရာတည်တရားဖြစ်၍ အာဒိဗြဟ္မစရိယသီလ မည်၏။ နေထွက်လိုသည်ရှိသော် ရှေးဦးစွာ ဖြစ်ပေါ်၍လာသော နေအရုဏ်နှင့် တူသည်ဟု မြတ်စွာဘုရား ဟောတော်မူ၏။”
စောင့်ထိန်းရန် သင့် မသင့်
ဤသီလကို စောင့်ကောင်း၊ မစောင့်ကောင်း အငြင်းပွားကြ၏။ မစောင့်ကောင်းစရာ အကြောင်းမရှိဟု ဆရာတော်ကြီးများ မိန့်တော်မူကြပါသည်။ ပါဠိတော်၌ တိုက်ရိုက်သီလအဖြစ်ဖြင့် မပြသော်လည်း အာဇီဝအသက်မွေးမှု စင်ကြယ်မှုနည်းလမ်းနှင့် အာဇီဝစင်ကြယ်ခြင်း၏ (သမ္မာအာဇီဝဖြစ်ခြင်း၏) အကျိုးကို များစွာပြထားပါသည်။ ထို့ပြင် ဝိသုဒ္ဓိမဂ်အဋ္ဌကထာ (၁၂)၊ ဋီကာတို့၌လည်းကောင်း၊ ဥပရိပဏ္ဏာသပါဠိ (၃၃၇) ၌ လည်းကောင်း အာဇီဝဋ္ဌမကသီလကို...
စာမျက်နှာ-497
ပုဗ္ဗေဝ ခေါ ပနဿ ကာယကမ္မံ ဝစီကမ္မံ အာဇီဝေါ သုပရိသုဒ္ဓေါ ဟောတိ ---
ဟူသော ပါဠိတော်အရ အကျယ်ထုတ်ပြလျက်ရှိ၏။ ထို့ကြောင့် အာဇီဝဋ္ဌမကသီလကို အမြဲလုံခြုံအောင် စောင့်ထိန်းသင့်ကြပေသည်။
စာမျက်နှာ-498
အခန်း (၂၀) - သီလအမျိုးမျိုး
ပြဆိုခဲ့ပြီးသော သီလများကို ကျင့်သုံးသည့်အချိန်နှင့် ပုဂ္ဂိုလ်အမျိုးအစား၊ ကျင့်သုံးပုံ ပြင်းထန်မှု၊ လျော့နည်းမှုနှင့် အကျိုးသွား မတူညီမှုများကို အကြောင်းပြု၍ သီလနှစ်မျိုး၊ သီလသုံးမျိုး စသည်ဖြင့် ခွဲခြားနိုင်ပေသည်။
နှစ်ပါးစု သီလ
သီလကို အကျဉ်းအားဖြင့် အောက်ပါအတိုင်း နှစ်မျိုးစီ ခွဲခြားနိုင်သည် —
(၁) စာရိတ္တသီလနှင့် ဝါရိတ္တသီလ (ဆောင်ရန်သီလနှင့် ရှောင်ရန်သီလ)။
(၂) အာဘိသမာစာရိကသီလနှင့် အာဒိဗြဟ္မစရိယသီလ (အမွှမ်းတင်သီလနှင့် မူလအစ အရိုးခံသီလ)။
(၃) ဝိရတီသီလနှင့် အဝိရတီသီလ (ရှောင်ကြဉ်သောသီလနှင့် စေတနာသီလ)။
(၄) နိဿိတသီလနှင့် အနိဿိတသီလ (တဏှာမာနဒိဋ္ဌိတို့ကို မှီတွယ်ရာရှိသောသီလနှင့် မှီတွယ်ရာမဲ့သီလ)။
(၅) ကာလပရိယန္တသီလနှင့် အာပါဏကောဋိကသီလ (အချိန်ပိုင်းသီလနှင့် ရာသက်ပန်သီလ)။
(၆) သပရိယန္တသီလနှင့် အပရိယန္တသီလ (အပိုင်းအခြားရှိသီလနှင့် အပိုင်းအခြားမဲ့သီလ)။
(၇) လောကိယသီလနှင့် လောကုတ္တရာသီလ (လောကီသီလနှင့် လောကုတ္တရာသီလ)။
(၈) ဂဟဋ္ဌသီလနှင့် ပဗ္ဗဇိတသီလ (လူဝတ်ကြောင်သီလနှင့် ရှင်ရဟန်းသီလ)။
စာရိတ္တသီလနှင့် ဝါရိတ္တသီလ
မြတ်စွာဘုရား ပညတ်တော်မူအပ်သော ဆရာကျင့်ဝတ်၊ တပည့်ကျင့်ဝတ် စသော အကျင့်များကို မြတ်စွာဘုရားရှင် အလိုတော်ကျအတိုင်း လိုက်နာပြုလုပ် ဖြည့်ကျင့်ခြင်းသည် စာရိတ္တသီလ မည်၏။ မကျင့်သော်လည်း အပြစ်မရှိ၊ ကျင့်လျှင် တိုးတက်၍ သီလဖြူစင်နိုင်သည်။ (ဥပမာ - ကိုးပါးသီလတွင် ဝိကာလဘောဇန စသော နောက်လေးပါးဖြစ်သည်။)
စာမျက်နှာ-499
သူ့အသက်သတ်မှုကို မပြုကျင့်ရဟု ဘုရားအစရှိသော သူတော်ကောင်းများက တားမြစ်ထားသည့် အမှုများကို မပြုလုပ်ဘဲ ရှောင်ကြဉ်လျက် သိက္ခာပုဒ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ဝါရိတ္တသီလ မည်၏။ မြတ်စွာဘုရားက တားမြစ်ထားသော အမှုကို အသက်ကိုပင် စွန့်ရသော်လည်း မလွန်ကျူးဘဲ စောင့်ထိန်းကြရမည် ဖြစ်သည်။ ဤသိက္ခာပုဒ်များကို ကျူးလွန်ပါက အပါယ်ငရဲသို့ ကျရောက်စေနိုင်သည်။ ငါးပါးသီလသည် ဝါရိတ္တသီလ၌ ပါဝင်သည်။
အာဘိသမာစာရိကသီလနှင့် အာဒိဗြဟ္မစရိယသီလ
မဂ်ဖိုလ်ကို ရနိုင် ရောက်နိုင်စေရန် ဟောကြားတော်မူအပ်သော ကောင်းမြတ်သော အကျင့်သီလသည် အာဘိသမာစာရိကသီလ မည်၏။ အခြေခံသီလပေါ်၌ အပိုဆောင်း၍ အချောကိုင် အမွှမ်းတင် ကျင့်ခြင်းဖြစ်သည်။ (အာဘိသမာစာရိက = အဘိ + သံ + အာစရ = အပိုအလွန် + ကောင်းသော + အကျင့်။) အာဇီဝဋ္ဌမကသီလမှ ကြွင်းသော သီလများ ဖြစ်ကြသည်။
အစကနဦး ကျင့်သုံးရမည့် သီလ၊ မူလအခြေခံသီလသည် အာဒိဗြဟ္မစရိယသီလ မည်၏။ (အာဒိ = အစ + ဗြဟ္မ = မြတ်သော + စရိယ = အကျင့်။) အာဇီဝဋ္ဌမကသီလသည် အာဒိဗြဟ္မစရိယသီလ မည်၏။
ဝိရတီသီလနှင့် အဝိရတီသီလ
အသက်မွေးဝမ်းကျောင်းမှုနှင့် မသက်ဆိုင်သော ကာယဒုစရိုက် သုံးပါးမှ ရှောင်ကြဉ်ခြင်း (သမ္မာကမ္မန္တဝိရတီ)၊ ဝစီဒုစရိုက် လေးပါးမှ ရှောင်ကြဉ်ခြင်း (သမ္မာဝါစာဝိရတီ) နှင့် အသက်မွေးဝမ်းကျောင်းနှင့် သက်ဆိုင်သော ကာယဒုစရိုက် သုံးပါး၊ ဝစီဒုစရိုက် လေးပါးမှ ရှောင်ကြဉ်ခြင်း (သမ္မာအာဇီဝဝိရတီ)၊ ယင်းဝိရတီသုံးပါးသည် ဝိရတီသီလ မည်၏။ ယင်းဝိရတီသီလမှ ကြွင်းသော စေတနာသီလနှင့် သဒ္ဓါ၊ ဝီရိယဖြင့် ပြုလုပ်သော အကျင့်သီလများသည် အဝိရတီသီလ မည်၏။
နိဿိတသီလနှင့် အနိဿိတသီလ
တဏှာကိုဖြစ်စေ၊ ဒိဋ္ဌိကိုဖြစ်စေ အမှီပြု၍ စောင့်သုံးအပ်သော သီလသည် နိဿိတသီလ မည်၏။ ဤသီလကြောင့် နောင်ဘဝတွင် ကောင်းမြတ်သော ဘဝ၊ ကောင်းမြတ်သော စည်းစိမ်ချမ်းသာကို ရပါလို၏ဟု စည်းစိမ်ချမ်းသာကို တောင့်တ၍ ကျင့်သုံးအပ်သော သီလသည် တဏှာဖြင့် မှီတွယ်သော သီလ...
စာမျက်နှာ-500
မည်၏။ မိစ္ဆာဒိဋ္ဌိ အယူရှိသော သူတို့၏ အကျင့်သီလများသည် ဒိဋ္ဌိကို မှီတွယ်သော သီလမည်၏ဟု ဆိုအပ်ခဲ့ပြီးသော တဏှာ၊ ဒိဋ္ဌိ နှစ်ပါးကို အမှီမပြုဘဲ မြတ်သော အကျင့်သီလကို ကျင့်မည်ဟူ၍ နှလုံးသွင်း၍ စောင့်သုံးအပ်သော သီလသည် အနိဿိတသီလ မည်၏။ မဂ် ဖိုလ် နိဗ္ဗာန်ရရန် လောကမှ ထွက်မြောက်ရန် ကျင့်သုံးသည့် သီလဖြစ်သည်။
ကာလပရိယန္တသီလနှင့် အာပါဏကောဋိကသီလ
အလိုရှိသလောက် အချိန်ကာလကို ပိုင်းခြား၍ စောင့်သုံးအပ်သော သီလသည် ကာလပရိယန္တသီလ မည်၏။ အချိန်ကာလကို မပိုင်းခြားဘဲ အသက်ထက်ဆုံး စောင့်သုံးအပ်သော သီလသည် အာပါဏကောဋိကသီလ မည်၏။
မြတ်စွာဘုရားရှင် လက်ထက်တော်က ရာဇဂြိုဟ်ပြည်၌ တစ်ယောက်သော မုဆိုးသည် သားသမင်တို့ကို သတ်ဖြတ်၍ အသက်မွေးမှုပြု၏။ ထိုမုဆိုး၏ မိတ်ဆွေတစ်ယောက်သည် “သူငယ်ချင်းမုဆိုး... တစ်နေ့လုံး သီလမဆောက်တည်နိုင်လျှင် ညအချိန်၌ ဆောက်တည်ပါ” ဟု တိုက်တွန်းသဖြင့် မုဆိုးသည် နေ့အခါ၌ သီလမဆောက်တည်နိုင်ဘဲ ညအခါ၌ သီလဆောက်တည်ခဲ့သည်။ သေလွန်သောအခါ ရာဇဂြိုဟ်အနီး၌ ဝေမာနိကပြိတ္တာ ဖြစ်၍ နေ့အခါ၌ ဆင်းရဲဒုက္ခကြီးစွာ ခံစားရသော်လည်း ညဉ့်အခါ၌ နတ်စည်းစိမ်ချမ်းသာကို ခံစားရလေသည် (မိဂလုဒ္ဒက ပေတဝတ္ထု)။
သပရိယန္တသီလနှင့် အပရိယန္တသီလ
ဆောက်တည်ထားသော သီလကို သတ်မှတ်အချိန် မကုန်ဆုံးသေးဘဲ ဥစ္စာပစ္စည်း၊ အခြံအရံ၊ ဆွေမျိုး၊ ကိုယ်အင်္ဂါ၊ အသက် ဤ ၅-ပါးတို့တွင် တစ်ပါးပါးကြောင့် ချိုးဖျက်လိုက်ရသော သီလသည် သပရိယန္တ (အဆုံးအပိုင်းအခြားရှိသော) သီလ မည်၏။ တစ်နေ့တာမျှသာ၊ တစ်လတာမျှသာ စသည်ဖြင့် ကာလအားဖြင့် ပိုင်းခြား၍ သီလကို စောင့်ထိန်းခြင်း၊ ကိုယ့်အသားကို မထိမီ၊ ကိုယ့်အသက်ကို အန္တရာယ်မပြုမီ သီလကို ထိန်းမည်၊ ကိုယ့်အသက် ထိလာလျှင် ပြန်ချရမည်ဟု အပိုင်းအခြားပြု၍ သီလကို ဆောက်တည်ခြင်းဖြစ်သည်။
ဥစ္စာပစ္စည်း၊ အခြံအရံ၊ ဆွေမျိုး၊ ကိုယ်အင်္ဂါ၊ အသက် ဤ ၅-ပါးတို့တွင် တစ်ပါးပါးကြောင့်မျှ အပျက်အစီးမခံဘဲ ရည်မှန်းထားသည့်အတိုင်း ကောင်းစွာ စောင့်သုံးအပ်သော သီလသည် အပရိယန္တ (အပိုင်းအခြား အကန့်အသတ်မရှိသော) သီလ မည်၏။ အသက်ကိုပင် စွန့်လွှတ်၍ ဆောက်တည်သော သီလဖြစ်သည်။
စာမျက်နှာ-501
လောကိယသီလနှင့် လောကုတ္တရသီလ
ပုထုဇဉ်တို့ ကျင့်သုံးသော သီလသည် လောကိယသီလ မည်၏။ အရိယာပုဂ္ဂိုလ်တို့ ကျင့်သုံးသော သီလသည် လောကုတ္တရသီလ မည်၏။ ထိုနှစ်ပါးတွင် လောကီသီလသည် လူ့ဘဝ၊ နတ်ဘဝ (ဘဝသမ္ပတ္တိ) ကို ဆောင်ရွက်တတ်၏။ ဘဝမှ လွတ်မြောက်ခြင်း၏ အကြောင်းလည်း ဖြစ်၏ (ဝိ၊ ၅၊ ၂၀၀)။ လောကုတ္တရာသီလကား ဘဝမှ လွတ်မြောက်ခြင်း (နိဗ္ဗာန်) ကို ဆောင်တတ်၏။ ပစ္စဝေက္ခဏာဉာဏ်၏ တည်ရာအာရုံလည်း ဖြစ်၏။
ဂဟဋ္ဌသီလနှင့် ပဗ္ဗဇိတသီလ
လူဝတ်ကြောင်များ လိုက်နာကျင့်သုံးရမည့် ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ကိုးပါးသီလ၊ ဆယ်ပါးသီလ၊ အာဇီဝဋ္ဌမကသီလများသည် ဂဟဋ္ဌသီလ မည်၏။ (ဂဟ = အိမ် + ဌ = နေသူ။)
လိင်ဆယ်ပါး၊ ဒဏ်ဆယ်ပါး၊ သေခိယသိက္ခာပုဒ် (၇၅) ပါး စသည်တို့သည် ရှင်သာမဏေတို့ လိုက်နာကျင့်သုံးရမည့် သီလဖြစ်သည်။ နှစ်ရာ့နှစ်ဆယ်ခုနစ်သွယ်သော သိက္ခာပုဒ်များသည် ရဟန်းတော်များ ကျင့်ရမည့် သီလများ ဖြစ်သည်။ ယင်းသီလများကို ပဗ္ဗဇိတသီလ ဟု ခေါ်၏။
သုံးပါးစု သီလ
တစ်ဖန် ယင်းသီလများကို အောက်ပါအတိုင်း ၃-မျိုးစီ ခွဲခြားနိုင်သည် —
(၁) ဟီနသီလ၊ မဇ္ဈိမသီလ၊ ပဏီတသီလ (အယုတ်သီလ၊ အလတ်သီလ၊ အမြတ်သီလ)။
(၂) အတ္တာဓိပတေယျသီလ၊ လောကာဓိပတေယျသီလ၊ ဓမ္မာဓိပတေယျသီလ (မိမိကို အလေးပြုသီလ၊ လောကကို အလေးပြုသီလ၊ တရားကို အလေးပြုသီလ)။
(၃) ပရာမဋ္ဌသီလ၊ အပရာမဋ္ဌသီလ၊ ပဋိပဿဒ္ဓိသီလ (အစွဲရှိသီလ၊ အစွဲကင်းသီလ၊ ငြိမ်းအေးသီလ)။
(၄) ဝိသုဒ္ဓသီလ၊ အဝိသုဒ္ဓသီလ၊ ဝေမတိကသီလ (စင်ကြယ်သောသီလ၊ မစင်ကြယ်သောသီလ၊ သံသယသီလ)။
(၅) သေက္ခသီလ၊ အသေက္ခသီလ၊ နေဝသေက္ခနာသေက္ခသီလ (ကျင့်ဆဲသီလ၊ ကျင့်ပြီးသီလ၊ လောကီသီလ)။
စာမျက်နှာ-502
ဟီနသီလ၊ မဇ္ဈိမသီလ၊ ပဏီတသီလ
အညံ့စားဖြစ်သော စိတ်၊ ဆန္ဒ၊ ဝီရိယ၊ ပညာတို့ဖြင့် ကျင့်သုံးဆောက်တည်အပ်သော သီလသည် ဟီနသီလ (အညံ့စားသီလ) မည်၏။ အလတ်စားဖြစ်သော စိတ်၊ ဆန္ဒ၊ ဝီရိယ၊ ပညာတို့ဖြင့် ကျင့်သုံးဆောက်တည်အပ်သော သီလသည် မဇ္ဈိမသီလ (အလတ်စားသီလ) မည်၏။ မြင့်မြတ်သော စိတ်၊ ဆန္ဒ၊ ဝီရိယ၊ ပညာတို့ဖြင့် ကျင့်သုံးဆောက်တည်အပ်သော သီလသည် ပဏီတသီလ (အမြတ်စားသီလ) မည်၏။
(တစ်နည်း) သူတစ်ပါးတို့ ချီးမွမ်းအံ့ဩ အလျော်အစား ဂုဏ်သတင်း (ဂုဏ်ပကာသန) ကို လိုလားသဖြင့် ကျင့်သုံးဆောက်တည်အပ်သော သီလသည် ဟီနသီလ မည်၏။ ဘဝချမ်းသာကို လိုလားတောင့်တ၍ ဆောက်တည်ကျင့်သုံးအပ်သော သီလသည် မဇ္ဈိမသီလ မည်၏။ ဂုဏ်ပကာသနကိုလည်း မလိုလား၊ နောင်ဘဝ စံစားရမည့် အကျိုးကိုလည်း မလိုလားဘဲ “သီလမည်သည်ကား အရိယာသူတော်ကောင်းတို့ ပြုအပ်သော မြင့်မြတ်သော တရားဖြစ်၏။ ဤမြင့်မြတ်သော အကျင့်ကို ငါကျင့်အပ်သည်သာတည်း” ဟု တရား၏ မြင့်မြတ်မှုကိုသာ နှလုံးသွင်းလျက် ကျင့်သုံးဆောက်တည်အပ်သော သီလသည် ပဏီတသီလ မည်၏။
(တစ်နည်း) “ငါသည်သာ သီလနှင့် ပြည့်စုံ၏၊ ငါမှတစ်ပါးသော သူတို့သည်ကား သီလမရှိကုန်၊ ယုတ်ညံ့သော အကျင့်ရှိကုန်၏” ဟု မိမိကိုယ်ကို ချီးမြှောက်ခြင်း (အတ္ထုက္ကံသန), သူတစ်ပါးတို့ကို ရှုတ်ချခြင်း (ပရဝမ္ဘန) ပြု၍ စောင့်ထိန်းသော သီလသည် ဟီနသီလ မည်၏။ ထိုစိတ်ထားမျိုး ကင်းလျက် ဆောက်တည်သော သီလသည် မဇ္ဈိမသီလ မည်၏။ မဂ်ဖိုလ်နှင့် ယှဉ်သော လောကုတ္တရာသီလသည် ပဏီတသီလ မည်၏။
(တစ်နည်း) တဏှာ၏ အစွမ်းဖြင့် ဘဝချမ်းသာကို လိုချင်တောင့်တ၍ ကျင့်သုံးဆောက်တည်အပ်သော သီလသည် ဟီနသီလ မည်၏။ သံသရာဝဋ်ဒုက္ခမှ ကျွတ်လွတ်ရန် ကျင့်သုံးတောင့်တ၍ ဆောက်တည်အပ်သော သီလသည် မဇ္ဈိမသီလ မည်၏။ အလုံးစုံသော သတ္တဝါတို့ သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်စေရန် ရည်သန်၍ ပါရမီမြောက် ကျင့်သုံးဆောက်တည်အပ်သော (ဘုရားလောင်းတို့၏) သီလသည် ပဏီတသီလ မည်၏။
စာမျက်နှာ-503
အတ္တာဓိပတေယျသီလ၊ လောကာဓိပတေယျသီလ၊ ဓမ္မာဓိပတေယျသီလ
မိမိနှင့် မသင့်လျော် မလျောက်ပတ်သော အကျင့်အကြံများကို ပယ်စွန့်လိုသဖြင့် မိမိကိုယ်ကို အလေးအမြတ်ပြု၍ ကျင့်သုံးဆောက်တည်အပ်သော သီလသည် အတ္တာဓိပတေယျသီလ မည်၏။ လူအများက ကဲ့ရဲ့ရှုတ်ချမည်ကို ပယ်စွန့်လိုသဖြင့် လူအများ (လောက) ကို အလေးဂရုပြု၍ ကျင့်သုံးဆောက်တည်အပ်သော သီလသည် လောကာဓိပတေယျသီလ မည်၏။ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော တရားတော်သည် နိယျာနိကအစစ်ဖြစ်၍ မွန်မြတ်၏၊ ထိုတရားတော်ကို အကျင့်သီလဖြင့်သာ ပူဇော်အပ်ပေ၏ဟု တရားတော်၏ မြင့်မြတ်သော ဂုဏ်ကျေးဇူးကို အလေးဂရုပြု၍ ကျင့်သုံးဆောက်တည်အပ်သော သီလသည် ဓမ္မာဓိပတေယျသီလ မည်၏။ (အဓိပတေယျ = အလေးဂရုပြုအပ်သော။)
ပရာမဋ္ဌသီလ၊ အပရာမဋ္ဌသီလ၊ ပဋိပဿဒ္ဓိသီလ
တဏှာဒိဋ္ဌိတို့ဖြင့် အလွဲလွဲအမှားမှား သုံးသပ်အပ်သော သီလသည် ပရာမဋ္ဌသီလ မည်၏။ မဂ်ဖိုလ်ရရန် ရည်သန်၍ ကလျာဏပုထုဇဉ်တို့ ကျင့်သုံးဆောက်တည်အပ်သော သီလသည်လည်းကောင်း၊ မဂ်စိတ်နှင့် ယှဉ်တွဲ၍ဖြစ်သော သီလသည်လည်းကောင်း တဏှာဒိဋ္ဌိတို့ဖြင့် မသုံးသပ်အပ်သောကြောင့် အပရာမဋ္ဌသီလ မည်၏။ အရိယာပုဂ္ဂိုလ်တို့၏ ဖိုလ်စိတ်လေးပါးနှင့် ယှဉ်သော သီလသည် ကိလေသာအပူမီး အပြီးငြိမ်းအေးပြီး ဖြစ်သောကြောင့် ပဋိပဿဒ္ဓိသီလ မည်၏။ (ပရာမဋ္ဌ - မှားယွင်းစွာ သုံးသပ်ခြင်း။)
ဝိသုဒ္ဓသီလ၊ အဝိသုဒ္ဓသီလ၊ ဝေမတိကသီလ
စင်ကြယ်သော ပုဂ္ဂိုလ်၏ သီလသည် ဝိသုဒ္ဓသီလ မည်၏။ အာပတ်မသင့်စေဘဲ ဖြည့်ကျင့်အပ်သော သီလသည်လည်းကောင်း၊ အာပတ်သင့်သော်လည်း အာပတ်ကို ကုစားပြီးသော ပုဂ္ဂိုလ်၏ သီလသည်လည်းကောင်း ဝိသုဒ္ဓသီလ မည်၏။ မစင်ကြယ်သော ပုဂ္ဂိုလ်၏ သီလသည် အဝိသုဒ္ဓသီလ မည်၏။ အာပတ်သင့်ပြီးနောက် မကုစားဘဲ ထားသော သီလသည် အဝိသုဒ္ဓသီလ မည်၏။ အပြစ်ရှိသည့်အလျောက် အာပတ်သင့်မည့် အမှုများကို မဝေခွဲနိုင်ဘဲ ယုံမှားဖြစ်နေသောသူ၏ သီလသည် ဝေမတိကသီလ မည်၏။ (ဝိသုဒ္ဓ - စင်ကြယ်သော၊ အဝိသုဒ္ဓ - မစင်ကြယ်သော၊ ဝေမတိက - ယုံမှားရှိသော။)
စာမျက်နှာ-504
သေက္ခသီလ၊ အသေက္ခသီလ၊ နေဝသေက္ခနာသေက္ခသီလ
လေးပါးသော အရိယာမဂ်တို့နှင့်လည်းကောင်း၊ သုံးပါးသော အရိယာဖိုလ်တို့နှင့်လည်းကောင်း ယှဉ်သောသီလသည် သေက္ခသီလ မည်၏။ အရဟတ္တဖိုလ်နှင့် ယှဉ်သော သီလသည် အသေက္ခသီလ မည်၏။ ထိုမှ ကြွင်းသော လောကီသီလစုသည် နေဝသေက္ခနာသေက္ခသီလ မည်၏။ (သေက္ခ - ကျင့်ဆဲ၊ အသေက္ခ - ကျင့်ပြီး၊ နေဝသေက္ခနာသေက္ခ - ကျင့်ဆဲလည်း မဟုတ်၊ ကျင့်ပြီးလည်း မဟုတ်။) ပုထုဇဉ်ပုဂ္ဂိုလ်များကို နေဝသေက္ခနာသေက္ခပုဂ္ဂိုလ်ဟု ခေါ်၏။ အရိယာပုဂ္ဂိုလ် ရှစ်ယောက်ရှိသည့်အနက် ရဟန္တာပုဂ္ဂိုလ်ကို အသေက္ခ (ကျင့်ပြီး) ပုဂ္ဂိုလ်ဟု ခေါ်၏။ ကျန်အရိယာပုဂ္ဂိုလ် ၇-ယောက်ကို သေက္ခ (ကျင့်ဆဲ) ပုဂ္ဂိုလ်ဟု ခေါ်၏။
လေးပါးစု သီလ
တစ်နည်းအားဖြင့် သီလကို အောက်ပါအတိုင်း လေးမျိုးစီ ခွဲခြားနိုင်၏ —
(က) စွမ်းရည်အားဖြင့် (၄) မျိုး
(၁) ဟာနဘာဂိယသီလ = ဆုတ်ယုတ်သော သီလ။
(၂) ဌိတိဘာဂိယသီလ = တည်တံ့သော သီလ။
(၃) ဝိသေသဘာဂိယသီလ = တရားထူးရနိုင်သည့် သီလ။
(၄) နိဗ္ဗေဓဘာဂိယသီလ = (ကိလေသာကို) ဖောက်ထွင်းနိုင်သော သီလ။
(ခ) ပုဂ္ဂိုလ်အားဖြင့် (၄) မျိုး
(၁) ဘိက္ခုသီလ = ရဟန်းယောင်္ကျားတို့၏ သီလ။
(၂) ဘိက္ခုနီသီလ = ရဟန်းမိန်းမတို့၏ သီလ။
(၃) အနုပသမ္ပန္နသီလ = ရှင်သာမဏေတို့၏ သီလ။
(၄) ဂဟဋ္ဌသီလ = လူဝတ်ကြောင်တို့၏ သီလ။
(ဂ) သဘာဝအားဖြင့် (၄) မျိုး
(၁) ပကတိသီလ = နဂိုမူလ သီလ။
(၂) အာစာရသီလ = မျိုးရိုးအကျင့် သီလ။
(၃) ဓမ္မတာသီလ = ဖြစ်ရိုးဖြစ်စဉ် သီလ။
(၄) ပုဗ္ဗဟေတုကသီလ = ပါရမီဓာတ်ခံ သီလ။
စာမျက်နှာ-505
(ဃ) ဝိနည်းကြောင်းအရ (၄) မျိုး
(၁) ပါတိမောက္ခသံဝရသီလ - ၂၂၇-သွယ်သော ရဟန်းသီလ။
(၂) ဣန္ဒြိယသံဝရသီလ - ဣန္ဒြေကို စောင့်ထိန်းခြင်း။
(၃) အာဇီဝပါရိသုဒ္ဓိသီလ - အသက်မွေးမှု စင်ကြယ်ခြင်း။
(၄) ပစ္စယသန္နိဿိတသီလ - ပညာဖြင့် ဆင်ခြင်၍ ပစ္စည်းကို မှီဝဲသုံးဆောင်ခြင်း။
ဟာန၊ ဌိတိ၊ ဝိသေသ၊ နိဗ္ဗေဓဘာဂိယသီလ
အကြင်သူသည် ဒုဿီလပုဂ္ဂိုလ်ကိုသာ ပေါင်းသင်း၍ သီလရှိသော ပုဂ္ဂိုလ်ကို မဆည်းကပ် မပေါင်းသင်း၊ အပြစ်ဖြစ်ခြင်း၏ အကြောင်း မကောင်းသော အမှုကို လွန်ကျူးခြင်း၌ အပြစ်ကို မမြင်မသိ၊ မကောင်းသော အမှုကိုသာ များစွာ ကြံစည်စိတ်ကူးလေ့ရှိပြီး မျက်စိစသော ဣန္ဒြေများကို စောင့်ထိန်းခြင်းမရှိ၊ ထိုပုဂ္ဂိုလ်၏ သီလသည် ရှေ့သို့ မတိုးတက်ဘဲ တစ်နေ့ထက်တစ်နေ့ ယုတ်လျော့၍ သွား၏။ ထိုသို့ ယုတ်လျော့ခြင်းအဖို့ရှိသော သီလသည် ဟာနဘာဂိယသီလ မည်၏။
အကြင်သူသည် သီလနှင့် ပြည့်စုံခြင်းကိုသာ နှစ်သက်ဝမ်းမြောက်နေ၏၊ ကမ္မဋ္ဌာန်းအလုပ်ကို တိုးတက်အားထုတ်လိုသောစိတ် မရှိပေ။ ထိုသို့ သီလအကျင့်မျှဖြင့်သာ အားရတင်းတိမ်နေ၍ အထက်ဖြစ်သော ဈာန်မဂ်ဖိုလ် တရားထူးကို ရရန် အားထုတ်ခြင်းမရှိသော ပုဂ္ဂိုလ်၏ သီလသည် မတိုးပွား ရပ်တန့်နေသော ဌိတိဘာဂိယသီလ မည်၏။
အကြင်သူသည် သီလနှင့် ပြည့်စုံပြီးနောက် သီလမျှဖြင့် ရောင့်ရဲတင်းတိမ်မနေဘဲ ဈာန်သမာဓိ ရခြင်းအကျိုးငှာ ကြိုးစားအားထုတ်နေ၏။ ထိုသူ၏ သီလသည် ထူးမြတ်သော အဖို့ရှိသော ဝိသေသဘာဂိယသီလ မည်၏။
အကြင်သူသည် သီလမျှဖြင့် ရောင့်ရဲတင်းတိမ်မနေဘဲ သင်္ခါရဒုက္ခတို့မှ ငြီးငွေ့မှုဖြစ်၍ အားကောင်းသည့် ဗလဝဝိပဿနာဉာဏ်ကို ရရန် ကြိုးစားအားထုတ်နေ၏။ ထိုသူ၏ သီလသည် ကိလေသာအစိုင်အခဲကို ဖောက်ခွဲခြင်းအဖို့ရှိသော နိဗ္ဗေဓဘာဂိယသီလ မည်၏။
စာမျက်နှာ-506
ဘိက္ခုသီလ၊ ဘိက္ခုနီသီလ၊ အနုပသမ္ပန္နသီလ၊ ဂဟဋ္ဌသီလ
ရဟန်းယောက်ျားများနှင့် ရဟန်းမိန်းမများအတွက် ပညတ်တော်မူအပ်သော သိက္ခာပုဒ်များထဲမှ ရဟန်းယောက်ျားနှင့် သက်ဆိုင်သော သိက္ခာပုဒ်များသည် ဘိက္ခုသီလ မည်၏။ ရဟန်းမိန်းမနှင့် သက်ဆိုင်သော သိက္ခာပုဒ်များသည် ဘိက္ခုနီသီလ မည်၏။
သာမဏေယောက်ျား၊ သာမဏေမိန်းမများ စောင့်ထိန်းကျင့်သုံးအပ်သော လိင်ဆယ်ပါး၊ ဒဏ်ဆယ်ပါး စသော သိက္ခာပုဒ်များသည် အနုပသမ္ပန္နသီလ မည်၏။
ဥပါသကာယောက်ျား၊ ဥပါသိကာမိန်းမတို့မှာ အမြဲစောင့်ရှောက်အပ်သော ငါးပါးသီလ၊ စွမ်းနိုင်လျှင် ရှစ်ပါးသီလ၊ ဆယ်ပါးသီလတို့သည် လူဝတ်ကြောင်တို့ ကျင့်သုံးအပ်သော သီလဖြစ်၍ ဂဟဋ္ဌသီလ မည်၏။
ပကတိသီလ၊ အာစာရသီလ၊ ဓမ္မတာသီလ၊ ပုဗ္ဗဟေတုကသီလ
မြောက်ကျွန်း၌ နေကုန်သောလူတို့သည် ငါးပါးသီလကို မလွန်ကျူးကြကုန်၊ ၎င်းတို့၏ သီလသည် ပကတိသီလ မည်၏။ မြောက်ကျွန်းသားတို့သည် ငါးပါးသီလကို ဆောက်တည်ခြင်းမပြုသော်လည်း ကျူးလွန်စရာအကြောင်း တွေ့ကြုံလာသောအခါ ရှောင်ကြဉ်နိုင်ကြသည်။
အမျိုးအားဖြင့်ဖြစ်စေ၊ အရပ်ဒေသအားဖြင့်ဖြစ်စေ၊ အယူဝါဒအားဖြင့်ဖြစ်စေ မိမိတို့၏ ရှေးလူကြီးများက ထားခဲ့သော စည်းကမ်း၊ အပိုင်းအခြား၊ ဓလေ့ထုံးစံအတိုင်း လိုက်နာကျင့်သုံးခြင်းသည် အာစာရသီလ မည်၏။
ဘုရားအလောင်းတော် ပဋိသန္ဓေတည်နေသည့် အခါမှစ၍ မယ်တော်၏ သန္တာန်ဝယ် ယောက်ျားများ၌ ကာမဂုဏ်အတွက် နှစ်သက်မက်မောမှု မရှိခြင်းသည် ဓမ္မတာသီလ မည်၏။
ရှေးရှေးဘဝတို့က ဖြည့်ကျင့်ခဲ့ဖူးသော ပါရမီသီလကို အကြောင်းရင်းခံ၍ ယခုဘဝတွင် မည်သူကမျှ မဟောပြောရဘဲ အလိုအလျောက် သီလစောင့်ထိန်းမှု ဖြစ်ပေါ်လာသော သီလသည် ပုဗ္ဗဟေတုကသီလ မည်၏။
စာမျက်နှာ-507
အရှင်မဟာကဿပအလောင်း ပိပ္ပလိလုလင်၊ မဟာသီလဝမင်း၊ တေမိမင်း စသော ဘုရားအလောင်းတော်ကြီးများမှာ ဟောကြားပြသူ မရှိဘဲ အလိုအလျောက် သီလစောင့်သုံးလိုသော သမ္မာဆန္ဒဖြစ်ကာ သီလကို စောင့်သုံးခြင်းမျိုးသည် ပုဗ္ဗဟေတုကသီလ ဖြစ်သည်။ (ပုဗ္ဗ = ရှေး + ဟေတုက = အကြောင်းရှိသော။)
ပါတိမောက္ခသံဝရသီလ
ရဟန်းတော်များအတွက် ၂၂၇-သွယ်သော သိက္ခာပုဒ်များနှင့် ရဟန်းမိန်းမများအတွက် ၃၁၁-ပါးသော သိက္ခာပုဒ်များသည် စောင့်ထိန်းသူကို အပါယ်ဆင်းရဲတို့မှ လွတ်မြောက်စေတတ်သောကြောင့် ပါတိမောက္ခသံဝရသီလ မည်၏။ (ပါတိ = စောင့်ထိန်းသူကို + မောက္ခ = လွတ်မြောက်စေနိုင် + သံဝရ = စောင့်ထိန်းမှု။)
ဣန္ဒြိယသံဝရသီလ
မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ဤ ဣန္ဒြေခြောက်ပါးတို့ကို စောင့်စည်းခြင်းသည် ဣန္ဒြိယသံဝရသီလ မည်၏။
ဣန္ဒြေတို့ကို စောင့်စည်းပုံမှာ မျက်စိဖြင့် အဆင်းရူပါရုံကို မြင်သောအခါ မြင်သည့်အတိုင်းသာ (ရူပါရုံအနေဖြင့်သာ) စိတ်ထဲ၌ တည်ရှိစေရမည်။ ထိုမြင်သည့်အတိုင်းထက် ပို၍ မိန်းမဖြစ်သည်၊ ယောက်ျားဖြစ်သည်၊ လှပတင့်တယ်သည် စသည်ဖြင့် ကိလေသာပွားများကြောင်း နိမိတ်တို့ကို မမှတ်ယူရ။ ထိုမှတစ်ဆင့်တက်၍ လက်ခြေလှုပ်ခြင်း၊ စကားပြောခြင်း၊ တစောင်းကြည့်ခြင်း စသည်များကို မမှတ်ယူရ၊ မှတ်ယူမိပါက ကိလေသာအာသဝေါတရားများ တိုးပွားလေတော့သည်။
မဟာတိဿထေရ်
မဟာတိဿထေရ်၏ ဣန္ဒြေစောင့်စည်းပုံမှာ များစွာအတုယူဖွယ်ကောင်းသည်။ မဟာတိဿထေရ်သည် သီဟိုဠ်ကျွန်း စေတိယတောင်မှ အနုရာဓမြို့တွင်းသို့ ဆွမ်းခံကြွရာ၊ လင်ယောက်ျားနှင့် ရန်ဖြစ်၍ မိဘရပ်ထံပြန်မည်ဟု ထွက်လာသော...
စာမျက်နှာ-508
အမျိုးသမီးတစ်ယောက်သည် မထေရ်ကိုမြင်လျှင် ဤရဟန်းကို ဆွဲဆောင်မည်ဟူသော အကြံဖြင့် အသံကျယ်လောင်စွာ ရယ်လိုက်သည်။ မထေရ်သည် ထိုအမျိုးသမီး၏ သွားတို့ကိုကြည့်၍ အရိုးစုအမှတ်သညာကို ရရှိ၍ တရားပွားများရာ ရဟန္တာဖြစ်လေသည်။ သူမ၏ယောက်ျားသည် မယားကိုခေါ်မည်ဟု လိုက်လာခဲ့ရာ မထေရ်ကိုတွေ့ရသဖြင့် “အရှင်ဘုရား... လမ်းတွင် မိန်းမတစ်ယောက်ကို တွေ့မြင်ပါသလော” ဟု မေးရာ “ဤအရပ်မှသွားသောသူကို ယောက်ျားဟူ၍လည်းကောင်း၊ မိန်းမဟူ၍လည်းကောင်း ငါမသိလိုက်ပါ၊ စင်စစ် အရိုးစုကြီးတစ်ခု သွားသည်ကိုသာ မြင်၏” ဟု မိန့်တော်မူလိုက်သည်။ ဤသို့လျှင် မိန်းမအဆင်းကို မြင်သော်လည်း မြင်ရုံမျှသာဖြစ်၍ မိန်းမဖြစ်သည့်အမှတ်မထားဘဲ ကမ္မဋ္ဌာန်းတရား ပွားများသဖြင့် ရဟန္တာအဖြစ်သို့ ရောက်လေသည်။ (ဣန္ဒြိယသံဝရသီလ ဆောက်တည်ပုံ။)
အာဇီဝပါရိသုဒ္ဓိသီလ
ဝိနည်းဒေသနာတော်လာ အသက်မွေးခြင်းတည်းဟူသော အကြောင်းနှင့်စပ်၍ ပညတ်တော်မူအပ်သော သိက္ခာပုဒ် ၆-ခုတို့မှ ရှောင်ကြဉ်ခြင်း၊ အခြားယုတ်ညံ့သော အကျင့်ဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်ခြင်းသည် အာဇီဝပါရိသုဒ္ဓိသီလ မည်၏။
အသက်မွေးမှုနှင့် စပ်ဆိုင်သော သိက္ခာပုဒ်ခြောက်ပါးတို့မှာ —
(၁) ယုတ်မာသော အလိုဆိုးရှိသည်ဖြစ်၍ မိမိ၌ ထင်ရှားမရှိသော ဈာန်၊ မဂ်၊ ဖိုလ်တရားတို့ကို ရှိလေဟန် ဝါကြွားပြောဆိုခြင်း မပြုရ၊ ပြောဆိုပါက ပါရာဇိကအာပတ် သင့်၏။
(၂) မိန်းမ၊ ယောက်ျား နှစ်ဦးသားတို့အား စေ့စပ်အောင်သွယ်ပေးပါက သံဃာဒိသေသ်အာပတ် သင့်၏။
(၃) မိမိကိုယ်ကို ရဟန္တာဟု တိုက်ရိုက်မပြောဘဲ “သင်၏ကျောင်းမှာနေသော ရဟန်းသည် ရဟန္တာဖြစ်၏” ဟု ပြော၍ ဒကာက နားလည်လျှင် ထုလ္လစဉ်းအာပတ် သင့်၏။
(၄) မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ကို ကျန်းမာပါလျက် မိမိအတွက် နှုတ်မြွက်၍ တောင်းစားလျှင် ပါစိတ်အာပတ် သင့်၏။
(၅) မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ကို ကျန်းမာပါလျက် မိမိအတွက် နှုတ်မြွက်၍ တောင်းစားသော ဘိက္ခုနီမအား ပါဋိဒေသနီယအာပတ် သင့်၏။
စာမျက်နှာ-509
(၆) သာမန်ဟင်းကိုဖြစ်စေ၊ ဆွမ်းကိုဖြစ်စေ ကျန်းမာပါလျက်နှင့် မိမိအတွက် နှုတ်မြွက်၍ တောင်းစားသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။
ထို့ပြင် —
သူတစ်ပါး အထင်ကြီးအောင် ဟန်ဆောင်ခြင်း (ကုဟန)၊
ပစ္စည်းလှူရေး လမ်းကြောင်းပေး၍ ပြောဆိုခြင်း (လပန)၊
လှူလိုစိတ်ပေါ်အောင် အရိပ်နိမိတ်ပြုခြင်း (နေမိတ္တိကတာ)၊
မလှူဘဲ မနေသာအောင် အကျပ်ကိုင်ပြောဆိုခြင်း (နိပ္ပိသိကတာ)၊
ရပြီးပစ္စည်းဖြင့် မျှား၍ အလှူခံယူခြင်း (လာဘေန လာဘံ နိပ္ပိပါဒနတာ) —
ဤသို့အစရှိသော ယုတ်ညံ့သော အပြုအမူ အပြောအဆိုဖြင့် အသက်မွေးခြင်းကို မိစ္ဆာဇီဝဟု ခေါ်၏။ ယင်းမိစ္ဆာဇီဝမှ ရှောင်ကြဉ်ခြင်းသည် အာဇီဝပါရိသုဒ္ဓိသီလ မည်၏။
ပစ္စယသန္နိဿိတသီလ
ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးကို ပညာဖြင့် ဆင်ခြင်၍ မှီဝဲသုံးဆောင်ခြင်းသည် ပစ္စယသန္နိဿိတသီလ မည်၏။
သုံးဆောင်ခြင်း (၄) မျိုး
ပစ္စည်းလေးပါးကို သုံးဆောင်ရာ၌ အောက်ပါအတိုင်း ၄-မျိုးရှိ၏ —
(က) ခိုးယူသုံးဆောင်ခြင်း (ထေယျပရိဘောဂ)။
(ခ) ကြွေးယူသုံးဆောင်ခြင်း (ဣဏပရိဘောဂ)။
(ဂ) အမွေခံအဖြစ်ဖြင့် သုံးဆောင်ခြင်း (ဒါယဇ္ဇပရိဘောဂ)။
(ဃ) ပိုင်ရှင်အဖြစ်ဖြင့် သုံးဆောင်ခြင်း (သာမိပရိဘောဂ)။
သီလမရှိသောသူ၏ ပစ္စည်းလေးပါးကို သုံးဆောင်ခြင်းသည် သံဃာ့အလယ်မှာနေ၍ သုံးဆောင်စေကာမူ ခိုးယူသုံးဆောင်သည်နှင့် တူ၏။ သီလရှိသော ပုဂ္ဂိုလ်များအား ရည်စူး၍ လှူဒါန်းသည်ကို သီလမရှိဘဲလျက် စားသုံးခြင်းကြောင့် ဖြစ်သည်။
စာမျက်နှာ-510
သီလရှိသော်လည်း ပစ္စဝေက္ခဏာဆင်ခြင်မှု မပြုဘဲ သုံးဆောင်ခြင်းသည် အကြွေးယူသုံးဆောင်ရာ ရောက်၏။ စားသုံးနေစဉ် မဆင်ခြင်မိပါက နံနက်အရုဏ်မတက်မီ ဆင်ခြင်ရ၏။ ဤကဲ့သို့ အတိုးချ၍ ပစ္စဝေက္ခဏာဆင်ခြင်မှုကို ပြုရသဖြင့် ကြွေးယူမှုဖြင့် နှိုင်းခိုင်းထားခြင်း ဖြစ်သည်။
သီလရှိသော (သေက္ခ) ပုဂ္ဂိုလ်တို့၏ ပစ္စည်းလေးပါးကို ပညာဖြင့် ဆင်ခြင်၍ သုံးဆောင်ခြင်းသည် အမွေခံအဖြစ်ဖြင့် သုံးဆောင်ခြင်း မည်၏။ ကိလေသာ အာသဝေါတရား ကုန်ခန်းပြီးသော ရဟန္တာပုဂ္ဂိုလ်တို့၏ သုံးဆောင်ခြင်းသည် ပိုင်ရှင်အဖြစ်ဖြင့် သုံးဆောင်ခြင်း မည်၏။
ဤသုံးဆောင်ခြင်း ၄-မျိုးတို့တွင် သာမိပရိဘောဂ နှင့် ဒါယဇ္ဇပရိဘောဂ နှစ်ပါးကိုသာ ပြုသင့်၏။ ဣဏပရိဘောဂနှင့် ထေယျပရိဘောဂ မဖြစ်စေရန် ကြိုးပမ်းကြရမည် ဖြစ်သည်။ ဤသို့လျှင် ဆိုအပ်ပြီးသော နည်းအတိုင်း ပစ္စည်းလေးပါးတို့ကို ပစ္စဝေက္ခဏာ ဆင်ခြင်၍ သုံးဆောင်သဖြင့် ပစ္စယသန္နိဿိတသီလကို ပြည့်စုံစေရာ၏။
သီလစင်ကြယ်နည်း ၄-မျိုး
ထိုသီလလေးပါးတို့ ညစ်နွမ်းနေပါက စင်ကြယ်အောင် နည်း (၄) နည်းဖြင့် ဆောင်ရွက်နိုင်ပေသည်။
၁။ ပါတိမောက္ခသံဝရသီလ ၌ သင့်သော အာပတ်ကို သက်ဆိုင်ရာ ကုစားနည်းဖြင့် ဒေသနာကြားလျှင် စင်ကြယ်စေနိုင်၏။ (ဒေသနာဝိသုဒ္ဓိ)
၂။ ဣန္ဒြိယသံဝရသီလ ၌ နောက်ထပ်တစ်ဖန် ဤသို့မပြုလုပ်တော့ပြီဟု စိတ်ကို ဆုံးဖြတ်ကာ စောင့်စည်းခြင်းဖြင့်သာလျှင် စင်ကြယ်စေနိုင်၏။ (သံဝရဝိသုဒ္ဓိ)
၃။ အာဇီဝပါရိသုဒ္ဓိသီလ ၌ မအပ်သော ရှာမှီးခြင်းကို ပယ်ရှားပြီးလျှင် တရားနှင့်အညီသာ ပစ္စည်းကို ရှာမှီးသုံးဆောင်ခြင်းဖြင့် စင်ကြယ်စေနိုင်၏။ (ပရိယေဋ္ဌိဝိသုဒ္ဓိ)
၄။ ပစ္စယသန္နိဿိတသီလ ၌ ပညာဖြင့် ဆင်ခြင်မှုကို ပြန်လည်အတိုးချ ဆင်ခြင်မှုပြုမှသာ စင်ကြယ်စေနိုင်လေသည်။ (ပစ္စဝေက္ခဏဝိသုဒ္ဓိ)
စာမျက်နှာ-511
အသက်ကိုပင် စွန့်လွှတ်၍ သီလကို ဖြည့်ကျင့်ကြသော မထေရ်များ
ရှေးအခါက သီဟိုဠ်ကျွန်း မဟာဝတ္တနိမည်သော တောအုပ်ကြီး၌ မထေရ်တစ်ပါးကို ခိုးသူများဖမ်း၍ နွယ်ငန်းဖြင့် နှောင်ဖွဲ့ထားကုန်၏။ မထေရ်သည် ရုန်းထွက်နိုင်သော်လည်း ရုန်းထွက်ပါက နွယ်ငန်းပြတ်၍ (ဘူတဂါမပါစိတ်) အာပတ်သင့်မည်ကို စိုးရိမ်သောကြောင့် မရုန်းမကန်ဘဲ ထားခဲ့သည့်အတိုင်းပင် နေလျက် ခုနစ်ရက်ပတ်လုံး ဝိပဿနာပွားနေခဲ့သည်။ အနာဂါမ်ဖိုလ်သို့ ရောက်ပြီးလျှင် ထိုနေရာ၌ပင် ကွယ်လွန်သွား၍ ဗြဟ္မာ့ပြည်၌ ဖြစ်လေ၏။
သီဟိုဠ်ကျွန်း၌ပင် မထေရ်တစ်ပါးကို ခိုးသူများက ဆင်သမနွယ်ဖြင့် တုတ်နှောင်ကာ မထနိုင်အောင် တုံးလုံးလှဲထားခဲ့ကုန်၏။ ထိုခဏ၌ တောမီးလောင်ရာ မထေရ်သည် ယင်းနွယ်ကို ဖြတ်မည်ဆိုက ဖြတ်နိုင်သော်လည်း အာပတ်သင့်မည်ကို စိုးရိမ်သဖြင့် နွယ်ကို မဖြတ်ဘဲ ဝိပဿနာတရား ပွားများနေခဲ့သည်။ အသက်ကုန်ခြင်းနှင့် ကိလေသာကုန်ခန်းခြင်းတို့ တပြိုင်နက်ဖြစ်သည့် သမသီသီ ခေါ် ရဟန္တာဖြစ်ကာ ပရိနိဗ္ဗာန်စံလွန်တော်မူသည်။ ဤသို့လျှင် ပါတိမောက္ခသံဝရသီလကို သဒ္ဓါတရားဖြင့် အသက်စွန့်၍ စောင့်ထိန်းကြကုန်၏။
စိတ္တဂုတ္တမထေရ်
ဣန္ဒြိယသံဝရသီလကို သတိဖြင့် စောင့်ထိန်းပုံကို ပြဦးအံ့ —
သီဟိုဠ်ကျွန်း ကုရုဏ္ဍကလိုဏ်ဂူကြီး၌ စိတ္တဂုတ္တမထေရ်ကြီး သီတင်းသုံး၍ တရားအားထုတ်နေ၏။ ယင်းလိုဏ်ဂူ၌ ဝိပဿီအစရှိသော ဘုရားရှင် ခုနစ်ဆူတို့၏ တောထွက်ခန်းကို အဆန်းတကြယ် ပန်းချီဆေးရေးထား၏။ အာဂန္တုရဟန်းများသည် ကျောင်းစဉ်လျှောက်၍ ကြည့်ရှုသောအခါ ပန်းချီဆေးခြယ်ထားသည့် တောထွက်ခန်းကို မြင်ကြ၍ မထေရ်မြတ်ထံဝင်ပြီး “အရှင်ဘုရား သီတင်းသုံးရာ လိုဏ်ဂူ၌ ရေးခြယ်ထားသည့် တောထွက်ခန်း ရုပ်ပုံတော်များသည် အလွန်နှစ်သက်ဖွယ် ရှိပါကုန်၏” ဟု လျှောက်ကြ၏။ မထေရ်မြတ်က “ငါ့ရှင်တို့.. ငါသည် အနှစ်ခြောက်ဆယ်ကျော် ဤလိုဏ်ဂူ၌ နေထိုင်ခဲ့သော်လည်း ပန်းချီဆေးရေးရုပ် ရှိသည် မရှိသည်ကို ငါမသိ၊ ယနေ့မှ သင်တို့ပြောကြား၍ သိရသည်” ဟု မိန့်ကြားခဲ့သည်။
ထိုသတင်းကြား၍ ဘုရင်က ပင့်သဖြင့် ဘုရင့်နန်းတော်ရောက်သောအခါ၌လည်း မင်းက ရှိခိုးသည်ဖြစ်စေ၊ မိဖုရားက ရှိခိုးသည်ဖြစ်စေ “မင်းကြီး ချမ်းသာခြင်းရှိပါစေ” ဟူ၍သာ မိန့်တော်မူ၏။ မင်းဟူ၍လည်းကောင်း၊ မိဖုရားဟူ၍လည်းကောင်း ပိုင်းခြားမှတ်သားခြင်းမပြုပေ။ လိုဏ်ဂူသို့ ပြန်ကြွ၍ ဝိပဿနာ ဆက်လက်ရှုပွားတော်မူရာ ရဟန္တာအဖြစ်သို့ ရောက်လေသည်။
စာမျက်နှာ-512
မဟာမိတ္တထေရ်
မဟာမိတ္တထေရ်၏ မိခင်၏ရင်သားတွင် အဆိပ်ရှိသော အိုင်းအနာပေါက်၏။ သမီးဖြစ်သူမှာ ဘိက္ခုနီမဖြစ်သည်။ သမီးကိုခေါ်ပြီး “သင့်မောင်ထံသွား၍ ငါ့မှာ အနာပေါက်နေကြောင်း လျှောက်ထား၍ ဆေးတောင်းယူခဲ့လော့” ဟု မှာကြား၏။ ဘိက္ခုနီမ၏ လျှောက်ထားချက်အရ မထေရ်ကြီးက “ငါသည် ဆေးချက်ရန် နည်းလမ်းကို မသိပေ။ ငါသည် ရဟန်းဖြစ်ချိန်မှစ၍ ယနေ့အထိ တပ်မက်သော လောဘစိတ်ဖြင့် ဣန္ဒြေကို ဖျက်ကာ ဝိသဘာဂဖြစ်သော မိန်းမအာရုံကို တစ်ကြိမ်မျှ မကြည့်စဖူး၊ ဤသစ္စာစကားကြောင့် ငါ၏မိခင် ကျန်းမာချမ်းသာခြင်း ဖြစ်ပါစေ” ဟု သစ္စာစကားကို မှာကြားလိုက်၏။ ယင်းမှာသည့်အတိုင်း နှမဖြစ်သူသည် သစ္စာစကားကို ရွတ်ဆို၍ မိခင်ကို သုံးသပ်ရာ အဆိပ်ရှိသော အိုင်းအနာသည် ပျောက်ကင်းလေ၏။ ဣန္ဒြိယသံဝရသီလဖြင့် သစ္စာဆိုကာ ကုသခြင်းဖြစ်သည်။
အရှင်သာရိပုတ္တရာမထေရ်
အရှင်သာရိပုတ္တရာမထေရ်သည် အရှင်မဟာမောဂ္ဂလ္လာန်မထေရ်နှင့်အတူ တစ်ခုသော တောအုပ်၌ သီတင်းသုံးနေတော်မူစဉ် လေနာရောဂါစွဲကပ်၍ အလွန်ပင်ပန်းနွမ်းနယ်တော်မူ၏။ အရှင်မဟာမောဂ္ဂလ္လာန်က “ငါ့ရှင် ရှေးအခါက လေနာရောဂါဖြစ်သောအခါ အဘယ်ဆေးဖြင့် ချမ်းသာရာ ရဖူးသနည်း” ဟု မေး၏။ အရှင်သာရိပုတ္တရာမထေရ်က “ထောပတ်၊ ပျားသကာ စသည်ထည့်၍ ကြိုသော ရေမရောသည့် နို့ဃနာဖြင့် လေနာရောဂါ ချမ်းသာဖူးပါသည်” ဟု မိန့်တော်မူ၏။
ဤသို့ မထေရ်နှစ်ပါး အချင်းချင်း စကားနှီးနှောပြောဆိုနေကြသည်ကို စင်္ကြံဦးရှိ ရုက္ခစိုးနတ်ကြား၍ အရှင်မဟာမောဂ္ဂလ္လာန်မထေရ်၏ ဆွမ်းဒကာအိမ်သို့ သွားပြီး သားကြီးကိုယ်၌ ပူးဝင်နှိပ်စက်လေ၏။ နက်ဖြန် အရှင်မဟာမောဂ္ဂလ္လာန်ထေရ်အား နို့ဃနာဆွမ်းလှူလျှင် သူ့ကို ငါလွှတ်မည်ဟူ၍ ဆို၏။ နောက်နေ့တွင် ဆွေမျိုးများသည် ရေမရောသော နို့ဃနာဆွမ်းကို ချက်၍ အရှင်မဟာမောဂ္ဂလ္လာန်ထေရ် ဆွမ်းခံလာသောအခါ ဆက်ကပ်လှူဒါန်းကြကုန်၏။ အရှင်မဟာမောဂ္ဂလ္လာန်လည်း အရှင်သာရိပုတ္တရာအား ဆက်ကပ်လေ၏။ အရှင်သာရိပုတ္တရာသည် ထိုနို့ဃနာဆွမ်းကို မဘုဉ်းပေးမီ စဉ်းစားဆင်ခြင်သော် ရုက္ခစိုးနတ်ကြောင့် ဤနို့ဃနာဆွမ်း ရတော်မူသည်ကို မြင်၍ “ဤနို့ဃနာဆွမ်းသည် မအပ်” ဟူ၍ ဆို၏။ ထိုအခါ အရှင်မဟာမောဂ္ဂလ္လာန်သည် သပိတ်အနားစွန်းကိုကိုင်၍ မှောက်သွန်ပစ်လိုက်ရာ နို့ဃနာဆွမ်း မြေပေါ်သို့ ကျသည်နှင့်တစ်ပြိုင်နက် အရှင်သာရိပုတ္တရာ လေနာပျောက်ကင်းလေ၏။
စာမျက်နှာ-513
အမ္မဗာဒက မဟာတိဿထေရ်
သီဟိုဠ်ကျွန်း စိရဂုမ္မအရပ်၌ သီတင်းသုံးနေသော မဟာတိဿထေရ်သည် ငတ်မွတ်ခေါင်းပါးခြင်းဘေး ဆိုက်ရောက်လာသောအခါ ခရီးသွားစဉ် ဆွမ်းပြတ်လတ်၍ အားပြတ်နေသဖြင့် အသီးရှိသော သရက်ပင်ရင်း၌ သီတင်းသုံးနေ၏။ သရက်သီးမှည့်တို့သည် မထေရ်၏ အနီး၌ ကြွေကျကုန်၏။ လွန်စွာ ဆာလောင်မွတ်သိပ်သော်လည်း ကောက်ယူသုံးဆောင်ခြင်း မပြုချေ။ လူအိုတစ်ယောက်လာပြီး သရက်ဖျော်ရည်လုပ်၍ ဆက်ကပ်၏။ ထို့နောက် မထေရ်ကို မိမိကျောပေါ်၌ တင်၍ လိုရာခရီးသို့ ပို့ဆောင်လေသည်။ လူအို၏ ကျောပေါ်နေလျက် မိမိသီလကို ဆင်ခြင်ကာ ဝိပဿနာပွားများရာ ရဟန္တာအဖြစ်သို့ ရောက်လေ၏။
အရိယာပုဂ္ဂိုလ်တို့၏ သီလသည် ဒိဋ္ဌိဖြင့် မသုံးသပ်အပ်၊ ပုထုဇဉ်ပုဂ္ဂိုလ်တို့၏ သီလသည် ရာဂဖြင့် မသုံးသပ်အပ်။ ထို့ကြောင့် ဤသီလများသည် အပရာမဋ္ဌသီလ မည်၏။ သီဟိုဠ်ကျွန်း၌ သူကြွယ်သားဖြစ်သော တိဿမထေရ်၏ သီလမျိုးပင်တည်း။
သီဟိုဠ်ကျွန်းတွင် သူကြွယ်တစ်ဦး၌ သားနှစ်ယောက်ရှိ၏။ မိဘတို့ကွယ်လွန်သောအခါ သားအကြီးဖြစ်သူ တိဿလုလင်သည် ပစ္စည်းများကို ညီငယ်အား ပေးခဲ့ပြီး ရဟန်းပြု၍ တောကျောင်း၌ တရားအားထုတ်နေ၏။ ထိုအခါ ညီ၏မယား (ခယ်မ) ဖြစ်သူက အစ်ကို တိဿ လူထွက်လာလျှင် ပစ္စည်းများ ထက်ဝက်ခွဲပေးရမည် စိုးရိမ်သဖြင့် လူဆိုးတို့အား ပစ္စည်းဥစ္စာ ပေးကမ်းပြီး အသတ်ခိုင်းလေ၏။ လူဆိုးများသည် တောကျောင်း၌ မထေရ်ကို ဖမ်းဆီးကြကုန်၏။ မထေရ်က ငါ့မှာ ပစ္စည်းမရှိဟု ပြောရာ လူဆိုးများက သတ်ရန် လာခဲ့ကြောင်း ပြော၏။ မထေရ်သည် သီလကိုမှီ၍ အရဟတ္တဖိုလ် ရယူလိုသဖြင့် တစ်ညတာမျှ တရားအားထုတ်ခွင့်ပေးရန် တောင်းဆို၏။ လူဆိုးများ ယုံကြည်စေရန် ကြီးစွာသော ကျောက်ခဲဖြင့် ဒူးနှစ်ဖက်ကို ကိုယ်တိုင်ထုနှက်၍ ရိုက်ချိုးလိုက်၏။ ဒူးနှစ်ဖက်လုံး သွင်သွင်ကျိုးသောအခါ လူဆိုးတို့က တရားအားထုတ်ခွင့် ပေးသဖြင့် မိမိ၏သီလကို ဆင်ခြင်လျက် ဝိပဿနာတရားကို အားထုတ်ရာ အရုဏ်တက်သောအခါ အရဟတ္တဖိုလ်သို့ ရောက်တော်မူ၏။
မဟာသံဃရက္ခိတမထေရ်
ဝါတော်ခြောက်ဆယ်ရှိ မဟာသံဃရက္ခိတမထေရ်သည် သေမည့်ညောင်စောင်း၌ လဲလျောင်းနေစဉ် ရဟန်းသံဃာများက မေးသဖြင့် “ငါ့မှာ ရပြီးသော...
စာမျက်နှာ-514
လောကုတ္တရာတရားမရှိ” ဟု မထေရ်မြတ်က ဖြေကြား၏။ ပုထုဇဉ်အဖြစ် သေသွားလျှင် တစ်ဆယ့်နှစ်ယူဇနာအတွင်းရှိ လူများ စိတ်မချမ်းမသာ ဖြစ်ရတော့မည်ဟု လျှောက်ကြ၏။ “ငါသည် မေတ္တေယျဘုရားကို ဖူးမြော်အံ့ဟု အောက်မေ့ကာ ဝိပဿနာတရား အားမထုတ်ဘဲ နေခဲ့သည်။ ဤသို့ဖြစ်လျှင် ငါ့ကို ထူမပေး၍ တရားနှလုံးသွင်းရန် ခွင့်ပြုကြလော့” ဟု မိန့်၏။ ရဟန်းငယ်က မထေရ်ကို ထူမပေးပြီးလျှင် အပြင်သို့ ထွက်ပေးသည်နှင့်တစ်ပြိုင်နက် ရဟန္တာအဖြစ်သို့ ရောက်၏။ မထေရ်ကြီးက “ငါ့အရှင်တို့ ဤသို့ သေခါနီးဆဲဆဲမှာ လောကုတ္တရာတရား ဖြစ်စေခြင်းငှာ မခဲယဉ်းပါ၊ ခဲယဉ်းသော အမှုမှာ ရဟန်းဖြစ်သော ကာလမှစ၍ သတိသမ္ပဇဉ်မပါဘဲ မပြုလုပ်မိစေရန် စောင့်ထိန်းရခြင်း ဖြစ်၏။ သတိပညာ မလွတ်ကင်းအောင် နေနိုင်ခြင်းသည်သာလျှင် ခဲယဉ်းလှပေသည်” ဟု မိန့်တော်မူ၏။
သီလညစ်ညူးခြင်း
သီလကျိုးခြင်း၊ ပေါက်ခြင်း၊ ပြောက်ခြင်း၊ ကျားခြင်းတို့သည် ပစ္စည်းဥစ္စာ၊ အခြံအရံ၊ ဆွေမျိုး၊ အသက်၊ အကျော်အစော စသည်တို့ကြောင့် ဖြစ်ပေါ်၍ သီလညစ်ညူးခြင်း ဖြစ်ရသည်။ ထို့ပြင် ခုနစ်ပါးသော မေထုန်ငယ်တရားတို့နှင့် ယှဉ်တွဲခြင်းကြောင့် သီလညစ်ညူးခြင်း ဖြစ်ရ၏။
ကျိုးသောသီလ (ခဏ္ဍသီလ): ရဟန်းတစ်ပါးသည် အာပတ်ခုနစ်ပုံရှိသည့်အနက် ပစ္စည်းဥစ္စာကို လိုချင်ခြင်း၊ အကျော်အစောဂုဏ်ကို ရလိုခြင်း စသည်တို့ကြောင့် အစဖြစ်သော အာပတ်အစု၌ဖြစ်စေ၊ အဆုံးဖြစ်သော အာပတ်အစု၌ဖြစ်စေ သင့်ရောက်၍ သိက္ခာပုဒ် ပျက်စီးငြားအံ့၊ ထိုရဟန်း၏ သီလသည် အနားစွန်း၌ ပြတ်သော အဝတ်ကဲ့သို့ ကျိုးသည် မည်၏။
ပေါက်သောသီလ (ဆိဒ္ဒသီလ): ရဟန်းတစ်ပါး၏ သီလသည် အလယ်၌ ဖြစ်သော အာပတ်စု၌ ပျက်စီးငြားအံ့၊ ထိုရဟန်း၏ သီလသည် အလယ်၌ ပေါက်သော အဝတ်ကဲ့သို့ ပေါက်သည် မည်၏။
ကျားသောသီလ (ကမ္မာသသီလ): ရဟန်းတစ်ပါး၏ သီလသည် အစဉ်အတိုင်း သိက္ခာပုဒ်နှစ်ပါး သုံးပါး ပျက်စီးငြားအံ့၊ ထိုရဟန်း၏ သီလသည် နွားကျားကဲ့သို့ ကျားသောသီလ မည်၏။
ပြောက်သောသီလ (သဗလသီလ): ရဟန်းတစ်ပါး၏ သီလသည် သိက္ခာပုဒ်တစ်ခုကျော် နှစ်ခုကျော် စသည်ဖြင့် ခုန်ကျော်လျက် ပျက်စီးငြားအံ့၊ ထိုရဟန်း၏ သီလသည် အပြောက်အပြောက်ရှိသော နွားကဲ့သို့ ပြောက်သောသီလ မည်၏။
စာမျက်နှာ-515
ဤသို့လျှင် သီလကျိုး၊ ပြတ်၊ ပေါက်၊ ကျား၊ ပြောက်ခြင်းများသည် သီလ၏ ညစ်ညူးမှုပင် ဖြစ်သည်။ ထို့ပြင် အောက်ဖော်ပြပါ မေထုန်ငယ် ခုနစ်ပါး ကြောင့်လည်း သီလညစ်ညူးခြင်း ဖြစ်သေး၏ —
(၁) အမျိုးသမီး၏ အနင်းအနှိပ် အဆုပ်အနယ်ကို သာယာခြင်း။
(၂) အမျိုးသမီးနှင့်တကွ ရယ်ဖွယ်ရွှင်ဖွယ် ကျီစယ်ပြောဆို သာယာခြင်း။
(၃) အမျိုးသမီးနှင့် အချင်းချင်း စိန်းစိန်းစိုက်စိုက် ကြည့်ရှုသာယာခြင်း။
(၄) အမျိုးသမီး၏ အသံကို အနီးအဝေးက ကြားရ၍ သာယာခြင်း။
(၅) ရှေးရှေးသောအခါက အမျိုးသမီးနှင့် ပျော်ပါးဖူးသည်ကို အမှတ်ရ၍ တအောက်မေ့မေ့ သာယာခြင်း။
(၆) တစ်ပါးသောသူတို့ အမျိုးသမီးနှင့် ပျော်မြူးနေသည်ကို မြင်၍ကြား၍ သာယာခြင်း။
(၇) ယခုစောင့်ထိန်းသော ဥပုသ်သီလ၏ အကျိုးအဖြစ်ဖြင့် နောင်နတ်သမီး နတ်သားဖြစ်၍ ခံစားစံစားလိုမှု၌ စိတ်ညွှတ်ခြင်း။
ဤ ၇-ပါးတွင် တစ်ပါးပါးနှင့် စွန်းငြိသော သီလသည် သီလညှိုး၊ သီလကျိုး၊ သီလပျက် မည်၏။ ထိုမှတစ်ပါးလည်း အောက်ဖော်ပြပါ ယုတ်ညံ့သော တရားများကြောင့်လည်း သီလညစ်နွမ်းရ၏ —
ကောဓ = အမျက်ထွက်ခြင်း။
ဥပနာဟ = ရန်ငြိုးဖွဲ့ခြင်း။
မက္ခ = သူ့ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်း။
ပဠာသ = အပြိုင်ပြုခြင်း။
ဣဿာ = သူ့စည်းစိမ်ကို မနာလိုခြင်း။
မစ္ဆရိယ = မိမိစည်းစိမ်ကို နှမြောဝန်တို လျှို့ဝှက်ခြင်း။
မာယာ = မိမိ၌ ထင်ရှားရှိသော အပြစ်ကို ဖုံးလွှမ်းခြင်း။
သာဌေယျ = မိမိ၌ ထင်ရှားမရှိသော ဂုဏ်ကို ထင်ပေါ်အောင် ပြုလုပ်ခြင်း။
သီလစင်ကြယ်ခြင်း
ထိုသို့ မကျိုး၊ မပေါက်၊ မပြောက်၊ မကျားသော သီလသည် စင်ကြယ်သည်ဖြစ်၍ တဏှာ၏ ကျွန်အဖြစ်မှ တော်လှန်မှုကို ပြုတတ်သောကြောင့် ဘုဇိဿသီလ မည်၏။ ပညာရှိတို့ ချီးမွမ်းအပ်သောကြောင့် ဝိညူပသတ္ထသီလ လည်း...
စာမျက်နှာ-516
မည်၏။ ငါ့သီလသည် အလွန်တရာ စင်ကြယ်သည်ဖြစ်၍ နောင်သောအခါ ကြီးကျယ်သော စည်းစိမ်ချမ်းသာများကို ရရှိစေလိမ့်မည် စသည်ဖြင့် တပ်မက်မောခြင်း ရာဂ၊ (ငါ့သီလသည် အလွန်စင်ကြယ်၏၊ ငါ့သီလမျိုး အခြားသူမှာ မရှိ) စသည်ဖြင့် သက္ကာယဒိဋ္ဌိတို့ဖြင့် အသုံးသပ်မခံရခြင်းကြောင့် အပရာမဋ္ဌသီလ လည်း မည်၏။ ဤသီလမျိုးသည် ရှေ့သို့ တစ်ဆင့်တက်ကာ ဈာန်နှင့် နီးကပ်သော သမာဓိ၊ ဈာန်နှင့် ယှဉ်သော သမာဓိတို့ကို ဖြစ်စေနိုင်သောကြောင့် သမာဓိသံဝတ္တနိကသီလ လည်း မည်ကုန်၏။
ဤသို့ ပြဆိုခဲ့ပြီးသောအတိုင်း သီလသည် —
၁။ မကျိုးမပြတ်ခြင်း၊
၂။ မပေါက်ခြင်း၊
၃။ မကျားခြင်း၊
၄။ မပြောက်ခြင်း၊
၅။ တဏှာကို တော်လှန်နိုင်ခြင်း၊
၆။ ပညာရှိတို့ ချီးမွမ်းအပ်ခြင်း၊
၇။ တဏှာ၊ ဒိဋ္ဌိတို့ဖြင့် အသုံးသပ်မခံရခြင်း —
ဤအင်္ဂါခုနစ်ပါးသည် သီလစင်ကြယ်ကြောင်း တရားတို့ဖြစ်ကုန်၏။ ထိုခုနစ်ပါးနှင့် ပြည့်စုံသော သီလသည်သာ အထက်ဖြစ်သော သမာဓိနှစ်ပါးကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် သမာဓိကို ရယူလိုသော ပုဂ္ဂိုလ်မြတ်သည် မိမိ၏ သီလကို ဤအင်္ဂါခုနစ်ပါးတွင် ပြည့်စုံအောင် အားထုတ်ရာ၏။
မြတ်စွာဘုရား ဟောကြားတော်မူအပ်သော သီလကို —
ရစ်မ သည် မိမိအသက်ကို စွန့်ကာ ဥကို စောင့်ရှောက်သကဲ့သို့ လည်းကောင်း၊
စာမရီသားကောင် သည် အသက်ကို စွန့်ကာ မြီးဆံကို စောင့်ရှောက်သကဲ့သို့ လည်းကောင်း၊
သားတစ်ယောက်တည်း သာရှိသောသူသည် မိမိ၏ တစ်ဦးတည်းသော သားကို ယုယုယယ စောင့်ရှောက်သကဲ့သို့ လည်းကောင်း၊
မျက်စိတစ်ဖက်ကန်းသူ သည် ကျန်သော မျက်စိတစ်ဖက်ကို ယုယုယယ စောင့်ရှောက်သကဲ့သို့ လည်းကောင်း —
ထို့အတူ သီလကို စောင့်ထိန်းကုန်သောသူတို့သည် အရွယ်သုံးပါးလုံး၌ပင် သီလကို အလေးထားကာ စောင့်ရှောက်ထိန်းသိမ်းကြရာသတည်း။
ဤတွင် အပိုင်း (၄) ပြီး၏။
စာမျက်နှာ-517
အပိုင်း (၅) အခန်း (၂၁) - အန္တရာယ်ကင်းဂါထာများ
ဤစာအုပ်တွင် အန္တရာယ်ကင်းဂါထာများ ရွတ်ဖတ်နည်းအညွှန်းနှင့် အကျိုးသွားများကို ဖော်ပြပါဦးမည်။ ယင်းကဏ္ဍကို ဖော်ပြရခြင်းမှာ ဗုဒ္ဓဘာသာဝင် လူငယ်မောင်မယ်များအတွက် အလွယ်တကူ ကျက်မှတ်စေလိုသော စေတနာဖြင့် စီစဉ်ထားခြင်း ဖြစ်သည်။
ဗုဒ္ဓဘာသာဝင်တစ်ယောက်အတွက် “ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ = ဘုရားမှလွဲလျှင် ကိုးကွယ်ရာ အားထားရာ မရှိပေ”။ သို့သော် လူသားတို့သည် စီးပွားရေး၊ လူမှုရေးလုပ်ငန်းတို့ဖြင့် ဌာနအသီးသီး၊ ဒေသအရပ်ရပ်သို့ လှည့်လည်သွားလာနေကြရသည်။ အန္တရာယ်ထူပြောသော ဒေသကိုလည်း မလွှဲသာမရှောင်သာ သွားကြရသည်။ တစ်ခါတစ်ရံ အန္တရာယ်များသော အရပ်၌ နေထိုင်ကြရသည်။ ယင်းအချိန်အခါမျိုးတွင် ပုထုဇဉ်သဘာဝ စိတ်အားငယ်တတ်ကြသည်။
ထိုအချိန်မျိုးတွင် စိတ်အားတက်စရာ အားကိုးစရာများကို ရှာတတ်ကြသည်။ ဘာသာရေးဟူသည် ယင်းသို့ စိတ်အားငယ်သည့်အခါ အားကိုးရာအစစ် ဖြစ်သည်။ အန္တရာယ်များလှသော လူသားများအတွက် အားကိုးရာတစ်ရပ်အနေဖြင့် ဗုဒ္ဓမန္တန်များကို စီစဉ်ဖော်ပြထားပါသည်။ ဤဂါထာများသည် ပိဋကတ်စာပေလာ ဂါထာ၊ စုဏ္ဏိယများနှင့် ရှေးဆရာတော်ကြီးများ ရေးသားစပ်ဆိုတော်မူခဲ့သော ရတနာသုံးပါးဆိုင်ရာ ဂါထာများသာ ဖြစ်ပေသည်။
စာမျက်နှာ-518
“နမော တဿ” အန္တရာယ်ကင်းမန္တန်မှာလည်း ဘုရားရှိခိုးပင်ဖြစ်ကြောင်း အားလုံးသိပြီးဖြစ်သည်။ ယင်းသို့ ဘုရားကို ရှိခိုးသော ပဏာမစေတနာသည်ပင် အန္တရာယ်ကင်း၍ ကျန်းမာချမ်းသာခြင်းကို ဖြစ်စေနိုင်သည်မှာ သံသယဖြစ်ဖွယ် မလိုတော့ပေ။ “သဝေမပါ ကိုးဂါထာ” မှာလည်း သရဏဂုံပါဠိပင် ဖြစ်သည်။ စိတ်တော်ဖြင့် ကျူးရင့်သော ဥဒါန်းဂါထာ၊ နှုတ်တော်ဖြင့် ကျူးရင့်သော ဥဒါန်းဂါထာ၊ သဗ္ဗဇယမင်္ဂလာ ဂါထာတော် စသော ဂါထာများမှာလည်း ဘုရားဟောသော ပါဠိတော်များမှ ထုတ်နုတ်ထားခြင်းပင် ဖြစ်သည်။
အောင်ခြင်းရှစ်ပါးဂါထာ၊ သမ္ဗုဒ္ဓေဂါထာတို့မှာလည်း ဘုရားဂုဏ်တော်နှင့်စပ်၍ ရှေးဆရာတော်များ ရေးသားထားခဲ့ရာ ယနေ့တိုင် အစဉ်အလာအားဖြင့် ရွတ်ဖတ်သရဇ္ဈာယ်ကြပေသည်။ မြတ်ဗုဒ္ဓကို ယုံကြည်သော သဒ္ဓါတရားရှိသူများအဖို့ ဤဂါထာများကို သမာဓိတည်ငြိမ်မှုဖြင့် ရွတ်ဆိုနေခိုက်မှာပင် စိတ်ချမ်းသာမှုကို အပြည့်အဝ ခံစားကြရပေမည်။
၁။ “နမော တဿ” အန္တရာယ်ကင်းဂါထာ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
အရဟတော - အရဟတ္တမဂ်ဉာဏ်ဖြင့် ဗုဒ္ဓဂုဏ်အင် စုံလင်ခဲ့ရာ ဗြဟ္မာ၊ နတ်၊ လူ သုံးဘုံသူတို့၏ အလှူတော်မှန် အပူဇော်ကို ခံတော်မူထိုက်သော။
သမ္မာသမ္ဗုဒ္ဓဿ - အမှန်အတိုင်းသာ ဆရာမပြ သဘာဝဖြင့် ဓမ္မအဖုံဖုံ တရားစုံကို အကုန်အစင် သိမြင်တော်မူပြီးထသော။
တဿ ဘဂဝတော - ဘုန်းတော်ခြောက်စုံ တန်ခိုးဂုဏ်နှင့် ပြည့်စုံပေငြား ထိုမြတ်စွာဘုရားအား။
နမော - ကာယ၊ ဝစီ၊ မနောချီလျက် သုံးလီဒွါရ ပမာဏဖြင့် ကြည်ဖြူသဒ္ဓါ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။
စာမျက်နှာ-519
ဤ “နမော တဿ” အစချီသော ဘုရားရှိခိုးသည် ဗုဒ္ဓဘာသာဝင် သူတော်စင်အဆက်ဆက်တို့ ရွတ်ဆိုရှိခိုးခဲ့ကြသည်။ ကျမ်းစာရေးသူတို့သည် ကျမ်းဦးအစ၌ ဤ “နမော တဿ” ဖြင့် ပဏာမအစချီလေ့ရှိကြသည်။ ဤဘုရားရှင်လက်ထက်တွင်သာမက ရှေးရှေးသော ဘုရားရှင်တို့လက်ထက်ကပင် ပေါ်ပေါက်နေခဲ့သော ဘုရားရှိခိုးလက်ဟောင်း ဖြစ်သည်။
၉၂-ကမ္ဘာမှ ဘုရားရှိခိုး
လွန်ခဲ့သော ကိုးဆယ့်နှစ်ကမ္ဘာ၌ ဖုဿဘုရားရှင် ပွင့်တော်မူရာ ဖုဿဘုရားရှင်၏ ခမည်းတော် မဟိန္ဒမင်းကြီးသည် မြတ်စွာဘုရားရှင်ကို လွန်စွာ ကြည်ညိုလှသဖြင့် “နမော တဿ” ဘုရားရှိခိုးကို သုံးကြိမ်ရွတ်ဆို ကျူးရင့်လျက် ဘုရားရှိခိုးလေ့ရှိခဲ့သည်။
သိကြားမင်း၏ ဘုရားရှိခိုး
မြတ်စွာဘုရားရှင်သည် ရာဇဂြိုဟ်မြို့၏ အရှေ့ဘက် ဂိဇ္ဈကုဋ်တောင်ခြေရှိ ဣန္ဒသာလလိုဏ်ဂူ၌ သီတင်းသုံးနေတော်မူစဉ် သိကြားမင်းသည် မိမိသိလိုသည့် အချက်များကို လာရောက်မေးလျှောက်၏။ ယင်းအမေးကို ပြန်လည်ဖြေကြားသည့် တရားတော်ကို သက္ကပဉှသုတ် ဟု ခေါ်၏။ သက္ကပဉှသုတ်ကို ဟောတော်မူရာ သိကြားမင်းသည် လွန်စွာ နှစ်ထောင်းအားရ ကြည်ညိုလှသဖြင့် ဤ “နမော တဿ” အစချီသော ဘုရားရှိခိုးကို သုံးကြိမ်တိတိ ရွတ်ဆိုရှိခိုးလေသည်။
ကောသလမင်းကြီး၏ ဘုရားရှိခိုး
မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် “အချစ်ကြောင့် ဒုက္ခဆင်းရဲဖြစ်ရသည်” ဟု မြတ်စွာဘုရား ဟောကြားသည့် ဒေသနာတော်နှင့် စပ်လျဉ်း၍ ကောသလမင်းကြီး၏ နန်းတော်၌ အငြင်းပွားကြ၏။ ကောသလမင်းကြီးက အချစ်ကြောင့် ပျော်ရွှင်ချမ်းမြေ့မှု၊ နှစ်သက်ဝမ်းမြောက်မှု ဖြစ်ရသည်ဟု ယူဆယုံကြည်နေ၏။
ထိုအခါ မလ္လိကာမိဖုရားကြီးသည် နာဠိဇင်္ဂအမည်ရှိသော ပုဏ္ဏားအား စေလွှတ်၍ မေးမြန်းလျှောက်ထားစေ၏။ မြတ်စွာဘုရားရှင်က စိုးရိမ်ပူဆွေး ငိုကြွေးရခြင်း ဆင်းရဲဒုက္ခများသည် အချစ်ကြောင့် ဖြစ်ရသည်၊ လင်မယားအချစ်ကြောင့် လင်သေမယားသေ ငိုကြွေးရ၏၊ သားသမီးအချစ်ကြောင့် သားသမီးသေသည့်အခါ ငိုကြွေးရ၏ စသည်ဖြင့် ဟောကြားတော်မူ၏။ ပုဏ္ဏားသည် မလ္လိကာမိဖုရားကြီးအား ပြန်လည်လျှောက်ထားရာ မလ္လိကာမိဖုရားသည် ကောသလမင်းကြီးအား သမီးတော်ကလေး ဝဇီရီကို ချစ်ပါရဲ့လားဟု မေး၏။ အသက်တမျှ ချစ်ခင်ကြောင်း...
စာမျက်နှာ-520
ဖြေကြား၏။ အကယ်၍ သမီးတော်ကလေး ဝဇီရီ သေဆုံးခဲ့ပါမူ အရှင်မင်းကြီးသည် စိုးရိမ်ပူဆွေး ငိုကြွေးမှု ပြု မပြု မေးရာ၊ ကောသလမင်းကြီးက စိုးရိမ်ပူဆွေး ငိုကြွေးရုံသာမက သေပင် သေသွားနိုင်သည်ဟု ဆို၏။ “ဤသို့ဆိုပါက အချစ်ကြောင့် ဆင်းရဲဒုက္ခဖြစ်ရသည်ဟူသော အချက် မှန် မမှန်” မေးလျှောက်၏။
မင်းကြီးသည် သဘောပေါက် နားလည်သွား၍ မိမိနှုတ်အာခံတွင်းကို ပလုတ်ကျင်းဆေးကြောပြီး လက်ဝဲတစ်ဖက် ပခုံးထက်၌ ကိုယ်ရုံကို တင်လျက် ဘုရားရှိရာဘက်သို့ မျက်နှာမူကာ လက်အုပ်ချီ၍ “နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဟု သုံးကြိမ်ရွတ်ဆို ဥဒါန်းကျူးရင့် ရှိခိုးလေသည်။
အာရာမဒဏ္ဍပုဏ္ဏား၏ ရှိခိုးခြင်း
အာရာမဒဏ္ဍပုဏ္ဏားကြီးသည် အရှင်မဟာကစ္စည်းထေရ်အား ဤသို့ လျှောက်၏ — “အိမ်ရာတည်ထောင် လူ့ဘောင်၌ နေသူများသည် အချင်းချင်း အဘယ်ကြောင့် ငြင်းခုန်ကြပါသနည်း။” အရှင်မဟာကစ္စည်းမထေရ်က “အာရုံငါးပါး ကာမဂုဏ်တရားကြောင့် ငြင်းခုန်ကြရသည်” ဟု ဖြေဆို၏။ “အိမ်ရာမထောင် ရဟန်းဘောင်၌ နေသူများ အချင်းချင်း အဘယ်ကြောင့် ငြင်းခုန်ကြရပါသနည်း” ဟု မေးပြန်ရာ “ဒိဋ္ဌိအယူဝါဒကို အကြောင်းပြု၍ ငြင်းခုန်ကြရသည်” ဟု ဖြေဆို၏။
“ဤသို့ဆိုပါက ဤလောကတွင် ကာမဂုဏ်ငြိတွယ်မှု၊ ဒိဋ္ဌိအယူဝါဒငြိတွယ်မှု ကင်းသူ ရှိပါသေးသလား” ဟု မေးလျှောက်ရာ အရှင်မဟာကစ္စည်းမထေရ်က “အမှန်တကယ် ရှိသည်။ ထိုပုဂ္ဂိုလ်မှာ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်ရှိ သဗ္ဗညုဘုရားရှင် ဖြစ်သည်” ဟု ဖြေဆို၏။ ထိုအခါ ပုဏ္ဏားကြီးသည် လွန်စွာ ကြည်ညိုသဒ္ဓါပွား၍ နေရာမှထကာ အပေါ်ရုံကို လက်ကတော့တင်ပြီး လက်ယာဘက်ဒူးကို မြေကြီးပေါ်၌ ထောက်လျက် “နမော တဿ” အစချီသော ဘုရားရှိခိုးကို သုံးကြိမ်ရွတ်ဆို ရှိခိုးလေသည်။
ဓနဉ္ဇာနီ ပုဏ္ဏားမကြီး ရှိခိုးခြင်း
ထိုအခါ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူ၏။ ရာဇဂြိုဟ်မြို့တွင် ဘာရဒွါဇပုဏ္ဏားကြီးသည် ပုဏ္ဏားအယူဝါဒကို စွဲလမ်းယုံကြည်၏။ ယင်း၏ဇနီးဖြစ်သူ ဓနဉ္ဇာနီပုဏ္ဏားမသည် သောတာပန်အရိယာ ဖြစ်နေ၏။ ဓနဉ္ဇာနီသည် “နမော ဗုဒ္ဓဿ” ဟူ၍လည်းကောင်း၊ “နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဟူ၍လည်းကောင်း အမြဲမပြတ် ရွတ်ဆိုလေ့ရှိသည်ကို ပုဏ္ဏားကြီးက လုံးဝမကြားချင်။ အထူးသဖြင့် အခြားပုဏ္ဏားများရှေ့မှောက်၌ မယားဖြစ်သူက “နမော တဿ” ဟု ဆိုလိုက်ပါက အထင်သေးခံရမည်ကို ကြောက်၏။
စာမျက်နှာ-521
တစ်နေ့သောအခါ ဘာရဒွါဇသည် ပုဏ္ဏား ၅၀၀-ကို အိမ်သို့ ပင့်ဖိတ်ကျွေးမွေး၏။ ဇနီးမယားဖြစ်သူအား “နမော ဗုဒ္ဓဿ” မဆိုရန် တစ်ရက်ကြိုတင်၍ ချော့မော့တောင်းပန်၏။ ဇနီးဖြစ်သူက “နမော ဗုဒ္ဓဿ” ကို မဆိုရမနေနိုင်ဟု ပြန်ပြော၏။ ပုဏ္ဏားကြီး စိတ်ဆိုးမာန်ဆိုးဖြစ်ကာ အိမ်နံရံတွင် ချိတ်ဆွဲထားသော ဓားကြီးကို ကိုင်မိုးလျက် “ဟေ့ ဓနဉ္စာနီ... ဒီမှာကြည့်စမ်း၊ နက်ဖြန် ငါ့ပုဏ္ဏားတွေ လာချိန်မှာ နင့်ကတုံးကြီးကို ရှိခိုးရင် ဒီဓားနှင့် ခြေဖျားက ခေါင်းထိအောင် နုတ်နုတ်ပါအောင် တောက်တောက်စင်းပစ်လိုက်မယ်” ဟု ကြိမ်းမောင်းလိုက်သည်။ ထိုအခါ ဓနဉ္စာနီက “သတ်ချင်သတ်လိုက်၊ ‘နမော ဗုဒ္ဓဿ’ လို့ မဆိုဘဲ မနေနိုင်” ဟု ခေါင်းမာစွာ ပြန်ပြောလိုက်သည်။ ဘာရဒွါဇပုဏ္ဏားကြီးသည် လက်လျှော့လိုက်ရတော့သည်။
နောက်တစ်နေ့ ပုဏ္ဏား ၅၀၀ ကို ကျွေးမွေးနေစဉ် ဓနဉ္စာနီသည် ဝိုင်းဝန်းကူညီလုပ်ကိုင်ပေးနေ၏။ မိမိလင်ယောက်ျားအတွက် နို့ထမင်းခွက်ကို ယူလာစဉ် ဓနဉ္စာနီသည် ခလုတ်တိုက်ပြီး လဲသွားသည်။ နှုတ်မှ အကျင့်ပါနေ၍ ရုတ်တရက် “နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဟု ရွတ်ဆို၍ ဘုရားရှိခိုးလိုက်သည်။ ဗုဒ္ဓအသံ ကြားရသည်နှင့်တစ်ပြိုင်နက် ဧည့်သည်ပုဏ္ဏားများသည် စိတ်ဆိုးကာ ထပြန်သွားကြလေသည်။
ကာရဏပါလီပုဏ္ဏားကြီး ရှိခိုးခြင်း
မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော စုလစ်မွန်းချွန်တပ်သော ကျောင်းတော်၌ သီတင်းသုံးနေတော်မူ၏။ မြတ်စွာဘုရားကျောင်းတော်မှ ပြန်လာသော ပိင်္ဂိယာနီအား ကာရဏပါလီပုဏ္ဏားကြီးက “ရဟန်းဂေါတမ၏ ပညာစွမ်းရည် အသို့နည်း၊ ရဟန်းဂေါတမကို ပညာရှိဟု ယူဆပါသလား” ဟု မေး၏။ ပိင်္ဂိယာနီက “ရဟန်းဂေါတမ၏ ပညာစွမ်းရည်ကို ကျွန်ုပ်တို့ ဘယ်လိုသိနိုင်မလဲ၊ ရဟန်းဂေါတမကို ရဟန်းဂေါတမလို ပုဂ္ဂိုလ်ကသာ အကဲဖြတ်နိုင်ပေလိမ့်မည်။ ရဟန်းဂေါတမ၏ တရားကို နာရသူများသည် သောကပရိဒေဝ အေးငြိမ်းသွားကြသည်” ဟု ဖြေကြားလိုက်သည်။ ထိုအခါ ကာရဏပါလီပုဏ္ဏားကြီးသည် ထိုင်ရာမှထပြီး အပေါ်ရုံကို လက်ကတော့တင်၍ လက်ယာဘက်ဒူးကို မြေပေါ်ထောက်လျက် မြတ်စွာဘုရားရှိရာဘက်ကို မျက်နှာမူ လက်အုပ်ချီပြီး “နမော တဿ ... ” ဟု သုံးကြိမ်ရွတ်ဆို ဥဒါန်းကျူးရင့် ရှိခိုးလေသည်။
စာမျက်နှာ-522
ဇာဏုဿောဏိပုဏ္ဏားကြီး ရှိခိုးခြင်း
သာဝတ္ထိပြည်နေ ဇာဏုဿောဏိပုဏ္ဏားကြီးသည် ပိလောတိကပရိဗိုဇ်ကြီး၏ မြတ်စွာဘုရားဂုဏ်တော်များကို ချီးကျူးပြောကြားမှုကို ကြားနာရသဖြင့် “နမော တဿ” စသည်ဖြင့် သုံးကြိမ်ရွတ်ဆို ရှိခိုးလေသည်။
ဗြဟ္မာယုပုဏ္ဏားကြီး ရှိခိုးခြင်း
ဗြဟ္မာယုပုဏ္ဏားကြီးသည် မြတ်စွာဘုရားရှင် ကျော်စောသတင်းကို ကြားရ၍ ကျော်စောသည့်အတိုင်း ဟုတ် မဟုတ် စုံစမ်းရန် မိမိ၏တပည့် ဥတ္တရလုလင်ကို စေခိုင်းလိုက်သည်။ ဥတ္တရလုလင်သည် (၇) လတိုင်တိုင် မြတ်စွာဘုရားနောက်မှ တကောက်ကောက်လိုက်လျက် အပြစ်အနာအဆာ ရှာသော်လည်း မတွေ့ရဘဲ ချီးမွမ်းစရာများကိုသာ တွေ့ရသဖြင့် ပြန်လည်လျှောက်ထားရာ ဗြဟ္မာယုပုဏ္ဏားကြီးသည် ဘုရားရှိရာဘက်သို့ မျက်နှာမူကာ “နမော တဿ ... ” ဟု သုံးကြိမ်ရွတ်ဆို ရှိခိုးလေသည်။
ဤ “နမော တဿ” စသည့် ဘုရားရှိခိုးကို ရွတ်ဖတ်ပူဇော်လျှင် နှောင့်ယှက်ဖျက်ဆီးလာမည့် ကိုယ်တွင်းကိုယ်ပ အန္တရာယ်များကို ကာကွယ်နိုင်ခြင်း၊ လိုအပ်သော အလုပ်ကိစ္စ အပြီးအဆုံးသို့ ရောက်နိုင်ခြင်း အစရှိသော ကောင်းကျိုးချမ်းသာများကို ခံစားရသည်။
၂။ သဝေမပါ ကိုးဂါထာ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ။ ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။ တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။
စာမျက်နှာ-523
ဗုဒ္ဓံ - သစ္စာ ၄-ပါး မြတ်တရားကို ပိုင်းခြားထင်ထင် ကိုယ်တိုင်မြင်၍ မြင်စေဟောဖော် ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို။
သရဏံ - ဘေးရန်ပယ်ဖျောက် ချမ်းသာရောက်အောင် စောင့်ရှောက်တော်မူတတ်သဖြင့် အမြတ်ဆုံးသော ကိုးကွယ်ရာဟူ၍။
ဂစ္ဆာမိ - ယုံကြည်သိမှတ် ဆည်းကပ်ကိုးကွယ်ပါ၏ အရှင်ဘုရား။
ဓမ္မံ - မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်၊ ပရိယတ် ဆယ်ပါးသော တရားတော်မြတ်ကို။
သံဃံ - သမ္မုတိ၊ အရိယာ နှစ်ဖြာသော သံဃာတော်မြတ်အပေါင်းကို။
ဤသဝေမပါ ကိုးဂါထာကို ယုံကြည်စွာ ရွတ်ဖတ်ပူဇော်လျှင် ဘေးရန်အန္တရာယ်အမျိုးမျိုးမှလည်းကောင်း၊ ကပ်ကြီးသုံးပါးမှလည်းကောင်း လွန်မြောက်၍ လာဘ်လာဘပေါများခြင်း အကျိုးများ ခံစားရမည်။
အရိယာ သာဝိတ္တိဂါထာတော်
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ သရဏံ ဂစ္ဆာမိ။ သံဃံ သရဏံ ဂစ္ဆာမိ။ ဤဂါထာမှာလည်း သရဏဂုံသုံးပါးပင်ဖြစ်၍ အမြဲမပြတ် ရွတ်ဖတ်ပူဇော်လျှင် စီးပွားချမ်းသာ ဂုဏ်အသရေ တိုးတက်ကာ နိဗ္ဗာန်သို့ပင် ရောက်စေနိုင်ပါသည်။ သရဏဂုံမြဲသူသည် အပါယ်ငရဲသို့ မကျရောက်ရဘဲ သုဂတိဘဝသို့ ကိန်းသေလားရပေသည်။
၃။ အစိန္တိယာဂါထာ (အစိန္တေယျ အကျိုးပြ)
ဧဝံ အစိန္တိယာ ဗုဒ္ဓါ၊ ဗုဒ္ဓဓမ္မာ အစိန္တိယာ။ အစိန္တိယေ ပသန္နာနံ၊ ဝိပါကော ဟောတိ အစိန္တိယော။ * ဧဝံ - ဤသို့။ ဗုဒ္ဓါ - ဘုရားရှင်တို့မည်သည်။ အစိန္တိယာ - မကြံစည်အပ်ကုန်။
ဗုဒ္ဓဓမ္မာ - ဘုရားရှင်တို့၏ တရားတော်တို့သည်လည်း။ အစိန္တိယာ - မကြံစည်အပ်ကုန်။
အစိန္တိယေ - မကြံစည်အပ်သော အရာ၌။ ပသန္နာနံ - ကြည်ညိုဆည်းကပ်ကြသူတို့၏။
ဝိပါကော - အကျိုးသည်လည်း။ အစိန္တိယော - မကြံစည်နိုင်သည်။ ဟောတိ - ဖြစ်ပါပေ၏။
စာမျက်နှာ-524
ဤဂါထာကို ရွတ်ဖတ်ပူဇော်လျှင် မကြံစည်အပ် မကြံစည်နိုင်သော အကျိုးတရားများကို ရရှိခံစားရသည်။ မည်သည့်အကျိုးကို မည်ရွေ့မည်မျှသာ ရရှိနိုင်သည်ဟု အကန့်အသတ်မရှိဘဲ အကျိုးတရားများကို ရရှိခံစားရသည်။
၄။ ဥဒါန်းဂါထာတော်နှစ်ပုဒ် (စိတ်တော်ဖြင့်ကျူး)
(က) အနေကဇာတိသံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။ ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ။ (ခ) ဂဟကာရက ဒိဋ္ဌာသိ၊ ပုန ဂေဟံ ကာဟသိ။ သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ဝိသင်္ခတံ။ ဝိသင်္ခါရဂတံ စိတ္တံ၊ တဏှာနံ ခယမဇ္ဈဂါ။ (က) အနက်အကျယ် ပုနပ္ပုနံ - ဘဝသံသရာ ဖန်ခါခါလျှင် ခန္ဓာဝဋ်ဇာတ် အမြစ်မပြတ်နိုင်ဘဲ။ ဇာတိ - ယောနိလေးထွေ၊ လှည့်ပတ်ဖွေလျက် သန္ဓေစွဲမှီ တည်နေဖြစ်ပွားရခြင်းသည်။ ဒုက္ခာ - သန္ဓေဇာတိ ခန္ဓာရှိလျှင် ဗျာဓိ၊ ဇရာ၊ မရဏာတို့ မကွာနောက်ဆက် ဝင်နှိပ်စက်သဖြင့် သက်သက်ချမ်းသာ မဟုတ်ပါဘဲ လွန်စွာညှိုးနွမ်း ပင်ပန်းဆင်းရဲလှဘိ၏။ (တသ္မာ - ထို့ကြောင့်။)
အဟံ - ဘုရားအလျာ သူမြတ်ငါသည်။ ဂဟကာရံ - ဒုက္ခယှက်လိမ် ခန္ဓာအိမ်ကို ကြိမ်ကြိမ်ကြိုးကုတ် တည်ဆောက်လုပ်သည့် အယုတ်တမာ အကြောင်းရင်း သမုဒယသစ္စာဖြစ်သော တဏှာယောက်ျား လက်သမားကို။ ဂဝေသန္တော - လက်သည်စစ်စစ် ဘယ်သူဖြစ်ဟု စိစစ်ထောက်လှမ်း စူးစမ်းရှာဖွေလျက် (ဝါ) စူးစမ်းရှာဖွေသော ဘုရားအလျာ သူမြတ်ငါသည်။
အနိဗ္ဗိသံ (အနိဗ္ဗိသန္တော) - တဏှာယောက်ျား လက်သမားကို ပိုင်းခြားထင်ထင် လင်းလင်းမြင်သည့် သဗ္ဗညုတဉာဏ်မဟာကို သမ္ဘာနုကွေး ငါမရသေးသည်ဖြစ်၍ (ဝါ) မရသေးသောကြောင့်။ အနေကဇာတိသံသာရံ - ဘဝများစွာ သံသရာကာလပတ်လုံး။ သန္ဓာဝိဿံ - ခန္ဓာငါးချက် ဒုက္ခစက်ကို ကြောက်လျက်ပင်လျှင် ငါမခင်ဘဲ သံသရာဝဋ် ချားရဟတ်၌ မရပ်မနား တဖားဖားလျှင် ပြေးသွားကျင်လည်ခဲ့ရလေပြီ။
(ခ) အနက်အကျယ် ဂဟကာရက - ဒုက္ခယှက်လိမ် ခန္ဓာအိမ်ကို ကြိမ်ကြိမ်ကြိုးကုတ် တည်ဆောက်လုပ်သည့် အယုတ်တမာ အကြောင်းရင်း သမုဒယသစ္စာဖြစ်သော တဏှာယောက်ျား ဟယ်... လက်သမား။ ဣဒါနိ - ဘုရားဖြစ်လာ ယခုအခါ၌။ တွံ - သင်တဏှာ
စာမျက်နှာ-525
ယောက်ျား လက်သမားကို။ ဒိဋ္ဌော - သဗ္ဗညုတဉာဏ်ကို ရသဖြင့် ဒိဋ္ဌထင်ထင် ငါမြင်အပ်သည်။ အသိ - ဖြစ်ပေ၏။
တွံ - သင်တဏှာယောက်ျား လက်သမားသည်။ ဂေဟံ - ဒုက္ခယှက်လိမ် ခန္ဓာကိုယ်အတ္တဘောတည်းဟူသော အိမ်ကို။ ပုန န ကာဟသိ - နင့်ခြေနင့်လက် နင့်အသက်ကို လေးမဂ်လျှံရှိန် ဉာဏ်ပုဆိန်ဖြင့် လေးကြိမ်ဖြတ်ခုတ် အမြစ်ပြုတ်သည့် သစ်ငုတ်တို့ဟန် နင်ဖြစ်ပြီမှန်သောကြောင့် တဖန်ထပ်လျှောက် နင်ဆောက်နိုင်တော့မည် မဟုတ်ချေ။
တေ - သင်တဏှာယောက်ျား လက်သမား၏။ သဗ္ဗာ - တစ်ခုမကြွင်း ခပင်းဥဿုံ အလုံးစုံကုန်သော။ ဖာသုကာ - အခိုင်အမာတည်ဆောက် ခန္ဓာအိမ်တည်းဟူသော ဘုံကွန်းပြောက်၏ ထုပ်၊ လျောက်၊ ဒိုင်း၊ မြား၊ ကိလေသာတရားတို့ကို။ ဘဂ္ဂါ - ဝါသနာအငွေ့အသက်နှင့်တကွ အနုသယသတ္တိ ကျန်မရှိအောင် စိစိကြေညက် ငါချိုးဖျက်အပ်ကုန်ပြီ။
ဂဟကူဋံ - သစ္စာလေးအင် နိဗ္ဗာန်လွင်ကို မြင်ခွင့်မပေး ဝေးထက်ဝေးအောင် အရေးကန့်လန့် တားဟန့်ပိတ်ကာ အဝိဇ္ဇာတည်းဟူသော အိမ်၏အထွတ်ကို။ ဝိသင်္ခတံ - မှုန့်မှုန့်ကြေမှ ငါဖျက်ချအပ်လေပြီ။ စိတ္တံ - ကိလေသာဟူ မြူအညစ်အကြေး ကင်းဝေးဖြူစင် ငါဘုရား၏ စိတ်အစဉ်သည်။ ဝိသင်္ခါရံ - သင်္ခါစက်ကွင်း ဒုက္ခခပင်းမှ လွတ်ကင်းရာအမှန် နန်းနိဗ္ဗာန်သို့။ ဂတံ - အာရုံမျက်မှောက် သန္တိဓာတ် သိဒ္ဓိပေါက်သဖြင့် ဆိုက်ရောက်သက်ဝင်မိလေပြီ။
အဟံ - သုံးလောကထွတ်ထား ငါဘုရားသည် တဏှာနံ ခယံ - တဏှာတရား ရာ့ရှစ်ပါး၏ ပျက်ပြားကုန်ခန်းရာ အာသဝက္ခယ စတုတ္ထမဂ်ဖိုလ်သို့။ ဂတော - စက္ကဝါရိုက်ခြောင်း တိုက်တစ်သောင်း နတ်ပေါင်းဗြဟ္မာ ကောင်းတင်းငြာလျက် ကြည်သာဝမ်းမြောက် ငါဆိုက်ရောက်ခဲ့လေပြီ (မဟာဗုဒ္ဓဝင်၊ ဒုတွဲ၊ ၃၅၂)။
ဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီး၍ ဆင်ခြင်တော်မူရာ၌ ခန္ဓာအိမ်တည်ဆောက်သည့် တဏှာယောက်ျား လက်သမားကို အရဟတ္တမဂ်ဉာဏ် သန်လျက်ဖြင့် ပယ်ဖြတ်တော်မူပြီး၍ ခန္ဓာအိမ်ကို အဆောက်မခံရတော့သဖြင့် လွန်စွာဝမ်းမြောက်ကာ စိတ်တော်ဖြင့် ဤဂါထာကို ကျူးရင့်တော်မူသည်။ ဘုရားရှင်ကို အာရုံပြု၍ ရွတ်ဖတ်ပူဇော်လျှင် ကောင်းကျိုးတရားများ ရရှိခံစားရပြီး စိတ်၏ကြည်နူးဝမ်းမြောက်မှုကို အမြဲမပြတ် ခံစားကြရပေမည်။ ရန်သူမှန်သမျှကို အောင်နိုင်သည်၊ နေ့ညမပြတ် ရွတ်ဖတ်ပူဇော်ကြပါကုန်။
၅။ ဥဒါန်းဂါထာတော်သုံးပုဒ် (နှုတ်တော်ဖြင့်ကျူး)
(က) ယဒါ ဟဝေ ပါတုဘဝန္တိ ဓမ္မာ၊ အာတာပိနော ဈာယတော ဗြာဟ္မဏဿ။ အထာ ကင်္ခါ ဝပယန္တိ သဗ္ဗာ၊ ယတော ပဇာနာတိ သဟေတုဓမ္မံ။
စာမျက်နှာ-526
အာတာပိနော - တစ်ထောင့်ငါးရာ ကိလေသာတို့ကို လွန်စွာနှိပ်ကွပ် ပူပန်စေတတ်သည့် သမ္မပ္ပဓာန်လုံ့လ ဝီရိယလည်း ရှိပေထသော။ ဈာယတော - အာနာပါန စသည်ဖုံဖုံ သမထအာရုံနှင့် အလုံးစုံသော ရုပ်နာမ်ဓမ္မတို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ခြင်းရာလက္ခဏာကို အပ္ပနာခိုက် ဈာန်မဂ်ဆိုက်အောင် စိုက်စိုက်စူးစူး အထူးမြဲမြံ ရှုအားသန်ပေထသော။ (ဝါ) ရှုအားသန်သောကြောင့်။
ဗြာဟ္မဏဿ - မကောင်းမှုဟူသမျှကို အပပြုပြီးသော ရဟန္တာသခင် အရှင်မြတ်၏ သန္တာန်၌။ ယဒါ - အကြင်အခါ၌။ ဓမ္မာ - ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါးတို့သည်။ ဟဝေ - စင်စစ်။ ပါတုဘဝန္တိ - ဥပါဒ်ထင်ရှား ဖြစ်ပွားကုန်၏။ ယတော - ယင်းသို့သော ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါးတို့ ထင်ရှားဖြစ်ပေါ်ခြင်းကြောင့်။
သဟေတုဓမ္မံ - အဝိဇ္ဇာအစရှိသော အကြောင်းတရားတို့နှင့်တကွ သင်္ခါရအစရှိသော အကျိုးတရားထု ဒုက္ခအစုကို။ ပဇာနာတိ - ပိုင်းခြားထင်ထင် သိမြင်လေ၏။ အထ - ထိုသို့ ပဋိစ္စသမုပ္ပါဒ်ကို အတပ်ထင်ထင် လင်းလင်းမြင်သောအခါ၌။ အဿ - ထိုရဟန္တာသခင် အရှင်မြတ်၏ သန္တာန်၌။ သဗ္ဗာ - တစ်ခုမကြွင်း ခပင်းဥဿုံ အလုံးစုံကုန်သော။ ကင်္ခါ - ပဋိစ္စသမုပ္ပါဒ်တရား၌ ယုံမှားခြင်း၊ ပဋိစ္စသမုပ္ပါဒ်တရားတို့ကို မသိမြင်ခြင်းကြောင့် ကာလသုံးပါးဝယ် ဖြစ်ပွားသည့် ရုပ်နာမ်တရားတို့၌ ယုံမှားခြင်းတရား တစ်ဆယ့်ခြောက်ပါးတို့သည်။ ဝပယန္တိ (ဝိအပယန္တိ) - နေလျှံရှိန်ကြောက် ဆီးနှင်းပေါက်သို့ ကင်းပျောက်ချုပ်ငြိမ်းကြကုန်၏။
(ခ) ယဒါ ဟဝေ ပါတုဘဝန္တိ ဓမ္မာ၊ အာတာပိနော ဈာယတော ဗြာဟ္မဏဿ။ အထဿ ကင်္ခါ ဝပယန္တိ သဗ္ဗာ၊ ယတော ခယံ ပစ္စယာနံ အဝေဒိ။
(ပထမ၊ ဒုတိယပါဒများအနက် ရှေးအတိုင်းပေးပါ။) ယတော - ယင်းသို့ ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါးတို့ ထင်ရှားဖြစ်ပေါ်ခြင်းကြောင့်။ ပစ္စယာနံ - အဝိဇ္ဇာအစရှိသော အကြောင်းတရားတို့၏။ ခယံ - ကုန်ခန်းရာမှန် အသင်္ခတနိဗ္ဗာန်ကို။ အဝေဒိ - ထိုးထွင်းထင်ထင် သိမြင်တော်မူလေပြီ။ အထ - ထိုသို့ ပစ္စယက္ခယအမည်ရသည့် အသင်္ခတဓာတ် နိဗ္ဗာန်ပရမတ်ကို အတပ်ထင်ထင် လင်းလင်းမြင်သောအခါ၌။ အဿ - ထိုရဟန္တာသခင် အရှင်မြတ်၏ သန္တာန်၌။ သဗ္ဗာ - တစ်ခုမကြွင်း ခပင်းဥဿုံ အလုံးစုံကုန်သော။ ကင်္ခါ - နိဗ္ဗာန်ကို ထိုးထွင်းမသိခြင်းကြောင့် ကိုယ်တွင်း၌ ဖြစ်ပေါ်လာမည့် ကင်္ခါယုံမှားတရားအစုတို့သည်။ ဝပယန္တိ - နေလျှံရှိန်ကြောက် ဆီးနှင်းပေါက်သို့ ကင်းပျောက်ချုပ်ငြိမ်းကြကုန်၏။
စာမျက်နှာ-527
(ဂ) ယဒါ ဟဝေ ပါတုဘဝန္တိ ဓမ္မာ၊ အာတာပိနော ဈာယတော ဗြာဟ္မဏော။ ဝိဓူပယံ တိဋ္ဌတိ မာရသေနံ၊ သူရိယောဝ ဩဘာသယ မန္တလိက္ခံ။
(ပထမ၊ ဒုတိယပါဒများအနက် ရှေးအတိုင်းပေးပါ။) သူရိယော - ယုဂန္ဓိုရ်တောင်စွန်းမှ ပေါ်ထွန်းထွက်ပြူ ဥဒည်မူသော နေမင်းသည်။ အန္တလိက္ခံ - အဇဋာပြင် မိုးကောင်းကင်ကို။ ဩဘာသယံ (ဩဘာသယန္တော) - မိမိအရောင် ခြည်တစ်ထောင်ဖြင့် မိုက်မှောင်ပယ်ရှင်း ထွန်းလင်းတောက်ပလျက်။ တိဋ္ဌတိ ဣဝ - တည်သကဲ့သို့။
(သော ဗြာဟ္မဏော - ထိုရဟန္တာသခင် အရှင်မြတ်သည်။ တေဟိ ဓမ္မေဟိ - ထိုဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါးတို့ဖြင့်။) မာရသေနံ - ကာမရာဂစသည် ဆယ်ထပ် မာရ်စစ်တပ်ကို။ ဝိဓူပယံ (ဝိဓူပယန္တော) - မှုန့်မှုန့်ညက်ညက် တိုက်ဖျက်ပယ်ဖျောက်လျက်။ တိဋ္ဌတိ - ပညာတန်ဆောင် ဉာဏ်တော်ရောင်ဖြင့် ထွန်းပြောင်ထိန်လက် ပြိုးပြိုးပြက်လျက် နေစက်နှုန်းတူ တည်တော်မူ၏ (မဟာဗုဒ္ဓဝင်၊ ဒုတွဲ၊ ၃၅၇)။
[ဤဂါထာများကို ရွတ်ဖတ်ပူဇော်လျှင် စိတ်ညစ်စရာများ ပပျောက်၍ စိတ်၏ကြည်လင်မှုကို ရရှိနိုင်ပြီး ကျက်သရေမင်္ဂလာများ တိုးတက်မြင့်မားနိုင်သည်။]
၆။ သဗ္ဗဇယမင်္ဂလာဂါထာ (တစ်ထောင်တန် - “ဒိဝါ တပတိ” ဂါထာ)
ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာဘာတိ စန္ဒိမာ။ သန္နဒ္ဓေါ ခတ္တိယော တပတိ၊ ဈာယီ တပတိ ဗြာဟ္မဏော။ အထ သဗ္ဗမဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ။
အာဒိစ္စော - ရောင်ခြည်တစ်ထောင် အလင်းဆောင်သော နေမင်းသည်။ ဒိဝါ - နေ့အခါ၌သာလျှင်။ တပတိ - ထွန်းလင်းတောက်ပ၏။ စန္ဒိမာ - လမင်းကြီးသည်လည်း။ ရတ္တိံ - ညဉ့်အခါ၌သာလျှင်။ အာဘာတိ - ဆီးနှင်းမြူတိမ် သူရှိန်မီးခိုး ညစ်မျိုးငါးဝ ကင်းစင်မှသာလျှင် ထွန်းလင်းတောက်ပနိုင်၏။
ခတ္တိယော - ရေမြေ့သနင်း ပြည့်ရှင်မင်းသည်လည်း။ သန္နဒ္ဓေါ - မင်းမြှောက်တန်ဆာကို ဝတ်ဆင်မှသာလျှင်။ တပတိ - မင်းတို့ကျက်သရေ ထွန်းလင်းတောက်နိုင်ပေ၏။ ဗြာဟ္မဏော - ကိလေသာကုန်းခန်းသည့် ရဟန္တာအရှင်မြတ်သည်ပင်လျှင်။ ဈာယီ - အာရမ္မဏ၊ လက္ခဏူဟု နှစ်ဆူဈာန်မြတ် သမာပတ်ကို ဝင်စား၍ နေမှသာလျှင်။ တပတိ - ရဟန်းတို့ကျက်သရေ ထွန်းလင်းတောက်ပနိုင်ပေ၏။ အထ - ထိုမှတစ်ပါး။ ဗုဒ္ဓေါ - မြတ်စွာဘုရားရှင်သည်သာလျှင်။ သဗ္ဗ
စာမျက်နှာ-528
အဟောရတ္တိံ - နေ့ရောညဉ့်ပါ အခါခပ်သိမ်း။ တေဇသာ - ပညာ၊ သီလ၊ ဂုဏ်ဓမ္မနှင့် ပုညတေဇော် ငါးမျိုးသော အာနုဘော်တို့ဖြင့်။ တပတိ - စိန်ရွှေမြရောင် နေလရောင်ထက် အခေါင်တက်၍ ပြောင်လျက်ထိန်ဝေ ထွန်းလင်းတောက်ပနိုင်ပါပေ၏။
ဤဂါထာကို ရွတ်ဖတ်ပူဇော်ခြင်းဖြင့် အရာခပ်သိမ်း လောကီလောကုတ္တရာ ကျက်သရေမင်္ဂလာ တိုးတက်စေနိုင်သည်။ ဥစ္စာစီးပွား ကြီးပွားတိုးတက်ပြီး ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကာ အရာရာကို အောင်မြင်နိုင်သည်။
သီဟိုဠ်ကျွန်း ဘာတိကမင်းလက်ထက် ပညာရှိအမတ်ကြီးတစ်ဦးသည် မင်းတရားကြီးက ပိဋကတ်သုံးပုံထဲက ရတနာသုံးပါးလုံးပါတဲ့ ဇယမင်္ဂလာ အောင်ခြင်းဂါထာတစ်ပုဒ်ကို ရွတ်ဆိုပါခိုင်းရာ ဤ “ဒိဝါ တပတိ” ဂါထာကို ရွတ်ဖတ်ပူဇော်ရာ မင်းတရားကြီးက ဆုတော်ငွေ (၁၀၀၀ိ) ချီးမြှောက်ခဲ့သည်။ ထို့ကြောင့် ဤဂါထာကို “တစ်ထောင်တန် ဒိဝါ တပတိဂါထာ” ဟုလည်း အမည်တွင်လျက်ရှိသည်။ ဤဂါထာကို နေ့စဉ်မှန်မှန်ရွတ်ပါက ရာထူးတိုးခြင်း၊ အထက်လူကြီး၏ မျက်နှာသာပေး မြှောက်စားခြင်း ခံရမည်။
၇။ အချုပ်အနှောင်မှ လွတ်မြောက်စေသည့် ဂါထာ
နမော တေ ဗုဒ္ဓ ဝီရတ္ထု၊ ဝိပ္ပမုတ္တောသိ သဗ္ဗဓိ။ သမ္မာဓပ္ပဋိပန္နောသ္မိံ၊ တဿ မေ သရဏံ ဘဝ။
ဝီရ - ကြီးမြတ်သော လုံ့လဝီရိယရှိတော်မူသော။ ဗုဒ္ဓ - ရှင်တော်မြတ်ဘုရား။ တေ - ရှင်တော်မြတ်ဘုရားအား။ နမော - ရှိခိုးခြင်းသည်။ အတ္ထု - ဖြစ်ပါစေသတည်း။ (တွံ - ရှင်တော်မြတ်ဘုရားသည်။) သဗ္ဗဓိ - ကိလေသာစသော ဒုက္ခအနှောင်အဖွဲ့အားလုံးတို့မှ။ ဝိပ္ပမုတ္တောသိ - အပြီးတိုင် လွတ်မြောက်တော်မူပေ၏။
အဟံ - ဘုရားတပည့်တော်သည်။ သမ္မာဓပ္ပဋိပန္နောသ္မိံ - အကျဉ်းအကျပ်သို့ ရောက်၍ နေရပါသည်။ (တွံ - ရှင်တော်မြတ်ဘုရားသည်။) တဿ မေ - အကျဉ်းအကျပ်ရောက်၍ နေသော ဘုရားတပည့်တော်၏။ သရဏံ - ကိုးကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာသည်။ ဘဝ - ဖြစ်တော်မူပါ။
ဤဂါထာကို လနတ်သား၊ နေနတ်သားတို့သည် အသူရိန်နတ်မင်းကြီး၏ အဖမ်းအဆီး အချုပ်အနှောင်ကို ခံရသဖြင့် တကယ့်ကို စိတ်ထဲက ဘုရားအာရုံရောက်ပြီး ဘုရားရှင်အား အားကိုးအားထားပြုပြီး ရွတ်ဖတ်ပူဇော်ခဲ့ကြ၍ ရာဟုအသူရိန်ရန်မှ လွတ်မြောက်ခဲ့ကြသည်။ စိတ်ထဲမှာ ဘုရားအာရုံရောက်ပြီး ဘုရားမှတစ်ပါး ကိုးကွယ်အားထားရာ မရှိပါကလားဟု အားကိုးမှုအပြည့်အဝနှင့် ရွတ်လျှင် အနှောင်အဖွဲ့က လွတ်မြောက်နိုင်ရုံတွင်မက ဘဝအခက်အခဲ အကျပ်...
စာမျက်နှာ-529
အတည်းပြဿနာ အရှုပ်အထွေး အားလုံးတို့မှလည်း လွတ်မြောက်နိုင်ပါသည်။ ယုံကြည်စွာ ရွတ်ဖတ်ပူဇော်ကြစေလိုပါသည်။
၈။ ရာဟုအသူရိန်နတ်ကြီး ကြောက်လန့်ထွက်ပြေးသော ဂါထာ
တထာဂတံ အရဟန္တံ၊ စန္ဒိမာ သရဏံ ဂတော။
ရာဟု စန္ဒံ ပမုဉ္စဿု၊ ဗုဒ္ဓါ လောကာနုကမ္ပကာ။
ရာဟု - ရာဟုခေါ်လတ် အို-အသူရိန်နတ်။ စန္ဒိမာ - လနတ်သားသည်။ အရဟန္တံ - ကိလေသာခပ်သိမ်း ငြိမ်းသက်တော်မူပြီးသော။ တထာဂတံ - ငါဘုရားကို။ သရဏံ - ကိုးကွယ်ရာဟူ၍။ ဂတော - ဆည်းကပ်သူပေတည်း။
ရာဟု - ရာဟုခေါ်လတ် အို-အသူရိန်နတ်။ စန္ဒံ - လနတ်သားကို။ ပမုဉ္စဿု - နှောင့်ယှက်မပြု မေတ္တာရှု၍ လွှတ်လိုက်ပါလော့။
ဗုဒ္ဓါ - ဘုရားရှင်တို့မည်သည်။ လောကာနုကမ္ပကာ - သတ္တဝါအားလုံးကို အစဉ်သနား စောင့်ရှောက်တော်မူကြကုန်၏။
ဤဂါထာကို မြတ်စွာဘုရား မိန့်တော်မူလိုက်သောအခါ ရာဟုအသူရိန်နတ်ကြီးသည် ချက်ချင်း လနတ်သားကို လွှတ်ပြီး ထွက်ပြေးရသည်။ မြတ်စွာဘုရားရှင်တို့၏ အာဏာစက်သည် ဤမျှ ကြီးကျယ်တော်မူ၏။ အကယ်၍ ဘုရားရှင်အာဏာကို ဖီဆန်ပြီး လနတ်သားကို ဆက်လက်၍ ဖမ်းဆီးချုပ်နှောင်ထားလျှင် ရာဟုအသူရိန်နတ်ကြီးသည် ဦးခေါင်း ခုနစ်စိတ်ကွဲပြီး သေပွဲဝင်ရပေမည်။ ဤကဲ့သို့ အရှိန်အဝါ ကြီးမားတော်မူသည့် ဘုရားရှင်၏ အာဏာစက်ကို အာရုံပြု၍ ယုံကြည်စွာ ရွတ်ဆိုပါလျှင် ဖမ်းဆီးချုပ်နှောင်မှုမှ လွတ်မြောက်နိုင်ပါသည်။
၉။ လက်နက်ကိုးဖြာ အောင်ဂါထာ
ဝါတံ ဝဿဉ္စ ပါသာဏံ၊ အာဝုဓံ ဝါဠုကံ တထာ။
ကုက္ကုဠံ ကလလင်္ဂါရံ၊ အန္ဓကာရန္တိ မေ နဝ။
သတ္ထေ မာရေန ဝိဿဋ္ဌေ၊ ဝိဇယန္တံ ဇိနံ နမေ။
အဟမ္ပိ တေန ပုညေန၊ ဝိဇေယျံ သဗ္ဗမာယုဓေ။
(တောင်တွင်းကြီး ဆရာတော် ခင်ကြီးဖျော် ရေးသားသည်။)
(၁) ဝါတံ - လောကထွတ်ထား တို့ဘုရားလျှင် ငါးပါးမာရ်ခြေ ပလ္လင်၌ စံနေခိုက်ခါ မာရ်နတ်လာလျက် စက္ကဝါတိုက် တောင်နှင့်ရိုက်၍ ပန်းမှိုက်ပြုစု သေးဖွဲနုသို့ မှုန့်မှုန့်ညက်ကြေ ပျက်ပါစေဟု စေတနာဆိုး ပြုဖန်ပျိုးသား မိုးရပ်သိမ့်တည်း မြေကြီးပွဲတင် သစ်ပင်ကျောက်တုံး အိမ်အလုံးကို ချေမှုန်းဖြတ်ပိုင်း ရှစ်ရပ်တိုင်းမှ အုံ့မှိုင်းလေဆိုး မုန်တိုင်းမျိုးကိုလည်းကောင်း။
စာမျက်နှာ-530
(၂) ဝဿဉ္စ - အဟုန်ဒီးဒီး စီးကျသွယ်သွယ် ရေပြင်ကျယ်၌ မှီဖွယ်ကင်းမည် သေစိမ့်ရည်၍ တမည်ပြုစား ထန်းလုံးဖျားနှင့် တောင်ဖျားမျှခေါင် အမြင့်ဆောင်သား ရှစ်ဘောင်ရပ်ပြည့် မောက်လျှမ်းသည့် မိုးကြမ်းရေဆိုး လက်နက်မျိုးကိုလည်းကောင်း။
(၃) ပါသာဏံ - ကျောက်ဖြင့်ကြိတ်ဖျက် မှုန့်မှုန့်ညက်လျှင် အိပ်စက်စေရန် တစ်မည်ဖန်၍ နဘီမိုးလုံး ထစ်ချုန်းခြိမ့်ညံ တိုက်ခတ်သံနှင့် အဟုန်ဖြိုးဖြိုး ကျောက်ခဲကျောက်စိုင် မိုးကိုလည်းကောင်း။
(၄) အာဝုဓံ - အသွေးတခြား အသားတစ်ထွေ အရေတစ်မျိုး အရိုးတစ်ဂိုဏ်း ထိုးခုတ်ပိုင်း၍ မဆိုင်းသေရန် ပြုစီမံသား အလျှံပြိုးပြက် မိုးလုံးလက်အောင် တစ်ဖက်အသွား နှစ်ဖက်သွားဟု လှံဓားစသည် အမည်မည်လျှင် စုံစီဖန်ပျိုး လက်နက်မျိုးကိုလည်းကောင်း။
(၅) ဝါဠုကံ တထာ - ထွက်လေဝင်လေ နှစ်ထွေမရှိ သဲဖြင့်ပိ၍ မချိသေအောင် ပြုဆောင်ဖန်ပျိုး သဲထုမိုးကိုလည်းကောင်း။
(၆) ကုက္ကုဠံ - တစိမ့်စိမ့်ပူ သေအောင်ဟူ၍ သူအကြံပျိုး ပြာပူမိုးကိုလည်းကောင်း။
(၇) ကလလံ - ကျိုက်ကျိုက်ပွက်ဆူ အပူအခိုး ရွှံ့ညွှန်မိုးကိုလည်းကောင်း။
(၈) အင်္ဂါရံ - တခဏချင်း အပြင်းပူလောင် သေအောင်ဖန်ပျိုး မီးကျီးမိုးကိုလည်းကောင်း။
(၉) အန္ဓကာရံ - ကြည့်သော်မစွမ်း စမ်းသော်မထင် ကြောက်စိတ်ဝင်၍ အလျှင်သေရန် သဏ္ဌာန်ပြုဆောင် အမိုက်မှောင်ကိုလည်းကောင်း။
ဣတိ - ဤသို့။ မာရေန ဝိဿဋ္ဌေ - မာရ်နတ်မိစ္ဆာ အယုတ်တမာလျှင် ကြိမ်းကာဆင့်ဆင့် ပစ်လွှင့်အပ်ကုန်သော။ ဣမေ နဝ သတ္ထေ - လေ မိုး ကျောက် သဲ ညွှန် မီးခဲနှင့် ပြာမဲ့ မိုက်မှောင် ပြောင်ပြောင်လက်နက် ရောင်ပြိုးပြက်ဟု ကိုးချက်ရန်စွယ် လက်နက်မျိုး အန္တရာယ်တို့ကို။ ဝိဇယန္တံ - ဗိုလ်ပါအပေါင်း သောင်းကုဋေအား ဆောင်နိုင်ငြားလည်း ရိုက်လားပုတ်လား အဘအပါးဝယ် ဆိုးရွားဟန်မူ သားငယ်တူသို့ သီတဂူနှုန်း ကြည်နှလုံးဖြင့် ပြေလုံးငြိမ့်အောင် သက်သေဆောင်၍ အောင်တော်မူထသော (ဝါ) အောင်တော်မူသောကြောင့်။ ဇိနံ - ဇိနဟူသည် အမည်တံဆိပ် ဘွဲ့ပုံလိပ်ဖြင့် ခတ်နှိပ်ပေါ်ထင် အောင်ပွဲရှင် မြတ်စွာဘုရားကို။ နမေ (နမာမိ) - ကိုယ်နှုတ်နှလုံး သုံးပါးပျောင်းပျော့ မာန်ကိုလျှော့၍ ကန်တော့ရှိခိုးပါ၏ မြတ်စွာဘုရား။အဟမ္ပိ - စတုသမုဋ္ဌာန် ပြုလုပ်ဖန်သည် ရုပ်နာမ်ပေါင်းချုပ် အကျွန်ုပ်သည်လည်း။
စာမျက်နှာ-531
တေန ပုညေန - လက်နက်မျိုးကို ဖျက်ချိုးနှိမ်ခူး ဂုဏ်ကျေးဇူးဖြင့် ချီးကျူးဝန္ဒနာ စေတနာပဏာမ မြတ်ပုညကြောင့်။ သဗ္ဗမာယုဓေ - သေနတ်၊ လေး၊ မြား၊ လှံ၊ ဓား၊ မီးပေါက်၊ အမြောက်၊ စိန်ဗုံး ချေမှုန်းခွင်းဖြတ် အကျဉ်းမှတ်သော် လွှတ်အပ်မလွှတ်အပ် နှစ်ရပ်ကျုံးခြုံ အလုံးစုံသော လက်နက်မျိုးတို့ကို။ ဝိဇေယျံ - ယနေ့ကစ နိဗ္ဗာန်ရသည့် ကာလတစ်ခွင် သံသရာပြင်ဝယ် မမြင်ရ မကြားရ အဝေးကပင် အောင်ရနိုင်ရ အောင်နိုင်ရသည့်ကိုယ် ဖြစ်ပါလို၏ မြတ်စွာဘုရား (မဟာဗုဒ္ဓဝင်၊ ဒုတွဲ၊ ၂၉၁)။
[ဤဂါထာကို ရွတ်ဖတ်ပူဇော်ခြင်းဖြင့် လက်နက်အန္တရာယ်အမျိုးမျိုးမှ လွတ်မြောက်နိုင်သည်။ သတ္ထန္တရကပ်ကို ကျော်လွန်နိုင်သည်။ မည်သည့်လက်နက်ဘေးကြောင့်မျှ အသက်မသေနိုင်။ ယုံကြည်အားကိုးစွာ ရွတ်ဖတ်ပူဇော်ကြပါလေ။]
၁၀။ အတွင်းအောင်ခြင်းရှစ်ပါး ဂါထာပါဌ်အနက်
(ဂါထာပါဌ်ကို ရှေးဆရာတို့ ရေးဖွဲ့၍ အနက်ကို ညောင်တုန်းမြို့၊ ရွှေဟင်္သာတိုက်၊ စံကျောင်းဆရာတော်ဘုရားကြီး ရေးသားပူဇော်သည်။)
၁။ အဝိဇ္ဇာအဏ္ဍကောသမှိ၊ သတ္တေ တဏှာဇလာဗုဇေ။
တမှာ ဌာနာ နိက္ခာမေသိ၊ ဒေသနာဉာဏတေဇသာ။
ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။
သော ဇိနော - ဒေဝပုတ္တစသည် တသင်း ရန်ခပင်းကို နှိမ်နင်းအောင်မြင်တော်မူပြီးသော ထိုမြတ်စွာဘုရားသည်။ အဝိဇ္ဇာအဏ္ဍကောသမှိ - သစ္စာလေးချက် တရားနက်ကို ကွယ်ဝှက်ပိတ်ကာ အဝိဇ္ဇာတည်းဟူသော ဥခွံတွင်း၌။ ဌိတေ - သင်္ခါရကံ စီမံပစ်ထား၍ ဖြစ်ပွားတည်နေကြကုန်သော။ တဏှာဇလာဗုဇေ - ဝတ္ထုကိလေ နှစ်ထွေကာမ နှစ်ဝအာရုံ အလုံးစုံ၌ ခုံမင်နှစ်သက် တပ်မက်သာယာခြင်း တဏှာတရားတည်းဟူသော အချင်းအိမ်၌ ဖြစ်ကုန်သော။
သတ္တေ - လူ နတ် ဗြဟ္မာ သတ္တဝါဟူ သုံးဘုံသူတို့ကို။ ဒေသနာဉာဏတေဇသာ - ကိလေသာစက် သုံးထောင်ဝက်ကို နင်းတက်ဖျက်ဖြို မဂ်ဖိုလ်လေးတန် ဒေသနာဉာဏ်တည်းဟူသော အလင်းရောင်ဖြင့်။ တမှာ ဌာနာ - ထိုသို့ပိတ်ကာ အဝိဇ္ဇာနှင့် တဏှာအချင်း ဖြစ်ပွားရင်းဟူသော တည်ရာအရပ်မှ။ နိက္ခာမေသိ - မဂ်ဉာဏ်ဖိုလ်ညောက် ကောင်းစွာပေါက်၍ ထွက်မြောက်တော်မူစေပြီ။
စာမျက်နှာ-532
ဧတေန သစ္စဝဇ္ဇေန၊ ဤသို့ဖော်ထုတ် ဂုဏ်တော်ပုဒ်ကို ဟုတ်မှန်စွာ ဆိုရသော သစ္စာစကားကြောင့်။ မေ၊ အကျွန်ုပ်အား။ ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂလာသည်။ ဟောတု၊ စင်စစ်မသွေ ဖြစ်ပါစေသတည်း။
၂။ မဟာမောဟန္ဓကာရေန၊ အဘိဘူတေ မဟာဇနေ။ ပညာစက္ခု လဘာပေသိ၊ ဉာဏာလောကေန သော ဇိနော။ ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။
သော ဇိနော၊ ဒေဝပုတ္တ စသည်တသင်း ရန်ခပင်းကို နှိမ်နင်းအောင်မြင်တော်မူပြီးသော ထိုမြတ်စွာဘုရားသည်။ မဟာမောဟန္ဓကာရေန၊ သစ္စာလေးချက် တရားနက်ကို ကွယ်ဝှက်ပိတ်ဆို့ ကြီးစွာသော မောဟတည်းဟူသော အမိုက်မှောင်သည်။ အဘိဘူတေ၊ သံသရာဝဋ် ဘဝညွတ်မှ မလွတ်စေဘဲ ဆွဲကိုင်နှိပ်စက်အပ်ကုန်သော။ မဟာဇနေ၊ လူနတ်ဗြဟ္မာ အစဖြာသား များစွာသော သတ္တဝါတို့ကို။ ဉာဏာလောကေန၊ တရားဥဿုံ အလုံးစုံကို အကုန်သိမြင် ဉာဏ်၌ထင်သည့် သဗ္ဗညုတဉာဏတန်ဆောင် အလင်းရောင်ဖြင့်။ ပညာစက္ခုံ၊ ကိလေသာစက် သုံးထောင်ဝက်ကို နင်းတက်ဖျက်ဖြို မဂ်ဖိုလ်လေးတန် ပညာဉာဏ်တည်းဟူသော မျက်စိကို။ လဘာပေသိ၊ ပါရမီရင့် သမ္ဘာမြင့်၍ အသင့်လွယ်ကူ ရစေတော်မူပြီ။
ဧတေန သစ္စဝဇ္ဇေန၊ ဤသို့ဖော်ထုတ် ဂုဏ်တော်ပုဒ်ကို ဟုတ်မှန်စွာ ဆိုရသော သစ္စာစကားကြောင့်။ မေ၊ အကျွန်ုပ်အား။ ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂလာသည်။ ဟောတု၊ စင်စစ်မသွေ ဖြစ်ပါစေသတည်း။
၃။ ရာဂါဒိအဂ္ဂိဇာလေဟိ၊ ဍယှကာယံ မဟာဇနံ။ နိဗ္ဗာပေသိ နရနာထော၊ အဋ္ဌမဂ္ဂင်္ဂဝါရိနာ။ ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။
နရနာထော၊ လူ နတ် ဗြဟ္မာ သတ္တဝါများ သုံးဘုံသားတို့၏ ကိုးစားမှီခိုရာ အစစ်ကြီးဖြစ်တော်မူသော မြတ်စွာဘုရားသည်။ ရာဂါဒိအဂ္ဂိဇာလေဟိ၊ ရာဂ ဒေါသ စသည်မည်သီး မီးတောက်မီးလျှံတို့ဖြင့်။ ဍယှကာယံ၊ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်တုံမြဲဟု စွဲ၍လောင်အပ်သော ကိုယ်ရှိသော။ မဟာဇနံ၊ လူ နတ် ဗြဟ္မာ အစဖြာသား များစွာသော သတ္တဝါအပေါင်းကို။ အဋ္ဌမဂ္ဂင်္ဂဝါရိနာ၊ သမ္မာဒိဋ္ဌိ...
စာမျက်နှာ-533
စရှိမည်တွင် မဂ္ဂင်ရှစ်ပါး တရားအကျင့်တည်းဟူသော ရေစင်ဖြင့်။ နိဗ္ဗာပေသိ၊ ကျင့်ကြံစေသော မေတ္တာတောဖြင့် ဟောကြားဆွတ်ဖျန်း၍ ငြိမ်းချမ်းတော်မူစေပြီ။ [ဧတေန သစ္စဝဇ္ဇေန-စသော ဂါထာနက်များ ရှေးနှင့်တူပြီ။]
၄။ စတုရောဟေဟိ ဝုယှန္တေ၊ ဂမ္ဘီရေ သံသာရဏ္ဏဝေ။ ဥတ္တာရေသိ မဟာဝီရော၊ ဓမ္မနာဝါယ နာယကော။ ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။
မဟာဝီရော၊ သမ္မပ္ပဓာန ဝီရိယဓာတ်ဖြင့် ကြီးမြတ်သော လုံ့လရှိတော်မူသော။ နာယကော၊ လူနတ်ဗြဟ္မာ သတ္တဝါဟူ သုံးဘုံသူတို့ကို နိဗ္ဗူအောင်မြို့ လှေဖောင်သို့လျှင် ဆောင်ပို့ကယ်တင်တော်မူတတ်သော မြတ်စွာဘုရားသည်။ ဂမ္ဘီရေ၊ ကျင်လည်ပြေးသွား ဖြစ်သောအားဖြင့် ရှည်လျားနက်နဲစွာသော။ သံသာရဏ္ဏဝေ၊ ပဋိစ္စသမုပ္ပါဒ် ရဟတ်စကြာ သံသရာတည်းဟူသော သမုဒ္ဒရာကြီးအတွင်း၌။ စတုရောဟေဟိ၊ ကာမ၊ ဘဝ၊ မောဟ၊ ဒိဋ္ဌိ လွှမ်းဘိထွေပြား လေးပါးသော ရေအလျဉ်တို့ဖြင့်။ ဝုယှန္တေ၊ နစ်တုံပေါ်တုံ တမှုမှားမှား မျောပါကြကုန်သော သတ္တဝါတို့ကို။ ဓမ္မနာဝါယ၊ သမ္မာဒိဋ္ဌိ စရှိမည်တွင် မဂ္ဂင်ရှစ်ပါး တရားအကျင့်တည်းဟူသော လှေဖြင့်။ ဥတ္တာရေသိ၊ နိဗ္ဗာန်ပြည်ခွင် သွားရောက်ဝင်ဖို့ ကယ်တင်ထုတ်ချောက် ကူးမြောက်စေတော်မူပြီ။ [ဧတေန သစ္စဝဇ္ဇေန-စသော ဂါထာနက်များ ရှေးနှင့်တူပြီ။]
၅။ သံသာရစာရကံ လောကံ၊ နိစ္စံ ဒုက္ခေန ပီဠိတံ။ နိဗ္ဗာနပုရံ ပါပေသိ၊ ယာနတ္တယေန သော ဇိနော။ ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။
သော ဇိနော၊ ဒေဝပုတ္တ စသည်တသင်း ရန်ခပင်းကို နှိမ်နင်းအောင်မြင်တော်မူပြီးသော ထိုမြတ်စွာဘုရားသည်။ သံသာရစာရကံ၊ သံသရာရှင် နယ်အပြင်၌ အစဉ်မပြတ် လှည့်ပတ်ကျင်လည်တတ်သော။ ဒုက္ခေန၊ ဇာတိဒုက္ခ စသည်ထောင်သောင်း ဆင်းရဲအပေါင်းသည်။ နိစ္စံ၊ မပြတ်မစဲ နေ့ညဉ့်စွဲ၍ အမြဲသာလျှင်။ ပီဠိတံ၊ အို နာ သေရေး ဒုက္ခဘေးဖြင့် မအေးရှည်ကြာ ကမ္ဘာဘာ၌ မကွာစဉ်ဆက် နှိပ်စက်အပ်သော။ လောကံ၊ လူနတ်ဗြဟ္မာ သတ္တဝါဟူ သုံးဘုံသူအပေါင်းကို။ ယာနတ္တယေန၊ အနိစ္စ ဒုက္ခ အနတ္တဟု မှတ်ယူဆင်ခြင်ခြင်းတည်းဟူသော ယာဉ်သုံးပါးတို့၏ အပေါင်းဖြင့်။
စာမျက်နှာ-534
နိဗ္ဗာနပုရံ၊ ဇာတိဒုက္ခ စသည်ခပ်သိမ်း ကင်းငြိမ်း အောင်မြင်ရာဖြစ်သော နိဗ္ဗာန်ပြည်မြတ်သို့။ ပါပေသိ၊ မဂ်ဉာဏ် ဖိုလ်ညှောက် ကောင်းစွာပေါက်၍ ကူးမြောက်စေတော်မူပြီ။ [ဧတေန သစ္စဝဇ္ဇေန-စသော ဂါထာနက်များ ရှေးနှင့်တူပြီ။]
၆။ ကဋ္ဌမုခါဒိသမ္ဗေဟိ၊ ခုဒ္ဒကာယံ မဟာဇနံ။ နိဗ္ဗာပေသိ မဟာဝီရော၊ နာထော တိလောကဝေဇ္ဇကော။ ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။
မဟာဝီရော၊ သမ္မပ္ပဓာန ဝီရိယဓာတ်ဖြင့် ကြီးမြတ်သော လုံ့လရှိတော်မူသော။ တိလောကဝေဇ္ဇကော၊ လူ နတ် ဗြဟ္မာ သတ္တဝါများ သုံးဘုံသားတို့၏ ဆေးသမားတော်လည်း ဖြစ်တော်မူသော။ နာထော၊ မြတ်စွာဘုရားသည်။ ကဋ္ဌမုခါဒိသမ္ဗေဟိ၊ ကဋ္ဌမုခ မည်ရတွင်ငြား မြွေလေးပါးတို့သည်။ ခုဒ္ဒကာယံ၊ တောင့်တင်းခိုင်မာ ဖွဲ့စည်းကာဖြင့် ကြီးစွာပူအေး လှုပ်ရှားပေးလျက် ဖေးမ ထောက်ခံ ဖောက်ပြန်ပြောင်းလဲ တည်မမြဲဘဲ ကိုက်ခဲအပ်သော ကိုယ်ရှိသော။ မဟာဇနံ၊ လူနတ်ဗြဟ္မာ အစဖြာသား များစွာသော သတ္တဝါအပေါင်းကို။ နိဗ္ဗာပေသိ၊ အဆိပ်ပြေဆေး မြိုက်ရေအေးဖြင့် တိုက်ကျွေး ဆွတ်ဖျန်း ငြိမ်းချမ်းတော်မူစေပြီ။ [ဧတေန သစ္စဝဇ္ဇေန-စသော ဂါထာနက်များ ရှေးနှင့်တူပြီ။]
၇။ သံသာရဒုက္ခကန္တာရာ၊ ကိလေသစောရပီဠိတံ။ ခေမန္တဘူမိံ တာရေသိ၊ သတ္ထဝါဟော ဝိနာယကော။ ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။
သတ္ထဝါဟော၊ သံသရာထဲ ခရီးခဲမှ ကယ်ဆွဲထုတ်တင် ကျေးဇူးအင်ကြောင့် ယာဉ်မှူးသဖွယ် ဖြစ်တော်မူသော။ ဝိနာယကော၊ သတ္တဝါဟူ သုံးဘုံသူတို့ကို နိဗ္ဗူအောင်မြို့ လှေဖောင်သို့လျှင် ဆောင်ပို့ကယ်တင်တော်မူတတ်သော မြတ်စွာဘုရားသည်။ ကိလေသစောရပီဠိတံ၊ ဆိုးညစ်ယုတ်မာ ကိလေသာဟူသော ခိုးသူတို့၏ လုယူအတင်း ညှဉ်းဆဲနှိပ်စက်ခြင်းကို ခံနေကြရကုန်သော သတ္တဝါအပေါင်းကို။ သံသာရဒုက္ခကန္တာရာ၊ မရပ်မနား ဆုံလည်နွားသို့ ပြေးသွား ကျင်လည်ရာ သံသရာဝဋ်ဆင်းရဲဟူသော ခရီးခဲမှ။ ခေမန္တဘူမိံ၊ ကိလေသာဟူ မြူမှုန်ဘေးကျမ်း မှေးမသန်းသဖြင့် အေးချမ်းရာမှန်သော နိဗ္ဗာန်ပြည်မြတ်သို့။ တာရေသိ၊ သမ္မာဒိဋ္ဌိ စရှိမည်တွင် မဂ်လှေယာဉ်ဖြင့် ကယ်တင်ထုတ်ချောက် ကူးမြောက်စေတော်မူပြီ။ [ဧတေန သစ္စဝဇ္ဇေန-စသော ဂါထာနက်များ ရှေးနှင့်တူပြီ။]
စာမျက်နှာ-535
၈။ ပဉ္စတာလီသဝဿာနိ၊ ဌတွာ လောကံ သဒေဝကံ။ ပိဝယိတွာ ဓမ္မရသံ၊ နိဗ္ဗုတော သော သသာဝကော။ ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။
သော ဇိနော၊ ဒေဝပုတ္တ စသည်တသင်း ရန်ခပင်းကို နှိမ်နင်းအောင်မြင်တော်မူပြီးသော ထိုမြတ်စွာဘုရားသည်။ ပဉ္စတာလီသဝဿာနိ၊ သင်္ချာတွက်ဖွဲ့ လေးဆယ့်ငါးဝါ ရှည်ကြာသမျှ ကာလပတ်လုံး။ ဌတွာ၊ တရားစည်ကြီး ခြိမ့်ခြိမ့်တီး၍ မငြီးရွှင်ပျော် တည်တော်မူပြီး၍။ သဒေဝကံ၊ နတ် ဗြဟ္မာနှင့် တကွသော။ လောကံ၊ လူများအပေါင်းကို။ ဓမ္မရသံ၊ သမ္မာဒိဋ္ဌိ စရှိမည်တွင် မဂ္ဂင်ရှစ်ပါး တရားအရသာကို။ ပိဝယိတွာ၊ သနားညှာတာ ကရုဏာနှင့် မေတ္တာပင့်ထောက် သောက်စေတော်မူပြီး၍။ သသာဝကော၊ တပည့်သား သံဃာတော်အပေါင်းနှင့်တကွ။ နိဗ္ဗူတော၊ ပရိနိဗ္ဗာန် ဝင်စံချုပ်သိမ်း၍ ငြိမ်းတော်မူလေပြီ။ [ဧတေန သစ္စဝဇ္ဇေန-စသော ဂါထာနက်များ ရှေးနှင့်တူပြီ။]
၁၁။ အပြင်အောင်ခြင်းရှစ်ပါး ဂါထာပါဌ်အနက်
[ဂါထာပါဌ်ကို ရှေးဆရာတို့ ရေးဖွဲ့၍ အနက်ကို ကျီးသဲလေးထပ်ဆရာတော် ရေးဖွဲ့ပူဇော်သည်။]
မာရ်နတ်သားကို အောင်ခြင်း
၁။ ဗာဟုံသဟဿမဘိနိမ္မိတ သာဝုဓန္တံ၊ ဂိရိမေခလံ ဥဒိတဃောရသသေနမာရံ။ ဒါနာဒိဓမ္မဝိဓိနာ ဇိတဝါ မုနိန္ဒော၊ တံတေဇသာ ဘဝတု မေ ဇယမင်္ဂလဂ္ဂံ။
ယော မုနိန္ဒော၊ အကြင်ရဟန်းတို့၏ ဦးစွန်းမှန်ကင်း မြတ်သောမင်းသည်။ အဘိနိမ္မိတံ၊ စတုမဟာရာဇ်၊ တာဝတိံသာနှင့် ယာမာနတ်တို့ထက် ကဲဆတက်၍ အဘက်မဲ့အောင် ဖန်ဆင်းဆောင်ထသော။ သာဝုဓန္တံ၊ သေနတ်၊ မီးပေါက်၊ အမြောက်၊ စိန်ပြောင်း၊ ချွန်းတောင်း၊ လှံမ၊ လေးမြား စသော လက်နက်များနှင့် တကွသော။ ဗာဟုသဟဿံ၊ လက်ဝဲငါးရာ လက်ယာငါးရာ ညီညာဖန်ဆောင် တစ်ထောင်မျှလောက်သော လက်ရုံးရှိသဘော။ ဂိရိမေခလံ၊ ယူဇနာ တစ်ရာ့ငါးဆယ် မြင့်သွယ်ကြီးဘိ တောင်လုံးရှိသော ဂိရိမေခလာဆင်ကြီးစွာကို။ ဥဒိတံ၊ နှဲမာန်စွင့်စွင့် စိုက်ထူးလွှင့်ကို အသင့်တက်စီးပြီးထသော။ ဃောရံ၊ ကြားမြင်သူ နတ်၊ လူ၊ ဗြဟ္မာ၊ သိကြား၊ နဂါး၊ ကြည်းရေသတ္တဝါတို့ လန့်ကြောက်ရွံ့ဖွယ်...
စာမျက်နှာ-536
လည်းရှိထသော။ သသေနမာရံ၊ ဘီလူး၊ ကုမ္ဘဏ်၊ ဂန္ဓဗ္ဗနတ်၊ ဘုတ်၊ ပြိတ္တာ၊ တစ္ဆေ ရှိလေသရွှေ့ ခြင်္သေ့၊ သစ်၊ ကျား၊ ကျွဲ၊ နွား၊ ကြုံ၊ ဆင်၊ သမင်၊ မျောက်၊ လှောင် စသော စစ်သည်ဗိုလ်ခြေနှင့် တကွသော မာရ်နတ်မင်းကို။ ဒါနာဒိဓမ္မဝိဓိနာ၊ သင်္ချေလေးအင် တစ်သိန်းကပ်လုံး ပေးအပ်သမျှ လှူဒါနကို မြွက်ဟလှစ်ဖော် ကောင်းချီးခေါ်သော အစီအရင်ဖြင့်။ ဇိတဝါ၊ ဓားလှံမဆောင် ကြိုးမနှောင်ဘဲ အောင်တော်မူလေပြီ။
တံတေဇသာ၊ ထိုမာရ်နတ်မင်းကို နှိပ်နင်းလွယ်ကူ အောင်တော်မူသော အောင်သူများထွတ် သုံးလူနတ်၏ ကြီးမြတ်တေဇော် အာနုဘော်ကြောင့်။ မေ၊ အကျွန်ုပ်အား။ အဂ္ဂံ၊ မြတ်သော။ ဇယမင်္ဂလံ၊ ရောဂါ၊ ဘေးဒဏ်၊ ရန်မာန်ခပင်း ရှိခဲ့လျှင်းကို နှိမ်နင်းအောင်တတ် ကောင်းမြတ်လှစွာ မင်္ဂလာသည်။ ဘဝတု၊ နေ့ညမကွာ ဖြစ်ရှိပါစေသတည်း။
အာဠဝကဘီလူးကို အောင်ခြင်း
၂။ မာရာတိရေကမဘိယုဇ္ဈိတသဗ္ဗရတ္တိံ၊ ဃောရံ ပနာဠဝကမက္ခမထဒ္ဓယက္ခံ။ ခန္တီသုဒန္တဝိဓိနာ ဇိတဝါ မုနိန္ဒော၊ တံတေဇသာ ဘဝတု မေ ဇယမင်္ဂလဂ္ဂံ။
ယော မုနိန္ဒော၊ အကြင် သေက္ခ၊ အသေက္ခ၊ အာဂါရိက၊ အနဂါရိက၊ ပစ္စေက မုနိအားဖြင့် ငါးပါးသော မုနိတို့၏ အထွတ်ရတနာ သမ္မာသမ္ဗုဒ္ဓ မဟာမုနိ ဖြစ်တော်မူသော သုံးလူသေ့နင်း ရဟန်းမင်းသည်။ မာရာတိရေကံ၊ စောင်းမာန်ကြီးကြား မာရ်နတ်သားထက် အမျက်ပြင်းထန် ငြိုးထားမာန်နှင့် အလွန်အားထုတ်ခြင်းရှိထသော။ သဗ္ဗရတ္တိံ၊ ညဉ့်ဦး၊ သန်းခေါင်၊ သောက်ရောင်လင်းလျှံ ညဉ့်သုံးယာမ်ပတ်လုံး။ အဘိယုဇ္ဈိတံ၊ အလွန်အကဲ အန်တုဖြင့် သဲပူ၊ ညွှန်ပူ၊ ပြာပူ၊ ကျောက်ခဲ၊ လေကြီး၊ မှောင်မျိုး လက်နက်မိုးတို့ဖြင့် ထစ်ကြိုးသည်းစွာ ရွာလတ်စေလျက် ကြောက်မက်ဖွယ်သော စစ်ထိုးခြင်းရှိထသော။ ဃောရံ၊ ဟေဝန်သမုဒ္ဒရာ အဖြာဖြာ၌ များစွာနေကြ ယက္ခ၊ ရုက္ခသ၊ နတ်၊ ဗြဟ္မာတို့၏ ပြင်းစွာကြောက်လန့်ခြင်းကိုလည်း ပြုတတ်ထသော။ အက္ခမံ၊ လူ၊ နတ်၊ နဂါး သူတစ်ပါးတို့သည် သည်းခံခြင်းငှာ ခဲယဉ်းစွာထသော။ ထဒ္ဓံ၊ ကြမ်းကြုတ်ခက်ထန် စောင်းမာန်လွန်ကျူးခြင်းရှိထသော။ ပန အာဠဝကံ ယက္ခံ၊ အာဠဝကရွာစား နတ်မင်းသားဖြစ်၍ အာဠဝကအမည်ရသော၊ လေးထောင့်သုံးရာ သုံးဆယ်သာအောင် များစွာလူသား လူရိုးစားသည့်...
စာမျက်နှာ-537
သနားကင်းကွာ နတ်ဘီလူးကိုလည်း။ ခန္တီသုဒန္တဝိဓိနာ၊ နှစ်သိန်းလေးသောင်း ဤမြေထပ်ရှိ သည်းခံခြင်းဖြင့် ဆိုဘိရာရာ လိုက်နာ၍ ကောင်းစွာယဉ်ကျေးသော အစီအရင်ဖြင့်။ ဇိတဝါ၊ မျက်ငြိုးမဖန် ဓားလှံမပြင် ဘေးမဝင်ဘဲ အောင်မြင်တော်မူလေပြီ။
တံတေဇသာ၊ ထိုအာဠဝကနတ်ယက္ခကို ချမ်းမြလွယ်ကူ အောင်တော်မူသော အောင်သူများထီး စောဘုန်းမီး၏ ကြီးမြတ်တေဇော် အာနုဘော်ကြောင့်။ မေ၊ အကျွန်ုပ်အား။ အဂ္ဂံ၊ မြတ်သော။ ဇယမင်္ဂလံ၊ ရောဂါဘေးဒဏ် ရန်မာန်ခပင်း ရှိမဲ့လျင်းကို နှိမ်နင်းအောင်တတ် ကောင်းမြတ်လှစွာ မင်္ဂလာသည်။ ဘဝတု၊ နေ့ညမကွာ ဖြစ်ရှိပါစေသတည်း။
နာဠာဂိရိဆင်ကို အောင်ခြင်း
၃။ နာဠာဂိရိံ ဂဇဝရံ အတိမတ္တဘူတံ၊ ဒါဝဂ္ဂိစက္ကမသနီဝ သုဒါရုဏန္တံ။ မေတ္တမ္ဗုသေကဝိဓိနာ ဇိတဝါ မုနိန္ဒော၊ တံတေဇသာ ဘဝတု မေ ဇယမင်္ဂလဂ္ဂံ။
ယော မုနိန္ဒော၊ အကြင်ဉေယျငါးပါး မြတ်တရားကို ပိုင်းခြားကုန်စင် လွန်သိမြင်သော သဗ္ဗညုတစရှိဖြိုးဖြိုး ဉာဏ်မျိုးမျိုးကို အစိုးရတော်မူသော မြတ်စွာဘုရားသည်။ အတိမတ္တဘူတံ၊ တစ်ဆယ့်ခြောက်အိုး မောက်ဖြိုးပြည့်နှက် သေအရက်ကို သောက်လျက် ပြင်းထန်ကြမ်းကြုတ်လွန်အောင် အလွန်ယစ်မူးစပြုထသော။ ဒါဝဂ္ဂိစက္ကမသနီဝ၊ တောက်လောင်ညီးညီး မြည်သံဟည်းသည့် တောမီး မိုးကြိုးစက်ကဲ့သို့။ သုဒါရုဏန္တံ၊ အလွန်ခက်ထန် မျက်စောင်းမာန်နှင့် သွန်သွန်ကြမ်းကြုတ်ခြင်းရှိထသော။ နာဠာဂိရိံ၊ နာဠာဂိရိအမည်ရှိထသော။ ဂဇဝရံ၊ အဇာတသတ် လောကနတ်၏ မပြတ်စီးရာ ဆင်ယာဉ်သာဖြစ်၍ လိမ္မာလှစွာသော နာဂတန်ဆောင် မြတ်ဆင်ပြောင်ကို။ မေတ္တမ္ဗုသေကဝိဓိနာ၊ ရင်သွေးရတနာ ရာဟုလာကဲ့သို့ မေတ္တာရေချမ်း စွတ်စွတ်ရွှမ်းကို သွန်းလောင်းတော်မူသော အစီအရင်ဖြင့်။ ဇိတဝါ၊ ဘေးဓားလက်နက် သန်လျက်မဆောင် မေတ္တာနှောင်ဖြင့် အောင်မြင်တော်မူလေပြီ။
တံတေဇသာ၊ ထိုနာဠာဂိရိ ဆင်ဟတ္ထိကို မရှိပြိုင်သူ အောင်တော်မူသော အောင်သူများထီး စောဘုန်းမီး၏ ကြီးမြတ်တေဇော် အာနုဘော်ကြောင့်။ မေ၊ အကျွန်ုပ်အား။ အဂ္ဂံ၊ မြတ်သော။ ဇယမင်္ဂလံ၊ ရောဂါဘေးဒဏ် ရန်မာန်ခပင်း ရှိလျှင်းကို နှိမ်နင်းအောင်တတ် ကောင်းမြတ်လှစွာ မင်္ဂလာသည်။ ဘဝတု၊ နေ့ညမကွာ ဖြစ်ရှိပါစေသတည်း။
စာမျက်နှာ-538
အင်္ဂုလိမာလကို အောင်ခြင်း
၄။ ဥက္ခိတ္တခဂ္ဂမဘိဟတ္ထသုဒါရုဏန္တံ၊ ဓာဝံ တိယောဇနပထင်္ဂုလိမာလဝန္တံ။ ဣဒ္ဓီဘိသင်္ခတမနော ဇိတဝါ မုနိန္ဒော၊ တံတေဇသာ ဘဝတု မေ ဇယမင်္ဂလဂ္ဂံ။
ယော မုနိန္ဒော၊ အကြင်မုနိငါးမျိုး ခေါင်းကမိုး၍ တန်ခိုးရှိန်အား လွန်ကြီးမားသည့် ဘုရားမြတ်စွာ သုံးလူ့ဆရာသည်။ ဥက္ခိတ္တခဂ္ဂမဘိဟတ္ထသုဒါရုဏန္တံ၊ လွှတ်မြောက်ဖမ်းကာ စက်ပမာလို ချာချာပတ်လည် ဝင့်ကာချီလျက် အလွန်ထက်သော သန်လျက်လက်မှာ စွဲကိုင်ကာဖြင့် လွန်စွာကြမ်းကြုတ်ခြင်းရှိထသော။ တိယောဇနပထံ၊ သုံးယူဇနာ ရှည်စွာအခန်း ခရီးကြမ်းကို။ ဓာဝံ၊ မတန့်မနား ယိမ်းယိုင်ခြင်းမရှိဘဲ လျင်ထန်ပြင်းခုန် တဟုန်တည်းပြေးစွမ်းနိုင်ထသော။ အင်္ဂုလိမာလဝန္တံ၊ တစ်ထောင်ကျော်အောင် လူတိုင်းသတ်၍ ဖြတ်ယူလက်ညှိုး ကြိုးဖြင့်သီရုံး ပန်းကုံးလည်တွင် တန်ဆာဆင်သောကြောင့် အင်္ဂုလိမာလအမည်ရသော စောရမိုက်ကြူး ခိုးသူထူးကို။ ဣဒ္ဓီဘိသင်္ခတမနော၊ တန်ခိုးတော်ဖြင့် အသင့်ကြံဆင် ဖန်စီရင်အပ်သော နှလုံးတော်မြတ်ရှိသူ ဖြစ်၍။ ဇိတဝါ၊ မငေါက်မငမ်း မကြမ်းမချော် တန်ခိုးတော်ဖြင့် အောင်တော်မူလေပြီ။
တံတေဇသာ၊ ထိုအင်္ဂုလိမာလ မည်ရတွင်ပြီး ခိုးသူကြီးကို အပြီးလွယ်ကူ အောင်တော်မူသော အောင်သူများထီး စောဘုန်းမီး၏ ကြီးမြတ်တေဇော် တန်ခိုးတော်ကြောင့်။ မေ၊ အကျွန်ုပ်အား။ အဂ္ဂံ၊ မြတ်သော။ ဇယမင်္ဂလံ၊ ရောဂါဘေးဒဏ် ရန်မာန်ခပင်း ရှိမဲ့လျှင်းကို နှိမ်နင်းအောင်တတ် ကောင်းမြတ်လှစွာ မင်္ဂလာသည်။ ဘဝတု၊ နေ့ညမကွာ ဖြစ်ရှိပါစေသတည်း။
စိဉ္စမာဏဝိကာကို အောင်ခြင်း
၅။ ကတွာန ကဋ္ဌမုဒရံ ဣဝ ဂဗ္ဘိနိယံ၊ စိဉ္စာယ ဒုဋ္ဌဝစနံ ဇနကာယမဇ္ဈေ။ သန္တေန သောမဝိဓိနာ ဇိတဝါ မုနိန္ဒော၊ တံတေဇသာ ဘဝတု မေ ဇယမင်္ဂလဂ္ဂံ။
ယော မုနိန္ဒော၊ အကြင် အာဂါရိက စသည်အပြား မုနိများ၏ ဦးဖျား ပရမေ သုံးလူ့ဆွေ ဖြစ်တော်မူသော မြတ်စွာဘုရားသည်။ ဂဗ္ဘိနိယံ၊ ဆယ်လတည်နေ သန္ဓေရင့်ပြီး ဖွားခါနီးသော။ ဥဒရံ ဣဝ၊ ကိုယ်ဝန်စွဲလမ်း မိန်းမဝမ်းကဲ့သို့။ ကဋ္ဌံ၊ သစ်သားကို။ ကတွာန၊ လိပ်ခုံးသဏ္ဌာန် ပြေပြစ်ခုံးခုံး...
စာမျက်နှာ-539
လုံးဖုစွစွာ ကြိုးလေးမြွာတို့ဖြင့် ကောင်းစွာဆိုင်းပတ် ဝမ်းကိုကပ်လျက် မြင်လတ်သသူ ခပ်သိမ်းလူသား ယုံမှားစေမှု လုပ်ကြံပြု၍။ ဇနကာယမဇ္ဈေ၊ ဥပါသကာ၊ ဥပါသကီ၊ ဘိက္ခု၊ ဘိက္ခုနီတည်းဟူသော လူပရိသတ် လေးရပ်တို့အလယ် သပ္ပါယ်ခင်းလတ် မြတ်သောပလ္လင် နေရာပြင်ထက် ရွှေခြင်္သေ့လား တရားဟောကာ နေတော်မူရာ၌။ စိဉ္စာယ၊ မန်ကျည်းပင်မှ သံသေဒဇ ဖွားမြင်ရ၍ နာမသညာ စိဉ္စာခေါ်ထုတ် မိန်းမယုတ်၏။ ဒုဋ္ဌဝစနံ၊ သင့်ကြောင့်ငါ့မှာ သန္ဓေလာ၍ ဖွားခါနီးပြီ ယီးယောင်ပြုလတ် ရဟန်းမြတ်သည် လူနတ်တို့အား တရားဟောကာ မနေလာနှင့် အိမ်ရာဆောက်မှု လုံ့လပြု အမှုဖွေရှာ စွပ်စွဲလာသော ယုတ်မာညစ်ညမ်း စကားသွမ်းကို။ သန္တေန၊ မျက်နှာမလှည့် မကြည့်မမျှော် လျှပ်ပေါ်မဲ့ထွေ ငြိမ်သက်နေသော။ သောမဝိဓိနာ၊ ထိုစိဉ္စာအား မေတ္တာဆပွား မုန်းထားမထင် လွန်ဖြူစင်သော အစီအရင်ဖြင့်။ ဇိတဝါ၊ မခြောက်မခြိမ်း ဟိန်းဟဲမလုပ် ဓားတုတ်မကိုင် သင်းကြိုင်မေတ္တာ ကရုဏာဖြင့် ကောင်းစွာအောင်တော်မူလေပြီ။
တံတေဇသာ၊ ထိုစိဉ္စမာဏ မည်ရသမုတ် မိန်းမယုတ်ကို အောင်တော်မူသော မြတ်စွာဘုရား၏ တန်ခိုးတော်အားဖြင့်။ မေ၊ အကျွန်ုပ်အား။ အဂ္ဂံ၊ မြတ်သော။ ဇယမင်္ဂလံ၊ ရောဂါဘေးဒဏ် ရန်မာရ်ခပင်း ရှိမဲ့လျှင်းကို နှိမ်နင်းအောင်တတ် ကောင်းမြတ်လှစွာ မင်္ဂလာသည်။ ဘဝတု၊ နေ့ညမကွာ ဖြစ်ရှိပါစေသတည်း။
သစ္စကပရိဗိုဇ်ကို အောင်ခြင်း
၆။ သစ္စံ ဝိဟာယ အတိသစ္စကဝါဒကေတုံ၊ ဝါဒါဘိရောပိတမနံ အတိအန္ဓဘူတံ။ ပညာပဒီပဇလိတော ဇိတဝါ မုနိန္ဒော၊ တံတေဇသာ ဘဝတု မေ ဇယမင်္ဂလဂ္ဂံ။
ယော မုနိန္ဒော၊ အကြင်ရဟန်းတို့ဥက္ကဋ္ဌ် ဘုရားမြတ်သည်။ သစ္စံ၊ သတ္တလောက ဘုံသုံးဝကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု မြတ်စွာဘုရား ဟောကြားမိန့်သံ စကားမှန်ကို။ ဝိဟာယ၊ စိတ်ကလည်းပယ် ပျက်ပြယ်သမှု နှုတ်လည်းပြု၍။ အတိသစ္စကဝါဒကေတုံ၊ နိစ္စ၊ သုခ၊ အတ္တသာဟု သညာဖောက်ပြန် ယုတ်မာဉာဏ်ဖြင့် မမှန်သည်ကို မှန်၏ဆိုသော မိစ္ဆာဝါဒတည်းဟူသော မှန်ကင်းလည်း ရှိထသော။ ဝါဒါဘိရောပိတမနံ၊ တစ်ပါးသောသူ အယူမှောက်လှန် ငါသာမှန်ဟု ဖောက်ပြန်စိတ်တွင် သူ့ကိုထင်လျက် နှိမ်ချင်သော နှလုံးလည်း ရှိထသော။ အတိအန္ဓဘူတံ၊ သူထူးထက် ကျူးကျူးလွန်လွန် မာန်ဂုဏ်မာန်ဖြင့် အလွန်မိုက်လှသော သစ္စကပရိဗိုဇ်ကို။ ပညာပဒီပဇလိတော၊
စာမျက်နှာ-540
ပညာတော်တည်းဟူသော ဆီမီးတန်ဆောင် ညီးညီးပြောင်ကို ညှိထောက်ထွန်းတော်မူသည် ဖြစ်၍။ ဇိတဝါ၊ ဟိန်းဟဲမလုပ် ဓားတုတ်မမိုး ကြိမ်ကြိုးမပြ ဓမ္မဩဝါဒ ဒေသနာဖြင့် ကောင်းစွာအောင်တော်မူလေပြီ။
တံတေဇသာ၊ ထိုသစ္စကပရိဗိုဇ် အလွန်မိုက်ကို နှစ်ခြိုက်လွယ်ကူ အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်အားဖြင့်။ မေ၊ အကျွန်ုပ်အား။ အဂ္ဂံ၊ မြတ်သော။ ဇယမင်္ဂလံ၊ ရောဂါဘေးဒဏ် ရန်မာရ်ခပင်း ရှိမဲ့လျှင်းကို နှိမ်နင်းအောင်တတ် ကောင်းမြတ်လှစွာ မင်္ဂလာသည်။ ဘဝတု၊ နေ့ညမကွာ ဖြစ်ရှိပါစေသတည်း။
နန္ဒောပနန္ဒနဂါးမင်းကို အောင်ခြင်း
၇။ နန္ဒောပနန္ဒဘုဇဂံ ဝိဗုဓံ မဟိဒ္ဓိံ၊ ပုတ္တေန ထေရဘုဇဂေန ဓုနာပယန္တော။ ဣဒ္ဓုပဒေသဝိဓိနာ ဇိတဝါ မုနိန္ဒော၊ တံတေဇသာ ဘဝတု မေ ဇယမင်္ဂလဂ္ဂံ။
ယော မုနိန္ဒော၊ အကြင်ရဟန်းတို့သေ့နင်း တရားမင်းသည်။ ဝိဝိဓံ၊ နှစ်သိန်းငါးသောင်း ချင့်ပေါင်းနှစ်ထောင် လုံးဝန်းဆောင်သား မြင်းမိုရ်တောင်မြတ်ကို ခုနစ်ပတ်တိုင်အောင် ပတ်ရစ်နိုင်ခြင်း၊ ကိုးယူဇနာ၊ ဆယ်ယူဇနာ ခံတွင်းအားဖြင့် အလွန်ခြောက်ခြိမ်း မိုးလုံးဟိန်းညံ စောင်းမာန်သွန်သွန် အဆိပ်ပျံ့ခြင်း အာရှိသော အထူးထူးအပြားပြားလည်း ရှိထသော။ မဟိဒ္ဓိံ၊ ကြောက်လန့်စဖွယ် ကြီးကျယ်သော တန်ခိုးလည်း ရှိထသော။ နန္ဒောပနန္ဒဘုဇဂံ၊ နန္ဒောပနန္ဒအမည်ရသော တေဇထန်ပြင်း နဂါးမင်းကို။ ပုတ္တေန၊ သုံးလူ့ထွတ်ထား မြတ်ဘုရား၏ သားတော်အကြီးလည်း ဖြစ်ထသော။ ထေရဘုဇဂေန၊ အရှင်မောဂ္ဂလ္လာန်ထေရ်မြတ်မွန်လျှင် ဖန်ဆင်းအပ်သော ဆင့်ဆင့်ကြီးမား နဂါးအသွင်ဖြင့်။ ဓုနာပယန္တော၊ တုန်လှုပ်ကြောက်ငြင် ပူပင်ချောက်ချားစေလျက်။ ဣဒ္ဓုပဒေသဝိဓိနာ၊ တန်ခိုးအတန်တန် ဖန်ဆင်းရန်ကို နည်းညွှန်ပေးလတ် မြတ်သော အစီအရင်ဖြင့်။ ဇိတဝါ၊ ဗိုလ်ပါမဖက် ရဲမက်မခေါ် သားတော်မောဂ္ဂလ္လာန် အဘိညာဉ်ဈာန်ဖြင့် ချိုးနွံအောင်စေတော်မူပြီ။
တံတေဇသာ၊ နန္ဒောပနန္ဒမည်ရထင်ရှား နတ်နဂါးကို ချောက်ချားလွယ်ကူ အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်အားဖြင့်။ မေ၊ အကျွန်ုပ်အား။ အဂ္ဂံ၊ မြတ်သော။ ဇယမင်္ဂလံ၊ ရောဂါဘေးဒဏ် ရန်မာရ်ခပင်း ရှိမဲ့လျှင်းကို နှိမ်နင်းအောင်တတ် ကောင်းမြတ်လှစွာ မင်္ဂလာသည်။ ဘဝတု၊ နေ့ညမကွာ ဖြစ်ရှိပါစေသတည်း။
စာမျက်နှာ-541
ဗကဗြဟ္မာကို အောင်ခြင်း
၈။ ဒုဂ္ဂါဟဒိဋ္ဌိဘုဇဂေန သုဒဋ္ဌဟတ္ထံ၊ ဗြဟ္မံ ဝိသုဒ္ဓိဇုတိမဟိဒ္ဓိဗကာဘိဓာနံ။ ဉာဏာဂဒေန ဝိဓိနာ ဇိတဝါ မုနိန္ဒော၊ တံတေဇသာ ဘဝတု မေ ဇယမင်္ဂလဂ္ဂံ။
ယော မုနိန္ဒော၊ အကြင်ရဟန်းတို့သေ့နင်း တရားမင်းသည်။ ဒုဂ္ဂါဟဒိဋ္ဌိဘုဇဂေန၊ ယုတ်မာညစ်ညမ်း စွဲလမ်းယူဘိ သဿတဒိဋ္ဌိ၊ အကိရိယဒိဋ္ဌိတည်းဟူသော မြွေလေးစင်းသည်။ သုဒဋ္ဌဟတ္ထံ၊ အလွန်အမြဲ ကိုက်ခဲအပ်သော လက်ရှိထသော။ ဝိသုဒ္ဓိ၊ နတ်လူဗြဟ္မာ သုံးဘုံရွာ၌ လွန်စွာကျော်ကြား ထင်ရှားစွာထသော။ ဇုတိမဟိဒ္ဓိ၊ တောက်ပသော တန်ခိုးလည်း ရှိထသော။ ဗကာဘိဓာနံ၊ နေရပ်မြင့်စွာ ဗြဟ္မာ့ရာ၌ သညာထွန်းပ ခေါ်ညွှန်းကြသည့် ဗကအမည်ရှိသော။ ဗြဟ္မံ၊ ဗြဟ္မာအပေါင်း ဝပ်ညောင်းခယ ပျပ်ဝပ်ကြသော ဗြဟ္မာမင်းကို။ ဉာဏာဂဒေန ဝိဓိနာ၊ ဆုံးစမမြင် ကမ်းမထင်သော သဗ္ဗညုတစသည့် ဉာဏ်တော်ဆေးမြတ်ကျော်ကို ပေးတော်မူသော အစီအရင်ဖြင့်။ ဇိတဝါ၊ အမြောက်၊ စိန်ပြောင်း၊ ချွန်းတောင်း၊ လှံခက်၊ သန်လျက်၊ လေးမြား မဆိုထားဘိ လက်ဝါးမထောင် မျက်မှောင်မငြို သင်္ဂြိုဟ်မေတ္တာ မဂ်ပညာဖြင့် ကောင်းစွာလွယ်ကူ အောင်တော်မူလေပြီ။
တံတေဇသာ၊ ဗကမည်သာ ထိုဗြဟ္မာကို ပညာဆေးကျော် အမြိုက်ရေဘော်ဖြင့် ဖော်လှော်မကူ အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်အားဖြင့်။ မေ၊ အကျွန်ုပ်အား။ အဂ္ဂံ၊ မြတ်သော။ ဇယမင်္ဂလံ၊ ရောဂါဘေးဒဏ် ရန်မာရ်ခပင်း ရှိမဲ့လျှင်းကို နှိမ်နင်းအောင်တတ် ကောင်းမြတ်လှစွာ မင်္ဂလာသည်။ ဘဝတု၊ နေ့ညမကွာ ဖြစ်ရှိပါစေသတည်း။
မြတ်စွာဘုရား၏ အတွင်းအောင်ခြင်း (၈) ပါး၊ အပြင်အောင်ခြင်း (၈) ပါးကို ဖွဲ့ဆိုထားသည့် ဤဂါထာများကို ယုံယုံကြည်ကြည် လေးလေးနက်နက် ရွတ်ဖတ်ပူဇော်ပါက မိမိတို့လိုရာကိစ္စ ပြီးစီးအောင်မြင်နိုင်သည်။ အတွင်းရန် အပြင်ရန် အားလုံးအောင်မြင်နိုင်သည်။ နောက်ဆုံးတွင် ဗုဒ္ဓဘာသာဝင်တို့၏ အဓိကပန်းတိုင်ဖြစ်သည့် ကိလေသာအာသဝေါတရားတို့၏ ကုန်ဆုံးရာ နိဗ္ဗာန်သို့ပင် ဆိုက်ရောက်၍ အမြင့်မြတ်ဆုံးသော အောင်မြင်မှုကို ရရှိနိုင်သည်။
၁၂။ အပြင်အောင်ခြင်းရှစ်ပါး အချုပ် ၂-ဂါထာ
၁။ မာရံ ယက္ခံ ဂဇံ စောရံ၊ စိဉ္စမာဏဉ္စ သစ္စကံ။
နာဂံ ဗြဟ္မံ ဇိနော ဇိနိ၊ ဟောတု မေ ဇယမင်္ဂလံ။
စာမျက်နှာ-542
ဇိနော၊ မြတ်စွာဘုရားသည်။ မာရံ၊ မာရ်နတ်သားကိုလည်းကောင်း။ ယက္ခံ၊ အာဠဝကဘီလူးမင်းကိုလည်းကောင်း။ ဂဇံ၊ နာဠာဂိရိဆင်ကိုလည်းကောင်း။ စောရံ၊ အင်္ဂုလိမာလသူခိုးကျော်ကိုလည်းကောင်း။ စိဉ္စမာဏဉ္စ၊ စိဉ္စမာဏမိန်းမယုတ်ကိုလည်းကောင်း။ သစ္စကံ၊ သစ္စကပရိဗိုဇ်ကိုလည်းကောင်း။ နာဂံ၊ နန္ဒောပနန္ဒနဂါးမင်းကိုလည်းကောင်း။ ဗကံ၊ ဗကဗြဟ္မာကြီးကိုလည်းကောင်း။ ဇိနိ၊ အောင်မြင်တော်မူလေပြီ။ (ဧတေန သစ္စဝဇ္ဇေန၊ ဤမှန်ကန်သော သစ္စာစကားကြောင့်။) မေ၊ အကျွန်ုပ်အား။ ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂလာအဖြာဖြာသည်။ ဟောတု၊ မုချမသွေ ဖြစ်ပါစေသတည်း။
၂။ မာရံ အာဠဝကံ ဟတ္ထိံ၊ အင်္ဂုလိမာလံ စိဉ္စမာ။
ကူဋဒန္တံ နာဂရာဇံ၊ ဗကံ အဇိနိ တေဇသာ။
ဇိနော၊ မြတ်စွာဘုရားသည်။ မာရံ၊ မာရ်နတ်သားကိုလည်းကောင်း။ အာဠဝကံ၊ အာဠဝကဘီလူးမင်းကိုလည်းကောင်း။ ဟတ္ထိ အင်္ဂုလိမာလ စိဉ္စမာ ကူဋဒန္တံ၊ နာဠာဂိရိဆင်၊ အင်္ဂုလိမာလသူခိုးကျော်၊ စိဉ္စမာဏမိန်းမယုတ်၊ ကူဋဒန္တမည်သော သစ္စကပရိဗိုဇ်ကိုလည်းကောင်း။ နာဂရာဇဉ္စ၊ နန္ဒောပနန္ဒနဂါးမင်းကိုလည်းကောင်း။ ဗကံ၊ ဗကဗြဟ္မာကြီးကိုလည်းကောင်း။ တေဇသာ၊ တန်ခိုးတော်ဖြင့်။ အဇိနိ၊ အောင်မြင်တော်မူလေပြီ။
ဤဂါထာ ၂-ပုဒ်မှာ အဓိပ္ပာယ်အတူပင် ဖြစ်သည်။ မြတ်စွာဘုရား အပြင်အောင်ခြင်းရှစ်ပါးကို အောင်မြင်တော်မူပုံကို ဖွဲ့ဆိုထားသော ဂါထာများ ဖြစ်သည်။ ယင်းဂါထာနှစ်ပုဒ်ကို ဘားမဲ့ဆရာတော် ချီးမြှင့်ပေးသနားတော်မူ၍ ညောင်ရမ်းမင်းသား သည် နေ့စဉ်အမြဲ ရွတ်ဖတ်ခဲ့သည်ဟု ဆိုသည်။ ထိုသို့ ရွတ်ဖတ်ပူဇော်မှု အထောက်အပံ့ကြောင့်ပင် ညောင်ရမ်းမင်းသားသည် ရာဇဝင်၌ ထင်ရှားခဲ့ကြောင်း ရာဇဝင်သမိုင်းမှတ်တမ်းများက ဆိုသည်။
သို့ဖြစ်ရာ ဘဝတစ်လျှောက် အောင်မြင်မှုအထွေထွေကို ရယူလိုသူများနှင့် အခက်အခဲဟူသမျှကို ကျော်လွှား၍ အောင်မြင်လိုသူများသည် ဘုရားရှင် အပြင်အောင်ခြင်းရှစ်ပါး အောင်မြင်တော်မူပုံကို အာရုံပြု၍ အမြဲမပြတ် ရွတ်ဖတ်ပူဇော်ကြရန် ဖြစ်သည်။ လောကအခက်အခဲဟူသမျှ အားလုံးကို အောင်မြင်နိုင်သည်။
စာမျက်နှာ-543
၁၃။ အောင်ဂါထာတော်
ဇယန္တော ဗောဓိယာ မူလေ၊ သကျာနံ နန္ဒိဝဍ္ဎနော။
ဧဝမေဝ ဇယော ဟောတု၊ ဇယဿု ဇယမင်္ဂလေ။
အပရာဇိတပလ္လင်္ကေ၊ သီသေ ပုထုဝိပုက္ခလေ။
အဘိသေကေ သဗ္ဗဗုဒ္ဓါနံ၊ အဂ္ဂပ္ပတ္တော ပမောဒတိ။
သကျာနံ၊ သာကီဝင်မင်းတို့၏။ နန္ဒိဝဍ္ဎနော၊ နှစ်လိုခြင်းကို ပွားစေတတ်သော မြတ်စွာဘုရားသည်။ ဗောဓိယာ၊ ဗောဓိပင်၏။ မူလေ၊ အရင်း၌။ ဇယန္တော ယထာ၊ မာရ်ငါးပါးကို အောင်တော်မူလေသကဲ့သို့။ ဧဝမေဝ၊ ထို့အတူလည်းကောင်း။ ဇယော၊ အောင်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ဇယမင်္ဂလေ၊ အောင်အပ်သော မင်္ဂလာ၌။ တဝ၊ သင့်အား။ ဇယဿု (ဇယ)၊ အောင်စေသတည်း။
သဗ္ဗဗုဒ္ဓါနံ၊ ခပ်သိမ်းသော မြတ်စွာဘုရားတို့၏။ အဘိသေကေ၊ ဗုဒ္ဓါဘိသေကမင်္ဂလာကို ခံယူရာဖြစ်ထသော။ ပုထုဝိပုက္ခလေ၊ မြေပြင်၌ အထူးတင့်တယ်ထသော။ သီသေ၊ မြေပြင်၌ ဦးထိပ်လည်း ဖြစ်ထသော။ အပရာဇိတပလ္လင်္ကေ၊ မာရ်ငါးပါးကို အောင်မြင်သော ပလ္လင်တော်၌။ အဂ္ဂပ္ပတ္တော၊ လူသုံးပါးတို့ထက် မြတ်သော သဗ္ဗညုတဉာဏ်ကျေးဇူးသို့ ရောက်တော်မူသော မြတ်စွာဘုရားသည်။ ပမောဒတိ၊ ဝမ်းမြောက်တော်မူ၏။
[ဤဂါထာကို စွဲမြဲစွာ ရွတ်ဆိုပါက ကြံတိုင်းအောင်၍ ဆောင်တိုင်းမြောက်သည်၊ မိမိအား နှိပ်စက်လွှမ်းမိုးလာသူ ရန်သူမှန်သမျှ လွင့်စင်ပပျောက်ရလေသည်၊ အခက်အခဲဟူသမျှမှ ကျော်လွှားနိုင်၏၊ ယုံကြည်စွဲမြဲစွာ ရွတ်ဖတ်ပါလေ။]
၁၄။ သစ္စာပန္နက် အောင်ရှစ်ချက်ဂါထာ
ဇယစက္ကော ဇယန္တော ယော၊ ဇယိတဗ္ဗေ ဇယာသနေ။
ဇယာပေသိ ဇယေသီနံ၊ ဇယံ ဒေတု ဇယုတ္တရော။
ယော ဇယစက္ကော၊ ပါရမီတော်ဆယ်ချက် အောင်လက်နက်ပိုင်ရှင် အကြင်ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။ ဇယာသနေ၊ အောင်သိဒ္ဓိဆင်မြန်းသည့် ပလ္လင်နန်းမှန်ကင်း အောင်ဗောဓိပင်လည်းဖြစ်သော ထိုအရပ်၌။ ဇယိတဗ္ဗေ၊ အောင်အပ်သည့်တရား မာရ်ငါးပါးအပေါင်းတို့ကို။ ဇယန္တော၊ ပါရမီတော်စက် ဘုန်းလက်နက်ဖြင့် အကြွင်းမဲ့ ချေမှုန်းလျက် ဖျက်ဖြုန်းကာ ပယ်ရှင်း၍ အောင်ခြင်းကြီး အောင်တော်မူခဲ့လေပြီ။
စာမျက်နှာ-544
ဇယေသီနံ၊ မြတ်နိဗ္ဗာန်အောင်ခန်းနှင့် အောင်ဘိသိက်ပန်း မဂ်ဖိုလ်ကို များထိုထိုဝဋ်အတွင်းမှ လွတ်ကင်းအောင် အာသာကြီးဖြင့် ရှာမှီးကာနေကြကုန်သော သူတို့အား။ ဇယာပေသိ၊ ကိုယ်တော်မြတ်နှင့်အတူ အောင်ပန်းကို ဆွတ်ချူ၍ ထိပ်အငူ အမြိုက်ဓာတ်သို့ ဆိုက်ကပ်တော်မူစေလျက် အောင်စေတော်မူလေပြီ။
ဇယုတ္တရော၊ အောင်သူတကာတို့၏ မှန်ကင်း အောင်ခြင်းတကာတို့၏ ဦးသျှောင် ထွတ်ခေါင်မြတ်သရဖူ သယမ္ဘူမကိုဋ်ထီး အောင်ပွဲဝင်ပုဂ္ဂိုလ်ကြီး ဖြစ်ပေထသော။ သော ဇယစက္ကော၊ ထိုအောင်စက်သခင် ဘုရားရှင်သည်။ မေ၊ အောင်ဆုလိုငြား တပည့်တော်အား။ ဇယံ၊ အောင်ပန်းဝေမြိုင် အောင်ဖူးတွေ ကြိုင်လှိုင်သည့် အောင်သိဒ္ဓိပန်းခိုင်ကြီးကို။ ဒေတု၊ ကရုဏာရှေ့ထား၍ ပေးသနားတော်မူပါ အရှင်ဘုရား။
ဤဂါထာသည် “ဇယ = အောင်ခြင်း” ဟု ရှစ်ကြိမ်တိတိ ပါ၍ “အောင်ရှစ်ချက်ဂါထာ” ဟု အမည်တွင်သည်။ လူသားတို့သည် နေ့စဉ်နှင့်အမျှ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် လူမှုရေးရာ ကိစ္စအဖြာဖြာအတွက် သွားလာလှုပ်ရှားနေကြရသည်။ လှုပ်ရှားလုပ်ကိုင်ရသည့် ကိစ္စတိုင်းကိုလည်း အောင်မြင်လိုကြသည်။
ဤအောင်ရှစ်ချက်ဂါထာသည် ဘုရားရှင် ဗောဓိပင်နှင့် ရွှေပလ္လင်၌ အောင်သင့်အောင်ထိုက်သော အရာမှန်သမျှကို ကိုယ်တော်တိုင် အောင်မြင်၍ အောင်မြင်မှုကို ရယူလိုသူများကိုလည်း အောင်မြင်စေပုံကို ဖော်ညွှန်းထားသော ဂါထာဖြစ်သည်။ ယင်းဖော်ညွှန်းချက် အနက်အဓိပ္ပာယ်ကို အလေးအနက် အာရုံယူ၍ ဤဂါထာကို ရွတ်ဖတ်ပူဇော်လျှင် မိမိတို့ ဆောင်ရွက်နေသော လူမှုကိစ္စအဝဝ အောင်မြင်ရုံမျှမက ကိလေသာတရားအားလုံးကိုပါ အောင်မြင်၍ မဂ်ဖိုလ်နိဗ္ဗာန်အထိ ဆိုက်ရောက်အောင်မြင်နိုင်သည်။
၁၅။ မာရ်နတ်ကို အောင်မြင်ပြီးနောက် ဗြဟ္မာ၊ နတ်၊ နဂါး၊ ဂဠုန်တို့၏ ကြွေးကြော်သည့်ဂါထာများ
(က) ဇယော ဟိ ဗုဒ္ဓဿ သိရီမတော အယံ၊ မာရဿ စ ပါပိမတော ပရာဇယော။
ဥဂ္ဃေါသယုံ ဗောဓိမဏ္ဍေ ပမောဒိတာ၊ ဇယံ တဒါ ဗြဟ္မဂဏာ မဟေသိနော။
စာမျက်နှာ-545
(ခ) ဇယော ဟိ ဗုဒ္ဓဿ သိရီမတော အယံ၊ မာရဿ စ ပါပိမတော ပရာဇယော။ ဥဂ္ဃေါသယုံ ဗောဓိမဏ္ဍေ ပမောဒိတာ၊ ဇယံ တဒါ ဒေဝဂဏာ မဟေသိနော။
(ဂ) ဇယော ဟိ ဗုဒ္ဓဿ သိရီမတော အယံ၊ မာရဿ စ ပါပိမတော ပရာဇယော။ ဥဂ္ဃေါသယုံ ဗောဓိမဏ္ဍေ ပမောဒိတာ၊ ဇယံ တဒါ နာဂဂဏာ မဟေသိနော။
(ဃ) ဇယော ဟိ ဗုဒ္ဓဿ သိရီမတော အယံ၊ မာရဿ စ ပါပိမတော ပရာဇယော။ ဥဂ္ဃေါသယုံ ဗောဓိမဏ္ဍေ ပမောဒိတာ၊ ဇယံ တဒါ သုပဏ္ဏဂဏာ မဟေသိနော။
(က) အယံ၊ ဤအောင်ပွဲသည်။ သိရီမတော၊ ဘုန်းကျက်သရေနှင့် ပြည့်စုံတော်မူပေသော။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ ဇယော၊ အောင်ပွဲတည်း။ ပါပိမတော၊ ယုတ်မာသမျှ ထူးချွန်လှသဖြင့် သူယုတ်မာဘွဲ့ရသော။ မာရဿ စ၊ မာရ်နတ်မင်း၏။ ပရာဇယော၊ ရှုံးနိမ့်ခြင်းတည်း။ တဒါ၊ ထိုအောင်ပွဲအခါ၌။ ဗောဓိမဏ္ဍေ၊ ဗောဓိမဏ္ဍိုင်၌။ ပမောဒိတာ၊ ဝမ်းမြောက်ကြကုန်သော။ ဗြဟ္မဂဏာ၊ ဗြဟ္မာအပေါင်းတို့သည်။ မဟေသိနော၊ မြတ်စွာဘုရား၏။ ဇယံ၊ အောင်မြင်မှုအပေါင်းကို။ ဥဂ္ဃေါသယုံ၊ အားပေးကြွေးကြော်ကြကုန်ပြီ။
(ခ) ဒေဝဂဏာ၊ နတ်အပေါင်းတို့သည်။ (ဂ) နာဂဂဏာ၊ နဂါးအပေါင်းတို့သည်။ (ဃ) သုပဏ္ဏဂဏာ၊ ဂဠုန်အပေါင်းတို့သည်။ [ကျန်သောအနက်များ ရှေးနှင့်တူပြီ။]
[ဘုရားဖြစ်တော်မူခါနီး ဗောဓိမဏ္ဍိုင်၌ မာရ်နတ်ကို အောင်မြင်ချိန် ဗြဟ္မာ၊ နတ်၊ ဂဠုန်၊ နဂါးတို့သည် ဝမ်းမြောက်လွန်းသဖြင့် ကောင်းချီးပေးကြသည်။ ထိုပွဲ၌ ဘုရားကိုအာရုံပြု၍ တက်တက်ကြွကြွ ရွတ်ဖတ်ပါ၊ အကြံအစည်ဟူသမျှ ပြီးမြောက်အောင်မြင်မည်။ စီးပွားကျက်သရေ တိုးတက်ဖွံ့ဖြိုးမည်။ နံနက်အချိန်တွင် လေးလေးနက်နက် ရွတ်ဖတ်ပါ။ အနည်းဆုံး ၃-ခေါက် ရွတ်ဖတ်ပါလေ။]
စာမျက်နှာ-546
၁၆။ သမ္ဗုဒ္ဓေကပ်ကျော် မန္တန်တော်ကြီး
၁။ သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။ ပဉ္စသတသဟဿာနိ၊ နမာမိ သိရသာ မဟံ။
၂။ အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗူတာ ဇိနာ။ တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ။
၃။ နမက္ကရာနုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။ အနေကအန္တရာယာပိ၊ ဝိနဿန္တု အသေသတော။
၁။ အဋ္ဌဝီသဉ္စ၊ နှစ်ကျိပ်ရှစ်ဆူကုန်သော။ သမ္ဗုဒ္ဓေ စ၊ ဘုရားရှင်တို့ကိုလည်းကောင်း။ ဒွါဒသဉ္စ သဟဿကေ၊ တစ်သောင်းနှစ်ထောင်ကုန်သော။ သမ္ဗုဒ္ဓေ စ၊ ဘုရားရှင်တို့ကိုလည်းကောင်း။ ပဉ္စသတသဟဿာနိ၊ ငါးသိန်းကုန်သော။ သမ္ဗုဒ္ဓေ စ၊ ဘုရားရှင်တို့ကိုလည်းကောင်း။ အဟံ၊ အကျွန်ုပ်သည်။ သိရသာ၊ ဦးခေါင်းဖြင့်။ နမာမိ၊ ရှိခိုးပါ၏ အရှင်ဘုရား။
၂။ ဝါဠုကာ ဂင်္ဂါ၊ ဂင်္ဂါမြစ်ထဲ ကျောက်သဲတို့သည်။ အပ္ပကာ၊ နည်းလှချေသေး၏။ နိဗ္ဗူတာ ဇိနာ၊ ပရိနိဗ္ဗာန်စံလွန်ကုန်ပြီးသော ဘုရားတို့သည်သာ။ အနန္တာ၊ မရေတွက်နိုင်အောင် များလှလေကုန်ပြီ။ တေသံ၊ ထိုဘုရားရှင်အဆူဆူတို့၏။ ဓမ္မဉ္စ၊ တရားတော်ကိုလည်းကောင်း။ သံဃဉ္စ၊ သံဃာတော်ကိုလည်းကောင်း။ အဟံ၊ အကျွန်ုပ်သည်။ အာဒရေန၊ ရိုသေစွာ။ နမာမိ၊ ရှိခိုးပါ၏ အရှင်ဘုရား။
၃။ နမက္ကရာနုဘာဝေန၊ ဤသို့ ရိုသေစွာ ရှိခိုးရသော အာနုဘော်ကြောင့်။ သဗ္ဗေ ဥပဒ္ဒဝေ၊ အလုံးစုံသော ဘေးဥပဒ်တို့ကို။ ဟိတွာ၊ ပယ်ဖျောက်၍။ အနေကအန္တရာယာပိ၊ အန္တရာယ်အမျိုးမျိုးတို့သည်လည်း။ အသေသတော၊ အကြွင်းအကျန်မရှိသောအားဖြင့်။ ဝိနဿန္တု၊ ပိန်းကြာဖက်တွင် ရေမတင်သကဲ့သို့ ကင်းစင်လွင့်ပျောက်ပါစေကုန်သတည်း။
သမ္ဗုဒ္ဓေဂါထာသုံးပုဒ်၏ အကျိုးကျေးဇူးများ
ဤဂါထာသုံးပုဒ်၏ အကျိုးကျေးဇူးကို ရှေးဆရာတော်ကြီးများ အောက်ပါလင်္ကာဖြင့် ပြတော်မူခဲ့ကြသည်—
စာမျက်နှာ-547
မြတ်လှစိန္တေ၊ သမ္ဗုဒ္ဓေဟု၊ ဆုဝေကျော်ကြား၊ နိဒါန်းအားဖြင့်၊ ကွမ်းစားသတ္တာ၊ ခေါင်းလျှော်ဒသ၊ ဘတ္တတြိံသ၊ ဆီလိမ်းပဉ္စ၊ စီးထလှေမှာ၊ ရှစ်ကြိမ်သာတည်း၊ နံ့သာပန်းမျိုး၊ ကိုးကြိမ်နှိုးလော့၊ ချုပ်မိုးညဉ့်ခါ၊ အိပ်ရာဝင်မူ၊ ကိုးကြိမ်ဟူ၍၊ ရန်သူတွေ့မြောက်၊ ဆယ့်တစ်ခေါက်တည်း၊ စစ်ရောက်သောခါ၊ ရွတ်ပါကိုးကြိမ်၊ တည်ငြိမ်သန္ဓေ၊ မဖွားနေမူ၊ ရေမှာကိုးခေါက်၊ မန်း၍သောက်က၊ ဖွားမြောက်ခဏ၊ ချမ်းသာရ၏။
ခေတ္တနှောင်သွင်း၊ သံခြေကျင်းနှင့်၊ အပြင်းတိုက်လှောင်၊ တစ်ထောင်ရွတ်လေ၊ လွှတ်ထွက်ပေ၏၊ ပန်းမွှေးချေက၊ ရွတ်လေနှစ်ခေါက်၊ ခရီးလျှောက်ရာ၊ ခေါင်းမှာတင်စိုက်၊ ရန်ဘေးနှိုက်လည်း၊ မကြိုက်ကင်းပ၊ မြူမျှမလိမ်း၊ ကင်းလွတ်ငြိမ်း၏။
ရှောင်တိမ်းရောဂါ၊ ဗျာပါလည်းကင်း၊ သောကရှင်း၍၊ မင်းမင်းတကာ၊ ကြည်စွာမြတ်နိုး၊ ရေပြည့်အိုးသို့၊ မညှိုးပန်းသွင်၊ နေ့တိုင်းပင်တည်း၊ ထွက်ဝင်ရဲရဲ၊ လူခပဲတို့၊ အံ့အဲစလောက်၊ ထွန်းတောက်ပဝင်း၊ ပွင့်လင်းသာသနာ၊ ပွားကြောင်းရှာ၍၊ စန္ဒာလမင်း၊ ကောင်းကင်ချဉ်းသို့၊ ကောင်းခြင်း သမ္ဗုဒ္ဓေ၏ အကျိုးတည်း။
လင်္ကာ၏ အဓိပ္ပါယ်
၁။ ကွမ်းစားလျှင် သမ္ဗုဒ္ဓေဂါထာကို (၇) ခေါက်ရွတ်ပါ။
၂။ ခေါင်းလျှော်လျှင် (၁၀) ခေါက် ရွတ်ပါ။
၃။ ထမင်းစားလျှင် (၃) ခေါက်ရွတ်ပါ။
၄။ ဆီလိမ်းလျှင် (၅) ခေါက်ရွတ်ပါ။
၅။ လှေစီးလျှင် (၈) ခေါက်ရွတ်ပါ။
၆။ နံ့သာလိမ်းခြင်း၊ ပန်းပန်ခြင်း၌ (၉) ခေါက်ရွတ်ပါ။
၇။ အိပ်ရာဝင်လျှင် (၉) ခေါက်ရွတ်ပါ။
၈။ ရန်သူနှင့်တွေ့လျှင် (၁၁) ခေါက်ရွတ်ပါ။
၉။ စစ်ထိုးစစ်ဆင်ရာ၌ (၉) ခေါက်ရွတ်ပါ။
၁၀။ မီးမဖွားနိုင်လျှင် ဤဂါထာကို (၉) ခေါက် မန်းရေတိုက်ပါ။
စာမျက်နှာ-548
၁၁။ ဖမ်းဆီးချုပ်နှောင်ခြင်းခံရလျှင် အခေါက်ပေါင်း တစ်ထောင်ရွတ်ပါ။
၁၂။ ခရီးသွားလျှင် ပန်းကို သမ္ဗုဒ္ဓေဂါထာ (၂) ခေါက် ရွတ်ဖတ်၍ ယင်းပန်းကို ယူဆောင်သွားပါက ဘေးကင်းသည်။ ရောဂါဘေး၊ စိုးရိမ်သောက၊ ဗျာပါဒဘေးတို့မှ ကင်းဝေးရသည်။
၁၃။ ဤဂါထာတော်ကို နေ့စဉ်မပျက် ရွတ်ဖတ်ပါက မိမိဘဝ၌ ရေပြည့်အိုးပမာ တိုးတက်လျက်ရှိမည်။ မညှိုးသောပန်းကဲ့သို့လည်း ရှိမည်။ ကောင်းကင်မှ လမင်းကြီးပမာ တင့်တယ်မှုကို ရရှိမည်။
ဤဖော်ပြပါ လင်္ကာသည် ရှေးဆရာတော်ကြီးများ လက်တွေ့မျက်မြင် သာဓကများကို အခြေခံကာ သီကုံးထားသော အကျိုးပြလင်္ကာများသာ ဖြစ်ပါသည်။ အမှန်စင်စစ်အားဖြင့် အစိန္တေယျဂုဏ်နှင့် ပြည့်စုံသော ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး ဂုဏ်တော်များကို ရှိခိုးပူဇော်ကန်တော့ခြင်း ဖြစ်၍ ရရှိသော အကျိုးကျေးဇူးမှာလည်း မည်ရွှေ့မည်မျှဟု အကန့်အသတ်မရှိဘဲ မကြံစည်အပ် မကြံစည်နိုင်သော အကျိုးကျေးဇူးများကို ရရှိခံစားနိုင်ပါသည်။
၁၇။ ဖုဋ္ဌဿဂါထာ မန္တန်တော်
ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ။
အသောကံ ဝိရဇံ ခေမံ၊ ဧတံ မင်္ဂလမုတ္တမံ။
ယဿ၊ အကြင်ရဟန္တာပုဂ္ဂိုလ်၏။ စိတ္တံ၊ စိတ်သည်။ လောကဓမ္မေဟိ၊ ကောင်းဆိုးနှစ်တန် လောကဓံတရား ရှစ်ပါးတို့နှင့်။ ဖုဋ္ဌဿ၊ ထိတွေ့အပ်သော်လည်း။ န ကမ္ပတိ၊ မတုန်လှုပ်။ အသောကံ၊ စိုးရိမ်ခြင်းလည်းမရှိ။ ဝိရဇံ၊ ကိလေသာဟူသော မြူအညစ်အကြေးလည်းမရှိ။ ခေမံ၊ ဘေးလည်းမရှိ။ ဧတံ၊ ဤလေးပါးသော တရားသည်လည်း။ ဥတ္တမံ၊ မြတ်သော။ မင်္ဂလံ၊ မင်္ဂလာမည်ပါပေ၏။
ဤဂါထာကို ရှေးရှေးပုဂ္ဂိုလ်များ ဉာဏ်ရှိသလို သုံးခဲ့ကြသည်။ အချို့ပုဂ္ဂိုလ်များ ဤဂါထာကို ရွတ်ဖတ်ခြင်းကြောင့် ခေတ်ဆိုးခေတ်ကျပ်တွေ အမျိုးမျိုး ကျော်လွှားခဲ့ကြရသည်။ အချို့မြန်မာသမားတော်များ ဤဂါထာဖြင့် ဆီကိုမန်းပြီး အနာရောဂါများ နေရာရွှေ့ကုသပေးနိုင်ခဲ့ကြသည်။ ဤဂါထာရွတ်ဆို၍ သစ္စာပြုဆုတောင်းခြင်းကြောင့် အန္တရာယ်ကင်းခြင်း၊ အနှောင်အဖွဲ့မှ လွတ်မြောက်ခြင်း၊ အခက်အခဲကို ကျော်လွှားခြင်းစသည့် အကျိုးအမျိုးမျိုးကို ရရှိခံစားခဲ့ကြရသည်။
စာမျက်နှာ-549
ဤဂါထာဖြင့် ရေကို သက်စေ့မန်းသောက်သောကြောင့် သောကကင်းခြင်း၊ အနန္တငါးပါးကို ရေငါးခွက်ဖြင့် ပူဇော်ပြီး တစ်ခွက်ကို ဖုဋ္ဌဿဂါထာ မန္တန်ရွတ်၍ သောက်ခြင်းကြောင့် အကြံအစည်အားလုံး ပြီးစီးခြင်းစသည်ဖြင့် ကိုယ်တွေ့ လက်တွေ့များကို အမျိုးမျိုး ပြောဆိုရေးသားကာ မှတ်တမ်းတင်ခဲ့ကြသည်။
သို့ရာတွင် ဘုရားဟောတရားမှန်သမျှ အစိန္တေယျဂုဏ်နှင့် ပြည့်စုံသည်ချည်း ဖြစ်သောကြောင့် ဤဂါထာကို ရွတ်ဖတ်၍ သစ္စာပြုဆုတောင်းလျှင် မည်ရွှေ့မည်မျှဟု အကန့်အသတ်မရှိ အကျိုးတရားများ ရရှိခံစားနိုင်ကြပေသည်။
၁၈။ ပဋိစ္စသမုပ္ပါဒ် အနုလုံပါဠိတော်
အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဠာယတနံ၊ သဠာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။
၁၉။ ပဋိစ္စသမုပ္ပါဒ် ပဋိလုံပါဠိတော်
အဝိဇ္ဇာယ တွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော၊ သင်္ခါရနိရောဓာ ဝိညာဏနိရောဓော၊ ဝိညာဏနိရောဓာ နာမရူပနိရောဓော၊ နာမရူပနိရောဓာ သဠာယတနနိရောဓော၊ သဠာယတနနိရောဓာ ဖဿနိရောဓော၊ ဖဿနိရောဓာ ဝေဒနာနိရောဓော၊ ဝေဒနာနိရောဓာ တဏှာနိရောဓော၊ တဏှာနိရောဓာ ဥပါဒါနနိရောဓော၊ ဥပါဒါနနိရောဓာ ဘဝနိရောဓော၊ ဘဝနိရောဓာ ဇာတိနိရောဓော၊ ဇာတိနိရောဓာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ နိရုဇ္ဈန္တိ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။
ဘုရားရှင်ကိုယ်တော်မြတ်သည် ဘုရားဖြစ်တော်မူပြီးစ ပထမသတ္တာဟ ဗောဓိပင်နှင့် ရွှေပလ္လင်၌ သီတင်းသုံးတော်မူစဉ် ညဉ့်သုံးယာမ်ပတ်လုံး ဤပဋိစ္စသမုပ္ပါဒ်ပါဠိတော်ကို အနုလုံ ပဋိလုံ ဆင်ခြင်တော်မူခဲ့သည်။ ဘုရားဖြစ်တော်မူစ ဆင်ခြင်တော်မူပုံကို အကြောင်းပြု၍ ယခုအခါ ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင်ရာ၌ ရွတ်ဖတ်ပူဇော်လျက် ရှိကြသည်။
စာမျက်နှာ-550
ဗောဓိပင်နှင့် ရွှေပလ္လင်ကို အောင်မြင်တော်မူပြီးစ ဘုရားရှင် ဆင်ခြင်တော်မူပုံကို အာရုံပြု၍ ဤပဋိစ္စသမုပ္ပါဒ်ပါဠိတော်ကို အနုလုံ ပဋိလုံ ရွတ်ဖတ်ပူဇော်လျှင် အသိဉာဏ်ကြီးမားခြင်း၊ ဉာဏ်ပညာထက်မြက်ခြင်း၊ အတွင်းရန် အပြင်ရန် အားလုံး အောင်မြင်နိုင်ခြင်း၊ အောင်မြင်မှုသရဖူကို ဆောင်း၍ ကျက်သရေမင်္ဂလာများ တိုးပွားနိုင်ခြင်းစသော အတိုင်းမသိ များပြားလှသော အကျိုးကျေးဇူးများ ရရှိနိုင်ပေသည်။
၂၀။ ပထဝီဇယမန္တန် ၁၄-ဂါထာပါဌ်
၁။ ဩံ ပထဝီဇယသဗ္ဗေ၊ အနေကအန္တရာယိကံ။ ဇယံ ပစ္စေကဗုဒ္ဓါ စ၊ ဇယံ ပရိ မဟေသယော။
၂။ ဇယံ ဟရိုဒေဝေါ၊ ဇယံ ဗြဟ္မာ ဓတရဋ္ဌော။ ဇယံ နာဂေါ စ ဝိရူဠှော၊ ဝိရူပက္ခော စ စန္ဒိမာ။
၃။ ဣန္ဒော ဝေနဟေယျော စ၊ ကုဝေရော ဝရုဏောပိ စ။ အဂ္ဂိ ဝါရုဏော ပဇ္ဇုန္နော၊ ကုမာရော စတုပါလကော။
၄။ အဋ္ဌာရသ မဟာဒေဝါ၊ သုခိတာ စ ပသိဒ္ဓိယော။ အသီတိ မဟာသာဝကာ၊ သဗ္ဗေ ဇယံ ဒဒန္တု မေ။
၅။ ဇယော ဓမ္မော စ သံဃော စ၊ ဒသဗလော စ ဇေယျကော။ ဧကေန သစ္စဝဇ္ဇေန၊ ဇယာ သုခါ ဘဝန္တု မေ။
၆။ နရာ ဒေဝါ စ ဗြဟ္မာနော၊ ယက္ခာ နာဂါ စ ဂရုဠာ။ တေပိ ဒိသွာ ပိယာ မယှံ၊ ပုတ္တံ မမေဝ သိနေဟာ။
၇။ ဗုဒ္ဓါ ပစ္စေကဗုဒ္ဓါ စ၊ အရဟာ အဂ္ဂသာဝကာ။ သဗ္ဗေ ကရောန္တု မေ မေတ္တံ၊ သဗ္ဗေ တိဋ္ဌန္တု မတ္ထကေ။
၈။ တေသံ မေတ္တာနုဘာဝေန၊ သဗ္ဗေ ရောဂါ သုသီတလာ။ သဗ္ဗေ ဘယာ ဝိနဿန္တု၊ သဗ္ဗေ နဿန္တုပဒ္ဒဝါ။
၉။ ဣမသ္မိံ စက္ကဝါဠေ စ၊ ဗဟူ အနန္တပါဏိနော။ အနန္တစက္ကဝါဠေ စ၊ ဗဟူ အနန္တပါဏိနော။
၁၀။ ဣမေ သတ္တာ အဝေရာ စ၊ အညမညံ ပိယာ ဟောန္တု။ ဣမေ သတ္တာ အဝေရာ စ၊ အညမညံ သုခါ ဟောန္တု။
၁၁။ နေရယိကာ တိရစ္ဆာနာ၊ ပေတာ အသုရကာ ယမာ။ ဣမေ သဗ္ဗေ ယထာ သတ္တာ၊ ဒုက္ခာ မုစ္စန္တု တတ္တကာ။
စာမျက်နှာ-551
၁၂။ ဒသကောဋိ ဒကဇာ စ၊ ထလဇာ နဝကောဋ္ဌိယော။ သံသေဒဇောပပါတိကာ၊ ဒီဃာယုကာ ဘဝန္တု တေ။
၁၃။ ဥဒ္ဓံ ယာဝ ဘဝဂ္ဂါ စ၊ အဓော ယာဝ အဝီစိတော။ သမန္တာ စက္ကဝါဠေသု၊ ယေ သတ္တာ ပထဝီစရာ။
၁၄။ အဗျာပဇ္ဈာ နိဝေရာ စ၊ နိဒုက္ခာ စ နုပဒ္ဒဝါ။ သဗ္ဗေ သတ္တာ အဝေရာ စ၊ သဟ သဗ္ဗေဟိ ဉာတိဘိ။
၁။ အနေကအန္တရာယိကံ၊ တစ်ပါးမက များလှသွယ်သွယ် အန္တရာယ်ကို ပြုတတ်သော။ ပထဝီဇယသဗ္ဗံ၊ ကြွင်းမဲ့ဥဿုံ အလုံးစုံသော မြေအပြင်၌ အောင်မြင်စဖွယ်ဟူသမျှ တစ်စမကြွင်း ရန်ခပင်းကို။ ဇယံ၊ ကောင်းကျိုးလျှမ်းတောက် ချမ်းသာရောက်အောင် မျက်မှောက်ထင်ထင် အောင်မြင်ပါစေသတည်း။ ပစ္စေကဗုဒ္ဓါ စ၊ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည်လည်း။ မေ၊ အကျွန်ုပ်အား။ ဇယံ၊ အောင်ဆုကို။ ဒဒန္တု၊ ပေးတော်မူပါစေကုန်သတည်း။ မဟေသယော စ၊ မြတ်သော သီလက္ခန္ဓ စသည်ကျေးဇူး ဂုဏ်အထူးကို ရှာမှီးတော်မူကုန်ပြီးသော ပညာဓိက၊ သဒ္ဓါဓိက၊ ဝီရိယာဓိက ဘုရားသခင် အရှင်အဂ္ဂသာဝက၊ မဟာသာဝက၊ ပကတိသာဝက ရဟန္တာမြတ်တို့သည်လည်း။ ပရိ၊ ထက်ဝန်းကျင် အကြွင်းမရှိသောအားဖြင့်။ မေ၊ အကျွန်ုပ်အား။ ဇယံ၊ အောင်ဆုကို။ ဒဒန္တု၊ ပေးတော်မူကြပါစေကုန်သတည်း။
၂။ ဟရော၊ ဟရနတ်သည်လည်းကောင်း။ ဟရိဒေဝေါ၊ ဟရိနတ်သည်လည်းကောင်း။ မေ၊ အကျွန်ုပ်အား။ ဇယံ၊ အောင်ဆုကို။ ဒဒန္တု၊ ပေးကြပါစေကုန်သတည်း။ ဗြဟ္မာ၊ ဗြဟ္မာသည်လည်းကောင်း။ ဓတရဋ္ဌော၊ ဓတရဋ္ဌနတ်မင်းသည်လည်းကောင်း။ မေ၊ အကျွန်ုပ်အား။ ဇယံ၊ အောင်ဆုကို။ ဒဒန္တု၊ ပေးကြပါစေကုန်သတည်း။ နာဂေါ စ၊ မဟာနာဂ နတ်မင်းသည်လည်းကောင်း။ ဝိရူဠှော စ၊ ဝိရူဠကနတ်မင်းသည်လည်းကောင်း။ ဝိရူပက္ခော စ၊ ဝိရူပက္ခနတ်မင်းသည်လည်းကောင်း။ စန္ဒိမာ၊ လနတ်သားသည်လည်းကောင်း။
၃။ ဣန္ဒော စ၊ အထူးထူးသော နတ်တို့ကို အစိုးရသော သိကြားမင်းသည်လည်းကောင်း။ ဝေနတေယျော စ၊ ဝိနတာနတ်သမီး၏ သားတော်ဖြစ်သော နတ်မင်းသည်လည်းကောင်း။ ကုဝေရော စ၊ ကုဝေရနတ်မင်းသည်လည်းကောင်း။ ဝရုဏောပိ စ၊ ဝရုဏနတ်မင်းသည်လည်းကောင်း။ အဂ္ဂိ စ၊ မီးနတ်သားသည်လည်းကောင်း။ ဝါရုဏော၊ လေနတ်သားသည်လည်းကောင်း။ ပဇ္ဇုန္နော စ၊ မိုးနတ်သားသည်လည်းကောင်း။ ကုမာရော စ၊
စာမျက်နှာ-552
ကုမာရနတ်သားသည်လည်းကောင်း။ စတုပါလကော စ၊ လောကပါလနတ်သား လေးယောက်သည်လည်းကောင်း။ မေ၊ အကျွန်ုပ်အား။ ဇယံ၊ အောင်ဆုကို။ ဒဒန္တု၊ ပေးကြပါစေကုန်သတည်း။
၄။ သုခိတာ၊ ချမ်းသာအောင် ဆောင်နိုင်ကုန်သော။ အဋ္ဌာရသ မဟာဒေဝါ စ၊ တစ်ဆယ့်ရှစ်ယောက်ကုန်သော နတ်မင်းကြီးတို့သည်လည်းကောင်း။ ပသိဒ္ဓိယော၊ အထူးထူးအပြားပြား စီးပွားချမ်းသာကို ပြီးစေတတ်ကုန်သော။ အသီတိမဟာသာဝကာ စ၊ ရှစ်ကျိပ်သော မဟာသာဝက ရဟန္တာအရှင်မြတ်တို့သည်လည်းကောင်း။ မေ၊ အကျွန်ုပ်အား။ သဗ္ဗဇယံ၊ အောင်ဆုဟူသမျှကို။ ဒဒန္တု၊ ပေးတော်မူကြပါစေကုန်သတည်း။
၅။ ဓမ္မော စ၊ ဆယ်ပါးသော တရားတော်သည်လည်းကောင်း။ သံဃော စ၊ သမ္မုတိ၊ ပရမတ် နှစ်ရပ်သော သံဃာတော်သည်လည်းကောင်း။ ဇယော၊ ရန်ဟူသမျှကို အထူးအောင်မြင်တော်မူပေ၏။ ဒသဗလော စ၊ ကာယဉာဏ်တော်အား ဆယ်ဖော်နှင့် ပြည့်စုံတော်မူပေသော မြတ်စွာဘုရားသခင်သည်လည်း။ ဇေယျကော၊ ရန်မျိုးဥဿုံ အလုံးစုံကို အကုန်မကြွင်း ခုတ်စဉ်းဖျက်ချေ အထူးအောင်မြင်တော်မူပေ၏။ ဧတေန သစ္စဝဇ္ဇေန၊ ဤသို့ဆိုငြား သစ္စာစကားကြောင့်။ ဇယာ၊ ရန်အပေါင်းကို အထူးအောင်မြင်ခြင်းတို့သည်လည်းကောင်း။ သုခါ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းတို့သည်လည်းကောင်း။ မေ၊ အကျွန်ုပ်အား။ ဘဝန္တု၊ ဖြစ်ကြပါစေကုန်သတည်း။
၆။ နရာ စ၊ လူတို့သည်လည်းကောင်း။ ဒေဝါ စ၊ နတ်တို့သည်လည်းကောင်း။ ဗြဟ္မာနော စ၊ ဗြဟ္မာတို့သည်လည်းကောင်း။ ယက္ခာ စ၊ ဘီလူးတို့သည်လည်းကောင်း။ နာဂါ စ၊ နဂါးတို့သည်လည်းကောင်း။ ဂရုဠာ စ၊ ဂဠုန်တို့သည်လည်းကောင်း။ တေပိ၊ ထို လူ၊ နတ်၊ ဗြဟ္မာ၊ ဘီလူး၊ နဂါး၊ ဂဠုန်တို့သည်လည်း။ မံ၊ အကျွန်ုပ်ကို။ ဒိသွာ၊ မြင်သည်ရှိသော်။ မယှံ၊ အကျွန်ုပ်အား။ ပိယာ၊ မြတ်နိုးချစ်ခင်ကြကုန်သည်။ ဟောန္တု၊ ဖြစ်ပါစေကုန်သတည်း။ ပုတ္တံ၊ မိမိတို့၏သားကို။ သိနေဟာ ဣဝ၊ ချစ်ခင်ကြကုန်သကဲ့သို့။ မမ၊ အကျွန်ုပ်အား။ ပိယာ၊ မြတ်နိုးချစ်ခင်ကြကုန်သည်။ ဟောန္တု၊ ဖြစ်ပါစေကုန်သတည်း။
၇။ ဗုဒ္ဓါ စ၊ မြတ်စွာဘုရားတို့သည်လည်းကောင်း။ ပစ္စေကဗုဒ္ဓါ စ၊ ပစ္စေကဗုဒ္ဓါတို့သည်လည်းကောင်း။ အရဟာ စ၊ ရဟန္တာတို့သည်လည်းကောင်း။ အဂ္ဂသာဝကာ စ၊ အဂ္ဂသာဝကတို့သည်လည်းကောင်း။ သဗ္ဗေ၊ အလုံးစုံကုန်သော ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ အဂ္ဂသာဝကတို့သည်။ မေ၊ အကျွန်ုပ်အား။
စာမျက်နှာ-553
မေတ္တံ၊ ချစ်ခြင်းမေတ္တာကို။ ကရောန္တု၊ ပြုတော်မူပါစေကုန်သတည်း။ သဗ္ဗေ၊ အလုံးစုံကုန်သော ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ အဂ္ဂသာဝကတို့သည်။ မေ၊ အကျွန်ုပ်၏။ မတ္ထကေ၊ ဦးခေါင်းထက်၌။ တိတ်ဌန်တု၊ ရပ်တည်တော်မူပါစေကုန်သတည်း။
၈။ တေသံ၊ ထိုဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ အဂ္ဂသာဝကတို့၏။ မေတ္တာနုဘာဝေန၊ မေတ္တာ၏ အာနုဘော်တော်ကြောင့်။ သဗ္ဗေ၊ အလုံးစုံကုန်သော။ ရောဂါ၊ ကိုးဆယ့်ခြောက်ဖြာ အနာရောဂါတို့သည်။ သုသီတလာ၊ အလွန်ငြိမ်းအေးကြကုန်သည်။ ဟောန္တု၊ ဖြစ်ပါစေကုန်သတည်း။ သဗ္ဗေ၊ အလုံးစုံကုန်သော။ ဘယာ၊ ကြောက်မက်ဖွယ်ဘေးတို့သည်။ ဝိနဿန္တု၊ ပျောက်ကွယ်ကြပါစေကုန်သတည်း။ သဗ္ဗေ၊ အလုံးစုံကုန်သော။ ဥပဒ္ဒဝါ၊ ကပ်၍ နှိပ်စက်တတ်ကုန်သော ဥပဒ္ဒဝေါတို့သည်။ နဿန္တု၊ ပျက်စီးကြပါစေကုန်သတည်း။
၉။ ဣမသ္မိံ စက္ကဝါဠေ၊ ဤစကြဝဠာ၌။ ဗဟူ၊ များစွာကုန်သော။ အနန္တပါဏိနော စ၊ အဆုံးအပိုင်းအခြား မရှိကုန်သော သတ္တဝါအပေါင်းတို့သည်လည်းကောင်း။ အနန္တစက္ကဝါဠေ၊ အဆုံးအပိုင်းအခြားမရှိသော စကြဝဠာတိုက်အပေါင်း၌။ ဗဟူ၊ များစွာကုန်သော။ အနန္တပါဏိနော စ၊ အဆုံးအပိုင်းအခြား မရှိကုန်သော သတ္တဝါအပေါင်းတို့သည်လည်းကောင်း။
၁၀။ ဣမေ သတ္တာ၊ ဤဆိုအပ်ပြီးသော သတ္တဝါအပေါင်းတို့သည်။ အညမညံ၊ အချင်းချင်း။ အဝေရာ၊ ရန်မရှိကြကုန်သည်ဖြစ်၍။ ပိယာ စ၊ မြတ်နိုးချစ်ခင်ကြကုန်သည်လည်း။ ဟောန္တု၊ ဖြစ်ကြပါစေကုန်သတည်း။ ဣမေ သတ္တာ၊ ဤဆိုအပ်ကုန်ပြီးသော သတ္တဝါအပေါင်းတို့သည်။ အညမညံ၊ အချင်းချင်း။ အဝေရာ၊ ရန်မရှိကြကုန်သည်ဖြစ်၍။ သုခါ စ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းနှင့် ပြည့်စုံကြကုန်သည်လည်း။ ဟောန္တု၊ ဖြစ်ကြပါစေကုန်သတည်း။
၁၁။ နေရယိကာ စ၊ ငရဲသားတို့သည်လည်းကောင်း။ တိရစ္ဆာနာ စ၊ တိရစ္ဆာန်တို့သည်လည်းကောင်း။ ပေတာ စ၊ ပြိတ္တာတို့သည်လည်းကောင်း။ အသုရကာ စ၊ အသူရကာယ်တို့သည်လည်းကောင်း။ ယမာ စ၊ ငရဲသနင်း ယမမင်းတို့သည်လည်းကောင်း။ ယထာ၊ အကြင်သို့သော အခြင်းအရာအားဖြင့်။ ဇာတာ၊ ဖြစ်ကုန်သော။ သဗ္ဗေ၊ အလုံးစုံကုန်သော။ ဣမေ သတ္တာ၊ ဤဆိုအပ်ပြီးသော သတ္တဝါအပေါင်းတို့သည်။ သန္တိ၊ ရှိကြကုန်၏။ တတ္တကာ၊ ထိုမျှလောက်ကုန်သော သတ္တဝါအပေါင်းတို့သည်။ ဒုက္ခာ၊ ဆင်းရဲအပေါင်းမှ။ မုစ္စန္တု၊ ကင်းလွတ်ကြပါစေကုန်သတည်း။
စာမျက်နှာ-554
၁၂။ ဒသကောဋိ ဒကဇာ စ၊ ရေနေ ဆယ်ကုဋေသော သတ္တဝါအပေါင်းတို့သည်လည်းကောင်း။ ထလဇာ နဝကောဋိယော စ၊ ကုန်းနေ ကိုးကုဋေသော သတ္တဝါအပေါင်းတို့သည်လည်းကောင်း။ သံသေဒဇောပပါတိကာ စ၊ အညှိ၌ ဖြစ်သော သတ္တဝါ၊ ကိုယ်ထင်ရှားဖြစ်သော သတ္တဝါတို့သည်လည်းကောင်း။ တေ၊ ထိုဆိုအပ်ကုန်ပြီးသော သတ္တဝါအပေါင်းတို့သည်။ ဒီဃာယုကာ၊ အသက်ရှည်ကြကုန်သည်။ ဘဝန္တု၊ ဖြစ်ပါစေကုန်သတည်း။
၁၃။ သမန္တာ၊ ထက်ဝန်းကျင်အရပ်၌။ စက္ကဝါဠေသု၊ အဆုံးအပိုင်းအခြားမရှိကုန်သော စကြဝဠာတိုက်အပေါင်းတို့၌။ ဥဒ္ဓံ၊ အထက်၌။ ယာဝ ဘဝဂ္ဂါ စ၊ နေဝသညာနာသညာယတန ဘဝဂ်ဘုံတိုင်အောင်လည်းကောင်း။ အဓော၊ အောက်၌။ ယာဝ အဝီစိတော စ၊ အဝီစိငရဲဘုံတိုင်အောင်လည်းကောင်း။ ယေ သတ္တာ၊ အကြင်သတ္တဝါအပေါင်းတို့သည်။ ပထဝီစရာ၊ မြေရေနှစ်ပြင် ထက်ကောင်းကင်၌ ကျင်လည်လှည့်သွား ကျက်စားကြကုန်၏။
၁၄။ သဗ္ဗေ၊ အလုံးစုံကုန်သော။ တေ သတ္တာ၊ ထိုသတ္တဝါအပေါင်းတို့သည်။ သဗ္ဗေဟိ၊ အလုံးစုံကုန်သော။ ဉာတိဘိ၊ အဆွေအမျိုးတို့နှင့်။ သဟ၊ တကွ။ အဗျာပဇ္ဈာ စ၊ စိုးရိမ်ကြောင့်ကြ မရှိကြကုန်သည်လည်းကောင်း။ နိဝေရာ စ၊ အပရန်မရှိကြကုန်သည်လည်းကောင်း။ နိဒုက္ခာ စ၊ ဆင်းရဲဒုက္ခမရှိကြကုန်သည်လည်းကောင်း။ အနုပဒ္ဒဝါ စ၊ ဥပဒ္ဒဝေါမရှိကြကုန်သည်လည်းကောင်း။ အဝေရာ စ၊ အတွင်းရန်မရှိကြကုန်သည်လည်းကောင်း။ ဟောန္တု၊ ဖြစ်ပါစေကုန်သတည်း။
ကျွန်ုပ်တို့ဘုရားအလောင်းတော်ရသေ့ ဟိမဝန္တာ၌ သီတင်းသုံးစဉ် သဗ္ဗဒါဌိက မြေခွေးသည် အလောင်းတော်ရသေ့ထံမှ ဤပထဝီဇယမန္တန်ဂါထာများကို ကြားနာရရှိ၍ အမြဲမပြတ် ရွတ်ဖတ်သဖြင့် တောနေသတ္တဝါများက မြေခွေးအား ဝန်းရံခစားကြသည်။ သစ်၊ ကျား၊ ဆင်၊ ခြင်္သေ့ စသည်တို့သည် ဝိုင်းအုံခစား၍ မြေခွေးအား တောဘုရင်အဖြစ် တင်မြှောက်ခဲ့ကြသည်။
ယင်းကို အစွဲပြု၍ ပထဝီဇယမန္တန်တော် ဖြစ်ပေါ်ကာ ရွတ်ဆိုခဲ့ကြောင်း ရှေးဆရာအစဉ်အဆက်တို့ မှတ်တမ်းတင်ခဲ့ကြသည် (ပထဝီ = မြေကြီး + ဇယ = အောင်မြင်ခြင်း။ မြေပြင်တစ်ခုလုံးကို အောင်နိုင်ခြင်းဟု အဓိပ္ပါယ်ရသည်။) ဤဂါထာမန္တန်များကို အမြဲမပြတ် ရွတ်ဖတ်ခြင်းဖြင့် မရသေးသော စည်းစိမ်များ ရရှိနိုင်ခြင်း၊ မြေယာအိုးအိမ် တိုက်တာများ ဖြစ်ထွန်းရရှိခြင်း၊ ဩဇာအာဏာကြီးမားခြင်း စသော အကျိုးကျေးဇူးများကို ရရှိနိုင်သည်။
စာမျက်နှာ-555
၂၁။ လာဘသိဒ္ဓိ ရှင်သီဝလိဂါထာ
၁။ သီဝလိ စ မဟာနာမံ၊ သဗ္ဗလာဘံ ဘဝိဿတိ။
ထေရဿ အာနုဘာဝေန၊ သဗ္ဗေ ဟောန္တု ပိယံ မမ။
၂။ သီဝလိ စ မဟာဝီရော၊ ယေ ယေ ပဿန္တု မံ ပိယံ။
တေ တေ ပဿန္တု ပရမံ၊ ဇနပဒါ ပူဇယန္တု။
၃။ သီဝလိ စ မဟာထေရော၊ မမ သီသေ ဌပေတွာန။
ဇမ္ဗုဒီပမဏ္ဍလေန၊ ဇယော မန္တာ သုခါဝဟံ။
၄။ သီဝလိ စ မဟာနာမံ၊ ဣန္ဒာ ဒေဝါ သဗြဟ္မကာ။
မနုဿပုရိသော ဣတ္ထိ၊ မဟာလာဘံ ဘဝိဿတိ။
၅။ သီဝလိ စ မဟာလာဘံ၊ နာနာ ဒေတိ ဝရံ ဝရံ။
ဣဒမ္ပိ ပူဇိတံ ဒေတိ၊ မဟာသုခံ ဘဝိဿတိ။
၆။ ဝဏ္ဏံ ဒန္တံ သုခံ ကိတ္တိံ၊ အနာမယံ ဘဝေ ဘဝေ။
တဝ ရုက္ခေ ဒေဝဓီတ၊ သဗ္ဗေ ကောဓံ ဝိနဿတု။
၇။ သီဝလိ စ မဟာလာဘံ၊ သဗ္ဗလာဘံ ဘဝိဿတိ။
ထေရဿ အာနုဘာဝေန၊ သဒါ ဟောတု ပိယံ မမ။
၈။ သီဝလိ စ မဟာထေရော၊ ယေ ယေ ပဿန္တု မံ ပိယံ။
တေ တေ ပဿန္တု မံ ပိယံ၊ ဇနပဒါ ပူဇယန္တု။
၉။ သီဝလိ စ မဟာထေရော၊ မမ သီသေ ဌပေတွာန။
မန္တတေဇဇယောမန္တံ၊ အဟံ ဝန္ဒာမိ သဗ္ဗဒါ။
၁၀။ သီဝလိ စ မဟာထေရော၊ ဒေဝမနုဿပူဇိတော။
သော ရဟော ပစ္စယာဒီနံ၊ မဟာလာဘံ ကရောတု မေ။
၁။ မဟာနာမံ၊ ကြီးမြတ်သော အမည်ရှိတော်မူထသော။ သီဝလိ စ၊ အရှင်သီဝလိမထေရ်သည်လည်း။ သဗ္ဗလာဘံ၊ အလုံးစုံသော လာဘ်ရတနာကို။ ဘဝိဿတိ၊ ဖြစ်ပေါ်စေလတ္တံ့။ ထေရဿ၊ အရှင်သီဝလိမထေရ်မြတ်၏။ အာနုဘာဝေန၊ တန်ခိုးရှိန်စော် အာနုဘော်ကြောင့်။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော သူတို့သည်။ မမ၊ အကျွန်ုပ်အား။ ပိယံ၊ ချစ်မြတ်နိုးခြင်းသည်။ ဟောန္တု၊ ဖြစ်ပါစေကုန်သတည်း။
စာမျက်နှာ-556
၂။ သီဝလိ စ၊ အရှင်သီဝလိမထေရ်သည်လည်း။ မဟာဝီရော၊ ကြီးမြတ်သော ဝီရိယရှိတော်မူပါပေ၏။ တဿ၊ ထိုအရှင်သီဝလိမထေရ်၏။ တေဇေန၊ တန်ခိုးရှိန်စော် အာနုဘော်ကြောင့်။ ယေ ယေ၊ အကြင်အကြင် သူတို့သည်။ မံ၊ အကျွန်ုပ်ကို။ ပိယံ၊ ချစ်ခင်မြတ်နိုးစွာ။ ပဿန္တု၊ ကြည့်ကြကုန်၏။ တေ တေ၊ ထိုထိုသော ပုဂ္ဂိုလ်တို့သည်။ ပရမံ၊ မွန်မြတ်လှစွာ။ ပဿန္တု၊ ကြည့်ရှုကြပါစေကုန်သတည်း။ ဇနပဒါ၊ ဇနပုဒ်သား လူအများတို့သည်။ ပူဇယန္တု၊ ပူဇော်ကြပါစေကုန်သတည်း။
၃။ မဟာထေရော၊ မထေရ်ကြီးဖြစ်တော်မူသော။ သီဝလိ စ၊ အရှင်သီဝလိသည်လည်း။ မမ၊ တပည့်တော်၏။ သီသေ၊ ဦးခေါင်းပလ္လင်၌။ ဌပေတွာန၊ အမြဲမပြတ် ရပ်တည်တော်မူ၍။ ဇမ္ဗုဒီပမဏ္ဍလေန၊ ဇမ္ဗူဒိပ်ကျွန်း အဝန်းနှင့်အမျှ။ ဇယော၊ အောင်မြင်ခြင်းသည်။ ဟောတု၊ ဖြစ်ပါစေ။ မန္တာ၊ အောင်မြင်စေကြောင်း မန္တန်ကောင်းသည်။ သုခါဝဟံ၊ ချမ်းသာခြင်းကို ဆောင်ရွက်နိုင်သည်။ ဟောတု၊ ဖြစ်ပါစေသတည်း။
၄။ သီဝလိ စ၊ အရှင်သီဝလိမထေရ်မြတ်သည်လည်း။ မဟာနာမံ၊ မြင့်မြတ်သော အမည်တော်ရှိပါပေ၏။ တဿ ထေရဿ၊ ထိုအရှင်သီဝလိမထေရ်မြတ်၏။ အာနုဘာဝေန၊ အာနုဘော်တော်ကြောင့်။ သဗြဟ္မကာ၊ ဗြဟ္မာမင်းနှင့်တကွကုန်သော။ ဣန္ဒာ ဒေဝါ၊ သိကြားနတ်တို့သည်လည်းကောင်း။ မနုဿပုရိသော ဣတ္ထိ၊ ယောက်ျား၊ မိန်းမ များလှသောသူတို့သည်လည်းကောင်း။ မဟာလာဘံ၊ ကြီးစွာသော လာဘ်ရခြင်းသည်။ ဘဝိဿတိ (ဘဝိဿတု)၊ ဖြစ်ပါစေသတည်း။
၅။ သီဝလိ စ၊ အရှင်သီဝလိမထေရ်သည်လည်း။ နာနာ ဝရံ ဝရံ၊ အထူးထူးအပြားပြား များမြတ်လှသော။ မဟာလာဘံ၊ ကြီးစွာသော လာဘ်လာဘကို။ ဒေတိ၊ ပေးစွမ်းနိုင်၏။ ပူဇိတံ၊ ပူဇော်အပ်သော။ ဣဒမ္ပိ၊ ဤသို့သဘောရှိသော လာဘ်ဟူသမျှကို။ ဒေတိ၊ ပေးစွမ်းနိုင်၏။ တဿ ထေရဿ၊ ထိုအရှင်သီဝလိမထေရ်၏။ အာနုဘာဝေန၊ အာနုဘော်တော်ကြောင့်။ မဟာသုခံ၊ ကြီးကျယ်သော စည်းစိမ်ချမ်းသာသည်။ ဘဝိဿတိ (ဘဝိဿတု)၊ ဖြစ်ပါစေသတည်း။
၆။ မမ၊ တပည့်တော်အား။ ဘဝေ ဘဝေ၊ ဘဝတိုင်း ဘဝတိုင်း၌။ ဝဏ္ဏံ၊ အဆင်းလှခြင်းသည်လည်းကောင်း။ ဒန္တံ၊ ယဉ်ကျေးသိမ်မွေ့ခြင်းသည်လည်းကောင်း။ သုခံ၊ ချမ်းသာခြင်းသည်လည်းကောင်း။ ကိတ္တိံ စ၊ ကျော်စောခြင်းသည်လည်းကောင်း။ အနာမယံ၊ အနာကင်းခြင်းသည်လည်းကောင်း။ ဟောတု၊ ဖြစ်ပါစေသတည်း။ တဝ ရုက္ခေ၊ ဘုရားရှင်တည်းဟူသော ပန်းပင်...
စာမျက်နှာ-557
ကြီး၌။ ဒေဝဓီတာ၊ တရားတော်တည်းဟူသော နတ်သမီးသည်။ သဗ္ဗကောဓံ၊ အလုံးစုံသော ရန်အမျက်ကို။ ဝိနဿတု၊ ဖျက်ဆီး၍ ပစ်နိုင်ပါစေသတည်း။
၇။ မဟာလာဘံ၊ များစွာသော လာဘ်ရှိတော်မူသော။ သီဝလိ စ၊ အရှင်သီဝလိမထေရ်သည်ကား။ သဗ္ဗလာဘံ၊ များမြတ်သော လာဘ်လာဘသည်။ ဘဝိဿတိ၊ ဖြစ်ပေါ်၍ လာရပေ၏။ ထေရဿ၊ အရှင်သီဝလိမထေရ်၏။ အာနုဘာဝေန၊ အာနုဘော်တော်ကြောင့်။ မမ၊ တပည့်တော်အား။ သဒါ၊ အခါခပ်သိမ်း။ ပိယံ၊ လူချစ်လူခင် ပေါများခြင်းသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။
၈။ သီဝလိ စ၊ အရှင်သီဝလိမထေရ်မြတ်သည်ကား။ မဟာထေရော၊ ကြီးကျယ်သော မထေရ်မြတ်လည်း ဖြစ်တော်မူပါပေ၏။ ယေ ယေ၊ အကြင်အကြင် သူတို့သည်။ မံ၊ အရှင်သီဝလိကို ကြည်ညိုသော တပည့်တော်ကို။ ပိယံ၊ သားရင်းပမာ ချစ်ခင်စွာ။ ပဿန္တု၊ မြင်ကြကုန်၏။ တေ တေ၊ ထိုထိုသူတို့သည်။ မံ၊ အကျွန်ုပ်ကို။ ပိယံ၊ ချစ်ခင်စွာ။ ပဿန္တု၊ မြင်ကြစေကုန်သတည်း။ ဇနပဒါ၊ ဇနပုဒ်နေ လူအပေါင်းတို့သည်။ တံ၊ ထိုအရှင်သီဝလိကို။ ပူဇယန္တု၊ ပူဇော်ကြစေကုန်သတည်း။
၉။ မဟာထေရော၊ မထေရ်မြတ်ဖြစ်တော်မူသော။ သီဝလိ စ၊ အရှင်သီဝလိသည်လည်း။ မမ၊ တပည့်တော်၏။ သီသေ၊ ဦးခေါင်းပေါ်တွင် မြတ်ပလ္လင်၌။ ဌာတု၊ တည်ပါစေသတည်း။ ဌပေတွာန၊ တည်တော်မူ၍။ မန္တတေဇဇယောမန္တံ၊ တန်ခိုးစွမ်းမန္တန် အောင်မြင်ရေးမန္တန်ကို ပေးတတ်သော။ တံ၊ ထိုရှင်သီဝလိမထေရ်ကို။ အဟံ၊ တပည့်တော်သည်။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ ဝန္ဒာမိ၊ ရှိခိုးပါ၏။
၁၀။ ဒေဝမနုဿပူဇိတော၊ နတ်လူတို့သည် ပူဇော်အပ်သော။ ပစ္စယာဒီနံ၊ ပစ္စည်းလေးပါး စသည်တို့ကို။ အရဟော၊ အလှူခံတော်မူထိုက်သော။ သော သီဝလိမဟာထေရော စ၊ ထိုအရှင်သီဝလိမထေရ်မြတ်သည်လည်း။ မေ၊ အကျွန်ုပ်အား။ မဟာလာဘံ၊ ကြီးစွာသော လာဘ်ရခြင်းကို။ ကရောတု၊ ပြုတော်မူပါစေသတည်း။
ရှင်သီဝလိကား လာဘ်အရာ၌ ဧတဒဂ်ဘွဲ့ရ၏။ သူ၏ လာဘ်ရမှုကို လူ၊ နတ်၊ ဗြဟ္မာ ပရိသတ်သာမက ဗုဒ္ဓကပင် မှတ်ကျောက်တင်ပေးခဲ့သည်။ အထူးချစ်ခင်ကြ၏။
စာမျက်နှာ-558
ထိုအရှင့်ဂုဏ်ကို ရည်စူး၍ ရွတ်ဖတ်ရသော ဂါထာများကား လာဘ်ရဖို့ အခြေခံများပင်။ ဘုန်းကျက်သရေ လာဘ်မိုးစွေလိုသူသည် ဂါထာများကို နေ့စဉ်မပြတ် ရွတ်ဖတ်သင့်၏။ ရွတ်သမျှ အကျိုးခံစားရပေမည်။ အထူးသဖြင့် စီးပွားရေးကောင်း၊ ရောင်းဝယ်ကောင်းလှလေ၏။ လူချစ်လူခင်လည်း များပေသည်။ ပိယသိဒ္ဓိ၊ ဓနသိဒ္ဓိအတွက် အထူးပွင့်သော ဟူ၏။
၂၂။ ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော် (ပဋ္ဌာန်း ၂၄-ပစ္စည်း)
ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော၊
အဓိပတိပစ္စယော၊ အနန္တရပစ္စယော၊
သမနန္တရပစ္စယော၊ သဟဇာတပစ္စယော၊
အညမညပစ္စယော၊ နိဿယပစ္စယော၊
ဥပနိဿယပစ္စယော၊ ပုရေဇာတပစ္စယော၊
ပစ္ဆာဇာတပစ္စယော၊ အာသေဝနပစ္စယော၊
ကမ္မပစ္စယော၊ ဝိပါကပစ္စယော၊
အာဟာရပစ္စယော၊ ဣန္ဒြိယပစ္စယော၊
ဈာနပစ္စယော၊ မဂ္ဂပစ္စယော၊
သမ္ပယုတ္တပစ္စယော၊ ဝိပ္ပယုတ္တပစ္စယော၊
အတ္ထိပစ္စယော၊ နတ္ထိပစ္စယော၊
ဝိဂတပစ္စယော၊ အဝိဂတပစ္စယောတိ။
ပဋ္ဌာန်း ၂၄-ပစ္စည်း ပါဠိတော်ကို အမြဲမပြတ် ရွတ်ဖတ်ပူဇော်ခြင်းအားဖြင့် မျက်မှောက်ချက်ချင်း အခါမလင့် ကောင်းကျိုးများကို ရရှိနိုင်ပေသည်။
ရင်ဆိုင်ကြုံတွေ့နေရသည့် ဘေးအန္တရာယ် အသွယ်သွယ်တို့ကို လွန်မြောက်နိုင်သည်။
ကျရောက်လတ္တံ့သော ဘေးအန္တရာယ်တို့မှလည်း ကင်းလွတ်နိုင်သည်။
အပြစ်ကင်း၍ ကောင်းကျိုးများသည့် ဆောင်ရွက်ချက် ကိစ္စအဝဝတို့ကို ပြီးစီးအောင်မြင်နိုင်သည်။
စာမျက်နှာ-559
အပြစ်ရှိ၍ မကောင်းကျိုးဖြစ်စေမည့် ကျူးလွန်ခြင်းတို့မှ ရှောင်နိုင်လွဲနိုင်သည်။
အချုပ်အားဖြင့် ဆောင်ရွက်သမျှ ကောင်းမြတ်သည့် ကိစ္စအဝဝတို့ကို ပြီးငြိမ်းအောင်မြင်နိုင်သည်။
အဆုံးစွန်သောဘဝ၌ နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်းစသည့် အကျိုးတရားများကို ရရှိနိုင်သည်။
ဤပဋ္ဌာန်း ၂၄-ပစ္စည်းကို မိမိအသက်၊ အိုးအိမ်၊ တိုက်တာ လုံခြုံရေးအတွက် အရပ်ရှစ်မျက်နှာတွင် တစ်မျက်နှာလျှင် သုံးပစ္စည်းစီ စည်းချ၍ အရံအတား ပြုကြသည်။ စည်းချရာ၌ အရှေ့မြောက် (တနင်္ဂနွေ) အရပ်မှစ၍ လက်ယာရစ် လှည့်ပတ်ကာရံပြီး အရှေ့မြောက်အရပ်တွင် ပြန်၍ စည်းကို သတ်ရမည်။ အရပ်ဆယ်မျက်နှာပြည့်အောင် အထက်အရပ်၊ အောက်အရပ်တို့ကိုပါ စည်းချလိုလျှင် အထက်အရပ်အတွက် ၂၄-ပစ္စည်းလုံး ရွတ်ဆို၍ အောက်အရပ်အတွက်လည်း ၂၄-ပစ္စည်းလုံး ရွတ်ဆို၍ စည်းချရပါမည်။
ဆရာတော်ကြီးတစ်ပါးသည် မိမိကျောင်းတိုက်ကို ပဋ္ဌာန်း ၂၄-ပစ္စည်း ရွတ်ဆို၍ အမြဲစည်းချကာ အရံအတား ပြုလေ့ရှိသည်။ တစ်နေ့တွင် ဓားပြများသည် ယင်းဆရာတော်ကြီးအား ပြန်ပေးဆွဲရန် အကြံဖြင့် ထမ်းစင်ပေါ်တင်၍ ပင့်ဆောင်ကြရာ အပေါက်ရှာမတွေ့သဖြင့် မိုးစင်စင်လင်းလာ၍ ဆရာတော်ကြီးကို ကန်တော့တောင်းပန်ကာ ပြန်သွားခဲ့ကြရသည်။ ဤသို့စသည့် ကိုယ်တွေ့ဖြစ်ရပ် သာဓကများစွာ ပြောဆိုလျက် ရှိကြသည်။ လက်တွေ့ရွတ်ဖတ်ပူဇော်မှသာ ရရှိနိုင်သော အကျိုးများဖြစ်၍ လက်တွေ့များများ ရွတ်ဖတ်ပူဇော်သင့်ကြပေသည်။
၂၃။ စက်ဝန်းပရိတ်ခေါ် အရပ်ဆယ်မျက်နှာ ဂြိုဟ်ရှစ်လုံး စည်းချဂါထာများ
အရှေ့မြောက် (တနင်္ဂနွေ)
(က) သဗ္ဗေ ဗုဒ္ဓါ ဣဒ္ဓိပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယာ ဣဒ္ဓိ။
အရဟန္တာနဉ္စ တေဇေန၊ ရက္ခံ ဗန္ဓာမိ သဗ္ဗသော။
စာမျက်နှာ-560
အရှေ့ (တနင်္လာ)
(ခ) သဗ္ဗေ ဗုဒ္ဓါ ခေမပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယော ခေမော။
အရဟန္တာနဉ္စ တေဇေန၊ ရက္ခံ ဗန္ဓာမိ သဗ္ဗသော။
အရှေ့တောင် (အင်္ဂါ)
(ဂ) သဗ္ဗေ ဗုဒ္ဓါ ဇိနပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယော ဇိနော။
အရဟန္တာနဉ္စ တေဇေန၊ ရက္ခံ ဗန္ဓာမိ သဗ္ဗသော။
တောင် (ဗုဒ္ဓဟူး)
(ဃ) သဗ္ဗေ ဗုဒ္ဓါ လာဘပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယော လာဘော။
အရဟန္တာနဉ္စ တေဇေန၊ ရက္ခံ ဗန္ဓာမိ သဗ္ဗသော။
အနောက်တောင် (စနေ)
(င) သဗ္ဗေ ဗုဒ္ဓါ တေဇပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယော တေဇော။
အရဟန္တာနဉ္စ တေဇေန၊ ရက္ခံ ဗန္ဓာမိ သဗ္ဗသော။
အနောက် (ကြာသပတေး)
(စ) သဗ္ဗေ ဗုဒ္ဓါ ဗလပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယံ ဗလံ။
အရဟန္တာနဉ္စ တေဇေန၊ ရက္ခံ ဗန္ဓာမိ သဗ္ဗသော။
အနောက်မြောက် (ရာဟု)
(ဆ) သဗ္ဗေ ဗုဒ္ဓါ ယသပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယော ယသော။
အရဟန္တာနဉ္စ တေဇေန၊ ရက္ခံ ဗန္ဓာမိ သဗ္ဗသော။
မြောက် (သောကြာ)
(ဇ) သဗ္ဗေ ဗုဒ္ဓါ သိရိပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယာ သိရီ။
အရဟန္တာနဉ္စ တေဇေန၊ ရက္ခံ ဗန္ဓာမိ သဗ္ဗသော။
စာမျက်နှာ-561
အရှေ့မြောက် (တနင်္ဂနွေ)
(ဈ) သဗ္ဗေ ဗုဒ္ဓါ ဣဒ္ဓိပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယာ ဣဒ္ဓိ။
အရဟန္တာနဉ္စ တေဇေန၊ ရက္ခံ ဗန္ဓာမိ သဗ္ဗသော။
အထက်အရပ်
(ည) သဗ္ဗေ ဗုဒ္ဓါ ဈာနပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယံ ဈာနံ။
အရဟန္တာနဉ္စ တေဇေန၊ ရက္ခံ ဗန္ဓာမိ သဗ္ဗသော။
အောက်အရပ်
(ဋ) သဗ္ဗေ ဗုဒ္ဓါ နိစ္စပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယံ နိစ္စံ။
အရဟန္တာနဉ္စ တေဇေန၊ ရက္ခံ ဗန္ဓာမိ သဗ္ဗသော။
(က) ဣဒ္ဓိပ္ပတ္တာ၊ အထွေထွေအမျိုးမျိုး ပြီးစီးအောင်မြင်သော တန်ခိုးသို့ ရောက်ကုန်ပြီးသော။ သဗ္ဗေ၊ အလုံးစုံကုန်သော။ ဗုဒ္ဓါ စ၊ ဘုရားရှင်တို့သည်လည်းကောင်း။ ပစ္စေကာနဉ္စ၊ ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့၏လည်းကောင်း။ ယာ ဣဒ္ဓိ၊ အကြင်တန်ခိုးတော်သည်။ (အတ္ထိ၊ ရှိ၏။ တာယ ဣဒ္ဓိယာ စ၊ ထိုတန်ခိုးတော်အားဖြင့်လည်းကောင်း။) အရဟန္တာနဉ္စ၊ ရဟန္တာသခင် အရှင်မြတ်တို့၏။ တေဇေန၊ ထက်မြက်တေဇော် အာနုဘော်တော်အားဖြင့်လည်းကောင်း။ သဗ္ဗသော၊ အခါခပ်သိမ်း။ ရက္ခံ၊ အကာအကွယ် အစောင့်အရှောက်ကို။ အဟံ၊ ငါသည်။ ဗန္ဓာမိ၊ အန္တရာယ်ပေါင်းစုံ ဘေးရန်လုံအောင် အာရုံယူမှတ် မျှော်မှန်းလတ်၍ စည်းကြပ်ရံကာ ဖွဲ့ထားပါ၏။
(ခ) ခေမပ္ပတ္တာ၊ ချမ်းသာအေးမြ ဘေးမခခြင်းသို့ ရောက်တော်မူကုန်ပြီးသော။ ယော ခေမော၊ အကြင်ချမ်းသာအေးမြ ဘေးမခခြင်းသည်။
(ဂ) ဇိနပ္ပတ္တာ၊ အောင်မြင်ခြင်းသို့ ရောက်တော်မူကုန်ပြီးသော။ ယော ဇိနော၊ အကြင်အောင်မြင်တော်မူခြင်းသည်။
(ဃ) လာဘပ္ပတ္တာ၊ လာဘ်ပေါများခြင်းသို့ ရောက်တော်မူကုန်ပြီးသော။ ယော လာဘော၊ အကြင်လာဘ်ပေါများခြင်းသည်။
(င) တေဇပ္ပတ္တာ၊ တန်ခိုးတေဇော် အာနုဘော်နှင့် ပြည့်စုံတော်မူခြင်းသို့ ရောက်တော်မူကုန်ပြီးသော။ ယော တေဇော၊ အကြင်တန်ခိုးတေဇော် အာနုဘော်သည်။
စာမျက်နှာ-562
(စ) ဗလပ္ပတ္တာ၊ ကိုယ်အားဉာဏ်အား ထိုနှစ်ပါးနှင့် ထင်ရှားကုံလုံ ပြည့်စုံခြင်းသို့ ရောက်တော်မူကုန်ပြီးသော။ ယံ ဗလံ၊ အကြင်စွမ်းအား ရှိန်စော် အာနုဘော်သည်။
(ဆ) ယသပ္ပတ္တာ၊ အခြံအရံ အကျော်အစောနှင့် ပြည့်စုံတော်မူခြင်းသို့ ရောက်တော်မူကုန်ပြီးသော။ ယော ယသော၊ အကြင်ကျော်စောခြင်းသည်။
(ဇ) သိရိပ္ပတ္တာ၊ လက္ခဏာကြီးငယ် ရောင်ခြောက်သွယ်တည်းဟူသော အသရေနှင့် ပြည့်စုံခြင်းသို့ ရောက်တော်မူကုန်ပြီးသော။ ယာ သိရီ၊ အကြင်အသရေတော်သည်။
(ဈ) အရှေ့မြောက် (တနင်္ဂနွေ) အနက် ရှေးနှင့်တူပြီး။
(ည) ဈာနပ္ပတ္တာ၊ ဈာန်သမာပတ်နှင့် ပြည့်စုံခြင်းသို့ ရောက်တော်မူကုန်ပြီးသော။ ယံ ဈာနံ၊ အကြင်ဈာန်သမာပတ်သည်။
(ဋ) နိစ္စပ္ပတ္တာ၊ အမြဲတည်ရှိ သန္တိလက္ခဏာ ပြည်ခေမာသို့ ရောက်တော်မူကုန်ပြီးသော။ ယံ နိစ္စံ၊ အကြင်အမြဲတည်ရှိ သန္တိလက္ခဏာ ပြည်ခေမာသည်။
ဤစက်ဝန်းပရိတ်များကို ရွတ်ဆို၍ စည်းချရာ၌ အရှေ့မြောက် (တနင်္ဂနွေ) အရပ်မှစ၍ လက်ယာရစ် ဂြိုဟ်စဉ်အတိုင်း စည်းချပြီး ၎င်းအရှေ့မြောက် (တနင်္ဂနွေ) အရပ်တွင် ပြန်၍ စည်းကို သတ်ရမည်။ သုံးကြိမ်သုံးတန် ကာရံနိုင်လျှင် ပို၍ လုံခြုံမှုရှိသည်။ ရွတ်ဆိုသည့်အခါ ထိုင်၍သော်လည်းကောင်း၊ ဆိုင်ရာအရပ်မျက်နှာသို့ မျက်နှာမူ၍သော်လည်းကောင်း၊ မျက်နှာမမူဘဲ အာရုံပြု၍သော်လည်းကောင်း ရွတ်ဆိုနိုင်သည်။
ဤဂါထာများဖြင့် စည်းချခြင်းသည် ဘုရားရဟန္တာတို့၏ အထက်မြက်စူးရှသော တန်ခိုးတေဇော် အာနုဘော် အရှိန်အဝါကို ယူထားခြင်းဖြစ်သည်။ ယင်းအရှိန်အဝါများကြောင့် အရပ်မျက်နှာ အသီးသီးမှ ဘေးအန္တရာယ် အမျိုးမျိုးတို့ မကျရောက်နိုင်ဘဲ လုံခြုံမှုရှိသည်။
[အရပ်ရှစ်မျက်နှာ စည်းချရာ၌ အရပ် (၁၀) မျက်နှာ စည်းချဂါထာများအနက် အထက်အရပ်နှင့် အောက်အရပ် စည်းချပုံ နှစ်ဂါထာ ချန်လှပ်၍ ကျန်ရှစ်ဂါထာကို အရပ်ရှစ်မျက်နှာ စည်းချဂါထာအဖြစ် အသုံးပြုရမည်။ စည်းချနည်းမှာ ပြခဲ့သော အရပ် (၁၀) မျက်နှာ စည်းချနည်းအတိုင်း နည်းမှီး၍ ချပါ။ အထက်အရပ်နှင့် အောက်အရပ် ၂-ခု မပါခြင်းသာ ထူးသည်။]
စာမျက်နှာ-563
၂၄။ အတွင်းစည်းချ သိရသ္မိံ ဂါထာတော်ကြီး
၁။ သိရသ္မိံ မေ ဗုဒ္ဓသေဋ္ဌော၊ သာရိပုတ္တော စ ဒက္ခိဏေ။
ဝါမအံသေ မောဂ္ဂလ္လာနော၊ ပုရတော ပိဋကတ္တယံ။
၂။ ပစ္ဆိမေ မမ အာနန္ဒော၊ စတုဒ္ဒိသာ ခီဏာသဝါ။
သမန္တာ လောကပါလာ စ၊ ဣန္ဒာ ဒေဝါ သဗြဟ္မကာ။
၃။ ဧတေသံ အာနုဘာဝေန၊ သဗ္ဗေ ဘယဥပဒ္ဒဝါ။
အနေကအန္တရာယာပိ၊ ဝိနဿန္တု အသေသတော။
၁။ ဗုဒ္ဓသေဋ္ဌော၊ ဘုရားမြတ်သည်။ မေ၊ တပည့်တော် (တပည့်တော်မ) ၏။ သိရသ္မိံ၊ ဦးခေါင်းထက်၌။ တိဋ္ဌတု၊ ရွှင်ပျော်နှလုံး သီတင်းသုံးတော်မူပါစေသတည်း။ သာရိပုတ္တော စ၊ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည်လည်း။ မေ၊ တပည့်တော်၏။ ဒက္ခိဏေ၊ လက်ယာပခုံး၌။ တိဋ္ဌတု၊ ရပ်တည်သီတင်းသုံး တော်မူပါစေသတည်း။ မောဂ္ဂလ္လာနော၊ အရှင်မောဂ္ဂလ္လာန် မထေရ်မြတ်ကြီးသည်။ မေ၊ တပည့်တော်၏။ ဝါမအံသေ၊ လက်ဝဲပခုံးထက်၌။ တိဋ္ဌတု၊ ရပ်တည်သီတင်းသုံးတော်မူပါစေသတည်း။ ပိဋကတ္တယံ၊ ပိဋကသုံးတန် ဓမ္မက္ခန်သည်။ မေ၊ တပည့်တော်၏။ ပုရတော၊ မျက်နှာမူလတ် အရှေ့အရပ်၌။ တိဋ္ဌတု၊ စံပယ်ကိန်းဝပ် ရပ်တည်နေပါစေသတည်း။
၂။ အာနန္ဒော၊ အရှင်အာနန္ဒာ မထေရ်မြတ်ကြီးသည်။ မေ၊ တပည့်တော်၏။ ပစ္ဆိမေ၊ မျက်နှာကွယ်ထား နောက်ရုပ်ပါး၌။ တိဋ္ဌတု၊ ရပ်တည်သီတင်းသုံး တော်မူပါစေသား။ ခီဏာသဝါ၊ ရဟန္တာအရှင်မြတ်ကြီးတို့သည်။ မမ၊ တပည့်တော်၏။ စတုဒ္ဒိသာ၊ ခန္ဓာတည်ရာ အရပ်လေးမျက်နှာတို့၌။ တိဋ္ဌန္တု၊ ရပ်တည်နေကြပါစေသား။ သဗြဟ္မကာ၊ ဗြဟ္မာအပေါင်းတို့နှင့်တကွ ဖြစ်ကုန်သော။ ဣန္ဒာ ဒေဝါ စ၊ သိကြားနတ်အပေါင်းတို့သည်လည်းကောင်း။ လောကပါလာ စ၊ လောကစောင့်ကြပ် နတ်မြတ်အပေါင်းတို့သည်လည်းကောင်း။ အကျွန်ုပ်၏။ သမန္တာ၊ ထက်ဝန်းကျင် ပတ်ပတ်လည်တို့၌။ တိဋ္ဌန္တု၊ နှလုံးရွှင်ပျ ရပ်တည်နေကြပါစေသား။
၃။ ဧတေသံ၊ ထိုရတနာသုံးပါး နတ်သိကြား ဗြဟ္မာအပေါင်းတို့၏။ အာနုဘာဝေန၊ ရှိန်ဝါတန်ခိုး စွမ်းရည်အမျိုးမျိုးကြောင့်။ သဗ္ဗေ၊ ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော။ ဘယဥပဒ္ဒဝါ၊ ဘေးဥပဒ်တို့သည်လည်းကောင်း။
စာမျက်နှာ-564
အနေကအန္တရာယာပိ၊ တစ်ပါးမက များလှကုန်သော ကပ်အန္တရာယ် အသွယ်သွယ်တို့သည်လည်းကောင်း။ အသေသတော၊ ကြွင်းကျန်မရှိ ပကတိအားဖြင့်။ ဝိနဿန္တု၊ ပိန်းကြာဖက်တွင် ရေမတင်သို့ ကင်းစင်လွင့်ပျောက်ကြပါစေကုန်သတည်း။
[ဤဂါထာတော်ကြီးကို သူတစ်ပါးအတွက်၊ သို့မဟုတ် လူမမာအတွက် ရွတ်ဆိုလျှင် (မေ) ကို (တေ)၊ (မမ) ကို (တဝ) ဟု ပြင်ရွတ်ပါ။ (တေ = သင်၏။) (တဝ = သင်၏။)။]
ဤသိရသ္မိံ ဂါထာတော်များသည် ဘုရား၊ တရားနှင့် ရဟန္တာများကို မိမိကိုယ်ခန္ဓာ အစိတ်အပိုင်းများပေါ်သို့ ကြွရောက်သီတင်းသုံးရန် ပင့်ဖိတ်၍ နီးနီးကပ်ကပ် ပူဇော်ထားပြီး ထိုဘုရား၊ တရားနှင့် ရဟန္တာတို့၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် ဘေးအန္တရာယ်အမျိုးမျိုး ကင်းစင်လွင့်ပျောက်ရန် ဆုတောင်းရွတ်ဆိုသော ဂါထာများဖြစ်သည်။ ဤဂါထာများကို အတွင်းစည်းချ ဂါထာများအဖြစ် အသုံးပြုခဲ့ကြသည်။
ဤဂါထာများ ရွတ်ဖတ်ပူဇော်ခြင်းဖြင့် အရပ်လေးမျက်နှာမှ ဘေးအန္တရာယ်များ မကပ်ရောက်နိုင်ဘဲ ဘေး ၁၆-ပါး၊ ဥပဒ္ဒဝေါ ၂၅-ပါး၊ ကံကြမ္မာဆိုး ၃၂-ပါးတို့မှ လွတ်မြောက်နိုင်သည်။ ရှေးဆရာအစဉ်အဆက်တို့သည် ဤဂါထာများကို ကာယသိဒ္ဓိ၊ ပီယသိဒ္ဓိ၊ ဓနသိဒ္ဓိ စသော သိဒ္ဓိအမျိုးမျိုးအတွက် အသုံးပြုခဲ့ကြကြောင်း အစဉ်အလာမှတ်တမ်းများအရ သိရှိရသည်။ ဘုရား၊ တရားနှင့် ရဟန္တာအရှင်မြတ်ကြီးတို့၏ ဂုဏ်တော်ကို သက်ဝင်ယုံကြည်ပြီး လေးစားစွာ ရွတ်ဖတ်ပူဇော်လျှင် လောကီအကျိုးအမျိုးမျိုးသာမက လောကုတ္တရာအကျိုးကျေးဇူးများကိုပါ ရရှိခံစားနိုင်ပေသည်။
၂၅။ မြစ်ကူးချောင်းခြားခရီးသွား အန္တရာယ်ကင်းဂါထာ (၃) ပုဒ်
ဗုဒ္ဓဂုဏ်တော်
(၁) ဘဝသောတံ ဟဝေ ဗုဒ္ဓေါ၊ တိဏ္ဏော လောကန္တဂူ ဝိဒူ။
ဧတေန သစ္စဝဇ္ဇေန၊ ဂမနံ မေ သမိဇ္ဈတု။
ဗုဒ္ဓေါ၊ မြတ်စွာဘုရားရှင်သည်။ ဟဝေ၊ စင်စင်ဧကန်အမှန်ပင်။ ဘဝသောတံ၊ ဘဝတည်းဟူသော သံသရာရေလျဉ်ကို။ တိဏ္ဏော၊ ကူးမြောက်တော်မူလေပြီ။ လောကန္တဂူ၊ လောကဆုံးရာ နိဗ္ဗာန်သို့လည်း ရောက်တော်မူလေပြီ။ ဝိဒူ၊ တရားအလုံးစုံကိုလည်း သိမ်းကျုံးကုန်စင် သိမြင်တော်မူလေပြီ။ ဧတေန သစ္စဝဇ္ဇေန၊ ဤမှန်ကန်သော ဝစီသစ္စာကြောင့်။ မေ၊ ဘုရားတပည့်တော်၏
စာမျက်နှာ-565
ဂမနံ၊ ခရီးသွားခြင်းသည်။ သမိဇ္ဈတု၊ ဘေးရန်မနှောင့် ကြောင့်ကြမဝင် အောင်မြင်ပြီးပြည့်စုံပါစေသတည်း။
ဓမ္မဂုဏ်တော်
(၂) ယဒိ သန္တိဂမော မဂ္ဂေါ၊ မောက္ခော စစ္စန္တိကံ သုခံ။
ဧတေန သစ္စဝဇ္ဇေန၊ ဂမနံ မေ သမိဇ္ဈတု။
မဂ္ဂေါ၊ လောကုတ္တရာတရား မဂ်လေးပါးသည်။ ယဒိ၊ စင်စစ်ဧကန် အမှန်ပင်။ သန္တိဂမော၊ နိဗ္ဗာန်ထုတ်ချောက် ရောက်စေနိုင်ပါပေ၏။ မောက္ခော စ၊ နိဗ္ဗာန်တရားမြတ်သည်လည်း။ အစ္စန္တိကံ သုခံ၊ ချမ်းသာစစ် ချမ်းသာမှန်ကြီး ဖြစ်ပါပေ၏။ ဧတေန သစ္စဝဇ္ဇေန၊ ဤမှန်ကန်သော ဝစီသစ္စာကြောင့်။ မေ၊ ဘုရားတပည့်တော်၏။ ဂမနံ၊ ခရီးသွားခြင်းသည်။ သမိဇ္ဈတု၊ ပြည့်စုံပါစေသတည်း။
သံဃာ့ဂုဏ်တော်
(၃) သံဃော ဝေ တိဏ္ဏကန္တာရော၊ ပုညက္ခေတ္တော အနုတ္တရော။
ဧတေန သစ္စဝဇ္ဇေန၊ ဂမနံ မေ သမိဇ္ဈတု။
သံဃော၊ အရိယာသံဃာတော်အပေါင်းသည်။ ဝေ၊ စင်စစ်ဧကန် အမှန်ပင်။ တိဏ္ဏကန္တာရော၊ သံသရာခရီးကြမ်းကို တက်လှမ်းကူးမြောက်တော်မူနိုင်ပါပေ၏။ အနုတ္တရော၊ အတုမရှိမြင့်မြတ်တော်မူသော။ ပုညက္ခေတ္တော၊ ကုသိုလ်စေ့မျိုး ညံ့သန်ဖြိုးအောင် စိုက်ပျိုးကြဲချရာ လယ်ယာမြေကောင်းသဖွယ်လည်း ဖြစ်တော်မူပါပေ၏။ ဧတေန သစ္စဝဇ္ဇေန၊ ဤမှန်ကန်သော ဝစီသစ္စာကြောင့်။ မေ၊ ဘုရားတပည့်တော်၏။ ဂမနံ၊ ခရီးသွားခြင်းသည်။ သမိဇ္ဈတု၊ ပြည့်စုံပါစေသတည်း။
မဟာကပ္ပိနမင်းကြီးသည် ထီးနန်းကို စွန့်၍ ကုက္ကုဋ္ဌဝတီ နေပြည်တော်မှ ရတနာသုံးပါးပွင့်ထွန်းရာ သာဝတ္ထိမြို့သို့ အမတ်တစ်ထောင်နှင့်အတူ မြင်းကိုယ်စီ စီး၍ ထွက်ခဲ့ကြစဉ် လမ်းခရီး၌ “အပရစ္ဆာမြစ်၊ နီလဝါဟိနီမြစ်၊ စန္ဒဘာဂါမြစ်” ဟူသော မြစ်သုံးစင်းကို တွေ့ကြသည်။
မြစ်သုံးစင်း ဖြတ်ကူးရန် လှေ၊ ဖောင်များ ရှာနေလျှင် အိုဘေး၊ နာဘေး၊ သေဘေးတို့ အမြဲနှိပ်စက်နေသဖြင့် မိမိတို့ အသက်ခန္ဓာအတွက် စိတ်မချရသောကြောင့် ဘုရားဂုဏ်တော်ကို အာရုံပြုပြီး “ဘဝသောတံ ဟဝေ ဗုဒ္ဓေါ” စသော ပထမဂါထာကို ရွတ်ဆို၍ မြင်းကိုယ်စီ စီးလျက် “အပရစ္ဆာ” မြစ်ကို ကူးဖြတ်ကြသည်။
စာမျက်နှာ-566
တရားဂုဏ်တော်ကို အာရုံပြု၍ “ယဒိ သန္တိဂမော မဂ္ဂေါ” စသော ဒုတိယဂါထာကို ရွတ်ဆိုပူဇော်ပြီး “နီလဝါဟိနီ” မြစ်ကို ကူးဖြတ်ကြသည်။
သံဃာ့ဂုဏ်တော်ကို အာရုံပြု၍ “သံဃော ဝေ တိဏ္ဏကန္တာရော” စသော တတိယဂါထာကို ရွတ်ဆိုပူဇော်ပြီး “စန္ဒဘာဂါ” မြစ်ကို ကူးဖြတ်ကြသည်။
ရတနာသုံးပါး ဂုဏ်ကျေးဇူးတော်ကြောင့် ကျောက်ဖျာပေါ် ကူးဖြတ်ရသကဲ့သို့ မြင်းများ၏ ခွာကိုပင် ရေမစွတ်ဘဲ လိုရာတစ်ဖက်ကမ်းသို့ ချောမောစွာ ကူးဖြတ်နိုင်ခဲ့ကြသည်။ ဤသည့်ထုံးကို နှလုံးမူ၍ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူ အများစုသည် ယခုအခါ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းဖြင့် ခရီးသွားကြရာ၌ ယင်းဂါထာသုံးပုဒ်ကို အမြဲမပြတ် ရွတ်ဖတ်သွားလာကြသည်။ ရွတ်ဖတ်ကြသူတိုင်းလည်း ခရီးစဉ်ချော၍ လိုရာခရီးပန်းတိုင်သို့ ရောက်ရှိခဲ့ကြကြောင်း လက်တွေ့ဖြစ်ရပ်သာဓကများကို ပြောဆိုလျက် ရှိကြသည်။
စင်စစ်အားဖြင့် ဤဂါထာသုံးပုဒ်သည် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး ဂုဏ်တော်များကို ပြဆိုထားသဖြင့် ဂုဏ်တော်ကို အာရုံပြု၍ လေးလေးနက်နက် ယုံကြည်စွာ ရွတ်ဖတ်ပူဇော်ပါက ပကတိသွားရာခရီးလမ်းကြောင်း ချောမွေ့ရုံမျှမက မဂ်ဖိုလ်နိဗ္ဗာန်ခရီးအထိ ချောမွေ့နိုင်ကြောင်း မဟာကပ္ပိနမင်းကြီးနှင့် အမတ်တစ်ထောင်တို့က လက်တွေ့ပြလျက် ရှိပေသည်။
၂၆။ ခလုတ်မထိ ဆူးမငြိနိုင်သောဂါထာ
ပါသာဏာ သက္ခရာ စေဝ၊ ကထလာ ခါဏုကဏ္ဍကာ။
သဗ္ဗေ မဂ္ဂါ ဝိဝဇ္ဇန္တိ၊ ဂစ္ဆန္တေ လောကနာယကေ။
ဧတေန သစ္စဝဇ္ဇေန၊ ဂမနံ မေ သမိဇ္ဈတု။
လောကနာယကေ၊ လောကထွတ်ထား မြတ်စွာဘုရားသည်။ ဂစ္ဆန္တေ၊ ထိုထိုဤဤ ဒေသစာရီ ကြွချီတော်မူလတ်သော်။ ပါသာဏာ စေဝ၊ ကျောက်လွှာကျောက်ချပ်တို့သည်လည်းကောင်း။ သက္ခရာ စ၊ ကျောက်စရစ်ခဲတို့သည်လည်းကောင်း။ ကထလာ စ၊ အိုးခြမ်းကွဲ အိုးခြမ်းပဲ အစအနတို့သည်လည်းကောင်း။ ခါဏုကဏ္ဍကာ စ၊ သစ်ငုတ်ဆူးငြောင့်တို့သည်လည်းကောင်း။ သဗ္ဗေ၊ အလုံးစုံသော ထိခိုက်ရှနဖွယ် မှန်သမျှတို့သည်။ မဂ္ဂါ၊ ရှင်တော်ဘုရား...
စာမျက်နှာ-567
ကြွလာရာလမ်းမှ။ ဝိဝဇ္ဇန္တိ၊ တိမ်းရှောင်ဖယ်ရှားကြလေကုန်၏။ ဧတေန သစ္စဝဇ္ဇေန၊ ဤမှန်ကန်သော သစ္စာစကားကြောင့်။ မေ၊ အကျွန်ုပ်၏။ ဂမနံ၊ သွားလာရခြင်းသည်။ သမိဇ္ဈတု၊ ပြည့်စုံပါစေသတည်း။
ဤဂါထာတော်အရ ဘုရားရှင်ကြွရာလမ်းမှ ကျောက်ချပ်၊ ကျောက်လွှာ၊ ကျောက်စရစ်၊ အိုးခြမ်း၊ ဆူးငြောင့်၊ ခလုတ်စသည့် အနှောင့်အယှက်ဟူသမျှတို့ ရှောင်ကွင်းသွားကြခြင်းသည် ဘုရားရှင်၏ ပါရမီတော်၊ ကံတော်တို့၏ အစွမ်းသတ္တိကြောင့် ဖြစ်သည်။ ယင်းသို့ဖြစ်သည်ကို နှုတ်မြွက်၍ သစ္စာပြုပါက မိမိသွားလေရာရာ၌ ခလုတ်မထိ ဆူးမငြိဘဲ လိုရာခရီး ချောမောစွာ ရောက်ရှိနိုင်သည်။ မိမိတို့ စားဝတ်နေရေးအတွက် အမြဲသွားလာလှုပ်ရှားနေကြရာ၌ ခရီးစဉ်ချောမောအောင် အမြဲရွတ်ဖတ်ပူဇော်သင့်ကြသည်။
၂၇။ သက်တော်မြဲဂါထာ
အဋ္ဌာနမေတံ ဘိက္ခဝေ အနဝကာသော၊ ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ၊ အနုပက္ကမေန ဘိက္ခဝေ တထာဂတာ ပရိနိဗ္ဗာယန္တိ။ ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ မေ ဟောတု သဗ္ဗဒါ။
ဘိက္ခဝေ၊ ရဟန်းတို့။ ပရူပက္ကမေန၊ သူတစ်ပါးတို့၏ လုံ့လပယောဂဖြင့်။ တထာဂတံ၊ မြတ်စွာဘုရားကို။ ဇီဝိတာ၊ ဇီဝိတိန္ဒြေမှ (ဝါ) အသက်မှ။ ယံ ဝေါရောပေယျ၊ အကြင်ချရာ၏ (ဝါ) သတ်ရာ၏။ ဧတံ၊ ဤသို့ သူတစ်ပါးတို့ လုံ့လပယောဂဖြင့် အသက်ကိုချခြင်း အသတ်ခံရခြင်းသည်။ အဋ္ဌာနံ၊ အကြောင်းမဟုတ်။ အနဝကာသော၊ အရာမဟုတ်။ ဘိက္ခဝေ၊ ရဟန်းတို့။ တထာဂတာ၊ ဘုရားရှင်တို့မည်သည်မှာ။ အနုပက္ကမေန၊ သူတစ်ပါးတို့ လုံ့လပယောဂ မရှိပါဘဲ (လုပ်ကြံသတ်ဖြတ်ခံရခြင်းမှ ကင်းလျက်)။ ပရိနိဗ္ဗာယန္တိ၊ အလိုလိုသာ ပရိနိဗ္ဗာန်ပြုတော်မူကြရကုန်၏။
ဧတေန သစ္စဝဇ္ဇေန၊ ဤမှန်ကန်သော သစ္စာစကားကြောင့်။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ မေ၊ အကျွန်ုပ်အား (ဝါ) အကျွန်ုပ်တို့ မိသားစုအား။ သောတ္ထိ၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်းသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။
[သူတစ်ပါးအတွက် ဖြစ်လျှင် (မေ) အစား (တေ = သင့်အား (ဝါ) သင်တို့ မိသားစုအား) ဟု ပြောင်း၍ ဆိုပါ။]
စာမျက်နှာ-568
ဤ “အဋ္ဌာနမေတံ” စသော ပါဠိတော်သည် ဝိနည်းစူဠဝါပါဠိတော် သံဃဘေဒက္ခန္ဓက၌ လာသော ပါဠိတော်ဖြစ်သည်။ ဝတ်ရွတ်စဉ်စာအုပ်အချို့၌ “သက်တော်မြဲဂါထာ” ဟု အမည်ပေးထားသည်။
ရှင်ဒေဝဒတ်သည် ဘုရားရှင်အား သူကိုယ်တိုင်လုပ်ကြံရန် ဂိဇ္ဈကုဋ်တောင်သို့ တက်၍ ကျောက်မောင်းဆင်ကာ ကျောက်တုံးကြီးတစ်လုံးကို လှိမ့်ချလိုက်သည်။ မြတ်စွာဘုရားရှင်၏ အတုမရှိသော ဘုန်းကံပါရမီတော်ကြောင့် ကျောက်ငုတ်ကြီးနှစ်ခု ပေါ်ထွက်လာကာ လက်ချင်းယှက်သလို ထိုးခံလိုက်သည့်အတွက် ဘုရားရှင်မှာ ကျောက်တုံးပိသည့်ဘေးမှ လွတ်တော်မူခဲ့သည်။ သို့သော် ကျောက်တုံးကြီးမှ ပဲ့စင်ထွက်လာသည့် ကျောက်ချပ်ငယ်တစ်ခုသည် ခြေမတော်ကို ထိမှန်၍ သွေးခြည်ဥသွားသည်။
ထိုသတင်းသည် ရာဇဂြိုဟ်တစ်မြို့လုံး တမုဟုတ်ချင်း ပျံ့နှံ့သွားရာ ဘုရားရှင်၏ အသက်တော် လုံခြုံရေးအတွက် ရဟန်းတော်များ ဘုရားရှင်ကျောင်းတော်ကို ဝိုင်းရံလျက် ရှိကြသည်။ ရဟန်းတော်များသည် ပရိတ်များ ရွတ်ဖတ်ကြသည်။ ထိုအသံကို ဘုရားရှင်ကြားတော်မူသဖြင့် အရှင်အာနန္ဒာအား မေးတော်မူရာ အကြောင်းစုံသိတော်မူ၍ ရဟန်းတော်များအား “အဋ္ဌာနမေတံ” စသော ပါဠိတော်ကို မိန့်တော်မူသည်။
“ချစ်သားရဟန်းတို့... ဘုရားရှင်တို့မည်သည် သူတစ်ပါးလုံ့လပယောဂကြောင့် ပရိနိဗ္ဗာန်စံရရိုး (သေရရိုး) ထုံးစံမရှိ။ ချစ်သားရဟန်းတို့... ဘုရားရှင်တို့မည်သည် သူတစ်ပါးပယောဂမပါဘဲ အလိုလိုသာလျှင် ပရိနိဗ္ဗာန်စံရမြဲ ဖြစ်သည်” ဟု မိန့်တော်မူသည်။
ရဟန်းတော်များလည်း ဘုရားရှင် ဤကဲ့သို့ မိန့်တော်မူလိုက်မှ ယုံကြည်စိတ်ချကာ ဘုရားရှင်ကို ကန်တော့၍ မိမိတို့နေရာအသီးသီးသို့ ပြန်ကြွကြသည်။ ဤကဲ့သို့ ဘုရားရှင်၏ ထူးခြားသော ဂုဏ်တော်ကို အာရုံပြု၍ ရွတ်ဖတ်ပူဇော်ကာ သစ္စာဆိုခြင်းဖြင့် မိမိတို့ အသက်အန္တရာယ်အတွက် အကာအကွယ်ပြုခဲ့ကြသည်။ အထူးအားဖြင့် ဤပါဠိတော်သည် သေချိန်မကျသေးဘဲနှင့် သေရခြင်း (ဥပစ္ဆေဒကမရဏ) ဘေးဆိုးမှ လွတ်ရန်အတွက် အလွန်အားကိုးလောက်သော ပါဠိတော်ကြီး ဖြစ်သည်။
စင်စစ်အားဖြင့် ဤပါဠိတော်ကို ယုံကြည်စွာ ရွတ်ဖတ်ပူဇော်သူများ လေယာဉ်ပျံပျက်ကျရာ သေဘေးမှ လွတ်ခဲ့ပုံ၊ မိမိအပေါ် မကောင်းကြံသူ...
စာမျက်နှာ-569
များသည် သူ့ဒဏ်သူခံရပုံ၊ စားဝတ်နေရေး ဘဝရပ်တည်မှုအားလုံး အဆင်ပြေပုံ၊ ဘေးအန္တရာယ်အမျိုးမျိုးကင်းပုံ စသည်ဖြင့် ကိုယ်တွေ့ဖြစ်ရပ်တွေ များစွာရှိသည်။ စွဲမြဲစွာ ရွတ်ဖတ်ပူဇော်ပါက ကောင်းကျိုးချမ်းသာ ကျက်သရေမင်္ဂလာများ တစ်နေ့တခြား တိုးတက်လာသည်ကို ပြော၍မကုန်နိုင်အောင် လက်တွေ့ခံစားကြရပါလိမ့်မည်။ သို့အတွက် အမြဲဝတ်ထား၍ စွဲမြဲစွာ ရွတ်ဖတ်ပူဇော်သင့်ကြသည်။
၂၈။ အန္တရာယ်မပြုနိုင်သော ဂုဏ်တော် ၄-ပါး
(၁) ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ဟောတု။
(၂) ဗုဒ္ဓါနံ သဗ္ဗညုတဉာဏဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ဟောတု။
(၃) ဗုဒ္ဓါနံ ဥဒ္ဒိဿ အဘိဟဋာနံ စတုန္နံ ပစ္စယာနံ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ဟောတု။
(၄) ဗုဒ္ဓါနံ ဒွတ္တိံသ မဟာပုရိသလက္ခဏာနံ အသီတိယာ အနုဗျဉ္ဇနာနဉ္စ ဗျာမပဘာဒိရံသီနဉ္စ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ဟောတု။
(၁) ဗုဒ္ဓါနံ၊ ဘုရားရှင်တို့၏။ ဇီဝိတဿ၊ အသက်၏။ ကေနစိ၊ တစ်စုံတစ်ယောက်သောသူသည်။ အန္တရာယော၊ အန္တရာယ်ကို။ ကာတုံ၊ ပြုခြင်းငှာ။ န သက္ကာ၊ မတတ်နိုင်။ တထာ၊ ထို့အတူ။ မေ၊ အကျွန်ုပ်အတွက် (ဝါ) အကျွန်ုပ်တို့မိသားစုအတွက်။ ဟောတု၊ ဖြစ်ပါစေသတည်း။
(၂) ဗုဒ္ဓါနံ၊ ဘုရားရှင်တို့၏။ သဗ္ဗညုတဉာဏဿ၊ သဗ္ဗညုတဉာဏ်တော်၏။ ကေနစိ၊ တစ်စုံတစ်ယောက်သောသူသည်။ အန္တရာယော၊ အန္တရာယ်ကို။ ကာတုံ၊ ပြုခြင်းငှာ။ န သက္ကာ၊ မတတ်နိုင်။ တထာ၊ ထို့အတူ။ မေ၊ အကျွန်ုပ်အတွက် (ဝါ) အကျွန်ုပ်တို့မိသားစုအတွက်။ ဟောတု၊ ဖြစ်ပါစေသတည်း။
(၃) ဗုဒ္ဓါနံ၊ ဘုရားရှင်တို့၏အတွက်။ ဥဒ္ဒိဿ၊ ရည်မှန်း၍။ အဘိဟဋာနံ၊ ယူဆောင်လာကုန်သော။ စတုန္နံ ပစ္စယာနံ၊ ပစ္စည်းလေးပါးတို့၏။ ကေနစိ၊ တစ်စုံတစ်ယောက်သောသူသည်။ အန္တရာယော၊ အန္တရာယ်ကို။ ကာတုံ၊ ပြုခြင်းငှာ။ န သက္ကာ၊ မတတ်နိုင်။ တထာ၊ ထို့အတူ။ မေ၊ အကျွန်ုပ်အတွက် (ဝါ) အကျွန်ုပ်တို့မိသားစုအတွက်။ ဟောတု၊ ဖြစ်ပါစေသတည်း။
စာမျက်နှာ-570
(၄) ဗုဒ္ဓါနံ၊ ဘုရားရှင်တို့၏။ ဒွတ္တိံသ မဟာပုရိသလက္ခဏာနဉ္စ၊ သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်တို့၏လည်းကောင်း။ အသီတိယာ အနုဗျဉ္ဇနာနဉ္စ၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့၏လည်းကောင်း။ ဗျာမပဘာဒိရံသီနဉ္စ၊ အမြဲတစ်လံမျှလောက် ထွက်သော ရောင်ခြည်တော်ခြောက်သွယ် စသည်တို့၏လည်းကောင်း။ ကေနစိ၊ တစ်စုံတစ်ယောက်သောသူသည်။ အန္တရာယော၊ အန္တရာယ်ကို။ ကာတုံ၊ ပြုခြင်းငှာ။ န သက္ကာ၊ မတတ်နိုင်။ တထာ၊ ထို့အတူ။ မေ၊ အကျွန်ုပ်အတွက် (ဝါ) အကျွန်ုပ်တို့မိသားစုအတွက်။ ဟောတု၊ ဖြစ်ပါစေသတည်း။
ဤဂုဏ်တော်လေးပုဒ်သည် ဘုရားရှင်တို့အတွက် ထူးခြားသောဂုဏ်တော်များဖြစ်သည်။ ဘုရားရှင်တို့၏ အသက်၊ အသိဉာဏ်၊ ရည်ရွယ်ပြီးပစ္စည်းနှင့် လက္ခဏာတော်ကြီးငယ် အမြဲတစ်လံမျှထွက်သော ရောင်ခြည်တော်တို့ကို တစ်စုံတစ်ယောက်သော လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါမျှ အန္တရာယ်မပြုနိုင်ကြောင်း ပြသောဂုဏ်တော်များဖြစ်သည်။
ယင်းဂုဏ်တော်လေးပါးကို အာရုံပြု၍ မိမိနှင့်တကွ မိမိမိသားစု အသက်အန္တရာယ်ကင်း၍ အသက်ရှည်ရန်အတွက် အမှတ်(၁) ဂုဏ်တော်ကို ရွတ်ဖတ်ပူဇော်ပါ။ မိမိတို့ အကြံဉာဏ်လွဲမှားမှုမရှိစေရေးအတွက် အမှတ်(၂) ဂုဏ်တော်ကို ရွတ်ဖတ်ပူဇော်ပါ။ မိမိရသင့်ရထိုက်သော စည်းစိမ်ဥစ္စာ ရတနာများ တစ်စုံတစ်ယောက် အနှောင့်အယှက်မပြုနိုင်အောင် အမှတ်(၃) ဂုဏ်တော်ကို ရွတ်ဖတ်ပူဇော်ပါ။ မိမိ၏ လက်ခြေအင်္ဂါ ကိုယ်ခန္ဓာအစိတ်အပိုင်းတို့၏ စွမ်းရည်သတ္တိများ ထက်မြက်မှုမရှိအောင် ဟန့်တားနှောင့်ယှက်မှုမှ ကင်းဝေးစေရန် အမှတ်(၄) ဂုဏ်တော်ကို ရွတ်ဖတ်ပူဇော်ပါ။
၂၉။ အာဝေဏိကဂုဏ်တော် ၁၈-ပါး
(၁) အတီတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ။
(၂) အနာဂတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ။
(၃) ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ။
ဣမေဟိ တီဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော-
စာမျက်နှာ-571
(၄) သဗ္ဗံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ။
(၅) သဗ္ဗံ ဝစီကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ။
(၆) သဗ္ဗံ မနောကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ။
ဣမေဟိ ဆဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော-
(၇) နတ္ထိ ဆန္ဒဿ ဟာနိ။
(၈) နတ္ထိ ဓမ္မဒေသနာယ ဟာနိ။
(၉) နတ္ထိ ဝီရိယဿ ဟာနိ။
(၁၀) နတ္ထိ သမာဓိဿ ဟာနိ။
(၁၁) နတ္ထိ ဝိပဿနာယ ဟာနိ။
(၁၂) နတ္ထိ ဝိမုတ္တိယာ ဟာနိ။
ဣမေဟိ ဒွါဒသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော-
(၁၃) နတ္ထိ ဒဝါ။
(၁၄) နတ္ထိ ရဝါ။
(၁၅) နတ္ထိ အပ္ဖုဋံ။
(၁၆) နတ္ထိ ဝေဂါယိတတ္တံ။
(၁၇) နတ္ထိ အဗျာဝဋမနော။
(၁၈) နတ္ထိ အပ္ပဋိသင်္ခါနုပေက္ခာ။
ဣမေဟိ အဋ္ဌာရသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။
ဥပေတေ ဗုဒ္ဓဓမ္မေဟိ၊ အဋ္ဌာရသဟိ နာယကေ။
ပဿေတေ တေန သစ္စေန၊ ဟောတု မေ ဇယမင်္ဂလံ။
ဗုဒ္ဓဿ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဉာဏံ၊ ဉာဏ်တော်သည်။ အတီတံသေ၊ အတိတ်ကာလအဖို့၌။ အပ္ပဋိဟတံ၊ အတားအဆီးမရှိ။
ဗုဒ္ဓဿ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဉာဏံ၊ ဉာဏ်တော်သည်။ အနာဂတံသေ၊ အနာဂတ်ကာလအဖို့၌။ အပ္ပဋိဟတံ၊ အတားအဆီးမရှိ။
စာမျက်နှာ-572
ဗုဒ္ဓဿ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဉာဏံ၊ ဉာဏ်တော်သည်။ ပစ္စုပ္ပန္နံသေ၊ ပစ္စုပ္ပန်ကာလအဖို့၌။ အပ္ပဋိဟတံ၊ အတားအဆီးမရှိ။
ဣမေဟိ တီဟိ ဓမ္မေဟိ၊ ဤတရားသုံးပါးတို့နှင့်။ သမန္နာဂတဿ၊ ပြည့်စုံတော်မူသော။ ဗုဒ္ဓဿ ဘဂဝတော၊ မြတ်စွာဘုရား၏။ သဗ္ဗံ ကာယကမ္မံ၊ အလုံးစုံသော ကာယကံသည်။ ဉာဏပုဗ္ဗင်္ဂမံ၊ ဉာဏ်လျှင် ရှေ့သွားရှိ၏။ ဉာဏာနုပရိဝတ္တံ၊ ဉာဏ်သို့ အစဉ်လိုက်၏။ သဗ္ဗံ ဝစီကမ္မံ၊ အလုံးစုံသော ဝစီကံသည်။ ဉာဏပုဗ္ဗင်္ဂမံ၊ ဉာဏ်လျှင် ရှေ့သွားရှိ၏။ ဉာဏာနုပရိဝတ္တံ၊ ဉာဏ်သို့ အစဉ်လိုက်၏။ သဗ္ဗံ မနောကမ္မံ၊ အလုံးစုံသော မနောကံသည်။ ဉာဏပုဗ္ဗင်္ဂမံ၊ ဉာဏ်လျှင် ရှေ့သွားရှိ၏။ ဉာဏာနုပရိဝတ္တံ၊ ဉာဏ်သို့ အစဉ်လိုက်၏။
ဣမေဟိ ဆဟိ ဓမ္မေဟိ၊ ဤတရားခြောက်ပါးတို့နှင့်။ သမန္နာဂတဿ၊ ပြည့်စုံတော်မူသော။ ဗုဒ္ဓဿ ဘဂဝတော၊ မြတ်စွာဘုရားအား။ ဆန္ဒဿ၊ ဆန္ဒတော်၏။ ဟာနိ၊ ယုတ်လျော့ခြင်းသည်။ နတ္ထိ၊ မရှိ။ ဓမ္မဒေသနာယ၊ တရားဟောခြင်း၏။ ဟာနိ၊ ယုတ်လျော့ခြင်းသည်။ နတ္ထိ၊ မရှိ။ ဝီရိယဿ၊ ဝီရိယတော်၏။ ဟာနိ၊ ယုတ်လျော့ခြင်းသည်။ နတ္ထိ၊ မရှိ။ သမာဓိဿ၊ သမာဓိ၏။ ဟာနိ၊ ယုတ်လျော့ခြင်းသည်။ နတ္ထိ၊ မရှိ။ ဝိပဿနာယ၊ ဝိပဿနာဉာဏ်တော်၏။ ဟာနိ၊ ယုတ်လျော့ခြင်းသည်။ နတ္ထိ၊ မရှိ။ ဝိမုတ္တိယာ၊ အရဟတ္တဖိုလ်ချမ်းသာ၏။ ဟာနိ၊ ယုတ်လျော့ခြင်းသည်။ နတ္ထိ၊ မရှိ။
ဣမေဟိ ဒွါဒသဟိ ဓမ္မေဟိ၊ ဤတစ်ဆယ့်နှစ်ပါးသော တရားတို့နှင့်။ သမန္နာဂတဿ၊ ပြည့်စုံတော်မူသော။ ဗုဒ္ဓဿ ဘဂဝတော၊ မြတ်စွာဘုရားအား။ ဒဝါ၊ ပြက်ရယ်မြူးခြင်းသည်။ နတ္ထိ၊ မရှိ။ ရဝါ၊ ချွတ်ချော်ပြောဆိုခြင်းသည်။ နတ္ထိ၊ မရှိ။ အပ္ဖုဋံ၊ ဉာဏ်တော်ဖြင့် မတွေ့ထိအပ်သော တရားသည်။ နတ္ထိ၊ မရှိ။ ဝေဂါယိတတ္တံ၊ ဉာဏ်ဖြင့် မဆင်ခြင်ဘဲ အဆောတလျင် ပြုမိခြင်းသည်။ နတ္ထိ၊ မရှိ။ အဗျာဝဋမနော၊ ကြောင့်ကြမဲ့ နေလိုသော စိတ်နှလုံးတော်သည်။ နတ္ထိ၊ မရှိ။ အပ္ပဋိသင်္ခါနုပေက္ခာ၊ အဆင်ခြင်ကင်း၍ ဥပေက္ခာပြုခြင်းသည်။ နတ္ထိ၊ မရှိ။
ဣမေဟိ အဋ္ဌာရသဟိ ဓမ္မေဟိ၊ ဤတရားတစ်ဆယ့်ရှစ်ပါးတို့နှင့်။ သမန္နာဂတဿ၊ ပြည့်စုံတော်မူသော။ ဗုဒ္ဓဿ ဘဂဝတော၊ ဂေါတမမြတ်စွာဘုရားအားလည်းကောင်း။ သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ၊ ဝိပဿီအစရှိသော ဘုရားခုနစ်ဆူတို့အားလည်းကောင်း။ နမော၊ ရှိခိုးပါ၏။
အဋ္ဌာရသဟိ ဗုဒ္ဓဓမ္မေဟိ၊ ဗုဒ္ဓဂုဏ်တော်တစ်ဆယ့်ရှစ်ပါးတို့နှင့်။ ဥပေတေ၊ ပြည့်စုံတော်မူကြကုန်သော။ တေ နာယကေ၊ ထိုဘုရားရှင်တို့ကို။ ဝန္ဒေ၊ ရှိခိုး...
စာမျက်နှာ-573
ပါ၏။ တေန သစ္စေန၊ ထိုသစ္စာစကားကြောင့်။ မေ၊ အကျွန်ုပ်အား။ ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂလာသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။
ဤအာဝေဏိကဂုဏ်တော် ၁၈-ပါးသည် တပည့်သာဝကတို့နှင့် မဆက်ဆံသော ဘုရားရှင်တို့အတွက် သီးခြားဂုဏ်တော်များဖြစ်သည်။ ဤသီးခြားဂုဏ်ကျေးဇူးတော်များကို အမြဲမပြတ် ရွတ်ဖတ်ပူဇော်ပွားများ၍ သစ္စာဆိုပါက မိမိပြုလုပ်၊ ပြောဆို၊ ကြံသမျှ ကိစ္စအားလုံး အခက်အခဲမရှိ ပြီးစီးအောင်မြင်နိုင်သည်။ ဤဂုဏ်တော်များသည် မိမိ၏ အသိဉာဏ်၊ ပြုသမျှကာယကံမှု၊ ပြောသမျှ ဝစီကံမှုနှင့် ကြံသမျှ မနောကံမှုအားလုံး ချွတ်ချော်တိမ်းစောင်းမှု မရှိရအောင် ရွတ်ဆိုပွားများ၍ သစ္စာပြုရန် အထူးသင့်လျော်သော ဂုဏ်တော်များဖြစ်သည်။ အမြဲမပြတ် လက်တွေ့ရွတ်ဆိုပွားများ ပူဇော်ပါက ယခုလက်ငင်း ဆောင်ရွက်လုပ်ကိုင်နေသော ကိစ္စများ ချွတ်ချော်တိမ်းပါးမှု မရှိသည့်အပြင် မဂ်ဖိုလ်နိဗ္ဗာန် မျက်မှောက်ပြုနိုင်သည်အထိ ထူးခြားသော အကျိုးများကို ရရှိပါလိမ့်မည်။
၃၀။ နာညတြဂါထာ
နာညတြ ဗောဇ္ဈာတပသာ၊ နာညတြိန္ဒြိယသံဝရာ။
နာညတြ သဗ္ဗနိဿဂ္ဂါ၊ သောတ္ထိ ပဿာမိ ပါဏိနံ။
ဗောဇ္ဈာတပသာ၊ ဗောဇ္ဈင်ဟူသော ဝိပဿနာ၊ ခြိုးခြံခြင်းဟူသော ဓုတင်အကျင့်ကို။ အညတြ၊ ကြဉ်ဖယ်ထား၍။ ပါဏိနံ၊ သတ္တဝါတို့၏။ သောတ္ထိ၊ ချမ်းသာကြောင်းတရားကို။ န ပဿာမိ၊ ငါဘုရား မြင်တော်မမူ။ ဣန္ဒိယသံဝရာ၊ ဣန္ဒြေခြောက်ခု စောင့်ထိန်းမှုကို။ အညတြ၊ ကြဉ်ဖယ်ထား၍။ ပါဏိနံ၊ သတ္တဝါတို့၏။ သောတ္ထိ၊ ချမ်းသာကြောင်းတရားကို။ န ပဿာမိ၊ ငါဘုရား မြင်တော်မမူ။ သဗ္ဗနိဿဂ္ဂါ၊ ကိလေသာအနှောင်အဖွဲ့အားလုံးမှ လွတ်မြောက်ရာ နိဗ္ဗာန်ကို။ အညတြ၊ ကြဉ်ဖယ်ထား၍။ ပါဏိနံ၊ သတ္တဝါတို့၏။ သောတ္ထိ၊ ချမ်းသာကြောင်းတရားကို။ န ပဿာမိ၊ ငါဘုရား မြင်တော်မမူ။
ဤဂါထာသည် သုဗြဟ္မာနတ်သားအား ဘုရားရှင် ဟောကြားတော်မူသော ဂါထာဖြစ်သည်။ သုဗြဟ္မာနတ်သားသည် သူ၏ အခြံအရံ နတ်သမီးငါးရာတို့ နန္ဒဝန်ဥယျာဉ်အတွင်း ပင်လယ်ကသစ်ပန်းခူးရင်း ဥပစ္ဆေဒကကံနှင့် ရုတ်တရက် ကွယ်လွန်ကာ အဝီစိငရဲ ကျရောက်သည်ကို မြင်တွေ့ရသဖြင့် ထိတ်လန့်တုန်လှုပ်သွားသည်။ သူ့အသက်အနေအထားကို ကြည့်ပြန်ရာ ခုနစ်ရက်သာ နေရပြီး သေလျှင် အဝီစိငရဲ ကျမည့်အရေးကို မြင်သဖြင့် ဆောက်တည်ရာမရ အကြီးအကျယ် ပူပင်သောက ရောက်သွားသည်။ သို့ဖြစ်၍ ဘုရားရှင်ထံ ချဉ်းကပ်ပြီး...
စာမျက်နှာ-574
“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဘုရားတပည့်တော်၏ စိတ်သည် ဆောက်တည်ရာမရအောင် အလွန်တုန်လှုပ်ချောက်ချားနေပါပြီ။ ထိတ်လန့်တုန်လှုပ် ကြောက်ရွံ့ခြင်း ကင်းဝေးတဲ့ နည်းလမ်းကို ဟောကြားတော်မူပါ” ဟု လျှောက်ထားသဖြင့် ဤ “နာညတြ ဗောဇ္ဈတပသာ” ဂါထာကို ဟောတော်မူသည်။ သုဗြဟ္မာနတ်သားလည်း သောတာပန်ဖြစ်ပြီး ထိတ်လန့်တုန်လှုပ်မှု ကင်းဝေးကာ ပူပင်သောကအားလုံး အေးငြိမ်းသွားသည်။
ဤဂါထာကို ရွတ်ဆိုခြင်းဖြင့် ဥပစ္ဆေဒကမရဏ (သေချိန်မရောက်ဘဲ ရုတ်တရက် သေခြင်းဘေး) မှ လွတ်မြောက်နိုင်သည်၊ အသက်ရှည်နိုင်သည်။ သူတစ်ပါး မပြုစားနိုင်၊ အကြီးအကျယ် စိတ်ညစ်စရာတွေ၊ အခက်အခဲတွေ အားလုံး ပျောက်ကင်းနိုင်ကြောင်း ရှေးလူကြီးသူမတို့ အစဉ်အဆက် ပြောဆိုမှတ်တမ်းတင်ခဲ့ကြသည်။ ထို့ကြောင့် ဤဂါထာကို ဝတ်ရွတ်စဉ်စာအုပ်များ၌ သက်တော်ရှည်ဂါထာ၊ ဥပစ္ဆေဒကနှင့် လူမှုဒုက္ခအမျိုးမျိုးမှ လွတ်မြောက်စေသည့် ဂါထာ စသည်ဖြင့် အမည်အမျိုးမျိုး ပေးခဲ့ကြသည်။
၃၁။ ကျည်မထွက် လက်နက်တုံးဂါထာ
မာရာရိဗလဝိဿဋ္ဌာ၊ ကုဏ္ဌာ နာနာဝိဓာယုဓာ။
လဇ္ဇမာနာညဝေသေန၊ ဇိန ပါဒါနတာ တဝ။
ဧတေန သစ္စဝဇ္ဇေန၊ ပရိဝဇ္ဇန္တိ အာဝုဓာ။
ဇိန၊ မြတ်စွာဘုရား။ မာရာရိဗလဝိဿဋ္ဌာ၊ မာရ်နတ်မင်းတည်းဟူသော ရန်သူ၏ စစ်သည်တပ်သားတို့ ပစ်လွှတ်အပ်ကုန်သော။ နာနာဝိဓာယုဓာ၊ အမျိုးမျိုးသော လက်နက်တို့သည်။ ကုဏ္ဌာ၊ မထက်လုံးလုံး တုံးကြကုန်သည်။ ဟုတွာ၊ ဖြစ်၍။ လဇ္ဇမာနာ၊ ရှက်နိုးကြကုန်လျက်။ အညဝေသေန၊ လက်နက်အသွင်မှတစ်ပါး ပန်းပေါက်ပေါက်အသွင်အားဖြင့်။ တဝ၊ ရှင်တော်ဘုရား၏။ ပါဒါနတာ၊ ခြေတော်ရင်းဝယ် ဝပ်စင်းရိုကျိုး သူ့ထက်ငါ ဝင်တိုးလျက် ရှိခိုးဦးတိုက်ကြလေကုန်ပြီတကား။
ဧတေန သစ္စဝဇ္ဇေန၊ ဤသို့မှန်သော သစ္စာစကားကို ဆိုရခြင်းကြောင့်။ အာဝုဓာ၊ လက်နက်တို့သည်။ ပရိဝဇ္ဇန္တိ၊ ရှောင်ကြစေကုန်သတည်း။
မာရ်နတ်သားသည် ဗောဓိပင်နှင့် ရွှေပလ္လင်ကို လုယူလိုသဖြင့် လက်နက်အမျိုးမျိုးဖြင့် ပစ်ခတ်ရာ ဘုရားရှင်၏ ဘုန်းတော်၊ ကံတော်၊ မေတ္တာပါရမီတော်တို့၏ အစွမ်းသတ္တိကြောင့် ပစ်ခတ်လိုက်သော လက်နက်မျိုးစုံတို့သည်...
စာမျက်နှာ-575
အသွားများတုံးသွား၍ ရှက်စနိုးဟန်ဖြင့် လက်နက်အသွင်ပျောက်၍ ပန်းပေါက်ပေါက် အသွင်ဖြင့် ဘုရားရှင်၏ ခြေတော်အစုံကို ဦးခိုက်ပူဇော်ကြပုံကို ဖွဲ့ဆိုထားသော ဂါထာဖြစ်သည်။
ဘုရားရှင်၏ ဘုန်းကံပါရမီတော်များကို အာရုံပြု၍ ဤဂါထာကို ယုံကြည်စွာ ရွတ်ဖတ်ပူဇော်လျှင် တစ်ဖက်ရန်သူတို့ ပစ်ခတ်ကြသော လက်နက်အမျိုးမျိုးတို့သည် ကျည်မထွက်နိုင်၊ ကျည်လွှဲနိုင်သည်၊ ဓားလှံစသော လက်နက်များလည်း အသွားမထက်ဘဲ လုံးလုံး တုံးသွားနိုင်သည်။ ဤသို့ အစွမ်းသတ္တိထက်လှသော ဤဂါထာကို လက်နက်အန္တရာယ် အမျိုးမျိုးကြားတွင် သွားလာလုပ်ကိုင် ဆောင်ရွက်နေကြသော ပုဂ္ဂိုလ်များ အထူးကြိုးစား၍ ရွတ်ဖတ်ပူဇော်သင့်ကြသည်။
၃၂။ လက်နက်ရန်သူကွင်းဂါထာ
ဥပေတပုညော ဝရဗောဓိမူလေ၊ သသေနမာရံ သုဂတော ဇိနိတွာ။
အဗုဒ္ဈိ ဗောဓိံ အရုဏောဒယမှိ၊ နမာမိ တံ မာရဇိနံ အဘင်္ဂံ။
ဥပေတပုညော၊ ပြည့်စုံသော ဘုန်းတော်လည်း ရှိတော်မူသော။ ယော သုဂတော၊ အကြင်မြတ်စွာဘုရားသည်။ ဝရဗောဓိမူလေ၊ မြတ်သောဗောဓိပင်၏ အနီး၌။ သသေနမာရံ၊ စစ်သည်ဗိုလ်ပါနှင့် တကွသော မာရ်နတ်သားကို။ ဇိနိတွာ၊ အောင်တော်မူပြီး၍။ အရုဏောဒယမှိ၊ နေအရုဏ်တက်သောအခါ၌။ ဗောဓိံ၊ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို။ အဗုဒ္ဈိ၊ သိတော်မူပြီ။ မာရဇိနံ၊ မာရ်ငါးပါးကို အောင်မြင်တော်မူပြီးထသော။ အဘင်္ဂံ၊ မာရ်စစ်သည်တို့သည် မဖျက်ဆီးနိုင်ထသော။ တံ သုဂတံ၊ ထိုမြတ်စွာဘုရားကို။ အဟံ၊ အကျွန်ုပ်သည်။ နမာမိ၊ ရှိခိုးပါ၏။
ဤဂါထာသည် နမက္ကာရ ဘုရားရှိခိုး ၆-ခုမြောက် ဂါထာဖြစ်သည်။ ဤဂါထာကို ရွတ်ဖတ်ပူဇော်ခြင်းဖြင့် လက်နက်ကွင်းရှောင်ခြင်း၊ ရန်သူများလက်မှ လွတ်မြောက်နိုင်ခြင်း၊ အခက်အခဲအမျိုးမျိုးကို ကျော်လွှားအောင်မြင်နိုင်ခြင်းစသော မျက်မှောက်ပစ္စက္ခ အကျိုးများအပြင် နောက်ဆုံးတွင် ကိလေသာ အာသဝေါတရားအားလုံးကို ပယ်သတ်အောင်မြင်နိုင်ပြီး မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည်အထိ အကျိုးတရားများ ရရှိနိုင်ပါသည်။
စာမျက်နှာ-576
၃၃။ ကပ်ဆိုး ရောဂါဆိုး အမျိုးမျိုးတို့မှ ကင်းလွတ်စေနိုင်သော ဂါထာ
၁။ ဗုဒ္ဓေါဝ မင်္ဂလော လောကေ၊ ဒေဝဣန္ဒဗြဟ္မဿရော။
ဗုဒ္ဓံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စရေ။
၂။ ဓမ္မောဝ မင်္ဂလော လောကေ၊ သဗ္ဗပါပဝိနာသကော။
ဓမ္မံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စရေ။
၃။ သံဃောဝ မင်္ဂလော လောကေ၊ ဘယဝေရဝိနောဒနော။
သံဃံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စရေ။
၄။ ဧတံ ခေါ မင်္ဂလံ ခေမံ၊ ဧတံ မင်္ဂလမုတ္တမံ။
ဧတံ မင်္ဂလမာဂမ္မ၊ သဗ္ဗပါပါ ပမုစ္စရေ။
၅။ ဧတံ ခေါ သရဏံ ခေမံ၊ ဧတံ သရဏမုတ္တမံ။
ဧတံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စရေ။
၆။ ဧတံ ခေါ ရတနံ ခေမံ၊ ဧတံ ရတနမုတ္တမံ။
ဧတံ ရတနမာဂမ္မ၊ သဗ္ဗဒေါသာ ပမုစ္စရေ။
၁။ လောကေ၊ လောကသုံးခွင် ဘုံအပြင်၌။ ဗုဒ္ဓေါဝ၊ မြတ်စွာဘုရားသည် သာလျှင်။ မင်္ဂလော၊ လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့တွင် အတုမရ အဘက်မရ လွန်မြတ်လှသော အနုတ္တရ မဟာမင်္ဂလာကြီး အစစ်ဖြစ်တော်မူပေ၏။ ဒေဝဣန္ဒဗြဟ္မဿရော၊ ဘုန်းတန်ခိုး ဣဒ္ဓိပါဒ် လွန်ကြီးမြတ်သော နတ်မင်းအပေါင်း သိကြားမင်းအပေါင်း ဗြဟ္မာမင်းအပေါင်းတို့ကို အစိုးရတော်မူပေ၏။ ဗုဒ္ဓံ သရဏံ၊ ဘုရားတည်းဟူသော ကိုးကွယ်ရာကို။ အာဂမ္မ၊ ကိုးကွယ်သမှု အစွဲပြု၍။ သတ္တာ၊ နတ် လူ ဗြဟ္မာ သတ္တဝါတို့သည်။ သဗ္ဗဒုက္ခာ-သဗ္ဗဒုက္ခေဟိ၊ ခပ်သိမ်းသော ဒုက္ခအပေါင်းတို့မှ။ ပမုစ္စရေ-ပမုစ္စန္တိ၊ ကင်းလွတ်ကြရကုန်၏။
၂။ လောကေ၊ လောကသုံးခွင် ဘုံအပြင်၌။ ဓမ္မောဝ၊ မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန်တရားတော်မြတ်သည်သာလျှင်။ မင်္ဂလော၊ တရားအပေါင်းတို့တွင် အတုမရ အဘက်မရ လွန်မြတ်လှသော အနုတ္တရ မဟာမင်္ဂလာကြီး အစစ်ဖြစ်တော်မူပေ၏။ သဗ္ဗပါပဝိနာသကော၊ ဆိုးရွားညစ်ညမ်း ကြမ်းတမ်း ယုတ်မာ မကောင်းစွာသော မိစ္ဆာဓမ္မ ဟူသမျှတို့ကို မြူမျှမကျန် ပယ်လှန် ဖျက်ဆီးတော်မူနိုင်ပေ၏။ ဓမ္မံ သရဏံ၊ တရားတည်းဟူသော ကိုးကွယ်ရာကို။
စာမျက်နှာ-577
အာဂမ္မ၊ ကိုးကွယ်သမှု အစွဲပြု၍။ သတ္တာ၊ နတ်လူဗြဟ္မာ သတ္တဝါတို့သည်။ သဗ္ဗဒုက္ခာ-သဗ္ဗဒုက္ခေဟိ၊ ခပ်သိမ်းသော ဒုက္ခအပေါင်းတို့မှ။ ပမုစ္စရေ-ပမုစ္စန္တိ၊ ကင်းလွတ်ကြရကုန်၏။
၃။ လောကေ၊ လောကသုံးခွင် ဘုံအပြင်၌။ သံဃောဝ၊ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်မြတ်သည်သာလျှင်။ မင်္ဂလော၊ အပေါင်းအများ တပည့်သား အစုံတွင် အတုမရ အဘက်မရ လွန်မြတ်လှသော အနုတ္တရ မဟာမင်္ဂလာကြီး အစစ်ဖြစ်တော်မူပေ၏။ ဘယဝေရဝိနောဒနော၊ ခပ်သိမ်းသော ဘေး ခပ်သိမ်းသော ရန်တို့ကို ပယ်လှန် ဖြေဖျောက်တော်မူနိုင်ပေ၏။ သံဃံ သရဏံ၊ သံဃာတည်းဟူသော ကိုးကွယ်ရာကို။ အာဂမ္မ၊ ကိုးကွယ်သမှု အစွဲပြု၍။ သတ္တာ၊ နတ်လူဗြဟ္မာ သတ္တဝါတို့သည်။ သဗ္ဗဒုက္ခာ-သဗ္ဗဒုက္ခေဟိ၊ ခပ်သိမ်းသော ဒုက္ခအပေါင်းတို့မှ။ ပမုစ္စရေ-ပမုစ္စန္တိ၊ ကင်းလွတ်ကြရကုန်၏။
၄။ ခေါ၊ စင်စစ်။ ဧတံ မင်္ဂလံ၊ ဤဘုရား တရား သံဃာ မင်္ဂလာသုံးပါးသည်သာလျှင်။ ခေမံ၊ ဘေးရန်ကင်းရာ မင်္ဂလာကြီးအစစ် ဖြစ်တော်မူပေ၏။ ဧတံ မင်္ဂလံ၊ ဤဘုရား တရား သံဃာ မင်္ဂလာသုံးပါးသာလျှင်။ ဥတ္တမံ၊ လောကအားလုံး၌ အမြတ်ဆုံးသော မင်္ဂလာကြီး ဖြစ်တော်မူပေ၏။ ဧတံ မင်္ဂလံ၊ ဤဘုရား တရား သံဃာ မင်္ဂလာကို။ အာဂမ္မ၊ ကိုးကွယ်သမှု အစွဲပြု၍။ သတ္တာ၊ နတ်လူဗြဟ္မာ သတ္တဝါတို့သည်။ သဗ္ဗပါပါ-သဗ္ဗပါပေဟိ၊ ခပ်သိမ်းသော အယုတ်တမာ မိစ္ဆာဘေး ဟူသမျှတို့မှ။ ပမုစ္စရေ-ပမုစ္စန္တိ၊ ကင်းလွတ်ကြရကုန်၏။
၅။ ခေါ၊ စင်စစ်။ ဧတံ သရဏံ၊ ဤဘုရား တရား သံဃာ ကိုးကွယ်ရာသုံးပါးသည်သာလျှင်။ ခေမံ၊ ဘေးရန်ကင်းကွာ ကိုးကွယ်ရာအစစ်ကြီး ဖြစ်တော်မူပေ၏။ ဧတံ သရဏံ၊ ဤဘုရား တရား သံဃာ ကိုးကွယ်ရာသုံးပါးသည်သာလျှင်။ ဥတ္တမံ၊ လောကအားလုံး၌ အမြတ်ဆုံးသော ကိုးကွယ်ရာကြီး ဖြစ်တော်မူပေ၏။ ဧတံ သရဏံ၊ ဤဘုရား တရား သံဃာ ကိုးကွယ်ရာသုံးပါးကို။ အာဂမ္မ၊ ကိုးကွယ်သမှု အစွဲပြု၍။ သတ္တာ၊ နတ်လူဗြဟ္မာ သတ္တဝါတို့သည်။ သဗ္ဗဒုက္ခာ-သဗ္ဗဒုက္ခေဟိ၊ ခပ်သိမ်းသော ဒုက္ခအပေါင်းတို့မှ။ ပမုစ္စရေ-ပမုစ္စန္တိ၊ ကင်းလွတ်ကြရကုန်၏။
၆။ ခေါ၊ စင်စစ်။ ဧတံ ရတနံ၊ ဤဘုရား တရား သံဃာ ရတနာသုံးပါးသည်သာလျှင်။ ခေမံ၊ ဘေးရန်ကင်းရာ ရတနာစစ်ကြီး ဖြစ်တော်မူပေ၏။ ဧတံ ရတနံ၊ ဤဘုရား တရား သံဃာ ရတနာသုံးပါးသည်သာလျှင်။ ဥတ္တမံ၊ လူ့ရပ် နတ်ရွာ ရတနာအားလုံးတို့ထက် အမြတ်ဆုံးသော ရတနာဖြစ်တော်...
စာမျက်နှာ-578
မူပေ၏။ ဧတံ ရတနံ၊ ဤဘုရား တရား သံဃာ ရတနာသုံးပါးကို။ အာဂမ္မ၊ ကိုးကွယ်သမှု အစွဲပြု၍။ သတ္တာ၊ နတ်လူဗြဟ္မာ သတ္တဝါတို့သည်။ သဗ္ဗဒေါသာ-သဗ္ဗဒေါသေဟိ၊ ခပ်သိမ်းသော အပြစ်ဒေါသ ဟူသမျှတို့မှ။ ပမုစ္စရေ-ပမုစ္စန္တိ၊ ကင်းလွတ်ကြရကုန်၏။
ဤ ၆-ဂါထာတို့ကို အနုဿတိဘာဝနာကိစ္စနှင့် ကုသိုလ်ဖြစ် ရွတ်ဆိုသောအခါ၌ သာယာစွာ ရွတ်ဆိုရသည်။ အန္တရာယ်ရှိ၍ အန္တရာယ်ကင်းရန် ရွတ်ဆိုသောအခါ၌ စိတ်မာန်တင်းတင်းနှင့် ပြင်းထန်စွာ ရွတ်ဆိုရသည်။ အိပ်ရာဝင်လျှင် နေ့စဉ် သက်စေ့ရွတ်၍ သားငယ်သမီးငယ်ရှိသော မိဘများသည် သားငယ်သမီးငယ်များအတွက် ပို၍ ရွတ်ဆိုသင့်ကြောင်း လယ်တီဆရာတော်ကြီး အထူးအမိန့်ရှိတော်မူသည်။
ဤဂါထာများကို ရွတ်ဖတ်ပူဇော်ခြင်းဖြင့် ပကတိအနာရောဂါများ ကင်းလွတ်ရုံမျှမက မိမိတို့သန္တာန်မှာရှိသော ကိလေသာအနာရောဂါဆိုးများပါ ကင်းပျောက်၍ မဂ် ဖိုလ် နိဗ္ဗာန်အထိ မျက်မှောက်ပြုနိုင်သည်။ သို့ဖြစ်၍ ယုံကြည်စွာ အမြဲရွတ်ဖတ်ပူဇော်သင့်ကြသည်။
၃၄။ ရန်သူမမြင်နိုင်သောဂါထာ (ကိုယ်ပျောက်ဂါထာ)
ဘဝေ ဝါဟံ ဘယံ ဒိသွာ၊ ဘဝဉ္စ ဝိဘဝေသိနံ။
ဘဝံ နာဘိဝဒိံ ကိဉ္စိ၊ နန္ဒိံ စ န ဥပါဒိယိ။
အဟံ၊ ငါဘုရားသည်။ ဘဝေ၊ ဘဝတည်းဟူသော သံသရာထောင်အကျဉ်း၌။ ဘယံ၊ ဘေးအပေါင်းကို။ ဒိသွာ ဧဝ၊ သိမြင်တော်မူခြင်းကြောင့်သာလျှင်။ ဘဝဉ္စ၊ ဘဝကိုလည်းကောင်း။ ဝိဘဝေသိနံ၊ ဘဝကင်းရာ ရှာနေကြသည့် သတ္တဝါအပေါင်းကိုလည်းကောင်း။ ဒိသွာ၊ သိမြင်တော်မူသည်ဖြစ်၍။ ကိဉ္စိ ဘဝံ၊ တစ်စုံတစ်ခုသော ဘဝကို။ နာဘိဝဒိံ၊ လိုချင်တောင့်တတော်မမူပေ။ နန္ဒိံ စ၊ ဘဝတဏှာကိုလည်း။ န ဥပါဒိယိ၊ စွဲလမ်းတော်မမူခဲ့ပေ။
ဤဂါထာသည် ဗကဗြဟ္မာကြီးချွတ်ခန်း၌ မြတ်စွာဘုရား ဟောကြားတော်မူသော ဂါထာဖြစ်သည်။ ဗြဟ္မာကြီးနှင့် မြတ်စွာဘုရားတို့ တန်ခိုးပြိုင်သည့်အနေဖြင့် တစ်လှည့်စီ ကိုယ်ဖျောက်ကြသည်။ ဗြဟ္မာကြီး ကိုယ်ဖျောက်သမျှ ဘုရားရှင်မြင်တော်မူသည်။ ဘုရားရှင် ကိုယ်ဖျောက်တော်မူသည့် အလှည့်တွင် ဗြဟ္မာကြီး မတွေ့မမြင်နိုင်ဘဲ ရှိသည်။ ဘုရားရှင် တခြားသို့ ကြွသွားလေသလားဟု ဗြဟ္မာကြီး ထင်မည်စိုး၍ အနီးအနားမှာပင် ရှိတော်မူကြောင်း အသံ...
စာမျက်နှာ-579
ပြုသည့်သဘောဖြင့် ဤ “ဘဝေ ဝါဟံ” စသော ဂါထာကို ဟောကြားတော်မူသည်။ ဤဖြစ်ရပ်ကို အကြောင်းပြု၍ ဝတ်ရွတ်စဉ်စာအုပ်များ၌ ကိုယ်ပျောက်ဂါထာ ဟု အမည်ပေးကြသည်။
စင်စစ်အားဖြင့် ဤဂါထာ၏ ဆိုလိုရင်း အဓိပ္ပာယ်မှာ ဘဝတွေမှန်သမျှ ဘေးဒုက္ခအန္တရာယ်တွေနှင့် ရောပြွမ်းနေသည်။ ထို့ကြောင့် ငါဘုရားသည် ဘဝဆိုလျှင် မည်သည့်ဘဝကိုမှ မတွယ်တာ မတပ်မက်ဘူး မစွဲလမ်းဘူးဟု ဆိုလိုပါသည်။
သို့ဖြစ်၍ ဤဂါထာ၏ မူရင်းဇာတ်ကြောင်းနှင့် ဆိုလိုရင်းအနက်အဓိပ္ပာယ်ကို အာရုံပြုပြီး ရွတ်ဖတ်ပူဇော်ပါက ကိုယ်ပျောက်ရုံ၊ ရန်သူမမြင်နိုင်ရုံမက သံသရာ၌ အမျိုးမျိုး ကျင်လည်ရသည့် ဘဝဟူသမျှကို အပြစ်မြင်ကာ ဘဝဝဋ်ဒုက္ခအပေါင်းမှ လွတ်မြောက်၍ နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်သည်အထိ အကျိုးထူးများ ခံစားကြရပါလိမ့်မည်။
၃၅။ အန္တရာယ်ကင်းဂါထာ
ဇိနော အဘေဇ္ဇကာယောပိ၊ နတ္ထိ လောဟိတသူဒနီ။
တဒေဝ ဝစနံ သစ္စံ၊ ဝန္ဒေ တံ လောကနာယကံ။
တေန သစ္စေန ပုညေန၊ ဟောတု မေ ဇယမင်္ဂလံ။
ဇိနော၊ ငါးမာရ်အောင်မြင် ဘုရားရှင်သည်။ အဘေဇ္ဇကာယောပိ၊ မခွဲမဖြတ်နိုင်သော ကိုယ်ခန္ဓာ ရှိတော်မူ၏။ လောဟိတသူဒနီ၊ မြတ်စွာဘုရား၏ ကိုယ်တော်မှ ထွက်သောသွေး ယိုစီးခြင်းသည်။ နတ္ထိ၊ လုံးဝမရှိပေ။ တဒေဝ ဝစနံ၊ ထိုဆိုခဲ့ပြီးသော စကားသည်သာလျှင်။ သစ္စံ၊ မှန်၏။ တံ လောကနာယကံ၊ ထိုမြတ်စွာဘုရားကို။ အဟံ၊ အကျွန်ုပ်သည်။ ဝန္ဒေ၊ ရှိခိုးပါ၏။ တေန သစ္စေန၊ ထိုသို့ဆိုအပ်သော သစ္စာစကားကြောင့်လည်းကောင်း။ တေန ပုညေန၊ ရှိခိုးပြုစု ထိုကောင်းမှုကြောင့်လည်းကောင်း။ မေ၊ အကျွန်ုပ်အား။ ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂလာသည်။ ဟောတု၊ မုချမသွေ့ ဖြစ်ပါစေသတည်း။
ဤဂါထာသည် မြတ်စွာဘုရားကိုယ်ခန္ဓာတော်ကို မည်သူမျှမဖောက်ခွဲမဖျက်ဆီးနိုင်ပုံ မှန်ကန်ကြောင်း သစ္စာဆို၍ အရာရာအောင်မြင်ရန် ဆုတောင်းသော ဂါထာဖြစ်သည်။ ရွှေတိဂုံစေတီတော်ကြီး၏ ကြေးစလောင်းတွင် ရေးထိုးထားသည်ဟုလည်း မှတ်တမ်းများအရ သိရသည်။ အရာခပ်သိမ်း အောင်မြင်လိုသူများ အမြဲရွတ်သင့်သော ဂါထာဖြစ်သည်။ ကာယသိဒ္ဓိပြီးလိုသူများ...
စာမျက်နှာ-580
အထူးရွတ်ဖတ်ပွားများခဲ့ကြောင်း ရှေးလူကြီးသူမတို့ အစဉ်အဆက် ပြောဆိုခဲ့ကြသည်။ ဘုရားရှင်ဂုဏ်တော်ကို ဖွဲ့ဆိုထားသော ဂါထာဖြစ်၍ စွဲမြဲစွာရွတ်ဖတ်ပူဇော်ပါက အကန့်အသတ်မရှိ ထူးခြားသော အကျိုးကျေးဇူးများ ရရှိနိုင်သည်။
၃၆။ အသက်အန္တရာယ်ကင်းဂါထာ
တိဋ္ဌေယျ အန္တကပ္ပမှိ၊ ဇယုဿာဝေါ သမာပန္နော။
တဒေဝ ဝစနံ သစ္စံ၊ ဝန္ဒေ တံ လောကနာယကံ။
တေန သစ္စေန ပုညေန၊ ဟောတု မေ ဇယမင်္ဂလံ။
ဇယုဿာဝေါ၊ အတွင်းအပြင် နှစ်ဌာန၌ လုံးကုန်စင် အောင်ပန်းဆင်တော်မူပြီးထသော။ သမာပန္နော၊ နေ့စဉ်မပြတ် သမာပတ်ကို ဝင်စားတော်မူနိုင်သော မြတ်စွာဘုရားသည်။ အန္တကပ္ပမှိ၊ ကပ်ကမ္ဘာကုန်ဆုံးသည်အထိ (သို့မဟုတ်) သက်တော်တွက်စစ် ကာလအဆုံးကျအောင်။ တိဋ္ဌေယျ၊ တည်နေတော်မူနိုင်ပါပေ၏။
တဒေဝ ဝစနံ၊ ထိုစကားသည်သာလျှင်။ သစ္စံ၊ မှန်ကန်ပါပေ၏။ တံ လောကနာယကံ၊ လောကသုံးပါး၏ အကြီးအမှူးဖြစ်တော်မူသော ထိုမြတ်စွာဘုရားကို။ အဟံ၊ အကျွန်ုပ်သည်။ ဝန္ဒေ-ဝန္ဒာမိ၊ ရှိခိုးပါ၏။ တေန သစ္စေန၊ ထိုသို့ဆိုအပ်သော သစ္စာစကားကြောင့်လည်းကောင်း။ တေန ပုညေန စ၊ ထိုသို့ရှိခိုးပြုစု မြတ်ကောင်းမှုကြောင့်လည်းကောင်း။ မေ၊ တပည့်တော်အား။ ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂလာသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။
ဤဂါထာသည် အတွင်းရန် အပြင်ရန်ကို အောင်မြင်တော်မူပြီးသော မြတ်စွာဘုရားသည် သမာပတ်ဝင်စားတော်မူလျက် အာယုကပ်ပတ်လုံး တည်နေတော်မူနိုင်ပုံကို သစ္စာပြု၍ အသက်အန္တရာယ်ကင်းရန် ဆုတောင်းသော ဂါထာဖြစ်သည်။
မြတ်စွာဘုရားရှင်တို့မည်သည် ဘုရားရှင်တို့ဓမ္မတာ ထုံးစံအရ သက်တမ်း ၅ ပုံ ၄ ပုံအထိသာ အသက်ရှည်တော်မူကြ၏။ အလိုရှိက အာယုကပ်ပတ်လုံး နေတော်မူနိုင်ကြသည်။ ဤအချိန်ကာလအတွင်း မည်သည့်အန္တရာယ်မျှ မရှိဘဲ တည်နေတော်မူနိုင်ကြသည်။
စာမျက်နှာ-581
ဤဂါထာတော်ကို ရွှေတိဂုံစေတီတော်ကြီး ထီးတော်ကြေးစလောင်း၌ ရေးထိုးထားသည်ဟု မှတ်တမ်းများအရ သိရသည်။ အနည်းဆုံး တစ်နေ့ ၃-ကြိမ် ရွတ်ဖတ်ပူဇော်ပါက ဥပစ္ဆေဒကကံမှ လွတ်မြောက်နိုင်သည်။ လိုရာကိစ္စအဝဝ ပြီးပြည့်စုံနိုင်သည်။ သို့ဖြစ်၍ အသက်ရှည်ပြီး အန္တရာယ်ကင်းရှင်းစွာ နေထိုင်ရန်အတွက် အမြဲရွတ်ဖတ်ပူဇော်သင့်ကြသည်။
၃၇။ ဘီလူးပြေးသောဂါထာ
သုဝဏ္ဏဘူမိံ ဂန္တွာန၊ သောဏုတ္တရာ မဟိဒ္ဓိကာ။
ပိသာစေ နိဒ္ဓမိတွာန၊ ဗြဟ္မဇာလမဒေသယုံ။
မဟိဒ္ဓိကာ၊ ကြီးသောတန်ခိုးရှိကုန်သော။ သောဏုတ္တရာ၊ အရှင်သောဏ အရှင်ဥတ္တရတို့သည်။ သုဝဏ္ဏဘူမိံ၊ သုဝဏ္ဏဘူမိအရပ်သို့။ ဂန္တွာန၊ ကြွတော်မူကြ၍။ ဗြဟ္မဇာလံ၊ ဗြဟ္မဇာလသုတ်ကို။ အဒေသယုံ၊ ဟောကြားတော်မူကြလေကုန်ပြီ။
ဤဂါထာသည် တန်ခိုးကြီးမားသော ရဟန္တာအရှင်သောဏနှင့် အရှင်ဥတ္တရတို့ သုဝဏ္ဏဘူမိသို့ ကြွတော်မူကြ၍ ဘီလူးသဘက်များ ထွက်ပြေးစေပြီးနောက် ဗြဟ္မဇာလသုတ် ဟောကြားတော်မူခဲ့ပုံကို ဖော်ပြသောဂါထာဖြစ်သည်။ ဤဂါထာကို ရွတ်ဖတ်ပူဇော်၍ သဲရေကိုကိုင်ကာ မန်းပြီး မိမိတို့နေရာ အိမ်ဝင်း၊ ကျောင်းဝင်း ပတ်လည်တို့၌ ပက်ဖျန်းပါက မကောင်းဆိုးဝါးများ မကပ်ရောက်နိုင်။ အရှင်သောဏနှင့် အရှင်ဥတ္တရ ရဟန္တာအရှင်မြတ်ကြီး ၂ ပါးတို့၏ ဂုဏ်ကို အာရုံပြု၍ ဤဂါထာကို ယုံကြည်စွာ ရွတ်ဖတ်ပါက ဘီလူးသရဲ သဘက်အန္တရာယ်မှ ကင်းနိုင်သည်။
၃၈။ သံ ၈-ချက်ဂါထာ
သံသာရစက္ကဝိဒ္ဓံသံ၊ သံသုဒ္ဓမသဩရသံ။
သံဆိန္နကံ ဘဝေ အာသံ၊ သံဃံ အပိ သုမာနသံ။
သံသာရစက္ကဝိဒ္ဓံသံ၊ သံသရာစက်ကို ချိုးဖျက်တော်မူပြီးထသော။ သံသုဒ္ဓိ၊ အဝိဇ္ဇာအမှောင်ကင်းသဖြင့် ဖြူဝင်းစင်ကြယ်သော စိတ်ရှိထသော။ အ၊ ထိုဘုရားရှင်၏။ ဩရသံ၊ သဒ္ဓမ္မသမ္ဘူတခေါ် ရင်သွေးတော်အစစ် ဖြစ်တော်မူထသော။ ဘဝေ၊ သုံးဆယ့်တစ်ထပ် ဘဝရပ်၌။ အာသံ၊ ခင်မင်တွယ်တာ တဏှာကရားကို။ သံဆိန္နကံ၊ ကောင်းကောင်းကြီး တော်လှန်ဖြတ်တောက်တော်မူပြီး...
စာမျက်နှာ-582
ထသော။ သုမာနသံ၊ ရွှင်ကြည်အေးမြ ကောင်းမွန်လှသော ရွှေနှလုံးရှိတော်မူထသော။ သံဃံ အပိ၊ အရိယာရှစ်ဖော် သံဃာတော်မြတ်ကိုလည်း။ အဟံ၊ တပည့်တော် (တပည့်တော်မ) သည်။ ဝန္ဒာမိ၊ ညွှတ်နူးကြည်သာ အင်္ဂါငါးဖြာဖြင့် ကြည်စွာရိုကျိုး ရှိခိုးပါ၏ဘုရား။
ဤဂါထာသည် မြတ်စွာဘုရား၏ တရားရင်နှစ်ဖြစ်သော တပည့်သားသာဝက အရိယာသံဃာတော်များကို ရှိခိုးပူဇော်သော ဂါထာဖြစ်သည်။ ဝတ်ရွတ်စဉ်စာအုပ်များ၌ မိုးကြိုးကင်းဂါထာ ဟု ဆိုကြသည်။ ဤဂါထာကို ရွတ်ဖတ်ပူဇော်ခြင်းဖြင့် သရဲသဘက်များအန္တရာယ်မှ ကင်းသည်။ အပြိုင်အဆိုင်များကို နိုင်နိုင်သည်။ လာဘ်ရွှင်သည်။ အနည်းဆုံး တစ်နေ့ သုံးခေါက်ရွတ်လျှင် အလွန်ကောင်းသည်။ မိုးကြိုးကွင်းသည်ဟု ရှေးဆရာအစဉ်အဆက်တို့ မှတ်တမ်းတင်ခဲ့ကြသည်။ ဤဂါထာသည် အရိယာရှစ်ဖော် အမြတ်ဆုံးသံဃာတော်၏ ဂုဏ်တော်ကို ထုတ်ဖော်ရွတ်ဆိုပူဇော်ခြင်းဖြစ်၍ အတိုင်းမသိ အမြတ်ဆုံးသော အကျိုးကို ရရှိနိုင်သည်။ သို့ဖြစ်၍ သံဃာ့ဂုဏ်တော်ကို အာရုံပြုကာ အမြဲရွတ်ဖတ်ပူဇော်သင့်ကြသည်။
၃၉။ စမကြီးလေးလုံးဂါထာ
စက္ခုမာ စရမာစိဏ္ဏော၊ ဓမ္မညူ ဓမ္မသာမိကော။
ဗလူပေတော ဗလဓရော၊ ဝရဒေါ ဒေတု မေ ဝရံ။
စက္ခုမာ၊ မံသပညာ နှစ်ဖြာသော စက္ခုနှင့် ပြည့်စုံတော်မူထသော။ စရံ၊ စရဏတရား တစ်ဆယ့်ငါးပါးကို။ အာစိဏ္ဏော၊ အမြဲမပြတ် လေ့ကျင့်တော်မူအပ်ပြီးထသော။ ဓမ္မညူ၊ တရားအားလုံး သိမ်းကျုံးသိမြင်တော်မူပြီးထသော။ ဓမ္မသာမိကော၊ တရားပိုင်ရှင် ဖြစ်တော်မူပေထသော။ ဗလူပေတော၊ ဉာဏ်တော်အင်အား ဆယ်ပါးနှင့်လည်း ပြည့်စုံတော်မူပေထသော။ ဗလဓရော၊ ကိုယ်တော်အင်အား ဆယ်ပါးကိုလည်း ဆောင်တော်မူထသော။ ဝရဒေါ၊ မြင့်မြတ်သမှု နိဗ္ဗာန်ဆုကိုလည်း ပေးတော်မူတတ်သော မြတ်စွာဘုရားသည်။ မေ၊ အကျွန်ုပ်အား။ ဝရံ၊ ကောင်းကျိုးစုစု မြတ်သောဆုကို။ ဒေတု၊ လျင်စွာမနှေး ပေးသနားတော်မူပါ အရှင်ဘုရား။
စာမျက်နှာ-583
ဤဂါထာသည် ဘုရားဂုဏ်တော်များကို ဖွဲ့ဆိုထားပြီး ထိုဂုဏ်တော်အပေါင်းနှင့် ပြည့်စုံသော ဘုရားရှင်အား ကောင်းမြတ်သောဆုကို ပေးသနားရန် လျှောက်ထားသော ဂါထာဖြစ်သည်။ “စက္ခုမာ၊ ဓမ္မညူ၊ ဗလူပေတော၊ ဝရဒေါ” ဟူသော ဂါထာ ၄ ပါဒ၏ အစပုဒ်၌ ပါရှိသော အက္ခရာလေးလုံးကို ကောက်ယူ၍ “စ-ဓ-ဗ-ဝ” ဂါထာဟု အတိုကောက်ခေါ်ကြသည်။
ဤဂါထာကို ရွတ်ဖတ်ပူဇော်ခြင်းဖြင့် လောကီသိဒ္ဓိအမျိုးမျိုး ရစေနိုင်သည်။ နေ့စဉ် ရွတ်ဖတ်ပူဇော်ပါက လောကီရေးရာကိစ္စများ၌လည်းကောင်း၊ လောကုတ္တရာရေးရာကိစ္စများ၌လည်းကောင်း အလွန်အကျိုးများသည်။ အခေါက်တစ်ထောင်ရွတ်ပြီး ပုတီးစိပ်ပါက အန္တရာယ်ကင်းသည်။ စီးပွားလာဘ်လာဘ တိုးတက်သည်။ ကြံသမျှအောင်၍ လုပ်သမျှကိစ္စ ပြီးစီးသည်ဟု ရှေးဆရာအစဉ်အဆက်တို့ ပြောဆိုမှတ်တမ်းတင်ခဲ့ကြသည်။ ဤဂါထာသည် လောကဓာတ်တစ်ခုလုံး အသာဆုံးအမြတ်ဆုံးဖြစ်သော မြတ်စွာဘုရား၏ ဂုဏ်တော်ကို ထုတ်ဖော်ရွတ်ဆိုခြင်းဖြစ်၍ အကန့်အသတ်အတိုင်းအဆမရှိ အသာဆုံးအမြတ်ဆုံးသော အကျိုးကိုရပြီး မဂ်ဖိုလ်နိဗ္ဗာန်အထိ အဆင့်ဆင့်သော အကျိုးထူးကို ရရှိနိုင်သည်။
၄၀။ ဧ ကိုးချက်ဂါထာ
ဧကစိတ္တံ ဝိစိန္တေတွာ၊ ဧကဓမ္မံ သုနိဿတိ။
ဧသတော ဧသမော လောကေ၊ ဧကရာဇာတိ ပါကဋော။
ဧသတိ သမ္မာသမ္ဗုဒ္ဓံ၊ သေတိ ဓမ္မမုတ္တမံ။
သတိ မဂ္ဂမုဂ္ဂယှ၊ သေတိ ပန တေ နမော။
ဧသတော၊ နိဗ္ဗာန်ရောက်ကြောင်း တရားကို ရှာမှီးတတ်သောသူအား။ ဧသမော လောကေ၊ ရှာမှီးအပ်သော အရာရှိသော လောကဓာတ်တစ်ခွင်လုံး၌။ ဧကရာဇာတိ၊ ပြိုင်သူဘက်ကင်း တစ်ဆူတည်းသောမင်းဟူ၍။ ပါကဋော၊ ထင်ရှားကျော်ကြားတော်မူသော။ ယော၊ အကြင်မြတ်စွာဘုရားသည်။ ဧကစိတ္တံ၊ တစ်ခုတည်းသော ကောင်းမြတ်သော အကြံအစည်ကို။ ဝိစိန္တေတွာ၊ ကြံစည်တော်မူပြီး၍။ ဧကဓမ္မံ၊ နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းတစ်ခုကိုသာလျှင်။ သုနိဿတိ၊ ကောင်းစွာညွှန်ပြ ဆုံးမတော်မူပေ၏။
တံ သမ္မာသမ္ဗုဒ္ဓံ၊ ထိုမြတ်စွာဘုရားကို။ ယော၊ အကြင်သူသည်။ ဧသတိ၊ ရှာမှီး၏။ ဓမ္မံ၊ ဘုရားဟောဖော် တရားတော်ကို။ သေတိ၊ ရှာမှီး၏။ ဥတ္တမံ၊ ဘုရား၏ တပည့်မြတ်ကို။ ဧသတိ၊ ရှာမှီး၏။ ဥဂ္ဂယှ၊ စွဲမြဲသမှု အာရုံပြု၍။ မဂ္ဂံ၊...
စာမျက်နှာ-584
နိဗ္ဗာန်ရောက်ခန်း ခရီးလမ်းကို။ ဧသတိ၊ ရှာမှီး၏။ ဧသတော၊ ထိုထိုအရာကို ရှာမှီးတော်မူသော။ တေ၊ ရှင်တော်ဘုရားအား။ နမော၊ သက္ကစ္စရိုကျိုး တပည့်တော်၏ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်ပါစေသတည်း။
ဤဂါထာသည် ရှေးပညာရှိကြီးများ “ဧ” ကိုးချက်ပါအောင် စီထားသော ဂါထာဖြစ်သည်။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ရှာမှီး၍ ကိုးကွယ်ဆည်းကပ်ပုံကို ဖော်ပြသော ဂါထာဖြစ်သည်။
ဤဂါထာကို ရွတ်ဖတ်ပူဇော်ခြင်းဖြင့် ဉာဏ်ပညာတိုးပွားသည်။ မှတ်ဉာဏ်ကောင်းသည်။ ပေးကမ်းချီးမြှောက်လိုသူများနှင့် အမြဲတွေ့ဆုံတတ်သည်။ ကောင်းသောစကားကို အမြဲကြားရတတ်သည်။ ကောင်းသောအိပ်မက်ကို အမြဲမြင်မက်ရတတ်သည်။ လာဘ်လာဘရွှင်သည်။ လောကီ လောကုတ္တရာ နှစ်ဖြာလုံးအတွက် ကောင်းကျိုးများသည်ဟု ဆရာအစဉ်အဆက် မှတ်သားပြောဆိုခဲ့ကြသည်။
ဤဂါထာသည် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ရှာမှီး၍ ရှိခိုးပူဇော်ကန်တော့ပုံကို ဖော်ပြထားသော ဂါထာဖြစ်၍ ယုံကြည်စွဲမြဲစွာ ရွတ်ဖတ်ပူဇော်ပါက ဖော်ပြခဲ့ပြီးသော အကျိုးတရားများထက် သာလွန်မြင့်မြတ်သော အကျိုးတရားကို ဧကန်ရရှိနိုင်သည်။
၄၁။ မနောမယိဒ္ဓိဂါထာ
၁။ အနေကသတာ သမ္ဗုဒ္ဓါ၊ ဥပ္ပန္နာ ဘယနာသကာ။
မမံ သီသေ ပတိဋ္ဌန္တု၊ ရက္ခန္တု တေ မမံ သဒါ။
၂။ သုခါဝဟံ သတံ ဓမ္မာ၊ တိဋ္ဌန္တု ဟဒယေ မမံ။
အမှေ ဧတေ ပါလယန္တု၊ သုခံ ဒေန္တု မမံ သဒါ။
၃။ သမ္ဗုဒ္ဓါနံ အရဟန္တာ၊ တေဇဝန္တော တတော တတော။
တေ မေ အံသေ ပတိဋ္ဌန္တု၊ ပါလယန္တု မမံ သဒါ။
၁။ အနေကသတာ၊ ရေတွက်မရ များပြားလှကုန်သော။ ဘယနာသကာ၊ ဘေးရန်အပေါင်း ဖျက်ဆီးတော်မူတတ်ကုန်သော။ သမ္ဗုဒ္ဓါ၊ ဘုရားရှင်တို့သည်။ ဥပ္ပန္နာ၊ ပွင့်တော်မူကြလေကုန်ပြီ။ တေ၊ ထိုဘုန်းတော်သခင် ဘုရားရှင်တို့သည်။ မမံ၊ အကျွန်ုပ်၏။ သီသေ၊ ဦးခေါင်းရတနာ မြတ်အင်္ဂါ၌။ ပတိဋ္ဌန္တု၊ တည်နေ...
စာမျက်နှာ-585
တော်မူကြပါစေကုန်သတည်း။ တေ၊ ထိုဘုန်းတော်သခင် ဘုရားရှင်တို့သည်။ မမံ၊ အကျွန်ုပ်ကို။ သဒါ၊ အခါခပ်သိမ်း။ ရက္ခန္တု၊ အန္တရာယ်ဘေး ကင်းစင်ဝေးအောင် စောင့်ရှောက်တော်မူကြပါစေကုန်သတည်း။
၂။ သုခါဝဟံ၊ ချမ်းသာကိုဆောင်တတ်ကုန်သော။ သတံ၊ ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့၏။ ဓမ္မာ၊ မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန် ဓမ္မက္ခန္ဓာဟု ဆယ်တန်သော တရားတော်မြတ်တို့သည်။ မမံ၊ အကျွန်ုပ်၏။ ဟဒယေ၊ စိတ်နှလုံး၌။ တိဋ္ဌန္တု၊ တည်နေတော်မူကြပါစေကုန်သတည်း။ ဧတေ၊ ထိုတရားတော်တို့သည်။ အမှေ၊ အကျွန်ုပ်တို့ကို။ ပါလယန္တု၊ ဘေးရန်ကင်းပျောက် ချမ်းသာရောက်အောင် စောင့်ရှောက်တော်မူကြပါစေကုန်သတည်း။ သဒါ၊ အခါခပ်သိမ်း။ မမံ၊ အကျွန်ုပ်အား။ သုခံ၊ ချမ်းသာကို။ ဒေန္တု၊ ပေးသနားတော်မူကြပါစေကုန်သတည်း။
၃။ သမ္ဗုဒ္ဓါနံ၊ ဘုရားရှင်တို့၏။ တေဇဝန္တော၊ ဘုန်းတန်ခိုးတေဇော် အာနုဘော်ရှိကြကုန်သော။ အရဟန္တာ၊ ရှင်တော်ဘုရား၏ ရင်နှစ်သားတော်စစ် ဖြစ်ကြသော ရဟန္တာအရှင်မြတ်တို့သည်။ တတော တတော၊ ထိုထိုအရပ်မျက်နှာတို့၌။ သန္တိ၊ ထင်ရှားရှိတော်မူကြကုန်၏။ တေ၊ ထိုရဟန္တာသခင် အရှင်မြတ်တို့သည်။ မေ၊ အကျွန်ုပ်၏။ အံသေ၊ ဝဲယာနှစ်ဖက် ပခုံးထက်၌။ တိဋ္ဌန္တု၊ တည်နေတော်မူကြပါစေကုန်သတည်း။ သဒါ၊ အခါခပ်သိမ်း။ မမံ၊ အကျွန်ုပ်ကို။ ပါလယန္တု၊ ဘေးရန်ကင်းပျောက် ချမ်းသာရောက်အောင် စောင့်ရှောက်တော်မူကြပါစေကုန်သတည်း။
ဤဂါထာများသည် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးတို့သည် မိမိတို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းတို့၌ ကိန်းဝပ်စံပယ်တော်မူကြ၍ ဘေးရန်အန္တရာယ်ကင်းအောင် စောင့်ရှောက်တော်မူကြပါရန် လျှောက်ထားသော ဂါထာများဖြစ်သည်။
ဤဂါထာများကို ရွတ်ဖတ်ပူဇော်သူတိုင်း စိတ်အလိုပြီးစီးသောကြောင့် “မနောမယိဒ္ဓိဂါထာများ” ဟု ခေါ်သည်။ သာလွန်မင်းတရားကြီး၏ ဆရာ သာသနာပိုင် သံဃရာဇာ ဖြစ်တော်မူသည့် တောင်ဖီလာဆရာတော်ဘုရားကြီးသည် နေထွက်၊ မွန်းတည့်၊ နေဝင် တစ်နေ့ သုံးကြိမ် အမြဲရွတ်ဖတ်တော်မူသော ဂါထာများဖြစ်သည်။ ဘေးအန္တရာယ် အထူးကင်းရှင်းသည်။
စာမျက်နှာ-586
ဂါထာများ၏ ဆိုလိုရင်း အနက်အဓိပ္ပာယ်များကို အာရုံပြုဆင်ခြင်၍ လေးလေးစားစား ရွတ်ဖတ်ပူဇော်ပါက အစိန္တေယျဂုဏ်နှင့် ပြည့်စုံသော ရတနာသုံးပါးအား ပူဇော်ပြီးဖြစ်၍ မကြံစည်အပ် မကြံစည်နိုင်သော အကျိုးထူးများကို ရရှိနိုင်သည်။ ယုံကြည်စွာ ရွတ်ဖတ်ပူဇော်ကြပါလေ။
၄၂။ သဗ္ဗသိဒ္ဓိဂါထာ
၁။ သဗ္ဗေ ဒေဝါ စ ယက္ခာ စ၊ ဘူတာ ပေတာ စ ဇောဂနီ။
ရာဇာမတ္တာ မနုဿာ စ၊ သဗ္ဗေ ဒေဝါ ဝိနာမေန္တု။
၂။ ဒိသွာဝ ပိယတော စိတ္တံ၊ ပုတ္တောဝ သိနေဟံ မမ။
ဗုဒ္ဓဿ အာနုဘာဝေန၊ သဒါ ဟောန္တု ပိယာ မမ။
၁။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ဒေဝါ စ၊ နတ်တို့သည်လည်းကောင်း။ ယက္ခာ စ၊ ဘီလူးတို့သည်လည်းကောင်း။ ဘူတာ ပေတာ စ၊ ဖုတ် ပြိတ္တာတို့သည်လည်းကောင်း။ ဇောဂနီ၊ စုန်းကဝေ ဇောဂနီတို့သည်လည်းကောင်း။ ရာဇာမတ္တာ စ၊ မင်း မင်းအမတ်တို့သည်လည်းကောင်း။ မနုဿာ စ၊ လူတို့သည်လည်းကောင်း။ သဗ္ဗေ ဒေဝါ စ၊ ခပ်သိမ်းကုန်သော နတ်တို့သည်လည်းကောင်း။ (မမ၊ အကျွန်ုပ်ထံသို့။) ဝိနာမေန္တု၊ ညွတ်ကြစေကုန်သတည်း။
၂။ (တေသံ၊ ထိုပုဂ္ဂိုလ်တို့၏။) စိတ္တံ၊ စိတ်သည်။ ပိယတော၊ ချစ်သောအားဖြင့်။ ဒိသွာဝ၊ ကြည့်၍သာလျှင်။ မမ၊ အကျွန်ုပ်အား။ ပုတ္တောဝ၊ သားကဲ့သို့။ သိနေဟံ၊ ချစ်ခြင်းကို။ (ကရောန္တု၊ ပြုကြပါစေကုန်သတည်း။) ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ အာနုဘာဝေန၊ တန်ခိုးရှိန်စော် အာနုဘော်တော်ကြောင့်။ မမ၊ အကျွန်ုပ်အား။ သဒါ၊ အခါခပ်သိမ်း။ ပိယာ၊ ချစ်မြတ်နိုးကြကုန်သည်။ ဟောန္တု၊ ဖြစ်ကြပါစေကုန်သတည်း။
ဤဂါထာများသည် “နတ်၊ ဘီလူး၊ ဖုတ်၊ ပြိတ္တာ၊ စုန်း၊ ကဝေများနှင့် ရှင်ဘုရင်၊ မှူးမတ်၊ တိုင်းသူပြည်သား လူအများတို့သည် လေးလေးစားစား စိတ်ညွတ်ကြ၍ မြင်လျှင်မြင်ချင်း သားအရင်းကဲ့သို့ ချစ်ခင်ကြပါစေ၊ ဘုရားရှင်၏ တန်ခိုးရှိန်စော် အာနုဘော်တော်ကြောင့် အခါခပ်သိမ်း အကျွန်ုပ်အပေါ် ချစ်ခင်ကြပါစေ” ဟု ဘုရားဂုဏ်တော်ကို အာရုံပြု၍ အားလုံး၏ ချစ်ခင်မှုကို ခံယူနိုင်ရန် မေတ္တာတောင်းခံသော ဂါထာများဖြစ်သည်။
စာမျက်နှာ-587
ဘုရားရှင်၏ ဂုဏ်တော်များကို အာရုံပြု၍ ဤဂါထာများကို လေးလေးစားစား ယုံကြည်စွာ ရွတ်ဖတ်ပါက လူနတ်အားလုံး၏ ချစ်ခင်မြတ်နိုးမှုအပြင် အရာခပ်သိမ်း ပြီးစီးအောင်မြင်နိုင်သည်။ ထို့ကြောင့် ဤဂါထာကို “သဗ္ဗသိဒ္ဓိဂါထာ” ဟု ရှေးဆရာတို့ အမည်ပေးခဲ့ကြသည်။
၄၃။ ဣစ္ဆန္တေဒဂါထာ
ဣစ္ဆန္တော သာသပဗ္ဘေ၊ စင်္ကမတိ ဣတော စိတော။
ဣစ္ဆန္တော လောကဓာတုမှိ၊ အတ္တဘာဝေန ဆာဒယေ။
ဘဂဝါ၊ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣစ္ဆန္တော၊ သေးငယ်လေဟန် ပုံသဏ္ဌာန်သွင်း ဖန်ဆင်းတော်မူလိုသည် ရှိသော်။ သာသပဗ္ဘေ၊ သေးငယ်သိမ်မွေ့ မုန်ညင်းစေ့အတွင်း၌။ ဣတော စိတော၊ တုံ့ပြန်ထိုက် လှည့်လည်တော်မူလျက်လည်း။ စင်္ကမတိ၊ ပရိက္ခရာရှစ်တန် ကိုယ်လုံးရံ၍ စင်္ကြံကြွသွားတော်မူနိုင်ပါပေ၏။ ဣစ္ဆန္တော၊ ကြီးမားလေဟန် ပုံသဏ္ဌာန်သွင်း ဖန်ဆင်းတော်မူလိုသည် ရှိသော်။ လောကဓာတုမှိ၊ စကြဝဠာ ကမ္ဘာစဆုံး တစ်ခုလုံး၌။ အတ္တဘာဝေန၊ ကြီးမားမြင့်မော် ရွှေကိုယ်တော်ဖြင့်။ ဆာဒယေ၊ အကုန်သိမ်းကျုံး လွှမ်းဖုံးတော်မူနိုင်ပါပေ၏။
ဤဂါထာသည် ဘုရားရှင်၏ ဘုန်းတန်ခိုးတော် ကြီးမားပုံ၊ တန်ခိုးတော်ကို အလိုရှိသလို ပြုစီမံနိုင်ပုံကို ဖော်ပြသော ဂါထာဖြစ်သည်။ ဘုရားရှင်သည် မည်သူတစ်ဦးတစ်ယောက်မျှ တုမရအောင် ကြီးမားသော ဘုန်းတန်ခိုးပိုင်ရှင် ဖြစ်တော်မူသည်။ အလိုရှိတော်မူ၍ ကိုယ်ကို အသေးငယ်ဆုံး ဖန်ဆင်းလိုလျှင် မုန်ညင်းစေ့လေးအတွင်း၌ ပရိက္ခရာရှစ်ပါးကို လွယ်၍ ခေါက်တုံ့ခေါက်ပြန် စင်္ကြံလျှောက်တော်မူနိုင်သည်အထိ သေးငယ်အောင် ဖန်ဆင်းတော်မူနိုင်သည်။ ကြီးမားသော ပုံသဏ္ဌာန်ဖန်ဆင်းလိုပြန်လျှင်လည်း စကြဝဠာ ကမ္ဘာလောကကြီးတစ်ခုလုံး ကိုယ်တော်ဖြင့် ဖုံးလွှမ်းနိုင်သည်အထိ ကြီးမားအောင် ဖန်ဆင်းတော်မူနိုင်သည်။
ဤဂါထာကို နေ့စဉ်မပြတ် ရွတ်ဖတ်ပူဇော်ခြင်းဖြင့် မိမိအား မကောင်းကြံသူတို့ဘေးမှ ကင်းဝေးသည်။ အိမ်နှင့်တကွ ဝင်းခြံကို လုံခြုံစေသည်။ မီးဘေး၊ ရောဂါဘေးတို့မှ ကင်းဝေးသည်။ မကောင်းသော အိပ်မက်နှင့် အတိတ်ဆိုး နိမိတ်ဆိုးများကို ပြေပျောက်စေသည်။ ရန်သူများ ရှာဖွေ၍ မတွေ့နိုင်အောင် လုံခြုံသော အကာအကွယ်ကို ရရှိစေနိုင်သည်ဟု ရှေးဆရာအစဉ်အဆက်တို့ ပြောဆိုမှတ်တမ်းတင်ခဲ့ကြသည်။
စာမျက်နှာ-588
ဤဂါထာသည် ဘုရားရှင်၏ ဘုန်းတန်ခိုးတော် အတုမရှိ ကြီးမားတော်မူပုံ၊ တန်ခိုးတော်ကို အလိုရှိသလို ပြုလုပ်ဖန်ဆင်းနိုင်ပုံကို ဖော်ပြထားသော ဂါထာဖြစ်ရာ ဘုရားရှင်၏ ဘုန်းတန်ခိုးတော် ကြီးမားပုံကို အာရုံပြု၍ လေးလေးစားစား ရွတ်ဆိုပူဇော်ပါက ကောင်းမြတ်သော အလိုဆန္ဒဟူသမျှ ပြည့်ဝအောင်မြင်နိုင်သည်။ မိမိတို့ အမွန်မြတ်ဆုံး အလိုရှိအပ်သော မဂ် ဖိုလ် နိဗ္ဗာန်အထိ အကျိုးကျေးဇူးပြုနိုင်သည်။
၄၄။ ဣစ္ဆိတဂါထာတော်
အဂ္ဂေါ ဗုဒ္ဓေါ အဂ္ဂေါ ဓမ္မော၊ အဂ္ဂေါ သံဃော အနုတ္တရော။
အဂ္ဂေါ စ ဝိပါကော ဟောတိ၊ ယံ ယံ ဣစ္ဆာ သမိဇ္ဈတု။
ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ အနုတ္တရော အဂ္ဂေါ၊ အတုမရှိ အမြတ်ဆုံး ဖြစ်တော်မူပါပေ၏။ ဓမ္မော၊ မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန် ဓမ္မက္ခန္ဓာဟု ဆယ်တန်သော တရားတော်မြတ်သည်။ အနုတ္တရော အဂ္ဂေါ၊ အတုမရှိ အမြတ်ဆုံး ဖြစ်တော်မူပါပေ၏။ သံဃော၊ အရိယာရှစ်ဖော် သံဃာတော်အပေါင်းသည်။ အနုတ္တရော အဂ္ဂေါ၊ အတုမရှိ အမြတ်ဆုံး ဖြစ်တော်မူပါပေ၏။ (အဂ္ဂေ၊ အမြတ်ဆုံး ဘုရား၊ တရား၊ သံဃာ ရတနာ၌။ ပသန္နာနံ၊ ကြည်ညိုဆည်းကပ်ကြသူတို့အား။) ဝိပါကော စ၊ အကျိုးသည်လည်း။ အဂ္ဂေါ၊ အမြတ်ဆုံးသည်။ ဟောတိ၊ ဖြစ်ပါပေ၏။ ယံ ယံ ဣစ္ဆာ၊ အကြင်အကြင် လိုလားမှုဟူသမျှသည်။ သမိဇ္ဈတု၊ ပြည့်စုံပါစေသတည်း။
ဤဂါထာသည် အမြတ်ဆုံးဖြစ်သော ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာကို ကိုးကွယ်ဆည်းကပ်ကြသူတို့အား အမြတ်ဆုံးသော အကျိုးကို ပေးနိုင်ကြောင်း ဖွဲ့ဆိုထားသော ဂါထာဖြစ်သည်။ ဤဂါထာကို ရွတ်ဖတ်ပူဇော်ခြင်းဖြင့် ကျရောက်မည့် ဘေးအန္တရာယ်အပေါင်းမှ ကာကွယ်စောင့်ရှောက်နိုင်သည်။ ကောင်းမြတ်သော လိုအင်ဆန္ဒကို ပြည့်ဝစေနိုင်သည်ဟု ရှေးလူကြီးသူမတို့ အစဉ်အဆက် ပြောဆိုမှတ်သားခဲ့ကြသည်။ သို့ဖြစ်၍ လောကီကိစ္စ၊ လောကုတ္တရာကိစ္စ ဟူသမျှတို့၌ အမြတ်ဆုံး အသာဆုံးသော အကျိုးကို လိုလားသူများ အမြဲရွတ်ဖတ်ပူဇော်သင့်ကြသည်။
စာမျက်နှာ-589
၄၅။ ထွတ်ခေါင်ဆရာတော်ဘုရားကြီး၏ ရန်အောင်မြင်ဂါထာတော်
၁။ ဗုဒ္ဓေါ မေ ရက္ခတု နိစ္စံ၊ ဓမ္မော မေ ရက္ခတု သဒါ။
သံဃော မေ ရက္ခတု ဒိနေ၊ သုခီ ဒီဃာယုကော ဘဝ။
၂။ မာရာဠဝကနာဠာဂြီ၊ အင်္ဂုလိ စိဉ္စသစ္စကံ။
နန္ဒောပနန္ဒဗြဟ္မဉ္စ၊ ဇယော ဇယတု မင်္ဂလံ။
၁။ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ မေ၊ အကျွန်ုပ်အား။ နိစ္စံ၊ အမြဲမပြတ်။ ရက္ခတု၊ စောင့်ရှောက်တော်မူပါစေသတည်း။ ဓမ္မော၊ မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန် ဆယ်တန်သော တရားတော်မြတ်သည်။ မေ၊ အကျွန်ုပ်အား။ သဒါ၊ အခါခပ်သိမ်း။ ရက္ခတု၊ စောင့်ရှောက်တော်မူပါစေသတည်း။ သံဃော၊ သမ္မုတိ အရိယာ နှစ်ဖြာသော သံဃာတော်အပေါင်းသည်။ မေ၊ အကျွန်ုပ်အား။ ဒိနေ၊ နေ့တိုင်း။ ရက္ခတု၊ စောင့်ရှောက်တော်မူပါစေသတည်း။ အဟံ၊ အကျွန်ုပ်သည်။ သုခီ၊ ချမ်းသာခြင်းရှိသည်။ ဒီဃာယုကော၊ အသက်ရှည်ခြင်းရှိသည်။ ဘဝ-ဘဝါမိ၊ ဖြစ်ရပါလို၏။
၂။ မုနိန္ဒော၊ မြတ်စွာဘုရားသည်။ မာရာဠဝကနာဠာဂြီ စ၊ မာရ်နတ်မင်း၊ အာဠဝကဘီလူး၊ နာဠာဂိရိဆင်ကို လည်းကောင်း။ အင်္ဂုလိ စ၊ အင်္ဂုလိမာလကို လည်းကောင်း။ စိဉ္စသစ္စကံ၊ စိဉ္စမာဏဝိကာနှင့် သစ္စကပရိဗိုဇ်ကို လည်းကောင်း။ နန္ဒောပနန္ဒဗြဟ္မဉ္စ၊ နန္ဒောပနန္ဒနဂါးမင်းနှင့် ဗကဗြဟ္မာကို လည်းကောင်း။ ဇယော၊ အောင်မြင်ခြင်းသည်။ (ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။) တထာ၊ ထို့အတူ။ မေ၊ အကျွန်ုပ်အား။ မင်္ဂလံ၊ အောင်ရာအောင်ကြောင်း မင်္ဂလာအပေါင်းသည်။ ဇယတု၊ အောင်မြင်ပြီးစီးပါစေသတည်း။
ဤဂါထာသည် ထွတ်ခေါင်ဆရာတော်ဘုရားကြီး ရွတ်ဖတ်သရဇ္ဈာယ်တော်မူသော ဂါထာတော်ကြီးဖြစ်သည်။ ဤဂါထာများကို ရွတ်ဖတ်ပူဇော်ခြင်းဖြင့် အောင်မြင်မှုအမျိုးမျိုး လက်တွေ့ခံစားရသည်။ ရန်အမျိုးမျိုး အောင်နိုင်သည်။
၄၆။ ဇလွန်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ စမ္မခဏ်ဂါထာတော်
ဣတိပိ ပိဋကတ္တယံ အနိစ္စံ၊ ဒုက္ခ၊ အနတ္တံ။ သတ္တဗောဇ္ဈင်္ဂါ အဋ္ဌင်္ဂိကော မဂ္ဂေါ စတုပဋ္ဌာနံ၊ သဗ္ဗဿ ဣန္ဒောသဟသူရိယော။
နမော မေတ္တာနံ၊ ရာဇဘယံ၊ စောရဘယံ၊ ဥဒကဘယံ၊ အဂ္ဂိဘယံ၊ သတ္တဘယံ၊ သဗ္ဗဘယံ၊ ဇယော ဇယတု မင်္ဂလံ၊ အနိစ္စံ သင်္ခတံ ပဋိစ္စသမုပ္ပန္နံ၊ ခယဓမ္မံ ဝယဓမ္မံ ဝိရာဂဓမ္မံ နိရောဓဓမ္မံ ပဏ္ဍိတာ ခမန္တိ။
စာမျက်နှာ-590
ပိဋကတ္တယံ၊ ပိဋကသုံးပုံသည်။ ဣတိပိ ဣမိနာ စ ကာရဏေန၊ ဤသို့ ဖြစ်ခြင်း ပျက်ခြင်း သဘောရှိသော အကြောင်းကြောင့်လည်း။ အနိစ္စံ၊ အနိစ္စမည်၏။ ဣတိပိ ဣမိနာ စ ကာရဏေန၊ ဤသို့ မပြတ်နှိပ်စက်ခြင်း သဘောရှိသော အကြောင်းကြောင့်လည်း။ ဒုက္ခ၊ ဒုက္ခမည်၏။ ဣတိပိ ဣမိနာ စ ကာရဏေန၊ ဤသို့ မိမိအလိုသို့ မလိုက်ခြင်းသဘောရှိသော အကြောင်းကြောင့်လည်း။ အနတ္တံ၊ အနတ္တမည်၏။
သတ္တဗောဇ္ဈင်္ဂါ၊ ခုနစ်ပါးသော ဗောဇ္ဈင်တို့သည်လည်းကောင်း။ အဋ္ဌင်္ဂိကော၊ အင်္ဂါရှစ်ပါးရှိသော။ မဂ္ဂေါ၊ မဂ်သည်လည်းကောင်း။ စတုပဋ္ဌာနံ၊ အာရမ္မဏ ဥပနိဿယ ကမ္မ အတ္ထိ ပစ္စည်းဟူသော လေးပါးသော ပဋ္ဌာန်းသည်လည်းကောင်း။ သဗ္ဗဿ၊ အလုံးစုံသော တရားအပေါင်းကို။ ဣန္ဒော၊ အစိုးရသော မြတ်စွာဘုရားသည်လည်းကောင်း။ သဟဿရံသီ၊ ရောင်ခြည်တစ်ထောင် ဆောင်သော နေမင်းသည်လည်းကောင်း။ ဣတိပိ ဣမိနာ စ ကာရဏေန၊ ဤသို့ ဖြစ်ခြင်း ပျက်ခြင်းစသော သဘောရှိသော အကြောင်းကြောင့်လည်းကောင်း။ အနိစ္စံ၊ အနိစ္စမည်၏။ ဒုက္ခ၊ ဒုက္ခမည်၏။ အနတ္တံ၊ အနတ္တမည်၏။
(နမော မေတ္တာနံ) သတ္တဝါတို့၏ အကျိုးစီးပွားကို အထူးသဖြင့် မြင်တော်မူကုန်သော။ မေတ္တာနံ၊ မေတ္တာအရှင် ဖြစ်တော်မူကုန်သော ဘုရားရှင်တို့အား။ နမော၊ ရှိခိုးပါ၏။ တေသံ၊ ထိုဘုရားရှင်တို့၏။ အာနုဘာဝေန၊ အာနုဘော်တော်အားဖြင့်။ ရာဇဘယံ၊ မင်းဘေးကိုလည်းကောင်း။ စောရဘယံ၊ ခိုးသူဘေးကိုလည်းကောင်း။ ဥဒကဘယံ၊ ရေဘေးကိုလည်းကောင်း။ အဂ္ဂိဘယံ၊ မီးဘေးကိုလည်းကောင်း။ သတ္ထဘယံ၊ ဓားလက်နက်ဘေးကိုလည်းကောင်း။ သဗ္ဗဘယံ၊ အလုံးစုံသော ဘေးကိုလည်းကောင်း။ ဇယော၊ အောင်မြင်ခြင်းသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။ မင်္ဂလံ၊ ကုသိုလ်မင်္ဂလာ ဟူသမျှသည်။ ဇယတု၊ အောင်မြင်ပါစေသတည်း။
ပဋိစ္စသမုပ္ပန္နံ၊ အကြောင်းတရားကို စွဲ၍ ဖြစ်သော အကျိုးတရားသည်။ သင်္ခတံ၊ ကံ စိတ် ဥတု အာဟာရ တည်းဟူသော အကြောင်းတရားလေးပါးတို့သည် ပေါင်း၍ ပြုပြင်အပ်သည်ဖြစ်၍။ အနိစ္စံ၊ အမြဲမရှိ။ ခယဓမ္မံ၊ ကုန်ခြင်းသဘောရှိ၏။ ဝယဓမ္မံ၊ ပျက်ခြင်းသဘောရှိ၏။ တသ္မာ၊ ထို့ကြောင့်။ ဝိရာဂဓမ္မံ၊ ရာဂကင်းခြင်းသဘောရှိသော။ နိရောဓဓမ္မံ၊ ချုပ်ငြိမ်းခြင်းသဘောရှိသော နိဗ္ဗာန်ကို။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ခမန္တိ၊ နှစ်သက်မြတ်နိုးတော်မူကြပါပေကုန်၏ ဘုရား။
ဤဂါထာတော်ကြီးကို နေ့စဉ်မပြတ် ရွတ်ဖတ်ပူဇော်ခြင်းဖြင့် အတွင်းရန် အပြင်ရန်များ ကင်းစင်ပပျောက်ခြင်း၊ သူတစ်ပါးတို့ မကောင်းမကြံစည်နိုင်ခြင်း၊ မိမိတောင့်တသောဆုကို ရရှိနိုင်ခြင်း၊ အိမ်သူအိမ်သားများနှင့် မကွဲ...
စာမျက်နှာ-591
မကွာနေရခြင်း၊ မိမိနေလိုသော အရပ်ဒေသများ၌သာ နေထိုင်ရခြင်း၊ ဘုန်းတန်ခိုးကြီးခြင်း၊ လာဘ်လာဘပေါခြင်း၊ ရန်အောင်မြင်ခြင်း စသော အကျိုးများကို လက်တွေ့ခံစားရသည်ဟု ရှေးလူကြီးသူမတို့ အစဉ်အဆက် ပြောဆိုမှတ်တမ်းတင်ခဲ့ကြသည်။ ပါဠိသက်သက် နေ့စဉ် ရွတ်ဖတ်ပူဇော်ရုံမျှဖြင့် ထူးဆန်းသော ကောင်းကျိုးဟူသမျှကို ပေးစွမ်းနိုင်သော ဂါထာတော်ကြီးဖြစ်သည်။
၄၇။ ဆဒိသာပါလသုတ်
၁။ ဧဝံ မေ သုတံ- ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဂိဇ္ဈကူဋေ ပဗ္ဗတေ။ တေန ခေါ ပန သမယေန ဘဂဝါ ဘိက္ခူ ဧတဒဝေါစ——
၂။ ပုရတ္ထိမသ္မိံ ခေါ ပန ဘိက္ခဝေ ဒိသာဘာဂေ စတ္တာရော ယက္ခာ မဟာယက္ခာ အာဓိပတေယျာ စ ဟောန္တိ၊ သေယျထိဒံ? သာတာဂိရော စ ဟေမဝတော စ ပုဏ္ဏကော စ ဂုတ္တိယော စ၊ ဧတေ စတ္တာရော ယက္ခာ မဟာယက္ခာ ဗုဒ္ဓေ ပသန္နာ၊ ဓမ္မေ ပသန္နာ၊ သံဃေ ပသန္နာ၊ ဗုဒ္ဓေ သဂါရဝါ ဓမ္မေ သဂါရဝါ သံဃေ သဂါရဝါ၊ တမဟံ ဝဒါမိ သာတာဂိရံ ဟေမဝတံ ပုဏ္ဏကဉ္စ ဂုတ္တိယဉ္စ၊ ဣမံ ရက္ခံ သံဝိဒဟန္တု၊ မာ မံ ကောစိ ကိဉ္စိ ဝိဟေဌေသိ မနုဿော ဝါ အမနုဿော ဝါ ဂစ္ဆန္တံ ဝါ ဌိတံ ဝါ နိသိန္နံ ဝါ နိပန္နံ ဝါ သုတ္တံ ဝါ ဇာဂရန္တံ ဝါ ပမတ္တံ ဝါ၊ ရတ္တိံ ဝါ ဒိဝါ ဝါ သဒါ တံ တံ ရက္ခန္တု ဒေဝတာ။
၃။ ဒက္ခိဏသ္မိံ ခေါ ပန ဘိက္ခဝေ ဒိသာဘာဂေ စတ္တာရော ယက္ခာ မဟာယက္ခာ အာဓိပတေယျာ စ ဟောန္တိ၊ သေယျထိဒံ? ကာလော စ ဥပကာလော စ ဗိမ္မော စ ဗိမ္မသေနော စ၊ ဧတေ စတ္တာရော ယက္ခာ မဟာယက္ခာ ဗုဒ္ဓေ ပသန္နာ၊ ဓမ္မေ ပသန္နာ၊ သံဃေ ပသန္နာ၊ ဗုဒ္ဓေ သဂါရဝါ ဓမ္မေ သဂါရဝါ သံဃေ သဂါရဝါ၊ တမဟံ ဝဒါမိ ကာလဉ္စ ဥပကာလံ ဗိမ္မဉ္စ ဗိမ္မသေနဉ္စ၊ ဣမံ ရက္ခံ သံဝိဒဟန္တု၊ မာ မံ ကောစိ ကိဉ္စိ ဝိဟေဌေသိ မနုဿော ဝါ အမနုဿော ဝါ ဂစ္ဆန္တံ ဝါ ဌိတံ ဝါ နိသိန္နံ ဝါ နိပန္နံ ဝါ သုတ္တံ ဝါ ဇာဂရန္တံ ဝါ ပမတ္တံ ဝါ၊ ရတ္တိံ ဝါ ဒိဝါ ဝါ သဒါ တံ တံ ရက္ခန္တု ဒေဝတာ။
၄။ ပစ္ဆိမသ္မိံ ခေါ ပန ဘိက္ခဝေ ဒိသာဘာဂေ စတ္တာရော ယက္ခာ မဟာယက္ခာ အာဓိပတေယျာ စ ဟောန္တိ၊ သေယျထိဒံ? ဟရိရော စ ဟရဟရိရော စ ပါပေါ စ ပိင်္ဂလော စ၊ ဧတေ စတ္တာရော ယက္ခာ မဟာယက္ခာ ဗုဒ္ဓေ ပသန္နာ၊ ဓမ္မေ ပသန္နာ၊ သံဃေ ပသန္နာ၊ ဗုဒ္ဓေ သဂါရဝါ ဓမ္မေ သဂါရဝါ သံဃေ သဂါရဝါ၊ တမဟံ ဝဒါမိ ဟရိရံ ဟရဟရိရံ ပါပဉ္စ ပိင်္ဂလဉ္စ၊ ဣမံ ရက္ခံ...
စာမျက်နှာ-592
သံဝိဒဟန္တု၊ မာ မံ ကောစိ ကိဉ္စိ ဝိဟေဌေသိ မနုဿော ဝါ အမနုဿော ဝါ ဂစ္ဆန္တံ ဝါ ဌိတံ ဝါ နိသိန္နံ ဝါ နိပန္နံ ဝါ သုတ္တံ ဝါ ဇာဂရန္တံ ဝါ ပမတ္တံ ဝါ၊ ရတ္တိံ ဝါ ဒိဝါ ဝါ သဒါ တံ တံ ရက္ခန္တု ဒေဝတာ။
၅။ ဥတ္တရသ္မိံ ခေါ ပန ဘိက္ခဝေ ဒိသာဘာဂေ စတ္တာရော ယက္ခာ မဟာယက္ခာ အာဓိပတေယျာ စ ဟောန္တိ၊ သေယျထိဒံ? သံဃော စ သံသုလိမော စ သုသုရော စ ဥဂ္ဂတေဇော စ၊ ဧတေ စတ္တာရော ယက္ခာ မဟာယက္ခာ ဗုဒ္ဓေ ပသန္နာ၊ ဓမ္မေ ပသန္နာ၊ သံဃေ ပသန္နာ၊ ဗုဒ္ဓေ သဂါရဝါ ဓမ္မေ သဂါရဝါ သံဃေ သဂါရဝါ၊ တမဟံ ဝဒါမိ သံဃဉ္စ သံသုလိမဉ္စ သုသုရဉ္စ ဥဂ္ဂတေဇဉ္စ၊ ဣမံ ရက္ခံ သံဝိဒဟန္တု၊ မာ မံ ကောစိ ကိဉ္စိ ဝိဟေဌေသိ မနုဿော ဝါ အမနုဿော ဝါ ဂစ္ဆန္တံ ဝါ ဌိတံ ဝါ နိသိန္နံ ဝါ နိပန္နံ ဝါ သုတ္တံ ဝါ ဇာဂရန္တံ ဝါ ပမတ္တံ ဝါ၊ ရတ္တိံ ဝါ ဒိဝါ ဝါ သဒါ တံ တံ ရက္ခန္တု ဒေဝတာ။
၆။ ဟေဋ္ဌိမသ္မိံ ခေါ ပန ဘိက္ခဝေ ဒိသာဘာဂေ စတ္တာရော ယက္ခာ မဟာယက္ခာ အာဓိပတေယျာ စ ဟောန္တိ၊ သေယျထိဒံ? ဓရဋ္ဌော စ ဓတရဋ္ဌော စ သေဋ္ဌော စ ကမ္ပလသေဋ္ဌော စ၊ တေ စတ္တာရော ယက္ခာ မဟာယက္ခာ ဗုဒ္ဓေ ပသန္နာ၊ ဓမ္မေ ပသန္နာ၊ သံဃေ ပသန္နာ၊ ဗုဒ္ဓေ သဂါရဝါ ဓမ္မေ သဂါရဝါ သံဃေ သဂါရဝါ၊ တမဟံ ဝဒါမိ ဓရဋ္ဌံ ဓတရဋ္ဌဉ္စ သေဋ္ဌံ ကမ္ပလသေဋ္ဌဉ္စ၊ ဣမံ ရက္ခံ သံဝိဒဟန္တု၊ မာ မံ ကောစိ ကိဉ္စိ ဝိဟေဌေသိ မနုဿော ဝါ အမနုဿော ဝါ ဂစ္ဆန္တံ ဝါ ဌိတံ ဝါ နိသိန္နံ ဝါ နိပန္နံ ဝါ သုတ္တံ ဝါ ဇာဂရန္တံ ဝါ ပမတ္တံ ဝါ၊ ရတ္တိံ ဝါ ဒိဝါ ဝါ သဒါ တံ တံ ရက္ခန္တု ဒေဝတာ။
၇။ ဥပရိမသ္မိံ ခေါ ပန ဘိက္ခဝေ ဒိသာဘာဂေ စတ္တာရော ယက္ခာ မဟာယက္ခာ အာဓိပတေယျာ စ ဟောန္တိ၊ သေယျထိဒံ? စန္ဒော စ သူရိယော စ ဣန္ဒော စ ဗြဟ္မာ စ၊ ဧတေ စတ္တာရော ယက္ခာ မဟာယက္ခာ ဗုဒ္ဓေ ပသန္နာ၊ ဓမ္မေ ပသန္နာ၊ သံဃေ ပသန္နာ၊ ဗုဒ္ဓေ သဂါရဝါ ဓမ္မေ သဂါရဝါ သံဃေ သဂါရဝါ၊ တမဟံ ဝဒါမိ စန္ဒဉ္စ သူရိယဉ္စ ဣန္ဒဉ္စ ဗြဟ္မဉ္စ၊ ဣမံ ရက္ခံ သံဝိဒဟန္တု၊ မာ မံ ကောစိ ကိဉ္စိ ဝိဟေဌေသိ မနုဿော ဝါ အမနုဿော ဝါ ဂစ္ဆန္တံ ဝါ ဌိတံ ဝါ နိသိန္နံ ဝါ နိပန္နံ ဝါ သုတ္တံ ဝါ ဇာဂရန္တံ ဝါ ပမတ္တံ ဝါ၊ ရတ္တိံ ဝါ ဒိဝါ ဝါ သဒါ တံ တံ ရက္ခန္တု ဒေဝတာ။
၁။ အာယသ္မန္တော၊ အရှင်မြတ်တို့။ ဣဒံ၊ ဤဆဒိသာပါလသုတ်ကို။ မေ မယာ၊ အကျွန်ုပ် အာနန္ဒာသည်။ ဧဝံ၊ ဤသို့။ သုတံ၊ ကြားအပ်၏။ ဧကံ၊ တစ်ပါးသော။ သမယံ၊ အခါ၌။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ရာဇဂဟေ၊
စာမျက်နှာ-593
ရာဇဂြိုဟ်ပြည်၌။ ဂိဇ္ဈကူဋေ ပဗ္ဗတေ၊ ဂိဇ္ဈကုဋ်တောင်၌။ ဝိဟရတိ၊ နေတော်မူ၏။ တေန ခေါ ပန သမယေန၊ ထိုသို့ သီတင်းသုံးနေတော်မူသောအခါ၌။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဘိက္ခူ၊ ရဟန်းတို့ကို။ ဧတံ ဝစနံ၊ ဤဆိုလတ္တံ့သော စကားကို။ အဝေါစ၊ မိန့်တော်မူ၏။
၂။ ဘိက္ခဝေ၊ ရဟန်းတို့။ ပုရတ္ထိမသ္မိံ ခေါ ပန ဒိသာဘာဂေ၊ အရှေ့မျက်နှာ အရပ်အဖို့၌။ ဌိတာ၊ တည်ကုန်သော။ မဟာယက္ခာ၊ နတ်မြတ်ဖြစ်ကုန်သော။ အာဓိပတေယျာ၊ အကြီးအမှူးဖြစ်ကုန်သော။ စတ္တာရော ယက္ခာ၊ နတ်မင်းကြီး လေးဦးတို့သည်။ ဟောန္တိ၊ ရှိကုန်၏။ ဣဒံ၊ ဤနတ်မင်းတို့ဟူသည်။ သေယျထာ ကတမေ၊ အဘယ်သည်တို့နည်း။ သာတာဂိရော စ၊ သာတာဂိရိနတ်မင်းလည်းကောင်း။ ဟေမဝတော စ၊ ဟေမဝတနတ်မင်းလည်းကောင်း။ ပုဏ္ဏကော စ၊ ပုဏ္ဏကနတ်မင်းလည်းကောင်း။ ဂုတ္တိယော စ၊ ဂုတ္တိယနတ်မင်းလည်းကောင်း။ ဣတိ၊ ဤသို့။ စတ္တာရော၊ လေးယောက်ကုန်သော။ ဧတေ မဟာယက္ခာ၊ ထိုနတ်မင်းကြီးတို့သည်။ ဗုဒ္ဓေ၊ မြတ်စွာဘုရား၌။ ပသန္နာ၊ ကြည်ညိုကုန်၏။ ဓမ္မေ၊ တရားတော်၌။ ပသန္နာ၊ ကြည်ညိုကုန်၏။ သံဃေ၊ သံဃာတော်၌။ ပသန္နာ၊ ကြည်ညိုကုန်၏။ ဗုဒ္ဓေ၊ မြတ်စွာဘုရား၌။ သဂါရဝါ၊ ရိုသေခြင်းရှိကုန်၏။ ဓမ္မေ၊ တရားတော်၌။ သဂါရဝါ၊ ရိုသေခြင်းရှိကုန်၏။ သံဃေ၊ သံဃာတော်၌။ သဂါရဝါ၊ ရိုသေခြင်းရှိကုန်၏။
အဟံ၊ ငါဘုရားသည်။ တံ တာဒိသံ၊ ထိုသို့သဘောရှိသော။ သာတာဂိရံ စ၊ သာတာဂိရိနတ်မင်းကိုလည်းကောင်း။ ဟေမဝတံ စ၊ ဟေမဝတနတ်မင်းကိုလည်းကောင်း။ ပုဏ္ဏကံ စ၊ ပုဏ္ဏကနတ်မင်းကိုလည်းကောင်း။ ဂုတ္တိယံ စ၊ ဂုတ္တိယနတ်မင်းကိုလည်းကောင်း။ ဝဒါမိ၊ မိန့်တော်မူ၏။ တုမှေ၊ သင်နတ်မင်းတို့သည်။ ဣမံ ရက္ခံ၊ ဤအစောင့်အရှောက်ကို။ သံဝိဒဟန္တု၊ ကောင်းစွာ စီရင်ကြကုန်လော့။ မံ၊ ငါ့ကို။ ကောစိ၊ တစ်စုံတစ်ယောက်သော။ မနုဿော ဝါ၊ လူသည်လည်းကောင်း။ အမနုဿော ဝါ၊ ဘီလူးသည်လည်းကောင်း (ဝါ) လူမှတစ်ပါးသော သတ္တဝါသည်လည်းကောင်း။ ဂစ္ဆန္တံ ဝါ၊ သွားသော်လည်းကောင်း။ ဌိတံ ဝါ၊ ရပ်သော်လည်းကောင်း။ နိသိန္နံ ဝါ၊ ထိုင်သော်လည်းကောင်း။ နိပန္နံ ဝါ၊ လျောင်းသော်လည်းကောင်း။ သုတ္တံ ဝါ၊ အိပ်ပျော်သော်လည်းကောင်း။ ဇာဂရန္တံ ဝါ၊ နိုးကြားသော်လည်းကောင်း။ ပမတ္တံ ဝါ၊ မေ့လျော့သော်လည်းကောင်း။ ရတ္တိံ ဝါ၊ ညဉ့်၌သော်လည်းကောင်း။ ဒိဝါ ဝါ၊ နေ့၌သော်လည်းကောင်း။ သဒါ၊ အခါခပ်သိမ်း။ ကိဉ္စိ၊ စိုးစဉ်းမျှ။ မာ ဝိဟေဌေသိ၊ မနှိပ်စက် မညှဉ်းဆဲပါစေလင့်။ ဒေဝတာ၊ နတ်အပေါင်းတို့သည်။ တံ တံ၊ ထိုထိုသို့သော ရန်သူအပေါင်းကို။ ရက္ခန္တု၊ စောင့်ကြကုန်လော့။
စာမျက်နှာ-594
၃။ ဘိက္ခဝေ၊ ရဟန်းတို့။ ဒက္ခိဏသ္မိံ ခေါ ပန ဒိသာဘာဂေ၊ တောင်မျက်နှာ အရပ်အဖို့၌။ ဌိတာ၊ တည်ကုန်သော။ မဟာယက္ခာ၊ နတ်မြတ်ဖြစ်ကုန်သော။ အာဓိပတေယျာ၊ အကြီးအမှူးဖြစ်ကုန်သော။ စတ္တာရော ယက္ခာ၊ နတ်မင်းကြီး လေးဦးတို့သည်။ ဟောန္တိ၊ ရှိကုန်၏။ ဣဒံ၊ ဤနတ်မင်းတို့ဟူသည်။ သေယျထာ ကတမေ၊ အဘယ်သည်တို့နည်း။ ကာလော စ၊ ကာလနတ်မင်းလည်းကောင်း။ ဥပကာလော စ၊ ဥပကာလနတ်မင်းလည်းကောင်း။ ဗိမ္ဗော စ၊ ဗိမ္ဗနတ်မင်းလည်းကောင်း။ ဗိမ္ဗသေနော စ၊ ဗိမ္ဗသေနနတ်မင်းလည်းကောင်း။ ဣတိ၊ ဤသို့။ စတ္တာရော၊ လေးယောက်ကုန်သော။ ဧတေ မဟာယက္ခာ၊ ထိုနတ်မင်းကြီးတို့သည်။ ဗုဒ္ဓေ၊ မြတ်စွာဘုရား၌။ ပသန္နာ၊ ကြည်ညိုကုန်၏။ ဓမ္မေ၊ တရားတော်၌။ ပသန္နာ၊ ကြည်ညိုကုန်၏။ သံဃေ၊ သံဃာတော်၌။ ပသန္နာ၊ ကြည်ညိုကုန်၏။ ဗုဒ္ဓေ၊ မြတ်စွာဘုရား၌။ သဂါရဝါ၊ ရိုသေခြင်းရှိကုန်၏။ ဓမ္မေ၊ တရားတော်၌။ သဂါရဝါ၊ ရိုသေခြင်းရှိကုန်၏။ သံဃေ၊ သံဃာတော်၌။ သဂါရဝါ၊ ရိုသေခြင်းရှိကုန်၏။
အဟံ၊ ငါဘုရားသည်။ တံ တာဒိသံ၊ ထိုသို့သဘောရှိသော။ ကာလံ စ၊ ကာလနတ်မင်းကိုလည်းကောင်း။ ဥပကာလံ စ၊ ဥပကာလနတ်မင်းကိုလည်းကောင်း။ ဗိမ္ဗံ စ၊ ဗိမ္ဗနတ်မင်းကိုလည်းကောင်း။ ဗိမ္ဗသေနံ စ၊ ဗိမ္ဗသေနနတ်မင်းကိုလည်းကောင်း။ ဝဒါမိ၊ မိန့်တော်မူ၏။ တုမှေ၊ သင်နတ်မင်းတို့သည်။ ဣမံ ရက္ခံ၊ ဤအစောင့်အရှောက်ကို။ သံဝိဒဟန္တု၊ ကောင်းစွာ စီရင်ကြကုန်လော့။ မံ၊ ငါ့ကို။ ကောစိ၊ တစ်စုံတစ်ယောက်သော။ မနုဿော ဝါ၊ လူသည်လည်းကောင်း။ အမနုဿော ဝါ၊ ဘီလူးသည်လည်းကောင်း (ဝါ) လူမှတစ်ပါးသော သတ္တဝါသည်လည်းကောင်း။ ဂစ္ဆန္တံ ဝါ၊ သွားသော်လည်းကောင်း။ ဌိတံ ဝါ၊ ရပ်သော်လည်းကောင်း။ နိသိန္နံ ဝါ၊ ထိုင်သော်လည်းကောင်း။ နိပန္နံ ဝါ၊ လျောင်းသော်လည်းကောင်း။ သုတ္တံ ဝါ၊ အိပ်ပျော်သော်လည်းကောင်း။ ဇာဂရန္တံ ဝါ၊ နိုးကြားသော်လည်းကောင်း။ ပမတ္တံ ဝါ၊ မေ့လျော့သော်လည်းကောင်း။ ရတ္တိံ ဝါ၊ ညဉ့်၌သော်လည်းကောင်း။ ဒိဝါ ဝါ၊ နေ့၌သော်လည်းကောင်း။ သဒါ၊ အခါခပ်သိမ်း။ ကိဉ္စိ၊ စိုးစဉ်းမျှ။ မာ ဝိဟေဌေသိ၊ မနှိပ်စက် မညှဉ်းဆဲပါစေလင့်။ ဒေဝတာ၊ နတ်အပေါင်းတို့သည်။ တံ တံ၊ ထိုထိုသို့သော ရန်သူအပေါင်းကို။ ရက္ခန္တု၊ စောင့်ကြကုန်လော့။
၄။ ဘိက္ခဝေ၊ ရဟန်းတို့။ ပစ္ဆိမသ္မိံ ခေါ ပန ဒိသာဘာဂေ၊ အနောက်မျက်နှာ အရပ်အဖို့၌။ ဌိတာ၊ တည်ကုန်သော။ မဟာယက္ခာ၊ နတ်မြတ်ဖြစ်ကုန်သော။ အာဓိပတေယျာ၊ အကြီးအမှူးဖြစ်ကုန်သော။ စတ္တာရော ယက္ခာ၊ နတ်မင်းကြီး လေးဦးတို့သည်။ ဟောန္တိ၊ ရှိကုန်၏။ ဣဒံ၊ ဤနတ်မင်းကြီးတို့ဟူသည်။ သေယျထာ ကတမေ၊ အဘယ်သည်တို့နည်း။ ဟရိရော စ၊ ဟရိရနတ်မင်း
စာမျက်နှာ-595
လည်းကောင်း။ ဟရဟရိရော စ၊ ဟရဟရိရနတ်မင်းလည်းကောင်း။ ပါပေါ စ၊ ပါပနတ်မင်းလည်းကောင်း။ ပိင်္ဂလော စ၊ ပိင်္ဂလနတ်မင်းလည်းကောင်း။ ဣတိ၊ ဤသို့။ စတ္တာရော၊ လေးယောက်ကုန်သော။ ဧတေ မဟာယက္ခာ၊ ထိုနတ်မင်းကြီးတို့သည်။ ဗုဒ္ဓေ၊ မြတ်စွာဘုရား၌။ ပသန္နာ၊ ကြည်ညိုကုန်၏။ ဓမ္မေ၊ တရားတော်၌။ ပသန္နာ၊ ကြည်ညိုကုန်၏။ သံဃေ၊ သံဃာတော်၌။ ပသန္နာ၊ ကြည်ညိုကုန်၏။ ဗုဒ္ဓေ၊ မြတ်စွာဘုရား၌။ သဂါရဝါ၊ ရိုသေခြင်းရှိကုန်၏။ ဓမ္မေ၊ တရားတော်၌။ သဂါရဝါ၊ ရိုသေခြင်းရှိကုန်၏။ သံဃေ၊ သံဃာတော်၌။ သဂါရဝါ၊ ရိုသေခြင်းရှိကုန်၏။
အဟံ၊ ငါဘုရားသည်။ တံ တာဒိသံ၊ ထိုသို့သဘောရှိသော။ ဟရိရံ စ၊ ဟရိရနတ်မင်းကိုလည်းကောင်း။ ဟရဟရိရံ စ၊ ဟရဟရိရနတ်မင်းကိုလည်းကောင်း။ ပါပံ စ၊ ပါပနတ်မင်းကိုလည်းကောင်း။ ပိင်္ဂလံ စ၊ ပိင်္ဂလနတ်မင်းကိုလည်းကောင်း။ ဝဒါမိ၊ မိန့်တော်မူ၏။ တုမှေ၊ သင်နတ်မင်းတို့သည်။ ဣမံ ရက္ခံ၊ ဤအစောင့်အရှောက်ကို။ သံဝိဒဟန္တု၊ ကောင်းစွာ စီရင်ကြကုန်လော့။ မံ၊ ငါ့ကို။ ကောစိ၊ တစ်စုံတစ်ယောက်သော။ မနုဿော ဝါ၊ လူသည်လည်းကောင်း။ အမနုဿော ဝါ၊ ဘီလူးသည်လည်းကောင်း (ဝါ) လူမှတစ်ပါးသော သတ္တဝါသည်လည်းကောင်း။ ဂစ္ဆန္တံ ဝါ၊ သွားသော်လည်းကောင်း။ ဌိတံ ဝါ၊ ရပ်သော်လည်းကောင်း။ နိသိန္နံ ဝါ၊ ထိုင်သော်လည်းကောင်း။ နိပန္နံ ဝါ၊ လျောင်းသော်လည်းကောင်း။ သုတ္တံ ဝါ၊ အိပ်ပျော်သော်လည်းကောင်း။ ဇာဂရန္တံ ဝါ၊ နိုးကြားသော်လည်းကောင်း။ ပမတ္တံ ဝါ၊ မေ့လျော့သော်လည်းကောင်း။ ရတ္တိံ ဝါ၊ ညဉ့်၌သော်လည်းကောင်း။ ဒိဝါ ဝါ၊ နေ့၌သော်လည်းကောင်း။ သဒါ၊ အခါခပ်သိမ်း။ ကိဉ္စိ၊ စိုးစဉ်းမျှ။ မာ ဝိဟေဌေသိ၊ မနှိပ်စက် မညှဉ်းဆဲပါစေလင့်။ ဒေဝတာ၊ နတ်အပေါင်းတို့သည်။ တံ တံ၊ ထိုထိုသို့သော ရန်သူအပေါင်းကို။ ရက္ခန္တု၊ စောင့်ကြကုန်လော့။
၅။ ဘိက္ခဝေ၊ ရဟန်းတို့။ ဥတ္တရသ္မိံ ခေါ ပန ဒိသာဘာဂေ၊ မြောက်မျက်နှာ အရပ်အဖို့၌။ ဌိတာ၊ တည်ကုန်သော။ မဟာယက္ခာ၊ နတ်မြတ်ဖြစ်ကုန်သော။ အာဓိပတေယျာ၊ အကြီးအမှူးဖြစ်ကုန်သော။ စတ္တာရော ယက္ခာ၊ နတ်မင်းကြီး လေးဦးတို့သည်။ ဟောန္တိ၊ ရှိကုန်၏။ ဣဒံ၊ ဤနတ်မင်းကြီးတို့သည်။ သေယျထာ ကတမေ၊ အဘယ်တို့နည်း။ သံဃော စ၊ သံဃနတ်မင်းလည်းကောင်း။ သံဃုလိမော စ၊ သံဃုလိမနတ်မင်းလည်းကောင်း။ သုသုရော စ၊ သုသုရနတ်မင်းလည်းကောင်း။ ဥဂ္ဂတေဇော စ၊ ဥဂ္ဂတေဇနတ်မင်းလည်းကောင်း။ ဣတိ၊ ဤသို့။ စတ္တာရော၊ လေးယောက်ကုန်သော။ ဧတေ မဟာယက္ခာ၊ ထိုနတ်မင်းကြီးတို့သည်။ ဗုဒ္ဓေ၊ မြတ်စွာဘုရား၌။ ပသန္နာ၊ ကြည်ညိုကုန်၏။ ဓမ္မေ၊ တရားတော်၌။ ပသန္နာ၊ ကြည်ညိုကုန်၏။ သံဃေ၊ သံဃာတော်၌။ ပသန္နာ၊ ကြည်ညိုကုန်၏။ ဗုဒ္ဓေ၊ မြတ်စွာဘုရား၌။ သဂါရဝါ၊ ရိုသေခြင်း...
စာမျက်နှာ-596
ရှိကုန်၏။ ဓမ္မေ၊ တရားတော်၌။ သဂါရဝါ၊ ရိုသေခြင်း ရှိကုန်၏။ သံဃေ၊ သံဃာတော်၌။ သဂါရဝါ၊ ရိုသေခြင်း ရှိကုန်၏။ အဟံ၊ ငါဘုရားသည်။ တံ တာဒိသံ၊ ထိုသို့သဘောရှိသော။ သံဃဉ္စ၊ သံဃနတ်မင်းကိုလည်းကောင်း။ သံသုလိမဉ္စ၊ သံသုလိမ နတ်မင်းကိုလည်းကောင်း။ သုသုရဉ္စ၊ သုသုရနတ်မင်းကို လည်းကောင်း။ ဥဂ္ဂတေဇဉ္စ၊ ဥဂ္ဂတေဇနတ်မင်းကိုလည်းကောင်း။ ဝဒါမိ၊ မိန့်တော်မူ၏။ တုမှေ၊ သင်နတ်မင်းတို့သည်။ ဣမံ ရက္ခံ၊ ဤအစောင့်အရှောက်ကို။ သံဝိဒဟန္တု၊ ကောင်းစွာ စီရင်ကြကုန်လော့။ မံ၊ ငါ့ကို။ ကောစိ၊ တစ်စုံတစ်ယောက်သော။ မနုဿော ဝါ၊ လူသည်လည်းကောင်း။ အမနုဿော ဝါ၊ ဘီလူးသည်လည်းကောင်း (ဝါ) လူမှတစ်ပါးသော သတ္တဝါသည်လည်းကောင်း။ ဂစ္ဆန္တံ ဝါ၊ သွားသော်လည်းကောင်း။ ဌိတံ ဝါ၊ ရပ်သော်လည်းကောင်း။ နိသိန္နံ ဝါ၊ ထိုင်သော်လည်းကောင်း။ နိပန္နံ ဝါ၊ လျောင်းသော်လည်းကောင်း။ သုတ္တံ ဝါ၊ အိပ်ပျော်သော်လည်းကောင်း။ ဇာဂရန္တံ ဝါ၊ နိုးကြားသော်လည်းကောင်း။ ပမတ္တံ ဝါ၊ မေ့လျော့သော်လည်းကောင်း။ သဒါ၊ အခါခပ်သိမ်း။ ကိဉ္စိ၊ စိုးစဉ်းမျှ။ မာ ဝိဟေဌေသိ၊ မနှိပ်စက် မညှဉ်းဆဲပါစေလင့်။ ဒေဝတာ၊ နတ်အပေါင်းတို့သည်။ တံ တံ၊ ထိုထိုသို့သော ရန်သူအပေါင်းကို။ ရက္ခန္တု၊ စောင့်ကြကုန်လော့။
၆။ ဘိက္ခဝေ၊ ရဟန်းတို့။ ဟေဋ္ဌိမသ္မိံ ခေါ ပန ဒိသာဘာဂေ၊ အောက်မျက်နှာ အရပ်အဖို့၌။ ဌိတာ၊ တည်ကုန်သော။ မဟာယက္ခာ၊ နတ်မြတ်ဖြစ်ကုန်သော။ အာဓိပတေယျာ၊ အကြီးအမှူးဖြစ်ကုန်သော။ စတ္တာရော ယက္ခာ၊ နတ်မင်းကြီး လေးဦးတို့သည်။ ဟောန္တိ၊ ရှိကုန်၏။ ဣဒံ၊ ဤနတ်မင်းကြီးတို့ဟူသည်။ သေယျထာ ကတမေ၊ အဘယ်သည်တို့နည်း။ ဓရဋ္ဌော စ၊ ဓရဋ္ဌ နတ်မင်းလည်းကောင်း။ ဓတရဋ္ဌော စ၊ ဓတရဋ္ဌနတ်မင်းလည်းကောင်း။ သေဋ္ဌော စ၊ သေဋ္ဌနတ်မင်းလည်းကောင်း။ ကမ္ဗလသေဋ္ဌော စ၊ ကမ္ဗလသေဋ္ဌ နတ်မင်းလည်းကောင်း။ ဣတိ၊ ဤသို့။ စတ္တာရော၊ လေးယောက်ကုန်သော။ ဧတေ မဟာယက္ခာ၊ ထိုနတ်မင်းကြီးတို့သည်။ ဗုဒ္ဓေ၊ မြတ်စွာဘုရား၌။ ပသန္နာ၊ ကြည်ိုကုန်၏။ ဓမ္မေ၊ တရားတော်၌။ ပသန္နာ၊ ကြည်ညိုကုန်၏။ သံဃေ၊ သံဃာတော်၌။ ပသန္နာ၊ ကြည်ညိုကုန်၏။ ဗုဒ္ဓေ၊ မြတ်စွာဘုရား၌။ သဂါရဝါ၊ ရိုသေခြင်း ရှိကုန်၏။ ဓမ္မေ၊ တရားတော်၌။ သဂါရဝါ၊ ရိုသေခြင်း ရှိကုန်၏။ သံဃေ၊ သံဃာတော်၌။ သဂါရဝါ၊ ရိုသေခြင်း ရှိကုန်၏။ အဟံ၊ ငါဘုရားသည်။ တံ တာဒိသံ၊ ထိုသို့သဘောရှိသော။ ဓရဋ္ဌံ၊ ဓရဋ္ဌနတ်မင်းကိုလည်းကောင်း။ ဓတရဋ္ဌံ၊ ဓတရဋ္ဌနတ်မင်းကိုလည်းကောင်း။ သေဋ္ဌံ၊ သေဋ္ဌနတ်မင်းကိုလည်းကောင်း။ ကမ္ဗလသေဋ္ဌဉ္စ၊ ကမ္ဗလသေဋ္ဌနတ်မင်းကိုလည်းကောင်း။ ဝဒါမိ၊ မိန့်တော်မူ၏။ တုမှေ၊ သင်နတ်မင်းတို့သည်။ ဣမံ ရက္ခံ၊
စာမျက်နှာ-597
ဤအစောင့်အရှောက်ကို။ သံဝိဒဟန္တု၊ ကောင်းစွာ စီရင်ကြကုန်လော့။ မံ၊ ငါ့ကို။ ကောစိ၊ တစ်စုံတစ်ယောက်သော။ မနုဿော ဝါ၊ လူသည်လည်းကောင်း။ အမနုဿော ဝါ၊ ဘီလူးသည်လည်းကောင်း (ဝါ) လူမှတစ်ပါးသော သတ္တဝါသည်လည်းကောင်း။ ဂစ္ဆန္တံ ဝါ၊ သွားသော်လည်းကောင်း။ ဌိတံ ဝါ၊ ရပ်သော်လည်းကောင်း။ နိသိန္နံ ဝါ၊ ထိုင်သော်လည်းကောင်း။ နိပန္နံ ဝါ၊ လျောင်းသော်လည်းကောင်း။ သုတ္တံ ဝါ၊ အိပ်ပျော်သော်လည်းကောင်း။ ဇာဂရန္တံ ဝါ၊ နိုးကြားသော်လည်းကောင်း။ ပမတ္တံ ဝါ၊ မေ့လျော့သော်လည်းကောင်း။ သဒါ၊ အခါခပ်သိမ်း။ ကိဉ္စိ၊ စိုးစဉ်းမျှ။ မာ ဝိဟေဌေသိ၊ မနှိပ်စက် မညှဉ်းဆဲပါစေလင့်။ ဒေဝတာ၊ နတ်အပေါင်းတို့သည်။ တံ တံ၊ ထိုထိုသို့သော ရန်သူအပေါင်းကို။ ရက္ခန္တု၊ စောင့်ကြကုန်လော့။
၇။ ဘိက္ခဝေ၊ ရဟန်းတို့။ ဥပရိမသ္မိံ ခေါ ပန ဒိသာဘာဂေ၊ အထက်မျက်နှာအဖို့၌။ ဌိတာ၊ တည်ကုန်သော။ မဟာယက္ခာ၊ နတ်မြတ်ဖြစ်ကုန်သော။ အာဓိပတေယျာ၊ အကြီးအမှူးဖြစ်ကုန်သော။ စတ္တာရော ယက္ခာ၊ နတ်မင်းကြီး လေးဦးတို့သည်။ ဟောန္တိ၊ ရှိကုန်၏။ ဣဒံ၊ ဤနတ်မင်းကြီးတို့ဟူသည်။ သေယျထာ ကတမေ၊ အဘယ်သည်တို့နည်း။ စန္ဒော စ၊ စန္ဒနတ်မင်းလည်းကောင်း။ သူရိယော စ၊ သူရိယနတ်မင်းလည်းကောင်း။ ဣန္ဒော စ၊ ဣန္ဒနတ်မင်းလည်းကောင်း။ ဗြဟ္မာ စ၊ ဗြဟ္မနတ်မင်းလည်းကောင်း။ ဣတိ၊ ဤသို့။ စတ္တာရော၊ လေးယောက်ကုန်သော။ ဧတေ မဟာယက္ခာ၊ ထိုနတ်မင်းကြီးတို့သည်။ ဗုဒ္ဓေ၊ မြတ်စွာဘုရား၌။ ပသန္နာ၊ ကြည်ညိုကုန်၏။ ဓမ္မေ၊ တရားတော်၌။ ပသန္နာ၊ ကြည်ညိုကုန်၏။ သံဃေ၊ သံဃာတော်၌။ ပသန္နာ၊ ကြည်ညိုကုန်၏။ ဗုဒ္ဓေ၊ မြတ်စွာဘုရား၌။ သဂါရဝါ၊ ရိုသေခြင်း ရှိကုန်၏။ ဓမ္မေ၊ တရားတော်၌။ သဂါရဝါ၊ ရိုသေခြင်း ရှိကုန်၏။ သံဃေ၊ သံဃာတော်၌။ သဂါရဝါ၊ ရိုသေခြင်း ရှိကုန်၏။ အဟံ၊ ငါဘုရားသည်။ တံ တာဒိသံ၊ ထိုသို့သဘောရှိသော။ စန္ဒဉ္စ၊ စန္ဒနတ်မင်းကိုလည်းကောင်း။ သူရိယဉ္စ၊ သူရိယနတ်မင်းကိုလည်းကောင်း။ ဣန္ဒဉ္စ၊ ဣန္ဒနတ်မင်းကိုလည်းကောင်း။ ဗြဟ္မဉ္စ၊ ဗြဟ္မနတ်မင်းကိုလည်းကောင်း။ ဝဒါမိ၊ မိန့်တော်မူ၏။ တုမှေ၊ သင်နတ်မင်းတို့သည်။ ဣမံ ရက္ခံ၊ ဤအစောင့်အရှောက်ကို။ သံဝိဒဟန္တု၊ ကောင်းစွာ စီရင်ကြကုန်လော့။ မံ၊ ငါ့ကို။ ကောစိ၊ တစ်စုံတစ်ယောက်သော။ မနုဿော ဝါ၊ လူသည်လည်းကောင်း။ အမနုဿော ဝါ၊ ဘီလူးသည်လည်းကောင်း (ဝါ) လူမှတစ်ပါးသော သတ္တဝါသည်လည်းကောင်း။ ဂစ္ဆန္တံ ဝါ၊ သွားသော်လည်းကောင်း။ ဌိတံ ဝါ၊ ရပ်သော်လည်းကောင်း။ နိသိန္နံ ဝါ၊ ထိုင်သော်လည်းကောင်း။ နိပန္နံ ဝါ၊ လျောင်းသော်လည်းကောင်း။ သုတ္တံ ဝါ၊ အိပ်ပျော်သော်လည်းကောင်း။ ဇာဂရန္တံ ဝါ၊ နိုးကြားသော်လည်းကောင်း။ ပမတ္တံ ဝါ၊ မေ့လျော့...
စာမျက်နှာ-598
သော်လည်းကောင်း။ ရတ္တိံ ဝါ၊ ညဉ့်၌သော်လည်းကောင်း။ ဒိဝါ ဝါ၊ နေ့၌သော်လည်းကောင်း။ သဒါ၊ အခါခပ်သိမ်း။ ကိဉ္စိ၊ စိုးစဉ်းမျှ။ မာ ဝိဟေဌေသိ၊ မနှိပ်စက် မညှဉ်းဆဲပါစေလင့်။ ဒေဝတာ၊ နတ်အပေါင်းတို့သည်။ တံ တံ၊ ထိုထိုသို့သဘောရှိသော ရန်သူဖြစ်သော လူ၊ ဘီလူးအပေါင်းကို။ ရက္ခန္တု၊ စောင့်ကြကုန်လော့။
ဤသုတ်ကို နေ့စဉ်မပြတ် ရွတ်ဖတ်ပူဇော်လျှင် နတ်ကောင်းနတ်မြတ်တို့ စောင်မကြည့်ရှု၏။ ရန်ဟူသမျှ ကင်းရှင်း၍ ဘေးဟူသမျှ ပပျောက်သည်။ အမြဲရွတ်ဖတ်ပူဇော်ကြပါလေ။
၄၈။ စက္ကပရိတ္တ (စက်ပရိတ်)
၁။ ဧဝံ မေ သုတံ- ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တတြ ခေါ ဘဂဝါ အာယသ္မန္တံ အာနန္ဒံ ဧတဒဝေါစ---
၂။ အဓိဂတော ခေါ မျာယံ ဓမ္မော၊ ဧဝံ အာနန္ဒ မယာ ပါရမိယော ပူရေတွာ ဗုဒ္ဓတ္တံ ပတ္တာ မာရသေနံ ဝိဒ္ဓံသေတွာ အသနိစက္ကဿ ပတိတော ဝိယ ဓုရစက္ကဿ ပတိတော ဝိယ၊ ဧဝံ အာနန္ဒ မယာ ပါရမိယော ပူရေတွာ ဗုဒ္ဓတ္တံ ပတ္တာ မာရသေနံ ဝိဒ္ဓံသေတွာ တဒါ လဒ္ဓဓမ္မစက္က အာနုဘာဝေန ဝိသေတွာ ပုရတ္ထိမာယ ဒိသာယ အာဂတာနံ သတ္တုဘယံ အသီတိသတသဟဿာနံ မဒ္ဒတိ ဝိဒ္ဓံသေတိ အတ္ထင်္ဂမေတိ နိဗ္ဗာပေတိ၊ ပုရတ္ထိမာယ အနုဒိသာယ အာဂတာနံ သတ္တုဘယံ အသီတိသတသဟဿာနံ မဒ္ဒတိ ဝိဒ္ဓံသေတိ အတ္ထင်္ဂမေတိ နိဗ္ဗာပေတိ။
၃။ ဒက္ခိဏာယ ဒိသာယ အာဂတာနံ သတ္တုဘယံ အသီတိသတသဟဿာနံ မဒ္ဒတိ ဝိဒ္ဓံသေတိ အတ္ထင်္ဂမေတိ နိဗ္ဗာပေတိ၊ ဒက္ခိဏာယ အနုဒိသာယ အာဂတာနံ သတ္တုဘယံ အသီတိသတသဟဿာနံ မဒ္ဒတိ ဝိဒ္ဓံသေတိ အတ္ထင်္ဂမေတိ နိဗ္ဗာပေတိ။
၄။ ပစ္ဆိမာယ ဒိသာယ အာဂတာနံ သတ္တုဘယံ အသီတိသတသဟဿာနံ မဒ္ဒတိ ဝိဒ္ဓံသေတိ အတ္ထင်္ဂမေတိ နိဗ္ဗာပေတိ၊ ပစ္ဆိမာယ အနုဒိသာယ အာဂတာနံ သတ္တုဘယံ အသီတိသတသဟဿာနံ မဒ္ဒတိ ဝိဒ္ဓံသေတိ အတ္ထင်္ဂမေတိ နိဗ္ဗာပေတိ။
စာမျက်နှာ-599
၅။ ဥတ္တရာယ ဒိသာယ အာဂတာနံ သတ္တုဘယံ အသီတိသတသဟဿာနံ မဒ္ဒတိ ဝိဒ္ဓံသေတိ အတ္ထင်္ဂမေတိ နိဗ္ဗာပေတိ၊ ဥတ္တရာယ အနုဒိသာယ အာဂတာနံ သတ္တုဘယံ အသီတိသတသဟဿာနံ မဒ္ဒတိ ဝိဒ္ဓံသေတိ အတ္ထင်္ဂမေတိ နိဗ္ဗာပေတိ။
၆။ ဟေဋ္ဌိမာယ ဒိသာယ အာဂတာနံ သတ္တုဘယံ အသီတိသတသဟဿာနံ မဒ္ဒတိ ဝိဒ္ဓံသေတိ အတ္ထင်္ဂမေတိ နိဗ္ဗာပေတိ။
၇။ ဥပရိမာယ ဒိသာယ အာဂတာနံ သတ္တုဘယံ အသီတိသတသဟဿာနံ မဒ္ဒတိ ဝိဒ္ဓံသေတိ အတ္ထင်္ဂမေတိ နိဗ္ဗာပေတိ။
၈။ ဧဝံ အာနန္ဒ မယာ ပါရမိယော ပူရေတွာ ဗုဒ္ဓတ္တံ ပတ္တာ မာရသေနံ ဝိဒ္ဓံသေတွာ လဒ္ဓဓမ္မစက္ကဿ အာနုဘာဝေန ဣမသ္မိံ ဝိဟာရေ ဂေါစရဂါမေ ဇနပဒေ နိဂမေ နဂရေ ရဋ္ဌေ ဇမ္ဗုဒီပေ စက္ကဝါဠေ ဇာတိခေတ္တေ အာဏာခေတ္တေ ဝိသယခေတ္တေ ဌိတာ ဘိက္ခု ဝါ ဘိက္ခုနီ ဝါ ဥပါသကော ဝါ ဥပါသိကာ ဝါ ဂဟပတိ ဝါ ဂဟပတာနီ ဝါ သုဒ္ဒေါ ဝါ သုဒ္ဒီ ဝါ ဝေဿော ဝါ ဝေဿီ ဝါ ဗြာဟ္မဏော ဝါ ဗြာဟ္မဏီ ဝါ ရာဇာ ဝါ ရာဇဒေဝီ ဝါ ဥပရာဇာ ဝါ ဥပရာဇဒေဝီ ဝါ အမစ္စော ဝါ အမစ္စဘရိယာဒယော ဝါ တေ သဗ္ဗေ သုခိတာ ဟောန္တု၊ အနီဃာ ဟောန္တု၊ အဗျာပဇ္ဇာ ဟောန္တု၊ အဝေရာ ဟောန္ု၊ အရောဂါ ဟောန္တု၊ အညမညံ ပိယာ ဟောန္တု၊ မမမ္ပိ ဝါ သဗ္ဗလောကမ္ပိ ဝါ။
၉။ သီသရောဂေါ စက္ခုရောဂေါ သောတရောဂေါ ဃာနရောဂေါ ဇိဝှါရောဂေါ မုခရောဂေါ ဒန္တရောဂေါ သြဋ္ဌရောဂေါ ဟနုရောဂေါ ဂီဝါရောဂေါ ဟတ္ထရောဂေါ ပါဒရောဂေါ ကုစ္ဆိရောဂေါ ပိဋ္ဌိရောဂေါ အဋ္ဌိရောဂေါ မံသရောဂေါ စမ္မရောဂေါ သကလသရီရရောဂေါ ပဉ္စဝီသတိ ဘယာ ဒွတ္တိံသ ကမ္မကာရဏာ ဆနဝုတိ ရောဂါ သောဠသ ဥပဒ္ဒဝါ စ ဝိဒ္ဓံသေန္တု၊ အတ္ထင်္ဂမေန္တု နိဗ္ဗာပေန္တု ဒုရဋ္ဌာနေ ဂစ္ဆန္တု။
၁၀။ ဧဝံ ဘဂဝတာ ဘာသိတံ အာယသ္မာ အာနန္ဒော အဘိနန္ဒီတိ။
၁။ အာယသ္မန္တော၊ အရှင်မြတ်တို့။ ဣဒံ၊ ဤစက်ပရိတ်ကို။ မေ-မယာ၊ အကျွန်ုပ် အာနန္ဒာသည်။ ဧဝံ၊ ဤသို့။ သုတံ၊ ကြားအပ်၏။ ဧကံ၊ တစ်ပါးသော။ သမယံ၊ အခါ၌။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ သာဝတ္ထိယံ၊ သာဝတ္ထိပြည်၌။ အနာထပိဏ္ဍိကဿ၊ အနာထပိဏ်သူဌေး၏။ အာရာမေ၊ လွန်စွာမွေ့လျော်ရာဖြစ်သော။ ဇေတဝနေ၊ ဇေတဝန်ကျောင်းတော်၌။ ဝိဟရတိ၊ သီတင်းသုံး...
စာမျက်နှာ-600
နေတော်မူကြ၏။ တတြ ခေါ၊ ထိုသို့ ဇေတဝန်ကျောင်းတော်ဝယ် သီတင်းသုံးနေတော်မူသောအခါ၌။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အာယသ္မန္တံ၊ ရှည်သော သက်တော်ရှိသော။ အာနန္ဒံ၊ အရှင်အာနန္ဒာကို။ ဧတံ ဝစနံ၊ ဤဆိုလတ္တံ့သော စကားကို။ အဝေါစ၊ မိန့်တော်မူ၏။
၂။ အာနန္ဒ၊ အာနန္ဒာ။ ဧဝံ၊ ဤသို့။ မယာ၊ ငါဘုရားသည်။ ပါရမိယော၊ ပါရမီတော်တို့ကို။ ပူရေတွာ၊ ဖြည့်ကျင့်တော်မူပြီး၍။ ဗုဒ္ဓတ္တံ၊ ဘုရားအဖြစ်သို့။ ပတွာ၊ ရောက်တော်မူပြီး၍။ မာရသေနံ၊ မာရ်စစ်သည်ကို။ အသနိစက္ကဿ၊ မိုးကြိုးစက်၏။ ပတိတော ဝိယ၊ ကျခြင်းကဲ့သို့လည်းကောင်း။ ခုရစက္ကဿ၊ သင်တုန်းစက်၏။ ပတိတော ဝိယ၊ ကျခြင်းကဲ့သို့လည်းကောင်း။ ဝိဒ္ဓံသေတွာ၊ ဖျက်ဆီးတော်မူပြီး၍။ မေ မယာ၊ ငါဘုရားသည်။ အယံ ဓမ္မော၊ ဤသစ္စာလေးပါးတရားကို။ အဓိဂတော ခေါ၊ ရအပ် သိအပ်ပြီ။
အာနန္ဒ၊ အာနန္ဒာ။ ဧဝံ၊ ဤသို့။ မယာ၊ ငါဘုရားသည်။ ပါရမိယော၊ ပါရမီတော်တို့ကို။ ပူရေတွာ၊ ဖြည့်ကျင့်တော်မူပြီး၍။ ဗုဒ္ဓတ္တံ၊ ဘုရားအဖြစ်သို့။ ပတွာ၊ ရောက်တော်မူပြီး၍။ မာရသေနံ၊ မာရ်စစ်သည်ကို။ ဝိဒ္ဓံသေတွာ၊ ဖျက်ဆီးတော်မူပြီး၍။ တဒါ တသ္မိံ ကာလေ၊ ထိုအခါ၌။ လဒ္ဓဓမ္မစက္ကဿ၊ ရအပ်သော တရားတည်းဟူသော စက်ရတနာ၏။ အာနုဘာဝေန၊ အစွမ်းသတ္တိ အာနုဘော်ကြောင့်။ ပုရတ္ထိမာယ ဒိသာယ၊ အရှေ့မျက်နှာအရပ်မှ။ အာဂတာနံ၊ လာလတ်ကုန်သော။ အသီတိသတသဟဿာနံ၊ ရှစ်သန်းကုန်သော။ သတ္တုဘယံ၊ ဘေးရန်အပေါင်းကို။ မဒ္ဒတိ၊ နှိမ်နင်း၏။ ဝိဒ္ဓံသေတိ၊ ဖျက်ဆီး၏။ အတ္ထင်္ဂမေတိ၊ ချုပ်စေ၏ (ဝါ) ချုပ်ပျက်ပျောက်ကွယ်ခြင်းသို့ ရောက်စေ၏။ နိဗ္ဗာပေတိ၊ ငြိမ်းစေ၏။ ပုရတ္ထိမာယ အနုဒိသာယ၊ အရှေ့တောင်ထောင့်မျက်နှာအရပ်မှ။ အာဂတာနံ၊ လာလတ်ကုန်သော။ အသီတိသတသဟဿာနံ၊ ရှစ်သန်းကုန်သော။ သတ္တုဘယံ၊ ဘေးရန်အပေါင်းကို။ မဒ္ဒတိ၊ နှိမ်နင်း၏။ ဝိဒ္ဓံသေတိ၊ ဖျက်ဆီး၏။ အတ္ထင်္ဂမေတိ၊ ချုပ်စေ၏။ နိဗ္ဗာပေတိ၊ ငြိမ်းစေ၏။
၃။ ဒက္ခိဏာယ ဒိသာယ၊ တောင်မျက်နှာအရပ်မှ။ အာဂတာနံ၊ လာလတ်ကုန်သော။ အသီတိသတသဟဿာနံ၊ ရှစ်သန်းကုန်သော။ သတ္တုဘယံ၊ ဘေးရန်အပေါင်းကို။ မဒ္ဒတိ၊ နှိမ်နင်း၏။ ဝိဒ္ဓံသေတိ၊ ဖျက်ဆီး၏။ အတ္ထင်္ဂမေတိ၊ ချုပ်စေ၏။ နိဗ္ဗာပေတိ၊ ငြိမ်းစေ၏။ ဒက္ခိဏာယ အနုဒိသာယ၊ အနောက်တောင်ထောင့်အရပ်မျက်နှာမှ။ အာဂတာနံ၊ လာလတ်ကုန်သော။ အသီတိသတသဟဿာနံ၊ ရှစ်သန်းကုန်သော။ သတ္တုဘယံ၊ ဘေးရန်အပေါင်းကို။ မဒ္ဒတိ၊ နှိမ်နင်း၏။ ဝိဒ္ဓံသေတိ၊ ဖျက်ဆီး၏။ အတ္ထင်္ဂမေတိ၊ ချုပ်စေ၏။ နိဗ္ဗာပေတိ၊ ငြိမ်းစေ၏။
စာမျက်နှာ-601
၄။ ပစ္ဆိမာယ ဒိသာယ၊ အနောက်မျက်နှာအရပ်မှ။ အာဂတာနံ၊ လာလတ်ကုန်သော။ အသီတိသတသဟဿာနံ၊ ရှစ်သန်းကုန်သော။ သတ္တုဘယံ၊ ဘေးရန်အပေါင်းကို။ မဒ္ဒတိ၊ နှိမ်နင်း၏။ ဝိဒ္ဓံသေတိ၊ ဖျက်ဆီး၏။ အတ္ထင်္ဂမေတိ၊ ချုပ်စေ၏။ နိဗ္ဗာပေတိ၊ ငြိမ်းစေ၏။ ပစ္ဆိမာယ အနုဒိသာယ၊ အနောက်မြောက်ထောင့်အရပ်မှ။ အာဂတာနံ၊ လာလတ်ကုန်သော။ အသီတိသတသဟဿာနံ၊ ရှစ်သန်းကုန်သော။ သတ္တုဘယံ၊ ဘေးရန်အပေါင်းကို။ မဒ္ဒတိ၊ နှိမ်နင်း၏။ ဝိဒ္ဓံသေတိ၊ ဖျက်ဆီး၏။ အတ္ထင်္ဂမေတိ၊ ချုပ်စေ၏။ နိဗ္ဗာပေတိ၊ ငြိမ်းစေ၏။
၅။ ဥတ္တရာယ ဒိသာယ၊ မြောက်မျက်နှာအရပ်မှ။ အာဂတာနံ၊ လာလတ်ကုန်သော။ အသီတိသတသဟဿာနံ၊ ရှစ်သန်းကုန်သော။ သတ္တုဘယံ၊ ဘေးရန်အပေါင်းကို။ မဒ္ဒတိ၊ နှိမ်နင်း၏။ ဝိဒ္ဓံသေတိ၊ ဖျက်ဆီး၏။ အတ္ထင်္ဂမေတိ၊ ချုပ်စေ၏။ နိဗ္ဗာပေတိ၊ ငြိမ်းစေ၏။ ဥတ္တရာယ အနုဒိသာယ၊ အရှေ့မြောက်ထောင့်အရပ်မှ။ အာဂတာနံ၊ လာလတ်ကုန်သော။ အသီတိသတသဟဿာနံ၊ ရှစ်သန်းကုန်သော။ သတ္တုဘယံ၊ ဘေးရန်အပေါင်းကို။ မဒ္ဒတိ၊ နှိမ်နင်း၏။ ဝိဒ္ဓံသေတိ၊ ဖျက်ဆီး၏။ အတ္ထင်္ဂမေတိ၊ ချုပ်စေ၏။ နိဗ္ဗာပေတိ၊ ငြိမ်းစေ၏။
၆။ ဟေဋ္ဌိမာယ ဒိသာယ၊ အောက်အရပ်မျက်နှာမှ။ အာဂတာနံ၊ လာလတ်ကုန်သော။ အသီတိသတသဟဿာနံ၊ ရှစ်သန်းကုန်သော။ သတ္တုဘယံ၊ ဘေးရန်အပေါင်းကို။ မဒ္ဒတိ၊ နှိမ်နင်း၏။ ဝိဒ္ဓံသေတိ၊ ဖျက်ဆီး၏။ အတ္ထင်္ဂမေတိ၊ ချုပ်စေ၏။ နိဗ္ဗာပေတိ၊ ငြိမ်းစေ၏။
၇။ ဥပရိမာယ ဒိသာယ၊ အထက်အရပ်မျက်နှာမှ။ အာဂတာနံ၊ လာလတ်ကုန်သော။ အသီတိသတသဟဿာနံ၊ ရှစ်သန်းကုန်သော။ သတ္တုဘယံ၊ ဘေးရန်အပေါင်းကို။ မဒ္ဒတိ၊ နှိမ်နင်း၏။ ဝိဒ္ဓံသေတိ၊ ဖျက်ဆီး၏။ အတ္ထင်္ဂမေတိ၊ ချုပ်စေ၏။ နိဗ္ဗာပေတိ၊ ငြိမ်းစေ၏။
၈။ အာနန္ဒ၊ အာနန္ဒာ။ ဧဝံ၊ ဤသို့။ မေ-မယာ၊ ငါဘုရားသည်။ ပါရမိယော၊ ပါရမီတော်တို့ကို။ ပူရေတွာ၊ ဖြည့်ကျင့်တော်မူပြီး၍။ ဗုဒ္ဓတ္တံ၊ ဘုရားအဖြစ်သို့။ ပတွာ၊ ရောက်တော်မူပြီး၍။ မာရသေနံ၊ မာရ်စစ်သည်ကို။ ဝိဒ္ဓံသေတွာ၊ ဖျက်ဆီးတော်မူပြီး၍။ လဒ္ဓဓမ္မစက္ကဿ၊ ရအပ်သော တရားတည်းဟူသော စက်ရတနာ၏။ အာနုဘာဝေန၊ အစွမ်းသတ္တိ အာနုဘော်ကြောင့်...
စာမျက်နှာ-602
ဣမသ္မိံ ဝိဟာရေ၊ ဤကျောင်း၌လည်းကောင်း။ ဂေါစရဂါမေ၊ ဆွမ်းခံရွာ၌လည်းကောင်း။ ဇနပဒေ၊ ဇနပုဒ်၌လည်းကောင်း။ နိဂမေ၊ နိဂုံးရွာ၌လည်းကောင်း။ နာဂရေ၊ မြို့၌လည်းကောင်း။ ရဋ္ဌေ၊ တိုင်းနိုင်ငံ၌လည်းကောင်း။ ဇမ္ဗူဒီပေ၊ ဇမ္ဗူဒိပ်ကျွန်း၌လည်းကောင်း။ စက္ကဝါဠေ၊ စကြဝဠာ၌လည်းကောင်း။ ဇာတိခေတ္တေ၊ ဇာတိခေတ်၌လည်းကောင်း။ အာဏာခေတ္တေ၊ အာဏာခေတ်၌လည်းကောင်း။ ဝိသယခေတ္တေ၊ ဝိသယခေတ်၌လည်းကောင်း။ ဌိတာ၊ တည်ကြကုန်သော။ ဘိက္ခု ဝါ၊ ရဟန်းယောက်ျားသည်လည်းကောင်း။ ဘိက္ခုနီ ဝါ၊ ရဟန်းမိန်းမသည်လည်းကောင်း။ ဥပါသကော ဝါ၊ ဒါယကာယောက်ျားသည်လည်းကောင်း။ ဥပါသိကာ ဝါ၊ ဒါယိကာမိန်းမသည်လည်းကောင်း။ ဂဟပတိ ဝါ၊ သူကြွယ်ယောက်ျားသည်လည်းကောင်း။ ဂဟပတာနီ ဝါ၊ သူကြွယ်မိန်းမသည်လည်းကောင်း။ သုဒ္ဒေါ ဝါ၊ သူဆင်းရဲယောက်ျားသည်လည်းကောင်း။ သုဒ္ဒီ ဝါ၊ သူဆင်းရဲမိန်းမသည်လည်းကောင်း။ ဝေဿော ဝါ၊ ကုန်သည်ယောက်ျားသည်လည်းကောင်း။ ဝေဿီ ဝါ၊ ကုန်သည်မိန်းမသည်လည်းကောင်း။ ဗြာဟ္မဏော ဝါ၊ ပုဏ္ဏားသည်လည်းကောင်း။ ဗြာဟ္မဏီ ဝါ၊ ပုဏ္ဏေးမသည်လည်းကောင်း။ ရာဇာ ဝါ၊ မင်းသည်လည်းကောင်း။ ရာဇဒေဝီ ဝါ၊ မင်း၏မိဖုရားသည်လည်းကောင်း။ ဥပရာဇာ ဝါ၊ အိမ်ရှေ့မင်းသည်လည်းကောင်း။ ဥပရာဇဒေဝီ ဝါ၊ အိမ်ရှေ့မင်း၏မိဖုရားသည်လည်းကောင်း။ အမစ္စော ဝါ၊ အမတ်သည်လည်းကောင်း။ အမစ္စဘရိယာဒယော ဝါ၊ အမတ်၏မယား အစရှိသည်တို့သည်လည်းကောင်း။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ တေ သတ္တာ၊ ထိုသတ္တဝါတို့သည်။ သုခိတာ၊ ချမ်းသာကြကုန်သည်။ ဟောန္တု၊ ဖြစ်စေကုန်သတည်း။ အနီဃာ၊ ဆင်းရဲခြင်း မရှိကြကုန်သည်။ ဟောန္တု၊ ဖြစ်စေကုန်သတည်း။ အဗျာပဇ္ဇာ၊ စိုးရိမ်ကြောင့်ကြ မရှိကြကုန်သည်။ ဟောန္ု၊ ဖြစ်စေကုန်သတည်း။ အဝေရာ၊ ရန်မရှိကြကုန်သည်။ ဟောန္တု၊ ဖြစ်စေကုန်သတည်း။ အရောဂါ၊ အနာရောဂါ မရှိကြကုန်သည်။ ဟောန္တု၊ ဖြစ်စေကုန်သတည်း။ အညမညံ၊ အချင်းချင်း (ဝါ) တစ်ယောက်သည် တစ်ယောက်အား။ ပိယာ၊ ချစ်ကြကုန်သည်။ ဟောန္တု၊ ဖြစ်စေကုန်သတည်း။ မမမ္ပိ ဝါ၊ ငါ့ကိုလည်းကောင်း။ သဗ္ဗလောကမ္ပိ ဝါ၊ ခပ်သိမ်းသော လောကကိုလည်းကောင်း။ ပိယာ၊ ချစ်ကြကုန်သည်။ ဟောန္တု၊ ဖြစ်စေကုန်သတည်း။
၉။ (သဗ္ဗေသံ၊ ခပ်သိမ်းကုန်သော။ တေသံ သတ္တာနံ၊ ထိုသတ္တဝါတို့၏။) သီသရောဂေါ၊ ဦးခေါင်း၌ဖြစ်သော အနာသည်လည်းကောင်း။ စက္ခုရောဂေါ၊ မျက်စိ၌ဖြစ်သော အနာသည်လည်းကောင်း။ သောတရောဂေါ၊ နား၌ဖြစ်သော အနာသည်လည်းကောင်း။ ဃာနရောဂေါ၊ နှာခေါင်း၌ဖြစ်သော အနာသည်လည်းကောင်း။ ဇိဝှါရောဂေါ၊ လျှာ၌ဖြစ်သော အနာသည်လည်းကောင်း။
စာမျက်နှာ-603
မုခရောဂေါ၊ ခံတွင်း၌ဖြစ်သော အနာသည်လည်းကောင်း။ ဒန္တရောဂေါ၊ သွား၌ဖြစ်သော အနာသည်လည်းကောင်း။ သြဋ္ဌရောဂေါ၊ နှုတ်ခမ်း၌ဖြစ်သော အနာသည်လည်းကောင်း။ ဟနုရောဂေါ၊ မေး၌ဖြစ်သော အနာသည်လည်းကောင်း။ ဂီဝါရောဂေါ၊ လည်၌ဖြစ်သော အနာသည်လည်းကောင်း။ ဟတ္ထရောဂေါ၊ လက်၌ဖြစ်သော အနာသည်လည်းကောင်း။ ပါဒရောဂေါ၊ ခြေ၌ဖြစ်သော အနာသည်လည်းကောင်း။ ကုစ္ဆိရောဂေါ၊ ဝမ်း၌ဖြစ်သော အနာသည်လည်းကောင်း။ ပိဋ္ဌိရောဂေါ၊ ကျောကုန်း၌ဖြစ်သော အနာသည်လည်းကောင်း။ အဋ္ဌိရောဂေါ၊ အရိုး၌ဖြစ်သော အနာသည်လည်းကောင်း။ မံသရောဂေါ၊ အသား၌ဖြစ်သော အနာသည်လည်းကောင်း။ စမ္မရောဂေါ၊ အရေ၌ဖြစ်သော အနာသည်လည်းကောင်း။ သကလသရီရရောဂေါ၊ တစ်ကိုယ်လုံး၌ဖြစ်သော အနာသည်လည်းကောင်း။
ပဉ္စဝီသတိ ဘယာ စ၊ နှစ်ဆယ့်ငါးပါးသော ဘေးတို့သည်လည်းကောင်း။ ဒွတ္တိံသ ကမ္မကာရဏာ စ၊ သုံးဆယ့်နှစ်ပါးသော ကံကြမ္မာတို့သည်လည်းကောင်း။ ဆနဝုတိ ရောဂါ စ၊ ကိုးဆယ့်ခြောက်ပါးသော ရောဂါတို့သည်လည်းကောင်း။ သောဠသ ဥပဒ္ဒဝါ စ၊ တစ်ဆယ့်ခြောက်ပါးသော ဥပဒ္ဒဝေတို့သည်လည်းကောင်း။ ဝိဒ္ဓံသေန္တု၊ ပျက်စီးစေကုန်သတည်း။ အတ္ထင်္ဂမေန္တု၊ ချုပ်စေကုန်သတည်း။ နိဗ္ဗာပေန္တု၊ ငြိမ်းစေကုန်သတည်း။ ဒူရဋ္ဌာနေ၊ ဝေးသောအရပ်သို့။ ဂစ္ဆန္တု၊ ဖဲသွားစေကုန်သတည်း။
၁၀။ ဧဝံ၊ ဤသို့။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ဘာသိတံ၊ ဟောတော်မူအပ်သော စကားတော်ကို။ အာယသ္မာ၊ ရှည်သော သက်တော်ရှိသော။ အာနန္ဒော၊ အာနန္ဒာမထေရ်သည်။ အဘိနန္ဒိ၊ နှစ်သက်တော်မူ၏။ ဣတိ၊ ဤသည်လျှင် စက်ပရိတ်တော်အနက် အပြီးတည်း။
ဤစက်ပရိတ်ကို နေ့ညဉ့်မပြတ် ရွတ်ဖတ်ပူဇော်လျှင် အန္တရာယ်ခပ်သိမ်း ကင်းငြိမ်းသည်။ ရန်သူတို့ မကောင်းမကြံနိုင်။ ကုန်းလမ်း ရေလမ်း လေလမ်း ခရီးသွားရာ၌ အန္တရာယ်ကင်း၏။ ဘုတ်တစ္ဆေ မြေဘုတ်တို့ မခြောက်လှန့်နိုင်။ နတ်အများချစ်ခင်၏။ မိုးကြိုးလောင်မီးကွင်း၏။ ဘေးအမျိုးမျိုး ရန်အမျိုးမျိုးမှ ကင်း၏။ ယုံကြည်စွာ နေ့ညဉ့်မပြတ် ရွတ်ဖတ်ပူဇော်သင့်ကြသည်။ ရွတ်ဖတ်ပူဇော်ကြပါလေ။
စာမျက်နှာ-604
၄၉။ မဟာဝေဒဗ္ဗမန္တန်တော်
၁။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ သတ္ထာ ဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါတိ။
နတ္ထိ မေ သရဏံ အညံ၊ ဗုဒ္ဓေါ မေ သရဏံ ဝရံ။
ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။
ဟောတု မေ အာယုဝဍ္ဎနံ၊ ဟောတု မေ သုခဝဍ္ဎနံ။
၂။ ဓမ္မံ သရဏံ ဂစ္ဆာမိ။
သွာက္ခာတော ဘဂဝတာ ဓမ္မော သန္ဒိဋ္ဌိကော အကာလိကော ဧဟိပဿိကော ဩပနေယျိကော ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟီတိ။
နတ္ထိ မေ သရဏံ အညံ၊ ဓမ္မော မေ သရဏံ ဝရံ။
ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။
ဟောတု မေ အာယုဝဍ္ဎနံ၊ ဟောတု မေ သုခဝဍ္ဎနံ။
၃။ သံဃံ သရဏံ ဂစ္ဆာမိ။
သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော။ ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော။ ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော။ သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော။ ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ၊ ဧသ ဘဂဝတော သာဝကသံဃော—— အာဟုနေယျော၊ ပါဟုနေယျော၊ ဒက္ခိဏေယျော၊ အဉ္ဇလိကရဏီယော၊ အနုတ္တရံ ပုညက္ခေတ္တံ လောကဿာတိ။
နတ္ထိ မေ သရဏံ အညံ၊ သံဃော မေ သရဏံ ဝရံ။
ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။
ဟောတု မေ အာယုဝဍ္ဎနံ၊ ဟောတု မေ သုခဝဍ္ဎနံ။
စာမျက်နှာ-605
၄။ သမာဒိယိံ ပဉ္စသီလံ၊ အဋ္ဌင်္ဂမံ သုဒေသိတံ။
ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။
ဟောတု မေ အာယုဝဍ္ဎနံ၊ ဟောတု မေ သုခဝဍ္ဎနံ။
၅။ န ဇီဝိတန္တရာယောပိ၊ ကာတုံ ဗုဒ္ဓဿ ကေနစိ။
ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။
ဟောတု မေ အာယုဝဍ္ဎနံ၊ ဟောတု မေ သုခဝဍ္ဎနံ။
၆။ န ဉာဏန္တရာယောပိ၊ ကာတုံ ဗုဒ္ဓဿ ကေနစိ။
ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။
ဟောတု မေ အာယုဝဍ္ဎနံ၊ ဟောတု မေ သုခဝဍ္ဎနံ။
၇။ န ရက္ခိန္တရာယောပိ၊ ကာတုံ ဗုဒ္ဓဿ ကေနစိ။
ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။
ဟောတု မေ အာယုဝဍ္ဎနံ၊ ဟောတု မေ သုခဝဍ္ဎနံ။
၈။ ဗုဒ္ဓေါ အဘိဇ္ဇကာယောပိ၊ နတ္ထိ လောဟိတသူဒနံ။
ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။
ဟောတု မေ အာယုဝဍ္ဎနံ၊ ဟောတု မေ သုခဝဍ္ဎနံ။
၉။ သဒ္ဓါ မေ ဗုဒ္ဓသေဋ္ဌမှိ၊ သံသယော နတ္ထိ သဗ္ဗဒါ။
ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။
ဟောတု မေ အာယုဝဍ္ဎနံ၊ ဟောတု မေ သုခဝဍ္ဎနံ။
၁၀။ သဒ္ဓါ မေ ဓမ္မသေဋ္ဌမှိ၊ သံသယော နတ္ထိ သဗ္ဗဒါ။
ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။
ဟောတု မေ အာယုဝဍ္ဎနံ၊ ဟောတု မေ သုခဝဍ္ဎနံ။
၁၁။ သဒ္ဓါ မေ သံဃသေဋ္ဌမှိ၊ သံသယော နတ္ထိ သဗ္ဗဒါ။
ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။
ဟောတု မေ အာယုဝဍ္ဎနံ၊ ဟောတု မေ သုခဝဍ္ဎနံ။
စာမျက်နှာ-606
၁၂။ နတ္ထိ မေ သရဏံ အညံ၊ ဗုဒ္ဓေါ မေ သရဏံ ဝရံ။
ဧတံ သရဏံ ဥပေမိ၊ မယိ ကင်္ခါ န ဝိဇ္ဇတိ။
တေန သစ္စဝဇ္ဇေန၊ ပဝဿန္တု သတ္တရတနာ။
နတ္ထိ မေ သရဏံ အညံ၊ ဓမ္မော မေ သရဏံ ဝရံ။
ဧတံ သရဏံ ဥပေမိ၊ မယိ ကင်္ခါ န ဝိဇ္ဇတိ။
ဧတေန သစ္စဝဇ္ဇေန၊ ပဝဿန္တု သတ္တရတနာ။
နတ္ထိ မေ သရဏံ အညံ၊ သံဃော မေ သရဏံ ဝရံ။
ဧတံ သရဏံ ဥပေမိ၊ မယိ ကင်္ခါ န ဝိဇ္ဇတိ။
တေန သစ္စဝဇ္ဇေန၊ ပဝဿန္တု သတ္တရတနာ။
ဤမဟာဝေဒဗ္ဗမန္တန်သည် ငါးရာ့ငါးဆယ်နိပါတ် ဝေဒဗ္ဗဇာတ်တော်တွင် တိုက်ရိုက်မလာရှိပါ၊ ဇာတ်လမ်းမျှသာ လာရှိပါသည်။ ယခု ဖော်ပြသည့် မဟာဝေဒဗ္ဗမန္တန်ပါဠိများသည် လောကီ လောကုတ္တရာ ပညာဗဟုသုတ စွယ်စုံရတော်မူကြသော ရှေးဆရာတော်ကြီးများ စီစဉ်တော်မူခဲ့ကြသည်ဟု ယူဆရပေသည်။
သို့ရာတွင် ဤမဟာဝေဒဗ္ဗမန္တန်သည် ဘုရားဟော ပိဋကတ်၌ တိုက်ရိုက်မလာသော်လည်း ရတနာသုံးပါး ဂုဏ်တော်ကျေးဇူးတော်များကို ထုတ်ဖော်ရွတ်ဆို၍ သစ္စာပြုပုံ၊ ဆုတောင်းပုံများကို ဖွဲ့ဆိုထားသော ဂါထာမန္တန်များဖြစ်၍ လေးစားထိုက်၊ အားကိုးထိုက်သော မန္တန်တော်ဖြစ်ပေသည်။
ဤမန္တန်ကို ရွတ်ဖတ်ခြင်းဖြင့် ဇာတ်တော်လာအတိုင်း ရွှေမိုးငွေမိုး ရတနာမိုး ရွာသွန်းဖြိုးသကဲ့သို့ စည်းစိမ်ဥစ္စာ ရတနာများ တိုးတက်ကြီးပွားစေနိုင်သည်။ ရှေးဆရာကြီးများက တစ်နေ့ (၂၇) ကြိမ် ရွတ်ဆိုရမည်ဟု ဆိုထားရာ နိစ္စဗုဒ္ဓဝတ်ထား၍ အမြဲရွတ်ဆိုပါက မုချထူးခြားသော အကျိုးကို ရရှိနိုင်ပေသည်။
၅၀။ စူဠဝေဒဗ္ဗ သဗ္ဗမန္တန်တော်
၁။ ပဉ္စမာရေ ဇိတော နာထော၊ ပတ္တော သမ္မာဗောဓိမုတ္တမံ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ မေ ဟောတု သဗ္ဗဒါ။
ဧတေန သစ္စဝဇ္ဇေန၊ ဇယော မေ ဟောတု သင်္ကပ္ပေါ။
၂။ ဗုဒ္ဓေါ ဓမ္မော စ သံဃော စ၊ သေဋ္ဌော လောကတော သဗ္ဗဒါ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ မေ ဟောတု သဗ္ဗဒါ။
ဧတေန သစ္စဝဇ္ဇေန၊ ဇယော မေ ဟောတု သင်္ကပ္ပေါ။
စာမျက်နှာ-607
၃။ ဗုဒ္ဓါ ပစ္စေကဗုဒ္ဓါ စ၊ အရဟာ အဂ္ဂသာဝကာ။
သုသုခံ ဝတ နိဗ္ဗာနံ၊ လဒ္ဓါ ပရိနိဗ္ဗာယန္တိ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ မေ ဟောတု သဗ္ဗဒါ။
ဧတေန သစ္စဝဇ္ဇေန၊ ဇယော မေ ဟောတု သင်္ကပ္ပေါ။
၄။ ဗုဒ္ဓေါ မေ သရဏံ ဝရံ၊ ဓမ္မော မေ သရဏံ ဝရံ။
သံဃော မေ သရဏံ ဝရံ၊ နတ္ထိ မေ သရဏံ အညံ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ မေ ဟောတု သဗ္ဗဒါ။
ဧတေန သစ္စဝဇ္ဇေန၊ ဇယော မေ ဟောတု သင်္ကပ္ပေါ။
၅။ ဗုဒ္ဓါဒိံ သရဏံ ဂတာ၊ တေ ဇာနန္တိ သစ္စဓမ္မံ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ မေ ဟောတု သဗ္ဗဒါ။
ဧတေန သစ္စဝဇ္ဇေန၊ ဇယော မေ ဟောတု သင်္ကပ္ပေါ။
၆။ နက္ခတ္တာ ဒိသာ စရန္တိ၊ တထာ စန္ဒိမသူရိယာ။
ဓူဝံ စရန္တိ ဝိဒိသာ၊ ဘဏန္တိ ကာမာဝစရာ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ မေ ဟောတု သဗ္ဗဒါ။
ဧတေန သစ္စဝဇ္ဇေန၊ ဇယော မေ ဟောတု သင်္ကပ္ပေါ။
၇။ နဒီ နဒီ မဟာဂင်္ဂါ၊ နိဋ္ဌာနံ စ သဗ္ဗဒါ။
သဝန္တိ စ သဗ္ဗဒကာ၊ ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ မေ ဟောတု သဗ္ဗဒါ။
ဧတေန သစ္စဝဇ္ဇေန၊ ဇယော မေ ဟောတု သင်္ကပ္ပေါ။
၈။ သရာ သာ ဟောန္တိ သီတာ၊ နိရယာ မဟာဥဏှတာ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ မေ ဟောတု သဗ္ဗဒါ။
ဧတေန သစ္စဝဇ္ဇေန၊ ဇယော မေ ဟောတု သင်္ကပ္ပေါ။
၉။ စိတ္တဿ စ ပုထုဇ္ဇနာ၊ အရိယာ စ ယထာဓမ္မံ။
ဝသံ ယန္တိ သုခတ္ထိကာ၊ ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ မေ ဟောတု သဗ္ဗဒါ။
ဧတေန သစ္စဝဇ္ဇေန၊ ဇယော မေ ဟောတု သင်္ကပ္ပေါ။
၁၀။ အာဟာရေန ဌိတာ သတ္တာ၊ နိဿတ္တာ အဝိညာဏတာ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ မေ ဟောတု သဗ္ဗဒါ။
ဧတေန သစ္စဝဇ္ဇေန၊ ဇယော မေ ဟောတု သင်္ကပ္ပေါ။
စာမျက်နှာ-608
၁၁။ ယတ္ထ သာဓု စ ယေ ကာမာ၊ မာ ဒုက္ခာ တေ စ သဗ္ဗဒါ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ မေ ဟောတု သဗ္ဗဒါ။
ဧတေန သစ္စဝဇ္ဇေန၊ ဇယော မေ ဟောတု သင်္ကပ္ပေါ။
၁၂။ ပထဗျာ သတ္တရုက္ခာဒိ၊ နဘေ ရေန္တိ ပထဝီ။
ဒကံ ဝါယု ပရံ ပညံ၊ ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ မေ ဟောတု သဗ္ဗဒါ။
ဧတေန သစ္စဝဇ္ဇေန၊ ဇယော မေ ဟောတု သင်္ကပ္ပေါ။
၁၃။ ဇာတိဇရာဒိဓမ္မေဟိ၊ အဘိဘူတေဝ ယေ သဒါ။
အနာရဒ္ဓါ မဟေဒီယံ၊ န တေ လဘန္တိ နိဗ္ဗာနံ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ မေ ဟောတု သဗ္ဗဒါ။
ဧတေန သစ္စဝဇ္ဇေန၊ ဇယော မေ ဟောတု သင်္ကပ္ပေါ။
၁၄။ ဓမ္မဒ္ဓယံ အနာရဒ္ဓါ၊ ဂီဟိကမ္မာဒိကေ ရတာ။
စတ္တာရိယေဝ သစ္စာနိ၊ န ပဋိဝိဇ္ဈန္တိ ယေ သဒါ။
န တေ လဘန္တိ နိဗ္ဗာနံ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ မေ ဟောတု သဗ္ဗဒါ။
ဧတေန သစ္စဝဇ္ဇေန၊ ဇယော မေ ဟောတု သင်္ကပ္ပေါ။
၁၅။ ရတနာ ကာနိစိဒေဝ၊ မဟောဒဓိ ဩသရန္တိ။
ရတနာ ကာနိစိဒေဝ၊ ပတိဋ္ဌိတာ သဒါပိဓ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ မေ ဟောတု သဗ္ဗဒါ။
ဧတေန သစ္စဝဇ္ဇေန၊ ဇယော မေ ဟောတု သင်္ကပ္ပေါ။
ဤစူဠဝေဒဗ္ဗသစ္စမန္တန်တော်သည် ဘုရား တရား သံဃာ့ဂုဏ်တော်စသည်ကို ရွတ်ဆို၍ သစ္စာပြုဆုတောင်းပုံကို ဖော်ပြထားသော မန္တန်တော်ဖြစ်သည်။ ရွတ်ဖတ်ခြင်းဖြင့် အန္တရာယ်ကင်းသည်။ ရန်ကို အောင်မြင်နိုင်သည်။ စည်းစိမ်ဥစ္စာရတနာများ တစ်နေ့တခြား တိုးပွားနိုင်သည်ဟု ရှေးလူကြီးသူမတို့ ပြောဆိုမှတ်တမ်းတင်ခဲ့ကြသည်။
ဘုရားဟောဖော် ပိဋကတ် နိကာယ်ပါဠိတော်ကြီးများ၌ သတ္တဝါအကြိုက် စရိုက်အထွေထွေနှင့် ဆီလျော်အောင် ဟောကြားထားသည့် အန္တရာယ်ကင်း ဂါထာမန္တန်များကား များပြားလှပါ၏။ ဤဗုဒ္ဓဘာသာလက်စွဲကျမ်း၌ကား မိမိတို့ နေ့စဉ် ဆောင်ရွက်နေကြရသော လူမှုကိစ္စအဝဝနှင့် တိုင်းကျိုး ပြည်ကျိုး သာသနာတော်အကျိုး ဆောင်ရွက်ကြရင်း အလွယ်တကူ ရွတ်ဖတ်ပူဇော်နိုင်ကြရန် အသုံးများသည့် ဂါထာမန္တန်လောက်ကိုသာ ထုတ်နုတ်ဖော်ပြထားပါသည်။
စာမျက်နှာ-609
ဘုရားဟောဖော် ပိဋကတ်ပါဠိတော်များကို ရွတ်ဖတ်ပူဇော်ခြင်းသည် အန္တရာယ်ကင်းခြင်း၊ ကြောက်ရွံ့ထိတ်လန့်မှုကင်းခြင်းစသော လက်ငင်းအကျိုးများသာမက အရဟတ္တဖိုလ် ဆိုက်ရောက်သည်အထိ အကျိုးများနိုင်သည်။ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်၌ “စာအံရင်း မိမိအသံကို အာရုံပြု ဆင်ခြင်၍ ရဟန္တာဖြစ်သွားသော=သဇ္ဈာယကမထေရ်” ဟု ရှိခဲ့ဖူး၏၊ မဟာဂတိဂဝိယ-တိဒတ္တထေရ်လည်း ပဋ္ဌာန်းကျမ်းကြီး သင်အံပို့ချ၍ ရဟန္တာဖြစ်တော်မူခဲ့သည်။
ထို့ကြောင့် “နှုတ်ဖြင့် ရွတ်ဆိုခြင်းသည် စိတ်ဖြင့် ရွတ်ဆို နှလုံးသွင်းခြင်းအား ကျေးဇူးပြု၏။ စိတ်ဖြင့် ရွတ်ဆိုနှလုံးသွင်းခြင်းသည် လက္ခဏာရေးသုံးပါးကို ထိုးထွင်း သိမြင်ကြောင်း ဖြစ်၏။ လက္ခဏာရေးသုံးပါးကို ထိုးထွင်း သိမြင်ခြင်းသည် နိဗ္ဗာန်ရကြောင်း ဖြစ်၏” ဟု ဝိသုဒ္ဓိမဂ်နှင့် သမ္မောဟဝိနောဒနီ အဋ္ဌကထာတို့၌ ဖွင့်ဆိုတော်မူကြ၏။
သို့ဖြစ်၍ ဗုဒ္ဓမန္တန်ဂါထာပါဠိတော်များကို ရွတ်ဖတ်ပူဇော်ခြင်းသည် လက်ငင်း စားဝတ်နေမှု လောကီကိစ္စအဝဝ အောင်မြင်မှုအပြင် ဗုဒ္ဓဘာသာဝင် အားလုံးတို့၏ ပန်းတိုင်ဖြစ်သော မဂ် ဖိုလ် နိဗ္ဗာန်အထိ ပေါက်ရောက်အောင်မြင်နိုင်သည်။ စာပေ သင်အံပို့ချရင်း ရဟန္တာဖြစ်တော်မူသွားကြသည့် မထေရ်ကြီးများကို အားကျကြည်ညိုလျက် အထူးကြိုးစား၍ ရွတ်ဖတ်ပူဇော်ကြရန် တိုက်တွန်းရင်း ဗုဒ္ဓမန္တန်တော်များအခန်းကို နိဂုံးကမ္ပတ် အဆုံးသတ်အပ်ပါသတည်း။
ဤတွင် အပိုင်း-(၅) ပြီး၏။
စာမျက်နှာ-610
စာမျက်နှာ-611
အပိုင်း (၆) ဘဝသံသရာနှင့် ကံကြမ္မာ
အခန်း (၂၂) ဘဝသံသရာ
ဘဝဆိုသည်မှာ သတ္တဝါတစ်ဦးတစ်ယောက်၏ ဖြစ်စဉ်၊ သို့မဟုတ် ဖြစ်မှုပျက်မှု ပြောင်းလဲမှု ဖြစ်စဉ်တစ်ရပ်ကို ဘဝဟု ခေါ်ဆိုနိုင်သည်။
ငယ်စဉ်အခါ ကလေးဘဝ၊ ထို့နောက် ကျောင်းသားဘဝ၊ အိမ်ထောင်သည်ဘဝ စသည်ဖြင့် အမျိုးမျိုး ဆက်ကာဆက်ကာ ပြောင်းလဲနေသော ဖြစ်စဉ်တစ်ရပ်ဖြစ်သည်။ ထို့ထက်ပို၍ အနုစိတ်ပါက မိမိဘဝဖြစ်ပျက်နေပုံကို စက္ကန့်တိုင်း စက္ကန့်တိုင်း အာရုံစူးစိုက် လေ့လာသုံးသပ်ကြည့်ပါက ဘဝအဓိပ္ပာယ်ကို အသေးစိတ် တိတိကျကျ သိရှိလာနိုင်ပေသည်။
အရောင်အဆင်းနှင့် ပုံပန်းသဏ္ဌာန်များ၊ လှုပ်ရှားငြိမ်သက်မှုများကို မြင်နေရသည်။ အသံမျိုးစုံကို ကြားနေရသည်။ အနံ့မျိုးစုံကို နံနေရသည်။ အရသာအမျိုးစုံကို စားနေရသည်၊ လျက်နေရသည်၊ အတွေ့အထိမျိုးစုံကို ထိသိမှုဖြစ်နေရသည်။ ကြံစည်တွေးတောမှုများ အဆက်မပြတ် ဖြစ်ပေါ်နေသည်။ ဤအခြေအနေ ဤအဖြစ်အပျက်များကို စုပေါင်း၍ သတ္တဝါတစ်ယောက်အတွက် ဘဝတစ်ခုဟု သတ်မှတ်ခဲ့ရသည်။
အာရုံ သုံးမျိုး
ရွံရှာစက်ဆုပ်ဖွယ်သော အဆင်းသဏ္ဌာန်များကို မမြင်လို၊ ချောမောလှပသော အဆင်းသဏ္ဌာန်များကိုသာ မြင်လိုသည်။ ကြောက်လန့်ဖွယ်ရာ ကြမ်းတမ်းသော အသံများကို မကြားလို၊ သိမ်မွေ့နူးညံ့သော ချစ်ခင်ဖွယ်ရာ အသံများကိုသာ ကြားလိုကြသည်။ ရွံရှာစက်ဆုပ်ဖွယ် အနံ့များကို မနမ်းလိုကြ၊ မွှေးကြိုင်သင်းပျံ့သော အနံ့များကိုသာ နမ်းလိုကြသည်။ ချိုမြိန်သော အရသာကို ခံစားလိုကြသည်။ ခါးစပ်သော အရသာကို မခံစားလိုကြပေ။ သာယာ...
စာမျက်နှာ-612
ကြည်နူးဖွယ် စိတ်ကူးအကြံအစည်များကိုသာ ဖြစ်လိုကြသည်။ စိတ်မချမ်းသာစရာ စိတ်ကူးအကြံအစည်များ မဖြစ်လိုကြပေ။ ဤသို့အားဖြင့် သတ္တဝါများသည် ကောင်းသော အာရုံများကိုသာလျှင် တွေ့ကြုံလိုကြ၍ မကောင်းသော အာရုံများနှင့် ကင်းဝေးလိုကြသည်။
သတ္တဝါများ လိုလားနှစ်သက်ဖွယ်ကောင်းသော အာရုံများကို ဣဋ္ဌာရုံ ဟု ခေါ်ကြ၍ မလိုလား မနှစ်သက်ဖွယ် အာရုံများကို အနိဋ္ဌာရုံ ဟု ခေါ်ဆိုကြသည်။ (ဣဋ္ဌာရုံ = ဣဋ္ဌ + အာရုံ၊ ဣဋ္ဌ = အလိုရှိအပ် နှစ်သက်အပ်သော + အာရုံ = စိတ်၏ မွေ့လျော်ရာ။ အနိဋ္ဌာရုံ = န + ဣဋ္ဌာရုံ၊ န = မဟုတ် = လိုလားနှစ်သက်အပ်သော အာရုံမဟုတ်။) ယင်းဣဋ္ဌာရုံနှင့် အနိဋ္ဌာရုံတို့၏ အကြား၌ အလိုရှိအပ်သည်လည်း မဟုတ်၊ အလိုမရှိအပ်သည်လည်း မဟုတ်သော အာရုံတစ်မျိုးကို ဣဋ္ဌမဇ္ဈတ္တာရုံ ဟု ခေါ်သည်။ (မဇ္ဈတ္တ = အလယ်အလတ်သဘော။)
အာရုံက လွှမ်းမိုးခြင်း
သတ္တဝါတို့၏ စိတ်သည် ပြင်ပမှ လာရောက် ထင်ဟပ်ရိုက်ခတ်လာသောအခါ အာရုံကို အမှီပြု၍ ဖြစ်ကြရသည်။ အာရုံပူက စိတ်ပူ၍ အာရုံအေးက စိတ်အေးသည်။ မိမိထက် လက်နက်စွမ်းအား သာလွန်သော ရန်သူကို တွေ့မြင်ရပါက ထိတ်လန့်တုန်လှုပ် ကြောက်ရွံ့မှု ဖြစ်ရသည်။ တောကြီးမျက်မည်း၌ ခြင်္သေ့၊ သစ်၊ ကျားနှင့် ရင်ဆိုင်တွေ့ရပါက အသက်ထွက်မတတ် ကြောက်ရွံ့တုန်လှုပ်မှု ဖြစ်ရသည်။ သို့ရာတွင် တိရစ္ဆာန်ရုံ လှောင်အိမ်ထဲ၌ ရှိသော ခြင်္သေ့၊ သစ်၊ ကျားများကို တွေ့ရသောအခါ ကြောက်ရွံ့ခြင်း မဖြစ်ချေ။ ဆူပူအော်ဟစ်သံများ ကြားရသည့်အခါ စိတ်ဓာတ်တုန်လှုပ်ချောက်ချားမှု ဖြစ်ရသည်။ အလားတူပင် ပုပ်ညှီသော အနံ့ဆိုးများ နံသည့်အခါ၊ ခါးစပ်သော အရသာများ ခံစားရသည့်အခါ၊ အပူဒဏ် အအေးဒဏ် စူးရှနာကျင်မှုဒဏ် ခံရသောအခါတို့၌ စိတ်ဆင်းရဲမှု စိတ်မချမ်းသာမှု ဖြစ်ကြရသည်။ ဤသို့အားဖြင့် အာရုံပူက စိတ်ပူသည်ကို တွေ့ရှိနေရပေသည်။
စိမ်းလန်းစိုပြည်သော ရှုမျှော်ခင်း၊ လှပသော လုလင်ပျို လုံမပျိုတို့ကို တွေ့မြင်ရသည့်အခါ စိတ်တွင် ကြည်နူးအေးမြလေသည်။ ငြိမ့်ညောင်းသာယာသော တေးဂီတသံများနှင့် ကျေးငှက်သာရကာတို့၏ တွန်ကျူးသံများကို ကြားရသောအခါ စိတ်တွင် နှစ်သိမ့်ကြည်နူးမှု ဖြစ်ရသည်။
မွှေးကြိုင်သော ပန်းရနံ့နှင့် ရေမွှေးနံ့၊ ပေါင်ဒါနံ့များကို ရရှိသည့်အခါ စိတ်တွင် ကြည်လင်အေးမြနေသည်။ ချိုမြိန်ကောင်းမြတ်သော စားကောင်းသောက်ဖွယ်များကို စားသောက်ရသည့်အခါ ကြည်လင်ရွှင်ပျ စိတ်ချမ်းသာမှု...
စာမျက်နှာ-613
ရလေသည်။ ပူအိုက်သည့်အခါ အေးမြသော အတွေ့အထိ၊ ချမ်းအေးသည့်အခါ နွေးထွေးသော အတွေ့အထိနှင့် နူးညံ့သော အတွေ့အထိများကို ရရှိသည့်အခါ နှစ်သိမ့်ကြည်နူး ရွှင်မြူးနေတတ်သည်။
ထို့ကြောင့် ကျွန်ုပ်တို့၏ နေ့စဉ်ဘဝ စိတ်ဆင်းရဲမှု စိတ်ချမ်းသာမှုသည် အာရုံအားလျော်စွာ ဖြစ်ပေါ်ခံစားနေကြရသည်။ ကောင်းသော အာရုံများ ရရှိဖို့ရန် ကြိုးပမ်းအားထုတ်နေကြရသည်။ မကောင်းသော အာရုံများ ဝေးကွာသွားစေရန်၊ လွတ်ကင်းသွားစေရန် လုံ့လကြိုးကုတ် အားထုတ်နေကြရသည်။ သာယာဖွယ် မြင်ကွင်းကို ရရှိရန်အတွက် ရုပ်ရှင်ဖန်တီးထားရသည်။ ရုပ်မြင်သံကြားစက် ဝယ်ကြရသည်။ သာယာဖွယ် အသံကို ရရှိစေရန် ရေဒီယို၊ ကက်ဆက်၊ အသံချဲ့စက်များ ဝယ်ယူငှားရမ်း ဖန်တီးကြသည်။ မွှေးကြိုင်သော ရနံ့ကို ရရှိရန် ပန်းမျိုးစုံ၊ ရေမွှေး၊ ပေါင်ဒါမျိုးစုံကို ဆောင်ထားကြရသည်။ ကောင်းသော အရသာများ ရရှိရန် ပျော်ပွဲစားရုံနှင့် ထမင်းဆိုင်များ ဖန်တီးထားရသည်။ နေ့စဉ် ချက်ပြုတ်စီမံကြရသည်။ အတွေ့အထိ အရသာကို ခံစားနိုင်ရန် ပိုးဖဲကတ္တီပါ အဝတ်အထည်များနှင့် မွေ့ရာ၊ ခေါင်းအုံး၊ ကူရှင်၊ ဆိုဖာများ ဖန်တီးကြရသည်။
ဤကဲ့သို့ သာယာချမ်းမြေ့သောစိတ်၊ ရွှင်မြူးကြည်လင်သော စိတ်များ ဖြစ်ပေါ်စေရန် နေ့စဉ်ဘဝ၌ အထက်ဖော်ပြပါ အာရုံဝတ္ထုအစုစုတို့ ရရှိမှုအတွက် အပတ်တကုတ် ကြိုးစားအားထုတ်နေကြရသည်။ သတ္တဝါတို့၏ လိုလားချက် အကျဉ်းချုပ်မှာ ဒုက္ခဆင်းရဲ ကင်းဝေးရေးနှင့် ချမ်းသာသုခ ပြည့်စုံရေးပင် ဖြစ်တော့သည်။ ဤအာရုံဝတ္ထုများသည် မမြဲခြင်းသဘောရှိ၍ အဟောင်းအဟောင်းတို့ ပျက်စီးကွယ်ပျောက်သွားခဲ့ရာ အသစ်အသစ်တို့ဖြင့် အစားထိုးရလေသည်။ သင်္ခါရသဘောကို မလွန်ဆန်နိုင်၍ ပြုပြင်မွမ်းမံနေကြရသည်။ နွမ်းလျှင် လျှော်ဖွပ်ရသည်။ ပေကျံလျှင် ဆေးကြောရသည်။ စုတ်လျှင် ချုပ်ရသည်။ ကျိုးပဲ့ဟောင်းနွမ်း ပျက်စီးလျှင် အသစ်ဖန်တီးရပြန်သည်။ ဆုံးနိုင်သည်မရှိ၊ ပြည့်စုံနိုင်သည်မရှိ။ အမြဲတမ်း လိုနေသည်။ ဤအာရုံဝတ္ထုများ ဖန်တီးနိုင်စွမ်း၊ ရှာဖွေရယူနိုင်စွမ်းရှိအောင် အသိပညာ အတတ်ပညာများ သင်ယူကျက်မှတ် လေ့လာဆည်းပူးကြရသည်။ စီးပွားဥစ္စာ ရှာကြရသည်။ ချွေတာစုဆောင်းကြရသည်။ တိရစ္ဆာန်များမှာလည်း သဘာဝအလျောက် နေ့စဉ် အစာရှာဖွေကြရသည်၊ ဘေးရန်မှ တိမ်းရှောင်နေကြရသည်။ ဤကား ဘဝ၏ အဓိပ္ပာယ်ကို အကျဉ်းချုပ် ဖွဲ့ဆိုခြင်း ဖြစ်သည်။
စာမျက်နှာ-614
ဘုံဘဝများ
ကောင်းသောအာရုံ (ဣဋ္ဌာရုံ) များကို တွေ့ထိခံစားရယူနိုင်သော ဘဝကို သုဂတိဘဝ ဟု ခေါ်ရ၏။ (သုဂတိ = သု + ဂတိ၊ သု = ကောင်းမွန်မြင့်မြတ်သော + ဂတိ = လားရာ။)
ဆိုးဝါးယုတ်ညံ့ မကောင်းသော အာရုံ (အနိဋ္ဌာရုံ) များကို တွေ့ထိရယူ ခံစားနေရသော ဘဝကို ဒုဂ္ဂတိဘဝ ဟု ခေါ်ရ၏။ (ဒုဂ္ဂတိ = ဒု + ဂတိ၊ ဒု = ဆိုးဝါးယုတ်ညံ့ မကောင်းသော + ဂတိ = လားရာ။)
လူ့ဘုံ လူ့ဘဝ၊ နတ်ဘုံ နတ်ဘဝ၊ ဗြဟ္မာဘုံ ဗြဟ္မာဘဝတို့သည် သုဂတိဘုံ သုဂတိဘဝများ ဖြစ်ကြ၍ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဘုံဘဝတို့သည် ဒုဂ္ဂတိဘုံ ဒုဂ္ဂတိဘဝများ ဖြစ်ကြသည်။ သုဂတိဘုံဘဝတွင် လူ့ဘုံ လူ့ဘဝထက် နတ်ဘုံ နတ်ဘဝတွင် ပိုမိုကောင်းမြတ်သော အာရုံများကို ရရှိခံစားနိုင်သည်။ နတ်ဘုံမှာထက် ဗြဟ္မာဘုံတွင် ပိုမိုကောင်းမွန် မြင့်မြတ်သော အာရုံကို ရရှိခံစားနိုင်သည်။
အပါယ်လေးဘုံ
လူ့ဘုံ လူ့ဘဝမှာထက် တိရစ္ဆာန်ဘုံ တိရစ္ဆာန်ဘဝတွင် မကောင်းဆိုးဝါး ယုတ်ညံ့သော အာရုံများကို ရရှိခံစားကြရသည်။ တိရစ္ဆာန်လောကတွင် “ငါးနိုင် ငါးစား၊ ဖားနိုင် ဖားစား” နိုင်ရာစားဖြစ်၍ ဘေးရန်အန္တရာယ် ထူပြောလှသည်။ ဘေးရန်အန္တရာယ်ကို ခုခံကာကွယ်နိုင်သည့် အသိဉာဏ်နှင့် စွမ်းရည်နည်းပါးခြင်း၊ ပြုပြင်ဖန်တီးနိုင်သည့် အသိဉာဏ်နှင့် စွမ်းရည်နည်းပါးခြင်းတို့ကြောင့် တိရစ္ဆာန်ဘုံဘဝတွင် ချမ်းသာသုခ နည်းပါးလှ၍ ဆင်းရဲဒုက္ခ ပြည့်လျှမ်းနေသည်။ ကျီးလန့်စာစား အမြဲထိတ်လန့်တုန်လှုပ် ကြောက်ရွံ့နေရသည်။
ပြိတ္တာဘုံ
ပြိတ္တာဘုံဘဝမှာမူ အတိတ်ဘဝ ကံကြမ္မာ နှိပ်စက်မှုကြောင့် အမြဲဆာလောင် မွတ်သိပ်နေကြရသည်။ ရေကို တွေ့ပါလျက် ရေမသောက်နိုင်၊ ၎င်းတို့အတွက် ရေသည် သံပူရည်ဖြစ်နေသည်။ သောက်၍ မရနိုင် ဖြစ်သွားသည်။ ဝမ်းဗိုက်မှ ဆာလောင်နေသော်လည်း ပါးစပ်ပေါက်မှာ အပ်နဖားပေါက်မျှသာရှိ၍ စား၍မရ သောက်၍မရ ဖြစ်နေရှာသည်။ အငတ်မပြေ အဆာမပြေ ဖြစ်နေရသည်။ အချို့ပြိတ္တာများမှာ မိမိအသားကို ပြန်လည်ဖဲ့ယူ စားသောက်နေရသည်။ အချို့ပြိတ္တာများ၏ ဦးခေါင်းပေါ်တွင် ရဲရဲတောက်ပူလောင်သည့် မီးအိုးကင်းကြီးက စွဲကပ်လိုက်ပါနေသည်။ ဆင်းရဲဒုက္ခဝေဒနာကို အမြဲမပြတ် ခံစားနေကြရသည်။
စာမျက်နှာ-615
အသူရကာယ်ဘုံ
အသူရကာယ်၏ ဘဝမှာလည်း ပြိတ္တာဘဝကဲ့သို့ပင် အမြဲတမ်း ဆာလောင်ငတ်မွတ်နေသည်။ ဒုက္ခဝေဒနာကို ခံစားနေရသည်။ ကြောက်ရွံ့အားငယ်သော သဘောရှိသည်။ အသူရကာယ်၏ ဘဝသည် ပြိတ္တာဘဝထက် အဆင့်အတန်းနိမ့်၍ ဆင်းရဲဒုက္ခ ပိုမိုခံစားရသည်။ အဆိုပါ ပြိတ္တာနှင့် အသူရကာယ်များကို လူတို့၏ သာမန်မျက်စိဖြင့် မမြင်နိုင်ချေ။ ယင်းတို့၏ ရုပ်ခန္ဓာများသည် သိမ်မွေ့သော အဏုမြူများနှင့် ဖွဲ့စည်းထားသောကြောင့် ဖြစ်သည်။
ဥပမာအားဖြင့် ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ လေထုခေါ်သော ရုပ်မှုန်များကို ကျွန်ုပ်တို့၏ မျက်စိဖြင့် မမြင်နိုင်ကြချေ။ ထို့အတူ ဖော်ပြပါ ပြိတ္တာနှင့် အသူရကာယ်များသည် ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်၌ ရှိနေသော်လည်း ကျွန်ုပ်တို့၏ သာမန်မျက်စိဖြင့် မမြင်နိုင်ကြချေ။ ၎င်းတို့၏ အသံကို သာမန်နားဖြင့် မကြားနိုင်ကြချေ။ ထူးခြားသော သမာဓိကို ရရှိသော ပုဂ္ဂိုလ်များသာလျှင် မြင်နိုင် ကြားနိုင်ကြသည်။ သို့မဟုတ် ကျွန်ုပ်တို့ ကုသိုလ်ကံ နိမ့်ပါး၍ သွေးလေချောက်ချား စိတ်လွင့်ပါးသည့် အခါများတွင် ယင်းပြိတ္တာ အသူရကာယ်များကို မြင်ရ ကြားရလေ့ရှိတတ်သည်။ ထိုအခါ ကျွန်ုပ်တို့က တစ္ဆေချောက်ခံရသည်ဟု ပြောလေ့ပြောထရှိကြသည်။
ငရဲဘုံ
ငရဲကို ပါဠိဘာသာအားဖြင့် နိရယ ဟု ခေါ်သည်။ (နိ + အယ၊ နိ = မရှိသော ကင်းသော + အယ = ချမ်းသာ။)
ယင်း နိရယဟူသော ပါဠိကို မြန်မာအသံပြောင်းသောအခါ နိရာယ် = နီရဲဟု ဖြစ်လာသည်။ နိရဲမှ နရဲဖြစ်လာ... နမယ်ကို င-အက္ခရာဖြင့် အသံဖလှယ်သည့်အခါ နရဲမှ ငရဲဖြစ်လာသည်။ ထို့ကြောင့် ငရဲဟူသည် ချမ်းသာကင်းသော ဘုံဘဝ ဟု ဆိုလိုသည်။ ငရဲထိန်းနှင့် ငရဲခွေးတို့၏ နှိပ်စက်မှုကို အမြဲခံနေကြရသည်။ ငရဲမီးလောင်မှုကို အမြဲခံစားနေရသည်။ ဤကဲ့သို့ ပြင်းထန်သော ဒုက္ခဝေဒနာကို ခံစားနေရသော်လည်း အသက်မသေနိုင်၊ ဆင်းရဲကံ မကုန်သမျှ အသက်ရှင်လျက် ဆက်လက်တည်နေသည်။ ဆင်းရဲကံ ကုန်ဆုံးသည့်အခါမှသာလျှင် ငရဲသားဘဝမှ အခြားဘဝသို့ ကူးပြောင်းနိုင်သည်။
စာမျက်နှာ-616
ငရဲကြီး ရှစ်ထပ်
ငရဲကြီးရှစ်ထပ်သည် ဤကမ္ဘာမြေကြီးအတွင်း၌ အထက်အောက် အဆင့်ဆင့် တည်လျက်ရှိသည်။ အထက်မှ အောက်သို့ ဖော်ပြပါအတိုင်း အဆင့်ဆင့် တည်ရှိနေကြသည်——
(၁) သိင်္ချိုင်း (သဉ္ဇီဝ) ငရဲ၊
(၂) ကာလသုတ် (ကာလသုတ္တ) ငရဲ၊
(၃) သင်္ဃာတ ငရဲ၊
(၄) ရောရုဝ ငရဲ၊
(၅) မဟာရောရုဝ ငရဲ၊
(၆) တာပန ငရဲ၊
(၇) မဟာတာပန ငရဲ၊
(၈) အဝီစိ ငရဲ။
သိင်္ချိုင်းငရဲ
ဤငရဲ၌ ငရဲသားသည် အဖန်ဖန်အထပ်ထပ် အသတ်ခံရပြီး အဖန်ဖန် အသက်ပြန်ရှင်ရသောကြောင့် သင်္ချိုင်းငရဲ ဟု ခေါ်သည်။ (သံ + ဇီဝ၊ သံ = အဖန်ဖန် + ဇီဝ = အသက်ရှင်ခြင်း။)
သိင်္ချိုင်းငရဲသည် အလျှံတပြောင်ပြောင် တောက်လောင်နေသော သံမြေအပြင်ရှိ၏။ မရေမတွက်နိုင်သော ငရဲသားသတ္တဝါတို့ဖြင့် ပြည့်နှက်နေသည်။ ငရဲထိန်းတို့က အလျှံတပြောင်ပြောင် တောက်လောင်နေသည့် ထက်လှစွာသော ဓားလှံစသည့် လက်နက်ကြီးများဖြင့် သတ်ပုတ် ရိုက်နှက် ထိုးပစ်နေကြသည်။ ငရဲသားတို့၏ ဦးခေါင်း၊ လက်၊ ခြေတို့ကို အပိုင်းပိုင်း ဖြတ်ပစ်ကြ၏။ သံပူမြေပြင်၌ လူးလဲနေကြသော ငရဲသားတို့ကို ကြီးစွာသော သံတင်းပုတ်ကြီးတို့ဖြင့် အသား အရေ အရိုး အကြောတို့ ကြေမွအောင် အတင်းထိုးနှက်ကြသည်။ သွေးတို့သည် လှိုင်းတံပိုးဖြစ်၍ ပြင်းထန်စွာ စီးကုန်၏။ ထိုအသွေးအသား အလုံးစုံတို့သည် သဲမြေပြင်မှ ထ၍ မီးလုံးကြီးဟပ်လိုက်လျှင် အကြွင်းအကျန် မရှိအောင် လောင်ကျွမ်းခံကြရသည်။ ထိုသို့ပင် လောင်ကျွမ်းသွားသော်လည်း ငရဲသားတို့မှာ မကျွတ်မလွတ်ကြရသေးဘဲ ... အကုသိုလ်ကံ စီမံမှုကြောင့် တစ်ဖန် ငရဲသားခန္ဓာကိုယ် ပြန်၍ ဖြစ်ကြရသည်။ အကုသိုလ်ကံ...
စာမျက်နှာ-617
မကုန်သရွေ့ မကျွတ်မလွတ်ကြရဘဲ အဖန်ဖန် ပြန်ဖြစ်၍ ငရဲခံကြရသည်။ နှစ်ပေါင်း ကုဋေကုဋာကြာသော်လည်း အကုသိုလ်ကံမကုန်သမျှ ခံကြရသည်။ ထိုငရဲသည် ရန်သူအနန္တကို ခုတ်စဉ်းသတ်ဖြတ်ရာ မဟာသင်္ချိုင်းကြီးနှင့်လည်း တူ၏။ များစွာသော သား၊ ငှက် တိရစ္ဆာန်တို့ကို သတ်ဖြတ်ရာ သားသတ်ရုံ နွားသတ်ရုံကြီးနှင့်လည်း တူ၏။
ကာလသုတ်ငရဲ
ဤငရဲဘုံ၌ ဖြစ်ကြသော သတ္တဝါတို့ကို မျဉ်းနက်ကြောင်းကြီးချ၍ ပဲခွပ်၊ ဓားမ၊ လွှစသည်တို့ဖြင့် ရွေခုတ် တိုက်ခွဲအပ်သောကြောင့် ကာလသုတ်ငရဲ ဟု ခေါ်သည်။ (ကာလ + သုတ္တ၊ ကာလ = မဲနက်သော + သုတ္တ = မျဉ်းကြောင်း။)
ဤကာလသုတ်ငရဲ၌လည်း အလျှံတပြောင်ပြောင် တောက်လောင်နေသော သံမြေပြင်ဝယ် များပြားလှစွာသော ငရဲသားတို့ဖြင့် ပြည့်နှက်လျက် ရှိသည်။ ငရဲထိန်းတို့သည် အလျှံပြောင်ပြောင်တောက်သော လက်နက်အမျိုးမျိုးတို့ဖြင့် ငရဲသားတို့အား ပစ်ခတ်ပြီး သံမြေပြင်၌ လဲစေကုန်၏။ ငရဲသားများ လဲနေသောအခါ ငရဲထိန်းတို့က ထန်းလုံးပမာဏရှိသော သံမှို (သံမယ်န) ကြီးတို့ဖြင့် မလှုပ်မယှက်နိုင်အောင် သံမြေ၌ ခိုင်မြဲစွာ စိုက်နှက်ပြီး လက်သမားများ သစ်တုံးကို လွှတိုက်ရန် မျဉ်းသားသကဲ့သို့ ငရဲသားတို့ကိုယ်ကို မည်းနက်သော တမျဉ်းကြိုးကို ကိုင်၍ မျဉ်းသားကြသည်။
ငရဲထိန်းတို့သည် အိမ်မိုးတစ်ခြမ်း ပမာဏရှိ ဓားမကြီးတို့ဖြင့်လည်းကောင်း၊ တစ်ခြမ်းပဲ့နေသော ကျောက်တောင်ပမာဏရှိ ပဲခွပ်၊ ပုဆိန်တို့ဖြင့်လည်းကောင်း မျဉ်းကြောင်းအတိုင်း လိုက်၍ အလွှာလိုက် ကွာကျအောင် ခုတ်ရွေခွဲစိတ် မြှောင့်ပစ်ကြသည်။ ကြီးမားထက်မြက်သည့် အစွယ်ကြီးများရှိသော ငရဲလွှကြီးတို့ဖြင့်လည်း တိုက်ခွဲကြသည်။ ငရဲကောင်တို့၏ ခန္ဓာကိုယ်သည် ပျဉ်ချပ်များပမာ အပြားလိုက် အချပ်လိုက် အစိတ်စိတ်အမြွာမြွာ ဖြစ်ကုန်၏။
အကြမ်းခွဲခြင်း၊ အနုစိတ်ခွဲခြင်း စသည်တို့ဖြင့် အမျိုးမျိုး တိုက်ခွဲခြင်း၊ အကြမ်းရွေခြင်း၊ အနုရွေခြင်း စသည်ဖြင့် အမျိုးမျိုး ရွေခြင်းတို့ကို အဆင့်ဆင့် ပြုလုပ်ကြသည်။ ငရဲထိန်းတို့ ပြုလုပ်သည့်အတိုင်း ငရဲသားတို့မှာ သစ်တုံးများပမာ စင်းစင်းပက်လက်လဲကာ ခံနေကြရသည်။ ထိုသို့ ခုတ်၊ ရွေ၊ စင်း၊ စိတ်၊ တိုက်ခွဲ၍ အစိတ်စိတ် အမြွာမြွာ အလွှာလွှာ အချပ်ချပ် ဖြစ်နေသော ငရဲသားတို့၏ အသွေးအသားများသည် သံမြေမှ ထတောက်သော ငရဲမီးလုံးကြီးများ၏ ဝါးမျိုမှုကြောင့် အားလုံး လောင်ကျွမ်းပျက်စီးသွားကြရသည်။
စာမျက်နှာ-618
ငရဲသားသတ္တဝါတို့သည် အကုသိုလ်ကံ မကုန်သမျှ ထိုငရဲဘုံ၌ပင် ငရဲခန္ဓာကိုယ် ထပ်ကာထပ်ကာ ပြန်ဖြစ်၍ ဆင်းရဲစွာ ခံစားကြရသည်။ ထိုကာလသုတ်ငရဲသည် ရန်သူအများကို ဓားမကြီးတို့ဖြင့် ရွေ၍ ပဲခွပ်တို့ဖြင့် ခုတ်လှီးပြီး လွှကြီးတို့ဖြင့် တိုက်ခွဲကာ သတ်ရာဖြတ်ရာ မဟာသင်္ချိုင်းကြီးနှင့်လည်း တူ၏။ သစ်သားများကို အမျိုးမျိုး ခွဲစိတ်ရာ လွှစက်ရုံကြီးနှင့်လည်း တူ၏။
သင်္ဃာတငရဲ
ဤငရဲ၌ ဖြစ်ကြသော သတ္တဝါတို့ကို ကြီးကျယ် မြင့်မားပြီး အလျှံတပြောင်ပြောင် တောက်လောင်နေသော သံတောင်ကြီးတို့သည် ဒလိမ့်တုံးကြီးများသဖွယ် လိမ့်ဆင်းလာ၍ မုန့်မုန့်ညက်ညက် ကြိတ်ချေကြသောကြောင့် သင်္ဃာတငရဲ ဟု ခေါ်သည်။ (သံ + ဃာတ၊ သံ = ပြင်းထန်စွာ + ဃာတ = ကြိတ်ချေခြင်း။)
ဤသင်္ဃာတငရဲ၌ အလျှံတပြောင်ပြောင် တောက်လောင်နေသော သံမြေပြင်ပေါ်ဝယ် ထန်းပင်ကြီးများပမာ မတ်မတ်ရပ်လျက် နေကြသော ငရဲသားသတ္တဝါတို့ဖြင့် ပြည့်နှက်နေသည်။ ထိုငရဲသားတို့သည် သုံးဂါဝုတ်မျှ လောက်ကြီးမားသော ကိုယ်ရှိကြ၏။ အောက်သံမြေအတွင်း၌ ခါးတိုင်အောင် နစ်မြှုပ်ခံနေကြရသဖြင့် လှုပ်ရှားသွားလာ၍ မရကြပေ။
အရပ်လေးမျက်နှာမှ ကြီးကျယ်မြင့်မားပြီး မီးလျှံပြောင်ပြောင် ထိန်ထိန်လောင်နေသော သံမီးတောင်ကြီးများသည် အလှည့်ကျ ကြီးမားသော အသံများကို မြည်ဟည်းလျက် သံဒလိမ့်တုံးကြီးများ၊ လမ်းကြိတ်စက်ကြီးများပမာ ငရဲသားသတ္တဝါတို့အား ရက်စက်စွာ ကြိတ်နင်းလျက် တဟုန်တည်း လိမ့်သွားကြသည်။ အရှေ့အရပ်မှ သံမီးတောင်ကြီးသည် မုန်ယစ်သော ဆင်ကြီးကဲ့သို့ ကျယ်လောင်စွာ မြည်ဟည်းလျက် ငရဲသားတို့ကို အတင်းနင်းနယ် ကြိတ်ဝါးပြီး အနောက်အရပ်သို့ လိမ့်သွားလေသည်။ ထိုအခါ သွေးဝနေသော မျှော့များကို ပြင်းထန်စွာ ဖိနှိပ်ညှစ်ပစ်လိုက်သည့်အခါ သွေးများ အဟုန်ပြင်းစွာ ပန်းထွက်လာသကဲ့သို့ ငရဲသားတို့ကိုယ်မှ သွေးရေအလျဉ်သည် သမုဒ္ဒရာလှိုင်းလုံးကြီးများလောက်မက တဟုန်တည်း ထ၍ ငရဲအိုးတံတိုင်းကို ရိုက်ခတ်လေသည်။ ငရဲသားတို့ ညက်ညက်ကြေကြရသည်။ ထိုအချိန်တွင် ငရဲမီး လျှံသည် သွေးလှိုင်းကြီးများကို အတင်းလောင်မြိုက်ကြသည်။ ထို့နောက်
စာမျက်နှာ-619
ငရဲသတ္တဝါတို့သည် မိမိတို့ အကုသိုလ်ကံ မကုန်သေးသမျှ မူလငရဲခန္ဓာကိုယ်အတိုင်း ဖြစ်ပေါ်ကြရပြန်သည်။ အရှေ့အရပ်မှ သံတောင်ကြီးသည် ငရဲသားတို့အား ကြိတ်ချေလျက် အနောက်အရပ်သို့ သွားသည်၊ တောင်အရပ်မှ သံမီးတောင်သည် မြောက်အရပ်သို့၊ အနောက်အရပ်မှ သံမီးတောင်သည် အရှေ့အရပ်သို့၊ မြောက်အရပ်မှ သံမီးတောင်သည် တောင်အရပ်သို့ အလှည့်ကျစီ ကမ္ဘာတည်သည်မှစ၍ ကမ္ဘာပျက်သည့်တိုင်အောင် ကြိတ်ဝါးနင်းနယ်လျက် ရှိသည်။
ရောရုဝငရဲ
ဤငရဲ၌ ဖြစ်ကြရသော သတ္တဝါတို့သည် ကြီးကျယ်ပြင်းထန်လှသော အသံတို့ဖြင့် အမြဲမပြတ် ငိုကြွေးမြည်တမ်းနေကြရသောကြောင့် ရောရုဝငရဲ ဟု ခေါ်သည်။ (ရောရုဝ = အမြဲငိုကြွေးရခြင်း။)
ရောရုဝငရဲသည် အလျှံပြောင်ပြောင် တောက်လောင်နေသော သံမြေပြင်ရှိပြီး ကမ္ဘာပတ်လုံး တည်သော အလွန်ငန်ယား စပ်ခါးခြစ်တူးပြီး အထူးပူလောင်သော အခိုးအငွေ့တို့ဖြင့် ပြည့်လျှံနေသည်။ ထို့ကြောင့် ၎င်းငရဲကို ဓူမရောရုဝငရဲ ဟုလည်း ခေါ်သည်။ (ဓူမ + ရောရုဝ၊ ဓူမ = အခိုးအငွေ့ရှိသော + ရောရုဝ = ရောရုဝငရဲ)။
ဤငရဲသို့ ကျရောက်ကြသည့် များစွာသော ငရဲသားတို့၏ ကိုယ်သည် သုံးဂါဝုတ်မျှ ကြီးမား၏။ စပ်ငန်ခြစ်တူး အထူးပူလောင်သော အခိုးအငွေ့တို့သည် ငရဲသားတို့၏ ကိုယ်တွင်းသို့ ဒွါရကိုးပေါက်မှ လျှောက်၍ အတင်းဝင်ရောက်ကြသည်။ မွှေးညင်းပေါက် စသည်တို့မှလည်း အတင်းဝင်ရောက်ကြသည်။ ငရဲသားတစ်ကိုယ်လုံးရှိ အသား၊ အရိုး၊ ရိုးတွင်းခြင်ဆီပါမကျန် အားလုံးပျံ့နှံ့၍ မွှေနှောက်ချောက်ချားကြသည်။ အလွန်ပူပြင်းသော သံအိုးကင်းထဲ၌ ဖုတ်လှော်အပ်သော အမဲသားတစ်မှ အခိုးတချောင်းချောင်း ထသကဲ့သို့ ငရဲသားတို့၏ တစ်ကိုယ်လုံးမှ အခိုးတချောင်းချောင်း ထကုန်၏။ ပြင်းထန်သော အဆိပ်နံ့ကို ရှူရှိုက်မိသူသည် သေလုနီးအခါတွင် တလိမ်လိမ် တလွန့်လွန့် နေရသကဲ့သို့ ငရဲသားတို့သည် အခိုးတချောင်းချောင်း ထွက်သော ကိုယ်ဖြင့် တဖျတ်ဖျတ် လူးလွန့် တွန့်လိမ်နေကြရသည်။ မခံမရပ်နိုင်အောင် ပူလောင်ကျိန်းစပ်လှသဖြင့် ပြင်းထန်ကျယ်လောင်စွာ အော်ဟစ် ငိုကြွေးကြရသည်။
စာမျက်နှာ-620
ဤရောရုဝငရဲသည် ရန်သူတို့ကို အဆိပ်ဓာတ်ငွေ့၊ အဏုမြူဗုံးတို့ဖြင့် သတ်ဖြတ်သုတ်သင်ရာ မဟာသင်္ချိုင်းကြီးနှင့် တူလှပေသည်။
မဟာရောရုဝငရဲ
ရောရုဝငရဲထက် ကြီးလေးပြင်းထန်သောကြောင့် မဟာရောရုဝငရဲ ဟု ခေါ်သည်။ ဇာလရောရုဝ ဟုလည်း ခေါ်သေးသည်။ (မဟာရောရုဝ၊ မဟာ = ကြီးလေးပြင်းထန်သော + ရောရုဝ = ရောရုဝငရဲ။ ဇာလ = မီးတောက်မီးလျှံရှိသော + ရောရုဝ = ရောရုဝငရဲ။)
မဟာရောရုဝငရဲသည် အလျှံပြောင်ပြောင်တောက်နေသော သံမြေပြင်ရှိ၏။ ငရဲသားတို့၏ ကိုယ်သည်လည်း သုံးဂါဝုတ်မျှ ကြီးမား၏။ အဆိပ်နှင့်တကွသော မီးလျှံတို့သည် ငရဲသားတို့၏ ခန္ဓာကိုယ်အတွင်းသို့ အတင်းဝင်ရောက်လောင်မြိုက်နေကြသည်။ ငရဲသားတို့၏ ခန္ဓာကိုယ်သည်လည်း မီးကျီးခဲကြီးများသဖွယ် ဖြစ်နေကြသည်။ မဟာရောရုဝငရဲသည်လည်း မီးကျီးခဲကြီးများ သိုလှောင်ထားသော ဂိုဒေါင်ကြီးသဖွယ် ဖြစ်နေသည်။ ရပ်တည်ရာ မရနိုင်အောင် လွန်စွာ ပူလောင်ဆင်းရဲလှသဖြင့် ပြင်းထန်ကျယ်လောင်စွာ အော်ဟစ် ငိုကြွေးနေကြရသည်။ ကုသိုလ်ကံ မကုန်သမျှ မလွတ်နိုင်ကြကုန်။
ဤမဟာရောရုဝငရဲသည် ရန်သူတို့အား မီးလောင်တိုက်သွင်း၍ သတ်ဖြတ်ရာ မဟာသင်္ချိုင်းကြီးနှင့် တူလှသည်။
တာပနငရဲ
ဤငရဲ၌ ကျရောက်ရသော သတ္တဝါတို့ကို အလျှံပြောင်ပြောင် ထွက်နေသော သံတံကျင်ကြီး၌ မလှုပ်မယှက် ထိုင်နေစေလျက် တစ်ကိုယ်လုံးကို ပြင်းထန်စွာ ပူလောင်စေသောကြောင့် တာပနငရဲ ဟု ခေါ်သည်။ (တပ = တာပန = ပူလောင်စေခြင်း။)
ဤငရဲသည် အလျှံပြောင်ပြောင် တောက်လောင်သော သံမြေပြင်ဝယ် မရေမတွက်နိုင်အောင် ပြည့်နှက်နေသော ငရဲသားတို့ကို သံမြေမှ ပေါ်ပေါက်လာသော အလျှံပြောင်ပြောင်တောက်သည့် သံတံကျင်တို့ဖြင့် ထိုးလျှိုကုန်လျက် တည်နေ၏။ သံတံကျင်တို့သည် အောက်ဒွါရ (စအို) မှသည် အထက်ဦးခေါင်းသို့ ပေါက်စေ၏။ ငါးကို ပါးစပ်ပေါက်မှနေ၍ တံစို့ထိုးထားသကဲ့သို့ ဖြစ်၏။ ရဲရဲညီးသော သံမြေ၌ ထောက်ရပ်ထားသည့် ခြေနှစ်ဖက်တို့ကို သံမှိုတို့ဖြင့် တွယ်နှက်ထားသည်။ လက်ယာလက်မောင်းဘက်မှ ထိုးလျှိုလိုက်သော သံတံကျင်...
စာမျက်နှာ-621
သည် လက်ဝဲလက်မောင်းဘက်ဆီသို့ ထုတ်ချင်းပေါက်သွား၏။ သံတံကျင်တို့မှာလည်း မီးဟုန်းဟုန်းထနေသည်။ သံတံကျင်များ ထိုးလျှိုထားသဖြင့် မလှုပ်မယှက်နိုင်သော ငရဲသားတို့အား ကောက်နယ်ကလင်းခန့်ရှိ ရဲရဲညီးသော သံပူပြားကြီးတို့ဖြင့် လာ၍ လာ၍ ကပ်ကြသေးသည်။ ယင်းသို့ ကပ်လိုက်သောအခါ ပန်းပဲဖိုမှ ထုတ်၍ ရေသို့ ချသော သံပြားကြီးကဲ့သို့ တရှဲရှဲမြည်နေကြသည်။ လွန်စွာ ပူပြင်းလှ၍ ရုန်းကန်လှုပ်ရှားလိုသော်လည်း ထိုးလျှိုရိုက်နှက်ထားသော သံတံကျင်၊ သံမှိုတို့ကြောင့် လှုပ်ရှား၍ မရဘဲ အတင်းကြိတ်၍သာ ခံကြရရှာသည်။ အကုသိုလ်ကံ မကုန်သမျှ လွတ်ခွင့်မရကြချေ။ ဤတာပနငရဲသည် သံတံကျင်ထိုးလျက် ကားစင်တင်၍ သတ်ရာ၊ သံပူကပ်၍ သတ်ရာ မဟာသင်္ချိုင်းကြီးနှင့် တူလှပေသည်။
မဟာတာပနငရဲ
တာပနငရဲထက် ဆင်းရဲဒုက္ခ အင်အားကြီးမား ပြင်းထန်သောကြောင့် မဟာတာပနငရဲ ဟု ခေါ်သည်။ (မဟာ + တာပန၊ မဟာ = ကြီးမားပြင်းထန်သော၊ တာပန = တာပနငရဲ။)
မဟာတာပနငရဲ၌လည်း အလျှံညီးညီး အရှိန်ကြီးသော သံမြေပြင်ရှိ၏။ ကြီးမားသော သံမီးတောင်ကြီးများလည်း ရှိ၏။ သံမီးတောင်ကြီးများ၏ ဝန်းကျင်၌ ထူထပ်များပြားလှသည့် အဖျားချွန်ထက်သော မီးသံတံကျင်တောကြီး ရှိ၏။
နွားကျောင်းသားသည် မိမိနွားအုပ်ကို မြက်ပေါက်သော တောင်ပေါ်သို့ အတင်းမောင်းနှင်သကဲ့သို့ ငရဲထိန်းတို့သည် ကြီးမားထက်မြက်သော မီးလက်နက်အမျိုးမျိုးတို့ဖြင့် ရိုက်နှက်လျက် ငရဲသားအုပ်ကြီးကို မီးသံတောင်ကြီးပေါ်သို့ အတင်းမောင်းနှင်ကြသည်။ ငရဲသားတို့သည် မီးသံတောင်ကြီးပေါ်သို့ တက်ကြရသည်။ တောင်ခုလတ်၌ ရှိနေကြသော ငရဲဆူးပင်ကြီးများက ငရဲသားတို့၏ ဝမ်းဗိုက်ကို ဖောက်လျက် အူ၊ အသည်း၊ မျက်လုံးတို့ကို စူးဝင်ကုန်၏။ အဖျားကောက်သော ဆူးတို့က အူ၊ အသည်း၊ မျက်လုံးတို့ကို ချိတ်ဆွဲကုန်၏။
ငရဲသားတို့သည် မီးတောင်ထိပ်သို့ ရောက်သောအခါ အငွေ့ပြင်းထန် စပ်ငန်ပူလောင်သည့် အဆိပ်အခိုးတို့နှင့် ရောနှောနေသော ငရဲလေပြင်းတိုက်သဖြင့် ငရဲသားတို့မှာ သံမီးတောင်ထိပ်မှ လွှင့်၍ သံတံကျင်တောပေါ်သို့ ကျရောက်ရလေသည်။ ထိုအခါ ကိုယ်၌ သံတံကျင်များ စူးဝင်လျက် ကြီးမားပြင်းထန်လှသော ဆင်းရဲကို ခံကြရပြန်သည်။
စာမျက်နှာ-622
ငရဲထိန်းတို့သည် သံတံကျင်ထိပ်ဖျားတွင် စူးဝင်စွပ်မိလျက် မမြင်ဝံ့မရံ့ လူးလာလွန့်ကာ ခံနေကြရသော ငရဲသားတို့အား ရဲရဲညီးသော သံတွေခဲတို့ဖြင့် ပစ်ခတ်လျက် သံမှိန်း သံခက်ရင်းတို့ဖြင့် သံမြေပြင်ပေါ်သို့ ထိုးချကြပြန်သည်။ မီးသံမြေပြင်မှ တစ်ဖန် မီးသံတောင်ပေါ်သို့ အတင်းအတက်ခိုင်းကြပြန်သည်။
ဤမဟာတာပနငရဲသည် မိမိတို့၏ လင်ယောက်ျားအပေါ်တွင် မထီလေးစား စော်ကားနိုင်နင်းသော မိန်းမဖျင်းတို့ ကျခံရာ၊ လင်ယောက်ျားအပေါ် နိုင်လိုမင်းထက် ရက်စက်ကြမ်းကြုတ် မိန်းမယုတ်တို့ ကျရောက်ရာ ငရဲဖြစ်ကြောင်း သံကိစ္စဇာတ် ၌ ဟောကြားထားသည်။ ထို့အတူပင် မိမိဇနီးမယားအား မတရားစော်ကားနှိပ်စက် အကြမ်းဖက် အနိုင်အထက် ပြုလုပ်သော ယောက်ျားယုတ်များလည်း ထိုငရဲ၌ ကျရောက်နိုင်လေသည်။
အဝီစိငရဲ
ငရဲသတ္တဝါ၊ ငရဲမီးလျှံ၊ ဆင်းရဲဒုက္ခအားဖြင့် အကြားအလပ် မရှိသောကြောင့် အဝီစိငရဲ ဟု ခေါ်သည်။ (န + ဝီစိ၊ န = မရှိခြင်း + ဝီစိ = အကြားအလတ် = လစ်လပ်သောနေရာ။) ထိုငရဲကိုပင် ကြီးမားသောအပြစ် ကျူးလွန်သူတို့ ခံရသောကြောင့် မဟာအဝီစိငရဲ ဟု ခေါ်သည်။ သံသေတ္တာကြီးအတွင်း၌ မုန်ညင်းစေ့ကို သိပ်၍ ထည့်ထားသကဲ့သို့ တစ်ခဲနက် ပြည့်ကျပ်ပြီး နေရာလပ် ကြားလပ်မရှိပေ။
ထိုအဝီစိငရဲ၏ အလယ်တည့်တည့်တွင် ငရဲမကြီးခေါ် ငရဲနေပြည်တော်ကြီးရှိပြီး ထုထည် ကိုးယူဇနာရှိသော သံတံတိုင်းတို့ဖြင့် ဝိုင်းရံထားသည်။ အထက်နှင့်အောက်၊ တောင်နှင့်မြောက်၊ အရှေ့နှင့်အနောက်၊ အထက်မျက်နှာပြင်၊ အောက်မျက်နှာပြင် ယူဇနာတစ်ရာစီ ရှိ၏။ ၎င်းကို ထု ကိုးယူဇနာရှိသော သံပြားကြီးတို့ဖြင့် ပိတ်ထား၏။ အဝီစိငရဲမကြီးသည် လေးထောင့်စပ်စပ်ရှိသော သံသေတ္တာကြီးနှင့် တူသည်။
အဝီစိငရဲ၌ ကံကြီးထိုက်၍ နှစ်ပေါင်းရှည်ကြာ ခံကြရမည့် နှစ်ကြီးသမား ငရဲသားများ ကျရောက်ကြသည်။ အဝီစိငရဲမကြီး၌ အရပ်လေးမျက်နှာတွင် သံတံခါးကြီး လေးခုရှိပြီး အကုသိုလ်ကံကုန်၍ ကျွတ်လွတ်ခွင့်ရသော သတ္တဝါရှိခဲ့လျှင် ထိုတံခါးကြီးများ အလိုလို ပွင့်သွားပြီး ထိုသတ္တဝါတို့ ထွက်ကြရသည်။ ယင်းသို့ ပွင့်သွားသော်လည်း အကုသိုလ်ကံ မကုန်သေးသော သတ္တဝါတို့မှာ ထွက်၍ မရကြပေ။
စာမျက်နှာ-623
အဝီစိငရဲ၌ အောက်သံမြေမှ ထလောင်သော မီးလျှံသည် ယူဇနာတစ်ရာရှိ အထက်သံအမိုးပြင်သို့တိုင်အောင် တက်သည်။ အထက်သံအမိုးကြီးမှ ဆင်း၍ ဖြာထွက်သော မီးလျှံတို့သည်လည်း အောက်သံမြေပြင်သို့ ရောက်၏။ ငရဲမီးလျှံတို့သည် ထိုမှသည် ငရဲတံတိုင်းဆီသို့ ထုတ်ချင်းခတ် ပျံ့နှံ့နေသည်။
ပိန်းပိတ်နေသော ငရဲမီးလုံးကြီးထဲ၌ ငရဲသားတို့သည် ချမ်းသာဟူ၍ စိုးစိမျှမရှိ၊ စက္ကန့်ဝက်မျှ ချမ်းသာသည်ဟူ၍ မရှိ၊ နှစ်ပေါင်း အသင်္ချေအနန္တအတွင်း လျှပ်တပြက်မျှ ဆင်းရဲဒုက္ခမှ မလွတ်ရဘဲ ဒုက္ခကြားမလပ်အောင် ခံစားခဲ့ကြရသည်။
အဝီစိငရဲကြီး၌ ငရဲသားသတ္တဝါ လိုနေသော ကွက်လပ်မရှိခြင်းကြောင့် နေရာကွက်လပ် စောင့်နေရသော ငရဲသားဟူ၍ မရှိ။ ကြားကွက်လပ်မရှိသော်လည်း လာသမျှ ရောက်သမျှ ငရဲသားအားလုံး ဝင်ဆန့်လေသည်။ လာလာသမျှ ငရဲသားတို့ကို မပယ်မလှန် အားလုံး လက်ခံနိုင်သော သတ္တိရှိပေသည်။
ငရဲငယ်များ
ငရဲကြီးရှစ်ထပ်တွင် တစ်ထပ်လျှင် တစ်မျက်နှာစီ၌ ဥဿဒငရဲ (ငရဲငယ်) လေးထပ်စီ ခြံရံထားသဖြင့် ငရဲကြီးတစ်ထပ်လျှင် ငရဲငယ်ပေါင်း ၁၆-ထပ် ရှိသည်။ ၎င်းတို့မှာ...
(၁) ဘင်ပုပ်ငရဲ၊
(၂) ပြာပူငရဲ၊
(၃) လက်ပံတောငရဲ၊
(၄) သန်လျက်တောငရဲ- တို့ဖြစ်သည်။
ဘင်ပုပ်ငရဲ
ဘင်ပုပ်ငရဲသည် အတွင်းပိုင်းအကျဆုံး ငရဲဖြစ်ပြီး အနက်ယူဇနာတစ်ရာရှိ၍ မစင်ဘင်ပုပ်တို့ဖြင့် ပြည့်လျှံနေသည်။ မစင်နံ့သည် ယူဇနာတစ်ရာတိုင်အောင် အနံ့နံစေသည်။ မစင်ဘင်ပုပ်ငရဲတွင်းထဲ၌ ပိန်းကောလှေပမာဏရှိသော ပိုးလောက်တို့သည် နှုတ်သီးတငေါငေါဖြင့် လူးလွန့်ပျော်ပါးနေကြသည်။
စာမျက်နှာ-624
ငရဲမကြီး၌ ကျရောက်ကြသောသူတို့သည် ကံအားလျော်စွာ ကျွတ်လွတ်ခွင့် ရလာပြီးနောက် ငရဲငယ်၌ ကျခံရန် အကုသိုလ်ကံ ကြွင်းကျန်ရှိသေးလျှင် ဤဘင်ပုပ်ငရဲသို့ ကျရောက်ကြ၏။ ထိုအခါ ပိုးလောက်ကြီးတို့က အတင်းဝိုင်းအုံ ထိုးဆိတ်ကိုက်စားကြသည်။
ပြာပူငရဲ
ပြာပူငရဲသည် ရဲရဲညီးသော ပြာပူတို့ဖြင့် ပြည့်နှက်နေသည်။ ၎င်းပြာပူရှိန်သည် ယူဇနာတစ်ရာထိ ပျံ့နှံ့လေသည်။ ငရဲသားသည် ပြာပူအတွင်း နစ်မြုပ်ကာ ရွေ့လျားသွားလာနေရသည်။ ဘင်ပုပ်ငရဲမှ လွတ်ပြီးနောက် အကုသိုလ်ကံကြွင်းရှိသေးလျှင် ဤပြာပူငရဲသို့ ကျရောက်ခံစားကြရပြန်သည်။
လက်ပံတောငရဲ
လက်ပံတောငရဲသည် ပြာပူငရဲ၏ အရပ်ရှစ်မျက်နှာ၌ စိုက်ပတ်၍ တည်နေသည်။ လက်ပံပင်များမှာ သံအတိဖြစ်၍ ရဲရဲတောက်ပူလောင်နေ၏။ ဆူးတို့မှာ အလွန်ထက်မြက်၍ အရွက်များမှာ သန်လျက်ကြီးများနှင့် တူ၍ အောက်ခြေမြေပြင်၌ သင်တုန်းဓားသွားများ စီခင်းထား၏။ ပြာပူငရဲမှ ကျွတ်လွတ်လာပြီး အကုသိုလ်ကံကျန်နေသေးလျှင် လက်ပံတောငရဲသို့ ဝင်ရောက်ကြရပြန်သည်။
ငရဲသားရောက်လာသည်နှင့် တစ်ပြိုင်နက် သန်လျက်သဖွယ်ဖြစ်သော လက်ပံရွက်တို့သည် မိုးရွာသကဲ့သို့ ကြွေကျကြ၍ ခန္ဓာကိုယ်ထဲ၌ စူးဝင်နေစဉ် ငရဲခွေး၊ ငရဲကျီး၊ ငရဲလင်းတတို့က အရှင်လတ်လတ် ကိုက်ဆွဲဆိတ်ပေါက် စားသောက်ကြသည်။ ဆင်ကောင်တမျှကြီးသော ခွေးနက်ကြီးများက လိုက်လံကိုက်ခဲသည့်အခါ လက်ပံပင်ပေါ်သို့ ပြေးတက်၏။ လက်ပံဆူးများသည် တက်လျှင် အောက်ဘက်သို့ အဖျားလှည့်နေ၍ ဆင်းလျှင် အဖျားအပေါ်ထောင်နေ၏။ လက်ပံပင်ပေါ်ရောက်ပြန်လျှင် ကျီးနှင့်လင်းတတို့က ထိုးဆိတ်ကြ၏။ အောက်သို့ လိမ့်ကျလာလျှင်လည်း ခွေးစားခံရပြန်၏။
သန်လျက်တောငရဲ
လက်ပံတောငရဲ၏ အပြင်ဘက် အရပ်ရှစ်မျက်နှာ၌ အနံတစ်ယူဇနာ၊ အမြင့်တစ်ယူဇနာရှိသော သန်လျက်နှင့်တူသော အရွက်ရှိသည့် “အသိပတ္တ” မည်သော သန်လျက်သစ်တောကြီးရှိသည်။ လက်ပံတောငရဲမှ လွတ်မြောက်လာပြီး အကုသိုလ်ကံကျန်သေးလျှင် ဤသန်လျက်တောငရဲသို့ ဝင်ရောက်ကြရသည်။ ခံရပုံမှာ လက်ပံတောငရဲနှင့် အတူတူပင်ဖြစ်၏။ သို့သော် လက်ပံတောငရဲမှာ ဆူးရှိ၍ သန်လျက်တောငရဲမှာ ဆူးမရှိပေ။
စာမျက်နှာ-625
အခြားငရဲငယ်များ
ဤဖော်ပြပါ ငရဲငယ် (၄) မျိုးအပြင် ကြိမ်ပိုက်ချောင်း (ဝေတ္တရဏီ) ငရဲ၊ ကြေးအိုး (လောဟကုမ္ဘီ) ငရဲ စသည်အားဖြင့်လည်း ရှိသေးပေသည်။
ဒေဝဒူတသုတ် လာ ကြိမ်ပိုက်ချောင်းငရဲသည် သန်လျက်တောငရဲ၏ အပြင်ဘက် အရပ်ရှစ်မျက်နှာ ပတ်ပတ်လည်၌ တည်ရှိသည်။ အလွန်ငန်စပ်သော ရေရှိသည်။ ကြေးနီရေပူဟူ၍လည်း ဆိုကြသည်။ ထိုရေသည် အဟုန်ဖြင့် စီးဆင်းလျက်ရှိသည်။ ရေပြင်အထက်၌ အလွန်ချွန်ထက်သည့် သံဆူးသံရွက်တို့ဖြင့် ပြည့်နေသော ထန်းလုံးပမာဏရှိ ကြိမ်နွယ်တို့ ကမ်းနှစ်ဖက်ကူးယှက်လျက် ပိုက်ကွန်ကြီးပမာ ရှုပ်ထွေးမြှေးယှက်နေသည်။
ကြိမ်နွယ်တို့အောက်၌ ထန်းပင်လုံးပမာဏရှိ အဖျားချွန်ထက်သော သံတံကျင်များ အပြည့်အနှက် စိုက်ထူလျက်ရှိသည်။ ဝဲယာကမ်းတစ်လျှောက်၌လည်း သံချွန်သံဆူးများ စိုက်ထားသကဲ့သို့ အလွန်အဖျားချွန်ထက်သော သမန်းမြက်တော၊ ဖောင်းကားမြက်တော၊ ကြိမ်ပင်တော၊ ကလိမ်ပင်တောများ ရှိသည်။ သန်လျက်တောငရဲမှ လွတ်လာသော ငရဲသားသည် အကုသိုလ်ကံကျန်သေးလျှင် ဤကြိမ်ပိုက်ချောင်းငရဲ၌ ကျရောက်ရပြန်သည်။ ချောင်းရေအဟုန်၌ မျောပါနေစဉ် ကြိမ်ဆူးများ၊ သံတံကျင်များ၊ သမန်းမြက်များ စူးရှကုတ်ခြစ်မှု ခံကြရ၏။
လောဟကုမ္ဘီငရဲ ကား ကြေးရည်ပူ သံရည်ပူတို့ဖြင့် ပြည့်နှက်နေသော ငရဲအိုးကြီးဖြစ်သည်။ ငရဲသားသည် ငရဲအိုးအတွင်း၌ ငုပ်ချီပေါ်ချီ ခံစားနေရသည်။ ရာဇဂြိုဟ်ပြည်အနီး အောက်မှာပင် ရှိသည်ဟု ဆိုသည်။ ရာဇဂြိုဟ်ပြည်အနီးက တပေါဒါမြစ်ခေါ်သော ရေပူမြစ်သည် ကြိမ်ပိုက်ချောင်းငရဲနှင့် လောဟကုမ္ဘီငရဲ နှစ်ခုစပ်ကြားမှ စီးဆင်းလာသော မြစ်ဟု ဆိုသည်။ “ဒု-သ-န-သော” ဟု အော်ဟစ်နေကြသော သူဌေးသားလေးယောက်တို့သည် ထိုလောဟကုမ္ဘီငရဲ၌ ကျရောက်နေကြရသည်။
ဤသို့သော ငရဲဒုက္ခများကို အဖန်ဖန် စဉ်းစားမိသူတို့သည် အကုသိုလ်အမှု မပြုမိအောင် သတိဖြင့် ရှောင်ကြဉ်သင့်ကြသည်။ ပြုမိသော အကုသိုလ်များအတွက်ကိုလည်း နောင်တတစ်ဖန် မပူပန်တော့ဘဲ အသစ်မပြုလုပ်မိအောင် သတိထားရှောင်ရှားလျက် ကုသိုလ်တရားများကို ပွားများအားထုတ်သင့်ကြပေသည်။
စာမျက်နှာ-626
ငရဲသက်တမ်း
ငရဲသားတို့၏ သက်တမ်းကို နှစ်၊ လ၊ ရက်တို့ဖြင့် ရေတွက်ရာ၌ အောက်ဖော်ပြပါအတိုင်း ဇိနာလင်္ကာရဋီကာ ၌ ပြဆိုထား၏——
လူတို့၏ အနှစ် ၉-သန်းသည် သိင်္ချိုင်းငရဲ ၌ ၁-ရက် ဖြစ်၏။ သိင်္ချိုင်းငရဲသည် ထိုရက်၊ လ၊ နှစ်အားဖြင့် အနှစ်ငါးရာ သက်တမ်းရှိ၏။
လူတို့၏ အနှစ် ၃၆-ကုဋေ (၃-ကုဋေ ၆-သန်းဟု မူရင်း၌ ပါသော်လည်း တွက်ချက်မှုအရ ၃၆-ကုဋေ ဖြစ်သင့်သည်) သည် ကာလသုတ်ငရဲ ၌ ၁-ရက် ဖြစ်၏။ ကာလသုတ်ငရဲသည် ထိုရက်၊ လ၊ နှစ်အားဖြင့် အနှစ်တစ်ထောင် သက်တမ်းရှိ၏။
လူတို့၏ အနှစ် ၁၄၄-ကုဋေ (၁၄-ကုဋေ ၄-သန်းဟု မူရင်း၌ ပါသော်လည်း ၁၄၄-ကုဋေ ဖြစ်သင့်သည်) သည် သင်္ဃာတငရဲ ၌ ၁-ရက် ဖြစ်၏။ သင်္ဃာတငရဲသည် ထိုရက်၊ လ၊ နှစ်အားဖြင့် အနှစ်လေးထောင် သက်တမ်းရှိ၏။
လူတို့၏ အနှစ် ၅၇၆-ကုဋေ သည် ရောရုဝငရဲ ၌ ၁-ရက် ဖြစ်၏။ ရောရုဝငရဲသည် ထိုရက်၊ လ၊ နှစ်အားဖြင့် အနှစ်လေးထောင် (မူရင်း၌ ရှစ်ထောင်ဖြစ်သင့်သော်လည်း လေးထောင်ဟု ဖော်ပြထားသည်) သက်တမ်းရှိ၏။
လူတို့၏ အနှစ် ၂၃၀၄-ကုဋေ သည် မဟာရောရုဝငရဲ ၌ ၁-ရက် ဖြစ်၏။ မဟာရောရုဝငရဲသည် ထိုရက်၊ လ၊ နှစ်အားဖြင့် အနှစ်ရှစ်ထောင် သက်တမ်းရှိ၏။
လူတို့၏ အနှစ် ၉၂၁၆-ကုဋေ သည် တာပနငရဲ ၌ ၁-ရက် ဖြစ်၏။ တာပနငရဲသည် ထိုရက်၊ လ၊ နှစ်အားဖြင့် တစ်သောင်းခြောက်ထောင် သက်တမ်းရှိ၏။
လူတို့၏ အနှစ် ၃၆၈၆၄-ကုဋေ သည် မဟာတာပနငရဲ ၌ ၁-ရက် ဖြစ်၏။ မဟာတာပနငရဲသည် ထိုရက်၊ လ၊ နှစ်အားဖြင့် သုံးသောင်းနှစ်ထောင် (အန္တရကပ်ထက်ဝက်) သက်တမ်းရှိ၏။
လူတို့၏ အနှစ် ၁၄၇၄၅၆-ကုဋေ သည် အဝီစိငရဲ ၌ ၁-ရက် ဖြစ်၏။ အဝီစိငရဲသည် ထိုရက်၊ လ၊ နှစ်အားဖြင့် ခြောက်သောင်းလေးထောင် (အန္တရကပ်တစ်ကပ်) သက်တမ်းရှိ၏။
စာမျက်နှာ-627
ကာမသုဂတိ ၇-ဘုံ
ထိုက်သည်အားလျော်စွာ စည်းစိမ်ခံစားရသော ဘုံဘဝကို သုဂတိဘုံ ဟု ခေါ်သည်။ ကာမတဏှာ၏ ကျက်စားရာ (အာရုံပြုရာ) နယ်ပယ်ဖြစ်သောကြောင့် ကာမဘုံ ဟုလည်း ခေါ်သည်။
ကာမသုဂတိ ၇-ဘုံသည် ဖော်ပြပါ အစဉ်အတိုင်း အောက်မှအထက် အဆင့်ဆင့် တည်လျက်ရှိသည်---
(၁) လူ့ဘုံ၊
(၂) စတုမဟာရာဇ်နတ်ဘုံ၊
(၃) တာဝတိံသာနတ်ဘုံ၊
(၄) ယာမာနတ်ဘုံ၊
(၅) တုသိတာနတ်ဘုံ၊
(၆) နိမ္မာနရတိနတ်ဘုံ၊
(၇) ပရနိမ္မိတဝသဝတ္တီနတ်ဘုံ။ (နတ်ပြည် ၆-ထပ်)
လူ့ဘုံ
ဤကမ္ဘာမြေအပြင်ရှိ စကြဝဠာအနန္တသည် လူ့ဘုံမည်၏။ စကြဝဠာအနန္တရှိ လူတို့သည် နတ်စသော အခြားဘုံသားတို့ထက် ထက်မြက်သောစိတ်၊ ရဲရင့်သောစိတ်၊ ဆန်းကြယ်သောစိတ် ရှိကုန်၏။
ဤလူ့ဘုံတွင် ကုသိုလ်အရာ၌ ကုသိုလ်ဖြစ်ပွားရန် အခွင့်အလမ်းရှိသကဲ့သို့ အကုသိုလ်အရာ၌လည်း အကုသိုလ်ဖြစ်ပွားရန် အခွင့်အလမ်းများ ရှိ၏။ အခြားဘုံတို့၌ ဤကဲ့သို့ စုံလင်စွာ မရှိကြပေ။ လူ့ပြည်၌သာ ဘုရားပွင့်နိုင်၏။ လူသားမှသာလျှင် ဘုရားဖြစ်နိုင်၏။ အလောင်းတော်ကြီးများသည် လူ့ဘုံ၌သာ ပါရမီဖြည့်ဆည်းပူးခွင့် ရကြသည်။ ထို့ကြောင့် ကုသိုလ် အကုသိုလ်အရာ၌ မြင့်သောစိတ်၊ ထက်သောစိတ်၊ ရဲရင့်သောစိတ်၊ ဆန်းကြယ်သောစိတ် ရှိကုန်၏။ အလွန်မြင့်သော စိတ်နှလုံး ရှိသောကြောင့် လူဟူ၍ ခေါ်သည်။
စတုမဟာရာဇ်နတ်ဘုံ
ဓတရဋ္ဌ၊ ဝိရူဠှက၊ ဝိရူပက္ခ၊ ကုဝေရ-ဟူသော နတ်မင်းကြီးလေးယောက်ကို စတုမဟာရာဇာ ဟု ခေါ်သည်။ (စတု = ၄-ယောက် + မဟာ = ကြီးသော + ရာဇာ = မင်း)
စာမျက်နှာ-628
ထိုနတ်မင်းကြီးလေးယောက်တို့ အုပ်စိုးရာ၊ ထိုနတ်မင်းကြီးလေးယောက်တို့အား ဆည်းကပ်ခားရာ ဘုံဌာနဖြစ်သောကြောင့် စတုမဟာရာဇ်ဘုံ ဟု ခေါ်သည်။ ၎င်းဘုံ၏ တည်ရာမှာ မြင်းမိုရ်တောင် အလယ်လောက်မှစ၍ ဤမြေပြင်အထိ ဖြစ်၏။
ထိုနတ်မင်းကြီးလေးယောက်တို့သည် မြင်းမိုရ်တောင်၏ အလယ်ခုလတ်မှနေ၍ အုပ်ချုပ်ကြသည်။ ဓတရဋ္ဌ နတ်မင်းကြီးက မြင်းမိုရ်တောင်၏ အရှေ့ဘက်နံပါး၌ နေလျက် ဂန္ဓဗ္ဗ နတ်တို့ကို အုပ်ချုပ်မင်းလုပ်သည်။ ဝိရူဠှက နတ်မင်းကြီးက မြင်းမိုရ်တောင်၏ တောင်ဘက်နံပါး၌ နေလျက် ကုမ္ဘဏ် နတ်တို့ကို အုပ်ချုပ်မင်းလုပ်သည်။ ဝိရူပက္ခ နတ်မင်းကြီးက မြင်းမိုရ်တောင်၏ အနောက်ဘက်နံပါး၌ နေလျက် နတ်နဂါး တို့ကို အုပ်ချုပ်မင်းလုပ်၏။ ကုဝေရ နတ်မင်းကြီးက မြင်းမိုရ်တောင်၏ မြောက်ဘက်နံပါး၌ နေလျက် နတ်ဘီလူး တို့ကို အုပ်ချုပ်မင်းလုပ်၏။
စတုမဟာရာဇ်နတ်မျိုးများ
ဤလူ့ပြည်ရှိ မြေကြီးနှင့် ဆက်နွှယ်လျက်ရှိသော တော၊ တောင်၊ သစ်ပင်တို့၌ နေသော နတ်အားလုံးနှင့် တောစောင့်နတ်၊ တောင်စောင့်နတ်၊ သစ်ပင်၌ နေသောနတ် (ရုက္ခဒေဝ = ရုက္ခစိုးနတ်) များသည် ဘုမ္မဒေဝ (ဘုမ္မစိုးနတ်) များ ဖြစ်ကြသည်။ ကိုယ်စောင့်နတ်စသည်များ၊ နတ်ဘီလူး၊ ကုမ္ဘဏ်၊ ရက္ခိုသ်၊ ဂန္ဓဗ္ဗစသော နတ်များ၊ ဇော်ဂနီ၊ စုန်းစသည်များ၊ ဝိနိပါတိကအသုရာ၊ ဝေမာနိကပြိတ္တာ စသည်တို့သည် စတုမဟာရာဇ်နတ်မင်းကြီးများ၏ လက်အောက်ခံဖြစ်၍ စတုမဟာရာဇ်နတ်ဘုံစာရင်း၌ ပါဝင်ကြသည်။
နံ့သာပင် (သနပ်ခါးပင်) စသည်တို့၌ သန္ဓေတွယ်၍ နံ့သာပင်၌ နေသောနတ်တို့ကို ဂန္ဓဗ္ဗနတ် ဟု ခေါ်သည်။ အိုးစရည်းကြီးတမျှ ကြီးမားသော ဝမ်းဗိုက်နှင့် ကြီးမားသော ဝှေးဥရှိသော ဒါနဝရက္ခိုသ်တို့ကို ကုမ္ဘဏ် ဟု ခေါ်သည်။
မိန်းမတို့ကိုယ်၌ ပူးဝင်လျက် ထိုမိန်းမတို့ ခိုင်းစေရာ ဂန္ဓဗ္ဗနတ်မများလည်း ရှိသေး၏။ ၎င်းကို ဝေဒကျမ်းက ယောဂီနီ ဟု ခေါ်ပြီး မြန်မာတို့က ဇော်ဂနီ ဟု ခေါ်ကြသည်။ လရောင်လာရာ လပြည့်နေ့အခါ စသည်တို့၌ ဟိုဟိုဒီဒီ သွားလာရာတွင် အရောင်ထွက်သောကြောင့် ပါဠိလို ဇုဏှ၊ မြန်မာလို ဇုဏ်း-စုန်း ဟု ခေါ်သည်။
စာမျက်နှာ-629
ဥစ္စာ၊ ရေကန် စသည်တို့၌ စောင့်ရှောက်လျက် လာရောက်သူတို့ကို ဖမ်းစားတတ်သော နတ်မျိုးကို ရုက္ခသ = ရက္ခိုသ် ဟု ခေါ်သည်။ ဥစ္စာစောင့်များလည်း ရက္ခိုသ်တွင် ပါဝင်ဟန်ရှိသည်။
ထိုကုမ္ဘဏ်၊ ရက္ခိုသ် နတ်ဘီလူးတို့သည် ငရဲထိန်းဟန်၊ ခွေးနက်ကြီးဟန် ဖန်ဆင်းလျက် ငရဲသားတို့အား သွားရောက်ကိုက်စားကြသည်။
တာဝတိံသာနတ်ဘုံ
မာဃလုလင် အမှူးပြုသော အတူတကွ ကုသိုလ်ပြုဖော်ပြုဖက် ကောင်းမှုရှင် (၃၃) ယောက်တို့၏ ဖြစ်ရာဖြစ်သောကြောင့် “တေတ္တိံသဘုံ” ဟု ခေါ်သည်။ (တေ = တိ + တိံသ၊ တေ = တိ = ၃ + တိံသ = ၃၀။) သဒ္ဒါနည်းဖြင့် “တေ” ကို “တာဝ” ပြုလုပ်၍ “တ” ကို ချေဖျက်လိုက်ပြီး “တာဝတိံသာ” ဟု ဖြစ်လာသည်။ တာဝတိံသာနတ်ဘုံသည် မာဃလုလင်တို့အုပ်စု မရောက်ခင်ကတည်းက ရှိပြီးသားဖြစ်၏။ မာဃလုလင်တို့၏ ကောင်းမှုအရှိန်ကြောင့် အခြားအမည်ပျောက်၍ တာဝတိံသာအမည် ရောက်ခဲ့ရသည်။ မာဃသည် နတ်တို့ကို အစိုးရသော သိကြားမင်းဖြစ်သည်။ တည်နေရာမှာ မြင်းမိုရ်တောင်ထိပ်၌ ဖြစ်သည်။ တာဝတိံသာဘုံ၌ ဝေဇယန္တာပြာသာဒ်၊ ပင်လယ်ကသစ်ပင်၊ ပဏ္ဍုကမ္ဗလာ၊ နန္ဒဝန်ဥယျာဉ်၊ စိတ္တလတာဥယျာဉ်၊ ဟောနန္ဒာကန် စသည်တို့ရှိသည်။
စတုမဟာရာဇ်၊ တာဝတိံသာ နတ်ဘုံတို့သည် မြင်းမိုရ်တောင်မြေနှင့် ဆက်သွယ်တည်ရှိနေကြသောကြောင့် ထိုနတ်ဘုံတို့၌ ဘူမဋ္ဌကဗိမာန် (မြေပေါက်ဗိမာန်) များအပြင် အာကာသဋ္ဌ (ကောင်းကင်၌တည်သော) ဗိမာန်များလည်း ရှိကြသည်။ ယာမာစသော အထက်နတ်ဘုံတို့၌ကား ကောင်းကင်ဗိမာန်သာ ရှိကြသည်။
ယာမာနတ်ဘုံ
ယာမာမည်သော နတ်မင်းကြီး နတ်ဘုရင်ကြီး၏ တည်ရာဌာနဖြစ်သောကြောင့် ယာမာဘုံ ဟု ခေါ်သည်။ ထိုနတ်မင်းကြီးကို သုယာမနတ်မင်းဟုလည်း ခေါ်သည်။ ၎င်းနတ်မင်းသည် သိကြားမင်းရာထူးကိုလည်း ရသည်။ တစ်နည်းအားဖြင့် နတ်ချမ်းသာသို့ ကောင်းစွာရောက်သော နတ်တို့၏ နေရာဖြစ်သောကြောင့် ယာမာဘုံဟု ခေါ်သည်။ တည်နေရာမှာ ကောင်းကင်ဖြစ်သည်။
တုသိတာနတ်ဘုံ
နှစ်သက်ရွှင်မြူးဖွယ်ရာကောင်းသော ဘုံဌာနဖြစ်သောကြောင့် တုသိတာဘုံ ဟု ခေါ်သည်။ ထိုနတ်ဘုံ၌ ကြီးကျယ်မြင့်မြတ်သော စည်းစိမ်ကျက်သရေ...
စာမျက်နှာ-630
တို့နှင့် ပြည့်စုံသောကြောင့် ထိုဘုံ၌ ဖြစ်ကြရသော နတ်တို့မှာ အမြဲမပြတ် ရွှင်မြူးနှစ်သက် ဝမ်းမြောက်နေကြသည်။ ဘုရားအလောင်းတော်များသည် ဤနတ်ဘုံ၌ ဖြစ်လေ့ရှိသည်။ အရိမေတ္တေယျ ဘုရားလောင်းသည် ဤဘုံ၌ ရှိနေသည်။
နိမ္မာနရတိနတ်ဘုံ
အလိုရှိတိုင်းသော စည်းစိမ်ချမ်းသာအမျိုးမျိုးတို့ကို ကိုယ်တိုင်ဖန်ဆင်း၍ ပျော်မွေ့ကြရာ ဘုံဌာနဖြစ်သောကြောင့် နိမ္မာနရတိဘုံ ဟု ခေါ်သည်။ (နိမ္မာန + ရတိ၊ နိမ္မာန = ဖန်ဆင်းအပ်သော စည်းစိမ် + ရတိ = မွေ့လျော်ခြင်း။) ထိုနတ်တို့သည် ပင်ကိုရှိပြီးသား စည်းစိမ်ထက်ပို၍ အလွန်အကဲ ခံစားလိုစိတ်ပေါ်သောအခါ စိတ်တိုင်းကျ ဖန်ဆင်း၍ စည်းစိမ်ခံ မွေ့လျော်ကြသည်။ မိမိလိုရာ အဆင်း၊ အသံ စသည်တို့ကို ကိုယ်တိုင်ဖန်ဆင်းကြသည်။
စတုမဟာရာဇ်၊ တာဝတိံသာ၊ ယာမာ၊ တုသိတာဟူသော အောက်နတ်ပြည်လေးဘုံတို့၌ ကိုယ်ပိုင်ဇနီးမောင်နှံရှိကြသည်။ နိမ္မာနရတိနှင့် ပရနိမ္မိတဝသဝတ္တီဘုံတို့၌ကား အမြဲမရှိကြပေ။
ပရနိမ္မိတဝသဝတ္တီနတ်ဘုံ
သူတစ်ပါးတို့ ဖန်ဆင်းထားသော အာရုံတို့ကို မိမိအလိုသို့ လိုက်ပါစေနိုင်သောကြောင့် ပရနိမ္မိတဝသဝတ္တီဘုံ ဟု ခေါ်သည်။ နိမ္မာနရတိနတ်တို့ကဲ့သို့ ကိုယ်တိုင်မဖန်ဆင်းဘဲ အစေအပါးနတ်များက အလိုက်သိစွာ စိတ်တိုင်းကျအောင် ဖန်ဆင်းပေးအပ်သော ကာမဂုဏ်အာရုံတို့ကို မိမိအလိုသို့ လိုက်ပါစေနိုင်သည်။ မာရ်နတ်မင်းသည် ဤနတ်ဘုံကို အုပ်စိုးသူဖြစ်သည်။ (ပရ + နိမ္မိတ + ဝသ + ဝတ္တီ၊ ပရ = သူတစ်ပါး + နိမ္မိတ = ဖန်ဆင်းအပ်သည် + ဝသ = အလိုဆန္ဒ + ဝတ္တီ = ဖြစ်စေနိုင်ခြင်း။)
နတ်စည်းစိမ်
နတ်စည်းစိမ်ကား လူ့စည်းစိမ်နှင့် အလွန်ပင် ကွာခြားလှသည်။ ဥပမာအားဖြင့် မြက်ပင်ဖျားက ဆီးနှင်းပေါက်နှင့် သမုဒ္ဒရာရေပမာပင်။ သို့သော် စတုမဟာရာဇ်နတ်၌ ပါဝင်သော နတ်စုတ်၊ နတ်မဲ့၊ နတ်ထရဲတို့၏ စည်းစိမ်နှင့် အစာအာဟာရများကား သာယာနှစ်သက်ဖွယ် မရှိပေ။
နတ်ပြည်၌ မိမိတို့၏ လူ့ဘဝက ပြုလုပ်ခဲ့သော ရှေးကုသိုလ်ကံကြောင့် ကိုယ်ပိုင်ရရှိသော ဘုံဗိမာန်များကလည်း ဆန်းကြယ်လွန်းလှ၏။ နတ်သား...
စာမျက်နှာ-631
များမှာ အသက် ၂၀-အရွယ်၌သာ တည်ရှိပြီး နတ်သမီးတို့မှာ ၁၆-နှစ်အရွယ်၌ပင် ပကတိအလှမပျက် တစ်သက်လုံး တည်ကြသည်။ သွားကျိုး၊ ဆံဖြူ၊ နားအူ၊ မျက်မဲ့၊ အရိုးကျဲ၊ အရည်တွန့်ခြင်းများကား လုံးဝမရှိပေ။
နတ်သြဇာ အဆီအနှစ်တို့ကိုသာ စားသောက်ကြရသဖြင့် ခန္ဓာကိုယ်တွင်း၌ အပေါ့အလေး အညစ်အကြေး စသည့် မကောင်းသော အနိဋ္ဌာရုံတို့ လုံးဝမရှိကြပေ။ နတ်သမီးတို့မှာလည်း ဓမ္မတာလာခြင်း စသော အညစ်အကြေးတို့ မရှိပေ။ နတ်သားနတ်သမီး ဇနီးမောင်နှံတို့ ရှိသော်လည်း လူကဲ့သို့ ကိုယ်ဝန်လွယ်ခြင်း၊ မွေးဖွားခြင်းတို့မရှိပေ။ သားသမီးဖြစ်ထိုက်သော နတ်သား၊ နတ်သမီးတို့သည် ၎င်းတို့၏ ရင်ခွင်ပေါ်၊ အိပ်ရာပေါ်၌ ရောက်လာကြသည်။ နတ်ပြည် ၆-ထပ်လုံးမှာပင် ကာမဂုဏ်ချမ်းသာ ခံစားကြရာ၌ လူကဲ့သို့ မထူးသော်လည်း သုက်စသည့် အညစ်အကြေး မဖြစ်ပေါ်ဘဲ သွေးသားလှုပ်ရှား တွေ့ထိရုံမျှဖြင့် ကာမဂုဏ်ကိစ္စ ပြီးစီးကြသည်။
နတ်တူရိယာ၊ နတ်အဆိုကျော်၊ နတ်ကချေသည်၊ နတ်အငြိမ့်သည်၊ နတ်တေးဂီတတို့ဖြင့်လည်း စည်းစိမ်ခံကြသည်။ နတ်သမီးနတ်သားတို့သည် နန္ဒဝန်ဥယျာဉ်၌ လှည့်လည်ပျော်ပါးကြပြီး မဟာနန္ဒာကန်တော်ကြီး၌လည်း ရေကစားကြသည်။ နတ်တို့၏ စည်းစိမ်ကား လူတို့အနေဖြင့် ရေးပြပြောပြ၍ အားရဖွယ်၊ ကုန်နိုင်ဖွယ် မရှိပေ။ နတ်စည်းစိမ်ကို သိရှိခံစားလိုလျှင် အကုသိုလ်ရှောင်၍ ကုသိုလ်ကောင်းမှု များများပြုကြရပေမည်။ နတ်ဘုံများကား ကုသိုလ်ရှင်တို့၏ ခံစားစံစားရာ ဘုံဌာန ဖြစ်ပေသည်။
နတ်တို့၏ သက်တမ်း
စတုမဟာရာဇ်နတ်ပြည်: လူတို့၏ အနှစ် ၅၀ သည် ၁-ရက် ဖြစ်၏။ ထိုရက်ဖြင့် ရက်ပေါင်း ၃၀ သည် ၁-လ၊ ထိုလဖြင့် ၁၂-လသည် ၁-နှစ် ဖြစ်၏။ ထိုနှစ်ဖြင့် နှစ်ပေါင်း ၅၀၀ သည် စတုမဟာရာဇ်နတ်တို့၏ သက်တမ်း ဖြစ်၏။ (လူတို့၏ နှစ်အရေအတွက်အားဖြင့် အနှစ် ၉-သန်း ရှိသည်။)
စတုမဟာရာဇ်နတ်သက်တမ်း ငါးရာဟူသည် များရာကိုလိုက်၍ သတ်မှတ်ထားသော ယေဘုယျနည်းအရ ဖြစ်လေသည်။ အချို့သော အာကာသဋ္ဌ (ကောင်းကင်နေ) စတုမဟာရာဇ်နတ်တို့၏ သက်တမ်းသည် အပိုင်းအခြား မရှိပေ။
စာမျက်နှာ-632
လူတို့၏အနှစ် ၁၀၀ သည် တာဝတိံသာဘုံ၌ ၁-ရက်ဖြစ်၏။ ထို ရက်၊ လ၊ နှစ်တို့ဖြင့် နှစ်ပေါင်းတစ်ထောင်သည် တာဝတိံသာနတ်တို့၏ သက်တမ်းဖြစ်၏။ လူ့အရေအတွက်အားဖြင့် နှစ်ပေါင်း ၃-ကုဋေ ၆-သန်း ဖြစ်၏။
လူတို့၏အနှစ် ၂၀၀ သည် ယာမာဘုံ၌ ၁-ရက်ဖြစ်၏။ ထို ရက်၊ လ၊ နှစ်တို့ဖြင့် နှစ်ပေါင်းနှစ်ထောင်သည် ယာမာနတ်တို့၏ သက်တမ်းဖြစ်၏။ လူ့အရေအတွက်အားဖြင့် နှစ်ပေါင်း ၁၄-ကုဋေ ၄-သန်း ဖြစ်၏။
လူတို့၏အနှစ် ၄၀၀ သည် တုသိတာဘုံ၌ ၁-ရက်ဖြစ်၏။ ထို ရက်၊ လ၊ နှစ်တို့ဖြင့် နှစ်ပေါင်းလေးထောင်သည် တုသိတာနတ်တို့၏ သက်တမ်းဖြစ်၏။ လူ့အရေအတွက်အားဖြင့် ၅၇-ကုဋေ ၆-သန်း ဖြစ်၏။
လူတို့၏အနှစ် ၈၀၀ သည် နိမ္မာနရတိဘုံ၌ ၁-ရက်ဖြစ်၏။ ထို ရက်၊ လ၊ နှစ်တို့ဖြင့် နှစ်ပေါင်းရှစ်ထောင်သည် နိမ္မာနရတိနတ်တို့၏ သက်တမ်းဖြစ်၏။ လူ့အရေအတွက်အားဖြင့် ၂၃၀-ကုဋေ ၄-သန်း ဖြစ်၏။
လူတို့၏အနှစ် ၁၆၀၀ သည် ပရနိမ္မိတဝသဝတ္တီဘုံ၌ ၁-ရက်ဖြစ်၏။ ထို ရက်၊ လ၊ နှစ်တို့ဖြင့် နှစ်ပေါင်းတစ်သောင်းခြောက်ထောင်သည် ပရနိမ္မိတဝသဝတ္တီနတ်တို့၏ သက်တမ်းဖြစ်၏။ လူ့အရေအတွက်အားဖြင့် ၉၂၁-ကုဋေ ၆-သန်း ဖြစ်၏။
ပြဆိုခဲ့ပြီးသော အပါယ်လေးဘုံနှင့် လူ့ပြည်၊ နတ်ပြည် ၆-ထပ်ဟု ဆိုအပ်သော ကာမသုဂတိခုနစ်ဘုံအားဖြင့် ပေါင်း ၁၁-ဘုံကို ကာမ ၁၁-ဘုံဟု ခေါ်လေသည်။ ကာမကုသိုလ်နှင့် အကုသိုလ်တို့ကို ပြုလုပ်ကြလျှင် ထိုကာမ ၁၁-ဘုံ၌ ထိုက်သည်အားလျော်စွာ ဖြစ်ကြရလေသည်။
နတ်သက်တမ်း ဇယားအကျဉ်းချုပ်
နတ်ဘုံ,လူ့ပြည်နှစ်အရေအတွက်,နတ်သက်တမ်း (နှစ်),လူ့ပြည်နှစ် (ရက်)
စတုမဟာရာဇ်,၉,၀၀၀,၀၀၀,၅၀၀,၅၀ (၁-ရက်)
တာဝတိံသာ,၃၆,၀၀၀,၀၀၀,၁,၀၀၀,၁၀၀ (၁-ရက်)
ယာမာ,၁၄၄,၀၀၀,၀၀၀,၂,၀၀၀,၂၀၀ (၁-ရက်)
တုသိတာ,၅၇၆,၀၀၀,၀၀၀,၄,၀၀၀,၄၀၀ (၁-ရက်)
နိမ္မာနရတိ,၂,၃၀၄,၀၀၀,၀၀၀,၈,၀၀၀,၈၀၀ (၁-ရက်)
ပရနိမ္မိတဝသဝတ္တီ,၉,၂၁၆,၀၀၀,၀၀၀,၁၆,၀၀၀,၁,၆၀၀ (၁-ရက်)
စာမျက်နှာ-633
ဗြဟ္မာ (၂၀)
အလွန်မွန်မြတ်ကုန်သော ဈာန်အစရှိသော ဂုဏ်တို့ဖြင့် ကြီးပွားကြသောကြောင့် ဗြဟ္မာဟု ခေါ်သည်။ (ဗြဟ္မ = ကြီးပွားခြင်း။) ရူပဗြဟ္မာဘုံ ၁၆-ဘုံနှင့် အရူပဗြဟ္မာဘုံ ၄-ဘုံ စုစုပေါင်း ဗြဟ္မာဘုံ (၂၀) ရှိသည်။
ရူပဗြဟ္မာဘုံ ၁၆-ဘုံ
ရူပဗြဟ္မာ ၁၆-ဘုံကို ပထမဈာန်ဘုံ စသည်ဖြင့် ခွဲခြားထား၏။ ၎င်းတို့မှာ ပထမဈာန် ၃-ဘုံ၊ ဒုတိယဈာန် ၃-ဘုံ၊ တတိယဈာန် ၃-ဘုံ၊ စတုတ္ထဈာန် ၇-ဘုံတို့ ဖြစ်သည်။ ရူပဗြဟ္မာတို့မှာ ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်း အပြည့်အစုံ ပါရှိသော်လည်း အနံ့၊ အရသာ၊ အတွေ့အထိကို သိနိုင်သည့် အာရုံခံရုပ် (ပသာဒရုပ်) များ မပါရှိချေ။ ဃာနပသာဒ၊ ဇိဝှါပသာဒ၊ ကာယပသာဒ မရှိသဖြင့် အနံ့ကိုမသိ၊ အရသာကိုမသိ၊ အတွေ့အထိကို မသိကြချေ။ ထိုတွင် ပထမဈာန် ၃-ဘုံမှာ—
(က) ဗြဟ္မပါရိသဇ္ဇာဘုံ၊
(ခ) ဗြဟ္မပုရောဟိတာဘုံ၊
(ဂ) မဟာဗြဟ္မာဘုံ— တို့ဖြစ်သည်။
(က) ဗြဟ္မပါရိသဇ္ဇာဘုံ
မဟာဗြဟ္မာမင်းကြီး၏ အခြွေအရံ အလုပ်အကျွေးဖြစ်ကုန်သော ဗြဟ္မာငယ်တို့ကို ဗြဟ္မပါရိသဇ္ဇာဗြဟ္မာဟု ခေါ်သည်။ ၎င်းတို့ နေထိုင်ရာဘုံကိုလည်း ဗြဟ္မပါရိသဇ္ဇာဘုံဟု ခေါ်သည်။ (ဗြဟ္မ = မဟာဗြဟ္မာတို့၏ + ပါရိသဇ္ဇာ = အလုပ်အကျွေး ပရိသတ်။) ပထမဈာန်ကို ပွားများအားထုတ်ရာ၌ ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ပညာတို့ အားနည်းလျှင် ဗြဟ္မပါရိသဇ္ဇာဘုံသို့ ရောက်ရသည်။
(ခ) ဗြဟ္မပုရောဟိတာဘုံ
မဟာဗြဟ္မာတို့၏ ပုရောဟိတ်ပညာရှိကြီးများသဖွယ် ဖြစ်ကုန်သော ဗြဟ္မာတို့ကို ဗြဟ္မပုရောဟိတာဗြဟ္မာဟု ခေါ်သည်။ (ဗြဟ္မ = မဟာဗြဟ္မာတို့၏ + ပုရောဟိတ = ရှေ့မှ စီမံတတ်သော ပုရောဟိတ်ဆရာ။) ပထမဈာန်ကို ပွားများအားထုတ်ရာ၌ ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ပညာတို့ အလယ်အလတ် ဖြစ်နေလျှင် ဗြဟ္မပုရောဟိတာဘုံသို့ ရောက်သည်။
စာမျက်နှာ-634
(ဂ) မဟာဗြဟ္မာဘုံ
ဖော်ပြပြီး ဗြဟ္မာတို့ထက် မြင့်မြတ်သော ဗြဟ္မာမင်းကို မဟာဗြဟ္မာဟု ခေါ်သည်။ (မဟာ = ကြီးမြတ်မြင့်မြတ်သော + ဗြဟ္မာ = ဗြဟ္မာမင်း။) ပထမဈာန်ကို မွန်မွန်မြတ်မြတ် ထက်ထက်သန်သန် ပွားများအားထုတ်လျှင် မဟာဗြဟ္မာဘုံသို့ ရောက်၏။ ဤပထမဈာန်ဗြဟ္မာ သုံးဘုံတို့သည် တစ်ပြင်တည်း၌ တစ်ပြေးတည်း နေကုန်၏။ အလွန်တန်ခိုးကြီးမားသော ဤမဟာဗြဟ္မာကို ဘုရားအဖြစ် ထင်မှတ်ကိုးကွယ်ကြသည်။
အောက်အဆင့်နိမ့်သော ဗြဟ္မာတို့သည် အထက်အဆင့်မြင့် ဗြဟ္မာတို့ကို မမြင်ရ၊ မသိရကုန်။ အထက်အထက် ဗြဟ္မာတို့သည် မိမိကိုယ်ကို ရုပ်ကြမ်း ဖန်ဆင်း၍ ပြမှသာ အောက်ဗြဟ္မာငယ်တို့ မြင်တွေ့ကြရသည်။ အောက်အောက် ဗြဟ္မာတို့ကိုကား အထက်ဗြဟ္မာတို့က မြင်တွေ့နိုင်ကြသည်။
ဒုတိယဈာန် ၃-ဘုံ
ဒုတိယဈာန်ဘုံသည် အောက်ပါအတိုင်း ၃-ဘုံရှိ၏—
(က) ပရိတ္တာဘာဘုံ၊
(ခ) အပ္ပမာဏာဘာဘုံ၊
(ဂ) အာဘဿရာဘုံ။
(က) ပရိတ္တာဘာဘုံ
သေးငယ်မှုန်မွှားသော အရောင်ရှိသောကြောင့် ပရိတ္တာဘာဘုံဟု ခေါ်သည်။ (ပရိတ္တ + အာဘာ၊ ပရိတ္တ = သေးငယ်သော + အာဘာ = အရောင်။) ဒုတိယဈာန်နှင့် တတိယဈာန်ကို ပွားများအားထုတ်ရာ၌ ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ပညာတို့ အားနည်းလျှင် ပရိတ္တာဘာဗြဟ္မာဘုံသို့ ရောက်ရသည်။
(ခ) အပ္ပမာဏာဘာဘုံ
အတိုင်းအဆ ပမာဏ မရှိသော ကိုယ်ရောင်ကိုယ်ဝါရှိသောကြောင့် အပ္ပမာဏာဘာဘုံဟု ခေါ်သည်။ (အပ္ပမာဏ + အာဘာ၊ အပ္ပမာဏ = အတိုင်းအတာ ပမာဏမရှိ + အာဘာ = အရောင်။) ဒုတိယဈာန်နှင့် တတိယဈာန်ကို ပွားများအားထုတ်ရာ၌ ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ပညာတို့ အလယ်အလတ် ဖြစ်လျှင် အပ္ပမာဏာဘာဘုံသို့ ရောက်ရသည်။
စာမျက်နှာ-635
(ဂ) အာဘဿရာဘုံ
ကိုယ်မှ ရွှန်းရွှန်းစက်စက် တလက်လက် ထွက်သောအရောင် ရှိသောကြောင့် အာဘဿရာဘုံဟု ခေါ်သည်။ ၎င်းဗြဟ္မာတို့၏ ကိုယ်ရောင်ကိုယ်ဝါသည် တိမ်တိုက်မှ လျှပ်စစ်များ ကွန့်မြူးနေသကဲ့သို့ ခန္ဓာကိုယ်မှ တလျှပ်လျှပ် တရစပ် ထွက်နေကြသည်။ (အာဘာ + သရ၊ အာဘာ = အရောင် + သရ = တလက်လက် ထွက်ခြင်း။) မီးဖျက်သော ကမ္ဘာ၌ ဤအာဘဿရာဘုံမှ အောက်ရှိ ဘုံအားလုံး မီးလောင်ကျွမ်း ပျက်စီးသည်။ အာဘဿရာဘုံမှ စ၍ အထက်ဗြဟ္မာဘုံများ ကျန်ရစ်သည်။ ဒုတိယဈာန်နှင့် တတိယဈာန်ကိုပင် ပွားများအားထုတ်ရာ၌ ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ပညာတို့ ထက်သန်အားကောင်းလျှင် အာဘဿရာဗြဟ္မာဘုံသို့ ရောက်ရ၏။
တတိယဈာန် ၃-ဘုံ
တတိယဈာန်ဘုံသည် အောက်ပါအတိုင်း ၃-ဘုံရှိ၏—
(က) ပရိတ္တသုဘာဘုံ၊
(ခ) အပ္ပမာဏသုဘာဘုံ၊
(ဂ) သုဘကိဏှာဘုံ။
(က) ပရိတ္တသုဘာဘုံ
အနည်းငယ် တင့်တယ်သော ကိုယ်ရောင်ကိုယ်ဝါ ရှိသောကြောင့် ပရိတ္တသုဘာဘုံဟု ခေါ်သည်။ (ပရိတ္တ + သု + ဘာ၊ ပရိတ္တ = နည်းပါးသော၊ သု = တင့်တယ်သော + ဘာ = အရောင်။) စတုက္ကဈာန်ကို ပွားများအားထုတ်ရာ၌ ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ပညာတို့ အားနည်းလျှင် ပရိတ္တသုဘာဘုံသို့ ရောက်၏။
(ခ) အပ္ပမာဏသုဘာဘုံ
အတိုင်းအဆမရှိ တင့်တယ်သော ကိုယ်ရောင်ကိုယ်ဝါ ရှိသောကြောင့် အပ္ပမာဏသုဘာဘုံဟု ခေါ်သည်။ (အပ္ပမာဏ + သု + ဘာ၊ အပ္ပမာဏ = အတိုင်းအဆမရှိသော + သု = တင့်တယ်သော + ဘာ = အရောင်။) စတုတ္ထဈာန်ကို ပွားများအားထုတ်ရာ၌ ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ပညာတို့ အလယ်အလတ် ဖြစ်လျှင် အပ္ပမာဏသုဘာဘုံသို့ ရောက်၏။
(ဂ) သုဘကိဏှာဘုံ
တင့်တယ် တောက်ပသော အရောင်မျိုးစုံ ရောပြွမ်းနေသောကြောင့် သုဘကိဏှာဘုံဟု ခေါ်သည်။ (သုဘ + ကိဏှ၊ သုဘ = တင့်တယ်သော + ကိဏှ = ...
စာမျက်နှာ-636
ရောပြွမ်းသောအရောင်။) စတုတ္ထဈာန်ကို ပွားများအားထုတ်ရာ၌ ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ပညာတို့ ထက်မြက်လျှင် သုဘကိဏှာဗြဟ္မာဘုံသို့ ရောက်သည်။ ရေဖျက်သော ကမ္ဘာ၌ ဤသုဘကိဏှာဘုံမှ အောက်ဘုံများ ရေတွင် ကြေမွ ပျက်စီး၍ သုဘကိဏှာဘုံမှ စ၍ အထက်ဗြဟ္မာဘုံများ ကျန်ရစ်သည်။
စတုတ္ထဈာန် ၇-ဘုံ
စတုတ္ထဈာန်ဘုံသည် အောက်ပါအတိုင်း ၇-ဘုံရှိ၏—
(က) ဝေဟပ္ဖိုလ်ဘုံ၊
(ခ) အသညသတ်ဘုံ၊
(ဂ) သုဒ္ဓါဝါသ ၅-ဘုံ။
(က) ဝေဟပ္ဖိုလ်ဘုံ
ပြန့်ပြော များမြတ်သော အကျိုး ရှိသောကြောင့် ဝေဟပ္ဖိုလ်ဘုံဟု ခေါ်သည်။ (ဝိပုလ + ဖလ၊ ဝိပုလ = ပြန့်ပြောသော + ဖလ = အကျိုး။) ဝိပုလဖလဟု ခေါ်ဆိုလိုလျက် ဝိပုလကို ဝေဟဟု သဒ္ဒါနည်းဖြင့် ပြောင်းလဲထားသည်။
ဖော်ပြခဲ့ပြီးသော ပထမဈာန်ဘုံ၊ ဒုတိယဈာန်ဘုံ၊ တတိယဈာန်ဘုံတို့သည် ဤကမ္ဘာမြေကြီးကို မီး၊ ရေ၊ လေတို့ ဖျက်ဆီးသောအခါ သတ္တဝါများသည် သက်တမ်းမစေမီ၊ သက်တမ်းမကုန်မီ သေဆုံးကြရသည်။ ထို့ကြောင့် အောက်ဗြဟ္မာ့ဘုံတို့၌ ကောင်းမှု၏ အကျိုးသည် ထာဝရခိုင်မြဲ တည်တံ့ခြင်း မရှိပေ။ လှုပ်ရှားယိမ်းယိုင်နိုင်၏။
လေဖျက်သော ကမ္ဘာ၌ ဤဝေဟပ္ဖိုလ်ဘုံမှ အောက်ဘုံများ ကြေမွ ပျက်စီးကြ၏။ ဤဝေဟပ္ဖိုလ်ဘုံမှ စ၍ အထက်ဘုံတို့မှာ ကမ္ဘာဖျက် မီး၊ ရေ၊ လေ တို့ကြောင့် မပျက်စီးနိုင်ပေ။ သက်တမ်းပြည့်လည်း နေကြရသည်။ ကံ၏အကျိုးတရားလည်း လှုပ်ရှားယိမ်းယိုင်ခြင်းမရှိ တည်တံ့ခိုင်ခံ့၏။
(ခ) အသညသတ်ဘုံ
စတုတ္ထဈာန်ကိုပင် သိမှတ်မှု (သညာ) ကင်းအောင် ပွားများအားထုတ်လျှင် အသညသတ်ဘုံသို့ ရောက်ရ၏။ သညာကင်းအောင်ဟု သညာကို ခေါင်းတပ်၍ ဆိုထားသော်လည်း အခြားသော စိတ်စေတသိက်များလည်း ကင်းအောင် အားထုတ်သည်။
စာမျက်နှာ-637
ရုပ်တရားကို နှစ်သက်ပြီး နာမ်တရားကို အပြစ်မြင်လျက် စတုတ္ထဈာန်ဖြစ်အောင် အားထုတ်သော ယောဂီပုဂ္ဂိုလ်သည် ကွယ်လွန်သည်နှင့် တပြိုင်နက် အသညသတ်ဘုံ၌ ရွှေတုံးကြီးပမာ နာမ်တရား ကင်းမဲ့သော ရုပ်ခန္ဓာဖြင့် ဘွားခနဲ ဖြစ်ပေါ်ရလေသည်။ နာမ်ခန္ဓာကင်းမဲ့လျက် ရုပ်ခန္ဓာချည်းသက်သက် ဖြစ်နေသဖြင့် မလှုပ်မယှက်ငြိမ်သက်နေသောကြောင့် သတ္တဝါမှ ဟုတ်ပါရဲ့လားဟု မှားဖွယ်ရှိ၍ သတ္တဝါစစ်စစ် ဖြစ်ကြောင်း ပေါ်လွင်သိသာစေရန် “သတ္တ” ဟု အထူးပြု၍ အသညသတ္တဟု ခေါ်ရသည်။ (အ + သညာ + သတ္တ၊ အ = မရှိ + သညာ = သိမှတ်မှု + သတ္တ = သတ္တဝါ။) ၎င်းဘုံ၌ ရုပ်ခန္ဓာတစ်ခုတည်းသာ ရှိသောကြောင့် “ဧကဝေါကာရဘုံ” ဟုလည်း ခေါ်သည်။ (ဧက + ဝေါကာရ၊ ဧက = တစ်ခု + ဝေါကာရ = ခန္ဓာ။)
(ဂ) သုဒ္ဓါဝါသ ၅-ဘုံ
ကိလေသာ များစွာ စင်ကြယ်သော အနာဂါမ်ဗြဟ္မာများနှင့် ကိလေသာ လုံးဝစင်ကြယ်ပြီးသော ရဟန္တာဗြဟ္မာတို့ဖြစ်ရာဌာနဖြစ်သောကြောင့် သုဒ္ဓါဝါသဘုံဟု ခေါ်သည်။ ထိုဘုံ၌ အနာဂါမ်နှင့် ရဟန္တာတို့သာ ဖြစ်နိုင်ကြသည်။ (သုဒ္ဓ + အာဝါသ၊ သုဒ္ဓ = ကိလေသာစင်ကြယ်သူတို့၏ + အာဝါသ = နေထိုင်ရာ။)
လူ့ပြည်တွင် အနာဂါမ်ဖြစ်ပြီးသော အရိယာသူတော်စင် ပုဂ္ဂိုလ်တို့သည် ဤဘဝ၌ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်မစံရသည် ရှိသော် ကွယ်လွန်သောအခါ အခြားဘုံများမှာ မဖြစ်ကြတော့ဘဲ သုဒ္ဓါဝါသ ပထမဘုံ၌ အနာဂါမ် ဗြဟ္မာကြီးများ သွားရောက်ဖြစ်ကြရသည်။ ထို့နောက် အထက်သုဒ္ဓါဝါသဘုံတို့၌ ဘုံစဉ်စံ၍ နောက်ဆုံးဖြစ်သော အကနိဋ္ဌဘုံ၌ ရဟန္တာ ဖြစ်ကာ သက်တမ်းပြည့်သောအခါ ပရိနိဗ္ဗာန်ပြုတော်မူကြသည်။
သုဒ္ဓါဝါသ ၅-ဘုံသည် အခြားပထမဈာန်ဘုံ စသည်တို့ကဲ့သို့ တစ်ပြင်တည်း တည်ကြသည် မဟုတ်ပေ။ ဖော်ပြပါအတိုင်း အောက်မှ အထက် အဆင့်ဆင့် တည်နေကြသည်။ သုဒ္ဓါဝါသ ၅-ဘုံမှာ—
(က) အဝိဟာဘုံ၊
(ခ) အတပ္ပါဘုံ၊
(ဂ) သုဒဿာဘုံ၊
(ဃ) သုဒဿီဘုံ၊
(င) အကနိဋ္ဌဘုံ— တို့ ဖြစ်ကြသည်။
စာမျက်နှာ-638
(က) အဝိဟာဘုံ
မိမိတို့၏ ဘုံဌာနကို အချိန်အနည်းငယ်ဖြင့် စွန့်ခွာမသွားကြရဘဲ ကမ္ဘာပေါင်းများစွာ ကြာအောင် တည်နေကြရသောကြောင့် အဝိဟာဘုံဟု ခေါ်သည်။ (အ = မ + ဝိဟာ = စွန့်ခွာခြင်း။)
(ခ) အတပ္ပါဘုံ
မည်သည့်အကြောင်းကြောင့်မျှ မပူပန်ရဘဲ အလွန်အေးမြသောဘုံ ဖြစ်သောကြောင့် အတပ္ပါဘုံဟု ခေါ်သည်။ (အ = မ + တပ္ပ = ပူပန်ခြင်း။)
(ဂ) သုဒဿာဘုံ
အလွန်စင်ကြယ်သော ပသာဒစက္ခု (ပကတိမျက်စိ)၊ ဒိဗ္ဗစက္ခု (နတ်မျက်စိ)၊ ဓမ္မစက္ခု (တရားမျက်စိ)၊ ပညာစက္ခု (အသိဉာဏ်မျက်စိ) တို့နှင့် ပြည့်စုံကြ၍ အရာရာကို ကောင်းစွာ မြင်နိုင်စွမ်းရှိသောကြောင့် သုဒဿာဘုံဟု ခေါ်သည်။ (သု = ကောင်းစွာ + ဒဿ = ဒသာ = မြင်နိုင်ခြင်း။)
(ဃ) သုဒဿီဘုံ
သုဒဿာဗြဟ္မာတို့ထက် ပကတိမျက်စိ စသည်တို့ဖြင့် လွန်ကဲစွာ မြင်နိုင်စွမ်းရှိသောကြောင့် သုဒဿီဘုံဟု ခေါ်သည်။ (သု + ဒဿီ၊ သု = လွန်ကဲစွာ + ဒဿီ = မြင်နိုင်ခြင်း။)
(င) အကနိဋ္ဌဘုံ
ရူပဗြဟ္မာဘုံ ၁၆-ဘုံတွင် ထိပ်ဆုံးဖြစ်၍ ရူပဗြဟ္မာတို့၏ အလယ်ဝယ် တစ်စုံတစ်ခုသော ဂုဏ်ဖြင့် ငယ်သည်၊ သေးသိမ်သည်၏ အဖြစ်မရှိသောကြောင့် အကနိဋ္ဌဘုံဟု ခေါ်သည်။ (အ + ကနိဋ္ဌ၊ အ = မရှိ + ကနိဋ္ဌ = ငယ်ခြင်း၊ သေးသိမ်ခြင်း။)
ပဉ္စဝေါကာရဘုံ
ရူပဗြဟ္မာဘုံ ၁၆-ဘုံရှိသည့်အနက် အသညသတ်ဘုံမှတစ်ပါး ကျန် ၁၅-ဘုံတို့၌ ခန္ဓာငါးပါး ရုပ်နာမ်တရား အပြည့်အစုံရှိ၏။ ယင်းသို့ ခန္ဓာငါးပါး အပြည့်အစုံ ရှိသောကြောင့် ရူပ ၁၅-ဘုံကို ပဉ္စဝေါကာရဘုံဟု ခေါ်သည်။ (ပဉ္စ + ဝေါကာရ၊ ပဉ္စ = ငါးပါး + ဝေါကာရ = ခန္ဓာ။) အပါယ်လေးဘုံ၊ ကာမသုဂတိ ခုနစ်ဘုံနှင့် အသညသတ်ကြဉ်သော ရူပ ၁၅-ဘုံ စုစုပေါင်း ၂၆-ဘုံကို ပဉ္စဝေါကာရဘုံဟု ခေါ်ကြသည်။ ရုပ်ခန္ဓာတစ်ပါး၊ နာမ်ခန္ဓာလေးပါး စုစုပေါင်း ခန္ဓာငါးပါးရှိသော ဘုံများဟု ဆိုလိုသည်။
စာမျက်နှာ-639
သဟမ္ပတိဗြဟ္မာ
သဟမ္ပတိဗြဟ္မာမင်းသည် ကဿပဘုရားရှင် သာသနာတော်၌ “သက” အမည်ရှိသော ရဟန်းတစ်ပါး ဖြစ်ခဲ့သည်။ ရူပါဝစရပထမဈာန်ကိုရ၍ ဈာန်မလျှောဘဲ ကွယ်လွန်ခဲ့ရာ ပထမဈာန်ဘုံ၌ “သဟမ္ပတိ” အမည်ရှိ မဟာဗြဟ္မာကြီး ဖြစ်လေသည်။ မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးစတွင် သတ္တဝါတို့ ကိလေသာထူပြောခြင်း၊ တရားတော်၏ အလွန်နက်နဲခြင်းကြောင့် သတ္တဝါတို့အား လောလောဆယ် တရားမဟောသေးဘဲနေရန် စိတ်တော်ညွတ်လျက် နေတော်မူသည်။ ထိုစဉ် သဟမ္ပတိဗြဟ္မာကြီးသည် မဟာဗြဟ္မာတစ်သောင်းကို စုရုံးဦးဆောင်ကာ ဘုရားရှင်ထံ လာရောက်၍ သတ္တဝါတို့အား တရားဟောတော်မူပါရန် တောင်းပန်လျှောက်ထားခဲ့သည်။
သဟမ္ပတိဗြဟ္မာမင်း၏ တောင်းပန်မှုကြောင့် ဘုရားရှင်သည် ဓမ္မစကြာတရားကို ရှေးဦးစွာ ဟောကြားတော်မူခဲ့လေသည်။
ဗကဗြဟ္မာ
ဗကဗြဟ္မာကြီးသည် ဗြဟ္မာဘဝ၊ ဗြဟ္မာလောကသည် မြဲမြံခိုင်ခံ့တည်တံ့၏။ ဗြဟ္မာလောက၌ ပဋိသန္ဓေ၊ အို၊ နာ၊ သေ မရှိ၊ ဗြဟ္မာလောကမှတစ်ပါး လွတ်မြောက်ရာ နိဗ္ဗာန်မရှိဟု သဿတဝါဒကို တရားသေစွဲကိုင်ထားသည်။ တန်ခိုးလည်းကြီး၍ မာနလည်းကြီးသည်။
ဗကဗြဟ္မာကြီးသည် တစ်ခုသောဘဝ၌ စတုတ္ထဈာန်ရသည့် ကေသဝ အမည်ရှိသော ရသေ့ဖြစ်ခဲ့ဖူးသည်။ ထိုရသေ့သည် ခန္ဓာကြွေခဲ့သော် ဝေဟပ္ဖိုလ် စတုတ္ထဈာန်ဘုံ၌ ဝေဟပ္ဖိုလ်ဗြဟ္မာ ဖြစ်လေသည်။ ထိုဘုံ၌ သက်တမ်းစေ့ ဗြဟ္မာ့ချမ်းသာကို ခံစားပြီးနောက် သုဘကိဏှာ တတိယဈာန်ဘုံ၌ ဖြစ်ပြန်သည်။ ထိုမှတစ်ဖန် အာဘဿရာ ဒုတိယဈာန်ဘုံ၌ ဖြစ်ပြန်သည်။ ထိုမှတစ်ဖန် မဟာဗြဟ္မာ ပထမဈာန်ဘုံ၌ “ဗက” အမည်ဖြင့် မဟာဗြဟ္မာကြီး ဖြစ်ပြန်သည်။
ဤကဲ့သို့ ဗြဟ္မာ့ဘုံတစ်လွှား၌ တစ်ဘဝမှတစ်ဘဝ၊ တစ်ဘုံမှတစ်ဘုံသို့ ဘဝကူးပြောင်းရာ၌ ဘဝကူးမှန်းမသိလိုက်၊ သေမှန်းမသိလိုက်ချေ။ သေသည့်အခါ အလောင်းကောင်မကျန်ရစ်ဘဲ ရုပ်အလောင်း ပျောက်ကွယ်သွားသည်။ ဘဝသစ်ဖြစ်ရာ၌ ကိုးလလွယ် ဆယ်လဖွား ပြုလုပ်မနေရဘဲ ချက်ချင်း ဗြုန်းခနဲ...
စာမျက်နှာ-640
ဘွားခနဲ ကိုယ်အင်္ဂါအပြည့်အစုံ တပြိုင်နက် ဖြစ်ပေါ်သည်။ ထို့ကြောင့် ပဋိသန္ဓေနေမှု သေမှုတို့ကို မသိတော့ဘဲ မူလအတိုင်းပင် တည်ရှိနေသည်ဟု စွဲယူမှတ်ထင်နေတော့သည်။
ဘုရားရှင်သည် ဗကဗြဟ္မာကြီးကို ဆုံးမရန် ဤလူ့ပြည်မှ ပထမဈာန်ဗြဟ္မာ့ဘုံသို့ ကြွသွားတော်မူသည်။ ဘုံသုံးပါး၌ ဖြစ်သမျှ ဘဝအားလုံး အနိစ္စ၊ ဒုက္ခ၊ အနတ္တချည်းသာ ဖြစ်သည်ဟု မှန်သောစကား (သစ္စကထာ) မိန့်ကြားတော်မူသည်။
ဗကဗြဟ္မာသည် ဘုရားရှင်အား ဝါဒစစ်ပွဲ ဆင်နွှဲရန် သူနှင့် ဝါဒတူ ဗြဟ္မာပေါင်းတစ်သောင်းကို ခေါင်းဆောင်လျက် ဘုရားရှင်ထံ ချဉ်းကပ်လာသည်။
ဘုရားရှင်က ဗကဗြဟ္မာကြီး၏ တရားသေဝါဒကို အပြစ်အမျိုးမျိုးပြကာ ပယ်စွန့်စေသည်။ ဗကဗြဟ္မာသည် ဝါဒချင်းပြိုင်၍ နိုင်ပုံမရသောအခါ တန်ခိုးပြိုင်ပွဲဆီသို့ ဦးတည်ပြန်သည်။ ကိုယ်ဖျောက်တမ်း ပြုလုပ်ရန် အဆိုပြုလာသည်။
ဗကဗြဟ္မာသည် ဘုရားရှင်၏ ရှေ့မှောက်၌ ဖန်ဆင်းထားသည့် ခန္ဓာကိုယ်မှ ပကတိဗြဟ္မာခန္ဓာသို့ ရောက်ရန် ကြိုးစား၏။ သို့သော် ဘုရားရှင် တန်ခိုးတော်ကြောင့် မအောင်မြင်။ တစ်ဖန် ပကတိခန္ဓာကိုယ် ကွယ်ပျောက်စေရန် အမှောင်ထုကြီး ဖန်ဆင်းပြန်သည်။ သို့သော် ဘုရားရှင်၏ ကိုယ်တော်ရောင်ကြောင့် အမှောင်ထု ဖြစ်ပေါ်မလာပေ။ ဘယ်လိုလုပ်လုပ် ဘယ်လိုပုန်းပုန်း မရဘဲ ဖြစ်နေသည်။
ထိုအခါ ဘုရားရှင်က “ဗကဗြဟ္မာ... သင် မပုန်းကွယ်နိုင်လျှင် ငါဘုရား ပုန်းကွယ်မည်” ဟု မိန့်တော်မူပြီး “ဗြဟ္မာအများ ငါဘုရား၏ အသံတော်ကိုသာ ကြား၍ ငါဘုရားကိုကား မမြင်ကြစေသတည်း” ဟု အဓိဋ္ဌာန်ပြုတော်မူလိုက်သည်။ ဘုရားရှင်သည် ထိုနေရာ၌ပင် တရားဟောနေသော်လည်း အသံတော်ကိုသာ ကြားရ၍ ဘုရားရှင်ကိုကား မည်သည့်ဗြဟ္မာမျှ မမြင်ကြရပေ။
ဒေသနာအဆုံး၌ ဗြဟ္မာအပေါင်း သောတာပန် တည်သွားကြသည်။ သို့သော် ဗကဗြဟ္မာကြီးကား သောတာပန် မတည်ချေ။ ဒိဋ္ဌိအယူကိုမူ စွန့်ရပေသည်။
စာမျက်နှာ-641
ဗြဟ္မာ့စည်းစိမ်
အသညသတ်မှတစ်ပါးသော ရူပဗြဟ္မာ ၁၅-ဘုံ၌ ဥယျာဉ်၊ ဗိမာန်၊ ပဒေသာပင် စသော အသုံးအဆောင်များမှာ နတ်ပြည်ထက်ပင် ခမ်းနားကြီးကျယ်သည်။ ဗြဟ္မာတို့လည်း မိမိတို့၏ ဥယျာဉ်ဗိမာန်စသည်ကို သာယာနှစ်သက်ကြသည်။ ထိုဥယျာဉ် ဗိမာန်စသည်တို့၌ ပျော်ရွှင်ချမ်းမြေ့စွာ နေကြသည်။ သို့သော် လူ့ပြည်ဝယ် ဈာန်တရားများကို ပွားများအားထုတ်စဉ်ကတည်းက လောကီကာမဂုဏ်ကို စက်ဆုပ်ရွံမုန်းခဲ့ကြသဖြင့် ကာမဘုံသားနတ်များကဲ့သို့ ကာမချမ်းသာကို မခံစားကြတော့ပေ။ ဗြဟ္မာတို့၌ မိန်းမ၊ ယောက်ျား အင်္ဂါများ မရှိချေ။ ပုံသဏ္ဌာန်အားဖြင့် အားလုံး ယောက်ျားပုံသဏ္ဌာန်များ ဖြစ်ကြသည်။
ဗြဟ္မာတို့၏ နေပုံမှာ အကျင့်မြတ်ကို ကျင့်နေသော ယောဂီပုဂ္ဂိုလ်တို့ နေပုံကဲ့သို့ အလွန်သန့်ရှင်းစင်ကြယ်သည်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မစိုရ်တရားလေးပါး ကို အမြဲပွားလျက် နေကြသည်။ ဈာန်ပီတိသာလျှင် အစားအစာ ရှိသည်။ အချို့ပုထုဇဉ်ဗြဟ္မာတို့မှာ လောကီဈာန်သမာပတ်ကို ဝင်စားပြီး အချို့အရိယာဗြဟ္မာတို့မှာ ဖလသမာပတ်ကို ဝင်စားလျက် ချမ်းသာအေးမြစွာ နေထိုင်ကြသည်။
အသညသတ်ဗြဟ္မာတို့ကား အခြားဗြဟ္မာတို့ကဲ့သို့ ဥယျာဉ်ဗိမာန် ခံစားမှု၊ ဈာန်ပီတိခံစားမှု၊ ဈာန်သမာပတ် ဝင်စားမှုမရှိကြပေ။ လူ့ပြည်မှ ထိုင်လျက်သေလျှင် အသညသတ်ဘုံ၌လည်း ထိုင်လျက်သား၊ လူ့ပြည်မှ လဲလျောင်းလျက်သေလျှင် အသညသတ်ဘုံ၌လည်း လဲလျောင်းလျက်သား ရွှေချထားသော သစ်တုံးကြီးပမာ ဖြစ်နေကြရသည်။ နာမ်တရားမရှိသဖြင့် ဘုရားလည်း မကြည်ညိုနိုင်၊ တရားလည်း မနာနိုင်ပေ။ ထို့ကြောင့် အသညသတ်ဘုံကို မဖြစ်သင့်ရာသော ရုပ်ပြစ်ရှစ်ပါး ထဲတွင် ထည့်သွင်းထားလေသည်။
အရူပဗြဟ္မာ ၄-ဘုံ
ရူပဗြဟ္မာ အကနိဋ္ဌဘုံအထက်၌ အရူပဗြဟ္မာဘုံ ၄-ဘုံ အဆင့်ဆင့် တည်နေကြသည်။ အရူပဗြဟ္မာတို့သည် ရုပ်ခန္ဓာမရှိဘဲ နာမ်ခန္ဓာ (ဝိညာဉ်) သက်သက်ဖြစ်ကြရသည်။ လူ့ပြည်ဝယ် ရုပ်တရားကို အပြစ်မြင်၍ နာမ်တရားကို နှစ်သက်ကာ နာမ်ကို ဦးစားပေး၍ အရူပကုသိုလ်ဈာန်များကို ပွားများအားထုတ်သော ယောဂီတို့သည် အရူပဘုံသို့ ရောက်ကြရသည်။
စာမျက်နှာ-642
အရူပဘုံ၌ ဘုံဟု ဆိုသော်လည်း တကယ့် ဘုံဗိမာန်ရှိသည် မဟုတ်ပေ။ အဆက်ဆက်ဖြစ်ပွားသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ ကောင်းကင်ပြင်ကိုပင် ဘုံဟု ခေါ်သည်။ ရုပ်ဟူသမျှကို စက်ဆုပ်ရွံမုန်းလှ၍ နာမ်သက်သက်ရအောင် အားထုတ်ခဲ့သော ဘာဝနာအစွမ်းကြောင့် ဘုံဗိမာန်တည်းဟူသော အကျိုးရုပ်တရားများ မရှိ မပေါ်ပေါက်သည်မှာ ထိုပုဂ္ဂိုလ်တို့၏ အလိုကျအတိုင်း ဖြစ်လေသည်။
(၁) ကောင်းကင်ပညတ်ကို နှလုံးသွင်းလျက် “အနန္တော အာကာသော = ကောင်းကင်သည် အဆုံးအပိုင်းအခြား မရှိ” ဟု ပွားများအားထုတ်သော ပုဂ္ဂိုလ်သည် အာကာသာနဉ္စာယတနဈာန်ကိုရ၍ အာကာသာနဉ္စာယတန အရူပဘုံ၌ ဖြစ်ရ၏။ (အာကာသ = ကောင်းကင် + အာနန္တ = အဆုံးအပိုင်းအခြား မရှိ + အာယတန = တည်ရာ။)
(၂) ကောင်းကင်ပညတ်ကို အာရုံမပြုတော့ဘဲ ထိုကောင်းကင်ပညတ်ကို နှလုံးသွင်းအာရုံပြုသည့်စိတ် (ပထမာရုပ္ပဝိညာဏ်) ကို အာရုံပြုကာ “အနန္တံ ဝိညာဏံ = ဝိညာဏ်သည် အဆုံးအပိုင်းအခြားမရှိ” ဟု ပွားများအားထုတ်သော ပုဂ္ဂိုလ်သည် ဝိညာဏဉ္စာယတနဈာန်ကိုရ၍ ဝိညာဏဉ္စာယတန အရူပဘုံ၌ ဖြစ်ရ၏။ (ဝိညာဏ = ပထမအာရုပ္ပဝိညာဏ်၊ ပထမ + အာရုပ္ပ + ဝိညာဏ်၊ ပထမ = ရှေးဦးစွာ + အာရုပ္ပ = အရူပဈာန် + ဝိညာဏ် = ဝိညာဏ်။)
(၃) တစ်စုံတစ်ရာ ဘာမျှမရှိသည့်အရာ (နတ္ထိဘောပညတ်) ကို အာရုံမှန်းပြီး “နတ္ထိ ကိဉ္စိ နတ္ထိ ကိဉ္စိ = နည်းနည်းမျှမရှိ၊ ဘာမျှမရှိ” ဟု ပွားများအားထုတ်သော ပုဂ္ဂိုလ်သည် အာကိဉ္စညာယတနဈာန်ကိုရ၍ အာကိဉ္စညာယတန အရူပဘုံ၌ ဖြစ်ရသည်။ (နတ္ထိဘောပညတ် = နတ္ထိဘော + ပညတ်၊ နတ္ထိဘော = နတ္ထိဘာဝ + မရှိသည်၏အဖြစ် + ပညတ် = ပညတ္တိ + အပြားအားဖြင့် သိစေအပ်သောသဘော။ အာကိဉ္စည + အာယတန၊ အာကိဉ္စည = အနည်းငယ်၊ စိုးစဉ်းမျှ မရှိသည်၏အဖြစ် နတ္ထိဘောပညတ် + အာယတန = တည်ရာ။)
(၄) နတ္ထိဘောပညတ်ကို အာရုံမပြုတော့ဘဲ တတိယအာရုပ္ပဈာန် (အာကိဉ္စညာယတနဈာန်) ကို “သန္တမေတံ၊ ပဏိတမေတံ = ဤတတိယာရုပ္ပဈာန်သည် ငြိမ်သက်ပေစွ၊ မွန်မြတ်လေစွ” ဟု အာရုံပြုချီးမွမ်းကာ ပွားများအားထုတ်သော ပုဂ္ဂိုလ်သည် နေဝသညာနာသညာယတနဈာန်ကိုရ၍ နေဝသညာနာသညာယတန အရူပဘုံ၌ ဖြစ်ရသည်။ (နေဝသညာနာသညာယတန = နေဝ + သညာ + န + အ + သညာ + အာယတန၊ နေဝ = မဟုတ် + သညာ = သိမှတ်မှု + န = မဟုတ် + အ = မ + သညာ = သိမှတ်မှု + အာယတန = တည်ရာ။ နေဝသညာ - သညာရှိသည်လည်း မဟုတ်၊ နအသညာ - သညာ မရှိသည်လည်း မဟုတ်။)
စာမျက်နှာ-643
နေဝသညာနာသညာယတနဘုံသည် ဘုံဘဝတို့၏ အထွတ်အဖျား နောက်ဆုံးအထက် အမြင့်ဆုံးဖြစ်သောကြောင့် ၎င်းကို အထက်ဘဝဂ် ဟု ခေါ်သည်။ (ဘဝဂ် = ဘဝဂ္ဂ = ဘဝ + အဂ္ဂ၊ ဘဝ = ဘုံဘဝ + အဂ္ဂ = အထွတ်အဖျားအမြင့်ဆုံး။)
ဗြဟ္မာတို့၏ သက်တမ်း
ဗြဟ္မာတို့၏ သက်တမ်းကို ရေတွက်ရာ၌ လူ့ပြည်၌ လူတို့၏ နှစ်၊ လ၊ ရက်တို့ဖြင့် ရေတွက်၍ မရနိုင်။ အသင်္ချေယျကပ် သို့မဟုတ် မဟာကပ်ဖြင့် ရေတွက်ရသည်။
အသင်္ချေယျကပ် ၄-မျိုးရှိသည်— သံဝဋ္ဋအသင်္ချေ၊ သံဝဋ္ဋဋ္ဌာယီအသင်္ချေ၊ ဝိဝဋ္ဋအသင်္ချေ၊ ဝိဝဋ္ဋဋ္ဌာယီအသင်္ချေ။ ယင်းအသင်္ချေယျကပ် ၄-ခုပေါင်း အချိန်ကာလကို မဟာကပ်တစ်ခု (တစ်ကမ္ဘာ) ဟု ခေါ်သည်။
ဈာန်ဘုံ,ဗြဟ္မာဘုံအမည်,သက်တမ်း
ပထမဈာန် ၃-ဘုံ,ဗြဟ္မပါရိသဇ္ဇာဘုံ,အသင်္ချေယျကပ် 31
,ဗြဟ္မပုရောဟိတာဘုံ,အသင်္ချေယျကပ် 21
,မဟာဗြဟ္မာဘုံ,အသင်္ချေယျကပ် ၁-ခု
ဒုတိယဈာန် ၃-ဘုံ,ပရိတ္တာဘာဘုံ,မဟာကပ် (ကမ္ဘာ) ၂
,အပ္ပမာဏာဘာဘုံ,မဟာကပ် (ကမ္ဘာ) ၄
,အာဘဿရာဘုံ,မဟာကပ် (ကမ္ဘာ) ၈
တတိယဈာန် ၃-ဘုံ,ပရိတ္တသုဘာဘုံ,မဟာကပ် (ကမ္ဘာ) ၁၆
,အပ္ပမာဏသုဘာဘုံ,မဟာကပ် (ကမ္ဘာ) ၃၂
,သုဘကိဏှာဘုံ,မဟာကပ် (ကမ္ဘာ) ၆၄
စာမျက်နှာ-644
ဈာန်ဘုံ,ဗြဟ္မာဘုံအမည်,သက်တမ်း
စတုတ္ထဈာန် ၇-ဘုံ,ဝေဟပ္ဖိုလ်ဘုံ,မဟာကပ် (ကမ္ဘာ) ၅၀၀
,အသညသတ်ဘုံ,မဟာကပ် (ကမ္ဘာ) ၅၀၀
,အဝိဟာဘုံ,မဟာကပ် (ကမ္ဘာ) ၁၀၀၀
,အတပ္ပါဘုံ,မဟာကပ် (ကမ္ဘာ) ၂၀၀၀
,သုဒဿာဘုံ,မဟာကပ် (ကမ္ဘာ) ၄၀၀၀
,သုဒဿီဘုံ,မဟာကပ် (ကမ္ဘာ) ၈၀၀၀
,အကနိဋ္ဌဘုံ,မဟာကပ် (ကမ္ဘာ) ၁၆၀၀၀
အရူပ ၄-ဘုံ,အာကာသာနဉ္စာယတနဘုံ,မဟာကပ် (ကမ္ဘာ) ၂၀၀၀၀
,ဝိညာဏဉ္စာယတနဘုံ,မဟာကပ် (ကမ္ဘာ) ၄၀၀၀၀
,အာကိဉ္စညာယတနဘုံ,မဟာကပ် (ကမ္ဘာ) ၆၀၀၀၀
,နေဝသညာနာသညာယတနဘုံ,မဟာကပ် (ကမ္ဘာ) ၈၄၀၀၀
၃၁-ဘုံ အကျဉ်း
အပါယ်: ၄-ဘုံ
ကာမသုဂတိ: ၇-ဘုံ (ကာမ ၁၁-ဘုံ)
ရူပ: ၁၆-ဘုံ
အရူပ: ၄-ဘုံ (ဗြဟ္မာ့ဘုံ ၂၀-ဘုံ)
စုစုပေါင်း: ၃၁-ဘုံ
၃၁-ဘုံ အထက်မှအောက် တည်နေပုံ
၃၁- နေဝသညာနာသညာယတနဘုံ (အထက်ဘဝဂ်)
၃၀- အာကိဉ္စညာယတနဘုံ
၂၉- ဝိညာဏဉ္စာယတနဘုံ
၂၈- အာကာသာနဉ္စာယတနဘုံ
၂၇- အကနိဋ္ဌဘုံ
၂၆- သုဒဿီဘုံ
၂၅- သုဒဿာဘုံ
၂၄- အတပ္ပါဘုံ
၂၃- အဝိဟာဘုံ
၂၂- အသညသတ်ဘုံ
၂၁- ဝေဟပ္ဖိုလ်ဘုံ
(မှတ်ချက်။ ။ ဝေဟပ္ဖိုလ်ဘုံနှင့် အသညသတ်ဘုံသည် တစ်ပြင်တည်း တည်ရှိသည်။)
စာမျက်နှာ-645
၂၀- သုဘကိဏှာဘုံ
၁၉- အပ္ပမာဏသုဘာဘုံ (တတိယဈာန် ၃-ဘုံ တစ်ပြင်တည်း)
၁၈- ပရိတ္တသုဘာဘုံ
၁၇- အာဘဿရာဘုံ
၁၆- အပ္ပမာဏာဘာဘုံ (ဒုတိယဈာန် ၃-ဘုံ တစ်ပြင်တည်း)
၁၅- ပရိတ္တာဘာဘုံ
၁၄- မဟာဗြဟ္မာဘုံ
၁၃- ဗြဟ္မပုရောဟိတာဘုံ (ပထမဈာန် ၃-ဘုံ တစ်ပြင်တည်း)
၁၂- ဗြဟ္မပါရိသဇ္ဇာဘုံ
၁၁- ပရနိမ္မိတဝသဝတ္တီဘုံ
၁၀- နိမ္မာနရတိဘုံ
၉- တုသိတာဘုံ
၈- ယာမာဘုံ
၇- တာဝတိံသာဘုံ
၆- စတုမဟာရာဇ်ဘုံ
၅- လူ့ဘုံ
၄- တိရစ္ဆာန်ဘုံ
၃- ပြိတ္တာဘုံ (လူ့ဘုံနှင့် တစ်ပြင်တည်း) ၂- အသူရကာယ်ဘုံ
၁- ငရဲဘုံ
ပုဂ္ဂိုလ် ၁၂-မျိုး
ယင်း ၃၁-ဘုံ၌ဖြစ်သော ပုဂ္ဂိုလ်များကို အကျဉ်းချုပ်အားဖြင့် ရေတွက်ပါက ပုထုဇဉ် ၄-ယောက်၊ အရိယာ ၈-ယောက် စုစုပေါင်း ပုဂ္ဂိုလ် ၁၂-ယောက် ဖြစ်သည်။ ယင်းပုဂ္ဂိုလ် ၁၂-ယောက်တို့မှာ—
ပုထုဇဉ် ၄-ယောက် (၁) ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ် = ကျွဲ၊ နွား စသော တိရစ္ဆာန်များ (ဒု + ဂတိ + အဟိတ်၊ ဒု = မကောင်းသော + ဂတိ = လားရာ + အဟိတ် = အဟိတ်စိတ်ဖြင့် ပဋိသန္ဓေနေရသူ)။
စာမျက်နှာ-646
(၂) သုဂတိအဟိတ်ပုဂ္ဂိုလ် = အမိဝမ်းတွင်းမှ ဆွံ့အ၊ နားမကြားလာသူများ။
(၃) ဒွိဟိတ်ပုဂ္ဂိုလ် = လူသာမန်များ။
(၄) တိဟိတ်ပုဂ္ဂိုလ် = ထက်ထက်မြက်မြက် ပုဂ္ဂိုလ်များ (ထိုပုဂ္ဂိုလ်များသည် အကုသိုလ်လုပ်ရာ၌ဖြစ်စေ၊ ကုသိုလ်လုပ်ရာ၌ဖြစ်စေ တွန့်ဆုတ်မနေဘဲ ဇွဲနပဲကြီးစွာ ထက်ထက်မြက်မြက် ပြုလုပ်တတ်ကြသည်)။
အရိယာ ၈-ယောက်
(၁) သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်၊
(၂) သောတာပတ္တိဖလဋ္ဌာန်ပုဂ္ဂိုလ်၊
(၃) သကဒါဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်၊
(၄) သကဒါဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ်၊
(၅) အနာဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်၊
(၆) အနာဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ်၊
(၇) အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်၊
(၈) အရဟတ္တဖလဋ္ဌာန်ပုဂ္ဂိုလ်။
ပုဂ္ဂိုလ် ၂၁၄-ယောက်
အဆိုပါ ပုဂ္ဂိုလ် ၁၂-ယောက်ကို ၃၁-ဘုံ၌ ဖြန့်လိုက်လျှင် အောက်ပါအတိုင်း ပုဂ္ဂိုလ်ပေါင်း ၂၁၄-ယောက် ဖြစ်သည်—
စဉ်,ဘုံ,ပုဂ္ဂိုလ်တွက်ချက်ပုံ,ပေါင်း
(က),အပါယ် (၄) ဘုံ,ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ် (၁) ယောက် × ၄ ဘုံ,၄
(ခ),လူ့ဘုံ,ဒုဂ္ဂတိအဟိတ်မှတစ်ပါး (၁၁) ယောက်,၁၁
(ဂ),စတုမဟာရာဇ်ဘုံ,ဒုဂ္ဂတိအဟိတ်မှတစ်ပါး (၁၁) ယောက်,၁၁
(ဃ),အထက်နတ်ပြည် (၅) ထပ်,အဟိတ်ပုထုဇဉ် (၂) ယောက်မှတစ်ပါး (၁၀) ယောက် × ၅ ဘုံ,၅၀
(င),ဝေဟပ္ဖိုလ်အထိ ရူပဗြဟ္မာ (၁၀) ဘုံ,တိဟိတ်ပုထုဇဉ် (၁) + အရိယာ (၈) = (၉) ယောက် × ၁၀ ဘုံ,၉၀
စာမျက်နှာ-647
စဉ်,ဘုံ,ပုဂ္ဂိုလ်တွက်ချက်ပုံ,ပေါင်း
(စ),အသညသတ်ဘုံ,သုဂတိအဟိတ် (၁) ယောက်,၁
(ဆ),သုဒ္ဓါဝါသ (၅) ဘုံ,အနာဂါမိဖလဋ္ဌာန် + အရဟတ္တမဂ္ဂဋ္ဌာန် + အရဟတ္တဖလဋ္ဌာန် (၃) ယောက် × ၅ ဘုံ,၁၅
(ဇ),အရူပ (၄) ဘုံ,တိဟိတ်ပုထုဇဉ် (၁) + သောတာပတ္တိမဂ္ဂဋ္ဌာန်မှတစ်ပါး အရိယာ (၇) ယောက် = (၈) ယောက် × ၄ ဘုံ,၃၂
,စုစုပေါင်း ပုဂ္ဂိုလ်,,၂၁၄-ယောက်
ထိုထိုဘုံတို့၌ ဖြစ်ကြသော ပုဂ္ဂိုလ်များအနက် သောတာပန်ပုဂ္ဂိုလ် တို့သည် လူ့ဘုံ၊ နတ်ဘုံတို့၌ အများဆုံး ၇-ကြိမ် ဖြစ်နိုင်သေးသည်။ ၇-ကြိမ်ထက် ပို၍ မဖြစ်တော့ပေ။ တစ်ဘဝတည်းဖြင့်လည်း အထက်မဂ်သို့ အဆင့်ဆင့်တက်၍ နိဗ္ဗာန်ရောက်နိုင်သည်။ အထက်နတ်ဘုံ၊ ဗြဟ္မာ့ဘုံတို့၌ ဘုံစဉ်စံ၍လည်း နိဗ္ဗာန်ဝင်နိုင်သည်။
သကဒါဂါမ်ပုဂ္ဂိုလ် များကား လူ့ဘုံ သို့မဟုတ် နတ်ဘုံတို့၌ တစ်ကြိမ်သာ ဖြစ်ကြရတော့သည်။ ထိုဘဝမှာပင် အထက်သို့ အဆင့်ဆင့်တက်၍လည်း နိဗ္ဗာန်ရောက်နိုင်သည်။ အထက်နတ်ဘုံ၊ ဗြဟ္မာ့ဘုံတို့၌လည်း ဘုံစဉ်စံ၍ နိဗ္ဗာန်ဝင်နိုင်သည်။
အနာဂါမ်ပုဂ္ဂိုလ် တို့ကား ဤလူ့ပြည်မှ အနာဂါမ်ဘဝဖြင့် ကွယ်လွန်သွားပါက သုဒ္ဓါဝါသဘုံ၌ ဗြဟ္မာဖြစ်ပြီး ဈာန်ချမ်းသာခံစား၍ နိဗ္ဗာန်ဝင်ကြရလေသည်။
ရဟန္တာပုဂ္ဂိုလ် တို့ကား ကိလေသာအားလုံးကို အကြွင်းမဲ့ပယ်ပြီးဖြစ်သောကြောင့် ရဟန္တာဖြစ်လာသည့်ဘဝမှာပင် ပရိနိဗ္ဗာန်စံဝင်ကြရလေသည်။
စာမျက်နှာ-648
တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်တို့ကား မိမိတို့ဖြစ်ရာ ဘုံဘဝ၌ တရားဓမ္မကို ပါရမီအလိုက် ကြိုးစားအားထုတ်၍ သောတာပန်မှသည် ရဟန္တာတိုင်အောင် ဖြစ်နိုင်ကြသည်။ တရားဓမ္မကို ကြိုးစားအားထုတ်မှုမရှိဘဲ သာမန်ကုသိုလ်မျှသာပြုလျှင်၊ သို့မဟုတ် အကုသိုလ်ပြုလုပ်ကြလျှင် ၂၆-ဘုံ၌ စုန်ကာ ဆန်ကာ၊ ဆန်ကာ စုန်ကာ သံသရာလည်ရဦးမည် ဖြစ်သည်။
ဒွိဟိတ်၊ သုဂတိအဟိတ်နှင့် ဒုဂ္ဂတိအဟိတ် ပုထုဇဉ်ပုဂ္ဂိုလ်တို့ကား ကာမ ၁၁-ဘုံ၌ တဝဲလည်လည် ဖြစ်နေကြရပေမည်။
ဗြဟ္မာ့ပြည်တဝင်းဝင်း ဝက်စားကျင်း တရှုတ်ရှုတ်
“ဗြဟ္မာ့ပြည်တဝင်းဝင်း၊ ဝက်စားကျင်း တရှုတ်ရှုတ်” ဟူသော ဤစကားပုံကို ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်း ကြားဖူးနေကြသည်။ ဤစကားဆိုရိုးအရ ဗြဟ္မာ့ပြည်မှ ဗြဟ္မာကြီးများပင် ကံကုန်၍ ဈာန်ဘုံမှ လျှောကျရသောအခါ တိရစ္ဆာန်ဘုံဘဝသို့ တိုက်ရိုက်ရောက်ကြရသည်ဟု အချို့က အမှတ်မှားနေကြသည်။
ထိုသို့ မဟုတ်ပါ။ ဗြဟ္မာဘဝမှ တိရစ္ဆာန်ဘဝသို့ တိုက်ရိုက် မရောက်နိုင်ပါ။ ဗကဗြဟ္မာကြီးကဲ့သို့ပင် အထက်ဗြဟ္မာ့ပြည်မှ အောက်ဗြဟ္မာ့ပြည်သို့ ကူးပြောင်းလာပြီး ထိုမှတစ်ဆင့် နတ်ဘဝ၊ လူ့ဘဝသို့ ရောက်ကြရသည်။ သို့မဟုတ်လည်း ဗြဟ္မာဘဝမှ နတ်ဘဝ၊ လူ့ဘဝများသို့ ကူးပြောင်းလာကြပြီးမှ နောက်တစ်ဆင့် အပါယ်ဘုံသို့ ရောက်ကြရလေသည်။
ဘဝကူးပုံ
ဤဘဝနှင့် နောက်ဘဝ ဘဝနှစ်ခုကို ကြောင်းကျိုး ဆက်စပ်ပေးခြင်းကို ပဋိသန္ဓေ ဟု ခေါ်သည်။ (ပဋိ = တဖန် + သန္ဓေ = ဆက်စပ်ခြင်း။) ဤဘဝ၌ရှိသော စိတ်၊ စေတသိက်၊ နာမ်တရားများသည် ဤဘဝ၌ပင် ချုပ်ပျက် ပျောက်ကွယ်ခဲ့ကြသည်။ နောက်ဘဝတွင် ဖြစ်မည့် စိတ်၊ စေတသိက်၊ နာမ်တရားများသည် အသစ်ဖြစ်ပေါ်လာကြခြင်း ဖြစ်သည်။ သို့ရာတွင် ဤဘဝမှ နာမ်တရားနှင့် နောက်ဘဝရှိ နာမ်တရားများသည် လုံးဝ အဆက်အသွယ်မရှိ မဟုတ်၊ အကြောင်းအကျိုးအရ ဆက်စပ်မှု ရှိနေသည်။ ဤဘဝက နာမ်တရားကို အကြောင်းရင်းခံပြီးနောက် နောက်ဘဝတွင် အကျိုးတရားအဖြစ် နာမ်တရားများ ဖြစ်ပေါ်ရခြင်း ဖြစ်သည်။ ဤနေရာတွင် ဆီမီးဥပမာ၊ ပဲ့တင်သံဥပမာ၊ တံဆိပ်တုံးဥပမာများနှင့် ရှင်းလေ့ရှိကြသည်။
စာမျက်နှာ-649
ဆီမီးခွက်ဥပမာ - ဆီမီးခွက်တစ်ခုမှ မီးကို အခြားဆီမီးခွက်တစ်ခုသို့ ကူးပြောင်းထွန်းညှိသည့်အခါ ပထမဆီမီးခွက်မှ မီးတောက်သည် ဒုတိယဆီမီးခွက်သို့ ကူးပြောင်းလိုက်ပါသွားသည်ဟု မဆိုနိုင်၊ ဒုတိယဆီမီးခွက်မှာရှိသည့် မီးတောက်သည် ပထမဆီမီးခွက်မှ မီးတောက်နှင့် အကြောင်းမဆက်ဘဲ အလိုလို မီးထတောက်သည်ဟုလည်း မဆိုနိုင်၊ ပထမဆီမီးခွက်နှင့် ဒုတိယဆီမီးခွက်တွင်ရှိသည့် မီးတောက်မီးလျှံနှစ်ခုသည် တစ်ခုတည်းဟု ဆိုလျှင်လည်း မမှန်နိုင်ပါ။ အမှန်စင်စစ်အားဖြင့် မီးတောက်နှစ်ခုသည် သီးခြားတစ်ခုစီ ဖြစ်နေသော်လည်း အချင်းချင်း အကြောင်းအကျိုး ဆက်စပ်မှုရှိသည်ဟု ဆိုရပါမည်။ ဤဥပမာအတိုင်း ဘဝဟောင်းသည် မူလဆီမီးတောက်နှင့်တူပြီး ဘဝသစ်သည် ဒုတိယဆီမီးတောက်နှင့် တူသည်။
ပဲ့တင်သံဥပမာ - ပဲ့တင်သံဥပမာ၌လည်း မူလအသံနှင့် ပဲ့တင်သံ တစ်ခုတည်းဟု ဆိုလျှင် မှားပေမည်၊ ဘာမျှဆက်စပ်မှုမရှိ တခြားစီဟု ဆိုလျှင်လည်း မမှန်နိုင်၊ အမှန်စင်စစ်အားဖြင့် မူလအသံနှင့် ပဲ့တင်သံသည် အကြောင်းအကျိုး ဆက်စပ်မှု ရှိနေသည်။ မူလအသံကို အကြောင်းခံပြီး ပဲ့တင်သံ ဖြစ်ပေါ်လာရသည်။ ဤဥပမာအတိုင်း ဘဝဟောင်းသည် မူလအသံနှင့်တူပြီး ဘဝသစ်သည် ပဲ့တင်သံနှင့် တူပေသည်။
တံဆိပ်တုံးဥပမာ - တံဆိပ်တုံးဥပမာ၌လည်း လိုအပ်သည့် စာလုံးများကို တံဆိပ်တုံးအပေါ်၌ ပြောင်းပြန်ထွင်းထားသည်။ တံဆိပ်ရိုက်နှိပ်လိုက်သည့်အခါ စာရွက်ပေါ်တွင် ထင်ကျန်နေရစ်ခဲ့သည်။ စာရွက်ပေါ်က စာလုံးများသည် တံဆိပ်တုံးမှ စာလုံးများကဲ့သို့ ပြောင်းပြန်မဟုတ်ဘဲ အတည့်အတိုင်း ထင်ရစ်သည်။ ထို့ကြောင့် မူလတံဆိပ်တုံးနှင့် စက္ကူပေါ်တွင် ထင်နေသည့် တံဆိပ်ရာသည် တစ်ခုတည်းလည်းမဟုတ်၊ လုံးဝဆက်စပ်မှုမရှိသည့် အရာဝတ္ထုများလည်း မဟုတ်။ တစ်ခုနှင့်တစ်ခု အကြောင်းအကျိုးဆက်နွှယ်မှု ရှိနေကြသည်။ ဤဥပမာ၌ တံဆိပ်တုံးသည် ဤဘက်ဘဝဟောင်းနှင့်တူ၍ စက္ကူပေါ် ထင်ကျန်ရစ်သည့် တံဆိပ်ရာသည် ဟိုဘက်ဘဝသစ်နှင့် တူသည်။
လောက်လမ်းသဖွယ် ဝိညာဉ်တွယ်
ဘဝကူးပြောင်းမှုနှင့် ပတ်သက်၍ မြန်မာတို့၏ ရှေးရိုးစဉ်လာ ပြောဆိုသုံးနှုန်းကြသည်မှာ “လောက်လမ်းသဖွယ် ဝိညာဉ်တွယ်” ဟူ၍ ဖြစ်သည်။ ယင်းအယူဝါဒအရ ပိုးလောက်လမ်းသည် အမြီးပိုင်းဖြင့် တစ်နေရာကို တွယ်ကပ်...
စာမျက်နှာ-650
ထားပြီး ခေါင်းပိုင်းဖြင့် အခြားတစ်နေရာကို ရှာဖွေသည်။ နေရာသစ်ကို မတွယ်ကပ်နိုင်သေးပါက အမြီးပိုင်းသည် လက်ရှိနေရာကို မလွှတ်သေးဘဲ တွယ်ကပ်ထားသည်။ နေရာတစ်ခုကို ခေါင်းပိုင်းဖြင့် အသေအချာ တွယ်ကပ်ပြီးပါက ခန္ဓာကိုယ်နောက်ပိုင်းသည် လက်ရှိနေရာကို စွန့်လွှတ်၍ ဤနေရာသစ်သို့ ပြောင်းရွှေ့လိုက်သည်။ ဤနည်းတူပင် သတ္တဝါတစ်ယောက်သည် သေခါနီးအချိန်တွင် အသက်ဝိညာဉ်သည် ဘဝသစ် တစ်ခုခုကို လိုက်လံရှာဖွေသည်။ ဘဝသစ်ကို မတွယ်ကပ်ရသေးသမျှ ဘဝဟောင်းကို စွန့်လွှတ်ခြင်းမရှိ။ ဘဝသစ်တစ်ခုကို တွယ်ကပ်မိသောအခါတွင်မူ ဘဝဟောင်းကို စွန့်ခွာသွားတော့သည်။ ဥပမာအားဖြင့် သေခါနီး လူမမာတစ်ဦးသည် မကြာခဏ သတိလစ်မေ့မြောလိုက် ပြန်လည်သတိရလိုက် ဖြစ်တတ်သည်။ ထိုသို့ သတိလစ်မေ့မြောနေသည့်အချိန်ကို အသက်ဝိညာဉ်သည် နောက်ဘဝသစ်တစ်ခုကို မှီတွယ်ရန်အတွက် လိုက်လံရှာဖွေနေခြင်း ဖြစ်သည်။ သေချာသည့် မှီတွယ်ရာ ဘဝသစ် မတွေ့ရှိရသေးသဖြင့် အသက်ဝိညာဉ်သည် လူမမာထံသို့ ပြန်လာသောအခါ သတိပြန်လည်လာခြင်း ဖြစ်သည်ဟု ဆိုကြသည်။
အမှန်စင်စစ် ထိုကဲ့သို့ သတိမေ့မြောနေခြင်းသည် နှလုံးသွေးခေါ် ဟဒယရုပ်ဝတ္ထု အားနည်းနေသဖြင့် စိတ်ဝိညာဉ် မနောဓာတ် အားနည်းနေခြင်း ဖြစ်သည်။ ထိုသို့ အားနည်းနေချိန်၌ မျက်စိအသိ၊ နားအသိ၊ ကိုယ်ကာယအသိ (ပဉ္စဝိညာဉ်စိတ်) များ ဖြစ်ပေါ်နိုင်စွမ်းမရှိဘဲ မနောဓာတ်အတွင်းမှာသာလျှင် အသိသဘော ဖြစ်ပေါ်နေသည်။ ထို့ကြောင့် အမြင်အာရုံ၊ အကြားအာရုံ အစရှိသော ပြင်ပပတ်ဝန်းကျင်နှင့် အဆက်အသွယ် ပြတ်နေသည်ကို သတိမေ့မြောနေသည်ဟု ခေါ်ဆိုရသည်။
မနောဓာတ်အတွင်း၌ အတိတ်ကာလက ဖြစ်ခဲ့ဖူး သိခဲ့ဖူးသော အာရုံများကို ပြန်လည်သိရှိနေခြင်း ဖြစ်သည်။ ဤသို့ မနောဓာတ်အတွင်း၌ရှိသော အာရုံကို ပြန်လည်သိရှိနေခြင်းကို နားမလည်သဖြင့် အသက်ဝိညာဉ်သည် အပြင်သို့ ထွက်ခွာလျှောက်သွားနေသည်ဟု ယူဆကြခြင်းဖြစ်သည်။ အသက် သို့မဟုတ် ဝိညာဉ်သည် ခန္ဓာကိုယ်အပြင်ဘက်သို့ ထွက်ခွာသွားခြင်း မရှိချေ။ ထိုသို့ သွားနိုင်ရန် အကောင်အထည်လည်း မဟုတ်ချေ။
ထို့ကြောင့် ပိုးလောက်လမ်းအကောင်ကဲ့သို့ ဝိညာဉ်သည် ဘဝနှစ်ခုကို ခွလျက် တွယ်ကပ်နိုင်ခြင်း မရှိချေ။ အဘိဓမ္မာသဘောအရ ရှေ့စိတ်တစ်ခု ချုပ်ငြိမ်းပြီးသောအခါမှ နောက်စိတ်တစ်ခု အသစ်ဖြစ်ပေါ်လေ့ရှိသည်။ ဤသို့ အဆက်မပြတ် ဆက်ကာ ဆက်ကာ ဖြစ်ပျက်နေသော စိတ်အစဉ်အတန်းဖြစ်စဉ်...
စာမျက်နှာ-651
တစ်ခုမျှသာ ရှိသည်။ စိတ်ဝိညာဉ်၏ သက်တမ်းကာလမှာ တစ်စက္ကန့်၏ အပုံ ကုဋေတစ်သိန်းပုံ တစ်ပုံမျှသာ ရှိကြောင်း မြတ်စွာဘုရား ဟောကြားထားသည်။ ဤမျှ သက်တမ်းတိုသည့် စိတ်ဝိညာဉ်သည် ဘဝနှစ်ခုကို ခွဲထားရန်၊ တစ်ခုမှ တစ်ခုသို့ လှမ်းကူးရန် အချိန်မရှိ၊ ဖြစ်ပြီးနောက် ကာလမဆိုင်းဘဲ ချုပ်ပျက်သွားလေသည်။ ဘဝသစ်ကို လှမ်းတွယ်ပြီးမှ ဘဝဟောင်းကို စွန့်လွှတ်သည်ဟု ဆိုလျှင် သတ္တဝါတစ်ဦးသည် ဘဝနှစ်ခု၌ တပြိုင်နက် ပူးတွဲရပ်တည်နိုင်သည်ဟု ဆိုရာရောက်၏။ ထိုသို့ မဖြစ်ကောင်းချေ။ ထို့ကြောင့် “လောက်လမ်းသဖွယ် ဝိညာဉ်တွယ်” ဟူသောစကားကို အနှစ်သာရအားဖြင့် မမှတ်ယူဘဲ ဘဝဟောင်း စိတ်ဝိညာဉ် ချုပ်ပျက်ပြီးမှသာလျှင် ဘဝသစ်၌ စိတ်ဝိညာဉ်အသစ် ဖြစ်ပေါ်ခွင့် ရှိသည်။ ဘဝသစ်ဝိညာဉ်ဖြစ်ပြီးမှ ဘဝဟောင်းဝိညာဉ်ချုပ်သည်ဟု ယူဆပါက သဿတဒိဋ္ဌိ သို့ သက်ဝင်သည်။
ဘဝသံသရာ
သတ္တဝါတစ်ဦးသည် အတိတ်ဘဝဟောင်း များစွာ ဖြစ်ခဲ့ဖူး၍ ယခုပစ္စုပ္ပန်ဘဝ၌ ရှိနေသည်။ နောင်အနာဂတ်တွင်လည်း ဘဝပေါင်းများစွာ ဆက်လက် ဖြစ်နေဦးမည်ဖြစ်သည်။ သတ္တဝါတစ်ဦးအတွက် မည်သည့် အချိန်က စတင်ဖြစ်ပေါ်ခဲ့သည်ကို မသိနိုင် မသိအပ်၊ အစမထင်သည့် (အနမတဂ္ဂ) သံသရာဟု ခေါ်ဆိုကြသည်။ ထို့ကြောင့် သတ္တဝါတစ်ဦးအတွက် သံသရာသည် အစမရှိ၊ သို့ရာတွင် အဆုံးရှိသည်။ အာသဝေါကုန်ခန်း ရဟန္တာဖြစ်သည့်အခါ ပရိနိဗ္ဗာန်စံရ၍ ထိုသတ္တဝါအတွက် သံသရာအဆုံးသတ်တော့သည်။ ထို့ကြောင့် သံသရာသည် အစမရှိသော်လည်း အဆုံးရှိသည်။ ဤအာကာသကောင်းကင်ကြီးမှာမူ အစကို ကြိုက်သည့် နေရာမှ စနိုင်သည်။ သို့ရာတွင် အဆုံးမရှိ။
ထို့ကြောင့် အစမရှိသော်လည်း အဆုံးရှိသော သံသရာ၌ မိမိအတွက် သံသရာဝဋ်ဒုက္ခတိုအောင် ကြိုးစားအားထုတ်ကြရမည် ဖြစ်သည်။
စာမျက်နှာ-652
အခန်း ၂၃ - ကံကြမ္မာ)
ကောင်းသော ကံကိုလည်းကောင်း၊ မကောင်းသော ကံကို လည်းကောင်း “ကံ” ဟု ခေါ်ကြသည်။ “ကြမ္မာ” ဟူသောစကားကိုမူ မကောင်းသည့် ဘက်၌ သုံးနှုန်းကြသည်၊ မကောင်းသောကံ ဆိုးဒသာကံကို ကြမ္မာဟု သုံးနှုန်းကြသည်။ ဒုက္ခရောက်အောင် ပြောမှားဆိုမှား အလုပ်အကိုင်မှားခြင်းကို ကြမ္မာငင်သည် ဟု ဆိုကြသည်။
ယင်းသို့ ကံကြမ္မာ အဆိုးအကောင်း ရှိရာတွင် ကောင်းသော ကံကိုသာ ပြုလုပ်မိရန် သမ္မာဒိဋ္ဌိ ဖြောင့်မှန်သော အယူဝါဒ ရှိရန် လိုအပ်ပေသည်။ မှားယွင်းသော မိစ္ဆာဒိဋ္ဌိအယူ ရှိနေပါက ကံဆိုးကြမ္မာဆိုးကို ပြုလုပ်မိပေလိမ့်မည်။ ထို့ကြောင့် မိစ္ဆာဒိဋ္ဌိအဖြစ်မှ လွတ်မြောက်၍ သမ္မာဒိဋ္ဌိဖြစ်နိုင်ရန် ရှင်းပြပါဦးမည်။
သမ္မာဒိဋ္ဌိနှင့် မိစ္ဆာဒိဋ္ဌိ
လူသည် စဉ်းစားတွေးခေါ် မြော်မြင်တတ်သော အလေ့အထရှိသဖြင့် နောက်ဘဝ ရှိ၊ မရှိ ပြဿနာနှင့် ပတ်သက်၍လည်းကောင်း၊ ငရဲပြည် နတ်ပြည်များ ရှိ၊ မရှိ ပြဿနာနှင့် ပတ်သက်၍လည်းကောင်း၊ ကောင်းမှုကုသိုလ်နှင့် မကောင်းမှုအကုသိုလ် ရှိ၊ မရှိ ပြဿနာနှင့် ပတ်သက်၍လည်းကောင်း အမျိုးမျိုး တွေးခေါ် ယူဆကြသည်။ အချို့က သတ္တဝါသေလျှင် ပြတ်စဲသွားပြီးနောက် ဘဝမရှိ၊ ဤဘဝတွင် ပြုလုပ်ခဲ့သော အမှုများအတွက် ကောင်းကျိုးဆိုးပြစ်များ ခံရန် စံရန် မလိုတော့ချေ။ တစ်ဖန် အချို့က ဆိုကြပြန်သည်။ နောက်ဘဝ ရှိသည်။ ဤဘဝတွင် သူတစ်ပါး၏ ကောင်းကျိုးကို သယ်ပိုးခဲ့ကြသော သတ္တဝါများသည် သေဆုံးပြီးနောက် ကောင်းကင်ဘုံ (ဝါ) ချမ်းသာသုခနှင့် ပြည့်နေသော သုခဝတီဘုံ (ဝါ) နတ်ပြည်သို့ ရောက်ရှိ၍ ချမ်းသာသုခ ခံစားကြရသည်။ ဘယ်သောအခါမျှ မသေနိုင်သည့် ထာဝရအသက်ကို ရရှိကြသည်။ သူတစ်ပါးကို နှိပ်စက်ညှဉ်းပန်း အကျိုးမဲ့ ပြုခဲ့ကြသူများသည် သေဆုံးပြီးနောက် ငရဲဘုံသို့ ရောက်၍ ဆင်းရဲဒုက္ခများကို အဆုံးအပိုင်းအခြား မရှိသော ကာလပတ်လုံး ဒုက္ခခံစားနေကြရသည်ဟု ယုံကြည်ယူဆကြသည်။ တစ်ဖန် အချို့က ယခုဘဝနှင့် နောက်ဘဝ နှစ်ဘဝသာ ရှိသည်ဟု ယူဆကြသည်။ အချို့ကမူ ယခုဘဝသို့ မရောက်လာမီ ရှေးယခင်ဘဝပေါင်း များစွာ...
စာမျက်နှာ-653
ရှိခဲ့သည်၊ အစမထင် အနမတဂ္ဂ ဟု ဆိုကြသည်။ (အန + မတ + အဂ္ဂ၊ အန = မ + မတ = သိခြင်း + အဂ္ဂ = အစအဦး။) လွန်ခဲ့ပြီးသော အတိတ်ဘဝများမှာ များပြားလွန်းသဖြင့် နောက်ကြောင်းပြန်၍ စဉ်းစားသော်လည်း အစအဦးဆုံး ဘဝကို မသိနိုင်ဟု ဆိုလိုသည်။ ထို့ပြင် နောက်ဘဝများလည်း နိဗ္ဗာန်သို့ မရောက်မချင်း ဘဝပေါင်းများစွာ အသင်္ချေအနန္တ ဆက်လက် ဖြစ်နေရဦးမည်ဟု ယုံကြည်ကြသည်။
ကောင်းမှုကုသိုလ်ဆိုရာမှာလည်း အချို့က သတ္တဝါ လူချွတ်မှ ကျွတ်သည်ဟု ယူဆ၍ ပိုးမွှားတိရစ္ဆာန်များကို တမင်တကာ ကုသိုလ်ရလို၍ သတ်ဖြတ်ကြသည်။ များများသတ်နိုင်ပါက များများကုသိုလ်ရသည်ဟု ယူဆ၍ ခရု တစ်တင်းသား တစ်ခွဲသား ပြုတ်၍ သွန်ကြသည်။ သတ္တဝါများ၏ လည်ကို လှီးကြသည်။ သတ္တဝါတို့ကို သတ်ဖြတ်၍ ယဇ်ပူဇော်ကြသည်။ အချို့က ဤသို့ သတ်ဖြတ် နှိပ်စက်ခြင်းသည် မကောင်းမှု အကုသိုလ်ဟု ဆိုကြပြန်သည်။ သတ်ဖြတ် နှိပ်စက် ညှဉ်းပန်းခြင်း အလုပ်မှ ရှောင်ကြဉ်ရမည်။ သတ္တဝါတို့၏ အကျိုးစီးပွားကို ဆောင်ရွက်ရမည်။ သတ္တဝါများ အသက်ရှည်အောင် ကျန်းမာ ချမ်းသာအောင် ကူညီထောက်ပံ့မှု ပြုရမည်ဟု ဆိုကြသည်။ အချို့ကမူ ကောင်းမှုကုသိုလ်နှင့် မကောင်းမှုအကုသိုလ် နှစ်မျိုးလုံးကို ပစ်ပယ်၍ ကောင်းမှုကုသိုလ်ဟူ၍လည်း မရှိ၊ မကောင်းမှု အကုသိုလ်ဟူ၍လည်း မရှိ၊ “တော်သလို နေ၊ ထင်သလို လုပ်” ဟူသော အယူအဆကို လက်ခံထားကြပြန်သည်။
တစ်ဖန် ကောင်းမှုကုသိုလ် ရှိသည်ဟု ယူဆထားသော သူများသည် ယင်းကောင်းမှုကုသိုလ်များ၏ အကျိုးဆက်ဖြစ်သော ချမ်းသာသုခကို ခံစားနိုင်ရန် နတ်ပြည် ဗြဟ္မာပြည် ရှိသည်။ မကောင်းမှုအကုသိုလ်တို့၏ အကျိုးဆက်ကို ခံစားရန်အတွက် ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်ဟု ခေါ်သော အပါယ်ဘုံများ (ဒုက္ခဘုံများ) ရှိသည်ဟု ယူဆယုံကြည်ကြပြန်သည်။
ဤသို့ အမျိုးမျိုးယုံကြည်နေကြသော အယူအဆများအနက် မည်သည့်အယူအဆသည် မှန်ကန်ပါသနည်း။ မည်သည့် အယူအဆသည် မှားယွင်းပါသနည်း။ မှန်ကန်သော အယူဝါဒကို သမ္မာဒိဋ္ဌိ ဟုခေါ်၍ မှားယွင်းသော အယူဝါဒကို မိစ္ဆာဒိဋ္ဌိ ဟု ခေါ်ရသည်။ မည်သည့်ဘာသာတရားမှာမဆို သမ္မာဒိဋ္ဌိနှင့် မိစ္ဆာဒိဋ္ဌိ ခွဲခြားမှုရှိသည်။ (သမ္မာ + ဒိဋ္ဌိ၊ သမ္မာ = ဖြောင့်မှန်သော + ဒိဋ္ဌိ = အယူ၊ သိမြင်ခြင်း။ မိစ္ဆာ + ဒိဋ္ဌိ၊ မိစ္ဆာ = မှားယွင်းဖောက်ပြန် မမှန်ကန်သော + ဒိဋ္ဌိ = အယူ၊ သိမြင်ခြင်း။)
စာမျက်နှာ-654
ကမ္မသကတာသမ္မာဒိဋ္ဌိ
မှန်ကန်စွာ သိမြင်သော ဉာဏ်အမြင်ကို သမ္မာဒိဋ္ဌိ ဟု ခေါ်ဆိုရသည်။ နောက်ဘဝရှိမရှိ ပြဿနာ၌ နောက်ဘဝအမှန်တကယ်ရှိသည်ဟု သိမြင်ခြင်းသည် သမ္မာဒိဋ္ဌိမည်၏။ မိမိပြုလုပ်သည့် ကုသိုလ်ကံ အကုသိုလ်ကံတို့၏ ကောင်းကျိုးဆိုးပြစ်ကို နောက်ဘဝ အဆက်ဆက်တွင် ခံစားစံစားရမည်ဟု သိမြင်ယုံကြည်ခြင်းသည် သမ္မာဒိဋ္ဌိမည်၏။ ယင်းကဲ့သို့ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ ကောင်းကျိုးဆိုးပြစ်ကို ခံစားစံစားရန်အတွက် နတ်ပြည် ဗြဟ္မာ့ပြည်နှင့် အပါယ်ဘုံများလည်း ရှိရမည်ဟု ယုံကြည်ခြင်းသည် သမ္မာဒိဋ္ဌိမည်၏။
ထို့ကြောင့် “သမ္မာဒိဋ္ဌိ = ဖြောင့်မှန်သောအယူ” ဟူသည် ကောင်းမှုကုသိုလ်နှင့် မကောင်းမှုအကုသိုလ်ဟူ၍ ရှိသည်။ နောက်ဘဝရှိသည်၊ အပါယ်ဘုံနှင့် နတ်ဘုံ ဗြဟ္မာ့ဘုံများ ရှိသည်။ သတ္တဝါသည် မိမိပြုလုပ်သော ကုသိုလ်ကံ အကုသိုလ်ကံအလျောက် ဤလူ့ဘုံနှင့် ငရဲဘုံ နတ်ဘုံ ဗြဟ္မာ့ဘုံများတွင် ကောင်းကျိုးဆိုးပြစ်ကို ခံစားစံစားရသည်။ ထို့ကြောင့် သတ္တဝါသည် ကံသာလျှင် မိမိကိုယ်ပိုင်ဥစ္စာရှိသည်ဟု သိမြင်ခြင်း = ကမ္မသကတာဉာဏ် ကို ရှင်းလင်းပြတ်သားစွာ ဝေဖန်သိမြင်ပိုင်းခြား နားလည်ထားရမည်။ (ကမ္မ + သကတာ၊ ကမ္မ = ကုသိုလ်ကံ အကုသိုလ်ကံ + သကတာ = ကိုယ်ပိုင်ဥစ္စာရှိသည်၏အဖြစ်။) ထို့ကြောင့် အကျဉ်းချုပ်အားဖြင့် ကုသိုလ်ကံ အကုသိုလ်ကံကိုလည်းကောင်း၊ ယင်းကံတို့၏ ကောင်းကျိုးဆိုးကျိုးကိုလည်းကောင်း သိမြင်မှု ကမ္မသကတာဉာဏ်နှင့် ပြည့်စုံလျှင် သမ္မာဒိဋ္ဌိဖြစ်ပြီဟု သတ်မှတ်ရသည်။
မည်သူမဆို ပုထုဇဉ်အဆင့်တွင် နောက်ဘဝ ရှိမရှိ ဆုံးဖြတ်ယူဆချက်သည် ကိုယ်တိုင်သိခြင်း မဟုတ်ပေ၊ မိမိတို့အကြိုက် မိမိတို့ဓာတ်ခံ မိမိတို့အစွဲအလမ်းကို အခြေခံပြီး ဆုံးဖြတ်ထားခြင်းသာ ဖြစ်သည်။ နောက်ဘဝရှိသည်ဟု ယူဆသူများသည် နောက်ဘဝရှိခြင်းကို သဘောကျနှစ်ခြိုက်သောကြောင့် ဖြစ်သည်။ နောက်ဘဝမရှိဟု ယူဆသူများသည် နောက်ဘဝမရှိခြင်းကို သဘောကျနှစ်ခြိုက်သောကြောင့် ဖြစ်သည်။ ပုထုဇဉ်လူသား၏ အတွေးအခေါ် ခံယူချက်နှင့် ဝါဒများသည် မိမိအကြိုက်နှင့် မိမိအကျိုးကို ရှေ့တန်းတင်၍ ဖြစ်ပေါ်လာသည်ချည်း ဖြစ်သည်။
နောက်ဘဝကြိုက်သူနှင့် ကြောက်သူ
“မကောင်းမှု ပြုလျှင် မကောင်းကျိုး ခံစားရမည်၊ ကောင်းမှု ပြုလျှင် ကောင်းကျိုးခံစားရမည်” ဟူသော ကြောင်းကျိုးဆက်နိယာမအရ နောက်ဘဝသာ ရှိမည်ဆိုလျှင် မကောင်းမှုပြုသူသည် နောက်ဘဝတွင် မကောင်းကျိုး...
စာမျက်နှာ-655
ခံရဦးမည်ဖြစ်သည်။ ကောင်းမှုပြုသူသည် နောက်ဘဝ၌ ကောင်းကျိုးခံရဦးမည်ဖြစ်သည်။ ထို့ကြောင့် မကောင်းမှုပြုသူများသည် မကောင်းကျိုးခံရမည်ကို ကြောက်၍ နောက်ဘဝမရှိလျှင် ကောင်းမည်ဟုဆို၍ နောက်ဘဝမရှိခြင်းကို ကြိုက်နှစ်သက်ကြသည်။ ကောင်းမှုပြုသူများမှာမူ နောက်ဘဝတွင် ကောင်းကျိုးခံစားရမည်ကို မျှော်လင့်၍ နောက်ဘဝရှိလျှင် ကောင်းမည်ဟုဆိုပြီး နောက်ဘဝရှိခြင်းကို ကြိုက်နှစ်သက်ကြသည်။ သို့ရာတွင် ယင်းတို့နှစ်ဦးစလုံး ယုံကြည်ချက်သည် အကြိုက်ဟုခေါ်သော တဏှာလောဘ က ဦးဆောင်နေသောကြောင့် မခိုင်မြဲသည့်သဘော ရှိသည်။ ဤယုံကြည်ချက်သည် တစ်ချိန်ချိန်တွင် တုန်လှုပ်ချောက်ချားတတ်သည်။ ဝေဖန်ဉာဏ်နှင့်ယှဉ်သည့် ယုံကြည်ချက်မျိုးသာ ခိုင်မြဲသည့် ယုံကြည်ချက် ဖြစ်သည်။
နောက်ဘဝရှိသူနှင့် မရှိသူ နှိုင်းယှဉ်ချက်
နောက်ဘဝ ရှိ၊ မရှိ ပြဿနာကို စဉ်းစားရာ၌ နောက်ဘဝရှိသည်ဟု ယုံကြည်ချက်နှင့် နောက်ဘဝမရှိဟု ယုံကြည်ချက် နှစ်ခုအနက် မည်သည့်အချက်က ပိုပြီး မြင့်မြတ်မှန်ကန်သည်၊ အကျိုးရှိသည်ကို နှိုင်းယှဉ်ပြပါမည်။
ဦးဖြူ နှင့် ဦးမဲ အမည်ရှိ လူနှစ်ယောက်ရှိသည် ဆိုပါစို့။ ဦးဖြူက နောက်ဘဝရှိသည်ဟု ယုံကြည်သည်။ ဦးမဲက နောက်ဘဝမရှိဟု ယုံကြည်သည်။
ဦးမဲသည် နောက်ဘဝမရှိဟု ယုံကြည်သူဖြစ်သည့်အတွက် နောက်ဘဝ၌ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏ အကျိုးခံစားရမည်မဟုတ်ဟု လက်ခံယုံကြည်ပြီး ဖြစ်သွားသည်။ ကာယကံ၊ ဝစီကံ၊ မနောကံ ဟူသော အလုပ်များသည် ဤဘဝမှာပင် ကုန်ဆုံးပြီး ဖြစ်သည်ဟု ယုံကြည်ပြီး ဖြစ်သွားသည်။ ထို့ကြောင့် ဦးမဲသည် ဤဘဝ၌ ရာဇဝတ်ပြစ်ဒဏ်လွတ်လျှင် ပြီးသည်။ မကောင်းမှု အကုသိုလ်များကို လူမသိအောင် ပိပိရိရိ ကျူးလွန်ရန် ဝန်မလေးတော့ချေ။ အကယ်၍သာ ဦးမဲသည် ဥပဒေအာဏာစက် မသက်ရောက်သည့် နေရာဒေသဖြစ်နေလျှင် မကောင်းမှု ယုတ်မာမှုတွေကို ပြောင်ကျကျ ကျူးလွန်မည် ဖြစ်သည်။ ဦးမဲအဖို့ နောက်ဘဝ “ကံ၊ ကံ၏အကျိုး” ဆိုသည့် အထိန်းအကွပ်က မရှိသည့်အပြင် ဤဘဝတွင်လည်း လူ့ပတ်ဝန်းကျင်ကို ဂရုစိုက်စရာမလိုသည့် အခြေအနေကို ရောက်နေမည်ဆိုလျှင် မကောင်းမှု အကုသိုလ်မှန်သမျှကို ပြောင်ပြောင်တင်းတင်း လုပ်မည် ဧကန်ဖြစ်သည်။ ဘာကိုမျှ အနစ်နာမခံဘဲ သူကချည်း အသာယူမည်မှာ ဧကန်ဖြစ်သည်။ လှူဒါန်းမှု၊ ပေးကမ်းစွန့်ကြဲမှု၊ ကိုယ်ကျင့်တရား ထိန်းသိမ်းမှု၊ ကိုယ်ချင်းစာတရား လက်ကိုင်ထားမှု၊ သည်းခံခွင့်လွှတ်မှု စသည့် မြင့်မြတ်သည့် အမှုမျိုးကို မလုပ်မည့်ဘက်က များသည်။ “ရော့ပတ္တမြား၊ ရော့နဂါး” ဆိုသလို...
စာမျက်နှာ-656
လက်ငင်းသမား ဖြစ်သည့်အတွက် ဦးမဲသည် လက်ငင်း အကျိုးမရှိလျှင် ဘာကိုမျှ လုပ်မည် မဟုတ်ပေ။ လက်ငင်း စားသာမည် ဆိုလျှင် ဘနဖူး သိုက်တူးမည့် လူစားမျိုး ဖြစ်ဖို့ သေချာသည်။
ဦးဖြူကား နောက်ဘဝရှိသည်ဟု ယုံကြည်ထားသည့်အတွက် နောက်ဘဝ၌ ကုသိုလ်ကံ၊ အကုသိုလ်ကံများ၏ အကျိုးကို ခံစားရဦးမည်ဖြစ်သည်ဟု ယူဆသူဖြစ်သည်။ မကောင်းမှုအကျိုးကို ဤဘဝ၌ မခံရသော်လည်း နောက်ဘဝကျလျှင် မလွှတ်တမ်း ခံရဦးမည်ဟု ယုံကြည်သူဖြစ်သည်။ ထို့ကြောင့် မကောင်းမှု ပြုရမည်ကို ကြောက်တတ်သူဖြစ်သည်။ သူတစ်ပါးအပေါ် ပြုသမျှ မိမိလည်း အလားတူ ခံရလိမ့်ဦးမည်ဟု ယုံကြည်သည့်အတွက် ကိုယ်ချင်းစာတရားလည်း လက်ကိုင်ထားတတ်သည်။
နောက်ဘဝ၌ ကောင်းကျိုးချမ်းသာ ရလိုသည့်အတွက် ပေးကမ်းဝေမျှခြင်း၊ ကူညီဆောင်ရွက်ခြင်း၊ ကိုယ်ကျိုးစွန့်ပြီး အနစ်နာခံခြင်း၊ မေတ္တာကရုဏာ ရှေ့ထားခြင်း စသည့် ကောင်းမြတ်သည့် အလုပ်များကို အနည်းနှင့်အများ လုပ်သည်။ ဥပမာအားဖြင့် တောလမ်းခရီးသွားရာ၌ လမ်းဘေးရေအိုင်က ရေကို ဖက်ရွက်ကန်တော့ဖြင့် သယ်ယူ၍ သောက်သောလူသည် ရေသောက်ပြီးပါက ထိုဖက်ရွက်ကို ယုယသိမ်းဆည်းမထားဘဲ ပစ်ထားခဲ့သည်။ မိမိအိမ်က သောက်ရေခွက်ကိုမူ နေ့စဉ် ဆေးကြောပြီး ရိုသေစွာ ထားလေ့ရှိသည်။ ဆိုလိုသည်မှာ တောထဲက ဖက်ရွက်သည် ဤလူ၏ နက်ဖြန်ခါနှင့် မသက်ဆိုင်။ အိမ်က သောက်ရေခွက်သည် ဤသူအတွက် နက်ဖြန်ခါတွေ အများကြီး ကျန်ရှိနေသေးသည်။ ထို့ကြောင့် နက်ဖြန်ခါအတွက် ရိုသေစွာ ယုယနေခြင်း ဖြစ်သည်။ ဤအတိုင်းပင်ဖြစ်သည်။ နောက်ဘဝမရှိဟု ယုံကြည်သော ဦးမဲသည် နက်ဖြန်ခါဆိုသည့် နောက်ဘဝအတွက် ဘာမျှ အရေးစိုက်စရာ မလိုတော့ပေ။ နောက်ဘဝရှိသည်ဟု ယုံကြည်သော ဦးဖြူကား နက်ဖြန်ခါအတွက် သောက်ရေခွက်ကလေးကို တရိုတသေ သိမ်းသကဲ့သို့ နောက်ဘဝအတွက် မကောင်းမှုကို ရှောင်ပြီး ကောင်းမှု ပြုလုပ်နေရပေသည်။ ညောင်စေ့လောက် လှူလျှင် ညောင်ပင်ကြီးလောက် အကျိုးရနိုင်သည်ဆိုသည့် ယုံကြည်ချက်နှင့် မိမိပစ္စည်းကို စွန့်လွှတ်သည်၊ ကိုယ်ကျိုးအနစ်နာခံသည်။
နောင်ဘဝ မရှိခဲ့သော်
ဦးမဲ၏ ယုံကြည်ချက်အတိုင်း နောက်ဘဝ တကယ်မရှိဘူး ဆိုကြပါစို့။ နောက်ဘဝမရှိသည့်အတွက် ဦးဖြူသည် သူမျှော်မှန်းခဲ့သည့် ကောင်းကျိုးများ မခံစားရတော့ပေ။ နောင်တမလွန်အကျိုးကား ဆုံးရှုံးသွားပြီဟု ဆိုရပေသည်။
စာမျက်နှာ-657
သို့ရာတွင် ဤပစ္စုပ္ပန်ဘဝတွင် ဦးဖြူသည် ကိုယ်ကျိုးအနစ်နာခံပြီး သူတစ်ပါးကောင်းကျိုးပြုခဲ့သည့်အတွက် လူအပေါင်း၏ ချီးမွမ်းမှုကို ခံရမည်။ ဦးဖြူ အသက်ရှင်စဉ် ငါတို့ကို ဘယ်လို ကျွေးမွေးသည်၊ ဘယ်လို ရက်ရောသည်။ ဦးဖြူဆောက်ခဲ့သည့် တံတား၊ ဒီလမ်းက ဗွက်တွေကို ဦးဖြူဖြိုခဲ့သည်၊ ဤကား ဦးဖြူတူးခဲ့သည့် ရေတွင်း ရေကန် ဖြစ်သည်။ ဤသည်တို့ကား ဦးဖြူစိုက်ခဲ့သည့် သရက်ပင်၊ အုန်းပင်၊ ထန်းပင်များ ဖြစ်သည်။ ဤသည်ကား ဦးဖြူဆောက်သည့် ဇရပ်၊ ကျောင်း၊ ဘုရား စသည်ဖြင့် ဦးဖြူ၏ ဂုဏ်သတင်းကို ဝိုင်းဝန်းချီးကျူးကြမည်ဖြစ်သည်။ ဦးဖြူကို ဝိုင်းဝန်းချစ်ခင် လေးစားကြသည်၊ ဦးဖြူသည် ဤလောက၌ ချီးကျူးခံရပေသည်။ လက်ရှိ လူ့ဘောင်လူ့အဖွဲ့အစည်းကြီးသည် ဦးဖြူနှင့် ပတ်သက်ပြီး ကောင်းကျိုးချမ်းသာကို ခံစားရပေသည်။
ဦးမဲအဖို့ကား နောက်ဘဝအတွက် ဘာအကျိုးမျှ မမျှော်မှန်းခဲ့သည့်အတွက် နောင်တမလွန်အကျိုး ဆုံးရှုံးခြင်း မရှိပေ။ သို့ရာတွင် ဦးမဲသည် သူ့သက်တမ်းတစ်လျှောက်မှာ မကောင်းမှု ယုတ်မာမှုများကို ပြုလုပ်ခဲ့ပြီး လူ့အကျိုးပြု လုပ်ငန်းများ ဘာမျှ မလုပ်ခဲ့သောကြောင့် လူ့ပတ်ဝန်းကျင်က ရှုတ်ချကဲ့ရဲ့ကြမည်။ ဦးမဲတစ်ယောက် လူ့လောကရောက်လာခြင်းသည် လူ့ပတ်ဝန်းကျင်အတွက် အနှောင့်အယှက် ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်ခဲ့ရသည်။ ထို့ကြောင့် နောက်ဘဝ မရှိဘူးဆိုလျှင်ပင် ဦးမဲသည် ပစ္စုပ္ပန်ဘဝတွင် လူကဲ့ရဲ့ခံရပေမည်။ လူမုန်းခံရပေမည်။
နောက်ဘဝ ရှိခဲ့သော်
အကယ်၍ နောက်ဘဝရှိသည်ဆိုသည့် ဦးဖြူ၏ ယုံကြည်ချက်သည် မှန်သည် ဆိုကြပါစို့။ ဦးဖြူသည် နောက်ဘဝတွင် သူမျှော်မှန်းခဲ့သည့် ကောင်းကျိုးချမ်းသာများကို ဧကန်ခံစားရပေမည်။ ဤပစ္စုပ္ပန်ဘဝ၌လည်း လူ့ပတ်ဝန်းကျင်၏ ကောင်းကျိုးကို ဆောင်ရွက်ခဲ့သောကြောင့် ဦးဖြူ၏ လုပ်ဆောင်ချက်များကို ဝိုင်းဝန်းချီးကျူးကြမည်။ ထို့ကြောင့် ဦးဖြူသည် ပစ္စုပ္ပန်အကျိုး၊ တမလွန်အကျိုး နှစ်မျိုးလုံးကို ပြည့်စုံစွာရရှိသည့်အတွက် ပျော်ရွှင်ချမ်းမြေ့စွာ နေရပေမည်။
ဦးမဲအတွက်ကား အထူးပြောစရာ မလိုတော့ချေ။ တစ်သက်လုံး မကောင်းမှုတွေကို လုပ်ခဲ့သောကြောင့် လူ့ပတ်ဝန်းကျင်၏ ရှုတ်ချကဲ့ရဲ့ခြင်းကိုလည်း ခံရမည်၊ တမလွန်ဘဝ၌လည်း မကောင်းမှုအကုသိုလ်၏ အကျိုးများ ပူလောင်စပ်ခါး ပြင်းပြသောဝေဒနာများ ဆင်းရဲဒုက္ခများကို ခံစားရဦးမည်၊ ဦးမဲသည် ပစ္စုပ္ပန်အကျိုး၊ တမလွန်အကျိုး နှစ်မျိုးလုံး ဆုံးရှုံးရသည်။
စာမျက်နှာ-658
ထို့ကြောင့် နောက်ဘဝရှိသည်ဟု ယုံကြည်ခြင်းသည် လူ့ဘောင် လူ့အဖွဲ့အစည်းအတွက် အလွန်ကျေးဇူးများလှပေသည်။ ယုံကြည်သည့် လူတိုင်းအတွက်လည်း ပစ္စုပ္ပန်အကျိုး၊ တမလွန်အကျိုး နှစ်ပါး ရရှိစေနိုင်သည်။ ဤအချက်များကို ကြည့်လျှင် နောက်ဘဝရှိသည်ဟု ယုံကြည်ခြင်းက ပိုမိုမြင့်မြတ်ကြောင်း ထင်ရှားပေသည် (မဇ္ဈိမပဏ္ဏာသ၊ အပဏ္ဏကသုတ် )။
ကြောင်းကျိုးဆက်နည်းဖြင့် သက်သေပြပုံ
အကြောင်းကြောင့် အကျိုးဖြစ်မှု နိယာမတရားကို လေ့လာသုံးသပ်ကြည့်လျှင်လည်း နောက်ဘဝရှိကြောင်း သိနိုင်ပေသည်။ ပထမဦးဆုံး ရုပ်တရားအချင်းချင်း ကြောင်းကျိုးဆက်စပ်ပုံကို အနည်းငယ် ရှင်းပြပါဦးမည်။ အပူဓာတ်ကို ဖန်တီးခြင်းဖြင့် ရေနွေးငွေ့၊ ဓာတ်ငွေ့တွန်းကန်အားများ ဖြစ်ပေါ်လာသည်။ ဤတွန်းကန်အားကြောင့် မီးရထား၊ မော်တော်ကား၊ လေယာဉ်ပျံ၊ သင်္ဘောများ ရွေ့လျားသွားလာနေခြင်း ဖြစ်သည်။ ဤအရာဝတ္ထုများသည် အပူစွမ်းအင်ကြောင့် အရွှေ့စွမ်းအင် ဖြစ်လာပုံများ ဖြစ်သည်။ လက်ဝါးနှစ်ဖက်ကို ပွတ်လိုက်လျှင် ပူလာသည်ကို တွေ့ထိခံစားရသည်။ အလားတူပင် မာကျောသည့် ရုပ်ဓာတ်နှစ်ခုကို ပြင်းထန်စွာ ကြာရှည်စွာ ပွတ်တိုက်နေပါက မီးဖြစ်ပေါ်လာပေသည်။ ဤသို့ဖြစ်ခြင်းသည် အရွှေ့စွမ်းအင် (ဝါယော) ကြောင့် အပူစွမ်းအင် (တေဇော) ဖြစ်ပေါ်လာပုံ ဖြစ်သည်။
ဆွဲအား (အာပေါ) ကြောင့် ရုပ်ဖွဲ့စည်း သိပ်သည်းကျစ်လျစ်မာကျောလာခြင်းသည် ဆွဲအားကြောင့် အမာဓာတ် (ပထဝီ) ဖြစ်ပေါ်လာပုံ ဖြစ်သည်။ တစ်ဖန် မာကျောကျစ်လျစ် သိပ်သည်းမှုကြောင့် ဆွဲအား ပိုမိုပြင်းထန်လာခြင်းသည် အပြန်အလှန် ကြောင်းကျိုးဆက်စပ်မှုကြောင့် ဖြစ်သည်။ ထိုသို့ဖြစ်ခြင်းကြောင့် ရုပ်စွမ်းအင်များလည်း အချည်းနှီး အလဟဿ ကုန်ဆုံးသွားသည်မရှိ၊ စွမ်းအင်တစ်ခုမှ စွမ်းအင်တစ်ခုသို့ ပြောင်းလဲဖြစ်ပေါ်လာခြင်းသာ ဖြစ်သည်။ ဤစွမ်းအင်များကို အချည်းနှီး အလဟဿ ကုန်ဆုံးသွားအောင် ဖျောက်ဖျက်၍မရနိုင်ကြောင်း သိပ္ပံပညာရှင်များက ဆိုထားသည်။ ဤအဓိပ္ပာယ်မျိုးကို ပဋ္ဌာန်းပါဠိတော်၌ -
ဗာဟိရံ ဧကံ မဟာဘူတံ ပဋိစ္စ တယော မဟာဘူတာ
(ပြင်ပ၌ဖြစ်သော မဟာဘုတ်တစ်ခုကို အကြောင်းပြု၍ ကျန်မဟာဘုတ်သုံးခုတို့ ဖြစ်ကုန်၏။)
စသည်ဖြင့် ဟောကြားထားတော်မူသည်။
ဤရုပ်စွမ်းအင် (အကြောင်းတရား) များသည် အခြားရုပ်စွမ်းအင်တစ်မျိုး (အကျိုးတရား) ကို ဆက်ကာဆက်ကာ ဖြစ်ပေါ်စေနိုင်သကဲ့သို့ စိတ်စေတသိက်ဟူသော နာမ်ဓာတ်စွမ်းအင်များလည်း အကျိုးတစ်စုံတစ်ရာကို မဖြစ်စေဘဲ...
စာမျက်နှာ-659
အချည်းနှီး အလဟဿ ပျက်သုဉ်းမသွားနိုင်ပေ၊ တစ်စုံတစ်ခုသော အကျိုးကို ဖြစ်ပေါ်အောင် ဖန်တီးနိုင်စွမ်းရှိကြသည်။ ရှေးရှေးသော နာမ်ဓာတ်စွမ်းအားများသည် နောက်နောက်သော နာမ်ဓာတ်စွမ်းအားများကို ဖြစ်ပေါ်စေနိုင်ကြသည်။
ငယ်ငယ်က ကျက်မှတ်ထားသည့် ကဗျာလင်္ကာ စာပေများကို အသက် ၇၀-၈၀ အထိ မှတ်မိနေခြင်းသည် နာမ်ဓာတ်၏ စွမ်းအားဖြစ်သည်။ ရုပ်ခန္ဓာကိုယ်ကြီးကို သွားလာလှုပ်ရှားအောင် အမှုကိစ္စများ လုပ်ကိုင်ဆောင်ရွက်အောင် နာမ်တရားက လှုံ့ဆော်နေသည်။ နာမ်တရားက ပဲ့ကိုင်နေသည်ကို လူတိုင်းကိုယ်တွေ့ တွေ့နိုင်သည်။ ရုပ်ဓာတ်စွမ်းအင်များကို လွှမ်းမိုးအုပ်ချုပ် ထိန်းကိုင်ပြီး လိုသလို စေစားနိုင်သည့် နာမ်တရား၏ စွမ်းအင်သည် ရုပ်ဓာတ်စွမ်းအင်ထက် မနှိုင်းယှဉ်သာအောင် သာလွန်ကြီးမားကြောင်း ထင်ရှားသည်။
မည်မျှလောက် ပြင်းထန်သည့် အဏုမြူဗုံး၊ ဟိုက်ဒရိုဂျင်ဗုံးဖြစ်စေ၊ ဒုံးပျံလက်နက်ဖြစ်စေ လူသား၏ အသိဉာဏ်ပညာက တီထွင်ထား၍ လူသား၏ အသိဉာဏ်ကပင် ထိန်းချုပ်ပဲ့ကိုင်ထားသည်။ ထို့ကြောင့် “လူသာ ပဓာန” ဟု ပြောဆိုနေကြခြင်းသည် အသိဉာဏ်ဟူသော ဉာဏ်ဓာတ်စွမ်းအင်သာ ပဓာနဟု ဆိုလိုပေသည်။
အခိုင်းခံ အသုံးပြုခံဖြစ်သည့် ရုပ်ဓာတ်စွမ်းအင်များသည်ပင်လျှင် အကျိုးအဆက်ဆက် ဖြစ်ပေါ်စေနိုင်သည့် စွမ်းအားသတ္တိများ ရှိကြသည်ဆိုလျှင် ရုပ်ဓာတ်စွမ်းအင်များကို စေခိုင်းအသုံးချနေသည့် ရုပ်၏အရှင်သခင် နာမ်တရားအတွက်မူ ပြောစရာပင် မလိုတော့ချေ။ အလွန်အင်အားကြီးမားသည့် နာမ်ဓာတ်စွမ်းအင်ကြီးသည် ဤဘဝ သေဆုံးရုံနှင့် ကုန်ဆုံးပျက်သုဉ်းသွားပြီလော၊ ရုပ်ဓာတ်စွမ်းအင်များသည် အချင်းချင်း အပြန်အလှန် ကြောင်းကျိုးဆက်စပ်ပြီး ဆက်လက်ပေါ်နိုင်ပါလျက် နာမ်ဓာတ်စွမ်းအင်များအား သတ္တဝါသေဆုံးရုံနှင့် စွမ်းအင်များ အလိုအလျောက် ရပ်တန့်သွားရမည်၊ ရပ်စဲပြတ်စဲသွားရမည်ဆိုလျှင် ယုတ္တိမတန်ချေ။ ဤသို့ ရပ်စဲသွားသည်ဟု ပြောဆိုခြင်းသည် နာမ်ဓာတ်၏စွမ်းအင်ကို မသိသဖြင့် ပြောဆိုနေခြင်းဖြစ်မည်။ နာမ်ဓာတ်၏ စွမ်းအင်သည် အလွန်ကြီးမားသည့်အတွက် နှစ်ပေါင်းများစွာ၊ ဘဝပေါင်းများစွာ ကွာခြားနေသော်လည်း အကြောင်းအကျိုး ဆက်စပ်နိုင်စွမ်း ရှိသည်။ လွန်စွာကွာဝေးသည့် ဒေသသို့လည်း ပြောင်းရွှေ့ပြီး ကြောင်းကျိုးဆက်စပ် ဖြစ်စေနိုင်သည်။ နာမ်စွမ်းအင်အတွက် ကာလနှင့် ဒေသသည် မတားဆီးနိုင်ပေ။
စာမျက်နှာ-660
ထို့ကြောင့် နာမ်အကြောင်းတရားတစ်ခုသည် ကပ်ကမ္ဘာများစွာ ကွာခြားပြီး အကျိုးပေးနိုင်စွမ်း ရှိသည်ဟု ဆိုသည်။ ဤကြောင်းကျိုးဆက် နိယာမသဘောအရ သတ္တဝါသေလျှင် နာမ်ဓာတ်စွမ်းအင်များကြောင့် ဆက်လက်ပြီး နောက်ဘဝသစ်တစ်ခုကို ဖြစ်ပေါ်စေနိုင်သည်။ အကြောင်းတရားရှိလျှင် အကျိုးတရားဖြစ်ပေါ်မှု ဧကန်ရှိရပေမည်။
အကြောင်းအကျိုးဆက်စပ်မှု နိယာမသဘောအရ စွမ်းအင်တစ်ခုသည် အကြောင်းမဲ့သက်သက် ဖြစ်ပေါ်မလာနိုင်ပေ။ ရှေးရှေးစိတ်ဝိညာဉ် မရှိဘဲ နောက်စိတ်ဝိညာဉ်အသစ်တစ်ခုသည် မိမိအလိုလို စတင်မဖြစ်ပေါ်နိုင်ပေ။ စိတ်ဝိညာဉ်ဟူသည် ရုပ်တရားမှ ပေါ်ထွက်လာသည့် အကျိုးတစ်ခုဖြစ်သည်ဟု ရုပ်ဝါဒီများက ပြောကြလိမ့်မည်။ ရုပ်နှင့် စိတ်သည် သဘာဝချင်း မတူသောကြောင့် ရုပ်တရားမှ စိတ်ဖြစ်ပေါ်မလာနိုင်ပေ။ ကျောက်ခဲကို ကြိတ်၍ ဆီမထွက်သလို ရုပ်တရားတွေ ပေါင်းစပ်ရုံနှင့် နာမ်တရား ဖြစ်မလာနိုင်ပေ။ မူလကတည်းက ဆီရှိသည့် နှမ်းနှင့် မြေပဲဆံများကို ကြိတ်မှ ဆီရနိုင်သည်။ ထို့အတူပင် နာမ်တရားမှသာ နာမ်တရား ဖြစ်ပေါ်နိုင်သည်။ ရှေးရှေးစိတ်မှ နောက်နောက်စိတ် ဖြစ်ပေါ်လာရသည်။ စိတ်မရှိရာက စိတ်အသစ်တစ်ခု အလိုလို စတင်မဖြစ်နိုင်ပေ။
ထို့ကြောင့် ဤဘဝ၌ စိတ်ဝိညာဉ်တရားတွေ စတင်ဖြစ်ပေါ်ဖို့အတွက် ရှေးဘဝက စိတ်ဝိညာဉ် နာမ်တရားများသည် အကြောင်းတရားအဖြစ်နှင့် ကြိုတင်ရှိနှင့်ရပေမည်။ ဤဘဝပစ္စုပ္ပန်ဘဝဖြစ်ရန်အတွက် အတိတ်ဘဝတစ်ခု ရှိရမည်။ အတိတ်ဘဝ၏ အကျိုးဆက်အဖြစ်ဖြင့် ပစ္စုပ္ပန်ဘဝရှိသလို ပစ္စုပ္ပန်ဘဝအကျိုးဆက်အဖြစ်ဖြင့် နောက်ဘဝ (အနာဂတ်) တစ်ခု ရှိရဦးမည်မှာ ဧကန်ဖြစ်သည်ဟု သိနိုင်သည်။ ထို့ကြောင့် ကြောင်းကျိုးဆက်စပ်မှု နိယာမအရ ရှေးဘဝနှင့် နောက်ဘဝ ရှိကြောင်း သက်သေပြခြင်းဖြစ်သည်။
သေသူက ပူးကပ်ပြောခြင်း
တစ်ခါတစ်ရံ သေဆုံးသွားသူများသည် တစ္ဆေ၊ သရဲစသည့် ဘဝတစ်ခုကို ရောက်ပြီး နီးစပ်ရာ ဆွေမျိုးသားချင်းများ၏ ခန္ဓာကိုယ်ကို ပူးကပ်ပြီး ဟောင်းက အဖြစ်အပျက်များကို ပြန်လည်ပြောပြကြသည်ကို တွေ့ကြုံကြရသည်။ အချို့ လူသတ်မှုများသည် သက်သေမရှိ တရားခံ ရှာမရဖြစ်နေချိန်တွင် သေဆုံးသူက ပူးကပ်ပြီး လူသတ်မှု အဖြစ်အပျက်ကို အစုံအလင် ထုတ်ဖော်ပြောကြားမှုလည်း ရှိတတ်သည်။
စာမျက်နှာ-661
လူဝင်စားကို အထောက်အထားပြု
လူဝင်စားအကြောင်းကို ဗုဒ္ဓဘာသာ၊ ဂျိန်းဘာသာ၊ ဟိန္ဒူဘာသာများက လက်ခံထားကြသည်။ ထို့ကြောင့် ဤဘာသာအယူဝါဒကို လက်ခံကြသည့် အာရှတိုက်သားအားလုံးသည် လူဝင်စားရှိကြောင်း လက်ခံယုံကြည်ကြသည်။ လူဝင်စားရှိကြောင်းကို တရုတ်ပြည်၊ ဂျပန်ပြည် စသော အာရှတိုက်နိုင်ငံ အများစုက လက်ခံကြသည်။ သို့ရာတွင် ဥရောပတိုက်သားများသည် လူဝင်စား လက်မခံသောကြောင့် အာရှတိုက်သားများသည်လည်း မိမိလက်ခံထားပြီးဖြစ်သည့် မိရိုးဖလာဝါဒကို လက်ခံရမည်ကို ခပ်ရှက်ရှက် ဖြစ်နေကြသည်။ လူဝင်စား လက်ခံလိုက်လျှင် ခေတ်နောက်ကျသည်ဟု အပြောခံရမည်ကို စိုးရွံ့နေကြသည်။
ဥရောပတိုက်၌ လူဝင်စားမရှိသလောဟု မေးရန်ရှိသည်။ သူတို့၏ ဘာသာအယူဝါဒသည် အတိတ်ဘဝမရှိ၊ လူဘဝတစ်ဘဝသာ ရှိသည်၊ ထပ်ကာထပ်ကာ လူပြန်မဖြစ်နိုင်ပေ။ အလားတူ တိရစ္ဆာန်များလည်း တစ်ဘဝသာ ရှိသည်။ သေလျှင် နတ်ပြည်နှင့် ငရဲပြည် တစ်ခုခုတွင် စံစားခံစားနေရသည်။ လူ့ဘဝ တိရစ္ဆာန်ဘဝကို တစ်ခါပြန်မလာရတော့ပေ။ လူဝင်စားဝါဒကို လက်ခံလိုက်လျှင် ယင်းတို့၏ အယူဝါဒ ပျက်စီးသွားမည်။ ထို့ပြင် အတိတ်ဘဝအကြောင်းကို ပြန်ပြောင်းပြောပြနိုင်သည့် ကလေးငယ်များသည် မိမိ၏ အတိတ်ဘဝကို ပြန်ပြောမိလျှင် စိတ်မနှံ့သူ အရူးဟု စွပ်စွဲသမုတ်ခံကြရသည်။ ထို့ကြောင့် အတိတ်ဘဝအကြောင်း ပြန်ပြောတတ်သည့် ကလေးကို ယင်း၏ မိဘများက ပိတ်ပင်တားမြစ်ကြရသည်။ ဤသို့ ပိတ်ပင်တားမြစ်ထားသောကြောင့် ဥရောပတိုက်တွင် လူဝင်စားဝါဒ တိမ်မြုပ်နေရပေသည်။ ဤခေတ်တွင်ကား ဥရောပတိုက်သားများလည်း ဤလူဝင်စားပြဿနာကို သုတေသန ပြုလုပ်နေကြလေပြီ။
လူဝင်စားဖြစ်လာသည့် ကလေးငယ်သည် အတိတ်ဘဝက မြှုပ်ထားခဲ့သည့် ရွှေငွေများ ဖော်ထုတ်ပေးပုံ၊ အတိတ်ဘဝက သားသမီးများကို မှတ်မိပြီး သားသမီး၊ သားမယား၊ မိတ်ဆွေများကို ယခင်ဘဝ ပြောဆိုဆက်ဆံပုံအတိုင်း ဆက်ဆံပုံ၊ ယခင်ဘဝက နေခဲ့သည့် ရပ်ရွာနှင့် နေအိမ်ကို လမ်းပြသူမရှိဘဲ သွားတတ်ပုံ စသည်များကို မြန်မာလူမျိုးတိုင်း တွေ့ကြုံဖူးကြသည်။ ကြားဖူးကြသည်။ အားလုံးကလည်း အမှန်ဟု လက်ခံထားကြသည်။ ကိုယ်တွေ့ကြုံသူများ ယခုအထိ အသက်ရှင်ဆဲ ရှိနေကြသည်။
စာမျက်နှာ-662
(၁) သို့ဖြစ်၍ နောက်ဘဝရှိသည်ဟု ယုံကြည်လက်ခံခြင်းသည် လူ့ဘောင်လူ့အဖွဲ့အစည်းကြီး ငြိမ်းချမ်းသာယာဝပြောရေးအတွက် ကျေးဇူးများသည်ဟူသော အချက်၊
(၂) အကြောင်းတရားရှိက အကျိုးတရားဖြစ်ပေါ်မြဲ ဓမ္မတာအတိုင်း ဤဘဝ (ဝိညာဉ်) နာမ်အကြောင်းတရားသည် နောက်ဘဝ (စိတ်ဝိညာဉ်) နာမ်အကျိုးတရားများကို ဖြစ်စေနိုင်သည်ဟူသော အချက်၊
(၃) လူဝင်စားများသည် အတိတ်ဘဝကို ပြန်ပြောနိုင်သည်ဟူသော အချက် - ဤအချက်သုံးချက်ကို စုပေါင်းစဉ်းစား၍ နောက်ဘဝ ရှိ၊ မရှိ ပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယူဆပါသည်။
ကံတူ အကျိုးပေး
ကောင်းသောအမှု၊ မကောင်းသောအမှုတို့ကို အောင်မြင်ထမြောက်အောင် လှုံ့ဆော်သော စေတနာ ကို ကံ ဟု ခေါ်သည်။ ဥပမာ - လူသတ်မှု ကျူးလွန်ရာ၌ သေစေလိုသည့် စေတနာဖြင့် သတ်ခြင်းအမှုကို ပြီးမြောက်အောင် ဆောင်ရွက်လျှင် အကုသိုလ်ကံ အထမြောက်တော့သည်။ အလားတူပင် ခိုးမှု၊ လုယက်မှု ကျူးလွန်ရာ၌ သူတစ်ပါးပစ္စည်းကို မတရားရယူလိုသည့် စေတနာဖြင့် ခိုးမှု၊ လုယက်မှုကို ပြီးမြောက်အောင် ဆောင်ရွက်လျှင် အကုသိုလ်ကံ အထမြောက်တော့သည်။ ထိုကဲ့သို့ အထမြောက်အောင် ပြုလုပ်နိုင်သော စေတနာကို ကံဟု ခေါ်ရသည်။
တစ်ဖန် အလှူဒါနပြုလုပ်ရာ၌ လှူဒါန်းလိုသည့် ဒါနစေတနာဖြင့် လှူဒါန်းခြင်းကိစ္စ ပြီးမြောက်အောင် ဆောင်ရွက်လျှင် ဒါနကုသိုလ်ကံ အထမြောက်တော့သည်။ သီလ ဆောက်တည်ကျင့်သုံးရာ၌ ဒုစရိုက်အမှုမှ ရှောင်ကြဉ်လိုသော စေတနာဖြင့် ဒုစရိုက်မှု မကျူးလွန်မိအောင် ရှောင်ကြဉ်စောင့်ထိန်းနိုင်လျှင် သီလကုသိုလ်ကံ အထမြောက်တော့၏။ အလားတူပင် ဂုဏ်တော်ပွားခြင်း၊ မေတ္တာပွားခြင်း စသော ဘာဝနာအမှုတစ်ခုခုကို ပြုလုပ်လိုသော စေတနာဖြင့် ဘာဝနာအလုပ်ကို အောင်မြင်ထမြောက်အောင် လုပ်လျှင် ဘာဝနာကုသိုလ်ကံ ဖြစ်တော့သည်။
စာမျက်နှာ-663
ထိုစေတနာကံသည် အကြောင်းတရားဖြစ်၍ အကျိုးတရားကို ဖြစ်ထွန်းပေါ်ပေါက်စေနိုင်သည်။ ကောင်းသောကံသည် ကောင်းသောအကျိုးကို ဖြစ်စေ၍ မကောင်းသောကံသည် မကောင်းသောအကျိုးကို ဖြစ်စေ၏။ အကြောင်းနှင့် အကျိုးသည် သဘာဝအားဖြင့် တူညီမှု ဆီလျော်မှု ရှိသည်။ ထို့ကြောင့် “ဇနေတိ သဒိသံ ပါကံ = တူသော အကျိုးကို ပေး၏” ဟု မြတ်စွာဘုရား ဟောတော်မူခဲ့၏။ တမာစေ့ကို စိုက်ပါက တမာပင် ပေါက်မည်။ တမာသီး သီးလာ၍ ခါးသော အရသာကို ခံစားရပေမည်၊ သရက်စေ့ကို စိုက်ပါက သရက်ပင် ပေါက်လာမည်၊ သရက်သီး သီးလာ၍ ချိုသော အရသာကို ခံစားရပေမည်၊ စပါးစိုက်သော လယ်သမားသည် စပါးကို ရိတ်သိမ်းရပေလိမ့်မည်။ ဂျုံစိုက်သော လယ်သမားသည် ဂျုံကိုသာ ရိတ်သိမ်းရပေလိမ့်မည်။
ကံ၏ အကျိုးများ
ဖော်ပြပါ ကုသိုလ်ကံ အကုသိုလ်ကံများသည် နာမ်အကျိုးတရားနှင့် ရုပ်အကျိုးတရားနှစ်မျိုးကို ဖြစ်စေနိုင်သည်။ နာမ်အကျိုးတရားများကို “ဝိပါက = ဝိပါက်” ဟု ခေါ်သည်။ ဝိပါက်စိတ် ဝိပါက်ဝိညာဉ်ဟုလည်း ခေါ်သည်။ ရုပ်အကျိုးတရားများမှာ ကမ္မဇရုပ် နှင့် ကမ္မပစ္စယ ဥတုဇရုပ် များ ဖြစ်ကြသည်။
ကံကြောင့် ဖြစ်သော ကမ္မဇရုပ်များ
ကံကြောင့် ဖြစ်သော ရုပ်များမှာ အကျဉ်းအားဖြင့် အောက်ပါအတိုင်း ဖြစ်ကြသည်—
(က) မျက်စိအကြည်ဓာတ် (အမြင်ဓာတ်)၊
(ခ) နားအကြည်ဓာတ် (အကြားဓာတ်)၊
(ဂ) နှာခေါင်းအကြည်ဓာတ် (အနံ့ခံဓာတ်)၊
(ဃ) လျှာအကြည်ဓာတ် (အရသာခံဓာတ်)၊
(င) ကာယအကြည်ဓာတ် (ထိတွေ့အာရုံခံဓာတ်)၊
(စ) အသက်ဓာတ် (ဇီဝိတဓာတ်)၊
(ဆ) အထီးအမ ခွဲခြားသောရုပ် (ဘာဝရုပ်)၊
(ဇ) နှလုံးအကြည်ဓာတ် (ဟဒယဝတ္ထု)။
စာမျက်နှာ-664
အကြောင်းကံ၏ စွမ်းအားအနည်းအများ ကွာခြားမှုကို လိုက်၍ အမြင်ဓာတ် အကြားဓာတ် စသည်တို့လည်း စွမ်းအားအနည်းအများ ကွာခြားမှု ရှိကြသည်။
သတ္တဝါအချင်းချင်း မျက်စိမြင်နိုင်စွမ်းအား မတူညီကြသည်ကို တွေ့ရှိနေရသည်။ မျိုးနွယ်အရ လည်းကောင်း၊ အသက်အရွယ်အရ လည်းကောင်း တူညီသော ပုဂ္ဂိုလ်နှစ်ဦးတို့ မြင်နိုင်စွမ်းအား မတူညီကြပုံကို လေ့လာကြည့်ရှုသင့်သည်။ အလားတူပင် ကြားနိုင်စွမ်းအား၊ အနံ့ခံနိုင်စွမ်းအား၊ ထိတွေ့အာရုံခံယူနိုင်စွမ်းအား၊ အရသာခံနိုင်စွမ်းအား၊ သက်လုံကောင်းမှု၊ အသက်တိုရှည်မှု ကွဲပြားခြားနားမှု ရှိနေကြသည်ကို လေ့လာသိရှိနိုင်ပေသည်။ ကံချင်း မတူသဖြင့် ဤသို့ ကွဲပြားခြင်းဖြစ်သည်။ ထို့ကြောင့် ဤဖော်ပြပြီး ရုပ်များသည် ကံအကြောင်းရင်းခံ၍ ဖြစ်ပေါ်ကြရသောကြောင့် ကမ္မဇရုပ် ဟု ခေါ်ရသည်။
ကံကြောင့် ဖြစ်သော ဥတုဇရုပ်များ
သတ္တဝါတို့၏ ကုသိုလ်ကံ အကုသိုလ်ကံကို အကြောင်းပြု၍ မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ မိုးသုံးပါး ညီညွတ်ခြင်း စသည်ဖြင့် ရာသီဥတု ညီညွတ်မှု၊ ဖောက်ပြန်မှုများ ဖြစ်တတ်သည်။ ယင်း ရာသီဥတုအခြေအနေကို အမှီပြု၍ ကောက်ပဲသီးနှံများ အဆီအနှစ် ပြည့်ဝမှု၊ ဆုတ်ယုတ်မှု ရှိနိုင်သည်။ ကောက်ပဲသီးနှံ အစာအာဟာရကို အကြောင်းပြု၍ သတ္တဝါများ ကျန်းမာရေး ကောင်းမွန်ခြင်း၊ ရောဂါထူပြောခြင်း၊ အသက်ရှည်ခြင်း၊ တိုခြင်း ဖြစ်လာနိုင်သည်။
ထို့ပြင် နတ်ပြည် ဗြဟ္မာ့ပြည်တို့တွင် နတ်ဗြဟ္မာများအတွက် ဘုံဗိမာန်၊ ဥယျာဉ်၊ ပန်းမာလ်၊ ပဒေသာပင်ဟု ခေါ်သော ဥတုဇရုပ်များ ဖြစ်ပေါ်ကြသည်။ ငရဲပြည်တွင် ငရဲသားများ၏ အကုသိုလ်ကံကြောင့် ငရဲမီးလျှံများ၊ သံပူရည်များ၊ ဒလိမ့်တုံးများ စသော ဥတုဇရုပ်များ ဖြစ်ပေါ်နေကြသည်။ ယင်းရုပ်များသည် ကံအကြောင်းရင်းခံသည့် ဥတုကြောင့် ဖြစ်သည်။ ထို့ကြောင့် ကမ္မပစ္စယ ဥတုဇရုပ် ဟု ခေါ်သည်။ (ကမ္မပစ္စယ = ကံလျှင် အကြောင်းရှိသော၊ ဥတုဇ = ဥတုကြောင့် ဖြစ်ခြင်း။)
ထို့ကြောင့် အတိတ်ကံကောင်းသူများသည် ရေ၊ မြေ၊ ဩဇာ၊ ရာသီဥတု ကောင်းသောနေရာ၌ ဖြစ်ကြရသည်။ အတိတ်ကံဆိုးသူများသည် ရေရှားပါး၍ မြေဩဇာခန်းခြောက်သော၊ အပူအအေး လွန်ကဲသော နေရာဒေသများ၌ ဖြစ်ကြရသည်။
စာမျက်နှာ-665
တစ်ဘဝ၏ အပိုင်း သုံးပိုင်း
သတ္တဝါ၏ ဘဝတစ်သက်တာကို အခါအားဖြင့် သုံးပိုင်း ပိုင်းနိုင်သည်။
(က) ပဋိသန္ဓေအခါ၊
(ခ) ပဝတ္တိအခါ၊
(ဂ) စုတိအခါ - ဟူ၍ သုံးပိုင်း ပိုင်းနိုင်သည်။
ပဋိသန္ဓေအခါ
ပဋိသန္ဓေအခါဆိုသည်မှာ ဘဝတစ်ခု၏ အစ ကနဦး ဖြစ်ချိန်ကာလကို ဆိုလိုသည်။ သတ္တဝါတို့၏ မျိုးရိုးဗီဇကို လိုက်၍ ပဋိသန္ဓေနေမှု ၄-မျိုး ရှိသည်။ ၎င်းတို့မှာ -
၁။ ဇလာဗုဇပဋိသန္ဓေ - မျောက်၊ မြင်း၊ နွား စသော နို့တိုက်သတ္တဝါများသည် အမိဝမ်းဗိုက် သားအိမ်၌ စွဲမှီဖြစ်ပေါ်ခဲ့ရ၍ ဇလာဗုဇပဋိသန္ဓေဟု ခေါ်သည်။ (ဇလာဗု = သားအိမ်။)
၂။ အဏ္ဍဇပဋိသန္ဓေ - ကြက်၊ ငှက်၊ ငါး၊ ဖား စသော ဥမှ ပေါက်သော သတ္တဝါများကို အဏ္ဍဇပဋိသန္ဓေဟု ခေါ်သည်။ (အဏ္ဍ = ဥ။)
ယင်းပဋိသန္ဓေ နှစ်မျိုးလုံးကို အမိဝမ်း၌ ကိန်းရခြင်းဖြစ်၍ ဂဗ္ဘသေယျက ဟု ခေါ်သည်။ (ဂဗ္ဘ = ဝမ်းဗိုက်၊ သေယျက = ကိန်းအောင်းရသူ။)
၃။ သံသေဒဇပဋိသန္ဓေ - ဗက်တီးရီယား၊ အမီးဘား စသော ပိုးမွှားများသည် အညှီအဟောက်၊ အကျိအချွဲကို စွဲမှီ၍ ဖြစ်ပေါ်ရသောကြောင့် သံသေဒဇပဋိသန္ဓေဟု ခေါ်သည်။ (သံသေဒ = အကျိအချွဲ၊ ဂျယ်လီ။)
၄။ ဩပပါတိကပဋိသန္ဓေ - မိုးပေါ်မှ ဗြုန်းခနဲ ကျလာသကဲ့သို့ ခြေလက်အင်္ဂါ အပြည့်အစုံ၊ အရွယ်ရောက်ပြီး ပုံပန်းသဏ္ဌာန်ဖြင့် ရုတ်တရက် ချက်ချင်း ဘွားခနဲ ဖြစ်ပေါ်လာသော ပဋိသန္ဓေကို ဩပပါတိကပဋိသန္ဓေဟု ခေါ်သည်။ (ဩပပါတိက = ဥပ+ပါတ+ဣက၊ ဥပ = ခုန်လွှား၍ + ပါတ = ကျရောက်သကဲ့သို့ + ဣက = ဖြစ်ခြင်းရှိသူ။) နတ်၊ ဗြဟ္မာ၊ ပြိတ္တာ၊ အသူရကာယ်နှင့် ငရဲသူ ငရဲသားများသည် ရောက်ရမည့် ဘုံဌာန၌ ဗြုန်းခနဲ ဘွားခနဲ ချက်ချင်း ဖြစ်ပေါ်ရသည်။ အချိန်
စာမျက်နှာ-666
ယူ၍ တဖြည်းဖြည်းချင်း ရင့်ကျက်ရခြင်း၊ ပဋိသန္ဓေနေရခြင်းမျိုး မရှိ၊ အလားတူပင် နတ်ဗြဟ္မာတို့သည်လည်း ပဋိသန္ဓေခဏမှာပင် ကိုယ်အင်္ဂါအပြည့်အစုံ အရွယ်ရောက်ပြီး ပုံပန်းသဏ္ဌာန်ဖြင့် ဖြစ်ပေါ်ကြရသည်။ ဤကဲ့သို့ မိုးပေါ်မှာ ဗြုန်းခနဲ ကျလာသလို ဖြစ်ပေါ်လာသော ပဋိသန္ဓေကို ဩပပါတိကပဋိသန္ဓေ ဟု ခေါ်သည်။
သံသေဒဇ သတ္တဝါနှင့် ဩပပါတိက သတ္တဝါတို့မှာ ပဋိသန္ဓေအခိုက်မှာပင် မျက်စိအကြည်ရုပ်၊ နားအကြည်ရုပ်၊ လျှာအကြည်ရုပ်၊ ကာယအကြည်ရုပ်၊ ဟဒယနှလုံးအကြည်ရုပ်၊ အထီး အမ ခွဲခြားသည့် ရုပ်များ တပြိုင်နက် ဖြစ်ပေါ်ကြသည်။ သို့ရာတွင် ပြိတ္တာ၊ အသူရကာယ်နှင့် ငရဲသားများမှာ အချို့ မျက်စိမပါ၊ အချို့ နားမပါ၊ အချို့ အနံ့ခံရုပ်မပါ၊ အချို့ အထီးအမ ခွဲခြားသည့် ရုပ်မပါဘဲ ရှိတတ်သည်။ နတ်ပြည်ခြောက်ထပ် နတ်တို့မှာမူ တစ်စုံတစ်ခုမျှ ချို့တဲ့မှု မရှိ၊ အပြည့်အစုံ ပါရှိကြသည်။ ရူပဗြဟ္မာတို့၌ အနံ့ခံရုပ် (ဃာနပသာဒ)၊ အရသာခံရုပ် (ဇိဝှါပသာဒ)၊ တွေ့ထိအာရုံခံရုပ် (ကာယပသာဒ)၊ အထီးအမ ခွဲခြားမှု (ဘာဝရုပ်) တို့ မရှိချေ။
အမိဝမ်း၌ ကိန်းအောင်း ပဋိသန္ဓေနေရသော ဂဗ္ဘသေယျက သတ္တဝါများမှာ ပဋိသန္ဓေခဏ၌ ထိအာရုံခံရုပ် (ကာယပသာဒ)၊ အထီးအမ ခွဲခြားမှု (ဘာဝရုပ်)၊ ဟဒယနှလုံးအကြည်ဓာတ် (ဝတ္ထုရုပ်) ဤရုပ်သုံးမျိုးတို့ တပြိုင်နက် ဖြစ်ပေါ်ကြသည်။ အချို့သော ဂဗ္ဘသေယျက သတ္တဝါများ၌မူ အထီးအမ ခွဲခြားမှု ဘာဝရုပ် ချို့တဲ့သဖြင့် နပုန်း ပဏ္ဍုက် ဖြစ်ကြရသည်။ မျက်စိ၊ နား၊ နှာခေါင်းတို့မှာမူ သင့်လျော်သည့် အချိန်ကာလအလျောက် တဖြည်းဖြည်းချင်း ဖြစ်ကြရသည်။ လူသတ္တဝါများမှာ ပဋိသန္ဓေ စတင်တည်နေပြီးနောက် (၇၇) ရက်မြောက်၌ မျက်စိအကြည်ရုပ်၊ နားအကြည်ရုပ်၊ နှာခေါင်းအကြည်ရုပ်များ ဖြစ်ပေါ်ကြရသည်။
စုတိအခါ
ပဋိသန္ဓေအခါကို ရှင်းပြပြီးနောက် အစဉ်ကျအောင် ပဝတ္တိအခါကို တစ်ဆက်တည်း ရှင်းပြသင့်သော်လည်း အဓိပ္ပာယ် ပို၍ နားလည်စေရန်အလို့ငှါ စုတိအခါကို ရှေးဦးစွာ ရှင်းပြထားပါသည်။
သတ္တဝါတို့ ဘဝတစ်ခု၏ နိဂုံးအဆုံးသတ် ကွယ်လွန်ခြင်း၊ သေဆုံးခြင်းကို စုတိ ဟု ခေါ်သည်။ ဘဝတစ်ခု၏ နောက်ဆုံးဖြစ်သော စိတ်ကို စုတိစိတ် ဟု ခေါ်သည်။ ယင်း စုတိစိတ်နှင့် ပဋိသန္ဓေစိတ်သည် အမျိုးအစား တူကြသည်။ အာရုံချင်း တူကြသည်။ ဩပပါတိကသတ္တဝါများ၏ ရုပ်ခန္ဓာကိုယ်သည် အလွန်...
စာမျက်နှာ-667
နူးညံ့သိမ်မွေ့သဖြင့် သေဆုံးသည်နှင့် တပြိုင်နက် ခန္ဓာကိုယ် အကြွင်းအကျန်မရှိ ချုပ်ငြိမ်းသွားသည်။ ဥပမာအားဖြင့် မီးတိုင်တစ်ခု၏ မီးတောက်မီးလျှံကို လေဖြင့် မှုတ်သတ်လိုက်သောအခါ မီးတောက်မီးလျှံသည် အကြွင်းအကျန်မရှိ ချုပ်ပျောက်သွားသည်။ ထိုသို့ မီးလျှံချုပ်ပျောက်သွားသကဲ့သို့ ဩပပါတိက သတ္တဝါတို့၏ ရုပ်ခန္ဓာသည် သေသည်နှင့် တပြိုင်နက် ချုပ်ပျောက်သွားသည်။ အလောင်းကောင် အကြွင်းအကျန် မရှိချေ။
ဂဗ္ဘသေယျကသတ္တဝါ (လူနှင့် တိရစ္ဆာန်) များမှာမူ အာဟာရကြောင့်ဖြစ်သောရုပ် (အာဟာရဇရုပ်)၊ ဥတုကြောင့်ဖြစ်သောရုပ် (ဥတုဇရုပ်) များသည် စုတိစိတ်ကျ၍ နာမ်တရားများ ချုပ်ငြိမ်းသွားပြီးနောက် ပျောက်ကွယ်မသွားဘဲ ကျန်ရှိနေရစ်ခဲ့သည်။ ထို့ကြောင့် အလောင်းကောင်ကို သင်္ဂြိုဟ်မှုကိစ္စ ပြုကြရသည်။ ပြိတ္တာ၊ အသူရကာယ်၊ ငရဲသားများနှင့် နတ်၊ ဗြဟ္မာတို့မှာ ဩပပါတိက သတ္တဝါများ ဖြစ်ကြ၍ သေလျှင် အလောင်းကောင် မကျန်ရစ်ချေ။
ပဝတ္တိအခါ
အထက်တွင် ရှင်းလင်းဖော်ပြပြီးသော ပဋိသန္ဓေခဏနှင့် စုတိခဏတို့၏ အကြား သတ္တဝါ၏ တစ်ဘဝတာ အသက်ရှင်နေသည့် ကာလကို ပဝတ္တိအခါ ဟု ခေါ်ရသည်။ ဤကဲ့သို့ ပဋိသန္ဓေအခါနှင့် ပဝတ္တိအခါတို့ကို ခွဲခြားနားလည်မှသာလျှင် ကံအကျိုးပေးပုံကို ခွဲခြားနားလည်နိုင်မည် ဖြစ်ပေသည်။
စွမ်းအင်အရ ကံ ၄-မျိုး
ကုသိုလ်ကံ၊ အကုသိုလ်ကံတို့ကို စွမ်းရည်သတ္တိ စွမ်းအားအလျောက် ၄-မျိုး ခွဲခြားနိုင်သည်။ ၎င်းတို့မှာ--
(က) ဇနကကံ = အစအဦးစွမ်းအင်၊
(ခ) ဥပတ္ထမ္ဘကကံ = အကူစွမ်းအင်၊
(ဂ) ဥပပီဠကကံ = ဆန့်ကျင်တားဆီးစွမ်းအင်၊
(ဃ) ဥပဃာတကကံ = ပယ်ဖျက်စွမ်းအင်
တို့ဖြစ်ကြသည်။
ဇနကကံ
ဗြဟ္မာ့ဘုံ၌ ဗြဟ္မာပဋိသန္ဓေ၊ နတ်ဘုံ၌ နတ်ပဋိသန္ဓေ၊ လူ့ဘုံ၌ လူပဋိသန္ဓေ၊ အပါယ်ဘုံ၌ အပါယ်ပဋိသန္ဓေကို ဖြစ်စေနိုင်သော စွမ်းအင်မျိုး ဖြစ်သည်။
စာမျက်နှာ-668
အစအဦး ဖြစ်စေနိုင်သော စွမ်းအားဖြစ်၍ အလွန်အင်အား ကြီးမားသည့် ကံဖြစ်သည်။ ကုသိုလ်အမှု၊ သို့မဟုတ် အကုသိုလ်အမှုကို ပီပီပြင်ပြင် ပြတ်ပြတ်သားသား ပြုလုပ်ကျူးလွန်ခဲ့သည့် ကံဖြစ်သည်။ ဤကံမျိုးကို ကမ္မပထမြောက်သောကံဟု ခေါ်ရသည်။ အလားတူပင် ပဝတ္တိအခါ၌ အစဦးစွာ ထူးထူးခြားခြား အကျိုးပေးခြင်းသည် ဇနကကံဖြစ်သည်။ ဥပမာအားဖြင့် ဆင်းရဲသားတစ်ယောက် သိန်းထီပေါက်ခြင်း၊ လမ်းဘေးမှ ခွေးလေခွေးလွင့်တစ်ကောင်ကို သူဌေးက ကောက်ယူကျွေးမွေးခြင်း စသည်အဖြစ်မျိုးတည်း။
ဥပတ္ထမ္ဘကကံ
ဇနကကံကြောင့် ဖြစ်ပေါ်လာသော ကောင်းကျိုး၊ သို့မဟုတ် မကောင်းကျိုးကို သက်တမ်းရှည်ကြာအောင် အထောက်အကူပြုသော ကံဖြစ်သည်။ ဥပမာအားဖြင့် ဤဘဝ၌ သီလဆောက်တည်သော ကုသိုလ်ကံများသည် အတိတ်ဘဝကံကြောင့် ရရှိထားသော အသက်ကို ပို၍ ရှည်စေ၏။ အထောက်အကူပြုရာ ရောက်သည်။ ထို့ပြင် အကျိုးပေးခွင့် မရသေးသည့် ဇနကကံသည်လည်း ဥပတ္ထမ္ဘကကံမည်၏။ ဥပမာအားဖြင့် အတိတ်ဘဝ ကုသိုလ်ကံများ အကျိုးပေးချမ်းသာစေရန် ရတနာသုံးပါးအား ဆည်းကပ်ခြင်း၊ ဒါန၊ သီလ၊ ဘာဝနာမှု အားထုတ်ခြင်းဖြင့် အတိတ်ကုသိုလ်ကံများ အကျိုးပေးနိုင်ရန် လမ်းဖွင့်ပေးရာ ရောက်သည်။ တစ်ဖန် လုယက်သတ်ဖြတ်ခြင်း၊ မူးယစ်သောက်စားခြင်း၊ မိုက်ရမ်းစော်ကားခြင်းစသော ဤဘဝအကုသိုလ်ကံများသည် အတိတ်ဘဝအကုသိုလ်ကံများ အကျိုးပေးခွင့်သာအောင် အထောက်အကူ ပြုပေးရာရောက်သည်။
ဥပပီဠကကံ
လက်ရှိ ဖြစ်ပေါ်နေသော အကျိုးတရားများကို အားနည်းသွားစေရန်နှင့် အကျိုးမပေးရသေးသည့် ကံများကို အခွင့်မရအောင် တားဆီးပိတ်ပင်သောကံ ဖြစ်သည်။ ဥပမာအားဖြင့် သူဌေးသားတစ်ယောက်သည် မူးယစ်သောက်စား လောင်းကစား အပျော်ကြူးနေပါက လက်ရှိ ကောင်းကျိုးများကို အင်အားနည်းပါး ဆုတ်ယုတ်သွားအောင် ပြုရာရောက်သည်။ အတိတ်ကုသိုလ်ဇနကကံကို ပစ္စုပ္ပန်အကုသိုလ်ဖြင့် ဆန့်ကျင်တားဆီးခြင်းဖြစ်သည်။ အလားတူပင် ဆင်းရဲသားတစ်ယောက်သည် စွမ်းနိုင်သမျှ အလှူဒါန ပြုနေပါက လက်ရှိ မကောင်းကျိုး ဆင်းရဲမွဲတေမှုကို အင်အား နည်းပါးသွားအောင် ဆန့်ကျင်တားဆီးနေခြင်း ဖြစ်သည်။ အတိတ်အကုသိုလ် ဇနကကံကို ပစ္စုပ္ပန် ကုသိုလ်ဖြင့် ဆန့်ကျင်တားဆီးခြင်း ဖြစ်သည်။
စာမျက်နှာ-669
ဥပဃာတကကံ
လက်ရှိ အကျိုးပေးနေသော ကံ၏ စွမ်းအင်ကို လုံးဝ ပယ်ဖျက်နိုင်သော ကံဖြစ်သည်။ ဥပမာအားဖြင့် ကျန်းကျန်းမာမာ အသက်ရှင်ရှိနေရာမှ ဗြုန်းခနဲ ရုတ်တရက် သေဆုံးခြင်း၊ သို့မဟုတ် အသတ်ခံရခြင်း၊ သန်းကြွယ်သူဌေးဘဝမှ ချွတ်ခြုံကျအောင် မွဲတေသွားခြင်း၊ လူမွဲတစ်ယောက်က သိန်းထီပေါက်ခြင်းများသည် အကျိုးပေးနေသော အတိတ်ကုသိုလ် အကုသိုလ်တို့၏ ဇနကစွမ်းအင်ကို လုံးဝပြောင်းလဲသွားအောင် ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။ ယင်းကဲ့သို့ လက်ရှိ အခြေအနေကို ပြောင်းပြန်ဖြစ်သွားအောင် ဖန်တီးနိုင်သော ကံကို ဥပဃာတကကံ ဟု ခေါ်သည်။
ထို ၄-မျိုးတို့တွင် ဇနကကံနှင့် ဥပဃာတကကံတို့သည် လွန်စွာ အင်အားကြီးမား၍ စွမ်းရည်တူကြသည်။ ဥပတ္ထမ္ဘကကံနှင့် ဥပပီဠကကံတို့သည် လွန်စွာ အားနည်း၍ ၎င်းတို့ အချင်းချင်း ညီမျှကြသည်။ လောကဥပမာအားဖြင့် ဝန်ထုပ်ဝန်ပိုး အပြည့်အဝ တင်ထားသော လက်တွန်းလှည်းတစ်စီးကို ရွေ့လျားစေရန် စတင်တွန်းသည့်အခါ အင်အားများစွာ စိုက်ထုတ်ရသည်။ တစ်ယောက်တည်း မနိုင်လျှင် နှစ်ယောက် သုံးယောက် တွန်းရသည်။
ထိုသို့ နှစ်ယောက် သုံးယောက် တွန်းရသည့် လှည်းကို အရှိန်ရလာသည့်အခါ တစ်ယောက်တည်း လက်တစ်ဖက်တည်းဖြင့် သက်တောင့်သက်သာ တွန်းနိုင် ရွှေ့နိုင်သည်။ တစ်ဖန် ထိုကဲ့သို့ အရှိန်ဖြင့် ရွေ့လျားနေသော လှည်းကို ရပ်စေလိုပါက ပြောင်းပြန် အားစိုက်ထုတ်ရပေသည်။ ပြောင်းပြန်စွမ်းအားသည် နည်းနေပါက နှေးရုံမျှသာ နှေးမည်။ ရှေ့မှ ဂျမ်းတုံးခုပေးခြင်း၊ သို့မဟုတ် အားကောင်းသူတစ်ဦးက ဆီးတွန်းထားခြင်း ပြုလုပ်ပါမှ ထိုလှည်းသည် ရပ်ဆိုင်းသွားမည်ဖြစ်သည်။ ဤဥပမာ၌ လှည်းစတင်ရွှေ့လျားစေရန် စွမ်းအားစိုက်ထုတ်ရမှုသည် ဇနကကံ နှင့် အလားတူ၏။ အရှိန်ရပြီးနောက် တွန်းရခြင်းသည် ဥပတ္ထမ္ဘကကံ နှင့် တူ၏။ အရှိန်လျော့သွားစေရန် ပြောင်းပြန်အားစိုက်ရခြင်းသည် ဥပပီဠကကံ နှင့် တူ၏။ လုံးဝရပ်ဆိုင်းသွားအောင် အားကောင်းသူတစ်ဦးက ဆီး၍ တွန်းထားခြင်းသည် ဥပဃာတကကံ နှင့် တူ၏။
စာမျက်နှာ-670
အခွင့်အခါအရ ကံ ၄-မျိုး
ကုသိုလ်ကံ အကုသိုလ်ကံတို့သည် အကျိုးပေးရန် အခွင့်အခါရမှု အလှည့်ကျမှုအားဖြင့် အောက်ပါအတိုင်း ၄-မျိုးရှိသည် -
(က) ဂရုကံ = အလွန်စွမ်းအားကြီးသောကံ၊
(ခ) အာသန္နကံ = သေခါနီးကံ၊
(ဂ) အာစိဏ္ဏကံ = လေ့ကျင့်ထားသည့်ကံ၊
(ဃ) ကဋတ္တာကံ = သာမညကံ။
ဂရုကံ
ကြီးလေးသောအကျိုးကို ပေးနိုင်သောကံဖြစ်သည်။ ဤဘဝမှ သေဆုံးလျှင် နောက်ဘဝ၌ အဆီးအတားမရှိ အနှောင့်အယှက်မရှိ သေချာပေါက် အကျိုးပေးနိုင်သည့်ကံဖြစ်သည်။ ကုသိုလ်ကံအရာ၌ ရူပါဝစရကုသိုလ်ကံ၊ အရူပါဝစရကုသိုလ်ကံဟု ခေါ်သော ဈာန်ကုသိုလ်ကံများဖြစ်သည်။ ဈာန်ရသော ပုဂ္ဂိုလ်သည် သေဆုံးလျှင် သေချာပေါက် ဗြဟ္မာပြည်သို့ ရောက်မည်။ ပထမဈာန်ရသူသည် ပထမဈာန်ဘုံသို့ ရောက်မည်။ စတုတ္ထဈာန်ရသူသည် စတုတ္ထဈာန်ဗြဟ္မာဘုံသို့ ရောက်မည်၊ အရူပဈာန်ရသူသည် အရူပဗြဟ္မာဖြစ်မည်မှာ သေချာသည်။
အကုသိုလ်အရာ၌မူ ပဉ္စာနန္တရိယကံ ဟု ခေါ်သော ကံကြီး ၅-ပါးသည် ဂရုကံဖြစ်သည်။ ဤကံမျိုးကို ကျူးလွန်ထားသူသည် သေလျှင် အတားအဆီးမရှိ ငရဲသို့ ဧကန်ရောက်ရမည်။ (ပဉ္စာနန္တရိယ = ပဉ္စ+အာနန္တရိယ၊ ပဉ္စ = ၅-ပါး + အာနန္တရိယ = နောက်ဘဝ (ချက်ချင်း) အကျိုးပေးမည့်ကံ။)
အာနန္တရိယကံ ၅-ပါးမှာ ---
မာတုဃာတကကံ - အမိကို သတ်ခြင်း၊
ပိတုဃာတကကံ - အဘကို သတ်ခြင်း၊
အရဟန္တဃာတကကံ - ရဟန္တာကို သတ်ခြင်း၊
လောဟိတုပ္ပါဒကကံ - ဘုရားရှင်ကို သွေးစိမ်းတည်အောင် ပြုခြင်း၊
သံဃဘေဒကကံ - သံဃာသင်းခွဲခြင်း။
စာမျက်နှာ-671
ဤကံငါးပါးတို့မှာ အမိအဘအသက်သတ်မှုထက် ရဟန္တာသတ်မှုက ပို၍ အပြစ်ကြီး၏။ ရဟန္တာသတ်မှုထက် လောဟိတုပ္ပါဒကကံသည် ပို၍ အပြစ်ကြီး၏။ ထိုလောဟိတုပ္ပါဒကကံထက် သံဃဘေဒကကံသည် ပို၍ အပြစ်အကြီးဆုံးဖြစ်၏။
အာသန္နကံ
ဂရုကံထိုက်သော ကုသိုလ်ကံကြီးများ၊ အကုသိုလ်ကံကြီးများ မရှိပါက သေခါနီးကာလ၌ ပြုလုပ်သောကံ၊ သို့မဟုတ် ထင်မြင်လာသောကံသည် အကျိုးပေးခွင့်ရသည်။ (အာသန္န = အနီး။) သေခါနီးအခါ၌ တရားနာခြင်း၊ ပန်းဆီမီး ပူဇော်ခြင်းသည် ကုသိုလ်အာသန္နကံမည်၏။ တစ်ယောက်နှင့်တစ်ယောက် ထိုးခုတ်ရိုက်ပုတ်ခြင်းဖြင့် သေရသူသည် သေခါနီးမှ ပြုလုပ်သော အကုသိုလ်အာသန္နကံမည်၏။ တစ်ခါတစ်ရံ ကာလရှည်ရှည်ဝေးဝေးက ပြုလုပ်ခဲ့သော ကုသိုလ်ကံ အကုသိုလ်ကံများသည် သေခါနီးအခါ ပြန်လည် သတိရအောက်မေ့လျှင် ထိုကံသည် အကျိုးပေးခွင့်ရ၏။
အာစိဏ္ဏကံ
အမြဲတစေ အဖန်ဖန် ထပ်ကာထပ်ကာ ပြုလုပ်နေသော ကံသည် အာစိဏ္ဏကံ မည်၏။ (အာစိဏ္ဏ = အလေ့အကျင့်။) အကုသိုလ်အရာ၌ သူ့အသက်သတ်၍ အသက်မွေးဝမ်းကျောင်းပြုရခြင်း၊ ခိုးဝှက်လုယက်၍ အသက်မွေးဝမ်းကျောင်းပြုရခြင်း၊ ကုသိုလ်အရာ၌ ဒါနမှု၊ သီလမှု၊ ဘာဝနာမှုတို့ အမြဲမပြတ် ပြုလုပ်နေခြင်းသည် အာစိဏ္ဏကံမည်၏။ အကုသိုလ်အမှုတစ်ခုကို ပြုပြီးနောက် ခဏခဏ သတိရ၍ နောင်တတဖန် ပူပန်နေပါက အကုသိုလ်အာစိဏ္ဏကံဖြစ်သည်။ ကုသိုလ်တစ်ခုခု ပြုပြီးနောက် မကြာခဏ ဝမ်းမြောက်သတိရနေပါက ကုသိုလ်အာစိဏ္ဏကံဖြစ်သည်။
အာစိဏ္ဏကံသည် အာသန္နကံထက် အင်အားကြီးသည်။ သို့ရာတွင် အကျိုးပေးရာ၌ အာသန္နကံသည် ဦးစွာအကျိုးပေးခွင့်ရသည်။ ဥပမာအားဖြင့် နွားခြံတစ်ခုအတွင်း၌ နွားအိုကြီးတစ်ကောင်သည် ခြံတံခါးပေါက်ဝ၌ ဝပ်နေ၏။ နံနက်လင်း၍ နွားများကို ခြံတံခါးဖွင့်လွှတ်သောအခါ တံခါးဝနှင့် အနီးဆုံး နွားအိုကြီးသည် ရှေးဦးစွာ ထွက်ခွင့်ရ၏။ ထိုနည်းတူ အင်အားနည်းသော အာသန္နကံသည် သေခါနီးအခါ၌ အနီးကပ်ဆုံး ဖြစ်နေ၍ အကျိုးပေးခွင့်အလှည့် ရှေးဦးစွာ ရရှိလေသည်။
သို့ရာတွင် ယေဘုယျအားဖြင့် အာစိဏ္ဏကံသည် အာသန္နကံအဖြစ် ရနိုင်သည်။ အမြဲတစေ ရွတ်ဆိုပွားများ လေ့ကျင့်၍ စိတ်အာရုံ ညွှတ်ကိုင်းနေသောကြောင့် သေခါနီးအခါ၌ အာသန္နကံအဖြစ် ရောက်ရှိလာသည်။ ဘုရားဂုဏ်တော် အမြဲရွတ်ဆိုပွားများနေသူမှာ သေခါနီးတွင်လည်း ဂုဏ်တော်ကိုပင် အာရုံထင်လာ...
စာမျက်နှာ-672
တတ်သည်။ အမြဲတစေ ဒုစရိုက်မှု ပြုနေသူမှာ သေခါနီးတွင် ယင်းဒုစရိုက်မှုမှာ အာရုံနိမိတ်ထင်လာတတ်သည်။ ထို့ကြောင့် အာစိဏ္ဏကံ (အမြဲလေ့ကျင့်ထားသောကံ) သည် အာသန္နကံ (သေခါနီးကံ) အဖြစ် ရောက်ရှိလာနိုင်သည်။
သီဟိုဠ်ကျွန်းတွင် ငယ်စဉ်အခါက မုဆိုးပြုလုပ်ခဲ့သော တောထွက်ရဟန်းကြီးသည် သေခါနီးအခါတွင် လောလောဆယ် အမဲလိုက်နေရသကဲ့သို့ အာရုံတွင် ထင်ပေါ်လာသည်။ ထို့နောက် ငရဲခွေးများ လိုက်နေသယောင် ထင်မြင်လာ၍ သားရဟန်းအား ခွေးနက်ကြီးများကို မောင်းထုတ်ပေးရန် ဟစ်အော်ယောင်ယမ်းသည်။ ထိုအခါ သားရဟန်းက သေခါနီးအာရုံနိမိတ် ပြောင်းလဲသွားစေရန် ဖခင်ရဟန်းကြီးကို မဟာစေတီရင်ပြင်ပေါ်သို့ ခုတင်ညောင်စောင်းဖြင့် ပင့်ထားပြီးလျှင် ပန်း၊ ရေချမ်း၊ ဆီမီးတို့ကို စေတီတော်အား ကပ်လှူပေးသည်။ ဖခင်အား စိတ်ဖြင့် ဘုရားအား ပန်း၊ ရေချမ်းကပ်လှူရန် တိုက်တွန်းသည်။ ဖခင်ရဟန်းကြီးသည် ဘုရားအား ပန်း၊ ရေချမ်း၊ ဆီမီး ကြည်ညိုလှူဒါန်းမှုကြောင့် နတ်ဘုံနတ်နန်း အာရုံနိမိတ်များ ပြောင်းလဲထင်မြင်လာသည်။
ဤဝတ္ထု၌ ဖခင်ရဟန်းကြီးသည် အမြဲတစေ ပြုလုပ်ခဲ့သော အကုသိုလ်အာစိဏ္ဏကံများက အနီးကပ် အာသန္နကံအဖြစ် နိမိတ်ထင်လာသည်ကို တွေ့နိုင်ပါသည်။ သို့ရာတွင် သားရဟန်း၏ လိမ္မာကျွမ်းကျင်မှုကြောင့် ဘုရားပန်းလှူမှု အာသန္နကံကုသိုလ် ပြုစုပျိုးထောင်ပေးရာ ကောင်းရာသုဂတိ ရောက်ရလေသည်။
ကဋတ္တာကံ
ကဋတ္တာကံ ဆိုသည်မှာ အမှတ်တမဲ့ သာမန်အားဖြင့် ပြုလုပ်အပ်သော ကံများဖြစ်သည်။ အထက်တွင် ဖော်ပြပြီးသော ဂရုကံ၊ အာသန္နကံ၊ အာစိဏ္ဏကံ အဆင့်သို့ မရောက်ဘဲ တစ်ခါတစ်ရံ အမှတ်မဲ့ပြုခဲ့သော သာမညကံများဖြစ်သည်။ ယင်းကံများမှာ အခြားကံ ၃-ပါး မရှိလျှင် အကျိုးပေးခွင့် ရသည်။
အကျိုးပေးရာကာလ အနီးအဝေးအရ ကံ ၄-မျိုး
ထို့နည်းအားဖြင့် အကျိုးပေးရာကာလ အနီးအဝေးလိုက်၍ အောက်ပါအတိုင်း ကံ ၄-မျိုး ခွဲခြားနိုင်သည် —
(က) ဒိဋ္ဌဓမ္မဝေဒနိယကံ = ချက်ချင်းလက်ငင်းကံ၊
(ခ) ဥပပဇ္ဇဝေဒနိယကံ = နောက်ဘဝအကျိုးပေးမည့်ကံ၊
(ဂ) အပရာပရိယဝေဒနိယကံ = ဘဝအဆက်ဆက် အကျိုးပေးမည့်ကံ၊
(ဃ) အဟောသိကံ = အကျိုးမပေးသည့်ကံ။
စာမျက်နှာ-673
ဒိဋ္ဌဓမ္မဝေဒနိယကံ
ကောင်းမှုကုသိုလ်ကိုလည်းကောင်း၊ မကောင်းမှုအကုသိုလ်ကိုလည်းကောင်း ပြုလုပ်ရာ၌ ချက်ချင်းလက်ငင်း ဤပစ္စုပ္ပန်ဘဝမှာပင် အကျိုးပေးသောကံဖြစ်သည်။ ကဿပဘုရားရှင်အား ဆွမ်းကပ်လှူသော ဆင်းရဲသား မဟာဒုက် သည် ချက်ချင်းသူဌေးဖြစ်သည်။ ပုဏ္ဏ မည်သော ဆင်းရဲသား ဇနီးမောင်နှံသည် ရှင်သာရိပုတ္တရာကို ဆွမ်းလှူရခြင်းကြောင့် ချက်ချင်းသူဌေးဖြစ်သည်။ ကာကဝလိယ ဇနီးမောင်နှံသည် ရှင်မဟာကဿပကို ဆွမ်းလှူရခြင်းကြောင့် ချက်ချင်းသူဌေးဖြစ်သည်။ နန္ဒိလုလင် သည် ဥပ္ပလဝဏ်ထေရီမကို မတရားလွန်ကျူးမှုကြောင့် ချက်ချင်းမြေမျိုခံရသည်။ နွားသတ်သမား နန္ဒ သည် ထမင်းပွဲတွင် အမဲဟင်းမပါသဖြင့် အရှင်လတ်လတ် နွားလျှာကို လှီးဖြတ်ကင်စားရာ နန္ဒ၏လျှာပြတ်ကျလေသည်။
ဥပပဇ္ဇဝေဒနိယကံ
ဤဘဝသေဆုံးပြီး နောက်ဘဝတွင် အကျိုးပေးသည့်ကံကို ဥပပဇ္ဇဝေဒနိယကံဟု ခေါ်သည်။
အပရာပရိယဝေဒနိယကံ
ဤကံမှာ နိဗ္ဗာန်မရမီစပ်ကြား မည်သည့်ဘဝမှာမဆို အခွင့်အခါရပါက အကျိုးပေးမည့်ကံဖြစ်သည်။ အကျိုးမပေးရသေးမချင်း တောက်လျှောက် လိုက်ပါနေမည့်ကံဖြစ်သည်။
အဟောသိကံ
အဟောသိကံ ဆိုသည်မှာ လုံးဝအကျိုးမပေးတော့သည့် ကံများဖြစ်သည်။ ဥပမာအားဖြင့် စတုတ္ထဈာန်အထိ ရရှိထားသူမှာ စတုတ္ထဈာန်ကသာလျှင် အကျိုးပေးခွင့်ရ၍ ကျန်သော ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်တို့မှာ အကျိုးပေးခွင့် မရတော့သဖြင့် အဟောသိကံ ဖြစ်လာတော့သည်။ အလားတူပင် အာနန္တရိယကံကြီး ၅-ပါးကို ကျူးလွန်ရာ၌ နောက်ဆုံးအပြစ် အကြီးလေးဆုံး သံဃဘေဒကကံ သာလျှင် အကျိုးပေးခွင့်ရ၍ ကျန်သော အာနန္တရိယကံများ အဟောသိကံ ဖြစ်တော့သည်။
စာမျက်နှာ-674
အခန်း-၂၄
သေပြီးနောက် သုဂတိဘဝရောက်လိုသော်
သေရမည့်ဘေး ပြေးမလွတ်
ပဋိသန္ဓေနေပြီးနောက် ခန္ဓာအသစ် ရရှိလာသော သတ္တဝါတို့သည် နေ့ရက်အချိန်စေ့သောအခါ မိခင်ဝမ်းမှ မွေးဖွားလာကြရသည်။ ထိုသတ္တဝါတို့သည် မွေးဖွားပြီးနောက် တစ်နေ့နေ့တွင် မုချသေကြပေဦးမည်။ သေရမည့်ရက်ကို ကြိုတင်တွက်ဆ မသိနိုင်ကြ၍သာ ပျော်နိုင်မော်နိုင်ကြသည်။
သတ္တဝါတို့သည် ရရှိထားသော ဘဝတွင် ကိုယ့်အတိုင်းအတာနှင့်ကိုယ် ပျော်ကြသည်။ မိမိတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ချမ်းသာ အန္တရာယ်မကျရောက်အောင် လူလည်း လူအလျောက် တိရစ္ဆာန်လည်း တိရစ္ဆာန်အလျောက် ကာကွယ်စောင့်ရှောက်နေကြရသည်။ အန္တရာယ်တွေ့ကြုံလာသောအခါ ရှိသမျှအားမာန်နှင့် ခုခံကာကွယ်ကြရသည်။ သို့သော် ကြီးနိုင်ငယ်ညှဉ်း နိုင်ရာစား အဖြစ်ဆိုးများနှင့်ကား မလွတ်ကင်းနိုင်ကြချေ။
အသက်ခန္ဓာကိုယ် ရရှိလာသူတိုင်း မိမိ၏အသက်မသေလိုသည်မှာ လွန်စွာကြောက်ကြသည်။ အလွန်ဆင်းရဲဒုက္ခရောက်၍ စိတ်လက်မကြည်မသာဖြစ်ပြီး “သေချင်လိုက်တာ” ဟု ညည်းတွားနေသူသည် ၎င်းအား သတ်မည့်သူ ချက်ချင်းရောက်လာလျှင် “အသက်ကလေးကိုတော့ ချမ်းသာပေးပါခင်ဗျား” ဟု မျက်နှာငယ်ဖြင့် တောင်းပန်ပေလိမ့်မည်။ ဘဝကို စွဲလမ်းနှစ်သက်မှု (ဘဝတဏှာ) သည် အလွန်ပြင်းထန်လှ၏။ ရှင်ဘုရင်လည်း ရှင်ဘုရင်အလျောက်၊ ဆင်းရဲသားလည်း ဆင်းရဲသားအလျောက်၊ ကျွဲနွားလည်း ကျွဲနွားအလျောက် မိမိတို့၏ လက်ရှိဘဝနှင့် စည်းစိမ်ချမ်းသာကို မစွန့်လွှတ်လိုကြပေ။ ဖြစ်ရာဘဝမှာ ပျော်နေချင်ကြသည်။ ဖြစ်ရာဘဝမှာ ပျော်နေကြခြင်းနှင့် ပတ်သက်၍ သာဓကပြရလျှင် —
တစ်ခါက ကာသိတိုင်း ပါဋလိမြို့မှာ အာသကဘုရင်ကြီး စိုးစံနေ၏။ ဘုရင်ကြီးမှာ အလွန်ချောမောလှပသည့် “ဥပရိ” အမည်ရှိ မိဖုရားကြီး ရှိသည်။ မိဖုရားကြီးသည် နေ့ရှိသမျှ အလှပြင်ပြီး သူ၏ဘဝနှင့် အလှအပပေါ်တွင် ဘဝမာန်၊ အလှမာန်တွေ ယစ်နေသည်။ ဘုရင်ကြီးမှလွဲလျှင် မည်သူကိုမျှ လူမထင်၊ မာနကြောင့် ရိုသေရမည့်သူကိုလည်း...
စာမျက်နှာ-675
မသိ။ ထိုမိဖုရားကြီးသည် လှပတင့်တယ် အရွယ်ကောင်းတုန်းအချိန်မှာပင် ကွယ်လွန်သွားလေသည်။ သူ၏ မာနကြောင့် ဘဝသစ်တွင် ဘုရင့်ဥယျာဉ်တော်၌ နွားချေးပိုးမ ဖြစ်ရလေသည်။
ဘုရင်ကြီးကား အချစ်ဆုံး မိဖုရားကြီး ကွယ်လွန်သွားသဖြင့် မအိပ်နိုင် မစားနိုင် အလောင်းကိုပင် မပစ်ရက်နိုင် ဖြစ်နေရှာသည်။ သို့သော် မိဖုရားကြီးကား ဘဝသစ်တွင် နွားချေးပိုးဖိုနှင့် ပျော်ပါးနေလေပြီ၊ အဿကဘုရင်ကြီးဆိုသူကိုလည်း မသိတော့ပြီ။
ထိုအချိန်တွင် ဘုရားအလောင်းတော် ရသေ့ကြီးက အဘိညာဉ်တန်ခိုးဖြင့် အဿကမင်း၏ ဥယျာဉ်သို့ ကြွလာ၍ အသင်မင်းကြီး၏ မိဖုရားဥပရီသည် ဥယျာဉ်တော်တွင် နွားချေးပိုးမ ဖြစ်နေကြောင်း ပြောပြသည်။ မင်းကြီးကား ဤမျှ ချောမောလှပပြီး လိမ္မာရေးခြားရှိလှသော မိဖုရားကြီး နွားချေးပိုးမ ဖြစ်နေသည်ဆိုခြင်းကို လုံးဝ မယုံပေ။
ထိုအခါ ရသေ့ကြီးက ပိုးဖို ပိုးမ နှစ်ဦးစလုံး အဿကဘုရင်ကြီးရှေ့မှောက် ရောက်လာစေရန် အဘိညာဉ်ဖြင့် အဓိဋ္ဌာန်လိုက်ရာ ဘုရင်ကြီး၏ မျက်စိအောက်မှာပင် နွားချေးပုံထဲမှ စုံတွဲထွက်လာပြီး ဘုရင်ကြီးရှေ့မှောက်သို့ ရောက်လာကြသည်။ အဘိညာဉ်တန်ခိုးဖြင့် အဓိဋ္ဌာန်ပြီး အလောင်းတော် ရသေ့ကြီးကိုယ်တိုင် မေးမြန်းလေသည်။
“ဟဲ့-ပိုးမ... နင် ရှေးဘဝတုန်းက ဘယ်သူဖြစ်ခဲ့သလဲ”
“အဿကဘုရင်ကြီးရဲ့ အဂ္ဂမဟေသီ မိဖုရားကြီး ဥပရီ ဖြစ်ခဲ့ပါတယ် ဘုရား”
“အခုနင်ဟာ အဿကဘုရင်ကြီးကိုပဲ ချစ်သလား၊ နွားချေးပိုးဖိုကိုပဲ ချစ်သလား”
“အဿကမင်းဟာ ရှေးဘဝက တပည့်တော်မရဲ့ လင်ဖြစ်ခဲ့သော်လည်း ယခုဘဝမှာ ဘာမျှ မဆိုင်တော့ပါ၊ အဿကမင်းရဲ့ လည်ချောင်းသွေးနှင့် ယခုဘဝ တပည့်တော်မရဲ့ ချစ်လင်ဖြစ်သော ပိုးဖိုရဲ့ ခြေတို့ကို ဆေးပေးချင်ပါသေးတယ် ဘုရား”
ထိုစကားကို ကြားရသောအခါ အဿကမင်းကြီးသည် စိတ်မချမ်းမသာဖြစ်ကာ ဥယျာဉ်အတွင်း၌ နေလျက်ပင် နန်းတော်မှာရှိသော မိဖုရားအလောင်းကို ထုတ်ဆောင်စွန့်ပစ်စေလေသည်။ ထို့နောက် ခေါင်းလျှော်ပြီး...
စာမျက်နှာ-676
ဘုရားအလောင်းရသေ့ကို ရှိခိုးကန်တော့၍ မြို့တွင်းသို့ ပြန်ရောက်သည့်အခါ အခြားမိဖုရားတစ်ယောက်ကို မိဖုရားခေါင်ကြီးအရာ မြှောက်၍ တရားသဖြင့် မင်းပြုလေသည်။ ဘုရားအလောင်းရသေ့လည်း မင်းကြီးအား သောကကင်းဝေးအောင် ဆုံးမဩဝါဒပေးပြီး ဟိမဝန္တာသို့ ပြန်ကြလေသည်။
ဤသာဓကကို ကြည့်လျှင် သတ္တဝါတို့သည် ဖြစ်ရာဘဝမှာ ပျော်နေကြသည်၊ ဘဝဟောင်းက စည်းစိမ်ချမ်းသာကို မေ့ပြီး ဘဝသစ်၌ သာယာနှစ်သက် ကြည်နူးနေကြသည်။ သေသူကို ရှင်သူက တ၍ ငိုနေကြရသော်လည်း သေသူမှာမူ ဘဝသစ်တွင် တွေ့ရသည့် အပေါင်းအဖော်သစ်များနှင့် မွေ့လျော်နေလေပြီ။ ထို့ကြောင့် သေသူအတွက် ရက်ရှည်လများ ငိုကြွေးမြည်တမ်းနေရန် မသင့်လျော်ချေ။
သေပြီးနောက် ဘာတွေ ဖြစ်ကြဦးမည်နည်း
မွေးဖွားလာသော သူတို့သည် တစ်နေ့သေကြရမည်ကား မုချဧကန်ဖြစ်၏။ သေပြီးနောက် ဘာတွေဖြစ်၍ ဘယ်ဘဝ ရောက်ကြဦးမည်ကို ဘုရားရဟန္တာမှအပ မည်သူမျှ အတပ်မပြောနိုင်ချေ။ ဘဝသံသရာကို မယုံကြည်သူတို့ကား ယခုဘဝ သေပြီးလျှင် ပြီးပြီဟု ယူဆထားကြ၏။ တချို့ကား ယခုဘဝ သေပြီးနောက် ကောင်းကင်ဘုံ၊ သို့မဟုတ် ငရဲဘုံ၌ နေကြရမည်ဟု ယုံကြည်ကြ၏။ အမှန်စင်စစ် ဘဝသံသရာသည် လွန်စွာ ရှည်လျား၍ ဆုံလည်နွားကဲ့သို့ ထပ်ပြန်တလဲလဲ သေလိုက် မွေးလိုက် ဖြစ်နေသည်။ ထိုသို့ တစ်ဘဝမှ တစ်ဘဝသို့ ကူးပြောင်းပြီး သံသရာလည်နေရာ၌ ဘဝကူးကောင်းရန် အရေးအကြီးဆုံးအချက်မှာ သေခါနီးတွင် ထင်လာမြင်လာသော အာရုံနိမိတ်ပင်ဖြစ်သည်။ တစ်နည်းအားဖြင့် ဥပါဒါန်အစွဲပင် ဖြစ်သည်။ မယားအပေါ် ဥပါဒါန်အစွဲကြီးသူတစ်ဦး၏ သံသရာကျင်လည်ရပုံကို ပြဆိုပါဦးမည်။
မယားချစ်သူတစ်ဦး
သီဟိုဠ်ကျွန်း ရွာတစ်ရွာမှ လူငယ်တစ်ယောက်သည် အစ်ကိုမယား (မရီး) နှင့် ဖောက်ပြန်နေ၏။ မရီးကလည်း လင်ထက် မတ်ကို ပို၍ ချစ်မြတ်နိုးနေ၏။ ထိုအခါ အစ်ကိုဖြစ်သူကို သတ်ရန် (လင်ငယ်) မတ်အား မရီးက သုံးကြိမ်တိုင်တိုင် တိုက်တွန်း၏။ မတ်က မကြံတတ်သဖြင့် မရီးကပင် အကြံပေး၏။
တစ်နေ့ လင်တော်မောင် အလုပ်မှ မောမောဖြင့် ပြန်လာရာတွင် မယားသည် အလွန်ချစ်မြတ်နိုးလေဟန်ဖြင့် လင်၏ ခေါင်းက ဆံပင်များကို ယုယုယယ...
စာမျက်နှာ-677
ဖြီးပေးနေရင်း “အစ်ကိုရယ် အစ်ကိုခေါင်း ချွေးတွေသံတွေနှင့် ညစ်ပေလွန်းအားကြီးနေပါပြီ။ ဟိုခံတက်ပင်ကြီး ရေဆိပ်မှာ သွားပြီး ခေါင်းလျှော်လိုက်ပါဦးနော်” ဟု ချစ်စဖွယ်အသံဖြင့် ပြောပြ၏။ အကြံကို မသိရှာသူ လင်တော်မောင်မှာ အဟုတ်မှတ်၍ ခေါင်းလျှော်ထွက်သွား၏။
ညီဖြစ်သူသည် မရီးအကြံပေးချက်အရ ခံတက်ပင်အကွယ်တွင် ပဲခွပ် (ဓားမ) ကို ကိုင်လျက် စောင့်နေ၏။ အစ်ကိုသည် မယားစကားကို နားထဲမှာ ကြားလျက် ခေါင်းလျှော်နေစဉ် ညီဖြစ်သူ၏ သတ်ဖြတ်မှုကို ခံလိုက်ရသည်။ လင်ကြီးသည် သေခါနီးတွင် ဇနီးကိုစွဲလမ်းသည့် ဥပါဒါန်အစွဲ (အကုသိုလ်ဇော) ကြောင့် ထိုအိမ်မှာပင် ထန်းမြွေ (လင်းမြွေ) ဖြစ်ရလေသည်။
ထိုမြွေသည် သူ၏ ဇနီးဟောင်းအပေါ် တွယ်တာလှသောကြောင့် အိမ်ခေါင်မိုးပေါ်တက်၍ ဇနီးအပေါ်သို့ သူ၏ကိုယ်ကို ပစ်ချလေသည်။ ထိုမိန်းမလည်း သူ့လင်ဟောင်းဖြစ်မည်ဟု ရိပ်မိ၍ ထိုမြွေကို အသတ်ခိုင်းပြန်သည်။ မြွေဘဝမှ သေပြီးနောက် ထိုအိမ်တွင် ခွေးကလေး ဖြစ်ပြန်သည်။ ထိုခွေးသည် ထိုမိန်းမသွားရာနောက် တကောက်ကောက် လိုက်နေသည်။ လူများ ကဲ့ရဲ့ကြသဖြင့် ထိုခွေးကို အသတ်ခိုင်းပြန်သည်။ ခွေးဘဝမှ သေသောအခါ ထိုအိမ်မှာပင် နွားကလေး ဖြစ်ရပြန်သည်။ ထိုနွားသည်လည်း ထိုမိန်းမနောက်သို့ တကောက်ကောက် လိုက်ပြန်သည်။ လူများ ကဲ့ရဲ့ကြသဖြင့် နွားကို အသတ်ခိုင်းပြန်ရာ နွားဘဝမှ သေပြီးနောက် ဇနီးဟောင်းဝမ်းဗိုက်မှာပင် သန္ဓေတည်ပြီး လူဖြစ်လာပြန်သည်။
မွေးဖွားလာသောအခါ ထိုကလေးငယ်သည် နောက်ဘဝကို မှတ်မိသော (ဇာတိဿရ) ဉာဏ်ကို ရသဖြင့် “ဒီလို ရန်သူမိန်းမ၏ ဝမ်းထဲမှာ ဖြစ်မှု ဖြစ်ရလေခြင်း” ဟု စိတ်နာ၍ မိခင်နို့ကို မစို့ဘဲ နေသည်။ ထို့ပြင် မိခင်လက်နှင့် ထိလိုက်သည်နှင့် ကျူကျူပါအောင် ငိုလေသည်။ အခြားသူ လက်ထဲရောက်မှ အငိုတိတ်သည်။ သို့ဖြစ်ရာ မိခင်၏ စောင့်ရှောက်ပွေ့ချီမှုမှ ကင်းပြီး အဘိုးအဘွားတို့က ပြုစုစောင့်ရှောက်လာခဲ့ရသည်။
ထိုကလေး စကားပြောတတ်လာသောအခါ အဘိုးဖြစ်သူက “ငါ့မြေးရယ် မင်းအမေ ထိတာနှင့် ဘာလို့ ငိုရတာလဲ” ဟု မေးရာ အကြောင်းစုံ ပြောပြရှာသည်။ အဘိုးဖြစ်သူသည် ကလေးအား ပွေ့ဖက်လျက် ငိုယိုပြီး ထိတ်လန့်သံဝေဂရကာ “လာပါကွယ် ငါ့မြေးရယ်၊ ငါတို့ ဒီမှာနေလို့ အကျိုးမများပါဘူး၊ တို့မြေးအဘိုး တခြားမှာ သွားနေကြပါစို့” ဟု ပြောပြီး မြေးအဘိုးနှစ်ယောက် တိတ်တဆိတ် ထွက်သွားပြီး ရှင်ရဟန်းပြုသွားကြသည်။ မြေးအဘိုးနှစ်ယောက်စလုံး တရားအားထုတ်၍ ရဟန္တာဖြစ်သွားသည်။
စာမျက်နှာ-678
ဤသာဓကကို ကြည့်လျှင် ဘဝကို တပ်မက်တွယ်တာမှု၊ သေခါနီးကာလ၌ ဇနီးမယားအပေါ် စွဲလမ်းတပ်မက်မှု၊ ဥပါဒါန်အစွဲကြောင့် သေခါနီးတွင် တိရစ္ဆာန်ဘဝ အာရုံနိမိတ်များ ပေါ်လာပြီး တိရစ္ဆာန်ဘဝမှာ တဝဲလည်လည် ဖြစ်ခဲ့ရလေသည်။
၈၄၀၀၀-ကုသိုလ်ရှင်ဘဝမှ စပါးကြီးမြွေဖြစ်ရခြင်း
ကံတရားသည် အလွန်ဆန်းကြယ်၏။ ပို၍ ဆန်းကြယ်သည်မှာ သေခါနီး သေတော့မည့်ဆဲဆဲ ဖြစ်ပေါ်သည့် စိတ်၏စွမ်းအင်ပင် ဖြစ်သည်။ ယင်းစွမ်းအင်ကို “ဇော” ဟု ခေါ်သည်။ ထိုဇောသည်ပင် ကံဖြစ်ရ၏။ ဘဝတစ်လျှောက်လုံး ကုသိုလ်ကောင်းမှုတွေ မည်မျှ ပြုလုပ်ခဲ့စေကာမူ သေခါနီးကာလ၌ အကုသိုလ်ဖြစ်လာလျှင် အကုသိုလ်ဇောကျပြီး အပါယ်သို့ ရောက်ရ၏။ ဘဝတစ်လျှောက်လုံး အကုသိုလ်တွေ မည်မျှ ပြုလုပ်ခဲ့စေကာမူ သေခါနီးကာလ၌ ကုသိုလ်စိတ်ဖြစ်လာလျှင် ကုသိုလ်ဇောကျပြီး ကောင်းရာသုဂတိသို့ ရောက်ရ၏။ သို့သော် ဘဝတစ်လျှောက်လုံး ပြုလုပ်ခဲ့သည့် ကုသိုလ် အကုသိုလ်များလည်း အချည်းနှီး ဖြစ်မသွားပေ။ အချိန်တန်လျှင် အခွင့်သင့်လျှင် အကျိုးပေးကြသည်သာ ဖြစ်၏။ ထို့ကြောင့် သေခါနီး (မရဏာသန္န) ဇောသည် အလွန်အရေးကြီး၏။
သီရိဓမ္မာသောကမင်းကြီးဟု ပြောလိုက်လျှင် ဗုဒ္ဓဘာသာဝင်မှန်သမျှ မသိသူ မရှိသလောက်ပင် ဖြစ်၏။ ကုသိုလ်ကောင်းမှု ပြုလုပ်ရာတွင်လည်း နာမည်ကြီး၏။ ရေတွင်း၊ ရေကန်၊ ကျောင်း၊ စေတီပေါင်း ရှစ်သောင်းလေးထောင်စီ တည်ဆောက်၍ ဗုဒ္ဓသာသနာတော်ကို ချီးမြှောက်ခဲ့သည်။ ထိုမျှမက မိမိ၏ ရင်သွေးရင်နှစ် နန်းညွှန့်ထီးလျာများဖြစ်သည့် သားတော် မဟိန္ဒနှင့် သမီးတော် သင်္ဃမိတ္တာတို့ကို သာသနာ့ဘောင် သွတ်သွင်း၍ သာသနာ့အမွေ ခံယူခဲ့သည်။ သာသနာ့အမွေရ ဘုရားဒကာ၊ ကျောင်းဒကာ၊ သာသနာ့ဒါယကာဖြစ်သော သီရိဓမ္မာသောကမင်းကြီး။
ထိုသီရိဓမ္မာသောကမင်းကြီးသည် သေခါနီးကာလ နာမကျန်းဖြစ်သောအခါ မြေးတော်က ထီးနန်းသိမ်းပိုက်လိုက်သည်။ အာဏာလက်မဲ့ဖြစ်၍ ဘာကိုမျှ ပိုင်စိုးခြင်း မရှိတော့ချေ။ ထိုအချိန်တွင် သမားတော်ကြီးက ဆေးအဖြစ် ဆက်သထားသည့် သျှစ်သျှားသီးပိုင်းကလေးကို နမ်းရှုရင်း “အော်-ဇမ္ဗူဒိပ်ကို အစိုးရသောမင်း ဖြစ်ပါလျက် ယခုအခါမှာ သျှစ်သျှားသီးပိုင်းကလေးမျှကိုသာ အစိုးရသူ ဖြစ်ရလေခြင်း” ဟု အလွန်အမင်း ဝမ်းနည်းလျက် ဆုတ်နစ်သောဒေါသကြောင့် မကောင်းသောအာရုံများဖြစ်ပြီး အကုသိုလ်ဇောကျကာ ကွယ်လွန်၍ စပါးကြီးမြွေဘဝသို့ ရောက်သွား...
စာမျက်နှာ-679
ရသည်။ ခုနစ်ရက်အတွင်းမှာပင် သားတော် အရှင်မဟိန္ဒက ကယ်ဆယ်ချေချွတ်၍ ထိုဘဝမှ ကျွတ်လွတ်ပြီးနောက် လူ့ဘဝ၌ ရဟန္တာဖြစ်ရလေသည်။
မုဆိုးလုပ်သူ နတ်ပြည်ရောက်ခြင်း
သောဏဂိရိခေါ် တောင်ပေါ်ကျောင်း၌ ရဟန္တာမထေရ် အရှင်သောဏ သီတင်းသုံးနေတော်မူသည်။ အရှင်သောဏ၏ ခမည်းတော်မှာ သူ၏ ဝါသနာနှင့် လုပ်ငန်းသဘောအရ မုဆိုးဘဝဖြင့် အသက်မွေးနေသည်။ သူသည် သန်သန်မာမာ ရှိစဉ်က ခွေးတစ်သိုက်နှင့် တောလိုက်လေ့ရှိသည်။ ရသမျှသော အမဲများကို ရောင်းချ၍ အသက်မွေးရသည်။
မုဆိုးကြီးသည် အသက်ကြီး၍ အိုမင်းမစွမ်း ဖြစ်လာသဖြင့် သားထံတွင် ရဟန်းပြု၍ နေလေသည်။ ရဟန်းတရားကိုလည်း ထိုက်သင့်သလောက် အားထုတ်သည်။ သို့သော် ပြုလုပ်ခဲ့သော အကုသိုလ်ကံ လွန်စွာ များလှသဖြင့် သေခါနီးကာလတွင် မိမိပြုလုပ်ခဲ့သော အကုသိုလ်ကံ အာရုံများကြောင့် တောင်ခြေမှ ခွေးကြီးတွေ မိမိအား လိုက်၍ ကိုက်နေသလို ထင်မြင်လာသည်။ ထိုအခါ “ခြောက်ပါဟဲ့ သားရဲ့” ဟု အဆက်မပြတ် ယောင်ယမ်းအော်ဟစ်တော့သည်။ သားရဟန်း အရှင်သောဏက “ဘာလဲ ဦးပဉ္စင်းကြီး” ဟု မေးသောအခါ “ခွေးကြီးတွေ ခွေးကြီးတွေ” ဟု ပြန်ပြောလေသည်။
အရှင်သောဏသည် ခမည်းတော်ကြီး အကုသိုလ်နိမိတ် အရိပ်အယောင်တွေ ထင်နေပြီဟု သိသဖြင့် “ငါကဲ့သို့သော သားရှိပါလျက် ငရဲသို့ ဘာကြောင့် လားရမည်နည်း” ဟု ကြံကာ သာမဏေများကို ပန်းခူးခိုင်း၍ မဟာစေတီ ရင်ပြင်တော်ပေါ်၌ ပန်းမွေ့ရာခင်းပြီး ဖခမည်းတော်အား ခုတင်နှင့်တကွ ရွှေ့၍ စေတီတော်ရင်ပြင်၌ ချထားလေသည်။ ထို့နောက် “ဦးပဉ္စင်းကြီးအတွက် ပန်းတွေ ဘုရားပူဇော်ထားတယ်၊ ကြည်ညိုပါ” ဟု ဘေးက အကြိမ်ကြိမ် တိုက်တွန်းသည်။ ကြည်ညိုစိတ်ဖြစ်အောင် ပြောပြသည်။ ထိုခဏ၌ နတ်သမီးအာရုံများ ထင်လာ၍ “သားရယ် ဖယ်ပေးပါ ဖယ်ပေးပါ၊ သားရဲ့ မိထွေးများ လာနေပြီ” ဟု ယောင်ယမ်းလျက် ကွယ်လွန်သည့်အခါ နတ်ပြည်သို့ ရောက်ရလေသည်။
ဤသာဓကကို ကြည့်လျှင် သေခါနီးကာလ၌ အာရုံနိမိတ်ကောင်းများ ထင်မြင်စေရန် သားသမီးကောင်း၊ သို့မဟုတ် မိတ်ဆွေကောင်းတို့က ပြုပြင်ကူညီပေးနိုင်သည်ကို သတိချပ်အပ်သည်။
စာမျက်နှာ-680
သေခါနီး ဘုရားအာရုံ၊ တရားအာရုံကြောင့် နတ်ပြည်ရောက်သူများ
မိမိတို့ ဘဝတစ်လျှောက်ဝယ် မည်သည့် ကုသိုလ်ကောင်းမှုကိုမျှ မလုပ်ခဲ့ရသော်လည်း သေခါနီးကာလ၌ ကောင်းသောစိတ်၊ ကောင်းသော အာရုံများ ဝင်စားလာလျှင် ထိုအာရုံကြောင့် ကောင်းရာသုဂတိဘဝသို့ ရောက်ကြရသည်။
မဋ္ဌကုဏ္ဍလီ သည် အလွန်နှမြောတွန့်တိုသော ပုဏ္ဏားကြီး၏ သားဖြစ်၏။ ဖခင်က နှမြောလွန်းလှသဖြင့် သူသည် လူ့ဘဝတွင် ဘယ်သူ့ကို ဘာတစ်ခုမျှ မပေးကမ်း မလှူဒါန်းခဲ့ရချေ။ မိမိပင် မဝရေစာ စားနေခဲ့ရသည်။ ဒါနကို မပြုလုပ်ရရှိစေဦး၊ သာသနာကို မကြည်ညိုသော ပုဏ္ဏားမျိုး၌ ဖြစ်နေသဖြင့် သီလ၊ ဘာဝနာ ကုသိုလ်များကိုလည်း မပြုလုပ်ခဲ့ရပေ။
မဋ္ဌကုဏ္ဍလီ ရောဂါဖြစ်၍ ဆေးကုမရတော့သော အချိန်တွင် ဖခင်ပုဏ္ဏားကြီးသည် သူ၏ ပစ္စည်းများကို အခြားသူများ မြင်မှာစိုးရိမ်သဖြင့် သားဖြစ်သူ မဋ္ဌကုဏ္ဍလီကို အိမ်၏အပြင်ဘက် ဆင်ဝင်သို့ ထုတ်ထားလေသည်။
ထိုနေ့တွင် ဘုရားရှင်သည် အိမ်စဉ်အတိုင်း ဆွမ်းခံကြွတော်မူစဉ် မဋ္ဌကုဏ္ဍလီ အိမ်ရှေ့ ရောက်သောအခါ မဋ္ဌကုဏ္ဍလီ မြင်လောက်အောင် ရောင်ခြည်တော် လွှတ်လေသည်။ မဋ္ဌကုဏ္ဍလီသည် မိမိမျက်နှာပေါ်ကျရောက်နေသော အလင်းရောင်လာရာသို့ အိပ်နေရင်း စောင်းငဲ့ကြည့်လိုက်ရာ ဘုရားရှင်အား ကြည်ညိုဖွယ်ရာ ဖူးတွေ့လိုက်ရသည်။ မဋ္ဌကုဏ္ဍလီသည် ဗုဒ္ဓဘာသာဝင် မဟုတ်သော်လည်း ဘုရားရှင်အား ကြည်ညိုစိတ်ဖြင့် ထိုခဏတွင် ကွယ်လွန်သွားရာ နတ်ပြည်တွင် နတ်သားဖြစ်ရလေသည်။
ထို့ပြင် မြတ်စွာဘုရားသည် ဂဂ္ဂရာ ရေကန်အနီး ကျောင်းတော်ကြီး၌ စမ္ပာမြို့သူ မြို့သားများအား တရားဟောနေစဉ် ထိုရေကန်ရှိ ဖားငယ်တစ်ကောင်သည် ကျောင်းကြီးပေါ်မှ ပျံ့လွင့်ထွက်ပေါ်လာသော အသံကို နားစိုက်ထောင်နေ၏။ ထိုအသံပေါ်တွင် နှစ်သက်ခြင်းပီတိဖြစ်နေသည်။ သို့သော် ဘာသံမှန်း သူမသိရှာ။ အသံမှာ ဘုရားရှင် ဟောကြားသော တရားတော်သံ ဖြစ်သည်။
ဖားငယ်သည် ထိုအသံပေါ်တွင် အာရုံနစ်မြုပ်နေရာ မိမိအနီးသို့ နွားကျောင်းသား ရောက်ရှိလာသည်ကို မသိလိုက်ပေ။ နွားကျောင်းသားသည် ကိုင်ထားသော နွားမောင်းတုတ်ဖြင့် မြေကို ထောက်လိုက်ရာ ဖားကလေးအား မတော်တဆ ထောက်လိုက်မိသဖြင့် ဖားကလေးမှာ ပွဲချင်းပြီး သေဆုံးသွားရှာသည်။ ဖားငယ်သည် သေခါနီး၌ တရားတော်အပေါ် ကြည်ညိုစိတ်ကြောင့် နတ်ပြည်တွင် မဏ္ဍုကနတ်သား ဖြစ်ရလေသည်။
စာမျက်နှာ-681
ငညိုနှင့် ဆန်တစ်စလယ်
မိမိတို့ ပြုလုပ်ခဲ့သော လုပ်ငန်းသည် ကြီးသည်၊ ငယ်သည်မဟူ အကုသိုလ်မဟုတ်သော်လည်း ထိုအလုပ်အပေါ် စိတ်မချမ်းသာခြင်း၊ မကျေမနပ်ဖြစ်ခြင်း၊ ငါ့တာဝန်မကျေ၊ အကြွေးမကျေဟု ပူပန်ခြင်း ဖြစ်ပေါ်လာပါက နှလုံးမသာယာခြင်း၊ နောင်တပူပန်ခြင်း “ဝိပ္ပဋိသာရ” ဟု ခေါ်သည်။ အကုသိုလ် ဒေါသတရားမျိုး ဖြစ်ရသည်။ ထိုစိတ်မျိုး ရိုးရိုးအချိန်၌ ဖြစ်ပေါ်လာခြင်းသည် အရေးမပါသော်လည်း သေခါနီးအခါ ဖြစ်ပေါ်လာပါလျှင် အသေးအဖွဲ့ကလေးတစ်ခုက ဘဝကြီးတစ်ခုလုံးကို ပြောင်းပြန်ဇောက်ထိုး ဖြစ်သွားစေနိုင်သည်၊ လူ့ဘဝမှ အပါယ်သို့ ကျရောက်စေနိုင်သည်။ သာဓက ပြရလျှင် —
၁၂၇၀-နှင့် ၁၂၈၀-အတွင်းခန့်က တောင်တွင်းကြီးမြို့ အရှေ့မြောက်ဘက် ၁၀-မိုင်ခန့်တွင် ချောင်းဆုံရွာ ရှိ၏။ ထိုစဉ်က အိမ်ခြေ ၄၀၀-ခန့် ရှိသည်။ ထိုရွာတွင် ငညိုနှင့် ကံကြီး ဆိုသူ သူငယ်ချင်းနှစ်ယောက်မှာ ကွမ်းထမ်းရောင်းပြီး အသက်မွေးကြသည်။ တစ်နေ့ ကွမ်းရောင်းရာမှအပြန် ကံကြီးအိမ်မှာ ဆန်ကုန်နေ၍ ငညိုထံမှ ဆန်တစ်စလယ် ချေးယူပြီး ချက်စားရသည်။ ထို့နောက် မကြာမီ ကွမ်းရောင်းရာမှ လရောင်ဖြင့် ပြန်လာကြရာ လမ်းတွင် ပိုးထိ၍ ကံကြီး သေဆုံးသွားရှာသည်။
ကံကြီး ပိုးထိ၍ သေရာတွင် မသေမီ သေခါနီးကာလ၌ ကံကြီး၏ စိတ်ထဲတွင် မည်သို့ဖြစ်သွားလေသည်ကို မည်သူမျှ မသိနိုင်ပေ။ ကံကြီးသည် ငညိုအိမ်မှာ တိုက်ကြက်ကြီး ဖြစ်ရလေသည်။ ငညို ကြက်တိုက်ရာတွင် ၃-ပွဲ ၃-ကြိမ်တိုက်တိုင်း နိုင်ခဲ့၏။ ၄-ကြိမ်မြောက်၌မူ အင်အားချင်း မမျှ၍ ငညို၏ ကြက်ရှုံးခဲ့ရ၏။ ငညိုသည် စိတ်ဆိုးပြီး ကြက်ကို ခြေနှစ်ချောင်းကိုင်၍ မြေနှင့်ရိုက်ကာ မသေမရှင် အိမ်အောက် ရေအိုးစင်နား ပစ်ချထားလိုက်သည်။ ထိုစဉ် ကြက်ကို နွားမကြီးက နမ်းရှုလာရာ ကံကြီးခမျာ တိုက်ကြက်ဘဝမှ သေဆုံး၍ နွားမကြီးဝမ်းထဲ ရောက်ကာ နွားကလေး ဘဝသို့ ကူးပြောင်းသွားရပြန်ရှာသည်။ နွားကလေး အတန်ငယ် ကြီးလာသောအခါ ငညို မိတ်ဆွေများက တန်ဖိုး ၅ ကျပ်/• နှင့် ဝယ်၍ သတ်စားကြရာ ငညိုပါ ပါဝင်လေသည်။ နွားကလေးကို သတ်ဖြတ်၍ အမဲဖျက်နေတုန်း တောင်တွင်းကြီးမှ စာရေးကြီးလင်မယားက ထိုအနားသို့ ရောက်လာကြသည်။ စာရေးကတော်က နွားကလေးအား သနားကရုဏာသက်ပြီး “ငါတို့ နွားသာဆိုလျှင် မသတ်ရက်ပါဘူး၊ သူ့အလိုလို သေသွားတောင် မစားရက်ပါဘူး၊ မြေထဲ မြှုပ်လိုက်မှာပဲ” ဟု ပြောရှာ၏။ ထို့နောက် စာရေးကတော်ကြီး သားယောက်ျားလေး မွေးဖွားလာရာ ၇-နှစ်ရှိသည့်တိုင်အောင် စကားမပြောဘဲ ရှိနေသည်။
စာမျက်နှာ-682
ထိုအခါ ဖခင်စာရေးကြီးက “ငါ့သား စကားပြောပါကွာ၊ ဒီကနေ့ လခထုတ်ရမယ်၊ ငါ့သားအတွက် အဝတ်ကောင်းကောင်း ဝယ်ခဲ့မယ်” လို့ ပြောခဲ့ပြီး ညနေပြန်အလာတွင် “ဟောဒီ အဝတ်လှလှကလေးတွေဟာ ငါ့သားဖို့ပဲ၊ ကဲ- စကားပြောပေတော့” ဟု ပြောလိုက်ရာ သားငယ်က “ငညို၏ ဆန်တစ်စလယ်” ဟု မမျှော်လင့်သော စကားကို ပြောလာပေသည်။ ထိုအခါ ဖခင်က “ငါ့သား စကားသာပြောပါ၊ ဆန်တစ်စလယ်မကဘူး ဆန်တစ်အိတ်တောင် ကြွေးဆပ်ပေးမယ်” ဟု ပြောရာ “ဒီလိုဆိုရင် ဆန်အိတ်ကို လှည်းပေါ်တင်ပါ၊ ယခုဘဲ သွားပြီး အကြွေးဆပ်ရအောင်” ဟု ပြောလေသည်။
သားငယ်၏ ပြောစကားအတိုင်း ဆန်အိတ်ကို လှည်းပေါ်တင်၍ သားအဘနှစ်ယောက် ငညိုထံ ကြွေးဆပ်သွားကြသည်။ လမ်းတွင် လူငယ်ကပင် ငညိုအိမ် ရောက်သည်အထိ လမ်းပြသောဟူ၏။ ငညိုအိမ်ရောက်သောအခါ ကလေးက “ဟေ့ ငညို... ငါ့ကို မှတ်မိသေးရဲ့လား” ဟု မေးရာ သားငယ်အရွယ်က ဤကဲ့သို့ ပြောသည်ကို ကြားရသဖြင့် ငညိုစိတ်ဆိုးသွားသည်။ ထို့နောက် စာရေးကြီးက စိတ်မဆိုးရန် တောင်းပန်၍ ကလေးငယ်က ဖြစ်သမျှအကြောင်းအားလုံး ထုတ်ဖော်ပြောပြရာ ငညိုခမျာ ဝမ်းနည်းကြီးစွာဖြင့် ငိုကြွေးရလေသည်။
ဤအကြောင်း အတ္ထုပ္ပတ်ကို ၁၃၁၃-ခုနှစ်ခန့်က ဦးညိုကိုယ်တိုင် ရေစကြိုမှ ဦးဘသွင်အား ပြောပြချက်ကို မဟာစည်ဆရာတော်ဘုရားကြီးက သူ၏ “ဓမ္မစကြာတရားတော်ကြီး” စာအုပ် စာမျက်နှာ ၃၀၉ တွင် ထည့်သွင်းရေးသားထားတော်မူသည်။
သေဖို့ရန် ပြင်ဆင်သူ၊ သို့မဟုတ် ယောမင်းကြီး ဦးဘိုးလှိုင်
လူတို့သည် သေရမည်ကို ကြောက်ကြသည့်အလျောက် မိမိ သေရမည့် ဘေးရန်အန္တရာယ်မှ အမျိုးမျိုးကာကွယ်ကြသည်။ လက်နက်ဘေးမှ ဝေးနိုင်ရန် အဆောင်အယောင်များ၊ ဂါထာမန္တရားများဖြင့် ကာကွယ်ကြသည်။ ဖျားနာလျှင် ဆေးဝါးကုသကြသည်။ မိမိနှင့် မသင့်တင့်သည့် အစားအစာကို ရှောင်ကြသည်။ အသက်ရှည်စေရန်အတွက် အစားမှန် အသောက်မှန် အအိပ်မှန် ဖြစ်အောင် လေ့ကျင့်ကြသည်။ အချို့လူများသည် ယင်းကဲ့သို့ သတိဝီရိယဖြင့် ကာကွယ်နေသည့် ကြားမှ မတော်တဆ အသက်ဆုံးပါးကြရသည်။
ရောဂါဖြစ်လာသူ တစ်ယောက်သည် ထိုရောဂါဖြင့် မိမိသေနိုင်သည်ဟု များသောအားဖြင့် မထင်မှတ်ကြပေ။ မထင်မှတ်သည့်အလျောက် ဆေးကောင်းဝါးကောင်း ဆရာသမားကောင်းတို့ဖြင့် အစွမ်းကုန်ကုသကြသည်။
စာမျက်နှာ-683
သို့သော် သေနေ့စေ့သူအတွက်ကား ဆေးလည်း မရှိ၊ ဆရာလည်း မရှိ။ သေဘေးကို ရှောင်ကြသူများသည် ရှောင်ရင်းဖြင့် သေကြရသည်။
ပညာ့အမြော်အမြင်ရှိသော ဗုဒ္ဓဘာသာလူမျိုးတို့ကား သေရမည့်ဘေးကို အထူးမရှောင်ဘဲ သေလျှင် ကောင်းရာသုဂတိ ရောက်ဖို့အတွက် အမြဲတမ်း ပြင်ဆင်ထားကြသည်။ ခရီးသွားလာရင်း ဘုရား တရား သံဃာ ဂုဏ်တော်များကို အာရုံပြု ရွတ်ပွားနေကြသည်။ အိပ်နေရင်း ထိုင်နေရင်းလည်း ဘုရားရှိခိုးကြ ပုတီးစိပ်ကြသည်။ ထိုသူတို့သည် ထိုအာရုံများဖြင့် ရုတ်တရက် သေသွားရသော် ဖားငယ်ကလေးကဲ့သို့ နတ်ပြည် နတ်ဘဝ၌ ဖြစ်ကြရမည်။
အချို့သော သက်ကြီးရွယ်အို ဗုဒ္ဓဘာသာဝင်တို့သည် ရှေးက ဘာပဲလုပ်ခဲ့ လုပ်ခဲ့ မိမိတို့ဘဝ နေဝင်ချိန်ရောက်ပြီဟု သိလာသောအခါ ဘဝကူးကောင်းရန် ကြိုးစားကြသည်။ “သေဖို့ရန် ပြင်ပေတော့” ဟူသော မြန်မာ့စကားပုံအတိုင်း သေဖို့ရန် ပြင်ဆင်ကြသည်။ ထိုပုဂ္ဂိုလ်များအနက် မြန်မာပညာရှိ ယောမင်းကြီး ဦးဘိုးလှိုင်၏ သေဖို့ရန် ပြင်ဆင်ပုံမှာ လွန်စွာ အတုယူဖွယ် မှတ်သားလိုက်နာဖွယ် ကောင်းလှပေသည်။ “ယောမင်းကြီး” ဟု ပြောလိုက်လျှင် မြန်မာ့ရာဇဝင်တွင် မသိသူ မရှိသလောက် ထင်ပေါ်ကျော်ကြားသည့် နှုတ်ခမ်းမွှေးကားကား ခေါင်းပေါင်းဖြူ ဖော့လုံးသျှောင်တစောင်းနှင့် ဦးဘိုးလှိုင်၏ ရုပ်ပုံလွှာကို မြင်ယောင်လာကြပေမည်။
ဦးဘိုးလှိုင်သည် အသက်ငယ်စဉ် ကျန်းမာသန်စွမ်းစဉ်က မကောင်းမှု အကုသိုလ်များကိုလည်း အနည်းနှင့်အများဆိုသလို ပြုလုပ်ကောင်း ပြုလုပ်မိခဲ့ပေမည်။ အုပ်ချုပ်ရေးလမ်းကြောင်းပေါ်မှ တရားစီရင်ထုံးများအရ အပြစ်ရှိသူများကိုလည်း အပြစ်အလျောက် စီရင်ခဲ့ပေမည်။ ကုသိုလ်ကောင်းမှုများကိုလည်း မိမိဘဝနှင့် ထိုက်တန်သလောက် ပြုလုပ်ခဲ့ပေမည်။ ဘဝခရီးတစ်လျှောက်၌ ပြုလုပ်ခဲ့သော ကုသိုလ် အကုသိုလ်များသည် အလွန်များလှသဖြင့် မိမိဘာလုပ်ခဲ့သည်ကို အမှတ်ရဖို့ရန် အလွန်ခဲယဉ်းပေသည်။ သို့သော် သေခါနီးကာလ၌ကား အသေးအဖွဲ့ကလေးပင် ဖြစ်စေကာမူ ကုသိုလ်၊ သို့မဟုတ် အကုသိုလ်တစ်ခုခုက နိမိတ်အာရုံ ထင်လာတတ်သည်။ ကုသိုလ်အာရုံ ထင်လာလျှင်ကား ကောင်းပါ၏။ အကုသိုလ်အာရုံ ထင်လာလျှင်ကား အပါယ်သို့ မုချ ကျရောက်ရပေမည်။
ဤသဘောတရားကို သိသော ယောမင်းကြီးဦးဘိုးလှိုင်သည် မသေမီ တစ်လလောက်က ကြိုတင်၍ သေရန် ပြင်ဆင်ခဲ့သည်။ အချို့ အသက်အရွယ် ကြီးရင့်ပြီး သတိတရား ကောင်းမွန်သူတို့သည် မိမိသေရတော့မည်ကို၊ သေနိုင်...
စာမျက်နှာ-684
သည်ကို ခန့်မှန်းသိရှိနိုင်ဟန် ရှိလေသည်။ ဦးဘိုးလှိုင်သည် မိမိသေနိုင်သည်ကို သိသဖြင့် သေရမည်ကို မကြောက်ဘဲ အသေကောင်းရန် ဘဝကူးကောင်းရန် ပြင်ဆင်လေသည်။
ဦးဘိုးလှိုင်၏ ကျောင်းနေဖက် သူငယ်ချင်း ဦးတူဆိုသူသည် စစ်ကိုင်းမြို့တွင် နေထိုင်လျက် ရှိသည်။ ဦးဘိုးလှိုင်သည် ဦးတူကို မိမိအိမ်သို့ ခေါ်၍ ဤသို့ တိုင်ပင်ပြောပြလေသည် —
မောင်တူရေ- မင်းနှင့် ငါဟာ ငယ်သူငယ်ချင်း၊ များစွာ ချစ်ကျွမ်းဝင်သူများ ဖြစ်ကြတယ်၊ ငါ့ကို မင်းကြီးလို့ စိတ်က စွဲပြီး ရိုသေခြင်း ဘုရားထူးခြင်း မပြုနှင့်၊ ကျောင်းမှာ နေတုန်းကလို ဘိုးလှိုင်လို့ပဲခေါ်၊ မင်းကိုလဲ မောင်တူလို့ပဲ ခေါ်မယ်သူငယ်ချင်း၊ ကျောင်းသားစိတ်မျိုးနှင့် စကားပြောပြီး ငါ့အနားမှာ တစ်လလောက် နေပါကွာ၊ မင်း သားမယား စားသုံးဖို့ ငွေဒင်္ဂါး ၂၀ဝိ/- ကို လူကြုံနှင့် ပို့ပေးလိုက်၊ ငါ့ကို မင်း ကျွေးချင်တာနှင့် ကျွေး၊ ငါ့ကို ဘာစားမလဲ မမေးနှင့်၊ မင်း ကျွေးတာ ငါစားမယ်၊ မင်းပြောတာ ငါနားထောင်မယ်၊ ဒီအခန်းထဲကို ဝန်ကတော်မှအစ ဘယ်သူမှ မဝင်စေနှင့်။
ဦးဘိုးလှိုင်နှင့် ဦးတူ သူငယ်ချင်းနှစ်ယောက်သည် ဘုန်းကြီးကျောင်းမှာ နေစဉ်ကကဲ့သို့ ဘုရားစာများကို တစ်ယောက်တလှည့် ရွတ်အံကြသည်။ ရံခါ ရယ်စရာများ ပြောကြသည်။ နေ့စဉ် ညအိပ်ခါနီး၌ ဘုန်းကြီးကျောင်းမှာတုန်းကလို အပြိုင်ဆို၍ ဘုရားဝတ်တက်ကြသည်။ ဦးတူအား မဟာသတိပဋ္ဌာန်သုတ်တော်ကို ရွတ်ခိုင်းပြီး နာယူသည်။ ပြီးလျှင် သာဓုခေါ်၍ အိပ်သည်။ ယင်းသို့ နေလာခဲ့ရာ တစ်လပြည့်မြောက်သည့်ည ကျရောက်သောအခါ မြန်မာနာရီ လေးချက်တီးကျော်အချိန်တွင်....
“မောင်တူရေ- ယနေ့ ငါစောစော အိပ်မယ်ကွယ်၊ မင်း ငါ့ကို သတိပဋ္ဌာန်တရားတော်နှင့် ရွတ်ဆိုသိပ်ပါကွယ်၊ ငါတရားနာရင်း အိပ်ပါရစေ၊ သုံးချက်တီးကျော်သောအခါ ငါ့ကို နှိုးပါကွယ်” ဟု မှာထားပြောကြား၍ အိပ်လေသည်။ ဦးတူကလည်း ပြောသည့်အတိုင်း သတိပဋ္ဌာန်တရားတော်ကို အသံမပြတ် ရွတ်ဖတ်နေသည်။ သုံးချက်တီးကျော်၍ နှိုးသောအခါ ဦးဘိုးလှိုင်မှာ မနိုးတော့ပြီ၊ လက်နှင့် ကိုင်ကြည့်ရာ ဦးဘိုးလှိုင်၏ ကိုယ်မှာ တောင့်တင်းအေးစက်လျက် ဝိညာဉ်ချုပ်နေလေပြီ။ ဤကား ရှေးမြန်မာ ဗုဒ္ဓဘာသာလူကြီးများ၏ ဘဝကူးကောင်းရန် ကြိုတင်ပြင်ဆင်ပြီး
စာမျက်နှာ-685
သေမင်းနှင့် ရင်ဆိုင်ခဲ့ကြပုံဖြစ်သည်။ သေခါနီး စိတ်နေစိတ်ထားနှင့် ပတ်သက်၍ ပန်းအလှူရှင် နတ်သမီးဝတ္ထုကို လေ့လာသင့်သည်။
နတ်သမီးတစ်ယောက်သည် ရွှေဝါရောင် အဝတ်ကို ဝတ်၍ ရွှေဝါရောင် တန်ဆာကို ဆင်ပြီး ရွှေဝါရောင် စန္ဒကူးကို လိမ်းကျံလျက် ရွှေဝါရောင်တံခွန်ကို ကိုင်ထား၏။ ရွှေဝါရောင် ကြာပန်းကို ဆင်မြန်းထားပြီး ရွှေဝါရောင် ပြာသာဒ်နှင့် ရွှေဝါရောင် အိပ်ရာလည်း ရှိ၏။ ရွှေဝါရောင်ခွက်၊ ရွှေဝါရောင်ထီး၊ ရွှေဝါရောင်ရထား၊ ရွှေဝါရောင်မြင်း၊ ရွှေဝါရောင် သားမြီးယပ်ရှိ၏။
ထိုနတ်သမီးအား သိကြားမင်းက “ရှေးလူဘဝတုန်းက အဘယ်ကုသိုလ်ထူးကို ပြုခဲ့ပါသနည်း” ဟု မေး၏။ ထိုအခါ နတ်သမီးက —
“အရှင်သိကြားမင်း... ခါးသည်ဖြစ်၍ လူတို့အလိုမရှိသော သပွတ်ခါးနွယ်ပင် ရှိပါ၏။ ကျွန်ုပ်သည် မြတ်စွာဘုရား၏ သရီရဓာတ်တော်ကို ရည်မှတ်၍ အထူးကြည်လင်သော စိတ်ဖြင့် ထိုသပွတ်ခါးနွယ်ပန်း လေးပွင့်တို့ကို စေတီတော်အား လှူဒါန်းရန် ဆောင်ယူလာခဲ့ပါသည်။ ကျွန်ုပ်သည် ရန်သူနွားမကို သတိမထားမိ၊ နွားအုပ်လာရာ လမ်းကို မျှော်မကြည့်မိပါ။ ထိုနွားအုပ်ထဲမှ သားငယ်ရှိသော နွားမသည် ကျွန်ုပ် စေတီတော်သို့ မရောက်မီ ကျွန်ုပ်အား သတ်လိုက်ပါ၏။ ကျွန်ုပ်သည် စေတီတော်သို့ ကိုယ်တိုင်ရောက်၍ အလိုဆန္ဒအတိုင်း ပန်းကို ပူဇော်ရပါမူ ဤစည်းစိမ်ထက် သာလွန်၍ ဖြစ်ရာပါ၏” ဟု ဖြေကြားလေသည် (ပီတဝိမာနဝတ္ထု၊ ၆၅-၆။)
တမ္ဗဒါဌိက သည် ခိုးသားများစွာတို့ကို နေ့စဉ် သတ်ဖြတ်၍ နှစ်ပေါင်း ၅၀ တိုင်တိုင် ဘုရင့်အမှုတော် ထမ်းရွက်ခဲ့သည်။ အသက်အရွယ်ကြီးရင့်လာသောအခါ ခိုးသူသတ်ရာထူးမှ အနားယူလိုက်သည်။ ယင်းသို့ အနားယူပြီးနောက် တစ်နေ့တွင် တမ္ဗဒါဌိကသည် မိမိအတွက် အလုပ်အကျွေးများက စီစဉ်ထားသော ဆီဦးထောပတ်တို့ဖြင့် ပြုလုပ်သည့် နို့ယာဂုကို သုံးဆောင်ရန် ပြင်ဆင်နေသည်။
ထိုအချိန်တွင် အရှင်သာရိပုတ္တရာသည် နိရောဓသမာပတ်မှ ထ၍ ချီးမြှောက်ရမည့်သူကို ကြည့်ရှုရာ တမ္ဗဒါဌိကကို မြင်တော်မူသဖြင့် သူ၏အိမ်သို့ ဆွမ်းခံကြွတော်မူသည်။ တမ္ဗဒါဌိကသည် အရှင်မြတ်ကို ရှုမြင်သောအခါ အိမ်တွင်းသို့ ပင့်ဆောင်၍ မိမိစားတော့မည့် နို့ယာဂုကို ဆက်ကပ်လှူဒါန်းပြီး အရှင်မြတ်အား ယပ်လေခတ်လျက် ထိုင်နေလေသည်။ အရှင်မြတ်သည် ယာဂုဆွမ်း ဘုဉ်းပေးပြီးနောက် တမ္ဗဒါဌိကအား အနုမောဒနာတရား ဟောကြားတော်မူသည်။
စာမျက်နှာ-686
အရှင်မြတ်သည် တရားနာယူနေသော တမ္ဗဒါဌိက မိမိတရားတော်အပေါ် စိတ်မဝင်စားဘဲ ဖြစ်နေသည်ကို သိ၍ ဟောလက်စတရားကို ခေတ္တရပ်ပြီး တမ္ဗဒါဌိကအား မေးတော်မူသည်။ ထိုအခါ တမ္ဗဒါဌိကက ခိုးသူပေါင်းများစွာတို့ကို အနှစ် ၅၀ တိုင်တိုင် သတ်ခဲ့မိသော အကုသိုလ်ကို သတိရနေသောကြောင့် အရှင်မြတ်၏ တရား နားထဲသို့ မဝင်ဘဲ ဖြစ်နေကြောင်း လျှောက်ထားလေသည်။
ထိုအခါ အရှင်မြတ်က ဤဒကာကို ဥပါယ်တံမျဉ်သုံး၍ တရားဟောမှ အာရုံစိုက်ကာ နာယူနိုင်မည်ဟု သိသဖြင့် ဤသို့ မေးတော်မူသည် —
“ဒကာ... သင်သည် မိမိဆန္ဒဖြင့် သတ်သလော၊ သူတပါးခိုင်း၍ သတ်သလော”
“အရှင်ဘုရား... ဘုရင့်အမိန့်တော်အရ သတ်ပါသည်ဘုရား”
“ဒကာ... သူတပါးခိုင်း၍ ပြုလုပ်ရသော သင့်အား အကုသိုလ် ဖြစ်သလော”
အရှင်မြတ်က ဤသို့ မေးမြန်းလိုက်သောအခါ တမ္ဗဒါဌိက၏ စိတ်ထဲတွင် “ဘုရင်ခိုင်း၍ သတ်ရသည်၊ ငါ့မှာ အကုသိုလ်မရှိ” ဟု ယုံကြည်စိတ်ချသွားလေသည်။ ထို့နောက် တရားတော်ကို ဆက်လက်ဟောကြားပါရန် လျှောက်ထား၍ တရားတော်ကို စူးစိုက်နာယူလေရာ ဝိပဿနာဉာဏ်စဉ် အဆင့်မြင့်သို့ ရောက်အောင် သဘောပေါက်သွားလေသည်။
တမ္ဗဒါဌိကသည် အရှင်မြတ်ပြန်ကြွသောအခါ လိုက်ပို့၍ အပြန်တွင် နွားဝှေ့ခံရသောဒဏ်ကြောင့် ချက်ချင်း သေဆုံးလေသည်။ ထိုကုသိုလ်စိတ်အာရုံဖြင့် ကွယ်လွန်ခြင်းဖြစ်ရကား တမ္ဗဒါဌိကသည် တုသိတာနတ်ပြည်၌ ဖြစ်လေသည် (ဓမ္မ၊ ဋ္ဌ၊ ၁း၄ဝ၅)။
သေခါနီး အာရုံနိမိတ်ထင်မှု
သေခါနီးတွင် ထင်မြင်လာသော အာရုံကို အောက်ပါအတိုင်း သုံးမျိုးသုံးစား ခွဲခြားရသည် —
(က) ကံအာရုံ၊
(ခ) ကမ္မနိမိတ်အာရုံ၊
(ဂ) ဂတိနိမိတ်အာရုံ။
စာမျက်နှာ-687
(က) ကံအာရုံ ထင်လာပုံ
ရှေးယခင်က ပြုလုပ်ခဲ့သော ကုသိုလ်ကံအမှုများ၊ ကျူးလွန်ခဲ့သော အကုသိုလ်ကံအမှုများကို သေခါနီးဆဲဆဲအခါ၌ ယခုပင် ပြုလုပ်နေရဘိသကဲ့သို့ ထင်လာမြင်လာခြင်းဖြစ်သည်။ ကုသိုလ်အရာ၌ ဆွမ်းကပ်လှူ ရေစက်ချနေရဟန်၊ သင်္ကန်းကပ်လှူ ရေစက်ချနေရဟန်၊ သားရှင်ပြု ရှင်လောင်းလှည့်နေရဟန်များ ပေါ်လာလျက် ယခုလောလောဆယ် ကိုယ်တိုင်ပါဝင် ပြုလုပ်နေရဟန် ထင်လာမြင်လာသည်။ အကုသိုလ်အရာ၌ အမဲလိုက်ခွေးများနှင့် အမဲလိုက်နေဟန်၊ သားကောင်ကို ချောင်းမြောင်းချိန်ရွယ် ပစ်ခတ်နေရဟန်၊ လုယက်တိုက်ခိုက် သတ်ဖြတ်နေရဟန်များ ပေါ်လာလျက် စိတ်တွင် ယခုလောလောဆယ် ကျူးလွန်နေရဘိသကဲ့သို့ ထင်လာမြင်လာသည်။ ဤအာရုံကိုကြည့်၍ ကုသိုလ်အမှုကို ပြုနေရဘိသကဲ့သို့ ထင်လာမြင်လာသူမှာ လူ့ပြည် နတ်ပြည် (သုဂတိဘုံ) သို့ ရောက်ရန် သေချာပေသည်။ အကုသိုလ်အမှုကို ပြုနေရဘိသကဲ့သို့ ထင်လာမြင်လာသူမှာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် အပါယ်လေးဘုံ (ဒုဂ္ဂတိဘုံ) သို့ ရောက်ရန် သေချာလှပေသည်။
(ခ) ကမ္မနိမိတ်အာရုံ ထင်လာပုံ
ရှေးယခင်က ကုသိုလ်အမှု၊ အကုသိုလ်အမှုများ ပြုရာတွင် ပါဝင်သော အဆောက်အအုံ၊ ပစ္စည်း၊ လက်နက်ကိရိယာများကို ထင်လာမြင်လာလျှင် ယင်းအာရုံမျိုးကို ကမ္မနိမိတ်အာရုံ ဟု ခေါ်သည်။ ဥပမာအားဖြင့် အလှူလှူရာ၌ အလှူမဏ္ဍပ်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းတစ်ခုခု ထင်လာမြင်လာသည်။ ဇရပ်၊ တန်ဆောင်း၊ ကျောင်း၊ ကန်၊ ဘုရား၊ စေတီ၊ ရေတွင်း၊ တံတား စသည် ဆောက်လုပ်လှူဖူးသူသည် ထိုအလှူဝတ္ထုတစ်ခုခုကို စိတ်ထဲ၌ ထင်လာမြင်လာသည်။ အကုသိုလ်မှု ပြုခဲ့ဖူးသူသည် လေး၊ မြား၊ သေနတ် စသော လက်နက်ကိရိယာတစ်ခုခု၊ အမဲလိုက်ခွေး သို့မဟုတ် သတ်ဖြတ်ခံထားရသော သားကောင်အာရုံတစ်ခုခု ထင်လာမှုကို ကမ္မနိမိတ်အာရုံဟု ခေါ်သည်။ ကုသိုလ်ကမ္မနိမိတ်အာရုံ ထင်လာလျှင် သုဂတိဘုံဘဝသို့ ရောက်မည်။ အကုသိုလ်ကမ္မနိမိတ် ထင်လာလျှင် ဒုဂ္ဂတိဘုံ အပါယ်ဘုံသို့ ရောက်မည်မှာ သေချာလှပေသည်။
(ဂ) ဂတိနိမိတ်အာရုံ ထင်လာပုံ
အကုသိုလ်အမှုများစွာ ပြုလုပ်ခဲ့သူသည် သေခါနီးအခါ အကုသိုလ်ကံ ဖိစီးနှိပ်စက်လာ၍ ငရဲဘုံရောက်မည့်သူသည် ငရဲမီးတောက်မီးလျှံများ၊ ငရဲထိန်းများ၊ ငရဲခွေးများ စသည်ဖြင့် မိမိရောက်ရမည့်ဘဝ ပတ်ဝန်းကျင်အာရုံများ ထင်လာ...
စာမျက်နှာ-688
မြင်လာတတ်သည်။ အသူရကာယ်ပြိတ္တာဖြစ်မည့်သူများမှာ တောတောင် ချောက်ကမ်းပါးနှင့် ပင်လယ်ကမ်းရိုးတန်းများ၊ မိမိနှင့် အပေါင်းအသင်းဖြစ်ရမည့် အသူရကာယ်ပြိတ္တာများ၊ အပုပ်နံ့များ ထင်လာမြင်လာသည်။ တိရစ္ဆာန်ဖြစ်ရမည့်သူမှာ တိရစ္ဆာန်အဆင်း၊ ပုံသဏ္ဌာန်၊ အသံ၊ အနံ့စသည်တို့ ထင်လာမြင်လာသည်။ နတ်ပြည်ရောက်မည့်သူမှာ ဘုံဗိမာန်များ၊ နတ်သား နတ်သမီးများ၊ နတ်ဥယျာဉ်ပန်းခြံများ ထင်မြင်လာသည်။ ထို့ပြင် မွှေးကြိုင်သောနံ့များ ထင်လာသည်။ ဗြဟ္မာပြည်သို့ ရောက်မည့်သူများသည် ဗြဟ္မာတို့၏ ဘုံဗိမာန်နှင့် အပေါင်းအဖော် ဗြဟ္မာများ အာရုံထင်လာတတ်သည်။ လူ့ပြည်ရောက်မည့်သူသည် အမိဝမ်းရေ သို့မဟုတ် အမိ၏ အဆင်းသဏ္ဌာန်များ ထင်မြင်လာသည်။
အကျဉ်းချုပ်အားဖြင့် ပြဆိုရပါက ယခင်ပြုခဲ့သော အမှုများသည် သေခါနီးတွင် ယခုလောလောဆယ် ပြုလုပ်နေရဘိသကဲ့သို့ ထင်မြင်လာလျှင် ကံအာရုံ ထင်လာသည်ဟု မှတ်ယူရမည်။ ထိုထိုကုသိုလ်အမှု၊ အကုသိုလ်အမှုများပြုစဉ်က ပါရှိခဲ့သော အခြံအရံ၊ အဆောက်အအုံ၊ လက်နက်ကိရိယာများ ထင်မြင်လာလျှင် ကမ္မနိမိတ်အာရုံ ထင်လာသည်ဟု မှတ်ယူရမည်။ မိမိလားရောက်ရမည့် ဘုံဘဝနှင့် စပ်ဆိုင်သည့် အဆင်း၊ အသံ၊ အနံ့ အာရုံများ ထင်မြင်လာလျှင် ဂတိနိမိတ်အာရုံ ထင်လာသည်ဟု မှတ်ရမည်။
သေပြီးနောက် သုဂတိဘဝရောက်စေရန်
အထက်တွင် ဖော်ပြခဲ့ပြီးသော ဝတ္ထုသက်သေ သာဓကများကို ထောက်ရှုပါက သေခါနီးအချိန်၌ အာရုံထင်လာမှုသည် လွန်စွာ အရေးကြီးကြောင်း တွေ့ရပေသည်။ ဘဝတစ်လျှောက်လုံး ကုသိုလ်အမှု ထုထည်ကြီးမားစွာ ပြုခဲ့သော သီရိဓမ္မာသောကမင်းကြီး သေခါနီးအာရုံတစ်ချက် လွဲမှားရုံဖြင့် စပါးကြီးမြွေ ပြိတ္တာဖြစ်ရရှာသည်။ တမ္ဗဒါဌိက ခိုးသူကြီးသည် အနှစ် ၅၀ သူသတ်ယောက်ျား ပြုလုပ်လာခဲ့သော်လည်း သေခါနီးတွင် အရှင်သာရိပုတ္တရာအား ဆွမ်းတစ်နပ်ကပ်လှူပြီး တရားနာရခြင်းကြောင့် ကုသိုလ်အာရုံဖြင့် နတ်ပြည်ရောက်ရသည်။ ရဟန္တာအရှင်သောဏ၏ ဖခမည်းတော် တောထွက်ရဟန်းကြီးမှာမူ ငရဲလားရောက်ရန် ဂတိနိမိတ်ထင်လာပြီးမှ သားဖြစ်သူ ရဟန္တာပုဂ္ဂိုလ်၏ ကူညီကယ်မမှုကြောင့် နတ်ပြည်ဂတိနိမိတ်အဖြစ် နတ်သမီးများ ထင်မြင်လာ၍ နတ်ပြည်သို့ ရောက်ရသည်။ ယောမင်းကြီးဦးဘိုးလှိုင်၏ ကြိုတင်ပြင်ဆင်မှုများကို လေ့လာကြည့်ပါက မိမိရောက်လိုသော သုဂတိဘဝသို့ မိမိဆန္ဒရှိသလို ရောက်နိုင်သည့် နည်းလမ်းကို တွေ့မြင်ရပေမည်။
စာမျက်နှာ-689
သေခါနီးရောက်မှ ပြုပြင်ရသည်ထက် မသေခင် ကျန်းကျန်းမာမာရှိစဉ်ကပင် အချိန်ယူ၍ ဒါနမှု၊ သီလမှု၊ ဘာဝနာမှုဖြင့် မွှမ်းထုံထားရပေမည်။ နေ့စဉ် ဘုရားရှိခိုးခြင်း၊ ပုတီးစိပ်ခြင်း၊ မြတ်စွာဘုရားအား ပန်း၊ ရေချမ်း၊ ဆွမ်း၊ ဆီမီးကပ်လှူခြင်းများ၊ နေ့စဉ်ဆွမ်းလောင်းခြင်းစသော နိဗဒ္ဓကုသိုလ်ဝတ်ကို ပြုရမည်။ ဤသို့ နေ့စဉ်ရက်ဆက် ပြုနေသော ကုသိုလ်ကို ကုသိုလ်အာစိဏ္ဏကံ ခေါ်သည်။ (အာစိဏ္ဏ = ဆည်းပူးစုဆောင်းခြင်း။) ကုသိုလ်အာစိဏ္ဏကံရှိသူသည် သေခါနီးတွင် အခြားအကြောင်းထူး တစ်စုံတစ်ခုမရှိပါက ကုသိုလ်နှင့်စပ်သည့် အာရုံနိမိတ်များ ထင်လာမြင်လာပေမည်။ အလားတူပင် အကုသိုလ်ဒုစရိုက်အမှုကို နေ့စဉ်ပြုနေသော ဒုစရိုက်သမားတစ်ယောက်အတွက် သေခါနီးအခါတွင် အခြားအကြောင်းထူး တစ်စုံတစ်ခုမရှိပါက အကုသိုလ်အာစိဏ္ဏကံ၏ အစွမ်းကြောင့် အကုသိုလ်အာရုံနိမိတ်ဆိုးများ ထင်လာမြင်လာပေမည်။ နေဝင်ခါနီးအချိန်တွင် အနောက်အရပ်မှ တောရိပ်တောင်ရိပ် အရိပ်မဲကြီးများက လွှမ်းမိုးလာ၍ တစ်လောကလုံး အမှောင်ထုက ဝါးမျိုသွားသကဲ့သို့ အကုသိုလ်အာစိဏ္ဏကံရှိသူအား အကုသိုလ်အာရုံနိမိတ် အမှောင်ထုကြီးက လွှမ်းခြုံဖိစီးသွားတော့သည်။
သေခါနီးလူမမာသည် မျက်စိအကြည် (စက္ခုပသာဒ) ရုပ်စသော ရုပ်အကြည်ဓာတ်များ အားနည်းလာ၏။ လျှာမှာ အရသာမတွေ့၊ နှာခေါင်းမှာလည်း အနံ့မရတော့၊ နှာခေါင်းလန်နေပြီ၊ အချို့မှာ ခေါ်မကြား အော်မကြား နား (သောတ) ရုပ် ချုပ်နေလေပြီ၊ နားရွက်လန်နေပြီ၊ မျက်စိမှာလည်း အမြင်ဓာတ် ချုပ်ငြိမ်းနေလေပြီ၊ အသက်ရှင်သေးသည်ဟု ဆိုရရုံမျှ နှလုံးသွေး ခုန်နေသည်။ အသက်ဝိညာဉ်သည် လွန်စွာ အားနည်းနေပြီဖြစ်သော နှလုံးသား (ဟဒယဝတ္ထုရုပ်) ကို အမှီပြုနေရ၍ ဝိညာဉ်၏ အစွမ်းအားလည်း လွန်စွာ အားနည်းနေပြီ။ ထို့ကြောင့် သေခါနီးသူ၏ ဝိညာဉ်သည် ကိုယ်သိချင်ရာကို သိနိုင်စွမ်းမရှိချေ။ လိုချင်သည့်အာရုံကို ကိုယ်ပိုင်ရွေးချယ်နိုင်ခွင့် မရှိတော့ချေ။ အတိတ်ကာလက ပြုခဲ့သည့် ကံအရှိန်အဟုန်က ချမှတ်ပေးသည့် အာရုံကိုသာ သိနိုင်စွမ်းရှိတော့သည်။ ဥပမာအားဖြင့် သေနတ်ပြောင်းဝမှ ထွက်သွားသော ကျည်ဆံသည် ပစ်မှတ်မရောက်မီ အကြား၌ တစ်စုံတစ်ရာ အနှောင့်အယှက် အတားအဆီးမရှိပါက မူလချိန်ရွယ်ထားသည့်အတိုင်းသာ သွားပေမည်။ လမ်းကြောင်းပြောင်းစေရန် လိုက်လံပြုပြင်၍ မရနိုင်တော့ချေ။ ကြားခံတစ်ခုခု ထိခိုက်ပွတ်တိုက်ပါမှ လမ်းကြောင်းပြောင်းနိုင်ပေလိမ့်မည်။ ထို့ကြောင့် သေခါနီးသူ၏ စိတ်ဝိညာဉ်သည် ကိုယ်ပိုင်စွမ်းအား နည်းပါးလာပြီဖြစ်၍ လွန်ခဲ့သောအခါက ပြုခဲ့သည့် ကုသိုလ် အကုသိုလ်ကံ အရှိန်အဟုန်အတိုင်း ဖြစ်ရန်သာ ရှိတော့သည်။
စာမျက်နှာ-690
သို့ဖြစ်၍ သေခါနီးမှ ကံကို ပြုပြင်ရယူရန် ကိစ္စမှာ အလွန်ခက်ခဲလှသဖြင့် ကြိုတင်၍ အာစိဏ္ဏကံကုသိုလ်ကို နေ့စဉ် ဆည်းပူးသင့်ကြသည်။
ယခင်က ပြဆိုခဲ့သည့်အတိုင်း အလွန်အပြစ်ကြီးလေးသော အကုသိုလ်ကံ (ပဉ္စာနန္တရိယကံ) နှင့် ရူပ၊ အရူပဈာန်ကုသိုလ်ကံများ (ဂရုကံ) ရှိလျှင် ဂရုကံသာလျှင် အကျိုးပေးခွင့်ရှိသည်။ ဂရုကံမရှိပါက အာစိဏ္ဏကံ အကျိုးပေးသည်။ အာစိဏ္ဏကံမရှိပါမှ အာသန္နကံ အကျိုးပေးခွင့်ရမည်။ သာမန်လူများမှာ ကုသိုလ်ဂရုကံလည်း မရှိကြ၊ အကုသိုလ်ဂရုကံလည်း မရှိကြသဖြင့် အာစိဏ္ဏကံရှိလျှင် အာစိဏ္ဏကံသာလျှင် အကျိုးပေးခွင့် ရမည်ဖြစ်ပါသည်။ ထို့ကြောင့် ကုသိုလ်အာစိဏ္ဏကံကို အမြဲတစေ ဆည်းပူးကြရမည်။ အရှေ့ဘက်သို့ ကိုင်းညွတ်နေသော ယိုင်နေသော သစ်ပင်ကို ခုတ်လှဲလိုက်ပါက အရှေ့ဘက်သို့ သေချာပေါက် လဲမည်ဖြစ်သည်။ အလားတူပင် ကုသိုလ်စိတ် အမြဲထုံမွှမ်းနေသူမှာ သေခါနီးအချိန်တွင်လည်း ကုသိုလ်စိတ် ကုသိုလ်ဇောများပင် ဖြစ်ဖို့များပါသည်။ သေခါနီးမှ ကပ်ပြီး ကြားဖြတ်ကံများ ဝင်မလာနိုင်စေရန် မသေမီကပင် ကြိုတင်ပြင်ဆင်၍ သေခြင်းတရားကို ရင်ဆိုင်ကြရမည်ဖြစ်သည်။ သေခါနီးတွင် ကလေးငိုသံ၊ ခွေးသံ၊ ဝက်သံ၊ ကြက်သံများ မကြားရစေဘဲ ဘုရားရှိခိုးသံ၊ မေတ္တာဘာဝနာပွားသံများ၊ တရားသံများသာ ကြားရန် စီစဉ်သင့်ပါသည်။ ဤသို့ အာရုံနိမိတ် အလွဲအမှားများ ကြားဖြတ်ဝင်မလာစေရန် သေခါနီးပုဂ္ဂိုလ်အား စိတ်အနှောင့်အယှက်ဖြစ်စေသည့် အပြောအဆို အပြုအမူများ မပြုလုပ်သင့်၊ ရှောင်ရှားသင့်ကြသည်။ ဘဝတစ်ခု ကူးပြောင်းရတော့မည်ဖြစ်၍ လွန်စွာအရေးကြီးသော အချိန်ပိုင်းဖြစ်သည်။
ထို့ကြောင့် သေပြီးနောက် သုဂတိဘဝရောက်လိုသော လူတိုင်းသည် ကုသိုလ်အာစိဏ္ဏကံကို ဆည်းပူးထားကြ၍ သေခါနီးတွင် အကုသိုလ်ကံ ကြားဖြတ်မဝင်နိုင်စေရန် မိတ်ဆွေသားချင်းများက ပြုစုစောင့်ရှောက်သင့်ကြပေသတည်း။
စာမျက်နှာ-691
အခန်း (၂၅) - အထွေထွေ
(ဩကာသ မူကွဲများ)
ဗုဒ္ဓဘာသာဝင်မှန်သမျှ ဩကာသဆိုရိုးကို ရနေကြသည်၊ ကလေးသူငယ်များကို လူကြီးမိဘများက ညဝတ်တက်သည့်အခါဖြစ်စေ၊ အားလပ်သည့်အခါဖြစ်စေ ဩကာသကန်တော့ချိုးကို ချပေးလေ့ရှိကြသဖြင့် စာမဖတ်တတ်မီကပင် ရနေကြသည်။ လူကြီးမိဘများသည် မိမိတို့၏ သား၊ သမီး၊ မြေး၊ မြစ်များကို မိမိတို့ ယုံကြည်ကိုးကွယ်သော ဗုဒ္ဓဘာသာတရားအပေါ်၌ လေးလေးနက်နက် သက်ဝင်ယုံကြည်လာအောင် မိမိတို့ ရရှိထားသော ဩကာသကန်တော့ချိုးများကို စဉ်ဆက်မပြတ် နှုတ်တက်အာဂုံ ရရှိအောင် သင်ကြားပေးခဲ့ကြသည်။
မြန်မာနိုင်ငံ ပုဂံခေတ် ရှင်အရဟံလက်ထက်ကစ၍ ပေါ်ပေါက်ခဲ့သော ဩကာသကန်တော့ချိုးသည် “တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း” ဆိုသကဲ့သို့ နေရာဒေသတစ်ခုနှင့်တစ်ခု မတူကွဲပြား ဖြစ်နေသည်များကို တွေ့ရှိရပါသည်။ ယင်းသို့ တွေ့ရှိရသော ဩကာသအမျိုးမျိုးကို မဖော်ပြမီ ဩကာသနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာဝင်များ ရဟန်းသံဃာတော်မြတ်တို့ထံ သီလသီတင်း ဆောက်တည်ခံယူခြင်းစသော အခါကာလတို့၌ ဩကာသစသော စကားကို ရှေးရှေးသူတော်ကောင်းတို့သည် ဘိုးဘွားဘီဘင်တို့၏ အစဉ်အဆက်အားဖြင့် အလေ့အထပြုကျင့်၍ လာခဲ့ကြသည်မှာ ပူဇော်ခြင်း၊ ကန်တော့ခြင်း ဟူ၍ နှစ်ပါးအပြားရှိ၏။
ထိုနှစ်ပါးတို့တွင် ပူဇော်ခြင်း ဆိုသည်မှာ အရဟံအစ ဘဂဝါအဆုံးရှိသော ကိုးပါးသော ဂုဏ်တော်မြတ်ကို ဟုတ်မှန်သောအလျောက် ချီးမြှောက်ကော်ရော် ပူဇော်သက္ကာရကို ပြုကြခြင်းသည် ပူဇော်သည်မည်၏။ ကန်တော့ခြင်း ဆိုသည်မှာလည်း နှစ်ပါးအပြားရှိပြန်၏။ ထိုနှစ်ပါးကား —
(က) ပုထုဇဉ်တို့၏ ဂတိအားလျော်စွာ မပြစ်မှားမကျူးလွန်ထိုက်သော ရတနာသုံးပါး၊ ဆရာမိဘစသော သူတို့ကို ပြစ်မှားကျူးလွန်မိသောကံကို သည်းခံစေလို၍ ကန်တော့ဝန်ချခြင်း၊
စာမျက်နှာ-692
(ခ) အိမ်ထောင်ဦး စသည်တို့၌ သက်ကြီးရွယ်ရင့်သော သူတို့ကို ပဋိသန္တာရ အစေ့အစပ် လောကဝတ်ကို ငဲ့သောအားဖြင့် ကန်တော့ခြင်း — တို့ဖြစ်ပါသည်။
ယခုဖြစ်စေ၊ ရှေးရှေးကဖြစ်စေ ကျူးလွန်မိသည့် အပြစ်ကံကို သည်းခံစေလို၍ ပဝေဏီစဉ်ဆက်က ဆရာများ နည်းပေးချက်အရ မိဘဘိုးဘွားမှ ဆင်းသက်သဖြင့် ယခုထက်တိုင်အောင် သားသမီး မြေးမြစ်တို့ ဆက်လက်၍ မပျက်စေရန် ကန်တော့ကြသည့် နည်းနာနယဟု မြဲမြဲစွဲစွဲ မိမိရရ မှတ်သားကြလေ။
ရှေးရှေးက ပြစ်မှားကျူးလွန်မိခဲ့သော သူသည် ယခုပင် မရှိသော်လည်း ရတနာသုံးပါးတို့ထံမှာ ကန်တော့ဝန်ချပြန်လျှင် အပြစ်ဒဏ် ပြေငြိမ်းပြီဟု ကျမ်းဂန်တို့၌ လာသော သာဓကများ —
ဘုရားသက်တော်ထင်ရှား ရှိတော်မူစဉ်ကာလက ဝသဘဂေါတ္တ မည်သော ရဟန်းကို အာဂန္တုကရဟန်းတို့ တရားလမ်းမသက်သေခံ ဥက္ခေပနီယကံဖြင့် ပြစ်မှားကျူးလွန်မိသည်ကို ဘုရားရှင်ထံ ကန်တော့ဝန်ချခြင်း၊ ခမည်းတော် ဗိမ္ဗိသာရမင်းကြီးကို သားတော် အဇာတသတ်မင်း ပြစ်မှားကျူးလွန်မိသည်ကို ဘုရားရှင်ထံ ကန်တော့ဝန်ချခြင်း၊ ပုဏ္ဏအမည်ရှိသော သူဌေး၏သမီး ဥတ္တရာ ကို ဇီဝကဆေးဆရာ၏နှမ သီရိမာသည် ပြစ်မှားကျူးလွန်မိသည်ကို ဘုရားရှင်ထံ ကန်တော့ဝန်ချခြင်းတို့ ဖြစ်ပါသည်။
ထို့ကြောင့် ရှေးရှေးသော ဆရာကြီးတို့သည် သတ္တဝါတို့အား သနားကရုဏာ မေတ္တာသက်၍ ဆယ်ရေးတစ်ရေး ကိုးရေးတစ်ရာ ပြစ်မှားကျူးလွန်မိသည့်ကံ ရှိပါလျှင်လည်း ပစ္စုပ္ပန်သံသရာဘေးမှ ကင်းဝေးလွတ်ကွာကြပါစေတော့ဟု ရဟန်းသံဃာတော်တို့ထံ ချဉ်းကပ်၍ သီလသီတင်း ခံယူဆောက်တည်ခြင်းစသော ကာလတို့၌ ဒါယကာ ဒါယိကာမတို့ကို ရှေးဦးစွာ ဩကာသစသော ပဏာမကန်တော့ခန်းကို ပြုကြစေသည့် ပဝေဏီအဆက်ဆက်က ဆရာတို့ နည်းပေး၍ ကန်တော့ဝန်ချခြင်းဟု စွဲစွဲမြဲမြဲ သဲကြီးအူခတ် တံဆိပ်အပ်ဘိသကဲ့သို့ ကြပ်ကြပ်စိစိ ပိပိရရ မှတ်သားကြလေ (ဝိနယပကိဏ္ဏကဝိနိစ္ဆယကျမ်း)။
မြန်မာနိုင်ငံအနှံ့အပြား မှီတင်းနေထိုင်ကြသော ဗုဒ္ဓဘာသာဝင်များသည် မိမိတို့၏ ဒေသအလိုက် ဆရာစဉ်ဆက်မှ ရရှိခဲ့သော ဩကာသကန်တော့ချိုး မူကွဲအမျိုးမျိုးသည် မှားသည်ဟု မယူဆပါ၊ အချိန်အခါလိုက်၍ ပြောင်းလဲ
စာမျက်နှာ-693
လာသော်လည်း မိမိတို့ ရရှိသော ဩကာသကန်တော့ချိုးများဖြင့် ရတနာသုံးပါးအား ရှေးဦးစွာ ကန်တော့ကြခြင်းသည် ကောင်းမြတ်သော အစဉ်အလာတစ်ရပ်ဖြစ်သည်။ ယင်းဩကာသမှာ မူကွဲအမျိုးမျိုးရှိရာ ရှေးဦးစွာ ပုဂံခေတ်မှစ၍ အစဉ်အလာ အသုံးပြုခဲ့သော ဩကာသကန်တော့နည်းကို ပြဆိုပါမည်။
မူလဩကာသ
ဩကာသ ဩကာသ ဩကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံ တည်းဟူသော ကံသုံးပါးတို့ဖြင့်၊ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ တည်းဟူသော ရတနာမြတ်သုံးပါးတို့အား အရိုအသေ အလေးအမြတ်ပြု၍ ရှိခိုး ပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။
ဤသို့ အရိုအသေ အလေးအမြတ်ပြု၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါရသော အကျိုးအားဖြင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါးတို့မှ ကင်းလွတ်သည်သာဖြစ်၍ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။
ယင်းကန်တော့ခန်း၌ ကံဖြင့် ရှိခိုးခြင်းသည် အဋ္ဌသာလိနီအဋ္ဌကထာနှင့် မညီဟုဆို၍ ဒွါရဂိုဏ်းကြီးကို တည်ထောင်သည့် အုတ်ဖိုဆရာတော် အရှင်ဥက္ကံဝံသမာလာက အောက်ဖော်ပြပါအတိုင်း ဩကာသကန်တော့ခန်းကို ပြင်ဆင်ရေးသားတော်မူခဲ့သည် —
ဒွါရဩကာသ
ဩကာသ ဩကာသ ဩကာသ၊ ကာယဒွါရ၊ ဝစီဒွါရ၊ မနောဒွါရ တည်းဟူသော သုံးပါးသော ဒွါရတို့ဖြင့်၊ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ ရတနာမြတ်သုံးပါးတို့အား အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။
ဤသို့ ကန်တော့ရသော ကုသိုလ်ကံစေတနာတို့ကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ အနာမျိုး ကိုးဆယ့်ခြောက်ပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ အဆုံးစွန်သောဘဝ၌ ဈာန်တရား၊ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။
စာမျက်နှာ-694
မူလလက်ဟောင်း ကံ ဖြင့် ရှိခိုးသူများကို ကံဂိုဏ်း ဟု ခေါ်ကြ၍ ဒွါရ ဖြင့် ရှိခိုးသူများကို ဒွါရဂိုဏ်း ဟု ခေါ်ကြသည်။ ကံ၊ ဒွါရ အငြင်းပွား၍ အချို့သောသူများက နှစ်ခုလုံး မှန်ကန်သည်ဟု လက်ခံကာ ဩကာသကန်တော့ခန်း နှစ်မျိုးကို အောက်ပါအတိုင်း ပေါင်းစပ်ရှိခိုးကြသည် —
နှစ်မှုပေါင်းစပ် ဩကာသ
ဩကာသ ဩကာသ ဩကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံ တည်းဟူသော ကံသုံးပါး၊ ကာယဒွါရ၊ ဝစီဒွါရ၊ မနောဒွါရ တည်းဟူသော သုံးပါးသော ဒွါရတို့ဖြင့်၊ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ တည်းဟူသော ရတနာမြတ်သုံးပါးတို့အား အရိုအသေ အလေးအမြတ်ပြု၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။
ဤသို့ အရိုအသေ အလေးအမြတ်ပြု၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ရသော အကျိုးအားဖြင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။
အချို့က ယင်းအငြင်းပွားမှု နှစ်မျိုးကို ရှောင်လွှဲလိုသဖြင့် ပဏာမ ဖြင့် ရှိခိုးကြသည်။
ပဏာမ ဩကာသ
ဩကာသ ဩကာသ ဩကာသ၊ ကာယပဏာမ၊ ဝစီပဏာမ၊ မနောပဏာမ သုံးပါးသော ပဏာမတို့ဖြင့်၊ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ တည်းဟူသော ရတနာမြတ်သုံးပါးတို့အား အရိုအသေ အလေးအမြတ်ပြု၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။
ဤသို့ အရိုအသေ အလေးအမြတ်ပြု၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ရသော အကျိုးအားဖြင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။
စာမျက်နှာ-695
ထို့ပြင် ကံကို စေတနာဟု အမည်တင်၍ ဒါရ၊ ပဏာမဖြင့် ရှိခိုးနည်းကို ရေးသားကြပြန်သည်။
ဩကာသ ဩကာသ ဩကာသ၊ ကာယ၊ ဝစီ၊ မနောချီလျက်၊ သုံးလီစေတနာ၊ သုံးဖြာဒွါရ၊ ပဏာမဖြင့် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ ရတနာမြတ်သုံးပါး၊ ဆရာသမားတို့အား ဘုရားတပည့်တော် ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။
ဤသို့ ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ရသော ကောင်းမှုကုသိုလ်ကံ စေတနာတို့ကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်သာဖြစ်၍ အဆုံးစွန်သောဘဝ၌ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။
မှတ်ချက်။ ။ရှိခိုးရာ၌ အင်္ဂုတ္ထိုရ်ပါဠိတော်တွင် ဒါရသုံးပါးဖြင့် ကရိုဏ်းထားပုံကို ဟောတော်မူသည်။ ထိုထို အဋ္ဌကထာ၊ ဋီကာတို့၌ ကံ၊ စေတနာ၊ ပဏာမတို့ဖြင့် ကရိုဏ်းထားပုံကိုလည်း ဖွင့်ပြကြသည်။ ကုသိုလ်ဖြစ်ကြောင်းသာဟူ၍ ယူဆအပ်၏။
တစ်ဖန် ကံဖြင့် ရှိခိုးခြင်း၊ ဒွါရဖြင့် ရှိခိုးခြင်း၊ ပဏာမဖြင့် ရှိခိုးခြင်းတို့ကို ရှောင်ရှားလိုသဖြင့် ကာယကံ၊ ဝစီကံ၊ မနောကံတို့ကို ပြစ်မှားမိသော ကံအဖြစ် ပြုပြင်ရေးသား၍ ဩကာသမူသစ် တစ်ရပ် ပေါ်ထွန်းခဲ့ပါသည်။
ဩကာသမူသစ်
ဩကာသ ဩကာသ ဩကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံ ကံသုံးပါး၊ ထို့တွင် တစ်ပါးပါးသော ကံကို ပြစ်မှားကျူးလွန်မိသည်ရှိသော် ထိုအပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ ဤရတနာမြတ်သုံးပါးအပေါင်းကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။
ဤသို့ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ရသော ကုသိုလ်ကံစေတနာတို့ကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး ...
စာမျက်နှာ-696
ဝိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား (ဗုဒ္ဓဘာသာသင်ခန်းစာ ဆရာလက်စွဲ ၁၉၅၂)။
ယင်းဩကာသမူသစ်ကိုပင် ထပ်မံအဓိပ္ပာယ်ဖွင့်ဆိုသည့်အနေဖြင့် အောက်ဖော်ပြပါ အများသုံး ဩကာသမူသစ်ကို ပြုပြင်ရေးသားခဲ့ကြပြန်သည် —
အများသုံး ဩကာသ
ဩကာသ ဩကာသ ဩကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံ၊ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။
ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။
ထို့နောက် မဟာစည်ဆရာတော်ဘုရားကြီးသည် ပိုမိုပြည့်စုံသော ဩကာသကန်တော့ခန်းကို ရေးသားခဲ့ပြန်သည်။
မဟာစည် ဩကာသ
ဩကာသ ဩကာသ ဩကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော အပြစ်ခပ်သိမ်း ပပျောက်ငြိမ်း၍ အသက်ရှည်စွာ အနာမဲ့ရေး ရန်ဘေးကင်းကြောင်း ကောင်းမှုမင်္ဂလာ ဖြစ်ပါစေခြင်း အကျိုးငှာ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ တည်းဟူသော ရတနာမြတ်သုံးပါး ဆရာသမားတို့ကို အရိုအသေ လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။
ကန်တော့ရသော ဤကောင်းမှုကံ စေတနာတို့ကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါး၊ အနာမျိုးကိုးဆယ့်ခြောက်ပါး၊ မိစ္ဆာဒိဋ္ဌိခြောက်ဆယ့်နှစ်ပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားတော်မြတ်ကို လျင်မြန်စွာ ရပါလို၏ အရှင်ဘုရား။
စာမျက်နှာ-697
မွန်လူမျိုးတို့သည် ရတနာသုံးပါး၊ ဆရာသမား၊ မိဘတို့အား ကန်တော့ရာ၌ ပါဠိဘာသာဖြင့် ရွတ်ဆိုကန်တော့ကြသည်။
မွန်ဩကာသ ကန်တော့ခန်း
ဩကာသ ဩကာသ ဩကာသ၊ ယော ဒေါသော မောဟစိတ္တေန၊ ဗုဒ္ဓသ္မိံ ဓမ္မသ္မိံ သံဃသ္မိံ အာစရိယသ္မိံ ပကတော မယာ၊ ခမထ မေ ကတံ ဒေါသံ၊ သဗ္ဗပါပံ ဝိနဿတု။
(ဒုတိယမ္ပိ.. စသည် ဆက်ဆိုပါ။ တတိယမ္ပိ.. စသည် ဆက်ဆိုပါ။)
အနက်အဓိပ္ပာယ်
ဩကာသ၊ ခွင့်ပေးတော်မူပါဘုရား။ (၃-ကြိမ်)။ မယာ၊ တပည့်တော်သည်။ မောဟစိတ္တေန၊ တွေဝေမိုက်မဲသော စိတ်ဖြင့်။ ဗုဒ္ဓသ္မိံ၊ ဘုရားအပေါ်၌လည်းကောင်း။ ဓမ္မသ္မိံ၊ တရားအပေါ်၌လည်းကောင်း။ သံဃသ္မိံ၊ သံဃာအပေါ်၌လည်းကောင်း။ အာစရိယသ္မိံ၊ ဆရာသမားအပေါ်၌လည်းကောင်း။ ယော ဒေါသော၊ အကြင်အပြစ်ကို။ ပကတော၊ ပြစ်မှားကျူးလွန်မိပါပြီ။ မေ၊ တပည့်တော်၏။ ကတံ၊ ပြစ်မှားကျူးလွန်မိသော။ တံ ဒေါသံ၊ ထိုအပြစ်ကို။ ခမထ၊ သည်းခံတော်မူကြပါကုန်ဘုရား။ သဗ္ဗပါပံ၊ အလုံးစုံသော မကောင်းမှုဟူသမျှသည်။ ဝိနဿတု၊ ပျောက်ပျက်ချုပ်ငြိမ်းပါစေသတည်း။
မှတ်ချက်။ ။မြန်မာတို့၏ မူလဩကာသကန်တော့ခန်းမှာ မွန်တို့၏ ပါဠိဘာသာ ဩကာသကန်တော့ခန်းကို ဘာသာပြန်၍ ပြုပြင်စီမံထားခြင်း ဖြစ်နိုင်ပါသည်။ အကြောင်းမူ ပုဂံခေတ် အနော်ရထာမင်းကြီးလက်ထက်တွင် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကို ရှင်အရဟံအမှူးပြုသည့် မွန်ရဟန်းတော်များက ဦးစီးဦးဆောင်ပြု၍ သင်ကြားပို့ချပေးခြင်း၊ ဖြန့်ချိခြင်း ပြုခဲ့ကြရသောကြောင့် ဖြစ်ပါသည်။
စာမျက်နှာ-698
အခန်း (၂၆)
ပါဠိပါဌ်ဆင့် ရေးနည်း ဖတ်နည်း
ပါဠိပါဌ်ဆင့် ရေးနည်းဖတ်နည်း ကျွမ်းကျင်နားလည်စေရန် ရှေးဦးစွာ ပါဠိဘာသာ အက္ခရာ ၄၁-လုံးနှင့် ယင်း ၄၁-လုံးမှ သရ၊ ဗျည်း ခွဲခြားခြင်း၊ သရကို သံတို သံရှည်ခွဲခြားခြင်း၊ ဗျည်းကိုလည်း ဌာန်တူရာ စုပေါင်း၍ အုပ်စုဖွဲ့ခြင်းများကို နားလည်ရန် လိုအပ်ပါသည်။
အက္ခရာ ၄၁-လုံး
သရ ၈-လုံးနှင့် ဗျည်း ၃၃-လုံးကို ပေါင်းလျှင် အက္ခရာ ၄၁-လုံး ဖြစ်သည်။
သရ ၈-လုံး = အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ ဩ။
ယင်းသရ ၈-လုံးကို အသံတို (ရဿ) သရ ၃-လုံး၊ အသံရှည် (ဒီဃ) သရ ၅-လုံး အောက်ပါဇယားအတိုင်း ခွဲခြားနိုင်ပါသည် —
ရဿ (အသံတို),ဒီဃ (အသံရှည်)
အ,အာ
ဣ,ဤ
ဥ,ဦ
-,ဧ
-,ဩ
ဗျည်း ၃၃-လုံးကို ဌာန်နီးစပ်ရာ ဌာန်တူရာ အုပ်စုဖွဲ့ထားရာ ယင်းအုပ်စုကို ဝဂ်ဟု ခေါ်သည်။ ဌာန်မတူသော ဗျည်းများကို အုပ်စုဖွဲ့၍ မရသဖြင့် အဝဂ်ဟု ခေါ်သည်။ ဝဂ်ဗျည်း ၂၅-လုံးကို ဒေါင်လိုက်ဇယားအရ ပထမအက္ခရာ၊ ဒုတိယအက္ခရာ၊ တတိယအက္ခရာ၊ စတုတ္ထအက္ခရာ၊ ပဉ္စမအက္ခရာဟု ခေါ်ဆိုလေ့ ရှိသည်။
ထိုတွင် ပထမအက္ခရာ၊ တတိယအက္ခရာနှင့် ပဉ္စမအက္ခရာတို့သည် မိမိတို့ အချင်းချင်း ဆင့်နိုင်သည်။ ထို့အပြင် ပထမအက္ခရာသည် ဒုတိယအက္ခရာ အပေါ်၌ ဆင့်နိုင်သည်။ တတိယအက္ခရာသည် “ စတုတ္ထအက္ခရာအပေါ်၌ ဆင့်နိုင်သည်။ ပဉ္စမအက္ခရာသည် ရွှေဗျည်း ၄-လုံးအပေါ်၌ ဆင့်နိုင်သည်။
စာမျက်နှာ-699
အဝဂ်ဗျည်း ၈-လုံးတို့တွင် “ယ” သည် မိမိတို့အချင်းချင်း ဆင့်နိုင်၍ “ယ” အပေါ်သို့ အခြားဗျည်း ၁၈-လုံး ဆင့်နိုင်သည်။
“ရ” သည် အချင်းချင်းမဆင့်နိုင်ဘဲ အခြားဗျည်း ၇-လုံးတို့က လာရောက်ဆင့်နိုင်သည်။
“လ” သည် အချင်းချင်းဆင့်နိုင်၍ လပေါ်၌ “က” ဗျည်းနှင့် “ပ” ဗျည်းတို့ ဆင့်နိုင်သည်။ ထို့ပြင် “လ” သည် “ယ” ပေါ်၌ ဆင့်နိုင်သည်။
“ဝ” သည် အချင်းချင်းဆင့်နိုင်၍ “ဝ” ပေါ်သို့ က၊ ခ၊ တ၊ ဒ၊ ဓ၊ န၊ ယ၊ သ၊ ဟ ဗျည်း ၉-လုံးဆင့်နိုင်သည်။
“သ” သည် အချင်းချင်းဆင့်နိုင်၍ န၊ မ အက္ခရာတို့အပေါ်၌ ဆင့်နိုင်သည်။ ဝဂ်၏ အဆုံးဖြစ်သော ဉ၊ ဏ၊ န၊ မ အက္ခရာတို့သည် “ဟ” အပေါ် ဆင့်နိုင်သည်။ ယ၊ ဝ၊ လ အက္ခရာတို့သည်လည်း “ဟ” အပေါ် ဆင့်နိုင်သည်။ ထိုအခါ အက္ခရာရေးသားရာ၌ ဟထိုး အဖြစ် ရှိနေမည် ဖြစ်သည်။
ဝဂ်အမည်,ပထမ,ဒုတိယ,တတိယ,စတုတ္ထ,ပဉ္စမ
ကဝဂ်,က,ခ,ဂ,ဃ,င
စဝဂ်,စ,ဆ,ဇ,ဈ,ည (ဉ)
ဋဝဂ်,ဋ,ဌ,ဍ,ဎ,ဏ
တဝဂ်,တ,ထ,ဒ,ဓ,န
ပဝဂ်,ပ,ဖ,ဗ,ဘ,မ
အဝဂ်,ယ,ရ,လ,ဝ,သ
အက္ခရာတူဆင့်ခြင်းကို သဒိသဒွေဘော် ဟု ခေါ်၍ အက္ခရာမတူဆင့်ခြင်းကို အသဒိသဒွေဘော် ဟု ခေါ်သည်။ (သဒိသ = တူသော။ အသဒိသ = မတူသော။ ဒွေဘော် = နှစ်လုံးထပ်ဆင့်ပြုခြင်း။)
စာမျက်နှာ-700
သဒိသဒွေဘော် အက္ခရာတူဆင့်ခြင်း
(၁) ပထမအက္ခရာချင်း ဆင့်ပုံ
(အပေါ်စာလုံးကို အသတ်ဟု မှတ်ထား၍ အသံမထွက်ရ၊ အောက်စာလုံးကိုသာ အသံထွက်ရမည်။)
က+က = က္က (သက္က = သိကြားမင်း) (သက်-က)
စ+စ = စ္စ (သစ္စ = အမှန်တရား) (သစ်-စ)
ဋ+ဋ = ဋ္ဋ (ဝဋ္ဋ = ဝဋ်ဆင်းရဲ) (ဝတ်-တ)
တ+တ = တ္တ (သတ္တ = သတ္တဝါ) (သတ်-တ)
ပ+ပ = ပ္ပ (သပ္ပ = မြွေ) (သပ်-ပ)
(၂) တတိယအက္ခရာချင်း ဆင့်ပုံ
ဂ+ဂ = ဂ္ဂ (အဂ္ဂ = အမြတ်) (အက်-ဂ)
ဇ+ဇ = ဇ္ဇ (အဇ္ဇ = ယနေ့) (အစ်-ဇ)
ဍ+ဍ = ဍ္ဍ (အဍ္ဍ = တရားဆုံးဖြတ်ခြင်း) (အတ်-ဍ)
ဒ+ဒ = ဒ္ဒ (သဒ္ဒ = အသံ) (သတ်-ဒ)
ဗ+ဗ = ဗ္ဗ (သဗ္ဗ = အလုံးစုံ) (သပ်-ဗ)
(၃) ပဉ္စမအက္ခရာချင်း ဆင့်ပုံ
ဉ+ဉ = ည (အညမည = အချင်းချင်း) (အင်-ည-မင်-ည)
ပါဠိဘာသာ၌ “ည” သည် ဉ နှစ်လုံးဆင့်ဖြစ်သည်။ မြန်မာဘာသာ၌မူ “ည” သည် တစ်လုံးတည်း ဖြစ်သည်။
ဏ+ဏ = ဏ္ဏ (ကဏ္ဏ = နား၊ နားရွက်) (ကန်-ဏ)
န+န = န္န (ဆန္န = အဖုံး၊ အမိုး) (ဆန်-န)
မ+မ = မ္မ (ကမ္မ = ကံ၊ အမှုကိစ္စ) (ကမ်-မ)
စာမျက်နှာ-701
(၄) အဝဂ်အက္ခရာတူချင်း ဆင့်ပုံ
ယ+ယ = ယျ (သေယျ = မြတ်သော) (သေယ-ယ)
လ+လ = လ္လ (ကလ္လ = ကျန်းမာ) (ကန်-လ)
ဝ+ဝ = ဝွ (ကုဗ္ဗန္တော = ပြုလုပ်သူအား။ ဝ-ကို ဗ္ဗ-ပြု) (ကုပ်-ဗန်-တော)
သ+သ = ဿ (ကဿက = လယ်သမား) (ကတ်-သ-က)
အသဒိသဒွေဘော် = အက္ခရာမတူဆင့်ခြင်း
(၁) ပထမအက္ခရာက ဒုတိယအက္ခရာအပေါ်သို့ ဆင့်ခြင်း
က+ခ = က္ခ (ယက္ခ = ဘီလူး) (ယက်-ခ)
စ+ဆ = စ္ဆ (အစ္ဆ = ဝံ) (အစ်-ဆ)
ဋ+ဌ = ဋ္ဌ (အဋ္ဌ = ရှစ်) (အတ်-ထ)
ဌဝမ်းဘဲကို လည်ရစ်ထည့်လျှင် နှစ်လုံးဆင့်ဟု မှတ်ရမည်။
တ+ထ = တ္ထ (သတ္ထ = လှည်းကုန်သည်) (သတ်-ထ)
ပ+ဖ = ပ္ဖ (ပုပ္ဖ = ပန်း) (ပုပ်-ဖ)
(၂) တတိယအက္ခရာက စတုတ္ထအက္ခရာအပေါ်သို့ ဆင့်ခြင်း
ဂ+ဃ = ဂ္ဂ (ဗျဂ္ဂ = ကျား) (ဗျက်-ဃ)
ဇ+ဈ = ဇ္ဈ (မဇ္ဈ = အလယ်) (မစ်-ဈ)
ဍ+ဎ = ဍ္ဎ (အာကဍ္ဎန = ဆွဲငင်ခြင်း) (အာ-ကတ်-ဎ-န)
ဒ+ဓ = ဒ္ဓ (သဒ္ဓါ = ယုံကြည်ခြင်း) (သတ်-ဓာ)
ဗ+ဘ = ဗ္ဘ (လဗ္ဘတိ = ရအပ်၏) (လပ်-ဗ-တိ)
(၃) ပဉ္စမအက္ခရာက ရှေ့လေးလုံးပေါ်သို့ ဆင့်ခြင်း
င+က = င်္က (ဝင်္က = ကောက်ခြင်း) (ဝင်-က)
င+ခ = င်္ခ (ကင်္ခါ = ယုံမှားခြင်း) (ကင်-ခါ)
င+ဂ = င်္ဂ (မင်္ဂလ = မင်္ဂလာ) (မင်-ဂ-လ)
စာမျက်နှာ-702
င+ဃ = င်္ဃ (သံဃ = သံဃာ) (သံ-ဃ)
ဉ+စ = ဉ္စ (ပဉ္စ = ငါးခု) (ပဉ်-စ)
ဉ+ဆ = ဉ္ဆ (ဥဉ္ဆ = ရှာမှီးခြင်း) (အုန်-ဆ)
ဉ+ဇ = ဉ္ဇ (အဉ္ဇန = မျက်စဉ်း) (အင်-ဇ-န)
ဉ+ဈ = ဉ္ဈ (ဝဉ္ဈာ = အမြုံမ) (ဝဉ်-ဈာ)
ဏ+ဋ = ဏ္ဋ (ကဏ္ဋက = ဆူး) (ကန်-တ-က)
ဏ+ဌ = ဏ္ဌ (ကဏ္ဌ = လည်ချောင်း) (ကန်-ထ)
ဏ+ဍ = ဏ္ဍ (ကဏ္ဍ = အပိုင်း) (ကန်-ဍ)
န+တ = န္တ (အနန္တ = အဆုံးမရှိ) (အ-နန်-တ)
န+ထ = န္ထ (ဂန္ထ = ကျမ်းစာ) (ဂန်-ထ)
န+ဒ = န္ဒ (ဆန္ဒ = အလို) (ဆန်-ဒ)
န+ဓ = န္ဓ (ဂန္ဓ = အနံ့) (ဂန်-ဓ)
မ+ပ = မ္ပ (ကမ္ပတိ = တုန်လှုပ်၏) (ကမ်-ပ-တိ)
မ+ဖ = မ္ဖ (သမ္ဖပ္ပလာပ = ပြိန်ဖျင်းသောစကား) (သမ်-ဖပ်-ပ-လာ-ပ)
မ+ဗ = မ္ဗ (အမ္ဗ = သရက်ပင်) (အမ်-ဗ)
မ+ဘ = မ္ဘ (သမ္ဘူလ = မိဖုရား) (သမ်-ဘူ-လ)
(၄) ယ အပေါ်သို့ ဆင့်ခြင်း
က+ယ = ကျ (သကျမုနိ = မြတ်စွာဘုရား) (သက်-ကျ-မု-နိ)
ခ+ယ = ချ (အာချာတ = အာချာတ်) (အာ-ချာ-တ)
ဂ+ယ = ဂျ (အာရောဂျ = ကျန်းမာခြင်း) (အာ-ရောက်-ဂျ)
ဃ+ယ = ဃျ (မာဃျ = သင်းခွေပန်း) (မာ-ဃ-ယ)
စ+ယ = စျ (သဉ္စယ = ဆည်းဆာ) (သင်-စ-ယ)
ဍ+ယ = ဍျ (ကယာဒိဟိ)
ဏ+ယ = ဏျ (အာနဏျ = ကြွေးကင်းသူဘဝ) (အာ-န-ဏ-ယ)
တ+ယ = တျ (တျာဟံ = တေ+အဟံ) (တျာ-ဟံ)
ဒ+ယ = ဒျ (အဒျ = ယနေ့) (အတ်-ဒ-ယ)
ဓ+ယ = ဓျ (မဓျ = အလယ်) (မ-ဓ-ယ)
စာမျက်နှာ-703
န+ယ = ည (ကညာ = ကညာ) (က-န-ယာ)
ပ+ယ = ပျ (လိပ္ယ = ရေးသား) (လိပ်-ယ)
ဗ+ယ = ဗျ (ဗျာဓိ = အနာရောဂါ) (ဗျာ-ဓိ)
ဘ+ယ = ဘျ (ဘျာဒီဟိ)
မ+ယ = မျ (မျာယံ = မေ+အယံ) (မျာ-ယံ)
လ+ယ = လျ (ကလျာဏ = ကောင်းသောသူ) (က-လ-ယာ-ဏ)
သ+ယ = သျ (နိဿယ = နိတ်-သ-ယ)
ဟ+ယ = ဟျ (ဂါဟျ = အယူခံရသည့်ပစ္စည်း) (ဂါ-ဟ-ယ)
မှတ်ရန်။ ။ယပေါ်သို့ က၊ ခ၊ ဂ၊ ပ၊ ဗ၊ ဘ၊ မ တို့ကို ဆင့်ရာ၌ မြန်မာအသံထွက်နည်းအရ တစ်သံတည်းဖြစ်အောင် ပူးတွဲသွားသည်၊ အခြားလူမျိုးများမှာမူ အသံနှစ်ခု နီးကပ်ရုံမျှသာဖြစ်၍ တစ်သံတည်းအဖြစ် ပူးပေါင်းသွားခြင်း မရှိချေ။ ထို့ကြောင့် ကျကို (ကယ)၊ ချကို (ခယ)၊ ဂျကို (ဂယ)၊ ပျကို (ပယ)၊ ဗျကို (ဗယ)၊ မျကို (မယ) ဟု အသံချင်း နီးကပ်စွာ ထွက်ကြသည်။
(၅) “ရ” ပေါ်သို့ ဆင့်ခြင်း
က+ရ = ကြ (စကြ = စကြာ) (စက်-ကြ)
ဂ+ရ = ဂြ (ဂြဟ = ဂြိုဟ်) (ဂြပ်-ဟ)
တ+ရ = တြ (တတြ = ထိုနေရာ၌) (တတ်-တ-ရ)
ဒ+ရ = ဒြ (ဒြဝ = အရည်) (ဒ-ရ-ဝ)
ပ+ရ = ပြ (ပြဘာ = အရောင်) (ပ-ရ-ဘာ)
ဗ+ရ = ဗြ (ဗြဟာ = ကြီးကျယ်သော) (ဗ-ရ-ဟာ)
မ+ရ = မြ (အမြိတ = အမတ) (အ-မ-ရိ-တ)
(၆) “လ” ပေါ်သို့ ဆင့်ခြင်း
က+လ = က္လ (က္လေသ = ကိလေသာ) (က-လေ-သ)
ပ+လ = ပ္လ (ပရိပ္လဝ = ပေါ်လွင်သော) (ပ-ရိ-ပ-လ-ဝ)၊ (ပ္လဝ = ဖောင်) (ပ-လ-ဝ)
စာမျက်နှာ-704
(ယ၊ ရ၊ လ တို့အပေါ်သို့ ဆင့်ရာ၌ အပေါ်အလုံးသည် အသတ်အဖြစ် လုပ်ဆောင်ရုံမျှမက အသံပါထွက်ရသည်၊ ပါဌ်ဆင့်နှစ်လုံးစလုံး အသံထွက်ရသည်။)
(၇) “ဝ” ပေါ်သို့ ဆင့်ခြင်း
က+ဝ = ကွ (ကွတ္ထော = အဘယ်အကျိုးရှိအံ့နည်း) (ကွက်-ထော)
ခ+ဝ = ခွ (အထခွဿ = အထခေါ+အဿ) (အ-ထ-ခေါ-သ)
တ+ဝ = တွ (ကတွာ = ပြုလုပ်၍) (ကတ်-တ-ဝါ)
ဒ+ဝ = ဒွ (ဒွါရ = တံခါး) (ဒွါ-ရ)
ဓ+ဝ = ဓွ (မဓွါသဝ = မုဒရက်သီးစိမ်ရည်) (မ-ဓွါ-သ-ဝ)
န+ဝ = နွ (အနွတိ = အစဉ်လိုက်၏) (အ-နု-ဝ-တိ)
ယ+ဝ = ယွ (ယွါဟံ = ယော+အဟံ) (ယွါ-ဟံ)
သ+ဝ = သွ (သွာဟံ = သော+အဟံ) (သွာ-ဟံ)
ဟ+ဝ = ဟွ (ဗဟွါဗာဓော = ဗဟု+အာဗာဓော) (ဗ-ဟွါ-ဗာ-ဓော)
(၈) “သ” ဆင့်ခြင်း
သ+တ = သ္တ (ဥတ္တသ္တ = ထိတ်လန့်) (အုတ်-တ-သ-တ)
သ+န = သ္န (သ္နေဟ = အစေး) (သ-နေ-ဟ)
သ+မ = သ္မ (ကသ္မာ = အဘယ်ကြောင့်) (ကတ်-သ-မာ)
သ+တ+ရ = သ္တြ (ဘသ္တြာ = သားရေအိတ်) (ဘတ်-သ-တ-ရာ)
(ပါဌ်ဆင့်နှစ်လုံးစလုံး အသံထွက်ရသည်။)
(၉) “ဟ” ပေါ်သို့ ဆင့်ခြင်း
ဉ+ဟ = ဉှ (ပဉှ = ပြဿနာ) (ပဉ်-ညှ)
ဏ+ဟ = ဏှ (ပုဗ္ဗဏှ = နံနက်အခါ) (ပုပ်-ဗန်-ဏှ)
န+ဟ = နှ (နှာန = ရေချိုးခြင်း) (နှာ-န)
မ+ဟ = မှ (အမှ၊ တုမှ = သင်) (အမ်-မှ၊ တုမ်-မှ)
စာမျက်နှာ-705
ယ+ဟ = ယှ (ပဂ္ဂယှ = ချီးမြှောက်ခြင်း) (ပတ်-ဂယ်-ယှ)
ဝ+ဟ = ဝှ (အဝှါယတိ = ခေါ်၏) (အ-ဝှါ-ယ-တိ)
ဠ+ဟ = ဠှ (ရုဠှီ = အမည်) (ရုလ်-လှီ)
မှတ်ရန်။ ။ဉှ၊ ဏှ၊ နှ၊ မှ၊ ယှ၊ ဝှ၊ ဠှ ပါဌ်ဆင့်များ၌ ဉ၊ ဏ၊ န၊ မ၊ ယ၊ ဝ၊ ဠ တို့သည် တစ်လုံးတည်းသာ ဖြစ်သော်လည်း နှစ်လုံးဆင့်ကဲ့သို့ဖြစ်၍ တစ်လုံးကို အသတ်သံထွက်၍ တစ်လုံးကို ဟထိုးသံထွက်ရသည်။
အသတ်အသံ ထွက်နည်း
ပထမအက္ခရာ (က၊ စ၊ ဋ၊ တ၊ ပ) ဖြင့် အသတ်ပြုလုပ်ရာ၌ အသံကို နားလည်ကြပြီးဖြစ်ပါသည်။
ဒုတိယအက္ခရာ (ခ၊ ဆ၊ ဌ၊ ထ၊ ဖ)၊ စတုတ္ထအက္ခရာ (ဃ၊ ဈ၊ ဎ၊ ဓ၊ ဘ) ကို အသတ်အဖြစ် အသုံးမပြုကြချေ။
တတိယအက္ခရာ (ဂ၊ ဇ၊ ဍ၊ ဒ၊ ဗ) တို့ကို အသတ်အဖြစ် အသုံးပြုနိုင်သည်။ ထိုအခါ မိမိသက်ဆိုင်ရာ ပထမအက္ခရာ အသတ်သံအတိုင်း အသံထွက်ရမည်။
ဥပမာ - အဇ္ဇ (အစ်-ဇ) ဟု (စ်) သတ်သံဖြင့် ထွက်ဆိုရမည်။ သဗ္ဗ (သပ်-ဗ) ဟု (ပ်) သတ်သံဖြင့် ထွက်ဆိုရမည်။
ပဉ္စမအက္ခရာ (င) နှင့် (ဉ) ကို အသတ်အဖြစ် အသုံးပြုရာ၌ (င်) သတ်သံထွက်ဆိုရမည်။ ပဉ္စမအက္ခရာ (ဏ၊ န၊ မ) တို့ကို အသတ်အဖြစ် အသုံးပြုရာ၌ သေးသေးတင် (နတ်သံ) အသံထွက်ရမည်။
ဥပမာ -
အည = အင်-ည
ဝဏ္ဏ = ဝန်-ဏ
အနွတိ = အန်-နု-ဝ-တိ
ကမ္မ = ကံ-မ ဟု အသံထွက်ဆိုရမည်။
စာမျက်နှာ-706
ယ နှစ်လုံးဆင့်ရာ၌ အပေါ် ယ ကို (ယ်) သတ်အဖြစ် မှတ်ယူရမည်။
ဥပမာ - အယျ = အယ်-ယ ဟု အသံထွက်ဆိုရမည်။
လ နှစ်လုံးဆင့်ရာ၌ အပေါ် လ ကို သေးသေးတင် (န်) အသံထွက်ရမည်။
ဥပမာ - မလ္လ = မန်-လ ဟု အသံထွက်ဆိုရမည်။
သ နှစ်လုံးဆင့်ရာ၌ ရှေ့ သ ကို (တ်) သတ်သံ ထွက်ရမည်။
ဥပမာ - ဝဿ = ဝတ်-သ ဟု အသံထွက်ဆိုရမည်။
ဣသရ နှင့် ဥသရ ကို (က၊ ဂ၊ စ၊ ဇ) တို့ သတ်ရာ၌ (တ်) သတ်သံ ထွက်ရမည်။
ဥပမာ -
တိက္ခ = တိတ်-ခ
ဒုက္ခ = ဒုတ်-ခ
ဥဂ္ဂါ = အုတ်-ဂါ
ကိစ္စ = ကိတ်-စ
ဥစ္စ = အုတ်-စ
ဘိဇ္ဇန = ဗိတ်-ဇ-န
ဝိဇ္ဇာ = ဝိတ်-ဇာ
ဣသရ နှင့် ဥသရ ကို ပဉ္စမအက္ခရာ (င၊ ဉ၊ န၊ ဏ၊ မ) တို့ဖြင့် သတ်ရာ၌ (န်) သတ်၊ (မ်) သတ်အသံ ထွက်ရမည်။
စာမျက်နှာ-707
ဥပမာ -
လိင်္ဂ = လိန်-ဂ
ကိဉ္စန = ကိန်-စ-န
တိဏ္ဏ = တိန်-ဏ
ပုဏ္ဏ = ပုန်-ဏ
ဆိန္န = ဆိန်-န
ဘိန္န = ဗိန်-န
တုင်္ဂ = တုန်-ဂ
ပုဉ္စ = ပုန်-စ
ကုမ္ဘ = ကုမ်-ဘ
ဣသရ နှင့် ဥသရ တို့ကို (ယ၊ လ၊ ဠ) သတ်ရာ၌ (န်) သတ်သံ ထွက်ရမည်။
ဥပမာ -
ဘိယျော = ဗိန်-ယော
ယေဘုယျ = ယေ-ဗုန်-ယ
မိလ္လ = မိန်-လ
ဝေပုလ္လ = ဝေ-ပုန်-လ
ဝိရုဠှ = ဝိ-ရွန်-လှ
ဣသရ နှင့် ဥသရ တို့ကို (သ) သတ်ရာ၌ (တ်) သတ်သံ ထွက်ရမည်။
ဥပမာ -
တိံသ = တိတ်-သ
ဖုဿ = ဖုတ်-သ
စာမျက်နှာ-708
ဧသရ ကို (က်၊ ဂ်၊ စ်၊ ဇ်၊ ဋ်၊ ဌ်၊ တ်၊ ဒ်၊ ပ်၊ ဗ်၊ သ်) တို့ သတ်ရာ၌ (အ) ကို (စ်) သတ်သည့်အသံ (အစ်သံ) ထွက်ရသည်။
ဥပမာ -
ပါဠိယေတ္တံ = ပါ-ဠိ-ယစ်-တံ
ဖေဂ္ဂု = ဖစ်-ဂု
ပေစ္စ = ပစ်-စ
ဆေဇ္ဇ = ဆစ်-ဇ
သေဋ္ဌ = သစ်-ဌ
ဇေဋ္ဌ = ဇစ်-ဌ
လေဉ္စ = လစ်-စ
ဟေဋ္ဌ = ဟစ်-ထ
မေတ္တာ = မစ်-တာ
ဒေပ္ပ = ဒစ်-ပ
ပေဿ = ပစ်-သ
ဧသရ ကို (ဉ်) သတ်ရာ၌ (အ) ကို (င်) သတ်သည့်အသံ (အင်) ဟု ထွက်ဆိုရသည်။
ဥပမာ - အာသေဉ္စ = အာ-သင်-စ
ဩသရ ကို (က်၊ ဂ်၊ သ်) သတ်ရာ၌ (အောက်) အသံ ထွက်ရသည်။
ဥပမာ -
သြက္ကာက = အောက်-ကာ-က
မောက္ခ = မောက်-ခ
မောဂ္ဂလ္လာန = မောက်-ဂန်-လာ-န
ယောဂ္ဂ = ယောက်-ဂ
ဝေါဿ = ဝေါက်-သ
စာမျက်နှာ-709
ဩသရ ကို (ဇ်၊ ဋ်၊ တ်၊ ဒ်၊ ပ်၊ ဗ်) သတ်ရာ၌ (အုတ်) အသံ ထွက်ရသည်။
ဥပမာ -
ပါမောဇ္ဇ = ပါ-မုတ်-ဇ
ဗောဇ္ဈင်္ဂ = ဗုတ်-ဇင်-ဂ
ဖောဋ္ဌဗ္ဗ = ဖုတ်-ထပ်-ဗ
ယောတ္တ = ယုတ်-တ
သောတ္ထာနံ = သုတ်-ထာ-နံ
ပေါတ္ထက = ပုတ်-ထ-က
လောဒ္ဒ = လုတ်-ဒ
သောပ္ပ = သုတ်-ပ
ယောဗ္ဗန = ယုတ်-ဗ-န
ဩသရ ကို (င်) သတ်လျှင် ရိုးရိုး မြန်မာအသံထွက်တိုင်း (အောင်) ဟု အသံထွက်သည်။
ဥပမာ - ပေါင်္ခ = ပေါင်-ခ
ဩသရ ကို (ဉ၊ ဏ၊ န၊ မ) သတ်ရာ၌ (ဝ) ဆွဲ (န်) သတ်သံ (အွန်) ဟု ထွက်ဆိုရသည်။
ဥပမာ -
ကောဉ္စ = ကွန်-စ
ကောဏ္ဍည = ကွန်-ဒင်-ည
သောဏ္ဏ = သွန်-ဏ
ဗောန္တိ = ဗွန်-တိ
ဟောန္တု = ဟွန်-တု
သောမ္မ = သွန်-မ
ဤတွင် အပိုင်း (၆) ပြီး၏။
စာမျက်နှာ-710
စာမျက်နှာ-711
အပိုင်း (၇) အခန်း (၂၇) ဝေါဟာရအဓိပ္ပာယ်
ခက်ဆစ်ဝေါဟာရများမှာ အောက်ပါအတိုင်း (၅) မျိုး ရှိပါသည်။
(၁) ပါဠိခက်ဆစ် (ပါဠိကို တိုက်ရိုက်အနက်ဖွင့်သောစကား)၊
(၂) ပါဠိသက်ခက်ဆစ် (ပါဠိသက် ဝေါဟာရ)၊
(၃) ပေါရာဏခက်ဆစ် (ရှေးသူဟောင်းတို့ အသုံးအနှုန်း)၊
(၄) မြန်မာခက်ဆစ် (အသိခက်သော မြန်မာစကား)၊
(၅) အခြားခက်ဆစ် (ဘာသန္တရ အသုံးအနှုန်း)။
ယင်းခက်ဆစ်ဝေါဟာရများကို အောက်ပါအတိုကောက် အမှတ်အသားများဖြင့် ဖော်ပြထားပါသည် —
(ပါ) = ပါဠိခက်ဆစ်။
(သက်) = ပါဠိသက်ခက်ဆစ်။
(ပေါ) = ပေါရာဏခက်ဆစ်။
(မြန်) = မြန်မာခက်ဆစ်။
(အခြား) = အခြားဘာသာစကားခက်ဆစ်။
မှတ်ချက်။ ။ပါဠိသက်၊ မြန်မာ စသည် ရောနှောနေသော ဝေါဟာရအချို့နှင့် သင်္ချာသရုပ်ပြများကိုမူ အမှတ်အသားမပြဘဲ ထားပါသည်။
အစိန္တေယျ (ပါ) = မကြံစည်နိုင်သော။
အတိဣဋ္ဌာရုံ (သက်) = အတိ + ဣဋ္ဌ + အာရုံ။ အတိ = အလွန် + ဣဋ္ဌ = အလိုရှိအပ်သော + အာရုံ = စိတ်၏မွေ့လျော်ရာ။
အထမြောက် (ပေါ) = အောင်မြင်ခြင်း၊ ပြီးမြောက်ခြင်း။
အဓိဋ္ဌာန် (သက်) = အဓိဋ္ဌာန = ဆောက်တည်ခြင်း၊ စိတ်ကို ခိုင်မြဲစွာ ထားခြင်း။
အနုပါဒိသေသနိဗ္ဗာန် (သက်) = ဝိပါက်နာမက္ခန္ဓာ (ကမ္မဇရုပ်) အကြွင်းမရှိ ချုပ်ငြိမ်းသော နိဗ္ဗာန်။
စာမျက်နှာ-712
အနုမောဒနာ (ပါ) = ဝမ်းမြောက်ဖွယ်ဖြစ်သော။
အနုသယသတ္တိ (ပါ) = အနုသယ + သတ္တိ။ အနုသယ = သတ္တဝါတို့သန္တာန်၌ အဖန်ဖန် အစဉ်တစိုက် ကိန်းအောင်းနေသော ကိလေသာတရား + သတ္တိ = စွမ်းအား။
အနေကန္တိက (ပါ) = မုချမဟုတ်၊ မသေချာ။
အနန္တစကြဝဠာ = အပိုင်းအခြားမရှိသော စကြဝဠာ။
အနန္တောအနန္တ (ပါ) = ကျေးဇူးဂုဏ်အားဖြင့် အဆုံးအပိုင်းအခြား မရှိခြင်း။
အနုပ္ပန္နဓမ္မ (ပါ) = မဖြစ်ဖူးသောတရား။
အဖို့ဘာဂ = အဖို့ + ဘာဂ။ ဘာဂ = ဝေစု။
အဘိညာဉ်ငါးပါး (သက်) = အလွန်အကျူး အထူးသိတတ်သော ရူပပဉ္စမဈာန်နှင့် ယှဉ်သော ဉာဏ်ငါးပါး။
ဣဒ္ဓိဝိဓ = တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်သော အဘိညာဉ်။
ဒိဗ္ဗသောတ = နတ်တို့၏နား (သောတပသာဒ) ကဲ့သို့ ဝေးသောအသံ၊ တိုးတိုးအသံကိုလည်း ကြားနိုင်သော အဘိညာဉ်။
ပရစိတ္တဝိဇာနန = သူတစ်ပါးစိတ်ကို သိနိုင်သော အဘိညာဉ်။
ပုဗ္ဗေနိဝါသာနုဿတိ = ရှေးရှေးဘဝ၌ ဖြစ်ခဲ့သမျှ အကြောင်းကို ပြန်ပြောင်း၍ အောက်မေ့နိုင်သော အဘိညာဉ်။
ဒိဗ္ဗစက္ခု = နတ်မျက်စိကဲ့သို့ ဝေးသောအဆင်း၊ သေးငယ်သော အဆင်းကိုလည်း မြင်နိုင်သော အဘိညာဉ်။
အမတ (ပါ) = နိဗ္ဗာန်။
အယုတ္တအနတ္ထ (သက်) = အယုတ္တ (မသင့်လျော်သော) + အနတ္ထ (အကျိုးမရှိသော)။
အလသမျိုး = အပျင်းမျိုး။
အလဟဿ = အချည်းနှီး၊ အလကား။
အသင်္ချေအနန္တ (ပါ) = အသင်္ချေ (မရေမတွက်နိုင်ခြင်း) + အနန္တ (အဆုံးအပိုင်းအခြား မရှိခြင်း)။
စာမျက်နှာ-713
အတ္ထုပ္ပတ္တိ (ပါ) = အတ္ထ (အကြောင်းအကျိုး) + ဥပ္ပတ္တိ (ဖြစ်ပေါ်မှု)။
အပ္ပနာ (ပါ) = ဈာန်သို့ သက်ဝင်၍ တည်ခြင်း။
အာကာသစိုးနတ် = ကောင်းကင်၌ အုပ်စိုးသောနတ်။
အာကာသနတ် = ကောင်းကင်၌ တည်သောနတ်။
အာဂန္တုက (ပါ) = ဧည့်သည်။။
အာပေါ (ပါ) = ရေ။
အာဂုံတုလွှတ် = အာဂုံ (အလွတ်ရခြင်း) + တုလွှတ် (သူတစ်ပါး မတူနိုင်အောင် အလွတ်ရွတ်နိုင်ခြင်း)။
အာရမ္မဏူ (ပါ) = အာရမ္မဏူပနိဇ္ဈာန်၊ အာရုံကို ကပ်၍ ရှူခြင်း။
အာလယပြတ် = လိုချင်မှု၊ တွယ်တာမှု မရှိတော့ခြင်း။
အာသဝက္ခယဉာဏ် (သက်) = အာသဝေါတရားတို့၏ ကုန်ကြောင်းဖြစ်သော အရဟတ္ထမဂ်ဉာဏ်။
အာသဝေါ (ပါ) = ယိုစီးတတ်သောတရား (အာသဝေါတရား ၄-ပါး)။
ဣဏပရိဘောဂ (ပါ) = အကြွေးခံယူ၍ သုံးဆောင်ခြင်း။
ဣန္ဒဘုမ္မာ (ပါ) = ဣန္ဒ (အစိုးရသူ) + ဘုမ္မာ (မြေ၌တည်သောနတ်)။ ဘုမ္မစိုးနတ်။
ဣဿာ (ပါ) = မနာလိုခြင်း။
ဥတုဇရုပ် (သက်) = အပူအအေး ဥတုကြောင့် ဖြစ်သောရုပ်။
ဥဒါန်းစကား = ဥဒါန်း (ဥဒါန = လျှံထွက်ခြင်း)၊ ပီတိကြောင့် ပေါ်ထွက်လာသော ဝမ်းမြောက်သော စကား။
ဥပါသကာ (ပါ) = ရတနာ ၃-ပါးတို့ကို ကိုးကွယ်ဆည်းကပ်သော အမျိုးသား။
ဥပါသိကာ (ပါ) = ရတနာ ၃-ပါးကို ကိုးကွယ်ဆည်းကပ်သော အမျိုးသမီး။
ဥပုသ်ပဝါရဏာ = ဥပုသ် (သံဃာ့ဥပုသ်) + ပဝါရဏာ (အပြစ်ရှိက ဆိုဆုံးမရန် အချင်းချင်း ဖိတ်ကြားခြင်း)။
စာမျက်နှာ-714
ဥက္ခေပနိယကံ (သက်) = နှင်ထုတ်ခြင်းအမှု။
ဥစ္ဆေဒဒိဋ္ဌိ (ပါ) = သေလျှင် ဘဝပြတ်၏ဟု ယူခြင်း။
ဦးချ (မြန်) = ဦး (ဦးခေါင်း) + ချ (မြေသို့မဟုတ် ကြမ်းပြင်နှင့် ထိအောင် ပြုခြင်း)။
ဧကရာဇ် (သက်) = တစ်ပြည်တစ်နိုင်ငံကို အစိုးရသော မင်း။
ဧကန္တိက (ပါ) = မုချ၊ သေချာပေါက်။
ဩကာသ (ပါ) = အခွင့် (ခွင့်တောင်းခြင်း)။ ရှိခိုးခွင့်၊ ကန်တော့ခွင့်၊ သီလခံယူခွင့် စသည် ပြုတော်မူပါ။
ဩဇာ (ပါ) = အစာအာဟာရ (အဆီ၊ အစေး)။
ဩတ္တပ္ပ (ပါ) = မကောင်းမှုမှ ကြောက်လန့်ခြင်း။
ကတိ (ပါ) = ဝန်ခံချက်။
ကလျာဏပုထုဇဉ် (သက်) = အကျင့်သီလနှင့် ပြည့်စုံသဖြင့် ကောင်းသော ပုထုဇဉ်။
ကာယပဏာမ (ပါ) = ကာယကံမြောက် ရှိခိုးခြင်း၊ ကိုယ်ဖြင့် ရှိခိုးခြင်း။
ကာယကံ (သက်) = ကိုယ်ဖြင့် ပြုအပ်သော အမှု။
ကာယဒွါရ (ပါ) = ကိုယ်ခန္ဓာတံခါးပေါက်။
ကာယဗလမာန် (သက်) = ကာယ (ကိုယ်) + ဗလ (အင်အား) + မာန် (မာနထက်ကြွမှု)။
ကုသလ (ပါ) = ကုသိုလ်ကောင်းမှု။
ကော်ရော် = အမြတ်နိုးခြင်း။
ကန်တော့ (မွန်) = ကလအ် > ကလော့ = အရိုအသေပြုခြင်း။
ကိုယ်စောင့်နတ် = မိမိ၏ ခန္ဓာကိုယ်ကို စောင့်သောနတ်။
စာမျက်နှာ-715
ကိုယ်စောင့်နတ် (၁၁) မျိုး
သတ္တဘာဂနတ် = ဖူးစာရေးနတ်။
သူရဿတီနတ် = ပညာပေးနတ်။
သကျနတ် = ဥစ္စာပေးနတ်။
မဟိရာဇာနတ် = အိပ်မက်ပေးနတ်။
ဝါမသူရနတ် = နိမိတ်ပြနတ်။
ဇနသူရနတ် = အလှူပေးမှတ်တမ်းတင်နတ်။
ကရဝါနတ် = ကာမဂုဏ်ချမ်းသာပေးနတ်။
ယာတိကနတ် = သွားလေရာလိုက်၍ စောင့်ရှောက်သောနတ်။
ကလျာဏမိတ္တနတ် = စကားကောင်းကို မှတ်သားသောနတ်။
စန္ဒာဒေဝီနတ် = ကျက်သရေစောင့်နတ်။
နရိန္ဒာဒေဝီနတ် = အိပ်သောအခါ ဦးခေါင်းရင်းက စောင့်ပေးသောနတ် (သမန္တ။ ၉၃)။
ကမ္မဇရုပ် (သက်) = ကံကြောင့် ဖြစ်သောရုပ်။
ကမ္မပထဒေသနာ (ပါ) = ကံမြောက်ကြောင်းဟောသောတရား။
ကမ္မပစ္စယ (ပါ) = ကံအကြောင်းရင်းခံသော။
ကြမ္မာ (သက်) = ကုသိုလ်ကံ၊ အကုသိုလ်ကံ ဟူသောအကြောင်းတရား။
ကြမ္မာငင် = ကံကြမ္မာက ဆွဲဆောင်သည်။
ခတ္တိယ (ပါ) = မင်းမျိုး။
ဂါထာ (ပါ) = ပါဠိကဗျာ။
ဂုဏဝုဒ္ဓိ (ပါ) = ဂုဏ်အားဖြင့် ကြီးသူ။
ဂင်္ဂါဝါဠု = ဂင်္ဂါ (ဂင်္ဂါမြစ်) + ဝါဠု (သဲ)။
ဂန္ဓ (ပါ) = အနံ့။
ဂမ္ဘီရ (ပါ) = နက်နဲခြင်း။
ဃနာ (ပါ) = အခဲ (နို့ဃနာ)။
စာမျက်နှာ-716
[ စ၊ ဆ၊ ဇ ]
စတုသမုဋ္ဌာန် (သက်) = စတု + သမုဋ္ဌာန။ စတု = လေးပါး + သမုဋ္ဌာန် = ဖြစ်ပေါ်မှုအကြောင်း။
စနည်းနာ (ပေါ) = စနည်းကို နာယူခြင်း။ သတ်မှတ်ထားသော အရပ်မှ ရှေးဦးစွာ ကြားရသော စကားကို မှတ်သား၍ အဓိပ္ပာယ်ကောက်ခြင်း။
စာဂ (ပါ) = ပေးကမ်းလှူဒါန်းခြင်း။
စိတ္တုပ္ပါဒ် (သက်) = စိတ္တ + ဥပ္ပါဒ။ စိတ္တ = စိတ် + ဥပ္ပါဒ = ဖြစ်ခြင်း။
စုတိမနေ = သေခြင်း။
စုတ္တိယ (ပါ) = ပါဠိစကားပြေ။
ဆည်းကပ် (ပေါ) = ချဉ်းကပ်ခြင်း၊ ဆုံးမခံယူခြင်း၊ ပညာယူခြင်း။
ဇဝနတိက္ခ (ပါ) = ဇဝန + တိက္ခ။ ဇဝန = လျင်မြန်ခြင်း + တိက္ခ = ထက်မြက်ခြင်း။
ဇာတာ = ရှင်မွေးဖွားချိန်ရှိ ဂြိုဟ်နေဂြိုဟ်ထား မှတ်တမ်း။
[ ဈ၊ ဉ ]
ဈာနဘာဝနာ (ပါ) = ဈာန်ကို ပွားများမှု။
ဈာန် (သက်) = ကသိုဏ်းစသော အာရုံကို ကပ်၍ ရှုကြည့်ခြင်း။
ဉာဏဗလမာန် = ဉာဏ + ဗလ + မာန် (မာန)။ ဉာဏ = ဉာဏ် + ဗလ = အင်အား + မာန်မာန = တက်ကြွမှု။
ဉာဏသမ္ပယုတ် (သက်) = ဉာဏ (အသိဉာဏ်နှင့်) + သမ္ပယုတ္တ (ကောင်းစွာ ယှဉ်တွဲခြင်း)။
ဉာဏဝိပ္ပယုတ် (သက်) = ဉာဏ (အသိဉာဏ်နှင့်) + ဝိပ္ပယုတ္တ (မယှဉ်ခြင်း၊ ကင်းကွာခြင်း)။
[ ဌ၊ တ ]
ဋ္ဌာရသပေါင်း = အတတ်ပညာ ၁၈-ရပ် အားလုံး။
တေဇဗလမာန် = တေဇ + ဗလ + မာန် (မာန)။ တေဇ = တန်ခိုးအာဏာ + ဗလ = အင်အား + မာန = တက်ကြွမှု။
တေဇော (ပါ) = မီး။
တိတ္ထိ (ပါ) = အယူမှားသောသူ၊ တစ်ပါးသော အယူရှိသောသူ။
စာမျက်နှာ-717
[ ထ၊ ဒ၊ ဓ၊ န ]
ထေယျပရိဘောဂ (ပါ) = ခိုးယူသုံးဆောင်ခြင်း။
ထုလ္လစ္စယအာပတ် (သက်) = ထုလ္လ + အစ္စယ။ ထုလ္လ = ရုန့်ရင်းသော + အစ္စယ = အပြစ်ရှိသော အာပတ်။
ဒသ (ပါ) = တစ်ဆယ်။
ဒါယဇ္ဇပရိဘောဂ (ပါ) = အမွေပစ္စည်းအဖြစ် သုံးဆောင်ခြင်း။
ဒိဋ္ဌိ (ပါ) = အမြင်၊ အယူ၊ အသိဉာဏ်။
ဒုက္ကရစရိယ (ပါ) = ဒုက္ကရ + စရိယ။ ဒုက္ကရ = ခဲယဉ်းစွာ ပြုအပ်သော + စရိယ = အကျင့်။
ဒုက္ကဋ်အာပတ် (သက်) = မကောင်းသော ကိုယ်၊ နှုတ် အမူအရာကြောင့် သင့်သော အပြစ်။
ဒုက္ခိတ (ပါ) = ဆင်းရဲသော သတ္တဝါ။
ဒုဗ္ဘိက္ခ (ပါ) = ငတ်မွတ်ခေါင်းပါးသော (ဘေး)။
ဒေဝပုတ္တ (ပါ) = မာရ်နတ်သား။
ဒေဝါယက္ခ (ပါ) = ဒေဝါ + ယက္ခ။ ဒေဝါ = နတ် + ယက္ခ = ဘီလူး။
ဒေသစာရီ (ပါ) = ဒေသ (အရပ်မျက်နှာ) + စာရီ (လှည့်လည်ခြင်း)။ အရပ်အသီးသီးသို့ ခရီးလှည့်လည်ခြင်း။
ဒေါသ (ပါ) = ပြစ်မှားခြင်း၊ အမျက်ထွက်ခြင်း။
ဓမ္မက္ခန် (သက်) = ဓမ္မက္ခန္ဓ။ တရားအစုအပေါင်း၊ ပိဋကပါဠိတော်များ။
နပုံးပဏ္ဍုက် = ပဋိသန္ဓေက ကျားမအင်္ဂါ ပါမလာသူ (နပုံသကပဏ္ဍုက်)။
အာသိတ္တပဏ္ဍုက် = သူတစ်ပါး၏ အင်္ဂါဇာတ်ကို ခံတွင်းဖြင့် စုပ်သူ၊ ပန်းစုပ်။
ဥဿယပဏ္ဍုက် = သူတစ်ပါးတို့ မေထုန်မှီဝဲသည်ကို ချောင်းကြည့်ရမှ အာသာပြေသူ။
ဩပက္ကမိကပဏ္ဍုက် = သင်းကွပ်ခံရသူ၊ ဝှေးစေ့ထုတ်ခံရဖူးသူ။
စာမျက်နှာ-718
ပက္ခပဏ္ဍုက် = ရှေးအကုသိုလ်ကံကြောင့် လဆန်းရက်၌ ရာဂအလွန်ပြင်းထန်ပြီး လဆုတ်ရက်၌ ရာဂအားနည်းသူ (သို့မဟုတ်) ပြောင်းပြန်ဖြစ်သူ။ (ပက္ခ = ၁၅ ရက်ပတ်)။
နာနာလောက (ပါ) = နာနာ (အမျိုးမျိုး) + လောက (သတ္တဝါအပေါင်း)။
နာမကရဏ (ပါ) = အမည်မှည့်ခြင်း။
နိရောဓသမာပတ် (သက်) = နိရောဓ (စိတ်၊ စေတသိက်၊ စိတ္တဇရုပ်များ ချုပ်နေမှု) + သမာပတ် (ရောက်ရှိဝင်စားခြင်း)။ နာမ်ခန္ဓာအစဉ်များ ရပ်စဲလျက် ရုပ်ခန္ဓာသက်သက် အသက်ရှင်နေခြင်း။
နိယတဗျာဒိတ် (သက်) = မည်သည့်အခါ၌ ဘုရားဖြစ်လတ္တံ့ဟု တိတိကျကျ မိန့်ကြားသော ဗျာဒိတ်စကား။
နိဗဒ္ဓဝတ် (သက်) = အမြဲပြုလုပ်အပ်သော ဝတ္တရား။
နိယျာနိက (ပါ) = ဝဋ်မှ ထွက်မြောက်ကြောင်း။
နည်းနာနယ = နည်း + နာ (နာနာ = အမျိုးမျိုး) + နယ (နည်း)။ နည်းအမျိုးမျိုး။
ပဒေသရာဇ် (သက်) = တစ်စိတ်တစ်ဒေသကို အစိုးရသောမင်း။
ပဓာန (ပါ) = အဓိကထား၍၊ အကြီးအမှူးပြု၍။
ပစ္စက္ခ (ပါ) = မျက်မှောက်၊ လက်ရှိအနေအထား။
ပစ္စဝေက္ခာဉာဏ် (သက်) = ဆင်ခြင်သုံးသပ်သော ဉာဏ်။
ပညာ (ပါ) = အရာရာ၌ တတ်သိလိမ္မာခြင်း။
ပညာသိက္ခာ (ပါ) = ပညာတည်းဟူသော အကျင့်။
ပဋိပတ် (သက်) = ကျင့်ဝတ်။
စာမျက်နှာ-719
ပဋိသမ္ဘိဒါဉာဏ် (သက်) = ခွဲခြမ်းဝေဖန်၍ သိမြင်သော ဉာဏ်။
ပဏာမစေတနာ (ပါ) = ရှိခိုးခြင်းစေတနာ။
ပထဝီ (ပါ) = မြေ။
ပဝေဏီ (ပါ) = အစဉ်အဆက်။
ပဝတ္တိအကျိုး (သက်) = ပဋိသန္ဓေခဏနှင့် စုတိခဏတို့၏အကြား တစ်ဘဝတာ အသက်ရှင်နေစဉ် ခံစားရသောအကျိုး။
ပါစိတ်အာပတ် (သက်) = ပါစိတ္တိယ။ ကုသိုလ်စိတ်ကို ကျဆုံးစေတတ်သော အပြစ်။
ပါဋိဒေသနီအာပတ် = သီးခြားဒေသနာ ပြောကြားရသော အာပတ်။
ပါရာဇိကအာပတ် (သက်) = ပါရာဇိက (သာသနာတော်မှ ဆုံးရှုံးစေတတ်သော) + အာပတ် (အပြစ်)။
ပီတိပဿဒ္ဓိ (ပါ) = နှစ်သက်ငြိမ်းအေးခြင်း။
ပုည (ပါ) = ကောင်းမှုကုသိုလ်။
ပုညတေဇော် (သက်) = ကောင်းမှုတန်ခိုး။
ပုထုဇဉ် (သက်) = ကိလေသာ များစွာရှိသူ။
ပူဇော် (သက်) = ရိုသေကိုင်းညွတ်ခြင်း၊ အမြတ်တနိုး ပေးလှူခြင်း။
ပံသု (ပါ) = မြေမှုန့်။
ဖဿ (ပါ) = တွေ့ထိမှု။
ဗလဝဝိပဿနာဉာဏ် (သက်) = ဗလဝ (အားကောင်းသော) + ဝိပဿနာဉာဏ် (ရုပ်နာမ်ခန္ဓာကို အထူးရှုမြင်ပွားများသော ဉာဏ်)။
ဗဟုသုတ (ပါ) = ဗဟု (များပြားသော) + သုတ (အကြား/အမြင်)။
ဗုဒ္ဓမန္တန် (သက်) = ဗုဒ္ဓ + မန္တန်။ ဘုရားရှင်၏ ရွတ်ဖတ်ပူဇော်ရန် ဂါထာပါဠိများ။
စာမျက်နှာ-720
[ ဗ၊ ဘ ]
ဗုဒ္ဓါနုဿတိဘာဝနာ (ပါ) = ဗုဒ္ဓ (ဘုရား) + အနုဿတိ (အဖန်ဖန်အောက်မေ့မှု) + ဘာဝနာ (ပွားများခြင်း)။ ဘုရားဂုဏ်တော်ကို ပွားများခြင်း။
ဗြဟ္မစိုရ်တရား = မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တရား ၄-ပါး။ (ဗြဟ္မစရိယ = မြတ်သောအကျင့်)။
ဗြာဟ္မဏ (ပါ) = အကျင့်ဖြူစင်သောသူ။
ဘဝကန္တာရ (ပါ) = ဘဝတည်းဟူသော ခရီးကြမ်း။
ဘုရားလျာ = ဘုရားလောင်း။
ဘောဂဗလမာန် = စည်းစိမ်အင်အား တက်ကြွမှု။
ဘောဇဉ် (သက်) = ဘောဇန။ စားဖွယ်၊ ထမင်းနှင့် ဟင်းလျာများ။
ဘက္ကတြိန်း (သက်) = ဘက္က (ထမင်းစား) + တြိန်း (သုံး)။
ဘုန်းသမ္ဘာ = ဘုန်း (ဘုန်းကံ) + သမ္ဘာ (သမ္ဘာရ = ပါရမီအဆောက်အဦ)။
ဘုမ္မစိုးနတ် = မြေ၌ တည်သောနတ်။
ဘုံကိုးဝ = ဘုံကိုးပါး (သတ္တာဝါသ ၉-ပါး)။
နာနတ္တကာယ နာနတ္တသညီ = ကိုယ်သဏ္ဌာန်လည်း အမျိုးမျိုး၊ ပဋိသန္ဓေစိတ်လည်း အမျိုးမျိုးရှိသောဘုံ (လူ့ဘုံ၊ နတ်ပြည်ခြောက်ထပ်)။
နာနတ္တကာယ ဧကတ္တသညီ = ကိုယ်သဏ္ဌာန် အမျိုးမျိုးရှိ၍ ပဋိသန္ဓေစိတ် တစ်မျိုးသာရှိသောဘုံ (အပါယ်လေးဘုံ၊ ပထမဈာန်သုံးဘုံ)။
ဧကတ္တကာယ နာနတ္တသညီ = ကိုယ်သဏ္ဌာန် အရောင်အဝါတူ၍ ပဋိသန္ဓေစိတ် နှစ်မျိုးရှိသောဘုံ (ဒုတိယဈာန်သုံးဘုံ)။
စာမျက်နှာ-721
[ ဘ၊ မ ]
(၄) ဧကတ္တကာယ ဧကတ္တသညီ = ကိုယ်သဏ္ဌာန်လည်းတူ၊ ပဋိသန္ဓေစိတ်လည်း တစ်မျိုးသာရှိသောဘုံ (တတိယဈာန်သုံးဘုံ၊ ဝေဟပ္ဖိုလ်ဘုံ၊ သုဒ္ဓါဝါသဘုံ)။
(၅) အသညီ အပ္ပဋိသံဝေဒီ = သညာရှိအာရုံခံစားမှုမရှိသော သတ္တဝါတို့၏နေရာဘုံ (အသညသတ်ဘုံ)။
(၆) အာကာသာနဉ္စာယတန = ကောင်းကင်ပညတ်ကို အာရုံပြုသော ဈာန်စိတ်ကြောင့် ရောက်သောသတ္တဝါတို့၏နေရာဘုံ။
(၇) ဝိညာဏဉ္စာယတန = ပထမာရုပ္ပဝိညာဉ်ကို အာရုံပြု၍ ဝိညာဉ်သည် အဆုံးမရှိဟု ပွားများသဖြင့် ရောက်သော သတ္တဝါတို့၏နေရာဘုံ။
(၈) အာကိဉ္စညာယတန = ပထမာရုပ္ပဝိညာဉ်၏ မရှိခြင်း နတ္ထိဘောပညတ်ကို အာရုံပြု၍ တစ်စုံတစ်ခုမျှမရှိဟု ပွားများသဖြင့် ရောက်အပ်သော သတ္တဝါတို့၏နေရာဘုံ။
(၉) နေဝသညာနာသညာယတန = သညာရှိသည်လည်းမဟုတ်၊ မရှိသည်လည်းမဟုတ်ဟု ပွားများသဖြင့် ရောက်သော သတ္တဝါတို့၏နေရာဘုံ။
ဘုံသုံးဆယ့်တစ် = ကာမ ၁၁-ဘုံ၊ ရူပ ၁၆-ဘုံ၊ အရူပ ၄-ဘုံ။
မနောဓာတ် (သက်) = မနော (စိတ်) + ဓာတ် (ဓာတု = တည်ရာ၊ သဘောတရား)။
မသွေဥပါယ် = မသွေ (အမြဲ) + ဥပါယ် (ဥပါယ = အကြောင်း၊ စီရင်ခြင်း)။
မဟာကရုဏာ (ပါ) = မဟာ (ကြီးမားသော) + ကရုဏာ (သနားခြင်း)။
မဟာကုသိုလ် (သက်) = မဟာ (များသော) + ကုသိုလ် (ကုသလ = ကောင်းမှု)။
စာမျက်နှာ-722
[ မ၊ ယ၊ ရ၊ လ ]
မဟာကန္တာရ (ပါ) = မဟာ (ကြီးစွာသော) + ကန္တာရ (ခက်ခဲပင်ပန်းစွာ သွားရသောခရီး)။
မုဒိတာ = ဝမ်းမြောက်ခြင်း။
မေထုန် (သက်) = မေထုန။ တပ်မက်ခြင်းတူသူ နှစ်ဦးတို့၏ ကိစ္စ။
မာန်မာန (ပါ) = ထောင်လွှားတက်ကြွ ဘဝင်မြင့်ခြင်း။
မစ္ဆရိယ (ပါ) = နှမြောတွန့်တိုခြင်း။
မိစ္ဆာဒိဋ္ဌိ (ပါ) = မိစ္ဆာ (မှားယွင်းသော) + ဒိဋ္ဌိ (အမြင်၊ အယူဝါဒ)။
မြူစုဏ် = အမြူ + စုဏ် (စုဏ္ဏ = အမှုန့်၊ မြူမှုန့်)။
ယမရာဇာ (ပါ) = ယမမင်း။ လူတို့၏ ကောင်း၊ မကောင်းကို မှတ်သားသော ငရဲမင်း။
ယောနိလေးထွေ (သက်) = ယောနိ (ပဋိသန္ဓေ)။ ပဋိသန္ဓေလေးမျိုး။
ယဇ်ပူဇော် (သက်) = ယဇ (ပူဇော်ပသခြင်း)။ ဗြာဟ္မဏဝါဒီစသူတို့ အန္တရာယ်ကင်း၍ ကောင်းကျိုးရရန် သူ့အသက်သတ်၍ နတ်တို့အား ပူဇော်ခြင်း။
ရတနာ = နှစ်သက်မြတ်နိုးဖွယ်ရာဖြစ်သော၊ ရှားပါး၍ အဖိုးတန်သောပစ္စည်း။
ရသ (ပါ) = အရသာ။
နေဝင်ရီတရော (ပေါ) = နေဝင်ပြီးခါစ၊ မှောင်စပျိုးချိန်။
ရုက္ခစိုးနတ် = သစ်ပင်၌ တည်သောနတ်။
ရူပကာယ (ပါ) = ရုပ်အဆင်း၊ ကိုယ်ခန္ဓာ။
ရူပနိကာယ် (သက်) = ရူပ (ရုပ်ရည်) + နိကာယ် (နိကာယ = အပေါင်း)။
ရန်ခပင်း = ရန်ခပ်သိမ်း၊ ရန်အားလုံး။
ရှိခိုး (ပေါ) = ဦးချခြင်း။
လက္ခဏာ (ပါ) = အမှတ်အသား။
လက္ခဏာယာဉ် (သက်) = လက္ခဏာ (အမှတ်အသား) + ယာဉ် (ယာန = လမ်းကြောင်း)။
စာမျက်နှာ-723
လက္ခဏ (ပါ) = လက္ခဏူပနိဇ္ဈာန်။ အာရုံကို ကပ်၍ ရှူခြင်း။
လိပ်ခွံတံတစ် = တံတစ် (ပေါ) = ကဲ့သို့၊ သဖွယ်။
လုလ္လပယောဂ = လုလ္လ (ပေါ = ကြိုးစားအားထုတ်ခြင်း) + ပယောဂ (ပါ = ကြိုးစားအားထုတ်ခြင်း)။
လောကုတ္တရာ (ပါ) = လောကထက်မြတ်သော၊ လောကမှ ထွက်မြောက်ရာဖြစ်သော။
လောဘ (ပါ) = လိုချင်တပ်မက်ခြင်း။
ဝစီဝိညတ် (သက်) = နှုတ်ဖြင့် သိစေခြင်း။
ဝစီပဏာမ (ပါ) = နှုတ်ဖြင့် ရှိခိုးခြင်း။
ဝယဝုဒ္ဓိ (ပါ) = အသက်အရွယ်အားဖြင့် ကြီးသူ။
ဝသုန္ဓရေ (ပါ) = ရတနာတို့တည်ရှိရာ မြေကြီး။
ဝဏ္ဏ (ပါ) = အဆင်း။
ဝတ္ထုကိလေ (ပါ) = ဝတ္ထု (ဝတ္ထုကာမ = အာရုံငါးပါး အသုံးအဆောင်များ) + ကိလေ (ကိလေသာကာမ = တပ်မက်စွဲလမ်းတတ်သော တဏှာ)။
ဝါယော (ပါ) = လေ။
ဝိသဘာဂ (ပါ) = သဘောမတူသော။
ဝိညာဏဋ္ဌိတိ = ဝိညာဏ (ပဋိသန္ဓေဝိညာဉ်) + ဌိတိ (တည်နေရာ)။ ခုနစ်ပါးသော ပဋိသန္ဓေဝိညာဉ် တည်ရာဘုံ (ဘုံ ၉-ပါးအနက် အသညသတ်ဘုံနှင့် နေဝသညာနာသညာယတနဘုံကို ချန်လှပ်ထားသော ကျန် ၇-ပါး)။
ဝိပါက်စိတ် (သက်) = အကျိုးဖြစ်သောစိတ်။
စာမျက်နှာ-724
[ ဝ၊ သ ]
ဝိပါက်ဝိညာဉ် (သက်) = အကျိုးဖြစ်သောစိတ်။
ဝေနယျ (ပါ) = ဆုံးမထိုက်သူ၊ ကျွတ်ထိုက်သူ။
ဝေဒနာ (ပါ) = ခံစားမှု။
ဝေဒယိတသုခ (ပါ) = ခံစားအပ်သော ချမ်းသာ။
ဝေါဟာရပညတ် (သက်) = ဝေါဟာရ (စကား၊ အမည်) + ပညတ် (အပြားအားဖြင့် သိစေခြင်း)။
ဝတ်တက် = နေ့စဉ်မပြတ် ဘုရားရှိခိုးခြင်း။
သတိပဋ္ဌာန်ဘာဝနာ = သတိပဋ္ဌာန်တရားကို ပွားများမှု။
သတိသမ္ပဇဉ် (သက်) = သတိ (အမှတ်ရမှု) + သမ္ပဇဉ် (ပညာဖြင့် ဆင်ခြင်ခြင်း)။
သဘာဝသတ္တိ (ပါ) = သဘာဝ (ပင်ကိုအတိုင်း) + သတ္တိ (စွမ်းရည်စွမ်းအား)။
သမသီသီရဟန္တာ (သက်) = အရဟတ္တဖိုလ်လည်းရ၊ အသက်လည်းကုန်သော ရဟန္တာ။
သမဏ (ပါ) = ရဟန်း။
သမာဓိသိက္ခာ (ပါ) = သမာဓိတည်းဟူသော အကျင့်။
သမာပတ် (သက်) = ကောင်းစွာရောက်ခြင်း၊ ဝင်စားခြင်း။
သမာပတ် (၈) ပါး (သက်) = ဈာန်တရားရှစ်ပါးသို့ ဝင်စားခြင်း (ရူပဈာန် ၄-ပါး နှင့် အရူပဈာန် ၄-ပါး)။
သရဇ္ဈာယ်ခြင်း (သက်) = သဇ္ဈာယ (ပါ)။ ကိုယ်တိုင်ရွတ်ဆိုခြင်း၊ စီးဖြန်းခြင်း။
သာကီဝင် (သက်) = သာကိယ။ ဂေါတမဗုဒ္ဓ၏ ဆွေတော်မျိုးတော် သာကီဝင်မင်းမျိုးများ။
သာမိပရိဘောဂ (ပါ) = ပိုင်ရှင်အဖြစ် သုံးဆောင်ခြင်း။
သာသနာတွင်း = ဗုဒ္ဓသာသနာ ရှိသောကာလ။
စာမျက်နှာ-725
[ သ ]
သာသနာပ = ဗုဒ္ဓသာသနာ ကွယ်သောကာလ။
သိလာ (ပါ) = ကျောက်ဆိုင်၊ ကျောက်တုံး။
သီလသိက္ခာ = သီလတည်းဟူသော အကျင့်။
သုစရိတ (ပါ) = သုစရိုက်တရား။
သုခိတ (ပါ) = ချမ်းသာသော သတ္တဝါ။
သုတ (ပါ) = အကြားအမြင် ဗဟုသုတရှိခြင်း။
သက္ကာရ (ပါ) = အရိုအသေပြုခြင်း။
သက်မှတ် (မြန်) = အမွေးနေ့သက္ကရာဇ်ကို မှတ်သားသည့် စာတမ်းမှတ်စာ။
သတ္တာဝါသ (ပါ) = သတ္တ (သတ္တဝါ) + အာဝါသ (နေရာဌာနဘုံ)။
သတ္တော် (သက်) = ခုနစ်ခေါက်။
သန္တိသုခ (ပါ) = ငြိမ်းအေးချမ်းသာခြင်း။
သဒ္ဓါ (ပါ) = ရတနာသုံးပါးနှင့် ကံ၊ ကံ၏အကျိုးကို ယုံကြည်ခြင်း။
သဒ္ဓမ္မ (ပါ) = သူတော်ကောင်းတရား။
သန္တာန် (သက်) = သန္တာန။ အစဉ် (စိတ်အစဉ်)။
သပ္ပါယ် (သက်) = သပ္ပါယ။ သင့်လျော်လျောက်ပတ်ခြင်း၊ လှပတင့်တယ်ခြင်း။
သဗ္ဗဇယမင်္ဂလာ (ပါ) = အလုံးစုံအောင်မြင်မှုမင်္ဂလာကို ရရှိနိုင်သော ဂါထာ။
သဗ္ဗတ္ထက (ပါ) = သဗ္ဗ (အလုံးစုံ) + အတ္ထ (အကျိုး) + က (ရှိ)။ အလုံးစုံအကျိုးရှိသော ကမ္မဋ္ဌန်း။
သဗ္ဗေ သတ္တာ (ပါ) = အလုံးစုံကုန်သော သတ္တဝါများ။
သဗ္ဗညုတဉာဏ်တော် (သက်) = အလုံးစုံကို သိတော်မူသော ဉာဏ်တော်။
သမ္ဘူတ (ပါ) = ကောင်းစွာဖြစ်ခြင်း။
သမ္မပ္ပဓာန် (သက်) = လုံ့လဝီရိယ ကြိုးစားအားထုတ်မှု။
သမ္မာအာဇီဝ (ပါ) = ကောင်းစွာ အသက်မွေးမှု။
သမ္မာပဋိပတ် (သက်) = သမ္မာ (ကောင်းစွာ) + ပဋိပတ် (အကျင့်)။
စာမျက်နှာ-726
[ သ၊ ဟ ]
သဿတဒိဋ္ဌိ (ပါ) = အတ္တ၊ လောကသည် မြဲ၏ဟု ယူခြင်း။
သံဃာဒိသေသ်အာပတ် = ဤအာပတ်ကို ကုစားရန် အစ၊ အလယ်၊ အဆုံး သံဃာကို အားကိုးရသော အပြစ်။
သံသေဒဇ (ပါ) = အညှိကို စွဲ၍ ဖြစ်သော သတ္တဝါ။
သုံးလူသေဌ်နင်း = သုံးလူ (လူ၊ နတ်၊ ဗြဟ္မာ) + သေဌ်နင်း (မြင့်မြတ်သော၊ ချီးမွမ်းအပ်သော တရားမင်း)။ မြတ်စွာဘုရားကို ဆိုလိုသည်။
ဟဒယဝတ္ထု (သက်) = နှလုံးသွေးအတွင်း၌ တည်ရှိသော ရုပ်အကြည်ဓာတ်။
ဟာသ (ပါ) = ရယ်ရွှင်ဖွယ်ရာ။
ဟိရီ (ပါ) = မကောင်းမှုမှ ရှက်ခြင်း။
ဤတွင် အပိုင်း (၇) ပြီး၏။
ဤတွင် ဗုဒ္ဓဘာသာလက်စွဲကျမ်း ပြီး၏။